၁။ ကစားသမား စကားမတည်
လောင်းကစားသမားသည် စကားမတည်တတ်ပေ။ "ကစားသမား စကားမတည်။" [၁၃၅၁] ကားပုံချုပ်။ ၅။♦
၂။ ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်
ကဆုန်လနှင့် နယုန်လ၌ ဆွေ့ဆွေ့ခုန် လောက်အောင် နေပူရှိန် အလွန် ပြင်းလှသည်။ "မေလ၏နေသည် ချစ်ချစ်တောက် ပူနေသည်။ ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန် ဆိုသော မြန်မာဆိုရိုးနှင့်လည်း ညီလှသည်။" [၁၃၃၅] ငွေတာရီ၊ ၁၅၅။ ၁၅၃။
နွေဥတုတွင် ပါဝင်သောကြောင့် ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန် ဟု စာချိုး ရသည့်အထိ နေအပူ ပြင်းလှပေသည်။" [၁၃၄၆] ယဉ်ပဒေသာ။ ၄၅။♦
၃။ ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့
မိုးသည် ကဆုန်လတွင် မြေသင်းနံ့ ထွက်ရုံလောက် ဖွဲဖွဲ ရွာသည်။ "ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့။" [၁၁၉၅] မုံမှတ်။ ၅၈။
ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့
ကဆုန်လတွင် မြေငွေ့ ပြန်အောင် မိုးရွာပုံ ဆော့သည် ဆိုလိုသည်။" [၁၂၈၅] ချုပ်ပုံ၊ ဒု။ ၁၃၅။♦
၄။ ကတညုတ ကတဝေဒီ
မိမိအား ကျေးဇူးပြုဖူးသူကို သူ၏ကျေးဇူးကို သိသည့်အလျောက် ကျေးဇူးတုံ့ပြန်ဆပ်သည်။ (ကတညုတ-သူ ပြု ဖူးသော ကျေးဇူးကို သိခြင်း၊ ကတဝေဒီ - ကျေးဇူးတုံ့ပြန်ဆပ်ခြင်း။) "ကျေးဇူးတရားလေးပါးရှိတဲ့အခါမှာ ထိုကျေးဇူးတို့ကိုသိတတ်သူရယ်၊ သိပြီးတဲ့အလျောက် ကျေးဇူးတုံ့ပြန် ပြန်လှန်ပေးဆပ်သူရယ်လို့ နှစ်မျိုးနှစ်စား ခွဲခြား၍ ဘုရားကိုယ်တော်မြတ် ဟောကြားတော်မူတာ အင်္ဂုတ္တိုရ်မှာ မင်း ဖတ် ရသားပဲ၊ ကတညုတ ကတဝေဒီ ဆိုတဲ့ စကားဟာ အဲဒီနှစ်မျိုးနှစ်စားကို ခွဲခြားပြီး ပြတာပဲ၊" [၁၃၄၅-ခန့်] ဓမ္မကထာ။ ၃၄၀။
နောင်တော်ကြီးစကားအတိုင်း ကျုပ်လည်း ထပ်တူပြောရမည့် ကတညုတ ကတဝေဒီ စကားများပေပဲ၊ ကျုပ်လည်း ကျုပ်ရဲ့ ငယ်ဆရာတွေကို အမြဲသတိရပြီး ကျေးဇူးတရားအောက်မေ့ဆင်ခြင်လျက်ပါ၊" [၁၃၅၈] ဓမ္မရုပ်စုံ၊ ၂။ ၃၄။♦
၅။ ကရုဏာ လဟုနာဖြစ်
သနားသဖြင့် ဆောင်ရွက်သော အမှုသည် မလေးနက်ဘဲ အချည်းနှီး ဖြစ်သွားသည်။ "ညီမက စိုးရိမ်လို့ ပြောတာပါ မကြီးအေမီရယ်၊ ကရုဏာကို လဟုနာ ဖြစ်နေရပြန်ပါပြီ။" [၁၃၁၂] ပန်းရောင်။ ၁၈၀။♦
၆။ ကရင်သားမွေး ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး
ခေါင်း မလျှော်သင့်သော နေ့များမှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ ကြာသပတေး ဖြစ်သည်။ ခေါင်းလျှော်သင့်သော နေ့များမှာ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ ဖြစ်သည်။ (က= တနင်္လာ၊ ရင်= ဗုဒ္ဓဟူး၊ သား= သောကြာ၊ မွေး=ကြာသပတေး၊ အိုး= တနင်္ဂနွေ၊ စည်= အင်္ဂါ၊ တီး= စနေ။) (ကရင်သားမွေး ခေါင်းမဆေးနှင့်၊ စံထွန်းအေး ခေါင်းဆေးတော့။ အောင်စည်တီးခေါ် နေ့သုံးဖော် လျှော်လေဦးခေါင်းသာ၊ ကုလားမသား နေ့လေးပါး ခေါင်းကားမလျှော်ရာ- ဟူ၍လည်း အဆိုများ ရှိသည်။) "ကရင်သားမွေး ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး။" [၁၂၂၅-ခန့်] လောကီညွန့်။၅၅။
အောင်စည်တီးခေါ် နုံ့သေးဖော် လျှော်လေ ဦးခေါင်းသာ၊ ကုလားမသား နေ့လေးပါး ခေါင်းကားမလျှော်ရာ။" [၁၂၉၆-ခန့် ] သုတသန်။ ၆၆။
ကရင်သားမွေး ခေါင်းမဆေးနှင်၊့ စွံထန်းအေး ခေါင်းဆေးတော့။" [၁၃၃၆] လောကီစုံ။ ၁၁။♦
၇။ ကလေးပါးစပ်မှာ အစား၊ ဈေးပါးစပ်မှာ စကား
ကလေးပါးစပ်သည် အစားမျိုးစုံကို စားတတ်သည်။ ဈေးသည် ပါးစပ်သည် စကားမျိုးစုံကို ပြောတတ်သည်။ "ကလေးပါးစပ်မှာ အစား၊ ဈေးပါးစပ်မှာ စကားဆိုတာလို ဈေးချိုထဲက စပြီး စကားတွေ ပွပွကုန်တာပါပဲ။" [၁၂၈၀] ပညာအလင်း၊ ၂၊ ၁။ ၇၅။♦
၈။ ကလေးရှက်တော့ ငို၊ လူကြီးရှက်တော့ ရယ်
ကလေးရှက်သည့်အခါ ငိုတတ်သည်။ လူကြီးရှက်သည့်အခါ အရှက်ပြေ ရယ်တတ်သည်။ (လူငယ်ရှက်က ငို၊ လူကြီးရှက်က ရယ်- ဟူ၍လည်း အဆိုရှိသည်။) "လူတို့ရွာတွင်၊ နှိုင်းရာဆိုဖွယ်၊ လူငယ်ရှက်က၊ငိုကုန်ကြ၏၊ ထိုမှတစ်သီး၊ လူကြီးရှက်မူ၊ ရယ်သည်ဟူရှင့်၊" [၁၁၈၉] ကုသ ၃၄၅။
ကလေးရှက်တော့ ငို၊ လူကြီးရှက်တော့ ရယ် ဆိုသကဲ့သို့ ဆာထွန်းအေး မှာလည်း အများတကာတွေရယ်ကြသည့်အထဲတွင် ၎င်းပါဝင်၍ ဟက်ဟက် ပက်ပက် ရယ်လေတော့၏။" မြန်မာ့လင်းတင်းစာ။ (၂-၆-၄၁) ♦
၉။ ကာလံ ဒေသံ အဂ္ဃံ ဓနံ
ပစ္စည်းတန်ဖိုးကို အချိန်အခါ၊ နေရာဒေသလိုက်၍ ဆုံးဖြတ်ရသကဲ့သို့ အချို့သော လူမှုကိစ္စများကို အချိန်အခါ၊ နေရာဒေသအလိုက် ဆောင်ရွက်ကြရသည်။ (ကာလံ-အချိန်အခါ၊ ဒေသံ-နေရာဒေသ၊ အဂ္ဃံ-တန်ဖိုး၊ ဓနံ- ပစ္စည်းဥစ္စာ။) "ကာလံဒေသံ၊ အဂ္ဃံဓန၊ ရှေးကထုံးမှီး၊ ယူသီးဝတ္ထု၊" [၁၁၅၅] ဥတိန် ၁၃၆။
နည်းအဖြာဖြာ၊ အရာရာကို၊ ပညာဝေဖန်၍၊ ကာလံ ဒေသံ၊ အဂ္ဃံ ဓနံ၊ ပရိဘောဂံ၊ ဤငါးတန်တွင်၊ ဆုတ်ရန်သည်တစ်မျိုး၊ တိုးတန်သည်အနီး၊ အသီးသီးပင်၊" [၁၁၉၄] ဇော ၁၄၂။
ဖြစ်ချိန်ဖြစ်ရာ၊ တန်ဖိုးပါနှင့်၊ ဥစ္စာဟောင်းသစ်၊ စိစစ်ထုံးစံ၊ ကုံလောက် ငံအောင်၊ ကာလံ ဒေသံ၊ အဂ္ဃံ ဓန၊ နည်းပြစဉ်လာ၊ မဟာပဒေသလေးပါး၊ သတိထားလော့၊" [၁၂၆၆] မဃ ၃၉၅။♦
၁၀။ ကုရာ နတ္ထိ ဆေးမရှိ
ကိလေသာကာမတည်းဟူသော ကိုယ်တွင်းနာကို ကုသနိုင်သော ဆေးဝါးမရှိ။ "ကာမရောဂါ၊ ကိုယ်တွင်းနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိဘူး၊ မိမိပညာ၊ သတိသာလျှင်၊ မဟာဩသဓ၊ ဆေးမည်စွရှင့်၊" [၁၂၆၆] မဃ ၂၃၃။♦
၁၁။ ကုလား အချုပ်၊ တရုတ် အခြယ်
ကုလားလူမျိုးသည် အဝတ်အထည် ချုပ်ရာတွင် နိုင်နင်းကျွမ်းကျင်၍ တရုတ်လူမျိုးကမူ ပန်းချီ ဆေးခြယ်ရာတွင် နိုင်နင်း ကျွမ်းကျင်သည်။ ကုလား အချုပ်၊ တရုတ် အထည်-နှင့် နှိုင်းယှဉ်။ "ကုလား အချုပ်၊ တရုတ် အခြယ် ဟူ၍ စကား ရှိခဲ့ဖူးပါသည်။ အကျႌချုပ်ရာတွင် ကုလားက နာမည်ကြီး၍ တရုတ်က ပန်းချီ ဆေးခြယ်ရာတွင် ပိုမို နိုင်နင်းသည်ဟု အဓိပ္ပာယ်ရပါသည်။" [၁၃၂၅] ယဉ်ကျေးမှု၊ ၄၊ ၂။ ၁၄၆။♦
၁၂။ ကုလား အချုပ်၊ တရုတ် အထည်
အဝတ်အထည်ကို ဆေးခိုင်အောင် ချုပ်ဆေးဖြင့် ချုပ်ရာတွင် ကုလားလူမျိုးက ကျွမ်းကျင်သည်။ ပိုးဖဲစသည့် အထည်အလိပ်များ ရက်လုပ်ရာတွင် တရုတ်လူမျိုးက ကျွမ်းကျင်သည်။ ကုလား အချုပ်၊ တရုတ် အခြယ်-နှင့် နှိုင်းယှဉ်။ "တသ္မာ ကုလား အချုပ်၊ တရုတ် အထည်တိ ဝေါဟာရော ပဒေသော၊ သမ္ဘဝတိ…၊" [၁၂၁၄] ပေါဋီ။ ၁၇၃။♦
၁၃။ ကုသိုလ်ရေစက် အဆက်မကွာ
ရှေးရှေးဘဝက အတူတကွ ပြုခဲ့ကြဖူးသော ကုသိုလ်ကြောင့် ယခုဘဝတွင် ပြန်လည်ဆုံစည်းကြရသည်။ "စောထွတ်ဖျားနှင့် ထိပ်စုကြီးတို့ကို သားသမီးလို ထင်မှတ်ပြီး မေတ္တာဓာတ် သက်ဝင်ခြင်းမှာ ရှေးရှေးအခါက ကုသိုလ်ရေစက်ကြောင့်လို့ ဆိုရမှာပေါ့၊ ကုသိုလ်ရေစက် အဆက်မကွာဆိုတဲ့ စကားတစ်ခုရှိတယ်၊" [၁၂၉၄] ဒဂုန်၊ ၁၄၄၊ ၁၂။ ၂၅၈။♦
၁၄။ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ
၁၊ အချို့သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများသည် ဝမ်းဝရုံမျှသာမက စိတ်ထားတတ်လျှင် ကုသိုလ်လည်း ရသည်။ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ-စကားပုံလည်းရှု။ "ကုသိုလ်လည်းရ၊ ဝမ်းလည်းဝဆိုသကဲ့သို့ ဆေးဆရာဝန်လုပ်ရန် သန္နိဋ္ဌာန် ချပြီးလျှင်…၊" [၁၂၈၈] ဒဂုန်၊ ၆၊ ၇၁။ ၆၅။
လယ်လုပ်ရတာကိုသားက ဂုဏ်ငယ်တယ်ထင်လို့လား၊ စားနပ်ရိက္ခာတွေ ကြွယ်ဝလာအောင်တစ်နိုင်ဝန်ထမ်းရတာဟာ သားတို့အတွက်ကုသိုလ်လည်းရ၊ ဝမ်းလည်းဝတဲ့ လုပ်ငန်းမဟုတ်ဘူးလား။" [၁၃၄၆] ရှုမဝ၊ ၃၈၊ ၄၄၅။ ၅၂။
၂၊ အချို့သော ကုသိုလ်ကောင်းမှု လုပ်ငန်းများသည် ကုသိုလ်ရရုံမျှသာမက ဝမ်းလည်း ဝသည်။ "ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ…ရဟန်းခံရှင်ပြုလိုက်ကြသည်။" [၁၂၉၀] ဖလဲ။ ၁၀၁။♦
၁၅။ ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက်
ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်-နှင့်အတူတူ။ "ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက် ဆိုသော စကားအရ…ခုနစ်ရက်စေ့သဖြင့် မေ့ပျောက်တော့မည့်ဆဲဆဲ ရှိနေကြသည်တွင်…၊" [၁၃၂၇] စေတစ်လုံး။ ၂၈၄။♦
၁၆။ ကောဓော အတ္ထံ နဇာနာတိ
ဒေါသအမျက်ထွက်ခြင်းသည် အကျိုးအကြောင်း အဆိုးအကောင်းကို မသိနိုင်။ (ကောဓော-အမျက်သည်၊ အတ္ထံ- အကျိုးကို၊ နဇာနာတိ-မသိ။) "အမိန့်တော်သံ နာခံလျက်ပါဘုရား။ ကျွန်တော်မျိုး တင်ပါရစေ၊ ကောဓော အတ္ထံ နဇာနာတိမို့ ပြန်လည်စဉ်းစားတော်မူပါဘုရား။" [၁၂၉၇] ဗွေ။ ၈၈။♦
၁၇။ ကံတူ အကျိုးပေး
၁၊ မိမိပြုလုပ်ခဲ့သော ကောင်းမှု မကောင်းမှုနှင့် တူညီသော ကောင်းကျိုးဆိုးကျိုးကို ရရှိသည်။ သဒိသံ ပါကံ ဇနေတိ-နှင့် အတူတူ။ "ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး လျှောက်ထားသည်မှာ ကံတူ အကျိုးပေးပေါ့ဘုရား၊ကံပစ်ချရာ ခံရစမြဲပေါ့၊ ကံဘုံကံနယ်ထဲက မလွတ်ကြသေးဘဲကိုး၊ ဆရာတော်မှာတော့ ကုသိုလ်ကံကောင်းပါပေရဲ့၊ တခြား မသွားရဘဲနှင့် ကိုယ့်မြို့ကိုယ့်ရွာမှာ နေ၍ စာတတ်ရတယ်၊ တပည့်တော်မှာတော့ ကိုယ့်မြို့ကိုယ့်ရွာက ခွာပြီး မန္တလေးမြို့တက်၍ အပင်ပန်းဒုက္ခခံပြီး စာသင်ယူ ရပါတယ်။" [၁၂၈၈] လယ်တီ။ ၁၅၈။
၂၊ ပြုခဲ့သော ကောင်းမှုမကောင်းမှုကံချင်း တူကြသဖြင့် ကောင်းကျိုးဆိုးကျိုး ခံစားရာ၌ တူကြသည်။ "မင်းနှင့် ငါသည် ကံတူ အကျိုးပေး ဆိုဘိသကဲ့သို့၊" [၁၂၆၇] စကား၊ ပ။ ၆၃။
အင်း…ကံတူ အကျိုးပေးဆိုတာလို ဖြစ်နေပါကလား မအုံးရယ်၊ ကျုပ်မှာလည်း မအုံးလို အပူသည်ပဲ၊" [၁၂၈၀-ခန့်] ပီဝတ္ထု။ ၂၆၈။"ခင်ဗျားနှင့်ကျွန်တော် ကံတူအကျိုးပေးထင်ပါရဲ့၊ ကျွန်တော့်မှာလည်း စပါးတွေက သောက်သောက်လဲ ရှုံးတာပဲ၊" [၁၂၉၇] ကျိုးဆောင်။ ၁၂၆။♦
၁၈။ ကံထမ်းလာတာ မမြင်ရ၊ လှံထမ်းလာတာသာ မြင်ရ
လှံထမ်းလာတာကို မြင်ရ၊ ကံထမ်းလာတာကို မမြင်ရ-နှင့် အတူတူ။ "နောင်ကြီး ရဲ့၊ ကံထမ်းလာတာကိုမမြင်ရဘူး၊ လှံထမ်းလာတာကိုသာ မြင်ရသတဲ့၊ ကံတရားဆိုတာ အဆန်းကြယ်သားကလားဗျာ၊" [၁၂၈၄] လောက သာရ၊ ၂၊ ၂၁။ ၅၉။
ကံထမ်းလာတာ မမြင်ရ၊ လှံထမ်းလာတာ မြင်ရတယ်ဆိုတဲ့ စကားပုံဟာ တယ်မှန်ပါကလားနော်၊" [၁၂၉၁] ကဝိမှန်။ ၅၈။♦
၁၉။ ကံမရှိ ဉာဏ်ရှိတိုင်းမွဲ
ကုသိုလ်ကံ မရှိလျှင် ချမ်းသာလို၍ ဉာဏ်ရှိသမျှ လုပ်ဆောင်လေ ဆင်းရဲလေ ဖြစ်သည်။ ကံမရှိ ဉာဏ်ရှိတိုင်းမွဲ-စကားပုံလည်းရှု။ "ကံရှိမှ ချမ်းသာမည်၊ ကံမရှိ ဉာဏ်ရှိတိုင်းမွဲမည် စသည်ဖြင့် အလုပ် မလုပ်ဘဲ ကံကိုသာ ယိုးမယ်ဖွဲ့လျက် ပြောကြသူတို့၏စကားကို နားနှစ်ဖက်သို့ ဝင်ရောက်ခြင်း မရှိစေဘဲ၊" [၁၂၈၅] မောင်စွန့်။ ၅၇။
ကံမရှိတော့ ဉာဏ်ရှိတိုင်းမွဲ ဆိုသလို ကုသိုလ်မှိန်တဲ့အခါတော့ဘာကိုပဲ လုပ်လုပ် အကျိုးမပေးတာမို့၊" [၁၂၉၂] ဒဂုန်၊ ၁၀၊ ၁၂၀။ ၃၅။♦
၂၀။ ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား
ကုသိုလ်ကံ မရှိသူသည် ပစ္စည်းဥစ္စာကို ရှာဖွေစုဆောင်း၍ ရပါသော်လည်း မိမိဥစ္စာကို မခံစားရဘဲရှိတတ်သည်။ ကုသိုလ်ကံ ကြီးမားသူမှာကား ထိုသူ စုဆောင်းထားခဲ့သော စည်းစိမ်ဥစ္စာကို အဆင်သင့် ခံစား ရပေသည်။ (ကံနည်းသူ စုဆောင်း၊ ကံကောင်းသူ ခံစား- ဟူ၍လည်း အဆိုရှိသည်။) "ကံမဲ့သူရှာမှီး၊ ကံကြီးသူခံစား ဆိုတာလိုသည်ပစ္စည်း အသိန်းနှစ်ဆယ်ကျော်ကို ကံကော်တဲ့ ဇာတာရှင်ကလေးတစ်ယောက်ဖြင့် ချမ်းသာလောက်အောင် အမွေခံရလိမ့်ဦးမယ် ထင်တယ်။" [၁၂၇၉] ပညာအလင်း၊ ၁၊ ၁။ ၉၂။
ကံနည်းသူစုဆောင်း၊ ကံကောင်းသူခံစားဆိုတာလို ငါ့သား ခံစားထိုက်ဖို့ အခွင့်ရှိရင်လည်း ခံစားရလိမ့်မယ်။ " [၁၂၈၉] ခင်လေးတို၊ ၄။ ၁၀၈။♦
၂၁။ ကံရှိမှ တတ်၊ ဉာဏ်ရှိမှ မြတ်
ကုသိုလ်ကံရှိသူမှ တတ်စွမ်းနိုင်သည်။ ပညာဉာဏ်ရှိသူမှ မြင့်မြတ်သည်။ ကံရှိမှ မြတ်၊ ဉာဏ်ရှိမှ တတ်-နှင့် နှိုင်းယှဉ်။ "ကံရှိမှ တတ်သည်၊ ဉာဏ်ရှိမှမြတ်သည်။"[၁၁၅၂-ခန့်]ကျည်း။ ၇။♦
၂၂။ ကံရှိမှ မြတ်၊ ဉာဏ်ရှိမှ တတ်။
ရှေးဘုန်းရှေးကံရှိသူမှ မြင်ြ့မတ်သည်။ ပညာဉာဏ်ရှိသူမှ တတ်စွမ်းနိုင်သည်။ ကံရှိမှ တတ်၊ ဉာဏ်ရှိမှ မြတ်-နှင့် နှိုင်းယှဉ်။ "သတ္တဝါဟူဘိ၊ များအချိကား၊ကံရှိမှမြတ်၊ ခဲကတ်ရေးရာ၊ အလိမ္မာကား၊ပညာမြင်သိ၊ ဉာဏ်ရှိမှတတ်၊ မှန်ဆတ်ဆတ်တည့်၊" [၁၂၆၆] မဃ ၂၂၉။♦
၂၃။ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ
ကံသည် မိဘသဖွယ်အားကိုးအားထားရာ ဖြစ်သည်။ "သတ္တဝါတို့၊ ကံသာဖမိ၊ ကံမရှိက၊ ဉာဏ်ချိတိုင်းမွဲ၊ ကြံတိုင်းလွဲ၏။" [၁၂၆၆] မဃ ၂၅၁။
လူ့ပြည်မှာ လူဖြစ်လာလျှင် ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ကံစီမံရာကို ခံရမှာပဲ၊" [၁၃၂၀] စာဗိမာန်၊ ၇၊ ၃။ ၂၇။♦
၂၄။ ကောက်နှောင်း ဆင်စာ၊ သားနှောင်း ကျွန်ရာ
နောက်ကျမှ ပေါက်ရသော ကောက်ပင်သည် ကြီးထွားခွင့်မရသဖြင့် ဆင်စာကျွေးရန်သာ အသုံးဝင်သည်။ မိဘအရွယ်လွန်မှ ရသော သားသည်လည်း ကြီးပွားခွင့်မရသဖြင့် အောက်ကျနောက်ကျ နေရသည်။ "ကောက်နှောင်း ဆင်စာ၊ သားနှောင်း ကျွန်ရာ၊" [၁၂၅၇] ပေါဒီ။ ၄၉၈။
ကောက်နှောင်း ဆင်စာ၊ သားနှောင်း ကျွန်ရာ၊" [၁၂၇၅] ဆောင်းပါး ချုပ်။ ၁၁၃။♦
၂၅။ ကိစ္စမြားမြောင် လူတို့ဘောင်
လူ့ဘောင်လောကသည် ကိစ္စအမျိုးမျိုး များပြားလှ၏။ ဃရာဝါသော ဗဟုကိစ္စော- နှင့် အတူတူ။ "ဃရာဝါသ၊ သမ္ဗာ ဓဟု၊ ကိစ္စမြားမြောင်၊ လူတို့ဘောင်၌၊ အိမ်ထောင်သက်မွေး၊ ခြနှယ်မြှေးသား၊" [၈၆၅] လောသာ ၁၆။♦
၂၆။ ကုဉ္ဇရော ဒန္တေသု ဟညတေ
ဆင်သည် သူ့မှာ ရှိသော အစွယ်ကြောင့် အသတ်ခံရသည်။ (ကုဉ္ဇရော-ဆင်ကို၊ ဒန္တေသု-အစွယ်တို့ကြောင့်၊ ဟညတေ-သတ်အပ်၏။) (နာဂေါ ဒန္တေသု ဟညတေ-ဟူ၍လည်း အဆိုရှိသည်။) "ကုဉ္ဇရော-ဆင်ကို၊ ဒန္တေသု-အစွယ်တို့ကြောင့်၊ ဟညတေ-သတ်အပ်၏။" [၁၀၀၅-ခန့်] သဒ္ဒါကြီး။ ၅၅၃။
ဆင်သည် အစွယ်ကြောင့် အသတ်ခံရ၏။ နာဂေါ ဒန္တေသု ဟညတေ ဟု ဆိုရိုးပြုခဲ့ကြ၏။" [ ၁၃၁၇] ပုံပြဆေး၊ ဆ၊ ပ။ ၁၀၇။♦
၂၇။ ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက်။
ကုန်သွယ်၍ ကုန်ရှုံးလျှင် တစ်ခေါက်သာ ရှုံးသည်၊ တစ်ကြိမ်ကြိမ်တွင် အမြတ်ပြန်ရနိုင်သေးသည်။ အိမ်ထောင်ဖက်အရွေးမှားလျှင်ကား တစ်သက်လုံး ဒုက္ခတွေ့ရတတ်သည်။ "မိန်းမတို့ဆိုသည်မှာ ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ကုန်ရှုံးက တစ်သက် လုံးမှောက်တတ်ပါတယ်။ သို့ဖြစ်၍ အလွန် စိုးရိမ်လှပါတယ်။" [၁၂၆၈] နော၊ ပ။ ၄၈။
ထို့ကြောင့်ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက်သည်ဟူ၍ ပညာရှိများ ဆိုရိုးစကားရှိပါသည်။" [၁၂၇၉] စံသိုက်။ ၉၄။
အိုးအိမ်တည်ထောင်မှုအရေးကိစ္စတွင် ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ကုန် ရှုံးလျှင်တစ်သက်လုံးမှောက် ဆိုသည့်စကားအတိုင်း ယောကျာ်းများထက် မိန်းမ များမှာ ဆင်ခြင်တုံဉာဏ်သွားနှင့် ပိုမို၍ စဉ်းစားပြီး ပြုသင့်လေ၏။" [၁၂၉၅] ဒဂုန်၊ ၁၊ ၁၅၀။ ၃၂၇။♦
၂၈။ ကုန်းနေ ကိုးကုဋေ၊ ရေနေ ဆယ်ကုဋေ။
ကုန်းနေသတ္တဝါလည်း များစွာ ရှိသည်။ ရေနေသတ္တဝါသည် ထို့ထက်ပင် များသေးသည်။ "ဒသကောဋိ ဒကဇာစ- ရေနေ ဆယ်ကုဋေသော သတ္တဝါအပေါင်းတို့သည်လည်းကောင်း၊ ထလဇာ နဝကောဋိယော-ကုန်းနေ ကိုးကုဋေသော သတ္တဝါအပေါင်းတို့သည်လည်းကောင်း… ဒီဃာယုကာ- အသက်ရှည်ကြကုန်သည်၊ ဘဝန္တု-ဖြစ်ပါစေကုန်သတည်း။" [၁၃၁၂] သီရိမင်။ ဘ။"ကျွန်ုပ်တို့ မြန်မာစကားတွင် ကုန်းနေ ကိုးကုဋေ၊ရေနေ ဆယ်ကုဋေဆိုသည့်အတိုင်း အပြောကျယ်လှစွာသော သမုဒ္ဒရာအဏ္ဏဝါအတွင်း၌ ကျွန်ုပ်တို့ မမြင်ဖူး မကြားဖူးသော ထူးဆန်းသော သတ္တဝါကြီးများ ရှိနေ၏။"[၁၃၂၁] သွေးသောက်၊ ၁၅၈။ ၁၀၂။♦
၂၉။ ကုန်းမှာ မြွေငန်း၊ ရေမှာ ရေတန်း
ကုန်းပေါ်တွင် ငန်းမြွေသည် အဆိပ်ပြင်းသော သတ္တဝါ ဖြစ်သကဲ့သို့ ရေထဲတွင် ရေတန်း ခေါ် ငါးဖန်ခွက်သည် အဆိပ်ပြင်းသော သတ္တဝါ ဖြစ်သည်။ "ကုန်းမှာ မြွေငန်း၊ ရေမှာ ရေတန်းဟူသတည်း။ ဆိုလိုရင်းမှာ ကုန်းပေါ်တွင် မြွေငန်းသည် လူကို ကောင်းကောင်းကြီး အန္တရာယ် ပေးနိုင်သကဲ့သို့ပင်လယ် ရေပြင်တွင်လည်း ရေတန်းသည် လူကိုကောင်းကောင်းကြီး အန္တရာယ်ပေးနိုင် သောကြောင့် ဖြစ်ပါသည်။" [၁၃၃၂] မြဝတီ၊ ၁၈၊ ၁၁။ ၁၄၁။♦
၃၀။ ကုန်းမှာ မြွေပွေး၊ ရေမှာ ငါးရွေး
ကုန်းသတ္တဝါတို့တွင် မြွေပွေးသည်အဆိပ် ပြင်းသော သတ္တဝါတစ်မျိုး ဖြစ်သည်။ ရေသတ္တဝါတို့တွင် ငါးရွေးသည် အဆိပ်ပြင်းသော သတ္တဝါတစ်မျိုး ဖြစ်သည်။ "ငါးရွေးစသော ငါးတို့သည် ကုန်းမှာ မြွေပွေး၊ ရေမှာ ငါးရွေးဟူသော စကားပုံအရ ကြီးလာသည်နှင့်အမျှ မြေတွင် အောင်းကြကုန်၏။ (ကျောက်ဆောင်တွင် အောင်းကြကုန်၏။) လွန်စွာလည်း ကြီးကြကုန်၏။ အဆိပ်လည်း လွန်စွာ ပြင်းကုန်၏။" [၁၃၁၇] ပုံပြဆေး၊ မ၊ ပ။ ၁၃။♦
၃၁။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ
၁၊ ကမ္ဘာကြီးပျက်သုဉ်းသွားသည့်တိုင်အောင် လူတစ်ဦးတစ်ယောက်၏ ကောင်းသော လုပ်ဆောင်ချက်နှင့် ကောင်းသော ဂုဏ်သတင်းတို့မှာကား ပျောက်ကွယ်မသွားဘဲ ဥဒါန်းတွင်ကျန်ရစ်ခဲ့ပေသည်။ "မိမိကိုယ်သော်ကား အသက်တစ်ရာနေ၍ မတော်မမှန် ကျင့်သဖြင့် ဆုံးခဲ့အံ့၊ မိမိကိုယ်ခန္ဓာကို မှီ၍ ဖြစ်သော မကောင်းသော စကားတို့သည်ကား အဆက်ဆက် သားမြေးမြစ်တိုင်အောင် ပြောပရစ်စရာ ဖြစ်၏။ ကမ္ဘာကြေသော်ငြားလည်း ဥဒါန်းမကျေ ဖြစ်သည်။" [၁၁၄၃] ဏိပုံ။ ၄၈။
ဖီလာစက်ဝန်း၊ ကမ္ဘာကျွန်းလည်း၊ ဥဒါန်းမကျေ၊ ထွန်းရစ်စေလိမ့်၊ ကမ္ဘာကြေလည်း၊ မကျေဥဒါန်း၊" [၁၂၁၀] ဥမ္မာ ၄၂။
၂၊ တစ်ဦးဦးအပေါ် တစ်သက်လုံး အခဲမကျေနိုင် ဖြစ်သည်။ "ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ ဖြစ်လောက်ဖွယ်ရာပင်၊ အသက်နှင့် ကိုယ် မြဲနေသမျှကာလပတ်လုံး နာကြည်းခြင်းကား ဖျောက်ဖျက်၍ ရရှာတော့မည် မဟုတ်ကြောင်းကိုတွေးမိပါသည်။"[၁၃၀၂]ဒဂုန်၊ ၂၀၊၂၃၉။ ၁၉၉။
ဗိုလ်နဂါး၊ ဗိုလ်နဂါး၊ ကမ္ဘာသာကြေမယ် ဥဒါန်းမကျေ ဘူးဟေ့၊ လက်စားမချေရသမျှ ဘယ်တော့မှ မအေးဘူးမှတ်၊" [၁၃၁၉] နဂါး။ ၆၄။♦
၃၂။ ကမ္မံ သတ္တေ ဝိဘဇ္ဇတိ
သတ္တဝါတို့သည် ကံစီမံသည့်အတိုင်း ဖြစ်ကြရ၏။ (ကမ္မံ- ကံသည်၊ သတ္တေ-သတ္တဝါတို့ကို၊ ဝိဘဇတ္ဇိ-မတူ ကြွဲပားအောင် ခြွဲခားပေး၏။) "အိပ်မက်တွေ ထူးထူးခြားခြားနှင့် ဘာတွေများ ဖြစ်ချင်လို့လည်းမသိပါဘူးနော်၊ ဟယ် တတ်နိုင်ပါဘူး၊ ကမ္မံ သတ္တေ ဝိဘဇ္ဇတိ တဲ့၊ ကံသာလျှင်အဖ၊ ကံသာလျှင်အမိ၊" [၁၃၂၅] ယဉ်ကျေးမှု၊ ၄၊ ၁။ ၈၄။♦
၃၃။ ကိုယ်ကသွေး ဘေးကိုပြု၊ တောကဆေး ဘေးကိုကု
ကိုယ်တွင်းမှ သွေးသည်ဖောက်ပြန်ကာ ကိုယ့်ကိုယ်ကိုပင် ပြန်လည်၍ ဘေးဖြစ်စေတတ်သည်။ ပြင်ပဖြစ်သော တောအရပ်မှ ဆေးဖက်ဝင်အရွက်၊ အမြစ်စသည်တို့ကမူ ကိုယ်၌ ဖြစ်သောရောဂါကို ကုစားနိုင်သည်။ "တောထဲက ဆေးလည်း သေဘေးကို တားပေသည်။ ကိုယ်ထဲကသွေးလည်း သေဘေးကို ပွားစေသည်။" [၁၂၂၅-ခန့်] ပုည။ ၅၆။
မကောင်းလျှင်မူ၊ ကိုယ်တွင်ဖြစ်ပွား၊သွေးနှင့်သားလည်း၊ ကြီးမားစင်စစ်၊ ရန်သူဖြစ်၏၊ အမြစ်အဥ၊ ဆေးအစုကား၊ တစ်ခုသော်မျှ၊ ကိုယ်ကမပါ၊ တောကလာလျက်၊ ချမ်းသာဆောင်တတ်၊ ကျိုးရှိမြတ်၏။" [၁၂၆၆] မဃ ၂၂၀။
ကိုယ်ကသွေး ဘေးကိုပြု၊ တောကဆေး ဘေးကိုကုဟု ဆိုရိုးစကား ရှိခဲ့ပါသည်။…သွေးဖောက်ပြန်သောကြောင့် ဘေးရောဂါ ကပ်ရောက်ရပါသည်။ ကပ်ရောက်လာသော ထိုဘေးရောဂါကို တောမှ ထွက်သော အမြစ်၊ အရွက်၊ အခေါက်၊ ဓာတ်သတ္တု စသည်တို့ဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါသည်။" [၁၃၄၅] မြန်ဆေးပင်။ ၁။♦
၃၄။ ကိုယ်ကောင်းလျှင် ကိုယ်စံ၊ ကိုယ်မကောင်းလျှင် ကိုယ်ခံ။
ကိုယ်ကောင်းလျှင် ကိုယ်သာ ကောင်းကျိုး စံစားရမည်။ ကိုယ်ဆိုးလျှင် ကိုယ်သာ ဆိုးကျိုး ခံစားရမည်။ "ကိုယ် ကောင်းလျှင်ကိုယ်စံ၊ ကိုယ်မကောင်းလျှင်ကိုယ်ခံ ဆိုတာကို များစွာ သဘောကျဖို့ ကောင်းပါတယ်။" [၁၂၉၆] မဉ္ဇရီ၊ ဒု။ ၁၇၀။♦
၃၅။ ကိုယ်ချစ်ကို မရှာနှင့် သူချစ်ကို ရှာ။
အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရာတွင် မိမိက ချစ်ရသူကို မရွေးပါနှင့်၊ မိမိကို ချစ်နေသူကိုသာ ရွေးချယ်ပါ။ "ကိုယ်ချစ်ကို မရှာနှင့် သူချစ်ကိုရှာ ဆိုတဲ့ ဩဝါဒကို ရှေးက လူကြီး သူမတွေက မိန်းမတို့ကို ပေးတာပဲ ဖြစ်ရမယ်။" [၁၃၅၂] ချစ်စိတ်။ ၅၆။♦
၃၆။ ကိုယ်နှင့်နှိုင်း မရိုင်း
၁၊ အရာရာတွင် ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ "ငါကဲ့သို့အစမှအဆုံးတိုင် အလုံးစုံ ပိုင်ပိုင်နိုင်နိုင်ကြီး သိချင်ရှာမယ်လို့ ကိုယ်နှင့်နှိုင်း မရိုင်း ဆိုတဲ့ ရှေးလူကြီးများစကားအတိုင်းပေါ့ရှင်၊" [၁၂၉၆] ဒဂုန်၊ ၁၄၊ ၁၆၇။ ၃၅၆။
၂၊ သူတစ်ပါးကို ကိုယ်နှင့် နှိုင်းစာ၍ ရှုမြင်တတ်ကြသည်။ "လူဆိုတာမျိုးဟာ ကိုယ်နှင့်နှိုင်း မရိုင်းဘူးတဲ့၊ ရှင့်သဘောလိုချည်း မမှတ်နဲ့၊ လူချင်းတူပေမဲ့ အသက်ရှူချင်း ကွဲသေးတယ်။" [၁၂၇၇] မောင်ပုံ။ ၁၇၆။
ဒီလို ဝိပဿနာယောင်ယောင်လုပ်နေပြီး တကုပ်ကုပ်နေတာဟာ တစ်စုံ တစ်ခု စိတ်ရှုပ်စရာရှိတဲ့လူတွေ နေမှာပဲထင်ပါရဲ့။ ကိုယ်နှင့်နှိုင်း မရိုင်းဆိုသလို တွေးရတာပဲ။" [၁၃၀၀] ဒဂုန်၊ ၂၁၃။ ၂၇၁။♦
၃၇။ ကိုယ်မချိ၊ အမိသော်လည်း၊ သားတော်ခဲ
မိခင်သည် အတိဒုက္ခရောက် နေချိန်တွင် မိမိသားသမီးကိုပင် မငဲ့မထောက်နိုင် ဖြစ်သည်။ ကိုယ်မချိ၊ အမိသော်လည်း၊ သားတော်ခဲ-စကားပုံလည်းရှု။ "ကိုယ်မချိက၊ အမိသော်လည်း၊ သားတော်ခဲ ဆိုသောအတိုင်း မိမိ၏သား ကို ကျွေးမွေးပြုစုနိုင်ခြင်းငှာ မစွမ်း၍ နေရပ်နှင့် ကွာဝေးသော ရွာတစ်ရွာသို့ သွားရောက် အပ်လိုက်ရလေ၏။" [၁၂၇၅] စံပယ်။ ၁၄၃။
ယခုကာလ ဗရုတ်ဗရက်ထဲမှာ ပြေးလားလွှားလားနှင့် ကလေးများကို သားသည်အမေတွေတောင် မခင်တွယ်နိုင်ကြဘူး။ကိုယ်မချိ၊ အမိသော်လည်း၊ သားတော်ခဲသတဲ့။" [၁၂၈၂] ရွှေပြည်၊ ပ။ ၄၃။♦
၃၈။ ကိုယ်ရေးကြုံက သက်လုံကောင်းခဲ
ကိုယ်နှင့် ဖြစ်စေ၊ ကိုယ့်သွေးကိုယ့်သား နှင့်ဖြစ်စေ ပတ်သက်သည့် အရေးကြီးကိစ္စ ကြုံလာပါက ခေါင်းအေးအေးနှင့် ဆောင်ရွက် နိုင်ခဲသည်။ "ဆရာသည် သူတကာအရေးကို ရှေ့ပြေးရှေ့ဆောင် အောင်မြင်အောင် စီမံတတ်သော်လည်း ကိုယ်ရေးကြုံက သက်လုံကောင်းခဲသည် ဟူဘိသကဲ့သို့ အကြံအစည် ဉာဏ်ရည်ဉာဏ်အား မသွားနိုင်အောင်ပင် ရှိတော့သည်။" [၁၂၇၉] ဓမ္မစေတီ။ ၇၁။
ရှေးပညာရှိကြီးများက ကိုယ်ရေးကြုံလျှင် သက်လုံကောင်းခဲသည် ဟု ဆိုလေ့ရှိ၏။" [၁၂၉၇] တိုးတက်ရေး။ ၉၆။♦
၃၉။ ကိုယ်ရေးကြုံ သက်လုံကောင်းမြဲ။
အရေးကြုံလာလျှင် ကြံ့ကြံ့ခံနိုင်စွမ်းရှိတတ်သည်။ "ကိုယ်ရေးကြုံတော့ သက်လုံကောင်းမြဲ ဟူသော စကားကဲ့သို့ ကျွန်ုပ်သည် အသက်ဘေးအတွက် ခေတ္တခဏပဲ သက်သာရာရစေတော့ဟူ၍ အောက်မေ့ကာ ရွက်တိုင်အဖျားသို့တက်သည်တွင်…၊"[၁၂၈၅]မောင်စွန့်။ ၃၈။
ယခုကဲ့သို့ အရေးကြီးပေါ်လာသောအခါ ကိုယ်ရေးကြုံ သက်လုံကောင်း ဆိုသောစကားကဲ့သို့ သက်လုံကောင်း၍ လာကာ ရုတ်တရက် ဆေးမစားဘဲ အားပြည့်၍ လာသကဲ့သို့ ရှိ၏။" [၁၂၉၃] ဒဂုန်၊ ၁၁၊ ၁၃၁။ ၂၆။♦
၄၀။ ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်
ကိုယ့်အကြောင်းကို ကိုယ်တိုင် ဖော်ထုတ် ဝင့်ကြွားသူသည် သူတော်ကောင်း မဟုတ်။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်-ဟူ၍ လည်းအဆိုရှိသည်။) ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် ခုနစ်ပါး- စကားပုံလည်းရှု။ "ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဟုဆိုစမှတ်ရှိသောကြောင့် ကိုယ့်အကြောင်းကို ကိုယ်တိုင်မရေးသားသင့်ဟူ၍ ထင်မှတ်လေ့ရှိသောကြောင့်တည်း။" [၁၂၉၁] မောင်ဝကျေး။ ၆၆။
မြန်မာလူမျိုးသည် ကိုယ့်အကြောင်းကို ကိုယ်တိုင် ဖော်ကောင်မလုပ်ချင်သော နိဝါတတရားအရ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဖုံးကွယ်လိုသော လူမျိုးဖြစ်လေသည်။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဟူသော မြန်မာစကားပုံသည်ဤအဆိုကို ထောက်ခံသော စကားပုံတစ်ခုပင်ဖြစ်ပေသည်။"[၁၃၂၆] ငွေတာရီ၊ ၄၄။ ၂၁၅။♦
၄၁။ ကိုယ့်ကိုယ်ကိုယ်ဖျက် ကိုယ်လျှင်ပျက်၊ သံကိုသံဖျက် သံချေးတက်
သံကို သံချေးကပင် ဖျက်ဆီးတတ်သကဲ့သို့ မိမိကိုယ်ကို မိမိကပင် ဖျက်ဆီးသည်။ (ကိုယ့်ကိုယ် ကိုယ်ဖျက်၊ သံချေးတက်-ဟူ၍လည်း အဆိုရှိသည်။) သံကိုသံဖျက် သံချေးတက်-စကားပုံလည်းရှု။ "ကိုယ့်ကိုယ်ကိုယ်ဖျက်၊ သံချေးတက်ဆိုတာ အရှိသားကပဲ၊ ကျွန်တော်သည်လိုပြောပေမဲ့ သတိတရားရပြီလို့ဆိုရတော့မလား၊" [၁၂၈၄] ဒဂုန်၊ ၄၊ ၃၈။ ၁၁၄။
ကိုယ့်ကိုယ်ကိုယ်ဖျက်၊ သံချေးတက်ဆိုသကဲ့သို့ သူတို့၏ မလိမ္မာမှုသည် သူတို့အကျိုးယုတ်ဖွယ် သက်သက်သာ ဖြစ်ချေသည်။" [၁၃၂၉] ဗမာ။ ၄၁၄။♦
၄၂။ ကိုယ့်စေတနာ ကိုယ့်အကျိုးပေး
မိမိစေတနာအတိုင်း ကောင်းလျှင် ကောင်းသည့်အလျောက်၊ မကောင်းလျှင် မကောင်းသည့်အလျောက် အကျိုးပေးတတ်သည်။ "ကိုယ့်စေတနာ ကိုယ်အ့ကျိုးပေး ဆိုတဲ့အတိုင်း စေတနာကောင်းရင် ကောင်းကျိုးရပါတယ်။" [၁၃၃၄] အမေ။ ၂၁၄။♦
၄၃။ ကိုယ့်တရား ကိုယ်စီရင်။
မိမိပြုခဲ့သော မကောင်းမှု၏ ဆိုးကျိုးကို မိမိပင် ခံစားရမည်။ ဘယ်သူမပြု မိမိမှု-နှင့် နှိုင်းယှဉ်။ "အဆုံးကျတော့ ကိုယ့်တရား ကိုယ်စီရင်ပြီး သွားကြရမှာပဲ။" [၁၂၉၅] ဒဂုန်၊ ၁၅၈။ ၂၇၁။♦
၄၄။ ကိုယ့်ထက်သာ မနာလို။
လူ့သဘောသည် ကိုယ့်ထက်သာသူကို မနာလို မရှုဆိတ် ဖြစ်တတ်သည်။ "လူဆိုတာဟေ့ကိုယ့်ထက်သာ မနိုာလဘူးတဲ့။"[၁၂၇၅]စံပယ်။၈၆။
အခြားသော မှူးမတ်တွေက ကိုယ့်ထက်သာ မနာလို ဆိုတဲ့ စကားအတိုင်း ပေါ့လေ။" [၁၂၉၂] ကဝိမှန်၊ ၄၊ ၅။ ၂၇၆။
ကိုယ့်ထက်သာ မနာလို၊ အကြံတူရန်သူ၊ အလုပ်တူငြူစူဟု ဆိုရိုးရှိ သည့်အတိုင်း…၊" [၁၃၁၄] ကိုယ်ကျင့်။ ၇၅။♦
၄၅။ ကိုယ့်လူ သူ့ဘက်သား
မိမိဘက်သားဟု ယူဆထားရသူက တစ်ဖက်သား၏ လူ ဖြစ်နေတတ်သည်။ သူ့လူ ကိုယ့်ဘက်သား-နှင့် နှိုင်းယှဉ်။ "ကိုယ့်တပ်က ကိုယ့်ပြန်တိုက် ဆိုသကဲ့သို့လည်းကောင်း၊ ကိုယ့်လူ သူ့ ဘက်သားဆိုသကဲ့သို့လည်းကောင်း ဖြစ်နေကြသောကြောင့်…၊" [၁၂၇၅] စာဏကျ၊ ပ။ ၉၆။
ကိုယ့်လူ သူ့ဘက်သား ဆိုတာလို ကိုယ်အားကိုးထားတဲ့သူက ဟိုဘက်ကို ပင်းတဲ့ စကားတွေကို ပြောပြန်ပြီ။" [၁၂၈၂] ဝေဝေ။ ၄၈။♦
၄၆။ ကိုယ့်လင်ကလွဲ ဖွဲနှင့်ဆန်ကွဲ။
မိမိလင်ယောက်ျားမှတစ်ပါး အခြားယောက်ျားများကို တန်ဖိုးမထားပါ။ "ဗြဟ္မဒတ်မင်းဆိုးက အတွင်းမရိုးသော စိတ်ထားဖြင့် ချစ်စကား ကြိုက်စကား ပြောဆိုလာပြန်ရိုာကယ့်လင်ကလွဲ ဖွဲနှ င့်ဆန်ကွဲလိုအောက်မေ့လျက်ရှိသော ထိုကိန္နရီမလေးက ဗြဟ္မဒတ်မင်း၏အလိုသို့ မလိုက်လျောဘဲ…၊" [၁၃၁၄] မင်မြု။ ၁၈၃။♦
၄၇။ ကိုယ့်လိပ်ပြာ ကိုယ်ရှက်
သိက္ခာမရှိသော အမှုကိုပြုမိလျှင် ကိုယ့်ကိုယ်ကိုယ် စိတ်မလုံ ဖြစ်တတ်သည်။ "အသံလုပ် တရားဟောရာ၌ ကိုယ့်လိပ်ပြာ ကိုယ်ရှက်ဆိုသလို ရှက်ဖွယ် ကောင်းလှ၏။" [၁၃၁၄] ကိုယ်ကျင့်။ ၂၃၄။♦
၄၈။ ကိုယ့်ဥမှ ဥထင်။
မိမိသားသမီးကိုမှ သားသမီးဟု ထင်သည်။ "မိဘတို့မည်သည်ကိုယ့်ဥမှ ဥထင် ဆိုသည့်အတိုင်း သူတို့၏ သားသမီးများကိုသာလျှင် သူများထက် အဆပေါင်းများစွာ ပိုပြီး ချစ်ကြည် မြတ်နိုးရမည်မှာ လောကဓမ္မတာပင် ဖြစ်လေသည်။" [၁၃၁၄] မင်မြု။ ၂၂၅။♦
၄၉။ ကျားမရဲ တစ်၊ လူမရဲ ဟစ်။
ကြောက်လန့်သော ကျားသည် အသံပြုတတ် သကဲ့သို့ သတ္တိမရှိသော သူသည်လည်း အော်ဟစ်ဝါကြွား ကြုံးဝါးတတ်သည်။ "တကယ်ရဲရင့်ခြင်းမျိုးမဟုတ်ဘဲ ကျားမရဲ တစ်၊ လူမရဲ ဟစ် သဘောမျိုး လေကျယ်နေလျှင် အသံကြောင့် ဖားသေသလို ဒုက္ခရောက်မည်သာ ဖြစ်သည်။" [၁၃၂၈] ရှေ့သို့၊ ၈၊ ၇။ ၂၃။♦
၅၀။ ကျီးဖြူရောက်က စစ်မက်ထ
ကျီးဖြူ ရောက်ရှိပါက စစ် ဖြစ်ပွား၏။ "ရုပ်ဝါသွင်မူ၊ အမြင်တူလည်း၊ ကျီးဖြူဆင်ဖြူ၊ ဂုဏ်မတူဘူး၊ ကျီးဖြူ ရောက်က၊ စစ်မက်ထ၏၊" [၁၂၆၆] မဃ ၂၀၁။♦
၅၁။ ကျူးလာမိုးသက် ပျိုးကြဲရက်
တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့၊ သောကြာနေ့တို့သည် ပျိုးကြဲရက်များ ဖြစ်သည်။ (ကျူး=တနင်္လာ၊ လာ= ဗုဒ္ဓဟူး၊ မိုး=ကြာသပတေး၊ သက်=သောကြာ။ ) "ထိုသို့ ထွန်ရာ၌ ကျူးလာမိုးသက် ပျိုးကြဲရက်ဟူသည့်အတိုင်း တနင်္လာ နေ့၊ ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့၊ သောကြာနေ့တို့မှာ ပျိုးကြဲရက်များပင် ဖြစ်သော်လည်း မိမိ၏ စန်းလဂ်အနေ ကောင်း မကောင်းကိုလည်း ကြည့်၍ ကြဲရသည်။" [၁၃၂၉] မြန်ယဉ်လယ်။ ၆၅။♦
၅၂။ ကျေးဇူးရှိမှ ကျေးစွပ်သည်
အချို့သော လူတို့သည် မိမိ၏ ကောင်းကျိုးကို ဆောင်ရွက်ပေးသော ကျေးဇူးရှင်ကိုမှ ကျေးဇူးကန်းတတ်ကြသည်။ "ကျေးဇူးရှိမှ ကျေးစွပ်သည်ဟူသော စကားများကို မြေဝယ်မကျ မှတ်သား ပါတော့ဟု ပြောဆိုပြီးနောက်…၊" [၁၂၈၃] ဒဂုန်၊ ၁၊ ၁၂။ ၈၂။
ကျေးဇူးတရားကို မသိမမြင်ဘဲ ယုတ်မာချင်တဲ့သူများဟာ ကျေးဇူးရှိမှ ကျေးစွပ် ဆိုတာလို ဃဋမင်းအပေါ်မှာ ကျေးစွပ်တော့တာပေါ့၊" [၁၂၉၆] မဉ္ဇရီ၊ တ။ ၁၆၇။
မိတ်ဆယ်ပါးတရား ပျက်၍ ကျေးဇူးရှင်ကို ကျေးစွပ်သော အကတညု လူယုတ်မာ ဖြစ်သဖြင့် နတ်ကောင်းနတ်မြတ်များ မစောင့်၊" [၁၃၃၄] ဗညား။ ၁၅၀။ရှေးသောအခါ လူတစ်ယောက်အိမ်၌ ကြက်ဆူပင်သည် ရှိသတည်း။ ထိုအိမ်ရှင်လည်း နွားမွေး၏။ ကြက်ဆူပင်စောင့်နတ်လည်း အိမ်နှင့် နီး သောကြောင့် ငါနေသောသစ်ပင် မပျက်မစီး ပေသည်ဟူ၍ ထိုအိမ်ရှင်ကို မစကြည့်ရှုလေသတည်း။ မစကြည့်ရှုသောကြောင့် ထိုအိမ်ရှင်သည် စည်းစိမ်ချမ်းသာ များစွာ တိုးတက်သတည်း။ တစ်ရံရောအခါ အိမ်အနောက်၌ နွားခြံလုပ်သော် ထိုကြက်ဆူပင်ကို ထွင်း၍ တံခါးကျည်း ထည့်လျှိုသတည်း။ ကြက်ဆူပင်စောင့်နတ်လည်း ငါမစ၍ စည်းစိမ်ချမ်းသာ ရှိပါလျက် ငါ့ဗိမာန်ကို ထွင်း၍ တံခါးကျည်း စွပ်ဘိသည်။ ငါကျေးဇူးရှင်ကိုပင် ကျေး(ကျည်း)စွပ်သည်ဟူ၍ ကြက်ဆူပင်စောင့်နတ်ဆိုသော စကားကို လိုက်၍ ယခုတိုင်အောင် ကျေးဇူးရှင်ကို ကျေးစွပ်သည် ဟူ၍ ဆိုရိုးပြု သတည်း
ထို့ကြောင့် အကြင်သူတို့သည် ကျေးဇူးပြုသောသူကို ကျေးဇူး တုံ့ဆပ်ရာသည်။ သူ့ကျေးဇူးကို မချေရာ။ ကျေးဇူးချေသောကြောင့် အကျိုးယုတ်လျက် ပျက်စီးဖူးလေသည်။ မြတ်စွာဘုရားလည်း ကတညုတာစ-သူ့ ကျေးဇူး ကို သိရခြင်းသည်လည်းကောင်းဟူ၍ ဟောတော်မူသည်။ လောကပညတ္တိ။ ၃၄။♦
၅၃။ ကျောပူတာသာ ခံနိုင်တယ်၊ နားပူ မခံနိုင်။
အလုပ်ပင်ပန်းမှုဒဏ်ကို ခံနိုင်သော်လည်း နားပူသည့်ဒဏ်ကို မခံနိုင်။ "ဒီလောက် နားပူနားဆူခံနေရတာဟာ ဆိုက်ကားနင်းလို့ ပင်ပန်းရတာ ထက်တောင်မှ ဆိုးပါသေးတယ်၊ ကျွန်တော်က ကျောပူတာပဲ ခံချင်တယ်၊ နားပူတာ မခံချင်ဘူး။" [၁၃၃၂] မြဝတီ၊ ၁၈၊ ၃။ ၁၀၃။♦
၅၄။ ကျောက်နှင့်မြင်း၊ စိုးစဉ်းသိက ထမင်းဝ
ကျောက်မျက်ရတနာအကြောင်း၊ မြင်းအကြောင်း အနည်းငယ်သိရုံမျှဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်သည်။ " ကျောက်နှင့်မြင်း၊ စိုးစဉ်းသိက ထမင်းဝ ရှေးမြန်မာများက ကျောက် အကြောင်း၊ မြင်း၏အကြောင်းကို စိုးစဉ်းမျှ တတ်မြောက်နားလည်ပါက လူတို့ စားသောက်နေထိုင်ရေးကို ဖူလုံလောက်ပါသည်ဟူသော စကားရပ်ကို ထားရှိသည်။" [၁၃၃၃] ကျောက်မျက်ရတနာ။ ၁၄၁။♦
၅၅။ ကျပ် စိတ် မိုက်တွင်၊ လုံးကြီးတင်
ပမာဏအတိုင်းအတာပြသည့် ကျပ်၊ စိတ်၊ မိုက်တို့ကို အတိုသင်္ကေတနည်းဖြင့် ရေးလိုလျှင် ဂဏန်းပေါ်၌ လုံးကြီးတင်၍ ရေးနိုင် သည်။ (သာဓက။ငွေ ၂၅ိ=ငွေနှစ်ဆယ့်ငါးကျပ်။ ဆန် ၃ိ=ဆန်သုံးစိတ်။ ရွှေဖျင် ၁ိ= ရွှေဖျင်တစ်မိုက်။) ♦
၅၆။ ကြာလေ ကောင်းလေ၊ ဟောင်းလေ သစ်လေ
အချို့သော အရာတို့သည် အချိန်ကာလ ကြာမြင့်လာလေလေ ကောင်းလေလေ ဖြစ်ပြီး အချို့သော အရာတို့သည် ဟောင်းနွမ်းလာလေလေ ပို၍ သစ်လွင်လာသည်ဟု ထင်ရလေလေ ဖြစ်သည်။ "ကြာလေ ကောင်းလေ၊ ဟောင်းလေ သစ်လေ၊ အိုလေ ပျိုလေဆိုတဲ့ စကားဟာ တဏှာကို တိုက်ရိုက်ပြောဆိုတဲ့ စကား ဖြစ်တယ်လို့ မှတ်ကြပေတော့၊" [၁၂၇၈] သာရီ၊ ပ။ ၁၂၃။
ဒဂုန်မဂ္ဂဇင်းကြီးကတော့ အသက်ကြီးပေတဲ့ ပျက်စီးယိုယွင်းတဲ့ အိုမင်းမှု ဇရာကွေသဖြင့် ကြာလေ ကောင်းလေ၊ ဟောင်းလေ သစ်လေ ဖြစ်နေတော့ တာပဲ၊" [၁၂၉၂] ဒဂုန်၊ ၁၀၊ ၁၂၁။ ၂၅၉။
လောကုတ္တရာချမ်းသာကတော့ ကြာကောင်း ဟောင်းသစ်ဆိုတဲ့ စကားလို ဘယ်တော့မှ မူမပြောင်းဘဲ အင်မတန်မှ ကောင်းတာကလား၊" [၁၂၉၆] မဉ္ဇရီ၊ ဒု။ ၉၄။♦
၅၇။ ကြားကလေသွေး ဝေးတယ်ထင်
ချစ်သူတို့သဘာဝ နှစ်ကိုယ်အကြား လေပြည်သွေးလောက်ရုံမျှ ကွာခြားသည်ကိုပင် ဝေးကွာလှသည်ဟု ထင်တတ်သည်။ "အဟုတ် ချစ်ပြဆိီုတော့ ကြားကလေသွေး ဝေးတယ်ထင်တတ်တယ်တဲ့၊ အကြောင်းလက်တွေ့မဟုတ်ခင်တုန်းကတော့ နည်းနည်းမှ မယုံမိဘူး။" [၁၃၀၃] တိုးတက်ရေး၊ ၈၆။ ၇၃။♦
၅၈။ ကြီးလျှင်မှီ၊ ငယ်လျှင်ချီ
အိမ်ထောင်ပြုကြရာတွင် မိမိ၏အိမ်ထောင်ဖက်သည် မိမိထက် ကြီးသူဖြစ်လျှင် မိမိက မှီခိုအားထားရသည်။ မိမိအောက်ငယ်သူဖြစ်ပါ မူကား မိမိက ကြင်နာယုယ ပြုစုစောင့်ရှောက်ရသည်။ "ထို့ပြင် ရှေးလူတို့စကားများကလည်း ရှိပေတယ်။ ကြီးလျှင်လည်းမရှိမှ၊ ငယ်လျှင်လည်းချီ ရမှတဲ့၊ သို့လိုအကြောင်းကြောင့် ယူမယ်ဆို ယူသင့်ပါပေတယ်။" [၁၂၆၈] နော၊ ပ။ ၄၄။
ကြီးမှီ၊ ငယ်ချီ ဆိုတာ မင်းက ငယ်လျှင် သူက ကြီးလို့မှီရမှာ ပြောတာ ကွဲ့။" [၁၂၉၅] ကဝိတံခွန်၊ ၂၊ ၁၄။ ၁၁၀။
ကြီးလျှင်မှီ ငယ်ချီ ရ၊ ရွယ်ညီမှပြုစေ၊ ဘယ်ဆမှီ သမုဆွေငယ်၊ ဥပဒေ မရေး၊ အကျိုးနှင့်အပြစ်မျှော်လျှင်၊ အချစ်တော်ပေါင်းဆုံကြသေး။" [၁၂၉၇] ဒဂုန်၊ ၁၈၆။ ၁၂၅။♦
၅၉။ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား
မိမိထက် အသက်အရွယ်ကြီးသူကို ရိုသေရမည်။ ရွယ်တူသူကို လေးစားရမည်။ ငယ်သူကို သနားကြင်နာရမည်။ "အောက်ကိုသနား၊ တန်းတူအားမူ၊ မြှောက်စားအမျှ၊ မယုတ်ချနှင့်၊ ထက်ကသူမှာ၊ ရိုသေရာ၏၊" [၁၂၆၆] မဃ ၁၉၇။
ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား၊" [၁၃၁၅] ရွှေနီ။ ၉။♦
၆၀။ ကြီးသည့်အမှု ငယ်စေ၊ ငယ်သည့်အမှု ပလပ်စေ
ကြီးသော အမှုကို ငယ်သော အမှု ဖြစ်အောင်၊ ငယ်သော အမှုကို ပပျောက်ကျေအေးအောင် ဆောင်ရွက်အပ် သည်။ "လူအများကို၊ သနားမျှော်ရှု၊ သားတူပြုလျက်၊ ကြီးမှုမကျယ်၊ ငယ်မှုပျောက်ပေ၊ သာကြည်ထွေတိ၊" [၈၇၉] ဂါထာ ၁၆။
နယ်ပြည်ထောင်ကို ငြိမ်အောင်ပြု၊ ကြီးသောအမှုကို ငယ်စေ၊ ငယ်သော အမှုကို ပလပ်ပြေငြိမ်းစေ၊" [၁၁၈၁] ဟိန်။ ၅၈။
ကြီး စွာအမှု၊ ငယ်နုပါကြောင်း၊ ငယ်ငေါင်းသမျှ၊ ပျောက်ကြလေစေ၊" [၁၁၈၇] သီလဝ ၅၃။♦
၆၁။ ကြံသာ အစဉ်ချိုသည်၊ လူမှာ အစဉ်မချို
ကြံသာလျှင် အစဉ်အမြဲ ချိုတတ် သည်။ လူတို့၏ စိတ်သဘောထားကား အစဉ်အမြဲ ကောင်းနေလိမ့်မည် မဟုတ်ပေ။ "မိတ်ဆွေအဖြစ်မှ ရွေ့လျောပြီး ငြိုးသူရန်ဘက်သဘောသို့ ရောက်ချင် ရောက်သွားတတ်သေးတယ်။ ကြံသာ အစဉ်ချိုသည်၊ လူမှာ အစဉ်မချိုဆိုတဲ့ စကားပုံဟာလည်း…ဖော်ပြခဲ့တဲ့ နီတိဂါထာကို ရည်ညွှန်း၍ ဆိုခဲ့ခြင်း ဖြစ်ပေ သပေါ့။" [၁၂၈၈] သူရ၊ ပ။ ၇၉။
ကြံသာလျှင် အစဉ်ချိုမည်၊ ပုထုဇဉ်သာမန်လူစား မိန်းကလေး တစ်ဦး၏ စိတ်မှာ ကြံကဲ့သို့ အစဉ်ချိုနိုင်မည်မဟုတ်၊" [၁၃၀၃] မြဝင်း။ ၂၅၉။♦
၆၂။ ကြိုးကြာ ရေမသောက်
ကြိုးကြာငှက်သည် ရေသောက်လေ့ မရှိပေ။ "ကြိုးကြာမျိုးလျောက်၊ ရေမသောက်လျက်၊" [၁၁၈၉] ကုသ ၂၉၃။
ရှေးသူဟောင်းတို့လည်း ကြိုးကြာ ရေမသောက်၊ ဗျိုင်းအောက်မှာ လင်မနေ၊ သားတွေကများဟူ၍ သားငယ်တို့ကို သချီင်းပြု၍ သင်စကြကုန်သည်။" [၁၁၉၂] ဝေါလီ။ ၂၁၁။♦
၆၃။ ကြိုးစားက ဘုရားဖြစ်။
ကြိုးစားအားထုတ်လျှင် ဘုရားအဖြစ်ကိုပင်ရနိုင်သည်။ "တိုးတက်ရေးမဂ္ဂဇင်းတွင် စာရွက်တိုင်း စာရွက်တိုင်း၌ ပါလာသောကြိုးစားက ဘုရားဖြစ်နိုင်၏ဟူသော စကား ကျွန်တော်၏အသည်းတွင် သံမှိုနှင့်စွဲလျက်ရှိလေ၏။" [၁၂၉၇] တိုးတက်ရေး၊ ၂၀။ ၁၉။
မြန်မာလူမျိုးများ ပြောလေ့ပြောထရှိသော စကားမှာလည်း ကြိုးစားက ဘုရားဖြစ်ဟု လူတိုင်းလိုလိုပင် သိရှိကြပြီး၊" [၁၂၉၈] မြန်မာ့ဟိတ၊ ၁၊ ၂၇။ ၁၅။♦
၆၄။ ကြက်ကောင်း ကြိုးမကွာ
တိုက်ကြက်ကောင်းကို ကြိုးနှင့် အမြဲမကွာ ချည်နှောင်စောင့်ရှောက်ထားရသည်။ ကြက်ကောင်း ကြိုးမကွာ-စကားပုံလည်းရှု။ "ကြက်ဖတစ်ကောင် တိုက်တော့မည်ဆိုသောအခါ၌…လူမကြည့်နိုင်သောအခါ၌ ခြံလှောင်ထားရသည်၊ သို့မဟုတ် ကြိုးချည်ထားရသည်။ ထို့ကြောင့် ကြက်ကောင်း ကြိုးမကွာဆိုသောစကား ပေါ်ခဲ့သည်။" [၁၃၄၀] ကြက်ဋီ။ ၃၇။♦
၆၅။ ကြက်ကောင်းလျှင် တစ်ဒယ်၊ ချိုးကောင်းလျှင် တစ်လွယ်၊ ခါကောင်းလျှင် တစ်ထမ်း
တည်ကြက်ကောင်းလျှင် တစ်ဒယ်စာမျှသာ ရနိုင်သည်။ တည်ချိုး ကောင်းလျှင်လည်း တစ်လွယ်စာမျှသာ ရနိုင်သည်။ တည်ခါကောင်းလျှင်မူ တစ်ထမ်း တစ်ပိုး များပြားစွာ ရနိုင်သည်။ "ကြက်ကောင်းလျှင် တစ်ဒယ်၊ ချိုးကောင်းလျှင် တစ်လွယ်၊ ခါကောင်းလျှင် တစ်ထမ်းဟုပင် တည်ကြက်၊ တည်ချိုး၊ တည်ခါများအတွက် စာဆိုရှိပါသည်။" [၁၃၂၈] မြဝတီ၊ ၁၄၊ ၁၀။ ၃၇။♦
၆၆။ ကြက်မသွား မြားပါ၊ မိန်းမသွား စကားပါ။
မသွားသင့်သည့်အခါ၊ မသွားသင့်သည့်နေရာသို့ သွားမိသော ကြက်များကိုယ်တွင် သူတစ်ပါးပစ်လိုက်သည့် မြား စိုက်လျက် ပါလာတတ်သကဲ့သို့ မသွားသင့်သည့်အခါ၊ မသွားသင့်သည့်နေရာသို့သွားမိသော မိန်းမများတွင်လည်း စကားအရှုပ်အထွေး ပါလာတတ်သည်။ "အခါအခွင့်၊ ကြောင်းမသင့်က၊ တဖျင့်တပါး၊ လွတ်ရှောင်ရှား၍၊ မသွားကြရာ၊ သွားမိပါသော်၊ ကြက်မှာကားမြား၊ စကားမိန်းမ၊ ပါတတ်လှရှင့်၊ ရှေးကဆရာ၊ အပြစ်မှာ၏။" [၁၃၀၀-ခန့်] ဓီတရော ၁၁။
အဖသူဌေးကြီး ဓနဉ္စယက သင်ပြပြောဆိုရာတွင် ကြက်မသွား မြားပါ၊ မိန်းမသွား စကားပါ လာသည့်ရှေးရိုး အတုခိုးလျက် အကျိုးမရှိသောစကား ပြောကြား၍လည်း သူတစ်ပါးတို့၏ အပြင်မီးကို အိမ်ထဲသို့ မသွင်းနှင့်ဟု ဆိုဆုံးမခဲ့ဖူးလေသည်။" [၁၃၄၀] မြဝတီ၊ ၂၆၊ ၅။ ၉၆။♦
၆၇။ ကြက်မှာ အရိုး၊ လူမှာ အမျိုး
ကြက်သည် အခွပ်ကောင်းခြင်း မကောင်းခြင်း၊ သတ္တိရှိခြင်း မရှိခြင်းစသည်တို့၌ မျိုးရိုးလိုက်သကဲ့သို့ လူတစ်ဦး၏အကျင့်စရိုက်သည်လည်း မျိုးရိုးလိုက်တတ်သည်။ "မိကောင်းဖခင် သားသမီးမှန်က ကလိန်းကလက် မရှိ၊ ငှက်ပျောပင်စိုက် မိလိုက်ဖပါဆိုဘိသကဲ့သို့လည်းကောင်း၊ ကြက်မှာ အရိုး၊ လူမှာ အမျိုးဆိုဘိ သကဲ့သို့လည်းကောင်း…၊" [၁၂၆၇] စကား၊ ပ။ ၁၂၆။
လူ အမျိုး၊ ကြက် အရိုး ဆိုစကားရှိသည်။ တိုက်ကြက်များမှာ မိဘ မျိုးရိုး စစ်မှန်ဖို့ ကောင်းဖို့ အရေးကြီးလှသည်။" [၁၃၄၀] ကြက်ဋီ။ ၁၆။♦
၆၈။ ကြက်ဥအယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်
ကြက်ဥအတွင်းမှ သန္ဓေသား၏ ပေါက်လာလျှင် ဖြစ်မည့် အမွေးအရောင်ကိုလည်းကောင်း၊ တိမ်တောင်တိမ်တိုက် မည်သည့်အသွင်သဏ္ဌာန် ဖြစ်လာမည်ကိုလည်းကောင်း ခန့်မှန်းရန် မလွယ်သကဲ့သို့ တိုင်းရေးပြည်ရေးမှာလည်း မည်သို့ ဖြစ်လာမည်ကို ခန့်မှန်းရန်မလွယ်ပေ။ တိမ်တောင်သဖွယ် မင်းရေးကျယ်-လည်းရှု။ "ပင်လုံးကျွတ်လျှင်၊ နီတွတ်လှတင့်၊ အပွင့်ရဲရဲ၊ ပေါက်ထဲကျေးနေ၊ သိခဲထွေဖြင့်၊ မိုးခြေတိမ်သွင်၊ ဥတွင်ကြက်ငယ်၊ လျှပ်ရောင်ဝယ်၌၊ ခြည်သွယ်သေးဖွဲ၊ ပုလဲလုံးညီ၊ သီသော်ခဲ၏၊ နက်နဲဆွေးနွေး၊ ပြည်တဲရေးကို၊" [၈၅၀_ခန့်] ပကိဏ်။ ၄။
ပြည်တဲအရေး၊ ကျေးနှင့်ပေါက်ပင်၊ ချည်မျှင်ပင့်ကူ၊ နှိုင်းတူကြက်ဥ၊ တိမ်အထုကို၊ လွယ်မှုသိနိုင်၊ အပြီးတိုင်သား၊" [၈၇၀-ခန့်] ဗန္ဓ။ ၇၇။
မင်းရေးမင်းရာ၊ အဖြာဖြာလျှင်၊ မှာမှာသမှု၊ မသာတုနှင့်၊ ကြက်ဥအယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်၍၊ မင်းဝယ်ကိစ္စ၊ ဖြစ်တတ်လှ၏။" [၈၉၇] မဂ်စိုး ၂၀။
ကြက်ဥအယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ် ဆိုသည့်စကားအရ တိုင်းရေးပြည်ရေးများသည် အလွန်ပင် ရှုပ်ထွေးပွေလီ များပြားပါသည်။" [၁၂၉၄] ဒဂုန်၊ ၁၄၆။ ၃၇၅။♦
၆၉။ ကြောက်တတ် ဝန်ကင်း
အန္တရာယ်ကို ကြိုတင်တွေးဆ၍ ကြောက်တတ်သောသူသည် ဘေးအန္တရာယ် ကင်းဝေးသည်။ ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် လာဘ်ရ-နှင့် နှိုင်းယှဉ်။ "ကြောက်တတ်မှသာ ဝန်ကင်းမည်ဖြစ်သောကြောင့် လှည်းပေါ်သို့ မတက်ဘဲ…လှည်းအနီးမှ ခြေကျင်လိုက်ပါသွားလေသည်။" [၁၂၉၈] စာအု။ ၈၉။
ကြောက်တတ်လျှင် ဝန်ကင်း သည်ဆိုသော ဆိုရိုးတစ်ရပ်ရှိရာ ယင်းစကား၏သဘောမှာ စင်စစ်အပြစ်ရှင်း ရန်ကင်းစေလိုခြင်းနှင့်သက်ဆိုင်သဖြင့်များစွာ အဖိုးတန်လေသည်။" [၁၃၂၀] လူအနှစ်။ ၁၂၉။♦
၇၀။ ကြောက် လွဲ၊ ရဲ မင်းဖြစ်။
စွန့်စားရဲလျှင် ရရှိမည့် အခွင့်အလမ်း အကျိုးကျေးဇူးများကို ကြောက်ရွံ့နေပါက လက်လွတ်ဆုံးရှုံးမည်။ စွန့်စားရဲလျှင်မူ မင်း အဖြစ်ကိုပင် ရနိုင်သည်။ ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် မင်းဖြစ်-စကားပုံလည်းရှု။ "မယ်တော်၊ အလျင်ကြံသော် မင်းဖြစ်သည်၊ အနှေးကြံသော် သူ့ကျွန်ဖြစ်သည်။ ကြောက်သော်လွဲ၊ ရသော်မင်းဖြစ် ဟူ၍ လူတို့ဆိုရိုးစကားပြုကြသည် ဖြစ်၍…၊" [၁၂၇၉] ဓမ္မစေတီ။ ၅၄။
မင်းသွေးမင်းမာန်ကို အင်မတန် အားကိုးကြတယ်။ ကြောက်လျှင်လွဲ၊ ရဲမင်းဖြစ် ဆိုတဲ့စကားကိုလည်း အသုံးပြုကြတာကလား။" [၁၂၉၆] မဉ္ဇရီ၊ စ။ ၂၃။
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏သား ပဉ္စာဝုဓမင်းသားသည် တက္ကသိုလ်ပြည်၌ အတတ်ပညာသင်ပြီး လက်နက်ငါးပါးကို ယူ၍ မိမိတိုင်းပြည်သို့ ပြန်လာသည်။ တောအုပ်ကြီးတစ်ခုသို့ ရောက်သော် စေးကပ်သည့် အမွေးရှိသော ဘီလူးကြီးတစ်ကောင်နှင့်တွေ့ရာ ဘီလူးက သင်သည် ငါ့အစာဖြစ်ပြီဟု ခြိမ်းခြောက် ပြောဆိုသည်။ သို့သော် မင်းသားသည် ကြောက်ရွံ့ခြင်းမရှိဘဲ မိမိ၌ပါသည့် လက်နက်ငါးပါးဖြင့် ဘီလူးအား တိုက်ခိုက်သည်။ ထိုလက်နက်များသည် တစ်ခုပြီးတစ်ခု ဘီလူး၏ အမွေး၌သာ ကပ်ငြိကုန်သည်။ သို့သော် ပဉ္စာဝုဓသည် ဇွဲမလျှော့ဘဲ လက်၊ ခြေ၊ ဦးခေါင်းတို့ဖြင့် တိုက်ခိုက်ပြန်ရာ လက်၊ ခြေ၊ ဦးခေါင်းတို့သည်လည်း ဘီလူး၏အမွေး၌ပင် ကပ်ငြိနေပြန်သည်။ ထိုအခါ ဘီလူးသည် ကြောက်ရွံ့ခြင်းကင်းသော မင်းသားကို ရုတ်တရက် မစားဝံ့ဘဲ အဘယ်ကြောင့် သေခြင်းကို မကြောက်သနည်းဟု မေး၏။ မင်းသားက မိမိဝမ်းထဲ၌ ဝရဇိန်လက်နက်ရှိ၍ မိမိအားစားလျှင် သင်ဘီလူးလည်း သေရမည်ဖြစ်သောကြောင့် မကြောက်ဟု ဖြေ၏။ ဘလီူးသည် မင်းသားအား မစားဝံ့တော့ဘဲ လွှတ်လိုက်၏။ ပဉ္စာဝုဓမင်းသားသည် ဗာရာဏသီပြည်သို့ ပြန်ပြီးနောက် ခမည်းတော်လွန်သော် မင်းဖြစ်သည်။ ခုဒ္ဒကနိကာယ်၊ ၅၅-ပဉ္စာဝုဓဇာတ်။♦
၇၁။ ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် လာဘ်ရ
စွန့်စားရဲလျှင် ရရှိမည့် အခွင့်အလမ်း အကျိုးကျေးဇူးများကို ကြောက်ရွံ့၍ မစွန့်စားဘဲနေပါက လက်လွတ်ဆုံးရှုံးမည်။ ကြောက်တတ် ဝန်ကင်း-နှင့် နှိုင်းယှဉ်။ ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် မင်းဖြစ်- စကားပုံလည်းရှု။ "ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် လာဘ်ရ ဆိုသောစကားအရ မည်သည့်အရာကိုမျှ အမှုမထားဘဲ စွန့်စွန့်စားစား ပြုလုပ်လေ့ရှိသော သူသည် တစ်နေ့နေ့မှာ အခြေအနေပြောင်း၍ မြင့်မြတ်သော ဂုဏ်ကျက်သရေကို ရရှိပိုင်နိုင်တတ်၏။" [၁၂၈၂] နီရီ။ ၆၃။
သူငယ်ချင်းရယ်၊ ကြောက်လျှင် လွဲ၊ ရဲလျှင် လာဘ်ရတဲ့၊ ဘာမစွန့်ဝံ့စရာ ရှိသလဲ။" [၁၂၉၄] ဒဂုန်၊ ၁၄၇။ ၄၉။♦
၇၂။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်
အလွန် ချစ်ကြိုက်သောအခါ၌ ဖြစ်စေ၊ အလွန် အိပ်ချင်၍ ငိုက်မျဉ်းသောအခါ၌ဖြစ်စေ၊ အစာရေစာ အလွန် ဆာလောင် ငတ်မွတ်သောအခါ၌ဖြစ်စေ မည်သူ့ကိုမျှ မရှက်နိုင်ဘဲ ရှိသည်။ "ကဲ-ရွာသူကြီး၊ ကြိုက်မှရက်၊ ငိုက်မရှက်၊ ငတ်မရှက်တဲ့။ ကျုပ်ဖြင့် ဒီသူငယ်မလေးကို မြင်ကတည်းက ချစ်ခင်စုံမက်၍…၊" [၁၂၇၅] စံပယ်။ ၁၆။
ဟယ်-တတ်နိုင်ပါဘူး၊ ကြိုက်မရှက်၊ ငတ်မရှက်၊ ငိုက်မရှက် မရှက်သုံးပါး တွင် ငတ်မရှက်မို့လို့အရှက်ကိုငဲ့ကွက်၍ အလှူအိမ် သွားလေဦးမှပဲ။" [၁၂၇၉] မှာ၊ ပ။ ၄၄။
မြန်မာမှု၌ မရှက်သုံးပါးရှိသည်။ ယင်းတို့မှာ ကြိုက်မရှက်၊ ငိုက် မရှက်၊ငတ်မရှက် တို့ဖြစ်သည်။ အရှက်မငဲ့နိုင်အောင် အိပ်ငိုက်နေသူအတွက် အကောင်းဆုံးနည်းလမ်းမှာ အိပ်ခွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။" [၁၃၅၇] ငွေတာရီ၊ ၄၁၆။ ၅၃။♦
၇၃။ ကြောင်အကြီး ခေါင်းက ချီ၊ သစ်အလတ် ခါးက ဖြတ်၊ ကျားအထွေး ဖင်က လွေး
ကြောင်သည် ကြွက်ကို ခေါင်းကစ၍ စားသည်။ ကျားသစ်သည် သားကောင် ကို ခါးပိုင်းကစ၍ စားသည်။ ကျားသည် သားကောင်ကို တင်ပါးကစ၍ စားသည်။ "ရှေးမုဆိုးကြီးများ၏ စာဆိုမှာ ကြောင်အကြီး ခေါင်းက ချီ၊ သစ်အလတ် ခါးကဖြတ်၊ ကျားအထွေး ဖင်ကလွေး - ကြောင်က ခေါင်းပိုင်းကို ပထမ စားသည်၊ ကျားသစ်က ဝမ်းဗိုက်ကို ဖောက်၍ စားသည်၊ ကျားက တင်ပါးက စ၍ စားသည်ဟု ဆိုလိုသည်။" [၁၃၁၇] ပုံပြဆေး၊ မ၊ ပ။ ၉၃။♦
၇၄။ ကြည့်တတ်လျှင် ဘာဝနာ၊ မကြည့်တတ်လျှင် တဏှာ
တရားသဘော နှင့် ရှုမြင်တတ်လျှင် ဘာဝနာ ဖြစ်မည်။ မရှုမြင်တတ်လျှင် တဏှာ ဖြစ်မည်။ "ပွဲမကြည့်တတ်လျှင် တဏှာ၊ ကြည့်တတ်လျှင် ဘာဝနာဟု ဇာတ်လမ်း အစ နန်းတည်၍ ပန္နက်ချရာတွင် ပရိသတ်အများ မှတ်သားစေခြင်းငှာ အချိန်ရ သလောက် စေတနာဖြင့် စီကာပတ်ကုံး ရွတ်ဆို၍ နရီချလေ့ရှိကြ၏။" [၁၃၁၃-ခန့်] မြန်ဇာတ်။ ၃၄၆။
ကြည့်တတ်လျှင် ဘာဝနာ၊ မကြည့်တတ်လျှင် တဏှာ တရားမျက်စိဖြင့် မြင်လျှင် ကြည့်လျှင် ဘာဝနာပွားရာရောက်သည်။ တပ်မက်ခုံမင်စိတ်ဖြင့် ကြည့်လျှင်ကား တဏှာရာဂကို ပွားများထကြွစေသည်ဟု ဆိုလေသည်။" [၁၃၄၅] ကားပုံဖွင့်။ ၉၃။♦
၇၅။ ကြမ်းကျွံလျှင် နုတ်၍ရသည်၊ စကားလွန်လျှင် နုတ်၍မရ။
ကြမ်းပေါက်ကျွံလျှင် ဆွဲထုတ်၍ ရနိုင်သော်လည်း နှုတ်လွန်မိလျှင်မူ ပြန်ရုပ်သိမ်း၍ မရပေ။ "ေဩာ်၊ ခက်နေပါပြီ… ကြမ်းကျွံလျှင် နုတ်လို့ရ၊ စကားလွန်လျှင် နုတ်လို့မရဘူးဆိုမဟုတ်လား။" [၁၂၈၃] ရွှေပြည်၊ ပ။ ၅၇။
မေမေလည်း အားနာတာနဲ့ စကားဆက်ပြီး ကြမ်းကျွံလျှင် နုတ်ရတယ်၊ စကားလွန်လျှင် နုတ်မရဘူး။ စိတ်ပါလိုက်ပါတော့ သမီးရယ်၊" [၁၂၉၀] ကဝိမှန်၊ ၂၊ ၈။ ၂၆၁။♦
၇၆။ ကွဲဟဲ့ ကွဲဟဲ့ဆိုတော့ သူများက၊ လွမ်းရတော့ ကိုယ်က
သူများက ကွာခိုင်း၍ ကွာခဲ့မိသော လင်မယားအဖို့ လွမ်းစရာနှင့် ကြုံလာရသောအခါ အခြားသူတို့က မလွမ်းကြ၊ ကာယကံရှင်လင်မယားသာ လွမ်းရသည်။ "ခင်၊ တကယ်ဖြတ်စာလိုချင်သလား။ စဉ်းစားနော်။ကွဲဟဲ့ကွဲဟဲ့ဆိုတော့ သူများက၊ လွမ်းတော့ ကိုယ်လွမ်းရ ဆိုတာမျိုးလည်း ဖြစ်နေဦးမယ်။" [၁၃၁၀] ဒဂုန်၊ ၂၂၊ ၈။ ၂၂၀။
ပြောတော့လွယ်တယ်၊ လုပ်ဖို့က မလွယ်ဘူးကိုကျော်။ စကားပုံရှိတယ် မဟုတ်လား၊ကွာကြ ကွာကြ ဆိုတော့ အရပ်က၊ လွမ်းတော့ကိုယ်လွမ်းရမှာ၊" [၁၃၁၂] ချစ်သမီး။ ၅၂။♦
၇၇။ ကွန်တစ်ချက် ဟင်းတစ်ခွက်
ကွန်တစ်ချက်ပစ်ရုံဖြင့် အနည်းဆုံး ဟင်းတစ်ခွက်စာ ငါးကို ရနိုင်သည်။ "ကွန်ပစ်လိုက်ရင် ကွန်ပစ်ရာတစ်ဝိုက် ရေထဲမှာ ရှိတဲ့ ငါးကတော့ မိတော့တာပဲကွ၊ ဒါကြောင့် ကွန်တစ်ချက် ဟင်းတစ်ခွက် လို့တောင် အဆိုရှိတယ်။" [၁၃၄၃] ရေပြာ။ ၁၆၇။♦
၇၈။ ကွမ်းစား ဆေးသောက် နှစ်မှုရောက်
ဆေးလိပ်ကို ကွမ်းဖြင့် ဖြတ်ရန် ကြိုးစားရာမှ ဆေးလိပ်မပြတ်သည့်ပြင် ကွမ်းပါ စွဲနေသဖြင့် ဒုက္ခနှစ်မျိုး ရောက်ရသည်။ "တချို့များ ဆေးလိပ်ကို ကွမ်းနဲ့ ဖြတ်တာတဲ့၊ ဆေးလိပ်ကမပြတ်ဘဲ ကွမ်းပါ စွဲနေလို့ ကွမ်းစား ဆေးသောက် နှစ်မှုရောက်ကြသတဲ့၊" [၁၃၅၂] ဆေးလူ။ ၇၈။♦
၇၉။ ကွယ်မေ့၊ တွေ့သေအောင်လွမ်း
လူအချို့သည် အချင်းချင်း မတွေ့လျှင် မေ့နေတတ်သော်လည်း ပြန်လည်တွေ့လျှင်မူ အောက်မေ့သတိရကြောင်း အလွမ်းသယ် ပြောတတ်ကြသည်။ "သတိရပါနော်။ ကြာကြာလည်း မနေပါနဲ့။ကွယ်မေ့၊ တွေ့သေအောင် လွမ်း၊ တစ်ချုံကွယ် တစ်မယ်မေ့ဆိုတဲ့ စကားပုံတို့လိုလည်း မဖြစ်ပါနဲ့နော်။" [၁၂၉၁] ကဝိမှန်၊ ၃၊ ၄။ ၇၉။
ကွယ်ရင်မေ့၊ တွေ့သေအောင်လွမ်း ဆိုတာ ရှင့်လိုလူမျိုးပဲ၊ တက္ကသိုလ် ကျောင်းသူတွေလောက်တော့ ညွန့်ကို အရေးလုပ်မှာ မဟုတ်ပါဘူး။" [၁၃၃၂] ဓမ္မာ။ ၁၈၁။♦
၈၀။ ကျွေးတုံ့ကျွေးလှည့်၊ မွေးတုံ့မွေးလှည့်
မိဘသည် သားသမီးကို ကျွေးမွေးပြုစုရသကဲ့သို့ သားသမီးက မိဘကို အတုံ့အလှည့် ပြန်လည်လုပ်ကျွေးပြုစုရသည်။ "ကျွေးတုံ့ ကျွေးလှည့်၊ မွေးတုံ့မွေးလှည့် ဆိုသောစကားအတိုင်း မိဘနှင့်သားသမီးတို့သည် အတုံ့အလှည့်ရြှိကလေရာ မိဘတို့က လုပ်ကျွေးပြုစုရ၍ သားသမီးတို့က မပြုစုဘဲ လျစ်လျူရှု၍နေလျှင် ဝတ္တရားပျက်စီး၏၊" [၁၂၈၇] သုတ္တန်နီတိ။ ၂၈။♦
၈၁။ ကျွန် နေမျိုး၊ သား သတိုး
မြန်မာမင်းတို့သည် ကျွန်ကိုချစ်သော် နေမျိုးဘွဲ့ ပေး၍ သားကို ချစ်သော် သတိုးဘွဲ့အထိ ပေးသည်။ "ကျွန်ကိုချစ်လျှင် နေမျိုး၊ သားကိုချစ်လျှင် သတိုးဘွဲ့ ပေးရိုးဖြစ်ကြောင်းကိုလည်း ပညာရှိသူဟောင်းတို့ ဆိုကုန်သည်။" [၁၁၉၂] ဝေါလီ။ ၂၈၆။
ထုံးရှိစဉ်လာ၊ မဖောက်ရာဘူး၊ ကျွန်မှာနေမျိုး၊ သားသတိုးနှင့်၊" [၁၂၆၆] မဃ ၈၃။♦
၈၂။ ကျွမ်းကျင်ရာ လိမ္မာ
မည်သူမဆို မိမိကျွမ်းကျင်သော လုပ်ငန်းတွင် ပိုင်နိုင်စွာ ဆောင်ရွက်နိုင်မြဲ ဖြစ်သည်။ "ကျွမ်းကျင်ရာ လိမ္မာ သည်ဆိုတဲ့ စကားပုံရှိပါသောကြောင့် မည်သူမဆို လက်မှုပညာ နှုတ်မှုပညာတို့ကိုလိုက်စားကြရာ၌ ကျွမ်းကျင်ရာကိုသာ ကျင်လည် ကြမြဲ…၊" [၁၂၉၃-ခန့်] ရှေးဖြစ်။ ၁၀၉။
ကျွမ်းကျင်ရာ လိမ္မာဟူသော စကားကဲ့သို့ မိမိတို့၏ ပစ္စည်းရှာမှုလုပ်ငန်းစု၌သာ မိမိတို့ နားလည်နိုင်ကြမည်၊" [၁၂၉၆] ဒဂုန်၊ ၁၆၃။ ၂၁၂။♦
၈၃။ ကြွေးတင် ကျွန်ဖြစ်။
ကြွေးကို ပြန်မဆပ်နိုင်လျှင် ရှေးအခါက ကြွေးရှင်၏ ကျေးကျွန် ဖြစ်ရတတ်သည်။ "ကြွေးတင်ကျွန်ဖြစ်၊ သားနစ်မြေးမွန်း၊ ကြေးပန်းငွေကုန်၊ ဆူမှုန်ဝမ်းမှာ၊ မသက်သာလျက်၊" [၁၁၀၃] သူဇာ ၇၃။
ရှေးအခါက မြန်မာနိုင်ငံတွင် ငွေလေးငါးဆယ် ကြွေးတင်လျှင်ပင် ကျွန်ဖြစ်ရန် လွယ်ကူသော လမ်းပေါက်ရှိလေသည်။ ထို့ကြောင့်ကြွေးတင် ကျွန်ဖြစ် ဟူသော စကားသည် များစွာ မှန်ကန်လေ၏။" [၁၂၇၅] စာဏကျ၊ ဒု။ ၄၁။♦
၈၄။ ကြွေးတင် ဘုရင်ဆပ်လိမ့်မည်
ရှေးမြန်မာမင်းများသည် မြီတလင်းလှည်းသည်၊ သက္ကရာဇ်မီးငြိမ်းသည်ဟူသကဲ့သို့ တစ်မင်းပြောင်း၍ တစ်မင်းတက်လျှင် ကြွေးမြီမှုများကို လျော်ပစ်ခြင်း၊ ပေးဆပ်ခြင်းစသည်ဖြင့်တာဝန်ယူ ဖြေရှင်းပေးလေ့ရှိသည်။ "ကြွေးမြီမှုများကို စစ်ဆေးတော်မူ၍ ဤကြွေးမြီများကို စိုက်ထုတ်လျော်မည်ဟု မိန့်တော်မူပြီးလျှင် စာချုပ်စာတမ်း ကြွေးမြီနှင့် ပတ်သက်သမျှကို မီးငြိမ်းစေတော်မူရသည်။ တစ်မင်းပြောင်း၍ တစ်မင်းတက်လျှင် ယခင်မင်း လက်ထက်က ကျန်ရှိနေသော ကြွေးမြီမှုမှန်သမျှကို နောက်မင်းက စိုက်ထုတ်ဆပ်ပေးရသကဲ့သို့ ဖြစ်ခြင်းကြောင့် ကြွေးတင် ဘုရင် ဆပ်လိမ့်မည် ဟု စကား ထင်ရှားရှိနေခြင်း ဖြစ်သည်။" [၁၃၂၈] နန်းဓလေ့။ ၆၈၀။♦
၈၅။ ကြွေးထူ မပူ၊ သန်းထူ မယား။ ကြွေးထူသော် ကြွေးအတွက် မပူပင်တတ်တော့ပေ
သန်းထူသော် သန်းကြောင့် မယားတတ်တော့ပေ။ "ကြွေးထူ မပူ၊ သန်းများ မယား ဟူသကဲ့သို့ ပူရထူရလွန်း၍ ထုံနေပြီး၊" [၁၃၀၃] သူရိယ၊ ၂၅၊ ၆။ ၁၄။
ကြွေးထူ မပူ၊ သန်းထူ မယားလို့ ဆိုရိုးရှိပေမဲ့ ဒီလောက်များတဲ့ ကြွေးစာရင်းကို အိပ်ရာဘေးမှာ ထားရတဲ့ ငနဲအဖို့ ဘယ့်နှယ်လုပ်ပြီး အိပ်ပျော် နိုင်မှာလဲ၊" [၁၃၃၁] နိုင်ငံ့အရေး။ ၂၄၆။♦
၈၆။ ကြွေးပေးလျှင်ဆုံး၊ တောင်းလျှင်မုန်း
အကြွေးပေးလျှင် ဆုံးတတ်သည်။ အကြွေးတောင်းလျှင် အမုန်းခံရတတ်သည်။ "လူကိုယုံ ကုန်ကို အကြွေးမပေးနှင့်၊ ပေးလျှင် လည်းရှုံး၊ တောင်းလျှင်မုန်း ကြာတော့ကာ ဆုံးတတ်ပါတယ်၊" [၁၂၇၅] စံပယ်။ ၅၀။♦
၈၇။ ခရုမှာလည်း အဆန်၊ လူမှာလည်း အကြံ
ခရုတွင် အဆန်ရှိသကဲ့သို့ လူတွင်လည်း အကြံဉာဏ်ရှိစမြဲ ဖြစ်သည်။ "ခရုမှာလည်း အဆန်နှင်၊့ လူမှာလည်း အြံကနှင့် ဆိုတဲ့စကားလို ဘယ်သူမဆို အကြံတော့ ရှိတာပေါ့။" [၁၂၉၀] သန်းသန်း၊ တ။ ၁၁၈။
ခရုမှာလည်း အဆန်နှင့်၊ လူမှာလည်း အကြံနှင့်ဟု ကျွန်တော့်အား အရိပ်အမြွက်ပြောဖူးသော ဗိုလ်ချုပ်ကား သူ၏အကြံနှင့်သူ။" [၁၃၁၄] သွေးသောက်၊ ၇၉။ ၁၅၀။♦
၈၈။ ခဝဲပွင့်တုန်း တန်ဆောင်မုန်း
တန်ဆောင်မုန်းလတွင် ခဝဲပန်းများ ပွင့်စမြဲ ဖြစ်သည်။ "သန်မိုးကုန်စဲ၊ နှင်းသေးဖွဲသည်၊ ခဝဲပွင့်တုန်း၊ တန်ဆောင်မုန်းကား၊ မချုန်းမိုးသား၊" [၁၀၈၀-ခန့်] ဆယ့်နှစ်ချုပ်။ ၁၃။♦
၈၉။ ခါးပုံတင် လူယဉ်၊ ခါးပုံထိုး လူရိုး၊ ခါးတောင်းကျိုက် လူမိုက်
မြန်မာဇာတ် သဘင်၊ ရုပ်သေးသဘင်တို့၌ မင်းသားများသည် လူယဉ်ကျေးဟန် သရုပ်ဆောင်ရသည့်အခါ ခါးပုံစကို ပခုံးထက်တင်၍ ဝတ်သည်၊ လူရိုးဟန် သရုပ်ဆောင်ရသည့်အခါ ခါးပုံထိုး ဝတ်သည်၊ လူကြမ်းဟန် သရုပ်ဆောင်ရသည့်အခါ ခါးတောင်းကျိုက်သည်။ "မင်းသားနုများသည် ခါးတောင်းကျိုက်လေ့မရှိကြ၊ ခါးပုံတင်လူယဉ်၊ ခါးပုံထိုး လူရိုး၊ ခါးတောင်းကျိုက် လူမိုက်ဟု အဆိုတစ်ရပ်ပင် ရှိခဲ့သည်။ "[၁၃၄၅] မြန်ဇာတ်ပြောင်း။ ၁၈၈။♦
၉၀။ ခုနစ်စဉ်ကြယ်ပြောင် အမြီး ထောင်သန်းခေါင်ချိန် သို့ရောက်
ခုနစ်စဉ်ကြယ်၏ အမြီးပိုင်း အပေါ်သို့ ထောင်သော အချိန်သည် သန်းခေါင်အချိန်ဖြစ်သည်။ (ထိုအမှတ် အသားသည် တပို့တွဲလ၌ ပို၍ မှန်ကန်သဖြင့် "လတပို့တွဲ၊ မှန်မလွဲ၊ အမြဲဧကန်မှတ်" ဟူ၍လည်း ဖြည့်စွက် အမှတ်အသား ပြုကြသေးသည်။) "ခုနစ်စဉ်ကြယ်ပြောင် အမြီးထောင် သန်းခေါင်ချိန်သို့ရောက်၊" [၁၂၉၇] ဒေါင်းဖတ်စာ၊ ပ။ ၉၉။
ခုနစ်စဉ်ကြယ်တွင် ရေခွက်နှင့်တူသော ကြယ်လေးလုံးကို ဦးခေါင်းဟူ၍လည်းကောင်း၊ လက်ကိုင်အရိုးနှင့်တူသော ကြယ်သုံးလုံးကို အမြီးဟူ၍ လည်းကောင်း မြန်မာတို့ ခေါ်စမှတ်ပြုပါသည်။ ထို့ကြောင့် ခုနစ်စဉ်ကြယ်ပြောင် အမြီးထောင် သန်းခေါင်ချိန်သို့ရောက်ဟု ပြောကြပါသည်။" [၁၃၄၆] အာကာတစ်ခွင်။ ၄၈။♦
၉၁။ ခုနစ်လ လူငုတ်တုတ်၊ သွားငုတ်တုတ်
ခုနစ်လသားအရွယ်တွင်ကလေးသည် ငုတ်တုတ်လည်း ထိုင်တတ်ပြီ၊ သွားလည်း စပေါက်ပြီ။ "ခုနစ်လ သွားငုတ်တုတ်၊ လူငုတ်တုတ် …ခုနစ်လရှိသော ကလေးငယ်သည် သွားငုတ်တုတ်ကလေးများ ထွက်လျက် လူလည်း ငုတ်တုတ် ထိုင်နိုင်ပြီ။" [၁၃၄၅] ကားပုံဖွင့်။ ၁၉၁။♦
၉၂။ ခုရှုပ်မှ နောင်ရှင်း
နောင်ပြဿနာ မပေါ်ပေါက်စေရန် ယခုကပင် ကြိုကြိုတင်တင် ဖြေရှင်းထားသင့်သည်။ "ခုရှုပ်မှ နောင်ရှင်း ဆိုသော စကားကဲ့သို့ သူ့ဥစ္စာပစ္စည်းများကို သူယူ၍ သွားသည်မှာ ဝမ်းသာဖို့သာ ရှိပါသည်။" [၁၂၆၇] စကား၊ ပ။ ၁၇၈။
ဒါဟာ မမေးလို့ မဖြစ်ဘူး၊ အဖြေမှန် ထွက်လာသည့်တိုင်အောင် မေးရမှာပဲ၊ ခုရှုပ်မှ နောင်ရှင်း ဆိုတာလို …၊" [၁၃၁၄] ချစ်သိုလ်။ ၁၇။♦
၉၃။ ခံသီး ပြိုးပြောင် လဝါခေါင်
ဝါခေါင်လတွင် ခံသီးများ ရင့်မှည့်ကြသည်။ "ခုနစ်လုံးဖွဲ့ ရာသီကဗျာများကို ယနေ့ထက်တိုင် အောက်ပါအတိုင်း ရွတ်ဆို သုံးစွဲလျက်ရှိကြပါသည်။ … ခံသီး ပြိုးပြောင် လဝါခေါင်၊" [၁၃၃၆] ငွေတာရီ၊ ၁၆၇။ ၂၁။♦
၉၄။ ခိုးတတ်လျှင် ယိုးတတ်
မိမိကိုယ်တိုင်က ခိုးတတ် ဝှက်တတ်သူသည် တစ်ပါးသူအားလည်း ခိုးသူဟု ယိုးစွပ်တတ်သည်။ ခိုးတတ်မှ ယိုးတတ်သည်-စကားပုံလည်းရှု။ "ခိုးတတ်လျှင် ယိုးတတ်ဆိုတာလို ဗဒုံမင်းတရားက သူကိုယ်တိုင် နန်းလုပြီးခါစမို့ ကိုယ့်သဘောနှင့် နှိုင်းပြီး မယုံမကြည်ရှိတာနဲ့… ရမ်းမိရမ်းရာ ရမ်းကုန်ပေါ့ထင်ပါရဲ့၊" [၁၂၈၂] ရွှေပြည်၊ ပ။ ၅၉။
မိမိကဲ့ရဲ့ဖွယ်ကို အစွမ်းကုန် ဖုံးကွယ်ထားသော ကြောင်သူတော်များဖြစ်တတ်ကြသည်။ ဘာကြောင့်နည်း၊ ခိုးတတ်လျှင် ယိုးတတ်သောကြောင့်တည်း။" [၁၃၁၄] ကိုယ်ကျင့်။ ၇၃။♦
၉၅။ ခိုးသူ ငရဲမလား၊ ယိုးသူ ငရဲလား
ခိုးသူမဟုတ်ဘဲ ခိုးသူဟု စွပ်စွဲခံရသူသည် ငရဲလားမည် မဟုတ်ပေ၊ ထိုသို့ စွပ်စွဲသူသာ ငရဲလားပေလိမ့်မည်။ ဥစ္စာပျောက် ငရဲရောက်-လည်းရှု။ "ခိုးသူငရဲ၊ မလားဘဲနှင့်၊ အလွဲအယူ၊ ယိုးသူအများ၊ ငရဲလားဟု၊ စကား သက်သေ၊ ပုံဆိုချေ၏။" [၁၁၈၉] ကုသ ၃၃၇။♦
၉၆။ ခေါက်ချိုးပြောရင် စောက်ထိုးနားလည်ရမယ်
စကားလိမ်ဖြင့် ပြောသည်ကိုပြောင်းပြန်ကောက်ယူမှ အမှန်ကို ရနိုင်သည်။ "ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားစဉ်က… စစ်သတင်းများနှင့်ပတ်သက်၍ ခေါက်ချိုးပြော စောက်ထိုးနားလည်ကြဟူသော ဝေါဟာရသစ်တစ်ခုကို တီထွင် ဆိုရိုးပြုကြ၏။" [၁၃၂၃] ကားပုံဓိပ်။ ၁၆၃။♦
၉၇။ ခေါက်ရှာငှက်ပျံ လောကဓံ
လောကဓံတရားရှစ်ပါးကား ခေါက်ရှာငှက် ပျံသကဲ့သို့ နိမ့်တုံမြင့်တုံ ရှိသည်။ "ထို့ကြောင့် လောကတွင် ခေါက်ရှာငှက်ပျံသကဲ့သို့ နိမ့်တုံမြင့်တုံ ဟူ၍ ပုံပမာဆိုရိုး ပြုကြ၏။" [၁၁၉၂] ဝေါလီ။ ၂၇၅။
ခေါက်ရှာငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံရှူးပျံ၊ လောကဓံဟု၊ ထုံးစံတရား၊ ဤရှစ်ပါးကား၊ ပိုင်းခြားလူမှာ၊ မမြဲစွာတည့်၊"[၁၂၆၆] မဃ ၂၃၆။♦
၉၈။ ခင်ရာဆွေမျိုး
ဆွေမျိုး မတော်စပ်သော်လည်း မိမိနှင့် ခင်မင်ရင်းနှီးသူသည် မိမိအဖို့ ဆွေမျိုးပင် ဖြစ်သည်။ (မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုး-ဟူ၍လည်း အဆို ရှိသည်။) "သူ့မိဘနှင့်ငါ့မိဘလည်း မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုးများ ဖြစ်ကြ၏။" [၁၂၉၅-ခန့်] ချစ်ဝေ။ ၆။♦
၉၉။ ခေါင်း ခါး ခြေ လက်၊ မပျက်စေရ၊ သုခုမ
မြန်မာအကကို ကပြရာတွင် ခေါင်း၊ ခါး၊ ခြေ၊ လက် ကို အချိုးကျကျ လှုပ်ရှားကပြမှ သုခုမအနုပညာ မြောက်သည်။ "ရုပ်သေးပညာ၏ အဓိကမှာလည်း ကြိုးစွမ်းပြပညာ ဖြစ်သည်။ ခေါင်း ခါး ခြေ လက်၊ မပျက်စေရ၊ သုခုမ ဟူသော စကားအလာအတိုင်း ထို ခေါင်း၊ ခါး၊ ခြေ၊ လက်ကိုကြိုးကထိန်း၏။" [၁၃၄၄]ငွေတာရီ၊ ၁၄၇။ ၈၈။♦
၁၀၀။ ခေါင်းတစ်ရာသားစား
(ဈေးလည်းသက်သာ၍ အာဟာရလည်းဖြစ်သည့်အတွက်) ငါး၊ ပုစွန်အသေးလေးများကို စားပါ။ "ခေါင်းတစ်ရာသားစားပါဆိုသည်မှာ ငါးနုပ်၊ ငါးသေး၊ ပုစွန်ဆိတ်တို့ကို စားပါဟု ဆိုလိုသည်။" [၁၃၄၉] မြန်မာဖတ်စာ၊ ဒု။ ၉၂။♦
၁၀၁။ ခေတ်ကျပ်လျှင် သဘင်သည် အလျင်ငတ်သည်
စီးပွားရေးချို့တဲ့သောခေတ်ကာလ၌ သဘင်သည်များ ဦးစွာ ငတ်တတ်သည်။ "ခေတ်ကျပ်ရင် သဘင်သည် အရင်ငတ်တယ်ဆိုတဲ့ ရှေးက ဆိုရိုးစကားနဲ့အညီ နိုင်ငံစီးပွားချို့တဲ့တဲ့အခါမှာ အနုပညာရှင်များ စားဝတ်နေမှု ချို့တဲ့ပြီး ယဉ်ကျေးမှုအနုပညာ ညှိုးနွမ်းမှေးမှိန်လာတတ်ပါတယ်။" မြန်မာ့လင်းတင်းစာ။ (၁၅-၁၀-၉၅) ♦
၁၀၂။ ခုံကျူး ခုံတာ၊ ရှေ့နေကျူး ရှေ့နေတာ
တရားစီရင်ဆုံးဖြတ်ရာ၌ ခုံမင်းကလွန်သော် ခုံမင်း၏တာဝန် ဖြစ်၍ ရှေ့နေက လွန်သော် ရှေ့နေ၏တာဝန် ဖြစ်သည်။ (ခုံကျူး ခုံတာ၊ ရှေ့နေကျူး ရှေ့နေတာ၊ မင်းစေကျူး မင်းစေတာ-ဟူ၍လည်း အဆိုရှိသည်။) "မင်းစေကျူးလွန်၊ မင်းစေဝန်တည့်၊" [၁၁၄၅] သာဓိ ၃၆။
ခုံကျူးလျှင်ခုံတာ၊ ရှေ့နေကျူးလျှင် ရှေ့နေတာ၊ မင်းစေကျူးလျှင် မင်းစေတာ ဆိုသောစကား၊" [၁၂၃၁] အဍ္ဍသံ။ ၅။
ခုံကျူး ခုံတာ၊ ရှေ့နေကျူး ရှေ့နေတာဟူသောအရလည်းတစ်ချက်၊" [၁၂၇၅] ဆောင်းပါးချုပ်။ ၁၁၃။♦
၁၀၃။ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်
လူတို့သည် ချီးမွမ်းစကား၊ ကဲ့ရဲ့စကားကို ခဏမျှသာ ပြောဆိုတတ်ကြသည်ဖြစ်၍ ချီးမွမ်းသည်ဖြစ်စေ၊ ကဲ့ရဲ့သည်ဖြစ်စေ အရေးစိုက်စရာမဟုတ်ဟု ယူဆလေ့ရှိသည်။ ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက်-နှင့် အတူတူ။ "ရူးရူးမိုက်မိုက် ကိုယ်ကြိုက်သလို သဘောထား၍ ထိုက်ရာမှာ နားရော့ ဟဲ့လို့ မျက်စိကို အတင်းမှိတ်ပြီး စိတ်ရှိသလို ပြုလိုက်တာပဲ ကောင်းတယ် ထင်ပါရဲ့လေ၊ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် ဆိုတဲ့ စကားလည်း အရှိ သားကပဲ၊" [၁၂၇၆] မြင့်၊ ပ။ ၁၄၅။
ကိုကြွားကိုတော့ ကျွန်မ မပေါင်းချင်ဘူး၊ ကိုအောင်ကြီး နောက်ကိုပဲ လိုက်တော့မယ်။ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် ပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတော့ ဇွတ်နှစ်တော့မှာပဲ၊" [၁၂၉၄] ဒဂုန်၊ ၁၂၊ ၁၃၇။ ၂၅။♦
၁၀၄။ ချီးမွမ်းတန်သည် လူရည်ကိုရှု
ချီးမွမ်းရန် ထိုက်တန်သူကို သူ့အရည်အချင်းနှင့် ထိုက်တန်သည့်အလျောက် ချီးမွမ်းရသည်။ "ချီးမွမ်းတန်သည် လူရညို်က ရှု၊ ပေးမှုအရာကို သိလှစေ၊" [၈၆၃] ကန်မင်း။ ၄။♦
၁၀၅။ ချိုတည်လူး၊ အိမ်ဦးမှာချည်၊ ဥစ္စာတည်
ချိုတစ်ချောင်းထောင်၊ တစ်ချောင်း ကုပ်နေသော တည်လူးနွားကို အိမ်ဦးတိုင်၌ ချည်၍ မွေးထားလျှင် ဥစ္စာပစ္စည်း ခိုင်မြဲတတ်သည်။ ဘယ်လဲ ညာထောင် ဥစ္စာပြောင်၊ ဘယ်ထောင် ညာလဲ တက်တက်မွဲ - နှင့် နှိုင်းယှဉ်။ "ချိုတည်လူး၊ အိမ်ဦးမှာချည်၊ ဥစ္စာတည် ဟူသော စာဆိုနှင့်မူ မကိုက်ညီ သေးပေ။ ချိုတည်လူးနွားကို အိမ်ဦးမှာ ချည်ထားသော်လည်း စီးပွားဥစ္စာ မတိုးတက်သေးသော ဦးချစ်မောင်မိသားစုကို ရွာသူရွာသားများက ပြောင်လှောင်စ ပြုလာကြပေပြီ။" [၁၃၃၅] ငွေတာရီ၊ ၁၅၅။ ၁၁၀။
ချိုတည်လူးနွားမျိုးကိုအချို့သူတို့ ရှောင်ကြကုန်သည်။ အချို့ကလည်း ချိုတည်လူး၊ အိမ်ဦးမှာချည်၊ ဥစ္စာတည်ဟူ၍ ဆိုကြပြန်သည်။"[၁၃၄၃] စစ်ပြန်၊ ၃၂။ ၇၁။♦
၁၀၆။ ချိုးကူလျှင် ယာ၊ ခွေးအူလျှင် ရွာ
ချိုးငှက်ကူသံ ကြားလျှင် ထိုအရပ်၌ ယာခင်းရှိကြောင်းသိရသည်။ ခွေးအူသံ ကြားလျှင် ထိုအရပ်၌ ရွာရှိကြောင်း သိရသည်။ "ချိုးကူလျှင် ယာ၊ ခွေးအူလျှင် ရွာ ရှိသတဲ့။ ခွေးအူသံကြားလျှင် ရွာ ရှိတယ်ဆိုတာတော့ မှန်တယ်၊" [၁၃၁၇] လူထုပညာ၊ ၅၉။ ၈။♦
၁၀၇။ ချင့်ချင့်ချိန်ချိန် သုခမိန်
နှိုင်းနှိုင်းချိန်ချိန် သုခမိန်-နှင့် အတူတူ။ "ချင့်ချင့်ချိန်ချိန် သုခမိန် ဟူသည့်စကားကို အကဲခတ်သည်ရှိသော် သုခမိန် သို့မဟုတ် ပညာရှိတို့မည်သည် မည်သည့် ကိစ္စကိုမဆို စူးစူးစမ်းစမ်း ဆင်ခြင်ညှိနှိုင်းပြီးမှသာ ပြောဆိုလုပ်ကိုင်လေ့ရှိသည်။"[၁၃၂၀]လူအနှစ်။ ၂၆၃။
အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း၊ ချင့်ချင့်ချိန်ချိန် သုခမိန်ဟူသော မြန်မာစကားပုံများနှင့် အဓိပ္ပာယ် ဆင်တူပါသည်။" [၁၃၄၁] ငွေတာရီ၊ ၂၂၄။ ၂၆။♦
၁၀၈။ ချင်းစိမ်းနှင့် မိဿလင်၊ သူကြင်မှ ကိုယ်ကြင်
အသွင်ချင်း၊ အာနိသင် ထက်မြက်ပုံချင်း ဆင်တူ၍ ဂုဏ်ရည်တူကြသော ချင်းစိမ်းနှင့်မိဿလင်ကဲ့သို့ မိမိနှင့် ဂုဏ်ရည်တူချင်းဖြစ်၍ အောက်ကျို့စရာ မလိုပေ။ "စိမ်း ဒုတ္ထာစိမ်း၊ သူစိမ်းလျှင် ငါစိမ်းချည့်၊ ချင်းစိမ်းနှင့် မိဿလင်၊ သူကြင်မှ ငါကြင်မည်၊" [၁၁၈၁] ဟိန်။ ၆၆။
ကုသရာဇ်လည်း၊ ချစ်လျှင်ချစ်ချင်း၊ မချစ်ချင်းတည့်၊ ချင်းစိမ်းနှင့် ပင်၊ မိဿလင်သည်၊ သူကြင်ကြင်ချင်း၊ မကြင်ချင်းဟု၊" [၁၁၈၉] ကုသ ၃၁၂။
ကျွန်တော်ကလည်း ဘာလျှော့ပေးလိမ့်မလဲ၊ သူမာလျှင်မာ စိန်စောင်းပေါ၊့ ချင်းစိမ်းနှင့် မိဿလင်၊ သူကြင်မှ ကိုယ်ကြင်တော့မပေါ့၊" [၁၂၉၃] မဟာဆန်။ ၆၁။♦
၁၀၉။ ချောင်းရိုးမြောင်းရိုးသာ တိမ်ကောသည်၊ လူမျိုး မတိမ်ကော
၁၊ ချောင်းရိုး မြောင်းရိုးများသာ တိမ်ကောသည်၊ ပပျောက်သွားသည်ဟူ၍ ရှိ၏။ လူတို့၏ မျိုးရိုးဗီဇ မှာမူကား တိမ်ကောသွားသည်၊ ပပျောက်သွားသည်ဟူ၍ မရှိနိုင်။ "ထီးသုံးနန်းသုံးစကားများကိုသာ ပြောဆိုလျက် နေထိုင်ကြ ကစားကြလေသည်။ ချောင်းရိုးမြောင်းရိုးသိာတ်မကောသည်၊ လူမျိုး မိတ်မကောနိုင်ဆိုတဲ့ စကားအတိုင်းပေါ့၊" [၁၂၆၉] ကဝိမှန်။ ၉၇။
ချောင်းရိုးမြောင်းရိုးသာ တိမ်သည်၊ လူမျိုး မတိ်မဆိုတဲ့အတိုင်း မင့်ပုံပန်းလက္ခဏာကို ထောက်လိုက်တော့ ယခုဘဝမှာ ကြီးပွားထွန်းကားမည့် လက္ခဏာပါပဲ၊" [၁၂၇၆] မြင့်၊ ပ။ ၈၄။
ချောင်းရိုးမြောင်းရိုးသာ တိမ်သည်၊ လူမျိုး မတိ်မ၊ ကြက်မှာအရိုး လူမှာအမျိုးဆိုသော စကားများဟာ တယ်မှန်တယ်။ ယခု ကြည့်ပါလား၊ မဟာ ဘောဂသူဌေးကြီး၏မြေး မောင်သန်းညွန့်ကလေးဟာ အမျိုးအရိုးမှန်တော့ ယခုတော့ ချမ်းသာလာလိုက်တာ၊ လူပုံက သူဌေးဟန်ကျလို့၊" [၁၂၇၆] မြင့်၊ ဒု။ ၁၉၇။
၂၊ ချောင်းရိုးမြောင်းရိုးများသာ တိမ်ကောပပျောက်သွားနိုင်သော်လည်း လူမျိုးရိုးကား တိမ်ကောပျောက်ကွယ်သွားသည်ဟူ၍ မရှိနိုင်။♦
၁၁၀။ ချစ်ခြင်းအစ မျက်စိက
တစ်ဦးကိုတစ်ဦး မြင်မိကြည့်မိရာမှအစ မေတ္တာသက်ဝင် ချစ်ခင်သည်။ စက္ခုရူပေန သံဝါသာ-နှင့် အတူတူ။ "ချစ်ခြင်းအစ မျက်စိက ဆိုတဲ့ စကားအတိုင်း… ချစ်ခင်စုံမက်ခြင်းသည် မျက်စိအမြင်ဆိုတဲ့ ဒဿနကိစ္စကလေးမှ အစပြု၍ ဖြစ်လာလေသည်။" [၁၂၇၈] တင်မြ၊ ဒု။ ၁၂၀။
ချစ်ခြင်းအစ မျက်စိက ဟု အချ စ်အဘိဓမ္မာ ဆရာ အချို့က ဆုြိကသည်။" [၁၃၃၁] အိုးဝေ၊ ၁၉။ ၁၅။♦
၁၁၁။ ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ
တစ်ဦးနှင့်တစ်ဦး ချစ်ခင်မှုကို အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေရမည်။ မုန်းမာန်ပွားခြင်းကိုမူ ခဏတာအတွင်းမှာပင် ကျေ အေးပပျောက်စေရမည်။ အာဃာတရန်ငြိုး မထားသင့်ပေ။ ချစ်စကို ရှည်စေ၊ ရန်စကို တိုစေ-နှင့် အတူတူ။ "ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေဆိုတဲ့ သဘောမျိုးနဲ့ တစ်ဖက်နှင့် တစ်ဖက် ပဋိပက္ခမှုလည်း မဖြစ်အောင်…၊" [၁၃၁၀] တုတ်။ ၁၀၃။လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် ကောသလတိုင်း ဒီဃီတိကောသလမင်းကို စစ်ပြုရန် ချီတက်လာသောကြောင့် ကောသလမင်းနှင့် မိဖုရားကြီးတို့ ထွက်ပြေးတိမ်းရှောင်နေရစဉ် ဒီဃာဝုမင်းသားကို ဖွားမြင်၏။ ဗာရာဏသီမင်းသည် ထွက်ပြေးတိမ်းရှောင်နေသော ကောသလမင်းနှင့်မိဖုရားအကြောင်းကို စုံစမ်းကြားသိရ၍ မင်းချင်းတို့အား ကွပ်မျက်ရန်စေခိုင်း၏။ ထိုအခါ အမိအဖတို့ထံ လာသော ဒီဃာဝုမင်းသားကို ခမည်းတော်ကောသလမင်းမြင်လျှင် "အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်။ ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ရန်မတုံ့မူမှသာလျှင် ငြိမ်းကုန်၏"ဟု သုံးကြိမ်တိုင်တိုင် ပြောဆိုမှာကြား၏။ ဒီဃာဝုမင်းသားသည် အမိအဖတို့၏အလောင်းကို သင်္ဂြိုဟ်ပြီးနောက် ဗြဟ္မဒတ်မင်းနှင့် အကျွမ်းဝင်လာအောင် ကြံဆောင်ကြိုးစားရာ နောက်ဆုံးတွင် မင်းနှင့် အကျွမ်းဝင်သော မင်းစီးရထားမောင်းသူ ဖြစ်လာ၏။ တစ်နေ့သော် ဗာရာဏသီမင်းသည် တောကစားထွက်ရာ၌ ပင်ပန်း၍ ဒီဃာဝု၏ရင်ခွင်တွင် ခေါင်းချကာ အိပ်ပျော်သွား၏။ ဒီဃာဝုသည် မိဘနှစ်ပါးတို့ကို သတ်ခဲ့သူအား ရန်တုံ့မူအံ့သောငှာ သန်လျက်အိမ်မှ သန်လျက်ကိုချွတ်၏။ ဖခင်၏အမှာစကားကို ကြားယောင်နေသဖြင့် သန်လျက်ကို အိမ်အတွင်း ပြန်သွင်း၏။ ဤသို့ဖြင့် သန်လျက်ကို ထုတ်ချည်သွင်းချည် ပြုနေစဉ် တတိယအကြိမ်၌ ဗြဟ္မဒတ်မင်းသည် အိပ်ရာမှလန့်နိုး၍ ဒီဃာဝုကို မေး၏။ ဒီဃာဝုကအကျိုးအကြောင်း ရှင်းပြပြီး တစ်ဦးကို တစ်ဦး အသက်ချမ်းသာရာ ပေး၍ကတိသစ္စာ ပြုကြ၏။ ဗြဟ္မဒတ်မင်းက ဒီဃာဝုမင်းသား၏ ဖခင်သည်အဘယ်ကို ရည်ရွယ်၍ ထိုသို့ မှာခဲ့ခြင်းအကြောင်းကို ဒီဃာဝုအား မေးသော် "အရှည်ကို မကြည့်လင့် ဆိုသည်မှာ ရန်စရှည်အောင် မပြုလင့်ဟု ဆိုလိုပါသည်။ အတိုကို မကြည့်လင့်ဆိုသည်မှာ ချစ်စတိုအောင် မပြုလင့်ဟု ဆိုလိုပါသည်" စသည်ဖြင့် လျှောက်ထား၏။ ထိုအခါ မင်းကြီးက ဒီဃာဝုမင်းသားအားသမီးတော်နှင့် လက်ဆက်ကာ ဖခင်၏ အမွေဖြစ်သော ထီးနန်းစည်းစိမ်ကို ပေးအပ်တော်မူသည်။ ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ၊ ယမကဝဂ်၊ ၅-ဒီဃီတိကောသလမင်းကြီးဝတ္ထု။♦
၁၁၂။ ချစ်စကို ရှည်စေ၊ ရန်စကို တိုစေ
ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ-နှင့် အတူတူ။ "ချစ်စကို ရှည်စေ၊ ရန်စကို တိုစေရမည်ဆိုသော စကားကဲ့သို့ မည်သူ့ ကိုမျှ အမှတ်မထားရာ၊" [၁၂၆၆] သန်းမေ၊ ဒု။ ၁၀၅။
ဆွေတော်မျိုးတော်နှင့် ထိမ်းမြားပေးစား၍ သူကောင်းပြုရာ မိုးညှင်းစားသည် ပုန်စားပုန်ကန် မပြုဘဲ အမှုတော်ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်ဖူးပါသည်။ ချစ်စကို ရှည်စေ၊ ရန်စကို တိုစေ ဆိုဘိသကဲ့သို့လည်းကောင်း၊ ရန်ကို ရန်ချင်း မတုံ့လျှင်းဘဲ…၊" [၁၂၆၇] စကား။ ၆၁။♦
၁၁၃။ ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသ်စ
သူတစ်ပါးချစ်အောင် ပြု နိုင်သည်မှာလည်း သည်ပါးစပ်၊ သူတစ်ပါးမုန်းအောင် ပြုနိုင်သည်မှာလည်း သည်ပါးစပ်ပင် ဖြစ်သည်။ "မုန်းစေလို ခံတွင်းလက်လေးသစ်၊ ချစ်စေလို ခံတွင်းလက်လေးသစ် ဆိုသောစကားမှာ လူရာဝင်ခြင်း၌ စကားပြော အရေးကြီး ကြောင်းကို ပြဆိုသောစကား ဖြစ်လေသည်။" [၁၃၁၀] စကား(ဇော)။ ၆။
အပြောမတတ် အပတ်မပြေ၊ စကားလွန် နုတ်မရ၊ ချစ်စေလိုသော် ခံတွင်းလက်လေးသစ်၊ မုန်းစေိုလသော်ခံတွင်းလက်လေးသစ် စသော စကားတို့ကို ထောက်လျှင် စကားအရာကို အရေးထားသင့်ပေသည်။" [၁၃၁၈] ယဉ်ကျေးမှု၊ ၂၊ ၄။ ၇၃။♦
၁၁၄။ ချစ်တိုင်း မညား၊ ညားတိုင်း မချစ်
ချစ်ကြသူတိုင်းလည်း အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းကြရသည်မဟုတ်၊ အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းကြသူတိုင်းလည်း ချစ်ကြသည်မဟုတ်ပါ။ "ချစ်တိုင်းလည်း မညား၊ ညားတိုင်းလည်း မချစ်၊ ပေါင်းချင်လျက်နှင့် မပေါင်းရ၊ မပေါင်းချင်ဘဲနှင့် ပေါင်းရတဲ့ကိစ္စမျိုးတွေ လောကမှာ ရှိသေးတာကိုလည်း သတိထားဦးမှပေါ့၊" [၁၃၁၃] နဝေ။ ၁၅၉။
ချစ်တိုင်း မညား၊ ညားတိုင်း မချစ် ဆိုသော လောကဆိုရိုးစကားကလေးကို ကျွန်တော်တို့ကတော့ လက်တွေ့ ကြုံနေရပြီ ဖြစ်၏။" [၁၃၁၄] နားဆွဲ။ ၁၇၀။♦
၁၁၅။ ချစ်တုန်း မုန်းစကားပြော
အမုန်းပွားနိုင်ဖွယ်ရှိသော စကားမျိုးကို တစ်ဦးနှင့်တစ်ဦး ခင်မင်စဉ်၌ ညှိနှိုင်းပြောဆိုရသည်။ "အစ်ကို ဆောင်ရွက်တဲ့ကိစက္စို အဆုံးကျအောင်လိုက်မှ သဘောကျတယ်။ စိတ်လည်း မဆိုးပါနှင့်။ ချစ်တုန်းက မုန်းစကား ပြောရသတဲ့။" [၁၂၇၈] တင်မြ၊ ဒု။ ၁၃၂။♦
၁၁၆။ ချစ်ရာမရောက် နှစ်ရာရောက်
ချစ်၍ အလိုလိုက်လွန်းခြင်းသည် ချစ်ခင်ရာမရောက်၊ နစ်မွန်းအောင် ပြုသကဲ့သို့သာ ဖြစ်သည်။ "ဖြူဖြူကို ချစ်ပြီး မခွဲချင်ပေမဲ့ ချစ်ရာမရောက် နှစ်ရာရောက်မှာမို့ တို့က ဝင်ပြီး အကြံပေးရတာပါကွာ၊" [၁၂၈၃] မယ်ဖြူ။ ၁၄၀။
ကလေးကို ငွေများများ ပေးခြင်းသည် ချ်စရာမရောက် နှစ်ရာရောက်တတ်သည်။" [၁၃၅၁] ပန်းပျိုး။ ၁၉၈။♦
၁၁၇။ ချစ်လုံးလုံး မုန်းလျားလျား
ချစ်မိလျှင်လည်း လုံးလုံးလျားလျား ချစ်တတ်သလို မုန်းမိလျှင်လည်း လုံးလုံးလျားလျား မုန်းတတ်သည်။ "ချစ်လုံလုံး မုန်းလျားလျားဟူဘိသကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် မကျေချမ်းနိုင်ဘဲ ရှိနေခဲ့ကြရာ…၊" [၁၂၉၉] ကြီးပွားရေး၊ ၆၊ ၁။ ၁၆။
ချစ်လုံးလုံး မုန်းလျားလျားဆိုတာလို ကိုသန်းစိတ်ထဲမှာ မြကို မုန်းလျှင်လည်း မုန်းတဲ့အကြောင်း အသိပေးသင့်ပါတယ်။" [၁၃၀၀] ဒဂုန်၊ ၁၉၊ ၂၁၇။ ၅၈။♦
၁၁၈။ ချစ်သော်ကား သကာ၊ မုန်းသော်ကား တမာ
တစ်ဦးတစ်ယောက်ကို ချစ်နေသောအခါတွင် ထိုသူ၏စကားသည် အလွန် ချိုသာ၍ ထိုသူကို မုန်းသောအခါတွင်မူ ထိုသူ၏စကားသည် အလွန် ခါးသီးသည်။ "ချစ်သော်ကား သကာ၊ မုန်းသော်ကား တမာ၊" [၁၁၅၂-ခန့်]ကျည်း။ ၁၁၈။
ချစ်သောအခါ ပျားသကာ၊ မုန်းသောအခါ ခါးတမာဆိုဘိသကဲ့သို့လည်းကောင်း မေတ္တာသက်ဝင် ချစ်ခင်စုံမက်ခြင်း မရှိကြက အပ္ပိယေဟိ သမ္ပယောဂေါ…၊" [၁၂၆၇] စကား၊ ပ။ ၁၁၉။♦
၁၁၉။ ချည်လိုလိုက်တတ် ချည်မပြတ်၊ မင်းလိုလိုက်တတ် မင်းမသတ်
ချည်ကို အလိုက်သင့်ကိုင်တတ်၊ ငင်တတ်လျှင် ချည်မပြတ်သကဲ့သို့ မင်း၏အလိုကိုသိတတ် သောသူသည် မင်းပြစ်မင်းဒဏ် မခံရပေ။ "နန်းရင်းဝန်ကြီး မက်ဒေါ်နယ်သည် ချည်လိုလိုက်တတ် ချည်မပြတ်၊ မင်းလိုလိုက်တတ်မင်းမသတ် ဆိုသကဲ့သို့ အလိုက်အထိုက် ပေါင်းသင်းဆက်ဆံတတ်သူဖြစ်၍…၊" [၁၂၉၅] ဒဂုန်၊ ၁၄၊ ၁၆၀။ ၁၃။♦
၁၂၀။ ချုန်းလွန်းသောမိုး ရေမဖောင်၊ ဟောင်လွန်းသောခွေး လူမလေး။
ပြင်းပြင်းထန်ထန် ထစ်ချုန်းကာ ရွာသော မိုးသည် ရေမပါတတ်ပေ။ ဟောင်လွန်းသော ခွေးကိုလူတို့ အရေးမထားတတ်ပေ။ ခြိမ်းလွန်းသည့်မိုး မရွာ၊ ဟောင်လွန်းသည့်ခွေး လူမလေး-စကားပုံလည်းရှု။ "ခွေးဟောင်သံမှာ အဆက်မပြတ်၊ ဟောင်လွန်းသောခွေး လူမလေးဆိုပေမဲ့ ထိုခွေး ဟောင်သည်ကိုတော့ ကျွန်တော် အထိတ်တလန့်လေးဖြစ်မိပါသည်။" [၁၃၄၃] ရှေ့သို့၊ ၃၇၄။ ၃၈။
ချုန်းလွန်းသောမိုး ရေမဖောင်၊ ဟောင်လွန်းသောခွေး လူမလေးဟူသောစကားအတိုင်း ချုန်းသည်ကတော့အလွန်ပင်၊ ရွာမှရွာပါမည်လား၊ စိုးရိမ်စိတ်တို့သည် ဟီးလေးခိုလျက် ရှိကြသည်။" [၁၃၄၄] မြဝတီ၊ ၃၀၊ ၁၁။ ၇၉။♦
၁၂၁။ ချမ်းသာလည်း အစဉ်မဟုတ်၊ ဆင်းရဲလည်း အပင်မဟုတ်
ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်-နှင့် အတူတူ။ "ချမ်းသာလည်း အစဉ်မဟုတ်၊ ဆင်းရဲလည်း အပင်မဟုတ်ဟူသော စကားကဲ့သို့…လောကဓံတရားတို့နှင့် မလွတ်ကင်းနိုင်ကြသည်မှာ …၊" [၁၂၉၀] ဒဂုန်၊ ၉၊ ၉၈။ ၃၀။
ရှေးရိုးစဉ်လာအားဖြင့် လူကြီးသူမများ ထားခဲ့သော ချမ်းသာလည်း အပင်မဟုတ်၊ ဆင်းရဲလည်း အစဉ်မဟုတ်ဟူသော စကားပုံကလေးမှာလွန်စွာ မှ မှန်ကန်လှပေ၏။" [၁၂၉၄] ဒဂုန်၊ ၁၂၊ ၁၄၃။ ၂၀၀။♦
၁၂၂။ ခြကို ပုံတု ပမာပြု
ပညာ ဆည်းပူးခြင်း၊ ဥစ္စာ ဆည်းပူးခြင်း စသည့် တရွေ့ရွေ့ ဆည်းပူးရသည့် ကိစ္စ၌ ခြတောင်ပို့ တည်ပုံကို ဥပမာပြုရသည်။ "ခြပုန်းတောင်ပို့၊ ဖို့သည်ြ့ခင်းရာ၊ လူလိမ္မာ တို့၊ ဥစ္စာ ဆည်းထွေ၊ တတ်လှစေလော့၊" [၈၆၅] လောသာ ၁၈။
ကြီးခိုင်လုံ့လ၊ ဥဿာဟဖြင့်၊ ခြနှင့်ပုံထား၊ ပျားနှင့်ပုံထောက်၊ ရေပေါက်နည်းယူ၊" [၁၁၅၅] ဥတိန် ၁၃။
ဓနဥစ္စာ၊ ပညာကုသိုလ်၊ ပွားစလိုက၊ ခြကိုပုံထား၊ ပျားကိုပုံပြု၊ ရရာစုလော့၊" [၁၂၆၆] မဃ ၃၂၁။♦
၁၂၃။ ခြေကြေး သုံးဆယ်၊ ဝိုင်း လုံးပယ်
ခြေတွင် အကြေးခွံ သုံးဆယ်ရှိသော တိုက်ကြက်မျိုးသည် ခြေပြင်းလှသောကြောင့် ကြက်ဝိုင်းတကာက ပယ်လေ့ရှိသည်။ (ခြေကြေး သုံးဆယ်၊ ဝိုင်းကြီးပယ်-ဟူ၍လည်း အဆိုရှိသည်။) "ခြေကြေး သုံးဆယ်၊ ဝိုင်းလုံးပယ်-ထိုကြက်တွင် ခြေကြေးအဖတ် (အကြေးခွံ) သုံးဆယ်ရှိရကား ခြေပြင်းသည်။ ထို့ကြောင့် သူ့ကို ဝိုင်းမှ ဖယ်ထားရသည်သာ များ၏။" [၁၃၁၇] ပုံပြဆေး၊ မ၊ ပ။ ၁၄၇။
ကျွန်တော့်နားထဲ ခြေကြေး သုံးဆယ်၊ ဝိုင်းကြီးပယ် ဆိုသောစကား ကြားယောင်လာလျက် လွန်စွာမှ ဝမ်းသာသွားတော့၏။ အဓိပ္ပာယ်ကား ဤသို့ ခြေကြေးသုံးဆယ်ရှိသော ကြက်မျိုးကို ဘယ်ကြက်ကမှ ခံမတိုက်။ ဝိုင်းကြီးများကပင် ပယ်သည်ဟု ဆိုရိုးပြုကြသည်။" [၁၃၄၀] ကြက်ဋီ။ ၂၈၈။♦
၁၂၄။ ခြေနှစ်ချောင်းလည်း မကယ်ရာ၊ သူ့လှေမျောလည်း မဆယ်ရာ
(နောင်အခါ ပြဿနာ ရှုပ်ထွေးတတ်သဖြင့်) လူလူချင်းလည်း မကယ်နှင့်၊ မျောသည့် လှေကိုလည်း လိုက်မဆယ်နှင့်။ (ခြေနှစ်ချောင်းလည်း မကယ်နှင့်၊ မင်းလှေ မျောလည်း မဆယ်နှင့်- ဟူ၍လည်း အဆိုရှိသည်။) "ခြေနှစ်ချောင်းလည်းမကယ်နှင့်၊ မင်းလှေမျောလည်း မဆယ်နှင့်။" [၁၃၅၁] ကားပုံချုပ်။ ၄၃။♦
၁၂၅။ ခြောက်တိုင်းလည်း မကြောက်နှင့်၊ မြှောက်တိုင်းလည်း မမြောက်နှင့်
သူတစ်ပါးက ခြောက်လှန့်တိုင်းလည်း မကြောက်ရွံ့ပါနှင့်၊ သူတစ်ပါးက မြှောက်ပင့်တိုင်းလည်း ဘဝင်မမြင့်ပါနှင့်။ "အိမ်မှ ထွက်စမရှိသော အမျိုးသမီးကလေးတို့မှာ… လူပျိုစင်တို့ ခြောက်တိုင်းလည်း မကြောက်ပါနှင့်၊ မြှောက်တိုင်းလည်း မမြောက်သင့်ပေ၊" [၁၂၉၇-ခန့်] မိန်း။၁၇။
စိတ်ဓာတ်ခိုင်မာသူကို ခြောက်လို့ ကြောက်မည် မဟုတ်။ ထို့အတူ မြှောက်လို့လည်း မြောက်မည်မဟုတ်၊" [၁၃၅၇] မြဝတီ၊ ၄၄၊ ၄။ ၁၃၁။♦
၁၂၆။ ခွေးကပ်၊ ကြွေးကပ်၊ ပွေးကပ်
အိမ်၌ ခိုကပ်နေသော ခွေးကို အနှင်ရခက်သည်။ အကြွေးတစ်ခါတင်မိလျှင် ကျေအောင် အဆပ်ရခက်သည်။ စွဲကပ်နေသောပွေးရောဂါကို အမြစ်ပြတ်အောင် အကုရခက်သည်။♦
၁၂၇။ ခွေး နှာရောင်၊ ကြောင် နဖူး၊ လူ ဒူး
၁၊ ရာသီဥတု အေးသောအခါ၌ ခွေး တွင် နှာရောင်၊ ကြောင်တွင် နဖူး၊ လူတွင် ဒူးခေါင်းနေရာ၌ အထူးအေးတတ်သည်။ ၂၊ မီးလှုံသောအခါ၌ ခွေးတွင် နှာရောင်၊ ကြောင်တွင် နဖူး၊ လူတွင် ဒူးခေါင်းနေရာ၌ စ၍ ပူတတ်သည်။♦
၁၂၈။ ခွေးဖိုးတစ်ထောင်၊ ကြောင်ဖိုးတစ်သိန်း
ကြောင်သည် ခွေးထက် အဖိုးတန်သည်။ "ခွေးဖိုးတစ်ထောင်၊ ကြောင်ဖိုးတစ်သိန်း ဆိုတဲ့ ဒဏ္ဍာရီထဲက ကြောင်မျိုးလည်း မဖြစ်နိုင်ပါဘူးဗျာ၊" [၁၃၁၁] ရှုမဝ၊ ၃၊ ၂၈။ ၁၃၄။
ရခိုင်လူမျိုးတို့သည် ခွေးနှင့်ကြောင်ကို များစွာ တန်ဖိုးထားတတ်ကြ၏။ ကြောင်က ခွေးထက်ပင် တန်ဖိုးရှိသည့်အလျောက် ခွေးဖိုးတစ်ထောင်၊ ကြောင်ဖိုး တစ်သိန်းပေးရမည်ဟုတင်စားပြောဆိုတတ်၏။" [၁၃၃၄] သွေးသောက်၊ ၃၁၄။ ၁၄။♦
၁၂၉။ ခွေးလိမ္မာ အမြီးကုပ်၊ ကျွန်လိမ္မာ နောက်ဆုတ်
လိမ္မာသော ခွေးသည် သခင့်အပါးတွင် အမြီးကုပ်လျက် နေတတ်သည်။ ပါးနပ်လိမ္မာသော ကျွန်သည် သင့်ရာက အလိုက်သိသိ ခစားတတ်သည်။ "ခွေးလိမ္မာ အမြီးကုပ်၊ ကျွန်လိမ္မာ နောက်ဆုတ် ဆိုတာလိုပဲ ကျွန်ကောင်း ပီပီ နောက်ဆီကို ဆုတ်ပြီး ကုပ်ကုပ် ခစားကြစို့ကွယ်၊" [၁၂၇၀-ခန့်] ဝါနု၊ ပ။ ၅။
ခွေးလိမ္မာ အမြီးကုပ်၊ ကျွန်လိမ္မာ နောက်ဆုတ်ဟူသော စကားအတိုင်း လိမ္မာသော ကျေးကျွန်နှင့်အခြွေအရံတို့ကိုသာ ရှာဖွေရာ၏။" [၁၂၉၇] ဒဂုန်၊ ၁၇၈။ ၂၀၆။♦
၁၃၀။ ချွေတာစုဆောင်း သူဌေးလောင်း
အသုံးအစွဲ ချွေတာပြီး ငွေကြေးစုဆောင်းလျှင် သူဌေးဖြစ်နိုင်သည်။ "ချွေတာစုဆောင်း သူဌေးလောင်း-ဆိုသည့်အတိုင်း စီးပွားရေးသမား မှန်က ချွေတာမှုကို လေးစားရမြဲ ဖြစ်ပါသည်။" [၁၃၁၄] မင်မြု။ ၂၉၇။
ချွေတာစုဆောင်း သူဌေးလောင်းများ ပြည်ထောင်စုမြန်မာပြည်ကြီးတွင် တိုးတက်ပေါများလျက် ရှိသည်ကို အထူးပြောပြရန် မလို။" [၁၃၁၇] ချွေစုရေး။ ၃၃။♦
၁၃၁။ ခြွေမှ ရံသည်
ပေးကမ်းစွန့်ကြဲမှသာ ကိုယ့်ကို ဝိုင်းဝန်းကူညီမည့်သူများသည်။ "အခြွေအရံ ပေါများအောင် မိမိ၏ပစ္စည်းများကို ခြွေကာ ဝေငှ မ စ ချီးမြှောက်ရမည်။ ထို့ကြောင့် ခြွေမှ ရံသည်ဟု ပြောလေ့ရှိသည်။" [၁၃၁၄] ကိုယ်ကျင့်။ ၇၁။
ပေးကမ်းခြင်းသည် အောင်စေရာ၏ဟူ၍လည်းကောင်း၊ ကိုယ့်လက်သွားပြီးမှ သူ့လက်လာသည်ဟူ၍လည်းကောင်း၊ ခြွေမှ ရံသည် ဟူ၍လည်းကောင်း မြန်မာ့ဆိုရိုး ရှိလေသည်။" [၁၃၂၉] မိတ်ကောင်း။ ၁၄၈။♦
၁၃၂။ ဂငယ်သုံးခု ဥသျှစ်ထု
ဥသျှစ်သီးချင်း ထုသည့်အခါ ထုသည့် ဥသျှစ်သီးလည်း ကွဲ၊ အထုခံ ဥသျှစ်သီးလည်း ကွဲသကဲ့သို့ သက္ကရာဇ် ၈၈၈-ခုနှစ်တွင် တိုင်းပြည် မငြိမ်မသက်ဖြစ်၍ အင်းဝပြည်ကြီး ပြိုကွဲပျက်စီးရသည်။ "ရွှေနန်းကြော့ရှင် ဘုရင်နရပတိလက်ထက် သက္ကရာဇ် ၈၈၈-ခုနှစ်ဝယ် ဂငယ်သုံးခု ဥသျှစ်ထုဆိုတဲ့ အဂ္ဂိရတ်လင်္ကာအတိုင်း…၊" [၁၂၇၇] မောင်ပုံ။ ၃၄။
ဂငယ်သုံးခု ဥသျှစ်ထု ဆိုတဲ့ သိုက်တဘောင်အရ…၊" [၁၂၈၄] မျောက်ဋီ။ ၁၈၀။♦
၁၃၃။ ဂါထာပေး တေးဖြစ်
ဂါထာမန္တန်ကို တွေ့ရာလူအား ပေးမိရာ ရသူများက အလွယ်တကူ ရသောကြောင့် ပေါ့ပေါ့တန်တန် ရွတ်ဆိုသဖြင့် တေးအဖြစ် ရောက်ရသည်။ ဂါထာပေး တေးဖြစ်-စကားပုံလည်းရှု။ "ဒီဂါထာတော်ကြီးကို မစရန်ကား ကန့်ကွက်ဖို့ မရှိပေ၊ သို့ရာတွင် ဂါထာပေး တေးဖြစ်ဆိုတာလို ပေါ့ပေါ့ဆဆ မပြုလုပ်သင့်ကြပေ။" [၁၂၉၁] ကဝိမှန်၊ ၃၊ ၁။ ၄၀။♦
၁၃၄။ ဂုဏဝန္တေ ပဿန္တိဇနာ
လူတို့သည် ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ ရှိသူ ကိုမှ အလေးထားတတ်ကြသည်။ (ဇနာ-လူတို့သည်၊ ဂုဏဝန္တေ-ဂုဏ်ရှိသော သူတို့ကို၊ ပဿန္တိ-မြင်ကုန်၏။) "ဂုဏဝန္တေ-ဂုဏ်ရှိသောသူတို့ကို၊ ဇနာ-လူတို့သည်၊ ပဿန္တိ-မြင် ကုန်၏။" [၁၀၀၅-ခန့်] သဒ္ဒါကြီး။ ၃၀၃။
ဂုဏဝန္တေ ပဿန္တိဇနာ-ဂုဏ်ရှိသူမှ လူထင်ကြသောအခါ ဖြစ်သည်။" [၁၃၁၄] ကိုယ်ကျင့်။ ၆၇။♦
၁၃၅။ ဃရာဝါသော ဗဟုကိစ္စော
ကိစ္စမြားမြောင် လူတို့ဘောင်-နှင့် အတူတူ။ " လောကီမှုဖြစ်သော လူတို့၏ကိစ္စဟူသမျှသည်ဃရာဝါသော ဗဟုကိစ္စော ဟူသော ပါဠိအရ ဗဟုကိစ္စ၊ ကမ္မကရဏတို့နှင့် မုချတွေ့ကြုံကြရသည်ကား များပြားတတ်ချေသည်။" [၁၂၉၇] ဟံ၊ ၁။ ၆၉။
ဃရာဝါသော ဗဟုကိစ္စော ဟူသည်နှင့်အညီ အိမ်ထောင်သားမွေးနေသော ပုဂ္ဂိုလ်များအဖို့ ဇနီး၊ သားသမီး၊ မိဘတို့၏ အမှုတာဝန်များကို ထမ်းဆောင် နေရသည့်အခိုက်…၊" [၁၃၂၉] ဝိဇ္ဇာနိဒါန်း။ ၁၂၉။♦
၁၃၆။ ဃရေ ဒုဋ္ဌော မူသိကော
အိမ်ကို ဖျက်သည်မှာ ကြွက် ဖြစ်သည်။ (ဃရေ-အိမ်၌၊ ဒုဋ္ဌော-ဖျက်ဆီးတတ်သည်ကား၊ မူသိကော-ကြွက်။) "အိမ်ရှင်မတို့ မှတ်ရန်ကား ဃရေ-အိမ်၌၊ ဒုဋ္ဌောစ-ဖျက်ဆီးတတ်သည်ကား၊ မူသိကော-ကြွက်တည်းဟူသော နီတိကျမ်းလာ ဂါထာစကားအရ အိမ်များ၌ ဖျက်ဆီး သော ကြွက်များ မနေနိုင်အောင်…၊" [၁၂၇၅] ဆောင်းပါးချုပ်။ ၂၆၄။
ဃရေ-အိမ်၌၊ ဒုဋ္ဌောစ-ဖျက်ဆီးတတ်သည်ကား၊ မူသိကော-ကြွက်တည်း၊" [၁၂၉၁] ဆယ့်နှစ်တွဲ။ ၆၈။♦
၁၃၇။ ငရုတ် တစ်လှမ်း၊ ခရမ်း တစ်ခုန်
ငရုတ် စိုက်ရာတွင် တစ်ပင်နှင့်တစ်ပင် ခြေတစ်လှမ်းစာခန့် ခွာ၍ စိုက်ရပြီး၊ ခရမ်းပင် စိုက်ရာတွင် တစ်ပင်နှင့်တစ်ပင် တစ်ခုန်စာခန့် ခွာ၍ စိုက်ရသည်။ "ငရုတ် တစ်လှမ်း၊ ခရမ်း တစ်ခုန်တဲ့ လူလေး။ ငရုတ်စိုက်ရင် တစ်ပင် နှင့်တစ်ပင် တစ်တောင်စီ ခွာရမယ်။ ခရမ်းကိုတော့ လေးတောင်လောက် ခွာ စိုက်ရမယ်။ ဒါမှ အပင်လည်းကြီး၊ အသီးလည်း ထွားတယ်ကွဲ့။" [၁၃၅၁]ကျေးကလေး။ ၄၅။♦
၁၃၈။ ငါနှင့်ငါသာ နှိုင်းစရာ
မာန်တက်နေသူသည် မိမိနှင့် နှိုင်းယှဉ်လောက်သည့်ပုဂ္ဂိုလ် မရှိဟု ကိုယ့်ကိုယ်ကိုယ် ထင်တတ်သည်။ "ငါနှင့်ငါသာ၊ နှိုင်းစရာဟု၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်၍၊" [၈၈၅] ကိုး၊ နိဂုံး ၅၇။
ဆရာလေးက ဆရာကြီးဖြစ်လာရင်တော့ မပြောနဲ့တော့၊ ငါနှင့်ငါသာ နှိုင်းစရာလို့ ထင်လာတတ်ကြတယ်။" [၁၃၄၉] ရတနာမွန်၊ ၁၄၊ ၁၂။ ၄၆။♦
၁၃၉။ ငါနှင့်မတူ ငါ့ရန်သူ
မိမိနှင့် အယူအဆချင်း၊ သဘောထားချင်း မတူသူအား ရန်သူသဖွယ် သတ်မှတ်တတ်ကြသည်။♦
၁၄၀။ ငါ့ဝမ်းပူဆာ မနေသာ
ဝမ်းရေးကြောင့် မလွှဲမရှောင်သာ မလုပ်ချင်ဘဲ လုပ်ရသည်။ "မြွေ ဘာလို့ ကိုက်ရတယ်၊ ငါ့ဝမ်းပူဆာ မနေသာလို့ ကိုက်ရတယ်၊" [၁၃၀၂] သားချော့။ ၂၇။
ကျွန်တော် မကျေမနပ် ဖြစ်မိ၏။ မရေးဘဲ နေလို၏။ သို့သော် ငါ့ဝမ်း ပူဆာ မနေသာ သဖြင့် ခေါင်းငုံ့ အလျှော့ပေးကာသာလျှင် ငွေကလေးအစိတ်နှင့် ရေးခဲ့ရပေသတည်း။" [၁၃၁၉] စာဗိမာန်၊ ၆၊ ၄။ ၅၃။♦
၁၄၁။ ငါ့သားရွှေတောင် ရေကိုရှောင်၊ အောင်စံဖြိုး ရေချိုးရက်
နာလန်ထတွင် ရေမချိုးသင့်သည့် နေ့များမှာ တနင်္လာ၊ သောကြာ၊ ဗုဒ္ဓဟူး၊ စနေ ဖြစ်သည်။ ရေချိုး သင့်သည့် နေ့များမှာ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး ဖြစ်သည်။ (ငါ့=တနင်္လာ၊ သား=သောကြာ၊ ရွှေ=ဗုဒ္ဓဟူး၊ တောင်=စနေ၊ အောင်=တနင်္ဂနွေ၊ စံ=အင်္ဂါ၊ ဖြိုး=ကြာသပတေး။) "ငါ့သားရွှေတောင် ရေကိုရှောင်၊ အောင်စံဖြိုး ရေချိုးရက်။" [၁၂၂၅-ခန့်] လောကီညွန့်။ ၅၄။
ငါ့သားရွှေတောင် ရေကိုရှောင်၊ အောင်စံဖြိုး ရေချိုးတော့။" [၁၃၃၆] လောကီစုံ။ ၁၁။♦
၁၄၂။ ငါး ငါးကြင်း၊ ဓား ဒီပဲယင်း
ငါးတို့တွင် ငါးကြင်းကို အရသာရှိသော ငါးအဖြစ် စံထားရသကဲ့သို့ ဓားတွင် ဒီပဲယင်းမြို့နယ်က ထွက်သော ဓားကိုလည်း အကောင်းဆုံးအဖြစ် စံထားရသည်။ "ငါး ငါးကြင်း၊ ဓား ဒီပဲယင်း…ငါးတွင် ငါးကြင်းသည် စံတင်လောက် သောငါးဖြစ်သကဲ့သို့ ဓားတွင်လည်း ဒီပဲယင်းက စံထားအပ်သော ဓားဖြစ်သည် ဟုမြို့နယ်သူ༏သားတို့ ဂုဏ်ယူပြောကြ၏။" [၁၃၃၈] ရှေ့သို့၊ ၂၆၊ ၅။ ၄၂။♦
၁၄၃။ ငါး ငါးသလောက်၊ မယား ဆံတောက်
ငါးတို့တွင် ငါးသလောက်သည် စားသုံးရာတွင် အရသာရှိပြီး လူကြိုက်များသကဲ့သို့ ဆံတောက်ထားသည့်အရွယ် ကညာပျိုကိုလည်း မယားအဖြစ် ပေါင်းဖက်ရန် အများ နှစ်သက်ကြသည်။ "ငါးမှာ ငါးသလောက်၊ မယားမှာ ဆံတောက်လို့ အဆိုရှိတဲ့အတိုင်း အရသာရှိတဲ့ ငါးသလောက်ကို ချက်ကာ…၊" [၁၃၁၂] မာလာ။ ၆၈။
ငါးတွင် ငါးသလောက်သည် အဆိပ်အတောက် ပြင်း၍ စားသုံးရာတွင် အရသာ ရှိလှသည်။ သက်ကြီးရွယ်အိုများသည် နောက်ကုပ်ဆံတောက်ကလေး မသိမ်းတသိမ်းကိုသာ ရာသက်ပန် ကြင်ရာအဖြစ် ရယူလိုကြသည်။ သို့ဖြစ်၍ ငါး ငါးသလောက်၊ မယား ဆံတောက် တင်စားသုံးနှုန်းခဲ့ကြ၏။" [၁၃၂၅] ရှုမဝ၊ ၁၆၊ ၁၈၈။ ၁၄၇။♦
၁၄၄။ ငါးပိနှင့်လောက်၊ ရွှေနှင့်ကျောက်
ရွှေနှင့်ကျောက်သည် အတွဲအဖက် ဖြစ်သကဲ့သို့ ငါးပိသည် လောက်နှင့် မကင်းနိုင်ဖြစ်သည်။ ငါးပိနှင့်လောက်၊ ရွှေနှင့်ကျောက်-စကားပုံလည်းရှု။ "ငါးပိနှင့်လောက်၊ ရွှေနှင့်ကျောက်ဆိုပေမဲ့ တကယ်တမ်း ဒီငါးပိထဲမှာ လောက်ကျမိရင် ဒီငါးပိလှေကြီး တစ်စင်းလုံးမှာရှိနေတဲ့ ငါးပိအချိန် လေးငါးထောင်ဟာ သိပ်မကြာဘူး၊ အားလုံးကုန်တာပဲ။" [၁၃၂၇] ဆောင်းလ။ ၄၄။♦
၁၄၅။ ငါးပတ် ပုပ်ပုပ်၊ ငရုတ် စပ်စပ်။
ပုပ်အဲ့အဲ့ဖြစ်နေသော ငါးပတ်ကို အပုပ်နံ့ ပြယ်အောင် ငရုတ်သီးများများ ထည့်၍ ချက်ရသည်။ "ငရုတ်သီးများများ ထည့်၍ ချက်လျှင် ငါးပုပ်အနံ့မှာ ပြယ်၍ စပ်သည့် အရသာဖြင့် ဖုံးလွှမ်းသွားတတ်၏။ ထို့ကြောင့် ငါးပတ်ပု်ပပုပ်ကို ငရုတ်စပ်စပ် ထည့်၍ ချက်ရမည်ဟု ဟင်းစပ်နည်း ပြုခဲ့ခြင်းဖြစ်သည်။" [၁၃၂၅] ရှုမဝ၊ ၁၆၊ ၁၈၈။ ၁၄၈။♦
၁၄၆။ ငါးသိုင်းများ ဟင်းဟုံ
ဟင်းသီးဟင်းရွက် ချက်ရာတွင် ငါးသိုင်းကျပ်တင်ကို သင့်ရုံခတ်လျှင် အရသာရှိသော်လည်း အလွန်အကျွံ ခတ်လျှင် ဟင်းသီးဟင်းရွက်၏ မူလအရသာ ပျက်ပြယ်သွားတတ်သည်။ ငါးသိုင်းများ ဟင်းဟုံ-စကားပုံလည်းရှု။ "ဟင်းသီးဟင်းရွက်တို့နှင့် ရောချက်ရာ၌ ငါးသိုင်းကို အသင့်အတင့်သာ ရောစပ်ရသည်။ သို့မဟုတ်လျှင် ငါး၏အရသာ လွှမ်းမိုးသွားသဖြင့် အခြား ဟင်းသီးဟင်းရွက်တို့၏အရသာ ပျက်ပြယ်သွားတတ်သည်။ ထို့ကြောင့်ငါးသိုင်းများ ဟင်းဟုံဟု ဆိုရိုးရှိကြောင်း …၊" [၁၃၁၇] ပုံပြဆေး၊ မ၊ ဒု။ ၁၅၇။♦
၁၄၇။ ငိုချင် အူရွှင်
ကလေးသူငယ်များ အူရွှင်မြူးထူးလွန်းလျှင် ငိုရတတ်သည်။ "ငိုတစ်ခါ ရယ်တစ်လှည့် အပြုံးနှင့် မျက်ရည်ကြားတွင် ကြီးထွားလာရသော ကလေးငယ်သည် မငိုမီ ရယ်ရွှင်မြူးထူးနေသည်ကို ကြည့်၍ ကလေးငိုချင်ရွှင်ဟူသော ဆိုရိုးကို ပြုကြခြင်းဖြစ်လေသည်။" [၁၃၄၅] ကားပုံဖွင့်။ ၄၂။♦
၁၄၈။ ငိုအားထက် ရယ်အားသန်
စိတ်ညစ်စရာ ကြုံကြိုက်နေခိုက်တွင်ရယ်ရွှင် ဖွယ်အဖြစ်မျိုးနှင့် ကြုံရသည်။ "မိဖုရား၏ ဝတ်လဲတော်(ထဘီ)များကို ဦးခေါင်း၌ ရစ်ပတ်ကာ ပေါင်း၍ထွက်လာကြခြင်းကို မြင်ရသဖြင့် မိခင်တို့လူစုမှာ ငိုအားထက် ရယ်အားသန်ဆိုသော စကားကဲ့သို့ အရှင်နှစ်ပါး ပါတော်မူမည့်အရေးထဲ၌ပင် ရယ်မိကြရသေးကြောင်း…၊" [၁၃၂၇] ချစ်ပန်းပွင့်။ ၁၉၇။
ကျွန်တော်တို့သည် ခေတ္တနားသည့်အခါ တစ်ယောက်မျက်နှာတစ်ယောက် ကြည်ြ့ပီး ငိုအားထက် ရယ်အားသန်ရလေသည်။ ကျွန်တော်တို့၏ မျက်နှာပြင်နှင့် တစ်ကိုယ်လုံးမှာ ရွှံ့စက်များ ဖွေးဖွေးလှုပ်နေ၏။" [၁၃၂၉] စစ်ခရီးကြမ်း။ ၃၁၉။♦
၁၄၉။ ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ
ငယ်ရွယ်စဉ်ကတည်းက စုံမက် ချစ်ခင် မေတ္တာရှိခဲ့ဖူးသူအား နှစ်ပေါင်းများစွာ မမေ့နိုင် ဖြစ်ရသည်။ "ငယ်ကပေါင်း အနှစ်တစ်သောင်း မမေ့ကောင်း၊ ငယ်ကချစ် အနှစ် တစ်ရာ မမေ့သာ ဆိုတဲ့စကားလို ကြည်ကြည်နှင့် အစ်ကိုတော့ ကလေးဘဝက စ၍ အတူတကွ ကျောင်းမှာနေပြီး ရင်းရင်းနှီးနှီး ချစ်ခင်လာကြတာမို့ ဘယ်ခါမှ မေ့နိုင်တာမျိုးမဟုတ်ဘူး။" [၁၂၇၆] မြင့်၊ ဒု။ ၂၀၆။
နှမတော်နှင့် ဘယ်သူ့ကို ပိုချစ်တယ်ဆိုတာ မှန်မှန် မိန့်တော်မူစမ်းပါ။ ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာဆိုသည့်အတိုင်း ငယ်ချစ်ကို အချစ်တော် ပိုတယ်မဟုတ်လားဘုရာ့။" [၁၂၉၂] ဒဂုန်၊ ၁၀၊ ၁၂၀။ ၁၈၇။♦
၁၅၀။ ငယ်ကပေါင်း အနှစ်တစ်သောင်း မမေ့ကောင်း။
ငယ်ပေါင်းအား နှစ်ပေါင်း များစွာ ကြာသော်လည်း မမေ့ပျောက်နိုင်ပါ။ "ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ၊ ငယ်ကပေါင်း အနှစ်တစ်သောင်း မမေ့ကောင်းဆိုတဲ့ စကားအတိုင်း ကိုယ့်သားကိုယ့်မယားဆုတိာ ဘယ်မေ့နိုင်ပါ့မလဲ။" [၁၂၇၉] မှာ။ ၁၆၄။
ကိုယ့်လင်အပေါ်မှာ ဘယ်မှာ မေတ္တာ ပြတ်ကင်းနိုင်ပါ့မလဲ၊ ကျောင်းသား ဘဝက အစပြုပြီး ချစ်လာတဲ့ ယောက်ျားပါ အမေ။ ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ၊ ငယ်ကပေါင်း အနှစ်တစ်သောင်း မမေ့ကောင်းဆိုတဲ့ စကားကိုလည်း အမေ ကြားဖူးမှာပါပဲ၊" [၁၂၈၂] ဝေဝေ။ ၁၄၂။♦
၁၅၁။ ငွေနှင့်မိန်းမ၊ စပ်လျဉ်းက၊ ရိုးကြသူပင် ဆန်း
ရိုးသားသော ယောက်ျား ဖြစ်စေကာမူ ငွေကြေးနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ ပတ်သက်လာလျှင် ဆန်းပြားလာ တတ်သည်။ "ငွေနှင့်မိန်းမ၊ စပ်လျဉ်းက၊ ရိုးကြသူပင်ဆန်းစမြဲတည်း ဆိုသော စကားသည် ကိလေသာကုန်ခန်း မဂ်နန်းခိုမှီး လောဘသက္ကာယမီးငြိမ်းသူတို့မှ လွဲ၍ ၃၁- ဘုံတွင် ကျင်လည်သူတိုင်းအတွက် ပေါ်ပေါက်လာခြင်းဖြစ်ရာ…၊" [၁၃၀၂ -ခန့်] စနေမ။ ၁၁။
ငွေနှင့်မိန်းမ၊ စပ်လျဉ်းက၊ ရိုးကြသူပင် ဆန်း၏တည်း ဆိုစကားအရမည်မျှ ရိုးသားသည်၊ မည်မျှ သိက္ခာရှိသည်ဆိုသော်လည်း ငွေနှင့် မြှူက ကြည်ကြည်ဖြူဖြူ လိုက်လျောတတ်ကြသည်။" [၁၃၁၈] ယဉ်ကျေးမှု၊ ၂၊၂။ ၉၀။♦
၁၅၂။ ငွေများ တရားနိုင်
အဂတိတရား လွှမ်းမိုးသော ခေတ်တွင် အမှုအခင်း ဖြစ်သောအခါ၌ ငွေများများ ပေးနိုင်လျှင် အနိုင်ရသည်။ "ငွေများ တရားနိုင်ဆိုတဲ့အတိုင်း တရားစရီ င်တဲ့အခါ ငွေများများ ပေးပြီဆိုမှဖြင့် အရေးကုန် အနိုင်ပေးလိုက်တာတဲ့၊" [၁၂၇၈] သာရီ၊ မ။ ၁၁၉။
အဂတိတရားများမှ ကင်းစင်စေ၊ ငွေများ တရားနိုင်မဖြစ်စေနှင့်။" [၁၃၂၉] နိုင်လုပ်ကြံ။ ၁၀၇။♦
၁၅၃။ ငှက်ပျော ကဆုန်၊ ဝါး နယုန်
ငှက်ပျောပင်ကို ကဆုန်လတွင် စိုက်ပျိုးရသည်။ ဝါးပင်ကို နယုန်လတွင် စိုက်ပျိုးရသည်။ "ထိုစိုက်ပျိုးချိန်ကာလကို အစွဲပြု၍ ငှက်ပျော ကဆုန်၊ ဝါး နယုန်ဟု ရှေးသူဟောင်းတို့ ပြောဆိုစမှတ် ပြုခဲ့ကြကုန်၏။" [၁၃၁၇] ပုံပြဆေး၊ တ။ ၂၃၁။♦
၁၅၄။ ငှက်ပျောတစ်ခိုင် သားတစ်ထိုင်
ငှက်ပျောခိုင် စထွက်ရာမှ ရင့်မှည့်သည် အထိ ကြာသောကာလသည် ကလေးမွေးစမှ ထိုင်နိုင်သည်အထိ ကာလနှင့် တူညီသည်။ "ငှက်ပျောတစ်ခိုင် သားတစ်ထိုင် ဟူသည့်စကားအတိုင်း ငှက်ပျောတစ်ခိုင် ရင့်ထွားလာရန် ခုနစ်လခန့်ကြာတတ်ပေသည်။" [၁၃၁၆]စာဗိမာန်၊၂၊ ၈။ ၇၃။
ငှက်ပျောခိုင်ထွက်ပြီး ၆-လ၊ ၇-လခန့်မှာ မှည့်လေ့ရှိပါတယ်။… ငှက်ပျောတစ်ခိုင် သားတစ်ထိုင်လို့တောင် လူကြီးများ ဆိုရိုးထားကြပါတယ်။" [၁၃၃၄] သွေးသောက်၊ ၄၄၃။ ၂၄။♦
၁၅၅။ ငှက်ပျော လက်တစ်နှိုက်၊ အုန်း တည်စိုက်
ငှက်ပျောပင်ကို တစ်တောင်ခန့် ကျင်းနက်အောင်တူး၍ စိုက်ရ၏။ အုန်းပင်ကိုမူ မြေပေါ်တွင်ပင် တည်၍ စိုက်ရ၏။ "ငှက်ပျော လက်တစ်နှိုက်၊ အုန်း တည်စိုက်တဲ့ လူလေး၊ ငှက်ပျောပင် စိုက်ရင် တစ်တောင်အထိ ကျ င်းတူးပြီး စိုက်ရမယ်။ အုန်းပင်ဆိုရင်တော့ ကျင်းနက်နက် တူးရမယ်။ စိုက်ရင်တော့ မြေပေါ်မှာ တည်စိုက်ရမယ်။ ဒါမှ အပင်ဖြစ်လွယ်ပြီး အသီးမှာ မြန်မြန် သီးလွယ်တာပေါ့၊" [၁၃၅၁] ကျေးကလေး။ ၄၅။♦
၁၅၆။ ငှက်မသိက ဆက်ရက်ကို ချိုးထင်၊ အချက်မသိက သမက်ကို သူခိုးထင်
ဆက်ရက်မှန်း မသိပါက ချိုးငှက်ကိုပင် ဆက်ရက်ဟု ထင်တတ်သည်။ သမက်လောင်းသည် သမီးနှင့်ချိန်း၍ တိတ်တဆိတ် တွေ့သည့်အချက်ကို မသိပါက သမက်လောင်းကိုပင် သူခိုးဟု ထင်တတ်သည်။ ငှက်မသိတော့ ဆက်ရက် ချိုးထင်-စကားပုံလည်းရှု။ "ပွဲကြည့်ဖူးလို့ ကြားရသည်မှာ ငှက်ကို မသိက ဆက်ရက်ကို ချိုးထင်သည်၊ အချက်ကျမသိက သမက်ကို သူခိုးထင်သည်ဟု သို့လိုသဘင်သည်များ သုံးကြပါသည်။"[၁၂၉၄] ဗျိုင်းနား။ ၇၇။
ဆက်ရက်သည်… ပုံသဏ္ဌာန်နှင့် အရွယ်ပမာဏမှာ ချိုးနှင့် တူညီလှသဖြင့် ငှက်မသိက ဆက်ရက် ချိုးထင်၊ အချက်မသိက သမက် သူခိုးထင် ဟူ၍ ဥပမာပေး စကားပုံကို တီထွင်ခဲ့လေသည်။" [၁၃၁၇] ပြုံပဆေး၊ ဆ၊ ပ။ ၄၀။♦
၁၅၇။ ငှက်သိုက် မြေနား၊ ပြုလေငြား၊ မိုးများ ရွာဘူးပ
ငှက်တို့သည် နိမ့်ရာ အရပ်၌ အသိုက်လုပ်ပါက မိုးခေါင်တတ်သည်။ "ငှက်သိုက် မြေနား၊ ပြုလေငြား၊ မိုးများ ရွာဘူးပ။" [၁၂၉၆-ခန့်] သုတသန်။ ၉၆။
ငှက်သိုက် မြေနား၊ ပြုလေငြား၊ မိုးများ ရွာဘူးပ။" [၁၃၃၆] လောကီစုံ။ ၈၂။♦
၁၅၈။ စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်
မြတ်စွာဘုရားသည် လူတို့ ပြောဆိုသော စကားခြောက်ခွန်းအနက် လေးခွန်းကို ပယ်ကာ "ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို"သော စကားနှင့် "ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို" သော စကားနှစ်ခွန်းကိုသာ သုံးစွဲအပ်သည်ဟု ညွှန်ပြတော်မူသည်။ (ပါဠိတော်လာ စကားခြောက်ခွန်းမှာ- ၁၊ ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို။ ၂၊ ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို။ ၃၊ ဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို။ ၄၊ ဟုတ်မှန်၊ အကျိုးမရှိ၊ သူမနာလို။ ၅၊ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူနာလို။ ၆၊ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူမနာလို-တို့ဖြစ်သည်။) "စကားခြောက်ခွန်း၊ လူ၌ထွန်း၏၊ ကျယ်ဝန်းသိမြင်၊ အကျိုးထင်မှ၊ ဟောကျင်တတ်အား၊ ဘုရားတို့မူ၊ မယူလေဖြစ်၊ လေးခွန်းပစ်၍၊ စင်စစ်ဟုတ်မှန်၊ ကျိုးကြောင်းတန်က၊ မလွန်စေမြို့၊ မနှစ်လို့နှင့်၊ နှစ်လို့နှစ်ဦး၊ ဟောဖူးဧကန်၊" [၈၅၃] ပါမီ ၃၇။
လောကလီူသားတို့မူကား ခြောက်ခွန်းသောစကားကိုပင် ပြောဆြိုကကုန် သတည်း။ စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည် ဟုလင်္ကာရေးစပ်ထားသည်ကို ထောက်သဖြင့် ဆင်ခြင်ရန် ဖြစ်ချေသည်။" [၁၂၅၇] ပေါဒီ။ ၅၁၇။♦
၁၅၉။ စကားစကား ပြောဖန်များ စကားထဲက ဇာတိပြ
စကားများများပြောလျှင် ပြောသူ၏စရိုက်လက္ခဏာများ ပေါ်လာတတ်သည်။ "စကားစကား ပြောဖန်များ စကားထဲက ဇာတိပြ၍ မာနတံခွန် ထူတတ်သည်။ တရားတရား ဟောဖန်များ တရားထဲက ပါဠိရ၍ ဒါန အလွန်လှူတတ်သည်။" [၁၂၁၈-ခန့်] ဟံချုပ်။ ၂၃၉။
စကားစကား ပြောဖန်များ စကားထဲက ဇာတိပြ ဆိုသလို ကောင်းလျှင် ကောင်းသော ဇာတိ၊ မကောင်းလျှင် မကောင်းတဲ့ ဇာတိ ဆိုသလို ပေါ်လာမြဲ ဖြစ်ပေရာ…၊" [၁၃၁၇] စာဗိမာန်၊ ၄၊ ၂။ ၅၇။♦
၁၆၀။ စကားဆိုထွေ သူလိုစေ
သူတစ်ပါး နှစ်လိုဖွယ်သော စကားမျိုးကိုပြောဆိုအပ်သည်။ "သုံးပါးသော အပြီးအစီးကို လိုသော သူသည် လမိုင်းထားလေကျီများ စေ၊ စကားဆိုထွေ သူလိုစေ၊ ပေးကမ်းများထွေ နှံ့စပ်စေ၊" [၈၆၃] ကန်မင်း။ ၃။
စကားဆိုထွေသူလိုစေ၊ ပေးကမ်းများထွေ နှံ့စပ်စေဟူ၍လည်းကောင်း၊" [၁၁၅၂-ခန့်] ကျည်း။ ၁၁၃။♦
၁၆၁။ စကားနောက် တရားပါ
ပြောသည့်စကား၏ နောက်ကွယ်၌ သက်ရောက် အနက်သဘောတရားများ ပါသည်။ "မယားချင်း မိုးမွှန်အောင်ခေါ်သည်။ ဤသို့ ခေါ်ခြင်းမှာ အကျောကြီးနှင့် ခေါ်ခြင်းလော၊ စကားနောက် တရားပါ ခေါ်ခြင်းလောမသိ။"[၁၃၁၂] မေလေး။ ၁၅၃။
ရှင် အပြောသမားမှန်း ကျွန်မသိပါပြီ၊ စကားနောက် တရားပါမှ ကောင်းပါတယ်။ သင်္ကြန်အမြောက်လို အဆန်မပါဘဲ အသံသာမြည်နေမယ်ဆိုလျှင် အလကားပဲ။" [၁၃၃၂] ဓမ္မာ။ ၁၄၈။♦
၁၆၂။ စကားနည်း ရန်စဲ
ခိုက်ရန်ဖြစ်မည့် အခြေအနေမျိုးတွင် တစ်ယောက်ယောက်က စကားဆက်မပြောဘဲနေလိုက်ခြင်းဖြင့် ရန် ပြေငြိမ်းသွားနိုင်သည်။ "စကားနည်း ရန်စဲ အချိန်မဖြုန်းရအောင်ဆြိုပီး ငွေထုတ်ပေးလိုက်ရော။" [၁၂၉၉] သူရိယ။ ၆၂။
ဆရာဖေအနေဖြင့် စကားနည်း ရန်စဲသဘောမျိုးဖြင့် ရပ်တန်းကရပ် လိုက်ခြင်းသာ ဖြစ်သည်။" [၁၃၂၉] မြန်စာတိုက်ပွဲ။ ၂၀၅။♦
၁၆၃။ စကားများ အမှားပါ
စကားများများ ပြောလျှင် ပြောမှားဆိုမှား ဖြစ်တတ်သည်။ "စကားများလျှင် အမှားပါတတ်သည်ဆိုသောအတိုင်း နှုတ်၊ လျှာကိုများစွာ လှုပ်ရှားစေလျက် စကားများများ ပြောလေ့ရှိသောသူသည် အမှားပေါင်း များစွာနှင့် အခါခါ တွေ့ကြုံတတ်လေ၏။" [၁၂၉၁] နီမာ။ ၁၆၁။♦
၁၆၄။ စကားအပေါင်းအုပ်သည် ကတိ၊ တရားအပေါင်းချုပ်သည် သတိ
စကားအရာတွင် ကတိသည် အချုပ်ဖြစ်သကဲ့သို့ တရားအရာတွင် သတိသည် အချုပ်ဖြစ်သည်။ "စကားအပေါင်းကို အုပ်သည် ကတိ၊ တရားအပေါင်းကို ချုပ်သည် သိတ၊" [၁၁၅၂-ခန့်] ကျည်း။ ၈၀။♦
၁၆၅။ စကားအရာ အင်္ဂါလေးတန်
စကားအရာ၌ သုဘာသိတ၊ ပိယဝါစာ၊ သစ္စာ၊ ဓမ္မဟူ၍ အင်္ဂါလေးပါး ရှိသည်။ (သုဘာသိတ-ပြေပြစ်စွာ ပြောခြင်း။ ပိယဝါစာ-ချစ်နှစ်သက်ဖွယ် ပြောခြင်း။ သစ္စာ-ဟုတ်တိုင်းမှန်ရာ ပြောခြင်း။ ဓမ္မ-တရားသဖြင့် ပြောခြင်း။) "စကားအရာ၊ အင်္ဂါလေးတန်၊ ဆိုရန်ထောက်ချင့်၊ ဆိုလမ်းသင့်၍၊ နိမ့်မြင့်ဖွယ်ရာ၊ ခုသည်စာတွင်၊ စီသာပါကြောင်း၊" [၁၁၄၆] ရာမ၊ ပ။ ၁၃။
ပြောကပြေပြစ်၊ ချစ်နှစ်လို့ရန်၊ ဟုတ်မှန်ဖြောင့်သား၊ တရားညီစွာ၊ နီတိလာတိုင်း၊ အင်္ဂါလေးပုံ၊ ပြည့်စုံစကား၊ ခိုင်တည်ကြား၍၊" [၁၂၆၆] မဃ ၂၁၅။
သုဘာသိတ၊ ပိယဝါစာ၊ သစ္စာ၊ ဓမ္မဟူ၍ စကားအရာ အင်္ဂါလေးတန် ရှိလေသည်။" [၁၃၁၀] စကား(ဇော)။ ၈၅။♦
၁၆၆။ စနည်းကို တောင်၊ တဘောင်ကို မြောက်
တောင်အရပ်၌ ဖြစ်သော စနည်း၊ မြောက်အရပ်၌ ဖြစ်သော တဘောင်တို့သည် မှန်တတ်သည်။ "စနည်းကိုတောင်၊ တဘောင်ကိုမြောက်၊ အရပ်ဖောက်၍၊ ယူကောက် နှိုင်းညှိ၊ ဆိုရိုးရှိရှင့်၊" [၁၂၆၆] မဃ ၁၉၃။
စနည်းကို တောင်၊ တဘောင်ကို မြောက် ဆိုသည်နှင့်အညီ အမရပူရမြို့ တောင်မျက်နှာ ကောလီဓာတ် ကုန်းမော်တံခါးတွင် စနည်းနာခံရာတွင်၊" [၁၂၈၅] သုသော၊ ဆ။ ၂၀၄။♦
၁၆၇။ စပါး စကုဗြတ်၊ မယား တစ်ခုလပ်
စပါးတကာတွင် စကုနယ်မှ ထွက်သော ဗြတ်စပါးသည် အလွန် ကောင်းသည်။ မယားတကာတွင် တစ်ခုလပ်မယားသည် အိမ်ထောင်ဖက်အဖြစ် အလွန် ကောင်းသည်။ (ဆန်မှာ စကုဗြတ်၊ လူမှာတစ်ခုလပ်-ဟူ၍လည်း အဆိုရှိသည်။) "ကလီကမာ၊ မိန်းမယဉ်တကာ၊ ကြက်ကိုတောင်ပြန်၊ ဆနု်ကိ အိဗြတ်၊ ဆိုရိုးမှတ်ကြသည်၊ တစ်ခုလပ် နှစ်ခုလပ်၊ သုံးခုလပ် တစ်လင်ကွာ၊" [၁၁၄၆] ရာမ၊ ပ။ ၃၃။
ဆန်မှာလည်း စကုဗြတ်၊ လူမှာလည်း တစ်ခုလပ် အပြုအစုတတ် တယ်လို့ ဆိုတာ။ တစ်ခုလပ်ဘဝမှာ အင်မတန် ကောင်းပါတယ်ကွယ်ဟု ဆိုလေ၏။" [၁၂၇၉] မှာ၊ ပ။ ၉၃။♦
၁၆၈။ စပါးနှံ အဆန်ပြည့်၍ ငုံ့၊ လူကုံထံ စိတ်မာန်လျှော့၍ ကျုံ့
စပါးနှံသည် အဆန်ပြည့်လာလေလေ အောက်သို့ ငိုက်ကျလေလေ ဖြစ်သကဲ့သို့ ရာထူး ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအမြော်အမြင် ကြီးမားလေလေ မိမိကိုယ်ကို နှိမ့်ချလေလေ ဖြစ်သည်။ "စပါးနှံများဟာ အဆန်ပြည့်၍လာလေလေ အောက်သို့ ငိုက်ကျလေလေ ဖြစ်သကဲ့သို့ ဂုဏ်သရေရှိပြီး အနှစ်ပြည့်၍လာလေလေ နှိမ့်ချရလေလေပဲ။ စပါးနှံ အဆန်ပြည့်၍ ငုံ့၊ လူကုံထံ စိတ်မာန်လျှော့၍ ကျုံ့ လို့ ရှေးလူကြီးများ ပြောကြတယ်။" [၁၂၇၆] မြင့်၊ ဒု။ ၃၁၈။♦
၁၆၉။ စပါးလုံးများတော့ အစားခက်၊ စကားလုံးများတော့ အကြားခက်
ထမင်း ထဲတွင် စပါးလုံးများလျှင် အစားရ ခက်သည်။ စကားများလွန်းလျှင်လည်း နားမခံသာ ဖြစ်သည်။ "ပညာရှိတွေကပဲ၊ ဆင်ခြင်စဉ်းစားမိကြဖို့ ရှိရောပေါ့လေ။ စပါးလုံးများတော့ အစားခက်၊ စကားလုံးများတော့ အကြားခက် ဆိုသလိုပဲ ဖြစ်တော် မမူကြပါရန်…၊" [၁၂၈၃] လောကသာရ၊ ၂၊ ၁၃။ ၂၅။ ♦
၁၇၀။ စလယ်ဝင် ဖင်မမည်းခင်ကကွဲ
လေးလေးနက်နက် မစဉ်းစားဘဲ အလျင်စလို အိမ်ထောင်ပြုလျှင် အချိန်တိုတိုအတွင်း လင်မယား ကွဲတတ်ကြသည်။ "စလယ်ဝင် ဖင်မမည်းခင်က လင်မယား ကွဲကြပြီဆိုသလို အကြောင်း ဆက်၍မှ ရက်မလည်မီ လင်မယား ချစ်ခန်းပြတ်ပြီး…၊" [၁၂၇၉] စံသိုက်။ ၃၀။
စိတ်သဘောချင်း မညီမျှသူများ ဖြစ်ပါလျက် ပေါင်းဖက်မိကြတော့သည်။ စလယ်ဝင် ဖင်မမည်းခင်က ကြွဲကရမည်ကို လြူကီးသူမတို့သည် စိုးရိမ်ကြသည်။" [၁၃၃၇] တွင်းသင်း။ ၁၁၃။♦
၁၇၁။ စာတစ်လုံး ဘုရားတစ်ဆူ
အက္ခရာတစ်လုံးကိုပင် ဘုရားတစ်ဆူသဖွယ် အရေးထား လေးစားရသည်။ "စာတစ်လုံးကုိဘရားတစ်ဆူလောက် အမြတ်တနိုး ထားနိုင်မှလည်း လူဖြစ်ကျိုးနပ်မယ်၊ ယဉ်ကျေးတဲ့လူမျိုးလို့ ယူဆနိုင်မယ်။" [၁၃၂၄] ရှုမဝ၊ ၁၆၊ ၁၈၂။ ၃၆။
စာတစ်လုံး ဘုရားတစူ်ဆဟူသော အတွေးအခေါ်ဖြင့်လည်း စာပေကို ရိုသေလေးစားသော အစဉ်အလာရှိနေကြသည်။" [၁၃၄၂] ရှေ့သို့၊ ၁။ ၃။♦
၁၇၂။ စာတတ်ကို စာမှတ်ဖျက်သည်
စာတတ်သူကို စာအနည်းငယ်မျှ ဖတ်မှတ် သိရှိသူက ပညာစမ်းလိုသည့်သဘောဖြင့်ကတ်သီးကတ်သတ် မေးမြန်းသည့်အခါ မဖြေနိုင်သည်လည်း ရှိတတ်သည်။ "ပညာဝန်အမော် ပုဂ္ဂိုလ်ကျော်ကို တစ်လုံးတစ်ပါဒ တစ်ဂါထာမျှကို သိသူ ပုဂ္ဂိုလ်တစ်ဦးဦးက စုံစမ်းမေးမြန်းလာလျှင် မေးမြန်းတိုင်း ဖြေဆိုနိုင်မည် မဟုတ်ပေ၊ …ယင်းသို့ အဖြေမပေးနိုင်လျှင်ပင် …အထင်သေး၍ သွားပေတော့မည်။ ထို့ကြောင့် ရှေးသူဟောင်းတို့က စာတတ်ကို စာမှတ်ဖျက်သည်ဟု ဆိုရိုးပြုခဲ့ ကြသည်။" [၁၃၃၅] တိပါမြန်၊ စ၊ ကျမ်းဦး။♦
၁၇၃။ စာပေမြင့်မှ လူမျိုးမြင့်မည်၊ စာပေပျောက်က လူမျိုးပျောက်မည်
စာပေမြင့်မားတိုးတက်သော လူမျိုးတို့သာ အဆင့်အတန်း တိုးတက်မြင့်မားမည်၊ စာပေပျောက်ကွယ်ပါက လူမျိုးပါ တိမ်ကောပပျောက်မည်။ "
တွင် စာပေမြင့်မှ လူမျိုးမြင့်မည်၊ စာပေပျောက်က လူမျိုးပျောက်မည်ဟူ၍ ရှိပေသည်။ စာပေသည် လူမျိုး၏ အသက်သွေးခဲ ဖြစ်လေရာ စာပေ ပြည့်စုံရန်၊ ခိုင်မာရန်၊ တွင်ကျယ်ပြန့်ပွားရန် များစွာ လိုအပ်ပေသည်။" [၁၃၃၉] မြဝတီ၊ ၂၅၊ ၁၁။ ၁။♦
၁၇၄။ စာမတတ်လျှင် လမ်းမှာဖတ်
စာကို ကောင်းစွာ မဖတ်တတ်သေးလျှင် လမ်းမှာ တွေ့သမျှ စာကို ဖတ်ပါ။ မှားလျှင် ကြားရသူ လမ်းသွားလမ်းလာများက ပြင်ပေးခြင်းဖြင့် စာဖတ်တတ်လာမည်။ "စာမတတ်လျှင် လမ်းမှာဖတ်ရမည်တဲ့၊ မိမိ ဖတ်တာကို နေရာမကျလျှင် လမ်းသွားလမ်းလာတို့က ကြားခဲ့သော် မှန်ကန်အောင် ဖတ်စေရန် ပြောပြပါသဖြင့် စာဖတ်တတ်ကျွမ်းပါရော၊" [၁၂၉၅-ခန့်] လွယ်အိတ်။ ၂၀။♦
၁၇၅။ စာမှာ သဒ္ဒါ၊ ဂီတမှာ ဒုံး
သဒ္ဒါသည် စာ၏စည်း၊ ဒုံးသည် ဂီတ၏စည်းဖြစ်၍ သဒ္ဒါတတ်မှ စာတတ်သည်၊ ဒုံးနားလည်မှ ဂီတတတ်သည်။ "စာမှာ သဒ္ဒါ၊ ဂီတမှာ ဒုံးလို့တောင် အဆိုရှိတယ်၊ သဒ္ဒါတတ်မှ စာတတ်တယ်၊ ဒုံးတတ်မှ ဂီတတတ်တယ်ဆိုတဲ့ သဘောပေါ့၊" [၁၃၂၁] မြဝတီ၊ ၇၊ ၁၀။ ၈၇။♦
၁၇၆။ စာအစ နမောက
ရှေးက စာပေကျမ်းဂန် ရေးသားပြုစုသင်ကြားရာတွင် နမောတဿ၊ နမောဗုဒ္ဓါယစသော ဘုရားရှိခိုးဖြင့် ရှေးဦးစွာ စလေ့ရှိသည်။ "ရှေးယခင်က စာပေသင်ကြားကြရာတွင် စာအစ နမောက ဟူသော စကားအတိုင်း နမောတဿကစ၍ သင်သော်လည်း ထိုအခါ၌ အစဉ်အလာကို ဖျက်၍…၊" [၁၃၁၀] ဒဂုန်၊ ၂၂၊ ၁။ ၂၃၆။♦
၁၇၇။ စားစရာမရှိ လျော်စရာရှိ
စားစရိတ်ပင် မရှိစေကာမူ လျော်စရာ ငွေကြေး ကိုကား မရှိရှိအောင် ရှာကြံရသည်။ "အို၊ နင်တို့ စားစရာမရှိ လျော်စရှိာရရမတဲ့၊ ဒီလိုမှ မတတ်နိုင်ရင် ထောင်ကျပေါ့၊" [၁၃၀၈] ဂျာနယ်ကျော်၊ ၆၊ ၉။ ၁၉။
စားစရာမရှိသော်လည်း လျော်စရှိာရရသည်ဆိုသော စကားကဲ့သို့…၊" [၁၃၀၉] လက်ပြန်ရေး။ ၁၉၄။♦
၁၇၈။ စားရ ဝမ်းသာ၊ စေပါ ဝမ်းနည်း
အချို့သည် စားရသောအခါ ဝမ်းသာကြသော်လည်း စေခိုင်းခံရသောအခါ မကြည်မသာ ဖြစ်တတ်ကြသည်။ (စားရသော်ကား ဝမ်းသာ၊ စေပါသော်ကား မျက်လို-ဟူ၍လည်း အဆိုရှိသည်။) "စားရသော်ကားဝမ်းသာ၊ စေပါသော်ကားမျက်လို၊… စားလှည့်ခေါ်သော်၊ အော် အော် ပြေးချီး၊ လုပ်လှည့်ခေါ်သော်၊ ငံ့မျှော်တန့်တီး၊" [၈၆၃] ကန်မင်း။ ၂။
တချို့ကမူ၊ စားရဝမ်းသာ၊ စေပါဝမ်းနည်း၊ ကျော့ကျည်းမူနည်၊ ကွေ့လည်ကောက်ကျစ်၊ ကျင့်ညစ်သဘော၊ ဖြောင့်မချောဘူး၊" [၁၂၆၆] မဃ ၂၀၉။♦
၁၇၉။ စားလျှင် အသား၊ အိပ်လျှင် အား
အစားစားလျှင် အသား ဖြစ်သည်။ အိပ်ရေးဝလျှင် အား ဖြစ်သည်။ "စားလျှင် အသား၊ အိပ်လျှင် အား ဟုဆိုသော်လည်း ပကတိ အိပ်ရိုး အိပ်စဉ်နှင့် အခွင့်ကောင်းသောအခါတို့၌သာ…၊" [၁၂၉၅] ဒဂုန်၊ ၁၄၊ ၁၆၀။ ၂၈၁။♦
၁၈၀။ စားသော် အတန်၊ ပေးသော် အလွန်
စားသုံးရာ၌ မျှတရုံ စားသုံးသင့်သည်။ ပေးလှူရာ၌မူ အမွန်အမြတ်ကို ပေးလှူသင့်သည်။ "စားသော်အတန်၊ ပေးဟန်အလွန်၊" [၈၅၀-ခန့်] ပကိဏ်။ ၄။
စားသော်အတန်၊ ပေးသော်အလွန်၊ စကားမွန်ကို မှတ်ကုန်မင်း၊" [၈၆၃] ကန်မင်း။ ၁၆၉။♦
၁၈၁။ စေတနာ ဝေဒနာဖြစ်
စေတနာဖြင့် ပြုလုပ်သော အမှုသည် တစ်ခါတစ်ရံ ရည်ရွယ်သလို ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးဖြစ်သွားသည်။ "စေတနာကောင်းလျက် လုပ်နည်းမှားနေလျှင်ကား အကျိုးထက် အပြစ် ပို၍ လေးနေမည်ဖြစ်သဖြင့် နောင်ခါမှ အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းနှင့်တွေ့၊ စေတနာ ဝေဒနာဖြစ်စသည်ဖြင့် … သတိ သံဝေရရ ဖြစ် မနေအပ်ပေ။" [၁၃၁၅] လူအနှစ်။ ၁၅၀။
ကျွန်တော့်စေတနာသည် ဝေဒနာဖြစ်ခဲ့ရပါပြီ၊ အသက်ပေးချစ်ကြတဲ့ ချစ်သူနှစ်ဦး တစ်သက်လုံး စိတ်ဆင်းရဲအောင် ကျွန်တော် ပြုမိခဲ့ပေပြီ။" [၁၃၄၃] မြဝတီ၊ ၂၉၊ ၈။ ၄၆။♦
၁၈၂။ စေသည့်ကျွန်၊ ထွန်သည့်နွား
အခိုင်းအစေခံ ကျေးကျွန်သည်လည်းကောင်း၊ လယ်ထွန်သည့် နွားသည်လည်းကောင်း အရှင်သခင်၏ စေခိုင်းရာကို ကျိုးနွံစွာ လုပ်ဆောင်ရမြဲ ဖြစ်သည်။ "ကျုပ်တို့မှာကား၊ စေသည့်ကျွန်၊ ထွန်သည့်နွား၊ မင်းဖျားရာဇာ၊ စိတ် မသာက၊ ပေယျာလကန်၊ နေရပ်ဌာန်သို့၊ ပြန်ရရုံသာ၊" [၁၁၈၁] ဒေဝ ၃၀။
စေကျွန်ယောက်ျား၊ ထွန်သည့်နွားသို့၊ သွားရတုံဘိ၊ ပြစ်မရှိတည့်၊" [၁၂၆၆] မဃ ၂၀၇။♦
၁၈၃။ စေ့စေ့တွေး ရေးရေးပေါ်
တစေ့စေ့ စဉ်းစားလေလေ တရေးရေး ပေါ်လာ လေလေ ဖြစ်သည်။ "စေ့စေ့တွေး ရေးရေးပေါ်ဆိုတာလို စူးစူးစိုက်စိုက်နှင့် ဉာဏ်လိုက်အောင် တွေးရင် တဖြည်းဖြည်း ပေါ်လာကြလိမ့်မယ်။" [၁၂၉၆] မဉ္ဇရီ၊ မ။ ၉၁။♦
၁၈၄။ စံပယ်ကောင်းလျှင် ပန်ချင်သူများသည်၊ အရွယ်ကောင်းလျှင် ကြံချင်သူများသည်
စံပယ်ပန်းလှလှကလေးများကို ပန်ချင်သူ များသကဲ့သို့ အသက် ငယ်ရွယ်ပျိုမျစ်သူကို အပိုင်ကြံချင်သူ များသည်။ "စံပယ်ကောင်းလျှင် ပန်ချင်သူများ၊ အရွယ်ကောင်းလျှင် ကြံချင်သူများဆိုတဲ့ စကားအတိုင်း မယ်စန္ဒာကလေးမှာ ရုပ်ရည်ကလည်းချော၊ အလိမ္မာ သဘောကလည်းမြင့်၊ အရွယ်ကလေးကလည်း သင့်နေတော့ မျှော်လင့်သူတွေ အလွန် များပေမပေါ့။" [၁၂၇၈] သာရီ၊ စ။ ၁၈၃။
စံပယ်ကောင်းလျှင်ပန်ချင်သူများသည်၊ အရွယ်ကောင်းလျှင် ကြံချင်သူများသည်ဆိုတဲ့ စကားပုံအတိုင်း… အဆင်းနှင့်အရွယ် နှစ်သွယ် လောက်လုံ၍ စွယ်စုံသဘောအားဖြင့် ညီညွတ်နေတဲ့အတွက် အမျိုးတူ ဂုဏ်တူဖြစ်တဲ့ လုလင်ပျို များက လိုလားနှစ်သက်ကြသဖြင့်…၊" [၁၂၈၈] ထေရီ၊ ပ။ ၂၁။♦
၁၈၅။ စိုးနိုင်သော်လည်း ပိုင်ခဲသည်
အုပ်စိုးခွင့်ရသည်ဆိုသော်လည်း မိမိဆန္ဒအတိုင်း ပိုင်ပိုင်နိုင်နိုင် လုပ်ပိုင်ခွင့်မရချေ။ "စိုးနိုင်သော်လည်း ပိုင်ခဲသည် ဟူဘိသို့ နောက်ဆုံးမှာ တို့ဗမာပြည်အတွင်း အင်္ဂလိပ်ဗြိတိသျှပါလီမန်၏ ဩဇာအာဏာတန်ခိုးသာလျှင် အတည်ဖြစ်ရလေသည်။" [၁၃၀၀] ခင်ကာ။ ၁၆၇။
အခုတော့ စိုးနိုင်သော်လည်း ပိုင်ခဲသည် ဆိုသလို မပိုင်ဝက်မွေး နေရသေးလို့ပေါ့၊" [၁၃၁၄] ဆောင်း။ ၉၆။♦
၁၈၆။ စက္ခု ရူပေန သံဝါသာ
ချစ်ခြင်းအစ မျက်စိက - နှင့် အတူတူ။ (စက္ခုရူပေန သံဝါသာ- စက္ခုနှင့်ရူပါရုံ ပေါင်းဆြုံခင်းကြောင့်…ရာဂပုတံ-္တ ရာဂတည်းဟူသောသားကို၊ ဝိဇယတေ- ဖွားမြင်၏။) "စက္ခု ရူပေန သံဝါသာ၊ ရာဂပုတ္တံ ဝိဇာယတိ။…စက္ခု- ပသာဒကြည် ဌာနမှီ၍ ထိုဤကြည့်ရှု နာမ်စက္ခုသည်၊ ရူပေန- အလိုအကြိုက်ကိုယ်စရိုက်မှာ ထိခိုက်တိုက်ဆုံ ရူပါရုံနှင့်၊ သံဝါသာ- အကြောင်းတော်ရင်းပေါင်းဖော်ခြင်းကြောင့်၊ ရာဂပုတ္တံ-လောဘမူအလား တူမခြားဘဲ လိုလားတတ်လှ သားရာဂကို၊ ဝိဇာယတိ- ပိုက်သိမ်းနေ့ည မငြိမ်းရအောင် ထိန်းမပစေ ဖွားမြင်လေ၏။"[၁၂၇၆] ဝဘေ။ ၂၁၃။♦
၁၈၇။ စင်ကောင်းသော် ဖရုံကောင်း၏၊ အရှင်ကောင်းသော် ကျွန်ကောင်း၏
စင်ကောင်းလျှင် ဖရုံသီး များများ တင်သကဲ့သို့ အရှင်သခင်ကောင်းစားလျှင် ကျေးကျွန် များလည်း ကောင်းစားကြသည်။ "မင်းရာဇာလည်း … အရှင့်သား၊ အရှင်မကောင်းသောအခါ ဆင်းရဲ ခံပါပေသောသူတို့သည် အရှင်ကောင်းသော် ကျေးဇူးကို စံပါရလေမြဲ၊ သူတို့ ဥပမာပြုသည်ကား စင်ကောင်းသော် ဖရုံကောင်း၏၊ အရှင်ကောင်းသော် ကျွန်ကောင်း၏၊" [၁၁၄၃] ဏိပုံ။ ၁၁၁။♦
၁၈၈။ စောင်ဖြူ စောင်ကျား ခြုံလို့ မလုံ၊ မေတ္တာခြုံမှလုံ
လူအချင်းချင်း မေတ္တာထားမှ ဘေးရန်ကင်းရှင်းမည်။ "လူချင်းကို ပေါင်းသင်းက မေတ္တာသာ အကြောင်းရင်းဆိုတာလိုပဲ၊ စောင်ဖြူခြုံလို့ မလုံနိုင်ဘူး၊ မေတ္တာခြုံမှလုံနိုင်သတဲ့ရှင်၊" [၁၂၆၄] မိုင်းမြန်ပြ။ ၃၁၆။
စောင်ဖြူ စောင်ကျား ခြုံလို့ မလုံ၊ မေတ္တာခြုံမှလုံမယ်။ မေတ္တာ တန်ခိုးကြောင့် ပစ်ခတ်သမျှ လက်နက်မိုးသော်မှ အမျိုးမျိုး ပပျောက်ကြရတယ်။" [၁၃၀၉] ဒဂုန်၊ ၂၁၊ ၅။ ၃၁။♦
၁၈၉။ စောင်းဆရာနှင့်၊ ယားနာပွေးကွက်၊ ပါဒရက်က၊ ပုရွက်ပလူ၊ အနူပြဒါး၊ ပေါင်းရှစ်ပါး
စောင်းဆရာ၏ စောင်းကြိုးများ လျော့လာခြင်း၊ ယားနာ ပွေးနာရှိသူတို့ အနာထ၍ သိသိသာသာ ယားယံလာခြင်း၊ ပါဒရက်နာရှိသူတို့ ခြေလက် ပိုမိုကိုက်ခဲလာခြင်း၊ ပုရွက်ဆိတ်များ အုပ်လိုက် တရွရွ သွားလာ လှုပ်ရှားခြင်း၊ ပလူကောင်များ ထွက်ခြင်း၊ အနာကြီးရောဂါရှိသူများ ရောဂါကြွလာခြင်း၊ ပြဒါးကျုံ့ခြင်းတို့သည် မိုးရွာမည့်နိမိတ်ရှစ်ပါး ဖြစ်သည်။ "စောင်းဆရာနှင်၊့ ယားနာပွေးကွက်၊ ပါဒရ်ကက၊ ပုရွ က်ပလူ၊ အနူပြဒါး၊ ပေါင်းရှစ်ပါး။" [၁၁၉၅] မုံမှတ်။ ၅၉။
စောင်းဆရာနှင်၊့ ယားနာပွေးကွက်၊ ပါဒရ်ကက၊ ပုရွ က်ပလူ၊ အနူပြဒါး၊ ပေါင်ရှစ်ပါး…တို့သည် မိုးရွာတော့မည်ကို ကြိုတင်၍ သိကုန်၏။" [၁၃၄၂] ရာဘင်။ ၁၈၉။♦
၁၉၀။ စစ်ကိုင်း ထောင်သင်း၊ စလင်း လက်ယာ၊ ပြည်မှာ နဝဒေး
စာဆိုတော် ပထမနဝဒေးသည် စလင်းတွင် အမှုတော်ထမ်းစဉ် မင်းလက်ယာဘွဲ့ကိုလည်းကောင်း၊ စစ်ကိုင်းတွင် အမှုတော်ထမ်းစဉ် ထောင်သင်းမှူးဘွဲ့ကိုလည်းကောင်း၊ ပြည်တွင် အမှုတော်ထမ်းစဉ် နဝဒေးဘွဲ့ကိုလည်းကောင်း ရသည်။ "စစ်ကိုင်း ထောင်သင်း၊ စလင်း လက်ယာ၊ ပြည်မှာ နဝဒေးဟူ၍ ဆိုစကုန်သည်။" [၁၁၉၂] ဝေါလီ။ ၃၂၈။
စစ်ကိုင်း ထောင်သင်း၊ စလင်း လက်ယာ၊ ပြည်မှာ နဝဒေး ဆိုတာ လူ ၃ -ယောက်မဟုတ်ဘူး၊ တစ်ယောက်တည်းက ဘွဲ့မည်ရည် ၃-မျိုးရနေတာ၊" [၁၃၃၂] စာအား။ ၁၅၆။♦
၁၉၁။ စစ်ကိုင်းအနောက်၊ အုတ်ကျောက်စုရာ၊ မသာပေလော
ဖဝါးစတွန်း တိုင်းရာတွင် တန်ခူးလ၌ သုံးဖဝါး၊ ကဆုန်လ၌ နှစ်ဖဝါး၊ နယုန်လ၌ တစ်ဖဝါး၊ ဝါဆိုလ၌ သုညဖဝါး၊ ဝါခေါင်လ၌ တစ်ဖဝါး၊ တော်သလင်းလ၌ နှစ်ဖဝါး၊ သီတင်းကျွတ်လ၌ သုံးဖဝါး၊ တန်ဆောင်မုန်းလ၌ လေးဖဝါး၊ နတ်တော်လ၌ ငါးဖဝါး၊ ပြာသိုလ၌ ခြောက်ဖဝါး၊ တပို့တွဲလ၌ ငါးဖဝါး၊ တပေါင်းလ၌ လေးဖဝါးတွင် မွန်းတည့်သည်။ (စစ်=၃၊ ကိုင်း=၂၊ အ=၁၊ နောက်=ဝ၊ အုတ်=၁၊ ကျောက်=၂၊ စု=၃၊ ရာ=၄၊ မ=၅၊ ၆၀ သာ=၆၊ ပေ=၅၊ လော=၄။) (စစ်ကိုင်းအနောက်၊ အုတ်ကျောက်စုရာ၊မှတ်သားပါလော့ ။စကားအတည်၊ အောင်ကျော်စည်၊ ရွှေပြည်သူမြတ်လေး -ဟူ၍လည်း အဆိုများရှိသည်။) "စကားအတည်၊ အောင်ကျော်စည်၊ ရွှေပြည်သူမြတ်လေး။ ဖဝါးတိုရှည်၊ စတွန်းမည်၊ ယင်းသည်ပုံနှင့်ပေး။" [၁၁၁၃] ကဝိသတ် ၁၆၀၃၊ ၁၆၀၄။
စစ်ကိုင်းအနောက်၊ အုတ် ကျောက်စုရာ၊ှမ်တသားပါလော့။ ဤလင်္ကာ ဖြင့် မွန်းတည့်ဖဝါး တိုင်းကြ၏။" [၁၃၂၉] မြန်မှုထွေ။ ၁၅၁။♦
၁၉၂။ စစ်ခံ တစ်ရာ၊ စစ်လာ တစ်ထောင်
ခံစစ်အင်အားတစ်ဆသည် တိုက်စစ် အင်အားဆယ်ဆခန့်နှင့် ညီသည်။ မြို့စီး တစ်ရာ၊ မြို့လာ တစ်ထောင်-နှင့် အတူတူ။ "စစ်ခံ တစ်ရာ၊ စစ်လာ တစ်ထောင် ဟူသကဲ့သို့ မိမိတို့ဂဠုန်တပ်သားများမှာ လာသမျှ အစိုးရစစ်တပ်ကို ရှေ့သို့ ထွက်၍ တိုးမတက်လာနိုင်အောင်ခုခံ တိုက်ခိုက်နိုင်သော်လည်း…၊" [၁၂၉၇] ကျိုးဆောင်။ ၄၇။♦
၁၉၃။ စိတ္တေ န နိယျတေ လောကော
သတ္တဝါအားလုံးသည် စိတ်ဆွဲဆောင်ရာသို့ ပါကြရသည်။ (စိတ္တေန-စိတ်သည်၊ လောကော-လောကကို၊ နိယျတေ- ဆွဲဆောင်အပ်၏။) "စိတ္တေန နိယျတေ လောကောဆိုတဲ့ သဘောအတိုင်း စိတ်ထက် ဆန်းကြယ်တာ ဒီလောကမှာ မရှိတော့ဘူး၊" [၁၃၁၅] မြဝတီ၊ ၁၊ ၄။ ၅၉။
စိတ္တေန နိယျတေ လောကော စိတ်သည် တစ်လောကလုံးကို လိုရာပါအောင် ဆောင်ကြဉ်းသည်ဆိုတာကလည်း စိတ်ရဲ့တန်ခိုးသတ္တိကို ဖော်ပြတဲ့စာပဲ။" [၁၃၃၉] လူရည်။ ၁၇၉။♦
၁၉၄။ စိတ် တစ်ခုယုတ် ကိုးဆယ်၊ အကျယ် တစ်ရာနှစ်ဆယ့်တစ်
စိတ်သည် အာရုံကို သိခြင်းလက္ခဏာအားဖြင့် တစ်မျိုးတည်းပင် ရှိသော်လည်း အကျဉ်းအားဖြင့် ရေတွက်လျှင် ၈၉-ပါး၊ အကျယ်အားဖြင့် ရေတွက်လျှင် ၁၂၁-ပါးရှိသည်။ "အရှင်အနုရုဒ္ဓါသည်… အစရှိသော ဂါထာကို မိန့်တော်မူသည်…စိတ် တစ်ခုယုတ် ကိုးဆယ်၊ အကျယ် ၁၂၁-ပါး၊ အပြား စေတသိက် ၅၂- ပါး အပြားတည်း၊" [၁၂၉၆] သင်္ဂြိုဟ်။ ၄၄၃။♦
၁၉၅။ စိတ်ထားတတ် မြတ်
စိတ်သဘောထား ကောင်းမွန်စွာ ထားတတ်ပါက မိမိအတွက် ကောင်းကျိုးအမြတ် ရနိုင်သည်။ "စိတ်ထားတတ် မြ်တသည်ဆိုတဲ့အတိုင်း ဘယ်လိုပင် ကျပ်သော်လည်း စိတ်ထားတတ်လျှင် မြင့်မြတ်တဲ့ ကုသိုလ်အထုပ်ကို ပြုလုပ် ဆည်းပူးနိုင်တယ်။" [၁၂၇၈] သာရီ၊ ဆ။ ၁၃၁။♦
၁၉၆။ စိတ်ထောင်း ကိုယ်ကြေ
စိတ်ပင်ပန်းမှု၊ စိတ်ပူပန်မှုများ ဖြစ်ပေါ် ခံစားနေရပါက ခန္ဓာကိုယ်သည်လည်း အင်အားဆုတ်ယုတ်ကာ ပိန်ချုံးလာသည်။ စိတ်ပျို ကိုယ်နု-နှင့် နှိုင်းယှဉ်။ "စိတ်ထောင်းလျှင ်ကိုယ်ကြေသည်ဟူသော စကားအတိုင်း မောင်ဘလွင်၏ အတွင်းသန္တာန် လောင်လျက်တည်သော မီး၏အဟုန်သည် အပကိုယ်ကာယ ကိုပင် အရှိန်လွှမ်းအုပ်လာသဖြင့် ခမျာမှာ အစားအသောက် ပျက်ပြီးလျှင် အနည်းငယ် ပိန်ချုံး၍၊" [၁၂၈၀] ဘလွင်။ ၁၅၄။
စိတ် ထောင်း၍ ကိုယ်ကြေ၊ ကိုယ်နေကလည်း မကောင်း၊ စားမကောင်း အိပ်မပျော်သဖြင့် မြဒင်မှာ တစ်စတစ်စ အင်အားဆုတ်ယုတ် ရုပ်အဆင်း မှေးမှိန်ပြီးလျှင်…၊" [၁၂၉၆-ခန့်] မောင့်တွက်။ ၃၀။♦
၁၉၇။ စိတ်ပျို ကိုယ်နု
စိတ်နှလုံး ကြည်လင်လန်းဆန်းနေလျှင် ကိုယ်လည်း ကျန်းမာနုပျိုသည်။ စိတ်ထောင်း ကိုယ်ကြေ-နှင့် နှိုင်းယှဉ်။ "စိတ်နှလုံး၏ ရွှင်ပြုံးလတ်ဆတ်ခြင်းမှာ ရုပ်ကို နုပျိုလှပစေနိုင်သဖြင့် အာယုဝနဆေးကို စားရသည်နှင့်မခြား ဖြစ်လေသည်။ စိတ်ပျိုကိုယ်နုဆိုသော စကားမှာလည်း ဤအကြောင်းကို ရည်ရွယ်၍ ဆိုသောစကား ဖြစ်လေရာ…၊" [၁၃၀၁] ကြီးပွားရေး၊ ၇၊ ၁၁။ ၃၇။စိတ်ပျော်ရွှင်မှုကြောင့် စိတ် ပျိုလျှင် ကိုယ်နုဆိုသည့်အတိုင်း အသားအရေ တွေလည်း နုပျိုလာတတ်၏။" [၁၃၂၈] စိတ်အရသာ။ ၉၇။♦
၁၉၈။ စိတ်ရှိ ကန့်ပလူ၊ စိတ်မရှိ ကြက်သွန်ဖြူ
အမျိုးသမီးသည် စိတ်အကြိုက် တွေ့၍ လိုလားနှစ်သက်သူအား မွှေးသော ကန့်ပလူဥကို ပေး၏။ စိတ်အကြိုက် မတွေ့၍ မလိုလားမနှစ်သက်သူအားမူ နံသော ကြက်သွန်ဖြူဥကို ပေး၏။ (လိုလျှင် ကန့်ပလူ၊ မလိုလျှင် ကြက်သွန်ဖြူ-ဟူ၍လည်း အဆိုရှိသည်။) "စိတ်ရှိ ကန့်ပလူ၊ စိတ်မရှိ ကြက်သွန်ဖြူ၊" [၁၁၅၂-ခန့်] ကျည်း။ ၆၀။
နှစ်သက်သဘောကျသော အမျိုးသား ဖြစ်ပါက ကန့်ပလူဥနှင့် ကျောက်ပြင်ကို ထုတ်ပေး၏။ လူးကြ၊ လိမ်းကြ၏။ ထိုသည်ပင် နှစ်သက်ကြောင်း သိအပ်၏။ လိုလျှင် ကန့်ပလူ၊ မလိုလျှင် ကြက်သွန်ဖြူ ဟူ၍လည်း အနံ့နှင့် ပတ်သက်၍ စကားပုံဆိုရိုး ရှိကြ၏။" [၁၃၁၇] ပုံပြဆေး၊ ပ။ ၁၂၃။♦
၁၉၉။ စိတ်သာ ရှင်စော ဘုရားဟော
အရာရာတွင် စိတ်သာလျှင် ပဓာန ဖြစ်သည်ဟု ရှင်တော်မြတ်ဘုရား ဟောကြားခဲ့သည်။ "စိတ်သာ ရှင်စော ဘုရားဟော ဆိုတဲ့အတိုင်း ဒါနအရာမှာ စေတနာ လိုရင်းပါပဲ။ စေတနာရှိခဲ့ပါလျှင် လှူစရာတွေ မရှားလှပါဘူး။ အချို့အချို့ သူဌေးကြီး များမှာ လှူဖွယ်ဝတ္ထုတွေ တောင်လိုပုံ၍ အစုံအလင် ပေါများသော်လည်း စေတနာမွဲခြောက်လို့ လှူချင်စိတ် မပေါက်ရှာကြဘူး။" [၁၂၇၈] သာရီ၊ ပ။ ၁၈၇။ရှေးအခါက မျက်စိအလင်းမရသော စက္ခုပါလမထေရ်သည် စင်္ကြံသွားသည့်အခါ ပိုးသတ္တဝါတို့ကို နင်းမိသည်။ ထိုအခြင်းအရာကို မြင်သော ရဟန်းများသည် မြတ်စွာဘုရားအား "ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ စက္ခုပါလမထေရ်သည် စင်္ကြံသွားသည်ဟူ၍ များစွာသော ပိုးသတ္တဝါတို့ကို သတ်ဘိ၏"ဟု လျှောက်ထားကြ၏။ မြတ်စွာဘုရားက "စက္ခုပါလမထေရ် သတ်သည်ကို သင်တို့မြင်သလော"ဟု မေးတော်မူရာ ရဟန်းများက "မမြင်ပါ ဘုရား"ဟု လျှောက်ထားကြသည်။ ထိုအခါ မြတ်စွာဘုရားက "ချစ်သားရဟန်းတို့၊ သင်တို့သည် စက္ခု ပါလမထေရ် သတ်သည်ကို မမြင်ကြသည့်အတူသာလျှင် စက္ခုပါလ မထေရ်သည်လည်း ထိုပိုးသတ္တဝါတို့ကို မမြင်၊ ရဟန္တာပုဂ္ဂိုလ်တို့မှာ သေစေလိုသော စေတနာမရှိ" ဟု မိန့်တော်မူသည်။ စင်္ကြံကြွခိုက် ပိုးပရန် တစ်သိုက်ကို နင်းမိသဖြင့် သေကျေပျက်စီးပါသော်လည်း သေစေလိုသောစိတ်စေတနာ မရှိသဖြင့် အပြစ်ကင်း၏ဟု အရာရာတွင် စိတ်သာလျှင် ပဓာန ဖြစ်ပုံကို ဟောကြားတော်မူသည်။ ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ၊ ယမကဝဂ်၊ ၁ - စက္ခုပါလမထေရ်ဝတ္ထု။♦
၂၀၀။ စိန်ကဲ ကျောက်ကဲခတ်ရန် လွယ်သည်၊ လူကဲခတ်ရန် မလွယ်
စိန်ကျောက် တို့၏အရည်အသွေးကို အကဲခတ်ရသည်ထက် လူတို့၏စိတ်ကို အကဲခတ်ရသည်က ပို၍ ခက်ခဲသည်။ "လူတို့၏ စိတ်သဘောအမူအရာသည် သိသာရန် လွန်စွာ ခက်ခဲသဖြင့် စိန်ကဲ ကျောက်ကဲကိုသာ ခတ်နိုင်ဖို့ လွယ်၏။ လူရည်လူကဲကိုကား ခတ်ရန်ခဲယဉ်းလှ၏။" [၁၂၈၀] ပွဲမြ။ ၁၆။
စိန်ကဲ ရွှေကဲ၊ ထိုနှစ်ကဲထက်၊ လူအကဲခတ်၊ လွန်ခဲကတ်၏ဆိုသော စကားအတိုင်း…အမျိုးမျိုးသော လူတို့ကို ဆက်ဆံတွေ့ကြုံ နေရမည်ဖြစ်ရာ…၊" [၁၃၂၂] ဟံချုပ်၊ နိဒါန်း။ ပ။♦
၂၀၁။ စိန် အမှောင်၊ ကြောင် အလင်း
စိန်သည် အလင်းရောင်အားနည်းသော နေရာ၌ ပိုမို တောက်ပသည်။ ကြောင်ကျောက်သည် အလင်း၌ ပိုမို တောက်ပသည်။ "စိန်ကု ိအမှောင်၊ ကြောင်ကို အလင်း၊ မင်းကိုအကြိုက်၊ လိုရာလိုက်လျက်၊" [၁၂၆၆] မဃ ၃၆၇။
စိန် အမှောင်၊ ကြောင် အလင်း ဟူသောစကားအရ စိန်ကောင်း တစ်လုံး ကို အနည်းငယ် အလင်းရောင်မှ ကွယ်၍ ကြည့်သောအခါ ပြိုးခနဲ ပြက်ခနဲ နှင့် မီးတောက်သလို တောက်ပလေသည်။" [၁၃၁၅] စာဗိမာန်၊ ၂၊ ၇။ ၄၇။
ကြောင်ကျောက်များကို နေရောင်အလင်းရောင်နှင့် ကြည့်ပါက ကြိုးများ ပို၍ မြူးထူးတောက်ပခြင်းကို အကြောင်းပြု၍ ကျောက်ကုန်သည်များက စိန်အမှောင်၊ ကြောင် အလင်းဟူ၍ ဆိုရိုးစကား ရှိပါသည်။" [၁၃၃၃] ကျောက်မျက် ရတနာ။ ၂၁၃။♦
၂၀၂။ စွပ်လျှင်အစား၊ ကွယ်မှားထမ်းပိုး
[ဓမ္မသတ်]ပစ္စည်း မအပ်နှံဘဲလျက် အပ်နှံသည်ဟု ယိုးစွပ်သော် ယိုးစွပ်သူက ယိုးစွပ်ရင်းအတိုင်း ပေးလျော်ရ၏။ ဥစ္စာ အပ်နှံပါလျက် မအပ်နှံဟု ကွယ်ဝှက်ပြောဆိုသော် သိမြင်သူ ပြနိုင်လျှင်သော်လည်းကောင်း၊ သုံးဆောင်သော အရာကို သိမြင်သူ ရှိလျှင်သော်လည်းကောင်း ဥစ္စာလက်ခံသူက နှစ်ဆတက် ပေးလျော်ရ၏။ "စွပ်လျှင်အစား၊ွကယ်မှားထမု်းပိး၊ ခိုးလျှင်အတက်၊ ယိုးလျှင်ဝက်တည့်၊" [၁၁၄၅] သာဓိ ၃၆။
ယွင်းဖောက်အင်္ဂါ၊ မနှံပါဟု၊…ပြစေသိသူ၊ မှန်၏ဟူက၊ ကွယ်သူ နှစ်ဆ၊ စစ်မရလည်း၊ ဥစ္စာ့သခင်၊ စွပ်လျှင်အစား၊" [၁၂၃၇] အဍ္ဍလင် ၆။♦
၂၀၃။ ဆရာကောင်းတပည့် ပန်းကောင်းပန်
ဆရာကောင်း၏ သင်ပြဆုံးမခံရသော တပည့်သည် အရည်အချင်းပြည့်ဝကာ လူပုံအလယ်၌ တင့်တယ်သည်။ "ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသော စကားအတိုင်း ပထမကျော် တည်းဟူသော ဂုဏ်၊ ထွန်းရှိန်ဟူသော ကောင်းသည့် နာမပညတ်ကလေးကို အလွဲသုံးစားမလုပ်ဘဲ လိမ္မာယဉ်ကျေးစွာနှင့်…၊"[၁၃၁၀] ဂျာနယ်ကျော်။ ၁၁။
ဆရာကောင်းတပည့် ပန်းကောင်းပန်ဟူသော စကားကဲ့သို့ တပည့်ကောင်း ပီသစွာ ခေါင်းဆောင်၍ ပွဲအမျိုးမျိုးတီးခဲ့ရာ၌…၊" [၁၃၂၄] တူရိယာ။ ၁၂။♦
၂၀၄။ ဆရာခံသတ် ဓားမချပ်
ဓားမချပ်ခေါ် ခါးနောက်ပိုင်းနေရာကို ထိုးကွင်း ထိုးသည့်အခါ ထိုးကွင်းဆရာကို ခံသတ်ချင်လောက်အောင် နာကျင်လှသည်။ "ဆရာခံသတ် ဓားမချပ် …ထန်းသမား၏ ထန်းလှီးဓားနှင့် ထိကပ်နေသော နေရာကို ဓားမချပ် ခေါ်သည်။ ၎င်းနေရာကို ထိုးသောအခါ နာလွန်းသဖြင့် ထိုးကွင်းဆရာကိုပင် ရန်မူတော့သည်။" [၁၃၄၈] ထိုးကွင်း။ ၁၁၃။♦
၂၀၅။ ဆရာနှစ်ပါး၊ အယူပြား၊ နောက်သားခက်စရာ
ဆရာတင်ထိုက်သော ပုဂ္ဂိုလ်နှစ်ဦး အယူအဆ ကွဲပြားပါက တပည့်သားမြေးတို့ မည်သူ့နောက်လိုက်ရမည် မသိ ဖြစ်သည်။ "ဆရာနှစ်ပါး၊ အယူပြား၊ နောက်သားခက်စရာ ဆိုသော စကားကဲ့သို့ ဧရာမပုဂ္ဂိုလ်ကြီးနှစ်ဦး ကွဲပြားနေသောအရာဖြစ်၍ သာမန်လူတို့ စေ့စပ်ခြင်းငှာ လည်း ခဲယဉ်းလှပေ၏။" [၁၃၀၂] ကြီးပွားရေး၊ ၈၊ ၇။ ၇၄။♦
၂၀၆။ ဆရာများ သားသေ
မလိုအပ်ဘဲ ဆေးဆရာအမျိုးမျိုး၏ကုသမှုကို ခံယူ မိသဖြင့် သားလူနာ သေဆုံးရသည်။ ဆရာများ သားသေ - စကားပုံလည်းရှု။ "ဆရာများ သားသေ ဆိုသော စကားကဲ့သို့ ဆရာများသည့်အတွက်ပင် သားမသေသော်လည်း သေသည်နှင့်မခြား အောက်ပိုင်းသိမ်၍သွားရာ…၊" [၁၂၉၈] ခင်လေးတို။ ၇၄။
ကလေးကို ကုတာက ဆရာစုံလှပါပကော၊ ဆရာများ သားသေ ဆိုတာလို ဖြစ်နေဦးမယ်။" [၁၃၃၄] အမေ။ ၅၄။♦
၂၀၇။ ဆရာလွှတ်တော့ ရိုင်း၊ မျဉ်းလွှတ်တော့ ကိုင်း
မျဉ်းကြောင်းကို အားမကိုးဘဲ စာရေးလျှင် စာကြောင်းများ မဖြောင့်မတန်း ဖြစ်တတ်သကဲ့သို့ ဆရာကောင်းကို မမှီဝဲမဆည်းကပ်သူသည် ရိုင်းစိုင်းတတ်သည်။ "ဆရာကောင်းကို မဝှီဲဆည်းကပ်ပါလေ။ ဆရာကို လက်မလွတ်ပါစေလင်။့ ဆရာမပြ နည်းမကျ ဟူ၍လည်းကောင်း၊ ဆရာလတွှ်တော့ ရိုင်း၊ မျဉ်းလွှတ်တော့ ကိုင်းဟူ၍လည်းကောင်း လောကစကားပုံများလည်း အထင်အရှားပင် ဖြစ်တော့၏။" [၁၂၉၇] ဟံ၊ ၁။ ၄၃၂။♦
၂၀၈။ ဆရာ့ထက် တပည့်လက်စောင်းထက်
တပည့်ဖြစ်သူက ဆရာ့ထက်အစွမ်းထက်နေသည်။ "ဒီတပည့်မျိုးကတော့ဆရာထက်တောင်လက်စောင်းထက်ပါတယ်။" [၁၂၉၃] မဟာဆန်။ ၇။
မင်းသားအပေါ် မူတာနွဲ့တာမှာတော့ အောင်ဗလက ဒေါ်ထွေးလေးထက် သာတယ်လို့ ပြောပြပါတယ်။ ဆရာ့ထက် တပည့်လက်စောင်းထ်ကတယ်လို့ ဆိုချင်တဲ့သဘောပါပဲ။" [၁၃၂၉] အောင်စိန်။ ၇၁။♦
၂၀၉။ ဆားမပါသည့်ဟင်း အရသာကင်း
ဆားမပါသော ဟင်းသည် အရသာ မရှိပေ။ "အလောဏကံ-ဆားမပါသော၊ ဗျဉ္ဇနတုံ-စားဖွယ်သည်လည်း၊ နရသံ-အရသာမရှိ၊" [၁၂၉၁] ဆယ့်နှစ်တွဲ။ ၅၇။
မြန်မာစကားတွင် အဓိပ္ပာယ်လည်းရှိ၊ မှတ်သားဖွယ်ရာလည်း ကောင်းသော ဆိုရိုးတစ်ခုရှိ၏။ ဆားမပါသည့်ဟင်း အရသာကင်းပါဘိဟူ၍ ဖြစ်၏။ ထိုဆိုရိုးအတိုင်းပင် ဆားမပါသော ဟင်းသည် အရသာ ကင်းမဲ့ဘိ၏။" [၁၃၂၉] ရှေ့သို့၊ ၁၂၊ ၄။ ၁၀။♦
၂၁၀။ ဆီပါလျှင် လွှစာပင်ကောင်းစမြဲ။
ဆီပါလျှင် လွှစာမှုန့်ပင် အရသာ ရှိသည်။ "ခင်ဗျားတို့ ငါးခြောက်ချည်းစားလို့ ဘယ်အရသာ တွေ့မလဲ၊ ဆီလေးနဲ့မှပေါ့၊ ဆီပါရင် လွှစာတောင် ကောင်းတယ်ဆိုတဲ့ စကားတောင်ရှိသေးတယ်မဟုတ်လား။" [၁၃၃၀] စကားစာ။ ၁၃၆။♦
၂၁၁။ ဆီးရွမ်း ပေါက်ပြဲ တပို့တွဲ
တပို့တွဲလတွင် ဆီးသီးရွမ်းပြင်းများ အမှည့်လွန်၍ ကွဲအက်လာကြသည်။ "ဆီးရွမ်းပေါက်ပြဲ၊ တပို့တွဲဝယ်၊ ပေါက်လဲကင်းငုံ၊ ရာသီကုံနှင့်၊ ရဂုံသာတောင်း၊" [၁၂၆၆] မဃ ၂၈၀။
ဆီး ရွမ်း ပေါက်ပြဲ တပို့တွဲဆိုသည့်အတိုင်း ဆီးပင်တွေမူ ပြွတ်သိပ်ကျပ်ခဲ ရဲရဲနီနေသော ဆီးသီးများကို တွေ့ရသည်။" [၁၃၃၅] ကျွန်းဦး။ ၅၂။♦
၂၁၂။ ဆေးကောင်းလျှင် သန်းခေါင်း
ဆေးကောင်းမှန်လျှင် အနည်းငယ်မျှနှင့်ပင် ရောဂါပျောက်ကင်းနိုင်သည်။ "ဆေးကောင်းလျှင် သန်းခေါင်းဟု၊ ရှေးဟောင်းစကား၊ ရှေးလူများတို့၊ ပြောကြားသုံးနှုန်း၊ ပုံထုံးပမာ၊" [၁၂၉၈-ခန့်] အနဂ္ဃ၊ တ။ ၁၃၆။♦
၂၁၃။ ဆေးကောင်း အင်းစောင်းသလောက်ရှိ
ကောင်းပေ့ဟူသော ဆေးဝါးသည် စောင်းနေသော အင်းလောက်သာ အစွမ်းထက်သည်။ "ယခုအင်းကို အိမ်၊ ရွာ၊ ကျောင်းထောင့်များ၌ ကပ်ဆွဲထားကြလျှင် လက်နက်ဘေးရန်တွေ လွင့်ပါးနိုင်ပါတယ်။ ဆေးကောင်း အင်းစောင်း သလောက်ရှိသတဲ့၊" [၁၃၀၉] ဒဂုန်၊ ၂၁၊ ၅။ ၃၅။♦
၂၁၄။ ဆေးစာဖတ်ရာ နားထောင်ပါ၊ ရောဂါပျောက်နိုးနိုး
ဆေးစာ၊ ဆေးညွှန်း ဖတ်ပြသည်ကို နားထောင်မိသူသည် ထိုဆေးဖြင့် မိမိ၏ ရောဂါဝေဒနာ ပျောက်တော့မယောင် ထင်စားမိတတ်သည်။ "ဆေးစာဖတ်ရာ၊ မတှ်သူမှာလည်း၊ အနာပျောက်ခွင့်၊ ထင်မိလင့်သို့၊" [၁၁၈၉] ကုသ ၃၆၅။
ဆေးစာဖတရာ် နားထောင်ပါ၊ ရောဂါပျောက်နိုးနိုးဆိုသည့်အတိုင်းပင် ဖြစ်လေရာ ဟိုကတစ်မျိုး၊ သည်ကတစ်ဖုံ ပြောချင်တိုင်း ပြောလာကြသည့် ဆေးနည်းအဖုံဖုံတို့မှာ မှတ်လို့သားလို့ လိုက်နာလို့ မကုန်ဆုံးနိုင်တော့သလောက်ပင်၊" [၁၃၃၂] ခရီးဝင်။ ၃၃၂။♦
၂၁၅။ ဆေးစက်ကျရာ အရုပ်ထင်
ကျွမ်းကျင်သော ပန်းချီဆရာသည် ဆေးစက် ကျရာမှာ ရုပ်ပုံဖြစ်အောင် စွမ်းဆောင်နိုင်သည်။ (ဆေးစက်ကျရာ အရုပ်ဖြစ်-ဟူ၍လည်း အဆိုရှိသည်။) ဆေးစက်ကျရာ အရုပ်ထင် - စကားပုံလည်းရှု။ "ဆေးစက်ကျရာ အရုပ်ဖြစ်သည့် ပန်းချီဆရာကောင်းကဲ့သို့…၊" [၁၂၇၉] စံသိုက်။ ၆၉။
ဆေးစက်ကျရာ အရုပ်ဖြစ်ဆိုသော စကားကဲ့သို့လည်း ဆေးစက်တိုင်းကို လိုရာသို့ ရေးဆွဲစီရင်နိုင်၏။" [၁၂၉၅] ဒဂုန်၊ ၁၅၈။ ၁၀။♦
၂၁၆။ ဆံထုံးထုံး အမြိတ်နှင့်၊ စကားပြော အရိပ်နှင့်
ဆံထုံးထုံးရာတွင် အမြိတ်ပါသကဲ့သို့ စကားပြောရာတွင် အရိပ်နိမိတ်၊ အစောင်းအချိတ် ပါသည်။ "ဆံထုံးထုံး အမြိတ်နှင့်၊ စကားပြော အရိပ်နှင့်ဆိုသလို အရိပ်မလွတ် နိမိတ်မလွတ်တဲ့ စကားတွေကို မပြောပါနှင့်၊" [၁၂၈၂] ရွှေပြည်၊ ပ။ ၂၇။♦
၂၁၇။ ဆိုခဲစေ မြဲစေ
ပြောလည်းပြောခဲပါစေ၊ ပြောသည့်အတိုင်းလည်း တည်ပါစေ။ "ဆိုခဲစေ မြဲစေ၊ ဆိုလွယ်စေ ပြယ်စေ အဆိုရှိသောကြောင့် အစ်ကိုက ဆိုခဲသော စကားကို ဆိုလျှင် ကျွန်မကလည်း မြဲသော စကားကို ပြန်ပါမည်။" [၁၂၇၉] စံသိုက်။ ၂၅။
ဆိုခဲစေ မြဲစေ ဆိုသည့်အတိုင်း မိမိစကားကို တန်ဖိုးထားကာ လေးစားသောအားဖြင့် အပြောနှင့်ညီအောင် ပြုမူသင့်လေသည်။" [၁၃၁၀] စကား(ဇော)။ ၈၀။♦
၂၁၈။ ဆိုရေးရှိက ဆိုအပ်လှ
ပြောသင့်ပြောထိုက်ပါက ယဉ်သည် ရိုင်းသည်၊ နာလို သည် မနာလိုသည်စသည် မငဲ့ကွက်ဘဲ ပြောဆိုရမည်သာ ဖြစ်သည်။ "ဘုရားလူ့ဘ၊ မုနိန္ဒလျက်၊ မိန်းမယောကျာ်း၊ လူ့စကားဖြင့်၊ မကြား စကောင်း၊ မဆိုတောင်းကို၊ အကြောင်းဆောင်သွေး၊ ဆိုတုံသေးရှင့်၊ ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့၊" [၈၅၆] ဘူပေါင်း ၆။
ဆိုရေးရှိက၊ ဆိုအပ်လှ၊ ဆိုစများလျား၊ မထားကောင်းဘူးဆိုထင့်၊" [၁၁၄၆] ရာမ၊ ပ။ ၉။
ဆိုရေးရှိက ဆိုအပ်လှ ဟူသော စကားအတိုင်း အကြောင်းကြုံလျှင် မငဲ့မညှာ မိန့်ဆိုတော်မူပေသည်။" [၁၃၀၀] တိုးတက်ရေး၊ ၅၃။ ၉၇။♦
၂၁၉။ ဆင်စွယ်မှန် ပိုးမစား
ဆင်စွယ်စစ်မှန်လျှင် ပိုးမစားပေ။ ဆင်စွယ်မှန် ပိုးမစား-စကားပုံလည်းရှု။ "မြတ်သည့်သူကား၊ စင်ဖြူမျိုးနွယ်၊ ကျင့်မပယ်တည့်၊ ဆင်စွယ်မှန်ငြား၊ ပိုးမစားသို့၊" [၁၂၆၆] မဃ ၂၆၂။
ဆင်စွယ်မှန် ပိုးမစား။" [ ၁၃၁၇] ပုံပြဆေး၊ ဆ။ ၅၃။♦
၂၂၀။ ဆင်မှာကား စေ့၊ ဝက်မှာ လေ့
ဆင်ကို အစာကျွေးသည့်အခါ 'စေ့၊ စေ့' ဟူ၍ ခေါ်ကာ ကျွေးရသည်။ ဝက်ကို အစာကျွေးသည့်အခါ 'လေ့၊ လေ့' ဟူ၍ ခေါ်ကာ ကျွေးရသည်။ "ဆင်မှာကား စေ့၊ ဝက်မှာ လေ့၊ ခေါ်၍ကျွေးမြဲပေ။" [၁၁၁၃] ကဝိသတ် ၁၇၆၄။
ဆင်မှာကား စေ့၊ ဝက်မှာ လေ့၊ ခေါ်၍ ကျွေးမြဲပေ… အစာကျွေးရန် ခေါ်ရာတွင် ဆင်ကို စေ့စေ့ဟု ခေါ်ပြီး၊ ဝက်ကို လေ့လေ့ဟု ခေါ်ေြ ကာင်း ဖွဲ့ဆိုထားသဖြင့် ဝက်များဆင်များမွေးမြူလျက်ရှိနေကြောင်း သိရသည်။" [၁၃၃၅] ပညာမြန်စာ၊ ဒု။ ၂၀၇။♦
၂၂၁။ ဆင်သွားလျှင် လမ်းဖြစ်
၁၊ ဆင်သွားရာတစ်လျှောက်သည် မြေသား ကျစ်လျစ်ခိုင်မာသဖြင့် စိတ်ချရသော လမ်းကောင်း ဖြစ်သည်။ ဆင်သွားလျှင် လမ်းဖြစ်-စကားပုံလည်းရှု။ "ဆင်သွားလျှင် လမ်းဖြစ်တယ်ဆိုတာက…ဆင်တွေ ခရီးသွားလျှင် အေးအေးဆေးဆေးနှင့် မြေကြီးကို စနစ်တကျ စမ်းသပ်နင်းကြည့်ပြီးမှ ရှေ့ဆက် ခရီးသွားလေ့ရှိတယ်။ ဒါကြောင့် ဆင်ဖြတ်သွားတဲ့နေရာတွေဟာ မြေမပွဘူး၊ မြေမကျွံတတ်ဘူး၊ မြေမပြိုတတ်ဘူး၊ မြေသားမြေခဲ ကောင်းမွန် မှန်ကန်တဲ့၊ ခိုင်မာတဲ့ နေရာမျိုးသာ ဖြစ်တယ်။" [၁၃၄၇] ရေဆန်။ ၅၈။
၂၊ လမ်းမရှိသည့်နေရာ ဖြစ်စေကာမူ ဆင်သွားလျှင် လမ်းဖြစ်သွားသည်။ ဆင်သွားလျှင် လမ်းဖြစ်-စကားပုံလည်းရှု။ "ဆင်သွားလျှင် လမ်းဖြစ်သည်ဟူသော စကားအတိုင်း ရိုးထဲတွင် ဆင်သွားလမ်း လာလမ်းများကို အလွယ်တကူ တွေ့နိုင်သည်။" [၁၃၃၅] ဆင်လုပ်သား။ ၅၂။♦
၂၂၂။ ဆင်းရဲ ငရဲမကြောက်
ဆင်းရဲလွန်းပါက ငရဲကိုပင် မကြောက်နိုင်ဘဲ အကုသိုလ်အမှုဖြင့် အသက်မွေးကြသည်။♦
၂၂၃။ ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်
လောကဓံတရားအရ ဆင်းရဲသည့်အခါနှင့် ကြုံရသကဲ့သို့ ချမ်းသာသည့်အခါနှင့်လည်း ကြုံရသည်။ ချမ်းသာလည်း အစဉ်မဟုတ်၊ ဆင်းရဲလည်း အပင်မဟုတ်-နှင့် အတူတူ။ "ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့် ဆိုသလိုပေါ့အေရယ်။ ကုသိုလ်ကံဆိုတာ မသိနိုင်မမြင်နိုင်ဘူးအေ့။" [၁၂၇၅-ခန့်] ပါးစပ်။ ၁၈၉။
ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်ဆိုသော စကားအရ သတ္တဝါဟူသမျှတို့၏ ဖြစ်ရမြဲ လောကဓံတရားရှစ်ပါးအရ ဖြစ်ကြရသည်။" [၁၂၉၈] ဟံ၊ ၂။ ၅၈၇။♦
၂၂၄။ ဆင်းရဲလေလေ သံဝေရရ
ယခုဘဝတွင် ဆင်းရဲလေလေ ရှေးဘဝက ကုသိုလ်တရားနည်းခဲ့မှုကို နောင်တရလေလေ ဖြစ်သည်။ "ပုဂ္ဂိုလ်မြတ်၌၊ ညွတ်ညွတ်ဆိုက်လျက်၊ စိုက်စိုက်ကော်ရော်၊ ပူဇော်နှစ်လို့၊ စားရာဖို့တွင်၊ တချို့ဝေခွဲ၊ မလှူရဲတည့်၊ ဆင်းရဲလေလေ၊ သံဝေရရ၊" [၉၀၄] ဘုံ ၆၀။
ဆင်းရဲလေလေ သံဝေရရဆိုသလိုပေါ့ကွယ်၊ ဘယ်သူမဆို ဆင်းရဲဒုက္ခနဲ့ တွေ့ကြုံတဲ့အခါ သံဝေဂတရားဆိုတာ ရကြစမြဲကွဲ့။" [၁၃၂၁] ရွှေမြို့တော်၊ ၁၊ ၁။ ၁၃။♦
၂၂၅။ ဆောင်းတွင်းအိပ်မက် ကတောက်ကတက်
ဆောင်းတွင်းအခါ၌ အိပ်မက်များ ကယောင်ချောက်ချား မက်တတ်သည်။ (ထိုကာလ အိပ်မက်မျိုးကို အတိတ်နိမိတ်အဖြစ် ကောက်ယူရန်မဟုတ်ဟု ဆိုလိုသည်။) "ဆောင်းခါအိပ်မက်ကတောက်ကတက်ဆိုတဲ့ စကားအတိုင်း ဆောင်းခါများ မက်လျှင်ဖြင့် ကတောက်ကတက် ဆိုချင်ဆိုပါတော့၊ ယခုမှာတော့ ဆောင်းခါလည်းမဟုတ်သေးဘူး၊" [၁၂၈၇] ထီး၊ ပ။ ၅၃။♦
၂၂၆။ ဆောင်းမှာ သားရေ၊ နွေမှာ သစ်ခေါက်၊ မိုးမှာ ဝါးယောင်းခြောက်
ဓားအမင်းကို ဓားရိုး၌ မြဲမြံအောင် သပ်ပင်းရာတွင် ဆောင်းရာသီ၌ သားရေစိမ်းကို အသုံးပြုရသည်။ နွေရာသီ၌ သစ်ခေါက်စိုကိုအသုံးပြုရသည်။ မိုးရာသီ၌ ဝါးယောင်းခြောက်ကို အသုံးပြုရသည်။ "ဓားနှင့် ဓားရိုးကို မြဲမြံအောင်(မကျွတ်အောင်) ပြုလုပ်ပေးသော သပ်ကို ပင်းရာတွင် ဆောင်းမှာ သားရေ၊ နွေမှာ သစ်ခေါက်၊ မိုးမှာဝါးယောင်းခြောက် စည်းစနစ်ဖြင့် ပြုလုပ်ခဲ့ကြသည်။" [၁၃၄၂] မြန်မာ့ဓား။ ၃၁။♦
၂၂၇။ ဆည်တဲ့ ကန်သင်း၊ တည်တဲ့ ဟင်း
ဟင်းအိုးတည်ရာ၌ ဂရုတစိုက် စနစ်တကျတည်လျှင် ဟင်းကောင်းကောင်း စားရသကဲ့သို့ ကန်သင်းဆည်ရာ၌ စနစ်တကျ ဆည်လျှင် စပါးအထွက်ကောင်းသည်။♦
၂၂၈။ ဆိတ်ဆိတ်နေဘိ သမ္ဗောဓိ
ဘုရားအစရှိသော ပညာရှိတို့သည် ပြောသင့်သည့်အခါမဟုတ်လျှင် မပြောဘဲ ဆိတ်ဆိတ်နေလေ့ရှိသည်။ (တိတ်တိတ်နေဘိ သမ္ဗောဓိ-ဟူ၍လည်း အဆိုရှိသည်။) "တိတ်တိတ်နေဘိ သမ္ဗောဓိ ဆိုတာလို လေလုံးတွေများများနှင့် စကားကို အလွတ်မပြောဘဲ တုဏှိဘော အခံ့နေဦးမှပဲ။" [၁၂၇၆] မြင့်၊ တ။ ၁၀၀။
အတွင်းစိတ်ဓာတ်တွေ ပေါ်ကုန်မည်ကို စိုးသည့်အတွက်ဆိတ်ဆိတ်နေဘိ သမ္ဗောဓိဟူသည့်အတိုင်း တိတ်တိတ် နေခြင်းသာလျှင် အကောင်းဆုံး ဖြစ်မည်ကို တွေးတောမိကြသောကြောင့်…၊" [၁၃၁၃] ကိုယ်စိတ်။ ၁၈။♦
၂၂၉။ ဆိတ်ဆိတ်နေမူ သဘောတူ
နှုတ်တုံ့မပြန်ဘဲ ဆိတ်ဆိတ် နေလိုက်ပါမူ သဘောတူရာရောက်သည်။ "ဖေဖေကလည်း ပေးမယ်ဆိုပြီး စကားပြန်မရဘဲ တုဏှိဘောကြီး ငေးနေပြန်ပါပြီ။ ဆိတ်ဆိတ်နေမူ သဘောတူ ဆိုတဲ့အတိုင်း အမာတောင်းတဲ့ ဆုကို ပေးရန် သဘောတူတယ်လို့ မှတ်တော့မှာပဲ။" [၁၂၇၆] မြင့်၊ မ။ ၂၁၄။♦
၂၃၀။ ဆန္ဒရှိက နည်းလမ်းရ
လိုလျှင်ကြံဆ နည်းလမ်းရ - နှင့် အတူတူ။ "ကျွန်ုပ်တို့ကား…ဆန္ဒရှိက နည်းလမ်းရဟူသော စကားအတိုင်း ကြိုးစားကြဖို့သာ ရှိလေသည်။" [၁၂၈၀-ခန့်] ကျော်ဖော်။ ၁၁၃။
ဆန္ဒရှိက နည်းလမ်းရ… စသော စကားပုံပေါင်းများစွာသည်နည်းလမ်း သိရန် လိုအပ်ပုံကို ဖော်ညွှန်းနေကြပေသည်။" [၁၃၅၇] သုတစွယ်စုံ၊ ၁၅၂။ ၉၆။ သမ္ဗောဓိ = ဘုရား♦
၂၃၁။ ဆန်ဖြူဆန်ကောင်း ထောင်းမှ သိ၊ လူတို့သဘော ပေါင်းမှသိ
ဆန်ကောင်း မကောင်းကို ထောင်းကြည့်မှ သိနိုင်သကဲ့သို့ လူတို့၏ စိတ်နေသဘောထားကောင်း မကောင်းကို ပေါင်းသင်းကြည့်မှ သိနိုင်သည်။ "လူတစ်ဦးတစ်ယောက်၏ စိတ်သဘောအမှန်ကို သိရန် မလွယ်ကူ၊ သို့သော် ဆန်ဖြူဆန်ကောင်း ထောင်းမှ သိ၊ လူတို့သဘော ပေါင်းမှ သိဆိုသည့်အတိုင်း အနီးကပ်ပေါင်းကြည့်လျှင် သိနိုင်၏။" [၁၃၀၇] ဂျာနယ်ကျော်၊ ၁၊ ၂။ ၅။♦
၂၃၂။ ဆပ်သွားဖူး ဆူးကဖျက်
ဆပ်သွားဖူးပန်းသည် အဆင်းလည်းလှ၊ အနံ့လည်းမွှေးသော်လည်း ဆူးများက နှောင့်ယှက်ဟန့်တားလျက်ရှိသည်။ "ဆပ်သွားဖူး ဆူးကဖျက် ဆိုတာလို ဆပ်သွားဖူးပန်းဟာ အဆင်းလှ အနံ့မွှေးသော်လည်း ဆူးကလေးတွေ များတာကြောင့် ပျား ပိတုန်း မခိုဘူးတဲ့၊" [၁၂၇၆] မြင့်၊ ဒု။ ၃၁၉။♦
၂၃၃။ ဆုပ်လျှင်စူး စားလျှင်ရူး
ပဒိုင်းသီးကို ဆုပ်ကိုင်လျှင် စူးတတ်သည်။ ပဒိုင်းစေ့ကို စားလျှင် ရူးတတ်သည်။ (ဆုပ်လျှင်စူး စားလျှင်ရူး ရှူလျှင်မူး -ဟူ၍ လည်း အဆိုရှိသည်။) ပဒိုင်းသီးလို ဆုပ်စူး စားရူး - စကားပုံလည်းရှု။ "ဆုပ် လျှင်စူး စားလျှင်ရူးသော ပဒိုင်းသီးသည်ကား အတွင်း အပအားဖြင့် တင့်တယ်ကောင်းမွန်ခြင်းမရှိပေ။" [၁၃၀၀-ခန့်] ဖာလုံး။ ၂၀။
ပဒိုင်းသီးကား ဂေါ်လီလုံးကဲ့သို့အလုံးအဝိုင်းဖြစ်၍ အပ၌ ဆူးနုများ ပေါက်နေသည်။ အတွင်း၌ အစေ့မည်းကလေးများရှိ၍ ၎င်းကို စားမိပါက ရူးသွပ်တတ်လေသည်။ ထို့ကြောင့် ရှေးဆရာများက ဆုပ်လျှင်စူး စားလျှင်ရူး ရှူလျှင်မူးဟု ပဒိုင်းသီးကို စကားပုံဆိုခဲ့ကြသည်။" [၁၃၄၅] မြန်ဆေးပင်။ ၅၉။♦
၂၃၄။ ဆုပ်သော် ဖရိုဖရဲ၊ ကြဲသော် တထွေးလုံးလုံး
ပေးကမ်းစွန့်ကြဲသင့်သူကို ပေးကမ်းစွန့်ကြြဲခင်းမပြုဘဲ ဥစ္စာပစ္စည်းကို ဆုပ်ကိုင်ထားပါက မိမိ၏အသိုင်းအဝိုင်းသည် မိမိထံမှ ရှောင်ခွာသွားတတ်သည်။ ပေးကမ်းစွန့်ကြဲသင့်သူကို ပေးကမ်းစွန့်ကြဲခြင်းပြုသော် မိမိနှင့် တစည်းတလုံးတည်း ဖြစ်မည်။ (ဆုပ်သော်ကား ကွဲ၊ ကြဲသော် လုံးထွေး။ ဆုပ်က ပြိုကွဲ၊ ကြဲက လုံးတတ်-ဟူ၍လည်း အဆိုများ ရှိသည်။) "ဆုပ်သော်ဖရိုဖရဲ၊ ကြဲသော်တထွေးလုံးလုံး၊ ကျင့်သုံးရမည်။" [၈၅၀-ခန့်] ပကိဏ်။ ၄။
ဒေါသထွက်ခါ၊ ပညာချွန်းအုပ်၊ ဆုပ်သော်ကွားကဲ၊ ကြဲသောလုံးထွေး၊ ကျင့်ရေးခုနစ်မည်၊" [၁၁၈၉] ကုသ ၄၈။
ဆုပ်ကပြိုကွဲ၊ ကြဲကလုံးတတ်၊ ဆိုရိုးမှတ်၏၊" [၁၂၆၆] မဃ ၂၀၉။♦
၂၃၅။ ဆွေကောင်းလျှင် တစ်စလယ်၊ မျိုးကြွယ်လျှင် တစ်စလောင်း၊ ဘူးကောင်းမှ စင်ခံ၊ လင်ကောင်းမှ စံရ
ဆွေမျိုးများ မည်မျှပင် ကောင်းစားကြွယ်ဝနေစေကာမူ အနည်းငယ်မျှသာ အကျိုးခံစားရမည်၊ လင်ကောင်းစားမှသာ မိမိ စံစားရမည်ဖြစ်သည်။ "ဆွေကောင်းလျှင် တစ်စလယ်၊ မျိုးကောင်းလျှင် တစ်ယောက်မ၊ မိဘကောင်းလျှင် အရှိန်ခံ၊ လင်ကောင်းမှ စံရသည်။" [၁၁၄၇-ခန့်] ဟံချုပ်။ ၂၂၈။
ဆွေကောင်းလျှင် တစ်စလယ်၊ မျိုးကြွယ်လျှင် တစ်စလောင်း၊ ဘူးကောင်းမှ စင်ခံ၊ လင်ကောင်းမှ စံရသတဲ့။" [၁၂၇၆] မြင့်၊ ဒု။ ၄၇။
ဆွေကောင်းတော့ တစ်စလယ်၊ မျိုးကြွယ်တော့ တစ်စလောင်း၊ ဘူးကောင်းတော့ စင်ခံ၊ လင်ကောင်းမှ စံရတယ်ဆိုတဲ့ စကားဟာ သူတို့ရဲ့လက်သုံးစကားပေါ့။" [၁၃၄၉] ချယ်ရီလှ။ ၁၀။♦
၂၃၆။ ဆွေချင်းထပ် မြတ်၊ မျိုးချင်းခြုံလုံ
ဆွေမျိုးချင်း လက်ထပ်ခြင်းဖြင့် ဆွေမျိုးစု စည်းစည်းလုံးလုံးဖြစ်ကာ အစစအရာရာ လုံခြုံမှုရှိသည်။ "အင်ဂျင်နီယာကလေး ကိုမြင့်သိန်းလေ၊ လှလှနဲ့ဆိုလည်း ဆွေမျိုးနီးစပ်မို့ ဆွေချင်းထပ် မြတ်၊ မျိုးချင်းခြုံ လုံ ဆိုတဲ့စကား ထောက်ထားပြီး ဦးတိုင်းကျော်နဲ့ဦးစံရင်တို့ လူကြီးချင်းစီစဉ်ကြတဲ့အလုပ်ပေါ့။" [၁၃၀၃] မြဝင်း။ ၇၂။
ခင်ဗျားမှာ ဆွေမျိုးချင်းဖြစ်၍ ဆွေချင်းထပ် မြတ်၊ မျိုးချင်းခြုံ လုံဆိုတဲ့ စကားပုံအတိုင်း ခင်ဗျားတို့ပစ္စည်းများ တခြားကို မရောက်နိုင်ဘူး။" [၁၃၁၀] လွမ်း၊ ပ။ ၁၈။♦
၂၃၇။ ဇာတာ တစ်စောင်၊ လက်ဖွဲ့ တစ်ထောင်
မိမိ၌ စနစ်တကျ ဖွဲ့စီရင်ထားသော ဇာတာတစ်ခုရှိလျှင် အဆောင်လက်ဖွဲ့တစ်ထောင်ရှိသည်နှင့် အလားတူသည်။ "ထန်းရွက်၏ ဂုဏ်ပုဒ်ကား မိုးကြိုးပစ်ထန်းလက်ကာ၊ ဇာတာ တစ်စောင်၊ လက်ဖွဲ့ တစ်ထောင်ဟု ဆိုရိုးစကားတွင်ရစ်အောင်ပင် အထူး အကာအကွယ် ပေးသည်ဟူ၍ အဆိုရှိခဲ့ပြန်သည်။" [၁၃၃၁] အိုးဝေ၊ ၃၄။ ၂၅။♦
၂၃၈။ ဇာဝီ တစ်ရစ်၊ ဆင် တစ်အစ်
ဇာဝီတစ်ရစ်သည် ဆင်တစ်ကောင်ဆွဲ၍ မပြုတ်နိုင်လောက်အောင် ခိုင်မြဲသည်။ (ဝက်အူ တစ်ရစ်၊ ဆင် တစ်အစ် ဟူ၍လည်း အဆိုရှိသည်။) "ဇာဝီ တစ်ရစ်၊ ဆင် တစ်အစ်။" [ ၁၃၁၇] ပုံပြဆေး၊ ဆ။ ၅၄။♦
၂၃၉။ ဇက်မကိုင်သော မြင်း၊ ကန်သင်းမရှိသော လယ်
ဇက်မကိုင်သော မြင်းကို လိုရာရောက်အောင် မထိန်းနိုင်။ ကန်သင်းမရှိသော လယ်သည် ရေတင်အောင် မထိန်း နိုင်။ "ဇက်ကြိုးမရှိသော မြင်း၊ ကန်သင်းမရှိသော လယ်၊ ကြိုးမရှိသော နွားကျွဲ၊ အကွပ်မရှိသော ကြမ်းကဲ့သို့ ပရမ်းပတာရှိရာရောက်ချေသည်။" [၁၂၅၇] ပေါဒီ၊ ဒု။ ၅၇။
ဇက်မကိုင်သော မြင်း၊ ကန်သင်းမရှိသော လယ်။" [၁၃၄၈] မြန်မာ့မြင်း။ ၇၂။♦
၂၄၀။ ဇာတ်သမားလာလျှင် မှတ်သားစရာ ပါရမည်၊ ဇာတ်သမားပြန်လျှင် မှတ်သားစရာ ကျန်ရမည်
ဇာတ်သမားများ ဇာတ်ကသည့်အခါ ပရိသတ်အတွက် မှတ်သားစရာ ပါရမည်။ ဇာတ်သမားများ ဇာတ်သိမ်း၍ ပြန်သွားကြသော်ငြားလည်း ပရိသတ်အတွက် မှတ်သားစရာ ကျန်ခဲ့ရမည်။ "ဇာတ်သမားလာလျှင် မှတ်သားစရာ ပါရမည်၊ ဇာတ်သမားပြန်လျှင် မှတ်သားစရာ ကျန်ရမည်ဟူ၍ ဇာတ်သဘင်ကို ဤမျှအထိ မြန်မာများ လေးလေးစားစား ရှိကြသည်။" [၁၃၄၉] မြန်မာ့စကား။ ၃၁၉။
ဇာတ်သမားလာလျှင် မှတ်သားစရာ ပါရမည်၊ ဇာတ်သမားပြန်လျှင် မှတ်သားစရာ ကျန်ရမည်။" [၁၃၅၇] မြဝတီဂျာနယ်၊ ၆၊ ၂၁။ ၃။♦
၂၄၁။ ဇမ္ဗူဒီပ နိမိတ္တ
ဇမ္ဗူဒိပ် နိမိတ်ထွန်း -နှင့် အတူတူ
"ဇမ္ဗူဒီပ နိမိတ္တတဲ့၊ ဇမ္ဗူဒိပ်ကျွန်းဆိုတာ နိမိတ်ထွန်းတဲ့ ကျွန်းပါ၊" [၁၂၇၉] ဓမ္မစေတီ။ ၁၆၉။
ဇမ္ဗူဒပီ နိမိတ္တဆိုသလို ထိုခေတ်ထိုအခါက ရှင်ဘုရင် ရူးရသော ဇာတ်လမ်းများ ပေါ်ပေါက်ခေတ်စားလာဖူးသည်။" [၁၃၃၄] ကျွန်းဦး။ ၃၈၉။♦
၂၄၂။ ဇမ္ဗူဒိပ် နိမိတ်ထွန်း
ဤဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းတွင် အတိတ်နိမိတ်များ ကြိုတင်ဖြစ်ပေါ်တတ်သဖြင့် အတိတ်နိမိတ်ကို အလေးထားရသည်။ ဇမ္ဗူဒီပ နိမိတ္တ - နှင့် အတူတူ။ "ဇမ္ဗူဒိပ် နိမိတ် ဟူသော စကားအရလည်း အရာရာ၌ နိမိတ် ယူတတ် ကြလေရာ၊" [၁၂၉၅] ကဝိတံခွန်၊ ၂၊ ၁၅။ ၃။
ဇမ္ဗူဒိပ်ကျွန်း နိမိတ်ထွန်းဆိုသကဲ့သို့ နိမိတ်မရှိတဲ့စကား တော်ပါတော့။" [၁၃၁၀] လွမ်း၊ ပ။ ၁၄၂။
ဒါကြောင့်လည်း ဇမ္ဗူဒိပ် နိမိတ်ထွန်းရယ်လို့ ပြောလေ့ပြောထ၊ ယုံကြည်လေ့ယုံကြည်ထ ရှိကြတယ်။ ဇမ္ဗူဒီပ နိမိတ္တရယ်လို့လည်း ပြောကြ ယုံကြသေးသကွဲ့။" [၁၃၁၆] မြဝတီ၊ ၂၊ ၃။ ၉၁။♦
၂၄၃။ ညောင်စေ့လောက် လှူ၊ ညောင်ပင်ကြီးလောက် ရ
စေတနာသုံးတန် ပြဋ္ဌာန်း၍ ဒါနပြုလျှင် အနည်းငယ် လှူရုံမျှဖြင့် ကုသိုလ်များစွာ ရနိုင်သည်။ ညောင်ပင်ကြီးလောက် လှူ၊ ညောင်စေ့လောက် ရ-နှင့် နှိုင်းယှဉ်။ "အလှူဝတ္ထုနည်းပါးလို့ စေတနာသဒ္ဓါများလျှင် ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီးလောက် အကျိုးပေးတယ်ဆိုတဲ့ စကားနှင့် ညီညွတ်သွားတာပေါ့။" [၁၂၈၈] ထေရီ၊ ပ။ ၁၆၃။
ညောင်စေ့လောက်ပင်လှူပေမဲ့ ညောင်ပင်ကြီးလောက်ကုသိုလ်ရသည်ဟူသော အဆိုအရ အလှူသည် ပစ္စည်းအနည်းအများပေါ် မူမတည်၊ စေတနာသာလျှင် မူတည်ပါသည်။" [၁၃၅၄] လှူကျိုး။ ၇။♦
၂၄၄။ ညောင်ပင်ကြီးလောက် လှူ၊ ညောင်စေ့လောက် ရ
လှူဒါန်းရာတွင် စေတနာသုံးတန်ပြဋ္ဌာန်း၍ မလှူလျှင် များစွာ လှူသော်လည်း ကုသိုလ် အနည်းငယ်သာ ရနိုင်သည်။ ညောင်စေ့လောက် လှူ၊ ညောင်ပင်ကြီးလောက် ရ-နှင့် နှိုင်းယှဉ်။ "အလှူဝတ္ထုတွေ များပြား၍ စေတနာသဒ္ဓါတရားက နည်းပါးချို့ငဲ့၍နေခဲ့ပါလျှင် ညောင်ပင်ကြီးလောကှ်လူသော်လည်း ညောင်စေ့ လောက် အကျိုးပေးတယ်ဆိုတဲ့ စကားနှင့် ညီညွတ်သွားတယ်။" [၁၂၈၈] ထေရီ၊ ပ။ ၁၆၃။♦
၂၄၅။ ဌာနာဌာန ကောသလ္လ
အကြောင်းဟုတ်သည်ကို ဟုတ်သည့်အတိုင်း၊ မဟုတ်သည်ကို မဟုတ်သည့်အတိုင်း၊ အရာဌာန ဟုတ်သည်ကို ဟုတ်သည့်အတိုင်း၊ မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သိမြင်သည်။ (ဌာနာဌာန-အကြောင်းဟုတ်သည် မဟုတ်သည်၌၊ ကောသလ္လ-လိမ္မာခြင်း။) "အခါနှင့်ကိစ္စကို ထောက်ဆလျက် ဌာနာဌာန ကောသလ္လ ဟူသောဉာဏ်ဖြင့် ဝေဖန်ပိုင်းခြားပြီး အသီးအသီး ကြည့်ရှု၍ သတိပြုကြရပေမယ်။" [၁၃၁၄] ထိလက်စွဲ၊ ဒု။ ၈၅။♦
၂၄၆။ တကယ်လုပ်လျှင် အဟုတ်ဖြစ်
ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် လုပ်ဆောင်လျှင် အမှန်တကယ် ပြီးမြောက်အောင်မြင်သည်။♦
၂၄၇။ တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း
တပို့တွဲလတွင် မိုးကြွင်းမိုးကျန်ကလေးများ ရွာတတ်သည်။ "တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း။" [၁၁၉၅] မုံမှတ်။ ၅၉။
တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ ကျန်မိုးကြွင်း
အကြွင်းအကျန်ဖြစ်သော မိုးကလေးများကို ကြိုးစား၍ ရွာဘိသကဲ့သို့တပို့တွဲလမှာ မိုးရွာသေးသည် ဆိုလိုသည်။" [၁၂၈၅] ချုပ်ပုံ၊ ဒု။ ၁၁၇။♦
၂၄၈။ တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်နင်း
ပေါက်ပွင့်၊ လက်ပံပွင့်များ ပွင့်သည့် တပို့တွဲလတွင် ထန်းသမားတို့သည် ထန်းရည်နင်းကြသည်။ "တပို့တွဲနှင့်၊ ပေါ်ကလဲငုံကင်း၊ ထန်းရည်ငယ်နင်းကြသည်၊ နှင်းထုံထုံ ငယ်နှင့်လေး။" [၁၀၈၀] ဆယ့်နှစ်ချုပ်။ ၃၂။
ထန်းဥယျာဉ်သမားတို့သည်… ထန်းပင်ပေါ်သို့ တက်၍ ထန်းလက် ထန်းနို့ထန်းခိုင်တို့ကို ညွတ်ကျလာအောင် ခြေနှင့် နင်းကြရပါသည်။ ပြီးလျှင် ထန်းလှီးကာ ထန်းရည်ခံရပါသည်။ ဤသို့ နင်းသည်ကို ထန်းရည်နင်းသည်ဟု ခေါ်စမှတ် ပြုကြောင်း သိရပါသည်။ တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်နင်းဟူသော စကားပုံမှာ ဤအချက်ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။" [၁၃၄၆] အာကာတစ်ခွင်။ ၁၇၀။♦
၂၄၉။ တပေါင်း၊ တန်ခူး မိုးသားကျူး
တပေါင်းလနှင့် တန်ခူးလတို့တွင် ကောင်းကင်ယံ၌ မိုးသားတိမ်တိုက်များ ဖြစ်ပေါ်လာသည်။ "တပေါင်းတန်ခူး၊ မိုးသားကျူး၊ လေရူးဆော်လာပုံ၊ နဒီတွင်းမှာလ၊ ရွှေငါးကြင်းငယ်တို့၊ ပိုက်တွင်းမှာသူတို့ခုန်၊" [၁၁၈၀-ခန့်] ဂီပေါင်း။ ၁၀၉။
တပေါင်း၊ တန်ခူး မိုးသားကျူးဟူသော စကားအတိုင်း သက္ကရာဇ် ပြောင်းကူးသည့် တန်ခူးလရာသီအချိန်…၊" [၁၂၇၈] တင်မြ၊ တ။ ၂၇၄။♦
၂၅၀။ တပေါင်း၊ တန်ခူး လေရူးဆော်။
တပေါင်း၊ တန်ခူးလများတွင် လေရူးများ ဖြစ်ပေါ်တိုက်ခတ်သည်။ "တပေါင်း၊ တန်ခူး လေရူးဆော်စ ခါသမယမို့ လေပြည်လေညင်းသည် သုတ်သွင်းတိုက်ခတ်လေရာ…၊" [၁၃၁၀] လွမ်း၊ ပ။ ၁။♦
၂၅၁။ တပေါင်းလည်းကူး မိုးသားကျူး
တပေါင်းလတွင် ကောင်းကင်တစ်ခိုဝယ် မိုးသားတိမ်တိုက်များ ဖြစ်ထွန်းပေါ်ပေါက်လာသည်။ "တပေါင်းလည်းကူး မိုးသားကျူး။" [၁၁၉၅] မုံမှတ်။ ၅၉။
တပေါင်းလည်းကူး မိုးသားကျူး။ တပေါင်းလမှာ မိုးမရွာ၊ မိုးသံသာ နားမှာ ကြားရတော့သည် ဆိုလိုသည်။" [၁၂၈၅ ] ချုပ်ပုံ၊ ဒု။ ၁၁၇။♦
၂၅၂။ တပေါင်းသာခေါင် လများနောင်
တစ်ဆယ့်နှစ်လရာသီတွင် တပေါင်းလသည် အသာယာဆုံးဖြစ်သည်။ "တပေါင်းသာခေါင်၊ လများနောင်ဝယ်၊ တောတောင်စုံပေါင်း၊ ညွန့်သစ် လောင်းသည်။ နှာမောင်းခွေလည်လှည့်လိမ့်မည်။" [၉၆၀-ခန့်] မင်းရှင်။ ၈။
တပေါင်းလသာ၊ လတကာထက်၊ နှိုင်းရာဖက်ရှောင်၊ လများနောင်ကား၊" [၁၀၈၀ - ခန့်] ဆယ့်နှစ်ချုပ်။ ၁၄။♦
၂၅၃။ တပည့်ညှာ ဆရာရင်ကျိုး
တပည့်ကို သက်ညှာလိုက်လျောမိသော ဆရာသည် တစ်နေ့တွင် ယူကျုံးမရ ဖြစ်ရတတ်သည်။ (တပည့်ညှာ ဆရာရင်နာ-ဟူ၍လည်း အဆိုရှိသည်။) "တပည့်ကို ညှာ လျှင်ရင်နာဆိုတဲ့အတိုင်း သူတို့တတွေကို ညှာမှဖြင့် မိမိကိုယ်တိုင် နစ်နာကုန်လိမ့်မယ်။" [၁၂၈၆] သောတ၊ တ။ ၁၀၈။
တပည့်ညှာ ရင်နာ ဆိုသော စကားအတိုင်း ပုတ်ခတ်ရေရွတ်ခြင်းကို ခံကြရရှာသေး၏။" [၁၂၉၈] ပြုပြင်ရေး၊ ၁၊ ၉။ ၃၀။♦
၂၅၄။ တပည့်မကောင်း ဆရာ့ခေါင်း
တပည့်များ အကျင့်စာရိတ္တမကောင်းသူ ဖြစ်လာလျှင် ဆရာ့ဝတ္တရား ပျက်ကွက်သည်ဟု ဆရာ့အပေါ် အပြစ်ပုံကျသည်။ တပည့်မကောင်း ဆရာ့ခေါင်း- စကားပုံလည်းရှု။ "တပည့်မကောင်း ဆရာ့ခေါင်း ဆိုသော စကားအရ တပည့်မလိမ္မာလျှင် ဆရာသို့ ထိခိုက်တတ်လေသည်။" [ ၁၂၈၂ ] နီရီ။ ၁၀၇။
တို့မြန်မာစကားလည်း ရှိတယ်မဟုတ်လား၊ တပည့်မကောင်း ဆရာ့ခေါင်း ဆိုတာလေ၊ ဒီတော့ မင်းမကောင်းတာဟာ မင်းကြောင့်သက်သက် မဟုတ်ဘဲ ငါ့ကြောင့်လို့ သိတဲ့အတွက်…၊" [ ၁၃၃၂ ] မြဝတီ၊ ၁၈၊ ၃။ ၁၄၀။♦
၂၅၅။ တမာတစ်ခက် သွားတစ်သက်
တမာရိုးဖြင့် သွားတိုက်လျှင် သွားများ တစ်သက်လုံး ခိုင်သည်။ "အချို့ကလည်း ထနောင်းပင့်ခွာ၊ တမာတစ်ခက်၊ သွားတစ်သက်ဟု မိန့်ကြပါသည်။ ထနောင်းပင်က အခေါက်ကို အထက်သို့ ပင့်၍ ခွာယူပြီးသော် တမာတစ်ခက် အရွက်နှင့် ဆတူစပ်ပြီးလျှင် အမှုန့်ပြု၍ သိပ်သော် ပျောက်ကင်းကြောင်း မိန့်ကြပါသည်။" [၁၂၉၅-ခန့်] လွယ်အိတ်။ ၃၄၉။
တမာတစ်ခက် သွားတစ်သက် ဆိုသည့်အတိုင်း တမာရိုးဖြင့် သွားကို ပွတ်တိုက်ပေးပါ။ (သွားစင်ကြယ်၍ သွားပိုးများကို နိုင်သည်၊ လျှာအရသာတွေ့သည်။)" [၁၃၁၇-ခန့်] အိမ်ဆေး။ ၂၉၂။♦
၂၅၆။ တမာလည်းနု ကျေးလည်းဥ
တပို့တွဲလတွင် တမာပင်၌ ရွက်နုများထွက်ပေါ်လာသည့်အချိန်သည် ကြက်တူရွေးများ ဥသည့်အချိန်ဖြစ်သည်ဟု ရှေးသူဟောင်းတို့က အမှတ်ပြုခဲ့ကြသည်။ "ရာသီငယ်မှမှိုင်းမို့၊ ဆိုင်းဆိုင်းညို့လို့၊ တပို့တွဲဆို၊ တမာလည်းနု၊ကျေးလည်းဥလို့၊ ရှုတိုင်းငယ်စိုသည်၊" [၁၁၃၈] အဲ(ယာ)။ ၃၉။♦
၂၅၇။ တမာလည်းနု ကျေးလည်းဥ၊ တမာလည်းသီး ကျေးလည်းကြီး
တပို့တွဲလတွင် တမာပင်၌ ရွက်နုများ ထွက်ပေါ်လာသည့်အချိန်သည် ကြက်တူရွေးများ ဥသည့်အချိန် ဖြစ်သည်။ တမာပင်၌ အသီးများသီးသည့် မိုးရာသီအချိန်သည် ကြက်တူရွေးများကြီးသည့်အချိန် ဖြစ်သည်။ "တမာလည်းနု ကျေးလည်းဥ၊ တမာလည်းသီး ကျေးလည်းကြီးဟု ရှေးလူကြီးသူဟောင်းတို့ ဆိုရိုးရှိသည်။" [၁၁၉၂] ဝေါလီ။ ၁၄၇။
တမာလည်းနု၊ ကျေးလည်းဥဟု၊ ရတုအလိုက်၊ လူ၌ဝေါဟာ၊ မှတ် သညာတိုင်း၊ တမာလည်းသီး၊ ကျေးလည်းကြီးလျက်၊" [၁၂၆၆] မဃ ၂၈၀။♦
၂၅၈။ တမန်းအိုအို ပျိုးပျိုပျို
တမန်းပုပ်နေသော လယ်ကွက်တွင် အရွယ်တော် ပျိုးပင်များကို စိုက်လျှင် စပါးအထွက်ကောင်းသည်။ "တမန်းအိုအို ပျိုးပျိုပျို ဟူသော စကားအရ တမန်းပုပ်နေသော လယ်ကွင်းတွင် ပျိုးအရွယ်တော်ကို စိုက်လျှင်လည်း စပါးအထွက်ကောင်းပေမည်။" [၁၃၃၈] ရှေ့သို့၊ ၂၆၊ ၇။ ၄၀။♦
၂၅၉။ တရား နတ်စောင့်
တရားသဖြင့် ဖြစ်အောင် နတ်များက စောင့်ရှောက်တတ်ကြသည်။ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ-လည်းရှု။ "မငိုနဲ့သမီး မငိုနဲ့၊ ကံစီမံရာ ခံရတော့မှာပေါ့၊ ဒါပေမဲ့ တရား နတ်စောင့်တဲ့အတွက် လမ်းမှန်အတိုင်းတော့ ဖြစ်ရပါစေ့မယ်။" [၁၂၈၃] မယ်ဖြူ။ ၁၇၈။
သိပ်ပြီးတော့ စိတ်ပူမနေပါနဲ့၊ တရား နတ်စောင့် ဆိုသလို လမ်းမှန်အတိုင်း ဖြစ်တတ်ပါတယ်။" [၁၃၁၄] မသန့်။ ၁၈၆။♦
၂၆၀။ တရားဖက်တော့ အမျက်ပြေ
တရားတော်ကို ဆည်းကပ်ကိုးကွယ်ခြင်းဖြင့် ဒေါသငြိမ်းအေးပြေပျောက်နိုင်သည်။ ဘုရားဖက်တော့ အသက်ရှည်။ သံဃာဖက်တော့ အခက်ဝေ-တို့လည်းရှု။ "တရားဖက်တော့ အမျက်ပြေ။" [၁၃၅၁] ကားပုံချုပ်။ ၇၄။♦
၂၆၁။ တရားရှာ ကိုယ်မှာတွေ့
တရားရှာလိုသူသည် မိမိခန္ဓာကိုယ်မှာပင် တရားကို ရှာဖွေတွေ့ရှိနိုင်သည်။ "တရားရှာ ကိုယ်မှာတွေ့ ဆိုတာလို ကိုယ့်ကိုယ်အတွင်းမှာသာလိုရင်း တရားတွေကို မနားမနေ ရှာကြရမယ်တဲ့၊" [၁၂၉၆] မဉ္ဇရီ၊ စ။ ၁၅၉။
ပျက်စီးပြီး နှိပ်စက်နေတဲ့ ကိုယ်ကောင်ကြီးပါကလားလို့ မိမိခန္ဓာ ကိုယ်ကြီးကိုပင် ကြောက်လာနိုင်တယ်။ အဲဒီလို ကြောက်လာမှလည်း တရားရှာကိုယ် မှာတွေ့ဆိုတဲ့ စကားနဲ့လည်း ညညွီတ်နိုင်ပါတယ်။" [၁၃၃၅] မင်္ဂလာကျယ်။ ၂၃၀။♦
၂၆၂။ တူကြီးလျှင်ပေ၊ လြူကီးလျှင်တေ
အရွယ်အစားကြီး သော တူကို ပေအဖြစ် သုံးနိုင်သည်။ အချို့လူများသည် အသက်ကြီးလာလျှင် ဆိုးတတ်တေတတ်သည်။ "ဟောင်မည့်နှယ်၊ ဟိန်းမည့်နှယ်၊ ကျယ်နိုင်သမျှအဖိုးကြီး၊ သူတစ်ထူးငြီး စေဖို့၊ တူကြီးလျှင်ပေ၊ လူကြီးလျှင်တေ၊ ဥပဒေကဲ့သို့၊ ဖြစ်ချေမည့်နောင်ရေးကို၊" [၁၂၂၅-ခန့်] ပုည။ ၉၁။
တူကြီးလျှင်ပေ၊ လူကြီးလျှင်တေ၊ သျှောင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက် ဆိုသလို ခေတ်အလိုက်ကို သတိမထားဘဲ…၊" [၁၂၇၇] မောင်ပုံ။ ၈၉။♦
၂၆၃။ တူရိယာအစ ဗြောသံက၊ ဂီတသံအစ အဲသံက။
မြန်မာ့တူရိယာများသည် ဗြောစည်သံက အစပြု ဖြစ်ပေါ်ခဲ့သည်။ မြန်မာ့ဂီတသံစဉ်များသည် အဲချင်းသံမှ စတင်ဖြစ်ပေါ်ခဲ့သည်။ "တူရိယာအစ ဗြောသံက၊ ဂီတသံအစ အဲသံမှ ဆိုသည့်အတိုင်း ဗြောများမှာ ရှေးကျသော မြန်မာ့တူရိယာများ ဖြစ်ပေသည်။" [၁၃၄၅] မြန်ဇာတ်ပြောင်း။ ၄၂၉။♦
၂၆၄။ တေဇော မပိုင် ဆေး မကိုင်နှင့်။
တေဇောဓာတ်၏ သဘောကို ပိုင်နိုင်စွာ သိမှသာ ဆေးကုပါ။ (တေဇောပိုင်မှ ဆေးကိုင်လှ-ဟူ၍လည်း အဆိုရှိသည်။)"အဇ္ဈတ္တတေဇောနှင့် ဗဟိဒ္ဓတေဇော ၂-ပါးလုံးကို အလွန် ပိုင်နိုင်စွာသိသော ဆေးသမားကြီးဖြစ်ပါမူလည်း တေဇောပိုင်မှ ဆေးကိုင်လှဆိုသည့်အတိုင်း ဆေးဝါး ပယောဂဆင်၍ သုံးနိုင်ပေသည်။" [၁၃၁၇] ဆေးဘိ။ ၁၈၉။
တေဇော မပိုင် ဆေး မကိုင်နှင့်၊ ကမ္ဘာအစ တေဇောကဟု ဆိုသော စကားပုံများအရ…၊" [၁၃၁၇] ပုံပြဆေး၊ ဆ၊ ပ။ ၁၇၈။
တေဇော မပိုင် ဆေး မကိုင်နှင့်ဟု အဆိုရှိပါသည်။" [၁၃၃၀] မြဝတီ၊ ၁၆၊ ၁၀။ ၁၅၇။♦
၂၆၅။ တောစကားကို အိမ်သို့ မရောက်စေရာ၊ အိမ်စကားကို ကျောင်းသို့ မရောက်စေရာ
တော၌သာ ပြောသင့်သော စကားကို အိမ်၌ မပြောသင့်။ အိမ်၌သာ ပြောသင့်သော စကားကို ဘုန်းကြီးကျောင်း၌ မပြောသင့်။ တောစကား တောပျောက်-စကားပုံလည်းရှု။ "တောစကားကိုအိမသို့် မရောက်စေရာ၊ အိမ်စကားကို ကျောင်းသို့ မရောက်စေရာ။" [၁၂၂၇]ကဝိဒီ။၂၀၇။
တောစကားကိုအိမ်သို့ မရောက်စေရာ၊ အိမ်စကားကို ကျောင်းသို့ မရောက်စေရာ။" [၁၂၅၇] ပေါဒီ။ ၅၃၄။♦
၂၆၆။ တောဆူမှ မြို့ဝ။
ကျေးလက်တောရွာ ဖွံ့ဖြိုးတိုးတက်မှ မြို့လည်း ဝပြောသာယာမည်။ "တောဆူမှ မြို့ဝဆိုသော စကားကဲ့သို့ တောသူတောင်သားများ ဆူဆူ ဖြိုးဖြိုး ကျန်းကျန်းမာမာနှင့် ချမ်းချမ်းသာသာရှိမှသာ မြို့သူမြို့သားတို့မှာ ဝပြောသာယာခြင်း ရှိမည်ဖြစ်ရာ…၊" [၁၂၉၈] ပြုပြင်ရေး၊ ၁၊ ၁၁။ ၆၉။♦
၂၆၇။ တောမီးတစ်ကွက် မုဆိုးတစ်သက်။
တောမီးတစ်ကွက်ရှို့၍ သေရသော သတ္တဝါအရေအတွက်သည် မုဆိုးတစ်ဦး တစ်သက်တာ သတ်ဖြတ်၍ သေရသော သတ္တဝါအရေအတွက်တမျှ ရှိသည်။ "တောမီးတစ်ကွက် မုဆိုးတစ်သက်တဲ့ လူကလေးရဲ့၊ တောမီးများ ဘယ်တော့မှ မရှို့လေနဲ့နော်။" [၁၃၂၅] တောတောင်။ ၃၅။♦
၂၆၈။ တောသားရဲ ဆွဲထုတ်။
တောသားများ အတင့်ရဲသည့်အခါ ပရိသတ်အလယ်မှ ဆွဲထုတ်ရလောက်အောင် ဖြစ်သည်။ "တောသားရဲတော့ ဆွဲထုတ်ဆိုတာ တယ်မှန်ပါလားနော်၊ ဘယ့်နှယ်ဗျ ဘအိုရဲ့၊ ပိုင်နက်ကျူးလွန်မှု ဟုတ်လား၊" [၁၃၁၇] မြဝတီ၊ ၃၊ ၁၂။ ၃၀။
ဦးဘိုးခင်သည် တောသားရဲ ဆွဲထုတ်ဟူသော စကားအတိုင်း တင်လျှောက် လိုက်ရာ ညီလာခံတစ်ခုလုံး အံ့ဩ၍ သွားကြသည်။" [၁၃၃၂] သွေးသောက်၊ ၂၈၉။ ၁၀၄။♦
၂၆၉။ တော်သလင်းတိမ်ညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ
တော်သလင်းလတွင် ရွာသွန်းသော မိုးသည် မရပ်မစဲရှိတတ်ရာ စားဖိုသည်များ ဒုက္ခကြုံရသည်။ "တော်သလင်းတိမ်ညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ။" [၁၁၉၅] မုံမှတ်။ ၅၉။
တော်သလင်းတိမ်ညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ
တော်သလင်းလ မှာ မိုးရွာအားကြီးခြင်းကြောင့် ထမင်းဟင်းချက်ရသူတို့ ဒုက္ခရောက်သည် ဆိုလိုသည်။" [၁၂၈၅] ချုပ်ပုံ၊ ဒု။ ၁၁၆။♦
၂၇၀။ တော်သလင်းနေ ပုစွန်သေ။
တော်သလင်းလသည် မိုးကာလပင် ဖြစ်သော်လည်း နေပူရှိန်မှာမူ ပုစွန်သေလောက်အောင် ပူပြင်းလှသည်။ "မိုးလအတွင်း၊ ရှိန်ပူပြင်းသည့်၊ တော်သလင်းနေ၊ ပုစွန်သေတည်၊့" [၁၂၆၆] မဃ ၃၂၇။
တော်သလင်းနေ ပုစွန်သေဟူသော စကားအတိုင်း နေ့အချိန်၌ နေသည် အလွန် ပူပြင်းစွာ တောက်ပသဖြင့်…၊" [၁၃၀၃] မင်းခွေး။ ၁၅။♦
၂၇၁။ တော်သလင်းမိုး ကန်သင်းကျိုး။
တော်သလင်းလတွင် ရွာသော မိုးသည် လယ်ကန်သင်းများ ကျိုးအောင် သဲသဲမဲမဲ ရွာတတ်သည်။ "တော်သလင်းမိုးရွာခဲ့သော် တော်သလင်းမိုး ကန်သင်းကျိုးဟူသော ဆိုရိုးစကားကဲ့သို့ လယ်ကန်သင်းများ ကျိုးအောင် မပြတ်မစဲ တသဲသဲ ရွာနေတတ်သည်။" [၁၃၄၀] ဆယ့်နှစ်ရာသီ။ ၁၆၄။
တစ်ခါတစ်ရံ မိုးကြီးတတ်သေးသည့်အတွက ်တော်သလင်းမိုး ကန်သင်းကျိုးဟု ဆိုရိုးရှိခဲ့ပြန်ပေ၏။" [၁၃၄၆] ယဉ်ပဒေသာ။ ၁၄၅။♦
၂၇၂။ တော်သလင်း မြစ်တွင်း သင်ဖြူးခင်း
တော်သလင်းလတွင် လှိုင်းလေငြိမ်သက်သဖြင့် ရေပြင်သည် သင်ဖြူးခင်းဘိသကဲ့သို့ ပြန့်ပြန့်ပြူးပြူး ရှိသည်။ "ယမာထုန်သူးတော့တယ်၊ သင်ဖြူးငယ် မြူစင်ဝယ်၊ ရေသဘင် သာညီဖွဲ့၊ ကန်ရာသီ ကြိမ်ဆဲပေမို့၊ ခါပွဲတော်၊" [၁၁၉၀-ခန့်] ဆယ့်နှစ်ချုပ်။ ၄၅။
ရေစီးအဟုန် မညံ့မပြင်း မြစ်တွင်းသာသောကြောင့် သစ်ဖောင်ဝါးဖောင်အများ စုန်ဆင်းသည်၊ တော်သလင်းကို မြစ်တွ င်း သင်ဖြူးခင်းဟု ရှေးသူဟောင်းတို့ ဆိုရိုးရှိသည်။" [၁၁၉၂] ဝေါလီ။ ၅၇။
မြန်မာလူမျိုးတို့ အမှတ်သညာပြုထားသည့်အတိုင်း တော်သလင်း မြစ်တွင်း သင်ဖြူးခင်းဟူ၍လည်းကောင်း၊ တော်သလင်းနေ ပုစွန်သေ ဟူ၍ လည်းကောင်း စကားရှိသည်။" [၁၃၁၀] မြန်လ။ ၅၄။♦
၂၇၃။ တော်သလင်း လူပျင်းကွမ်းစိုက်
တော်သလင်းလသည် ကွမ်းစိုက်ရန် အသင့်တော်ဆုံးလဖြစ်၍ လူပျင်းစိုက်လျှင်ပင် ဖြစ်ထွန်းသည်။ "တော်သလင်း လူပျင်းကွမ်းစိုက် ဟု စကားပုံရှိသည့်အတိုင်း တော်သလင်း၊ သီတင်းကျွတ်လများသည် ကွမ်းစိုက်ရန် အကောင်းဆုံး ဖြစ်၏။" [၁၃၃၀] ဥယျာဉ်၊ ဒု။ ၅၉၈။♦
၂၇၄။ တံတားအို မှောင်ကို မလျှောက်နှင့်၊ စကားဆို တောင်လို မမောက်နှင့်
ဟောင်းမြင်းဆွေးမြည့်နေသော တံတားပေါ်တွင် ညအခါ မမြင်မစမ်း လျှောက်မိပါက အပေါက်ကျွံ၍ ထိခိုက်မိတတ်သကဲ့သို့ စကားပြောရာတွင်လည်း မဆင်မခြင် မောက်မောက်မာမာ ပြောမိပါက သူတစ်ပါး မျက်မုန်းကျိုး၍ အငြိုးခံရတတ်သည်။ "တံတားအို မှောင်ကို မလျှောက်နှင့်၊ စကားဆို တောင်လို မမောက်နှင့်၊ တံတားအို မှောင်ကို လျှောက်က ကျိုးတတ်သည်၊ စကားဆို တောင်လိုမောက် က ငြိုးတတ်သည်။" [၁၂၂၅-ခန့်] ဟံချုပ်။ ၂၁၈။
စကားကျွံမည်ကို စိုးရိမ်ကြသောကြောင့်…တံတားအို မှောင်ကို မလျှောက်နှင့်၊ စကားဆို တောင်လိုမမောက်နှင့် ဟူသော စကားကို အတည်ရေးသားထားခဲ့ကြပေသတည်း။" [၁၂၉၁] နီမာ။ ၁၆၂။♦
၂၇၅။ တိုးတိုးပြောတော့ ပြည်ပျက်။
တီးတိုးစကား ကတုန်းကတိုက် ပြောခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး သံသယပွားကာ စည်းလုံးညညွီတ်မှုပျက်ပြားရာမှ တိုင်းပြည်ပျက်သည်အထိ ဖြစ်တတ်သည်။♦
၂၇၆။ တက်ကပ်မှာ ပညာ၊ ဆုတ်ကပ်မှာ ဥစ္စာ
တက်ကပ်ကာလတွင် ပညာကို တန်ဖိုးထားကြသည်။ ဆုတ်ကပ်ကာလတွင် ဥစ္စာဓနကို တန်ဖိုးထားကြသည်။ "တက်ကပ်မှာ ပညာ၊ ဆုတ်ကပ်မှာ ဥစ္စာ ဆိုသော စကားအတိုင်း ဆုတ်ကပ်ကာလအခါဖြစ်၍ ဘယ်လိုပင် တတ်သိလိမ္မာ ပညာတတ်မြောက်သော်လည်း ဥစ္စာရှင်များကို လွှမ်းမိုးနိုင်ကြသည်မဟုတ်၊" [၁၂၇၈] တင်မြ၊ပ။ ၂၂။
တက်ကပ်မှာ ပညာ၊ ဆုတ်ကပ်မှာ ဥစ္စာ ဟု သူဟောင်းစကား ကြားဖူးပါသည်။" [၁၂၉၅-ခန့်] လွယ်အိတ်။ ၂၅။♦
၂၇၇။ တောင်ကြီး ဖဝါးအောက်။
တောင်တို့သည် မည်မျှပင် မြင့်မားစေကာမူ တောင်တက်သူတို့၏ ခြေဖဝါးအောက်သို့ ရောက်ရစမြဲ ဖြစ်သည်။ တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီး လှေအောက်-စကားပုံလည်းရှု။ "ကျိုက်ထီးရိုးဘုရားဟာ ရွေ့မသွားပါဘူးကွယ်။ တို့များ ဘိုးစဉ် ဘောင်ဆက်ဟို ရှေးရှေးတုန်းကတည်းက ဒီနေရာမှာပဲ ဥစ္စာ။ ဒီတော့ တူမကြီးတို့ကသာ ဖြည်းဖြည်းမှန်မှန်နဲ့သာ တက်ပါ။ နောက်ဆုံး ရောက်ရမှာပေါ့။ တောင်ကြီးဖဝါးအောက် ဆိုတဲ့စကား အရှိသားမဟုတ်လား။" [၁၃၂၆] ရှေ့သို့၊ ၄၊ ၁၂။ ၁၃။♦
၂၇၈။ တောင်ကြိုတောင်ကြားပေါက်သည့်ဝါး အဖျားခပ်သွယ်သွယ်၊ အိမ်ကြိုအမ်ကြားပေါက်သည့်သား စကားခပ်ကျယ်ကျယ်။
တောင်ကြိုတောင်ကြားမှာ ပေါက်သောဝါးသည် အဖျားသွယ်တတ်သည်၊ အိမ်ကြိုအိမ်ကြားမှာ ခိုကပ်ကြီး ပြင်းရသော ကလေးသည်စကားကို ကျယ်ကျယ်လောင်လောင် ပြောတတ်သည်။ "တောင်ကြိုတောင်ကြား ပေါက်သည့်ဝါး၊ အဖျားသွယ်သည့် စကားထာ။" [၁၁၄၆] ရာမ၊ ပ။ ၃၇။
အမေး။ တောင်ကြိုတောင်ကြားပေါက်တဲ့ဝါး အဖျားခပ်သွယ်သွယ် ။အဖြေ။ အိမ်ကြိုအိမ်ကြားပေါက်တ့သဲား စကားခပ်ကြွယ်ကြွယ်။" [၁၃၃၇] မြဝတီ၊ ၂၃၊ ၁၀။ ၈၅။♦
၂၇၉။ တောင်လေဖြူးဖြူး လှေသားမြူး
လှေထိုးသားတို့သည် တောင်လေတဖြူးဖြူး တိုက်ခတ်သည့်အခါ ရွက်လွှင့်၍ ဆန်တက်နိုင်ကြသောကြောင့် သက်သာသဖြင့် ပျော်ရွှင်ကြသည်။ "တောင်လေ ဖြူးဖြူးလာ၍ လှေရွက်တိုက်ရသောအခါတွင် လှေသမားများသည် နားနေခွင့်ရကြ၏။ …ဤသို့သော လူနေမှုအခြေအနေကို ဖော်ပြလို၍ လှေသမားများသည် တောင်လေဖြူးဖြူး လှေသားမြူးဟူ၍လည်းကောင်း၊ လှေ အစုန် ရေရွက်တိုက်၊ လှေသမားများ အကြည်ဆိုက် ဟူ၍လည်းကောင်းစပ်ဆို သုံးစွဲခဲ့ကြပေသည်။" [၁၃၃၅] ငွေတာရီ၊ ၁၅၉။ ၃၈။♦
၂၈၀။ တောင်လေသုတ်ဖြူး လတန်ခူး
တန်ခူးလတွင် တောင်လေ တဖြူးဖြူး တိုက်ခတ်သည်။ "တောင်လေသုတ်ဖြူး၊ လတန်ခူးကို၊ မြူးထူးပျော်ရွှင်၊ တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လွရရွတည့်၊" [၁၀၈၀-ခန့်] ဆယ့်နှစ်ချုပ်။ ၁၁။♦
၂၈၁။ တောင့်တဆဲခါ ပေါ်ထွက်လာ၊ သတ္တဝါဓလေ့ စိတ်ချမ်းမြေ့
တစ်စုံတစ်ရာကို မျှော်လင့်တောင့်တနေခိုက် တကယ် ဖြစ်ပေါ်လာပါက ဝမ်းသာအားရ ဖြစ်ကြရသည်။♦
၂၈၂။ တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးရှိသည်၊ သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိ
တောင်းစုတ်၊ ပလုံးစုတ်တို့ကို စွန့်ပစ်လေ့ရှိသော်လည်း သားဆိုး၊ သမီးဆိုးတို့ကို စွန့်ပစ်လေ့မရှိပေ။ "တောင်းပလုံးဆွေးရင်သာ ပစ်ရိုးထုံး ရှိပါတယ်၊ သားသမီးဆိုးလို့ ပစ်ရိုးထုံး မရှိပါဘူး။" [၁၂၉၂] ဒဂုန်၊ ၁၀၊ ၁၂၂။ ၁၂၁။
ငါ့မှာ အမေဖြစ်နေတော့ တောင်းဆိုးပလုံးဆိုးသာ ပစ်ရမယ်၊ သားဆိုးသမီးဆိုးကို ပစ်ရိုးမရှိဘူးဆိုတဲ့ စကားလိုတဖားဖားနဲ့ ရုံးတို့ဂါတ်တို့ လိုက်နေရမယ် မဟုတ်လား၊" [၁၃၀၃] ဘဝ။ ၃၀၁။♦
၂၈၃။ တောင်းမှာအကွပ်၊ လူမှာအဝတ်
အနားကွပ်ရှိသော တောင်းသည် သေသပ် ခိုင်ခံ့သကဲ့သို့ အရာဌာနအလိုက် သင့်တင့်လျောက်ပတ်သော အဝတ်ကို ဝတ်သောသူသည် တင့်တယ် ခံ့ညားသည်။ "တစ်မြို့တစ်ရွာ သွားကြမှာ။ ခါးကဟာနှင့် နေရာမကျပါဘူး။ အဝတ်အစားများလဲပါဦး။ တောင်းမှာအကွပ်၊ လူမှာအဝ်တ တဲ့ဗျာ့။" [၁၂၇၉] ဓမ္မစေတီ။ ၁၇၁။
တောင်းမှာအကွပ်၊ လူမှာအဝတ် ဆိုသကဲ့သို့ ယခုကဲ့သို့ သန်မာထွားကျိုင်း ခံ့ညားသော လုလင်ပျိုတစ်ယောက်သည် ကောင်းမွန်သော အဝတ်အစားကို သပ်ရပ်လှပ အချိုးကျစွာ ဝတ်ဆင်လိုက်သောအခါ များစွာ ကျက်သရေ ရှိ၍ ကြည့်မငြီး ဖြစ်ရ၏။" [၁၂၉၉] ကိုယ်တွေ့(ကျား)။ ၁၆၁။♦
၂၈၄။ တစ်ကောင်ကြွက် တစ်မျက်နှာ။
မိဘဆွေမျိုး မရှိတော့သဖြင့်အထီးကျန် ဖြစ်နေသောသူသည် မျက်နှာငယ်သည်။ "ဆွေဝေးမျိုးဝေး တစ်ကောင်ကြကွ ်တစမ်ျက်နှာ လာ၍နေရသော ကျွန်တော့်မှာ…၊" [၁၂၉၅-ခန့်] ချစ်ဝေ။ ၅၁။
တစ်ကောင်ကြွက် တစ်မျက်နှာ အားကိုးအားထား မရှိရှာသဖြင့်…၊" [၁၃၀၂] ဂျာနယ်ကျော်၊ ၅၊ ၁၀။ ၂၁။♦
၂၈၅။ တစ်ခါဆက်ဆံ ဆယ်ခါလန်။
တစ်ကြိမ်တစ်ခါ ဆက်ဆံဖူးရုံမျှဖြင့် ထပ်မံ ဆက်ဆံလိုခြင်း မရှိအောင် ဖြစ်ရသည်။ "ထိုသို့ ကတိမတည်သဖြင့်ကား တစ်ခါဆက်ဆံ ဆယ်ခါလန်ဆိုသော စကားကဲ့သို့ နောင် မိမိအလိုရှိသောအခါ ငွေကြေးချေးငှားမည့်သူမရှိ။" [၁၂၉၅] ကဝိတံခွန်၊ ၂၊ ၁၅။ ၂၂၅။
ကျေးဇူးမသိတတ်သူဟာ တစ်ခါဆက်ဆံ ဆယ်ခါလန် ဆိုတဲ့ လူစားမျိုး…၊" [၁၃၄၅] လူမင်။ ၂၈၈။♦
၂၈၆။ တစ်ခါမယုံ ဆယ်ခါမယုံ
လူတစ်ဦးအား တစ်ကြိမ်တစ်ခါမျှ မယုံကြည်စရာဖြစ်သွားလျှင် နောင်လည်း အမြဲ မယုံကြည်ဖြစ်တော့သည်။♦
၂၈၇။ တစ်ခါလာတော့ ရွှေဧည့်သည်၊ နှစ်ခါလာတော့ ငွေဧည့်သည်
ပထမ တစ်ခေါက်ရောက်လာသော ဧည့်သည်ကို အထူး ဂရုစိုက်၍ ဧည့်ဝတ်ပြုကြသော်လည်း ဒုတိယအခေါက်ရောက်လာသောအခါ ၎င်းကို ပထမအခေါက်လောက် ဂရုစိုက်ခြင်း မရှိတော့ပေ။ "တစ်ခါလာတော့ ရွှေဧည့်သည်၊ နှစ်ခါလာတော့ ငွေဧည့်သည်...လို့ ငယ်ငယ်က ပြောခဲ့ဖူးတယ်၊" [၁၃၅၇] နက္ခတ္တ၊ ၁၀၈။ ၂၃။♦
၂၈၈။ တစ်ချုံကွယ် တစ်မယ်မေ့
ယောက်ျားတို့သည် မိန်းမတစ်ဦးကို ချစ်ပါသည် ဆိုသော်လည်း ကွယ်ရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် မေ့သွားတတ်ကြသည်။ "တစ်ချုံကွယ် တစ်မယ်မေ့။" [၁၂၇၅] ဆောင်းပါးချုပ်။ ၁၁၄။
သတိရပါနော်၊… တစ်ချုံကွယ် တစ်မယ်မေ့ဆိုတဲ့ စကားပုံတို့လိုလည်း မဖြစ်ပါနဲ့နော်။" [၁၂၉၁] ကဝိမှန်၊ ၃၊ ၄။ ၇၉။♦
၂၈၉။ တစ်နေဆ့ယ်ကြိမ် တင်းမတိမ်၊ ပန်းထိမ်သူခိုးညစ်
မကောင်းသော စိတ်ထားရှိသည့် ပန်းထိမ်ဆရာသည် အပ်ထည်များမှ ရွှေကို ပန်းထိမ်အတတ်ဖြင့်တစ်နေ့လျှင် ဆယ်ကြိမ်ခိုး၍လည်း အားမရနိုင်ပေ။ "တစ်နေ့ဆယ်ကြိမ်၊ တင်းမတိမ်၊ ပန်းထိမ်သူခိုးညစ်။" [၁၁၁၃] ကဝိသတ် ၄၅၂။
တစ်နေ့ဆယ်ကြိမ်၊ တင်းမတိမ် သည့်၊ ပန်းထိမ်လူမျိုး၊ ရတိုင်းခိုးသို့၊" [၁၂၆၆] မဃ ၃၁၁။♦
၂၉၀။ တစ်မိပေါက် တစ်ယောက်ထွန်း
သားသမီးများအနက် တစ်ယောက်ယောက်သည် ထူးထူးခြားခြား ဖြစ်လာတတ်သည်။ "တစ်မိပေါက် တစ်ယောက်ထွန်းဆိုသည့်အတိုင်း အကောင်းတွေ အများထဲမှ ဘယ်တော့မျှ ပြုတ်မနူးသည့် စုန်းပြူးသူ သားညံ့သမီးညံ့များလည်း ပါတတ်သေးသည်။" [၁၃၁၄] မင်မြု။ ၁၆၈။
အချို့၌ ဤရောဂါဆိုးမျိုးကို ရသည်မှာ တစ်မိပေါက် တစ်ယောက် ထွန်းသည်မျိုးမဟုတ်ဘဲ အမျိုးနှင့်ချီ၍ လည်းကောင်း၊ အသိုက်အဝန်းနှင့် ဆက်၍ လည်းကောင်း စွဲကပ်ကြသည်။" [၁၃၂၀] လူအနှစ်။ ၃၆။♦
၂၉၁။ တစ်မူးရလို့ တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား။
ရရှိသည့် ဝင်ငွေမှ ထက်ဝက်ခွဲ၍ လှူဒါန်းလေ့ရှိသော ရှမ်းတောင်သူတို့၏ သဒ္ဓါတရားမျိုး အခြားသူတို့၌ ရှိနိုင်မည် မဟုတ်ပေ။ "ရ၊တစ်မူးလို့ တစ်ပဲလှူတို့ရှမ်းတောင်သူတူနိုင်ရိုးလား။" [၁၃၀၃] သာ၊ ပ။ ၂။
တစ်မူးရလို့ တစ်ပဲလှူ၊တို့ရှမ်းတောင်သူ မှီနိုင်ရိုးလား ဟူသော အဆို ကဲ့သို့ပင် လှူဖို့တန်းဖို့ကိုသာ အာရုံပြုနေကြသူများ ဖြစ်၏။" [၁၃၄၀] မြဝတီ၊ ၂၆၊ ၄။ ၇၉။♦
၂၉၂။ တစ်ယောက်ကစ တစ်ရာ။
တစ်ဦးတစ်ယောက်က စတင်လိုက်လျှင် အများထံ ပျံ့နှံ့သွားတတ်သည်။ "တစ်ယောက်ကစ တစ်ရာဆိုသလို လောကမှာ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြီး မိတ်ဆွေဖြစ်ကြရတာမျိုးပါပဲ။" [၁၂၇၈] တင်မြ၊ ဒု။ ၅၁။
တစ်စတစ်စနဲ့ တစ်ယောက်ကစ တစ်ရာ ဆိုသလို…အရိဋ္ဌပြည် တစ်ပြည်လုံးမှာ အုန်းအုန်းကျွက်ကျွက် တော်ငလျင်နှက်သကဲ့သို့ဆူညံစွာ ပွက်ပြီးလျှင်…၊" [၁၂၈၆] ဒေတိ။ ၂၉။
ဒီလိုမှ မလုပ်ကြဘူးဆိုရင်ဖြင့် တစ်ယောက်ကစ တစ်ရာ ဆိုသလိုဝမ်းကိုက်ရောဂါ အနှံ့နှံ့အပျံ့ပျံ့ဖြစ်ပြီး သေတဲ့လူလည်း သေကုန်ကြပါလိမ့်မယ် ကိုမြထူးရဲ့၊" [၁၃၁၇] စာဗိမာန်၊ ၄၊ ၂။ ၆၇။♦
၂၉၃။ တစ်ယောက်ကောင်းက တစ်သောင်းပြို
တစ်ယောက်ကောင်းက၊ တစ်သောင်း ဗိုလ်ခြေ၊ ညက်ညက်ကြေ_နှင့် အတူတူ။ "သူ့စစ်ခြေကို၊ ဖျက်ချေဖြိုခွင်း၊ နှိပ်နင်းနိုင်ရှောင်း၊ တစ်ယောက်ကောင်းက၊ တစ်သောင်းရန်ပြို၊ ဆိုသော့အလား၊"[၁၂၆၆] မဃ ၁၈၇။
တစ်ယောက်ကောင်းက တစ်သောင်းပြို ဆိုသောစကားအရ တစ်ယောက်သောသူက ခေါင်းဆောင်ရှေ့သွားပြု၍ ရဲရင့်လိုက်ပါလျှင် နောက်ပါငယ်သားတို့လည်း အားရှိရှိနှင့် ရဲရင့်ကြ၍…၊" [၁၂၈၄] စာဏကျ၊ တ။ ၁၉၃။♦
၂၉၄။ တစ်ယောက်ကောင်းက၊ တစ်သောင်းဗိုလ်ခြေ၊ ညက်ညက်ကြေ
လူတစ်ယောက်သည် လက်ရုံးရည် နှလုံးရည် ကောင်းမွန်ပြည့်စုံပါက တစ်ဖက်ရန်သူ ဗိုလ်ခြေတစ်သောင်းကိုပင် ညက်ညက်ကြေမျှ ပျက်ပြုန်းသွားအောင် စွမ်းနိုင်ပေ၏။ (တစ်ယောက်ကောင်းက၊ တစ်သောင်းဗိုလ်ခြေ၊ ထောင်းထောင်းကြေ-ဟူ၍လည်း အဆိုရှိသည်။) တစ်ယောက်ကောင်းက တစ်သောင်းပြို-နှင့်အတူတူ။"တစ်ယောက်ကောင်း၊ တစ်သောငို်းဗ်လခြေ၊ ထောင်းထောင်းကြေအောင်၊ ဖြိုလေမြဲဆိုပါတကား၊" [၁၁၄၆] ရာမ၊ ပ။ ၁၁၂။
တစ်ယောက်ကောင်း၊ တစ်သောင်းဗိုလ်ခြေ၊ ည်ကညက်ကြေဆိုတဲ့ စကားလိုလူအစုအပုံကြီး မများသော်လည်း အားထားလောက်သော သူရဲကောင်းများ လိုတယ် မောင်မင်းရဲ့၊" [၁၃၀၃] ဒဂုန်၊ ၁၂၊ ၁၃၆။ ၁၃၄။
တိုင်းပြည်နှင့်လူထုက ယြုံကည်အားကိုးအပ်သည့် ဗမာ့သားကောင်းများပီပီ လက်မနှေးတမ်း နောက်မတွန့်တမ်း တိုက်ကြရပေမည်။ တစ်ယောက် ကောင်းက၊ တစ်သောင်းဗိုလ်ခြေ၊ ညက်ညက်ကြေဟူသော စကားသုံးကို နှလုံးအိမ်တွင်း၌ စွဲမှတ်ထည့်သွင်းလိုက်ပါသည်။"[၁၃၁၅] မြဝတီ၊ ၁၊ ၁၂။ ၂၇၅။♦
၂၉၅။ တစ်ယောက်ချမ်းသာ၊ ကိုယ်ဖို့ရှာ၊ သတ္တဝါအပေါင်း၊ ဆင်းရဲကြောင်း
ကိုယ့်တစ်ယောက်တည်း ချမ်းသာအောင် အားထုတ်ခြင်းသည် တစ်ခါတစ်ရံ အခြားသူတို့ကို ဆင်းရဲဒုက္ခ ဖြစ်စေတတ်သည်။ "တစ်ယောက်ချမ်းသာ၊ ကိုယ်ဖို့ရှာ၍၊ သတ္တဝါအပေါင်း၊ ဆင်းရဲကြောင်းဖြင့်၊ မကောင်းမှုချည်း၊ အပည်းပည်းတိ၊" [၈၉၁] သံ ၁၈။
အင်နှင့်အလျောက်၊ တစ်ယောက်ချမ်းသာ၊ ကိုယ်ဖို့ရှာ၍၊ သတ္တဝါအပေါင်း၊ ဆင်းရဲကြောင်းဖြင့်၊ မကောင်းမှုကြီး၊ ဖြစ်သည်တည်းဟု၊" [၁၁၃၈] ငွေတောင်။ ၇၉။♦
၂၉၆။ တစ်ယောက်တစ်လက် ကျောင်းသားလက်
ကျောင်း၏ဝေယျာဝစ္စများကို ကျောင်းသားများ ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် မြန်မြန်ဆန်ဆန်နှင့် မပင်မပန်းပြီးမြောက်သည်။♦
၂၉၇။ တစ်ရေးနိုးသော် အကြံပေါ်၊ ပေါ်သည့်အကြံ တစ်သိန်းတန်
တစ်ခါတစ်ရံ တစ်ရေးနိုး၌ ရသော အကြံသည် အလွန် တန်ဖိုးရှိလှသည်။ "တစ်ခါတစ်ရံသော် တစ်ရေးနိုးမှ အကြံပေါ်လာတတ်၍ တစ်ရေးနိုးသော် အကြံပေါ်၊ ပေါ်သည့်အကြံ တစ်သိန်းတန် ဟု ဆိုရိုးရှိလေသည်။" [၁၃၁၃] လူလုံး၊ ပ။ ၂၁၃။
တစ်ရေးနိုးသော်အကြံပေါ်၊ ပေါ်သည့်အကြံတစ်သိန်းတန်ဟူသော ဝေါဟာရစကား ရှိ၏။" [၁၃၁၈] မြတ်ရတနာ၊ ၂၊ ၉။ ၃၅။♦
၂၉၈။ တစ်ရွာသား တစ်အားငယ်
မိမိရပ်ရွာဒေသမဟုတ်သော အရပ်၌ ရောက်နေသောသူသည် စိတ်အားငယ်သည်။ "တကယ်လို့ဆိုတော ့တစ်ရွာသား တစ်အားငယ် ဆိုတာလို ကိုမှိုင်းကြီးဟာ ငါတို့ရဲ့နေရာ ရန်ကုန်မြို့ကို ဝင်လာရှာတယ်၊ ခမျာဧည့်သည်မျက်နှာ မငယ်ရအောင်ဟဲ့လို့…၊" [၁၂၇၅] ဆောင်းပါးချုပ်။ ၂၆၇။♦
၂၉၉။ တစ်လုတ်စားဖူး သူ့ကျေးဇူး။
သူတစ်ပါး၏ ထမင်းကို တစ်လုတ်မျှစားမိလျှင်ပင် သူ၏ကျေးဇူး မိမိအပေါ်တွင် တင်ရှိပြီဟု မှတ်အပ်သည်။ (တစ်လုတ် ကျွေးဖူး သူ့ကျေးဇူး-ဟူ၍လည်း အဆိုရှိသည်။) တစ်လုတ်စားဖူး သူ့ကျေးဇူး- စကားပုံလည်းရှု။ "တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုသလို အခု အမေကြီးတို့အိမ်တွင်ဝင်ရောက် အရိပ်တည်းခို၊ ကွမ်းဆေးမှစ၍ ရေတစ်ပေါက် သောက်ရသော ကျေးဇူးရှိပါသောကြောင့်၊" [၁၂၇၅] စံပယ်။ ၉။
တစ်လုတ်ကျွေးဖူး သူ့ကျေးဇူးဆိုသည့်အတိုင်း ထမင်းတစ်လုတ် ကျွေးဖူးလျှင်လည်း ကျေးဇူးပင်တည်း။" [၁၃၁၄] မင်မြု။ ၃၄၂။
ပင်းယဘုရင် ငါးစီး ရှင်ကျော်စွာသည် ပင်လယ်မြို့စားဖြစ်စဉ်က ညီတော် စစ်ကိုင်းမြို့စား အသင်္ခယာစောယွမ်းကို လုပ်ကြံရန် သူရဲကောင်း ငခင်ညိုကို စေတော်မူ၏။ ငခင်ညိုသည် စစ်ကိုင်းဘက်သို့ ကူး၍ အရိပ်အခြည်ကို ကြည့်၏။ မလုပ်ကြံသာ၍ သုံးရက်တိုင် တောတွင်း၌ ပုန်း၍နေရ၏။ အခွင့်သာသောအခါနန်းတော်သို့ တက်၏။ စစ်ကိုင်းမြို့စား နတ်တင်ထားသော ထမင်းနှင့်အမဲသားကို ရွှေစလောင်းတစ်ခုဝယ် မြင်သော် ဆာလှသည်နှင့် စား၏။ ထို့နောက် အတွင်းတော်သို့ ဝင်၍ အသင်္ခယာစောယွမ်း စက်တော်ခေါ်သော သလွန်ခေါင်းရင်းဝယ်ရပ်ကာ ဆောင်ယူလာသော ဓားကို နုတ်၏။ ထိုခဏ၌ပင် "ဤမင်းကား ငါ၏ထမင်းအရှင် ဖြစ်ပေပြီ။ ထမင်းရှင်ကို ပြစ်မှားသော အပြစ်ကား သံသရာ၌ ကြီးလှ၏"ဟု တွေးမိသဖြင့် နုတ်ထားသော ဓားကို ဓားအိမ်သို့ ပြန်သွင်း၏။ ထို့နောက် စစ်ကိုင်းမြို့စားထံရောက်ကြောင်း သက်သေပြနိုင်ရန် စစ်ကိုင်းမြို့စားအား သူ၏ခမည်းတော် ပေးသနားသော ပတ္တမြားစီဓားကို ယူ၍ ပြန်ခဲ့၏။ အရှင် ပင်လယ်မြို့စားထံရောက်သော် ဖြစ်ပျက်ခဲ့သည်ကို နားတော်လျှောက်၍ ပတ္တမြားစီဓားကို ဆက်သ၏။ ငခင်ညိုလျှောက်တင်သော စကားကို ပင်လယ်မြို့စားကြားသော် "ငါ့ကျွန်သည် ထမင်းတစ်စလောင်းကို စားရရုံနှင့်ပင် သူ့ကျေးဇူးကို သိ၏။ နေ့တိုင်းမလပ် သားမယားနှင့်တကွ ကျွေးမွေးလျက်ရှိသော ငါ၏ကျေးဇူးတော်ကိုကား အဘယ် ဆိုဖွယ်ရာရှိအံ့နည်း"ဟု ချီးမွမ်းတော်မူ၏။ များစွာသော ဆုလာဘ်ကိုလည်း ပေးတော်မူ၏။ မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ပ။♦
၃၀၀။ တစ်သားမွေး တစ်သွေးလှ
မိန်းမတို့သည် သားတစ်ကြိမ် ဖွားပြီးတိုင်းသွေးသစ် တစ်ဖန်လောင်းသဖြင့် တစ်မျိုးပိုလှလာသည်။ "တစ်သားမွေး တစ်သွေးလှဆိုတဲ့ စကားအတိုင်း တစ်သားမွေးပြီးတဲ့ မိန်းမများကိုလည်း ယောက်ျားတို့ နှစ်သက်လေ့ရှိကြတယ်။" [၁၂၇၈] သာရီ၊ တ။ ၃၃။
တစ်သားမွေး တစ်သွေးလှဆိုသော စကားအတိုင်း ခင်ဦးသည် သားတော်ရတနာ ဖွားမြင်ပြီးနောက်… အလှဂုဏ် တိုးတက်၍ လာလေ၏။" [၁၂၈၇] ထီး၊ ပ။ ၁၇၃။
တစ်သားမွေး တစ်သွေးလှ ဆိုသလို သွေးပုပ်သွေးညစ်များ ကင်းစင်လာသော သူမအသားကလေးမှာ ရွှေဝါနုရောင်ပြေးလျက် အလွန်မှ ချစ်စဖွယ် ကောင်းနေပါသည်။" [၁၃၁၁] ငြိမ့်။ ၆၃။♦
၃၀၁။ တစ်သက်တစ်ခါ၊ စန်းဇာတာ၊ လူမှာထစမြဲ
လူ့ဘဝတစ်သက်တာတွင် တစ်ကြိမ်တစ်ခါ စန်းထစမြဲ ဖြစ်သည်။ "တစ်သက်တစ်ခါ၊ စန်းဇာတာ၊ လူမှာထစမြဲ ဆိုသည့် စကားအတိုင်း နောက်တစ်နေ့နံနက် အကျွန့်ဘဝတွင် မတွေ့ကြုံဖူးသည့် အထူးအဖြစ်အပျက် တို့ကို တွေ့ရ၏။" [၁၂၉၈] ကောက်သင်း။၁၂။♦
၃၀၂။ တစ်သက်မှာ တစ်ခါသေရစမြဲ
လူတိုင်းသည် တစ်သက်တွင်တစ်ကြိမ်သာ သေရမြဲဖြစ်၍ သေရမည်ကို ကြောက်ရန်မလို။ "ယောက်ျားပဲ ကိုဩဘာရယ်၊ ဘာကြောက်စရာရှိလဲ၊ လူဆိုတာတစ်သက်တစ်ခါ သေကြစမြဲ ပဲ။" [၁၂၈၃] ထောင်မင်းသား။ ၂၇၇။♦
၃၀၃။ တစ်ဦးခေါင်း တစ်ပညာ
လူတိုင်းတွင် ကျွမ်းကျင်လိမ္မာမှု တစ်ခုခု ရှိတတ်သည်။ "တစ်ဦးခေါင်း တစ်ပညာ ဆိုသော စကားအတိုင်း တစ်ဦးဦးသောသူမှာ ထိုက်သည့်အားလျော်စွာ တတ်ကျွမ်းလိမ္မာ၍ ဆောင်ရွက်သယ်ပိုးနိုင်သော အချက်ကောင်းတစ်ခုခု ရှိတတ်လေသည်။" [၁၂၇၅] စာဏကျ၊ ဒု။ ၁၈၂။
တစ်ဦးခေါင်း တစ်ပညာ ဆိုသော စကားအတိုင်း ဆိုင်ရာဆိုင်ရာ တတ်ကျွမ်းကြသော စာရေးဆရာပေါင်းများစွာတို့ ပါဝင်ရေးသားခြင်းကြောင့်…၊" [၁၂၉၄] ဒဂုန်၊ ၁၂၊ ၁၄၅။ ၅။♦
၃၀၄။ တစ်ဦးမေတ္တာ တစ်ဦးမှာ
မိမိက အခြားသူကို မေတ္တာထားလျှင် ထိုသူက မိမိကို မေတ္တာတုံ့ပြန်မည်။ "ကျမ်းဂန်ပေစာ၊ ဆိုရာမှာလည်း၊ မေတ္တာတစ်ဦး၊ ချစ်ကြည်နူးက၊ တစ်ဦးသည်လျှင်၊ ချစ်မြဲပင်ဟု၊ အထင်အရှား၊ ဆိုစကားကို၊"[၁၁၄၇] ကုမ္မာ ၇၁။
မေတ္တာတစ်ဦး၊ ချစ်ကြည်နူးက၊ တစ်ထူးသူလျှင်၊ ချစ်မြဲပင်ဟု၊ အထင် အရှား၊ စကားတစ်ဆူ၊ တံခွန်ထူလျက်၊" [၁၁၈၉] ကုသ ၃၇၁။
တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလို သူ့မေတ္တာ၏ သုံးပုံတစ်ပုံလောက်တော့ ငါကလည်း မေတ္တာရှိနေရင်းပေပဲ။" [၁၂၇၆] မြင့်၊ ပ။ ၂၂၁။
တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလို မြင့်ကလည်း ကိုသန်းကဲ့သို့ပင် မေတ္တာတုံ့ပြန်ကာ ဧကန်ချစ်ခင်လိမ့်မည်ဟု မျှော်လင့်ပါသည်။" [၁၃၁၁] ချစ်ရည်။ ၂၂။♦
၃၀၅။ တတ်သည့်ပညာ မနေသာ။
အတတ်ပညာတစ်ခုခုကို တတ်မြောက်ထားလျှင် အခွင့်ကြုံကြိုက်လာသောအခါ၌ ထိုအတတ်ပညာကို အသုံးချစမြဲ ဖြစ်သည်။ "တတ်သည့်ပညာ မနေသာ ဆိုသကဲ့သို့ဆရာမ ဖြစ်လာသည့်အခါကစ၍ တပည့်ကလေးများအပေါ်တွင် စေတနာသန့်သန့်ဖြင့် အားကြိုးမာန်တက် သင်ကြားခဲ့သည်။" [၁၃၁၀] ဒဂုန်၊ ၂၂၊ ၈။ ၁၇၉။
ရုပ်သေးပညာသည်များမှာ တတ်သည်ပ့ညာ မနေသာ ဆိုသကဲ့သို့ ရွာစဉ်လျှောက်၍ စင်ထိုးကာ ခင်းကျင်းပြသနေကြသော်လည်း…၊" [၁၃၁၈] စာဗိမာန်၊ ၄၊ ၈။ ၇၁။♦
၃၀၆။ တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး
တန်ခူးလတွင် ဖက်ဆွတ် မိုး၊ သင်္ကြန်မိုး ရွာသွန်းမြဲ ဖြစ်သည်။ "တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး။" [၁၁၉၅] မုံမှတ်။ ၅၈။
တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး
တန်ခူးလတွင် ဖက်ဆွတ်ရေ ခေါ်သော ရေသည် ဧရာဝတီမြစ်မှာ တိုးမြဲ၊ သင်္ကြန် ခေါ်သော မိုးသည် ရွာမြဲဆိုလိုသည်။" [၁၂၈၅] ချုပ်ပုံ၊ ဒု။ ၁၃၅။♦
၃၀၇။ တန်ခူး ရေကုန်၊ ကဆုန် ရေခန်း
အချို့ကန်များ၊ အိုင်များသည်တန်ခူးလတွင် ရေနည်းစပြုလာပြီး ကဆုန်လတွင် ခန်းခြောက်လေ့ရှိသည်။ (တန်ခူး ရေကုန်၊ ကဆုန်ရေစစ် - ဟူ၍လည်း အဆိုရှိသည်။) "တန်ခူး ရေကုန်၊ ကဆုန် ရေစစ် ဆိုသည့်အတိုင်း မြစ်ရေသည် စစ်နေလေသည်။" [၁၃၁၁-ခန့်] မြို့ပိုင်ပြုံးချို။ ၅၄။
တန်ခူး ရေကုန်၊ ကဆုန် ရေခန်း ဟူသော စကားနှင့်အညီ ကျွန်းလှရွာရှိ ရေတွင်းများသည် နွေကာလ၌ ရေနည်းလာတတ်၏။" [၁၃၃၃] မြဝတီ၊ ၁၉၊ ၃။ ၈၈။
ငါးလွှတ်ပွဲလည်း ကျင်းပကြလေသည်။ တန်ခူး ရေကုန်၊ ကဆုန် ရေခန်း ဟူသော စကားအတိုင်းပင် ကဆုန်လ၌ ရေကန်ရေအိုင်များ ခန်းခြောက် နေတတ်ပေသည်။" [၁၃၃၅] ငွေတာရီ၊ ၁၅၅။ ၁။♦
၃၀၈။ တန်ဆေး၊ လွန်ဘေး
သင့်ရုံတန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။ အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်။ တန်ဆေး လွန်ဘေး-စကားပုံလည်းရှု။ "ပညာကျော်တို့၊ တန်သော်ကားဆေး၊ွလန်သော်ဘေးဟု၊ ရှေးဥဒါန်းချီ၊ ထုံးနှင့်ညီအောင်၊" [၁၁၈၃] ပဉ္စာ ၃၄။
တန်ဆေး လွန်ဘေးတဲ့၊ တော်ရုံတန်ရုံလောက် ထမင်းဟင်း စားသောက် ကောင်းရုံလောက် သောက်မှပ။" [၁၂၇၉] ဓမ္မစေတီ။ ၁၅၆။♦
၃၀၉။ တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်
တန်ဆောင်မုန်းလတွင် ဆီးနှင်းကျလိုက်၊ မိုးရွာလိုက် ဖြစ်တတ်သည်။ "တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်။" [၁၁၉၅] မုံမှတ်။ ၅၉။
တန်ဆောင်မုန်းအတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်
တန်ဆောင်မုန်းလမှာ မိုးရွာမြဲ၊ နှင်းကျမြဲ ဆိုလိုသည်။" [၁၂၈၅] ချုပ်ပုံ၊ ဒု။ ၁၁၆။♦
၃၁၀။ တန်ဆောင်မုန်းမိုး ကန်ကျိုးအောင်ရွာ
(အညာရပ်၌) တန်ဆောင်မုန်းလတွင် မိုးသည် ကန်များ ကျိုးပေါက်လောက်အောင် သဲသဲမဲမဲ ရွာတတ်သည်။♦
၃၁၁။ တန်ဆောင်မုန်းမိုးစွေ ကျွဲအိုနွားအိုသေ
(အညာရပ်၌) တန်ဆောင်မုန်းလတွင် မိုးရက်ဆက်ရွာသွန်းပါက ကျွဲအိုနွားအိုများ သေကြသည်။ "တန်ဆောင်မုန်းမိုးစွေ ကျွဲအိုနွားအိုသေ ဟူသော စကားကဲ့သို့ မိုးစွေ နေသည်။" [၁၃၃၃] မြဝတီ၊ ၁၉၊ ၈။ ၇၉။♦
၃၁၂။ တန်ဆောင်မုန်း၊ သောင်ကတုံးချောင်ခွာ၊ မအိပ်ရာ
တန်ဆောင်မုန်းလတွင် တစ်ခါတစ်ရံ မိုးသက်မုန်တိုင်းကျတတ်သဖြင့် သောင်ကတုံး၌ လှေရပ်နား ဆိုက်ကပ်မည်ဆိုပါက အတွင်းကျသော၊ အကာအကွယ်ကောင်းသော နေရာ၌ဆိုက်ကပ် ရပ်နား အိပ်စက်ရာသည်။ "တန်ဆောင်မုန်းလတွင် အကာအကွယ်မရှိသော သောင်ကတုံးများ၌ လှေဆိုက်ကပ်အိပ်မိ၍ … မုန်တိုင်းဒဏ်ကြောင့် ဒုက္ခမရောက်ရန် တန်ဆောင်မုန်း၊ သောင်ကတုံးချောင်ခွာ၊ မအိပ်ရာ ဟူသော ကဗျာလင်္ကာ ဖြင့် လှေသမားအချင်းချင်း သတိပေးခဲ့လေသည်။" [၁၃၃၅] ငွေတာရီ၊ ၁၅၉။ ၃၈။♦
၃၁၃။ တိမ်တေ လေဧစ်၊ လျှပ်စစ်ပေဉ္စာ၊ သံတယော
တိမ်တက်သည်ကို သုံးယူဇနာမှလည်းကောင်း၊ လေဆင်သည်ကို တစ်ယူဇနာမှလည်းကောင်း၊ လျှပ်ပြက်သည်ကို ငါးယူဇနာမှလည်းကောင်း မြင်နိုင်သည်။ မိုးချုန်းသံကို သုံးယူဇနာမှ ကြားနိုင်သည်။ (တေ=၃၊ ဧစ်=၁၊ ပေဉ္စာ = ၅၊ တယော = ၃။) "တိမ်တေ လေဧစ်၊ လျှပ်စစ်ပေဉ္စာ၊ သံတယော ဆိုသည်ကိုထောက်၍ လျှောက်ခြင်းဖြစ်ပါသည်။ တိမ်တက်သည်ကို သုံးယူဇနာက မြင်ပါသည်၊ လေ ဆင်သည်ကို တစ်ယူဇနာက မြင်ပါသည်၊ လျှပ်စစ်ပြက်သည်ကို ငါးယူဇနာက မြင်ပါသည်၊ မိုးဆင်သည်ကို သုံးယူဇနာက မြင်ပါသည်၊ ပညာရှိတို့စကားကို ထောက်၍ လျှောက်ပါသည်။" [၁၁၄၅] ရွှေဘုံ။ ၇၁။
စကားတောင်စားလောင်းကပင် တိမ်တေ လေဧစ်၊ လျှပ်စစ်ပေဉ္စာ၊ သံတယောဆိုသည့် စကားကို ထောက်လျှင် ရွှေနန်းတော်သို့ ရောက်၍ တစ်မောင်းခန့်ကြာမှ မိုးလေကျပါလိမ့်မည်ဟု လျှောက်လေ၏။" [၁၃၀၀] ရာဝင်။ ၉၅။♦
၃၁၄။ တိမ်တောင်သဖွယ် မင်းရေးကျယ်
မိုးသားတိမ်တိုက်တို့၏ အခြေအနေကို ခန့်မှန်းရခက်သကဲ့သို့ မင်းရေးမင်းရာကိစ္စများကို ခန့်မှန်းရခက်သည်။ ကြက်ဥအယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်-လည်းရှု။"တိမ်တောင်သွဖယ် မင်းရေးကျယ် သတဲ့၊ ဘယ်လိုအရေးတော်များ ဖြစ်မယ် မသိရသေးဘူး၊" [ ၁၂၈၁ ] နောင်ဝတ်။ ၁၁၉။
ကောင်းကင်ပြင်တွင်လည်း တိမ်တိုက်တို့မှာ အမျိုးမျိုးပြောင်းလဲကာ မျက်လှည့်ပြနေကြကုန်၏။ …တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုသော ရှေးလူကြီးတို့၏ စကားအတိုင်းပင်တည်း။" [၁၂၉၅] ဝတ္ထုဆောင်း။ ၁၂၅။♦
၃၁၅။ တိမ်မယောင်နှင့် နက်၊ လွယ်မယောင်နှင့် ခက်
အချို့ မြစ်ချောင်းတို့သည် တိမ်မည်ထင်ရသော်လည်း နက်တတ်သကဲ့သို့ အချို့ကိစ္စတို့သည်လွယ်မည်ဟု ထင်ရ သော်လည်း ခက်တတ်သည်။ "စိတ်တွင်းကလည်း သိ၏။ နှစ်သက်ခြင်းလည်း ရှိ၏။ သို့ရာတွင် အနက်ပေးခြင်းငှာမူ မစွမ်းနိုင်… တိမ်ယောင်နှင့် နက်၊ လွယ်ယောင်နှင့် ခက်သည်။" [၁၃၀၄] ဇာနည်သွေး။ ၂။
နှုတ်မှုရေးရာပညာသည် တိမ်ယောင်နှင့် နက်၊ လွယ်မယောင်နှင့်ခက် သော ပညာတစ်ရပ်ဖြစ်ပေသည်။" [၁၃၁၉] စာဗိမာန်၊ ၆၊ ၁။ ၅၅။
ဂီတ သည် နက်နဲ၏၊ ခက်ခဲ၏၊ သိမ်မွေ့၏၊ နူးညံ့၏။ တိမ်မယောင်နှင့် နက်တတ်ပြီး လွယ်မယောင်ှနင့်လည်း ခက်တတ်ချေသည်။" [၁၃၂၅] ချိုတေးသံ၊ ၁၂၊ ၂၂။ ၈၁။♦
၃၁၆။ တွေ့ဖန်များတော့ ယဉ်၊ မြင်ဖန်များတော့ လှ
တွေ့ဖန်မြင်ဖန်များသည့်အခါ ယဉ်သည်၊ လှသည်ဟု ထင်လာတတ်သည်။♦
၃၁၇။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်။
လူ့ခန္ဓာကိုယ်၌ ထမင်း တစ်နပ်၏ ဩဇာဓာတ်သည် ခုနစ်ရက်ကြာမှ ကုန်ခန်းသော်လည်း ရေတစ်ခွက်၏ ဩဇာဓာတ်သည် တစ်မနက်မှာပင် ကုန်ခန်းသည်။ "အမှန်ဆိုရလျှင် လူရဲ့ကိုယ် သုံးပုံပုံလျှင် နှစ်ပုံဟာ ရေသာဖြစ်ပါတယ်။ ဒါကြောင့် ရေကို မသောက်ဘဲ ကြာကြာ မနေနိုင်ကြပါဘူး၊ မြန်မာစကားပုံမှာတောင် ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မန်ကလို့ ရှိတယ် မဟုတ်ပါလား၊" [၁၃၁၆] စာဗိမာန်၊ ၃၊ ၈။ ၅၃။
ထမင်းအသက်ခုနစ်ရက်၊ ရေအသက် တ်စမန်ကဆိုတဲ့ စကားဟာ ထမင်းတစ်နပ်၏ အမြိုက်ဩဇာဟာ ခုနစ်ရက်ကြာမှ လူ့ခန္ဓာမှာ ကုန်ခန်းတယ်၊ ရေတစ်ခွက်ရဲ့ဩဇာကတော့ တစ်မနက်အတွင်းမှာ ကုန်ခန်းတယ်။" [၁၃၄၈] ဓမ္မရသ။ ၆၃။♦
၃၁၈။ ထလို့ပြေးချင် ရေအိုးတင်
ရေအိုးတင်ခေါ်သော ဒူးအပေါ်ဘက်နေရာကို ထိုးကွင်းထိုးသောအခါ ထ၍ ပြေးချင်လောက်အောင် နာကျင်လှသည်။ "ထိုးကွင်းအထိုးခံရသည်မှာ နာကျင်လှကြောင်းကိုမူ… ထလို့ပြေးချင် ရေအိုးတင်ဟုလည်းကောင်း၊ ဆရာကော်ဆဲ တင်ပါးဆွဲ ဟုလည်းကောင်း ခံခဲ့ရဖူးသော ရှေးလူများသည် စကားပုံထွင်ရစ်ခဲ့ကြ၏။" [၁၃၂၃] ယဉ်ကျေးမှု၊၃၊၉။ ၁၄၅။
ထလို့ပြေးချင် ရေအိုးတင် …လူ့ခန္ဓာ ကိုယ်တွင် ရေအိုးတင် ခေါ်သောနေရာကား ထိုဒူးနေရာပေတည်း။ …တစ်ခါတည်း ထပြေးချင်အောင်နာကျင်ကြောင်း ဖော်ပြခြင်းဖြစ်သည်။" [၁၃၄၈] ထိုးကွင်း။ ၁၁၃။♦
၃၁၉။ ထသွားပြန်ကြည့်
ထသွားသည့်အခါတိုင်း မိမိပစ္စည်း တစ်စုံတစ်ရာ ကျန်မကျန် ပြန်ကြည့်ပါ။ " ထသွားပြန်ကြည့်ဟူသော ပညာရှိတို့ ဆုံးမစကားများအရ အစဉ်အလာ ဓမ္မတာလုပ်ရိုးလုပ်စဉ်ကိစ္စသာ ဖြစ်ပါသည်။" [၁၃၃၉] မြန်စာပုံ၊ နိဒါန်း။ ည။♦
၃၂၀။ ထီးမှာ ခရိုင်၊ နိုင်ငံမှာ မင်း
ထီး၌ ခရိုင်သည် အချုပ် ဖြစ်သကဲ့သို့ နိုင်ငံ၌ မင်းသည် အချုပ် ဖြစ်သည်။ "ထီး မှာ ခရိုင်၊ နိုင်ငံမှာ မင်း သည် အချုပ်အခြာပဲဟု ဆိုရိုးရှိခဲ့ပါသည်။" [၁၃၂၈] ရှေ့သို့၊ ၉၊ ၇။ ၂၂။♦
၃၂၁။ ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ
ပုဂံဘုရားတို့တွင် ထုထည် အကြီးမားဆုံးမှာ ဓမ္မရံကြီးဘုရားဖြစ်သည်၊ ဉာဏ်တော်အမြင့်ဆုံးမှာ သဗ္ဗညုဘုရားဖြစ်သည်၊ အနုပညာလက်ရာအမြောက်ဆုံးမှာ အာနန္ဒာဘုရားဖြစ်သည်။ "ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ ဟူ၍ ပုဂံတွင်ထုထည် အကြီးမားဆုံးကို ဓမ္မရံကြီး၊ ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညု၊ ယဉ်ကျေးမှုအနုပညာ လက်ရာစုံလှသည့် အာနန္ဒာဘုရား စသည်ဖြင့်…၊" [၁၃၄၉] အာနန္ဒာ။ ၅။
ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ ဟူသော ဆိုရိုးစကားရှိသည် နှင့်အညီ ထုထည်ပမာဏအားဖြင့် အကြီးမားဆုံးဖြစ်သောဘုရားမှာ ဓမ္မရံကြီး ဂူဘုရားကြီးပင် ဖြစ်သည်။" [၁၃၅၆] ပုဂံဘုရား။ ၁၁၃။♦
၃၂၂။ ထူးလျှင်လည်းထူး၊ ရူးလျှင်လည်းရူး
သူများနှင့်မတူအောင် လုပ်ဆောင်တတ်သောသူသည် ထူးချွန်လျှင်လည်း ထူးချွန်သွားတတ်သည်။ သို့မဟုတ်လျှင်လည်း ရူးသွားတတ်သည်။ (ထူးလျှင်ထူး၊ မထူးလျှင်ရူး- ဟူ၍လည်း အဆိုရှိသည်။) "ထူးချင်လည်းထူးမှ၊ ရူးချင်လည်းရူးမှလို့ဆိုတဲ့ စကားလို သူတစ်ပါးထက် ထူးအောင်ရူးအောင်လုပ်မှ ကျော်စောထင်ရှားတဲ့ ခေတ်ကြီးမှာ…၊" [၁၂၉၆-ခန့်] မဉ္ဇရီ၊ တ။ ၁၄၅။
ထူးလျှင်လညူ်းထး၊ ရူးလျှင်လည်ူးရး ဟူသောစကားတွင် သူသည် ထူးခြားရကား အများသောလူနှင့် မတူသည့်အချက်များ သူ့တွင် ရှိသည်။" [၁၃၁၀] လူချွန်၊ ပ။ ၈၉။♦
၃၂၃။ ထောက်ထားလျှင် နှောင့်ယှက်၊ မြှောက်စားလျှင် ရောင့်တက်
တစ်ဦးတစ်ယောက်ကို ထောက်ထားညှာတာမိလျှင် မိမိအတွက် အနှောင့်အယှက်ဖြစ်လာတတ်သည်။ တစ်ဦးတစ်ယောက်ကို မြှောက်စားမိလျှင်လည်း မြှောက်စားခံရသူက အခွင့်အရေးပိုယူကာ ရောင့်တက်လာတတ်သည်။ "ထောက်ထားလျှင် နှောင့်ယှက်၊ မြှောက်စားလျှင် ရောင့်တက်ဆိုတဲ့ စကားအတိုင်း မိန်းမများဟာ သူတို့ကို သနားသဖြင့် ထောက်ထားညှာ တာပြီဆိုမှဖြင့် အလိုလိုနေရင်း နှောင့်ယှက်လာပါရော၊" [၁၂၈၂] ဝေဝေ။ ၂၄။
မြှောက်စားလျှင်ရော့င်တက်၊ ထောက်ထားလျှင် နှောင့်ယှက် ဆိုတဲ့စကားအတိုင်း တကယ်လို့ သခင်ကြီးဘုရားရဲ့ အလိုတော်အတိုင်း လိုက်ပါခဲ့မယ်ဆိုပါလျှင် …ထွတ်ထွတ်မှာ ခက်ရမှာမို့…၊" [၁၂၈၇] ထီး၊ တ။ ၂။♦
၃၂၄။ ထင်တိုင်းလည်း မဆိုနှင့်၊ ဝင်တိုင်းလည်း မမျိုနှင့်
စကားကို ထင်ရာ မြင်ရာ စည်းလွတ်ဝါးလွတ် မပြောသင့်ပါ။ အစားကိုလည်း စားကောင်းတိုင်း မချင့်မချိန် မစားသင့်ပါ။ "ထင်တိုင်းလည်း မဆိုနှင့်၊ ဝင်တိုင်းလည်း မမျိုနှင့် ဟူ၍ ရှေးဆရာကြီးတို့ ဆိုအပ်သော စကားပုံအတိုင်း မိမိတို့စားသောက်နေကျဖြစ်သော အစားအစာပင် ဖြစ်လင့်ကစား အရသာရှိ၍ စားသောက်ကောင်းတိုင်း များစွာ မစားမသောက်ရာ။" [၁၂၇၅] စာဏကျ၊ ပ။ ၃၉။♦
၃၂၅။ ထင်းမရှိတော့ ထရံဖျက်၊ ဟင်းမရှိတော့ ကြမ်းစွန်းငှက်
ထင်းမရှိသည့် အခါ ထရံကို ဖျက်၍ ထင်းအဖြစ် သုံးတတ်ကြသည်။ ဟင်းမရှိသည့်အခါ အိမ်မွေး ကြက်ကို ချက်စားတတ်ကြသည်။ "ရှားပါးသော အခိုက်အတန့်နှင့် ကြုံတွေ့ရသောအခါ မနှမြောသာဘဲ ရှိသောအရာကိုပင် သုံးရစွဲရပုံကို ထင်းမရှိတော့ ထရံဖျက်၊ ဟင်းမရှိတော့ ကြမ်းစွန်းငှက်ဟု ဆိုကြသည်။" [၁၃၃၆] ငွေတာရီ၊ ၁၆၇။ ၂၂။♦
၃၂၆။ ထောင်တန်သည့်စကား ရယ်ပေါ့
တန်ဖိုးထားရမည့် စကားကို ပြက်ရယ်ပြုလျှင် တန်ဖိုးမရှိ ဖြစ်တတ်သည်။ "အူမြူးခြင်းမှာ တန်ဖိုးရှိသော်လည်း နေရာတကာ အူမြူးရန်မသင့်ပေ။ ထောင်တန်သည့်စကား ရယ်လျှင်ပေါ့သည် မဟုတ်ပါလော။" [၁၃၁၃] လူလုံး၊ ပ။ ၂၁၂။
ဟေ့လူ၊ ထောင်တန်တဲ့စကား ရယ်လျှင်ပေါ့သတဲ့။…မင်းက ငါ့ကို မယုံလို့ ဟားနေတာလား။" [၁၃၃၁] ရှေ့သို့၊ ၁၅၊ ၇။ ၁၈။♦
၃၂၇။ ထန်းသီးအုန်းအုန်း ဖားအုန်းအုန်း
ဖားများ ဆူညံစွာ အော်မြည်ကြသည့် ဝါဆို၊ ဝါခေါင်လများတွင် ထန်းသီးမှည့်များ တအုန်းအုန်း ကြွေကျသည်။ "ထန်းသီးအုန်းအုန်း ဖားအုန်းအုန်း ဆိုသော မိုးနောက်ဖျားလောက် ထန်းအလှီးရပ်ရသည်နှင့် တစ်နှစ်တာအတွက် ထန်းလျက်ကျိုရန် ထင်းခုတ် ရလေတော့သည်။" [၁၃၂၄] ရှေ့သို့၊ ၂၊ ၄။ ၃၂။
ဝါဆို၊ ဝါခေါင်လများ၌ မိုးမျှော်ကြသည့် ဖားများ တအုန်းအုန်း အော်မြည်သံများနှင့်အတူ ထန်းသီးများ ကြွေကျကြသည့် အသံကို ကြားရလျှင် ထန်းသီးအုန်းအုန်း ဖားအုန်းအုန်းဟု ထန်းလုပ်သားတို့ ပြောစမှတ်ပြုခဲ့ခြင်း ဖြစ်လေသည်။" [၁၃၃၁] ထန်း။ ၃၉။♦
၃၂၈။ ဒီပိ စမ္မေသု ဟညတေ
ကျားသစ်သည် အရေကြောင့် အသတ်ခံရသည်။ (ဒီပိ-ကျားသစ်ကို၊ စမ္မေသု-အရေတို့ကြောင့်၊ ဟညတေ-သတ်အပ်၏။) "ဒပိီ-သစ်ကို၊ စမ္မေသု-အရေတို့ကြောင့်၊ ဟညတေ-သတ်အပ်၏။" [၁၀၀၅-ခန့်] သဒ္ဒါကြီး။ ၅၅၃။♦
၃၂၉။ ဒေါင်ဒေါင်မြည်မှ အိုး၊ သုံးလွန်းတင်မှ ကြိုး၊ အနောက်တောင်ထောင့်မှ မိုး
ခေါက်ကြည့်လျှင် ဒေါင်ဒေါင်မြည်သော အိုးမှသာ အိုးကောင်း ဖြစ်၏။ သုံးလွန်းတင် ကျစ်ထားသောကြိုး ဖြစ်မှသာ ခိုင်ခံ့၏။ အနောက်တောင်ထောင့်မှ မိုးသားတိမ်တိုက်များ တက်ပြီး ရွာသောမိုး ဖြစ်မှသာ အချိန်မှန် ရွာသောမိုး ဖြစ်၏။ (ဒေါင်ဒေါင်မြည်မှ အိုး၊ သုံးလွန်းတင်မှ ကြိုး၊ တောင်ကလာမှ မိုး-ဟူ၍လည်း အဆိုရှိသည်။) "ဒေါင်ဒေါင်မြည်မှအိုး၊ သုံးလွန်းတင်မှ ကြိုး၊ အနောက်တောင်ထောင့်မှ မိုးဟူသော ရှေးရိုးစကားအတိုင်း အနောက်တောင်ထောင့်အရပ်မှ ကမ္ဗလာမင်သင်တိုင်းတို့ဖြင့် ရစ်သိုင်းကာ လွှမ်းခြုံထားသကဲ့သို့ အမ္ဗုန်မောင်မိုးဒေဝါကလည်း ရွာတော့ဟန်တကဲကဲ ညိုမည်း၍နေတော့သည်။" [၁၃၁၉] ယဉ်ကျေးမှု၊ ၂၊ ၁၂။ ၁၄။
အနောက်တောင်အရပ် စနေထောင့်ဆီမှ မိုးသားတိမ်လိပ်များရုတ်ခြည်း တက်လာကာ ခြိုးခြိမ့်သံမပေးဘဲ ဗြုန်းခနဲ ရွာချလိုက်သည်မှာ သည်းပါဘိချင်း၊ သုံးလွန်းတင်မှ ကြိုး၊ ဒေါင်ဒေါင်မြည်မှ အိုး၊ တောင်ကလာမှမိုး ဟူသည့် ရှေးလူကြီးသူမတို့ ဆိုရိုးစကားမှာ မှန်နေသည်။" [၁၃၄၇] ငွေတာရီ၊ ၃၀၀။ ၅၁။♦
၃၃၀။ ဒေါင်း ပုစွန်၊ ဝံနှင့်ငါး၊ စာလေးပါးအက္ခရာ
ဒေါင်း၏အမြီး၌ စ-အက္ခရာ သဏ္ဌာန်၊ ပုစွန်လုံး၏ကျောကုန်း၌ ဓ-အက္ခရာသဏ္ဌာန်၊ ငါးရံ့ဒိုင်း၏ အမြီး၌ ဗ-အက္ခရာသဏ္ဌာန်၊ ဝက်ဝံ၏ ဝမ်းဗိုက်၌ ဝ-အက္ခရာသဏ္ဌာန် ပါရှိသည်။ "ဝံပုစွန် ငါး၊ ဒေါင်းမြီးဖျားမှာ၊ စာလေးပါးကျေခါမှ၊ သွေပါ့မယ် လှယဉ်ကြူးငဲ့၊" [၁၂၂၅-ခန့်] ဝိဇယ။ ၁၅၈။
ဒေါင်း ပုစွန်၊ လူဝံနှင့် ငါး၊ စာလေးပါးအက္ခရာဟု ရှေးပညာရှိများ ဆိုရိုးပြုခဲ့ကြလေသည်။" [၁၃၁၇] ပုံပြဆေး၊ ဆ၊ ပ။ ၁၈၆။♦
၃၃၁။ ဓားကောင်းကိုင်လျှင် သွေး၊ မြင်းကောင်းကိုင်လျှင် ကျွေး
ဓားကောင်းကို လက်ဝယ်ထားရှိသူသည် ဓားကို အစဉ်ထက်အောင် သွေးရမည်။ မြင်းကောင်းကို လက်ဝယ်ထားရှိသူသည် မြင်းကို အစာဝအောင် ကျွေးရမည်။ "ဓားကောင်းကိုင်လျှင် သွေး၊ မြင်းကောင်းကိုင်လျှင် ကျွေး။" [၁၃၄၈] မြန်မာ့မြင်း။ ၇၃။♦
၃၃၂။ ဓားသွားထက် ကလောင်သွားထက်
ဓားလှံစသော လက်နက်ဖြင့် တိုက်ခိုက်မှုထက် စာပေလက်နက်ဖြင့် စည်းရုံးလှုံ့ဆော်မှုက ပို၍ ထိရောက်အောင်မြင်သည်။ "လွတ်လပ်ရေးအတွက် စာရေးဆရာတို့၏ တာဝန်သည် ကြီး မားလှပေသည်။ ဓားသွားထက် ကလောင်သွားထက်သည်ဟု ဆိုကြ၏။" [၁၃၁၉] မျက်ပွင့်။ ၇၆။♦
၃၃၃။ ဓာတ်တူနံတူ ဆေးကိုယူ၊ နံတူသတ်က အသေရ
သက်ရှိသက်မဲ့တို့၏ နေ့နံ တူညီမှုကို အခြေခံ၍ ရောဂါပျောက်ကင်းအောင်၊ အကျိုးဖြစ်ထွန်းအောင်၊ အကျိုး ပျက်ပြားအောင် ဓာတ်ရိုက်ဓာတ်ဆင် စီမံပြုလုပ်သည်။ "ဓာတ်တူနံတူ ဆေးကိုယူ-ကျမ်းရင်းလင်္ကာ လာသည့်အတိုင်း ဝက် လည်းကောင်း၊ လူလည်းကောင်း၊ ရေလည်းကောင်း ဓာတ်တူရကား… ဝက်ထမ်း လူမျိုး၊ ရေမချိုးရာ ဟူသော ဓာတ်တူကိုသိ၊ … နံတူသတ်က အသေရဟူ၍ ကျမ်းရင်းလင်္ကာ လာသည်နှင့်အညီ ခိုက်ပြီးသောဓာတ်ကို ပြန်၍ ရိုက်ရာ၏။" [၁၁၂၀-ခန့်] အင်ဋီ၊ ပ။ ၂၆-၂၇။
ဓာတ်တူနံတူ ဆေးကိုယူ၊ နံတူသတ်က အသေရဆိုတဲ့အတိုင်း သံခဲလို မာနေတဲ့ အမာ့ကို ချိန်ပြီး စိန်ကြီးလို အမာစားလုပ်နေမှ တော်မယ်၊" [၁၂၇၆] မြင့်၊ စ။ ၇၂။
ဓာတ်တူနံတူ ဆေးကိုယူ၊ နံတူသတ်က အသေရဟူသော အင်္ဂဝိဇ္ဇာ နည်း(ဓာတ်ရိုက်နည်း၊ ဓာတ်ဆင်နည်း)အတိုင်း ကင်းဟူသော တနင်္လာကို ကြေးဟူသော တနင်္လာနံ ဓာတ်တူနံတူဖြင့် အကိုက်ခံရသူ ကြားအောင် တီးခေါက်ပေးလျှင် ပျောက်သည်ဟု ဆိုလိုသည်။" [၁၃၃၅] ပညာမြန်စာ၊ ပ။ ၈၂။♦
၃၃၄။ ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်
အချို့သော တရားသြူကီးတို့သည် ဓမ္မသတ်၊ ဥပဒေရှိပါလျက် တံစိုးလက်ဆောင်စားကာ ဘက်လိုက်၍ ဆုံးဖြတ်တတ်ကြသည်။ "ဓမသ္မတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်။" [၉၇၀-ခန့်] ဟံချုပ်။ ၇၅။
ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်ဟု၊ စဉ်ဆက်ဆိုရိုး၊ မျှော်စောင့်ကြိုးလော့၊" [၁၂၆၆] မဃ ၃၉၆။♦
၃၃၅။ ဓမ္မာသောက၊ အင်းဝရာဇာ၊ အိမ်ထောင်ဖက်၊ အသက်မရှည်ရာ
စနေနှင့် ကြာသပတေး၊ သောကြာနှင့်တနင်္လာ၊ တနင်္ဂနွေနှင့်ဗုဒ္ဓဟူး၊ ရာဟုနှင့်အင်္ဂါသားသမီးတို့သည် အိမ်ထောင်ဖက် မပြုသင့်သော နေ့နံများဖြစ်ကြသည်။ (ဓမ်=စနေ၊ မာ=ကြာသပတေး၊ သော=သောကြာ၊ က=တနင်္လာ၊ အင်း=တနင်္ဂနွေ၊ ဝ=ဗုဒ္ဓဟူး၊ ရာ=ရာဟု၊ ဇာ=အင်္ဂါ။) "ခိုက်ရန်မှာကား၊ ဓမ္မာသောက၊ အင်းဝရာဇာ၊ မယှဉ်ရာတည့်။" [၁၁၂၀-ခန့်] အင်ဋီ၊ ဒု။ ၆၃။
ဓမ္မာသောက၊ အင်းဝရာဇာ၊ အိမ်ထောင်ဖက်၊ အသက်မရှည် ရာ။" [၁၃၃၆] လောကီစုံ။ ၃။♦
၃၃၆။ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားက ပြန်၍ စောင့်သည်။ (ဓမ္မော-တရားသည်၊ ဓမ္မစာရီ-တရားကျင့်သောသူကို၊ ဟဝေ-စင်စစ် ဧကန်၊ ရက္ခတိ-စောင့်ရှောက်၏။) တရားနတ်စောင့်-လည်းရှု။ "ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ၊ မွေ့သိမ်နက်ကိ၊ ပါဠိထင်ရှား၊ ဟော မြွက်ကြားတိုင်း၊ တရားမထောင့်၊ အမှန်စောင့်က၊ စောင့်သည့်တရား၊ စောင့်သူ အားကို၊ မမှားဆတ်ဆတ်၊ စောင့်သတတ်တည့်၊" [၁၂၆၆] မဃ ၂၆၆။♦
၃၃၇။ နဂိုဓာတ်ဟောင်း မဖျက်ကောင်း
သက်ရှိသက်မဲ့တို့၌ ရှိသော ပင်ကိုဓာတ် သဘောကို မဖျက်ဆီးကောင်းပေ။ "ပထဝီပျက်ထ၊ နာသမျှကို၊ ကာလရှေးလွန်၊ ဆရာမွန်တို့၊ အာဂန္တုနာ၊ သညာခေါ်ဆို၊ ဆေးမလိုတည့်၊ နဂိုဓာတ်ဟောင်း၊ မဖျက်ကောင်း၍၊ အကြောင်းဆိုင် ဆီ၊ ပထဝီ၏၊ အမှီအကင်း၊ ဖြစ်စေလျှင်းသည်၊" [၁၁၇၇] နသု။ ၉။
ဆေးဆရာတို့ အသုံးပြုလေ့ရှိသော ပြုပြင်ရေးဆိုင်ရာ စကားပုံတစ်ခုလည်း ရှိပြန်လေသည်။ နဂိုဓာတ်ဟောင်း မဖျက်ကောင်းဟူသော စကားပင် ဖြစ်လေသည်။" [၁၂၉၄] ဒဂုန်၊ ၁၂၊ ၁၃၈။ ၄။
နဂိုဓာတ်ဟောင်း မဖျက်ကောင်းဆိုသကဲ့သို့ မြေ၊ ရေ၊ သစ်ပင်၊ တောတောင် စသည်တို့ကို မူလသဘောမှ အဆမတန် ပြောင်းလဲစေခြင်းသည် လူတို့၏ ကျန်းမာရေးနှင့် ဆန့်ကျင်ဘက် ဖြစ်စေ၏။" [၁၃၀၀]ဒဂုန်၊၂၁၃။ ၈။♦
၃၃၈။ နဖူးစာ ရွာလည်
ဖူးစာဖက်မှန်လျှင် မည်မျှပင် ရေမြေဒေသ ကွာဝေးခြားနားပါစေ တွေ့ဆုံပေါင်းဖက်ရမြဲ ဖြစ်သည်။ "နဖူးစာသည်၊ ရွာလည်သမျိုး၊ ဆိုစရိုးတည့်၊" [၁၁၈၉] ကသု ၁၇၁။
လောကီဓမ္မတာ၊ လူတို့ရွာမှာ၊ နဖူးစာ ရွာလည်တဲ့။" [၁၂၆၈] နော၊ ပ။ ၁၄။♦
၃၃၉။ နယုန်မိုးသေး မြက်သားမွေး
နယုန်လတွင် မိုးသေးမိုးဖွဲရွာကာ မြက်နု ကလေးများ ထွက်လာသည်။ "နယုန်မိုးသေး မြက်သားမွေး
နယုန်လအတွင်း မိုးပေါက် ငယ်ငယ်ရွာသည့်အတွက် မြက်ပင်ကလေးများ ပေါက်ပွားကြဆဲဆိုလိုသည်။" [၁၂၈၅] ချုပ်ပုံ၊ ဒု။ ၁၃၅။
နယုန်မိုးသေး မြက်သားမွေးဆိုသော စကားအတိုင်း တိမ်လိပ်တိမ်ခဲများမှ မိုးသေးမိုးဖွဲကလေးများ တစ်ပြိုက်နှစ်ပြိုက်ကျလျက် မြက်ခင်း စိမ်းလဲ့လဲ့ကလေးများ မြင်ရစပြုလျှင်ပင်…၊" [၁၃၀၃] ဘဝ။ ၁၉၇။♦
၃၄၀။ နဟိ ဝေရေန ဝေရာနိ
ရန်ကိုရန်ချင်း မတုံ့လျှင်းနှင့်- နှင့် အတူတူ။ (ဝေရာနိ-ရန်တို့သည်၊ ဝေရေန-ရန်တုံ့မူသဖြင့်၊ နဟိ ဥပသမ္မန္တိ-မငြိမ်းကုန်။) "နဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊" [၁၃၂၃] ဓမ္မပါမြန်။ ၃။♦
၃၄၁။ နာဂဆင်ဖြူ၊ ရောက်မူပြည်ရွာ၊ ဝပြောသာ
ဆင်ဖြူရောက်ရှိပါက တိုင်းပြည် ဝပြောသာယာ၏။ "ရုပ်ဝါသွင်မူ၊ အမြင်တူလည်း၊ ကျီးဖြူဆင်ဖြူ၊ ဂုဏ်မတူဘူး၊ ကျီးဖြူရောက်က၊ စစ်မက်ထ၏၊ နာဂဆင်ဖြူ၊ ရောက်မူပြည်ရွာ၊ ဝပြောသာ၏၊" [၁၂၆၆] မဃ ၂၀၁။♦
၃၄၂။ နာစရာရှိလျှင် လွမ်းစရာနှင့်ဖြေ
တစ်စုံတစ်ယောက်အပေါ်၌ နာကြည်းစရာ အပြစ်တွေ့လာပါက ထိုသူ့အား လွမ်းသော စိတ်ဖြင့် ဖြေဖျောက်ရသည်။ လွမ်းစရာပေါ်လျှင် နာစရာနှင့်ဖျောက်-နှင့် နှိုင်းယှဉ်။♦
၃၄၃။ နားတစ်ထိုင်၊ သွားတစ်တိုင်
ဣရိယာပုတ် မျှတစေရန် တစ်ခါထိုင်၍ နားလျှင် တစ်တိုင်အကွာအဝေးမျှ လမ်းလျှောက်ပါ။ "နားတစ်ထိုင်၊ သွားတစ်တိုင်ဆိုသော စကားကဲ့သို့တစ်နာရီထိုင်လျှင် တစ်နာရီလမ်းလျှောက်ခြင်း၊ ထိုင်ခြင်း ဣရိယာပုတ်ကို ဖြေရန်မှာ လမ်းလျှောက် ခြင်းပင် ဖြစ်၏။" [၁၃၁၇-ခန့်] အိမ်ဆေး။ ၂၄၅။♦
၃၄၄။ နီ လာအလျား၊ မြကားအပြား၊ ပတ္တမြားအမောက်၊ စိန်မှာအစောက်
နီလာကို အလျားလိုက် အနေအထားမျိုးဖြစ်အောင် သွေးရသည်။ မြကို ပြားသော အနေအထားမျိုး ဖြစ်အောင် သွေးရသည်။ ပတ္တမြားကို မောက်သော အနေအထားမျိုးဖြစ်အောင် သွေးရ သည်။ စိန်ကို စောက်သော အနေအထားမျိုးဖြစ်အောင် သွေးရသည်။ "ကျောက်ကို ဆိုသော ထုံးကား နီလာအလျား၊ မြကားအပြား၊ ပတ္တမြား အမောက်၊ စိန်မှာအစောက်။" [၁၁၉၅] မုံမှတ်။ ၂၈။
ကျောက်၏ အနေအထား လက္ခဏာကို ရွေးချယ်ရာ၌ ရှေးကဆိုထုံး အရ နီလာအလျား၊ မြကားအပြား၊ ပတြ္တမားအမောက်၊ စိန်မှာအစောက်ဟု ဆိုပါသည်။" [၁၃၄၀] မြန်မာ့ပန်း။ ၁၃၀။♦
၃၄၅။ နီးတကျက်ကျက် ဝေးတသက်သက်
အလွန် ခင်မင်ရင်းနှီးသူချင်း သို့မဟုတ် လင်မယားချင်းသည် အတူတကွ အနေကြာလျှင် မကြာခဏ စကားများတတ်ကြသော်လည်း အနေဝေးလျှင်မူ တသသ လွမ်းနေတတ်ကြသည်။ "နီးတကျက်ကျက် ဝေးတသကသ်ကဆိုသော စကားကဲ့သို့ နှင်းနုနှင့် ဝေးလာခဲ့ခါမှ ကျွန်တော်သည် ကောင်မလေးအပေါ် ပိုပြီး သတိရမိ၊ အောက်မေ့ မိ၊… တမ်းတမိခဲ့သောကြောင့်…၊" [၁၃၁၆] မြဝတီ၊၂၊ ၁၁။ ၂၃၀။
လင်နှင့်မယား ပြဿနာပေါ်တယ်ဆိုတာ အတူတူနေချိန်များလို့ ဖြစ်ရတာ… အတူနေရချိန်နည်းရင် လင်နဲ့မယား တာဝန်ကျေရုံ ပြောဆိုဆက်ဆံရတော့ ပိုခိုင်မြဲနိုင်တယ်၊ နီးတကျက်ကျက် ဝေးတသက်သ်က သဘောပေါ့၊" [၁၃၃၉] ငွေတာရီ၊ ၂၁၁။ ၁၁၃။♦
၃၄၆။ နီးလျက်နဲ့ဝေး
အနေနီးသော်လည်း အရောက်အပေါက်မရှိ ဖြစ်သည်။ "မောင်တင့်နှင့်မယ်မြင့်တို့သည် ကိုယ်ချင်းကွဲ၍ စိတ်မကွဲဘဲ နီးလျက်နှင့်ဝေး၊ ဝေးလျက်နှင့်နီးဟူသော စကားအရ… နှောင်ဖွဲ့လျက်သာရှိ နေသောကြောင့်…၊" [၁၂၇၇] ဘီအေ။ ၈၉။
ဘဟာဒူးနှင့်အမြတို့လည်း တစ်ယောက်နှင့်တစ်ယောက် နီးလျက်နှင့်ဝေး နေကြပြီ၊" [၁၃၁၉] ထောင်သား။ ၂၄၂။♦
၃၄၇။ နုမှာ ငါးရာ၊ ရင့်မှာ တစ်ကျိပ်
မြတ်စွာဘုရား၏ ပါရမီနုသော ဘဝပေါင်းမှာ ငါးရာသုံးဆယ့်ခုနစ် ဖြစ်သည်။ ပါရမီရင့်သော ဘဝပေါင်းမှာမူ တစ်ဆယ် ဖြစ်သည်။ (အနု ငါးရာ၊ ရင့်မာ တစ်ကျိပ်-ဟူ၍လည်း အဆိုရှိသည်။) "အလှူရေစက် လက်နှင့်မကွာ အနု ငါးရာ၊ ရင့်မာ တစ်ကျိပ် နောင်လာ ရှစ်သောင်း ဘုရားလောင်းကဲ့သို့ ပြု ကောင်းသော ထုံးစံဥပဒေရှိ၏။" [၁၂၁၈] မင်သာ။ ၉။
၅၃၇-ဇာတ်တို့မှာ ဘုရားလောင်း(ဗောဓိသတ္တ)အဖြစ် နုသေးသည့် ဘဝများနှင့် ပတ်သက်နေပြီး နောက်ဆုံးဇာတ်ကြီးဆယ်ဘွဲ့ကား ဘုရားဖြစ်ခါနီး ရင့်နေပြီဖြစ်သည့်ဘုရားလောင်းဘဝများနှင့်သက်ဆိုင်နေသည်။ ယင်းအဓိပ္ပာယ်ကို ပေါ်လွင်အောင်နုမှာ ငါးရာ၊ ရင့်မှာ တစ်ကျိပ် ဟုခေါ်ဆိုကြသည်။" [၁၃၃၆] ဇာတ်ငါး။ နိဒါန်း။ ၂၆။♦
၃၄၈။ နေခါသူ့နောက်၊ ဆိုခါသူ့အောက်
ရိုသေလေးစားထိုက်သူတို့ကို ဦးစားပေး၍ သင့်တင့်သော နေရာ၌ နေရမည်။ စကားပြောဆိုရာတွင်လည်း မိမိကိုယ်ကို နှိမ့်ချ၍ ပြောဆိုရမည်။ "နေခါသူ့နောက်၊ ဆိုခါသူ့အောက်၊ စားသော်အတန်၊ ပေးသော် အလွန်၊ စကားမွန်ကိုမှတ်ကုန်မင်း၊" [၈၆၃] ကန်မင်း။ ၁၆၉။
နေခါသူ့နောက်၊ ဆိုခါသူ့အောက်၊ စားသောက်အတန်၊ သည်းခြံခင်း လည်းကြီးစေ၊" [၁၁၅၂-ခန့်] ကျည်း။ ၇၂။♦
၃၄၉။ နေဝင်မီးလက် စီးပွားတက်
နေဝင်သည်နှင့်တစ်ပြိုင်နက် မီးထွန်းလေ့ရှိသော အိမ်သည် စီးပွားတက်သည်။ "အလင်းရောင်မရှိတော့သည်ကို မြင်ပါလျက် မီးထွန်းရမည်ကိုမေ့လျော့နေသည်။…နေဝင်မီးလ်က စီပွားတက်ဟူသောစကားအရ နေဝင်လျှင် မီးထွန်း နေကျ၊ မီးရောင်လင်းလာမှ သတိရသည်။" [၁၃၃၅] ငွေတာရီ၊ ၁၅၅၊ ၁၃၆။♦
၃၅၀။ နေ့ကိုလို ဝါဆို၊ ညကိုလို ပြာသို။
ဆယ့်နှစ်လတွင် ဝါဆိုလသည် နေ့တာအရှည်ဆုံးလ ဖြစ်ပြီး ပြာသိုလသည် ညတာအရှည်ဆုံးလ ဖြစ်သည်။ "ဝါဆိုလသည် နေ့တာအရှည်ဆုံး ဖြစ်၏၊ သို့ဖြစ်၍ နေ့ကိုလို ဝါဆို ပြာသိုလသို့ ရောက်သောအခါမှာကား ညနာရီ-၃၆၊ နေ့နာရီ-၂၄ သာရှိ၍ ၎င်းလသည် ညတာအရှည်ဆုံးလ ဖြစ်၏။ သို့ဖြစ်၍ ညကိုလို ပြာသို ဟူ၍ ဆိုထုံး ပြုကြလေသည်။" [၁၃၁၃ ]ဒေါင်းဖတ်စာ၊ ဆ။ ၂၂။
နေ့မှာ ဝါဆို၊ ညမှာ ပြာသို ဆိုရိုးရှိခဲ့သည့်အတိုင်း ဝါဆိုလသည် နေ့တာအရှည်ဆုံးလဖြစ်၍ ပြာသိုလသည် ညတာအရှည်ဆုံးလ ဖြစ်သည်။" [၁၃၃၀-ခန့်] ဝတ်ဆံ၊ ၅။ ၄၃။♦
၃၅၁။ နေ့ပူလို့ညချမ်း၊ တပေါင်းလ လသရမ်း
တပေါ င်းလသည် နေ့အခါ အလွန်ပူ၍ ညအခါ အလွန်အေးသော အခါသမယ ဖြစ်သည်။ "ရှေးသူဟောင်းတို့လည်း ေ့နကိုပူ၍ ညကချိုမ်းသည်၊ တပေါင်းလ လသရမ်း ဆိုစကုန်သည်။" [၁၁၉၂] ဝေါလီ။ ၆၉။
နွေဦးပေါက်ခါနီးမို့ နေ့ပူလို့ ညချမ်း၊ တပေါင်းလ လသရမ်း ဖြစ်ရရှာ သည်။" [၁၃၁၀] မြန်မှု။ ၃၅၃။♦
၃၅၂။ နေ့ပြော နောက်ကြည့်၊ ညဉ့်ပြော အောက်ကြည့်
တိုးတိုးတိတ်တိတ်တိုင်ပင်ရာ၌ နေ့အခါဖြစ်မူ မိမိတို့နောက်ဘက်၌ တစ်စုံတစ်ဦးရှိ မရှိ၊ ညဉ့်အခါဖြစ်မူ မိမိတို့ အောက်ဘက်နေရာများ၌ တစ်စုံတစ်ဦးရှိ မရှိ သတိမူရမည်။ "နေ့ပြော နောက်ကြည့်၊ ညဉ့်ပြော အောက်ကြည့် ဆိုသည့်အတိုင်း … နောက်သို့ပြန်၍ လှည့်ကြည့်မိပါမူ နံရံပေါက်၌ တောက်ပငြိမ်သက်စွာ ချောင်းမြောင်း၍ ကြည့်ရှုနေသော မျက်လုံးကလေးနှစ်လုံးကို…၊" [၁၂၈၈] ရွှေဓားဗိုလ်။ ၂၁၄။
နေ့ပြော နောက်ကြည့်၊ ညဉ့်ပြော အောက်ကြည့်ဆိုတဲ့ စကားလို ခင်တို့နှစ်ယောက် စကားပြောတုန်းက တတိုင်းမွှေးရုံအောက်ကို ငုံ့မကြည့် လိုက်မိတာ မှားတာပဲနော်။" [၁၃၁၃] စာဆို၊ ဒု။ ၈၆၃။♦
၃၅၃။ နေ့မြင် ညပျောက်
နေ့အခါ၌ အကောင်းပကတိ မြင်နေရသူပင် ညတွင်းချင်း သေပျောက်တတ်သကဲ့သို့ သေခြင်းတရားသည် မြန်ဆန်သည်။ "ယခုခေတ်ကြီး မှာ ရှေ့မြင်နောက်ရောက်၊ နေ့မြင်ညပျောက်ဆိုတာလို အိုဘေးကြီး၊ နာဘေးကြီး၊ သေဘေးကြီးတွေက… တကယ့်ကို လန့်စရာ ထိတ်စရာကြီးတွေ ဖြစ်နေကြတယ် မဟုတ်လား၊" [၁၂၉၆] မဉ္ဇရီ၊ စ။ ၁၅၀။
စစ်အတွင်းတုန်းက ဗုံးကြဲလို့ နေ့မြင်ညပျောက်တွေသားတွေ့ခဲ့တယ် မဟုတ်လား၊" [၁၃၁၂] သုံးရွေ့။ ၄၃။♦
၃၅၄။ နံနက် ငှက်ပျော၊ ညဉ့် သင်္ဘော။
ကျန်းမာရေးအတွက် နံနက်အချိန်၌ ငှက်ပျောသီး စားရသည်၊ ညအချိန်၌ သင်္ဘောသီး စားရသည်။ "ရှေးမြန်မာ လူကြီးသူမများ အနေနှင့် ကျန်းမာရေး စောင့်ရှောက် တတ်မှု… ဆိုရိုးဆောင်ပုဒ်ကလေးများအနက်နံနက် ငှက်ပျော၊ ညဉ့် သင်္ဘောဟူသော အသိပညာပေး စကားကလေးလည်း အပါအဝင် ဖြစ်လေသည်။" [၁၃၅၆] ငွေတာရီ၊ ၄၀၈။ ၁၄၃။♦
၃၅၅။ နောက်ပစ်ညသတ်သမာနတော။
နောက်ပစ်ရေးစာလုံးနှင့် ညသတ်ရေး စာလုံးတို့သည် အနက်အားဖြင့် တူကြသည်။ "ကျည်နဲးကျည်နူတိ ကြာနှေးသည်။ စဲးတန်းတိသောင် ဣဒါနိပိ။ စည်းတန်း ဣတိစ ဘာသန္တိ။ နောက်ပစ်ညသတ် သမာနတော။" [၁၂၁၀-ခန့်] ပေါဋီ။ ၅၃။
ရှေးလူများကား ရဲစားဟူ၍ ရေးလြေ့ပုသည်မှာ နောက်ပစ်ညသတ် သမာနတော ဟူသော ပေါရာဏကထာဋီကာဆရာတို့စကားနှင့်အညီ ရဲ-ရည်း ကို ညီမျှသည်။" [၁၂၇၅] ဆောင်းပါးချုပ်။ ၁၁၁။♦
၃၅၆။ နောက်ပစ်ယသတ် သမာနတော
နောက်ပစ်ရေးစာလုံးနှင့် ယသတ်ရေး စာလုံးတို့သည် အနက်အားဖြင့် တူကြသည်။ "ပညာရှိတို့သည် စယ်တိသဒ္ဒဿ-စယ်ဟူသော သဒ္ဒါ၏… ယခုအခါ၌ စဲတိ၊ စဲဟူ၍၊ ဘာသန္တိ-ဆိုကုန်၏။ ကသ္မာ-အဘယ်ကြောင့်နည်းဟူမူကား နောက်ပစ်ယသတ် သမာနတော-နောက်ပစ်နှင့် ယသတ်တူလေသောကြောင့်တည်း၊" [၁၂၁၄] ပေါဋီ။ ၇၇။♦
၃၅၇။ နိုင်လျှင်ကား ရန်၊ ရှုံး ပူပန်
လောင်းကစားရာ၌ မိမိနိုင်လျှင် ရှုံးသူတို့က မိမိကို ရန်ပြုတတ်သည်၊ မိမိရှုံးလျှင် ပူပင်သောက ရောက်ရသည်။ "နိုင်လျှင်ကား ရန်၊ ရှုံးပူပန် ဆိုသော စကားအတိုင်း လောင်းတမ်း ကစားခြင်းဖြင့် အနိုင်ရပြန်သောအခါ ရှုံးသူက ရန်ပြုတတ်ကုန်၏၊ ရှုံးပြန်လျှင် စိတ်နှလုံး ပူပန်ရ၏။" [၁၂၈၇] သုတ္တန်နီတိ။ ၅၀။♦
၃၅၈။ နည်းအမျှ များအဝ
များလျှင် အားလုံး ဝလင်စွာ စားသောက်နိုင်သော်လည်း နည်းလျှင်မူ မျှတဝေငှ စားသောက်ရသည်။ နည်းအမျှ များအဝ - စကားပုံလည်းရှု။ "ဘာတရားသလဲ။ ဆွေမျိုးဆိုပြီး တကယ်ဆိုလျှင် အေးအတူပူအမျှပေါ့။ နည်းအမျှ များအဝဆိုဟုတ်သေးရဲ့၊" [၁၂၉၆] ဂန္ထ၊ ၂၁၊ ၁၂၁။ ၄၇။
တစ်ယောက်တည်း စားလေ့မရှိဘဲနည်းအမျှ များအဝ ဟူသော စကားအတိုင်း ဝေငှစားသောက်လေ့ရှိကြ၍…၊" [၁၃၁၈] စာဗိမာန်၊ ၅၁။ ၂၁။♦
၃၅၉။ နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်။
နတ်တော်လသို့ရောက်လျှင် ဆင်ခြေရာပျောက်ရုံ ရွာသော ဆင်ရာတိမ်မိုးဟူသော ရာသီမိုး ရွာသည်။ "နတ်ပန်းဝေမြိုင်၊ သဇင်လှိုင်က၊ ဖြိုင်ဖြိုင်မကြဲ၊ စွတ်ရုံဖွဲသို့၊ သွန်းမြဲကန်မှာ၊ ဆင်ရာတိမ်မိုး၊ ခေါ်ကြရိုးတည့်၊ …၊ တောင်လိမ်မြောက်ကွေ့၊ မိုးသားရွေ့လျက်၊" [၁၁၁၉-ခန့်] ဝဲ ၂၂။
ရာသီဓနု၊ တွက်စုငါးသောင်း၊ သိန်းပေါင်းနှစ်လီ၊ ရာသီရွှင်ရွှင်၊ ဆင်ရာတိမ်မိုး၊ ရွာရိုးမက၊ သွန်းချလေ၊" [၁၁၄၄] ဆယ့်နှစ်ချုပ်။ ၂၃။
နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောက်ချီး၊ မုန့်ဓားလှီး။နတ်တော်လအခါ ဆင်ခြေရာ၊ မြင်းခြေရာ တိမ်မြုပ်အောင် မိုးရွာသောကြောင့် အဖျားအနာ များ၍ နတ်များကိုသော်မှ ဆီကြော်မုန့်များအစား ဓားလှီးမုန့်နှင့် တင်ရသည်ဆိုလိုသည်။" [၁၂၈၅] ချုပ်ပုံ၊ ဒု။ ၁၁၇။♦
၃၆၀။ နတ္ထိ ဝိဇ္ဇာ သမံ မိတ္တံ။
အတတ်ပညာနှင့်တူသော မိတ်ဆွေသည် မရှိ။ (ဝိဇ္ဇာသမံ-အတတ်နှင့်တူသော၊ မိတ္တံ-အဆွေခင်ပွန်းမည်သည်၊ နတ္ထိ-မရှိ။) "နတ္ထိ ဝိဇ္ဇာ သမံ မိတ္တံ။" [၁၂၉၁] ဆယ့်နှစ်တွဲ။ ၃၉။♦
၃၆၁။ နတ်ရေးတဲ့ဖူးစာ လူပြင်ရာမခံ
နဖူးစာပါလျှင် မည်သူဖျက်ဖျက် မပျက်နိုင်ပေ။"နတ်ရေးတဲ့ဖူးစာ လူပြင်ရာမခံ ဆိုတာလို ကျွန်မတို့ဖူးစာရေးတာက မောင်မောင်နှင့်အကျိုးပေးစေဖို့ ရှေးကပင် စီမံရင်းမို့…၊"[၁၂၇၆]မြင့်၊တ။ ၂၃။
မည်သို့ပင် သေချာစွာ စပ်ဟပ်ထားငြားလည်း န်တရေးသည့်ဖူးစာ လူပြင်ရာမခံ ဆိုသော စကားပုံကလေးကဲ့သို့ နဖူးစာမပါလျှင်လည်း… ကွဲပြားတတ်သေး၏။" [၁၃၁၄] စာဗိမာန်၊ ၁၊ ၇။ ၁၂၄။♦
၃၆၂။ နွားကောင်းမကောင်း ချောင်းတက်ကျမှသိ
ခိုင်းနွားတစ်ကောင် ကောင်းမကောင်း ချောင်းကမ်းပါးအတက်ကို ရုန်းသည့်အခါတွင်မှ သိရသည်။ "နွား ကောင်းမကောင်းဆိုတာ ချောင်းအတက်ကျမှိသတာပါပဲဗျာ၊" [၁၃၄၂] နွားသမား။ ၉၆။♦
၃၆၃။ နွားရှိသသူ နွားကြောင့်ပူ၊ သားရှိသသူ သားကြောင်ပူ
နွားရှိသူသည် နွားကြောင့် စိုးရိမ်ပူပန်ရသကဲ့သို့ သားသမီးရှိသူသည် သားသမီးကြောင့် စိုးရိမ်ပူပန်ရသည်။ "များလှအချိ၊ လူ့လောကိ၌၊ နွားရှိသသူ၊ နွားကြောင့်ပူသို့၊ ဤသူမခြား၊ ပုံအလားဖြင့်၊ သားရှိသသူ၊ သားကြောငူ့်ပ၏။" [၁၂၆၆] မဃ ၁၅၈။
ပုတ္တိမာ-သည်၊ ပုတ္တေဟိ-သားတို့ဖြင့်၊ သောစတိ-စိုးရိမ်၏၊ ဂေါမာ-သည်၊ ဂေါဟိ-နွားတို့ဖြင့်၊ တထေဝ- ထို့အတူသာလျှင်၊ သောစတိ-စိုးရိမ်၏။" [၁၃၂၆] သသံနိ၊ ပ။ ၈။♦
၃၆၄။ နွေ ထနောင်း၊ ဆောင်း မန်ကျည်း
နွေရာသီ၌ ထနောင်းပင်သည် အခက်အလက်ဝေဆာ၍ အရိပ်ရကာ အေးမြသည်။ ဆောင်းရာသီ၌ မန်ကျည်းပင်သည် အခက်အလက်ဝေဆာ၍ အရိပ်ရကာ အေးမြသည်။ "အညာတစ်ခွင် ရောက်ကြလျှင်တော့ အဝေးက မြင်ရတဲ့ထနောင်းပင်ကို အကြောင်းထင်အောင် အကဲခတ်ကြပါတော့၊ မလွဲတမ်းမှတ်ရန် နွေထနောင်း၊ ဆောင်းမန်ကျည်း ပါပဲရှင်၊" [၁၃၂၃] တိုင်းရင်းမေ၊ ၁၂၊ ၁၄။ ၂၄။
မန်ကျည်းတို့၊ ထနောင်းတို့၊ တမာတို့ဆိုတာကလည်း… အရိပ်ကတန်ဖိုးမဖြတ်နိုင်အောင် ရှိပါတယ်။ နွေ ထနောင်း၊ ဆောင်း မန်ကျည်းလို့ ဆိုရိုးရှိသမှုတ်လား၊" [၁၃၅၃] မန္တလေးသား။ ၈၄။♦
၃၆၅။ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်
နွယ်မြက်သစ်ပင်တိုင်းသည် ဆေးဖက် ဝင်သည်။ "စကားသစ္စာ၊ မှန်သောခါကား၊ ဩဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏၊" [၈၅၃] ပါမီ ၁၂၃။
ကတိသစ္စာ၊ တည်သောခါမူ၊ ဩဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏ဟူ၍ ရှေးပညာရှိတို့ စပ်ဆိုထားခဲ့သည့်အတိုင်းသစ္စာ ရှိလျှင် သစ်ပင်တို့သည်ပင်လျှင် အဆီသြဇာ တက်ရလေသေး၏။" [၁၂၇၅] စာဏကျ၊ ပ။ ၅၀။
ကတိသစ္စာ၊ မှန်သောခါ၊ သစ္စာ လေးနက်၊ ပေါ်သစ်ထွက်၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်ဟူသော ရှေးပေါရာဏစကားမှာလည်း ဤသို့ မှန်ကန်သောအရာဌာန သစ္စာပုဗ္ဗင်္ဂမမျိုးကို ရည်၍ ဆိုခဲ့ပေတာပဲ။" [၁၂၉၇] ဒေတိ။ ၄၃။♦
၃၆၆။ နှလုံးကောင်း ဝန်ကြီး
စိတ်သဘောထား ကောင်းပြီး လိုက်လျောလွန်းလျှင် ဝန်ပိလာတတ်သည်။ "နှလုံးကောင်း ဝန်ကြီးဆိုသော စကား၊ အားနာလျှင် အားပါဆိုသော စကားကဲ့သို့ အစွမ်းသတ္တိတုံးစွာနှင့် အညံ့ခံ၍ နေပြန်ပါလျှင်လည်း သူတစ်ပါးတို့ ဖိစီးခြင်းများကို ခံရတတ်၏။" [၁၂၈၄] စာဏကျ၊ တ။ ၁၉၅။
နှလုံးကောင်း ဝန်ကြီးဆိုသော ရှေးပေါရာဏစကားကဲ့သို့… သဒ္ဓါတရားကောင်းကြသော မြန်မာအမျိုးဇာတ်မှာ အကျပ်အတည်းကြုံခြင်းတည်းဟူသော တာဝန်ကြီးနှင့် တစ်နေ့တခြား ဖိစီး၍…၊" [၁၂၉၁] နီမာ၊ ပ။ ၂၉။♦
၃၆၇။ နှဲချောလျှင် တယော
နှဲသံ ကောင်းလျှင် တယောသံနှင့် တူသည်။ "နှဲချောလျှင် တယောဆိုသကဲ့သို့ အလွန်တော်သူများ နှဲမှုတ်လျှင် တယောလိုပင် သာယာ၏။" [၁၃၄၈] မြန်တူရိယာ။ ၈၀။
တယောထိုးသောအခါ တယောကြိုးပေါ်မှ နှိပ်သော လက်ချောင်းကလေးသည် တရွေ့ရွေ့ ပွတ်ကာ ရွေ့လျားကာ တစ်သံမှ အခြားတစ်သံသို့ ရောက်အောင် အထစ်အငေါ့မရှိ ချောမောပြေပြစ်စွာ အသံကို ပို့နိုင်သကဲ့သို့ နှဲသည်လည်း ထိုနည်းတူ မှုတ်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် နှဲချောလျှင် တယောဟု ဆိုစမှတ်ပြုကြခြင်း ဖြစ်သည်။" [၁၃၅၄] မြန်မာ့နှဲ။ ၅၇။♦
၃၆၈။ နှဲမှာအသံ၊ ပတ်မှာဟန်
နှဲမှုတ်ရာတွင် အသံအနေအထားသည် အခရာဖြစ်သကဲ့သို့ ပတ်ဝိုင်းတီးရာတွင် ကိုယ်နေဟန်ထားနှင့် လက်ဟန်ကျန ကောင်းမွန်မှုသည် အခရာ ဖြစ်သည်။ "နှဲမှာအသံ၊ ပတ်မှာဟန်ဟူသော စကားကဲ့သို့ မောင်သာထွန်း၏ ကိုယ်နေဟန်ထားနှင့် လက်ဟန် ကောင်းသည်ကို မြင်တွေ့ရသောသူအပေါင်းက…ဟန်ပဟူသော အမည်ကို ပရိသတ်များက ကင်ပွန်းတပ်ခဲ့ကြောင်း…၊" [၁၃၂၄] တူရိယာ။ ၁၂။♦
၃၆၉။ နှိုင်းနှိုင်းချိန်ချိန် သုခမိန်
ပညာရှိသုခမိန်တို့မည်သည် ဆင်ခြင်ဉာဏ်ဖြင့် နှိုင်းယှဉ် ချိန်ဆ၍ လုပ်ဆောင်စမြဲ ဖြစ်သည်။ ချင့်ချင့်ချိန်ချိန် သုခမိန်-နှင့် အတူတူ။ "နှိုင်းနှိုင်းချိန်ချိန်၊ သုခမိန် ဆိုတဲ့အတိုင်း နှိုင်းချိန်ဆင်ခြင်တတ်သော ပညာရှိသူတော်ကောင်းများ ရှိခဲ့ပါလျှင်…၊" [၁၂၇၈] သာရီ၊ ဆ။ ၁၁၅။
ထိုအစည်းအဝေးမှာ ကျောင်းသားများနှင့်ဆရာကြီးတို့ နှိုင်းနှိုင်းချိန်ချိန် သုခမိန်ဟူသော စကားအတိုင်း ညှိနှိုင်းဆွေးနွေး၍…၊" [၁၃၀၂] ဂျာနယ်ကျော်၊ ၇၊ ၈။ ၁၁။♦
၃၇၀။ နှစ်ဆယ်ကျော်အစိတ်ပိုင်း အရွယ်တော်တစ်ဆိတ်ဟိုင်း
မိန်းကလေးများသည် အသက်နှစ်ဆယ်ကျော် နှစ်ဆယ့်ငါးနှစ်ခန့်ရှိလျှင်ပင် အိမ်ထောင်ပြုရန် အရွယ်ဟိုင်းစပြုပြီ ဖြစ်သည်။ "နှစ်ဆယ်ကျော်အစိတ် ပိုင်းဆိုတော့ အရွယ်တော် တစ်ဆိတ်ဟိုင်းလာပြီ မဟုတ်လား၊…ဒီဘက်ခေတ်မှာ မိန်းကလေးတွေဟာ အပျိုစင်ဘဝနဲ့ အသက် နှစ်ဆယ်ပြည့်အောင်နေကြတဲ့လူက တော်တော်ကလေး နည်းလာပြီ၊" [၁၃၃၃] မြဝတီ၊ ၁၉၊ ၆။ ၅၆။♦
၃၇၁။ နှုတ်ကတော့ ပျားသကာ၊ စိတ်ကတော့ ခါးတမာ
စကား အလွန် ချိုသော်လည်း စိတ်ထား အလွန် ဆိုးသည်။ (အပြောကတော့ ပျားသကာ၊ မနောကတော့ ခါးတမာ။ အပြောကတော့ ပျားသကာ၊ သဘောကတော့ ခါးတမာ-ဟူ၍လည်း အဆိုများ ရှိသည်။) "အပြောက ပျားသကာ၊ သဘောက ခါးတမာဟု စကားအလာ ပမာ မှီးကြပေတော့၊" [၁၂၉၆] မဉ္ဇရီ။ ၂၂၁။
ထိုကဲ့သို့သော ဝမ်းတွင်းကောက်ပုဂ္ဂိုလ်တို့ကို ရည်၍ အပြောက ပျား သကာ၊ မနောက ခါးတမာ ဟု ဆိုစမှတ်ပြုကြ၏။" [၁၃၂၈] စိတ်အရသာ။ ၅၉။♦
၃၇၂။ နှုတ်ကြီးလျှင် သူခွာ၊ လက်ကြီးလျှင် သူလာ
မောက်မာမော်ကြွား လေလုံးထွားလျှင် မိတ်ဆွေအပေါင်းအသင်းတို့က စွန့်ခွာသွားတတ်သည်။ ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲတတ်လျှင် မိတ်ဆွေအပေါင်းအသင်းတို့က မိမိထံ ချဉ်းကပ်လာတတ်သည်။ "နှုတ်ချိုလျှင် သူချစ်သည်၊ လက်တိုလျှင် သူပစ်သည်။နှုတ်ကြီးလျှင် သူခွာသည်၊ လက်ကြီးလျှင်သူလာသည်ဟူ၍လည်း ဆိုထုံးရှိသည်။" [၁၁၅၂-ခန့်] ကျည်း။ ၁၁၁။
ချိုချဉ်သစ်သီး၊ ငယ်ကြီးဝေငှ၊ ပျူငှာပြ၍၊ ရှင်ကပြုပါ၊ လက်ကြီးခါလျှင်၊ လာသူမငြီး၊ နှုတ်ကြီးခါလျှင်၊ သူခွာလေမြဲ၊" [၁၁၈၇] သီလဝ ၅၃။♦
၃၇၃။ နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ
ကိုယ်လက် မစောင့်စည်းမှုကြောင့် အနာတရ ဒဏ်ရာရရုံသာ ဖြစ်သော်လည်း နှုတ်မစောင့်စည်းမှုကြောင့်ကားသေကျေ ပျက်စီးသည်အထိ ဖြစ်ရသည်။ "လောကသမုတ်၊ အကြောင်းထုတ်မူ၊ နှုတ်ကြောင့်လည်းသေ၊ လက်ကြောင့် ကြေဟု၊ ဆိုထွေရှေးက၊" [၁၁၉၄] ဣန္ဒာနေ။ ၉၅။
နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ ဆိုသော သူဟောင်းစကားရှိ ချေ သည်။ ဘယ်အရာမျိုးမဆို အကြောင်းရှိသည်ကို အစအဆုံး အကုန်အစင် ဒိဋ္ဌ မသိသမျှကာလပတ်လုံး နှုတ်ထွက်မဆိုးကြလေနှင့်၊" [၁၂၇၅-ခန့်] ပါးစပ်။ ၁၂၃။♦
၃၇၄။ နှုတ်ချိုလျှင် လက်တို
အပြောချိုသူသည် နှမြောတွန့်တိုတတ်သည်။♦
၃၇၅။ နှုတ်ချို သျှိုတစ်ပါး
ချိုသာစွာ ပြောဆိုခြင်းသည် အရေးကိစ္စများကို အောင်မြင်ပြီးမြောက်စေသည်။ "နှုတ်ချို သျှိုတစ်ပါး ဟူသော စကားအတိုင်း ချိုသာသော စကားကလေး တစ်ခွန်းဖြင့် ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုလုပ်နိုင်လေသည်။" [၁၃၁၀] စကား(ဇော)။ ၆။
နှုတ်ချို သျှိုတစ်ပါးဆိုတဲ့ စကားအတိုင်း ချိုချိုသာသာ မွန်မွန်ရည်ရည် ပြောဆိုမယ်ဆိုရင်… မကြိုက်မနှစ်သက်တဲ့လူ မရှိပါဘူး။" [၁၃၄၂] ပုံပြကြီး ပွား။ ၇၉။♦
၃၇၆။ နှုတ်တစ်ရာ စာတစ်လုံး
နှုတ်ဖြင့် ပြောသည်ထက် စာဖြင့် ရေးသည်က ပို၍ ထိရောက်သည်၊ ခိုင်လုံသည်။ "နှုတ်တစ်ရာ စာတ်စလုံးတဲ့၊ စာချုပ်နှင့် အခိုင်အမာချုပ်ထားတာ။" [၁၃၁၆] ေဩာ်မိန်းမ။ ၂၃၀။
မြန်မာစကားတွင ်နှုတ်တစ်ရာ စာတစ်လုံးဟူ၍ ရှိပါသည်။ ပါးစပ်ဖျားမှ ပြောစကားများသည် အခွန်းတစ်ရာပင် ရှိလင့်ကစား အချိန်ကာလကြာခဲ့သော် ယင်းတို့ကို မေ့ပျောက်ကုန်သည်။" [၁၃၂၄] လုပ်သား ဂျာနယ်၊ စက်တင်ဘာ။ ၄။♦
၃၇၇။ နှမ်းကောင်းလျှင် တစ်အိမ်ရာ၊ ဝါကောင်းလျှင် တစ်ထောင်ပို့
နှမ်းကောင်းလျှင် တစ်အိမ်ထောင် ဖူလုံစွာ စားသောက်နိုင်သကဲ့သို့ ဝါကောင်းလျှင် တစ်အိမ်ထောင်ဖူလုံစွာ ဝတ်ဆင်နိုင်သည်။ "မြေအနည်းငယ်ရှိရုံနှင့် ဝါအမျိုးကောင်းကို စိုက်ပျိုးလျှင် တစ်အိမ်ထောင် ဝတ်နိုင်သော အထည်များကို ရနိုင်ကြောင်း ဝါကောင်းလျှင် တစ်ထောင်ပို့၊ နှမ်းကောင်းလျှင် တစ်အိမ်ရာဟူ၍ ရှေးလူကြီးတို့က ဆိုရိုးစကား ထားခဲ့လေသည်။" [၁၃၃၀] ရှေ့သို့၊ ၁၄၊ ၃။ ၂၂။♦
၃၇၈။ ပညာကို ရှေး၊ ဥစ္စာကို နောက်
အတတ်ပညာကို ရှေးဦးစွာ သင်ယူသင့်သည်။ စီးပွားဥစ္စာကို နောက်မှ ရှာဖွေသင့်သည်။ "ကြံစည်မပြတ်၊ အတတ်ရံခါ၊ ပညာကို ရှေး၊ ဥစ္စာကို နောက်၊ အလျောက် ပေးကမ်း၊" [၈၆၃] ကန်မင်း။ ၂။♦
၃၇၉။ ပညာကို လိုသော် ပညာရှိကို ယှဉ်
ပညာကို လိုသော် ပညာရှိထံ ချဉ်းကပ် ဆည်းပူးရမည်။ "ပညာကို လိုသော် ပညာရှိကို ယှဉ်၊ မေးစဉ်နေ့ညဉ့်မပြတ်၊ အဖတ်အအံ၊ အကြံအရေး၊ ရှေးရှေးထုံးကိုဆောင်၊" [၈၆၃] ကန်မင်း။ ၄။
ပညာကို လိုသော် ပညာရှိကို ယှဉ်ရမတဲ့ဗျ၊ နေ့ညဉ့်မပြတ် ဆည်းကပ်လျက် မေးရမတဲ့ဗျ၊ ရှေးရှေးသော ထုံးဥပဒေသနည်းနာများကို မှတ်သားရမတဲ့ဗျ၊" [၁၂၇၉] နှောင်း။ ၂၄။♦
၃၈၀။ ပညာဆည်းပူး ပန်းသို့ခူး
ပန်းကို ရှာဖွေခူးဆွတ်သကဲ့သို့ ပညာကို ကြိုးပမ်း ရှာဖွေဆည်းပူးရာ၏။ "ဖွေဖွေရှာရှာ၊ ပညာဆည်းပူး၊ ပန်းသို့ခူးလော့၊" [၈၉၀-ခန့်] နုစာ။ ၂၄။♦
၃၈၁။ ပညာမရှိ သူ၏ဝန်ထမ်း
ပညာမတတ်လျှင် သူတစ်ပါး၏ အစေအပါးသာ ဖြစ်မည်။ "လူတို့တတ်ရမည့် အတတ်များကို တတ်မြောက်ခြင်းမရှိခဲ့ပါမူ ပညာမရှိသူ၏ဝန်ထမ်းဟူသော စကားနှင့်အညီ သူတစ်ပါး၏ လက်ပါးစေအဖြစ်ဖြင့် သာလျှင် မသေရုံစား၊ မအားရုံနေ ဆိုသကဲ့သို့ ဖြစ်ရမည်သာတည်း။" [၁၃၁၄] မင်မြု။ ၁၇၁။
ပညာမရှိရင် ကြီး ပွားတိုးတက်ခြင်း မရှိနိုင်ဘူး၊ ဒါကြောင့်မို့ ကျွန်တော်တို့ မြန်မာစကားပုံမှာဆိုရင်လည်း ပညာမရှိ သူ၏ဝန်ထမ်းလို့ ဆိုထားပါတယ်။" [၁၃၂၅-ခန့်] မြေ။ ၇၇။♦
၃၈၂။ ပညာရဲရင့်ပွဲလယ်တင့်။
ပညာကို ကျွမ်းကျင်စွာ တတ်မြောက်သောသူသည် ပရိသတ်အလယ်တွင် ရဲရဲရင့်ရင့် ပြောဆိုဝံ့၍ တင့်တယ်သည်။ "ပထမရွယ်၊ ငယ်သော်ကတည့်၊ သိပ္ပခေါင်အား၊ တတ်မြောက်မြားမူ၊ တောသားရန်အောင်၊ ခြင်္သေ့ယောင်သို့၊ မရှောင်မညှာ၊ တင်းတင်းမာ၍၊ ပညာရဲရင့်၊ ပွဲလယ်တင့်လိမ့်၊" [၈၈၅] ကိုး ၂၇။
မိဘများသည် ရင်နှစ်သည်းချာဖြစ်သော သားသမီးရတနာတို့အား ပညာရရဲင့် ပွဲလယ်တင့်ကြပါစေတော့ဟု သဘောထားကာ မိဝတ္တရား၊ ဖဝတ္တရား ကျေပွန်စွာ ကျောင်းသို့ ပို့ခြင်းဖြစ်သည်။" [၁၃၁၆] စာဗိမာန်၊ ၃၊ ၁။ ၃၆။
ထို ဒုတိယနီတိအချက်နှင့် ပတ်သက်၍ မြန်မာမှု၌ ပညာရဲရင့် ပွဲလယ်တင့် ဟူ၍လည်းကောင်း၊ အပြောမတတ်တော့ ဆဲသလို ဟူ၍ လည်းကောင်း စကားများထွန်းလာခဲ့၏။" [၁၃၃၂] မြဝတီ၊ ၁၈၊ ၁၁။ ၇၈။♦
၃၈၃။ ပညာရှာ ပမာ သူဖုန်းစား ။
ပညာလိုသော် ပညာရှိထံ သူတောင်းစားပမာ မရှက်မကြောက် အောက်ကျို့ကာ ဆည်းပူးရသည်။ (ပညာရှာ ပမာ သူတောင်းစား-ဟူ၍လည်း အဆိုရှိသည်။) "ပညာရှာ ပမာ သူဖုန်းစားတဲ့၊ သူဖုန်းစားတို့မည်သည်.. ရွေးချယ်ခြင်း မရှိသကဲ့သို့ ထို့အတူ ပညာကို ရှာသောသူတို့မည်သည်လည်း ပုဂ္ဂိုလ်ကို ရွေးချယ်ခြင်း မရှိရဘူးတဲ့၊" [၁၂၇၅] စံပယ်။ ၉၁။
ပညာဆိုသောအရာသည် မရှက်မကြောက် ရှာမှီးစုဆောင်းမှ ရရှိနိုင်သော အရာဖြစ်၍ … ပညာရှာ ပမာ သူတောင်းစား ဟူ၍လည်း ရှေးလူကြီးတို့ ပြောစမှတ် ပြုကြလေကုန်သည်။" [၁၂၇၅] စာဏကျ၊ ပ။ ၁၆၉။♦
၃၈၄။ ပညာရှိ တွေးကြည့်လျှင် ပြေးကြည့်သည်ထက် မှန်သည်
အခြင်းအရာတစ်ခုကို ပညာမဲ့သူက ကိုယ်တိုင် သွားရောက်လေ့လာပြီး ပြန်ပြောပြသည်ထက် ပညာရှိသူက အဝေးမှ မှန်းဆပြောဆိုခြင်းက ပိုမို ထိရောက်မှန်ကန်သည်။ (ပညာရှိ တွေးသည်ကို ပညာမဲ့ ပြေး၍ ကြည့်သည်မတန်။ ပညာရှိအတွေး ပြေးကြည့်သလို-ဟူ၍လည်း အဆိုများရှိသည်။) "ရှေးသူဟောင်းတို့သည် ပညာရှိ တွေးသည်ကို ပညာမဲ့ ပြေး၍ ကြည့်သည် မတန်ဟူ၍ ဆိုကုန်၏။" [၉၈၁] ယသ၊ ပ။ ၄၁။
ဘုရင်မင်းကြီးစွာလည်း စည်းတပစ်ကို ခေါ်တော်မူ၍ ပညာရှိ တွေးသည်ကို ပညာမဲ့ ပြေး၍ ကြည့်သော်မတန်ဟု ချီးမွမ်းတော်မြူပီး မှ…၊" [၁၀၈၀-ခန့်] ကုလား၊ ပ။ ၃၆၇။
ပညာရှိအေွတး ပြေးကြည့်သိုလဆိုတာလို ပညာရှိတဲ့ ပုဂ္ဂိုလ်များတွေး တဲ့ အချက်တွေဟာ လွန်စွာ မှန်တတ်တယ်။" [၁၂၉၆] မဉ္ဇရီ၊ မ။ ၁၂၇။
မသောက်က ပညာရှိ တွေးကြည့်လျှင် ပညာမဲ့သူ ပြေးကြည့်သည်ထက် မှန်သည်ဆိုတဲ့ စကားဟာ ကျုပ်အတွက်တော့ ပူပူနွေးနွေးကိုယ်တွေ့မို့ တကယ် သဘောပေါက်ပါတယ်။" [၁၃၂၃] ဗညားနွဲ့။ ၇၆။ သူဖုန်းစား = သူတောင်းစား ♦
၃၈၅။ ပညာရှိမှ ခွင့်သိသည်
ပညာရှိသောသူမှသာ အခါအခွင့် သင့်မသင့်ကို သိသည်။ "မလျော့ပညာ၊ တံငါလုလင်၊ မျှားကြိုးငင်သို့၊ ပညာရှိမှ ခွင့်သိသည်၊" [၈၆၃] ကန်မင်း။ ၃။
နှုန်းထွင်းစာနာ၊ အရာရာကို၊ ပညာရှိမှ၊ ခွင့်သိနိုင်ကြ၊ ဤလောက၌၊" [၁၂၆၆] မဃ ၃၆၇။♦
၃၈၆။ ပညာရှိ သတိဖြစ်ခဲ
ပညာရှိပင်ဖြစ်သော်လည်း သတိမူအပ်သော အရာကို တစ်ခါတစ်ရံ အမှတ်တမဲ့ ဖြစ်တတ်သည်။ "အရေးအရာ၊ တွေ့ကြုံခါလျှင်၊ ပညာတစိ၊ အကယရှိ်လည်း၊ သိတအစွဲ၊ ဖြစ်ရာခဲ၏၊" [၁၁၈၉] ကုသ ၂၆၉။
ရှေးသူတော်ကောင်းတို့လည်း ပညာရှိလျက် သတိဖြစဲ်ခသည်၊ မြော်မြင်ဘိ လျက် အသိဖြစ်ခဲသည်ဟု ပြောဆိုစမှတ် ပြုကြကုန်၏။" [၁၂၂၆] ဓမ္မပြန်။ ၃၀။
လိမ္မာမြင်သိ၊ ပညာရှိလည်း၊ သတိဖြစ်ခဲ၊" [၁၂၆၆] မဃ ၃၁၂။♦
၃၈၇။ပညာရှိအမျက် ပြင်မထွက်
ပညာရှိတို့သည် မိမိတို့ အမျက်ဒေါသကို ထိန်းချုပ်နိုင်ကြသည်။ (လူလိမ္မာအမျက် ပြင်မထွက်-ဟူ၍လည်း အဆိုရှိသည်။) "သူ့သမီးကို ငါနှင့်အဖက်မတန်ဘူးထင်လို့ မွေးသမိခင်ကို ပြောလိုက် ဆိုလိုက်တာ၊ ယခုတိုင် စိတ်နာပါသေးရဲ့။ ပညာရှိအမျက် ပြင်မထွက် ဆိုတာလို အသာကြိတ်နေရတာပဲ။" [၁၂၇၆] မြင့်၊ဒု။ ၁၁၃။
လူလိမ္မာအမျက် ပြင်မထွက် ဆိုသလို တစ်ဖက်ကို မုန်းတီးသည့် စိတ်ကို ဝမ်းထဲတွင်သာ မျိုသိပ်ကာ၊" [၁၃၁၂] ကိုတံငါ။ ၈၅။♦
၃၈၈။ ပညာလိုသော် မပျင်းနှင့်၊ ဥစ္စာလိုသော် မငြင်းနှင့်
အတတ်ပညာကို အလိုရှိလျှင် မပျင်းရိပါနှင့်။ ဥစ္စာပစ္စည်းကို အလိုရှိလျှင် မမောက်မာ မခက်ထန်ပါနှင့်။ (ပညာလိုသော် မပျင်းနှင့်၊ ဥစ္စာလိုသော် မတင်းနှင့်-ဟူ၍လည်း အဆိုရှိသည်။) "ပညာကို လိုသော် မပျင်းနှင့်၊ ဥစ္စာကို လိုသော် မငြင်းနှင့်၊" [၁၁၅၂] ဟံချုပ်။ ၂၂၄။
အပျင်းကြီးက၊ သိပ္ပဝိဇ္ဇာ၊ တတ်ပညာသည်၊ ဘယ်ငှာမရ၊ မိုက်တတ်စွတည့်၊ ကောဓအမျက်၊ ကြီးစွာထွက်၍၊ စိတ်စက်ထန်ပြင်း၊ မာန်စောင်တင်းမူ၊ အလျှင်းဥစ္စာ၊ မရရာတည့်၊" [၁၁၈၀] ဥက္ကံ။ ၂။
ပညာကိုလိုသော် မပျင်းနှင်၊့ ဥစ္စာကိုလိုသော် မတင်းနှင့်ဟု ဆိုသော စကားကို ထောက်ညှာ ပြီးလျှင်…စကားလှရုံ ပြောဆိုသည်မှာ၊"[၁၂၆၇] စကား။ ၄၂။♦
၃၈၉။ ပညာလို အိုသည်မရှိ
ပညာရှာမှီးလိုသူအတွက် အသက်အရွယ် အိုလွန်းသည်ဟု မရှိနိုင်။♦
၃၉၀။ ပညာလွန်သော် မာန
ပညာအလွန်တတ်သည်ဟု အထင်ရောက်သူသည် မာနတက်သည်။ "သဒ္ဓါလွန်သော်ရာဂ၊ ပညာလွန်သော်မာန၊"[ ၈၄၀-ခန့်]နုစာ။ ၂။♦
၃၉၁။ ပညာ သမာ၊ အာဘာ နတ္ထိ
ပညာနှင့်တူသော အလင်းရောင်သည် မရှိ။ (ပညာသမာ-ပညာနှင့်တူသော၊ အာဘာ- အရောင်သည်၊ နတ္ထိ-မရှိ။) "ပညာ သမာ၊ အာဘာ နတ္ထိ၊ မြတ်မုနိ၊ ဟောရှိကျမ်းကိုကိုး၊" [၁၂၂၅-ခန့်] ဟံချုပ်။ ၃၉၇။
ပညာ သမာ၊ အာဘာ နတ္ထိ ဆိုရိုးရှိ၏သို့ စာပေပညာသည် လူမျိုး တိုင်း၏ မီးရှူးတန်ဆောင် အလင်းရောင်ပင် ဖြစ်၏။" [၁၃၂၈] ဝေါကောက်။ နိဒါန်း။♦
၃၉၂။ ပညတ်သွားရာ ဓာတ်သက်ပါ
ခေါ်ဝေါ်ပညတ်သည့် အမည်နာမ၊ ပြောဆို သည့် နိမိတ်စကားနှင့်အညီ ဖြစ်တတ်သည်။ "ပညတ်ရှိရာ ဓာတ်သက်ပါဆိုသော စကားအတိုင်း မြန်မာလူမျိုးမှန်လျှင် နုန့်နုန့်နှေးနှေးနှင့် အပျော့စားတွေ မဖြစ်စေရ၊ အရာရာတွင် ခေါင်းမာလျက် ထက်မြက် မြန်ဆန်သူတွေသာ ဖြစ်ဖို့ရှိ၏။" [၁၂၉၆] ဒဂုန်၊ ၁၅၊ ၁၇၁။ ၁၈၇။
ပညတ်သွားရာ ဓာတ်သက်ပါဟူသော စကားကဲ့သို့ အပျော်အပါးဟူသည်မှာလည်း အပျော်တွေ များနေကြမည်ဆိုလျှင် တစ်နေ့ကျပါက ပစ္စည်းဥစ္စာလည်းပါး၊ လူမှာလည်းဖား၍ နေကြပေလိမ့်မည်။" [၁၂၉၆-ခန့်] သမီးဂုဏ်။ ၄၄။♦
၃၉၃။ ပဝါပါး ကြက်သားထုတ်တော့ စွန်းတတ်တယ်၊ တစ်ရွာသား ရည်းစားလုပ်တော့ လွမ်းရတတ်တယ်။
ပဝါပါးဖြင့် ကြက်သားထုပ်လျှင် စွန်းတတ်သည်။ တစ်ရွာသားကို ရည်းစားထားမိလျှင် လွမ်းရတတ်သည်။ "ပဝါပါး ကြက်သားထုပ်တော့စွန်းတတ်တယ်၊ တစ်ရွာသား ရည်းစား လုပ်တော့ လွမ်းရတတ်တယ်။" [၁၃၅၀] မြဝတီ၊ ၃၇၊ ၆။ ၄၈။♦
၃၉၄။ ပါပလေးချက် နေမှထွက်၊ သောမလေးချက် လမှ ထွက်။
ဗေဒင်ပညာအရ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ၊ ရာဟုတည်းဟူသော ပါပဂြိုဟ်တို့သည် နေနှင့်သက်ဆိုင်၍ ပူပြင်း၏။ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာတည်းဟူသော သောမဂြိုဟ်တို့သည် လနှင့်သက်ဆိုင်၍ အေးမြ၏။ "တနင်္ဂနွေ ခေါ်သော နေမင်းသည် အင်္ဂါ၊ စနေ၊ ရာဟုတည်း ဟူသော ပါပဂြိုဟ်တို့၏ အရှင်သခင် ဖြစ်၏။ တနင်္လာ ခေါ်သော လမင်းသည် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာတည်းဟူသော သောမဂြိုဟ်တို့၏ အရှင်သခင် ဖြစ်၏။ ထို့ကြောင့် ပါပလေးချက် နေမှ ထွက်၊ သောမလေးချက် လမှ ထွက်ဟူ၍ ဆိုစမှတ်ပြုကြလေသည်။" [၁၂၈၄] စာဏကျ၊ တ။ ၁၅။
ပါပလေးချက်၊ နေကထွက်၍၊ ရှိန်စက်ပူခြင်း၊ အခိုးပြင်း၏။ သောမလေး ချက်၊ လမှထွက်၍၊ ရှိန်စက်အေးမြ၊ ငြိမ်းလေလှ၏။" [၁၂၉၈] ဟံ၊ ၂။ ၇၀၄။♦
၃၉၅။ ပါပသ္မိံ ရမတိ မနော
စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်။ (မနော- စိတ်သည်၊ ပါပသ္မိံ-မကောင်းမှု၌၊ ရမတိ-မွေ့လျော်၏။) (ပါပသ္မိံ ရမတေ မနော-ဟူ၍လည်း အဆိုရှိသည်။) "ရှင်စောမြတ်စိတ်၊ သုံးလူ့မိတ်လျှင် (အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ၊ ဒန္ဓဥှိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတိ မနော) ဤသို့ဟော၏၊" [၈၈၅] ကိုး ၂၈၈။
ပါပသ္မိံ ရမတိ မနော စသည်ဖြင့် ဟောတော်မူရာ၌လည်း မကောင်းမှု၌သာ စိတ်၏မွေ့ခြင်းဖြစ်၏ဟူလိုသည်။" [၁၁၃၁] ဝေါ။ ၂၀၃။
ပါပသ္မိံ ရမတေ မနော
မနော-စိတ်မည်သည်၊ ပါပသ္မိံ-မကောင်းမှု၌သာလျှင်၊ ရမတေ-မွေ့လျော်မြဲတည်းဟူ၍ ဟောတော်မူသည်နှင့်အညီ မကောင်းမှုတို့၌သာ အမြဲမွေ့လျော်ခြင်းသဘောသည် စိတ်၏ ပကတိသော ဇာတိအလားတည်း။" [၁၂၆၆] ဘာဝနာ။ ၂၄၆။♦
၃၉၆။ ပါးစပ်ပါရွာရောက်
နှုတ်ဆိတ်မနေဘဲ မေးမြန်းစုံစမ်းခြင်းဖြင့် မိမိသွားလိုရာသို့ ရောက်နိုင်သည်။ "ပါးစပ်ပါ ရွာတွေ့တာပါသမီး ရယ်၊ ဟိုရောက်တော့ မေးမြန်းရတာပေါ့၊" [၁၃၂၉] စစ်ပြီးစ။ ၁၆၆။♦
၃၉၇။ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော။
ချစ်သောသူနှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ပိယေဟိ-ချစ်နှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင်၊့ ဝိပ္ပယောဂေါ-ကွေကွင်းကင်းကွာ ရှဲခွာ ဖဲကြဉ် မပေါင်းယှဉ်ရခြင်းသည်လည်း၊ ဒုက္ခော-ဆင်းရဲ၏။) "မြေးအရွယ် အကလေးမကလေးတွေနှင့် ဝေးခြင်းကြီးမက ဝေးကြသဖြင့် ဆွေးရတဲ့ သည်အခြေကို ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခောဟု ဗုဒ္ဓေါကဟောပါကလား၊" [၁၂၇၅ ] ဆောင်းပါးချုပ်။ ၂၆၀။
သည်နှမက မေတ္တာမရှိလျှင် ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခောချစ်သောသူနှင့် မပေါင်းရလျှင် ဒုက္ခော ဆင်းရဲခြင်းတဲ့၊ သို့အတွက်ကြောင့် မောင့်ကိုယ်ကို ဒုက္ခဖြင့် မခံနိုင်ပါဘူး၊" [၁၃၁၀] လွမ်း၊ ပ။ ၈၅။♦
၃၉၈။ ပီလားတစ်ကောင် နွားတစ်ထောင်
ပီလားကောင်သည် နွားရောဂါကြိုတင်ကာကွယ်ဆေးအဖြစ် အသုံးဝင်လှသည်။ (ပီလားတစ်ကောင် နွားတစ်ကောင်- ဟူ၍လည်း အဆိုရှိသည်။) "နွားရောဂါဟူသမျှကို မဖြစ်ခင် ကြိုတင်ကာကွယ်သောအားဖြင့် ပီလားတစ်ကောင်ရှိထားသင့်ပေသည်။… ထို့ကြောင့် ရှေးလူကြီးများက ပီလားတစ်ကောင် နွားတစ်ထောင်ဟု ဆိုရိုး ပြုခဲ့ကြခြင်း ဖြစ်သည်။" [၁၃၁၇] ပုံပြဆေး၊ ဆ၊ ဒု။ ၃၃။
နွားအတွက် ကာကွယ်ဆေးမှာ ပီလားတစ်ကောင်ရှိလျှင် လုံလောက်ပေပြီ။ ရေပီလား၊ ကုန်းပီလားနှစ်မျိုးအနက် ရေပီလားမှာ ပိုမိုကြီးထွားသဖြင့်သာလွန် ၍ပင်ကောင်းလေသည်။ ထို့ကြောင့်ပင် ပီလားတစ်ကောင်နွားတစ်ကောင် ဟု ရှေးလူကြီး များ ပြောစမှတ်ပြုကြသည်။" [၁၃၃၁] မြန်မာ့နွား။ ၇၆။♦
၃၉၉။ ပုဂံရာဇဝင် တုတ်ထမ်းပြောရ။
ဆွေးနွေးပြောဆိုတိုင်း တစ်ယောက်နှင့် တစ်ယောက် ငြင်းခုံရာမှ ခိုက်ရန်ဖြစ်ကြရလောက်အောင် ပုဂံရာဇဝင်သည် အငြင်းပွားစရာ များသည်။ "အနို့မို့ကြောင့် ပုဂံရာဇဝင်ပြော တုတ်ထမ်းပြောရတယ်လို့ လူကြီးသူမများ ပြောခဲ့တာပဲထင်ပါရဲ့၊" [၁၂၇၇] မောင်ပုံ။ ၃၄။♦
၄၀၀။ ပုစွန်ရေနား၊ တွင်းကိုထား၊ မိုးများ ခေါင်ကြောင်းပြ
ပုစွန်လုံးသည် ရေစပ်နား၌ တွင်းတူးထားပါက မိုးခေါင်တတ်သည်။ "ပုစွန်ရေနား၊ တွင်းကိုထား၊ မိုးများ ခေါင်ကြောင်းပြ။" [၁၂၉၆-ခန့်] သုတသန်။ ၉၆။
ပုစွန်ရေနား၊ တွင်းကိုထား၊ မိုးများ ခေါင်ကြောင်းပြ။"[၁၃၃၆] လောကီစုံ။ ၈၂။♦
၄၀၁။ ပုစွန် ရေဝေး၊ ပွေးကား တွင်းထွက်
ရေနှင့် ဝေးရာအရပ်သို့ သွားသော ပုစွန်လုံး၊ တွင်းနှင့် ဝေးရာအရပ်သို့ သွားသော ပွေးတို့သည် အသက်အန္တရာယ်နှင့်နီးသည်။ "ပုစွန် ရေဝေး၊ ပွေးကား တွင်းထွက်ဆိုသည်မှာ ပုစွန်သည် ရေနှင့်ကင်း၍ ရေမရှိရာရောက်လျှင် သေ၏။ ပွေးသည် တွင်းက ထွက်လျှင် သေတတ်၏ဟု ဆိုလိုသည်။" [၁၃၁၇] ပုံပြဆေး၊ ဆ၊ ဒု။ ၁၀၅။♦
၄၀၂။ပုစွန်အကွေး၊ ငါးအနွေး
ပုစွန်သည် ကွေးရုံမျှနှင့် ကျက်နပ်သည်။ ငါးသည် နွေးရုံမျှနှင့် ကျက်နပ်သည်။ "သားငါးတို့ကို ချက်ပြုတ်စားရာတွင် ပုစွန်မှာ အကွေး၊ ငါးမှာ အနွေးဟု ဆိုရိုးပြုထားကြသည့်အတိုင်း ပုစွန်ကို ကွေးရုံ၊ ငါးကို နွေးရုံမျှ ဖုတ်ကင်ချက်ပါလျှင် လတ်ဆတ်ခြင်းမပျက် အရသာ ထက်မြက်၍၊" [၁၃၁၇] ပုံပြဆေး၊ မ၊ ပ။ ၂၃။♦
၄၀၃။ ပုထုဇ္ဇနော ဥမ္မတ္တကော
ပုထုဇဉ်တို့သည် ယုံကြည်မှု မခိုင်မြဲသောကြောင့်အရူးများ ဖြစ်ကြသည်။ (ပုထုဇ္ဇနော-ပုထုဇဉ်သည်၊ ဥမ္မတ္တကော- အရူးဖြစ်၏။) "ရေးသူရော၊ ဖတ်သူရော အရူးချည်းပါပဲ၊ ဘာဖြစ်လို့၊ ပုထုဇ္ဇနော ဥမ္မတ္တကော ဆိုသမင့်ဟာပဲ။"[၁၂၉၆] ဂန္ထ၊ ၂၁၊ ၁၂၁။ ၅၄။♦
၄၀၄။ပူစပ်ပူစပ် တင်ပါးချပ်
တင်ပါးချပ်ကို ထိုးကွင်းထိုးသည့်အခါ စပ်ဖျဉ်းဖျဉ်း ရှိသည်။ "ပူစပ်ပူစပ် တင်ပါးချပ် …တင်ပါးနှစ်ဖက်တွင် အခွက်များ ရှိသည်။ ထိုနေရာကို ထိုးကွင်းထိုးသောအခါတွင်ကား ပူစပ်ပူလောင်နှင့် အခံရခက်လှသည်။ [၁၃၄၈] ထိုးကွင်း။ ၁၁၃။♦
၄၀၅။ ပေ တစ်သီး၊ ကျီး တစ်သား
ပေပင်သည် တစ်ကြိမ်သာ သီးစမြဲ ဖြစ်သည်။ ကျီးသည်လည်း တစ်ကြိမ်သာ သားပေါက်စမြဲ ဖြစ်သည်။ "ကျီးငှက်ကား အမရကောသအဘိဓာန်ကျမ်း၊ အဘိဓာန်ဋီကာတွင် တစ်ကြိမ်သာလျှင် သားပေါက်သောကြောင့် သကိံပဇ ဆိုသည်။…ပေကား တစ်သီး၊ ကျီးကား တစ်သား ဆိုရိုးစကားနှင့် လျော်၏။" [၁၁၉၂] ဝေါလီ။ ၂၀၁။
ပေမှာတစ်သီး၊ တစ်သက်ပြီးလျက်၊ ကျီးတစ်သားပေါက်၊ နောက်၌ မလာ၊ တစ်ကြိမ်သာသို့၊" [၁၂၆၆] မဃ ၁၄၁။♦
၄၀၆။ ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏ မဝ
ပေးသည့်သူက ပေးသော်လည်း တစ်စုံတစ်ရာ အကြောင်းမညီညွတ်၍ လက်ခံမည့်သူထံ မရောက်ချေ။ ကျွေးသည့်သူက ကျွေးသော်လည်း အဖိတ်အစဉ်များ၍ စားရသူမှာ မဝချေ။ "ဘဝရှင်မင်းကြီးစွာက တောင်းစေသည်။ စစ်၍ ပေးမည်ကား ဆို၏၊ မပေးသောကြောင့်…ပေးကားပေး၏ မရဟု ဆိုစကုန်သည်။" [၉၁၄] ဓိပုံ။ ၂၃၄။
ဘုရင်ခံ၏ ကျွေးကားကျွေး၏ မဝ၊ ပေးကားပေး၏ မရသော လက်ကမ်းချက်ကို ဖဆပလအဖွဲ့ဝင်တို့သည် မပိုင်နိုင်သဖြင့် ဈေးမတည့် ခွာပြဲ ကြရသည်။" [၁၃၁၁] လူချွန်၊ ပ။ ၈၃။
မိမိမှာ ပေးကားပေး၏ မရ ဆိုသကဲ့သို့ ဒေါ်ရင်သန်းက သဘောတူ ပေးစားထားခဲ့သည်မှန်စေကာမူ မခင်ညှာက ဇော်ဝင်းအပေါ်တွင်သာ မေတ္တာ ညွတ်ကြောင်း အထင်အရှား ပြထားသဖြင့် ရှေ့သို့ ခြေလှမ်းတိုးရန်အတွက် အခက်တွေ့နေခြင်း ဖြစ်လေ၏။" [၁၃၁၃] ကိုယ်စိတ်။ ၁၆၃။♦
၄၀၇။ ပေးကမ်းခြင်းသာ အောင်မြင်ရာ
ပေးကမ်းခြင်းသည် မိမိ အကြံအစည် အောင်မြင်ရာအောင်မြင်ကြောင်း ဖြစ်သည်။ "ပေးက်မးခြင်းသည်အောင်စေရာ၏ဟူ၍လည်းကောင်း၊ ကိုယ့်လက် သွားပြီး မှ သူ့လက် လာသည်ဟူ၍လည်းကောင်း၊ ခြွေမှ ရံသည်ဟူ၍လည်းကောင်း မြန်မာဆိုရိုးရှိလေသည်။" [၁၃၂၉] မိတ်ကောင်း။ ၁၄၈။♦
၄၀၈။ ပုဂ္ဂိုလ်ခင်မှ တရားမင်
တစ်စုံတစ်ဦးအား ခင်မင်လေးစားမှုရှိမှသာ ထိုသူပြောသမျှ၊ လုပ်သမျှကို အကောင်းဟု ထင်သည်။ "သနင်္ကုမာရဗြဟ္မာမင်းသည် တစ်ပါးသော အသွင်ဖြင့် မဖန်ဆင်းဘဲ ပုဂ္ဂိုလ်ခင်မှ တရားမင်သည် ဖြစ်၍ ပဉ္စသီခ နတ်သား၏အသွင်ဖြင့် ဖန်ဆင်းလျက် တရားဟောလေ၏။" [၁၁၄၈] နေဇာတ်။ ၄၀။
ပုဂ္ဂိုလ်ခင်မှ တရားမင် ဆိုတဲ့အတိုင်း ချစ်လှစွာသော သားကဟောကြားတဲ့ တရားဖြစ်တဲ့အတွက် အနှစ်သက်ကြီးနှစ်သက်ပြီး…၊" [၁၂၈၈] ထေရီ၊ ပ။ ၁၇၆။♦
၄၀၉။ ပင်အိုနွဲ့နောင်း သီးမကောင်း၊ နွားအိုနောက်ကျသား မကြီးထွား
အပင်အို လျှင် အသီးများ မအောင်တတ်သကဲ့သို့ နွားမအိုလျှင် နွားသားပေါက်များ မကြီးထွားတတ်ပေ။ "ပင်အိုနွဲ့နောင်း သီးမကောင်း၊ နွားအိုနောက်ကျသား မကြီးထွားဟူသော စကားတို့သည်လည်း ပင်အိုနှင့်အရွယ်အို(ကျရွယ်)တို့၌ အသီးသီး ပုံနှင့် သားဖွားပုံတို့ကို ပုံပမာဟပ်၍ ပြထားခြင်းဖြစ်သည်။" [၁၃၁၇] ပုံပြဆေး၊ ပ။ ၁၇။♦
၄၁၀။ ပင့်ရစ်မနိုင် ရခိုင်နှင့်ညှိ
စာလုံးပေါင်းရာတွင် ယပင့်ရမည်၊ ရရစ်ရမည် မသေချာလျှင် ယနှင့်ရကို ခွဲ၍ အသံထွက်သော ရခိုင်စကားနှင့် ညှိပါ။ "ရေးတော့အမှန် ဖတ်တော့အသံ၊ ပင့်ရစ်မနိုင် ရခိုင်နှင့်ညှိ စသည့်မူများကို လိုက်၍… စာလုံးပေါင်းသတ်ပုံများကို လက်ခံသုံးစွဲလျက် ရှိနေခြဲ့ကပါသည်။" [၁၃၃၉] မြန်စာပုံ၊ နိဒါန်း။ စ။"ရခိုင်အသံထွက်သည် မြန်မာစာအရေးအသားကိုလည်း လမ်းမှန်ရောက်အောင် ညွှန်းနေကြောင်း ပင့်ရစ်မနိုင် ရခိုင်မေး၊ ပင့်ရစ်ပိုင်ပိုင် မကြံနိုင် ရခိုင် ပြည်သို့သွားဟူသော ဆောင်ပုဒ်က ပြနေပေ၏။"[၁၃၄၂] ငွေတာရီ၊ ၂၄၂။ ၄၇။♦
၄၁၁။ ပေါင်မှာ စာနက်၊ ချက်မှာ စာဖြူ၊ မလုပ်ဘဲနှင့် ကြွယ်ဝသူ
စာနက်အမှတ်ပေါင်တွင် ရှိသူ၊ စာဖြူအမှတ် ချက်တွင် ရှိသူတို့သည် ပင်ပန်းစွာ အလုပ်မလုပ်ရဘဲ ကြွယ်ဝချမ်းသာတတ်သည်။ "ပေါင်မှာ စာနက်၊ ချက်မှာ စာဖြူ၊ မလုပ်ဘဲနှင့် ကြွယ်မည့်သူ ဆိုတဲ့အတိုင်း ငါ့တူက ချက်မှာ စာဖြူကြီးနဲ့၊…အတော် ချမ်းသာဦးမည့်လူပဲ၊" [၁၃၁၀] ရွှေမှုန့်။ ၂၃။
ပေါင်မှာ စာမည်း၊ ချက်မှာ စာဖြူ၊ မလုပ်ဘဲ နငှ့် ကြွယ် ဝသူ ဟူသော အရ ပေါင်၌ စာမည်းရှိ၍ ချက်၌ စာဖြူရှိသော သူတို့သည် ပင်ပင်ပန်းပန်းနှင့် အလုပ်မလုပ်ရဘဲ ကြွယ်ဝချမ်းသာစေတတ်၏။" [၁၃၄၆] ဝေဒ၊ ၂။ ၁၁၃။♦
၄၁၂။ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ
သင်္ခါရတရားအရ သက်ရှိသက်မဲ့အားလုံး မည်သည့်အရာမျှ မတည်မြဲပေ။ "နွားသေသည်ဟု ကြား၍…အချို့က ဒေါ်ဖွားတင် ငိုသည်ကို မငိုရန်နှင့် ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ တရားကို ချပြ၏။ သတ္တဝါတစ်ခု ကံတစ်ခုဟူ၍လည်း နှစ်သိမ့်၏။" [၁၃၄၂] နွားသမား။ ၁၀၈။♦
၄၁၃။ ပါဌ် တစ်ချက် အနက် ဆယ်ထွေ
စကားတစ်လုံးသည် အနက်အမျိုးမျိုးကို ဆောင်နိုင်သည်။ "ဂေါဓမ္မဇာတိ၊ နိဗ္ဗာန်ကို ရှာသော်လည်း၊ သဒ္ဒါ ဆိုသည့်အနက်၊ ပါဌ် တစ်ချက် အနက် ဆယ်ထွေ၊ သွက္ခာတော ဝေရာတွင်၊" [၁၂၀၃] ကဝေ၊ ဒု။ ၈၈။
ပါဌ် တစ်ချက် အနက် ဆယ်ထွေ ဆိုသောအတိုင်းပင် တစ်ချက်သောပါဌ် မှ ဝါ တစ်ခွန်းသော စကားမှ အနက်များစွာ ထွက်သော စာဖြစ်၏။" [၁၃၃၂] ရှေ့သို့၊ ၁၈၊ ၄။ ၃၄။♦
၄၁၄။ ပတ္တမြား ဆန်ကျိုး အဖိုး ပြည်တန်
ပတ္တမြားသည် ဆန်ကျိုးခန့်သာ ရှိသော်ငြားလည်း အရည်အသွေးကောင်းလျှင် အဖိုးအနဂ္ဃ ထိုက်တန်သည်။ ပတ္တမြား ဆန်ကျိုး အဖိုး ပြည်တန်- စကားပုံလည်းရှု။ "ပတ္တမြားဆန်ကျိုး အဖိုးပြည်တန်၊ မှန်စေဦးတော့၊ အရူးကိုပြစမ်း၊ အပန်းမကြီး၊ ဆီးသီးလောက်မှ၊ အားမရဘူး၊" [၁၁၃၈] မွေ့။ ၄၃။
ပတြ္တမားဆန်ကျိုး အဖိုးပြည်တန်၊ ဧကန်မုချ၊ တစ်လုံးရသို့၊ နဂ္ဃဖိုးမွန်၊ ကျိုးကဲလွန်၏၊" [၁၂၆၆] မဃ ၃၂၀။
ပတ္တမြား ဆန်ကျိုး၊ အဖိုး ပြည်တန်ဆိုသကဲ့သို့ ပတြ္တမားဆန်စေ့အကျိုး အပဲ့အရွယ်ကလည်း တစ်ပြည်တန်တတ်သည်။" [၁၃၂၆] ရှေ့သို့၊ ၅၊ ၁၁။ ၂၉။♦
၄၁၅။ ပတ္တမြားတော်ဝင် ဂေါ်မစင်
တော်ဝင်သည့် ပတ္တမြား၌ပင် အနာအဆာ မကင်းတတ်ပေ။ ပတ္တမြားတော်ဝင် ဂေါ်မစင်-စကားပုံလည်းရှု။ "မြန်မာ့စာပေတွင် ပတြ္တမားနှင့်ပတ်သက၍် … ပတြ္တမားဆန်ကျိုး အဖိုး ပြည်တန်ဟူ၍တစ်ဖုံ၊ ပတ္တမြားတော်ဝင် ဂေါ်မစင်ဟူ၍တစ်နည်း အမွှမ်းတင် ရေးသားထားသည်။" [၁၃၅၃] ကျောက်မျက်စွဲ။ ၃၀။♦
၄၁၆။ ပတ္တမြားလုံး ထိပ်ပေါ်တင်စား။
(နံနက်ချိန်ကို အပြည့်အဝအလုပ်လုပ်ပြီး) နေမွန်းတည့်ချိန်ခန့်တွင် နံနက်စာ ထမင်းစားပါ။♦
၄၁၇။ ပတ် တစ်လုံး၊ နှဲ တစ်ပေါ်က
နှဲကို ပတ်လုံးသံကဲ့သို့ တိုတိုပြတ်ပြတ် တစ်သံချင်းထွက်အောင် မှုတ်နိုင်သည်။ "ပတ် တစ်လုံး၊ နှဲ တစ်ပေါက် ဆိုသကဲ့သို့ အမှုတ်တူရိယာသည် အတီး တူရိယာကဲ့သို့လည်း အသံရှည် မဟုတ်ဘဲ အသံတို အသြံပတ် ဖြစ်အောင် မှုတ်နိုင်သည်။" [၁၃၂၃] နဝဒေး၊ ၁။ ၁၁၄။
နှဲနှင့် ပလွေတို့သည် ပတ် တစ်လုံး၊နှဲ တစ်ပေါက် ဟူ၍ တွင်ကျန်ရစ်အောင် အသံပြတ် မှုတ်နိုင်သည့်အပြင် နိမ့်၍ဖြစ်စေ၊ မြင့်၍ဖြစ်စေ အသံမစဲဘဲ လင်းမြွေကြီးကဲ့သို့ ရှည်လျားစွာလည်း မှုတ်နိုင်ပေသည်။" [၁၃၅၄] မြန်မာ့နှဲ။ ၅၇။♦
၄၁၈။ ပန်းချီမှာ လို၊ ပန်းပုမှာ ပို
ပန်းချီရေးဆွဲသည့်အခါ ပိုပြီး ရေးဆွဲထားလျှင် ဖျက်ရန်ခဲယဉ်းသဖြင့် အလိုထားပြီး ရေးဆွဲရသည်။ ပန်းပုထုသည့်အခါ လျှော့ပြီး ထုထားလျှင် ထပ်ဖြည့်၍ မရနိုင်သဖြင့် အပိုထားပြီး ထုရသည်။ "ပန်းချီမှာ လို၊ ပန်းပုမှာ ပို၊ ပန်းချီ-ဝ၊ ပန်းရန်-ငဆိုသည့် ရှေးဆိုရိုးစကားအရ ပန်းချီကားတွင် ဆေးရောင်ဖြင့် အနီး မှ အဝေးသို့ ဖော်ပြရာ၌ မှုန်စေ၊ မှိုင်းစေရန် လျှော့ရခြင်းပညာသည် အရေးပါသလို သစ်သားပန်းပု ပညာတွင် ဆောက်စာ၊ လွှစာကအစ အမြဲပို၍ထားပြီးမှ တဖြည်းဖြည်း နုတ်ယူရသည်။" [၁၃၄၇] ပန်းပု။ ၁၇။♦
၄၁၉။ ပန်းထိမ်တောက်တောက် မစားလောက်
ရှေးအခါက ပန်းထိမ်လုပ်ငန်းသည် ဝင်ငွေကောင်းသော လုပ်ငန်းမဟုတ်သဖြင့် ပန်းထိမ်သည်တို့ ဝမ်းရေး ခက်ခဲကြသည်။ "ပန်းထိမ်ဆရာဆိုတော့ဗျာ ပန်းထိမ်တောက်တောက် မစားလောက်ဆိုတဲ့ စကားလိုအလုပ်ကလေးရှိတဲ့အခါမှ လက်ခကလေး ရတာကိုးဗျ၊" [၁၃၀၁] သူရိယ၊ ၂၂၊ ၂၁။ ၂၃။
ထိုစဉ်အခါက…ပန်းထိမ်သည်များမှာ တစ်ဝမ်းတစ်ခါး မျှရုံကိုပင်အတော် ခဲယဉ်းကြသည်ဟု ဆိုပါသည်။ ထို့ကြောင့် ပန်းထိမ်တောက်တောက် မစားလောက်ဟု ညည်းညူသံများ ဖြစ်ပေါ်ခဲ့ဖူးသည်ကို သိရပါသည်။" [၁၃၄၀] မြန်မာ့ပန်း။ ၁၂၁။♦
၄၂၀။ ပန်းရန်ပျံ ကြေးကောင်း
ကျွမ်းကျင်သော ပန်းရန်ဆရာများသည် အခကြေးငွေ များစွာ ရသည်။ "ရှေးအခါက ပန်းရန်ပျံ ကြေးကောင်းဟူသော စကားဟောင်းမှာ တတ်ကျွမ်းလှသော ပန်းရန်ပညာသည်ကြီးများကို ကြေးငွေများစွာ ပိုမို ပေးရသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။" [၁၃၄၀] မြန်မာ့ပန်း။ ၆၈။♦
၄၂၁။ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူချင်းဆောင်
လေပြည်လေညင်းသည် ပန်းရနံ့ကို သယ်ဆောင်သကဲ့သို့ လူတို့၏ သတင်းကို လူတို့က သယ်ဆောင်သည်။ "ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူချင်းဆောင်ဆိုတဲ့ စကားအတိုင်း မြင့်မြတ်တဲ့ ဂုဏ်သတင်းဆိုတာ ဘယ်လိုပင် ဆို့ပိတ်ထားလို့မှ မရနိုင်ဘဲ…၊" [၁၂၈၈] သူရ၊ ပ။ ၁၁၆။
ပန်းသတင်း လေညင်းဆောင်၊ူလသတင်း လူချင်းဆောင် ဆိုတာလို တစ်ယောက်စကား တစ်ယောက်နားနဲ့ သလီ ဝတီ ကျော်ကြားနေပုံတွေကို…၊" [၁၂၉၆-ခန့်] မဉ္ဇရီ၊ ပ။ ၁၄၁။♦
၄၂၂။ ပုပ်မှပေါ်၊ ဟုတ်မှကျော်
ရေနစ်သေသော အလောင်းသည် ပုပ်လျှင် ပေါ်လာတတ်သကဲ့သို့ ဖြစ်ရပ်မှန်ကန်ပါက ဖုံးဖိထား၍ မရနိုင်။ "များစွာအစုတ်၊ လူသမုတ်နှင့်၊ မဟုတ်မကျော်၊ မပုပ်သော်လျှင်၊ မပေါ် စရာ၊ ဆိုရိုးလာရှင့်၊" [၁၂၆၆] မဃ ၃၈၇။
မကောင်းသော သတင်းသည် အမြန်ဆုံး ခရီးသွား၏။ ပုပ်မှပေါ်၊ ဟုတ်မှကျော်ဟူသော စကားပုံနှင့်အညီ တစ်နေ့သောအခါ တစ်စုံတစ်ယောက်သော အမှုထမ်း၏ လျှောက်ထားချက်အရ ထိုအကြောင်းကို ဘုရင်မင်းမြတ်သိရှိတော် မူလေ၏။" [၁၂၉၀] ကဝိမှန်၊ ၂၊ ၇။ ၂၄၁။♦
၄၂၃။ ပလ္လင်ရှစ်ခန်း၊ ရွှေနန်းကိုးဆောင်
နန်းတော်တွင် ပလ္လင်ရှစ်မျိုးကို ဆိုင်ရာရွှေနန်းကိုးဆောင်၌ ထားသည်။ (ပလ္လင်ရှစ်မျိုးမှာ သီဟာသနပလ္လင်၊ ဘမရာသန ပလ္လင်၊ ပဒုမာသနပလ္လင်၊ ဟံသာသနပလ္လင်၊ ဂဇာသနပလ္လင်၊ သင်္ခါသနပလ္လင်၊ မိဂါသနပလ္လင်၊ မယုရာသနပလ္လင်တို့ ဖြစ်သည်။ ရွှေနန်းကိုးဆောင်မှာ မြေနန်းတော်၊ လွှတ်တော်၊ မှန်နန်းဆောင်၊ အနောက်ဇေတဝန်ဆောင်၊ အရှေ့ဇေတဝန်ဆောင်၊ ဗြဲတိုက် ဆောင်၊ လေသာဆောင်၊ တောင်စမုတ်ဆောင်၊ မြောက်စမုတ်ဆောင်တို့ ဖြစ်သည်။) "ပလ္လင်ရှစ်ခန်း၊ ရွှေနန်းကိုးဆောင်၊ ပြိုးပြိုးပြောင်ထက်၊" [၁၂၆၆] မဃ ၃၄၉။
ပလ္လင်အမျိုးအစားမှာ ရှစ်ရပ်သာရှိသော်လည်း ထားသော နေရာကားကိုးခန်းကိုးဌာန ဖြစ်သည်။ သီဟာသနပလ္လင်ကို မြေနန်းတော် (နန်းဦး ပြာသာဒ်ဆောင်)၌သာ ထားသည်မဟုတ်သေး၊ ဘုရင်မင်းမြတ် ကိုယ်တော်တိုင် လွှတ်တက်သည့်အခါ၌လည်း စြံမန်းရန် လွှတ်တော်တွင် ထားရသည်။ ထို့ကြောင့် ပလ္လင်ရှစ်ခန်း၊ ရွှေနန်းကိုးဆောင်ဟူသော ဝေါဟာရ ပေါ်ထွက်ခဲ့လေသည်။" [၁၃၂၅] စွယ်ကျမ်း၊ ၇။ ၂၁။♦
၄၂၄။ ပျားကိုပုံပြု၊ ခြကိုတု၊ ရမှုဥစ္စာရတနာ
ပစ္စည်းဥစ္စာရှာဖွေရာ၌ ပျားနှင့်ခြကို အတုယူရမည်။ "ခြကို ပမာထား၊ ပျားကိုတဲ့ ပုံဆောင်။ တရွေ့ရွေ့ငယ်နှင်၊့ သိမ်မွေ့ ဥစ္စာနည်း၊ ဆည်းလော့ အခေါင်။" [၁၁၄၅] ဟံချုပ်။ ၂၇၁။
ဓနဥစ္စာ၊ ပညာကုသိုလ်၊ ပွားစလိုက၊ ခြကိုပုံထား၊ ပျားကိုပုံပြု၊ ရရာစု လော့၊" [၁၂၆၆] မဃ ၃၂၁။
ပျားကိုပုံပြု၊ ခြကိုတု၊ ရမှုဥစ္စာရတနာ ဟူ၍လည်းကောင်း၊ သင်ကြားပညာ၊ ပစ္စည်းရှာ၊ ပမာပျားသဏ္ဌာန်- ဟူ၍လည်းကောင်း ဆိုရိုးရှိခဲ့ သည်။" [၁၃၂၅] စွယ်ကျမ်း၊ ၇။ ၈၄။♦
၄၂၅။ ပျားဖွပ် သားထိုး၊ မယားခိုး၊ မုဆိုး တံငါ၊ ပါယ်လေးရွာ
ပျားဖွပ်သမား၊ သားသတ်သမား၊ မယားခိုး၊ မုဆိုး၊ တံငါတို့သည် အပါယ်လေးဘုံသို့ လားမည့်သူများ ဖြစ်သည်။ "ပျားဖွပ် သားထိုး၊ မယားခိုး၊ မုဆိုး တံငါ၊ ပါယ်လေးရွာ ဟူသော စကားအရ မည်သူမျှ အလိုမရှိသော အပါယ်လေးဘုံလုံးသည်ပင် ကိုယ်ကျင့်သီလ ပျက်စီးသူ တို့၏ မကောင်းကျိုးခံရာ သံသရာနှောင်အိမ်ကြီးပေတည်း၊" [၁၃၁၄] မင်မြု။ ၁၉၅။♦
၄၂၆။ ပျော်ပျော်နေ သေခဲ
ပျော်ပျော်ရွှင်ရွှင်နေတတ်သူသည် အသက်ရှည်တတ်သည်။ "ရတနာပုံ မန်းမြေမှာ ထန်းရည်နှင့်ပျော်မယ်။ ပျော်ပျော်နေ သေခဲသတဲ့။" [၁၂၇၇] မောင်ပုံ၊ ဒု။ ၃၉။
ပျော်ပျော်နေ သေခဲဆိုတာလည်း တော်တော် အမှန်သားကလား။ ယခု လူဖြစ်တဲ့ ဘဝမှာ အသက်ရှည်ခြင်းထက် မြတ်တာ မရှိပါဘူး။" [၁၂၉၀] သန်းသန်း၊ ပ။ ၅။♦
၄၂၇။ ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရ
ချမ်းသာကြီးပွားလိုသူသည် မိမိပျော်မွေ့သည့် အရပ်မှာ မနေဘဲ ကြီးပွားမည့် အရပ်မှာသာ နေထိုင်ရမည်။ "ပညာဥစ္စာ၊ ရကြောင်းရှာ၍၊ ပျော်ရာမနေ၊ တော်ရာနေမှ၊ အခြေရပြီး၊ ခိုင်ပွားဖြီးလိမ့်၊" [၁၂၆၆] မဃ ၂၄၂။
ပျော်ရာမှာ မနေနှင့်၊ တော်ရာမှာ နေရမည်ဟု ဆိုရိုးစကားရှိသည်နှင့်အညီ တော်သင့်ရာနေပြီး တောမှ ဟင်းသီးဟင်းရွက်ကလေးများ ဆွတ်ခူးရောင်းချလို့ အသက်မွေးနေရတယ်။" [၁၂၆၈] နော၊ ပ။ ၆၉။
ပေပင်ကန်သည် ဒေသအလိုက် နေချင့်စဖွယ်ကောင်းသော ရွာကြီး တစ်ရွာ ဖြစ်လေသည်။ သို့သော် ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရသည် ဆိုသော စကားရှိလေသည်။" [၁၃၃၀] ရင်ခတ်။ ၁၃။♦
၄၂၈။ ပျက်အစဉ် ပြင်ခဏ
အပျက်ကို မပြုပြင်ဘဲထားပါက ပျက်စီးမြဲပျက်စီး နေမည်သာ ဖြစ်သည်။ ပြုပြင်လိုက်ပါမူ ခဏချင်းပင် ပြန်လည်၍ အကောင်းဖြစ်လာမည်။ "ပျက်လျှင်အစဉ် ပြင်ခဏဟူသော စကားသည် ကြီးပွားခြင်းနှင့် အများကြီးဆိုင်သော စကား ဖြစ်လေသည်။" [၁၃၁၇] ကြီးအောင်။ ၁၂၀။
သံသရာစက်မှာ၊ အခက်နှင့်ကြုံ၊ တို့ဖြစ်ပုံကို၊ လုံးစြုံကည့်ရှု၊ သတိပြု၍၊ ဒု-ကိုပယ်ဖြတ်၊ သု-ကိုကပ်မှ၊ အောင်ရပ်မဂ္ဂင်၊ တက်လမ်းမြင်မည်၊ ပျက်အစဉ် ပြင်ခဏ ဆိုထုံးသောဝ်။" [၁၃၁၇] ညေယျ။ ၁၁။♦
၄၂၉။ ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူ ကြာလျှင်မေ့
ပျောက်သောသူကိုရှာလျှင် ပြန်လည်တွေ့တတ်သကဲ့သို့ သေသောသူကို ကြာလျှင် မေ့တတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။ သေသောသူ ကြာလျှင်မေ့၊ ပျောက်သောသူ ရှာလျှင်တွေ့- နှင့်အတူတူ။ "ပျောက်တဲ့သူရှာလျှင် တွေ့သတဲ့၊ သေတဲ့လူ ကြာလျှင်မေ့ကြပါသည်။ သည်ကနေ့မုချ ညာဘက်မျက်ခုံးလှုပ်သောကြောင့် အဟုတ်ပင် တွေ့ရပါလိမ့်မည်။" [၁၂၆၆] သန်းမေ၊ ဒု။ ၇၄။
ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူ ကြာလျှင်မေ့ ဆိုသည့်အတိုင်း ခင်ခင်မှာ မိခင်ဆုံး၍ လေးလခန့်ကြာလျှင် တရားနှင့်သူမို့ တဖြည်းဖြည်း ပျောက်လာရာ…၊" [၁၂၈၅] ဒဂုန်၊ ၃၊ ၃၅။ ၂၉။♦
၄၃၀။ ပြဒါးသေ တစ်ဆွေဝ၊ သံသေ တစ်ပြည်ဝ
ပြဒါးသေအောင် ပြုလုပ်နိုင်လျှင် တစ်ဆွေမျိုးလုံး ချမ်းသာနိုင်သည်၊ သံသေအောင် ပြုလုပ်နိုင်လျှင် တစ်ပြည်လုံးချမ်းသာနိုင်သည်။ "ပြဒါးသေလျှင်တစ်ဆွေဝ၊ သံသေလျှင်တစ်ပြည်ဝ၊ ခဲကျိုးတစ်ပဲ၊ ငွေ တစ်လှည်း၊ ဘယ်နည်းနဲ့ ဘယ့်နှယ်လုပ်၊" [၁၂၂၅-ခန့်] ပုည။ ၁၀၇။
ပြဒါးသေလျှင် တစ်ဆွေဝသည်၊ သံသေလျှင် တစ်ပြည်ဝသည်ဟူသော အရ အမျိုးဘာသာသာသနာနှင့် ပညာအလှူ ဖြစ်စေဟူ၍၊" [၁၂၉၇] ဟံ၊ ၁၊ ၅။ ၄၂၃။♦
၄၃၁။ ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက်
အလွန်ချမ်းအေးလှသည့် ပြာသိုလတွင် ဆီးနှင်းနှင့် ရောထွေးရွာသွန်းတတ်သည့် မိုးသည် စုပုံထားသော နှမ်းများကို ပျက်စီးစေတတ်သည်။ (ပြာသိုအတွင်း၊ မိုးညင်းညင်း၊ ဆီးနှင်းရောယှက်၊ နှမ်းထောင်ပျက်-ဟူ၍လည်း အဆိုရှိသည်။) "ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက်။" [၁၁၉၅] မုံမှတ်။ ၅၉။
ပြာသိုအတွင်း၊ မိုးညင်းညင်း၊ ဆီးနှင်းရောယှက်၊ နှမ်းထောင်ပျက်။ မိုးငယ် မိုးသေးနှင့် နှင်းရော၍ ရွာသောကြောင့် ပြာသိုလအတွင်း ရိတ်သိမ်းစုပုံထားသော နှမ်းထောင်များ ပျက်လေ့ရှိသည်ကို ဆိုလိုသည်။" [၁၂၈၅] ချုပ်ပုံ၊ ဒု။ ၁၁၇။♦
၄၃၂။ ပြာသိုတစ်ချက် တလင်းဖျက်။
ပြာသိုလ၌ ရွာသော မိုးသည် တလင်း၌ ထားသော စပါးများ၊ သီးနှံများကို ပျက်စီးစေသည်။ "ပြာသိုတစ်ချက် တလင်းဖျက်ဟူသော စကားနှင့်အညီ ပြာသိုလဆီ၌ မိုးကြွင်း မိုးကျန်များ ရွာလိမ့်မည်လားဟု တလင်းဆင်းနေဆဲ(ဝါ) မြေပဲရိုက် နေဆဲ၊ လှေ့ဆဲ ယာသမားတို့ စိတ်ပူတတ်ကြရသည်။" [၁၃၂၅] တောတောင်။ ၅၂။♦
၄၃၃။ ပြာသိုလမိုက် ကဏန်းတိုက်
ပြာသိုလတွင် လဆုတ်လကွယ် ရက်များ၌ ကဏန်းအထွက်များသဖြင့် ကဏန်းရှာသူတို့ ကဏန်းအရ များသည်။ "ပြာသိုလမိုက် ကဏန်းတိုက် ဟူသော ပင်လယ်သားတို့ ဆိုရိုးစကားအတိုင်း ပြာသိုလသည် ကဏန်းအလွန်ပေါသော လ ဖြစ်ပါသည်။" [၁၃၄၂] စန္ဒာ၊ ၁၄၁။ ၄၂။
ပြာသိုလမိုက် ကဏန်းတိုက်ဟူသော အဆိုအရ ပြာသိုလတွင် ကဏန်း အမိများကြောင်း သိရပါသည်။"[၁၃၄၆] ရှေ့သို့၊ ၄၁၃။ ၂၉။♦
၄၃၄။ ပြုလျှင်အသစ်၊ ဖြစ်လျှင်အဟောင်း
ယခု အသစ်ပြုသမျှ ကောင်းမှု၊ မကောင်းမှုသည် နောင်တွင် ခံစားရမည့် ကောင်းကျိုး၊ ဆိုးကျိုးအတွက် ဖြစ်သည်။ ယခု ခံစားနေရသော ကောင်းကျိုး၊ ဆိုးကျိုးသည် အတိတ်က မိမိပြုခဲ့သော ကောင်းမှု၊ မကောင်းမှုတို့၏ အကျိုးဆက် ဖြစ်သည်။ ( ပြုကအသစ်၊ ဖြစ်ကအဟောင်း။ ပြုသူအသစ်၊ ဖြစ်သူအဟောင်း-ဟူ၍လည်း အဆိုများရှိသည်။) "ခပင်းလောက၊ လူထိုမျှကား၊ ပြုကအသ်စ၊ ဖြစ်ကအဟောင်း၊ ကျိုးနှင့် ကြောင်းတည့်၊" [၁၂၆၆] မဃ ၂၂၆။
နောက်နောက်သော ဘဝက သူက ညည်းအပေါ် ဆိုးခဲ့လို့ ခုဘဝမှာ ညည်းက သူ့အပေါ် ဆိုးရတာကလား၊ ပြုလျှင်အသစ်၊ ဖြစ်လျှင်အဟောင်းတဲ့၊" [၁၂၇၇] မောင်ပုံ။ ၂၀၄။
ပြုသူအသစ်၊ ဖြစ်သူအဟောင်းဆိုတဲ့ စကားလို… ခု ဆဲလိုက် သူကတော့ အသစ်ဖြစ်နေတာမို့ ဒီလို ဆဲတဲ့ အကျိုးကို ခံရဦးမှာပဲ၊" [၁၃၄၂] ပုံပြကြီးပွား။ ၁၆၁။♦
၄၃၅။ ပြောဖန်များ မယားစကားအောင်
မယားက တိုက်တွန်း ပြောဆိုဖန်များလျှင် ယောက်ျားသည် မယားပြောစကားအတိုင်း လုပ်ပေးတတ်သည်။ "ဖေဖေကလည်း ကြာတော့ ပြောဖန်များ မယားစကားအောင် ဆိုသလို ဘယ်တော့ကမှ ရိုက်ဖို့မပြောနဲ့၊ ငေါက်တောင်မငေါက်ဖူးတဲ့ ဖေဖေဟာ ခုတော့ ကြိမ်းမောင်းရုံတင် မကဘူး၊ (ကျွန်မ) မကြာမကြာ ရိုက်ခံထိတယ်။" [၁၃၁၀] ဒဂုန်၊ ၂၂၊ ၆။ ၆၄။♦
၄၃၆။ ပြောမယုံ ကြုံဖူးမှသိ
သူတစ်ပါးပြောလျှင် မယုံနိုင်သော ဖြစ်ရပ်မျိုးကို ကိုယ်တွေ့ကြုံလာသောအခါတွင်မူ ယုံကြည် လက်ခံလာရသည်။ "ပြောမယုံ ကြုံဖူးမှသိဆိုတဲ့ စကားလို… ခင်မြင်ြ့ကီး ချောတယ်ဆိုတာ အပြောနှင့်သာ လွမ်းတယ်၊ ယခု ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ရတော့ အပြောလောက်မက အချောအလှက ပိုမို၍ နေပါသေးကလား။" [၁၂၇၆] မြင့်၊ ပ။ ၁၃၂။
ပြောမယုံ ကြုံဖူးမှသိဆိုတဲ့ စကားလို လောကမှာ လင်ပူဟာ သို့ကလောက် လောင်ကျွမ်းတယ်ဆိုတာ ခုမှ သိတော့တာပဲ။" [၁၃၀၂] ဒီး ဒုတ်၊ ၁၇၊ ၃၀။ ၂၂။♦
၄၃၇။ ပြောလေကဲလေ မန်းလေပြဲလေ
ဂါထာဖြင့် မန်းလေ အနာပိုပြဲလေဆိုသကဲ့သို့ ဆိုဆုံးမလေ ပိုဆိုးလာလေ ဖြစ်သည်။ "ပြောလေကဲလေ မန်းလြေဲပလေ သဘောထားနှင့် မေမေ အထင်မှားသထက် မှားလေအောင် အနေအထိုင်အပြုအမူတို့တွင် ထူးထူးခြားခြားပြောင်းလဲ ပစ်လိုက်ပါသည်။"[ ၁၃၀၂] သူရိယ၊ ၂၊ ၁၁။ ၂၀။♦
၄၃၈။ ပြည်ညှဉ်းလျှင် မင်းမခံနိုင်
ပြည်သူတို့ကို ညှဉ်းဆဲအုပ်ချုပ်သော မင်းသည် မင်းအဖြစ် တာရှည်စွာ မရပ်တည်နိုင်။ ပြည်ညင်းလျှင် မင်းမခံနိုင်- စကားပုံလည်းရှု။ "တိုင်းသားပြည်သူကို ပူသော နေမင်းကဲ့သို့ ကျင့်ဖန်များလျှင် မုန်းထား ရန်ငြိုးနှင့် ဘုန်းတန်ခိုးအညွန့် ကြွေတတ်သတဲ့၊ပြည်ညှဉ်းလျှင် မင်းမခံနိုင်ဆိုတဲ့ ထုံးပုံစကားများလည်း ရှိပေတယ်။" [၁၂၈၁] နောင်ဝတ်။ ၅၅၈။♦
၄၃၉။ ပြည်တဲရေးထက်၊ ဝမ်းရေးခက်
ပြည်တဲရေးကိစ္စထက် ဝမ်းစာဖူလုံဖို့ အရေးက ပို၍ ခက်၏။ ပြည်တဲရေးနှင့်၊ ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်-လည်းရှု။ "ယခု ငါတို့တွင်လည်း မျိုးရိက္ခာ ပြတ်ချေပြီ၊…ပြည်တဲရေးထက်၊ ဝမ်းရေးခက်သောဟူ၏သို့ တပ်တွင်းဝယ် ငတ်၍ သေရသည်ထက် အရေးဆို၍ ထွက်မည်။" [၁၂၆၇] ကုန်း၊ ပ။ ၁၇၃။♦
၄၄၀။ ပြည်တဲရေးနှင့်၊ ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်
ပြည်တဲရေးကိစ္စထက် ဝမ်းစာဖူလုံဖို့အရေးက ပို၍ ခက်၏။ ဝမ်းစာဖူလုံဖို့အရေးထက် ချစ်သူကို လွမ်းရသည့် အရေးက ပို၍ ခက်၏။ ပြည်တဲရေးထက်၊ ဝမ်းရေးခက်- လည်းရှု။ "ပြည်တဲရေးထက်၊ ဝမ်းရေးခက်၏၊ ထို့ထက်မှာမူ၊ ချစ်ခင်သူနှင့်၊ အတူတကွ၊ မပေါင်းရဘဲ၊ လွမ်းတပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်တဲရေးနှင့်၊ ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်၏။" [၁၂၁၀] ဥမ္မာ ၂၁။
ပြည်တဲရေးထက် ဝမ်းရေးခက်၍ ဝမ်းရေးထက် လွမ်းရေးကခက်သည်ဟု ပြောဆိုကြခြင်းသည် စာဆိုတို့၏ စိတ်ကူးယဉ်မှုသာလျှင် ဖြစ်၏။" [၁၃၂၄] ရှေ့သို့၊ ၅၊ ၁၁။ ၅။♦
၄၄၁။ ပြည်တဲအရေး ပေါက်နှင့်ကျေး
ပေါက်ပင်၏အပွင့်နှင့် ကြက်တူရွေး၏ နှုတ်သီးသည်လည်းကောင်း၊ ပေါက်ပင်၏ အရွက်နှင့် ကြက်တူရွေး၏ ကိုယ်သည်လည်းကောင်း အရောင်ချင်းတူညီသဖြင့် ပေါက်ပင်၌ နားသော ကြက်တူရွေးကို ခွဲခြားသိရန် မလွယ်သကဲ့သို့ တိုင်းရေးပြည်ရေး သဘောကိုလည်း ခွဲခြားသိရန် မလွယ်ပေ။ "ပြည်တဲအရေး၊ ပေါက်နှင့်ကျေးသို့၊ ကြံတွေးလှည့်ကာ၊ မသိသာလည်း၊ ရေးရာမြင်မြင်၊ မဖြစ်ခင်က၊ တိုင်ပင်မပြတ်၊ ကျွန်မှူးမတ်နှင့်၊" [၈၆၅] လောသာ ၂၆။
တွင်းပြင်နီး ဝေး၊ လွန်ရှုပ်ထွေးခဲ့၊ ပြည်ရေးမင်းရေး၊ ပေါက်နှင့်ကျေးတည်၊့ ကျေးလည်းစိမ်းစိမ်း၊ ပေါက်စိမ်းစိမ်းသို့၊" [၁၂၆၆] မဃ ၂၂၈။♦
၄၄၂။ ပြိတ္တာတို့ဘောင် ဥစ္စာဆောင်
ပစ္စည်းဥစ္စာကို စွဲလမ်းမှုသည် သေလျှင် ပြိတ္တာဘဝသို့ ပို့ဆောင်သည်။ "ခန္ဓာ ကွယ်လည်း၊ အပါယ်တို့ရွာ၊ မွတ်သိပ်စွာသား၊ ပြိတ္တာတို့ဘောင်၊ ဥစ္စာဆောင်၏။" [၈၈၅] ကိုး ၃၅။
ပြိတ္တာတို့ဘောင် ဥစ္စာဆောင်ဆိုတဲ့ ပေါရာဏစကား ရှိတဲ့အတိုင်း ဥစ္စာတွေကို မက်မောပြီး သေပြန်မြှဖင့်လည်း ပြိတ္တာ ဘဝနှင့် မလွဲဘူး။" [၁၂၈၆] သောတ၊ ပ။ ၂၂၃။♦
၄၄၃။ ပွေး ပေါင်က၊ မိုး တောင်က
မိုးသားတိမ်လိပ်တို့သည် တောင်အရပ်က စတင်တက်သကဲ့သို့ ပွေးသည် ပေါင်က စတင်ပေါက်တတ်သည်။ "ပွေးနှင့်စပ်လျဉ်း၍ မြန်မာဝေါဟာရတငွ်…ပွေး ပေါင်က၊ မိုး တောင်က စသည်ဖြင့် အသုံးပြုထားလေသည်။" [ ၁၃၁၇] ပုံပြဆေး၊ ဆ၊ ဒု။ ၁၀၃။♦
၄၄၄။ ပွဲသွား ကြော့ကြော့၊ ပွဲပြန် မော့မော့
ပွဲသို့ အသွားတွင် ကြွကြွရွရွ လှလှပပ ရှိကြသော်လည်း ပွဲက အပြန်တွင်မူ ငေးငေးမော့မော့ ဖြစ်လာကြသည်။ "ပွဲသွား ကြော့ကြော့၊ ပွဲပြန် မော့မော့ဟု စကားပုံတစ်ခု ရှိသည်။ လူတို့ သည် ပွဲကြည့်ရန်သွားသောအခါ ကြော့ကြော့ရော့ရော့နှင့် သွားနိုင်ကြသော်လည်း ပွဲက ပြန်လာသောအခါ မော့ပြီးပြန်ခဲ့ရသည်၊ မောလာကြသည်။" [၁၃၂၃] နဝဒေး၊ ၁၊ ၈။ ၁၁၈။♦
၄၄၅။ ပွက်စိပ် တစ်တောင် ရေသုံးတောင်၊ ပွက်စိပ် သုံးတောင် ရေကိုးတောင်။
ရေမျက်နှာပြင်တွင် ရေပွက်သည် အချင်းတစ်တောင် ရှိလျှင် ရေအနက်သုံးတောင် ရှိသည်။ ရေပွက်သည် အချင်းသုံးတောင် ရှိလျှင် ရေအနက်ကိုးတောင် ရှိသည်။ "လှေသမား တက်သမားသည် စည်းတိမ်၊ သောင်တိမ်ကြောင့်ဖြစ်ပေါ်လာသော ပွက်ကို အဝေးအလှမ်းမှနေ၍ ကြည့်ပြီး ရေအတိမ်အနက်ကို ချင့်တွက်သည်။ ပွက်စိပ် တစ်တောင် ရေသုံးတောင်၊ ပွက်စိပ် သုံးတောင်ရေကိုးတောင် ဟူ၍ ဖြစ်သည်။" [၁၃၃၄] ငွေတာရီ၊ ၁၄၂။ ၅၃။ ပွက်= ရေအောက်တွင်ရှိသောသောင်၊ ကျောက်ဆောင်၊ လှေပျက် စသည် တစ်ခုခုနှင့် ရေစီး အဟုန်တို့ တိုးမိတိုက်မိရာမှ ရေမျက်နှာပြင်ထက်၌ မကြာခဏ ဖြစ်ပေါ်လာသည့် အဝန်းအဝိုင်း။ ရေပွက်။♦
၄၄၆။ ဖုံးတုန်း လုံးတုန်း တန်ဆောင်မုန်း
တန်ဆောင်မုန်းလသည် စပါးဖုံး များထွက်ဆဲ၊ စပါးပင်များ လုံးဆဲကာလ ဖြစ်သည်။ (အဖုံး အလုံး တန်ဆောင်မုန်း- ဟူ၍လည်း အဆိုရှိသည်။) "အဖုံး အလုံး တန်ဆောင်မုန်းဟုဆိုထားသဖြင့် တန်ဆောင်မုန်းမိုးကလေး တစ်ပြိုက်နှစ်ပြိုက်မှာ လယ်အတွင်း အနှံတွေ မြိုင်လျက်ရှိသော စပါးပင်များ အဖို့ အရေးတကြီး လိုနေပြန်လေ၏။" [၁၃၀၃] ဘဝ။ ၂၃၃။
ဖုံးတုန်း လုံးတုန်း တန်ဆောင်မုန်း စကားပုံကလေးမှာ တန်ဆောင်မုန်းလ၌ စပါးခင်းများ ပွင့်ဖို့အတွက် အားယူတုန်းအချိန်၊ ပင်ပိုင်းကြီးထွားမှုအတွက် အားအကောင်းဆုံး အားအလိုဆုံးအချိန် ဖြစ်ကြောင်း တောသူ့အမှတ်အသား ဖြစ်၏။" [၁၃၃၀] မြဝတီ၊ ၁၆၊ ၁၂။ ၁၁၉။♦
၄၄၇။ ဖြူရာတွင် ဖွပ်လျှင်ဖွေး၊ ထူရာတွင် ထပ်လျှင်လေး
ဖြူနေသော အဝတ်ကို ထပ်၍ ဖွပ်လျှော်လိုက်လျှင် ပို၍ ဖြူဖွေးသကဲ့သို့ ထူထဲသော နေရာကို ထပ်ပိုးလိုက်လျှင် ပို၍ လေးလံသည်။ "ဖြူရာတွင် ဖွပ်လျှင်ဖွေးသည်၊ ထူရွာတင် ထပ်လျှင်လေးသည် ဟူသော သူတော်ကောင်းပညာရှိ စကားဟောင်းကိုလည်းကောင်း၊… အကြောင်းအကျိုး သဘောသွား ထောက်ထားရုံးပေါင်း ကောင်းသည်ထက်ကောင်း၍ ကောင်းဆိုသမျှ အလုံးစုံ ကုံလုံပြည့်ဝအောင်…၊" [၁၂၈၅] ချုပ်ပုံ၊ မ။ ၁၈၃။♦
၄၄၈။ ဖြစ်ပြန် ပျက်ပြန် လောကဓံ
လောကဓံတရားအရ ဖြစ်တုံပျက်တုံ ရှိတတ်သည်။ "ဖြစ်ပြန် ပျက်ပြန် လောကံဓတဲ့မောင်ရင်ရဲ့၊ သင်္ခါရတွေကလား၊" [၁၂၇၉] မှာ။ ၃၀။ စပါးဖုံး = စပါးစေ့ သန္ဓေတည်ရန် အနှံနုတွင် ဖု၍လာသော နေရာ။♦
၄၄၉။ ဖြစ်မည့်ခွေး အမွေးတခြား
ဖြစ်ထွန်းမည့်ခွေးသည် အခြားခွေးများထက် အသွေးအမွေး ထူးခြားကောင်းမွန်သည်။ ဖြစ်မည့်ခွေး အမွေးတခြား-စကားပုံလည်းရှု။ "ခွေးတွင်လည်း တောလိုက် ကောင်း မကောင်း အမွေးစွဲ ရွေးချယ်ကြ သေးသည်။ ဖြစ်ချင်တဲ့ခွေး ငယ်လေးက အမွေးတခြား ဆိုသော စကားအရ ငယ်စဉ်ကပင် တောလိုက်သင်၍ ရ မရ မုဆိုးများ သိကြသည်။" [၁၃၃၂] မြဝတီ၊ ၁၈၊ ၈။ ၁၅၄။♦
၄၅၀။ ဖြစ်လွယ်လျှင် ပျက်လွယ်၊ ဖြစ်ခဲလျှင် ပျက်ခဲ
ဖြစ်လွယ်သော အရာသည် ပျက်လွယ်သကဲ့သို့ ဖြစ်ခဲသော အရာသည် ပျက်ခဲ သည်။ "ဖြစ်လွယ်လျှင်လည်း ပျက်လွယ်တတ်ပါတယ်၊ ဖြစဲ်ခလည်း ပျက်ခဲပါတယ်၊" [၁၂၆၈] နော၊ ဒု။ ၁၀၆။
ဖြစ်လွယ်လျှင် ပျက်လွယ် ဆိုသော စကားပုံတစ်ခုလည်း ရှိသေးတယ်။ ဘယ်အရာမှာမဆို အဖြစ်မြန်မှဖြင့် အပျက်မြန်စမြဲပေါ့၊" [၁၂၈၈] သူရ၊ ပ။ ၄၈။♦
၄၅၁။ ဖြစ်လျှင် ပျက်တတ်သည်
ဖြစ်လာသော အရာတိုင်းသည် ပျက်တတ်သော သဘောရှိသည်။ "စစ်လျှင် ထွက်တတ်သည်၊ ချစ်လျှင် မက်တတ်သည်၊ ဖြစ်လျှင် ပျက်တတ်သည်ဟူ၍ ဆိုထုံးရှိသည်။" [၁၁၅၂-ခန့်] ကျည်း။ ၁၂၇။♦
၄၅၂။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ
ဖြစ်လာသော အကြောင်းကိစ္စ မှန်သမျှသည် မိမိအတွက် အကောင်းချည်း ဖြစ်သည်ဟု မှတ်ယူလျှင် စိတ်ချမ်းသာသည်။ "ဖြစ်သမျှအကြောင်း အကောင်းချည်းဆိုသော စကားမှာ ကျွန်တော့်အား တမင်သက်သက် လှောင်ဖို့ ထင်ပါသည်၊" [၁၃၁၅] ဖြတ်ကျော်။ ၁၆၅။♦
၄၅၃။ ဖြုန်းတစ်ခြင်းနှင့် မြင်းတစ်ကောင်။
မြင်းတစ်ကောင်ကို ဖြုန်းမြေတစ်ခြင်းနှင့် လဲလှယ်လောက်အောင် ရတနာမြေတွင် ကျောက်မျက်ရတနာ ပေါကြွယ်လှသည်။ "ကျောက်တွင်းတူးလောက၌ ဖြုန်းတစ်ခြင်းနှင့် မြင်းတစ်ကောင်ဟု ဆိုရိုးစကားစဉ် ရှိလေသည်။… ဤစကားစဉ်မှာ ရတနာမြေမှ ရတနာများ မည်မျှ ပေါကြွယ်ဝသည်ကို ပြညွှန်းနေသည်။" [၁၃၂၉] မြန်နာ။ ၄၇။♦
၄၅၄။ ဖွတ်ဥ လိပ်သည်း၊ ကျွဲနို့ခဲ
ဖွတ်ဥ၊ လိပ်သည်းနှင့် ကျွဲနို့ခဲတို့သည် အဆိမ့်ဆုံးသော အစာများ ဖြစ်သည်။ "ဖွတ်ဥ လိပ်သည်း၊ ကျွဲနိဲု့ခဟု ရှေးလူကြီးသူမတို့၏ စာချိုးအရ ဖွတ်ဥ သည် အဆိမ့်ဆုံးသော အရသာများတွင် အပါအဝင် ဖြစ်သည်။" [၁၃၁၇] ပုံပြဆေး၊ ဆ၊ ဒု။ ၁၃၄။♦
၄၅၅။ ဗောဓိကုက္ကို ညောင်ထိုထို၊ လူပျိုဘုရား မရှိငြား
ကုက္ကိုပင်၊ ညောင်ပင်စသည့် ဗောဓိပင်အသီးသီး၌ ပွင့်တော်မူခဲ့ပြီးသော ဘုရားအဆူဆူတွင် လူပျိုဘဝမှာပွင့်သော ဘုရားဟူ၍ တစ်ဆူမျှ မရှိဖူးချေ။ "စဉ်လာရှည်လျား၊ ရှေးဘုရားတို့၊ ဝင်သွားမဂ်ဖိုလ်၊ များထိုထိုလည်း၊လူပျိုဘုရား၊ မရှိငြားဘူး၊" [၈၈၀-ခန့်] ဗုဒ်ပျို့ ၂၂။
ရှေးလူကြီးတို့ ပြောရိုးဆိုရိုးရှိခဲ့ကြသည်မှာ ဗောဓိကုက္ကို ညောင်ထိုထို၊လူပျိုဘုရား မရှိငြားဟူ၍ ဖြစ်သည်။" [၁၃၂၇] ကုက္ကို။၈။♦
၄၅၆။ ဗုဒ္ဓဝစနံ သစ္စံ၊ လောကဝစနံ နသစ္စံ
မြတ်စွာဘုရား၏ စကားတော်သည် အလုံးစုံမှန်၏။ လောကီသားတို့၏ စကားသည် အလုံးစုံမမှန်။ (ဗုဒ္ဓဝစနံ-မြတ်ဘုရား၏ စကားတော်သည်၊ သစ္စံ-မှန်၏။ လောကဝစနံ-လောကီလူသားတို့၏ စကားသည်၊ နသစ္စံ-မမှန်။) "ယခုလောက၌ လူတို့သည် ဗုဒဝ္ဓစနံ သစ္စံ၊ လောကဝစနံ နသစ္စံဟု ဆိုလေ့ပြုကြ၏။ မြတ်စွာဘုရား တရားစကားတော်သည် လွဲသည်ဟု မရှိ၊ မှန်၏။ လောကီ၏စကား၊ လောကီ၏အတတ်တို့သည် နသစ္စံအရဖြင့် မမှန်ဟူ၍ လုံးလုံး မပယ်သင့်။ လောကအတတ်သည် ဟုတ်သည်လည်း ရှိ၏၊ မဟုတ်သည် လည်း ရှိ၏ဟု ယူသင့်သည်။" [၁၂၆၈] နော၊ ပ။ ၆၈။♦
၄၅၇။ ဗုဒ္ဓံသရဏံ၊ ယောင်ယမ်းကာမျှ၊ အကျိုးရ
ဘေးအန္တရာယ်နှင့် ကြုံလျှင် "ဗုဒ္ဓံသရဏံ"ဟု ယောင်ယမ်းရွတ်ဆိုမိရုံမျှဖြင့် ထိုအန္တရာယ်မှ လွတ်ကင်းနိုင်သည်။ "နမောဗုဒ္ဓဿမန္တန်ကား နတ်ဆိုး၊ ဘီလူး၊ တစ္ဆေတို့ အကာအကွယ် မန္တရားဟူ၍ သိရာသတည်း။ ထို့ကြောင့် ဗုဒ္ဓံသရဏံ၊ ယောင်ယမ်းကာမျှ၊ အကျိုးရသည်ဟု ဆိုရိုးပြုကြကုန်သတည်း။" [၁၂၆၇] တဇ္ဇ။ ၅၂။
ဗုဒ္ဓံသရဏံ၊ ယောင်ယမ်းကာမျှ၊ အကျိုးရသည်။" [၁၂၇၆] ဝိစိတ်။ ၉၃။ရှေးသရောအခါ မြွေအလမ္ပာယ်ဆရာတစ်ယောက်သည် မြွေကို ဖမ်းမည်ဟု လှည့်လည်သော် တစ်ခုသောရွာသို့ ရောက်လေ၏။ ထိုရွာ၌ ရွာသူရွာသားတို့သည် မြတ်စွာဘုရားအား ရိုသေစွာ ဆည်းကပ်သော ဥပါသကာဖြစ်သောကြောင့် "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" ဟူ၍ မပြတ် ရွတ်ဖတ်သရဇ္ဈာယ်တတ်ကြ၏။ ထိုသို့ ရွတ်ဖတ် သရဇ္ဈာယ်သော အသံကို အလမ္ပာယ်ေ မြွသမား ကြားလျှင် အဘယ်ကို ဆိုကြ သည်ဟု အကြောင်းအကျိုးကိုမျှ မသိဘဲ မှတ်မိ၏။ ထိုအခါ အလမ္ပာယ် မြွေသမားသည် ကြီးစွာသော နဂါးမင်းကို ဖမ်းသည်ရှိသော် နဂါးမင်းသည် ထိုအလမ္ပာယ်မြွေသမားအား ပြင်းစွာ ရစ်ပတ်၏။ မြွေသမားလည်း ထိတ်လန့် ကြောက်ရွံ့သဖြင့် ယောင်ယမ်းလျက် "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ "ဟု ရွတ်လေ၏။ ထိုသို့ ရွတ်သံကို ကြားသော် နဂါးမင်းလည်း မြတ်စွာဘုရားအား ကိုးကွယ် ဆည်းကပ်သော ဥပါသကာထင်မှတ်၍ ပြင်းစွာ ပတ်ထားသော အခွေကို ဖြေလျက် ရွှေပန်းခိုင်သုံးခိုင်ဖြင့် ပူဇော်လျက် သင်သည် တစ်ခိုင်ကို မြတ်စွာဘုရားအား လှူဒါန်းပူဇော်လေ၊ နှစ်ခိုင်ကို ရောင်းချလျက် အသက်မွေးလေဟု ပေးလိုက်၏။ မြွေသမားလည်း အဖိုးအတိုင်းမသိထိုက်သော ရွှေပန်းခိုင်တို့ကို ရသဖြင့် ချမ်းသာစွာ အသက်မွေးရလေ၏။ ထိုအလမ္ပာယ်မြွေသမားသည် အကြောင်းအကျိုးကို မသိဘဲ ယောင်ယမ်းသဖြင့် ရွတ်မိသည်ကိုလျက် အကျိုးရသည်ကို ရည်၍ "ဗုဒ္ဓံ သရဏံ၊ယောင်ယမ်းကာမျှ၊ အကျိုးရသည်" ဟု စကားပုံ ပြောဆိုထုံး ပြုကြသည်။ ဝိစိတြာလင်္ကာရစကားပုံဆုံးမစာ။ ၉၃။♦
၄၅၈။ ဗုဒ်အစ၊ ဗုဒ်အလယ်၊ ဗုဒ်အဆုံး
ဗုဒ္ဓဘုရားရှင် စခဲ့သော ပရိယတ္တိ သာသနာတော်ဝယ် အဋ္ဌကထာကျမ်းပြု ရှင်မဟာဗုဒ္ဓဃောသမထေရ်သည် အလယ်ခေတ်၌ စာအတတ်ဆုံးဖြစ်၍ နှောင်းခေတ်၌ ဆရာတော် ဦးဗုဒ်သည် စာအတတ်ဆုံးဟု ကျော်ကြားသည်။ "မူလပြုစုသူက စတုရင်္ဂဗလအမတ်ကြီး၊ မြန်မာပြန်ဆိုသူကဗုဒ်အစ၊ ဗုဒ်အလယ်၊ ဗုဒ်အဆုံး ဆိုတဲ့ သာသနာပိုင်ဆရာတော် ဦးဗုဒ်၊" [၁၃၃၁] စန္ဒာ၊ ၆။ ၅၅။
သာသနာဝယ် ဗုဒ်အစ၊ ဗဒု်အလယ်၊ ဗုဒ်အဆုံး ဟူ၍ ဆိုရိုးတစ်ခု ရှိပေ သည်။" [၁၃၃၄] ပိဋကညွှန်း၊ အဝဂ်-အပိုင်း၁။ နိဒါန်း။♦
၄၅၉။ ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုပ်ရှုပ်
ဗြဟ္မာ့ပြည်တွင် ကိုယ်ရောင်ကိုယ်ဝါ တဝင်းဝင်းနှင့် ဗြဟ္မာ ဖြစ်နေငြားလည်း နောက်ဘဝတွင် လူ၊ နတ်ဖြစ်၍ ဒုစရိုက်ပြုမိပါက ဝက်စားကျင်း၌ အစာကို တရှုပ်ရှုပ် စားနေသော ဝက်လည်း ဖြစ်နိုင်သေးသည်။ "ပုထုဇဉ်အဖြစ်မှ တန်းမတက်ရသေးသူတို့သည် ဗြဟ္မာပင် ဖြစ်နေသော်လည်း နောက်တစ်ဖန် တိရစ္ဆာန်စသော အပါယ်ဘုံသားလည်း ဖြစ်နိုင်ရကား ဗြဟ္မာြ့ပည်မှာ တဝင်းဝင်းနေသော်လည်း တစ်နေ့ကျရင် ဝက်စားကျင်းမှာလည်း တရှုပ်ရှုပ် နေခွင့်ရှိသေးသည်။" [၁၃၁၄] ကိုယ်ကျင့်။ ၃၅၀။♦
၄၆၀။ ဗွေတစ်ရာ ကြာတစ်လုံး
နွားနှင့် မြင်းတို့တွင် ဗွေဆိုးမည်မျှ ပါရှိစေကာမူ နဖူးပြင်၌ ကြာပါလျှင် အညံ့ဟူသမျှ ပျောက်သည်။ "ဗွေတစ်ရာ ကြာတစ်လုံး။ ဤကား လူတို့အဆိုဖြစ်၏။ မည်ကဲ့သို့ပင် ဗွေဆိုးဗွေကောင်းများ အရေအတွက် တစ်ရာပင် ပါပါစေ၊ နွား၏ ထိပ်ထက် နဖူးပြင်၌ ကြာပါသော နွားများမှာ အညံ့ဟူသမျှ ပျောက်ရသည်ချည်းဖြစ်ကုန်၏။ (ကြာဟူသည် အဖြူကွက်ကို ခေါ်၏။)" [၁၃၄၃] စစ်ပြန်၊ ၃၂။ ၇၁။
ဗွေဆိုးမည်မျှ ပါရှိစေကာမူ ကြာဗွေပါလျှင် ဗွေဆိုးများ ပပျောက်၍ ကောင်းသည်ဟု ဆိုပါသည်။ ဗွေတစ်ရာ ကြာတစ်လုံးဟု စကားလာပါသည်။ ကြာဗွေဟူသည်မှာ ဦးကင်းထိပ်တွင် ကြာဖြူကွက်ပါရှိ၍ ၎င်းကြာကွက်ထဲတွင် ဗွေတစ်လုံးပါရှိသည်ကို ခေါ်ပါသည်။" [၁၃၄၈] မြန်မာ့မြင်း။ ၅၈။♦
၄၆၁။ ဘမျိုးဘိုးတူ
သားမြေးတို့၏ အကျင့်စရိုက်သည် မိဘ၊ ဘိုးဘွားတို့၏ အကျင့်စရိုက်နှင့် တူတတ်သည်။ (ဘမျိုးဘိုးတူ ချိုနှင့်-ဟူ၍လည်း အဆိုရှိသည်။) "ရွှေပြည်အေးသည် ဘမျိုးဘိုးတူ ဟူသည်နှင့်အညီ… အရွယ်နှင့် မလိုက်အောင် တတ်မြောက် ထွန်းပေါက်ခဲ့လေသည်။" [၁၃၁၈] ယဉ်ကျေးမှု၊ ၁၊ ၁၀။ ၃။
ဘမျိုးဘိုးတူ ချိုနှင့်တဲ့၊ ငထွေးဆိုတဲ့ ကောင်ကလည်း အလကားကောင်ပဲ၊ ဒီကလေးတွေလည်း ဖအေလိုလာမှာပဲ၊"[၁၃၄၀]ငွေတာရီ၊၂၁၅။ ၆၉။♦
၄၆၂။ဘုရားဖက်တော့ အသက်ရှည်
မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်ခြင်းဖြင့် အသက်ရှည်နိုင်သည်။ တရားဖက်တော့ အမျက်ပြေ။ သံဃာဖက်တော့ အခက်ဝေ-တို့လည်းရှု။ "ဘုရားဖက်လျှင် အသက်ရှည်။" [၁၃၅၁] ကားပုံချုပ်။ ၁၁၆။♦
၄၆၃။ဘုရားမတင်၊ နတ်မဝင်၊ လူတွင်ဆယ်ပွင့်ပန်း
ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန် သို့မဟုတ် ပန်းရွဲ၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်းဟူသည့် ပန်းတို့သည် ဘုရားတင်ရသည့် ပန်းလည်းမဟုတ်၊ နတ်တင်ရသည့် ပန်းလည်း မဟုတ်၊ လက်မှုအနုပညာဆိုင်ရာ ပန်းဆယ်မျိုးသာ ဖြစ်သည်။ "ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ မော့၊ ရန်၊ ပု၊ ပွတ်၊ ချီ၊ ယွန်း၊ ဘုရားမတင်၊ လူတွင် ဆယ်ပွင့်ပန်းဟု ဆိုကုန်သည်။" [၁၁၉၄] ဇော။ ၄၉၅။
ရှေးသူဟောင်းများသည် ဤသို့ ဆောင်ပုဒ်ကဗျာလုပ်၍ ထားခဲ့ကြပေသည်။ ယင်းသည်ကား-ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ မော့၊ ရန်၊ ပု၊ ပွတ်၊ ချီ၊ ယွန်း။ ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ဆယ်ပွင့်ပန်းဟူ၍ ဖြစ်ပေသည်။" [၁၃၁၅] မြဝတီ၊ ၂၊ ၁။ ၂၂။
ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး ဟု မြန်မာတို့ ဆိုရိုး စကား ရှိခဲ့သည်။ သဘာဝပန်းအလှထက် အယဉ်ဆင့်နေသော မြန်မာ့ အနုပညာပန်း အလှလေးများက ပိုပြီး လှပါသည်။" [၁၃၄၅] သွေးသောက်၊ ၄၅၁။ ၇၈။♦
၄၆၄။ ဘုရင်တို့ဘုန်း မိုးသို့ချုန်း၊ လူပုန်းတောမှာ မနေသာ။
ဘုန်းတန်ခိုးကြီးမားသော မင်းတို့လက်ထက်တွင် သူပုန်သူကန်တို့ မထောင်ထား မခြားနားဝံ့ကြချေ။ "ရှင်ဘုရင့်ဘုန်း၊ မိုးသို့ချုန်း၊ လူပုန်းနေသာဘဲ။" [၁၁၁၃] ကဝိသတ် ၈၉၉။
ရှင်ဘုရင့်ဘုန်း၊ မိုးသို့ချုန်းလျက်၊ လူပုန်းတောမှာ၊ မနေသာသို့၊" [၁၂၀၈] ဂါစန် ၃၆။♦
၄၆၅။ ဘူးကောင်းလျှင် စင်ခံ၊ လင်ကောင်းမှ စံရ။
ဘူးမျိုးကောင်းလျှင် စင်ခံရသည်အထိ အသီးများများ ရသကဲ့သို့ လင်ကောင်းသားကောင်းရလျှင် ချမ်းသာသုခ စံစား ရသည်။ "ကိုယ့်လင်ကို ကိုယ်ရိုသေမှ သူများရိုသေသည်၊ ဘူးကောင်းလျှင် စင်ခံ၊ လင်ကောင်းမှ စံရသည်၊" [၁၂၆၇] စကား။ ၅၄။
တစ်ကြောင်းမှာလည်း ဘူးကောင်းမှ စင်ခံ၊ လင်ကောင်းမှ စံ ဟူသောစကားအရ မိန်းကလေးများမှာ ယောက်ျားရသဖြင့် စိတ်လက်ချမ်းချမ်းသာသာ နေရဖို့လမ်းမှာ ထီထိုးသလို ဖြစ်လေရာ…၊" [၁၂၉၆-ခန့်] သမီးဂုဏ်။ ၂၄။♦
၄၆၆။ ဘူးခါးရေနှင့် ကြမ်းကြားလေ။
ဘူးခါးသီးခြောက်တွင် ထည့်ထားသော ရေ နှင့် ကြမ်းကြားမှ တိုးဝင်လာသော လေတို့သည် အလွန် အေးမြသည်။ "ဘူးလည်ပြတ်ရေ ကြမ်းကြားလေ၊ ရွှေနန်းမြေနှင့် လဲနိုင်ရိုးလားဆိုသော တောင်သူကြီးတို့၏… စကားအရ တစ်ရံတစ်ခါ တောင်ယာတဲကုပ်ကလေးများ၌ ရှိသော ချမ်းသာသုခသည် ထီးနန်းထက်မှာ ရှိသော စည်းစိမ်ချမ်းသာထက်ပင်သာလွန်တတ်လေသေးသည်။" [၁၂၈၄] စာဏကျ၊ တ။ ၁၂၉။
သဘာဝ ရေ၊ လေ၊ မြေ၊ သစ်ပင်တို့မှ ရရှိအပ်သော အရသာသည်သာလျှင် လူသားတို့အား ကျန်းမာပြီး အသက်ရှည်နိုင်သည်အထိ အကျိုးပြု ဆောင်ရွက်နိုင်ကြောင်းကို ဘူးခါးရေနှင့် ကြမ်းကြားလေ၊ ရွှေနန်းမြေနှင့် လဲနိုင်ရိုးလားဟူ၍ပင် ဆိုရိုးရှိလေသည်။" [၁၃၁၇-ခန့်] အိမ်ဆေး။ ၂၂၁။♦
၄၆၇။ ဘူးတစ်ရာအပေါက်ကို ပိတ်လို့ရသည်၊ ပါးစပ်တစ်ပေါက်ကို ပိတ်လို့မရ
ဘူးတစ်ရာအပေါက်ကို လုံအောင် ပိတ်နိုင်သော်လည်း နှုတ်မလုံသူ၏ ပါးစပ်ကို ပိတ်နိုင်မည်မဟုတ်ချေ။ "သူ့သူငါ့သူ၊ လူအလူးလူး၊ ဘူးရာပြည့်တုံ၊ ပိတ်ဆို့ခြုံသော်၊ လုံ၏အပေါက်၊ တစ်ယောက်ခံတွင်း၊ မလုံလျှင်းဟု၊" [၁၁၈၉] ကုသ ၁၆၃။
ဘူးတစ်ရာအပေါက်ကို ပိတ်လို့ရတယ်၊ ပါးစပ်တစ်ပေါက်ကိုပိတ်လို့မရဘူး။ အဲဒီတော့ ပစ္စည်းတွေကို မတရားရှာထားတဲ့ ဒီလူရဲ့သတင်းဟာ တစ်ယောက်က တစ်ရာဆိုသလို ပြန့်ပွားကုန်တာပဲ၊" [၁၃၂၀] ပြည်သား၊ ၆၊ ၄၄။ ၁၈။♦
၄၆၈။ ဘူး တစ်လုံးဆောင် အိုအောင် မဆင်းရဲ။
မသိဘူး၊ မဟုတ်ဘူး၊ မလုပ်ဘူး စသည်ဖြင့် တစ်သမတ်တည်း ငြင်းပယ်ခြင်းဖြင့် အိုသည်အထိ မဆင်းရဲနိုင်၊ ဒုက္ခ မတွေ့နိုင်ဟု ထင်တတ်ကြသည်။ "ညွန့် ဒါတွေမသိပါဘူးဟုဘူး တစ်လုံးဆောင် အိုအောင် မဆင်းရဲဆိုသည့် စကားကို အားကိုးပြု၍ ဘူးကွယ်ကာ ငြင်းလေလျှင်…၊" [၁၂၉၄] ဒဂုန်၊ ၁၂၊ ၁၄၅။ ၄၀။
ဘုရင်မ၏ စိတ်၌ကား စောမာလာသည် ဘူး တစ်လုံးဆောင်အိုအောင် မဆင်းရဲဆိုသည့်အတိုင်း ဘူးကွယ်နေခြင်းမျှသာ ဖြစ်သည်ဟု ယူဆတော်မူလျက် ရှိပေ၏။" [၁၂၉၇] ဗွေ။ ၁၉၀။♦
၄၆၉။ ဘေးမရောက်ခင်၊ ကြိုတင်ကာဆီး၊ သိဒ္ဓိပြီး။
ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ကာကွယ်ခြင်းဖြင့် ဘေးကင်းနိုင်သည်။ "ဘေးမရောက်ခင်၊ ကြိုတင်ကာဆီး၊သိဒ္ဓိပြီးဆိုသောအတိုင်း ဘေးကို ကာကွယ်ရန် ကြံစည်ဖို့ ထွက်သွားသော မအိမ်မှူးသည် ရွေဘိုမြို့ မြင်းစာရေးကြီး အိမ်သို့ ရောက်လေရာ…၊" [၁၂၈၂] ရွှေပြည်၊ ပ။ ၅၅။♦
၄၇၀။ ဘုန်းကောင်း တာစား။
ကံဇာတာကောင်းခိုက်၌ နေရာတကာ တွင်ကျယ်သည်။"ဘုန်းကောင်း တာစား၊ ဆိုသောလားပက်၊ မပြားမကွဲ…မှော်ရုံခွင်မှာ သောက်ချင်တိုင်း စားချင်တိုင်း၊ ပုံလှိုင်းပျော်ဖွယ်၊" [၁၁၄၆] ရာမ၊ ပ။ ၁၁၆။♦
၄၇၁။ ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီး။
တချို့မှာ ဘုန်းတန်ခိုး ကြီးမားသော်လည်း အသက်မရှည် ဖြစ်တတ်သည်၊ အသက်ရှည်ပါလျှင်လည်း ဘုန်းတန်ခိုး မကြီး ဖြစ်တတ်သည်။ "ဂါရဝ၊ နိဝါတမင်္ဂလာ ပျက်စီးခြင်း ရှိကြသောကြောင့် ဘုန်းကြီး၍ သက်မရှည်၊ သက်ရှည်၍ဘုန်းမကြီးဖြစ်လျက် နေကြသည်ကို…၊" [၁၂၇၅-ခန့်] ပါးစပ်။ ၂၀၈။
မိဘမရိုသေသူ၊ မလုပ်ကျွေးသူများမှာ ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီးဟု ဆိုရိုးစကားရှိသည်။" [၁၂၉၄] ဂုဏ်ရည်။ ၆၂။♦
၄၇၂။ ဘုန်းကြီးသေ ရွာကြေ။
အချို့ရွာများ၌ ဆရာတော်တစ်ပါး ပျံလွန်တော်မူလျှင် ဘုန်းကြီးပျံပွဲကို ပကာသနဖက်၍ လိုအပ်သည်ထက် ခမ်းနားကြီးကျယ်စွာ ကျင်းပကြသဖြင့် ရပ်ရွာ အလွန် ပင်ပန်းသည်။ "ဘုန်းကြီးသေ ရွာကြေဟူသကဲ့သို့ ဘုန်းကြီးပျံတော်မူလျှင်လည်းတပည့် တပန်း ဆရာတော်ပေါက်စတို့၏ ကြိုးပမ်းမှုဖြင့် မီးလောင်စာ တလားပြာသာဒ် ပွဲလမ်းသဘင် ပျော်ရွှင်ပွဲအမျိုးမျိုးနှင့်…၊" [၁၃၀၃] ကြီးပွားရေး၊ ၉၊ ၂။ ၈၉။♦
၄၇၃။ ဘုန်းနှင့် ပညာ ထက်ကြပ်ပါ။
ဉာဏ်ပညာသည် ဘုန်းတန်ခိုးရှိသူ၌ ရှေးဘုန်း ရှေးကံကြောင့် ထက်ကြပ်ပါရှိစမြဲ ဖြစ်သည်။ "ရှေးပညာရှိ သူဟောင်းတို့လည်ဘုန်းနှင့် ပညာ ထက်ကြပ်ပါသည်ဟု ဆိုရိုးပြုတော်မူကြလေသည်။" [၁၁၉၂] ဝေါလီ။ ၂၄၉။♦
၄၇၄။ ဘုန်းနှင့် သမ္ဘာ ထက်ကြပ်ပါ
ယခုဘဝ၌ ရရှိသော ဘုန်းတန်ခိုးသည် ရှေးဘုန်း ရှေးကံ၏ အကျိုးဆက် ဖြစ်သည်။ "ဘုန်းနှင့်သမ္ဘာ၊ ထက်ကြပ်ပါကြောင့်၊ နေအာဒိစ်မျိုး၊ ကမ္ဘာစိုး၌၊ နွယ်ရိုးမပျက်၊" [၁၂၆၆] မဃ ၁၈၉။
ဘုန်းနှင့် သမ္ဘာ ထက်ကြပ်ပါဆိုတဲ့အတိုင်း အမြင့်စားဖြင့် ကြီး ပွားမည့် လူများဟာ ရှေးကံနှိုးဆော်သဖြင့် အကျိုးပေးအလွယ်တကူ ဝီရိယအထူးမကူရပါ။" [၁၂၈၇] ထီး၊ တ။ ၁၁၅။♦
၄၇၅။ ဘုန်းရှိပေါ်ရောက် ဘုန်းမဲ့ပျောက်
ဘုန်းကံရှိသူ ပေါ်ထွန်းလာလျှင် ဘုန်းကံမဲ့သူ ပျောက်ကွယ်ရစမြဲ ဖြစ်သည်။ "ဘုန်းရှိပေါ်ရောက်၊ ဘုန်းမဲ့ပျောက်၍၊ မဖောက်မှန်ဟုတ်၊ ပမာထုတ်မူ၊ သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံနှင့်၊" [၁၂၆၆] မဃ ၂၄၈။
ဘုန်းရှိလာရောက် ဘုန်းမဲ့ပျောက် ဆိုသည့်အတိုင်း ဘုန်းကြီးသူတစ်ပါး ထွန်းကားလာတဲ့အခါ ဘုန်းရှိန်သေးသောသူများ လွင့်ပါးမြဲဓမ္မတာ ဖြစ်ပါသည်။" [၁၂၈၁] နောင်ဝတ်၊ ပ။ ၅၁။♦
၄၇၆။ ဘုံခန်းလည်း မြှောက်လွန်းသည်၊ ငရဲခန်းလည်း ခြောက်လွန်းသည်
အင်းဝခေတ် စာဆို ရှင်အဂ္ဂသမာဓိသည် နေမိဘုံခန်းပျို့တွင် ဘုံဗိမာန်များ ခမ်းနား ကြီးကျယ်လှပုံကို အားကျဖွယ်ဖြစ်အောင် အလွန်ဖွဲ့နိုင်သကဲ့သို့ နေမိငရဲခန်းပျို့တွင် ငရဲပြည် ကြောက်မက်ဖွယ်ကောင်းလှပုံကို ကြောက်ရွံ့ထိတ်လန့်အောင် အလွန်ဖွဲ့နိုင်သည်။ "ဘုံခန်းလည်း မြှောက်လွန်းသည်၊ ငရဲခန်းလည်း ခြောက်လွန်းသည်ဟု ဆိုစမှတ် ပြုကြရာ ဤငရဲခန်းတွင်…ဖတ်ရှုတွေ့မြင်ရမည် ဖြစ်ကြောင်း ရေးသားလိုက်ပါသည်။" [၉၀၀] ငရဲ၊ နိဒါန်း။ ၃။♦
၄၇၇။ ဘယ်လဲ ညာထောင် ဥစ္စာပြောင်၊ ဘယ်ထောင် ညာလဲ တက်တက်မွဲ။
ချိုတစ်ဖက်ထောင် ချိုတစ်ဖက်လဲ နွားကို မွေးလျှင် မွဲတတ်သည်။ ချိုတည်လူး၊ အိမ်ဦးမှာချည်၊ ဥစ္စာတည်-နှင့် နှိုင်းယှဉ်။ "ဦးချိုနှင့်ပတ်သက်၍ ဘယ်လဲ ညာထောင် ဥစ္စာပြောင်၊ ဘယ်ထောင် ညာလဲ တက်တက်မွဲဟု ဆိုစမှတ် ပြုကြသည်။" [၁၃၁၇] ပုံပြဆေး၊ ဆ၊ ဒု။ ၁၀။
လူတို့အဆိုမှာ ဘယ်ထောင် ညာလဲ တက်တက်မွဲ ဟူ၍လည်းကောင်း၊ ဘယ်လဲ ညာထောင် တက်တက်ပြောင် ဟူ၍လည်းကောင်း ဆိုကြသည်။ ယင်း နွားများကို လက်ခံထားလျှင် ဥစ္စာပစ္စည်းများ တက်တက်မွဲ၊ တက်တက်ပြောင် တတ်သည်ဟု အယူရှိကြသည်။" [၁၃၄၃] စစ်ပြန်၊ ၃၂။ ၇၂။♦
၄၇၈။ဘယ်လိုပင်ကျိန်ဆဲ ကြောင်းကုန်မှကွဲ
ကွဲကြစေကြောင်း မည်သို့ပင် ကျိန်ဆဲသော်ငြားလည်း ရေစက်ကုန်မှသာ ကွဲကြမည်။ ဘယ်လိုပင်ဆုတောင်း ကြောင်းပါမှပေါင်း-နှင့် နှိုင်းယှဉ်။ "မုန်းပါတယ်ဆို ဘယ်လိုပင်ကျိန်ဆဲ ကြောင်းကုန်မှကွဲ၊ ချစ်ပါတယ်ဆို ဘယ်လိုပင်ဆုတောင်း ကြောင်းဆုံမှပေါင်း ဟူသော လောက ဥပဒေသည် ခင်မောင်မြင့်နှင့် ခင်မြမြအား ထုခြေနှိပ်စက်ခဲ့၏။" [၁၃၁၄] သွေး။ ၂၂၄။♦
၄၇၉။ဘယ်လိုပင်ဆုတောင်း ကြောင်းပါမှပေါင်း
ပေါင်းရစေကြောင်း မည်သို့ပင် ဆုတောင်းငြားလည်း ရေစက်ပါလာမှသာ ပေါင်းရမည်။ ဘယ်လိုပင်ကျိန်ဆဲ ကြောင်းကုန်မှကွဲ-နှင့် နှိုင်းယှဉ်။ "ဥစ္စာပေါ ရုပ်ချောကိုမှ ကျွန်တော်ကတော့ မေတ္တာရှိတာပဲ၊ သို့ရာတွင် အရီးရယ် ဘယ်လိုပင်ဆုတောင်း ကြောင်းပါမှပေါင်းဆိုတဲ့ စကားရှိလေတော့ အင်မတန်တော့ဖြင့် မစွဲလမ်းလှပါဘူး။" [၁၂၇၉] စံသိုက်။ ၁၂၃။♦
၄၈၀။ဘယ်သူမပြု မိမိမှု
၁၊ မိမိ ကောင်းကျိုး၊ ဆိုးကျိုးခံစားရသည်မှာ မိမိပြုခဲ့သော ကောင်းမှု၊ မကောင်းမှုကြောင့်ပင် ဖြစ်သည်။ (မည်သူမပြု မိမိမှု-ဟူ၍လည်း အဆိုရှိသည်။) ကိုယ့်တရား ကိုယ်စီရင် -နှင့် နှိုင်းယှဉ်။ "သုံးဘုံရပ်သူ၊ ဤမျှလူကား၊ မည်သမူပြု၊ မမိမှု ကြောင့်၊ အထုအထ၊ တကွကွလျှင်၊ နှိမ့်ချပုဆစ်၊ ယမရာဇ်၌၊ အပြစ်အလျောက်၊ ကြားလျှောက်ကျံကျံ၊ ဆုံးဖြတ်ခံ၍၊" [၈၅၃] ပါမီ ၇၅။
ကောင်းစားဆိုးစား၊ ဤနှစ်ပါးကား၊ အခြားနတ်လူ၊ မည်သူမပြု၊ မိမိမှုတည်း၊" [၁၂၆၆] မဃ ၂၄၂။
လောကမှာ ဘယ်အမှုကိစ္စမျိုးမဆို ဘယ်သူမပြု မိမိမှု ဆိုတဲ့စကားအတိုင်း ကိုယ်လုပ်မှ ကိုယ်အကျိုးဖြစ်ထွန်းအောင်မြင်နိုင်တာပဲ။"[၁၂၈၆] ဒေတိ။ ၉၇။
၂၊ မိမိ ဆိုးကျိုးခံစားရသည်မှာ မိမိ ပြုခဲ့သော မကောင်းမှုကြောင့်ပင် ဖြစ်သည်။ "မည်သူ့ကိုမျှ အပြစ်တင်ရန် မစဉ်းစားတော့ဘဲ ဘယ်သူမပြု မိမိမှု ဟူသော အဆုံးအဖြတ်ဖြင့် အံကို ခဲကာ ကြိတ်၍…၊ " [၁၃၁၃] နဝေ။ ၂၁၂။
ဘယ်သူမပြု မိမိမှုဆိုတဲ့ စကားအတိုင်း ငါ ဒီလိုဖြစ်ရတာဟာ ငါ့ကြောင့်ပဲ၊ ငါ့ကြောင့်။ ငါမလိမ္မာလို့၊ ငါမိုက်ခဲ့လို့။" [၁၃၁၆] မာန။ ၂၃၃။♦
၄၈၁။ မကောင်း ကျောင်းပို့
၁၊ အိမ်၌ မထားလိုသော အသုံးအဆောင်ပစ္စည်းတို့ကို ဘုန်းကြီးကျောင်းသို့ ပေးပို့လှူဒါန်းသည်။ "သူတချို့ကား၊ ကိုယ်ဖို့ကောင်းရာ၊ ဝတ်စားပါ၍၊ များစွာပိုမို၊ မလိုချင်ကြောင်း၊ ထားမကောင်းလျှင်၊ ကျောင်းကိုပို့လေ၊ ဆိုသောထွေဖြင့်၊" [၁၂၁၀]ဥမ္မာ ၇၁။
၂၊ ဆိုးပေနေသော ကလေးအား လိမ္မာယဉ်ကျေးလာအောင် ဘုန်းကြီး ကျောင်းသို့ပို့ရာသည်။ "မကောင်းကျောင်းပို့။ ရပ်ရွာထဲတွင် ကျောင်းမနေဘဲ ဆိုးပေ နေသောကလေးအား ကျောင်းသို့ ပို့အပ်ထားပေးပါက အကြီးအကြပ်၊ အကွပ် အထိန်း၊ အဆုံးအမဖြင့် လူတော် ဖြစ်လာနိုင်သည်။" [၁၃၅၀] မြဝတီ၊ ၃၇၊ ၅။ ၄၄။♦
၄၈၂။ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ
လောကတွင် မကောင်းမှုတစ်စုံ တစ်ရာကို ပြုလုပ်ခြင်း၌ ဆိတ်ကွယ်ရာဟူ၍ မရှိချေ။ သူတစ်ပါးတို့ မသိမမြင် ဟူသောအထင်နှင့် ပြုလုပ်စေကာမူ တစ်ဦးဦးက သိမြင်မြဲ ဖြစ်သည်။ "မကောင်းမှုကို ပြုရန် ဆိတ်ကွယ်ရာ အရပ်သည်မရှိ။" [၁၃၁၂] ငါးကောက်၊ ဒု။ ၄၀၂။
ရာဇဝတ်ဘေး ပြေးမလွတ်နိုင်ဟူသောစကားကို အောင်ပိုင်တစ်ယောက် သတိ မချပ်မိလေရော့သလား (သို့တည်းမဟုတ်) မကောင်းမှုဟူ သည် ဆိတ်ကွယ်ရာမရှိ ပေါ့ပေါ့တန်တန် တွက်ဆခဲ့လေသလား မဆိုနိုင်၊" [၁၃၅၄] မှုခင်းစုံ။ ၁၈၄။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြု၏။ ထိုဗာရာဏသီပြည်၌ ဒိသာပါမောက္ခ ဆရာတစ်ဦးရှိ၏။ ထိုဆရာထံ၌ ငါးရာသော လုလင်တို့သည် အတတ်ပညာ သင်ယူကြ၏။ ဒိသာပါမောက္ခဆရာ၌ အရွယ်ရောက်သော သမီးတစ်ယောက် ရှိ၏။ တစ်ခါသော် ဆရာသည် "တပည့်များအနက် အကျင့်သီလနှင့် ပြည့်စုံသော တပည့်တစ်ဦးဦးနှင့် မိမိ၏သမီးကို ထိမ်းမြားလျှင် သင့်အံ့"ဟု အကြံ ဖြစ်၏။ တစ်နေ့သ၌ ဆရာသည် တပည့်လုလင်တို့ကို ခေါ်၍ "အမောင်တို့၊ သင်တို့သည် ငါ၏သမီးကို ထိမ်းမြားလိုအံ့၊ မိမိတို့အိမ်မှ အဝတ်တန်ဆာများကို အမိအဖ၊ အဆွေအမျိုးတို့ မမြင်ကွယ်ရာမှ တိတ်တဆိတ် ယူဆောင်ခဲ့လော့"ဟု ဆို၏။ လုလင်တို့အနက် အကြီးအကဲဖြစ်သောလုလင်မှတစ်ပါး ကျန်သော လုလင်တို့သည် ဆရာမှာသည့်အတိုင်း အဝတ်တန်ဆာတို့ကို ခိုးယူခဲ့ကြ၏။ ထိုအခါ ဆရာက အကြီးအကဲလုလင်အား "အမောင်၊ အဘယ်ကြောင့် အဝတ်တန်ဆာကို မယူခဲ့သနည်း"ဟု မေးသော် "ဆရာ၊ သူတစ်ပါး၏ အဝတ်တန်ဆာကို ခိုးယူခြင်းသည် မကောင်းမှု ဖြစ်ပါသည်။ မကောင်းမှုကို မမြင်သာသော အရပ်သည် မရှိပါ။ မကောင်းမှုအတွက် ဆိတ်ကွယ်ရာဟူသည်မရှိ ပါ။ ထို့ကြောင့် အဝတ်တန်ဆာကို မယူခဲ့ပါ"ဟု ဆို၏။ ထိုအခါ ဆရာက "တပည့်၊ သင်သည် မကောင်းမှုကိုလည်း သိ၏။ မကောင်းမှုအတွက် ဆိတ်ကွယ်ရာအရပ် မရှိသည်ကိုလည်း သိ၏။ မကောင်းမှုကိုလည်း ရှောင်ကြဉ်နိုင်၏"ဟုဆိုကာ မိမိ၏သမီးနှင့် ထိမ်းမြား၏။ ခုဒ္ဒကနိကာယ်၊ ၃၀၅-သီလဝီမံသနဇာတ်။♦
၄၈၃။ မကောင်းလည်းခံ၊ ကောင်းလည်းစံ
အိမ်ထောင်ပြုရာ၌ မိမိ၏ အိမ်ထောင်ဖက်မကောင်းလျှင် မိမိအဖို့ ဆိုးကျိုးခံရမည်၊ အိမ်ထောင်ဖက်ကောင်းလျှင်မူ စံစားရမည်။♦
၄၈၄။ မကောင်းသူကို ပယ်၊ ကောင်းသူကို ကယ်
နတ်ကောင်းနတ်မြတ်၊ မင်းကောင်းမင်းမြတ်တို့သည် မကောင်းသူကို ဖယ်ရှား၍ ကောင်းသောသူကို ကယ်မလိမ့်မည်။ "ထိုအခါ သိကြားမင်းက မကောင်းသူကို ပယ်၊ ကောင်းသူကို ကယ်ဆိုသည်နှင့်အညီ မစ္စတာမောင်မှိုင်းကို မ စချင်လို့ လာသည်ဟု ပြော၏။" [၁၂၇၅] ဆောင်းပါးချုပ်။ ၁၂၃။♦
၄၈၅။ မကြံလည်း ဖြစ်၊ ကြံလည်း နစ်
မကြံစည်သော်လည်း ဖြစ်မြောက် အောင်မြင်တတ်သည်။ ကြံစည်ပါသော်လည်း ပျက်စီးနစ်မွန်းတတ်သည်။ အစိန္တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ- နှင့် အတူတူ။ "လောကီ့ထုံးစံ၊ လောကဓံကား၊ မကြံလည်းဖြစ်၊ ကြံလည်းနစ်၏။" [၁၂၆၆] မဃ ၂၁၂။♦
၄၈၆။ မခေါ်ချင်သာ နေလို့ရသည်၊ မတော်ချင်ဘဲ နေလို့မရ
ဆွေမျိုးချင်း မခေါ် မပြောဘဲ နေ၍ ရသော်လည်း ဆွေမျိုးမတော်စပ်ပါဟု ပြော၍ မရပေ။ "မခေါ်ချင်သာ နေရမည်၊ မတော်ချင် မနေရ။" [၁၃၅၁] ကားပုံချုပ်။ ၁၂၀။♦
၄၈၇။ မ ခင်မှ ဥခင်
၁၊ ဇနီးကို ခင်တွယ်မိသောကြောင့် ဇနီးက ပါလာသော သားသမီးများကိုပါ ခင်တွယ်ရတော့သည်။ "ထွန်းမြင့်မှာလည်း မ ကို ခင်မှ ဥကို ခင် ဆိုသလို အတာအား ကြည်ကြည်ဖြူဖြူနှင့် ကောလိပ်သို့ ပို့နိုင်မည်ဖြစ်ကြောင်း စဉ်းစားနေရာ၊"[၁၃၀၁] ဒဂုန်၊ ၂၂၉။ ၂၃၀။
ယခုမူ မ ကို ခင်၍ပင် ဥ ကို ခင်နေခြင်းမဟုတ်ပါလောဟု သူ့ကိုယ် သူ သတိရလာခဲ့သည်။" [၁၃၁၄] မြဝတီ၊ ၁၊ ၂။ ၁၀၈။
၂၊ ဇနီးကို ခင်တွယ်မှ သားသမီးကို ခင်တွယ်သည်။ မ ကို ခင် မှ ဥ ကို ခင်- စကားပုံလည်းရှု။ "အမိမဲ့တဲ့ ကလေးများဟာ လွန်စွာ ဆင်းရဲပါကလားနော်၊ မ ကို ခင် မှ ဥ ကိုမင် ဆိုတဲ့ စကားမျိုးလို အဖေလုပ်တဲ့လူများဟာလည်း မယားကို မခင်မင်လျှင် ဘယ်လိုပင် ပြောပြော ချစ်တဲ့သဘောကွာဝေး၍ ရင်သွေးကို စိမ်းကားလေ့ရှိကြတယ်။" [၁၂၈၂] ဝေဝေ၊ ပ။ ၂၀၅။♦
၄၈၈။ မချိ ငိုစတမ်း၊ မသိ ဆိုစတမ်း
စိတ်၌ ဖြေမဆည်နိုင်သည့်အခါ ငိုကြွေး လိုက်ခြင်းဖြင့် စိတ်သက်သာရာ ရနိုင်သကဲ့သို့ မသိသောအရာကို သိလိုသည့်အခါ ပြောဆိုမေးမြန်းခြင်းဖြင့် သိနိုင်သည်။ "ရှေးဆရာကဝိ၊ ဆိုရိုးရှိသည်မှာ၊ မချိ ငိုစတမ်း၊ မသိ ဆိုစတမ်း၊ စကားလမ်းအထင်၊" [၁၂၂၅-ခန့်] ဥပက။ ၂၇။♦
၄၈၉။ မချစ်မလှ၊ ချစ်လျှင်လှ
မချစ်လျှင် လှသည်ကိုပင် မလှဟု ထင်တတ် ကြသည်။ ချစ်လျှင်မူကား မလှသည်ကိုပင် လှသည်ဟု ထင်တတ်ကြသည်။ ကိုယ်ထင် ခုတင်ရွှေနန်း-စကားပုံလည်းရှု။ "မချစ်မလှ၊ ချစ်လျှင်လှ၏၊ လောကဓမ္မတာ၊ လူ့တံတွာတည့်၊" [၁၂၆၆] မဃ ၃၁၇။♦
၄၉၀။ မချစ်သော်ကား ကစဉ့်ကလျား၊ ချစ်သော်ကား မခြားနား
အချင်းချင်း မေတ္တာမဲ့ကြလျှင် စည်းလုံးညီညွတ်မှု ပျက်ပြားမည်။ အချင်းချင်း မေတ္တာထားကြလျှင် စည်းလုံးညီညွတ်မှု ရှိမည်။ "သင်္ခယာလည်း အဖိုးရာဇာ ပဲ့ပြင်မစသည်ကို အောက်မေ့လျက် သူတကာတို့ဆိုကြသည်ကား မချစ်သော်ကား ကစဉ့်ကလျား၊ ချစ်သော်ကား မခြားနား ဟူသကဲ့သို့ ပညာရှိတို့၏ စကားကောင်းကား မမှတ်သားသော် အကျိုးမခံရ၊ မှတ်သားသော် အကျိုးစီးပွား များစွာ၏ဟု… ပူဇော်လာရ၏။" [၁၁၄၃] ဏိပုံ။ ၁၁၂။
ချစ်သော် မခြားနား၊ မုန်းသော် ကစဉ့်ကလျား၊"[၁၂၅၆] လောဓရာ။ ၃၂။♦
၄၉၁။ မဂိုမဂဲ မယားဆဲ
ကြက်ပွဲတွင် မဂိုကြက်မျိုးသည် ဇွဲမရှိ၍ မကြာခဏ ရှုံးတတ်သောကြောင့် ဤကြက်မျိုးကို မွေးမိပါက မယား၏ ဆဲဆိုခြင်းကို ခံရမည်မှာ သေချာသည်။ "မဂိုမဂဲ မယားဆဲ။ ထိုကြက်သည် ဇွဲပါး၏။ ခဏခဏရှုံးနိမ့်ရကား ကြက်သမားအား ဇနီးသည်က ဆဲဆိုကြိမ်းမောင်းလေ့ရှိလေသည်။" [၁၃၁၇] ယဉ်ကျေးမှု၊ ၁၊ ၇။ ၆၁။
မဂိုမဂဲ မယားဆဲ ဆိုသောစကား ကြားဖူးကြပေလိမ့်မည်။ ဤကြက်မျိုးတွေက သူတို့ကချည်း ခွပ်နေရလျှင် ကောင်းသည်။ သူတို့ခံရပြီဆိုလျှင် ဇွဲသတ္တိမရှိ။" [၁၃၄၀] ကြက်ဋီ။ ၃၀၃။♦
၄၉၂။ မစားရက် လောက်တက်
မစားရက် မသောက်ရက် သိမ်းဆည်းထား၍ မစားရဘဲ ပျက်စီးသွားသည်။ မစားရက် လောက်တက်- စကားပုံလည်းရှု။♦
၄၉၃။ မတူးမတည်၊ မြကောင်းသည်၊ ပုန်းရည်တောင်စာဆင်း
ပုန်းရည်တောင်စာ (ပိုးမည်းတောင်စာ)ကဲ့သို့ စိမ်းဝါရောင် မှောင်သောအဆင်းရှိသည့် မြကျောက်သည် အဖိုးတန်ကျောက် ဖြစ်သည်။ "မတူးမတည်၊ မြကောင်းသည်၊ ပုန်းရည်တောင်စာဆင်း။" [၁၁၉၅] မုံမှတ်။ ၅။♦
၄၉၄။ မနော ပုဗ္ဗင်္ဂမာ ဓမ္မာ
နာမ်တရားစုတွင် စိတ်ကသာ ဦးဆောင်သည်၊ စိတ်သာလျှင် ပဓာနဖြစ်သည်။ (ဓမ္မာ- နာမ်ခန္ဓာလေးပါးတို့သည်၊ မနောပုဗ္ဗင်္ဂမာ-စိတ်သာလျှင် ရှေ့သွားရှိကုန်၏။) "မနော ပုဗဂ္ဗ င်္မာ ဓမ္မာ-ဟူသည်နှင့်အညီ စိတ်သာလျှင် ပဓာန၊ ယောနိသော မနသီကာရဖြစ်က စင်စစ် ကုသိုလ်ရမည်ချည်း အမှန်ဖြစ်ပါသည်။" [၁၂၆၉] သေတ္တု၊ ဒု။ ၁၅၂။♦
၄၉၅။ မနုဿတ္တဘာဝေါ ဒုလ္လဘော
လူ့ဘဝကို ရနိုင်ခဲသည်။ (မနုဿတ္တ ဘာဝေါ-လူ့ဘဝ၊ လူ့အဖြစ်ကို၊ ဒုလ္လဘော-ရနိုင်ခဲ၏။) "မနုဿတ္တံ ဒုလ္လဘံ၊ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော၊ ဟောတော်မူချက်၊ ဓမ္မစက်တွင်၊… လူ့ရွာတစ်ခေတ်တွင် လူဖြစ်မည့်အရာသာ ခက်ခဲစွာဟု၊" [၁၁၈၀] ဥက္ကံ။ ၇။
လူ့ဘဝ လူ့ခန္ဓာကိုယ်ကြီး ရနိုင်ဖို့ရာ လွန်စွာမှ ခဲယဉ်းနေတာပေါ့၊ သို့ကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မနုဿတ္တဘာဝေါ ဒုလ္လဘောလို့ ဟောတော်မူရတာ၊" [၁၂၈၆] ဒေတိ။ ၁၁၂။♦
၄၉၆။ မပေးဘဲ မလိုလင့်၊ မမေးဘဲ မဆိုလင့်
သူတစ်ပါးမပေးဘဲ တောင်းရမ်းခြင်း မပြုပါနှင့်၊ သူတစ်ပါးမမေးဘဲလျက် တင်ကြို ပြောဆိုရှင်းပြခြင်း မပြုပါနှင့်။ "မပေးဘဲ မလိုလင့်၊ မမေးဘဲ မဆိုလင့်၊" [၈၆၃] ကန်မင်း။ ၅။♦
၄၉၇။ မပြောမပြီး မတီးမမြည်
အသံမြည်စေရန် တီးခတ်ရသကဲ့သို့ ပြောသင့်သည့် စကားကို ပြောရပေလိမ့်မည်။ "ရှက်နိုင်ပါဘူးလေ၊ မပြောမပြီး၊ မတီးမမြည်၊ မချည်မမြဲ၊ မဆွဲမပါ၊ မလာမရောက် ဆိုသောစကား ထောက်၍ ပြောမှ သင့်လျော်မည်ဟု ကြံဆလျက် ပြောပြန်သည်မှာ…၊" [၁၂၆၈] နော၊ ပ။ ၉၉။
မပြောမပြီး မတီးမမြည် ဆိုသလို ငါမပြောဘဲနေမှဖြင့် ကိုဘလွင်မှာ တိုး၍သာ ပူနေရတော့မည်၊ ပြောလိုက်တာပဲ ကောင်းလိမ့်မည်ဟု…၊"[၁၂၈၀] ဘလွင်။ ၁၇၁။♦
၄၉၈။ မဘက်လိုက် မိုက်ဘက်ပါ
မိန်းမပြောသမျှ လိုက်နာခြင်းသည် မိုက်မဲရာကျသည်။ "ယေဘုယျအားဖြင့် ယောက်ျားတကာတို့၏ထုံးစံအရ မဘက်လိုက် မိုက်ဘက်ပါဟူသကဲ့သို့လည်းကောင်း၊" [၁၂၇၉] ဓမ္မစေတီ။ ၃၀။
မဘက်လိုက် မိုက်ဘက်ပါ… စသော ရှေးဟောင်းစကားများသည် မိန်းမတို့၏ဆိုးဝါးပုံကို ပြသော စကားများဖြစ်…၊" [၁၂၉၄] ဒဂုန်၊ ၁၂၊ ၁၄၆။ ၁၀၉။♦
၄၉၉။ မမင်းဖြူ မှန်မှန်ပြော။
မင်းကွန်းခေါင်းလောင်းကြီးသည် ကြေးပိဿာ ချိန်ပေါင်း ၅၅၅၅၅-ခန့်ရှိသည်။ (မင်း= ၅၊ ဖြူ= ၅၊ မှန်= ၅၊ မှန်= ၅၊ ပြော= ၅။) "ခေါင်းလောင်းကြီးကို နန်းတော်ကျွန်း တောင်ဘက် ယခု စွန်းလွန်း (ရှေးက သွန်းလွန်း)ရွာတွင် ကြေးနီ၊ ကြေးဝါ၊ ဘော်၊ သံ၊ ကျွတ် စသည်များပေါင်းစပ်၍ ပိဿာချိန်- ၅၅၅၅၅ ဖြင့် သွန်းလုပ်ခဲ့သည်။ လွယ်ကူစွာ မှတ်သားနိုင်ရန် မင်းဖြူ မှန်မှန် ပြောဟု ရှေးက ဆိုခဲ့ကြသည်။" [၁၃၂၇] လုပ်သားဆောင်း။ ၁၆၅။♦
၅၀၀။ မမြင်ရာသည် ဆေးသမား၊ မကြားရာသည် တရားသူကြီး
၁၊ မမြင်အပ်သော ကိုယ်အင်္ဂါအစိတ်အပိုင်း ဟူ၍လည်း ဆေးသမားအဖို့ မရှိ။ မကြားအပ်သော စကားဟူ၍လည်းတရားသူကြီးအဖို့ မရှိ။ (မကြားဝံ့ ရှေ့နေ၊ မမြင်အပ် ဆေးဆရာ။ မမြင်ဝံ့ ဆေးဆရာ၊ မကြားဝံ့ တရားရုံး-ဟူ၍လည်း အဆိုများရှိသည်။) "မှန်းစမ်း၊ မရှက်နဲ့ မကြောက်နဲ့နော်၊ မကြားဝံ့ ရှေ့နေ၊ မမြင်အပ် ဆေးဆရာ တဲ့၊ ငါက ဆရာဝန်၊ မင်းရောဂါကို မြန်မြန်ပျောက်အောင် ကုသဖို့ တာဝန်ရှိတယ်။" [၁၂၉၂] ကဝိမှန်၊ ၄၊ ၈။ ၁၂၇။
မမြင်ဝံ့ ဆေးဆရာ၊ မကြားဝ့ံတရားရုံးတဲ့၊ တရားစီရင်ရေးနဲ့ ပတ်သက်လာရင် ကိုယ်မကြားချင်တာလည်း ကြားရမှာပဲ၊ မမြင်ချင်တဲ့လူလည်း မြင်ရမှာပဲ၊" [၁၃၃၀] ရင်ခတ်။ ၂၀၁။
၂၊ ဆေးဆရာ၊ တရားသူကြီးတို့သည် မနီးစပ်အပ်သော ပုဂ္ဂိုလ်များ ဖြစ်သည်။ "မမြင်ရာသည် ဆေးသမား၊ မကြားရာသည်တရားသြူကီး၊ မနှီးနှောရာသည် မင်းလုလင်၊ မတိုင်ပင်ရာသည် ရှေ့နေရှေ့ရပ်၊ မစေအပ်ရာသည် မိန်းမလျာ၊" [၈၄၀-ခန့်] နုစာ။ ၂။
မမြင်အပ်သည် ဆေးသမား၊ မကြားအပ်သည်တရားသြူကီး၊ မနီးအပ်သည် ဣတ္ထိ၊" [၁၁၅၂-ခန့်] နုစာ။ ၅၇။♦
၅၀၁။ မမြင်အပ်သည် သူကန်းလား၊ မပြောအပ်သည် လျှာမဲ့ငါး
မမြင်အပ်သည့် ကိစ္စ၌ မိမိကိုယ်ကို အကန်းကဲ့သို့ သဘောထား၍ မကြည့်ဘဲနေရာ၏။ မပြောအပ်သည့်ကိစ္စ၌ မိမိကိုယ်ကို ငါးသတ္တဝါကဲ့သို့ သဘောထား၍ နှုတ်ဆိတ်နေရာ၏။♦
၅၀၂။ မယားဆိုးနှင့်၊ ကျွန်ဆိုးဟူဘိ၊ မြွေရှိအရပ်၊ ယှဉ်စပ်နေသူ၊ သေပြီးလူ
မယားဆိုးနှင့် ပေါင်းရသူ၊ ကျွန်ဆိုးနှင့် နေရသူ၊ မြွေဆိုးရှိသောအရပ်၌ နေရသူတို့သည် သေပြီးသူများဟု ဆိုအပ်သည်"ကျမ်းလာအရှိ၊ နီတိဆိုရိုး၊ မယားဆိုးနှင့်၊ ကျွန်ဆိုးဟူဘိ၊ မြွေရှိအရပ်၊ ယှဉ်စပ်နေသူ၊ သေပြီးလူဟု၊ စွဲယူစိတ်က၊ ဧကန္တဖြင့်၊ မုချမြဲမြံ၊ နသံသယတ်၊ မချွတ်မှတ်တည့်၊" [၁၂၆၆] မဃ ၂၉၈။♦
၅၀၃။ မယား တိန်ညင်၊ လင် မဆိုး
မယားက တိန်ညင်ပမာ သွေးဆောင်ဖြားယောင်းခဲ့သူကို လင်ဖြစ်သူက မုဆိုးပမာ အမိဖမ်းကာ အကျပ်ကိုင်သည်။ "ဓမ္မသတ်ခေါင်ချာ၊ ကမ္ပည်းစာတွင်၊ စဉ်လာပြသ၊ …မုဆိုးဆေလွင်၊ တိန်ညင်မယား၊" [၁၁၄၅] သာဓိ ၃၆။
ဆိုတိုင်းမမှန် လင်ကို ပြန်ပြောသော် မယား တိန်ညင်၊ လင် မုဆိုးဖြစ်သောကြောင့် မယားခိုးပြစ် ကင်းလပ်စေ၊" [၁၂၃၁] အဍ္ဍသံ ၃၀၂။
သူ့ကြင်ရာကို၊ မိစ္ဆာကရောက်၊ ကျူးလွန်မြောက်ဟု၊ စွဲလျှောက်တရား၊ တစ်ဦးသားက၊ မယားတိန်ညင်၊ မုဆိုးလင်တည့်၊" [၁၂၃၇] အဍ္ဍလင် ၅။♦
၅၀၄။ မယားထိ ဓားကြည့်
မယားဖြစ်သူကို ထိပါးစော်ကားလျှင် လင်ဖြစ်သူမှာ ဒေါသမထိန်းချုပ်နိုင် ဖြစ်တတ်သည်။ "မယားထိ ဓားကြည့်ဆိုသော ရှေးလူကြီးများထားခဲ့သော စကားပုံများအရလည်းကောင်း မည်သူမဆို ထိုကဲ့သို့ကိစ္စမျိုး၌ ဒေါသကို ထိန်းချုပ်နိုင်သူ ရှားကြသည်ဖြစ်ရာ…၊" [၁၃၂၀] မြဝတီ၊ ၆၊ ၇။ ၇၇။
ရှင့်ညီကြားသွားရင် မယားထိတော့ ဓားကြည့်ဆိုတဲ့စကားနဲ့အညီ ညီအစ်ကိုချင်း ဓားချင်းထိုးမှုဖြစ်လိမ့်မယ်။" [ ၁၃၃၂] ဓမ္မာ။ ၅၇၄။♦
၅၀၅။ မယားနေစ ကြောင်သေမှ
ဇနီးသည်က ကြောက်ရွံ့ရိုသေအောင် အိမ်ထောင်ဦးတွင် ကြောင်အစရှိသော အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကောင်အပေါ်၌ ရက်စက်ပြရသည်။ "ကိုဒေါင်းက… ရိုက်၊ ဆောင့်ဆွဲပြီး အယုတ္တအနတ္တ လူတကာနှင့်သမုတ်ကာ စွပ်စွဲလိုက်ရင် မယားနေစ ကြောင်သေမှ ဆိုတဲ့အရသာကလေး တွေ့ရမှာပဲ၊" [၁၃၀၁] ကိုဒေါင်း။ ၁၃၆။ကျွန်မတို့ မြန်မာအိမ်ထောင်သည်တွေအဖို့ဆိုပြီး စကားပုံတစ်ခု ရှိခဲ့ဖူးတယ်မဟုတ်လား ကိုလှပို၊ မယားနေစ ကြောင်သေမှဆိုတာလေ၊" [၁၃၁၄] ချစ်သိုလ်။ ၃၈။♦
၅၀၆။ မယားနှင့်နွား မသနားရ
မယားနှင့်နွားကို နေရာတကာတိုင်း၌ သနားမိလျှင် ရောင့်တက်တတ်သည်။ "ကျွန်မအပေါ်မှာ အညှာတာနည်းကြောင်း မထင်ရှားဘူးလား၊ သူပြောတဲ့စကားအတိုင်း မိန်းမများကို မသနားရဘူးဆိုတဲ့အချက်နှင့် ကိုက်နေတာပေါ၊့ နွားနှင့်မယား မသနားကောင်းဘူး ဆိုတဲ့စကားကိုလည်း ကြားဖူးပါရဲ့၊" [၁၂၈၂] ဝေဝေ။ ၂၅။♦
၅၀၇။ မယားသခင်၊ လင်သာစိုးပိုင်
လင်သည် မယား၏ အရှင်သခင်ဖြစ်၍ လင်မယားပိုင်သော ဥစ္စာပစ္စည်းကို မယားမသိသော်လည်း လင်က ပေးပိုင်ခွင့်ရှိသည်။ "လင်မယားပိုင်သည့် ဥစ္စာကို မယားမသိ။ လင်သည် သူတစ်ပါးအားပေးသော် အိမ်ထောင်ဖက်၊ မယားငယ် အသိမ်းအပြောင်မဟုတ်က ပေးသည်အတိုင်းယူသူရစေ။ … အဘယ်ကြောင့်နည်းဟူမူကား မယားသခင် လင်ဖြစ်သောကြောင့်တည်း။" [၁၁၁၅] နု။ ၂၃၃။
မယားသခင်၊ လင်သာစိုးပိုင်၊" [၁၁၄၅] သာဓိ ၃၆။♦
၅၀၈။ မယားသေက အစားရ၏၊ မိဘသေငြား အစားမရ
မယားသေဆုံးလျှင် ထပ်မံအိမ်ထောင်ပြုခြင်းဖြင့် မယားအစားရနိုင်သော်လည်း မိဘသေဆုံးလျှင်မူ မိဘ အစားမရနိုင်။ "မယားသေက အစားရ၏၊ မိဘသေငြား အစားမရ၊" [၁၁၅၂-ခန့်] ကျည်း။ ၅။
မယားသေက အစားရ၏၊ မိဘသေငြား အစားမရ၊ သားလှလည်း လူလိမ္မာ၊ ပညာဖြင့် စဉ်းစားရော့၊" [၁၁၈၀] ဥက္ကံ။ ၆၆။
မင်းအမေကြီးကို မင်း မသနားဘူးလားဟင်၊ အမေသေရင်အမေစား မရနိုင်ဘူးကွ၊ မယားသေရင် မယားအစားထိုးလို့ ရတယ်။" [၁၃၁၂-ခန့်] မယ်ဖြူ။ ၁၈၀။♦
၅၀၉။ မရောင်းဖြစ်လျှင် ခုံတိုင်လည်၊ မဝယ်ဖြစ်လျှင် စရန်ဆုံး
ရောင်းမည်ဟူ၍ ကတိပေးကာ စရန်ယူပြီးမှ မရောင်းဖြစ်သော် စရန်နှစ်ဆကို ဝယ်မည့်သူအား ပြန်ပေးရသည်။ ဝယ်မည်ဟူ၍ ကတိပေးကာ စရန်ပေးပြီးမှ မဝယ်ဖြစ်လျှင် ပေးထားသော စရန် ဆုံးရသည်။ "မရောင်းဖြစ်သော်၊ တွက်စစ်ချိန်တွယ်၊ ခုံတိုင်လည်၍၊ မဝယ်လုံးလုံး၊ စရန်ဆုံး၍၊" [၁၁၄၅] သာဓိ ၃၆။
မရောင်းဖြစ်လျှင်ခုံတိုင်လည်၊ မဝယ်ဖြစ်လျှင် စရန်ဆုံး ဆိုသောစကား။" [၁၂၃၁] အဍ္ဍသံ။ ၅။♦
၅၁၀။ မရှိ ခိုးနိုး၊ မလှ စုန်းယိုး။
ဆင်းရဲသူကို ခိုးလိမ့်နိုးနိုး ထင်တတ်ကြသည်။ အရုပ်ဆိုး အကျည်းတန်သူကို စုန်းမဟု ယိုးစွပ်တတ်ကြသည်။ (မလှတော့ စုန်းယိုး၊ မရှိတော့ ခိုနိုး-ဟူ၍လည်း အဆိုရှိသည်။) " မဟုတ်ပါဘူးသူကြီးရယ်၊ တော်တို့ဥစ္စာက မရှိ ခိုးနိုး၊ မလှ စုန်းယိုး ထင်နေကြတာကိုး၊" [၁၃၁၃] သုခတို။ ၅၈၃။
မလှတော့ စုန်းယိုး၊ မရှိတော့ ခိုးနိုး ဆိုတာလို ဖြစ်နေပါပြီ။ ငါ ဆင်းရဲတာတော့ မှန်ပါတယ်။ သို့ပေမဲ့ ခိုးဝှက်ယူဖို့ကိုတော့ စိတ်ကူးထဲတောင် မထည့်ပါဘူးကွာ။" [၁၃၃၂] မြဝတီ၊ ၁၈၊ ၁၁။ ၉၄။♦
၅၁၁။ မရှိတာထက် မသိတာခက်
ပစ္စည်းဥစ္စာ မရှိသည်ထက် မသိတတ်သည်က ပို၍ ခက်သည်။ "မရှိတာထက် မသိတာခက် ဆိုတာလို သည်လို အလိုက်ကန်းဆိုးမသိတဲ့ မိန်းမတွေနှင့် တွေ့ရတာထက် လောကမှာ ခက်တာမရှိဘူး။" [၁၂၇၆] မြင့်၊ ပ။ ၉၄။
မရှိတာထက် မသိတာခက်…လောကမှာ ပစ္စည်းဥစ္စာ မရှိလျှင် အခက်ကြီး မခက် အမှားကြီး မမှား၊ အသိအလိမ္မာ ဉာဏ်ပညာ မရှိပြီဆိုမှဖြင့် အခက်ကြီးခက် အမှားကြီးမှောက်မှားရတော့တာပဲ။" [၁၂၈၈] သူရ၊ ဒု။ ၅၉။♦
၅၁၂။ မရှိတောင့်တ ရှိကြောင့်ကြ
မိမိ၌ မရှိသေးသော ပစ္စည်းဥစ္စာကို တောင့်တ တတ်ကြသကဲ့သို့ မိမိ၌ ရှိပြီး သော ပစ္စည်းဥစ္စာ လျော့ပါးဆုံးရှုံးမည်ကိုလည်း စိုးရိမ်ကြောင့်ကြ တတ်ကြသည်။ "လူဆိုတဲ့လူတွေဟာ မရှိပြန်တော့လည်း တောင့်တောင့်တတနှင့် ရှာလိုက်ဖွေလိုက်ရတာ၊ ရှိပြန်တော့လည်း ဖြောင့်ဖြောင့်မှ မအိပ်ရအောင် တကြောင့်ကြကြနှင့် သောကဖိစီးပြီး အစိုးရိမ်ကြီး စိုးရိမ်ကြရပေတယ်၊ ဒါကြောင့် မရှိတောင့်တ ရှိကြောင့်ကြဆိုတဲ့စကားဟာ လွန်စွာမှ မှန်တာပေါ့၊" [၁၂၉၆] မဉ္ဇရီ၊ တ။ ၇၉။♦
၅၁၃။ မရှိလို့ မလှူ၊ မလှူလို့ မရှိ
ယခုဘဝတွင် လှူစရာမရှိ၍ မလှူလိုက်မိလျှင် နောင်ဘဝ၌လည်း ဆင်းရဲမြဲ ဆင်းရဲနေဦးမည်။ "ဆင်းရဲနွမ်းပါး၍ ကုသိုလ်ကောင်းမှုများကို မပြုနိုင်သူသည် မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုသော စကားအတိုင်း နောင်သံသရာ ဘဝတစ်ပါးသို့ ပြောင်း သွား ကြလေသောအခါ ကုသိုလ်ကောင်းမှုအထုပ်အထည် မပါလေသောကြောင့် ချမ်းသာမြင့်မြတ်သော အမျိုးဇာတ်၌ မဖြစ်ပွားရလေဘဲ…၊" [၁၂၇၅] စာဏကျ၊ ပ။ ၅၃။
နိဗ္ဗာန်ဆော်က… မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုတဲ့စကားကို ကြားဖူးတယ် မဟုတ်လား၊ မရှိ ရှိအောင် ကြိုးစားရှာဖွေပြီး လှူကွာလို့ တိုက်တွန်းပြန်တယ်။" [၁၃၄၈] ဓမ္မရသ။ ၁၉၃။♦
၅၁၄။ မရှိ ဝမ်းစာ၊ ရှိ တန်ဆာ
ငွေကြေးချို့ငဲ့သောအခါ လက်ဝတ်လက်စားသည် ဝမ်းစာအလို့ငှာ ထုခွဲနိုင်သောပစ္စည်း ဖြစ်သည်။ ငွေကြေးပြည့်စုံသောအခါ၌မူ လက်ဝတ်လက်စားသည် အဆင်တန်ဆာ ဖြစ်သည်။ "ပိုက်ဆံပြတ်လို့ ပေါင်ရင်တောင် ရွှေဆိုရင် ဈေးပိုပြီး ရသေးတယ်။ ရောင်းရင်လည်း ဈေးမဆုံးဘူး။ မရှိ ဝမ်းစာ၊ ရှိ တန်ဆာ ဆိုတာ အဲဒါပဲ။"[၁၃၀၁] ဂျာနယ်ကျော်၊ ၃၊ ၃။ ၁၀။
ပစ္စည်းပဲ၊ မရှိ ဝမ်းစာ၊ ရှိ တန်ဆာပေါ့။" [၁၃၁၁] ပဒေသာ၊ ၂၊ ၁၃။ ၉၉။♦
၅၁၅။ မလုပ် မရှုပ် မပြုတ်
ဝန်ထမ်းသည် စွမ်းစွမ်းတမံ မလုပ်ဘဲ ဝတ်ကျေ တမ်းကျေမျှ လုပ်ခြင်းဖြင့် ပြဿနာမဖြစ်နိုင်၊ ပြဿနာမဖြစ်ခြင်းဖြင့် အလုပ်မပြုတ်နိုင်။♦
၅၁၆။ မလိမ္မာ တစ်ခါမိုက်စမြဲ
တစ်ကြိမ်တစ်ခါ မလိမ္မာ၍ မှားယွင်းမိသော်လည်း နောက်တစ်ကြိမ် အမှားမပြုမိအောင် သတိပြုရမည်။ "မှားမိတာ မှားပါစေတော့၊ မလိမ္မာ တစ်ခါမိုက်စြဲမ ဆိုတဲ့ စကားပုံများလည်း အရှိသားပဲ၊" [၁၂၇၆] မြင့်၊ မ။ ၆၆။
မလိမ္မာ တစ်ခါမိုက်စမြဲဆိုတဲ့ စကားတော့ ရှိတာပေါ့ကွာ၊ ဒါပေမဲ့ ဖေဖေတို့ စေတနာကတော့ တစ်ခါ၊ တစ်ကြိမ်၊ တစ်ဖဲ့မှ မိုက်တယ်ဆိုတာ မဖြစ်စေချင်ဘူး။" [၁၃၃၁] မြဝတီ၊ ၁၈၊ ၅။ ၁၇၅။♦
၅၁၇။ မလိမ္မာ နှစ်ခါပန်း
လိမ္မာပါးနပ်စွာ မဆောင်ရွက်လျှင် သို့မဟုတ် မကျွမ်းကျင်လျှင် ထပ်မံဆောင်ရွက်ရသဖြင့် နှစ်ခါပင်ပန်းသည်။ (မလိမ္မာ နှစ်ခါမော- ဟူ၍လည်း အဆိုရှိသည်။) "ပြည်ဘုရင်ကို ယုံကြည်၍ လွှဲအပ်ခဲ့ခြင်းဟာ အမှားကြီး မှားတော့တာပဲ။ မလိမ္မာ နှစ်ခါပန်းဆိုတာလို တစ်ဖန်ထပ်၍ ချီတက်ရပြန်ဦးတော့မှာပဲ။" [၁၂၈၇] ထီး။ ၁၆၀။♦
၅၁၈။ မလှူတတ် ဈေးရောင်း
အလှူအတန်း မလုပ်နိုင်သေးလျှင် ဈေးရောင်းသည့်အခါ ဝယ်သူအား ပိုပိုသာသာ ပေးခြင်းဖြင့် ကုသိုလ်ရနိုင်သည်။ "ကြီးကြီးကျယ်ကျယ် မလှူနိုင် မတန်းနိုင်တောင် ဒီထမင်းဆိုင်ကလေးကို ဆီပေါပေါ၊ ဆန်ပေါပေါ ဝယ်နိုင်ခြမ်းနိုင်ပြီး ဖွင့်သွားပါရစေ၊ အမေတော့ ကျေနပ်ပြီ၊ မလှူတတ်ရင် ဈေးရောင်းလို့ဆိုတဲ့စကား ရှိတယ်မဟုတ်လား။" [၁၃၄၈] ဓမ္မရသ။ ၁၁၉။♦
၅၁၉။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
အသုဘ တစ်ကြိမ်ရှု၍ ရသော သတိသံဝေဂသည် ဘုန်းကြီးကျောင်းသို့ အခေါက်ခေါက်သွား၍ တရားနာရာမှ ရသော သတိသံဝေဂနှင့် ညီမျှသည်။ "သင်္ခါရ သမ္ပဇဉ်နှင့် ဉာဏ်အမြင် တစ်ခါပေါက်သောကြောင့် မသာတစ်ခေါက် ကျောင်းဆယ်ခေါ်ကဟု ဆိုလောက်ဖွဲ့ စကားအလာ များတဏှာ ခင်တွယ်မခတော့ဘဲ ေဩာ် စင်ကြယ်ရတဲ့ သဘောတရားပေတည်း။" [၁၃၁၇] ညေယျ။ ၂၈။
မြန်မာလူမျိုးများအတွင်း မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဟူသော စကားပုံသည် သေခြင်းတရားကို မျက်ကွယ်မပြုရန်၊ သေခြင်းတရားကို ရှုမြင် သုံးသပ်နိုင်ရန် ထားရှိသော စကားပုံဖြစ်သည်။" [၁၃၄၈] ဤခရီး။ ၂၀၅။♦
၅၂၀။ မသိလျှင် မေး၊ မစင်လျှင် ဆေး
မစင်ကြယ်လျှင် စင်ကြယ်အောင် ဆေးကြောရသကဲ့သို့ မသိလျှင်လည်း သိအောင် မေးမြန်းရသည်။ "မသိသော်မေး၊ မစင်ဆေးဟု၊ ထုံးရေးတန္တု၊ ဆိုမှတ်ပြုသား၊" [၈၄၆] ဟင်္သာ ၃၅။
မသိသော်မေး၊ ဆေးကားအစင်၊ လူရှင်ဆိုဟူ၊ ပမာမူသား၊" [၉၀၄] ဘုံ ၅၈။
မသိလျှင် မေး၊ မစင်လျှင် ဆေးဆိုတဲ့အတိုင်း မသိလို့မေးတာပါ။" [၁၂၇၈] တင်မြ၊ ဒု။ ၁၈၄။♦
၅၂၁။ မသောက်မစား လူ့ငနွား၊ သောက်သောက်စားစား လူမင်းသား
မသောက် မစားတတ်သူသည် လူနုံလူအ ဖြစ်သည်။ သောက်တတ်စားတတ်သူသည် လူတော် လူမော် ဖြစ်သည်။ "အရက်သမားတွေကလည်း သောက်သောက်စားစား လူမင်းသား၊ မသောက်မစား လူ့ငနွား၊ တစ်ခွက်သောက် အထက်ရောက်ဆိုတဲ့ အတိုင် အဖောက်စကားတွေကို ဆူညံအောင် အော်ပြီး အရက်နှင့် ပျော်ကြသတဲ့၊" [၁၂၉၆] မဉ္ဇရီ၊ မ။ ၁၅၅။
သူ့ကြောင့် ကျွန်တော့်ဘဝ ရေတိမ်နစ်ခဲ့ရပါတယ်၊ ဆုံးရှုံးမှုပေါင်း ကုဋေကုဋာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သောက်သောက်စားစား လူမင်းသား၊ မသောက်မစား လူ့ငနွားလို့ ဆိုရိုးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝက ဆိုရိုးနဲ့ ပြောင်းပြန်ဖြစ်သွားတယ်။" [၁၃၄၄] ရတနာမွန်၊ ၉၊ ၁၀။ ၄၅။♦
၅၂၂။ မအိပ်မနေ အသက်ရှည်
အအိပ်အနေနည်းပါးခြင်းသည် ဘေးရန်ကင်းရှင်း၍ အသက်ရှည်စေနိုင်သည်။ "မအိပ်မနေ အသက်ရှည်ဆိုသော တကောင်းရာဇဝင်လာ မောင်ပေါက်ကျိုင်း၏ စကားပုံအရ အသက်ရှည်ခြင်းအကျိုးကို ရရှိစေနိုင်၏။" [၁၂၈၂] နီရီ။ ၁၂၉။
ဒီလူဆိုးတွေကို ကျွန်တော် ဖမ်းမိတာ တခြားကြောင့် မဟုတ်ပါဘူး။ အညာက ကျွန်တော့်ဦးကြီးတစ်ယောက်မှာလိုက်တဲ့ မအိပ်မနေ အသက်ရှည် ဆိုတဲ့စကားကြောင့် ဖြစ်ပါတယ်။" [၁၃၁၀] ဒဂုန်၊ ၂၁၊ ၁၂။ ၁၈၃။ရှေးအခါက မောင်ပေါက်ကျိုင်းအမည်ရှိသော လုလင်တစ်ယောက်သည်အခြားသော လုလင်တို့နှင့်အတူ သုံးနှစ်တိုင် ပညာ သင်ကြားပါသော်လည်း ပျင်းရိလှ၍ မည်သည့်အတတ်ကိုမျှ မတတ်ချေ။ သုံးနှစ်ပြည့်၍ မောင်ပေါက်ကျိုင်း မိမိအရပ်သို့ ပြန်ခါနီးသော် ဆရာက "တပည့်၊ သွားဖန်များ ခရီးရောက်၊ မေးဖန်များ စကားရ၊ မအိပ်မနေ အသက်ရှည်ဟူသော စကားသုံးခွန်းကိုမူ မှတ်သားပါလော့၊ ကျင့်ကြံပါလော့"ဟု မှာကြား၏။ မောင်ပေါက်ကျိုင်းသည် ဆရာ့စကားကို မှတ်သား၍ မိမိအရပ်သို့ ပြန်လာစဉ် လမ်းခရီးတွင် တကောင်းနေပြည်တော်သို့ ရောက်ဖူးလိုသောဆန္ဒ ဖြစ်ပေါ်၏။ တကောင်းနေပြည်တော်သည် မောင်ပေါက်ကျိုင်း ရောက်ရှိရာ အရပ်မှ ခရီးတာ ဝေးကွာလှသော်လည်း "သွားဖန်များ ခရီးရောက်"ဟူသော ဆရာ့စကားနှင့်အညီ သွားသော် ရက်များမကြာမီ တကောင်းနေပြည်တော်သို့ ရောက်လေ၏။ တကောင်းနေပြည်တော်သို့ရောက်လျှင် ထီးနန်းကို မိဖုရားကြီးတစ်ပါး အုပ်ချုပ်စိုးစံနေကြောင်း သိရ၏။ နေပြည်တော် အကြောင်း ထို့ထက် ပိုမို သိရှိလို၍ အကြိမ်ကြိမ် စုံစမ်းမေးမြန်းသော် "မေးဖန်များ စကားရ"ဆိုသည်နှင့်အညီ မိဖုရားကြီး နှင့် လက်ဆက်လျှင် မင်းဖြစ်လာကြောင်း၊ သို့သော် ထိုမင်းသည် လက်ဆက်သည့် ညဉ့်၌ပင် ထူးဆန်းစွာ နတ်ရွာစံရကြောင်း သိရ၏။ မောင်ပေါက်ကျိုင်းသည် စွန့်စားလို၍ မိဖုရားကြီးနှင့် လက်ဆက်၏။ ထိုနေ့ ညဉ့်ဦးတွင် သလွန်ပေါ်၌ မိဖုရားကြီးနှင့် အိပ်ဟန်ပြု၏။ မိဖုရားကြီး အိပ်ပျော်သော် မိမိနေရာတွင် ငှက်ပျောတုံးကို စောင်ဖြင့် ဖုံးလျက် မိမိအိပ်နေဟန်ထားကာ သလွန်အနီး နန်းတော်တိုင် တစ်ခု၏နောက်၌ ပုန်းကွယ်လျက် "မအိပ်မနေ အသက်ရှည်"ဟူသော ဆရာ့ စကားနှင့်အညီ မအိပ်ဘဲ ရန်သူကို စောင့်၍နေ၏။ ညဉ့်အတန်နက်သော် နဂါးတစ်ကောင်သည် သလွန်အနီးရှိ နန်းတော်တိုင်တစ်လျှောက် အမိုးမှ ဆင်းလာ၏။ နဂါးသည် မိဖုရားကြီးအနီး၌ ယောက်ျားတစ်ယောက် အိပ်နေဟန်မြင်ရလျှင် ဒေါသပြင်းစွာ ထွက်ကာ ပေါက်လေ၏။ အစွယ်သည် ငှက်ပျောတုံးတွင် ငြိလေလျှင် မောင်ပေါက်ကျိုင်းသည် နဂါးကို ဓားဖြင့်ပိုင်းသော် နဂါးသေလေ၏။ ပုံပြင် ♦
၅၂၃။ မာဃနဂါး၊ ပြုဗ်သုံးပါး၊ ကျေးနားသောခါ၊ မိုးကြီးရွာ
ဝါဆိုလတွင် မာဃနက္ခတ်၊ နဂါးကြယ်၊ ပြုဗ္ဗဖလဂုနီနက္ခတ်၊ ပြုဗ္ဗဘဒြပိုဒ်နက္ခတ်၊ ပြုဗ္ဗာသာဠ်နက္ခတ်တို့ စန်းနှင့် ယှဉ်သည့်အတွက် မိုးကြီးရွာသည်။ "တောင်သူကြီးတို့၏ ဆိုရိုးစကားတစ်ရပ်မှာ မာဃနဂါး၊ ပြုဗ်သုံးပါး၊ ကျေးနားသောအခါ၊ မိုးကြီးရွာ ဖြစ်ပါသည်။ ကျေးနားသည်ဆိုသည်မှာ စန်းယှဉ်သည်ကို ဆိုလိုပါသည်။" [၁၃၄၆] အာကာတစ်ခွင်။ ၇၁။♦
၅၂၄။ မိဘကျေးဇူး မြင်းမိုရ်ဦး
မိဘတို့၏ကျေးဇူးသည် မြင်းမိုရ်တောင်တမျှ ကြီးမားလှသည်။ "တောင်မြင်းမိုရ်ရှိ၊ ဂုဏ်ကြီးဘိသည်၊ မွေးမိဖခင်၊ ကျေးဇူးရှင်နှင့်၊" [၈၅၀-ခန့်] ဟံချုပ်။ ၁၂။
မြင်းမိုရ်ဦးသို့၊ ကျေးဇူးဆဆ၊ ကြီးမြတ်လှသား၊ မိဘဘိုးဘွား၊ သက်ကြီးအားလျှင်၊ ပြစ်မှားကျူးထွေ၊ မရိုသေက၊ သရေမတက်၊ ဂုဏ်ရည် ပျက်၏။" [၁၁၂၂] ဩပျို့ ၂၁။
မိဘဖြစ်သူတို့မှာ မိဘကျေးဇူး မြင်းမိုရ်ဦး ဆိုသည့်အတိုင်း မြင်းမိုရ်တောင်တမျှ များစွာပင် ရှိကြသည်။" [၁၃၁၄] မင်မြု။ ၂၂၃။♦
၅၂၅။ မိဘစကား၊ နားထောင်ငြား၊ သံပြားကျောက်စောင်း၊ ကြိုသော်ပျောင်း
မိဘစကား နားထောင်လျှင် မိမိသွားရမည့် လမ်းခရီးတွင် သံပြားကျောက်စောင်းများ ကြိုဆီးနေစေကာမူ မိဘ၏ ဂုဏ်ကျေးဇူးကြောင့် ပျော့ပျောင်းသွားကြရသည်။ "မိဘစကား၊ နားထောင်ငြားက၊ သံပြားကျောက်စောင်း၊ ကြိုသော်ပျောင်းဟု၊ သူဟောင်းရှေးလွန်၊ ဆိုမိန့်ညွှန်၏။" [၁၂၆၆] မဃ ၂၆၂။
မိဘစကား၊ နားထောင်ငြားက၊ သံပြားကျောက်စောင်း၊ ကြိုသော်ပျောင်း၏လို့ဆိုတဲ့မိဘနှစ်ပါးပြောလိုက်တဲ့ စကားကို ကြားလိုက်ရင်ပဲ သနားတဲ့ စိတ်တွေဟာ တဖိတ်ဖိတ် ဝေပြီး…၊" [၁၂၉၆] မဉ္ဇရီ၊ တ။ ၃၇။♦
၅၂၆။ မိဘစကား နားမထောင်၊ သားတစ်ကောင်နှင့် တိုးလိုးတွဲလဲ
မိဘစကားနားမထောင်သော သမီးသည် အိမ်ထောင်ရေး၌ ဒုက္ခရောက်တတ်သည်။ "မိဘစကား နားမထောင်၊ သားတစ်ကောင်နှင့် တိုးလိုးတွဲလ ဟူ၍လည်း မိန့်ဆိုကြသေးသည့်ပြင်၊" [၁၃၀၂] အမိ။ ၁၀၅။"မိဘစကား နားမထောင်၊ သားတစ်ကောင်နှင့်တိုးလိုးတွဲလဲ… ဆိုတာကော သိတယ်မဟုတ်လား။" [၁၃၀၈] ဂျာနယ်ကျော်၊ ၅၊ ၇။ ၅။♦
၅၂၇။ မီးစောင်းထက် ရေစောင်းထက်၊ ရေစောင်းထက် လေစောင်းထက်
ရေသည် မီးထက် ပျက်စီးစေနိုင်၏။ လေသည် ရေထက် ပျက်စီးစေနိုင်၏။ "ထို့ကြောင့် ရှေးဆရာကြီးများက မီးစောင်းထက် ရေစောင်းထက်၊ ရေစောင်းထက် လေကြောင်းထက် ဟူ၍ ပရိဘာသာ ပြုခဲ့ပေသည်။" [၁၃၁၇] ဆေးဘိ။ ၂၅။♦
၅၂၈။ မီးပန်းပွင့်တုန်း တန်ဆောင်မုန်း
တန်ဆောင်မုန်းလသည် မီးထွန်းပွဲတော် ကျင်းပသောလ ဖြစ်သည်။ "မီးပန်းပွင့်တုန်း၊ တန်ဆောင်မုန်း၌၊ မအုန်းဝဿ၊ မကျနှင်းမြူ၊" [၈၅၆] ဘူပေါင်း ၅၀။
မီးပန်းပွင့်တုန်း၊ တန်ဆောင်မုန်း၊ ထစ်အုန်းမိုးမဖွဲ၊" [၁၁၁၃] ကဝိသတ် ၉၂၁။♦
၅၂၉။ မီးရောင် လရောင်၊ နေ အရောင်၊ ဉာဏ်ရောင် လွှမ်း၍မိုး
မီးရောင်၊ လရောင်၊ နေအရောင်တို့ထက် ပညာဉာဏ်၏အရောင်က ပို၍ ထွန်းလင်းသည်။ " လောက၌ နေရောင်၊ လရောင်၊ မီးရောင်၊ ပညာရောင်ဟူ၍ အရောင်လေးပါး ထင်ရှားရှိရာတွင် ပညာရောင်သည်သာလျှင် အဆရာထောင်မက ထွန်းပဝင်းဝင်း လင်းစေနိုင်ကြောင်းနှင့် မြတ်စွာဘုရားဟောကြားတော်မူသည်။" [၁၃၀၉-ခန့်] ယပ်။ ၁၄၈။
မီးရောင် လရောင်၊ နေ အရောင်၊ ဉာဏ်ရောင် လွှမ်း၍မိုး ဟူ၍ လည်းကောင်း၊ ပညာ သမာ၊ အာဘာ နတ္ထိ၊ မြတ်မုနိ၊ ဟောရှိကျမ်းကိုကိုး ဟူ၍လည်းကောင်း ရှေးပညာရှိ ကဝိပုဂ္ဂိုလ်မြတ်တို့ ဆိုအပ်ကုန်ခဲ့ပြီ။" [၁၃၃၃] မြဝတီ၊ ၁၉၊ ၈။ ၂၃။♦
၅၃၀။ မီးလောင်ရာ လေပင့်
မီး လောင်ရာတွင် မီးအရှိန် ပိုမို အားကောင်းစေရန် လေက ကူပင့်တိုက်ခတ်ပေးတတ်သည်။ မီးလောင်ရာ လေပင့်- စကားပုံလည်းရှု။ "မီးဟုန်းဟုန်း တောက်လောင်နေရသည့်အထဲတွင် တောင်လေကလည်း မီးလောင်ရာ လေပင့်ဆိုသည့် စကားပုံအတိုင်းပင် တဖြူးဖြူး တိုက်ခတ်နေသည်။" [၁၃၂၃] မေကျော့၊ ပ။ ၁၀၂။♦
၅၃၁။ မုဆိုးကောင်း ဒေါင်းချောင်း
ဒေါင်းဖမ်းနိုင်မှ မုဆိုးကောင်း ပီသသည်။ "ဒေါင်းအထာမသိလျှင် မုဆိုးတိုင်း ဒေါင်းဖမ်းဆီးရန် မလွယ်ကူလှ၍ မုဆိုးကောင်း ဒေါင်းချောင်းတဲ့၊ ဒေါင်းပစ်နိုင်ဖမ်းနိုင်တဲ့လူမှ မုဆိုးကောင်းလို့ ခေါ်တွင်နိုင်သလို…၊" [၁၃၅၆] ငွေတာရီ၊ ၄၀၉။ ၁၄၅။♦
၅၃၂။ မုဆိုးတစ်သက် တံငါတစ်မနက်၊ တံငါတစ်သက် ချိပ်တစ်ခက်
မုဆိုးတစ်သက်လုံး သတ်သော သားကောင်အရေအတွက်သည် တံငါ တစ်မနက် သတ်သောငါး အရေအတွက်နှင့် ညီမျှသည်။ တံငါ တစ်သက်လုံး သတ်သော ငါးအရေအတွက်သည် ချိပ်မွေးသူတို့ ချိပ်ဆွတ်ခူးသဖြင့် သေရသော ချိပ်ပိုးအရေအတွက်နှင့် ညီမျှသည်။ (မုဆိုးတစ်သက် ချိပ်တစ်ခက်-ဟူ၍လည်း အဆိုရှိသည်။) "သူ့အသက်သတ်ခြင်းသည် ပါဏာတိပါတကံ သက်ရောက်၍.. မုဆိုးတစ်သက် တံငါတစ်မနက်၊ တံငါတစ်သက် ချိပ်တစ်ခက်ဟူ၍ ရှေးလူကြီးများ ဆိုရိုးစကား ရှိခဲ့၏။" [၁၃၂၀] စာဗိမာန် ၇၊ ၇။ ၂၅။
မုဆိုးတစ်သက် ချိပ်တစ်ခက်ဟုဆိုသော ဆိုရိုးစကားကို လူအများ ကြားဖူးကြပေမည်။ …ဤဆိုစကားသည် လုံးဝ မှားယွင်းကြောင်း ချိပ်ပိုး မွေးမြူနည်းကို သိပ္ပံနည်းကျစွာ ကျင့်သုံးခဲ့ပါက မုချ တွေ့ရမည်ဖြစ်ပါသည်။" [၁၃၅၁] ချိပ်သိ။ ၉။♦
၅၃၃။ မုတမပါ လင်္ကာမချော
ဖွဲ့စပ်သော ကဗျာများသည် ကိုယ်တွေ့မဟုတ်ပါက ချောမောပြေပြစ် ကောင်းမွန်မည်မဟုတ်ပေ။ မုသားမပါ လင်္ကာမချော-စကားပုံလည်းရှု။ "မုသားမပါ လင်္ကာမချောဆိုသည်မှာ မုတမပါ လင်္ကာမချော ဆိုလိုသည်။ ရူပါရုံ စကားမျိုးကို ဒိဋ္ဌ၊ သဒ္ဒါရုံ စကားမျိုးကို သုတ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ စကားမျိုးကို မုတ၊" [၁၂၁၈] မင်သာ။ ၁၁။♦
၅၃၄။ မူလမမှန်တော့ ဖောက်ပြန်
မူလကပင် အစစ်အမှန်မဟုတ်သော အရာသည် တာရှည်မခံ၊ ဖောက်ပြန်ပျက်စီးတတ်သည်။ "မူလမမှန်တော့ ဖောက်ပြန်ဆိုတဲ့ စကားအတိုင်း တကယ့်မေတ္တာစစ်မဟုတ်၊ တကယ့်မိတ်ဆွေစစ်မဟုတ်၊ သူ့အကျိုးလိုလိုနှင့် ကိုယ့်ဘက်သို့ ယက်ခြင်းဆိုတဲ့ မသူတော်တို့ အမူအရာတွေ ပေါ်လာကုန်ပါရော။" [၁၂၈၈] သူရ၊ ပ။ ၇၉။♦
၅၃၅။ မေးဖန်များ စကားရ
မိမိ သိလိုသော အကြောင်းအရာကို မသိမချင်း ကြိမ်ဖန်များစွာ စုံစမ်းမေးမြန်းခြင်းဖြင့် သိနိုင်သည်။ "မေးဖန်များသော် စကားရ၏ဟူသည့်အတိုင်း လုလင်အကြောင်းကို မေးလေသော် ပြည်သူတို့က ရှေးဖြစ်သောအကြောင်းကို ဆို၏။" [၁၂၄၈] ပညတ်။ ၁၂၂။
ဘာကို လုပ်ရမလဲဟု သိလိုက မေးဖန်များ စကားရသည်ဟူသောစကားအရ အလုပ်ကို တကယ် လုပ်လိုသောစိတ်နှင့် မေးမြန်းစုံစမ်းရှာကြံလျှင် ရမည်သာတည်း။" [၁၂၉၀-ခန့်] ထူး။ ၂၅။
မေးဖန်များ စကားရ ဆိုတာလို ဒေသန္တရဗဟုသုတရှိအောင် အရပ်ရပ် လှည့်လည်တဲ့အခါ စပ်မိစပ်ရာ မေးမြန်းချင်တဲ့ ဝါသနာပါလို့ ဖွားဖွားကို မေးတာပါ၊" [၁၂၉၀] သန်းသန်း၊ ပ။ ၈၆။ မအိပ်မနေ အသက်ရှည်-တွင် ပုံပြင်ရှု။♦
၅၃၆။ မံသေသု သူကရော၊ ဖလေသု အမ္ဗော
အသားတကာတွင် ဝက်သား သည် အရသာအရှိဆုံး ဖြစ်သည်။ အသီးတကာတွင် သရက်သီးသည် အရသာအရှိဆုံး ဖြစ်သည်။ (မံသေသု- အသားတို့တွင်၊ သူကရော- ဝက်သား၊ ဖလေသု- အသီးတို့တွင်၊ အမ္ဗော- သရက်သီးသည်၊ ပရမော- မြတ်၏။) အသားတွင် ဝက်၊ အသီးတွင် သရက်၊ အရွက်တွင် လက်ဖက်-လည်းရှု။ "သရက်သီးကား လောကတွင် ထူးမြတ်သော အရသာရှိကြောင်းကို ကာလီဒါသဝတ္ထုတွင် မံသေသု သူကရော၊ ဖလေသု အမ္ဗော၊ ကဝိသု ကာလီဒါသောဟူ၍ ဆိုသည်။" [၁၁၉၂] ဝေါလီ။ ၁၂၅။♦
၅၃၇။ မိုးခါဖြစ်လျက်၊ ပုရွက်အမျိုး၊ ရေအိုးအောက်ဝင်၊ ဖြစ်ခဲ့ကျင်၊ မိုးလျှင် ခေါင်တတ်စွ
မိုးအခါဖြစ်ပါလျက် ရေအိုးအောက်၌ ပုရွက်ဆိတ်များ ခိုအောင်းနေလျှင် မိုးခေါင်တတ်သည်။ "မိုးခါဖြစ်လျက်၊ ပုရွက်အမျိုး၊ ရေအိုးအောက်ဝင်၊ ဖြစ်ခဲ့ကျင်၊ မိုးလျှင် ခေါင်တတ်စွ။" [၁၂၉၆-ခန့်] သုတသန်။ ၉၆။
မိုးခါဖြစ်လျက်၊ ပုရွက်အမျိုး၊ ရေအိုးအောက်ဝင်၊ ဖြစ်ခဲ့ကျင်၊ မိုးလျှင် ခေါင်တတ်စွ။" [၁၃၃၆] လောကီစုံ။ ၈၂။♦
၅၃၈။ မိုး စနေ၊ လေ ရာဟု
အနောက်တောင်ထောင့်မှ မိုးတိမ်တက်လာလျှင် မိုးရွာမည်၊ မိုးသည်းထန်တတ်သည်။ အနောက်မြောက်ထောင့်မှ လေဆင်လာလျှင် လေကျမည်၊ လေပြင်းထန်တတ်သည်။ "သူဟောင်းတို့မှာ မိုးကိုစနေ၊ လေကိုရာဟုဟု ဆိုရိုးပြုသည့် စကား အစဉ်ရှိသည်။" [၁၁၉၂] ဝေါလီ။ ၁၀၅။
မိုး စနေ၊ လေ ရာဟု ဆိုတဲ့ ရှေးက စကားအတိုင်း မိုးနှင့်လေဟာ စနေ၊ ရာဟုထောင့်များမှ ချီတက်၍ လာတတ်သဖြင့်၊" [၁၂၉၄] ဒဂုန်၊ ၁၂၊ ၁၄၅။ ၂၉၈။♦
၅၃၉။ မိုးတစ်စက် ရေတစ်ရွက်
အပင်များ ရှင်သန်ရေးအတွက် မိုးရေတစ်စက်သည် ရေတစ်အိုးစာမျှ တာသွားသည်။ ရေတစ်အိုး မိုးတစ်ပေါက်-နှင့် အတူတူ။ "မိုးတစ်စက် ရေတစ်ရွက်ဟူသော စကားကို မြန်မာလူမျိုးတိုင်းလိုပင် သိရှိကြမည်ဖြစ်၏။ ဆိုလိုရင်းအနက်အဓိပ္ပာယ်မှာ စပါးကောက်ပင်တို့နှင့်တကွ သစ်ပင်ဟူသမျှတို့၏ ရှင်သန်ရာ ရှင်သန်ကြောင်းမှာ မိုးရေပင်ဖြစ်၍…၊" [၁၃၂၉] မြဝတီ၊ ၁၆၊ ၄။ ၄၅။♦
၅၄၀။ မိုးနှင့် နွားသိုး အစိုးမရ
မိုးနှင့် နွားသိုးကို ဟန့်တားထိန်းချုပ်ခြင်းငှာ မတတ်နိုင်။ "မိုးနှင့် နွားသိုး အစိုးမရဆိုတဲ့ ဦးကြီးများရဲ့ စကားအတိုင်း မိုးကို ဦးကြီး များ လယ်ယာခွင်အတွက် အပိုအလိုမရှိ တိတိကျကျ ရွာသွန်းရရှိနိုင်ဖို့ကတော့ အလွန်မှပဲ ခက်လှပါတယ်။" [၁၃၄၀] ရှေ့သို့၊ ၃၄၁။ ၄၀။♦
၅၄၁။ မိုးဖြူမစဲ၊ မိုးမည်းမရွာ
မိုးကောင်းကင်တစ်ပြင်လုံး၌ တိမ်ဖြူများ ပိတ်ဖုံး၍ ရွာသော မိုးသည် မစဲအောင် ရွာတတ်သည်။ တိမ်မည်းတိမ်ပုပ်များဖြင့် အုံ့မှိုင်းမည်းမှောင် ပိတ်ဖုံးနေလင့်ကစား မရွာဘဲလည်း ရှိတတ်သည်။ "တစ်နေ့လုံး ကောင်းကင်ဝယ် ကြည်ကြည်လင်လင် ရှိနေခဲ့ပါလျက် ယခုမှ ညို့ရက်လေခြင်း၊ မိုးဖြူမစဲ မိုးမည်းမရွာ၊ တဖွားဖွား ကျလာသော မိုးစက်တို့ဖြင့် အကျႌရွှဲလာ၏။" [၁၃၃၃] ငွေတာရီ၊ ၁၃၃။ ၁၇၃။♦
၅၄၂။ မိုးရိပ်လာ ဒူလာထ
မိုးရွာမည့် အရိပ်လက္ခဏာ ပေါ်လာသည်နှင့် ဒူလာရောဂါ ထတတ်သည်။ "မိုးရိပ်လာ ဒူလာထ။" [၁၃၅၁] ကားပုံချုပ်။ ၁၂၉။♦
၅၄၃။ မိုးရွာမှ ပျိုးသာမည်
စပါးစိုက်သည့်အချိန်တွင် မိုးသင့်တင့်အောင်ရွာမှ ပျိုးပင်တို့ ရှင်သန်မည်။♦
၅၄၄။ မင်းကို နိုင်လိုသော် လက်ဆောင်
မင်းနှင့်ဆက်ဆံရာတွင် မိမိ၏စကား အောင်မြင်လိုလျှင် လက်ဆောင်ပဏ္ဏာ ဆက်သရသည်။ "ငွေများတရားနိုင်ဆိုခြင်းနှင့် မင်းကို နိုင်လိုသော် လက်ဆောင် ဟူသော စကားအရလည်းကောင်း၊ သမ္မတခုံကဝိက အဂတိလေးပါး မလိုက်စားဘဲ တရားနှင့်အညီ စီရင်ဆုံးဖြတ်ပေလတ္တံ့။" [၁၂၇၅] ဆောင်းပါးချုပ်။ ၁၄၁။♦
၅၄၅။ မင်းခယောကျာ်း ကမ်းနားသစ်ပင်
မြစ်ကမ်းနား၌ ပေါက်သော သစ်ပင်သည် မြစ်ရေကို အမှီပြုရ၍ အခက်အလက် စိုပြည်သော်လည်း မြစ်ရေကပင် တိုက်စား၍ ပြိုလဲပျက်စီးတတ်သကဲ့သို့ မင်းခယောက်ျားသည် မင်း၏အရှိန်အဝါဖြင့် ကြီးပွားချမ်းသာ လွယ်သော်လည်း မင်းမျက်သင့်သဖြင့် ပျက်စီးဆုံးရှုံးနိုင်သည်။ "ဘူမိပါလ၊ ရာဇိန္ဒဟု၊ နရသနင်း၊ မင်းဟူသည်၌၊ အရည်အချင်း၊ သီတင်းဥစ္စာ၊ ပညာအမျိုး၊ မကိုးသာချေ၊ ကမ်းခြေသစ်ပင်၊ ရောက်သောသွင်သို့၊ ပုံပြင်တူငြား၊ သနားတော်သာ၊ လိုရာရောက်နိုင်၊ အပြီးတိုင်ရှင့်၊" [၈၅၀-ခန့်] ပကိဏ်။ ၂၀။
မင်းခယောက်ျား၊ လစာစားတို့၊ ကမ်းနားသစ်ပင်၊ ပမာသွင်နှင့်၊" [၁၂၆၆] မဃ ၃၆၈။
မင်းခစားယောက်ျား ကမ်းနားသစ်ပင်ဆိုတဲ့ အလုပ်မျိုးတွေ ဝါသနာ မပါဝံ့ပါဘူး ခုံမင်းကြီးရယ်။ နဖူးပွန်းအောင် ဒူးပွန်းအောင် ခစား၍ ဖားပြုပ်လို ကုပ်ကုပ်ကြီး တစ်ဝပ်တည်းဝပ်နေရတဲ့ လောကငရဲကိုလည်း မခံချင်ပါဘူး။" [၁၂၈၂] ရွှေပြည်၊ ပ။ ၁၅။♦
၅၄၆။ မင်းစိုးရာဇာ၊ မျက်စရာကို၊ ဥစ္စာဆွေမျိုး၊ ဉာဏ်မကိုးနှင့်
မင်းစိုးရာဇာတို့ အပြစ်ဒဏ်ထားခြင်း ခံရသူသည် အပြစ်မှ လွတ်မြောက်ရေးအတွက် ဥစ္စာအား၊ ဆွေမျိုးအား၊ ဉာဏ်အားကို အားကိုးကာ ကြိုးပမ်းသော်လည်း အချည်းနှီးသာ ဖြစ်မည်။ "ဘူမိပါလ၊ ရာဇိန္ဒဟု၊ နရသနင်း၊ မင်းဟူသည်၌၊ အရည်အချင်း၊ သီတင်းဥစ္စာ၊ ပညာအမျိုး၊ မကိုးသာချေ၊ ကမ်းခြေသစ်ပင်၊ ရောက်သောသွင်သို့၊ ပုံပြင်တူငြား၊ သနားသော်သာ၊ လိုရာရောက်နိုင်၊ အပြီးတိုင်ရှင့်၊" [၈၅၀-ခန့်] ပကိဏ်။ ၂၀။
မင်းစိုးရာဇာ၊ မျက်စရာကို၊ ဥစ္စာဆွေမျိုး၊ ဉာဏ်မကိုးနှင့်၊ ဆိုရိုးတွင်ဘိ၊ ရှေးထုံးရှိ၏၊" [၁၂၁၀] ဥမ္မာ ၈၅။♦
၅၄၇။ မင်းတို့စကား မိုးကြိုးသွား
မင်းတို့၏စကားသည် မိုးကြိုးသွားပမာ တိကျခိုင်မြဲသည်။ "မင်းတို့စကား၊ မိုးကြိုးသွားသို့၊ မခြားမှန်စွာ၊ စံတည်ရာ၏။" [၁၂၆၆] မဃ ၁၉၉။
မင်းတို့စကား မိုးကြိုးသွားဆိုဘိသကဲ့သို့ ဥပဒေထုံးတမ်းရှိသည်အတိုင်း လိုက်နာဆောင်ရွက်ကြရမည်။" [၁၂၈၅] ဒွန်း။ ၁၀။♦
၅၄၈။ မင်းတို့ထွက် ရက်ရာဇာ
မင်းတို့ ခရီးထွက်ရာ၌ ရက်ရာဇာ၊ ပြဿဒါးစသည် ရွေးစရာမလို၊ မင်းတို့ထွက်သောနေ့ရက်သည် ရက်ရာဇာပင် ဖြစ်သည်။ မင်းတို့ထွက် ရက်ရာဇာ-စကားပုံလည်းရှု။ "မင်းတို့ထကွ်ခါ၊ ရက်ရာဇာ၊ အခါမရွေးကောင်းဆိုတဲ့ စကားလည်း အရှိသားပဲ၊" [၁၂၈၂] ရွှေပြည်၊ ပ။ ၆၀။♦
၅၄၉။ မင်းတို့မျက်စောင်း အကြောင်းမရွေး
ဘုရင်မင်းမြတ်တို့၏ အမျက်သည် အကြောင်းမရွေးချေ။ "မင်းတို့မျက်စောင်း အကြောင်းမရွေး ဆိုတဲ့ စကားအတိုင်း နဂါးမင်းတို့၏ အလျှံနှင့်တူတဲ့ မျက်စောင်းတော်များကိုလည်း ကြောက်လန့်ရပါတယ်။" [၁၂၈၇] ထီး၊ ပ။ ၇၄။
တန်ခိုးနှင့် ပြည့်စုံတဲ့ မင်းမျိုးများဟာလည်း သူတို့ကို မရိုမသေ မထီ လေးစားပြုလုပ်ရင် ဘုရင်တို့မျက်စောင်းဟာလည်း အကြောင်းမရွေးပေဘူး။" [၁၂၉၆] မဉ္ဇရီ၊ တ။ ၁၀၆။♦
၅၅၀။ မင်းနား တစ်ထောင်
မင်းတို့တွင် သတင်းစုံစမ်းရန် အရပ်ရပ်သို့ စေလွှတ်ထားသော သူလျှို များစွာ ရှိသည်။ "မမှန်စကား၊ လျှပ်စာစားဟု၊ မင်းနားတစ်ထောင်၊ ကြားနှံ့ဆောင်သော်၊" [၈၉၁] သံ ၁၅၉။
သူလျှိုယောက်ျား၊ ကိုယ်စောင့်ထား၍၊ မင်းနားတစ်ထောင်၊ ကုန်အောင်မကြွင်း၊ ပြည့်သတင်းကို၊ သားမင်းလိမ္မာ၊ မပြတ်နာရှင့်။" [၁၂၆၆] မဃ ၂၀၂။
မင်းတရားကြီးမှာ မင်းနားတစ်ထောင်ရှိသည်ဆိုသည်ကို သူတို့သိကြသည်။" [၁၃၃၄] သီမဟေ။ ၉၆။♦
၅၅၁။ မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်
မင်းက ကောင်းပါသော်လည်း မင်းမြှောင်များက တိုင်းကျိုးပြည်ကျိုးကို ဖျက်ဆီးကြသည်။ (မင်းကောင်းပါလျက် မင်းမြှောင်ဖျက်-ဟူ၍လည်း အဆိုရှိသည်။) "မင်းကောင်းပါလျက်၊ အမြှောင်ဖျက်သည်။" [၉၇၀-ခန့်] ဟံချုပ်။ ၇၅။
ဘိုင်ဆပ်ကို မြို့ဝန်ခန့်မိတာနှင့် တူနေတာပ၊ အနှာကြောင့်မို့ ရှေးလူကြီးများက မင်းကောင်းပါလျက် မင်းမြှောင်ဖျက်တယ်လို့ ဆိုကြတာပ၊" [၁၂၇၇] မောင်ပုံ။ ၇၈။
အမှုတော်ထမ်းနေသည့်ကာလ၌ မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်ခြင်းမရှိရအောင် ဘုရင်ကြီး သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အမှန်အတိုင်း ရဲရဲဝံ့ဝံ့ တင်လျှောက်ခဲ့သူ ဖြစ်သည်။" [၁၃၂၁] ယောလှိုင်။ ၆၅။♦
၅၅၂။ မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်လို့ တပြုံးပြုံး
အစိုးရမင်းဘဏ္ဍာကို မိမိကိုယ်ပိုင်ပစ္စည်းသဖွယ် အလွယ်တကူ သုံးစွဲသည်။ မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်လို့ တပြုံးပြုံး- စကားပုံလည်းရှု။ "မလုံလောက်တော့ ယောက်ျားကို အတင်းပူ၊ ယောက်ျားကလည်း နားငြီးမခံနိုင်တော့ မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်ပြီး အလွဲသုံးစားလုပ်၊" [၁၃၀၂] ဂျာနယ်ကျော်၊ ၅၊ ၁၀။ ၁၃။♦
၅၅၃။ မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ
ဇာတ်နိပါတ်များကို ပြန်ပြောပြရာတွင် မင်းအမည်၊ ပြည်အမည်ကို မမှတ်မိသော် မင်း၏အမည်ကို ဗြဟ္မဒတ်၊ ပြည်၏အမည်ကို ဗာရာဏသီဟု ပြောလေ့ရှိသည်။ "မင်းမသိတတ်၊ ဗြဟ္မဒတ်၊ ပြောမှတ်ရှေးပုံပြင်။" [၁၁၁၃] ကဝိသတ် ၁၀၆၉။
မြန်မာအများ ပြောစဉ်ဆိုရိုးတစ်ခု ရှိပါသည်။ ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ်ဟူသော စကားဖြစ်ပါသည်။ ဤစကားသည် ငါးရာ့ငါးဆယ် ဇာတ်တော်များရှိ ဗုဒ္ဓအလောင်းတော် ဖြစ်တော်မူရာပြည်ကို အကြောင်းပြု၍ ပြောသော စကားစဉ် ဖြစ်ပါသည်။" [၁၃၄၇] ငါးသိ။ ၈၉။♦
၅၅၄။ မင်းမှာ သစ္စာ၊ လူမှာ ကတိ
မင်းသည် သစ္စာစောင့်ရသကဲ့သို့ လူသည်ကတိတည်ရသည်။ "မင်းမှာသစ္စာ၊ လူမှာကတိ၊ ဆိုရိုးရှိတိုင်း၊ မြဲဘိဘယ်ခါ၊ မချွတ်ရာဘူး၊" [၁၂၆၆] မဃ ၂၄၀။
မင်းမှာ သစ္စာ၊ လူမှာ ကတိ ဆိုသည့်အတိုင်း ရှင်စောပု၏ အလိုတော်ကို ဖြည့်နိုင်လျှင် ရှင်စောပုသည် ကတိအတိုင်း သစ္စာစောင့်မည်ကိုကား ယုံမှားဖွယ်ရာ မရှိပေ။" [၁၂၉၇] ဗွေ။ ၂၁၄။♦
၅၅၅။ မင်းလိုလိုက် မင်းကြိုက်
မင်း၏အလိုသို့လိုက်၍ ပြောဆိုပြုမူလျှင် မင်းနှစ်သက်မြှောက်စားတတ်သည်။ "မင်းလိုလိုက်က၊ မင်းကြို်ကတတ်စွာ၊ သဘောသာတည့်၊" [၁၂၆၆] မဃ ၃၆၅။
မင်းလိုလိုက် မင်းကြိုက်ဆိုသော စကားကဲ့သို့အလိုတော်ရိ ပြုလုပ်၍ …၊" [၁၂၇၅-ခန့်] ပါးစပ်။ ၂၃၂။
ရာဇမစ္စံ ဝသံဂမေ-ဟူသော ပါဌ်ဖြင့် မင်းထံစိုးကပ်၊ မင်းမှူးမတ်ဟူသော အမှုထမ်း၊ အရာထမ်းအဖြစ်ကို အလိုရှိသောသူသည် မင်းအလိုသို့ လိုက်ပါရာ၏ ဟူလို။ ထိုစကားကို အစွဲပြု၍ မင်းအလိုလိုက်က မင်းကြိုက်သည်ဟူသော စကားကို ပြောဆိုကြကုန်၏။" [၁၂၈၉] လောဖွင့်၊ ဒု။ ၁၀၉။♦
၅၅၆။ မင်းအစ သမ္မတ
နိုင်ငံအုပ်ချုပ်သော မင်း၏ မူလအစမှာ မဟာသမ္မတမင်း ဖြစ်သည်။ "လူများသနင်း၊ မင်းကအိုစ၊ သမ္မတဟု၊ ကမ္ဘာ့တံတွာ၊ ဓမ္မတာတိုင်း၊" [၁၂၆၆] မဃ ၃၃၆။♦
၅၅၇။ မောင်ကောင်းစား နှမ မီးဖိုချောင်၊ နှမကောင်းစား မောင် အိမ်ဦးခန်း
မောင်ကောင်းစားလျှင် နှမဖြစ်သူသည် မီးဖိုချောင်လုပ်ငန်းများကိုသာ လုပ်နေရတတ်သည်။ နှမကောင်းစားလျှင်မူကား မောင်ဖြစ်သူသည် အိမ်ဦးခန်းတွင် အခံ့သား နေရတတ်သည်။ "မောင်ကောင်းလျှင် နှမ မီးဖိုချောင် ဆိုဘိသကဲ့သို့ စေ့စေ့ကြီး စဉ်းစားလိုက်လျှင် မောင်ဖားဆို၍ အသုံးမကျ၊" [၁၂၆၆] သန်းမေ၊ ဒု။ ၂၆။
မောင်ကောင်းစား နှမ မီးဖိုချောင်ဆိုတဲ့ စကားကို မှားတယ်လို့ လွှင့်ပစ်လိုက်ရတော့မှာလား။ နှမများကတော့ စိမ်းကားလေ့မရှိပါဘူး။" [၁၂၉၀] သန်းသန်း၊ တ။ ၁၄။
ကိုယ့်နှမလေး ကောင်းစားနေတာမြင်ရတော့ မောင်လုပ်တဲ့လူကလည်း မျှော်လင့်ချက်တွေ ထားသဗျာ။ မောင် ကောင်းစား နှမ မီးဖိုချောင်၊ နှမကောင်းစားတော့ မောင် အိမ်ဦးခန်း ဆိုတဲ့ စကားကိုလည်း ကြားဖူးပါလိမ့်မယ်။" [၁၃၁၄-ခန့်] မသန့်။ ၇၆။♦
၅၅၈။ မောင်တစ်ထမ်း မယ်တစ်ရွက်
အိမ်ထောင်ရှင်များဖြစ်လာပါက လင်ရော မယားပါ တက်ညီလက်ညီ မခိုမကတ်စတမ်း လုပ်ကြရသည်။ "မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသကဲသို့ အိမ်မှုကိစ္စများတွင်လည်း လင်ဖြစ်သူကပါ ကူညီဝိုင်းဝန်း လုပ်ဆောင်သင့်သည်။" [၁၃၃၅] သင့်သုံးစိတ်။ ၁၃။
ကိုဥဩတို့က မောင်တစ်ထမ်း မယ်တစ်ရွက် လည်ချင်းယှက်ပြီး ရုန်းရဲတဲ့ သူတွေပဲ၊" [၁၃၄၄] ရှုမဝ၊ ၃၅၊ ၄၁၇။ ၁၁၃။♦
၅၅၉။ မေတ္တာဆောင်လျှင် ရဲ၊ သစ္စာနှောင်လျှင် မြဲ
ချစ်သူနှစ်ဦးကို ချစ်မေတ္တာက ရဲရင့်စေ၍ သစ္စာတရားက ခိုင်မြဲစေသည်။ "မေတ္တာဆောင်လျှင် ရဲ၊ သစ္စာနှောင်လျှင် မြဲ။" [၁၃၅၁] ကားပုံချုပ်။ ၁၃၁။♦
၅၆၀။ မန်ကျည်းတစ်ညှို လူတစ်ကိုယ်။
မန်ကျည်းသားသည် အနှစ်ရှိသဖြင့် လုံးပတ်တစ်ညှိုလောက်အကိုင်းပင် လူတစ်ကိုယ်စာ နိုင်သည်။ "မန်ကျည်းပင်၏ အကိုင်းအခက်များသည် သေးသေးကလေး၊ နွဲ့နွဲ့ကလေး ဖြစ်သော်လည်း အင်မတန် ခိုင်မာသန်စွမ်းသည်။ မကျိုးတတ်၊ မပြတ်တတ်၊ မပဲ့တတ်သည်ကို သတိပြုမိသောအခါ မန်ကျည်းတစ်ညှို လူတစ်ကိုယ်ဟု ဆိုကြသည်။" [၁၃၃၆] ငွေတာရီ၊ ၁၆၇။ ၂၂။♦
၅၆၁။ မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား
မန္တလေးသူ မန္တလေးသားသည် စကားကြွယ်သည်။ ရန်ကုန်သူ ရန်ကုန်သားသည် ဟိတ်ဟန်နှင့် ကြွားတတ်သည်။ မော်လမြိုင်သူ မော်လမြိုင်သားသည် အစားအစာကို အရသာရှိရှိ စီမံ ချက်ပြုတ်စားတတ်သည်။ "မန္တလေးက စကား၊ ရန်ကုန်က အကြွား၊ မော်လမြိုင် အစားဆိုတဲ့ စကားပုံဟာလည်းပဲ အပြောအဆို၊ အဝတ်အစား၊ အစားအသောက်များမှာ နာမည်ရတဲ့ လောကီယဉ်ကျေးမှုစကားပုံလို့ ဆိုရမယ်။" [၁၃၂၃] ပုဂံဟော။ ၆၆။
မန္တလေး စကား၊ မော်လမြိုင် အစား ဟူ၍ ရှေးလူတို့ ပြောဆို ကြကုန်သည်။" [၁၃၄၅] စာပေလုပ်သား၊ ၂၆။ ၇၆။♦
၅၆၂။ မန္တန်တွင် သစ္စာ၊ အအေးတွင် မေတ္တာ
ဂါထာမန္တန်အပေါင်းတွင် သစ္စာ သည် အစွမ်းဆုံး ဖြစ်သည်။ အေးမြသောအရာအပေါင်းတွင် မေတ္တာသည် အအေးဆုံး ဖြစ်သည်။ "မန္တန်တွင် သစ္စာ၊ အအေးတွင် မေတ္တာဆိုသောအတိုင်း သစ္စာတစ်လုံးကို စကားပြောတိုင်း အမြဲ သုံးစွဲသွားပါလျှင်…၊" [၁၃၃၄] မြဝတီ၊ ၂၀၊ ၁၁။ ၆၅။♦
၅၆၃။ မိန်းမကား နှမ်း၊ ယောက်ျား ထန်း
နှမ်းပင်သည် အပင်ကြီးလွယ်၊ အပင်ကျလွယ်သကဲ့သို့ မိန်းမသည် အရွယ်ရောက်လွယ်၊ အိုလွယ်သည်။ ထန်းပင်သည် အပင်ကြီးခဲ၊ အပင်ကျခဲသကဲ့သို့ ယောက်ျားသည် အရွယ်ရောက်နှေး၊ အရွယ်ကျနှေးသည်။ "မိန်းမကား နှမ်း၊ ယောက်ျား ထန်းဟူ၍ဆိုသော စကားပုံအတိုင်း မိန်းမတို့သည် အရွယ်ရောက်လွယ်၍ အိုရုပ်ပေါ်လွယ်၏။" [၁၂၈၇] သုတ္တန်နီတိ။ ၆၇။♦
၅၆၄။ မိန်းမကိုသာ တိုင်ပင်ရာ
အရေးကြီးသော ကိစ္စတစ်ခုခု မပြီးမပြတ်နိုင်၍ ကြံရာမရဖြစ်သော် ဇနီးမယားကိုသာ တိုင်ပင်ရာသည်။ "ယခေါင့်ကာလ၊ ရှေးမဆွ၌၊ ကိစ္စတစ်သီး၊ အရေးကြီး၍၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာရှိများ၊ အစဉ်ကြားလျက်၊ ထင်ရှားမိန့်မှာ၊ ဥဒါန်းလာ၏။" [၁၂၆၆] မဃ ၃၁၅။♦
၅၆၅။ မိန်းမကောင်းပန်းပန် တစ်ပွင့်တန်
ရုပ်ဆင်းအင်္ဂါနှင့် ပြည့်စုံသော အမျိုးသမီးသည် ပန်းတစ်ပွင့်ပန်ရုံမျှဖြင့် လှပတင့်တယ်သည်။ (မိန်းမချောပန်းပန် တစ်ပွင့်တန်၊ အရုပ်ဆိုးပန်းပန် တစ်ဟင်းငံ ။ မိန်းမကောင်းပန်းပန် တစ်ပွင့်တန်၊ လူသွမ်းပန်းပန် တစ်ဟင်းငံ-ဟူ၍လည်း အဆိုများရှိသည်။) မိန်းမကောင်းပန်းပန် တစ်ပွင့်တန်-စကားပုံလည်းရှု။ "ခေါင်းလောင်းပန်းမှာ၊ လူသွမ်းပန်းပန်၊ တစ်ဟင်းငံမို့၊ ကျွန်တန်နှင့် ကျိန်းချေ၊ ကျွန်ဖြစ်စေဟု၊" [၁၁၄၆] ရာမ၊ ပ။ ၄။
လမ်းနံဘေးတွင် ကြွေကျလျက်ရှိသော ရင်ခတ်ပန်းတစ်ပွင့်ကို ကောက်ကာပေးရင်း အင်း၊ မိန်းမကောင်းပန်းပန် တစ်ပွင့်တန်တဲ့၊ တို့ဒကာမကြီး မိန်းမကောင်း တစ်ယောက်ကပဲ၊ တစ်ပွင့်တလေပန်ရ တော်ရော့ပ၊" [၁၃၀၀] ခင်ကာ။ ၄၈။
ကျွန်မ တစ်ပွင့်ပဲ ပန်ပါ့မယ်။ မိန်းမကောင်းပန်းပန် တစ်ပွင့်တန်လို့ ဆိုထားသားပဲရှင့်၊" [၁၃၅၃] နက္ခတ္တ၊ ၅၅။ ၁၀၉။♦
၅၆၆။ မိန်းမကြိုက်တော့ မျှော်လိုက်ကာ၊ ယောက်ျားကြိုက်တော့ စိုက်စိုက်လာ
မိန်းကလေးများသဘာဝသည် မိမိချစ်သူအလာကို စောင့်မျှော်နေရုံသာ ဖြစ်သည်။ ယောက်ျားကလေးများကမူ မိမိချစ်သူရှိရာသို့ စိုက်စိုက်မတ်မတ် အရောက်သွားတတ်သည်။ "မိန်းမကြိုက်က မျှော်လိုက်ကာ၊ ယောက်ျားကြိုက်က စိုက်စိုက်လာဆိုသည့် စကားအတိုင်း မိန်းမသည် ယောက်ျားရှိရာသို့ သွားရိုးမရှိဟု မည်မျှပင် လိုက်လိုသော်လည်း မလိုက်ဘဲနေလေ၏။" [၁၂၇၉] နာပုံ။ ၇၄။
ယောက်ျားပျိုကလေးတွေရှိတဲ့ အိမ်ကို အပျိုကလေးများက သွားတယ်လာတယ်ဆိုတာ လူတကာက မေးငေါ့ခံရတတ်ပါတယ် မေမေ။ ရှေးစကားပုံမှာလည်း ယောက်ျား ကြိုက်တော့ စိုက်စိုက်လာ၊ မိန်းမကြိုက်တော့ မျှော်လိုက်ကာဆိုမဟုတ်လား။ မြမြကဖြင့် စတင်ပြီး မသွားပါရစေနဲ့။" [၁၂၉၆] ဒဂုန်၊ ၄၊ ၁၆၆။ ၄၃။♦
၅၆၇။ မိန်းမတို့ဖူးစာ သေခါမှ ကုန်
မိန်းမတို့သည် အသက်အရွယ်ပင်အိုသော်လည်း အိမ်ထောင်ကျရန် မျှော်လင့်ချက်ရှိနိုင်သေးသည်။ "မိန်းမတို့ဖူးစာ သေခါမှ ကုန်သတဲ့၊ အရွယ်ကြီးသော်လည်း မပျက်စီးဟု အတပ်မပြောနိုင်။" [၁၂၉၇-ခန့်] မိန်း။ ၃၆။ တစ်ဟင်းငံ = ဟင်းတစ်အိုး ချက်လောက်သည်။♦
၅၆၈။ မိန်းမတို့ဣန္ဒြေ ရွှေပေးလို့မရ
မိန်းမမြတ်တို့သည် မိမိတို့ ဣန္ဒြေကို အထူး စောင့်ထိန်းကြသည်။ "အမေရယ်၊ မိန်းမတို့ဣန္ဒြေ ရွှေပေးလို့မရဟု ဆိုရိုးစကားရှိပါလျက်နှင့် အရှက်ကို မငဲ့ကွက်ဘဲ သမီးကို ကတော်အရာဆက်မည်ဟု ကြံသည်မှာ မတော်ဘူး ထင်ပါတယ်။" [၁၂၆၈] နော၊ ပ။ ၁၃။
မိန်းမတိုဣန္ဒြေ ရွှေပေးလို့မရဘူးတဲ့ ကြားစ၊ ဣန္ဒြေပျက်စီးမှဖြင့် အခက်ကြီး ခက်တတ်တယ်။" [၁၂၇၉] မှာ၊ ပ။ ၁၇။♦
၅၆၉။ မိန်းမဖျက် ပြည်ပျက်
၁၊ မိန်းမများ ဖြားယောင်းသွေးထိုးလျှင် အချင်းချင်း မသင့်မတင့်ဖြစ်ကြရာမှ တိုင်းပြည်ပျက်ရသည်အထိ ဖြစ်ရသည်။ "မိန်းမဖျက်က၊ ပြည်ပျက်တတ်စွာ၊ ဆိုရိုးမှာရှင့်၊" [၁၂၆၆] မဃ ၃၀၈။
မိန်းမဖျက်က ပြည်ပျက်သည်ဟူသောစကား၏ အဓိပ္ပာယ်ကို စဉ်းစားသော် လက်ရုံးအားကို မဆိုလို၊ မာယာလက်နက်ကို သုံး၍ နှလုံးရည်သက်သက်နှင့် လိုရာကိစ္စကို ဆောင်ရွက်အောင်မြင်နိုင်ကြောင်းကို ပြလေသည်။"[၁၂၉၇-ခန့်]မိန်း။ ၆၆။ ၂၊ တန်ခိုးအာဏာရှိသူ တိုင်းပြည်ခေါင်းဆောင်ကို အရည်အသွေးမရှိသူ ဇနီးမယား က လွှမ်းမိုးခြယ်လှယ်လျှင် တိုင်းပြည်ပျက်ရသည်အထိ ဖြစ်ရသည်။♦
၅၇၀။ မိန်းမဗွေကြမ်း သန်းဥစမ်း၊ ယောက်ျားဗွေဆိုး လက်ကိုချိုး
စရိုက်ကြမ်း သောမိန်းမသည် သန်းဥ စမ်းနေတတ်သည်။ စရိုက်ကြမ်းသော ယောက်ျားသည် လက်ကို ချိုးနေတတ်သည်။ "မိန်းမဗွေကြမ်း သန်းဥစမ်း၊ ယောက်ျားဗွေိုဆး လကို်ကချိုးလို့ ရှေးလူကြီးများ ပြောလေ့ရှိပေတယ်။" [၁၂၉၆] မဉ္ဇရီ၊ စ။ ၆၂။♦
၅၇၁။ မိန်းမမာယာ သဲကိုးဖျာ။
မိန်းမတို့၏မာယာသည် ဖျာကိုးချပ်စာ သဲပွင့်အရေအတွက်နှင့်အမျှ များပြားသည်။ "မိန်းမတို့… ဇာတ်သဘာဝအလျောက် အလိုလို တတ်မြောက်လာသော မာယာကား အကျဉ်းအားဖြင့် လေးဆယ်၊ အကျယ်အပွားကိုဆိုသော် မရေမတွက်နိုင်။ ထို့ကြောင့် မိန်းမမာယာ သဲကိုးဖျာ ဟူ၍ ပြောစမှတ်ပြုကြကုန်၏။" [၁၂၉၇-ခန့်] မိန်း။ ၄၉။
မစားချင်တဲ့လူ နေကြဟု စားရအောင် ခေါ်ခြင်းသည်ပင် ရှေးလူကြီး တွေပြောတဲ့ မိန်းမမာယာ သဲကိုးဖျာ ဆိုတာထဲက တစ်ခုဖြစ်မှာပဲဟု တွက်ဆကာ ကျွန်တော့်မှာ ပညာရလိုက်ပါသည်။" [၁၃၁၆] မြဝတီ၊ ၂၊ ၄။ ၂၆၇။♦
၅၇၂။ မိန်းမမှာ မီး၊ ယောက်ျားမှာ ဆီး။
မီးယပ်ရောဂါသည် အမျိုးသမီးများကို ဒုက္ခပေးတတ်သော ရောဂါဖြစ်သည်။ ဆီးရောဂါသည် ယောက်ျားများကို ဒုက္ခပေးတတ်သော ရောဂါဖြစ်သည်။ "မိန်းမမှာ မီး၊ ယောက်ျားမှာ ဆီး ဟု ဆိုရိုးစကားများ ရှိပင်ရှိသော်လည်း ဆီးရောဂါမှာ ကျား မ မရွေး နှိပ်စက်တတ်သော ရောဂါဖြစ်ကြောင်းကို ကောင်းကောင်းကြီး သိ၍ထားသင့်လှပေသတည်း။" [၁၃၁၇] တိစက်၊ ပ။ ၈၄။♦
၅၇၃။ မိန်းမယောက်ျား၊ မြင်ဖန်များသော်၊ သနားချစ်ခင်၊ စိတ်ကျွမ်းဝင်
မိန်းမနှင့် ယောက်ျားတို့သည် တစ်ဦးကိုတစ်ဦး တွေ့ဖန်မြင်ဖန်များသောအခါ သနားချစ်ခင်စိတ်၊ ရင်းနှီးလိုစိတ်များ ဖြစ်ပေါ်လာသည်။ "မိန်းမယောက်ျား၊ မြင်ဖန်များသော်၊ သနားချစ်ခင်၊ စိတ်ကျွမ်းဝင်၏။" [၁၂၆၆] မဃ ၂၃၃။♦
၅၇၄။ မိန်းမ လှ မလှ အိပ်ရာထမှာ ကြည့်ရ
မိန်းကလေးတစ်ယောက်၏ ရုပ်ရည် လှ မလှ သိလိုက ထိုမိန်းကလေး အိပ်ရာမှအထ ဖြီးလိမ်းပြုပြင်ခြင်းမပြုမီ အကဲခတ်ကြည့်ရှုရာသည်။ "ထိုအခါ ကုလားသူဌေးကြီးစိတ်၌ မိန်းမ လှ မလှ အိပ်ရာထမှာ ကြည့်ရဆိုသည့်စကားကို သတိရသဖြင့်…၊" [၁၂၉၇-ခန့်] မိန်း။ ၁၆၅။♦
၅၇၅။ မိန်းမဟူဘိ၊ ထိုဣတ္ထိကား၊ မရှိမကောင်း၊ ရှိမကောင်းနှင့်၊ မပေါင်းလည်းခက်၊ ပေါင်းလည်းခက်
ယောက်ျားတို့အတွက် မယားသည် မရှိလျှင်လည်း မကောင်း၊ ရှိလျှင်လည်း မကောင်း၊ မပေါင်းလျှင်လည်း ခက်၊ ပေါင်းလျှင်လည်း ခက်၏။ "လောကီဘုံသား၊ လူယောက်ျားတို့၊ မယားဟူဘိ၊ထိုဣတ္ထိ နှင်၊့ မရှိမကောင်း၊ ရှိမကောင်းဘဲ၊ မပေါင်းလည်းခက်၊ ပေါင်းလည်းခက်၏။" [၁၂၆၆] မဃ ၂၉၇။♦
၅၇၆။ မုန့်သာ ဝေစားနိုင်သည်၊ လင်ကို မဝေငှနိုင်
မုန့်ကို အခြားသူနှင့် ခွဲဝေ မျှတ၍ စားနိုင်သော်လည်း လင်ကိုမူ အခြားမိန်းမနှင့် မျှ၍ မချစ်နိုင်။ "မုန့်ကိုသာ ဝေငှစားမည်၊ လင်ကို မဝေငှနိုင်ဘူးဆိုတဲ့ ရှေးလူကြီးများ စကားနှင့်အညီ ဒေါ်မွှေးမြိုင်က လင်ဂုဏ်ကို ကိုးပြီးတော့ အမျိုးမျိုးပြောဆိုသည်မှာ…၊" [၁၂၇၉] မှာ၊ ပ။ ၃၃။
ထမင်းကိုသာ ဝေ၍ စားလိုက်ချင်၏၊ လင်ကိုကား မဝေနိုင်ဆိုသည့် စကားနှင့်အညီ… အချစ်ကို ဝေရမည့်အလုပ်မှာမူကား မိန်းမတို့ဓမ္မတာ မည်သည့် နည်းနှင့်မျှ သည်းမခံနိုင်ရှာကြချေ။" [၁၂၉၇-ခန့်] မိန်း။ ၁၀၃။♦
၅၇၇။ မုန်းတင်းပြောလျှင် တိုက်၊ ချစ်တင်းပြောလျှင် ငိုက်
မလိုသူတို့က မိမိအကြောင်း အတင်းပြောလျှင် ခလုတ်တိုက်မိတတ်သည်။ ချစ်သူတို့က မိမိအကြောင်း အကောင်းပြောလျှင် အိပ်ငိုက်တတ်သည်။ "မုန်းတင်းပြောလျှင် တိုက်၊ ချစ်တင်းပြောလျှင် ငိုက် ဆိုတဲ့ ရှေးလူကြီးတို့စကား မလိုသူများက မုန်းတင်းပြောလျှင် တိုက်ခိုက်၊ ချစ်တင်းပြောလျှင် အိပ်ငိုက်သတဲ့။ ဘယ်တစ်ထောင့်က ချစ်တင်းပြောနေကြပါလိမ့်မလဲ၊ အလွန်ပဲ အိပ်ငိုက်လိုက်တာ။" [၁၂၇၆] မြင့်၊ ဒု။ ၃၃။♦
၅၇၈။ မုန်းလျှင် အပြစ်၊ ချစ်လျှင် အကျိုး၊ မြတ်နိုးလျှင် သဒ္ဓါ
တစ်ဦးတစ်ယောက်ကို မုန်းသည့်အခါ ထိုသူပြုသမျှကို အပြစ်ဟုသာ မြင်တတ်သည်။ ချစ်လျှင်မူ ထိုသူပြုသမျှကို အကောင်းဟုသာ မြင်တတ်သည်။ မြတ်နိုးလျှင်မူ ထိုသူကို ကြည်ဖြူတတ်သည်။ "မုန်းလျှင် အပြစ်၊ ချစ်လျှင် အကျိုး၊ မြတ်နိုးလျှင် သဒ္ဓါ၊ ရှေးသူဟောင်း စကားလာနှင့်၊ နှိုင်းကာဆင်ခြင်၊ ကိုဇဝနစိတ်ဘဝင်၌၊ ပျိုကဲ့သို့ မချစ်ခင်လို့၊ ပြစ်တင်စကား၊ ကျွန်မ၌ထားတာများ၊ လားလားမျှ တော်မယ်မထင်ပါရှင်၊" [၁၂၆၈] နော၊ ဒု။ ၁၀၁။
လူဆိုတာမျိုး မုန်းလျှင် အပြစ်၊ ချစ်လျှင် အကျိုး၊ မြတ်နိုးမှ သဒ္ဓါဆိုသလို ကိုယ်နှင့်အထပ်မတည့်ရင်ဖြင့် တစ်ပတ်လှည့်ပြောချင်တာ ပြောတာမျိုးပါ၊" [၁၂၇၇] မောင်ပုံ။ ၃၅၅။♦
၅၇၉။ မုန်းသော် မပိုင်၊ ချစ်သော် ပိုင်၏။
မိမိ၏ ကျေးကျွန်များပင် ဖြစ်စေကာမူ မိမိကို မုန်းလျှင် မိမိစေလိုရာမရ၊ ချစ်လျှင်မူ မိမိစေခိုင်းသမျှကို လိုက်နာဆောင်ရွက် သည်။ "တောင်ငူစား သင်္ခယာလည်း… ရှမ်းတို့ကို သာယာချေငံစွာလျက် လက်ဆောင်ပဏ္ဏာများစွာ ပေး၍ အဆွေခင်ပွန်း ပြု၏။ ထိုရွာရှမ်းတို့လည်း သူတို့ဆိုကြသည်။ မုန်းသော် မပိုင်၊ ချစ်သော် ပိုင်၏ဟု မှတ်ကုန်လျက် အကျွန်ုပ်တို့ အမှုတော်ကို ထမ်းအံ့သည်ဟု ကျွန်ခံလာကုန်၏။"[၁၁၄၃] ဏိပုံ။ ၁၁၂။♦
၅၈၀။ မျက်စိမှာ ရေ၊ နားမှာ ဆီ၊ ဒန္တီမှာ ဆား၊ ဝမ်းမှာ ခါး
ရေသည် မျက်စိကို ကြည်လင်စေ၏။ ဆီသည် နားနာကို သက်သာပျောက်ကင်းစေ၏။ ဆားသည် သွားနာကို သက်သာပျောက်ကင်းစေ၏။ ခါးသော အစာသည် ဝမ်းနာ လေနာကိုသက်သာ ပျောက်ကင်းစေ၏။ (မျက်စိမှာ ရေ၊ နားမှာ ဆီ၊ ဒန္တီမှာ ဆား၊ ဝမ်းမှာ ပျား-ဟူ၍လည်း အဆိုရှိသည်။) "မျက်စိနှင့် အသင့်လျော်ဆုံးသော အရာဝတ္ထုကား မျက်စိမှာ ရေ၊ နားမှာ ဆီ၊ ဒန္တီမှာ ဆား၊ ဝမ်းမှာ ခါး အစဉ်အလာရိုးရာဆောင်ပုဒ်အတိုင်း ရေ သို့မဟုတ် အရည်များ အသင့်တော်ဆုံးဖြစ်၏။" [၁၃၁၇-ခန့်] အိမ်ဆေး။ ၂၇၇။
မျက်စိမှာ ရည်(ရေ)၊ နားမှာ ဆီ၊ ဒန္တီမှာ ဆား၊ ဝမ်းမှာ ခါးတဲ့။ ဝမ်းမီးကောင်းအောင် အခါးဓာတ်က အရေးကြီးတယ်။" [၁၃၅၂] ဝေဒ၊ ၇၅။ ၂၃။♦
၅၈၁။ မျက်စိ အကျင့်၊ ဝမ်း အချင့်။
အအိပ်မကြူးမိစေရန် မျက်စိကို ကျင့် ထား၍ရ၏။ အစားမကြူးမိစေရန် ဝမ်းကို ချင့်စား၍ရ၏။ ရေ- ဤ၌"ရေ"ကို "ရီ"ဟု လျှာလိပ်သံဖြင့် ဖတ်ပါသည်။ မျက်စိ အကျင့်၊ ဝမ်း အချင့်- စကားပုံလည်းရှု။ "မများစေရ၊ သင့်ရုံမျှသာ၊ သောက်လေရာ၏၊ စာနာခန့်ချိ၊ မျက်စိ အကျင့်၊ ဝမ်းအချင့်ဟု၊ ယခင့်ဝေါဟာ၊ ထင်ရှားစွာရှင့်၊" [၁၁၂၂] ဩပျို့ ၇။
မျက်စိမှာ အကျင့်၊ ဝမ်းမှာ အချင့်ဆိုသောစကားသည် အိပ်သောမျက်စိကို အကျင့်ပြု၍ အအိပ်နည်းပါး၊ နိုးကြားခြင်း များရမည်။ ဝမ်းမှာလည်း အချင့် ပမာဏနှင့် မျှတစွာ စားရမည်ဟူ၍…၊" [၁၂၇၅] စာဏကျ၊ ပ။ ၁၅၈။♦
၅၈၂။ မျက်စိ အချမ်း၊ ဝမ်းကား အပူ။
မျက်စိသည် အအေးဓာတ်နှင့် သင့်လျော်၏။ ဝမ်းသည် အပူဓာတ်နှင့် သင့်လျော်၏။ "မျက်စိအချမ်း၊ ဝမ်းကားအူပ၊ ဟူသားအလျောက်၊ ကျမ်းထောက် တတ်ကျော်၊ နတ်ဆေးဖော်လျက်၊" [၈၈၉] မြား ၄၁။
ရှင်အဂ္ဂသမာဓိ၏ ဆေးပညာဆောင်ပုဒ်ကလေး ရှုပါဘိ၊ မျက်စိ အချမ်း၊ ဝမ်းကား အပူ၊ မျက်စိဆိုင်ရာ ကုမလျှင် အအေး အချမ်း၊ ဝမ်းဗိုက် အတွင်းသွင်းရမည့်ဆေး အစားအစာဟူက အပူဖြစ်စေရမည် ဆိုလိုသည်။" [၁၃၂၉] စာဘဏ်။ ၁၄၇။♦
၅၈၃။ မျက်စိ အဆုံး၊ နား အရှုံး။
မျက်စိမမြင်ခြင်းသည် ဘဝဆုံးသကဲ့သို့ဖြစ်သည်။ နားမကြားခြင်းသည် လူဖြစ်ရှုံးသကဲ့သို့ ဖြစ်သည်။ "စက္ခုအာရုံသည် အရေးကြီးဆုံးသော အာရုံတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့်ပင် မျက်စိ အဆုံး၊ နား အရှုံးဟု ဆိုရိုးရှိပေသည်။" [၁၃၁၈] စာဗိမာန်၊ ၄၊ ၈။ ၅၇။
မျက်စိ အဆုံး၊ နား အရှုံးဟူသော ရှေးမြန်မာစကားပုံတစ်ရပ်ရှိခဲ့ရာ မျက်မမြင်များ၏ဘဝမှာ အဆုံးစွန်သော အခြေအနေသို့ ရောက်ရှိနေကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။" [၁၃၃၇] ရှေ့သို့၊ ၂၅၊ ၁။ ၄၃။♦
၅၈၄။ မျက်စပ် ပိုးဝင်၊ ဆံ တစ်ပင်တင်း၊ ချစ်ခြင်းမယား
မျက်စိထဲသို့ ပိုးကောင်ဝင်သကဲ့သို့၊ ဆံတစ်ပင်တည်း အလွန် တင်းသည့်အခါကဲ့သို့ မိမိ အလွန် ချစ်သော မယား ထိပါးစော်ကားခံရလျှင် မခံမရပ်နိုင် ရှိသည်။ "ဆံ တစ်ပင်တင်း၊ ချစ်ခြင်းမယားဆိုသည့် စကားအတိုင်း မခံမရပ်နိုင်သဖြင့် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်၍ နေလေ၏။" [၁၂၈၉] ခင်လေးတို၊ ၃။ ၁၁၉။
ထိုအချိန်၌ ကိုကိုတင်သည် မျက်စပ် ပိုးဝင်၊ ဆံ တစ်ပင်တင်း၊ ချစ်ခြင်းမယား ဒေါသမီးပွား ကြီးမားတောက်လောင် မငြိမ်းနိုင်အောင် ရှိ၏။" [၁၃၀၂] သွေး။ ၂၁၆။
ရှေးလူကြီးများစကား အရှိသားကလား။ သွားကြား ရိုးညပ်၊ မျက်စပ်ပိုးဝင်၊ ဆံ တစ်ပင်တင်း၊ ချစ်ခြင်းမယိုာ့းလ စကားပုံရှိတယ်။ ယခုတော့ ကိုယ် စုံမက်နေတဲ့ ရည်းစားကို တစ်ရပ်သားက ကြားဝင်ပြီး…၊" [၁၃၁၀] လွမ်း၊ ပ။ ၁၃၃။
မျက်စပ် ပိုးဝင်၊ ဆံ တစ်ပင်တင်း၊ ချစ်ခြင်းမယား၊ ရည်စားလူလု ဤလေးခုသည် အခံရအခက်ဆုံး ဖြစ်သည့်အားလျော်စွာ…၊" [၁၃၁၂] ဂူ။ ၅၁။♦
၅၈၅။ မျက်ရည်စက်လက် တံကောက်ခွက်
တကောက်ခွက်ကို ထိုးကွင်းထိုးသော အခါ မျက်ရည်ကျလောက်အောင် နာကျင်လှသည်။ (ရက်ရ်ကစက်စက် တံကောက် ခွက်-ဟူ၍လည်း အဆိုရှိသည်။) "မျက်ရည်စက်လက် တံကောက်ခွက်… ဒူးခေါင်း၏ ဆန့်ကျင်ဘက် အတွင်းပိုင်းသည် တံကောက်ကွေး တံကောက်ခွက် ဖြစ်သည်။ ထိုနေရာမှာ အသားပျော့ဖြစ်သဖြင့် ရက်ရက်စက်စက် နာကျင်သည်။ မျက်ရည်စက်လက် ဖြစ်ရသည်။" [၁၃၄၈] ထိုးကွင်း။ ၁၁၃။♦
၅၈၆။ မြေမညီသော် ရေနှင့်ညှိ၊ လူမညီသော် သေနှင့်ညှိ၊ သွေးမညီသော် ဆီနှင့်ညှိ
မြေမျက်နှာပြင် မညီညာလျှင် ရေချိန်နှင့် ညှိရ၏။ လူအချင်းချင်း မညီညွတ်လျှင် သေရည်ဝိုင်းတွင် ညှိနှိုင်းရ၏။ သွေးသား မညီညွတ်လျှင် နှမ်းဆီစသည့် အဆီတစ်မျိုးမျိုးဖြင့် သွေးသားညီညွတ်အောင် ပြုရ၏။ "မြေမညီသော် ရေနှင့်ညှိ၊ လူမညီသော် သေနှင့်ညှိ၊ သွေးမညီသော် ဆီနှင့်ညှိ ဆိုရိုးရှိသည့်အတိုင်း…၊" [၁၁၉၂] ဝေါလီ။ ၁၀။♦
၅၈၇။ မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်
မြေမျို၍ လူမျိုးမပြုတ် နိုင်၊ မျိုးခြားနှင့် တစ်စတစ်စ သွေးနှောခြင်းဖြင့် လူမျိုးတစ်မျိုးလုံး ပြုတ်ပြုတ်ပြုန်းနိုင်သည်။ (မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်-ဟူ၍လည်း အဆိုရှိသည်။) "မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်ဟူသော ဒီပဲယင်း ဝန်ထောက်မင်းဦးမြဲ၏ မိန့်ကြားချက်ကို ကွက်ကွက်ကွင်းကွင်း၊ အမြင်ရှင်းနိုင်ခြင်းစသော အကျိုးနှစ်ရပ်ကို တပ်အပ်သေချာစွာ သိရှိလာစေနိုင်သော ဤ ရဲမြန်မာရာဇဝင်ဝတ္ထုကို…၊" [၁၂၉၃] ရဲမြန်မာ။ ၈။
မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်ဟူသော စကားကို ရှေးဦးပြောကြားခဲ့သူမှာ မြန်မာမင်းလက်ထက်တွင် အမှုထမ်းခဲ့သော ဒီပဲယင်းဝန်ထောက်မင်းဦးမြဲ ဖြစ်၏။" ကြေးမုံတင်းစာ။ (၂၀-၁၁-၉၅) ♦
၅၈၈။ မြေးကားအဖျား၊ သားကားအရင်း
သားသမီးသည် မြေးထက် ပို၍ သွေးနီးသည်။ (မြေးကို ပင်ဖျား၊ သားကို ပင်မြစ်-ဟူ၍လည်း အဆိုရှိသည်။) သားကားအဖျား၊ မြေးကားအရင်း-စကားပုံနှင့် နှိုင်းယှဉ်။ "သားကားအရင်း၊ မြေးကားအဖျားဟူ၍ လူတို့ဝယ် ဆိုစကုန်သည်။" [၁၀၈၀-ခန့်] ကုလား၊ ပ။ ၂၁၅။
တစ်ဝက်ကို မြေးရစေ။ တစ်ဝက်ကို အဖိုးထွေးစားစေ။ အဘယ်ကြောင့်နည်းဟူမူကား မြေးကားအဖျား၊ သားကားအရင်း ဆိုသောကြောင့်တည်း။" [၁၁၁၅] နု။ ၂၇၂။
မြေးကို ပင်ဖျား၊ သားကို ပင်မြစ်၊" [၁၁၄၅] သာဓိ ၃၆။♦
၅၈၉။ မြို့စီး တစ်ရာ၊ မြို့လာ တစ်ထောင်
စစ်ခံ တစ်ရာ၊ စစ်လာ တစ်ထောင်-နှင့် အတူတူ။ "ယောက်ျားဟူက၊ အရေးကျသော်၊ လုံ့လခိုင်ဖြီး၊ သက်စွန့်ကြီးလော့၊ မြို့စီးတစ်ရာ၊ မြို့လာတစ်ထောင်၊ ယခေါင်ရှေးက၊ ဆိုကုန်ကြလည်း၊" [၁၂၆၆] မဃ ၃၆၅။♦
၅၉၀။ မြင်ဖန်များ ယဉ်ပါး
မိန်းကလေးနှင့် ယောက်ျားလေးတို့သည် တွေ့ဖန် မြင်ဖန်များလျှင် နီးစပ်ကျွမ်းဝင်တတ်သည်။♦
၅၉၁။ မြင်းကို နိုင်လိုက ဇက်၊ သစ်ဝါးကို နိုင်လိုက အမျက်၊ လူကို နိုင်လိုက ချက်
မြင်းကို နိုင်နင်းကျွမ်းကျင်စွာ စီးလိုလျှင် ဇက်ကြိုးကို ပိုင်နိုင်စွာ ကိုင်တတ်ရမည်။ သစ်ဝါးကို လိုသလို ဆစ်ပိုင်းခွဲစိတ်လိုလျှင် အဆစ်အမျက်တို့၏သဘောကို သိထားရမည်။ လူကို မိမိအလိုသို့ ပါအောင် ဆွဲဆောင်လိုလျှင် ချက်ကောင်းကို ကိုင်နိုင်ဖို့ လိုသည်။ "ပညာရှိစကားရှိသည်မှာ မြင်းကို နိုင်လိုက ဇက်၊ သစ်ဝါးကို နိုင်လိုက အမျက်၊ လူကို နိုင်လိုက ချက်ဆိုတဲ့စကား ရှိပေသည်။ သို့ဖြစ်သောကြောင့် အချက်ကို ကြည့်ရှု၍ အမှုကို ဆောင်ရာသည်။" [၁၂၇၉] စံသိုက်။ ၁၂၀။♦
၅၉၂။ မြင်းကို နိုင်လို ဇက်ကိုဆွဲ၊ လေကို နိုင်လို တက်ကိုစွဲ။
မြင်းဇက်ကြိုးကို နိုင်နင်းစွာ ဆွဲတတ်မှ မြင်းကို လိုသလို စီးနိုင်သည်။ တက်ကို ကျွမ်းကျင်စွာ ကိုင်တတ်မှ လှေကို လိုသလို လှော်ခတ်နိုင်သည်။ "မြင်းကို နိုင်လို ဇက်ကိုဆွဲ၊ လှေကို နိုင်လို တက်ကိုစွဲ၊" [၁၂၇၃] ဩဝါ။ ၂၆။♦
၅၉၃။ မြင်းပိန်တော့ ကျိုး၊ ခွေးပိန်တော့ ခိုး။
ပိန်ကြုံချည့်နဲ့နေသော မြင်းသည် ထော့ကျိုးထော့ကျိုး သွားတတ်သည်။ ပိန်ကြုံချည့်နဲ့နေသော ခွေးသည် ခိုးစား တတ်သည်။ "မြင်းပိန်တော့ ကျိုး၊ ခွေးပိန်တော့ ခိုး။" [၁၃၄၈] မြန်မာ့မြင်း။ ၇၃။♦
၅၉၄။ မြင်းမစီးတတ်တော့ အုံးပေါက်၊ ကွမ်းမစားတတ်တော့ ထုံးပေါက်
မြင်းမစီးတတ်ဘဲ စီးလျှင် အုံးပေါက်သည်။ ကွမ်းမစားတတ်ဘဲ စားလျှင် ထုံးပေါက်သည်။ "မြင်းမစီးတတ်တော့ အုံးပေါက်၊ ကွမ်းမစားတတ်တော့ ထုံးပေါက်ဟုတောင်သူကြီးတို့ ရှေးစကားရှိသည်။ ထုံးသည် ငန်သော အရသာ မရှိပေမည့် ကွမ်းတစ်ယာ၏ အလေးအပေါ့ဆိုသောနေရာတွင် ထုံးကို လိုတိုး ပိုလျှော့ပြုရ၏။" [၁၃၃၅] ရှေ့သို့၊ ၂၃၊ ၄။ ၁၂။
ကွမ်းမစားဖူးဘဲ စားတော့ ထုံးပေါက်သည်၊ မြင်းမစီးဖူးဘဲ စီးတော့ကုန်းပေါက်သည်
ထုံးလွန်ကဲသွားသော် ကွမ်းစားလေ့မရှိသူအဖို့ အာခေါင်တွင် ထုံးပေါက်ပြီး ကျိန်းစပ်နေတတ်သည်။ မြင်းကိုလည်း စီးပုံစီးနည်း စနစ်တကျနှင့် စီးတတ်ရ၏။ အရမ်းမဲ့စီးသော် ကုန်းနှီး (မြင်းကျောပေါ်တွင် လူထိုင်ရန်အဝတ်ဖြင့် ပြုလုပ်ထားသောအရာ) ဒဏ်ကြောင့် အသားများပေါက်ပြဲ၍ နာကျင်ခြင်း ဝေဒနာကို ခံစားရတတ်သည်။" [၁၃၄၅] ကားပုံဖွင့်။ ၈၂။♦
၅၉၅။ မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား၊ ဓားမှာ မိုးကြိုး၊ ယွန်း ပုဆိုး
မြင်းတကာတွင် အုန်းခွံရောင်ရှိသော မြင်းသည် အကောင်းဆုံး ဖြစ်သည်။ အစေအပါးတကာတွင်ကုလားသည် အကျိုးနွံဆုံး ဖြစ်သည်။ ဓားတကာတွင် မိုးကြိုးသွားဖြင့် ပြုလုပ်သောဓားသည် အကောင်းဆုံး ဖြစ်သည်။ ပုဆိုးတကာတွင် ယွန်းပုဆိုးသည် အကောင်းဆုံးဖြစ်သည်။ မြင်း အုန်းခွံ၊ ကျွန် ကုလား၊ မယား တောသူ-လည်း ရှု။ "မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား၊ ဓားမှာ မိုးကြိုး၊ ယွန်း ပုဆိုးနှင့်၊ အိုးစားဖက်စုံ၊ စစ်သည်ပုံမှာ၊ ကျွန်ယုံစားမို့၊ မောင်ကလေးငယ် မောင်သာလိုက်တယ်၊" [၉၀၀-ခန့်] အိုင်စု။ ၅။♦
၅၉၆။ မြင်း အုန်းခွံ၊ ကျွန် ကုလား၊ မယား တောသူ။
မြင်းတို့တွင် အုန်းခွံရောင်ရှိသော မြင်းသည် အကောင်းဆုံး ဖြစ်သည်။ အစေအပါးတို့တွင် ကုလားသည် အကျိုးနွံဆုံး ဖြစ်သည်။ မယားတို့တွင် တောသူသည် အကျိုးနွံဆုံး ဖြစ်သည်။ မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား၊ ဓားမှာ မိုးကြိုး၊ ယွန်း ပုဆိုး-လည်းရှု။ "မြင်း အုန်းခွံ၊ ကျွန် ကုလား၊ မယား တောသူ။" [၁၃၅၁] ကားပုံချုပ်။ ၁၃၈။♦
၅၉၇။ မြစ်ရေဖွေးဖွေး ကိုင်းဖွေးဖွေး
မြစ်ရေများပြည့်လျှံသည့် ဝါဆို၊ ဝါခေါင် လတွင်ကိုင်းပင်များ ဖွေးဖွေးလှုပ်အောင် ပွင့်ကြသည်။ "မြစ်ရေဖွေးဖွေး ကိုင်းဖွေးဖွေး ဟု အဆိုရှိကြောင်း ပြောပြကြသည်။ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင် အချိန်ရောက်လျှင် ကိုင်းတို့ပွင့်၍ ဖွေးဖွေးဖြူ နေကြလိမ့်မည်။" [၁၃၂၅] မြန်မြောက်ဖျား။ ၅၀၂။♦
၅၉၈။ မြတ်စွာဘုရားသော်မှ နို့တစ်လုံးဖိုးသာကျေ
မြတ်စွာဘုရားသော်မှ နို့တစ်လုံးဖိုးသာ ကျေအောင် ဆပ်နိုင်သည်ဟု ဆိုရလောက်အောင် မိခင်၏ဂုဏ်ကျေးဇူးသည် ကြီးမားသည်။ "မြင်းမိုရ်တောင်ဦး၊ မကကျူးသည့်၊ ကျေးဇူးတော်အရှင်၊ မွေးမိခင်လို့ ခဏခဏကြားဖူးနေရတော့ ဘုရားသော်မှ မိခင်ကျေးဇူးကို ဆပ်တာ နို့တစ်လုံးဖိုး ပဲ ကျေတယ်ဆိုတာကို လက်ခံချင်ပါတယ်။" [၁၃၄၅-ခန့်] ဓမ္မကထာ။ ၂၆၀။♦
၅၉၉။ မြန်မာမှန် ပုဂံ ရောက်ဖူးရမည်
ပုဂံသည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးရာဖြစ်၍ မြန်မာတိုင်း ရောက်ဖူးသင့်သည်။ "မြန်မာမှန် ပုဂံသို့ရောက်ဖူးရမည် ဆိုသော ဆိုရိုးစကားအတိုင်း မြန်မာတို့၏ ယဉ်ကျေးမှုစုတည်ရာ(ဝါ) မြန်မာ့ကျက်သရေအပေါင်းတို့ ခညောင်းရာဖြစ်သော ပုဂံမြို့သို့ မြန်မာ့ယဉ်ကျေးမှုကို သွားရောက်လေ့လာလိုကြသော သုတေသီများအတွက်… စီစဉ်ပေးခဲ့လေသည်။" [၁၃၂၃] ပုဂံဟော။ ၂၆။
မြန်မာမှန်လျှင် ပုဂံရောက်ဖူးသင့်လှသည်၊ ပုဂံရောက်လျှင် အာနန္ဒာရောက်မှ ပုဂံရောက်သည်မည်၏ဟူသော စကားတစ်ခု ရှိသည်။" [၁၃၅၆] ပုဂံဘုရား။ ၃။♦
၆၀၀။ မြန်မာအစ တကောင်းက
မြန်မာတို့သည် တကောင်းဒေသမှ စတင်၍မြို့ပြနိုင်ငံ ထူထောင်ခဲ့သည်။ "အာဒိစ္စဝံသ သာကိယအနွယ်တော်လျှင် အမွန်ရှိသော မြန်မာမင်း တို့၏ တည်ရင်းအစ ပထမဖြစ်သော တကောင်းပြည်ကြီးကို အစမူသဖြင့်…၊" [၁၁၉၁] မှန်၊ ပ။ ၁၅၃။
မြန်မာအစ တကောင်းကဟု ပြောဆိုကြခြင်းမှာ မှန်နန်းမဟာရာဇဝင်တော်ကြီးအရ…အဘိရာဇာမည်သော သကျသာကီဝင်မင်းသည်… တကောင်း ပြည်ကြီးကို တည်ထောင်စံနေတော်မူ၏ဟု…၊" [၁၃၂၃] ပုဂံဟော။ ၃၉။♦
၆၀၁။ မြိန်ရာ ဟင်းကောင်း
ခံတွင်းကို မြိန်စေသော စားဖွယ်သည် မိမိအဖို့ ဟင်းကောင်းဖြစ်သည်။ (မြိန်ရာ ဟင်းကောင်း၊ ခင်ရာ ဆွေမျိုး-ဟူ၍လည်း အဆိုရှိသည်။) "ကျွန်တော်က ပြန်အားနာတာပါဗျာ၊ မြိန်ရာ ဟင်းကောင်း၊ ခင်ရာ ဆွေမျိုးပေါ့၊" [၁၃၃၉] ငွေတာရီ၊ ၂၁၁။ ၁၃၄။
မြန်မာစကားပုံထဲတွင် မြိန်ရာ ဟင်းကောင်း၊ ခင်ရာ ဆွေမျိုး၊ ပျော်ရာ နိဗ္ဗာန်ဆိုတဲ့ ဝေါဟာရရှိခဲ့တယ်။" [၁၃၃၉] လူရည်။ ၃၉၉။♦
၆၀၂။ မွေးနေ့ဆောင် အောင်
အလုပ်ကိစ္စတို့ကို မိမိမွေးနေ့၌ ဆောင်ရွက်ပါက အောင်မြင်သည်။♦
၆၀၃။ မွေးနေ့သောကြာ၊ တနင်္လာ၊ ကေသာဆံဖြတ်၊ မပြုအပ်
မိမိမွေးနေ့နှင့် သောကြာနေ့၊ တနင်္လာနေ့တို့တွင် ခေါင်းရိတ်ခြင်း၊ ဆံဖြတ်ခြင်း မပြုအပ်။ (ခေါင်းမရိတ်ရာ၊ တနင်္လာနှင့်၊ သောကြာထိုနေ့၊ ရောဂါတွေ့အံ့။ ပူး ကျားနေ့ကို ရှောင်စေလို၊ ခေါင်းကို မရိတ်နှင့်-ဟူ၍လည်း အဆိုများရှိသည်။) "ခေါင်းမရိတ်ရာ၊ တနင်္လာနှင့်၊ သောကြာထိုနေ့၊ ရောဂါတွေ့အံ့။" [၁၂၂၅-ခန့်] လောကီညွန့်။ ၅၇။
ပူး ကျားနေ့ကို၊ ရှောင်စေလို၊ ခေါင်းကို မရတိ်နှင့်။" [၁၂၉၆-ခန့်] သုတသန်။ ၆၅။
မွေးနေ့သောကြာ၊ တနင်္လာ၊ ကေသာဆံဖြတ်၊ မပြုအ်ပ။" [၁၃၃၆] လောကီစုံ။ ၁၁။♦
၆၀၄။ မှိုတစ်ကျင်း မြင်းတစ်ပြေး
ဖက်ဆွတ်မှိုမျိုးသည် မြင်းတစ်ပြေးအကွာအဝေးခန့်အထိ ရှည်လျားစွာ အတန်းလိုက် ပေါက်တတ်သည်။ "ထိုမှိုများသည် ရှည်လျားစွာ အတန်းလိုက် ပေါက်တတ်သည့် သဘာဝရှိခြင်းကြောင့် ယင်းမှိုတို့ကို တွေ့ရလျှင် ပေါက်သည့်နေရာအလျားသည် မြင်းတစ်ပြေးတမျှ အလျားရှိတတ်သည်ဟု ဆိုပေသည်။ ဤသဘောကို တင်စား၍ မှိုတစ်ကျင်း မြင်းတစ်ပြေးဟူ၍ မြန်မာတို့ ဆိုရိုးစကား ပြုကြသည်။"[၁၃၂၀] စာဗိမာန်၊ ၇၊ ၉။ ၄၁။♦
၆၀၅။ မှိုသုံးနှစ်၊ မျှစ်သုံးလ
မီးဖွားပြီးနောက် မှိုကို သုံးနှစ်၊ မျှစ်ကို သုံးလ ရှောင်အပ်သည်။♦
၆၀၆။ မှတ်တစ်ချက်ကောင်း တစ်သောင်းတန်။
ကျောက်စိမ်းတုံးအရိုင်းကို မှတ် ခေါ်ကျောက်ဖြင့် တိုက်၍ ပြချက်ဖော်ပြီး အရောင်တင်ရာတွင် ပြချက်ကောင်းရပါကဈေးကောင်းရသည်။ "မှတ်တိုက်ရာတွင်လည်း ပြချက်ကောင်း၊ မှတ်တင်ရာတွင်လည်း အရောင်သန့် အရောင်လှလျှင် ဈေးကောင်းရသည်။ ထို့ကြောင့် မှတ်တစ်ချက်ကောင်း တစ်သောင်းတန်သည်ဟု ဆိုရိုး ပြုကြသည်။" [၁၃၃၈] ကျောက်စိမ်း၊ ၁၉၉။♦
၆၀၇။ မှန်တာပြော သစ္စာ၊။
ဟုတ်မှန်သော စကားကို ပြောဆိုခြင်းသည် သစ္စာဆိုသည် မည်၏။ "မှန်တာပြော သစ္စာ ဆိုတာလို အကြောင်းအားလျော်စွာ ကျွန်တော်၏ အဖြစ်အပျက်ကလေးကို တစ်ဆင့်တက်ပြီး ပြောပါရစေတော့၊" [၁၂၉၀] သူရိယ၊ ၁၂၊ ၈။ ၁၂၃။
မှန်တာပြော သစ္စာဆိုသည့်အတိုင်း အသုံးချတတ်လျှင် အသုံးကျနိုင်ပါတယ်။" [၁၃၀၉] ဒဂုန်၊ ၂၁၊ ၅။ ၃၄။♦
၆၀၈။ ယတြာကောင်းက မင်းလောင်းပျောက်
ယတြာအစီအရင် ကောင်းလျှင် မင်းလောင်း ပေါ်ပေါက်လာမည့်ကိန်းပင် ပျက်ပြယ်သွားနိုင်သည်။ "ယတြာပြုရှောင်း၊ အကြံကောင်းက၊ အင်းစောင်း၍မှောက်၊ မင်းလောင်း ပျောက်ဟု၊ မဖောက်အလို၊ များလူဗိုလ်တို့၊ မှတ်ဆိုကုန်ကြ၊" [၁၂၆၆] မဃ ၂၈၁။
ယတြာကောင်း မင်းလောင်းပျောက် ဆိုသလို စစ်တောင်းက မြေကိုယူစေပြီး စစ်တောင်းနှင့်နံတူ ဆင်တဲအရပ်၌ စစ်တောင်းမြေကို ကြဲဖြန့်ပြီးလျှင် ယာယီနန်း ဆောက်လုပ်စံနေတော်မူသတဲ့၊" [၁၂၇၇] မောင်ပုံ၊ ဒု။ ၇၂။♦
၆၀၉။ ယတြာကောင်း ကိန်းတစ်သောင်းကျေ။
ယတြာအစီအရင် ကောင်းလျှင် ဘေးအန္တရာယ် ကျရောက်နိုင်သည့် ကိန်းအပေါင်းကို ချေဖျက်နိုင်သည်။ "ယတြာကောင်း ကိန်းတစ်သောင်းကျေဆိုသလိုဖြစ်အောင် လောကီကိန်းခန်း၊ ယာယီယတြာအရာမှာ လိမ္မာပွန်းတီးတဲ့ ပညာရှင်များနဲ့ တိုင်ပင်ပြီးမြန်မြန် ကိန်းချေပစ်ဖို့ သင့်တယ်။" [၁၃၀၉] ဒဂုန်၊ ၂၁၊ ၄။ ၄၉။♦
၆၁၀။ ယောက်ျားကို စေသော် မပြီးနိုင်၊ မိန်းမကို စေသော် မခံနိုင်
ယောက်ျားကိုခိုင်းစေ၍ မပြီး ပြတ်သည့် အချို့ကိစ္စမျိုး၌ မိန်းမကို ခိုင်းစေလျှင် ပြီးပြတ်အောင်မြင်နိုင်သည်။ ယောက်ျားကို စေသော် မပြီးနိုင်၊ မိန်းမကို စေသော် မခံနိုင်၊" [၈၆၃] ကန်မင်း။ ၁။
ဗိုလ်ထုအများ၊ လက်ရုံးအားဖြင့်၊ ယောက်ျားဆောင်သီး၊ မပြီးကိစ္စ၊ တစ်ယောက်မျှပင်၊ မိန်းမရွက်ဆောင်၊ အောင်သည်တစ်မျိုး၊" [၁၂၆၆] မဃ ၂၀၉။♦
၆၁၁။ ယောက်ျားကောင်း မောင်းမတစ်ထောင်
စည်းစိမ်ဥစ္စာ ရှာဖွေနိုင်စွမ်းသော ယောကျာ်းကို မောင်းမအခြွေအရံများစွာက အားကိုးအားထားပြုနိုင်သည်။ "ယောက်ျားကောင်းက မောင်းမတစ်ထောင်ဆိုတာ အဆွေတော်လည်း သိမှာပေါ့၊" [၁၂၉၇] ဗွေ။ ၁၁၉။
ယောက်ျားကောင်း မောင်းမတစ်ထောင်ဆိုသော စကားကို ခင်မြမြ ကြားဖူး၏။ ထိုစကားအရဆိုလျှင် ကိုကိုတင်၏အပြုအမူကို လျစ်လျူမရှုနိုင်စရာ မရှိချေ။" [၁၃၀၂] သွေး။ ၁၆၂။♦
၆၁၂။ ယောက်ျား စာမတတ်လျှင် အကန်း၊ မိန်းမ ရက်ကန်း မတတ်လျှင် အကျိုး
ရှေးအခါက မြန်မာယောက်ျားတိုင်း စာတတ်ကြရသကဲ့သို့ မြန်မာအမျိုးသမီးတိုင်းလည်း ဗိုင်းဝါရက်ကန်းတတ်ကြရသည်။ " ယောက်ျားများ စာမတတ်လျှင် အကန်းနှင့် တူတယ်၊ မိန်းမများရက်ကန်း မတတ်လျှင် အကျိုးနှင့် တူတယ်။" [၁၂၇၅] ဆောင်းပါးချုပ်။ ၃၀၆။
ရှေးမြန်မာတို့တွင် ယောက်ျား စာမတတ်လျှင် အကန်း၊ မိန်းမရက်ကန်း မတတ်လျှင် အကျိုးဟူသော စကားရှိသည်။" [၁၃၃၅] မြဝတီ၊ ၂၁၊ ၄။ ၁၇၉။♦
၆၁၃။ ယောက်ျားတံခွန်၊ လူရည်မွန်က၊ ကောင်းကင်တမွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲလမ်း။
လက်ရုံးရည်နှလုံးရည်နှင့် ပြည့်စုံသော ယောက်ျားသည် ကောင်းကင်က ကြယ်ကိုပင် ဆွတ်ခူးနိုင်သည်ဆိုသကဲ့သို့ ယောက်ျားကောင်းပီပီ ကြိုးစားလျှင် အရာရာကို ရနိုင်သည်။ "ယောက်ျားတံခွန်၊ လူရည်မွန်က၊ မိုးစွန်အထွတ်၊ ကြယ်ကိုဆွတ်သို့၊ မလွတ်တူပျဉ်၊ စက်ဖော်ယှဉ်သား၊" [၉၀၄] ဘုံ ၁၁။
ကောင်းကင်တမွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲလမ်းဆိုသော ရှေးလြူကီးစကားစဉ်အလာ သူကလေးကို ရဖို့အရေးဟာ ကောင်းကင်က ကြယ်ကို ဆွတ်သလောက် မခက်ခဲပါဘူး။" [၁၂၉၂] ကဝိမှန်၊ ၄၊ ၂။ ၉၄။♦
၆၁၄။ ယောက်ျားတို့ဘုန်း၊ ချိန်ဆုန်းခါသင့်၊ ပန်းနှယ်ပွင့်
ပန်းသည် အချိန်တန်လျှင် ပွင့်သကဲ့သို့ ယောက်ျားတို့၏ ဘုန်းတန်ခိုးသည် အချိန်အခါ ကြိုက်ကြုံသည်နှင့် ထွန်းတောက်သည်။ "ယောက်ျားဟူသည်၊ လူတဘုိ့န်းကား၊ ခါဆုန်းချိန်သင့်၊ ပန်းနှယ်ပွင့်၍၊" [၈၅၆] ဘူပေါင်း ၆၂။
ယောက်ျားဘုန်းကား၊ ချိန်ဆုန်းခါသင့်၊ ပန်းနှယ်ပွင့်၏။" [၁၁၅၅] ဥတိန် ၆၈။
ယောက်ျားတို့ဘုန်း၊ ချိန်ဆုန်းခါသင့်၊ ပန်းနှယ်ပွင့် သတဲ့။ ကြည့်ပါလား၊ ပေါက္ကံပြည်မှာ ရသေ့ကြောင်မင်းတို့များ အသက် ၉၀-ကျော်မှာတောင် ရှင်ဘုရင်ဖြစ်သေးတယ်။" [၁၂၉၈] ခွေး၊ ဒု။ ၁၇၀။♦
၆၁၅။ ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး။
ယောက်ျားတို့၏ ဘုန်းတန်ခိုးသည် လက်ရုံးပေါ်မှာ တည်မှီသည်၊ မိန်းမတို့၏ဘုန်းကျက်သရေသည် ဆံထုံးပေါ်မှာ တည်မှီသည်။ (ယောက်ျားမှာ ဘုန်း၊ မိန်းမမှာ ဆံထုံး-ဟူ၍လည်း အဆိုရှိသည်။) "လူ့မြေဆိုထုံး၊ လက်ရုံးယောက်ျား၊ ထင်ရှားတေဇ၊ မိန်းမတို့မှာ၊ ဆံထုံးသာဟု၊ တံတွာစကား၊ ရှိလင့်ငြား၏၊" [၁၁၈၉] ကုသ ၉၃။
စဉ်လာကိစ္စ၊ မျိုးဘာဝလည်း၊ မိန်းမဆံထုံး၊ ယောက်ျားရုံးအောက်၊ သက်ဆုံးခိုမှ၊ ချမ်းသာကြ၏။" [၁၂၆၆] မဃ ၄၀၃။
ယောက်ျားမှာလည်း ဘုန်း၊ မိန်းမမှာလည်း ဆံထုံးဆိုသော စကားပုံ တစ်ခုလည်း ရှိပေသည်။ …ယောက်ျားကောင်းဖြစ်လိုလျှင် ဘုန်းကို အရေးတယူ အလေးမူရမည်။" [၁၂၉၁] နီမာ။ ၇၃။♦
၆၁၆။ ယောက်ျားတို့လုံ့လ သေခါမှ လျှော့
ယောက်ျားတို့သည် ဇွဲ၊ လုံ့လ၊ ဝီရိယကို သေသည့်တိုင် မလျှော့ရချေ။ "ယောက်ျားတို့လုံ့လဆိုတာ သေခါမှ လျှော့ရသတဲ့၊ မြင့်မြတ်သော စိတ်အကြံဖြင့် မနေမနား ြ ကိုးစားအားထုတ်နေသောသူသည် အထွတ်အထိပ်သို့ ရောက်၏တဲ့၊" [၁၃၃၀] တောင်တန်းကိုယ်တွေ့၊ ၂။ ၁၄၈။♦
၆၁၇။ ယောက်ျားဒူလာ၊ မိန်းမ မီးယပ်
အသက်ကြီးသည့်အခါ ယောက်ျားများက ဒူလာရောဂါ ဖြစ်တတ်ကြ၍ မိန်းမများက မီးယပ်ရောဂါ ဖြစ်တတ်ကြသည်။♦
၆၁၈။ ယောက်ျား ဓားသွေး၊ မိန်းမ သားမွေး
ယောက်ျားများသည် တိုင်းပြည်ကာကွယ်ရေးအတွက် အဆင်သင့်ဖြစ်နေစေရန် ဓားကို သွေးကြရမည်။ မိန်းမများသည် တိုင်းပြည်ကာကွယ်ရေးအတွက် အာဇာနည်သူရဲကောင်းများကို မွေးကြရမည်။ "ယောက်ျား ဓားသွေး၊ မိန်းမ သားမွေးဆိုသော စကားရပ်သည် ပဒေသရာဇ်ခေတ်အခါက နိုင်ငံတော်ကာကွယ်ရေးအတွက် လှုံ့ဆော်ခဲ့သော စကားရပ် ဖြစ်သည်။" [၁၃၅၇] ငွေတာရီ၊ ၄၁၆။ ၆၂။♦
၆၁၉။ ယောက်ျားပျင်း ကျောခင်း၊ မိန်းမပျင်း ခြေဆင်း
ပျင်းရိသောယောကျာ်း သည် ကျောခင်းနေလေ့ရှိသည်။ ပျင်းရိသော မိန်းမသည် ခြေဆင်းနေလေ့ရှိသည်။ "ယောက်ျားပျင်းက ကျောခင်းသည်၊ မိန်းမပျင်းက ခြေဆင်းသည်။" [၁၂၇၉ -ခန့်] ဟင်း။ ၁၂၀။♦
၆၂၀။ ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ
ယောက်ျားသားများအဖို့ သစ်ဖောင် စီးလိုက်ရသော အလုပ်နှင့် မိန်းမသားများအဖို့ မီးဖွားရသော အလုပ်သည် အသက်အန္တရာယ်နှင့် နီးလှသည်။ "ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေဆိုတဲ့ စကားကိုလည်း ကြားဖူးပေမပေါ့လေ၊ ဒီအလုပ်မျိုးတွေဟာ သေမင်းလက်မှာ အသက်ကိုအပ်ပြီး လုပ်ရတဲ့ အလုပ်မျိုးတွေကလား၊" [၁၂၉၆] မဉ္ဇရီ၊ ဒု။ ၁၅၀။
ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေဆိုတာ အများသိရှိကြသည့်အတိုင်း အသက်တစ်ပိုင်းဟာ သေမင်းအပ်နှင်းထားရသလို အလွန်ပင် ကြောက်စရာ ကောင်းလှပေသည်။" [၁၃၁၀] သတင်းစုံ၊ ၃၊ ၃၆။ ၂၅။♦
၆၂၁။ ယောက်ျားမှာ လမ်း၊ မိန်းမမှာ ပန်း
ယောက်ျားကလေးများ စိတ်ကစားသည့် အရွယ်တွင် လမ်းထွက်တတ်ကြ၍ မိန်းမကလေးများ စိတ်ကစားသည့်အရွယ်တွင် ပန်းပန်ကာ အလှပြင်တတ်ကြသည်။ "ယောက်ျားမှာ လမ်း၊ မိန်းမမှာ ပန်းဆိုသည့် စကားကဲ့သို့ အာရုံဆိုးက ခဏခဏ နှိုးသည့်အခါ မရိုးသော စိတ်များ ဝင်၍လာပြီးလျှင် ပန်းတွေ ဝေအောင် ပန်ချင်သောစိတ်၊ ဖွေးဖွေးဖြူအောင် ပေါင်ဒါလူးချင်သောစိတ်…၊" [၁၂၉၇-ခန့်] မိန်း။ ၁၃၇။♦
၆၂၂။ ယောက်ျားရန်စစ် ဆုတ်နစ်ရ၏၊ မိန်းမရန်စစ် ဆုတ်နစ်မရ
ယောက်ျားတို့ ရန်ပြုတိုက်ခိုက်လာသည့်အခါ ဆုတ်ခွာရှောင်တိမ်း၍ ရနိုင်၏၊ မိန်းမသားက ရန်ပြုလာသည့်အခါ ဆုတ်ခွာရှောင်တိမ်း၍ မရနိုင်။ "မိန်းမရန်စစ်၊ ဆုတ်နစ်မထင်၊" [၁၁၄၅] သာဓိ ၃၆။
ယောက်ျားရန်စစ် ဆုတ်နစ်ရ၏၊ မိန်းမရန်စစ် ဆုတ်နစ်မရ၊" [၁၂၃၁] အဍ္ဍသံ။ ၅။
ယောက်ျားရန်စစ် ဆုတ်နစ်ရ၏၊ မိန်းမရန်စစ် ဆုတ်နစ်မရ၊" [၁၂၅၇] ပေါဒီ၊ ပ။ ၅၃၄။
ယောက်ျားစစ်ကား၊ ဆုတ်နစ်နိုင်ကြ၊ ကိုယ်ဝန်ရသား၊ မိန်းမတို့စစ်၊ ဆုတ်နစ်မရ၊ ဟူစကြရှင့်၊" [၁၂၆၆] မဃ ၃၀၃။♦
၆၂၃။ ယောက္ခမအိမ်ထက် သမက်သဖွယ် မျက်နှာငယ်
ယောက္ခမအိမ်၌ နေရသော သမက်သည် မျက်နှာငယ်ရသကဲ့သို့ မျက်နှာငယ်ရသည်။ "ယောက္ခမအိမ်ထက် သမက်သဖွယ် မျက်နှာငယ်ဟူသော စကားမှာ သိန်းတန်လို သမက်မျိုး ဖြစ်လေသည်။" [၁၃၁၄] ဆောင်း။ ၁၇၁။
ယောက္ခမအိမ်ထက် သမက်သဖွယ် မျက်နှာငယ်ဟု ဆိုရိုးစကားရှိသည်မှာ သမက်ဆိုသော ယောက်ျားများအဖို့ မထောင်းတာ၊ အိမ်မကွာ ကြမ်းမကွာ နေနေရသော ချွေးမမိန်းကလေးများအဖို့ ယောက္ခမတို့၏ ငြူစူ မောင်းမဲခြင်းအောက်၌… ခပ်ကုပ်ကုပ်ကလေးသာ နေ့စဉ်အမျှ နေကြရပါသည်။" [၁၃၂၈] ငွေတာရီ၊ ၇၄။ ၄၄။♦
၆၂၄။ ရတုသာတုန်း တန်ဆောင်မုန်း
တန်ဆောင်မုန်းလသည် ရာသီဥတုသာယာသောလ ဖြစ်သည်။ "နှင်းဖွဲဖျန်းနီး၊ သန်ပြီးကြွမှု၊ ဆောင်းသို့လု၍၊ ရတုသာတုန်း၊ တန်ဆောင်မုန်းဟု၊" [၈၃၄] ပြည်စုန် ၁၁။♦
၆၂၅။ ရတတ်လျှင် ဘုရားတည်၊ ကြွယ်မှ ကျောင်းဆောက်
သာမန်ချမ်းသာရုံ မျှဖြင့် ဘုရားတည်နိုင်သော်လည်း အလွန် ကြွယ်ဝချမ်းသာမှသာ ကျောင်းဆောက်နိုင်သည်။ "သာမန် ပစ္စည်းလုံလောက်ရုံမျှနှင့် ကျောင်းဆောက်ဖို့ မတတ်နိုင်ကြဘူး၊ အတော်ကြီးကြွယ်ဝမှ လှလှပပနှင့် ကျောင်းကြီးကို ဆောက်နိုင်ကြတယ်။ အဲသို့အတွက်ကြောင့် ရှေးလူကြီးများက ရတတ်လျှင် ဘုရားတည်၊ ကြွယ်မှ ကျောင်းဆောက်ဆိုတဲ့ စကားကို မိန့်ကြားတော်မူခဲ့ကြတာပေါ့၊" [၁၂၇၈] သာရီ၊ မ။ ၅၄။♦
၆၂၆။ ရသာမသိ ဆေးမရှိ၊ ရသာမတည် ဆေးမမည်
မူလအရသာ မရှိတော့သော နွယ်မြက်သစ်ပင်သည် ဆေးဖော်စပ်ရန် အာနိသင် မရှိပေ။ "ရသာမသိ ဆေးမရှိ၊ ရသာမတည် ဆေးမမည်ဆိုသည့်အတိုင်း အရသာတို့ကို လျှာဖြင့် တွေ့ထိ၍ ခွဲခြမ်းစိတ်ဖြာယူရသည်။ ထိုသို့ အတွေ့ကိုယူပြီးမှသာလျှင် နွယ်မြက်သစ်ပင်၏ဂုဏ်အင်ကို ဖော်ထုတ်နိုင်ပေမည်။" [၁၃၄၆] နွယ်မြက်သစ်ပင်။ ၁၀၇။♦
၆၂၇။ ရဟန်းမှာ သိက္ခာ၊ မင်းမှာ ဘိသိက်
ရဟန်းလောင်းကို ရဟန်းအဖြစ်ရောက်အောင် သိမ်၌ သိက္ခာ တင်ရသကဲ့သို့ မင်းကို မင်းအဖြစ်ရောက်အောင် ရာဇဘိသိက် သွန်းရသည်။ "ရဟန်းသိက္ခာ၊ မင်းမှာဘိသိက်၊ သူတော်စိတ်သည်၊ မဖိတ်ကျင့်ရိုး မြတ်အမျိုး၊" [၁၁၄၉] ဓည ၈။
ရဟန်းသိက္ခာ၊ မငှ်းမာဘိသိ်က၊ သူတော်စိတ်ဟု၊ ထိုးထိတ်မရှိ၊ ကျောက်ဂီရိသို့၊ သတိပညာ၊ သမ္မာတည်ကြား၊ ကျင့်မမှားဘဲ၊" [၁၂၆၆] မဃ ၇၂။♦
၆၂၈။ ရာဇဝတ်ဘေး ပြေးမလွတ်
ရာဇဝတ်မှုကျူးလွန်သူသည် မည်သို့ပင် ထွက်ပြေးတိမ်းရှောင်စေကာမူ မိမိ ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် ပြစ်ဒဏ်ကို မုချ ခံရမည်။ "ေဩာ်-ဘယ်လိုပြေးပြေး၊ ရာဇဝတ်ဘေးဆိုသည်မှာ ပြေးမလွတ်ပါ တကား၊" [၁၃၁၆] စာဗိမာန်၊ ၃၊ ၃။ ၆၆။
သက်သေမခိုင်လုံ၍ ကိုကို လွတ်လာတာလား၊ ပသို့ဆိုစေ ရာဇဝတ်ဘေး ပြေးမလွတ် ဆိုသော စကားကို ကိုကို သတိရဖို့ သင့်ပါသည်။" [၁၃၄၁] မြဝတီ၊ ၂၃၀။ ၁၄၉။♦
၆၂၉။ ရာဇာ ပဋ္ဌာနံ
မင်း၏ပြဋ္ဌာန်းချက်သည် ပဓာနဖြစ်သည်။ (ရာဇာ-မင်းသည်၊ ပဋ္ဌာနံ-ပြဋ္ဌာန်း၏။) "ဆယ်ပါးသော တရား၊ ငါးပါးသော သီလနိစ္စကို မြဲအောင် မြစ်တားဆုံးမခြင်းသည် ရာဇပဋ္ဌာန မင်းပြဋ္ဌာန်းသည်မည်၏။" [၁၁၁၅] နု။ ၃၅၈။♦
၆၃၀။ ရာသီမပိုင် ဆေးမကိုင်နှင့်
ရာသီအလိုက် အပူအအေး ဆေးဝါးဓာတ်စာပေးရသည်ကို ပိုင်ပိုင်နိုင်နိုင် မသိပါက ဆေးမကုပါနှင့်။ "ရာသီမပိုင် ဆေးမကိုင်နှင့်ဟု ဆိုရိုးစကားရှိချေ၏။" [၁၂၈၄] ကုထုံး။ နိဒါန်း(ဃ)။"ဆေးဆရာသည် ရာသီ၏သဘောကို သိရသည်။ ထို့ကြောင့်လည်း ရာသီ မပိုင်ဆေးမကိုင်နှင့်ဆိုသော သမားလက်သုံးစကား ဖြစ်ပေါ်လာရသည်။" [၁၃၄၇] ဝေဒ၊ ၉။ ၈၅။♦
၆၃၁။ ရာသီမသိ ပန်းနှင့်ညှိ
အခါရာသီအလိုက် ပွင့်သော ပန်းတို့ကို ကြည့်၍ မည်သည့်လ၊ မည်သည့်ရာသီရောက်ပြီကို ခန့်မှန်းတွက်ဆနိုင်သည်။ "နုရင့်ချိန်မီ၊ ကိုက်ဖူးစီလျက်၊ ရာသီမသိ၊ ပန်းနှင့်ညှိ သော်၊ ညီဘိကာလ၊ မလွန်ကြရှင့်၊" [၁၂၆၆] မဃ ၂၈၀။
ရာသီမသိ ပန်းနှင့်ညှိ ဟူသည့်အတိုင်း သစ်ပင်တို့သည် လူသားတို့အတွက် ဥတုသုံးပါး၊ ရာသီဆယ့်နှစ်ပါးနှင့်တကွ လူသားတို့အား နှစ်၊ လမှန်ကန်မှုတို့ကိုလည်း တစ်ဖက်တစ်လမ်းမှ ဖော်ပြကြကုန်၏။"[၁၃၁၇] ပုံပြဆေး၊ ပ။ ၁၇။♦
၆၃၂။ ရေချိုး၍ သေသည့် မသာသာရှိသည်၊ ရေမချိုး၍ သေသည့် မသာမရှိ
ရေချိုးမှား၍ သေရသည်သာရှိသည်၊ ရေမချိုး၍ သေရသည် မရှိချေ။ "နောင်လာနောက်သားများကို ရှေးလူကြီးသူမများက ရေချိုးခြင်းနှင့် ပတ်သက်၍ ရေမချိုး၍ သေသည့် မသာမရှိ၊ ရေချိုးမှား၍ သေတတသည့်် မသာသာ ရှိသည်ဟု… ပြောပြခဲ့ကြကြောင်း…၊" [၁၃၅၅] နက္ခတ္တ၊ ၈၂။ ၄၆။♦
၆၃၃။ ရေတစ်အိုး မိုးတစ်ပေါက်။
အပင်များ ရှင်သန်ရေးအတွက် မိုးရေတစ်ပေါက်သည် ရေတစ်အိုးစာမျှ တာသွားသည်။ မိုးတစ်စက် ရေတစ်ရွက်-နှင့် အတူတူ။ "ရေတစ်အိုး မိုးတစ်ပေါက်ဆိုသည်မှာ မှန်လှ၏။ ယခုလို မိုးဝေးသွား သောအခါ၌ကား ထွက်လာသော အသီးကောင်းများက ချည့်နဲ့ပိန်လှီလှပေသည်။" [၁၃၁၉] ရှုမဝ၊ ၁၀၊ ၁၁၆။ ၇၃။♦
၆၃၄။ ရေ နိမ့်ရာစီး၊ မီး မြင့်ရာလောင်
ရေသည် နိမ့်ရာသို့ စီးမြဲသဘော ရှိသည်။ မီးသည် ယင်း၏အထက်နားတွင် ရှိသော အရာကို စွဲတတ်၊ လောင်တတ်သောသဘော ရှိသည်။ ရေနိမ့်ရာစီး၊ မီးမြင့်ရာလောင်- စကားပုံလည်းရှု။ "ရေနိမ့်ရာစီး၊ မီးမြင့်ရာလောင်၊ ဆိုသောယောင်သို့၊ မရှောင်စိတ်က၊ မျက်ဒေါသနှင့်၊ မာနလွန်စွာ၊ မယစ်ရာဘူး၊" [၁၂၆၆] မဃ ၂၃၅။
ရေကားတစ်သီး၊ နိမ့်ရာစီး၍၊ မီးကားထိန်ပြောင်၊ မြင့်ရာလောင်ဟု၊ လူ့ဘောင်ထင်ရှား၊ ဤစကားလည်း၊ မှတ်သားတစ်ချက်၊" [၁၃၀၀] စိန်ဆေး။ ၂၅။♦
၆၃၅။ ရေဘူးနှင့်ဖိနပ်မပါ နွေခါမှသိ၊ ဒါနနှင့် သီလမပါ သေခါမှသိ
ရေဘူးနှင့် ဖိနပ်မပါလျှင် နွေအခါ နေပူဒဏ်၊ ရေငတ်ဒဏ်ခံရမှ နောင်တရမည်ဖြစ်သကဲ့သို့ ဒါနမပြုမိ သီလမဆောက်တည်မိ၍ ကုသိုလ်မရသည်ကို သေခါမှ နောင်တရမည်။ "ဒါနနှင့်သီလမပါ သေခါမှသိရမယ်ဆိုတာတွေကို သဘောမကျနိုင်၊ မနှစ်ခြိုက်နိုင်ကြပေဘူး။ ပစ္စည်းကို တွယ်တာတဲ့ တဏှာစရိုက်နှင့် အမိုက်သဘောတွေက သောသောဝေနေကြတော့တာပေါ့။" [၁၂၉၆-ခန့်] မဉ္ဇရီ၊ ဒု။ ၈၀။
ဒါနနှင့်သီလမပါ သေခါမှသိ၊ ရေဘူးနှင့်ဖိနပ်မပါ နွေခါမှသိသည်ဟူသော စကားသည် ကျွန်တော်တို့၏စိတ်၌ ထက်မြက်လာသည်။ ထိုမျှလောက် ပူပြင်းလှသော ရာသီတွင် ခရီးသွားနေကြသော ကျွန်တော်တို့မှာ ရေဘူးမပါလာခြင်းကြောင့် ဖြစ်ဟန်တူသည်။ မွန်းတည့်ခါနီးလေလေ ပူလေလေ၊ ရေငတ်လေလေ ဖြစ်လာသည်။" [၁၂၉၇-ခန့်] ဇော်ချုပ်၊ ပ။ ၅၉။♦
၆၃၆။ ရေမရှိကန်၊ ဆန်မဲ့စပါး၊ တရားမဲ့မင်း၊ ခိုးကင်းသည့်မီး
ရေမရှိသောကန်၊ အဆန်မရှိသောစပါးဖျင်း၊ တရားမဲ့သောမင်း၊ အခိုးအလျှံမရှိသောမီးတို့သည် အချည်းနှီးသာဖြစ်သည်။ "ရေမရှိကန်၊ ဆန်မဲ့စပါး၊ တရားမဲ့မင်း၊ ခိုးကင်းသည့်မီး၊ ဤလေးသီးကား၊ ချည်းနှီးမျှသာ၊ ဂုဏ်ဝါတစိ၊ ကျိုးမရှိဘူး၊" [၁၂၆၆] မဃ ၃၂၃။♦
၆၃၇။ ရေလာကောင်းစရာက မြောင်းသာမှ
မြောင်း၏အနေအထား ကောင်းအောင် ပြုပြင်ပေးမှသာ ရေစီးရေလာ ကောင်းမည်။♦
၆၃၈။ ရေသတ္တဝါကုန်း၊ ကုန်းသတ္တဝါရေ၊ ကျက်စားလေ၊ မိုးသွေကင်းမည်ပ
ရေသတ္တဝါများ ကုန်းပေါ်တက်၍ ကျက်စားလျှင်ဖြစ်စေ၊ ကုန်းသတ္တဝါများ ရေသို့ ဆင်း၍ ကျက်စားလျှင်ဖြစ်စေ မိုးခေါင်တတ်သည်။ "ရေသတ္တဝါကုန်း၊ ကုန်းသတ္တဝါရေ၊ ကျက်စားလေ၊ မိုးသွေကင်းမည်ပ။" [၁၂၉၆-ခန့်] သုတသန်။ ၉၆။
ရေသတ္တဝါကုန်း၊ ကုန်းသတ္တဝါရေ၊ ကျက်စားလေ၊ မိုးသွေကင်းမည်ပ။" [၁၃၃၆] လောကီစုံ။ ၈၂။♦
၆၃၉။ ရေအကျိုးဆယ်ပါး မတောင်းဘဲပြည့်
ရေလှူရခြင်းသည် ဆုမတောင်းရဘဲ အကျိုးဆယ်ပါးပြည့်သည်။ (သက်ရှည်ဆင်းလှ၊ ချမ်းသာရ၊ ဗလဉာဏ်ပညာ။ စင်ကြယ်သန့်ရှင်း၊ ကျော်စောခြင်း၊ ခပင်းခြွေရံကာ။ ရေမငတ်ငြား၊ လျင်မြန်သွား၊ ဆယ်ပါးရေကျိုးလာ။) "ရေလှူသော ပုဂ္ဂိုလ်များ ဆုမတောင်းဘဲ ၎င်းအကျိုးဆယ်ပါးကို ရသည်ဟူ၏။ (က) ကိတ္တိသုဒ္ဓေါ၊ ခြွေရံပေါ၊ လျင်ဆောမွတ်သိပ်ကွာ။ (ခ) သန့်ရှင်းဆင်းလှ၊ချမ်းသာရ၊ ဗလဉာဏ်ပညာ။ (ဂ) ရေကိုလှူကြ၊ ကျိုးဆယ်ဝ၊ မုချ ရမည်သာ။" [၁၃၁၇] သုတေသန။ ၄၅၈။♦
၆၄၀။ ရေအဆုံး၊ ကုန်းတစ်ဝက်။
ပျောက်ဆုံးပစ္စည်းကို ရေမှ ပြန်တွေ့သူအား ပိုင်ရှင်က အပြီးအပိုင် ပေးရ၏။ ကုန်းမှ ပြန်တွေ့သူအားမူ ပိုင်ရှင်က ထက်ဝက် ပေးရ၏။ "ဟောသည်မှာ ရပြီ၊ ရေမှာ အဆုံး၊ ကုန်းမှာ တစ်ဝ်ကဆိုတဲ့ ဥပဒေနှင့်အညီ တစ်ဝက်ကိုဖြင့် သည်က ပိုင်ပေါ့၊" [၁၂၇၈] တင်မြ၊ ပ။ ၁၅၀။
ရက်ကန်းသည်မတစ်ဦး ရွှေအိုးတစ်အိုးတွေ့ရာမှာ မှူးမတ်များကုကန်းမှာ တစ်ဝက်၊ ရေမှာ အဆုံးဟူသည့်အတိုင်း တစ်ဝက်ခွဲယူ၍ ဘုရင်ကိုဆက်ရာတွင်…၊" [၁၃၄၁] ငွေတာရီ၊ ၂၂၉။ ၃၃။♦
၆၄၁။ ရေးခါမကျန် ဖတ်ခါချန်
မြန်မာဝေါဟာရများကို ရေးရာ၌ စာလုံးပေါင်း အမှန်အတိုင်း မကြွင်းမကျန်အောင် ရေးရသည်။ ဖတ်သည့်အခါတွင်မူ အချို့ကို ဗျည်းသံ၊ သရသံချန်၍ ဖတ်ရသည်လည်းရှိသည်။ ရေးတော့အမှန် ဖတ်တော့အသံ-လည်းရှု။ "မြန်မာ့ဘာသာ ဝေါဟာတို့တွင် ရေးခါမကျန် ဖတ်ခါချန်သော ထူးသော အသတ်အငင် အတင်တို့သည်…၊" [၁၂၄၅] လွှတ်ပုံ။ ၁၆၇။♦
၆၄၂။ ရေးတော့အမှန်ဖတ်တော့အံသ
မြန်မာဝေါဟာရများကို ရေးရာ၌ မှန်ကန်သော စာလုံးပေါင်းအတိုင်း ရေးရသည်။ ဖတ်သည့်အခါတွင်မူ အချို့ ဝေါဟာရ များကို အသံပြောင်း၍ ဖတ်ရသည်။ ရေးခါမကျန် ဖတ်ခါချန်-လည်းရှု။ "ရေးခါအမှန် ဖတ်ခါအသံဟူသော စာဖတ်ရာ လိုက်နာရခြင်းနည်းများမှာ အောက်ပါသုံးမျိုးအတိုင်းပင်တည်း။" [၁၂၈၅] ချုပ်ပုံ၊ မ။ ၁၉၂။
ရေးတော့အမှန် ဖတ်တော့အံသဟု ပြောရိုးရှိသည့်အတိုင်း မြန်မာစကားများမှာ ရေးတော့သတ်ပုံအမှန်အတိုင်း ရေးပြီးလျှင် ဖတ်တော့တစ်မျိုး ဖတ်ရသဖြင့်…၊"[၁၃၂၄] နဝရတ်ကိုး။ ၁၄၀။♦
၆၄၃။ ရဲသော် မသေ
ရဲစွမ်းသတ္တိရှိသော သူသည် အသက်သေသော်လည်း နာမည် မသေပါ။ ရဲသော် မသေ၊ သေသော် ငရဲမလား-လည်းရှု။ "အသက်စွန့်ကြဲ၊ ရဲသော်မသေ၊ ဝံ့လေစေဟု၊ လူ့မြေထုံးဆို၊ မောင်ပင်ကိုလည်း၊ မြင်းမိုရ်နှလုံး၊ ရဲဆုံးခိုင်ကျည်၊ မောင့်မူနည်ကို၊" [၈၇၁] ဟင်္သာ ၄၅။♦
၆၄၄။ ရဲသော် မသေ၊ သေသော် ငရဲမလား
ရဲစွမ်းသတ္တိရှိသောသူသည် အသက်သေသော်ငြားလည်း မြတ်သော သေခြင်းဖြင့်သာ သေရသည်။ ရဲသော် မသေ-လည်းရှု။ "ရဲဘိသောထွေ၊ သက်မသေတည်၊့ သေတုံသော်လည်း၊ အောက်ဖော်တကွဲ၊ ငရဲရပ်မြေ၊ မသက်လေတည့်၊" [၁၁၅၅] ဥတိန် ၇၅။
ရဲသော်မသေ၊ ဆိပ်အန်မြွေသို့၊ သေလတ်တုံငြား၊ မျောက်နှစ်ပါးသို့၊ မလားငရဲ၊ ကောင်းရာမြဲလိမ့်၊" [၁၁၈၃] ပဉ္စာ ၈၁။♦
၆၄၅။ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ
ကြီးပွားလိုသူတို့သည် ရိုးသားရမည်။ ရည်ရွယ်ချက် မြင့်မားရမည်။ "ကြီးပွားချမ်းသာလိုသူဟာ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံဖို့ပါပဲ။" [၁၃၄၅] လူမင်။ ၂၈၃။♦
၆၄၆။ ရိုးလွန်းတော့ အ
ရိုးအေးလွန်းပါက အနုံအအ ဖြစ်တတ်သည်။♦
၆၄၇။ ရက်စက်မှ ကြေကွဲ
ရက်ရက်စက်စက်ပြောဆိုပြုမူလိုက်မှသာ တစ်ဖက်သားမှာ စိတ်နှလုံး ထိခိုက်ကြေကွဲနာကြည်း၍ နောင်ကြဉ်သွားသည်။ "ငါ သူ့ကို ယခုထက်တိုင် မမေ့မမုန်းသော်လည်း လောကမှာ လူတစ်လုံး လုပ်ချင်တဲ့ စိတ်က ဖိနှိပ်ချိုးနှိမ်လို့ မရနိုင်အောင် ရှိလေတော့…ဟယ်-မတတ် နိုင်ပါဘူး၊ ရက်စက်မှ ကြေကွဲသတဲ့၊" [၁၂၈၂] ပီချုပ်၊ ဒု။ ၃၀၇။♦
၆၄၈။ ရင်သွေးဟူက ချစ်မဝ
မိဘတို့သည် သားသမီးကို ချစ်ရာ၌ အားရတင်းတိမ်သည် မရှိပေ။ "ရင်သွေးဟူက၊ ချစ်မဝတည့်၊ မိဘတံတွာ၊ သားတကာနှင့်၊ တစ်ရာနှစ်ကဲ၊ လည်ချင်းနွှဲလည်း၊ ရောင့်ရဲမထင်၊ စုံမက်ကြင်လျက်၊" [၈၈၅]ကိုး ၄၅။
ရင်သွေးဟူက၊ ချစ်မဝသည်၊ လောကအားလုံး၊ သားကိုမုန်းတယ်လို့၊ ထုံးစံဘယ်မှာရှိသလဲ၊" [၁၂၂၅-ခန့်] ဝိဇယ။ ၅။♦
၆၄၉။ ရင်းထောင်ထောင် ပြောင်၊ ရင်းထောင်လှဲ မွဲ
ထန်းသမားတို့သည် ထန်းလုပ်ငန်း လုပ်ရသည့်အခါ၌ စားဝတ်နေရေး ပြေလည်ကြသော်လည်း လုပ်ငန်း ရပ်နားနေရသောအခါတွင်မူ စားဝတ်နေရေး မပြေမလည် ဖြစ်ကြရသည်။ "မောင်ကြီးတို့နယ်က ထန်းသမားတွေဟာ အရင်ကလို ရင်းထောင်ထောင် ပြောင်၊ ရင်းထောင်လှဲမွဲဆိုတဲ့ စကားလို မဖြစ်ကြရတော့ဘူးပေါ့။" [၁၃၁၅] ယမုန်။ ၁၆၄။
ရင်းထောင်ထောင် ပြောင်၊ ရင်းထောင်လှဲ မွဲ-ထန်းသမားလုပ်သားတို့၏ လက်သုံး စကားပုံတစ်ခု ဖြစ်လေသည်။" [၁၃၃၁] ထန်း။ ၁၄၁။♦
၆၅၀။ ရောင့်ရဲတင်းတိမ် လူ့စည်းစိမ်
ရောင့်ရဲတင်းတိမ်ခြင်းသည် လူ့ဘဝတွင် စိတ်ချမ်းသာရဆုံးသော စည်းစိမ် ဖြစ်သည်။ သန္တုဋ္ဌိ ပရမံ ဓနံ-နှင့် အတူတူ။ "ရောင့်ရဲတင်းတိမ် လူ့စည်းစိမ် ဆိုသည့်အတိုင်း သင့်ရုံမျှနှင့် ရောင့်ရဲမှုသည် စိတ်အား အနှောင့်အယှက်မပေးနိုင်သော စည်းစိမ်တစ်မျိုး ဖြစ်သောကြောင့်…၊" [၁၃၁၄] မင်မြု။ ၃၃၉။
ရောင့်ရဲတင်းတိမ် လူ့စည်းစိမ် ဆိုသည့်အတိုင်း…ဖြစ်တတ်သမျှ ရတတ်သမျှနှင့် ရောင့်ရဲနိုင်လျှင် ဝမ်းနည်းစရာအကြောင်း မရှိသည့်အပြင် ရောက်လေရာရာဘဝ ဖြစ်လေရာရာအဆင့်အတန်းတို့၌ ဆင်းရဲနိုင်ဖွယ်အကြောင်း မရှိဘဲ စိတ်အေးလက်အေး နေနိုင်မည်သာ ဖြစ်ပေသည်။" [၁၃၂၉] စိတ်အရသာ။ ၇၈။♦
၆၅၁။ ရောင်းသူ တစ်ဆယ်၊ ဝယ်သူ ငါးကျပ်
ရောင်းသူက တစ်ဆယ်ဟု ဈေးဆိုသည်ကို ငါးကျပ်သာပေးနိုင်သည်ဟု ဈေးဆစ်နိုင်သည်။ "ရောင်းသူ ၁၀ိ၊ ဝယ်သူ ၅ိ ဆိုတာလို အကျပ်အတည်းထဲမှာ ရက်ဆွဲလို့ မရောင်းသာဘူး။" [၁၂၇၅] ဆောင်းပါးချုပ်။ ၂၄၆။
ရောင်းသူ တစ်ဆယ်၊ ဝယ်သူ ငါးကျ်ပလို့ ဆိုရိုးစကားရှိပေတယ်။ သို့သော် ကုန်ဆိုတာ ဝယ်သူကို လိုက်လို့ အဖိုးတန်ပါကြောင်း။" [၁၂၉၄] ဗျိုင်းနား။ ၁၆၁။♦
၆၅၂။ ရည်းစားတစ်ထောင်၊ လင်ကောင်တစ်ယောက်
၁၊ အချို့မိန်းကလေးများသည် ရည်းစားများများထားပြီးမှ ခင်ပွန်းအဖြစ် တစ်ယောက်ကိုသာ စိတ်ကြိုက်ရွေးချယ် တတ်ကြသည်။ "ရည်းစားတစ်ထောင်၊ လင်တစ်ကောင်ဟု၊ လူ့ဘောင်ဆိုရိုး၊ မော်ကွန်းထိုးရှင့်၊" [၁၂၆၆] မဃ ၂၉၉။
ကျွန်တော့်ရည်းစားဟာ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတဲ့ သောကောရောကောအစားထဲက မဟုတ်ပါဘူး၊ အင်မတန် စောင့်စောင့် စည်းစည်းရှိတဲ့ အစားထဲကပါ၊" [၁၃၁၂] မေလေး။ ၁၄၁။
၂၊ အပျိုဘဝတွင် ရည်းစားများစွာ ရှိနိုင်သော်လည်း အိမ်ထောင်ဖက်အဖြစ်မူ တစ်ယောက်တည်းသာ ရှိရသည်။ "လင်ရယ်သားရယ်လို့အထင်အရှားဖြစ်လာတဲ့တစ်နေ့ မျက်နှာမပြောင်းရင် ပြီးတာပဲ၊ ရည်စားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတာ ရှင်နားလည်လိမ့်မယ်။" [၁၃၀၂] သွေး။ ၁၅၃။♦
၆၅၃။ ရန်ကို မေတ္တာ၊ မင်းမှာ လက်ဆောင်
ရန်ကို အောင်မြင်လိုသော် မေတ္တာပွားရာသည်။ မင်းကို ချစ်စေလိုသော် လက်ဆောင်ပဏ္ဏာ ဆက်သရာသည်။ "ရန်ကို အောင်စေလိုသော်မေတ္တာ၊ မငို်းက ချ စ်စေလိုသော် လက်ဆောင်၊" [၁၁၄၇-ခန့်] ဟံချုပ်။ ၂၂၅။
ရန်ကိုမေတ္တာ၊ မင်းမှာလက်ဆောင်၊ ပြီးစီးအောင်၏၊ လူ့ဘောင်ရှေးက၊ ဆိုကြသော့တိုင်း၊" [၁၂၆၆] မဃ ၂၀၇။♦
၆၅၄။ ရန်ကို ရန်ချင်း မတုံ့လျှင်းနှင့်
သူတစ်ပါးက မိမိအား ရန်ပြုလာသော် လုံးဝပြန်၍ ရန်မပြုပါနှင့်။ နဟိ ဝေရေန ဝေရာနိ-နှင့် အတူတူ။ "သူတစ်ပါးတို့အား ရန်လိုခြင်း၊ မျက်မာန်ရှ၍ မုန်းထားခြင်းကို မပြုအပ်ကုန်။ ရန်ကို ရန်ချင်း မတု့ံလျှင်းနှင့်ဟူ၍ရှိသည်။" [၁၂၆၆] သန်းမေ၊ ဒု။ ၁၀၅။
ရန်ကို ရန်ချင်း မတုံ့လျှင်းနှင့်ဆိုတဲ့စကားအတိုင်း တစ်ယောက်က ဒေါသထွက်တဲ့အခါ တစ်ယောက်က ပြန်လှန်ပြီး မျက်မာန်ဒေါသထားမှဖြင့်…၊" [၁၂၉၀] သန်းသန်း၊ တ။ ၈၇။
အမေရယ်၊ သည်းခံပါ။ ရန်ကို ရန်ချင်း မတုံ့နှင်းကောင်းပါဘူး။ သူတို့ အခွင့်သာတဲ့အခါ မောက်နိုင်သမျှ မောက်ပါစေ။" [၁၃၀၃] မင်းခွေး။ ၇၆။
ရှေးအခါက သူကြွယ်မတစ်ဦးသည် အရွယ်ရောက်လာသော သားအားသင့်လျော်သော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ထိမ်းမြားပေးရာ သားသမီး မထွန်းကားသဖြင့် သားဖြစ်သူအား အခြားအမျိုးသမီးတစ်ဦးနှင့် လက်ဆက်စေ ပြန်သည်။ ပထမဇနီးသည် နောက်ဇနီးအား သားသမီး မထွန်းကားစေလိုသဖြင့် ပဋိသန္ဓေ ပျက်စီးအောင် အကြိမ်ကြိမ် ပြုလေသည်။ ထို့ကြောင့် ဒုတိယဇနီး သေဆုံးရလေသည်။ သူတို့နှစ်ဦးသည် ဖြစ်လေရာဘဝများတွင် လက်စားချေနိုင်ကြောင်း ဆုတောင်းခဲ့ရာ ကြက်နှင့်ကြောင်ဘဝတွင် ကြက်မွေးသမျှ ကြောင်ကစား၍ ကျားနှင့်သမင်ဘဝတွင် သမင်မွေးသမျှကို ကျားက စားပြန်လေသည်။ နောက်ဆုံး လူနှင့်ဘီလူးမဘဝတွင် ဘီလူးမက လူမွေးသမျှ သားသမီးတို့ကို စားပြန်၏။ ဤသို့လျှင် ကျင်လည်ခဲ့သမျှသော ဘဝများ၌ အပြန်အလှန် ရန်ငြိုးထား၍ သူနိုင်သူစား၊ ငါနိုင်ငါစား အချင်းချင်း ရန်ပွားခဲ့ကြသည်။ မြတ်စွာဘုရားသည် ထိုသူနှစ်ဦးအား "သင်တို့သည် ငါဘုရား ရှေ့မှောက်သို့ မရောက်လာခဲ့လျှင် မြွေနှင့်မြွေပါ၊ ဝံနှင့်ကြို့ပင်စောင့်နတ်၊ ကျီးနှင့် ခင်ပုပ်တို့ကဲ့သို့ ကမ္ဘာပတ်လုံး မဆုံးမချင်း ရန်ငြိုးဖွဲ့ကြလိမ့်မည်။ ခိုက်ရန်တို့ မည်သည်ကား ရန်တုံ့မမူသဖြင့်သာလျှင် ငြိမ်းပျောက်ကုန်၏။ ရန်တုံ့မူသဖြင့် မငြိမ်းမပျောက်သည်သာလျှင်တည်း"ဟု မိန့်တော်မူသည်။ ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ၊ ယမကဝဂ်၊ ၄-ကာဠီယက္ခီနီဝတ္ထု။♦
၆၅၅။ ရန်လိုက ရန်ပိုသည်၊ ရန်မလိုမှ ရန်ပြိုသည်
သူတစ်ပါးအား ရန်လိုလျှင် မိမိ၌ ဘေးရန်များတတ်သည်။ သူတစ်ပါးအား ရန်မလိုမှသာ မိမိ၌ ဘေးရန်ကင်းရှင်းမည်။ "သည်းပွတ်မင်းပျို၊ ရန်မလိုနှင့်၊ ရန်လိုရန်ပို၊ ရန်မလိုက၊ ရန်ပြို သတတ်၊ မှန်မချွတ်တည့်၊" [၁၂၆၆] မဃ ၂၀၇။
ရန်လိုလျှင် ရန်ပိုသည်၊ ရန်မလိုမှ ရန်ပြိုသည် ဆိုသော စကားကဲ့သို့ သူတစ်ပါးတို့အား ရန်လိုခြင်း၊ မျက်မာန်ရှ၍ မုန်းထားခြင်းကို မပြုအပ်ကုန်။" [၁၂၆၆] သန်းမေ၊ ဒု။ ၁၀၅။♦
၆၅၆။ ရုပ်လက္ခဏာ လူ့ဇာတာ
လူတစ်ယောက်၏ ဘဝကံအကြောင်းတရားကို ထိုသူ၏ ရုပ်သွင်ပြင်လက္ခဏာအရ သိနိုင်သည်။ "ရုပ်လက္ခဏာ လူ့ဇာတာဆိုတဲ့အတိုင်း ဗေဒင်ဆရာတွေ ဖွဲ့တဲ့ ဇာတာက မှန်ချင်မှ မှန်တာပါ။ မွေးတုန်းက ပါလာတဲ့ ရူပလက္ခဏာနှင့် အင်္ဂါနိမိတ် များဟာ အလွန်တရာ မှန်ကန်တာပဲ၊" [၁၂၈၂] ရွှေပြည်၊ ပ။ ၂၀။♦
၆၅၇။ ရုပ်သေးမှာ အသံ၊ ဇာတ်မှာ ဟန်
ရုပ်သေးတွင် ဆိုပေးသည့်အသံ ကောင်း ရန်မှာ အဓိကဖြစ်သကဲ့သို့ ဇာတ်တွင်ကပြသူတို့ ဟန်ပန်အမူအရာကောင်းရန်မှာ အဓိက ဖြစ်သည်။ "ရုပ်သေးမှာ အသံ၊ ဇာတ်မှာ လဟူန်ဟု ဆိုရိုးရှိသည်။ ဇာတ်မင်းသား ဇာတ်မင်းသမီး လှမှ လူကြိုက်သည်။" [၁၃၀၉] သံဆင့်။ ၄၉။
ရုပ်သေး အသံ၊ ဇာတ်မှာ ဟန် ဟု မြန်မာ့သုခုမ၌ ဆိုစကားရှိ၏။" [၁၃၃၄] ငွေတာရီ၊ ၁၄၇။ ၈၇။♦
၆၅၈။ ရွေးလွန်းလျှင် မရ၊ သေးလွန်းလျှင် မလှ
သေးငယ်လွန်းပါက မလှမပဖြစ် တတ်သကဲ့သို့ ဇီဇာကြောင်ပြီး ရွေးချယ်လွန်းပါကလည်း ဘာမျှမရ ဖြစ်တတ်သည်။ "ရွေးလွန်းလျှင် မရ၊ သေးလွန်းလျှင် မလှတ၊ဲ့ ရှေးကပုံထား၊ လူထဲမှာနေ၊ လူဖြစ်ထွေကို၊ အကျေသားနှင့်၊" [၁၂၂၅-ခန့်] ရေသည်။ ၃၅။
ရွေးလွန်းတော့ မရ၊ သေးလွန်းတော့ မှလဆိုသည့် စကားအတိုင်း ဦးသာဒွေး နွားရွေးလွန်းသဖြင့် တော်တော်နှင့် နွားဝယ်ရမည်မဟုတ်၊" [၁၃၄၂] နွားသမား။ ၁၃၇။♦
၆၅၉။ ရှာလျှင်ရှား၊ လွှာလျှင်ပါး
လွှာလေ ပါးလေ ဖြစ်သကဲ့သို့ ရှာလေ ရှားလေ ဖြစ်တတ်သည်။ "မလိုချင်တဲ့ဟာ ဖြစ်လေလေ နေရာတကာ ပေါလေလေပဲ၊ လိုချင်တာ နှင့်ကျမှဖြင့် မရနိုင်အောင် ရှားနေတာပဲ၊ ရှာလျှင်ရှား၊ လွှာလျှင်ပါးဆိုတဲ့ စကားဟာ အလွန်တရာ မှန်ပါကလား၊" [၁၂၇၈] တင်မြ၊ ဒု။ ၁၈၀။♦
၆၆၀။ ရှေ့က ဖုံး၊ နောက်က ပေါ်
ဖုံးဖိပြောဆိုလုပ်ကိုင်ထားသမျှသည် ပြောဆို လုပ်ကိုင်ရင်း မဟုတ်မှန်ကြောင်း ပေါ်ပေါက်လာသည်။♦
၆၆၁။ ရှေ့ စံကား၊ နောက် ဖလား
စောင်းအိုးတွင် စောင်းလက်ရုံးနှင့် စောင်းအိုး ဆက်ထားသည့် စောင်းဦးပိုင်းကို စံကားရွက်ပုံသဏ္ဌာန် ပြုလုပ်ရသည်။ စောင်းပဲ့ပိုင်းကို ဖလားပုံသဏ္ဌာန် ပြုလုပ်ရသည်။ "စောင်းလက်ရုံးနှင့်စောင်းအိုး ဆက်ထားသော အပိုင်းမှာ (လှေ) စံကားရွက် သဏ္ဌာန် ပြုလုပ်၍ စောင်း၏ပဲ့ပိုင်းမှာ ဖလားသဏ္ဌာန် ပြုလုပ်ရသည်။ ဤ သည်ကို ရည်၍ ရှေးပညာရှင်တို့က ရှေ့ စံကား၊ နောက် ဖလားဟူ၍ ဆိုကြ၏။" [၁၃၂၄] စွယ်စုံ၊ ၄။ ၅။
ရှေ့ စံကား၊ နောက် ဖလားဟူသော စကားနှင့်အညီ စောင်းလက်ရုံးနှင့် စောင်းအိုးဆက်မည့်နေရာ ဦးပိုင်းတွင် စောင်းအိုးကို စံကားရွက်ပုံထွင်းပြီး စောင်းပဲ့ပိုင်း၌ ဖလားပုံသဏ္ဌာန် ထွင်းရပါသည်။" [၁၃၃၀] စောင်းနှင့်ဘဝ။ ၄၀။♦
၆၆၂။ ရှေ့နေ ပျိုစေ၊ သမား အိုစေ
ရှေ့နေဆိုလျှင် လျှောက်လဲ ချေပရာ၌ သွက်လက် ပျိုမျစ်သည့် အရွယ်ရှိသူသာ အသင့်တော်ဆုံး ဖြစ်သည်။ သမားဆိုလျှင် အတွေ့အကြုံ ရင့်ကျက်သည့် သက်ကြီးရွယ်အိုတို့သာ အသင့်တော်ဆုံး ဖြစ်သည်။ "ရှေ့နေ ပျိုစေ၊ သမား အိုစေဆိုသော စကားအရ သမားအိုစေဆိုရာမှာ သက်ကျားအိုထက် သိကြားအိုခြင်းကို ယူအပ်၏။" [၁၃၁၇] ဆေးဘိ။ ၉၂။♦
၆၆၃။ ရှေ့မှာ တမာ၊ နောက်မှာ ခံတက်၊ စီးပွားတက်
အိမ်ရှေ့တွင် တမာပင်၊ အိမ်နောက်တွင် ခံတက်ပင် စိုက်ပျိုးလျှင် စီးပွားတက်သည်။ "အိမ်၏ ပတ်ဝန်းကျင်တွင်လည်း သစ်ပင်စိုက်ပျိုးရန် ရှေ့မှာ တမာ၊ နောက်မှာ ခံတက်၊ စီးပွားတက်၏ဟူ၍ပင် ညွှန်ကြားခဲ့၏။" [၁၃၁၇-ခန့်] အိမ်ဆေး။ ၂၁၈။♦
၆၆၄။ ရှေးကလူမျိုး၊ ဆိုလမ်းရိုး၊ စာခိုးမမည်ရာ
ရှေးက ပညာရှိများ ရေးသားခဲ့သည့် စာများမှ ကောက်နုတ်ကိုးကားသည်ကို စာခိုးသည်ဟု မဆိုနိုင်ပေ။ "ရှေးကလူမျိုး၊ ဆိုလမ်းရိုး၊ စာခိုးမမည်ရာ၊" [၈၅၆] ဘူပေါင်း နိဂုံး။♦
၆၆၅။ ရှေးကဝိပါက် ခုနစ်ရက်၊ ကာလဝိပါက် နောက်ပိုးတက်
ဝိပါကဝဋ်သည် ရှေးအခါက ခုနစ်ရက်ဆိုင်းငံ့ပြီးမှ အကျိုးပေးသော်လည်း ယခုကာလတွင်မူ ထက်ကြပ်မကွာ လိုက်၍ အကျိုးပေးသည်။ "ရှေးကဝိပါက် ခုနစ်ရက်၊ ကာလဝိပါက် နောက်ပိုးတ်ကဆိုတဲ့ စကားကိုလည်း ကြားဖူးကြပါလိမ့်မယ်။" [၁၂၈၇] သာရီ၊ ဒု။ ၅၀။
ရတနာ့ဂူဘုရားပွဲမှာ တောင်ထားဝယ်ဗိုလ်ကလေးသည် မီးကျည်မှန်၍ သေဆုံးလေ၏။ ဤအကြောင်းကို စာတော်ဖတ်မင်းဦးအုံက ရွှေပြည်ဝန်ကြီးထံ သွား၍ ရှေးကဝိပါက် ၇ ရက်၊ ခကုာလဝိပါက် နောက်ပိုးတ်ကသည်ဆိုတာ တယ်မှန်ပေတယ်ဘုရားဟု လျှောက်ရာ…၊" [၁၂၉၃] ဝန်ကြီး။ ၁၀၆။
ထိုသို့ သူများကို သတ်ခဲ့မိ၍ ကာလဝိပါက် နောက်ပိုးတ်ကသဖြင့် ကျွန်ုပ်သားသမီးနှင့် မယားလည်းဆုံးလို့ သံဝေဂဖြစ်နေတုန်းမှာ…၊" [၁၃၁၄] ကိုယ်ကျင့်။ ၄၀၅။♦
၆၆၆။ ရှေးကသမ္ဘာ၊ အရင်းပါလည်း၊ သမ္မာမကျင့်၊ ဘုန်းမပွင့်
ရှေးဘုန်းရှေးကံ အရင်းခံပါရှိငြားသော်လည်း ကောင်းသော အကျင့်ကို မကျင့်ပါက ဘုန်းတန်ခိုး မပွင့်လင်းနိုင်ပေ။ "ရှေးကသမ္ဘာ၊ အရင်းပါလည်း၊ သမ္မာမကျင့်၊ ဘုန်းမပွင့်ဘူး၊ ကံနှင့် အကျင့်၊ ညီသဖြင့်သာ၊ ကျိုးခွင့်ပြီး မြဲ၊ မညီလွဲက၊ ဆင်းရဲတွေ့ရုံ၊ ဘေးသာကြုံ၏။" [၁၂၆၆] မဃ ၂၄၃။♦
၆၆၇။ ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့်
ရှေးက ဓလေ့ထုံးစံများ ကိုလည်း မပစ်ပယ်ပါနှင့်၊ ပစ်ပယ်လျှင် လွဲမှားတတ်သည်။ ငွေကိုလည်း ချင့်ချိန်၍ သုံးစွဲပါ၊ မချင့်မချိန် သုံးစွဲလျှင် မွဲတတ်သည်။ ဟောင်းပင်ဟောင်းလည်း၊ မကောင်းသော်က စွန့်ပယ်ရ-နှင့် နှိုင်းယှဉ်။ "ရှေးထုံးကို မပယ်နှင့်၊ ဈေးသုံးကို မလွယ်နှင့်။ ရှေးထုံးကို ပယ်လျှင် လွဲတတ်သည်၊ ဈေးသုံးလွယ်လျှင် မွဲတတ်သည်။" [၁၂၈၄] စာဏကျ၊ တ။ ၉၂။
မြတ်စွာဘုရားက ရှေးပညတ်ကို မပယ်ဖျက်အပ်ကြောင်းနှင့် ဟောကြား တော်မူသည့်ပြင် ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့်ဆိုတဲ့ မြန်မာစကားပုံလည်း အရှိသားကလား။" [၁၂၉၃] အာတီ၊ ဒု။ ၄။♦
၆၆၈။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်
ရှေးအဖြစ်အပျက်ဟောင်းတို့သည် အောက်မေ့တသ သတိရဖွယ်ဖြစ်သည်။ (ေှရးခေတ်ဟောင်း အောက်မေ့ဖွယ်-ဟူ၍လည်း အဆိုရှိသည်။) "ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်ဟူသော စကားကဲ့သို့ မြန်မာတို့ အထက်တန်းကျကျဖြင့် မျက်နှာပန်းလှခဲ့သော ကိုယ့်မင်းကိုယ့်ချင်းဘဝ၌ သုခုမပညာတို့ တိုးတက် ပြန့်ပွားပုံ… တစိမ့်စိမ့် တွေးလေလေ တရေးရေး ပေါ်လေလေပင် ဖြစ်တော့၏။" [၁၂၈၇-ခန့်] လင်ဂီ။ ၇၈။♦
၆၆၉။ ရငှ်ကိုဖျက် ဓဇဂ်၊ လူကိုဖျက် အရက်၊ ဓားကိုဖျက် ဝါးမျက်
ဓဇဂ္ဂသုတ်၏ ခက်ခဲမှုသည် ရှင်သာမဏေ၏ စာပေသင်လိုစိတ်ကို ပျက်စီးစေတတ်၏။ အရက်သည် လူကို ပျက်စီးစေတတ်၏။ ဝါးမျက်သည် ဓားသွားကို ပျက်စီးစေတတ်၏။ "ရှင်ကိုဖျက်လျှင် ဓဇဂ်၊ လူကိုဖျက်လျှင် အရက်ဟူသော ရှေးလူကြီး သူမတို့၏စကားပုံအရ… အရက်ထန်းရည်များကို သောက်စားယစ်မူး၍ ရူးတူးတူး မိုက်ကန်းကန်းနှင့်…၊" [၁၂၇၇] မောင်ပုံ။ ၄၈။
ကျုပ်တို့နှစ်ယောက်မှာ ယခုမှ ဒုက္ခကောင်းကောင်းကြီး ရောက်ကြတော့မယ်၊ ရှင်ကိုဖျက် ဓဇဂ်၊ လူကိုဖျက် အရက်၊ ဓားကိုဖျက် ဝါးမျက် ရှေးလူဟောင်းစကားများ တယ်ပြီးမှန်ပေတယ်။" [၁၃၁၀] လွမ်း၊ ပ။ ၁၆၆။
လူကိုဖျက် အရက်၊ ဓားကိုဖျက် ဝါးမျက် ဟူသည့် ဆိုရိုးစကားမှာမှန်လှပေ၏။ …သေရည်သေရက် အလွန်အကျွံ သောက်စားမူးယစ်မှုကြောင့် အမှတ်မထင် မမျှော်လင့်ဘဲ ဒုက္ခနှင့် ရင်ဆိုင်တွေ့ကြုံရတတ်ကြောင်း…၊" [၁၃၃၂] မြဝတီ၊ ၁၈၊ ၁၁။ ၁၁၇။♦
၆၇၀။ ရှင်ကို လှူ၊ လူကို မျှ
ရဟန်းသံဃာများအားလည်း လှူဒါန်းအပ်သည်။ လူအများအားလည်း ပေးကမ်းစွန့်ကြဲအပ်သည်။ "ရှင်ကို လှူ၊ လူကို မျှဆိုတဲ့စကားလို ကိုယ့်အားကိုယ့်အင်နှင့် ကိုယ့် အလုပ်ခွင်က ထွက်တဲ့ ပစ္စည်းများကို အမျိုးသားဖို့တစ်ဖြာ၊ သာသနာရေးဖို့ တချို့၊ ကိုယ့်ရင်သွေးဖို့တစ်တန် သည်လိုဝေဖန်ရလျှင် လောကမှာ လူဖြစ်ကျိုး နပ်တာပါပဲ။" [၁၂၇၆] မြင့်၊ စ။ ၉၈။
မိမိတို့မျိုးစေ့များကို မြေ၌ နှံသည့်အခါ ရှင်ကို လှူမယ်၊ လူကို မျှ မယ်၊ တောင်းရင် ပေးမယ်၊ ခိုးရင် ဆဲမယ်လို့ သစ္စာမူကာ မျိုးစေ့မြှုပ်၊ မျိုးစေ့ ကြဲကြခြင်းကို လုပ်ကိုင်ကြပါကြောင်း…၊" [၁၂၇၉] နှောင်း။ ၁၅။♦
၆၇၁။ ရှင်လူထွက်သစ်ဆယ်သုံးနှစ်
ယောကျာ်းလေးများသည် ဘုန်းတော်ကြီး ကျောင်း၌ စာပေသင်ကြားရင်း ရှင်သာမဏေဝတ်ကြပြီး စာလည်းတတ်၊ လူလားလည်းမြောက်စ အသက်ဆယ့်သုံးနှစ်ခန့်တွင် လူထွက်လေ့ရှိကြသည်။ "ရှင်လူထွက်သစ်၊ ဆယ့်သုံးနှစ်က၊ ချစ်တဲ့သူကို၊ အယူတခြား၊ မိထွေးများက၊ ဆီးတားဆို၊" [၉၀၀-ခန့်] အိုင်စု။ ၁၈။♦
၆၇၂။ ရွှေချဉ်ပေါင်လက်ခြား ကြက်သားနှင့် မလဲပေါင်
ချဉ်ပေါင်လက်ခြားသည် ကြက်သားနှင့်ပင် မလဲနိုင်လောက်အောင် အရသာရှိလှသည်။ "ရွှေချဉ်ပေါင်လက်ခြား ကြက်သားနှင့် မလဲပေါင်-ဟူ၍ပင် ကျေးလက်လူထုက ဆိုစမှတ်ပြုခဲ့ကြလောက်အောင် နာမည်ကြီးလှသော ဟင်းရွက်ဖြစ်ပါသည်။" [၁၃၂၈] ရှေ့သို့၊ ၉၊ ၇။ ၄၃။♦
၆၇၃။ ရွှေမရှိတဲ့ဘုရား လူမရိုသေ
ရွှေမရှိသော ရုပ်ပွား၊ စေတီကို အချို့လူတို့အရေးတယူ မကိုးကွယ်ကြပေ။ ရွှေမရှိတဲ့ဘုရား လူမရိုသေ-စကားပုံလည်းရှု။ "ရွှေမရှိသောဘုရား လူမရိုသေဟူ၍ စကားပုံ တွင်ကျန်ရစ်သည်ကား ဘုရားနှင့်ရွှေ မည်မျှ ပနံသင့်ခဲ့သည့် သာဓကကို ထုတ်ဖော်နေခြင်း ဖြစ်သည်။ ဘုရားမှန်လျှင် ရွှေဝါရောင်သန်းရမည်ဟူ၍ မြန်မာတို့ နားလည်ကြသည်။" [၁၃၂၉] မြန်မာ့မှန်စီ။ ၂၇။♦
၆၇၄။ ရွှေရှိမှမျိုးတော်ချင်သည်
ရွှေငွေဥစ္စာရှိမှ ဆွေမျိုးအဖြစ် အသိအမှတ်ပြုချင် ကြသည်။ "ရွှေရှိမှ မျိုးတော်ချင်သည်ဟူသော စကားရှိ၏။" [၁၃၅၇] သာရောင်။ ၁၆၊ ၄။ ၃၃။♦
၆၇၅။ ရွှေလမင်း တောင်ကိုစောင်း စပါးဆန်ရေကောင်း
ဆန်းစလ၏ အကွေးသည် တောင်ဘက်သို့ မျက်နှာမူလျှင် စပါးသီးနှံ အထွက်ကောင်းသည်။ "ရွှေလမင်း တောင်စောင်း စပါးဈေး ဆန်ဈေးကောင်းသောအခါ၌ ချစ်တီးသူဌေးတို့သည် အစ်ကြိုကီး၊ အစ်မကြီး မိုးမွှန်ကာ ငွေကို အိမ်တိုင်ရာရောက်လာပေးကြသည်။" [၁၃၁၅] ပင်စည်။ ၂၅၈။♦
၆၇၆။ ရွှေအကြောင်း ဖယောင်းသိ၊ လူအကြောင်း ပေါင်းမှသိ
ရွှေကို မှတ်တိုက်၍ မှတ်ကို ဖယောင်းတုံးဖြင့် လှိမ့်ကြည့်ခြင်းဖြင့် ရွှေကောင်း မကောင်းကို သိနိုင်သကဲ့သို့ လူ၏အကျင့်စရိုက် ကောင်း မကောင်းကို ပေါင်းကြည့်ခြင်းဖြင့် သိနိုင်သည်။ "ရွှေအကြောင်း ဖယောင်းသိ၊ လူအကြောင်း ပေါင်းမှသိဆိုသော ရှေး လူကြီးတို့ မြွက်ကြားခဲ့သည့် စကားရပ်သည် နှောင်းလူတို့အတွက် အထူးလေးစားစရာ အကြောင်းတစ်ရပ်ပင် ဖြစ်လေသည်။" [၁၃၂၀] လူအနှစ်။ ၁၂၀။♦
၆၇၇။ လာမည့်ဘေး ပြေးတွေ့
မလွဲမသွေ တွေ့ရမည့် ဘေးအန္တရာယ်မျိုးကို အမြန်ဆုံး ရင်ဆိုင်ဖြေရှင်းပါ။ လာမည့်ဘေး အဝေးကရှောင်-နှင့် နှိုင်းယှဉ်။ "တို့ဗမာအစည်းအရုံး၏ အကြီးဆုံးသော ယူဆချက်တစ်ခုမှာ လာမည့်ဘေး ပြေးတွေ့ဖြစ်သည်။" [၁၂၉၉] ခင်ကာ။ ၁၂၆။
လာမည့်ဘေး ပြေးတွေ့ရုံမှတစ်ပါး အခြားမရှိတော့သည်သာ။" [၁၃၃၄] ကျွန်းဦး။ ၄၇၁။♦
၆၇၈။ လာမည့်ဘေး အဝေးကမြင်
ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်ကို ကြိုတင် တွက်ဆထားရမည်။ "လာမည့်ဘေးကို အဝေးကမြင် မှ အသက်ရှည်ရာသည်။" [၈၆၃] ကန်မင်း။ ၁၅၄။
လာမည့်ဘေးကို အဝေးကမြင်မှ ဆိုသကဲ့သို့ ယခုက ရှောင်ရှားမှသင့်မည်။" [၁၂၆၇] ကုန်း၊ ပ။ ၇၄။♦
၆၇၉။ လာမည့်ဘေး အဝေးကရှောင်
ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်မျိုးကို ကြိုတင်တွက်ဆ ရှောင်ရှားသင့်သည်။ လာမည့်ဘေး ပြေးတွေ့-နှင့် နှိုင်းယှဉ်။ "လာမည့်ဘေးကို အဝေးကရှောင်မှ ကင်းငြိမ်းရာသည်။" [၁၁၄၇-ခန့်] ဟံချုပ်။ ၂၂၇။
လာမည့်ဘေးကို အဝေးကရှောင်ဆိုတဲ့အတိုင်း ရန်သူတော်ဘေးနှင့် ဝေးလေအောင် အတောင်ဖြန့်ကာ မနီးမဝေးမှာရှိတဲ့ တောင်ထိပ်ပေါ်သို့ ပျံတက်သွားရှာတယ်။" [၁၂၈၇] သာရီ၊ မ။ ၂၇။♦
၆၈၀။ လာလို အနီးကလေး၊ မလာလို ခရီးဝေး
ချစ်ခင်၍ လာလိုလျှင် ဝေးသော ခရီးကိုပင် နီးသည်ဟု ထင်တတ်သည်။ မချစ်မခင်၍ မလာလိုလျှင် နီးသော ခရီးကိုပင် ဝေးလှသည်ဟု ထင်တတ်သည်။ "ချစ်သော်ကား သကာ၊ မုန်းသော်ကား တမာ။ လာလို အနီးကလေး၊ မလာလို ခရီးကဝေး။" [၁၁၅၂-ခန့်] ကျည်း။ ၁၁၈။
လာချင်အနီးကလေး၊ မလာချင်လည်း ခရီးကဝေး ဆိုသလို မမှာသော်လည်း မောင့်မေတ္တာဆင့်ပွားလျှင် ဆီးတားလို့မရအောင် လာဖို့ပါပဲ။" [၁၂၇၈] တင်မြ၊ ဒု၊ ၁၉။
မလာလိုလျှင် ခရီးဝေး၊ လာလိုလျှင် အနီးကလေးဆိုသလိုပေါ့၊ ရေနံချောင်းနှင့် ဆင်ဖြူကျွန်းနှင့် မဝေးဘူးဆိုသော်လည်း စိတ်လက် မချမ်းသာတဲ့နေရာမှာလာ၍ နေရတော့ အနီးကလေးကို ခရီးဝေးလို့ ဟောရတာပေါ့။" [၁၂၈၂] ရင်သွေးတော်။ ၁၀၇။♦
၆၈၁။ လူကို ယုံသော်လည်း ကုန်ကို အေြွကးမပေးနှင့်
လူကို ယုံသော်လည်း အကြွေး မပေးသင့်။ "လူကို ယုံသော်လည်း ကုန်ကို အကြွေးမပေးနှင့်ဆိုသော စကားအရ အကယ်၍ လူကို ယုံကြည်ရင်းရှိသော်လည်း မိမိ ရောင်းချသော ကုန်များကို အကြွေးမပေးလိုက်နှင့်၊ ပေးလိုက်လျှင် ဆုံးပါးတတ်သည်။" [၁၂၇၅] စာဏကျ၊ ပ၊ ၃၁။
လူကို ယုံသော်လည်း ကုန်ကို အကြွေးမပေးနှင့်ဆိုတဲ့ စကားနှင့်အညီ မိမိ ကုန်စည်ပစ္စည်းများကို ယုံလောက်ပြီထင်မှတ်၍ အကြွေးမပေးလေနှင့်၊" [၁၂၇၆] မြင့်၊ ပ။ ၆၄။♦
၆၈၂။ လူကို အမျိုး၊ မြင်းကို ဇက်ကြိုး၊ လှေကို ထိုးဝါး
လူကို အမျိုး၏ဂုဏ်ဖြင့် ထိန်းရ၏။ မြင်းကို ဇက်ကြိုးဖြင့် ထိန်းရ၏။ လှေကို ထိုးဝါးဖြင့် ထိန်းရ၏။ "လူကို အမျိုး၊ မြင်းကို ဇက်ကြိုး၊ လှေကို ထိုးဝါး။" [၁၂၅၇] ပေါဒီ၊ ဒု။ ၂၆၃။♦
၆၈၃။ လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်
လူကြမ်းနှင့် တွေ့သည့်အခါ နတ်ကြမ်းက လက်လျှော့ အရှုံးပေးရသည်။ "လူမင်းဘုန်းကြီး နတ်မင်းမနေပိုင်ဆိုသလိုလည်းကောင်း၊ လူကြ်မး နတ်ကြမ်းမခံနိုင်ဆိုသလိုလည်းကောင်း ထိုခင်ခင်ညွန့်ကို ပူးသည်ဆိုသော ပခန်းနတ်သည်…ဝါးခနဲ သမ်းပြီးလျှင် ကပျာကယာ ထွက်သွားလေ၏။" [၁၂၇၇] မောင်ပုံ။ ၈၀။♦
၆၈၄။ လူတူမရှား နာမည်တူမရှား
လူ့လောကတွင် ရုပ်ရည်ချင်းတူသောသူ၊ နာမည်ချင်းတူသောသူများ ရှိနိုင်သည်။ "သူ့အသိထဲက ထင်လို့ ကြည့်တာပေါ့၊ လူတူမရှား နာမည်တူမရှား အဆိုရှိသားပဲ၊" [၁၃၁၁-ခန့်] ပုန်လောင်း။ ၂၀၁။
လူတူမရှား နာမည်တူမရှားဆိုသလို နာမည်ချင်း တူတာဟာ ဘာထူးဆန်း လို့လဲ၊" [၁၃၁၉] ဂွမ်းပုံ။ ၁၂၄။♦
၆၈၅။ လူတစ်ကိုယ်ထင်တစ်လုံး
လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်သည်။ "ငါစိတ်သည် မိမိကိုယ်ကို အထင်ကြီးသော လူတစ်ကိုယ် ထင်တစ်လုံး စိတ်ဖြစ်ရာ…၊" [၁၂၉၀-ခန့်] ထူး။ ၆၇။
လူတစ်ကိုယ် ထင်တစ်လုံး ဆိုတာလို ကိုယ့်ကိုယ်တော့ တော်တော် အထင်ကြီးကြတာမျိုးပဲ၊" [၁၂၉၀] သန်းသန်း၊ ပ။ ၃၁။♦
၆၈၆။ လူတစ်ကိုယ် အကြိုက်တစ်မျိုး
တစ်ယောက်နှင့်တစ်ယောက် အကြိုက်ချင်း မတူ ဖြစ်တတ်သည်။ "လူတစ်ကိုယ်အကြိုက်တစ်မျိုးစီတော့ ဖြစ်သည်။ အချို့က နွားနုနွားငယ်ကို သဘောကျသည်။ …အချို့ကမူ နွားကြီးနွားရင့်ကို ကြိုက်ကြသည်။" [၁၃၄၂] နွားသမား။ ၆၉။♦
၆၈၇။ လူတစ်ခု ပူမှုဆယ်ကုဋေ
လူတိုင်းကိုယ်စီ၌ ပူပင်သောက မြောက်မြားစွာ ရှိသည်။ "လူတစ်ခု ပူမှုဆယ်ကုဋေဆိုတဲ့ စကားကို လူတိုင်း ကြားဖူးပေမှာပဲ။" [၁၂၇၅-ခန့်] ကီညွှန်။ ၁၆၆။
လူတစ်ခု ပူမှုက ဆယ်ကုဋေ ဟူသော စကား ရှိ၏။" [၁၂၇၇] လူတစ်လုံး။ ၄၁။♦
၆၈၈။ လူတစ်လူ အပူတစ်မျိုး
လူတစ်ယောက်စီတွင် ပူပင်စရာတစ်မျိုးစီ ရှိတတ်သည်။ "လူတစ်လူ အပူတစ်မျိုးစီဆိုတဲ့အတိုင်း လူမှန်သမျှမှာ ဒုက္ခကိုယ်စီ ရှိကြစမြဲပေပေါ့၊" [၁၂၇၈] သာရီ၊ မ။ ၃၇။♦
၆၈၉။ လူတန် ကံချ
လူကိုယ်၌က ညံ့ဖျင်းသည်ကို ကံတရားအပေါ် အပြစ်ပုံချသည်။ လူမတန် ကံချ-နှင့် နှိုင်းယှဉ်။ လူတန် ကံချ - စကားပုံလည်းရှု။ "လူတန် ကံချဟူသောစကားအတိုင်း လူလုပ်ပုံနေရာမကျတိုင်း ကံတရားအပေါ်မှာ စုပုံထားတတ်သည်ကို…၊" [၁၂၉၇] ဟံ၊ ၁။ ၁၀၂။
လူတန်ကံကကို ချ ဆိုဘိသကဲ့သို့ ရှေးဘဝကံကို ချ ဖို့၊ အပြစ်ဖို့ဖို့မဟုတ်၊ လူတန်၍၊ လူညံ့၍ ကောင်းသော ဉာဏ်နှင့်မယှဉ်မိ၊ ယှဉ်မိတုံသော်လည်း ယခုပြုသော ကံသည် ပတ်ဝန်းကျင်ဆက်ဆံရသော အကြောင်းတို့နှင့် အားမတန် သောကြောင့် အကျိုးမပေးကြ။" [၁၃၁၃] ဒေါင်းဖတ်စာ၊ ဆ။ ၁၉၁။♦
၆၉၀။ လူပု စိတ်တို၊ ခွေးပု ရန်လို
ပုသောသူသည် စိတ်တိုတတ်သည်။ ပုသော ခွေးသည် ရန်လိုတတ်သည်။ "လူပု စိတ်တို၊ ခွေးပု ရန်လို။" [၁၂၉၈] ခွေးဋီ။ ၂၃၆။♦
၆၉၁။ လူပုံက ပတ်ကလားနဲ့ နတ်စကားထွက်
ရူးချာချာပုံပေါက်နေသူ၏ နှုတ်မှ ကြီးကြီးကျယ်ကျယ်စကား ထွက်သည်။♦
၆၉၂။ လူပျင်းလုံ့လ တစ်ခဏ
လူပျင်းတို့၏ ကြိုးပမ်းအားထုတ်မှုမှာ ဆုံးခန်းတိုင်သည်အထိ မရောက်ဘဲ တစ်ခဏမျှသာ ကြာတတ်သည်။ "လူပျင်းလုံ့လ၊ တစ်ခဏမျှ၊ ရွရွရိုးရိုး၊ အားမကြိုးဘဲ၊" [၁၂၆၆] မဃ ၂၆၇။
လူပျင်းလုံးလ တစခ်ဏဆိုတာလည်း လွန်စွာ မှန်တာပဲနော်၊ ဘာကြောင့်လည်းဆိုတော့ လူပျင်းလူပေါ့တွေ လုပ်ကိုင်တဲ့အလုပ်ကိစမ္စျိုးဟာ အပြီးသတ်ရိုးထုံးစံ မရှိဘူး၊" [၁၂၉၆] မဉ္ဇရီ၊ တ။ ၉၆။♦
၆၉၃။ လူပြော မသန်၊ လူသန် မပြော
အပြောကြီးသူသည် လက်တွေ့ မဆောင်ရွက်တတ်သကဲ့သို့ လက်တွေ့ဆောင်ရွက်တတ်သူသည်လည်း အပြောမကြီးတတ်ပေ။ "တကြုံးဝါးဝါး ပြောပသည်နှင့် မညီ၊ ပွဲရှိလျှင်မူကား တခြားဖြစ်ခဲ့သည် ဟူလိုသော်-ဤသို့သော အကြောင်းကို ရည်၍ ရှေးသူကြီးတို့သည် လူပြောမသန်၊ လူသန် မပြောဟူ၍ ဆိုကုန်သတည်း။" [၉၈၁] ယသ၊ ပ။ ၃၁။
လူပြော မသန်၊ လူသန် မပြောတဲ့။ တယ်ကြီးမကြွားဝါဘဲနှင့် ဝမ်းထဲက သိပ်ပြီး တတ်တဲ့လူမှ ကျုပ်က လိုတာ။" [၁၂၉၁] ကဝိမှန်၊ ၃၊ ၉။ ၉၃။♦
၆၉၄။ လူဖြောင့် စိတ်တို၊ လူချို စိတ်ကောက်
ဖြောင့်မှန်သောသူသည် စိတ်တိုတတ်သည်။ နှုတ်ချိုသောသူသည် ကောက်ကျစ်တတ်သည်။ "လူဖြောင့် စိတ်တို၊လူချိုစိတ်ကောက်၊ သည်နှစ်ယောက်တွင်၊ ချိုကောက်ကို မပေါင်းနှင့်၊ တိုဖြောင့်ကို ပေါင်းရမည်။" [၁၁၅၂-ခန့်] ဟံချုပ်။ ၂၁၆။
စကားဆိုရိုးတောင်ရှိတယ် မဟုတ်ပါလား၊ လူဖြောင့် စိတ်တို၊ လူချို စိတ်ကောက်တဲ့၊ ကောက်ချင်တဲ့လူဟာ ဘယ်အခါမဆို နှုတ်လျှာချိုတာပဲ။" [၁၂၇၈] တင်မြ၊ ပ။ ၁၀၂။♦
၆၉၅။ လူမစွမ်းကို ချီးမွမ်းလေလေ ဖျင်းလေလေ
ဉာဏ်ပညာ နည်းပါး၍ အရည်အသွေး အစွမ်းအစမရှိသူကို ချီးမွမ်းလေလေ ထိုသူ၏အရည်အသွေး ပိုမို ညံ့ဖျင်းလာလေလေ ဖြစ်သည်။ "လူမစွမ်းကို ချီးမွမ်းလေလေ ရိလေလေဟူ၍ ပညာရှိတို့ ဆိုဖူးသည်။ လူမစွမ်းဆိုရာ၌ မလိမ္မာ မိုက်မဲ၍ ကောင်းကျိုး မကောင်းကျိုးကို မသိသောသူကို ဆိုသည်။" [၁၁၀၄-ခန့်] ကန်မင်းဖြေ။ ၁၄၀။
ရှေးသူတော်ကောင်းတို့လည်း လူမစွမ်းကို ချီးမွမ်းလေလေ ဖျင်းလေလေဟူ၍ ဆိုစကုန်သည်။ …ထိုလူမိုက်ကို ချီးမွမ်းချေလျှင် အကောင်းမှတ်၍ မကောင်းမှုကို ပြုကျင့်လေသော် ချီးမွမ်းသသူပင် တိုက်တွန်းနှိုးဆော်ရာ ကျချေသည်။" [၁၁၄၃] ဏိပုံ။ ၁၀၂။♦
၆၉၆။ လူမတန် ကံချ
အချို့သူတို့သည် မိမိတို့ မစွမ်းဆောင်နိုင်သောအခါ ကံကို အပြစ်ပုံချတတ်သည်။ လူတန် ကံချ -နှင့် နှိုင်းယဉ်။ လူမတန် ကံချ - စကားပုံလည်းရှု။ "ပေါ့လျော့သောသူသည် ဆင်းရဲသောအခါ ကံကို ယိုးမယ်ဖွဲ့၏။ လူ မတန်လို့ကံကို ချသော်လည်း မတန်သောသူကို ကံသည် မစခြင်းငှာ မစွမ်းနိုင် သဖြင့်…၊" [၁၂၉၆] မင်တံ။ ၃၆။
အချို့သူတို့လည်း အတိတ်ကံကိုသာ စွဲလမ်း၍ ကံမဖန်တီးက ကြိုးစားအားထုတ် ပြုလုပ်သော်လည်း အကျိုးမပြီး အချည်းနှီးပင်ဟု ထင်တတ်ကြ၏။ ထိုကဲ့သို့သောသူတို့ကို ရည်၍ ရှေးလူကြီးသူမများသည် လူမတနံ်ကကို ချဟု ဆိုကြကုန်၏။" [၁၃၂၈] စိတ်အရသာ။ ၁၂၀။♦
၆၉၇။ လူမပြောဘူး ဝိုင်းပြော သိလိမ့်မည်
မိမိက ထုတ်ဖော်ပြောပြ နေစရာမလို၊ ပတ်ဝန်းကျင်က ပြောဆိုဝေ ဖန်သည့်စကားများ ကြားရရုံဖြင့် အကျိုးအကြောင်း သိလာ ပါလိမ့်မည်။ "လူမပြောဘူး ဝိုင်းပြော သိလိမ့်မည်၊ ဖားစွိစွက်၊ ငါးစွိစွက်၊ ပုရွက်ပလူ၊ သူတစ်ခွန်း ငါတစ်ခွန်း၊ ရေဖြစ်မွန်းလောက်အောင်၊ ရယ်သွမ်းသွေးကတည်း၊ လေးသာ မူလရင်းဖြစ်သည်။" [၁၁၄၆] ရာမ၊ ပ။ ၆၈။♦
၆၉၈။ လူမရောက် မြငို်းမရ်တောင်၊ ခွေးမရောက်အိမ်မိုးခေါ်င
ခွေးမရောက်နိုင်သော နေရာသည် အိမ်ခေါင်မိုး ဖြစ်သည်။ လူမရောက်နိုင်သော နေရာမှာ မြင်းမိုရ်တောင် ဖြစ်သည်။ "လူမရောက်သည်၊ အစောက်မြင့်ခေါင်၊ မြင်းမိုရ်တောင်ဟု၊ လူ့ဘောင် စကား၊ အစဉ်ထားလျက်၊" [၁၁၄၅] သာဓိ ၈၃။
လူမရောက် မြင်းမိုရ်တောင်၊ ခွေးမရောက် အိမ်မိုးခေါင်။" [၁၃၅၁] ကားပုံချုပ်။ ၁၅၁။♦
၆၉၉။ လူမသေ ငွေမရှား
ကျန်းမာ၍ လုပ်နိုင်ကိုင်နိုင်သရွေ့ ငွေကြေးဥစ္စာ ရှာဖွေ ရရှိနိုင်သည်။ "လူမသေလျှင်ငွေမရှားဆိုသော စကားကဲ့သို့ လူကျန်းမာလျှင် ဥစ္စာ မရှားပါ။" [၁၂၆၆] သန်းမေ၊ ဒု။ ၁၀၀။
လူမသေ ငွေမရှားပဲ၊ ကျုပ်တို့လည်း ကျန်းကျန်းမာမာကြီးတွေ လုပ်နိုင် ကိုင်နိုင် ရှာဖွေနိုင်ပါသေးတယ်။" [၁၃၀၃] ဘဝ။ ၂၀၈။♦
၇၀၀။ လူမိုက်ဆွဲ၍ လူမဲပါသည်
မိုက်မဲသူ ဆွဲဆောင်ရာသို့ မိုက်မဲသူသာ လိုက်ပါ တတ်သည်။ "သူတို့နှစ်ယောက် လူရဲလုပ်၍ လူမိုက်ဆွဲ၍ လူမဲပါသည်ဆိုတဲ့ စကား ကဲ့သို့… ဝိဇ္ဇာက ပျာယီးပျာယာနှင့် လက်ယပ်၍ ခေါ်သည်၊ ဝိဂန္ဓလည်း ဓားများကို ချွတ်၍ အပြေးသွားပြီးလျှင်…၊" [၁၂၁၅-ခန့်] ဝံသ၊ ပ။ ၁၆၇။♦
၇၀၁။ လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်း၊ လူကောင်းတစ်ယောက် ချီးမွမ်းပျောက်
လူမိုက်တစ်သောင်း ကဲ့ရဲ့ပြစ်တင်စကားသည် လူကောင်းတစ်ယောက် ချီးမွမ်းရုံနှင့် ပပျောက်နိုင်သည်။ "လူမိုက်တစ်သောင်း၊ ကဲ့ရဲ့ရှောင်းမချည်း၊ လူကောင်းတစ်ယောက်၊ ချီးမွမ်းသင့်လောက်ပြီမို့၊" [၁၂၂၀] နေကန် ၉၄။
လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်းလည်း လူကောင်းတစ်ယောက် ချီးမွမ်းလျှင်ပျောက်ဆိုတဲ့ စကားအတိုင်း ပညာရှိများ ချီးမွမ်းလျှင် ဝမ်းမြောက်စရာ ပေါ့နော်၊" [၁၂၉၃] အာတီ၊ ဒု။ ၅၉။♦
၇၀၂။ လူမိကု်နှင့်ငွေအူတမနေ
မိုက်မဲသောသူသည် ဥစ္စာ ပစ္စည်း မဆည်းပူးတတ်ချေ။♦
၇၀၃။ လူမင်းဘုန်းကြီး နတ်မင်းမနေနိုင်
လူမင်း ဘုန်းတန်ခိုးကြီးပါက နတ်မင်းများ မနေနိုင်ဘဲ စောင့်ရှောက်မစရစမြဲ ဖြစ်သည်။ လူမင်းဘုန်းကြီး နတ်မင်းမနေနိုင်-စကားပုံလည်းရှု။ "လူမင်းဘုန်းကြီး နတ်မင်းမနေနိုင်ဟူဘိသကဲ့သို့ ရှင်စောပု ဘုန်းတန်ခိုးကြောင့် နတ်သိကြားများက ဆက်သော ထမင်းထုပ်ပင် ဖြစ်လိမ့်မည်တကားဟု…၊" [၁၂၇၉] ဓမ္မစေတီ။ ၄၄။♦
၇၀၄။ လူမြူးလျှင် ဒဏ်ရ၊ နွားမြူးလျှင် ထွန်ရ
နွားမြူးလွန်းလျှင် ထွန်တုံးတပ်၍ အခိုင်းခံရတတ်သည်။ လူမြူးလွန်းလျှင် ဘေးအန္တရာယ်နှင့် ကြုံရတတ်သည်။ "လူမြူးလျှင် ဒဏ်ရ၊ နွားမြူးလျှင် ထွန်ရ ဆိုတဲ့စကား၊ ပျော်လွန်းလျှင်နတ်မဲ၊ မော်လွန်းလျှင် အရပ်ဆဲဆိုတဲ့ စကားပုံများလည်း ရှိပေတယ်။ သတိတရား ကြွယ်ကြွယ်နှင့် ဣန္ဒြေသည် လုပ်ဦးမှပဲ။" [၁၂၇၆] မြင့်၊ တ။ ၁၆။
လူမြူးလျှင် ဒဏ်ရဆိုသောစကားအတိုင်း ပျော်ရွှင်မြူးထူးလွန်းလျှင်လည်း ဒဏ်တစ်မျိုးရတတ်၏။ ထို့ကြောင့် ပွဲလမ်းသဘင်ပျော်ရွှင်လိုက်စားမှုကို ပျက်စီးကြောင်းဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူပေသတည်း။" [၁၂၈၇] သုတ္တန်နီတိ။ ၁၉။♦
၇၀၅။လူမှာ အကျင့်၊ ပန်းမှာ အပွင့်
ပန်းသည် အပွင့်ကောင်းမှ တန်ဖိုးရှိ သကဲ့သို့ လူသည် အကျင့်ကောင်းမှ တန်ဖိုးရှိသည်။ "လူမှာ အကျင့်၊ ပန်းမှာ အပွင့်ဆိုသည့်စကားနှင့်အညီ… အမျိုးသမီးများအကြောင်း…ဖွဲ့ဆိုသော စာများတွင် မပါလျှင်မပြီးသည့် အမျိုးသမီးကြီးများမှာ အမရာ၊ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလတို့ ဖြစ်လေသည်။" [၁၂၉၇-ခန့်] မိန်း။ ၁၁၃။♦
၇၀၆။ လူယုံသတ် သေတတ်။
အခြားသူတို့နှင့်စာလျှင် အတွင်းလူက လုပ်ကြံပါက သေသည်အထိ ပျက်စီးဆုံးပါးနိုင်သည်။ လူယုံသတ် သေတတ်- စကားပုံလည်းရှု။ "အကြင်ရင်းသူ၊ အတွင်းလူတို့၊ ရန်မူထွက်သော်၊ ကိုယ်သက်လုံးစုံ၊ ကြံတိုင်းကုံ၏၊ လူယုံသ်တက၊ သေတတ်စွရှင့်၊" [၁၂၆၆] မဃ ၂၁၈။
လူယုံသတ်လျှင်သေတတ်၏ဆိုတဲ့ စကားအတိုင်း လူယုံက သတ်မှဖြင့် … ဒုက္ခတွေ့ကြရတယ်။" [၁၂၈၈] သူရ၊ ပ။ ၉၈။♦
၇၀၇။ လူရိုးဆိုတာ သချုႋင်းမှာသာရှိ
လောက၌ တကယ်ရိုးသောလူ မရှိနိုင်။ "လူရိုး သချႋုင်းမှာ…ဆိုသော စကားများသည် မရိုးသားသူ၊ မရိုးသားလိုသူ၊ မရိုးဖြောင့်သောလုပ်ငန်းနှင့် အသက်မွေးသူတို့၏ လက်သုံးစကားများဖြစ်ကြ၍…၊" [၁၃၀၉] လက်ပြန်ရေး။ ၇၇။
လူရိူးမည်သည် သချႋုင်းတွင်သာ ရှိစမြဲသော ဤသို့သော ခေတ်မျိုးတွင် ဘယ်သူကိုမျှ မယုံကြရ…၊" [၁၃၁၁-ခန့်] မှုံ။ ၅။♦
၇၀၈။ လူလိုမှ နတ်လို၊ နတ်လိုမှ ဂြိုဟ်မ
နတ်တို့စောင့်ရှောက်ခြင်း၊ ဂြိုဟ် များ မစခြင်းကို ခံလိုလျှင် ဦးစွာပထမ လူအများနှစ်သက်ချစ်ခင်အောင် ပြုမူနေထိုင် သင့်သည်။ "လူလိုမှ နတ်လို၊ နတ်လိုမှ ဂြိုဟ်မ ဆိုတဲ့ စကားပုံအတိုင်း လူကြည်ညို နတ်ကြည်ညိုမှ စန်းဂြိုဟ်ပွင့်လင်း၍ ချမ်းသာခြင်းသို့ ရောက်နိုင်တာကလား။" [၁၂၈၈] သူရ၊ ပ။ ၁၇၁။
လူလိုမှ နတ်လိုသည်၊ နတ်လိုမှ ဂြိုဟ်မမည်ဟု ဆိုကြကုန်၏။ စိတ် စေတနာကောင်း ရှိမှသာ လူခပ်သိမ်းတို့ လိုလားကြ၍ ကောင်းကျိုးချမ်းသာ ရနိုင်မည်။" [၁၃၂၈] စိတ်အရသာ။ ၁၂၀။♦
၇၀၉။ လူလိမ္မာသား ယဉ်ပါး၊ လူမိုက်သား ရမ်းကား
လူလိမ္မာ၏ သားသမီးသည် လိမ္မာယဉ်ကျေးသည်။ လူမိုက်၏ သားသမီးသည်ကား ရမ်းကားတတ်သည်။ "လူလိမ္မာသား ယဉ်ပါး၊ လူမိုက်သား ရမ်းကားဟူသော စကားအရ ယဉ်ကျေးခြင်းကို အပြင်အမူအရာ အပြောအဆိုမှာသာ ထားလေ့ရှိကြ၏။" [၁၂၇၅-ခန့်] ကယ့်လူ။ ၈၃။
သားသမီးတို့၏ လက်ဦးဆရာကား မိဘနှစ်ပါးတို့ပင်တည်း။ ထို့ကြောင့် လူလိမ္မာသားကား ယဉ်ပါး၏။ လူမိုက်သားကား ရမ်းကား၏ဟု ရှေးသူဟောင်းစကားတို့ ရှိလေသည်။" [၁၂၇၉] စံသိုက်။ ၂၆။♦
၇၁၀။ လူလှတော့ ညှင်းခ
လူလှလျှင် ညှင်းပြိုးပြောက် ပေါ်တတ်သည်။ "တချို့ကတော့ လူလှလို့ညှင်းခတယ်လို့ ဆိုပေမဲ့ တချို့ကတော့အနူ ဆယ်ပါး တစ်ပါးပါဝင်တယ်လို့ ဆိုကြတယ်ဗျ၊" [၁၃၅၅] နက္ခတ္တ၊ ၈၉။ ၁၃၆။♦
၇၁၁။ လူသာငယ် လူငယ်ဟုတ်ကြီး၊ လူသာကြီး လူကြီးပေါသော
အချို့သည် လူငယ်ပင်ဖြစ်သော်လည်း အသိဉာဏ် ထက်မြက်သည်။ အချို့သည် လူကြီးပင်ဖြစ်သော်လည်း အသိအလိမ္မာ နည်းပါးညံ့ဖျင်းသည်။ "လူသာငယ်သည်လူငယ်ဟုတ်ကြီး၊ လူသာကြီး လူကြီးပေါသော၊ ငါ မင်းလို့ကော၊ လော၍တက်ကရော့မည်၊" [၁၁၄၆] ရာမ၊ ပ။ ၆၈။
ပညာအရာမှာ ငယ်သော ကြီးသော တွေးတောဖို့မရှိပါ။ လူသာငယ် လူငယ် ဟုတ်တုတ်၊ လူသာကြီး လူကြီးပေါသောဆိုတဲ့ စကားက ရှိပါတယ်။" [၁၂၆၈] နော၊ ဒု။ ၁၁၃။♦
၇၁၂။ လူသာ ပဓာန
အရာရာတွင် လူသည် အဓိကဖြစ်သည်။ "လူ့ဘောင်၏ပြဿနာများကို ဖြေရှင်းရာတွင် လူသာ ပဓာနဟူသောဆောင်ပုဒ်ကို လက်သုံးပြုရမည်။" [၁၃၂၆] အညမည။ ၁၇။♦
၇၁၃။ လူအစ ဗြဟ္မာက
လူသည် ဗြဟ္မာကြီးလေးဦးမှ ဆင်းသက်လာသည်။ "လူ့ရွာအဟို၊ ပြောမှတ်ဆိုသား၊ လူကိုအစ၊ ဗြဟ္မာကတည့်၊" [၁၂၆၆] မဃ ၃၃၆။♦
၇၁၄။ လူ့အလိုကို ဝါးနှင့်ဝါသာ လိုက်နိုင်သည်။
ဝါးနှင့်ဝါသာ လူတို့၏ စားဝတ်နေရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ "ဝါးသည်…လူသားတို့အတွက် အမျိုးမျိုးလည်း အသုံးကျ၏၊ အမျိုးမျိုးလည်း အသုံးချရန် စီမံရန် ပစ္စည်းမျိုးဖြစ်သောကြောင့် လူ့အလိုကို ဝါးနှင့်ဝါသာ လိုက်နိုင်သည်ဟု ရှေးသူဟောင်းတို့ ပြောစမှတ်ပြုကြကုန်၏။" [၁၃၁၇] ပုံပြဆေး၊ တ။ ၂၃၁။♦
၇၁၅။ လူ့အလို နတ်မလိုက်နိုင်။
လူတို့၏လိုအင်ဆန္ဒမှာ ထွေပြားလှသဖြင့် နတ်တို့ပင် ဖန်တီးလုပ်ဆောင်ပေးနိုင်မည် မဟုတ်ပေ။ (လူ့အကြိုက် နတ်မလိုက်နိုင်-ဟူ၍လည်း အဆိုရှိသည်။) "လူတို့အကြိုက်၊ နတ်မလိုက်နိုင်၊ စရိုက်ရှိတိုင်း၊ လျှာမထိုင်းဘဲ၊မဆိုင်းနှုတ်က၊ ပြောတတ်ကြ၏။" [၁၂၆၆] မဃ ၄၂၄။
လူ့အလို နတ်မလိုက်နိုင်ဆိုသည့် စကားအတိုင်းပင် လူတို့၏ အလိုဆန္ဒသည် အလွန် များပြားလှချေ၏။" [၁၃၁၆] စာဗိမာန်၊ ၂၊ ၁၂။ ၅၃။
လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့ စကားသာ ကြားဖူးပါတယ်၊ လူ့အလို သော်တာဆွေ မလိုက်နိုင်ဆိုတာလို ဖြစ်နေပြီ။" [၁၃၃၀] ဆုတို။ ၅၆၇။♦
၇၁၆။ လူ့အောက်ကျို့၍ မသေ၊ တုံးပိမှ သေသည်
သစ်ပင်အောက်ဝင်၍ သစ်ပင်ပိသေနိုင်သည်၊ လူ့အောက်ကျို့၍ လူပိ မသေနိုင်-နှင့် အတူတူ။ " တူ မရယ်၊ လူ့အောက်ကျို့လို့ လူပိ မသေနိုင်ပါဘူးကွယ်၊ ရှေ့မျက်နှာ နောက်ထားပြီး အခုလောလောဆယ် အဖေ သေမင်းလက်က လွတ်ဖို့ပဲ အရေး ကြီးပါတယ်။" [၁၃၁၆] ေဩာ်မိန်းမ။ ၁၉၄။
လူ့အောက်ကျို့၍ မသေ၊ တုံးပိမှ သေသည်ဟူသည့် စကားကို နောက်ပြန်ပြုသောအားဖြင့်… တစ်ဦးတစ်ယောက်သောသူက တုံးပမာ ဖိဖို့လောက်သာ သဘောနှင့် ရန်လုပ်ရန်၊ နှိပ်စက်ရန်၊ အမြတ်ထုတ်ရန်မျှသာဖြစ်ပါက လုံးဝ အောက်ကျို့စရာ၊ ဒူးထောက်စရာ အကြောင်းမရှိ ဖြစ်၏။" [၁၃၂၀] လူအနှစ်။ ၁၃၃။♦
၇၁၇။ လေနှင့်မိုး အစိုးမရ
မိုးလေဝသအခြေအနေကို ခန့်မှန်းရခက်လှသည်။ "လေနှင့်မိုး အစိုးမရ ဆိုစကားအတိုင်း လေနှင့်မိုးသည် တိုက်ချင်သလိုတိုက်၍ ရွာချင်သလို ရွာသည်ဟု ထင်ရသော်လည်း ယခုခေတ် မိုးလေဝသမြေပုံကို ကြည့်ခြင်းအားဖြင့်…စနစ်တကျ လေ့လာနိုင်ပေသည်။" [၁၃၂၅] ရှေ့သို့၊ ၃၊ ၂။ ၈။♦
၇၁၈။ လေမစုန်လျှင် ငွေကုန်သည်
လေမလည်လျှင် ဆေးဝါးကုသရသဖြင့် ငွေကြေးကုန်ကျရတတ်သည်။♦
၇၁၉။ လေမလာ ကြာတိုင်းကောင်း၊ လှေသူကြီးကို လှေသားထောင်း
လှေသား တို့အဖို့ တောင်လေအလာကို ကြာကြာ စောင့်ရလေ သက်သာလေဖြစ်သော်လည်း လှေသူကြီးအဖို့ ရက်ကြာကြာ စောင့်ရလေ လှေသားတို့အား ကျွေးမွေးရသည့်စရိတ် ပိုမို ဖိစီးလေ ဖြစ်ရသည်။ "လေမလာ ကြာတိုင်းကောင်း၊ လှေသူကြီး လှေထိုးသားထောင်းတဲ့၊ ဒါမိုးရာသီ လှေစကားပေါ့။" [၁၃၃၄] ကျွန်လှေ။ ၆၆။
လှေသမားတို့သည် လေမလာ ကြာတိုင်းကောင်း၊ လှေသူကြီးကို လှေသားထောင်း ဟူသော ကဗျာလင်္ကာကိုပင် စပ်ဆို အသုံးပြုခဲ့ကြပေသည်။" [၁၃၃၅] ငွေတာရီ၊ ၁၅၉။ ၃၈။♦
၇၂၀။ လောဘကြီးလျှင် ချွဲ၊ ဒေါသကြီးလျှင် ဆဲ
လောဘကြီးသူသည် နှုတ်ချိုသည်။ ဒေါသကြီးသူသည် နှုတ်ကြမ်းသည်။ "လောဘကြီးလျှင် ချွဲ၊ ဒေါသကြီးလျှင် ဆဲဆိုသော စကားအရ လောဘ စရိုက်ကြီးမား၍ သူတစ်ပါးတို့အပေါ်မှာ ပါးနပ်လိုသော သူတို့သည်လည်း ချွဲချွဲပျစ်ပျစ် ချိုချိုသာသာ ပြောဆိုလေ့ ရှိကြကုန်သည်။" [၁၂၇၅] စာဏကျ၊ ဒု။ ၁၃၃။♦
၇၂၁။ လောဘကြီးသူ စကားချို၊ ဒေါသကြီးသူ စကားတို၊ မောဟကြီးသူ စကားယို
လောဘကြီးသူသည် စကားကို ချိုချိုသာသာ ပြောတတ်သည်။ ဒေါသကြီးသူသည် စကားကို တိုတိုတုတ်တုတ် ပြောတတ်သည်။ မောဟကြီးသူသည် စကားကို မှားမှား ယွင်းယွင်း ပြောတတ်သည်။ "လောဘကြီးသူ စကားချိုတတ်သည်၊ ဒေါသကြီးသူ စကားတိုတတ်သည်၊ မောဟကြီးသူ စကားယိုတတ်သည်။ ချိုဟန် တိုဟန် ယိုဟန်ကို နှလုံးသွင်းလေ။" [၁၁၅၂-ခန့်] ကျည်း။ ၁၁၆။♦
၇၂၂။ လောဘကြီး အီးလောက်ရ၊ လောဘငယ် လယ်လောက်ရ
လောဘကြီးလွန်းလျှင် ဘာမျှ မည်မည်ရရ မရချေ၊ လောဘနည်းလျှင် များများ ရသည်။ အလိုကြီး အရနည်း-လည်းရှု။♦
၇၂၃။ လိုတာမရ၊ ရတာမလို
လူတို့သဘောသည် ရနိုင်သော အရာကို မလိုချင်၊ မရနိုင်သော အရာကိုမှ လိုချင်တတ်သည်။ "လိုတာမရ၊ ရတာမလိုဆိုတဲ့အတိုင်း ကိုယ့်လိုရင်းကို မရတော့ ဒုက္ခ အကြီးသားကလား၊" [၁၂၇၆] မြင့်၊ ဒု။ ၅၇။
လူဆိုတာ တယ်ခက်တယ်ကွဲ့၊ လိတုာကို မရ၊ ရတာကို မလို၊ထိဆိုလျှင်မထိ၊ မထိနှင့်ဆိုလျှင် ထိတာကလား။" [၁၃၁၀] လွမ်း၊ ပ။ ၁၃၄။♦
၇၂၄။ လိုလျှင်ကြံဆ နည်းလမ်းရ
တစ်စုံတစ်ခုကို ရလိုလျှင် ရနိုင်မည့် နည်းလမ်းကို ကြံဆနိုင်ပေလိမ့်မည်။ ဆန္ဒရှိက နည်းလမ်းရ-နှင့် အတူတူ။ "လိုလျှင် ကြံဆ နည်းလမ်းရ ဆိုသကဲ့သို့…ယခင်အခါများက အလေးမမူ ခဲ့သော အလေအလွင့်ပစ္စည်းဝတ္ထုများကို တစ်နည်းနည်းဖြင့် ပြန်လည် အသုံးချ ကြ၏။" [၁၃၁၆] စာဗိမာန်၊ ၃၊ ၁။ ၆၄။
လိုလျှင် ြံကဆ နည်းလမ်းရ ဟု ဆိုရိုးရှိသည့်အတိုင်း… ဆင်စွယ်တုများရရှိရန် ကြံဆကြရာမှ ထိုပလတ်စတစ်မျိုးတို့ကို အောင်မြင်စွာ စတင်ပြုလုပ်နိုင်ခဲ့ကြလေသည်။" [၁၃၂၀] စာဗိမာန်၊ ၇၊ ၇။ ၇၉။♦
၇၂၅။ လိုလျှင်ရစေ ကြိုးနှယ်ခွေ
ကြိုးကို အလိုရှိသည့်အခါ အလွယ်တကူ အသုံးပြုနိုင်ရန် ရစ်ခွေသိမ်းဆည်းထားသကဲ့သို့ နောင်တွင် အသုံးကျနိုင်မည့် အရာကို အလိုရှိသည့်အခါ ရအောင် သိမ်းဆည်းထားသင့်သည်။ "ရာဇဝင်က၊မြင်းဆင်ဗွေလာ၊ ပါရာတိတ္ထုံ၊ စေ့စုံလောကဝတ်၊ ဓမ္မသတ်ဝယ်၊ ဆယ့်ရှစ်သွယ်လည်း၊ ဝမ်းဝယ်ပိုက်သို၊ လိုလျှင်ရစေ၊ ကြိုို့းသခွေ၍၊ ထွေထွေပြားပြား၊ မှတ်ဖွယ်များနှင့်၊" [၉၇၀-ခန့်] နုစာ။ ၂၂။♦
၇၂၆။ လက် ခွတ် ထိမ် ပြေ၊ ကုတ် သစ် ဒေ၊ တွက်ရေခုနစ်ရပ်
ဂဠုန်ပြည်၌ လက်ပံပင်၊ အသူရာပြည်၌ သခွတ်ပင်၊ အနောက်ကျွန်း၌ ထိမ်ပင်၊ တောင်ကျွန်း၌ ဇမ္ဗုသပြေပင်၊ အရှေ့ကျွန်း၌ ကုက္ကိုပင်၊ တာဝတ࿗သာ၌ ပင်လယ်ကသစ်ပင်၊ မြောက်ကျွန်း၌ ပဒေသာပင်တို့ ပေါက်ရောက်သည်။ "ကမ္ဘာ့သစ်ပင်ကြီး ခုနစ်ပင်ဆိုသည်မှာ (လက်၊ ခွတ်၊ ထိမ်၊ ပြေ၊ ကုတ်၊ သစ်၊ ဒေ၊ တွက်ရေ ခုနစ်ရပ်) ဟု ဆရာမြတ်တို့ စပ်ဆိုတော်မူခဲ့သည့်အတိုင်း…၊" [၁၃၄၅] မြန်ဆေးပင်။ ၁၀၄။♦
၇၂၇။ လက်ပံဖူးချိန် ခွေးရူးချိန်
လက်ပံပင်များ ဖူးပွင့်သည့် တပို့တွဲ၊ တပေါင်းလသည် ခွေးများ ရူးတတ်သည့်အချိန် ဖြစ်သည်။ (လက်ပံလည်းဖူး ခွေးလည်းရူး - ဟူ၍လည်း အဆိုရှိသည်။) "လက်ပံ ဖူးချိန် ေွခးရူးချိန် ဟုဆိုသော စကားအတိုင်း တပို့တွဲ၊ တပေါင်းလများ လက်ပံပင်များ ဖူးငုံကြောင်း၊ ၎င်းအခါ၌ ခွေးရူးများ ပေါတတ်သည် ဖြစ်၍…၊" [ ၁၂၉၈] ခွေးဋီ။ ၂၂၄။
လက်ပံလညူ်းဖး ခွေးလည်းရူး၊ လက်ပံလည်းပွင့် ခွေးလည်းလွင့်ဆိုတဲ့စာဆိုဟာ ရှေးလူကြီးတွေက သတိပေးထားခဲ့တာနှင့် တူပါတယ်။" [၁၃၃၁] အိုးဝေ၊ ၃၁။ ၇။♦
၇၂၈။ လက်ဖက်တစ်ရိုး၊ ကွမ်းရိုးတစ်ညှာ
လက်ဖက်ကို အရသာခံ၍ အနည်းငယ်သာ စားရသကဲ့သို့ ကွမ်းကိုလည်း အရသာခံ၍ အနည်းငယ်သာ စားရသည်။ "လက်ဖက်တစ်ရိုး၊ ကွမ်းရိုးတစညှာ်ဆိုသော စကားကို ကြည့်လျှင် လက်ဖက်ကို လက်ညှိုးနှင့်လက်မကြားတွင် ပါရုံကလေးမျှ တစ်ရိုးသာလျှင် ယူပြီး အရသာခံ စားသုံးကြောင်း သိသာပေ၏။" [၁၃၅၂] မြန်ဓလေ့၊ ပ။ ၈၈။♦
၇၂၉။ လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ
မိဘတို့သည် သားသမီးတို့၏လက်ဦးဆရာပင် ဖြစ်သည်။ "လက်ဦးဆရာ၊ မည်ုိထက်စွာသား၊ ပုဗ္ဗာစိရယ၊ မိနှင့်ဖအား၊ မွေးသည့်သားတို့၊ လိုက်လားသိမှတ်၊ ကျင့်မြဲဝတ်ကား၊" [၈၈၅] ကိုး ၄၆။
လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ ဆိုသောအတိုင်းသား သမီးတို့၏ လက်ဦးဆရာအစစ်သည်ကား မိဘတို့သာလျှင် ဖြစ်ကြ၏။" [၁၂၈၂] နီရီ။ ၇၂။♦
၇၃၀။ လောက်လမ်းသဖွယ် ဝိညာဉ်တွယ်။
ဘဝဟောင်းတစ်ခု၏ စုတိစိတ် ချုပ်ခြင်းအခြားမဲ့တွင် ဘဝသစ်တစ်ခု၏ ပဋိသန္ဓေဝိညာဉ်စိတ်သည် တစ်ဆက်တည်း ဖြစ်ပေါ်လာသည်။ "သဒ္ဓါစာဂ၊ လှူဒါနနှင့်၊ သီလစင်မွန်၊ ပစ္စုပ္ပန်လည်း၊ အလွန်ချီးမွမ်း၊ ဇာတိကမ်းကို၊ လောက်လမ်းသဖွယ်၊ ဝိညာဉ်တွယ်လျက်၊ အပါယ်နရက်၊ အောက်မသက်တည့်၊" [၉၀၄]ုံဘ ၉၂။♦
၇၃၁။ လင်ကွာမိန်းမ တသသ၊ လင်သေမိန်းမ တတတ
လင်နှင့်ကွာရှင်းပြီး သော မိန်းမသည် အိမ်ထောင်သစ်ထူရန် မိမိကိုယ်ကို ခြယ်သနေတတ်သော်လည်း မုဆိုးမသည်ကား ကွယ်လွန်သူယောက်ျားကို တမ်းတမ်းတတ ရှိနေတတ်သည်။ "လင်သေမိန်းမ၊ တတတတည့်၊ လောကဖွယ်ရာ၊ လင်ကွာမိန်းမ၊ တသသ တည့်၊ ဆိုကြတုံမြို့၊" [၁၁၈၉] ကုသ ၃၃၇။
လင်ကွာမိန်းမ တသသ၊ လင်သေမိန်းမ တတတဆိုတာ ဘယ်လောက်များ မှန်သလဲလို့၊ လင်မရှိတဲ့အခါကိုကျမှ လင်များ၏တန်ခိုးဟာ ဘယ်လောက်ကြီးတယ်… ဆိုတာကို သိရတော့တာပဲ၊" [၁၂၈၄] လောကသာရ၊ ၂၊ ၂၁။ ၈၃။♦
၇၃၂။ လင်စံရွေး လင်ခွေးနှင့်ညား
ရွေးလွန်းလျှင် အသုံးမကျသော လင်မျိုးနှင့် ညားရတတ်သည်။ (လင်စံရွေးခါမှ လင်ခွေးနှင့်ညား။ လင်စံရွေးတော့ လင်ခွေးရ -ဟူ၍လည်း အဆိုများ ရှိသည်။) "လင်စံရွေးလျှင်၊ လင်ခွေးနှင့်ညား၊ ဆိုစကားကို၊ နားမဝင်ရှောင်း၊ အယူစောင်းခဲ့၊" [၁၁၈၉] ကုသ ၄၀၀။
မိမိအဖို့တွင် ပျော်ရွှင်နိုင်ဖွယ်မရှိပြီ။ မိမိမှာ လင်စံရွေးခါမှ လင်ခွေးနှင့် ညားရတော့မည်။" [၁၂၉၄] သူ။ ၇၀။
ရှေးစကားပုံလိုလင်ံစရွေးတော့လင်ေွခးရဆိုသောအလား ရွေးချယ်လွန်းသည့် မိန်းမတို့၌…၊" [၁၂၉၉] မိန်းဓာတ်။ ၁၈၆။♦
၇၃၃။ လင်ဆိုးမယား တဖားဖား
လင်ဆိုးလျှင် မယားသည် ဖတ်ဖတ်မောအောင် ဒုက္ခအမျိုးမျိုးနှင့် ကြုံရသည်။ "ထိုမိန်းမတို့၊ ဘဝယုတ်မာ၊ မချမ်းသာဘဲ၊ ဂုဏ်ဝါမဖြိုး၊ သရေညှိုး၍၊ လင်ဆိုးမယား၊ တဖားဖားနှင့်၊ သားဆိုးအမေ၊ တပေပေဟု၊ ဆိုထွေပမာ၊" [၁၂၆၆] မဃ ၄၁၄။
လင်ဆိုးမယား တဖားဖားတဲ့ သမီးရဲ့၊ လင်ဆိုးရဲ့မယား ဖြစ်ရတာကျားလက်သို့ ရောက်ရတဲ့ သမင်မကလေးနဲ့ အတူတူပဲ၊" [၁၂၈၂] ဝေဝေ။ ၁၀၇။♦
၇၃၄။ လင်နှင့်မယား လျှာနှင့်သွား
လျှာနှင့်သွားသည် အနေနီးသဖြင့်အခန့် မသင့်လျှင် ကိုက်မိတတ်သကဲ့သို့လင်နှင့်မယားသည်လည်း စိတ်သဘောချင်း မတိုက်ဆိုင် သည့်အခါတွင် ရန်ဖြစ်တတ်ကြသည်။ "လူ့ဘုံထင်ရှား၊ လျှာနှင့်သွားသို့၊ မယားနှင့်လင်၊ မကြင်ဖြစ်စေ၊ ကြင်ဖြစ်စေတည့်၊ ဖြေဖြေဖျောက်ဖျောက်၊ မုန်းဖွယ်ရောက်လည်း၊ တစ်ယောက် ယောက်က၊ ချော့ဖျောင်းဖျသော်၊ ပြေရစတမ်း၊" [၁၁၈၉] ကုသ ၃၇၂။
လင်ှနင့်မယား လျှှာနင့်သွား ဆိုဘိသကဲ့သို့ စိတ်အခန့်မသင့်တဲ့အခါကို ရန်ခိုက်ဒေါသ ဖြစ်ကြတာပဲ၊" [၁၂၆၆] သန်းမေ၊ ဒု။ ၁၂၈။♦
၇၃၅။ လင်မယား ချစ်တော့ ရန်ဖြစ်
တစ်ဦးနှင့်တစ်ဦးချစ်ခင်သော လင်မယား ပင်လျှင် တစ်ခါတစ်ရံ ရန်ဖြစ်တတ်ကြသည်။♦
၇၃၆။ လင်မရှိ မရေရာ၊ လင်မကောင်းက မထောင်းတာ
အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးအဖို့ အိမ်ထောင်ဖက်ခင်ပွန်းလင် မကောင်းပါက အကြောင်းမဟုတ်၊ လင်မရှိတော့မှသာ မရေမရာ မျက်နှာငယ်စရာ ဖြစ်ပေမည်။ "လင်မရှိ မရေရာ၊ လင်မကောင်းက မထောင်းတာ ဟူသော စကားနှင့်အညီ မှီခိုရာ အရှိန်မဲ့လှ၍ အိမ်ထောင်ပြုရပါတော့သည်။" [၁၂၇၃] ကဝိသေ။ ၁၁၀။♦
၇၃၇။ လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော
လောကသည် ပျက်တတ်သော သဘောရှိ၏။ (လုဇတ္ဇိ-ပျက်တတ်၏၊ ပလုဇတ္ဇိ-ပရမ်းပတာပျက်တတ်၏၊ ဣတိတသ္မာ-ထို့ကြောင့်၊ လောကော- လောကမည်၏။) "လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော၊ သဘောနိယံ၊ လောကဓံနှင့်၊ ဆက်ဆံကြုံကြိုက်၊" [၁၁၁၃] ညွန့်ပေါင်း၊ ဒု။ ၆၄။
အမှန်လောက၊ ဩကာသကား၊ နိစ္စမဟုတ်၊ ပလုဇ္ဇတိ၊ လုဇ္ဇတိတည့်၊ လောကိသဘော၊ လောကောသနစ်၊ ပွားဖြစ်ပျက်ပြား၊" [၁၁၈၉] ကုသ ၁၃၁။♦
၇၃၈။ လုပ်ရဲလျှင် ခံရဲရမည်
အမှုတစ်ခုကို ကျူးလွန်ရဲလျှင် ထိုအတွက် ကျရောက်မည့် အပြစ်ကိုလည်း ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ရမည်။♦
၇၃၉။ လမ်းမသိ ခွေးနောက်လိုက်
တောလမ်းခရီး၌ မျက်စိလည်လမ်းပျောက်နေလျှင် တွေ့သည့် ခွေးနောက်သို့ လိုက်သွားပါက လူနေရပ်ရွာသို့ ရောက်သည်။♦
၇၄၀။ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်
အစဉ်အလာ လိုက်နာခဲ့သည့် နည်းလမ်းကို အခြေခံ၍ ပို၍ ကောင်းမွန်သော နည်းလမ်းများ ရရှိအောင် တစ်ဆင့် တက်လှမ်း တီထွင်ကြရမည်။ "လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ဟူသော ဆောင်ပုဒ်ကိုမူ သုတေသနနှင့် အခြားသော တိုးတက်တီထွင်ကြံဆသူများက သုံးစွဲကြသည်။" [၁၃၅၀] မြဝတီ၊ ၃၇၊ ၅။ ၄၅။♦
၇၄၁။ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်၊ သုတ်သင်ကာမျှ လွယ်ကာရ
အစဉ်အလာ လိုက်နာခဲ့သည့် နည်းလမ်းကို အခြေခံ၍ တစ်ဆင့်တက်လှမ်း တီထွင်ခြင်း၊ ကောင်းအောင် သုတ်သင်ပြုပြင်ခြင်းဖြင့် ပိုမို ကောင်းမွန်သော နည်းလမ်းများကို လွယ်ကူစွာ ရရှိနိုင်သည်။ "အမည်ရှစ်ပါး၊ ဈာန်တရားနှင့်၊ ပျံသွားမြေလျှိုး၊ ဘိညာဉ်မျိုးကို၊ လမ်းရိုးဟောင်းတွင်၊ ဆင့်ကာထွင်သို့၊ သုတ်သင်ကာမျှ၊ လွယ်ကာရလိမ့်၊" [၈၅၃] ပါမီ ၈။♦
၇၄၂။ လိမ္မာမှ အိမ်ပါသည်
စီးပွားရှာသည့်အခါ အသုံးအစွဲ ကျစ်လျစ်လိမ္မာမှ ဥစ္စာပစ္စည်းသည် အိမ်သို့ ပါမည်။♦
၇၄၃။ လျင်သော်ကား မင်း၊ နှောင်းသော် ချင်း
အခွင့်သာခိုက်တွင် လျင်လျင်မြန်မြန် ဆောင်ရွက်လျှင် မင်းအဖြစ်ကိုပင် ရနိုင်သည်။ နှေးကွေးနောက်ကျနေလျှင်မူ မင်းချင်းမျှသာ ဖြစ်မည်။ (အလျင်ကြံသော် မင်းဖြစ်၊ အနှေးကြံသော် သူ့ကျွန်ဖြစ်-ဟူ၍လည်း အဆိုရှိသည်။) "ပြုရာကိစ္စ၊ ရေးကြုံကြသော်၊ မကျနောက်လျှင်၊ လေးမဖင်နှင့်၊ လျင်သော်ကားမင်း၊ နှောင်းသော်ချင်းတည့်၊" [၁၂၆၆] မဃ ၂၅၀။
မယ်တော်၊ အလျင်ကြံသော် မင်းဖြစ်သည်၊ အနှေးြံကသော်သူ့ကျွန်ဖြစ်သည်။…နှေးလို့မဟန်၊ မြန်နိုင်မှ၊ မကြောက်မရွံ့စွန့်စားမှ သင့်လျော်မည်။" [၁၂၇၉] ဓမ္မစေတီ။ ၅၄။♦
၇၄၄။ လွမ်းစရာပေါ်လျှင် နာစရာနှင့်ဖျောက်
တစ်စုံတစ်ယောက်ကို လွမ်းသောစိတ် ဖြစ်ပေါ်လာပါက ထိုသူ၌ နာကြည်းစရာအပြစ်ကို ဖွေရှာ၍ ဖြေဖျောက်ရသည်။ (လွမ်းတာပေါ်လာလျှင် နာတာနှင့်ဆို့။ လွမ်းစရာရှိလျှင် နာစရာနှင့်ဖြေ- ဟူ၍လည်းအဆိုများရှိသည်။) နာစရာရှိလျှင် လွမ်းစရာနှင့်ဖြေ -နှင့် နှိုင်းယှဉ်။"လွမ်းတာပေါ်လာလျှင် နာတာနှင့်ဆို့ဆိုတဲ့ စကားအတိုင်းလိုပဲ အလွမ်းအဆွေးတွေကိုတော့ သင်းတို့အပေါ်၌ နာတာနှင့် ဆို့ထားပြီး၊" [၁၂၇၇] မောင်ပုံ၊ ဒု။ ၆၈။
လွမ်းစရာပေါ်ရင် နာစရာနဲ့ဖျောက်ဆိုတဲ့ စကားလို ထွေး ဖျောက်လိုက်ချင်ပါရဲ့။ ဖျောက်ချင်ပေမဲ့ ထွေးရဲ့ချစ်သူမှာ နာစရာအပြစ် ရှိတာမှမဟုတ်ဘဲ။" [၁၃၁၁] ချစ်ကြေး။ ၃၄၉။♦
၇၄၅။ လွယ်လွန်းက ရှုံး၊ ထည်လွန်းက မုန်း
သဘောလွယ်လွန်းပါက အရှုံးနှင့် ရင်ဆိုင်ရတတ်သည်။ ထည်ဝါလွန်းပါကလည်း အများမုန်းတီးတတ်သည်။ "အိမ်ထောင်ဖက်အရေး၊ သားမယားအမှုကို မတွေးဘဲမပြုသာ၊ ကရုဏာကြီးလွန်းလျှင်လည်း မတော်လှ၊ လွယ်လွန်းက ရှုံး၊ ထည်လွန်းက မုန်း ဆိုတဲ့စကားအတိုင်း အလွယ်ချည်းလည်း မလိုက်သာ၊ ထည်ထည်ဝါဝါကြီး နေလို့လည်းမတော်၊ လျော်ကန်အောင် စဉ်းစားပြီးနေနိုင်မှ သင့်မြတ်တဲ့ ကာလမို့…၊" [၁၂၇၆] မြင့်၊ ပ။ ၁၆၇။♦
၇၄၆။ လှတစ်မျက်နှာ၊ ယဉ်တစ်ကိုယ်လုံး
အလှသည် မျက်နှာတစ်ကွက်၏ ပသာဒနှင့်သာဆိုင်၍ အယဉ်သည် ကိုယ်နေဟန် ပြေပြစ်အချိုးကျနမှု၊ ဆင်ယင်ထုံးဖွဲ့မှုတို့နှင့် သက်ဆိုင်သည်။ "လှတစ်မျက်နှာ၊ ယဉ်တစ်ကိုယ်လုံးဟူသော စကား ရှိလေသည်။ ထိုစကား အရ မည်သူမဆို မိမိနှင့် တော်သော အဆင်ကို မိမိနှင့် တော်အောင်ချုပ်လုပ်၍ ဝတ်ဆင်လျှင် ယဉ်ကျေးနိုင်လေသည်။" [၁၂၉၆-ခန့်] သမီးဂုဏ်။ ၇၀။
လှတစ်မျက်နှာ၊ ယဉ်တစ်ကိုယ်လုံးဆိုသည့် စကားကဲ့သို့… မျက်နှာသည် အလွန် လှနေစေကာမူ အခြားအစိတ်အပိုင်းများတွင် အချိုးမကျက ပြေပြစ်သည်၊ တင့်တယ်သည်၊ ယဉ်သည်ဟု မဆိုနိုင်ပေ၊" [၁၃၂၁] နုရည်။ ၄၂။♦
၇၄၇။ လှေကားသုံးထစ်ဆင်းလျှင် လူပျိုဖြစ်သည်
အိမ်ထောင်သည်ယောကျာ်းများသည် အိမ်အပြင်သို့ ရောက်သည်နှင့် မိမိကိုယ်ကို လူပျိုလူလွတ်သဖွယ် သဘောထား တတ်ကြသည်။♦
၇၄၈။ လှေမျော လှေနှင့်လိုက်၊ ငွေမျော ငွေနှင့်လိုက်
လှေမျောပါသွားလျှင် အခြားလှေနှင့် လိုက်လံဆယ်ယူရသကဲ့သို့လုပ်ငန်းတွင် ငွေကြေးအရှုံးပေါ်ပါက ငွေရင်းငွေနှီး ထပ်မံစိုက်ထုတ်၍ အမြတ်အစွန်းရအောင် အားထုတ်ရသည်။ "လောင်းကစားသမားဟူသည် လက်ကြီးစမြဲ။ သူတို့က လှေမျောလျှင် လှေနှင့်လိုက်၊ ငွေမျောလျှင ်ငွေနှင့်လိုက် ပမာစကားကို လက်ကိုင်ပြုစမြဲ။" [၁၃၄၉] နတ်ကတော်။ ၃၃။♦
၇၄၉။ လှေအစုန် ရေရွက်တိုက်၊ လှေသမားများ အကြည်ဆိုက်။
လှေအစုန်၌ ရေရွက်တိုက်၍ သွားရလျှင် လှော်ခတ်စရာ မလိုသဖြင့် လှေသမားများ ဝမ်းသာကြသည်။ "မြစ်ရေကြီး၍ လှေစုန်ချိန်တွင် ရေရွက်တိုက်ခွင့်ရပါကလည်း လှေသမားများသည် အကြည်ဆိုက်ရလောက်အောင် နားနေခွင့် ရကြပေသည်။…ဤသို့သော လူနေမှုအခြေအနေကို ဖော်ပြလို၍ လှေသမားများသည် တောင်လေဖြူးဖြူး လှေသားမြူးဟူ၍လည်းကောင်း၊ လှေအစုန် ရေရွက်တိုက်၊ လှေသမားများ အကြည်ဆိုက် ဟူ၍လည်းကောင်း စပ်ဆိုသုံးစွဲခဲ့ကြလေသည်။ "[၁၃၃၅] ငွေတာရီ၊ ၁၅၉။ ၃၈။♦
၇၅၀။ လှေအဆင်း၊ မြင်းအတက်
လှေမှအဆင်းတွင် သတိထားရသကဲ့သို့ မြင်းပေါ်သို့ ခုန်အတက်တွင် သတိထားရသည်။ "လှေအဆင်း၊ မြင်းအတ်ကဟု ဆိုသော်လည်း ကျွန်တော့်အတွက်မူ မြစ်မနီး၊ လှေဝေးခဲ့သဖြင့် လှေအတက်တွင်ပင် လှုပ်လှုပ်ရွရွဖြစ်ပြီး မလိခမြစ်ထဲသို့ လိမ့်ကျချင်နေပါ၏။" [၁၃၂၅] မြန်မြောက်ဖျား။ ၁၆၉။
လှေအဆင်း၊ မြင်းအတက်။" [၁၃၄၈] မြန်မာ့မြင်း။ ၇၂။♦
၇၅၁။ လှေဦးစို စို၊ လှေဦးခြောက် ခြောက်
တံငါသည် ငါးဖမ်းမထွက်လျှင် စားရေးဝတ်ရေး မပြေလည်၊ ငါးဖမ်းနိုင်မှ စားရေးဝတ်ရေး ပြေလည်သည်။ လှေဦးခြောက် ခြောက်၊ လှေဦးစို စို-စကားပုံလည်းရှု။ "အဘဉာဏ်တို့လို တံငါသည်များဘဝမှာ လှေဦးစိုမှ ပါးစပ်စိုသည်။ လှေဦးခြောက်လျှင် ပါးစပ်ခြောက်သည်ဟု ပြောစမှတ်ပြုကြသည်။" [၁၃၄၁] ရေပြာ။ ၁၂၁။♦
၇၅၂။ လှံထမ်းလာတာကို မြင်ရ၊ ကံထမ်းလာတာကို မမြင်ရ
လူတစ်ယောက် ထမ်းလာသော လှံကို လှံဖြစ်မှန်း အလွယ်တကူ သိနိုင်သော်လည်း ပါလာသော ကံကိုမူ မသိနိုင်၊ မမြင်နိုင်ပေ။ ရေရွက် = ရေစီးအားဖြင့် လှေကို ရွေ့လျားအောင် ရေအောက်တွင် တပ်ဆင်ထားသော အပြား။ ကံထမ်းလာတာ မမြင်ရ၊ လှံထမ်းလာတာ မြင်ရ-နှင့် အတူတူ။ "ကံအကျိုးပေးမည့် အလိုကို တင်ကြိုသိတာမျိုးမဟုတ်၊ လှံထမ်းလာတာကို မြင်ရတယ်၊ ကံထမ်းလာတာကို မမြင်ရဘူးတဲ့၊" [၁၂၇၆] မြင့်၊ ဒု။ ၂၇၇။
ကျွန်မတို့ရဲ့ ကံကြမ္မာ ဘယ်လို ဖန်တီးလာဦးမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ လှံထမ်းလာတာသာ မြင်နိုင်တယ်၊ ကံထမ်းလာတာ မမြင်နိုင်ဘူး မဟုတ်လား၊" [၁၃၃၂] ဓမ္မာ။ ၂၈၆။♦
၇၅၃။ လှိုင်းကြီး လှေအောက်။
လှိုင်းလုံးတို့သည် မည်မျှပင် ကြီးမားစေကာမူ လှေအောက်တွင် ရှိစမြဲဖြစ်သည်။ လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖဝါးအောက်- စကားပုံလည်းရှု။ "လှိုင်းကြီး လှေအောက် ဟူသော စကားသည် မှန်ပေသည်။ တလိပ်လိပ် ပြေးလွှားနေသော လှိုင်းကြီးတို့သည် နောက်ဆုံးတွင် ကျွန်တော်တို့ သင်္ဘောအောက်သို့ ဝင်သွားကြရကုန်သည်။" [၁၃၀၉] ဂျာနယ်ကျော်၊ ၁၁၊ ၇။ ၁၅။♦
၇၅၄။ လှည်းကားအနှင်၊ လှေလျှင်တက်ပဲ့၊ မြင်းဇက်ဖွဲ့
လှည်းသမားသည် လှည်းမောင်းကျွမ်းကျင်ရသည်။ လှေသမားသည် တက်ကိုင်၊ ပဲ့ကိုင် ကျွမ်းကျင်ရသည်။ မြင်းစီးသူသည် ဇက်ဖွဲ့ကျွမ်းကျင်ရသည်။ "လှည်းကားအနှင်၊ လှေလျှင်တက်ပ့၊ဲ မြင်းဇ်ကဖွဲ့၍၊"[၁၁၈၉] ကသု ၈၂။♦
၇၅၅။ လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း။
၁၊ ပုဂံမြို့ဟောင်းတွင် ရှေးအခါက ဘုရားပေါင်း ၄၄၄၆-ဆူရှိသည်။ (လှည်း=၄၊ ဝင်=၄၊ ရိုး=၄၊ သံ=၆။) "ဘုရားများ မည်မျှ များပြားခဲ့သည်ကို တစ်ချိန်တစ်ခါက အစဉ်အလာ သံပေါက် မှတ်တမ်းတစ်ခု ထားခဲ့သည်မှာ လှည်းဝင်ရိုးသံတညံညံ၊ ပုဂံဘုရားပေါင်းဟူ၍ ဖြစ်ပါသည်။ ၎င်းမှာ လှည်းဝင်ရိုးသံသာ ကောက်ယူပေမည်။…ပုဂံဘုရားအရေအတွက် ၄၄၄၆-ဆူသာ ရှိရမည် ဖြစ်ပေသည်။" [၁၃၅၆] ပုဂံဘုရား။ နိဒါန်း။
၂၊ ပုဂံမြို့ဟောင်းတွင် ရှေးအခါက ဘုရားပေါင်း ၄၄၄၆၇၃၃-ဆူရှိသည်။ (လှည်း=၄၊ ဝင်=၄၊ ရိုး= ၄၊ သံ=၆၊ တ=၇၊ ညံ=၃၊ ညံ=၃။) "မောင်က ပုဂြံမို့စစ်ကြဲကီးသားမှို့လည်းဝင်ရိုးသံတညံညံ၊ ပုဂံဘုရားပေါင်းဆိုတဲ့ အသိန်းလေးဆယ်ကျော် ရှိတဲ့ ပုဂံဘုရားရာဇဝင်ကိုတော့ ကုန်စင်လုနီးနီး သိမှာပဲ ထင်ပါရဲ့၊" [ ၁၂၇၈] တင်မြ၊ ပ။ ၁၄၁။
ပုဂံတစ်ခွင်တစ်ပြင်တွင် စေတီဂူဘုရားပေါင်း ၄၄၄၆၇၃၃-ဆူရှိလေဟန်ကို လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်းဟူ၍လည်းကောင်း စကားအစဉ်အလာ ရှိလေသည်။" [၁၃၀၉] စာပေ။ ၁။♦
၇၅၆။ ဝစီဘေဒ ထိတိုင်းရှ။
သူတစ်ပါးအား ထိပါးပုတ်ခတ်ပြောဆိုလျှင် မိမိပြောခဲ့သည့်အတိုင်း မကောင်းကျိုးကို မိမိ ခံစားရသည်။ "သူ့အစ်ကြိုကီး ပြောလိုက်တဲ့ စကားဟာ ဘယ်လောက် အပြစ်ရှိတယ် ဆိုတာ သိပြီး ကြောက်လန့်သွားရှာတယ်။ ကြောက်လည်း ကြောက်စရာပဲ၊ ဝစီဘေဒ ထိတိုင်းရှဆိုတဲ့ စကားကို နားလည်နေတဲ့သူကိုး၊" [၁၃၁၄] မြန်ပုံ။ ၃၃။
ဝစီဘေဒ ထိတိုင်းရှ ဟူသော ဆိုထုံးတစ်ရပ်ကိုထပ်မံ သတိပြုနှလုံးသွင်းလျက်… အပြောအဆို ယဉ်ကျေးမှုကို လူတိုင်းလူတိုင်း ဂရုပြု စောင့်ရှောက် ထိန်းသိမ်းကြကုန်ရာသတည်း၊" [၁၃၂၃] ယဉ်ကျေးမှု၊ ၃၊ ၇။
၃။ သိခီဘုရားလက်ထက်တော်အခါက ဘိက္ခုနီမတစ်ဦးသည် တစ်နေ့တွင်အဖော် ဘိက္ခုနီမများနှင့်အတူ စေတီတစ်ဆူဝယ် လှည့်လည်ပူဇော်၏။ ရှေ့ဆုံးမှသွားနှင့်သော ဘိက္ခုနီမသည် ရဟန္တာထေရီတစ်ပါး ဖြစ်၏။ ထိုထေရီသည်စေတီကို လှည့်လည်ဖူးမြော်ခိုက် နှာချေသဖြင့် စေတီရင်ပြင်ပေါ်သို့ တံတွေးပေါက်အမှတ်တမဲ့ကျ၏။ ထိုတံတွေးပေါက်ကို ဘိက္ခုနီမမြင်သော် အဘယ် ပြည့်တန်ဆာမသည် ဤနေရာ၌ တံတွေးထွေးခဲ့သနည်းဟု ဆဲရေး၏။ ယင်းသို့ ဆဲရေးမိသဖြင့် ထိုဘိက္ခုနီမသည် ထိုဘဝမှ လွန်သော် ငရဲကျ၏။ ငရဲဘဝမှ လွတ်သော် လူ့ဘဝ၌ ဘဝပေါင်းတစ်သောင်းတိုင် ပြည့်တန်ဆာမ ဖြစ်၏။ နောက်ဆုံးဘဝ၌ ဝေသာလီပြည်တွင် အမ္ဗပါလီအမည်ဖြင့် ပြည့်တန်ဆာ ဖြစ်၏။ ခုဒ္ဒကနိကာယ်၊ ထေရီအဋ္ဌကထာ။ ၂၁၄။♦
၇၅၇။ ဝစေလို အချိုထမင်းနောက်
ပိန်သောသူ ဝစေလိုလျှင် ထမင်းစားပြီးတိုင်း အချိုစားရသည်။ "ပိန်သောသူဝစေလိုပါက ထမင်းစားပြီးတိုင်း ထန်းလျက်စားရမည်ဟုလည်း မြန်မာတို့ ဆိုစမှတ်ပြုကြပါသေးသည်။ ထို့ကြောင့် လက်သုံးစကား တစ်ရပ်မှာ ဝစေလို အချိုထမင်းနောက်ဟုရှိခဲ့သည်။" [ ၁၃၃၁] ထန်း။ ၈၆။♦
၇၅၈။ ဝါ ကဆုန်၊ နှမ်း နယုန်။
ဝါပင်ကို ကဆုန်လတွင် စိုက်ပျိုးရသည်။ နှမ်းပင်ကို နယုန်လတွင် စိုက်ပျိုးရသည်။ "ဝါစိုက်ခြင်းသည် နှမ်းစိုက်ခြင်းကဲ့သို့ အချိန်ကို လု၍ လုပ်ရသော စိုက်ပင်တစ်မျိုးဖြစ်ရာ အချိန်ရာသီမလင့်စေရန် အထူး ဂရုပြုရသော အပင်မျိုးဖြစ်၏။ ထို့ကြောင့် ဝါ ကဆုန်၊ နှမ်း နယုန်ဟု ရှေးသူဟောင်းတို့ ဆိုရိုးပြု ခဲ့ကြလေသည်။" [၁၃၃၂] မြန်မာ့ဝါ။ ၂၄။♦
၇၅၉။ ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း
ဝါခေါင်လတွင် အညာဒေသ၌ ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင်တို့ ပွင့်ကြသည်။ မိုးမှာမူ မရွာတတ်၊ ရွာပါလျှင်လည်း မိုးမသည်းတတ်။ "ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း။" [၁၁၉၅] မုံမှတ်။ ၅၈။
ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း။ ဝါခေါင်လ ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင်စသော သစ်ပင်များပွင့်သည့်အခါ မိုးအနည်းငယ်သာ ရွာသည်ဆိုလိုသည်။" [၁၂၈၅] ချုပ်ပုံ၊ ဒု။ ၁၃၅။♦
၇၆၀။ ဝါခေါင် မိုးစိပ် ထွန်တုံးပိတ်
မိုးစိပ်စိပ်ရွာသည့် ဝါခေါင်လသည် လယ်သမားများအတွက် ထွန်ယက်စိုက်ပျိုးသောလုပ်ငန်း ပြီးဆုံး၍ ထွန်တုံးပိတ်ချိန် ဖြစ်သည်။ "ဝါခေါင် မိုးစိပ် ထွန်တုံးပိတ် ဆိုသလို မိုးဖြူကလေးဖွဲဖွဲဟာ စဲတယ်လို့မှ မရှိဘဲ၊ အခုလို ရွာနေတုန်း ထွန်တုံးပိတ်မို့ အလုပ်ကလေးကလည်း အားနေကြတော့ တစ်ရွာလုံးလိုလို မိုးအေးအေးနဲ့ ကွေးနေကြတဲ့အခါ…၊" [၁၃၁၆] မြဝတီ၊ ၂၊ ၁၁။ ၂၁၇။♦
၇၆၁။ ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး
ဝါဆိုလသို့ရောက်သောအခါ မိကျောင်းပန်း ဖြူဖြူဖွေးဖွေးတို့လည်း ပွင့်ကြသည်၊ မိုးတစိမ့်စိမ့်ရွာသဖြင့် ရာသီဥတုမှာလည်း အေးသည်။ (ဝါဆိုတစ်ကြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး -ဟူ၍လည်း အဆိုရှိသည်။) "ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး။" [၁၁၉၅] မုံမှတ်။ ၅၈။
ဝါဆိုတစ်ကြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး
ဝါဆိုလတွင် မိကျောင်းပွင့် အားကြီးဖြူနေအောင် ပွင့်သည်။ မိုးရွာ၍ ရာသီအပူကင်းသည် ဆိုလိုသည်။" [၁၂၈၅] ချုပ်ပုံ၊ ဒု။ ၁၃၅။♦
၇၆၂။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်
ဝါဆိုနှင့်ဝါခေါင်လတွင် မိုးကောင်းစွာ ရွာလေ့ရှိ၍ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့တွင် ရေပြည့်နေတတ်သည်။ "ဝါဆိုငယ်မှ ဝါခေါင်၊ ရေဖောင်ဖောင်နှင့်၊" [၁၁၀၀-ခန့်] အိုင်စု။ ၃၃။
အားပါးတရ ရွာချလိုက်သော မိုးသားမိုးရေများ ချောင်းပြည့် ကန်ပြည့်လျြှံပည့်လာသော ဝါဆိုဝါခေါင် ရေဖောင်ဖောင် အချိန်သို့ ရောက်ခဲ့သောအခါ…၊" [၁၃၀၃]ဘဝ။ ၁၉၉။
ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဟု ဤလကို စာဆိုဖွဲ့ကာ သကေင်္တ ပြုကြသည့်နည်းတူ…၊"[၁၃၄၆] ယဉ်ပဒေသာ။ ၁၂၅။♦
၇၆၃။ ဝါသနာဘာဂီ၊ ဆက်တိုင်းမှီ
ဝါသနာသည် ဘဝအဆက်ဆက် တွယ်မှီ ပါလာတတ်သည်။ "ယခုကလျှင်၊ စဦးတင်၍၊ ချစ်ကြင်ပါရ၊ ကံကိစ္စကြောင့်၊ ဘဝနောင်ခါ၊ သံသရာလည်း၊ ဝါသနာဘာဂီ၊ ဆက်တိုင်းမှီ၍၊ ချစ်ညီတူကွ၊ မခွဲကြပြီ၊" [၁၁၈၉] ကုသ ၄၁၄။
ဝါသနာဘာဂီ၊ ဆက်တိုင်းမှီ ဆိုတဲ့ စကားဟာ လွန်စွာ မှန်သနော်။ ဘဝတစ်ခုက စွဲလမ်းခဲ့တဲ့ ဝါသနာမျိုးဟာ နောက်ဘဝတစ်ခုသို့ လိုက်ပါတတ်တယ်။" [၁၂၈၈] ထေရီ၊ ဒု။ ၄၇။
ဗြဟ္မဒတ်မင်းရာဇာမှာ ဝါသနာအတိုင်း ဝါသနာဘာဂီ၊ ဆက်တိုင်းမှီဆိုသလို သားသမင်ကို စားချင်သောက်ချင်တဲ့စိတ် ပေါက်လာတော့…၊" [၁၂၉၆] မဉ္ဇရီ၊ ပ။ ၉၅။♦
၇၆၄။ ဝါးပေကျူပင်၊ ငှက်ပျောပင်၊ သီးလျှင်မုချ၊ သေကုန်ကြ
ဝါးပင်၊ ပေပင်၊ ကျူပင်၊ ငှက်ပျောပင်တို့သည် အသီး သီးပြီးလျှင် သေစမြဲဖြစ်သည်။ "ဝါးပေကျူပင်၊ ငှက်ပျောပင်တို့၊ သီးလျှင်မချု၊ သေကုန်ကြသို့၊" [၁၂၆၆] မဃ ၂၂၃။♦
၇၆၅။ ဝိဂြိုဟ်မငံ ဂဠုန်ပျံ
ပါဠိစာပေလေ့လာသူများ ဝိဂြိုဟ်ပြုရာ၌ မကျွမ်းကျင်လျှင် ဂဠုန်ပျံသဒ္ဒါကျမ်းကို လေ့လာပါ။ "ဝိဂြိုဟ်မငံ၊ ဂဠုန်ပျံ၊ သင်အံနှလုံးစွဲ။" [၁၁၁၃] ကဝိသတ် ၃၆၀။
စာပွဲခံလို၊ စာသင်ပျိုတို့၊ ဝိဂြိုဟ်မငံ၊ ဂဠုန်ပျံကို၊ သင်အံကြိုးစား၊ ဆင့်ဆင့်ပွားအောင်၊ ထွားထွားညက်ကျေ၊ ပွန်းတီးစေလော့၊" [၁၁၅၂] ဗျူပျို့ ၄။♦
၇၆၆။ ဝီရိယလွန်သော် ဥဒ္ဓစ္စ
ဝီရိယ လွန်ကဲပါက စိတ် ပျံ့လွင့်တတ်သည်။ (ဝီရိယ-ကြိုးစားအားထုတ်မှု၊ ဥဒ္ဓစ္စ-ပျံ့လွင့်ခြင်း။) "ဝီရိယလွန်သော် ဥဒ္ဓစ္စ။" [၁၁၄၇-ခန့်] ဟံချုပ်။ ၂၂၂။
ဝီရိယလွန်လို့ ဥဒ္ဓစ္စဖြစ်ဆိုတဲ့ စကားအတိုင်း ဝီရိယ လွန်ကဲပြန်လျှင် ပျာယီးပျာယာနှင့် ဗျာပါ ရတွေများပြီး သမာဓိတရား မရနိုင်ဘူး။" [၁၂၇၈] သာရီ၊ စ။ ၁၀၇။♦
၇၆၇။ ဝဋ်မှာအမြဲ၊ ငရဲမှာအပ
ငရဲမှ လွတ်ကင်းအောင် ရှောင်နိုင်သော်လည်း ဝဋ်ကြွေးမှ လွတ်ကင်းအောင် မရှောင်နိုင်ပေ။ "ရှေးက သူ့ကို သည်လို ပြုခဲ့ဖူးတာနဲ့ ယခုလည်း သူက သည်လို ပြုရရှာတာပေပဲ၊ ဒါကြောင့် ဝဋ်မှာအမြဲ၊ ငရဲမှာအပလို့ ဆိုတာပေါ့၊" [၁၂၇၆] စိုး။ ၃၄၈။
ဝိပါကဝဋ်ကြွင်း ဘုရားသော်မှ လွတ်ကင်းအောင် မရှောင်နိုင်ရာတဲ့၊ ဝဋ်အမြဲ၊ ငရဲအပတဲ့၊" [၁၂၉၄] ဒဂုန်၊ ၁၄၁။ ၃၉။♦
၇၆၈။ ဝန်မပါလည်း ပွဲမဖြစ်၊ ဝန်ပါလည်း ပွဲစိတ်ညစ်
မြန်မာဇာတ်သဘင်၌ ဝန်ကြီးလေးပါးမထွက်ဘဲ ပြည်တည်၍မရ၊ ပြည်တည်ရာ၌ ဝန်တို့က အချိန်ကြာမြင့်စွာ ပြောဆိုနေပါကလည်း ပွဲကြည့်သူတို့ ငြီးငွေ့ကြရသည်။ "ဝန်များ လွှတ်တက်ကြသည်။ ဤအခန်းသည်…ကာလသားသမီးတို့ကား ထီးနန်းကို မမီလိုက်ကြတော့သဖြင့် ထိုအခန်းကို အလွန်စက်ဆုပ်ကြ၏။ … ဤသို့ဖြင့် လူမုန်းသောအခန်း ဖြစ်လာတော့ရာ ဝန်မပါလည်း ပွဲမဖြစ်၊ ဝန်ပါလည်း ပွဲစိတ်ညစ်ဟူသော စကားပုံတို့ ပေါ်လာရလေတော့သည်။" [၁၂၈၇-ခန့်] လင်ဂီ။ ၁၃၂။
ဝန်မပါလည်းပွဲမဖြစ်၊ ဝန်ပါပြန်တော့လည်းပွဲစိတ်ညစ်ဟု ဇာတ်ပွဲသဘင် လောက၌ စကားပုံတစ်ခုရှိသည်။" [၁၃၄၂] သာသနာ့သက်။ ၃။♦
၇၆၉။ ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ
ဝမ်းမှန်လျှင် ခေါင်းကိုက်ဝေဒနာမျှကိုပင် မခံစားရဘဲ ရောဂါကင်းရှင်းသည်။ "ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဟူသော မြန်မာစကားမှာလည်း ဝမ်းမီးကောင်းခြင်း၏အကျိုး၊ အစာကြေလွယ်ခြင်း၏အကျိုးများကို ရည်ရွယ် ပြောဆိုခြင်း ဖြစ်လေသည်။" [၁၃၀၁] သူရိယ၊ ၂၂၊ ၂၁။ ၁၇။
ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဘူးဆိုတဲ့ မြန်မာစကားပုံအတိုင်းအစာ ကြေမယ်၊ ဓာတ်မှန်မယ်သာဆိုရင် ဘယ်လိုရောဂါမျိုးမှ ဖြစ်ပေါ်မလာနိုင်ပါဘူး။" [၁၃၁၇] စာဗိမာန်၊ ၃၊ ၁၁။ ၆၃။♦
၇၇၀။ ဝမ်းနှင့်မလွယ် သားမမည်
မိမိဝမ်းနှင့်လွယ်၍ မွေးရသော သားသမီးမဟုတ်လျှင် သားသမီး မမည်ပေ။ "ဝမ်းနှင့်မလွယ်သားမမည် ဘူးတဲ့ မယ်မယ်ရဲ့၊ တကယ့်အရေးကျတော့ သူတို့ ပြေးကြလိမ့်မယ်၊" [၁၂၇၉] ဓမ္မစေတီ။ ၁၀၅။
မိဖုရားသည် ဝမ်းနှင့်မလွယ် သားမမည် ဆိုသော စကားကဲ့သို့ မိထွေး ဖြစ်သဖြင့် ဝန်တိုသော သဘောနှင့် သံတော်ဦးတင်လေသလား။" [၁၂၈၅] ဒဂုန်၊ ၄၂။ ၉၅။♦
၇၇၁။ သဇင်ပွင့်ပေါ်၊ လနတ်တော်
နတ်တော်လတွင် သဇင်ပန်းများ ပွင့်ကြသည်။ "ချမ်းမြရတု၊ ဓနုရာသီ၊ အညီမွမ်းဖြင်၊ ဂမုန်းအင်နှင့်၊ သဇင်ပွင့်ပေါ်၊ လနတ်တော်ကား၊ ပူဇော်ကြီးစွာ၊ မင်းဆရာတို့၊" [၁၀၇၆] ဆယ့်နှစ်ချုပ်။ ၁၃။
ဆယ့်နှစ်ရာသီဘွဲ့ဆရာတို့ကလည်း ဂမုန်းအင်နှင့်၊ သဇင်ပွင့်ပေါ်၊ လနတ်တော်ဟူ၍ ရေးစပ်ခဲ့ကြသည်။" [၁၃၄၆] အာကာတစ်ခွင်။ ၁၅၂။♦
၇၇၂။ သတိဆို ပိုသည်မရှိ။
သတိတရားဟူသည် အမြဲလိုအပ်နေသည့်အရာ ဖြစ်သည်။ "သတိဟိုဆ၊ တရားကိုယ်မူ၊ ပိုသည်မရှိ၊ လိုသည်တိရှင့်၊" [၁၂၆၆] မဃ ၁၉၅။♦
၇၇၃။ သတိတမံ၊ ဉာဏ်မြေကတုတ်၊ ပညာစွန်း ချွန်းကဲ့သို့အုပ်
မိမိ၏စိတ်ကို သတိတည်းဟူသော တာတမံ၊ ဉာဏ်တည်းဟူသော မြေကတုတ်ဖြင့် ဝန်းရံလုံခြုံစေပြီး ပညာတည်းဟူသော ချွန်းဖြင့် ထိန်းချုပ်ရမည်။ "သတိရခိုက်ကို စိတ်၌ ဆင်ခြင်မိတာကိုး အဖေရဲ့။ ေဩာ်-ငါဖြင့် မရဏပြည်ရွာကို မနေသာစိုက်စိုက် ဧဝကန် အမှန် လိုက်ရတော့မည်။ သို့လိုက်ပင် လိုက်ရသော်လည်း သတိတမံ၊ ဉာဏ်မြေကတုတ်၊ ပညာစွန်း ချွန်းကဲ့သို့အုပ်ရမတဲ့၊" [၁၂၆၈] နော၊ ဒု။ ၄၆။
ဟောဒီလို တံဆိပ်လက်ရာ အမှတ်အသား မပါရင် ဘယ်လို အစာအာဟာရမျိုးကိုမှ မစားမသောက်လေနဲ့၊ သိလား။ နို့ပြီး သတိတမံ၊ ဉာဏ်မြေကတုတ်၊ ပညာစွန်း ချွန်းကဲ့သို့အုပ်ရမတဲ့၊" [၁၂၇၉] ဓမ္မစေတီ။ ၂၁၆။♦
၇၇၄။ သတိလက်ယာ၊ ပညာလက်ဝဲ
မည်သည့်အရာတွင်မဆိုသတိနှင့်ပညာ ယှဉ်၍သာ ကြံစည်ပြောဆိုပြုမူရာသည်။ "သတိကလိုက်ယာ၊ ပညာကလိုက်ဝဲ၊ အမြဲမကွာ၊ ကိုယ်မှာထားသို၊" [၁၂၃၈] ဩကထာ။ ၃၁။
မေ့ကျန်မရှိ၊ သတိလက်ယာ၊ ပညာလက်ဝဲ၊ ယှဉ်အမြဲနှင့်၊" [၁၂၆၆] မဃ ၂၀၇။♦
၇၇၅။ သဒိသံ ပါကံ ဇနေတိ
ကံတူ အကျိုးပေး-နှင့် အတူတူ။ (သဒိသံ-တူသော၊ ပါကံ-အကျိုးကို၊ ဇနေတိ-ဖြစ်စေ၏။) "ယခုကာလသူများ၏ သဒ္ဓါတရားတွေကတော့…စေတနာအားလျော်စွာ အကျိုးပေးရပြန်သောကြောင့် သဒိသံ ပါကံ ဇနေတိ ဟူသော စကားအရအကျိုးနုံ အကျိုးမွဲ အကျိုးကော်စေးနှဲ အကျိုးဆင်းရဲတွေ ပေးဦးမှာပဲ၊" [၁၂၈၆] ဒေတိ။ ၁၄။
အတိတ်ကံပဲ ဖြစ်ဖြစ်၊ ပစ္စုပ္ပန်ကံပဲ ဖြစ်ဖြစ် သဒိသံ ပါကံ ဇနေတိ ဆိုတဲ့အတိုင်း ကံဆိုတာ တူတဲ့အကျိုးကို ပေးတတ်တယ်။" [၁၃၂၂] ပြည်တိ။ ၄၅။♦
၇၇၆။ သဘင် စည်း၊ ထီး ခရိုင်
ထီးတွင် ခရိုင်သည် အချုပ် ဖြစ်သကဲ့သို့ သဘင်ပညာ၊ ဂီတပညာတွင် စည်းဝါးသည် အချုပ် ဖြစ်သည်။ "သဘင် စည်း၊ ထီး ခရိုင် ဟူသော စကားကဲ့သို့ သဘင်၊ ဂီတအရာတွင် စည်းဝါးသည် အရေးကြီးသည်။ ထီး၌ ခရိုင်ကောင်းရန် အရေးကြီးသည်။" [၁၃၃၀] စောင်းနှင့်ဘဝ။ ၁၅၄။♦
၇၇၇။ သမားကောင်းလျှင် လက်သုံးကိုင်ကာ၊ ရှေ့နေကောင်းလျှင် ဖျင်လက်ပင့်ကာ
သမားကောင်းသည် လက်သုံးဆေးတစ်လက်တည်း သုံးကာမျှဖြင့် အနာရောဂါများ ပျောက်ကင်းအောင် ကုသနိုင်သည်။ ရှေ့နေကောင်းသည် အကརျလက် ပင့်ကာပင့်ကာမျှဖြင့် အမှုနိုင်အောင် လျှောက်လဲတတ်သည်။ "သမားကောင်းလျှင် လက်သုံးကိုင်ကာ၊ ရှေ့နေကောင်းလျှင် ဖျင်လက်ပင့်ကာ၊ ပုံပမာဆိုရိုးရှိသည်များနှင့် ထောက်ချင့်၍ ဆင်ခြင်၊" [၁၁၉၂] ဝေါလီ။ ၆၄။
သမားကောင်း လက်သုံးကိုင်ကာ၊ ရှေ့နေကောင်း ဖျင်လက်ပင့်ကာ။" [၁၂၅၇] ပေါဒီ။ ၅၃၆။♦
၇၇၈။ သမီးကညာ အခါမလင့်စေနှင့်။
အရွယ်ရောက်သော သမီးကညာကို အိမ်ထောင်ပြုပေးရန် မနှောင့်နှေးသင့်ပေ။ "သမီးကညာ၊ ရွယ်ရောက်လာ၊ အခါမလင့်ပါစေနှင့်၊ အခါလင့်က၊ အသင့်မရ၊ ယုတ်သောသူနှင့် ညားတတ်စွ၊" [၁၂၄၂] ဓမ္မဂန်။ ၈၄။
သမီးကညာ အခါမလင့်စေရာဟူသော စကားအရ အရွယ်ရောက်လာပြီဖြစ်သော သမီးကြီးလှခင်အတွက် သင့်လျော်သူတစ်ဦးဦးနှင့် နေရာချထားရန်ဦးအောင်ဘ ဒေါ်ဧမယ်တို့သည် မစဉ်းစားဘဲ မနေနိုင်တော့ပေ၊" [၁၃၁၈] စာဗိမာန်၊ ၄၊ ၉။ ၃၇။♦
၇၇၉။ သမီးတစ်ကောင် နွားတစ်ထောင်
သမီးပျိုတစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းသည် နွားတစ်ထောင်ကို ထိန်းကျောင်းရသကဲ့သို့ တာဝန်ကြီးလှသည်။ "လူ့ရွာအတီး၊ ဝေါဟာပြီးသား၊ သမီးတ်စကောင်၊ နွားတ်စထောင်သို့၊ လုံအောင်အမြဲ၊ စောင့်နိုင်ခဲဟု၊" [၁၂၆၆] မဃ ၃၀၆။
သမီးတစ်ကောင် နွားတစ်ထောင်ဆိုတဲ့ စကားလို အခုလို ကာလ မိန်းကလေးတွေဟာ နွားတစ်ထောင်ထိန်းကျောင်းရတာထက် ခက်သေးတယ်။" [၁၂၉၁] ဒဂုန်၊ ၉၊ ၁၀၈။ ၁၄။ ဖျင် = အကျར ♦
၇၈၀။ သမီးမရခင် အမေကို ဖျာလိုလိပ် ထိပ်ပေါ်တင်၊ ရပြန်တော့ ဖျာလိုခင်း နင်း
အချို့ယောကျာ်းများသည် သမီးကိုမရသေးခင် အမေကို အလွန် ရိုသေကိုင်းရှိုင်း ဟန်ပြကြသော်လည်း သမီးကို ရပြီးသောအခါ အမေကို မလေးစားကြတော့ပေ။ "သူ့သမီးမရခင် သူ့အမေ ဖျာလိုလိပ် ထိပ်ပေါ်တင် ဆိုသည့် စကားနှင့် အညီ …သမီးရှင်မိဘနှင့် လမ်းကြုံ၍ တွေ့ကြလျှင်…အထောက်မတန်ရိုသေ လောကဝတ်ကျေကျေလုပ်၊" [၁၂၉၇-ခန့်] မိန်း။ ၇၄။
မရခင် ဖျာလိုလိပ်လို့ ထိပ်ပေါ်တင်၊ ရပြန်ရင် ဖျာလိုခင်းပြီး နင်းချင်တိုင်း နင်းနေတာကောင်းရဲ့လားဆရာ၊ ဒါယောက်ျားတွေပဲမဟုတ်လား၊" [၁၃၁၃] သုခတို။ ၂၆၁။♦
၇၈၁။ သမီးမိန်းမ မွေးပြန်ရ၊ မောင်ဖားမိဘ အရှက်ရ
သမီးမိန်းကလေးကို မွေးရသည်မှာ မလိမ္မာလျှင် မိဘမောင်ဖား အရှက်ရတတ်သည်။ "အိမ်ထောင်မချ၊ သားမိန်းမအား၊ မြင့်ရှည်ထားသော်၊ မောင်ဖားမဘိ၊ ထိန်းယခပဲ၊ အရှက်ကွဲသို့၊" [၈၈၅] ကိုး ၁၀၂။
သမီးမိန်းမ မွေးပြန်ရ၊ မောင်ဖားမိဘ အသရေပျက်၍ အရှက်ရဟု ဆိုရိုးစကား ရှိသည်။ ထို့ကြောင့် သမီးမိန်းကလေးများ အရွယ်ရောက်လာလျှင် မိဘမောင်ဖားတို့က စိုးရိမ်စိတ်ပို၍ နေရာတကာမှာ ချုပ်ချယ်တတ်ကြသည်။" [၁၃၅၁] ပန်းပျိုး။ ၂၀၉။♦
၇၈၂။ သမဂ္ဂါနံ တပေါ သုခေါ
စည်းလုံးညီညာလျှင် အောင်မြင်မည်။ (သမဂ္ဂါနံ-ညီညွတ်သောသူတို့၏၊ တပေါ- အကျင့်သည်၊ သုခေါ-ချမ်းသာ၏။) "သမဂ္ဂါနံ- စိတ်ဓာတ်ညီညွတ်သူတို့၏၊ တပေါ-အကျင့်သည်၊ သုခေါ-ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။" [၁၃၂၃]ဓမ္မပါမြန်။ ၇၆။
သမဂ္ဂါနံ တပေါ သုခေါဆိုတဲ့ဝါဒကိုး မွန်းကျော်ရွဲ့ရဲ့… လောကီလုပ်ငန်းမှန်ရင် လူများစုနဲ့ ညီညီညာညာဝိုင်းဝန်းဆောင်ရွက်ကြမှ အောင်မြင်နိုင်မယ်။" [၁၃၃၆] ပါနောက်။ ၅၅။♦
၇၈၃။ သမုဒ္ဒရာ ဝမ်းတစ်ထွာ
ဝမ်းဗိုက်သည် တစ်ထွာခန့်မျှသာ ရှိသော်လည်း နေ့စဉ်နှင့်အမျှ အစာရေစာဖြည့်၍ မပြည့်နိုင်အောင်ရှိသည်။ "သမုဒ္ဒရာ ဝမ်းတစ်ထွာဆိုတာလို ဝမ်းတစ်ထွာမှ မချမ်းသာရင် ကျန်းမာခြင်းလည်း မဖြစ်၊ ဝမ်းသာခြင်းလည်း မဖြစ်လို့ စိတ်ညစ်ကျိနောက်ပြီး ကသိကအောက်နေကြရပေတယ်။" [၁၂၉၆] မဉ္ဇရီ၊ စ။ ၂၁။
သမုဒ္ဒရာ ဝမ်းတစ်ထွာ ဆိုသည့်အတိုင်း ပြည့်နိုင်သည်မရှိသော တစ်ထွာခန့် ဝမ်းအတွက် ဖြည့်တင်းနေရမှုကို တင်စားပြောဆြိုကသော်လည်း…၊" [၁၃၃၁] ရှေ့သို့၊ ၁၅၊ ၈။ ၂၉။♦
၇၈၄။ သဝေမပါ ကိုးဂါထာ
သရဏဂုံသုံးပါးဂါထာသည် သဝေထိုးမပါသော ဂါထာ ဖြစ်သည်။ "နှစ်လခရီး၊ တောကြီးတောင်ခြေ၊ ရောက်ကုန်လေလည်း၊ သဝေမပါ၊ ကိုးဂါထာဟု၊ မြတ်စွာဗုဒ္ဓံ၊ ဓမ္မံသံဃံ၊ သရဏံပီတိ၊ ဂစ္ဆာမိကို၊ ရွတ်ဘိနှုတ်ဝယ်၊ သရဇ္ဈာယ်ကာ၊ ဘယာနတ္ထိ၊ ဘေးမရှိ…၊" [၈၈၀-ခန့်] ဗုဒ်ပျို့ ၁။
သဝေမပါ ကိုးဂါထာ၊ လိုရာဆေးဖော်သုံးဟု ဆရာစဉ်ဆက် ဆုံးမနာယူလေ့ကျင့်ခဲ့ပါသည်။" [၁၃၅၁] သီလဝ၊ ၁၊ ၄။ ၁၁။♦
၇၈၅။ သားကိုငယ်ခါ၊ ကျွန်မှာဝယ်သစ်၊ တပည်ြ့ဖစ်က၊အပ်စဟူသည်၊ မျက်ခြည်မျက်သာ မပေးရာ
ငယ်ရွယ်သော သားကိုလည်းကောင်း၊ ဝယ်ခါစ ကျွန်အသစ်ကိုလည်းကောင်း၊ ဆရာ့လက်သို့ အပ်ခါစ တပည့်အသစ်ကိုလည်းကောင်း မျက်နှာသာမပေးရာ။ "သားကိုငယ်ခါ၊ ကျွန်မှာဝယ်သစ်၊ တပည့်ဖြစ်က၊ အပ်စဟူသည်၊ မျက်ခြည်မျက်သာ၊ မပေးရာတည်း၊ ပေးပါတုံက၊ မိဘသခင်၊ ဆရာရှင်တို့၊ ပဲ့ပြင်ပြုပြင်၊ သွန်သင်နောက်ကို၊ မရလိုဘူး၊" [၁၂၆၆] မဃ ၃၁၆။♦
၇၈၆။ သားကိုသခင်၊ လင်ကိုဘုရား
မိန်းမသားတို့သည် သားကို သခင်သဖွယ် အရေးထား၍ လင်ကိုဘုရားတစ်ဆူ ဂူတစ်လုံးသဖွယ် ရိုသေလေးစားကြသည်။ "မိန်းမတို့သည် မိမိ၏အရှင်သခင် လင်ကိုဘုရားတစ်ဆူဂူတစ်လုံးကဲ့သို့ ထင်မှတ်လျက်…၊" [၁၂၉၅-ခန့်] လွယ်အိတ်။ ၃၁၄။♦
၇၈၇။ သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့
လိမ္မာသော သားသည်သာ အမျက်ကျောက်ကောင်းတစ်စေ့ပမာ တန်ဖိုးရှိသည်။ "သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ ့ဆိုတာလိုထူးမြတ်တဲ့ သားတစ်ယောက်ကို ပြည်တန်ကျောက်ကဲ့သို့ မျက်စိအောက်က မပျောက်ရအောင် ဝမ်းမြောက်ဝမ်းသာ အရိပ်ကြည့်လို့ နေကြရပါတယ်။" [၁၂၇၈] သာရီ၊ စ။ ၈၈။
သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့ဆိုသလို အဖ၏ လက်ရုံး အားကိုးပြုရတဲ့ သားဆိုတော့ ဖခင်လုပ်သူများ အားကိုးရပေမယ်။" [၁၂၉၀] သန်းသန်း၊ တ။ ၂၂။♦
၇၈၈။ သားချစ်မညီ၊ သားချီမမျှ
အချို့မိဘများသည် သားသမီးကို ချစ်ရာ၌ အချစ် မတူညီတတ်ကြပေ။ "ရှေးကသနစ်၊ ပုံကိုစစ်သော်၊ သားချစ်မညီ၊ သားချီ မမျှ၊ ဆိုတြုံကနှင့်၊" [၁၁၅၂-ခန့်] ကျည်း။ ၂၈။
ခမည်းတော်စစ်၊ ဧကရာဇ်လျှင်၊ သားချစ်မညီ၊ သားချီ မမျှ၊ ဆိုစကြသို့၊ ပြည်မှတောခွင်၊ ထုတ်လိုက်နှင်က၊" [၁၁၅၅] ဥတိန် ၅၇။♦
၇၈၉။ သားဆိုးအမေ တပေပေ
သားဆိုးလျှင် မိခင်သည် ပူပင်သောကရောက်၍ မဆုံး ဖြစ်ရတတ်သည်။ (သားဆိုးအမေ တတေတေ-ဟူ၍လည်း အဆိုရှိသည်။) "ထိုမိန်းမတို့၊ ဘဝယုတ်မာ၊ မချမ်းသာဘဲ၊ ဂုဏ်ဝါမဖြိုး၊ သရေညှိုး၍၊ လင်ဆိုးမယား၊ တဖားဖားနှင့်၊ သားဆိုးအမေ၊ တပေပေဟု၊ ဆိုထွေပမာ၊" [၁၂၆၆] မဃ ၄၁၄။
ဆိုးမိုက်၍ အသက်ရှည်နေသော သားသည်ကား သားဆိုးအမေ တတေတေဆိုသည့်အတိုင်း သူ့အမိကို တစ်သက်လုံး ဒုက္ခပေးလျက်ရှိ၏။" [၁၃၁၄] မင်မြု။ ၂၅၆။♦
၇၉၀။ သားမလေးက ကျေးမရိုသေ
မိဘကို သားသမီးတို့က မရိုသေမလေးစားလျှင် ကျေးကျွန်အစေအပါးတို့က ရိုသေလေးစားမည်မဟုတ်ချေ။ "သားမလေးက၊ ကျေးမရိုသေ၊ ကျွန်မချေက၊ ဗိုလ်ခြေမညွတ်၊ ဖြစ်တို့ တတ်၏၊" [၁၂၆၆] မဃ ၃၁၇။♦
၇၉၁။ သားရေမှာထုပ်၊ မြေမှာမြှုပ်
မိမိ၌ ငွေပိုငွေလျှံရှိလျှင် ဆင်မြင်းကျွဲနွား များ ဝယ်ယူခြင်းဖြင့်လည်းကောင်း၊ လယ်ယာမြေများ ဝယ်ယူခြင်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံပါ။ "သားရေမှာထုပ်၊ မြေမှာမြှုပ် ဆိုသည့် စကားအရ မြေ၌ မြှုပ်၍ စုသော နည်း၊ ဆင်မြင်းကျွဲနွား မွေးမြူခြင်း၊ လယ်ယာမိုးမြေ ဝယ်ခြမ်းခြင်း အစရှိသည်ဖြင့် စုဆောင်းနည်းများ ရှိခဲ့လေသည်။" [၁၃၁၇] ချွေစုရေး။ ၂။♦
၇၉၂။ သားသမီးမကောင်း မိဘခေါင်း
သားသမီးများ အကျင့်စာရိတ္တမကောင်းသူ ဖြစ်လာလျှင် မိဘဝတ္တရားပျက်ကွက်သည်ဟု မိဘတို့အပေါ် အပြစ်ပုံချသည်။ သားသမီးမကောင်း မိဘခေါင်း-စကားပုံလည်းရှု။ "ညံ့ဖျင်းသောအိုးများ တွေ့မြင်ရာ အိုးကို အပြစ်မတင်သာဘဲ အိုးဆရာကိုသာ အပြစ်တင်ကြဘိသကဲ့သို့ဤလောကမှာလည်း ဆိုးရွားညံ့ဖျင်းသော သားသမီးများကို တွေ့မြင်ရာ မိမဆုံးမ၊ ဖမဆုံးမစသော စကားဖြင့် မိဘခေါင်းကို ထိခိုက်၍ ကဲ့ရဲ့ပြစ်တင်မြဲ ဓမ္မတာရှိလေသည်။ သို့ဖြစ်၍ သားသမီးမကောင်း မိဘခေါင်းဟူ၍ ဆိုစမှတ် ပြုလုပ်ကြလေသည်။" [၁၂၈၂] နီရီ။ ၇၁။♦
၇၉၃။ သားသေ ရက်ရေ
သားလျှော၊ သားသေပြီးစ မိခင်တို့သည် ရက်များမကြာခင် နောက်ထပ်ကိုယ်ဝန်ရတတ်သည်။♦
၇၉၄။ သားအချစ် မြေးအနှစ်
အမိအဖအဖြစ်မှ အဘိုးအဘွားအဖြစ်သို့ ရောက်လာကြသောအခါ အဘိုးအဘွားတို့သည် သားသမီးထက် မြေးကို အချစ်ပိုတတ်၊ အချစ်သည်းတတ်ကြသည်။ "သားသမီးအချစ် မြေးအနှ်စဆိုသော စကားအတိုင်း ဦးတိုးမှာ ရိုးတွင်း ခြင်ဆီအထိ စွဲအောင် သဲသဲမဲမဲ ချစ်ခဲ့ရှာတော့၏။" [၁၂၉၈] ခင်လေးတို။ ၁၆။
သားမှာ အချစ်၊ မြေးမှာ အနှစ် ဆိုသော စကားကဲ့သို့ မြေးမကလေးအားအလွန်ပင် ချစ်ခဲ့လေသည်။" [၁၃၁၅] မြဝတီ၊ ၂၊ ၁။ ၂၇၆။♦
၇၉၅။ သား၏ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်း
မိဘတိုင်းသည် သားသမီးကို မြင်လိုက်ရလျှင် သီတာရေကြည် နှင့် ထိတွေ့ရသကဲ့သို့ ရွှင်လန်းချမ်းမြေ့ကြသည်။ "သား၏ရုပ်ရည်၊ သီ တာမည်သား၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်းဖြင့်၊" [၈၈၅] ကိုး ၉၇။
သား၏ရုပ်ရည်၊ သီတာမည်သည်၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်း ဟူ၍လည်းကောင်း၊ တစ်ရံတစ်ခါ၊ သားနှင့်ကွာသော်၊ သားမှာမျက်စိ၊ နှလုံးရှိ၍၊ ဖမိတို့တမ်း၊ ပန်းညှိုးနွမ်းသို့ ဟူ၍လည်းကောင်း သူဟောင်းတို့ အမိန့်တော်မြတ်ရှိသည်။" [၁၁၅၂-ခန့်] ကျည်း။ ၆၁။♦
၇၉၆။ သားဦးစနေ မီးလိုမွှေ
စနေနေ့၌ ဖွားမြင်သော သားဦးသမီးဦးကြောင့် မိဘများ စိတ်ဆင်းရဲရခြင်း၊ အကျိုးစီးပွားဆုတ်ယုတ်ခြင်း ဖြစ်တတ်သည်။ "သားဦးစနေ မီးလိုမွှေ အမေသော်လည်းကောင်း၊ အဖေသော် လည်းကောင်း ဆိုတဲ့ စကားလည်း အထင်ရှားကြီးပဲ၊ စနေရဲ့ဒဏ်ကို သူ့အမေ ခံသွားရှာတာ အမှန်ပဲ မိတ်ဆွေ။" [၁၂၈၂] ဝေဝေ။ ၃၈။
ဦးမင်းဒင်သည် မြန်မာတို့ထုံးစံအရ သားဦးစနေ မီးလိုမွှေလိမ့်မလားဟတွေးတောကာ…၊" [၁၂၉၉] ဒဂုန်၊ ၂၀၇။ ၃၀၄။♦
၇၉၇။ သားဦး အရူး
၁၊ မိဘတို့သည် သားဦး သမီးဦးကို အရူးအမူးချစ်တတ်ကြသည်။ "သားဦး အရူး ဆိုသကဲ့သို့ပင် ကျွန်တော်နှင့်ဆွေတို့မှာ အရူးအမူးချစ်နေရသည့်အလျောက် တစ်ဦးက ချီ၍ နမ်းလျှင် တစ်ဦးက အားကျမခံ ချီ၍ နမ်းလေသည်။ကလေးမှာ အငြိမ်နေရသည်ဟူ၍မရှိ၊ ဟိုလက်ပြောင်း သည်လက်ပြောင်းနှင့် တစ်နေ့တစ်နေ့ အချိန်ကုန်ရလေသည်။" [၁၃၃၃] ငွေတာရီ၊ ၁၃၃။ ၁၀၁။
၂၊ သားဦးသမီးဦးသည် ရူးပေါပေါ ဖြစ်တတ်သည်။ "သားဦး ရူးဆိုသည်မှာ မှန်သလားမသိ၊ နည်းနည်းတော့ ပေါ့ရွှတ်ရွှတ် နိုင်သည်။" [၁၃၁၄] မြဝတီ၊ ၁၊၂။ ၁၇၉။♦
၇၉၈။ သိသာသိစေ မမြင်စေနှင့်၊ မြင်သာမြင်စေ မသိစေနှင့်
မိမိ၏အတွင်းရေးကိစ္စကို သိရုံသာသိသေးသူအား မမြင်ပါစေနှင့်။ အပေါ်ယံ မြင်ရုံသာ မြင်သေးသူအားလည်း ကိစ္စအလုံးစုံကို မသိပါစေနှင့်။ (သိသာသိစေ မမြင်စေနှင့်၊ မြင်သာမြင်စေ မထင်စေနှင့် -ဟူ၍လည်း အဆိုရှိသည်။)"သိသာသိစေ မမြင်စေနှင့် တဲ့၊ မျက်စိကွယ်ရာများဖြင့် တော်ပါသေးရဲ့။ ယခုတော့ အိမ်ရှေ့မှာ မီးတပြောင်ပြောင်နဲ့ မင်္ဂလာဆောင်နေလိုက်ကြတာ။" [၁၂၇၆] စိုး။ ၂၁၇။
သိသာသိစေ မမြင်စေနှင့်၊ မြင်သာမြင်စေ မထင်စေနှင့်ဆိုသလို … အရေးကိစ္စများကို မည်သူမျှ မကြားသိမရိပ်မိနိုင်အောင်…၊" [၁၂၉၉] ဒဂုန်၊ ၂၀၇။ ၇၄။
သိသာသိစေ မမြင်စေနှင့်၊ မြင်သာမြင်စေ မသိစေနှင့်ဆိုသလိုသိုသို သိပ်သိပ်နှင့် ခပ်ကျိတ်ကျိတ် ကြံစည်တာ အကောင်းဆုံးမို့…၊" [၁၃၁၃] စာဆို၊ ပ။ ၁၆၃။♦
၇၉၉။ သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး
သီတင်းကျွတ်လတွင် မိုးသည် သင်ပုတ်ပလ္လင် သန့်စင်သွားလောက်အောင် ရွာသည်။ "သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး။" [၁၁၉၅] မုံမှတ်။ ၅၉။
သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး
ရွှေစည်းခုံဘုရားတွင် သင်ပုတ်တင်သော ပလ္လင်ကို ဆေးသောမိုး ဆိုလိုသည်။" [၁၂၈၅] ချုပ်ပုံ၊ ဒု။ ၁၁၆။♦
၈၀၀။ သုကို ယှဉ်၊ ဒုကို ကြဉ်
သုစရိုက် ၁၀-ပါးကို လိုက်နာကျင့်သုံး၍ ဒုစရိုက် ၁၀-ပါးမှ ရှောင်ကြဉ်ပါ။ "သုကို ယှဉ်၊ ဒုကို ကြဉ်၊ မယှဉ်လျှင် မြုပ်တတ်သည်၊ မကြဉ်လျှင် စုပ် တတ်သည်။" [၁၁၈၀] ဥက္ကံ။ ၉။ သင်ပုတ်ပလ္လင် = ဘုရားဆွမ်းတော်စွန့်ရာ အုတ်ခုံ။♦
၈၀၁။ သူခိုးကြီးတော့ ဓားပြ၊ ဓားပြကြီးတော့ သူပုန်
သူခိုးများ အင်အားကောင်းလာသောအခါ ဓားပြ ဖြစ်လာတတ်သည်၊ ဓားပြများ အင်အားကောင်းလာသောအခါ သူပုန် ဖြစ်လာတတ်သည်။ "သူခိုးကြီးတော့ ဓားပြ၊ ဓားပြကြီးသူပုန်တ၊ဲ့…အဖိုးတန်ပစ္စည်းများကို ခိုးယူသောအခါ သူခိုးကြီးဖြစ်ပြီးတော့ မိမိတို့အပေါင်းအသင်း များလာသောအခါ ဓားပြပြုလုပ်တိုက်ခိုက်ကြလိမ့်မည်။ ဓားပြတိုက်ရာမှ တစ်စတစ်စ အားကြီးလာလျှင် သူပုန်ပြုလုပ်၍ နိုင်ငံကို ပုန်ကန်ကြလိမ့်မည်။" [၁၂၉၃] ဝန်ကြီး။ ၇၁။
တို့မြန်မာစကားပုံ ရှိတယ်မဟုတ်လား၊ သူခိုးကြီးတော့ ဓားပြ၊ ဓားပြကြီး တော့ သူပုန်တဲ့။" [၁၃၂၀] မြဝတီ၊ ၆၊ ၄။ ၃၆။♦
၈၀၂။ သူစိမ်းကောင်းလျှင် ဆွေမျိုးမသာ
သူစိမ်းကောင်းလျှင် ဆွေမျိုးထက်ပင် အားကိုးရသည်။ " သူစိမ်းကောင်းလျှင် ဆွေမျိုးမသာဟူသော စကားကို အားကိုးပြုကာ ဆွေမျိုးကို ပစ်ပယ်၍ သူစိမ်းကိုသာ လုံးလုံးလျားလျား အားကိုးသူများမှာ… ဆွေမျိုးမှသာ ကူညီနိုင်သော အရေးမျိုးကြုံသည့်အခါ ဒုက္ခများတတ်လေသည်။" [ ၁၂၇၅-ခန့်] ကီညွှန်။ ၇၉။
သူစိမ်းပင် ဖြစ်စေကာမူ နီးနီးကပ်ကပ် နေရသူဖြစ်၍သိစမ်းကောင်းတော့ ဆွေမသာဆိုသော စကားကဲ့သို့ ဆွေလိုမျိုးလို တစ်ဦးကိုတစ်ဦး အထူး ကြင်နာနိုင်သည်။" [၁၃၁၄] မင်မြု။ ၂၃၉။♦
၈၀၃။ သူဇာကိုလည်း မပစ်နှင့်၊ စာနုကိုလည်း မချစ်နှင့်
သူဇာပျို့သည် မင်းခမ်း မင်းနား၊ ထီးမူနန်းရာ၊ ထီးသုံးနန်းသုံး၊ မြန်မာ့ယဉ်ကျေးမှုအစုံပါသဖြင့် ပစ်ပယ် မထားဘဲ လေ့လာဆည်းပူးသင့်ပေသည်။ သို့ရာတွင် စာနုစာယဉ် အဖွဲ့အနွဲ့လောက်တွင်သာ သာယာနစ်မြုပ်မနေသင့်ပေ။ "သူဇာပျို့ကား ရွှေဘုံရွှေနန်း၊ မင်းခမ်းမင်းနား၊ ထုံးစံဓလေ့ အလုံးစုံပါသောကြောင့် ရှေးပညာရှိ မှူးကြီးမတ်ကြီးတို့မှာ သူဇိုာက မပစ်နှင်၊့ စာနုကိုလည်းမချစ်နှင့်ဟု ဆိုရိုးစကားတွင်လေသည်…။" [၁၁၉၂] ဝေါလီ။ ၂၅၃။
အဆိုပါ သူဇာပျို့ကဗျာမှာ စာနုကို လည်း မချစ်နှင်၊့ သူဇာလည်းမပစ်နှင့် ဟူသည်နှင့်အညီ ပလီချက် မူမူရာရာမှာ သူဇာယှဉ်မတုနိုင်အောင် ယဉ်နုသော ပျို့ကြီးအစစ် ဖြစ်ပါပေသည်။" [၁၂၉၈] ခွေးဋီ။ ၁၇၂။♦
၈၀၄။ သူတော်ကောင်း နတ်ကောင်းမ
သူတော်ကောင်းများကို နတ်ကောင်း နတ်မြတ်များက စောင်မစမြဲဖြစ်သည်။ "သူတော်ကောင်း နတ်ကောင်းစောင်မဆိုတဲ့အတိုင်း သမာဓိဖြောင့်ဖြောင့် သလီ စောင်ြ့ပီး ကြောင့်ကြမှုမရှိဘဲ နေလိုက်တဲ့အတွက် တောင်စောင့်နတ်မင်းကြီး စောင်မတော်မူလို့…၊" [၁၂၇၆] မြင့်၊ မ။ ၂၀၄။
သူတော်ကောင်း နတ်ကောင်းမဆိုတာလို ရတနာသုံးပါးကို ယြုံကည်လို့ သီလသီတင်းကို စောင့်သုံး သူတော်ကောင်းနှလုံးရှိတဲ့ သူမို့ နတ်ကောင်းနတ်မြတ်များက စည်းကြပ်စောင့်ရှောက်တာ ဧကန်ပင် ဖြစ်ပါလိမ့်မယ်။" [၁၂၉၆] မဉ္ဇရီ၊ ပ။ ၁၇၅။♦
၈၀၅။ သူတစ်ပါးမကောင်းကြံ ကိုယ့်မှှာ ဘေးဒဏ်ထိ
သူတစ်ပါးပျက်စီးအောင် ကြံစည်ပြုမူလျှင် မိမိသာ ထိုမကောင်းမှုဒဏ်ကို ခံစားရသည်။ ကိုယ့်ရှူးကိုယ်ပတ်-စကားပုံလည်းရှု။ "သူတစ်ပါးကို ဘယ်တော့မှ မကောင်းမကြံလေနှင့်နော်၊ သူတစ်ပါးကို မကောင်းကြံ ကိုယ့်မှာသာ ဘေးဒဏ်ထိဆိုတဲ့ စကားကို မြဲမြဲ မှတ်ထားကြ ပေတော့။" [၁၃၁၄] မြန်ပုံ။ ၂၀။
သူတစ်ပါး မကောင်းကြံ ကိုယှ့်မာ ဘေးဒဏိ်ထလို့ လူကြီး သူမများရဲ့ ပြောစကားတွေဟာလည်း…သွေးထွက်အောင် မှန်တယ်လို့သာ ဆိုရမှာပါပဲ၊" [၁၃၁၆] ဇိမ်။ ၂၁၉။♦
၈၀၆။ သူမိုက်နှင့်ပေါင်း သူကောင်းလည်းပျက်
လူကောင်းသည် လူမိုက်နှင့် ပေါင်းဖော် မိပါက ပျက်စီးတတ်သည်။ "ဤလူ့ရွာဝယ်၊ သေချာဝမ်း၌၊ မှတ်ယူပိုက်လော့၊ သူမိုက်နှင့်ပေါင်း၊ သူကောင်းလည်းပျက်၊ ကျင့်ယွင်းကွက်ခဲ့၊" [၁၂၆၆] မဃ ၂၂၈။♦
၈၀၇။ သူများမနာလို ကိုယ်အကျိုးမရှိ
သူတစ်ပါးကို မနာလိုလျှင် ကိုယ့်မှာ အကျိုးမဲ့ ဖြစ်တတ်သည်။ "သူတစ်ပါးကို မနိုာလလျှင် ကိုယ်မှာ အကျိုးမရှိ၊ သူတို့ကုသိုလ်သိုက်ကောင်း၍ ဝတ်ကြစားကြသည်ကို ဘယ်လိုမှ မအောက်မေ့ကြပါနှင့်။" [၁၂၆၆] သန်းမေ၊ ဒု။ ၁၀၀။
သူများမနာလို ကိုယ်အကျိုးမရှိဆိုတဲ့ စကားအတိုင်း ဘထွေးတော် အိမ်ရှေ့မင်း ကံတော်ကုန်ရတာ အဖတ်တင်ပြီး မြင်ကွန်းမောင်တော်ကြီးများလည်း ခံစားခွင့်ခံစားထိုက်ရှိသလောက်က ဝေးသထက်ဝေးတဲ့အပြင်…၊" [၁၃၁၃] စာဆို၊ ပ။ ၅၀။♦
၈၀၈။ သူ့ကို ကိုယ်ဖျက် ကိုယ်ပင်ပျက်
သူတစ်ပါးကို ဖျက်ဆီးလျှင် မိမိပင်ပျက်စီး ရတတ်သည်။ "ဝိပါက်ဟူသည်၊ ကြာမရှည်ခင်၊ ပြန်လည်တတ်မျိုး၊ မကောင်းကျိုးဖြင့်၊ နောက်ပိုးလိုက်တက်၊ သူ့ကိုဖျက်က၊ ကိုယ်ပျက်တတ်စွာ၊ သူ့ထက်သာရှင့်၊" [၁၂၆၆] မဃ ၂၄၆။♦
၈၀၉။ သူ့စိတ်ကိုလို ကိုယ့်စိတ်နှင့်နှိုင်း
သူတစ်ပါးစိတ်ကို သိလိုပါက မိမိစိတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် သိနိုင်သည်။ "အထိန်းတော်ကြီး ဝိစိတြလည်း သူ့စိတ်ကိုလို ကိုယ့်စိတ်နှင့်နှိုင်းဆိုသကဲ့သို့ အကလေးကို ထား၍ လူကြီးမှ မခံနိုင်သည်ကို နောင်တော်ပြုချက်နှင့်ဖြစ်လျှင် ရွှေကိုယ်တော်အငယ် အဆိုးပင် နည်းသေးသည်။"[၁၂၁၅-ခန့်] ဝံသ၊ ဒု။ ၄၄၄။♦
၈၁၀။ သူ့လူ ကိုယ့်ဘက်သား
သူ့ဘက်သားဟု ယူဆထားရသူက ကိုယ့်ဘက်သား ဖြစ်နေတတ်သည်။ ကိုယ့်လူ သူ့ဘက်သား-နှင့် နှိုင်းယှဉ်။ "သူလျှိုတို့ထုံးစံအတိုင်း သူ့လူ ကိုယ့်ဘက်သားလုပ်ပေါင်းလို့ ဒီကမောင်မောင်ပုတို့က တစ်ကြိမ် အထင်လွဲခဲ့ပါပြီ။" [၁၂၉၅] အထောက်တော်။ ၁၅၂။♦
၈၁၁။ သူ့သဘောကို၊ လိုက်လျောညီထွေ၊ ကျင့်တတ်စေ
မိမိနှင့် ဆက်ဆံရ သူများကို မဆန့်ကျင်ဘဲ အထိုက်အလိုက် ပြောဆိုကျင့်ကြံခြင်းဖြင့် မိမိအလိုပါအောင် ဆောင်ရွက်ပါ။ (သူ့စရိုက်နှင့်၊ လိုက်လျောညီထွေ၊ ကျင့်တတ်စေ-ဟူ၍လည်း အဆိုရှိသည်။) "စရိုက်သုံးလတ်၊ ကျင့်ဝတ်ထူးခြား၊ လူသုံးပါးနှင့်၊ မပြားရောပြွမ်း၊ ပေါင်းဖက်ကျွမ်းလည်း၊ မဝှမ်းမကော၊ သူ့သဘောကို၊ လိုက်လျောညီထွေ၊ ကျင့်တတ်စေ။" [၈၅၀-ခန့်] ဂမ္ဘီ ၁။
သူ့စရိုက်နှင့်၊ လိုက်လျောညီထွေ၊ ကျင့်တတ်စေ ဟူသော ရှေးသူကြီးတို့၏ စကားအတိုင်း အလိုကြီးသောသူကို ပစ္စည်းလက်ဆောင်ပေး၍ စရိုက်နှင့် လျော်စွာ ကျင့်လျှင် ထိုသူသည် မိမိဘက်သို့ ကိုင်းညွတ်၍ ပါလာမြဲဓမ္မတာ ဖြစ်၏။" [၁၂၇၅] စာဏကျ၊ ပ။ ၉။♦
၈၁၂။ သူ့အကျိုးဆောင် ကိုယ့်အကျိုးအောင်
သူတစ်ပါး၏ အကျိုးကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် မိမိ၏ အကျိုးစီးပွားလည်း ဖြစ်ထွန်းအောင်မြင်လာသည်။ "သူ့အကျိုးဆောင်က ကိုယ့်အကျိုးအောင်သည်ဆိုသော စကားပုံကဲ့သို့ သူ၏အကျိုးကို ဆောင်ရုံမျှနှင့် အသင်လိုအပ်သော အရာများသည် အလိုလို ပြည့်လာသည်ကို အသင်တွေ့ရပေမည်။" [၁၃၁၃] လူလုံး၊ ပ။ ၅၄။♦
၈၁၃။ သေကံမရောက် သက်မပျောက်
သေချိန်မတန်သေးလျှင် သေဘေးနှင့် ကြုံရသည့်တိုင် မသေနိုင်ပေ။ "သေကံမရောက် သက်မပျောက်ဆိုတာလို ဘယ်လိုပဲ ကြံကြံ ကံကုသိုလ် ကောင်းတော့ မသေနိုင်ဘူးပ။" [၁၂၇၉] ဓမ္မစေတီ။ ၁၃၆။
သေကံမရောက်သက်မပျောက်ဆိုသော စကားကဲ့သို့ သေချိန်မရောက်လျှင် အသက်ပျောက်ဆုံးခြင်း မရှိနိုင်ချေ။" [၁၂၈၂] ဝေဝေ။ ၁၀၆။♦
၈၁၄။ သေချာမှ ရေရာသည်
စေ့စပ်သေချာမှ ခိုင်ခိုင်မာမာ ဖြစ်သည်။ "သေချာမှ ရေရာ။" [၁၃၅၁] ကားပုံချုပ်။ ၁၆၉။♦
၈၁၅။ သေတစ်နေ့ မွေးတစ်နေ့
မွေးသောနေ့ရှိလျှင် သေသောနေ့လည်း ရှိစမြဲ ဖြစ်၍ သေရမည်ကို အထူး တွေးတောထိတ်လန့်ကြောက်ရွံ့စရာ မလိုပေ။ "သေတစ်နေ့ မွေးတစ်နေ့၊ လူသည် သေမျိုးဖြစ်၏။ သေနေ့စေ့လျှင် အဘယ်မှာပင် နေစေကာမူ သေမှာပဲ၊" [၁၂၉၀-ခန့်] ထူး။ ၃၈။
လူဟာ သေနေ့စေ့မှ သေတာပါ အမေရာ၊ သေတစ်နေ့ မွေးတစ်နေ့ပေါ့၊" [၁၃၃၂] မြဝတီ၊ ၁၈၊ ၉။ ၁၄၉။♦
၈၁၆။ သေပြီစင်းစင်း ခါးပုံတွင်း
ချက်အောက်တစ်ဝိုက်၌ ထိုးကွင်းထိုးသည့်အခါ သေမတတ် နာကျင်လှသည်။ "သေပြီစင်းစင်း ခါးပုံတွင်း။ နေရာအားဖြင့် ချက်နှင့်တည့်တည့်နေရာ ဖြစ်၏။ ထိုခါးပုံစအောက်ရှိ နေရာသည် ခါးပုံတွင်း ဖြစ်သည်။ ထိုနေရာကို စုတ်ချက်ရောက်၍ နာကျင်ပုံမှာကား တွန့်လိမ်၍ပင် မနေနိုင်၊ စင်းစင်းသေပြီဟု ထင်ရ၏။" [၁၃၄၈] ထိုးကွင်း။ ၁၁၃။♦
၈၁၇။ သေသူကို ရှင်သူတ
ခေတ်အခြေအနေ အလွန် ကောင်းသည့်အခါ၌ ဤသို့သော ခေတ်မျိုးကို ရှေးက သွားလေသူတို့ မကြုံခဲ့ကြရပလေဟု တမ်းတကြသည်။ "သေသူကို ရှင်သူတရအောင်ပင် စွမ်းဆောင်သော သူရဲကောင်းကို လက်ရွေးစင်ခန့်လိုက်လေပြီဖြစ်ရာ…၊" [၁၃၁၅] မြဝတီ၊ ၂၊ ၁။ ၁၂၀။
သေသူကို ရှင်သူတရရိုးအတိုင်း ခေါင်းဆောင်ကြီးများ ရေတိမ်တွင် နစ်၍ ကျဆုံးသွားရသည့်နောက် မြန်ပြည်တစ်လွှားဝယ် မြို့တိုင်းရွာတိုင်း ဆွမ်းသွတ်အမျှဝေခြင်း၊ ချီးကျူးပွဲများ ကျင်းပခြင်းပြုကြသည်မှာ…၊" [၁၃၂၁] မြဝတီ၊ ၇၊ ၉။ ၉။♦
၈၁၈။ သေသူပေးက ရှင်သူရ
ဆွေမျိုးမတော်စပ်သူအား မကျန်းမာစဉ် ငွေကြေး စိုက်ထုတ်ပြုစုရုံမျှမက သေသောအခါ၌လည်း သင်္ဂြိုဟ်သူသည် သေသူ၏ ဥစ္စာပစ္စည်းကို ပိုင်ဆိုင်ခွင့်ရှိသည်။ "အကောင်ချီပိုး၊ အမျိုးမတူ၊ သေသူပေးက၊ ရှင်သူရ၏။" [၁၁၄၅] သာဓိ ၃၆။
သေသူပေးက ရှင်သူရ၏ဆိုသောစကား၊" [၁၂၃၁] အဍ္ဍသံ။ ၅။ဘုရားလက်ထက်တော်တွင် သူဌေးသားတစ်ယောက်သည် ရဟန်းခံ၍ သင်္ကန်းအနားပတ်အတွင်း တစ်သိန်းတန်လက်စွပ်ကို မြှုပ်လျက် အရပ်တစ်ပါးသို့ သွားရာ တစ်ဦးသော ရဟန်း၏ ကျောင်း၌ တည်းနေ၏။ ထိုအခါ ရဟန်းနာဖျားမကျန်းရှိရာ ကျောင်းရှင်ရဟန်းလည်း ကောင်းစွာ ကုမပေ၏။ ကံကြမ္မာအလျောက် သေလွန်လျှင် ထိုတစ်သိန်းတန်လက်စွပ်ကို ရ၍ ကျောင်းရှင်ရဟန်းယူထားပြီးမှ ကောင်းမွန်သင်္ဂြိုဟ်ပေ၏။ အဖသူဌေးလိုက်လာ၍ အလုံးစုံကို ပြန်ပြောပေ၏။ အဖသူဌေးလည်း လက်စွပ်ကို ရထိုက်ကြောင်းနှင့် တောင်းကာလ မြတ်စွာဘုရားသခင်ခြေတော်ရင်းသို့ ဝပ်စင်းလျှောက်ထားကြရာ နာစဉ်ကုမ၍ သေလျှင် အရိုးမြေကျသင်္ဂြိုဟ်သူ ရထိုက်ကြောင်း ဟောတော်မူချေသောကြောင့် ကုသသင်္ဂြိုဟ်သူတို့ခံစားသော တရားလမ်းဖြစ်သည်။ သမူဟ ဝိစ္ဆေဒနီဓမ္မသတ်ချုပ်။၁၂၀♦
၈၁၉။ သေသောသူ ကြာလျှင်မေ့၊ ပျောက်သောသူ ရှာလျှင်တွေ့
ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူ ကြာလျှင်မေ့- နှင့်အတူတူ။ "ဘယ်လို ပုန်း၍ပင် နေသော်လည်း… ပျောက်သောသူ ရှာလျှင်တွေ့ ဆိုသလို အတန်ကြာတော့ ရှာလို့ တွေ့စမြဲပေါ့။" [၁၂၇၆] မြင့်၊ မ။ ၁၇၂။
သေသောသူ ကြာလျှင်မေ့၊ ပျောက်သောသူ ရှာလျှင်တွေ့ဟူသော စကားပုံ ရှိသော်လည်း…အကြည်မှာ ကိုကြီးအောင်ကို ရှာ၍ပင် မတွေ့နိုင်သေးပေ။" [၁၃၁၅] မျှော်၊ ဒု။ ၂၆၈။
သေသောသူ ကြာလျှှင်မေ့ရသည်မှာ သဘာဝတရားပင် ဖြစ်သော်ငြားလည်း မာ့အဖို့တော့ ဗိုလ်မြင့်လွင်ကို ဘယ်နည်းနှင့်မျှ မေ့၍ မရနိုင်ရှာခဲ့ပေ။" [၁၃၁၆] မြဝတီ၊ ၂၊ ၃။ ၁၈၁။♦
၈၂၀။ သောကြာရေကြောင်း မသွားကောင်း
သောကြာနေ့တွင် ရေကြောင်းခရီးထွက်ခြင်း မပြုအပ်။ "လှည်းမှာစနေ၊ သောကြာလှေ၊ သွားလေနေ့မသင့်။" [၁၂၉၆-ခန့်] သုတသန်။ ၆၅။
သောကြာနေ့နှင့် ပတ်သက်သည့် အယူသီး မှုတစ်ခုကို… ဖော်ပြရမည်ဆိုသော် သောကြာရေကြောင်း မသွားကောင်းဟူသော စာဆိုပင်တည်း။" [၁၃၁၈] စာဗိမာန်၊ ၅၊ ၅။ ၃၈။♦
၈၂၁။ သောကြာလူမျိုး စကားအိုး။
သောကြာသားသည် စကားများသည်။ (သောကြာလေမျိုး စကားအိုး-ဟူ၍လည်း အဆိုရှိသည်။) "သောကြာသားဖြစ်သော မောင်အောင်သည် သောကြာလူမျိုး စကားအိုး ဆိုသည်နှင့်အညီ…စကားများတတ်သော အကျင့်စရိုက်ရှိသည်တစ်ကြောင်း…၊" [၁၃၀၀] ဇေယျ။ ၆၄။♦
၈၂၂။ သံချပ်အစ၊ မိုးလေက
သံချပ်ထိုးသည့်အခါ မိုး မိုး မိုးလားမောင်ရို့၊ လေ လေ လေလားမောင်ရို့ဟူသော စကားဖြင့် စလေ့ရှိသည်။ "အိုးစည်ဆရာ၊ ဒိုးပတ်ဆရာ အနုပညာသည်များကလည်း မိမိတို့ လုပ်ငန်းနှင့် ပတ်သက်၍ သံချပ်အစ၊ မိုးလေကဟု ဆိုကြသည်။ မိုး မိုး မိုးလား မောင်ရို့၊ လေ လေ လေလား မောင်ရို့ဆိုသော သံချပ်ကို ကျွန်တော်တို့ ကြားဖူးကြသည်၊ ဆိုဖူးကြသည် မဟုတ်ပါလား၊" [၁၃၃၆] ငွေတာရီ၊ ၁၆၇။ ၂၂။♦
၈၂၃။ သံဃာ ဖက်တော့ အခက်ဝေ
သံဃာကို ဆည်းကပ်ကိုးကွယ်ခြင်းဖြင့် မိမိဘဝ၌ ချမ်းသာကြီးပွားနိုင်သည်။ ဘုရားဖက်တော့ အသက်ရှည်။ တရားဖက်တော့ အမျက်ပြေ-တို့လည်းရှု။ "သံဃာဖက်ကအခက်ဝေ ဆိုသည့်အတိုင်း အရိယာသံဃာနွယ်ဝင် ရှင်သီဝလိရဟန္တာမြတ်ကြီးကို ပူဇော်ကြသူ ခပ်သိမ်းလူတို့သည် အခက်အလက် ဝေဆာစွာဖြင့် ဘဝပင်စည်ကြီး လှပတင့်မောနိုင်ကြပါစေ၊" [၁၃၅၅] နက္ခတ္တ၊ ၈၈။ ၅၀။♦
၈၂၄။ သံပေါက်မနိုင် တေးမကိုင်နှင့်
သံပေါက်ကဗျာကိုမျှ နိုင်နိုင်နင်းနင်း မရေးစပ်တတ်လျှင် တေးသီချင်းရေးစပ်ခြင်း မပြုပါနှင့်။ "ရှေးက ဆိုရိုးစကားမှာ…သံပေါက်မနိုင် တေးမကိုင်နှင့် …ဟူ၍ ရှိခဲ့လေ သည်။" [၁၃၁၄] မြဝတီ၊ ၁၊ ၃။ ၁၂၃။♦
၈၂၅။ သက်ကြီးစကား သက်ငယ်ကြား
သက်ကြီးရွယ်အိုတို့၏ ဆိုစကားကို ငယ်ရွယ်သူတို့က မှတ်သားလိုက်နာရသည်။ "သက်ကြီးစကား၊ သက်ငယ်ကြားဖြင့်၊ မှတ်သားဝေါဟာ၊" [၁၂၃၇] အဍ္ဍလင်။ ၂၅။
ဤအကြောင်းမှာ ရာဇဝင်တွင် မပါသော်လည်း သက်ကြီးစကား သက်ငယ်ကြားဆိုသော စကားအစဉ်အလာ ရှိရုံမက၊" [၁၂၈၅] ချုပ်ပုံ၊ တ။ ၉။♦
၈၂၆။ သက်ရှိ အရင်း၊ သက်ကင်း အဖျား
အမည်၏နေ့နံကို ကောက်ယူရာတွင် သက်ရှိဖြစ်လျှင် အစစာလုံးကို ယူရသည်။ သက်မဲ့ဖြစ်လျှင် အဆုံးစာလုံးကို ယူရသည်။ (သာဓက
တံခွန်-သက်မဲ့၊ အဆုံးစာလုံး-ခွန်=တနင်္လာနံ။ ဇီးကွက်-သက်ရှိ၊ အစစာလုံး-ဇီး=အင်္ဂါနံ။) "မောင်နိုင်ဝင်းဆိုသူသည်သ်ကရှိ အရင်းဟူသောဝေဒစည်းကမ်းအရနိုင် ဟူသော ပထမစာလုံးကိုသာ ယူရပါမည်။…ရန်ကုန်သည ်သက်ကင်းအဖျား ဟူသော ဝေဒစည်းကမ်းအရ နောက်ဆုံးစာလုံးဖြစ်သော ကုန် ကို ယူရပါမည်။" [၁၃၄၇] ဝေဒ၊ ၆။ ၁၃၄။♦
၈၂၇။ သက်သေပင် ကြီးသော်လည်း မထီးစေရာ
ခိုင်လုံသော သက်သေပင်ဖြစ်သော်လည်း သက်သေတစ်ခုတည်း မဖြစ်သင့်ပေ။ "သက်သေပင်ကြီးသော်လည်း မထီးစေရာ။" [၁၂၂၇] ကဝိဒီ။ ၂၀၇။
သက်သေကြီးသော်လည်း မထီးစေရာ။" [၁၂၃၁] အဍ္ဍသံ။ ၄။
သက်သေပင်ကြီးသော်လည်း မထီးစေရာ။" [၁၂၅၇] ပေါဒီ။ ၅၃၄။♦
၈၂၈။ သက်သေမညီ၊ကိုယ်စီစကား၊ တရားမအောင်
တစ်ဖက်ဖက်မှ သက်သေများသည် ညီညွတ်ခြင်းမရှိကြဘဲ သူတစ်မျိုးငါတစ်ဖုံ ထွက်ဆိုကြလျှင် တရားရှုံးတတ် သည်။ "ပင်လယ်ဖားရုပ်၊ လက်ခုပ်တွင်ရေ၊ သက်သေမညီ၊ ကိုယ်စီစကား၊ တရားမအောင်၊" [၁၁၄၅] သာဓိ ၃၆။
သက်သေမညီ၊ ကိုယ်စီတရား၊ စကားကိုလည်း၊ တရားမအောင်စေရာ။" [၁၂၅၇] ပေါဒီ၊ပ။ ၅၃၅။♦
၈၂၉။ သက်သေသက္ခိ၊ မရှိစကား၊ တရားမအောင်
သက်သေမရှိပါက တရားရှုံးသည်။ "စကားဖွယ်ရာ၊ လက္ခဏာလည်း၊ လိမ္မာစေလင့်၊ လမ်းရိုးဖွင့်လော့၊မသင့်ပေါက်လွှတ်၊ ထင်တိုင်းရွတ်လည်း၊ အလွတ်ဆင်ခြေ၊ မဝင်ချေရှင့်၊ သက်သေသက္ခိ၊ မရှိစကား၊ တရားမအောင်၊ ဟူသောယောင်တည့်၊" [၁၂၆၆] မဃ ၃၆၂။♦
၈၃၀။ သောက်လေ သောက်လေ ငတ်မပြေ၊ ကာမေ ငါးသင်း သည်ဆားတွင်း
ဆားငန်ရည်နှင့်တူသော ကာမဂုဏ်ငါးပါးတို့ကို မည်မျှပင် ခံစားသော်လည်း အားမရနိုင်ဘဲ တိုး၍တိုး၍သာ ခံစားချင်သည်။ "ငါးပါးကာမာ၊ ဝဋ်ချမ်းသာ၏၊ နစ်ကာပူလော၊ မြစ်သဘောကား၊…၊ သောက်လေသောက်လေ၊ ငတ်မပြေတည့်၊ ကျတ်ရေအနည်၊ ဆားငန်ရည်နှင့်၊ မည်သည်မထူး၊" [၈၅၃] ပါမီ ၇၇။♦
၈၃၁။ သောက်လေသောက်လေ ငတ်မပြေ၊ ထန်းရည်သုံးမျိုး ရသာအိုး
အရသာနှင့် ပြည့်စုံ၍ သောက်၍ မတင်းတိမ်နိုင်သော ထန်းရည်သုံးမျိုးမှာ ရဟန်းကြီးကြိုက်၊ အပျော်သောက်၊ ထန်းရည်ခါးတို့ ဖြစ်သည်။ "သောက်လေသောက်လေ ငတ်မပြေ၊ ထန်းရည်သုံးမျိုး ရသာအိုးလို့ စာချိုးခဲ့ကြတယ်။ ထန်းရည်သုံးမျိုးဆိုတာက ရဟန်းကြီးသောက်ကတစ်မျိုး၊ အပျော်သောက်ကတစ်မျိုး၊ ထန်းရည်ချိုးကပ်တို့ သောက်တဲ့ ထန်းရည်ခါးက တစ်မျိုး၊ အဲဒီလို သုံးမျိုးရှိတယ်။ ရဟန်းကြီးသောက်ဆိုတာက ပုဂံခေတ်က သမထီးဂိုဏ်းဝင် ခင်ကြီးတို့ ကြိုက်တဲ့ ပင်ကျရည်နုနုကို ခေါ်တယ်။ သိပ်မပြင်းလှဘူးပေါ့၊" [၁၃၀၀] ပါနောက်။ ၂၇။♦
၈၃၂။ သိုက်စာဖတ်ရာ နားထောင်ပါ၊ ဥစ္စာရနိုးနိုး
သိုက်စာဖတ်သည်ကို နားထောင်မိသူသည် ထိုသိုက်မှ ဥစ္စာတို့ကို မိမိပင် ရတော့မယောင် မျှော်လင့်ထင်စားမိတတ်သည်။ "သိုက်စာဖတ်ရာ၊နားထောင်ပါသည်၊ ဥစ္စာရရေး၊ မျှော်မိတွေးသို့၊" [၁၁၈၉] ကုသ ၃၆၅။
ဒါကြောင့်သိုက်စာဖတ်ရာ နားထောင်ပါ၊ ဥစ္စာ ရနိုးနိုးလို့ ရှေးလူကြီး များဆိုထားကြတာပေါ့။" [၁၂၉၀] သန်းသန်း၊ ပ။ ၁၁၀။
သိုက်စာဖတ်ရာ နားထောင်ကာ၊ ဥစ္စာရနိုးနိုး ဆိုတဲ့ ပုံစံမျိုးနဲ့တော့ လောကမှာ မရဘူး၊ လုံ့လဝီရိယဆိုတဲ့ ပယောဂသမ္ပတ္တိရှိမှလည်း ကုသိုလ်ကံ အကျိုးပေးခွင့် ရှိတယ်။" [၁၃၃၉] လူရည်။ ၈၃။♦
၈၃၃။ သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်
သင်္ကန်းအလှူတွင် ကထိန်သင်္ကန်း အလှူသည် အမြတ်ဆုံး ဖြစ်သည်။ ကျောင်းအလှူတွင် သိမ်ကျောင်း ဆောက်လုပ်လှူဒါန်းခြင်းသည် အမြတ်ဆုံး ဖြစ်သည်။♦
၈၃၄။ သင်္ဂြိုဟ်ဝိုးဝါး အပါယ်လား၊ ရှေ့နေဝိုးဝါး အရှုံးများ၊ သမားဝိုးဝါး အသေများ
သင်္ဂြိုဟ်ကျမ်းလာ အဘိဓမ္မာသဘော၌ ဝိုးတိုးဝါးတားဖြစ်၍ အယူအဆမှားလျှင် အပါယ်လားနိုင်သည်။ ရှေ့နေသည် အမှုလိုက်ရာ၌ ဝိုးတိုးဝါးတား ဖြစ်လျှင် အမှုအရှုံးများနိုင်သည်။ ဆေးသမားသည် ဆေးကုရာ၌ ဝိုးတိုးဝါးတား ဖြစ်လျှင် လူနာအသေအပျောက်များနိုင်သည်။ "လူ့သဘာဝကို လေ့လာဆန်းစစ်၍ ဝေဖန်တတ်သော ပညာရှင်ကမူ သင်္ဂြိုဟ်ဝိုးဝါး အပါယ်လား၊ ရှေ့နေဝိုးဝါး အရှုံးများ၊ သမားဝိုးဝါး အသေများ ဟုဆိုလေသည်။" [၁၃၃၆] ငွေတာရီ၊ ၁၆၇။ ၂၂။♦
၈၃၅။ သင်းဝင်လည်းပွင့် ယင်လည်းဝင့်
သင်းဝင်ပွင့်များ ပွင့်သည့်အချိန်တွင် အပွင့်မှ ထွက်သော ညှီစို့စို့အနံ့ကြောင့် ယင်ကောင်များ အလွန် ပေါများသည်။ "သင်းဝင်ပွင့်သည် ပွင့်သစ်စ၌ အနံ့မရှိသော်လည်း အပွင့်ညှိုးနွမ်းချိန် ကြွေချိန်တို့၌ ညှီစို့စို့အနံ့ ထွက်သည်။ ထိုအနံ့ကြောင့် ယင်ကောင်များ လာရောက်ခြင်းဖြင့်သင်းဝင်လည်းပွင့် ယင်လည်းဝင့်ဟူသောစကား ဖြစ်ပေါ် လာရလေသည်။" [၁၃၄၅] မြန်ဆေးပင်။ ၁၇၀။♦
၈၃၆။ သစ္စာနှုတ်သီး မန္တန်ကြီး
သစ္စာစကားသည် တန်ခိုးထက်မြက်သော မန္တန်ပင် ဖြစ်သည်။ "အကြောင်းဖြစ်လား၊ ကြိုက်လတ်ငြားမူ၊ သိကြားကုငှာ၊ မလွတ်သာတည့်၊ သစ္စာနှုတ်သီး၊ မန္တန်ကြီးဖြင့်၊ ကျော်ချီးစေအောင်၊ အငြိမ်းဆောင်သည်၊" [၈၅၃] ပါမီ ၁၂၂။
သစ္စာဖောက်လှန်၊ မတော်မှန်က၊ ဘေးဒဏ်ရောက်ကာ၊ ပျက်တတ်စွာ၏၊ သစ္စာနှုတ်သီး၊ မန္တန်ကြီးကား၊ သေပြီးသော်မှ၊ ရှင်ပြန်ရ၏။" [၁၂၆၆] မဃ ၂၄၀။
သစ္စာဝါစာဖြင့် တန်ဆာဆင်အပ်သော နှုတ်များသည် ပြောဆိုတိုင်း အောင်မြင်၍ စကားအရာတွင် သိဒိေ္ဓ ပါက်ပြီးဖြစ်လေသောကြောင့်… သစ္စာ နှုတ်သီးမန္တန်ကြီးဟူ၍ ရှေးသူတော်တို့ ပြောစမှတ်ပြုတော်မူကြကုန်၏။" [၁၂၈၄] စာဏကျ၊ တ။ ၁၈၆။♦
၈၃၇။ သစ်စေးပုံတင်တစ်ခွဲဝင်၊ ပုံတင်က လေး တောက ဝေး
သစ်စေးထိုး လုပ်သားတို့သည် လေးလံသော ပုံတင်ကို လွယ်၍ ဝေးလံသော တောတွင်းသို့ သွားကာ သစ်စေးထိုးကြရသည်။ "ပုံတင်နှင့်ပတ်သက်၍ သစ်စေးပုံတင် တစ်ခွဲဝင်၊ပုံတင်က လေးတောက ဝေးဟု ဆိုရိုးရှိသည်။" [၁၃၃၃] မြဝတီ၊ ၁၉၊ ၆။ ၈၁။♦
၈၃၈။ သစ္စံ ဓမ္မ၊ ဝီရိယနှင့်၊ စာဂဟူသည်၊ ရန်သူအောင်မှု၊ ကြောင်းလေးခု
မှန်ကန်သော စကားကို ဆိုခြင်း၊ ဆင်ခြင်တုံတရားရှိခြင်း၊ လုံ့လဝီရိယရှိခြင်း၊ စွန့်ဝံ့ခြင်းတို့သည် ရန်သူကို အောင်မြင်နိုင်သော အကြောင်းတရားလေးခု ဖြစ်သည်။ "သစ္စံဓမ္မ၊ ဝီရိယနှင့်၊ စာဂဟူသည်၊ ရန်သူအောင်မှု၊ ကြောင်းလေးခုဖြင့်၊" [၈၉၁] သံ ၁၁၂။
သစ္စံဓမ္မ၊ ဝီရိယနှင့်၊ စာဂဟူသည်၊ ရန်သူအောင်ကြောင်း၊ ကျင့်ကောင်းလေးပါး၊ စသည်အားဖြင့်၊" [၁၂၆၆] မဃ ၂၂၂။
ပုံတင် = သစ်စေးထိုးလုပ်သားတို့၏လွယ်ခြင်း။ "ဒါကြောင့် ရှေးပညာရှိများက သစ္စာ ဓမ္မ၊ ဝီရိယနှင့်၊ စာဂဟူသည်၊ ရန်သူအောင်မှု၊ ကြောင်းလေးခုလို့ မိန့်တော်မူကြပေတာပဲ။" [၁၂၉၆] မဉ္ဇရီ။ ၂၀၂။♦
၈၃၉။ သစ်ပင်ထီးလျှင် လေညှဉ်းသည်၊ လူထီးလျှင် ရန်ညှဉ်းသည်
အထီးတည်းဖြစ်သော သစ်ပင်သည် လေပြင်းဒဏ်ကို ခံရတတ်သကဲ့သို့ အထီးတည်းနေသူသည်လည်း ရန်မူခြင်း၊ အနိုင်ကျင့်ခြင်းကို ခံရတတ်သည်။ "သစ်ပင်ထီးသော် လေညှဉ်းသည်၊ လူထီးသော် ရန်ညှဉ်းသည်။" [၁၂၅၇] ပေါဒီ၊ ပ။ ၅၃၁။
သစ်ပင်ထီးလျှင် လေညှဉ်းသည်၊ လူထီးလျှင် ရန်ညှဉ်းသည် ဆိုတဲ့စကားလို မိတ်ဆွေကောင်းမထားဘဲ ကိုယ့်စွမ်းအားကိုယ်ကိုးလျှင် ရန်မျိုးနှင့် တွေ့တတ်သတဲ့။" [၁၂၇၆] မြင့်၊ဒု။ ၃၁၉။♦
၈၄၀။ သစ်ပင်မှာလည်း အမြစ်နှင့်၊ လူမှာလည်း အချစ်နှင့်၊ တိုင်းပြည်မှာလည်း စစ်နှင့်
သစ်ပင်သည် အမြစ်နှင့်မကင်း။ လူသည် အချစ်နှင့်မကင်း။ တိုင်းပြည်သည် စစ်နှင့်မကင်း။ "သစ်ပင်မှာအမြစ်၊ လူမှာအချစ်၊ တိုင်းပြည်မှာစစ် အသီးသီးအသက အသက ရှိကြရလေသည်။"[ ၁၃၄၁] မုံရွေးစာ။ ၁၀၂။♦
၈၄၁။ သစ်ပင်အောက်ဝင်၍ သစ်ပင်ပိသေနိုင်သည်၊ လူ့အောက်ကျို့၍ လူပိမသေနိုင်
သစ်ပင်အောက်ဝင်လျှင် သစ်ပင်ပိ၍ သေနိုင်သည်။ လူအချင်းချင်း အောက်ကျို့ ဆက်ဆံခြင်းဖြင့် ဒုက္ခမရောက်နိုင်။ လူ့အောက်ကျို့၍ မသေ၊ တုံးပိမှ သေသည်-နှင့် အတူတူ။ "သစ်ပင်အောကဝင်လျှင် သစ်ပင်အပိခံရမည်၊ လူ့အောက်ဝင်လျှင် လူအပိမခံရ၊" [၁၂၉၆] မဉ္ဇရီ၊ မ။ ၉၈။♦
၈၄၂။ သစ်ရိပ်ဝါးရိပထ်က် ဆွေရိပ်မျိုးရိပ်က ပိုအေးသည်။
သစ်ပင်၏ အရိပ် အာဝါသထက် ဆွေမျိုးအသိုင်းအဝိုင်း၏ အရိပ်အာဝါသက ပို၍ အေးမြသည်။ "ဆွေမျိုးတို့၏အရိပ် မည်သည်ကား အလွန်ပင် ချမ်းအေးလှပေသည်။" [၁၂၆၄] ဓမ္မပဒ၊ ဒု။ ၆၂။
ရုက္ခဿ-သစ်ပင်၏၊ ဆာယာ-အရိပ်သည်၊ သုခါဝ-ချမ်းသာသလျှင် ကတည်း၊ တတော-ထိုသစ်ပင်ရိပ် ချမ်းသာသည်ထက်၊ ဉာတိမာတာပိတု- ဆွေမျိုမိဘ၏၊ ဆာယာ-အရိပ်သည်၊ သုခါ-ချမ်းသာ၏။" [၁၂၉၁] ဆယ့်နှစ်တွဲ။ ၆၃။♦
၈၄၃။ သစ်သီးဝလံ ပန်းနှင့်မန်
ပင်စောက်မှ သီးသော အသီးကို သစ်သီး၊ နွယ်မှ သီးသော အသီးကို ဝလံဟူ၍လည်းကောင်း၊ ပင်စောက်မှ ပွင့်သော အပွင့်ကို ပန်း၊ နွယ်မှ ပွင့်သော အပွင့်ကို မန်ဟူ၍လည်းကောင်း ခေါ်သည်။ "ရှေးသူဟောင်းတို့လည်း သစ်သီးဝလံ ပန်းနှင့်မန်ဟူ၍ ပြောထုံးဆိုထုံး ရှိသည်။" [၁၁၇၃] သမန်။ ပ။ ၃၀။♦
၈၄၄။ သစ်အဖျား၊ ဝါးအရင်း
သစ်ကို အဖျားမှစ၍ ခွဲရသည်။ ဝါးကို အရင်း မှစ၍ ခွဲရသည်။ "သစ်ကိုခွဲမူ အဖျားမှ အရင်းသို့ ခွဲလာရ၏၊ ဝါးကို ခွဲသောအခါ၌မူ အရင်းမှအဖျားသို့ ခွဲသွားရ၏။ ထို့ကြောင့် သစ်အဖျား၊ ဝါးအရင်း ဟု ပြောစမှတ် ပြုခဲ့ကြကုန်၏။" [၁၃၁၇] ပုံပြဆေး၊ တ။ ၂၃၂။♦
၈၄၅။ သည်ဘဝ သည်ကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ်ခံ
ယခုဘဝ၌ ယခုကိုယ်ဖြင့်စံစားမည်၊ ခံစရာရှိလျှင်လည်း အခြားဘဝ၌ အခြားကိုယ်က ခံလိမ့်မည်။ "မင်းတို့ ဆရာတပည့်နှစ်ကောင်ဟာ… လူမိုက်ကြီးတွေ အမှန်ဖြစ်ကြတယ်။ သည်ဘဝ သည်ကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ်ခံဆိုတဲ့ စကားကို အားထားပြီးအမျိုးမျိုး ကျင့်ကြံနေထိုင်ကြတာပဲ။" [၁၂၇၉] မြင့်၊ မ။ ၁၉။
သည်ဘဝ သည်ကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ်ခံဟူသော လူမိုက်လက်သုံး တံမျဉ်းထုံးကို နှလုံးစွဲမိ အာရုံငြိလျက်၊" [၁၂၉၇] ဟံ၊ ၁။ ၃၁၉။♦
၈၄၆။ သည်းညည်းခံ နိဗ္ဗာန်ရောက်
သည်းညည်းခံနိုင်ပါက နိဗ္ဗာန်သို့တိုင် ရောက်နိုင်သည်။ "သည်းညည်းခံစောက်၊ နိဗ္ဗာန်ရောက်၏ ဆိုထုံးစကားကို ယူ၍ ခြင်းရာ ပြန်သည်၊ နိဗ္ဗာန်ရွှေမြို့၊ ရောက်မည်သို့ဟု စပ်ဆိုလေသည်။" [၁၂၅၇] ပေါဒီ၊ ပ။ ၂၁၇။
လူအပေါင်းတို့ဟာလည်း… သည်းညည်းခံ နိဗ္ဗာန်ရောက်၊ ရန်ရန်ချင်း မတုံ့လျှင်းနဲ့ဆိုတဲ့ စကားပုံများကို ထောက်ချင့်ပြီး…၊" [၁၃၁၂] မာလာ။ ၁၃၀။♦
၈၄၇။ သဏ္ဌာန်လုပ် သရုပ်တူရမည်
သရုပ်ဆောင်ရာ၌ သဘာဝကျရမည်။ "ရှေးက ဇာတ်ကွက်များမှာ သဏ္ဌာန်လုပ် သရုပ်တူရမည်ဆိုသည့် စကားအတိုင်း ဆင်းရဲသားလုပ်လျှင် ဆင်းရဲသားအသွင် အဝတ်နွမ်းအဝတ်စုတ်နှင့် မရွှင်သော မျက်နှာဖြင့် ထွက်ကကြသည်။" [၁၃၀၉] သံဆင့်။ ၄၆။♦
၈၄၈။ သတ္တဝါတစ်ခု ကံတစ်ခု
သတ္တဝါတိုင်းသည် ကံစီမံရာကို ခံရသည်။ သဗ္ဗေ သတ္တာ ကမ္မသကာ-နှင့် အတူတူ။ "သတ္တဝါတစ်ခု၊ ကံတစ်ခု၊ သူ့နဖူးစာ၊ ထိုက်ရာစီမံ၊ ခင်ပွန်းစာဖန် လိမ့်မည်၊" [၁၁၄၆] ရာမ။ ၃၄။
သတ္တဝါတစ်ခု၊ ကံတစု်ခဟု စိတ်က အောက်မေ့၍ ကုသိုလ်ကံ အကျိုးပေး သမျှနှင့် တင်းတိမ်ကြရမည်။" [၁၂၆၆] သန်းမေ၊ ဒု။ ၁၀၀။
သတ္တဝါတစ်ခု၊ ကံတစု်ခဆိုတာလို ကံစီမံရာအတိုင်း ရှိပါစေတော့၊" [၁၂၇၆] မြင့်၊ ပ။ ၄၁။♦
၈၄၉။ သတ္တဝါဖား၊ ကုန်းကျက်စား၊မိုးများခေါင်တတ်လှ
ဖားများ ကုန်းပေါ်တွင် အနေများပါက မိုးခေါင်တတ်သည်။ "ဖားသတ္တ ဝါကား၊ ကုန်းကျက်စား၊ မိုးများခေါင်တတ်လှ။" [၁၂၉၆-ခန့်] သုတသန်။ ၉၆။
ဖားသတ္တဝါကား၊ ကုန်းကျက်စား၊ မိုးများခေါင်တတ်လှ။" [၁၃၃၆] လောကီစုံ။ ၈၂။♦
၈၅၀။ သတ္တဝါ လူချွတ်မှ ကျွတ်သည်
ပိုးမွှားတိရစ္ဆာန်တို့သည် လူက သုတ်သင်လိုက်မှ တိရစ္ဆာန်ဘဝက ကျွတ်လွတ်ကြသည်။ (ပိုးမွှားတိရစ္ဆာန်တို့ကို သတ်ဖြတ်သူတို့၏ လက်သုံးစကား ဖြစ်သည်။) "သတ္တဝါဆိုတာ လူကချွတ်မှကျွတ်တာလို့ဆိုပြီး သူ့လည်ပင်းကိုကြိုး တစ်ချောင်းနှင့်ချည်ပြီး သစ်ကိုင်းတစ်ကိုင်းမှာ သွားဆွဲထားလိုက်တယ်။" [၁၃၅၃] နက္ခတ္တ၊ ၆၄။ ၁၁၁။♦
၈၅၁။ သဒ္ဒါကိုးခေါက် စာပြိုးပြောက်
ပါဠိသဒ္ဒါကို ကိုးခေါက်လောက် ပြန်ပြီးသည့်တိုင်အောင် စာကို ပြောက်တိပြောက်ကျား အနည်းငယ်မျှသာ တတ်သေးသည်ဟု ဆိုနိုင်သည်။♦
၈၅၂။ သဒ္ဒါမတတ် စာမတတ်
သဒ္ဒါမတတ်သေးလျှင် ပါဠိကျမ်းဂန်စာပေ တတ်မြောက်သည်ဟု မဆိုနိုင်။ "ကဝိလက္ခဏာ၊ သေချာစေ့စပ်၊ အရပ်ရပ်ပင်၊ သဒတ်မတာ၊ စ်တမတာဘူး၊" [၁၁၄၆] ရာမ။ ၇။
သဒ္ဒါမတတ် စာမတ်တ ဟူသော စကားကို ကြားဖူးထားသောကြောင့်လည်း မိမိမှာ သဒ္ဒါကို အတော်အတန် ခေါက်မိပြီဖြစ်သောကြောင့် မိမိကိုယ်ကို စာတတ်သူဟူ၍ပင် ထင်မှတ်မိပေ၏။" [၁၂၉၁] မောင်ဝကျေး။ ၁၄၀။
သဒ္ဒတ်မတာ သဒ္ဒါမတတ်၊ စတ်မတာ စာမတတ်၊" [၁၂၉၈] ဂါဗန်။ ၁၀၅။♦
၈၅၃။ သဒ္ဒါမနိုင် စာမကိုင်နှင့်
သဒ္ဒါကို ကျွမ်းကျင်နိုင်နင်းခြင်းမရှိဘဲနှင့် စာကြီး ပေကြီးများကို မကိုင်ပါနှင့်။ "ရှေးက ဆိုရိုးစကားမှာ… သဒ္ဒါမနိုင် စာမကိုင်နှင့်…ဟူ၍ ရှိခဲ့လေသည်။" [၁၃၁၄] မြဝတီ၊ ၁၊ ၃။ ၁၂၃။♦
၈၅၄။ သဒ္ဒါမသန် မောဂ္ဂလာန်
ပါဠိသဒ္ဒါမနိုင်နင်းလျှင် မောဂ္ဂလာန်သဒ္ဒါကျမ်းကို လေ့လာပါ။ "သဒ္ဒါမသန်၊ မောဂ္ဂလာန်၊ ပြန်ပြန်သင်၍နာ။" [၁၁၁၃] ကဝိသတ် ၅၇၆။
သဒ္ဒါမသန်၊ မောဂ္ဂလာန်ကို၊ စိတ်ဉာဏ်ချင်းနင်း၊ စိန်ဖောက်ထွင်းသို့၊ မကြွင်းရစေ၊ ကြိုးပမ်းလေလော့၊" [၁၁၅၂] ဗျူပျို့ ၄။♦
၈၅၅။ သဒ္ဒါမှာ ရှင်မဟာကစ္စည်း၊ ကဗျာမှာ ရှင်မဟာသီလဝံသတည်း
ပါဠိသဒ္ဒါအရာ၌ ရှင်မဟာကစ္စည်းသည် ကျော်ကြားသည်။ ပျို့ကဗျာအရာ၌ ရှင်မဟာသီလဝံသသည် ကျော်ကြားသည်။ "သဒ္ဒါမှာ ရှင်မဟာကစ္စည်း၊ ကဗျာမှာ ရှင်မဟာသီလဝံသတည်းဟူ၍ ရှေးပညာရှင်များ ဆိုထုံးပြုကြလေသည်။" [၁၃၀၀] စာသမိုင်း။ ၄၂။♦
၈၅၆။ သဒ္ဓါပညာ၊ သမာဝီရိ၊ စောင်းနှယ်ညှိ
သဒ္ဓါနှင့်ပညာကိုလည်းကောင်း၊ သမာဓိနှင့်ဝီရိယကိုလည်းကောင်း ညီညွတ်မျှတအောင် စောင်းကြိုးညသှိ ကဲ့သို့ ညှိရသည်။ "ပညာရှေ့ထား၊ သဒ္ဓါအားဖြင့်၊ နှစ်ပါးညီစွာ၊ မျှစေရာ၏၊ သဒ္ဓါ ပညာ၊ သမာဝီရိ၊ စောင်းနှယ်ညှိ လော့၊" [၁၂၆၆] မဃ ၁၉၂။♦
၈၅၇။ သဒ္ဓါလွန်တော့ တဏှာကျွံ
တစ်ဦးဦးအပေါ် သဒ္ဓါတရား လွန်ကဲစွာထားမိပါက ထိုသူ့ကို တပ်မက်စွဲလမ်းလာတတ်သည်။ "သဒ္ဓါလွန်တော့ တဏှာ ဆိုတဲ့အတိုင်း လူများမှာသာ သဒ္ဓါကတဏှာ ဖြစ်တတ်တာမဟုတ်ဘူး၊" [၁၂၇၈] သာရီ၊ ဆ။ ၁၁။
သနားခြင်း၊ ကရုဏာရှိခြင်း၊ ညှာတာထောက်ထားခြင်းတို့ ဝင်ရောက်လာကြခြင်းကြောင့် (ကြိုက်ခြင်း)ဘဝသို့ ကူးပြောင်းကာ လာတတ်ကြ၏။ သဒ္ဓါလွန်သော် တဏှာဖြစ်ဟူသကဲ့သို့တည်း။" [၁၂၉၂] ဒဂုန်၊ ၁၀၊ ၁၂၀။ ၁၉၄။
သဒ္ဓါလွန်က တဏှာကျွံသည်ဆိုသည့် စကားကိုလည်း ကျော်မင်းမကြားဖူးဘူး မဟုတ်၊" [၁၃၃၉] ငွေတာရီ၊ ၂၁၀။ ၁၅၃။♦
၈၅၈။ သဒ္ဓါလွန်လျှင် ကွန့်သည်၊ ပညာလွန်လျှင် ဆွန့်သည်၊ ဝီရိယလွန်လျှင်ပြန့်သည်၊ သမာဓိလွန်လျှင် တွန့်သည်
သဒ္ဓါလွန်ကဲလျှင် လိုအပ်သည်ထက် ပို၍ လုပ်ဆောင်တတ်သည်။ ပညာလွန်ကဲလျှင် လိုအပ်သည့်အောက် ဆွန့်ရှားလျော့နည်း၍ လုပ်ဆောင်တတ်သည်။ ဝီရိယလွန်ကဲလျှင် စိတ်အာရုံ ပြန့်တတ်သည်။ သမာဓိလွန်ကဲလျှင် တွန့်ဆုတ်ထိုင်းမှိုင်းတတ်သည်။ "သတ္တဝါတို့၏ ဓမ္မတာလည်း သဒ္ဓါလွန်လျှင်ကွန့်သည်၊ ပညာလွန်လျှင်ဆွန့်သည်၊ ဝီရိယလွန်လျှင် ပြန့်သည်၊ သမာဓိလွန်လျှင် တွန့်သည်။" [၁၂၅၆-ခန့်] ဇိ။ ၂၇။♦
၈၅၉။ သဒ္ဓါလွန်သော် ရာဂ
သဒ္ဓါတရားလွန်ကဲသော် စွဲလမ်းတပ်မက်မှု ဖြစ်သည်။ "သဒ္ဓါလွန်သော် ရာဂ၊ ပညာလွန်သော် မာန၊"[၈၄၀-ခန့်] နုစာ။ ၂။♦
၈၆၀။ သန္တုဋ္ဌိ ပရမံ ဓနံ
ရောင့်ရဲ တင်းတိမ် လူ့စည်းစိမ်-နှင့် အတူတူ။ (သန္တုဋ္ဌိ-ရောင့်ရဲခြင်းသည်၊ ပရမံ-အမြတ်ဆုံးသော၊ ဓနံ-ဥစ္စာတည်း။) "သန္တုဋ္ဌိ ပရမံ ဓနံ။ သန္တုဋ္ဌိ-တဏှာမျက်လုံးမကျယ်ဘဲရောင့်ရဲ လွယ်ခြင်းသည်၊ ပရမံ-အမြတ်ဆုံးအကောင်းဆုံးသော၊ ဓနံ-ဥစ္စာရတနာ အစစ်ကြီး ပေတည်း။" [၁၂၈၇] သာရီ၊ ပ။ ၁၂၀။♦
၈၆၁။ သန္ဓေပါ ဆရာမနိုင်
ဝမ်းတွင်းပါအကျင့် မကောင်းလျှင် မည်သူဆုံးမ၍မျှ မရနိုင်ပေ။ "ငယ်ကတည်းက ဉာဉ်ဆိုးစွဲလာရင် သန္ဓေပါ ဆရာမနိုင် ဆိုသလိုကြီးခါ မှ ပြုပြင်လို့တော့ မရဘူးပေါ့၊" [၁၃၁၀] ရွှေမှုန့်။ ၃၆။♦
၈၆၂။ သိပ္ပာ သမံ ဓနံ နတ္ထိ
အတတ်ပညာနှင့်တူသော ဥစ္စာသည် မရှိ။ (သိပ္ပာသမံ-အတတ်နှင့်တူသော၊ ဓနံ-ဥစ္စာသည်၊ နတ္ထိ-မရှိ။) "သိပ္ပာ သမံ ဓနံ နတ္ထိ။" [၁၂၉၁] ဆယ့်နှစ်တွဲ။ ၃၈။♦
၈၆၃။ သိပ္ပံ စောရာ နဂဏှန္တိ
အတတ်ပညာကို ခိုးသူတို့ မခိုးယူနိုင်။ (သိပ္ပံ-အတတ်ကို၊ စောရာ-ခိုးသူတို့သည်၊ နဂဏှန္တိ-မခိုးယူနိုင်ကုန်။) "သိပ္ပံ စောရာ န ဂဏှရေ။" [၁၂၉၁] ဆယ့်နှစ်တွဲ။ ၃၈။♦
၈၆၄။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံး အသာဆုံး ဖြစ်သည်။ (ဓမ္မဒါနံ-တရားအလှူသည်၊ သဗ္ဗဒါနံ-အလှူအားလုံးကို၊ ဇိနာတိ-အောင်နိုင်၏။) "သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတ ိ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။" [၁၃၂၃] ဓမ္မပါမြန်။ ၁၃၇။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ - တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။" [၁၃၅၅] သာရောင်၊ ၁၄၊ ၂။ ၃၇။♦
၈၆၅။ သဗ္ဗေ သတ္တာ ကမ္မသကာ
သတ္တဝါတစ်ခု ကံတစ်ခု-နှင့် အတူတူ။ (သဗ္ဗေ-ခပ်သိမ်းကုန်သော၊ သတ္တာ-သတ္တဝါအပေါင်းတို့သည်၊ ကမ္မသကာ-ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။) "သဗ္ဗေသတ္တာ ကမ္မသကာ၊ သတ္တဝါတို့ ကံအကြောင်း၊ ကိုယ်က ကောင်းစေလိုသော စိတ်ရှိ၍ အားထုတ်ဆောင်ရွက်သော်လည်း သူအောင်ချင်မှ အောင်ပါသည်။" [၁၂၆၆] သန်းမေ၊ ဒု။ ၁၈။
သဗ္ဗေ သတ္တာ ကမ္မသကာ ဟူသော ဒေသနာတော်အတိုင်း သူ့မကောင်းမှုကံက သူနှင့်သာ သက်ဆိုင်သည်။" [၁၃၂၈] စိတ်အရသာ။ ၁၂၂။♦
၈၆၆။ သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ
သတ္တဝါတို့သည် အစာအာဟာရကို မှီဝဲ၍ အသက်ရှင်နေကြသည်။ (သဗ္ဗေ-အလုံးစုံသော၊ သတ္တာ-သတ္တဝါအပေါင်းတို့သည်၊ အာဟာရဋ္ဌိတိကာ- အာဟာရသာလျှင် ထောက်တည်ရာရှိကုန်၏။) "သဗ္ဗေသတ္တာ အာဟာရဋ္ဌိတကိာ ဟူ၍ ဆိုသောအတိုင်း အလုံးစုံသော သတ္တဝါများသည် အစာအာဟာရဟု ဆိုအပ်သော ဘောဇဉ်များသာလျှင် ထောက်ရာတည်ရာ ရှိကုန်သောကြောင့်…၊" [၁၂၇၅] စာဏကျ၊ ပ။ ၃၈။
သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာဆိုတဲ့အတိုင်း သတ္တဝါမှန်သမျှ အစာ အာဟာရကိုသာ အမှီပြုပြီး အသက်ရှင်မှု ဖြစ်နိုင်တာမျိုးကလား။" [၁၃၀၉] ဒဂုန်၊ ၂၁၊ ၅။ ၆၃။♦
၈၆၇။ သုံးကျောင်းပြောင်းသော ရှင်၊ သုံးလင်ပြောင်းသော မိန်းမ
သုံးကျောင်းပြောင်းသော ရှင်ရဟန်း၊ သုံးလင်ပြောင်းသော မိန်းမတို့ကို မတည်တံ့သူများအဖြစ်အများက အထင်သေးကြသည်။ "သုံးကျောင်းပြောင်းကျင်၊ ထိုသည့်ရှင်နှင့်၊ သုံးလင်ကွာလွတ်၊ မျိုးမြတ်မိန်းမ၊ ညွှတ်ကခွာလျက်၊ သုံးကြိမ်ထွက်သည့်၊ ငှက်လည်းတစ်မည်၊ ဤသုံးတည်တို့၊ ကွေ့လည်ဆန်းပြား၊" [၁၁၈၉] ကုသ ၄၀၀။
သုံးကျောင်းပြောင်းသော ရှင်၊ သုံးလင်ကွာသော မိန်းမတို့သည် မိန်းမ ကောင်း မဟုတ်ကြောင်း ရှေးသူဟောင်းတို့ ပြောဆိုဆုံးမဖူးသည်။"[၁၂၆၆] သန်းမေ၊ ဒု။ ၁၄၆။♦
၈၆၈။ သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး
ရောဂါပျောက်စေနိုင်သော ဆေးဝါးပင် ဖြစ်စေကာမူ မှန်မှန်ကန်ကန် မသုံးတတ်လျှင် ဘေးအန ္တရာယ် ဖြစ်တတ်သည်။ "သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေးဟူသော စကားတစ်ရပ်ရှိသည်။ ဆေးပင်ဖြစ်သော်လည်း အသုံးမတတ်ပါက အသက်ဘေးအန္တရာယ် ဖြစ်စေနိုင်သည်။" [၁၃၃၃] မြဝတီ၊ ၁၉၊ ၇။ ၁၅၆။
တန်ဆေး လွန်ဘေး၊ သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေးဟူသော ဆိုရိုးစကားများအတိုင်း ခေါင်းကိုက်ပျောက်ဆေး သို့မဟုတ် အကိုက်အခဲပျောက်ဆေးများကို မှီဝဲသုံးစွဲရာတွင် အထူးသတိပြု ဆင်ခြင်သင့်ပေသည်။" [၁၃၄၀] မြဝတီ၊ ၂၆၊ ၈။ ၁၀၃။♦
၈၆၉။ သွား တမန်၊ ပြန် ရှေ့နေ
ပုဂ္ဂိုလ်တစ်ဦး၊ ဌာနတစ်ခု၏ကိုယ်စား တမန်သဖွယ် သွားရောက်စေ့စပ်ဆွေးနွေးရာတွင် မပြေလည်သေးသည့်အချက်များ ရှိပါကစေလွှတ်သူပုဂ္ဂိုလ်၊ ဌာနအား ရှေ့နေသဖွယ် ပြေပြစ်အောင် ရှင်းလင်းတင်ပြရသည်။ "သွား တမန်၊ ပြန် ရှေ့နေတဲ့၊…ညည်း မြန်မြန်သွားပါ၊ သူဘယ်လမ်း က ဘယ်အချိန် ပြန်မယ်ဆိုတာ မြန်မြန်မေးပြီး အပြေးလာခဲ့နော်။" [၁၂၉၈-ခန့်] အနဂ္ဃ၊ တ။ ၁၄၅။♦
၈၇၀။ သွားဖန်များ ခရီးရောက်
ဝီရိယမလျှော့ဘဲ အစဉ်တစိုက်သွားပါလျှင် လိုရာအရပ်သို့ မုချ ဆိုက်ရောက်မည်။ "ထိုလုလင်သည်… သွားဖန်များ ခရီးရောက် ဟူသည့်အတိုင်း တကောင်းသို့ ရောက်လေ၏။" [၁၂၄၈]ပညတ်။ ၁၂၂။
သွားဖန်များ ခရီးရောက်ဆိုသော စကားကဲ့သို့ မောင်မြင့်သည် ဝီရိယကို ရှေ့ထား၊ စွမ်းအားကို မလျှော့ဘဲ လာခဲ့ရာ နောက်ဆုံးတွင် မိမိအလိုရှိသော ပင်လယ်ကမ်းခြေသို့ ရောက်ခဲ့လေ၏။" [၁၂၈၇] ခင်လေးတို၊ ၃။ ၂၃၁။ မအိပ်မနေ အသက်ရှည်-တွင် ပုံပြင်ရှု။♦
၈၇၁။ သွေးလေမလျှောက် ဘေးတွေရောက်
သွေး၊ လေ လှည့်ပတ်မှုမမှန်လျှင် ရောဂါဖြစ်တတ်သည်။ "သွေးလေမလျှောက်၊ ဘေးတွေရောက်ဟု ဆိုရိုးစကား ရှိခဲ့၏။ လမ်းမလျှောက်ခြင်းသည် မြို့နေလူတန်းစားတို့အတွက် အထူးသဖြင့် သွေးလေ မလျှောက်မှုကို ဖြစ်စေတတ်၏။" [၁၃၁၇-ခန့်] အိမ်ဆေး။ ၂၄၇။♦
၈၇၂။ သျှောင်ကြီးလျှင် ငိုက်၊ လူကြီးလျှင် မိုက်
သျှောင်ကြီးလွန်းပါက တင့်တယ်စွာ မတည်ရှိနိုင်ဘဲ အောက်သို့ ငိုက်ကျ၍ လာတတ်သည်။ အချို့လူများ အသက်ကြီး လာလျှင် ဆိုးတတ်မိုက်တတ်သည်။ "တူကြီးလျှင် ပေ၊ လူကြီးလျှင် တေ၊ သျှောင်ကြီးလျှင် ငိုက်၊ လူကြီးလျှင် မိုက် ဆိုသလို ခေတ်အလိုက်ကို သတိမထားဘဲ…၊" [၁၂၇၇] မောင်ပုံ။ ၈၉။♦
၈၇၃။ သျှောင်နောက် ဆံထုံးပါ
အိမ်ထောင်ရှင် ဖြစ်လာသောအခါ အမျိုးသမီးသည် အမျိုးသား၏အိမ်၊ ရပ်ရွာသို့ လိုက်ပါနေထိုင်ရသည်။ (သျှောင်နောက်ဆံထုံးပါမြဲထုံး-ဟူ၍လည်း အဆိုရှိသည်။) "သျှောင်နောက် ဆံထုံးပါဆိုတဲ့ စကားလို ကျုပ်တို့မိန်းမများဟာ လင် ယောက်ျားသွားရာသို့ လိုက်ပါရစမြဲပါ။" [၁၂၈၂] ဝေဝေ။ ၁၉၇။
သီလဝတီကလေးမှာတော့ သျှောင်နောက်ဆံထုံး ပါမြဲထုံးဆိုတာလို ခင်ပွန်းသည်နောက် ကောက်ကောက်ပါအောင် လိုက်သွားရရှာတော့တာပေါ့။" [၁၂၉၆] မဉ္ဇရီ၊ ပ။ ၁၄၅။♦
၈၇၄။ ဟောင်းတိုင်းလည်း မပစ်ရာ၊ သစ်တိုင်းလည်း မချစ်ရာ
အဟောင်းပင် ဖြစ်သော်လည်း ဆက်လက်အသုံးပြုသင့်လျှင် မပစ်ပယ်ရ။ အသစ်ပင်ဖြစ်သော်လည်း မသုံးသင့်လျှင် ပယ်ရမည်။♦
၈၇၅။ ဟောင်းပင်ဟောင်းလည်း၊ မကောင်းသော်က၊ စွန့်ပယ်ရ
ထုံးဟောင်းပင်ဖြစ်သော်လည်း အကျိုးမဲ့လျှင် စွန့်ပယ်ရသည်။ ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့်-နှင့် နှိုင်းယှဉ်။ "မဖွယ်ကျိုးမဲ့၊ အပြစ်ပြဲ့သား၊ ဆင်ပွဲ့သဏ္ဌာန်၊ ထုံးဖွဲ့ဟန်သို့၊ ဘေးရန်ဖြစ်ကြောင်း၊ ဟောင်းပင်ဟောင်းလည်း၊ မကောင်းသော်က၊ စွန့်ပယ်ရ၏။" [၁၂၆၆] မဃ ၂၇၇။
အိမ်၌ အလောင်းကို ချမ်းသာသလောက် ရက်ရှည်ရှည်ထားခြင်းမှာ မသင့်လျော်ပါ။ ရှေးပဝေဏီကပင် ထုံးစံအတိုင်း ထားလာသည်မှာ မှန်ပါ၏။ သို့သော် ဘယ်လိုပင် ဟောင်းသော်လည်း မကောင်းလျှင် ပယ်ရမည် ဆိုသော စကားအတိုင်း ရှေးထုံးစံကို လိုက်ဖို့မသင့်ပါရှင်၊" [၁၂၉၇] မေရီ။ ၆၀။♦
၈၇၆။ ဟုတ်တာဆို နာလိုခံခက် အမျက်ထွက်
ချို့ယွင်းချက်၊ အားနည်းချက်ရှိသူအား သူ့ချို့ယွင်းချက်၊ အားနည်းချက်ကို ဟုတ်မှန်သည့်အတိုင်း ပြောဆိုလျှင် အခံရခက်ကာ အမျက်ထွက်တတ်သည်။ "ဗိုလ်ထွန်းလွင်က…မင်းဟာ မင်းကိုယ်မင်း လိမ်နေတာပါဟူသော စကားကို သုံးခဲ့ရာ ခင်မာမာမှာ ဟုတ်တိုာဆ နိုာလခံခ်ကဆိုသကဲ့သို့ ဖြစ်သွားရာမှ ဆတ်ဆတ်ခါ နာကြည်းသွားပြီး…၊" [၁၃၁၄] မြဝတီ၊ ၁၊ ၁။ ၄၄။♦
၈၇၇။ ဟန် ကိုယ့်ဖို့၊ မာန် သူ့ဖို့
ဟန်မပျက်နေနိုင်ခြင်းသည် မိမိ အရေးသာရာ အကြောင်း ဖြစ်သည်။ မာန်လုပ်ခြင်းဖြင့် သူတစ်ပါး အရေးသာသွားရန်အကြောင်း ရှိသည်။ "လျှော့ဘိစွမ်းအန်၊ မာန်ကားသူ့ဖို့၊ ဟန်ကိုယ့်ဖို့တည့်၊" [၁၁၈၃] ပဉ္စာ ၇၆။
ဟန် ကိုယ့်ဖို့၊ မာန် သူ့ဖို့ဆိုသည့်အတိုင်း မခင်ပုသည်လည်း ဟန်လုပ်၍သာ ရုံးတော်သို့ သွားရသော်လည်း ဝမ်းတွင်း၌ကား မချိလှ။" [၁၂၉၆] ဂန္ထ၊ ၂၁၊ ၁၂၂။ ၁၀၄။♦
၈၇၈။ အကောက်မတတ် အခိုးဖြစ်သည်၊ အခိုးတတ်က အကောက်ဖြစ်သည်
တစ်ပါးသူ ကျရစ်သော ပစ္စည်းကို ကောက်ယူရာ၌ မကျင်လည်ပါက ခိုးသည်ဟု အထင်ခံရတတ်သည်၊ တစ်ပါးသူ၏ ပစ္စည်းကို ခိုးယူရာ၌ ကျင်လည်ပါက ကောက်ယူသည်ဟု အထင်ခံရတတ်သည်။ "အကောက်မတတ် အခိုး ဖြစ်သည်၊ အခိုးတတ်က အကောက်ဖြစ်သည်။" [၁၂၁၁] ယု။ ၁၁၀၀။♦
၈၇၉။ အကျီစားသန် ရန်ဖြစ်။
ပျော်ရွှင်လိုသောသဘောဖြင့် နောက်ပြောင်ကျီစား လွန်းလျှင် ရန်ဖြစ်တတ်သည်။ "အကျီစားသန်က ရန်ဖြစ်တတ်သည်။" [၁၂၅၇] ပေါဒီ။ ၄၉၈။
မောင်ရယ်…အကျီစားသန် ရန်ဖြစ်ရလိမ့်မယ်၊" [၁၃၃၈-ခန့်] ပြည်သူချစ်။ ၅၀၂။♦
၈၈၀။ အကျိုးဆော့၊ အကန်းမော့။
ခြေလက်ထိခိုက် ကျိုးပဲ့နေသူကလည်း အငြိမ်မနေချင်၊ မျက်မမြင်ကလည်း ဟိုဟိုသည်သည် ငေးမောချင်သည်။ "လူမစွမ်းဆော့၊ ငကန်းမော့၊ ဆိုသော့အလား၊" [၁၁၄၆] ရာမ၊ ပ။ ၁၅၀။♦
၈၈၁။ အကျည်းတန် မှန်ကြိုက်။
အကျည်းတန်သူသည် မှန် ခဏခဏ ကြည့်တတ်သည်။ "ဆင်းရုပ်သွင်နှင့်၊ ကိုယ်ပင်မယုံ၊ အင်မစုံသော်၊ ကြေးမုံကြည့်များ၊ ဟူသောလားသို့၊" [၈၄၆] ဘူလင် ၃၃၃။
ရုပ်ဆိုးသူက ရုပ်ချောသူထက်ပင် မှန်ကို မြတ်နိုးစိတ်ပိုသေးသည်။ အကျည်းတန်မှန်ကြိုက်ဟူသော စကားက အထောက်အထားပြုလျက် ရှိသည်။" [၁၃၁၅] စာဗိမာန်၊ ၂၊ ၃။ ၁၈။♦
၈၈၂။ အကျယ်အကျယ် မငြိမ်းဖွယ်။
အကျယ်မချဲ့သင့်သော အရေးကိစ္စများကို အပြန်အလှန် ငြင်းခုံပြောဆိုနေခြင်းဖြင့် ကိစ္စပြီးမြောက် ငြိမ်းအေးသွားမည်မဟုတ်ပေ။ "အကျယ်အကျယ်၊ မငြိမ်းဖွယ်လျှင်၊ ယိုးမယ်ဖွဲ့ဖွဲ့၊ ကဲ့ရဲ့နှောင့်နှေး၊ မကောင်းဆေးဖြင့်၊ အမေးထင်ထင်၊ လိုရာငင်၍၊" [၈၅၃] ပါမီ ၁၁၀။
အကျယ်အကျယ်၊ မငြိ်မွးဖယ်ဖြင့်၊ လူဝယ်ချောက်ချား၊ အမှုပွားအောင်၊ စကားဖဖ၊ နှုတ်ရွလျှာရွှင်၊ တငင်ငင်ဖြင့်၊" [၁၂၆၆] မဃ ၃၉၅။
အကျယ်အကျယ် မငြိမ်းဖွယ်ဆိုသကဲ့သို့ ရည်ရွယ်မှန်းထားသော အကြောင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်ခြင်းမရှိဘဲ မိမိတို့ထင်ရာကို ပြောဆိုနေခြင်းဖြင့် အရေးကိစ္စ ပြီးငြိမ်းကြလိမ့်မည်မဟုတ်။" [၁၂၇၉] စံသိုက်။ ၁၇၃။♦
၈၈၃။ အကြီးတွင် တဏှာ၊ အပူတွင် ကိလေသာ၊ အမွှေးတွင် မေတ္တာ
အားအကြီးဆုံးသော အရာသည် တွယ်တာတပ်မက်မှုတဏှာ၊ အပူလောင်ဆုံးသောအရာသည် ကိလေသာ၊ အမွှေးပျံ့ဆုံးသော အရာသည် မေတ္တာ ဖြစ်သည်။ "ယောကျာ်းတို့ဓမ္မတာ အကြီးတွင် တဏှာ၊ အပူတွင် ကိလေသာ၊ အမွှေးတွင် မေတ္တာကောင်း ရှေးလူဟောင်းစကားလာ အရာရာနှိုင်းဆပလားဆို၊ ယခုကာလသားများစိတ်အရှိ အမေက ရိပ်မိလို့ ပြောတာကလား သမီးရဲ့၊" [၁၂၆၈] နော၊ ပ၊ ၁၃။♦
၈၈၄။ အကြံတူ နောက်လူကောင်းစြဲမ။
အကြံတူသော် ရှေ့လူ၏လုပ်ဆောင်ချက်ကို လေ့လာခွင့်ရသော နောက်လူ၏လုပ်ဆောင်ချက်သည် အရည်အသွေး ပိုကောင်းမြဲ ဖြစ်သည်။ "အကြံတူက နောက်လူကောင်းစမြဲ ဟူသည့်အတိုင်း ရတုအဖွဲ့ချင်း အကြံတူနေစေကာမူ မင်းနဝဒေးကြီးသည် အလျင်လူ၊ နတ်ရှင်နောင်မှာ နောက်လူမျှဖြစ်၍ … နတ်ရှင်နောင်၏ ရတုများမှာ ယဉ်ပေါင်းစု နုပေါင်းခရာ ပထမတန်း စာတော်ကြီးအဖြစ်သို့ ရောက်ရှိတော့၏။" [၁၃၀၀] စာသမိုင်း။ ၁၂၀။♦
၈၈၅။ အကြံတူ ရန်သူ၊ အလုပ်တူ ငြူစူ
ရည်မှန်းချက်၊ အကြံအစည်ချင်းတူ၍ အချင်းချင်း ယှဉ်ပြိုင်ရလျှင် ရန်သူ ဖြစ်တတ်သည်။ လုပ်ငန်းချင်း တူလျှင်လည်း တစ်ဦးကိုတစ်ဦး မလိုလား မရှုဆိတ် ဖြစ်တတ်သည်။ "အကြံတူ ရန်သူ၊ အလုပ်တူ ငြူစဆိုတဲ့ စကားလို ဉာဏ်သမား အချင်းချင်းတော့ အတွင်းကျိတ်ရန်ငြိုးနှင့် မျက်မုန်းကျိုးနေကြတာမျိုးပေပဲ။" [၁၂၉၀] သန်းသန်း၊ ပ။ ၁၃၀။
ကိုယ့်ထက်သာ မနာလို၊ အကြံတူ ရန်သူ၊ အလုပ်တူ ငြူစူဟု ဆိုရိုးရှိသည့်အတိုင်း ဤဣဿာသည် အလုပ်တူ၍ ကိုယ့်ထက်သာနေသူ၏ အပေါ်မှာ ဖြစ်တတ်သည်။" [၁၃၁၄] ကိုယ်ကျင့်။ ၇၃။♦
၈၈၆။ အကြမ်းမှု အနုနှင့်သာ အောင်စေရာ
အကြမ်းဖက်လာသော အရေးကိစ္စမျိုးကို အနုနည်းဖြင့်သာ အောင်မြင်အောင် ကိုင်တွယ်ဖြေရှင်းရာသည်။ "အကြမ်းမှု အနုနှင့်သာ အောင်စေရာဆိုတဲ့ စကားအတိုင်း ဘေးရန် အန္တရာယ်ကင်းအောင် နှိပ်နင်းမှုအမျိုးမျိုးရှိခဲ့ရာ သိမ်မွေ့ယဉ်ကျေးသော နည်းလမ်းကို လက်ကိုင်ပြု၍ နှိပ်နင်းပါ။" [၁၂၈၈] သူရ၊ ဒု။ ၁၇၄။♦
၈၈၇။ အချစ်ကြီးတော့ အမျက်ကြီး
တစ်ဦးတစ်ယောက်ကို အချစ်ကြီးချစ်သူ သည်ထိုသူ့ကို မုန်းမိလျှင်လည်း အမုန်းကြီးမုန်းတတ်သည်။ "အချစ်ကြီးလျှင် အမျက်ကြီးသတဲ့၊ ရှင့်ကို ချစ်လို့ သတ်ပစ်မယ်။ တကယ် မှန်မှန်ပြော။" [၁၂၇၆] မြင့်၊ စ။ ၁၅၈။
အချစ်ကြီးက အမျက်ကြီး ဆိုသကဲ့သို့ မိမိသမီးတော်အား စွန့်ပစ်၍ ထားခဲ့သည်များကို မျက်ပွားမပြေနိုင်သောကြောင့်…၊" [၁၃၁၀] ဒဂုန်၊ ၂၂၊ ၉။ ၁၇၁။♦
၈၈၈။ အချိန်ရှိခိုက်လုံ့လစိုက်။
အချိန်အခါရှိခိုက် အားထုတ် ကြိုးပမ်းသင့်သည်။ "အချိန်ရှိခိုက် လုံ့လစိုက် ဆိုသည့်အတိုင်း အချိန်အရွယ်ရှိသောအခါက မိမိတို့ မျှော်လင့်ချက်နှင့် ကိန်းမိလေအောင် ကြံဆောင်ပြုလုပ် အမျိုးမျိုး အားထုတ်နေရသည်။" [၁၂၉၇] ဒေတိ။ ၆၁။♦
၈၈၉။ အချုပ်သက်သေ သဝေမခြား
ခိုင်ခိုင်လုံလုံ ထွက်ဆိုခဲ့သော ရှေ့သက်သေစကားနှင့် နောက်သက်သေစကားသည် တစ်သဝေမတိမ်း ဖြစ်သင့်သည်။ "သေရှင်ပေါ်ငုပ်၊ အချုပ်သက်သေ၊ သဝေမခြား၊" [၁၁၄၅] သိာဓ ၃၆။
စကားဟူက၊ သက်သေချ၍၊ မူလဆိုချက်၊ သက်သေထွက်နှင့်၊ တိမ်နက် မငုပ်၊ အချုပ်သက်သေ၊ သဝေမတိမ်း၊ မယိုယိမ်းမူ၊ ခပ်သိမ်းသူပင်၊ အောင်မြင် သင့်ကြောင်း၊ ဆိုပါရှောင်း၏။" [၁၁၈၇] သီလဝ ၆၄။♦
၈၉၀။ အငယ်တည်းက၊ မဆုံးမသော်၊ မိဘတစ်လည်၊ ရန်သူမည်၏
မိဘသည် သားသမီးကို ငယ်စဉ်ကတည်းက မဆုံးမလျှင် မိဘဝတ္တရားပျက်သဖြင့် သားသမီး၏ ရန်သူသဖွယ် ဖြစ်ရသည်။ "အငယ်တည်းက၊ မဆုံးမသော်၊ မိဘတစ်လည်၊ ရန်သူမည်ဟု၊" [၈၉၁] သံ ၂၃။
သားပုတ္တာ ကို၊ မှန်စွာငယ်က၊ မဆုံးမမူ၊ မိဘတစ်လည်၊ ရန်သူမည်ဟု၊ ဆိုသည်စကား၊ ထုံးစံများကို၊ မှတ်သားကုန်ကြ၊" [၁၁၂၂] ဟံချုပ်။ ၁၄၇။♦
၈၉၁။ အစကောင်းမှ အနှောင်းသေချာ။
လုပ်ငန်းတစ်ခုကို စလုပ်စဉ်ကတည်းက စနစ်တကျရှိမှသာ အောင်မြင်စွာ အဆုံးသတ်နိုင်ရန် သေချာသည်။ "အစကောင်းမှ အနှောင်းသေချာ ဆိုတဲ့အတိုင်း အစပထမ အုတ်မြစ်ချ အခြေခံက မပျက်မစီးနိုင်ဘဲ ခိုင်ခိုင်မြဲမြဲ ကြီးရှိပါမှ နောင်အနာဂတ်ကာလမှာ ထိုအမှုကိစ္စ အောင်မြင်၍…၊" [၁၂၈၈] သူရ၊ ပ။ ၁၄၆။
အစကောင်းမှ အနှောင်းသေချာ ဟူသော စကားအတိုင်း အစစအရာရာ၌ မူလအခြေအမြစ် တည်သည်မှစ၍ ကျကျနနရှိပါမှ အစဉ်သဖြင့် ဟန်ကျပန်ကျ ရှိနိုင်ပေမည်။" [၁၂၉၀] ကဝိမှန်၊ ၂၊ ၁။ ၁၉၉။♦
၈၉၂။ အစဆုံးရည်းစား သားတစ်ဖျာပြည့်တော့ မမေ့
ရည်းစားဦးနှင့်လွဲကာ တစ်ပါးသူနှင့် အိမ်ထောင်ကျ၍ သားသမီးတစ်ဖျာစာလောက် ရပြီးသော်ငြားလည်း မိမိ ရည်းစားဦးကို မေ့မရနိုင်ချေ။ "အစဆုံးရည်းစား သားတစ်ဖျာပြည့်တော့ မမေ့၊" [၁၂၇၅] ဆောင်းပါးချုပ်။ ၁၁၄။♦
၈၉၃။ အစရှိ အနောင်နောင်
ကိစ္စတစ်ခုကို အစလုပ်မိလျှင် နောင်တွင်လည်း ထပ်ကာထပ်ကာ လုပ်ရတတ်သည်။ "အစရှိ အနောင်နောင်ဆိုသော စကားအတိုင်း ဝိုင်အရက်များကို သောက်စပြုတော်မူခဲ့ရာ … အစဉ်အတိုင်းသာ တိုးတက်၍ သောက်စားတော် မူလေသည်။" [၁၂၈၇] ထီး။ ၅၂၁။
ရောက်ဖူးတယ်ရှိအောင် ခေါ်သွားတာက အရေးမကြီးပါဘူး။ အစရှိ အနောင်နောင် ဆိုသလို မြင်းပွဲကို မသွားရမနေနိုင်အောင် ဖြစ်သွားမှာစိုးလို့…၊" [၁၃၃၂] ဓမ္မာ။ ၅၃၉။♦
၈၉၄။ အစာကို ကောက်တိုင်းရလျှင် စလုတ်မဆံ့၊ နှမ်းလျင်ကို လုပ်တိုင်းရလျှင် ထည့်စရာ ပုတ်မဆံ့
ကြက်သည် အစာကို ကောက်တိုင်းသာ ရမည်ဆိုလျှင် စလုတ်ပင် ဆံ့နိုင်မည် မဟုတ်သကဲ့သို့ နှမ်းသမားသည် နှမ်းလျင်စိုက်ပျိုးတိုင်းသာ ဖြစ်ထွန်းမည်ဆိုလျှင် ထည့်စရာပုတ်များပင် ဆံ့နိုင်မည်မဟုတ်ချေ။ ကောက်တိုင်းရ စလုတ်မဆံ့နိုင် - စကားပုံလည်းရှု။♦
၈၉၅။ အစာလည်း ဆေး၊ ဆေးလည်း အစာ
သင့်လျော်သော အစားအစာသည် အာဟာရဖြစ်စေသဖြင့် ဆေးတစ်မျိုးပင် ဖြစ်သည်။ သင့်လျော်သော ဆေးသည်လည်း အာဟာရဖြစ်စေသဖြင့် အစားအစာတစ်မျိုးပင် ဖြစ်သည်။ "ဆေးလည်း အစာ၊ အစာလည်း ဆေး၊ သင့်အောင်ပေး ဆိုတယ် မဟုတ်လား၊ အမှန်ကတော့ ဘြ ကီးဟာ အစာအာဟာရကို ဖြစ်သလို ပေါက်ကရမစားဘဲ တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောနဲ့ ဆေးစားခြင်းကိစ္စပါပြီးအောင် စားတာပဲ၊" [၁၃၁၇] စာဗိမာန်၊ ၃၊ ၁၁။ ၆၁။
ဆေးဝါးကုသရာ၌လည်း ဆေးဝါးများဖြင့်သာ ကုသရသည်မဟုတ်ဘဲ အစာလည်း ဆေး၊ ဆေးလည်း အစာဆိုသည့်အတိုင်း အစာကျွေး၍ ကုသရသော ကုထုံးလည်း လွန်စွာအရေးပါ အရာရောက်လှပေသည်။" [၁၃၁၇] ပုံပြဆေး၊ မ၊ ပ။ ၂။♦
၈၉၆။ အစားပုပ်သော် အလုပ်ကြာ
အစားကြီးသူသည် အလုပ်ဖင့်နွှဲသည်။ "အစားပုပ်သော် အလုပ်ကြာ၏၊ အသွားချုပ်သော် နေ့ရက်ကွာ၏၊" [၈၄၀-ခန့်] နုစာ။ ၃။♦
၈၉၇။ အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း
မစားသင့်သော အစာကို တစ်လုတ်မျှ စားမိရုံဖြင့် ဘေးဥပဒ် ဖြစ်တတ်သကဲ့သို့ မသွားသင့်သော အရပ်သို့ တစ်လှမ်းမျှ သွားမိရုံဖြင့်လည်း ဘေးအန္တရာယ် တွေ့ရတတ်သည်။ အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း-စကားပုံလည်းရှု။ "လျှာအကြိုက်ဖြင့်၊ လိုက်လိုက်ပျော်ပါး၊ စဉ်းစားမမြော်၊ မစားတော်သည်၊ မလျော်တစ်လုတ်၊ မသွားတော်သည်၊ မလျော်တစ်လှမ်း၊ ထုံးငြမ်းဥပဒေ၊ သက်သေစဉ်လာ၊ ဆရာမိဘ၊ ဆိုစကြသို့၊" [၁၁၅၅] ဥတိန် ၄၃။
စားသတိ၊ နေသတိ၊ သွားသတိ၊ အစားမတော် တစ်လုတ်၊ အသွား မတော် တစ်လှမ်း၊ ရန်သူတို့ကို ကြည့်၍ရှောင်။" [၁၃၁၈] မင်ဝတ်။ ၃၁၄။♦
၈၉၈။ အစားသာ အကုန်စား၊ စကားကို အကုန်မပြောနှင့်
အစားကို ကုန်အောင် စားသင့်သော်လည်း စကားကိုမူ အကုန် မပြောသင့်ပေ။ "ထမင်းကိုအကုန်စား၊ စကားကို အုကန်မပြောနှင့် ဟူ၍ ရှေးသူကြီးတို့ ပြောဆိုကြလေကုန်သည်။ စကားအကုန်ပြောဆိုသူ၏ ဝမ်းတွင်းအကြံအစည်ဟူ သမျှတွေကို အကုန် သိရှိ၍ ထိုသူ၏အကြံအစည်ကို အထမမြောက်လေအောင် ပိတ်ပင်လိုသော်လည်း ပိတ်ပင်နိုင်လေ၏။" [၁၂၇၅] စာဏကျ၊ ဒု။ ၃၁။
လူ့ဘဝ လူ့လောကထဲ၌ ထမင်းကို အမှတ်တရပြု၍ ဆိုထုံးဆိုရိုး စကားပုံများ တွင်လျက်ရှိလေသည်။… ထမင်းကိသုာ အုကန်စား၊ စကားကိုအကုန်မပြောနှင့်၊" [၁၃၃၀] မြဝတီ၊ ၁၆၊ ၁၀။ ၃၁။♦
၈၉၉။ အစိန္တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ
မကြံလည်း ဖြစ်၊ ကြံလည်းနစ်-နှင့်အတူတူ။ (အစိန္တိတမ္ပိ- မကြံဘဲလည်း၊ ဘဝတိ- ဖြစ်တတ်၏။ စိန္တိတမ္ပိ-ကြံလျက်လည်း၊ ဝိနဿတိ- ပျက်စီးတတ်၏။) "အစိန္တိတမ္ပိ- မကြံဘဲလည်း၊ ဘဝတိ-ဖြစ်တတ်၏။ စိန္တိတမ္ပိ- ကြံလျက်လည်း၊ ဝိနဿတိ-ပျက်စီးတတ်၏။" [၁၁၄၇] ဇဇာတ်။ ၅၀။♦
၉၀၀။ အဆီစားလို့ အသားမဖြစ်
အချို့သူများသည် အဆီအအိမ့် မည်မျှပင်စားစေကာမူ ဝဖြိုးလာခြင်းမရှိပေ။ "အဆီစားသော်လည်း အသားမဖြစ်ဟူရာ၌ကား ကြက်ကိုယ်၊ ကြောင်ကိုယ်ကဲ့သို့ ခန္ဓာကိုယ် အမြဲ ပူနေ၍ အတွင်းပူငုပ်နေသူများ အဆီစားသော်လည်း အတွင်းပူငုပ်နေသဖြင့် ဘယ်လောက်ပင်စားစား အသားမဖြစ်ဘဲ ပို၍သာ ပိန်လာတတ်၍…၊" [၁၃၁၇-ခန့်] အိမ်ဆေး။ ၁၃၄။♦
၉၀၁။ အဆင်မတတ်လျှင် ဆန်းလျက်နှင့်မလှ၊ အငင်မတတ်လျှင် ပန်းလျက်နှင့်မရ
ဆန်းပြားသော အရာပင် ဖြစ်သော်လည်း အဆင်အပြင်မတတ်လျှင် မလှမပ မတင့်မတယ် ဖြစ်တတ်သည်။ မိမိ လိုချင်သည့် အရာကို ရအောင် အားမထုတ်တတ်ပါက ပင်ပန်းရကျိုးမနပ် ဖြစ်တတ်သည်။ "အရာကိုမချင့်၊ အခွင့်ကိုမစာ၊ သမာဓိအရေးမှာ ဝီရိယကို သုံးမှားချေသော ကြောင့် ရူးသွပ်ခြင်းသို့ ရောက်ချေသည်။ ထို့ကြောင့် အဆင်မတတ်လျှင် ဆန်းလျက်နှင့်မလှ၊ အငင်မတတ်လျှင် ပန်းလျက်နှင့်မရ ရှိတတ်သည်။" [၁၁၄၇] ဇဇာတ်။ ၅၃။♦
၉၀၂။ အဆင်းတန် စကားတန်ထွက်
အကျည်းတန်သူ၏နှုတ်မှ သိမ်ဖျင်းသော စကား ထွက်သည်။ (အကျည်းတန် စကားတန်ထွက်-ဟူ၍လည်း အဆိုရှိသည်။) "စင်စစ်မှာတော့ အဆင်းတန်လျှင်စကားတန်ထွ်ကလို့ ဆြိုကတဲ့စကား ရှိပြီးသားမို့ ပုံမဟုတ်ပတ်မဟုတ် ရုပ်ရည်သဏ္ဌာန် ပုံဟန်မရသောသူများသာလျှင် ရုပ်ရည်နှင့်ပီပီ လူမသတီတဲ့စကားမျိုး ပြောဆိုတတ်ပါသည်။" [၁၂၇၉] စံသိုက်။ ၃၂။♦
၉၀၃။ အဆင်းလှဆန်း လူ့ပေါက်ပန်း
ရုပ်အဆင်းသာ လှ၍ အချင်းမရှိသူသည် အဆင်းသာ လှ၍ ရနံ့ကင်းသော ပေါက်ပန်းနှင့် တူသည်။ "သွင်ပြင်ရုပ်ဝါ၊ ပြည့်စုံပါလည်း၊ နံ့သာလှိုင်ခြင်း၊ ဂုဏ်နံ့ကင်းမူ၊ အဆင်းလှဆန်း၊ လူ့ပေါက်ပန်းဟု၊ သွမ်းမှန်းသိထွေ၊ ကဲ့ရဲ့လေအံ့၊" [၈၈၅] ကိုး ၂၆။♦
၉၀၄။ အတုမြင် အတတ်သင်
တုပစရာမြင်၍ အတုခိုးပြီး လိုက်လုပ်သည်။ (အတုမြင် အတတ်ရ-ဟူ၍လည်း အဆိုရှိသည်။) "ကျွန်ုပ်တို့လူမျိုးများမှာ အတုမြင် အတတ်ရ ဆိုသည့်စကားကဲ့သို့… သူဌေးမီလျံနာဖြစ်အောင် လုပ်မည်ဟူသောစိတ်နှင့်…၊" [၁၂၇၀-ခန့်] ကိုယ့်ဒူး။ ၅၆။
အတုမြင် အတတ်သင်ဆိုသကဲ့သို့ တစ်သက်နှင့်တစ်ကိုယ်တွင် တစ်ကြိမ်တစ်ခါမျှ ခိုးယူလုယက်မှုကို မပြုလုပ်ဖူးသူအချို့ပင်…ဖောက်ထွင်းခိုးယူမှုကို ရဲရဲတင်းတင်းကြီး ကျူးလွန်လာကြပေသည်။" [၁၃၂၃] မေကျော့၊ပ။ ၁၀၈။♦
၉၀၅။ အတွင်းမီးထ ပြင်မီးပ
ကိုယ်တွင်း၌ အပူမီး တောက်လောင်နေသူအဖို့ ပြင်ပအပူတို့ကို ဂရုမထားနိုင်ချေ။ "ကိလေသာတည်းဟူသော အပူမီး အားကြီးတောက်လောင်နေတဲ့သူမှာ ပကတိသော မီး ပူနေပူတို့ ဝင်မတိုးနိုင်ဘူး၊ သို့ကြောင့် ရှေးပညာရှိသုခမိန်များက အတွင်းမီးထ ပြင်မီးပဟု ပြောဆိုကြတာပဲ၊" [၁၂၈၆] ဒေတိ။ ၁၃၀။♦
၉၀၆။ အထားလွယ် သူကြွယ်လက်ဆော့
လွယ်လွယ်ထားသော ပစ္စည်းကို တွေ့မြင်လျှင် သူကြွယ်ပင် ဖြစ်စေကာမူ ယူတတ်သည်။ (လွယ်လျှင် သူကြွယ်ပင် ခိုးတတ်သည်။ အလွယ်မြင်လျှင် သူကြွယ်လိုချင်။ လွယ်လျှင် သူကြွယ်ပင်မရိုးသား-ဟူ၍လည်း အဆိုများရှိသည်။) "သိမ်းဆည်းမှုမရှိလျှင် အလိုအလျောက် မပျောက်သင့်ဘဲ ပျောက်သွား တတ်တယ်၊ မပျက်သင့်ဘဲလည်း ပျက်စီးသွားတတ်တယ်၊ အခြားသူကသော်လည်း ယူသွားတတ်တယ်၊ လွယ်ရင် သူကြွယ်တောင် ခိုးတယ်ဆို မဟုတ်လား၊" [၁၃၂၈] ယုဝေါ။ ၆၆။
အလွယ်မြင်လျှင်သူကြွယ်လိုချင်ဆိုသကဲ့သို့ လူတို့ဓမ္မတာမှာ ခပ်လွယ်လွယ် မြင်တွေ့၍ အခြေအနေပေးပါက လစ်လျှင်လစ်သလို သူတစ်ပါးပစ္စည်းကို ယူချင်စိတ် ဖြစ်မိတတ်သည်။" [၁၃၅၁] ပန်းပျိုး။ ၁၃၄။
လွယ်လျှင် သူကြွယ်ပင် မရိုးသား။" [၁၃၅၁] ကားပုံချုပ်။ ၁၅၇။
လွယ်လျှင်သူကြွယ်ပင် ခိုးတတ်သည်ဟူသော စကားကို မမေ့သင့်ပေ။" [၁၃၅၃] မြန်မာ့ဓန၊ ၁၃။ ၇၀။♦
၉၀၇။ အထက်မှာ ကောင်းမှုလုံ၊ အောက်မှာ ရွှေတိဂုံ
အောက်မြန်မာနိုင်ငံတွင် ရွှေတိဂုံစေတီသည် သပ္ပာယ်ထင်ရှားသကဲ့သို့ အထက်မြန်မာနိုင်ငံ မလိခမြစ်ကမ်းရှိ ကောင်းမှုလုံရွာမှ ကောင်းမှုလုံစေတီသည် သပ္ပာယ်ထင်ရှားသည်။ "ဤစေတီကြီးနှင့်ပတ်သက်၍ အထက်မှာ ကောင်းမှုလုံ၊ အောက်မှာ ရွှေတိဂုံဟု ဒေသခံတို့၏ နှုတ်မှ တဖွဖွ ဂုဏ်ယူပြောကြားခဲ့ကြ၏။" [၁၃၂၅] မြန်မြောက်ဖျား။ ၁၅၉။
အထက်မှာ ကောင်းမှုလုံ၊ အောက်မှာ ရွှေတိဂုံ
… မြန်မာနိုင်ငံ၏ မြောက်ပိုင်းတွင် တစ်ဆူတည်းသော စေတီဖြစ်ပြီး တံတိုင်း၊ ပရိဝုဏ်၊ ဇရပ်၊ တန်ဆောင်းနှင့် ဘုန်းကြီးကျောင်းပါရှိ၍ ပြည့်စုံလှသော စေတီတစ်ဆူဖြစ်ပြီးများစွာ သပ္ပာယ်လှသည်ဟု ဆိုပါသည်။" [၁၃၄၉] ရတနာမွန်၊ ၁၄၊ ၉။ ၄၂။♦
၉၀၈။ အထက်မှာပေ၊ အောက်မှာရွှေ၊ အလယ်ဝဲသိုက်၊ မျက်ဖြူဆို်က
ချင်းတွင်းမြစ်ကြောင်း အထက်ပိုင်းတွင် ပေဝဲ၊ အောက်ပိုင်းတွင် ရွှေစာရေးဝဲ၊ အလယ်တွင် ဝဲသိုက်ဝဲတို့သည် လှေသမားကို မျက်ဖြူဆိုက်လောက်အောင် ဒုက္ခပေးတတ်သည်။ "လှေသမားတို့သည် အထ်ကှမာပေ၊ အောက်မှာရွှေ၊ အလယ်ဝဲသိုက်၊ မျက်ဖြူဆိုက်ဟူသောကဗျာလင်္ကာ စပ်ဆိုသုံးစွဲ၍ ရေကြောင်းအခြေအနေနှင့် ဝဲကြီးများအခြေအနေ စသည်တို့ကို ဖော်ပြထားခဲ့ပေသည်။" [၁၃၃၅] ငွေတာရီ၊ ၁၅၉။ ၃၈။♦
၉၀၉။ အထိန်းမရှိသည့်ချည်ခင် အမျှင်မျှင်
အထိန်းမရှိသည့် ချည်ခင်သည် အမျှင်ရှုပ်ထွေးသည်။ အထိန်းမရှိသည့်ချည်ခင်-စကားပုံလည်းရှု။ "ချည်ပြတ်သွားသော် အထိန်းရှိမှ ချည်စရှာရန် လွယ်သည်။ အထိန်းမရှိဘဲထားလျှင် ချည်စများ ရှုပ်ထွေးသွားတတ်သည်။ ထို့ကြောင့်လည်း အထိန်းမရှိသည့်ကြမ်း ပရမ်းပတာ၊ အထိန်းမရှိသည့်ချည်ခင် အမျှင်မျှင်ဟု ဆိုထုံးပြုကြသည်။" [၁၃၂၈] ငွေတာရီ၊ ၇၂။ ၁၈၁။♦
၉၁၀။ အနာခံမှ အသာစံရမည်
အနစ်နာခံ၍ ဆောင်ရွက်မှ အကျိုးကျေးဇူးကို ခံစားရမည်။ "အနာခံမှ အသာစံရ။" [၁၃၅၁] ကားပုံချုပ်။ ၁၈၂။♦
၉၁၁။ အနာနှင့်ဆေး ကိုက်အောင်ပေး
အနာရောဂါနှင့် ကိုက်ညီေ သာဆေးဖြင့် ကုသလျှင် ရောဂါပျောက်ရန် မခက်ပါ။ "အနာနှင့်ဆေး၊ ကိုက်အောင်ပေး၊ ပျောက်ရေးမခက်ပါ။" [၁၂၈၈] ကလျာ။ ၇၁။♦
၉၁၂။ အနာပဆုပ် ကျောလုံးပုပ်
အနာပဆုပ်ပေါက်လျှင် ကျောတစ်ပြင်လုံး လှိုက်၍ စားတတ်သည်။♦
၉၁၃။ အနာမသိ ဆေးမရှိ
အနာရောဂါကို မသိလျှင် ယင်းအနာရောဂါ ပျောက်စေနိုင်သော ဆေးကို ပေးနိုင်မည်မဟုတ်ပေ။ အနာမသိ ဆေးမရှိ-စကားပုံလည်းရှု။ "အကြင်လူ့ရွာ၊ လောကမှာလျှင်၊ အနာမသိ၊ ဆေးမရှိတည့်၊" [၁၂၆၆] မဃ ၃၆၉။
အနာမိသ ဆေးမရှိ ဟု လောကဝေါဟာရစကားအတိုင်း ခံစားရသော ဝေဒနာကို ဝေဖန်၍ မသိနိုင်လျှင် ဆေးမရှိ၍ မပျောက်နိုင်။" [၁၂၇၅] စံပယ်။ ၈၄။♦
၉၁၄။ အနက်မသန် အဘိဓာန်။
ဝေါဟာရ၏အနက်ကို မသိလျှင် အဘိဓာန်ကို ကြည့်သင့်သည်။ "အနက်မသန်၊ အဘိဓာန်၊ မကျန်ရအောင်ရှာ။"[၁၁၁၃] ကဝိသတ် ၅၆၉။
ပိဋကတ်၌၊ ပုဒ်ပါဌ်အချက်၊ ပါဠိထွက်တွင်၊ အနက်မသန်၊ အဘိဓာန် ကို၊ ဖန်ဖန်လဲလဲ၊ နှလုံးစွဲ၍၊ နှိုက်နှဲရှာဖွေ၊ ပတ်ပတ်မွှေလော့၊" [၁၁၅၂] ဗျူပျို့ ၄။♦
၉၁၅။ အပင်ကြီး အသီးသေးသည့်ညောင်၊ အမြင်နီး ခရီးဝေးသည့်တောင်။
ညောင်သည် အပင်အားဖြင့် ကြီးသော်လည်း အသီးသေးပါသည်။ တောင်သည် အမြင်အားဖြင့် နီးသော်လည်း ခရီးဝေးကွာသည်။ "အမြင်နီးလျက်ခရီးဝေးသည်ကား တောင်၊ အပင်ကြီးလျက် အသီးသေးသည်ကား ညောင်။" [၁၂၇၇] မောင်ပုံ။ ၉၆။♦
၉၁၆။ အပျိုလို မနေမိလို့ ကိုယ်ရိတယ်လေး
အပျိုဘဝကို စွန့်လွှတ်၍ အိမ်ထောင်ပြုမိသဖြင့် ဒုက္ခဆင်းရဲ ဖြစ်ရသည်။ "ထိုအခါကျမှ အပျိုလိုမနေမိလို့ကိုယ်ရိတယ်လေး ဟူသော ရှေးလြူကီးတို့၏စကား အဓိပ္ပာယ်သွားကို အကွင်းသား အကွက်သား ထင်ထင်ရှားရှား ပေါ်လာတော့သတည်း။" [၁၂၉၇-ခန့်] မိန်း။ ၁၀၂။
ထဘီကစို၊ သားကငို၊ တံတိုကပျောက်၊ လင်ကငေါက်၊ သပေါက်မ သည်မယ့်ကိုယ်ရယ်၊ အပျိုလို မနေမိလို့ ကိုယ်ရိတယ်လေး။" [၁၃၂၆] ဖူးညို။ ၄၇။♦
၉၁၇။ အပြော ကိုဖူးညို၊ အဆို ကုိပ
ရုပ်သေးသဘင်တွင် ဦးဖူးညိုသည် အပြော ပိုင်သည်။ ဦးပုသည် အဆိုပိုင်သည်။ "အပြော ကိုဖူးညို၊ အဆုိကိုပဟူ၍ ထိုခေတ်က ပြောစမှတ်ပြုကြသည့်အတိုင်း အပြောအဟောတွင် ဦးဖူးညိုက ပို၍ ကျော်ကြားပြီးလျှင် အဆိုတွင် ဦးပုက ပို၍ ကျော်ကြားထင်ရှားသည်။" [၁၃၂၄] စွယ်ကျမ်း၊ ၆။ ၃၂၉။
ဆရာပုသည်…အဆိုကောင်းခဲ့ခြင်းကြောင့်ပင် အပြော ကိုဖူးညို၊ အဆို ကုိပ ဟု သူ့ခေတ်က ဆိုစမှတ်ပြုခဲ့ကြသည်။" [၁၃၂၆] မြန်မာ့ဇာတ်။ ၉၇။♦
၉၁၈။ အပြောမတတ် အပတ်မပြေ
အပြောအဆိုမတတ်ပါက လိုရင်းမရောက် လိပ်ပတ်မလည် ဖြစ်တတ်သည်။ "ရေဆိုတာ မြင့်ရာက နိမ့်ရာ စီးတယ် ဆိုလိုက်တော့ ဆရာဒေါ သဖြစ်မှာပေါ့ ဆရာ၊ ဒါကလည်း ကိုအောင်ဘုခမျာ အပြောမတတ်လို့ အပတ်မပြေ ဆိုသလို ဖြစ်သွားတာပါ။" [၁၃၁၃] သုခတို။ ၁၇၄။
အပြောမတတ် အပတ်မပြေ၊ စကားလွန်နုတ်မရ၊… စသောစကားတို့ကို ထောက်လျှင် စကားအရာကို အရေးထားသင့်ပေသည်။" [၁၃၁၈] ယဉ်ကျေးမှု၊ ၂၊ ၄။ ၇၃။♦
၉၁၉။ အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ
အပွေးအခေါက် မြင်ရုံဖြင့် မည်သည့်အပင် ဖြစ်ကြောင်း သိနိုင်သကဲ့သို့ အရည်အသွေးကို မြင်ရုံဖြင့် မျိုးရိုးအဆင့်အတန်း သဘောလက္ခဏာကို ခန့်မှန်းနိုင်သည်။ အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ - စကားပုံလည်းရှု။ "အပြောအဆို အနေအထိုင်ကို မြော်ထောက်သော် လူကြီးလူကောင်းသားသမီးဖြစ်ကြောင်း မပြောခင်ကပဲ အပွေးမြင် အပင်သိစေ၊ အသွေးမြင်က အသွင်သိစေ ဆိုသကဲ့သို့ သိရှိရပေတယ်။" [၁၃၁၀] လွမ်း၊ ပ။ ၃၆။
မြန်မာတို့ဝေါဟာရ၌ အပွေးမြင် အပငိ်သဟူ၍ ရှိသည်။ ထိုသို့သိရှိခြင်းမှာ အပင်၏အပွေးကို မြင်ရုံဖြင့် မည်သည့်အပင်ဖြစ်ကြောင်း၊ မည်သည့်ဓာတ်တွေ ဦးစီးနေကြောင်း၊ မည်သည့်ဂုဏ်၊ မည်သည့်အရသာရှိကြောင်း တစ်မုဟုတ်ချင်း သိခြင်းကို ဆိုလိုပေသည်။" [၁၃၄၆] နွယ်မြက်သစ်ပင်။ ၁၀၅။♦
၉၂၀။ အဖိုးနည်း ဝန်ပါ
၁၊ တန်ဖိုးနည်းသော ပစ္စည်းသည် ပျက်စီးလွယ်၍ မိမိအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်တတ်သည်။ ၂၊ တန်ဖိုးနည်းသောပစ္စည်း ဖြစ်သော်လည်း အသုံးတည့်သဖြင့် မိမိအတွက် တန်ဖိုးရှိသည်။ "ပတ္တမြားအစစ်၊ ဖြစ်ကတည်း မှန်ကတည်း၊ ဖိုးနည်းဝန်ပါ၊ နေရာအင်တန်၊ ဆန်တစ်စလယ်၊ ဝယ်သူသာငြင်းရတော့သည်။" [၁၁၄၆] ရာမ၊ ပ။ ၁၀၆။
အိန္ဒိယသည် မော်တော်ကားများသာမဟုတ်၊ သယ်ယူပို့ဆောင်ရေး၌ဖိုးနည်း ဝန်ပါနှင့် အလွန်အရာရောက်သော မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရန်လည်း အားထုတ်နေ၏။" [၁၃၁၈] စာဗိမာန်၊ ၅၊ ၃။ ၃၇။♦
၉၂၁။ အဖန်ငါးရာ ငါးကမ္ဘာ
မိမိကိုယ်ကို သတ်သေသူသည် ဘဝပေါင်းငါးရာ ငါးကမ္ဘာတိုင်အောင် ဤအဖြစ်ဆိုးမျိုးနှင့် အကြိမ်ကြိမ် ကြုံရသည်။ "အဖန်ငါးရာ ငါးကမ္ဘာပတ်လုံး အထုံအဆက် လိုက်နေမည် စိုးသောကြောင့်…၊" [၁၂၉၁] ဒီးဒုတ်တင်းစာ။၈။
အမြလည်း ဒေါသစိတ်အလျောက် ပြုမိမှားသည်ကို သိကာ… မိမိကိုယ်ကို ဤဓားနှင့်ပင် သတ်သေရန် ကြံသည်။ သို့ရာတွင် အဖန်ငါးရာငါးကမ္ဘာ ဆိုသော စကားကို ကြားဖူးထားသောကြောင့် မလုပ်ဝံ့ဘဲ ရှိတော့သည်။" [၁၃၁၉] ထောင်သား။ ၂၈၅။♦
၉၂၂။ အဖျော်ဆယ်ခု ထောပတ်ပြု
အင်္ဂတေကောင်းဖြစ်ရန် တမာစေး၊ ပွဲ့လျက်၊ ထန်းလျက်၊ လဲဝါ၊ လွန်စေး၊ ဖန်ခါးသီး၊ ကျွဲကော်၊ ကြွေ၊ ဥသျှစ်စေး၊ အုံတုံစေး ဤဆယ်မျိုးကို ရောကျိုရသည်။ "ရှေးပန်းရန် ဗိသုကာကြီးများ၏ မှတ်တမ်းဟောင်းများတွင် အဖျော်ဆယ်ခု ထောပတ်ပြုဟူ၍ မှတ်သားခဲ့ကြရာ…၊" [၁၃၄၀] မြန်မာ့ပန်း။ ၈၂။♦
၉၂၃။ အမိယုတ် နှုတ်ကြမ်း၊ အဖယုတ် လက်ကြမ်း
မိခင်အမူအကျင့် မကောင်းလျှင် သားသမီးတို့ နှုတ်အမူအရာ ကြမ်းတမ်းသည်။ ဖခင်အမူအကျင့် မကောင်းလျှင် သားသမီးတို့ ကိုယ်အမူအရာ ကြမ်းတမ်းသည်။ "မိယုတ် နှုတ်ကြမ်း၊ ဖသရမ်းက၊ ညစ်ညမူ်းမဆိုး၊ အမျိုးမမှန်၊ အကျင့် တန်၏၊" [၁၂၆၆] မဃ ၂၂၃။
အမိယုတ် နတှု်ကြမ်းဟူသော စကားသည် ဤကဲ့သို့သော မိန်းမများကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်လိမ့်မည်။… အဖယုတ် လက်ကြမ်း။ သားသမီးကို အမိက အဆဲမသင်သင့်သလို အဖကလည်း ကြမ်းကြုတ် ရက်စက်အောင် လေ့ကျင့်သင်ကြားမပေးသင့်ပါ။" [၁၃၅၁] ပန်းပျိုး။ ၁၆၄။♦
၉၂၄။ အမေ့ကိုပြော တံကောက်ကြော
တံကောက်ကြောကို ထိုးကွင်းထိုးသောအခါ အမေ့ကို တ ရလောက်အောင် နာကျင်လှသည်။ (အမေ့ အော်သော တံကောက်ကြော-ဟူ၍လည်း အဆိုရှိသည်။) "အမေ့ကိုပြောတံကောက်ကြော…တံကောက်ကြောပေါ်သို့ စုတ်ချက်ရောက်လာသောအခါ အမေ့သားတော့သေပြီလို့ အမေ့ကို ပြောလိုက်ကြပါဟူ၍မှာကြားရအောင် နာကျင်လှသည်၊" [၁၃၄၈] ထိုးကွင်း။ ၁၁၃။♦
၉၂၅။ အမျိုးထိ မချိအောင်နာ
မိမိအမျိုးကို ထိပါးလျှင် မခံမရပ်နိုင်အောင်နာကြည်းသည်။ "တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများဖြစ်ကြသည့် တိုင်းရင်းသားတို့သည် ကိုယအ့်မျိုးထိ မချိအောင်နာခဲ့ကြသည်။" [၁၃၄၃] တို့ဆုစာ၊ တ။ ၃၈။♦
၉၂၆။ အမျိုးနည်းလျှင် မကျယ်နှင့်၊ အဖိုးနည်းလျှင် မဝယ်နှင့်။
ဆွေမျိုးနည်းပါးလျှင် လူတွင်ကျယ်မလုပ်ပါနှင့်၊ တန်ရာတန်ဖိုးအောက် နည်းလွန်းသော ပစ္စည်းမျိုးကိုလည်း မဝယ်ပါနှင့်။ "အမျိုးနည်းလျှင် မကျယ်နှင့်၊ အဖိုးနည်းလျှင် မဝယ်နှင့်ဟူသော စကားပုံမှာလည်း ဆွေမျိုးသားချင်းတို့၏ အင်အားအရှိန်အဝါ ကြီးမားပုံကို ပြဆိုထားခြင်းဖြစ်ရာ…၊" [၁၃၃၄] မြဝတီ၊ ၂၀၊ ၄။ ၂၃။♦
၉၂၇။ အမြင်နိမိတ်၊ အတိတ်လက်ဆောင်၊ အသံတဘောင်
မြင်တွေ့ရသော အရာကို နိမိတ်အဖြစ် ကောက်ယူသည်။ ရရှိလာသော လက်ဆောင်ကို အတိတ်အဖြစ် ကောက်ယူသည်။ ကြားရသော အသံကို တဘောင်အဖြစ် ကောက်ယူသည်။ (အသံတဘောင်၊ အကောင် နိမိတ်- ဟူ၍လည်း အဆိုရှိသည်။) "အမြင်မှာ နိမိတ်၊ အတိ်တမှာ လက်ဆောင်၊ အသံမှာ တဘောင်ဟု ဆိုထုံးစကားရှိပေသည်။" [၁၂၇၉] မြန်ဇာတ်။ ၁၂၃။
အသံမှာ တဘောင်၊ အကောင်မှာ နိမိ်တလို့ ဆိုရိုးစကားရှိပါတယ်။ အဲဒီတော့ ကောင်းတဲ့အသံ၊ ကောင်းတဲ့အမြင် တွေ့ရမှ တိုင်းပြည်ကြီး ကောင်းမယ်။" [၁၃၁၀] ဒဂုန်၊ ၂၂၊ ၇။ ၁၈၅။♦
၉၂၈။ အမှားကြာ အမှန်ဖြစ်
အမှားကို ကြာရှည်လက်ခံလာသောအခါ အမှားကိုပင် အမှန်ဟု ထင်လာသည်။ "အမှားကြာလျှင် အမှန်ဖြစ်သွားတတ်၏။ … အမှားကြာလာသောအခါ မှန်၍သာ ရေရှည်ခံနေခြင်းဖြစ်သည်၊ မှားနေချေက ဤမျှ ကြာကြာမခံတန်လေရာဟု ဇဝေဇဝါဖြစ်ရာက နောက်ဆုံးတွင် အမှန်ဟု ယုံကြည်စွဲလမ်းစွာ အယူသီးကုန်လေ၏။" [၁၃၂၉] ရှေ့သို့၊ ၁၂၊ ၁၀။ ၃၃။
အမှန်စင်စစ် အမှားထင် ဘုရားရှင်ပင် ဟောလို့မကျွတ်ဆိုသည့်အတိုင်း အမှားကြာလျှင် အမှန်ဟုပင် အစွဲဝင်သွားတတ်ပါသည်။" [၁၃၅၆] ရုပ်ရှင်အောင်လံ၊ ၄၅၁။ ၁၁၉။♦
၉၂၉။ အမှားတွေ့က အမှန်ရ
အမှားကို တွေ့ရခြင်းသည် အမှန်ကို တွေ့ရန် လမ်းစဖြစ်သည်။ "အမှားတွေ့က အမှန်ရ။" [၁၃၅၁] ကားပုံချုပ်။ ၁၈၆။♦
၉၃၀။ အရာကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက်
အခွင့်ကောင်းနှင့် ကြုံတွေ့ရလျှင် တစ်ချက်တည်းနှင့် အောင်မြင်မှု ရနိုင်သည်။ တည်ရာမှီရာ၊ အရပ်အနေကောင်းလျှင် တစ်သက်လုံး ကောင်းစားမည်။ (အကြံကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက်။ အမှီကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက်-ဟူ၍လည်း အဆိုများရှိသည်။) အရာကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက်၊" [၈၅၀- ခန့်] နုစာ။ ၄။
အကြံကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက်၊ အပွင့်ကောင်းလျှင် တစ်ခက်၊" [၁၁၄၇-ခန့်] ဟံချုပ်။ ၂၂၆။
အမှီကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက်ဟု ဆိုသော်လည်း ထိုလူစားမျိုးကား လောင်းရိပ်အောက်က လူသာ ဖြစ်လေသည်။" [၁၃၃၄] မြဝတီ၊ ၂၀၊ ၉။♦
၉၃၁။ အရူးဆယ်ခွန်းပြော တစ်ခွန်းမှန်။
အရူး၏စကားပင် ဖြစ်သော်လည်းဆယ် ခွန်းတွင် တစ်ခွန်းအမှန် ပါတတ်သည်။ "အရူးရယ်မော၊ ဆယ်ခွန်းပြောသော်၊ သဘောစကား၊မှတ်သားစရာ၊ တစ်ခွန်းပါဟု၊ ပမာမချို့၊ ထုံးကဲ့သို့ပင်၊" [၁၁၈၃] ပဉ္စာ ၆၂။
အရူးဆယ်ခွန်းပြော တစ်ခွန်းမှန်ဟူသော စကားကဲ့သို့လည်း မှန်နိုင်လေသည်။" [၁၂၉၆-ခန့်] ကယ့်လူ။ ၅၈။♦
၉၃၂။ အရေးကြီး သွေးနီး
အရေးကြီးသောအခါမျိုးတွင် သွေးနီးရာစည်းလုံးကြသည်။ (အရေးကြီးက သွေးနီးရာချို-ဟူ၍လည်း အဆိုရှိသည်။) "မျိုးဆွေချင်းတို့၊ ဝမ်းတွင်းမကျေ၊ ရှိနေတပြီး၊ အရေးကြီးက၊ သွေးနီးရာကပ်၊ ကျောချင်းအပ်၍၊" [၁၂၆၆] မဃ ၁၈၁။
မျိုးရိုးဇာတိမာန် ရင့်သန်ပြီး ဖြစ်ကြသောကြောင့်အရေးကြီးက သွေးနီးရာချိုဟူသကဲ့သို့…၊" [၁၂၉၇] နားခံ။ ၅၇။
ချင်းပြည်နယ်မှ ပြည်သူများသည် အရေးကြီးက သွေးနီးဆိုသကဲ့သို့ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွင် ပြောင်မြောက်ထူးချွန်စွာ ပါဝင်ဆင်နွှဲခဲ့သည်။" [၁၃၃၈] ရှေ့သို့၊ ၂၆၊ ၁။ ၂။♦
၉၃၃။ အရောဝင် အရိုအသေတန်
မသိတတ်သူကို အရောဝင်လျှင် မရိုမသေ ပြုတတ်သည်။ "အရောဝင် အရိုအသေတန် ဆိုသည်နှင့်အညီ ပန်းရောင်းသော သတို့သမီးလှလှကို ခဏခဏ အရောမဝင်ပါဘူး။" [၁၂၇၅] ဆောင်းပါးချုပ်။ ၁၂၅။
အရောဝင်တော့ အရိုအသေတန်ဆိုသကဲ့သို့ အချို့ ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုအသေတန်ကောင်းတန်ပေလိမ့်မည်။" [၁၃၁၄] ကိုယ်ကျင့်။ ၄၅။♦
၉၃၄။ အရပ်ကောင်းမှ အလောင်းလှ
အရပ်က ဝိုင်းဝန်းကူညီ ထောက်ပံ့ကြမှသာ အသုဘကိစ္စ အစစအရာရာ အဆင်ပြေသည်။ အရပ်ကောင်းမှ အလောင်းလှ- စကားပုံလည်းရှု။ "အကူငွေပေးကမ်းနေတာ ငြင်းပယ်လို့လည်း မဖြစ်နိုင်၊ မျက်နှာငယ်လှသည့် ကိုယ့်ဘဝကို ရှက်ရှက်နှင့်… အရပ်ကောင်းတော့အလောင်းလှပါတယ် သမီးကြီးရယ်ဟု ခေါင်းကို မဖော်နိုင်ဘဲ ကူတဲ့သူ ကျေနပ်အောင်…၊" [၁၃၂၀] မြန်တို။ ၂၂၆။♦
၉၃၅။ အရှေ့မှာ ညောင်၊ တောင်ကား ငှက်ပျော၊ မြောက်ကြော လက်ပံ၊ နောက်ယံ သဖန်း၊ ဒန်းနှင့်သပြေ၊ မစိုက်လေနှင့်
ညောင်ပင်ကို အိမ်၏အရှေ့ဘက်တွင် မစိုက်ကောင်း။ ငှက်ပျောကို အိမ်၏တောင်ဘက်တွင် မစိုက်ကောင်း။ လက်ပံကို အိမ်၏မြောက်ဘက်တွင် မစိုက်ကောင်း။ သဖန်း၊ ဒန်း၊ သပြေကို အိမ်၏အနောက်ဘက်တွင် မစိုက်ကောင်း။ "အရှေ့မှာ ညောင်၊ တောင်ကား ငှက်ပျော၊ မြောက်ကြော လက်ပံ၊ နောက်ယံ သဖန်း၊ ဒန်းနှင့်သပြေ၊ မစိုက်လေနှင့်။ " [၁၃၁၇] ပုံပြဆေး၊ စ။ ၂၇၇။♦
၉၃၆။ အရှက်ရှိမှ အကြောက်ရှိသည်
မကောင်းမှုပြုရန် အရှက်တရားရှိသောသူမှသာ အကြောက်တရားရှိသည်။ "အရှက်ရှိမှ အကြောက်ရှိသည် ဟူသော စကားသည် ရှေးလူကြီးများ ထားခဲ့သော စကားဖြစ်၏။ ထိုစကားသည် မှန်၏။ အကြောင်းမူကား မကောင်းမှုကို ပြုဖို့ရန် ရှက်သော သူသည် မကောင်းမှုကို ပြု ဖို့ရန် ကြောက်သောသူ ဖြစ်လေသည်။" [၁၂၇၇] လူတစ်လုံး။ ၁၄။♦
၉၃၇။ အရှင်ချစ်ကြည် ထီးနှင့်စည်၊ မည်မသင့်ငြား လည်နှင့်ဓား
အရှင်သခင်က ချစ်ကြည်လိုလားလျှင် အဆောင်အယောင်အခမ်းအနားတို့ကို ရရှိခံစားရသည်၊ အရှင့်စိတ်နှင့် အခန့်မသင့်ပြန်ပါကလည်း အသက်ပင် ဆုံးရှုံးရသည်။♦
၉၃၈။ အရှင်မြင့်မှ ကျွန်မြင့်
မှီခိုအားထားရာအရှင်သခင် ကြီးပွားတိုးတက်မှ ကျွန်ဖြစ်သူလည်း ကြီးပွားတိုးတက်သည်။ (အရှင်မြင့်က ကျွန်တင့်။ အရှင်တင့် ကျွန်မြင့် -ဟူ၍လည်း အဆိုများရှိသည်။) "အရှင်မြင့်မှ၊ ကျွန်မြင့်တုံချင်၊ ဤလူ့ခွင်၌၊ အရှင်သွေးထွက်၊ ကျွန်သွေးထွက်တည့်၊ ပျက်လည်းအမျှ၊ ဖြစ်ကအတူ၊" [၁၂၆၆] မဃ ၃၆၅။
အရှင်မြင့် ကျွန်တင့်ဆိုသည့်အတိုင်း အရှင်ဘုရား၏ ရွှေဘုန်းတော် ကြီးကျယ်မြင့်မြတ်တော်မူပါလျှင်လည်း ဘုရာ့ကျွန်တော်များ ကောင်းစားတင့်တယ်၍…၊" [၁၂၈၁] နောင်ဝတ်။ ၁၁၉။
အရှင်တင့် ကျွန်မြင့် ဆိုတဲ့ စကားအတိုင်း အရှင်နှစ်ပါးလည်း ရွှေဘုန်းတော် ကြီးမား၍ ဘုရားကျွန်မလည်း … အမြင့်တန်းသို့ ရောက်လိမ့်မည်ဆိုတာ…၊" [၁၂၉၄] ဒဂုန်၊ ၁၂၊ ၁၃၈။ ၁၃၉။♦
၉၃၉။ အလာကောင်းသော်လည်း အခါနှောင်း
ရောက်ဖြစ်အောင် အရောက်လာသော်လည်း အချိန်နှောင်း၍ အချည်းနှီး ဖြစ်ရသည်။ အလာကောင်းသော်လည်း အခါနှောင်း-စကားပုံလည်းရှု။ "ကိုဖေညွန့်မှာ အလာကောင်းသော်လည်း အခါနှောင်းသွားပါသည်။ ကိုဖေညွန့် မလာမီကလေးကပင် ကိုဖေညွန့်နှင့် ကျွန်မတို့ မပေါင်းမိအောင် အဆင်မပြေသော လောကကြီးက စီမံဖန်တီးလိုက်ပြီးဖြစ်ပါသည်။" [၁၃၀၂] သူရိယ၊ ဇွန်။ ၁၅။
ကမ်းစပ်သို့ အမြန်ပြေးခဲ့ကြ၏။ သို့သော် အလာကောင်းသော်လည်း အခါနှောင်းခဲ့လေပြီ။ သူတို့မရောက်မီ ဒီရေသည် ကျောက်ဆောင်တစ်ခုလုံးကို ဖုံးအုပ်သွားလေပြီ။" [၁၃၁၄] စစ်သား၊ ဒု။ ၁၁၈။♦
၉၄၀။ အလိုကြီးက အရနည်း
အလိုကြီးသူသည် အနည်းငယ်သာ ရတတ်သည်။ လောဘကြီး အီးလောက်ရ၊ လောဘငယ် လယ်လောက်ရ-လည်းရှု။ "ရမ္မက်ပိတ်ဆီး၊ အလိုကြီးက၊ ကိုယ်ထီးသာတည်း၊ အရနည်း၍၊ လက်ချည်းဆတ်ဆတ်၊ ဖြစ်တို့တတ်၏။" [၁၂၁၁] ဩပျို့ ၁၇။
အလိုကြီးသော် အရနည်းသည်ဟူ၍ ယခုတိုင် လူတို့ ဆိုစမှတ်ပြုကြလေသည်။" [၁၂၄၈] ပညတ်။ ၁၅။
ရှေးသောအခါ လေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်းသည် လေးကျွန်းလုံးကို အစိုးရလျက် အလိုကြီးသည်ဖြစ်သောကြောင့် မရောင့်ရဲနိုင်၍ တာဝတိံသာသို့တက်ပြီးလျှင် သိကြားမင်း၏စည်းစိမ်ကို တောင်းရာ သိကြားလည်း တစ်ဝက်ပေး၏။ တစ်ဖန် မရောင့်ရဲနိုင်သဖြင့် အားလုံးကို လို၍ သိကြားအား တောင်းပြန်လေသော် သိကြားလည်း အားလုံးကို ထား၍ တစ်ဝက်မျှလည်း မပေး၊ ပြန်သွားပေတော့ဟု ဆို၍ မန္ဓာတုစကြာမင်းသည် လူ့ပြည်သို့ ပြန်ခဲ့ရ၏။ ယင်းစကားကို အကြောင်းပြု၍ အလိုကြီးသော် အရနည်းသည်ဟူ၍ ယခုတိုင် လူတို့ ဆိုစမှတ်ပြုကြလေသည်။ လောကပညတ္တိကျမ်း။ ၁၅။♦
၉၄၁။ အလိုလိုက် အမိုက်စော်ကား
အသိအလိမ္မာနည်းသူကို အလိုလိုက်မိပါက အစော်ကားခံရတတ်သည်။ "မယားဖြစ်သူတို့ မိမိတို့၏အသက်သခင် ထမင်းရှင်ကြီးတို့အား အလိမ္မာ ဂုဏ်ထူးဖြင့် ကျေးဇူးမဆပ်နိုင်ဟု ဆိုခဲ့သော် အလိုလိုက် အမိုက်စော်ကားဟူသကဲ့သို့သာ ဖြစ်ကြပေလိမ့်မည်။" [၁၃၁၄] မင်မြု။ ၂၇၁။
ကလေးတွေကို မင်းတို့ဦးက သိပ်အလိုလိုက်တာ မောင်ဇော်ထွန်း။ဥမ္မာလည်း အလိုလိုက်လို့ အမိုက်စော်ကားသွားတာပေါ့။" [၁၃၃၂] မြဝတီ၊ ၁၈၊ ၁၁။ ၂၀၃။♦
၉၄၂။ အလိမ္မာ စာမှာရှိသည်
စာဖတ်လျှင် လိမ္မာယဉ်ကျေးမည်။ "အလိမ္မာ စာမှာရှိသည် ဟူသော ဆိုရိုးစကားအတိုင်း … ယဉ်ကျေးဖွယ်ရာ လိမ္မာပြေပြစ်စေအောင် ပုံဆောင်ကိုးကား ရေးသားညွှန်ပြ သွန်သင်ဆုံးမအပ်သော သင်ခန်းစာများသည် စာပေ၌ရှိသည်။"[၁၃၂၂] ဟံချုပ်၊ နိဒါန်း။က။ "အလိမ္မာ စာမှာရသည် ဆို၏။ စာမှာ ရှိသော ထိုအလိမ္မာများနှင့် ထိတွေ့မိအောင် သားသမီးများအား ဘယ်နှကြိမ်အထိ ကျွန်ုပ်တို့ တေ့ဆိုင်ပေးဖူး ပါသနည်း။" [၁၃၃၄] မြဝတီ၊ ၂၀၊ ၁၂။ ၂၁။♦
၉၄၃။ အလျင်လို လမ်းအိုလိုက်
လိုရာခရီးသို့ အမြန်ရောက်လိုလျှင် သွားနေကျ လမ်းဟောင်းအတိုင်း လိုက်ရသည်။ အလျင်လို လမ်းအိုလိုက်-စကားပုံလည်းရှု။ "အလျင်လိုလျှင် လမ်းအိုလိုက်ဟူ၍ ရှေးလူကြီးများ ပြောကြလေသည်။ လမ်းအိုကို ပန်းမည်စိုး၍ လမ်းမြှောင်ကို လိုက်ခြင်းသည် ပိုမို၍ ပန်းအောင်ပြုသည်နှင့် တူလေသည်။" [၁၂၇၇] လူတစ်လုံး။ ၂၅။♦
၉၄၄။ အလျင်လို အနှေးဖြစ်
အလျင်လိုသော စိတ်ဖြင့် ကတိုက်ကရိုက် ပြုလုပ်လျှင် နှောင့်နှေးကြန့်ကြာစရာနှင့် ကြုံရတတ်သည်။ (အလျင်လို အနှေးရ။ အလျင်လို အနှေးတွေ့-ဟူ၍လည်း အဆိုများရှိသည်။) "အလျင်လို အနှေးဖြစ်ဆိုတာလို ကိုကိုကြီးမှာ အလျင်လိုလေသမျှ အပုံကြီး နောက်ကျနေပေါ့၊" [၁၂၇၈] တင်မြ၊ ဒု။ ၁၁၉။
အိမ်ရောက်တော့လည်း အလျင်လို အနှေးဖြစ်ဆိုသလို ကုမ္ပဏီပိုင်ရှင်နှင့် ချက်ချင်းမတွေ့ရ။" [၁၃၃၂] မြဝတီ၊ ၁၈၊ ၁၁။ ၂၂၅။♦
၉၄၅။ အလှူခံတစ်ကျိပ်လေး ခွေးတောင်မလွတ်
အလှူခံပုဂ္ဂိုလ် တစ်ကျိပ်လေးဦးတွင် ခွေးစသော တိရစ္ဆာန်များပင် ပါရှိသည်။ (အလှူခံတစ်ကျိပ်လေး ခွေးပါသည်၊ အလဇ္ဇီပုဂ္ဂိုလ်မပါ-ဟူ၍လည်း အဆိုရှိသည်။) "မြန်မာတို့၏ စကားပုံတွင် အလှူခံတစ်ကျိပ်လေး ခွေးတောင်မလွတ်ဟူသော ဆိုရိုးဝေါဟာရတစ်ခု ရှိသည်။" [၁၃၅၅] သာရောင်၊ ၁၄၊ ၂။ ၆၃။♦
၉၄၆။ အလှည့်ကျတော့ မနွဲ့ရ
၁၊ မိမိအလှည့်ရောက်လျှင် မိမိထမ်းဆောင်ရမည့် တာဝန်ကို အားကြိုးမာန်တက် ထမ်းဆောင်ရမည်။ အလှည့်ကျတော့ နွားမတောင်ရုန်းရ - စကားပုံလည်းရှု။ "လောကအနှောင်အဖွဲ့ကြီးမှာ ကိုယ့်အလှည့် သူ့အလှည့်ရယ်လို့ အလှည့်နှစ်မျိုးရှိပါသတဲ့။ တစ်နေ့နေ့တော့ မရှောင်သာတဲ့အကွေ့မှာ အကျပ်ကြီးတွေ့နေပါလိမ့်မယ်၊ အလှည့်ကျတော့ မနွဲ့ရဘူးဆို မဟုတ်လား။" [၁၂၇၆] မြင့်၊ စ။ ၃၃၄။
၂၊ သူတစ်ပါးကို ဒုက္ခပေးတတ်လျှင် ကိုယ်ခံရမည့်အလှည့်ရောက်သောအခါ ခံနိုင်ရည်ရှိရန် လိုသည်။ (ကလဲ့ကျ မနွဲ့ရ-ဟူ၍လည်း အဆိုရှိသည်။) "ကလဲ့ကျလျှင် မနွဲ့ရဆိုသော စကားကဲ့သို့ မိမိအကျိုးပေးဒဏ် အလှည့်ကြုံသောအခါ မျက်နှာညှိုးနွမ်း၊ စိတ်ပင်ပန်းပူဆွေးခြင်းမရှိဘဲ မိမိအပြစ်ဒဏ်ကို နှစ်၍သာ ခံထိုက်ပေသည်။" [၁၂၈၄] စာဏကျ၊ တ။ ၁၃၃။♦
၉၄၇။ အသရေ ရွှေပေးလို့မရ
သိက္ခာရှိသူအဖြစ် ရရှိအပ်သော ဂုဏ်အသရေမျိုးကို ဥစ္စာရွှေငွေပေး၍ ဝယ်ယူမရနိုင်ပေ။ "အသရေ ရွှေပေးလို့မရ။" [၁၂၁၁] ယု။ ၁၁၀၀။♦
၉၄၈။ အသားတွင် ဝက်၊ အသီးတွင် သရက်၊ အရွက်တွင် လက်ဖက်
အသားတကာတွင် ဝက်သားသည် အရသာအရှိဆုံး ဖြစ်သည်။ အသီးတကာတွင် သရက်သီးသည် အရသာအရှိဆုံး ဖြစ်သည်။ အရွက်တကာတွင် လက်ဖက်သည် အရသာအရှိဆုံး ဖြစ်သည်။ မံသေသု သူကရော၊ ဖလေသု အမ္ဗော-လည်းရှု။ "သူဟောင်းတို့လည်း အသီးတွင် သရက်၊ အသားတွင် ဝက်ကောင်းမြတ် ကြောင်းကို ဆိုရိုးပြုစကုန်သည်။" [၁၁၉၂] ဝေါလီ။ ၁၂၆။
သူဟောင်းတို့စကား၊ ပညတ်ထားသည်မှာ၊ အသားတွင်လည်း ဝက်၊အသီးတွင်လည်း သရက်၊ အရွက်တွင်လည်း လက်ဖ်က၊" [၁၂၂၅-ခန့်] ပုည။ ၈။
မှတ်ဘိနားတင်၊ များလူရှင်တို့၊ … သီးတွင် သရက်၊ သားတွင် ဝက်ဟူ၊ မြစ်မူဂင်္ဂါ၊ ထူးမြတ်စွာသို့၊" [၁၂၆၆] မဃ ၅၄၈။♦
၉၄၉။ အသားဖြူ မြင်းတစ်ပြေး၊ အသားညို ကွမ်းတစ်ယာကမ်း
အသားဖြူသူ၏ အလှသည် အဝေးကသာ လှသည်ဟု ထင်ရသည်။ အသားညိုသူ၏အလှကား အနီးကပ် ကြည့်လျှင်လည်း လှသည်။ အသားဖြူ မြင်းတစ်ပြေး၊ အသားညို ကွမ်းတစ်ယာညက်-လည်းရှု။ "မြေပြန့်သူတွေကျတော့အသားဖြူ မြင်းတစ်ပြေး မဟုတ်ဘဲအသားညို ကွမ်းတစ်ယာကမ်း ကြာကြာ အကြည့်ခံသော ညိုစိမ့်စိမ့် ချောသူတွေ များတတ်ပါသည်။" [၁၃၂၆] ရှေ့သို့၊ ၆၊ ၃။ ၂၂။♦
၉၅၀။ အသားဖြူ မြင်းတစ်ပြေး၊ အသားညို ကွမ်းတစ်ယာညက်
အသားဖြူသူ၏ အလှသည် ရုတ်တရက် ကြည့်လိုက်လျှင် လှသည်ဟု ထင်ရသည်။ အသားညိုသူ၏ အလှမှာ တစိမ့်စိမ့် အကြည့်ခံသည်။ အသားဖြူ မြင်းတစ်ပြေး၊ အသားညို ကွမ်းတစ်ယာကမ်း-လည်းရှု။♦
၉၅၁။ အသားမည်း အရဲဆင်
၁၊ အသားမည်းသူသည် အနီရဲရဲကိုမှ ဝတ်ဆင်တတ်သည်။ ၂၊ အသားမည်းသူသည် အနီရဲရဲ ဝတ်ဆင်ပါက လိုက်ဖက်တင့်တယ်သည်။♦
၉၅၂။ အသိခေါက်ရက် အဝင်နက်
အသိပညာရှိပါလျက် လမ်းလွဲသို့ ဇွတ်တိုး၍ လိုက်သည်။ (အသိခေါက်ခက် အဝင်နက်-ဟူ၍လည်း အဆိုရှိသည်။) မသိခေါက်ရက် အဝငန်က်-စကားပုံနှင့် နှိုင်းယှဉ်။ "ပုဂံ ရာဇသင်္ကြံအမတ်ကြီးသည် အသိခေါက်လျက်နှင့် အဝင်နက်သည်ဟူ၍ ပညာရှိကြီးများ ပြောကြားရေးသား အပြစ်တင်သည်ကို ခံရသည်။" [၁၂၈၅] ချုပ်ပုံ၊ ဒု။ ၂၉၃။
လူတွေဟာ ဒုက္ခထဲ တိုးဝင်ကြတာ ဒုက္ခမှန်းမသိလို့လား၊ မရှောင်နိုင်လို့လား မသိဘူး။… မသိတာလည်းဖြစ်မယ်၊ အသိခေါက်ခက် အဝင်နက်တာလည်း ရှိမှာပါ။" [၁၃၄၆] မြဝတီ၊ ၃၃၊ ၃။ ၁၁၆။♦
၉၅၃။ အသီးလို အပင်ကို ချိုင်၊ သမီးလို အမေကို တိုင်
အသီးကို အလိုရှိပါကအပင်ကို ခုတ်ယူလျှင် ရနိုင်သကဲ့သို့ သမီးနှင့် ထိမ်းမြားလိုပါက မိခင်ဖြစ်သူထံ ချဉ်းကပ် ခွင့်ပန်ခြင်းဖြင့် ရနိုင်သည်။ "အသီးလိုက အပင်ကို ချိုင်ရမည်၊ သမီးလိုက အမေကို တိုင်ရမည်ဟု ပေါရာဏစကားလာ မမှားစရာညှိကာဆလိုက်တော့ အုပ်ထိန်းခြင်းနှစ်ဆယ်တွင် ကျွန်မ၌ မိဘနှစ်ပါးအုပ်ထိန်းလျက် ရှိပါသေးတယ်။" [၁၂၆၈] နော၊ ဒု။ ၈၇။♦
၉၅၄။ အသက်ကြီးလျှင် ဆင်စီးပါ
အသက်ကြီးလာသည့်အခါ ဆင်တုံးမနွယ်ဖြင့် ဖော်စပ်သော ဆေးကို မှီဝဲရသည်။ "အသက်ကြီးလျှင် ဆင်စီး ရမည်ဟူသော မြန်မာ့ရိုးရာစဉ်လာစကားအရ အသက်ကြီးလာလျှင် အိုနာရောဂါများ စွဲကပ်လာတတ်သည်။… ထို့ကြောင့် ဆင်တုံးမနွယ်အခြောက် သုံးကျပ်သားမှ ခြောက်ကျပ်သားထိ၊ အစိုကို နှစ်ကျပ်သားမှ သုံးကျပ်သားထိ ရေနွေးဖြင့် သုံးခွက်တစ်ခွက်တင် ကြို၍ မျှတအောင် သောက်ပါက အကြောကို ပွင့်စေ၏။ လေကို ကျစေ၏။" [၁၃၂၅] ဝေဒ၊ ၇၅။ ၅၅။♦
၉၅၅။ အသက်ဉာဏ်စောင့်
အစားအသောက်အနေအထိုင်ကို ဉာဏ်ပညာဖြင့် ဆင်ခြင်သုံးသပ် စားသောက်နေထိုင်တတ်မှသာ အသက်ရှည်မည်။ (မဟာနိဒ္ဒေသပါဠိတော်၌ အမောဟော ဒီဃာယုကတာယ ပစ္စယော ဟောတိ ဟူ၍ရှိသည်။ အမောဟော-ဉာဏ်ပညာသည်၊ ဒီဃာယုကတာယ-အသက်ရှည်ခြင်း၏၊ ပစ္စယော- အကြောင်း အထောက်အပံ့သည်၊ ဟောတိ-ဖြစ်၏။) "အိုနာဘေးကြီး၊ ဖိစီး နှောင့်ယှက်၊ မနှိပ်စက်အောင်၊ အသက်ဉာ်ဏစောင့်၊ ရှေးယခေါင့်က၊ သူဟောင့်းစကား၊ မြဲမှတ်သားတည့်၊" [၁၂၆၆] မဃ ၃၂၈။
အသက်ဉာဏ်စောင့်ဟူသော စကားအတိုင်း ကိုယ့်အသက်ကို ကိုယ်ကြံ၍ မွေးမြူကြရာ၏။" [၁၃၀၁] သူရိယ၊ ၂၂၊ ၁၉။ ၆၅။♦
၉၅၆။ အသက်တစ်ရာ မနေရ အမှုတစ်ရာ တွေ့ရ
အသက်တစ်ရာရှည်ရန် မသေချာသော်လည်း အမှုကိစ္စအမျိုးမျိုးနှင့်မူ ကြုံတွေ့ရမြဲဖြစ်သည်။ "အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာ တွေ့ရဆိုတာလို … ဘွားခနဲ ကိစ္စကျပ်နှင့် ကြုံချင်ကြုံလာတတ်တာမျိုးပါ။" [၁၂၇၆] မြင့်၊ တ။ ၁၈၈။
အသက်တစ်ရာ မနေရ အမှုတစ်ရာ တွေ့ရ ဆိုသလို အသက်မှ နှစ်ဆယ့်တစ်နှစ် ရှိသေးတယ်၊ ဒုက္ခတွေ တောင်လို ပုံနေပြီး၊" [၁၂၈၀] ဘလွင်။ ၂၂၄။♦
၉၅၇။ အသက်နှင့် လူမလုပ်၊ အရှက်နှင့် လူလုပ်
အသက်ရှိကာမျှဖြင့် လူမဖြစ်၊ အရှက်ရှိမှသာ လူဖြစ်သည်။ "ရှက်ဖွယ်ကြီးကြုံတဲ့အခါများမှာ အသက်နှင့် လူမလု်ပရ၊ အရှက်နှင့် လူလုပ်ရ ဆိုသလို ရှက်အိုးကြီးကွဲသဖြင့် လူထဲတောင် မဝင်ဝံ့တော့ပါ၍ ကြံမိ ကြံရာကြံပြီး… သေသူလည်း သေကြပါတယ်။" [၁၂၉၀-ခန့်] အာတီ၊ ပ။ ၁၂၄။
လူ့ဘဝလူ့အဖြစ်သည် အရှက်၌ ရပ်တည်နေ၏။ အရှက်ကို အသက်ထက်ပင် လေးလေးစားစား ရှိကြကုန်၏။ အသက်နှင့် လူလု်ပသည်မဟုတ်၊ အရှက်နှင့် လူလုပ်သည်ဟူ၍လည်းကောင်း၊ …အရှက်နှင့်ပတ်သက်၍ ဤသို့ အနက်ဖွင့်ကာ ဆိုပြောဆုံးမ ဩဝါဒပေးလေ့ရှိကြသည်။" [၁၃၃၃] မြဝတီ၊ ၁၉၊ ၈။ ၂၁။♦
၉၅၈။ အသက်မွေးမှု တစ်ခုပညာ ကိုယ်စီပါ။
အသက်မွေးဝမ်းကျောင်း ပြုနိုင်သည့် အတတ်ပညာတစ်ခုခုကို လူတိုင်း တတ်ထားသင့်သည်။ "သုသိက္ခိတ သိပ္ပ မင်္ဂလာတရားတော်အရ အသက်မွေးမှု တစ်ခပုညာကိုယ်စီပါ ဟူသော စကားအတိုင်း အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုကိုမူကား သင်ယူရတော့မည်။" [၁၃၁၄] မင်မြု။ ၁၀၈။
အသက်မွေးမှု တစ်ခုပညာ ကိုယ်စီပါရမည် ဆိုသည့်အတိုင်း ၁၇-နှစ် အရွယ်သို့ ရောက်လတ်သော် အင်္ဂလန်ပြည်သို့ သွားရောက်ကာ ဥပဒေပညာကို ဆည်းပူးရန် မိဘများက စီမံကြ၏။" [၁၃၂၂] လူချွန်။ ၁၄၃။♦
၉၅၉။ အသက်ရှည်စေလို မန်းတောင်ရိပ်ခို
အသက်ရှည်လိုလျှင် ကျောင်းရိပ်ကန်ရိပ်နှင့် သာယာစိုပြည်သော မန္တလေးတောင်ဝန်းကျင်၌ နေထိုင်ပါ။ "အသက်ကိုရှည်စေလို မန်းတောင်ရိပ်ခိုဟူသော တဘောင်ဗျာဒိတ် သိုက်နိမိတ်အရ မန္တလေးရတနာပုံနေပြည်တော်ကို တည်ထောင်ဖန်ဆင်းပြီး…၊" [၁၂၇၆] စိုး။ ၇၉။
အသက်ရှည်စေလို မန်းတောင်ထိပ်၌ စက်ရိပ်ကို ခိုဟုဆိုတဲ့ စကားလိုပဲ နိဗ္ဗာန်ရောက်ချင်လို စက်လေးပါးမှာ အားထား၍ ခိုလို့ ဆိုအပ်ပေတယ်။" [၁၂၈၆] ဒေတိ။ ၁၀၅။
ဘူမိနက်သန် အောင်မြေအောင်ရပ် ဌာနမြတ်ကို အသက်ရှည်စေလို မန္တလေးတောင်ရိပ်ခိုဟု ဆိုသောအရ…၊" [၁၃၂၁] မန်းတည်။ ၂၈၂။♦
၉၆၀။ အသစ် ဘယ်လို ကောင်းသော်လည်း အဟောင်း တလည်လည်
အသစ်အသစ်တို့သည် မည်မျှပင် ဆန်းသစ်ကောင်းမွန်စေကာမူ ရင်းနှီးပြီးဖြစ်သော အဟောင်းကိုပင် ပြန်လည်၍ သတိရမိနေတတ်သည်။ "အသစ် ဘယ်လို ကောင်းသော်လည်း အဟောင်း တလည်လည် အောက်မေ့ပြန်တယ်ဆိုတဲ့စကားအတိုင်း ငယ်ငယ်က ချစ်ခဲ့ကြသော ညွန့်ညွန့် အပေါ်မှာသာ မေတ္တာစိတ် တိမ်းညွတ်၍…၊" [၁၂၇၇] မယ်ယက္ခ။ ၂၄၃။
အသစ် ဘယ်လို ကောင်းသော်လည်း အဟောင်း တလည်လည် အောက်မေ့ပြန်တယ်ဆိုတဲ့ စကားအတိုင်း ရှမ်းပြည်က နေရာသစ် ဘယ်လိုကောင်းသော်လည်း နေရာဟောင်းဖြစ်တဲ့ ရန်ကုန်မြို့ကြီးကိုဖြင့် မမေ့နိုင်ဘူးပေါ့လေ၊" [၁၂၉၀] သန်းသန်း၊ တ။ ၆၅။♦
၉၆၁။ အသွင်မတူ အိမ်သူမဖြစ်
စရိုက်သွင်ပြင်မတူလျှင် ဇနီးမယားမဖြစ်နိုင်။ အသွင်မတူ အိမ်သူမဖြစ်-စကားပုံလည်းရှု။ "စေတနာချင်းကလည်းတူ၊ ကြည်ဖြူပုံကလည်း တစ်ထပ်တည်းကျနေတော့… အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့စကားဟာ မောင်တိဿတို့လင်မယားလိုဟာမျိုးကို ဆိုလိုတာပေါ့၊" [၁၂၆၉] ဒေရီ၊ စ။ ၁၉၀။♦
၉၆၂။ အအေးတွင် မေတ္တာ၊ အမှန်တွင် သစ္စာ၊ အကြည်တွင် သဒ္ဓါ
အအေးမြဆုံးသော အရာသည် မေတ္တာ ဖြစ်သည်။ အမှန်ကန်ဆုံးသော အရာသည် သစ္စာ ဖြစ်သည်။ အကြည်လင်ဆုံးသော အရာသည် သဒ္ဓါတရား ဖြစ်သည်။ "အအေးတွင် မေတ္တာ၊ အမှန်တွင် သစ္စာ၊ အကြညွ်တင် သဒ္ဓါဆိုသောအတိုင်း မေတ္တာတည်းဟူသော ပရမတ္ထဓာတ်သည် လွန်စွာ အေးမြ၏။" [၁၂၈၂] နီရီ၊ ပ။ ၁၈၅။♦
၉၆၃။ အာရောဂျံ ပရမံ လာဘံ
ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်သည်။ (အာရောဂျံ- အနာရောဂါ ကင်းရှင်းကျန်းမာခြင်းသည်၊ ပရမံ-မြတ်သော၊ လာဘံ-လာဘ်မည်၏။) "အာရောဂျံ ပရမံ လာဘံဟူသော စကားအရ ကျန်းမာခြင်းသည် အကြီးဆုံးသော လာဘ် ဖြစ်သည်။" [၁၂၇၅-ခန့်] ကီညွှန်။ ၇၀။
မြတ်စွာဘုရား၏ နှုတ်တော်ထွက် အာရောဂျံ ပရမံ လံာဘ ဟူသော ဓမ္မစက်ကို… ဆေးကျမ်းဓာတ်ကျမ်း အခန်းခန်းတို့ကို ကြိုးပမ်းပြုစုတော်မူခဲ့ကြလေသည်။" [၁၃၁၇] ပုံပြဆေး၊ မ၊ ပ။ နိဒါန်း။♦
၉၆၄။ အားနာလျှင် အားပါ
အားနာတတ်လျှင် မိမိအကျိုးစီးပွား ဆုံးရှုံးနစ်နာတတ်သည်။ "အားနာလျှင် အားပါဆိုတဲ့ စကားလို လောကမှာ သူတစ်ပါးကို အားနာမိတဲ့အတွက် အလုပ်ပျက်ခြင်း၊ အချိန်ပြုန်းခြင်း၊ အညောင်းမိခြင်း၊ ရောဂါစွဲခြင်းမှစ၍ ဆုံးရှုံးနစ်နာတဲ့ အချက်တွေဟာ လွန်စွာ များတာကလား။" [၁၂၈၈] သူရ၊ ပ။ ၁၉၀။
အားနာလျှင် အားပါဆိုတာလို သာသနာရေးကျလျှင် မျက်နှာသာ မပေးတာ အကောင်းဆုံးပဲ၊" [၁၂၉၆] မဉ္ဇရီ၊ စ။ ၉။♦
၉၆၅။ အားမတန် မာန်လျှော့
မိမိမစွမ်းဆောင်နိုင်သည့်အခါမျိုး၊ အားချင်းမမျှသည့်အခါမျိုး၌ မိမိ၏မာန်ကို လျှော့ရသည်လည်း ရှိသည်။ (အားမသန် မာန်လျှော့-ဟူ၍လည်း အဆိုရှိသည်။) "အထင်နှင့်လုပ်ကိုင်ပြီးမှ မစွမ်းနိုင်တဲ့အတွက် အားမသန်လို့ မာန်လျှော့ဆိုသလို အလုပ်တန်းလန်းကြီးနှင့် လျှော့ရတာမျိုးဟာ…၊" [၁၂၈၈] သူရ၊ ပ။ ၁၅၂။
ကြံဖန်တိုင်းမဖြစ်ဘဲ ကိုယ်သာလျှင် နစ်နာတာတွေက များလွန်းလို့ အားမတန် မာန်လျှော့ဆိုတာလို ပြောရတာပါ။" [၁၂၉၇] ကျိုးဆောင်။ ၁၄၆။♦
၉၆၆။ ဥတုရာသီ တောကိုမှီ
ရာသီဥတု သမမျှတမှုသည် ပတ်ဝန်းကျင်ရှိ သစ်ပင်၊ သစ်တောများအပေါ်၌ တည်မှီနေသည်။ "ဥတုရာသီ တောကိုမှ၏ီ။ တောမဲ့မြေသား ရေတိုက်စား၏။ တောတန်းစိမ်းစို သာယာပို၏။" [၁၃၄၂] ထွက်တိုးစပါး။ ၁၈၀။
ဥတုရာသီ တောကိုမှီ ဆိုသည့် စကားပုံအရ မြန်မာနိုင်ငံ၏ ကျယ်ပြော လှသော သစ်တောဧရိယာများက မြန်မာနိုင်ငံ၏ ဥတုရာသီကို မျှတအောင် ထိန်းထားနိုင်ကြောင်း…၊" ကြေးမုံတင်းစာ။ (၅-၆-၉၄) ♦
၉၆၇။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်
စွဲလမ်းမှုအားကြီး အယူသီးလွန်းလျှင် ဘေးဒုက္ခ ကြုံရတတ်သည်။ "မမာမကျန်းဖြစ်မှာကို ကြောင့်ကြပူပင်သောစိတ် အားကြီး၍လာသောအခါ ထိုစိတ်ကြောင့်ပင် ရောဂါရတတ်လေသည်။ ဤကား ဥပါဒါန်ကြောင့် ဥပဒ်ရောက်သည်ဟူသော စကားဖြစ်ရာ…၊" [၁၂၇၅-ခန့်] ကီညွှန်။ ၇၁။
ကင်ဆာဆိုတာက… ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဆိုသလို စွဲစွဲလမ်းလမ်း ကြောက်နေလျှင်လည်း ရောဂါရတတ်ပါတယ်။" [၁၃၁၈] စာဗိမာန်၊ ၅၊ ၇။ ၆၁။♦
၉၆၈။ ဥသျှစ်တစ်တင်း နှမ်းတစ်တင်း
အမျိုးသားနှင့် အမျိုးသမီးတို့၏ အရေအတွက် အချိုးအစားသည် တင်းတောင်းတစ်လုံးတွင် ပါရှိသော ဥသျှစ်သီးလုံးရေနှင့် တင်းတောင်းတစ်လုံးတွင် ပါရှိသော နှမ်းစေ့လုံးရေတမျှ ကွာခြားသည်။ "ယခုကာလသည် ဥသျှစ်တစ်တင်း နှမ်းတစ်တင်းကာလကြီး ဖြစ်ရာ ယောက်ျားများသည် အများအားဖြင့် ရှေးကနှင့်မတူ၊ အိမ်ထောင်ပြုရမှာကိုပင် မိမိတို့ ကိုယ်ကို နှမြော၍ နေကြလေသည်။" [ ၁၂၉၆-ခန့် ] ချစ်ညွှန်။ ၈၄။♦
၉၆၉။ ဥဩတစ်ခွန်း ယင်တစ်ဇွန်း
ဥဩတွန်သော လတွင် ယင်ကောင် ပေါများသည်။ "ဗွေရောက်နက်ကျော၊ ဥဩနက်စံ၊ ယင်တပ်ရံ၍၊"[၁၁၈၉] ကသု ၂၉၃။
ဥဩတစ်ခွန်း ယင်တစ်ဇွန်းဟူသော စကားလည်း ရှိသေးသည်။ ဥဩ တစ်ခွန်းတွန်လျှင် ယင်ကောင်တစ်ဇွန်းဖြစ်သည်ဟု ဆိုဟန်တူသည်။ သို့မဟုတ် ကလည်း ဥဩတွန်သော လတွင် ယင်ကောင်ပေါသည်ဟု ဆိုရပေမည်။" [၁၃၁၆] မြန်မှု။ ၂၆၀။♦
၉၇၀။ ဥဩအော်မြည် ကုန်းဘောင်တည်
အလောင်းမင်းတရားသည် သက္ကရာဇ် ၁၁၁၅-ခုနှစ်၌ ရတနာသိင်္ဃ ကုန်းဘောင်မြို့ကြီးကို တည်ထောင်သည်။ ( ဥ = ၁၊ ဩ= ၁၊ အော် = ၁၊ မြည် = ၅။) "ဥဩအော်မြည် ကုန်းဘောင်တည်ဆိုတဲ့ ရာဇဝင်သင်္ခေပအတိုင်း ၁၁၁၅-ခုနှစ်မှာ အလောင်းမင်းတရားက ရတနာသိင်္ဃကုန်းဘောင်မြို့ကြီးကို တည်ထောင်ပြီး…၊" [၁၃၃၀] စာကျေး။ ၄၄။
မုက္ခဝတီမြို့တည်သော သက္ကရာဇ်အမှတ်အသားမှာ ဥဩအော်မြည် ကုန်းဘောင်တည်ဟူသော အလောင်းဘုရား ကုန်းဘောင်တည်သော ၁၁၁၅-ခု သက္ကရာဇ်ပင်ဖြစ်သည်ဟု မှတ်ချက်တွင် တွေ့ရပါသည်။" [၁၃၃၁] အိုးဝေ၊ ၂၂။ ၂၆။♦
၉၇၁။ အူမတောင့်မှ သီလစောင့်
ဝမ်းရေးပြည့်စုံမှ ကိုယ်ကျင့်တရား ကောင်းနိုင်မည်။ "ကိုယ်တွင်ဥစ္စာ၊ ဝတ်စားငှာမျှ၊ ရှာကာမရ၊ ဆင်းရဲလှသော်၊ အူမတောင့်မှ၊ စောင့်လိမ့်သီလ၊ ဆိုကုန်ကြသို့၊" [၁၂၁၀] ဥမ္မာ ၈၇။
တိုင်းရေးပြည်မှုတွေကြောင့် အူမတောင့်မှ သီလစောင့်နိုင်သည်၊ ဆွမ်းတော် ဝေးလို့ ဝမ်းတော်မှ မဝဘူးဆိုသလို…၊" [၁၂၇၇] မောင်ပုံ။ ၆၈။♦
၉၇၂။ ဦးညိုခေမာ၊ သုတာဝေရီ၊ ရန်စီစီ
တနင်္ဂနွေနှင့်အင်္ဂါ၊ တနင်္လာနှင့် ကြာသပတေး၊ သောကြာနှင့်စနေ၊ ဗုဒ္ဓဟူးနှင့်ရာဟုတို့သည် ရန်ဘက်နေ့နံများ ဖြစ်ကြသည်။ (ဦး = တနင်္ဂနွေ၊ ညို = အင်္ဂါ၊ ခေ = တနင်္လာ၊ မာ - ကြာသပတေး၊ သု= သောကြာ၊ တာ = စနေ၊ ဝေ = ဗုဒ္ဓဟူး၊ ရီ= ရာဟု။) "ဦးညိုခေမာ၊ သုတာဝေရီ၊ ရန်မှီမြဲရှောင်။" [၁၁၂၀-ခန့်] အင်ဋီ၊ ဒု။ ၆၃။
ဦးညိုခေမာ၊ သုတာဝေရီ၊ ရန်စီစီ။" [ ၁၃၃၆ ] လောကီစုံ။ ၄။♦
၉၇၃။ ဦးမှာကြက်ရင်၊ ဝမ်းမှာဝက်ကျော၊ ပဲ့မှာဆန်ကော
လောင်းလှေထွင်းရာတွင် လှေဦးသည် ကြက်၏ရင်ကဲ့သို့ ခပ်မောက်မောက် ခပ်ချွန်ချွန် ရှိရမည်၊ လှေဝမ်းသည် ဝက်၏ကျောကဲ့သို့ အလယ်တွင် အနည်းငယ် ခုံးသယောင်ရှိပြီး ဘေးနှစ်ဖက် ခပ်ပြေပြေ ရှိရမည်၊ ပဲ့သည် ဆန်ကောကဲ့သို့ ဝိုင်းနေရမည်။ "ဧရာခုတ်တဲ့နေရာမှာ ဦးမှာကြက်ရင်၊ ဝမ်းမှာဝက်ကျော၊ ပဲ့မှာဆန်ကောဆိုတဲ့ အဆိုရှိတယ်။ အဲဒါ ရေထဲမှာ လှေသွားလို့ ကောင်းအောင် ရေတိုက်အားကို အလိုက်သင့်ခံအောင် ဧရာလုပ်ရတာပဲ။" [ ၁၃၃၄ ] ကျွန်လှေ။ ၃၅၃။
လှေလောင်းများ ထွင်းတဲ့အခါ စာဆိုရှိပါတယ်။ ဦးမှာကြက်ရင်၊ အလယ်ဝက်ကျော၊ ပဲ့မှာဆန်ကောတဲ့။" [၁၃၄၃] လှေ။ ၈၀။♦
၉၇၄။ ဦးဝေစံကူး၊ ရေဘူးတောသူ၊ ဓာတ်ရန်ဟူ
တနင်္ဂနွေဂြိုဟ်သည် တေဇောဓာတ်ဖြစ်၍ ဗုဒ္ဓဟူးဂြိုဟ်သည် အာပေါဓာတ်ဖြစ်၍လည်းကောင်း၊ အင်္ဂါဂြိုဟ်သည် ဝါ ယောဓာတ်ဖြစ်၍ တနင်္လာဂြိုဟ်သည် ပထဝီဓာတ်ဖြစ်၍လည်းကောင်း၊ ရာဟုဂြိုဟ်သည် ဝါ ယောဓာတ်ဖြစ်၍ ကြာသပတေးဂြိုဟ်သည် ပထဝီဓာတ်ဖြစ်၍လည်းကောင်း၊ စနေဂြိုဟ်သည် တေဇောဓာတ်ဖြစ်၍ သောကြာဂြိုဟ်သည် အာပေါဓာတ်ဖြစ်၍လည်းကောင်း အချင်းချင်း ဆန့်ကျင်သည့် သဘောရှိ၍ ရန်ဓာတ်များဖြစ်ကြသည်။ (ဦး=တနင်္ဂနွေဂြိုဟ်၊ တေဇောဓာတ်။ ဝေ = ဗုဒ္ဓဟူးဂြိုဟ်၊ အာပေါဓာတ်။ စံ = အင်္ဂါဂြိုဟ်၊ ဝါယောဓာတ်။ ကူး= တနင်္လာဂြိုဟ်၊ ပထဝီဓာတ်။ ရေ= ရာဟုဂြိုဟ်၊ ဝါယောဓာတ်။ ဘူး = ကြာသပတေးဂြိုဟ်၊ ပထဝီဓာတ်။ တော=စနေဂြိုဟ်၊ တေဇောဓာတ်။ သူ=သောကြာဂြိုဟ်၊ အာပေါဓာတ်။) " ဦးဝေစံကူး၊ ရေဘူးတောသူ၊ ရန်မူလည်းဆို။" [၁၁၂၀-ခန့်] အင်ဋီ၊ ဒု။ ၆၃။
ဦးဝေစံကူး၊ ရေဘူးတောသူ၊ ရန်သူမည်၏။" [၁၃၃၆]လောကီစုံ။ ၄။♦
၉၇၅။ ဦးသာစိန်ပန်း၊ ဒန်းလှကိုရှာ၊ မိတ်ဖက်သာ
တနင်္ဂနွေနှင့်သောကြာ၊ အင်္ဂါနှင့်ကြာသပတေး၊ စနေနှင့်ဗုဒ္ဓဟူး၊ တနင်္လာ နှင့်ရာဟု သားသမီးတို့သည် အိမ်ထောင်ဖက် အဖြစ် ပေါင်းသင်းရန် သင့်သော နေ့နံများဖြစ်ကြသည်။ ( ဦး = တနင်္ဂနွေ၊ သာ = သောကြာ၊ စိန်= အင်္ဂါ၊ ပန်း= ကြာသပတေး၊ ဒန်း= စနေ၊ လှ = ဗုဒ္ဓဟူး၊ ကို = တနင်္လာ၊ ရှာ = ရာဟု။) "မိတ်လိုပြန်ရာ၊ ဥသာစိန်ပန်း၊ ဒန်းလှကိုရှာ။" [၁၁၂၀-ခန့်] အင်ဋီ၊ ပ။ ၃။
ဦးသာစိန်ပန်း၊ ဒန်းလှကိုရှာ၊ မိတ်ဖက်သာ၊ (ဤလင်္ကာကား မိတ်ဖက် သက်သက်မဟုတ်၊ အိမ်ထောင်ဖက်ဓာတ်မိတ်ဟု ဆို၏။)" [၁၂၉၆-ခန့်] သုတသန်။ ၂။♦
၉၇၆။ အေးအတူ ပူအမျှ
ဆင်းရဲချမ်းသာမဟူ မျှဝေခံစားသည်။ "လင်နှင့်မယားဆိုတာ အေးလျှင်အတူ ပူလျှင်အမျှ ဆိုတဲ့အတိုင်း ချမ်းသာဆင်းရဲ အတူမကွဲ နေရမှ ချမ်းသာလေ့ ရှိကြပါတယ်။" [၁၂၇၈] သာရီ၊ ဆ။ ၁၀၇။
အေးအတူ ပူအမျှ အတူတကွ ကြံ့ကြံ့ရပ်ခံသောသူတို့သည်သာလျှင် တကယ့်မေတ္တာ၊ တကယ့်မိတ်ဆွေဟူ၍ ချီးမွမ်းထိုက်ပေသည်။" [၁၂၉၃] ကဝိမှန်၊ ၅၊ ၅။ ၁၇၀။♦
၉၇၇။ အိုဖူးမှ ပျိုဖူး
အသက်အရွယ် အိုမင်းရင့်ရော်သည့်အခါမှ ပျိုရွယ်ခြင်း၏ သဘောသဘာဝနှင့် အရသာတို့ကို နားလည်လာသည်။♦
၉၇၈။ အဂ္ဂိရတ်မှာ အလောင်း၊ ဘူမိရတ်မှာ ဥစ္စာဟောင်း၊ ဣတ္ထိရတ်မှာ သျှိုကောင်း
မြင့်မြတ်သူ အလောင်းအလျာတို့မှသာ အဂ္ဂိရတ်အတတ်၌ အောင်မြင်သည်။ မိမိ၏ဥစ္စာဟောင်း ဖြစ်ဖူးမှသာ သိုက်တူးရာ၌ အောင်မြင်သည်။ အဆောင်ကောင်း ရှိသူမှသာ မိန်းမပိုးပန်းရာ၌ အောင်မြင်သည်။ "အဂ္ဂိရတ်မှာ အလောင်း၊ ဘူမိရတ်မှာ ဥစ္စာဟောင်း၊ ဣတ္ထိရတ်မှာ သျှို ကောင်းဟု ရှေးသူဟောင်းတို့ဆိုစကား၊ လမ်းကြောင်းသွား ဓိပ္ပာယ်ပြန်၊ လောင်းလျာမှန်မှ ရွှေငွေဖြစ်၊ အတိတ်ဥစ္စာနှစ်ရှိမှ ရွှေငွေရ၊ ရုပ်လှမှ ပီယကောင်း၊ အကြောင်းသုံးပါး မညီငြားက နေ့များ၍ ရက်ကျွန်းတတ်ပါသည်။" [၁၂၉၅] နရော။ ၁၄၉။♦
၉၇၉။ အင်းကောင်းလျှင် တစ်ကွက်၊ ဆေးကောင်းလျှင် တစ်စက်
အင်းကောင်း မှန်လျှင် တစ်ကွက်မျှနှင့်ထိရောက်သကဲ့သို့ ဆေးကောင်းလျှင် တစ်စက်မျှနှင့်ထိရောက်သည်။ "မှတ်ချက်ရှေးက၊ ပေါရာဏတို့၊ မိန့်ကြအရာ၊ စဉ်အလာလည်း၊ ဂါထာတစ်ေဩာင်း၊ အင်းကောင်းတစ်ကွက်၊ ဆေးတစ်စက်တည့်၊" [၁၂၆၆] မဃ ၃၂၈။
အင်းကောင်းလျှင် တစ်ကွက်၊ ဆေးကောင်းလျှင် တစ်စက် ဟူ၍ စကားပုံရှိ၏။ အရည်အသွေးကို ပြဆိုသော စကားပုံဖြစ်၏။" [၁၃၃၄] မြဝတီ၊ ၂၀၊ ၁၁။ ၆၄။♦
၉၈၀။ အောင်ပကုလား၊ ဆွေသားတော်ရင်း၊ နံဖက်ချင်း
တနင်္ဂနွေနှင့်ကြာသပတေး၊ တနင်္လာနှင့်ဗုဒ္ဓဟူး၊ အင်္ဂါနှင့်သောကြာ၊ စနေနှင့်ရာဟုတို့သည် မိတ်ဆွေ အဖြစ်ပေါင်းသင်းရန် သင့်သော နေ့နံများ ဖြစ်ကြသည်။ (အောင် = တနင်္ဂနွေ၊ ပ = ကြာသပတေး၊ ကု = တနင်္လာ၊ လား = ဗုဒ္ဓဟူး၊ ဆွေ = အင်္ဂါ၊ သား =သောကြာ၊ တော် = စနေ၊ ရင်း = ရာဟု။) (အောင်ပကုလား၊ ဆွေသားတော်ရင်း၊ မိတ်ဖက်ချင်း-ဟူ၍လည်း အဆိုရှိသည်။) "အောင်ပကုလား၊ ဆွေသားတော်ရင်း၊ မိတ်ဖက်ချင်း။" [၁၂၉၆-ခန့်] သုတသန်။ ၂။
အောင်ပကုလား၊ ဆွေသားတော်ရင်း၊ နံဖက်ချင်း။" [၁၃၃၆] လောကီစုံ။ ၃။♦
၉၈၁။ အောင့်နိုင်လျှင် အကျိုးရှိ
အောင့်အည်းသည်းခံသင့်သည့်အရာ၌ သည်းခံလျှင် အကျိုးရှိသည်။ "အောင့်နိုင်လျှင် အကျှိုးရဆိုတဲ့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ မိန့် ထားချက်ဟာ လွန်စွာ မှန်တာကလား။" [၁၂၉၆] မဉ္ဇရီ၊ ပ။ ၉၀။
အောင့်နိုင်လျှင်အကျိုးရှိသတဲ့။ ခမည်းတော် အသက်ထင်ရှားရှိတုန်းကို တို့အဖြစ်အပျက်တွေ လုံအောင်ဖုံးဖိထား။" [၁၂၉၉] ဒဂုန်၊ ၁၇၊ ၂၀၀။ ၃၀၈။♦
၉၈၂။ အိုင်မည်ကာ ကြာမပေါ်က၊ ပေါက်တဲ့ကြာလည်း ကြာကတော်က၊ အိမ်မည်ကာ ဧည့်မရောက်၊ ရောက်ပြန်တော့လည်း ဧည့်ပြောက်သောက်။
မည်ကာမတ္တဖြစ်သော အိုင်မျိုး၌ ကြာပင်မပေါက်၊ ပေါက်ပြန်လျှင်လည်း ကတောက်မျိုးသာ ဖြစ်မည်။ မည်ကာမတ္တဖြစ်သော အိမ်မျိုးသို့ ဧည့်ကောင်းစောင်ကောင်းမလာ၊ လာပြန်လျှင်လည်းဧည့်ပြောက်သောက်သာ ဖြစ်မည်။ "အိုင်မည်ကာ ကြာမပေါက်၊ ပေါက်တဲ့ကြာလည်း ကြာကတောက်၊ အိမ်မည်ကာ ဧည့်မရောက်၊ ရောက်ပြန်တော့လည်း ဧည့်ပြောက်သောက်ဟု ရှေးစကားရှိခဲ့ပါသည်။" [၁၃၂၈] ရှေ့သို့၊ ၉၊ ၁၁။ ၃၉။♦
၉၈၃။ အစ်ကိုကြီး အဖအရာ၊ အစ်မကြီး အမိအရာ
မိသားစုတစ်စုတွင် ညီငယ်၊ ညီမငယ်တို့က အစ်ကိုကြီး၊ အစ်မကြီးတို့ကို မိဘသဖွယ် လေးစားကြရသကဲ့သို့အစ်ကိုကြီး၊ အစ်မကြီးများကလည်း ညီငယ်၊ ညီမငယ်တို့ကို သားသမီးသဖွယ် စောင့်ရှောက်ကြရသည်။ "အစ်ကိုကြီး အဖ၊ အစ်မကြီး အမိဆိုသောစကား၊" [၁၂၅၇] ပေါဒီ၊ ပ။ ၅၃၆။ ကတောက် = ကြာမျိုးဝင် စားရသော ရေပင်ငယ်တစ်မျိုး။ "အစ်မကြီး အမိအရာဆိုတာလို ငါ့သားများကလည်း အစ်မကို အမေ ဟု သဘောထားပြီး ပြောစကားကို နားထောင်ရစ်ကြပါ။" [၁၂၈၀] ပညာအလင်း၊ ဒု၊ ၆။ ၄၁။
အစ်ကိုကြီး အဖအရာဆိုတာလို သမီးလိုတစ်သွယ် နှမငယ်လိုတစ်မျိုး၊ မေတ္တာတွေစွေဖြိုးပြီး တိုးတိုးအေးအေး အဆုံးအမပေးပါချစ်သား။" [၁၂၉၆] မဉ္ဇရီ၊ ပ။ ၁၄၃။
အစ်ကြိုကီး၊ အစ်မကြီး ဖြစ်သူတို့သည်လည်း အ်စကုြိကီးတော့ အဖအရာ၊ အစ်မကြီးတော့ အမိအရာဆိုသည့်အတိုင်း မိမိတို့၏ ညီငယ်၊ နှမငယ်တို့အပေါ်၌ အနစ်နာခံကာ သက်ညှာစွာ ဦးစားပေးလျက် ကူညီဖေးမစောင့်ရှောက်ကြမြဲ…၊" [၁၃၁၄] မင်မြု။ ၃၄။♦
၉၈၄။ ဥစ္စာကုသိုလ်၊ ပညာကို၊ ထိုထိုရရာသုံး
အချိန်ကို ဥစ္စာ၊ ကုသိုလ်၊ ပညာတစ်ခုခု ရရာရကြောင်း၌ အသုံးပြုရသည်။ "အချိန်တိုင်းမှာ ဥစ္စာကုသိုလ်၊ ပညာကို၊ ထိုထိုရရာသုံးလို့ မြန်မာစကားပုံလည်း အရှိကြသားမဟုတ်လား။ ဒီစကားတွေကို တော်ရာမှာ ချိတ်ထားပြီး အိပ်၊ စား၊ သွား၊ လာနှင့် အသားမပါတဲ့ အမှုမျိုးကိုသာ အတုခိုးနေကြပေတယ်။" [၁၂၉၈-ခန့်] အနဂ္ဃ။ ၂၈၄။♦
၉၈၅။ ဥစ္စာ ကံစောင့်
ဥစ္စာစည်းစိမ် တည်မြဲအောင် ကုသိုလ်ကံက စောင့်ရှောက်သည်။♦
၉၈၆။ ဥစ္စာကံပေး မရသေး၊ နှောင့်နှေးဗျာပါ မရှိရာ
ကုသိုလ်ကံ အကျိုးမပေးသေး၍ ပစ္စည်းဥစ္စာမရရှိသေးသော်လည်း စိုးရိမ်ကြောင့်ကြမှု မဖြစ်ပါနှင့်။ "ဥစ္စာကံပေး မရသေး၊ နှောင့်နှေးဗျာပါ မရှိရာ။" [၁၂၈၈] သူရ၊ ဒု။ ၁၀၈။
ဥစ္စာ ကံပေး မရသေး၊ နှောင့်နှေးဗျာပါ မရှိရာဟူသည့် စကားကဲ့သို့ ကံ ကံ၏အကျိုးကို ယုံကြည်ကြသော ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည်…၊" [၁၃၁၈] စာဗိမာန်၊ ၅၊ ၁။ ၄၇။♦
၉၈၇။ ဥစ္စာပျောက် ငရဲရောက်
မိမိ၏ ပစ္စည်းဥစ္စာ ပျောက်သည်နှင့် တစ်ပါးသူအား စိတ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ မှားယွင်းယိုးစွပ်မိသောကြောင့် ငရဲလားစရာ ဖြစ်ရသည်။ ခိုးသူငရဲမလား၊ ယိုးသူငရဲလား-လည်းရှု။ "ဥစ္စာပျောက် ငရဲရောက်ဆိုသည့်အတိုင်း အတွင်းသူခိုးဖြစ်ဟန်တူသည် ဆိုကာ ဘယ်သူလက်ထောက်ချသလဲဟု တွေးတောကြ၏။" [ ၁၃၂၀] မြဝတီ၊ ၆၊ ၃။ ၄၅။♦
၉၈၈။ ဥစ္စာဖြို စားဖိုက
မီး ဖိုချောင်စရိတ်ကို ချွေချွေတာတာ စနစ်တကျ မသုံးစွဲလျှင် အိမ်၏စီးပွားရေး ကျဆင်းတတ်သည်။ (အိမ်ဖြို စားဖိုက-ဟူ၍လည်း အဆိုရှိသည်။) "မကုန်တန်ဘဲ အကုန်အကျများ၍လာသောအခါ ထိုအိမ်ထောင်သည် ဝင်ငွေနှင့်မျှတအောင် သုံးစွဲနိုင်ရန် ချိန်ကိုက်၍ မရနိုင်ချေ။ ဤအကြောင်းကို ကောင်းစွာ သိရှိသူ ရှေးလူကြီးတို့က ဥစ္စာဖြို စားဖိုကဟူသော စကားကို မိန့်မှာခဲ့လေသည်။" [၁၂၉၀-ခန့်] ချွေ။ ၈၀။
အိမ်ဖြို စားဖိုကဟု ဆိုရိုးစကားကို အခြေခံကာ စားဖိုချောင်ခေါ် မီးဖိုချောင်ကိစ္စကို အထူး ဂရုစိုက်ကာ လုပ်ကိုင်လေ့ရှိကြသည်။" [၁၃၂၉] ဗမာ။ ၅၀၁။♦
၉၈၉။ ဥစ္စာမရှိ ကတိမတည်
ကတိတည်လိုပါသော်လည်း ပစ္စည်းဥစ္စာ မရှိသောအခါ၌ ကတိမတည် ဖြစ်တတ်သည်။ "ဓနပညာ၊ မဲ့တုံပါသော်၊ ဥစ္စာမရှိ၊ ကတိမတည်၊" [၁၂၆၆] မဃ ၂၆၇။
ဥစ္စာမရှိ ကတိမတည်နိုင်သော လောကကြီးဝယ် သစ္စာပါရမီဖြစ်ဖို့ အရေးမှာလည်း ဒါနသည် အကူအညီပေး၏။" [၁၃၁၄] ကိုယ်ကျင့်။ ၂၀၁။♦
၉၉၀။ ဥစ္စာရှိသူ နှလုံးပူ
ပစ္စည်းဥစ္စာရှိသူများသည် ပစ္စည်းဥစ္စာကြောင့် ကြောင့်ကြပူပန်ရ၏။ "ကြွယ်ရှားသတ္တဝါ၊ လူ့ဘာသာလည်း၊ ဥစ္စာရှိသူ၊ နှလုံးပူ၏။" [၈၅၃] ပါမီ ၇၉။ ၂၉၅ ♦
၉၉၁။ ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး
ပစ္စည်းဥစ္စာဟူသည် မျက်လှည့်ပြသကဲ့သို့ ခုမြင်ခုပျောက်သဘော၊ မတည်မြဲသောသဘော ရှိသည်။ ပညာဟူသည် ရတနာရွှေအိုးပမာ ယူဆောင်သုံးစွဲ၍ မကုန်သောသဘော ရှိသည်။ "ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး၊" [၁၁၄၇-ခန့်] ဟံချုပ်။ ၁၆၆။
ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုးဆိုတဲ့ စကား လိုပဲ ခုနေ ကျုပ်မှာ ဥစ္စာပစ္စည်း များများ မရှိသော်လည်း ပညာနဲ့လူမို့ မပူပါ ဘူး။" [၁၂၈၃] လောကသာရ၊ ၂၊ ၁၅။ ၁၂၃။♦
၉၉၂။ ဧည့်သည်ညဉ့်နက် အအိပ်ခက်
ညဉ့်နက်သည့်တိုင်အောင် မပြန်နိုင်သည့် ဧည့်သည်ကြောင့် အိမ်ရှင်အိပ်ရာဝင်ရန် အခက်တွေ့ရသည်။ "ဧည့်သည်ညဉ့်နက် အအိပ်ခ်က၊" [၉၇၀-ခန့်] ဟံချုပ်။ ၇၆။
ဧည့်သည်ညဉ့်နက် အအိပ်ခက် ဆိုသော မြန်မာစကားမှာလာရောက်သော ဧည့်သည်သည် ဖင်လေးကြီးနှင့် ကွမ်းစားဆေးသောက်၊ တွေ့ကရာစကား၊ အိမ်ရှင်လိုလားမှန်းမသိ မလိုလားမှန်းမသိသော စကားများကို ပြောဆိုကာ အချိန်ကို ကုန်လွန်စေသည့်အတွက် အိမ်ရှင်မှာ ကိုယ်လက်ကျုံ့ကာ အားနာပါးနာ နှင့် နေရသည်။" [၁၂၉၀-ခန့်] ချွေ။ ၃၄။♦
၉၉၃။ အတ္တသမံ ပေမံ နတ္ထိ
ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးဖြစ်သည်။ (အတ္တသမံ-မိမိကိုယ်ကိုချစ်ခြင်းနှင့်တူသော၊ ပေမံ-ချစ်ခြင်းသည်၊ နတ္ထိ-မရှိ။) "နေဝင်ညဦး၊ လမ်းကူးအိမ်ဆင်း၊ ဖမ်းလျှင်းတို့လေ၊ မိန့်တော်ထွေက၊ မနေဝံ့လှ၊ ရဿကလည်း၊ အတ္တသမံ၊ ပေမံနတ္ထိ၊ သတိဆင်ခြင်၊" [၁၂၀၁] သောမ ၈။
အတ္တသမံ ပေမံ နတ္ထိ၊ ကိုယ်ထက်ချစ်ဖို့ရာ ဘယ်မှာ ရှိမလဲ။" [၁၂၇၆] မြင့်၊ ဒု။ ၄၈။
အတ္တ သမံ ပေမံ နတ္ထိတဲ့ အစ်မရဲ့၊ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဖြစ်တော့ ကျွန်တော်နှင့် ဆက်ဆံကြတဲ့ လူတွေဟာလည်း သူတို့ကိုယ် သူတို့ချစ်ကြပြီး…၊" [၁၃၃၄] အမေ။ ၁၅၃။
ပေဿနဒီကောသလမင်းသည် မလ္လိကာမိဖုရားအား"မလ္လိကာ၊ သင့်အား သင့်ထက်ပို၍ ချစ်သောသူ ရှိပါသလော"ဟု မေးသော် "မင်းကြီး၊ အကျွန်ုပ်အား အကျွန်ုပ်ထက်ပို၍ ချစ်သောသူ မရှိပါ"ဟု လျှောက်၏။ မလ္လိကာမိဖုရားကလည်း မင်းကြီးအား "မင်းကြီး၊ သင့်အားလည်း သင့်ထက်ပို၍ ချစ်သောသူ ရှိပါသလော" ဟုမေး၏။ "မလ္လိကာ၊ ငါ့အားလည်း ငါ့ထက်ပို၍ ချစ်သောသူမရှိ"ဟု ဆို၏။ ထိုသို့ အမေးအဖြေပြုကြပြီးသော် မင်းကြီးသည် မြတ်စွာဘုရားထံ သွားရောက်၍ ထိုအမေးအဖြေစကားကို လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက "အရပ်ရပ်သို့ စိတ်ဖြင့် လှည့်လည်ရှာဖွေပါသော်လည်း သင့်ထက် သင့်ကိုယ်ကို ချစ်သော သူကို မတွေ့နုိင်။ ဤအတူပင် အခြားသူတို့သည်လည်း မိမိတို့ကိုယ်ကိုသာ မိမိတို့ ချစ်ကြ၏"ဟု မိန့်မြွက်တော်မူ၏။ သဂါထာဝဂ္ဂသံယုတ်၊ ကောသလသံယုတ်၊ ၁-ပဌမဝဂ်၊ ၈-မလ္လိကာသုတ်။♦
၉၉၄။ အတ္တာဟိ အတ္တနော နာထော
မိမိကိုယ်သာ မိမိ ကိုးကွယ်ရာဖြစ်၏။ (အတ္တာဟိ-မိမိကိုယ်သာ၊ အတ္တနော-မိမိ၏၊ နာထော-ကိုးကွယ်ရာ ဖြစ်၏။) "မြတ်စွာဘုရားက အတ္တာဟိ အတ္တနော နာထော လို့ ဟောတော်မူတယ်။ အတ္တာဟိ အတ္တာဧဝ-ကိုယ်ရှင်ကိုယ်ပင်သာလျှင်၊ အတ္တနော-မိမိ၏၊ နာထော-ကိုးကွယ်ရာတည်း၊" [၁၂၇၆] ဝဘေ။ ၈၁။
အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရောသိယာ-မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်အံ့နည်း။" [၁၃၂၃] ဓမ္မပါပြန်။ ၆၃။♦
၉၉၅။ အတ္ထော အက္ခရ သညာတော။
အက္ခရာမှန်၊ စာလုံးမှန်မှ အနက်မှန်ကို သိနိုင်သည်။ (အတ္ထော-အနက်ကို၊ အက္ခရ သညာတော-အက္ခရာတို့ဖြင့် ကောင်းစွာ သိအပ်၊ မှတ်အပ်သည်။) "အတ္ထော-အနက်ကို၊ အကရ္ခ သညာတော-အကရ္ခာတို့ဖြင့် ကောင်းစွာ သိအပ်မှတ်အပ်သည်၊ ဟောတိ-ဖြစ်၏။" [၁၀၀၅-ခန့်] သဒ္ဒါကြီး၊ ပ။ ၁၄။♦
၉၉၆။ ဣတ္ထိယမူ၊ ရူပကောင်းလျက်၊ ဆထုံးဖျက်။
အချို့အမျိုးသမီးတို့သည် ရုပ်ရည် လှပသော်လည်း လိုက်ဖက်သောဆံထုံး မထုံးတတ်သဖြင့် အလှပျက်ကြရသည်။ "ဣတ္ထိယမူ၊ ရူပကောင်းလျက်၊ ဆံထုံးဖျက်သည်။" [၉၇၀-ခန့်] ဟံချုပ်။ ၇၅။
ကညာဖြူရွ၊ ဣတ္ထိယ၊ ရူပကောင်းလျက်၊ ဆံထုံးဖျက်။" [၁၂၅၆] လောဓရာ။ ၃၅။♦
၉၉၇။ ဣတ္ထိရူပံ ဓနံ
မိန်းမတို့၏ ဥစ္စာသည် ရုပ်အဆင်း ဖြစ်သည်။ (ဣတ္ထိနံ- မိန်းမတို့၏၊ ဓနံ-ဥစ္စာကား၊ ရူပံ-အဆင်းတည်း။) "ဣတ္ထိနဉ္စ ဓနံ ရူပံ။" [၁၂၉၁] ဆယ့်နှစ်တွဲ။ ၄၆။
ဣတ္ထိရူပံ ဓနံဟူသော ရှေးပညာရှိတို့ ဆိုရိုးစကားနှင့်အညီ အမျိုးသမီးတို့အတွက် ဥစ္စာပစ္စည်းမှာ အဆင်းလှပခြင်းပင် ဖြစ်သည်။" [၁၃၄၆] ဝေဒ၊ ၃။ ၁၅၁။♦
၉၉၈။ ဣတ္ထိ ဝင်္ကံ၊ နဒီ ဝင်္ကံ။
မိန်းမတို့၏သဘောသည် ကောက်ကွေ့တတ်၏။ မြစ်သည် ကောက်ကွေ့တတ်၏။ (ဣတ္ထိ-မိန်းမသည်၊ ဝင်္ကံ-ကောက်ကွေ့၏။ နဒီ-မြစ်သည်၊ ဝင်္ကံ-ကောက်ကွေ့၏။) "ဣတ္ထိဝင်္ကံ၊ နဒီဝင်္ကံ၊ မှန်လှပါပေတယ်၊ တော်ကြပါပေရဲ့၊ တစ်သက်တာ မဆိုထားနှင့် တစ်ဗီဇနာ တစ်ခရာမျှ မမြဲတဲ့သစ္စာ။" [၁၂၉၇] ဗွေ။ ၁၄၈။
ဣတ္ထိ ဝင်္ကံ၊ နဒီ ဝင်္ကံစသည်တို့သည်လည်းကောင်း… ချိုးချိုးဖဲ့ဖဲ့စာမျိုး စကားမျိုးတို့မှာ မိန်းမတွေကိုသာ ရည်ညွှန်းခဲ့ကြသည်။" [၁၃၁၄] ဆောင်း။ ၁၀၆။♦
၉၉၉။ အုတ် ကျစ် ကျော် အေး မန္တလေး။
မင်းတုန်းမင်းတရားကြီးသည် သက္ကရာဇ် ၁၂၂၁-ခုနှစ်၌ မန္တလေးရတနာပုံနေပြည်တော်ကြီးကို တည်ထောင်ခဲ့သည်။ (အောင် ကျော် ချမ်း အေး မန္တလေး_ဟူ၍လည်း အဆိုရှိသည်။) (အုတ်=၁၊ ကျစ်=၂၊ ကျော်=၂၊ အေး=၁။) "သက္ကရာဇ် ၁၂၂၁-ခုနှစ် (အုတ် ကျစ် ကျော် အေး မန္တလေး)၌ မန္တလေးရတနာပုံနေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းသောအခါ… အုတ်မြစ်ချ၍ တည်ဆောက်သည်။" [၁၃၁၈-ခန့်] သုတေသန။ ၄၃၀။
အောင် ကျော် ချမ်း အေး မန္တလေး ဟူသော အမှတ်အသားဖြင့် ၁၂၂၁-ခုနှစ်တွင် ကုန်းဘောင်မင်းဆက် ၁၀-ဆက်မြောက်ဖြစ်သည့် မင်းတုန်းမင်းတရားကြီးက တည်ထောင်ခဲ့သည်။" [၁၃၂၅] မြန်မြောက်ဖျား။ ၆၇၂။♦
၁၀၀၀။ အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဖက်ပေ
တနင်္ဂနွေဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် တေဇောဓာတ်ချင်းအားဖြင့်လည်းကောင်း၊ တနင်္လာဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်တို့သည် ပထဝီဓာတ်ချင်းအားဖြင့်လည်းကောင်း၊ အင်္ဂါဂြိုဟ်နှင့် ရာဟုဂြိုဟ်တို့သည် ဝါယောဓာတ်ချင်းအားဖြင့်လည်းကောင်း၊ ဗုဒ္ဓဟူးဂြိုဟ်နှင့်သောကြာဂြိုဟ်တို့သည် အာပေါဓာတ်ချင်းအားဖြင့်လည်းကောင်း တူညီကြ၍ မိတ်ဓာတ်များ ဖြစ်ကြသည်။ (အန်=တနင်္ဂနွေဂြိုဟ်၊ တေဇောဓာတ်။ တော=စနေဂြိုဟ်၊ တေဇောဓာတ်။ ဂဗ်=တနင်္လာဂြိုဟ်၊ ပထဝီဓာတ်။ ဘေ=ကြာသပတေးဂြိုဟ်၊ ပထဝီဓာတ်။ စ=အင်္ဂါဂြိုဟ်၊ ဝါယောဓာတ်။ ရေ=ရာဟုဂြိုဟ်၊ ဝါယောဓာတ်။ ဝံ=ဗုဒ္ဓဟူးဂြိုဟ်၊ အာပေါဓာတ်။ သေ=သောကြာဂြိုဟ်၊ အာပေါဓာတ်။) "အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဂြိုဟ်ပေ။" [၁၂၂၅-ခန့်] လောကီညွန့်။၂။
အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ မှတ်လေဓာတ်ဖက်သာ။" [၁၃၃၆] လောကီစုံ။ ၃။♦
၁၀၀၁။ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော။
မချစ်ခင် မနှစ်သက်သူနှင့် အတူနေရခြင်းသည် ဆင်းရဲ၏။ (အပ္ပိယေဟိ-မချစ်မနှစ်သက်လိုသော သတ္တဝါသင်္ခါရတို့နှင့်၊ သမ္ပယောဂေါ-အတူတကွ ပေါင်းယှဉ်ရခြင်းသည်လည်း၊ ဒုက္ခော-ဆင်းရဲ၏။) " မနှစ်သက်သော မိန်းကလေးနှင့် ပေါင်းဖော်နေရလျှင်… အပေ္ပိယဟိ သမ္ပယောဂေါ ဒုက္ခောဆိုသလို အစဉ်ထာဝရ စိတ်ငြိုငြင်ဆင်းရဲလျက် နေရ မည်ကို…၊" [၁၂၈၀] ဘလွင်။ ၁၈၅။♦
၁၀၀၂။ အိမ်ကြီးတော့ လောင်စာ၊ ကျောင်းကြီးတော့ သံသရာ
အိမ်ကြီးကြီးဆောက်ခြင်းသည် လောင်စာအတွက် အထောက်အပံ့ဖြစ်သည်။ ဘုန်းကြီးကျောင်း ကြီးကြီး ဆောက်ခြင်းသည် သံသရာမှ လွတ်မြောက်ကြောင်း အထောက်အပံ့ဖြစ်သည်။"အိမ်ကြီးတော့ လောင်စာ၊ ကျောင်းကြီးတော့ သံသရာ ဆိုသည်နှင့်အညီ နိဗ္ဗာန်ရောက်ကြောင်း ကျောင်းဆောက်ခြင်း၊ ထိုအလှူတွင် ပါဝင်ခြင်းစသည်…၊" [၁၃၅၆] ငွေတာရီ၊ ၄၁၂။ ၂၆။♦
၁၀၀၃။ အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး
အိမ်ထောင်ပြုခြင်း၊ ဘုရားတည်ခြင်း၊ ဆေးမင်ရည်ထိုးခြင်းတို့သည် တစ်ကြိမ်မှားလျှင် ပြင်ရန်ခက်ခဲသည့် ကိစ္စများဖြစ်၍ သေချာစေ့စပ်စွာ စဉ်းစားချိန်ဆပြီးမှ ဆောင်ရွက်ရသည်။ "တက္ကသိုလ်ဆရာတစ်ဦးက၊ မှာဖူးသည့်နှုတ်ရည်၊ အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ သည်သုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်နိုင်ခက်သည့် အမျိုး။" [၁၂၆၂] သုံးဘုံ။ ၁၀၂။
ရှေးပညာရှိကြီး များ သတိပေးတဲ့အချက်တစ်ခုမှာလည်း အိမ်ထောင်မှုဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုးရယ်လို့ သုံးမျိုးကို အထူးသတိပြုသင့်ကြောင်းများကိုလည်း ပြဆိုထားတယ်။" [၁၂၈၈] သူရ၊ ပ။ ၁၄၇။
အိမ်ထောင်မှုဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးခုမပိုင်လျှင်၊ နောင်ပြင်နိုင်ရန် ခက်သည့်အမျိုးဆိုတာလို အိမ်ထောင်ရေးဆိုတာဟာ တကယ် အရေးကြီးတဲ့ ပြဿနာတစ်ရပ်ပဲ။" [၁၃၁၈] ယဉ်ကျေးမှု၊ ၂၊ ၃။ ၁၁၆။♦
၁၀၀၄။ အိမ်နီးချင်းကောင်းမှ လင်ကောင်းရ
အမျိုးသမီးများအဖို့ မိတ်ဆွေကောင်း ပီသသော အိမ်နီးနားချင်းရှိမှ လင်ကောင်းသားကောင်းရနိုင်သည်။ အိမ်နီးချင်းကောင်းမှ လင်ကောင်းရသည်- စကားပုံလည်းရှု။ "စိတ်ကြီးဝင်လွန်းက၊ ဂုဏ်ရောက်လွန်းက အရပ်၏ မုန်းတီးခြင်းကို ခံရ၍ ရန်သူများတတ်လေသည်။ အိမ်နီး ချင်းကောင်းမှလင်ကောင်းရသည်ဟူသော စကားကိုလည်း သတိထားအပ်ကြလေသည်။" [၁၂၉၆-ခန့်] သမီးဂုဏ်။ ၇၇။♦
၁၀၀၅။ အိမ်နောက်ဖေး ဈေးဆိုင်တည်
အိမ်၏နောက်ဘက်တွင် စားသုံးသီးနှံပင်များ စိုက်ပျိုးပါ။ "အိမ်နောက်ဖေး ဈေးဆိုင်တည်ပါဆိုသည်မှာ အိမ်နောက်ဖေးတွင် ဟင်းသီးဟင်းရွက်ပင်များစိုက်ပါဟု ဆိုလိုသည်။"[၁၃၄၉]မြန်မာဖတ်စာ၊ ဒု။ ၉၂။♦
၁၀၀၆။ အိမ်မိုးချင်းဆက်၊ ရပ်ကွက်တူနေ၊ သူသေငါပို့
တစ်ရပ်ကွက်တည်းနေ အိမ်နီးနားချင်းတို့သည် သာရေးနာရေးကိစ္စများတွင် အပြန်အလှန် ရိုင်းပင်းကူညီတတ် ကြသည်။ "အိမ်နီးချင်းစပ်၊ ရပ်ကွက်တူနေ၊ သူသေငါပို့၊ ဟင်းခွက်တိုရှည်၊ သေမှု ရှင်ခန်းမကင်း။" [၁၁၄၃] ကြိုခုံ။ ၇၀။
အိမ်မိုးချင်းဆက်၊ ရပ်ကွက်တူနေ၊ သူသေငါပို့ဟူ၍လည်းကောင်း၊ သူသေငါဖို့ဟူ၍လည်းကောင်း ဝေါဟာရပညတ်စကား ရှိချေသည်။" [၁၂၆၈] နော၊ ပ။ ၈၇။♦
၁၀၀၇။ အိမ်ရှိလျှင် မာလကာပင်ရှိရမည်
အသီးကို လူကြိုက်များပြီး အပင်သည် ဆေးဖက်ဝင်ကာ ဒေသမရွေး စိုက်ပျိုးနိုင်သဖြင့် အိမ်တိုင်း၌ မာလကာပင် စိုက်သင့်သည်။ "ရှေးလူကြီးသူမများက အိမ်ရှိလျှင် မာလကာပင်ရှိရမည်ဟု ပြောလေ့ ပြောထရှိ၏။ …ရှေးခေတ်လူကြီးများသည် မာလကာပင်ကို အိမ်ဝင်းခြံအတွင်းဝယ် တစ်ပင်စ၊ နှစ်ပင်စတော့ စိုက်ထားလေ့ရှိ၏။" [၁၃၂၅] ရှေ့သို့၊ ၃၊ ၇။ ၃၂။♦
၁၀၀၈။ အိမ်သာလို့ ဧည့်လာ
အိမ်၏အခြေအနေ သာယာကောင်းမွန်သဖြင့် ဧည့်သည်အရောက်အပေါက် များသည်။ အိမ်သာလို့ ဧည့်လာ_စကားပုံလည်းရှု။ "ဧည့်သည်ကို မနှင်လိုက်ပါနဲ့၊ …အိမ်သာမှ ဧည့်လာဆိုတဲ့ စကားများလည်း ရှိပါတယ်။" [၁၂၇၆] မြင့်၊ ပ။ ၂၁၃။
အိမ်သာလို့ ဧည့်လာဆိုသလို မြို့စားမင်းရဲ့အိမ်မှာလည်း ဧည့်တရုံးရုံးနှင့်နေတာဟာ အိမ်သာခြင်းလက္ခဏာပဲ။" [၁၂၉၃] ရဲမြန်မာ။ ၄၉။♦
၁၀၀၉။ အိမ်အိုတော့ ကျားကန်၊ လူအိုတော့ ပန်းပန်။
အိမ်အိုသောအခါ ပြိုလဲ မကျစေရန်၊ တောင့်တင်းခိုင်ခံ့စေရန် ကျားကန်ရသကဲ့သို့ လူအိုသောအခါ စိတ်ပျို ကိုယ်နုစေရန် ပန်းပန်ရသည်။ "ဟုတ်ပါရဲ့၊ ပန်းပန်ထားလိုက်တာ၊ သည်လိုပါ သခင်မလေး၊ အိမ်အိုတော့ ကျားကန်၊ လူအိုတော့ ပန်းပန်ရပါသတဲ့။" [၁၂၇၆] စိုး။ ၁၃။
အိုခြင်းလက္ခဏာကို အထင်အရှားပြနေသော အမယ်အိုသည်ပင် နုအောင်၊ ပျိုအောင် ပရိယာယ်ဆင်ချင်ရှာသေးသည်၊ အိမ်အိုက ကျားကန်၊ လူအိုက ပန်းပန်ဟူသော ဆိုထုံးကို ကြည့်။" [၁၃၂၃] စာနန့်။ ၁၁၁။♦
၁၀၁၀။ အုံတုံ ပဉ္စ၊ ကျွဲကော် ဆ၊ ဥသျှစ် ဧကေး၊ တင်လဲ ဒွေး
ရှေးအခါက မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် အင်္ဂတေဖော်စပ်ရာ၌ အုံတုံအစေးငါးဆ၊ ကျွဲကော်ခြောက်ဆ၊ ဥသျှစ်စေးတစ်ဆ၊ တင်လဲနှစ်ဆဖြင့် စပ်ကြသည်။ "အင်္ဂတေစပ်နည်း… အုံတုံ ပဉ္စ၊ ကျွဲကော် ဆ၊ ဥသျှစ် ဧကေး၊ တင်လဲ ဒွေး။" [၁၁၉၅] မုံမှတ်။ ၆၆။
အင်္ဂတေစပ်သည့်အခါ အုံတုံ ပဉ္စ၊ ကျွဲကော် ဆ၊ ဥသျှစ် ဧကေး၊တင်လဲ ဒွေးဆိုသည်နှင့်အညီ အုံတုံရည် ငါးပိဿာ၊ ကျွဲကော်ရည် ခြောက်ပိဿာ၊ ဥသျှစ်သီး တစ်ပိဿာ၊ တင်လဲ နှစ်ပိဿာများ၏ အရည်များနှင့် ထုံး သဲတို့ကို စပ်နှော၍…၊" [ ၁၂၉၃ ] သုတဝ န၊ ၁၊ ၃။ ၅၆။
ပန်းရန်ဗိသုကာမှတ်တမ်းဟောင်း အချို့တွင် ကော်စေးဖော်စပ်ပုံမှာ အုံတုံ ပဉ္စ၊ ကျွဲကော် ဆ၊ ဥသျှစ် ဧကေး၊ တင်လဲ ဒွေးဟု ဆိုသဖြင့် အုံတုံအစေး ငါးဆ၊ ကျွဲကော် ခြောက်ဆ၊ ဥသျှစ်စေး တစ်ဆ၊ တင်လဲ နှစ်ဆဟု ဆိုလို ပါသည်။" [၁၃၄၀] မြန်မာ့ပန်း။ ၈၂။♦
Comments
Post a Comment