ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း
ကန်တော့ပန်း
ပရိယတ်၊ ပဋိပတ် နယ်ပယ် နှစ်ရပ်တို့က ကျွန်ုပ်၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ဤစာအုပ်ဖြင့် လေးမြတ်ကော်ရော် ပူဇော်ပါ၏၊
ဝဏ္ဏသီရိ
***
စကားဦး
ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းကို အုပ်တွဲကလေးများဖြင့် ငါးတွဲ စတင်ထုတ်ဝေပြီးမှ အုပ်တွဲကြီး နှစ်တွဲဖြင့် စုပေါင်း၍ ထုတ်ဝေခဲ့ပါသည်။ အုပ်တွဲလေးများဖြင့် တစ်ကြိမ်၊ အုပ်တွဲကြီးများဖြင့် သုံးကြိမ် ရိုက်နှိပ်ခဲ့ရပြီးပါပြီ။ သို့ဖြစ်၍ ယခုရိုက်နှိပ်ခြင်းသည် ငါးကြိမ်မြောက်ဖြစ်ပါသည်။
အုပ်တွဲလေး ငါးတွဲ ထုတ်ဝေစဉ်တုန်းက ပထမတွဲတွင် ဤမှတ်တမ်းကြီးတစ်ခုလုံးအတွက် စကားဦးသန်းထားသင့်သော အချက်များကို ရေးသားခဲ့ပါသည်။ နောက်တွဲများမှာမူ သက်ဆိုင်ရာအတွဲပါ အကြောင်းအရာများအတွက် မိတ်ဆက်သဘောလောက်သာ ရေးထည့်ခဲ့ပါသည်။ အုပ်တွဲကြီးနှစ်တွဲ ရိုက်နှိပ်သောအခါ အုပ်တွဲလေးပထမအုပ်မှ အမှာစကားတို့ကို အုပ်တွဲကြီး ပထမတွဲမှာ ယူငင်အသုံးပြု၍ အုပ်တွဲလေး ပဉ္စမအုပ်မှ အမှာစကားတို့ကို အုပ်တွဲကြီး ဒုတိယအုပ်မှာ ယူငင်၍ ဖော်ပြခဲ့ပါသည်။ ယခု ပဉ္စမအကြိမ်ရိုက်တွင် အုပ်တွဲကြီး နှစ်တွဲမှာပါခဲ့သည့် အမှာစကားများအားလုံးကို တစ်ပေါင်းတည်း ခြုံငုံသုံးသပ် ထည့်သွင်းကာ အသစ်ထပ်မံ၍ ရေးသားလိုက်ပါသည်။ (ဤကား စကားဦး၏ စကားဦးဖြစ်ပါသည်။)
ဗုဒ္ဓဘုရားရှင်၏ ဖြစ်စဉ်တော်များနှင့်တကွ သာဝကကြီး၊ သာဝကငယ်အသီးသီးတို့၏ အတ္ထုပတ္တိများ၊ သက်ဆိုင်သည့် အကြောင်းခြင်းရာများကို ညီတော်အာနန္ဒာက တစ်ဆင့်ပြောပြသော ပုံစံဖြင့် ဤစာအုပ်ကို ရေးသားထားပါသည်။ ဤသို့ ရေးသားရခြင်းမှာ ရတနာမြတ်သုံးပါးတို့ကို အနီးကပ်ဖူးမြင်၍ ကြည်ညိုနိုင်ကြရန် ဖြစ်ပါသည်။
ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းဟု ဘေ
စာရှုသူတို့အား တစ်ခု သတိပေးလိုပါသည်။ ဘုရားရှင်နှင့်တကွ သာဝကများ၏ ဖြစ်စဉ်များကို ဖော်ပြရာတွင် တရားသဘောများလည်း နေရာ အနှံ့အပြားမှာ ပါဝင်နေကြပါသည်။ ဘုရားရှင်နှင့်တကွ သာဝကအသီးသီးတို့ ဟောကြားခဲ့၊ ဆွေးနွေးခဲ့သော တရားသဘောများကို အကွက်ဆိုက်လျှင် ဆိုက်သလို ရေးထည့်ခဲ့ပါသည်။ ထို့ကြောင့် တစ်သက်တာမှတ်တမ်းသည် တစ်နည်းအားဖြင့် ဓမ္မမှတ်တမ်းလည်း ဖြစ်နေသည်ကို တွေ့ကြရပါလိမ့်မည်။
စာရေးသူဘက်ကတင်ပြရသော် ဤသို့ဖြစ်ရခြင်းမှာ သဘာဝကျသည်ဟု ဆိုရပါမည်။ ဤကမ္ဘာမြေပြင်၌ ဘုရားတစ်ဆူ ပွင့်တော်မူခြင်းဟူသည်မှာ တရားသဘောများကို ဆရာမကူ သယမ္ဘူဉာဏ်တော်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းပင် ဖြစ်ပါသည်။ ထို့နောက် လေးဆယ့်ငါးဝါတိုင်တိုင် သာသနာတော် ပြုတော်မူခဲ့ခြင်းမှာလည်း မိမိကိုယ်တိုင် သိမြင်ထားသော တရားသဘောတို့ကို ဆင့်ကူဆင့်ကမ်း ဉာဏ်လက်လှမ်း၍ ပေးတော်မူခြင်းသာ ဖြစ်ပါသည်။
အရှင်မဟာသာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလန်၊ အရှင်မဟာကဿပ စသော သာဝကကြီးများသည် လှမ်းလင့်သော ထိုလက်တော်ကို မိမိရရကိုင်ဆွဲကာ ဘုရားရှင်နှင့် အတူတကွ ခေမာသောင်တစ်ဖက်ကမ်းသို့ တက်လှမ်းတော်မူခဲ့ကြပါသည်။
ဤသို့အားဖြင့် ဗုဒ္ဓသည် ဓမ္မနှင့် ဆက်စပ်နေပါသည်။ ထို့အတူပင် သံဃာသည်လည်း ဓမ္မနှင့် မကင်းကွာပါ။ ဓမ္မနှင့် မကင်းကွာသော သံဃာသည် ဗုဒ္ဓနှင့်လည်း အကြောင်းဆက်လျက်သာ ရှိပါသည်။ အမှန်အားဖြင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတို့သည် အတူတကွ တွဲဖက်သီကုံးထားသည့် ရတနာပုလဲလုံးများသာ ဖြစ်ကြပါသည်။ ထို့ကြောင့် ဗုဒ္ဓသံဃာတို့ ဖြစ်ရပ်ဇာတ်လမ်းများနှင့် အတူ တရားသဘောများ ပါဝင်နေခြင်း ဖြစ်ပါသည်။
ဤသို့သော သဘောကို အခြေပြုကာ သံဃာတို့၏ ဖြစ်စဉ်များကိုလည်း ဗုဒ္ဓဖြစ်စဉ်တော်ထဲမှာ ဆိုင်ရာဆိုင်ရာက သွတ်သွင်း၍ ဆက်စပ်၍ ရေးသားလိုက်ပါသည်။ ဗုဒ္ဓဖြစ်စဉ်တော်တည်းဟူသော ကျောရိုးနှင့် လိုက်လျော ညီထွေ ဖြစ်စေရန် သံဃာ့ဖြစ်စဉ်များကို ရှေ့ပိုင်း နောက်ပိုင်း ခွဲခြား၍ နေရာချထားပေးပါသည်။ သို့ရာတွင် အချို့ဖြစ်စဉ်များကို တစ်ခန်းတည်းနှင့် အပြည့်အစုံရေးသားရန် လိုအပ်သဖြင့် အချိန်ကာလ ခုန်ကျော်မှုများ ရှိလာရပါသည်။
ဤမှတ်တမ်းကြီး၌ အခန်းပေါင်းများစွာ ဖွဲ့စည်းရာတွင် အချို့အခန်းများမှာ ပုဂ္ဂိုလ်တစ်ပါးချင်း၏ ဖြစ်စဉ်ကို အဓိကထားကာ ထိုဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဌာပနာသွင်း၍ ထားပါသည်။ အချို့အခန်းများမှာမူ အကြောင်းအရာကို အဓိကထား၍ ထိုအကြောင်းအရာများထဲမှာ အကြုံးဝင်လာသော ပုဂ္ဂိုလ်များ၊ ဖြစ်စဉ်များကို တစ်ပေါင်းတည်း စုစည်း၍ တင်ပြထားပါသည်။
ဤသို့ သူ့အခန်းနှင့်သူ အစုလိုက် အစည်းလိုက် ဖော်ပြနိုင်ရန် စာရေးသူသည် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းပေါင်း များစွာတို့၌ ဟိုတစ်စ သည်တစ်စ ပါရှိနေသော ပုဂ္ဂိုလ်ရေးဖြစ်စဉ်နှင့် အကြောင်းအရာတို့ကို တစ်ခုချင်း၊ တစ်ခုချင်း ရှာဖွေ စုဆောင်းရပါသည်။ စုဆောင်းရရှိထားသော ပုဂ္ဂိုလ်ရေးဖြစ်စဉ်နှင့် အကြောင်းအရာများကိုမှ တစ်ဖန် အကြောင်းအကျိုး ဆက်စပ်မှု၊ ရှေ့နောက် ညီညွတ်မှုရှိစေရန် အစီအစဉ်ချမှတ်ကာ အနုသန္ဓေ ဆက်စပ်အောင် ရေးသားရပါသည်။ အချို့နေရာများ၌ သရုပ်သဏ္ဍာန် ပေါ်လွင်ထင်ရှားစေရန်၊ စာပေရသ အပြည့်အဝ ခံစားနိုင်ကြစေရန် အခြယ်အမှုန်းများ ထည့်ပေးထားရပါသည်။
စာပေသဘောအရ အခြယ်အမှုန်းများထည့်ပေးထားရသော်ငြားလည်း ကျမ်းရင်းအဆိုအမိန့်များနှင့် ဆန့်ကျင်မသွားစေရန်ကား အထူးသတိထားပါသည်။ ကျမ်းရင်းလာအဆိုအမိန့်များ အချင်းချင်းကိုသာ အနုသန္ဓေ ဆက်စပ်မိအောင် ကြိုးစားထားပါသည်။
ဤစာအုပ်များကို ဖတ်ရှုရာမှ သက်ဆိုင်ရာ မူရင်းကျမ်းဂန်များကို လေ့လာလိုသူများ၊ သို့မဟုတ် တိုက်ဆိုင်ကြည့်လိုသူများအတွက် အကြောင်းရပ် တစ်ခု တစ်ခုပြီးတိုင်း ကျမ်းညွှန်း ထည့်ပေးထားပါသည်။
ကျမ်းညွှန်းဖော်ပြရာတွင်လည်း လက်ရင်းကျသည့် သင်္ဂါယနာတင် ကျမ်းကြီးများကိုသာ ကိုးကားထားပါသည်။ သင်္ဂါယနာဝင်မဟုတ်သော ကျမ်းများကို မကိုးကားပါ။
အုပ်တွဲလေးပထမတွဲကို ၁၉၇၇ ခု၊ အောက်တိုဘာလက ထုတ်ဝေခဲ့ရာ ယခုဆိုလျှင် ၁၇ နှစ်ကျော်သွားပါပြီ။ ရိုက်နှိပ်ထုတ်ဝေသည့် အကြိမ်ကလည်း လေးကြိမ်ရှိသွားပါပြီ။ သို့ဖြစ်၍ ညီတော်အာနန္ဒာစာအုပ်များမှာ နိုင်ငံတော်အနှံ့အပြားက ရဟန်းပုဂ္ဂိုလ် တော်တော်များများထံ ပျံ့နှံ့နေလောက်ပါပြီ။
ထို့ကြောင့်လည်း ရတနာမြတ်သုံးပါးနှင့် ပတ်သက်၍ ရေးသားကြသော ကလောင်ရှင်အချို့က ညီတော်အာနန္ဒာစာအုပ်များကို ကိုးကား၍ ရေးသားကြောင်း ဖော်ပြလာကြပါသည်။ ဤသို့ ဖော်ပြခြင်းခံရသည်ကို ဝမ်းမြောက်မိပါသည်။ ဂုဏ်ယူပါသည်။ ထိုအထဲက အချို့ကလောင်ရှင်များမှာမူ စာရေးသူကိုယ်တိုင်က လေးလေးစားစား သဘောထားခဲ့ရသူများဖြစ်၍ ပိုမိ၍နှစ်သက် ကြည်နူးမိပါသည်။
ဤသို့ နှစ်သိမ့်ကြည်နူးရင်းကပင် "တော်သေးတယ်၊ တော်သေးတယ်၊ ငါက ကျမ်းကိုးပြခဲ့မိပေလို့။ ဒီလိုမှ မဟုတ်ရင် ငါကိုယ်တိုင်က အကိုးအကားခံ ဖြစ်နေတော့မှာ" ဟု တိုးတိုးတိတ်တိတ် ရေရွတ်ခဲ့ရပါသည်။
ဤသို့ ကိုးကားရန် ကျမ်းစာအုပ်ကြီးများကို စားပွဲနှင့်အပြည့် ဖြန့်ချထားပြီးမှ ရေးသားသည့်ကြားကပင် အမှတ်တမဲ့ ရေးသားမိ၍ မှားယွင်းခဲ့ရပါသေးသည်။ သင်္ဂါယနာပွဲတော် စတင်ကျင်းပသည့် ရက်စွဲ ဖြစ်ပါသည်။ ဝါဆို ပြီးပြီးချင်း သင်္ဂါယနာတင်ပွဲကြီး စတင် ကျင်းပပုံဖြင့် လေးကြိမ်တိုင်တိုင် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ယခု ဆဋ္ဌမအကြိမ်ကျခါမှ ရက်စွဲအမှန်ကို ပြင်နိုင်ပါတော့သည်။ ပထမ သင်္ဂါယနာအကြောင်း စာအုပ်တစ်အုပ်ရေးရင်း မူရင်းကျမ်းကြီးများကို စေ့စေ့စပ်စပ် ပြန်ကြည့်မိရာမှ ကိုယ့်အမှားကို ပြန်မြင်လာခြင်း ဖြစ်ပါသည်။
အားကိုးလောက်သည့် ကျမ်းဂန်အကိုးအကားများဖြင့် ရေးသားလာသည့်ကြားက မလွှဲသာ အရှောင်သာ အကိုးအကားမရှိသော အကြောင်းအရာကိုလည်း ရေးထည့်လိုက်ရပါသည်။ ယင်းမှာ ညီတော်နန္ဒ ပရိနိဗ္ဗာန်ပြုခန်းပင်ဖြစ်ပါသည်။
စာရေးသူ လက်လှမ်းမီသမျှ လေ့လာကြည့်ရာတွင် အရှင်နန္ဒ ပရိနိဗ္ဗာန်ပြုပုံကို မတွေ့ရသေးပါ။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုရာတွင် ထင်ရှားကျော်ကြားသည့် အခြားမထေရ်ကြီးများ အနီးအပါးမှာ ရှိနေပါလျက် အရှင်နန္ဒ ပျောက်နေပါသည်။ ဤသို့ဖြစ်ရသည်မှာ ပရိနိဗ္ဗာန် စံပြီး၍သာ ဖြစ်ရမည်ဟု တွေးတောမှန်းဆကာ အရှင်ရာဟုလာပရိနိဗ္ဗာန်ပြုခန်းနှင့် ဆက်စပ်ပြီး ရေးသားလိုက်ရပါသည်။
ထို့အတူပင် ညီတော်အာနန္ဒာက ဘုရားရှင်၏ မိုးရေသင်္ကန်းကို ခြေဖြင့်နင်း၍ ချုပ်ပုံကိုလည်း ဘယ်နေရာ ဘယ်အချိန်ဖြစ်ကြောင်း အထောက်အထား မတွေ့ရသေးပါ။ သင်္ဂါယနာပွဲပြီးမှာ မထေရ်ကြီးများ၏ ပြောပြချက် အဖြစ်သာ တွေ့ရှိရပါသည်။ ထို့ကြောင့် ထိုပြောပြချက်ကို အနုသန္ဓေ ဆက်စပ်မိရန် ဝေဠုဝရွာ၌ နောက်ဆုံးဝါကပ်စဉ်က ချုပ်ခဲ့ပုံကို မိမိစိတ်ကူးဖြင့် ရေးသားလိုက်ရပါသည်။
ထို့ပြင် မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ လိစ္ဆဝီတို့ကို တိုက်ခိုက် ချေမှုန်းရေးအတွက် ဘုရားရှင်ထံ စနည်းနာပြီးနောက် မကြာမီမှာပင် ဝဿကာရအမတ်ကြီး လစ္ဆဝီနယ်မြေဘက်သို့ သွေးခွဲရန် ကူးသွားသကဲ့သို့ ဖော်ပြထားပါသည်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် သင်္ဂါယနာတင်ရန် ညီတော်အာနန္ဒာ ရာဇဂြိုဟ်မြို့တော်သို့ ပြန်ရောက်ခါမှ ပေါ်ပေါက်လာသည့် ဂေါပကမောဂ္ဂလာန သုတ်တွင်မူ ဝဿကာရအမတ်ကြီးနှင့် ညီတော်အာနန္ဒာ စကားပြောပုံများ ဖော်ပြထားပါသည်။ ထို့ကြောင့် နေရစ်တော့ ဝေသာလီ အခန်းက လိစ္ဆဝီတို့၏ ပျက်စီးကြောင်းအစကို လစ္ဆဝီတို့နှင့် ပတ်သက်၍ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော သုတ္တန်တစ်ပုဒ်နှင့် အနုသန္ဓေ ဆက်စပ်ပေးလိုက်ရပါသည်။
ထိုထိုပါဠိတော်ကြီးများ၌ လက်ဝဲရံ အရှင်မြတ်ကြီးကိုသာ မဟာတပ်ထား၍ လကျ်ာရံအရှင်မြတ်ကြီးကိုကား မဟာ တပ်လေ့မရှိပါ။ ဤစာအုပ်တွင်မူ အရှင်မြတ်ကြီးနှစ်ပါးကို ထပ်တူထပ်မျှ လေးစားသောအားဖြင့် အရှင်မဟာသာရိပုတ္တရာ ဟု ရေးသားလိုက်ပါသည်။
ဘုရားရှင်၏ ဖြစ်စဉ်တော်များတွင် တောမထွက်မီအပိုင်းသည် ညီတော်အာနန္ဒာနှင့် သက်ဆိုင်ပါသည်။ ဘုရားဖြစ်တော်မူပြီးနောက် ကပိလဝတ်မြို့တော်သို့ ပြန်ကြွလာသည့်အပိုင်းမှစ၍ ညီတော်အာနန္ဒာနှင့် တစ်ကြောင်းမဆက် တစ်ကြောင်းဆက်နေသည်သာ ဖြစ်ပါသည်။ တောထွက်ခန်းမှစ၍ နေပြည်တော်သို့ ပြန်ကြွလာသည်အထိ ဘုရားရှင်၏ ဖြစ်စဉ်တော်များသည်ကား ညီတော်အာနန္ဒာနှင့် မပတ်သက်ပါ။ ထိုဖြစ်စဉ်များကို ချန်လှပ်ထားခဲ့ပြီး ရေးသား၍လည်း မဖြစ်နိုင်ပါ။ ထို့ကြောင့် ညီတော်အာနန္ဒာက မိမိ သင်ယူ ကျက်မှတ်ထားသော ဒေသနာတော်များဖြင့် တစ်ဆင့်ခံ တင်ပြပုံကို အသုံးပြုလိုက်ရပါသည်။ အခြားနေရာများမှာလည်း ဤပုံစံမျိုး တွေ့ကြရပါဦးမည်။
အလောင်းတော်မင်းသားဖွားမြင်ခန်းမှစ၍ တရိပ်ရိပ် တရှိန်ရှိန် ဆွဲဆောင်ရေးသားလာခဲ့သော ဤဇာတ်လမ်းရှည်ကြီး၏ အထွတ်အထိပ်သည်ကား သင်္ဂါယနာပွဲ အပြီးတွင် ညီတော်အာနန္ဒာနှင့် မထေရ်ကြီးများ ထိပ်တိုက်တိုးကြရပုံ ဖြစ်ပါသည်။ ဝတ္ထု စာပေသဘောအရဆိုလျှင် ဤအပိုင်းသည် ဇာတ်ထွတ် - ဝါ - ဇာတ်ရှိန်အမြင့်ဆုံးဟု ဆိုရပါလိမ့်မည်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းမှာ ညီတော်အာနန္ဒာ၏ အမြင့်မြတ်ဆုံး ဂုဏ်ကျေးဇူးကို ပီပီပြင်ပြင် ဖော်ကျူးလိုက်ရသဖြင့် အားရကျေနပ်မိပါသည်။
ဤမှတ်တမ်းကြီး နိဂုံးပိုင်းက သင်္ဂါယနာခန်းများ ရေးသားနေဆဲမှာပင် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ကျင်းပပုံကို ရေဒီယိုမှာ ကြားနာရပါသည်။ မကြုံစဖူး ထူးထူးခြားခြား တညီတညွတ်တည်း စုပေါင်းမိကြသော သံဃသမ္မုတိရ ဆရာတော်ကြီးများ၏ ဆောင်ရွက်ပုံများကို ကြားနာရလေ ညီတော်အာနန္ဒာ၏ သည်းခံစိတ်ကို ကြည်ညိုလာလေ။ ထို့ကြောင့်လည်း ဤအခန်းကို အားပါးတရ ရေးလိုက်ရပါသည်။
ကိုယ်ပိုင်အမြင် ကိုယ်ပိုင်အယူအဆဖြင့် မည်မျှပင် ခိုင်မာနေပါစေ။ သံဃာ့အဖွဲ့အစည်းကြီး တစ်ခုလုံး၏ သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအတွက် မိမိဘက်က အလျှော့ပေးခြင်းသည် ညီတော်အာနန္ဒာ လက်ထက်က ဆင်းသက်လာခဲ့သည့် စံနမူနာဖြစ်ပါသည်။ ဤစံနမူနာကို သတိမူမိကြ၍သာလျှင် ဤသို့ သံဃာထုတစ်ရပ်လုံး စုစည်းမိလာသည်ဟု ယုံကြည်ပါသည်။ အနာဂတ်သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် တည်ဆောက်နေသည့် အဆောက်အအုံကြီးတွင် ဤစာအုပ်က သဲဖြူတစ်ဆုပ်၊ ရေတစ်မှုတ်မျှ ဖြစ်စေ ပါဝင်နိုင်မည်ဟု မျှော်လင့်ပါသည်။
စာဖတ်ပရိသတ်များ၏ စိတ်ဝင်စားမှု၊ စာအုပ်စျေးနှုန်း ကြီးမြင့်မှုတို့ကို ထောက်ထားရသဖြင့် ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းကြီးကို အုပ်တွဲလေး (၅) တွဲ၊ အုပ်တွဲကြီး (၂) တွဲဖြင့်သာ အဆုံးသတ်လိုက်ရပါသည်။ ရေးခွင့်ရသမျှ စာမျက်နှာများတွင် စာဖတ်သူများအတွက် သင်ခန်းစာရနိုင်သည့် ဇာတ်လမ်းများ၊ လက်ငင်းလက်တွေ့ လိုက်နာကျင့်သုံးနိုင်သည့် တရားသဘောများနှင့် ဝေဖန်ပိုင်းခြားနိုင်သည့် ဉာဏခွန်အား တိုးပွားစေနိုင်သည့် အချက်အလက်များကို အတတ်နိုင်ဆုံး ရွေးချယ်၍ တင်ပြထားပါသည်။
ဤသို့ အတိုင်းအတာ ကန့်သတ်ချက်ရှိနေသဖြင့် ကျမ်းဂန်များမှာ ပါရှိသည့် အချို့ အချက်အလက်များ ကန်နေခဲ့ရပါသည်။ တကယ်တော့ဖြင့် ပါဠိတော်အဋ္ဌကထာ၊ ဋီကာသင်္ဂါယနာတင် ကျမ်းဂန်အားလုံးသည် ရတနာမြတ်သုံးပါးအကြောင်း သိကောင်းစရာများချည်း ဖြစ်ပါသည်။ထို့ကြောင့် ဤမှတ်တမ်းကြီးမှ သဲလွန်စရယူကာ သင်္ဂါယနာတင်ကျမ်းကြီးများကို ဆက်လက်၍ လေ့လာဖတ်ရှုသောအားဖြင့် ဗဟုသုတအဖုံဖုံ ပြည့်စုံလာကြပါလိမ့်မည်။
ဤကား ယခင်ရိုက်နှိပ်ပြီး စာအုပ်များက အမှာစကားများကို ပေါင်းရုံးတင်ပြချက် ဖြစ်ပါသည်။ ယခု ပဉ္စမအကြိမ်ရိုက် စာအုပ်တွင် အထူးတလည် ဖော်ပြလိုသည်မှာ ဤစာအုပ်ကြီးများ ဖြစ်ပေါ်လာရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီပေးကြသော ကျေးဇူးရှင်များ ဖြစ်ပါသည်။
ဤရွေ့ဤမျှ ထူထဲလှသော စာအုပ်ကြီး ရေးဖြစ်လာအောင် ရေးချင်လာအောင် အစဖော်ပေးလိုက်သည့် စာအုပ်မှာ ဆရာပါရဂူ ဘာသာပြန်သည့် ဗုဒ္ဓဒိုင်ယာရီစာအုပ် ဖြစ်ပါသည်။
ဗုဒ္ဓဒိုင်ယာရီမှာ ဘုရားရှင်ကိုယ်တော်တိုင်က မိမိ၏ အတွေ့အကြုံများကို ဒိုင်ယာရီ ရေးသားထားသည့် ပုံစံဖြင့် ဖွဲ့စည်းထားပါသည်။ သို့ရာတွင် စာရေးသူမှာကား မူရင်းစာရေးဆရာကြီးကဲ့သို့ ဘုရားရှင်၏ နေရာက ဝင်၍ တွေးတောခံစားရန်၊ ရေးဖွဲ့ရန် မဝံ့ပါ။ မိမိ၏ စိတ်ဓာတ်နှင့် အလွန့်အလွန် အလှမ်းကွာလွန်းသော ဘုရားရှင်၏ ကိုယ်စား စဉ်းစား တွေးတောရန် မလွယ်ကူပါ။ ထို့ကြောင့် သောတာပန်အဆင့်မျှသာရှိသေးသော အရှင်အာနန္ဒာ၏ နေရာကို ယူလိုက်ရပါသည်။
အရှင်အာနန္ဒာနှင့် ပတ်သက်၍ စာတစ်စောင် ပေတစ်ဖွဲ့ ရေးဖြစ်စေရန် လှုံ့ဆော်ချက်ကား အမျိုးသမီးများကို ငဲ့ညှာထောက်ထားသော စိတ်ဓာတ်ပင် ဖြစ်ပါသည်။ ထို့ပြင် တွေ့ကြုံဆုံဆည်းလာသူတိုင်းအား စေတနာ မေတ္တာထား၍ အကူအညီပေးတတ်သည့် အလေ့အထကလည်း ကောင်းကောင်းကြီး အထောက်အကူပြုခဲ့ပါသည်။
ထိုမှတစ်ဖန် ကောင်းဆိုးနှစ်တန် လောကဓံနှင့် ကြုံလေတိုင်း ဝမ်းသာတတ်၊ ဝမ်းနည်းတတ်၊ မျက်ရည်လွယ်တတ်သော စိတ်ဓာတ်ကလည်း ကလောင်သမားတို့၏ အကြိုက် ဖြစ်နေပါသည်။
ထိုနေရာ သည်နေရာ တစ်စစီ ပြန့်ကျဲနေသော အချက်အလက်များကို ဇာတ်ကွက် ဇာတ်လမ်း ပီပြင်လာအောင် အခန်းများကို အစီအစဉ်ချပြီးမှ ရေးသားပါသည်။ ထိုသို့ ရေးသားရာတွင် ရှေ့အခန်းဆုံးသွားသည်နှင့် တစ်ပြိုင်နက် နောက်အခန်းအတွက် သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ပို့ပေးထားလိုက်ပါသည်။ ဤနမူနာကို ဆရာကြီးဦးအေးမောင်၏ ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ စာအုပ်များမှ ရရှိကြောင်း ကျေးဇူးတင်စွာ ဖော်ပြပါသည်။ ထည့်သွင်းရေးသားရန် အကြောင်းရပ်ရွေးချယ်ရေးမှာလည်း ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒစာအုပ်များ၏ ဩဇာမကင်းကြောင်း ဝန်ခံပါသည်။ စာရေးသူသည် စောစောပိုင်းတုန်းက မြဝတီ၊ ငွေတာရီမဂ္ဂဇင်းများ၌ ဖုန်းဖုန်းအမည်ဖြင့် ပင်ကိုယ်ရေး ဝတ္ထုတိုများ ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားနိုင်ခြင်းကု အခြေခံ၍ ဘုရားရှင်နှင့် ပတ်သက်သော ဇာတ်ကွက် ဇာတ်လမ်းများကို ရေးချင်လှပါသည်။ သိ့ုရာတွင် ဇာတ်ကွက်ဇာတ်လမ်းချည်း ရှိနေသည် မဟုတ်။ ဇာတ်ကွက်ဇာတ်လမ်းနှင့်အတူ တရားသဘောတွေကလည်း ပါနေသဖြင့် လက်ရွံ့နေခဲ့ရပါသည်။
တကယ်တော့ဖြင့် ဤမှတ်တမ်းကြီးတွင် ပါဝင်သည့် ဇာတ်ကွက် ဇာတ်လမ်းများကို ရှေးရှေးက သင်္ဂါယနာတင် အရှင်မြတ်ကြီးများ မှတ်တမ်းတင်ထားခြင်းမှာ ဝတ္ထုဇာတ်လမ်းကို အသားပေးရန် မဟုတ်ပါ။ ဘုရားရှင်နှင့်တကွ တပည့်သာဝကအသီးသီးတို့ ဟောကြားသည့် တရားဒေသနာတော်များ၏ နိဒါန်းအဖြစ်ဖြင့် မှတ်တမ်းတင်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ဤတရား ဒေသနာတော်ကို မည်သူက မည့်သည့်နေရာ မည်သည့်အချိန်တွင် မည်သူ့ကို အကြောင်းပြု၍ ဟောကြားခဲ့ကြောင်း သက်သေထူသော သဘောဖြစ်ပါသည်။
ထို့ကြောင့်သာပင် ဝတ္ထုဇာတ်လမ်းတိုင်းသည် တရားဒေသနာတော် တစ်ခုခုနှင့် ဆက်စပ်လျက်သာ ရှိနေပါသည်။ ဤတွင် ရေးလက်စ ကလောင် အတွေ့အကြုံဖြင့် ဝတ္ထုဇာတ်လမ်းကို ရေးရန်မကြောက်သော်ငြားလည်း တရားသဘောတွေ ဖြေဖြန့်ပြီး ရေးရမှာကိုတော့ လက်မရဲပါ။
ဤအခက်အခဲကို ဖြေရှင်းပေးခဲ့ကြသည့် ကျေးဇူးရှင်များမှာ ကျောက်ဆည်မြို့ ငြိမ်းချမ်းရေးကျောင်းဆရာတော် ဦးဝိသုဒ္ဓနှင့် မန္တလေးမြို့ ငြိမ်းချမ်းရေးကျောင်းဆရာတော် ဦးနန္ဒိယတို့ ဖြစ်ပါသည်။
သာသနာ့ဘောင်မှာ ရှိစဉ်တုန်းက စာရေးသူသည် ထိုဆရာတော်များနှင့် ရေစက်ဆုံကာ ထိုဆရာတော်များ၏ နည်းနိဿယကို ခံယူ၍ နယ်လှည့်တရားပွဲများသို့ လိုက်ပါ၍ ဟောပြောခဲ့ပါသည်။
ထိုသို့ ဟောပြောရင်းက ငြိမ်းချမ်းရေးဆရာတော်များ၏ သစ္စာလေးပါးကို လက်ကိုင်ထား၍ တရားသဘောများ ရှင်းလင်း ဟောပြပုံကို သဘောကျလာပါသည်။ သစ္စာလေးပါးမှ လွတ်သောတရားမည်သည် မရှိဟူ၍ အဆိုအမိန့်ရှိသည့်အတိုင်း ဇာတ်ကွက် ဇာတ်လမ်း အားလျော်စွာ အကြောင်းဆိုက်လာသည့် တရားသဘောတို့ကို သစ္စာလေးပါးကို မူတည်၍ ဖြေရှင်းဟောပြောလိုက်သည့်အခါ ဟောသူဘက်ကလည်း အားပါးတရ ရှိလှပါသည်။ နာကြားသူကလည်း သဘောပေါက် နားလည်ကာ အားတက်ရွှင်လန်းကြပါသည်။
ထို့ကြောင့်လည်း ဒေသနာတော်အဝဝကို သစ္စာလေးပါးကို မူတည်ဖြေရှင်းသည့် နည်းစနစ်ဖြင့် ဤမှတ်တမ်းကြီးကို အောင်မြင်စွာ ရေးဖြစ်သွားပါသည်။ ဆရာတော်ဦးဝိသုဒ္ဓနှင့် ဆရာတော် ဦးနန္ဒိယတို့သည် ဤမှတ်တမ်းကြီး ထမြောက်အောင်မြင်စေရန် အကျိုးဆောင်ပေးသည့် ကျေးဇူးရှင်များ ဖြစ်ကြပါသည်။
ထို့ပြင် ဤမှတ်တမ်းကြီးကို ပြီးစီးအောင် ရေးဖြစ်ရန် အတိုင်းအရှည် မယုတ်မလွန်ဖြစ်စေရန် ပဲ့ကိုင်ပေးခဲ့သည့် ဆရာသမားတစ်ဦးလည်း ရှိသေးသည်။ ငွေတာရီ အယ်ဒီတာ ဦးလေးမြိုင်ပင် ဖြစ်ပါသည်။
ထိုစဉ်က စာရေးသူသည် ဝတ္ထုတိုများ ရေးပို့ရင်း ရန်ကုန်ရောက်လျှင် မြဝတီတိုက်သို့ ဝင်နေကျဖြစ်ပါသည်။ ဤသို့ ဝင်ရင်း ထွက်ရင်း အယ်ဒီတာ ဦးလေးမြိုင်နှင့် ခင်မင်ရင်းနှီးလာပါသည်။ ထို့ကြောင့်ပင် အရှင်ဝဏ္ဏသီရိ အမည်ဖြင့် ပထမဦးစွာ ထုတ်ဝေခဲ့သည့် ဝိမုတ္တိသာသနာစာအုပ်ကို ဦးလေးမြိုင်ကပင် စာအုပ်ဖြစ်အောင် အစအဆုံး ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင် ညီတော်အာနန္ဒာ စာအုပ်များ ရေးသားနေသည့် အချိန်ကလည်း မြဝတီတိုက်သို့ ဝင်မိတိုင်း အစအဆုံး ပြီးစီးအောင် ရေးဖြစ်ရန် ငါးအုပ်လောက်နှင့် အစအဆုံးခြုံငုံမိအောင် ရေးသားရန် တိုက်တွန်းပါသည်။ "စာတစ်အုပ် စာတစ်ပုဒ်ရဲ့ အသက်ဟာ နိဂုံးကောင်းတဲ့အပေါ်မှာ တည်တယ်၊ နိဂုံးချုပ်တတ်ဖို့ လိုတယ်၊ နိဂုံးကောင်းမှ စာအုပ်တစ်အုပ်လုံး ကောင်းမယ်" ဟု လမ်းညွှန်စကား ပြောကြားခဲ့ပါသည်။ ထို့ကြောင့်လည်း နိဂုံးအပိုင်းကို အထူးကြိုးစားပြီး ရေးသားရပါသည်။
ထို့ပြင် မယ်ခေမာချွတ်ခန်း၌ ပါရှိသော ပါဠိဂါထာများကို မြန်မာကဗျာအဖြစ်ဖြင့် ဖွဲ့ဆိုပေး၍ ကျေးဇူးပြုသော ပုဂ္ဂိုလ်ကိုလည်း ရိုသေလေးမြတ်စွာ ဖော်ပြရပါဦးမည်။ ထိုပုဂ္ဂိုလ်သည်ကား ရဝေထွန်း ကလောင်အမည်ခံ ဆရာတော် အရှင်တိလောကသာရ ဖြစ်ပါသည်။
ဤသို့ တစ်သက်တာမှတ်တမ်းကြီး ရေးသားဖြစ်အောင် အကျိုးဆောင်ပေးခဲ့သည့် ကျေးဇူးရှင်ကြီးများကို ဖော်ပြပြီးနောက် စာအုပ်ဖြစ်မြောက်ရေးအတွက် ထောက်ပံ့ကူညီခဲ့သော ကျေးဇူးရှင်ကြီးများကိုလည်း ဖော်ပြလိုပါသည်။ ဝိမုတ္တိသာသနာစာအုပ်မှ စတင်ကာ ညီတော်အာနန္ဒာ ငါးလုံးတွဲ ပြီးသည်အထိ ငွေရင်းရိုက်ထုတ်၍ ကူညီခဲ့သူများမှာ မုံရွာမြို့ ပွဲစားကြီး ဦးသိန်းညွန့်၊ ဒေါ်ဟန်တင်တို့ ဖြစ်ကြပါသည်။ ဦးသန်းညွန့် ဒေါ်ဟန်တင်တို့သည် စာရေးသူ သာသနာ့ဘောင်မှ လူ့ဘောင်သို့ ဆင်းလာသည့်တိုင်အောင် အရေးကြုံတိုင်း ကူညီစောင်မခဲ့ကြသူများ ဖြစ်ပါသည်။
စာရေးသူအပေါ် စေတနာ မေတ္တာထား၍ ကူညီစောင်မကြပေသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် အပေါင်းအား ကျေးဇူးတင်ပါသည်။
ထို့ပြင် ညီတော်အာနန္ဒာ စာအုပ်များ၌ လိုအပ်ချက်များကို ထောက်ပြခြင်း၊ အားပေးစကား ပြောကြားခြင်းဖြင့် ချီးမြှင့်ခဲ့ကြသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် စာပေပညာရှင်ကြီးများကိုလည်းကောင်း ကျေးဇူးတင်ပါသည်။
ဝဏ္ဏသီရိ
ခေတ္တ၊ ရန်ကုန်မြို့။ ၁၆၊ ၉၊ ၁၉၉၄။
အရပ်တော်နောက်က အရိပ်
လောက၌ အရပ်ရှိလျှင် အရိပ်ထွက်မြဲဖြစ်၏၊ အရပ်၏ အတိုင်းအတာ ပမာဏကိုလိုက်၍ အရိပ်မှာလည်း တို ရှည် ကြီး ငယ်၊ သွယ်သွယ်ဝဝ၊ အရွယ်ပမာဏအမျိုးမျိုး ရှိနိုင်ပေသည်။
ဤကမ္ဘာမြေပြင်၌ ဂေါတမဟူသော ဘွဲ့နာမံတော်ဖြင့် သမ္မာသမ္ဗုဒ္ဓ တစ်ဆူပွင့်ထွန်းတော်မူခဲ့၏၊ ငြိမ်းအေးခြင်း၊ ချမ်းသာခြင်းကို လက်ငင်း လက်တွေ့ခံစားနိုင်၊ မျက်မှောက်ပြုနိုင်သော တရားတော်များကို ဟောကြားတော်မူခဲ့၏၊ ထိုတရားတော်များကို ဆင့်ကူး ဆင့်ကမ်း ဉာဏ်လက်လှမ်း၍ ပေးသွားနိုင်ရေးအတွက် သံဃာ့အဖွဲ့အစည်းကြီးကိုတည်ထောင်တော်မူခဲ့၏၊ တရားလမ်းစဉ် ကြည်လင် ထင်ရှားရေးနှင့် သံဃာ့အဖွဲ့အစည်းကြီး ကြီးပွား ခိုင်မာရေးအတွက် လေးဆယ့်ငါးဝါကာလပတ်လုံး ကြီးမြတ်သော လုံ့လဥဿာဟဖြင့် သာသနာပြုတော်မူခဲ့၏၊
ထိုသမ္မာသမ္ဗုဒ္ဓ ဂေါတမ အရှင်မြတ်ကြီး၏ အရပ်တော်သည် မည်ရွေ့မည်မျှ ရှိလေသနည်း။ ဤကမ္ဘာလောကဓာတ်အတွင်း၌ ဘုရားရှင်၏ အရပ်တော်ကို တိုင်းတာရန် ဝတ္ထုပစ္စည်း တစ်စုံတစ်ခုမျှ မရှိပါ။ ကမ္ဘာလောကဓာတ်၏ အပြင်ဘက်မှာလည်း မရှိနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင်တို့မည်သည် အတိုင်းအတာ ပမာဏပြု၍ မရနိုင်သောကြောင့် ဖြစ်ပေသည်။
ဤသို့အားဖြင့် ဘုရားရှင်၏ အရပ်တော်ကို ဤရွေ့ ဤမျှ ရှိ၏ဟု တိုင်းတာ၍ မရနိုင်ပါ။ တိုင်းတာစရာ ဝတ္ထုပစ္စည်းကို ရှာ၍ မရနိုင်ပါ။ သို့ရာတွင် အတိုင်းအတာ ပမာဏပြု၍ မရနိုင်လောက်အောင် ကြီးကျယ်မြင့်မြတ်လှပေသော ထိုအရပ်တော်၏ အရိပ်ကိုကား ကျွန်ုပ် ရဲရဲဝံ့ဝံ့ တိုင်းတာနိုင်ပါသည်။ အရိပ်ကို တိုင်းတာရာ၌ ကျွန်ုပ်အဖို့ အားနာပါးနာ ဖြစ်နေစရာမရှိပါ။ ဟုတ်မှ ဟုတ်ပါမည်လောဟု တွေးတောနေစရာ မရှိပါ။ ပတ်ဝန်းကျင်၏ ထင်မြင်ချက်ကို တောင်းဆိုနေစရာလည်း မလိုပါ။ ဤသို့ မလိုခြင်း၊ မရှိခြင်း၏ အကြောင်းကား အခြားမဟုတ်ပေ။ မနှိုင်းယှဉ်အပ်သော အရပ်တော်၏ အရိပ်မှာ ကျွန်ုပ်အာနန္ဒာ ကိုယ်တိုင်ပင် ဖြစ်နေသောကြောင့်ပါတည်း။
မှန်ပါသည်။ ကျွန်ုပ်၏ စိတ်နှလုံးကို ပွားစေတတ်သော သီတင်းသုံးဖော် သံဃာတော်များက ကျွန်ုပ်ကို ဘုရားရှင်၏ အရိပ်ဟု တင်စား၍ ပြောဆိုကြပါသည်။ အရိပ်ဟု တင်စားရလောက်အောင် ကျွန်ုပ်ကလည်း ဘုရားရှင်နှင့် မကွေမကွာ နေလာခဲ့ပါသည်။ အမြဲတမ်း အလုပ်အကျွေးတာဝန်ကို ရလာခဲ့သည့်အချိန်မှစ၍ ဘုရားရှင်သွားလေရာ ပါခဲ့သည်။ ဘုရားရှင်၏ သပိတ်သင်္ကန်းကို လက်လှမ်း၍ ယူလာခဲ့သည်။ တစ်နေရာရာမှာ ရပ်နားလျှင် ဦးစွာပထမ နေစရာ ထိုင်စရာ ခင်းပေးခဲ့သည်။ ရေပူရေချမ်း ကမ်းလှမ်းခဲ့သည်။ ခြေဆုပ်လက်နယ် ပြုခဲ့သည်။ တစ်ပါးတည်း အေးချမ်းစွာနေသည့်အခါဒအာနန္ဒာ'ဟု ခေါ်လျှင် ချက်ချင်းကြားနိုင်ဖို့ အနီးအပါးမှ နားစွင့်၍ နေခဲ့သည်။ ဘုရားရှင်နှင့် ပတ်သက်လေသမျှ ကျွန်ုပ်၏ ကာယကံ၊ ဝစီကံ၊ မနောကံတို့ဥည် မေတ္တာဓာတ် လွှမ်းခြုံလျက်သာ ရှိခဲ့ကြပါသည်။
ပစ္ဆိမဗောဓိဟု ဆိုအပ်သော နောက်ပိုင်း ၂၅ ဝါ ကာလတွင် ဤတာဝန်ကို တောက်လျှောက် ထမ်းဆောင်လာခဲ့ရာမှ နောက်ဆုံးအချိန်အထိ တစ်စုံတစ်ရာ ပျက်ကွက်မှု မရှိခဲ့ပါ။ ဘက်ပေါင်းစုံမှ ကျေပွန်ခဲ့သော တာဝန်များကို အသိအမှတ်ပြုတော်မူသောအားဖြင့် ရွှေပန်းထိမ်သည်၏သား စုန္ဒ လှူဒါန်းသောသင်္ကန်းအစုံမှ တစ်ထည်ကို ဘုရားရှင် ပေးစွန့်တော်မူခဲ့၏၊ အလုပ်အကျွေး တာဝန်ယူခဲ့သည့်နေ့က ကျွန်ုပ် ပယ်ခဲ့သည့်အထဲတွင် ဤလိုသင်္ကန်းပေးခြင်းလည်း ပါခဲ့၏၊ သို့ရာတွင် ယနေ့ကား ပြုစုလုပ်ကျွေးမှု အစုစု၏ အထွတ်အထိပ်သို့ ရောက်ချေပြီ။ နောက်တစ်ခုက ကျွန်ုပ်အပေါ် ဘုရားရှင် ကျေနပ်နှစ်သိမ့်တော်မူသည်ကို သီတင်းသုံးဖော်တို့က သိပါစေတော့ဟု ကျွန်ုပ် ဤသင်္ကန်းကို လက်ခံခဲ့ပေသည်။
ယခုတော့ ဤသို့ ပေးတော်မူခဲ့သည့် ဘုရားရှင် မရှိတော့ပြီ။ ကုသိန္နာရုံရဂုံသာမော အင်ကြင်းတောဝယ် သက်တော်ရှစ်ဆယ်တွင် ပရိနိဗ္ဗာန်ပြုတော်မူခဲ့လေပြီ။ ကျွန်ုပ် ကိုယ်တိုင်မှာလည်း (ဘုရားရှင်လက်ထက် အသက်လေးဆယ်စွန်း၍ ယခု အသက်အရွယ် တစ်ရာ့နှစ်ဆယ် ရှိခဲ့ပေပြီ) နေခွင့်ရှိသေးသည့် အသက်အပိုင်းအခြားကို ကြည့်လိုက်ပြန်တော့ သည်ကနေ့မှ နောက် ခုနစ်ရက်မြောက်မှာ ခန္ဓာဇာတ်သိမ်းဖို့ ရှိနေပေပြီ။
သက်ကြီးရွယ်အို အဖြစ်ဖြင့် ကျွန်ုပ် အခြေတကျ နေခဲ့သည့် ဤရောဟီနီမြစ်နားဝယ် တပည့်ဒါယကာ၊ ဒါယိကာမတို့ ပေါများလှပါ၏၊ သူတို့ ကိုးကွယ်ရာ ဆရာသမား ပရိနိဗ္ဗာန် ပြုတော်မူတော့မည်ဟု ကြားသိကြသည်နှင့် ရောဟိနီမြစ်ဝဲယာမှ ဒါယကာ၊ ဒါယိကာမများ အလုပ်များကြတော့သည်။ နှစ်ဖက်စလုံးက မိမိတို့ဘက်မှာသာ ပရိနိဗ္ဗာန် ပြုစေချင်ကြသည်။ နှစ်ဖက်စလုံးက ဒါယကာ၊ ဒါယိကာမများမှာ ကျွန်ုပ်နှင့်တကွ သာသနာတော်ကြီးအား ကျေးဇူးများသူချည်းဖြစ်သည်မို့ သူတို့အားလုံး စိတ်ကျေနပ်စေမည့် နည်းကို သုံးရပါလိမ့်မည်။
ကောင်းပါပြီ။ နှစ်ဖက်စလုံးက တပည့် ဒါယကာ၊ ဒါယိကမများ ကျေနပ်စေမည့် နည်းကို စဉ်းစား၍ ရပြီးပါပြီ။ ခုနစ်ရက်စေ့မြောက် အချိန်ရောက်ခါမှ ထပ်တူထပ်မျှ ငဲ့ညှာတတ်၊ ချီးမြှောက်တတ်သော ဆရာသမားများ၏ စိတ်ဓာတ်ကို သူတို့ဘာသာ သဘောပေါက်၍ လာကြပါလိမ့်မည်။
စိတ်သွားရာ ကိုယ်မပါနိုင်တော့သည့် အိုမင်းရွတ်တွ အချိန်ပိုင်းတွင် ပူဆာငြိမ်းရာ မြတ်ချမ်းသာ တရားကြီးကို လက်ဆုပ်လက်ကိုင် ရရှိထား၍သာ တော်တော့သည်။ ဤတရားကြီးကို မျက်မှောက်ပြု၍ အေးငြိမ်းချမ်းသာသည့် အရသာကို ခံစားရလေလေ၊ ဤချမ်းသာကို ပေးတော်မူခဲ့သည့် ကျေးဇူးရှင်ကြီးကို သတိရလေလေ။
စောစောက ဖော်ပြခဲ့သည့်အတိုင်း ကျွန်ုပ်သည် ဘုရားရှင်၏ အရိပ်ဖြစ်ပါ၏၊ အရိပ်သည် အရပ်မှာ အကြောင်းရင်း ခံလာခဲ့သဖြင့် အရပ်နှင့် မကင်းနိုင်ပါ။ ထို့အတူ အရပ်ကိုလည်း အရိပ်မပါဘဲ တသီးတခြား ထုတ်ယူ၍ မဖြစ်နိုင်ပါ။ အကြောင်းမှာ အရပ်သွားရာ အရိပ်က ထပ်ကြပ်မကွာ ပါနေသောကြောင့် ဖြစ်ပါသည်။
ဘုရားရှင်ဝါ ၂၀ ကျော်မှ ကျွန်ုပ် အမြဲတစေ လုပ်ကျွေးခဲ့ရသည် မှန်ပါ၏၊ သို့သော် ဝါနှစ်ဆယ် အတောအတွင်းမှာလည်း ဘုရားရှင်နှင့် အတူနေအများဆုံးမှာ ကျွန်ုပ်ပင် ဖြစ်ပါသည်။ ကျွန်ုပ်နှင့် အတူရှိနေစဉ် ပေါ်ပေါက်လာခဲ့သော အတ္ထုပတ္တိများ၊ ဟောကြားခဲ့သော ဒေသနာတော်များ အမြောက်အမြား ရှိခဲ့ပါသည်။ အမြဲတမ်းလုပ်ကျွေးလာခဲ့သည့်တွင်လည်း ဘုရားရှင်နှင့်တကွ အရှင်သာရိပုတ္တရာစသော မထေရ်ကြီးများကတစ်ဆင့် ပြန်လည်ဟောပြခဲ့သဖြင့် ကျွန်ုပ်မျက်ကွယ်က ဖြစ်တော်စဉ်နှင့် တရားတော်များမှာလည်း ကျွန်ုပ်မျက်မှောက် ရောက်လာကြပေသည်။
ထို့ကြောင့် ကျေးဇူးရှင်ကြီး၏ ဖြစ်တော်စဉ်ကို တင်ပြလျှင် အရိပ်တည်းဟူသော ကျွန်ုပ် အာနန္ဒာ ပါပါမည်။ ဟောကြားတော်မူခဲ့သော တရားဒေသနာတော်တိုင်း၏ နောက်ခံကားပေါ်တွင် ကျွန်ုပ်၏ ရုပ်သွင်ကို တွေ့မြင်ကြရလိမ့်မည်။ ထိုအခါ ကျွန်ုပ်နှင့်အတူ ကျေးဇူးရှင်ကြီး၏ ထံတော်ပါး၌ နားနေခိုလှုံခဲ့ကြသော သာဝက အသီးသီးတို့၏ ရုပ်သွင်များကိုပါ ရှုမြင်ကြရပါလိမ့်မည်။
ကျွန်ုပ်၏ စိတ်နှလုံးကို ရွှင်ပြုံးစေတတ်၊ နှစ်သိမ့်စေတတ်သော အို သူတော်သူမြတ်အပေါင်းတို့၊ လာခြင်းကောင်းသော ဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ တပည့်သာဝကအပေါင်း၏ ကောင်းသောလာခြင်း၊ ကောင်းသတင်းနှင့် အဖုံဖုံကို ယခုကျွန်ုပ်က ဇာတ်စုံခင်း၍ ပြပါတော့မည်။
သဒ္ဓိန္ဒြေ၊ ပညိန္ဒြေ နှစ်ထွေနှစ်ဝ မျှတသော စိတ်ထားဖြင့် နားသောတ ဆင်ကြပါကုန်လော့။
(မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ ရွှေပန်းထိမ်သည်၏သား စုန္ဒဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ၊ တောကျောင်းနေ တိဿ သာမဏေဝတ္ထု၊ အာနန္ဒထေရဂါထာ)
သကျတို့၏ ဂုဏ်ကျက်သရေဆောင်များ
ဖြစ်ပေါ်လာလေသမျှသော ခြင်းရာကိစ္စ ဟူဟူသမျှကို ပတ်ဝန်းကျင်အကြောင်းတရားများနှင့်ကင်း၍ သူ့ဘာသာ တသီးတခြားအလိုအလျောက် ပေါ်ပေါက်လာသည်ဟု ဆိုလျှင် အဓိစ္စသမုပ္ပန္နဒိဋ္ဌိ ဖြစ်ကြောင်း ဘုရားရှင် ဟောတော်မူခဲ့၏၊
ထို့ကြောင့် ကျွန်ုပ်၏ ရှေးဟောင်းနှောင်းဖြစ်ကို ပြန်ပြောင်း၍ တင်ပြခွင့် ကြုံလာခိုက်မှာ ပတ်ဝန်းကျင် အကြောင်းတရားများနှင့်တကွ ဖော်ပြရပေလိမ့်မည်။
ဘုရားရှင်၏ သာသနာတော်တွင်းသို့ ရှင်ရဟန်းပြုလာသူတိုင်းကို (သကျပုတ္တိယ) သကျမျိုးနွယ်ဟု ခေါ်ဝေါ်ကြ၏ မျိုးရိုးဇာတိအားဖြင့် သကျမျိုးနွယ်မဟုတ်စေကာမူ သကျတို့၏ အထွတ်အမြတ် ဘုရားရှင်နှင့် ပတ်သက်လာကြ၍ ဤအမည်ကို ခံယူနိုင်ခွင့်ရှိလာကြ၏၊ ကျွန်ုပ်ကား သကျမျိုးနွယ် နှစ်ထပ်ကွမ်းဖြစ်ပေသည်။ အများနည်းတူ သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်တစ်ပါး အဖြစ်ဖြင့် သကျမျိုးနွယ် ဖြစ်ရုံမက မျိုးရိုးဇာတိကပါ သကျမျိုးနွယ် ဖြစ်ခဲ့ရပေသည်။
မဂဓ၊ ကောသလစသော နိုင်ငံကြီးများမှာကဲ့သို့ ကျွန်ုပ်တို့ သကျနိုင်ငံတွင် ဘုရားဧကရာဇ်ဟူ၍ မရှိပါ။ တစ်နိုင်ငံလုံး၏ အချုပ်အခြာအာဏာကို တစ်ဦးတစ်ယောက်တည်းက မပိုင်ပါ။ သကျမျိုးနွယ်အားလုံးက စုပေါင်း၍ ပိုင်ဆိုင်ကြ၏၊ သကျအမျိုးသား၊ အမျိုးသမီးဟူသမျှ နယ်မြေပိုင်စိုးသည့် မင်းမျိုး မင်းနွယ်များသာ ဖြစ်ကြပေသည်။
ဤအမျိုးအနွယ်အတွက် ကျွန်ုပ်တို့၏ လူကြီးမိဘများ ဂုဏ်ယူမဆုံးနိုင်အောင် ရှိခဲ့ကြ၏၊ ဤအမျိုးအနွယ်၏ ဂုဏ်ကို သားစဉ်မြေးဆက် အမွှမ်းတင်၍ လာခဲ့ကြ၏၊ ကမ္ဘာတည်စ၊ မဟာသမ္မတမင်းကြီး လက်ထက်ကပင် ဤအမျိုးအနွယ်စတင်ခဲ့သည်ဟု ဆိုရိုးပြုခဲ့ကြ၏၊ သို့ရာတွင် သကျဟူသော သီးခြားနာမည်ဖြင့် ထင်ရှားလာခဲ့ကြသည်ကား ဩက္ကာကမင်းကြီး လက်ထက်မှာမှ စတင်ခဲ့သည်ဟု ဆိုကြပေသည်။ ဩက္ကာက မင်းဆက်တွင် မင်းဆက် သုံးဆက်ရှိခဲ့ရာ ထိုမင်းကြီးသည် နောက်ဆုံးဖြစ်၏၊ သူ စကားပြောသောအခါ အာခံတွင်းမှ ဥက္ကာပျံသကဲ့သို့ အရောင်အဝါများ ထွက်လာသဖြင့် ထိုအမည်တွင်ခဲ့သည်ဟု ဆိုကြပေသည်။
ထိုဩက္ကာကမင်းကြီးတွင် မိဖုရား ငါးယောက်ရှိခဲ့၏၊ မိဖုရားခေါင်ကြီးသည် သားတော် လေးယောက်နှင့် သမီးတော် ငါးယောက် ဖွားမြင်ပြီးလျှင် ကွယ်လွန်ခဲ့၏၊ ထို့နောက်ဩက္ကာကမင်းကြီးသည် အခြားအမျိုးသမီးတစ်ယောက်ကို မိဖုရားခေါင်ကြီးအရာထား၍ မြှောက်စား၏၊ ထိုအမျိုးသမီးသည် အရွယ်နုပျို၏၊ အဆင်းသဏ္ဍာန်လှပတင့်တယ်၏၊ ထိုမိဖုရားခေါင်ကြီးမှ သားတော်လေးတစ်ပါး ဖွားမြင်လာရာ ဩက္ကာကမင်းကြီးသည် သားတော်လေးကို ချစ်မြတ်နိုးလှသဖြင့် 'သားတော်အတွက် လိုသောဆုကို တောင်းစေ' ဟူ၍ အလျင်စလို ဆုပေးခဲ့၏၊ မိဖုရားခေါင်ကြီးသည် ဆွေမျိုးများနှင့် တိုင်ပင်ပြီးလျှင် သားတော်လေးအတွက် ထီးနန်းစည်းစိမ်ကို အမွေ ဆက်ခံခွင့်ပြုရန် တောင်းဆို၏၊ ဤတွင်မှ ဩက္ကာကမင်းကြီးသည် မိမိအလျင်စလို ပြောဆိုခဲ့မိသည်ကို နောင်တကြီးစွာ ရလာ၏၊ "သူယုတ်မ၊ သင်သည် ငါ့သားတော်ကြီးများကို အကောက်မကြံနှင့်" ဟုခြိမ်းခြောက်ရ၏၊ သို့ရာတွင် မိဖုရားခေါင်ကြီးကား လက်မလျှော့ပေ။ အခါအခွင့်သင့်တိုင်း ပေးထားပြီးသော ကတိစကားအတိုင်း တောင်းဆို၍သာ နေ၏၊ ဤတွင်ိုဩက္ကာကမင်းကြီးသည် သားတော်ကြီးများကို တိုင်းပြည်မှ နှင်ထုတ်ရတော့၏၊ ဆင်၊ မြင်း၊ ရထားနှင့် အမတ်များကို ပေးအပ်ကာ ခမည်းတော် နတ်ရွာစံခါမှ လာရောက်၍ ထီးမွေ နန်းမွေ ဆက်ခံကြပေတော့ဟု မှာကြားလိုက်ရ၏၊
မင်းသားတို့သည် ခမည်းတော်မင်းကြီးနှင့်တကွ မိဖုရားများကို ကန်တော့ပြီးလျှင် တိုင်းပြည်မှ ထွက်ခွာလာခဲ့ကြ၏၊ သူတို့နှင့်အတူ နှမတော်ငါးယောက်တို့လည်း လိုက်ပါလာခဲ့ကြ၏၊ မင်းသားတို့ကို အလုပ်အကျွေးပြုရန် လူပေါင်းများစွာလည်း ပါလာကြ၏၊ မင်းသားတို့ဥည် ထိုလူသူ ပရိသတ်အားကိုးဖြင့် အခြားမင်းတို့၏ နယ်မြေကို မထိပါးမူ၍ မိမိတို့ဘာသာ လွတ်လွတ်လပ်လပ် တိုင်းပြည်တည်ထောင်ရန် ဟိမဝန္တာတောင်ဆီသို့ ရှေးရှုလာခဲ့ကြ၏၊
ထိုအချိန်တွင် ကပိလမည်သော ရသေ့ကြီးသည် ဟိမဝန္တာတောင်ခြေရှိ ရေကန်ပေါင်တွင် ကျောင်းသင်္ခမ်းကလေး ဆောက်လုပ်၍ နေထိုင်လျက်ရှိ၏၊ ကပိလ ရသေ့ကြီးသည် ဘုမ္မဇာလဟူသော အတတ်ပညာဖြင့် မြေတို့၏ အကျိးအပြစ်ကို သိမြင်၏၊ သို့ဖြစ်၍ မြို့တည်ရန် နေရာရှာဖွေနေကြသော မင်းသားများအား ဤသို့ တိုက်တွန်း၏၊
"မင်းသားတို့၊ ခြင်္သေ့များ၊ ကျားများရန်ကြောင့် အသက်ဆံဖျား ပြေးလာကြရသော သမင်များ၊ ဝက်များသည် ဤနေရာရောက်လျှုင် ခြင်္သေ့များ ကျားများကို ပြန်၍ မာန်ဖီနိုင်ကြ၏၊ မြွေကြီးများ၊ ကြောင်ကြီးများလိုက်၍ အမောတကော ပြေးလာကြသော ဖားများ၊ ကြွက်များသည် ဤမြေပေါ်ရောက်လျှင် မြွေကြီးများ ကြောင်ကြီးများကို ပြန်၍ ခြိမ်းခြောက်နိုင်ကြ၏၊ ထို့ကြောင့် သင်တို့လည်း ဤကျောင်းသင်္ခမ်းနေရာ၌ပင် မြို့တည်ကြကုန်လော့"
ဤသို့ ကပိလရသေ့ကြီးက ညွှန်ကြားသည့်အတိုင်း ကပိလရသေ့ကြီး၏ ကျောင်းသင်္ခမ်းနေရာတွင် မြို့တည်ကြရသဖြင့် ထိုမြို့ကို ကပိလဝတ် (ကပိလဝတ္ထု) ဟူ၍ သမုတ်ကြရပေသည်။
မြို့ပြအိမ်ရာများ တည်ထောင်ကြပြီးနောက် အတူပါလာသော အမတ်တို့သည် မင်းသားတို့အတွက် အိမ်ထောင်ဖက်ရှာရေးကို တင်လျှောက်ကြ၏၊ ဤတွင် မင်းသားတို့က "အမတ်တို့၊ ငါတို့နှင့် မျိုးရိုးတူသော မင်းသမီးများလည်း ရှာမတွေ့ပေ။ နှမတော်နှင့် မျိုးရိုးတူသော မင်းသားများလည်း မရောက်လာကြပေ။ မျိုးရိုးချင်းမတူသူများနှင့် အိမ်ထောင်ဖက်မိ၍ သားသမီးများပေါက်ပွားလာလျှင် အမိဘက် အဖဘက် တစ်ဘက်ဘက်မှ မစင်မကြယ်ဖြစ်လာပေလိမ့်မည်။ မျိုးရိုးပါ တိမ်ကောပျက်စီး၍ သွားပေလိမ့်မည်။ ထို့ကြောင့် ငါတို့သည် နှမတော်များနှင့် အိမ်ထောင်ဖက်လိုကြကုန်၏" ဟု ဆိုကြ၏၊ ဤသို့ မင်းသားတို့သည် မျိုးရိုးပျက်စီးမည့်အရေးကို တွေးတော ကြောက်ရွံ့ကြသဖြင့် မောင်တော် နှမတော် လေးယောက်စီ စုံဖက်ကြကုန်၏၊ အကြီးဆုံး နှမတော်ကို အမိအရာထား၍ လေးစားစွာ ဆက်ဆံကြကုန်၏၊
ထိုအကြောင်းကို ဩက္ကာကမင်းကြီး ကြားသိရသောအခါ (သကျာဝတဘောကုမာရာ) "အချင်းတို့ မင်းသားတို့ဥည် မျိုးရိုးမပျက်စီးအောင် စွမ်းဆောင်နိုင်ကုန်စွတကား" ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်ခဲ့၏၊ ဤသို့ ကျူးရင့်ခဲ့သော စကားကို အစွဲပြု၍ သကျမျိုးနွယ် ပေါ်ပေါက်လာခဲ့ရပေသည်။
(ဒီဃနိကာယ်၊ အမ္ဗဋ္ဌသုတ်ပါဠိတော်နှင့် အဋ္ဌကထာ)
နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို အသုံးပြုရာ၌ သကျတို့သည် သန္ထဂါရခေါ် လွှတ်တော်၏ အဆုံးအဖြတ်အတိုင်း လိုက်နာကြရ၏၊ သကျမျိုးနွယ်အရွယ်ရောက်သည့် ယောကျ်ားတိုင်း လွှတ်တော်သို့ တက်ခွင့်ရကြ၏၊ နိုင်ငံ၏ အရေးအခင်းများနှင့် ပတ်သက်၍ မိမိတို့ သဘောဆန္ဒကို လွတ်လပ်စွာ တင်ပြခွင့်ရကြ၏၊ ဤသို့ တင်ပြ၍ အများထောက်ခံချက်ကို ရကာ ဥပဒေအရာမြောက်လာသည့် အဆိုများ ရှိသကဲံသို့ အချိုပ အဆိုများကား အများ၏ ထောက်ခံချက် မရသဖြင့် တိမ်မြုပ်၍ သွားကြရပေသည်။ မိမိ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အများဆုံးဖြတ်ရာနာခံ၍ အတူတကွ လက်တွဲ လာနိုင်ခဲ့ခြင်းမှာ ကျွန်ုပ်တို့ သကျအမျိုးသားများ၏ ဂုဏ်ကျက်သရေပင်ဖြစ်ပေသည်။
လွှတ်တော် အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်၍ တိုင်းပြည် အုပ်ချုပ်ရေး ကိစ္စအရပ်ရပ် ဆောင်ရွက်နေရသော ပုဂ္ဂိုလ်များမှာ 'ရာဇာ' အမည် ခံယူကြရ၏၊ အခြားသော သူများမှာ ကုန်သွယ်ခြင်း၊ လယ်လုပ်ခြင်း စသည့် ကိုယ်ပိုင် လုပ်ငန်းဆောင်တာများ ရှိနေကြ၏၊ ဤနေရာ၌ သကျများသည် မလ္လများနှင့် ခပ်ဆင်ဆင် ဖြစ်ကြ၏၊ မလ္လတို့သည် မိမိတို့ တိုင်းပြည်ကို အလှည့်ကျ အုပ်ချုပ်ကြရ၏၊ အုပ်ချုပ်နေစဉ်ကာလမှာ ရာဇာဟု အမည်ခံကြရ၏၊ အလှည့်မကျသော သူများမှာ ရပ်တကာ နယ်တကာ လှည့်၍ ကုန်သွယ်နေတတ်ကြပေသည်။
(မဇ္ဈိမနိကာယ်၊ သေခသုတ်၊ အဋ္ဌကထာ)
မလ္လများထက် ကျွန်ုပ်တို့ သကျမျိုးနွယ်တို့က တစ်ခုတော့ ထူးခြား၏၊ ကျွန်ုပ်၏ ဘကြီးတော် သုဒ္ဓေါဒနသည် လွှတ်တော်သဘာပတိ တာဝန်နှင့် အုပ်ချုပ်ရေးအာဏာများကို လက်ခံဆောင်ရွက်ခဲ့ရာတွင် သကျမျိုးနွယ်အားလုံး၏ တခဲနက်ထောက်ခံမှုကို အစဉ်ထာဝရ ရရှိခဲ့၏၊ ထို့ကြောင့် သူ့ကို အထူးဝိသေသပြုကာ 'မဟာရာဇာ' ဟု ဂုဏ်ပြုကြရ၏၊ ကျွန်ုပ်နှင့်အတူ ရဟန်းပြုလာသော ဘဒ္ဒိယသည်လည်း သုဒ္ဓေါဒန မဟာရာဇာ၏ လက်အောက်၌ အုပ်ချုပ်ရေးတာဝန်များ ထမ်းဆောင်နေရသည့် ရာဇာတစ်ဦးပင် ဖြစ်ခဲ့ပေသည်။
(ဝိနည်း၊ စူဠဝဂ်၊ သံဃဘေဒက ခန္ဓက၊ ဆသကျပဗ္ဗဇ္ဇာကထာ)
ကျွန်ုပ်၏ သွေးချင်းသားချင်းများအကြောင်းကို ဖော်ပြရာတွင် ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဂိုဏ်းဝင် ခြစ်သွားလေမလားဟု တွေးမိပါ၏၊ သို့ရာတွင် သည်ဆွေသိုက်၊ မျိုးသိုက်ထဲမှာ ဘုရားရှင်ကိုယ်တော်တိုင် ပါဝင်နေသဖြင့် ရှိသည့်ဂုဏ်ကို ဟုတ်မှန်တိုင်း ဖော်ပြခွင့်ကား ရှိနေပါသည်။
သကျတို့သည် ဗြာဟ္မဏတို့၏ အမျိုးဇာတ်ကို ဦးမညွှတ်ကြ။ ဗြာဟ္မဏတို့၏ ဝေဒကျမ်းဂန်များကို မကိုးကွယ်။ သူတို့ကိုးကွယ်သည်မှာ သူတို့၏ ထုံးတမ်းစဉ်လာများပင် ဖြစ်၏၊ သူတို့အားလုံး အလေးတမူ အရေးယူကြသည်မှာ သကျတို့၏ မဟာရာဇာများပင် ဖြစ်၏၊
သကျအမျိုးသားအားလုံး၏ ဦးညွှတ်ခြင်းကို ခံယူကာ တစ်မျိုးတစ်နွယ်လုံး၏ ဂုဏ်ကျက်သရေကို ဆောင်နိုင်သူများမှာ ဩဒန ညီအစ်ကိုများပင် ဖြစ်ပေသည်။ နောင်တော်အကြီးဆုံးမှာ သုဒ္ဓေါဒနဖြစ်၍ သူ့အောက် သုက္ကောဒန၊ သက္ကောဒန၊ ဓောတောဒန၊ အမိတောဒန ဟူ၍ အစဉ်အတိုင်း ပေါ်ထွန်းကြကာ နောက်ဆုံး ညီမထွေးကား အမိတာ ဖြစ်ပေသည်။
သုဒ္ဓေါဒန မဟာရာဇာသည် အလောင်းတော် သိဒ္ဓတ္ထမင်းသားနှင့် နန္ဒမင်းသားတို့၏ ခမည်းတော်ဖြစ်ပေသည်။ သိဒ္ဓတ္ထမင်းသာကို မဟာမာယာဒေဝီက ဖွားမြင်၍ နန္ဒမင်းသားကိုကား ညီမတော် မဟာပဇာပတိ ဂေါတမီက ဖွားမြင်ခဲ့ပေသည်။ အလောင်းတော်မင်းသား ဖွားမြင်ပြီးနောက် ခုနစ်ရက်အရောက်တွင် မဟာမာယာဒေဝီ ကွယ်လွန်ခဲ့သဖြင့် မိထွေးတော် ဂေါတမီက တူတော်မင်းသားအား နို့ချိုတိုက်ကျွေး မွေးမြူခဲ့ရပေသည်။
ဒုတိယဖြစ်သည့် သုက္ကောဒနသကျသည် မဟာနာမ်နှင့် အနုရုဒ္ဓါတို့ ညီအစ်ကို၏ ဖခင်ဖြစ်၏၊ ကျွန်ုပ်ကား ငါးယောက်မြောက် အမိတောဒန၏ သားဖြစ်ပေသည်။ သာသနာတော်ကြီး စည်ကားလာသည့်အချိန်တွင် သီတင်းသုံးဖော်များနှင့် မတည့်၍ ခဏတိုင်း ပြဿနာဖြစ်ရသော တိဿမှာ ညီမထွေး အမိတာ၏ သားဖြစ်ပေသည်။
ကျွန်ုပ်တို့ တစ်ဝမ်းကွဲ ညီအစ်ကိုများ၌ မဟာနာမ်သည် သိဒ္ဒတ္ထထက်ကြီး၏၊ နန္ဒ၊ အနုရုဒ္ဓါ၊ တိဿနှင့် ကျွန်ုပ်တို့ကား သူ၏ ညီများ ဖြစ်ကြပေသည်။
(မူလပဏ္ဏာသ၊ စူဠဒုက္ခက္ခန္ဓသုတ် အဋ္ဌကထာ)
ကျွန်ုပ်တို့ သာသနာ့နယ်မြေတွင် နာမည်ကျော်ကြား လူသိများသည့် အမျိုးသမီးကြီးများ ရှိခဲ့ကြပါသည်။ စေတနာ သဒ္ဓါတရား ထက်သန်ခြင်း၊ တရားမြင်လွယ်ခြင်း စသဖြင့် အရာဌာန အားလျော်စွာ စံနမူနာပြုကြရသော တပည့်မကြီးများလည်း ရှိကြပါ၏၊ မဟာပဇာပတိ ဂေါတမီကား ထိုကဲ့သို့ နာမည်ကျော်ကြား လူသိများရုံမျှသာမဟုတ်ပါ။ အရာဌာန တစ်ခုခုမှာသာ စံနမူနာ အပြုခံရသူ မဟုတ်ပါ။ ဘက်ပေါင်းစုံမှာ စံပြုထိုက်သော အမျိုးသမီးကြီး ဖြစ်ပါ၏၊ သာသနာတော်ကြီး တစ်ရပ်လုံးက အလေးအမြတ်ပြုအပ်သော သာသနာ့ မိခင်ကြီးပင် ဖြစ်ပေသည်။
သူ့ကို မိထွေးတော်ဟု ခေါ်ကြရခြင်းမှာ အလောင်းတော် သိဒ္ဓတ္ထ အဖြစ်ဖြင့် မဟာမာယာဒေဝီ၏ ဝမ်းကြားတိုက်ဝယ် ကိန်းအောင်းနေရသည့်အချိန်များနှင့်သာ သင့်လျော်၏၊ အမိဝမ်းမှ ဖွားမြောက်ပြီးသည့် အချိန်များမှာကား မိခင်ရင်းပင် ဖြစ်လာတော့သည်။ အစ်မတော်ဘုရား မျက်နှာလွှဲ၍ ထားရစ်ခဲ့သော သားသည်းချာကို သူကိုယ်တိုင် နို့ချိုတိုက်ကျွေး မွေးမြူခဲ့၏၊ မှက် ခြင် ယင်မှ မသန်းရအောင် စောင့်ရှောက်ခဲ့၏၊ တစ်နေ့ တစ်နေ့တွင် ရေမိုးသန့်စင်၍ အမွှေးနံ့သာ လိမ်းပေးရသည်က နှစ်ခါ သုံးခါ။ စားနိုင် သောက်နိုင်သည့် အရွယ်ရောက်ပြန်တော့လည်း အထိန်းတော် အချီတော်များနှင့်ချည်း စိတ်ချ မထားနိုင်။ ကောင်းနိုးရာရာကို ကိုယ်တိုင်ကိုယ်ကြပ် ကျွေးရမှ ကျေနပ်၏၊ တစ်စ တစ်စနှင့် ကြီးထွား၍ လူလားမြောက်လာသည့် အချိန်တိုင်အောင်ပင် သည်မိခင်ကြီး၏ မေတ္တာစမ်းရေများက မခမ်းနိုင်၊ မခြောက်နိုင်ပါ။ အသက် နှစ်ဆယ့်ကိုးနှစ် ရှိလာသည်တိုင်အောင်ပင် သူ့စိတ်ထဲမှာတော့ သားငယ်ရွှေသွေး ပုလုကွေးဟု ထင်နေဆဲ ဖြစ်၏၊ သားသည်မိခင်အဖြစ်ဖြင့် ပြုစု၍ ယုယ၍ နေဆဲသာ ဖြစ်ပါသည်။
(ဥပရိပဏ္ဏာသ ဒက္ခိဏာဝိဘင်္ဂသုတ် အဋ္ဌကထာ)
မိဘတို့၏ အနန္တမေတ္တာဂုဏ်ဖြင့် သားတော်ကြီး သိဒ္ဓတ္ထကို သားတော်ငယ် နန္ဒနှင့် ထပ်တူထပ်မျှ ချစ်မြတ်နိုးမည်ကို ယုံမှားစရာ မရှိပါ။ သစ်သီးတစ်လုံး မုန့်တစ်ခုမှစ၍ သားတော်နှစ်ပါးကို အညီအမျှပေးခဲ့ ကျွေးခဲ့ကြမည်သာ ဖြစ်၏၊ သို့သော် နောင်တော်ကြီး သိဒ္ဓတ္ထအနေနှင့် ညီတော်နန္ဒထက် တစ်ခုသာလွန်သည်ကား ရှိပေသည်။ သားတည်းဟူသော ချစ်ခြင်းမေတ္တာအပေါ်ဝယ် မိတဆိုးလေးပါကလားဟူသော အသိဖြင့် မိဘနှစ်ပါးတို့ ကရုဏာပိုရခြင်း ဖြစ်ပေသည်။ ကရုဏာပိုလာသည့်အလျောက် ပြုစုရာ အလိုလိုက်ရာ၌လည်း သားတော်ငယ်ထက် သာကြပေတော့သည်။
ထို့ကြောင့်ပင် ကျွန်ုပ်၏ နောင်တော် သိဒ္ဓတ္ထသည် လောကီစည်းစိမ်ချမ်းသာကို သူတကာတို့ထက် ထူးကဲစွာ ခံစားခဲ့ရ၏၊ အလိုရှိအပ် မြတ်နိုးအပ်ကုန်သော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိတို့ကို ကာမဂုဏ်ငါးပါးဟု ဆိုကြကုန်၏၊ ထိုကာမဂုဏ်ငါးပါးတို့ကို နောင်တော်မြတ်သည် ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက်ကြီး ခံစားခဲ့ရ၏၊
သူ့အပေါ် မေတ္တာမိုးရော ကရုဏာမိုးပါ ရွာသွန်းခဲ့ကြသော ခမည်းတော် မယ်တော်တို့က သူ့အတွက် ရမ္မ၊ သုဘ၊ သုရမ္မဟူသော ပြာဿာဒ်သုံးဆောင် ဆောက်လုပ်ပေးကြ၏၊ နွေ၊ မိုး၊ ဆောင်း ဟူသော ဥတုသုံးလီ အားလျော်စွာ လှည့်လည်စံပျော်ရန် ဖြစ်၏၊ စည်းစိမ်ရှင် သိဒ္ဓတ္ထသည် ထိုပြာဿာဒ်သုံးဆောင်တွင် ယသော်ဓရာ အမှုးပြုသော မောင်းမပေါင်း မြောက်မြားစွာနှင့်အတူ မွေ့လျော်ပျော်စံ၏၊ ယောကျ်ားဟူ၍ လုံးဝမနှောသည့် မိန်းမတောဝယ် သာယာငြိမ့်ညောင်း လှစွာသော တူရိယာသံတို့ကို နာခံ စံပျော်လျက်ရှိ၏၊ မိုးဥတု လေးလတာတို့ကာလပတ်လုံး ပြာဿာဒ်ထက်မှ လုံးဝ မဆင်းခဲ့ပါချေ။
(မဇ္ဈိမပဏ္ဏာသ၊ မာဂဏ္ဍိယသုတ်)
ကျွန်ုပ်တို့နောင်တော်မှာ ပြတ်ချင်တော့လည်း ရှင်းရှင်းလင်းလင်း။ မပြတ်ခင်တုန်းကလည်း ကျပ်ပြည့်တင်းပြည့် ခံစားခဲ့သူပင် ဖြစ်ပါ၏၊ သို့သော် ဤခေတ် ဤအချိန်ခါ၌ ဤသို့သော လောကီစည်းစိမ် ခံစားခွင့်ရသူမှာ ကျွန်ုပ်တို့နောင်တော်တစ်ပါးတည်း မဟုတ်ပါ။ အခြားတိုင်းပြည်များက မင်းညီမင်းသားများ၊ သူဌေးသူကြွယ်သားများလည်း ဤသို့ပင် ခံစားနိုင်ကြပေသည်။
ဤခေတ် ဤကာလကား ကာမဂုဏ်ခံစားသူတို့ကလည်း မီးကုန် ယမ်းကုန်တံခါးပိတ်၍ ခံစားနေကြ၏၊ လောကထဲက လွတ်မြောက်ရာကို ရှာကြံကြသူတို့ကလည်း မိမိတို့ကိုယ်ခန္ဓာကို မီးကုန်ယမ်းကုန် နှိပ်စက် ညှဉ်းပန်း၍နေကြ၏၊ အစွန်းနှစ်ဖက်သို့ အရှိန်ပြင်းစွာ ပြေးသွားနေကြသော အချိန်ကာလပင် ဖြစ်ပါ၏၊
နောင်တော် သိဒ္ဓတ္ထကဲ့သို့ တခမ်းတနား မခံစားခဲ့ရသော်လည်း အရှိန်အဝါကြီးသော သကျမိဘများ၏ သားအဖြစ် ကျွန်ုပ်တို့ ဘဝနံနက်ခင်းပိုင်းသည်လည်း ပျော်စရာ ကျေနပ်စရာပင် ကုန်လွန်လာခဲ့၏၊
အချိန်တန်အရွယ်ရောက်လာသည့်အခါ မင်းသားတို့ တတ်အပ်သည့် တိုင်းပြည်ကာကွယ်ရေး၊ စီမံအုပ်ချုပ်ရေးပညာရပ်များ သင်ကြားကြရ၏၊ ကျွန်ုပ်ကား အချို့သော မင်းသားများနည်းတူ ကုန်သွယ်ရေး ပညာရပ်များကိုပါ ဝါသနာအလျောက် သင်ကြားခဲ့၏၊ သည်ပညာကို တတ်မြောက်လာသဖြင့် ကျွန်ုပ်သည် အိမ်မှာ အမြဲအစွဲ မနေနိုင်တော့ပါ။ ကပိလဝတ်၏ နယ်နိမိတ်ကို ကျော်ကာ အခြား တိုင်းပြည်များသို့ ရောက်ခဲ့ရ၏၊ နိုင်ငံရပ်ခြား တိုင်းပြည်များထဲတွင် အရောက်အပေါက် အများဆုံးမှာ မလ္လတိုင်း ဖြစ်ပေသည်။ မလ္လတိုင်းသည် ကျွန်ုပ်တို့ သကျတိုင်းနှင့် အနေအထားဆင်တူသည်။ ထို့ပြင် ကျွန်ုပ်၏ အရင်းနှီးဆုံး မိတ်ဆွေ မလ္လမင်းသား ရောဇလည်း ရှိနေသည် မဟုတ်ပါလား။
(ဝိနည်း မဟာဝဂ်၊ ဘေသဇ္ဇခန္ဓက)
ရွှေစိတ်ငြင်ငြို သံဝေပိုက
မိဘများ၏ စီးပွားရေးလုပ်ငန်းကို လက်လွှဲယူငင်ကာ နိုင်ငံတကာလျှောက်သွားနေရ၍ ကပိလဝတ်မြို့တော်က အရေးအခင်းများကိုပင် တစ်ခါတစ်ခါ မျက်ခြည်ပြတ်ခဲ့ရ၏၊ နိုင်ငံရပ်ခြားမှ ကောင်းပေ့ဆိုသော အစားအစာများ၊ အဆင်ဆန်း၍ အဖိုးထိုက်တန်သော ပိုးထည်များ၊ လူသုံးကုန်ပစ္စည်း အသစ်အဆန်းများ ပေါ်လေတိုင်း ကျွန်ုပ်ချစ်သော နောင်တော် သိဒ္ဒတ္ထအတွက် သယ်ဆောင်လာခဲ့၏၊ စောစောပိုင်းတုန်းကမူ နောင်တော်သိဒ္ဒတ္ထသည် ဤလက်ဆောင်များကို လိုလိုချင်ချင် လက်ခံခဲ့၏၊ ထိုစဉ်က ယသော်ဓရာနှင့် လက်ထပ်ပြီးခါစမို့ အထည်သစ်၊ အသုံးအဆောင်သစ် ရလာတိုင်း သူတို့နှစ်ဦးလုံး ပျော်တပြုံးပြုံး ရှိခဲ့ကြ၏၊
ယခုနောက်ပိုင်းမှာတော့ တစ်စနှင့်တစ်စ နောင်တော်၏ အမူအရာများက ထူးခြား၍ လာတော့သည်။ ကျွန်ုပ်ယူလာသော လက်ဆောင်ကို ခါတိုင်းလို ပြုံးပြုံးရွှင်ရွှင် လက်ခံသော်လည်း အမြတ်တနိုးဝတ်ဆင်ခြင်း၊ အသုံးပြုခြင်းကား မရှိတော့ပါ။
လိုအပ်သမျှ လောကစည်းစိမ်တွေ ပုံပေးထားပါလျက် မရွှင်ရုပ်ပေါ်နေသော သားတော်အတွက် ခမည်းတော်နှင့် မယ်တော်ကြီးတို့မှာ ဗျာများ၍ နေကြရ၏၊ ဒေဝဒဟပြည်မှ တစ်မျက်နှာ တစ်ကမ္ဘာပြု၍ လိုက်လာရသည့် ယသော်ဓရာမှာ အနိုင်နိုင် ဟန်ဆောင်၍ နေရရှာ၏၊ ဘကြီးတော်ဘုရားက နောင်တော်သိဒ္ဒတ္ထ စိတ်လက်ရွှင်ပျလာစေရန် အတူလာနေဖို့ ကျွန်ုပ်ကို ပြောဖူးပါ၏၊ အကယ်၍သာ နောင်တော်ကိုယ်တိုင်ကပါ သဘောတူလျှင် နေနိုင်ပါ၏၊ သို့သော် နောင်တော် ဤအစီအမံကို လုံးဝ လက်မခံပါချေ။
ကျွန်ုပ်တို့မှာ ညီအစ်ကိုရင်းများက ပေါက်ဖွား၍ လာကြသော်လည်း သဘောထားက တစ်မျိုးစီ။ ကျွန်ုပ်မှာ ကုန်သွယ်နေရသူဖြစ်၍ လူပေါင်းစုံနှင့် ဆက်ဆံနေရ၏၊ ဆက်ဆံရသမျှ လူတန်းစားပေါင်းစုံကို ကျေနပ်အောင်ပြောဆို လုပ်ကိုင်ရ၏၊ စောစောပိုင်းတုန်းကတော့ တာဝန်တစ်ခုဖြစ်နေ၍သာ လူကြားထဲ တိုးခဲ့ရ၏၊ ကိုယ့်ကိုယ်ကို မင်းသား၊ ခတ္တိယမျိုးနွယ်ဟူသော အသိက ပေါ်ပေါက်လာသဖြင့် ထောင့်မကျိုးချင်။ နောက်တော့ အလုပ်ကပင် သင်ကြားပေးသဖြင့် လူတန်းစားပေါင်းစုံ၏ ခင်မင်မှုကို ရယူနိုင်ခဲ့ပေသည်။
နောင်တော်သိဒ္ဒတ္ထမှာလည်း လူတန်းစားပေါင်းစုံ၏ ခင်မင်မှု ရှိနေပါသည်။ သို့သော် ကျွန်ုပ်ကဲ့သို့ တမင်တကာ လိုက်လံသိမ်းသွင်းနေရသည် မဟုတ်ပါ။ မြင်သူတိုင်းက ချစ်စရာ ခင်စရာ သူ့ရုပ်သွင်လက္ခဏာ၊ တည်တည်ငြိမ်ငြိမ်ဣန္ဒြေရလှသော သူ့အမူအရာ၊ ဆက်ဆံရသူ လူအပေါင်းကို မေတ္တာစိတ်ဓာတ် ဖြန့်ကျက်ထားသည့် သူ့မျက်နှာထား။ ဤလက္ခဏာ၊ ဤအမူအရာ၊ ဤမျက်နှာထားများကြောင့် သူ့ကို အလိုလို ညွှတ်လာကြပေသည်။ ခင်မင်မှုထက် လေးစားမှုကို ပိုသည်ဟု ဆိုရပါလိမ့်မည်။
ဤသို့အားဖြင့် ကျွန်ုပ်တို့ ညီတော်နောင်တော် နှစ်ဦးသားမှာ သဘောချင်းတစ်မျိုးစီ ဖြစ်ကြရ၏၊ ကျွန်ုပ်က လူပေါင်းစုံနှင့် ရောရောနှောနှော နေရမှ ကျေနပ်၏၊ ကျွန်ုပ်ရှိရာတွင် လူပေါင်းစုံ တရုန်းရုန်းရှိနေ၏၊ နောင်တော်ကတော့ တစ်ဦးတည်းနေတတ်သူ။ အားလုံးအပေါ် မေတ္တာထားပါလျက် ပတ်ဝန်းကျင်ကို သူက မေ့ချင်ချင် ဖြစ်၏၊ တွေးမိတွေးရာ ငေးမိငေးရာနှင့် အချိန်ဖြုန်းတတ်၏၊ နောင်တော်၏ နေပုံထိုင်ပုံကို အားမရသဖြင့် ကျွန်ုပ် တစ်ခါက ပြောကြည့်ခဲ့ဖူးပါ၏၊ သို့သော် အကြောင်းက မထူးခဲ့ပါ။
ညီတော်နောင်တော်တစ်သိုက် ရှိကြသည့်အနက် နောင်တော်သိဒ္ဒတ္ထကို ကျွန်ုပ်ထူးထူးခြားခြား ချစ်ခင်ပါ၏၊ ကျွန်ုပ်အပေါ် ထားရှိသော နောင်တော်၏ ချစ်မေတ္တာသည်လည်း ထို့ထက် မလျော့နိုင်ပါ။ သို့သော် နောင်တော်ကား ကျွန်ုပ်ကို အထင်မကြီးပါချေ။ ညီတော်တစ်ယောက်အဖြစ် ချစ်ရုံသာ ချစ်၍ ဤသို့ အထင်မကြီးခံရခြင်းမှာ ကျွန်ုပ်၏ ချို့တဲ့ချက်၊ ပျော့ညက်ချက်များကြောင့်ပင် ဖြစ်ပါလိမ့်မည်။
နောင်တော်က အထင်မကြီးလှသော်လည်း ကျွန်ုပ်ကတော့ စိတ်မပျက်ပါ။ ကပိလဝတ်မှာ ရှိနေစဉ်အချိန်များ၌ နောင်တော်နှင့် သွားအတူလာအတူဖြစ်အောင် နေလာခဲ့၏၊ နောင်တော်၏ စိတ်နှလုံး ရွှင်ပြုံးလာလေမည်လားဟု ကြိုးစားခဲ့ပါ၏၊ သို့သော် နောင်တော်၏ အမူအရာများကား ထူးခြား၍ မလာပေ။ ကျွမ်းထိုးမှောက်ခုန် အဟုန်ပြင်းစွာ စီးဆင်းနေသော ရေလျဉ်ကြီးအတွက် စိတ်မသက်သာ ဖြစ်၍သာ နေရပေသည်။
အမှန်အားဖြင့် ကျွန်ုပ်တို့အပါအဝင် သက်ရှိသတ္တဝါများအားလုံးသည် ဘဝတစ်ခု အစပြုသည်မှစ၍ အဟုန်ပြင်းသည့် သည်ရေလျဉ်မှာ မျောပါနေကြရ၏၊ သို့သော် ကျွန်ုပ်တို့က ဤအဖြစ်မျိုးလောက်တော့ ထီမထင်ပေ။ ငယ်စဉ်တောင်ကျေးကလေးဘဝကလည်း ပျော်ရွှင်စွာနေလာခဲ့၏၊ တစ်စတစ်စနှင့် ကလေးငယ်ဘဝမှ လူပျိုလူရွယ် ဖြစ်လာခဲ့သည်။ ကိုယ်အားစိတ်အား နှစ်ပါးစုံ ပြည့်ဖြိုးလာသည့်အချိန်တွင် မိဘများ၏ တာဝန်ကို ပခုံးပြောင်း၍ ထမ်းဆောင်ရ၏၊ ထို့နောက် တဖြည်းဖြည်းနှင့် ကျလူ ဖြစ်လာမည်။ အိုပြီဆိုမှတော့ တစ်နေ့ရွှေ၊ တစ်နေ့ငွေဆိုသလို ဖြစ်ရတော့မည်။ ရောဂါအထူးအထွေ မရှိဘူးဆိုတောင်မှ အနည်းဆုံး အိုနာ အိုရောဂါတော့ တွေ့ဦးမည်။ အိုလို့နာလို့ အားရတော့ သွားပေတော့ သုဿာန်မြေ။
ကိုယ်ရှေ့မှ ဖြစ်နေကျ ပျက်နေကျ။ မျက်ဝါးထင်ထင် မမြင်ချင်အဆုံး ဖြစ်နေသည့်ကိစ္စများ။ သည်ကိစ္စများအတွက် ကျွန်ုပ်တို့အဖို့ စိတ်ညစ်နေစရာ အချိန်မရှိပါ။ အချိန်အရွယ်ရှိခိုက်မှာ သူများနည်းတူ ပျော်မည်၊ ပါးမည်၊ ရသမျှအခွင့်အရေးကို ယူမည်။ ပစ္စည်းဥစ္စာ စုဆောင်းမည်၊ သူများထက် မသာသော်ရှိစေ၊ တန်းတူရည်တူတော့ လိုက်နိုင်ရမည်။ နေရသည့် တစ်သက်တာတွင် ဂုဏ်သရေရှိစွာ မကြောင့်မကြ မတောင့်တဘဲ နေသွားမည်။ ကိုယ့်ဝန်းကျင် အများစုကြီး၏ ရည်မှန်းချက်က ဤအတိုင်းရှိနေရာ ကျွန်ုပ်က သူတို့ထက် ဘာများထူးထူးခြားခြား အတွေးခေါင်နေဖို့ လိုသနည်း။ အများတကာထက် ထူးထူးခြားခြား အတွေးအခေါ်မျိုး မရှိ၍လည်း ကျွန်ုပ်တစ်သက်တာတွင် ချစ်သူခင်သူ ကြည်ညိုသူတွေ ပေါများခဲ့လေသလား မဆိုနိုင်ပါ။ သို့သော် အတွေးသမား သိဒ္ဒတ္ထမှာလည်း ကျွန်ုပ်နှင့် မနှိုင်းယှဉ်လောက်အောင် ချစ်သူခင်သူတွေ ပေါများသည်ကို သတိမမေ့ပါ။ လူတစ်ကိုယ် စိတ်တစ်မျိုးဖြစ်ကြောင်းကို ဖော်ပြလိုရင်းသာ ဖြစ်ပေသည်။
ကျွန်ုပ်တို့တွေ ပရမ်းပတာ ရေလျဉ်ထဲမှာ တေးတကြော်ကြော်နှင့် မျောပါနေချိန်တွင် နောင်တော်သိဒ္ဒတ္ထမှာ တွေးလျက်၊ မှိုင်လျက်၊ ငေးလျက်၊ ငိုင်လျက်။ စိတ်သက်သာရာလေးများ ရမလားဟု ဥယျဉ်တော်သို့ ပျော်ပွဲစားထွက်လာပြန်တော့လည်း ပါလာသမျှ အခြွေအရံများကသာ ပျော်နိုင်ပါးနိုင်ကြသည်။ သူကတော့ သူ့မူနှင့်သူ။ အတွင်းအဇ္ဈတ္တသန္တာန်မှာ အခြေတည်၍ တစ်စတစ်စ ပွားစီးခိုင်မာလာသော စိတ်ဓာတ်ကို ပြင်ပအာရုံဖြင့် ပြုပြင်ပြောင်းလဲပေး၍ မလွယ်အောင် ဖြစ်နေပုံရပေသည်။ တစ်ကမ္ဘာလုံးကို ဖြန့်ကျက်၍ ကိုယ်စီ ကိုယ်ငှရရှိနေကြသော အို နာ သေ ဆင်းရဲ ဒုက္ခအားလုံးကို သူတစ်ယောက်တည်းက စုပြုံခံစားနေရသည်ဟု ယူဆနေသလား မဆိုနိုင်ပါ။ ထို့ကြောင့်ပင် ထင်ပါ၏၊ ဥယျာဉ်တော်က တစ်ခေါက်ပြန်လာတိုင်း သူ့မျက်နှာ မကြည်သာမှုက တိုး၍သာ လာခဲ့၏၊ သူ့မျက်နှာ မကြည်သာလျှင် ခမည်းတော်ကြီး မနေတတ်ပြီ။ မယ်တော်ကြီး ဂေါတမီ စားမဝင်ပြီ။ သက်ထားကြင်လျာ ယသော်ဓရာမှာလည်း ပန်းနံ့သာလိမ်းခြယ်၍ မရတော့ပြီ။
မိသားစုတစ်ခုလုံး မိမိအတွက် စိတ်မသက်မသာ ဖြစ်နေရသည်ကို နောင်တော်သိဒ္ဒတ္ထ မသိဘဲ မနေနိုင်ပါ။ သို့သော် ကျွန်ုပ်၏ နောင်တော်ကား ဟန်ဆောင်တတ်သူ မဟုတ်ပါချေ။ ပရိယာယ်မာယာမသုံးသော အလုပ်များကို သူကိုယ်တိုင် မလုပ်သလို သူ့ကို သူတစ်ပါးက လုပ်၍လည်း မရပါ။ သူ့စိတ်တွင်းအခြေအနေကို သူ့အမူအရာ သူ့မျက်နှာထားများတွင် ဖုံးကွယ်မှု မရှိ၊ ပကတိအတိုင်းသာ ဖော်ပြလာခဲ့ပေသည်။
(ဗုဒ္ဓဝင် အဋ္ဌကထာ၊ ဂေါတမ ဗုဒ္ဓဝင်၊ အပဒါန် အဋ္ဌကထာ၊ အဝိဒူရေ နိဒါန်း)
ဝါဆိုလပြည့် ကျားမင်းနေ့ဝယ်
သာသနာ့သမိုင်းစဉ်တွင် အရေးပါ အရာရောက်ဆုံးဖြစ်သော ဤနေ့ ဤရက်ကိုတော့ ခုနှစ် သက္ကရာဇ်နှင့်တကွ အတိအကျ မှတ်တမ်းတင်ရပါလိမ့်မည်။ ကျွန်ုပ်တို့ ဘိုးတော် အဉ္ဇနမင်းကြီး၏ ဖြိုကြွင်းသက္ကရာဇ် ၂- ခုမှ ဆက်လက်၍ ရေတွက်လာခဲ့သော မဟာသက္ကရာဇ်အားဖြင့် ၉၇ ခုနှစ်၊ လကား ဝါဆို၊ ရက်ကား လပြည့်၊ နေ့အကုန် ညအကူး မုတ်သုန်လေတဖြူးဖြူး တိုက်ခိုက်နေသော ထိုအချိန်တွင် နောင်တော် သိဒ္ဓတ္ထ္တ သည် ဥယျာဉ်တော်မှ ပြန်လာခဲ့ပေသည်။
ဤနေ့ ဤရက်တွင်မှ ကပိလဝတ်မြို့တော် ပြန်ရောက်လာခဲ့၍ ကျွန်ုပ်တစ်သက်တာတွင် မေ့ပျောက်၍ မရနိုင်သော ဤဖြစ်ရပ်များကို မျက်ဝါးထင်ထင် မြင်ခွင့်ရခဲ့၏၊ ဖြစ်ပြီးလျှင် ပြီးချင်း ရှိုက်ကြီးတငင် ငိုကြွေးသံများကို ကြားခဲ့ရ၏၊ ကျွန်ုပ်ချစ်မြတ်နိုးလှသော နောင်တော်မြတ်နှင့် ကွေကွင်းရသဖြင့် ကျွန်ုပ်ကိုယ်တိုင်လည်း မျက်ရည်လည်ရွဲ ငိုပွဲကြီး ဆင်ခဲ့ရပါ၏၊ ထို့ကြောင့် ကျွန်ုပ်ကိုယ် ကျွန်ုပ် ကံကောင်းသည်ဟု ဆိုရပါမည်လား။ ကံဆိုးသည်ဟု ဆိုရပါမည်လား။ ထိုစဉ်က ခွဲခြား၍ မရနိုင်ခဲ့ပါ။ သို့သော် သာသနာတော်၏ အရိပ်အာဝါသကို ခိုလှုံလာခဲ့သည်မှစ၍ ဤဖြစ်ရပ်များအတွက် ကုသိုလ်ကောင်းသည်ဟု တစ်ထစ်ချ ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ငိုသံ ကြွေးသံ သောသောညံခဲ့ကြရသော ဤဖြစ်ရပ်ကို ကျွန်ုပ်က ဝမ်းမြောက်ဝမ်းသာ ဖော်ပြရပါတော့မည်။
မကြာမကြာ ရွာချထားသော မိုးများကြောင့် ကပိလဝတ်၏ မင်းလမ်းမကြီးမှာ ဖုန်သိပ်၍ နေ၏၊ မင်းလမ်းမကြီး၏ ဝဲ ယာတစ်ခွင်ရှိ ဥယျာဉ်ပန်းမန်များသည် ရွှန်းရွှန်းစိုနေကြ၏၊ အနောက်ဘက်မှာ ကြည့်လိုက်တော့ နေမင်း၏ ဆည်းဆာရောင်ခြည် အကြွင်းအကျန်များ၊ အရှေ့ဘက်မှာတော့ ထွက်ပြူခါစ ငွေလဝန်းကြီး၊ ထိုငွေလဝန်းကြီးနှင့်အတူ ပူဆာမရှိ ပကတိ အေးမြကြည်လင်သော ကျက်သရေဖြင့် ထွန်းတင့်နေသည်ကား နောင်တော် သိဒ္ဓတ္ထမင်းသား၏ မျက်နှာပင် ဖြစ်ပေသည်။
ဥယျာဉ်တော်ကအပြန် ယခင်အခေါက်များတုန်းက ဤမျက်နှာသည် မရွှင်မပျဖြစ်ခဲ့ရ၏၊ ယခုတော့ ထိုအခေါက်များနှင့် ပြောင်းပြန်။ ဟိုတုန်းက ညှိုးခဲ့လေသမျှ မျက်နှာတို့ကို ပုံတူထုကာ စုဆောင်းထားသည် ဆိုပါတော့။ ထိုမျက်နှာ၊ ထိုမျက်နှာအားလုံး၏ အလေးချိန်သည် ယနေ့ ကြည်လင်ရွှင်ပျသည့် မျက်နှာ၏ အလေးချိန်ကို မီလိမ့်မည် မဟုတ်ပါ။
ယနေ့ကား နောင်တော် သိဒ္ဓတ္ထ နှင့်တကွ ကျွန်ုပ်တို့ အားလုံးအတွက် နေ့ကောင်းရက်သာ ဖြစ်ပါ၏၊ ဘယ်နေ့ ဘယ်ရက်မျှနှင့် မတူအောင် ထူးခြားသည့် ရက်လည်းဖြစ်၏၊ ဤနေ့ ဤရက် ဥယျာဉ်တော်အသွားတွင် ထူးခြားသော ကောင်းမြတ်သော ရုပ်သွင်ကို နောင်တော် သိဒ္ဒတ္ထ မြင်ခဲ့ရ၍ ဖြစ်ပေသည်။
သည်ပုဂ္ဂိုလ်မှာ ယာဉ်ရထားမရှိ။ ပကတိသော ခြေထောက်များဖြင့် မင်းလမ်းမ၌ ဣန္ဒြေရရ လှမ်းကြွနေ၏၊ အဖိုးထိုက် အဖိုးတန် ဝတ်ဆားတန်ဆာမပါ။ ဖန်ရေဆိုးသော အဝတ်တစ်စုံသာလျှင် သူ့ကိုယ်ပေါ် လွှမ်းခြုံလျက် ရှိ၏၊ သူ အရေးတယူ ကိုင်စွဲလာခဲ့သည်ကား စိန်မဟုတ်၊ ရွှေမဟုတ်၊ ဖန်မဟုတ်၊ မြမဟုတ်။ မည်းပုပ်ပုပ် ညစ်ထေးထေး နှုတ်ခမ်းမပါသည့် မြေအိုးတစ်လုံး။ တွေ့ဖူးလေသမျှ မနုဿလူသားများထဲတွင် အမွဲဆုံး၊ အချာဆုံး၊ အနုတ်ဆုံး လူသားတစ်ယောက်ပါတကား။
သို့သော် အမွဲချာဆုံးအဆင့်ရောက်နေသော ဤပုဂ္ဂိုလ်သည် အပြည့်စုံဆုံး၊ အကြွယ်ဝဆုံး မဟာရာဇာ၏ သားတော်ကို အလေးပြုခြင်းမရှိ။ ဦးညွှတ်ခြင်းမရှိ။ အပြည့်စုံဆုံး အကြွယ်ဝဆုံး ပုဂ္ဂိုလ်ကသာလျှင် သူသွားလေရာသို့ မျက်ခြည်မပြတ်လိုက်၍ ကြည့်နေရ၏၊ ကြည့်ရင်းကြည့်ရင်းက လောကမှာ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းတို့၏ သဘောကို ကျွန်ုပ်၏ နောင်တော်မြတ် ရိပ်မိလာဟန် တူပေသည်။
မင်းပျိုမင်းလွင် တစ်ယောက်အတွက် လိုအပ်သမျှ စည်းစိမ်ဥစ္စာများ၊ လင့်အလိုကိုလိုက်၍ အကြိုက်ဆောင်တတ်သည့် ဇနီးမယား၊ အရှင့်မျက်နှာကိုထာဝစဉ်ရှု၍ အရှင့်စိတ်တိုင်းကျ ဆောင်ရွက်ပေးကြသော အခြွေအရံများ၊ ဤသို့အားဖြင့် လူသာမန်တို့၏ စိတ်ကူးရုံမျှ မဝံ့လောက်သော စည်းစိမ်ကြီးပေါ်က ပုဂ္ဂိုလ်မှာ မပြည့်စုံမှုကြောင့် ကိုယ်ရော စိတ်ပါ ညှိုးနွမ်းခဲ့ရ၏၊ အောက်ထစ်ဆုံးလူသားထက်ပင် နုံချာ မွဲညစ်လှသော ဤပုဂ္ဂိုလ်မှာကား လိုအပ်သမှု အားလုံး ပြည့်စုံ၍ နေဘိ၏၊ တောင့်တမှု ကြောင့်ကြမှု မပါသော သူ့မျက်နှာသည် ပကတိ ကြည်လင်အေးမြ၍ နေဘိ၏၊
ရွှေပုံ ငွေပုံပေါ်က သတ္တဝါတိုင်းကို မလွတ်တမ်း ဖမ်းစား၍နေကြသော အို နာ သေ ဘီလူးကြီးများကြောင့် တအုံနွေးနွေး ဖြစ်ခဲ့ရ၏၊ ဤပုဂ္ဂိုလ်သည်ကား အိုမှုကြောင့်လည်း ပူဟန်မရှိ။ နာမှုကိုလည်း ငြူစူပုံမပေါ်။ သေမည့်ဘေးကို တွေး၍လည်း ဆွေးနေဟန်မရှိ။
"သူများနှင့်မတူ တမူထူးခြားသည့် လူသားပါကလား"
နောင်တော်၏ နှုတ်မှ အံ့ဩသံ ထွက်ပေါ်လာခဲ့။
"မှန်ပါ၊ ဤလိုပုဂ္ဂိုလ်ကို ရဟန်းဟု ခေါ်ကြပါသည်။ ဤကမ္ဘာမြေပြင်ပေါ်၌ အတားအဆီးမရှိ လွတ်လပ်စွာ သွားလာနိုင်သူတစ်ဦးပင် ဖြစ်ပါသည်။ ငှက်များ၏ ဥစ္စာသည် သွားလေရာပါသော အတောင်သာ ဖြစ်သကဲ့သို့ ဤပုဂ္ဂိုလ်ပိုင်ဆိုင်သော ပစ္စည်းများမှာလည်း ကိုယ်နှင့်မကွာ အတူပါလာသော ပရိက္ခရာများပင်ဖြစ်ပါသည်"
"ဩော် ကောင်းလေစွ ကောင်းလေစွ"
ရဟန်း၏ ရုပ်သွင်ကို ရှုမြင်ရသည်မှစ၍ နောင်တော်၏ မျက်နှာသည် လမ်းတစ်လျှောက်လုံး ကြည်လင်ရွှင်ပျလာခဲ့၏၊ သည်မျက်နှာမျိုးကို ကြာတောင့်ကြာရှည် တောင့်တနေခဲ့ကြရသော ကျွန်ုပ်တို့အဖို့ နေ့ကြောင်တောင် လမင်းကြီးထွက်ပြူလာခြင်းပင်ဖြစ်ပေသည်။ သို့သော် ထိုလမင်းကြီးမှာ ဥယျာဉ်တော်ဆီရောက်၍ မကြာမီပင် ရာဟု ဖမ်းစားခြင်း ခံရပါတော့သည်။
မှန်ပါသည်။ ယသော်ဓရာ မိဖုရားက သားတော်လေးဖွားမြင်ကြောင်း သတင်းကောင်းပါးလာသည်နှင့် နောင်တော် သိဒ္ဒတ္ထ၏ နှုတ်ဖျားမှ "ဩော် ငါ့ကို ဖမ်းမည့် ရာဟုပါကလား" ဟု ရေရွတ်သံ ကြားရပေတော့သည်။ ဤသို့ ရေရွတ်လိုက်ခြင်းကပင်လျှင် သားတော်လေးအတွက် ရာဟုလာဟု အမည်ရွေးပြီး ဖြစ်သွားစေပေသည်။
ရာဟုဖမ်းစား၍ ကြည်လင်ရွှင်ပျခြင်း ကင်းသွားခဲ့ရသော လမင်းကြီးသည် ဥယျာဉ်တော်၏ ချောင်ကြို ချောင်ကြားများ၌ လူးလာ တုံ့ပြန်လျက်ရှိနေ၏၊ သစ်ပင်ရိပ်မှာ တစ်ခါတစ်ခါ ရပ်နား၏၊ ရေကန်ထဲသို့ ဆင်းသည်လည်းရှိ၏၊ ကျွန်ုပ်နှင့်တကွ ပါလာသမျှသော အခြွေအရံများမှာ ခပ်လှမ်းလှမ်းကသာ သူ့အရိပ်အခြေကို ကြည့်နေကြရပေသည်။
အနောက်ဘက်ကောင်းကင်မှာ နေလုံးကြီး ပျောက်ကွယ်သွားပါပြီ။ သူ၏ ကိုယ်စား ရောင်ခြည်မျှင်များ ထားခဲ့သေးသော်လည်း ထိုရောင်ခြည်မျှင်များကလည်း သူတို့ ဖခင်ကြီးနှင့် အကြာအရှည် ခွဲနေရစ်ချင်ဟန် မတူပါ။ သူတို့ဖခင်ကြီး သွားလေရာနောက်သို့ တကောက်ကောက်လိုက်ပါ၍ နေကြပေသည်။ ဥယျာဉ်တော်မှ ပြန်ချိန်ရောက်လာပါသော်လည်း နောင်တော် သိဒ္ဓတ္ထ မည်သို့မျှ မလှုပ်ရှားသေးပါ။ သည်ကနေ့အဖို့မှာတော့ ညီတော်ဖြစ်သည့် ကျွန်ုပ်ကပင် နောင်တော်ကို ခေါ်ငင်ရန် မဝံ့မရဲ ဖြစ်နေလေရာ အခြား အခြွေအရံများမှာ ဆိုဖွယ်ရာ မရှိပြီ။
သို့နှင့် အရှေ့လောကဓာတ်၌ လမင်းကြီးသည် တိမ်တိုက်ကြားမှ ဘွားခနဲ ပေါ်လာ၏၊ ထို့အတူပင် မဟာပထဝီ မြေပြင်ထက်မှာလည်း ငွေလဝန်းကြီးတစ်ဆူ ထွန်းလင်း၍ လာပါပြီ။ ကန်ရေစပ်မှ ပြန်တက်လာသော နောင်တော်၏ မျက်နှာမှာ ညစ်ကြေးမတင်သော ကြည်လင်ခြင်းဖြင့် ထက်ကောင်းကင်က လမင်းကြီးကို စေ့စေ့ကြည့်၍ နေပါသည်။ ရာဟုဖမ်းစားရာက လွတ်လာ၍ပင် ဖြစ်ပါလိမ့်မည်။
ရာဟုခံတွင်းက ရှင်းရှင်းကျွတ်ကျွတ် လွတ်လာခဲ့သော လမင်းကြီးသည် ရထားဆီသို့ ဖြည်းညင်းသာယာ ချဉ်းကပ်၍ လာခဲ့၏၊ သူ့အလာကို အရံသင့် စောင့်ကြို၍ နေကြသော ကျွန်ုပ်တို့တစ်တွေက ရထားပေါ် နေရာတကျထိုင်မိသည်နှင့် တစ်ပြိုင်နက် ဥယျာဉ်မှ ထွက်ခွာလာခဲ့ကြပေသည်။
ကျွန်ုပ်တို့အပြန်ခရီးမှာ မြင်းခွာသံ၊ ရထားဘီးသံများသာ မင်းမူ၍ နေကြ၏၊ ရထားပေါ် ပါလာသူများအားလုံး နှုတ်ဆိတ်နေကြ၏၊ နောင်တော် သိဒ္ဓတ္ထကိုယ်တိုင်က ရွှန်းရွှန်းပပသာ၍နေသော လရောင်တွင် အေးချမ်းငြိမ်သက်သည့် အရသာကို ခံစားရင်း လိုက်ပါ၍ နေသည်ဖြစ်ရာ ကျွန်ုပ်တို့ကလည်း အလိုက်သိစွာ နေကြရ၏၊ ရထားမှူး ဆန္နအား ရထားကို ခပ်ဖြည်းဖြည်းလေး မောင်းဖို့ အချက်ပေးရ၏၊ အခြွေအရံများက ခြေကျင်သမားများပေမို့ နောက်မှာ ကျန်ရစ်ကြပေသည်။
အေးချမ်းသာယာသည့် လရောင်အောက်တွင် ညင်ညင်သာသာ တိတ်တိတ်ဆိတ်ဆိတ် မောင်းနှင်၍လာခဲ့သော ရထားသည် တစ်ခုသော ပန်းဥယျာဉ်ရှေ့မှာ ရပ်တန့်၍ သွားခဲ့၏၊ ထိုဥယျာဉ်သည် ခံ့ညားထည်ဝါသော တိုက်ကြီးတစ်ခု၏ ဆင်ဝင်ရှေ့မှာ ဖြစ်၏၊ ထိုတိုက်ကြီး၏ ဆင်ဝင်ရှေ့၌ ပွင့်ဟနေသော လေသာပြတင်းတွင် သကျမင်းသမီးတစ်ဦးက ကဗျာတစ်ပုဒ်ကို ရုတ်ခြည်းသီကုံးကာ အသံသာသာဖြင့် ရွတ်ဆို၍ နေပေသည်။ ထိုကဗျာရှင်ထံသို့ နောင်တော်၏ မျက်နှာ စောင်းငဲ့သွားသည်ဖြစ်၍ ကျွန်ုပ်တို့က အလိုက်သင့် ရပ်၍ ပေးလိုက်ရပေသည်။
(သုတ်မဟာဝဂ်၊ မဟာပါဒနသုတ်နှင့် ဗုဒ္ဓဝင် အဋ္ဌကထာ ဂေါတမဗုဒ္ဓဝင်။ အပဒါန် အဋ္ဌကထာ အဝိဒူရေ နိဒါန်း)
သည်မင်းသမီးလေးကို ကျွန်ုပ် ကောင်းကောင်းသိပါသည်။ သူတို့အိမ်သည် ကျွန်ုပ်တို့အိမ်နှင့် မဝေးလှပါ။ သူ၏ ဖခင်မှာ သုဒ္ဓေါဒန မဟာရာဇာ၏ ညာလက်ရုံးအမတ်ကြီး ဖြစ်ပါသည်။ တစ်ဦးတည်းသော သမီးပေမို့ သူဝါသနာပါသည့် တေးဂီတနှင့် ကဗျာ လင်္ကာများကို လွတ်လပ်စွာ လေ့လာလိုက်စားခွင့် ရထားပေသည်။ သူ့အမည်အရင်းက ဂေါတမီ။ ကျွန်ုပ်တို့ သကျမျိုးရိုး၏ အမည်ကို မိန်းမသားများနှင့် လျောက်ပတ်အောင် ပြုပြင်ကာ အမြတ်တနိုး မှည့်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သိဒ္ဒတ္ထမင်းသား ဘုရားဖြစ်တော်မူသည့် နောက်ဝယ် အယူအဆမတူမျှကြသော တိတ္ထိများ၊ ဗြာဟ္မဏများ၊ ပရိဗိုဇ်များက အနွယ်အမည်အတိုင်း 'ဂေါတမ' ဟု တရင်းတနှီး ခေါ်ကြပေသည်။ ကျွန်ုပ်တို့ တပည့် သာဝကများကတော့ 'ဘဂဝါ' ဟု တရိုတသေ ခေါ်ဝေါ်ကြရ၏၊ 'ဘဂဝါ' ဟူသည်မှာ လေးစားအပ်သော ဆရာဟု အဓိပ္ပာယ်ရှိပေသည်။
ဂေါတမအနွယ်မို့ ဂေါတမီအမည်မှည့်ထားသော သည်မင်းသမီးလေးမှာ ကိုယ်ခန္ဓာ ပါးပါးလျလျ ဖြစ်၏၊ ထို့ကြောင့် သူ့ကိုယ်ခန္ဓာနှင့်လည်း လိုက်လျောစေ၊ မဟာပဇာပတိ ဂေါတမီနှင့်လည်း ကွဲပြားစေဟူ၍ ရင်းနှီးသူများက ကိသာတစ်လုံးတိုး၍ ခေါ်ဝေါ်ကြရ၏၊ ထို့ကြောင့် ဂေါတမီမှ ကိသာဂေါတမီ ဖြစ်လာပေသည်။ သားသေကို အသက်သွင်းရန် လူမသေဘူးသော အိမ်က မုန့်ညင်းစေ့ ရှာခဲ့ဆိုသော ကိသာဂေါတမီနှင့် တခြားစီ ဖြစ်ပေသည်။
ကိသာဂေါတမီ အမည်တွင်သည့် သည်မင်းသမီးလေးသည် ကိုယ်ခန္ဓာပါးပါးလျလျ ဖြစ်သော်လည်း သူ့အထိုက်အလျောက် ကြည့်ပျော်ရှုပျော်ကား ရှိပါ၏၊ ပြည့်စုံကုံလုံသော မိဘများကြောင့် စိတ်တိုင်းကျ ပြင်ဆင်နိုင်ပါ၏ ကောင်းပေ့ ညွန့်ပေ့ ယဉ်ပေ့ဆိုသော အဝတ်တန်ဆာမျတားကို ဝတ်ဆင်နိုင်ပါ၏၊ သို့သော် သူ၏ ဂုဏ်သတင်း ကျော်စောခြင်းမှာ ဤအကြောင်းများကြောင့်သာ မဟုတ်ပါ။ ကဗျာ လင်္ကာ သီကုံးဖွဲ့နွဲ့ခြင်း၊ တေးဂီတ သီဆိုတီးခတ်ခြင်းတို့တွင် ဂုဏ်မြောက်အောင် စွမ်းဆောင်နိုင်မှုများက အဓိကအကြောင်းများ ဖြစ်ကြပေသည်။
ဂုဏ်သတင်းကျော်စောသည့် မင်းသမီးဖြစ်သည့်အတိုင်း သက်တူရွယ်တူ ဂုဏ်ရည်တူ မင်းညီမင်းသားများက ချဉ်းကပ်ကြပါ၏ မေတ္တာလွှာများ ပေးဆက်ကြပါ၏၊ သို့ပါလျက် ကိသာဂေါတမီဆိုသည့် သည်မိန်းကလေး၏ မေတ္တာရေစင်က ဘယ်သူ့အပေါ်မှာမှ ယိုဖိတ်၍ မလာချေ။ ကမ်းလင့်လာသူများကို ငြင်းပယ်ရာ၌လည်း တစ်စုံတစ်ရာ တိကျပြတ်သားသော အကြောင်းပြချက်များ မပါချေ။ "မောင်မောင်တို့ မေတ္တာကို မတုံ့ပြန်နိုင်သောကြောင့်" ဟုသာ ချေငံစွာ ပြန်ကြားခဲ့၏၊ ကမ်းလင့်လာသူတို့၏ မေတ္တာကို ဤသို့ မတုန့်ပြန်နိုင်ဆို၍လည်း ဤမိန်းကလေးသည် လူ့ဘောင်လောကမှာ ငြီးငွေ့နေသည်လည်း မဟုတ်။ ဝတ်စားဆင်ယင် အလှပြင်၍ ကောင်းတုန်း။ တေးကဗျာ တူရိယာတွေနှင့် တီးခတ်သီဆို၍ ကောင်းတုန်း ဖြစ်၏၊ ထို့ကြောင့် သည်မိန်းကလေး၏ အတွင်းစိတ်ဓာတ်ကို တစ်မျိုးစီ တစ်ဖုံစီ အတွေးကြွယ်၍ နေကြရ၏၊ တွေးလိုက်တိုင်း အသိရခက်လှသော ပဟေဠိ တစ်ပုဒ်ပါပေ။
ဤနေ့တော့ သည်ပဟေဠိသည် သူ့အလိုအလျောက် အဖြေထွက်လာချေပြီ။ သို့သော် ဤအဖြေကို မတင်ပြမီ သူကလေး၏ သန္တရသကဗျာကို ဦးစွာ ဖော်ပြပါရစေ။
ဟင်းလင်းဖွင့်ထားသော လေသာပြတင်းမှ မုန်သုန်လေသည် တဖြူးဖြူးတိုက်ခတ်လျက်ရှိ၏၊ လရောင် ရွှန်းရွှန်းထွန်းလင်းနေသည့်အောက်ဝယ် ဥယျာဉ်ထဲရှိ ပန်းမျိုးစုံက ဖူးပွင့်ဝေဆာ၍ နေကြ၏၊ ထိုဥယျာဉ်ရှေ့မှာကား ဖုန်သိပ်နေသည့် မင်းလမ်းမကြီး။ ထိုမင်းလမ်းမကြီးပေါ်မှာလည်း လမင်းတစ်ဆူ ထွက်ပြူ၍ နေဘိ၏၊
ကိသာဂေါတမီ၏ ကဗျာသည် ဤပတ်ဝန်းကျင်အခြေအနေနှင့်တကွ သူ၏ စိတ်တွင်းမှာ ရှိလာခဲ့သော ခံစားချက်များကြောင့် ပွင့်အံ ထွက်ကျလာ၏၊ စိမ်းလန်းစိုပြည် ခက်လက်ဝေဆာသော သစ်ပင်ထက်သို့ တေးသီတတ်သော ငှကက်လေး ဝင်နားလိုက်သကဲ့သို့ ဖြစ်ပေသည်။ ဤကဗျာ၏ ဦးတည်ချက်မှာ ကျွန်ုပ်တို့ရထားပေါ်က လမင်းကြီးပင် ဖြစ်၏၊ သို့သော် ကဗျာ၏ အရသာကို ကျွန်ုပ်တို့ ဘေးလူများပါ ဝေစုခံ၍ ရရှိနိုင်ပေသည်။
သန္တ ရသကဗျာ
ကောင်းကင်မိုးထက်
ရွှန်းလက်ကြည်သာ၊ စန်းသော်တာသို့
ဤမှာမြေပြင်၊ သားရွှေစင်ကို
ရှုမြင်ရပါ၊ မိမာတာသည်
ပူဆာသိမ်း၍ ငြိမ်းပေလိမ့်။ ။
ကောင်းကင်မိုးထက်
ရွှန်းလက်ကြည်သာ၊ စန်းသော်တာသို့
ဤမှာမြေပြင်၊ သားရွှေစင်ကို
ရှုမြင်ရပါ၊ ဖပီတာသည်
ပူဆာသိမ်း၍ ငြိမ်းပေလိမ့်။ ။
ကောင်းကင်မိုးထက်
ရွှန်းလက်ကြည်သာ၊ စန်းသော်တာသို့
ဤမှာမြေပြင်၊ ရွှေရုပ်သွင်ကို
ရှုမြင်သမူ၊ အိမ်နေသူသည်
"ပူဆာသိမ်း၍ ငြိမ်းပေလိမ့်"
"ပူဆာသိမ်း၍ ငြိမ်းပေလိမ့်"
ကျွန်ုပ်တို့အားလုံးက ကဗျာအချပိုဒ်ကို တစ်ညီတညွတ်တည်း လိုက်ဆိုမိကြ၏၊ ကဗျာ နာကြားသူများကိုယ်တိုင်က လိုက်မဆိုဘဲ မနေနိုင်အောင် ကောင်းလှသော ကဗျာတစ်ပုဒ်ပါတကား။
အချိန်အခါနှင့်လည်း ညီညွတ်သည်။ ပတ်ဝန်းကျင် အခြေအနေနှင့်လည်း ဟပ်မိသည်။ ကဗျာရွတ်သူ၊ ကဗျာနာကြားသူတို့၏ ထိုစဉ် တစ်ခဏ ရရှိထားသည့် ငြိမ်းအေးမှုကိုလည်း ထိထိမိမိ ဖော်ကျူး၍ ထားပေသည်။
"ဆန္န၊ ဟောသည်လည်ဆွဲရတနာကို ကဗျာရှင်မလေးဆီ သွားပေးလိုက်ပါဘိ"
အဖိုးအနဂ္ဃထိုက်တန်သော လည်ဆွဲရတနာကို နောင်တော်သိဒ္ဓတ္ထက သန္တရသကဗျာတစ်ပုဒ်အတွက် ဆုအဖြစ်ပေးအပ်လိုက်၏၊ ဆန္နပြန်ဆင်းလာသည်နှင့် ကျွန်ုပ်တို့ ဆက်လက်ထွက်ခွာခဲ့ကြပေသည်။
(ဗုဒ္ဓဝင်အဋ္ဌကထာ၊ ဂေါတမဗုဒ္ဓဝင်၊ အပဒါန် အဋ္ဌကထာ၊ အဝိဒူရေ နိဒါန်း)
ဤနေ့ ဤရက်တွင်မှ ကပိလဝတ်သို့ ပြန်ရောက်လာသဖြင့် ကိုယ့်ကိုယ်ကို ကံဆိုးလေသလား၊ ကံကောင်းလေသလား မခွဲခြားနိုင်ကြောင်း စောစောက တင်ပြခဲ့ဖူး၏၊
ယခုအခါ တရားသဘောဖြင့် ရှုမြင်၍ ဝမ်းသာစရာဖြစ်ခဲ့သော အဖြစ်အပျက်များမှာ ထိုစဉ်တုန်းကမူ ယူကျုံးမရ ကံဆိုးလှသည်ဟု ထင်စရာဖြစ်ခဲ့ရပါသည်။ ကိုယ့်နောင်တော် တစ်ယောက်ဟူသော အစွဲအလမ်းဖြင့် ကျွန်ုပ်တို့က သူ့ကို သည်အသိုက်အဝန်းထဲမှာပင် ထာဝစဉ် နေသွားစေချင်သည်။ သို့သော် သူကား ကျွန်ုပ်တို့နှင့်တကွ ရှိရှိသမျှ ဆွေတော်မျိုးတော်အားလုံး၏ လိုလားချက်ကို မဖြည့်စွက်ပါ။ အကာလ ညသန်းခေါင်ယံဝယ် ကဏ္ဋကမြင်းကို စီးလျက် ဆန္နတစ်ယောက်တည်း နောက်ပါခေါ်ကာ တိတ်တဆိတ် ထွက်သွားပါချေပြီ။
ဤအဖြစ်မှန်ကို သိလိုက်ရသည်နှင့် တစ်ပြိုင်နက် တစ်ဆွေလုံးတစ်မျိုးလုံး အုတ်အုတ်ကျက်ကျက် ငိုကြကြောင်းကို အထူးဖော်ပြနေရရန် မရှိပါ။ သို့သော် စောစောက စကားကြွေးကလေး ရှိခဲ့သည်ကိုကား အခွင့်သင့်ခိုက် ပေးဆပ်ရပါဦးမည်။
ကိသာဂေါတမီ မင်းသမီးလေးသည် ချဉ်းကပ်လာလာသမျှ သကျ မင်းညီမင်းသားတို့ကို မေတ္တာမတုံ့ပြန်ခဲ့။ သို့သော် လောကီလူ့ဘောင် ရွံ့မုန်းနေသူလည်း မဟုတ်သဖြင့် သူ့အတွက် ပဟေဠိဖြစ်ခဲ့ရကြောင်း စောစောက တင်ပြခဲ့၏၊ သိဒ္ဓတ္ထမင်းသားကို ပို့၍ ပြန်အလာတွင်ကား ဤပဟေဠိ၏ အဖြေမှန်က အရပ်ထဲမှာ ပျံ့နှံ့၍ လာပါတော့သည်။
နောင်တော်သိဒ္ဓတ္ထသည် သန္တရသကဗျာတစ်ပုဒ်အတွက် ထိုက်တန်သော ဆုကို ပေးခဲ့၏၊ ဤသို့ပေးရ၍ ငြိမ်းချမ်းသာယာ၍နေသော အချိန်ကာလတွင် ငြိမ်းချမ်းသာယာသော ကဗျာလေးကို ကြားရကာ စိတ်နှလုံး ကြည်လင်အေးမြလှသဖြင့် ကျေးဇူးသိတတ်စွာ ပေးခဲ့ခြင်းသာ ဖြစ်၏၊ သည့်ထက်ပို၍ ဘာအဓိပ္ပာယ်မျှ မရှိပါချေ။
သို့သော် ဤအပြုအမူသည် ကိသာဂေါတမီ အဖို့မှာကား အဓိပ္ပာယ်တစ်မျိုး ရှိနေပါသတဲ့။ သိဒ္ဓတ္ထ၏ဇနီးကြင်ယာ ယသော်ဓရာသည် ယခု သားတစ်ယောက် ဖွားမြောက်ပြီး ဖြစ်ပေပြီ။ သားသည်အမေ ဖြစ်လာပြီမို့ သူ့ဆီမှာ မက်မောစရာ ဂုဏ်အင်္ဂါတွေ မရှိနိုင်တော့ပြီ။ သည်တော့ လက်ရှိဇနီးကို စိတ်ကုန်နေသည့် မင်းသား သိဒ္ဓတ္ထသည် ပျိုပျိုလွင်လွင် သူ့ရုပ်သွင်ကို စိတ်ဝင်စား၍ သွားချေပြီတဲ့။ အုံ့ပုန်းချစ် မိန်းကလေးတစ်ယောက်၏ အတွေးခေါင်မှု တစ်ခုပါတကား။
နောင်တော် သိဒ္ဓတ္ထအပေါ် အုံ့ပုန်းချစ် ချစ်လာခဲ့သဖြင့် ချဉ်းကပ်လာခဲ့သမျှ သက်တူရွယ်တူ ဂုဏ်ရည်တူ မင်းညီမင်းသားများကို ပယ်လှန်ခဲ့ပြီ။ ယခုတော့ သူ့အုံ့ပုန်းချစ် ချစ်ခဲ့ရသူကိုယ်တိုင်က တစ်မျိုးလုံးတစ်ဆွေလုံးကို စွန့်ပစ်၍ သွားလေပြီ။
ငိုပေဦးတော့ ကိသာဂေါတမီ၊ သူများတွေထက် နှစ်ဆတိုးပြီး ငိုချင်းကြီးသာ ငိုလိုက်ပေတော့။
(ဗုဒ္ဓဝင် အဋ္ဌကထာ၊ ဂေါတမဗုဒ္ဓဝင်တောထွက်ခန်း။ အပဒါန် အဋ္ဌကထာ၊ အဝိဒူရေနိဒါန်း)
ရာဇဂြိုဟ်တွင် ဆွမ်းခံဝင်
နောင်တော်သိဒ္ဓတ္ထနှင့် မြင်းထိန်းအမတ် ဆန္နတို့သည် တစ်ညတာကာလအတွင်းမှာပင် အနော်မာမြစ်ကမ်းသို့ ဆိုက်ရောက်သွားကြသည် ဆို၏၊ အနော်မာဟူသည်မှာ ယုတ်ညံ့မှုမရှိ၊ မြင့်မြတ်သော အနက်သဘောကို ဆောင်၏၊ မြင့်မြတ်သော မြစ်မင်း အနော်မာ၏ ငွေရောင်လက်သည့် သဲသောင်ခုံထက်ဝယ် ကျွန်ုပ်တို့ နောင်တော် သိဒ္ဓတ္ထ၏ ရဟန်းပြုခြင်းကိစ္စ ပြီးမြောက်ခဲ့သည်ဟု ဆိုပါ၏၊
"ပြန်ပေတော့ ဆန္န၊ ကဏ္ဋကမြင်းနှင့်တကွ တိုင်းတော် ပြည်တော်ကို ပြန်ပေတော့"
ရဟန်းပြုပြီးသည်နှင့် တစ်ပြိုင်နက် အရှင်မြတ် နှုတ်တော်မှ အမိန့်တစ်ခု ထွက်ပေါ်လာပေသည်။
တစ်ချက်လွှတ်အမိန့်တော်ဖြင့် နှင်ထုတ်လိုက်ပြီမို့ ဆန္နမှာ မည်သို့မျှ ပြန်၍ မလျှောက်သာ။ ရောင်းရင်းကြီး ကဏ္ဋကနှင့်အတူ မလှမ်းချင် လှမ်းချင်နှင့် ပြန်လာကြရ၏၊ သည်အထဲတွင် ကဏ္ဋက မြင်းက အနော်မာ သဲသောင်ခုံမှာပင် သေလွန်ခဲ့ပြန်သဖြင့် တစ်ပူပေါ် နှစ်ပူဆင့်၍ လာရပေသည်။
ဤသည်မှာ ဆန္နအမတ်၏ ပြန်လည်တင်ပြချက်များမှ အချို့အဝက် ဖြစ်ပေသည်။
ဆန္နအမတ်၏ မျက်မြင်ကိုယ်တွေ့ တင်ပြချက်များကို ကျွန်ုပ်ကြားနာမှတ်သားရသမျှ သုတစကားတို့ဖြင့် ဖြည့်စွက် တင်ပြရပါဦးမည်။
အနော်မာမြစ်မင်း၏ ငွေသဲသောင်ခုံထက်ဝယ် ရဟန်းအသွင်ခံယူခဲ့သော အရှင်မြတ်သည် အနုပီယ အမည်ရသော သရက်တော၌ ရဟန်းတို့၏ စည်းစိမ်ကို အေးချမ်းငြိမ်သက်စွာ ခံစား၍ နေခဲ့၏၊ ထို့နောက် တစ်စ တစ်စနှင့် ခရီးနှင်ကာ မာဂဓတိုင်း၏ မြို့တော် ရာဇဂြိုဟ်သို့ ဆိုက်ရောက်လာတော့သည်။
(ဗုဒ္ဓဝင် အဋ္ဌကထာ၊ ဂေါတမဗုဒ္ဓဝင်၊ အပဒါန်အဋ္ဌကထာ၊ အဝိဒူရေ နိဒါန်း)
တောင်ငါးလုံးကာခိုသည့် ရာဇဂြိုဟ် မြို့တော်တွင်းဝယ် အလောင်းတော် ရဟန်းသည် အိမ်ပေါက်စေ့ ဆွမ်းခံဝင်၍ နေပေသည်။ ငြိမ်သက်သော ဣန္ဒြေဖြင့် ကြည်ညိုဖွယ် ဆွမ်းခံနေသော ရဟန်းတော်ကို မဂဓတိုင်းကြီးရှင် ဗိမ္ဗိသာရသည် နန်းပြသာဒ်ထက်မှ မမှိတ်မသုန် ဖူးမြော် နေပေသည်။ သည်ပုဂ္ဂိုလ်၏ ဦးဆောင်မှုဖြင့် မြင့်မြတ်သော သာသနာတော်ကြီးကို နောင်အခါ ပြုရတော့မည်ဟု သူ့စိတ်က သိနှင့်လေသလား မဆိုနိုင်ပါ။
သည်ရဟန်းမှာ မိမိနှင့် အသက်အရွယ် သိပ်ကွာလှမည် မဟုတ်ပေ။ အလွန်ဆုံးဖြစ်နိုင်လျှင် မိမိထက် ငါးနှစ်လောက်သာ ကြီးပေလိမ့်မည်။ ကြည့်ရင်း ကြည့်ရင်းနှင့် သည်ရဟန်းတော်၏ အပေါ်ဝယ် သူ့စိတ်များက ညွှတ်၍ ညွှတ်၍ ဝင်လာကြ၏၊ သို့သော် သူ့အဖို့ သာမန် တိုင်းသူပြည်သားများကဲ့သို့ အလွယ်တကူ မဆုံးဖြတ်သာ။ ကျယ်ဝန်းလှစွာသော တိုင်းနိုင်ငံကြီးကို ဦးဆောင်ဦးရွက် ပြုနေရသည်မို့ ကိစ္စဟူသမျှကို ချင့်ချင့်ချိန်ချိန်သာ လုပ်ရပေလိမ့်မည်။ ထို့ကြောင့် ရဟန်းတော်ရှိရာ ချက်ချင်းလက်ငင်း မသွားသေးဘဲ အမှုထမ်းသုံးဦးကို လွှတ်လိုက်ရ၏၊
"အချင်းတို့၊ ဤရဟန်းကို လိုက်ပြီး စုံစမ်းကြ။ ဤရဟန်းသည် ရူပနိကာယ် သပ္ပာယ်လှ၏၊ အလုံးအရပ် ဖွံ့ထွားမြင့်မား၏၊ ကိုယ်နေကိုယ်ထား သပ်ရပ်သန့်ရှင်း၏၊ အကျင့်သိက္ခာနှင့်လည်း ပြည့်စုံ၏၊ တောင်မြောက် ဝဲယာအရပ်လေးမျက်နှာကို လေးတောင်ခန့်မျှသာ ကြည့်၏၊ မျက်လွှာချ၍ သွားခြင်းက မာန်မာနကင်းခြင်းကို ဖော်ပြလျက်ရှိ၏၊ သွားချေကြ မောင်းမင်းတို့။ ဤရဟန်းကို ကိုယ်တိုင်သိအောင် စုံစမ်းချေကြ"
ဗိမ္ဗိသာရမင်းက စိတ်ရှည်လက်ရှည် အမိန့်ပေး၏၊ ကိုယ် နှုတ် နှလုံး သုံးပါးစုံ စောင့်စည်းလျက် ဆွမ်းခံ၍နေသော အလောင်းတော်၏ သပိတ်တွင် မကြာခင် ဆွမ်းများပြည့်လာ၏၊ ရလေသမျှ ဆွမ်းများကို သယ်ဆောင်က အလောင်းတော် ရဟန်းသည် ပဏ္ဍဝတောင်ခြေသို့ လှမ်းကြွလာခဲ့၏၊
တောင်ခြေရှိ ရေအိုင်တစ်ခုအနီးဝယ် ရလာသမျှ ဆွမ်းများကို မျှတစွာ ဘုဉ်းပေးပြီးလျှင် ဗိမ္ဗိသာရမင်းကြီး၏ ရထားသံကို ကြားလိုက်ရ၏၊ အလောင်းတော် လှမ်းမြင်ရသောနေရာမှာပင် ရထားကိုရပ်ကာ ဗိမ္ဗိသာရမင်းကြီးသည် ခြေကျင်လျှောက်လာခဲ့၏၊ မင်းမှုထမ်းများ၏ စုံစမ်းချက်အရ ဤသူမှာ အယောင်ဆောင် သူတော်ကောင်း မဟုတ်။ ပရိယေန ဝမ်းစာရေးကြောင့် ရဟန်းပြုလာသူလည်း မဟုတ်။ ဤသူ၏ သွားပုံလာပုံ ကြည့်ပုံရှုပုံတို့ ဣန္ဒြေရလှသည်ကို ထောက်၍ အောက်တန်းစားလည်း မဖြစ်နိုင်။ ဤသို့ ပြည့်စုံတိကျစွာ သိရသဖြင့် အဆောတလျင် လိုက်လာရခြင်း ဖြစ်ပေသည်။
ဗိမ္ဗိသာရမင်းကြီးသည် ရဟန်းတော်၏ အထံသို့ ရိုသေစွာ ချဉ်းကပ်၍ နှုတ်ဆက်စကားများ ပြောဆိုကာ ရိုသေစွာ လျှောက်ထား၏၊
"အရှင်ဘုရား၊ အရှင်ဘုရားသည် ပျိုမျစ်နုနယ် ပထမအရွယ်မျှသာ ရှိပါသေးသည်။ အသားအရေ လှပတင့်တယ်ရုံမက လုံးရပ်သဏ္ဍာန်လည်း ပြည့်စုံသူဖြစ်ပါသည်။ ခတ္တိယမျိုးနွယ်ထဲကနှင့် တူပါသည်။ အရှင်ဘုရား ခံစားနိုင်ဖို့ တပည့်တော်က စည်းစိမ်ဥစ္စာများ ပေးအပ်ပါ၏၊ အမျိုးအနွယ်ကို အမိန့်ရှိပါဦး အရှင်ဘုရား"
အထက်တန်းစားမိသားစုမှ ဆင်းသက်လာသူမှန်းတော့ သိပြီး ဖြစ်ပါ၏၊ သည်အထဲက ဘယ်အမျိုးဘယ်အနွယ်ဖြစ်ကြောင်း အတိအကျသိလို၍ မေးလျှောက်ခြင်း ဖြစ်ပေသည်။
သိလိုရေးနှင့် မေးလျှောက်သည်ကို အလောင်းတော်ကလည်း အပြည့်အစုံ ဖြေကြားပါ၏၊ သို့သော် ကမ်းလင့်လာသော စည်းစိမ်များကိုကား လက်မခံပါချေ။
"မင်းကြီး၊ ငါကား ကာမဂုဏ်ကို အလိုမရှိ။ ကာမဂုဏ်မှ လွတ်မြောက်ရေးအတွက်သာလျှင် ရဟန်းပြုလာခဲ့၏၊ ကာမဂုဏ်မှ ထွက်မြောက်ရာကို မျက်မှောက်ပြုနိုင်သော ဤအကျင့်၌ ငါ မွေ့လျော် ပျော်ပိုက်၍ နေပေပြီ" "ကောင်းလှပါပြီ အရှင်ဘုရား၊ အရှင်ဘုရား အလိုရှိရာ ပန်းတိုင်သို့ ရောက်သည့်အခါမှသာ တပည့်တော်တို့ တိုင်းပြည်သို့ ကြွလာတော်မူပါ"
သာမဏဘောင် ရောက်လာချိန်တွင် ပထမဦးစွာ လျှောက်လာသော ဒါယကာတစ်ဦးအား အလောင်းတော်က ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံကတိပေးလိုက်ပြီး ဖြစ်ပေသည်။
(သုတ္တနိပါတ်၊ မဟာဝဂ်၊ ပဗ္ဗဇ္ဇာသုတ်)
အိုဘယ့်ယသော်ဓရာ
ရဟန်းတော် သိဒ္ဓတ္ထသည် မဂဓတိုင်းကြီးရှင် ဘုရင်ဗိမ္ဗိသာရ၏ ကမ်းလှမ်းချက်ကိုပင် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ချေပြီ။ ဤသတင်းကို ကြားရသဖြင့် နောင်တော်သိဒ္ဓတ္ထ နောက်ကြောင်းတစ်ဖန် ပြန်လာ လေဦးမလား ဟူသော မျှော်လင့်ချက်များ ဆုံးခန်းတိုင်သွားကြပြီ ဖြစ်ပေသည်။
သုဒ္ဓေါဒန မဟာရာဇာနှင့် မဟာပဇာပတိ ဂေါတမီတို့သည် သားတော်အတွက် ကျမျက်ရည်ကို အနိုင်နိုင်သိမ်းဆည်းကာ နိုင်ငံတော်၏ တာဝန်များကို ဣန္ဒြေမပျက် ဆက်လက်ထမ်းဆောင်ကြရ၏၊ သည်လိုနေရင်းက သားတော်၏ သတင်းစကားများကို နားစွင့်၍ နေကြရ၏၊ ဘုရင်ဗိမ္ဗိသာရ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်စဉ်က မိမိတို့မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရသည်မို့ ဝမ်းနည်းရသည် မှန်ပါ၏၊ သို့သော် သကျတို့၏ နိုင်ငံငယ်မှ မင်းသားတစ်ပါးသည် အဝှမ်းကျယ်စွာသော တိုင်းပြည်ကြီး၏ ကမ်းလှမ်းချက်ကိုလည်း လက်မခံပါချေ။ ဤသည်မှာ မိမိတို့နိုင်ငံနှင့် လူမျိုးကို ဂုဏ်တင်ပေးရာရောက်သဖြင့် မျက်ရည်စက်လက်နှင့် ကျေနပ်ကြရ၏၊ သားတော်အတွက် မျက်ရည်ကြားက ၈ုဏ်ယူစရာသကဲ့သို့ ချွေးမတော် ယသော်ဓရာအတွက်လည်း ကျမျက်ရည် တွေတွေစီးလျက်ပင် ဂုဏ်ယူကြရပါလေ၏၊
လင်ပစ်မလေးတစ်ယောက်အဖြစ် မျက်နှာမငယ်ပါစေနှင့်တော့ဟု ဒေဝဒဟရှိ မိဘဆွေမျိုးများက မိဘရပ်ထံ ပြန်လာဖို့ ကမ်းလှမ်းကြပါ၏၊ လူကိုယ်တိုင်လာ၍ ခေါ်ကြပါ၏၊ ယသော်ဓရာကား ကပိလဝတ်က လုံးဝ မခွာလို။ မောင်တော် သိဒ္ဓတ္ထက မိမိနှင့်တကွ သားတော်လေးကိုပါ မတွယ်မတာ စွန့်ခွာသွားခဲ့သော်လည်း မိမိကိုယ်ကိုကား မောင်တော် သိဒ္ဓတ္ထပိုင်ဆိုင်သူတစ်ယောက်ဟူ၍သာ သတ်မှတ်ထား၏၊
တစ်ဦးသောသူက မပိုင်ချင် မဆိုင်ချင်တော့၍ လွတ်ရာ ကျွတ်ရာသို့ မျက်နှာလွှဲ၍ သွားခဲ့ပါ၏၊ တစ်ယောက်သောသူကတော့ ထိုသူရှိရာသို့ မျက်နှာမူကာ ထိုသူနှင့် တစ်စုံတစ်ရာ ပတ်သက်နေသေးသကဲ့သို့ မှတ်ယူနေဘိ၏၊
အလောင်းတော် မင်းသားသည် ညစာမစား၊ နံနက်စာတစ်ထပ်တည်းသာ စားတော့ကြောင်း သိရသည်တွင် သူကလည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြင်ဆင်ထားသော ညစာကို မျက်နှာလွှဲ၍နေခဲ့၏၊
အလောင်းမင်းသားက ခုတင်ညောင်စောင်းမပါ၊ မြေပေါ်မှာ အိပ်နေတော့သည်ဆိုသဖြင့် သူကလည်း ကြမ်းပေါ်မှာ အိပ်ခဲ့၏၊
အလောင်းတော်မင်းသားသည် ပန်းနံသာ လိမ်းကျံခြင်း မရှိတော့သဖြင့် သူကလည်း မိန်းမသားတို့၏ သည်းခြေကြိုက် လိမ်းစရာ ခြယ်စရာများကို ပယ်စွန့်၍ ထားလိုက်၏၊
မျက်ရည်ကြားက ဂုဏ်ယူရသည့် ယသော်ဓရာ။ သည်လို ဂုဏ်ယူစရာ လင့်အပေါ် တွယ်တာလှသော ယသော်ဓရာကြောင့်ပင်လျှင် လူကြီးမိဘများ ရင်ထုမနာ ဖြစ်ကြရပေသည်။
သူ့အတုကိုလိုက်ပြီး ယခုလို အဆင်းရဲ အပင်ပန်းခံခြင်းဖြင့် သူနှင့် တစ်စုံတစ်ရာ အဆက်အသွယ် ရှိနေသေးသည်ဟု ထင်နေဟန်ရှိပါ၏၊ သည်အထင်ဖြင့် ကိုယ့်စိတ်ကို ဖြေနေဟန်ရှိပါ၏၊ စွန့်ခွာသူက ဥရုဝေလတောကြီးတွင် ယခု သဲကြီးမဲကြီး ကြိုးစားအားထုတ်၍ နေချေပြီ။ ဤသို့ ကြိုးစားခြင်းမှာ သင်နှင့်တကွ လောကကြီးတစ်ခုလုံးကို အပြီးအပိုင် ပယ်စွန့်နိုင်ရန် ဖြစ်၏၊
အိုဘယ့်ယသော်ဓရာ၊ အိုဘယ့်လွမ်းဆွတ်သူ။ ဤအချက်မှာတော့ သင်အတူလိုက်၍ ကျင့်နိုင်ပါဦးမည်လော။
(အပဒါန် အဋ္ဌကထာ၊ သန္တိကေ နိဒါန်း။ ဗုဒ္ဓဝင် အဋ္ဌကထာ၊ ဂေါတမ ဗုဒ္ဓဝင်)
ခမည်းတော်၏ အလွမ်းဖြေစကား
ဥရုဝေလတောကြီးသို့ အလောင်းတော်ဝင်သွားပြီးနောက် ရံဖန်ရံခါမှသာ သတင်းများ ရောက်လာပါတော့သည်။ အချို့သတင်းများမှာ အလောင်းတော် စင်္ကြံဦးမှာ အားပြတ်၍ လဲနေသည်ဟု ဆိုကြ၏၊ အချို့သတင်းများကတော့ လဲနေခြင်း မဟုတ်။ ရဟန္တာဖြစ်သွား၍ မလှုပ်မယှက် နေသည်ဟု ဆို၏၊ အချို့သတင်းများကတော့ လဲရာက ပြန်မထတော့ဘဲ သေဆုံးပြီဟု ဆို၏၊
ခမည်းတော် သုဒ္ဓေါဒန မဟာရာဇာကတော့ ရည်မှန်းထားသည့်ပန်းတိုင် မရောက်မချင်း သူ့သားတော် မသေနိုင်ဟု ယုံကြည်ထား၏၊ သို့ရာတွင် သားတော် သေလုမျောပါး အခြေအနေထိအောင် အပြင်းအထန် ဒုက္ခခံ၍ ကျင့်နေကြောင်းကား ပေါ်လွင်၍ နေပါပြီ။
ကပိလဝတ်မှာ ကျန်ရစ်ကြသော ကျွန်ုပ်တို့ ညီတော်နောင်တော်များမှာ အလောင်းတော်ဆီ လိုက်သွားဖို့ တကဲကဲ ဖြစ်နေကြ၏၊ တောထဲ တောင်ထဲမှာ ဆွေမရှိ၊ မျိုးမရှိ အတိဒုက္ခခံစားနေရမည့် မိမိတို့ နောင်တော်၊ မိမိတို့ညီတော်အား ဝိုင်းဝန်း ပြုစုနေကြဖို့ စီမံကြ၏၊
ဤသို့ စီမံလိုက်တိုင်းပင် သုဒ္ဓေါဒန မဟာရာဇာက တားမြစ်ခဲ့ပေသည်။
"ငါ၏တူတော် သားတော်တို့၊ သားတော် သိဒ္ဓတ္ထ တစ်ဦးတည်း ထွက်ခွာသွားခြင်းမှာ လွတ်လပ်စွာ တရားရှာလို၍ပင် ဖြစ်သေည်။ တရားပေါက်ပိုင် သိမြင်နိုင်ရေးကို အလေးထားသောကြောင့်သာလျှင် ဆွေမျိုးမိဘများနှင့် ဝေးရာသို့ သွားခဲ့ခြင်းဖြစ်သည်။ တိုင်းပြည်မြို့ရွာ သံယောဇဉ်ကင်းရာသို့ တမင်တကာ ရွေးချယ်၍ သွားခဲ့ခြင်း ဖြစ်သည်။ သည်က သွေးချင်းသားချင်း သံယောဇဉ် မကင်းသူများက သွား၍ ပြုစုကြလျှင် သူ့စိတ်ထဲမှာ အနှောင့်အယှက် ဖြစ်နိုင်သည်။ သည်တော့ သည်အသိုက်အဝန်းက လူဆိုလျှင် သူ လုံးဝ လက်ခံမည် မထင်။ မောင်ဆန်ကို အမိန့်သံပြင်းပြင်းနှင့် နှင်ထုတ်ခဲ့ပြီ မဟုတ်ပါလား "
"သို့သော်လည်း တူတော် သားတော်တို့၊ သင်တို့နောင်တော်၊ သင်တို့ညီတော်အတွက် စိတ်သက်သာစရာတစ်ခု ပြောပြနိုင်ပါပြီ။ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ ဟူသော ပုဏ္ဏား ငါးယောက်တို့သည် ငါတို့၏ ကပိလဝတ်နန်းတော်ကို စွန့်ခွာ၍ ဥရုဝေလတောသို့ လိုက်ပါကာ ရဟန်းပြုကြလေပြီ။ ထိုပဉ္စဝဂ္ဂီရဟန်းများက သားတော်ရဟန်းနှင့် အတူရှိနေကြောင်း သတင်းကောင်းတစ်ခု ရောက်၍ လာပါပြီ။ ပဉ္စဝဂ္ဂီရဟန်းများက သားတော်ကို ဆွမ်းခံ၍ ကျွေးကြသည်။ ရေပူရေချမ်း ကမ်းလှမ်းကြသည်။ ခြေဆုပ်လက်နယ် ပြုကြသည်။ ဆွေမတော် မျိုးမဆက် တရားနာရန် မျှော်လင့်ချက်ဖြင့် ပြုစုနေကြခြင်း ဖြစ်ပေသည်"
"ငါတို့ အသိုက်အဝန်းကို သူ စွန့်ခွာသွားသည့်အခါ ငါတို့မှာ ဟာလာဟင်းလင်း ဖြစ်နေရစ်ကြ၏၊ စွန့်ခွာသူ ကိုယ်တိုင်မှာတော့ သံယောဇဉ် မဖက်သည့် အသိုက်အဝန်းက ရှိမြဲပင် ရှိနေပေသည်။ သည်တော့ ခမည်းတော်ကိုယ်တိုင်လည်း သားတော်အပေါ် သဘောပေါက်လာပြီ။ နားလည်လာပြီ တူတော် သားတော်များ"
"ငါ၏ သားတော် သိဒ္ဓတ္ထသည် ငါတို့ သကျများအတွက် သက်သက်မဟုတ်။ ငါတို့၏ အမျိုးအနွယ်အားလုံးအတွက် ဖြစ်နေချေပြီ။ ယခုလက်ရှိ လူသားမျိုးနွယ်များ၊ လာလတ္တံ့သော လူသားမျိုးနွယ်များအတွက် အဖိုးမဖြတ်နိုင်သည့် ကျောက်မျက်ရတနာတစ်ဆူကို ငါတို့များ ပေးလိုက်ကြရပေပြီ"
"သည်အတွက် ငါတို့သကျများ ဂုဏ်ယူကြပါစို့။ သားတော်၏ သတင်းများကို နားစွင့်၍ နေကြပါစို့"
(မဇ္ဈိမပဏ္ဏာသ၊ ဗောဓိရာဇကုမာရသုတ်)
တောရပ်မြိုင်ပေါ် ခြောက်နှစ်ပျော်၍ ဥရုဝေလတောကြီးသို့ ကျွန်ုပ်တို့တစ်တွေ လိုက်ပါခွင့် မရှိခဲ့ပြီ။ ထိုအရပ် ထိုနယ်မြေမှာလည်း ကျွန်ုပ်တို့၏ မိတ်ဆွေရင်းချာများ မရှိပြီ။ ထို့ကြောင့် နောင်တော်ဘုရား တရားကျင့်ပုံ၊ အတိဒုက္ခခံစားရပုံများကို ကျွန်ုပ်တို့ ကပိလဝတ်မြို့တော်မှ တိကျခိုင်လုံသော သတင်းများ မရနိုင်တော့ပါ။ ဘုရားအဖြစ် ရောက်တော်မူပြီးနောက် ဗောဓိမင်းသား၏ အိမ်တက်မင်္ဂလာတွင် ဘုရားရှင် ကိုယ်တော်တိုင်က ဇာတ်ကြောင်းပြန် ဟောကြားတော်မူခါမှ ကျွန်ုပ်တို့ ပြည့်ပြည့်စုံစုံ သိခွင့်ရကြပေသည်။ ဗောဓိမင်းသားအား ဘုရားရှင်က ဤသို့ ဟောကြားတော်မူပေသည်။
"မင်းသား၊ တောထွက်လာစဉ်က ငါ၏ အသက်အရွယ် ငယ်ငယ်သာရှိသေး၏၊ ငါ၏ ဆံပင်များသည် ဖြူ နီ ကြောင် ကျားမရှိ၊ နက်မှောင်၍ နေကြ၏၊ တစ်သက်တာ၏ ပထမပိုင်းအချိန်အရွယ် ကောင်းတုန်းဝယ် မျက်ရည်စက်လက်ရှိနေကြသော မိဘ ဆွေမျိုးများကို စွန့်ခွာ၍ လာခဲ့၏၊ ဆံမုတ်ဆိတ်ကို ပယ်ကာ ဖန်ရည်ဆိုးသည့် အဝတ်သင်္ကန်းများ ဝတ်ဆင်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊
"လူ့ဘောင်စွန့်ခွာ လွတ်ကြောင်းရှာ၍ လာခဲ့သော ငါသည် ပထမဦးစွာ အာဠာရ ကာလာမထံ ချဉ်းကပ်ခဲ့၏၊ သူ၏ တရားလမ်းစဉ်အတိုင်း ကျင့်သုံးခွင့်ပြုပါရန် ပန်ကြားခဲ့၏၊ အာဠာရ ကာလာမက ငါ့ကို လိုလိုချင်ချင် ဖိတ်ခေါ်ကာ သူ၏ တရားလမ်းစဉ်များကိုသာ သင်ကြားစေ၏၊ အတန်အသင့် သင်ကြားရုံမျှဖြင့်ပင် အာဠာရ ကာလာမသည် အပြောမဟုတ်။ ဤတရားလမ်းစဉ်ကို ကိုယ်တိုင်ဒိဋ္ဌ သိမြင်ထားသူဖြစ်ကြောင်း ငါ ယုံကြည်စိတ်ချခဲ့၏၊
"အာဠာရ ကာလာမ၏ အထွတ်မြတ်ဆုံးတရားသည် အကိဉ္စညာယတနစျာန်ဖြစ်၏၊ အရူပစျာန် လေးပါးမှ တတိယစျာန် ဖြစ်၏၊ ဤစျာန်သို့ ဆရာဖြစ်သူနှင့် ထပ်တူထပ်မျှ ရောက်ရှိလာသော ငါသည် ဆရာဖြစ်သူထံ ဤအကြောင်းကို ပြောကြားခဲ့၏၊ အာဠာရ ကာလာမ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပေသည်။
ဒငါ့ရှင်၊ ငါ့မှာ အရတော်လေစွ၊ သီတင်းသုံးဖော်တစ်ဦးကို အရထူးလေစွ။ ငါသိသော တရားကို သင်သိ၏၊ သင်သိသောတရားကို ငါသိ၏၊ ငါသည် သင်နှင့် တူဘိ၏၊ သင်သည်လည်း ငါနှင့် တူဘိ၏၊ ကောင်းပြီ။ သည်အချိန်မှ စ၍ သည်တပည့် ပရိသတ်ကို ငါတို့နှစ်ပါး အတူပေါင်းပြီး ဦးဆောင်ကြပါစို့။
"မင်းသား၊ ထိုသို့ ဦးစားပေးခဲ့ငြားလည်း အာဠာရ ကာလာမထံမှ ငါသည် စွန့်ခွာ၍ လာခဲ့၏၊ ငါရှာနေသည့် တရားက ဒုက္ခအားလုံး၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်တရား။ သည်မှာ အလွန်ဆုံး ရနိုင်လျှင် အာကိဉ္စညာယတနစျာန်မျှသာ။ ထိုစျာန်မျှဖြင့် အားမရ မတင်းတိမ်၍ တရားရှာ ထွက်လာခဲ့ပြန်လျှင် ဥဒကရာမပုတ္တနှင့် တွေ့ရပြန်၏"
"မင်းသား၊ ဥဒကပုတ္တထံမှလည်း ငါသည် နေဝသညာ နာသညာယတနစျာန်ကို ရခဲ့ပြန်၏၊ အရူပစျာန်လေးပါးမှ နောက်ဆုံးစျာန်ဖြစ်၏၊ လောကီစျာန်ဟူသမျှတို့၏ အထွတ်အထိပ်လည်း ဖြစ်၏၊ သို့ရာတွင် ချုပ်ငြိမ်းရာတရားကို ရှာလိုသေးသဖြင့် ဥဒက ရာမပုတ္တကိုလည်း စွန့်ခွာ၍ လာခဲ့၏"
"ဟိုမှာသည်မှာ တရားရှာ၍ တွေ့လိမ့်နိုးနိုးဖြင့် ငါသည် မဂဓတိုင်းတစ်ခွင် လှည့်လည်၍နေရာ တစ်နေ့သောအခါ ဥရုဝေလတောအုပ်သို့ ဆိုက်ရောက်လာ၏၊ သေနာနိဂုံးသို့ ချဉ်းကပ်လာ၏၊ သည်အရပ် သည်မြေ အနေအထားသည် မွေ့လျော်ဖွယ်ရှိ၏၊ တောအုပ်ကလည်း တင့်တောင်းတင့်တယ် ရှိ၏၊ ငြိမ့်ငြိမ့်သာသာ စီးဆင်းနေသော မြစ်ငယ်တွင် ရေသည် သန့်ရှင်းကြည်လင်၏၊ ဆိပ်ကမ်းသည် ပြေပြေလျောလျော ရှိ၏၊ ပတ်ဝန်းကျင်တစ်ဝိုက်မှာလည်း ဆွမ်းခံရွာများ ရှိနေကြ၏၊ သည်နေရာကား တရားအားထုတ်ဖို့ အကောင်းဆုံးပေတည်း။
"မင်းသား၊ ဤသို့ တရားအလုပ် အားထုတ်စဉ်ဝယ် ဥပမာသုံးမျိုး ထင်မြင်လာကြ၏၊ ရှေးယခင်က တစ်ကြိမ် တစ်ခါမျှ မထင်လာခဲ့ဖူးသော ဥပမာများဖြစ်ကြ၏"
"မင်းသား၊ သင့်ကို ဥပမာတစ်ခု ပေးပါရစေ။ လူတစ်ယောက်သည် စိုလည်းစို၍ ရေထဲမှာ နှစ်ထားခဲ့သော ထင်းချောင်း၌ ပွတ်ကျည်ကို တင်၍ ပွတ်လျှင် မီးထွက်လာမည်လား"
"မလာနိုင်ပါဘုရား။ ပင်ပန်းရုံသာ ဖြစ်ပါလိမ့်မည်"
"မင်းသား၊ အကြောင်းမည်သို့ ရှိသနည်း"
"အရှင်ဘုရား၊ သူ မီးပွတ်သော ထင်းချောင်းသည် စိုလည်း စိုပါ၏၊ ရေထဲမှာလည်း နှစ်ထားခဲ့ပါ၏၊ ထိုအကြောင်း နှစ်ပါးစုံကြောင့် ဖြစ်ပါသည် ဘုရား"
"မင်းသား၊ များလှစွာသော သာမဏဗြာမဟ္မဏတို့သည် ထို့အတူသာပင် ဖြစ်ကုန်၏၊ သင်တို့သည် ကိုယ်ရောစိတ်ပါ ကာမဂုဏ်မှာ ကပ်ငြိနေကြ၏၊ ကာမဂုဏ်အာရုံ ဆာလောင်မွတ်သိပ်ခြင်းတို့ကိုလည်း ကိုယ်ပိုင် အသိဉာဏ်ဖြင့် မပယ်နိုင်၊ မငြိမ်းနိုင် ဖြစ်နေကြ၏၊ ထိုသူတို့သည် ပြင်းထန်စွာ ကြိုးစားကြ၍ ဒုက္ခကြီးစွာ ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ လောကုတ္တရာ အသိဉာဏ်ကို မရနိုင်။
"မင်းသား၊ နောက် ဥပမာတစ်ခု ပေးပါရစေ။ လူတစ်ယောက်သည် ရေထဲမှာ နှစ်မထားခဲ့သော ထင်းစိုစိုကို ပွတ်ကျည်တွင်တင်၍ မီးပွတ်လျှင်ကော မီးထွက်လာမည်လား"
"မလာနိုင်ပါဘုရား။ ပင်ပန်းရုံသာ ရှိပါလိမ့်မည်"
"မင်းသား၊ အကြောင်းမည်သို့ ရှိသနည်း"
"အရှင်ဘုရား၊ သူ မီးပွတ်သော ထင်းချောင်းသည် ရေထဲမှာ နှစ်မထားခဲ့သည်ကား မှန်ပါ၏၊သို့သော် ထင်းစိုဖြစ်၍ နေပါသည်။ ထိုအကြောင်းကြောင့် ဖြစ်ပါသည် ဘုရား"
"မင်းသား၊ များစွာသော သာမဏ ဗြာဟ္မဏတို့သည် ထို့အတူသာလျှင် ဖြစ်ကုန်၏၊ သူတို့ဥည် ကိုယ်ရော စိတ်ပါ ကာမဂုဏ်တို့မှ ခွာရှဲ၍ နေကြ၏၊ သို့သော် ကာမဂုဏ်အာရုံ ဆာလောင်မွတ်သိပ်ခြင်းတို့ကိုမူ ကိုယ်ပိုင် အသိဉာဏ်ဖြင့် မပယ်နိုင်၊ မငြိမ်းနိုင် ဖြစ်နေကြ၏၊ ထိုသူတို့သည် ပြင်းထန်စွာ ကြိုးစား၍ ဒုက္ခကြီးစွာ ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ လောကုတ္တရာ အသိဉာဏ်ကို မရနိုင်။
"မင်းသား၊ နောက်ဥပမာတစ်ခု ပေးပါရစေ။ လူတစ်ယောက်သည် ရေမစိုသော ထင်းခြောက်ပေါ်တွင် ပွတ်ကျည်ကို တင်၍ မီးပွတ်လျှင် မီးထွက်လာမည်လား"
"မှန်ပါ။ ထွက်လာပါလိမ့်မည် ဘုရား"
"မင်းသား၊ အကြောင်း မည်သို့ ရှိသနည်း"
"အရှင်ဘုရား၊ သူ့မီးပွတ်သော ထင်းချောင်းသည် ခြောက်လည်းခြောက်သွေ့ နေပါသည်။ ရေနှင့် လွတ်ရာ ဝေးရာမှာလည်း ထားခဲ့ပါသည်။ ထိုအကြောင်းနှစ်ပါးစုံကြောင့် ဖြစ်ပါသည် ဘုရား"
"မင်းသား၊ ထို့အတူသာဖြစ်သော သာမဏ ဗြာဟ္မဏတို့သည် မြောက်မြားစွာရှိကြ၏၊ သူတို့ဥည် ကိုယ်ရော စိတ်ပါ ကာမဂုဏ်တို့မှ ခွာရှဲ၍လည်း နေကြ၏၊ ကာမဂုဏ်အာရုံ ဆာလောင်မွတ်သိပ်ခြင်းတို့ကိုလည်း ကိုယ်ပိုင် အသိဉာဏ်ဖြင့် ပယ်ပြီး ငြိမ်းပြီး ဖြစ်ကြ၏၊ ထိုသူတို့ဥည် ပြင်းထန်စွာ ကြိုးစား၍ ဒုက္ခကြီးစွာ ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ လောကုတ္တရာ အသိဉာဏ်ကို ရနိုင်ကြ၏"
"မင်းသား၊ ထိုသို့ စဉ်းစားခဲ့ပြီးနောက် ငါသည် သွားကို သွားနှင့်ကြိတ်ကာ အာခေါင်ကို လျှာဖျားထောက်လျက် အကုသိုလ်စိတ်များကို ဖိနှိပ်ကြိတ်ချေခဲ့၏၊ အကုသိုလ်များ ခြောက်ခန်းသွားအောင် ကြိုးစားခဲ့၏၊ ထိုအခါ အားကောင်းမောင်းသန် ယောကျ်ားတစ်ယောက်က အားမရှိသော ယေကျ်ားတစ်ယောက်ကို ဖိနှိပ်ကြိတ်ချေ ပူလောင်စေသကဲ့သို့ ဝေဒနာပြင်းစွာ ခံစားရ၏၊ ချိုင်းကြားမှ ချွေးများထွက်လာ၏"
"မင်းသား၊ ထို့နောက် ငါသည် အသက်မရှူဘဲ ချုပ်တည်း၍ နေခဲ့၏၊ ထွက်လေ ဝင်လေများ မထွက်မဝင်နိုင်အောင် ပါးစပ်ရော နှာခေါင်းပါ ပိတ်ပင်ထားခဲ့၏၊ ထိုအခါ ဖားဖိုကြီးမှ ကြီးစွာသော လေသံ ထွက်လာသကဲ့သို့ နားထဲမှ အသံကြီးစွာ ထွက်ပေါ်လာ၏"
"မင်းသား၊ ငါသည် ထိုအကျင့်ကိုပင် ဆက်လက်၍ ကျင့်ခဲ့၏၊ ပါးစပ်နှင့် နှာခေါင်းသာမက နားကိုပါ ပိတ်ပင်၍ ထားလိုက်၏၊ ထိုအခါ ဆောက်သွားထက်ထက်ဖြင့် ဦးခေါင်းကို ထိုးဆွဘိသက်ဲ့သို့ အတွင်းလေတို့က ဦးခေါင်းကို ထိုးဆွလာကြ၏"
"မင်းသား၊ ငါသည် ထိုအကျင့်ကိုပင် ဇွဲလုံ့လကြီးစွာ ဆက်လက်ကျင့်ခဲ့၏၊ ပါးစပ်၊ နှာခေါင်းနှင့် နားများကိုပင် ပိတ်မြဲတိုင်း ပိတ်၍ ထားခဲ့၏၊ ထိုအခါ အားကောင်းမောင်းသန် ယောကျ်ားတစ်ယောက်က အခြားတစ်ယောက်၏ ခေါင်းတွင် သားရေကြိုးဖြင့် အလွန်အမင်း တင်းကျပ်စွာ ချည်နှောင် ရစ်ပတ်သကဲ့သို့ ဦးခေါင်းဝေဒနာများ ခံစားလာရ၏"
"မင်းသား၊ ငါသည် ထိုမျှနှင့်ပင် အလျှော့မပေးသေးဘဲ ဤအကျင့်ကို ဆက်လက်၍ ကျင့်ခဲ့၏၊ လေထွက်ပေါက်များကို ပိတ်မြဲတိုင်း ပိတ်ပင်ထားခဲ့၏၊ ထိုအခါ နွားသတ်သမား၏ ဓားထက်ထက်သည် ဝမ်းတွင်းသားများတို့ကို လှီးဖြတ်ဘိသကဲ့သို့ အတွင်းလေတို့က ဝမ်းဗိုက်ကို ထိုးကျင့်ကြကုန်၏"
"မင်းသား၊ ထိုမျှဖြင့် မဆုတ်မနစ်သော ငါသည် ဤအကျင့်ကို ဆက်လက်ကျင့်ခဲ့၏၊ လေထွက်ပေါက်များကို ပိတ်မြဲတိုင်း ပိတ်ပင်ထားခဲ့၏၊ ထိုအခါ အားကောင်းမောင်းသန် ယောကျ်ားနှစ်ယောက်က အားသေးသော ယောကျ်ားတစ်ယောက်ကို လက်မောင်းမှ ကိုင်ဆွဲကာ မီးကျီးတွင်းရဲရဲမှာ ကင်ကြဘိသကဲ့သို့ ငါ၏ တစ်ကိုယ်လုံး အလွန်အမင်း ပူလောင်၍ နေပေသည်"
"မင်းသား၊ ငါသည် ထိုမျှဖြင့် အားမရသေးဘဲ အစားအစာကို လျှော့၍ လျှော့၍ စားလာခဲ့၏၊ ပဲပြုတ်ရည်၊ ဟင်းရွက်ပြုတ်ရည် လက်တစ်ခုပ်စာမျှသာ စားသုံး၏၊ ထိုသို့ အစားအစာနည်းပါးစွာ စားသုံးလာသဖြင့် ငါ၏ ခန္ဓာကိုယ်သည် အလွန့်အလွန် ပင်ပန်းလှ၏၊ ငါ၏ အင်္ဂါကြီးငယ်တို့သည် နွယ်ပုတ်နွယ်ငန်း၏ အဆစ်အမြစ်ကဲ့သို့ ဖြစ်ကုန်၏၊ ငါ၏ တင်ပါးတို့ဥည် ကုလားအုပ်ခြေထောက်ကဲ့သို့ တွန့်လိမ်ရှုံ့တွနေကြ၏၊ ငါ၏ ခါးဆစ်ရိုးတို့သည် ပုတီးလုံးများကဲ့သို့ နိမ့်မြင့်မညီ ရှိနေကြ၏၊ ငါ၏ နံရိုးတို့သည် ဇရပ်ပျက်၏ အခြင်ရနယ်များကဲ့သို့ ဖရိုဖရဲ ဖြစ်နေကြ၏၊ ငါ၏ မျက်လုံးတို့ဥည် ရေတွင်းထဲက ကြယ်တာရာ အရိပ်ကဲ့သို့ လွန်မင်းစွာ နက်ရှိုင်း၍ နေကြ၏၊ ငါ၏ ဦးခေါင်းသည် နေခြောက်လှန်းထားသော ဘူးသီးနုကဲ့သို့ မြင်မကောင်း ရှုမကောင်း ဖြစ်နေ၏၊"
"မင်းသား၊ ထိုမျှလောက် အပြင်းအထန် လေ့ကျင့်ခဲ့သော ငါသည် ဝမ်းဗိုက်ရေဟူ၍ သုံးသပ်သည့်အခါ ခါးရိုးကို သုံးသပ်မိ၏၊ ခါးရိုးဟူ၍ သုံးသပ်သည့်အခါ ဝမ်းဗိုက်ရေကို သုံးသပ်မိ၏၊ ဝမ်းဗိုက်ရေသည် ခါးရိုးမှာ ကပ်၍ နေချေပြီ။ ကျင်ကြီးကျင်ငယ် စွန့်မည်ပြုသောအခါ ထိုနေရာမှာပင် မှောက်လျက် လဲကျလေတော့သည်။ ထိုမှ မိမိဘာသာ သက်သာအောင်ပြု၍ ကိုယ်ပေါ်မှာ လက်နှင့်စမ်းလိုက်သောအခါ အမြစ်ဆွေးနေသော အမွေးများ ကျွတ်ပါလာကြလေတော့သည်"
(မဇ္ဈိမပဏ္ဏာသ၊ ဗောဓိရာဇကုမာရသုတ်)
ခါတော်တစ်ဖုံ ပွင့်ချိန်ကြုံက
ခန္ဓာကိုယ်တစ်ခုလုံး ညက်ညက်ကြေ၍ သေလုမျောပါးခံစားခဲ့ရသော ဒုက္ခဝေဒနာများမှာ ထိုစဉ်က အထင်မှားခဲ့မှု၏ ရလဒ်ဖြစ်ပေသည်။ ချမ်းသာသည့် အကျိုးတရားကို ချမ်းသာသော အကျင့်ဖြင့် မရနိုင်။ ဆင်းရဲပင်ပန်းစွာ ပင်ပန်းခြင်းတကာတို့ထက် လက်လှမ်းမမီနိုင်လောက်အောင် အဆင်းရဲ အပင်ပန်းခံနိုင်မှ ရနိုင်မည်ဟု ထင်မှတ်မှားခဲ့၍ ဖြစ်ပေသည်။
ဤအမှားလမ်းစဉ်ကြီးကို ခြောက်နှစ်တိုင်တိုင် ကျင့်မိခဲ့သဖြင့် အခြေအနေသို့ ရောက်လာခဲ့၏၊ သည့်ထက်သည်တိုး၍ ကျင့်လိုက်လျှင်တော့ တရားမမြင်ဘဲ သေပွဲဝင်ရုံသာ ရှိတော့သည်။ ရှေ့သို့ အသေခံကာ ဇွတ်မှိတ်၍ တိုးမည်လော။
အလောင်းတော်အတွက်ရော ကမ္ဘာလောကကြီးအတွက်ပါ ကုသိုလ်ကံထောက်မလိုက်သည်ဟု ဆိုရပါတော့မည်။ အဆင်းရဲ အပင်ပန်းခံသည့် လမ်းစဉ်မှားကြီးကို လက်စွမ်းကုန်ကျင့်ခဲ့ပြီး၍ မသေရုံတမည်ကျန်နေသော အလောင်းတော်သည် ထိုနေ့တွင် ထိုရက်တွင် စိုက်လိုက်မတ်တတ် ကျင့်လာခဲ့သော အကျင့်များကို ပြန်လည် သုံးသပ်မိပေသည်။
ဤအထဲက မှတ်သားစရာကောင်းသည်မှာ ပဉ္စဝဂ္ဂီငါးဦးတို့၏ သဘောထားပင် ဖြစ်ပါ၏၊ အစတုန်းက ပဉ္စဝဂ္ဂီငါးဦးတို့သည် အလောင်းတော်ကို ဝိုင်းဝန်း၍ ပြုစုခဲ့ကြ၏၊ ဒုက္ကရစရိယာ ကျင့်စဉ်များကို စံချိန်တိုး၍ တိုး၍ ကျင့်လေတိုင်း တရားပေါက်ခါနီးပြီထင်ကာ ကျေးနပ်အားရ၍ နေကြ၏၊ သို့သော် အလောင်းတော်က မိမိအမှားကို မိမိဘာသာ သဘောပေါက်၍ လမ်းစဉ်ပြောင်းလိုက်သောအခါတွင် သူတို့ငါးဦးသည် အလောင်းတော်ကို ကျောခိုင်း၍ သွားကြလေတော့သည်။ ဤအကြောင်းများကို ဘုရားရှင်က ဗောဓိမင်းသားအား ဤသို့ ဆက်လက်၍ ဟောတော်မူပေသည်။
"မင်းသား၊ ထိုသို့ မသေရုံတစ်မည်ကျန်ခဲ့သော ငါသည် ဤသို့ စဉ်းစားမိ၏၊ 'အတိတ်ကာလက မိမိဘာသာလုံ့လပြု၍ ဒုက္ခဝေဒနာ ကြီးကျယ်စွာ ခံစားခဲ့ကြရသော သာမဏ ဗြာဟ္မာတို့သည် ယခု ငါခံစားခဲ့ရသလောက်သာ ခံစားနိုင်ကုန်ရာ၏၊ အနာဂတ်ကာလမှာလည်း ဤမျှလောက်သာ။ ယခု လောလောဆယ်မှာလည်း သည့်ထက်မပိုနိုင်။ သို့ပါလျက် ဆင်းရဲပင်ပန်းလှသော ဤအကျင့်ဖြင့် လောကုတ္တရာတရားထူးကို မရနိုင်ခဲ့။ သည်တော့ တခြားလမ်းများ ရှိပါသေးလေသလား’
"မင်းသား၊ ဤလို ငါစဉ်းစားလိုက်သောအခါ ငါသည် ခမည်းတော် လယ်ထွန်မင်္ဂလာကျင်းပစဉ်က အဖြစ်တစ်ခုကို သတိရလိုက်မိ၏၊ ထိုစဉ်က ငါသည် သပြေပင်ရိပ်ဝယ် နေထိုင်ရင်း ပထမစျာန်ကို ဝင်စား၍ နေခဲ့၏၊ သည်စျာန်သည် လောကုတ္တရာဉာဏ် ရရေးအတွက် လမ်းကြောင်းများ ဖြစ်လေမလားဟု တွေးလိုက်မိ၏၊ ဤစျာန်ကို အခြေခံသော လမ်းသာလျှင် အမှန်ဖြစ်ကြောင်း ငါ ဆက်လက် သိမြင်လာ၏၊ ထို့နောက် ငါသည် သည်စျာန်ချမ်းသာကို ကြောက်များနေသလားဟု ကိုယ့်ကိုယ်ကို ပြန်၍ မေးလိုက်မိ၏၊ 'မကြောက်ပါ' ဟု ငါ့ဘာသာ ပြန်၍ ဖြေလိုက်၏"
"မင်းသား၊ ဤသို့ အမေးအဖြေလုပ်ပြီးနောက် ငါ့ခန္ဓာကိုယ်၏ အခြေအနေကို ငါ ပြန်၍ သုံးသပ်မိ၏၊ ဤတွင် 'မတန်တဆ ဒုက္ခခံစား၍ လာခဲ့ရသော ဤခန္ဓာကိုယ်ဖြင့် ထိုစျာန်ချမ်းသာကို ခံစား၍ မရနိုင်' ဟု သဘောပေါက်လာ၏၊ ထို့ကြောင့် ငါသည် ဆွမ်းနှင့် မုန့်များ စားသောက်ကာ ခန္ဓာကိုယ်၏ အားအင်ကို တစ်စတစ်စ မွေးယူရ၏"
"မင်းသား၊ ထိုစဉ်က ပဉ္စဝဂ္ဂီငါးပါးတို့ဥည် ငါ့ကို ပြုစုလုပ်ကျွေး၍ နေကြ၏၊ 'ရဟန်းဂေါတမ တရားထူးရလျှင် ငါတို့ကို ပြောကြားလိမ့်မည်' ဟု သူတို့ မျှော်လင့်ထားခဲ့ကြ၏၊ ယခုကဲ့သို့ အစားအစာ စားသောက်လိုက်သောအခါမှာကား ပဉ္စဝဂ္ဂီရဟန်းများကား ငါ့ကို စွန့်ခွာ သွားကြလေတော့သည်။ 'ရဟန်းဂေါတမသည် တရားအကျင့်က ထွက်လာခဲ့ပြီ။ လာဘ်လာဘပေါများဖို့ ရွာတကာ ရပ်တကာ လှည့်နေပြီဟု' သူတို့ ယူဆ၍ သွားကြပေပြီ"
"မင်းသား၊ အစားအစာ စားသောက်၍ ခန္ဓာကိုယ်၏ အားအင်ကို မွေးမြူယူပြီးနောက် ငါသည် ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်တို့ကို ဝင်စား၏"
"ထို့နောက် ထိုညဉ့်၏ ပထမယံတွင် ပုဗ္ဗေနိဝါသဉာဏ်ကို ရခဲ့၏၊ ဘဝများစွာ ကျင်လည်ခဲ့ရသမျှကို ပြန်၍ အောက်မေ့နိုင်လေပြီ။ ထိုည၏ မဇ္ဈိမယံတွင် ဒိဗ္ဗစက္ခုဉာဏ်ကို ရခဲ့၏၊ သတ္တဝါ အနန္တတို့၏ ထိုထိုဘဝသို့ ကံအားလျော်စွာ လားရ ရောက်ရပုံများကို မျက်ဝါးထင်ထင် သိမြင်နိုင်လေပြီ"
"ဤသို့ လောကီစျာန်များကို အခြေပြုကာ စိတ်သည် တည်ကြည်၏၊ စင်ကြယ်၏၊ ဖြူစင်၏၊ ပူပန်ခြင်း၊ နှောင့်ယှက်ခြင်း ကင်း၏၊ နူးညံ့၏၊ အမှု၌ ခန့်၏၊ တည်ငြိမ်၏၊ တုန်လှုပ်ခြင်း မရှိသည့် အဆင့်သို့ ရောက်၏၊ ထိုအခါ ငါသည် အာသဝတို့၏ ကုန်ရာ ဉာဏ်အလို့ငှာ စိတ်ကို ညွှတ်ပေးလိုက်၏၊ ငါသည် ဤကား ဒုက္ခတည်းဟူ၍ ဟုတ်တိုင်းမှန်စွာ သိခဲ့လေပြီ။ ဤကား ဒုက္ခ၏ အကြောင်းတည်းဟု ဟုတ်တိုင်းမှန်စွာ သိခဲ့လေပြီ။ ဤကား ဒုက္ခချုပ်ရာချုပ်ကြောင်းလမ်းကြောင်းတည်း ဟူ၍ ဟုတ်တိုင်းမှန်စွာ သိခဲ့လေပြီ"
"ဤသို့သိသော၊ ဤသို့မြင်သော ငါ၏ စိတ်သည် ကာမာသဝမှလည်း လွတ်ခဲ့လေပြီ။ ဘဝါသဝမှလည်း လွတ်ခဲ့လေပြီ။ အဝိဇ္ဇာသဝမှလည်း လွတ်ခဲ့လေပြီ။ လွတ်မြောက်ရာတရား၌ လွတ်မြောက်ပြီဟူ၍ ဖြစ်ခဲ့လေပြီ"
"ဇာတိကုန်ပြီ။ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ။ ပြုအပ်သော ကိစ္စကို ပြုပြီးခဲ့ပြီ။ ဤနိဗ္ဗာန်ကို ရရေးအတွက် နောက်ထပ်ကျင့်စရာ ပြုစရာ မရှိတော့ပြီ။ ဤသို့ ကိုယ်ပိုင် ကိုယ်တိုင် သိခဲ့လေပြီ"
"မင်းသား ဝိဇ္ဇာဉာဏ် သုံးပါးရှိသည့်အနက် တတိယဖြစ်သော ဤဝိဇ္ဇာဉာဏ်ကို ထိုညဉ့်၏ ပစ္ဆိမယံတွင် ရရှိခဲ့၏၊ အဝိဇ္ဇာကို ပယ်ခဲ့ပြီး ဝိဇ္ဇာဖြစ်ပေါ်လာပြီ။ အမိုက်မှောင်ကို ပယ်ခဲ့ပြီ။ အလင်းရောင် ထွက်ပေါ်လာပြီ။ ဤကား မမေ့မလျော့ လုံ့လကြိုးကုတ် ဟုတ်တိုင်းမှန်စွာ ကျင့်သုံးမှု၏ အကျိုးတရားပေတည်း"
ကမ္ဘာလောကကြီးတစ်ခုလုံးအတွက် ဦးစွာ ပထမ ထွန်းညှိတော်မူခဲ့သော ဆီမီးတန်ဆောင်ကို ဘုရားရှင်က ဤသို့ ပြည့်ပြည့်စုံစုံ ဟောကြားတော်မူလိုက်ပေသည်။
(မဇ္ဈိမပဏ္ဏာသ၊ ဗောဓိရာဇာကုမာရသုတ်)
"ထိုညဉ့်၏" ဟူ၍ ဘုရားရှင် ရည်ညွှန်းတော်မူသည်ကား မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ပင် ဖြစ်ပါသတည်း။
ကျွန်ုပ်တို့ သာသနာ့ထုံးတမ်းစဉ်လာအရ နေ့ကူးပြောင်းမ့မှာ အရုဏ်တက်ချိန်တွင် ဖြစ်ပါသည်။ လောကီအသုံးများသကဲ့သို့ သန်းခေါင်ဖြင့် မသတ်မှတ်ရပါ။ ထို့ကြောင့် ထိုည၏ နောက်ဆုံးအချိန် အရုဏ်မတက်သေးမီကာလကို ကဆုန်လပြည့်နေ့ထဲမှာပင် ထည့်သွင်းရေတွက်ရပေသည်။
ထိုနေ့ နံနက်က သေနာနိဂုံးသူ သူဌေးသမီး သုဇာတာ၏ အစေခံမသည် ဘုရားအလောင်းတော်ထိုင်နေရာ ဗောဓိညောင်ပင်အောက်သို့ စောစောစီးစီး ဝင်လာသည် ဆို၏၊ ညောင်ပင်အောက်တွင် အမှိုက်သလင်း လှည်းကျင်းရင်း ဘုရားအလောင်းတော်ကို မြင်ကာ အိမ်သို့ ကမန်းကတန်း ပြန်သွား၏၊ မကြာမီ သူ့သခင်မ သုဇာတာပါ နှစ်ယောက်သား ပေါ်လာပြန်၏၊ သုဇာတာသည် အမွန်မြတ်ဆုံးသော အစီအရင်တို့ဖြင့် ချက်ထားသော နို့ဃနာဆွမ်းကို ရွှေခွက်နှင့်တကွ ဘုရားအလောင်းတော်သို့ ကပ်လှူလိုက်သည် ဟူပါ၏၊
မိမိကပ်လှူသည့် ဆွမ်းဘောဇဉ်ကို ဘုဉ်းပေးကာ အတုမရှိ မြတ်လှစွာသော သမ္မာသမ္ဗောဓိဉာဏ်တော်ကြီးကို ရတော်မူကြောင်း သတင်းကောင်းကို ကြားရလျှင် သူ မည်မျှ ဝမ်းမြောက်ပေမည်နည်း။
"အာနန္ဒာ၊ အတုမရှိ မြတ်လှစွာသော သမ္မာသမ္ဗောဓိဉာဏ်တော်ကြီးကို ရသောနေ့၊ အနုပါဒိသေသ နိဗ္ဗာန် စံဝင်သောနေ့၊ ဤနှစ်နေ့၌ လှူဒါန်းအပ်သော ဆွမ်းနှစ်မျိုးတို့သည် တူညီမျှတသော အကျိုးကျေးဇူး ရှိကြပေကုန်၏၊ အခြားတစ်ပါးသော ဆွမ်းတို့ထက် ထူးကဲသာလွန်သော အကျိုးကျေးဇူး ရှိကြပေကုန်၏"
ဤသို့ တစ်သက်တာ၏ နောက်ဆုံးနေ့၌ အမှတ်တရ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကား သုဇာတာ၏ ဤဃနာနို့ဆွမ်းပင် ဖြစ်ပါသတည်း။
(မဟာပရိနိဗ္ဗာနသုတ်၊ စုန္ဒကမ္မာရပုတ္တ ဝတ္ထု၊ အပဒါန် အဋ္ဌကထာ၊ အဝိဒူရေ နိဒါန်း)
ဘုရားဖြစ်ခါစ မိဂဒါသို့
ဗုဒ္ဓမြတ်စွာ ဖြစ်စဉ်တော်များ၌ ဘုရားဖြစ်တော်မူခန်းသည် အရေးအကြီးဆုံးဖြစ်သကဲ့သို့ ဓမ္မစကြာတရား ဟောတော်မူခန်းသည်လည်း ထပ်တူထပ်မျှ အရေးကြီးလှ၏၊ ထို့ကြောင့် ဘုရားရှင် ကိုယ်တော်တိုင်က ဗောဓိမင်းသားကို ထိုအကြောင်းများ ဆက်လက်၍ ဟောတော်မူခဲ့ပေသည်။
အကယ်၍ လောကီစျာန်အရာ၌ ဆရာဖြစ်ခဲ့ကြသော အဠာရ၊ ဥဒကရသေ့ကြီးများ သက်ရှိထင်ရှား ရှိနေကြသေးလျှင် ဤဒေသနာကို သူတို့သာလျှင် ဦးစွာ နာကြားရမည် ဖြစ်ပါ၏၊ သို့သော် သူတို့ကား တေ့လွဲလွဲ၍ သွားကြရပေသည်။ အာဠာရမှာ လွန်ခဲ့သော ခုနစ်ရက်က ကွယ်လွန်ခဲ့၏၊ ဥဒက ကွယ်လွန်ခဲ့သည်ကား ယမန်နေ့ ညဦးပိုင်းတွင်မှ ဖြစ်၏၊ သူတို့နှစ်ဦးအတွက် ဘုရားရှင်က 'ဩော် အရှုံးကြီးရှုံးလေစွ' ဟု ရေရွတ်တော် မူခဲ့ရပေသည်။
ဗောဓိမင်းသားအားဟောကြား၍ ကျွန်ုပ်တို့ကိုယ်တိုင် နာကြားခဲ့ရသော ဖြစ်စဉ်တော်များကို ဆက်လက်တင်ပြပါဦးမည်။
"မင်းသား၊ အာဠာရ ဥဒကတို့ ကွယ်လွန်သွားကြောင်း သိရသောအခါ 'ငါသည် ဘယ်သူ့အား ဦးစွာပထမ တရားဟောရပါမည်နည်း။ ဤတရားကို ဘယ်သူသည် လျင်မြန်စွာ သိနိုင်မည်နည်း' ဟု စဉ်းစားမိ၏၊ ထို့နောက် 'ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါ့အပေါ် ကျေးဇူးများခဲ့ကြ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့အား ပထမဦးစွာ တရားဟောရသော် ကောင်းလေစွ' ဟု တွေးမိ၏၊ ထို့ကြောင့် ပဉ္စဝဂ္ဂီတို့ရှိရာ ဗာရာဏသီအနီး ဣသိပတနအမည်ရသော မိဂဒါဝုန်တောသို့ ငါ ကြွချီလာခဲ့၏"
"မင်းသား၊ ဥပက အမည်ရှိသော အာဇီဝကသည် ဂယာနှင့် ဗောဓိပင်အကြား ခရီးသွားလာနေစဉ် ငါနှင့် တွေ့သဖြင့် 'ငါ့ရှင်၊ သင်၏ ဣန္ဒြေတို့သည် အထူးကြည်လင်ကုန်၏၊ အရေးအဆင်းသည် သန့်ရှင်းစင်ကြယ်ပါပေ၏၊ သင်သည် မည်သူ့ကို ရည်စူး၍ ရဟန်းပြုခဲ့ပါသနည်း။ သင်၏ ဆရာသည် မည်သူပါနည်း။ မည်သူ၏ တရားကို သင်နှစ်သက်ပါသနည်း' ဟု မေးမြန်း၏"
"ထိုအခါ ငါက ပြန်ပြောရ၏၊ ဥပက၊ ငါသည် အလုံးစုံကို သိခဲ့ပြီးပြီ။ အလုံးစုံကို စွန့်ခဲ့ပြီးပြီ။ တဏှာ၏ ကုန်ရာ နိဗ္ဗာန်ကို အာရုံပြုရသောကြောင့် ကိလေသာမှ လွတ်မြောက်ခဲ့ပေပြီ။ ကိုယ်တိုင် အထူးသိမြင်ပြီးဖြစ်၍ ဘယ်သူကို ဆရာဟူ၍ ညွှန်ရပါအံ့နည်း"
"ဥပက၊ ငါ့အား ဆရာမရှိ။ လောက၌ ငါသည် ရဟန္တာတည်း။ အလုံးစုံသော တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိသော တစ်ဆူတည်းသော ဘုရားတည်း။ ကိလေသာမီး ငြိမ်းသည်ဖြစ်၍ ချမ်းမြ၏၊ ငါသည် ဓမ္မစကြာတရား ဟောရန် ကာသိတိုင်း ဗာရာဏသီသို့ သွားအံ့။ လောက၌ တရားတည်းဟူသော အမြိုက်ဆေးကြီးကို တိုက်ကျွေးပေအံ့"
ယင်းသို့ ငါက ဆိုသောအခါ ဥပကဇီဝက က မေးခွန်းထုတ်လာပြန်ပေသည်။ 'ငါ့ရှင်၊ သင် ဝန်ခံသည့်အတိုင်း သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံသော ဘုရားဖြစ်ထိုက်ပါသလား’
"ဥပက၊ အာသဝေါတရားတို့၏ ကုန်ခြင်းသို့ ရောက်ကုန်သော ငါကဲ့သို့သော ပုဂ္ဂိုလ်တို့သည် စင်စစ် ဇိန မည်ကုန်၏၊ ငါသည် ယုတ်ညံ့သော အကုသိုလ်တရားတို့ကို အောင်ခဲ့ပြီး ဖြစ်သောကြောင့် ဇိနမည်ပေ၏"
"ယင်းသို့ ငါက ဆိုလိုက်သောအခါ ဥပက အာဇီဝကသည် 'ဟုတ်ကောင်း ဟုတ်ပေရာ၏' ဟု ခေါင်းတညိတ်ညိတ်နှင့် ပြောဆို၏၊ ထို့နောက် ရင်ဆိုင်တွေ့နေရသော ငါ့ကို ကွေ့ရှောင်ကာ ခရီးဆက်လက် ထွက်ခွာသွားပေသည်။
"မင်းသား၊ ငါသည် ခရီးစဉ်အတိုင်း မိဂဒါဝုန်သို့ ရောက်ခဲ့၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် အဝေးမှ ငါ့ကို လှမ်းမြင်ကြသည်တွင် 'ရဟန်းဂေါတမ ငါတို့ဆီ လိုက်လာပြီ။ သူသည် တရားအလုပ် အားထုတ်ခြင်းက ထွက်ခွာလာခဲ့၏၊ လာဘ်လာဘပေါများရန် ရွာတကာ ရပ်တကာ လှည့်လည်နေဘိ၏၊ သူ့ကို ငါတို့များ ရှိမခိုးကြစတမ်း။ ခရီးဦး မကြိုကြစတမ်း။ သူ့သပိတ် သင်္ကန်းကို လှမ်းမယူကြစတမ်း။ နေရာကိုကား ခင်းထားသင့်၏၊ သူထိုင်ချင်လျှင် ထိုင်ပေလိမ့်မည်' ဟု အချင်းချင်း တိုင်ပင်ကာ ကတိပြုထားခဲ့ကြ၏၊
"မင်းသား၊ ထိုသို့ ကတိပြုခဲ့ကြသော်လည်း ငါ ရောက်သွားသောအခါတွင်မူကား မိမိတို့ပြုထားခဲ့သော ကတိအတိုင်း မတည်နိုင်ကြပေ။ တချို့က ငါ့ကို ခရီးဦးကြိုဆို၍ သပိတ် သင်္ကန်းများ လှမ်းယူကြ၏၊ တချို့က နေရာခင်းပေးကြ၏၊ တချို့က ခြေဆေးရေ ခပ်ပေးကြ၏၊ သို့ရာတွင် အခေါ်အဝေါ်ကား မပြောင်းကြသေးပေ။ ယခင်က နှုတ်ကျိုးနေကြသည့်အတိုင်း 'ရဟန်းဂေါတမ' ဟု ခေါ်သည့်အခါ ခေါ်ကြ၏၊ 'ငါ့ရှင်' ဟူ၍ ခေါ်ချင်လည်း ခေါ်ကြ၏၊ တန်းတူရည်တူ ခေါ်ဝေါ်ဆက်ဆံခဲ့ကြသည့် အရှိန်က ယခုအချိန်အထိ ရိုက်ခတ်နေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ငါက ပြောင်းလဲလာသည့် အခြေအနေကို အမှန်အတိုင်း ဖွင့်ဟ ပြောရပေတော့သည်။
ဒရဟန်းတို့၊ ငါဘုရားကို ရှေးက ခေါ်ဝေါ်ခဲ့သော အမည်ဖြင့်လည်းကောင်း၊ 'ငါ့ရှင်' ဟူ၍ လည်းကောင်း မခေါ်ကြနှင့်တော့။ ရဟန်းတို့၊ ငါဘုရးာသည် ကိလေသာအားလုံးမှ ဝေးကွာခဲ့ပြီ ဖြစ်၏၊ မိမိအလိုကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိခဲ့၏၊ ရဟန်းတို့ နားစိုက်၍ ထားကြလော့။ ငါကိုယ်တိုင် သိမြင်ပေါက်ပိုင်ထားခဲ့သော ဒအမတ' တရားကို ငါဆုံးမမည်။ ငါ တရားဟောမည်။ ငါ ဆုံးမသွန်သင်သည့်အတိုင်း လိုက်နာကျင့်သုံးကြပါလျှင် သင်တို့သည် မကြာမီမှာပင် အမျိုးကောင်းသားတို့၏ ရဟန်းပြုရကျိုးနပ်ပါလိမ့်မည်။ တရားကျင့်သုံးခြင်း၏ အဆုံးဖြစ်သော လောကုတ္တရာတရားကို ကိုယ်တိုင်ကိုယ်ကြပ် မျက်မှောက်ပြုနိုင်ကြပါလိမ့်မည်’
"မင်းသား၊ ငါက ဤသို့ ဖိတ်ခေါ်လိုက်သောအခါ ပဉ္စဝဂ္ဂီရဟန်းများက "ငါ့ရှင် ဂေါတမ၊ ဒုက္ကရစရိယာ အကျင့် ကျင့်စဉ်ကပင် လောကုတ္တရာ တရားထူးကို မရခဲ့။ ယခုလို တရားအကျင့်က ထွက်ခွာလာခါမှ လာဘ်လာဘပေါများဖို့ ရွာတကာ ရပ်တကာ လှည့်လည်နေခါမှ ဘယ်မှာ ရနိုင်လိမ့်မည်နည်း' ဟု ဆိုကြ၏၊
"မင်းသား၊ ငါက သူတို့ ထင်သည့်အတိုင်း မဟုတ်ကြောင်း ရှင်းပြကာ ဒုတိယအကြိမ်ထပ်မံ၍ ဖိတ်ရ၏၊ ဒုတိယအကြိမ် ဖိတ်ခေါ်သည်ကိုလည်း ထပ်မံ ငြင်းဆန်နေသဖြင့် တတိယအကြိမ် ထပ်မံ၍ ရှင်းရပြန်၏၊ ဤတွင် ငါက သူတို့ကို ပြန်၍ မေးရပေတော့သည်။
"ရဟန်းတို့၊ ရှေးအခါများတုန်းက ငါဘုရားသည် ဤသို့သော စကားများ ပြောကြားခဲ့ဖူးပါသလား၊ သင်တို့ သတိများ ထားခဲ့မိကြပါသလား"
ဒမကြားခဲ့မိပါဘုရား၊ သတိမထားခဲ့မိကြပါ’
"သည်မေးခွန်းကိုတော့ ဟုတ်တိုင်းမှန်ရာ ဖြေကြားကြပေသည်။ ဤတွင်မှ ပဉ္စဝဂ္ဂီရဟန်းတို့သည် စိတ်ချယုံကြည် လာကြပေတော့သည်။
"မင်းသား၊ ဓမ္မစကြာတရားတော်ကို နေ့စဉ်ရက်ဆက် ရှင်းလင်းဝေဖန်၍ ဟောကြားခဲ့ရာ ရဟန်းနှစ်ပါး တရားနာနေကြလျှင် အခြား ရဟန်းသုံးပါး ဆွမ်းခံသွားကြရ၏၊ ရဟန်းသုံးပါး တရားနာနေကြလျှင် အခြား ရဟန်းနှစ်ပါး ဆွမ်းခံကြွကြရ၏၊ ဤသို့အားဖြင့် ခြောက်ပါးသော ငါတို့သည် တင်းတိမ်စွာ စားသောက်ကြ၍ နေကြရပေသည်"
"မင်းသား၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါ၏ အဆုံးအမကို ခံယူရသဖြင့် အမျိုးကောင်းသားတို့၏ ရဟန်းပြုရကျိုး နပ်ကြကုန်၏၊ တရားကျင့်သုံးခြင်း၏ အဆုံးဖြစ်သော လောကုတ္တရာတရားကို ကိုယ်တိုင် ကိုယ်ကြပ် မျက်မှောက်ပြုနိုင်ကြကုန်၏"
အမှားကို အမှန်ထင်ခဲ့တုန်းက ပင်ပန်းကြီးစွာ ခံစားခဲ့ရပုံ၊ အမှားလမ်းကို စွန့်ခွာကာ မှန်ကန်သည့် လမ်းစဉ်အတိုင်း လိုက်လာပြီးနောက် မိမိကိုယ်တိုင် တရားပေါက်လာပုံ၊ ပေါက်လာသောတရားကို ပထမဦးစွာ ပဉ္စဝဂ္ဂီတို့အား ဟောကြားပုံ အပြည့်အစုံကို ဘုရားရှင်က ဆွမ်းဒါယကာ ဗောဓိမင်းသားအား ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။
ဘုရားရှင်ထံမှ အဆုံးအမဩဝါဒကို ခံယူရသဖြင့် ပဉ္စဝဂ္ဂီတို့ တရားထူးရသွားကြပုံကို ဗောဓိမင်းသား ကျေနပ်သွားပါ၏၊ သို့သော် ဤသို့သော တရားပေါက်သွားစေရန် ရက်ပေါင်း လပေါင်း မည်မျှကြာအောင် ဟောကြားနေရသည်ကိုကား ဘုရားရှင်က အတိအလင်း ဟောတော်မမူ၍ မသိရသေးပေ။ တစ်နည်းဆိုလျှင် ဘုရားရှင်၏ စွမ်းအားသတ္တိနှင့် တရားတော်ကို ယုံကြည်ပါသော်လည်း ပဉ္စဝဂ္ဂီတို့အတွက် ဝေဖန်ရခက်နေပုံရပါသည်။ ဤရွေ့ဤမျှ နက်နဲသိမ်မွေ့လှသော လောကုတ္တရာ တရားထူးကို နေ့ရက် အနည်းငယ်နာရုံမျှဖြင့် ရသွားခြင်းကို ယုံရခက်ခက် ဖြစ်နေပုံရပါသည်။ ထို့ကြောင့်-
"အရှင်ဘုရား၊ ဦးဆောင်ညွှန်ပြသည့် ဘုရားရှင်ထံ ဆည်းကပ်နာကြားရသော် မည်မျှကြာမှ အမျိုးကောင်းသားတို့၏ ရဟန်းပြုရကျိုး နပ်ပါသနည်း၊ ကျင့်သုံးခြင်း၏ အဆုံးဖြစ်သော လောကုတ္တရာ တရားထူးကို ရပါသနည်း" ဟု မင်းသားက ထုတ်ဖော် လျှောက်ထား၏၊ အရည်အချင်းထက် အချိန်ကို အဓိကထားနေကြောင်း သူ့မေးခွန်းမှာ ပေါ်လွင်နေပေသည်။
ဤတွင် ဘုရားရှင်က မင်းသားထံ ဆင်အတတ်လာသင်ကြသူများ၌ ရှိသင့် ရှိထိုက်သော အရည်အချင်းများကို နမူနာထားကာ အရည်အချင်းနှင့် ပြည့်စုံပါက အချိန်အနည်းအများသည် ပဓာနမဟုတ်ကြောင်း၊ လွယ်ကူစွာ သိမြင်နိုင်ကြောင်း ဟောတော်မူပေသည်။
လောကုတ္တရာ တရားထူးကို လွယ်လင့်တကူ သိမြင်နိုင်ရေးအတွက် ဘုရားရှင်ဟောတော်မူခဲ့သော အရည်အချင်းများကို ပဓာနိယင်္ဂ တရားငါးပါးဟု ခေါ်ပေသည်။ ပဓာနိယ = သိရေး မြင်ရေး လုံ့လပြုသူ၏ အင်္ဂ = အစိတ်အပိုင်း၊ ဝါ၊ အရည်အချင်းများပင် ဖြစ်ပေသည်။
ပဓာနိယင်္ဂတရား ငါးပါးတို့ကား
၁။ သဒ္ဒါလက်ကိုင် ခိုင်မြဲရမည်။
၂။ ဝမ်းမီးကောင်းစွာ ကိုယ်ကျန်းမာရမည်။
၃။ မာယာမနှော ဟုတ်တိုင်းပြောရမည်။
၄။ မပျင်းမရိ လုံ့လရှိရမည်။
၅။ ကိုယ်ပိုင်အသိဉာဏ် ထက်သန်ရမည်။
(မဇ္ဈိမပဏ္ဏာသ၊ ဗောဓိရာဇ ကုမာရသုတ်)
တရားဦး ဓမ္မစကြာ
ဘုရားရှင်၏ တရားဘဏ္ဍာတော်များကို ထိန်းသိမ်းရသော ပုဂ္ဂိုလ်တစ်ပါး အဖြစ်ဖြင့် ရာသက်ပန် ထိန်းသိမ်းလာခဲ့ရသော တရားရတနာများတွင် ဤဓမ္မစကြာဒေသနာတော်လည်း အပါအဝင် ဖြစ်ပါ၏၊ ဘုရားရှင်၏ တရားဦးဖြစ်၍ ကျွန်ုပ်တို့ သာဝကများ အထူးလေးစားရသော ဒေသနာတော် ဖြစ်ပါ၏၊ ထို့ကြောင့် သည်ဒေသနာတော်က သစ္စာလေးပါးနှင့် ပတ်သက်သော အချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
"ရဟန်းတို့၊ ရဟန်းသည် အယုတ်တရားနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်။ အဘယ်နှစ်ပါးတို့နည်း။ ဟူမူကား
"ယုတ်ညံ့လှစွာ ရွာသူတို့၏ ဥစ္စာဖြစ်သော၊ ပုထုဇဉ်တို့၏ အလေ့အကျက်ဖြစ်သော အရိယာတို့၏ ဥစ္စာမဟုတ်သော၊ စီးပွားချမ်းသာဖြစ်ကြောင်းနှင့် မစပ်သော ကာမဂုဏ်ချမ်းသာကို အဖန်တလဲလဲ ခံစားခြင်းသည် တစ်ခုသော အယုတ်တရားဖြစ်၏၊ ဆင်းရဲကြီးစွာ အရိယာတို့၏ ဥစ္စာမဟုတ်သော စီးပွားချမ်းသာ ဖြစ်ကြောင်းနှင့် မစပ်သော မိမိကိုယ်ကို ပင်ပန်းအောင် အဖန်တလဲလဲ နှိပ်စက်ခြင်းသည် တစ်ခုသော အယုတ်တရားဖြစ်၏၊ ဤတရား နှစ်ခုစလုံးကို အယုတ်တရား ဟု ခေါ်ပေသည်"
ဓမ္မစကြာ ဒေသနာတော်ကို စလျှင်စခြင်း အယုတ်တရား၊ အမှားလမ်းစဉ်နှစ်ခုကို ထုတ်ဖော် တော်မူလိုက်ပေသည်။ ဤသို့ ထုတ်ဖော်ခြင်းမှာ ဘုရားရှင်၏ ဖြစ်စဉ်တော်များနှင့် အလွန် အံကိုက်လှပါသည်။ မင်းသားတစ်ပါး အဖြစ်ဖြင့် ကာမဂုဏ် အာရုံတွေကို တဝကြီး ခံစားခဲ့သည်။ သို့သော် အကျိုးတရား တစ်စုံတစ်ရာ မရခဲ့။ မရှိခဲ့။ တစ်ဖန် လူတကာတို့ ကျင့်နိုင်ခဲသော ဆင်းရဲခံ အကျင့်များကို ကျင့်ပြန်ပါတော့လည်း တရားသိရေး ပေါက်ပိုင်ရေးနှင့် တခြားစီသာ ဖြစ်ခဲ့၏၊ အချိန်မီ သတိတရားလေး ရလိုက်၍သာ တော်တော့သည်။ ဤသို့အားဖြင့် လောကုတ္တရာ အသိဉာဏ် ရရေးအတွက် နှမ်းစေ့ခန့်မျှ အကျိုးကျေးဇူး မပြုနိုင်သော အယုတ်တရားနှစ်ပါးကို ထုတ်ဖော်တော်မူပြီးနောက် ဆက်လက်၍-
"ရဟန်းတို့ အယုတ်တရားနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ ငါဘုရားသည် မဇ္ဈိမပဋိပဒါအကျင့်ကို ထိုးထွင်း၍ သိတော်မူခဲ့၏၊ ကိုယ်ပိုင်ဉာဏ်ဖြင့် ဧကန် သိတော်မူခဲ့၏၊ ထိုအကျင့်သည် ပူဆာသိမ်း၍ ငြိမ်းခြင်းငှာ၊ ထူးသောဉာဏ်ဖြင့် ကောင်းစွာ သိခြင်းငှာ၊ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏၊ ထိုမဇ္ဈိမပဋိပဒါသည် အဘယ်နည်း-
သမ္မာဒိဋ္ဌိ ကောင်းစွာ မြင်ခြင်း။
သမ္မာသင်္ကပ္ပ ကောင်းစွာ ကြံခြင်း။
သမ္မာဝါစာ ကောင်းစွာ ဆိုခြင်း။
သမ္မာကမ္မန္တ ကောင်းစွာ ပြုခြင်း။
သမ္မာအာဇီဝ ကောင်းစွာ အသက်မွေးခြင်း။
သမ္မာဝါယာမ ကောင်းစွာ အားထုတ်ခြင်း။
သမ္မာသတိ ကောင်းစွာ အောက်မေ့ခြင်း။
သမ္မာသမာဓိ ကောင်းစွာ တည်ကြည်ခြင်း။
ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံတော်မူသော အရိယာမဂ်သာလျှင် ဖြစ်ပေသည်"
ရှစ်ပါးသော ဤမဂ္ဂင်များကို သီလ၊ သမာဓိ၊ ပညာ ဟူ၍ သိက္ခာသုံးပါးဖြင့် စုပေါင်းပေးနိုင်ပါသည်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ တို့သည် သီလမဂ္ဂင်။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့သည် သမ္မာသမာဓိမဂ္ဂင်။ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ တို့ကား ပညာမဂ္ဂင် ဖြစ်ကြပေသည်။
သီလမဂ္ဂင်သုံးပါးတို့၌ သမ္မာဝါစာကို ကောင်းစွာဆိုခြင်းဟု အဓိပ္ပာယ်ဖွင့်ကြရ၏၊ သို့သော် ကောင်းသောစကားကို နှုတ်မှ ထုတ်ဟ၍ ဆိုသည်ဖြစ်စေ၊ မဆိုသည်ဖြစ်စေ မကောင်းသောစကားများ ပြောဆိုခြင်းမှ ရှောင်ကြဉ်လျှင် မဂ္ဂင်ထိုက်သည်သာ ဖြစ်၏၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ တို့မှာလည်း ထို့အတူသာ ဖြစ်၏၊ သီလဟူသည် မကျူးလွန်ခြင်း အနက်ရှိ၍ ဖြစ်ပေသည်။
သမာဓိမဂ္ဂင်သုံးပါးတို့၌ သမ္မာဝါယာမသည် မဆုတ်မနစ် အားသစ်ခြင်း ကိစ္စရှိ၏၊ သမ္မာသတိသည် မမေ့မလျော့သောအားဖြင့် တရားသဘောသက်ဝင် ကြည်လင်ရန် အထောက်အကူပြု၏၊ သမ္မာသမာဓိကား တရားအသိအမြင် တည်ကြည်ခိုင်ခံ့ခြင်းပင် ဖြစ်ပေသည်။
ပညာမဂ္ဂင်နှစ်ပါးတို့၌ သမ္မာသင်္ကပ္ပကား သမာဒိဋ္ဌိနှင့် ထပ်တူထပ်မျှဖြစ်၏၊ ကောင်းစွာကြံခြင်းဟူသည်မှာ ရာဂ၊ ဒေါသ၊ မောဟ ဖြစ်စရာမကောင်းသော အတွေးအကြံတို့မှ လွတ်ကင်းရာ အာရုံကို အာရုံပြုနေသော သဘောပင် ဖြစ်ပေသည်။
အသီးအခြား ရှစ်ပါးအပြားအားဖြင့်လည်းကောင်း၊ သိက္ခာသုံးပါးမှာ ထည့်သွင်းရေတွက်၍လည်းကောင်း၊ မည်ကဲ့သို့ ဖော်ပြသည်ဖြစ်စေ နောက်ပိုင်း မဂ္ဂင်ခုနစ်ပါးသည် သမာဒိဋ္ဌိတည်းဟူသော မဂ္ဂင်နှင့်တကွ ပေါင်းစပ်ရသောကြောင့်သာလျှင် သူတို့ပါ မဂ္ဂင်ထိုက်လာကြရပေသည်။ သူတို့ချည်းသန့်သန့်ဆိုလျှင် မဂ္ဂင်မထိုက်နိုင်ပေ။
သို့ဖြစ်လျှင် သမ္မာဒိဋ္ဌိကား အဘယ်နည်း။
နိဗ္ဗာန်ကို ဟုတ်တိုင်းမှန်စွာ သိမြင်သောဉာဏ်ပင် ဖြစ်၏၊
နိဗ္ဗာန်သည် မည်သို့ဟုတ်၍ မှန်သို့ မှန်သနည်း။
ဒုက္ခချုပ်ရာအားဖြင့် ဟုတ်၏၊ ဒုက္ခချုပ်ရာအားဖြင့် မှန်၏၊ ထို့ကြောင့် နိရောဓသစ္စာဟု တစ်နည်းအားဖြင့် ခေါ်ဝေါ်ရသေည်။
နိရောဓသစ္စာ အမှန်တရားကြီး ထင်ရှားစွာ ရှိနေပါလျက် အမှန်အတိုင်း မသိမြင်နိုင်ကြခြင်းမှာ ဒုက္ခကို ဒုက္ခဟူ၍ မသိကြသောကြောင့်ဖြစ်၏၊ ဒုက္ခကို အနိစ္စဟူ၍ မသိကြသောကြောင့် ဖြစ်၏၊ ဒုက္ခကို အနတ္တဟူ၍ မသိကြသောကြောင့် ဖြစ်၏၊ ထို့ကြောင့် လက္ခဏာသုံးတန်ဆက်ဆံ၍နေသော ဒုက္ခသစ္စာကို ရှေးဦးစွာ ဟောတော်မူလေသည်။
"ရဟန်းတို့၊ ဤဆိုလတ္တံ့သော တရားသည် အရိယာတို့ သိအပ်သော ဒုက္ခသစ္စာဖြစ်၏"
"အသစ်တစ်ဖန် ဖြစ်ပေါ်ရခြင်းသည် ဆင်းရဲ၏"
"အိုခြင်းသည် ဆင်းရဲ၏"
"နာခြင်းသည် ဆင်းရဲ၏"
"မချစ်ခင် မနှစ်သက်သော သက်ရှိ သက်မဲ့ သင်္ခါရတို့နှင့် ပေါင်းယှဉ်ရခြင်းသည် ဆင်းရဲ၏"
"ချစ်ခင်နှစ်သက်အပ်သော သက်ရှိ သက်မဲ့ သင်္ခါရများနှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏"
"တောင့်တတိုင်း မပြည့်စုံခြင်းသည် ဆင်းရဲ၏"
"အကျဉ်းအားဖြင့် ဥပဒါနက္ခန္ဓာ ငါးပါးတို့သည် ဆင်းရဲကုန်၏"
ဘုရားရှင် ဝေဖန်ပြတော်မူသော ဆင်းရဲဒုက္ခတရားများ ဖြစ်ပါ၏၊ အခြားအခြားသော နေရာများ၌ အကျယ်တဝင့် ပြဆိုချက်များ ရှိသော်လည်း ဤဒေသနာတော်မှာမူ လိုရင်းမျှသာ တင်ပြပေသည်။ ကမ္ဘာအနှံ့ ဖြန့်ကျက်၍ အတောမသတ်နိုင်အောင် များပြလှသော ဒုက္ခတရားများသည် ဤအခန်းငယ်မှာ အားလုံး ပါဝင်နိုင်ပေသည်။
ဒုက္ခသစ္စာခန်းမှာ ပြဆိုခဲ့သော ဤဒုက္ခတရားတို့တွင် ကိုယ်နှင့်ပတ်သက်သော ကာယိကဒုက္ခများလည်း ပါ၏၊ စိတ်နှင့်ပတ်သက်သော စေတသိက ဒုက္ခများလည်း ပါ၏၊ ထိုတွင် သမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဉ်၍ လက်ငင်း လက်တွေ့ လွတ်နိုင်သော ဒုက္ခသည် အဘယ်နည်း။ ဤမေးခွန်း၏ အဖြေသည် နိရောဓ သစ္စာခန်းမှာ ပါလာပါလိမ့်မည်။
ယခုပြဆိုခဲ့သော ဒုက္ခတို့သည် အကြောင်းနှင့်ကင်း၍ သူ့အလိုအလျောက် ဖြစ်ပေါ်မလာနိုင်ကြပေ။ အကြောင်းတရားတို့ဖြင့် ပြုပြင်ပေး၍သာ ဖြစ်ပေါ်လာကြရ၏၊ ထို့ကြောင့် ဒုက္ခ၏ အကြောင်း သမုဒယသစ္စာကို ဆက်လက်၍ ဟောကြားတော်မူပေသည်။
"ရဟန်းတို့၊ ဤဆိုလတ္တံ့သော တရားသည် အရိယာတို့ သိအပ်သော ဒုက္ခသမုဒယသစ္စာဖြစ်၏"
"ဤတဏှာသည် အသစ် အသစ်သော ဘဝတို့ကို ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း၊ တပ်မက်ခြင်းနှင့်တကွ ဖြစ်၏၊ ထိုထိုအာရုံ ကာမဂုဏ်တို့၌ ခုံမင်တတ်၏၊ ဤတဏှာသည် အဘယ်မျှ ရှိသနည်း"
"ကာမတဏှာ= အဆင်း၊ အသံ အစရှိသော ပြင်ပအာရုံများကို တပ်မက်တတ်သော တဏှာ၊ ဘဝတဏှာ = စိတ်ဝိဉာဉ်အစဉ်အဆက် ခိုင်မြဲသည်ဟု စွဲလန်းခြင်းနှင့် ယှဉ်သော တဏှာ။ ဝိဘဝတဏှာ = သေလျှင် ကိစ္စတုံးသည်ဟု စွဲလန်းခြင်းနှင့် ယှဉ်သော တဏှာ။ ဤသို့အားဖြင့် သုံးပါးရှိပေသည်"
ကမ္ဘာမြေပြင်နှင့်အမျှ ဒုက္ခတွေဟူသမျှ များပြား၍နေသော်လည်း ထိုဒုက္ခတို့၏ အရင်းခံအကြောင်းမှာ ဤတဏှာသုံးပါးသာ ဖြစ်ပေသည်။ ဤတဏှာအကြောင်းများကို ပယ်နိုင်လျှင် အတိုင်းမသိ များပြားလှသော ဆင်းရဲ ဒုက္ခတို့ ချုပ်ငြိမ်း၍ သွားကြပေလိမ့်မည်။ ထို့ကြောင့် သမုဒယသစ္စာအပြီးတွင် နိရောဓသစ္စာကို ဆက်လက်၍ ဟောတော်မူပေသည်။
"ရဟန်းတို့၊ ဤဆိုလတ္တံ့သော တရားသည် အရိယာတို့သိအပ်သော ဒုက္ခနိရောဓသစ္စာဖြစ်ပေသည်"
"ထိုဒုက္ခ၏ အကြောင်းရင်းဖြစ်သော တဏှာ၏သာလျှင် အကြွင်းမဲ့ တပ်မက်ခြင်းကင်း၍ ချုပ်ငြိမ်းရာ၊ စွန့်ရာ၊ လွှတ်ရာ၊ လွတ်မြောက်ရာ ကပ်ငြိခြင်းကင်းရာဖြစ်သော ဒုက္ခနိရောဓသစ္စာဖြစ်ပေသည်"
ဒုက္ခချုပ်ရာ နိရောဓသစ္စာကို ဟောတော်မူရာ၌ အကြောင်း သမုဒယ၏ ချုပ်ငြိမ်းခြင်းအားဖြင့် ဟောတော်မူခြင်းကို သတိပြုသင့်ပေသည်။
ဒုက္ခသစ္စာအခန်း၌ ပြဆိုခဲ့သော ဒုက္ခတရားများတွင် ကာယိကဒုက္ခများသည် ဘုရားရဟန္တာ အရိယာများသော်မှ ဤဘဝခန္ဓာကြီး ရှိနေသေးသော အခိုက်တွင် မလွတ်နိုင်ပေ။ စေတသိက ဒုက္ခများသည်ကား အကြောင်းသမုဒယသစ္စာနှင့် တစ်နည်းနည်း ဆက်စပ်လျက်သာ ရှိ၏၊ ထို့ကြောင့် သမုဒယကို ပယ်လျှင် ထိုစေတသိက ဒုက္ခများပါ ငြိမ်းပြီးသား ဖြစ်ကြ၏၊
ဤဒေသနာတော်နောက်ပိုင်းမှာ လာသည့်အတိုင်း ဒုက္ခချုပ်ရာ ဤနိရောဓဒုက္ခသစ္စာကို သစ္ဆိကရဏကိစ္စဖြင့် မျက်မှောက်ပြုရမည် ဖြစ်၏၊ ဤသို့ မျက်မှောက်ပြုခြင်းကိစ္စ ဆောင်ရွက်နိုင်ခြင်းမှာလည်း သက်ရှိထင်ရှား ရှိနေဆဲတွင်သာ ဖြစ်၏၊ သက်ရှိထင်ရှား ရှိနေသူတိုင်းအဖို့ ကာယိကဒုက္ခကား ရှိမြဲ ရှိနေမည်သာ။ ဘုရား ရဟန္တများသော်မှ ရှောင်လွှဲ၍မရနိုင်သော ထိုဒုက္ခများအတွက် သောကပရိဒေဝတို့ မဖြစ်လာမူ၍ ပူပန်မှု ဟူသမျှတို့နှင့် တစ်ရံတစ်ဆံမျှ မဆက်ဆံဘဲ ဧကန်မုချ အေးမြနေသော သဘောအားဖြင့် လက်ငင်းလက်တွေ့ မျက်မှောက်ပြုနိုင်သော နိရောဓသစ္စာကို ဟောတော်မူလိုရင်း ဖြစ်ပေသည်။
ဤသို့ နိရောဓသစ္စာ၏ သဘောကို ဟုတ်တိုင်းမှန်စွာ သိသောအခါ ထိုအသိများတွင် မဇ္ဈိမပဋိပဒါ လမ်းမှန်အတိုင်း ကျင့်သုံးခြင်းကိစ္စများ ပါလာကြပြီး ဖြစ်၏၊ ထို့ကြောင့် နိရောဓသစ္စာ အပြီးတွင် မဂ္ဂသစ္စာကို ဆက်လက်၍ ဟောတော်မူ၏၊ မဇ္ဈိမပဋိပဒါဖော်ပြစဉ်က ၄င်းတို့ကို ရှင်းလင်းတင်ပြပြီးပေပြီ။
ဤသို့ သစ္စာလေးပါးကို သူ့အခန်းနှင့်သူ ဝေဖန်တော်မူပြီးနောက် သစ္စာလေးပါးလုံးကို ပေါင်း၍ သစ္စာဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ဟူ၍ ဉာဏ်သုံးပါးဖြင့် ဝေဖန်တော်မူပြန်သည်။
သစ္စာဉာဏ်ဆိုသည်မှာ သစ္စာလေးပါး တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်ဖြစ်၏၊ ကိစ္စဉာဏ်မှာ သစ္စာလေးပါးအပေါ် ပြုအပ်သည့် ပြုရမည့် ကိစ္စများသာ သိသောဉာဏ်ဖြစ်၍ ကတဉာဏ်မှာ ပြုပြီးဖြစ်သည်ကို သိသောဉာဏ်ဖြစ၏၊ ကိစ္စ ဉာဏ်နှင့် ကတဉာဏ်တို့မှာ သဘောအားဖြင့် မထူးခြားပါ။ အချိန်အပိုင်းအခြား ကွာခြားရုံသာ ရှိပါသည်။ သစ္စာလေးပါးတို့အပေါ် ပြုရမည့် ကိစ္စများမှာ
ဒုက္ခသစ္စာ၊ ပရိညာကိစ္စ = ပိုင်းခြားသိရန်
သမုဒယသစ္စာ၊ ပဟာနကိစ္စ = ပယ်စွန့်ရန်
နိရောဓသစ္စာ၊ သစ္ဆိကရဏကိစ္စ = မျက်မှောက်ပြုရန်
မဂ္ဂသစ္စာ၊ ဘာဝနာကိစ္စ = ပွားများရန်။
ဤသို့ သူ့သစ္စာနှင့် သူ့ကိစ္စ အသီးသီးတွဲလျက် ရှိကြပေသည်။
ဤကိစ္စလေးပါးတွင် လိုရင်းမှာ နိဗ္ဗာန်ကို သစ္ဆိကရဏကိစ္စဖြင့် မျက်မှောက်ပြုခြင်းသာ ဖြစ်၏၊ ထိုကိစ္စကို ပြုလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်သောကိစ္စသုံးပါးတို့လည်း ထပ်တူထပ်မျှ ပြုပြီးသား ဖြစ်ကြ၏၊ မဂ်ဉာဏ်ဖြင့် မျက်မှောက်ပြုသည်မှာ နိရောဓသစ္စာတစ်ပါးမျှသာ၊ ကျန်သောသစ္စာများက ပြုရမည့် ကိစ္စများသည် ပြုပြီးသော သဘောဖြင့် အကျုံးဝင်လာကြခြင်း ဖြစ်ပေသည်။
သစ္စာလေးပါးကို ဤဉာဏ်သုံးပါးဖြင့် သုံးပြန် သုံးခါ ပွားယူသည်တွင် ခြင်းရာ ၁၂ ပါး ဖြစ်လာကြပေသည်။ ဤခြင်းရာ ၁၂ ပါးသည် လည်းကောင်း၊ သစ္စာလေးပါးသည် လည်းကောင်း နိရောဓသစ္စာကို မျက်မှောက်ပြုသော သမ္မာဒိဋ္ဌိနှင့် ဆက်စပ်၍ နေပေသည်။ ထို့ကြောင့် ဘုရားရှင်က ဤဓမ္မစကြာ ဒေသနာတော်လာ ဘုရားစင်စစ် ဧကန်ဖြစ်ကြောင်း ဝန်ခံတော်မူခန်းတွင် ဤသို့ ဟောကြားတော်မူခဲ့ပေသည်။
"ရဟန်းတို့၊ အကြင်အခါ၌ ဤသစ္စာလေးပါးတို့၌ ဉာဏ်သုံးပါး၊ အခြင်းအရာတစ်ဆယ့်နှစ်ပါးရှိသော ဟုတ်တိုင်းမှန်စွာ သိတတ်သော ဉာဏ်သည် ငါဘုရားအားကောင်းစွာ စင်ကြယ်၏၊ ထိုအခါတွင်မှ ငါသည် လောကတစ်လွှား၌ ဘုရားဖြစ်ကြောင်း လူသိ နတ်ကြား ဝန်ခံခဲ့ပေသည်"
"ငါ့အား ပြန်လည်သုံးသပ်သော ပစ္စဝေက္ခဏာဉာဏ်သည် ထင်ရှားခဲ့ပြီ။ ငါ၏ အရဟတ္တဖိုလ်ကို ဆန့်ကျင်ဘက် တရားတို့က ဖျက်ဆီး၍ မရနိုင်ပြီ။ ဤကိုယ်၌ အဖြစ်သည် နောက်ဆုံးဖြစ်၏၊ နောက်ထပ်တစ်ဖန် ဖြစ်စရာမရှိတော့ပြီ။ ဤသို့သော ပစ္စဝေက္ခဏာဉာဏ်အမြင် ထင်ရှား၍ လာပြီတည်း"
သာသနာပြုမိန့်ခွန်းတော်ကြီး
ဒိဃနိကာယ်မှာ ပါရှိသော သုတ္တန် ဒေသနာတော်ကြီးများနှင့် နှိုင်းစာလျှင် ဤဓမ္မစကြာသုတ်မှာ အရွယ်ပမာဏအားဖြင့် အငယ်စားထဲက ဖြစ်၏၊ သို့ရာတွင် ဤသုတ်ကလေး၏ တရားသဘောများသည် ပိဋကတ်သုံးပုံအကုန်လုံးကို လွှမ်းခြုံ၍ ထားကြ၏၊ ထို့ကြောင့် ဤဒေသနာတော်ကို ကြေကြေညက်ညက် နားလည်သဘောပေါက်ရန်နှင့် ငါးရက်တိုင်တိုင် ဘုရားရှင်ဟောကြားတော်မူရ၏၊
တစ်ရက်တာကာလတွင် ညကျိန်းစက်ချိန် အနည်းငယ်ကို ချန်လှပ်ကာ ကျန်သမျှ အချိန်များတွင် ဤသဘောတရားများကိုသာ အပြန်အလှန် ဝေဖန်ဆွေးနွေး၍ နေကြရ၏၊ နံနက်ခင်း ဆွမ်းခံဝင်ချိန်မှာပင် သူတို့၏ ဆွေးနွေးပွဲက ရပ်ဆိုင်းခြင်း မရှိပေ။ ရဟန်းနှစ်ပါး ဆွမ်းခံကြွလျှင် ဘုရားရှင်သည် ကျန်သုံးပါးနှင့် ဆွေးနွေးတော်မူ၏၊ ရဟန်းသုံးပါးဆွမ်းခံကြွလျှင် ကျန်နှစ်ပါးနှင့် ဆွေးနွေးတော်မူ၏၊
ဤဒေသနာတော်ကို ဝါဆိုလပြည့်နေ့ကစ၍ ဟောခဲ့ရာ လပြည့်ကျော်လေးရက်အရောက်တွင် အားလုံးက ကျေနပ်စွာ လက်ခံကြ၏၊ လပြည့်ကျော်ငါးရက်တွင်ကား ထိုရဟန်းတို့အား အနတ္တလက္ခဏာသုတ်ကို ဟောကြားတော်မူ၏၊ သင်္ခတနယ်ပယ်မှာ ရှိရှိသမျှ ငါးဝသောခန္ဓာတို့တွင် အတ္တဟူ၍ စွဲစရာ မရှိပုံကို ဝေဖန်ဟောကြားသော တရားတာ်ဖြစ်ပေသည်။
ဤသာသနာတော်၌ ဥပက ဇီဝကကြီးသည် ပဉ္စဝဂ္ဂီတို့ထက် စောစီးစွာ ဘုရားရှင်ကို ဖူးမြင်ခွင့် ရခဲ့ပါ၏၊ သို့သော် သူကား ဦးစွာ ကျွတ်တမ်းဝင်ရန် အခွင့်မသာခဲ့။ ဘုရားရှင်အပေါ် မယုံကြည်စိတ်၊ အထင်သေးစိတ်များက ထိုအခွင့်အရေးကို တားဆီးပိတ်ပင်ထားကြ၏၊ ပဉ္စဝဂ္ဂီတို့၏ ထိုကဲ့သို့သော အတားအဆီးများကို ဘုရားရှင်သည် စိတ်ရှည်လက်ရှည် ပယ်ရှား၍ ပေးတော်မူခဲ့ရ၏၊ ဤသို့ ပေးတော်မူခဲ့သဖြင့် ပဉ္စဝဂ္ဂီငါးဦးတို့ဥည် ဤသာသနာဝင် စာရင်းတော်ကြီးထဲမှာ ဦးစွာပထမ ပါဝင်ခွင့်ရခဲ့ကြ၏၊ သူတို့အထဲက ဦးစွာ သဘောပေါက်သူကား အရှင်ကောဏ္ဍည ဖြစ်ပေသည်။
(အညာသိကောဏ္ဍည) "ကောဏ္ဍည သဘောပေါက်ပေပြီ" ဟု ဘုရားရှင် ဥဒါန်းကျူးရင့်တော်မူသည်ကို အကြောင်းပြု၍ အရှင်ကောဏ္ဍာညဟူသော ဘွဲ့အမည်ရှေ့မှာ 'အညာသိ' ဟူသော နာမဝိသေသပုဒ် တိုး၍လာပေသည်။
အရှင်အညာသိကောဏ္ဍည အမှူးရှိသော ပဉ္စဝဂ္ဂီတို့ ကျွတ်တမ်းဝင်ပြီးနောက် ဒုတိယအသုတ် လိုက်ပါခွင့်ရသူများမှာ ဗာရာဏသီ သူဌေးသား ယသ၊ သူ၏ ဖခင် သူဌေးကြီး၊ ယသ၏ သူငယ်ချင်းများဖြစ်ကြသော သမလ၊ သုဗာဟု၊ ပုဏ္ဏဇိ၊ ဂဝံပတိဟူ၍ သူဌေးသားလေးယောက် ထို့နောက် ဗာရာဏသီပတ်ဝန်းကျင်က ယသ၏ သူငယ်ချင်း ငါးဆယ်၊ ပေါင်းငါးဆယ့်လေးယောက်တိတိ ရဟန္တအဆင့်ဖြင့် သာသနာတော်ကို ထမ်းဆောင်ခွင့် ရကြပေသည်။ ပဉ္စဝဂ္ဂီငါးပါးနှင့် ပေါင်းသော် ရဟန္တာခြောက်ဆယ် ရှိခဲ့ပေပြီ။
လောက၌ ဘုရားဟူ၍ ပွင့်တော်မူခဲ့ပေပြီ။ တရားတော်လည်း ထင်ရှားခဲ့ပြီ။ သံဃာတော်များလည်း အပါးခြောက်ဆယ် ရှိလာခဲ့ပြီ။ ကမ္ဘာမြေပြင်ဝယ် မည်သည့် ရတနာနှင့်မျှ တိုင်းတာ၍ မရနိုင်အောင် အဖိုးထိုက်တန်သည့် ရတနာမြတ်သုံးပါးတို့ ပေါ်ထွန်း၍နေကြပြီ။ ထိုရတနာမြတ်သုံးပါးလုံးကို ဦးစွာပထမ ကိုးကွယ်ဆည်းကပ်ခွင့် ရသူကား ယသ၏ဖခင် သူဌေးကြီးပင် ဖြစ်ပေသည်။
ဤသို့ ရတနာသုံးပါး စုံစေ့လာသောနေ့၊ သာသနာပြု ရဟန္တာပုဂ္ဂိုလ်ခြောက်ဆယ် ရရှိလာသောနေ့တွင် ဘုရားရှင် ကိုယ်တော်မြတ်သည် သာသနာပြု မိန့်ခွန်းတော်ကြီးကို မြွက်ကြားတော်မူပေသည်။
"ရဟန်းတို့၊ နတ်နှောင်ကြိုး၊ လူ့နှောင်ကြိုးတို့မှ ငါဘုရား လွတ်ခဲ့လေပြီ။ သင်တို့လည်း ထိုနှောင်ကြိုးမှ လွတ်ကြလေပြီ။ လူအများစု၏ အကျိုးစီးပွားအလို့ငှာ လူအများစု၏ ချမ်းသာသုခအလို့ငှာ၊ လောကကို သနားခြင်းငှာ ဒေသစာရီ လှည့်လည်ကြကုန်လော့။ လမ်းကြောင်းတစ်ခုတည်းဖြင့် ရဟန်းနှစ်ပါး မသွားကြကုန်လင့်။ စယ လယ်ယ အဆုံး သုံးပါးသော ကောင်းခြင်းနှင့် ပြည့်စုံသော တရားကို ဟောချေကြ။ သဘောတရားနှင့် အပြောစကား နှစ်ပါးလုံး ပြည့်စုံ၍ ထက်ဝန်းကျင်စင်ကြယ်သော သာသနာတော်ကို ထင်ရှားအောင်ပြချေကြ။ ငါဘုရးကိုယ်တိုင်လည်း ဥရုဝေလတော သေနာနိဂုံးသို့ တရားဟောရန် ကြွတော့မည်"
"ကောင်းပါပြီ အရှင်ဘုရား"
သာသနာပြု အမိန့်တော်မြတ်ကြီးကို ဦးထိပ်ရွက် ပန်ဆင်၍ သာသနာပြုအရှင်မြတ်များ ဒေသစာရှ ကြွချီသွားကြ၏၊ ရွာကြီးရွာငယ် မြို့နယ်မရွေး ရောက်လေရာအရပ်ဝယ် သာသနာ့အသိ၊ သာသနာ့အမြင်၊ သာသနာ့ယဉ်ကျေးမှုများကို ဖြန့်ဝေပေးကြ၏၊ သာသနာပြုအရှင်မြတ်များ၏ ကြိုးစားပမ်းစားဆောင်ရွက်မှုများကြောင့် သာသနာတော်ကြီး၏ အဆုံးအမကို ခံယူကြရ၍ ထိုထိုအရပ်ဒေသများမှ သာသနာ့ဘောင်သို့ ဝင်လိုသူများ ပေါ်ပေါက်လာကြပေသည်။
ထိုစဉ်က ရဟန်းပြုလိုသူ၊ ပြုထိုက်သူများကို ဘုရားရှင်ကိုယ်တော်တိုင် ရဟန်းပြု၍ပေးတော်မူသည်။
"ဧဟိ ဘိက္ခု၊ လာလော့ရဟန်း။ ဆင်းရဲဒုက္ခ၏ အဆုံးသတ်ရေးအတွက် မြတ်သောအကျင့်ကို ကောင်းမွန်စွာ ကျင့်လော့"
ဤသို့ မိန့်မြွက်တာ်မူသော စကားများဖြင့်ပင် ရဟန်းပြုခြင်းကိစ္စ ပြီးမြောက်ခဲ့ကြ၏၊ အရှင်အညာသိကောဏ္ဍည အစရှိသော ရှေးဦးသာဝကများ၏ ရဟန်းခံပွဲ အခမ်းအနားမှာ ဤစကားတော်များဖြင့်သာ ဖြစ်ဘိ၏၊ ဤပုဂ္ဂိုလ်တို့မှာ ဤသို့သော အခမ်းအနားဖြင့် ရဟန်းပြုပေးထိုက်သော အကြောင်းများ ရှိခဲ့သောကြောင့် ဖြစ်ပေသည်။
ဤကဲ့သို့သော အခမ်းအနားဖြင့် ဘုရားရှင်တော်ထံပါးဝယ် ရဟန်းအဖြစ် ခံယူနိုင်ရန် ထိုထိုအရပ်ဒေသများမှာ ရဟန်းလောင်း ရှင်လောင်းများကို ခေါ်ဆောင်၍ လာကြရ၏၊ လမ်းကြောင်းတစ်ခုတွင် ရဟန်းနှစ်ပါး မသွားကြနှင့်ဟု မိန့်တော်မူထားသည့်အတိုင်း သာသနာပြုပုဂ္ဂိုလ်များမှာ တခြားစီ တစ်နယ်စီ သာသနာပြုကြရ၏၊ ကိုယ်သာသနာပြုရာအရပ်မှ ရရှိလာသော ရှင်လောင်း ရဟန်းလောင်းများပါ ခေါ်ယူကာ ဘုရားရှင်ထံတော်သို့ အားခဲ၍ လာကြရ၏၊ လာခဲ့၍ ဘုရားရှင်နှင့် ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရသော် တော်ပါသေး၏၊ ဘုရားရှင်နှင့် လွဲရသော်ကား သတင်းနာခံ၍ လိုက်ပေဦးတော့။ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း သည်တုန်းက ကြုံရာမှာ ဆွမ်းခံကာ ဖြစ်သလို နေထိုင်ရင်း သာသနာ့အုတ်မြစ်များ လိုက်လံချပေးနေရဆဲ ဖြစ်ပေသည်။
ရဟန်းဘဝခံယူနိုင်ရေးအတွက် မိမိ၏ တပည့်များ ခရီးပန်း၍ မရွှင်မလန်းဖြစ်ရဖန်များလာချေပြီ။ ရှေ့မှာ သည့်ထက်ပင် များလာစရာ ရှိပေသည်။ ဤသို့ တွေးတောတော်မူပြီးလျှင် မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏၊
"ရဟန်းတို့၊ ယခုအခါမှစ၍ ထိုထိုအရပ်မျက်နှာ၊ ထိုထိုမြို့ရွာ ဇနပုဒ်တို့၌ သင်တို့ဘာသာ ရှင်ပြုပေးကြရန် ရဟန်းပြုပေးကြရန် ငါ ဘုရား ခွင့်ပြုတော်မူ၏"
မိမိဆီမှာသာ ရှိနေခဲ့သော အာဏာတော်ကို သာဝကများအား ခွဲဝေပေးတော်မူခြင်း ဖြစ်ပေသည်။ ပင်ပန်းခြင်း၊ နှောင့်နှေးခြင်း မရှိဘဲ သာသနာတော်ကြီး တိုးတက် စည်ပင်ဖို့ ဖြစ်ပေသည်။
ဤသို့ အာဏာတော်ကို ခွဲဝေအပ်နှံပြီးလျှင် ဆက်လက်၍
"ရဟန်းတို့၊ ရှင်ပြုရန်၊ ရဟန်းပြုရန် အစီအစဉ်မှာ ဤသို့ ဖြစ်၏၊ ရှင်လောင်းရဟန်းလောင်းများအား ရှေးဦးစွာ ဆံမုတ်ဆိတ်တို့ကို ရိတ်ပယ်ပေးရမည်။ သင်္ကန်းများ ဝတ်ဆင်ပေး၍ ရဟန်းတို့၏ ခြေရင်းမှာ ရှိခိုးစေရမည်။ ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်ချီစေကာ သရဏဂုံသုံးပါးကို လိုက်ဆိုစေရမည်။
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။
ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံသရဏံ ဂစ္ဆာမိ။
"ဤသရဏဂုံသုံးပါးကို သုံးကြိမ်တိတိ လိုက်ဆိုစေရမည်"
"ရဟန်းတို့၊ သရဏဂုံသုံးပါးကို ချပေးခြင်း၊ လိုက်ဆိုခြင်းဖြင့် ရှင်ပြုပေးရန်၊ ရဟန်းပြုပေးရန် ငါ ဘုရား ခွင့်ပြုတော်မူ၏"
ရှင်ပြုရဟန်းခံ အစီအစဉ်များနှင့်တကွ ပြုပေးရမည့် ဝိနည်းပညတ်တော်ကိုပါ ထုတ်ဆင့်၍ ပေးတော်မူလိုက်ပေသည်။ ပထမဦးစွာ ခဲဝေပေးတော်မူသော အာဏာနှင့် ပထမဦးစွာ ထုတ်ဆင့်တော်မူသော ဝိနည်း ပညတ်ချက်ပင် ဖြစ်ပေသည်။
သာသနာတော်ကြီးတစ်ခုလုံး၏ အရင်းအမြစ်ကို စီစစ်ကြည့်လျှင် ဓမ္မနှင့် ဝိနယကိုသာ တွေ့ကြရမည်ဖြစ်၏၊ တစ်သက်တာကာလတွင် ဆက်ကာဆက်ကာ ဟောတော်မူရမည့် ဓမ္မတို့ကို မိဂဒါဝုန်တွင် အခြေခိုင်ခိုင်ချ၍ ပေးတော်မူခဲ့ပြီး ဖြစ်၏၊ ယခု ပထမဆုံးသော ဝိနည်းပညတ်ချက်ကို ထုတ်ဆင့်တော် မူလိုက်လေပြီ။
ဤဓမ္မနှင့် ဝိနယသည် ကမ္ဘာပတ်လုံး တည်ပါစေသတည်း။
(မဇ္ဈိမပဏ္ဏာသ၊ ဗောဓိရာဇကုမာရသုတ်၊ ဝိနည်းမဟာဝဂ်၊ မဟာခန္ဓက၊ ပဉ္စဝဂ္ဂီယကထာ၊ ပဗ္ဖဇ္ဇာကထာ)
ဝေဠုဝန်ကျောင်းတော်
ဝေဠုဝန်ကျောင်းတော်ကား ဘုရားရှင်၏ ပထမကျောင်းတော် ဖြစ်၏၊ ကျွန်ုပ်တစ်သက်တာတွင် မေ့ပျောက်၍ မရနိုင်သော ဌာနများတွင် ထိပ်ဆုံးက ပါဝင်ပေသည်။ နောက်ပိုင်းချိန်များ၌ ကျွန်ုပ်တို့ စိတ်နှလုံး ထိခိုက်ရသော အရေးအခင်းများ ပေါ်ပေါက်လာရခြင်းမှာလည်း သည်ကျောင်းတော်မှာပင် ဖြစ်သည်။ ထို့ကြောင့် ယခုက ကြိုတင်ကာ ဤကျောင်းတော်၏ အကြောင်းခြင်းရာကို ကျွန်ုပ် ကြားနာမှတ်သားမိသမျှ တင်ပြရပါဦးမည်။
မာဂဓဘုရင် ဗိမ္မိသာရ၏ ကြိုတင်လျှောက်ထားချက်အတိုင်း ဘုရားရှင် ကြွတော်မူလာစဉ်က ဤကျောင်းကို မဆောက်ရသေးပေ။ ထို့ကြောင့် ဘုရားရှင်နှင့်တကွ နောက်ပါ ရဟန်းတော်တစ်ထောင်ကျော်မှာ ထန်းတောဥယျာဉ်၌ ခိုဝင်နေကြရ၏၊ အရိပ်ကောင်းရာ သစ်ပင်များကို ကျောင်းအမှတ်ပြုကာ သီတင်းသုံးတော်မူကြရ၏၊
နောက်တော်ပါ ရဟန်းတော်တစ်ထောင်မှာ အားလုံး ရသေ့ဘဝမှ လာခဲ့ကြသူချည်း ဖြစ်သည်။ ပွေလိမ်ရှုပ်ထွေးသည့် ဆံပင် ဆံကျစ်၊ ထမ်းပိုး၊ မီးမွှေးယောက်မ အစရှိသော ရသေ့တို့၏ ပရိက္ခရာများကို နေရဉ္စရာမြစ်ထဲသို့ မျှောကာ ရဟန်းပြုလာကြသူများဖြစ်၏၊
သည်ရဟန်းများမှာ အစက မီးကို အလုပ်ကျွေးပြုလာကြသူများဖြစ်၏၊ မီးကို အမြတ်တနိုး ပူဇော်လာသူများ ဖြစ်ကြ၏၊ ဤသို့ ပူဇော်သောအားဖြင့် ကောင်းကျိုးချမ်းသာ မင်္ဂလာဟူသမျှ ရလိမ့်မည်ဟု မျှော်လင့်ခဲ့ကြ၏၊ ထိုသို့ မျှော်လင့်ခဲ့ကြသည့်အတိုင်း ရခဲ့သည်လည်း မှန်ပါ၏၊ မီးပူဇော်ခြင်းဖြင့် လိုအင်ဆန္ဒဟူသမျှ ပြည့်စုံနိုင်သည်ဟု အယူစွဲရှိနေသော လောကအလယ်တွင် သူတို့တစ်တွေ မျက်နှာပွင့်ခဲ့ကြပါ၏၊ လှူသူတန်းသူတွေ ပေါများခဲ့ပါ၏၊ ဤသို့ပေါလေ မီးကို တိုး၍ ပူဇော်လေ။ သူတို့၏ အကြီးအမှူး ဥရုဝေလကဿပကြီးသည် သည်နယ်တစ်ဝိုက်တွင် နေတစ်ဆူ၊ လတစ်ဆူ ပါပေတည်း။
ယခုတော့ ဤကဲ့သို့သော လာဘ်လာဘတို့ထက် ရာထောင်မက အဆသာသည့် ဆုလာဘ်ကြီးများ ရရှိထားကြပေပြီ။ ဆုတော် လာဘ်တော် ပေးသနားတော်မူခဲ့သည့် ကျေးဇူးရှင်ကြီး၏ နောက်တော်ပါး၌ ငြိမ်သက်စွာ ထိုင်နေကြပေပြီ။
မကြာမီ ထိုဥယျာဉ်သို့ ဗိမ္မိသာရမင်းကြီး ဆိုက်ရောက်လာ၏၊ သူသည် လိုအပ်သည့်ပန်းတိုင် ရောက်သည့်အခါ ရာဇဂြိုဟ်သို့ ကြွဖြစ်အောင် ကြွခဲ့ပါဟု လျှောက်ထားခဲ့၏၊ ယခု သည်အရှင် ကြွတော်မူလာပြီ။ သည်အရှင်၏ ကြည်လင်အေးမြသော မျက်နှာတော်ကို ရှုရခြင်းဖြင့် လိုအပ်သော ပန်းတိုင်ရောက်ခဲ့ကြောင်း အကဲခတ်နိုင်ပါပြီ။ မိမိလိုအင်ဆန္ဒရှိခဲ့လေသမျှ သည်တစ်ခါ တစ်လုံးတစ်ဝတည်း ပြည့်တော့မည့် ဖြစ်အင်ကို ကြိုတင်မြင်ယောင်၍ နေပေပြီ။
မိမိထက် ငါးနှစ်သာကြီးသော ဘုရားရှင်အား ဗိမ္မိသာရမင်းက အားပါးတရ ဖူးမြော်၍ နေ၏၊ ဘုရားရှင်နှင့် ပတ်သက်၍ ပေါ်ပေါက်လာသမျှသော သူ့စိတ်ကူးများကို သူ့ဘာသာကြည်နူး၍ နေပေသည်။
ကိုယ်ရံတော်တပ်မှူး ဗိုလ်ပါများ၊ မဂဓတိုင်းသူပြည်သားများကတော့ သူတို့ အရှင်သခင်ကဲ့သို့ မဟုတ်ချေ။ ဘုရားရှင့်မျက်နှာတစ်ခုတည်းကိုသာ မဟုတ်ဘဲ ဥရုဝေလကဿပရဟန်းကြီးဆီသို့လည်း ထပ်တူထပ်မျှ အာရုံစိုက်မိကြ၏၊ သည်ကိုယ်တော်ကြီးသည် သည်နယ်မှာ နေတစ်ဆူ၊ လတစ်ဆူ မဟုတ်ပါလား။ နှစ်ပေါင်းများစွာ ကိုးကွယ်ဆည်းကပ်လာခဲ့သည့် ဆရာဟောင်း သမားဟောင်း မဟုတ်ပါလား။
"ယခု လောလောဆယ်မှ ဟိုးလေးတကျော်ကျော် ဖြစ်လာသူက မဟာသမဏဂေါတမ။ မိမိတို့ နှစ်ပေါင်းများစွာ ကိုးကွယ်လာခဲ့သူက ဥရုဝေလကဿပ။ နာမည်ကြီး ပုဂ္ဂိုလ်နှစ်ဦး ယခုလို ကြုံတောင့်ကြုံခဲ၊ ဆုံတောင့်ဆုံခဲ ကြုံ၍ ဆုံ၍လာခိုက်ဝယ် မည်သူ့ကို အရေးထား၍ လေးစားရမည်နည်း။ မည်သူက မည်သူ့ဆီက နည်းနိဿာယခံယူ၍ ကျင့်သုံးရလေသနည်း။ မည်သူသည် ဆရာဖြစ်၍ မည်သူသည် တပည့်ဖြစ်လေသနည်း။
ရောက်လာသူအပေါင်းတို့က သို့လော သို့လော တွေးနေကြ၏၊ တီးတိုးတီးတိုး မေးမြန်းနေကြ၏၊ ထိုစဉ်အခိုက်တွင် ဘုရားရှင်၏ မိန့်ကြားသံ ထွက်ပေါ်လာပေသည်။
"ဥရုဝေလတောမှာ နေလေ့ရှိခဲ့သော ကဿပ၊ ရှေးယခင်က သင်သည် ရသေ့တို့ လမ်းစဉ်အတိုင်း မီးကို လုပ်ကျွေးပူဇော်ခဲ့သူ ဖြစ်၏၊ ယခု ဘယ်တရားကို မြင်၍ မီးလုပ်ကျွေးမှု၊ ပူဇော်မှုကို စွန့်လွှတ်ဘိသနည်း"
မာဂဓပရိသတ်၏ သံသယလည်း ပြေပျောက်စေရန် တပည့်ကြီး တစ်ပါး၏ အသိအမြင်ပြောင်းလဲနေခြင်းကိုလည်း သိသာထင်ရှားစေရန် မေးတော်မူလိုက်ခြင်း ဖြစ်ပေသည်။
အရှင်ဥရုဝေလကဿပသည် သင်္ကန်းများကို ပြုပြင်ကိုင်ယမ်းကာ ရှေ့တော်မှောက်ဝယ် ရိုသေစွာ လက်အုပ်ချီလျက် ဤသို့ လျှောက်ထား၏၊
"အရှင်ဘုရား၊ ယဇ်ပူဇော်ခြင်းကြောင့် အဆင်း၊ အနံ့၊ အရသာတို့ကိုလည်းကောင်း၊ မိန်းမတို့ကိုလည်းကောင်း ရနိုင်သည်။ ပြည့်စုံနိုင်သည်ဟု ဆိုကြပါကုန်၏၊ ထိုကာမဂုဏ်တို့သည် ခန္ဓာဟူသော ဥပဓိ၌ အညစ်အကြေးတို့သာတည်း ဟု တပည့်တော် သိမြင်ပါ၏၊ ထို့ကြောင့် ယဇ်ကြီးယဇ်ငယ် ပူဇော်ခြင်းတို့၌ တပည့်တော် မမွေ့လျော်တော့ပါ ဘုရား"
ထို့နောက် အရှင်ဥရုဝေလကဿပ သည် မြတ်စွာဘုရား၏ ခြေတော်အစုံ၌ ဦးခိုက်ရှိခိုးလျက်-
"အရှင်ဘုရား၊ မြတ်စွာဘုရားသည် တပည့်တော်၏ ဆရာပါတည်း။ တပည့်တော်ကား မြတ်စွာဘုရား၏ တပည့်ပါတည်း"
နှစ်ကြိမ်နှစ်ခါ ရိုသေစွာ လျှောက်ထား၏၊ ဤတွင်မှ ပရိသတ်ကြီး၏ တီးတိုးတီးတိုးသံများ ပျောက်ကွယ်၍ သွားကြပေသည်။
ထို့နောက် ဘုရားရှင်သည် ဒါနကထာ၊ သီလကထာမှစ၍ သိသင့်သိထိုက်သော တရားစကားများ ဟောကြားတော်မူကာ တရားနာသူတို့၏ စိတ်နှလုံးများ နူးညံ့သိမ်မွေ့၍ ငြိမ်သက်တည်ကြည်လာသောအခါ သစ္စာလေးပါး တရားကို ဟောတော်မူပေသည်။
သစ္စာလေးပါး တရားသည်ကား အခြားဘာသာရေးခေါင်းဆောင်များထံမှ ဆင့်ကူးလာသော တရားမဟုတ်။ ဘုရားရှင်တို့ ကိုယ်တော်တိုင် အသီးအခြားထုတ်ဆောင်အပ်သော တရားဖြစ်၏၊ ဘုရားရှင်တို့၏ လက်ရင်းတရား၊ လက်ငင်းတရားဖြစ်၏၊ လက်ငင်းလက်တွေ့ ကြုံနေရသည့်အပေါ်တွင် အခြေခံ၍ ဝေဖန်ဉာဏ်ထွက်စေသော တရားလည်း ဖြစ်ပေသည်။ ထို့ကြောင့် တရားနာပရိသတ်များနှင့်တကွ ဗိမ္မိသာရမင်းသည် ထိုတစ်ထိုင်တည်းဖြင့် အရိယာဉာဏ်စဉ် သက်ဝင်လာပေသည်။ သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်လာပေသည်။
အရိယာဉာဏ်စဉ်ဖြင့် အမှန်မြင်၍ အမှန်ကို ကြည်ညိုတတ်ပြီဖြစ်သော ဗိမ္မိသာရမင်းသည် ဘုရားရှင်အား ဤသို့ လျှောက်ထား၏၊
ဒအရှင်ဘုရား၊ တပည့်တော် အိမ်နိမ့်စံ မင်းသားဘဝတုန်းက တောင့်တမှုကြီးငါးမျိုး ဖြစ်ပေါ်ခဲ့ပါသည်။ တောင့်တမှုကြီးငါးမျိုးမှာ ဤသို့ ဖြစ်ပါသည်။
"ငါသည် မင်းဧကရာဇ်အဖြစ်ကိုရ၍ အဘိသိက်ရေစင် သွန်းလောင်းခြင်းခံရလျှင် ကောင်းလေစွ"
"ငါသည် မင်းအဖြစ်သို့ ရောက်သောအခါ ငါ၏ တိုင်းနိုင်ငံသို့ မြတ်စွာဘုရားကြွတော်မူလာလျှင် ကောင်းလေစွ"
"ငါသည် ကြွလာတော်မူသော မြတ်စွာဘုရားကို ဆည်းကပ်ခွင့် ရလျှင် ကောင်းလေစွ"
"ထိုမြတ်စွာဘုရားသည် ငါ့အား တရားဟောလျှင် ကောင်းလေစွ"
"ဟောကြားအပ်သော တရားကို သိနားလည်ရလျှင် ကောင်းလေစွ" ဟူ၍ ဖြစ်ပါသည်။
"အရှင်ဘုရား၊ တပည့်တော်သည် ထိုကဲ့သို့ ကြံစည်ခဲ့၊ တောင့်တခဲ့ပါသည်။ ယခုအခါ တပည့်တော်၏ ကြံစည်မှု၊ တောင့်တမှု အားလုံး ပြည့်စုံခဲ့ပါပြီ။ မြတ်စွာဘုရား၏ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေသည်။ တပည့်တော်ကို အသက်ထက်ဆုံး ကိုးကွယ်သော ဥပါသကာ တပည့်ရင်းဟု အသိအမှတ်ပြုတော်မူပါဘုရား။ နံဖြန် နံနက် နောက်ပါ ရဟန်းအပေါင်းနှင့်တကွ တပည့်တော်၏ ဆွမ်းအလှူကို ခံယူတော်မူပါဘုရား"
ဘုရားရှင်က ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူလိုက်ပေသည်။
နောက်တစ်နေ့နံနက်၌ အတင့်အတယ် ဖွယ်ဖွယ်ရာရာ ခင်းကျင်းပြင်ဆင်ထားအပ်သော နန်းတော်ထက်တွင် ဘုရားအမှူးရှိသော ရဟန်းများကို ဖူးတွေ့ကြရ၏၊ မွန်မြတ်သော ဆွမ်းခဲဖွယ်များကို ဘုဉ်းပေးပြီးကြ၍ မိမိနေရာထက်တွင် ငြိမ်ငြိမ်သက်သက် ထိုင်နေတော်မူကြသော မြတ်စွာဘုရားနှင့် ရဟန်းတော်တို့အား ဗိမ္မိသာရမင်းသည် ကြည်ညိုသဒ္ဒါ တစိမ့်စိမ့်ပွားလျက်ရှိရာမှ "မြတ်စွာဘုရားနှင့် သံဃာတော်တို့သည် မည်သည့်နေရာ၌ အစဉ်သဖြင့် သီတင်းသုံးသင့်သနည်း" ဟု တွေးတောမိ၏၊
ဤသို့သော အရှင်မြတ်များ၏ နေရာဌာနသည် လူတွေ သူတွေနှင့် ရောထွေးယှက်တင် မဖြစ်သင့်ပေ။ ဘုရားဖူးလိုသူ၊ တရားနာလိုသူတို့ လွယ်လင့်တကူ သွားနိုင်ဖို့လည်း လို၏၊ သွားလမ်းလာလမ်း ကောင်းမွန်သင့်၏၊ နေ့မှာ လူတွေနှင့် မရောယှက်၊ ညမှာ အသံဗလံ နှောင့်ယှက်မှုကင်းသော နေရာလည်း ဖြစ်သင့်၏၊ ဤနေရာမျိုးကို ဘယ်မှာ ရှာရမည်နည်း။
ဤသို့ မိမိဘာသာ မေးခွန်းထုတ်ပြီး၍ တစ်ခဏအကြာတွင် "ဩော် ငါ၏ ဝေဠုဝန် ဥယျာဉ်သည် ဤအင်္ဂါရပ်များနှင့် ပြည့်စုံနေပါပကော" ဟု အဖြေထွက်လာ၏၊
သံဃာတော်များအတွက် သင့်တင့်လျောက်ပတ်သော ကျောင်းရာမြေကို ရှာဖွေတွေ့သည်နှင့် တစ်ပြိုင်နက်-
"အရှင်ဘုရား၊ ရဟန်းသံဃာတော်တို့ သီတင်းသုံးရန် သင့်လျော်သော ဝေဠုဝန်ဥယျာဉ်ကို ဘုရားအမှူးရှိသော သံဃာတော်အား တပည့်တော် လှူဒါန်းပါ၏ ဘုရား"
ဗိမ္မိသာရမင်းက ရွှေကရားဖြင့် ရေစက်သွန်းချ၍ လှူဒါန်းလိုက်ပေသည်။
ဘုရားရှင်သည် ပထမဆုံး ကျောင်းရာမြေ ဒါယကာအား တရားစကားများ ချီးမြှောက်တော်မူပြီးလျှင် သံဃာတော်များနှင့်တကွ ဝေဠုဝန်ဥယျာဉ်သို့ ကြွတော်မူ၏၊
ယခင်က ဤဥယျာဉ်သည် မင်းညီမင်းသား မင်းမိဖုရားတို့၏ ပျော်မြူးရာဖြစ်၏၊ ကာမဂုဏ် အာရုံတို့ဖြင့် မူးရစ်ရာဌာနဖြစ်၏၊ ယခုသော်ကား သံဃာတော်များ၏ ကျောင်းရာမြေဖြစ်လာချေပြီ။ ကာမဂုဏ်အာရုံတို့ကို ပယ်စွန့်ရာဌာန ဖြစ်လာချေပြီ။ ဤကျောင်းရာမြေကို အစပြုကာ အခြားကျောင်းရာမြေများလည်း သာသနာတော်တွင်းသို့ တစ်ခုပြီး တစ်ခု သက်ဝင်၍ လာကြပေတော့မည်။ ထို့ကြောင့် ဘုရားရှင်က-
"ရဟန်းတို့၊ ကျောင်းရာမြေ အလှူခံခြင်းကို ငါဘုရား ခွင့်ပြုတော်မူ၏" ဟု ဝိနည်းပညတ်တစ်ခုကို ထုတ်ပြန်တော်မူလိုက်ပေသည်။
ပထမဆုံးသော ဝိနည်းပညတ်ချက်မှာ ရဟန်းများကို ကိုယ်တိုင် တာဝန်ယူ၍ ရဟန်းပြုပေးနိုင်သော အခွင့်အာဏာတော် ခွဲဝေပေးခြင်း ဖြစ်သည်။ ယခုအခါ ထိုရဟန်းများအားလုံး၏ နေရာ ကျောင်းရာမြေကို ခွင့်ပြုတော်မူရပေပြီ။
သံဃာ့အဖွဲ့အစည်းကြီးကို တည်ထောင် ဖွဲ့စည်းထားပြီမို့ လိုအပ်သမျှ ဝိနည်းပညတ်များကို အဆက်မပြတ် ထုတ်ပြန်တော်မူရပါတော့မည်။
သို့ရာတွင် ဤသို့သော ဝိနည်းပညတ်ချက်တွေကို အဆက်မပြတ် ထုတ်ပြန်ရုံသက်သက်ဖြင့် သံဃာ့အဖွဲ့အစည်းကြီးအတွက် စိတ်ချဖွယ် မရှိသေးပါ။ လက်ရုံးနှစ်ဖက်ကဲ့သို့ အားကိုးအားထားပြုလောက်သော သာဝကကြီးများ လိုအပ်နေပေသည်။ ထိုသာဝကကြီးများက မိမိနှင့်အတူ ဝိုင်းကူစောင့်ရှောက်ပေးပါမှ ဤအဖွဲ့အစည်းကြီးသည် အရှည်တည်တံ့ပါလိမ့်မည်။
ယခုရှိပြီးသော သာဝကရဟန်းများအတွက် တရားအမြင် စင်ကြီးပြီးသူ၊ ရဟန်းကိစ္စပြီးပြည့်စုံပြီးသူတွေ ပေါလှပါ၏၊ သို့သော် သံဃာ့အဖွဲ့အစည်းကြီးကို ထိထိရောက်ရောက် အထောက်အကူပြုနိုင်သူက မရှိသေးပေ။ တစ်နေ့သောအခါ အထောက်အကူပြုလာနိုင်လိမ့်မည်ဟု မျှော်လင့်စရာလည်း မရှိသေးပေ။ ဤသို့ဖြင့် လက်ရှိပုဂ္ဂိုလ်များကို မျှော်လင့်၍ မဖြစ်နိုင်လျှင် လာလတ္တံ့သော ပုဂ္ဂိုလ်များကို မျှော်လင့်ရပါတော့မည်။
(ဝိန်းမဟာဝဂ်၊ မဟာခန္ဓက၊ သာရိပုတ္တမောဂ္ဂလာနကထာ)
လာခြင်းကောင်းသော အဂ္ဂသာဝကများ
မျှော်တုန်းမျှော်ဆဲတွင် အရံသင့်ဆိုက်ရောက်လာကြသော အရှင်မြတ်ကြီး နှစ်ပါးအနက် တစ်ပါးမှာ ဘုရားရှင်၏ လက်ယာရံတော်၊ ပညာအရာ၌ (ဧတဒဂ်) အထူးမြတ်ဆုံး ဂုဏ်ထူးတော်ဆောင် ပုဂ္ဂိုလ်ဖြစ်၏၊ နောက်တစ်ပါးမှာ လက်ဝဲတော်ရံ၊ တန်ခိုးအရာ၌ (ဧတဒဂ်) အထူးမြတ်ဆုံး ဂုဏ်ထူးတော်ဆောင် ပုဂ္ဂိုလ်ဖြစ်၏၊
ပညာဂုဏ်ထူးဆောင်ပုဂ္ဂိုလ်၏ ငယ်နာမည်မှာ ဥပတိဿဖြစ်၏၊ ရာဇဂြိုဟ်အနီးက ဥပတိဿရွာတွင် ဖွားမြင်ခဲ့၏၊ တန်ခိုးဂုဏ်ထူးဆောင် ပုဂ္ဂိုလ်၏ ငယ်နာမည်မှာ ကောလိတဖြစ်၏၊ သူဖွားမြင်ရာ ရွာမှာလည်း သူနှင့် နာမည်တူပင်ဖြစ်၍ ရာဇဂြိုဟ်အနီးတစ်ဝိုက်မှာ ရှိပေသည်။
ဥပတိဿ၊ ကောလိတ သူငယ်ချင်းနှစ်ယောက်တို့သည် သွားအတူ လာအတူဖြစ်ကြ၏၊ တစ်နေ့သ၌ အခြွေအရံများနှင့်အတူ တောင်ထိပ်သဘင်ပွဲ ဆင်နွှဲခဲ့ကြရာက "ယခု ပွဲသဘင်မှာ အပျော်ကြီးပျော်၍ နေကြသူများသည် နောင်နှစ်တရာကြာလျှင် အားလုံး တစ်ယောက်မျှ ရှိကြတော့မည် မဟုတ်တော့ပါတကား" ဟူသော အတွေးဆန်းတစ်ခု ပေါ်ပေါက်လာခဲ့၏၊ ထိုအတွေးဆန်းကြောင့် သူငယ်ချင်းနှစ်ယောက်မှာ သူများပျော်သလို မပျော်နိုင်။ သူများရယ်သလို မရယ်နိုင်ကြတော့ပေ။ လူသူကင်းသည့် တစ်နေရာရာတွင် ထိုအတွေးဆန်းကိုပင် အခြေပြုကာ နှစ်ယောက်သား ဆက်လက်တိုင်ပင်နေကြရ၏၊
"သူငယ်ချင်း အမိဝမ်းက ဖွားလာသူမှန်သမျှ သေကြရမည် မှန်၏၊ သို့သော် သေသော သဘောတရားရှိသလို မသေသော သဘောတရားကော မရှိတော့ပြီလား"
"ရှိနိုင်ပါသည် သူငယ်ချင်း"
"ရှိနိုင်သည့်အရာကို ငါတို့များ ရှာကြပါစို့"
"မသေသော သဘောတရားကို ဦးစွာရသောသူက ကျန်တစ်ယောက်ကို ပြန်ပြောရမည်။ ဤကတိကို ပြုနိုင်ပါမည်လား"
"ပြုနိုင်ပါသည် သူငယ်ချင်း၊ သည်တရားကို ရှာရာတွင် လောကလူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်တတ်ပြီး ရှာလျှင် ပို၍ လွယ်ကူလိမ့်မည်"
"ကောင်းပါပြီ၊ ငါတို့များ ရဟန်းပြုကြစို့"
ဥပတိဿနှင့် ကောလိတမှာ သူတို့ရပ်ရွာ သူတို့နယ်ပယ်တွင် ထင်ရှားသူ၊ ကျော်ကြားသူများ ဖြစ်ကြလေရာ သူတို့နှစ်ဦး ရဟန်းပြုလျှင်ပင် ငါးရာသော သတို့သားတို့သည်လည်း ရဟန်းပြုလာကြကုန်၏၊ သို့သော် သူတို့သည် သာသနာတော်တွင်းသား ရဟန်းများ မဟုတ်ကြသေး။ သိဉ္စည်းဆရာကြီး၏ အဆုံးအမခံ ပရိဗိုဇ်ရဟန်းမျိုးသာ ဖြစ်ကြပေသည်။ ပရိဗိုဇ်ရဟန်း အမျိုးမျိုးရှိသည့်အနက် သူတို့ဆရာကြီးမှာ အဝတ်ဝတ်သော အမျိုးအစားထဲက ဖြစ်၍ တော်သေးသည်ဟု ဆိုရပါမည်။
ဉာဏ်ပညာ ထက်မြက်ကြသူများဖြစ်၍ သူငယ်ချင်းနှစ်ပါးတို့သည် မကြာမီမှာပင် သိဉ္စည်းဆရာကြီး၏ အဆုံးအမအားလုံးကို နှုတ်ငုံကြရ၏၊ ခွဲခြမ်းစိတ်ဖြာ၍ ဝေဖန်နိုင်ကြ၏၊ သို့သော် သူတို့ရှာဖွေသော မသေတရားက အရိပ်အရောင်မျှ မပါရှိသေး။ မတွေ့ရသေးချေ။
သို့နှင့် ဆရာသမားအထံမှာ မတွေ့ရလျှင် အခြားက ရှာမည်ဟု မျက်စိကို ဖွင့်၍ နားကို စွင့်နေကြ၏၊ တွေ့သမျှ ပုဂ္ဂိုလ်များကို မသေတရားပေးနိုင်လောက်၊ မပေးနိုင်လောက် အကဲခတ်၍ နေကြ၏၊
သူတို့အတွက် ကုသိုလ်ကောင်းရုံမက သာသနာတော်ကြီး တစ်ခုလုံးအတွက်လည်း ကံကောင်းသည်ဟု ဆိုရပါမည်။ သူတို့ မသေတရား ရှာနေစဉ်မှာပင် ပဉ္စဝဂ္ဂီငါးဦးတို့တွင် အပါအဝင်ဖြစ်သော အရှင်အဿဇိသည် ဘုရားရှင်ရှိရာသို့ ပြန်လာခိုက်နှင့် ကြုံနေ၏၊ သာသနာပြုရာအရပ်မှာ ခေတ္တပြန်ကြွလာခြင်းဖြစ်ပေသည်။
ရာဇဂြိုဟ်မြို့တော်တွင်းဝယ် ကြည်ညိုဖွယ်ရာ ကြွလှမ်းကာ မျက်လွှာချလျက် ဆွမ်းခံ၍နေသော အရှင်အဿဇိအား ဥပတိဿပရိဗိုဇ်ရဟန်းက ရှေးဦးစွာ ဖူးတွေ့ရ၏၊ အရှင်အဿဇိကို ကြည်ညိုစွာ ဖူးမြင်ရင်း အကဲခတ်၍ နေ၏၊
ဒလောကလူ့ပြည်ဝယ် ရှိရှိသမျှ ရဟန္တာပုဂ္ဂိုလ်တို့တွင် ဤတစ်ပါးသည် အပါအဝင်ဖြစ်နိုင်၏၊ သည်ပုဂ္ဂိုလ်ကို ချဉ်းကပ်ပြီး သူ့ဆရာ၏ အမည်နာမနှင့် တရားသဘောကို မေးရလျှင် ကောင်းလိမ့်မည်ထင်၏၊ သို့သော် ယခုမေး၍ မတော်သေးချေ။ အိမ်ပေါက်စေ့မျှ ဆွမ်းခံနေဆဲဖြစ်၏၊ သည်ရဟန်း၏ နောက်တော်ပါးက ထပ်ကြပ်မကွာ လိုက်ပါသွားမှ ဖြစ်ချိမ့်မည်။ ဤသို့လိုက်ပါခြင်းမှာ ဧကန်မုချရှိနေသော မသေတရားကို ရှာခြင်းပင် ဖြစ်ပေသည်တကား’
ဤသို့စဉ်းစားရင်း အရှင်အဿဇိနောက်ပါးက လိုက်လာခဲ့ရာ ရာဇဂြိုဟ်မြို့ပြင်သို့ ရောက်လာခဲ့၏၊ ဤတွင် ဥပတိဿပရိဗိုဇ်က အရှင်အဿဇိအား နှုတ်ဆက်စကား ဆိုလိုက်လေသည်။
"ငါ့ရှင် သင်၏မျက်နှာသည် ကြည်လင်လေစွ။ သင်၏ အဆင်းရောင်သည် ဝင်းပြောင်လေစွ။ သင်သည် မည်သည့်ဆရာကို ရည်စူး၍ ရဟန်းပြုခဲ့ပါသနည်း။ သင်၏ ဆရာသည် မည်သူပါနည်း။ မည်သည့်ဆရာ၏ တရားကို သင်နှစ်သက်ပါသနည်း"
ဥပတိဿ၏အမေးကို အရှင်အဿဇိက အဖြေပေးလေသည်။
"ငါ့ရှင်၊ သကျမျိုးနွယ်မှ ရဟန်းပြုလာသော မဟာသမဏ ဂေါတမဘုရားရှင်ကို ရည်စူး၍ ငါ ရဟန်းပြုလာခဲ့၏၊ ထိုဘုရားရှင်သည် ငါ၏ ဆရာဖြစ်၏၊ ထိုဘုရားရှင်၏ တရားကို ငါနှစ်သက်၏"
"သို့ဖြစ်လျှင် တဆိတ် အမိန့်ရှိပါဦး ငါ့ရှင်။ ငါ့ရှင်၏ ဆရာသည် မည်သို့မည်ပုံ မိန့်ဆိုလေ့ရှိပါသလဲ"
"ငါ့ရှင်၊ ငါရဟန်းပြုသည်ကား မကြာသေးချေ။ မကြာမီကမှ သာသနာတော်တွင်း ရောက်ခဲ့ရ၏၊ သို့ဖြစ်၍ သင့်အား အကျယ်တဝင့် မဟောကြားနိုင်ပါ။ အကျဉ်းချုပ်မျှသာ ဟောနိုင်ပါမည်"
"ရှိပါစေတော့ ငါ့ရှင်၊ အကျဉ်းဖြစ်စေ၊ အကျယ်ဖြစ်စေ ဟောသာ ဟောပါ၊ ဟောချင်းဟောလျှင် သဘောအဓိပ္ပာယ်ကိုသာ ဟောပါ။ သဘောအဓိပ္ပာယ်ကိုသာ အလိုရှိပါသည်။ စကားလုံးတွေများနေ၍ ဘာအသုံးကျမည်နည်း"
"သို့ဖြစ်လျှင် နာလေတော့ ငါ့ရှင်"
ဤသို့ စကားခံကာ မသေတရားရှာနေသော ဥပတိဿပရိဗိုဇ်အား အရှင်အဿဇိက သာသနာတော်ကြီး တည်တံ့နေသည်နှင့်အမျှ ဥဒါန်းတွင်ရစ်မည့် ဤဂါထာကို ဟောကြားလိုက်လေသည်။
ယေဓမ္မာ ဟေတုပ္ပဘဝါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊
ဧဝံ ဝါဒီ မဟာသာမဏော။
"အကြင်တရားတို့သည် အကြောင်းလျှင် အမွန်အစ ရှိကြကုန်၏၊ (အကြောင်းကြောင့် ဖြစ်ကြကုန်၏၊)
"ထိုအကျိုးတရားတို့၏ အကြောင်းကို မြတ်စွာဘုရား ဟောတော်မူ၏"
"ထိုအကြောင်းကြောင့် နှစ်ပါးပေါင်း၏ ချုပ်ငြိမ်းရာကိုလည်း ဟောတော်မူ၏"
"ငါတို့ဆရာ မဟာသမဏသည် ဤသို့ ဟောတော်မူလေ့ရှိပေသည်"
ပထမပိုဒ်၌ အကြောင်းပြုပေး၍ ပေါ်လာခဲ့ကြသော ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို ပြဆိုထား၏၊ ဒုတိယပိုဒ်မှာကား အကျိုးတရားတို့ပေါ်ပေါက်လာအောင် အကြောင်းပြုပေးသော သမုဒယသစ္စာကို ပြဆိုပေသည်။ တတိယအပိုဒ်ကား ကြောင်းကျိုးချုပ်ငြိမ်းရာ နိရောဓသစ္စာကို ပြဆို၏၊ မဂ္ဂသစ္စာကို တိုက်ရိုက်ပြဆိုသော စကား မပါသော်ငြားလည်း သဘောအားဖြင့် နိရောဓသစ္စာ အတူပါပြီး ဖြစ်ပေသည်။ နိရောဓသစ္စာ နိဗ္ဗာန်တရားသည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့်သာ မျက်မှောက်ပြုရသော တရားဖြစ်ရာ အာရုံပြုအပ်သော နိဗ္ဗာန်ကို ဖော်ပြသည်နှင့် အာရုံပြုတတ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်များပါ မကင်းရာမကင်းကြောင်း အဖြစ်ဖြင့် ပါပြီးဖြစ်ရပေသည်။
သစ္စာလေးပါး အကျဉ်းချုပ်တရားကို နာလိုက်ရသဖြင့် ထိုတစ်ခဏမှာပင် ဥပတိဿပရိဗိုဇ်သည် အရိယာသစ္စာဉာဏ်ကို ရရှိသွားလေသည်။ ထို့နောက် အရှင်အဿဇိအား ရိုသေစွာ ရှိခိုးဦးတင်ကာ-
"တပည့်တော် သဘောပေါက်ပါပြီ ဘုရား။ အရှင်ဘုရား၏ ကျေးဇူးကား ကြီးမားလှပါပေသည်။ ယခု အရှင်ဘုရား၊ ဘုရားကိုယ်တော်မြတ်ဆီ ကြွတော်မူနှင့်ပါ။ တပည့်တော်မှာ သူငယ်ချင်းတစ်ယောက်ရှိပါသေးသည်။ သူ့ကိုပါ ခေါ်လာခဲ့ပါမည်ဘုရား"
အရှင်အဿဇိဟောကြားလိုက်သော ဂါထာကို ဝမ်းသာအားရ အထပ်ထပ်အခါခါ ရွတ်ရင်း ဥပတိဿသည် သူငယ်ချင်း ပရိဗိုဇ်ထံသို့ ပြန်လာခဲ့၏၊ သူ၏ မျက်နှာ အထူးကြည်လင် ရွှင်ပျနေသည်ကို မြင်ကတည်းက ကောလိတကလည်း ရိပ်မိနေပေပြီ။
"သူငယ်ချင်း မသေတရားကို သည်ကနေ့ ရခဲ့ပြီ မဟုတ်လား"
"ရခဲ့ပြီ သူငယ်ချင်း ရခဲ့ပြီ"
ဥပတိဿက အရှင်အဿဇိနှင့် တွေ့ရပုံ၊ တရားနာခဲ့ပုံ အားလုံးကို ပြန်ပြောပြလိုက်၏၊ ဤသို့ ပြောပြလိုက်ခြင်းဖြင့် ဥပတိဿရရှိခဲ့သော အသိဉာဏ်သည် ကောလိတထံသို့ပါ ကူးစက်သွားလေတော့သည်။ မသေတရားကို ရှာဖွေကြသော သူငယ်ချင်းနှစ်ယောက် ရှာရကျိုးနပ်ခဲ့ကြလေပြီ။
သူငယ်ချင်းနှစ်ယောက်မှာ အသွင်အပြင်အားဖြင့် ပရိဗိုဇ်တို့၏ အဝတ်အဆင်။ သို့သော် အတွင်းသန္တာန်မှာမူကား ဘုရားရှင်၏ တပည့်သား ဖြစ်နေကြချေပြီ။ အတွင်းသန္တာန်မှာ ရှိနေသည့်အတိုင်း အပြင်အပကလည်း ပြောင်းလဲကြရပေတော့မည်။ မသေတရားကို စတင်ဟောပြောသည့် ဆရာသခင် ကျေးဇူးရှင်ထံ တပည့်ခံဝင်ကြမှ ဖြစ်တော့မည်။ ဤအရေးကို သူငယ်ချင်းနှစ်ယောက်စလုံးက သဘောတူကြပါ၏၊ သို့သော် သူတို့၏ အခြံအရံ ပရိဗိုဇ်များက ရှိကြပေသေးသည်။
"သူတို့ကို ပထမဦးစွာ အကြောင်းကြားကြစို့။ အကြောင်းကြားပြီးသည့်အခါ သူတို့ သဘောကျရာ ပြုကြပါစေ"
"သည်အတိုင်း ကောင်းပါ၏ သူငယ်ချင်း"
နှစ်ယောက်သား တိုင်ပင်ထားကြသည့်အတိုင်း ပြောပြကြရာ တပည့်ပရိဗိုဇ်များကလည်း ခေါင်းဆောင်များသွားရာ လိုက်မည်ဟု ဆိုကြ၏၊ စကတည်းက သူတို့မျက်နှာဖြင့် ဝင်လာခဲ့ကြသည် မဟုတ်ပါလား"
နောက်ဆုံးသိဉ္စည်းဆရာကြီးထံ ခွင့်ပန်ဖို့သာ ရှိတော့သည်။
"ဆရာကြီးထံ ပန်ကြားပါသည်။ ကျွန်ုပ်တို့သည် ဘုရားရှင်ထံ သွားကြပါတော့မည်။ ဘုရားရှင်သည် ယခု ကျွန်ုပ်တို့၏ ဆရာဖြစ်နေပါပြီ"
ဥပတိဿ၊ ကောလိတတို့က တပည့်တို့ ဝတ္တရားရှိသည့်အတိုင်း ရိုသေစွာ ပန်ကြားကြပေသည်။
"မတော်ဘူး တပည့်တို့။ မသွားကြနှင့်။ ငါတို့သုံးဦးလုံး သည်ဂိုဏ်းကြီးကို ညီတူညီမျှ ဦးဆောင်ကြပါစို့"
ဆရာကြီးက တား၍ဆီး၍ ရဦးမည်လားဟု မိမိနှင့်ထပ်တူ နေရာပေးပါ၏၊ သို့ရာတွင် သူ့တပည့်ဟောင်းများက ဤနေရာကို မမက်မောကြတော့ပေ။ ထင်ရှားကျော်ကြားသော ဂိုဏ်းဆရာကြီးတစ်ဆူနှင့် ပခုံးချင်းယဉ်၍နေရမည့် အခွင့်ထူးကို ဘုရားရှင့်ခြေတော်ရင်း၌ ဝပ်စင်းရခြင်းလောက် တန်ဖိုးမထားနိုင်ကြတော့ပေ။ ထို့ကြောင့် သုံးကြိမ်တိုင်တိုင် တားမြစ်နေသော သိဉ္စည်းဆရာကြီးကို ခွဲခွာကာ ဘုရားရှင်ရှိရာသို့ လျှောက်လာကြပေတော့သည်။ ကိုယ့်နည်းနှင့်ကိုယ် တွင်ကျယ်၍နေခဲ့ကြသော ပရိဗိုဇ်ဂိုဏ်းဂဏများ ပြိုကွဲခန်းသည် ဤနေ့ဤအချိျန်တွင် အစပြုခဲ့ပေသတည်း။
"ရဟန်းတို့၊ ရှုကြလော့။ ဥပတိဿ၊ ကောလိတတို့ သူငယ်ချင်းနှစ်ယောက်လာခဲ့ကြပြီ။ သူတို့နှစ်ယောက်သည် ငါ၏ သာဝကအစုံ ဖြစ်လာလတ္တံ့တည်း"
အဝေးကလာသည်ကို မြင်လျှင်ပင် ဘုရားရှင်က ကြိုတင်၍ မိန့်တော်မူလိုက်ပါချေသည်။
ဘုရားရှင့်ခြေတော်ရင်းသို့ ခိုဝင်မိသည်နှင့်တစ်ပြိုင်နက် သူတို့၏ ငယ်နာမည်များ ပျောက်ကာ သာသနာ့အမည်မျာဖြင့် ခေါ်တွင်လာကြပေသည်။
တစ်ပါးကား အရှင်သာရိပုတ္တရာ။
ကျန်တစ်ပါးကား အရှင်မဟာမောဂ္ဂလန်။
(ဝိနည်း မဟာဝဂ်၊ မဟာခန္ဓက၊ သာရိပုတ္တ မောဂ္ဂလာနကထာ ပါဠိတော်နှင့် အဋ္ဌကထာ)
နေပြည်တော်က မျှော်ကြပြီ
"အာနန္ဒာ၊ သင့်နောင်တော်က တို့များဆီ လာမှ လာပါဦးမလား"
နန်းတော်သို့ အခစားရောက်လာသည့်အခါတိုင်း ဘကြီးတော်မဟာရာဇာက ဤမေးခွန်းများဖြင့် ဆီးကြိုနှုတ်ဆက်တတ်ပါ၏၊ နောင်တော်ဘုရား၏ ခမည်းတော်ကြီးမှာ အသက်အရွယ်အိုမင်း၍ နေပါပြီ။ မဟာရာဇာစိတ်ဓာတ်ဖြင့် တိုင်းပြည်၏ တာဝန်များကို ထမ်းဆောင်နေခဲ့သော်လည်း ယခုတော့ သူ့စိတ်ဓာတ်များ ကျချင်သလိုလို ဖြစ်လာရပေပြီ။
အရွယ်အိုပိုင်း ဝင်လာသောအခါမှ သူအချစ်ဆုံး၊ သူအမြတ်နိုးဆုံး သားတော်က သူ့ကို ကျောခိုင်းကာ ထွက်သွားခဲ့၏၊ မငဲ့မကွက်လုပ်ရက်လေခြင်းဟု ရုတ်တရက် ထွက်ပေါ်မိခဲ့သော နာကျည်းစိတ်များနှင့် သားတော်အပေါ် ထားရှိခဲ့သော မေတ္တာစိတ်များ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြ၏၊ သားတော်၏ မွန်မြတ်သော ရည်ရွယ်ချက်ကို သဘောပေါက်လာသဖြင့် မေတ္တာဘက်က အနိုင်ရရှိပါ၏၊ သားတော်အပေါ် ထားရှိမြဲ ထားခဲ့သော မေတ္တာဖြင့် သားတော်၏ ရည်ရွယ်ချက်များ မြန်မြန်ကြီး အောင်မြင်ပါစေဟု ဆုတောင်းပတ္ထနာ ပြုခဲ့ရ၏၊ ဤမေတ္တာ ဤပတ္ထနာများဖြင့်ပင် မိမိ၏ စိတ်ဓာတ်များ ကျဆင်းမသွားစေရန် ကျားကန်၍ ထားခဲ့ရပေသည်။
ယခုတော့ ခမည်းတော်ကြီး၏ ဆုတောင်းပတ္ထနာများ ပြည့်ဝကြပါပြီ။ သားတော်၏ မွန်မြတ်သော ရည်ရွယ်ချက်များက အားရဖွယ်ရာ အောင်မြင်လာကြပါပြီ။ သမ္ဘာရင့်ပြီးသော ဂိုဏ်းခေါင်းဆောင်ကြီးများထက်ပင် ကျော်လွန်ကာ သူ့ဂုဏ်သတင်းများက အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့လာကြပါပြီ။
ဤသို့အားဖြင့် ဘက်ပေါင်းစုံ၌ အမျိုးဂုဏ်ကို ဆောင်ခဲ့သော သားတော်ကြီးအတွက် အားတက်သရော ဖြစ်ရမည့်အခါတွင်မှ ခမည်းတော်ကြီး၏ စိတ်ဓာတ်များက ကျဆင်း၍ လာရ၏၊ ထိုအခါ စိတ်ဖြင့် ထောက်ကူထားရသော ကိုယ်ခန္ဓာကြီးလည်း ယိုင်နဲ့၍ လာရတော့မည်သာ။
"သူ့သာသနာကို သူနှင့်အတူ ပြုနိုင်မည့် ပုဂ္ဂိုလ်များစာရင်းမှာ တို့တစ်မျိုးလုံး တစ်ဆွေလုံး စာရင်းသွင်းခံရသေးဟန် မတူပါကလား အာနန္ဒာ"
နို့တိုက်မယ်တော် မာဟာပဇာပတိ ဂေါတမီကလည်း ဝမ်းနည်းစကားဆိုဘိ၏၊ ဆိုသင့်၍ ဆိုသောစကားပင် ဖြစ်ပါပေသည်။
မနှိုင်းယှဉ်အပ် မြတ်လှစွာသော အသရေတော်ကို ဆောင်လျက် တစ်လောကလုံးဝယ် တရားစည်မောင်း ရိုက်ညောင်းတုန်ဟည်း၍ နေစေသော သားတော်သည် ကပိလဝတ်ကိုကား ရှောင်မြဲတိုင်းပင် ရှောင်၍နေပေသည်။ မိဂဒါဝုန်ဝယ် ဝါကပ်သည်ဆိုတုန်းကလည်း ဝါကျွတ်တော့ ကြွလာလိမ့်မည် ထင်ခဲ့ကြ၏၊ ဝေဠုဝန်ကျောင်းတော်ကြီးသာ ပေါ်ထွန်းလာသည်။ ကပိလဝတ်နှင့်ကား ဝေးမြဲဝေးလျက် ရှိသေး၏၊ တစ်ဖန် ဝေဠုဝန်မှာ သီတင်းဝါလ ကျွတ်ပြန်တော့လည်း ကပိလဝတ်ကို စကားစပ်၍မျှ မိန့်တော်မူသေးဟန် မတူပေ။
မတုန်မလှုပ်သော 'တာဒိ' ဂုဏ်ရှင်က သည်ကဲ့သို့ နေနိုင်ခဲ့သော်လည်း ခမည်းတော် မယ်တော်ကြီးများကတော့ အောင့်အည်း၍ မနေနိုင်ကြတော့ပါ။ ယခုအခြေအနေမှာ သူတို့လို သက်ကြီးရွယ်ကြီးများ အောင့်အည်းနိုင်သည့်အဆင့်ကို ကျော်လွန်နေချေပြီ။ ထို့ကြောင့် သားတော်မြတ်စွာ ကြွလာတော်မူစေကြောင်း အမတ်တစ်ယောက်ကို လွှတ်ခဲ့ပါ၏၊ ထိုအမတ်သည်ကား သွားလမ်းကိုသာ သိ၍ ပြန်လမ်းကိုကား သတိမမူတော့ပေ။ အခြွေအရံများကလည်း တစ်ယောက်တစ်လေမျှ ပေါ်မလာကြတော့ပေ။ ဘုရားရှင်ထံတော်ပါးဝယ် ရဟန္တာအရှင်မြတ်များ ဖြစ်ကုန်ကြပြီမို့ နောက်ပိုင်းက လူမှုရေးရာ၊ မင်းမှုရေးရာများကို အရေးတယူ လုပ်မနေကြတော့ပေ။ ဤသို့ချည်း ကိုးကြိမ်တိုင်တိုင် စေလွှတ်ပါလျက် ခမည်းတော် မယ်တော်များ၏ တောင့်တချက်ကို ရွှေနားတော်ရောက် ပေါက်ကြားအောင် လျှောက်ပေးသူက မပေါ်လာသေး။ သည်တော့ ဇရာဖိလာသည့် မဟာရာဇာသည် ကိုယ်ရောစိတ်ပါ နွမ်းရိညှိုးခွေ၍ လာရတော့သည်။ မယ်တော်ကြီးမှာ အားလျှော့စကားများကိုချည်း ပြောနေရတော့သည်။
"အားလျော့တော် မမူပါနှင့် ဘကြီးတော်ဘုရား။ ရွှေနားတော်ကြားလျှောက်ထားရေးအတွက် ကာဠုဒါယီတစ်ယောက် ရှိပါသေးသည်။ သူက သားတော်ဘုရားနှင့်လည်း အကျွမ်းတဝင်ရှိပါသည်။ သားတော်ဘုရား မကြွချင် ကြွချင်လာအောင် သူ နားသွင်းနိုင်ပါလိမ့်မည်"
နောက်ဆုံး မျှော်လင့်ချက်တစ်ခု ရှိနေကြောင်း ကျွန်ုပ်လျှောက်တင်ရ၏၊ ကာဠုဒါယီအမတ်သည် ကျွန်ုပ်တို့ ဦးရီးတော်ဘုရား၏ နန်းတော်အမှုထမ်းများ၌ အရေးပါဆုံးပင်ဖြစ်၏၊ အလောင်းတော် သိဒ္ဓတ္ထမင်းသား ငယ်ဘဝတုန်းက အတူတကွ မြေမှုန့်ကစားဖက်ဖြစ်ကာ လူလားမြောက်လာကြတော့လည်း အကျွမ်းတဝင် ဖြစ်မြဲ ဖြစ်ခဲ့ကြ၏၊ သားတော်နှင့် ရင်းနှီးကျွမ်းဝင်မှုကို အကြောင်းပြုလျက် သုဒ္ဓေါဒန မဟာရာဇာ၏ ညာလက်ရုံးတစ်ဆူဖြစ်လာခဲ့၏၊ အတွင်းရေး ကိစ္စများအတွက် စိတ်အချရဆုံးသော မင်းတိုင်ပင် အမတ်ပါပေ။
"ကာဠုဒါယီအမတ်ကို လွှတ်လိုက်ရလျှင် တစ်နန်းတော်လုံး ခြောက်သွေ့သွားတော့မည် အာနန္ဒာ။ သည်နန်းတော်က အမှုထမ်းတွေကို သူကပင် ကြီးကြပ်စီမံနေရသည်။ သို့သော်လည်း သူ့ကို မလွှတ်လျှင်လည်း ငါတို့များသားတော်ကို ငါတို့ဖူးရမည် မထင်။ သည်တော့ ကာဠုဒါယီအမတ်ကိုသာ ခေါ်ခဲ့ကြပါတော့"
မဟာရာဇာ၏ အမိန့်ဖြင့် အမတ်ကာဠုဒါယီ ရှေ့တော်မှောက်ရောက်၍ လာပေသည်။ ဤအမိန့်တော်ကို စောစောကတည်းက မျှော်လင့်ထားကြောင်း သူ့မျက်နှာမှာ ဖော်ပြလျက်ရှိ၏၊ မင်းမိန့်ဖြင့် သွားရခြင်းထက် သူ့ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် ဝမ်းသာအားရ သွားလိုခြင်းက ပို၍ ပေါ်လွင်နေပေသည်။
ကာဠုဒါယီသည် သုဒ္ဓေါဒနမဟာရာဇာ၏ မိန့်မှာချက်များကို ရိုသေစွာ မှတ်သားနာယူကာ-
"ခိုင်းစေသည့်တာဝန်ကို ထမ်းရွက်ရန် အသင့်ပါ ဘုရား။ ဘုရားကျွန်တော် ဤအမှုတော် ထမ်းရွက်ရခြင်းအတွက် ဆုတစ်ဆုကိုသာ ချီးမြှင့်တော်မူပါ"
ကာဠုဒါယီ၏ မျက်နှာကို ကျွန်ုပ်လှမ်း၍ ကြည့်မိ၏၊ ကာဠုဒါယီ၏ မျက်လုံးများကတော့ ကျွန်ုပ်ထံမှာ မရှိပါ။ သုဒ္ဓေါဒနမဟာရာဇာထံမှာသာ စူးစိုက်လျက် ရှိနေကြ၏၊ မဟာရာဇာ မိန့်တော်မူမည့် စကားများအတွက် အရန်သင့် နားစိုက်၍ ထားလင့်၏၊
သည်နန်းတော်တွင် သူမရှိလျှင် မဖြစ်သလောက်မို့ ကျွန်ုပ်က သူ့တောင်းဆိုချက်ကို တားဆီးမည် ကြံမိပါသေး၏၊ သို့သော် ဦးရီးတော် မဟာရာဇာက နှုတ်မြွက်တော်မူချေပြီ။
"သားတော်ကိုသာ ဖူးတွေ့ပါရစေ ကာဠုဒါယီ။ တခြားကိစ္စများတွင် အမောင် ကာဠုဒါယီ စိတ်တိုင်းကျ ဖြစ်ပါစေ"
ကာဠုဒါယီ၏ မျက်နှာသည် တိမ်စင်လကဲ့သို့ ကြည်လင်ဝင်းပ၍ သွားပေသည်။
"ဝမ်းမြောက်လှပါသည်ဘုရား။ ဘုရား ကျွန်တော် ရလိုသောဆုကား အခြားမဟုတ်ပါ။ ရှင်တော် ဗုဒ္ဓ ရှေ့တော်မှောက်ရောက်သောအခါ ရဟန်းပြုခွင့်သာ ဖြစ်ပါသည်"
သူကလည်း ရှေ့သွားပုဂ္ဂိုလ်များ လမ်းကြောင်းအတိုင်း တန်းတန်းမတ်မတ် လိုက်တော့မှာပါတကား။ သည်အလားအလာကို စောစောကပင် တွေးတောပြီးသားမို့ မဟာရာဇာသည် သူ့တောင်းဆိုချက်ကြောင့် မတုန်လှုပ်ပါပြီ။
"သားတော်ထံ ရဟန်းပြုသည့်ကိစ္စကို ငါက ငါ့အကျိုးအတွက် ငဲ့ကွက်ပြီး မတားလိုပါ ကာဠုဒါယီ။ သို့သော်လည်း ခမည်းတော်၏ တောင့်တချက်ကိုတော့ လျှောက်ဖြစ်အောင် လျှောက်ထားမိပါစေ"
"စိတ်ချသာ နေတော်မူကြပါတော့ ဘုရား"
အခြွေအရံအပေါင်း မြောက်မြားစွာနှင့်အတူ ကာဠုဒါယီလည်း ထွက်ခွာသွားခဲ့ပြန်ချေပြီ။
ကာဠုဒါယီက စိတ်ချနေတော်မူပါဟု ဆို၏၊ သူကတော့ သူ့အစွမ်းသတ္တိကို ယုံကြည်ပြီးဖြစ်၍ ဆိုခြင်းဖြစ်၏၊ သုဒ္ဓေါဒနမဟာရာဇာကလည်း သူ့အစွမ်းသတ္တိကို ယုံကြည်ပြီးဖြစ်၍ အတိုင်ပင်ခံအရာမှာ ထားခဲ့၏၊ သို့သော် ယခုလောလောဆယ်မှာကား သားတော်ကို ဖူးတွေ့လိုစိတ်များသာ ကြီးစိုး၍ နေကြရာ ကာဠုဒါယီ၏ အစွမ်းသတ္တိများကိုပင် သံသယဝင်ချင်လာကြ၏၊ ကာဠုဒါယီ ထွက်ခွာသွားသော နေ့ရက်ကို လက်ချိုးရေတွက်၍ နေကြရ၏၊
ရာဟုလာမယ်တော် ယသော်ဓရာမှာကား လူကြီးများနှင့်စာလျှင် တော်သေးသည်ဟု ဆိုရပါမည်။ မောင်တော် သိဒ္ဓတ္ထ ထွက်ခွာသွားခါစက အလွမ်းရော အပူပါ ဝေဒနာနှစ်မျိုးစလုံး စုပြုံခံစားခဲ့ရ၏၊ သည်ဝေဒနာများ၏ ဒဏ်ချက်ကို သည်က လူကြီးမိဘများ၏ ကရုဏာဆေး၊ ဆွေတော်မျိုးတော်များ၏ မေတ္တာဆေးဖြင့် တဖြည်းဖြည်း ကုစားလာခဲ့ရ၏၊ ယခုတော့ သားတော်လေး ရာဟုလာပင် ခုနစ်နှစ်ကျော်၍ လာခဲ့ပါပြီ။
သူကလေး၏ ကိုယ်ခန္ဓာသည် တစ်နှစ်ဆိုလျှင် တစ်နှစ်မှန်းသိသိ မယ်တော်၏ လက်ပေါ်ဝယ် တနင့်တပိုးကြီး တိုး၍လာ၏၊ သူ့ဖခင်၏ အသွင်အငြ်ဖြင့် ပြုံးရွှင်ကြည်လင်၍နေသော သူ့မျက်နှာသည် မယ်တော်သို့ပါ ကူးစက်လာ၏၊ ခန္ဓာကိုယ်တည်ဆောက်စမို့ သူကလေးက အစားမက်သည်။ အစားစုံသည်။ ဘိုးအေဆီမှာ ဘွားအေဆီမှာ အစားမျိုးစုံ စားသောက်ရင်း စကားမျိုးစုံအောင်လည်း ပြောတတ်လှပေပြီ။
သားတော်ရွှေသွေး လူကလေး၏ ဆည်းလည်းသံများကို နာခံရင်း ယသော်ဓရာသည် သည်ကလေး၏ နောင်ရေးကို တွေးတော၍ နေမိ၏၊ ကလေး၏ နောင်ရေးကို တွေးမိသည်ဆိုလျှင်ပင် သူ့ဖခင်ကိုလည်း ချန်ထား၍ မဖြစ်နိုင်တော့ပါ။
လူကြီးမိဘများကတော့ သူတို့၏ သားတော် လာမှ လာပ့ါမလားဟု တကြောင့်ကြကြ ရှိနေကြရ၏၊ ယသော်ဓရာမှာကား သူ့တွက်ကိန်းနှင့်သူ မူသေတွက်ထားပြီး ဖြစ်ပေသည်။
သူ၏ အရှင်သခင် လင်ယောကျ်ားဘဝမှ အထွတ်အမြတ်ဆုံးနေရာ ရောက်လာခဲ့သော ထိုပုဂ္ဂိုလ်သည် သိဒ္ဓတ္ထမင်းသား ဘဝကိုကား သတိမရဘဲ မနေနိုင်။ ထိုအခါတွင် ထိုအရှင်သခင်အပေါ် ထားရှိခဲ့သော၊ ပြုစုဆောင်ရွက်ပေးခဲ့သော မေတ္တာကာယကံ၊ ဝစီကံ၊ မေတ္တာမနောကံတို့ကို ထိုအရှင်သခင် ကိုယ်တိုင်တွေ့မြင်လာရပေလိမ့်မည်။ သည်ဂုဏ်ကျေးဇူးများကို အသိအမှတ်ပြုသောအားဖြင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဖူးတွေ့ခွင့် ပေးလာရချိမ့်မည်။ မိမိဂုဏ်ကျေးဇူးနှင့် အရှင်သခင်ကို ထပ်တူထပ်မျှ လေးစားသော ယုံကြည်သော မိန်းမသားတစ်ယောက်၏ တွက်ကိန်းများပင် ဖြစ်ပေသည်။
ထိုနှစ်ကဆုန်လပြည့်နေ့တွင် ထိုမိန်းမသား၏ တွက်ကိန်းမှန်သည်၊ မမှန်သည်ကို ကျွန်ုပ်တို့ သိကြရပါတော့မည်။
(အပဒါန်အဋ္ဌကထာ၊ သန္တိကေ နိဒါန်း)
အရှင်ကာဠုဒါယီ၏ တောလားကဗျာများ
"လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်ဩဇာဖြင့်၊ သတ္တဝါလူ၊ ခပ်သိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွှတ်၊ ပို့ပေးတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံအဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဘော်၊ တုမမျှော်သည်၊ ဘုန်းတော်ထွန်းသစ်၊ တို့ရှင်ချစ်"
လျှောက်တင်ရန်စကားများကို နားစိုက်တော်မူပါရန် မြတ်စွာဘုရားကို ရှိခိုးဦးတင်လျက် ထွက်ကျလာသော အာလုပ်စကားများဖြစ်ပေသည်။
သည်အာလုပ်စကားများ လျှောက်ထားသူကား ကာဠုဒါယီ မထေရ်။ အချိန်ကား ထိုသည့်နှစ် တပေါင်းလပြည့်နေ့။
သုဒ္ဓေါဒနမင်းကြီး၏ တမန်တော် ကာဠုဒါယီအမတ်ဘဝမှ ဘုရားရှင်၏ တပည့်သား ရဟန်းတော် အရှင်ကာဠုဒါယီဟူ၍ တစ်ဖြစ်လဲလာခဲ့သည်မှာ ရက်အတန်ကြာခဲ့ပါပြီ။ နောက်လိုက်နောက်ပါ ခြွေရံများနှင့်တကွ အရဟတ္တ္တဖိုလ်၏ တံခွန်သဖွယ် တင့်တယ်သော အဝတ်သင်္ကန်းတို့ကို တပျော်တပါးကြီး ဆင်မြန်းကာ လောကီ ကာမဂုဏ်စည်းစိမ်များနှင့် မနှိုင်းသာ မယှဉ်သာ အေးချမ်းငြိမ်သက်လှစွာသော သာမဏစည်းစိမ်ကြီးကို ကိုယ်စီကိုယ်ငှ ခံစား၍ လာခဲ့ကြပါပြီ။ သည်အရှင်တို့သည် ရှေးက သွားလေသူ နောင်တော့် နောင်တော်များနည်းတူပင် လူ့ဘောင်လောက၏ အနှောင်အဖွဲ့များကို အပြီးအပိုင် ဖြတ်တောက်၍ ထားခဲ့ကြပါပြီ။ သုဒ္ဓေါဒနတည်းဟူသော မဟာရာဇာကြီးတစ်ပါး၏ မိန့်မှာစကားကို မလိုက်နာ မဆောင်ရွက်ရ၍လည်း တစ်စုံတစ်ရာ ထိခိုက်စရာ မရှိတော့ပါပြီ။ သို့ရာတွင် အရှင်ကာဠုဒါယီမှာ နောင်တော်များနှင့် အတန်ငယ် ကွာခြားမှုရှိ၍ နေပေသည်။ အခြားသော အမတ်များသည် သုဒ္ဓေါဒနမဟာရာဇာ၏ အမှုတော်များကို အပြင်အပမှာသာ ထမ်းဆောင်ခဲ့ကြရ၏၊ ထို့ကြောင့် အရှင်သခင် မိသားစုတို့၏ အတွင်းရေးကိစ္စများကို သေချာဂဏ မသိနိုင်၊ မမြင်နိုင်ကြပေ။ သားတော်သိဒ္ဓတ္ထ လူ့ပြည်ငြီး၍ တောကြီးခိုသွားသည်တွင် သူတို့တစ်တွေမှာ ရာဇသွေး ရာဇမာန်က တစ်ရွေးသားမျှ မလျော့သေး။ သားတစ်ယောက်လုံးက ရက်စက်မညှာ စွန့်ခွာခြင်းခံရပြီးသည့်နောက်မှာပင် သည်သွေး သည်မာန်များက ပြည့်လျှံမို့မောက်နေကြဆဲ ဖြစ်၏၊ ထို့ကြောင့် အပြင်လူ အမှုထမ်းများ၏ ရှေ့မှာဆိုလျှင် သူတို့မျက်နှာများက ရာဇိန္ဒြေဖြင့် ခပ်တည်တည်၊ ခပ်တင်းတင်းသာ နေကြ၏၊ ဤသို့ တည်တည်တင်းတင်း နေကြသည့်ကြားမှပင် စွန့်ရက်လေသူ ခွာရက်လေသူအတွက် မျက်ရည်ကျချင်ချင် ဖြစ်ကြရ၏၊ အပြင်လူများ ရှေ့မှောက်ဝယ် မာန်တင်းကာထိန်း၍ ထားခဲ့လေသမျှ သည်မျက်ရည်များသည် ကာဠုဒါယီနှင့်ကျခါမှ တွေတွေဒီးဒီး စီးဆင်းခွင့်ရကြပေသည်။
သည်မိသားစု၏ မာန်မာန၊ သည်မိသားစု၏ သောက ပရိဒေဝအဆောက်အအုံကို ကာဠုဒါယီတစ်ဦးသာ လုံးဝဥဿုံ သိနိုင်ခွင့်ရှိ၏၊ သည်မိသားစု၏ ရင်ထဲက ဝေဒနာကို အညီအမျှခွဲဝေ၍ ခံစားခဲ့ရသူမှာလည်း ကာဠုဒါယီတစ်ဦးတည်းသာ ရှိ၏၊ သူလိုငါလို လူအများအတွက် ဆိုပါလျှင် ချုံးချကာ ငိုကြွေးလိုက်ရလျှင် ရင်ထဲကဝေဒနာဒဏ် အတန်ငယ် သက်သာခွင့် ရနိုင်၏၊ ရာဇဂုဏ်သိန်၊ ရာဇဣန္ဒြေဖြင့် ငိုချင်တိုင်းငို၍ မဖြစ်နိုင်သော သူတို့ မိသားစု၏ စိတ်ဝေဒနာများက လူတကာတွေထက် အခံရခက်လှပေလိမ့်မည်။ ယခုအခါတွင် သူတို့အပေါ် အရှင်သခင်အဖြစ်ဖြင့် ရိုသေကိုင်းညွတ်နေစရာ မလိုတော့သော်လည်း ဤဒုက္ခသည်များအပေါ်ဝယ် ကရုဏာစေတသိက်တို့ကား စိမ့်စမ်းသဖွယ် စီးဆင်း၍ နေကြရပေသည်။
ဤဒုက္ခသည်တို့၏ ဤသို့သော ဒုက္ခဝေဒနာတို့ကို အကင်းအရှင်းကုစား၍ ပေးနိုင်မည့်သူမှာ ဘုရားရှင်တစ်ပါးသာ ရှိတော့သည်။ သူကိုယ်တိုင်က စွန့်ခွာထားခဲ့၍ ဖြစ်ပွားခဲ့ရသော ဒုက္ခဝေဒနာတို့ကို သူ့ဘာသာ တာဝန်ယူ၍ ကုစားရပေလိမ့်မည်။ ကုစားရန်အတွက် ခရီးဆက်ရမည့် အချိန်အခါကလည်း ရောက်၍နေပါပြီ။ ထို့ကြောင့်-
"အဖြစ်ကြောင်းလျာ၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ လျှောက်ကြားဆက်အံ့"
ဤသို့သော ပဋိညာဉ်စကားဖြင့် ရိုသေစွာ ခွင့်ပန်ကာ သည်ခရီး သည်ရာသီကို စာပန်းချီ ခြယ်မှုန်းလျက် တင်ဆက်လိုက်ပေတော့သည်။
"ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေမည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္မာမြောက်သား၊ သည်းချာရာဟု၊ မျှော်ကာရှုလျက်၊ တစ်စုတစ်ရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မျှော်ချင်ဘိဟု၊ ကြားသိတုန်လို၊ တစ်သောင်းဗိုလ်တွင်၊ ကျွန်ကိုနောက်ဆင့်၊ ချီပင့်ရာလှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလှပြောင်းသား၊ တပေါင်းနွေလ၊ ဂိမှာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွရောင်တိချည်း၊ ဖြင်ပေါပည်း၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်၊ သွားခါကာလ တန်ပြီတည်း"
"ပျော်မှုပျော်မှု၊ မျှော်ကြည့်ရှု၍၊ ရတုကောင်းစွာ၊ ဤအခါကား၊ သာသည်ညင်းညင်း၊ မြောက်လေကြွင်းနှင့်၊ ဆီးနှင်းမကုန်၊ ပူဟုန်မသည်း၊ ပျံ့ပျံ့ဖြည်းသား၊ တိမ်းမည်းမဆိုင်၊ မြည်အိုင်ရိုက်ကျူး၊ မင်းလွင်မြူးသား၊ နွေဦးသရစ်၊ အခါဖြစ်၍၊ ရှင်ချစ်ဘုရား၊ သုံးလူ့ဖျားလျှင်၊ ဖဝါးစက်တော်၊ ချီတုန်သော်လည်း၊ ထော်လော်စုန့်လုန့်၊ မြေမှုန့်မြေကြမ်း၊ ခရီးလမ်း၌၊ သာချမ်းညံ့စေ၊ လွှဲဖယ်လေလျက်၊ ပရမေထွန်းပေါ်၊ မြတ်နုဘော်ဖြင့်၊ ရှင်တော်မှန်စင်၊ ငါ့သခင်ကို၊ စက်ရှင်မြူတေ၊ ကြွသာစေ ဟု၊ ဝေးမြေတစ်ပါး၊ ဖဲနှင့်ရှား၍၊ ပြန်သွားမငြီး၊ သဲမွှေးနှီးသည့်၊ ခရီးသာစွမွန်ပြီတည်း"
"ပေါ်လု ပေါ်လု၊ ညွန့်သစ်နုနှင့်၊ ရတုသာထွေ၊ နွေကားရောက်ပြီး၊ ဆောင်းအမြီးဟု၊ ခရီးလမ်းလျှင်၊ ခက်ချင်းယှဉ်သား၊ ပင်စည်ဖြူးဖြူး၊ ရိပ်စက်ကူး၍၊ ငုံဖူးစီစို့၊ တစ်ချို့ကားပွင့်၊ ကင်းနှင့်မညံ၊ မီးလျှံသဖွယ်၊ ဝင်းဝင်းကယ်မျှ၊ မြိုင်လယ်ရဲရဲ၊ အခဲခဲတိ၊ တောထဲစုံကောင်း၊ ပန်းအပေါင်းနှင့်၊ ရွက်ဟောင်းပင်အောက် ဖူးညှောက်လူလူ၊ ထွက်စပြူလျက်၊ ပျံ့ကြူအေးအေး၊ လေညင်းသွေးသော်၊ မွှေးမွှေးရဂုံ၊ သင်းနံ့ထုံသို့၊ ပြောစုံခန့်ချုံး၊ ပွင့်ရောင်ဖုံးသည်၊ တောလံးညွန့်သစ် လှပြီတည်း"
"ယော်နုယော်နု၊ ရွက်သစ်ပြုလျက်၊ ရတုအလိုက်၊ ခက်ချင်းဆိုက်၍၊ အလိုက်ငုံဖူး၊ ဖြူးရရူးလျှင်၊ တန်ခူးမပြောင်း၊ တပေါင်းမကုန်၊ ပူဟုန်မပြင်း၊ နှင်းလည်းစဲစ၊ ကာလသာထွေ၊ သာယာသောတိ၊ ပူချမ်းနှစ်ပါး၊ ဆွေတော်များတို့၊ ဘုရားမြတ်စွာ၊ ဖူးအံ့ခါကား၊ သာယာသောတိ၊ ကြွဖွယ်ရှိစွ၊ ခရီးဆစ်ပိုင်း၊ လမ်းစဉ်လမ်းတိုင်းတုံ၊ သစ်ကိုင်းညွန့်လန်း၊ ဂနိုင်ပန်းတိ၊ ထက်ဝန်းပြင်မှ၊ ပွင့်လတ်ကြသော်၊ ရွှင်ပျမြည်ရှုန်း၊ ပိတုန်းမည်းနက်၊ ဝတ်ရက်ယူယူ၊ ချစ်မူဖော်နှော၊ ရဂုံတောဝယ်၊ ဥဩကျေးငှက်၊ ယှဉ်ဘက်မကွာ၊ ဟင်္သာပဲထွေး၊ သံလေးကျူးဆင့်၊ ကြွေးရင့်မညံ့၊ ခုန်ပျံပြေးသွား၊ တစ်ပင်နားလျက်၊ ပင်ဖျားပင်ခြေ၊ မွမ်းမွမ်းထွေလျက်၊ စုံမြေရိပ်ကောင်း၊ ရွေများပေါင်းသည်၊ ဥဒေါင်းမောရတွန်ပြီတည်း"
ကဗျာ့ပါရဂူ အရှင်ကာဠုဒါယီအထံမှ တစ်ဆင့်ကြားရသော ဤတောလားကဗျာတို့ကို နှစ်သက်ကြည်နူးမိသည့်အတွက် ကျွန်ုပ်တို့ လွန်အံ့မထင်ပါ။ သုံးလူ့ထွတ်ထား ဘုရားရှင်ကိုယ်တော်တိုင်ကပင်လျှင် ဤတောလားကဗျာတို့ကို ကြားနာတော်မူပြီးသည်နှင့် ခရီးထွက်ရန် အမိန့်သံ ပေးတော်မူခဲ့ရသည် မဟုတ်ပါလော။
(ထေရအပဒါန်၊ အဋ္ဌကထာ၊ ကာဠုဒါယီ ထေရာပဒါန် အဖွင့်ဂါထာများအလိုက် ဖွဲ့ဆိုထားသော တောင်တွင်းစာဆို ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့မှ ထုတ်နုတ်ချက်)
နေပြည်တော်တွင် ဆွမ်းခံဝင် ယမန်နေ့က နိဂြောဓဥယျာဉ်ဝယ် ပန်းမျိုးစုံတို့ မကြုံစဖူး ပွင့်လန်းဝေစည်ခဲ့ကြ၏၊ နံ့သာမျိုးစုံ အခိုးအထုံတို့ကလည်း ဥယျာဉ်တစ်ခုလုံးကို လွှမ်းခြုံ၍ ထားခဲ့ကြ၏၊
ဥယျာဉ်အတွင်း၌ စနစ်တကျ စိုက်ပျိုးထားသော ပန်းမျိုးစုံ။ ကြိုဆိုလာသူတို့၏ ပန်းမျိုးစုံ။
ဥယျာဉ်အတွင်းရှိ ပန်းမျိုးစုံတို့၏ ရနံ့မျိုးစုံ။ ကြိုဆိုလာသူတို့၏ အမွှေးအထုံ။
ထိုနေ့က သည်ဥယျာဉ်ဝယ် ရနံမျိုးစုံ၊ ပန်းမျိုးစုံ၊ လူကြီးလူငယ် အရွယ်မျိုးစုံ စုပြုံရောက်ရှိခဲ့ကြ၏၊ သကျအမျိုးသားတို့၏ နှစ်သက်ခြင်းကို ပွားစေတတ်သော ဘုရားရှင်ကို သကျနွယ်ဝင် ဆွေတော်မျိုးတော်များက ဝမ်းပန်းတသာ ကြိုဆိုကြခြင်းပင် ဖြစ်ပေသည်။ တစ်ခန်းတစ်နား ပူဇော်ကြခြင်းပင် ဖြစ်ပေသည်။
ယနေ့ နံနက်ခင်းမှာတော့ ဥယျာဉ်တစ်ခုလုံး လူရှင်း၍နေပေပြီ။ ယမန်နေ့ညနေက သောသောအုတ်အုတ် ရှိခဲ့သည်နှင့်အမျှ ယနေ့ နံနက်ခင်းမှာကား တိတ်တိတ်ဆိတ်ဆိတ် ရှိနေပေသည်။
ကျိန်းစက်ရာမှ ထလာကြသော ရဟန်းတို့ကား ရှိကြပါ၏၊ သို့သော် ထိုရဟန်းတို့ထံမှလည်း အသံဗလံ တစ်စုံတစ်ရာ မထွက်လာ။ အချို့က ပန်းချုံများကြားမှာ စင်္ကြကြွလျက် ရှိကြ၏၊ တချို့က ကျိန်းစက်ခဲ့သော နေရာမှာပင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေကြ၏၊ ငြိမ်သက်သော တရားကို လက်ဝယ်ပိုင်ပိုင် ရရှိထားပြီးသူများချည်းဖြစ်၍ ဥယျာဉ်တစ်ခုလုံး ငြိမ်သက်နေခြင်း ဖြစ်ပေသည်။ နံနက်စောစော အရုဏ်မတက်မီကတည်းက ဤအတိုင်းနေလာခဲ့ကြရာတွင် နေဝန်းကြီးပေါ်သည်အထိ ဖြစ်၏၊ နေဝန်းကြီးပေါ်လာတော့လည်း ဘုရားရှင်က တဲကျောင်းထဲမှ ထွက်တော်မမူလာသေး။ ထို့ကြောင့် ရဟန်းများမှာ နေမြဲတိုင်းပင် နေကြပြန်၏၊ ဆွမ်းခံစရာ သပိတ်များကိုကား အိပ်ရာမှထကတည်းက အသစ်တစ်ဖန် ဆေးကြောပြီး ဖြစ်ပေသည်။
ရာဇဂြိုဟ်က ဝေဠုဝန် ကျောင်းတော်မှာဆိုလျှင် ဤအချိန်တွင် နွားနို့နှင့်သော်လည်းကောင်း၊ အသားများ ပြွန်း၍သော်လည်းကောင်း ယာဂုတစ်မျိုးမျိုးသောက်၍ ပြီးကြပြီဖြစ်၏၊ ယမန်နေ့ကပင် ဖိတ်ကြားပြီးသော ဆွမ်းဒကာ ဆွမ်းအမများ အိမ်သို့ကြွရန် အသင့်ပြင်ဆင်နေကြပြီ ဖြစ်၏၊ ထိုသို့ကြွရာ၌ တစ်ခါတစ်ရံ သံဃာကုန်။ သံဃာကုန် မပင့်နိုင်လျှင်ကား စာရေးတံမဲကျရာ ပုဂ္ဂိုလ်များ လိုက်ပါ ဘုဉ်းပေးကြကာ ကျန်ပုဂ္ဂိုလ်များမှာ ခါတိုင်းလိုပင် ဆွမ်းခံဝင်၍ မျှတကြပေသည်။
ဘုရားရှင်၏ ဇာတိမြို့တော်၊ သည်ဥယျာဉ်ထဲ ရောက်လာချိန်မှာတော့ စားကောင်းသောက်ဖွယ် ကပ်လာသူ လုံးဝမရှိ။ ယမန်နေ့ကလည်း ကြိတ်ကြိတ်တိုးမျှ လာ၍ ကြိုဆိုပူဇော်ကာ အချိန်တန်၍သာ ပြန်သွားကြ၏၊ "နက်ဖြန်နံနက် ဘုရားတပည့်တော်များ အိမ်သို့ ဆွမ်းဘုဉ်းပေးကြွတော်မူပါ။ ဆွမ်းအလှူခံကြွတော်မူပါ" ဟူ၍ တစ်စုံတစ်ယောက်ကမျှ ဖိတ်ကြားမသွားကြ။ အခြားဆွေတော်မျိုးတော်များကို ထားဘိဦး။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့် နို့တိုက်မယ်တော် မဟာပဇာပတိ ဂေါတမီတို့ကပင် ဖိတ်ကြားခြင်း မပြုခဲ့ကြချေ။
အင်္ဂတိုင်း၊ မဂဓတိုင်းသား ရဟန်းများအနေဖြင့် ဤဖြစ်ရပ်ကို ထူးဆန်းသည်ဟု ထင်ကောင်းထင်စရာ ရှိပါ၏၊ သို့သော် ကျွန်ုပ်တို့ မိတ်ဆွေဟောင်း အရှင်ကာဠုဒါယီကတော့ ဤဖြစ်ရပ်ကို ကောင်းကောင်း သဘောပေါက်ထားသည်ဟု ဆိုပါ၏၊
မှန်ပါသည်။ ကျွန်ုပ်တို့နည်းတူ လူ့ဘောင်လောကမှာ နေခဲ့စဉ်ကလည်း နောင်တော် သိဒ္ဓတ္ထသည် မည်သည့် ဆွေတော်မျိုးတော်အိမ်ကိုမှ သွား၍ စားသောက်ရိုးထုံးစံမရှိခဲ့ပေ။ ထိပ်ဆုံးတန်းနေရာမှာ နေခဲ့ရသူဖြစ်၍ သူကသာ သူများကို ဖိတ်ကြား၍ ကျွေးချင် ကျွေးပေမည်။ သူ့ကိုကား မည်သူကမျှ မဖိတ်ကြားရဲပေ။ ထိုအရှိန်အဝါက ယခု သပိတ်လက်စွဲ၍ ဆွမ်းခံစားနေရသည့် တိုင်အောင် လိုက်ပါ၍ နေပေသည်။
ဤအရှိန်အဝါကို ယခုတိုင် လက်ခံနေသူများတွင် ခမည်းတော်ကြီးများလည်း အပါအဝင် ဖြစ်ပေသည်။ ဘုရားရှင်ကို သူတို့၏ သားတစ်ယောက်ဟူ၍ သတ်မှတ်ထားသလို သားဖြစ်သူကလည်း စားချိန် သောက်ချိန်ရောက်လျှင် မိမိနန်းတော်သို့ ကြွလာလိမ့်မည်ဟု ထင်ခဲ့ကြ၏၊ သည်နန်းတော်ထက်ဝယ် ဖွယ်ဖွယ်ရာရာ စားသောက်၍ ကြီးထွားလာခဲ့ပြီးသော သားတော်သည် အခြား မည်သူ့ အိမ်ကိုမျှ ကြွဖွယ်ရာမရှိဟု သဘောထားခဲ့ကြ၏၊ ထို့ကြောင့် ဘုရားရှင်နှင့်တကွ နောက်ပါသံဃာတော်များအတွက် ဆွမ်းခဲဖွယ်များကို စီစဉ်ချက်ပြုတ်၍ကား ထားခဲ့ကြပါ၏၊ သို့ရာတွင် အပင့်သော်လည်းကောင်း၊ အထောက်သော်လည်းကောင်း တစ်ယောက်မျှမလွှတ်မိပေ။ သည်သဘောကိုလည်း သည်နန်းတော်မှာ အတွင်းကျကျနေလာခဲ့သည့် အရှင်ကာဠုဒါယီလို ပုဂ္ဂိုလ်မျိုးသာ အလွယ်တကူ နားလည်ကြပေလိမ့်မည်။
ဤအကြောင်းနှင့် ဆက်စပ်၍ ဝေဠုဝန်ကျောင်းတော်သို့ ရောက်ရှိလာပုံ၊ ရဟန်းပြုပြီးနောက် ဂါထာခြောက်ဆယ် ဖွဲ့ဆိုလျှောက်ထားပုံ၊ တစ်နေ့လျှင် တစ်ယူဇနာကျဖြင့် သက်သောင့်သက်သာ လာတော်မူပုံများနှင့် ယနေ့နံနက်ခင်း အတွေ့အကြုံများကိုပါ ထိုအရှင်မြတ်၏ မိန့်ဆိုချက်အရ ကျွန်ုပ် တင်ပြနိုင်ခြင်း ဖြစ်ပေသည်။
ထိုနေ့ နံနက်ခင်း၏ အတွေ့အကြုံကို အရှင်ကာဠုဒါယီက ဆက်လက်မိန့်ဆိုပါသေးသည်။ နေရောင်ခြည် တော်တော်ရင့်လာသောအခါ ဘုရားရှင်သည် တစ်ပါးတည်း ကျိန်းစက်ရာမှ ထွက်ကြွတော်မူလာ၏၊ သပိတ်သင်္ကန်းများ အရန်သင့် ပြင်ဆင်ဝတ်ရုံကာ ဆွမ်းခံရန် ကြွတော်မူလာခြင်း ဖြစ်ပေသည်။ နောက်ပါ ရဟန်းတော်များသည် အကြောင်းသင့်ရာမှ တန်းစီးကာ နေရာယူနေကြ၏၊
ဘုရားရှင်သည် ရဟန်း သံဃာတော်များကို ဦးဆောင်လျက် ဥယျာဉ်မှ ထွက်တော်မူလာခဲ့၏၊ မကြုံစဖူး ထူးကဲသော အသွင်အပြင်ဖြင့် တစ်သီတစ်တန်းကြီး ကြွတော်မူလာကြသော သံဃာတော်များကို မြို့သူမြို့သားများက တအံ့တဩလှမ်းကြည့်နေကြ၏၊ သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားရှင်၏ သပိတ်တော်ကို လာမယူ။ ဘယ်ဆွေ ဘယ်မျိုးကမျှမှလည်း လာ၍ ကြိုဆိုခြင်း၊ ဖိတ်ကြားခြင်း မရှိ။ သို့နှင့် ဘုရားရှင်လည်း ကပိလဝတ်မြို့နားသို့ ဆိုက်ရောက်တော်မူလာပေသည်။
မြို့တံခါးဝတွင် ဘုရားရှင်သည် ခေတ္တမျှ ရပ်တော်မူ၏၊ ဇာတိချက်ကြွေနေပြည်တော်သို့ ဆွမ်းခံဝင်ရာတွင် "ရှေးရှေးသော ဘုရားရှင်ကိုယ်တော်မြတ်များသည် မည်သို့မည်ပုံ ဆွမ်းခံကြွတော် မူခဲ့ကြသနည်း။ အိမ်စဉ်အတိုင်း မဟုတ်ဘဲ တန်ခိုးဩဇာကြီးမားသော အိမ်များကို ရွေးချယ်၍ ဆွမ်းခံတော်မူကြသလား။ သို့တည်းမဟုတ် ဆူကြုံ နိမ့်မြင့်မရွေး အိမ်စဉ်အတိုင်း မခြွင်းမချန် ဆွမ်းခံကြလေသလား" ဟု စဉ်းစားတော်မူဟန် ရှိပါသည်။
ထို့နောက် အစွန်းအဖျားအိမ်မှ စတင်ကာ အိမ်စဉ်အတိုင်း ဆွမ်းခံဝင်တော်မူ၏၊ ရှေးရှေးသော ဘုရားရှင်ကိုယ်တော်မြတ်တို့၏ လမ်းစဉ်အတိုင်းလိုက်ကာ နောင်လာနောက်သား တပည့်များအတွက်ပါ နမူနာကောင်းတစ်ခုကို ပြခဲ့ခြင်းလည်း ဖြစ်ပေသည်။
မြို့တော်သူ မြို့တော်သားများမှာ ဆွမ်းလောင်းသူထက် တအံ့တဩ ငေးမောနေမိသူက ပို၍ များပြားနေပေသည်။ မြို့တော်အတွင်းပိုင်းသို့ ဝင်လာမိသည်နှင့်အမျှ မြို့သူမြို့သားများ၏ အံ့ဩစိတ်များက ပို၍ ပို၍ အရှိန်မြင့်လာကြ၏၊ ဟိုစဉ်တုန်းက ဘယ်ဆွေမျိုး ဘယ်မင်း ဘယ်စိုးအိမ်မှာမှ လိုက်၍ မစားသောက်ခဲ့ဖူးသူ၊ သူ့နန်းတော်ထက်၌ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြင်ဆင်ပြီးခါမှ အရန်သင့်ဝင်၍ စားလာခဲ့သူ။ ယခု ဤပုဂ္ဂိုလ်က ထမင်းတစ်လုတ်အတွက် အိမ်ပေါက်စေ့လိုက်၍ တောင်းနေရချေပြီ။ ငေးရင်း မောရင်းက အတွေးချင်းဖလှယ်များလည်း ရှိကြပေသည်။
တစ်အိမ်ဝင် တစ်အိမ်ထွက်ဖြင့် ဘုရားရှင်နှင့် သံဃာတော်များသည် နန်းတော်ဆီသို့ ရှေ့ရှုကြွတော်မူလာကြ၏၊ တစ်ယောက်စကား တစ်ယောက်နားဖြင့် ဤသတင်းကို ကြားထားပြီးပြီမို့ ရာဟုလာမယ်တော် ယသော်ဓရာသည် လေသာပြတင်းကို ဖွင့်ကာ စောင့်မျှော်၍ နေခဲ့၏၊ သူကိုယ်တိုင် မဖူးမမြင်ရသေးသော ကိုယ်တော်မြတ်၏ ရုပ်သွင်ကို အမျိုးမျိုးအဖုံဖုံ ပုံဖော်၍ ကြည့်နေမိပေသည်။
"ဟိုးယခင်က အရှင့်သားသည် မည်းနက် တောက်ပြောင်သော ဥသျှောင်တော်ကို ရတနာမျိုးစုံဖြင့် ပြိုးပြိုးပြက်မျှ ခြယ်လှယ်ခဲ့၏၊ ယခု သည်ဥသျှောင်တော်ကြီး မရှိတော့ပြီဟု ဆိုကြ၏၊ ဦးပြည်းခေါင်းတုံးနှင့် အရှင့်သားသည် ယခင်ကလို နှစ်လိုဖွယ်မှ ကောင်းပါဦးမည်လား"
"ဟိုးယခင်က သိဒ္ဓတ္ထ မောင်တော်သည် အဖိုးထိုက်တန်သည့် ပိုးဖဲကတ္တီပါ အဝတ်တန်ဆာတို့ကို ဝတ်ဆင်ခဲ့၏၊ ယခုတော့ ဖန်ရည်စွန်းသော အဝတ်များကို ဝတ်ရုံ၍ နေလေပြီဟု ဆိုကြ၏၊ သင်္ကန်းဝါဝါနှင့်အရှင့်သားသည် ယခင်ကလို ကြည်ညိုဖွယ်မှ ကောင်းပါဦးမည်လား"
"ဟိုးယခင်က မောင်မောင်ဘုရားသည် ဟိုနား သည်နား ခရီးထွက်လျှင် ရထားသော်လည်းကောင်း၊ ဝေါသော်လည်းကောင်း၊ မြင်းသော်လည်းကောင်း စီး၍ သွားနေကျဖြစ်၏၊ ယခု မြေအပြင် ခြေတင်လျက် ကြွလာပြီဟု ဆိုကြ၏၊ ဝေါမပါ၊ ယာဉ်မပါသော အရှင့်သားသည် ယခင်ကဲ့သို့ တန်ခိုးရှိန်ဝါ ရှိပါဦးမည်လား"
"ဟိုးယခင်က မိမိ၏ အရှင်သခင်သည် အရန်သင့်ပြင်ဆင်ထားပြီးသော ခဲဖွယ်ဘောဇဉ်များကို စိတ်တိုင်းကျ စားသောက်ခဲ့ရ၏၊ ယခု ထမင်းတစ်လုတ်အတွက် အိမ်ပေါက်စေ့မျှ လှည့်လည်၍ တောင်းနေရချေပြီဟု ဆိုကြ၏၊ တစ်လုတ်တစ်ခဲ သူတကာစွန့်ကြဲမှ စားရသော အရှင့်သားသည် ယခင်ကလို ဂုဏ်ကျက်သရေ ရှိပါဦးမည်လား"
သူတကာတွေလို ကိုယ်တိုင်ပြေးလွှား၍ မကြည့်နိုင်သည်မို့ အတွေးနယ်ချဲ့၍သာ နေရတော့သည်။ ဟိုယခင် သိဒ္ဓတ္ထမင်းသားဘဝက လှပတင့်တယ်ရှုချင်ဖွယ်ရှိခဲ့သော အရိပ်နိမိတ်များက သူ့စိတ်အစဉ်ကို ဖမ်းစား၍ နေကြ၏၊ ထိုအရိပ်နိမိတ်များကို ယခုလက်ရှိ ကိုယ်တော်မြတ်၏ ကြည်ညိုဖွယ်ရာ သာသနာ့အသွင်အပြင်တို့ဖြင့် အစားထိုးရန် ရည်သန်ပါသော်လည်း ကိုယ်တော်တိုင်ကို မဖူးမမြင်ရသေးသမျှ စိတ်ဒွိဟ ပွားနေရဦးမည်သာ ဖြစ်ပေသည်။
ဟော၊ ယခုတော့ စိတ်ဒွိဟတွေ ကင်းစင်၍ သွားပါချေပြီ။ နေသာလျှင် နှင်းပျောက်၍ အလင်းပေါက်ရဘိသကဲ့သို့ ဘုရားရှင်တည်းဟူသော နေမင်းကြီး ထွန်းလင်းတော်မူလာသဖြင့် ယသော်ဓရာ၏ သံသယနှင်းမြူတို့ လွင့်ပျောက်၍ သွားကြရပေတော့သည်။ အမှောင်ခွင်း၍ အလင်းသို့ ရောက်လာကြပေပြီတည်း။
ဟိုယခင်အလှက တဏှာရာဂ မာန်မာနနှင့် ယှဉ်သော အလှ။ ပြုနိုင်ပြင်နိုင် ဝတ်ဆင်နိုင်မှသာ လှသော အလှ။
ယခုအလှက ကိလေသာမယှဉ်၊ ကြည်လင်အေးမြ ဘေးမခသည့် ကျက်သရေတော်။ မပြုမပြင် ပင်ကိုအားဖြင့် ရှုချင်စဖွယ် တင့်တယ်၍ နေပေသည်။
နဖူးတော်မှသည် ခြေဖျားဆီသို့၊ ခြေဖျားမှသည် နဖူးတော်သို့ အပြန်ပြန်အလှန်လှန်၊ ကြိမ်ဖန်များစွာ သုံးသပ်ပါလျက် အားရတင်းတိမ်ခြင်း မရှိနိုင်။ ကိုယ်တော်မြတ်ရုပ်သွင်က တိုက်အိမ်တစ်လုံးအကွယ် ရောက်သွား၍သာ နေရာက ထလာရ၏၊ နန်းတော်အနီးမှ လွန်မသွားသေးမီ နန်းတော်ထက်သို့ ပင့်ဆောင်နိုင်စေရန် ခမည်းတော်ကြီးထံ အကြောင်းကြားလိုက်ရ၏၊
တစ်မျိုးတစ်ဆွေလုံး၏ ဂုဏ်သရေကို အကြွင်းမဲ့ ဖျက်ဆီးရာရောက်နေသဖြင့် ဤကိစ္စကြီးကို ရွှေနားတော်ကြား လျှောက်တင်ရဲသူ တစ်ယောက်မှ မရှိခဲ့။ ကိုယ်တော်မြတ်၏ ကျက်သရေတော်ကို ကိုယ်တိုင်သာ မဖူးမမြင်ခဲ့ရလျှင် ယသော်ဓရာလည်း လျှောက်တင်ရဲလိမ့်မည် မထင်။ ယခု သည်ကျက်သရေတော်၏ အရှိန်အဝါကြောင့် မရွံ့မကြောက် လျှောက်တင်လိုက်မိပြီ ဖြစ်ပေသည်။
"ခမည်းတော် အရှက်ကို ခွဲရက်သည့် သားတော်ပါကလား"
ဟုတ်တိုင်းမှန်ရာ လျှောက်တင်လိုက်မိသည်နှင့် တစ်ပြိုင်နက် သုဒ္ဓေါဒနမဟာရာဇာ၏ စိတ်တွင် အကြီးအကျယ် ထိခိုက်သွားရပေသည်။ ခမည်းတော်ကြီး ကိုယ်တိုင် ရှိနေပါလျက်နှင့် သူတစ်ပါး အိမ်ပေါက်စေ့ အောက်ကျနောက်ကျ လျှောက်တောင်းနေရမည်လား။ သကျအမျိုးသားတို့၏ အစဉ်အလာကိုမှ သတိမထားလေရော့သလား။
ကရုဏာနောက်မှ ပါလာသော မာန၊ မာနနှင့်အတူ ပေါ်လာသော ဒေါသ။ သည်ဒေါသ၊ သည်မာန၊ သည်ကရုဏာတို့က သူ့စိတ်အစဉ်တွင် တစ်ကျော့စီ တစ်ပြန်စီ မင်းမူ၍ နေကြ၏၊
ှတိုင်းသူပြည်သား၊ ဆွေတော်မျိုးတော်များအပေါ် မင်းမူလာခဲ့သော မဟာရာဇာသည် မင်းထက်မင်းဖြစ်သော ထိုစေတသိက်တို့၏ အမိန့်ကို လုံးဝ တော်လှန်ခြင်း၊ ငြင်းဆန်ခြင်း မပြုနိုင်။ သူတို့တစ်တွေ၏ အမိန့်အာဏာအတိုင်း နန်းတော်ထက်မှ 'ရောသောပါး ပြေဆင်းသွားရ၏၊ ပါလာသော အဝတ်အစားများကိုသော်မှ မနိုင့်တနိုင်သိမ်း၍ ကိုင်လာခဲ့ရ၏၊
"အရှင်ဘုရား၊ တပည့်တော်တို့ကို အရှက်ရအောင် ပြုပါသလား။ သည်လောက်များပြားသည့် ရဟန်းတော်များအတွက် တပည့်တော်ဆီမှာ ဆွမ်းမရနိုင်ဟုများ ထင်မှတ်တော်မူနေပါသလား"
"မင်းကြီး နားဆင်လေလော့။ ဤသို့ အိမ်စဉ်တွေ့သမျှ မခြွင်းမချန် ဆွမ်းခံစားခြင်းမှာ အသင်မင်းကြီးတို့ကို အရှက်ရစေရန် မဟုတ်ပေ။ အသင်မင်းကြီး နန်းတော်တွင် ဤရဟန်းများအတွက် ဆွမ်းမပြည့်နိုင်ဟု ထင်သောောကာင့်လည်း မဟုတ်ပေ။ ဤသို့ အိမ်စဉ် တွေ့သမျှ မခြွင်းမချန် ဆွမ်းခံခြင်းနှာ အမျိုးအနွယ်၏ ကျင့်ဝတ်ပင်ဖြစ်ပေသည်"
ခမည်းတော်ကြီး တုန်လှုပ်ချောက်ချားနေသည်နှင့်အမျှ မြတ်စွာဘုရားက တည်ငြိမ်စွာပင် မိန့်တော်မူပေသည်။ လူ့လောက၏ သံယောဇဉ်ဟူသမျှ ဖြတ်တောက်ပြီးပြီမို့ သုဒ္ဓေါဒနမင်းကြီးကိုပင် ခမည်းတော်ဟု ခေါ်တော်မမူပြီ။ ဆွေမတော်မျိုးမစပ် ဗိမ္မိသာရမင်းနှင့် ထပ်တူထပ်မျှသာ သုံးသပ်တော်မူပေပြီ။
ကျွန်ုပ်တို့ သီတင်းသုံးဖော်များက ကျွန်ုပ်တို့ကို ဘုရားရှင်နှင့် ဆွေမျိုးစပ်ကာ ညီတော်အာနန္ဒာဟူ၍လည်းကောင်း၊ ညီတော်နန္ဒ ဟူ၍လည်းကောင်း၊ သားတော်ရာဟုလာ၊ မိထွေးတော် ဂေါတမီ ဟူ၍လည်းကောင်း ချီးချီးမြှောက်မြှောက် ခေါ်ဆိုတတ်ကြ၏၊ ဘုရားရှင် ကိုယ်တော်တိုင်မူကား မိသားစု အခေါ်အဝေါ်များကု လုံးဝ အသုံးပြုတော်မမူပါ။ ကျွန်ုပ်ကို ညီတော်ဟူ၍ လုံးဝ မခေါ်ပါ။ အမည်အရင်းအတိုင်းသာ ခေါ်တော်မူပါသည်။ တွေ့လာ ကြုံလာရလေသမျှ ပုဂ္ဂိုလ်များအပေါ် ညီတူညီမျှ သဘောထားတော်မူသည်ကို ယခု ခမည်းတော်ကြီးကို ခေါ်လိုက်ခြင်းက သက်သေခံ၍ နေပေပြီ။
သံယောဇဉ်မရှိတော့သူက အသိတရားသက်သက်ဖြင့် မိန့်ဆိုတော်မူခဲ့၏၊ သို့သော် အသိတရား မကိန်းလာသေးသော ခမည်းတော်ကြီးက သဘောမပေါက်ရှာ။ ဘုရားရှင်၏ အမျိုးအနွယ်ဟူသော အဆိုအမိန့်ကို အဓိပ္ပာယ်ကောက် အယူလွဲကာ-
"အရှင်ဘုရား၊ တပည့်တော်တို့၏ အမျိုးအနွယ်ထဲမှာ ခတ္တိယအမျိုးအနွယ်ထဲမှာ ယခုလို အိမ်ပေါက်စေ့ တောင်းစားသူဟူ၍ ရှိခဲ့ဖူးပါသလား"
ဆွေမျိုးမာန် အတ္တအစွဲသန်သန်ဖြင့် မေးလျှောက်လိုက်ခြင်းပင် ဖြစ်ပေသည်။
"မင်းကြီး၊ ဤခတ္တိယ အမျိုးအနွယ်ဟူသည်ကား သင်မင်းကြီးတို့၏ အမျိုးအနွယ်ဖြစ်ပေသည်။ ငါတို့၏ အမျိုးအနွယ်ဟူသည်ကား ရှေးရှေးက ပွင့်တော်မူခဲ့ကြသော ဘုရားရှင်ကိုယ်တော်မြတ်များ၏ အမျိုးအနွယ်သာလျှင် ဖြစ်ပေသည်။ ရှေးရှေးက ဘုရားရှင်ကိုယ်တော်မြတ်များမှာလည်း ဤကဲ့သို့ အိမ်ပေါက်စေ့မျှ ဆွမ်းခံ၍ အသက်မွေးတော်မူခဲ့ကြပေသည်။
ငါ့အမျိုး၊ ငါ့အနွယ်၊ ငါ့သား၊ ငါ့ဘုရားဟူ၍ တစ်ငါတည်း ငါ ၍နေခဲ့သော ခမည်းတော်ကြီး၏ အတ္တစွကြို ချေချွတ်တော်မူလိုက်ခြင်းပင် ဖြစ်ပေသည်။ မိမိက ငါ့အမျိုး၊ ငါ့အနွယ်၊ ငါ့သား၊ ငါ့ဘုရားဟူ၍ မည်မျှပင် စွဲလမ်း၍နေပါသော်လည်း သားတော်ဘုရား ကိုယ်တော်တိုင်က အစွဲအလမ်း မခံတော့ပါကလား။ ဤသို့သော အသိဉာဏ်ကို ပေးတော်မူလိုက်ခြင်းဖြစ်ပေသည်။
ဤသို့ အယူအစွဲမခံရာ၌ ဘုရားရှင်ကိုယ်တော်မြတ် တစ်ပါးတည်း မဟုတ်ပေ။ မြင်မြင်သမျှ သင်္ခါရဟူသမျှသည် စွဲ၍မရ။ ယူ၍ မရသော တရားတို့သာ ဖြစ်ကုန်၏၊ မိမိ၏ ရုပ်နာမ် ခန္ဓာတို့သော်မှ ယူစွဲ၍ မရပေ။ မိမိက ငါဟူ၍ ငါ့ဟာဟူ၍ မည်သို့ပင် စွဲယူနေပါစေ။ သည်ခန္ဓာကိုယ်ကြီးကမူ နေ့စဉ်နှင့်အမျှ နာရီ စက္ကန့်နှင့်အမျှ သူ့လမ်းသူ သွားနေသည်သာ ဖြစ်၏၊
ငါအဖြစ်ဖြင့် ငါ့ဟာ အဖြစ်ဖြင့် မအိုစေချင်သော်လည်း သူက အိုလမ်း အတိုင်း သွားနေ၏၊ မနာကျင်စေရန် မည်သို့ပင် တောင့်တနေပါစေ၊ သူကတော့ နာကျင်ဖို့ အရန်သင့် ရှိနေသည်သာ ဖြစ်၏၊ သေရမည့်ဘေးကို တွေး၍ ကြောက်နေစေကာမူ တစ်နေ့လျှင် မရဏ ရှင်သေမင်း၏ လက်တွင်းသို့ သက်ဆင်းရမည်သာ ဖြစ်၏၊
လူ့ဘုံလောကဝယ် မီးကြီးလောင်သောအခါ၊ ရေဘေးကြီး သင့်သောအခါ သားသမီးကလည်း အမိအဘကို ကယ်တင်နိုင်၏၊ အမိအဘကလည်း သားသမီးကို ဘေးလွတ်ရာ ဆောင်ယူနိုင်၏၊ အိုဘေး၊ နာဘေး၊ သေဘေးကြီးများနှင့် ကြုံလာရသော အခါတွင်မူကား သားသမီးကလည်း မိဘကို မကယ်နိုင်ပြီ။ မိဘများကလည်း သားသမီးကို ဘေးလွတ်အောင် မသယ်ဆောင်နိုင်ပြီ။ ခေါင်းချင်းဆိုင် လက်မှိုင်ချကာ ငိုညည်း တမ်းတရုံသာ တတ်နိုင်ကြတော့သည်။
အနတ္တသဘာဝအတိုင်း သူ့သဘော သူဆောင်၍ နေသော သင်္ခါရတရားအပေါ်ဝယ် မိမိက ငါဟူ၍ စွဲယူသဖြင့်၊ ငါ့ဟာဟူ၍ စွဲယူသဖြင့် ထိုသင်္ခါရတို့ ဖောက်ပြန်ပျက်စီးသောအခါ စိုးရိမ်ပူဆွေး ငိုကြွေးကြရ၏၊ ငါဟူ၍လည်းကောင်း၊ ငါ့ဟာဟူ၍လည်းကောင်း မစွဲယူပါမူကား သင်္ခါရတရားတို့ သဘောလက္ခဏာအတိုင်း ဖောက်ပြန် ပျက်စီးသော်လည်း စိုးရိမ်ပူဆွေး ငိုကြွေးစရာ မလိုပြီ။ ဆင်းရဲဒုက္ခခံစားနေစရာ မလိုပြီ။ ဤတွင် ဒုက္ခချုပ်ရာလမ်းစကို တွေ့ရှိခြင်း ဖြစ်ပေသည်။
ကိုယ်တော်မြတ်၏ စိတ်အစဉ်တွင် ငါ၏ ခမည်းတော် ဟူသော အစွဲအယူတို့ ကင်းစင်လျက်ရှိ၏၊ သို့သော် ဖခင်တို့ မေတ္တာ အနန္တဖြင့် မိမိအပေါ် ပြုစုခဲ့ စောင့်ရှောက်ခဲ့သော ဂုဏ်ကျေးဇူးကိုကား သတိရတော်မူပေသည်။ အနန္တမေတ္တာဖြင့် မွမ်းထုံအပ်သော အနန္တဂုဏ်ကို လေးစားစိတ် ရှိတော်မူပေသည်။ အနန္တမေတ္တာရှင်၏ အနန္တကျေးဇူးဂုဏ်ကို ယခု အနန္တ အေးငြိမ်းရာ တရားကြီးဖြင့် ကျေးဇူးဆပ်တော်မူလိုက်လေပြီ။
သေက္ခပုဂ္ဂိုလ်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် အစွဲအယူလွတ်ရာ နိဗ္ဗာန်တရားတော်ကြီးကို မျက်မှောက်ပြုနိုင်ခဲ့ပြီးဖြစ်သော သုဒ္ဓေါဒန မဟာရာဇာသည် အနန္တကျေးဇူးရှင် ဖြစ်တော်မူသော သားတော်မြတ်အား နောက်ပါ သံဃာတော်များနှင့်တကွ နန်းတော်ထက်သို့ ပင့်ဆောင်ခဲ့ပေသည်။
(ဝိနည်းမဟာဝဂ် အဋ္ဌကထာ၊ မဟာခန္ဓက၊ ရာဟုလာဝတ္ထု)
ယသော်ဓရာ့ ခန်းမဆောင်သို့
ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းလုပ်ကျွေးရာသို့ နန်းတော်သူ နန်းတော်သားအားလုံး ရောက်လာကြ၏၊ ကျွမ်းကျင်သူ ငယ်ရွယ်သူများက လိုအပ်သမျှ လိုက်လံဆပ်ကပ်ကာ ကျန်လူများက တစ်နေရာမှ ငြိမ်သက်စွာ ကြည်ညိုနေကြ၏၊ ထိုအထဲတွင် ယသော်ဓရာတို့ သားအမိကား မပါဝင်ချေ။
နန်းတော်ထက်သို့ ဘုရားရှင် ရောက်တော်မူသည်နှင့် အခြွေအရံများက အဆောင်ကထွက်၍ ပူဇော်ကန်တော့ရန် တိုက်တွန်းကြပါ၏၊ သို့သော် ယသော်ဓရာကတော့ သူ့တွက်ကိန်းနှင့် သူသာလျှင် ဖြစ်ပေသည်။ ယခင် တွက်ကိန်းတစ်ခု မှန်ကန်နေပြီမို့ ယခု တွက်ကိန်းကိုလည်း စိတ်ချလက်ချ ယုံကြည်၍ ထားပေသည်။
ဤသို့သော ယုံကြည်စိတ်ဖြင့် သူ့ကိုယ်သူ ထိန်းထားနိုင်သည်ကား မှန်ပါ၏၊ သို့သော် သူ့စိတ်ကိုကား မနိုင်ပါချေ။ မိမိခန်းမဆောင်ထဲဝယ် သည်ခန္ဓာကိုယ်က ရှင်းလင်းသုတ်သင် ပြုပြင်လျက်ရှိ၏၊ စိတ်ခန္ဓာကမူ ဘုရားရှင်ရှိရာ ရောက်နေပေပြီ။ ခန်းဆောင်ထဲက ကိုယ်ခန္ဓာသည် အခြွေအရံများနှင့်အတူ ဖန်ရေစွန်းသည့် အဝတ်များကို ဝတ်ဆင်လျက်ရှိနေ၏၊ စိတ်ခန္ဓာမှာတော့ ရှေ့တော်မှောက်သို့ ရောက်ရှိကာ တောထွက်သွားသည့် ညမှစ၍ လွမ်းရလေသမျှ၊ ဆွေးရလေသမျှ ဖြစ်ပျက်သမျှ အလုံးစုံအကုန်ဖွင့်ဟကာ အားပါးတရကြီး ကန်တော့၍ နေမိ၏၊ ကြိမ်ဖန်များစွာ အလေ့အလာ ပြုပြီးပြီမို့ ဘုရားရှင် ကိုယ်တော်တိုင် ကရုဏာသက်၍ မျက်ရည်ကျလောက်အောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ လျှောက်ထား၍ နေပေပြီ။
သို့နှင့် ဘုရားရှင် ကိုယ်တော်တိုင် ခန်းမဆောင်ကြီးသို့ ကြွချီတော်မူလာပေပြီ။ ခမည်းတော်ကြီးသည် သပိတ်ကိုပိုက်လျက်၊ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန်တို့သည် လက်ယာ လက်ဝဲမှ ခြံရံလျက် လိုက်ပါလာကြ၏၊ ထိုအရှင်မြတ်နှစ်ပါးတို့အား ဘုရားရှင်က ဤသို့ မှာကြား၍ ထားတော်မူပေသည်။
"ယသော်ဓရာမင်းသမီးသည် သူနှစ်သက်သလို ရှိခိုးပူဇော် ဖူးမြော်ကန်တော့ပါစေ။ သူ့ကို ဘယ်သူမှ မတားမြစ်ကြကုန်လင့်"
မေတ္တာနှင့် ကရုဏာ စေတသိက်နှစ်ပါးတို့ ပူးပေါင်းထုတ်လွှင့်လိုက်သော မိန့်တော်သံပင် ဖြစ်ပေသည်။
ယသော်ဓရာနှင့် ပတ်သက်၍ ဘုရားရှင်၏ စိတ်သန္တာန်တော်ဝယ် မျှော်လင့်ချက် တစ်စုံတစ်ရာ မရှိနိုင်တော့ပါချေ။ သို့သော် မိမိအပေါ် ဟိုယခင်က ပြုစုခဲ့ဖူးသော မေတ္တ္တကာယကံ၊ မေတ္တာဝစီကံ၊ မေတ္တာမနောကံတို့ကိုကား မေ့ပျောက်ပစ်ပယ်ခြင်း ပြုတော်မမူပါချေ။ မိမိအပေါ် ထားရှိခဲ့သော မေတ္တာကို ထို့ထက်သာလွန်သော၊ ထို့ထက် မြင့်မားသော မေတ္တာဓာတ်ဖြင့် လက်ခံနိုင်သော ယောကျ်ားမြတ် ဖြစ်တော်မူပေသည်။
ထိုယောကျ်ားမြတ်၏ စိတ်သန္တာန်တွင် ထိုမေတ္တာနှင့် ယှဉ်လျက် သနားကြင်နာတတ်သော ကရုဏာစေတသိက်လည်း ရှိနေသည်သာ။ လင်၏ အပစ်ပယ်ခံ မိန်းမသားတစ်ယောက်၏ ဝမ်းနည်းကြေကွဲခြင်း၊ လွမ်းဆွတ်တသခြင်း၊ စိတ်အားငယ်ခြင်းတို့ကို စာနာထောက်ထားတော်မူသည်မှာ ထိုစေတသိက်ပင် ဖြစ်ပါ၏၊ သို့ရာတွင် ထိုစေတသိက်၏ နောက်ပါးဝယ် စိတ်ထိခိုက်စရာ ကြေကွဲစရာ ခံစားမှုတို့ကား လိုက်ပါ၍ မလာနိုင်ကြတော့ပါ။
သာမန်လူသားတို့၏ မေတ္တာမှာ ဥပေက္ခာမကပ်သဖြင့် တဏှာရာဂ ပူးယှဉ်တတ်၏၊ ဥပေက္ခာဖြင့် ထာဝစဉ် ယှဉ်တွဲ၍ထားသော ကိုယ်တော်မြတ်၏ မေတ္တာဓာတ်တွင်ကား ထိုအယောင်ဆောင် အမြှောင်တရားတို့ မကပ်လာနိုင်တော့ပါ။
ဥပေက္ခာဟူသည်မှာ သာယာစရာ၊ မုန်းထားစရာ၊ ပူစရာ၊ ဆွေးစရာ မဟုတ်သော သဘောမှန်ကို အမှန်အတိုင်း ကြည့်တတ်၊ ရှုတတ်၊ သိမြင်တတ်သော ဉာဏ်ပညာပင် ဖြစ်၏၊ ကြုံလာလေသမျှ လောကဓံတရားကို အလယ်အလတ်နေရာမှ ခံယူတတ်သော သဘောဖြစ်၏၊ ထိုဥပေက္ခာနှင့် ယှဉ်ထားသဖြင့် ဘုရားရှင်၏ ကရုဏာတော်ဝယ် ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းတို့ ပါမလာနိုင်တော့ပါ။
ယခု မြွက်ဟလိုက်သော မိန့်တော်သံကို ထောက်သောအားဖြင့် ဝမ်းနည်းကြေကွဲခြင်းမရှိသော ကရုဏာဝယ် ထောက်ထားစာနာမှု ရှိနေကြောင်းကို ကျွန်ုပ်တို့ နားလည်ကြရပေသည်။ လင့်အပစ်ပယ်ခံ မိန်းမသားတစ်ယောက်၏ ဝမ်းနည်းကြေကွဲရခြင်း၊ လွမ်းဆွတ်တသရခြင်း၊ စိတ်အားငယ်ရခြင်းတို့အတွက် တာဝန်ရှိသူ ပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် ကရုဏာသက်တော် မူရပေလိမ့်မည်။
ကျွန်ုပ်တို့၏ တစ်သက်တာ၌ နောင်တော်ဘုရား၏ မိန်းမသားတို့အပေါ် ဤကဲ့သို့ ထောက်ထားစာနာတတ်သော အပြုအမူများကို မကြာမကြာ တွေ့ခဲ့ရပေသည်။
သို့ဖြင့် ဘုရားရှင်ကိုယ်တော်မြတ်သည် ခန်းမဆောင်တွင်းသို့ ရောက်ရှိတော်မူလာပါပြီ။ ခင်းထားအပ်သော နေရာထက်ဝယ် ငြိမ်သက်စွာ ထိုင်နေတော်မူပါပြီ။ ထိုနေရာသို့ ယသော်ဓရာသည် သော့သော့လျင်လျင် လှမ်းလင့်၍ လာပါပြီ။
ကျွန်ုပ်တို့အားလုံး၏ မျက်လုံးများက ယသော်ဓရာဆီသို့ ရှေ့ရှု၍ သွားကြရ၏၊ ကျွန်ုပ်တို့ နားများက ယသော်ဓရာ၏ စကားသံများကို ခံယူရန် အသင့်ရှိနေကြ၏၊ ခန်းမဆောင်တစ်ခုလုံး အသက် အသံဟူသမျှ တိတ်ဆိတ်၍ နေပေသည်။
ယခင်ရက်များက မမြင်ရသော ရုပ်သွင်ကို မှန်းဆ၍ လွမ်းဆွတ်ခဲ့ရသည်။ တမ်းတခဲ့ရသည်။ ယခု ထိုရုပ်သွင်၏ အရှင်သခင်သည် မိမိ၏ ရှေ့မှောက်သို့ ရောက်၍နေချေပြီ။ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ ခံစား၍လာခဲ့ရသော ဝေဒနာများကို မည်သို့သော စကားဝါကျဖြင့် သူလျှောက်တင်ရပေမည်နည်း။
ယသော်ဓရာ အိုဘယ့် ယသော်ဓရာ။
ယသော်ဓရာ၏ စကားဝါကျတို့ကို ကျွန်ုပ်တို့နားဖြင့် မကြားကြရပါ။ မျက်စိဖြင့်သာ မြင်ကြရပါ၏၊ ဖြူစင်ပြည့်ဖြိုးသည့် ခြေဖမိုးတော်ထက်ဝယ် မဆည်နိုင်၊ မတန့်နိုင် ဖြိုင်ဖြိုင်ကျဆင်း၍ လာကြသော မျက်ရည်ပေါက်များသည်ပင် အပြည့်အစုံ ထုတ်ဖော်လျှောက်ကြားလိုက်သော စကားလုံးများ ဖြစ်ပါချေသည်။
ငိုလိုက်ပေတော့ ယသော်ဓရာ၊ အားရပါးရကြီးသာ ငိုလိုက်ပေတော့။
အပြစ်မကင်းသည့် ချစ်ခြင်းကို မပယ်နိုင်၊ မစွန့်နိုင်သေးသမျှ ဆက်၍ ဆက်၍ ငိုရပါဦးမည်။
(ဝိနည်းမဟာဝဂ် အဋ္ဌကထာ၊ မဟာခန္ဓက၊ ရာဟုလာဝတ္ထု)
ညီတော်နန္ဒ၏ မင်္ဂလာပွဲ
သွားပြန်ချေပြီ။ သည်နန်းတော်၏ အညွန့်အဖူးများကတော့ တစ်ညွန့်ပြီး တစ်ညွန့်စွန့်၍ ခွာ၍သာ နေကြချေပြီ။ ကြာလျှင် နန်းတော်ထဲမှာ လူတွေ သူတွေမှ ကျန်ပါဦးမည်လား။
လောလောလတ်လတ် ကြုံကြိုက်ရသော ကိစ္စအတွက် မည်သူ့ကို အပြစ်တင်ရချိမ့်မည်နည်း။ စိတ်ဓာတ်အင်အား ကြီးမားတော်မူလွန်းလှသော သားတော်ကြီးကိုလား၊ စိတ်ဓာတ်အင်အားသေးငယ်တတ်သော သားတော်ငယ် နန္ဒမင်းသားကိုလား။ အခြားသူများ၏ စိတ်သဘောထား မည်သို့ပင် ရှိပါစေ၊ သုဒ္ဓေါဓန မဟာရာဇာအဖို့ သားတော်ကြီးကိုကား အပြစ်တင်၍ မရတော့ပါ။ သားတော်ကြီး၏ သာသနာတော်တွင် အရိယာသာဝကတစ်ဦးအဖြစ် ခိုဝင်ခွင့် ရထားပြီဖြစ်၍ မိမိထက် သာလွန်မြင့်မြတ်သည့် အတိဇာတ သားကြီးရတနာကို အပြစ်ဆိုရန် မဝံ့တော့ပါ။ အပြစ်ဆိုခြင်းဆိုလျှင် ရရှိထားသော အရိယာဉာဏ်ဖြင့် ထာဝစဉ်တွဲ၍ မနေနိုင်သေးသော မိမိကိုယ်ကိုသာ အပြစ်တင်စရာ ရှပေသည်။ စိတ်ဓာတ်အင်အားပျော့ညံ့လွန်းလှသော နန္ဒမင်းသားကိုသာ အပြစ်တင်ဖို့ ကောင်းတော့သည်။
သည်သာသနာတော်ကြီးသည် မည်သူ၏ သာသနာတော်ကြီးနည်း။ သားတော်ကြီးဘုရား၏ သာသနာတော်ပင် ဖြစ်၏၊ သည်သာသနာ၏ အဆုံးအမသည် မည်သို့သော အကျိုးကျေးဇူးရှိပါသနည်း။ မိမိကိုယ်တိုင် သန္တိသုခ အရသာကို ခံစားလိုက်ရဖူးပေပြီ။
သို့ဖြစ်၍ သည်သာသနာတော်ကြီး တိုးတက်ကြီးပွားမည့် အရေးကို ခမည်းတော်ကြီးဖြစ်သူက မကျေနပ်စရာ မရှိပါ။ သားတော်ကြီး ဘုရား၏ သာသနာတော် တိုးတက်လေလေ၊ သူဝမ်းသာဖို့ ကောင်းလေ။ သားတော်ကြီးဘုရား၏ သာသနာတော်ကြီး မျက်နှာပွင့်လေ သူ့မှာ ဂုဏ်ကျက်သရေတိုးလေ။
အရိယာဉာဏ် အမြင်မှန်ရရှိထားသော သူတိုင်းသည် သာသနာတော်ကြီးတိုးတက်စေရန်၊ သာသနာတော်ကြီး ပွင့်လင်းစေရန် ရည်သန်ခြင်း ရှိကြရ၏၊ အရိယာသာဝက စာရင်းဝင်ဖြစ်သော ခမည်းတော်ကြီးမှာလည်း ဤသို့သော ရည်သန်ခြင်း ရှိနေသည်သာ။ သို့သော် ယခုလို သာသနာ့ဘောင်အတွင်းပိုင်းသို့ ဝင်မှသာလျှင် သာသနာပြုရာရောက်သည် မဟုတ်ပေ။ အပြင်အပမှ လိုအပ်သမျှ ထောက်ပံ့လှူဒါန်းခြင်းဖြင့်လည်း သာသနာပြုနိုင်မည်ဟု သဘောပေါက်ထား၏၊
သားတော်ကြီးဘုရားသည် လောကလူ့ရွာသို့ ပြန်လာဖို့ လုံးဝ မရှိတော့ပြီ။ သို့ဖြစ်၍ သားတော်နန္ဒမင်းသားက ခမည်းတော်အရိုက်အရာ ဆက်ခံ။ သကျတို့၏ ဦးစီးဦးကိုင်လုပ်မြဲလုပ်။ ဆွေဂုဏ်မျိုးဂုဏ်ဆောင်သည့် နောင်တော်ကြီးဘုရားအား ဆွေသား မျိုးသားနှင့် သိုက်သိုက်ဝန်းဝန်း လှူဒါန်းပူဇော်၍ နေရလျှင် မည်မျှ ကောင်းချိမ့်မည်နည်း။
ဤသို့သော ရည်ရွယ်ချက်ဖြင့် ဤယနေ့ နံနက်တွင် ထူးခြားလှသော မင်္ဂလာပွဲကြီးကို တစ်နန်းတော်လုံး အုန်းအုန်းကျွတ်ကျွတ်မျှ ဆင်နွှဲခဲ့ကြ၏၊ ခမည်းတော်၏ အရိုက်အရာ ဆက်ခံမည့် နန္ဒမင်းသားအား ဇနပဒကလျာဏီမင်းသမီးနှင့် လက်ထပ်ပေးသည့်ပွဲ၊ ဥသျှောင်ထုံးသည့်ပွဲ၊ နဖူးသင်းကျစ် ဝတ်ဆင်သည့်ပွဲ၊ အိမ်တက်မင်္ဂလာပွဲ၊ အခွင့်အာဏာအပ်နှင်းသော သဘောဖြင့် ရွှေထီးဆောင်းပေးသောပွဲ။
ဤမင်္ဂလာပွဲကြီး ခြိမ့်ခြိမ့်သဲမျှ ကျင်းပရာနေရာ မင်္ဂလာမဏ္ဍပ်သို့ ဘုရားရှင်ကိုယ်တော်မြတ် ကြွတော်မူလာဘိ၏၊ မင်္ဂလာပွဲများ ကျင်းပနေစဉ်တွင် အတိုင်းထက်အလွန် မင်္ဂလာကျက်သရေ တိုးတက်လာအောင် ဆောင်ရွက်ပေးရာ ရောက်သဖြင့် ခမည်းတော်ကြီးမှာ အားရဝမ်းသာဖြစ်ရ၏၊ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် မင်္ဂလာမဏ္ဍပ်အတွင်းမှာပင် ဆက်ကပ်၏၊ ဆွေတော်မျိုးတော်အားလုံးမှာ ဤဖြစ်ရပ်အတွက် တအံ့တဩကြီး ဖြစ်နေကြရ၏၊
ဘုရားရှင်တို့မည်သည် သာသနာတော်ကြီး တစ်ခုလုံး၏ ဦးစီးဦးကိုင် အာဏာပိုင် ဖြစ်တော်မူကြ၏၊ သည်မှာ ဆောင်ရွက်နေကြရသည့်ကိစ္စများက သာသနာတော်နှင့် လုံးဝမဆိုင်။ သာသနာတော်နှင့် လုံးဝမပတ်သက်။ ကမ္ဘာတည်ကတည်းက ဆင်နွှဲလာခဲ့ကြသော လူမှုရေးကိစ္စများသာ ဖြစ်ပေသည်။
မည်သူမျှ မမျှော်လင့်ဘဲ အခန့်သင့်ဆွမ်းကပ်ရသဖြင့် သုဒ္ဓေါဒနမင်းကြီး ဝမ်းသာရပါ၏၊ ကြည်နူးရပါ၏၊ ဆွေတော်မျိုးတော်များ အလယ်မှာ မျက်နှာပွင့်လန်းလှပါ၏၊ သို့သော် နေရာမှ ထတော်မူလျှင်ကား အားလုံး ကြက်သေသေ၍ သွားကြရပေတော့သည်။
"နန္ဒ၊ သပိတ်ကို ယူခဲ့လော့"
ဆွမ်းဘဉ်းပေးပြီး၍ စင်ကြယ်စွာ ဆေးကြောထားပြီးသော သပိတ်ကို ညီတော်နန္ဒလက်ထဲ ထည့်လိုက်၏၊ တစ်လျှောက်လုံးက ကြောက်ရွံ့ ရိုသေလာခဲ့ရသောညီတော်နန္ဒကလည်း မငြင်းမပယ်ယူလိုက်ရ၏၊ ညီတော်နန္ဒ၏ လက်ထဲသို့ သပိတ်တော်ကို ပေးအပ်ကာ ဘုရားရှင်သည် နေရာမှထ၍ ကြွတော်မူ၏၊ ဤတွင် နန္ဒမင်းသားခမျာ သည်အတိုင်း မနေဝံ့သဖြင့် နောင်တော်ဘုရားနောက်က ထပ်ကြပ်မကွာ လိုက်ပါရတော့၏၊ ထမ်းထားရသော သပိတ်တော်ကို ဘုရားရှင်ထံလည်း ပြန်မအပ်ဝံ့။ တစ်ယောက်ယောက်ကို လူစားထိုးနိုင်ရန်ကလည်း မဖြစ်နိုင်။ ဟိုနေရာကျလျှင် ယူနိုးနိုး၊ သည်နေရာကျလျှင် ယူနိုးနိုးဖြင့် လိုက်ပါမြဲ လိုက်ပါသွားရ၏၊ ဘုရားရှင်ကမူ သူ့ကို ပြန်၍မျှ ကြည့်တော်မမူပါချေ။
နန္ဒမင်းသားမှာ နောင်တော့်အာဏာ မပယ်ရှားဝံ့၍သာ လိုက်ပါလာရ၏၊ လိုက်ပါရာတွင် သူ့ကိုယ်သာပါ စိတ်မပါဟု ဆိုရပေလိမ့်မည်။ သူ့စိတ်သည် သူ့ခန္ဓာကိုယ်မှ ခွဲနေကာ ဇနပဒကလျာဏီထံမှာ နေရစ်ခဲ့၏၊ "နောင်တော်နန္ဒမင်းသားအား နောင်တော်ဘုရားက သပိတ်ထမ်းခေါ်သွားချေပြီ" ဟု ကြားသိရသည်နှင့် တစ်ပြိုင်နက် ဇနပဒကလျာဏီသည် လေသာပြတင်းမှ လှမ်းကြည့်၍ "မောင်တော်ဘုရား၊ မြန်မြန်ကြီးသာ ပြန်ကြွတော်မူခဲ့ပါ"ဟု အမောတကော လှမ်း၍ မှာလိုက်ပေသည်။
သည်ဟန်နှင့်သည်အသံသည် သူ့စိတ်ထဲမှာ ပါလာကြလေသလား။ သို့မဟုတ် သူ့စိတ်များကပင် သည်ဟန်နှင့် သည်အသံနား ရစ်ဝဲ၍ နေရစ်ခဲ့လေသလား။
မိန်းမသားတစ်ယောက်၏ အစွမ်းထက်သော လက်နက်ဖြင့် အချက်ကျကျ ပစ်ခတ်လိုက်သည်ကား မှန်ပါ၏၊ ထိုလက်နက်ကြောင့် နန္ဒမင်းသားခမျာ မရှူနိုင် မရှိူက်နိုင် ဖြစ်ရသည်လည်း မှန်ပါ၏၊ သို့သော် ထိုလက်နက်များမှာ ဘုရားရှင်၏ အရှိန်အဝါကိုကား အံတုနိုင်ခြင်း မရှိပါချေ။ ထို့ကြောင့် ညီတော်နနခမျာ နိဂြောဓဥယျာဉ်ကျောင်းထိအောင် သည်အတိုင်းပါ၍ လာရပေသည်။
"နန္ဒ၊ သင် ရဟန်းပြုနိုင်မည်လော"
ကျောင်းတော်ကို ရောက်ခါမှ ဘုရားရှင်က စကားစ၍ ပြောတော်မူ၏၊ ညီတော် နောင်တော် ဆုံခိုက်မို့ အထိုက်အလျောက် စကားပြောသည်ဆိုလျှင် တော်ပါသေး၏၊ ယခုတော့ တိုက်ရိုက်ကြီးပင် မေးတော်မူလိုက်ချေပြီ။ ညီတော်နန္ဒ မည်သို့ ဖြေရပါမည်နည်း။
သူ့အာရုံထဲတွင် ဘုရားရှင်၏အမေးနှင့် ဇနပဒကလျာဏီ၏ မှာကြားသံတို့ ရောထွေးယှက်တင်၍ နေကြ၏၊ တစ်ခါတစ်ရံ ဘုရားရှင်၏ အသံတော်က ကျယ်လာ၏၊ တစ်ခါတစ်ရံ ဇနပဒကလျာဏီ၏ အသံက ဖုံးလွှမ်းသွား၏၊
"နန္ဒ၊ သင် ရဟန်းပြုနိုင်မည်လော"
ဒုတိယအကြိမ် မေးတော်မူလိုက်ပြန်ပေသည်။ ညီတော်နန္ဒ အကြပ်ရိုက်၍နေပါတော့သည်။ နောင်တော်ဘုရားက မိမိ၏ စိတ်သဘောထားကို မေးသည်ကား မှန်ပါ၏၊ သို့သော် ထိုအမေးထဲမှာ အမိန့်သံတစ်မျိုးက ကပ်ပါနေပေသည်။ တစ်လျှောက်လုံးက ချစ်ကြောက်ရိုသေလာခဲ့ရသော နောင်တော်ကြီးဘုရား၏ အမိန့်ကို ညီတော်နန္ဒ လွန်ဆန်ရဲပါဦးမည်လော။
"မှန်ပါ၊ ပြုနိုင်ပါသည် ဘုရား။ တပည့်တော် ရဟန်းပြုနိုင်ပါသည်"
နှစ်လုံးနှစ်ခွ စိတ်ဒွိဟဖြစ်နေဆဲမှာပင် သူ့နှုတ်က ဝန်ခံပြီးသား ဖြစ်သွားရပေတော့သည်။ အိုဘယ့် ဇနပဒကလျာဏီ၊ မျှော်ရင်းသာငို၊ ငိုရင်းသာ မျှော်နေပေတော့။ မျှော်နေပေတော့။
(အပဒါန် အဋ္ဌကထာ၊ သန္တိကေ နိဒါန်း)
ယသော်ဓရာ၏ စစ်မျက်နှာသစ်
သာသနာ့ဘောင် မပျော်ပိုက်၍ နန္ဒမင်းသား ပြန်လာမည် မလာမည်ကို အပထား။ ယခုလောလောဆယ်တွင် နန်းတော်ကြီးတစ်ခုလုံး ဟာသွားသည်က သိသာလှပေသည်။ နန်းတော်ရှိ အဆောင်ပေါင်းစုံအောင် ပြေးလွှားဆော့ကစားနေခဲ့သည့် ရာဟုလာသည်ပင် ယနေ့ အငြိမ်သက်ကြီး ငြိမ်သက်၍ နေ၏၊ ဘိုးတော် ဘွားတော်များထံ တီတီတာတာပြောနေကျ စကားသံလေးများ တိတ်ဆိတ်၍ နေကြ၏၊ လောကတွင် အမြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦး၏ သားဖြစ်ကြောင်း သူ့ကိုယ်သူ မသိရှာသေးပေ။ ယသော်ဓရာမှာမူ သားတော်ကလေး၏ နဖူးဆံစများကို ပွတ်သပ်ရင်း အတွေးတစ်ခု ကွန့်မြူးလျက်ရှိပေသည်။
ဤကလေး၏ ခမည်းတော်သည် မိမိအပေါ် မေတ္တာရှိသည် ကရုဏာရှိသည် မှန်ပါ၏၊ သို့ရာတွင် ငြိတွယ်မှုကား မရှိတော့ပါချေ။ ခြေဖမိုးတော်ဝယ် မျက်ရည်မိုး ရွာချနေစဉ်ကတည်းက ဤအကြောင်းကို ကောင်းကောင်းကြီး သိလိုက်ရပေပြီ။ဇနီးဟောင်းတစ်ယောက်အဖြစ်ဖြင့် ဤခြေဖမိုးရှင်၏ စိတ်နှလုံးကို တုန်လှုပ်စေရန် မစွမ်းနိုင်ပါချေ။
ဤသို့ဆိုလျှင် ဤကလေး၏ ခမည်းတော်နှင့် ပတ်သက်၍ မိမိ၏ မျှော်လင့်ချက် အားလုံးကို စွန့်လွှတ်လိုက်ရတော့မည်လော။ မစွန့်နိုင်သေးပါ။ မလွှတ်နိုင်သေးပါ။ ခတ္တိယသွေး ခတ္တိယစိတ်ဓာတ်ဖြင့် မိမိမေးခွန်းကို မိမိဘာသာ ငြင်းချက်ထုတ်လိုက်၏၊ မိဘမောင်ဖွားများ လာခေါ်စဉ်က ငြင်းပယ်လိုက်သည်မှာလည်း ဤသွေးနှင့် ဤစိတ်ဓာတ်တို့ကြောင့် ပင်မဟုတ်ပါလော။
ဤသွေးနှင့် ဤစိတ်ဓာတ်တို့ကို အခြေပြု၍ ယောက္ခမမိဘများ၏ နန်းတော်ထက်ဝယ် ဣန္ဒြေမပျက် ဆက်လက်နေလာခဲ့သော ယသော်ဓရာ။ ဤအရှင်သခင် ကြွရောက်လာသည့်နေ့ကတည်းက အများနည်းတူသွား၍ ဖူးမြော်ကန်တော့ချင်ပါလျက် မိမိခန်းဆောင် မရောက်မချင်း အောင့်အည်းနေနိုင်ခဲ့သော ယသော်ဓရာ။ ထိုယသော်ဓရာသည် မိမိဘက်က စစ်မျက်နှာတစ်ခု ဆုံးရှုံးရုံမျှဖြင့် လုံးဝ လက်မြှောက်တော့မည်လော။ မိမိစစ်မျက်နှာက လုံးဝ ဥဿုံ အရှုံးပေးလိုက်ရသော်ငြားလည်း အခြား စစ်မျက်နှာတစ်ခုဖြင့် ထိုအရှုံးကို ကောင်းကောင်းကြီး မထေနိုင်တော့ပြီလော။
သည်စစ်မျက်နှာသစ်ကို ဖွင့်ကြစို့ဆိုလျှင် ဤကလေး၏ ဖခမည်းတော်သည် မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖွင့်ဟ ပြောဆိုရပေတော့မည်။ ကလေး၏ စိတ်နှလုံးထဲမှာ ဖခင်ဟူသော သံယောဇဉ်ကလေးများ ပျိုး၍ ပေးရပေတော့မည်။ သံယောဇဉ် စိတ်ဓာတ်များ နိုးကြားလာစေမည့် စကားဝါကျများ သင်ကြားပေးရပါတော့မည်။ မယားစစ်မျက်နှာ၌ အောင်ပွဲလှလှကြီး ဆင်ခဲ့သော သည်သခင် သည်အရှင်ကို သားစစ်မျက်နှာဖွင့်၍ အကဲစမ်းရပါဦးမည်။
သည်တစ်ခါ အားစမ်းပွဲမှာလည်း သူတို့တစ်တွေသာ ရှုံးမည်ဖြစ်ကြောင်း ကျွန်ုပ်ရိပ်စားမိထားပါ၏၊ တောမထွက်မီကလည်း နောင်တော်ဘုရားကို ကျွန်ုပ် ကောင်းကောင်းအကဲခတ်ခဲ့၏၊ ယခုလည်း နောင်တော်ဘုရား၏ စေ့စပ်သေချာသော သိပ်သည်းလှသော အပြုအမူများကို အထူးသတိထား၍ နေရ၏၊ တရားအသိ ရရှိရေးအတွက် တောထွက်မည် ပြုစဉ်ကလည်း ဤသို့ပင် သိုသိုသိပ်သိပ် ရှိခဲ့ပေသည်။ ယခု သည်မြို့တော်သို့ ကြွတော်မူလာခြင်းမှာလည်း အရှင်ကာဠုဒါယီ အလျှောက်အထားကောင်းသော အကြောင်းတစ်ခုတည်းကြောင့် မဟုတ်နိုင်ရာ။ ဆွေတော်မျိုးတော်တို့၏ အဖူးအမြော် အကန်တော့ခံရုံသက်သက် မဟုတ်နိုင်ရာ။ သာသနာတော်ကြီးအတွက် ရည်ရွယ်ချက်တစ်ခု ရှိ၍သာ ဖြစ်ပေလိမ့်မည်။ ဟိုတစ်နေ့ကပင် ရည်ရွယ်ချက်ကြီးတစ်ခု အောင်မြင်သွားခဲ့ပြီ။ ယခု မည်သူ၏ အလှည့်ပေနည်း။
ညီတော် နန္ဒကို ရဟန်းပြုပေးလိုက်သောနေ့က ကျွန်ုပ်သည် အရှင်မဟာသာရိပုတ္တရာ မိန့်တော်မူဖူးသော ဖြစ်တော်စဉ်တစ်ခုကို ပြေး၍ သတိရလိုက်မိ၏၊ သိဉ္ဇည်းဆရာကြီး၏ တပည့်များဖြစ်ကြသော သူတို့နှစ်ပါး ရဟန်းဘောင် ဝင်လာကြသောအခါ မာဂဓတိုင်းတစ်ခွင်နှင့် ရာဇဂြိုဟ်မြို့တော်တွင်းက ထင်ရှားကျော်ကြားသော အမျိုးသားများသည် သူ့ထက်ငါ ဆိုရလောက်အောင် သာသနာတော်တွင်းသို့ ဝင်ရောက်လာကြ၏၊ ဘုရားရှင်၏ သာသနာ့ခရီးစဉ်တစ်လျှောက်ဝယ် ဤအချိန်မှစ၍ အနှောင့်အယှက်များ ပေါ်ပေါက်၍ လာခဲ့ပေသည်။
ရဟန်းပြုလာသူများ၏ ကျန်ရစ်သော မိသားစု၊ ယခင် ရှိရင်းစွဲဖြစ်သော အယူဝါဒ မတူမျှကြသည့် တိတ္တိအသင်းအပင်းများ၊ ၄င်းတို့၏ သာဝကများ၊ ဤသူဤသူများသည် ရဟန်းများကို မြင်ရလေတိုင်း-
"မဂဓ တိုင်းသူပြည်သားတို့၏ တောင်ငါးလုံးကာခိုသည့် ရာဇဂြိုဟ် မြို့တော်သို့ ရဟန်းဂေါတမ ကြွရောက် လာချေပြီ။ သိဉ္ဇည်းဆရာကြီး၏ တပည့်အားလုံးကို သူ့လက်အောက်ရောက်အောင် သိမ်းသွင်းယူလိုက်ပြီ။ ယခုအခါ မည်သူ့လင် မည်သူ့သားကို ဆွဲခေါ်၍ သွားပေဦးမည်နည်း"
ဤသို့ စောင်းကြ မြောင်းကြ သီဆိုကြ၏၊ ဤတွင်ရဟန်းများကလည်း နှုတ်တုံ့ပြန်၍ ချေပကြရပေသည်။
"ကြီးမြတ်သော လုံ့လရှိတော်မူကြသော ဘုရားရှင်ကိုယ်တော်မြတ်တို့သည် စင်စစ်အားဖြင့် တရားသဖြင့် ဆောင်ယူကြပေသည်။ တရားသဖြင့် ဆောင်ယူတော်မူကြကုန်သော အထူးသိမြင်၊ ဉာဏ်စင်ကြယ်ပြီး ဖြစ်တော်မူကုန်သော ဘုရားရှင် ကိုယ်တော်မြတ်တို့အား စောင်းမြောင်းဆဲဆို သဝန်တိုနေကြခြင်းဖြင့် ဘာအကျိုး ရှိပေ လိမ့်မည်နည်း"
ဤသို့ ချေပလိုက်ကြသဖြင့် အများပြည်သူတို့ သဘောပေါက်သွားကာ မကြာမီ ခုနစ်ရက်အတွင်းမှာပင် ထိုအသံများ ပြေပျောက်၍ သွားရပေသည်။
ရာဇဂြိုဟ်မှာတုန်းက ကြုံခဲ့ရသော ဤအဖြစ်မျိုးသည် နေရာသစ်ပြောင်းလေတိုင်း ထပ်ကာထပ်ကာ ပေါ်ပေါက်၍ လာဦးမည်သာဖြစ်၏၊ ဤအဖြစ်မျိုးကို မတွေ့မကြုံလိုသဖြင့် ဘုရားရှင်က မိမိ၏ သာသနာ့ အသိုက်အအုံကြီး ခိုင်မာကြီးထွားလာရေးကို မပြုစုဘဲနေတော်မူမည် မဟုတ်ပေ။ သို့ဖြစ်လျှင် သည်အသံများကို အနည်းပါးဆုံး ရင်ဆိုင်၍ သာသနာ့အင်အားများ စုစည်းရန် မည်သို့ ပြုရပါမည်နည်း။ ဆွေတော်မျိုးတော်များထဲမှ နန္ဒမင်းသားကို အမိန့်သံအာဏာသံဖြင့် ရဟန်းပြုပေးလိုက်ခြင်းမှာ ဤပြဿနာ၏ အဖြေပင် ဖြစ်ပါလိမ့်မည်။
(အပဒါန် အဋ္ဌကထာ၊ သန္တိကေနိဒါန်း၊ ဝိနည်းမဟာဝဂ္ဂ အဋ္ဌကထာ၊ မဟာခန္ဓက၊ ရာဟုလာဝတ္ထု၊ သာရိပုတ္တမောဂ္ဂလာနဝတ္ထု)
အမွေရသူ ရာဟုလာ
သာသနာတော်ကြီး တစ်ရပ်လုံး၏ ပြဿနာကို တစ်ဖက်က အဖြေပေးနေဆဲတွင် သည်ဘက်က မိသားစုကလည်း သူတို့တွက်ကိန်းနှင့် သူတို့ ကျေနပ်၍ နေကြပေသည်။ သူတို့ဘာသာ တွက်ချက်၍ ရထားသော အဖြေနှင့် ပြောင်းပြန်ဖြစ်နေပုံကို တွေ့ရလျှင်ကား ငိုပွဲကြီး ဆင်ကြရပေဦးမည်။ ဤအခြေအနေကို ကြိုတင်မြင်နေပါလျက် ကျွန်ုပ်တားမြစ်ခြင်း မပြုနိုင်ပါ။ တစ်လျှောက်လုံးက လေးစားလာခဲ့ရသော နောင်တော်ဘုရားကို ကျွန်ုပ်ဆန့်ကျင်ဘက် မပြုရဲပါ။ သာသနာ့မျိုးစေ့လေးတစ်စေ့ကို ကျွန်ုပ် မဖျက်ဆီးရက်ပါ။
သို့နှင့် တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာခဲ့၏၊ ထိုနေ့ကား ကပိလဝတ်မြို့တော်သို့ ဘုရားရှင် ရောက်တော်မူသည့် ခုနစ်ရက်မြောက် ဖြစ်ပေသည်။ အစစအရာရာ ကြိုတင်ပြင်ဆင် ထားခဲ့ကြသည့်အတိုင်း ယသော်ဓရာသည် သားတော်ရာဟုလာကို ဝတ်စားတန်ဆာ အတင့်အတယ် ဝတ်ဆင်ပေးကာ ဘုရားရှင်ထံ စေလွှတ်လိုက်ပေသည်။
နန်းတော်သို့ ဘုရားရှင်ကြွလာတိုင်း လူကြီးများက ဖွင့်ပြောပြထားသဖြင့် ရာဟုလာသည် မိမိ၏ ခမည်းတော်ကို ကောင်းကောင်းကြီးသိ၍ နေပါပြီ။ ထိုအသိနှင့် ယှဉ်သော သံယောဇဉ်ကလေးကလည်း ငြိတွယ်၍ လာပါပြီ။
ရာဟုလာသည် ဘုရားရှင်၏ ရှေ့တော်မှောက်သို့ တန်းတန်းမတ်မတ်ပင် ဝင်ရောက်လာ၏၊ ဘုရားရှင်၏ မျက်နှာတော်ကို ပြုံးချိုစွာ ကြည့်၍နေ၏၊ ထို့နောက် သင်ကြားထားသော စကားအချို့ကို သတိရကာ
"အရှင်ဘုရား၊ အရှင်ဘုရား၏ အရိပ်သည် ချမ်းသာလှပါ၏"
ဖခင်ဟူသော ချစ်ခြင်းဖြင့် အကျွမ်းတဝင် လျှောက်ထားလိုက်ပေသည်။ ဘုရားရှင်သည် သားတော် ရာဟုလာကို မည်သို့မျှ မိန့်တော်မမူဘဲ နေရာမှ ထ၍ ကြွတော်မူ၏၊ သားတော်ရာဟုလာကလည်း သင်္ကန်းစကိုဆွဲလျက် နောက်တော်ပါးမှ လိုက်ပါလာခဲ့၏၊
"အရှင်ဘုရား၊ တပည့်တော်ကို အမွေပေးပါ။ အရှင်ဘုရား တပည့်တော်ကို အမွေပေးပါ"
တကောက်ကောက်လိုက်လာရင်းက တတွတ်တွတ်ပြောဆိုလျက်လည်း ရှိပေသည်။ သည်ခမည်းတော်နှင့် သည်သားတော်တို့ ဤကဲ့သို့ အကြောင်းဆုံဆည်းလာပုံကို နောက်ပါရဟန်းများ တအံ့တဩ ဖြစ်နေကြရ၏၊ ဘုရားရှင်အပေါ် ရိုသေသော ဂါရဝ စိတ်ဓာတ်ဖြင့် မည်သမျှ မတားမိ၊ မဆီးမိကြချေ။ သို့နှင့် နိကြေဓာရုံကျောင်းတော်သို့ ရောက်ရှိလာပေပြီ။
"သာရိပုတ္တရာ"
ကျိန်းစက်ရာ ကျောင်းအတွင်းသို့ ဝင်ခါနီးတွင် ဘုရားရှင်က ခေါ်တော်မူလိုက်၏၊
"အရှင်ဘုရား"
ရိုသေစွာ ပြန်ထူးလျက် အရှင်မဟာသာရိပုတ္တရာ ရှေ့တော်မှောက်ရောက်လာပေသည်။
"ဤကလေးသည် ဖခင်၏ အမွေကို တောင်းနေ၏၊ သူတောင်းသည့်အတိုင်း ဖခင်၏ အမွေကို ရနိုင်စေရန် သူ့ကို ရှင်ပြုပေးလိုက်ပါ"
သားတော်ရာဟုလာကို အရှင်သာရိပုတ္တရာလက်ထဲသို့ လွှဲအပ်လိုက်ပေသည်။ ဝဋ်သုံးပါးသို့ အစဉ်ကပ်လျက် ဆင်းရဲခြင်း၊ ပင်ပန်းခြင်းနှင့်တကွ ဖြစ်သော လောကီအမွေကို ခမည်းတော်က မပေးလို။ ဝဋ်မှ လွတ်မြောက်၍ ချမ်းသာသုခ အစစ်အမှန်ဖြစ်သော လောကုတ္တရာ အမွေတော်ကြီးကို ပေးတော်မူလိုက်ခြင်းပင် ဖြစ်ပေသည်။ သားတစ်ယောက်၏ အပေါ်တွင် ယခုထက်ပို၍ ချစ်သော ဖခင်ဟူ၍ ရှိနိုင်ပါဦးမည်လား။
အရှင်မဟာသာရိပုတ္တရာသည် ဘုရားရှင်၏ နောက်တော်ပါးဝယ် ခိုကပ်နေသော ရာဟုလာကို မိမိဆီသို့ ခေါ်ယူလိုက်၏၊ ဆံပင်များရိတ်ပယ်ရန် ရေကန်ဆီသို့ သွားမည်အပြုတွင် တစ်စုံတစ်ခုကို သတိရ၍-
"အရှင်ဘုရား၊ ရာဟုလာကို မည်သို့ ရှင်ပြုပေးရပါအံ့နည်း"
ဘုရားရှင်ထံ မေးလျှောက်ရ၏၊ ဗာရာဏသီ အနီးတစ်ဝိုက်မှာတုန်းက သရဏဂုံသုံးပါးဖြင့်ပင် ရှင်ပြုပေးရန် ခွင့်ပြုတော်မူခဲ့၏၊ နောက် ရာဓ ပုဏ္ဏား၏ ရဟန်းခံကိစ္စတွင် သရဏဂုံသုံးပါးဖြင့် ရဟန်းပြုပေးခြင်းကို ပယ်နုတ်တော်မူကာ ဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့် ရဟန်းပြုပေးရန် ပညတ်တော်မူခဲ့၏၊ ရှင်ပြုကိစ္စကိုကား သရဏဂုံသုံးပါးဖြင့်ပင် ဆက်လက်ပြုလုပ်ရမည်ဟု ပညတ်ချက် ထုတ်တော်မမူသေးပေ။ သို့ဖြစ်၍ သရဏဂုံသုံးပါးဖြင့် ရှင်ပြုပေးရန် သင့်သလော။ မသင့်သလောဟု နောင်လာနောက်သားတို့ တွေးတောယုံမှားဖွယ်ရာ ရှိနေပေသည်။ အရှင်မဟာသာရိပုတ္တရာ၏ မေးလျှောက်မှုမှာ ဤသို့သော အနာဂတ်အရေးကို မျှော်တွေးမိ၍ ဖြစ်ပေသည်။
"ရဟန်းတို့၊ သုံးပါးသော သရဏဂုံတို့ဖြင့် ရှင်ပြုပေးရန် ငါ ဘုရား ခွင့်ပြုတော်မူ၏"
အရှင်မဟာသာရိပုတ္တရာ မေးလျှောက်သော ပြဿနာကို ဖြေဆိုတော်မူရာတွင် ရဟန်းအားလုံးနှင့် ပတ်သက်နေသဖြင့် 'ရဟန်းတို့' ဟု ခေါ်တော်မူလိုက်ရပေသည်။
ဘုရားရှင်၏ အမိန့်တော်ကို နာခံပြီးနောက် အရှင်မဟာသာရိပုတ္တရာသည် ရေတွင်းဆီသို့ လျှောက်လာ၏၊ ရာဟုလာ၏ ရှင်ပြုပွဲမှာ လောကီဘက်က ပကာသနကိစ္စများ လုံးဝမပါ။ ဗျောမပါ၊ စည်မပါ။ ဆင်တွေ မြင်းတွေ ဝေါတွေ မပါ။ သားချင်း ဆွေမျိုးတစ်ယောက်မျှပင် မပါ။ သို့ရာတွင် သာသနာတော်ဝယ် နေလိုလလို ထင်ရှားတော်မူကြသော မထေရ်ကြီးများ၏ တညီတညွတ်တည်း ဝိုင်းဝန်းချီးမြှောက်မှုကိုကား ခံယူရပေသည်။
အရှင်မဟာမောဂ္ဂလန်သည် မောင်ရင်လောင်း ရာဟုလာကို ခေါင်းရိတ်ပေး၏၊ သင်္ကန်းများ ဝတ်ဆင်ပေး၏၊ သရဏဂုံသုံးပါးကို ဌာန်ကရိုဏ်းကျနစွာ ချ၍ ပေး၏၊ ရာဟုလာကလည်း ပီပီသသ လိုက်ဆိုသဖြင့် ရှင်သာမဏေဘဝသို့ ချောမောစွာ ရောက်ရှိကာ အရှင်မဟာကဿပထံတော်တွင် အဆုံးအမများခံယူရပေသည်။ အရှင်သာရိပုတ္တရာကား ရှင်ရာဟုလာ၏ ဥပဇ္ဈာယ်ဆရာ ဖြစ်ပေသည်။ အပြစ်ကြီး အပြစ်ငယ်ကို ကပ်ရှုကာ အပြစ်အနာ ကင်းစေကြောင်းဖြင့် ကောင်းမွန်စွာ ဆုံးမတတ်သူ ဖြစ်ပေသည်။
မကြုံစဖူး ထူးမြတ်လှသော အခမ်းအနားဖြင့် ရှင်ပြုပွဲကြီး ပြီးစီးချိန်တွင်မှ ဘိုးတော် သုဒ္ဓေါဒန မဟာရာဇာ ရောက်လာ၏၊ မသွက်လက်သော ခြေလှမ်း၊ မရွှင်ပျသော မျက်နှာတို့ဖြင့် ဘုရားရှင်ထံတော်သို့ တန်းတန်းမတ်မတ် ဝင်၍ သွား၏၊ သူလာမည်ကို ကြိုတင်၍ သိထားပြီးသော မြတ်စွာဘုရားက တံခါးများအရန်သင့် ဖွင့်ပေးထားပေသည်။
သုဒ္ဓေါဒန မဟာရာဇာသည် သားတော်မြတ်ကို ရိုသေစွာ ရှိခိုးဦးချပြီးလျှင်
"အရှင်ဘုရား၊ တပည့်တော် ဆုတစ်ဆု တောင်းပါရစေ" ဟု လျှောက်၏၊
"မင်းကြီး၊ ဘုရားရှင်တို့မည်သည် ဆုပေးခြင်းမှ လွန်မြောက်ကြကုန်၏"
ဘုရားရှင်နှင့်တကွသော ရဟန်းတို့မှာ မိမိ၏ တစ်ဝမ်းတစ်ခါးအတွက်ပင် သူတစ်ပါးအိမ်ပေါက်သို့ သွား၍ ရပ်ကြရ၏၊ ထို့ကြောင့် မိမိမှာ ပေးစရာ ဆုမရှိပါကြောင်း ခမည်းတော်ကြီးအား မိန့်တော်မူလိုက်ရပေသည်။
"အရှင်ဘုရား၊ အပ်စပ်သောဆု၊ အပြစ်ကင်းစင်သောဆုများကို တောင်းခြင်းဖြစ်ပါသည်"
ခမည်းတော်ကြီးကလည်း ပစ္စည်းဥစ္စာ ရတနာရွှေငွေစသော ဆုများ မဟုတ်ပါကြောင်း ပြန်လည်လျှောက်ထားလေရာ-
"မင်းကြီး၊ လိုအပ်သောဆုကို ဆိုလော့" ဟု ဘုရားရှင်က ခွင့်ပြုတော်မူသဖြင့်-
"အရှင်ဘုရား၊ အရှင်ဘုရား တောထွက်ကာ ရဟန်းပြုတော်မူသဖြင့် တပည့်တော်မှာ ဆင်းရဲကြီးစွာ ခံစားခဲ့ရပါသည်။ သားတော်နန္ဒ ရဟန်းပြုတော့လည်း ထို့အတူသာ ဖြစ်ပါသည်။ ယခု မြေးတော်ရာဟုလာ ရှင်ပြုသည့်အခါတွင်ကား ပို၍ စိတ်ဆင်းရဲရပါသေးသည်။
"အရှင်ဘုရား၊ သားကိုချစ်သည့် အချစ်သည် အရေအထူအပါး အသားတွေကိုပါ ဖောက်ထွင်း၍ ရိုးတွင်းချဉ်ဆီအထိ ပေါက်ရောက်ပါသည်။ မိဘများ ခွင့်မပြုသောသားကို ရှင်ရဟန်းပြုပေးတော်မမူပါရန် တောင်းပန်ပါသည် ဘုရား"
တရားသိမြင်ထားသူဖြစ်ပါလျက် သည်ဘိုးအေကြီး သည်းလွန်းရန်ကောဟု ထင်စရာရှိပါသည်။ သို့သော် သူ့ဘက်က ကြည့်ပြန်တော့လည်း အပြစ်မတင်သာပေ။ ရတနာသုံးပါးကို သက်ဝင်ကြည်ညိုပြီးဖြစ်သော မိမိလို ပုဂ္ဂိုလ်မှာပင် သားများ မြေးများနှင့် ကွေကွင်းလိုက်ရသည့်အခါ သည်းမခံနိုင်အောင် ဖြစ်ရသေး၏၊ ရတနာသုံးပါး မကြည်ညိုသေးသူများအတွက်မူကား ဆိုစရာ မရှိပြီ။ ဤသို့သော ကိုယ်ချင်းစာနာစိတ်ဖြင့် သားရှင် မြေးရှင်များအတွက် ဆုတောင်းရခြင်းသာ ဖြစ်ပေသည်။
ခမည်းတော်ကြီး လျှောက်တင်ချက်မှာ ရေရှည်အကျိုးစီးပွားအတွက် ဖြစ်သည့်အပြင် အလိုအပ်ဆုံး၊ အရင်းချာဆုံး ဆွေမျိုးနှစ်ယောက်ကိုလည်း သိမ်းသွင်းပြီးပြီမို့ ဘုရားရှင်က လိုက်လျော၍ ပေးတော်မူလိုက်ပေသည်။
"ရဟန်းတို့၊ အမိအဖတို့က ခွင့်မပြုသော သားကို ရှင်မပြုပေးအပ်၊ ရှင်ပြုပေးသော ရဟန်းအား ဒုက္ကဋ် အာပတ်သင့်စေ"
ချက်ချင်းပင် ပညတ်ချက်တစ်ခု ထုတ်ဆင့်တော်မူရပေသည်။ သာသနာတော်ကြီး တည်နေသည်နှင့်အမျှ သည်ပညတ်ချက်နှင့် သည်အမည်များကို အတူတွဲလျက် ကြားနာနေကြရပေမည်တကား။
(အပဒါန် အဋ္ဌကထာ၊ သန္တိကေနိဒါန်း၊ ဝိနည်းမဟာဝဂ်၊ မဟာခန္ဓက၊ သာရိပုတ္တမောဂ္ဂလာနဝတ္ထု၊ ရာဟုလာဝတ္ထု ပါဠိတော်နှင့် အဋ္ဌကထာ)
ဆတ္တာသည်နှင့် မင်းညီမင်းသားများ
ကျွန်ုပ်အာနန္ဒာတည်းဟူသည် အရိပ်၏ မူလဘူတဖြစ်၍ မနှိုင်းယှဉ်အပ်သော အရပ်တော်၏ အကြောင်းကို တော်တော်တင်ပြ၍ ပြီးခဲ့ပါပြီ။ သာသနာတော်ကြီးမှာလည်း အရှိန်အဝါရလာပြီမို့ တစ်နေ့ထက် တစ်နေ့ တရိပ်ရိပ် တိုးတက်လျက် ရှိနေပါပြီ။ သို့ရာတွင် ထိုသို့ တိုးတက်လာသည့်အထဲ၌ ကျွန်ုပ်မပါခဲ့သေးပါ။ ယခုအချိန်အထိ ကျွန်ုပ်သာသနာ့ဘောင်မဝင်ရသေးပါ။ ထို့ကြောင့် ဇာတ်ကွက်လည်ရုံမျှ တင်ပြလာခဲ့သော အကြောင်းခြင်းရာများမှာ သုတတစ်ဝက်၊ ဒိဋ္ဌတစ်ဝက်ဟု ဆိုရပါတော့မည်။ သည်ကရှေ့မှာမူ ကျွန်ုပ်ကိုယ်တိုင် နောင်တော့်ထံပါးသို့ လိုက်ပါတော့မည်ဖြစ်၍ ဒိဋ္ဌကြောင်းခြင်းရာများကို အဓိကဦးစားပေး၍ တင်ပြနိုင်ပါတော့မည်။ သာသနာ့ဘောင်အတွင်း၌ ကျွန်ုပ် တွေ့ကြုံ ခံစားရလေသမျှ ကြားနာကြရပါတော့မည်။
ရာဇဂြိုဟ်မှာ ကြုံခဲ့ရသော အရေးအခင်းများကို အကြောင်းပြု၍ ညီတော်နှင့် သားတော်တို့ကို သာသနာ့ဘောင်သို့ မရောက်ရောက်အောင် ခေါ်ဆောင်တော်မူ၏၊ ဘဝတစ်သက်တာအတွက် သူတို့ တူဝရီးနှစ်ဦးတို့၏ မျှော်လင့်ချက်ဟူသမျှကို ချေမှုန်းဖျက်ဆီးကာ သာသနာတော်ကြီး၏ အရေးကိုသာ အလေးပြုတော်မူခဲ့၏၊ ညီတော်အရင်းအချာ၊ သားတော်အရင်းအချာဖြစ်၍လည်း ထိုကဲ့သို့ တစ်ဖက်သက် သဘောဖြင့် ပိုင်စိုးပိုင်နင်း စီမံတော်မူလိုက်ဟန် ရှိပါသည်။
အရင်းအချာမဟုတ် တစ်ဝမ်းကွဲမျှသာဖြစ်သော ကျွန်ုပ်တို့တစ်တွေကိုကား ဤကဲ့သို့ တမင်တကာ သိမ်းသွင်းတော်မမူခဲ့ပါ။ မိမိတို့ ဘဝတစ်သက်တာအရေးကို မိမိဘာသာဆုံးဖြတ်ရန် ခွင့်ပြုသည့်သဘောဖြင့် ကပိလဝတ်မြို့တော်မှ ထွက်ခွာတော်မူခဲ့၏၊
နောင်တော်ကြီး၏ အရှိန်အဝါဖြင့် သိမ်းသွင်းခြင်းမခံရသော်လည်း ကျွန်ုပ်တို့တစ်တွေ ရပ်တည်၍ မနေနိုင်တော့ပါ။ ဘဝတစ်သက်တာ မျှော်လင့်ချက် တသီတတန်းကြီးကို စွန့်လွှတ်ကာ ရဟန်းဘောင်သို့ ဝင်သွားခဲ့ကြသော သကျ မင်းညီမင်းသားများ နောက်သို့ ကျွန်ုပ်တို့ မလိုက်ဘဲ မနေနိုင်ကြတော့ပါ။ သူတို့တစ်တွေ ရဟန်းပြုစဉ်က ကျွန်ုပ်တို့ကို အဖော်မညှိခဲ့ကြပေ။ သို့သော် တိကျပြတ်သားလှသော နောင်တော် ညီတော်များ၏ စံနမူနာများက ကျွန်ုပ်တို့အား လိုက်ခဲ့ပါခေါ်သည်ထက် ဆွဲငင်အား ကောင်း၍ နေပေသည်။ အဖော်မညှိရဘဲ အတူလိုက်လာအောင် ဆွဲဆောင်၍ နေကြပေတော့သည်။
ကပိလဝတ်မြို့တော်တွင် ဘုရားရှင်ရှိတော်မူစဉ်က ဇဝေဇဝါ မရေမရာ ဖြစ်နေကြရသော ကျွန်ုပ်တို့သည် ဘုရားရှင်နှင့်တကွ တပည့်ဟောင်း တပည့်သစ် ရဟန်းများ ကြွသွားကြခါမှ စိတ်နှလုံး တုံးတုံးချမိကြတော့သည်။ ဘုရားရှင်ရှိတော်မူရာ မလ္လတိုင်း၊ အနုပီယမြို့ဆီသို့ ထွက်ခွာလာခဲ့ကြ၏၊ ကျွန်ုပ်တို့ ရဟန်းလောင်းများအဖွဲ့တွင် ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ ဘဂု၊ ကိမိလ၊ ဒေဝဒတ်ဟူ၍ သကျ မင်းညီမင်းသားခြောက်ယောက်ပါဝင်ကြ၏၊ ဥပါလိဆတ္တာသည်ကား ကျွန်ုပ်တို့ လက်သုံးတော်အဖြစ် လိုက်ပါလာခဲ့ရခြင်း ဖြစ်ပေသည်။
ညီတော်နန္ဒနှင့် သားတော်ရာဟုလာကလွဲလျှင် ကျွန်ုပ်တို့သည် ဘုရားရှင်နှင့် အနီးစပ်ဆုံး ဆွေမျိုးများဖြစ်ကြပါ၏၊ ကျွန်ုပ်အနေနှင့်ဆိုလျှင် ဟိုယခင် လူ့ဘဝတုန်းကပင် နောင်တော်ရင်းချာကဲ့သို့ ချစ်ကြောက်ရိုသေခဲ့ရ၏၊ လူတွင်ထင်ရှား ဘုရားဟူ၍ ဖြစ်တော်မူလာခဲ့သော ယခုအချိန်မှာကား အချစ်အပေါ်တွင် အားရကြည်ညို နှစ်လိုဝမ်းမြာက်မှုများ ပွားစီး၍ လာခဲ့ရပေသည်။
သာသနာ့အဖွဲ့အစည်းကြီးတစ်ခုကို အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်၍ တရားစည်မောင်းရိုက်ညောင်း ကြွေးကြော်တော်မူလျက်ရှိသော နောင်တော်ကြီးအတွက် အားရ ကြည်ညိုခြင်းက တစ်ဌာန။ နှစ်လိုဝမ်းမြောက်တာက တစ်ဘာသာ။ ထိုစေတသိက်တို့ နောက်ကွယ်တွင် အခြားတစ်ဖက်မှ မရုန်းနိုင်၊ မခွာနိုင်အောင် ဆွဲဆောင်၍ နေကြသော အရာများက ရှိပေသေးသည်။ ထိုအရာများကား ကျူရုံသဖွယ် အချင်းချင်းယှက်နွယ်၍ နေခဲ့ကြသော သားချင်းဆွေမျိုးများ၊ စည်းစိမ်ဥစ္စာနှင့် တန်ခိုးအာဏာများ ဖြစ်ကြ၏၊ အခြားသော သကျ မင်းညီမင်းသားများထက် သာသနာ့ဘောင် အရောက်နောက်ကျ နေကြရခြင်းအကြောင်းကို ရိုးသားစွာ တင်ပြရသော် ထိုမင်းညီမင်းသားများထက် ကျွန်ုပ်တို့တစ်တွေက အစစအရာရာ သာလွန်နေ၍သာ ဖြစ်ပေသည်။
ဤနေရာတွင် တစ်စုံတစ်ယောက်က စောဒကလုပ်၍ ဝင်လာစရာရှိပါ၏၊ သူများထက်သာသော ဆွေမျိုးဉာတကာ၊ အာဏာစည်းစိမ်တို့ကြောင့် ရဟန်းအပြုနောက်ကျသည်ဆိုလျှင် သင်တို့နောင်တော် သိဒ္ဓတ္ထမင်းသားအတွက် မည်သို့ဆိုမည်နည်းဟု မေးစရာရှိပါ၏၊ နောင်တော်ဘုရား၏ စိတ်ဓာတ်နှင့် ကျွန်ုပ်၏ ဝါသနာ တူညီစွာ မရှိခဲ့ကြောင်း တင်ပြခဲ့ပုံကို သတိရလျှင် ဤမေးခွန်းအတွက် အဖြေရပြီး ဖြစ်ပါလိမ့်မည်။
နောင်တော်ဘုရားလောက် ခိုင်မာခြင်း ထက်မြက်ခြင်းမရှိသော ကျွန်ုပ်တို့၏ စိတ်ဓာတ်အင်အားဖြင့် တိုင်းတာရပါသော် ကျွန်ုပ်တို့ စွန့်ခွာလာခဲ့ရသော ဆွေမျိုးဉာတကာ၊ အာဏာစည်းစိမ်တို့မှာ နည်းနည်းနောနောမဟုတ်ပါ။ အနုရုဒ္ဓါဆိုလျှင် ခမည်းတော်၊ မယ်တော်များနှင့်တကွ နောင်တော်ကြီး မဟာနာမ်ကပါ ဖူးဖူးမှုတ်ထားရသူဖြစ်၏၊ သားထွေးတစ်ယောက်အပေါ် မရှိဟူသော စကား မကြားရလောက်အောင်ပင် အလိုလိုက်၍ အကြိုက်ဆောင်ခဲ့ကြရ၏၊ ဘဒ္ဒိယကား ကျွန်ုပ်တို့ တစ်မျိုးသားလုံး၏ အရေးကိစ္စကို စီမံပိုင်ခွင့် ရှိနေပြီမို့ ရာဇာဟုပင် ခေါ်နေကြရပါပြီ။
နောင်တော်ဘုရား ဖွားမြင်တော်မူစဉ်ကပင် အရွယ်တော်သီသီဟိုင်း၍ နေခဲ့သော ခမည်းတော်ကြီးမှာ ယခုသော် ရှစ်ဆယ်ကျော်ကိုးဆယ်တွင်းမို့ အိုမင်းမစွမ်းဖြစ်နေပါပြီ။ ထို့ကြောင့် တိုင်းရေးပြည်ရာ ကိစ္စများကို ကိုယ်တိုင်စီမံခန့်ခွဲ၍မနေတော့ဘဲ တူတော်တစ်ဦးဖြစ်သူ ဘဒ္ဒိယထံ လွှဲအပ်ထားရ၏၊ ဘဒ္ဒိယကား သုဒ္ဓေါဒနမဟာရာဇာကို တာဝန်ခံ၍ အုပ်ချုပ်စီမံရသော ရာဇာတစ်ဦးပင် ဖြစ်ပေသည်။
ခိုင်မာသော ဆုံးဖြတ်ချက်ကိုယ်စီဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အာဏာပိုင်စိုးရာ နယ်နိမိတ်ကို ဖြတ်ကျော်လာခဲ့ကြ၏၊ မလ္လာမင်းတို့၏ နယ်နိမိတ်အပေါ် ခြေချမိကြ၏၊ ဤတွင် ကျွန်ုပ်တို့ ဝတ်ဆင်လာခဲ့သော အဖိုးထိုက် အဖိုးတန် လက်ဝတ်တန်ဆာများကို ချွတ်ပြီးလျှင် တစ်ဘက်တစ်ထည်တည်း၌ စုကာ ထည့်လျက် ဆတ္တာသည် ဥပါလိထံ ကမ်းလင့်လိုက်၏၊
"ပြန်ပေတော့ ဥပါလိ။ သည်နေရာက ကိုယ့်ရပ်ကိုယ့်ရွာ ပြန်သွားပေတော့။ သည်ဥစ္စာများဖြင့် အသက်မွေးလောက်ပါပြီ"
မင်းညီမင်းသားများ အဖြစ်ဖြင့် ပြုစုလုပ်ကျွေးရမည့် အစေအပါးတွေ မလိုတော့ပြီမို့ ဆတ္တာသည် ဥပါလိကို ပြန်လွှတ်လိုက်ကြ၏၊
အရှင်သခင်များက လွတ်လပ်ခွင့် ပေးလိုက်သဖြင့် ဥပါလိသည် ဘဏ္ဍာထုပ်ကို ထမ်းကာ လာလမ်းအတိုင်း ပြန်၍ သွား၏၊ သို့သော် မကြာမီမှာပင် ကျွန်ုပ်တို့နောက်သို့ အမောတကော လိုက်၍လာပေသည်။
"အသို့နည်း ဥပါလိ။ အဘယ့်ကြောင့် အမောတကော ပြန်လိုက်လာရဘိသနည်း"
ကျွန်ုပ်တို့က ခရီးရောက်မဆိုက် မေးလိုက်ကြရ၏၊
"အရှင့်သားတို့၊ အရှင့်သားတို့၏ သကျမျိုးနွယ်ထဲမှာ စိတ်ကြမ်းကိုယ်ကြမ်း ပုဂ္ဂိုလ်များ ရှိကြပါသည်။ အရှင့်သားတို့မပါဘဲ ကျွန်ုပ်တစ်ယောက်တည်း သည်ဘဏ္ဍာထုပ်ကြီးနှင့် ပြန်သွားလျှင် သူတို့က ချမ်းသာပေးမည် မဟုတ်ပါ။ ဒီဥစ္စာဘဏ္ဍာများ ရရှိရေးအတွက် မင်းသားများကို တိုင်းပြည်က ထွက်ခွာအောင် သွေးဆောင်ဖြားယောင်းသည်ဟု ဆိုကြပါလိမ့်မည်။ သူတို့ စိတ်မထင်လျှင် သက်ဦးဆံပိုင် အရှင်သခင်များမို့ သတ်၍ပင် ပစ်ကြပါလိမ့်မည်"
အဆင့်အတန်းခွဲခြားသော ဤလူ့ဘောင်တွင် အစေအပါးတစ်ယောက်ဖြစ်နေခဲ့ရသော ဥပါလိသည် စဉ်းစားဉာဏ်အရာတွင်ကား ကျွန်ုပ်တို့အရှင်သခင်များထက် မနိမ့်ကျပါချေ။ နောက်နောင်တွင် ကျွန်ုပ်ထက် သာသွားပုံများကိုပင် ကြားနာကြရပါဦးမည်။
"ကောင်းပါပြီ ဥပါလိ။ သူတို့ဆီ မပြန်လျှင် ငါတို့နှင့်အတူ လိုက်ခံပေတော့။ ငါ၏ မိတ်ဆွေရင်းချာ ရာဇမင်းထံ အပ်နှံပေးပါမည်"
ကျွန်ုပ်က ဥပါလိကို ဖျောင်းဖျစကား ဆိုလိုက်ရ၏၊ နှစ်ပေါင်းမြောက်မြားစွာ ပြုစုလုပ်ကျွေးလာခဲ့သူ တစ်ဦးမို့ စိတ်ချလက်ချ ခိုလှုံရမည့် နေရာတစ်ခုကို ရစေလိုသော စေတနာအရ ဖြစ်ပေသည်။ သို့သော် ဥပါလိက ကျွန်ုပ်၏ စေတနာကို လက်မခံပါချေ။
"အရှင့်သားတို့ကဲ့သို့ ဆွေမျိုးဉာတကာ၊ အာဏာစည်းစိမ်၊ ဂုဏ်သိမ်မြင့်မားသည့် ပုဂ္ဂိုလ်များသော်မှ ရဟန်းပြုနိုင်ကြပေသေးသည်။ ကျွန်ုပ်လို အစေအပါးက ဘာများ တွယ်တာနေစရာ ရှိပါသေးသနည်း။ သည်တော့ သည်ဘဏ္ဍာထုပ်ကို ဟောသည်သစ်ကိုင်းမှာ ချိတ်ထားလိုက်ပါပြီ။ မြင်သောသူ ယူသွားပါစေတော့။ ကျွန်ုပ်လည်း အရှင်မင်းသားတို့နှင့်အတူ ရဟန်းပြုပါတော့မည်"
"ကောင်းလေစွ ဥပါလိ၊ ကောင်းလေစွ"
လာခြင်းကောင်းသော ဥပါလိနှင့်အတူတကွ ကျွန်ုပ်တို့ ခုနစ်ယောက် ဘုရားရှင်ရှေ့တော်မှောက် ဆိုက်ရောက်လာခဲ့ကြ၏၊ ရဟန်းဘဝခံယူရန် ပန်ကြားကြရ၏"
"အရှင်ဘုရား တပည့်တော်တို့ သကျမျိုးနွယ်များသည် မာန်မာနခက်ထန်သူများဖြစ်ကြပါသည်။ သို့ဖြစ်၍ တပည့်တော်တို့ကို နှစ်ပေါင်းများစွာ ပြုစုလာခဲ့သော ဆတ္တာသည်ကို ရှေးဦးစွာ ရဟန်းပြုပေးတော်မူပါ။ တပည့်တော်တို့သည် သူ၏ နောက်မှ ရဟန်းပြု၍ သူ့ကို ဦးညွှတ်ကြပါမည်။ ခရီးဦးကြိုဆိုကြပါမည်။ လက်အုပ်ချီမိုး ရှိခိုးကြပါမည်။ ရိုရိုသေသေ ဆက်ဆံပြုမူကြပါမည်။ ဤသို့အားဖြင့် တပည့်တော်တို့ သကျမျိုးနွယ်တို့၏ မာန်မာနအစိုင်အခဲများ ပျက်ပြယ်သွားစရာရှိပါသည်ဘုရား"
ကောင်းမြတ်သော ရည်ရွယ်ချက်၊ ကောင်းမြတ်သော အစီအစဉ်ဖြင့် ကျွန်ုပ်တို့တစ်တွေ ရဟန်းဘောင် ဝင်ရောက်ခဲ့ကြပေသည်။
(စူဋ္ဌဝဂ်၊ သံဃဘေဒကက္ခန္ဓက)
ကျွန်ုပ်၏ အကျွတ်တရား
လူ့ဘောင်လောကမှာ ရှိကြစဉ်က နောင်တော်ဘုရားနှင့် ကျွန်ုပ်တို့နှစ်ဦး အကျွမ်းတဝင် ခင်မင်ခဲ့ကြပုံကို စောစောက တင်ပြခဲ့ပြီး ဖြစ်၏၊ ယခု ကျွန်ုပ်ကိုယ်တိုင် ရဟန်းတစ်ပါးအဖြစ်ဖြင့် ဝင်ရောက်လာခဲ့ပေပြီ။ ဘဝချင်းခြားနေစဉ်က ခပ်ကွာကွာဖြစ်နေခဲ့ရသော ကျွန်ုပ်တို့ ညီတော်နောင်တော်နှစ်ပါး ဘဝချင်းတူ၍ လာခဲ့ကြပေပြီ။ သည်တော့ ဟိုယခင် လူ့ဘဝက အစပြုလာခဲ့သော အကျွမ်းတဝင်ဆက်ဆံမှုများက ပြန်လည်၍ အသက်ဝင်လာကြပေတော့သည်။
အကျွမ်းတဝင်ဆိုရာ၌ အမှန်စင်စစ် ကျွန်ုပ်ဘက်က ဆက်ဆံမှုများကိုသာ ဆိုလိုပါသည်။ ကျောက်စာတိုင်ကဲ့သို့ ခိုင်မာတည့်မတ်သော စိတ်ဓာတ်အရှင်ကတော့ တပည့်သာဝကအားလုံးကို ဗြဟ္မစိုရ်လေးပါးဘောင်အတွင်းက ချစ်ခင်ကြင်နာ မုဒိတာ ပွားတော်မူသည်သာ ဖြစ်ပါ၏၊ တရားသဘောဖြင့် ရှုမြင်သုံးသပ်တော်မူသည်သာ ဖြစ်ပါ၏၊ တစ်ခုတော့ ဆိုစရာ ရှိပါ၏၊ ကျွန်ုပ်ကိုယ်တိုင်က ကိုယ်ရေးကိုယ်တာကို မငဲ့ကွက်ဘဲ နောင်တော်ဘုရားအပေါ်မှာ အားလုံးကုန်စုပုံ၍ ထားခဲ့သော မေတ္တာစေတနာ အထုအထည်ဖြင့် မကွေမကွာ ပြုစုလုပ်ကျွေး၍ လာခဲ့သောအခါ ရှင်တော်မြတ်ဘုရားကလည်း ကျွန်ုပ်တို့အပေါ် ပြန်လည် ငဲ့ညှာမှုများ ပြုတော်မူလာရပေသည်။ ဤသို့ ငဲ့ညှာမှုကို အခွင့်အရေးယူကာ ဘုရားရှင်ကိုယ်တော်တိုင် ပိတ်ထားခဲ့သော တံခါးတစ်ရွက်ကို ကျွန်ုပ် ဇွတ်တရွတ် ဖွင့်ယူခဲ့ဖူးပါ၏၊ ဤအကြောင်းကို သက်ဆိုင်ရာ အခန်းကျမှ အကျယ်တဝင့် တင်ပြပါမည်။
ဤကဲ့သို့ လူ့ဘဝက အစပြုလာခဲ့သော ခင်မင်မှုဖြင့် ဘုရားရှင်နှင့် အကျွမ်းတဝင် ဆက်ဆံခဲ့ရာတွင် သင့်တင့်လျောက်ပတ်သော စကားများပါသကဲ့သို့ တစ်ခါတစ်ရံ မသင့်လျော်သော စကားများလည်း ပါခဲ့ပေသည်။ သတိချွတ်ချော်၍ မသင့်မတော် တင်လျှောက်မိသော စကားတစ်ခွန်းကို ယခု တင်ပြလိုပါသည်။
ကျွန်ုပ်တို့ မွေးမိဘနယ်ပယ်ဖြစ်သော သက္ကတိုင်း နာဂရက အမည်ရသော ရွာကြီးမှာ ဆိုက်ရောက်တော်မူစဉ်က ဖြစ်၏၊
"အရှင်ဘုရား မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းခြင်းသည် သာသနာတော်ကြီး၏ တစ်ဝက်ခရီး ဖြစ်ပါသည် ဘုရား"
သူတော်ကောင်းနှင့် ပေါင်းမိကာ သာသနာတော်တွင်းသို့ ဝင်ရောက်လာပြီးနောက် မဂ်တရား ဖိုလ်တရား မရသေးသော်ငြားလည်း ကိုယ်အမူအရာ နှုတ်အမူအရာ တည်ငြိမ်၍ ဣန္ဒြေရရ နေနိုင်လာကြသော ရဟန်းများကို အကြောင်းပြု၍ လျှောက်ထားမိခြင်း ဖြစ်ပေသည်။ အမှန်အားဖြင့် ကျွန်ုပ်သည် တစ်ဝက်ဟူ၍ မဆိုထိုက်သော အရာတွင် ဆိုလိုက်မိခြင်း ဖြစ်၏၊ ထို့ကြောင့်ပင်-
"အာနန္ဒာ၊ ဤသို့မဆိုလင့်၊ အာနန္ဒာ၊ ဤသို့မဆိုလင့်"
ကျွန်ုပ်၏စကားကို ဘုရားရှင်က ချက်ချင်း တားမြစ်တော်မူကာ ဆက်လက်၍-
"မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းမိခြင်းသည် သာသနာ့ခရီးတစ်လျှောက်၌ အပြီးအတိုင် အဆုံးတိုင်ရောက်ခြင်းသာ ဖြစ်ပေသည်။ သူတော်ကောင်းနှင့် ပေါင်းသင်းမိသော ရဟန်းသည်သာလျှင် မဂ္ဂင်ရှစ်ပါးကို ပွားများစေနိုင်ပေလိမ့်မည်။ ငါ ဘုရားတည်းဟူသော မိတ်ဆွေကောင်းကို ပေါင်းသင်းမိခြင်းအားဖြင့် သတ္တဝါအနန္တ သာဝကတို့သည် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း ဒုက္ခအပေါင်းမှ လွတ်မြောက်ခဲ့ကြရပေသည်"
(သဂါထာဝဂ်၊ ကောသလသံယုတ်၊ ကလျာဏမိတ္တသုတ်)
ဤစကားများကို မိန့်ကြားတော်မူစဉ်က ဘုရားရှင်၏ လေသံမှာ သာယာညင်းပျောင်းစွာပင် ဖြစ်၏၊ ဘုရားရှင်၏ ဟန်ပန်ကလည်း ခါတိုင်းလိုပင် တည်ငြိမ်အေးဆေးစွာပင် ဖြစ်၏၊ မျက်နှာတော် ငွေလဝန်းမှာလည်း တင်းမာခက်ထန်သည့် အမူအရာ လုံးဝမရှိ။ အသိဉာဏ် အဆင့်မမီနိုင်သေးသည့် ညီငယ်ကို မျက်တောင်စင်းစင်းဖြင့် ကြည့်ရှုကာ ကရုဏာအငွေ့အသက်များကိုသာ ထုတ်လွှင့်၍ နေတော်မူပေသည်။
သို့ရာတွင် နောင်တော်ဘုရား၏ ကရုဏာမျက်လုံးများသည် ကျွန်ုပ်အဖို့ ရှက်အားပိုစေရန်သာ ဖြစ်ဘိ၏၊ တည်ငြိမ်အေးဆေးသော ဣန္ဒြေတော်ကလည်း ကျွန်ုပ်၏အားငယ်စိတ်ကို ငယ်သည်ထက် ငယ်သွားအောင် ဖိနှိပ်၍သာ နေဘိ၏၊ သာယာညင်းပျောင်းသော လေသံကလည်း ကျွန်ုပ်၏ စိတ်နှလုံးကို အားကုန်ဆွဲရမ်း၍ လှုပ်ခါလိုက်ခြင်းသာ ဖြစ်ဘိ၏၊
ကြီးမြတ်သော ကရုဏာရှင်က တရားသဖြင့် သင့်တင့်လျောက်ပတ်စွာ မိန့်ကြားတော်မူခဲ့သော ဤစကားဖြင့် ကျွန်ုပ်အဘယ်ကြောင့် တုန်လှုပ်ခဲ့ရပါသနည်း။ ထိုစဉ်တုန်းက ကျွန်ုပ်သည် ဘုရားရှင်တည်းဟူသော သူတော်ကောင်းနှင့် ပေါင်းသင်းကာ သာသနာတော်တွင်းသို့ ဝင်ရောက်လာခဲ့သော်လည်း မဂ္ဂင်ရှစ်ပါးကို မပွားနိုင်သေးသောကြောင့် ဖြစ်ပါ၏၊ အိုနာ သေရေး ဒုက္ခဘေးတို့မှ လွတ်မြောက်ရာတရားကို မရနိုင်သေးသောကြောင့် ဖြစ်ပါ၏၊
သာသနာ့အရေတော်ကို ခြုံထားပါလျက် သာသနာ့အရသာကို မမြည်းမစမ်းရသေးသော ကျွန်ုပ်သည် ကိုယ့်စကားနှင့်ကိုယ် ရှက်အားပိုကာ ရှေ့တော်မှောက်မှ ထွက်ခွာလာခဲ့ရပါ၏၊
ကိုယ့်ဘာသာကိုယ် အရှက်စိတ်မွှန်၍ ထွက်လာခဲ့တာတော့ ဟုတ်ပါပြီ။ ထွက်လာပြီးတော့ ဘယ်ကိုသွားမည်နည်း။ ဘယ်တော ဘယ်တောင်၊ ဘယ်လိုဏ်ချောင်ကို သွား၍ တရားအားထုတ်ရပါမည်နည်း။ နောင်တော်ဘုရားအပေါ် ချစ်ခင်သော စိတ်နှင့်တကွ အများတကာကို အားကျ၍သာ ရဟန်းဝတ်၍ လာခဲ့သည်။ မိမိမှာ ကျင့်သုံးခြင်းနှင့်ပတ်သက်၍ လက်ဆုပ်လက်ကိုင်ပြုစရာ ဘာမှ မရှိသေး။ စောစောက စကားစပ်ဖြင့် ဟောကြားတော်မူလိုက်သော တရားများမှာလည်း မိမိနှင့် ဘာမှ မဆိုင်သလိုပင်။ မဂ္ဂင်ရှစ်ပါး ပွားများခြင်းသည် မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းခြင်းောကာင့်ဟု မိန့်တော်မူ၏၊ ထိုသို့ဖြစ်လျှင် မဂ္ဂင်ရှစ်ပါးကို မည်သို့မည်ပုံ ပွားများရပါမည်နည်း။ ရုပ်သွင် ရဟန်းအဖြစ်မှ အဟုတ်မြင်သော ရဟန်းအဖြစ်သို့ မည်သို့မည်ပုံ ကူးပြောင်းရပါမည်နည်း။
အကယ်၍ မိမိကသာ ဤကဲ့သို့ ဖွင့်ဟ လျှောက်ထားမိလျှင် ရှင်တော်ဘုရားကလည်း သိလွယ်မြင်လွယ်သော နည်းတစ်မျိုးမျိုးဖြင့် ဟောတော်မူမည်သာ ဖြစ်၏၊ ယခုတော့ မိမိမှာ စစ်မရောက်ခင်က မြားကုန်ခဲ့ချေပြီ။ အဟုတ်မြင်ရဟန်း မဖြစ်သေးသမျှ သည်မျက်နှာတော်ကို ဖူးမြော်ရန် မဝံ့တော့ပါချေ။
ကျွန်ုပ်၏တစ်သက်တာတွင် ယူကြုံးမရ ဝမ်းနည်းကြေကွဲရသော ကိစ္စများ သုံးကြိမ်သုံးခါ ကြုံခဲ့ရ၏၊ မဟာပဇာပတိဂေါတမီ ပရိနိဗ္ဗာန်ပြုတော်မူစဉ်က တစ်ကြိမ်။ တစ်သက်တာကာလ၌ ပထမဦးစွာ ကြုံခဲ့ရသော ဤအကြိမ်မှာကား မည်သူတစ်ဦးတစ်ယောက်မျှ ရွေ့လျား ပျက်စီးခြင်းမရှိခဲ့။ သောင်မတင် ရေမကျဖြစ်နေရသော မိမိဘဝအတွက်သာ ဖြစ်ပေသည်။
သာသနာ့ဘောင် ဝင်လာခဲ့စဉ်တုန်းက ဆွေရောမျိုးရော တိုင်းရောပြည်ပါ ဆိုတာလို အကျော်တစောဖြစ်ခဲ့၏၊ ယခု သာသနာ့ဘောင် ပြန်ဆင်းသွားရမှာကလည်း ရှက်စရာ။ လူ့ဘောင်ဆင်းရမှာ ရှက်၍ ရဟန်းဝတ်နှင့် နေဖို့ကလည်း ခပ်ခက်ခက်။ တရားမသိသေးသမျှတော့ သည်အခက်အခဲကြီးများက ပြေလည်မည် မဟုတ်ပါချေ။
တရားသိမြင်ရေးအတွက် ကြံရာမရဖြစ်နေသော ကျွန်ုပ်သည် ရောက်တတ်ရာရာ လျှောက်၍လာခဲ့၏၊ ထောက်ရာတည်ရာ တရားကိုယ်စီဖြင့် ရွှင်ရွှင်ပျပျဖြစ်နေကြသော ရဟန်းပရိသတ်မှ လွတ်ရာကျွတ်ရာ လျှောက်လာခဲ့၏၊ သူတို့နှင့် မတွေ့ချင် မဆုံချင်၍ တမင်တကာ ရှောင်လာခဲ့ပါမှ တစ်ပါးသော ပုဂ္ဂိုလ်နှင့် ဆုံမိအောင် ဆုံလိုက်ရချေသည်။
"အာနန္ဒာ၊ ဘယ်ကိုများ လျှောက်သွားမည်နည်း။ သင့်မျက်နှာကလည်း မသာယာလှပါကလား"
သိက္ခာကြီးသော ရဟန်းတစ်ပါးက အရေးတယူ နှုတ်ဆက်လာသဖြင့် ကျွန်ုပ်ကလည်း ဦးချဒူးချ ပြုလိုက်ရပေသည်။
ကိုယ့်ဒုက္ခနှင့်ကိုယ် ဗျာများနေချိန်မို့ ဝတ္တရားကျေရုံသာ အရိုအသေပြုလိုက်ရ၏၊ ယခင့်ယခင် အချိန်များက ဤအရှင်နှင့် ဆုံမိသည်ဆိုလျှင် ကျွန်ုပ်၏ စိတ်နှလုံးတို့ ရွှင်ပြုံးခဲ့ရသည်ချည်းပင် ဖြစ်ပါ၏၊ မန္တာနီပုဏ္ဏေးမ၏ သားဖြစ်သော ဤအရှင်ပုဏ္ဏသည် ဓမ္မကထိကအကျော်အမော်ပုဂ္ဂိုလ်တစ်ပါးပင် မဟုတ်ပါလော။
"ဘယ်ကိုလျှောက်သွားရမည် မသိပါဘုရား။ မသာယာသော မျက်နှာကို ထောက်ခြင်းအားဖြင့် တပည့်တော်စိတ်ထဲက ဒုက္ခတရားကို ရှုမြင်တော်မူဖို့ပါဘုရား"
မရှောင်သာသည်မို့ အလိုက်သင့် လျှောက်ထားလိုက်ရပေသည်။
"အာနန္ဒာ၊ ဆင်းရဲဒုက္ခဟူသမျှ၏ အရင်းခံသည် ငါစွဲသာဖြစ်ချေ၏၊ ငါချောသည်၊ ငါလှသည်၊ ငါဥစ္စာရှိသည်၊ ငါတန်ခိုးအာဏာရှိသည် စသည်ဖြင့် ငါစွဲတွေ မြောက်မြားစွာ ရှိကြ၏၊ ထိုငါစွဲများက လောကရေးရာမှာ ဖြစ်သဖြင့် အသိရ အမြင်ရ လွယ်ကူလှ၏၊ တရားဓမ္မရေးရာမှာ ဖြစ်ပေါ်လာကြသော ငါစွဲတို့မှာမူ ထိုကဲ့သို့ သိလွယ် မြင်လွယ်သည် မဟုတ်ကြပေ။ ပညာတည်းဟူသော မျက်စိကို သိမ်သိမ်မွေ့မွေ့ ဖုံးအုပ်မြှေးယှက်ထားသော တိမ်သလာတို့သာ ဖြစ်ကြပေသည်"
"တိမ်သလာတို့ ဖုံးအုပ်နေပုံကို မိန့်ကြားတော်မူပါဦး အရှင်ဘုရား"
ရဟန်းသံဃာ မရှိရာ ရှာလိုစိတ်ဖြင့် ထွက်ခွာလာခဲ့သော ကျွန်ုပ်သည် အရှင်ပုဏ္ဏ၏ တရားစကားများ ဆွဲဆောင်ရာသို့ လိုက်ပါလာခဲ့မိပေပြီ။
"တိမ်သလာတွေ ဖုံးနေ၍ပင် မျက်နှာမသာမယာဖြစ်နေရသည် မဟုတ်ပါလား၊ အာနန္ဒာ"
"အရှင်ဘုရား၊ မျက်စိဝေဒနာရှင်များသည် မိမိတို့ တိမ်သလာကို မိမိဘာသာ မမြင်နိုင်စွမ်းကြပါဘုရား"
" မိမိဘာသာ မမြင်စွမ်းလျှင်ဖြင့် ကုစား၍ ရနိုင်မည်မဟုတ်ပေ"
"တပည့်တော်အား သနားသောအားဖြင့် ဖြစ်သည့်နည်းဖြင့် ကုစားတော်မူပါ ဘုရား"
"ကောင်းပြီ အာနန္ဒာ၊ သတိလက်ကိုင် ခိုင်ခိုင်မြဲမြဲ ကိုင်စွဲ၍ ထားပေတော့။ သင့်မျက်နှာကို မသာမယာဖြစ်အောင် ပြုစားထားသည်မှာ ငါစွဲသာလျှင် ဖြစ်၏၊ သူများတွေကတော့ ထောက်ရာတည်ရာ တရားတွေကိုယ်စီကိုယ်ငှ ရကုန်ကြပြီ။ ငါ့မှာတော့ ဘာတရားမှ မရသေး။ ဤသို့ ငါ သူတစ်ပါး ခွဲခြားသောစိတ်ဖြင့် တစ်ပါးတည်း ထွက်လာခဲ့ရသည် မဟုတ်ပါလား"
"ဟုတ်ပါတယ် အရှင်ဘုရား"
"ကောင်းပြီ အာနန္ဒာ၊ ဆက်လက်၍ နားစိုက်ပေးဦးလော့။ အာနန္ဒာဟူ၍ ခေါ်ဆိုပညတ်၊ သမုတ်ရုံမျှ သမုတ်၍ထားအပ်သော ဤခန္ဓာကိုယ်ကို ရှုစမ်းလော့။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရနှင့် ဝိညာဉ်ဟူ၍ ခန္ဓာငါးပါး တရားအစုသာရှိသည် မဟုတ်ပါလော"
"မှန်ပါ၊ ခန္ဓာငါးပါး တရားအစုမျှသာ ရှိပါသည်ဘုရား"
"ခန္ဓာငါးပါး တရားအစုသည် နိစ္စလော၊ အနိစ္စလော၊ "
"အနိစ္စသာဖြစ်ပါသည်ဘုရား"
"အနိစ္စဖြစ်သော ဤတရားသည် သုခလော၊ ဒုက္ခလော"
"ဒုက္ခသာ ဖြစ်ပါသည် ဘုရား"
"ဖောက်လွဲဖောက်ပြန် ပျက်စီးတတ်၍ အနိစ္စ၊ ဒုက္ခသာလျှင် ဖြစ်သော ဤခန္ဓာငါးပါး တရားအစုအပေါ်တွင် 'ငါ' ဟူ၍ ရှုထိုက်ပါသလော"
"မရှုထိုက်ပါဘုရား"
"ကောင်းပြီ အာနန္ဒာ၊ ဆက်လက်၍ နားစိုက်ပေဦးတော့။ ခန္ဓာငါးပါး တရားအစုအပေါ်တွင် 'ငါ' ဟူ၍ မရှုထိုက်။ 'ငါ' နှင့် ဘာမှ မဆိုင်။ သို့သော် 'ငါ' ဟူသော အစွဲသည်ကား ဤခန္ဓာငါးပါးနှင့် မကင်းနိုင်ပေ။ ဤခန္ဓာငါးပါးကို အကြောင်းပြု၍သာလျှင် 'ငါ' ဟူသော အစွဲပေါ်ပေါက်လာရပေသည်"
"လောကဥပမာအားဖြင့် မြင်သာအောင် ဟောရပေဦးမည်။ ဝတ်စားတန်ဆာ ဆင်ယင်လိုသော လုလင်ပျို မိန်းမပျိုများသည် မိမိ၏ မျက်နှာရိပ်ကို မှန်ထဲမှာသော်လည်း ကြည့်ကြ၏၊ ကြည်လင်သော ရေခွက်ထဲမှာလည်း ကြည့်ကြ၏၊ မှန်မှာ ရေမှာပေါ်လာသော မျက်နှာရိပ်သည် မှန်နှင့်ရေတို့၏ ကျေးဇူးမကင်းသောလည်း မှန်လည်းမဟုတ်။ ရေလည်း မဟုတ်။ မှန်နှင့် ရေတို့ကလည်း မျက်နှာရိပ်မဟုတ်"
"ထို့အတူသာပင် အာနန္ဒာဟူ၍ ခေါ်ဆိုပညတ် သမုတ်ရုံမျှ သမုတ်၍ထားအပ်သော ဤခန္ဓာငါးပါးကို အကြောင်းပြုကာ 'ငါ' ဟူသော အစွဲ ပေါ်လာရ၏၊ သို့ရာတွင် ထို 'ငါ' သည် ခန္ဓာငါးပါး မဟုတ်။ ခန္ဓာငါးပါးသည်လည်း 'ငါ' မဟုတ်"
"ဤသို့အားဖြင့် 'သူ' မပါ 'ငါ' မနှော သဘောသက်သက်မျှသာ ရှိပါကလားဟူ၍ မသိတတ်ကြသဖြင့် 'ငါ' မဟုတ်သော ခန္ဓာငါးပါးကို 'ငါ' ဟု စွဲကြ၏၊ ထိုဒငါ' ဖြင့် တရားရချင် တရားသိချင် တရားပေါက်ချင်လာကြ၏၊ 'ငါ' မဟုတ်သော တရားကို 'ငါ' ရှေ့ထားကာ ရှာလေသမျှ ဒုက္ခနှင့် တွေ့ကြုံကြရပေလိမ့်မည် အာနန္ဒာ"
"မှန်ပါ၊ တပည့်တော် သဘောပေါက်ပါပြီ ဘုရား"
ဒငါ' စွဲ တိမ်သလာကို ကိုယ့်ဘာသာ မြင်အောင်ပြုလျက် ကုစားတော်မူပေသော ဆရာသခင် ကျေးဇူးရှင်ကို ဦးသုံးကြိမ် ချလိုက်ရပေတော့သည်။
ဒငါ' ကို အရှိထား၍ လမ်းမှားကို လိုက်ခဲ့မိသော ကျွန်ုပ်သည် ဆရာကောင်း သမားကောင်း၊ မိတ်ကောင်း ဆွေကောင်းကို အမှီပြုလျက် လမ်းမှန်ထက်သို့ ရောက်ရှိလာပါပြီ။ လမ်းမှန်ပေါ် ရောက်ရှိလာရေးအတွက် 'ငါ' ၏ စွမ်းအင်ဟူ၍ ဘာမျှ မလိုပါ။ 'ငါ' ၏ စွမ်းအင် တစ်ခုမျှ မပါဝင်ပါ။ 'ငါ' ကို အရှိထား၍ လျှောက်သွားခဲ့မိသော လမ်းမှားကို ဆက်လက်၍ မလျှောက်တော့ဘဲ 'ငါ' ဟူ၍ မရှိပါကလားဟူသော အသိတရားကို ပွားများလိုက်ခြင်းသာ ရှိပါသည်။
ဒငါ' ဟူ၍ စွဲလမ်းစရာ ဘာတစ်ခုမျှ မရှိသော လောကကြီးထဲတွင် အသက်ရှင်နေရသေးသည့်အခိုက် 'ငါ' တရား မရသေးပါကလားဟု စိတ်ပူနေစရာ မလိုတော့ပေ။ ပူဆာမရှိ ပကတိ အေးငြိမ်းလှစွာသော ရဟန်းတို့ ချမ်းသာကို 'ငါ' မဟုတ်သော အသိတရားဖြင့် ခံစားလိုက်ရပါပြီ။
"ဒဿနဉာဏ် အမြင်နောက်မှာ ဘာဝနာ ယှဉ်ပေတော့ အာနန္ဒာ"
ကျွန်ုပ်၏ လက်အုပ်ကြာပဒုံရှေ့မှ အရှင်ပုဏ္ဏကြွချီ၍ သွားပါချေပြီ။ ကျွန်ုပ်လည်း ရရှိထားသော တရားအမြင်ကို ဘာဝနာယှဉ်လျက် သံဃာ့ဘောင်သို့ သက်ဝင်ရပါဦးမည်။ ရှက်စိတ်မွှ်ကာ ကျောခိုင်း၍ ထွက်လာခဲ့သော ရွှေမျက်နှာတော်ကို ပြန်၍ ဖူးရပါဦးမည်။
"မိတ်ကောင်း ဆွေကောင်းနှင့် ပေါင်းသင်းရခြင်းသည် သာသနာခရီး၏ အပြီးအဆုံး အကုန်လုံး ဖြစ်ပုံ ကိုယ်တွေ့ဉာဏ်မြင် ဖြစ်ပါပြီဘုရား" ဟု အားရဝမ်းသာ လျှောက်ထားရပါဦးမည်။
(ခန္ဓသံယုတ်၊ အာနန္ဒသုတ်)
ကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာ
"အို အရှင်ဂေါတမ၊ ဤနိဗ္ဗာန်တရားကို အရှင်ဂေါတမ တစ်ပါးတည်းသာ သိမြင်၍ ရဟန်းများ မသိမြင်သေးလျှင် ဤသို့ မသိသူရှိနေသေးခြင်းကြောင့် ဤသာသနာတော်ကြီးသည် မပြည့်စုံသေးသည် ဖြစ်ရာ၏၊ ယခုသော်ကား ဤနိဗ္ဗာန်တရားကို အရှင်ဂေါတမလည်း သိတော်မူ၍ ရဟန်းများလည်း သိကြပေပြီ။ ဤသို့ သိကြသဖြင့် ဤသာသနာတော်ကြီးသည် ပြည့်စုံ၍ နေပါပေပြီ"
ရာဇဂြိုဟ်မြို့ ရှဉ့်နက်တို့အား အစာကျွေးရာ ဝေဠုဝန်ကျောင်းတော်သို့ နေတော်မူစဉ် ဝစ္ဆဂေါတ္တပရိဗိုဇ် လာရောက်၍ လျှောက်ထားခဲ့သော စကားများဖြစ်ပါ၏၊ ဤစကားမှ ဆက်လက်၍ ရဟန်းမများ၊ ဒါယကာ ဒါယိကာမများပါ တရားသိမြင်ကြကုန်သဖြင့် သာသနာတော်ကြီး အတိုင်းထက်အလွန် ပြည့်စုံလာပုံကို လျှောက်ထားခဲ့ပေသည်။ ထို့နောက်ဝစ္ဆဂေါတ္တပရိဗိုဇ်သည် ရဟန်းဘောင်ဝင်ရောက်ကာ သာသနာ့ခရီးကို အဆုံးတိုင် ကြွရောက်နိုင်ပေသည်။ (မဇ္ဈိမပဏ္ဏာသ၊ မဟာဝစ္ဆသုတ်)
အရှင်ဝစ္ဆဂေါတ္တ၏ စကားသည် မှန်ကန်လှပေသည်။ ကျွန်ုပ်၏ တစ်သက်တာမှတ်တမ်းကြီးမှာလည်း သာဝကကြီးတွေ မပါဘဲ ဘုရားရှင်တစ်ပါးတည်းကိုသာ ကွက်၍ ဖော်ပြလျှင် မပြည့်စုံသော မှတ်တမ်းတစ်ခု ဖြစ်ပေလိမ့်မည်။ ငွေစန္ဒာလဝန်းကြီးကို မည်မျှပင် ဂုဏ်တင်နေပါစေ၊ ကြယ်တာရာ အခြံအရံများ မပါသေးပါက ဂုဏ်မြောက်သောတင်ပြချက် ဖြစ်မည် မဟုတ်ပါ။ ထို့ကြောင့် ငွေစန္ဒာလဝန်းကြီး၏ ဖြစ်တော်မူစဉ်များတွင် ကြယ်တာရာတို့၏ အတ္ထုပတ္တိများကိုလည်း ကြားညှပ်၍ ဖော်ပြရပါဦးမည်။
ကြယ်တာရာ အစုအဝေးကြီးအတွင်းသို့ ကျွန်ုပ်ကိုယ်တိုင် ဝင်ရောက်လာမိချိန်တွင် ကြယ်တာရာပေါင်းစုံတို့နှင့် အကျွမ်းတဝင် ဖြစ်ခဲ့ရ၏၊ အကြီး အငယ် အရွယ်အလတ် အရောင်မျိုးစုံသော ကြယ်တာရာတို့နှင့် တွေ့ဆုံခဲ့ရ၏၊ ထိုကြယ်တာရာများထဲတွင် ကျွန်ုပ်နှင့် ပထမဦးစွာ အကြောင်းဆက်လာသော ကျေးဇူးရှင်ကြီးများကို အထူးအစီအစဉ်ဖြင့် ရှေးဦးစွာ တင်ပြရပါတော့မည်။
ရဟန်းတို့၏ သပိတ်ကို သေသေချာချာကြည့်ပါ၏ သံနှင့် မြေ သည်နှစ်မျိုးကိုသာ ဘုရားရှင်က ခွင့်ပြုတော်မူသဖြင့် တစ်မျိုးမျိုးကို အိုးနားတိုသဖွယ် ပြုပြင်ဖန်တီးကာ မည်းတုံးတာဖြစ်အောင် မီးဖုတ်ထားသော ခွက်မည်းကြီးတစ်ခုသာ ဖြစ်ပါ၏၊ ဝမ်းရေးကိစ္စအတွက် သုံးရုံသာသုံးကာ အစွဲအလမ်း ဖြစ်မလာအောင် ဖန်တီးထားခြင်းသာ ဖြစ်ပါ၏၊
ထိုအိုးနားတို၊ ထိုခွက်မည်းကြီးသည် ဆရာနှင့် သမားနှင့် နေလာခဲ့ရသော သူများအဖို့ အင်မတန်မှ အသုံးတည့်လှ၏၊ သို့သော် ဆရာကောင်းထံ နည်းမခံခဲ့ရသူများမှာကား ထိုခွက်မည်းကြီးကြောင့်ပင် ပြဿနာ ပေါ်ကြရပေတော့သည်။
အစွဲအလမ်းကင်းကွာပြီးသော ရဟန်းများအတွက် အသုံးတည့်လှသော ထိုခွက်မည်းကြီးသည် အစွဲအလမ်း ပြင်းထန်သော လူသားများအတွက် စက်ဆုပ်ဖွယ်ရာ ဖြစ်ပေတော့သည်။ အရောင်မရှိ၊ အဆင်းမရှိ၊ အနားမပါ၊ အရေးအကြောင်းမပါ။ အင်မတန် ကျက်သရေတုံးလှသော အိုးနားတိုကြီးများ။
သည်အိုးနားတိုကြီးများကြောင့် သူတို့ခမျာ အစားပျက် အသောက်ပျက် ဖြစ်ရပေါင်း များလှလေပြီ။
အဖိုးထိုက် အဖိုးတန် ရွှေပန်းကန် ငွေပန်းကန်တို့ဖြင့် တင့်တင့်တယ်တယ် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားသဖြင့် ကျက်သရေမင်္ဂလာအပေါင်း ခညောင်း၍နေသော စားပွဲ သောက်ပွဲများအပေါ်ဝယ် သည်အိုးနားတို၊ သည်ခွက် မည်းကြီးများက လာ၍ လာ၍ ဝဲကြဘိ၏၊ တစ်လုံးလည်း မဟုတ်၊ နှစ်လုံးလည်းမဟုတ်၊ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်။ အားလုံးပေါင်းများစွာ၊ ရက်ပေါင်းများစွာ။
တချို့က ဤလိုခွက်မည်းကြီးများ ဝဲရုံမျှဖြင့် အားမရဘဲ တစာစာအော်၍ပင် တောင်းကြသေး၏၊ ဆွမ်းခံပြန်၍ ဆွမ်းစားကျောင်းမှာ ဆုံမိကြတော့လည်း ပြောသံ ဆိုသံ သောသောညံမျှ။
ထိုပုဂ္ဂိုလ်တို့မှာ သင်္ကန်းဝတ်ထားသဖြင့် ရဟန်းဟုတော့ ခေါ်ကြရ၏၊ ရဟန်းတို့၏ ကြည်ညိုဖွယ်ရာ ဂုဏ်သိက္ခာများကား မရှိရှာကြပါပေ။ သင်္ကန်းဝတ်ပုံ၊ သင်္ကန်းရုံပုံက အချိုးမကျ။ သွားပုံ၊ လာပုံ၊ နေထိုင်ပုံများက ကိုးရိုးကားယား။ ပြောဆိုရာကျတော့လည်း ယဉ်ကျေးသိမ်မွေ့ခြင်း မရှိ။ ဤသို့ ဤသို့ ဖြစ်ရခြင်း၏ အရင်းခံ အကြောင်းကား ဥပဇ္ဈာယ်ဆရာ မရှိ၍ပင် ဖြစ်ပေသည်။
ထို့ကြောင့် ဘုရားရှင်က ဤကိစ္စအတွက် ဝိနည်းပညတ်ချက် တစ်ခုကို ထုတ်ပြန်တော်မူရပေသည်။
"ရဟန်းတို့၊ ရဟန်းဘောင် ဝင်ရောက်လာသူတိုင်းအတွက် ဥပဇ္ဈာယ်ဆရာ ရှာထားကြရန် ငါဘုရား ခွင့်ပြုတော်မူ၏၊ ဥပဇ္ဈာယ်ဆရာသည် သားအပေါ် ထားရှိသော စိတ်မျိုးဖြင့် တပည့်ကို စောင့်ရှောက်ပေလိမ့်မည်။ တပည့်ကလည်း ဖခင်အပေါ် ရိုသေလေးစားသော စိတ်ထားမျိုးဖြင့် ဥပဇ္ဈာယ်ဆရာကို ပြုစုပေလိမ့်မည်။ ဤသို့အားဖြင့် ဆရာတပည့် နှစ်ဦးသားတို့သည် အချင်းချင်း ရိုသေလေးစားကြကုန်လျက် အကျင့်သီလ တူမျှစွာ နေကြလျှင် ဤသာသနာ တော်အတွင်း၌ အကျင့်သိက္ခာနှင့် အသိပညာ နှစ်ပါးစုံ တိုးတက်ဖွံ့ဖြိုး လာကြပေမည်တည်း"
ဤသို့သော မိန့်တော်မူချက်ဖြင့် ဆရာနှင့်တပည့်၊ တပည့်နှင့် ဆရာ အပြန်အလှန် ပြုစုစောင့်ရှောက်၍ လာခဲ့ကြရာ ကျွန်ုပ်သာသနာ့ဘောင် ဝင်လာချိန်တွင် အရှိန်ကောင်းကောင်းကြီး ရနေပါပြီ။
ဥပဇ္ဈာယ်ဆရာဟူသည် တပည့်နှင့် နီးနီးကပ်ကပ်နေကာ အပြစ်ကြီး အပြစ်ငယ်များကို ဂရုတစိုက် ကြည့်ရှုလျက် အပြစ်ကင်းကင်းဖြင့် နေထိုင် ကျင့်သုံးတတ်စေရန် နည်းမှန် လမ်းကျအဆုံးအမပေးတတ်သော ဆရာတစ်ဆူပင် ဖြစ်၏၊ သာသနာတော်တွင်းသို့ အသစ်အသစ် ဝင်ရောက်လာသူတိုင်းသည် ထိုဥပဇ္ဈာယ်ဆရာများထံ ချဉ်းကပ်ကြရ၏၊ ရိုသေစွာ ဂါရဝဖြင့် မိမိထံချဉ်းကပ်လာသော တပည့်များအား ဥပဇ္ဈာယ်ဆရာက ဘုရားရှင်၏ မုခပါဌ် ဒေသနာတော်များကို သင်ပေးရ၏၊ ထိုဒေသနာတော်တို့၏ သဘောအဓိပ္ပာယ်ကို ဝေဖန်ရှင်းလင်းပေးရ၏၊ နေထိုင်ကျင့်သုံးရေး ကိစ္စအဝဝအတွက် ဆုံးမသွန်သင်ရ၏၊ တပည့်ဖြစ်သူမှာ သင်္ကန်းစသော ပရိက္ခရာ ချို့တဲ့နေပါက မိမိမှာ အပိုရှိလျှင် ခွဲဝေ၍ ပေးရ၏၊ မိမိမှာ အပိုမရှိလျှင် ရနိုင်မည့် နည်းလမ်းကို ရှာကြံ၍ ပေးရ၏၊
ဆရာနှင့် တပည့် အပြန်ပြန် အလှန်လှန် ဆက်ဆံကြရာတွင် ဆရာက ဤသို့သော တာဝန်များ တစ်ဖက်သတ်သဘောဖြင့် ထမ်းဆောင်ရ၏၊ ဤသို့ တာဝန်အပို ယူထားရသဖြင့် ဆရာသည် တပည့်အပေါ်မှာ အခွင့်ထူးခံစားစရာ မရှိပါ။ ဆရာ့အပေါ် တပည့်က ပြုစုအပ်သော ဝတ္တရားနှင့် ထပ်တူပင် ဆရာကလည်း တပည့်ကို ထပ်တူထပ်မျှ ပြုစုရပေသည်။ ဘုရားရှင် ပညတ်တော်မူသည့် အတိုင်းအချင်းချင်း လက်တွဲကာ ခိုင်မြဲစွာ ရပ်တည်နေကြသူများပင် ဖြစ်ပေသည်။
(ဝိနည်း မဟာဝဂ်၊ မဟာခန္ဓက၊ ဥပဇ္ဈာယဝတ္ထကထာ)
သာသနာ့ဘောင်သို့ ဝင်ရောက်လာစဉ်က ကျွန်ုပ်အား လက်တစ်ဖက်ကမ်းခဲ့သူမှာ အရှင်ဗေလဋ္ဌသီသ ဖြစ်ပါ၏၊ ရဟန်းသစ်ဖြစ်သော ကျွန်ုပ်အား ဝိနည်းတော်အရ နေထိုင်ကျင့်သုံးတတ်ရန် ညွှန်ကြားပြသပြီးနောက် ထိုအရှင်မြတ်ကြီးသည် တောကျောင်းသို့ တစ်ပါးတည်း ပြောင်းကြွသွားပေသည်။
သံဃာ့ပရိသတ်ကို စွန့်ခွာ၍ ဤသို့တစ်ပါးတည်း ထွက်ခွာသွားခြင်းမှာ သူ့ရည်ရွယ်ချက်နှင့် သူပင် ဖြစ်ပါ၏၊ နေ့စဉ် ဆွမ်းခံဝင်၍ ဆွမ်းကိစ္စများ ပြီးစီးသည်ဆိုလျှင် ထိုရည်ရွယ်ချက်ကို အကောင်အထည်ဖော်လေတော့သည်။ ပြောစရာ ဆိုစရာ ဆုံးမစရာ မရှိ။ သူတစ်ပါးတည်းရှိသော ထိုကျောင်းကလေးဝယ် ရဟန်းတို့၏ အမြိုက်ချမ်းသာကို တစ်ချိန်လုံးခံစား၍ နေတော့သည်။
ပူဆာမရှိ၊ ပကတိအေးငြိမ်းလှသော အမြိုက်ချမ်းသာကို ခံစားမိလေ၊ နေ့စဉ်နှင့်အမျှ ပြုလုပ်ရသော အမှုကိစ္စများကို ငြီးငွေ့လာလေလေ။ ထို့ကြောင့် တစ်ခါ ဆွမ်းခံပြီးလျှင် ရက်ကြာကြာ ဆွမ်းခံမသွားဘဲ နေထိုင်စေရန် သူအကြံထုတ်ရတော့သည်။ လိုအင်ဆန္ဒနည်းပါးလှသော ထိုပုဂ္ဂိုလ်ကြီးအတွက် ဤနည်းလမ်းကို အရှည်အဝေး တွေးနေစရာ မလိုပါ။ နေ့စဉ် ဆွမ်းခံရာမှ စား၍ ပိုလျှံနေသော ဆွမ်းများကို အခြောက်လှမ်းလိုက်ရုံသာ ရှိတော့သည်။
ယခုတော့ အရှင်မြတ်ကြီးမှာ စိတ်ရောကိုယ်ပါ ချမ်းသာလှပေသည်။ အချိန်ရှိသမျှ အမြိုက်ချမ်းသာကို ခံစားကာ အချိန်တန်၍ ဝမ်းဗိုက်က အစာတောင်းလျှင် ဆွမ်းခြောက်ကို ရေနှူး၍ ဘုဉ်းပေးလိုက်၏၊ ဤသို့ တစ်ခါဆွမ်းခံထားလျှင် ရက်ကြာကြာ အနားယူ၍ ရနေပေသည်။
အရှင်မြတ်ကြီးဘက်က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဤသို့ချမ်းချမ်းသာသာနေခဲ့သည် မှန်ပါ၏၊ သို့သော် သံဃာ့ပရိသတ်ကြီး တစ်ခုလုံးအတွက် ဆိုပါမူကား ပြောစရာ ဆိုစရာ ရှိလာပေသည်။ ရဟန်းတို့မည်သည် တစ်နေ့ရသော ဆွမ်းဘောဇဉ်ကို တစ်နေ့သာ စားသုံးရ၏၊ နောက်တစ်နေ့အတွက် သိုမှီးသိမ်းဆည်းခွင့် မရှိပေ။ အရှင်မြတ်ကြီးအနေနှင့် လိုအင်ဆန္ဒနည်းပါးသော သဘောဖြင့် ဤသို့ နေလာခဲ့သည်တွင် နောင်လာ နောက်သားတို့က ကောင်းသည့်ဘက်ကိုသာ အတုမယူချင်ရှိမည်၊ နေ့ဖို့ညစာထား၍ စားမှုကိုကား အလွယ်တကူ အတုယူကြတော့မည် ဖြစ်၏၊
တရားသဘောအရ အပြစ်တင်စရာမရှိသော ဤအမှုမှာ ဝိနည်းကြောင်းအရ အပြစ်တင်ဖွယ် ရှိနေပြီမို့ သီတင်းသုံးဖော်များက ကဲ့ရဲ့ရှုတ်ချကာ ဘုရားရှင်ထံ သတင်းပို့ကြရတော့သည်။ ဘုရားရှင်ကလည်း သံဃာ့ပရိသတ် တစ်ခုလုံး၏ နောင်ရေးကို မျှော်တွေးတော်မူကာ သိက္ခာပုဒ်ကို ပညတ်တော်မူရပေသည်။
"အကြင်ရဟန်းသည် သိုမှီးသိမ်းဆည်းခြင်းကို ပြု၍ ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း စားငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ် သင့်စေ"
သာသနာတော်ကြီး၏ နောင်ရေးကို မျှော်တွေး ပညတ်တော်မူလိုက်ရသော ဤသိက္ခာပုဒ်ဖြင့် ကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာမှာ အာပတ် မသင့်နိုင်ပါ။ ဦးစွာ ပထမပြုလုပ်ခဲ့သော ပုဂ္ဂိုလ်အား ခြွင်းချက်ထားရသော ဝိနည်းထုံးစံအရ ဖြစ်ပေသည်။
(ပါစိတ်၊ သန္နိဓိကာရသိက္ခာပုဒ် ပါဠိတော်နှင့် အဋ္ဌကထာ)
ဤသိက္ခာပုဒ်ကို ထုတ်ပြန်တော်မူပြီးသည်မှ စ၍ နေ့ဖို့ညစာ မထားတော့ပါ။ နေ့စဉ် နေ့တိုင်း ဆွမ်းခံ ဘုဉ်းပေးရတော့သည်ဖြစ်၍ ဆောင်းဥတု နွေဥတုများသာ တောရ ဆောက်တည်ပါတော့သည်။ မိုးဥတုမှာကား ခြေခင်းလက်ခင်း မသာယာသဖြင့် ကျွန်ုပ်နှင့်အတူ မြို့နားရွာနား ကျောင်းများမှာ ဝါဆိုပေသည်။
အတူတကွ နေခွင့်ရသည့်အခိုက် ဥပဇ္ဈာယ်ဆရာအပေါ် ကျွန်ုပ်ပြုစုခဲ့ရသည့်ထဲမှ ဝိနည်းပညတ်ချက်တစ်ခု ထုတ်ပြန်ရသောအကြောင်းတစ်ခုကို တင်ပြရပါဦးမည်။
တစ်ခုသောဝါတွင်း၌ အရှင်မြတ်ကြီး၏ ကိုယ်ပေါ်တွင် ဝဲကြီးနာစွဲကပ်ခဲ့၏၊ ဝဲကြီးနာတို့၏ ထုံးစံအတိုင်း ယားလေကုတ်လေ၊ ကုတ်လေ ဆိုးလေ။ တစ်စ တစ်စနှင့် ဝဲကြီးနာများ တစ်ကိုယ်လုံး ပျံ့နှံ့သွားတော့သည်။ အနာမှ သွေးများ အစေးများ သူ့သင်္ကန်းများ ကပ်နေသဖြင့် နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့က ရေဆွတ်၍ ခွာပေးနေကြရ၏၊ အကယ်၍ ဝဲကြီးနာပျောက်စေသော ဆေးမှုန့်ကို ဘုရားရှင် ခွင့်ပြုထားခဲ့ပြီးဖြစ်လျှင် သည်ဝဲကြီးနာကို ကျွန်ုပ်တို့ ကုစားပေးနိုင်ကြပါ၏၊ သို့သော် ခွင့်ပြုချက်မရှိသေးသော ကိစ္စအတွက် အပ်လေသလော၊ မအပ်လေသလောဟု နှလုံးနှစ်ခွဖြစ်ကာ ဝေဒနာများသာ တိုး၍ လာကြရတော့သည်။
ကာရန်သင့်ချင်သော တစ်နေ့မှာတော့ သင်္ကန်းများ ရေဆွတ်ခွာနေတုန်းမှာ ဘုရားရှင် ကြွရောက်တော်မူလာ၏၊ အတိဒုက္ခရောက်နေသော တပည့်ရဟန်းတစ်ပါးအတွက် လိုအပ်ချက်ကို သတိရတော်မူသဖြင့်
"ရဟန်းတို့၊ အကြင်ရဟန်းအား ယားနာ၊ အိုင်းအနာ၊ အရည်တရွှဲရွှဲယိုသောအနာ၊ ဝဲကြီးနာသော်လည်း ပေါက်ငြားအံ့။ ကိုယ်နံ့မူလည်း မကောင်းငြားအံ့။ ထိုရဟန်းအား သင့်တင့်လျှောက်ပတ်သော ဆေးမှုန့်ကို ငါဘုရား ခွင့်ပြုတော်မူ၏"
ဤဝိနည်းပညတ်ချက်နှင့် တစ်ဆက်တည်းပင် အနာမရှိသော ရဟန်းများ ရေချိုးရာတွင် ရေချိုး ကသယ်မှုန့်အဖြစ် အသုံးပြုရန် နွားချေးခြောက်၊ မြေသင်းခဲနှင့် ဆိုးရေကျိုထားသော သစ်ခေါက်ဖတ်များကို ခွင့်ပြုတော်မူခဲ့ပေသည်။
ဘုရားရှင် ခွင့်ပြုတော်မူသော ဆေးမှုန့်ဖြင့် ဝဲကြီးနာများ ပျောက်ကင်းသွားချိန်တွင် ကျွန်ုပ်၏ဥပဇ္ဈာယ်ဆရာ အရှင်မြတ်ကြီးသည် ဤသို့ မကြာမကြာ ဥဒါန်းကျူးတော်မူတတ်ပေသည်။
"စိတ်သဘောထားကောင်း၍ ဦးချိုရှိသော နွားလားဥသဘသည် လယ်ထွန်ရာ လမ်းကြောင်းတွင် မြတ်ဖုတ်များ၊ သစ်ပင်များနှင့် တွေ့ပါသော်လည်း မကြောက်မရွ့ နောက်မတွန့်ဘဲ လွယ်လင့်တကူ တွန်းထိုး ဖြတ်ကျော်လာနိုင်သကဲ့သို့ နေ့နှင့်ညတို့ကလည်း ငါ့ကို လွယ်လင့်တကူ ဖြတ်ကျော်သွားကြကုန်လေ၏၊ ဤသို့ နေ့ရောညပါ ချမ်းသာစွာဖြင့် ဖြတ်ကျော်သွားကြခြင်း၏ အကြောင်းကား ကာမဂုဏ်အာရုံတို့နှင့် မရောမယှက် ငြိမ်သက်မွန်မြတ်လှသော အမြိုက်ချမ်းသာကို ရရှိထားသောကြောင့်ပေတည်း"
(ဗေလဋ္ဌသီသထေရဂါထာ ပါဠိတော်နှင့် အဋ္ဌကထာ)
ကျွန်ုပ်၏ တရားပြဆရာ
ဝိနည်းဒေသနာတော်အရ ကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာတော်သည် တောရပုဂ္ဂိုလ် အရှင်ဗေလဋ္ဌသီသ ဖြစ်ပါ၏၊ ဘုရားရှင် ပညတ်တော်မူသော အာဏာဒေသနာတော်အရ သင့်လာစရာရှိလေသမျှ အပြစ်အာပတ်ကြီးငယ်များကို မသင့်စေရအောင် စောင့်ရှောက်သွန်သင်တော်မူသဖြင့် ထိုအရှင်မြတ်ကြီး၏ ကျေးဇူးဂုဏ် အနန္တကို ကျွန်ုပ်ဘဝတစ်သက်တာလုံး မေ့ပျောက်၍ မရနိုင်ပါ။
ထို့ပြင်တစ်ဝ၊ ဥပဇ္ဈာယ်ဆရာတော်နှင့် ထပ်တူထပ်မျှ ကျေးဇူးဂုဏ် ကြီးမြတ်လှပေသော ဆရာတစ်ဆူမှာကား အရှင်ပုဏ္ဏပင် ဖြစ်ပေသည်။
ကျွန်ုပ်၏ တရားသိမြင်ရေးအတွက် ကျေးဇူးပြုခဲ့ပေသော ထိုဆရာသခင်၏ ဂုဏ်ကို တိုတိုတုတ်တုတ် ထုတ်ဖော်ရပါလျှင် ဓမ္မကထိက ဧတဒဂ်ဘွဲ့ရဟု ဆိုရပါလိမ့်မည်။
ထိုသို့ တရားဓမ္မ ဟောဖော်ညွှန်ပြသောအရာတွင် အထူးချွန်ဆုံး ပုဂ္ဂိုလ်နှင့် ဆုံဆည်းခွင့်ရသည့်အတွက် ကျွန်ုပ်ကုသိုလ်ကံ ကောင်းလှသည်ဟု ဆိုရပါလိမ့်မည်။
ဓမ္မကထိက အကျော်အမော် ကျွန်ုပ်၏ဆရာတော်သည် အဟောအပြော ကောင်းရုံမျှသာ မဟုတ်ပါ။ သူတစ်ပါးကို သိအောင် မြင်အောင် အဟောကောင်း အပြောကောင်းသည်နှင့်အမျှ သူကိုယ်တိုင် ကျင့်သုံးသော ပုဂ္ဂိုလည်လည်း ဖြစ်ပေသည်။ ထိုဆရာသခင် အရှင်မြတ်ကြီးသည်ကား
၁။ အလိုလောဘ မရှိခြင်း၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏၊ ကိုယ်တိုင်လည်း အလိုလောဘ မရှိ။
၂။ ကောင်းဆိုးယုတ်မြတ် ရတတ်သမျှဖြင့် ရောင့်ရဲလွယ်ခြင်း၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏၊ ကိုယ်တိုင်လည်း ရောင့်ရဲလွယ်၏၊
၃။ ကာမဂုဏ်အာရုံတို့မှ ကင်းဆိတ်ခြင်း၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏၊ ကိုယ်တိုင်လည်း ကာမဂုဏ်အာရုံတို့မှ ကင်းဆိတ်၏၊
၄။ လူသူလေးပါးတို့နှင့် ရောက်တတ်ရာရာ ပြောကာ ရောနှောမနေခြင်း၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏၊ ကိုယ်တိုင်လည်း ရောနှောခြင်း မရှိ။
၅။ မဆုတ်မနစ် အားသစ်သော စိတ်ဓာတ်၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏၊ ကိုယ်တိုင်လည်း မဆုတ်မနစ် အားသစ်သော စိတ်ဓာတ်ရှိ၏၊
၆။ သီလ၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏၊ ကိုယ်တိုင်လည်း သီလနှင့် ပြည့်စုံ၏၊
၇။ မှန်ကန်သော သမာဓိတရား၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏၊ ကိုယ်တိုင်လည်း မှန်ကန်သော သမာ
ဓိနှင့် ပြည့်စုံ၏၊
၈။ တရားသဘောကို ဟုတ်တိုင်းမှန်စွာ သိမြင်သော ပညာ၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏၊ ကိုယ်တိုင်လည်း ပညာနှင့် ပြည့်စုံ၏၊
၉။ ကိလေသာတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏၊ ကိုယ်တိုင်လည်း နိဗ္ဗာန်ကို မျက်မှောက်ပြုတတ်သော ဖိုလ်နှင့် ပြည့်စုံ၏၊
၁၀။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ပြန်၍ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်နှင့် ပြည့်စုံ၏၊
(မူလပဏ္ဏာသ၊ ဩပ္ပမ္မဝဂ်၊ ရထဝီနီတသုတ်)
ကျွန်ုပ်နှင့်တကွ သီတင်းငယ် ပုဂ္ဂိုလ်များ၏ ဆရာတစ်ဆူဖြစ်ပေသော အရှင်ပုဏ္ဏ၌ ဤသို့သော ဂုဏ်ကျေးဇူးများ ထင်ရှားရခြင်းမှာ သူ့ဆရာ၏ အရှိန်အဝါနှင့်မကင်းပါချေ။ အရှိန်အဝါကြီးလှသော ထိုဆရာသခင်သည် သူ၏ ဦးရီးတော်လည်း ဖြစ်နေပါ၏၊ သက်တော်ရှည် ဧတဒဂ်ဘွဲ့တော်ရ အရှင် အညာသိကောဏ္ဍည မထေရ်မြတ်ကြီးပင် ဖြစ်ပါ၏၊
ဘုရားရှင်၏ တပည့်သာဝကအပေါင်းတွင် သက်တော်ဝါတော်အကြီးရင့်ဆုံး ဖြစ်သည်နှင့်အမျှ တရားသိမြင်ရာမှာလည်း ပထမဦးဆုံး ဖြစ်ဘိ၏၊
သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ နောက်ဝယ် ကမ္ဘာမြေပြင်၌ ဒုတိယအကြိမ်မြောက် တရားပေါက်သော ပုဂ္ဂိုလ်ထူးကြီးအဖြစ် ရဟန်းပရိသတ် လူပရိသတ်များက ထူးထူးမြတ်မြတ် ကြည်ညိုကြ၏၊ မြတ်နိုးကော်ရော် ပူဇော်ကြ၏၊
ပူဇော်သင့် ပူဇော်ထိုက်၍ ပူဇော်လာကြသည်ကို အရှင်မြတ်ကြီးလည်း အသိပင် ဖြစ်ပါ၏၊ ဤသို့ ပူဇော်လာကြသူများတွင် အဖြစ်ဟူ၍ မြူတစ်ခြမ်းမျှ ရှာစရာမရှိပါ။ ကောင်းမြတ်သော စိတ်စေတနာ သဒ္ဓါပသန္န တရားတို့ဖြင့် ပူဇော်လာကြခြင်းသာ ဖြစ်ဘိ၏၊
ပူဇော်လာကြသော ပုဂ္ဂိုလ်တို့၌ ပူဆာမရှိ၊ ပကတိကြည်လင် အေးမြသော စိတ်စေတနာရှိကြသည် မှန်ပါ၏၊ သို့သော် ဤသို့သော စိတ်စေတနာကို ခံယူနေရသော အရှင်မြတ်ကြီးမှာကား ဒုက္ခနှင့် မကင်းပါချေ။ မကင်းနိုင်သော ထိုဒုက္ခသည် စိတ်၏ ဒုက္ခမဟုတ်ပါ။ စိတ်နှင့်ပတ်သက်သော ဒုက္ခဟူသမျှကို မိဂဒါဝုန်တောမှာ အပြီးအပြတ် ပယ်စွန့်ခဲ့ပါပြီ။ သို့ဖြစ်၍ ယခုရရှိနေသေးသော ဒုက္ခကား ခန္ဓာကိုယ်ကြီးနှင့် ပတ်သက်သော ဒုက္ခဖြစ်ပေသည်။ အိုမင်းရွတ်တွ အထအထိုင် မခိုင်မာတော့သော ခန္ဓာကိုယ်ကြီးအတွက်သာ ဖြစ်ပေသည်။
ပူဇော်လာကြသူများက ဝင်လာမစဲ တသဲသဲ ဖြစ်နေကြရာတွင် အပူဇော်ခံ ပုဂ္ဂိုလ်ကြီးကလည်း အိုကြီးအိုမနှင့် ထ၍ ထ၍ ဧည့်ခံရ၏၊ သင့်တင့်လျှောက်ပတ်ရာ တရားစကားများဖြင့် ချီးမြှင့်ထောက်ပံ့နေရ၏၊ အရှင်မြတ်ကြီးသည် ဟိုတစ်ချိန်တုန်းက အလောင်းတော်မြတ်၏ ဝေယျာဝစ္စဟူသမျှကို မညည်းမညူတမ်း လုပ်နိုင်ခဲ့၏၊ ခြောက်နှစ်တိုင်တိုင်ကြာခဲ့သော ထိုကာလတစ်လျှောက်တွင် တာဝန်ဝတ္တရားတစ်ခုကိုမျှ မချွတ်မယွင်းစေခဲ့ပေ။ ယခုတော့ အသက်အရွယ်က စကားပြော၍ လာချေပြီ။ လေတစ်ချက်အလှုပ်တွင် ဖြုတ်ခနဲ ကြွေလေမည့် သစ်သီးမှည့်ကဲ့သို့ ဖြစ်၍နေချေပြီ။
အိုယနာယသေ လွတ်မြောက်ရေးတရားကို ကိုယ်တိုင်ဒိဋ္ဌ သိမြင်ခံစားရပြီးပြီမို့ ခန္ဓာကိုယ်ကြီးနှင့်သာ ပတ်သက်နေသော ထို အို နာ သေ ဓမ္မတာ ကိစ္စများအတွက် အရှင်မြတ်ကြီးအဖို့ တုန်လှုပ်ရန် မရှိပါ။ သို့သော် မသေမီ၊ မကြွေမီကာလလေးတွင်တော့ ကိုယ့်တရားနှင့်ကိုယ် အေးဆေးသက်သာ နေချင်ပေသည်။ အားအင်ကောင်းကောင်း၊ အရွယ်ကောင်းဖြစ်သည့် ဆရာတစ်ဆူ၏ ထံတော်ပါးတွင် တပည့်သာဝကအပေါင်းနှင့် ပြည့်စုံနေပြီမို့ သာသနာတော်ကြီးအတွက် ဥပေက္ခာထားကာ ကိုယ့်ဘာသာ တစ်ပါးတည်း နေချင်လှပေပြီ။
တစ်ပါးတည်း နေချင်တာတော့ ဟုတ်ပါ၏၊ သာသနာတော်ကြီးအတွက် ဥပေက္ခာထားချင်တာတော့ မှန်ပါ၏၊ ဘုရားရှင်ကိုယ်တော်မြတ်ကိုကား သည်အတိုင်း မျက်နှာလွှဲ၍ မထားနိုင်ခဲ့ပါ၏ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ တစ်ဖက်ကမ်းသို့ မရောက်ရောက်အောင် ပို့ပေးခဲ့သော ကျေးဇူးရှင်။ မိမိတို့က ပစ်ပစ်ခါခါ စွန့်ခွာလာခဲ့ကြပါလျက် မိမိတို့ရှိရာ တန်းတန်းမတ်မတ် လိုက်လာတော်မူခဲ့သော ကရုဏာရှင်။ သည်ကျေးဇူးရှင် သည်ကရုဏာရှင်၏ ဂုဏ်ကျေးဇူးကို ရာသက်ပန်ဆပ်၍ လာခဲ့၏၊ ရေပူရေချမ်း ကမ်းလှမ်းခဲ့၏၊ ခြေဆုပ်လက်နယ် ပြုစုပေးခဲ့၏၊ အရိယာဇာတ် မြင့်မြတ်သော ဘဝဖြင့် ဖွားမြင်၍ ပေးခဲ့သော ဖခင်ကြီးအပေါ် သားလိမ္မာတို့ ပြုစုရမည့် ဝတ္တရားကို မပြတ်မလပ် ဆောင်ရွက်၍ လာခဲ့၏၊ ယခုလို ကိုယ့်ကိုယ်ကိုမှ အနိုင်နိုင်ဖြစ်နေသော ကာလမှာပင် တစ်ခါတစ်ခါ ဆောင်ရွက်မိသေး၏၊
ဤသို့အားဖြင့် တစ်ဖက်က ချစ်မြတ်နိုးအပ်သော ကျေးဇူးရှင်နှင့် တာဝန်ဝတ္တရားများ၊ တစ်ဖက်က နေနေရသမျှ ကာလလေးမှာ အေးဆေးသက်သာစွာ နေခွင့်ရရေး။ ဤအရေးနှင့် ဤဝတ္တရား နှစ်ပါးပြည့်စုံအောင် မည်သို့ ဆောင်ရွက်ရပါမည်နည်း။ အရှင် အညာသိကောဏ္ဍည ကိုယ်တော်တိုင်ကတော့ ဆောင်ရွက်၍ မဖြစ်နိုင်တော့ပါ။ သူ့ကိုယ်စားလှယ်အဖြစ် တစ်ပါးပါးကို ထားခဲ့မှ တော်ပေမည်။ သူနှင့် ထပ်တူထပ်မျှ စိတ်ချရသော ကိုယ်စားလှယ်မှာကား သူ၏ နှမ မန္တာနီပုဏ္ဏေးမ၏သား ပုဏ္ဏလုလင်ပင် ဖြစ်ပေသည်။ ယခု ကျွန်ုပ်၏ ဆရာသခင် အရှင်ပုဏ္ဏပင် ဖြစ်ပေသည်။
အရှင်ပုဏ္ဏအား မိမိ၏ ကိုယ်စား ဘုရားရှင်တော်ထံပါးမှာ ထားခဲ့ပြီးလျှင် ထိုအရှင်မြတ်ကြီးသည် ရဟန်းရှင် လူ ပရိသတ်ကင်းဝေးရာသို့ ထွက်ခွာတော်မူခဲ့၏၊ ထို့ကြောင့် ကပိလဝတ်မြို့တော်သို့ပင် ဘုရားရှင် ကြွတော်မူစဉ်ကပင် ထိုအရှင်မြတ်ကြီး မပါလာခဲ့ခြင်း ဖြစ်ပေသည်။
(ပုဏ္ဏမန္တာနီပုတ္တ ထေရာအပဒါန် အဋ္ဌကထာ၊ သဂါထာဝဂ်၊ ဝင်္ဂီသသံယုတ်၊ ကောဏ္ဍညသုတ် အဋ္ဌကထာ)
အရှင်ဘဒ္ဒိယ၏ ချမ်းသာခြင်း
ကျွန်ုပ်၏ တရားမျက်စိကို ဖွင့်ပေးခဲ့သော အရှင်ပုဏ္ဏ မထေရ်မြတ်နှင့် ဆက်စပ်၍ သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်ကြီးတို့၏ အတ္ထုပတ္တိများကို တင်ပြခဲ့ပါပြီ။ ယခု ကျွန်ုပ်နှင့် အတူတကွ သာသနာ့ဘောင်ဝင်ခဲ့သော သီတင်းသုံးဖော်များကို တင်ပြရပါဦးမည်။
မင်းသားခြောက်ယောက်၊ ဆတ္တာသည် တစ်ယောက်အားဖြင့် ကျွန်ုပ်တို့ ခုနစ်ယောက် အတူတကွ ရဟန်းပြုရန် လာခဲ့ကြရာတွင် ပထမဦးစွာ ရဟန်းကိစ္စပြီးစီးသူမှာ အရှင်ဘဒ္ဒိယ ဖြစ်၏၊ ထို့ကြောင့် ထိုအရှင်၏ အကြောင်းကို ပထမဦးစွာ ဖော်ပြရပါမည်။
ထိုအရှင်သည် ရဟန်းပြုရာဌာန အနုပိယ သရက်တောမှာ ရှိကြစဉ်တွင် လူသူမနီး တောကြီးထဲသို့လည်း ကြွသွားတတ်၏၊ သစ်တစ်ပင်ရင်း ဝါးတစ်ရုံအောက်တွင်လည်း တစ်ပါးတည်း နေထိုင်တတ်၏၊ လူသံသူသံ ဆိတ်ငြိမ်သောနေရာ၌ ငြိမ်ငြိမ်ကလေး ထိုင်နေတတ်၏၊ ထိုသို့ နေရင်းကပင် "ဩော် ... ချမ်းသာလေစွ၊ ဩော်... ချမ်းသာလေစွ"ဟု တဖွဖွ ရွတ်ဆို၍ နေတတ်ပေသည်။
ထိုအရှင်သည် လူ့ဘဝမှာတုန်းက ကျွန်ုပ်တို့ သကျနိုင်ငံတော်၏ ရာဇာတစ်ဦးဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ 'ရာဇာ' တစ်ဦး၏ အလုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်နှင့်အမျှ ရာဇာတို့၏ တန်ခိုးအာဏာ အရှိန်အဝါတို့ကိုလည်း ပိုင်ဆိုင်ခဲ့ပေသည်။ ထိုတန်ခိုးအာဏာတို့နောက်ဝယ် စည်းစိမ်ဥစ္စာများ ထက်ကြပ်မကွာ ပါလာသည်ကိုကား အထူးပြောရန် လိုမည် မထင်ပါ။
အခြားတစ်ပါးသော ပုဂ္ဂိုလ်များက 'ချမ်းသာလေစွ'ဟု တဖွဖွရွတ်လျှင် အတွေးခေါင်စရာ လုံးဝ မရှိပေ။ သာသနာတော်ကြီး၏အရိပ်အာဝါသအောက်က ချမ်းသာခြင်းသာဖြစ်ကြောင်း အလွယ်တကူ ရိပ်မိနိုင်ကြ၏၊ ယခု အရှင်ဘဒ္ဒိယလို ပုဂ္ဂိုလ်မျိုးကိုကား အတွေးနှစ်ခွ ဖြစ်ကြရတော့သည်။
"သည်ကိုယ်တော်သည် သာသနာ့ဘောင်မှာ မပျော်တော့ပြီလော။ လူ့ဘဝတုန်းက ခံစားခဲ့ရသည့် စည်းစိမ်များကို ပြန်လည်အောက်မေ့နေလေသလော"
အတွေးနောက်က အပြောက ပါလာတတ်စမြဲပင် ဖြစ်၏၊ ရွှေနားတော်ထိအောင် ပေါက်ကြားလာခဲ့သော ထိုအပြောများကြောင့် အရှင်ဘဒ္ဒိယမှာ ရှေ့တော်မှောက်သို့ ဝင်ရောက်လာရတော့သည်။ သံသယမြူမှုန်များ ကင်းစင်လွင့်ပျောက်ရေးအတွက် မေးတော်မူသမျှကို ဖြေကြားရပေတော့သည်။
"ဘဒ္ဒိယ၊ ဩော် ... ချမ်းသာလေစွ၊ ဩော်... ချမ်းသာလေစွဟု တဖွဖွ ရွတ်ဆိုခဲ့သည် မှန်သလော"
"မှန်ပါသည် အရှင်ဘုရား"
"မည်ကဲ့သို့သော စည်းစိမ်ချမ်းသာကို ရည်မှန်း၍ ထိုသို့ ရွတ်ဆိုနေပါသနည်း"
"အရှင်ဘုရား၊ ဘုရားတပည့်တော်သည် လူ့ဘဝမှာတုန်းက နိုင်ငံတော်ကို စီမံအုပ်ချုပ်ခဲ့ရပါသည်။ နိုင်ငံတော်၏ အာဏာကို လက်ဝယ် ပိုင်ဆိုင်ထားနိုင်ရေးအတွက် အစောင့်အမျိုးမျိုးကို ခန့်ထားခဲ့ရပါသည်။ နန်းတွင် နန်းပြင် မြို့တွင်း မြို့ပြင်မှစ၍ ဇနပုဒ်နယ်ပယ်များပါမကျန် အစောင့်များ အထပ်ထပ်ချထားခဲ့ရပါသည်။ ထိုသို့ အစောင့်များ အထပ်ထပ်ချထားသည့်ကြားမှပင် ဘုရားတပည့်တော်မှာ ကြောက်ကြောက်ရွံ့ရွံ့ နေလာခဲ့ရပါသည်။ သင်္ကာမကင်း ဖြစ်ခဲ့ရပါသည်"
"ထိုစည်းစိမ်ဥစ္စာတွေ၊ တန်ခိုးအာဏာတွေကို စွန့်ပြီး ယခုလို ရဟန်းဝတ်လာသည်တွင်ကား တောထဲတောင်ထဲသို့ သွားလိုသွား၊ သစ်ပင်တစ်ပင်ရင်း ဝါးတစ်ရုံအောက်မှာ နေလိုနေ၊ လူသံသူသံ ကင်းဆိတ်ရာကို ကပ်ချင်ကပ်၊ ကြောက်စရာ ရွံ့စရာ မလိုတော့ပါ။ သင်္ကာမကင်းဖြစ်စရာ မရှိတော့ပါ။ ကြက်သီးထစရာ မရှိတော့ပါ။ သူတစ်ပါး ပေးစာကမ်းစာဖြင် ချမ်းသာစွာ နေတတ်လာပါပြီ။ လူသူကင်းသည့် တောတောင်အတွင်းဝယ် သားသမင်များ လွတ်လပ်စွာ ပျော်မြူးကြသကဲ့သို့ တပည့်တော်၏ စိတ်မှာလည်း ကြောက်စရာ၊ ရွံ့စရာ၊ မယုံသင်္ကာဖြစ်စရာ အားလုံးမှ လွတ်လပ်နေပါပြီ။ ထို့ကြောင့် "ဩော် ... ချမ်းသာလေစွ၊ ဩော်... ချမ်းသာလေစွ"ဟု တပည့်တော် တဖွဖွ ရွတ်ဆိုနေခြင်း ဖြစ်ပါသည် ဘုရား"
ဤကား အမျိုးမြတ်သောအရာတွင် ဧတဒဂ်ဂုဏ်ထူးရ အရှင် ဘဒ္ဒိယ၏ ဖော်ကျူးချက်များပင် ဖြစ်ပါ၏၊
(ဥဒါန်းပါဠိတော်၊ ဘဒ္ဒိယသုတ်)
အရှင်နုရုဒ္ဓါ၏ တရားအမြင်
ကျွန်ုပ်တို့ညီတော် အနုရုဒ္ဓါသည် လူ့ဘဝမှာတုန်းက မရှိဆိုသော စကားကို နားမလည်လောက်အောင် အကျိုးပေးကောင်းခဲ့သူဖြစ်၏၊ ယခု ရဟန်းဘဝရောက်လာပြန်တော့လည်း သူ့အကျိုးပေးက ကောင်းမြဲ ကောင်းလျက်သာ ရှိပေသည်။ ဘုရားရှင်၏ တစ်ဝမ်းကွဲညီတော် ဖြစ်ရုံမျှမက သူ့ကိုယ်ပိုင်အရည်အချင်းကလည်း ကောင်းလှသဖြင့် လျှမ်းလျှမ်းတောက် ကျော်ကြားပါပေသည်။ ရဟန်းပြု၍ မကြာမီပင် ဒိဗ္ဗစက္ခု အဘိညာဉ်ကြီးကို ရခဲ့သောကြောင့် ဖြစ်ပါ၏၊ သာမန်ပုဂ္ဂိုလ်တို့ ရနိုင်ခဲသော ဆုမြတ်ကြီးပါပေတည်း။
ဒိဗ္ဗစက္ခုရှင် ကျွန်ုပ်၏ ညီတော်သည် ရရှိသော အဘိညာဉ်ကို အစွမ်းထက်သည်ထက် ထက်အောင် အားထုတ်၍ နေ၏၊ အရှိန်ကောင်းသည်ထက်ကောင်းအောင် ဝင်စား၍ နေ၏၊ ဆွမ်းစားချိန်ကို ချန်လှပ်၍ ရတတ်သမျှ အချိန်များတွင် စျာန်အဘိညာဉ် ဝင်စား၍သာ နေပေသည်။ သာမန်ပုဂ္ဂိုလ်များ မသိမမြင်နိုင်သော အာရုံများကိုသာ ထပ်ကာတလဲလဲ ကြည့်ရှု၍ နေပေသည်။
စောစောကတော့ လောကီစျာန်အရာတွင် ထိပ်တန်းက အဘိညာဉ်ကြီး ရရှိထားလျှင် တရားသိမြင်ဖို့ လွယ်မည်ထင်ခဲ့၏၊ သာမန်ပုဂ္ဂိုလ်တို့ တစ်လကြာမှ မြင်မည့်တရားကို သူ့လို ဉာဏ်ထက်မြက်သူက တစ်နေ့တည်းနှင့် မြင်နိုင်သည်ဟု မျှော်မှန်းခဲ့၏၊ သို့သော် မှန်းချက်နှင့် နှမ်းထွက်ကား မကိုက်လာချေပြီ။
သာသနာတော်ကြီး၏ အချက်အချာ နိဗ္ဗာန်တရားတော်ကြီးကို ဘွားခနဲ သိလိုက်လေမလားဟု သူသည် အဘိညာဉ်ကြီးကို အချိန်ရှိတိုင်း ပွားများလာခဲ့၏၊ ပွားများလာခဲ့သည့်အတိုင်း မိမိအဘိညာဉ် မြင်နိုင်စွမ်းက ထက်မြက်ခဲ့ပါ၏၊ စူးရှခဲ့ပါ၏၊ ကြည်လင်ခဲ့ပါ၏၊ သို့သော် သည်အမြင်က နိဗ္ဗာန်ကိုကား မရောက်နိုင် မပေါက်နိုင်ပါပေ။ မသိနိုင် မမြင်နိုင်ပါပေ။
တစ်ရက်တည်း တစ်ချိန်တည်း ရဟန်းပြုလာခဲ့သော အရှင်ဘဒ္ဒိယသည် စျာန်အဘိညာဉ်တန်ခိုးကို အားမကိုးဘဲ ရိုးရိုးကလေးဖြင့် တရားရခဲ့၏၊ တရားလက်ကိုင် ခိုင်ခိုင်စွဲလျက် ဥဒါန်းစကားများ ကျူးရင့်၍ နေနိုင်၏၊ သူ့မှာတော့ ကျူးရင့်စရာ ဘာမျှ မရှိသေး။ တရားသိမြင်ရေးအတွက် ကိုယ့်အဘိညာဉ်တန်ခိုးကြီးကို အားကိုး၍ မရမှန်းသိသောအခါတွင်ကား ကျွန်ုပ်၏ ညီတော်သည် အရှင်မဟာသာရိပုတ္တရာထံ ချဉ်းကပ်ရလေတော့သည်။
"အရှင်သာရိပုတ္တရာဘုရား၊ တပည့်တော်သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကိုလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်ပါ၏၊ မတွန့်မဆုတ်သော လုံ့လကိုလည်း အားထုတ်လျက် ရှိပါ၏၊ မေ့လျော့ခြင်း မရှိမူ၍ သတိသည် ထင်ပါ၏၊ ကိုယ်ခန္ဓာသည် ပူပန်ခြင်း မရှိ၊ ငြိမ်းအေး၍ နေပါ၏၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ပါ၏၊ ထိုသို့ပင် ဖြစ်ပါသော်လည်း တပည့်တော်၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝတို့မှ မလွတ်သေးပါ ဘုရား"
အနုရုဒ္ဓါ၏ လျှောက်ထားချက်အရ အရှင်မဟာသာရိပုတ္တရာ မိန့်ကြားသည်မှာ-
"ငါ့ရှင် အနုရုဒ္ဓါ၊ 'ငါသည် အထူးသဖြင့် စင်ကြယ်၍ လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်၏' ဟု ဤသို့ အတွေးအကြံ ဖြစ်ခြင်းသည်ပင် သင့်အား မာန ဖြစ်နေ၏"
"ငါ့ရှင် အနုရုဒ္ဓါ၊ ဒငါသည် မတွန့်ဆုတ်သော လုံ့လကို အားထုတ်၍ မေ့လျော့ခြင်း မရှိမူ၍ သတိသည် ထင်၏၊ ကိုယ်ခန္ဓာသည် ပူပန်ခြင်းမရှိ။ ငြိမ်းအေး၍နေ၏၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်၏' ဤသို့ အတွေးအကြံ ဖြစ်နေရခြင်းသည်ပင် စိတ်ပျံ့လွင့်မှု (ဥဒ္ဒစ္စ) ဖြစ်နေ၏"
"ငါ့ရှင် အနုရုဒ္ဓါ၊ ထိုသို့ဖြစ်နေပါသော်လည်း ငါ၏ စိတ်သည် တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းမူ၍ အာသဝတရားတို့မှ မလွတ်ကင်းသေးပါ၊ ဤသို့ အတွေးအကြံ ဖြစ်နေရခြင်းသည်ပင် သင့်အား သံသယ ကုက္ကုစ္စ ဖြစ်နေ၏"
"ငါ့ရှင် အနုရုဒ္ဓါ၊ သင့်ကို ငါတိုက်တွန်း၏ ဤတရား သုံးမျိုးတို့ကို ပယ်စွန့်၍ ဤတရား သုံးမျိုးတို့ကို နှလုံးမသွင်းမူ၍ အမြိုက်နိဗ္ဗာန်သို့ စိတ်ကို ပို့ဆောင်ပါလော့"
ဤသို့သော ဆုံးမစကားကို ကြားပြီးနောက် အနုရုဒ္ဓါသည် ဤတရား သုံးမျိုးကို နှလုံးမသွင်းဘဲ နေခြင်းအားဖြင့် ပယ်စွန့်ကာ မဆုတ်မနစ် အားသစ်သော သမ္မာဝါယမတွင် သမ္မာသတိချဉ်းကပ်လျက် နိဗ္ဗာန်သို့ ပို့ဆောင်နိုင်သော ဝိပဿနာလမ်းစဉ်ကို တည့်မတ်ဖြောင့်တန်းစွာ ကျင့်သုံးခြင်းဖြင့် ရဟန်းကိစ္စ ပြီးဆုံးသွားပေသည်။
(အင်္ဂုတ္တရ၊ တိကနိပါတ်၊ ကုသိနာရာဝဂ်၊ ဒုတိယ အနုရုဒ္ဓသုတ်)
အနုရုဒ္ဓါ၏ ဖြစ်အင်ကို ပြန်ကြည့်လျှင် နီးလျက်နှင့် ဝေးနေခြင်းဟု ဆိုစရာပင် ဖြစ်၏၊ သူသိလို မြင်လိုသော နိဗ္ဗာန်တရားက အဝေးမှာမဟုတ်ဘဲ သူ့အနီးနားမှာပင် ရှိနေ၏၊ သိတတ် မြင်တတ်သော ဉာဏ်ဖြင့် ရှုလျှင် အသိခံအမြင်ခံရန် အရန်သင့်ပင် ရှိနေ၏၊ ငါတည်းဟူသော မာန်မာနနှင့် မရောယှက်ဘဲ ငြိမ်သက်စွာ တည်ရှိနေ၏၊ တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းမူ၍ အလုံးစုံသော အာသဝတရားတို့၏ အာရုံအဖြစ်မှ လွတ်နေသော သဘောပင် ဖြစ်ပေသည်။
ဤသို့ လွတ်နေသော သဘောမှာ အနတ္တ သဘာဝထဲတွင် အပါအဝင်ဖြစ်၏၊ အတ္တနှင့် မရောယှက်၊ သူ့သဘော သူ့လက္ခဏာအားဖြင့် လွတ်နေခြင်း ဖြစ်၏၊ အနတ္တဖြစ်သော ထိုသဘောကိုပင် အတ္တအယူစွဲဖြင့် 'တစ်သောင်းသော လောကဓာတ်ကို မြင်နိုင်စွမ်းရှိသော ငါသည် ဘာကြောင့် မမြင်နိုင်ရသနည်း'ဟု ငါတကော ကောကာ တွေးလိုက်မိ၍ နိဗ္ဗာန်နှင့်လွဲကာ မာန်မာနသံသရာလည်ခဲ့ရ၏၊
နိဗ္ဗာန်သည် တည်ငြိမ်ခြင်းလက္ခဏာရှိ၏၊ ထိုသို့ တည်ငြိမ်ခြင်းမှာလည်း ဖြစ်ခြင်း၊ ပျက်ခြင်း လက္ခဏာတို့နှင့် မရောယှက်၊ သူ့သဘော သူ့လက္ခဏာအတိုင်း တည်ငြိမ်ခြင်းသာ ဖြစ်၏၊ တစ်စုံတစ်ခုသော အကြောင်းတရားဖြင့် ပြုပြင်ဖန်တီးထား၍ တည်ငြိမ်ခြင်း မဟုတ်ပေ။ အကြောင်းမပါ၊ အကြောင်းမလို၊ ဖြစ်ခြင်းမရှိ၊ ပျက်ခြင်းမရှိသောသဘောအားဖြင့် သူ့ အလိုလို တည်ငြိမ်နေသော သဘောကိုပင် အတ္တအယူစွဲဖြင့် 'ငါသည် မဆုတ်မနစ်သော လုံ့လဖြင့် တည်ငြိမ်အောင် အားထုတ်၍ အရယူလိုက်မည်' စသည်ဖြင့် တွေးလိုက်မိသဖြင့် ဥဒ္ဓစ္စ ရေလျဉ်ကြောမှာ မျောသွား ရပေတော့သည်။
ကျွန်ုပ်တို့ သာသနာ့ဝေါဟာရအားဖြင့် နိဗ္ဗာန်ကို နိဿရဏ ဟူ၍လည်း ခေါ်ဝေါ်ကြ၏၊ နိဿရဏ ဟူသော ဝေါဟာရ တွေ့လာလျှင် နိဗ္ဗာန်ကို ကောက်ယူကြရ၏၊ တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းမူ၍ အလုံးစုံသော အာသဝတရားတို့၏ အာရုံအဖြစ်မှ လွတ်နေသော သဘောဖြစ်၍ ထိုအမည်ကို ရခြင်း ဖြစ်ပေသည်။
သူမပါ ငါမနှော၊ သူ့သဘော သူ့လက္ခဏာအတိုင်း လွတ်နေသော တရားကို ရရှိရေးအတွက် သူနှင့်ငါနှင့် ရောစွက်၍ တွေးတောမိသဖြင့် ငါ့စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝတရားတို့မှ မလွတ်သေးပါ ကလားဟူသော သံသယ ကုက္ကစ္စတွေ ဖြစ်ပွားလာကြရ၏၊
သံသယ ကုက္ကစ္စ၊ ဥဒ္ဓစ္စနှင့် မာန်မာနတရားတို့က ခြားကွယ်၍ ထားသဖြင့် နီးကပ်စွာ ရှိနေခဲ့သော နိဗ္ဗာန်နှင့် ဝေးခဲ့ရ၏၊ အရှင်သာရိပုတ္တရာ၏ ဩဝါဒအတိုင်း ဤတရားသုံးမျိုးကို ပယ်စွန့်လိုက်ခါမှ နီးကပ်စွာ ရှိနေသော နိဗ္ဗာန် တရားကြီးကို ဘွားခနဲ တွေ့လိုက်ရပေတော့သည်။
ဤသို့သော လောကုတ္တရာအသိဉာဏ်ကို မရသေးလျှင် ရရှိထားသော လောကီစျာန် အဘိညာဉ်တို့သည် ခိုင်မြဲမှု မရှိပေ။ လောကုတ္တရာအသိဉာဏ် ရခါမှ ခိုင်မြဲ၍ လာကြ၏၊ အလိုရှိသည့်အခါတိုင်းမှာ ဝင်စား၍ ရကြ၏၊ ထို့ကြောင့် လောကုတ္တရာအသိဉာဏ်ဖြင့် ခိုင်မြဲ၍လာပြီဖြစ်သော ထိုဒိဗ္ဗစက္ခု အဘိညာဉ်ကြောင့်ပင်လျှင် သူ၏ နောင်တော်ကြီး ဘုရားက ဧတဒဂ်ဘွဲ့ထူး ပေးသနားတော်မူခဲ့ပေသည်။
(အင်္ဂုတ္တရာဋ္ဌကထာ၊ ဧကကနိပါတ်၊ အနုရုဒ္ဓါဝတ္ထု)
စိတ်တူကိုယ်တူ လှမ်းခဲ့ကြသူများ
"သာသနာတော်ကို ကြည်ညိုသောစိတ်ဖြင့် လူ့ဘောင်စွန့်ခွာ လွတ်ကြောင်းရှာလာခဲ့သော ရဟန်းသစ်သည် စင်ကြယ်သော သီလရှိ၍ မပျင်းရိသော မိတ်ဆွေကောင်းကို ဆည်းကပ်ရာ၏"
"သာသနာတော်ကို ကြည်ညိုသောစိတ်ဖြင့် လူ့ဘောင်စွန့်ခွာ လွတ်ကြောင်းရှာလာခဲ့သော ရဟန်းသစ်သည် ရဟန်းတို့နှင့် အပ်စပ်သော အမှု၊ မအပ်စပ်သောအမှုတို့၌ လိမ္မာသည်ဖြစ်၍ သံဃာ့မထေရ်ကြီးများ၏ နောက်ပါမှ လိုက်ပါရာ၏"
ဝိနည်းတော်အရ လိမ္မာကျွမ်းကျင်သည်ဖြစ်၍ ဧတဒဂ်ဂုဏ်ထူးရ အရှင်ဥပါလိ၏ လက်သုံးစကားများ ဖြစ်ပေသည်။
ကျွန်ုပ်တို့သာသနာတော်ကြီး စင်ကြယ်စေရေးအတွက် ပညာသည် အရေးကြီး၏၊ ထို့အတူ စင်ကြယ်သော သာသနာတော်ကြီး အရှိန်မပျက်တည်တံ့ရေးအတွက် အကျင့်သီလ ဖြူစင်ဖို့လည်း အရေးကြီးလှပေသည်။ ရဟန်းတို့၏ ပါတိမောက္ခသံဝရ သီလကြီး ဖြူစင်ရေးအတွက် ဝိနည်းတော်ရှိသည့်အတိုင်း လိုက်နာကျင့်သုံးရပေသည်။ ဝိနည်းသည် သာသနာတော်၏ အသက်ပင် ဖြစ်ချေသည်။
ရဟန်းဘောင်ဝင်စအချိန်က အရှင်ဥပါလိသည် တောရဆောက်တည်ခွင့် ပြုပါရန် လျှောက်ထားဖူး၏၊ လျှောက်ထားသည့်အတိုင်း ခွင့်ပြုလိုက်လျှင် တရားအသိအမြင် လျင်မြန်မည်လည်း မှန်ပါ၏၊ သို့ပါလျက် ဘုရားရှင်က ခွင့်ပြုတော်မမူခဲ့ပေ။ မိမိအထံတော်မှာသာနေစေလျက် ဝိနည်းသိက္ခာပုဒ်များကို လေ့ကျက်မှတ်သားရန် တာဝန်ပေးတော်မူ၏၊ သိမြင်ရေး သာသနာတော်ကြီးကို ဝိနည်းသိက္ခာပုဒ်များ ကျင့်သုံးရေးဖြင့် ထောက်ကူပေးနိုင်ရန် ဖြစ်ပေသည်။
သိမြင်ရေးနှင့် ကျင့်သုံးရေး နှစ်ဖက်လုံးတွင် စံတင်လောက်သော အရှင်ဥပါလိ၏ ဝိနည်းဆိုင်ရာ ဆောင်ရွက်ချက်များကို သက်ဆိုင်သည့်နေရာများတွင် ကြားနာကြရပါဦးမည်။
(ဥပါလိထေရဂါထာ ပါဠိတော်နှင့် အဋ္ဌကထာ)
သာသနာ့ဝန်ထမ်းများ ထမ်းဆောင်ရာတွင် အရှင်ဥပါလိ၊ အရှင် အနုရုဒ္ဓါတို့လောက် မထင်ရှားသောလည်း အရှင်ကိမိလနှင့် အရှင် ဘဂုတို့သည်လည်း သာသနာ့ခရီးစဉ်ကို အပြီးအဆုံးအထိ လျှောက်ခဲ့ကြသူများ ဖြစ်ကြပါပေသည်။ တရားသဘင်ဆင်ယင်ကျင်းပရာတွင် ဘုရားရှင်၏ လက်ယာတော်က ဝန်းရံခစားရသော မဟာသာဝက လေးဆယ်တွင် အပါအဝင်ဖြစ်ကြပေသည်။
အရှင်ကိမိလသည် များသောအားဖြင့် အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယတို့နှင့်အတူ ပါစီနဝံသတောကျောင်းမှာ အနေများ၏၊ လူသံသူသံ တိတ်ဆိတ်၍ အေးချမ်းငြိမ်သက်သော တောရကျောင်းတွင် အေးချမ်းငြိမ်သက်လှစွာသော အမြိုက်ချမ်းသာဖြင့် အတူတကွ နေလာကြသော သီတင်းသုံးဖော်များကို ကြည့်ကာ ဤသို့ ဥဒါန်းကျူးတတ်ပေသည်။
"သကျတို့၏ သားကောင်းရတနာ သီတင်းသုံးဖော်တို့သည် များလှစွာသော စည်းစိမ်ဥစ္စာတို့ကို စွန့်ခွာလာခဲ့ကြကုန်၍ ကောင်းဆိုး ယုတ်မြတ် ဆွမ်းခံ၍ ရတတ်သမျှသော ဆွမ်းဘောဇဉ်တို့ဖြင့် ရောင့်ရဲကုန်လျက် ပါစီနဝံသတောကျောင်း၌ မွေ့လျော်ကြကုန်၏"
"မဆုတ်မနစ် အားသစ်သော လုံ့လဝီရိယတို့၏ သခင်အရှင်မြတ်တို့သည် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ လောကီအာရုံ၊ ကာမဂုဏ်တို့နှင့် မရောမယှက် ဓမ္မသက်သက်ဖြစ်သော မွေ့လျော်ခြင်းဖြင့် တောကျောင်းမှာ စံပျော် နေကြလေကုန်၏"
(ကိမိလ ထေရဂါထာ)
အရှင်ဘဂုမှာလည်း သကျမင်းညီမင်းသားတို့၏ စည်းစိမ်ဥစ္စာကို စွန့်ရကျိုးနပ်သူ ဖြစ်ပါ၏၊ ဘုရားရှင်ကိုယ်တော်မြတ် ချမှတ်တော်မူခဲ့သော သာသနာ့လမ်းကြောင်းကို အဆုံးတိုင် လျှောက်လာခဲ့ပြီးနောက် မိမိလျှောက်လာခဲ့သော ခရီးကို ပြန်လည်၍ ကြည့်ရှုကာ ဝမ်းမြောက်ရွှင်လန်းသော စိတ်နှလုံးဖြင့် မကြာ မကြာ ဥဒါန်းကျူးတတ် ပါပေသည်။
"တရားနှလုံးသွင်းရင်း ငိုက်မျည်း၍လာသောကြောင့် ငါသည် ကျောင်းထဲမှ ထွက်၍ စင်္ကြံလျှောက်လိုက်ရာ ထိုစင်္ကြံဦးမှာပင် လဲကျ၏၊"
"ငါသည် ဖုန်မှုန့်များကို သုတ်သင်ကာ စင်္ကြံလမ်းပေါ်သို့ တစ်ခါပြန်၍ တက်၏၊ နှစ်ပြန် သုံးပြန်လောက် လျှောက်မိလျှင်ပင် ငါ၏ အတွင်းစိတ်သန္တာန်သည် တည်ကြည်ငြိမ်သက်၍ လာ၏"
"ထိုအခြေအနေမှ အားပြု၍ ငါသည် အသင့်အားဖြင့် နှလုံးသွင်းနေ၏၊ ထိုစဉ်တွင် လောကီအာရုံ ကာမဂုဏ်တို့၏ အပြစ်များကို ထင်းထင်းကြီးမြင်လာ၏၊ ထိုအာရုံတို့၌ ငြီးငွေ့ခြင်း ဖြစ်ပေါ်လာ၏"
"ထိုမှ တစ်ဆင့်တက်၍ ငါ၏ စိတ်သည် လောကီအာရုံ ကာမဂုဏ်တို့မှ လွတ်မြောက်ခဲ့ပေပြီ။ ဝိဇ္ဇာဉာဏ်သုံးပါးကို ရခဲ့ပေပြီ။ ဘုရားရှင်၏ အဆုံးအမတော်ကို ကောင်းစွာလိုက်နာ၍ ပြီးပေပြီ။ အို... သီတင်းသုံးဖော်များတို့၊ တရားတော်၏ ကောင်းမြတ်သော ဂုဏ်ကို ရှုမြင်သုံးသပ်ကြပါကုန်လော့"
(ဘုထေရ ဂါထာများ)
ကျွန်ုပ်နှင့်အတူတကွ ရဟန်းပြုလာကြသော သီတင်းသုံးဖော်များအနက် ငါးပါးကို တင်ပြခဲ့ပြီးပါပြီ။ နောက်ဆုံးဖော်ပြရန် ကျန်နေသေးသော သီတင်းသုံးဖော်မှာကား အရှင်ဒေဝဒတ်ပင် ဖြစ်ပါ၏၊ အရှင်ဒေဝဒတ်ကား ယသော်ဓရာ၏ မောင် ဖြစ်သဖြင့် ဘုရားရှင်၏ ယောက်ဖဟောင်းလည်း ဖြစ်၏၊ ကျွန်ုပ်ကဲ့သို့ပင် ဘုရားရှင်၏ တစ်ဝမ်းကွဲ ညီတော်လည်း ဖြစ်ပေသည်။ သို့သော် အရှင်ဒေဝဒတ်ကား ကျွန်ုပ်တို့နှင့် ကိုယ်သာတူ၍ စိတ်မတူပါချေ။
ရဟန်းပြုခါစက ရရှိထားသော လောကီစျာန်တန်ခိုးမျှဖြင့် ရဟန်းတို့ ကျင့်ထုံးကို အဆုံးသတ်ကာ ရာဇဂြိုဟ်နန်းတွင်းမှာ ကျက်စား၍ နေပါပြီ။ ရာဇဂြိုဟ်၏ ထီးနန်းဆက်ခံရေးတွင် အလားအလာရှိသော အဇာတသတ်မင်းသားကို သူကောင်းကောင်းကြီး သိမ်းသွင်း၍ ထားနိုင်ပါပြီ။
ထို့ကြောင့်ပင် မဟုတ်ပါလော။ ဘုရားရှင်နှင့်တကွ ကျွန်ုပ်တို့တစ်တွေ ကောသလတိုင်း သာဝတ္ထမြို့တော်အနီး ဇေတဝန်ကျောင်းတော်ကြီးသို့ သွားကြရန် ပြင်ဆင်နေချိန်တွင် ထိုအရှင်ကား ဆွမ်းစားရာမှပင် ထမလာချေ။ အိမ်ရှေ့မင်း ပို့လှူလာသော ဆွမ်းအုပ်ငါးရာကို သူ့ အသင်းအပင်း ပေါင်းများစွာဖြင့် ပျော်ပျော်ကြီး စားနေဆဲသာ ဖြစ်၏၊
ဘုရားရှင်၏ နောက်တော်ပါး၌ ကျွန်ုပ်တို့တစ်တွေ အစီအရီ လိုက်ပါ၍လာကြ၏၊ အရှင်ဒေဝဒတ်နှင့် အပေါင်းအပါတို့သည်ကား ဆွမ်းစားကျောင်းမှာ စကားကောင်းနေကြဆဲပါတကား။
(ဝိနည်းစူဠဝဂ်၊ သံဃဘေဒကက္ခန္ဓက)
ဇေတဝန်ကျောင်းတော်
ပထမကျောင်းရာမြေဖြစ်သော ဝေဠုဝန် ဥယျာဉ်မှာပင် ဗိမ္မိ္ဗသာရမင်းသည် စုလစ်မွန်းချွန်တပ်သော တိုက်ကျောင်းကြီး ဆောက်၍ လှူပါ၏၊ ကျောင်းနှင့် ပတ်သက်သမျှ အသုံးအဆောင်များကိုလည်း လှူပါ၏၊ တရားအသိလျှင် ရှေ့သွားရှိသော အဓိဂမသဒ္ဓါဖြင့် ဘုရားရှင်နှင့် ရင်းနှီးစွာ ဆက်ဆံကိုးကွယ်လာခဲ့သဖြင့် ဘုရားကျောင်းဒါယကာ ဘုရင်ကြီးဗိမ္မိ္ဗသာရဟူ၍လည်း ကျော်ကြားလှပါ၏၊ သို့သော် ထိုကျောင်းဒကာကြီးထက် စောစီးစွာ ကျောင်းဆောက်လှူဒါန်းခွင့်ရသူတစ်ဦးကား ရှိနေပါသေးသည်။
သစ်ပင်ရိပ်စသည်ကို ကျောင်းအိပ်ရာနေရာသဖွယ် ရောင့်ရဲ၍ နေလာကြသော ရဟန်းတို့ကို ရာဇဂြိုဟ်မြို့က ဝိသာလသူဌေးကြီးမြင်လေရာ၊ ဘုရားရှင်က ကျောင်းဆောက်ခွင့်ပြုလျှင် အသိပေးပါဟု ပန်ကြားခဲ့၏၊ ဘုရားရှင် ကျောင်းဆောက်ခွင့်ပြုတော်မူသည်တွင် ကျောင်းပေါင်းခြောက်ဆယ်ကို အဆောတလျင် ဆောက်ကာ ဘုရားရှင်ထံ အပ်နှံ၏၊ ဘုရားရှင်က သာသနာတော်တွင်းသို့ ရောက်ပြီး၊ ရောက်ဆဲ၊ ရောက်လတ္တံ့ဖြစ်သော အရပ်လေးမျက်နှာမှ ရှိရှိသမျှ သံဃာတော်အားလုံးထံ လှူဒါန်းရန် မိန့်တော်မူ၏၊ မိန့်တော်မူသည့်အတိုင်း ဝိသာလသူဌေးက ရေစက်ချလှူဒါန်းရာတွင် ဘုရားရှင်က ကျောင်းအနုမောဒနာတရားများ ဟောကြားတော် မူပေသည်။ ခမ်းနားထည်ဝါသော တိုက်ကျောင်းကြီး မပြီးသေးမီတွင် ရဟန်းများ ချမ်းချမ်းသာသာ နေခွင့်ရကြပေပြီတည်း။
ထိုဝိသာလ သူဌး၏ နှမ ပုညလက္ခဒေဝီသည် အနာထပိဏ်သူဌေးနှင့် အကြောင်းပါ၏၊ ထို့ကြောင့် အနာထပိဏ်သူဌေးသည် ရောင်းရေးဝယ်တာ ကိစ္စရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယောက်ဖရှိရာ ရာဇဂြိုဟ်သို့ နှစ်စဉ်နှစ်တိုင်း ရောက်နေကျဖြစ်၏၊ နှမနှင့်စပ်ပါမှ ယောက်ဖတော်ရသည် ဖြစ်စေကာမူ ဝိသာလသည် အနာထပိဏ်ကို ညီအစ်ကိုအရင်းတမျှ ချစ်ခင်၏၊ အနာထပိဏ် ရောက်လာသည်ကိုပင် အခြားကိစ္စများ မည်မျှပင် အရေးကြီးကြီး၊ ရှိသမျှကိစ္စများကို ကျောခိုင်းကာ အနာထပိဏ်ကိုသာ ခရီးဦးကြိုဆိုနေကျဖြစ်၏၊ အရေးတယူပြုစုနေကျဖြစ်၏၊
သို့ရာတွင် ယခုတစ်ခေါက် ရောက်လာစဉ်မှာတော့ အနာထပိဏ်သူဌေးစိတ်ထဲမှာ စနိုးစနောင့် ဖြစ်လာရ၏၊ ခါတိုင်းအခေါက်များ၌ မိမိကို ပျာပျာသလဲလဲ ခရီးဦးကြိုဆိုနေကျဖြစ်သော ယောက်ဖတော်သည် ဝတ်ကျေ ဝတ်ကုန်မျှပင် ခရီးဦး ကြိုဆိုခြင်း မပြုပေ။ ခါတိုင်းလို အရေးတယူ အလေးမူဖို့ကား ဝေးလေစွ။
"အမောင်တို့၊ နံဖြန်နံနက် စောစောကြီးထကြ။ ယာဂုကျိုကြ။ ထမင်းအိုးရော ဟင်းအိုးရော ပြိုင်တူတည်ကြ။ အမဲသားငါး ဟင်းလျာများ ပြည့်စုံအောင် ဖန်တီးထားကြ"
အိုးကြီးအိုးငယ် ဖိုခနောက်များကြားဝယ် ခေါက်တုံခေါက်ပြန် လမ်းလျှောက်ရင်း မှာ၍ထား၍ မပြီးနိုင်ပါချေ။ ရှေးကနှင့်မတူ တစ်မူထူး၍နေသော ယောက်ဖတော်အား အနာထပိဏ်က ခပ်မဆိတ်ပင် အကဲခတ်၍ နေ၏၊
သို့နှင့် အလုပ်သမားများအား ထောင့်စုံအောင် မှာကြား၍ပြီးပေပြီ။ သမီးယောက်ဖနှစ်ယောက်လည်း တွေ့ဆုံနှုတ်ဆက်၍ ပြီးကြလေပြီ။ ဤတွင် အနာထပိဏ်က စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လိုက်ရသော ကိစ္စကို ဖွင့်ဟ၍ မေးလေတော့သည်။
"အသို့နည်း သူငယ်ချင်း။ ချက်စရာ၊ ပြုတ်စရာတွေများလှပါတကား။ မင်္ဂလာဆောင်များ ရှိလေသလား။ ယဇ်ပူဇော်ပွဲကြီးများ ရှိလေသလား။ သို့မဟုတ်လျှင် ဗိမ္ဗိသာရမင်းကြီးကို စစ်သည်ဗိုလ်ပါများနှင့်တကွ နက်ဖြန်နံနက်စောစော သုံးဆောင်ဖို့ ဖိတ်ကြားထားပါသလား"
ဖြစ်နိုင်စရာရှိသော ကိစ္စများကို တန်းစီ၍ မေးလိုက်၏၊ ဝိသာလက ယောက်ဖတော်ကြီး၏ မေးခွန်းကို ပြုံးပြုံးကြီးနားထောင်ကာ-
"မဟုတ်ပါဘူး သူငယ်ချင်း။ မင်္ဂလာဆောင်စရာလည်း မရှိပါ။ ဗိမ္ဗိသာရမင်းကြီးကိုလည်း ဖိတ်ကြားမထားပါ။ သို့သော်လည်း ပူဇော်ပွဲကြီးတစ်ခုကိုတော့ ကျင်းပဖို့ရှိနေပါသည်။ နက်ဖြန်နံနက် သည်အိမ်မှာ ဆွမ်းဘုဉ်းပေးလာကြဖို့ ဘုရားအမှူးရှိသော သံဃာတော်များကို ပင့်ဖိတ်ထားသည် သူငယ်ချင်း"
"သူငယ်ချင်း၊ ဘုရားဟု ဆိုလိုက်သလား"
"ဆိုလိုက်သည် သူငယ်ချင်း"
"ဘုရား... ဘုရား... ဘုရား"
အနာထပိဏ်၏ နှုတ်ဖျားဝယ် သည်စကားလုံးများက တရွရွသီး၍ နေကြ၏၊
"ဘုရား... ဘုရား... ဘုရား"
ကြားချင်လွန်းလှသော သည်အသံ။ ရွတ်ချင်လွန်းလှသော သည်စကားလုံး။ ယခုတော့ ချိုမြိန်လှသော သည်အသံကို နားဆင်လိုက်ရပြီ။ ချိုမြိန်လှသော သည်စကားလုံးများကို ရွတ်ဆိုလိုက်ရပြီ။ မကြုံစဖူး ထူးကဲလှသော ဆုလာဘ်ကြီးကို ယနေ့ လှလှကြီး ရလေပြီ။ သည်အထဲက မိမိစိတ်ဇောသန်လွန်း၍ နားကြားများ လွဲလေသလောဟု မဝံ့မရဲ ဖြစ်ရပြန်ကာ-
"သူငယ်ချင်း၊ 'ဘုရာ' ဟု ဆိုလိုက်သလား"
တစ်ခါထပ်၍ မေးလိုက်ရသေး၏၊
"ဆိုလိုက်သည် သူငယ်ချင်း၊ လူ့ဘောင်လောကမှာ ဘုရားဟူ၍ ပွင့်ထွန်း၍ လာခဲ့ပြီ။ သည်မြို့အနီးက ဝေဠုဝန်ကျောင်းတော်မှာ နေတော်မူလျက် လူတန်းစားပေါင်းစုံတို့အား တရားရေအေး တိုက်ကျွေးတော်မူနေပြီ"
"ဘုရားဟူသော အသံကို ကြားဖို့ပင် အင်မတန်ခဲယဉ်းလှသည် သူငယ်ချင်း။ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ထိုဘုရားရှင်ထံသို့ ယခုသွား၍ ဖူးနိုင်ပါမည်လော"
"ညအချိန်ရောက်နေပြီ သူငယ်ချင်း၊ နံနက်ဖြန်ကျမှ အတူတူသွားကြပါစို့"
အချိန်မတော်ပြီဆို၍သာ နေလိုက်ရ၏၊ အိပ်ချိန်ရောက်၍သာ အိပ်လိုက်ရ၏၊ သူ့စိတ်ကတော့ အိပ်ယာထဲမှာ မရှိပေ။ နက်ဖြန်ခါ ဘုရားဖူးသွားရမည့် ဝေဠုဝန်ဥယျာဉ်သို့သာ ရောက်၍နေ၏၊ သူ့စိတ်များက စောလွန်းနေသဖြင့် နံနက်လင်းပြီမှတ်၍ သုံးကြိမ်တိုင်တိုင် အိပ်ရာမှ ထခဲ့မိ၏၊ နောက်ဆုံးအကြိမ်မှာကား အနာထပိဏ်သည် အိပ်ရာထဲပြန်မဝင်နိုင်တော့။ အသာအယာ မျက်နှာသစ်ကာ ဝေဠုဝန်ဥယျာဉ်ဆီသို့ ထွက်လာခဲ့၏၊
ဝိုးတဝါးကြယ်ရောင်ဖြင့် တစ်လှမ်းခြင်းလျှောက်လာခဲ့ရာ အနားရောက်ခါမှ သုသာန်ဖြစ်နေမှန်း သိရ၏၊ မသွားအပ် မလာအပ်သော အရပ်သို့ အချိန်မတော်ရောက်လာခဲ့မိ၍ ကြက်သီးဖြန်းဖြန်း ထခဲ့ရ၏၊ သို့သော် ဘုရားတည်းဟူသော အာရုံဖြင့် ကိုယ့်ကိုယ်ကို အားတင်းကာ ဆက်လျှောက်လာခဲ့ရာ ဝေဠုဝန်ဥယျာဉ်အနီးရှိ ယင်းတိုက်တောသို့ ရောက်လာပေသည်။ ထိုအချိန်တွင် အရှေ့လောကဓာတ်မှ ရောင်နီဦးတို့ ယှက်သန်းလာကြပေပြီ။ ထိုရောင်နီဦးတွင် တစ်စုံတစ်ဦးသော ပုဂ္ဂိုလ်သည် စောစောစီးစီးထကာ စင်္ကြံလျှောက်၍ နေပါပြီလေကော။
"ဘုရား...ဘုရား...ဘုရားရှင်များ ဖြစ်နေမလား"
တစ်စတစ်စအားကောင်းလာသော အလင်းရောင်ဖြင့် လူသူမနီး တောကြီးအလယ်က မိမိကိုစောင့်ကြိုနေသော ပုဂ္ဂိုလ်ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်၏၊ တည်ကြည်ခံ့ညားသော ရုပ်သွင်တွင် သိမ်မွေ့သော အမူအရာကို ရှုမြင်ရခြင်းအားဖြင့် မိမိကြားထားရသော စကားနှစ်လုံး၏ ပိုင်ရှင်ဖြစ်မှန်း သိလိုက်ပါပြီ။
"ဘုရား... ဘုရား... ဘုရား"
ရွရွညင်ညင်သာသာ ရွတ်ဆိုလျက် အနာထပိဏ်သည် အသာအယာ ချဉ်းကပ်၍လာ၏၊ ဘုရားရှင်သည် စင်္ကြံလမ်းမှ ဆင်းသက်၍ ခင်းထားသော နေရာမှာ ထိုင်တော်မူလျက်
"လာခဲ့ပေတော့ သုဒတ္တ။ လာခဲ့ပေတော့ သုဒတ္တ "
ရွှေနှုတ်တော်မှ ထုတ်ဖော်ကာ ဖိတ်ခေါ်တော်မူလိုက်၏၊
သုဒတ္တဟူသည်မှာ အနာထပိဏ်၏ ငယ်နာမည်ဖြစ်၏၊ လူလားမြောက်၍ မိမိကိုယ်တိုင် စီးပွားဥစ္စာရှာဖွေကာ ခိုကိုးရာမဲ့သော သူဆင်းရဲတို့အား ထမင်းရိက္ခာများ ပေးတတ်သဖြင့် သုဒတ္တမှတစ်ဆင့် အနာထပိဏ်ဟု ကျော်စောလာရခြင်း ဖြစ်ပေသည်။
မိမိငယ်နာမည်ကို တရင်းတနှီးခေါ်လိုက်သည်ကို ကြားရသည်နှင့် အနာထပိဏ်သည် ဝမ်းသာအားရဖြစ်ကာ ဘုရားရှင်၏ ခြေအစုံတော်ဝယ် ဦးခိုက်ရှိခိုးလေတော့သည်။ အကြိမ်ကြိမ်အခါခါ အားပါးတရာ ဦးခိုက်ရှိခိုးပြီးမှ-
"အရှင်ဘုရား၊ ချမ်းသာစွာ အိပ်ရပါ၏လော"
စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေရသော ကိစ္စတစ်ခုကို ဖွင့်ဟ၍ လျှောက်ထားလိုက်၏၊
မင်းစိုးရာဇာနှင့် သူဌေးသူကြွယ်တို့သည် ခမ်းနားလှသော တိုက်အိမ်ကြီးများတွင် လောကစည်းစိမ်ကို ခံစားလျက် ချမ်းသာစွာ အိပ်စက်နေကြရ၏၊
ယခု သည်အရှင်မြတ်ကြီးမှာကား တိုက်မရှိ၊ အိမ်မရှိ၊ အမိုးအကာ ဗလာနတ္ထိ။ တောအလယ်မှာ တစ်ပါးတည်း စင်္ကြံကြွလျက်သာ ရှိဘိ၏၊ ညချမ်းအခါတုန်းက သည်အရှင်မြတ်သည် ချမ်းချမ်းသာသာ အိပ်မှ အိပ်ခဲ့ရပါ၏လော။
အနာထပိဏ်၏ သံသယမြူမှုန်ကို ဘုရားရှင်က ဓမ္မရေစင်ဖြင့် ဆေးကြော၍ ပေးတော်မူသည်။
"အိမ့်ရှင်သူဌေး၊ အကြင်သူသည်။ ကိလေသာမီး ငြိမ်းပြီးသူဖြစ်၏၊ မကောင်းမှုကို အပပြုပြီးသူဖြစ်၏၊ ကာမဂုဏ်အာရုံတို့၌ မလိမ်းကျံ မကပ်ငြိ။ ငြိမ်းချမ်းခြင်းသို့ ဆိုက်ရောက်သည်ဖြစ်၍ ဥပဓိမရှိတော့ပေ။ ထိုသူသည် အခါခပ်သိမ်း ချမ်းသာစွာ အိပ်ရပေသည်။
"အိမ့်ရှင်သူဌေး၊ အကြင်သူသည်။ ကပ်ငြိတတ်သော တဏှာအလုံးစုံကို ပယ်ဖြတ်၍ စိတ်ပူပန်ခြင်းကို ပယ်ဖျောက်၍ အေးရာငြိမ်းရာ နိဗ္ဗာန်သို့ စိတ်ဖြင့်ရောက်၍ ငြိမ်းချမ်း၏၊ ထိုပုဂ္ဂိုလ်သည် ချမ်းသာစွာ အိပ်ရပေသည်"
အနာထပိဏ်သူဌေးက စကားစပ်လာသည့်အတိုင်း ချမ်းသာစွာ အိပ်ရ၏ ဟုဟောတော်မူခြင်း ဖြစ်၏၊ ဣရိယာပုတ်လေးပါးတွင် အိပ်ခြင်းတစ်ခုကို မှတ်၍ဆိုသော်လည်း သဘောအဓိပ္ပာယ်အားဖြင့် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်းတို့မှာလည်း ချမ်းသာသည်သာ ဖြစ်ပေသည်။
ဤဒေသနာတော်အရ ဣရိယာပုတ်လေးပါးမှာပင် ချမ်းသာစွာနေရ၏ဟု သိရှိရ၏၊ ဤတွင် ချမ်းသာခြင်းဟူသည် အဘယ်နည်းဟု မေးရန် ရှိလာပေသည်။ ချမ်းသာခြင်းဟူသည်မှာ အခြားမဟုတ်ပါချေ။ စိတ်ပူပန်မှု မရှိခြင်းပင် ဖြစ်၏၊ တစ်ဖန် ထိုသို့ စိတ်ပူပန်မှုကင်းခြင်းမှာ အဘယ့်ကြောင့်နည်းဟု မေးစရာ ပေါ်လာပြန်သည်။ ကပ်ငြိတတ်သော တဏှာအလုံးစုံကို ပယ်ဖြတ်ပြီး ဖြစ်သောကြောင့်ဟူ၍ ဒေသနာတော်ကပင် အဖြေပေး၍ ထားပေသည်။ ပထမဒေသနာတော်၏ သဘောအဓိပ္ပာယ်မှာလည်း ထပ်တူထပ်မျှပင် ဖြစ်ပေသည်။
"အေးရာငြိမ်းရာ နိဗ္ဗာန်သို့ စိတ်ဖြင့်ရောက်၍" ဟူသော ပုဒ်ဖြင့် နိရောဓသစ္စာနှင့် မဂ္ဂသစ္စာနှစ်ပါးကို ပြဆိုတော်မူ၏၊ "စိတ်ပူပန်ခြင်းကို ပယ်ဖျောက်၍" ဟူသော ပုဒ်ဖြင့်ဒုက္ခသစ္စာကို"ကပ်ငြိတတ်သော တဏှာအလုံးစုံကို ပယ်ဖြတ်၍" ဟူသော ပုဒ်ဖြင့် သမုဒယသစ္စာကို ပြဆိုတော်မူပေသည်။
သစ္စာလေးပါးဖြင့် တန်ဆာဆင်အပ်သော ဤဒေသနာတော်ဖြင့် အနာထပိဏ်သူဌး၏ အရိယာဘဝသည် ဤနေရာမှပင် စတင်မွေးဖွားလာတော့သည်။ ဒေသနာပေါင်း မြောက်မြားစွာကို ဟောကြားရာဌာန သာစွအမွန် ဇေတဝန်ကျောင်းတော်၏ မူလအစသည်လည်း ဤနေရာမှပင် ဖြစ်ထွန်းလာခဲ့ပါ၏၊
ထိုနေ့ ထိုနေရာ၌ ဘုရားရှင်နှင့် တွေ့ဆုံရပုံသည် ကျွန်ုပ်တို့ ကျောင်းဒယကာအနာထပိဏ်သူဌေး ပြော၍မပြီး၊ ပြောပြီးရင်း ပြောချင်နေသော ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါ၏၊ ဤဇာတ်လမ်းကို ကျွန်ုပ်ကဤသို့ ပြည့်ပြည့်စုံစုံတင်ပြနိုင်ခြင်းမှာ ကျောင်းဒယကာကြီးက မကြာခဏ ပြောပြထား၍ ဖြစ်ပါသည်။
ဇေတဝန်ကျောင်းတော်၏ မူလအစ ဇာတ်လမ်းကို တစ်ဆင့်စကားများဖြင့် မှတ်တမ်းတင်ပြီးနောက် ယခု ကျွန်ုပ်တို့ကိုယ်တွေ့ ဇေတဝန်ကို တင်ပြပါတော့မည်။
ထိုနေ့ နံနက်စောစောက ဘုရားရှင်နှင့်တွေ့ဆုံပြီးနောက် ဝိသာလသူဌေးပင့်ဖိတ်ထားခဲ့သဖြင့် ဘုရားရှင်နှင့် ကျွန်ုပ်အပါအဝင် ရဟန်းပေါင်းများစွာ ဝိသာလ၏နေအိမ်သို့ ဆွမ်းစားသွားကြရ၏၊ ဆွမ်းကိစ္စများအပြီးတွင် အနာထပိဏ်သူဌေးက သူနေထိုင်ရာ သာဝတ္ထိမြို့တော်သို့ ကြွရောက်၍ သံဃာတော်များနှင့်အတူတကွ ဝါဆိုတော်မူပါရန် ပန်ကြားလေရာ ဘုရားရှင်က-
"အိမ့်ရှင်သူဌေး၊ ဘုရားရှင်တို့မည်သည် လူသံ သူသံ ဆိတ်ငြိမ်ရာဌာန၌ မွေ့လျော်ကြကုန်၏"
ကျောင်းဆောက်ရန် သင့်လျော်သော နေရာကို ညွှန်ကြားတော်မူခြင်းဖြင့် လက်ခံတော်မူလိုက်ပေသည်။
ထိုနေ့က ဝန်ခံတော်မူခဲ့သည့်အတိုင်း ယခု ကျွန်ုပ်တို့ ဒေသစာရီ လှည့်ကြရပါပြီ။ ဘုရားရှင့် နောက်တော်ပါးက အစီအရီ လိုက်ပါလာခဲ့ကြရာတွင် တစ်ယူဇနာကွာဝေးသော စခန်းထောက် ရွာတိုင်း ရွာတိုင်း ရွာနှင့်မလိုက်အောင် ဆောက်လုပ်ထားသော ကျောင်းကြီးများကို တွေ့ကြရပေတော့သည်။
ရာဇဂြိုဟ်နှင် သာဝတ္ထိသည် လေးဆယ့်ငါးယူဇနာမျှ ကွာဝေး၏၊ ကျွန်ုပ်တို့လည်း တစ်နေ့လျှင် တစ်ယူဇနာကျ ပုံမှန်လာခဲ့ကြရ၏၊ စခန်းထောက်ရွာများသို့ ဆိုက်ရောက်တိုင်းပင် တစ်ညတာ တည်းခိုစရာ ကျောင်းကြီးများ အရန်သင့်ရှိနေကြသည်သာ ဖြစ်၏၊ ဤသည်ကို ထောက်ခြင်းအားဖြင့် အနာထပိဏ်သူဌေး၏ အရှိန်အဝါကြီးမားပုံ၊ သူ့စကား အရာရောက်ပုံတို့ကို သိနိုင်ကြပေသည်။
(ဝိနည်းစူဠဝဂ်၊ သေနာသနက္ခန္ဓက)
သို့နှင့် ကျွန်ုပ်တို့တစ်တွေ ကောသလတိုင်း၏ မြို့တော်ကြီးသို့ ဆိုက်ရောက်လာကြ၏၊ လူသံ သူသံ ရထားသံ မြင်းသံတို့ဖြင့် ဆူညံ၍နေသော ထိုမြို့ကြီးများတွင် လူသုံးကုန်ပစ္စည်းမှန်က ဘာမဆို ဝယ်၍ ရနိုင်ပေသည်။ ဤသို့သော ဗျူပ္ပတ်ဖြင့် ခမ်းနားသိုက်မြိုက်လှသော ကြိုဆိုပွဲကြီးနှင့် ကြုံရပေသည်။
ကျောင်းဒယကာ သူဌး၏သား ကာလသည် မိမိနည်းတူ အဆင်တန်ဆာ အပြည့်အစုံဆင်ယင်ထားသော လုလင်ပျိုငါးရာတို့နှင့် အတူတကွ အရောင်ငါးမျိုးပါသော တံခွန်များကို ကိုယ်စီကိုယ်င ကိုင်ဆောင်ကာ ရှေ့ဆုံးမှ ချီတက်၏၊ သူတို့နောက်မှာကား သူဌေး၏ သမီးနှစ်ယောက်ဖြစ်သော စူဠသုဘဒ္ဒါနှင့် မဟာသုဘဒ္ဒါ။ သူတို့ကလည်း အပျိုဖော်ငါးရာနှင့်အတူ ရေပြည့်အိုး ကိုယ်စီရွက်လျက် လိုက်ပါကြ၏၊ သူဌေးကတော် ပုညလက္ခဏဒေဝီသည် လက်ဝတ်တန်ဆာအပြည့်အစုံဖြင့် သမီးတို့နောက်က လိုက်ပါလာ၏၊ သူ့နည်းတူဝတ်ဆင်လာကြသော အမျိုးသမီးငါးရာတို့သည် ရတနာရွှေခွက်များကို ကိုင်ဆောင်လာကြပေသည်။ သူတို့နောက်မှာတော့ ကျောင်းဒယကာ သူဌေးကြီးတို့ အလှည့်ဖြစ်၏၊ အသစ်စက်စက် အဝတ်များကို ဝတ်ဆင်လာကြသော အမျိုးသားငါးရာနှင့်အတူ ကြည်လင်ရွှင်ပျသော မျက်နှာဖြင့် ကျောင်းဒါယကာကြီး လိုက်ပါလာပေသည်။
ကျောင်းဒယကာကြီးတို့၏ ပရိသတ်ကို ရှေ့သွားပြုကာ ဘုရားရှင် ကြွချီတော်မူရာတွင် ကျွန်ုပ်တို့ သံဃာတော်များသည် အစီအရီ လိုက်ပါကြရ၏၊
(အပါဒါန်အဋ္ဌကထာ၊ သန္တိကေနိနိဒါန်း)
ကြိုဆိုပွဲကြီး သိုက်မြိုက်စည်ကားသကဲ့သို့ပင် ကျောင်းဝင်းကြီး တစ်ခုလုံးမှာလည်း လက်ညှိုးထိုးမလွဲဟု ဆိုရလောက်အောင် ကျောင်းအဆောက်အအုံများ အစီအရီ ရှိနေကြပါ၏၊ ဘုရားရှင်နှင့် သံဃာတော်များအတွက် ကျောင်းတော်ကြီးများ၊ အုတ်တံတိုင်းကြီးများ၊ တံခါးမုခ်များ၊ စည်းဝေးရာဇရပ်များ၊ မီးတင်းကုတ်များ၊ ပစ္စည်းထားသိုရာ ကပ္ပိယကုဋီများ၊ ကုဋီအိမ်များ၊ စင်္ကြံလမ်းနှင့် စောင်းတန်းများ ရေတွင်းနှင့် ရေတွင်းရုံများ၊ အမိုးအကာနှင့် တကွသော ရေချိုးရုံများ၊ ရေကန်များ၊ မဏ္ဍပ်များ၊ သူ့နေရာနှင့်သူ နေသားတကျ ရှိနေကြပေသည်။
(ဝိနည်းစူဠဝဂ်၊ သေနာသနက္ခန္ဓက)
ဤမျှ များပြားလှသော ကျောင်းအဆောက်အအုံများတွင် ကောသလတိုင်း၏ အရှင် ပေဿနဒီကောသလမ်းကြီး၏ ကျောင်းတစ်ဆောင်ပါပေသည်။ ဇေတဝန်ကျောင်းတိုက်ကြီးအတွင်း၌ ကရေရိကုဋိ၊ ကောသမ္ဗကုဋိ၊ ဂန္ဓကုဋိနှင့် သလဠာဂါရဟူ၍ အဓိကရ ကျောင်းကြီးလေးကျောင်း ရှိရာတွင် သလဠာဂါရမှာ ပေဿနဒီ ကောသလမင်းကြီး၏ ကောင်းမှု ဖြစ်ပေသည်။
(ဒီဃနိကာယ်၊ မဟာပဒါနသုတ် အဋ္ဌကထာ)
ကျောင်းတိုက်အတွင်းမှာ ကောသလမင်းကြီး၏ ကောင်းမှုတစ်ခု ပါဝင်သကဲ့သို့ ကျောင်းအဝင် တံခါးမုခ်ကြီးမှာလည်း ကောင်းမှုရှင်တစ်ဦးကို ကျောင်းဒါယကာကြီးက ခွင့်ပြုထားရ၏၊ သူကား တန်ခိုးဩဇာအရှိန်အဝါကြီးသော ဇေတမင်းသားပင် ဖြစ်၏၊ ဤဥယျာဉ်၏ ပိုင်ရှင်ဟောင်းလည်း ဖြစ်၏၊ ထိုပိုင်ရှင်ဟောင်း၏ အမည်ကို အစွဲပြု၍ သာသနာ့သမိုင်းဝင် ကျောင်းတော်ကြီးကို ဇေတဝန်ဘွဲ့ချီ သမုတ်ကြရခြင်း ဖြစ်ပေသည်။
"လူသံ သူသံဆိတ်ငြိမ်ရာ ဌာနတို့၌ မွေ့လျော်ကုန်၏" ဟု ဘုရားရှင် မိန့်တော်မူချက်အရ သင့်တင့်လျောက်ပတ်သော ကျောင်းရာမြေကို ရှာဖွေရာတွင် အနာထပိဏ်သည် ဤဥယျာဉ်ကို မျက်စိကျမိ၏၊
သာဝတ္ထိမြို့တော်၏ အနောက်တောင်၊ ကုလလေးတော အပြန် ငါးရာအကွာရှိသော ဤဥယျာဉ်သည် မြေဆီ မြေသား ကောင်း၏၊ သစ်ပင်ပန်းမန် မျိုးစုံ၏၊ ရေတွင်းရေကန် ပြည့်စုံ၏ သွားလမ်းလာလမ်း သာယာ၏၊ ရှင်တော်မြတ်ဘုရား နှစ်သက်လောက်သော ကျောင်းရာမြေဖြစ်သည်မို့ အဖိုးအခမည်မျှပင် ကြီးပါစေ၊ အရဝယ်ယူ လှူဒါန်းမည်ဟု ဆုံးဖြတ်လိုက်၏၊
သို့နှင့် ကျောင်းဒါယကာလောင်း သူဌေး အနာထပိဏ်သည် ဇေတမင်းသားထံ ချဉ်းကပ်ခဲ့၏၊ ဥယျာဉ်တော်ကို ကျောင်းရာမြေပြုနိုင်ရေးအတွက် ဝယ်ယူလိုပါကြောင်း စကားကမ်းလှမ်းခဲ့၏၊ ဤတွင် ဇေတမင်းသား၏ ဇာတိမာန်က စကားဆိုလာလေတော့သည်။
သည်မြို့နယ်၊ သည်နိုင်ငံ၌ သူတို့နှစ်ဦးမှာ ထပ်တူထပ်မျှ နာမည်ကျော်ကြားသူများဖြစ်ကြ၏၊ ဇေတမင်းသားက တန်ခိုးအာဏာနှင့် မျိုးရိုးဇာတိ၊ အနာထပိဏ်မှာတော့ ပစ္စည်းဥစ္စာနှင့် မိတ်ဆွေသင်္ဂဟ။
ဤသို့ နာမည်တစ်လုံးနှင့် နေလာကြသူနှစ်ဦးတွင် ရောင်းသူနှင့် ဝယ်သူ မည်သူက ပို၍ နာမည်ကြီးလာလေမည်နည်း။ ဧကန္တ ဝယ်သူက ပို၍ နာမည်ကြီးလာပေမည်။ ရောင်းသူမှာ အသပြာများရလေလေ ဝယ်ရသူ၏ ဂုဏ်သတင်းက ပို၍ ပျံ့လေ။ "ဤရွေ့ဤမျှပေးကာ သူမို့ဝယ်နိုင်ပေသည်" ဟု ချီးကျူးဩဘာပေးကြပေမည်။ ထို့ကြောင့် အရောင်းအဝယ်စကား တစ်ခါတည်းလမ်းစပိတ်စေတော့ဟူသော သဘောဖြင့် "ဤဥယျာဉ်ကို ရွှေဒင်္ဂါးအပြည့်ခင်းပေးသော်မှ မရောင်းနိုင်ပါ" ဟု တစ်ချက်လွှတ် ငြင်းဆိုလိုက်ပေသည်။
တေဇမင်းသား၏ လမ်းပိတ်စကားသည် အနာထပိဏ်သူဌေးအတွက် လမ်းဖွင့်ပေးလိုက်ခြင်းပင် ဖြစ်ပေသည်။
ဤငြင်းဆိုချက်စကားကို ကိုင်စွဲလျက် အနာထပိဏ်သူဌေးသည် တရားရုံးတော်သို့ တက်ခဲ့၏၊ ပိုင်ရှင်မင်းသားက မိမိကို ရောင်းချပြီးခဲ့ပါပြီဟု လျှောက်လဲလိုက်၏၊ ကောသလတိုင်း၏ တည်ဆဲဥပဒေများအရ တစ်စုံတစ်ခုသော အရာဝတ္ထုကို ပိုင်ရှင်က တန်ဖိုးဖြတ်လျှင် အရောင်းအဝယ်မြောက်ပြီး ဖြစ်၏၊ တရားသူကြီးက ဇေတမင်းသားကို စစ်ဆေးရာတွင် ရွှေဒင်္ဂါးအပြည့်ခင်းပေးသော်လည်း မရောင်းပါဆိုခဲ့ကြောင်း ထွက်ဆို၏၊ ဤစကားသည် တန်ဖိုးဖြတ်ရာ ရောက်နေသဖြင့် တရားသူကြီးများက အနာထပိဏ်သူဌေးကို အနိုင်ပေးလိုက်ကြပေသည်။
တရားရုံးမှာ အနိုင်ရပြီးသည်နှင့် အနာထပိဏ်သူဌေးသည် ဘဏ္ဍာတိုက်ထဲမှ ရွှေဒင်္ဂါးများကို လှည်းပေါင်းများစွာဖြင့် ထုတ်စေကာ ဥယျာဉ်တော်အစပ်မှ စ၍ ခင်းစေ၏၊ သစ်ပင်များရှိရာသို့ ရောက်လျှင် ရှိသမျှ သစ်ပင်တိုင်း၏ အခြေမှလုံးပတ်ကို တိုင်းယူကာ ကွင်းပြင်တစ်နေရာမှာ အစားခင်း၍ ပေး၏၊ ရွှေဒင်္ဂါးပြားများကို တစ်ခုနှင့်တစ်ခု ကြားလပ်မရှိအောင် ခင်းပေးရသဖြင့် လှည်းပေါင်းများစွာဖြင့် တိုက်ယူလာသော ရွှေဒင်္ဂါး တစ်ဆယ့်ရှစ်ကုဋေလုံး ကုန်သွား၏၊ တံခါးပေါက်ပတ်ဝန်းကျင်၌ ခင်းစရာကွက်လပ် အနည်းငယ်မျှ ကျန်နေ၏၊ အနာထပိဏ်သူဌေးသည် ထိုကွက်လပ်အတွက် ရွှေဒင်္ဂါးများကို နောက်ထပ် အယူခိုင်းလိုက်၏၊
ဥယျာဉ်ပိုင်ရှင်ဟောင်း ဇေတမင်းသားသည် ရွှေဒင်္ဂါးများ စတင်ခင်းပေးချိန်မှ စ၍ သူဌေး၏ မျက်နှာကို အကဲခတ်နေ၏၊ တစ်ဆယ့်ရှစ်ကုဋေတိတိ များပြားလှသော ရွှေဒင်္ဂါးများကို ခင်းကာ မတန်တဆဝယ်ယူရသော်လည်း သူ၏ မျက်နှာကား တစ်ချက်ကလေးမျှ မညှိုးနွမ်းချေ။ သူပြုလိုသော ကုသိုလ်ထည်ကို စိတ်တိုင်းကျ ပြုခွင့်ရပြီမို့ ပျော်တပြုံးပြုံးဖြစ်လျက်သာ ရှိပေသည်။ သည်တစ်ဆယ့်ရှစ်ကုဋေဖြင့် မလောက်သေး၍ နောက်ထပ်အယူခိုင်းရာ၌လည်း တွန့်တိုသော အရိပ်အယောင် လုံးဝ မပေါ်လာပေ။
"သည်မျှလောက်များပြားလှသော ဥစ္စာများကို ရက်ရက်ရောရော သွန်ချ၍ လှူဒါန်းခြင်းမှာ ဧကန္တ ကြီးကျယ်မြင့်မြတ်သော အကျိုးကျေးဇူးရှိ၍သာ ဖြစ်ပေလိမ့်မည်"
သဒ္ဓါတရား ထက်သန်လှသော ကျောင်းဒါယကာကြီးကို အကဲခတ်ရင်း ဇေတမင်းသားသည် ဤသို့တွေးတောမိကာ
"အိမ့်ရှင်သူဌေး၊ မခင်းပါနှင့်တော့။ သည်နေရာမှာ ရွှေဒင်္ဂါးများ မခင်းပါနှင့်တော့။ ကျွန်ုပ်၏ ကုသိုလ်ကောင်းမှုအဖြစ် သည်နေရာကို ပေးပါတော့"
"ပေးပါသည် အရှင့်သား"
ဤနိုင်ငံတော်တလွှား၌ ဇေတမင်းသားသည် ထင်ရှားကျော်ကြားသူဖြစ်၏၊ သူလိုပုဂ္ဂိုလ်တစ်ယောက် သာသနာတော်ကြီး၌ သက်ဝင်လာလျှင် အကျိုးကျေးဇူးများနိုင်သည်ဟု နှလုံးပိုက်၍ ခွင့်ပြုလိုက်ခြင်း ဖြစ်ပေသည်။
အနာထပိဏ်သူဌေးသည် ကျောင်းတော်ကြီး၏ ဤသို့သော သမိုင်းအကြောင်းများကို ပြန်လည်လျှောက်ထားကာ ဆက်လက်၍
"တပည့်တော်၏ ခွင့်ပြုချက်အရ သူရရှိထားသောနေရာမှာ ဇေတမင်းသားက တံခါးမုခ်တစ်ခု ပြုလုပ်ထားပါသည် ဘုရား။ သို့ဖြစ်၍ ဤကျောင်းတော်ကိုလည်း မင်းသား၏ အမည်ဖြင့် ဇေတဝန် ဟူ၍ပင် ကမ္ပည်းမော်ကွန်း ထိုးလိုက်ပါသည်။ ဤကျောင်းတော်ကြီးကို မည်သို့ လှူရပါမည်နည်း"
"အိမ့်ရှင်သူဌေး၊ ဤဇေတဝန်ကျောင်းတိုက်တာကို သာသနာတော်တွင်းသို့ရောက်ပြီး၊ ရောက်ဆဲ၊ ရောက်လတ္တံ့ဖြစ်သော အရပ်လေးမျက်နှာများမှာ ရှိရှိသမျှ သံဃာအား လှူလေလော့"
"ကောင်းပါပြီ ဘုရား"
ဘုရားရှင် မိန့်တော်မူသည့်အတိုင်း အနာထပိဏ်သူဌေးက ရွှေကရားဖြင့် ရေစက်သွန်း၍ လှူဒါန်းလိုက်ပေသည်။
ဤကျောင်းရေစက်ချပွဲ၌ ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့သော ကျောင်းအနုမောဒနာတရားမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။
"ကျောင်းဟူသည် အချမ်း အပူကို သက်သာစေ၏၊ မြွေနှင့် သားရဲတိရစ္ဆာန်တို့၏ ဘေးရန်ကိုလည်း ပယ်ဖျောက်တတ်၏"
"ကျောင်းဟူသည် သည်းထန်သော မိုးဒဏ်၊ လေဒဏ်၊ အရှိန်ပြင်းလှသော နေပူဒဏ်တို့ကို ကာကွယ်၍ ပေးတတ်၏"
"ကျောင်းဟူသည် သံဃာတော်အရှင်မြတ်တို့၏ ချမ်းသာစွာ သီတင်းသုံးရန်၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားများရန် ဖြစ်၏"
"ကျောင်းအလှူကို အမြတ်ဆုံးဟူ၍ ငါဘုရား ဟောကြားတော်မူ၏၊ ထို့ကြောင့် မိမိ၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည့်အကြောင်းကို မြော်မြင်တတ်သော ပညာရှိသည် မွေ့လျော်ဖွယ်ကောင်းသော ကျောင်းတို့ကို ဆောက်လုပ်ရာ၏၊ ထိုကျောင်း၌ သိရေး၊ မြင်ရေး၊ တရားပေးနိုင်သော ရဟန်းများကို တင်လှူကိုးကွယ်ကြရာ၏"
"တရားတော်အတိုင်း ဖြောင့်မတ်စွာ သီတင်းသုံးတော်မူကြသော ထိုရဟန်းတို့အား ကြည်လင်သော စိတ်စေတနာဖြင့် လေးပါးသော ပစ္စည်းတို့ကို ထောက်ပံ့လှူဒါန်း ကြရာ၏"
"ထိုကျောင်းကနေ ရဟန်းတို့သည် မိမိတို့ ကျောင်းဒါယကာအား ဆင်းရဲဒုက္ခ ဟူသမျှမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ဟောကုန်ရာ၏၊ ကျောင်းဒါယကာသည် မိမိဆရာသမားများထံမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို အသိအမြင် ပေါက်ရောက်သည်ဖြစ်၍ အာသဝတရားတို့၏ ကင်းရာ ကုန်ရာ ချုပ်ငြိမ်းရာသို့ လက်ငင်း လက်တွေ့ ရောက်နိုင်ပေတော့သတည်း"
ကျောင်းလှူရသော အကျိုးတရားအဖြစ်ဖြင့် လက်ငင်းဘဝမှာ ဧကန်ရရှိနိုင်သော အမြတ်ဆုံးချမ်းသာကို ဖော်ညွှန်းတော်မူခဲ့ပုံမှာ အားရစရာ ကောင်းလှပါပေသည်။
(ဝိနည်းစူဠဝဂ်၊ သေနာသနက္ခန္ဓက)
"ဘုရား... ဘုရား... ဘုရား"
ရွရွညင်ညင်သာသာ ရွတ်ဆိုလျက် အနာထပိဏ်သည် အသာအယာ ချဉ်းကပ်၍လာ၏၊ ဘုရားရှင်သည် စင်္ကြံလမ်းမှ ဆင်းသက်၍ ခင်းထားသော နေရာမှာ ထိုင်တော်မူလျက်
"လာခဲ့ပေတော့ သုဒတ္တ။ လာခဲ့ပေတော့ သုဒတ္တ "
ရွှေနှုတ်တော်မှ ထုတ်ဖော်ကာ ဖိတ်ခေါ်တော်မူလိုက်၏၊
သုဒတ္တဟူသည်မှာ အနာထပိဏ်၏ ငယ်နာမည်ဖြစ်၏၊ လူလားမြောက်၍ မိမိကိုယ်တိုင် စီးပွားဥစ္စာရှာဖွေကာ ခိုကိုးရာမဲ့သော သူဆင်းရဲတို့အား ထမင်းရိက္ခာများ ပေးတတ်သဖြင့် သုဒတ္တမှတစ်ဆင့် အနာထပိဏ်ဟု ကျော်စောလာရခြင်း ဖြစ်ပေသည်။
မိမိငယ်နာမည်ကို တရင်းတနှီးခေါ်လိုက်သည်ကို ကြားရသည်နှင့် အနာထပိဏ်သည် ဝမ်းသာအားရဖြစ်ကာ ဘုရားရှင်၏ ခြေအစုံတော်ဝယ် ဦးခိုက်ရှိခိုးလေတော့သည်။ အကြိမ်ကြိမ်အခါခါ အားပါးတရာ ဦးခိုက်ရှိခိုးပြီးမှ-
"အရှင်ဘုရား၊ ချမ်းသာစွာ အိပ်ရပါ၏လော"
စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေရသော ကိစ္စတစ်ခုကို ဖွင့်ဟ၍ လျှောက်ထားလိုက်၏၊
မင်းစိုးရာဇာနှင့် သူဌေးသူကြွယ်တို့သည် ခမ်းနားလှသော တိုက်အိမ်ကြီးများတွင် လောကစည်းစိမ်ကို ခံစားလျက် ချမ်းသာစွာ အိပ်စက်နေကြရ၏၊
ယခု သည်အရှင်မြတ်ကြီးမှာကား တိုက်မရှိ၊ အိမ်မရှိ၊ အမိုးအကာ ဗလာနတ္ထိ။ တောအလယ်မှာ တစ်ပါးတည်း စင်္ကြံကြွလျက်သာ ရှိဘိ၏၊ ညချမ်းအခါတုန်းက သည်အရှင်မြတ်သည် ချမ်းချမ်းသာသာ အိပ်မှ အိပ်ခဲ့ရပါ၏လော။
အနာထပိဏ်၏ သံသယမြူမှုန်ကို ဘုရားရှင်က ဓမ္မရေစင်ဖြင့် ဆေးကြော၍ ပေးတော်မူသည်။
"အိမ့်ရှင်သူဌေး၊ အကြင်သူသည်။ ကိလေသာမီး ငြိမ်းပြီးသူဖြစ်၏၊ မကောင်းမှုကို အပပြုပြီးသူဖြစ်၏၊ ကာမဂုဏ်အာရုံတို့၌ မလိမ်းကျံ မကပ်ငြိ။ ငြိမ်းချမ်းခြင်းသို့ ဆိုက်ရောက်သည်ဖြစ်၍ ဥပဓိမရှိတော့ပေ။ ထိုသူသည် အခါခပ်သိမ်း ချမ်းသာစွာ အိပ်ရပေသည်။
"အိမ့်ရှင်သူဌေး၊ အကြင်သူသည်။ ကပ်ငြိတတ်သော တဏှာအလုံးစုံကို ပယ်ဖြတ်၍ စိတ်ပူပန်ခြင်းကို ပယ်ဖျောက်၍ အေးရာငြိမ်းရာ နိဗ္ဗာန်သို့ စိတ်ဖြင့်ရောက်၍ ငြိမ်းချမ်း၏၊ ထိုပုဂ္ဂိုလ်သည် ချမ်းသာစွာ အိပ်ရပေသည်"
အနာထပိဏ်သူဌေးက စကားစပ်လာသည့်အတိုင်း ချမ်းသာစွာ အိပ်ရ၏ ဟုဟောတော်မူခြင်း ဖြစ်၏၊ ဣရိယာပုတ်လေးပါးတွင် အိပ်ခြင်းတစ်ခုကို မှတ်၍ဆိုသော်လည်း သဘောအဓိပ္ပာယ်အားဖြင့် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်းတို့မှာလည်း ချမ်းသာသည်သာ ဖြစ်ပေသည်။
ဤဒေသနာတော်အရ ဣရိယာပုတ်လေးပါးမှာပင် ချမ်းသာစွာနေရ၏ဟု သိရှိရ၏၊ ဤတွင် ချမ်းသာခြင်းဟူသည် အဘယ်နည်းဟု မေးရန် ရှိလာပေသည်။ ချမ်းသာခြင်းဟူသည်မှာ အခြားမဟုတ်ပါချေ။ စိတ်ပူပန်မှု မရှိခြင်းပင် ဖြစ်၏၊ တစ်ဖန် ထိုသို့ စိတ်ပူပန်မှုကင်းခြင်းမှာ အဘယ့်ကြောင့်နည်းဟု မေးစရာ ပေါ်လာပြန်သည်။ ကပ်ငြိတတ်သော တဏှာအလုံးစုံကို ပယ်ဖြတ်ပြီး ဖြစ်သောကြောင့်ဟူ၍ ဒေသနာတော်ကပင် အဖြေပေး၍ ထားပေသည်။ ပထမဒေသနာတော်၏ သဘောအဓိပ္ပာယ်မှာလည်း ထပ်တူထပ်မျှပင် ဖြစ်ပေသည်။
"အေးရာငြိမ်းရာ နိဗ္ဗာန်သို့ စိတ်ဖြင့်ရောက်၍" ဟူသော ပုဒ်ဖြင့် နိရောဓသစ္စာနှင့် မဂ္ဂသစ္စာနှစ်ပါးကို ပြဆိုတော်မူ၏၊ "စိတ်ပူပန်ခြင်းကို ပယ်ဖျောက်၍" ဟူသော ပုဒ်ဖြင့်ဒုက္ခသစ္စာကို"ကပ်ငြိတတ်သော တဏှာအလုံးစုံကို ပယ်ဖြတ်၍" ဟူသော ပုဒ်ဖြင့် သမုဒယသစ္စာကို ပြဆိုတော်မူပေသည်။
သစ္စာလေးပါးဖြင့် တန်ဆာဆင်အပ်သော ဤဒေသနာတော်ဖြင့် အနာထပိဏ်သူဌး၏ အရိယာဘဝသည် ဤနေရာမှပင် စတင်မွေးဖွားလာတော့သည်။ ဒေသနာပေါင်း မြောက်မြားစွာကို ဟောကြားရာဌာန သာစွအမွန် ဇေတဝန်ကျောင်းတော်၏ မူလအစသည်လည်း ဤနေရာမှပင် ဖြစ်ထွန်းလာခဲ့ပါ၏၊
ထိုနေ့ ထိုနေရာ၌ ဘုရားရှင်နှင့် တွေ့ဆုံရပုံသည် ကျွန်ုပ်တို့ ကျောင်းဒယကာအနာထပိဏ်သူဌေး ပြော၍မပြီး၊ ပြောပြီးရင်း ပြောချင်နေသော ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါ၏၊ ဤဇာတ်လမ်းကို ကျွန်ုပ်ကဤသို့ ပြည့်ပြည့်စုံစုံတင်ပြနိုင်ခြင်းမှာ ကျောင်းဒယကာကြီးက မကြာခဏ ပြောပြထား၍ ဖြစ်ပါသည်။
ဇေတဝန်ကျောင်းတော်၏ မူလအစ ဇာတ်လမ်းကို တစ်ဆင့်စကားများဖြင့် မှတ်တမ်းတင်ပြီးနောက် ယခု ကျွန်ုပ်တို့ကိုယ်တွေ့ ဇေတဝန်ကို တင်ပြပါတော့မည်။
ထိုနေ့ နံနက်စောစောက ဘုရားရှင်နှင့်တွေ့ဆုံပြီးနောက် ဝိသာလသူဌေးပင့်ဖိတ်ထားခဲ့သဖြင့် ဘုရားရှင်နှင့် ကျွန်ုပ်အပါအဝင် ရဟန်းပေါင်းများစွာ ဝိသာလ၏နေအိမ်သို့ ဆွမ်းစားသွားကြရ၏၊ ဆွမ်းကိစ္စများအပြီးတွင် အနာထပိဏ်သူဌေးက သူနေထိုင်ရာ သာဝတ္ထိမြို့တော်သို့ ကြွရောက်၍ သံဃာတော်များနှင့်အတူတကွ ဝါဆိုတော်မူပါရန် ပန်ကြားလေရာ ဘုရားရှင်က-
"အိမ့်ရှင်သူဌေး၊ ဘုရားရှင်တို့မည်သည် လူသံ သူသံ ဆိတ်ငြိမ်ရာဌာန၌ မွေ့လျော်ကြကုန်၏"
ကျောင်းဆောက်ရန် သင့်လျော်သော နေရာကို ညွှန်ကြားတော်မူခြင်းဖြင့် လက်ခံတော်မူလိုက်ပေသည်။
ထိုနေ့က ဝန်ခံတော်မူခဲ့သည့်အတိုင်း ယခု ကျွန်ုပ်တို့ ဒေသစာရီ လှည့်ကြရပါပြီ။ ဘုရားရှင့် နောက်တော်ပါးက အစီအရီ လိုက်ပါလာခဲ့ကြရာတွင် တစ်ယူဇနာကွာဝေးသော စခန်းထောက် ရွာတိုင်း ရွာတိုင်း ရွာနှင့်မလိုက်အောင် ဆောက်လုပ်ထားသော ကျောင်းကြီးများကို တွေ့ကြရပေတော့သည်။
ရာဇဂြိုဟ်နှင် သာဝတ္ထိသည် လေးဆယ့်ငါးယူဇနာမျှ ကွာဝေး၏၊ ကျွန်ုပ်တို့လည်း တစ်နေ့လျှင် တစ်ယူဇနာကျ ပုံမှန်လာခဲ့ကြရ၏၊ စခန်းထောက်ရွာများသို့ ဆိုက်ရောက်တိုင်းပင် တစ်ညတာ တည်းခိုစရာ ကျောင်းကြီးများ အရန်သင့်ရှိနေကြသည်သာ ဖြစ်၏၊ ဤသည်ကို ထောက်ခြင်းအားဖြင့် အနာထပိဏ်သူဌေး၏ အရှိန်အဝါကြီးမားပုံ၊ သူ့စကား အရာရောက်ပုံတို့ကို သိနိုင်ကြပေသည်။
(ဝိနည်းစူဠဝဂ်၊ သေနာသနက္ခန္ဓက)
သို့နှင့် ကျွန်ုပ်တို့တစ်တွေ ကောသလတိုင်း၏ မြို့တော်ကြီးသို့ ဆိုက်ရောက်လာကြ၏၊ လူသံ သူသံ ရထားသံ မြင်းသံတို့ဖြင့် ဆူညံ၍နေသော ထိုမြို့ကြီးများတွင် လူသုံးကုန်ပစ္စည်းမှန်က ဘာမဆို ဝယ်၍ ရနိုင်ပေသည်။ ဤသို့သော ဗျူပ္ပတ်ဖြင့် ခမ်းနားသိုက်မြိုက်လှသော ကြိုဆိုပွဲကြီးနှင့် ကြုံရပေသည်။
ကျောင်းဒယကာ သူဌး၏သား ကာလသည် မိမိနည်းတူ အဆင်တန်ဆာ အပြည့်အစုံဆင်ယင်ထားသော လုလင်ပျိုငါးရာတို့နှင့် အတူတကွ အရောင်ငါးမျိုးပါသော တံခွန်များကို ကိုယ်စီကိုယ်င ကိုင်ဆောင်ကာ ရှေ့ဆုံးမှ ချီတက်၏၊ သူတို့နောက်မှာကား သူဌေး၏ သမီးနှစ်ယောက်ဖြစ်သော စူဠသုဘဒ္ဒါနှင့် မဟာသုဘဒ္ဒါ။ သူတို့ကလည်း အပျိုဖော်ငါးရာနှင့်အတူ ရေပြည့်အိုး ကိုယ်စီရွက်လျက် လိုက်ပါကြ၏၊ သူဌေးကတော် ပုညလက္ခဏဒေဝီသည် လက်ဝတ်တန်ဆာအပြည့်အစုံဖြင့် သမီးတို့နောက်က လိုက်ပါလာ၏၊ သူ့နည်းတူဝတ်ဆင်လာကြသော အမျိုးသမီးငါးရာတို့သည် ရတနာရွှေခွက်များကို ကိုင်ဆောင်လာကြပေသည်။ သူတို့နောက်မှာတော့ ကျောင်းဒယကာ သူဌေးကြီးတို့ အလှည့်ဖြစ်၏၊ အသစ်စက်စက် အဝတ်များကို ဝတ်ဆင်လာကြသော အမျိုးသားငါးရာနှင့်အတူ ကြည်လင်ရွှင်ပျသော မျက်နှာဖြင့် ကျောင်းဒါယကာကြီး လိုက်ပါလာပေသည်။
ကျောင်းဒယကာကြီးတို့၏ ပရိသတ်ကို ရှေ့သွားပြုကာ ဘုရားရှင် ကြွချီတော်မူရာတွင် ကျွန်ုပ်တို့ သံဃာတော်များသည် အစီအရီ လိုက်ပါကြရ၏၊
(အပါဒါန်အဋ္ဌကထာ၊ သန္တိကေနိနိဒါန်း)
ကြိုဆိုပွဲကြီး သိုက်မြိုက်စည်ကားသကဲ့သို့ပင် ကျောင်းဝင်းကြီး တစ်ခုလုံးမှာလည်း လက်ညှိုးထိုးမလွဲဟု ဆိုရလောက်အောင် ကျောင်းအဆောက်အအုံများ အစီအရီ ရှိနေကြပါ၏၊ ဘုရားရှင်နှင့် သံဃာတော်များအတွက် ကျောင်းတော်ကြီးများ၊ အုတ်တံတိုင်းကြီးများ၊ တံခါးမုခ်များ၊ စည်းဝေးရာဇရပ်များ၊ မီးတင်းကုတ်များ၊ ပစ္စည်းထားသိုရာ ကပ္ပိယကုဋီများ၊ ကုဋီအိမ်များ၊ စင်္ကြံလမ်းနှင့် စောင်းတန်းများ ရေတွင်းနှင့် ရေတွင်းရုံများ၊ အမိုးအကာနှင့် တကွသော ရေချိုးရုံများ၊ ရေကန်များ၊ မဏ္ဍပ်များ၊ သူ့နေရာနှင့်သူ နေသားတကျ ရှိနေကြပေသည်။
(ဝိနည်းစူဠဝဂ်၊ သေနာသနက္ခန္ဓက)
ဤမျှ များပြားလှသော ကျောင်းအဆောက်အအုံများတွင် ကောသလတိုင်း၏ အရှင် ပေဿနဒီကောသလမ်းကြီး၏ ကျောင်းတစ်ဆောင်ပါပေသည်။ ဇေတဝန်ကျောင်းတိုက်ကြီးအတွင်း၌ ကရေရိကုဋိ၊ ကောသမ္ဗကုဋိ၊ ဂန္ဓကုဋိနှင့် သလဠာဂါရဟူ၍ အဓိကရ ကျောင်းကြီးလေးကျောင်း ရှိရာတွင် သလဠာဂါရမှာ ပေဿနဒီ ကောသလမင်းကြီး၏ ကောင်းမှု ဖြစ်ပေသည်။
(ဒီဃနိကာယ်၊ မဟာပဒါနသုတ် အဋ္ဌကထာ)
ကျောင်းတိုက်အတွင်းမှာ ကောသလမင်းကြီး၏ ကောင်းမှုတစ်ခု ပါဝင်သကဲ့သို့ ကျောင်းအဝင် တံခါးမုခ်ကြီးမှာလည်း ကောင်းမှုရှင်တစ်ဦးကို ကျောင်းဒါယကာကြီးက ခွင့်ပြုထားရ၏၊ သူကား တန်ခိုးဩဇာအရှိန်အဝါကြီးသော ဇေတမင်းသားပင် ဖြစ်၏၊ ဤဥယျာဉ်၏ ပိုင်ရှင်ဟောင်းလည်း ဖြစ်၏၊ ထိုပိုင်ရှင်ဟောင်း၏ အမည်ကို အစွဲပြု၍ သာသနာ့သမိုင်းဝင် ကျောင်းတော်ကြီးကို ဇေတဝန်ဘွဲ့ချီ သမုတ်ကြရခြင်း ဖြစ်ပေသည်။
"လူသံ သူသံဆိတ်ငြိမ်ရာ ဌာနတို့၌ မွေ့လျော်ကုန်၏" ဟု ဘုရားရှင် မိန့်တော်မူချက်အရ သင့်တင့်လျောက်ပတ်သော ကျောင်းရာမြေကို ရှာဖွေရာတွင် အနာထပိဏ်သည် ဤဥယျာဉ်ကို မျက်စိကျမိ၏၊
သာဝတ္ထိမြို့တော်၏ အနောက်တောင်၊ ကုလလေးတော အပြန် ငါးရာအကွာရှိသော ဤဥယျာဉ်သည် မြေဆီ မြေသား ကောင်း၏၊ သစ်ပင်ပန်းမန် မျိုးစုံ၏၊ ရေတွင်းရေကန် ပြည့်စုံ၏ သွားလမ်းလာလမ်း သာယာ၏၊ ရှင်တော်မြတ်ဘုရား နှစ်သက်လောက်သော ကျောင်းရာမြေဖြစ်သည်မို့ အဖိုးအခမည်မျှပင် ကြီးပါစေ၊ အရဝယ်ယူ လှူဒါန်းမည်ဟု ဆုံးဖြတ်လိုက်၏၊
သို့နှင့် ကျောင်းဒါယကာလောင်း သူဌေး အနာထပိဏ်သည် ဇေတမင်းသားထံ ချဉ်းကပ်ခဲ့၏၊ ဥယျာဉ်တော်ကို ကျောင်းရာမြေပြုနိုင်ရေးအတွက် ဝယ်ယူလိုပါကြောင်း စကားကမ်းလှမ်းခဲ့၏၊ ဤတွင် ဇေတမင်းသား၏ ဇာတိမာန်က စကားဆိုလာလေတော့သည်။
သည်မြို့နယ်၊ သည်နိုင်ငံ၌ သူတို့နှစ်ဦးမှာ ထပ်တူထပ်မျှ နာမည်ကျော်ကြားသူများဖြစ်ကြ၏၊ ဇေတမင်းသားက တန်ခိုးအာဏာနှင့် မျိုးရိုးဇာတိ၊ အနာထပိဏ်မှာတော့ ပစ္စည်းဥစ္စာနှင့် မိတ်ဆွေသင်္ဂဟ။
ဤသို့ နာမည်တစ်လုံးနှင့် နေလာကြသူနှစ်ဦးတွင် ရောင်းသူနှင့် ဝယ်သူ မည်သူက ပို၍ နာမည်ကြီးလာလေမည်နည်း။ ဧကန္တ ဝယ်သူက ပို၍ နာမည်ကြီးလာပေမည်။ ရောင်းသူမှာ အသပြာများရလေလေ ဝယ်ရသူ၏ ဂုဏ်သတင်းက ပို၍ ပျံ့လေ။ "ဤရွေ့ဤမျှပေးကာ သူမို့ဝယ်နိုင်ပေသည်" ဟု ချီးကျူးဩဘာပေးကြပေမည်။ ထို့ကြောင့် အရောင်းအဝယ်စကား တစ်ခါတည်းလမ်းစပိတ်စေတော့ဟူသော သဘောဖြင့် "ဤဥယျာဉ်ကို ရွှေဒင်္ဂါးအပြည့်ခင်းပေးသော်မှ မရောင်းနိုင်ပါ" ဟု တစ်ချက်လွှတ် ငြင်းဆိုလိုက်ပေသည်။
တေဇမင်းသား၏ လမ်းပိတ်စကားသည် အနာထပိဏ်သူဌေးအတွက် လမ်းဖွင့်ပေးလိုက်ခြင်းပင် ဖြစ်ပေသည်။
ဤငြင်းဆိုချက်စကားကို ကိုင်စွဲလျက် အနာထပိဏ်သူဌေးသည် တရားရုံးတော်သို့ တက်ခဲ့၏၊ ပိုင်ရှင်မင်းသားက မိမိကို ရောင်းချပြီးခဲ့ပါပြီဟု လျှောက်လဲလိုက်၏၊ ကောသလတိုင်း၏ တည်ဆဲဥပဒေများအရ တစ်စုံတစ်ခုသော အရာဝတ္ထုကို ပိုင်ရှင်က တန်ဖိုးဖြတ်လျှင် အရောင်းအဝယ်မြောက်ပြီး ဖြစ်၏၊ တရားသူကြီးက ဇေတမင်းသားကို စစ်ဆေးရာတွင် ရွှေဒင်္ဂါးအပြည့်ခင်းပေးသော်လည်း မရောင်းပါဆိုခဲ့ကြောင်း ထွက်ဆို၏၊ ဤစကားသည် တန်ဖိုးဖြတ်ရာ ရောက်နေသဖြင့် တရားသူကြီးများက အနာထပိဏ်သူဌေးကို အနိုင်ပေးလိုက်ကြပေသည်။
တရားရုံးမှာ အနိုင်ရပြီးသည်နှင့် အနာထပိဏ်သူဌေးသည် ဘဏ္ဍာတိုက်ထဲမှ ရွှေဒင်္ဂါးများကို လှည်းပေါင်းများစွာဖြင့် ထုတ်စေကာ ဥယျာဉ်တော်အစပ်မှ စ၍ ခင်းစေ၏၊ သစ်ပင်များရှိရာသို့ ရောက်လျှင် ရှိသမျှ သစ်ပင်တိုင်း၏ အခြေမှလုံးပတ်ကို တိုင်းယူကာ ကွင်းပြင်တစ်နေရာမှာ အစားခင်း၍ ပေး၏၊ ရွှေဒင်္ဂါးပြားများကို တစ်ခုနှင့်တစ်ခု ကြားလပ်မရှိအောင် ခင်းပေးရသဖြင့် လှည်းပေါင်းများစွာဖြင့် တိုက်ယူလာသော ရွှေဒင်္ဂါး တစ်ဆယ့်ရှစ်ကုဋေလုံး ကုန်သွား၏၊ တံခါးပေါက်ပတ်ဝန်းကျင်၌ ခင်းစရာကွက်လပ် အနည်းငယ်မျှ ကျန်နေ၏၊ အနာထပိဏ်သူဌေးသည် ထိုကွက်လပ်အတွက် ရွှေဒင်္ဂါးများကို နောက်ထပ် အယူခိုင်းလိုက်၏၊
ဥယျာဉ်ပိုင်ရှင်ဟောင်း ဇေတမင်းသားသည် ရွှေဒင်္ဂါးများ စတင်ခင်းပေးချိန်မှ စ၍ သူဌေး၏ မျက်နှာကို အကဲခတ်နေ၏၊ တစ်ဆယ့်ရှစ်ကုဋေတိတိ များပြားလှသော ရွှေဒင်္ဂါးများကို ခင်းကာ မတန်တဆဝယ်ယူရသော်လည်း သူ၏ မျက်နှာကား တစ်ချက်ကလေးမျှ မညှိုးနွမ်းချေ။ သူပြုလိုသော ကုသိုလ်ထည်ကို စိတ်တိုင်းကျ ပြုခွင့်ရပြီမို့ ပျော်တပြုံးပြုံးဖြစ်လျက်သာ ရှိပေသည်။ သည်တစ်ဆယ့်ရှစ်ကုဋေဖြင့် မလောက်သေး၍ နောက်ထပ်အယူခိုင်းရာ၌လည်း တွန့်တိုသော အရိပ်အယောင် လုံးဝ မပေါ်လာပေ။
"သည်မျှလောက်များပြားလှသော ဥစ္စာများကို ရက်ရက်ရောရော သွန်ချ၍ လှူဒါန်းခြင်းမှာ ဧကန္တ ကြီးကျယ်မြင့်မြတ်သော အကျိုးကျေးဇူးရှိ၍သာ ဖြစ်ပေလိမ့်မည်"
သဒ္ဓါတရား ထက်သန်လှသော ကျောင်းဒါယကာကြီးကို အကဲခတ်ရင်း ဇေတမင်းသားသည် ဤသို့တွေးတောမိကာ
"အိမ့်ရှင်သူဌေး၊ မခင်းပါနှင့်တော့။ သည်နေရာမှာ ရွှေဒင်္ဂါးများ မခင်းပါနှင့်တော့။ ကျွန်ုပ်၏ ကုသိုလ်ကောင်းမှုအဖြစ် သည်နေရာကို ပေးပါတော့"
"ပေးပါသည် အရှင့်သား"
ဤနိုင်ငံတော်တလွှား၌ ဇေတမင်းသားသည် ထင်ရှားကျော်ကြားသူဖြစ်၏၊ သူလိုပုဂ္ဂိုလ်တစ်ယောက် သာသနာတော်ကြီး၌ သက်ဝင်လာလျှင် အကျိုးကျေးဇူးများနိုင်သည်ဟု နှလုံးပိုက်၍ ခွင့်ပြုလိုက်ခြင်း ဖြစ်ပေသည်။
အနာထပိဏ်သူဌေးသည် ကျောင်းတော်ကြီး၏ ဤသို့သော သမိုင်းအကြောင်းများကို ပြန်လည်လျှောက်ထားကာ ဆက်လက်၍
"တပည့်တော်၏ ခွင့်ပြုချက်အရ သူရရှိထားသောနေရာမှာ ဇေတမင်းသားက တံခါးမုခ်တစ်ခု ပြုလုပ်ထားပါသည် ဘုရား။ သို့ဖြစ်၍ ဤကျောင်းတော်ကိုလည်း မင်းသား၏ အမည်ဖြင့် ဇေတဝန် ဟူ၍ပင် ကမ္ပည်းမော်ကွန်း ထိုးလိုက်ပါသည်။ ဤကျောင်းတော်ကြီးကို မည်သို့ လှူရပါမည်နည်း"
"အိမ့်ရှင်သူဌေး၊ ဤဇေတဝန်ကျောင်းတိုက်တာကို သာသနာတော်တွင်းသို့ရောက်ပြီး၊ ရောက်ဆဲ၊ ရောက်လတ္တံ့ဖြစ်သော အရပ်လေးမျက်နှာများမှာ ရှိရှိသမျှ သံဃာအား လှူလေလော့"
"ကောင်းပါပြီ ဘုရား"
ဘုရားရှင် မိန့်တော်မူသည့်အတိုင်း အနာထပိဏ်သူဌေးက ရွှေကရားဖြင့် ရေစက်သွန်း၍ လှူဒါန်းလိုက်ပေသည်။
ဤကျောင်းရေစက်ချပွဲ၌ ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့သော ကျောင်းအနုမောဒနာတရားမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။
"ကျောင်းဟူသည် အချမ်း အပူကို သက်သာစေ၏၊ မြွေနှင့် သားရဲတိရစ္ဆာန်တို့၏ ဘေးရန်ကိုလည်း ပယ်ဖျောက်တတ်၏"
"ကျောင်းဟူသည် သည်းထန်သော မိုးဒဏ်၊ လေဒဏ်၊ အရှိန်ပြင်းလှသော နေပူဒဏ်တို့ကို ကာကွယ်၍ ပေးတတ်၏"
"ကျောင်းဟူသည် သံဃာတော်အရှင်မြတ်တို့၏ ချမ်းသာစွာ သီတင်းသုံးရန်၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားများရန် ဖြစ်၏"
"ကျောင်းအလှူကို အမြတ်ဆုံးဟူ၍ ငါဘုရား ဟောကြားတော်မူ၏၊ ထို့ကြောင့် မိမိ၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည့်အကြောင်းကို မြော်မြင်တတ်သော ပညာရှိသည် မွေ့လျော်ဖွယ်ကောင်းသော ကျောင်းတို့ကို ဆောက်လုပ်ရာ၏၊ ထိုကျောင်း၌ သိရေး၊ မြင်ရေး၊ တရားပေးနိုင်သော ရဟန်းများကို တင်လှူကိုးကွယ်ကြရာ၏"
"တရားတော်အတိုင်း ဖြောင့်မတ်စွာ သီတင်းသုံးတော်မူကြသော ထိုရဟန်းတို့အား ကြည်လင်သော စိတ်စေတနာဖြင့် လေးပါးသော ပစ္စည်းတို့ကို ထောက်ပံ့လှူဒါန်း ကြရာ၏"
"ထိုကျောင်းကနေ ရဟန်းတို့သည် မိမိတို့ ကျောင်းဒါယကာအား ဆင်းရဲဒုက္ခ ဟူသမျှမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို ဟောကုန်ရာ၏၊ ကျောင်းဒါယကာသည် မိမိဆရာသမားများထံမှ လွတ်ရာလွတ်ကြောင်း တရားကောင်းကို အသိအမြင် ပေါက်ရောက်သည်ဖြစ်၍ အာသဝတရားတို့၏ ကင်းရာ ကုန်ရာ ချုပ်ငြိမ်းရာသို့ လက်ငင်း လက်တွေ့ ရောက်နိုင်ပေတော့သတည်း"
ကျောင်းလှူရသော အကျိုးတရားအဖြစ်ဖြင့် လက်ငင်းဘဝမှာ ဧကန်ရရှိနိုင်သော အမြတ်ဆုံးချမ်းသာကို ဖော်ညွှန်းတော်မူခဲ့ပုံမှာ အားရစရာ ကောင်းလှပါပေသည်။
(ဝိနည်းစူဠဝဂ်၊ သေနာသနက္ခန္ဓက)
ကျွန်ုပ်တို့စိတ်နှလုံးကို ပွားများစေတတ်သော သီတင်းသုံးဖော် အရှင်မြတ်များက ကျွန်ုပ်ကို "ပိဋကတ်သုံးပုံဆောင်" ဟူသော ဂုဏ်ထူး ဘွဲ့ထူးဖြင့် ချီးမြှောက်ခဲ့ကြပါသည်။ "တရားဘဏ္ဍာတိုက်စိုး" ဟူ၍လည်း တစ်နည်းတစ်ဖုံ ဂုဏ်တင်၍ ပေးကြပါသေးသည်။
တစ်သက်တာပတ်လုံး လေ့လာဆည်းပူးလာခဲ့သော စာပေ ပရိယတ်များအတွက် ထိုကဲ့သို့သော ဘွဲ့ထူး ဂုဏ်ထူးများကို ထိုက်တန်စွာ ရခဲ့သည် မှန်ပါ၏၊ သို့ရာတွင် ဤသို့ ရခဲ့ခြင်းမှာ ကျွန်ုပ်၏ စွမ်းအားသတ္တိ တစ်ခုတည်းကြောင့် မဟုတ်ပါ။ ဘုရားရှင်နှင့်တကွ တရားစစ်ဗိုလ်ချုပ်ကြီး ဖြစ်ပေသော အရှင်မဟာသာရိပုတ္တရာတို့၏ ကျေးဇူးများကို ထိပ်ဆုံးက ဖော်ပြရပါလိမ့်မည်။
အနယ်နယ်အရပ်ရပ်၌ ပုဂ္ဂိုလ်အမျိုးမျိုးတို့အား ဟောကြားတော်မူခဲ့သော တရားတော်များကို ဘုရားရှင်က ကျွန်ုပ်ကို စိတ်ရှည်လက်ရှည် ပြန်လည်၍ ဟောပြတော်မူခဲ့၏၊ ဘုရားဟောဒေသနာတော်တို့၏ ခက်ရာခဲဆစ်မျာိးကု အရှင်မဟာသာရိပုတ္တရာက ရှင်းလင်းဖွင့်ဆို၍ ပေးခဲ့၏၊ ထိုအရှင်မြတ်ကြီးထံမှပင် အသစ်အသစ်သော တရားဒေသနာများကို ကြားနာခွင့် ရပြန်ပါသေးသည်။ ဉာဏ်ပညာအရာတွင် အလယ်အလတ်တန်းမျှသာရှိခဲ့သော ကျွန်ုပ်လို ပုဂ္ဂိုလ်မျိုးအဖို့ ဤကဲ့သို့သော အမှီကောင်းကြီးများသာ မရခဲ့ပါလျှင် သာသနာတော်၏ ထိပ်ဆုံးတန်းက ဘွဲ့ထူး ဂုဏ်ထူးကြီးများကို ဆွတ်ခူးနိုင်မည် မဟုတ်ပါချေ။
(အာနန္ဒထေရဂါထာ)
ရှေးနားကတင်ပြခဲ့သော အဂ္ဂသာဝကနှစ်ပါးတို့ ရောက်လာပုံအခန်းမှာ ထိုအရှင်မြတ်ကြီးထံ၌ ကြားနာမှတ်သားရသည့်အထဲမှ ထုတ်နုတ်၍ တင်ပြခြင်းဖြစ်ပေသည်။ ဤသို့ တစ်ဆင့်ကြား သုတစကားများကို အခြေခံပြီးနောက် ယခုကိုယ်တိုင် ဒိဋ္ဌ တွေ့ထိ သိမြင်ခဲ့ရသော အကြောင်းများကို တင်ပြရပါတော့မည်။
သာသနာ့အရိပ်အာဝါသကြီးအောက်၌ အရှင်မြတ်ကြီးနှင့် အတူတကွာ နှစ်ပေါင်းလေးဆယ်ကျော် ဆက်ဆံနေထိုင်၍ လာခဲ့ရသည်နှင့်အမျှ အရှင်မြတ်ကြီး၏ ကျေးဇူးဂုဏ်တို့ကလည်း ပြောပြ၍ မကုန်နိုင်အောင် ရှိလာကြပေသည်။ ကျေးဇူးဂုဏ်အနန္တများလှသည့် အထဲက ကျွန်ုပ် နှစ်လိုအားရ ကြည်ညိုလွန်းလှသော ကြောင်းခြင်းရာကို ပထမဦးစွာ တင်ပြပါမည်။
အယူအစွဲအမျိုးမျိုးဖြင့် ကိုးကွယ်ရာ အသီးသီးရှိနေကြသော လူများစွာတို့သည် တောကိုလည်း ရှိခိုးကြ၏၊ တောင်ကိုလည်း ပူဇော်ကြ၏၊ နေ လ နက္ခတ် တာရာတို့ကိုလည်း အရိုအသေပြုကြ၏၊ ကမ္ဘာလောက သတ္တဝါ အနန္တတို့ကို ဖန်ဆင်းသည်ဆိုသော အရှင်သခင်များကိုလည်း မမြင်ရပါဘဲလျက် ကိုးကွယ် ဆည်းကပ်၍ နေကြ၏၊ အရာဝတ္ထုတစ်ခုခုကို သတ်မှတ်၍ မထားဘဲ အရပ်မျက်နှာကို ဦးခိုက်နေသူများကလည်း ရှိကြပေသေးသည်။
အရှင်မဟာသာရိပုတ္တရာသည် အယူစွဲဟူသမျှ လုံးဝ ကင်းစင်တော်မူသော ဗုဒ္ဓမြတ်စွာ၏ တပည့်သာဝက စင်စစ်ဧကန်ဖြစ်၏၊ သို့ပါလျက် အရှင်မြတ်၏ ထူးခြားသော အပြုအမူတစ်ခုကား အတွေးရခက်စရာပင် ဖြစ်ပေသည်။ ကျွန်ုပ်တို့သီတင်းငယ် ရဟန်းများ လောကတွင် ဤအပြုအမူတစ်ခုအတွက် တီးတိုးတီးတိုး သဖန်းပိုးဖြစ်နေကြရ၏၊ သိဉ္စည်းဆရာကြီးထံမှ မှားယွင်းသော အယူအဆများက ယခုတိုင် ကျန်ရှိနေသေးသလောဟု တချို့က ထင်ကြေးပေးကြ၏၊
အသိအမြင်မကျယ်၊ ရဟန်းသိက္ခာငယ်ရွယ်သူများအား သို့လော သို့လောဖြစ်စေရန် ဖန်တီး၍ ပေးနေသော အပြုအမူကား အခြားမဟုတ်ပေ။ ညချမ်းကာလ အိပ်စက်ရာသို့ ဝင်ကြစို့ဆိုလျှင် အရှင်မဟာသာရိပုတ္တရာသည် အရှင်အဿဇိရှိရာ အရပ်ဌာနဆီသို့ ဦးသုံးကြိမ်ချကာ ထိုအရှင်ရှိရာကိုသာ ခေါင်းပြု၍ အိပ်စက်ခြင်းပါတည်း။
လေးစားအပ်သော မထေရ်မြတ်ကြီးဖြစ်၍ သူ့ရှေ့မှာတစ်စုံတစ်ရာဝေဖန်ခြင်း မပြုရဲကြပါ။ ကွယ်ရာမှာသာ တစ်စတစ်စ စကားကျယ်ပြန့်၍ နေကြရာမှ နောက်ဆုံးတွင် ဘုရားရှင် ရွှေနားတော်ထိပေါက်ကြား၍ သွားပေသည်။ ဤတွင် ဘုရားရှင်က ကာယကံရှင်ဖြစ်သော အရှင်သာရိပုတ္တရာကို ခေါ်တော်မူကာ သံသယဝင်နေကြသော ရဟန်းပရိသတ်ရှေ့မှောက်တွင် မေးမြန်းတော်မူရ၏၊ အရှင်သာရိပုတ္တရာကလည်း ဟုတ်တိုင်းမှန်စွာ တင်လျှောက်ပေသည်။ ဤတွင် ဘုရားရှင်က ရဟန်းတို့ကို နှလုံးပြုစရာ တရားတစ်ပုဒ် ဟောထုတ်တော်မူပေသည်။
"သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ တရားတော်ကို အကြင်သူထံမှ ကြားနာရ၍ တရားအသိရရှိလာခဲ့၏၊ မီးကို ကိုးကွယ်သော ဗြဟ္မဏတို့သည် မီးကို နေ့စဉ်နှင့်အမျှ ပူဇော်ကိုးကွယ်နေကြဘိသကဲ့သို့ ထိုကျေးဇူးကို အစဉ်ထာဝရ ရှိခိုးဦးချအပ်ပေသည်"
(ဓမ္မပဒ ဗြာဟ္မဏဝဂ်၊ သာရိပုတ္တထေရဝတ္ထု)
ပညာဂုဏ်ထူးဆောင် သာဝကကြီး၏ ကတညုတ မင်္ဂလာအတွက် အနုမောဒနာ တရားတစ်ပုဒ် ဟောထုတ်တော်မူရသော ဘုရားရှင်သည် တစ်ခါတုန်းကလည်း ဤအရှင်၏ ဤမင်္ဂလာအတွင်းပင် သာဓု ခေါ်ခဲ့ရဖူးပေသည်။
ရာဓအမည်ရှိသော ဗြဟ္မဏ အဘိုးအိုတစ်ယောက်သည် သာသနာ့ဘောင်သို့ ဝင်ရောက်လိုသဖြင့် ရဟန်းများထံ အသနားခံ၏၊ အရွယ်ကောင်းသူများကို အလွယ်တကူ ရဟန်းပြုပေးခဲ့ကြသော ထိုရဟန်းတို့သည် ရာဓ အဘိုးအား ပြုပေးချင်စိတ် မရှိကြပေ။ သည်အဘိုးအိုမှာ အားကိုးလောက်သော အရည်အချင်းဟူ၍ မရှိ။ ခရမ်းသီးပိန်ပိန်နှင့် ဓားတုံးတုံး ဥပမာကဲ့သို့ ဘယ်နေရာမှာမှ အသုံးချ၍ လက်ခံလိုက်လျှင် ငယ်ရွယ်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်ရုံသာ ရှိပေလိမ့်မည်။
ရဟန်းများတွေးထင်ထားသည့်အတိုင်းပင် ရာဓ အဘိုးအိုမှာလည်း ထိုင်စားလောက်သော ဥစ္စာထုပ်ဟူ၍ မရှိပေ။ ရှိသည့် သားမယားတို့ကလည်း သူ့ကို မကြည်ဖြူကြချေ။ လူအိုပေတုံး ထမင်းဖြုန်းဟုဆိုကာ အိမ်ထဲကပင် ဆွဲထုတ်ထားကြသေး၏၊ သူ့ခမျာ သူတကာပေးသမျှနှင့် မဝတဝ စားသောက်နေရ၏၊ သို့သော် ရာဓ အဘိုးအို ရဟန်းပြုလိုက်ခြင်းမှာ ဤသို့သော ဆင်းရဲချို့တဲ့မှုကို ကြောက်ရုံသက်သက်ဖြင့် မဟုတ်ပါ။ သာသနာတော်ကြီး၏ အဆုံးအမကို သက်တမ်းရှိသေးသမျှတွင် ခံယူလို ကျင့်သုံးလိုမှုလည်း ပါဝင်၍ နေပေသည်။ မိမိခံယူလိုသော ရဟန်းဘဝ၊ မိမိမြတ်နိုးလှသော ကျင့်ဝတ်သိက္ခာများကို ခံယူခွင့်၊ ကျင့်သုံးခွင့် မပြုကြသဖြင့် ရာဓ အဘိုးအိုမှာ မစားနိုင် မသောက်နိုင် ဖြစ်ရ၏၊ အသားအရေများ ခန်းခြောက် ညှိုးမှိန်လာ၏၊ သွေးအားနည်းသဖြင့် ဖြူဖပ်ဖြူရော်ဖြစ်လာ၏၊ အသားအရေခန်းခြောက်လေ အကြောပြိုင်းပြိုင်းကြီးများက ထင်ပေါ်လာလေ။ သူ့တစ်ကိုယ်လုံးဝယ် ကွန်ယက်များဖြန့်ခင်းထားလေသလား အောက်မေ့ရပေသည်။
တစ်နေ့မှာတော့ သူ့အတွက် ကယ်ဖို့ကြုံလာသည်ဟူ၍ပင် ဆိုရပါတော့မည်။ စိတ်ထောင်းကိုယ်ကျေဘဝဖြင့် မသေရုံတစ်မည်သာ ရှိနေသော ထိုအဘိုးအိုသည် ဘုရားရှင်နှင့် တွေ့ဆုံခွင့်ရလိုက်၏၊ ဗြဟ္မဏအဘိုးအို၏ သဒ္ဓါတရားကို သိထားပြီးဖြစ်၍ ဘုရားရှင်က ရဟန်းပြုပေးမည့် ပုဂ္ဂိုလ်များကို စုံစမ်းတော်မူရာ မည်သူမှ ခေါင်းမထောင်ကြပေ။ သူတို့ထဲတွင် ကျွန်ုပ်တစ်ပါး အပါအဝင်ဖြစ်သည်ကို ဝန်ခံရပါလိမ့်မည်။
သို့နှင့် ဘုရားရှင်သည် အရှင်မဟာသာရိပုတ္တရာကို ခေါ်တော်မူကာ-
"သာရိပုတ္တရာ၊ ဤဗြဟ္မဏ၏ ကျေးဇူးတစ်စုံတစ်ရာကို အောက်မေ့မိပါ၏လော"
နောက်ဆုံး မျှော်လင့်ချက်တစ်ခုအဖြစ် မေးတော်မူလိုက်၏၊
"အောက်မေ့မိပါသည် အရှင်ဘုရား။ ရာဇဂြိုဟ်မြို့တွင်းမှာ ဆွမ်းခံဝင်စဉ်က တပည့်တော်ကို ဆွမ်းတစ်ယောက်မ လောင်းဖူးပါသည်။ ဤကျေးဇူးကို ဆပ်သောအားဖြင့် မည်သူမျှ ပြုမပေးချင်သော ဤအဘိုးအိုကို တပည့်တော် တာဝန်ယူပြီး ရဟန်းပြုပေးလိုက်ပါမည် ဘုရား"
"သာဓု သာဓု သာဓု သာရိပုတ္တရာ။ သူ့ကျေးဇူးကို သိတတ်ပေစွ"
ပညာဂုဏ်ထူးရ သာဝကကြီးကို ဘုရားရှင်က သာဓု ခေါ်တော်မူကာ ရဟန်းခံမှုနှင့် ပတ်သက်သော ဝိနည်းပညတ်ချက်တစ်ခုကို ထပ်ဆင့်၍ ထုတ်ပြန်တော်မူပေသည်။
"ရဟန်းတို့၊ ယခင်က သရဏဂုံသုံးပါးတို့ဖြင့် ရဟန်းပြုပေးခြင်းကို ငါဘုရား ခွင့်ပြုထားခဲ့၏၊ ထိုခွင့်ပြုချက်ကို ယနေ့မှစ၍ ငါ ဘုရား ပယ်ဖျက်လိုက်၏၊ ဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့် ပထမဦးစွာ ရဟန်းပြုခွင့်ရသူကား အိုမင်းရွတ်တွ ထိုဗြဟ္မဏ သူဆင်းရဲကြီးပင် ဖြစ်ပါ၏၊
ဗြဟ္မဏ သူဆင်းရဲကြီး၏ ရဟန်းခံကိစ္စကို အရှင်သာရိပုတ္တရာ၏ မျက်နှာဖြင့် ရဟန်းများက ဝိုင်းဝန်း၍ ကူညီပေးကြပါ၏၊ သို့သော် ရဟန်းပြုပေးပြီးသည့်နောက်မှာကား အရှင်မဟာသာရိပုတ္တရာ၏ တာဝန်များချည်း ဖြစ်တော့၏၊
"သက်တော်ခြောက်ဆယ် ဝါတော်တစ်" ဟု ဆိုလောက်သော ရာဓကိုယ်တော်ကြီးမှာ နေရာတကာ သူများနောက်ကချည်း ဖြစ်၏၊ ရလာသမျှ လာဘ်လာဘများကို ထေရ်စဉ်ဝါလိုက် ဝေစုခွဲကြသောအခါ နောက်ပိတ်ဆုံးပုဂ္ဂိုလ်ကြီးအတွက် သင့်တင့်လျောက်ပတ်သော အိပ်ရာ နေရာနှင့် ခံတွင်းတွေ့မည့် အစားအသောက်များ ရရှိစေရန် သူ့ဝေစုကို ပေးရ၏၊ သံဃာ့လာဘ်လာဘအဖြစ် မိမိရရှိသော ဝေစုကို တပည့်ကြီးထံ ပေးအပ်ကာ သူကိုယ်တိုင်ကား ဆွမ်းခံ၍ ဘုဉ်းပေးရပေသည်။
အထီးကျန် အဘိုးအိုတစ်ယောက်ကို ဤသို့ ဂရုတစိုက်ပြုစုပေးလိုက်သည့်အတွက် ငွေလဝန်းကြီးအနားဝယ် ကြယ်တာရာတစ်လုံး ထွန်းလင်းပေါ်ပေါက်၍ လာပေသည်။ မိုးကုန်မှ ထွန်ချရသည်ဖြစ်သော်လည်း ဆရာကောင်းတပည့် အရှင်ရာဓ၏ ထွန်ရေး ထွန်ကြောင်းများက ဖြောင့်တန်းကြပါပေသည်။ လှပကြပါပေသည်။ ခန္ဓဝဂ် ရာဓသံယုတ်ကို သင်အံ ကြားနာဖူးသူတိုင်းပင် ထိုထွန်ရေးထွန်ကြောင်းများကို အားရ ကျေနပ်ကြပါလိမ့်မည်။
ထိုရာဓသံယုတ်၌ နူးညံ့သိမ်မွေ့၍ လေးနက်လှသော တရားသဘောများကို တစ်ဆင့်ပြီးတစ်ဆင့် မေးမြန်းလျှောက်ထားသဖြင့် ဘုရားရှင်ကလည်း မေးသမျှကို ဆစ်ဆစ်ပိုင်းပိုင်း ဖြေတော်မူရပေသည်။
ဤသို့ ဘုရားရှင်၏ ဒေသနာဉာဏ်တော်ကို တစ်ဆင့်ပြီးတစ်ဆင့် ပွင့်လင်းအောင် အကျိုးဆောင် ပေးနိုင်သဖြင့် စားရမဲ့ သောက်ရမဲ့ အိုမင်းမစွမ်း ဖြစ်လာခါမှ ရဟန်းပြုလာရသော ပုဂ္ဂိုလ်ကြီးသည် 'ပဋိဘာနေယျကဧတဒဂ်' ဂုဏ်ထူးကြီးကို ဆွတ်ခူးနိုင်ခဲ့ပါပေသည်။
ဤသို့အားဖြင့် ဆွမ်းတစ်ယောက်မ၏ ကျေးဇူးကိုပင် သိတတ်လှသော အရှင်မဟာသာရိပုတ္တရာသည် အမွန်မြတ်ဆုံးသော အမြိုက်ဩဇာကို ပေးခဲ့သည့် အရှင်အဿဇိအား အဘယ်မှာမေ့လျော့၍ ထားနိုင်ပါမည်နည်း။ အဘယ်မှာ အလေးမပြုဘဲ နေနိုင်ပါမည်နည်း။
(ဝိနည်းမဟာဝဂ်၊ မဟာခန္ဓက၊ ဥပဇ္ဈာယဝတ္ထု၊ အင်္ဂုတ္တရအဋ္ဌကထာ ရာဓထေရဝတ္ထု)
သူမတူသော သည်းခံစိတ်
အရှင်အဿဇိရှိရာအရပ်သို့ ရှိခိုး၍ အိပ်စက်သော ထိုနမူနာကဲ့သို့ပင် ထိုအရှင်မြတ်ကြီးအပေါ် သံသယဝင်စရာကောင်းသော အချက်တစ်ခုလည်း ရှိပေသေးသည်။ အရှင်မဟာသာရိပုတ္တရာသည် တစ်ခါက တောရွာကြီးတစ်ရွာတွင် တပည့်ရဟန်းများစွာနှင့်တကွ ဝါဆို၏၊ သီတင်းဝါလကျွတ်သောအခါ ဒါယကာ ဒါယိကာမများက ဝါဆိုခဲ့သော ရဟန်းများအား သင်္ကန်းများလှူဒါန်းနေကျ ဖြစ်၏၊ ဝါဆိုခဲ့သော ရဟန်းများအား လှူဒါန်းသဖြင့် ဝါဆိုသင်္ကန်းဟု ဆိုနိုင်ပေသည်။
ထိုရွာရှိ ဒါယကာ၊ ဒါယိကာမများကလည်း အရှင်မဟာသာရိပုတ္တရာအမှူးရှိသော သံဃာတော်များအား ဝါဆိုသင်္ကန်းလှူဒါန်းရန် စီမံကြပါ၏၊ သို့ရာတွင် အရှင်မြတ်ကြီးက သင်္ကန်းပြီးအောင် မနေပေ။ ဝါကျွတ်သည်ဆိုလျှင်ပင် ဘုရားရှင်ရှိရာ ထွက်လာခဲ့၏၊ "ဒါယကာ၊ ဒါယိကာမများက ဝါဆိုသင်္ကန်းလှူလာကြလျှင် ရဟန်းငယ်နှင့် သာမဏေများက ငါ၏ ဝေစုကို ယူလာခဲ့ကြ၊ သို့မဟုတ် ကောင်းမွန်စွာ သိမ်းဆည်း၍ သတင်းစကား ပို့လိုက်ကြ" ဟု မှာကြားခဲ့၏၊
ထိုအမှာစကားသည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ဘုရားရှင်ထံတော်ထိ ရောက်လာခဲ့၏၊ သို့ရောက်လာရာ၌လည်း သတင်းစကားချည်း သက်သက်မဟုတ်ပေ။ "ယနေ့ထိအောင်ပင် သည်အရှင်မှာ ပစ္စည်းတဏှာ ရှိနေသေးသလော" ဟူသော သံသယ စကားများနှင့် အတူတကွဖြစ်၏၊ အရှင်မြတ်ကြီးကတော့ ပတ်ဝန်းကျင်က မည်သို့ပင် ဝေဖန်နေပါစေ။ သူ့ဝသီအတိုင်း နကမ္ပတိ၊ မတုန်မလှုပ်သာ ရှိဘိ၏၊ သို့ရာတွင် အထင်မမှားထိုက်သော ပုဂ္ဂိုလ်အား အထင်မှားရာမှ စတင်၍ မပြုထိုက်သော အပြုမှား မပြောထိုက်သော စကားမှားများကို မပြုရ။ မပြောရစေရန် ဘုရားရှင်က ဤသို့ကြားဝင်၍ ရပ်တော်မူပေသည်။
"အကြင်ပုဂ္ဂိုလ်သည် ဤဘဝနှင့်ပတ်သက်၍လည်း မတွယ်တာ။ နောင်ခါကာလ နောင်ဘဝများနှင့် ပတ်သက်၍လည်း မျှော်လင့်တောင့်တခြင်း မရှိ။ ကိလေသာမယှဉ်၊ စင်ကြယ်သော စိတ်နှလုံး ရှိသော ထိုပုဂ္ဂိုလ်အား သူတော်စင်တစ်ပါးဟူ၍ ငါဘုရား ဟောကြားပေ၏"
ဝါဆိုသင်္ကန်းများနှင့် ပတ်သက်၍ အရှင်မြတ်ကြီး၏ ရည်ရွယ်ချက်မှာ ဒါယကာ၊ ဒါယိကာမများ၏ ကုသိုလ်ကောင်းမှုလည်း ဖြစ်ထွန်းစေ၊ ရဟန်းငယ်နှင့် သာမဏေငယ်များလည်း အဝတ်သင်္ကန်းပြည့်စုံစေဟူ၍သာ ဖြစ်၏၊ သဘောမှန်ကို အမှန်အတိုင်း သိတော်မူသဖြင့် ဤကဲ့သို့ ဘုရားရှင် ရပ်တည်ပေးတော်မူခြင်း ဖြစ်ပေသည်။
(ဓမ္မပဒ၊ ဗြာဟ္မဏဝဂ်၊ သာရိပုတ္တထေရဝတ္ထု)
အမှန်စင်စစ်အားဖြင့် ရဟန်းဖြစ်၍ ဆယ့်ငါးရက်ကြာသော နေ့မှာပင် ထိုအရှင်မှာ ကိလေသာဟူသမျှ၏ ချုပ်ငြိမ်းရာကို မျက်မှောက်ပြုပြီး ဖြစ်၏၊ အမြင့်မြတ်ဆုံးသော အသိဉာဏ်ဖြင့် အလိုအာသဝဟူသမျှကို ပယ်စွန့်ပြီး ဖြစ်၏၊ သို့ရာတွင် အလိုအာသဝများနှင့် မရောမယှက် သဘာဝသက်သက်မျှသော ရုပ် နာမ် ခန္ဓာတို့၏ တောင့်တမှုကား ရှိနေဆဲသာ ဖြစ်ပေသည်။
သဘာဝသက်သက်မျှသာ ဖြစ်သော ထိုတောင့်တမှုကို တကယ်တမ်း နားလည်ထားသူများနှင့် ဆိုလျှင် ကိစ္စမရှိပါ။ စိတ်မချမ်းမမြေ့စရာများ ဖြစ်ပေါ်၍ မလာနိုင်ပါ။ သဘာဝသက်သက်ကို သဘာဝသက်သက်မျှပါတကားဟု မသိတတ်သော ပုဂ္ဂိုလ်များနှင့် ကြုံမိလျှင်ကား ရာသက်ပန်ပြောဆို၍ မပြီးနိုင်သော ကိစ္စကြီးများ ဖြစ်လာကြရပါတော့သည်။
စကားစပ်လာသည့်အခိုက် ဆက်လက်၍ တင်ပြပါဦးမည်။ တစ်နေ့သ၌ ရဟန်းတစ်ပါးဆွမ်းခံပြန်အလာတွင် မုန့်ဆီကြော်တစ်ခု ပါလာခဲ့၏၊ အချိုရည်များဖြင့် ပြည့်ဖောင်းနေသော ထိုမုန့်တွင် ထောပတ်နံ့ကလည်း သင်း၍နေ၏၊ မုန့်ရှင် ရဟန်းသည် သပိတ်ကို ဆွမ်းစားကျောင်းမှာ ထားကာ လက်စမသတ်ခဲ့ရသေးသော ဝေယျာဝစ္စကိစ္စ အလုပ်ဆီသို့သွား၏၊ အရှင်မဟာသာရိပုတ္တရာသည် မထေရ်ကြီးပင်ဖြစ်စေကာမူ သံဃာ့ဝေယျာဝစ္စ အလုပ်များကို ကိုယ်တိုင်ကိုယ်ကြပ် ဆောင်ရွက်လေ့ရှိ၏၊ ရေခပ်ခြင်း၊ တံမြက်လှည်းခြင်းမှစ၍ ဝစ္စကုဋီ သုတ်သင်ရှင်းလင်းရာတွင်ပင် မပါဘဲ မနေပေ၏ ထိုနေ့က ဆွမ်းခံမလိုက်ဘဲ ကျောင်းဝေယျာဝစ္စအမှု တော်တော်များများ ဆောင်ရွက်လိုက်ရ၍ ကိုယ်တော်မြတ်မှာ ဝမ်းဟာ၍ လာရ၏၊ အစာအာဟာရာကို တောင့်တနေဆဲတွင် စားချင်စဖွယ် မုန့်တစ်ခုကို သပိတ်ဖုံးပေါ်မှာ အရန်သင့်ပင် တွေ့ရ၏၊ သပိတ်ကိုကြည့်ခြင်းအားဖြင့် အကျွမ်းတဝင်ခင်မင်ရင်းနှီးသော ရဟန်း၏ ဥစ္စာဖြစ်ကြောင်း သိရ၏၊ ထိုရဟန်းနှင့် ထိုအရှင်မြတ်ကြီးတို့ တစ်ပါးနှင့်တစ်ပါး ခွဲဝေမျှတ၍ စားသောက်နေကျလည်း ဖြစ်၏၊ သို့ဖြစ်၍ မိမိမွတ်သိပ်နေသည့်အခိုက် ဤမုန့်ကို ယူစားသော်လည်း မိမိအပေါ် ကြည်ဖြူမည်သာဟု သဘောပိုက်ကာ မုန့်တစ်ခုလုံးကို စားလိုက်မိတော့၏၊
သို့နှင့် ကျွန်ုပ်တို့အားလုံး ဆွမ်းစားကျောင်းပေါ် တက်လာကြ၏၊ သပိတ်ကိုယ်စီဖြင့် မိမိနေရာသို့ အသီးသီးထိုင်မိကြ၏၊ ဆွမ်းခံမကြွသော အရှင်သာရိပုတ္တရာ၏ သပိတ်ထဲသို့ ကောင်းနိုးရာရာဆွမ်းနှင့် ဟင်းလျာတို့ကို တစ်ပါးပြီးတစ်ပါးထည့်၍ ပေးကြ၏၊ ထိုအခိုက်မှာပင် 'င့ါမုန့်ကို မည်သူစားသနည်း' ဟူသော အသံမာမာကြီး မြည်ဟိန်းလာခဲ့၏၊
"ငါ့ရှင်၊ ငါဆာဆာနှင့် စားလိုက်မိပါသည်။ ငါ့ရှင်ပစ္စည်းကို အကျွမ်းဝင်ခြင်းဖြင့် ယူစားလိုက်မိပါသည်"
တစ်ခွန်းတည်းသော မေးခွန်းအဆုံးမှာပင် အရှင်မဟာသာရိပုတ္တရာက ဝန်ခံလိုက်၏၊ မေးသောအသံက တင်းမာခက်ထန်သည်နှင့်အမျှ ဖြေကြားသော အသံကား သာယာညင်းပျောင်း ရှိပါဘိ၊ ဤလိုထူးထူးခြားခြား စားသောက်ဖွယ်ရာတစ်ခုခုရလာလျှင် အရှင်မြတ်ကြီးကို သူ့ထက်ငါ လှူနေကျရဟန်းပရိသတ်သည် ထိုရဟန်း၏ အပြုအမူကြောင့် အထူးအဆန်း ဖြစ်နေကြရ၏၊
"ဩော်... စားရသည့်ပုဂ္ဂိုလ်က တယ်လွယ်လွန်းလှပါကလား။ စားကောင်းသောက်ဖွယ်မှန်လျှင် မကြိုက်သူရှိပါ့မလား"
ထိုစကားဆုံးသည်နှင့် ဆွမ်းစားကျောင်းတစ်ခုလုံး တိတ်ဆိတ်၍ သွားပေသည်။
အရှင်မြတ်ကြီးအတွက် စိတ်မကောင်းခြင်း၊ ပြောရက်သော ရဟန်းအား မကျေနပ်ခြင်း၊ ပြောမိသူရဟန်း၏ နောင်တကြီးစွာ ပူပငန်ခြင်း၊ ဤသို့သော ခံစားချက်များဖြင့် ပတ်ဝန်းကျင်ရဟန်းများ စိတ်နှလုံးတုန်လှုပ်နေဆဲတွင် အရှင်မြတ်ကြီးကတော့ တည်ငြိမ်သော ဣန္ဒြေဖြင့် မိမိသပိတ်ထဲက ဆွမ်းများကိုသာ အေးဆေးသက်သာ ဘုဉ်းပေးလျက်ရှိပေသည်။ သို့သော် ထိုနေ့မှစ၍ ထူးခြားချက်တစ်ခုကား ပေါ်ပေါက်လာခဲ့၏ အရှင်မဟာသာရိပုတ္တရာသည် ထိုကိစ္စနှင့် ကြုံသည်မှစ၍ ရာသက်ပန် မုန့်မစားတော့ခြင်းပင် ဖြစ်ပါ၏၊ သတိသံဝေဂ ကြီးမားတော်မူပေစွ။
(ဧကနိပါတ်၊ ဝိသဝန္တဇာတ်၏ ပစ္စုပ္ပန်ဝတ္ထု)
တစ်ရက်တာကိစ္စကြောင့် တစ်သက်လုံး မုန့်မစားဘဲ နေခြင်းဖြင့် သည်ပုဂ္ဂိုလ်ကြီးသည် စိတ်ထိခိုက်လွန်းလေစွဟု ဆိုလိုလျှင် ဆိုနိုင်ပါ၏၊ သို့သော် ထိုသို့ဆိုလာသူအား အရှင်မြတ်ကြီး၏ တပည့်တစ်ဦးဖြစ်သော ကျွန်ုပ်ကလည်း အမှုတွဲတစ်ခုကို တင်ပြခြင်းဖြင့် ပြန်လည်ချေပရပါလိမ့်မည်။
ယခင်ကိစ္စများတုန်းက ငယ်ရွယ်သူများ၏ သံသယကို ဘုရားရှင် ဖြေရှင်းပေးတော်မူသည့်အတိုင်း ခပ်မဆိတ်ပင် နေ၍ရခဲ့၏၊ ယခုတစ်ဖန်ကြုံလာရသောကိစ္စမှာကား ခပ်မဆိတ်နေ၍ မရနိုင်တော့ပါ။ ယခင်ကလိုကွယ်ရာမှာ စကားတင်းဆိုရုံ မဟုတ်တော့ဘဲ ဘုရားရှင်ရှေ့တော်မှောက်တွင် အတိအလင်းစွဲချက်တင်သူရှိလာပြီမို့ ပရိသတ်အလယ်မှာ သံသယကင်းအောင် ကိုယ်တိုင်ကိုယ်ကြပ် ဖြေရှင်းရပါတော့သည်။
စောဒက ပုဂ္ဂိုလ်က....... မထင်ရှားသော ရဟန်းတစ်ပါး။
အမှုကား...... ရိုက်မှု။ ရုံးတော်ကား..... ဘုရားရှင်ရှေ့တော်။
အမှုသွား အမှုလာကား ဤသို့တည်း။
ဘုရားရှင်နှင့် အတူတကွ ဝါဆိုရာမှ ဝါကျွတ်၍ အရှင်မဟာသာရိပုတ္တရာတစ်ပါးတည်း ဒေသစာရီ လှည့်လည်ရန် ထွက်လာခဲ့ရာတွင် ရဟန်းများစွာတို့က လိုက်၍ ပို့ကြ၏၊ ထိုသို့ လိုက်ပို့ကြသည့်အထဲတွင် တရားလိုရဟန်းလည်း ပါလာ၏၊ ကျောင်းတော်မှ အတန်ငယ် ထွက်လာမိလျှင် အရှင်မဟာသာရိပုတ္တရာသည် လိုက်ပို့သော ရဟန်းများအား ပြန်လွှတ်၏၊ ကိုယ်ပိုင်နာမည်၊ မျိုးရိုးနာမည်များဖြင့် တစ်ပါးချင်းကို နှုတ်ဆက်၏၊ ကာရန်မသင့်ချင်တော့ ရဟန်းများစွာ၏ အမျိုးအမည်ကို သိပါလျက်နှင့် ထိုရဟန်း၏ အမျိုးအမည်ကိုကား မထေရ်ကြီး မမှတ်မိပေ။ ကျောင်းတိုက်တာတစ်ခုတည်းမှာ အတူနေလာခဲ့ပြီး ယခုမှ အမည်နာမ မေးနေရန်လည်း မသင့်ချေ။ သို့ဖြစ်၍ ထိုရဟန်းကို နှုတ်မဆက်နိုင်ဘဲ အသာရှောင်၍ သွားရ၏၊ ဤသို့ ရှောင်သွားခါမှ ကာရန်မသင့်သော ကိစ္စနှင့် ထပ်၍ကြုံလာရပြန်ချေသည်။
အမှန်အားဖြင့် ထိုရဟန်း၏ အမည်ကို ကျွန်ုပ်ကိုယ်တိုင်လည်း စောစောက မသိခဲ့ပါ။ အမျိုးအမည်ကလည်း မထင်ရှား၊ အကျင့်သိက္ခာဉာဏ်ပညာအားဖြင့်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိ။ နောက်ပြီး ရဟန်းပြုလာသည်ကလည်း ဘာမျှ ကြာသေးသည် မဟုတ်။ ဤသို့အားဖြင့် သိသင့်သိထိုက်သော ဂုဏ်အင်္ဂါများမရှိသေး၍ မသိသေးသည်ကို ခွင့်လွှတ်စိတ် မွေးနိုင်စွမ်းကား မရှိပေ။ ရဟန်းပရိသတ်အလယ်မှာ မိမိတစ်ပါးတည်းကို နှုတ်မဆက်ဘဲ ကွက်ချန်ထားခဲ့ရမလားဟု မျက်နှာပျက်၍ နေခဲ့၏၊ ဤသို့ရှိနေဆဲမှာပင် အရှင်မြတ်ကြီး၏ နှစ်ထပ်သင်္ကန်းစွန်းက ထိုရဟန်း၏ပခုံးကို ထိပါး၍ သွားခဲ့ပေသည်။
တစ်ကြိမ်သောအခါက ဗြာဟ္မဏတစ်ဦးသည် အရှင်မဟာသာရိပုတ္တရာကို စိတ်မဆိုးဘဲ သိလို၍ နောက်ကျောက တအားရိုက်ခဲ့ဖူး၏၊ မထေရ်မြတ်ကား စိတ်ဆိုးဖို့နေနေသာသာ ရိုက်သူ၏ မျက်နှာကို လှည့်၍ပင် မကြည့်ပေ။ အသည်းကြွေမတတ် ရိုက်ခတ်သည်ကို သည်းခံသူက ခံနိုင်ပါ၏၊ သည်းခံစိတ် မကိန်းဝပ်လာသော ထိုရဟန်းမှာကား သင်္ကန်းစွန်းကလေးဖြင့် ထိမိသည်ကိုပင် အသည်းဆတ်ဆတ် နာခဲ့ပေသည်။
"ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ရှင်မဟာ သာရိပုတ္တရာသည် ငါ အဂ္ခ္ဂသာဝကဟူသော မာန်မာနဖြင့် တပည့်တော်၏ ပခုံးစွန်းကို တိုက်ခိုက်ပါသည် ဘုရား..."
ပြင်းထန်လှသော ရန်ငြိုးဖြင့် ဘုရားရှင်ရှေ့တော်မှောက်မှာ စွဲချက်တင်လာပေတော့သည်။
သည်အမှု၏ အသွားအလာကို ဘုရားရှင် မသိဘဲ မနေနိုင်။ ဧကန်တိတိ သိတော်မူသည်ဖြစ်ပါလျက် ရှင်မဟာ သာရိပုတ္တရာကို ရှေ့တော်သို့ ပြန်လာရန် ခေါ်တော်မူလိုက်၏၊ မိမိအပေါ် စွပ်စွဲလာသောအမှုကို မိမိဘာသာ ဖြေရှင်းရန် ဖြစ်ပေသည်။
ဘုရားရှင့် အမိန့်တော်ကို အရှင်မြတ်ကြီးထံ သွားရောက်လျှောက်ထားပြီးနောက် ကျွန်ုပ်နှင့် အရှင်မဟာမောဂ္ဂလန်တို့သည် သော့ကိုယ်စီ ကိုင်စွဲလျက် ကျောင်းတံခါးများကို ဖွင့်ကြ၏၊ အရာမ် တံခါးများကို ဖွင့်ကြ၏၊
"အရှင်တို့ ထွက်ကြလော့၊ အရှင်တို့ မြန်မြန်ထွက်ကြလော့။ အရှင်မဟာသာရိပုတ္တရာ၏ ရဲရဲတောက်ရှင်းလင်းချက်ကို ကြားနာရန် ထွက်ကြကုန်လော့"
ပွဲကြီးပွဲကောင်းတစ်ခု လက်လွတ်မသွားစေရန် ကျွန်ုပ်တို့က ကျောင်းပေါက်စေ့လှည့်၍ ခေါ်ကြရ၏၊ ခေါ်ခဲ့သည့်အတိုင်းလည်း ဂန္ဓကုဋီတိုက်တော်အရှေ့တွင် သံဃာ့ပရိသတ်ကြီး တစ်ခဲနက်ဖြစ်လာ၏၊ သံဃာ့ပရိသတ်ကြီးကို ရင်ဆိုင်ရရုံဖြင့်ပင် တရားလိုရဟန်း တုန်တုန်ခိုက်ခိုက် ဖြစ်နေပေပြီ။
"သာရိပုတ္တရာ၊ ဤရဟန်း လျှောက်ထားလာသည့်အတိုင်း သူ့ပခုံးကို တိုက်ခိုက်သည် မှန်ပါသလော"
သံဃာ့ပရိသတ် ရှေ့မှောက်တွင် ဘုရားရှင်က မေးစစ်တော်မူလိုက်၏၊
တရားလိုရဟန်း၏ စွဲချက်ကို အရှင်မဟာသာရိပုတ္တရာက ဥပမာအမျိုးမျိုးဖြင့် ဖြေရှင်း လျှောက်ကြားပေသည်။
"လျှောက်ထားပါရစေ အရှင်ဘုရား၊ ပထဝီမြေကြီးပေါ်သို့ စင်ကြယ်သော ပစ္စည်းကိုလည်း စွန့်ပစ်ကြပါကုန်၏၊ မစင်ကြယ်သော ပစ္စည်းကိုလည်း စွန့်ပစ်ကြပါကုန်၏၊ ချေး၊ သေး၊ တံတွေးနှင့် ပြည်တို့ကိုလည်း စွန့်ပစ်ကြပါကုန်၏၊ ထိုပစ္စည်းများ စွန့်ပစ်ခံရသော ပထဝီမြေကြီးသည် ငြီးငွေ့ခြင်း၊ ရှက်ခြင်း၊ စက်ဆုပ်ရွံရှာခြင်း မရှိပါဘုရား"
"အရှင်ဘုရား၊ ခြေသုတ်ပုဆိုးသည် စင်ကြယ်သော ပစ္စည်းကိုလည်း သုတ်ရပါ၏၊ မစင်ကြယ်သော ပစ္စည်းကိုလည်း သုတ်ရပါ၏၊ ချေး၊ သေး၊ တံတွေးနှင့် သွေး၊ ပြည်တို့ကိုလည်း သုတ်ရပါ၏၊ ထိုပစ္စည်းများကို သုတ်ရခြင်းဖြင့် ခြေသုတ်ပုဆိုးသည် ငြီးငွေ့ခြင်း၊ ရှက်ခြင်း၊ စက်ဆုပ်ရွံရှာခြင်း မရှိပါ ဘုရား"
"အရှင်ဘုရား၊ ဒွန်းစဏ္ဍား လုလင်ငယ်သည်လည်းကောင်း၊ ဒွန်းစဏ္ဍားလုံမငယ်သည်လည်းကောင်း ခွက်လက်စွဲလျက် အဝတ်စုတ်များ ဝတ်ဆင်ကာ ရွာနိဂုံးသို့ ဝင်သောအခါတွင် နှိမ့်ချသော စိတ်ဖြင့်သာ ဝင်ကြရပါ၏ ဘုရား"
"အရှင်ဘုရား၊ ဦးချိုများဖြတ်ကာ ကောင်းစွာ ဆုံးမယဉ်ပါးပြီးသော ခိုင်းနွားသည် လမ်းဆုံ လမ်းခွများသို့ သွားသောအခါ တစ်စုံတစ်ယောက်ကိုမျှ မကန်ပါ။ တစ်စုံတစ်ယောက်ကိုမျှ မဝှေ့ပါဘုရား"
"ဤဥပမာများကဲ့သို့ပင် တပည့်တော်သည် အမျက်ဒေါသမပါသော စိတ်ဖြင့်နေခဲ့ပါ၏၊ အကယ်၍ ဤကဲ့သို့သော ကာယဂတာ သတိမထားရှိသူဖြစ်ပါမူကား သီတင်းသုံးဖော်ဖြစ်သော ဤရဟန်းကို ထိပါးတိုက်ခိုက်၍ ခရီးထွက်ကောင်းထွက်မိပါလိမ့်မည် ဘုရား"
စုဒိတက ပုဂ္ဂိုလ်က ဖြေရှင်းလျှောက်ထား၍ ပြီးချိန်တွင် စောဒကပုဂ္ဂိုလ်သည် ဘုရားရှင့် ခြေတော်ရင်း ဝပ်စင်း၍ နေရလေပြီ။
မလိမ္မာ၍ တစ်ခါသာ မိုက်ခဲ့မိသော ထိုရဟန်းငယ်အား အရှင်မဟာသာရိပုတ္တရာက ခွင့်လွှတ်ပါ၏၊ ခွင့်လွှတ်ရုံမက သူကပင် တစ်ကျော့ပြန်၍ တောင်းပန်လိုက်ပါသေး၏၊
"အရှင်ဘုရား၏ အပြစ်ကို တပည့်တော် သည်းခံပါသည် ဘုရား။ ခွင့်လွှတ်ပါသည်ဘုရား။ အကယ်၍ တပည့်တော်မှာ အပြစ်ရှိရိုးမှန်ပါလျှင်လည်း အရှင်ဘုရားက သည်းခံတော်မူပါ ဘုရား"
မိမိအပေါ်တွင် မတရားအမှုဆင်ခဲ့သော ရဟန်း၏ ရှေ့မှောက်တွင် အပြစ်ဟူ၍ မြူမျှမတင်သော အရှုင်မြတ်ကြီးက ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်ချီလျက် ရိုသေစွာ ကန်တော့လျက်။
ထိုနေ့ ထိုအချိန်က ဤရုပ်ပုံ၊ ဤမြင်ကွင်းကို ကျွန်ုပ်တစ်သက်တာ မေ့ပျောက်၍ မရနိုင်တော့ပါ။
(အင်္ဂုတ္တရ၊ နဝနိပါတ်၊ သီဟနာဒသုတ်)
ဗုဒ္ဓမြတ်စွာ၏ ညာလက်ရုံး
တစ်ယောက်သော သေသောက်ကြူးသူသည် အိမ်ဝင်းဝမှနေ၍ မကြားဝံ့မနာသာ ဆဲဆို ကြိမ်းမောင်း၍ နေ၏၊ အိမ်ထဲက လူမှာကား ဆဲလာသူ လူရမ်းကားကို တားမြစ်ခြင်း၊ ခုခံခြင်း မပြုဘဲ ကိုယ့်အလုပ်ကိုသာ ဂရုတစိုက် လုပ်ကိုင်၍ နေ၏၊ ဤတွင် ပျော့ညံ့သူနှင့် ခိုင်မာသူတို့၏ သရုပ်ပေါ်၍ လာပေပြီ။ မည်သူသည် ပျော့ညံ့၍ မည်သူက ခိုင်မာသနည်း။ နှိပ်စက်ကလူ ပြုမူလာကြသူများအား အရှင်မဟာသာရိပုတ္တရာ သည်းခံတော်မူခြင်းမှာလည်း နှလုံးစိတ်ထားပျော့ညံ့၍ မဟုတ်ပါပေ။ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်မာလွန်း၍သာ ဖြစ်ပေသည်။ မိမိကိုယ်ကို ရာနှုန်းပြည့်အောင်မြင်ထားပြီမို့ အခြားတစ်ပါးက အနှောင့်အယှက်များအတွက် တုန်လှုပ်ခြင်းမရှိ၊ ပကတိ တည်ငြိမ်သော စိတ်နှလုံးတော်ဖြင့် သည်းခံနိုင်ခြင်းသာ ဖြစ်ပေသည်။
မိမိအပေါ် ထိပါးပုတ်ခတ်လာလေသမျှကို ခေါင်းငုံ့သည်းခံ၍ လာခဲ့သော ဤပုဂ္ဂိုလ်ကြီးသည် တရားတော်နှင့် ပတ်သက်လာလျှင်ကား အညံ့ခံခြင်း၊ ခေါင်းငုံ့ခြင်း အလျဉ်းမရှိပါချေ။ တရားတော်နှင့် ပတ်သက်၍ ထွက်ပေါ်လာခဲ့သော ရန်အန္တရာယ်ဟူသမျှကို ထောင်းထောင်းကျေညက်အောင် တိုက်ဖျက်သည်သာ ဖြစ်၏၊ ထို့ကြောင့်ပင် "မဟာဓမ္မသေနာပတိ" ဟူသော ဘွဲ့ထူး ဂုဏ်ထူးဖြင့် ချီးကျူးခြင်း ခံရပေသည်။ ဗုဒ္ဓမြတ်စွာ၏ ညာလက်ရုံးသဖွယ် အားကိုးခံရပေသည်။
ယခု တရားဗိုလ်ချုပ်ကြီး၏ သေနင်္ဂဗျူဟာ တစ်ရပ်ကို ရှုစားကြပါစို့။
တစ်ဖက်နှင့်တစ်ဖက် အပြိုင်အဆိုင် အနိုင်တိုက်ရသော စစ်မြေပြင်ကား အရှင်ယမက၏ စိတ်အစဉ်။ ထိုစိတ်အစဉ်တွင် မကြာမကြာ ဝင်ရောက်နှောင့်ယှက်လာသော ရန်သူကား အတ္တဒိဋ္ဌိ။
ဣသိပတန မိဂဒါဝုန်တော၌ တရားဦး ဓမ္မစကြာ ဟောတော်မူပြီးလျှင် ဒုတိယတရားတော်အဖြစ် အနတ္တလက္ခဏာသုတ်ကို ဟောတော်မူခဲ့၏၊ ခန္ဓာငါးပါး တရားအစုတွင် အတ္တဟူ၍ ရှုစရာမရှိပုံကို အမေးအဖြေ ပြုလုပ်၍ ဟောကြားတော်မူခဲ့ခြင်း ဖြစ်၏၊ ဤသို့သော ဒေသနာတော်တို့ဖြင့် သာသနာတော်ကြီး၏ အရှိန်အဝါ တစ်ဟုန်ထိုး တိုးတက်လာခြင်းပင် ဖြစ်၏၊ သို့ရာတွင် အနတ္တသာသနာတော်ကြီး၏ အရိပ်အာဝါသ အောက်တွင် အနတ္တဉာဏ်အမြင် မသန်သူများလည်း ရှိနေကြပေသည်။ အရှင်ယမကကား သူတို့အထဲက တစ်ပါးသာလျှင် ဖြစ်ပေသည်။
ရတနသုတ်ပါဠိတော်၌ ရဟန္တာပုဂ္ဂိုလ်များနှင့် ပတ်သက်၍ ဘုရားကိုယ်တော်မြတ် ပေးတော်မူခဲ့သော ဥပမာမှာ အင်မတန်မှ ဆီလျော်လှပါ၏၊ မီးစာလည်းကုန်၊ ဆီလည်းခန်းသဖြင့် လောင်စာမရှိတော့သော ဆီမီးသည် ဤနေရာ ဤဌာနမှာပင် ချုပ်ပျောက်၍ သွားရ၏၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ရုပ် နာမ် ခန္ဓာတို့မှာလည်း ဤသို့သာလျှင် ဖြစ်ပေသည်။
အများတကာတို့နည်းတူပင် ရဟန္တာပုဂ္ဂိုလ်တို့မှာလည်း အတိတ်ကာလက ပြုခဲ့သော ကုသိုလ်ကံ၊ အကုသိုလ်ကံများ ရှိကြ၏၊ ထိုအတိတ်ကံတို့အပေါ်တွင် 'ငါ' ဟူ၍လည်းကောင်း၊ 'ငါ့ဟာ' ဟူ၍လည်းကောင်း စွဲလမ်းနေမှသာလျှင် သည်ကံများက အစွမ်းပြနိုင်၏၊ အစွဲအလမ်းမရှိတော့လျှင် ထိုကံတို့သည် အစွမ်းမပြနိုင်ကြပေ။ ထို့ကြောင့် အတိတ်ကံများ ကုန်ပြီဟု ဆိုရ၏၊ သက်တမ်းမကုန်သေးမီ ကာလအတွင်း ပြုလေသမျှ အမှုကိစ္စကြီးငယ်များ အပေါ်မှာလည်း 'ငါ' ဟူ၍ မစွက်ဖက်လေတော့။ ထို့ကြောင့် ကံအသစ်များလည်း ဖြစ်မလာနိုင်။ အေးရာငြိမ်းရာ တရားကို လက်ငင်းလက်တွေ့ ခံစားနေရပြီ ဖြစ်၍လည်း နောက်နောင်ဘဝများကို မျှော်လင့်နေစရာမလို။ ဘဝသံသရာတွင် အသစ် အသစ် ဖြစ်ပေါ်လာစေမည့် မျိုးစေ့များ ကုန်ခဲ့ပြီ။ ဘဝသံသရာ ရှည်လျား၍ အကိုင်းအခက်တွေ ပြန့်ပွားဖို့ စိတ်ဆန္ဒများ မရှိကြတော့ပြီ။ ထို့ကြောင့် ထိုပုဂ္ဂိုလ်၏ ရုပ် နာမ် ခန္ဓာတို့သည် အသစ်ဆက်စရာ မရှိတော့သဖြင့် ဤဘဝမှာပင် ချုပ်ငြိမ်း၍ သွားကြရပေသည်။
ဤသို့သော ဒေသနာတော်များနှင့် ပတ်သက်၍ ဘုရားရှင်ဟောတော်မူလိုရင်း အနက်အဓိပ္ပယ်ထိအောင် သဘောဉာဏ် သက်ရောက်သူ၊ မသက်ရောက်သူဟူ၍ နှစ်မျိုးနှစ်စား ရှိခဲ့ပေသည်။ သဘောဉာဏ် သက်ရောက်သူတို့ထက် မသက်ရောက်သူတို့က အဆမတန် များပြား၏၊ ထို့ကြောင့် လွယ်မယောင်နှင့် ခက်ခဲနက်နဲလှသော ထိုအချက်ပေါ်တွင် အရှင်ယမကလို ပုဂ္ဂိုလ် အယူမှားရခြင်းကို ကျွန်ုပ်အပြစ်မတင်လိုပါ။ ကျွန်ုပ်ထက် စောစီးစွာ အသိဉာဏ်ပေါက်ရောက်သွားပုံကို ချီးကျူးလိုစိတ်ဖြင့် တင်ပြခြင်းသာ ဖြစ်ပါသည်။
ငြိမ်းလေသောမီး၏ ဥပမာဖြင့် ရဟန္တာတို့၏ ရုပ် နာမ် ခန္ဓာအစသတ်ချုပ်ငြိမ်းပုံကို ဟောတော်မူခြင်းမှာ ပုဂ္ဂလဓိဋ္ဌာန်အရာ သိသာမြင်သာအောင် ဟောတော်မူခြင်းသာ ဖြစ်၏၊ အမှန်စင်စစ်အားဖြင့် အယူစွဲ၊ အမျှော်အကြောက်ဟူသမျှတို့မှ လွတ်မြောက်သည့် အရဟတ္တမင်္ဂ၊ အရဟတ္တဖိုလ်ဉာဏ်တို့ ဖြစ်ထွန်းပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ထိုရုပ် နာမ် ခန္ဓာတို့၏ ချုပ်ငြိမ်းခြင်းကိစ္စကလည်း တစ်ပါတည်း ပြီးမြောက်ပုံကို ဟောတော်မူလိုရင်းသာဖြစ်ပေသည်။ ပုဂ္ဂလဓိဋ္ဌာန်သဘော အသံထွက်မှာ ပါဝင်နေသော်လည်း ဓမ္မဓိဋ္ဌာန်သက်သက်ကို ကွက်ခနဲမြင်တတ်မှ တော်လိမ့်မည်။
အရှင်ယမကမှာ ဤသို့ မြင်နိုင်စွမ်းမရှိသဖြင့် ပုဂ္ဂလဓိဋ္ဌာန် အသံထွက်ပေါ်မှာ သောင်တင်ကာ "ရဟန္တာပုဂ္ဂိုလ်မှာ ရုပ် နာမ် ခန္ဓာ နောက်ထပ် ဆက်စရာ မရှိတော့လျှင် တစ်ခါတည်း ပြတ်သွားသည် မဟုတ်ပါလော" ဟု တစ်ဖက်စွန်းသို့ ရောက်ခဲ့ရပေသည်။
တရားဓမ္မရေးရာတွင် 'ပြတ်စွန်း' နှင့် 'ဆက်စွန်း' ဟူ၍ အစွန်းနှစ်ပါးရှိနေ၏၊ သတ္တဝါ တစ်စုံတစ်ခု သေဆုံးပြီးနောက် ထိုသတ္တဝါသည်ပင် ဘဝသစ်တစ်ခု ကူးပြောင်းလာသည်ဟု ဆိုလျှင် 'ဆက်စွန်း' နှင့် ငြိနေပြီ ဖြစ်၏၊ ဘဝသစ်မကူးတော့ပါ ဤဘဝ ဤမျှဖြင့် ပြီးပါပြီဆိုတော့လည်း 'ပြတ်စွန်း' နှင့်မလွတ်ပြန်ပေ။ အမှန်စင်စစ်အားဖြင့် ထိုအစွန်းနှစ်မျိုးစလုံးသည်ပင် အတ္တဒိဋ္ဌိ၏ ကိုယ်စားလှယ်များ ဖြစ်ပေသည်။ မသေမီကာလအတွင်း သွားလာလှုပ်ရှား၍ နေကြသော ရုပ် နာမ် ခန္ဓာတို့ကို အတ္တအယူဖြင့် ဆက်စပ်၍ ထားခဲ့မိလေသောကြောင့်သာ ပြတ်စွန်းနှင့် ငြိကြရ၏၊ အစကတည်းက "မဆက်ဘဲ" ထားလျှင်ကား "ပြတ်" နေစရာပင် မလိုတော့ပေ။ အရှင်မဟာသာရိပုတ္တရာ၏ မေးခွန်းများ၌ ဤအချက်များ ထင်ရှားလာပါလိမ့်မည်။
သိသင့်သိထိုက်သော အခြေခံ အချက်အလက်များကို လမ်းခင်းပေးပြီးပြီမို့ အရှင်ယမကတို့၏ ဇာတ်လမ်း စပါတော့မည်။
အရှင်ယမကသည် ရတနသုတ်ပါဠိတော်လာ ခီဏံ ပုရာဏံ နဝနတ္ထိ သမ္ဘဝံ စသော ဒေသနာတော်များကို ကြားနာရပြီးနောက် အမြင်တစ်မျိုးပေါက်၍ လာခဲ့၏၊ အခြားရဟန်းများက မေးမြန်းလာသောအခါ သူ့အမြင်ကို ဤသို့ တင်ပြခဲ့၏၊
"အာသဝေါကုန်ပြီးသော ရဟန်း၏ ကိုယ်ခန္ဓာသည် သေလျှင် ပြတ်သွား၏၊ သေပြီးသည့်နောက် ဘာမျှ မရှိတော့ပေ။ ဘုရားရှင်ကိုယ်တော်တိုင်က ဤသို့ ဟောထားသော တရားကို ငါ ကိုယ်တိုင် ကြားနာခဲ့ရပေသည်"
သေပြီးသည့်နောက် ဘာမျှ မရှိတော့ဟု ဆိုလိုက်သည်နှင့် မသေခင်သွားလာ လှုပ်ရှားနေခိုက်မှာတော့ ပုဂ္ဂိုလ် သတ္တဝါ ရှိနေသည်ဟု အယူရှိနေပုံကို ဝါရင့် ရဟန်းတော်များ ရိပ်မိကြပါပြီ။ ထို့ကြောင့် သူ့အမြင်ကို ပြောင်းလဲပစ်ရန် ချက်ချင်းလက်ငင်းတိုက်တွန်းကြပါ၏၊ ဘုရားရှင် ကိုယ်တော်တိုင်က သူမြင်ထားသလို ဟောကြားမည် မဟုတ်ကြောင်း ငြင်းဆို၏၊ သို့သော် သူ့အမြင်ကို အမှန်အတိုင်း ပြန်၍ မြင်စေရန်ကား ရဟန်းတော်ကြီးများ မစွမ်းနိုင်ကြပေ။ ထို့ကြောင့် ထိုအမှုကြီးမှာ တရားဗိုလ်ချုပ်ကြီး ရှေ့မှောက်သို့ ရောက်လာရပေသည်။
"ငါ့ရှင် ယမက၊ အာသဝကုန်ပြီးသော ရဟန်းသည် သေလျှင် ပြတ်သွား၏၊ သေပြီးသည့်နောက် ဘာမျှမရှိတော့ပေ။ ဘုရားရှင်ကိုယ်တော်တိုင်က ဤသို့ ဟောထားသော တရားကို ငါကိုယ်တိုင် ကြားနာခဲ့ရ၏၊ ဤသို့အားဖြင့် ယုတ်ညံ့သော မှားယွင်းသော အမြင်ရှိနေသည် မှန်ပါသလော"
"မှန်ပါသည် အရှင်ဘုရား။ အာသဝကုန်ပြီးသော ရဟန်းသည် သလျှင် ပြတ်သွား၏၊ သေပြီးသည့်နောက် ဘာမျှမရှိတော့ပေ။ ဘုရားရှင်ကိုယ်တော်တိုင်က ဤသို့ ဟောထားသော တရားကို တပည့်တော်ကိုယ်တိုင် ကြားနာခဲ့ရပါသည် ဘုရား"
အရှင်မဟာသာရိပုတ္တရာ၏ အမေးကို အရှင်ယမကက ရိုသေစွာ ဖြေကြား၏၊ အရှင်ယမက၏ အဖြေစကားတွင် သူမြင်ထားသည်ကို ဝန်ခံခြင်းသာ ပါဝင်ပါ၏၊ ထိုအဖြေကို ယုတ်ညံ့ပါသည်၊ မှားယွင်းပါသည်ဟူ၍ ဝန်ခံခြင်းကား မပါဝင်ပေ။ သူ့အမြင်ကို အမှန်အတိုင်းပြန်၍ မမြင်သေးသရွေ့ ဤသို့ပင် အခိုင်အမာ ရပ်တည်နေဦးမည် ဖြစ်ပေသည်။
ထို့ကြောင့် သူ့အမြင်ကို ယုတ်ညံ့ကြောင်း၊ မှားယွင်းကြောင်း မိန့်ဆိုမနေတော့ဘဲ ခန္ဓာငါးပါး တရားတို့ဖြင့် တစ်ခုချင်း တစ်ခုချင်း မေးခွန်းထုတ်ရေပေတော့သည်။
"ငါ့ရှင်၊ ရုပ်သည် မြဲသလား၊ မမြဲဘူးလား"
"မမြဲပါ ဘုရား"
"ဝေဒနကော"
"မမြဲပါ ဘုရား"
"သညာကော"
"မမြဲပါ ဘုရား"
"သင်္ခါရကော"
"မမြဲပါ ဘုရား"
"ဝိညာဉ်ကော"
"မမြဲပါ ဘုရား"
သင်္ခါရတရားဟူသမျှကို ခန္ဓာဖွဲ့လျှင် ဤငါးမျိုးသာ ရှိလေရာ မြဲမြဲခိုင်မာသော ခန္ဓာဟူ၍ တစ်ခုတစ်လေမျှ မရှိပိုံကု ကိုယ်တိုင် အဖြေခိုင်းကာ အတ္တဒိဋ္ဌိ အစိုင်အခဲကို အက်ကြောင်းပေးလိုက်ပြီးနောက်
"ယခုမေးမည့် မေးခွန်းကို သင်မြင်သလို ဖြေစမ်းပါ။ မမြဲသော ထိုခန္ဓာငါးပါးကို သတ္တဝါဟူ၍ သင်ရှုပါသလား"
"သတ္တဝါဟူ၍ မရှုပါ ဘုရား"
"ခန္ဓာငါးပါးအထဲမှာကော ရှုစရာ ရှာတွေ့ပါသလား"
"ခန္ဓာငါးပါးထဲမှာလည်း ရှုစရာ ရှာမတွေ့ပါဘုရား"
"ခန္ဓာငါးပါးထဲမှာ ရှာမတွေ့လျှင် ခန္ဓာငါးပါးကို ကြဉ်ဖယ်ထား၍ တခြားမှာကော ရှာတွေ့ပါသလား"
"တခြားမှာလည်း ရှာမတွေ့ပါ ဘုရား"
"ငါ့ရှင် ယမက၊ သင့်ကို အမျိုးမျိုးလှည့်၍ မေးလာခဲ့ပြီ။ မေးတိုင်း မေးတိုင်းသော ပုစ္ဆာတို့တွင် သေစရာ သတ္တဝါ၊ မသေခင်က အသက်ရှင်နေသော သတ္တဝါကို သင်မပြနိုင်။ လက်ငင်း လက်တွေ့ဘဝမှာပင် သေစရာ ရှင်စရာ သတ္တဝါဟူ၍ လက်ဆုပ်လက်ကိုင် မပြနိုင်ပါဘဲလျက် သေလျှင် ပြတ်၏ ဟူသော စကားကို သင်ဆိုထိုက်ပါသေးသလား"
ပစ်ကွင်းတည့်တည့်ကို အသေအချာ ချိန်ကိုက်၍ ပစ်လွှတ်လိုက်သော အမြောက်ဆန်ကြီးပင် ဖြစ်ပါ၏၊ ဤအမြောက်ဆန်ကြီးနှင့် အမှန်ခံရပြီးသည့်နောက် ရှင်ယမက၏ စိတ်သန္တာန်တွင် အတ္တဒိဋ္ဌိအယူစွဲတို့ နောက်ထပ်တစ်ဖန် တပ်စွဲလာစရာ မရှိတော့ပါ။ မိမိအမြင်ကို ဟုတ်တိုင်းမှန်စွာ မြင်လာပြီးချိန်တွင် ဆက်လက်၍ ဖုံးကွယ်စရာ မလိုတော့ပါ။
"အရှင်သာရိပုတ္တရာဘုရား၊ ဘုရားတပည့်တော်တွင် အသိအမြင်မစင်ကြယ်သေးခင်က ယုတ်ညံ့သော၊ မှားယွင်းသောအမြင် ဖြစ်ပေါ်ခဲ့ဖူးပါသည်။ ယခု ဘုရားရှင်၏ တရားတော်ကို ကြားနာရသဖြင့် ထိုယုတ်ညံ့လှသော ထိုအမြင်မှားကို ပယ်စွန်ခဲ့ပါပြီ။ တရားကို တရားအတိုင်း ထိုးထွင်း သိမြင်ခဲ့ပါပြီ ဘုရား"
အရှင်ယမက၏ စိတ်သန္တာန်ဝယ် အတ္တဒိဋ္ဌိ။ အရိပ်အရောင် မယှက်သန်းလာတော့သည်ကို အရှင်မြတ်ကြီး ရိပ်မိပြီ ဖြစ်ပါ၏၊ သို့ရာတွင် မိမိတစ်ပါးတည်း ရိပ်မိရုံမျှဖြင့် မပြီးနိုင်သေးပေ။ အခြား ရဟန်းများကလည်း သည့်ထက်ပို၍ သံသယရှင်းစေရန် ထပ်မံ၍ မေးပြရပါဦးမည်။ ဤမေးခွန်းနှင့် ဤအဖြေသည် သာသနာ့ သမိုင်းစဉ်တစ်လျှောက်၌ စံနမူနာတစ်ခုအဖြစ် ရပ်တည်၍ နေရစ်ပေလိမ့်မည်။
"ကဲ... ဆက်လက်၍ မေးကြပါဦးစို့။ ငါ့ရှင်ယမက၊ အာသဝကုန်ပြီးသော ရဟန်းပုဂ္ဂိုလ်သေလွန်ပြီးသည့်နောက် ဘာများဖြစ်သွားပါသနည်း။ အကယ်၍ တစ်စုံတစ်ယောက်သောသူက ဤကဲ့သို့ မေးမြန်းလျှင် အသင် မည်သို့ ဖြေကြားမည်နည်း"
"တပည့်တော်၏ အဖြေက ဤသို့ဖြစ်ပါသည် ဘုရား။ အကြင် ခန္ဓာငါးပါးတရားအစုသည် အမြဲမရှိ။ အမြဲမရှိသဖြင့် ဆင်းရဲသော တရားအစု ချုပ်ပျောက်ပျက်စီးခြင်းသာ ဖြစ်ပါသည် ဘုရား"
ပုဂ္ဂိုလ်သတ္တဝါ မရောမယှက်၊ ဓမ္မဓိဋ္ဌာန် သက်သက်မျှသာ ဖြစ်သော ဤအဖြေသည် အနတ္တဝါဒ၊ ဗုဒ္ဓသာသနာတော်ကြီး တစ်ခုလုံးကို ကိုယ်စားပြု၍ နေပေသည်။
(ခန္ဓသံယုတ်၊ ယမကသုတ်)
ညာလက်ရုံးကြီး ဆန့်လိုက်ပြီ
များစွာသော သုတ္တန်ဒေသနာတော်တို့ဖြင့် ဘုရားရှင်သည် ဣန္ဒြေမျှတမှု၏ အကျိုးအာနိသင်ကို ညွှန်ပြတော်မူခဲ့၏၊ဣန္ဒြေငါးပါးရှိကြရာတွင် သဒ္ဓါနှင့် ပညာမျှတရန် လို၏၊ ဝီရိယနှင့် သမာဓိလည်း ညီမျှမှ အကျိုးရှိ၏၊ အပိုမရှိ အလိုသာရှိသော တရားတစ်ခုမှာကား သတိပင် ဖြစ်ပေသည်။
ကျွန်ုပ်၏ မျက်စိအောက်၌ သဒ္ဓါလွန်၍ တဏှာကျွန် ဖြစ်ရပုံတွေ များလှပေပြီ။ ဝီရိယမပါသော သမာဓိဖြင့် တသမ်းသမ်း တဝေဝေ ဖြစ်နေပုံတို့လည်း တွေ့ရပေါင်းများလှပေပြီ။ ကျွန်ုပ်ကိုယ်တိုင် ဝီရိယတစ်ဖက်သားဖြစ်ခဲ့၍ တစ်ညလုံး ဒုက္ခရောက်ခဲ့ရပုံကို နောက်ပိုင်းမှာ တင်ပြပါဦးမည်။
သဒ္ဓါနှင့်ပညာ ညီမျှမှုကို ဆိုသဖြင့် အချို့က ပညာလွန်လျှင် သဒ္ဓါတရား ဆုတ်ယုတ်သွားတတ်ကြောင်း ပြောဆိုကြ၏၊ အမှန်မှာ ဤသို့ မဟုတ်နိုင်ပါ။ မရသေးသော လောကုတ္တရာ အသိဉာဏ်ရရေးအတွက် ဤသာသနာ တော်ကြီးအတွင်းသို့ သဒ္ဓါတရားဖြင့် ချဉ်းကပ်လာကြရ၏၊ သဒ္ဓါကို အခြေခံ၍ ပညာစခန်းသို့ ဆိုက်လာကြရ၏၊
ပညာ၏ အခြေခံအဖြစ် သဒ္ဓါတရားက ဤသို့ ကျေးဇူးပြုခဲ့သည် မှန်ပါ၏၊ သို့သော် ပညာကို အလွန်အကျွံ ဖြစ်မသွားစေရန် သဒ္ဓါဖြင့် ထိန်းပေးနေစရာကား မလိုပါချေ။ ဟုတ်တိုင်းမှန်စွာ သိမြင်သော ပညာဟူသည် လွန်သည်ဟု မရှိစကောင်းပါ။ အကယ်၍ လွန်သွားသည်ဆိုလျှင်လည်း ထိုအမြင်သည် ပညာမြင်မဟုတ်တော့ဘဲ မိစ္ဆာမြင်သာ ဖြစ်ရပေတော့မည်။
ပညာဉာဏ် တကယ်တမ်း ထက်မြက်ရိုးမှန်လျှင် သဒ္ဓါတရားလည်း အထူးတလည် ခိုင်မြဲလာပုံကို အောက်ပါ အရှင်မဟာသာရိပုတ္တရာ၏ လျှောက်ထားချက်အရ သိနိုင်ကြပေသည်။
ဤဒေသနာတော်၌ အဓိက တင်ပြသွားသူမှာ အရှင်မဟာသာရိပုတ္တရာဖြစ်၍ ဘုရားရှင်က တရားထောက် သဘောဖြင့်သာ ပါဝင်တော်မူပေသည်။
နာဠန္ဒမြို့၊ ဒုဿပါဝါရိက သူဌေး၏ ဥယျာဉ်ကျောင်းမှာ နေတော်မူစဉ် ဤဒေသနာတော် ထွက်ပေါ်လာခဲ့ပေသည်။
"အရှင်ဘုရား၊ တရားသိမြင်သော ဉာဏ်အရာတွင် အရှင်ဘုရားထက် သာလွန်သော အခြားတစ်ပါးသော သာမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေးကလည်း မရှိခဲ့။ နောက်နောင်မှာလည်း ပေါ်လာစရာမရှိ။ ယခုလောလောဆယ်ဆယ်မှာလည်း မရှိနိုင်။ အရှင်ဘုရားအပေါ်၌ တပည့်တော် ဤသို့ပင် ယုံကြည်နေပါသည် ဘုရား"
"သာရိပုတ္တရာ၊ သင်ဆိုအပ်သော စကားသည် ကြီးမြတ်လှပါ၏၊ ခိုင်ခံလှပါ၏၊ တိကျလှပါ၏၊ ကေသရာဇာ ခြင်္သေ့မင်း ဟောက်သံကဲ့သို့ ရဲရဲတင်းတင်း ရှိဘိ၏"
"သာရိပုတ္တရာ၊ အတိတ်ကာလတုန်းက အရဟန္တဂုဏ်ထူးရသည့် ဘုရားရှင်ကိုယ်တော်မြတ်များ ပွင့်တော်မူခဲ့ကြပေပြီ။ ထိုဘုရားရှင်တို့သည် ဤသို့သော အကျင့်သီလ ရှိကြကုန်၏၊ ထိုဘုရားရှင်တို့သည် ဤသို့သော သဘောရှိကြကုန်၏၊ ထိုဘုရားရှင်တို့သည် ဤသို့သော ပညာရှိကြကုန်၏၊ ထိုဘုရားရှင်တို့သည် ဤသို့ စျာန်ဝင်စားလေ့ ရှိကြကုန်၏၊ ထိုဘုရားရှင်တို့သည် ဤသို့ လွတ်မြောက်တော်မူကြကုန်၏၊ ဤသို့အားဖြင့် ထိုဘုရားရှင်အားလုံးတို့၏ စိတ်တော်ကို သင့်စိတ်ဖြင့် ပိုင်းခြား၍ သိထားပါသလော"
"မသိရပါ အရှင်ဘုရား"
"သို့ဖြစ်လျှင် ပွင့်တော်မူလတ္တံ့သော ဘုရားရှင်များ၏ စိတ်ကိုကော သင့်စိတ်ဖြင့် ပိုင်းခြား၍ သိထားပါသလော"
"မသိရပါ အရှင်ဘုရား"
"ယခုလက်ရှိ ငါ ဘုရား စိတ်ကိုကော"
"မသိရပါ အရှင်ဘုရား"
"သာရိပုတ္တရာ၊ ဤသို့အားဖြင့် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဘုရားရှင်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ မသိနိုင်ပါဘဲလျက် သင်သည် ကြီးမြတ်သော စကားကို ဆိုဘိ၏၊ ကေသရာဇာခြင်္သေ့မင်း ဟောက်သံကဲ့သို့ ရဲရဲတင်းတင်းဆိုဘိ၏၊ သင့်စကား၏ အခြေအနေ မည်သို့ရှိနေပါသနည်း"
"အရှင်ဘုရား၊ ဘုရားတပည့်တော်တွင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဘုရားရှင်တို့၏ စိတ်တော်ကို ပိုင်းခြား၍ သိနိုင်စွမ်း မရှိပါဘုရား။ သို့ရာတွင် အရှင်ဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို နည်းနာခံကာ အစဉ်လျှောက်၍ သိနိုင်သော ဉာဏ်စွမ်းကား ရှိနေပါသည်"
"ဥပမာတစ်ခု လျှောက်ထားပါရစေ ဘုရား။ ပြည့်ရှင်မင်းတို့၏ နယ်ခြားစောင့် မြို့တစ်မြို့ ရှိပါသည်။ ခိုင်ခံ့သော တံတိုင်းခြေ၊ ခိုင်မာသော တံတိုင်း၊ မြဲမြံသော တံခါးတိုင်၊ တံခါးရွက်ရှိသော ထိုမြို့၌ တံခါးတစ်ပေါက်သာ ရှိပါသည်။ မသိသူကို တားမြစ်၍ သိသူကိုမှ ဝင်ခွင့်ပြုခြင်းသည် တံခါးစောင့်တို့၏ တာဝန်ဖြစ်ပါသည်။ ထိုမြို့၏ ကျွမ်းကျင်လိမ္မာသော တံခါးစောင့်သည် မြို့ပတ်လမ်းမှာ လျှောက်သွားသောအခါ တံတိုင်းအက်ရာကိုလည်း မမြင်။ တံတိုင်းအပေါက်ကိုလည်း ရှာမတွေ့။ ဤတွင် ထိုတံခါးစောင့်က ဤသို့ စဉ်းစားမိပါတော့သည်။
ဒဤမြို့ထဲသို့ ဝင်လေသမျှ၊ ဤမြို့ထဲမှ ထွက်လေသမျှ သတ္တဝါတို့သည် တစ်ခုတည်းသော ဤတံခါးပေါက်မှသာ ဝင်ကြ ထွက်ကြကုန်၏’
"နည်းနာခံကာ အစဉ်လျှောက်၍ သိနိုင်သော တပည့်တော်၏ ဉာဏ်စွမ်းကား ဤဥမာအတိုင်းသာ ဖြစ်ပါသည် ဘုရား"
"အတိတ်ကာလက ဘုရားရှင်တို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာစွမ်းအားကို လျော့ပါးစေတတ်ကုန်သော နိဝရဏ တရားငါးပါးကို ပယ်ကြကုန်၍ သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ ထားကြကုန်၍၊ ဗောဇ္ဈင်တရား ခုနစ်ပါးတို့ကို နည်းမှန်လမ်းကျ ကျင့်သုံးကြကုန်၍၊ အတူမရှိ၊ သမ္မာသမ္ဗောဓိဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ကြကုန်၏၊ အနာဂတ်မှာ ပွင့်တော်မူလတ္တံ့သော ဘုရားရှင်တို့သည်လည်း ဤနည်းအတိုင်းသာ ဖြစ်တော်မူကြပါလိမ့်မည်။ ယခု ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်လည်း ရှေးရှေးက ဘုရားရှင်ကိုယ်တော်မြတ်များအတိုင်းသာ ဖြစ်တော်မူပါသည်"
"ရှင်တော်မြတ်ဘုရား၊ ဘုရားတပည့်တော်က အရှင်ဘုရားထံ ချဉ်းကပ်လာသောအခါ ရှင်တော်မြတ်ဘုရားက မြတ်သည်ထက် မြတ်အောင်၊ ထူးသည်ထက်ထူးအောင်၊ အဖြူအမည်း ကွဲပြားအောင်ပြု၍ ဟောကြားတော်မူပါသည်။ ရှင်တော်ဘုရား ဟောကြားတော်မူသည့်အတိုင်း ဘုရားတပည့်တော် ပိုင်ပိုင်နိုင်နိုင် သိရပါသည်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၌ ယုံကြည်မှု ခိုင်မြဲလာပါသည် ဘုရား"
"ဘုန်းတော်ကြီးသော အရှင်ဘုရား၊ ကုသိုလ်တရားနှင့် ပတ်သက်၍ ရှင်တော်ဘုရား ဟောကြားတော်မူခဲ့သော ဒေသနာတော်သည် အမြတ်ဆုံး ဖြစ်ပါသည်။ ကုသိုလ်တရားဟူသည်မှာ သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ မဂ္ဂင်ရှစ်ပါးတို့ ဖြစ်ပါသည်။ ဤသာသနာတော်၌ ရဟန်းသည် အရဟတ္တဖိုလ်ကို ကိုယ်တိုင်ကိုယ်ကြပ် မျက်မှောက်ပြု၍ နေ၏၊ အရဟတ္တဖိုလ်ရောက်အောင် ပို့ဆောင်နိုင်သော ကုသိုလ်တရားတို့ကို ဟောကြားတော်မူသောကြောင့် အရှင်ဘုရား၏ တရားဒေသနာသည် အမြင့်မြတ်ဆုံး ဖြစ်ပါသည်။ ထိုတရားဒေသနာတော်ကို အရှင်ဘုရားသည် ကြွင်းမဲ့ဥဿုံ သိတော်မူပြီး ဖြစ်ပါသည်။ ထို့ထက်ပို၍ သိစရာ မရှိတော့ပါ။ အရှင်ဘုရား သိတော်မူသည်ထက် ပို၍သိနိုင်သော အခြားတစ်ပါးက သာမဏ၊ ဗြာဟ္မဏဟူ၍ မရှိနိုင်တော့ပါ ဘုရား"
"အကယ်၍ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က အတိတ် အနာဂတ်က ဘုရားရှင်ကိုယ်တော်မြတ်များသည် အရှင်ဘုရားထက် သာလွန်ပါသလောဟု မေးလျှင် 'မသာလွန်ပါ' ဟူ၍ တပည့်တော် ဖြေပါမည်။ ယခုလောလောဆယ်တွင် အရှင်ဘုရားထက် သာလွန်သော အခြားတစ်ပါးက သာမဏ၊ ဗြဟ္မဏများ ရှိပါသလောဟု မေးလျှင်လည်း ဤသို့ပင် ဖြေပါမည် ဘုရား"
"ဘုန်းတော်ကြီးသော အရှင်ဘုရား၊ ဤနေရာတွင် တပည့်တော်ကို မေးစရာရှိလာပြန်ပါသည်။ 'အရှင်သာရိပုတ္တရာသည် အချို့ကိုသာ ဝန်ခံ၍ အဘယ့်ကြောင့် အချို့ကို ငြင်းဆိုရပါသနည်းဒဤသို့ မေးလာကြလျှင် တပည့်တော်က ဤသို့ ဖြေရပါမည်။ 'ငါ့ရှင်တို့၊ အတိတ်အနာဂတ်ဘုရားရှင်ကိုယ်တော်မြတ်တို့ဥည် တရားသိမြင်ရာတွင် ငါတို့ဘုရားနှင့် ထပ်တူထပ်မျှ ဖြစ်တော်မူကြကုန်၏၊ ဤကမ္ဘာမြေပြင်ပေါ်ဝယ် နှစ်ဆူသော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည် မရှေးမနှောင်း မပွင့်ကောင်းပေ။ ဤသို့ အရှင်ဘုရား ဟောကြားထားသည့် တရားတော်ကို ဘုရားတပည့်တော်ကိုယ်တိုင် ကြားနာရသောကြောင့် ဤသို့ ဖြေရှင်းရခြင်း ဖြစ်ပါသည် ဘုရား"
"ဘုရားတပည့်တော်အား သနားသဖြင့် ဖြေကြားတော်မူပါ အရှင်ဘုရား။ ဤကဲ့သို့ တပည့်တော် ဖြေကြားပါလျှင် အရှင်ဘုရားဟောကြားသည်နှင့် ညီညွတ်ပါသလား ဘုရား"
"ညီညွတ်၏ သာရိပုတ္တရာ။ ငါ ဘုရား ဟောထားခဲ့သည့်အတိုင်းပင် ဖြစ်ပေသည်"
ဉာဏ်ပညာနှင့် အတူတကွ ပါလာခဲ့သော သဒ္ဓါတရားကို ဘုရားရှင်က အသိအမှတ် ပြုတော်မူလိုက်ပါသတည်း။
(ဒီဃနိကာယ်၊ ပါထိကဝဂ်၊ သမ္ပသာဒနိယသုတ်)
ပြော၍မကုန် ဆို၍မခန်း
"အာနန္ဒာ၊ သာရိပုတ္တရာကို သင်လည်း နှစ်သက်ပါ၏လော"
သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်မှာ နေတော်မူစဉ် တစ်နေ့သ၌ ဘုရားရှင်က ဤသို့ထုတ်၍ မေးတော်မူလိုက်၏၊ အမှန်မှာ ဘုရားရှင်၏ ညာလက်ရုံးတစ်ဆူအဖြစ် အားကိုးအားထားပြုနေရသော ပုဂ္ဂိုလ်မြတ်ကြီးအပေါ် မနှစ်သက်သူဟူ၍ မရှိနိုင်ပါ။ မကြည်ညိုသူဟူ၍ မရှိနိုင်ပါ။ ဘုရားရှင်ကို နှစ်သက်ကြည်ညိုသူမှန်လျှင် သည်အရှင်မြတ်ကြီးကိုလည်း နှစ်သက်ပြီး ကြည်ညိုပြီးသား ဖြစ်ကြရပေသည်။
သို့ပါလျက် ဘုရားရှင်က တမင်တကာ ထုတ်ဟ၍ မေးတော်မူချေပြီ။ ဘုရားရှင်တို့၏ အပြုအမူဟူသမျှသည် ဉာဏ်ပညာ ရှေ့သွား ရှိကြသည်သာ ဖြစ်၏၊ တစ်စုတစ်ခုသော အမှုကိစ္စကို ပြုလျှင် တစ်စုံတစ်ရာသော အကြောင်းအရာကို မေးမြန်းဟောကြားလျှင် သက်ရောက်လာနိုင်မည့် အကျိုးဆက်များကို ထက်သန်လှသော ဉာဏ်ပညာဖြင့် နှိုင်းချိန်ဝေဖန်၍သာ ပြုတော်မူ၏၊ ဉာဏ်ပညာနှင့်တကွ ဆက်စပ်လျက်ရှိသော စကားများကိုသာ မေးမြန်းခြင်း၊ ဟောကြားခြင်းပြုတော်မူပေသည်။
ရှင်တော်မြတ်၏ အရိပ်အာဝါသအောက် ခိုးကိုးလာခဲ့သည့် နှစ်လရာသီ အလီလီ ပြောင်းလာသည်နှင့်အမျှ ထုတ်ဟလိုက်သော စကားများ နောက်ကွယ်က အသံမထွက်သော လိုအင်ဆန္ဒများကို ကျွန်ုပ်ကြားသိ၍ လာနိုင်ပါပြီ။ ယခု ရွှေနှုတ်တော်မှ ထုတ်ဟလိုက်သော မေးခွန်း၏ နောက်ကွယ်မှာလည်း အလိုတော်တစ်ခု တွယ်ကပ်လျက် ရှိပေသည်။
သို့ရာတွင် ကျွန်ုပ်လျှောက်ထားရမည့် စကားများမှာ ထိုအလိုတော်နှင့် လိုက်လျောရုံမျှသာ မဟုတ်ပါ။ ကျွန်ုပ်၏ စိတ်နှလုံးအလိုနှင့်လည်း လုံးဝဥဿုံ ညီညွတ်ပြီး ဖြစ်နေပါသည်။
"အရှင်ဘုရား၊ မိုက်မဲသူ၊ ပြစ်မှားသူ၊ တွေဝေသူ၊ ဖောက်လွှဲဖောက်ပြန် စိတ်မမှန်သူများမှ လွဲ၍ အရှင်သာရိပုတ္တရာကို မနှစ်သက်သူဟူ၍ မရှိပါဘုရား"
"အရှင်သာရိပုတ္တရာသည် ရှေ့နောက် မြော်မြင် ဉာဏ်အမြင်နှင့် ပြည့်စုံပါသည်။ မြင့်မြတ်သော ပညာ၊ ကြီးမားသော ပညာ၊ ရွှင်လန်းသော ပညာ၊ လျင်မြန်သော ပညာ၊ ထက်မြက်သော ပညာ၊ မိစ္ဆာအယူဟူသမျှကို ဖောက်ခွဲနိုင်သော ပညာနှင့် ပြည့်စုံပါသည်"
"အရှင်သာရိပုတ္တရာသည် အလိုဆိုးမရှိသူဖြစ်ပါသည်။ ကောင်း ဆိုး ယုတ် မြတ် ရတတ်သမျှဖြင့် ရောင့်ရဲတတ်ပါသည်။ ကာမဂုဏ်တို့မှ ကင်းဝေးပါသည်။ လူပေါက်သောက်တို့နှင့် ရောနှောခြင်း မရှိပါ။ မဆုတ်မနစ် အားသစ်သော စိတ်ဓာတ်ရှိပါသည်"
"အရှင်သာရိပုတ္တရာသည် သီတင်းသုံးဖော်များက ပြောဆိုဆုံးမသော စကားကိုလည်း လေးစားစွာခံယူပါသည်။ မကောင်းသော အယူစွဲ၊ အကျင့်အကြံကို စစ်ကြောမေးမြန်း တတ်ပါသည်။ မကောင်းမှုဟူသမျှကို ရှုတ်ချတတ်ပါသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးကို မည်သူ မနှစ်သက်ဘဲ ရှိနိုင်ပါမည်နည်း အရှင်ဘုရား"
အလိုဆန္ဒနှစ်ရပ်တို့ တစ်ခဲနက် ဆက်စပ်လျက် ထွက်ပေါ်လာသော ဂုဏ်ကျေးဇူးများ ဖြစ်ကြပါပေသည်။ အရှင်မဟာသာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အကြောင်းပြုလျက် ဤသို့သော ဂုဏ်ကျေးဇူးများ ထွက်ပေါ်လာသကဲ့သို့ပင် အရှင်မဟာ မောဂ္ဂလန်စသော မထေရ်မြတ်ကြီးများနှင့် ပတ်သက်၍ မေးမြန်းတော်မူလျှင်လည်း လျှောက်ထားစရာ ဂုဏ်ကျေးဇူးများ အစီအရီ ရှိနေကြသည်သာ ဖြစ်ပေသည်။
(သဂါထာဝဂ်၊ ဒေဝပုတ္တသံယုတ်၊ သုသီမသုတ်)
ဝါးတိုင်ထိပ်က စန္ဒကူးသပိတ်
အဘိညာဉ်စိုးသည့် တန်ခိုးသခင် အရှင်မဟာမောဂ္ဂလန်၏ အကြောင်းကို တင်ပြမည်အပြုတွင် ကျွန်ုပ်၏ စိတ်အာရုံမှာ အရှင်ပိဏ္ဍောလဘာရဒွါဇနှင့် စန္ဒကူးသပိတ်တို့ ဝင်ရောက်လာကြပေသည်။
ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်မှာ နေတော်မူစဉ်က ဖြစ်၏၊ အရှင်မဟာမောဂ္ဂလန်နှင့် အရှင်ပိဏ္ဍောလဘာရဒွါဇတို့သည် ရာဇဂြိုဟ်မြို့တွင်းသို့ အတူတကွ ဆွမ်းခံဝင်လာကြရာ သူဌေးတစ်ဦး၏ အိမ်ရှေ့တွင် လူအများ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေ့ကြရ၏၊ အိမ်ရှေ့က ကွက်လပ်မှာလည်း ဝါးအဆင့်ဆင့် စိုက်ထူကာ အထက်ဆုံး ဝါလုံးဖျားတွင် စန္ဒကူးသပိတ်ကို ချိတ်ဆွဲထား၏၊ နီးစပ်ရာ ဒါယကာတစ်ယောက်ကို မေးကြည့်ရာတွင် "ရဟန္တများအတွက် သူဌေးက လှူဒါန်းထားပါသည်။ တန်ခိုးကြီးသော ရဟန္တာအရှင်မြတ်များ ကောင်းကင်ခရီးဖြင့် ကြွချီ၍ အလှူခံတော်မူကြရန် ဖြစ်ပါသည် ဘုရား"
"အခြားပုဂ္ဂိုလ်များကော ကြိုးစားကြည့်ကြပါသလော"
စန္ဒကူးသပိတ်ကို စိတ်ပါဝင်စားနေပြီဖြစ်သော အရှင်ပိဏ္ဍောလက ဆက်၍မေးလိုက်၏၊
ဒကိုယ့်ကိုယ်ကို ရဟန္တာဆိုသူတွေလည်း မရှားပါဘုရား၊ တန်ခိုးကြီးမားပါသည်ဆိုသော ပုဂ္ဂိုလ်ကြီးတွေလည်း ရှိကြပါသည်။ တကယ့် လက်တွေ့နှင့် စစ်ကြည့်လိုက်တော့ ဘယ်ပုဂ္ဂိုလ်မှ မယူနိုင်သေးပါ။ သည်အထဲမှာ အင်မတန်ဉာဏ်များလှသည့် ပုဂ္ဂိုလ်ကြီးတစ်ပါး ကြွလာပါသေးသည်။ နောက်လိုက်နောက်ပါ ခြွေရံသင်းပင်းများနှင့်တကွ သူဌေးကြီးဆီကြွလာပြီး သပိတ်ကို အလှူခံပါသည်။ သူဌေးကလည်း စောစောက စီစဉ်ထားသည့်အတိုင်း 'စျာန်တန်ခိုးနှင့် မိုးပျံနိုင်လျှင် ယူပါတော့' ဟု လျှောက်ထားလိုက်ပါသည်။
ဒဂိုဏ်းခေါင်းဆောင် ပုဂ္ဂိုလ်ကြီးများက 'သည်လိုဆိုလျှင် ကောင်းပြီ၊ သည်ကနေ့ ငါ၏ တန်ခိုးဣဒ္ဓိပါဒ်ကို ဖူးခွင့်ရကြပြီ' ဟု ခပ်တည်တည်ဆိုကာ လက်နှစ်ဖက်ကိုမြှောက်၍ ထက်ကောင်းကင် ပြန်မည် အပြုလိုက်မှာ သူ့တပည့်များက ဝိုင်း၍ ဆွဲထားလိုက်ကြပါသည်။ 'ဘာမဟုတ်သည့် သပိတ်ကလေး တစ်လုံးအတွက် လူတို့နှင့် မထိုက်တန်အောင် မြင့်မြတ်လှသော စျာန်တန်ခိုးတွေ ပြတော်မမူပါနှင့် ဘုရား' ဟု တားမြစ်ကြပါသည်။ သူတို့လုပ်ဇာတ်ကြီးက ပေါလောဖြစ်နေသဖြင့် လူပုံအလယ် အရှက်ကွဲခံရခြင်းသာ အဖတ်တင်သွားရပါသည်။ လောကမှာ ရဟန္တာတွေ၊ တန်ခိုးရှင်တွေဟု ပါးစပ်ဖျားက အပြောများနေကြသော်လည်း လက်တွေ့နှင့် စပ်ကြည့်လိုက်တော့ အင်မတန်မှ ရှားလှပါသည် ဘုရား"
"ဒါယကာ၊ သင်ပြောသလို မဟုတ်ပါ၊ တန်ခိုးကြီးသည့် ရဟန္တာပုဂ္ဂိုလ်များ ရှိကြပါသည်။ ယခု ငါ့ရှေ့က ပုဂ္ဂိုလ်ကြီးကို ရှုပါ။ သင့်မျက်စိရှေ့မှာပင် စျာန်အဘိညာဉ်တန်ခိုးဖြင့် အလှူခံပြပါလိမ့်မည်"
ဒါယကာ၏ စကားကို ချေပရင်း အရှင်မဟာမောဂ္ဂလန်ကို ရေလာမြောင်းပေး ပြုလိုက်၏၊ အရှင်မဟာမောဂ္ဂလန်က သူ့စကားကို လက်မခံဘဲ "သည်သပိတ်က ငါ့ရှင်အတွက်သာ ဖြစ်သည်။ ငါ့ရှင်လည်း စျာန်အဘိညာဉ်ရ တန်ခိုးရှင်တစ်ပါးပင် မဟုတ်ပါလော"
စောစောကပင် စန္ဒကူးသပိတ်ကို စိတ်ဝင်စားနေပြီဖြစ်သော အရှင်ပိဏ္ဍောလသည် အရှင်မဟာမောဂ္ဂလန်က နှစ်ခါထပ်၍ မတိုက်တွန်းရဘဲ တန်ခိုးပြလိုက်ပေတော့သည်။ ရာဇဂြိုဟ်မြို့ပေါ်တွင် သပိတ်နှင့်တကွ သုံးပတ်တိတိ ပျံဝဲ၍ ပြလိုက်ပေသည်။ သူဌေးနှင့်တကွ မြို့သူမြို့သားတို့၏ ဩဘာသံက ပွက်ပွက်ညံ၍ သွားပါ၏၊
အရှင်ပိဏ္ဍောလသည် ကောင်းကင်မှ ဆင်းသက်၍ သူဌေးရှေ့မှာ ရပ်လာ၏၊ သူဌေးက သပိတ်ကို လှမ်းယူကာ အဖိုးထိုက်တန်သော ခဲဖွယ်ဘောဇဉ်တို့ကို လောင်းလျက် အရှင်မြတ်ထံ ဆက်ကပ်လိုက်၏၊ ကောင်းချီးဩဘာပေး၍ အားမရနိုင်သော ပရိသတ်များက ကျောင်းတော်တံခါးဝထိအောင် လိုက်ပါ၍ လာကြပေသည်။
တစ်စုံတစ်ခုသော စကားပြောစရာရှိလျှင် အကျိုးရှိမှ ပြောကြရမည်။ အကျိုးမရှိသော စကားကို ပြောနေမည့်အစား ဆိတ်ဆိတ်နေကြရမည်။ ဤကား ဘုရားရှင်၏ ဩဝါဒဖြစ်၏၊ ဘုရားရှင်၏ စံနမူနာလည်း ဖြစ်၏၊ တရားဟောစရာ၊ ဆွေးနွေးစရာ၊ ဝိနည်းပညတ်စရာမရှိလျှင် ဘုရားရှင်သည် ဆိတ်ဆိတ်နေခြင်းကိုသာ နှစ်သက်တော်မူ၏၊ တိတ်တိတ်ဆိတ်ဆိတ် နေတော်မူသော ဘုရားရှင်သည် ထိုအသံဗလံများကို ကြားလိုက်ရသည်နှင့် ကျွန်ုပ်ကို ခေါ်တော်မူလိုက်ပေသည်။
"အာနန္ဒာ၊ ကျောင်းတံခါးဝမှာ ဆူညံလှသော အသံကား အသို့နည်း"
အရှင်မဟာမောဂ္ဂလန်ထံမှ သည်အကြောင်းအခြင်းရာကို ကြားရခါစဖြစ်၍ ကျွန်ုပ်က ဟုတ်တိုင်းမှန်ရာကို ချက်ချင်းလက်ငင်း လျှောက်ထားနိုင်ပေသည်။
"အာနန္ဒာ၊ ရဟန်းအားလုံးကို အစည်းအဝေးခေါ်လိုက်"
ဤကဲ့သို့ အမိန့်တော်ထုတ်ပြန်လိုက်သည်နှင့် ယနေ့အဖို့ ဝိနည်းပညတ်ချက်တစ်ခု ထုတ်ပြန်စရာရှိပြီဖြစ်ကြောင်း ကျွန်ုပ်တို့အားလုံး သတိပြုမိကြပါသည်။ သည်ကိစ္စ၏ အရင်းခံပုဂ္ဂိုလ် မည်သူဖြစ်သည်ဟု အထူးတင်ပြရန် လိုတော့မည် မထင်ပါ။
"ဘာရဒွါဇ၊ ရာဇဂြိုဟ်သူဌေး၏ သပိတ်ကို စျာန်တန်ခိုးဖြင့် ပျံတက်၍ ယူသည် မှန်သလော"
မျိုးရိုးနာမည်နှင့် ငယ်နာမည်ဟူ၍ နှစ်မျိုးရှိရာတွင် ဘုရားရှင်က မျိုးရိုးနာမည်ကို ခေါ်တော်မူလေ့ရှိ၏၊ လောကဓမ္မတာ ယဉ်ကျေးမှု ဓလေ့အရလည်း ဖြစ်ပါသည်။
"မှန်ပါသည် အရှင်ဘုရား"
အဖိုးမထိုက်လှသော သပိတ်ကလေးတစ်လုံးအတွက် တန်ခိုးပြာဋိဟာ ပြခဲ့သည့်အတွက် အရှင်ပိဏ္ဍောလအား အမျိုးမျိုးအဖုံဖုံ ရှုတ်ချတော်မူကာ-
‘ရဟန်းတို့၊ လူတို့အား တန်ခိုးပြဋိဟာကို မပြအပ်။ ပြသောရဟန်းအား ဒုက္ကဋ် အာပတ်သင့်စေ’
‘ရဟန်းတို့၊ သပိတ်ကိုခွဲလိုက်ကြ။အစိတ်စိတ် အမြွှာမြွှာခွဲ၍ မျက်စဉ်းကြိတ်စရာ အဖြစ်ဖြင့် ရဟန်းတို့အား ပေးလိုက်ကြ’
'ရဟန်းတို့၊ သစ်သားသပိတ်ကို မဆောင်အပ်။ ဆောင်သောရဟန်းအား ဒုက္ကဋ် အာပတ်သင့်စေ’
ဝိနည်းပညတ်ချက်နှစ်ခုနှင့် အမိန့်တော်တစ်ရပ်ကို တစ်ပြိုင်နက် ထွက်ပေါ်လာကြ၏၊ ကောင်းချီဩဘာသံ တညံညံဖြင့် ယူဆောင်ခဲ့ရသော သပိတ်သည် ထိုနေရာမှာပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရရှာပေသည်။
(စူဠဝဂ်၊ ခုဒ္ဒကဝတ္ထု ခန္ဓက)
အမှန်အတိုင်းဆိုရသော် ထိုစဉ်က သပိတ်ကလေးကို နှမြောလှပါသည်။ ပရိသတ်အလယ် ကဲ့ရဲ့ ရှုတ်ချခံခဲ့ရသော အရှင်ပိဏ္ဍောလကိုလည်း သနားမိပါသည်။ ရာဇဂြိုဟ်မြို့က ထင်ရှားလှသော သူဌေးတစ်ဦးသည် တန်ခိုးပြာဋိဟာကို အကြောင်းပြု၍သာလျှင် သာသနာတော်ကြီးနှင့် အဆက်အသွယ် ဖြစ်၍လာ၏၊ ဘယ်နည်းနှင့်ပင်ရောက်ရောက်၊ သာသနာတော်ကြီးထဲသို့ တစ်ယောက်ရောက်လာလျှင် တစ်ယောက် တိုးတက်လာသည် မဟုတ်ပါလော။ သို့ပါလျက် ဤသို့သော စည်းရုံးမှုကို အဘယ့်ကြောင့် လက်ခံတော်မူမူပါသနည်း။
ပယ်လှန်၍ မဖြစ်နိုင်သော အမိန့်တော်ကြီးမို့သာ နာခံလိုက်ရ၏၊ စိတ်ထဲမှာတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပေ။ ထိုအချိန် ထိုကာလမှာ သာသနာတော် ရှေ့ဦးပိုင်းဖြစ်ရာ သီတင်းငယ်ဖြစ်သော ကျွန်ုပ်တို့တစ်တွေမှာ အရှင်မဟာမောဂ္ဂလန်၏ လျှမ်းလျှမ်းတောက် တန်ခိုးပြာဋိဟာများကို အားကျနေဆဲသာ မဟုတ်ပါလော။
အရှင်မဟာမောဂ္ဂလန်၏ တန်ခိုးပြာဋိဟာ
အရှင်မဟာသာရိပုတ္တရာသည် ပညာအရာ ဧတဒဂ်ရရှိသကဲ့သို့ အရှင်မဟာမောဂ္ဂလန်မှာလည်း တန်ခိုးဣဒ္ဓိပါဒ် ကြီးမားသောအရာတွင် ဧတဒဂ်ရသည်ကို အားလုံးအသိပင် ဖြစ်ပါသည်။ အများတကာတို့ထက် ထူးကဲသာလွန်သော တန်ခိုးဣဒ္ဓိပါဒ်ရသည့်အားလျော်စွာ ဘုရားရှင်ကိုယ်တော်မြတ်က ဤဘွဲ့ထူးဂုဏ်ထူးဖြင့် ထိုက်ထိုက်တန်တန် ချီးကျူး ဂုဏ်ပြုခဲ့ခြင်းလည်း ဖြစ်ပါ၏၊
တရားမင်း ကိုယ်တော်တိုင် ချီးကျူးခဲ့သည့်အတိုင်း အရှင်မဟာမောဂ္ဂလန်သည် တန်ခိုးပြာဋိဟာ အမျိုးမျိုးတို့ဖြင့် အရှင်မဟာသာရိပုတ္တရာနှင့် ထပ်တူထပ်မျှ ထင်ပေါ်ခဲ့ပါ၏၊ ကျော်ကြားခဲ့ပါ၏၊ လေးစားကော်ရော် ပူဇော်ခြင်းအမျိုးမျိုးကို ခံယူခဲ့ရပါ၏၊ သည်အရှင်မြတ်ကြီး၏ တန်ခိုးဣဒ္ဓိပါဒ်များကို သည်ကရှေ့တွင် ကျွန်ုပ်တို့ မည်သို့ မည်ပုံ ရှုမြင်ရတော့မည်နည်း။
သိက္ခာပုဒ် ပညတ်တော်မူတုန်းက လူများကိုသာ မပြရဟု ပါရှိပါ၏၊ ရဟန်းအချင်းချင်းများ မပါရှိပါ၏ သို့သော် ကျွန်ုပ်တို့ရဟန်းများ အချင်းချင်းမှာဆိုလျှင် တန်ခိုးပြာဋိဟာ ပြရလောက်အောင် အကြောင်းကိစ္စ ပေါ်ပေါက်ဖို့ ခဲယဉ်းလှပါသည်။
တန်ခိုးပြာဋိဟာများကို အားကျမက်မောသော စိတ်ဖြင့် ထိုစဉ်က မရှင်းမလင်း ဖြစ်ခဲ့ရသော စိတ်အစဉ်မှာ တစ်စနှင့်တစ်စ ရှင်းလင်း၍ လာရ၏၊ ဤသို့ရှင်းလင်းလာသည့် အရပ်ဌာနကား နာဠန္ဒမြို့ပင် ဖြစ်ပေသည်။
နာဠန္ဒမြို့အနီး ပါဝါရိက သူဌေး၏ သရက်ဥယျာဉ်ကျောင်း၌ နေတော်မူစဉ် ကေဝဋ္ဋအမည်ရှိသော သူဌေးသားတစ်ယောက်က ဤသို့လာ၍ လျှောက်ထား၏၊
"အရှင်ဘုရား၊ ဤနာဠန္ဒမြို့သည် ပစ္စည်းဥစ္စာကြွယ်ဝပါသည်။ အစာရေစာပေါများပါသည်။ လူမျိုးပေါင်းစုံ စုပြုံနေထိုင်ရာ ဖြစ်ပါသည်။ ဤမြို့သူ မြို့သားတို့ဥည် ဘုရားရှင်ကိုယ်တော်မြတ်အပေါ် ကြည်ညိုသဒ္ဓါ ပွားများသူတို့ ဖြစ်ကြပါသည်။ သို့ဖြစ်ပါ၍ ဘုရားတပည့်တော် အခွင့်အရေးတစ်ခု တောင်းပါရစေ။ နာဠန္ဒမြို့သူ မြို့သားများ ဘုရားရှင်အပေါ် အတိုင်းထက်အလွန် ကြည်ညိုသဒ္ဓါပွားများလာကြစေရန် တန်ခိုးပြာဋိဟာပြမည့် ရဟန်းတစ်ပါးကို ရွေးချယ်ခန့်ထားတော်မူပါ ဘုရား"
"ကေဝဋ္ဋ၊ လူတို့အား တန်ခိုးပြာဋိဟာပြရန် ရဟန်းတို့အား ငါ ဘုရား မဟောကြားပေ"
သူဌေးသား၏ လျှောက်ထားချက်ကို ဘုရားရှင်က ချက်ချင်းပင် ငြင်းဆိုတော်မူလိုက်၏၊ သူဌေးသားကလည်း ဇွဲကောင်းကောင်းဖြင့် သုံးကြိမ်တိုင်တိုင် လျှောက်ထား၏၊ ဘုရားရှင်ကလည်း သုံးကြိမ်စလုံးကို ပယ်တော်မူကာ တန်ခိုးပြာဋိဟာ ပြခြင်း၏ အပြစ်များကို ဟောတော်မူရပေသည်။
"ကေဝဋ္ဋ၊
ဣဒ္ဓိပါဒပါဋိဟာရိယ = မြေလျှိုးမိုးပျံစသည်ဖြင့် အမျိုးမျိုး ဖုံဖုံ တန်ခိုးဖန်ဆင်းခြင်း။
အာဒေသနာပါဋိဟာရိယ = သူတစ်ပါးစိတ်ကို အတတ်ဟောခြင်း။
အနုသာသနီပါဋိဟာရိယ = သူတစ်ပါး၏ စိတ်ကို မိမိ၏ စိတ်ဖြင့် ဆုံးမသွန်သင်ခြင်း ဟူ၍ တန်ခိုးပြာဋိဟာ သုံးမျိုးရှိပေသည်။
"ဤသို့သော တန်ခိုးပြခြင်းတို့ဖြင့် သာသနာတော်၌ သက်ဝင်ယုံကြည်ပြီးသား ပုဂ္ဂိုလ်များ ပို၍ ကြည်ညိုလာဖွယ်ရာရှိသည် မှန်သော်လည်း မသက်ဝင် မယုံကြည်သူတို့မှာကား လောကီ ဂန္ဓာရီအတတ်များဟု စွပ်စွဲစရာ မရှိပါလော"
"ရှိပါသည် အရှင်ဘုရား"
တစ်ဖက်သက်အမြင်ဖြင့် တင်လျှောက်ခဲ့သော သူဌေးသားသည် နှစ်ဖက်အမြင်ဖြင့် ရှင်းလိုက်မှသာ သဘောပေါက်၍ သွားပေသည်။
(ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်၊ ကေဝဋ္ဋသုတ်)
တန်ခိုးပြာဋိဟာများအပေါ် အာသာမပြေနိုင်သေးသော ကျွန်ုပ်မှာ ထိုဒေသနာတော်တို့ ကြားရခါမှ အာသာပြေသလောက် ဖြစ်သွားရ၏၊ နောက်ပိုင်းများတွင် လောကီစျာန် အဘိညာဉ်ရရှိသော အရှင်ဒေဝဒတ်၏ အဖြစ်အပျက်များ။ အဘိညာဉ်စိုးသည့် တန်ခိုးသခင် အရှင်မဟာမောဂ္ဂလန် မရှုမလှ ပရိနိဗ္ဗာန်စံရပုံများကို တွေ့မြင်ရသောအခါ စောစောပိုင်းက စိတ်ဓာတ်များအတွက် ကြက်သီးဖြန်းဖြန်း ထခဲ့ရပေသည်။
ထို့ကြောင့် မိမိ၏ နောက်ဆုံးနေ့များကို လက်ချိုးရေတွက်၍ ရနေပြီဖြစ်သော ယခုလိုအခါမျိုး၌ ငယ်စဉ်ကာလက အားကျခဲ့ရသော တန်ခိုးပြခန်းများကို တင်ပြမနေလိုတော့ပါ။ အသက်တမ်းနှင့်အမျှ ကျွန်ုပ်၏ ကြည်ညိုသဒ္ဓါစိတ်ကို ပွားစေခဲ့သော ဒေသနာတစ်ပုဒ်ကိုသာ တင်ပြလိုပါသည်။
ဒေသနာတော်တစ်ပုဒ်ဟူ၍ ကျွန်ုပ်က အလေးအမြတ် နာမည်တပ်လိုက်ရသော်လည်း အရှင်မြတ်ကြီးကတော့ ဒေသနာတော်တစ်ပုဒ်အဖြစ်ဖြင့် တမင်တာ စီစဉ်၍ ဟောခဲ့သည်မဟုတ်ပါ။ ရှင်သီဝလိ၏ မယ်တော် ခမည်းတော်များက ခုနစ်ရက်တိုင်တိုင် ဆွမ်းလုပ်ကျွေးလိုသဖြင့် ယခင် ပင့်ထားပြီးဖြစ်သော မိမိပစ္စည်းလေးပါး ဒါယကကြီးထံ ခွင့်ပန်ရင်းပြောကြားခဲ့ခြင်းသာ ဖြစ်ပေသည်။
ကျွန်ုပ်တို့ သီတင်းသုံးဖော်များထဲက ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များတွင် အရှင်သီဝလိသည် တစ်ပါးအပါအဝင်ဖြစ်ပေသည်။ လာဘ်သပ်ပကာ ပေါများခြင်းအရာတွင် ဧတဒဂ်ဂုဏ်ထူး ဆွတ်ခူးနိုင်ခဲ့သော ဤအရှင်မြတ်သည် မွေးဖွားစဉ်ကပင် ထူးခြားခဲ့သူ ဖြစ်ပါ၏၊ သူများတကာ ဆယ်လပတ်ဝန်းကျင်သာ နေခဲ့ရသော အမိဝမ်းတိုက်တွင် ခုနစ်နှစ်တိုင်တိုင် နေထိုင်ခဲ့ရပေသည်။
သူ၏ မိခင် ကောလိယအမျိုးသမီး သုပ္ပဝါသာသည် မမွေးဖွားနိုင်သော ဝေဒနာဖြင့် ခုနစ်ရက်တိုင်တိုင် မိန်းမော၍ သွားခဲ့ရ၏၊ သတိပြန်လည်လာချိန်တွင် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးတော်များကို အောက်မေ့ခြင်းဖြင့် သက်သာခွင့်ရခဲ့ရ၏၊ သုပ္ပဝါသာသည် ရတနာသုံးပါး၏ လက်ငင်းလက်တွေ့အကျိုးများကို ခံစားရသဖြင့် လင်ဖြစ်သူအား ဘုရားရှင်ထံ စေလွှတ်၏၊ ဘုရားရှင့် ခြေတော်အစုံ ကြာပဒုံကို သူ့ကိုယ်စား ဦးခိုက်စေပြီးလျှင် ဖြစ်ကြောင်းကုန်စင်ကို လျှောက်ထားခိုင်း၏၊
လင်ဖြစ်သူ ကောလိယအမျိုးသားက ဘုရားရှင်၏ ခြေတော်ရင်း ဝပ်စင်း၍ လျှောက်ထားလိုက်သည်တွင်-
"ကောလိယအမျိုးသမီး သုပ္ပဝါသာသည် ချမ်းသာစေသတည်း။ ရောဂါမရှိ ပကတိ ကျန်းမာစေသတည်း။ ရောဂါမရှိ ပကတိကျန်းမာသော သားကို ဖွားမြင်စေသတည်း"
ဘုရားရှင်က ဆုပေးတော်မူလိုက်၏၊ ထိုအချိန်မှာင် အိမ်မှာရှိရစ်သော သုပ္ပဝါသာသည် အောင်မြင်စွာ မီးဖွားပေးခဲ့ပေသည်။ သီဝလိ၏ မိဘဆွေမျိုးများ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပေသည်။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို ပိုမို၍ အားကိုးလာကြပေသည်။
သုပ္ပဝါသာတို့သားအမိ၏ ကျန်းမာချမ်းသာကြောင်းကို လျှောက်ထားရင်း သီဝလိ၏ ဖခင်သည် ကျောင်းတော်သို့ရောက်ပြန်ကာ ခုနစ်ရက်တိုင်တိုင် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းလုပ်ကျွေးလိုကြောင်း လျှောက်ထား၏၊
ထိုခုနစ်ရက်မှာပင် အခြားဒါယကာကြီး တစ်ဦးကလည်း စောစောကလျှောက်ထားပြီး ဖြစ်နေ၏၊ ထိုသူမှာ အရှင်မဟာမောဂ္ဂလန်၏ အလုပ်အကျွေး ပစ္စည်းလေးပါး ဒါယကာ သူဌေးကြီးတစ်ဦးပင် ဖြစ်၏၊ အရှင်မဟာမောဂ္ဂလန်ကို အကြောင်းပြု၍ ထိုသူဌေးကြီး ဆွမ်းကျွေးခဲ့ရပေါင်း များခဲ့ပေပြီ။ သုပ္ပဝါသာတို့က ယခုမှ လုပ်ကျွေးခွင့်ရကြ၏၊ စိတ်စေတနာ အလွန်တရာ ထက်သန်နေကြ၏၊ အလွန်တရာ ထက်သန်နေဆဲတွင် အပယ်ခံလိုက်ရလျှင် ရပ်တည်ရာ မရနိုင်လောက်အောင် ရှိကြပေလိမ့်မည်။ ထို့ကြောင့် ဘုရားရှင်က အရှင်မဟာမောဂ္ဂလန်အား ဆွမ်းဒါယကာကြီးထံ လွှတ်လိုက်၏၊ ဒါယကာကြီးအတွက် ပေးသောရက်များကို သုပ္ပဝါသာတို့ထံ လွှဲပြောင်းပေးရန် ပန်ကြားခိုင်းလိုက်ရ၏၊
ဆွမ်းဒါယကာကြီးကလည်း အရှင်မြတ်ကြီး၏ ပန်ကြားချက်ကို မငြင်းဆန်ပါ။ သို့သော် အာမခံချက်သုံးခုကိုတော့ တောင်းဆိုပေသည်။
"အရှင်ဘုရား၊ အကယ်၍ အရှင်ဘုရားသည် ဘုရားတပည့်တော်၏ စည်းစိမ်ဥစ္စာ၊ အသက်နှင့် သဒ္ဓါတရား၊ ဤသုံးပါးသော တရားတို့ကို မပျက်စီးစေရပါဟု အာမခံနိုင်လျှင် တပည့်တော်၏ ရက်များကို သုပ္ပဝါသာတို့ကို လွှဲပေးပါမည်။ တပည့်တော်က သူတို့ပြီးမှ ဆွမ်းလုပ်ကျွေးပါမည် ဘုရား"
ဒါယကာကြီး၏ တောင်းဆိုချက်မှာ တရားနှင့်အညီဖြစ်နေသဖြင့် အရှင်မြတ်ကြီးသည် စျာန်အဘိညာဉ် တန်ခိုးများကို နှိုးဆော်လိုက်ရ၏၊ အနာဂတ်ကာလကို လှမ်းမျှော်ကြည့်မြင်နိုင်သော အနာဂတံသဉာဏ်ဖြင့် ဆင်ခြင်လိုက်သောအခါ ထိုကာလများအတွင်း၌ ဒါယကာကြီး၏ စည်းစိမ်ဥစ္စာများ ပျက်စီးစရာ မရှိ။ အသက်အန္တရာယ် တစ်စုံတစ်ရာကိုလည်း မတွေ့မြင်။ ထို့ကြောင့် ဒါယကာကြီးထံ ဝမ်းမြောက်စွာ စကားပြန်ရပေသည်။
"ဒါယကာကြီး၊ ဒါယကာကြီး၏ စည်းစိမ်ဥစ္စာနှင့် အသက်တို့ကို အာမခံပါ၏၊ လောလောဆယ်ကာလများအတွင်း၌ ပျက်စီးစရာ အကြောင်း မရှိသေးပါ"
"သဒ္ဓါတရား မပျက်စီးဖို့ကိုလည်း အရှင်ဘုရား၏ တန်ခိုးတော်ဖြင့် စောင့်ရှောက်ပေးတော်မူပါဦး ဘုရား"
"ဒါယကာကြီး၊ စျာန်အဘိညာဉ်တန်ခိုးဖြင့် စည်းစိမ်ဥစ္စာကို အာမခံနိုင်ပါ၏၊ အသက်ကို အာမခံနိုင်ပါ၏၊ သို့ရာတွင် သဒ္ဓါတရား မပျက်စီးဖို့ကား အာမမခံနိုင်ပါ။ မိမိ၏ သဒ္ဓါတရားကို မိမိကိုယ်တိုင်က စောင့်ရှောက်ရန်သာ ရှိပေသည်"
"ကောင်းပါပြီ ဘုရား၊ ကျန်နှစ်ပါးကို အရှင်ဘုရား အာမခံပါလျှင် သည်တစ်ပါးကို တပည့်တော်ကိုယ်တိုင် စောင့်ရှောက်ပါတော့မည်"
ဒါယကာကြီးက ကျေနပ်စွာ ခွင့်ပြုလိုက်သဖြင့် သုပ္ပဝါသာတို့ ဆွမ်းကုသိုလ်ယူနိုင်ခွင့် ရကြပေသည်။
အရှင်မဟာမောဂ္ဂလန်ပြခဲ့ဖူးသော တန်ခိုးပြာဋိဟာများတွင် သာသနာတော်ကြီး တည်နေသမျှ ဥဒါန်းတွင်နေမည်ဖြစ်သော ဤစကားတစ်ခွန်းကိုလည်း စားရင်းသွင်းလိုက်ချင်ပါ၏၊
(ဥဒါန်း၊ သုပ္ပဝါသာသုတ်)
ဗုဒ္ဓမြတ်စွာ၏ ကိုယ်စားလှယ်
"ရဟန်းတို့၊ ကဿပသည် ကောင်းဆိုးယုတ်မြတ် ရတတ်သမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်၏၊ ရောင့်ရဲလွယ်ခြင်း၏ ကျေးဇူးကိုလည်း ဆိုလေ့ရှိ၏၊ ပစ္စည်းလေးပါးကို အကြောင်းပြု၍ မသင့်လျော်သော အမူအကျင့်များကိုလည်း မကျင့်ပေ။ မရသေးသော ပစ္စည်းလေးပါးကိုလည်း တောင့်တခြင်း မရှိပေ။ ရရှိပြီးသော ပစ္စည်းလေးပါးတို့ကို မက်မောခြင်း၊ စွဲလမ်းခြင်း မရှိပေ။ ပစ္စည်းလေးပါးတို့ကို လက်ခံသုံးစွဲနေရခြင်းကိုပင် ဘေးဟု ရှုမြင်တတ်၏၊ လွတ်မြောက်ရာကို ရှေးရှုသော ဉာဏ်ပညာဖြင့် ဆင်ခြင်၍သာ သုံးဆောင်တတ်၏"
(ကဿပသံယုတ်၊ သန္တုဋ္ဌိသုတ်)
ငွေစန္ဒာလမင်းကြီး၏ အခြွေအရံ ကြယ်တာရာများထဲက တတိယကြယ်ပြောင်ကြီး၏ အခန်းကို ဤမိန့်ခွန်းတော် ကြီးဖြင့် ဖွင့်လှစ်လိုက်ပါ၏၊
သာသနာတော်ထမ်း ရဟန်းများအတွက် အနည်းဆုံးသော လိုအပ်ချက်မှာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း အိပ်ရာနေရာနှင့် ဆေး၊ ဤလေးပါးသော ပစ္စည်းများပင် ဖြစ်၏၊ သာသနာတော်ကို စိတ်အေးချမ်းသာ ထမ်းဆောင်နိုင်ရန် ခွင့်ပြုတော်မူခဲ့သော ပစ္စည်းလေးပါးနှင့် ပတ်သက်၍ ရဟန်းအများတို့ သဘောထား မှန်ကန်ကြစေရန် တတိယသာဝကကြီး၏ စံနမူနာကို ထုတ်ပြတော်မူပြီးနောက် ဆက်လက်၍-
"ရဟန်းတို့၊ လူတို့၏ စိတ်နှလုံးကို ပြုံးရွှင်စေတတ်သော ငွေလမင်းကြီးသည် ထက်ကောင်းကင်ဝယ် လွတ်လွတ်လပ်လပ် သွားလာ၍ နေသကဲ့သို့ ကဿပသည် ကိုယ်ရောစိတ်ပါ လွတ်လပ်ကြီးခွာလျက် ဒါယကာ၊ ဒါယိကာမများထံ ချဉ်းကပ်၏၊ နေ့စဉ်နှင့်အမျှ ဆွမ်းခံရောက်သော်လည်း သူ့အဖို့ အားလုံး အသစ်ချည်းသာ ဖြစ်၏၊ အကျွမ်းတဝင် ခင်မင်ရင်းနှီးထားသော ဒါယကာ၊ ဒါယိကာမ ဟူ၍ မရှိပေ။ ငါ့ဒါယကာ၊ ဒါယိကာမဟူ၍ စွဲလမ်းထားခြင်းလည်း မရှိပေ"
ဒါယကာ၊ ဒါယိကာမတို့နှင့် ဆက်ဆံရေးမှာလည်း ငွေလမင်းကြီးနှင့် စံပြုတော်မူခဲ့ပေသည်။
(ကဿပသံယုတ်၊ စန္ဒူပမသုတ်)
ရဟန်းပရိသတ်အားလုံးအတွက် စံနမူနာအဖြစ်ဖြင့် ဘုရားရှင်ကိုယ်တော်တိုင်က ထုတ်ဆောင်တော်မူရသော အရှင်မြတ်ကြီးသည်ကား အဂ္ဂသာဝကနှစ်ပါးနောက် များမကြာမီ ဝေဠုဝန်ကျောင်းတော်သို့ ရောက်လာသူဖြစ်ပါ၏၊ ဘုရားရှင်ကို ကိုယ်တိုင်ကိုယ်ကြပ် မဖူးရ မမြင်ရခင်ကပင် လောကမှာထင်ရှားရှိသော ရဟန္တာအရှင်မြတ်များကို ရည်စူး၍ ရဟန်းပြုလာခဲ့သည်ဟု ဆိုပါ၏
အရှင်မြတ်ကြီး၏ ဘဝခရီးစဉ်တွင် ထူးခြားသော အကွေ့သုံးခုရှိသည်ကို ကျွန်ုပ်တို့ ကြားသိထားရ၏၊ နှစ်ခုမှာ အိမ်ထောင်ရေးဖြစ်၍ ကျန်တစ်ခုကား ရဟန်းပြုပြီးချိန်၌ ဖြစ်ပေသည်။
အရှင်မဟာကဿပ ဟူသည်မှာ အရှင်မြတ်ကြီး၏ မျိုးရိုးနာမည်ဖြစ်၏၊ သုံးမကုန် ဖြုန်းမကုန်အောင် ကြွယ်ဝချမ်းသာသော ဗြာဟ္မဏမဟာသာလမျိုးရိုးပင် ဖြစ်ပေသည်။ မဂဓတိုင်း မဟာတိတ္ထရွာကြီးက ကပိလဗြာဟ္မဏသည် သူ၏ ဖခင်ဖြစ်ပေသည်။ အရှင်မြတ်ကြီး၏ ငယ်နာမည်ရှိပါသော်လည်း ကျွန်ုပ်သည် ထိုနာမည်ကို မခေါ်ဝံ့ပါ။ အရှင်မြတ်ကြီးအပေါ် ရိုသေလေးမြတ်သော စိတ်များက ထိုစကားလုံးများကို ဟန့်တား၍ ထားကြပေသည်။
ဗြာဟ္မဏအနွယ်ဖွား အလောင်းအလျာသတို့သား အသက်နှစ်ဆယ်ပြည့်ချိန်တွင် မိဘနှစ်ပါးတို့က အိမ်ထောင်ပြုရန် နားချကြ၏၊ မျိုးနွယ်မပျက် စဉ်ဆက်ပြန့်ပွားရေးကို တိုက်တွန်းကြ၏၊ သို့သော် သတို့သားက လုံးဝ စိတ်မပါ။ သူစိတ်ပါသည်မှာ တောထွက်၍ ရဟန်းပြုရေးပင် ဖြစ်၏၊
သားဖြစ်သူက မိမိစိတ်သဘောရင်းကို အတိအလင်း ပြောပြပါသော်လည်း မိဘများက လက်မလျှော့ကြပေ။ အခွင့်သာတိုင်း အိမ်ထောင်ပြုရေးကိုသာ တိုက်တွန်းနေကြ၏၊ သို့နှင့် သတို့သားသည် နားပူမှ အေးစေတော့ဟု ရွှေစင်ရုပ်တစ်ခုကို ပြကာ ဤသို့ဤပုံ လှမျိုးစုံသော မိန်းကလေးကိုရမှ ယူနိုင်မည်ဖြစ်ကြောင်း ပြောပြလိုက်ရ၏၊
သတို့သားအနေနှင့် ဤလိုမိန်းကလေးမျိုး လုံးဝ မရှိနိုင်ဟု ရဲဝံ့စွာ ပြောလိုက်ခြင်း ဖြစ်၏၊ သို့သော် သူ့အထင်နှင့် အမြင် တက်တက်စင် လွဲခဲ့ရပေသည်။
ရွှေစင်ရုပ်ကို ထမ်း၍ သတို့သမီးလောင်း အရှာထွက်သွားကြသော ဗြာဟ္မဏရှစ်ယောက်တို့သည် အောင်မြင်သော မျက်နှာဖြင့် မဟာတိတ္ထရွာကြီးသို့ ပြန်လာကြ၏၊ မဒ္ဒရာဇ်တိုင်း၊ ကောသိယမျိုးနွယ် သူဌေးကြီး၏ သမီးပျို ဘဒ္ဒါသည် ရွှေစင်ရုပ်ထက်ပင် ချောမောလှပသူဖြစ်၍ ရွှေစင်ရုပ်ပေးအပ်ကာ စကားကမ်းလှမ်းထားခဲ့ကြောင်း ပြောပြကြ၏၊
သတို့သား မည်သို့ ပြုရမည်နည်း။ မိမိပြောထားသော စကားအရ ရွှေစင်ရုပ်ထက် ချောမောသူကိုလည်း တွေ့နေပေပြီ။ မျိုးရိုးနှင့် စည်းစိမ်ဥစ္စာတို့တွင်လည်း မိမိတို့နှင့် ထပ်တူထပ်မျှ ဖြစ်နေပေပြီ။ ဘဝခရီးစဉ်၌ မမျှော်လင့်သော အကွေ့တစ်ခုကိုတော့ ရောက်လာချေပြီ။ သို့သော် သူ့စိတ်က မလျှော့ချင်သေးပါ။ လူကြီးမိဘများကို ငြင်းဆန်၍ မရနိုင်သော်လည်း မိမိတို့ အချင်းချင်း ကြိုတင်အကြောင်းကြားလိုက်လျှင် သည်ကိစ္စကြီး ပျက်ပြယ်၍ သွားနိုင်သေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူ့ခန်းဆောင်ကို အလုံပိတ်ကာ သူ့အကြံအစည်ကို အကောင်အထည်ဖော်လိုက်၏၊
"နှမ ဘဒ္ဒါ၊ မောင်ကြီးက ကြိုတင်သတိပေးလိုက်ပါသည်။ မောင်ကြီးသည် မကြာမီ ရဟန်းပြုတော့မည်ဖြစ်ပါ၏၊ သို့ဖြစ်၍ နှမ ဘဒ္ဒါသည် မိမိနှင့် အမျိုးအနွယ် စည်းစိမ်ဥစ္စာ တူမျှသူ အခြားတစ်ယောက်နှင့် အိမ်ထောင်ပြုစေချင်ပါသည်။ နောက်မှ နောင်တ ရမနေစေရန် ဖြစ်ပါသည်"
ဤအမှာစကားကိုရေးကာ အလုံအခြုံပိတ်လျက် မဒ္ဒရာဇ် သမီးပျိုထံ အပို့လွှတ်လိုက်၏၊ သို့သော် ဤအခါတွင်လည်း သူ မမျှော်လင့်သော ဘဝတစ်ကွေ့သို့ လျှောက်လာမိခြင်းသာ ဖြစ်ပေသည်။
သည်ကလွှတ်လိုက်သော စာပို့သမားသည် ဟိုကပို့လိုက်သော စာပို့သမားနှင့် လမ်းမှာဆုံမိ၏၊ စာပို့ပုံထူးခြားလှသဖြင့် ပါလာသော စာလွှာနှစ်ခုလုံးကို ဖောက်၍ ဖတ်ကြ၏၊ ဤတွင် မဒ္ဒရာဇ် သမီးပျို ဘဒ္ဒါထံမှလည်း သဘောထပ်တူဖြစ်သော စာကို ဖတ်ကြရပေသည်။
စာပို့နှစ်ဦးတို့သည် မူရင်းစာနှစ်စောင်လုံးကို ဖျောက်ဖျက်ပစ်ကာ မိမိတို့ ဘာသာ မေတ္တာစာလွှာများရေး၍ ပို့ကြ၏၊ သို့နှင့် သတို့သား သတို့သမီးနှစ်ယောက်တို့ တစ်အိုးတစ်အိမ်တည်းမှာ ဆုံလာကြရပေတော့သည်။
တစ်အိမ်တည်း၊ တစ်ခန်းတည်း၊ တစ်အိပ်ရာတည်းမှာ အတူနေခဲ့ကြသော်လည်း သူတို့နှစ်ယောက်ကား မောင်နှမအဖြစ်ထက် ပိုမလာကြပေ။ ညအိပ်ရာဝင်ရာတွင် ပန်းကုံးများချ၍ အိပ်ကြပေသည်။
မိဘများ အလိုကျ ဟန်ဆောင်လင်မယားအဖြစ် နေလာခဲ့ကြရာ တစ်ချိန်တွင် မိဘများ ကွယ်လွန်သွားကြ၏၊ ဤတွင် သတို့သားရော သတို့သမီးပါ မိဘများထားခဲ့သော လုပ်ငန်းဆောင်တာများကို ကြီးကြပ်ရပေတော့သည်။
တစ်နေ့သ၌ သတို့သားသည် လယ်ပွဲသို့ သွားကြည့်ရာတွင် ထွန်ကြောင်းထဲမှ ပေါ်လာကြသော ပိုးကောင်များကို ကျီးငှက်များသုတ်၍ စားနေပုံကို မြင်လိုက်ရ၏၊ "သူ့အသက် ရက်စက်မညှာ သတ်ဖြတ် စားသောက်သော ဤအရာတွင် မည်သူ့မှာ တာဝန်ရှိပါသနည်း" ဟု မေးကြည့်သောအခါ "အရှင့်သားအတွက် လုပ်ဆောင်ရသော ကိစ္စဖြစ်၍ အရှင့်သားမှာသာ တာဝန်ရှိပါသည်" ဟု လယ်လုပ်သားများက အဖြေပေးကြ၏၊
အမှန်မှာ ကျီးစားသောအမှုသည် ကျီး၏ အကုသိုလ်သာဖြစ်၏၊ သူတို့ကို ကျီးစားပါစေဟု တမင်တကာ ပြုသည်မဟုတ်၍ လယ်လုပ်သားရော လယ်ပိုင်ရှင်ပါ အကုသိုလ် မဖြစ်ပါ။ သို့သော် ဤသို့ ပြောလိုက်ခြင်းပင် မြန်မြန်ကြီး ရဟန်းပြုဖြစ်အောင် တွန်းပို့ပေးရာ ရောက်သဖြင့် သူတို့အား အပြစ်တင်ရန် မရှိပါ။
လယ်လုပ်သားတို့၏ စကားသံဖြင့် သံဝေဂကြီးစွာ ရလာသော သတို့သားသည် ရှိရှိသမျှသော ပစ္စည်းများကို သတို့သမီးထံ အပ်နှံကာ သူကား ရဟန်းပြုတော့မည်ဟု ဆို၏၊ သတို့သမီးက ပစ္စည်းများကို လက်မခံပါလေ။ ဆန်စပါးများလှန်းရာတွင် သူ့မှာလည်း သံဝေဂရပြီးပင် ဖြစ်ပေသည်။
အခြားသော အရှင်များသည် မိမိ ရဟန်းပြုလာပြီးနောက် ကျန်ရစ်သော သားမယားတို့၏ ဖြားယောင်းသွေးဆောင်မှုကို ခံကြရ၏၊ ကဿပနွယ်ဖွား အရှင်မြတ်ကြီးမှာကား ဤလိုဖြားယောင်းခံရစရာ မရှိတော့ပါ။ နှစ်ယောက်လုံး ရဟန်းပြုကာ တောမြိုင်လမ်းဝယ် အတူတကွ လှမ်းလာခဲ့ကြပေသည်။
လမ်းဆုံလမ်းခွ တစ်ခုသို့ရောက်သောအခါ ရှေ့ကသွားနှင့်သော အရှင်မဟာကဿပသည် အသာရပ်၍ နေလိုက်၏၊ အရှင်မ ဘဒ္ဒါနားသို့ ရောက်လာသည်နှင့်-
ဒရှင်မ ဘဒ္ဒါ၊ ငါတို့များ ရဟန်းဘဝရောက်လာကြပေပြီ။ ရှေးယခင်ကဲ့သို့ အတူတကွ သွားနေကြရန် မသင့်ပြီ။ လမ်းကြောင်းနှစ်ခုအနက် ကြိုက်ရာလမ်းကို ယူပေတော့' ဟု မိန့်ဆိုလိုက်၏၊
"အရှင်ဘုရားတို့သည် ယောက်ျားသားဖြစ်၍ လက်ယာလမ်းကို ယူတော်မူပါ။ တပည့်တော်မှာ မိန်းမသားဖြစ်၍ လက်ဝဲလမ်းကို ယူပါမည် ဘုရား"
အရှင်မဘဒ္ဒါက လက်အုပ်ချီလျက် လျှောက်ာထား၏၊ ယခင်အခါများက ရည်ရွယ်ချက်မရှိသော ဘဝအကွေ့များသို့ ရောက်ခဲ့ကြရ၏၊ ယခုတစ်ကွေ့မှာကား နှစ်ဦးလုံးက ကိုယ်ပိုင်အသိဖြင့် ဆုံးဖြတ်ကာ လျှောက်ခဲ့ကြခြင်း ဖြစ်ပေသည်။ ရည်ရွယ်ချက်ကိုယ်စီဖြင့် တခြားစီ လျှောက်လာကြခြင်း ဖြစ်ပေသည်။
(နိဒါနဝဂ်၊ ကဿပသံယုတ် အဋ္ဌကထာ၊ စီဝရသုတ်)
ဤကား အရှင်မဟာကဿပတို့ မောင်နှမနှစ်ယောက် ဤသာသနာတော်သို့ ချဉ်းကပ်လာပုံ ဖြစ်ပါ၏၊ ရဟန်းပြုလာသည်မှ စ၍ ဘုရားရှင်နှင့် တွေ့ရပုံဇာတ်လမ်းစုံကိုလည်း အရှင်မြတ်ကြီးကိုယ်တော်တိုင်က ကျွန်ုပ်အား ဤသို့ဆက်လက်၍ မိန့်ကြားခဲ့ပါသေးသည်။
"ငါ့ရှင် အာနန္ဒာ၊ ဆံမုတ်ဆိတ်ကို ရိတ်ပယ်လျက် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းကို ဝတ်ဆင်ကာ လူ့ဘောင်မှ ရဟန်းဘောင်သို့ ကူးပြောင်းလာချိန်မှစ၍ ငါသည် သမ္မာသမ္ဗုဒ္ဓ မြတ်လှစွာသော ဘုရားရှင်ကိုသာ ဆရာတင်ခဲ့၏၊ ဘုရားရှင်မှတစ်ပါး အခြား ဆရာတစ်ဦးဦးကိုမျှ ငါ မဆည်းကပ်ခဲ့ဖူးချေ"
"ငါ့ရှင် အာနန္ဒာ၊ လူ့ဘောင်မှာနေစဉ်တုန်းက ငါသည် ဤသို့ ကြံစည်မိခဲ့၏၊ 'လူ့ဘောင်မှာ နေရခြင်းသည် ကျဉ်းမြောင်းလှ၏၊ ကိလေသာ မြူမှုန် မြူခိုးတို့ ယှက်သန်းရာဖြစ်၏၊ ရဟန်းဘောင်ကား မြူမှုန်မြူခိုး မယှက်သန်းဘဲ ကျယ်ဝန်းလှ၏၊ ကျယ်ဝန်းလှစွာသော ဤသာသနာတော်သည် အလုံးစုံ ပြီးပြည့်စုံ၏၊ ထက်ဝန်းကျင်မှ စင်ကြယ်၏၊ ပွတ်သစ်စ ခရုသင်းကဲ့သို့ ဖြူစင်လှ၏၊ အိမ်မှုကိစ္စများကို ဦးစီးဦးကိုင်ပြုလျက် နေသောသူသည် ထိုသာသနာတော်၏၊ အဆုံးအမကို ကျင့်သုံးရန် မလွယ်ကူချေ။ ငါသည် ဆံမုတ်ဆိတ်ကို ရိတ်ပယ်လျက် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းများကို ဝတ်ဆင်ကာ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရသော် ကောင်းလေစွတကား"
"အာနန္ဒာ၊ ငါသည် ဤကဲ့သို့ ကြံစည်ပြီးနောက် နူးညံ့သော အဝတ်ပုဆိုးများကို နှစ်ထပ်သင်္ကန်းပြုလျက် ရဟန်းပြုလာခဲ့၏၊ လောကမှာ ထင်ရှားရှိတော်မူကြသော ရဟန္တာသခင် အရှင်မြတ်များကို စိတ်ကူးဖြင့် ဦးတင်၍ လာခဲ့၏"
"ဤသို့ ရဟန်းပြုလျက် ခရီးရည်ထွက်လာခဲ့ရာတွင် ရာဇဂြိုဟ်မြို့တော်နှင့် နာဠန္ဒမြို့တို့၏ အကြားသို့ ရောက်ခဲ့၏၊ ဗဟုပုတ္တအမည်ရသော ညောင်ပင်ကြီးနားသို့ လှမ်းလာခဲ့၏၊ ထိုညောင်ပင်ကြီးအောက်ဝယ် ငါလှမ်းလာရာ ခရီးဆီသို့ လှမ်းလင့်၍ ကြည့်နေတော်မူသော ဘုရားရှင်ကို ငါ ဖူးမြင်လိုက်ရပေတော့သည်"
"ငါက ဆရာသခင် ဘုရားရှင်ကို ဖူးမြင်ရအောင်လာခဲ့၏၊ ယခု ဘုရားရှင်ကို ဖူးမြင်ရပေပြီတကား။ ငါက လာခြင်းကောင်းသော ဘုရားှင်ကို ဖူးမြင်ရအောင် လာခဲ့၏၊ ယခု ဘုရားရှင်ကို ဖူးမြင်ရပေပြီတကား။ ငါက သစ္စာလေးတန် တရားမှန်ကို ကိုယ်တိုင်ထိုးထွင်း၍ သိတော်မူသော ဘုရားရှင်ကို ဖူးမြင်လို၏၊ ယခု ဘုရားရှင်ကို ဖူးမြင်ရပေပြီတကား"
"ငါ့ရှင် အာနန္ဒာ၊ ဘုရားရှင်ကို ဖူးမြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် စိတ်ကူးဖြင့် ဦးတင်၍လာခဲ့ရသော ဆရာတစ်ဆူဖြစ်မှန်း သိလိုက်ရ၏၊ ထို့ကြောင့် ငါသည် ဘုရားရှင်၏ ခြေတော်အစုံ ကြာပဒုံတို့၌ ဦးခေါင်းစိုက်ကာ ဤသို့ တင်လျှောက်ခဲ့ပေသည်"
"ဘုန်းတော်ကြီးမြတ်သော မြတ်စွာဘုရား၊ အရှင်ဘုရားသည် တပည့်တော်၏ ဆရာ ဖြစ်တော်မူပါ၏၊ တပည့်တော်သည် အရှင်ဘုရား၏ တပည့်ဖြစ်ပါ၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ အရှင်ဘုရားသည် တပည့်တော်၏ ဆရာဖြစ်တော်မူပါ၏၊ တပည့်တော်သည် အရှင်ဘုရား၏ တပည့်ဖြစ်ပါ၏"
"အာနန္ဒာ၊ ဤသို့ ငါ လျှောက်ထားလိုက်သောအခါ ဘုရားရှင်က ပြန်၍ မိန့်တော်မူပေသည်။ 'ကဿပ၊ သင်ကဲ့သို့သော ယုံကြည်သဒ္ဓါ စိတ်စေတနာတို့ဖြင့် အလုံးစုံ ပြည့်ဝနေသော သာဝကတစ်ဦး၏ ဖူးမြော်ကန်တော့ခြင်းကို အကယ်၍ သိယောင် မြင်ယောင် ဆောင်သော ဆရာတစ်ဦးဦးက လက်ခံသာယာငြားအံ့။ ထိုဆရာ၏ ဦးခေါင်းသည် ထောင်းထောင်းပြတ်ကြွေ မြေသို့ကျလေရာ၏၊ ကဿပ၊ သင်၏ဆရာ ငါတမူကား မသိမမြင်ဘဲလျက် သိယောင် မြင်ယောင် ဆောင်သူမဟုတ်။ အမှန်တကယ် သိသည်ဖြစ်၍၊ အမှန်တကယ် မြင်သည်ဖြစ်၍ သိသည် မြင်သည်ဟု ဝန်ခံ၏၊ အသိအမြင်ဖြင့် ဆင်ခြင်၍ သင်၏ ဖူးမြော်ကန်တော့ခြင်းကို ခံယူ၏၊ ထိုသို့ ခံယူခြင်းကြောင့် ငါ၏ မွေးညင်း တစ်ပင်သော်မျှ တုန်လှုပ်ခြင်း မရှိချေတကား"
"ငါ့ရှင် အာနန္ဒာ၊ ဤသို့ မိန့်တော်မူလိုက်ပြီးနောက် ဘုရားရှင်က ငါ့ကို ဩဝါဒစကားများ မိန့်ကြားတော်မူပေသည်"
"ကဿပ၊ သင်သည် မြင့်မြတ်သော အမျိုးဇာတ်ကြောင့် မာန်မာနကြီးခဲ့သူ ဖြစ်၏၊ ထို့ကြောင့် အကြီး အငယ်၊ အရွယ် အလတ်ဖြစ်သော သီတင်းသုံးဖော်တို့၌ ပြင်းပြသော ရှက်ကြောက်ခြင်း ရှိစေရန် ကျင့်သုံးအပ်၏"
"ကဿပ၊ သင်သည် အကြားအမြင် ဗဟုသုတ ပေါများလှသူဖြစ်၏၊ ထို့ကြောင့် သူတော်ကောင်းတရားကို ကြားနာရသောအခါ ကြားရ နာရသမျှကို တစ်လုံးမကျန် နားစိုက်၍ နှစ်နှစ်ခြိုက်ခြိုက် နာကြားနိုင်ရန် ကျင့်သုံးအပ်၏"
"ကဿပ၊ သင်သည် ရုပ်ရည်ရူပကာ လှပတင့်တယ်သူဖြစ်၍ မိမိကိုယ်ကို ပြန်၍ သာယာတတ်၏၊ ထို့ကြောင့် သုခနှင့်တကွဖြစ်သော ကာယဂတာသတိကို မစွန့်မခွာ နေနိုင်ရန် ကျင့်သုံးအပ်၏"
"အာနန္ဒာ၊ ဤသို့ ဩဝါဒပေးတော်မူခြင်းဖြင့်ပင် ငါ၏ ရဟန်းပြုခြင်းကိစ္စ ပြီးပြည့်စုံစေ၏၊ ရဟန်းပြုပြီးနောက် ခုနစ်ရက်မျှသာ ကိလေသာတွေ မပယ်ရ မစွန့်ရသေးပါကလားဟူသော အယူအစွဲတန်းလန်းဖြင့် တိုင်းသူပြည်သားတို့၏ ဆွမ်းဘောဇဉ်ကို စားခဲ့ရ၏၊ ရှစ်ရက်မြောက်သောနေ့မှာကား အယအူစွဲဟူသမျှ ကင်းလွတ်ရာ အရဟတ္တဖိုလ်သည် ထင်ရှား ဖြစ်ပေါ်ခဲ့ပေပြီ"
"ထိုသို့ ဩဝါဒပေးတော်မူပြီးနောက် ဘုရားရှင်သည် နေရာမှထ၍ လှမ်းကြွတော်မူလေရာ ငါလည်း ထက်ကြပ်မကွာ လိုက်ပါလာခဲ့၏၊ တစ်နေရာသို့ ရောက်၍ ခက်လက်ဝေဆာသော သစ်ပင်တစ်ပင်အောက်သို့ ချဉ်းကပ်တော်မူသောအခါ ငါသည် ငါ၏ နှစ်ထပ်သင်္ကန်းကြီးကို လေးခေါက်ခေါက်၍ ခင်းပေးကာ 'အရှင်ဘုရား၊ တပည့်တော်အား ရက်ရှည်လများ အကျိုးစီးပွား များစိမ့်သောငှာ ဤသင်္ကန်းပေါ်၌ ထိုင်တော်မူပါ ဘုရား' ဟု လျှောက်ထား၏"
"ငါ့ရှင် အာနန္ဒာ၊ ဘုရားရှင်သည် ငါ၏ နှစ်ထပ်သင်္ကန်းကြီးပေါ်မှာ ထိုင်တော်မူလျက် သင်္ကန်းစတစ်ဖက်ကို လက်တော်ဖြင့် သုံးသပ်တော်မူကာ 'ကဿပ၊ သင်၏ နှစ်ထပ်သင်္ကန်းက နူးညံ့လှပါတကား' ဟု မိန့်တော်မူလေရာ ငါက ဤသို့ ချက်ချင်းလျှောက်ထားပေသည်"
"အရှင်ဘုရား၊ တပည့်တော်အား သနားသောအားဖြင့် သည်နှစ်ထပ်သင်္ကန်းကို အလှူခံတော်မူပါ ဘုရား"
"ကဿပ၊ သင်၏ နှစ်ထပ်သင်္ကန်းကို အလှူခံသောအခါ ပိုက်ဆံလျှော်ဖြင့် ရက်လုပ်ထားသော ငါ၏ သင်္ကန်းဟောင်းကို သင် ဝတ်ရုံနိုင်ပါမည်လော"
"အရှင်ဘုရား၏ နှစ်ထပ်သင်္ကန်းဟောင်းကို တပည့်တော် ဝတ်ရုံနိုင်ပါသည် ဘုရား"
"အာနန္ဒာ၊ ဤသို့ လျှောက်ထားပြီးနောက် ငါ၏ အဝတ်ပုဆိုးသစ်ကို ချုပ်ထားသော နှစ်ထပ်သင်္ကန်းကြီးကို ဘုရားရှင်ထံ လှူဒါန်းကာ ငါမူကား ဘုရားရှင်၏ နှစ်ထပ်သင်္ကန်းဟောင်းကို ဝတ်ရုံလာခဲ့ပေသည်"
"ငါ့ရှင် အာနန္ဒာ၊ ဤသာသနာတော်ကြီးတစ်ခုလုံးဝယ် ဘုရားရှင်၏ နှစ်ထပ်သင်္ကန်းကြီးကို ဝတ်ရုံခွင့်ရသော ဩရသာသားကြီးတစ်ပါးကို ဟုတ်တိုင်းမှန်စွာ ညွှန်ပြလိုပါလျှင် ငါ့ကိုသာ ညွှန်ပြရပါလိမ့်မည်"
ဤသို့အားဖြင့် သာသနာတော်တွင်းသို့ ဝင်ရောက်လာခဲ့ပုံ အတ္ထုပတ္တိအလုံးစုံကို အရှင်မဟာကဿပက ကျွန်ုပ်အား မိန့်ကြားောတ်မူပေသည်။
(နိဒါနဝဂ်၊ ကဿပသံယုတ် စီဝရသုတ်)
"ုတင်ပဋိပတ် အကျင့်မြတ်ကို ကိုယ်တိုင်လည်း ကျင့်သုံး၍ သီတင်းသုံးဖော်များကိုလည်း ဟောကြား တိုက်တွန်းတတ်သဖြင့် ထိုအရာ ဌာနတို့တွင် 'ဧတဒဂ်' ဂုဏ်ထူးဆောင်ဘွဲ့ကို ဆွတ်ခူးနိုင်သော ထိုအရှင်မြတ်ကြီးအား-
"ကဿပ၊ ရဟန်းတို့ကို ဆုံးမလော့။ ရဟန်းတို့အား တရားဟောကြားလော့။ ရဟန်းတို့ကို ငါ ဘုရား ဆုံးမသကဲ့သို့ သင်လည်း ဆုံးမလော့။ ရဟန်းတို့အား ငါဘုရား တရားဟောကြားသကဲ့သို့ သင်လည်း ဟောကြားလော့"
ဤသို့လျှင် ဘုရားရှင်က မကြာမကြာ မိန့်တော်မူတတ်ပါ၏၊ သာသနာတော်ကြီး တစ်ရပ်လုံးကို လွှဲအပ်တော်မူပါ၏၊
အကယ်၍ အနာဂတ် သာသနာတော်ကြီးကို အဆောက်အအုံကြီးတစ်ခုအဖြစ် ရှုမြင်တတ်မည်ဆိုပါလျှင် ဤသို့ မိန့်ကြားတော်မူသောနေ့၊ သင်္ကန်းချင်းလဲလှယ်တော်မူသောနေ့များကပင် ထိုအဆောက်အအုံကြီးအတွက် စိုက်ထူထားခဲ့သော ပန္နက်တိုင်များကို တွေ့နိုင်ကြမည် ဖြစ်ပါသတည်း။
(နိဒါနဝဂ်၊ ကဿပသံယုတ်၊ ဩဝါဒသုတ်)
ညီတော်နန္ဒနှင့် နတ်သမီးများ
"ဘယ်အခါ၌ ငါသည် တောရဆောက်တည်သော နန္ဒကို ရှုမြင်ရပါမည်နည်း"
"ဘယ်အခါ၌ ငါသည် ပံ့သုကူသင်္ကန်း ဝတ်ဆင်မြန်းသော နန္ဒကို ရှုမြင်ရပါမည်နည်း"
"ဘယ်အခါ၌ ငါသည် မျက်နှာကြီးငယ် မရွယ်မထောက် အိမ်ပေါက်စေ့ ဆွမ်းခံသော နန္ဒကို ရှုမြင်ရပါမည်နည်း"
"ဘယ်အခါ၌ ငါသည် ကာမဂုဏ်အာရုံ ခုံမင်ခြင်းမရှိသော နန္ဒကို ရှုမြင်ရပါမည်နည်း"
မိကွဲဖတူ ညီတော်ရင်းဖြစ်သော အရှင်နန္ဒအတွက် နောင်တော်ကြီးဘုရား၏ ညည်းတွားသံများပင် ဖြစ်ပေသည်။
သာသနာတော်ကြီး၏ နောင်ရေးကို မျှော်တွေးလျက် သည်ညီဖွားကို ဘုရားရှင်၏ အမိန့်အာဏာတော်ဖြင့် ရဟန်းဘောင်သို့ သိမ်းသွင်း၍ ထားခဲ့ရပါ၏၊ စိတ်ထဲက ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ရဟန်းအသွင်အပြင်ကိုကား ယူခဲ့ပါ၏၊ သို့သော် အသွင်သာတူ၍ အမူကား ကွဲလွဲလှပေသည်တကား။
သူနှင့် သက်တူရွယ်တူ ရဟန်းများစွာတို့သည် တောကျောင်းမှာ စံပျော်ကြ၍ တရားဘာဝနာပွားများ၍ နေကြ၏၊ ညီတော် နန္ဒကား ရွာနားကျောင်းမှ တစ်ဖဝါးမျှ မခွာနိုင်ပါပေ။
ပံ့သုကူသင်္ကန်းဆိုသည်မှာ လူတို့က အသုံးမကျ၍ စွန့်ပစ်ထားသော အဝတ်စုတ်အဝတ်ဟောင်းများပင် ဖြစ်၏၊ လူသေကောင်မှာ ပတ်လျက် သုသာန်၌ ပစ်ထားသော အဝတ်များ၊ လမ်းဆုံလမ်းခွ အမှိုက်ပုံတို့၌ စွန့်ပစ်ထားသော အဝတ်စုတ်အဝတ်ဟောင်းမျးကို တစ်ထွာရရ၊ တစ်တောင်ရရ ရသမျှ စုဆောင်း၍ သင်္ကန်းဖြစ်အောင် ချုပ်ကြရ၏၊ အဝတ်သင်္ကန်းအတွက် မာန်မာနမတက်ကြစေရန် စီမံထားတော်မူခြင်း ဖြစ်ပေသည်။
ဤပံ့သုကူသင်္ကန်းတို့ကို ဝတ်ဆင်လျက် တရားကျင့်သုံးသော ရဟန်းအများအပြား ရှိခဲ့ပါ၏၊ သို့သော် ညီတော် နန္ဒကား နှလုံး မသတီစရာကောင်းလှသော သည်သင်္ကန်းများကို လက်ဖျားနှင့်မျှ မတို့ပါ။ သူ့မယ်တော်ကြီး ပို့ပေးလေသမျှ ကောင်းပေ့၊ ညွန့်ပေ့၊ နုပေ့၊ လှပေ့ဆိုသော သင်္ကန်းများကိုသာ ဝတ်ဆင်တတ်ပေသည်။
အဝတ်သင်္ကန်း၌ အကောင်းဆုံးကိုသာ ရွေးချယ်ဝတ်ဆင်ခဲ့သော ညီတော်နန္ဒသည် အစားဘက်မှာကော မည်သို့ရှိမည်နည်း။ ဤမေးခွန်းအတွက် ခက်ခက်ခဲခဲ အဖြေရှာနေစရာပင် မလိုပါ။ သူဆွမ်းခံကြွသော အိမ်များကို ကြည့်ရုံဖြင့် သိနိုင်ပါ၏၊ မင်းအိမ်၊ စိုးအိမ်၊ သူဌေးသူကြွယ်တို့၏ အိမ်၊ ဆွမ်းကောင်း ဟင်းကောင်းလောင်းနိုင်သော အိမ်များကိုမှ ဆွမ်းခံကြွ၏၊ ပဲဟင်း၊ ချဉ်ရည်၊ ငရုတ်သီးထောင်းလောက် လောင်းနိုင်သည့် အိမ်များကိုကား ခြေဦးမျှ မလှည့်ပေ။
အကြောင်းဆိုက်လာသည့်အခိုက် ကိုယ့်ငါးချဉ် ကိုယ့်ဘာသာ ချဉ်လိုက်ရပါဦးမည်။ ကျွန်ုပ်၏ ညီတော်နန္ဒမှာ မျက်နှာမြင် ချစ်ခင်ပါစေဟူသော ဆုနှင့် ပြည့်စုံသူပင် ဖြစ်ပါ၏၊ ကိုယ်နေလက်ထား ယောကျ်ားချော ချောသူ ဖြစ်ပါ၏၊ လူ့ဘဝတုန်းက လူ့အဆင် လူ့အသွင်ဖြင့် ရှုချင့်စဖွယ်ရှိခဲ့သော နန္ဒသည် သင်္ကန်းဝါဝါနှင့်ကျတော့လည်း ကြည့်၍ ကောင်းသည်သာ ဖြစ်ပါ၏၊ သက်တူရွယ်တူအမျိုးသမီးများဆိုလျှင် သူ့မျက်နှာကို တစ်ခါကြည့်မိလျှင် နောက်တစ်ခါ ထပ်မကြည့်ဘဲ မနေနိုင်။ မနေနိုင်၍ ကြည့်မိပြန်တော့လည်း အထပ်ထပ် အခါခါ။ ဘယ်နှစ်ခါကြည့်ကြည့် အကြည့်ခံနိုင်သော ရဟန်းပျိုတစ်ပါးပါပေတည်း။
ဤတွင် သာသနာ့ဝန်ထမ်းရဟန်းတစ်ပါးအပေါ် တိမ်းနိုင် ညွတ်နိုင်ရန်လေကောဟု ထိုအမျိုးသမီးများအား အပြစ်တင်စရာတော့မရှိပါ။ တင်ခြင်းတင်လျှင် ကျွန်ုပ်တို့ညီတော် နန္ဒကိုသာ တင်ထိုက်၏၊ ပင်ကိုယ်ရုပ်ရည် ချောမောရသည့်အထဲတွင် သူ့ကိုယ်သူပြုပြင်ထားပုံကလည်း စိတ်ကစားစရာပင် မဟုတ်ပါလော။
ရဟန်းတို့မည်သည် ကြောင့်ကြဗျာပါရ များလှသော ဆံပင်များကို ရိတ်ပယ်ထားကြရ၏၊ တစ်ခါ ရိတ်၍ ရှည်လာပြန်သော ဆံပင်များကို လက်နှစ်သစ်အထိသာ ထားခွင့်ရှိ၏၊ လက်နှစ်သစ် မရှိသည်ပင် ဖြစ်စေဦး။ အချိန်ကာလအားဖြင့် နှစ်လတာမျှသာ မရိတ်ဘဲ ထားခွင့်ရှိပေသည်။
ကျွန်ုပ်တို့ညီတော် နန္ဒသည် ဤဝိနည်းတော်ကိုကား လိုလိုလားလား လိုက်နာပါ၏၊ ဝိနည်းတော်ကို လိုက်နာသည့်နေရာတွင် သူများထက်ပင် သာလိုက်ပါသေး၏၊ သူများတွေက တစ်လမှ တစ်ခါ နှစ်ခါ။ သူကတော့ တစ်လတည်းမှာပင် လေးခါ ငါးခါ။ သင်ဓုန်းကောင်းတိုင်း ခေါင်းရိတ်သူပင် ဖြစ်ပေသည်။
သည်တော့ စိမ်းမြမြ ဦးခေါင်းသည် ဝါဝင်းသော သင်္ကန်းရောင်နှင့် ပနံတင့်၍ နေပါ၏၊ ကော့မျက်တောင်ဝယ် ညိုပြာရောင် မျက်စဉ်းများကွင်းထားသည်မို့ မျက်လုံးများက သောက်ရှုးကြယ်တမျှ ထွန်းပ၍ နေကြ၏၊ သူကိုင်လာသည့် သပိတ်ကိုလည်း ကြည့်ပါဘိ။ သူများတွေလို သာမန် မြေသပိတ်ကို သူမသုံး။ အရောင်တဖိတ်ဖိတ်တောက်အောင် အထူးစီမံထားသော သံသပိတ်ကိုမှ သူ သဘောကျပေသည်။ တစ်ခါတစ်ရံ သူ့မျက်နှာပေါ်ဝယ် မှုန်နံ့သာ ခပ်ရေးရေးကိုပင် တွေ့ရမြင်ရ၊ ရှုလိုက်ရပါသေးသည်။ ဤကာမဂုဏ်အာရုံများမှ ညီတော်နန္ဒသည် ဘယ်အခါမှာ လွတ်မြောက်လာပေလိမ့်မည်နည်း။
(နိဒါနဝဂ်၊ ဘိက္ခုသံယုတ်၊ နန္ဒသုတ်နှင့် နန္ဒထေရဂါထာများ)
အများနည်းတူဖြစ်စေလိုသော ဆန္ဒဖြင့် ဤသို့သာ ညည်းတွားတော်မူလိုက်ရ၏၊ သို့သော် နောင်တော်ကြီးဘုရားသည် သူ့ညီတော်အား တင်းတင်းမာမာကား မတားမြစ်သေးပေ။ နောင်တော်ကြီး ဘုရားက မျက်နှာသာပေးထားသည်မို့ ညီတော်နန္ဒကလည်း သူ့မူအတိုင်း ထင်ရာစိုင်းလျက်သာရှိ၏၊ ဤသို့ စိတ်ရှိတိုင်း နေရပါလျက်၊ ဝတ်ရ ဆင်ရ စားသောက်ရပါလျက် သူ့စိတ်ထဲမှာ အားရတင်းတိမ်ခြင်း မရှိပေ။ ရွှေနန်းတော်မှာ စွန့်ခွာ၍ထားခဲ့သော စည်းစိမ်များကိုသာ တမ်းတမျှော်ခေါ်၍ နေတော့သည်။
"အသို့နည်း ငါ့ရှင် နန္ဒ၊ သာသနာတော်ကြီးမှာ ပျော်ပိုက်၍ ရပါ၏လော"
ညီတော်နန္ဒသွားလေရာတွင် ဤမေးခွန်းများက ထက်ကြပ်မကွာ လိုက်ပါလာကြ၏၊ အတွင်းရှိက အပ မဆောင်နိုင်ဟူသော ဆိုးရိုးစကားအတိုင်းပင် ဖြစ်ပေသည်။
သကျတို့၏ သားကောင်းရတနာတစ်ဦးဖြစ်သော ညီတော်နန္ဒသည် သာသနာတော်ဝယ် မွေ့လျော်၍ မရသော်လည်းမဟုတ်မမှန် ဟန်ဆောင်သော စကားကိုကား ပြောလိုသူမဟုတ်ပါ။ သို့သော် ဟန်မပါဘဲ မှန်ရာကို ပြောကြစို့ဆိုတော့လည်း သူ့စိတ်ကို သူမပိုင်ပေ။ အမှန်အတိုင်း ပြောလိုက်မိ၍ ရွှေနားတော်ထိ ပေါက်ကြားသွားလျှင် ရှေ့တော်သို့ခေါ်၍ အမေးအမြန်း ခံရပေတော့မည်။
ညီတော်နန္ဒ၏ ဤသို့သော အခက်အခဲကို ရိပ်မိသဖြင့် ကျွန်ုပ်မှာ အသာကလေး နှုတ်ဆိတ်နေခဲ့ရ၏၊ ကျွန်ုပ်က နှုတ်ဆိတ်နေစဉ်မှာပင် မေးသူများက မေးလိုက်ကြပေပြီ။ ညီတော်နန္ဒသည် တစ်ခွန်းနှစ်ခွန်းကို မသိကျိုးကျွန်ပြု၍ နေပါသေး၏၊ သုံးလေးခွန်းကို ရှောင်၍ တိမ်း၍ နေပါသေး၏၊ ထို့ထက် လွန်ကဲလာသောအခါ၌ကား ခတ္တိယ မျိုးနွယ်တို့၏ စိတ်ဓာတ်ဖြင့် ဟုတ်တိုင်းမှန်စွာ ဝန်ခံလိုက်ပေတော့သည်။
"နန္ဒ၊ သာသနာတော်ကြီး၌ ငြီးငွေ့၏ ဆိုသည်မှာ မှန်၏လော"
စောစောက ထင်ထားခဲ့သည့်အတိုင်းပင် ရွှေနားတော်ထိ ပေါက်ကြားသွားပြီဖြစ်၍ နောင်တော်ကြီး ဘုရားက ရှေ့တော်မှောက်သို့ အရောက်ခေါ်၍ မေးတော်မူချေပြီ။ ဤသို့သော မေးခွန်းများကို ကြောက်လွန်းလှသဖြင့် အကြိမ်ကြိမ်အခါခါ ရှောင်ခဲ့ရ၊ တိမ်းခဲ့ရ၏၊ ရှောင်၍ တိမ်း၍ မရနိုင်ခဲ့သော ယခု အခြေအနေမှာကား ကြောက်နေရုံမျှဖြင့် မပြီးနိုင်တော့ပါ။ မှန်ရာ ကန်ရာကိုသာ လျှောက်ထားရပါတော့မည်။
"မှန်ပါသည် အရှင်ဘုရား၊ တပည့်တော် သာသနာတော်ကြီးထဲမှာ နေရတာ ငြီးငွေ့လှပါပြီ၊ သာသနာ့တာဝန်ကြီးကို ထမ်းဆောင်ရန် မစွမ်းနိုင်တော့ပါ။ သိက္ခာချပြီး လူထွက်ပါရစေတော့ ဘုရား"
"နန္ဒ၊ အဘယ်ကြောင့် လူထွက်ချင်ရပါသနည်း"
ဖြစ်ကြောင်းကုန်စင် သိမြင်ပြီးဖြစ်သော်လည်း အကြောင်းရှိ၍ မေးတော်မူရခြင်း ဖြစ်ပေသည်။
"တပည့်တော် သပိတ်ထမ်းလျက် နန်းတော်က ထွက်လာခဲ့စဉ်က သကျမင်းသမီး ဇနပဒကလျာဏီသည် ခေါင်းဖြီးနေဆဲဖြစ်ပါသည်။ တစ်ဝက်မျှ ဖြီးထားသော ဆံပင်များကို လက်တစ်ဖက်ဖြင့် သိမ်းဖယ်ကာ 'မောင်တော်ဘုရား၊ မြန်မြန်ကြီးသာ ပြန်ခဲ့ပါတော့'ဟု ကပျာကယာမှာခဲ့ပါသည်။ သည်အသံကို တပည့်တော် အချိန်ရှိသမျှ ကြားယောင်းနေသဖြင့် လူထွက်ချင်ပါသည် ဘုရား"
"အင်း ဟုတ်ပေလိမ့်မည်။ ဟုတ်ပေလိမ့်မည်"
မိမိနှင့် အသွင်တူပါသော်လည်း အမူကွဲလျက်ရှိနေသေးသော ညီတော်အား ကရုဏာစိမ့်သော မျက်လုံးတော်ဖြင့် ရွှန်းရွှန်းစားစား ကြည့်တော်မူကာ-
"ကောင်းပြီ နန္ဒ၊ သာသနာတော်ကြီးမှာ ငြီးငွေ့နေလျှင် ငါတို့များ ဒေသစာရီ လှည့်လည်ကြစို့။ သင်္ကန်း ပရိက္ခရာများကိုသာ အရန်သင့် ပြင်ဆင်ထားပေတော့"
ရယ်မလို ငိုမလို မျက်နှာဖြင့် ညီတော်နန္ဒသည် ထံတော်ပါးမှ ထွက်ခွာသွား၏၊ ညီတော်နန္ဒ၏ ဘဝခရီးတစ်ကွေ့သို့ကား ရောက်လာပြန်ချေပြီ။ ကျင်းပဆဲ မင်္ဂလာအခမ်းအနားမှ ကျောင်းတော်သို့ သပိတ်ထမ်းလျက် လိုက်ပါခဲ့ရတုန်းကလည်း ဤသို့သော မျက်နှာကို တွေ့မြင်ခဲ့ရ၏၊ ဤသို့သော မျက်နှာဖြင့် မမျှော်လင့်သော ဘဝတစ်ကွေ့သို့ ရောက်လာခဲ့ရ၏၊ ယခုတစ်ဖန် ကြုံလာရပြန်ချေပြီ။
သာသနာတော်ကြီးထဲမှာ မပျော်မွေ့တော့ကြောင်း ထုတ်ဖော် လျှောက်ထားလိုက်လျှင် ဧကန္တ လူထွက်ခွင့် ရတော့မည်ဟု မျှော်လင့်၍ နေခဲ့၏၊ သို့သော် ဟိုစဉ်တုန်းကလည်း သူ့မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့ရသည်ကို သူမေ့နေမိ၍သာ ဖြစ်ပေသည်။
အမှန်ဆိုရသော် ညီတော်နန္ဒ၏ ဘဝတစ်သက်တာသည် သူမျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရန် လုံးဝ မဟုတ်ပေ။ နောင်တော်ကြီးဘုရား၏ အလိုကျ သာသနာ့အဆောက်အအုံကြီး၏ အုတ်မြစ်တစ်ချပ်အဖြစ်ဖြင့်သာ ရပ်တည်သွားရမည် ဖြစ်ပေသည်။
မီးမကျက်သေး၍ ကျိုးချင်ပဲ့ချင်ဖြစ်နေသော ထိုအုတ်မြစ်တစ်ချပ်ကို ယခု မီးအရှိန်ပြင်းပြင်းနှင့် တိုက်တော်မူချေပြီ။ သို့သော် ကျွမ်းကျင်လိမ္မာလှစွာသော နည်းပရိယာယ်ဖြင့် စီမံထားသော ထိုမီးရှိန်ကား သက်သောင့်သက်သာ ရှိလှပါပေသည်။
အတွေးစတစ်ဝေဝေဖြင့် ကျွန်ုပ်သည် ဘုရားရှင်၏ သပိတ် ပရိက္ခရာများကို ပြင်ဆင်၍ နေမိ၏၊ ညီတော်နန္ဒသည် မကြာမီ သပိတ် ပရိက္ခရာ အစုံအလင်ဖြင့် ဂန္ဓကုဋီတိုက်ထဲ ဝင်ရောက်လာ၏၊ ဘုရားရှင်နှင့် အတူတကွ လိုက်ပါရမည်ဆိုတော့လည်း သူ့ခမျာ သိုသိုသိပ်သိပ် ရှိပါ၏၊ မှုန်နံ့သာ အခြယ်အမှုန်းများကို အသုံးမပြုဘဲ သင်္ကန်းများကို သပ်သပ်ရပ်ရ့် ဆင်မြန်း၍ လာပါ၏၊ မိမိ စိတ်အလိုကျသော ကိစ္စပင် မဟုတ်စေကာမူ နောင်တော်ကြီးဘုရား၏ အမိန့်တော်ကိုကား ရိုသေ လေးမြတ်စွာ လိုက်နာမြဲလိုက်နာ၍ နေပါပေသည်။
(ဥဒါန်း၊ နန္ဒသုတ်)
ထိုအခိုက်မှာပင် ကျွန်ုပ်၏ အခက်အခဲတစ်ခုကို သတိရလိုက်မိ၍ ကံကောင်းသည်ဟု ဆိုရပါတော့မည်။ အရှင်မဟာကဿပ၏ တပည့်တစ်ပါး ရဟန်းခံရာတွင် ရဟန်းလောင်း ဆုံးမသူအဖြစ် တာဝန်ယူရန် အမှာစကား ရောက်ခဲ့၏၊ ရဟန်းခံအစီအစဉ်အရ ရဟန်းလောင်းဆုံးမသော ပုဂ္ဂိုလ်သည် သံဃာ့ပရိသတ်တွင် ကမ္မဝါစာ ရွတ်ဖတ်၍ ခွင့်တောင်းရ၏၊ ဝိနည်းသုံးဝေါဟာရဖြင့် ဉတ်ဝတ်ထားသည်ဟု ဆိုရ၏၊ ဤဉတ်မှစ၍ ရွတ်ရဖတ်ရလေသမျှ ကမ္မဝါစာများတွင် ဥပဇ္ဈာယ်ဆရာ၏ အမည်အရင်းကလည်း ထပ်ကာ ထပ်ကာ ပါနေ၏၊ ကျွန်ုပ်အဖို့ အခက်ကြုံရသည်မှာ ထိုဥပဇ္ဈာယ်ဆရာ၏ အမည်ရင်းကို ထုတ်ဖော်ရွတ်ဖတ်ရေးပင် ဖြစ်ပါ၏၊
ဘဝတစ်သက်တာ အတွေ့အကြုံများကို ပြန်လည်တင်ပြရသော အခုလိုအချိန်မျိုးမှ တစ်ပါး ထိုအရှင်မြတ်ကြီး၏ အမည်အရင်းကို တစ်ခါမျှ ထုတ်ဖော်ခေါ်ဝေါ်ခြင်း မပြုခဲ့ဖူးပါ။ အရှင်မြတ်ကြီးအပေါ်တွင် အစဉ်ထာဝရ ထားရှိခဲ့သော ရိုသေလေးမြတ်မှုများကြောင့် ထိုအမည်အရင်းကို ထုတ်ဖော်ခေါ်ဝေါ်ရန် နှုတ်မရဲနိုင်အောင် ဖြစ်နေရ၏၊
ဒေသစာရီ လှည့်လည်မည့်ဆဲဆဲဖြစ်သော ဘုရားရှင်ထံ ဤအခက်အခဲကိုတင်ပြရာတွင်
"ရဟန်းတို့၊ ရဟန်းလောင်းဆုံးမရာတွင် အမျိုးအနွယ်၏ အမည်ဖြင့်လည်း ဆုံးမရန် ငါဘုရား ခွင့်ပြုတော်မူ၏"
ဝိနည်းဆိုင်ရာ ပညတ်ချက်တစ်ခုကို ရဟန်းအားလုံးအတွက်ပါ ထုတ်ဆင့်တော်မူပေသည်။ ဤပညတ်ချက်အရ အမျိုးအနွယ်အမည်ဖြင့် အရှင်မဟာကဿပဟု ခေါ်ဝေါ်ရသော ထိုအရှင်မြတ်ကြီး၏ အမည်ရင်းမှာ ပိပ္ပလိပင် ဖြစ်ပေသည်။
(ဝိနည်းမဟာဝဂ်၊ မဟာခန္ဓက၊ ဥပသမ္ပဒကမ္မ)
သို့နှင့် ညီတော်နောင်တော် ဒွေးနှစ်ဖော်တို့သည် ဇေတဝန်ကျောင်းတော်မှ ထွက်ခွာသွားခဲ့ကြ၏၊ ကျွန်ုပ်လည်း အရှင်မဟာကဿပရှိရာသို့ ထွက်ခွာလာခဲ့၏၊ ရဟန်းခံကိစ္စများ ပြီးစီး၍ ဇေတဝန်ကျောင်းတော်သို့ ပြန်ရောက် ချိန်တွင်ကား သတင်းထူး တစ်ခုကို ကြားလိုက်ရပေတော့သည်။
"အာနန္ဒာ၊ ညီတော်နန္ဒသည် နတ်သမီးများကို ရလိုမှုကြောင့် ရဟန်းဘောင်မှာ နေပါသတဲ့။ ဘုရားရှင်ကလည်း ခိုခြေအဆင်းရှိသော နတ်သမီးငါးရာ ရစေရမည်ဟု အာမခံလိုက်ပါသတဲ့"
ကြားရသည့် သတင်းကတော့ မကြုံဖူးအောင်ပင် ထူးခြားလှပါဘိ၏၊
သာသနာ့ဝန်ထမ်း ရဟန်းဟူသည်မှာ သံသရာဝဋ်ဒုက္ခအပေါင်းမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန်သာ ဖြစ်၏၊ ယခုတော့ ညီတော် နန္ဒသည် လူမင်းသမီးအာရုံကို စွန့်လွှတ်ကာ နတ်သမီးအာရုံကို စွဲလမ်းတမ်းတ၍ နေပြန်ချေပြီ။ ဒယ်အိုးထဲမှာ ပူလှသည်ဟု မီးကျီးခဲပေါ် ခုန်ချသည့် ငါးပမာပင် ဖြစ်ပေသည်။
ထားပါတော့။ နန္ဒလို ရဟန်းပျိုတစ်ပါးအဖို့ ကာမဂုဏ်ကို ကာမဂုဏ်တစ်မျိုးနှင့် လဲလှယ်၍ ရသည်မှာ အဆန်းမဟုတ်ပါ။ မယုံနိုင်လောက်အောင် ဆန်းနေသည်ကတော့ ဘုရားရှင်၏ အာမခံချက်ပင် ဖြစ်၏၊ ဘုရားရှင်တို့၏ စကားမည်သည် ခုတစ်မျိုး တော်တော်ကြာတစ်မျိုး ပြောင်းလဲ၍ ရစကောင်းသည် မဟုတ်ပါချေ။ တံခါးတိုင်ကဲ့သို့ မြဲမြဲခိုင်ခိုင် ဆိုရသော စကားများသာ ဖြစ်ဘိ၏၊ အကယ်၍ သာသနာတော်ကြီးထဲမှာ ဆက်လက်နေထိုင်ရမည့် အဖိုးအခအဖြစ်ဖြင့် ညီတော်က တောင်းခံလာလျှင် ဧကန်ပေးတော်မူရပေတော့မည်။ ဩော်... ညီတော် နန္ဒနှင့် နတ်သမီးငါးရာ။ ဇေတဝန်ကျောင်းတော်နှင့် နတ်သမီးငါးရာ။ ဘုရားရှင်ပေးတော်မူမည့် နတ်သမီးငါးရာ။ တွေးကြည့်ရုံဖြင့်ပင် ကြက်သီးထစရာ ကောင်းလိုက်ပါဘိ။
သို့သော် ကျွန်ုပ်၏ အံ့ဩစိတ်များ မကြာခင် ပြေပျောက်၍ သွားရပါတော့သည်။ တကယ်ဆိုတော့ သာသနာတော်ကြီး၏ အုတ်မြစ်တစ်ချပ်ကို နည်းပရိယာယ်တစ်မျိုးဖြင့် မီးဖုတ်ပေးတော်မူလိုက်ခြင်းသာ တကား။
"ညီတော်နန္ဒသည် အခစားကြီးပါတကား။ ညီတော်နန္ဒသည် အမြတ်များများရအောင် ဝယ်နိုင်သည့် အဝယ်တော်ကြီး တစ်ပါးပါတကား"
ညီတော်နန္ဒသွားလေရာတွင် ဤစကားများက ထက်ကြပ်မကွာ လိုက်ပါလာကြ၏၊ သီတင်းသုံးဖော်များက ဤသို့ ခနိုးခနဲ့ ပြောကြလေလေ၊ ညီတော်နန္ဒမှာ အနေရအထိုင်ရ ကျဉ်းကျပ်လာလေလေ။ တစ်ခါတစ်ခါ အကာအကွယ် ရလိုရငြားဟု ကျွန်ုပ်ထံ ချဉ်းကပ်လာပါ၏၊ သို့သော် ကျွန်ုပ်ကလည်း သူ့ကို ချမ်းသာမပေးနိုင်ပါ။ ဘုရားရှင်၏ ရည်ရွယ်ချက်ကိုရိပ်စားမိပြီမို့ သူချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် အများနည်းတူ ဆိုလိုက်ရပေသည်။
သို့နှင့် ညီတော်နန္ဒမှာ ရဟန်းများအလယ် ထည်ထည်ဝါဝါ မနေနိုင်တော့ဘဲ လွတ်ရာကျွတ်ရာ ရှောင်ခွာ၍ သွားရတော့၏၊ အခစားကြီး၊ အဝယ်တော်ကြီးဟူသော ခနဲ့သံများက သူ့အတွင်းသန္တာန်မှ အရှက်အကြောက် တရားများကို နှိုးဆွ၍ ပေးလိုက်ပြီ မဟုတ်ပါလား။ လောကကြီး တစ်ခုလုံးကို စောင့်ရှောက်၍ ထားသော တရားဟူသည် ဤအရှက်အကြောက် တရားနှစ်ပါးပင် မဟုတ်ပါလား။
လောကကြီးတစ်ခုလုံးကို စောင့်ရှောက်ထားကြသော တရားနှစ်ပါးက လောကသားတစ်ဦးဖြစ်သော ညီတော်နန္ဒကိုလည်း အပြည့်အဝ စောင့်ရှောက်၍ထားကြပြီ ဖြစ်၏၊ ထို့ကြောင့် အရှက်ကြီးစွာ ထွက်ခွာသွားခဲ့သော ညီတော်နန္ဒသည် နံနက်လင်းသည်နှင့် ရဟန်းပရိသတ်ထံသို့ ရဲရဲဝံ့ဝံ့ ပြန်လာပေသည်။ အခစားကြီး၊ အဝယ်တော်ကြီးဟူသော စကားများကို ပြုံးပြုံးကြီး ရင်ဆိုင်ကာ ဘုရားရှင် ရှေ့တော်ဆီသို့ တန်းတန်းမတ်မတ် ဝင်၍လာပေသည်။
"အရှင်ဘုရား၊ အရှင်ဘုရားသည် တပည့်တော်အား ခိုခြေအဆင်းရှိသော နတ်သမီးငါးရာပေးမည်ဟု ဝန်ခံတော်မူခဲ့ပါသည်။ တပည့်တော်သည် ထိုဝန်ခံချက်မှ ဘုရားရှင်ကို လွှတ်လိုက်ပါပြီ ဘုရား"
မနှိုင်းယှဉ်အပ်သော အမြိုက်ချမ်းသာကို ကိုယ်တိုင်ခံစားရပြီမို့ နတ်သမီးများရမည့် အခွင့်အရေးကို စွန့်လွှတ်နိုင်ပေပြီ။ သည်ညီတော်နှင့် ပတ်သက်၍ နောင်တော်ကြီးဘုရား၏ တောင့်တချက်များလည်း ပြီးပြည့်စုံကြ ပါတော့သည်။
"နန္ဒ၊ သင့်စိတ်သည် တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝတို့မှ လွတ်၍နေ၏၊ ထိုစဉ်ကပင် ထိုဝန်ခံချက်မှ လွတ်ပြီးဖြစ်နေပေပြီ"
ညီတော်နောင်တော် ဒွေးနှစ်ဖော်တို့သည် လွတ်သူနှင့် လွှတ်သူအဖြစ်ဖြင့် ဆုံစည်းမိကြသောခဏ၌ အောက်ပါ ဥဒါန်းစကားတော်ကို ကျွန်ုပ်တို့ ကြားနာကြရပါသတည်း။
"အကြင်ရဟန်းသည် ရုန်းထွက်ကျော်လွှားရန် ခက်ခဲလှသော ကာမဂုဏ် ရွှံ့ညွန်တောကြီးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့၏"
"အကြင်ရဟန်းသည် နှလုံးပူဆာ မခံသာအောင် ထိုးဆွတတ်သော ကာမဂုဏ် ဆူးငြောင့်များကို အကုန်အစင် ချိုးဖဲ့ဖျက်ဆီးနိုင်ခဲ့၏"
"မောဟကုန်ရာ နိဗ္ဗာန်သို့ အသိဉာဏ်ဖြင့် ကပ်ရောက်လေပြီးသော ထိုရဟန်းသည် ဆင်းရဲချမ်းသာ အဖြာဖြာသော လောကဓံတို့ကြောင့် တုန်လှုပ်ခြင်း မရှိတော့ပြီတည်း"
(ဥဒါန်း၊ နန္ဒသုတ်)
အောင်နိုင်သူ အရှင်သင်္ဂါမဇိ
တောရကျောင်းပျော် အရှင်သင်္ဂါမဇိသည် ထိုနေ့က ပထမအကြိမ်အဖြစ် ဇေတဝန်ကျောင်းတော်သို့ ပြန်လာခဲ့၏၊ ဘုရားရှင်ထံ ဦးတင်ဝပ်ချကာ ကျွန်ုပ်တို့ကို အတန်အသင့် နှုတ်ဆက်ပြီးနောက် လူသူကင်းဆိတ်ရာသို့ ထွက်သွားခဲ့၏၊
အရိပ်အာဝါသကောင်းလှသော သစ်ပင်ရိပ်၌ အရှင်သင်္ဂါမဇိ ထိုင်နေစဉ်တွင် သူ့မယားဟောင်းသည် သားငယ်ကို ရင်ဝယ်ပိုက်လျက် ရောက်လာ၏၊ အရှင်သင်္ဂါမဇိ လူ့ဘဝတုန်းက ကြိုက်နှစ်သက်တတ်သော အဝတ်အဆင်များကိုလည်း ဝတ်ဆင်ပြုပြင်၍ လာ၏၊
"အရှင်ရဟန်း၊ သားသည်အမေဖြစ်သော တပည့်တော်မကို ပြုစုလုပ်ကျွေးပါလော့"
အရှင်သင်္ဂါမဇိသည် မိမိ၏ မယားဟောင်း အဝေးမှ လာနေစဉ်တုန်းက လှမ်းမျှော်၍ မကြည့်ခဲ့ပေ။ မိမိရှေ့မှောက်မှာ နီးကပ်စွာ ရောက်နေသည်တွင်ကား မမြင်ဘဲ မနေနိုင်။ မယားဟောင်းက လျှောက်ထားသော စကားတို့ကိုလည်း မကြားဘဲ မနေနိုင်။ သို့သော် ထိုအဆင်း ထိုအသံတို့သည် အရှင်သင်္ဂါမဇိအဖို့ အဆင်းနှင့် အသံမျှသာ ဖြစ်၏၊ ထိုအဆင်းအသံတို့မှ ဆက်စပ်၍ ငါ့မယား၊ ငါ့သား ဟူသော အယူအစွဲတို့ မပေါ်လာကြပေ။ မြင်လျှင် မြင်ကာမတ္တ၊ ကြားလျှင် ကြားကာမတ္တသာ နေတော့၏၊ မယားဟောင်းလျှောက်ထားသော စကားတို့ကို ဝန်ခံစရာ မလို၍ ဝန်ခံခြင်းလည်း မပြု။ ငြင်းပယ်စရာမရှိ၍လည်း ငြင်းပယ်သော စကားကို မဆို။ မတုန်မလှုပ် ငုတ်တုတ်ထိုင်လျက်သာ ရှိဘိ၏၊
မယားဟောင်း မလာခင်ကလည်း မိဘဆွေမျိုးများ ရောက်လာခဲ့ကြပြီ။ မိဘတို့၏ စည်းစိမ်ဥစ္စာများ ထိန်းသိမ်းရန် လူ့ဘောင်သို့ ပြန်ဆင်းခဲ့ပါဦးဟု လျှောက်ထားကြ၏၊ အရှင်သင်္ဂါမဇိမှာ 'ငါ့သား၊ ငါ့ဥစ္စာ' ဟူ၍ အယူအစွဲတွေ ပြင်းထန်လွန်း နေကြသူတို့အား တရားဟောလျှင် မောရုံသာရှိမည်မို့ ခပ်မဆိတ်နေခဲ့ရ၏၊ သူတို့တုန်းက ဟန်မရ၍ နောက်တစ်ချီ စစ်ဆင်သောသဘောဖြင့် မယားဟောင်းကို သားငယ်နှင့်တကွ လွှတ်လိုက်ကြခြင်းပင် ဖြစ်ပေသည်။
"အရှင်ဘုရား၊ သားသည်အမေဖြစ်သော တပည့်တော်မကို ပြုစုလုပ်ကျွေးပါလော့"
တစ်ကြိမ်လျှောက်သည်ကို မကြားဘူးထင်၍ ထပ်မံလျှောက်ထား၏၊ သည်တစ်ကြိမ်ဖြင့် အားမရသေး၍ နောက်တစ်ကြိမ်ထပ်၍ လျှောက်ပြန်၏၊
ဘယ်နှစ်ခါလျှောက်လျှောက် အရှင်သင်္ဂါမဇိကတော့ မတုန်မလှုပ်သာလျှင် ဖြစ်ဘိ၏၊ ဤတွင် မယားဟောင်းသည် သားငယ်ကို အရှင်သင်္ဂါမဇိရှေ့မှာ ချကာ-
ဒအရှင်ရဟန်း၊ ဤကလေးသည် အရှင်ရဟန်း၏ သားဖြစ်၏၊ မိမိသားကို မိမိဘာသာ လုပ်ကျွေးပြုစုပေတော့’
ပြောပြောဆိုဆို ထွက်ခွာသွား၏၊ သို့သော် တစ်ခါတည်း ထွက်ခွာလာခဲ့ခြင်းကား မဟုတ်ပါ။ သားသည် အဖေဖြစ်သော ထိုရဟန်း မည်သို့ရှိမည်ကို မလှမ်းမကမ်းမှ အကဲခတ်လျက်သာ ရှိပေသည်။ "မယားစစ်ဆင်ရေး" ဖြင့် အခြေအနေ မလှသည်ကို 'သားစစ်ဆင်ရေး' ဖြင့် တစ်နည်း စမ်းသပ်လိုက်ခြင်းသာ ဖြစ်ပေသည်။
ဒမယားစစ်ဆင်ရေးဒ၌ အောင်ပွဲရခဲ့သော အရှင်သင်္ဂါမဇိသည် 'သားစစ်ဆင်ရေး' မှာလည်း အလွယ်တကူ အောင်ပွဲဆင်ခဲ့သည်သာ ဖြစ်ပါ၏၊ သားငယ်သည် အဖေများ၏ နှလုံးအိမ်ကို ဆွတ်ပျံ့ကြည်နူးစေတတ်သော သားငယ်ရွှေသွေး ပုလုကွေးသည် သည်ဖခင်၏ နှလုံးအိမ်ကိုကား ဆွတ်ပျံ့ကြည်နူးအောင် မစွမ်းဆောင်နိုင်ပြီ။ သည်ဖခင်၏ နှလုံးအိမ်ကိုကား နာကျင်အောင် မတတ်နိုင်ပြီ။
"ဩော်... သည်ရဟန်းသည် သားကိုလည်း မခင်တွယ်ပါကလား"
စစ်ဆင်ရေးအားလုံး ရှုံးနိမ့်ခဲ့သော မယားဟောင်းသည် သားငယ်ကို အသာချီကာ လာလမ်းအတိုင်း ပြန်သွားရပေတော့သည်။
လာစဉ်တုန်းက မျှော်လင့်တမ်းတခြင်း မရှိခဲ့သော အရှင်သင်္ဂါမဇိသည် မယားဟောင်း ပြန်သွားသောအခါမှာလည်း လွမ်းဆွတ်ကြေကွဲမှု မရှိတော့ပါပြီတည်း။ အရှင်သင်္ဂါမဇိ၏ အောင်ပွဲကို ကြားနာရသည့်အဆုံးဝယ် သည်အရှင်မြတ်သည် မိမိဘွဲ့နှင့် လိုက်လျောလေစွ တကားဟု ကျွန်ုပ်တို့ မှတ်ချက်ချကြရပါ၏၊
(ဥဒါန်း သင်္ဂါမဇိသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
အရှင်ရဋ္ဌပါလ၏ တရားလေးပုဒ်
မြေဆီဩဇာနှင့် ရာသီဥတုကောင်းလှသဖြင့် အမြဲတမ်းပင် ပြည့်လျှံသော ကျီများ ရှိနေသဖြင့် ထုလ္လကောဋ္ဌိကဟု အမည်ရသော ရွာကြီးသည် ကုရုတိုင်းအတွင်း၌ ထင်ရှားစွာရှိ၏၊ ကုရုတိုင်း၏ အရှင် ကောရဗျမင်းကြီး၏ ဥယျာဉ်တော်လည်း ထိုရွာအနီးမှာပင် ရှိပေသည်။ ထိုရွာကြီးသည် ကျွန်ုပ်တို့သီတင်းသုံးဖော် အရှင်ရဋ္ဌပါလ၏ မွေးရပ်မြေလည်း ဖြစ်ပါပေသည်။
ရဟန်းလောင်း ရဋ္ဌပါလသည် ထိုရွာကြီး၏ တန်ခိုးဩဇာ အကြီးမားဆုံး သူဌေးကြီးအိမ်တွင် ချမ်းသာစွာ နေခဲ့ရ၏၊ ရဋ္ဌပါလ လူလားမြောက်၍ အိမ်ထောင်ကျပြီးခါစတွင် ဘုရားရှင် အမှုးရှိသော ကျွန်ုပ်တို့တစ်တွေ ထိုရွာကြီးသို့ ရောက်ခဲ့ကြရ၏၊ ဘုရားရှင်ဟောကြားသော တရားတော်ကို နားကြားရင်း ကျွန်ုပ်တို့နှင့်အတူ ရဟန်းပြုကာ လိုက်ပါလိုသဖြင့် ရဋ္ဌပါလသည် ဘုရားရှင်ထံ ဝင်ရောက်၍ ရဟန်းပြုခွင့်တောင်း၏၊ သို့ရာတွင် မိဘများထံ ခွင့်မပန်ရသေးဟု ဆိုသဖြင့် ရဟန်းပြုခွင့်မရဘဲ အိမ်ပြန်သွားရပေသည်။
ရဋ္ဌပါလမှာ တစ်ဦးတည်းသောသားဖြစ်၍ မိဘများထံမှ ရဟန်းပြုခွင့် မရနိုင်ပါ။ တစ်ဦးတည်းသောသားကို မခွာရက်နိုင်သကဲ့သို့ ပေါကြွယ်လှသော ပစ္စည်းဥစ္စာတို့ကိုလည်း မင်းဘဏ္ဍာအဖြစ် မခံနိုင်ကြပါ။ ထို့ကြောင့် ရဟန်းမပြုဘဲ လူအဖြစ်နှင့် ကုသိုလ်ကောင်းမှုများပြုရန် ချော့မော့တောင်းပန်ကြရ၏၊ ရဋ္ဌပါလကား မိဘစကားကို လက်မခံနိုင်ပြီ။ သည်နေရာမှာ ရဟန်းပြုခွင့် ရချင်ရစေ။ သို့မဟုတ်ခဲ့လျှင် သည်နေရာမှာပင် သေပေ့စေတော့ဟု မြေကြီးပေါ် လှဲအိပ်လိုက်၏၊ အစာမစားဘဲ ဆန္ဒပြနေခဲ့၏၊ ဤသို့ ခုနစ်ရက်တိတိ ဇွဲကောင်းကောင်းနှင့် တောင်းဆိုခဲ့၍ အရှင်ရဋ္ဌပါလဟူ၍ ဘွဲ့နာမည် ခံယူခွင့်ရလာပေပြီ။ အသွင်အပြင်သာမက အတွင်းသန္တာန်ပါ ပြောင်းလဲ၍ လာခဲ့ပေသည်။ ဤကဲ့သို့ ခိုင်မာထက်သန်သော ဂုဏ်ထူးဆောင်ဟူ၍လည်း ထင်ရှားကျော်ကြား၍ လာပေပြီ။
အရှင်သင်္ဂါမဇိမှာ တောကျောင်းတစ်နေရာမှာ တရားပေါက်ကာ ဇေတဝန်ကျောင်းတော် ပြန်လာခါမှ ဖြားယောင်းခြင်း ခံရ၏၊ အရှင်ရဋ္ဌပါလကား ဇေတဝန်ကျောင်းတော်မှာ တရားပေါက်ကာ ထုလ္လကောဋ္ဌိက ရွာကြီးသို့ ပြန်ရောက်ခါမှ ဖြားယောင်းခြင်းခံလိုက်ရပေသည်။
ထိုရွာကြီးသို့ တစ်ခေါက်တစ်ခေါက် ပြန်သွားရာမှ ရရှိလာသော အတွေ့အကြုံများကို ကျွန်ုပ်တို့ ဓမ္မသဘင်၌ ထိုအရှင် တင်ပြခဲ့သည်မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။
"ဤရဟန်းသည် လူ့ဘောင်သို့ ပြန်မဆင်းတော့ပြီ" ဟု စိတ်ချတော်မူသဖြင့် အရှင်ရဋ္ဌပါလအား ဘုရားရှင်က မိဘရပ်ထံ ပြန်ခွင့်ပြုလိုက်၏၊ ခရီးအဆင့်ဆင့်လှမ်းလာခဲ့၍ ညနေချမ်းနေချိုချိုတွင် ထိုရွာကြီးသို့ ဆိုက်ရောက်လာခဲ့ပေသည်။
ဇာတိရပ်ရွာ ပြန်ရောက်လာသော်လည်း အရှင်ရဋ္ဌပါလသည် မိဘအိမ်သို့ တစ်ခါတည်း တန်းဝင်မသွားခဲ့ပါ။ ရွာနှင့် မလှမ်းမကမ်းမှာ ရှိသော ကောရဗျမင်း၏ ဥယျာဉ်တော်သို့သာ ဝင်လာခဲ့၏၊ ရဟန်းတို့နှင့် လျှောက်ပတ်ရာတွင် တစ်ညကျိန်းစက်ပြီးမှ ဇာတိရွာသို့ ဆွမ်းခံဝင်ခဲ့ပေသည်။
အိမ်တွင် ခမည်းတော်ကြီးကိုယ်တိုင်ရှိနေပါ၏၊ အလယ်ထပ် တံခါးပေါက်တွင် သူ့ဆံပင်များကို ဆတ္တာသည်က ရှင်းပေးလျက်ရှိပါ၏၊ အပြင်တံခါးဝက ရဟန်း၏ အရိပ်ကို မြင်လိုက်သည်နှင့် သူ့နှုတ်ဖျားမှ ရုန်းရင်းစွာသော စကားများ ထွက်ပေါ်လာပေသည်။
"ကျက်သရေမရှိသော ခေါင်းတုံးပြောင်ပြောင်နှင့် ရဟန်းယုတ်တစ်ယောက် ရောက်လာပြန်ပြီ။ ဤရဟန်းတို့ပင် ငါ၏ ချစ်လှစွာသော တစ်ဦးတည်းသော သားကို ရဟန်းပြုကာ ခေါ်ဆောင်သွားကြသည် တကား"
သားအတွက် ရတက်ပွေနေသော သူဌေးကြီးသည် သားကိုယ်တိုင်ကို မြင်နေပါလျက် မမှတ်မိနိုင်အောင် ဖြစ်နေရ၏၊ အရှင် ရဋ္ဌပါလမှာ မိဘအိမ်တံခါးဝမှ ဆွမ်းနှင့် ဟင်းများ အစား ဆဲရေးကြိမ်းမောင်းသော စကားများကိုသာ ရရှိခဲ့ပေသည်။
ကောင်းဆိုးနှစ်တန် လောကဓံကို အပြည့်အဝ ခံနိုင်ရည်ရှိနေပြီဖြစ်သော အရှင်ရဋ္ဌပါလသည် အိမ်တံခါးမှ ပြန်မည်ဟု လှည့်လိုက်၏၊ ထိုအခိုက်မှာပင် အစေခံမတစ်ယောက်ထွက်လာကာ တစ်ညဉ့်လွန်၍ သိုးစော်နံနေသော မုယောမုန့်ကို စွန့်ပစ်မည်ပြု၏၊ ဆွမ်းတစ်ဇွန်းမျှ မရရှိသေးသော အရှင်ရဋ္ဌပါလသည် ဤယနေ့အဖို့ ဤမုန့်သိုးမျှသာ အလားအလာရှိတော့သဖြင့်
"နှမ၊ ဤမုယောမုန့်ကို စွန့်ပစ်မည်ဖြစ်လျှင် ငါ့သပိတ်ထဲမှာ လောင်းလိုက်ပါလော့"
သာသနာ့ဝေါဟာရဖြင့် ယဉ်ကျေးစွာခေါ်လျက် သပိတ်ကို စောင့်ငဲ့ပေးလိုက်၏၊
ရဟန်းဟူသည်မှာ သလုံးမြင်းခေါင်းနှင့် ရင်းနှီးကာ ဆွမ်းခံ၍ စားရ၏၊ ဆွမ်းခံခြင်းဟူ၍ စကားအရာ ယဉ်ကျေးစွာ သုံးကြရသော်လည်း အမှန်စင်စစ်အားဖြင့် တောင်းစားခြင်းသာ ဖြစ်၏၊ ဝိနည်းတော်နှင့် လျောက်ပတ်စွာ ဣန္ဒြေသိက္ခာရှိရှိ အသက်မွေးဝမ်းကျောင်းမှုပင် ဖြစ်၏၊ ဆွမ်းခံသူရော ဆွမ်းလောင်းသူအတွက်ပါ သက်သာ လွယ်ကူစေသော အစီအမံတစ်ရပ်ပင် ဖြစ်ပါ၏၊
ဤသို့ ဆွမ်းခံရာ၌ ကိုယ်ဖြင့်ရပ်၍ ဆွမ်းခံခြင်းကိုသာ ခွင့်ပြုထား၏၊ နှုတ်ဖြင့် ဖွင့်ဟ၍ တောင်းခံခြင်းကို ခွင့်ပြုမထားပါ။ သို့ပါလျက် အရှင်ရဋ္ဌပါလက အဘယ့်ကြောင့် နှုတ်ဟ၍ တောင်းရပါသနည်း။ တစ်စုံတစ်ယောက် သိမ်းဆည်းထားသော ပစ္စည်း မဟုတ်တော့သောကြောင့် ဖြစ်ပေသည်။
အစေခံမသည် မုယောမုန့်ကို သပိတ်ထဲသို့ လောင်းထည့်ရင်း သူ့သခင်ဟောင်းကို ကောင်းကောင်းကြီး မှတ်မိလိုက်၏၊ မှတ်မိသည့်အတိုင်း မိဘများထံ အလျင်အမြန် ပြောပြခြင်းဖြင့် အိမ်ကြီးကျွန်အဖြစ်မှ လွတ်လပ်ခွင့်ရသွားပေသည်။
အရှင်ရဋ္ဌပါလသည် တစ်နေ့တာအတွက် ရရှိလာသော အစာအာဟာရကို ဆွမ်းစားဇရပ်တစ်ခုတွင် ထိုင်၍ ဘုဉ်းပေး၏၊ ဟိုစဉ်တုန်းက သူဌေးသားတစ်ယောက်အဖြစ်ဖြင့် အမြိန်အရသာများကိုသာ စားသောက်ခဲ့ရ၏၊ ယခု ဘုရားသားတော် ဘဝတွင်ကား မုယောမုန့်သိုးကို စားနေရပေပြီ။ သို့သော် အရှင်ရဋ္ဌပါလ အဖို့ကား ထိုအစာအာဟာရနှစ်မျိုးအတွက် တစ်စုံတစ်ရာ ထူးခြားလာခြင်း မရှိပါ။ အစာအိမ်ထဲက ပါစက ဝမ်းမီးကို အစာကျွေးလိုက်ခြင်းသာ ဖြစ်ပေသည်။ မည်သည့် အစာပင် စားရ စားရ၊ ပါစက ဝမ်းမီးဒဏ် သက်သာခြင်းသာ အဓိက ဖြစ်ပေသည်။
တရားမြင်ပြီးသူက တရားနှင့် ယဉ်၍ စားသုံးနေရာတွင် တရားမမြင်ရှာသေးသော ခမည်းတော်ကြီးမှာကား ရင်ဘတ်စည်တီးဖြစ်ရပေသည်။
"အို... ငါ့သား၊ ဖြစ်မှဖြစ်ရလေစွတကား။ ဖခင်တို့မှာ ပစ္စည်းဥစ္စာကြွယ်ဝပါလျက် အဘယ့်ကြောင့် မုယောမုန့်သိုးကို စားနေရပါသနည်း။ ထမင်းစားချိန်တွင် မိမိအိမ်သို့ သွားသင့်သည် မဟုတ်ပါလော"
"ဒါယကာကြီး၊ အိမ်ရာတည်ထောင် လူတို့ဘောင်မှ ခွာရှောင်၍ ရဟန်းပြုလာသူတို့အား အဘယ်မှာ အိမ်ရှိပါမည်နည်း။ ရဟန်းတို့မည်သည်လည်း အိုးအိမ်မရှိသူများပင် ဖြစ်၏၊ ဒါယကာကြီးတို့အိမ်သို့ ရောက်ခဲ့သော်လည်း ကန်တော့ဆွမ်းကလေးမျှ မရခဲ့ပါ။ ဆဲရေးကြိမ်းမောင်းခြင်းသာ ရခဲ့ပါသည်"
ခမည်းတော်ကြီးက အမောတကော လျှောက်ထားအပြီးတွင် သားရဟန်းကတော့ အေးဆေးစွာပင် ပြန်ပြောလိုက်ပေသည်။
"ပြီးခဲ့သည့်ကိစ္စ ပြီးပါစေတော့ ငါ့သား။ ယခု အိမ်သို့သွားကြစို့"
"မသွားလိုတော့ပြီ ဒါယကာကြီး။ ယနေ့အဖို့ ဆွမ်းကိစ္စ ပြည့်စုံသွားပေပြီ"
"သို့ဖြစ်လျှင် နက်ဖြန်နံနက်မှာ ဖခင်တို့အိမ်သို့ ဆွမ်းစားလာခဲ့ပါ"
အရှင်ရဋ္ဌပါလက ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံလိုက်ပေသည်။
နောက်တစ်နေ့နံနက်၌ "ဆွမ်းများပြင်ဆင်ပြီးပါပြီ" ဟု အကြောင်းကြားလာသည်တွင် အရှင်ရဋ္ဌပါလသည် သပိတ်သင်္ကန်းများ ပြင်ဆင် ဝတ်ရုံလျက် ခမည်းတော်ကြီးအိမ်သို့ လိုက်ပါသွား၏၊ ခင်းထားသောနေရာ၌ ထိုင်မိလျှင် ခမည်းတော်က အရန်သင့်ပြင်ဆင်ထားသော ရွှေပုံ ငွေပုံများကို ဖွင့်လှစ်ပြကာ
"ငါ့သား၊ သည်ပစ္စည်းမှာ သင့်အမေဘက်က ပစ္စည်းမျှသာ ရှိသေးသည်။ အဖေ့ဘက်က ပစ္စည်းတွေ တခြားမှာ ရှိသေးသည်။ ထို့အပြင် အဘိုးဆီက အမွေရသည့် ပစ္စည်းများသည်လည်း တသီးတခြား ရှိသေးသည်။ ဤပစ္စည်းများဖြင့် လူ့ဘောင်မှာ မကြောင့်မကြ မတောင့်မတ နေနိုင်ပါသည်။ ကုသိုလ်ကောင်းမှု ပြုလိုရာ ပြုနိုင်ပါသည်"
ခမည်းတော်ကြီးက မျှော်လင့်ချက်ကြီးစွာဖြင့် လျှောက်ထား၏၊ ဤတွင် အရှင်ရဋ္ဌပါလက-
"ဒါယကာကြီး၊ စကားတစ်ခွန်းကို လက်ခံနိုင်မည်လော"
"လက်ခံနိုင်ပါသည်"
ခမည်းတော်ကြီးက ဝမ်းသာအားရဖြစ်ကာ ချက်ချင်းပင် ဝန်ခံလိုက်၏၊
"သို့ဖြစ်လျှင် သည်ရွှေငွေများကို လှည်းဖြင့် တင်လိုက်ပါတော့"
"လှည်းနှင့်တင်ပြီးနောက် မည်သို့ ပြုရပါမည်နည်း"
"လှည်းနှင့်တင်ပြီးနောက် ဂင်္ဂါမြစ်ရေကြော မျှောလိုက်ပါလော့ ဒါယကာကြီး"
ခမည်းတော်ကြီး လက်လျှော့သွားချိန်တွင် မယားဟောင်းများက တစ်စခန်း ထလာကြပေသည်။ အရှင်ရဋ္ဌပါလမှာ အရှင်သင်္ဂါမဇိလို မယားတစ်ယောက်တည်း မဟုတ်ပေ။ မြဲသည်ထက်မြဲ၊ ခိုင်သည်ထက် ခိုင်စေရန်ဟု မိဘများက မယားနှစ်ယောက်ရှာထားပေး၏၊ မယားဟောင်း နှစ်ယောက်တို့သည် ရဋ္ဌပါလသတို့သားဘဝက နှစ်သက်ခဲ့ဖူးသော အဝတ်အဆင်များကို ဝတ်စားဆင်ယင်၍ အရှင်ရဋ္ဌပါလ၏ ခြေတစ်ဖက်စီကို ပွေ့ဖက်ကာ အရောတဝင်ပြုသောအားဖြင့်-
"အို... အရှင့်သား၊ အရှင့်သားသည် နတ်သမီးများကို ရလိုသဖြင့် ရဟန်းပြုသည်ဟု ဆိုကြပါသည်။ ထိုနတ်သမီးများ၏ အဆင်းအရောင်သည် မည်သို့ ရှိပါသလဲ"
"နှမတို့၊ ငါသည် နတ်သမီးများကို ရလိုသဖြင့် ရဟန်းပြုခြင်း မဟုတ်ပါ"
လင်မယားဘဝတုန်းက "ရှင်မတို့" ဟုခေါ်ခဲ့ရာ ယခုတော့ နှမတို့ ဟု ခေါ်လိုက်ပေပြီ။ ဤစကားတစ်ခွန်းတည်းနှင့်ပင် သူတို့၏ မြူဆွယ်မှု နိဂုံးချုပ်ရပေတော့သည်။ ဤတွင် အရှင်ရဋ္ဌပါလက-
"ဒါယကာကြီး၊ ဆွမ်းကပ်စရာရှိလျှင် ကပ်ပါလော့။ ရွှေ ငွေ ဥစ္စာ၊ မာတုဂါမတို့ကို ပြ၍ မနှိပ်စက်ပါနှင့်တော့"
"ချစ်သား ရဋ္ဌပါလ၊ ဆွမ်းများပြင်ဆင်ထားပြီး ဖြစ်ပါသည်။ စားပါလော့၊ စားပါလော့"
နောက်ထပ်နှိပ်စက်စရာလည်း မရှိတော့ပြီမို့ အရန်သင့်ပြင်ဆင်ထားသော ဆွမ်းများကို ကပ်ကြရပေတော့သည်။
ဆွမ်းကိစမ္စများ ပြီးစီးသောအခါ အရှင်ရဋ္ဌပါလသည် နေရာမှထလျက် ခန္ဓာကိုယ်ကြီး၏ အသုဘကထာ ဂါထာများကို ရွတ်ဆိုကာ ဆက်လက်၍-
"မုဆိုးသည် ကျော့ကွင်းကို ထောင်ထားခဲ့၏၊ သားသမင်သည် ကျော့ကွင်းကို မထိမူဘဲ အစာရေစာ စားသောက်ကာ သမင်ဖမ်းသူတို့ ငိုယိုနေကြစဉ်မှာပင် တောချုံကြားသို့ ဝင်သွားဘိသကဲ့သို့ ငါတို့သည်လည်း ဘေးလွတ်ရာသို့ ရောက်ခဲ့ကြကုန်၏"
ဤသို့ အဓိပ္ပာယ်ရှိသော ဂါထာကို ရွတ်ဆိုကာ ဥယျာဉ်တော်သို့ ပြန်လာခဲ့ပေသည်။
ကောရဗျမင်းကြီးသည် အရှင်ရဋ္ဌပါလကို ငယ်ရွယ်စဉ်ကတည်းက တူလို သားလို ချစ်ခင်လာခဲ့၏၊ ယခင်ကတည်းက ခင်မင်ရင်းစွဲရှိခဲ့သည်တွင် ယခုလို အိုမင်းမစွမ်း ဖြစ်လာသောအခါ သာ၍ပင် တွေ့ချင်နေ၏၊ ရဟန်းဝတ်နှင့် အသွင်ပြောင်းနေမည့် သူ့ရုပ်သွင်ကို ရှုချင် မြင်ချင်စမ်းလှ၏၊ ထို့ထက်ပို၍ သိချင်စိတ်စောနေသည်မှာကား ငယ်ငယ်ရွယ်ရွယ်နှင့် ရဟန်းပြုဩွးရခြင်း၏ အကြောင်းများ ဖြစ်ပေသည်။
ယခုတော့ ကောရဗျမင်းကြီး၏ စိတ်ဆန္ဒများ ပြည့်ဝပါတော့မည်။ သူတွေ့ချင် မြင်ချင်နေသော အရှင်မြတ်က သူ့ဥယျာဉ်ထဲမှာ အရန်သင့် ရောက်နေပါပြီ။ ဥယျာဉ်စောင့်ထံမှ ဤသတင်းကို ကြားရသည်နှင့် အရှင်ရဋ္ဌပါလ ရှိရာသို့ အဆောတလျင် လာခဲ့၏၊ တူအရွယ် သားအရွယ် အရှင်မြတ်အား နှုတ်ဆက်စကားဆို၍ ရိုသေစွာ ထိုင်ပြီး ဆင်တင် ကော်ဇောကြီးကို ဖြန့်ခင်းကာ-
"အရှင်ဘုရား၊ ဤနေရာမှာ ထိုင်တော်မူပါ" ဟု လျှောက်၏၊
"ပြည့်စုံပြီ မင်းကြီး။ သင်မင်းကြီးသာ ထိုင်ပါတော့"
ကိုယ့်နေရာနှင့်ကိုယ် ရှနေပြီဖြစ်သော အရှင်ရဋ္ဌပါလက ကောရဗျမင်းကြီး၏ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်၏၊ သစ်ရွက်ခြောက် မြက်ခြောက်များကို ညီညာစွာ စုပုံထားခြင်းဖြင့် ရဟန်းတိုင်းအဖို့ သွားလေရာ ထိုင်စရာအခင်းရှိပြီး ဖြစ်ပေသည်။
ကောရဗျမင်းကြီးသည် မိမိခင်းပေးထားသော ဆင်တင် ကော်ဇောကြီးပေါ်မှာ မိမိဘာသာ ထိုင်လျက်
"အရှင်ဘုရား၊ အိုခြင်း၊ နာခြင်း၊ ပစ္စည်းဥစ္စာဆုံးပါးခြင်း၊ ဆွေမျိုးဉာတကာပျက်စီးခြင်းဟူ၍ ဤလေးမျိုးသော ဆုတ်ယုတ်ခြင်းတို့ကြောင့် လူများစွာတို့ ရဟန်းပြုခဲ့ကြပါသည်။ အရှင်ဘုရားမှာကား အရွယ်အားဖြင့်လည်း နုပျိုပါသေး၏၊ အနာကင်းစွာ ကျန်းမာလျက်ရှိပါသေး၏၊ ပစ္စည်းဥစ္စာဆုံးပါးခြင်းလည်း မရှိပါ။ ဆွေမျိုးဉာတကာပျက်စီးခြင်းလည်းမ ရှိပါ။ ဤသို့ အဘက်ဘက်က ပြည့်စုံနေပါလျက် အရှင်ရဋ္ဌပါလသည် မည်သို့သော တရားသဘောကို ရှုမြင်သုံးသပ်၍ ရဟန်းပြုတော် မူခဲ့ပါသနည်း"
"မင်းကြီး၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဘုရားရှင်သည် တရားလေးပုဒ်ကို ဟောကြားတော်မူခဲ့ပါသည်။ တရားလေးပုဒ်၏ အကျဉ်းချု့ပ်မှာ ဤသို့ ဖြစ်ပါသည်"
"လူ့ဘောင်လောကသည် အိုဘက် သေဘက်သို့သာ တစ်ရက်ပြီးတစ်ရက် ချဉ်းကပ်၍ လာ၏၊ မြဲမြဲခိုင်မာသော သဘောမရှိ"
"လူ့ဘောင်လောကသည် ကိုယ်ပိုင်ဥစ္စာဟူ၍ မရှိ။ သေလျှင် အားလုံး အလိုကျ စေစားနိုင်သော သဘောမရှိ"
"လူ့ဘောင်လောကသည် အမြဲတမ်း လိုနေလျက်သာ ရှိ၏၊ မြင်းမိုရ်တောင်လောက် ပုံပေးသော်လည်း ရောင့်ရဲနိုင်ခြင်း မရှိ။ တဏှာ၏ ကျေးကျွန်သာ ဖြစ်၏"
"ဤသို့သော တရားလေးပုဒ်ကို ရှုမြင်သဖြင့် အသက်အရွယ်ငယ်စဉ်အခိုက်မှာပင် ရဟန်းဘောင်သို့ ဝင်လာခဲ့ပါသည်"
တရားလေးပုဒ်ကို အကျဉ်းချုပ်၍ ဟောကြားပြီးလျှင် အရှင်ရဋ္ဌပါလက လောကဥပမာ အဖြာဖြာဖြင့် အကျယ်ဖွင့်၍ ပြပေသည်။
ထုလ္လကောဋ္ဌိရွာအနီး ဥယျာဉ်တော်အတွင်းမှာတုန်းကကဲ့သို့ပင် ကျွန်ုပ်တို့၏ ဓမ္မသဘင်မှာလည်း သာဓုတညံညံ ပေးကြပါပေသည်။
(မဇ္ဈိမနိကာယ် ရဋ္ဌပါလသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
အာဇာနည် အရှင်ပုဏ္ဏ
ကျွန်ုပ်တို့ မဇ္ဈိမဒေသ၌ အစဉ်အလာပြောကြားလာခဲ့ကြသော စကားတစ်ခု ရှိ၏၊ ဂင်္ဂါမြစ်၏ မြောက်ဘက်သားများသည် လိမ္မာယဉ်ကျေးကြ၏၊ ဒါန သီလ စသည်ပေါင်းစု မြတ်ကောင်းမှုကို ပြုကြ၏၊ တောင်ဘက်သားတို့ကား သူတို့၏ ဆန့်ကျင်ဘက်ဟု ဆိုကြပေသည်။
ပူရဏကဿပ ဆရာကြီးသည် ဤအစဉ်အလာစကားကို အခြေခံပြုကာ မှတ်သားလောက်သော ဩဝါဒတစ်ခုကို တီထွင်၍ ထား၏၊ သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲမိသော သူသည် ထိုအကုသိုလ်ပျောက်ရေးအတွက် အထူးတလည် ကြောင့်ကြနေရန်မလို။ ဂင်္ဂါမြစ်၏ တောင်ဘက်သို့ ကူးလိုက်လျှင် ထိုအကုသိုလ်ကံမှ ကွင်းလုံးကျွတ်လွတ်၏ ဟူသတည်း။
မည်သည့်အရပ်ဒေသမဆို လူဆိုးရော လူကောင်းပါ ရှိစမြဲဖြစ်သော်လည်း ထိုတောင်ဘက်မှာတော့ ရိုင်းစိုင်းသူတို့ဘက်က တော်တော်ပင် အားကောင်းနေပါသည်။ ထို့ကြောင့် ပူရဏကဿပဆရာကြီးက အခြေအနေနှင့် လိုက်လျောသော ဩဝါဒကို ထွင်ထားခဲ့ခြင်း ဖြစ်ပါ၏၊
(သီလက္ခန္ဓဝဂ်၊ သာမညဖလသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
မည်မျှပင် ရိုင်းစိုင်းသော စရိုက်ကြမ်းတမ်းသော အရပ်ပင် ဖြစ်ပါစေ၊ ထိုဒေသမှာ ဖွားမြင်သူများကတော့ မိမိတို့ဇာတိနယ်မြေကို ခင်တွယ်ကြသည်သာ။ ဤသို့ခင်တွယ်ကြသည့်အထဲ၌ ကျွန်ုပ်၏ တရားပြဆရာနှင့် နာမည်တူ အရှင်ပုဏ္ဏမထေရ်လည်း အပါအဝင် ဖြစ်ပေသည်။
ဇေတဝန်ကျောင်းတော်ကြီးတွင် ကျွန်ုပ်တို့နှင့်အတူ မကြောင့်မကြ၊ မတောင့်မတ နေရသော်လည်း အရှင်ပုဏ္ဏ မပျော်မွေ့ပါ။ သူ၏ ဇာတိရပ်ရွကြိုသာ တမ်းတနေ၏၊ ဂင်္ဂါမြစ်၏ တောင်ဘက်နယ် အပါအဝင် သုနာပရန္တတိုင်းသို့သာ ပြန်ချင်နေ၏၊ ဘုရားရှင်ထံမှ တရားတစ်ပုဒ် လက်ဆုပ်လက်ကိုင် မရသေး၍သာ သူကြိတ်မှိတ်၍ နေရ၏၊ လက်ဆုပ်လက်ကိုင် တရားတစ်ပုဒ်ရသည်နှင့် ဇာတိရ့်ဌာန် ပြန်နိုင်မည့်အရေးကိုသာ သူတွေးတော၍ နေ၏၊
ထိုနေ့မှာတော့ အရှင်ပုဏ္ဏ ဆုတောင်းပြည့်မည့်နေ့ပင် ဖြစ်ပါ၏၊ နေ့လယ်နေ့ခင်း ကျိန်းစက်အပြီးတွင် ဂန္ဓကုဋီတိုက်အတွင်းသို့ ဝင်၍ ဘုရားရှင်ကို ဖူးမြော်ခွင့် ရခဲ့၏၊ ရရှိသည့်အခွင့်အရေးကို အရှင်ပုဏ္ဏက လက်မလွှတ်တမ်း ဖမ်းဆုပ်လိုက်ပေသည်။
"တောင်းပန်ပါသည် အရှင်ဘုရား။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် တရားတစ်ပုဒ်ကို အကျဉ်းချုပ်၍ ဟောကြားတော်မူပါဘုရား"
အရှင်ပုဏ္ဏ ၏ တောင်းပန်ချက်အရ ဘုရားရှင်က သစ္စာလေးပါး တရားအကျဉ်းချုပ်ကို ဟောတော်မူလိုက်ပေသည်။
"ပုဏ္ဏ၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိနှင့် စိတ်ဖြင့် ကြံစည်အပ်သော အထွေထွေအာရုံများကို သာယာစရာ နှစ်သက်စရာအဖြစ်ဖြင့် တွေးတော ကြံစည်သောသူအား သာယာနှစ်သက်ခြင်း ဖြစ်ပေါ်လာ၏၊ ပုဏ္ဏ၊ သာယာနှစ်သက်ခြင်း ဖြစ်လာလျှင် ဆင်းရဲဒုက္ခဖြစ်ပေါ်၏ဟု ငါဘုရား ဟောကြား၏"
"ပုဏ္ဏ၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိနှင့် စိတ်ဖြင့် ကြံစည်အပ်သော အထွေထွေအာရုံများကို သာယာစရာ နှစ်သက်စရာအဖြစ်ဖြင့် မတွေးတော မကြံစည်သောသူအား သာယာနှစ်သက်ခြင်းသည် ချုပ်၏၊ ပုဏ္ဏ၊ သာယာနှစ်သက်ခြင်း ချုပ်လျှင် ဆင်းရဲဒုက္ခ ချုပ်၏ဟု ငါဘုရား ဟောကြား၏"
သစ္စာလေးပါးတရားအကျဉ်းချုပ်ကို ဤသို့ ဟောကြားတော်မူပြီးနောက် ဘုရားရှင်က ဆက်လက်၍
"ပုဏ္ဏ၊ ငါဘုရားထံမှ ဤအကျဉ်းချုပ် ဩဝါဒတရားကို နာကြားပြီးနောက် ဘယ်ဇနပုဒ်မှာ သွား၍ နေမည်နည်း"
ဇာတိရပ်ရွာကို ခင်တွယ်သော စိတ်သဘောထားကို သိထားပြီးဖြစ်သဖြင့် မေးတော်မူလိုက်ရာ-
"သုနာပရန္တ အမည်ရှိသော ဇနပုဒ်သို့ သွား၍ နေပါမည်ဘုရား"
"ပုဏ္ဏ၊ သုနာပရန္တ ဇနပုဒ်သားတို့သည် ရိုင်းစိုင်းကုန်၏၊ စရိုက်ကြမ်းကုန်၏၊ အကယ်၍ သုနာပရန္တ ဇနပုဒ်သားတို့က သင့်ကို ဆဲရေးကြ၊ ရေရွတ်ကြလျှင် သင်မည်သို့ သဘောထားမည်နည်း"
"အရှင်ဘုရား၊ အကယ်၍ သုနာပရန္တ ဇနပုဒ်သားတို့က တပည့်တော်ကို ဆဲရေးကြ၊ ရေရွတ်ကြလျှင် 'ဩော်... ဤသုနာပရန္တ ဇနပုဒ်သားတို့သည် တော်ကြပေစွ။ ဩော်...သုနာပရန္တ ဇနပုဒ်သားတို့သည် အလွန်တော်ကြပေစွ။ သူတို့သည် ငါ့ကို လက်နှင့် မရိုက်ကြသေးပါကလား' ဟု သဘောထားပါမည် ဘုရား"
"ပုဏ္ဏ၊ အကယ်၍ သုနာပရန္တ ဇနပုဒ်သားတို့က လက်နှင့် ရိုက်တော့ကော"
"အရှင်ဘုရား ဤအခါတွင်လည်း 'ဩော်...ဤသုနာပရန္တ ဇနပုဒ်သားတို့သည် ငါ့ကို ခဲနှင့် မပေါက်ကြသေးပါကလား' ဟု သဘောထားပါမည် ဘုရား"
"ပုဏ္ဏ၊ အကယ်၍ တုတ်နှင့် ရိုက်တော့ကော"
"အရှင်ဘုရား ဤအခါတွင်လည်း 'ဩော်...ဤသုနာပရန္တ ဇနပုဒ်သားတို့သည် ငါ့ကို ဓားနှင့် မခုတ်ကြသေးပါကလား' ဟု သဘောထားပါမည် ဘုရား"
"ပုဏ္ဏ၊ အကယ်၍ ဓားနှင့် ခုတ်တော့ကော"
"အရှင်ဘုရား ဤအခါတွင်လည်း 'ဩော်...ဤသုနာပရန္တ ဇနပုဒ်သားတို့သည် ဓားထက်ထက်နှင့် ငါ့အသက်ကို အသေမသတ်ကြသေးပါကလား' ဟု သဘောထားပါမည် ဘုရား"
"ပုဏ္ဏ၊ အကယ်၍ ဓားထက်ထက်နှင့် အသေသတ်တော့ကော"
"အရှင်ဘုရား ဤအခါတွင်လည်း ဘုရားရှင်၏ တပည့်သားအချို့သည် ကိုယ်နှင့် အသက်ကို စက်ဆုပ်ရွံ့ရှာကြသဖြင့် မိမိတို့ကိုယ်တိုင် ဓားဖြင့် အဆုံးစီရင်ကြကုန်၏၊ ငါ့မှာတော့ ကိုယ်တိုင် မစီရင်ရပါကလား' ဟု သဘောထားပါမည် ဘုရား "
အရှင်ပုဏ္ဏ၏ အာဇာနည်စိတ်ဓာတ်ကို ဘုရားရှင်က သာဓုခေါ်တော်မူကာ သုနာပရန္တ ဇနပုဒ်သို့ သွားခွင့်ပြုတော်မူလိုက်ပေသည်။
အာဇာနည်အရှင်ပုဏ္ဏသည် ဇာတိရပ်ရွာသို့ ရောက်ပြီးနောက် တစ်ထောင်မျှသော ဒါယကာ ဒါယိကာမများကို ကျွတ်တမ်းဝင်စေပြီးလျှင် ထိုဝါတွင်းမှာပင် ပရိနိဗ္ဗာန်ပြုသည်ဟု ကြားသိရပေသည်။
(သဠာယတနသံယုတ်၊ ပုဏ္ဏသုတ်ပါဠိတော်နှင့် အဋ္ဌကထာ)
အရှင်တိဿနှင့် ပတ္တမြားခိုးမှု
ကျွန်ုပ်တို့တစ်တွေမှာ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် နေ့စဉ်နှင့်အမျှဆိုသလို ဆွမ်းခံထွက်ရ၏၊ တိဿအမည်ရသော မထေရ်တစ်ပါးမူကား ကျွန်ုပ်တို့လို ဆွမ်းခံထွက်စရာမလိုပါ။ ကျောက်သွေးသမား ဇနီးမောင်နှံက သူ့ကို ဖခင်အရာထားကာ နေ့စဉ်နှင့်အမျှ ဆွမ်းကပ်ခဲ့ကြပေသည်။ ယခုဆိုလျှင် တစ်ဆယ့်နှစ်နှစ်ပင်ပြည့်ခါနီးခဲ့ပေပြီ။
ဤလို ဆွမ်းခံမထွက်ရဘဲ သက်သောင့်သက်သာ စားသောက်ရသဖြင့် သူ့ကို ကံကောင်းလေစွဟု အချို့ရဟန်းများက အားကျကြ၏၊ သူ့လို နေ့စဉ် ဆွမ်းဒါယကာ တစ်ယောက်ယောက် ပေါ်လာလေမလားဟု မျှော်တလင့်လင့်ရှိနေကြ၏၊ သို့သော် ထိုတစ်နေ့က အဖြစ်ကို ကြားသိရချိန်မှာကား ကျွန်ုပ်တို့အားလုံး သတိသံဝေဂ ရမိကြပေသည်။
ထိုနေ့နံနက်တွင် အရှင်တိဿမထေရ်သည် နေ့စဉ် ကြွနေကျအတိုင်းပင် ဆွမ်းဒါယကာအိမ်သို့ ကြွသွား၏၊ ဆွမ်းအမက အရန်သင့် ပြင်ဆင်ပြီးသော ဆွမ်းများကို လက်တော်ရောက် ဆက်ကပ်၏၊ ကျောက်သွေးသမားက အမဲသားကို ချက်ပြုတ်ရန် ခုတ်ထစ်နေဆဲဖြစ်၏၊ ထိုစဉ်အခိုက်မှာပင် ပေဿနဒီ ကောသလမင်းကြီး၏ နန်းတော်မှ ပတ္တမြားတစ်လုံးကို အလုပ်အပ်လာ၏၊ ပတ္တမြားကို အရောင်အသွေး တောက်ပလာအောင် သွေး၍ ကြိုးတပ်စရာ အပေါက်ဖောက်ပေးရန် ဖြစ်ပေသည်။
ကျောက်သွေးသမားသည် မင်းချင်းထံမှ ပတ္တမြားကို သွေးစွန်းသော လက်များဖြင့် ခံယူကာ အနားက သေတ္တာပေါ်မှာ တင်ထားလိုက်ပြီးလျှင် ခုတ်လက်စ အမဲသားများကို အပြီးအစီး ခုတ်ထစ်ကာ ဟင်းအိုးပြင်ဆင်၏၊ ထို့နောက် လက်ဆေးရန် ထွက်ခွာခဲ့၏၊ ရေအိုးက ပြန်လာချိန်မှာကား ကောသလမင်းကြီး၏ အဖိုးတန်ပတ္တမြား မရှိတော့ပြီ။
အိမ်ထဲမှာ သေသေချာချာကြည့်လိုက်တော့ သူနှင့် အရှင်တိဿတို့ကလွဲ၍ မည်သူမျှ မရှိပေ။ ဇနီးသည်လည်း ထိုခဏ၌ ကိစ္စတစ်ခုနှင့် တခြားအိမ်ထွက်သွား၏၊ ပတ္တမြားလာပို့သော မင်းချင်းလည်း ပို့ပြီးပြီးချင်း ထွက်ခွာသွား၏၊ သူတို့နှစ်ဦးကလွဲ၍ သက်ရှိသတ္တဝါဆို၍ အိမ်မှာ အလှမွေးထားသော ကြိုးကြာတစ်ကောင်သာ ရှိပေသည်။ စဉ်းတီတုံးက အမဲသား အစအနများနှင့် သွေးစများကို ခြစ်ခြုတ် စားသောက်၍ နေပေသည်။
ကျောက်သွေးသမား၏ နဖူးပြင်၌ ဇောချွေးများ သီးလာကြ၏၊ ကောသလမင်းကြီး ကိုယ်တော်တိုင်က ယုံမှတ်၍ အပ်နှံလာသော သည်ပတ္တမြားရတနာသည် ပျောက်ချင်းမလှ ပျောက်ခဲ့ရပေပြီ။ သည့်အတွက် မည်သို့သော မင်းပြစ်မင်းဒဏ်များ သင့်လာချေမည်နည်း။ ဒဏ်မတပ်ဘဲ အလျော်ပေးရလျှင်လည်း တစ်သက်ကျွန်ခံ၍ ပေးဆပ်သော်မှ ကျေလိမ့်မည် မဟုတ်ပေ။
ဘယ်ဘက်ကမျှ သက်သာလမ်းမမြင်သော ကျောက်သွေးသမားသည် ဆွမ်းဘုဉ်းပေးပြီးစ အရှင်တိဿဆီသို့ လှမ်းကြည့်လိုက်၏၊ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ဖခင်အရာထား၍ ကိုးကွယ်လာခဲ့သော ပုဂ္ဂိုလ်ကြီး၊ မိမိတို့အား မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်သည့် ဆရာကြီး။ သည်လိုပုဂ္ဂိုလ်မျိုးက သည်လိုအမှုမျိုးကိုတော့ မပြုတန်ရာဟု သူဝေဖန်ကြည့်မိ၏၊ သို့ဖြစ်လျှင် ပတ္တမြားက ဘယ်ရောက်သွားသနည်း။
တစ်ဖက်တွင် လေးစားစိတ်၊ ကြည်ညိုစိတ်။ အခြားတစ်ဖက်တွင်မူ သောကဗျာပါဒ။ ကောင်းစိတ်နှင့် မကောင်းစိတ်တို့ အပြန်အလှန် ဆွဲနေသည်ကို အရှင်တိဿကား မသိရှာ။
"အရှင်ဘုရား၊ ပတ္တမြားကို ယူမိပါသလား"
အကျဉ်းအကျပ်ကျလာတော့လည်း မတတ်နိုင်ချေပြီ။ တစ်လျှောက်လုံးက လေးစားစွာ ကိုးကွယ်လာခဲ့သော ပုဂ္ဂိုလ်ကြီးကိုပင် ပြောင်ဖွင့်၍ မေးရတော့သည်။
"ဒါယကာ၊ ပတ္တမြားကို ငါ မယူပါ"
အရှင်တိဿကလည်း တိုတိုတုတ်တုတ်သာ ဖြေလိုက်၏၊
"အရှင်ဘုရား၊ သည်အိမ်ထဲမှာ တပည့်တော်မှ လွဲ၍ အရှင်ဘုရားတစ်ပါးသာ ရှိပါသည်။ ယူခြင်းယူလျှင် အရှင်ဘုရားသာ ယူနိုင်ပါသည်။ တပည့်တော်ကို ပတ္တမြားပြန်ပေးပါ ဘုရား"
"ဒါယကာ၊ ပတ္တမြားကို ငါ မယူပါ"
"ပတ္တမြားကို သင်မယူလျှင် မည်သူလာယူမည်နည်း"
သောကမှ ဒေါသသို့ ကူးလာပြီဖြစ်၏၊ ကောင်းစိတ်များ အပေါ်ဝယ် မကောင်းစိတ်များ ဖိစီးလာကြပြီ ဖြစ်၏၊
"ကဲ ...သည်လောက် ဖုံးကွယ်နေလျှင် မဖုံးနိုင် မကွယ်နိုင်အောင် မေးရပေတော့မည်"
ငြိမ်သက်လှသော ဣန္ဒြေဖြင့် ထိုင်မြဲထိုင်လျက်သာရှိသော မထေရ်ကြီးအား အကြမ်းပတမ်းဆွဲကာ ကြိုးကောင်းကောင်းဖြင့် အိမ်တိုင်မှာ ချည်နှောင်လိုက်၏၊ တခြားအိမ်မှ ပြန်လာသော ဇနီးသည်က တားသော်လည်း မရနိုင်တော့ပြီ။
"ကဲ ...ပတ္တမြားကိုပေးမည်လော။ ဟောသည်တုတ်နှင့် အရိုက်ခံမည်လော"
"ဒါယကာ၊ ပတ္တမြားကို ငါ မယူပါ"
အရှင်တိဿကတော့ ယခင်အတိုင်းပင် ဖြေကြား၏၊ မကြားချင်သော ဖြေကြားချက်ကို တစ်ခါထပ်ပြီး ကြားရသည်နှင့်တပြိုင်နက် ကျောက်သွေးသမား၏ လက်ထဲက တုတ်သည် အရှင်တိဿ၏ ဦးခေါင်းပေါ်သို့ ကျလာပေတော့သည်။ အရှင်တိဿ၏ ဦးခေါင်းမှ သွေးဖြိုင်ဖြိုင် ယိုစီးလာတော့သည်။
အမဲသား အစအနများကို ကောက်စားနေသော ကြိုးကြာသည် အရှင်တိဿထံမှ သွေးများကို လာ၍ သောက်၏၊ ဤတွင် ဒေါသဖြင့် မွှန်ထူနေသော ကျောက်သွေးသမားက 'သည်သတ္တဝါ လာရှုပ်ရန်ကော' ဟု ခြေနှင့်တအားကုန် ခတ်လိုက်၏၊ ကြိုးကြာသည် ထိုနေရာမှာပင် သေလေသည်။
"ဒါယကာ ကြိုးကြာကို သေသေချာချာကြည့်ဦးလော့"
ဒဏ်ချက်ပေါင်းများစွာဖြင့် မူးချင်မေ့ချင်ဖြစ်နေသော အရှင်တိဿက သူ့ဆွမ်းဒါယကာကို အားယူ၍ တောင်းပန်၏၊ ကျောက်သွေးသမားသည် ကြိုးကြာကို သေသေချာချာကြည့်ကာ-
"ရဟန်းကြီး သည်ကြိုးကြာသေသကဲ့သို့ သင်လည်း သေရလိမ့်မည်"
"ငါ့ကိစ္စကို အသာထားပါ။ ကြိုးကြာ၏ စလုတ်ကိုသာ ခွဲ၍ ကြည့်ပါဘိ"
အရှင်တိဿက မိန့်ကြားသည့်အတိုင်း ကြိုးကြာ၏ စလုတ်ကို ခွဲကြည့်ရာတွင် ပျောက်သွားသော ပတ္တမြားကို တွေ့ရပါတော့၏၊ သွေးလူးသော လက်ဖြင့် ကိုင်တွယ်ထားသော ပတ္တမြားကို သားတစ်အမှတ်ဖြင့် ကြိုးကြာမျိုထားခြင်းပင်တည်း။
ဤအဖြစ်မှန်ကို အရှင်တိဿက သေသေချာချာ မြင်လိုက်ပါ၏၊ သို့သော် ထုတ်ဖော်ပြောကြား၍ကား မဖြစ်နိုင်။ ပြောကြားလိုက်သည်နှင့် တစ်ပြိုင်နက် သည်ကြိုးကြာ အသတ်ခံရမည်ဖြစ်၏၊ ယခုတော့ သေပြီးတူတူ မထူးတော့၍ ဖွင့်ပြောလိုက်ရပေတော့သည်။
မိမိအသက်အတွက် သူတစ်ပါးအသက်သေမည့်ဘေးကို ရှောင်ရှားတော်မူခဲ့သော မထေရ်မြတ်ကြီးအား ကျောက်သွေးသမားက ဝန်ချတောင်းပန်ပါ၏၊ မထေရ်မြတ်ကြီးကလည်း ခွင့်လွှတ်ပါ၏၊ သို့သော် ခါတိုင်းလို ဆွမ်းစားကား မကြွတော့ပါပြီ။
"ရဟန်းများအား တစ်ဇွန်း တစ်ယောက်မ လောင်းလှူရန် အိမ်တိုင်းမှာ ဆွမ်းများချက်ပါသည်။ ငါ့မှာ သွားနိုင်လာနိုင် ရှိနေသေးသမျှ ဆွမ်းခံ၍သာ စားတော့အံသတည်း"
ဤသို့ပြောဆိုကာ ဒါယကာအိမ်မှ ထွက်ခဲ့၏၊ ရဟန္တာဖြစ်သော တိဿမထေရ်သည် ထိုဒဏ်ရာများဖြင့်ပင် မကြာမီ ပရိနိဗ္ဗာန် ပြုရပေသည်။
အထင်လွဲ၍ အစွပ်စွဲခံရသော မထေရ်ကြီးအတွက် သံဝေဂ ဖြစ်ကြရသည်နှင့်အမျှ ခိုင်မာတည့်မတ်လှသော သူ၏ စိတ်ဓာတ်ကို ကျွန်ုပ်တို့ အလေးဂရုပြုလိုက်ကြရပါသတည်း။
(ဓမ္မပဒ ပါပဝဂ်၊ မဏီကာရကုလူပက တိဿမထေရ်ဝတ္ထု)
ရတနာစစ် ရတနာမှန်
ဇေတဝန်ကျောင်းတော်ကြီးကို အလှူခံ၍ထားပြီးပြီ ဖြစ်သော်လည်း ဘုရားရှင်သည် တစ်နေရာတည်း၌ အစွဲအမြဲ သီတင်းသုံးခြင်း မပြုသေးပါ။ သာသနာ့အဖွဲ့အစည်းကြီး စတင်ဖွဲ့စည်းစဉ်က ထုတ်ပြန်တော်မူခဲ့သော သာသနာပြု မိန့်ခွန်းတော်ကြီးအတိုင်းပင် ကိုယ်တော်တိုင်လည်း သာသနာပြုခရီးများကို မငြီးတမ်း ကြွချီ၍ နေပေသည်။
ဘုရားရှင်ကြွတော်မူရာ သာသနာ့နယ်မြေများထဲ၌ ဝေသာလီမြို့တော်လည်း အပါအဝင်ဖြစ်ပေသည်။ ဝေသာလီ၏ အာဏာစိုးပိုင်ရာ ဝဇ္ဇီတိုင်းသည် မဂဓ၊ ကောသလတိုင်း နိုင်ငံကြီးများအနီးရှိ တိုင်းငယ်ပြည်ငယ်ကလေးမျှသာ ဖြစ်၏၊ သို့သော်လည်း တိုင်းပြည်ကလေးကို နိုင်ငံကြီးများက ချိုးနှိမ်၍ မရပါ။ တိုင်းပြည်၏ အချုပ်အခြာအာဏာကို စုပေါင်းပိုင်ဆိုင်လာခဲ့ကြသော လစ္ဆဝီအမျိုးသားများက အညီအညွတ် လက်တွဲ၍ သူတို့နိုင်ငံကို ကာကွယ်ထားနိုင်ကြပေသည်။
၁။ လစ္ဆဝီအမျိုးသားတို့သည် နိုင်ငံတော်အာဏာကို စုပေါင်းပိုင်ဆိုင်ကြသည့်အတိုင်း နိုင်ငံတော်နှင့် ပတ်သက်သော လုပ်ငန်းဆောင်တာများအတွက် မကြာခဏ စည်းဝေးကြကုန်၏၊
၂။ လစ္ဆဝီတို့သည် အစည်းအဝေးများကို တညီတညွတ်တည်းပြုလုပ်ကာ အစည်းအဝေးက ချမှတ်ပေးလိုက်သော လုပ်ငန်းများကို ညီညာဖြဖြဆောင်ရွက်ကြကုန်၏၊
၃။ လစ္ဆဝီတို့သည် ရှေးက မပြုလုပ်ခဲ့သေးသော အခွန်ကောက်ခြင်း၊ ဒဏ်ပေးခြင်းများကို မပြုလုပ်ကြပေ။ အမှုအခင်း တစ်ခုခုပေါ်ပေါက်လာလျှင် ရှေးသူဟောင်းတို့၏ ထုံးတမ်းစဉ်လာ ဥပဒေအရသာ ဆုံးဖြတ်စီရင်ကြကုန်၏၊
၄။ လစ္ဆဝီတို့သည် လူကြီးသူမများကို လေးမြတ်ကြည်ညို ရိုသေကြကုန်၏၊ လူကြီးသူမများ၏ စကားကို နာခံကြကုန်၏၊
၅။ လစ္ဆဝီတို့သည် အမျိုးသမီးများကို နိုင်ထက်ကလူသိမ်းယူခြင်း မပြုကြကုန်။
၆။ လစ္ဆဝီတို့သည် လူများစွာတို့ ကိုးကွယ်ဆည်းကပ်နေသော ဘာသာရေးအဆောက်အအုံများကို ရိုသေစွာ စောင့်ရှောက်ပေးကြကုန်၏၊
၇။ လစ္ဆဝီတို့သည် မိမိနိုင်ငံသို့ ရောက်လာကြသော သာသနာပြု သူတော်စင်များကို ဝမ်းမြောက်စွာ ကြိုဆိုကြကုန်၏၊ ရောက်နှင့်ပြီးသော သူတော်စင်များကိုလည်း တရားဥပဒေနှင့် လျော်ညီသော အစောင့်အရှောက်ကို ပေးကြကုန်၏၊
ဝေသာလီသို့ ရောက်ခိုက် ကျွန်ုပ် လေ့လာသုံးသပ်မိသမျှ လစ္ဆဝီတို့၏ အလေ့အလာများပင် ဖြစ်ပါ၏၊ ဤလို အလေ့အလာများဖြင့် ညီညာဖြဖြ ဆောင်ရွက်လာကြသူများသည် ပတ်ဝန်းကျင်နိုင်ငံကြီးများ၏ ကျူးကျော်ရန်စမှုကို မခံရစေရန် ကာကွယ်နိုင်ကြသည်မှာ ယုတ္တိတန်လှပါပေသည်။
(ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
နိုင်ငံနယ်ပယ် မကျယ်ဝန်းလှသော်လည်း သူတို့၏ မြို့တော်ကား ကြီးကျယ်လှပါ၏၊ ခမ်းနားလှပါ၏၊ မြို့တော်အမည် ဝေသာလီဟူသည်ကပင် ပြန့်ပြောသော၊ ကျယ်ဝန်းသော မြို့တော်ကြီးဟု အဓိပ္ပာယ်ရပေသည်။ လူနေအိမ်ခြေများ တစ်စတစ်စ များပြားလာသဖြင့် မူလ တံတိုင်းအပြင်ဘက်တွင် မြို့ကွက်များ အသစ်တိုးချဲ့ရ၏၊ မြို့ကွက်များကို တံတိုင်းခတ်ပြီးခါမှ မနေလောက်၍ နောက်ထပ်တစ်ဖန် ချဲ့ရပြန်၏၊ ဤသို့ဖြင့် ဝေသာလီသည် တံတိုင်းသုံးဆင့်ဖြင့် ခမ်းနားသော မြို့ကြီးဖြစ်လာပေသည်။
(ပါရာဇိကကဏ္ဍ အဋ္ဌကထာ၊ မနုဿဝိဂ္ဂဟသိက္ခာပုဒ်အဖွင့်)
ဝေသာလီတွင် အိမ်ခြေတိုက်တာ စည်ကားသကဲ့သို့ အယူဝါဒ၏ အမျိုးမျိုးရှိသော ဂိုဏ်းဆရာကြီးများလည်း ပေါများလှ၏၊ အနည်းနှင့်အများဆိုသလို ကိုယ်ပိုင် ပရိသတ်များလည်း ရှိကြ၏၊ ထိုပရိသတ်များက သူတို့ဆရာကြီးများကို ဘုရားဟူ၍ အမွှန်းတင်ကြပေသည်။ နိဂဏ္ဌနာဋပုတ္တ ဆရာကြီးကား ထိုမြို့၏ မျက်နှာဖုံးကြီးပင် ဖြစ်ပါ၏၊
ဤသို့ အယူဝါဒအမျိုးမျိုး၊ ဘုရားအမျိုးမျိုးရှိသော မြို့တော်ကြီးသို့ ကျွန်ုပ်တို့ရောက်လာရခြင်းမှာ လစ္ဆဝီအမျိုးသား မဟာလိ၏ ပင့်လျှောက်ချက်ကြောင့် ဖြစ်ပေသည်။ မဟာလိသည် ကျွန်ုပ်တို့ ကျောင်းဒကာမင်းကြီး ဗိမ္ဗိသာရနှင့်အတူ တရားမြင်ခဲ့သူ ဖြစ်၏၊ မိမိမြင်ထားသော တရားကို မိမိသားချင်းများထံ ပျံ့နံ့စေလိုသည်မှာ သဘာဝအတိုင်းပင် ဖြစ်ပေသည်။
ဘုရားရှင်၏ အမိန့်တော်ဖြင့် ကျွန်ုပ်သည် ဝေသာလီမြို့တော်၏ တံတိုင်းသုံးထပ်အတွင်း၌ ရတနသုတ်တရားတော်ကို လှည့်လည်ဟောကြားရ၏၊ အယူဝါဒအမျိုးမျိုး ဘုရားအမျိုးမျိုးတို့ဖြင့် အုတ်အရောရော ကျောက်အရောရောဖြစ်နေသော မြို့တော်ကြီးတွင် ကျွန်ုပ်က ရတနာအစစ်အမှန်ကို ထုတ်ဖော်ပြလိုက်ရခြင်းပင် ဖြစ်ပေသည်။
(ဓမ္မပဒ၊ ပကိဏ္ဏကဝဂ်၊ ကိုယ်တော်မြတ်၏ ရှေးကံ ဝတ္ထု)
ခမည်းတော်အားနှုတ်ဆက်ခြင်း
ဘုရားရှင်ကြွတော်မူလာကြောင်း သတင်းကောင်းကို ကြားရစဉ်တုန်းက မဟာပဇာပတိ ဂေါတမီသည် သူ့သားတော်ဘုရားကို အမျိုးမျိုး ပုံဖော်၍ ကြည့်နေခဲ့၏၊ သားတော်သည် မင်းသားဘဝတုန်းက ပြုတိုင်းယဉ်၍ ဆင်တိုင်းလှခဲ့သည်။ ယခု ရဟန်းဝတ်နှင့်ကျတော့ လှမှ လှပါဦးမည်လောဟု တွေးတောခဲ့မိ၏၊
သို့နှင့် ဘုရားရှင်သည် ကပိလဝတ်မြို့တော်သို့ ဆိုက်ရောက်တော်မူခဲ့၏၊ နိဂြောဓဥယျာဉ်တွင် ကျိန်းစက်တော်မူပြီး နောက်တစ်နေ့နံနက်တွင် ကပိလဝတ်မြို့တော်တွင်းသို့ ဆွမ်းခံဝင်တော်မူခဲ့၏၊ ထိုမှ ခမည်းတော်ကြီး ပင့်ဆောင်သဖြင့် နန်းတော်တွင်းသို့ ကြွဝင်တော်မူပေသည်။
သံဃာတော်အတန်းကြီးကို ဦးဆောင်ကာ မနှိုင်းယှဉ်အပ်သော ဗုဒ္ဓ၏ အသရေတော်ဖြင့် ကြွချီတော်မူလာသော သားတော်ဘုရားကို တွေ့ရခါမှ မယ်တော်ကြီး၏ သို့လော သို့လော တွေးတောမှုများ ပြေပျောက်၍ သွားပေသည်။ ဟိုယခင် လူ့အသွင်တုန်းက ချစ်စရာ၊ ခင်စရာ၊ ယခု ရဟန်းဝတ်နှင့်ကျတော့ ကြည်ညိုစရာ၊ လေးစားစရာ။
တဏှာရာဂ မာန်မာနတို့မဖက်၊ တည်ကြည်ငြိမ်သက်သော ဣန္ဒြေဖြင့် နန်းပလ္လင်ထက်တွင် ထိုင်နေတော်မူသော သားတော်ဘုရားကို ဖူးမြော်ရင်း သင်္ကန်းတစ်စုံ လှူလိုက်ချင်သော စိတ်စေတနာများ တဖွားဖွား ဖြစ်ပေါ်ခဲ့၏၊
သို့သော် သားတော်နန္ဒနှင့် မြေးတော်ရာဟုလာတို့ကို မရှေးမနှောင်း ဆွဲဆောင် သိမ်းသွင်းခံလိုက်ရသော ကိစ္စကြောင့် အထမမြောက်ခဲ့ပါချေ။ ခမည်းတော်ကြီးကဲ့သို့ ဘုရားရှင်ထံ ကိုယ်တိုင်သွား၍ မလျှောက်ထားခဲ့သော်လည်း သူ့ရင်ထဲက ခံစားချက်မှာလည်း ခမည်းတော်အောက် မလျော့နိုင်ပါ။ နောက်ပြီး ဘုရားရှင်ကလည်း ကပိလဝတ်မှာ ကြာကြာမနေခဲ့ပါ။ သူလာစဉ်က ရည်ရွယ်ထားခဲ့သည့်အတိုင်း သားတော်နှင့် ညီတော်ကို အပါခေါ်ကာ ကြွသွားတော်မူခဲ့၏၊ ထို့ကြောင့် ထိုစဉ်က အထမမြောက်နိုင်ခဲ့ပါ။
ယခုအခေါက်မှာတော့ ရည်မှန်းရင်းရှိသော သင်္ကန်းအလှူကို လှူဖြစ်ပါတော့မည်။ သားတော်နန္ဒနှင့် မြေးတော်ရာဟုလာတို့အတွက် ခံစားရလေသမျှ သောကပရိဒေဝ ဝေဒနာများသည် ခံစားရစဉ်က ပြင်းထန်ခဲ့သည် မှန်ပါ၏၊ သို့သော် သည်ဝေဒနာများကို ကြာရှည်သဖြင့် ခံစား၍ မနေရပါ။ ကိုယ်တိုင်နို့တိုက်၍ ထွေးပိုက် မွေးမြူလာခဲ့ရသော သားတော်ဘုရားအပေါ် ချစ်ခင်ကြည်ညိုမှုတို့က ထိုဝေဒနာတို့ကို မကြာမီမှာပင် တိုက်ထုတ်ပစ်လိုက်ကြပေသည်။
ခမည်းတော်နှင့် မယ်တော်ကြီးတို့က ကိုယ်ခံတရားကိုယ်စီနှင့် ဖြေသိမ့်၍ ရကြသော်လည်း ယသော်ဓရာမှာတော့ ထောက်ရာတည်ရာ မရနိုင်သေးပါ။ သူ၏ မေတ္တာစေတနာကို အသိအမှတ်ပြုတော်မူသောအားဖြင့် ရှင်တော်ဘုရားသည် သူ့တိုက်ခန်းဆောင်သို့ ကြွရောက်တော်မူခဲ့ပါ၏၊ သည့်အတွက် ဝမ်းနည်းကြေကွဲ မျက်ရည်ရွဲရင်းက နှစ်သိမ့်ကြည်နူးသည့် ဝေဒနာကိုပါ ပူးတွဲလျက် ခံစားခဲ့ရပါ၏၊ ယခုတော့ နှစ်သိမ့်မှု၊ ကြည်နူးမှုဆိုတာတွေ မရှိကြတော့ပြီ။ နောက်ဆုံး အားထားစရာ သားတော်လေး ရာဟုလာပါ မရှိကြတော့ပြီမို့ ဝမ်းနည်းကြေကွဲမှုတို့သာ ရှိရစ်ကြပေတော့သည်။
မောင်တော်သိဒ္ဓတ္ထ တောထွက်သွားစဉ်တုန်းက သားတော်လေး မျက်နှာကြည့်ကာ ဖြေသိမ့်၍ ရပါသေး၏၊ ယခုတော့ သည်သားတော်ကလေးကို မပိုင်ရုံမက ဆိုင်ရုံမျှပင် မဆိုင်ရတော့ပြီ။ သည်တစ်ခေါက် ဘုရားရှင် ကြွအလာတွင် သားတော်ရာဟုလာ မပါလာပါ။ ဝေသာလီမြို့တော်အနီးက မဟာဝုန်တောတွင် သူ့ဘထွေးတော်နှင့် အတူ နေရစ်ခဲ့ပေသည်။ ဤသည်မှာ မိမိနှင့်တွေ့ပြီး သံယောဇဉ် အမျှင်တန်းလာမည် စိုး၍ သူ့ခမည်းတော်က တမင်ချန်ထားခဲ့ခြင်းဖြစ်သည်ဟု ယသော်ဓရာက အတပ်စွဲ၏၊ မင်္ဂလာဆောင်နေဆဲ အခွဲခံလိုက်ရသော ဇနပဒကလျာဏီမှာလည်း သူ့မောင်တော်အကြောင်းမေး၍ မြန်း၍ မပြီးနိုင်ပါချေ။
ကျွန်ုပ်မှာ နှမသည်တို့၏ စကားများကို နားထောင်ရင်း သနားကရုဏာဖြစ်ရ၏၊ ထို့ထက်ပို၍ကား မတတ်နိုင်ပါ။ သူတို့၏ စိတ်သန္တာန်ဝယ် သောကပရိဒေဝမီးများက အရှိန်ကောင်းနေဆဲ။ ကျွန်ုပ်မှာလည်း ဟောရေး ပြောရေးမကျွမ်းကျင်လှသေးသဖြင့် ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာတို့ထံတွင် နည်းနာခံနေရဆဲဖြစ်၏၊ သို့ဖြစ်၍ အေးရာ ငြိမ်းရာ တရားကို မဟောရဲသေးဘဲ မောင်နှမချင်းသဘောဖြင့် စိတ်သက်သာရုံသာ ပြောပြရပေသည်။ ဤသို့ ပြောရင်းက ကျွန်ုပ်တို့ မောင်နှမတစ်တွေ သာသနာ့ အေးရိပ်အောက်မှာ ဆုံလာရလျှင် ကောင်းလေစွဟု တောင့်တမိပါ၏၊
ဆွေတော်မျိုးတော်များထံသို့ ကျွန်ုပ် မကြာခဏ ရောက်နေရခြင်းမှာ ဘုရားရှင်အတွက် ရက်နေဆဲ သင်္ကန်းအတွက် ဖြစ်ပေသည်။ သားတော်ဘုရားဝတ်ရုံရန်အတွက် မဟာပဇာပတိဂေါတမီသည် အသင့်ရှိပြီးသား အထည်ချောများကို မလှူချင်ပေ။ ဤသို့ လှူလျှင် အလွယ်တကူ လှူရာရောက်မည်ဟု တွက်ဆ၏၊ ထို့ပြင် တစ်ဝ မိမိကိုယ်တိုင် ကျွေးမွေးသုတ်သင်၍ လာခဲ့ရသော သားတော်ဘုရားကို မိမိကိုယ်တိုင် ရက်လုပ်သော သင်္ကန်းဖြင့် ဆင်မြန်းပေးလိုက်ချင်သော ဆန္ဒလည်း ရှိနေပေသည်။
ဤသို့သော ဆန္ဒဖြင့် အမျိုးကောင်းဝါများကို ရွေးကာ ကိုယ်တိုင်ဝါကြိတ်၏၊ ကိုယ်တိုင် ဂွမ်းဖတ်၏၊ သေးမျှင်ချောမွတ်သော ချည်များကို ကိုယ်တိုင်ငင်၍ ယူ၏၊ ငင်၍ရလာသော ချည်များကို အဆင့်ဆင့်ပြုပြင်ကာ ကိုယ်တိုင် ရက်ကန်းရက်ခဲ့၏၊ မဟာလှေကားပန်းကဲ့သို့ ဝင်းဝါ ထိန်လျှမ်းသော သင်္ကန်းဖြစ်အောင် ဆေးဆိုးခဲ့၏၊
သင်္ကန်းဖြစ်အောင် ရက်လုပ်စဉ်က တပင်တပန်း ရက်လုပ်လာသကဲ့သို့ သင်္ကန်းလှူလာချိန်မှာလည်း တခမ်းတနား ရှိပါ၏၊ မြို့တော်တွင်းမှ နိကြေဓာရုံကျောင်းတော်သို့ အရောက် လမ်းတစ်လျှောက်လုံး အမှိုက်တလင်း လှဲကျင်းထားကြရ၏၊ လမ်းဘေးမှာ ရေပြည့်အိုးများ အစီအရီထားကြရ၏၊ တံခွန်ကုက္ကားမုလေးပွားဖြင့် တန်ဆာဆင်ကြရ၏၊ လမ်းတစ်လျှောက်လုံး ပန်းမျိုးစုံ၊ အရောင်မျိုးစုံတို့ဖြင့် ထုံထုံသင်း၍ နေတော့၏၊
မယ်တော်ကြီးက ကိုယ့်စိတ်ကူးနှင့်ကိုယ် ပျော်မြူးနေဆဲတွင် ခမည်းတော်ကြီးမှာတော့ ရာဇပလ္လင်ထက်မှာပင် ရှိနေပေသည်။ အသက်အရွယ် ရှစ်ဆယ်ကျော် ကိုးဆယ်တွင်းရောက်နေပြီမို့ ဇရာဒဏ်ချက်ကို ကောင်းကောင်းကြီး ခံနေရပေပြီ။ သို့သော် ဇရာတရားသည် သူ၏ ရုပ်ခန္ဓာကြီးကိုသာ နှိပ်စက်နိုင်၏၊ စိတ်သန္တာန်ကိုကား နှိပ်စက်၍ မရတော့ပါ။
ခန္ဓာကိုယ်ကြီးက အိုလမ်းနာလမ်းများမှ တစ်ဆင့် သေလမ်းသို့ တန်းတန်းမတ်မတ် သွားနေဆဲတွင် သူ့စိတ်ကတော့ အိုယနာယသေ လွတ်မြောက်ရာ တရားကြီးကို မျက်မှောက်ပြုထားပြီး ဖြစ်၏၊ သားတော်ဘုရားနှင့် သံဃာတော်များအား ဆွမ်းကျွေးခြင်းကိစ္စမှလွဲ၍ ကျန်သမျှ လူမှုကိစ္စအဝဝကို လျစ်လျူရှုကာ ကိုယ့်တရားနှင့်ကိုယ်သာ နေတော့၏၊
ကျွန်ုပ်တစ်သက်တာတွင် အိုကံကောင်းသော ပုဂ္ဂိုလ်အမျိုးမျိုးကို လေ့လာသုံးသပ်ခဲ့ဖူးပါ၏၊ အိုကံကောင်းသူ၏ မျက်နှာတွင် အသားအရေများ တစ်စတစ်စ လျော့ပါးသွားသော်လည်း မိမိဘဝကို ကျေနပ်နှစ်သိမ့်သော အရိပ်အယောင်များသည် ကား သေသည့်တိုင်အောင် ယှက်သန်း၍ နေကြ၏၊ ဝင်ခါနီးနေ၏ ဆည်းဆာရောင်များဟုပင် ဆိုရပေတော့သည်။
ကျွန်ုပ်တို့ဘကြီးတော်မှာလည်း အိုကံကောင်းသူတစ်ဦးပင် ဖြစ်ပေသည်။ ဓမ္မတာ သဘာဝအတိုင်း သူ့လမ်းသူ သွားနေသော ရုပ်ခန္ဓာကြီးအတွက် စိတ်ပျက်ခြင်း ညည်းညူခြင်း ဟူ၍ လုံးဝမပြု။ သားတော်ဘုရားပေးအပ်ထားသည့် နိဗ္ဗာန်တရားကိုသာ အချိန်ရှိသမျှ အာရုံပြု၍ နေ၏၊
အစည်းအဝေးခန်းမဆောင်ထဲသို့ ကျွန်ုပ်ဝင်သွားသောအခါ ဘကြီးတော်သည် ရာဇပလ္လင်ထက်မှာ ငြိမ်သက်စွာ ထိုင်နေတတ်၏၊ တရားတော်ကို နှလုံးသွင်းလျက် လက်ငင်းလက်တွေ့ ချမ်းသာကို ခံစား၍ နေတတ်၏၊ ဤတွင် ကျွန်ုပ်က သူ့ကို အနှောင့်အယှက်မပြုတော့ဘဲ လွတ်ရာ ကျွတ်ရာ လှည့်လာခဲ့ရပေသည်။
ယခု သူတို့ သားတော်ဘုရားအတွက် သင်္ကန်းလှူပွဲကြီး ကျင်းပကြရပါတော့မည်။ လှူစရာသင်္ကန်းနှင့် သွားစရာလမ်းတို့က အရန်သင့် ရှိနေကြပါပြီ။ သို့ဖြစ်လျှင် မည်သူတွေသွား၍ လှူကြရမည်နည်း။
ဖြစ်များဖြစ်နိုင်မည်ဆိုလျှင် မဟာပဇာပတိဂေါတမီသည် ခမည်းတော်ကြီးကိုပါ ခေါ်ခဲ့ချင်လှ၏၊ သို့သော် သူကိုယ်တိုင် မခေါ်ရက်၊ မခေါ်ရဲသကဲ့သို့ ကျွန်ုပ်ကလည်း အနှောင့်အယှက် မပြုလိုပါ။ အချိန်နှင့်အမျှ ဇရာတရား၏ ထောင်းထု နှိပ်စက်မှုကို ခံနေရသော ဘကြီးတော်အား ရရှိထားသော တရားနှင့်သာ နေမြဲတိုင်း နေစေချင်ပါသည်။
ဤသို့ဖြင့် သာသနာ့သမိုင်းတွင် ဥဒါန်းတွင်ရစ်မည့် သင်္ကန်းလှူပွဲကြီး၌ အမျိုးသမီးများချည်းသာ ပါဝင်ရ၏၊ ရှေ့ဆုံးက ပဇာပတိဂေါတမီသည် သင်္ကန်းသေတ္တာကိုရွက်လျက်။ သကျမင်းသမီးများနှင့် အခြွေအရံများက အဆင်တန်ဆာအပြည့်အစုံ ဆင်ယင်ကြလျက်။ မြို့သူမြို့သားအပေါင်းတို့၏ ကောင်းချီးဩဘာကို ခံယူလျက် သူတို့တစ်တွေ ကျောင်းတော်သို့ ရောက်လာကြပေသည်။
သင်္ကန်းအစ်မကြီး ပဇာပတိဂေါတမီသည် သားတော်ဘုရားကို ရိုသေစွာ ရှိခိုးဦးချလျက်
"အရှင်ဘုရား၊ အရှင်ဘုရားကို ရည်စူး၍ဤသင်္ကန်းအသစ်ကို တပည့်တော်မ ကိုယ်တိုင် ချည်ငင်ခဲ့ပါသည်။ တပည့်တော်မကိုယ်တိုင် ရက်ကန်းရက်ခဲ့ပါသည်။ တပည့်တော်မအား သနားသောအားဖြင့် အလှူခံတော်မူပါ ဘုရား"
ရက်ပေါင်းများစွာ ကြိုးစားပမ်းစား လုပ်ဆောင်လာခဲ့ရသော သင်္ကန်းကို လက်နှစ်ဖက်နှင့် မြှောက်ချီလိုက်၏၊ မြှောက်ချီပြီးနောက် သားတော်ဘုရား၏ လက်တော်ထက်သို့ အားပါးတရာ ဆက်ကပ်လိုက်ရန် ဖြစ်၏၊ သို့သော် ထိုလက်တော်များက အလှူခံရန် ဖြန့်၍ လှမ်းလာခြင်း မရှိပါ။ ဒူးနှစ်ဘက်ပေါ်တွင် ပိပိရိရိ မှောက်လျက် အနေအထားအတိုင်းပင် ရှိနေကြ၏၊
မဟာပဇာပတိဂေါတမီက ဇွဲကောင်းကောင်းဖြင့် မြှောက်ချီထားစဉ်တွင်-
"ဂေါတမီ၊ သံဃာကို လှူလေလော့၊ သံဃာကို လှူလျှင် ငါဘုရားကိုလည်း လှူပြီးပင် ဖြစ်တော့သည်"
လူ့လောက မြေမဟီဝယ် အကြီးဆုံး၊ အမြတ်ဆုံး၊ အလှူခံပုဂ္ဂိုလ် ဖြစ်တော်မူသော ဘုရားရှင်က မိန့်မြွက်တော်မူလိုက်ပေသည်။
ဤမိန့်ခွန်းကို ကြားရသည်နှင့် သင်္ကန်းအစ်မ မယ်တော်ကြီးကို မဆိုထားနှင့်၊ ကျွန်ုပ်ကိုယ်တိုင်ပင် ခေါင်းနပန်းကြီးသွားရပါ၏၊ မိန့်ခွန်းသံ၏ ဆိုလိုရင်း အဓိပ္ပာယ်ကို နားမလည်သေး၍ မျက်နှာတော်ကိုသာ အငေးသားကြည့်လျက် ဤသို့ လျှောက်ထားရပါ၏၊
"အရှင်ဘုရား၊ မဟာပဇာပတိဂေါတမီသည် ဘုရားရှင်အပေါ်တွင် သင်္ကန်းအသစ်ကို အလှူခံတော်မူပါ။ မဟာပဇာပတိဂေါတမီသည် အရှင်ဘုရားအပေါ် အလွန်ကျေးဇူးများခဲ့ပါသည်။ ပခုံးလက်နှစ်သစ်က လူဖြစ်အောင် ကျွေးမွေးပြုစုလာခဲ့ပါသည်။ ကိုယ်တိုင်နို့ချိုတိုက်ကျွေးခဲ့ပါသည်"
"အရှင်ဘုရား၊ မဟာပဇာပတိဂေါတမီသည် ဘုရားရှင်အပေါ်တွင် ကျေးဇူးများသကဲ့သို့ ဘုရားရှင်သည်လည်း မဟာပဇာပတိဂေါတမီအပေါ် ကျေးဇူးများခဲ့ပါသည်။ ဘုရားရှင်ကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် ရတနာသုံးပါးတွင် သက်ဝင်ဆည်းကပ်လာခဲ့ပါသည်။ ဘုရားရှင်ကို အကြောင်းပြု၍ ကံငါးပါးကို စောင့်စည်း လုံခြုံစေခဲ့ပါသည်။ အရိယာတို့ ချစ်မြတ်နိုးအပ်သော သီလနှင့် ပြည့်စုံခဲ့ပါသည်"
"ဟုတ်ပေသည် အာနန္ဒာ" ဟူ၍ ဘုရားရှင်က ကျွန်ုပ်၏ လျှောက်တင်ချက်ကို လက်ခံပါ၏၊ သို့သော် ဤသို့ လက်ခံခြင်းမှာ မယ်တော်ကြီး၏ သင်္ကန်းကို လက်ခံရန်အကြောင်းကား မဟုတ်ပေ။ ရတနာသုံးပါးသို့ သက်ဝင်လာအောင် အကျိုးဆောင်ပေးသော ကျေးဇူးရှင်အား ကျေးဇူးတုံ့ပြန်ရေးနှင့်သာ ပတ်သက်ပေသည်။ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ အရိုအသေပေးခြင်း၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသော ပစ္စည်းလှူခြင်းဖြင့် ကျေးဇူးရှင်တို့အား ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ရန် မလွယ်ကူလှကြောင်း မိန့်တော်မူလိုက်ခြင်းသာ ဖြစ်ပေသည်။
သုံးကြိမ်တိုင်အောင် အပယ်ခံရပြီမို့ မယ်တော်ကြီးသည် သားတော်ဘုရားထံ လှူဒါန်းခွင့်မရတော့ဘဲ သံဃာတော်များကိုသာ လှူ၍ ပြန်သွားရ၏၊
မယ်တော်ကြီးပြန်သွားပြီးနောက် ကျွန်ုပ်သည် ဘုရားရှင်မိန့်ခွန်းတော်နှင့် ပတ်သက်၍ စဉ်းစားခန်းဝင်၍ နေမိ၏၊ ကမ္ဘာမြေပြင်ပေါ်ရှိ အလှူခံပုဂ္ဂိုလ်တို့တွင် ဘုရားရှင်သာ အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်ဖြစ်၏၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သဖြင့် အရဟံဟူသော ဘွဲ့နာမတော်ဖြင့် ထင်ရှားတော်မူသည်လည်း ဖြစ်ပါ၏၊ သို့ပါလျက် သည်အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်က မိမိထံ လှူဒါန်းလာသော အလှူဝတ္ထုကို သံဃာသို့ လွှဲပြောင်းပေးလိုက်၏၊ ကိုယ်တော်မြတ်၏ ရည်ရွယ်ချက်သည် မည်သို့များ ဖြစ်ပါလိမ့်မည်နည်း။
သည်တုန်းက ကျွန်ုပ်မှာ အလုပ်အကျွေးနေရာကို မရသေးပေ။ ပယ်လည်းလေးတန် ပန်လည်းလေးခု ဆုရှစ်ခုထဲက ယုံမှားသင်္ကာတစ်ခုခု ဖြစ်လာလျှင် အချိန်မရွေး ဘုရားရှင်ထံ ချဉ်းကပ်ခွင့်ကို တောင်းယူမထားရသေးပါ။ ထို့ေြ့ာင့် ရှေ့ကြောင်း နောက်ကြောင်းများနှင့် နှိုင်းစာကာ မိမိဘာသာ အဖြေရှာယူရပေသည်။
စေ့စေ့တွေးတော့ ရေးရေးပေါ်လာပါပြီ။ ဇေတဝန်ကျောင်းတော်ကြီးကို ရေစက်ချစဉ်ကလည်း မိမိ ကိုယ်ပိုင်အဖြစ်ဖြင့် ဘုရားရှင်လက်ခံတော်မမူခဲ့ပါ။ သံဃာတော်အားလှူဒါန်းရန်သာ ညွှန်ကြားတော်မူခဲ့သည်။ ဤသို့ ညွှန်ကြားခြင်းမှာ သံဃာက မိမိထက် မြတ်သော အလှူခံဖြစ်ခြင်းကြောင့် မဟုတ်နိုင်ပါ။ မိမိတစ်ပါးတည်းထက် အဓွန့်ရှည်စွာ တည်ရစ်နေမည့် သံဃာ့အဖွဲ့အစည်းဖြစ်၍သာ ညွှန်ကြားတော်မူခြင်း ဖြစ်ပေလိမ့်မည်။
မှန်လှပါ၏၊ ဘုရားရှင်သည် အသက်တမ်း အတိုင်းသာ နေတော်မူ၍ အချိန်တန်လျှင် ပရိနိဗ္ဗာန်ပြုတော်မူပေလိမ့်မည်။ ဘုရားရှင်၏ သာသနာတော်သည် သံဃာမှာ တည်ရစ်နေလိမ့်မည်။ မိမိထံ လှူဒါန်းလာသော လှူဖွယ်ပစ္စည်းကို သံဃာထံလွှဲပြောင်းလိုက်ခြင်းအားဖြင့် သံဃာဟူသည် ဘုရားနှင့်ထပ်တူ လှူစကောင်း၏ဟု နောင်လာနောက်သားတို့ သဘောပေါက်ကြပေလိမ့်မည်။ ဤသို့ သဘောပေါက်ကာ ပစ္စည်းလေးပါး လှူဒါန်းကြသဖြင့် သံဃာများသည် ပင်ပန်းဆင်းရဲခြင်း မရှိဘဲ သာသနာတော်ကြီးကို အဓွန့်ရှည်စွာ ထမ်းဆောင်သွားကြပေလိမ့်မည်။ ဤသို့သော ရည်ရွယ်ချက်ဖြင့် ပယ်မြစ်တော်မူခဲ့ခြင်း ဖြစ်ပေသည်။
(ဥပရိပဏ္ဏာသ၊ ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
သင်္ကန်းအလှူနှင့် ပတ်သက်၍ ကျွန်ုပ်၏ အဖြေမှန်ကို ကိုယ့်ဘာသာ ရှာကြံ၍ ရခဲ့ပါ၏၊ သို့သော် သည်တစ်ခေါက် ကပိလဝတ်မြို့တော်သို့ ကြွတော်မူလာခြင်း၏ ရည်ရွယ်ချက်ကိုကား ကျွန်ုပ်တွေးရုံမျှ မတွေးခဲ့မိပါ။ ကပိလဝတ်မှာတုန်းက မတွေးခဲ့မိသော ထိုရည်ရွယ်ချက်ကို ဝေသာလီမြို့၊ ကုဋာဂါရကျောင်းတော်သို့ ရောက်၍ အတန်ကြာခါမှ ကြားရပေတော့သည်။
ဘုရားရှင်၏ ခမည်းတော်၊ ကျွန်ုပ်တို့၏ ဘကြီးတော် သုဒ္ဓေါဒန မဟာရာဇာသည် ထီးဖြူတော် အောက်ဝယ် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုလျက် ဘဝဇာတ်သိမ်း ဒုက္ခငြိမ်း၍ သွားချေပြီတဲ့။ တကယ်တော့ဖြင့် ယခုတစ်ခေါက် ကပိလဝတ်သို့ ကျွန်ုပ်တို့ရောက်လာရခြင်းမှာ ခမည်းတော်ကြီးအား နောက်ဆုံးအကြိမ်အဖြစ်ဖြင့် နှုတ်ဆက်ရန်သာ ဖြစ်ပေသည်တကား။
(ထေရီဂါထာ အဋ္ဌကထာ၊ မဟာပဇာပတိဂေါတမီ)
ရောဟိဏီ အရေးတော်ပုံ
ခမည်းတော်ကြီး၏ အခြေအနေကို သေသေချာချာသိပါလျက် ဘုရားရှင်သည် ကပိလဝတ်သို့ ကြွတော်မမူခဲ့ပေ။ ဤကိစ္စကို ဟိုတစ်နှစ်က ကိစ္စနှင့် နှိုင်းယှဉ်ကြည့်ပါလျှင် ဉာဏ်နုသူများအဖို့ ဘုရားရှင်အပေါ် တစ်မျိုးတစ်မည် ထင်စရာ ရှိပေသည်။
ထိုအခေါက်က ရဟန်းအင်အား မများသဖြင့် နိကြေဓာရုံကျောင်းမှာ မနေဘဲ မဟာဝုန်တောကြီးထဲမှာ တောကျောင်းကလေးများဖြင့် နေခဲ့ကြ၏၊ ဝေသာလီအနီးမှာ မဟာဝုန်တောကြီးတစ်ခု ရှိသကဲ့သို့ ကပိလဝတ်အနီးမှာလည်း ရှိပေသည်။ ဟိမဝန္တာတောင်စွယ်တစ်ခုနှင့် ဆက်စပ်နေသော သယံဇာတ တောကြီး ဖြစ်ပေသည်။
မြို့တွင်းသို့ ဆွမ်းခံကြွရာတွင် သံဃာတော်များရှေ့မှာ ဘုရားရှင် ဦးဆောင်ကြွတော်မူနေကျ ဖြစ်သော်လည်း ထိုနေ့နံနက်မှာကား ကျွန်ုပ်တို့ချည်း လာခဲ့ကြရ၏၊ ဘုရားရှင်သည် နံနက်စောစောကပင် တစ်ပါးတည်း ထွက်ကြွတော်မူ၏၊ အကြောင်းထူးတစ်ခုခုရှိလျှင် ဤသို့ ကြွသွားနေကျ ဖြစ်၍ ကျွန်ုပ်တို့ အထူးအထွေ တွေးတောမနေကြပါ။ တွေးတောနေစရာလည်း မလိုပါ။ မြို့တွင်းသို့ ဝင်မိလျှင်ပင် ဖြစ်ကြောင်းကုန်စင် ကြားသိရပါတော့သည်။
ကျွန်ုပ်တို့ သကျနိုင်ငံသည် လက်နက်နိုင်ငံကြီးများနားက နိုင်ငံငယ်ကလေးမျှသာ ဖြစ်ကြောင်း တင်ပြခဲ့ပါပြီ။ ကျွန်ုပ်တို့နှင့်အလားတူ ပမာဏသေးငယ်၍ အုပ်ချုပ်ပုံစနစ်ချင်းလည်း တူသော အခြားနိုင်ငံငယ်ကလေးကား ကောလိယ ဖြစ်ပေသည်။ ကျွန်ုပ်တို့ ရောဟိဏီ မြစ်ကလေး တစ်ခုသာ ခြားပေသည်။
နှစ်နိုင်ငံလုံး၏ စီးပွားရေးမှာ စိုက်ပျိုးရေးသာ ဖြစ်၍ မိုးဦးကျက ကြဲထားခဲ့သော ကောက်ပင်ပျိုးများအတွက် ထိုမြစ်ငယ်ကလေးကို တမံဆည်ကာ အသက်ဆက်၍ ပေးခဲ့ကြရ၏၊ ထိုနှစ် နယုန်လမှာတော့ မိုးဦး အလိုက်နည်း၍ ခါတိုင်းလောက် မြစ်ရေမလာပေ။ တစ်ဖက်ကို ရေသွင်းလျှင် တစ်ဖက်အဖို့ လောက်လောက်ငင မရနိုင်တော့သော အခြေအနေဖြစ်လာ၏၊ ရေအသွင်းရ ခက်နေသဖြင့် ကောက်ပင်ကလေးများ ညှိုးနွမ်း၍ လာကြရ၏၊ ဤတွင် ကောလိယဘက်မှ လယ်သမားများက စတင်၍ အရေးဆိုကြ၏၊
"ရောင်းရင်းတို့၊ သည်မြစ်ရေကို နှစ်ဖက်လုံးက ခွဲဝေယူကြလျှင် သင်တို့အတွက်လည်း မလောက်မင။ ငါတို့အတွက်လည်း မနှံ့မစွတ်။ ငါတို့ဘက်က ကောက်ပင်များမှာ ရေတစ်ခါသွင်းရုံနှင့် အောင်မြင်ပါလိမ့်မည်။ ထို့ကြောင့် ရေကို ငါတို့အတွက် လုံးလုံးပေးကြပါ"
ကိုယ့်ဘက် ကိုယ်ယက်သော အဆိုဖြစ်၍ ကပိလဝတ် လယ်သမားများက လက်မခံနိုင်ကြပါ။
"သင်တို့ ကျီတွေမှာ စပါး၊ ဆန်တွေ ပြည့်လျှံနေသောအခါ ငါတို့က သင်တို့ဆီ မျက်နှာငယ်ငယ်နှင့် လာဝယ်မနေနိုင်ပါ။ ငါတို့ ကောက်ပင်များမှာလည်း ရေတစ်ခါသောက်ရလျှင် အောင်မြင်မည်သာ ဖြစ်၏၊ ထို့ကြောင့် သည်ရေကို ငါတို့ကို ပေးပါ"
"ငါတိ့ု မပေးနိုင်"
"ငါတိ့ုလည်းမပေးနိုင်"
တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ဖြစ်လာကြရာတွင် စိတ်မထိန်းနိုင်သူ တစ်ယောက်က တစ်ဖက်လူကို ကိုယ်ထိလက်ရောက် ရိုက်လိုက်ချေတော့၏၊ ထိုမှ တစ်ယောက်နှင့်တစ်ယောက် မီးဆက်သွားကာ စည်းဝေးပွဲသည် ရိုက်ပွဲကြီးဖြစ်သွားရပေတော့သည်။
ရိုက်ပွဲသည် လယ်သမားများမှာပင် ပြီးဆုံး၍ မသွားပါချေ။ တစ်စ တစ်စ ရန်မီးပွားလာကာ နှစ်ဖက်သော အမျိုးအနွယ်များကို ထိပါး၍ လာကြတော့၏၊
"သင်တို့သည် ကပိလဝတ်မြို့သားများကို အားကိုး၍ ကြုံးဝါးကြဘိ၏၊ အိမ်ခွေး တောခွေးများကဲ့သို့ ကိုယ့်နှမ ကိုယ်ယူနေခဲ့ကြသော သူများကို ငါတို့က အရေးလုပ်ရမည်လော။ သူတို့၏ ဆင်တွေ မြင်းတွေ လက်နက်တွေကရော ငါတို့ကို ရန်မူနိုင်မည်လော"
သကျအမျိုးသားအဖို့ အသည်းစပ် ကျွဲခတ်သကဲ့သို့ နာကျည်းစေသော စကားလုံးများ ဖြစ်ပါ၏၊ ထို့အတူပင်
"သင်တို့သည် ကုဋ္ဌနူနာသည်၏ သားများကို အားကိုးပြု၍ ရန်ထောင်နေကြဘိ၏၊ သင်တို့၏ ဘိုးအေ ကုဋ္ဌနူနာသည်ကြီးသည် ရပ်ရွာထဲမှာ နေစရာမရှိ၍ တောထဲထွက်ကာ ကလောပင်ခေါင်းထဲမှာ နေခဲ့ရ၏၊ ဤအဆက်အနွယ်များ၏ ဆင်တွေ မြင်းတွေ လက်နက်တွေကို ငါတို့များ ကြောက်ရချိမ့်မည်လော"
အမျိုးထိ၍ မချိအောင်နာသော စကားလုံးများပင် ဖြစ်ကြပါ၏၊ ဟိုတစ်ချိန်တုန်းက အမှန်တကယ် ဖြစ်ပျက်ခဲ့သော ကိစ္စများပင် ဖြစ်စေကာမူ တစ်ဖက်နှင့်တစ်ဖက် ချိုးချိုးဖဲ့ဖဲ့ ပုံကြီးချဲ့၍ ပြောကြသဖြင့် နှစ်ပြည်ထောင်လုံး ရန်မီးပွားလာကြရ၏၊ ဟိုဘက်လည်း ခတ္တိယ။ သည်ဘက်လည်း မင်းမျိုး မင်းနွယ်။ နှစ်ဖက်စလုံးမှာ ရာဇမာန် တလူလူလွင့်နေသည်မို့ မကြာမီမှာပင် ရောဟိဏီမြစ်ကမ်းမှာ စစ်ဦးချင်း ဆုံမိကြပေတော့သည်။
"ထွက်ခဲ့ကြလော့။ နှမနှင့်ပေါင်းဖော်သူများ၏ စွမ်းအားသတ္တိကို သိစေရမည်"
"တက်ခဲ့ကြလော့။ ကလောပင်ခေါင်း အောင်းခဲ့သူများ၏ စွမ်းအားနှင့် ဓားကို ကြည့်ကြလော့"
ကြောက်ခမန်းလိလိ ကြုံးဝါးသံများဖြင့် စစ်ဦးချင်း တစ်စ တစ်စ နီးကပ်လာချေပြီ။ လက်နက်တစ်ကမ်း ရောက်သည်နှင့် မညှာတမ်း၊ မဆုတ်တမ်း ရက်ရက်စက်စက် ခုတ်ထစ်ပစ်ခတ်၊ ထိုးနှံကြိတ်ချေရန် လက်နက်များကို အရန်သင့် ပြင်ထားကြပြီး ဖြစ်ပေသည်။ တိုက်ဆင်၊ တိုက်မြင်းတို့၏ ဟစ်ကြွေးသံတို့ကလည်း နားကွဲလုမတတ်။ ထိုသည့်အချိန်ကလေးအတွင်းမှာပင် နှစ်ဖက်သော စစ်ခေါင်းဆောင်တို့သည် မြစ်လယ်ခေါင်က သောင်ခုံထက်ဆီသို့ သတိထား၍ ကြည့်လိုက်မိကြ၏၊
သည်မြစ်ကို နှစ်ဖက်လုံးက ပိုင်ဆိုင်သဖြင့် သည်နေရာသည် နှစ်နိုင်ငံ၏ နယ်စပ်ဖြစ်၏၊ သဲသဲမဲမဲ ဇွဲနပဲဖြင့် သူသေ ကိုယ်သေ သတ်ကြ ဖြတ်ကြမည့် နေရာဖြစ်၏၊ အော်သံ ဟစ်သံ မြည်တမ်းသံများအဆုံးဝယ် သွေးချောင်းစီး၍ ကျန်ရစ်ခဲ့မည့် နေရာဖြစ်၏၊ ဤနေရာ ဤဌာနတွင် သင်္ကန်းဝါဝါတစ်ခုက ရောက်နှင့်နေချေပြီကော။
"မင်းစိုးရာဇာ ဒါယကအပေါင်းတို့..."
သင်္ကန်းဝါဝါမှ ထွက်ပေါ်လာသော အသံဖြစ်၏၊ အသံသည် ပီပီသသနှင့် ကြည်မြလှ၏၊ ဆင်သံ မြင်းသံ ကြွေးကြော်သံများကိုပင် ဖောက်ထွင်း၍ လာ၏၊ သည်အသံကို ကြားရသည်နှင့် သကျ စစ်သည်တော်အားလုံး၏ လက်နက်များ မြေပေါ်သို့ ရုတ်ခြည်းကျသွားကြရ၏၊
"တစ်မျိုးလုံး တစ်ဆွေလုံး၏ အထွဋ်အမြတ်ဆုံး ဘုရားရှင် ရောက်လာပါပေါ့ကလား။ ငါတို့၏ ဘုရားရှင် ရှေ့မှောက်တွင် ငါတို့သည် တစ်ဖက်သားကို ခုတ်ထစ် သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။ ကောလိယတို့က သတ်ချင် သတ်ပါစေ။ သတ်ရုံ အားမရ၍ မီးတင်၍ပင် ရှို့ပါစေ။ ငါတို့ကား စစ်မက်ပြိုင်ဆိုင် အနိုင်မယူကြပြီတည်း"
ဤသို့ တစ်ဖက်သတ် စစ်ပြေငြိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အခြားတစ်ဖက်ကလည်း လက်နက်ချပြီး ဖြစ်သွားပေသည်။
လက်နက်မပါသော လက်အစုံတို့ဖြင့် ရိုသေစွာ ရှိခိုးလာကြသော စစ်သည်ဗိုလ်ပါ အပေါင်းတို့အား ဘုရားရှင်က-
"အသင်တို့ ဘာကို အကြောင်းပြု၍ စစ်မက်ကြီးစွာ ဖြစ်လာရပါသနည်း" ဟု မေးတော်မူရာ-
"ရေအတွက်ဖြစ်ပါသည်ဘုရား"
"ရေသည် မည်မျှ အဖိုးထိုက်ပါသနည်း"
"တစ်နှစ်စားရရုံ အနည်းငယ်မျှသာ ဖြစ်ပါသည် ဘုရား"
"နှစ်ဖက်သော စစ်သည်တို့၏ အသက်သွေးများကကော မည်မျှ အဖိုးထိုက်ပါသနည်း"
"အဖိုးဖြတ်၍ မရနိုင်ပါဘုရား"
"အနည်းငယ်မျှ အဖိုးထိုက်သော ရေကလေးအတွက် အဖိုးမဖြတ်နိုင်သော အသက်သွေးများ အဆုံးအရှုံးခံရခြင်းမှာ မသင့်လျော်လေစွ တကား"
နှစ်ဖက်သော စစ်သည်ဗိုလ်ပါတို့၏ ဦးခေါင်းများသည် ပိုမို၍ ညွှတ်ကိုင်းလာကြ၏၊ သည်ကျေးဇူးတော်ကို မည်သို့မည်ပုံ ဆပ်ကြရပါမည်နည်းဟု နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းတိုင်ပင်ကြရ၏၊ လက်နက်ချင်းဆိုင် အားချင်းပြိုင်ရန် ရောက်လာသူများ ခေါင်းဆိုင်ကာ ဆွေးနွေးကြသဖြင့် အဖြေတစ်ခုရလာပေသည်။
ထိုအဖြေကား ရောဟိဏီ မြစ်ကမ်းတစ်ဖက်ဆီမှ အညီအမျှပါဝင်သော ရဟန်းငါးရာ ဖြစ်သတည်း။
ဤသို့အားဖြင့် ဆွေတော်မျိုးတော်များရှေ့မှာ မားမားမတ်မတ် ရပ်တော်မူခဲ့သော ဘုရားရှင်သည် ခမည်းတော်ကြီး ချု့ပ်ငြိမ်းချိန်မှာကား မားမားမတ်မတ် ရပ်တော်မမူခဲ့ပါ။
မြစ်ကမ်းနှစ်ဖက်၌ ဒီရေတက်သကဲ့သို့ ပြည့်လျှမ်းနေသည့် စစ်သည်များကို တစ်ပါးတည်းနှင့် တားဆီးတော်မူနိုင်ခဲ့သော ဘုရားရှင်သည် ခမည်းတော်ကြီးနှင့် ရှင်သေမင်းတို့၏ တိုက်ပွဲတွင်ကား ဝေးရာမှသာ မျက်နှာလွဲ၍ နေတော်မူလိုက်ရပေသည်တကား။
(သုတ်မဟာဝဂ်၊ မဟာသမယသုတ် အဋ္ဌကထာ)
သားတော် ရာဟုလာ
"သင့်မိဘများကို ချစ်၏ လော"
"သင့်သားသမီးများကို ချစ်၏ လော"
မိသားစု အသိုက်အဝန်းနှင့် နေထိုင်သူများကို တစ်စုံတစ်ယောက်က ဤသို့ မေးမြန်းပါလျှင် အားလုံးလိုလိုက ချစ်ပါသည်ဟူ၍ပင် ဖြေကြပါလိမ့်မည်။ မှန်ပါသည်။ တစ်ယောက်နှင့် တစ်ယောက် ချစ်နေကြ၍ မိသားစု အသိုက်အအုံသည် သာယာချမ်းမြေ့၍ နေရ၏၊ တစ်ယောက်နှင့် တစ်ယောက် သွေးသားတော်စပ်ရုံကလွဲ၍ ချစ်ခြင်းမေတ္တာ မရှိကြပါလျှင် ထိုမိသားစုသည် နေ့တကျက်ကျက် ညတကျက်ကျက် ဖြစ်၍သာ နေပေလိမ့်မည်။ သည်ထက် သည်အခြေအနေဆိုးလာလျှင်မူ အသိုက်အအုံပါ ပြိုပျက်ဖို့ ရှိပေတော့သည်။
မိသားစု အသိုက်အအုံကို တည်တံ့စေသော၊ သာယာချမ်းမြေ့စေသော ထိုမိသားစုအချစ်ကို ဘုရားရှင်က ပြစ်တင်ဝေဖန်မှု ပြုတော်မမူပါ။ တာဝန်သိသိ ချစ်တတ်ကြရန် များစွာသော သုတ္တန်ဒေသနာတော်များကိုပင် ဟောကြားတော်မူခဲ့ပါ၏၊
သို့ရာတွင် ဘုရားကိုယ်တော်မြတ်၏ ရည်ရွယ်ချက်မှာ လောကီနယ်ဘက်က ဤသို့သော မိသားစု အချစ်မျှသာ မဟုတ်ပါ။ သာသနာတော်ကြီး ထွန်းလင်းတောက်ပနေဆဲတွင် သာသနာတွင်း အချစ်ဖြင့် ချစ်တတ်ကြရန်လည်း ဟောကြားတော် မူပါ၏၊
"အာနန္ဒာ၊ မိမိ၏မိတ်ဆွေများ၊ ဆွေမျိုးဉာတကာများကို မေတ္တာရှေ့ထား၍ သနားလိုကြပါလျှင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၌ သက်ဝင်အောင် တိုက်တွန်းအပ်၏"
(အင်္ဂုတ္တရ၊ တိကနိပါတ်၊ နိဝေသကသုတ်)
ဤဒေသနာတော်ကို ဟောကြားသည်မှာ မဟာဝုန်တောကြီးအတွင်းက ကုဋာဂါရကျောင်းတော်မှာ ဖြစ်၏၊ အချိန်အခါအားဖြင့် ခမည်းတော်ကြီး ပရိနိဗ္ဗာန်ပြုကြောင်း သတင်းစကား ရောက်လာပြီးစ ဖြစ်ပေသည်။
ခမည်းတော်ကြီး ပရိနိဗ္ဗာန်စံချိန်က သူ့အနီးအပါးဝယ် သားတော်ကြီးရော၊ သားတော်ငယ်ပါ ဘယ်သူမျှ မရှိကြ။ ရိုးတွင်းချဉ်ဆီထိအောင် ချစ်လှပါသည်ဆိုသော မြေးတော်ရာဟုလာလည်း မရောက်လာ။ ကျွန်ုပ်အပါအဝင် တူတော်များလည်း ဘုရားရှင်အပါးမှာပင် ရှိနေကြ၏၊
ထင်ရှားလေသမျှ၊ ကျော်ကြားလေသမျှ၊ သကျအမျိုးသားတို့သည် ဘုရားရှင် နောက်တော်မှာချည်း ပါလာခဲ့ကြရာ ကပိလဝတ် နန်းတော်ကြီးမှာ ပျားကောင်မရှိတော့သော ပျားအုံနှယ် ဖြစ်နေကြ၏၊ သာသနာတော်က လက်မခံသေးသော အမျိုးသမီးတစ်သိုက်သာ သူ့အနားမှာ ရှိနေကြပေလိမ့်မည်။
ခမည်းတော်ကြီး၏ နောက်ဆုံးအချိန်တွင် ဘုရားရှင်သည် ကိုယ်တိုင်သော်လည်း ကြွသင့်၏၊ ညီတော်များနှင့် မြေးတော်ကိုလည်း သူ့ကိုယ်စား လွှတ်ပေးသင့်ပါ၏၊ သို့ပါလျက် ဆွေတော်မျိုးတော် ရဟန်းအားလုံးက မျက်နှာလွှဲရက်ကြဘိ၏၊ ခမည်းတော်ကြီးအပေါ် မေတ္တာ ကရုဏာ မရှိကြလေရော့သလား။
စောစောက ကျွန်ုပ်တင်ပြခဲ့သော ဒေသနာတော်မှာ ဤသို့သော တီးတိုးစကားတို့အတွက် ဖြေရှင်းချက်ပင် ဖြစ်ပေသည်။ မှန်ပါသည်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ ခမည်းတော်ကြီး သက်ဝင်လာရသည်မှာ သားတော်ဘုရား၏ ကျေးဇူးဖြစ်၏၊ ထူးမြတ်လှစွာသော နိဗ္ဗာန်ချမ်းသာကို ထီးဖြူတော်အောက်၌ ခံစားခွင့်ရခြင်းမှာ သားတော်ဘုရား၏ မေတ္တာလက်ဆောင်ပင် ဖြစ်၏၊ ကျေးဇူးဂုဏ်အနန္တ ကြီးမြတ်လှစွာသော မွေးမိဘတို့အပေါ်ဝယ် မည်သူသည် ဤမေတ္တာလက်ဆောင်ထက် ပို၍ မြင့်မြတ်သော မေတ္တာလက်ဆောင်ကို ပေးနိုင်ပါမည်နည်း။
ဟိုယခင် တစ်ချိန်တုန်းက သုဒ္ဓေါဒန မဟာရာဇာသည် မြေးတော်ကလေး ရာဟုလာအတွက် မျက်ရည်စက်လက် ကျခဲ့ရ၏၊ မြေးကိုချစ်သော အချစ်သည် အရေကို ကျော်၊ အသားကိုဖောက်၍ ရိုးတွင်းချဉ်ဆီထိအောင် စိမ့်ဝင်ပါသည်ဟု လျှောက်ထားခဲ့၏၊ ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော သောကမြူမှုန် လွှမ်းခြုံနေဆဲမို့ သားတော်ဘုရားကိုပင် ရှက်ရ ရွံ့ရကောင်းမှန်း မသိနိုင်ခဲ့။
ယခုနေသာ သူ့ဘိုးအေကြီး ရှိနေသေးလျှင် သည်မြေကြီးအပေါ်ဝယ် တဏှာမပါသော မေတ္တာသန့်သန့်ဖြင့် ချစ်နေဦးမည် ဖြစ်ပါ၏၊ အစေးတဏှာမပါဝင်သဖြင့် ထိုအချစ်နောက်ဝယ် သောကမြူမှုန်တို့ လိုက်ပါစရာ မရှိပါ။ ဖခမည်းတော်၏ ဆုံးမစကားကို မြေဝယ်မကျလိုက်နာသော ရဟန်းသံဃာတို့၏ ချစ်မြတ်နိုးမှုကို ထိုက်ထိုက်တန်တန် ခံယူရသော မြေးတော်ကလေးကို ကြည်ညိုဖွယ်ရာ တွေ့မြင်ရပါလိမ့်မည်။
မိမိတို့ကျောင်းသို့ သားတော်လေးရာဟုလာ ရောက်လာလျှင် ရဟန်းတို့က အားရဝမ်းသာ ကြိုဆိုကြ၏၊ ခုတင်ငယ်ကိုဖြစ်စေ၊ တန်းလျားငယ်ကိုဖြစ်စေ၊ အနီးအနားမှာရှိသော အိပ်စင် တစ်ခုခုပေါ်တွင်ဖြစ်စေ၊ ဖျာသင်းဖြူးများ ခင်းပေးကြ၏၊ တချို့က သင်္ကန်းများကို အထပ်ထပ်ခေါက်ကာ ခေါင်းအုံးစရာ ပေးကြ၏၊ ဤသို့ ဂရုတစိုက်ပြုစုခြင်းမှာ ဘုရားရှင့်မျက်နှာတော်တစ်ခုတည်းကြောင့် မဟုတ်ပါ။ ရာဟုလာ၏ ဆိုဆုံးမ၍ လွယ်ကူသော စိတ်သဘောကလည်း အကြောင်းတစ်ခု ဖြစ်ပေသည်။
ရာဟုလာ၏ စိတ်ကို စမ်းလိုသဖြင့် ရဟန်းတို့သည် သူအဝေးကလာနေသည်ကို မြင်လျှင် တံမြက်ဆုပ်ကို ဖြစ်စေ၊ အမှိုက်တောင်းကိုဖြစ်စေ တော်ရာလျော်ရာ လွှင့်ပစ်ကြ၏၊ ရာဟုလာ အနားရောက်လာသောအခါ ရဟန်းတစ်ပါးက "ငါ့ရှင်၊ ဤပစ္စည်းကို မည်သူလွှင့်ပစ်ထားသနည်း" ဟုသိလျက်နှင့် မေးလိုက်၏၊ အမေးခံရသော ရဟန်းက "အရှင်ဘုရား၊ ရာဟုလာသည် ဤနေရာမှာ လှည့်လှည်းတတ်ပါသည်။ သူလွှင့်ပစ်လေသလား မသိပါဘုရား" ဟု စကားစောင်း ပစ်လိုက်၏၊ ဤတွင် ရှင်ရာဟုလာသည် "တပည့်တော် မလုပ်ရပါဘုရား" ဟု တစ်နေ့မျှ ပြန်မလျှောက်ပေ။ ရဟန်းများ လွှင့်ပစ်ထားလေသမျှ ပစ္စည်းများကို ကောက်ယူစုဆောင်းကာ နေရာတကျ ထားခဲ့သည်သာ ဖြစ်၏၊ ထို့နောက် မိမိမှာ အဟုတ်တကယ် အပြစ်ရှိလေဟန်ဖြင့် ရဟန်းများကိုပင် တောင်းပန်လိုက်သေး၏၊ "ငါကား ဘုရားရှင့် သားတော်" ဟူသော မာန်မာနမျိုးကို သူ့ဆီမှာ ရှာဖွေ၍ မရနိုင်ပါ။
သို့ဖြစ်၍ ရဟန်းဟူသမျှကို ရိုသေ ကိုင်းညွှတ်တတ်သော ရာဟုလာအား ရဟန်းများက လိုလိုချင်ချင် လက်ခံကြသည်မှာ မဆန်းတော့ပါ။ နောင်တော်ကြီးဘုရား၏ သားတော်၊ ကျွန်ုပ်၏ တူတော် ရှင်သာမဏေတစ်ပါး ရဟန်းတို့အလယ် မျက်နှာပွင့်လန်းနေသည်မှာ ပွင့်လန်းထိုက်၍ ပွင့်လန်းခြင်းပင်ဖြစ်ပေသည်။ သို့အတွက် ကျွန်ုပ်ဝမ်းသာအားရ ဖြစ်ခဲ့ရပုံကို ဖုံးကွယ်ရန် လိုမည်မထင်ပါ။
သို့နှင့် ကျွန်ုပ်တို့တစ်တွေ ဘုရားရှင့်နောက်တော်ပါးက တသီတတန်းကြီးလိုက်ပါရပြန်၏၊ ဝေသာလီမှ ခရီးတစ်ထောက်အဖြစ် အာဠဝီမြို့သို့ ဆိုက်ရောက်လာကြ၏၊
အာဠဝီမြို့အနီး အဂ္ဂါဠဝ အမည်ရသော ကျောင်း၌ စခန်းချ၍ နေကြရာ ညစဉ်ညတိုင်း တရားပွဲကြီးများ ကျင်းပကြရ၏၊ ကျွန်ုပ်အပါအဝင် ဓမ္မကထိကပုဂ္ဂိုလ်များက တစ်ပါးပြီးတစ်ပါး ဟောကြရ၏၊ တရားပွဲသိမ်းသောအခါ ကျွန်ုပ်တို့ ဓမ္မကထိကပုဂ္ဂိုလ်များသည် မိမိတို့ကျောင်းများသို့ အသီးသီးပြန်၍ ကျိန်းစက်ကြ၏၊ ဖြစ်သစ်စ ရဟန်းငယ်ကလေးများကား တရားပွဲကျင်းပရာ ဓမ္မာရုံ၌ပင် တရားနာလာကြသော ဒါယကာများနှင့်အတူ အိပ်နေရစ်ကြ၏၊
ငယ်ရွယ်သူများပီပီ စိတ်လွတ်ကိုယ်လွတ် အိပ်နေကြသော ထိုရဟန်းငယ်ကလေးများသည် စောစောနိုးသော ဒါယကာများရှေ့ဝယ် မဖွယ်မရာ ဖြစ်နေကြရ၏၊ တချို့က တကျိကျိနှင့် သွားကြိတ်နေကြ၏၊ တချို့ကတော့ ကယောက်ကယက်နှင့် ဟောက်သံပေးနေကြ၏၊ စောစောက ကြည်ညိုလေးစားခဲ့လေသမျှ တစ်ညတာ အတူအိပ်မိသဖြင့် ကဲ့ရဲ့စရာ ဖြစ်လာရပေပြီ။
ဤဖြစ်ရပ်၏ အရင်းခံမှာ ဒါယကာများနှင့်အတူ အိပ်ခဲ့ခြင်းသာဖြစ်၍ ဘုရားရှင်က ပါစိတ်အာပတ်များတွင် အပါအဝင်ဖြစ်သော သဟသေယျ သိက္ခာပုဒ်ကို ပညတ်တော်မူရ၏၊ ရဟန်းမဟုတ်သူမှန်လျှင် ရဟန်းတို့နှင့်အတူ တစ်မိုးတစ်ရာမ်တည်းသော ကျောင်း၌ ညအိပ်ခွင့်မရှိတော့ပြီ ဖြစ်ရာ ရာဟုလာ ဘယ်မှာသွား၍ အိပ်ရပါမည်နည်း။
အတူအိပ်နေကျ ရဟန်းများက သဟသေယျ သိက္ခာပုဒ် ပညတ်ထားပြီဟု ပြောလိုက်ရုံမျှဖြင့် ရဟုလာသည် ကျောင်းထဲမှ ထွက်လာခဲ့၏၊ ပြောကြားသော ရဟန်းကိုလည်းကောင်း၊ ပညတ်လိုက်သော သိက္ခာပုဒ်ကိုလည်းကောင်း တစ်စုံတစ်ရာ ပြစ်တင်ဝေဖန်ခြင်း မရှိ။ အဟုတ်တကယ် ပြောသည်လား၊ ကျီစယ်သည်လားဟု စကားစရှည်မနေ။ ခါတိုင်းလို အတူတကွ ညအိပ်ခွင့်မရှိတော့ ဟူသော စကားတစ်ခွန်းတည်းဖြင့်ပင် ဖြောင့်ဖြောင့်တန်းတန်း ထွက်လာခဲ့၏၊
အခြားသာမဏေငယ်များသာ ဤလို အကျဉ်းအကျပ်မျိုးနှင့် ကြုံရလျှင် နီးစပ်ရာသို့လာ၍ အပူကပ်ကြမည် ဖြစ်၏၊ အပူကပ်ရမည့် ပုဂ္ဂိုလ်များကလည်း အပြည့်အစုံရှိနေကြ၏၊ သူ၏ ဥပဇ္ဈာယ် ဆရာ အရှင်မဟာသာရိပုတ္တရာသည် ဤကျောင်းမှာပင်ရှိ၏၊ သရဏဂုံပေးသော အရှင်မဟာမောဂ္ဂလန်လည်း အတူပါလာ၏၊ ဘထွေးတော်စပ်သော ကျွန်ုပ်လည်း ရှိနေ၏၊ ထို့ထက် သူ၏ ဖခမည်းတော် သီတင်းသုံးတော်မူရာ သီးသန့်ကျောင်းသည်လည်း မနီးမဝေးမှာပင် ရှိနေပါ၏၊ သို့ပါလျက် ရာဟုလာသည် မည်သူ့ထံမှ မလာဘဲ ဘုရားရှင် အသုံးပြုတော်မူသော ကုဋီအိမ်ထဲမှာ တစ်ပါးတည်း အိပ်နေခဲ့၏၊ နံနက်လင်း၍ ဘုရားရှင်ခေါ်၍ အမိန့်ရှိခါမှ ကျွန်ုပ်တို့အကြောင်းစုံကို သိကြရပေတော့သည်။
ကုဋီအိမ်ထဲမှာ ရာဟုလာ တစ်ညအိပ်ခဲ့ခြင်းမှာ အိပ်ရကျိုးနပ်သည်ဟု ဆိုနိုင်ပါ၏၊ ကုဋီအိမ်ထဲမှာ တစ်ညအိပ်ခဲ့ရသော ရာဟုလာကို အကြောင်းပြုကာ ရှင်သာမဏေများသည် နှစ်ညဉ့် သုံးညဉ့်မျှ ရဟန်းများနှင့်အတူ အိပ်ခွင့်ရလာ၏၊ သို့ဖြစ်၍ ဖြစ်သစ်စ ရှင်သာမဏေများက ရာဟုလာကို ကျေးဇူးတင်စရာဖြစ်ပါ၏၊ သာသနာ့ဘောင်ရောက်လာခါစ အညွန့်အညှောက်ကလေးများကို ရေဖျန်းပေးလိုသော ကျွန်ုပ်တို့တစ်တွေလည်း ရာဟုလာ၏ ကျေးဇူးဂုဏ်ကို မေ့နိုင်မည် မဟုတ်ပါတည်း။
(ပါစိတ်၊ သဟသေယျသိက္ခာပုဒ်၊ ပါဠိတော်နှင့် အဋ္ဌကထာ)
ရဟန်းများနှင့် အတူအိပ်ရန် နှစ်ည သုံးည ခွင့်ပြုချက်ရလာသည့်အခိုက်တွင် ရာဟုလာသည် ကျွန်ုပ်ထံသို့ ရောက်လာပါ၏၊ သို့သော် သူလာခဲ့ခြင်းမှာ ဘထွေးတော်ဟူသော ဆွေမျိုးသံယောဇဉ်ကြောင့် ဟုတ်လိမ့်မည် မထင်ပါ။ သူသင်ကြားထားသော စာများကို အာဂုံပြန်၍ ပြလိုသောကြောင့်သာ ဖြစ်ပါလိမ့်မည်။
သာမဏေဘောင် ရောက်လာသည့်အချိန်မှစ၍ ရာဟုလာကို သူ့ခမည်းတော်ဘုရားက ကုမာရပဥှာမည်သော သုတ္တန်တစ်ခုကို နှုတ်တက်ချ၍ ပေးတော်မူ၏၊ သည်သုတ္တန်ထဲက အနက်အဓိပ္ပာယ်များကို ရှင်ငယ်ရာဟုလာက အကုန်အစင် မသိနိုင်သေးသော်လည်း အထိန်းသဘောဖြင့် သင်ပေးတော်မူခြင်း ဖြစ်ပေသည်။ တောစကား၊ တောင်စကားတွေ ပြောနေမည့်အစား သိသင့်သိထိုက်သော တရားသဘောများနှင့် ယဉ်ပါးအောင် သွေးဆောင်ပေးသည့် သဘောလည်း ဖြစ်ပါလိမ့်မည်။
သို့ဖြစ်၍ ရာဟုလာ ရောက်လာသည်ဆိုလျှင်ပင် ကျွန်ုပ်က သရဏဂုံသုံးပါးကို ထပ်၍ အရွတ်ခိုင်းရ၏၊ သာမဏေများ ကျင့်သုံးရသော ဆယ်ပါးသီလကို စစ်ဆေးရ၏၊ ထို့နောက်မှာကား ဘုရားကိုယ်တော်တိုင် သင်ကြားပေးခဲ့သော ကုမာရပဥှာသုတ္တန်အလှည့်ဖြစ်ရာ ကျွန်ုပ်က ဘုရားရှင်ကိုယ်စား မေးခွန်းအဆင့်ဆင့် ထုတ်ပေးရ၏၊
"ရာဟုလာ၊ တစ်ခုဟူသည် အဘယ်နည်း"
"သတ္တဝါဟူသမျှ အာဟာရမှာ တည်ကြောင်းပါ ဘုရား"
"နှစ်ခုဟူသည် အဘယ်နည်း"
"ရုပ်နှင့်နာမ်ပါ ဘုရား"
"သုံးခုဟူသည် အဘယ်နည်း"
"ဝေဒနာသုံးပါး ပါဘုရား"
"လေးခုဟူသည် အဘယ်နည်း"
"အရိယာသစ္စာ လေးပါးပါ ဘုရား"
"ငါးခုဟူသည် အဘယ့်နည်း"
"ဥပါဒါနက္ခန္ဓာ ငါးပါးပါဘုရား"
ဆက်လက်၍ အတွင်းအာယတန ခြောက်ပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ မဂ္ဂင်ရှစ်ပါး၊ သတ္တဝါသ ကိုးပါး၊ ရဟန္တာပုဂ္ဂိုလ်၏ အင်္ဂါဆယ်ပါးတို့ကို အမေးအဖြေ လုပ်ကြရပေသည်။
(ခုဒ္ဒကနိကာယ်၊ ကုမာရပဥှာ)
ကျွန်ုပ်၏ သီတင်းသုံးဖော်များက ရာဟုလာ၏ စိတ်ကို စမ်းသပ်ခဲ့ကြကြောင်း ရှေ့နားမှာ တင်ပြခဲ့ပါပြီ။ ရဟန်းများက မိမိတာဝန်ဖြစ်လေဟန် စကားစောင်းပစ်ရာတွင် ပြန်လှန်ချေပခြင်း မပြုသည်ကိုလည်း သတိပြုမိကြလိမ့်မည် ထင်ပါ၏၊ မိမိအပေါ် မဟုတ်မဟတ် ပြောကြားလာပါလျက် အသာခေါင်းငုံ့နေခဲ့သော ရာဟုလာသည် မိမိကလည်း သူတစ်ပါးအပေါ် ထိုသို့ပင် ပြန်ပြောခဲ့ဖူးပါသလော။
ဤကဲ့သို့ မေးမြန်းသူတစ်ဦးဦး ရှိလာပါလျှင် ကျွန်ုပ်က ပြောခဲ့ဖူးပါသည်ဟု ရိုးသားစွာ ဖြေကြားရမည် ဖြစ်ပါ၏၊ ဤသို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြင့် တူတော်မောင်၏ ဂုဏ်သိက္ခာကို ထိခိုက်သွားလိမ့်မည်ဟု ကျွန်ုပ်မယုံကြည်ပါ။ ဟိုတစ်ချိန်က အမှန်တကယ် ဖုံးကွယ်ခဲ့၊ လိမ်ညာခဲ့သည်ကို ထိန်ချန်ခြင်းကသာ ကျွန်ုပ်တို့ တူဝရီးနှစ်ဦးအတွက် အမည်းကွက်ကြီး ဖြစ်နေရစ်ပါလိမ့်မည်။
မှန်ပါသည်။ ဘုရားရှင် အမိန့်တော်ဖြင့် ရှင်သာမေဏဘောင်ရောက်သည့်တိုင်အောင်ပင် ရာဟုလာမှာ နွဲ့ဆိုးဆိုး၍ ကောင်းနေတုန်းဖြစ်၏၊ သူ့ကို ဖခင်မျက်နှာ မမြင်ရရှာသော သားကလေးဟု သူ့မယ်တော်က ယုယခဲ့၏၊ အဖမဲ့သားကလေးတစ်ယောက် အဖြစ်ဖြင့် စိတ်ဓာတ်မကျဆင်းစေရန်ဟု ဘိုးတော် ဘွားတော်များက အလိုလိုက်၍ အကြိုက်ဆောင်ခဲ့ကြ၏၊ သူပြောသမျှကို သဘောကျကာ သူလုပ်လေသမျှကို ပြုံးပီတိဖြာခဲ့ကြ၏၊ ဤလိုအခြေအနေမျိုးမှ ထွက်လာခဲ့ရသော ကလေးငယ်တစ်ယောက်သည် ရုတ်တရက် ချက်ချင်း သူ့အမူအကျင့်ကို ပြင်နိုင်ရန် မလွယ်ပါ။ ကျွန်ုပ်တို့တစ်တွေကိုပင် လူကြီးမိဘများ သဘောထားကာ နွဲ့ဆိုးဆိုး၍ နေခဲ့၏၊ စားရေး သောက်တာမှာ ချေးများခဲ့၏၊ သူ့အလိုအတိုင်း လိုက်ပါကြရအောင် ဟန်ဆောင်မျက်ရည်ကို သုံးခဲ့၏၊ အပြစ်တင်စရာ အမှုတစ်ခုခုကို ပြုပြီး၍ မေးလျှင် လှီးလွှဲရှောင်ဖယ်၍သာ နေတော့၏၊
ဤသည်တို့မှာ လူကြီးမိဘများ၏ စေတနာလွန်ကဲမှုကြောင့်သာ ဖြစ်၏၊ ရာဟုလာ၏ ပင်ကိုယ်စိတ်ကား မူရာမာယာလုပ်တတ်သူမဟုတ်ပါ။ သည်းမခံနိုင်လောက်အောင် ဆိုးသွမ်းမှုများလည်း မရှိခဲ့ပါ။ တရားတစ်ကွင်း နားသွင်းရပြီးနောက် သူ့အမူအရာများ ပြောင်းလွဲသွားခြင်းမှာ ထိုအကြောင်းကြောင့်ပင် ဖြစ်ပါလိမ့်မည်။
နွဲ့ဆိုးဆိုးတတ်သော ရာဟုလာအား သူ့ခမည်းတော်က မူပြောင်းပေးတော်မူလိုက်သည်မှာ ဝေဠုဝန်ကျောင်းတော်မှာတုန်းက ဖြစ်ပေသည်။
တစ်ခုသော ညနေခင်း၌ ဘုရားရှင်သည် တစ်ပါးတည်း ဖိုလ်ဝင်စားရာမှ ထွက်ကြွတော်မူကာ သားတော်ရာဟုလာရှိရာ အမ္ဗလဋ္ဌိက ကျောင်းသို့ ကြွရောက်တော်မူ၏၊ အမ္ဗလဋ္ဌိက ကျောင်းသည် ဝေဠုဝန်ကျောင်းတိုက်နှင့် တစ်စပ်တည်းဖြစ်သော်လည်း ရဟန်းများ အစဉ်ထာဝရ နေသော ကျောင်းမဟုတ်ပေ။ ပရိသတ်များကို ရှောင်ခွာ၍ ကိုယ့်တရားနှင့်ကိုယ် လွတ်လွတ်လပ်လပ် အေးချမ်းငြိမ်သက်စွာ နေလိုသော ရဟန်းတို့၏ ခိုလှုံရာဌာနဖြစ်၏၊
ထိုကျောင်းသို့ ရာဟုလာသွား၍နေခြင်းမှာ တကယ်တော့ဖြင့် အတုမြင်အတတ်သင်ခြင်းသာ ဖြစ်၏၊ ဤကျောင်းသို့ သွား၍ အေးချမ်းစွာ နေထိုင်သောရဟန်းများကို ဘုရားရှင်က ချီးကျူးစကား မိန့်ကြားတော်မူသည်ကို အားကျကာ ဘုမသိ ဘမသိ သွား၍နေခြင်း ဖြစ်၏၊ ဤလိုနေလိုက်လျှင် သူ့ခမည်းတော်က သူ့ကိုလည်း မြှောက်စားလိမ့်မည်၊ အရေးပေးလိမ့်မည်ဟု သူက မျှော်လင့်ခဲ့၏၊ ဤသို့ ဟန်ဆောင်ပန်ဆောင်လုပ်ခြင်းမှာ အသံမထွက်သော မုသာဝါဒပင်ဖြစ်၍ ဤအပြုအမူကို အချိန်မီတားဆီးရန် ဘုရားရှင်ကြွတော်မူရခြင်း ဖြစ်ပေသည်။
ဘုရားရှင်ကြွတော်မူလာသည်ကို အဝေးကပင် လှမ်းမြင်ရသဖြင့် ရာဟုလာသည် မိမိ၏ နေရာထိုင်ကို ဖုန်ခါလျက် အသစ်တစ်ဖန် ပြန်၍ ခင်းပေးထား၏၊ ခြေဆေးရေကိုလည်း အရန်သင့်ခပ်ထား၏၊ ခင်းထားသော နေရာ၌ ဘုရားရှင်ထိုင်မိသောအခါ ရာဟုလာသည် ပြည့်ဖြိုးသောခြေထောက်အစုံ၌ ရေကြည်ရေအေးများလောင်းကာ လက်နှစ်ဖက်ဖြင့် ပွတ်နယ်ဆေးကြော၍ ပေး၏၊
ခြေဆေးခြင်း ကိစ္စများပြီးလျှင် ဘုရားရှင်သည် ရေအိုးထဲမှ ရေအနည်းငယ်ကို ခပ်ယူကာ ဤသို့ မိန့်တော်မူလိုက်၏၊
"ရာဟုလာ၊ ခွက်ထဲက ရေကျန်အနည်းငယ်ကို မြင်၏လော"
"မြင်ပါသည် အရှင်ဘုရား"
"ဤသို့ပင်ဖြစ်သည် ရာဟုလာ။ သိလျက်နှင့် မုသားဆိုရန် အရှက်မရှိသောသူတို့အား ရဟန်းတရားသည် နည်းပါးလှ၏"
ထို့နောက် ခွက်ထဲက ရေကျန်အနည်းငယ်မျှကို မချွင်းမချန် သွန်ပစ်တော်မူကာ-
"ရာဟုလာ၊ ရေကျန်အနည်းငယ်ကို သွန်ပစ်လိုက်သည်ကို မြင်၏လော"
"မြင်ပါသည် အရှင်ဘုရား"
"ဤသို့ပင်ဖြစ်သည် ရာဟုလာ။ သိလျက်နှင့် မုသားဆိုရန် အရှက်မရှိသော သူတို့အား ရဟန်းတရားသည် တစ်စမကျန် သွန်ပြီး ဖြစ်၏"
ထိုမှတစ်ဖန် ဘုရားရှင်သည် ရေခွက်ကိုမှောက်၍ ပြတော်မူလျက်-
"ရာဟုလာ၊ မှောက်လျက်ထားသော ရေခွက်ငယ်ကို မြင်၏လော"
"ဤသို့ပင်ဖြစ်သည် ရာဟုလာ။ သိလျက်နှင့် မုသားဆိုရန် အရှက်မရှိသော သူတို့အား ရဟန်းတရားသည် မှောက်လျက်ရှိနေ၏"
ထိုမှတစ်ဆင့် မှောက်ထားသော ရေခွက်ငယ်ကို ပြန်၍ လှန်တော်မူကာ-
"ရာဟုလာ၊ ဘာမျှမရှိတော့သော ရေခွက်ငယ်ကို မြင်၏လော"
"မြင်ပါသည် အရှင်ဘုရား"
"ဤသို့ပင်ဖြစ်သည် ရာဟုလာ။ သိလျက်နှင့် မုသားဆိုရန် အရှက်မရှိသော သူတို့အား ရဟန်းတရားသည် ဘာမျှမရှိတော့ပေ"
ခွက်ငယ်နှင့်ပတ်သက်သမျှဥပမာလေးမျိုးကို ပေးပြီးလျှင် ဘုရားရှင်သည် နောက်ထပ် ဥပမာတစ်ခုကို ဆောင်တော်မူပြန်၏၊
"ရာဟုလာ၊ ပြည့်ရှင်မင်း၏ တိုက်ဆင်ကြီးသည် စစ်မြေပြင်၌ ရှေ့ခြေများဖြင့်လည်း တိုက်ခိုက်၏၊ နောက်ခြေများဖြင့်လည်း နင်းခြေ၏၊ ကိုယ်ရှေ့ပိုင်းဖြင့်လည်း တွန်းထိုး၏၊ ကိုယ်နောက်ပိုင်းဖြင့်လည်း တွန်းလှဲ၏၊ ဦးခေါင်းဖြင့်လည်း ခြိမ်းခြောက်၏၊ နားရွက်များဖြင့်လည်း ကာကွယ်၏၊ အစွယ်များဖြင့်လည်း ထိုးဆွ၏၊ အမြီးဖြင့်လည်း ရိုက်ပုတ်၏၊ ဤသို့ ရှိသမျှ ကိုယ်အင်္ဂါ အစိတ်အပိုင်းများက အလုပ်လုပ်ကြပါလျက် နှာမောင်းကိုကား ပါးစပ်ထဲထည့်၍ ငုံထားပါလျှင် ဤတိုက်ဆင်ကြီးသည် သက်စွန့်ကြိုးပမ်း မတိုက်သေးဟု ဆိုရ၏၊ အကယ်၍ နှာမောင်းကပါ တိုက်ပွဲဝင်ရာ ပါလာလျှင်ကား သက်စွန့်ကြိုးပမ်း တိုက်ခိုက်ပြီဟု ဆိုနိုင်၏၊ နှာမောင်းကိုမှ ထိမည် ခိုက်မည် မကြောက်တော့သော တိုက်ဆင်ကြီးအဖို့ မလုပ်ဝံ့ မကိုင်ဝံ့သော ကိစ္စဟူ၍ မရှိနိုင်တော့ပေ။
"ထို့အတူသာပင် သိလျက်နှင့် မုသားဆိုရန် အရှက်မရှိသောသူအား မပြုလုပ်ဝံ့သော မကောင်းမှုဟူ၍ မရှိတော့ပေ။ ထို့ကြောင့် ဤသာသနာတော်တွင်းဝယ် ရယ်မောပြောင်လှောင်သော သဘောဖြင့်ပင် မုသားစကား မပြောကြားမိအောင် စောင့်စည်းပါလော့"
ပရိယာယ်မပါ၊ မာယာမနှော ဟုတ်တိုင်းမှန်စွာ ပြောဆိုနိုင်ရေးအတွက် ဆုံးမတော် မူပြီးနောက် ဆက်လက်၍-
"ရာဟုလာ၊ ကာယကံ၊ ဝစီကံ၊ မနောကံအလုပ်များကို လုပ်မည်ပြုသောအခါ၌ဖြစ်စေ၊ လုပ်နေဆဲမှာဖြစ်စေ၊ လုပ်ပြီးသောအခါမှာဖြစ်စေ ဤသို့စဉ်းစားဆင်ခြင်အပ်၏၊ ဤ ငါ၏ အမှုသည် မိမိကိုယ်တိုင် ပင်ပန်းဆင်းရဲခြင်းငှာ ဖြစ်လေသလော။ သူတစ်ပါး ပင်ပန်းဆင်းရဲခြင်းငှာ ဖြစ်လေသလော။ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲပင်ပန်းခြင်းငှာ ဖြစ်လေသလော။ ဤသို့ စဉ်းစားဆင်ခြင်၍ ဆင်းရဲစေကြောင်း မကောင်းသောအမှု ဖြစ်နေလျှင် ထိုအမှုကို တဇွတ်ထိုးစိတ်ဖြင့် မပြုလုပ်ပါလင့်။
"မိမိသူတစ်ပါး နှစ်ပါးလုံးအား မပင်ပန်း မဆင်းရဲစေကြောင်း ကောင်းသောအမှု ဖြစ်ပါက ထိုအမှုမျိုးကိုသာ နေ့ရော ညပါ ကျင့်သုံး၍ နေပါလော့၊ ကောင်းမြတ်သော အမှုမျာကို ပြုလျက် နှစ်သက်ဝမ်းသာ ပျော်ပျော်ကြီးနေပါလော့ ရာဟုလာ"
အသိနှင့်ယှဉ်သော အကျင့်များဖြင့် ဘုရားသားတော် ပီသစေရန် ဟောကြားတော်မူသော ဒေသနာတော်များပင် ဖြစ်ပေသည်။
(မဇ္ဈိမပဏ္ဏာသ၊ အမ္ဗလဋ္ဌိက ရဟုလောဝါဒသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
ထို့ပြင် သားတော်ရာဟုလာ သာသနာ့ဘောင်မှာ စိတ်နှလုံး တုံးတုံးချကာ နေထိုင်ရေးအတွက် မကြာခဏ ဟောကြားတော်မူခဲ့ရသော ဒေသနာတော်များလည်း ရှိပေသေးသည်။
ကာမဂုဏ်ဟု၊ အာရုံငါးသွယ်
တပ်မက်ဖွယ်ကို၊ မတွယ်မကပ်
စိတ်ကိုဖြတ်၍၊ လူ့ဇာတ်ကိုခွာ
မြတ်သဒ္ဓါဖြင့်၊ ဤမှာဘဝ
ပစ္စက္ခတွင်၊ ဒုက္ခဆုံးရန်
စိတ်ရည်သန်လော့။ ။
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်
ဆရာမြတ်ကို၊ ဆည်းကပ်ရိုသေ
နေထိုင်ရန်မူ၊ လူသံမနှော
လူတောမထူ၊ ရိပ်ငူချမ်းမြေ့
တောဓလေ့ဖြင့်၊ မွေ့မွေ့ပျော်စံ
ချင့်ချိန်ဉာဏ်ဖြင့်၊ သင့်ရုံမျှသာ
စားသောက်ရာ၏၊။
စားရေးဝတ်ရေး၊ နေထိုင်ရေးနှင့်
ဆေးဝါးခေါ်ငြား၊ ပစ္စည်းများကို
ဘုရားတို့ထုံး၊ စိတ်နှလုံးဖြင့်
သုံးရုံသုံးပါ၊ မစွဲလာနှင့်
တဏှာရှေ့သွား၊ ခြေလှမ်းမှား၍
ပေါက်ဖွားလာရ၊ လူ့လောကကို
ဤမျှနှင့်တန်၊ တစ်ဖန်ထပ်ကျော့
ဝင်မဆော့နှင့်၊ သော့သော့လျင်စွာ
ဝေးဝေးခွာလော့။ ။
ရင်အုပ်မကွာ ဆုံးမ၍ လာတော်မူခဲ့သော ဒေသနာတော်အချို့အဝက်ဖြစ်ပေသည်။
(သုတ္တနိပါတ်၊ ရာဟုလာသုတ်)
ဘုရားကိုယ်တော်မြတ် ဆုံးမတော်မူသည့်အတိုင်း ဤလူ့လောကကြီးထဲသို့ ရာဟုလာ ရောက်လာရသည်မှာ တဏှာရှေ့သွား ခြေလှမ်းမှား၍ပင် ဖြစ်သည်။ စမ်းတဝါးဝါးဖြင့် ရောက်လာရသော ရာဟုလာသည် သာမန် ကလေးငယ်တစ်ယောက်မျှသာ ဖြစ်၏၊ သို့ရာတွင် သူ့ခမည်းတော်က ဤလောက မြေမဟီဝယ် သမ္မာသမ္ဗုဒ္ဓဟူသော ဘွဲ့တော်ကြီးဖြင့် တရားစည်မောင်း ရိုက်ညောင်းတော်မူခဲ့သောအခါမှာကား ဘုရားသားတော် ရာဟုလာဟူ၍ မျက်နှာပွင့်လန်း၍ လာခဲ့၏၊
ထုံးတမ်းစဉ်လာ ဓမ္မတာအရ သူတို့နှစ်ဦး သားအဖဟုကား ဆိုရပါ၏၊ သို့သော် ကျွန်ုပ်တို့ သာသနာ့မျက်စိနှင့် ကြည့်လျှင်ကား သျှောင်ထုံးကလေးနှင့် ရာဟုလာသည် ဘုရားရှင်နှင့် ဘာဆိုဘာမျှ မတော်သေးပါ။ သာသနာတော်တွင်းသို့ ရှင်သာမဏေအဖြစ်ဖြင့် ဝင်ရောက်လာခါမှ သားအဖ တော်စပ်လာကြပေသည်။
ကောသလမင်းကြီး၏ သဒ္ဓါတရား
ငွေလဝန်းကြီး၏ ထံတော်ပါးက အရောင်အဝါတောက်ပသော ကြယ်တာရာကြီးများကို တော်တော်စုံအောင် တင်ပြခဲ့ပါပြီ။ ဤကြယ်တာရာများနည်းတူ တောက်ပလင်းထိန်သော အခြား ကြယ်တာရာများလည်း ရှိပါသေးသည်။ သို့ရာတွင် ထိုကြယ်တာရာကြီးများကို နောက်အခန်းများအတွက် ချန်ထားက သာသနာ့အကျိုးဆောင် လူပုဂ္ဂိုလ်ကြီးများကို ကြားညှပ်၍ တင်ပြရပါဦးမည်။
ပေဿနဒီကောသလမင်းကြီးသည် ရာဟုလာ၏ ဘဝတစ်ကွေ့ဝယ် အထောက်အကူပြုခဲ့သူဖြစ်၍ သားတော်ရာဟုလာအခန်းနှင့် တစ်ဆက်တည်း သူ့အကြောင်းကို တင်ပြလိုက်ရပေသည်။
"အရှင်ဘုရား၊ ဆိတ်ငြိမ်ရာ၌ တစ်ယောက်တည်း ကိန်းအောင်းစဉ်တွင် တပည့်တော် ဤသို့ စဉ်းစားမိပါသည်။ မည်သူသည် မည်သူ့ကို ချစ်၍ မည်သူသည် မိမိကိုယ်ကို မုန်းသနည်းဟု သုံးသပ်မိပါသည်။ ဤတွင် ကာယ၊ ဝစီ၊ မနောတို့ဖြင့် ဒုစရိုက်ပြစ်မှု ကျူးလွန်သူတို့သည် မိမိကိုယ်ကို မုန်းနေကြောင်း အဖြေပေါ်လာပါသည်။ သူတို့ကတော့ မိမိကိုယ်ကို ချစ်၍သာ ပြစ်မှု ကျူးလွန်ရပါသည်ဟု ဆိုကောင်း ဆိုကြပါလိမ့်မည်။ အမှန်ကား ချစ်၍မဟုတ်ပါ။ မုန်းသူတစ်ယောက်က မုန်းသူတစ်ယောက်ကို အကျိုးယုတ်အောင် ပြုကျင့်သကဲ့သို့ မိမိအကျိုးယုတ်အောင် မိမိကိုယ်တိုင် ပြုသောကြောင့် မိမိကိုယ်ကို မုန်းရာရောက်ပါသည်"
"အရှင်ဘုရား၊ ကာယ၊ ဝစီ၊ မနောတို့ဖြင့် ကုသိုလ်ကောင်းမှု ပြုသူများသည်ကား မိမိကိုယ်ကို ချစ်နေသူများ ဖြစ်ကြပါသည်။ သူတို့က သူတစ်ပါးလောက် မိမိကိုယ်ကို မချစ်၍ ကုသိုလ်ကောင်းမှု ပြုပါသည်ဟု ဆိုကောင်း ဆိုကြပါလိမ့်မည်။ အမှန်မှာကား သူတစ်ပါးလောက် မိမိကိုယ်ကို မချစ်၍ မဟုတ်ပါ။ ချစ်သောသူတစ်ယောက်က ချစ်သောသူတစ်ယောက်ကို ကောင်းကျိုးဆောင်သကဲ့သို့ မိမိကောင်းကျိုးရှိအောင် မိမိကိုယ်တိုင် ဆောင်ရွက်သောကြောင့် သူတစ်ပါးထက် မိမိကိုယ်ကို ချစ်ရာရောက်ပါသည် ဘုရား"
ရှေ့တော်မှောက်မှာ လျှောက်ထားခဲ့သော ပေဿနဒီ ကောသလမင်းကြီး၏ စကားများဖြစ်ပါ၏၊ တရားလမ်းကြောင်းနှင့် ပတ်သက်၍ သူလက်လှမ်းမီသမျှ လျှောက်ထားခဲ့ခြင်း ဖြစ်ပေသည်။
(ကောသလသံယုတ်၊ ပိယသုတ်)
"အရှင်ဘုရား၊ ဤလူ့ဘောင်လောကဝယ် စည်းစိမ်ချမ်းသာ ကြီးကျယ်စွာ ခံစားရပြီးနောက် မမေ့လျော့သူ၊ ကာမဂုဏ်အာရုံ မခုံမင်သူ၊ သူတစ်ပါးအပေါ် မတရားမှု မပြုကျင့်သူဟူ၍ အင်မတန် နည်းပါးလှပါသည်။
"စည်းစိမ်ချမ်းသာ ကြီးကျယ်စွာ ခံစားရပြီးနောက် မေ့လျော့သွားသူ၊ ရလေလိုလေ အိုတစ္ဆေဟု ဆိုရလောက်အောင် ကာမဂုဏ်အာရုံကို ရှေးကထက် ခုံမင်လာသူ၊ သူတစ်ပါးအပေါ် မတရားပြုကျင့်သူတွေကသာ ပေါများနေကြပါသည် ဘုရား"
ဤသို့လည်း ရံဖန်ရံခါ လောကသဘော၊ လူ့သဘောကို နှီးနှောဖလှယ် တတ်ပါသေးသည်။
(ကောသလသံယုတ်၊ အပ္ပကသုတ်)
"အရှင်ဘုရား၊ ထူးမြတ်သော နန်းပြဿဒ်ထက်မှာ မလ္လိကာ မိဖုရားကြီးကို 'မိမိကိုယ်တိုင်ထက်ပို၍ ချစ်သောသူ ရှိပါသလား' ဟု တပည့်တော် မေးခဲ့ပါသည်။ဤတွင် မလ္လိကာက 'မိမိကိုယ်ထက်ပို၍ ချစ်သောသူ မရှိပါ' ဟု လျှောက်ထားခဲ့ပါသည်"
"မလ္လိကာ၏ လျှောက်ထားချက်ကြောင့် တပည့်တော်၏ စိတ်ထဲမှာ မျက်ခနဲ့ ဖြစ်လိုက်မိပါသည်။ သို့ရာတွင် မလ္လိကာက တပည့်တော်နည်းတူ ပြန်မေးသည်တွင်ကား ထိုစိတ်ဝေဒနာ သက်သာ၍ သွားပါတော့သည်။ 'မလ္လိကာ မိမိကိုယ်ထက် ပို၍ချစ်သောသူ မရှိပါ' ဟု ဟုတ်တိုင်းမှန်စွာပင် အဖြေပေးလိုက်ရပါသည်"
ဤသို့လည်း ကိုယ်ရေးကိုယ်တာကိစ္စများကို ဖွင့်အံ လာတတ်ပေသေးသည်။
(ကောသလသံယုတ်၊ မလ္လိကာသုတ်)
ဤသို့အားဖြင့် ကိုယ့်စိတ်ထဲမှာ ရှိလေသမျှ ရင်းနှီးပွင့်လင်းစွာ လျှောက်လာခဲ့သော ပေဿနဒီ ကောသလမင်းကြီးသည် ဦးစွာပထမ ဘုရားရှင်နှင့် တွေ့ဆုံခဲ့စဉ်ကမူ ရှိခိုးဦးတင်ပြုခဲ့သူပင် မဟုတ်ပေ။ သူနှင့်ခင်မင်ရင်းနှီးသော အနာထပိဏ်သူဌေးနှင့်အတူ ကျောင်းတော်သို့ လိုက်ပါလာကာ နှုတ်ဆက်ရုံမျှသာ နှုတ်ဆက်လျက်-
"အရှင်ဂေါတမသည်လည်း အတုမရှိ မြင့်မြတ်လှစွာသော သမ္မာသမ္ဗောဓိဉာဏ်ကို ရခဲ့ပြီ ဟူ၍ ဝန်ခံပါသလော" ဟု လျှောက်ထားခဲ့၏၊ သာသနာ့ပြင်ပက ပုဂ္ဂိုလ်များ ခေါ်သကဲ့သို့ပင် ဘုရားရှင်၏ အနွယ်တော်ဖြင့် ခေါ်ဝေါ်ခဲ့သည်ကို ကျွန်ုပ်သတိပြုလိုက်မိပေသည်။
ဤတွင် ဘုရားရှင်က
"မင်းကြီး၊ အတုမရှိ မြင့်မြတ်လှစွာသော သမ္မာသမ္ဗောဓိဉာဏ်ကို ရသောသူဟူ၍ ဟုတ်တိုင်းမှန်စွာ ပြောဆိုပါလျှင် ငါ ဘုရားကိုသာ ပြောဆိုရန် ရှိပေသည်" ဟု ပြတ်သားစွာ ဖြေတော်မူလိုက်၏၊
ဖြေကြားသူဘက်က ပြတ်သားသည်က ဟုတ်ပါ၏၊ မေးမြန်းသူကား ထိုအဖြေကြောင့် ပိုမို၍ တွေဝေသွားပုံရပေသည်။ သူ့စိတ်ထဲမှာ နှိုင်းစရာ ယှဉ်စရာတွေ ရှိနေ၍ပင် ဖြစ်ပါလိမ့်မည်။
"အရှင်ဂေါတမ၊ ပူရာဏကဿပ၊ မက္ခလိဂေါသာလ၊ နိဂဏ္ဌနာဋပုတ္တ၊ သဉ္စယ ဗေလဋ္ဌပုတ္တ၊ အဇိတကေသကမ္ဗလ ဟူ၍ ဆရာကြီး ခြောက်ဦးတို့ ရှိကြပါသည်။ သူတို့သည် ဗြာဟ္မဏအမျိုးနွယ်မှ မွေးဖွား၍ ရဟန်းပြုလာကြပါသည်။ မြောက်မြားလှစွာသော တပည့်ပရိသတ်တို့ကိုလည်း နည်းပေးလမ်းညွှန် ပြုနေကြပါသည်။ ထင်ရှားကျော်ကြား၍ ဂုဏ်သတင်းကြီးမားကြပါသည်။ ကိုယ်ပိုင် အယူဝါဒများကို တီထွင်ကြ၍ လူများစွာတို့က သူတော်သူမြတ်များဟု အသိအမှတ်ပြုခံရသူများ ဖြစ်ကြပါသည်။ အသက်ရော သိက္ခာပါကြီးရင့်ပြီဖြစ်သော ထိုဆရာကြီးများကပင်လျှင် တပည့်တော်က တိုက်ရိုက်တွေ့ဆုံ၍ မေးသောအခါ အရှင်ဂေါတမကဲ့သို့ ဝန်မခံခဲ့ကြပေ။ အရှင်ဂေါတမကား အသက်အရွယ်အားဖြင့်လည်း ငယ်ရွယ်ပါသေးသည်။ ရဟန်းပြုလာသော သိက္ခာဝါလည်း နုပါသေးသည်တကား"
အသက်သိက္ခာနှင့် အရှိန်အဝါကို အရည်အချင်းထက်ပို၍ လေးစားတတ်သော လူ့သဘောပင် ဖြစ်ပေသည်။
လူထဲက လူတစ်ယောက်အဖြစ်ဖြင့် သံသယဝင်နေသော ဘုရင်ကြီးအား လူတို့ထက် မြင့်မြတ်တော်မူသော မြတ်စွာဘုရားက ဆက်လက်၍ မိန့်တော်မူရပေသည်။
"မင်းကြီး၊ မင်းမျိုးမင်းနွယ်ကို ငယ်သည်ဟူ၍ မခန့်လေးစား မဆက်ဆံရာ။ နိုင့်ထက်ကလူ မပြုရာ။ အကယ်၍ ပြုခဲ့မိပါလျှင် ထိုသူ မင်းဖြစ်လာသောအခါ ကြီးစွာသော ရာဇဒဏ်ဖြင့် လက်စားချေခြင်း ခံရတတ်၏"
"မင်းကြီး၊ မြွေကို ငယ်သည်ဟူ၍ မခန့်လေးစား မပြုရာ။ မြွေငယ်ငယ်ကလေးက ကိုက်သော်လည်း သေတတ်သည်သာ ဖြစ်၏"
"မင်းကြီး၊ မီးကို အနည်းငယ်မျှသာဟူ၍ မခန့်လေးစား မပြုရာ။ လောင်စာနှင့် အရန်သင့်တွေ့လျှင် မဖြစ်စလောက်သော မီးပွားကလေးက မီးပုံကြီးဖြစ်လာတတ်၏"
"မင်းကြီး၊ သီလရှိသော ရဟန်းကို ငယ်သည်ဟူ၍ မခန့်လေးစား မဆက်ဆံရာ။ နိုင့်ထက်ကလူ မပြုရာ။ သားမယားမရှိ၊ ပစ္စည်းဥစ္စာမရှိ၊ ကိလေသာ အရင်းအမြစ်များကို ပယ်နုတ်ကာ အတွယ်အတာမရှိသော ပုဂ္ဂိုလ်တို့ဖြစ်၍ ရိုသေလေးစားထိုက်ပေသည်"
အသက်သိက္ခာ ငယ်သော်ငြားလည်း အရည်အချင်းကြီးမားလျှင် လေးစားထိုက်ကြောင်း မိန့်တော်မူလိုရင်း ဖြစ်ပေသည်။ ထင်သာ မြင်သာသော လောကဥပမာများကြောင့် ပေဿနဒီကောသလမင်းကြီး အားရကျေနပ်ကာ သာဝကတစ်ဦးအဖြစ် ခံယူသွားခဲ့ပေသည်။
(ကောသလသံယုတ်၊ ဒဟရသုတ်)
သာဝကအဖြစ်ကို ခံယူပြီးနောက် ကောသလမင်းကြီးသည် ဇေတဝန်ကျောင်းတိုက်အတွင်း၌ ကျောင်းတစ်ဆောင် ကုသိုလ်ပါဝင်ခဲ့၏၊ အဓိကကျောင်းကြီးလေးဆောင်တွင် သလဠာဂါရ ကျောင်းကြီးမှာ မင်းကြီး၏ ကောင်းမှုဖြစ်ပေသည်။ ကျောင်းဒါယကာဖြစ်ရာမှ တစ်စတစ်စ ဘုရားရှင်နှင့် ရင်းနှီးလာကာ အကြောင်းအရာများကို ဆွေးနွေးလျှောက်ထားခဲ့၏၊ ဘုရားရှင်၏ အရှိန်၊ ကျောင်းတော်၏ အရှိန်ဖြင့် ရောက်လာသည့်အခါတိုင်းမှာ စိတ်နှလုံးချမ်းမြေ့စွာ ရှိခဲ့ပေသည်။
သို့ရာတွင် တစ်ခေါက်တစ်ခေါက် ရောက်လာစဉ်မှာကား အဆင်မပြေသော ဖြစ်ရပ်တစ်ခု ကြုံတွေ့လာခဲ့ရ၏၊ ကောသလမင်းကြီးသည် လူကောင်ဝသည်နှင့်အမျှ အစားကြီးလှ၏၊ အစားကြီးသည်နှင့်အမျှ လူကောင်ဝလှ၏၊ အစားနှင့်အဝ လိုက်တမ်းပြေးတမ်း ကစားရာတွင် ဆန်တစ်စိတ်ချက် ကုန်သည့်အဆင့်အထိ ရောက်လာ၏၊ သူ၏ ဝမ်းဗိုက်ကြီးမှာလည်း မြင်မကောင်းကြည့်မကောင်းလောက်အောင် ဖောင်းစူလာ၏၊ ထိုင်၍ ရေချိုးသောအခါတွင် ဖောင်းစူနေသော ဗိုက်ကြီးမှ ပတ်ပတ်လည် အတွန့်အခေါက်များ တက်လာ၍ မြောင်းသဖွယ် ဖြစ်ကာ ရေများပင် တင်နေသည်ဟူ၏၊
အစားကြီးတာ ရှိပါစေတော့။ အစာကျေညက်ပြီးသည့်အချိန်မှာ ရောက်လာလျှင် တော်ပါသေး၏၊ သို့သော် ထိုနေ့က သူရောက်လာချိန်မှာ ညနေစာ စားပြီးချိန်ဖြစ်၏၊ သူ့စိတ်ထဲမှာ လျှောက်ထားချင်သော အချက်ကလေးပေါ်လာ၍ ကျောင်းတော်သို့ လာခဲ့သော်လည်း ရှေ့တော်ရောက်လျှင်ကား သူဟန်မဆောင်နိုင်တော့ပေ။ ထမင်းဆိပ်တက်ကာ တသမ်းသမ်း တဝေဝေ ရှိနေသည့်အထဲ အဝအပြဲစားထားသော ဗိုက်ကြီးကလည်း တမှောင့်ဖြစ်နေ၏၊ ဘုရားရှင့် ရှေ့တော်မှာဖြစ်၍ ဒူးချထိုင်လိုက်ရာတွင် ဗိုက်နှင့်ပေါင်နှင့်ထိကာ မသက်မသာ ဖြစ်နေ၏၊
ဤတွင် ဘုရားရှင်က-
"အစားစားရာ၊ သတိပါ၊ တိုင်းတာသိတတ်စေ"
"ကျန်းမာချမ်းသာ သက်ရှည်ကြာ၊ အိုနာနောက်ကျပေ"
ပြုပြင်ရေးတရားတစ်ပုဒ်ကို မှတ်သားလွယ်အောင် ဆောင်ပုဒ်ပြုလုပ်၍ ဟောတော်မူရ၏၊
ကောသလမင်းကြီး ကျောင်းတော်လာတိုင်း သုဒဿနမည်သော လုလင် လိုက်ပါနေကျဖြစ်၏၊ မင်းကြီးသည် ဤမျှ တိုတောင်းသော ဆောင်ပုဒ်ကိုပင် မကျက်မမှတ်နိုင်တော့ပြီမို့ သုဒဿနကို အရယူခဲ့ဖို့မှာကာ နန်းတော်သို့ ပြန်သွားရ၏၊
နောက်တစ်နေ့ ညနေစာ ပွဲတော်တည်ချိန်တွင် တာဝန်ပေးချက်အရ သုဒဿနလုလင်သည် အနားမှာ စောင့်လျက်ရှိ၏၊ အစားမက်လှသော ဘုရင်ကြီးအား ဆောင်ပုဒ်ရွတ်၍ သတိပေးရန်ဖြစ်၏၊ သို့သော် စားလျှင် စားခြင်းကား မရွတ်သေးပါ။ စားနေကျအတိုင်းစား၍ ကုန်ခါနီးကျမှ သတိပေးရ၏၊ ဘုရားရှင်ကိုယ်တော်တိုင်က ရွတ်ရမည့်အချိန်အခါကို ညွှန်ပြပေးလိုက်သော ဆောင်ပုဒ်ကို ကြားနာလိုက်ရသည်နှင့် မင်းကြီးလည်း အာသာမပြေသေး၍ လက်ကို ရုပ်သိမ်းလိုက်ရပေသည်။
နောက်တစ်နေ့ရောက်သောအခါ သည်ကနေ့ စားသမျှသာ ပြင်ဆင်ကာ ဆောင်ပုဒ်ကို ရွတ်ရပြန်၏၊ မင်းကြီးကလည်း ဩဝါဒတော်ကို ရိုသေသောအားဖြင့် လက်ရုပ်ရပြန်၏၊ ဤသို့ တစ်စထက်တစ်စ လျှော့ချလာခဲ့ရာ တစ်ပြည်ချက်မျှဖြင့် တင်းတိမ်လာနိုင်၏၊
အစားလျှော့လိုက်သည်နှင့်အမျှ မင်းကြီး၏ ဗိုက်ကြီးလည်း လျော့ကျလာကာ ကြည့်ပျော်ရှုပျော် ဖြစ်လာ၏၊ သွားလာ လှုပ်ရှားရ လွယ်ကူလာ၏၊ ရှေ့တော်မှောက်မှာ သက်သောင့်သက်သာ ထိုင်နိုင်လာ၏၊ မသမ်းမဝေဘဲ အချိန်ကြာကြာ ထိုင်၍ ဆွေးနွေးနိုင်လာ၏၊ ဘုရားရှင် အဆုံးအမတော်ဖြင့် လက်ငင်းလက်တွေ့ အကျိုးထူးခံစားရပြီဖြစ်သော ကောသလမင်းကြီးသည် မိမိ၏ ကိုယ်ခန္ဓာကို အားပါးတရ ပွတ်သပ်ကာ-
"ဘုန်းတော်ကြီးသော ဘုရားရှင်သည် ပြုပြင်ရေးနှင့် သိမြင်ရေးဟူသော အကျိုးစီးပွားနှစ်ခုစလုံးဖြင့် ချီးမြှောက်တော်မူပါပေသည်တကား" ဟု အားရဝမ်းသာ ကြွေးကြော်ခဲ့ပေသည်။
(ကောသလသံယုတ်၊ ဒေါဏပါကသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
အစားလျော့၍ ဗိုက်လျော့သွားပြီဖြစ်သော ကောသလမင်းကြီးသည် စစ်ပွဲများကြုံလျှင် သူကိုယ်တိုင် ဦးစီး၍ တိုက်ခိုက်လာနိုင်သည့် အဆင့်ထိ ရောက်လာခဲ့၏၊ တစ်နေ့တွင် မင်းကြီးသည် စစ်ပွဲတစ်ခုကို အောင်မြင်စွာ ဆင်နွှဲပြီး နန်းတော်သို့ တိုက်ရိုက်မပြန်သေးဘဲ ကျောင်းတော်သို့ ဝင်လာ၏၊ သူဝင်လာချိန်သည် ဆွမ်းစားပြီးစဖြစ်၍ ဘုရားရှင်သည် ဂန္ဓကုဋီ ကျောင်းတံခါးကို ပိတ်၍ သက်သောင့်သက်သာ လျောင်းစက်နေခိုက် ဖြစ်၏၊
ဝင်ရခက် ပြန်ရခက်ဖြစ်နေသော မင်းကြီးသည် ကျွန်ုပ်ထံသို့ အကူအညီတောင်းလာသဖြင့် ဘုရားရှင်ထံ ဝင်ရောက်နိုင်မည့် နည်းလမ်းများကို ညွှန်ကြားလိုက်ကြရ၏၊
ကျွန်ုပ်တို့ ညွှန်ကြားသည့်အတိုင်း ကောသလမင်းကြီးသည် ဂန္ဓကုဋီ ကျောင်းတော်ဆင်ဝင်သို့ ခြေဖော့နင်း၍ ဝင်ကာ တံခါးရွက်ကို အသာအယာခေါက်လိုက်၏၊ တံခါးပွင့်သွားလျှင် မင်းကြီးသည် ခြေတော်အစုံ ကြာပဒုံတွင် ခေါင်းဖြင့် တိုးဝှေ့လျက် ခြေချောင်းကလေးများကို နမ်းစုတ်၏၊ လက်များဖြင့်လည်း မြတ်နိုးစွာ ပွတ်သပ်၏၊
"မင်းကြီး၊ အဘယ်သို့သော အကျိုးကျေးဇူးကို တွေ့မြင်ရ၍ ဤကိုယ်ခန္ဓာပေါ်မှာ ဤမျှလောက်ထူးထူးကဲကဲ ရိုသေးလေးစားမှု ပြုနေရပါသနည်း။ ချစ်ခင်မြတ်နိုးမှု ပြုနေရပါသနည်း"
ကောသလမင်းကြီး၏ သဒ္ဓါကြည်ညိုစိတ်များကို ငြိမ်သက်စွာခံယူရင်း ဘုရားရှင် မေးတော်မူလိုက်ရာ-
"အရှင်ဘုရား၊ ဘုရားရှင်သည် လူများစွာတို့၏ အကျိုးစီးပွား တိုးပွားစေရန် ဆောင်ရွက်တော်မူပါ၏၊ လူများစွာတို့၏ ချမ်းသာသုခ ပြန့်ပြောစေရန် ဆောင်ရွက်တော်မူပါ၏၊ လူများစွာတို့ကို ကောင်းမှုကုသိုလ်ဖြင့် မွေ့လျော်စွာ တည်နေကြရန် ဟောကြားတော်မူပါ၏၊ ဤသို့သော အကျိုးကျေးဇူးများကို တပည့်တော်ကိုယ်တိုင် တွေ့မြင်ရ၍ ဤမျှလောက်ထူးထူးကဲကဲ ရိုသေးလေးစားမှု ပြုရပါသည် ဘုရား"
ကောသလမင်းကြီးက အားပါးတရ လျှောက်ထားလိုက်၏၊ ထိုအကျိုးကျေးဇူးများတွင် ဘုရားရှင်၏ ဩဝါဒဖြင့် ပေါ့ပေါ့ပါးပါးဖြစ်လာသော သူ့ခန္ဓာကိုယ်လည်း အပါအဝင် ဖြစ်ပေလိမ့်မည်။
(အင်္ဂုတ္တရ၊ ဒသကနိပါတ်၊ ဒုတိယကောသလသုတ်)
ကျွန်ုပ်၏ သူငယ်ချင်း
ကောသလမင်းကြီးကဲ့သို့ပင် ဘုရားရှင်နှင့် ထမဆုံးတွေ့စဉ်က ပေါ့ပေါ့ဆဆ သဘောထားခဲ့သူကား မလ္လမင်းသား ရောဇ ဖြစ်ပါ၏၊ ကျွန်ုပ်၏ သူငယ်ချင်းရောဇအကြောင်းကို ဤမှတ်တမ်းအစပိုင်းမှာ အရိပ်အမြွက်မျှ တင်ပြခဲ့ဖူးပါသည်။ လူ့ဘဝကတည်းက သူငယ်ချင်းရင်းချာ ဖြစ်ခဲ့သော ရောဇသည် ကျွန်ုပ်ရဟန်းပြုလာချိန်မှာလည်း အကျွမ်းတဝင် ခင်မင်ခဲ့ပေသည်။
ဤသို့ခင်မင်ခြင်းမှာ ပုဂ္ဂိုလ်ရေးအရသာ ဖြစ်၏၊ အေးအတူပူအမျှ ပေါင်းသင်းဆက်ဆံလာခဲ့ကြသော ငယ်သူငယ်ချင်းအဖြစ်ဖြင့် ခင်မင်နေခြင်းသာ ဖြစ်၏၊ စည်းစိမ်ဥစ္စာနှင့် တန်ခိုးအာဏာတို့ကိုသာ ဘဝ၏ ပန်းတုံးတိုင်အဖြစ် သတ်မှတ်ထားသော ရောဇသည် ကျွန်ုပ်တို့ သာသနာတော်ကြီးကို စိတ်ဝင်စားမှု မရှိသေးပါ။ တကယ်တော့ဖြင့် ဘုရားရှင် ကိုယ်တော်တိုင်ပင် သူတို့နေရာ ကုသိနာရုံမြို့သို့ မရောက်သေးပါ။ ဘုရားရှင် မရောက်သေးသဖြင့် သူ့ဆီကို ကျွန်ုပ်ရဟန်းဝတ်နှင့် မရောက်ရသေးပါ။ သူ့ဆီက ပါးလိုက်သော စာများအရ လောကီရေးဘက်ကိုသာ အားသာနေမှန်း သိထားသဖြင့် သွားလိုစိတ် မထက်သန်လှ၍လည်း ဖြစ်ပါသည်။
ဇေတဝန်ကျောင်းတော်မှာ တစ်ထောက်နားစဉ်တွင် သူ့ဆီက စာတစ်စောင် ရောက်လာပြန်ပါသည်။ မတွေ့မမြင်ရတာ ကြာပြီဖြစ်၍ တွေ့ချင်မြင်ချင်ရုံမျှမက အရေးကြီးလှသော ကိစ္စတစ်ခုကိုပါ သူငယ်ချင်းချင်း ခေါင်းချင်းဆိုင် တိုင်ပင်လိုပါကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားထားပေသည်။
ယခင်စာများတုန်းက ဘာသိဘာသာနေနိုင်ခဲ့သော်လည်း ယခုစာကိုကား မနေနိုင်တော့ပါ။ အရေးကြီးလှသော ကိစ္စတစ်ခုကို သူငယ်ချင်းချင်း တိုင်ပင်ချင်ပါသည်ဟူသော အကြောင်းပြချက်က ကျွန်ုပ်စိတ်နှလုံးကို အရအမိ ဆုပ်ကိုင်လိုက်ပါပြီ။ ဘဝတစ်သက်တာအတွက် ရည်မှန်းချက်ချင်း မတူကြသော်ငြားလည်း သူငယ်ချင်းသည် သူငယ်ချင်းသာ ဖြစ်ပေသည်။ သူငယ်ချင်းအဖြစ်ဖြင့် အေးအတူ ပူအမျှ ဆက်ဆံလာခဲ့ကြသော မေတ္တာဓာတ်များသည် ယခုထိ ရှင်သန်နေဆဲဖြစ်ပေသည်။ ဘဝချင်းခြားပါလျက် နေရာဌာန ဝေးကွာပါလျက် နှစ်ဦးသော ပုဂ္ဂိုလ်တို့ကို တစ်ခဲနက် ပေါင်းစပ်ထားနိုင်သော စွမ်းအင်မှာ မေတ္တာဓာတ်ပင် မဟုတ်ပါလော။
မေတ္တာဓာတ်၏ ရိုက်ခတ်မှုဖြင့် ကျွန်ုပ်သည် ဘုရားရှင်ထံ ဝင်လာခဲ့၏၊ သူငယ်ချင်း၏ အမှာစာအရ ကုသိနာရုံသို့ သွားလိုပါကြောင်း လျှောက်ထား၏၊ ဘုရားရှင်သည် သိမ်မွေ့သော အပြုံးတစ်မျိုးဖြင့် ကျွန်ုပ်အား သွားခွင့်ပြုတော်မူပေသည်။
လမ်းတစ်လျှောက်လုံးတွင် ကျွန်ုပ်သည် ပြုံးမြမြမျက်နှာတော်ကို မကြာမကြာ မြင်ယောင်လာရ၏၊ တစ်နေရာရာမှာ ဘုရားရှင် ပြုံးတော်မူလျှင် ပြုံးရခြင်း၏ အကြောင်းကို ကျွန်ုပ်က နှုတ်မဆိုင်းဘဲ မေးလျှောက်နေကျဖြစ်၏၊ သည်တစ်ခေါက်မှာကား ကျွန်ုပ် အာစေးထည့်ထားသလို နှုတ်ဆိတ်လျက် ထွက်လာမိ၏၊ ဇေတဝန်ကျောင်းတော်နှင့် ဝေးလာခါမှ ပြုံးရခြင်း၏ အကြောင်းအရင်းကို သိချင်မြင်ချင်စိတ် ပြင်းပြလာရ၏၊
ရောဇ၏ စာထဲမှာ အရေးကြီးလှသော ကိစ္စဟု ပါခဲ့၏၊ ထိုကိစ္စသည် တစ်စုံတစ်ခုသော သံဝေဂဖြင့် ကျွန်ုပ်နှင့်အတူ သာသနာ့အရိပ်ကို ခိုလှုံခြင်းလည်း ဖြစ်နိုင်၏၊ သာသနာတော်ကြီးနှင့် ပတ်သက်၍ သိချင် ကြားချင်သော အချက်အလက်များလည်း ရှိနိုင်၏၊ ဤအခြေအနေများသည် သာသနာတော်ကြီးအတွက် အားတက်စရာများ ဖြစ်ပါ၏၊ သို့ပါလျက် ဘုရားရှင် ဘာကြောင့်များ ပြုံးတော်မူခဲ့ရပါသနည်း။
အတွေးနှင့် ဖြေရှင်း၍ မရနိုင်ခဲ့သော ဤပြဿနာသည် အတွေ့နှင့်ကျခါမှ သူ့အလိုလို ပြေရှင်း၍ သွားပါတော့သည်။ ထိုအခါ အပြုံးနောက်မှာ အပြုံးများ ဆင့်လာရပါတောသည်။
ကျွန်ုပ်က အရေးကြီးလှသော ကိစ္စကို ကိုယ့်ဘက်သို့ယက်၍ တွေးတောသလိုပင် သူငယ်ချင်းရောဇကလည်း သူ့ဘက်က သူအမြင်ဖြင့် အရေးကြီးနေခြင်းသာ ဖြစ်ပေသည်။
ခင်မင်လှသော သူငယ်ချင်းနှစ်ယောက်မှာ တစ်ဦးက ဖန်ရည်ဆိုးသော သင်္ကန်းဝါဝါနှင့်။ တစ်ယောက်က ဖြူနီကြောင်ကျား အဝတ်များနှင့်။ တစ်ယောက်က ကိုယ့်ရပ် ကိုယ့်ရွာမှာ အခြေတကျ။ တစ်ဦးသူကား ခြေသလုံးအိမ်တိုင်။ ဤသို့ ဘဝချင်းကွာခြားနေကြသော သူငယ်ချင်းနှစ်ဦးကို ရောဇက တစ်ခါတည်း ပေါင်းစပ်လိုက်ချင်၏၊ ငယ်ရွယ်စဉ် ဟိုယခင်ကအတိုင်း ပြောမနာ ဆိုမနာဘဝဖြင့် နေထိုင်ချင်လှပါ၏၊ နှစ်ပေါင်းများစွာ တောင့်တလာခဲ့လေသမျှကို ယနေ့တော့ အကောင်အထည် ဖော်လိုက်ပေပြီ။
"အရှင်ဘုရား၊ တပည့်တော်မှာ ချမ်းသာလေသမျှ သက်ရှိ သက်မဲ့ ဥစ္စာရတနာစုကို ကြည့်ရှုတော်မူပါ။ ဤဥစ္စာရတနာစုကို တပည့်တော်တို့ သူငယ်ချင်းနှစ်ဦးပိုင် အဖြစ်ဖြင့် ယနေ့မှစ၍ တပည့်တော် သတ်မှတ်လိုက်ပါပြီ။ ရှိရှိသမျှသော ဥစ္စာရတနာစုကို အညီအမျှခွဲယူ၍ တပည့်တော်တို့နည်းတူ ခံစားတော်မူပါဘုရား"
သူငယ်ချင်းရောဇ၏ အရေးကြီးလှသော ကိစ္စမှာ ကျွန်ုပ်အဖို့ အပြုံးဆေးတစ်ခွက်မျှသာ ဖြစ်ရပေသည်။
(ဒုကနိပါတ်ဇာတ် အဋ္ဌကထာ၊ ဝစ္ဆနခဇာတ်၏ ပစ္စုပ္ပန်ဝတ္ထု)
ဤရွေ့ဤမျှ သာသနာတော်နှင့် အလှမ်းဝေးလှသော ရောဇသည် သူတို့မြို့သို့ ဘုရားရှင် ကြွတော်မူသောအခါမှာကား တခမ်းတနား ကြိုဆိုဖော်ရပါပေသည်။ မြို့သူမြို့သားအားလုံး၏ ရှေ့ဆုံးမှာနေကာ အတက်ကြွဆုံး ကြိုဆိုသူလည်း ဖြစ်နေပေသည်။
ကျွန်ုပ်၏ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်က ယခုလို တက်တက်ကြွကြွ ကြိုဆိုဖော်ရသဖြင့် ကျွန်ုပ်ဝမ်းသာလှပါ၏၊ သီတင်းသုံးဖော်များ အလယ်မှာ မျက်နှာပွင့်လန်းလှပါ၏၊ ဘုရားရှင်နှင့် တစ်ကြိမ်တစ်ခါမျှ မတွေ့ရသေးသော်လည်း ကျွန်ုပ်အဟောအပြော ကောင်းသဖြင့် စိတ်ထားပြောင်းသွားခြင်း ဖြစ်မည်ဟု သီတင်းသုံးဖော်များက ထင်ကြေးပေးကြ၏၊ သူတို့ထင်ကြေးပေးကြလွန်း၍ ကျွန်ုပ်ကိုယ်တိုင်ပင် သူတို့ဘက်သို့ ပါချင်ချင် ဖြစ်လာမိ၏၊ သို့သော် ဘုရားရှင်ရှေ့မှာသာ ဤအကြောင်းကို လျှောက်ထားလိုက်မိလျှင် အပြုံးခံရမည် မလွဲပါတည်း။
"သူငယ်ချင်း ရောဇ၊ ဘုရားရှင်ကို ကြိုဆိုသော အခမ်းအနားများက သိုက်မြိုက်လွန်းလှပါကလား"
ကြိုခန်းဆိုခန်များပြီး၍ ကျွန်ုပ်ထံရောက်လာသော သူငယ်ချင်းကို အားရဝမ်းသာ မေးလိုက်ရာ-
"သိုက်မြိုက်ရသည့်အကြောင်းက သည်လိုရှိပါသည် ဘုရား။ အမှန်အားဖြင့် တပည့်တော်သည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကြည်ညိုလှသည် မဟုတ်ပါ။ ဆွေမျိုးသားချင်းများကို မလွန်ဆန်၍သာ ကြိုဆိုရပါသည်။ ဘုရားရှင်ကို မကြိုဆိုလျှင် ဒဏ်ငွေငါးရာ တပ်စတမ်းဟု ကတိပြုထားကြသောကြောင့်သာ ဖြစ်ပါသည်ဘုရား"
သူငယ်ချင်းရင်းချာဖြစ်၍ ပွင့်ပွင့်လင်းလင်း လျှောက်ထားလိုက်သည် မှန်ပါ၏၊ သို့ရာတွင် သည်စကားများကို ကြားလိုက်ရသော ကျွန်ုပ်မှာကား စိတ်မချမ်းမြေ့ပါ။ အရင်းချာဆုံးဖြစ်သော သူငယ်ချင်းတစ်ယောက်က သာသနာတော်ကြီးတစ်ရပ်လုံးကို ပစ်ပစ်ခါခါ ပြောရက်လေခြင်း၊ ကျွန်ုပ် မျက်နှာကိုမှ မထောက်ထားလေခြင်းဟု ယူကျုံးမရ စိတ်ဒုက္ခများ ဖိစီးလာကြ၏၊
ကိုယ့်ထင်ချက်နှင့် ဝေးကွာလွန်းလှသော သူငယ်ချင်းအတွက် ဖိစီးလာကြသော ဤစိတ်ဒုက္ခများသည် သူငယ်ချင်းတို့၏ ချစ်ခြင်းမေတ္တာကိုကား ဟန့်တားနိုင်စွမ်း မရှိကြပါ။ ထိုမေတ္တာစွမ်းအားဖြင့် အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကို သာသနာတော်ကြီးနှင့် ရင်းနှီးအောင် လုပ်ယူရပါမည်။ ဤကိစ္စမှာ ကျွန်ုပ်၏ စွမ်းအားသက်သက်ဖြင့် လုံလောက်မည်မဟုတ်၍ ကျွန်ုပ်ထက် အဆတစ်ရာမကသာသော ဘုရားရှင်ထံ ချဉ်းကပ်ရပေသည်။
"အရှင်ဘုရား၊ တပည့်တော်၏ သူငယ်ချင်းရောဇသည် ထင်ရှားကျော်ကြားသော မလ္လမင်းသားတစ်ပါး ဖြစ်ပါသည်။ ဤသာသနာတော်၌ ဤလိုပုဂ္ဂိုလ်မျိုး သက်ဝင်ယုံကြည်လာလျှင် အကျိုးကျေးဇူးရှိပါသည်။ သို့ဖြစ်၍ ဤသာသနာတော်သို့ ရောဇ သက်ဝင်ယုံကြည်လာအောင် ပြုတော်မူပါ ဘုရား"
"အာနန္ဒာ၊ ဤကိစ္စအတွက် ငါ ဘုရားမှာ အခက်အခဲမရှိပေ"
ကျွန်ုပ်၏ လျှောက်တင်ချက်ကို လက်ခံတော်မူသဖြင့် ကျွန်ုပ်လည်း ကျောင်းခန်းထဲမှ ထွက်လာခဲ့၏၊ တံခါးများကို အသာအယာ ပြန်စေ့ထားလိုက်၏၊ ကျွန်ုပ်ထွက်လာပြီး သိပ်မကြာလိုက်ပါချေ။ သာသနာတော်ကြီးတစ်ရပ်လုံးကို ပစ်ပစ်ခါခါ ပြောရက်ခဲ့သော ရောဇသည် ကျောင်းတော်သို့ သုတ်သုတ်ပျာပျာ ရောက်လာ၏၊ သုတ်သုတ်ပျာပျာဖြင့် တွေ့သမျှ ကျောင်းများကို ဝင်ကြည့်လာ၏၊
"အရှင်ဘုရားတို့၊ ဘုရားရှင်ကို တပည့်တော် ဖူးချင်လှပါသည်။ ယခု ဘုရားရှင် ဘယ်မှာ ရှိတော်မူပါသလဲ"
တွေ့သမျှ ရဟန်းများကိုလည်း တမေးတည်း မေးလာ၏၊ သူ့ခမျာ နွားမကြီးပျောက်၍ လိုက်ရှာနေသော နွားကလေးကဲ့သို့ ဖြစ်နေရှာပေသည်။ ဘာဝနာအားကောင်းလွန်းလှသော ဘုရားရှင်၏ မေတ္တာဓာတ်များသည် သူ့တစ်ကိုယ်လုံးကို စိုးမိုးလွှမ်းခြုံလာကြပေပြီတည်း။
ကျွန်ုပ်၏တစ်သက်တာတွင် အားအရဆုံး၊ အကျေနပ်ဆုံး၊ အကြည်ညိုဆုံးသော တန်ခိုးပြာဋိဟာ တစ်ခုပင် ဖြစ်ပေသည်။
"ဒါယကာ ရောဇ၊ တံခါးပိတ်ထားသော ဤကျောင်းတွင် ဘုရားရှင် ရှိတော်မူပေသည်။ ဆင်ဝင်အောက်သို့ ခြေသံမကြားအောင် လျှောက်သွားကာ တံခါးကို ညင်ညင်သာသာ ခေါက်လိုက်ပါ။ သင့်ကို ဘုရားရှင်က ဝင်ခွင့်ပြုတော်မူပါလိမ့်မည်"
အနီးဆုံးကျောင်းရှိ ရဟန်းတစ်ပါးက ညွှန်ပြသည့်အတိုင်း လိုက်နာကျင့်သုံးကာ ရောဇသည် ဘုရားရှင့် ခြေတော်ရင်းသို့ ဝင်ရောက်ခွင့်ရသွား၏၊ သည်တုန်းက ကျွန်ုပ်သည် ဘုရားရှင်အတွက် ချိုးရေ စီမံနေခိုက်ဖြစ်၍ အဝေးမှသာလျှင် လှမ်းကြည့်နေရ၏၊ ချိုးရေများ ပြည့်စုံစေပြီး၍ ကျောင်းတော်ထဲ ဝင်လာသည်တွင်ကား
"အရှင်ဘုရား၊ တပည့်တော် တောင်းပန်ပါ၏၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသော ပစ္စည်းတို့ကို တပည့်တော်ထံမှသာ အရှင်မြတ်တို့ အလှူခံစေချင်ပါသည်။ တခြားသူများထံမှာ အလှူမခံစေချင်ပါဘုရား"
ထက်သန်လှသော သဒ္ဓါတရားဖြင့် လျှောက်ထားနေသည်ကို တွေ့ရ၏၊ သူ့မျက်နှာ အမူအရာကို ကြည့်လိုက်သောအခါ ဝါကြွား ပလွှားလိုသော အရိပ်အယောင်ကို မတွေ့ရပေ။ ဟောကြားတော်မူသော တရားတော်တို့ကို အစဉ်လျှောက်လျက် အရိယာဉာဏ် အမြင်မှန်ရနေပြီဖြစ်ကြောင်း ကျွန်ုပ် ရိပ်စားမိပေသည်။
"ရောဇ၊ ကျင့်သုံးမှုလမ်း မဆုံးသေးသော အရိယာဉာဏ် ရပြီးသူတိုင်းသည် သင်ကဲ့သို့သာပင် လျှောက်ထားလိုကြသည်သာ ဖြစ်၏၊ သူတစ်ပါးထံမှ အလှူမခံစေချင်ကြပေ။ သို့ဖြစ်၍ သင့်ထံမှလည်း အလှူခံကြပေလိမ့်မည်။ တခြားသူများထံမှလည်း အလှူခံကြပေလိမ့်မည်။
ထက်သန်လှသော သဒ္ဓါတရားကို မတိမ်းစောင်းရအောင် ပဲ့ကိုင် ထိန်းကျောင်း၍ ပေးတော်မူလိုက်ပေသည်။
ဘုရားရှင် မိန့်တော်မူသည့်အတိုင်းပင် ကုသိနာရုံ မြို့သူမြို့သားတို့ဥည် အလှည့်ကျဖြင့် ဆွမ်းကျွေးလျက်ရှိကြ၏၊ ကောင်းမွန်မြိန်မြတ်သော ဆွမ်းခဲဖွယ်များ မျိုးစုံအောင် စီမံဆက်ကပ်နေကြ၏၊ သူများတွေက အားပါးတရ ကျွေးမွေးနေကြစဉ်တွင် နောက်ကျမှ စာရင်းသွင်းလာရသော ရောဇမှာကား အလှည့်ကျလာမည့်နေ့ကို စောင့်ရဆဲဖြစ်၏၊ စောစောစီးစီး အလှည့်တောင်းထားသူတွေက များပြားလှသဖြင့် ဘယ်ရက်မှာ အလှည့်လာမည်ဟုပင် မခန့်မှန်းနိုင်သေးပေ။ သို့နှင့် ရောဇသသည် ဆွမ်းကျွေးရာသို့လာ၍ ကြည့်၏၊ ဆွမ်းခဲဖွယ်များတွင် အလှည့်မကျသေးလျှင် အခြားစားသောက်ဖွယ် တစ်မျိုးမျိုးဖြင့် ကြားဝင်နိုင်ရန် ဖြစ်၏၊ သူ မျှော်လင့်ထားသည့်အတိုင်းလည်း တွေ့ရသဖြင့် ရောဇသည် ကျွုနု်ပ်ထံ ချဉ်းကပ်လာကာ-
"အရှင်ဘုရား၊ ဤဆွမ်းစားကျောင်းမှာ တပည့်တော်လျှောက်ကြည့်ရာတွင် ကောင်းနိုးရာရာ စီမံထားသော ခဲဖွယ်ဘောဇဉ် အမျိုးမျိုးကို တွေ့ရပါသည်။ သို့ရာတွင် ထိုခဲဖွယ် ဘောဇဉ်များထဲမှာ ဟင်းရွက်သုပ်နှင့် မုန့်ခဲဖွယ်ကိုကား မတွေ့ရသေးပါ။ ဤအစားအစာနှစ်မျိုးကို စီမံ၍ ဆက်ကပ်ပါလျှင် ဘုရားရှင် အလှူခံပါမည်လား ဘုရား"
"ရောဇ၊ ဤအကြောင်းကို ဘုရားရှင်ထံ လျှောက်ထားလိုက်ပါဦးမည်"
ကျွန်ုပ် အရေးမပိုင်သော ကိစ္စဖြစ်၍ ဤမျှသာ ပြောဆို၍ ဘုရားရှင်ထံ လျှောက်ထားရာ အပြစ်မရှိသော အစားအစာဖြစ်၍ ခွင့်ပြုမိန့်ကျလာပေသည်။
(ဝိနည်းမဟာဝဂ်၊ ဘေသဇ္ဇခန္ဓက၊ ရောဇမလ္လဝတ္ထု)
ကျွန်ုပ်၏ သူငယ်ချင်းကို အကြောင်းပြုကား ကျွန်ုပ်၏ သီတင်းသုံးဖော်များ စားခွင့်ရသော အစားအစာနှစ်မျိုးနှင့် ဆက်စပ်ကာ နောက်ထပ်ရလာသော အခွင့်များကို တင်ပြဦးမည်။
ကုသိနာရုံမှာ ရှိနေသည့်အခိုက် ရောဇသည် ရောင်းရေးဝယ်တာ ကိစ္စဖြင့် ခရီးထွက်ရန် ရှိလာသဖြင့် ခေါမတိုင်း ဖြစ် အထည်စများကို ကျွန်ုပ်ထံ အပ်နှံထားခဲ့၏၊ သူ့အိမ်မှာ စိတ်မချ၍ မဟုတ်ပါ။ ကျွန်ုပ်အလိုရှိလျှင် အလွယ်တကူ အသုံးပြုနိုင်ရန် အပ်နှံထားခဲ့ခြင်းသာ ဖြစ်ပေသည်။
အပ်နှံစဉ်က သာမန်မျှသာ သဘောထား၍ လက်ခံခဲ့၏၊ ယခု ဤအထည်စများဖြင့် သင်္ကန်းချုပ်ရန် စိတ်ကူးပေါ်လာသည်တွင်ကား သာမန်သဘောမျှဖြင့် မလုံလောက်သေးသည်ကို တွေ့ရ၏၊ ဤအထည်များကို အပ်နှံထားခဲ့သော ရောဇသည် ကျွန်ုပ်၏ သူငယ်ချင်းရင်းချာဖြစ်၏၊ ရှိရှိသမျှ စည်းစိမ်များကိုပင် တစ်ဝက်ခွဲ၍ ပေးဖူးသည်ဖြစ်၍ ဤအထည်လောက်ကိုဖြင့် ထည့်၍ တွက်လိမ့်မည်ပင် မထင်။ ကျွန်ုပ်အသုံးပြုလိုလျှင် ပြုနိုင်ပါသည် ဟူ၍လည်း မှာကြားခဲ့သေး၏၊ သို့ရာတွင် "ပေးပါ၏၊ ယူပါ၏" ဟု တရားဝင် နှုတ်မြွက်ကာ အပေးအယူလုပ်မထားရသေးသဖြင့် တကယ်တမ်း သုံးကြစို့ဆိုတော့ မဝံ့မရဲဖြစ်လာရ၏၊
ကိုယ့်ဘာသာကိုယ် မဆုံးဖြတ်တတ်သော ဤကိစ္စကို ဘုရားရှင်ထံ တင်ပြရာတွင်-
"ရဟန်းတို့၊ တွေ့ဖူးမြင်ဖူးသော သူငယ်ချင်း မိတ်ဆွေလည်း ဖြစ်၏၊ အတူတကွ စားသောက်နေထိုင်ဖူးသော သူငယ်ချင်း မိတ်ဆွေလည်း ဖြစ်၏၊ အလိုရှိလျှင် အသုံးပြုပါဟူ၍ နှုတ်မြွက်ဖူးသည်လည်း ဖြစ်၏၊ ဥစ္စာရှင်သည်လည်း အသက်ရှင်နေဆဲ ဖြစ်၏၊ ငါယူလျှင် ဥစ္စာရှင် ဝမ်းမြောက်ဝမ်းသာ ဖြစ်လိမ့်မည်ဟူ၍ စိတ်ချယုံကြည်ရသူလည်း ဖြစ်၏၊ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းအား အကျွမ်းဝင်၍ ယူခွင့်ကို ငါဘုရား ခွင့်ပြုတော်မူ၏"
အကျွမ်းဝင်သူအချင်းချင်း၏ ပစ္စည်းရေးကိစ္စတွင် စိတ်အနှောင့်အယှက်ဖြစ်စရာ ရှိသမျှကို ပယ်ဖျက်ပေးလိုက်သော အမိန့်တော်ကြီးပင် ဖြစ်ပေသည်။
(ဝိနည်းမဟာဝဂ်၊ စီဝရခန္ဓက၊ ဝိဿာသဂ္ဂါဟကထာ)
ဆွေမျိုးရင်းချာ ဆေးဆရာ
ကျွန်ုပ်၏ စိတ်နှလုံးကို ပြုံးရွှင်နှစ်သိမ့်စေတတ်သော ဂုဏ်တော်အပေါင်းတွင် ယထာဝါဒီ တထာကာရီ ဂုဏ်တော်လည်း အပါအဝင်ဖြစ်၏၊ နောင်တော်မြတ်၏ ထူးမြတ်သော ဂုဏ်တော်တစ်ပါးလည်း ဖြစ်၏၊ အပြုနှင့် အပြော၊ အပြောနှင့်အပြု နှစ်ခုလုံး ညီညွတ်သည်၊ ကိုက်ညီသည်ဟု အဓိပ္ပာယ်ရပေသည်။
ရဟန်းပရိသတ်အား ကရုဏာတရားပွားများရန် ဟောကြားတော်မူခဲ့သော ဘုရားရှင်သည် ကိုယ်တော်တိုင်လည်း မွန်မြတ်သော မဟာကရုဏာဖြင့် ပြုစုတော်မူခဲ့ပေသည်။ တပည့်ပရိသတ်အားလုံးအတွက် မြင့်မြတ်သော စံနမူနာအဖြစ် ပြုတော်မူခဲ့သော ဇာတ်လမ်းတစ်ပုဒ်ကို ယခု တင်ပြလိုပါသည်။
မည်သည့်အရပ်ဌာနသို့ ရောက်သည်ဖြစ်စေ တစ်ရက်လျှင် နှစ်ကြိမ် သုံးကြိမ် ကျောင်းစဉ်လှည့်ခြင်းမှာ ကျွန်ုပ်၏ ဝတ္တရားတစ်ခုဖြစ်၏၊ ရဟန်းတို့၏ မသင့်လျော်သော အမှုကိစ္စများ တွေ့ရလျှင် အချိန်မီ ပြုပြင်နိုင်ရေးအတွက် ရွှေနားတော်ကြား လျှောက်ထားနိုင်ရန် ဖြစ်ပေသည်။ အမှတ်တရ ဖြစ်ခဲ့သော ထိုနေ့မှား ကျွန်ုပ်ရှေ့တွင် ဘုရားရှင်ကိုယ်တော်တိုင် ပါလာခဲ့ပေသည်။
အစွန်အဖျားက ကျောင်းကလေးတစ်ဆောင်နား ရောက်သော် ပုပ်ဟောင်ဟောင် အနံ့များရသဖြင့် ကျွန်ုပ်တို့ ခြေလှမ်းများ တန့်သွားကြ၏၊ အနံ့အသက် ဆိုးရွားလှသော ကျောင်းကလေးထဲသို့ ဘုရားရှင် လှမ်းဝင်တော်မူသဖြင့် ကျွန်ုပ်လည်း ကပ်လျက်ပါသွားရ၏၊ ကျောင်းကလေးထဲက မြေကြီးပေါ်မှာကား ဝမ်းရောဂါ ခံစားနေရသော ရဟန်းတစ်ပါးကို တွေ့ကြရပေသည်။
ရောဂါသည် ရဟန်း၏ အညစ်အကြေးများသည် သူ့နားမှာပင် ဗွက်ကြမ်းနေကြ၏၊ သည်အထဲမှာပင် သူ့ဝေဒနာဖြင့် လူးလှိမ့်နေရှာ၏၊ သူ့ကို ပြုစု သုတ်သင်သူထား၍ ရေတစ်ခွက်မျှ ပေးမည့်သူ ရှိဟန်မတူပါ။
"အာနန္ဒာ၊ ရေသွား၍ ခပ်ချေ။ ဤရဟန်းကို ရေချိုးပေးကြမှ ဖြစ်မည်"
"ကောင်းပါပြီ အရှင်ဘုရား"
အမိန့်တော်အရ ကျွန်ုပ်သည် ရေတစ်အိုးကို ထမ်းလာခဲ့ရ၏၊ ရောဂါသည် ရဟန်းကို အညစ်အကြေးလွတ်ရာသို့ ပွေ့ချီကာ တိုင်တစ်လုံးမှာ မှီလျက် ထိုင်နိုင်ရန် ဆောင်ရွက်ပေးရ၏၊ ထို့နောက် ဘုရားရှင်က ခေါင်းပေါ်မှ ရေများလောင်းပေးကာ ကျွန်ုပ်က သူ့ခန္ဓာကိုယ်မှ အညစ်အကြေးများကို သုတ်သင်ရှင်းလင်းကာ သူ့သင်္ကန်းများကိုလည်း လူသူလွတ်ရာ သွား၍ လျှော်ရန် အထုပ်ထုပ်၍ ထားလိုက်ရ၏၊
ရေမိုးချိုးပြီးသော ရဟန်းကို သင်္ကန်းသစ်များ စည်းပေးပြီးနောက် ကျွန်ုပ်တို့သည် သူ့ခုတင်ပေါ် တင်ပေးကြ၏၊ ဘုရားရှင်က ခေါင်းပိုင်းမှ မတော်မူ၏၊ ကျွန်ုပ်ကား ခြေထောက်နှစ်ချောင်းကို ဆွဲလာရ၏၊
ထိုနေ့က သံဃာ့အစည်းအဝေးတွင် ဘုရားရှင်ကိုယ်တော်တိုင် ထိုရဟန်း၏ ကိစ္စကို တင်ပြတော်မူပေသည်။
"ရဟန်းတို့၊ အစွန်အဖျားက ကျောင်းကလေးဝယ် ဝမ်းရောဂါခံစားနေရသော ရဟန်းတစ်ပါးကို သိကြပါသလား"
"သိကြပါသည် အရှင်ဘုရား"
"သူ့မှာ ပြုစုလုပ်ကျွေးသူ ရှိပါသလား"
"တစ်စုံတစ်ယောက်မျှ မရှိပါဘုရား"
"အဘယ်ကြောင့် မရှိပါသနည်း"
"သူက မည်သူ့ကိုမျှ ပြုစုလုပ်ကျွေးခြင်း မရှိသောကြောင့် ဖြစ်ပါသည် ဘုရား"
"ရဟန်းတို့၊ သင်တို့ မမာမကျန်းရှိသောအခါ ပြုစုလုပ်ကျွေးမည့် မိခင်လည်း မရှိပေ။ ဖခင်လည်း မရှိပေ။ သို့ဖြစ်လျှင် သင်တို့အချင်းချင်း မပြုစုလျှင် မည်သူကလာ၍ ပြုစုပါမည်နည်း"
"ရဟန်းတို့ ငါဘုရားကို ပြုစုလိုသောသူသည် ဂီလာန ရဟန်းကို ပြုစုလော့"
သာသနာတော်ကြီး၏ သက်တမ်းကို နှစ်ပေါင်း ထောင်ပေါင်းများစွာ တိုးမြှင့်ပေးလိုက်သော ဩဝါဒနှင့် မိန့်ခွန်းတော်ကြီး တစ်ခုပင် ဖြစ်ပေသည်။ သာသနာတော်ကြီး တည်နေသည်နှင့်အမျှ လူတိုင်း လူတိုင်း ဘုရားရှင်ကို ပြုစုခွင့် ရကြရန် ခွင့်ပြုတော်မူလိုက်ခြင်း ဖြစ်ပေသည်။
ဂီလာနပုဂ္ဂိုလ်များကို ကရုဏာသန့်သန့်ဖြင့် ပြုစုလုပ်ကျွေးသောသူသည် ဘုရားရှင်၏ အဆုံးအမကို လိုက်နာပြုကျင့်ခြင်းပင် ဖြစ်၏၊ ဘုရားရှင်၏ အဆုံးအမကို လိုက်နာပြုကျင့်ခြင်းသည် ဘုရားရှင်အား ကိုယ်တိုင် ကိုယ်ကြပ် ပြုစုရသည်နှင့် မခြား ကုသိုလ်တရား ပွားများနိုင်ပေသည်။
(ဝိနည်း၊ မဟာဝဂ်၊ စီဝရက္ခန္ဓက၊ ဂီလာနဝတ္ထုပါဠိတော်နှင့် အဋ္ဌကထာ)
မှန်ပါသည်။ ဇာတိရပ်ရွာကို စွန့်ခွာ၍ မြို့တကာ၊ ရွာတကာ၊ တောတကာ၊ တောင်တကာ လှည့်လည်နေကြရသော ကျွန်ုပ်တို့အဖို့ သားချင်းဆွေမျိုးဟူ၍ ထာဝစဉ်ရှိမနေနိုင်ပါ။ သို့ဖြစ်၍ ကိုယ့်ရဟန်း သံဃာအချင်းချင်းကိုသာ မိသားစုသဖွယ် သဘောထားကြရ၏၊ ကပ်ရောက်လာသော ရောဂါ ဝေဒနာတို့အတွက် ဘုရားရှင်ခွင့်ပြုတော်မူထားသော ဆေးဝါးများကို ရှာဖွေကာ ရဟန်းအချင်းချင်း ဆေးဆရာလုပ်၍ ကုသကြရ၏၊
ဤသို့ ကိုယ့်အချင်းချင်း ဆွေမျိုးပြုနေကြသော ကျွန်ုပ်တို့အတွက် တက္ကသိုလ်ပြည်မှ ပြန်ရောက်လာသော ဆရာဇီဝကသည် ရဟန်းသံဃာ မဟုတ်သော ဆွေမျိုးတစ်ယောက်ဖြစ်လာပါ၏၊
ဇာတိရပ်ထံဖြစ်သော ရာဇဂြိုဟ်သို့ ပြန်ရောက်လာသည်နှင့် ဆရာဇီဝက၏ ဂုဏ်သတင်းများ တစ်ဟုန်ထိုး ပျံ့နှံ့လာ၏၊ ဤသို့ ပျံ့နှံ့လာခြင်းမှာ ဆေးကုကောင်းခြင်း တစ်ခုတည်းကြောင့် မဟုတ်ပါချေ။ မိဘသဖွယ် ကျွေးမွေးပြုစုခဲ့ပေသော အဘယမင်းသား၏ ကျေးဇူးများကို ခရီးရောက်မဆိုက် တုံ့ပြန်ပေးဆပ်လိုက်ခြင်းလည်း ပါဝင်ပေသည်။
တက္ကသိုလ်ပြည်က ဒိသာပါမောက္ခဆရာကြီးသည် ဇီဝကအပြန်တွင် စားရေရိက္ခာ အနည်းငယ်မျှသာ ပေးလိုက်၏၊ မိမိ၏ အတတ်ပညာကို မိမိဘာသာ ရာနှုန်းပြည့် အသုံးချသွားနိုင်စေရန် ဖြစ်၏၊ ဆရာကြီး ရည်ရွယ်ထားသည့်အတိုင်း ဇီဝကကလည်း စွမ်းဆောင်နိုင်ပါ၏၊ ခရီးကြားရှိ သာကေတမြို့တွင် သူဌေးကတော်ကြီး၏ နာတာရှည် ခေါင်းကိုက်ရောဂါကို ဆေးတစ်ခါထည့်ရုံဖြင့် ပျောက်အောင်ကုပေးခဲ့၏၊
သူဌေးကတော်ကြီးသည် အင်မတန် စည်းကမ်းကြီးလှသည် ဆို၏၊ တစ်စုံတစ်ခုသော ပစ္စည်းကိုမျှ အလဟဿ အဖြစ်မခံပေ။ မည်မျှ အဖိုးနည်းသော ပစ္စည်းဖြစ်စေ သူ့နေရာနှင့်သူ အသုံးချရမှ ကျေနပ်သူဖြစ်၏၊ ခေါင်းကိုက်နာအတွက် ဆေးဝါး အဖုံဖုံနှင့် ရောစပ်ကာ နှာခေါင်းမှ လောင်းထည့်သော ထောပတ်များကိုပင် ပါးစပ်မှ ပြန်ထွက်လာသောအခါ အခိုင်းအစေများက ဝါဂွမ်းများဖြင့် သုတ်ယူ၍ သိမ်းဆည်းထားကြရ၏၊ အခိုင်းအစေများ ခြေထောက်နာလျှင် လိမ်းကျံရန်၊ မီးမွှေးရာ၌ အသုံးပြုရန်ဟု ဆိုပေသည်။
ဤရွေ့ဤမျှ ဇယားကျလှသော သူဌေးကတော်ကြီးသည် ဆရာဇီဝကကိုကား ဆေးဖိုးဝါးခ ထိုက်ထိုက်တန်တန်ကြီး ပေးခဲ့ပါ၏၊ သူဌေးကတော်ကြီး တစ်ဦးတည်းကပင် ငွေလေးထောင် ပေးခဲ့၏၊ ထို့နောက် သားက လေးထောင်၊ ချွေးမက လေးထောင်၊ သူဌေးကြီးကလည်း လေးထောင် ပေးခဲ့၏၊ ဆရာဇီဝကသည် တစ်သောင်းခြောက်ထောင်သော ထိုဆေးဖိုးဝါးခများကို မွေးစားဖခင် အဘယမင်းသားအား တစ်ပြားမကျန် ပေးအပ်လိုက်ပေသည်။
အရွယ်ရောက်ချိန်မှာ ဆေးပညာဖြင့် ဂုဏ်ရှိန်မြင့်လာခဲ့သော ဆရာဇီဝကသည် တကယ်တော့ ပြည့်တန်ဆာမတစ်ယောက်၏ သားဖြစ်ပေသည်။ ပြည့်တန်ဆာဆိုသော်လည်း သာမန် ကြေးစားထဲက မဟုတ်ပါ။ မြို့ပြပြည်ရွာ၏ အဆင်းတန်ဆာဖြစ်စေရန် ဘုရင့်အမိန့်တော်ဖြင့် ခန့်အပ်ထားရသော ပြည့်တန်ဆာဖြစ်၏၊ တစ်ညတာ ကာလအတွက် ငွေတစ်ရာနှုန်း သတ်မှတ်ထားပေသည်။
ပြည့်တန်ဆာမ သာလဝတီသည် ဇီဝက ကိုယ်ဝန်ရှိသောအခါ လူတွေ့မခံဘဲနေကာ မွေးဖွားလာသည်နှင့် အမှိုက်ပုံထဲမှာ သွားပစ်စေ၏၊
ကံအားလျော်စွာပင် အဘယမင်းသားသည် စောစောစီးစီး အပြင်ထွက်လာရာ ကျီးတသောသော ဝိုင်းအုံနေသော ကလေးငယ်ကို တွေ့ရသဖြင့် ကောက်ယူကျွေးမွေးထား၏၊ ထူးထူးခြားခြား ကျီးတွေကြားမှာ အသက်ရှင်လျက် တွေ့ရသဖြင့် သူ့ကို ဇီဝကဟု အမည်မှည့်ခဲ့ကြပေသည်။ အသက်ဘေးမှ ကယ်တင်ရုံမက လူလားမြောက်အောင် ပြုစုလာခဲ့သော မွေးစားဖခင်ကို ဤလို ကျေးဇူးဆပ်လိုက်ရသဖြင့် ကြားရသူတိုင်းက သာဓုနုမော် ခေါ်ကြရပေသည်။
ဆရာဇီဝက ရောက်လာပြီမို့ ကျွန်ုပ်တို့သည် ဆေးဝါးကိစ္စအတွက် ဗျာမများရတော့ပေ။ သည်ရောဂါနှင့် သည်ဆေး တည့်မှ တည့်ပါလောဟု စမ်းတဝါးဝါး ဖြစ်နေစရာ မလိုတော့ပေ။ ဘုရားရှင်နှင့်တကွ ကျွန်ုပ်တို့အားလုံး၏ ကျန်းမာရေးကိစ္စများကို ဆရာဇီဝကက တာဝန်ယူထားလိုက်ပြီဖြစ်၏၊ ဘုရားရှင့်အပေါ် ကြည်ညိုလှသော သဒ္ဓါတရားမှ ရဟန်းသံဃာအထိ ဆင့်ပွားလာခြင်း ဖြစ်ပေသည်။
(ဝိနည်း မဟာဝဂ်၊ စီဝရက္ခန္ဓက၊ ဇီဝကဝတ္ထု)
ဘုရား ဆွေမျိုး သံဃာ့ဆွေမျိုး ဖြစ်နေသော ဆရာဇီဝကသည် ဗိမ္ဗိသာရမင်းကြီးထံမှာလည်း အမှုထမ်းနေရ၏၊ မင်းကြီးနှင့်တကွ တစ်နန်းတော်လုံးရှိ လူနာများကို ဆေးဝါးကုသပေးနေရ၏၊ ထို့ကြောင့် ဇီကမှာ ပြင်ပလူနာများအတွက် အလှည့်မပေးသာအောင် ဖြစ်နေရပေသည်။
ထိုစဉ်က ရာဇဂြိုဟ်မြို့တော်တစ်ဝန်းတွင် ကုဋ္ဌနူနာရောဂါများ ဖြစ်ပွားလျက်ရှိ၏၊ ပြည်တည်သောအနာ၊ ပွေးနာ၊ ယားနာ၊ ချောင်းခြောက်ရောဂါနှင့် ဝက်ရူးပြန်ရောဂါတို့သည်လည်း အနှံ့အပြားဖြစ်ပွားနေကြ၏၊ ဆရာဇီဝကထံ ဆေးကုသခံနိုင်ရေးအတွက် အခက်အခဲတွေ့နေသော ထိုလူနာတို့သည် နောက်ဆုံးတွင် ရဟန်းဘောင်သို့ စုပြုံရောက်လာကြတော့၏၊ လူ့ဘဝမှာတုန်းက ခက်ခဲလေသမျှ ဂီလာနရဟန်းဘဝဖြင့် ဆေးကုသခွင့်ရနိုင်ရန် ဖြစ်ပေသည်။
သူတို့ဘက်က အဆင်ပြေသည်ကား ဟုတ်ပါ၏၊ ဆရာဇီဝကဘက်မှာကား တာဝန်မသေးလှပေ။ ဂီလာနရဟန်းများကို ဆေးဝါးကုသရသည်ဆိုသော်လည်း ဆေးကုသရုံသက်သက်နှင့် မပြီးနိုင်ပါ။ ဂီလာနရဟန်းတို့နှင့် သင့်တင့်လျောက်ပတ်သော ဆွမ်းများ ဆက်ကပ်ရသေး၏၊ သူနာပြုရဟန်းများကိုလည်း ဆွမ်းကပ်ရသေး၏၊ အရေးပေါ်ရောက်လာသော ဂီလာနရဟန်းများမှာ သဒ္ဓါသမားများ မဟုတ်ကြသဖြင့် ရသမျှနှင့် မတင်းတိမ်နိုင်ကြ။ ဟိုဟာ သည်ဟာ ထွေထွေရာရာ အတောင်းအရမ်း ထူပြောလှ၏၊ သူတို့တောင်းလေသမျှကို လောက်ငအောင် ဖန်တီးပေးနေရသဖြင့် တစ်နေ့မှာ ရွှေနန်းတော်ကြီး၏ သတိပေးခြင်း ခံလိုက်ရ၏၊ ရွှေနန်းတော်သို့ တာဝန်ကျနေသော အချိန်မှာ မရောက်နိုင်ခြင်းကြောင့် ဖြစ်ပေသည်။
တာဝန်ပျက်ကွက်မိသဖြင့် ပထမဦးစွာ မင်း၏ အမျက်သင့် ခံလိုက်ရပေပြီ။ သို့သော် ဆရာဇီဝကအဖို့ ဤမျှဖြင့် စိတ်ပျက်စရာ မဟုတ်သေးပါ။ သည်ထက်ပို၍ စိတ်ပျက်စရာ ရှိပါသေးသည်။ ယင်းမှာ အခြားမဟုတ်ပေ။ ဆရာဇီဝကထံ ဆေးကုသခံပြီးမှ လူထွက်သွားကြသော ပုဂ္ဂိုလ်များပါတည်း။
ထက်သန်လှသော စေတနာသဒ္ဓါတရားကို အစော်ကားခံရပြီဖြစ်၍ ဆရာဇီဝကသည် ဤကိစ္စကို ဘုရားရှင့်ရှေ့တော်အရောက် ပို့လိုက်ရတော့၏၊ အနာမျိုးငါးပါး ကပ်ရောက်လာသူများအား ရဟန်းခံမပေးရန် လျှောက်ထားရတော့၏၊ ဘုရားရှင်ကလည်း ဆရာဇီဝက လျှောက်ထားချက်ကို လက်ခံတော်မူပေသည်။ ထို့ကြောင့် ရဟန်းလောင်းများအား ရဟန်းခံမပေးမီမှာ ဤသို့သော ရောဂါများ ရှိ မရှိ ကျွန်ုပ်တို့စစ်ဆေး မေးမြန်းကြရခြင်းဖြစ်ပေသည်။
(ဝိနည်းမဟာဝဂ်၊ မဟာခန္ဓက၊ ပဉ္စာဗာဓဝတ္ထု)
ဆရာဇီဝက၏ လျှောက်ထားချက်အရ ကျွန်ုပ်တို့ ရဟန်းသံဃာများမှာ အမြင်သန့်ရှင်းသွားကြ၏၊ လူမသတီစရာဘဝမှ လွတ်မြောက်လာကြရ၏၊ ထို့ပြင် ကြည့်မကောင်း၊ ရှုမကောင်းလောက်အောင် ဟောင်းနွမ်း စုတ်ပြတ်နေသော ပံ့သကူသင်္ကန်းကြီးများမှ လွတ်မြောက်ခွင့် ရခြင်းမှာလည်း ဆရာဇီဝက၏ ကျေးဇူးပင် ဖြစ်သည်။
သာသနာတော်ကြီးအတွက် ဤသို့သော ကျေးဇူးကို ပြုနိုင်ရေးအတွက် ဆရာဇီဝကသည် သက်ဦးဆံဖျား စွန့်စားခဲ့ရ၏၊ စဏ္ဍပဇ္ဇောတမင်း၏ ဓားသွားအောက်မှ လက်မတင်ကလေး လွတ်မြောက်ခဲ့ရ၏၊
အမှန်အားဖြင့် ထိုမင်း၏ ဘွဲ့မည်ရင်းမှာ ပဇ္ဇောတမင်းသာ ဖြစ်၏၊ ဒေါသမျက်မာန်ပြင်းထန်ကာ ကြမ်းကြမ်းတမ်းတမ်း ပြုမူတတ်သဖြင့် ဘွဲ့မည်ရင်းရှေ့မှာ စဏ္ဍဟူသော ဝိသေသနပုဒ်တစ်ခု တိုးလာရ၏၊ အဝန္တိတိုင်းကို အစိုးရသည်ဖြစ်၍ ဥဇ္ဇေနီမြို့တော်မှာ နန်းစိုက်ထား၏၊ ဥဇ္ဇေနီမြို့တော်သည် ရာဇဂြိုဟ်မြို့တော်နှင့် သံတမန်ဆက်ဆံမှု ကောင်းမွန်ခဲ့ပေသည်။
စဏ္ဍပဇ္ဇောတမင်းက သံတမန်များမှတစ်ဆင့် ဗိမ္ဗိသာရမင်းထံ အကူအညီတောင်းသဖြင့် ဆရာဇီဝကသည် ဥဇ္ဇေနီမြို့တော်သို့ လိုက်ပါသွားရ၏၊ ဆေးဘက်ဆိုင်ရာပညာ ကုန် တတ်မြောက်ပြီးသော ဆရာဇီဝကအဖို့ ရောဂါမျိုးစုံကို တုန်လှုပ်ရန် မရှိပါ။ သို့သော် သည်မင်း၏ ရောဂါအတွက်ကား တွေးရခက်ခက် ဖြစ်နေရ၏၊
ပဇ္ဇောတမင်း၏ ကိုယ်လက်မျက်နှာ အခြေအနေများကို အကဲခတ်လိုက်ရုံဖြင့် သူတို့ဘာသာ အမည်မဖော်တတ်သော ရောဂါကို ဆရာဇီဝက သိလိုက်၏၊ ရောဂါသိမှတော့ ဆေးလည်းရှိပြီးပင် ဖြစ်၏၊ သို့သော် ဤဆေးကို တိုက်ရန်အရေးကား ခက်ခဲလှချေ၏၊
သည်ရောဂါကို ကုသရေးတွင် ထောပတ်သည် အဓိကဆေးဘက်ဖြစ်၏၊ သို့သော် ရောဂါရှင်က ထောပတ်ကို လုံးဝမကြိုက်။ အနံ့ကိုမျှ မခံနိုင်။ ဆေးကုခြင်းကုလျှင် ထောပတ်မပါသောဆေးကိုသာ တိုက်ပါဟု အတိအလင်း ပြောထားပြီးလည်း ဖြစ်ပေသည်။ ဆရာဇီဝက မည်သို့ ဆောင်ရွက်ရပါမည်နည်း။
ဗိမ္ဗိသာရမင်းကြီး ကိုယ်တိုင်က တာဝန်ပေး စေလွှတ်လိုက်သည်ဖြစ်၍ သည်ရောဂါကို ပျောက်အောင် မကုဘဲ ရာဇဂြိုဟ်သို့ မပြန်ရဲပါ။ ရောဂါပျောက်အောင် ကုကြစို့ဆိုတော့လည်း ရောဂါရှင်က ဆေးကိုလက်မခံ။ ဤတွင် ဆရာဇီဝက အကြံထုတ်ရတော့၏၊ အသက်ဘေးနှင့် နီးလှသော အကြံဖြစ်၍ သိုသိုသိပ်သိပ် စီမံခဲ့ရ၏၊ ထို့နောက် ဆေးကို ရုတ်တရက် မပေးသေးဘဲ ပဇ္ဇောတမင်းကြီးထံ ကြိုကြိုတင်တင် ခွင့်ပန်ခဲ့ပေသည်။
"အရှင်မင်းကြီး၊ ကျွန်ုပ်တို့ ဆေးသမားများမှာ လိုအပ်သော ဆေးဖက်ပစ္စည်းများကို နက္ခတ်သင့်ချိန်မှာ ရှာဖွေကြရပါသည်။ နက္ခတ်သင့်ချိန်တွင် အခက်အခဲမရှိ ဆေးရှာထွက်နိုင်ရန် နှစ်သက်ရာ ယာဉ်တစ်ခုခုကို အသုံးပြုခွင့် ရချင်ပါသည်။ တံခါးများကိုလည်း အတားအဆီးမရှိ ထွက်ဝင်ခွင့် ရချင်ပါသည်။ နက္ခတ်သင့်ချိန်ကလေးကို လက်မလွတ်စေရန် ကြိုက်ရာအချိန်မှာ ထွက်ခွင့် ဝင်ခွင့် ရပါရစေ"
"ဇီဝက၊ သင်လိုသမျှ ရစေ။ ယူစေ။ ထောပတ်မပါသော ဆေးကိသာ စီရင်လော့"
လာမည့်ဘေးများအတွက် ပြေးပေါက်များဆင်ထားပြီးနောက် ဇီဝကသည် ချက်ထားသော ဆေးကိုတိုက်ခဲ့၏၊ တိုက်ပြီး၍ မကြာမီမှာပင် ဘဒ္ဒဝတိကာဆင်မကို စီး၍ ထွက်ခွာလာခဲ့၏၊ ပဇ္ဇောတမင်းကြီး ပိုင်လေသမျှ ဆင်များထဲမှာ ခြေအမြန်ဆုံးဆင်ကို ရွေးချယ်လာခဲ့ခြင်း ဖြစ်ပေသည်။
ဒေါသကြီးသောမင်း၏ ဓားသွားအောက်မှ အလွတ်ပြေးလာခဲ့သော ဆရာဇီဝကသည် ခရီးအကြား ကောသမ္ဘီမြို့မှာ တစ်ထောက်နား၏၊ စခန်းတစ်နေရာတွင် အရန်သင့်ပါလာသော နံနက်စာကို စားသုံးနေ၏၊ ထိုစဉ်ခိုက်မှာပင် ဘုရင့်ခြေမြန်တော် ကာကသည် ဇီဝကရှေ့မှောက်သို့ မားမားမတ်မတ်ကြီး ရပ်လာပေတော့သည်။ ဘီလူးနှင့် စပ်ကာ မွေးထားလေသလားဟု ဆိုရလောက်အောင် သန်မာထွားကျိုင်းလွန်းလှသော လ်ကြီး တစ်ယောက်ပါပေတည်း။ လူကြမ်းကြီး တစ်ယောက်ပါပေတည်း။
"ဆရာဇီဝက၊ ပဇ္ဇောတမင်းက သင့်ကို ပြန်ခေါ်ခဲ့ရန် စေလွှတ်လိုက်သည်"
ကာကက တိုတိုနှင့်လိုရင်းကို ပြောပြလိုက်၏၊ သည်ထက်ပို၍ ပြောစရာ မလိုပါ။ အရန်သင့်ကိုင်ထားပြီးသော ဓားထက်ထက်ကို ကြည့်ရုံနှင့် ရှေ့လာမည့် အလားအလာများကို ဆရာဇီဝက မြင်လိုက်ပါပြီ။
ဤအခြေအနေကို စောစောကပင် ဆရာဇီဝက တွက်ဆပြီး ဖြစ်၏၊ ဆေးဖက်ပေါင်းများစွာဖြင့် အနံ့ပြောင်းအောင် ဘယ်လောက်ပင် ချက်ထားထား၊ လေချဉ်တက်လာသောအခါမှာကား ထောပတ်သည် ဇာတိပြလာမည်သာ ဖြစ်၏၊ ဤတွင် စဏ္ဍပဇ္ဇောတမင်းသည် နာမည်နှင့်လိုက်အောင် ထောင်းခနဲ ဒေါသထွက်လာမည်ဖြစ်၏၊ ထို့ကြောင့် ပင် ကြိုကြိုတင်တင် အခွင့်အရေးတောင်းကာ ဘေးလွတ်ရာသို့ ထွက်ခွာလာခဲ့၏၊ ထောပတ်နှင့် ပတ်သက်၍ အတွက်အချက်မှန်ခဲ့သော ဆရာဇီဝကသည် ခြေမြန်တော်ကြီး ကာကကိုကား သတိမထားခဲ့မိပေ။
သတိမထားမိခဲ့သော လူ့ဘီလူးကြီးသည် ယခုတော့ ဓားတစ်လက်နှင့် အပါခေါ်နေချေပြီ။ မလိုက်ဘူးဆိုလျှင် သည်နေရာမှာပင် နှစ်ပိုင်းပြတ်သွားမည်ဖြစ်၏၊ လိုက်ပါသွားပြန်လျှင်လည်း အသက်ရှင်လမ်း မမြင်ပါချေ။
"သင်ခေါ်ရာ လိုက်ခဲ့ပါမည် ကာက။ ခဏလေးဆိုင်းပါဘိ။ စားလက်စ ထမင်းကို ပြီးအောင် စားပါရစေ။ သည်မှာ ထမင်းဟင်းတွေ အများကြီးရှိပါသေး၏၊ သင်လည်း ဆာရော့မည်။ ငါနှင့်အတူ စားပါတော့လော"
လွတ်လို့လွတ်ငြား နည်းလမ်းရှာရင်းကာ သေမင်းတမန် ကာကကို ဖိတ်ခေါ်လိုက်၏၊ ဖိတ်ခေါ်သည့်အတိုင်း ကာကသာ တကယ်ဝင်စားလျှင် ဆရာဇီဝက လွတ်လမ်းရှိပါ၏၊ သို့ရာတွင် ဤအရေးကို စဏ္ဍပဇ္ဇောတမင်းက ပြေးမြင်ထားပြီး ဖြစ်ချေပြီ။
"သည်းခံပါ ဆရာဇီဝက။ စဏ္ဍပဇ္ဇောတမင်းက ကျွန်ုပ်ကို အသေအချာ မှာလိုက်ပါသည်။ ဆရာ့ဆီက ကျွန်ုပ် ဘာတစ်ခုမျှ စားသောက်ခွင့်မရှိပါ"
လွတ်လမ်းတစ်ခုကား ပိတ်သွားပြန်ချေပြီ။ သို့သော် ဆရာဇီဝကကား ဣန္ဒြေ မပျက်သေးပါ။ ထမင်းများစားသောက်ပြီးနောက် သျှိသျှားသီးတစ်လုံးကို ရေတစ်ခွက်နှင့် ကိုက်စားကာ-
"ကာက၊ အလျင်အမြန်လိုက်လာရသည့်အတွက် သင်မောလှပြီ။ ဆာလည်း ဆာလှရော့မည်။ ရော့ သည်ဟာလေးများကို အဆာပြေစားပါ"
စားလက်စ သျှိသျှားသီးနှင့် သောက်လက်စ ရေခွက်ကို ကမ်းလှမ်းလိုက်၏၊ လူကြမ်းကြီး ကာကကလည်း ကမ်းလှမ်းလာသမျှကို လက်ခံစားသောက်လိုက်၏၊ ဆရာဇီဝကကိုယ်တိုင် စားသောက်လက်စဖြစ်သော ဤအသီးနှင့် ဤရေတွင် တစ်စုံတစ်ရာ အန္တရာယ်မရှိနိုင်ဟု သူ့ခမျာ ယုံကြည်ရှာပေသည်။
ကာက၏ ဝမ်းခေါင်းကျယ်ကြီးထဲ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သျှိသျှားသီးနှင့် ရေများက အစွမ်းပြကြတော့၏၊ သို့သော် သူတို့ကိုယ်တိုင် စွမ်းကြသည်ကား မဟုတ်ပါ။ လက်သည်းဖျားမှ တစ်ဆင့် မသိမသာ ထိုးထည့်လိုက်သော ဆေးက အစွမ်းပြလိုက်ခြင်း ဖြစ်ပေသည်။
ဝမ်းတဝေါဝေါ သွားနေသော ကာကကို ဆင်မနှင့်တကွ ထားခဲ့ပြီးနောက် ဆရာဇီဝကသည် ရာဇဂြိုဟ်မြို့တော်သို့ ဘေးမသီ ရန်မခ ပြန်ရောက်လာခဲ့၏၊ လေချဉ်တက်စဉ်က အမိအရ အဖမ်းခိုင်းခဲ့သော ပဇ္ဇောတမင်းသည် ရောဂါပျောက်သွားချိန်မှာကား ဆရာ့ကျေးဇူးကို သိတတ်ပါပေသည်။ သိဝိတိုင်းဖြစ် အဝတ်အထည်ပေါင်း တစ်သောင်းတိတိ ဆေးကုခ ပေးလိုက်ပါပေသည်။
လူတို့ ရက်လုပ်နိုင်သမျှတွင် အကောင်းဆုံး အညွန့်ဆုံး အဝတ်အထည်များဖြစ်၍ သာမန်လူတို့နှင့် မထိုက်တန်ဟု ဆရာဇီဝကက ဆုံးဖြတ်လိုက်၏၊ တချို့ကို ဗိမ္ဗိသာရမင်းကြီးထံ ဆက်သွင်း၍ တချို့ကို ဘုရားရှင်ထံ ကပ်လှူရပေမည်။ သို့သော် တစ်ခုခက်နေသည်မှာ ထိုစဉ်က ဘုရားရှင်သည် ပံ့သကူသင်္ကန်းကိုသာ ခွင့်ပြုထားသေး၏၊ ဒါယကာ၊ ဒါယိကာမတို့ လှူဒါန်းသော သင်္ကန်းကောင်းများကို ခွင့်ပြုတော်မမူသေးပေ။ ရဟန်းများကို ခွင့်မပြုသေးသော သင်္ကန်းကောင်းများကို သူ့အတွက်လည်း အလှူခံတော်မူမည် မဟုတ်ချေ။
လှူခွင့်တန်းခွင့်ကို ချောင်းမြောင်းနေသော ဆရာဇီဝကအဖို့ တစ်နေ့မှာကား အခါအခွင့် သင့်မြတ်လာခဲ့၏၊ စမြင်းဒေါသ ထူပြောနေသော ဘုရားရှင်အား ဝမ်းသွားစေရန် ကုသပေးရာမှ အခွင့်အရေး ပေါ်လာခြင်း ဖြစ်ပေသည်။
စမြင်းဒေါသများ လျှောဆင်းသွားရေးအတွက် ဆရာဇီဝကသည် သောက်ဆေးစားဆေးများကို အသုံးမပြုပါချေ။ ဘုရားရှင် ကိုယ်တော်မြတ်အတွက် အထူးအစီအစဉ်ဖြင့် ရှုဆေးများကို ကြာရွက်များမှာ သုတ်လိမ်းကာ-
"အရှင်ဘုရား၊ ဤပထမကြာရွက်ကို ဘုရားရှင် နမ်းရှုပ်တော်မူလျှင် ဝမ်းဆယ်ကြိမ်သွားပါလိမ့်မည်။ ဒုတိယအရွက်နှင့် တတိယအရွယ်တို့လည်း သည်အတိုင်းဖြစ်ပါသည် ဘုရား"
ဤသို့သော ဆေးညွှန်းများနှင့်တကွ ဘုရားရှင်ထံ ဆက်ကပ်လိုက်၏၊
ဆရာဇီဝက ညွှန်ကြားလိုက်သည့်အတိုင်း ပထမကြာရွက်ကို ဘုရားရှင် နမ်းရှုပ်တော်မူရာ - ဝမ်းဆယ်ကြိမ်သွား၏၊ ဒုတိယကြာရွက်ကြောင့်လည်း ဆယ်ကြိမ်တိတိပင် သွားရ၏၊ တတိယကြာရွက် အလှည့်တွင်ကား တစ်ကြိမ်လျော့၍ နေတော့၏၊ ဤတွင် ဘုရားရှင်က-
"အာနန္ဒာ၊ ရေချိုးရန် စီမံပေလော့"
ဤသို့စေခိုင်းတော်မူပြီးလျှင် ရေဖောဖောချိုးလိုက်သဖြင့် ကျန်နေသေးသော ဝမ်းတစ်ကြိမ်သွားလိုက်ရ၏၊ ဝမ်းအကြိမ်သုံးဆယ် သွားပြီးသည်နှင့် စမြင်းဒေါသဝေဒနာများလည်း ကင်းငြိမ်းသွားပေသည်။
ကျွန်ုပ်နှင့် စကားစပ်မိတိုင်း ဤအကြောင်းကို ဆရာဇီဝကသည် အားပါးတရ ပြောပြတတ်၏၊ ဆေးကြာရွက်များ ဆက်ကပ်စဉ်က သတိမေ့နေခဲ့၍ နောက်ဆုံးအကြိမ်အတွက် ရေချိုးရန် မမှာခဲ့မိ။ ဤကဲ့သို့ မိမိမေ့လျော့ခဲ့သည်ကို ဘုရားရှင်က အလိုလိုသိတော်မူသဖြင့် ဆရာဇီဝကမှာ အားရဝမ်းသာ ဖြစ်နေရ၏၊ ကြည်ညိုလက်စ ရှိပြီးသူတစ်ယောက်အဖို့ ကြည်ညိုစရာတွေ ထပ်ကာ ထပ်ကာ တွေ့လာရမည်ပင် ဖြစ်ပေသည်။
ဝမ်းသွားပြီးစ ဘုရားရှင်အား ဇီဝကသည် မွန်မြတ်လှသော ဆွမ်းဘောဇဉ်တို့ကို ဆပ်ကပ်ပြီးနောက်-
"အရှင်ဘုရား၊ တပည့်တော် ဆုတစ်ခုကို တောင်းပါရစေ" ဟု လျှောက်၏၊
"ဇီဝက၊ ငါ ဘုရားမှာ ဆုပေးစရာ မရှိချေ"
ဘုရားရှင်က ထုံးစံအတိုင်းပင် မိန့်ကြားတော်မူလိုက်၏၊ ဆရာဇီဝကသည် ဤထုံးစံကို သိပြီးဖြစ်၍
"အရှင်ဘုရား၊ မြို့စားရွာစားဆုများကို တောင်းလိုရင်း မဟုတ်ပါ။ သာသနာတော်ကြဲီးအတွ့လည်း အကျိုးရှိ၍ အပြစ်ကင်းသော ဆုမျိုးသာ ဖြစ်ပါသည် ဘုရား"
"ဇီဝက ဤသို့ဖြစ်လျှင် တောင်းလော့"
"အရှင်ဘုရား၊ ယခုထက်တိုင်အောင်ပင် ဘုရားရှင်သည် ပံ့သကူ သင်္ကန်းကိုသာ ဆင်မြန်းတော်မူဆဲ ဖြစ်ပါ၏၊ ရဟန်းသံဃာကိုလည်း ပံ့သကူသင်္ကန်းကိုသာ ခွင့်ပြုတော်မူပါ၏"
"သည်က ရှေ့မှာကား တပည့်တော်၏ သိဝိတိုင်းဖြစ် ဤဝတ်စုံများကို ဘုရားရှင် အလှူခံတော်မူပါ။ ဝတ်ရုံသုံးဆောင်တော်မူပါ။ ရဟန်းသံဃာကိုလည်း ဒါယကာ ဒါယိကာမများ လှူဒါန်းသော သင်္ကန်းကောင်းများကို ဝတ်ရုံရန် ခွင့်ပြုတော်မူပါ ဘုရား"
သာသနာတော်ကြီးတစ်ခုလုံးအတွက် အကျိုးများလှသော ဆုတစ်ဆုပင် ဖြစ်ပေသည်။
ယခင်က ဘုရားရှင် ဝတ်ရုံတော်မူခဲ့သော ပိုက်ဆံလျှော် ပံ့သကူသင်္ကန်းကြမ်းကြီးသည် ယခု အရှင်မဟာကဿပဆီမှာ ရောက်နေပါပြီ။ အရှင်မဟာကဿပ၏ အဝတ်ကောင်းမှ ချုပ်ထားသော သင်္ကန်းသည် ဘုရားရှင် ကိုယ်ပေါ်မှာ ရှိနေပါသည်။ ပံ့သကူသင်္ကန်းနှင့် လဲလှယ်ထားသဖြင့် ဤသင်္ကန်းကိုလည်း ပံ့သကူသင်္ကန်းဟုပင် ဆရာဇီဝက အလေးအမြတ်ပြုခဲ့ရ၏၊
ခမည်းတော်ကြီး သုဒ္ဓေါဒန မဟာရာဇာ မကွယ်လွန်မီကပင် ဤအကြောင်းခြင်းရာများ ဖြစ်ပေါ်ခဲ့သော်လည်း ထိုစဉ်က ဖော်ပြခွင့် မကြုံခဲ့ပါ၏ သောက်ရှုးကြယ်ပြောင် အရှင်မြတ်များအကြောင်း တစ်ဆက်တည်း တင်ပြနေဆဲမို့ ချန်လှပ်ထားခဲ့ရ၏၊ ယခုမှ သံဃာ့ကိစ္စများကို တင်ပြရင်း အကြောင်းသင့်လာသဖြင့် တင်ပြလိုက်ရပေသည်။
ဆရာဇီဝကကား ကျွန်ုပ်တို့ တစ်တွေကို ဆေးကုသပေးရုံမျှ မဟုတ်ပါ။ ဆွမ်းကပ်ရုံမျှ မကသေးပါ။ သံဃာ့ပရိသတ်ကြီး ကြည်ညိုဖွယ်ရာ ဖြစ်လာရန်လည်း ဆောင်ရွက်ခဲ့ပါသေး၏၊ ဒါယကာ ဒါယိကာမများလည်း သင်္ကန်းလှူခွင့်ရစေရန်၊ ရဟန်းသံဃာများလည်း သင်္ကန်းကိစ္စဗျာပါဒ မများစေရန် အကျိုးဆောင်ပေးခဲ့ပါသေး၏၊
ဆရာဇီဝက၏ ဤသို့သော အကျိုးဆောင်မှုဖြင့်ပင် မယ်တော်ကြီး ပဇာပတိဂေါတမီသည် မိမိကိုယ်တိုင် ရက်လုပ်သော သင်္ကန်းများကို သံဃာ့ထံ လှူဒါန်းခွင့် ရခဲ့ပေသည်။
(ဝိနည်းမဟာဝဂ်၊ စီဝရက္ခန္ဓက၊ ဇီဝကဝတ္ထု)
မယ်တော်ကြီး ဂေါတမီ
မဟာပဇာပတိဂေါတမီ ထေရီမကြီးနှင့် ပတ်သက်၍ ကျွန်ုပ် ဘဝင်မကျနိုင်သော အသုံးအနှုန်းမှာ "မိထွေးတော်" ဟူ၍ပင် ဖြစ်၏၊
မှန်ပါ၏၊ အလောင်းတော်မင်းသားကို မဟာမာယာဒေဝီက မွေးထုတ်ခဲ့ရသဖြင့် သူ၏ ညီမတော်ဖြစ်သော မဟာပဇာပတိဂေါတမီမှာ မိထွေးတော်သာ ဖြစ်ခွင့်ရှိပါ၏၊ သို့သော် ထိုသည့် မိထွေးတော်ဘဝမှာ ဘာမျှ မကြာခဲ့ပါ။ အစ်မတော် မဟာမာယာဒေဝီ ကွယ်လွန်သည်နှင့် မိထွေးတော်ဘဝမှ မယ်တော်ဖြစ်လာခဲ့ပေသည်။ သားအရင်းဖြစ်သူ နန္ဒမင်းသားနှင့် ထပ်တူထပ်မျှ ပြုစုကျွေးမွေးခဲ့သဖြင့် မယ်တော်ကြီးဟူသော နာမည်ကို ထိုက်ထိုက်တန်တန် ခံယူခဲ့ရပေသည်။
တကယ်တော့ဖြင့် မဟာပဇာပတိ အရှင်မကြီးသည် ညီတော်နောင်ရင်းနှစ်ပါးမင်းတို့၏ မယ်တော်မျှသာ မဟုတ်သေးပါ။ ပရိသတ်လေးပါးတွင် အပါအဝင်ဖြစ်သော (ဘိက္ခုနီ) ရဟန်းမတို့၏ မယ်တော်ကြီးလည်း ဖြစ်ပါပေသည်။
ဘိက္ခုနီသာသနာတော်ကြီးကို မယ်တော်ကြီးက ပင်ပန်းကြီးစွာ ခံယူ၍ မွေးထုတ်ပေးရာတွင် ကျွန်ုပ်ကလည်း အချက်အချာအကျဆုံးဖြစ်သော အကူအညီကို ပေးနိုင်ခဲ့ပါ၏၊ သံဃာ့အကျိုး သယ်ပိုးဆောင်ရွက်ခဲ့ရသော တစ်သက်တာတွင် ထိုကိစ္စသည် ကျွန်ုပ်အားအရဆုံးဖြစ်ပါ၏၊ အကျေနပ်ဆုံး ဖြစ်ပါ၏၊ အခြားတစ်ဖက်တွင်လည်း ထိုကိစ္စများကို အကြောင်းပြု၍ပင် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးစကာလတွင် ကျွန်ုပ်မှာ သတိသံဝေဂ ရလာရပေသည်။
သတိသံဝေဂရသည်ဆိုရာ၌ အမျိုးသမီးများကို ကျွန်ုပ်ကဲ့သို့ သဘောမထားနိုင်သူများနှင့်သာ ဆိုင်ပါ၏၊ ဤကိစ္စဖြစ်မြောက်အောင် ဆောင်ရွက်ပေးခြင်းနှင့် လုံးဝ မပတ်သက်ပါ။ ဤကိစ္စကို ဆောင်ရွက်ပေးခဲ့ရသည့်အတွက် ကျွန်ုပ်တစ်သက်တာတွင် နောင်တတစ်ဖန် ပူပန်ခြင်း မရှိခဲ့ပါ။ ဤကိစ္စကို တွေးမိတိုင်း နှစ်သိမ့်ကြည်နူးမိသည်သာ ဖြစ်ပါ၏၊
သို့ရာတွင် နှစ်သိမ့်ကြည်နူးဖွယ် ကိစ္စကို ဖော်ပြရာ၌ကား ကျွန်ုပ်သည် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပ်များကို မလွှဲသာ မရှောင်သာ အခြေခံရပါလိမ့်မည်။
"ခမည်းတော်ကြီး ငုတ်တုတ်မဲတဲ ရှိနေစဉ်တုန်းကတော့ တပည့်တော်မ ကိုယ့်စိတ်ကို ဖြေ၍ ရပါသည်။ တိုင်းရေး ပြည်ရေး လူမှုရေး ကိစ္စတွေမှာ သူကိုယ်တိုင် မပါဝင်နိုင်တော့သော်လည်း သည်အရိပ်ကြီး ရှိနေခြင်းကပင် တပည့်တော်မအဖို့ အားကိုးတစ်ခု ဖြစ်ခဲ့ပါသည်။ ယခုတော့ သည်အရိပ်ကြီး ရှိနေခြင်းကပင် တပည့်တော်မ သည်နန်းတော်ကြီးထဲမှာ အထီးကျန် မိန်းမသားတို့သာ ကျန်ရစ်ကြရပါတော့သည်။ လွတ်ရာ ကျွတ်ရာ ထွက်ခွာသွားလေသူများအတွက် မျက်ရည်စက်လက် လွမ်းသက်ရှည်နေကြသူများပင် ဖြစ်ပါသည် အရှင်ဘုရား"
စိတ်ထဲမှာ ကြိတ်ခဲ၍ထားခဲ့ရလေသမျှ မယ်တော်ကြီးက လျှောက်ထားလိုက်ပေသည်။
ယခင်တစ်ခေါက်က ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ကပ်လှူလာခဲ့သော သင်္ကန်းများကို ငြင်းပယ်တော်မူခဲ့သော ဘုရားရှင်သည် မယ်တော်ကြီး၏ လျှောက်တင်ချက်များကို စာနာစိတ်ဖြင့် လက်ခံကြားနာတော်မူပေသည်။
ဤအပြုအမူကို ထောက်သောအားဖြင့် ကိုယ်တော်မြတ်ကြီး၏ သာသနာပြုလုပ်ငန်းများသည် တစ်ဖက်သတ် သဘောမဟုတ်ကြောင်း ကျွန်ုပ်၏ နှမသည်များ သဘောပေါက်လာကြမည်ဟု မျှော်လင့်မိ၏၊ သို့သော်လည်း သူတို့ခမျာ အလွမ်းဝေဒနာကို အဖော်ကောင်းလုပ်နေကြဆဲ ဖြစ်ပေသည်။ သူတို့၏ မျက်လုံး မျက်နှာ အမူအရာများမှာတစ်ဆင့် သူတို့၏ စိတ်ဝေဒနာကို ရှုမြင်သုံးသပ်၍ ရနိုင်ပေသည်။ သည်ကြားထဲတွင် ရောဟီဏိ အရေးတော်ပုံအတွက် စာရင်းတိုးလာရသော မုဆိုးမ နှစ်ရာ့ငါးဆယ်ကလည်း ရှိနေပေသေးသည်။ အကယ်၍ ကောလိယမြို့တော်ဘက်သို့ သွားမိလျှင်လည်း သူတို့နှင့် ဘဝတူ မုဆိုးမ နှစ်ရာ့ငါးဆယ်တို့က ကျွန်ုပ်ထံမှာ မျက်ရည်စက်လက်နှင့် စကားဆိုလာကြလိမ့်မည်သာ ဖြစ်ပါ၏၊
ဘုရားရှင်နှင့် မယ်တော်ကြီးများ ရှေ့မှာမို့ သူတို့တစ်တွေ ဣန္ဒြေဆည်နေကြရ၏၊ ကျွန်ုပ်တို့ချည်းသာဖြစ်လျှင် မေးခွန်းတွေ တစ်သီကြီး ထွက်လာကြမည်ဖြစ်၏၊ မေးခွန်းတွေ အသင်္ချေ အသင်္ချာ မေးလာကြစေဦးတော့။ ကျွန်ုပ်ဘက်က ဖြေစရာကား တစ်ခုတည်းသာ ရှိပါ၏၊ ထိုအဖြေကား "သူတို့ ပြန်မလာကြတော့ပါ" ဟူ၍ပင် ဖြစ်ပေသည်။
ရောဟီဏီ အရေးတော်ပုံမှ ထွက်ပေါ်လာကြသော ရဟန်းငါးရာတို့သည် ဝင်လာစဉ်တုန်းကတော့ ဦးစီးခေါင်းဆောင်တို့၏ အမိန့်ကို မဖီဆန်ရဲ၍သာ ဝင်လာကြရ၏၊ မိမိတို့ စိတ်သဘောဖြင့် လိုလိုချင်ချင် ဝင်လာကြခြင်း မဟုတ်သဖြင့် သာသနာ့ဘောင်တွင် မပျော်ရွှင်ကြပေ။ သည်ကြားထဲတွင် ကျန်ရစ်သူတို့ကလည်း စာနှင့်တစ်ဖုံ၊ လူကြုံနှင့်တစ်မျိုး တဖွဖွမှာကြားလျက်ရှိကြ၏၊ "မောင်မောင်တို့၊ မြန်မြန်ကြီးသာ ပြန်လာကြပါတော့။ မောင်မောင်တို့ မရှိလျှင် အိမ်မှုကိစ္စ ဘာတစ်ခုမျှ မပြီးမြောက်တော့ပါ။ ဘာလုပ်၍ ဘာကိုင်ရမည် မသိတော့ပါ" ဟု သနားစဖွယ် လွမ်းစဖွယ် မှာကြားခဲ့ကြ၏၊
ယခုတော့ သည်လွမ်းစာခွေတို့ ပို့စရာဌာန မရှိတော့ပါပြီ။ လွမ်းစာခွေကို ဖတ်ကာ မျက်ရည်ကျခဲ့ရသော အရှင်တို့ဥည် ဤကိုယ်ခန္ဓာဖြင့်ပင် ဘဝခြား၍ သွားခဲ့ကြပါပြီ။ နောင်တော်မြတ်၏ ဓမ္မသာရ ဆေးတော်ကြီးကို စားသုံးရပြီမို့ လွမ်းဆွတ်ကြေကွဲရသော ကမ္ဘာနာကြီးမှ ကျော်လွှား၍ သွားနိုင်ကြပေပြီ။
(သုတ်မဟာဝဂ်၊ မဟာသမယသုတ် အဋ္ဌကထာ)
မုဆိုးမအသစ်များအတွက် အားတက်စရာ အဖြေ မပါလာသကဲ့သို့ပင် မုဆိုးမဟောင်းမှာလည်း ကျွန်ုပ်ထံမှ တစ်စုံတစ်ရာ မျှော်လင့်ရန် မရှိပါ။
မှန်ပါသည်။ ယခုတစ်ခေါက်မှာလည်း ညီတော်နန္ဒနှင့် သားတော်ရာဟုလာတို့ မပါလာကြပါ။ ပံ့သကူဓူတင်ဆောင် ညီတော်နန္ဒသည် ယခု တောရဆောက်တည်သူလည်း ဖြစ်နေပါပြီ။ သူ၏ ဆွမ်းခံရာမှာလည်း မြို့ကြီး ပြကြီးက အိမ်ကြီးအိမ်ကောင်းများ မဟုတ်တော့ပါ။ သူနေထိုင်ရာ တောကျောင်းကလေးအနီးက ခေါင်းပါးလှသော ရွာကလေးတစ်ရွာမျှသာ ဖြစ်၏၊ ဟိုယခင်က သူ့နောင်တော်ကြီးဘုရား တမ်းတမ်းတတ မိန့်တော်မူခဲ့သည့် အတိုင်းပင်ဖြစ်ပါ၏၊ သားတော်ရာဟုလာမှာလည်း သူ့ဥပဇ္ဈာယ် ဆရာများနှင့်အတူ ဇေတဝန်ကျောင်းတော်မှာ ကျန်ရစ်ခဲ့ပေသည်။
လူ့ဘောင်လောကဝယ် ထည်ထည်ဝါဝါ နေထိုင်ခွင့် မရှိတော့သော မိန်းမသားတို့၏ ဆွမ်းဘောဇဉ်များကို ကျွန်ုပ်တို့သည် ဆိတ်ငြိမ်စွာပင် စားခဲ့ကြ၏၊ ထို့နောက် နိဂြောဓ ဥယျာဉ်ကျောင်းတော်သို့ ငြိမ်သက်စွပြင် လှမ်းလာခဲ့ကြ၏၊ ကျောင်းတော်မှာ ဘုရားရှင် ကျန်ရစ်တော်မူသော တစ်နေ့ဝယ် ကျွန်ုပ်သည် ကပိလဝတ်နန်းတော်ကြီးက မုဆိုးမများအား သကျအမျိုးသား ရဟန်းသစ် နှစ်ရာ့ငါးဆယ်တို့၏ အဖြစ်မှန်ကို ဖွင့်အန်လိုက်ရပေတော့သည်။
မီးဟူသည် ဝေးသော်မပူ၊ နီးမှပူဟု ဆိုစကားရှိခဲ့၏၊ သည်စကားကို ပြောလိုက်လျှင် သည်အဖြစ်မျိုးနှင့် မုချကြုံရမည်ဟု အတတ်သိခဲ့၏၊ မျက်ရည်လည်ရွဲ ငိုပွဲဆင်နွှဲနေကြသည့် နှမသည်များ၏ ရုပ်သွင်ကို ထိုစဉ်ကတည်းက မြင်နေခဲ့၏၊ ယခု ဖြစ်အင်သည် ထိုစဉ်က မျှော်မှန်းထားသည့် အတိုင်းသာ ဖြစ်၏၊ ယခု မြင်ကွင်းသည် ထိုစဉ်က မြင်ထားသည့် အတိုင်းသာ ဖြစ်၏၊ သို့သော် ယခင်သည် ယခု မဟုတ်ချေတကား။
သည်စကားကို ပြောလိုက်သဖြင့် သည်အဖြစ်မျိုးနှင့် ကြုံရလျှင် သည်မြင်ကွင်းများ မိမိရှေ့မှောက် ရောက်လျှင် မိမိ စိတ်ကို ဘယ်သို့ဘယ်ပုံ ဆောက်တည်ထားမည်၊ တင်းထားမည်ဟု ဟိုယခင်က အခိုင်အမာ ဆုံးဖြတ်ထားခဲ့၏၊ ထိုသို့ ဆုံးဖြတ်ထားခဲ့သော ကိစ္စနှင့် ယခုမျက်နှာချင်းဆိုင် ကြုံရချေပြီ။ မယိမ်းမယိုင် ကြံ့ကြံ့ခိုင်ခိုင်ကြီး ထားလိုက်မည်ဟု ရည်မှန်းထားခဲ့သော ကျွန်ုပ်၏ စိတ်ဘဝင်သည် ယိမ်းယိုင်လှုပ်ခါ၍ လာရပေပြီ။ သီတင်းသုံးဖော်များသာ ပါမလာလျှင် သူတို့နှင့်အတူ ရော၍ ငိုမည်လား မဆိုနိုင်ပါ။
တကယ်တမ်းသာ ငိုဖြစ်ခဲ့လျှင်တော့ အကောင်းသားပင် ဖြစ်ပါ၏၊ ဤသို့ ငိုလိုက်မိသဖြင့် သီတင်းသုံးဖော်များက ကဲ့ရဲ့ သင်္ဂြိုဟ် အရိုအသေတန်သွားကြလျှင်လည်း ကိစ္စမရှိပါ။ စောစောစီးစီး ငိုလိုက်ရ၍ စိတ်နှလုံး ပြေလျော့သွားလျှင် ညနေပိုင်းမှာပေါ်လာသော ကိစ္စအတွက် ကျွန်ုပ်စိတ်သက်သာရာ ရပါလိမ့်မည်။ သက်သောင့်သက်သာ ဗျာပါရ မများသော စိတ်ဖြင့် ချင့်ချိန်စဉ်းစားလိုက်ပါလျှင် ထိုညနေက ကိစ္စသည် ထိုညနေမှာပင် ပြီးစီးအောင်မြင်ခဲ့မည် ဖြစ်ပါ၏၊ သို့ပါလျက် ကျွန်ုပ်သည် ထိုအခွင့်အရေးကို လက်လွတ်ခဲ့ရ၏၊ မယ်တော်ကြီးတို့တစ်တွေအား သနားကြင်နာမိသော စိတ်များကြောင့်ပင် မသနားရာ၊ မကြင်နာရာ ရောက်ခဲ့ရပေသည်။
မယ်တော်ကြီး မဟာပဇာပတိဂေါတမီသည် မုဆိုးမအသစ် ငါးရာနှင့်အတူ ထိုညနေက ကျောင်းတော်သို့ ရောက်လာခဲ့၏၊ သကျ ကောလိယ နှစ်ပြည်ထောင်က ဘဝတူအမျိုးသမီးများနှင့်တကွ စုပေါင်းလာကြခြင်းဖြစ်၏၊ နံနက်ခင်းတုန်းက မချိတင်ကဲ ငိုပွဲကြီးဆင်ခဲ့ကြသော နှမသည်များသည် ယခု ညနေပိုင်းမှာတော့ မိုးဆန်းပန်းနှယ် ရွှင်လန်း၍ နေကြ၏၊ ကိုယ်စီကိုယ်င ပြုံးမြမြဖြစ်နေသော မျက်နှာများပေါ်ဝယ် မျှော်လင့်ချက်ရောင်ခြည်သစ် တစ်ခုက ယှက်သန်းလျက် ရှိနေ၏၊ နံနက်ခင်းတုန်းက သူတို့၏ အပူဒဏ် အဟပ်ခံခဲ့ရသော ကျွန်ုပ်သည်ပင် ယခု ညနေပိုင်းမှာတော့ သူတို့နှင့် အတူ ပြုံးရရွှင်ရ ပြန်ပေသည်။ အနှစ်နှစ် အလလက ကျွန်ုပ် မျှော်မှန်းထားခဲ့သော နေ့ထူးနေ့မြတ်သည် ယနေ့ပင် ဖြစ်နေသည် မဟုတ်ပါလော။
ဘုရားရှင့်သာသနာတော်ဝယ် ယနေ့ထိ ရဟန်းနှင့် သာမဏေများသာ ရှိသေး၏၊ ဘိက္ခုနီခေါ် ရဟန်းမနှင့် သာမဏေမများကား မရှိသေးပါ။ အမျိုးသမီးများည် ယနေ့ထိ သာသနာ့စည်းဝိုင်း အပြင်ဘက်မှာသာ ရှိနေကြသေး၏၊ ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ကျော်ရှိနေသော ထိုအမျိုးသမီးများ မရောက်လာ မဝင်လာသေးသည့် ကျွန်ုပ်တို့ သာသနာ့နယ်ပယ်သည် ကျယ်ပြန့်သင့်သလောက် မကျယ်ပြန့်သေးဘဲ ဖြစ်နေရ၏၊ ယနေ့တော့ သည်တစ်ဖက်က ကွက်လပ်ကို ဖြည့်ဆည်းမည့်သူများ ရောက်လာကြချေပြီ။ လူ့ဘောင်လောကအတွက် အားကိုးစရာ ဘာတစ်ခုမျှ မရှိကြတော့ပါဘဲလျက် တက်တက်ကြွကြွရှိနေခြင်းမှာ သာသနာတော်ဘက်က မျှော်လင့်ချက်ကြောင့် ဖြစ်ပေလိမ့်မည်။
ဘိက္ခုနီ သာသနာ့သမိုင်းတွင် ဦးစွာပထမ မော်ကွန်းတင်ခံကြရမည့် အာဇာနည် အမျိုးသမီးများကို ကျွန်ုပ်သည် ဘုရားရှင့် ရှေ့တော်မှောက်သို့ ဝမ်းမြောက်ဝမ်းသာ ပို့ပေးလိုက်၏၊ သကျအမျိုးသမီးများ ပီသစွာ သူများတကာထက် ဦးဦးဖျားဖျား ရောက်လာသူများအတွက် ရှင်တော်ဘုရား၏ ကောင်းချီးဩဘာသံကို ကျွန်ုပ် နာခံရပေတော့မည်။
ဘုရားရှင်၏ ခြေအစုံဝယ် လက်ကြာပဒုံ အသီးသီးကို ဆက်ကပ်ကြပြီးနောက် မယ်တော်ကြီးက ဤသို့ လျှောက်ထား၏၊
"အရှင်ဘုရား၊ သိရေး မြင်ရေး ကျင့်သုံးရေးနှင့် တကွ အရှင်ဘုရား ဟောကြားပြသတော်မူသော သာသနာတော်ဝယ် အမျိုးသမီးများ ဝင်ရောက်ထမ်းဆောင်ရန် ခွင့်ပြုတော်မူပါ ဘုရား"
မိမိတို့ အုပ်စုတစ်ခုတည်းအတွက် မဟုတ်ဘဲ အမျိုးသမီး အားလုံးကိုယ်စား လျှောက်ထားလိုက်ခြင်း ဖြစ်ပေသည်။
"ဂေါတမီ၊ သာသနာတော်ဝယ် အမျိုးသမီးများ ဝင်ရောက်ထမ်းဆောင်ရန် မတောင့်တပါလင့်"
နူးညံ့ချိုသာလှသော စကားလုံးများပင် ဖြစ်ပါ၏၊ ခါတိုင်းအချိန်များ၌ ဤလိုစကားလုံးလေးများကို ကြားနေရပါလျှင် အနားက တစ်ဖဝါးမျှ မခွာဘဲ ညလုံးပေါက် နေနိုင်ပါ၏၊ သို့ပါလျက် သည်စကားလုံးလေးများ၏ ဒဏ်ကိုကား ကျွန်ုပ် မခံနိုင်ပါ။ နားထဲမှာ နူးညံ့ချိုသာသည်နှင့်အမျှ အသည်းနှလုံး တုန်လှုပ်ရသော စကားလုံးများပါပေတည်း။
ဘေးပန်းက အကျိုးဆောင်ရသော ကျွန်ုပ်ကပင် ဤရွေ့ဤမျှ တုန်လှုပ်နေလျှင် ကာယကံရှင်များမှာ မည်သို့ရှိချိမ့်မည်နည်း။ ငိုသူကငို၊ ရှိုက်သူကရှိုက်၊ တစ်ချို့မှာတော့ နားကြားများ လွဲနေသလားဟု ဟိုဟိုသည်သည် အကဲခတ်၍ နေကြရ၏၊ သူတို့၏ နောက်ဆုံးအားကိုးရာ ပုဂ္ဂိုလ်ကြီးက ဤသို့ ဤပုံ ပစ်ပစ်ခါခါ လုပ်လိမ့်မည်ဟူ၍ သူတို့ လုံးဝ မမျှော်လင့်ခဲ့ကြပါချေ။
မမျှော်လင့်သော စကားကိုပင် သုံးကြိမ်သုံးခါ ကြားကြရပြီမို့ ဇဝေဇဝါဖြစ်စရာ မလိုတော့ပါ၏၊ မယ်တော်ကြီးက ဇွဲကောင်းကောင်းနှင့် သုံးကြိမ်သုံးခါ လျှောက်ထားသကဲ့သို့ပင် သူ့သားတော်ဘုရားကလည်း သုံးကြိမ်စလုံးကို ပယ်တော်မူလိုက်ပါချေပြီ။
ပထမတစ်ကြိမ်ပယ်စဉ်တုန်းက တချို့အမျိုးသမီးများ ငိုကြ၏၊ ဒုတိယအကြိမ်မှာတော့ ကျန်အမျိုးသမီးများအလှည့်။ နောက်ဆုံးအကြိမ်ကား မယ်တော်ကြီးတစ်ယောက်တည်းအတွက် ဖြစ်ပေသည်။
ယခင်တစ်ခါ သင်္ကန်းအလှူကို အပယ်ခံရစဉ်က ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရသည် မှန်ပါ၏၊ သို့ရာတွင် ဤသို့ ငြင်းပယ်ခြင်းမှာ သံဃာ့အဖွဲ့အစည်းကြီး ကာလတာရှည် တည်တံ့ခိုင်မြဲစေရန် ဖြစ်သည်ဟူ၍ တစ်ဖက်က ဖြေစရာရှိပါသေး၏၊ ယခု ကိစ္စမှာကား ဖြေစရာ ဖျောက်စရာဟူ၍ လုံးဝ မရှိပါပေ။ ကျန်ရှိသေးသော ဘဝတစ်သက်တာအတွက် နောက်ဆုံးပိတ် မျှော်လင့်ချက်ဟူ၍ ဤတစ်နေရာတည်းသာ ရှိခဲ့ရာတွင် ယခုတစ်နေရာတည်းမှာပင် နေစရာ မရှိတော့ပါတကား။
လူများစွာတို့၏ အကျိုးစီးပွားများစိမ့်သောငှာ၊ လူများစွာတို့၏ ချမ်းသာသုခ ပွားစိမ့်သောငှာ ဖြစ်ထွန်းပေါ်ပေါက်လာရပါသည် ဆိုသော သာသနာတော်ကြီးသည် လူများစွာထဲက အမျိုးသမီးများကိုကား လက်မခံ ပယ်လှန်လိုက်ချေပြီ။ အပယ်ခံ အမျိုးသမီးတို့၏ နောက်ဆုံးအားကိုးရာကား တွေတွေစီးသော မျက်ရည်များပင် ဖြစ်ချေသည်တကား။ မယ်တော်ကြီး၏ လျှောက်ထားချက်ကို ပြတ်ပြတ်သားသား ပယ်ချတော်မူပြီးနော်က ဘုရားရှင်သည် ဝေသာလီမြို့သို့ ပြန်လှည့်တော်မူပေသည်။
မယ်တော်ကြီးတို့အပေါ် သနားကြင်နာသော စိတ်များက ဆို့ပိတ်ထားသဖြင့် ကျွန်ုပ်သည် ထိုစဉ်က အာစေးထည့်ထားသလို ဖြစ်နေခဲ့ရ၏၊ အမျိုးသမီးများအား သာသနာတော်တွင်းသို့ ခိုလှုံခွင့် ရစေရန် နည်းပရိယာယ် တစ်ခုခုကို မရှာကြံနိုင်ခဲ့။ ဘဝတစ်သက်တာတွင် စိတ်နှလုံး ပျော့ညံ့မှုကြောင့် ဦးစွာပထမ ကြုံတွေ့ခဲ့ရသော ကျွန်ုပ်၏ ဟာကွက်တစ်ခုပင် ဖြစ်ပေသည်။ နောင်တော်မြတ်အပေါ်တွင် တွယ်တာလွန်းသော စိတ်များကြောင့် ကြုံခဲ့ရသော ဟာကွက်များကို နောက်ပိုင်းတွင် ကြားနာရပါဦးမည်။
သတိမထားမိသည့်အခိုက် ကြုံကြိုက်ခဲ့ရသော ဟာကွက်ကို သတိလက်ကိုင် ခိုင်မြဲလာသောအခါတွင်ကား ပြည့်ပြည့်ဝဝကြီး ဖြည့်ရပါမည်။ ဖြည့်ရန် အခွင့်ကလည်း မကြာမီမှာပင် ပေါ်ပေါက်၍ လာပေသည်။
ကပိလဝတ်မြို့မှ ယူဇနာငါးဆယ်ကွာလှမ်းသော ဝေသာလီမြို့တော်သို့ မနှေးလွန်း မမြန်လွန်းသော အစီအစဉ်ဖြင့် လာခဲ့ကြရာ ကျွန်ုပ်တို့ ရောက်၍ မကြာလှသေးမီမှာပင် သာသနာ့မိခင်ကြီး လိုက်ပါလာခဲ့ပေသည်။ သူ့နောက်ပါးဝယ် ဟိုးယခင်က အတူလိုက်ပါလာဖူးသော အမျိုးသမီးငါးရာလည်း အတူပါမြဲ ပါလာကြပေသည်။
မယ်တော်ကြီး၏ မျက်နှာကို မြင်ရတိုင်း အားရဝမ်းသာ ဖြစ်ခဲ့ရသော ကျွန်ုပ်သည် သည်တစ်ခါတွင်ကား စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရတော့၏၊ မယ်တော်ကြီးတို့၏ လက်ရှိအခြေအနေမှာ မရှုရက်စရာ မမြင်ရက်စရာပင် ဖြစ်ပါ၏၊ အဓွန့်ရှာစွာသော ခရီးကြမ်းကို မလှမ်းစဖူး လှမ်းလာခဲ့ကြ၍ သူတို့ခြေထောက်များ ရောင်ကိုင်းလျက်ရှိကြ၏၊ တချို့မှာဆိုလျှင် သွေးရဲရဲ သံရဲရဲ။ တစ်ကိုယ်လုံးမှာလည်း မြူမှုန်တို့က ဖွေးဖွေးလှုပ်မျှ။ ဤရွေ့ဤမျှ ညှိုးနွမ်းလှသော အခြေအနေကို ရှုမြင်ရသူသည် သိဟောင်းကျွမ်းဟောင်း မဟုတ်ပါက နန်းတော်ထက်မှ ဆင်းသက်လာသူများ ဟူ၍ပင် ယုံနိုင်ဖွယ်မရှိပါချေ။
ထို့ထက်ပို၍ ဆိုးသည်ကား မိမိတို့ဘာသာ ဆံကေသာပယ်ချ၍ ဖန်ရေစွန်းသော အဝတ်များ ဝတ်ဆင်လာကြခြင်း ဖြစ်၏၊ သားတော်ဘုရားက သုံးကြိမ်တိုင်တိုင် ပိတ်တော်မူခဲ့သော တံခါးတစ်ချပ်ကို သူတို့ဘာသာ တစ်ဖက်သတ် ဆုံးဖြတ်ချက်ချ၍ တစ်ကျော့တစ်ဖန် တွန်းလာကြပြန်ခြင်း ဖြစ်၏၊
ခိုင်မာလှစွာသော ဆုံးဖြတ်ချက်ဖြင့် ဇွဲနပဲကြီးစွာ လျှောက်လာကြသူများသည် ယခု ကုဋာဂါရကျောင်း တံခါးအဝအရောက်တွင်ကား ဆက်လက်၍ မလှမ်းနိုင်ကြတော့ပါ။ ဤသည်မှာ ခြေထောက်များ နာကျင်၍သာ မဟုတ်ပေ။ စိတ်နောက်ကိုယ်ပါ လုပ်လာခဲ့မိသော ကိစ္စကြီးအတွက် ရတက်မအေးနိုင်ကြ၍လည်း ဖြစ်ပေလိမ့်မည်။
သူတို့တစ်တွေသည် နိုင်ငံတော်တစ်လွှား၌ ထင်ရှားသူများ၊ ကျော်ကြားသူများ ဖြစ်ကြ၏၊ အရှင်သခင်နှင့်တကွ သားတော်များက စွန့်ခွာသွားကြသည့်တိုင် သူတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းများက ပျံ့လွင်ေ့နဆဲပင် ဖြစ်၏၊ သို့ဖြစ်၍ သူတို့တစ်တွေက ယခုလို ဇွတ်တရွတ်ပြုလုပ်ကြရာတွင် အုတ်အော်သောင်းတင်း ဖြစ်ခဲ့မည် မလွဲပါပေ။ သည်အကြောင်းကို တစ်ယောက်စကား တစ်ယောက်နားဖြင့် တစ်ပြည်လုံး သိကုန်ကြပေရော့မည်။
သူတို့ဘက်က တစ်ဖက်သတ် ဆုံးဖြတ်ချက်ဖြင့် ရဟန်းမအသွင် ယူလာခဲ့ရာတွင် အကယ်၍ ဘုရားရှင်က ခွင့်ပြုတော်မူလျှင် တော်တော်ရှိပါ၏၊ ကပိလဝတ်မှာကဲ့သို့ပင် ဆက်လက် ငြင်းဆန်မြဲ ငြင်းဆန်တော်မူလိုက်လျှင်ကား အရှက်တကွဲအကျိုးနည်း ဖြစ်ကြရချေတော့မည်။ ထို့ကြောင့်ပင် ကျောင်းထဲမဝင်ဝံ့ကြခြင်း ဖြစ်ပါ၏၊ ထို့ကြောင့်ပင် အုတ်တံတိုင်းကို ကပိုကရို မှီနေကြခြင်း ဖြစ်ပါ၏၊ မျက်ရည်စက်လက် မသက်မသာ ဖြစ်ကြရခြင်းမှာလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်ပါ၏၊
"အရှင်ဘုရား အာနန္ဒာ၊ တပည့်တော်မတို့ကို သနားသောအားဖြင့် ကယ်တော်မူပါဦး။ တပည့်တော်မတို့မှာ ရှေ့ကိုလည်း မတိုးဝံ့ပါ။ နောက်ကိုလည်း မဆုတ်ရဲပါ။ မရှူသာ မရှိုက်သာ အကျဉ်းအကျပ်ထဲ ရောက်နေပါပြီ ဘုရား"
အသံထိန်း၍ ပြောနေသည့်ကြားကပင် မယ်တော်ကြီးမှာ ရှိုက်တစ်ဝက် ငင်တစ်ဝက် ဖြစ်နေရ၏၊
ဘုရားရှင့် ထံတော်ပါးဝယ် ရဟန်း၊ ရဟန်းမ၊ ဒါယကာ၊ ဒါယိကာမဟူ၍ ပရိသတ်လေးပါး အစုံအလင် ရှိသင့်ပါလျက် ရဟန်းမများဘက်တွင် လစ်လပ်လျက်ရှိနေ၏၊ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လစ်လပ်နေသော နေရာကို ဖြည့်ပေးနိုင်မည့် အခွင့်အလမ်း ပေါ်လာပေမည်။ ပေါ်လာသောအခါတွင် မိမိက အလိုက်သင့် အလျားသင့် ဘုရားရှင်ထံ လျှောက်ထားမည်။ လျှောက်ထား၍ အခွင့်ရလာသည်နှင့် တစ်ပြိုင်နက် မယ်တော်ကြီးထံ အလျင်အမြန် သတင်းပို့လိုက်မည်။ ဤကား ကျွန်ုပ်၏ ရည်မှန်းချက် ဖြစ်ပါသည်။ ကပိလဝတ်မှ ဝေသာလီသို့ လာခဲ့ရာ လမ်းတစ်လျှောက်မှာ ဤအကြောင်းများကိုပင် စဉ်းစား၍ လာခဲ့၏၊ ယခုတော့ မယ်တော်ကြီးတို့က သတင်းပို့ချိန်ကိုမျှ မစောင့်ကြချေ။ တစ်ဖက်ကမ်းသို့ စိတ်ချလက်ချ မတက်ရသေးပါဘဲလျက် ဖောင်ကို ဖျက်နှင့်ပြီးကြချေပြီ။ သို့ရာတွင် ကျွန်ုပ်အနေနှင့် မယ်တော်ကြီးနှင့် နှမတော်များကို ပြစ်တင်ရှုတ်ချမှုကား မပြုနိုင်ပါ။ ဆန္ဒစောလွန်းရန်ကောဟု စကားတင်း မဆိုရက်ပါ။ မနုဿတ္တ လူ့ဘဝကို ရလာကြတာချင်း တူပါလျက် သာသနာ့တော်တွင်းသို့ ဝင်ခွင့်မရရှာကြသူများအတွက် ကရုဏာသက်မိခြင်းသာ ဖြစ်ပါသည်။
ဘုရားရှင် ကိုယ်တော်မြတ်အပေါ်၌ သူတို့သည် လေးမြတ်ကြည်ညို သဒ္ဓါပိုကြ၏၊ တရားတော်ကိုလည်း ယုံကြည်ကိုးစားပြီး ဖြစ်ကြ၏၊ ရဟန်းသံဃာဟူသမျှမှာလည်း သူတို့တူ၊ သူတို့သား၊ သူတို့၏ မောင်ဖွားများသာ ဖြစ်ကြ၏၊ ရုပ်ရည်ရူပကာအားဖြင့် အပြစ်ဆိုစရာ မရှိ။ အကျင့်သိက္ခာဘက်က ကြည့်ပြန်တော့လည်း စံပြ အမျိုးသမီးများဖြစ်ကြ၏၊ ဉာဏ်ပညာအရာမှာလည်း ဘုန်းသမ္ဘာရှင် မင်းယောက်ျားတို့အောက် နိမ့်ကျခြင်း မရှိပါ။ သို့ပါလျက် သူတို့ခမျာ မြင့်မြတ်လှသော သာသနာတော်တွင်းသို့ ဝင်ရောက်ခွင့် မရနိုင်လောက် ကြီးမားလှသော အပြစ်ကား ရှိနေဘိ၏၊ ထိုအပြစ်ကြီးကား မိန်းမသားများ ဖြစ်နေခြင်းပင်တည်း။
မိန်းမသားဟူသော အုပ်စုထဲတွင် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိခင်ကြီးသည် ထိပ်ဆုံးမှ ပါဝင်လျက်ရှိ၏၊ ထို့နောက် မိမိတို့အပေါ် မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ ဆိုဆုံးမတတ်ကြသော မိကြီး၊ မိထွေး၊ ဒေါ်ကြီး၊ ဒေါ်လေးများ၊ ကလေးအရွယ် လူမမယ်ဘဝက မိမိကို ထိန်းသိမ်းယုယခဲ့သော အစ်မများ၊ မိမိက ထိန်းသိမ်းခဲ့ရသော နှမကလေးများ၊ ထို့ပြင်တစ်ဝ မိမိတို့ကိုယ်တိုင်က ဝါးဖတ်တော် ကစီနှစ်ဖြင့် လူဖြစ်အောင် မွေးမြူလာခဲ့ကြသော သမီးငယ်ထွေး လုံမလေးတို့ ပါဝင်လျက်ရှိကြ၏၊
ကာမဂုဏ် အာရုံ မဖက်၊ မိသားစု အချစ်သက်သက်ဖြင့် ဆက်ဆံလာခဲ့ကြသော မိန်းမများသည် လောက လူ့ရွာတွင် အထင်အရှား ရှိနေကြ၏၊ သို့ပါလျက် လောကလူ့ရွာသည် အင်မတန်မှ ခက်လှဘိ၏၊ မိန်းမဟူသော အသံကိုကြားရသည်နှင့် တစ်ပြိုင်နက် သန့်စင်သော မေတ္တာရှင်များကို ကျော်လွှားကာ ကာမဂုဏ်အာရုံများကိုသာ ပြေး၍ မြင်တတ်ကြ၏၊ အချို့သော ပုဂ္ဂိုလ်ကြီးများမှာဆိုလျှင် မိန်းမဟူသော စကားလုံးကိုပင် ရွံရှာစက်ဆုပ်ဖွယ် သဘောထား၍ ဝေးဝေးက ရှောင်ရှား၍ နေကြ၏၊
ထားရာမှာနေ၍ စေရာသို့သွားခဲ့ကြရသော မိန်းမသားတို့ အပေါ်ဝယ် အခွင့်ထူးခံ မင်းယောကျ်ားတို့က အထင်သေး အမြင်သေး ဖြစ်သည်မှာ ရှိပါစေတော့။ လူ့အဆက်အနွယ်ပေါင်း မြောက်မြားစွာက ဆက်ကာ ဆက်ကာ ကျင့်သုံးလာခဲ့သော ဓလေ့ထုံးစံကြီးတစ်ခုကို ယခုချက်ချင်း တွန်းလှန်ပယ်ဖျက်၍ ရနိုင်မည် မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့၏ စိတ်ထဲ၌ စလုံးစခု ဖြစ်ခဲ့ရသည်မှာ မိန်းမသားများ အပေါ်ဝယ် မိန်းမသားများ ကိုယ်တိုင်ကပါ အထင်သေးအမြင်သေး ဖြစ်တတ်ကြခြင်းပင် ဖြစ်ပါ၏၊
ဤသို့အားဖြင့် မိန်းမသားဟူသော မနုဿလူသားများကို ယောကျ်ားရော မိန်းမပါ လောက လူ့ရွာတစ်ခုလုံးက နိမ့်ကျသော အတန်းအစားအဖြစ် သတ်မှတ်ထားလေရာ မြင့်မြတ်လှစွာသော သာသနာတော်ကြီးနှင့် အလှမ်းကွာ၍ နေကြရ၏၊ မချဉ်းသာမကပ်သာ အလှမ်းကွာ၍နေသော ဤခရီးတာကို မြေကြောရှုံ့၍ ပေးနိုင်သော ပုဂ္ဂိုလ်ကား ဤကမ္ဘာပေါ်တွင် ဘုရားရှင်တစ်ပါးတည်းသာ ရှိပေသည်။ ထိုတစ်ပါးတည်းသော ပုဂ္ဂိုလ်ကပင် အေးရာငြိမ်းရာ ခိုလှုံလာသူတို့အား ငြင်းပယ်၍ လွှတ်တော်မူခဲ့ပြီးပေပြီ။
ဤသို့ လွှတ်တော်မူရာတွင် မိန်းမသည် ခွေးထီးလောက်မျှ မမြတ်ဟူသော ရှေးရိုးစဉ်လာ အယူစွဲကြောင့် မဟုတ်နိုင်ပါ။ ထိုအယူစွဲဖြင့် ကဲ့ရဲ့ သင်္ဂြိုဟ် စကားတင်းဆိုတတ်သော လောက လူ့ရွာကြီးနှင့် မဆန့်ကျင်လိုသောကြောင့်သာ ဖြစ်ပါလိမ့်မည်။ အရှိန်ကောင်းကောင်းနှင့် လှမ်းလာခဲ့ရသော သာသနာ့ခရီးစဉ်ကြီးကို မိန်းမသားတို့ကြောင့် မဖင့်မနှေးစေလိုသောကြောင့် ဖြစ်ပါလိမ့်မည်။
ကိုယ်တော်မြတ်၏ စိတ်သဘောကို မဆန့်ကျင်လိုသော်လည်း ယခုတော့ အရေးအခွင့်က ကြုံလာချေပြီ။ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြရသော မယ်တော်ကြီးနှင့် နှမသည်များအတွက် စွမ်းအားရှိသလောက် လျှောက်ထားရပေတော့မည်။
သို့ဖြစ်၍-
"စိတ်ပျက်အားငယ်စွာ မျက်ရည်ကျမနေပါနှင့်တော ဒါယိကာမကြီး။ ဘုရားရှင့် ထံတော်မှောက် ကျွန်ုပ်သွား၍ လျှောက်ထားပါဦးမည်။ ဤနေရာကပင် ခေတ္တခဏ စောင့်ဆိုင်း၍ နေကြပါဘိ"
မယ်တော်ကြီးတို့တစ်တွေအား နှစ်သိမ့်စကားဆိုကာ ကျွန်ုပ်သည် ဘုရားရှင့် ထံတော်မှောက် ဝင်ရောက်ခဲ့ပါ၏၊ သင့်တင့်လျောက်ပတ်သော နေရာမှာထိုင်လျက် ရိုသေစွာ ဦးချကန်တော့ပြီးလျှင် သုံးကြိမ်သုံးခါ ပိတ်တော်မူပြီးသော တံခါးတစ်ရွက်ကို စတုတ္ထအကြိမ်မြောက် တွန်း၍ စမ်းလိုက်ရပေသည်။
"အရှင်ဘုရား၊ မယ်တော်ကြီး မဟာပဇာပတိဂေါတမှသည် သကျ ကောလိယ နှစ်ပြည်ထောင် အမျိုးသမီးငါးရာတို့နှင့်တကွ ကျောင်းတော်တံခါးဝမှာ ရောက်နေပါပြီ။ ယူဇနာငါးဆယ် ခရီးကြမ်းကို လှမ်းလာရသဖြင့် ခြေထောက်များ ရောင်ကိုင်း၍ နေကြပါပြီ။ သွေးသံရဲရဲ ဖြစ်နေကြပါပြီ။ တစ်ကိုယ်လုံးမှာ မြူအလိမ်းလိမ်း ကပ်လျက် ရှိကြပါသည်။ မိန်းမသားများအား ရဟန်းပြုခွင့်ပေးတော် မမူသဖြင့် ကိုယ်ရောစိတ်ပါ ဆင်းရဲခြင်းကြီးစွာ ခံစားလျက် မျက်ရည်အသွယ်သွယ် ကျဆင်း၍ နေကြရပါသည်။ အရှင်ဘုရား၊ တပည့်တော် တောင်းပန်ပါ၏၊ မိန်းမသားများအား သာသနာတော်ဝယ် ရဟန်းဝတ်ခွင့် ပြုတော်မူပါဘုရား"
"အာနန္ဒာ၊ သာသနာတော်ဝယ် အမျိုးသမီးများ ဝင်ရောက်ထမ်းဆောင်ရန် မတောင့်တပါလင့်"
ယခင်အကြိမ်များကဲ့သို့ပင်စတုတ္ထအကြိမ် တောင်းပန်လျှောက်ထားခြင်းမှာလည်း ညင်သာသော စကားလုံးတို့ဖြင့် ပယ်ချခံလိုက်ရပေသည်။ သို့ရာတွင် ကျွန်ုပ်က လက်မလျှော့နိုင်သေးပါ။ မယ်တော်ကြီး မဟာပဇာပတိဂေါတမီတို့အတွက် သေရေးရှင်ရေး ကိစ္စကြီး ဖြစ်နေသဖြင့် ပဉ္စမ၊ ဆဋ္ဌမ အကြိမ်များအထိ ဆက်လက်၍ လျှောက်ထားပြန်ပေသည်။ သို့သော် ခဲလေသမျှ သဲရေကျပါတည်း။
နို့ချိုတိုက်ကျွေး မွေးမြူခဲ့သော မယ်တော်ကြီး၏ စိတ်ချမ်းသာရေးထက် သာသနာ့ခရီးစဉ် တွင်ကျယ်ရေးကိုသာ အလေးပြုတော်မူသော အရှင်မြတ်ကြီးပါတကား။
ကိုယ်ရောစိတ်ပါ ဆင်းရဲကြီးစွာ ခံစားနေရသော မယ်တော်ကြီးအတွက် စိတ်မချမ်းမသာ ဖြစ်ရသည်နှင့်အမျှ တိကျခိုင်မာသော သာသနာပြုစိတ်ဓာတ်အတွက် ကျွန်ုပ် အားရကျေနပ်မိပါသည်။ ဤသို့သော သံမဏိစိတ်ဓာတ်ရှင်အား သမားရိုးကျတောင်းပန်နည်းဖြင့် တောင်းပန်နေ၍ အကျိုးထူးလိမ့်မည် မဟုတ်ပါ။ သံယောဇဉ်ဟူသမျှ ပယ်ဖြတ်၍ ထားခဲ့ပြီး ဖြစ်သော အရှုင်မြတ်ကြီးအား သံယောဇဉ် အမျှင်မပြတ်သော စကားတို့ဖြင့် အသနားခံ၍ မရနိုင်တော့သည့် အချိန်တွင် မရှောင်နိုင် မတိမ်းနိုင်သော စကားဖြင့် လျှောက်ထားရပါတော့မည်။
"အရှင်ဘုရား၊ မိန်းမသားတစ်ယောက်သည် ဘုရားရှင့် သာသနာတော်ဝယ် ရဟန်းပြုသောအားဖြင့် သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုခြင်းငှာ ထိုက်တန်ပါသလား အရှင်ဘုရား"
"အာနန္ဒာ၊ ထိုက်တန်ပါ၏"
မိန်းမသားတို့အား ခြောက်ကြိမ်တိုင်တိုင် ငြင်းပယ်တော်မူခဲ့သော ဘုရားရှင်သည် ဓမ္မဓိဋ္ဌာန် စကားကိုကား ချက်ချင်းလက်ငင်း ထောက်ခံတော်မူလိုက်ပေသည်။ ဤသည်မှာ ဘိက္ခုနီသာသနာ ပေါ်ထွန်းလာရေးအတွက် အစ တစ်စ ထွက်ကျလာခြင်းဖြစ်သဖြင့် ထိုအစကို ကျွန်ုပ် လက်ရပိုင်ပိုင် ဤကဲ့သို့ ဆွဲကိုင်လိုက်ရပါတော့သည်။
"အရှင်ဘုရား၊ မိန်းမသားတစ်ယောက်သည် သာသနာတော်တွင်းဝယ် ရဟန်းပြုသောအားဖြင့် ဖိုလ်လေးတန်ကို မျက်မှောက်ပြုခြင်းငှာ ထိုက်တန်ပါလျှင် မယ်တော်ကြီး မဟာပဇာပတိဂေါတမီကို ငဲ့ညှာတော်မူပါ။ မဟာပဇာပတိဂေါတမီသည် မယ်တော်ရင်း မဟာမာယာ ကွယ်လွန်ချိန်မှစပြီး အရှင်ဘုရားကို နို့ချိုတိုက်ကျွေး မွေးမြူခဲ့ပါသည်။ မြောက်မြားလှစွာသော ထိုဂုဏ်ကျေးဇူးတို့ကို ထောက်ထားသောအားဖြင့် တပည့်တော် တောင်းပန်ပါသည် အရှင်ဘုရား။ ဘုရားရှင့် သာသနာတော်ဝယ် မိန်းမသားများ ရဟန်းဝတ်ခွင့် ပြုတော်မူပါဘုရား"
"အာနန္ဒာ၊ မဟာပဇာပတိဂေါတမီသည် ဂရုဓံတရား ရှစ်ပါးကို လက်ခံငြားအံ့။ ထိုသို့ ခံယူခြင်းသည်ပင်လျှင် သူ၏ ရဟန်းခံခြင်းကိစ္စ ဖြစ်စေသတည်း"
ရွှေတံခါးကြီး ပွင့်၍ သွားပေပြီ။
ရှိသမျှသော အကြံဉာဏ်ကို ထုတ်၍ ကျားကုတ် ကျားခဲ ကြိုးစား၍ ရလာခဲ့သော ဆုလာဘ်ကို မယ်တော်ကြီးထံသို့ အလျင်အမြန် ယူလာခဲ့ရ၏၊ ဘုရားရှင့် မိန့်ခွန်းတော်ကို တိုတိုတုတ်တုတ် ထုတ်ပြန်လိုက်ရ၏၊
မိန့်ခွန်းတော်ကို ကြားနာလိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံး၏ မျက်နှာဝယ် ပြုံးပန်းလှိုင်လှိုင် ပွင့်လာကြပေသည်။ မိုးဆန်းထားသော ပန်းဥယျာဉ်ပမာ မျက်ရည်မိုးတို့ စွတ်စိုထားသော မျက်နှာထက်မှ ငွားငွားစွင့်စွင့် ပွင့်နေကြသော အပြုံးပန်းများပင် ဖြစ်ပါ၏၊
"အရှင်ဘုရား အာနန္ဒာ၊ ဦးခေါင်းကို လျှော်ပြီး၍ လှချင်ပချင် တန်ဆာဆင်ထားသော လုလင်ပျိုသည်လည်းကောင်း၊ မိန်းမပျိုသည်လည်းကောင်း၊ ကြာပန်းကို ဖြစ်စေ၊ စံပယ်ပန်းကိုဖြစ်စေ၊ စစ်သိမ်ပန်းကိုဖြစ်စေ ပန်းတစ်မျိုးမျိုးကို ရရှိသောအခါ လက်နှစ်ဖက်ဖြင့် တရိုတသေ ခံယူကာ ဦးခေါင်းတည်းဟူသော မြတ်အင်္ဂါထက်ဝယ် နှစ်သက်စွာ ပန်ဆင်ဘိသကဲ့သို့ တစ်သက်ပန်လုံး မကျူးလွန် မဖောက်ဖျက်ထိုက်ကုန်သော ဤဂရုဓံတရား ရှစ်ပါးတို့ကို တပည့်တော်မ ခံယူပါ၏ အရှင်ဘုရား"
ရေစင်ရေချမ်း သွန်းလောင်းလိုက်ရသဖြင့် နှလုံးစိတ်ဝမ်း ချမ်းမြေ့စွာ လျှောက်ထားလိုက်သော စကားတို့ ဖြစ်ကြပါသည်။
မဟာပဇာပတိ ဂေါတမီတို့အတွက် ဘုရားရှင် ပညတ်တော်မူလိုက်သော ဂရုဓံတရား ရှစ်ပါးတို့မှာ-
၁။ ရဟန်းမသည် ဝါတစ်ရာပင် ရသည်ဖြစ်စေ၊ ယနေ့မှဖြစ်သော ရဟန်းသစ်ကို ရှိခိုးရမည်။ ခရီးဦး ကြိုဆိုရမည်။ လက်အုပ်ချီရမည်။ အရိုအသေပေးရမည်။
၂။ ယူဇနာဝက်အတွင်း၌ ရဟန်းတစ်ပါးမှ မရှိသော ကျောင်းတွင် ဝါမဆိုရ။
၃။ ရဟန်း သံဃာထံသို့ လပြည့် လကွယ်နေ့တိုင်း ဥပုသ်အမေး သွားရမည်။ ဩဝါဒခံယူရန် သွားရမည်။
၄။ ဝါကျွတ်ပြီးသော ရဟန်းမသည် ရဟန်းနှင့် ရဟန်းမ သံဃာနှစ်ရပ်စလုံး၌ ကိုယ်တိုင်မြင်သော၊ တစ်ဆင့်ကြားသော၊ ယုံမှားသင်္ကာရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြောဆိုရန် ပန်ကြားရသည်။
၅။ ဂရုက အာပတ်ကြီးများသင့်သော ရဟန်းမသည် သံဃာနှစ်ရပ်လုံး၌ ပက္ခမာနတ် ကျင့်ရမည်။
၆။ ဝိကာလ ဘောဇနတိုင်အောင် သိက္ခာပုဒ်ခြောက်ခုကို နှစ်နှစ်တိုင်တိုင် ကျင့်ခဲ့ပြီးသော သိက္ခာမာန်ကို သံဃာနှစ်ရပ်၌ ရဟန်းခံနိုင်ရန် ကြိုးစားအားထုတ်ရမည်။
၇။ မည်သို့သော အကြောင်းရှိသည် ဖြစ်စေ ရဟန်းမသည် ရဟန်းကို မဆဲရေးရ၊ ရေရွတ်တိုင်းထွာခြင်း မပြုရ။
၈။ဤယနေ့မှအစပြု၍ ရဟန်းမတို့က ရဟန်းတို့အပေါ် ပြောဆိုခွင့် မရှိပေ။ သို့သော် ရှေးရှေးက မထေရ်များသည် ဤသို့သော သင်္ကန်းဆိုင်ရာ ကျင့်ဝတ်များကို ကျင့်သုံးကြပေသည်ဟူ၍ကား ရည်ညွှန်းပြောဆိုနိုင်ပေသည်။ ရဟန်းမများအပေါ်တွင်ကား ရဟန်းတို့က ပြောဆိုခွင့်ရှိပေသည်။
မယ်တော်ကြီးထံတွင် ဂရုဓံတရား ရှစ်ပါးကို သေချာဂဏ ပြောပြပြီးနောက် ကျွန်ုပ်သည် ဘုရားရှင် ထံတော်မှောက်သို့ ပြန်ဝင်ခဲ့ပြီး-
"အရှင်ဘုရား၊ မဟာပဇာပတိ ဂေါတမီသည် ဂရုဓံတရား ရှစ်ပါးကို လက်ခံလိုက်ပါပြီ" ဟု လျှောက်ထားလိုက်၏၊
ဤတွင် မလွှဲသာ မရှောင်သာ၍ ခွင့်ပြုလိုက်ရသော ကိစ္စအတွက် ဘုရားရှင်က ကျွန်ုပ်ကို သုံးမျိုးသော ဥပမာတို့ဖြင့် ပြစ်တင်ရှုတ်ချတော်မူပေသည်။ ဤသို့သော ပြစ်တင်ရှုတ်ချသော စကားရပ်တို့ကြောင့် ကျွန်ုပ်၏ စိတ်သန္တာန်ဝယ် အကုသိုလ် စေတသိက်များ ထကြွလာရန် အကြောင်းမရှိပါ။ ကိုယ်တော်တိုင်က စိတ်ပါလက်ပါ မဟုတ်ပါဘဲလျက် ကျွန်ုပ်၏ လျှောက်ထားချက်ကို လက်ခံတော်မူသည့်အတွက် ဆထက်ထမ်းပိုးတိုး၍ ကြည်ညိုမိပေသည်။ မိန်းမသားတို့အပေါ် စာနာသော စိတ်ထားဖြင့် ရှုမြင်သုံးသပ်ရာတွင် ဘုရားရှင်ကိုယ်တော်တိုင်ကပါ ကျွန်ုပ်ရှေ့မှာ မားမားမတ်မတ် ရပ်တော်မူလာသဖြင့် ကျွန်ုပ်ဝမ်းသာအားရ ဖြစ်မိပေသည်။
ကြည်ညိုခြင်း၊ ဝမ်းသာခြင်း စေတသိက်တို့ တစ်ကျော့စီ တစ်ပြန်စီ ဖြစ်ပေါ်နေကြဆဲတွင် ဝိနည်းတော်နှင့် သက်ဆိုင်သော ပြုပြင်ပြောင်းလဲမှုတစ်ခုကိုလည်း သုံးသပ်၍ နေမိ၏၊ ယခင့် ယခင် အခါများတုန်းက ဝိနည်းပညတ်ချက် တစ်ခုခု ထုတ်ပြန်တော်မူလျှင် တစ်စုံတစ်ခုသော ကျူးလွန်မှု ပေါ်ပေါက်ပြီးမှ ထုတ်ပြန်တော်မူခဲ့၏၊ ယခု ထုတ်ပြန်တော်မူသော ဂရုဓံတရား ရှစ်ပါးကိုကား မည်သို့သော ကျူးလွန်မှုမျှ မရှိသေးမီကပင် ကြိုကြိုတင်တင် ထုတ်ပြန်တော်မူလေပြီ။
သို့ရာတွင် ဤကိစ္စအတွက် ကျွန်ုပ် ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာ မလိုပါ။
"အာနန္ဒာ၊ တစ်ဖက်ဆည်ကန်ကြီး၏ ကန်ဘောင်ကို ကန်ရေတွေ ကျိုးပေါက်ဆုံးရှုံးခြင်း မရှိသေးမီကပင် ကြိုတင်၍ ဆည်ဖို့ထားရဘိသကဲ့သို့ ရဟန်းမများအတွက် ရာသက်ပန် မကျိုးမပေါက် စောင့်ရှောက်ကြရန် ဂရုဓံတရား ရှစ်ပါးကို ကြိုကြိုတင်တင် ပညတ်၍ ထားလိုက်ရပေသည်"
ထူးခြားသော အပြုအမူအတွက် ကိုယ်တော်တိုင်က ဖြေရှင်း၍ ပေးတော်မူလိုက်ပြီ ဖြစ်ပါ၏၊
(အင်္ဂုတ္တရ၊ အဋ္ဌကနိပါတ်၊ ဂေါတမီသုတ် ပါဋ္ဌိတော်နှင့် အဋ္ဌကထာ)
သမီးတော်ဂေါတမီ
မယ်တော်ကြီး မဟာပဇာပတိဂေါတမီသည် ဂရုဓံရှစ်ပါးကို ဦးထိပ်ရွက် ပန်ဆင်လိုက်သည့်အတွက် သူ့အဖို့ ရဟန်းခံခြင်းကိစ္စ ပြီးမြောက်သွားပါ၏၊ သို့သော် သူ့နောက်မှာ လိုက်ပါလာသော သကျမင်းသမီးတို့အတွက်ကား ကျန်နေသေး၏၊ ဤအကြောင်းကို မယ်တာ်ကြီးက ကျွန်ုပ်ထံ လာရောက်လျှောက်ထားရာ ကျွန်ုပ်အရေးမပိုင်သော ကိစ္စဖြစ်၍ ဘုရားရှင်ထံ ပို့ဆောင်ပေးလိုက်ရ၏၊ မိန်းမသားများ ရဟန်းပြုနိုင်ရန် ခွင့်ပြုချက်ရှိပြီမို့ သကျ မင်းသမီးများလည်း အတူတကွ လိုက်ပါ၍ လာကြပေသည်။
"အရှင်ဘုရား၊ တပည့်တော်မနှင့် အတူပါလာသော ဤသကျမင်းသမီးများကိစ္စကို မည်သို့ စီမံရပါမည်နည်း"
သာသနာတော်ကြီးတစ်ခုလုံးဝယ် တစ်ပါးတည်းသာရှိသေးသော ဘိက္ခုနီအရှင်မကြီး၏ လျှောက်ထားချက် ဖြစ်ပေသည်။ ဘုရားရှင်သည် အရှင်မကြီး၏ လျှောက်ထားချက်ကို လက်ခံတော်မူကာ အတူပါလာသော သကျ မင်းသမီးတို့ကို ရဟန်းထုံးစံအတိုင်း ရဟန်းခံရန် ဝိနည်းပညတ်ချက် ထုတ်ပြန်တော်မူပေသည်။
ဘိက္ခုနီသံဃာ၏ မူလအစဖြစ်၍ ရဟန်းတို့ထံမှာသာ တစ်ဖက်သတ် ရဟန်းခံလာကြပြီးသော အရှင်မတို့သည် မယ်တော်ကြီးထံ ပြန်လာကြ၏၊ ရဟန်းများ၏ ချီးမြှောက်ကူညီမှုဖြင့် ရဟန်းမဘဝသို့ တရားဝင်ရောက်လာကြပြီမို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်လာကြ၏၊ ခဏ္ဍသိမ်အတွင်းတွင် ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းခံရသည်ကို ဝမ်းသာအားရ ပြောကြရင်း ဤအထဲ၌ မယ်တော်ကြီး ပါမလာသည်ကို သံသယ ရှိလာကြ၏၊
"တပည့်တော်မတို့တော့ ရဟန်းတို့ထံမှာ ရဟန်းခံခဲ့ရပြီ။ အရှင်မကြီးမှာ ရဟန်းမခံရသေးပါကလား"
အချို့က ဤသို့ပင် ထုတ်ဖော်ပြောဆိုကြ၏၊ ဘုရားရှင့် အမိန့်တော်ကို ကျွန်ုပ်ထံမှ သေသေချာချာ ကြားနာရပါလျက် မယ်တော်ကြီး မဟာပဇာပတိ ဂေါတမီသည် သူတို့စကားကြောင့် ဇဝေဇဝါ ဖြစ်လာသေး၏၊ ဤပြဿနာသည်လည်း ကျွန်ုပ်ထံသို့ တစ်ဆင့် ခုန်လာသည်ဖြစ်ရာ ကျွန်ုပ်ကလည်း အရေးအရာပိုင် ဖြစ်တော်မူသော ဘုရားရှင်ထံသို့ ပို့လိုက်ရပြန်ပေသည်။
"အာနန္ဒာ၊ ဂရုဓံတရား ရှစ်ပါးကို ဦးထိပ်ပန်ဆင်လိုက်သည့် အချိန်မှစ၍ မဟာပဇာပတိဂေါတမီသည် ရဟန်းခံပြီး ဖြစ်ပေသည်"
စောစောက မိန့်ကြားခဲ့ပြီးသော စကားကိုပင် သံသယရှင်းအောင် ထပ်မံ၍ မိန့်ကြားတော်မူလိုက်ပေသည်။
(စူဠဝဂ်ပါဠိတော်၊ ဘိက္ခုနီခန္ဓက၊ ပထမ္ဘာဏဝါရ)
"ဂေါတမီ၊ 'ဤတရားတို့သည် ရာဂနှင့်တကွဖြစ်ခြင်းငှာ ဝဋ်တရားနှင့် စပ်ခြင်းငှာ ဝဋ်တရားတို့ ပွားစေခြင်းငှာ အလိုတဏှာကြီးထွားခြင်းငှာ မရောင့်မရဲ သူ့ထက်ကဲခြင်းငှာ အပေါင်းအဖော်များကြား၌ ပျော်ပါးနေခြင်းငှာ လုံ့လမရှိ ပျင်းရိနေခြင်းငှာ လုပ်ကျွေးမွေးမြူရခက်ခြင်းငှာ ဖြစ်ကုန်၏' ဟု မိမိကိုယ်တိုင် သိမြင်ငြားအံ့။ 'ထိုတရားသည် ဘုရားရှင်ဟောကြားသော တရားတော် မဟုတ်၊ ဘုရားရှင် ပညတ်တော်မူသော ဝိနည်းတော်မဟုတ်၊ ဘုရားရှင် ပေးသနားသော အဆုံးအမ မဟုတ်' ဟူ၍ ဧကန်မုချ မှတ်ယူရာ၏"
"ဂေါတမီ၊ ဤတရားတို့သည် ရာဂကင်းခြင်းငှာ ဝဋ်တရားကို ဖျက်ဆီးခြင်းငှာ အလိုတဏှာကင်းခြင်းငှာ သူ့ထက်မကဲ ရောင့်ရဲလွယ်ခြင်းငှာ အဖော်မမှီး တစ်ကိုယ်တည်းနေခြင်းငှာ မဆုတ်မနစ် အားသစ်ခြင်းငှာ လုပ်ကျွေးမွေးမြူ လွယ်ကူစေခြင်းငှာ ဖြစ်ကုန်၏ ' ဟု ကိုယ်တိုင် သိမြင်ငြားအံ့။ 'ထိုတရားသည် ဘုရားရှင် ဟောကြားသော တရားတော်ဖြစ်၏၊ ဘုရားရှင် ပညတ်တော်မူသော ဝိနည်းတော်ဖြစ်၏၊ ဘုရားရှင်ပေးသနားသော အဆုံးအမဖြစ်၏" ဟူ၍ ဧကန်မုချ မှတ်ယူရာ၏"
မယ်တော်ကြီး ပဇာပတိဂေါတမီအား ဘုရားရှင် ဟောကြားခဲ့သော ဒေသနာတော်ဖြစ်ပေသည်။
အစ်မဖြစ်သူ မဟာမာယာဒေဝီ ကွယ်လွန်ပြီးချိန်မှစ၍ ၂၉ နှစ်တိုင်တိုင် ပြုစုလုပ်ကျွေးလာခဲ့ရသော မယ်တော်ကြီးအား ဟောကြားသော ဤဒေသနာတော်သည် တိုတိုကျဉ်းကျဉ်းကလေးသာ ဖြစ်နေပါ၏၊ ဤသို့ ဖြစ်ရခြင်းမှာ အသိဉာဏ်ရင့်သန်ပြီးသော မယ်တော်ကြီး၏ တောင်းဆိုမှုအရ ဖြစ်ပေသည်။
ဘဝအတွေ့အကြုံစုံလင်၍ အသိဉာဏ်ရင့်သန်ပြီးသော မယ်တော်ကြီးတို့လို ပုဂ္ဂိုလ်များအတွက် ဘယ်တရားနာရမည်။ ဘယ်အကျင့် ကျင့်ရမည်။ ဘယ်အဆုံးအမ လိုက်နာရမည်ဟူ၍ တစ်ခုချင်း အမည်နာမတွေ တပ်ပြနေစရာ မလိုပါ။ ကာယ ဝစီ မနောတို့ဖြင့် နေ့စဉ်နှင့်အမျှ တွေ့ကြုံပြုလုပ်နေရသော ကံသုံးပါး အမှုကိစ္စများတွင် မိမိတို့ အဇ္ဈတ္တသန္တာန်ကို မိမိတို့ကိုယ်တိုင်က သတိသမ္ပဇဉ်ဖြင့် ဆင်ခြင် သုံးသပ်စေကြောင်း မကောင်းသော အမှုကိစ္စဖြစ်လျှင် မိမိကိုယ်တိုင် သိမြင်ရမည် ဖြစ်၏၊ ထိုအခါ မကောင်းမှုမှ မိမိက ရှောင်ကြဉ်ရမည် ဖြစ်၏၊
အကယ်၍ အမှုကိစ္စတစ်ခုသည် ရာဂစသော ကိလေသာတို့ ကင်းကွာစေကြောင်း ကောင်းသော အမှုကိစ္စဖြစ်လျှင်လည်း မိမိကိုယ်တိုင် သိမြင်ရမည်သာ ဖြစ်၏၊ ထိုအခါ ကောင်းသော အမှုကိစ္စကို ဆက်လက်၍ ကြိုးကြိုးစားစား ပွားများရမည် ဖြစ်ပေသည်။
ကောင်းသော အမှု၊ မကောင်းသော အမှုတို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် မှန်စွာ သိပြီးလျှင် မကောင်းသော အမှုများကို ဆက်လက် မပြုလုပ်ဘဲ ကောင်းသော အမှုကိစ္စများကိုသာ ဆက်လက်၍ ပြုလုပ်သွားခြင်းသည် ဘုရားရှင်၏ တရားတော် ဖြစ်၏၊ ဘုရားရှင် ပညတ်သော ဝိနည်းတော် ဖြစ်၏၊ ဤသည်လျှင် ဘုရားရှင်၏ အဆုံးအမ ဖြစ်၏၊
ထိုတရား၊ ထိုဝိနည်း၊ ထိုအဆုံးအမတို့ကို တစ်ခဏအတွင်း လိုက်နာကျင့်သုံးလိုက်ခြင်းဖြင့် မဟာပဇာပတိ ဂေါတမီ၏ ရဟန်းကိစ္စ ပြီးဆုံး၍ သွားပေသည်။
(အင်္ဂုတ္တရ နိကာယ်၊ အဋ္ဌကနိပါတ်သံကိတ္တသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
ကံသုံးပါးအမှုကိစ္စများ၌ အပြစ်ဟူ၍ မြူမျှ မရှိတော့သော အရှင်မကြီးသည် ဘုရားရှင့် ရှေ့တော်မှောက်မှ လက်အုပ်ချီလျက် ထွက်ခွာလာပြီးလျှင် ရဟန်းမများ ဥပုသ်ပြုရာသို့ ချဉ်းကပ်လာခဲ့၏၊ ကြည်လင်ရွှင်ပျ ဝင်းဝင်းပ၍နေသော မျက်နှာကို ကြည့်ကာ တရားထူး တရားမြတ်ကို ရလာပြီဖြစ်ကြောင်း အချို့ ရဟန်းမတို့ သိကြ၏၊ သိကြသည့်အတိုင်း ရိုသေတုပ်ဝပ် ရှိခိုးကြကာ အထူးဆုံး အမြတ်ဆုံးနေရာကို ပေးကြ၏၊
သို့ရာတွင် ထိုပရိသတ်ထဲမှာ သူတို့နှင့် မတူသူများလည်း ရှိနေကြ၏၊ ထိုရဟန်းမတို့မှာ မဟာပဇာပတိဂေါတမီ တရားမြင်မှုထက် မိမိတို့ကဲ့သို့ သိမ်ထဲမှာ ရဟန်းမခံခဲ့ရ၍ သူတို့ကဲ့သို့ ဥပဇ္ဈာယ် ဆရာဟူ၍ မရှိနိုင်။ ထိုသို့ မရှိနိုင်ခြင်းကိုပင် အပြစ်ကြီးတစ်ခုအဖြစ် ရှုမြင်ကာ-
"မဟာပဇာပတိဂေါတမီအား ဥပဇ္ဈာယ်ဆရာဟူ၍ပင် ထင်ထင်ရှားရှား ညွှန်ပြစရာ မရှိပေ။ မိမိသင်္ကန်းကို မိမိဘာသာ ယူငင် ဝတ်ရုံလာခဲ့ရပေသည်"
ဤသို့ မကြာခဏ ပြောဆိုတတ်ကြ၏၊ ထိုနေ့က ဥပုသ်ပြုရာတွင်လည်း တစ်ထောင့်တစ်နေရာမှ ပွစိ ပွစိ ဖြစ်လာကာ "သူများနည်းတူ ဥပဇ္ဈာယ်ဆရာဟူ၍ မရှိသော မဟာပဇာပတိ ဂေါတမီနှင့် အတူတကွ ဥပုသ်မပြုနိုင်ပါ" ဟု ဆိုလာသူများပင် ရှိကြ၏၊
သို့နှင့် အတူတကွ ဥပုသ်မပြုလိုကြသော ရဟန်းမတို့သည် ခဏ္ဍသိမ်အပြင်ဘက်သို့ ထွက်လာကာ ဘုရားရှင့် ရှေ့တော်မှောက်သို့ ဤအကြောင်းကို လျှောက်ထားကြ၏၊ ဤတွင် ဘုရားရှင်က-
"မဟာပဇာပတိဂေါတမီအား ငါဘုရားသည်ပင်လျှင် ဂရုဓံတရားရှစ်ပါးကို ပေးခဲ့၏၊ ထို့ကြောင့် ငါ ဘုရားသည်ပင်လျှင် မဟာပဇာပတိဂေါတမီ၏ ကမ္မဝါဆရာလည်း ဖြစ်၏၊ ဥပဇ္ဈာယ်ဆရာလည်း ဖြစ်၏" ဟု မယ်တော်ကြီးဘက်က ခိုင်ခိုင်မာမာ ရပ်တည်၍ ပေးတော်မူပေသည်။
ဤသို့ ရပ်တည်ပေးရာမှ ဆက်လက်၍
"အကြင်သူသည် ကိုယ် နှုတ် စိတ် တို့ဖြင့် မကောင်းမှုကို မပြုလုပ်ပေ။ သုံးပါးသော ဌာနတို့ ဖြင့် မကောင်းမှုကို စောင့်စည်း၏၊ ထိုသူကို သူတော်သူမြတ်ဟူ၍ ငါ ဘုရား ဟောကြားတော်မူပေသည်"
ဤသို့ တရားတစ်ပုဒ် ဟောထုတ်တော်မူလိုက်သဖြင့် မဟာပဇာပတိ ဂေါတမီအပေါ် ထားရှိခဲ့သော သံသယမြူမှုန်များ လွင့်စင် ပျောက်ကွယ်၍ သွားကြပေသည်။
(ဓမ္မပဒ အဋ္ဌကထာ၊ ဗြာဟ္မဏဝဂ်၊ မဟာပဇာပတိဂေါတမီဝတ္ထု)
အလောင်းတော် မင်းသားငယ်ဘဝက မယ်တော်ကြီး ဂေါတမီသည် မှက်၊ ခြင်၊ ယင် မသန်းရအောင် စောင့်ရှောက်ခဲ့၏၊ ထိုနည်းမခြား အလားတူစွာပင် ဘုရားရှင်ကလည်း မယ်တော်ကြီးအပေါ် အထင်မှားမှု ဘေးရန် ဟူသမျှကို ပယ်ရှား၍ ပေးတော်မူပေသည်။
ဟိုယခင်က မဟာပဇာပတိ ဂေါတမီသည် မယ်တော်ကြီး ဖြစ်ခဲ့၏၊ ယခု ထိုမယ်တော်ကြီးသည်ပင် ရှုမငြီးသည့် သမီးတော် ဖြစ်လာရပေသည်။ ရှုမငြီးသည့် သမီးတော် ဖြစ်လာ၍လည်း သူ့ခမည်းတော်က ဘေးရန်ဟူသမျှကို ကာကွယ်၍ ပေးတော်မူရ၏၊
သားငယ်ရွှေသွေး ပုလုကွေးအား မယ်တော်ကြီးသည် နို့ချိုတိုက်ကျွေးမွေးမြူခဲ့၏၊ ထိုနို့ချိုသည် တကယ်တော့ဖြင့် တစ်ခဏသာ အဆာပြေနိုင်၏၊ ယခု ဘုရားရှင် တိုက်ကျွေးတော်မူသော တရားနို့ရည်မှာကား ဆာလောင်မွတ်သိပ်မှု ဟူသမျှကို အဆုံးတိုင်ပင် ပယ်ဖျောက်နိုင်ပေသည်။
သားအမိ သားအဖ အပြန်အလှန် တော်စပ်၍ နေကြကုန်သော ကျေးဇူးရှင်ကြီးများကို ပြန်လည် သတိရတိုင်း ကျွန်ုပ်၏ စိတ်နှလုံးသည် ကြည်လင် နူးညွတ်ရပါသတည်း။
(မဟာပဇာပတိဂေါတမီ ထေရာပဒါန်)
ပုဂ္ဂိုလ်မင်၍ တရားမြင်သည်
ဘိက္ခုနီသာသနာ စတင်ပေါက်ဖွားရာ ကုဋာဂါရကျောင်းတော်မှ တစ်ဖန် ဇေတဝန်ကျောင်းတော်သို့ ကျွန်ုပ်တို့ ရောက်လာကြပါပြီ။ မဟာပဇာပတိ ဂေါတမီ အမှူးရှိသော ဖြစ်သစ်စ ရဟန်းမများလည်း ကျွန်ုပ်တို့ နောက်ပါးက ပါလာခဲ့ပေသည်။
ကျွန်ုပ်၏ နှမသည် သကျမင်းသမီးများသည် သာသနာတော်တွင်းသို့ ရောက်လာကြသည်ကား မှန်ပါ၏၊ သို့သော် သူတို့ခမျာ ယခုအချိန်အထိ ရဟန်းပြုရကျိုး မနပ်ကြသေးပါ။ သာသနာတော်ကြီး၏ အရိပ်အာဝါသကို အပြည့်အဝခိုလှုံခွင့် မရသေးပါ။ ထူးမြတ်သော တရားအသိ မကိန်းလာကြသေး၍လည်း ဖြစ်ပေသည်။
အသိမကိန်းသေး၍ အပူမငြိမ်းရှာကြသေးသော နှမများသည် ဇေတဝန်ကျောင်းတော်သို့ မျှော်လင့်ချက် တသီကြီးဖြင့် လိုက်ပါလာကြ၏၊ သူတို့တစ်တွေ၏ မျှော်လင့်ချက်ကို ကျွန်ုပ် တပ်အပ်သေချာ ပြောပြနိုင်ပါ၏၊ ရောဟိဏီ အရေးတော်ပုံမှ ရဟန်းဘဝရောက်ကာ တစ်ကြိမ်တစ်ခါမျှ မပေါ်လာကြသော သူတို့၏ မျက်နှာကို ဖူးရနိုးနိုး၊ မြင်ရနိုးနိုး မျှော်ကိုးစိတ်များပင် ဖြစ်ပေသည်။ သူတို့တစ်တွေ၏ လွမ်းသဝဏ်လွှာကို တုံ့ပြန်စာဆို၍ စာတစ်စောင်တလေမျှ ပြန်ကြားဖော်မရကြသူများအတွက် သူတို့ဘက်က သံယောဇဉ် မဖြတ်နိုင်ကြ။ အကယ်၍ မိန်းမသားတို့၏ ခံစားချက်ကို သက်သက်ညှာညှာ စဉ်းစားတတ်သော အလေ့အကျင့်သာ မရှိလျှင် ကျွန်ုပ်ကိုယ်တိုင်ကပါ သူတို့တစ်တွေကို ရှုတ်ချပြစ်တင် ပြုမိမည် ဖြစ်ပေသည်။
မျှော်တော်ဇောဖြင့် မောရပန်းရကောင်းမှန်း မသိခဲ့သော နှမများသည် ဇေတဝန်ကျောင်းတော် ဆိုက်ရောက်လာသည်နှင့် ခြေကုန်လက်ပန်း ကျကုန်ကြ၏၊ စကားမျှ ခပ်မာမာမပြောနိုင်။ သူတို့တစ်တွေ မျှော်ကိုးခဲ့ကြရသော ငွေလမင်းတို့ကို မဖူးတွေ့ရသောကြောင့် ဖြစ်ပါ၏၊ သူတို့အတွက် ဇေတဝန်ကျောင်းတော်ကြီးတစ်ခုလုံးသည် လမိုက်ညသဖွယ် ဖြစ်၍ နေပေသည်။
သန်းခေါင်လကွယ် တောအုပ်လယ်၌ ကိုးကွယ်ရာမရကြသော ရဟန်းမများကို မယ်တော်ကြီး ဂေါတမီသည် ရှေ့တော်မှောက်သို့ ခေါ်ဆောင်ကာ-
"အရှင်ဘုရား၊ မသက်မသာ စိတ်ဗျာပါဒများနေကြသော ရဟန်းမများကို ဆုံးမတော်မူပါ။ တရားဓမ္မ ဟောပြတော်မူပါ ဘုရား"
သူ့နည်းတူစွာ ထောက်ရာ တည်ရာ ရကြစေရန် အကျိုးဆောင်လိုက်ပါ၏၊ အချို့ရဟန်းမများက သံသယတစ်ကွက်ဖြင့် သံဃာ့ကံပြုရာတွင် အဆက်အဆံမပြုလိုဟု ဆိုခဲ့ကြသော်လည်း မယ်တော်ကြီးကတော့ သူတို့ကို စိတ်မကွက်ပါချေ။ မိမိကို ရှေ့တန်းတင်လျက် စိတ်တူကိုယ်မျှ လိုက်ပါလာကြသူအားလုံးကို မိခင်စိတ်ဓာတ်ဖြင့် ထပ်တူထပ်မျှ ကူညီစောင့်ရှောက်သည်သာ ဖြစ်ပေသည်။
ထိုအချိန်က ဝါရင့် မထေရ်ကြီးများသည် တစ်နေ့လျှင် တစ်ပါးကျ ရဟန်းမများကို ဆုံးမကြရ၏၊ တာဝန်ကျသော မထေရ်ကြီးများသာ တစ်ပါးပြီးတစ်ပါး ဆင်းသွားကြရ၏၊ နေ့ရက်တွေသာ တဖြည်းဖြည်း ပြောင်းလာကြရ၏၊ သူ့သမီးတော်များ၏ မျက်စိများကား ပွင့်လင်း၍ မလာကြသေးပေ။ ချစ်ရ၊ ခင်ရ၊ လွမ်းခဲ့ရသော အရှင်ဟောင်း သခင်ဟောင်းတို့၏ မျက်နှာရိပ်များက သူတို့၏ မျက်စိကို ဖုံးထားကြသောကြောင့် ဖြစ်ပေသည်။
မျက်စိထဲက တိမ်သလ္လာများကို ရှင်းလင်းသွားအောင် စွမ်းဆောင်နိုင်စရာရှိသော ပုဂ္ဂိုလ်တစ်ပါးကား ရှိပါ၏၊ ထိုပုဂ္ဂိုလ်မှာ ရုပ်ရည်ရူပကာ သပ္ပာယ်သည်နှင့်အမျှ အဟောအပြောလည်း ကောင်းလှ၏၊ ပုဗ္ဗေနိဝါသ အဘိညာဉ်ကို အထူးအလေးထား၍ ဝင်စားလေ့ရှိ၏၊ ထိုအဘိညာဉ်တန်ခိုးဖြင့် တရားနာပရိသတ်၏ အထုံ ဝါသနာကို သိကာ သူတို့ သဘောသက်ဝင်လောက်သော ဟောကွက်ပြောကွက်များဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားတတ်သူ ဖြစ်၏၊ သာဝတ္ထိမြို့တော်သို့ ပထမအကြိမ် ဘုရားရှင်ကြွတော်မူစဉ်ကပင် သာဝတ္ထိ၏ သားကောင်းရတနာတစ်ဆူ ဖြစ်ပေသည်။
ယနေ့ ရဟန်းမတို့အား ဆုံးမရန် အလှည့်ကျသူမှာ ထိုအရှင်မြတ်ပင် ဖြစ်၏၊ ထိုအရှင်မြတ်၏ ဂုဏ်သတင်းကို ကြားသိထားရပြီးပြီမို့ သည်နေ့သည်ရက်ကို ရဟန်းမတို့ အထူးမျှော်လင့်ထားကြ၏၊ မိမိတို့ စိတ်နှလုံးမှာ စူးဝင်၍ နေကြသော ဆူးငြောင့်များကို ထိုအရှင်မြတ်၏ ကူညီစောင်မမှုဖြင့် သည်ကနေ့ နုတ်နိုင် ပယ်နိုင်လိမ့်မည်ဟု အားခဲထားကြ၏၊ သို့ပါလျက် သူတို့ခမျာ ခဲလေသမျှ သဲရေကျ ဖြစ်ကြရပေတော့သည်။
ထိုအရှင်မြတ်က ရဟန်းမများကို ဆုံးမခြင်း မပြုလိုပါတဲ့။ အားကိုးထိုက်သူတစ်ဦးက အားကိုးမခံလိုသဖြင့် နောက်ဆုံးအားထားရာ ဘုရားရှင်ထံ ဝင်လာကြရခြင်းပါတည်း။
"အာနန္ဒာ၊ ရဟန်းမများကို ဆုံးမရန် ယနေ့ မည်သူ့အလှည့်နည်း"
မယ်တော်ကြီး၏ လျှောက်ထားခြင်းကို လက်ခံခြင်း၊ ငြင်းပယ်ခြင်း ပြုတော်မမူသေးဘဲ ဘုရားရှင်က ကျွန်ုပ်ကို မေးတော်မူလိုက်၏၊
"အရှင်ဘုရား၊ တာဝန်ကျသော မထေရ်ကြီးအားလုံး ဆုံးမ၍ ပြီးကြပါပြီ။ နောက်ဆုံးကျန်သူမှာ ဤအရှင်နန္ဒက ဖြစ်ပါသည်။ အရှင်နန္ဒကသည် ရဟန်းမတို့ကို ဆုံးမဩဝါဒ ပေးရန် အလိုမရှိပါဘုရား"
အမေးတော်ရှိလာသည့်အတိုင်း ကျွန်ုပ်ဘေးမှာ ရှိနေသော အရှင်နန္ဒကကို ညွှန်ပြ၍ လျှောက်ထားလိုက်ရပေသည်။
ကျွန်ုပ်တို့ သီတင်းသုံးဖော် အရှင်နန္ဒကမှာ အဟောအပြော ကောင်းသော်လည်း အခြားသူများက ခနိုးခနဲ့ ပြောစရာဆိုစရာ ဖြစ်လာမည့် ကိစ္စများကို ရှောင်ရှားတတ်ပေသည်။
"အရှင်နန္ဒက၊ ရဟန်းမတို့အား ဆုံးမလော့။ အို.... သူတော်ကောင်း၊ ရဟန်းမတို့အား တရားဓမ္မ ဟောပြပေတော့"
ဝါရင့် မထေရ်ကြီးများအားလုံးကို တာဝန်ပေးရာမှ ယခုတော့ သည်အရှင်တစ်ပါးတည်းကို တိုက်ရိုက်တာဝန် ပေးတော်မူချေပြီ။
"ကောင်းလှပါပြီ အရှင်ဘုရား"
ကိုယ်တော်တိုင်က အလေးအနက်ထားကာ တိုက်တွန်းတော်မူပြီမို့ အရှင်နန္ဒက မငြင်းသာပြီ။ ကျေးဇူးတော်သခင် အရှင်မြတ်ကြီး ကိုယ်တော်တိုင်က အထူးတလည် ပေးအပ်သော တာဝန်ဖြစ်၍ ခနိုးခနဲ့ ပြောမည့်ဆိုမည့်သူများလည်း ရှိလာတော့မည် မဟုတ်ဟု စိတ်ချသွားဟန်လည်း တူပါ၏၊
သို့နှင့် ညနေချမ်းအချိန် ရောက်လာလျှင် အရှင်နန္ဒကသည် သပိတ်ပရိက္ခရာ အစုံအလင်ဖြင့် ရာဇိကာရုံကျောင်းတိုက်သို့ တစ်ပါးတည်း ထွက်သွား၏၊ ရာဇိကာရုံကျောင်းတိုက်မှာ ဇေတဝန်ကျောင်းတော်၏ အဝင်ဝမှာပင် ရှိ၏၊ ကောသလမင်းကြီး၏ ကောင်းမှုဖြစ်၍ ဤအမည်ဖြင့် ကမ္ပည်းတင်ရပေသည်။ ယခုတစ်ကြိမ် ဘုရားရှင် ပြန်ကြွလာရာတွင် ရဟန်းမများပါ လိုက်ပါခဲ့၍ သူတို့အတွက် သီးသန့် နေစရာ ထိုင်စရာ အရန်သင့် ရှိနေပေသည်။
ရာဇိကာရုံကျောင်းတိုက်တွင် အရှင်နန္ဒက ဟောပြောခဲ့သော တရားသဘောတို့သည် ပရိသတ်အားလုံးအတွက် အကျိုးကျေးဇူးများလှသည် ဖြစ်၍ ကျွန်ုပ်က တစ်ဆင့် တင်ပြလိုက်ပါဦးမည်။
အရှင်နန္ဒက ကြွလာသည်ကို အဝေးက လှမ်းမြင်လိုက်သည်တွင် ရဟန်းမ ပရိသတ်သည် ပျာပျာသလဲလဲ ဖြစ်သွားကြ၏၊ နေရာခင်းသူက ခင်းကြ၏၊ ခြေဆေးရေတည်သူက တည်ကြ၏၊ သူတို့အားလုံးက မျှော်လင့် တောင့်တနေသော ဓမ္မကထိက အကျော်အမော်ဖြစ်၍ ဤရွေ့ဤမျှ အားပါးတရ ဖြစ်နေကြရပေသည်။
အရှင်နန္ဒကသည် ခြေထောက်များကို ဖုန်ခါပြီးလျှင် ခင်းထားသော နေရာမှာ ထိုင်လိုက်၏ တည်ကြည်ငြိမ်သက်သော ဣန္ဒြေဖြင့် ရဟန်းမ ပရိသတ်အားလုံးကို ခြုံငုံ၍ သုံးသပ်လိုက်၏၊ တရားနာ ပရိသတ်၏ စိတ်ဓာတ်နှင့် ဟပ်မိသော တရားသဘောများကို ထိုတစ်ခဏအတွင်းမှာပင် ဆင်ခြင်မိပြီဖြစ်၍ ပရိသတ်ကို ဤသို့ နှုတ်ခွန်းစလိုက်၏၊
"အို ... နှမတို့၊ သည်တစ်ခါ ဟောမည့် တရားသည်ကား မေး၍ မေး၍ ဟောရမည့် တရားဖြစ်၏၊ မေးသောအခါတွင် သိသောသူများက သိသည့်အတိုင်း ဖြေဆိုကြပါ။ မသိသောသူများက မသိကြောင်းကို လျှောက်ထားကြပါ။ တစ်နေရာရာမှာ ယုံမှားသင်္ကာရှိလာလျှင် ကျွန်ုပ်ကိုသာ ပြန်၍ မေးကြပါ"
"အရှင်ဘုရား၊ ဤမျှလောက်စကားခံ၍ ဖိတ်မန္တက ပြုလိုက်ခြင်းဖြင့်ပင် အရှင်ဘုရားကို တပည့်တော်မတို့ ကျေနပ်လှပါပြီ၊ အားရလှပါပြီ"
အရှင်နန္ဒက၏ ကမ်းလှမ်းချက်ကို ရဟန်းမများက အားပါးတရ တုံ့ပြန်လိုက်ကြ၏၊ ပုဂ္ဂိုလ်အပေါ် ခင်မင်ရင်းစွဲ ရှိနေပြီမို့ သူဟောမည့်တရားတို့ကိုလည်း လိုလိုချင်ချင် နာကြားကြတော့မည် ဖြစ်ပေသည်။
သာဓုသံတို့ ညံညံစီခဲ့သော ထိုတရားပွဲကြီးမှာ ဟောကြားချက်များကို သဘောတူရာတူရာ ပေါင်းစည်း၍ တင်ပြလိုက်ပါသည်။
သာဓုသံတို့ ညံညံစီခဲ့သော ထိုတရားပွဲကြီးမှာ ဟောကြားချက်များကို သဘောတူရာတူရာ ပေါင်းစည်း၍ တင်ပြလိုက်ပါသည်။
"နှမတို့၊ ယခုမေးသော မေးခွန်းကို သင်တို့ သဘောပေါက်သည့်အတိုင်း ဖြေဆိုကြပါ။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယ၊ မနောဟု ဆိုအပ်သော အတွင်း အာယတန ခြောက်ပါးသည် မြဲသလော၊ မမြဲသလော"
"မမြဲပါ အရှင်ဘုရား"
"မမြဲသော တရားသည် ချမ်းသာသလော၊ ဆင်းရဲသလော"
"ဆင်းရဲပါသည် အရှင်ဘုရား"
"မမြဲသော၊ ဆင်းရဲသော၊ ဖောက်ပြန်တတ်သော တရားကို ဤသည်ကား ငါ့ဥစ္စာတည်း၊ ဤသည်ကား ငါတည်း၊ ဤသည်ကား ငါ၏ အတ္တတည်းဟု ရှုမြင်ခြင်းငှာ သင့်ပါသလော"
"မသင့်ပါ အရှင်ဘုရား"
"နှမတို့၊ အဘယ့်ကြောင့် မသင့်ပါသနည်း"
"အရှင်ဘုရား၊ ဤအတွင်းအာယတန ခြောက်ပါးတို့သည် ဖြစ်ပြီးသည့်နောက် ကုန်ခမ်း ကွယ်ပျောက်တတ်သော သဘောကြောင့် အမြဲမရှိဟူသော သဘောကို တပည့်တော်မတို့သည် စောစောကပင် ဟုတ်တိုင်းမှန်ရာ သိမြင်ထားကြပါပြီ။ ထို့ကြောင့် မရှုမမြင်သင့်ကြောင်း လျှောက်ထားပါသည် ဘုရား"
"သာဓု နှမတို့၊ သာဓုခေါ်ပါ၏၊ ဟုတ်တိုင်းမှန်စွာ သိမြင်ထားသော ဘုရားရှင့် တပည့်သား၏ အဖြေမှာ ဤသို့ပင် ရှိပေလိမ့်မည်"
ထိုမှဆက်၍ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အထွေထွေအာရုံဟူ၍ အပြင်အာယတန ခြောက်ပါး။
မြင်သိ၊ ကြားသိ၊ နံသိ၊ စားသိ၊ ထိတွေ့သိ၊ တွေးကြံ ခံစား သိ ဟူသော ဝိဉာဏ်ခြောက်မျိုးတို့ကိုလည်း အမေးအဖြေ ပြုလုပ်ကြပြီးလျှင် ထိုတစ်ဆယ့်ရှစ်ပါးသော တရားသဘောတို့၏ အနိစ္စ ဒုက္ခ အနတ္တဖြစ်ပုံ ထင်ရှားစေရန် ဥပမာများကို ထုတ်ဆောင်ပေသည်။
"နှမတို့၊ ဥပမာအားဖြင့် တောက်လောင်နေသော ဆီမီးခွက်တွင် ဆီသည်လည်း အမြဲမရှိ။ မီးစာသည်လည်း အမြဲမရှိ။ မီးတောက်သည်လည်း အမြဲမရှိ။ မီးရောင်သည်လည်း အမြဲမရှိ။ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်၏"
"နှမတို့၊ တောက်လောင်နေသော ဤဆီမီးခွက်တွင် ဆီသည်လည်း အမြဲမရှိ။ မီးစာသည်လည်း အမြဲမရှိ။ မီးတောက်သည်လည်း အမြဲမရှိ။ မီးရောင်သည်လည်း အမြဲမရှိ။ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်၏၊ သို့ရာတွင် မီးရောင်သည်ကား မြဲ၏၊ ခိုင်၏၊ ဖောက်ပြန်ခြင်းမရှိ။ ဤကဲ့သို့ တစ်စုံတစ်ယောက်က ဆိုလာလျှင် သင်တို့လက်ခံနိုင်ကြပါမည်လော"
"လက်မခံနိုင်ပါ အရှင်ဘုရား"
"နှမတို့၊ အဘယ့်ကြောင့် လက်မခံနိုင်ကြပါသနည်း"
"အရှင်ဘုရား၊ အရင်းခံဖြစ်သော ဆီ၊ မီးစာနှင့် မီးတောက်တို့သည်ပင် အမြဲမရှိကုန်။ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်ကြသေး၏၊ တစ်ဆင့်ခံဖြစ်သော အလင်းရောင်မှာကား ဆိုဖွယ်ရာမရှိတော့ပါဘုရား"
"နှမတို့၊ ဤဥပမာအထောက်အကူဖြင့် ဥပမေယျ တရားသားကို ဆက်လက် နာကြားကြပါကုန်လော့"
"နှမတို့၊ အတွင်းအာယတန ခြောက်ပါးတို့သည် အမြဲမရှိ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်ကုန်၏၊ သို့သော် ထိုခြောက်ပါးသော အတွင်းအာယတနများကို အကြောင်းပြုကာ ခံစားလာရသော သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဝေဒနာတို့သည်ကား မြဲကုန်၏၊ ခိုင်ကုန်၏၊ ဖောက်ပြန်ခြင်း မရှိကုန်။ ဤသို့ တစ်စုံတစ်ယောက်က ဆိုလာလျှင် သင်တို့ လက်ခံနိုင်ကြပါမည်လော"
"လက်မခံနိုင်ပါ အရှင်ဘုရား"
"နှမတို့ အဘယ်ကြောင့် လက်မခံနိုင်ကြပါသနည်း"
"အရှင်ဘုရား၊ အတွင်းအာယတန ခြောက်ပါးအပါအဝင် ဖြစ်သော အကြောင်းတရားအပေါင်းကို အစွဲပြု၍ ထိုအကြောင်း အားလျော်စွာ ဝေဒနာတို့ ပေါ်လာကြရပါသည်။ ထိုအကြောင်းတရားတို့ ချုပ်ပျောက်သဖြင့် အကြောင်းရှိမှ ပေါ်လာကြရသော ဝေဒနာတို့လည်း ချုပ်ပျောက်ကြရပါသည်။ ထို့ကြောင့် လက်မခံနိုင်ခြင်း ဖြစ်ပါသည် ဘုရား"
"သာဓု နှမတို့၊ သာဓုခေါ်ပါ၏၊ ဟုတ်တိုင်းမှန်စွာ သိမြင်ထားသော ဘုရားရှင့် တပည့်သား၏ အဖြေမှာ ဤသို့ပင် ရှိရပေလိမ့်မည်"
"နှမတို့၊ ဥပမာနောက်တစ်မျိုးသော်ကား အနှစ်ထည့်၍ထီးတည်းမတ်မတ် တည်ရှိနေသော သစ်ပင်ကြီး၏ အမြစ်သည်လည်း အမြဲမရှိ။ ပင်စည်သည်လည်း အမြဲမရှိ။ အခက်အရွက်များသည်လည်း အမြဲ မရှိ။ ဖောက်လွဲ ဖောက်ပြန် ဖြစ်တတ်၏"
"နှမတို့၊ ထိုသစ်ပင်ကြီး၏ အမြစ်သည်လည်း အမြဲ မရှိ။ ပင်စည်သည်လည်း အမြဲမရှိ။ အရွက်အခက်တို့သည်လည်း အမြဲ မရှိကုန်။ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်ကုန်၏၊ သို့ရာတွင် ထိုသစ်ပင်၏ အရိပ်သည်ကား မြဲ၏၊ ခိုင်၏၊ ဖောက်ပြန်ခြင်းမရှိ။ ဤသို့ တစ်စုံတစ်ယောက်က ဆိုလာလျှင် သင်တို့ လက်ခံနိုင်ကြမည်လော"
"လက်မခံနိုင်ပါ အရှင်ဘုရား"
"နှမတို့ အဘယ်ကြောင့် လက်မခံနိုင်ကြပါသနည်း"
"အရှင်ဘုရား၊ အရင်းခံဖြစ်သော အမြစ်၊ ပင်စည်နှင့် အခက်အရွက်များသည်ပင် အမြဲ မရှိကုန်။ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်ကြသေး၏၊ တစ်ဆင့်ခံဖြစ်သော အရိပ်မှာကား ဆိုဖွယ်ရာ မရှိတော့ပါ ဘုရား"
"နှမတို့၊ ဤဥပမာဖြင့် ဥပမေယျ တရားသားကို နှိုင်းယှဉ်ကြည့်ကြရန် ဖြစ်၏"
"နှမတို့၊ အပြင်အာယတန ခြောက်ပါးတို့သည် အမြဲမရှိ။ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်ကြကုန်၏၊ သို့ရာတွင် အပြင်အာယတန ခြောက်ပါးတို့ကို အကြောင်းပြုကာ ခံစားလာရသော သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဝေဒနာတို့သည်ကား
မြဲကုန်၏၊ ခိုင်ကုန်၏၊ ဖောက်ပြန်ခြင်း မရှိကုန်။ ဤသို့ တစ်စုံတစ်ယောက်က ဆိုလာငြားအံ့။ ထိုစကားကို သင်တို့ လက်ခံနိုင်ကြပါမည်လော"
"လက်မခံနိုင်ပါ အရှင်ဘုရား"
"နှမတို့ အဘယ်ကြောင့် လက်မခံနိုင်ကြပါသနည်း"
"အရှင်ဘုရား၊ အပြင်အာယတန ခြောက်ပါးအပါအဝင် အကြောင်းတရား အပေါင်းကို အစွဲပြု၍ အကြောင်းအားလျော်စွာ ဝေဒနာတို့ ပေါ်လာကြရပါသည်။ ထိုထိုအကြောင်းတရားတို့ ချုပ်ပျောက်သဖြင့် အကြောင်းရှိမှ ပေါ်လာကြရသော ဝေဒနာတို့သည်လည်း ချုပ်ပျောက်ကြရပါသည်။ ထို့ကြောင့် လက်မခံနိုင်ခြင်း ဖြစ်ပါသည် အရှင်ဘုရား"
"သာဓု နှမတို့၊ သာဓုခေါ်ပါ၏၊ ဟုတ်တိုင်းမှန်စွာ သိမြင်ထားသော ဘုရားရှင့် တပည့်သား၏ အဖြေမှာ ဤသို့ပင် ရှိရပေလိမ့်မည်"
"နှမတို့၊ ဥပမာနောက်တစ်မျိုးကို ထပ်၍ နာကြားကြဦးလော့။ မိမိလုပ်ငန်းတွင် ကျွမ်းကျင်ပြီးဖြစ်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားမကို သတ်ပြီးလျှင် ထက်လှစွာသော ဓားမြှောင်ဖြင့် အတွင်းက အသားစုနှင့် အပြင်က အရေခွံတို့ကို မထိခိုက်စေဘဲ လှီးဖြတ်ရာ၏၊ အတွင်းမှာ မြှေးယှက်တတ်သောအသား၊ အတွင်းက အကြော၊ အတွင်းက အနှောင်အဖွဲ့တို့ကို ထက်လှစွာသော ထိုဓားမြှောင်ဖြင့်ပင် လှီးဖြတ်ရာ၏၊ လှီးဖြတ်ပြီးသော အရေခွံတို့ဖြင့် ထိုနွားမကိုပင် ပြန်၍ဖုံးကာ ဤနွားမသည် ဤအရေနှင့် နဂိုပကတိအတိုင်း ဆက်စပ်သွားလေပြီဟူ၍ ဆိုလာငြားအံ့။ ထိုစကားကို သင်တို့ လက်ခံနိုင်ကြပါမည်လော"
"လက်မခံနိုင်ပါ အရှင်ဘုရား။ ဤကဲ့သို့ သူတို့က ဆိုသော်လည်း ထိုနွားမသည် ထိုအရေခွံနှင့် ဆက်စပ်ခြင်း မရှိပါ ဘုရား"
"နှမတို့၊ ဤဥပမာသည် ဤသို့သော ဥပမေယျ တရားသားကို အလွယ်သိနိုင်ရန် ဖြစ်ပေသည်"
"အတွင်းက အသားစုဆိုသည်မှာ အတွင်းအာယတနခြောက်ပါး၏ အမည်ဖြစ်၏"
"အပြင်က အရေခွံဆိုသည်မှာ အပြင်အာယတနခြောက်ပါး၏ အမည် ဖြစ်၏"
"အတွင်းက မြှေးယှက်တတ်သော အသား၊ အတွင်းက အကြောနှင့် အတွင်းက အနှောင်အဖွဲ့ဆိုသည်မှာ တပ်နှစ်သက်တတ်သော ရာဂ၏ အမည်ဖြစ်၏"
"ထက်စွာသော ဓားမြှောင်ဟူသည်မှာ အတွင်းက ကိလေသာ၊ အတွင်းက သံယောဇဉ်၊ အတွင်းက အနှောင်အဖွဲ့တို့ကို တိတိရိရိ ဖြတ်ချနိုင်သော မဂ်ပညာ၏ အမည်ဖြစ်ပေသည်"
"နှမတို့ အပြင်အာယတန ခြောက်ပါး၊ အတွင်း အာယတန ခြောက်ပါးတို့ကို ဓားသွားမထိစေမူ၍အတွင်းက ကိလေသာ အနှောင်အဖွဲ့တို့ကို မဂ်ပညာဓားထက်ထက်ဖြင့် အချက်ကျကျ လှီးဖြတ်ရာတွင် ဤဗောဇ္ဈင်ခုနစ်ပါး၏ အထောက်အကူကို ရယူရာ၏၊ ဗောဇ္ဈင်ခုနစ်ပါးပွားများခြင်းဖြင့် အာသဝကုန်ခန်းရာ အရတ္တဖိုလ်ကို ဤဘဝ ဤခန္ဓာဖြင့်ပင် မျက်မှောက်ပြုနိုင်ရာ၏"
ဗောဇ္ဈင်ခုနစ်ပါးဟူသည်ကား နိဗ္ဗာန်သို့ ကိုင်းညွတ်သော သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်နှင့် ဥပေက္ခာသမ္ဗောဇ္ဈင် တို့ ဖြစ်ကြပေသည်။
တရားနာသူအားလုံး၏ စိတ်နှလုံးကို သိမ်းကျုံးယူငင်၍ ဟောပြနိုင်သည်ဟူသော အရှင်နန္ဒက၏ ဂုဏ်သတင်းကို ယခု သူတို့ကိုယ်တိုင် တွေ့ကြုံကြရပေပြီ။ မြင်ချင်လှသော မျက်နှာများကို မမြင်ရသော စိတ်ဝိတက်ဖြင့် မသက်မသာဖြစ်နေကြသည်ကို သည်အရှင်မြတ်က မျက်လွှာတစ်ချက်ဝင့်၍ သုံးသပ်ကာမျှဖြင့် အတွင်းသိ အစင်းသိ ဖြစ်ခဲ့ဟန် တူပေသည်။ ယခုတော့ သည်အရှင်မြတ်၏ ကျေးဇူးဖြင့် သည်ဒုက္ခများက လွတ်မြောက်ခွင့် ရကြပေပြီ။
ဟိုယခင်အခါ မောင်နှံစုံအတူတကွ နေခဲ့ရစဉ်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ မဝနိုင်အောင် ဖြစ်ခဲ့ကြ၏၊ ခွန်းတုံ့ခွန်းလှယ် ချစ်ကြည်စယ်ခဲ့ကြ၏၊ အမွှေးအထုံ ရသဘောဇဉ်၊ အတွေ့အထိ အာရုံတို့ကို အတူတကွ ခံစားခဲ့ကြရ၏၊ မိမိတို့ စိတ်မနောဖြင့် ထွေထွေရာရာ ဝေဒနာများကို ခံစားခဲ့ကြ၏၊ သူတို့၏ ကိုယ်ခန္ဓာတွင် ဖန်ရေသင်္ကန်း ဝတ်ဆင်မြန်း၍ ထားသော်လည်း စိတ်ခန္ဓာမှာကား ထိုသည့် ကာမဂုဏ်အာရုံတို့က ရစ်ပတ်ဖွဲ့နှောင်၍ ထားပေသည်။ ဤကာမဂုဏ်အာရုံတို့ကိုပင် အရှင်နန္ဒကက အတွင်းအာယတန အပြင်အာယတနနှင့် ဝိညာဉ် ခြောက်မျိုးတို့ဖြင့် ရည်ညွှန်းကာ ဟောကြားခဲ့ပေသည်။
ချစ်စရာ ခင်စရာ၊ လွမ်းစရာ ဆွေးစရာဟူသော ကာမဂုဏ်တို့မှာ အမှန်တော့ဖြင့် အရိပ်အယောင်မျှသာ ဖြစ်ပေသည်။ မသင့်မလျော်သော နှလုံးသွင်းမှုဖြင့် ချစ်တတ်၊ ခင်တတ်၊ လွမ်းတတ်၊ ဆွေးတတ်သော စေတသိက်များနှင့် အကျိုးအကြောင်းဆက်စပ်၍ နေကြ၏၊ ထိုစေတသိက်များသည် စောစောက ဖော်ပြခဲ့သော အတွင်းအပြင် အာယတနတို့ကြောင့် ဖြစ်ပေါ်လာကြရ၏၊ အရင်းခံဖြစ်သော ထိုအာယတနာတို့သည်ပင် အမြဲတစေ ရှိမနေနိုင်ကြရာ၊ ထိုစေတသိက်တို့သည်လည်း အမြဲရှိမနေနိုင်ကြတော့ပေ။ ထိုအခါတွင် ထိုစေတသိက်တို့နှင့် အကျိုးအကြောင်း ဆက်စပ်နေသော ကာမဂုဏ်အာရုံ အရိပ်အယောင်တို့သည်လည်း သုဉ်းဆိတ်၍ သွားကြရပေတော့သည်။
ဤသို့ သုဉ်းဆိတ်၍ သွားရခြင်းမှာ အလယ်က အမြှေးအယှက် အနှောင်အဖွဲ့များကို ဓားမြှောင်ထက်ထက်ဖြင့် အချက်ကျကျ လှီးဖြတ်လိုက်သောကြောင့် ဖြစ်၏၊ အရှင်နန္ဒက ညွှန်ပြသော ဥပမာအတိုင်း အတွင်းသားဟူသော အတွင်းအာယတနခြောက်ပါးကို ဓားသွားမထိခဲ့ပါ။ အရေခွံတည်းဟူသော အပြင်အာယတနခြောက်ပါးကိုလည်း ဓားရာ မပေးခဲ့ပါ။ အတွင်းသားနှင့် အရေခွံတို့ကို လုံးဝ ဓားမထိစေမူ၍ အလယ်က ကိလေသာတဏှာ အမြှေးအယှက်၊ အနှောင်အဖွဲ့များကို လှီးဖြတ်ခြင်းသည်သာလျှင် မဂ်ပညာတည်းဟူသော ဓားထက်ထက်၏ အလုပ်ကိစ္စဖြစ်ပေသည်။
ဗောဇ္ဈင်ခြောက်ပါး၏ အကူအညီဖြင့် ဓမ္မဝိဟယအမည်ရသော ဓားထက်ထက်သည် အလယ်က အမြှေးအယှက်၊ အနှောင်အဖွဲ့များကို လှီးဖြတ်လိုက်ပြီဖြစ်၍ ထိုအာယတန နှစ်မျိုးတို့မှ တဆင့် ချစ်စရာ ခင်စရာ ဖြစ်မလာနိုင်တော့ပေ။ လွမ်းစရာ ဆွေးစရာတွေ ထွက်မလာနိုင်တော့ပေ။ ဤတွင် ကာမဂုဏ်အာရုံတို့၏ ကင်းဆိတ်ရာမှန် အနိမိတ္တ အမည်ရသော နိဗ္ဗာန်ကို သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ဖြင့် ကိုယ်စီကိုယ်င မျက်မှောက်ပြုကြရပေတော့သည်။
ဤတရားကို အရှင်နန္ဒကသည် လဆန်း ၁၄ ရက်နေ့တွင် ဟောကြားခဲ့၍ လပြည့်နေ့တွင်လည်း ဤတရားကိုပင် ထပ်မံဟောပြလိုက်သဖြင့် ရဟန်းမငါးရာလုံး အရဟတ္တဖိုလ်အထိ ဆိုက်ရောက်ကာ အားရကျေနပ်၍ သွားကြပေသည်။
ဓမ္မကထိက အကျော်အမော်တစ်ပါးဖြစ်သော အရှင်နန္ဒကသည် ရဟန်းမငါးရာလုံးတို့အား ကိုယ်ပိုင်ဉာဏ်ရောက် အလင်းပေါက်အောင် ဟောပြောပြနိုင်သဖြင့် ဘိက္ခုနောဝါဒက ဧတဒဂ် ဂုဏ်ထူးကို ဆွတ်ခူးနိုင်ခဲ့ပေသတည်း။
(မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ နန္ဒကောဝါဒသုတ် ပါဠိတော်နှင့် အဋ္ဌကထာ၊ အင်္ဂုတ္တရနိကာယ်၊ ဧကနိပါတ်အဋ္ဌကထာ၊ နန္ဒကထေရဝတ္ထု)
အလှတွင် အယဉ်ဆင့်လေပြီ
ဝေဠုဝန်နန်းသို့ မြန်းခဲ့ပါ
အလှတွင် တန်းထိပ်မို့၊ နန်းတံဆိပ်စုဆို။
ဆန်းအနိပ်နိုပျိုကို၊ ရှုလိုသူမေခင့်။
ဝေဠုဝန် ပန်းဥယျာဉ်ကို၊ မြန်းခုပင် ထွက်ကြအသင့်။
ပန်စုံတဲ့ ဝေဠုမြိုင်၊ မေရှုသာနိုင်ခွင့်။
ကြွေလုယိုင် ခါမသင့်လျှင်ဖြင့်၊ ကညာခင့်ရှုံးမယ်၊
နတ်ဝတိံမမြင်ဖူးသည်သို့၊ ခင်တစ်ဦး ခေတ်နောက်ကျန်ဖွယ်။
ပန်းစုံတဲ့နန္ဒာနွယ်လို၊ ဖန်ခါခြယ် ဝေဠူဠုကိုမှ၊
မေသူရှု ခုဖြင့်ခါညီ၊ ဥယျာဉ်သာဆီ။
ရောက်ခါမှ မိုးဒေဝီလို၊ ဖြိုးဝေစီ ရွှင်မြူးလိမ့်လေး...။
နတ်ပြည်ထက်တစ်လေးသာ
နန္ဒဝန်မှာလေ....
စံအလွန် အဖော်တွဲပါလို့
ပျော်နွှဲသူ ဒေဝါဝါတို့
ဒေသစာ လူ့နယ်အမြန်းမှာလ
နန်းဥယျာဉ် ဝေဠုအတွေ့မတော့
ပျော်မွေ့ လွန်ကဲ။
မခွဲခွာသာ
အမြဲသာယာယာနဲ့
နတ်ဒေဝါ နန္ဒာမေ့ပါလို့
ဝေမြိုင်မှာ တွေမှိုင်၍သာပ
နန်းဝတိံ မြန်းချိန်မေ့လို့ရယ်ကွယ်
ငြီးငွေ့နိုင်ပဲ။
ကျွန်ုပ်တို့၏ သာသနာ့သမိုင်းစဉ်တွင် အရေးပါ အရာရောက်လှသော တေးသီချင်းများဖြစ်၍ အမှတ်တရ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
ဘုရားရှင်နှင့်အတူတကွ ကျွန်ုပ်တို့တစ်တွေ ဤဥယျာဉ်မှာ နေလာခဲ့ကြ၏၊ ဝေသာလီ၊ သာဝတ္ထိစသော မြို့ကြီး မြို့ငယ်နယ်ပေါင်းစုံသို့ ဒေသစာရီလှည့်လည်ကြရာမှ ရာဇဂြိုဟ်သို့ ပြန်လည်ဆိုက်ရောက်လာလျှင် ဤကျောင်းတော်မှာသာ နေလာခဲ့ကြ၏၊ ကျောင်းဒါယကာ ဘုရင်ဗိမ္ဗိသာရ၏ ကြောင့်ကြစိုက်မှု၊ ကျွန်ုပ်တို့တစ်တွေ၏ သေနာသနဝတ္တရား ကျေပွန်မှုဖြင့် ဤဥယျာဉ်သည် ရှုချင်စဖွယ် တင့်တယ်နေသည် မှန်ပါ၏၊ သို့သော် ဤတေးသီချင်းများ မပေါ်လာမီက ဤဥယျာဉ်သာယာပုံ၊ စည်ကားပုံ၊ ခမ်းနားပုံတို့ကို ဤရွေ့ဤမျှ သတိမပြုမိကြပါ။ အစဉ်ထာဝရ နေလာကြရသော ရဟန်း သံဃာတော်များနှင့်တကွ မကြာခဏရောက်လာကြရသော ဒါယကာ ဒါယိကာမများပါ နှလုံးစိတ်ဝမ်း ချမ်းမြေ့ရသော နေရာတစ်ခုဟူ၍ သာမန်မျှ သဘောပိုက်ခဲ့ကြ၏၊
ယခုသော်ကား ဤတေးသီချင်းများက ကောင်းကောင်းကြီး အစွမ်းပြလိုက်ပါချေပြီ။ တေးသီချင်းများမှာ အသွားအလိုက်ကကောင်း၊ တီးကြ မှုတ်ကြ၊ သီဆိုကြသော သဘင်သည်များကလည်း ပြည်သူ့အချစ်တော်ချည်းများဖြစ်၍ ရာဇဂြိုဟ်မြို့တော်သူမြို့တော်သားတို့၏ နှုတ်ဖျားဝယ် ဤတေးသီချင်းများက လူးလာပျံဝဲ အသံမစဲသလောက် ဖြစ်နေကြပေသည်။
ဤသီချင်းများ၏ ဆွဲဆောင်မှုဖြင့် တစ်ခါတစ်ခေါက်မျှ မရောက်လာဖူးသော ချောင်ကြိုချောင်ကြားက ပုဂ္ဂိုလ်များပင် ရောက်လာကြ၏၊ တချို့မှာ အခါခါ ရောက်ခဲ့ဖူးပြီ ဖြစ်ပါလျက် သီချင်းသံကြားခါမှ အားမလိုအားမရဖြစ်ကာ တမင်တကာ လာရောက်၍ ကြည့်ကြရ၏၊ တချို့မူကား စာဆိုသလောက် ဟုတ်မှ ဟုတ်ပါ၏လောဟူသော သံသယစိတ်ဖြင့် တိတ်တဆိတ်လာခဲ့ကြ၏၊ ရှုတိုင်းသာလွန် ဝေဠုဝန်သည်ကား သူတို့၏ သံသယ မြူမှုန်ကို ရေစင်ရေကောင်းဖြင့် လောင်းချိုးပေးရန် အသင့်ပင် ရှိနေပေသည်။
နဂိုကမှ ပန်းရောင်စုံ ဖူးပွင့်ဝေဆာနေသည့် ကြားဝယ် မြို့သူမြို့သားတို့၏ အဝတ်အထည်၊ အဆင်းတန်ဆာမျိုးစုံတို့ပါ ရောစွက်လိုက်သဖြင့် ကျွန်ုပ်တို့ ကျောင်းဥယျာဉ်သည် ဆထက်ထမ်းပိုး တိုး၍ သာယာလာပေသည်။
ဝင်ထွက်လာသူတို့ များပြားလာသည်နှင့်အမျှ သံဃာတော်များအတွက် လာဘ်သပ်ပကာများလည်း ဝင်လာမစဲ တသဲသဲ ဖြစ်လာကြပေသည်။ သူတို့တစ်တွေက လှူဖော်တန်းဖော် ရကြပေသဖြင့် ကျွန်ုပ်တို့မှာ မတောင့်မတ၊ မကြောင့်မကြ နေထိုင် စားသောက်ကြရပါ၏၊ လှူသူတန်းသူတို့၏ စေတနာ သဒ္ဓါတရားတို့ကို သာဓုခေါ်ပါ၏၊ မိမိတို့အပေါ် မေတ္တာရှေ့ထား၍ ရောက်လာကြသူတို့အား မေတ္တာစိတ်ဓာတ်ဖြင့် တုံ့ပြန်သမှု ပြုကြရပါ၏၊
သို့သော် ဤပုံစံအတိုင်း ရက်ကလေး တော်တော်ညောင်းလာလျှင်ကား ကျွန်ုပ်တို့အဖို့ စိတ်အနှောင့်အယှက် ဖြစ်လာကြရပေတော့သည်။
သူတို့တစ်တွေ ရောက်လာကြခြင်းမှာ အချိန်အခါနှင့် သတ်သတ်မှတ်မှတ် မဟုတ်ပေ။ သွားလာဝင်ထွက်၍ ကောင်းသော နံနက်ခင်းနှင့် ညနေချမ်းတို့မှာသာ မဟုတ်၊ နေ့လယ်ကြောင်တောင်ကြီးမှာလည်း ရောက်လာတတ်ကြ၏၊ တစ်ယောက်စကား တစ်ယောက်နားမှာ ကြားကြရ၍ သုံးလေးယောက်မျှ စိတ်တူသဘောတူဖြစ်လာကြလျှင် ရောက်လာကြသည်သာဖြစ်၏၊
သူတို့အဖို့မှာတော့ တစ်သုတ်ပြီး တစ်သုတ် အလဲအလှယ်နှင့်မို့ အကြောင်းထူးလိမ့်မည် မဟုတ်ပေ။ ဝင်လာမစဲ တသဲသဲ ရောက်လာကြသူများ၏ အဖူးအမြော်ခံကြရသော ကျွန်ုပ်တို့မှာကား တစ်နေ့ထက်တစ်နေ့ ဝန်တာလေးလှပါ၏၊ လာလာသမျှ ပုဂ္ဂိုလ်များ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ၊ ကျေနပ်မှုရှိပါစေတော့ဟု ဧည့်ခံစကား ပြောကြရာတွင် တရားဓာတ်ကိန်းသူများပါလျှင် တော်ပါသေး၏၊ သူတို့ကို တရားစကား တစ်လုံးစ နှစ်လုံးစ ပြောခွင့်ရ၍ စိတ်ဖြေစရာ ရှိပါသေး၏၊ တရားဓာတ် ကိန်းဝပ်သူပါမလာသော နေ့များမှာကား အာပူလှ၍ ခါးညောင်းခံရခြင်းသာ အဖတ်တင်ပေသည်။
ခါတိုင်းအချိန်များ၌ လူသံ သူသံ ကင်းဆိတ်မှုကို နှစ်ခြိုက်တော်မူခဲ့သော ဘုရားရှင်သည် ဤဥယျာဉ်တော်မှာကား ရေငုံနှုတ်ပိတ်နေတော်မူဘိ၏၊ ဝင်လာရောက်လာသူတို့ကိုလည်း မတားမြစ်။ ဧည့်ခံသော ရဟန်းတို့ကိုလည်း အပြစ်မဆို။ ကိုယ်တော်မြတ်၏ ထူးခြားသော ဤအပြုအမူသည် ထူးခြားသော အကြောင်းတစ်ခုရှိ၍ပင် ဖြစ်ပေသည်။ ဤသို့သော အကြောင်းထူးကို ငဲ့ကွက်၍ပင် ကျွန်ုပ်တို့ကလည်း ပရိသတ်တို့၏ ဒဏ်ကို စိတ်ရှည်လက်ရှည် ခံယူနေကြရခြင်း ဖြစ်ပေသည်။
ဆူသံပူသံ သည်းညည်းခံနေရခြင်း အကြောင်းသည်ကား ထူးလည်း ထူးခြားပါပေ၏၊ အရေးပါအရာရောက်သော ကိစ္စကြီးတစ်ခုလည်း ဖြစ်ပါပေ၏၊ ကျွန်ုပ်တို့ ရဟန်းလောကတွင် ပညာအရာ ဂုဏ်ထူးဆောင် အရှင်မဟာသာရိပုတ္တရာ ရှိနေသကဲ့သို့ ရဟန်းမလောကတွင် မရှိလာသေးပါ။ မယ်တော်ကြီး ဂေါတမီ အမှုးရှိသော ရဟန်းမလောက၏ လိုအပ်ချက်ကို ယခုကိစ္စများက ဖြည့်ဆည်းပေးကြရန် ရှိပေသည်။ သို့ဆိုလျှင် ရဟန်းမလောက၏ ဂုဏ်ထူးဆောင် လောင်းလျာကား မည်သူနည်း။ သူက ယခု ဘယ်မှာ ဘာလုပ်၍ နေပါသနည်း။
သူသည်ကား ကျောင်းဒါယကာကြီး၏ မိဖုရားတစ်ဦးဖြစ်ပါလျက် ယခုထိ ကျွန်ုပ်တို့ ဝေဠုဝန်သို့ မရောက်ခဲ့သေးပါ။ ဘုရားရှင်နှင့်အတူ ကျွန်ုပ်တို့တစ်တွေ နန်းတော်သို့ ရောက်သောအခါမှာလည်း သူကဖြင့် မျက်နှာပြဖော်မျှ မရခဲ့ပါ။ ကျောင်းဒါယကာဖြစ်သော မင်းကြီး ဗိမ္ဗိသာရနှင့် မိဖုရားခေါင်ကြီး ဝေဒေဟီတို့ကသာ အရန်သင့် ဆွမ်းလုပ်ကျွေးခဲ့ကြပေသည်။
ဤကဲ့သို့ သူ့ကိုယ်သူ ကိုယ်ရောင်ဖျောက်၍ နေနိုင်ခဲ့သော်လည်း သူ့သတင်းများကိုကား လုံခြုံအောင် ထိန်းချုပ်ထား၍ မရနိုင်ပါ။ လူ့သတင်းမို့ လူချင်းဆောင်ရာပါခဲ့သည်သာ ဖြစ်ပေသည်။
သူတို့အသိုက်အဝန်း၌ ကျွန်ုပ်တို့ နောင်တော်ဘုရားသည် အလှအပကို စက်ဆုပ်ရွံရှာသူ၊ အလှအပကို ဖျက်ဆီးချေမှုန်းတတ်သူ၊ အပြစ်ဟူ၍ မြူမျှရှာမရသော ကိုယ်ခန္ဓာကိုပင်လျှင် အပြစ်အနာအဆာ ရှာပြတတ်သူဖြစ်၍ နေ၏၊ သူမတူသော အလှရတနာ ယသော်ဓရာကိုပင်လျှင် ပစ်ပစ်ခါခါ စွန့်ခွာ၍ လာခဲ့ခြင်းက ဤသို့သော ကောက်ချက်ကို အထောက်အကူပြု၍ ထား၏၊ ထို့ကြောင့် ဤရွေ့ ဤမျှ နှလုံးသားခြောက်သွေ့နေသော ပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် သူ ချစ်မြတ်နိုးလှသော အလှဂုဏ်သိန် ညှိုးမှိန်သွားမည် စိုးရှာပါသတဲ့။ ထို့ကြောင့်ပင် တမင်ပုန်း၍ နေရှာပါသတဲ့။
ဟုတ်တော့လည်း ဟုတ်ပါ၏၊ လောကီ မျက်စိနှင့်သာ ကြည့်ပါက အဖြစ်သည်းမှုကို အပြစ်ဆိုရန် မရှိပါချေ။ မိန်းမချော မိန်းမလှတို့ထွက်ပေါ်ရာ မဒ္ဒရာဇ်တိုင်း၊ သာဂလမြို့တော်၏ အလှရတနာတစ်ဆူဖြစ်ကြောင်းကိုသာ သိကြလျှင် သည်ကိစ္စအတွက် ခွင့်လွှတ်နိုင်သူက များပါလိမ့်မည်။
လှဂုဏ်ထူးရှင် သည်မိန်းကလေးသည် မွေးဖွားလာသည့် အချိန်ကပင် ကံထူးခဲ့သူ ဖြစ်ပါ၏၊ အမိဝမ်းတွင်းမှာ ခိုနေစဉ်က သူတို့နိုင်ငံသည် ကပ်ဘေးကြီးများ၏ အခြိမ်းအခြောက်ကို ခံနေခဲ့ရ၏၊ သူ မွေးဖွားလာချိန်မှာကား ထိုကပ်ဘေးကြီးတို့ ငြိမ်းအေးသွားကြပေသည်။ ဘေးဘယာတို့ ဝေးကွာသွားသော ဤအကြောင်းနိမိတ်သည်ပင် ဤမိန်းကလေး၏ အမည်နာမ ဖြစ်လာရပေသည်။
လှလွန်းဆွေ မယ်ခေမာသည် ထိုအလှဂုဏ်ကို အကြောင်းပြု၍ပင် မာန်မာနကလည်း ကြီးလှသည် ဟူပါ၏၊ ထိုမာန်မာနကို သာဂလမြို့တော်မှာတုန်းက ခမည်းတော် မဒ္ဒရာဇ်မင်းကြီးက မြေတောင်မြှောက်၍ ပေးခဲ့၏၊ သမီးကညာ ရတနာကို ဘာမဆို အလိုလိုက်၍ အကြိုက်ဆောင်ခဲ့ကြ၏၊ ယခု ဗိမ္ဗိသာရမင်းကြီး၏ နန်းတော်သို့ ရောက်လာပြန်တော့လည်း ရတနာရှိရာ ရတနာစုသည်သာ ဖြစ်၏၊
ဗိမ္ဗိသာရမင်းကြီးတွင် သက်တူရွယ်တူ ဝေဒေဟီ မိဖုရားကြီး ရှိ၏၊ သူကား နာမည်ကျော် အဇာတသတ်မင်းသား၏ မယ်တော်ဖြစ်ပေသည်။ မထင်ရှားသော အခြားမိဖုရားတို့လည်း ရှိကြသည်ပင်။ သို့ရာတွင် မင်းဧကရာဇ်တို့မည်သည် မိမိ၏ ဘုန်းသမ္ဘာတော်ကို လေးမြတ်ကော်ရော် ပူဇော်သောအားဖြင့် ဆက်သလာသော ရတနာမျိုးစုံတို့ကို ပစ်ပယ်ရိုးထုံးစံ မရှိပေ။ မယ်ခေမာဟု အမည်တွင်သော ဤရတနာလေးသည်ကား သက်မဲ့ရတနာမျိုးတို့ထက် အဆတစ်ရာမက သာအောင် အဖိုးထိုက်တန်၍ နေပေသည်။ အဖိုးထိုက်တန်သော ရတနာမို့ ဘုရင်ကြီးက ချစ်မြတ်နိုးလှသည် ဟူပါ၏၊
အလှရတနာတစ်ဆူကို လက်ရပိုင်ပိုင် သိမ်းပိုက်နိုင်သဖြင့် ကျွန်ုပ်တို့ ကျောင်းဒကာကြီးအဖို့ ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် သူ့ကံမှာ တစ်ခုခု ချို့တဲ့နေဟန် တူပါသည်။ သူကိုယ်တိုင်က ရတနာသုံးပါးက မတုန်မလှုပ် သက်ဝင်ယုံကြည်ပြီးသော ကျောင်းဒယာကာကြီး။ ဘုရားရှင့် ကျေးဇူးတော်ဖြင့် အေးရာငြိမ်းရာ တရားကြီးကိုပင် ကိုယ်တိုင်ကိုယ်ကြပ် ခံစားရပြီးသူ။ သို့ပါလျက် အလှအာရုံ ခုံမင်လာသည်နှင့် တစ်ပြိုင်နက် သူ့ခမျာ အခက်ကြုံရရှာတော့သည်။
သူသည် ရတနာသုံးပါးကို ကြည်ညိုသဖြင့် ဘုရားကျောင်းတော်သို့ မကြာခဏ သွားလိုသည်။ ထိုမှတစ်ဖန် မိဖုရားကလေး မယ်ခေမာကို ချစ်မြတ်နိုးလှသဖြင့် သူကလေးနှင့် အတူတကွ သွားလို၏၊ ကျယ်ဝန်းလှသော မဂဓတိုင်းကြီး တစ်ခုလုံးကို အလိုပြည့်ခဲ့သော ဧကရာဇ်ဘုရင်ကြီးသည် သည်အလိုနှစ်ခုအနက် တစ်ခုကိုသာ ဖြည့်ဆည်းခွင့် ရပေသည်။
အလိုနှစ်ခုလုံးကို စိတ်တိုင်းကျ ဖြည့်စွက်နိုင်ရန်ကား မင်းအာဏာကို သုံးရပေတော့မည်။ မင်းဧကရာဇ်တို့၏ တာဝန်အရ ပြင်းထန်လှသော အမိန့်အာဏာများကို ပေးခဲ့ရဖူးသော်လည်း သည်မိဖုရားလေးကိုကား ဤသို့သော အမိန့်မျိုးကို မပေးရက်ပေ။ ဤသို့သော အာဏာမျိုးကို မသုံးရက်ပေ။ သူ့စိတ်သဘောနှင့် ဆန့်ကျင်သော အမိန့်သံ နာခံလိုက်ရလျှင် နေထိပန်းသို့ ညှိုးနွမ်းသွားရှာမည့် ဖြစ်အင်ကို သူမရှုရက် မမြင်ရက်ပေ။ သို့ဖြစ်၍ သူ့အလိုဆန္ဒလည်း ပြည့်ဝစေ၊ အလှပန်းကလေးလည်း လန်းဆန်းမြဲ လန်းဆန်းစေရန် ရာဇပရိယာယ် ရွှေဉာဏ်ခြယ်ရပေတော့သည်။
သူက သူ့တွက်ကိန်းနှင့်သူ ရွှေဉာဏ်ခြယ်သည်ကား ဟုတ်ပါ၏၊ သူ့ရည်မှန်းချက် အောင်မြင်သင့်သလောက် အောင်မြင်သည်လည်း မှန်ပါ၏၊ သို့သော်လည်း သူ့ပါရမီကို ကူညီ ဖြည့်ဆည်းပေးနေရသော ကျွန်ုပ်တို့ တစ်တွေကား မသက်သာလှပါ။ ဤဝတ္ထုအစမှာ ဖော်ပြခဲ့သော တေးသီချင်းများကို သူကိုယ်တိုင်က တစ်ဖက်လှည့်ဖြင့် စီမံထားခြင်း ဖြစ်ရာ ကျောင်းတော်သို့ လူသွားလူလာ မစဲတမ်း ဖြစ်လာရပေသည်။
သူ့ပါရမီကို ကူညီဖြည့်ရသော ကျွန်ုပ်တို့မှာ ဖြည့်ရကျိုးနပ်သည်ဟု ဆိုရပါတော့မည်။ ကိုယ်ခန္ဓာ၏ အလှအပကိုသာ ကိုးကွယ်လာခဲ့သော မိန်းမပျိုတစ်ယောက်အား ဆွဲဆောင်နိုင်သော အရာမှာ လှပသော တေးသီချင်းပင် ဖြစ်၏၊ လှပသော တေးသီချင်းများက ဆွဲဆောင်ခဲ့သဖြင့် လှလွန်းဆွေ မယ်ခေမာသည် ဝေဠုဝန်ဥယျာဉ်တော်သို့ လှမ်းလင့်လာခဲ့၏၊ သစ်ပင်ပန်းမာန် ရေတွင်းရေကန်တို့၏ အလှ၊ တေးသွားအလှကို မလွန်ဆန်နိုင်၍သာ သူ လှမ်းလာရ၏၊ သည်ဥယျာဉ်တော်မှာ စံပျော်တော်မူသော ဘုရားရှင်ကိုကား သူ တွေ့ချင်စိတ် မရှိသေးပေ။
သည်တုန်းက ကျွန်ုပ်အပါအဝင် ရဟန်းအားလုံး မြို့တွင်းမှာ ဆွမ်းခံဝင်ခိုက်ဖြစ်၏၊ ခါတိုင်းဆိုလျှင် သံဃာတော်တန်းကြီး၏ ရှေ့ဆုံး၌ အတုမရှိသော အသရေတော်ဖြင့် ဘုရားရှင်ပါ ဆွမ်းခံကြွနေကျ ဖြစ်၏၊ ထိုနေ့မှာတော့ ကျွန်ုပ်တို့ချည်းသာ လာခဲ့ကြရ၏၊ အကြောင်းထူးတစ်ခုခုရှိလျှင် ဤသို့ နေခဲ့ရိုးထုံးစံရှိသည်မို့ သတင်းထူးခြင်း ထူးလျှင် မယ်ခေမာအတွက်သာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားလိုက်ပါ၏၊
ခန့်မှန်းထားသည့်အတိုင်းလည်း ဆွမ်းခံအပြန်မှာ ဖြစ်ကြောင်းကုန်စင် ဤသို့ကြားလိုက်ရပါ၏၊ ခါတိုင်းနေ့များမှာလိုပင် ဆွမ်းခံပါသွားလိမ့်မည် ထင်၍ မယ်ခေမာသည် ဘုရားရှင်ကျောင်းတော်သို့ ချဉ်းကပ်လာခဲ့၏၊ အရန်သင့်ဖွင့်ထားသော တံခါးမှ ကျောင်းထဲသို့ လှမ်းဝင်မိသောအခါတွင်ကား မမျှော်လင့်သော မြင်ကွင်းနှင့် ပက်ပင်းတွေ့လိုက်ရပေတော့သည်။
အလှအပကို ရွံမုန်းသူ၊ အလှအပကို ဖျက်ဆီးချေမှုန်းတတ်သူ၊ ခန္ဓာကိုယ် တစ်ခုလုံးတွင် အပြစ်အနာအဆာကိုမှ မရအရ ရှာပြတတ်သူ၊ ထိုသူ ထိုအရှင်မြတ်၏ ခြေတော်ရင်းတွင် ရင်သပ်ရှုမော အံ့ဩဖွယ်ရာ အလှရတနာလေးတစ်ဆူ ရောက်ရှိနေပါပြီကော။
ဤကမ္ဘာမြေတွင် မိမိကိုယ်သာ အလှဆုံးဟု ထင်တစ်လုံးနှင့် နေခဲ့သော မယ်ခေမာသည် ယခုတော့ သူ့ထက်လှနေသူလေးကို ငေးနေရချေပြီ။ အလှဂုဏ် မျိုးရိုးဂုဏ်တို့ဖြင့် မာနတံခွန် တလူလူလွှင့်ထူခဲ့သော မဒ္ဒရာဇ်တိုင်းသူသည် ယခုတော့ မိမိထက်မာနကြီးသူနှင့် တွေ့လိုက်ရချေပြီ။ မိမိကသာ မိမိထက်လှသူကလေးပါကလားဟု တငေး တမော ငေးမောကြည့်နေရ၏၊ ထိုမိန်းကလေးမှာမူကား မဂဓတိုင်းကြီး၏ မိဖုရားတစ်ပါးကို လှည့်၍မျှပင် မကြည့်ပေ။ ဘုရားရှင်ကိုသာ ရိုသေစွာ ယပ်ခတ်လျက်ရှိ၏၊
မိမိတစ်သက်တာတွင် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော အလှထူးကလေးသည် မယ်ခေမာ ကြည့်နေသည့် အချိန်မှာပင် တစ်စတစ်စ အလှပျက်၍လာ၏၊ အိစက်ညက်ညောနေသော အသားအရေသည် ပတ်ကြားအက်လျက် ခက်ထရော် ကြမ်းတမ်း၍လာ၏၊ တောက်ပကြည်လင် အရည်ရွှင်နေသော မျက်လုံးများသည် မွဲသီဟောက်ပက် ဖြစ်လကြ၏၊ မိန်းမတို့၏ အလှကျက်သရေဆောင် အသားအသွေးတို့ တွန့်ရှုံ့တွဲကျလာကြ၏၊ ရှုမဝသော အပျိုစင်ဘဝမှ တစ်ခဏချင်းဖြင့် ဒုက္ခိတအမယ်အိုကြီး ဖြစ်သွားပေသည်။ ဆံဖြူသွားကျိုး ခါရိုးမခိုင်သော ကိုယ်ခန္ဓာဖြင့် တုန်တိ တုန်ခိုက် ဖြစ်၍နေပေသည်။
မမျှော်လင့်ဘဲ တွေ့လိုက်ရသော အဖြစ်ဆိုးကြီးကြောင့် မယ်ခေမာသည် သည်းထိတ်ရင်ဖိုဖြစ်လာရ၏၊ ဟိုစဉ်တုန်းကတော့ အလှသည်ပင် သခင်။ အလှသည်ပင် အရှင်။ အလှသည်ပင် ကိုးကွယ်ရာ အားထားရာ။ ယခုတော့ မိမိအားထားခဲ့သော အလှတောင်ထွတ်ကြီးက ဗြုန်းခနဲ ပြိုကျသွားချေပြီ။ မယ်ခေမာ ဘယ်မှာသွား၍ ခိုကိုးရပါမည်နည်း။
"အိုဘယ့် ခေမာ၊ ရှုစမ်းပါလော့"
သတိသံဝေဂစိတ်ဖြင့် ထိတ်လန့်တကြား ဖြစ်နေသော မယ်ခေမာအား ဘုရားရှင်က နှုတ်ခွန်းတော် သလိုက်ပါချေပြီ။
"အိုဘယ့် ခေမာ၊ စေ့စေ့နာလော့
ပညာမျက်ကန်း၊ လူအနှမ်းတို့
ချီးမွမ်းကြရာ၊ ဤခန္ဓာကား
ကျဉ်နာခံကက်၊ နှိပ်စက်တတ်စွာ
ဆိုးယုတ်မာ၏"
"နေ့စဉ်ရက်ဆက်၊ ထက်အောက်ဒွါရ
အမာဝမှာ၊ ယိုကျဒီးဒီး
ပုပ်နံ့ပြီး၏"
"ငြီးငွေ့ထိုက်စွာ၊ ဤခန္ဓာဝယ်
သာယာဖွယ်တိ၊ ဘိတ်မရှိဟု
သတိထင်လာ၊ တည်ကြည်စွာဖြင့်
ဘာဝနာမူ၊ အသုဘသွင်
စိတ်မှာထင်လော့"
"ထို့ပြင်တစ်မူ၊ သူငါနှစ်ဝ
ကိုယ်ကာယ၌၊ နှစ်ခြိုက်တွယ်တာ
တဏှာမရှိ၊ ဲမတ်အသိဖြင့်
စိတ်၏ ငြိမ်းရာ၊ နားခိုပါလော့"
လှလွန်းဆွေ မယ်ခေမာအတွက် ဘုရားရှင် ပေးသနားတော်မူလိုသော ဆေးခါးကြီးတစ်ဖုံပင် ဖြစ်ပါ၏၊ ခါးသီးလှသော ဆေးတော်ကြီးကိုမှ မယ်ခေမာသည် မလွှဲမရှောင်သာ ကြိတ်မှိတ်၍ မျိုရရှာ၏၊ မျိုချ ဝမ်းတွင်းသို့ သက်ဆင်းသွားသော အခါမှာကား အဝင်ဆိုးလှသော ဆေးခါးကြီးသည် အမြိုက်ဩဇာ နတ်သုဒ္ဓါဖြစ်လာခဲ့ပေသည်။
မလိမ္မာ တစ်ခါမိုက်စမြဲဆိုသည့်အတိုင်း ဟိုစဉ်တုန်းကတော့ တသသ အမွှမ်းတင်လာခဲ့ရသော သည်အလှအပကလေးတွေ ညှိုးမှိန်သွားလေမည်လားဟု ဘုရားရှင်ကို ရှောင်နေခဲ့၏၊ မရှောင်သာ၍ ယခုလို မျက်နှာချင်းဆိုင် တွေ့လိုက်ရသော အခါမှာမူ သူထင်သည့်အတိုင်း မဟုတ်ချေတကား။ သူ စိုးရိမ်ခဲ့သလို သူ့အလှအပတို့သည် စိုးစဉ်းမျှ ညှိုးမှိန်ခြင်း မရှိကြချေတကား။ ဘုရားရှင် တိုက်တွန်းတော်မူသည့်အတိုင်း ထိုတစ်ခဏ ပွားများလိုက်ရသော အသုဘဘာဝနာ၏ ကျေးဇူးဖြင့် ရှေးကထက်ပင် အလှကျက်သရေ တင့်ဖြိုးဝေ၍ လာပေသေး၏၊
အသုဘဘာဝနာဆိုသည်မှာ အရှင်အသေ နှစ်ထွေသော ရုပ်ကလာပ်တို့၏ ပျက်စီးယိုယွင်းပုံ အဆင့်ဆင့်ကို စူးစိုက်ကြည့်ကာ မိမိစိတ်တွင် ထိုအသုဘ နိမိတ်အာရုံများ ထင်ရှားလာအောင် ပွားများခြင်းပင် ဖြစ်၏၊
ဤဘာဝနာသည် သမထ ကမ္မဋ္ဌာန်းလေးဆယ်တွင် အပါအဝင်ဖြစ်သဖြင့် ဝိပဿနာဘက်သို့ မကူးတတ်လျှင် လောကုတ္တရာစခန်းသို့ မတက်လှမ်းနိုင်ပါ။ အပြင်အပ အသုဘမှတစ်ဆင့် မိမိ၏ အတွင်းသဏ္ဍာန်မှ မတင့်တယ် မဖွယ်ရာသော သဘောတို့ကို ဝိပဿနာရှုပါမှ မဂ်အခြေ အဖိုလ်အခြေ ဖြစ်နိုင်ပေသည်။
ဤသို့ဆိုလျှင် မယ်ခေမာ ဝိပဿနာရှုရန် အတွင်းသန္တာန်က အသုဘသဘောများကား အဘယ်နည်း။ အလှဂုဏ်ဝင့်သော မယ်ခေမာအဖို့ အလှပေါ်မှာ မှီတွယ်နေသော မာန်မာနများပင် ဖြစ်ပါလိမ့်မည်။ ငါလှသည်။ ငါတင့်တယ်သည်။ ငါ့ထက်ချောသူ ဘယ်သူမှ မရှိဟု ဘယ်လောက်ပင် မာန်မူ၍ နေနေ။ ထိုသို့ မာန်မူနေခြင်းတို့သည်ပင် မတင့်တယ် မဖွယ်ရာသော အသုဘတရားကြီးများ ဖြစ်နေကြပေသည်။
ငါနှင့်ငါသာ နှိုင်းစရာရှိသည်ဟူ၍ တလူလူလွင့်နေသော မာနစေတသိက်ကို ကျွန်ုပ်တို့ သီတင်းသုံးဖော်များက လေတံခွန်နှင့် ပုံခိုင်းတတ်ကြ၏၊ တလွင့်လွင့်တက်၍နေသော လေတံခွန်သည် သူ့အစွမ်းသက်သက်ဖြင့် တက်နိုင်စွမ်းမရှိပါ။ တိုက်ခတ်နေသော လေက မြှောက်ပင့်ပေး၍သာ မြောက်တက်နေရ၏၊ လေကသာမြှောက်မပေးလျှင် ထိုလေတံခွန်သည် မြေပြင်ပေါ်မှာသာ ကပ်လျက် ချပ်လျက်ရှိနေရပေလိမ့်မည်။
သင်္ခတနယ်မှာ အပါအဝင်ဖြစ်သော မာနစေတသိက်သည်လည်း ထို့အတူသာလျှင် ဖြစ်၏၊ တင့်မောဖွယ်ရာ အလှရတနာဟူ၍ မိမိဘာသာ သတ်မှတ်၍ထားခဲ့သော သဏ္ဍာန်နိမိတ်အရိပ်အရောင်များကို မိမိတို့ကိုယ်တိုင်က အဟုတ်ရှိ၊ တကယ်ရှိ အနေနှင့် ထင်မြင်နေတတ်ကြ၏၊ အရိပ်ကို အကောင်ထင်ကာ ပြောင်းပြန်မြင်၍ နေကြသော အကြောင်းတရားတို့က မြှောက်ပင့်ပေးကြသဖြင့် လှဂုဏ်မာန်တို့ မြောက်တက်၍ နေကြရ၏၊ ထိုအကြောင်းတရားတို့ကသာ မြှောက်ပင့်မပေးပါလျှင် သူ့အစွမ်းသက်သက်ဖြင့် မြောက်တက်မသွားနိုင်ပါ။
မြောက်တက်လာသော မာန စေတသိက်သည် အကြောင်းတရားတို့၏ ပေါင်းဆုံ ပြုပြင်မှုကြောင့် ဖြစ်၏၊ ချုပ်ငြိမ်းနေသော သဘောကား အသင်္ခတဓာတ်ကြီးဖြစ်၍ အကြောင်းတစ်စုံတစ်ရာ မလိုပါ။ အသင်္ခတဓာတ်ကြီးကို ဖြစ်ပေါ်စေနိုင်သော ဇနကဟိတ် ဟူ၍ မရှိပါ။ ချုပ်ငြိမ်းသော သဘောကို ကိုယ်တိုင်ကိုယ်ပိုင် အသိဖြင့် ချဉ်းကပ်ဆိုက်ရောက်စေနိုင်သော သမ္ပာပကဟိတ်မျိုးသာ ရှိပေသည်။
လှလွန်းဆွေ မယ်ခေမာအား ဤသို့သော သမ္ပာပကဟိတ်ဖြင့် နိဗ္ဗာန်အရောက် ချီးမြှောက်တော်မူလိုသည်ဖြစ်၍ ဘုရားရှင်က အနိမိတ္တ ဘာဝနာကို ဟောပြတော်မူပေသည်။
"အို့ဘယ့်ခေမာ၊ လွတ်လမ်းရှာလော့။
ဘာဝနာမူ၊ ဉာဏ်ဖြင့်ရှုလော့။
သုဘသဘော၊ တင့်မောဖွယ်ရာ
မပါမရှိ၊ ပကတိကင်းဆိတ်
အနိမိတ်ကို၊ တိဟိတ်ယှဉ်ကာ
ပွားစမ်းပါလော့"
"ငါနှင့်ငါသာ၊ နှိုင်းစရာဟု
အနုသယ၊ မာန်မာနကို
ထကြွစေရန်၊ မကြံမစည်
တည်ကြည်လှစွာ၊ ဘာဝနာဖြင့်
မာနပယ်ခွာ၊ ယဉ်ကျေးပါလော့"
"ယဉ်ကျေးသိမ်မွေ့၊ မြတ်ဓလေ့ဖြင့်
အတွေ့စိတ်တွင်၊ မာနစင်သော်
ဤတွင်ငြိမ်းချမ်း၊ မဂ်ဖိုလ်လမ်းသည်
ဖြောင့်တန်းသေချာပါသတည်း"
ဤသို့သော အမြိုက်ရေကောင်းဖြင့် သွန်းလောင်းလိုက်သည့်အဆုံးဝယ် မယ်ခေမာသည် ခြေတော်အစုံ ကြာပဒုံ၌ အကြိမ်ကြိမ် ဦးတိုက်၏၊ အရိပ်ကို ရန်သူထင်၍ ပုန်းအောင်းနေမိသော အပြစ်များကို ဝန်ချတောင်းပန်၏၊ ဤအရေးအခင်းကို မြင်တော်မူပြီးသော ဘုရားရှင်က မတောင်းပန်ခင်ကပင် ကျေနပ်ပြီးသား ဖြစ်နေပေသည်။
ထို့ထက်ပို၍ ကျေနပ်စရာကောင်းသော ဖြစ်ရပ်ကိုကား ကျွန်ုပ်ကိုယ်တိုင် မြင်ရပါ၏၊ မဂ်လေးတန် ဖိုလ်လေးဆင်ဖြင့် အမြင့်ဆုံးသော ဉာဏ်အမြင်ကို ရရှိထားပြီးဖြစ်သော မယ်ခေမာသည် ဘယက်တန်ဆာ ဒွါဒရာများ ဝတ်ဆင်လျက်ကပင် သံဃာစာရင်းဝင် ဖြစ်နေပေပြီ။ ဤလိုအမြင့်ဆုံးသော ဉာဏ်အဆင့်သို့ ဆိုက်ရောက်ပြီးသူများသည် အတွင်းစိတ်ဓာတ်နှင့် လိုက်လျောညီထွေသည့် အဝတ်သင်္ကန်း ဆင်မြန်းပါမှ လောက လူ့ဘောင်ကို အကျိုးဆောင်ခွင့်ရကြ၏၊ထို့ကြောင့် မယ်ခေမာသည် ကျောင်းဒယကာကြီးထံ ခွင့်ပန်ကြားရန် နန်းတော်သို့ ပြန်သွားပေသည်။
ယခင်နှင့်မတူ တမူထူးခြား၍နေသော ဣန္ဒြေသိက္ခာကို မြင်ရရုံနှင့်ပင် ကျောင်းဒါယကာကြီးသည် ရာဇပလ္လင်ပေါ်မှ ဆင်းနေနှင့်၏၊ မယ်ခေမာကို ခရီးဦးကြိုဆိုရင်းက သူ့စိတ်ထဲမှာ ဝမ်းသာရမလိုလို၊ ဝမ်းနည်းရမလိုလို ဖြစ်နေရ၏၊
ဟိုယခင်က လှလွန်းဆွေ မယ်ခေမာသည် ဤနန်းဆောင်ထက်တွင် သူစိတ်တိုင်းကျ ဝတ်စားဆင်ယင် အလှပြင်၍ နေခဲ့၏၊ ယခုသော်ကား ဤနန်းတော်ထက်သို့ ဧည့်တစ်ဦးပမာ တစ်လှမ်းချင်း လှမ်း၍ လာနေချေပြီ။
"အရှင်မင်းကြီး၊ လောကထုံးတမ်းစဉ်လာအရ ပိုင်ဆိုင်လာခဲ့သော အရှင်မင်းကြီးက ခွင့်ပြုပါလျှင် ဘုရားကျွန်မ သာသနာ့ဘောင်မှာ ရဟန်းပြုပါရစေ"
အလှအပအားကိုးဖြင့် နွဲ့ဆိုးဆိုး၍ လာခဲ့သော ခင်ပွန်းသည်ကိုပင် သူစိမ်းပြင်ပြင်ကဲ့သို့ ခေါ်ဝေါ်သုံးနှုန်းလိုက်ပေပြီ။
အိမ်ထောင်သည် အမျိုးသမီးများမှာ အမျိုးသားများကဲ့သို့ မိဘနှစ်ပါးခွင့်ပြုရုံဖြင့် မလုံလောက်သေးပါ။ ကာမပိုင် လင်ယောကျ်ားကပါ မိဘနှစ်ပါးနည်းတူ ခွင့်ပြုပါမှ ရဟန်းပြုခွင့်ရကြပေသည်။
ရရှိထားသော ဝိပါက ဝဋ်ခန္ဓာကြီးကို သာသနာတော်ကြီးအတွက် အသုံးပြုနိုင်ရန် ခွင့်ပန်သူက ခွင့်ပန်လာချေပြီ။
ရေမြေသဘာဝ မျှတစိမ်းစိုသော အရပ်တွင် မိဘနှစ်ပါး၏ ကောင်းမွေများကိုသာ ဆက်ခံ၍ မွေးဖွားလာခဲ့သော မယ်ခေမာသည် ပင်ကိုအားဖြင့် ချောပြီး လှပြီး ဖြစ်ပါ၏၊ အချောအလှကို သဘောကျ ပြင်ဆင်နိုင်သဖြင့် သူ၏ ဂုဏ်သတင်းက ကျော်စောလှပါ၏၊ သို့ရာတွင် ဟိုယခင်က ချောခြင်း လှခြင်းမှာ ရုပ်ခန္ဓာ၏ အလှသာ ဖြစ်ပါ၏၊ မာန်မာနကို အလုပ်အကျွေးပြုရုံမျှသာ စွမ်းဆောင်နိုင်သောအလှ၊ သန့်စင်မွန်မြတ်သော ချစ်ခြင်းမေတ္တာထက် တဏှာရာဂကို ဦးစွာပထမဖိတ်ခေါ်တတ်သော အလှသာ ဖြစ်ဘိ၏၊ ယခုသော်ကား အလှတွင် အယဉ်ဆင့်၍ လာပေပြီ။
ဘုရားရှင် ခွင့်ပြုတော်မူလိုက်သော အသုဘဘာဝနာ၏ ကျေးဇူးဖြင့် မယ်ခေမာ၏ အလှသည် တဏှာရာဂ မဖက်သော စေတနာ မေတ္တာကို လက်ခံ ရရှိ၍ နေပေပြီ။
တိုင်းပြည်၏ ဥသျှောင်ကိုင်ဖြစ်သော ကျောင်းဒါယကာကြီးသည် အဝန်းကျယ်လှသော မဂဓတိုင်းကြီး၏ သေရေးရှင်ရေး ကိစ္စများကိုပင် နေ့စဉ်နှင့်အမျှ အဆုံးအဖြတ်ပေးလာခဲ့ရ၏၊ စိတ်နှလုံးတုန်လှုပ်ဖွယ်ရာ ကိစ္စကြီးများကိုပင် ခိုင်ကျည်သော စိတ်နှလုံးဖြင့် တည့်တည့်မတ်မတ် ကျင့်သုံးခဲ့ရ၏၊ သို့သော် ထိုကိစ္စများသည်ကား တိုင်းရေးပြည်ရေး ကိစ္စများသာ ဖြစ်ဘိ၏၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတိုင်း မလွဲမသွေ ဆောင်ရွက်ရသော တာဝန်များသာ ဖြစ်ဘိ၏၊
ယခု မယ်ခေမာ လျှောက်ထားလာသော ကိစ္စကား တိုင်းရေး ပြည်ရေးမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ ဖြစ်နေချေပြီ။ ကိုယ်ရေးကိုယ်တာမှ သာမညမဟုတ်။ နှလုံးသားကိစ္စဖြစ်နေချေသည်။
သာသနာ့အသိ၊ သာသနာ့အမြင်ကို ရရှိထားသော သာဝကတစ်ဦးပီပီ သူသည် သာသနာတော်ကြီးကို အလုပ်အကျွေးပြုလိုလှ၏၊ ထိုသို့ပြုရာတွင် ချစ်လှစွာသော မိဖုရားလေး မယ်ခေမာလည်း ဖဝါးခြေထပ်လိုက်ပါလာစေလို၏၊ ဤအလိုဆန္ဒအရ အုံနှင့်ကျင်းနှင့် ဝိုင်းဝန်းစီမံလိုက်သဖြင့် ဘုရားရှင်ကို ရှောင်နေခဲ့သော မယ်ခေမာသည် ဘုရားရှေတော်မှောက်သို့ ရောက်ရှိခဲ့ပါ၏၊ ဤသို့ ရှေ့တော်မှောက်သို့ ရောက်ပြီးလျှင် ယခင်က အမူအကျင့်ကို ပြုပြင်ကာ သာသနာပြု အမျိုးသမီးတစ်ယောက်ဖြစ်လာမည်ဟု မျှော်လင့်ခဲ့၏၊ သူမျှော်လင့်ထားသည့်အတိုင်း မယ်ခေမာသည် သာသနာပြု အမျိုးသမီးတစ်ယောက်ကား ဖြစ်လာပါ၏၊ သို့သော် သူနှင့်အတူ လက်တွဲ၍ သာသနာပြုမည့်သူကား မဟုတ်တောပါ။ ချစ်ခင်ခဲ့သော ခင်ပွန်းလင်ကိုပင် လက်တွဲဖြုတ်ကာ သူတစ်ဦးတည်း သာသနာပြုတော့မည်တဲ့။
သူက သံယောဇဉ်အမျှင်လေးကြားမမှာ သာသနာ့အကျိုးကို သယ်ပိုးချင်သည်။ မယ်ခေမာကတော့ သံယောဇဉ် အမျှင်တစ်ခုမျှ အကပ်မခံတော့ဘဲ လွတ်လွတ်ကျွတ်ကျွတ် သာသနာပြုချင်ပေပြီ။ တိုင်းပြည်ဥသျှောင်ကိုင် ဘုရင်ကြီးတစ်ပါးသည် သာသနာ့အာဇာနည် အမျိုးသမီးအား လက်အုပ်ချီလိုက်ရပေတော့သည်။
"အို အရှင်မ ခေမာ၊ ကျွန်ုပ်ကျေနပ်စွာ ခွင့်ပြုလိုက်ပါသည်။ အရှင်မ၏ ရဟန်းပြုရေး ကိစ္စအဝဝ ပြည့်စုံပါစေ့မည်"
အရှင်သခင်အဖြစ်မှ ပစ္စည်းလေးပါး ဒါယကာကြီးအဖြစ်သို့ ချက်ချင်းလက်ငင်း ကူးပြောင်းလျက် ရိုသေစွာ လျှောက်ထားလိုက့်ပေသည်။
တိုင်းရေး ပြည်ရေး ကိစ္စများကို တည့်တည့်မတ်မတ် ဆုံးဖြတ်လာခဲ့သော ဘုရင်ဗိမ္ဗိသာရသည် ကိုယ်ရေးကိုယ်တာ နှလုံးသားကိစ္စကိုလည်း မှန်ကန်စွာ အဆုံးအဖြတ် ပေးလိုက်ပါပေသည်။
ဤဆုံးဖြတ်ချက်အရ ချစ်မြတ်နိုးလှစွာသော မိဖုရား မယ်ခေမာကို ရွှေဝေါဖြင့် တင်လျက် ရဟန်းမများကျောင်းသို့ ပို့ဆောင်ပေးလိုက်ရ၏၊ ရဟန်းမများထံမှာ သိမ်ဝင်ခဲ့ပြီးနောက် ကျွန်ုပ်တို့ထံမှာ တစ်ခါထပ်၍ ကံဆောင်ရသေး၏၊ မိန်းမသားများ၏ ရဟန်းခံပွဲမှာ ဤသို့ပင် နှစ်ကြိမ်နှစ်ခါ ကျင်းပကြရပေသည်။
အာဇာနည်စိတ်ဓာတ်အပြည့်ဖြင့် သာသနာ့ဘောင် ဝင်ရောက်လာသော အရှင်ခေမာကို ချီးကျူးရသည်နှင့်အမျှ ကိုယ်ရေးကိုယ်တာထက် ဘုရားရှင့်ရွှေမျက်နှာကို အလေးပေးထားသော ဘုရင်ကြီး ဗိမ္ဗိသာရကိုလည်း ကျွန်ုပ်တို့တစ်တွေက သာဓုအနုမော် ခေါ်ကြရပါပေသည်။
(ခေမာထေရီအပဒါန်)
မညှိုးနွမ်းသည့် ပန်းကြာညို
အခြေအနေအရ ပိတ်ပင်ထားတော်မူခဲ့သော ဘိက္ခုနီသံဃာ့တံခါးမုခ်ကို ကျွန်ုပ်သည် မရအရ ဖွင့်ပေးခဲ့၏၊ အမျိုးသမီးများ ရသင့်ရထိုက်သော အခွင့်ထူးကြီးကို ဓမ္မဓိဋ္ဌာန် စကားလုံးများသုံးကာ တောင်းဆို၍ ပေးနိုင်ခဲ့၏၊ ဤလို တောင်းဆိုပေးခဲ့သဖြင့် ရှင်တော်မြတ်၏ အကြိမ်းအမောင်းများကို ခံယူခဲ့ရ၏၊ သို့သော် ကျွန်ုပ်အဖို့ ဤကိစ္စအတွက် စိတ်ပျက်ရန်၊ စိတ်ကွက်ရန် လုံးဝ မလိုအပ်ပါ။ ငွေစန္ဒာ လဝန်းကြီး၏ ထံတော်ပါးဝယ် မောင်ကြီး မောင်ငယ်များနှင့် အတူတကွ ထွန်းလင်းတောက်ပခွင့် ရလာကြသော ထေရီမယ် ငွေစင်ကြယ်များ ရှိနေကြပြီ မဟုတ်ပါလော။
ပထမဦးစွာ မယ်တော်ကြီး မဟာပဇာပတိ ဂေါတမီ။ သူ၏ နောက်မှာ သကျမင်းသမီး ငါးရာ။ ထို့နောက် မယ်ခေမာကဲ့သို့ ထင်ရှားကျော်ကြားသော အမျိုးသမီးများ။ သူတို့ သူတို့တစ်တွေသည် ကျွန်ုပ်ဖွင့်ပေးထားသော တံခါးမှ အစီအရီ ဝင်လာခဲ့ကြ၏၊ ဝင်လာပြီးသည့် နောက်မှာလည်း ဘေးမသီ ရန်မခ သာသနာ့တာဝန်ကို ထမ်းဆောင်ခွင့်ရခဲ့ကြပေသည်။
ဘေးရန်ကင်းကွာ တစ်သက်တာလုံး နေခွင့်ရခဲ့ကြသော ထိုအရှင်မများအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသော ကျွန်ုပ်သည် အရှင်မဥပ္ပလဝဏ်အလှည့်တွင်ကား ဝမ်းသာ ဝမ်းနည်း ဖြစ်ရပေတော့သည်။
အရှင်မဥပ္ပလဝဏ်သည် အရှင်မ ခေမာကဲ့သို့ အိမ်ထောင်သည်ဘဝမှ လာခဲ့သူ မဟုတ်ပါ။ သူလို မိန်းမပျိုတစ်ယောက်အဖို့ ဖူးစာရှင်မပေါ်ပေါက်မှာကို စိုးရိမ်စရာ မရှိပေ။ မျိုးရိုးအားဖြင့် သာဝတ္ထိမြို့တော်ကြီးမှာ ထင်ရှားသော သူဌေးကြီး ဇနီးမောင်နှံတို့၏ တစ်ဦးတည်းသော သမီး။ အသားအရေမှာ ကြာညိုပန်းဝတ်ဆံကဲ့သို့ တင့်တယ်၏၊ မိန်းမတို့၏ ကြံအင်လက္ခဏာ ပြည့်စုံ ကုံလုံလှ၏၊ သည်ကြာညိုပန်း၏ သတင်းများက လေအောက် လေညာမရွေးတမ်း ပျံ့နှံ့၍ နေလေရာ မင်းညီမင်းသားများ၊ ဂုဏ်ရည်တူ သူဌေးသားများသည် သူ့ထက်ငါ စပ်လာဟပ်လာကြပေသည်။
စောစောပိုင်းတုန်းက မိဘနှစ်ပါးမှာ စန်းပွင့်လှသော သမီးကလေးအတွက် ဂုဏ်တဝင့်ဝင့် ဖြစ်မိ၏၊"သမီးလေးငယ်ပါသေးသည်၊ အိမ်ထောင်ရေးကိစေ္စတွ စိတ်ဝင်စားဦးမည် မဟုတ်သေးပါ"ဟု ဒိုင်ခံပြောနေရခြင်းကိုပင် အရသာတစ်ခု ထင်မှတ်ခဲ့ကြ၏၊ တစ်စထက်တစ်စ များလာသောအခါမှာကား မိဘနှစ်ပါးလုံး ဘေးကျပ်နံကျပ် ဖြစ်လာကြရပေတော့သည်။
တောင်းလာကြသော သတို့သားတွေက အမြောက်အမြား။ ပေးစရာရှိသည်မှာကား သည်သမီးလေး တစ်ယောက်မျှသာ။ တစ်ယောက်ကိုပေးလိုက်လျှင် ကျန်လူများက မကျေမချမ်း ဖြစ်လာကြပေတော့မည်။ မကျေနိုင် မချမ်းနိုင်သူများသည် သူ့လို ကိုယ့်လို သူဋ္ဌေးများချည့်ဆိုလျှင်ကား ကိစ္စမရှိလှပါ။ ပစ္စည်းအင်အားနှင့် ဖိလာလျှင် ပစ္စည်းအားနှင့် ခုခံနိုင်၏၊ ဆွေသိုက်မျိုးသိုက်နှင့် ဝိုင်းဝန်းလာလျှင်လည်း သည်က ဆွေသိုက် မျိုးသိုက်ကလည်း ရေပက်၍ မဝင်အောင် ကာကွယ်ပေးကြမည်သာ။
သို့သော် သူတို့အထဲမှာ မင်းညီမင်းသားများ ပါနေသည့်အရေးကိုကား မိဘနှစ်ပါးတို့ စိတ်မအေးနိုင်ပါ။ သူတို့က သူဌေးသားများကဲ့သို့ ပစ္စည်းဂုဏ်၊ ဆွေမျိုးဂုဏ်ကို အားကိုးပြုနေသူများ မဟုတ်ပေ။ ပေဿနဒီ ကောသလမင်းကြီး၏ တန်ခိုးအာဏာနများကို တစ်စိတ်တစ်ဒေသ ရရှိထားကြသူများ ဖြစ်ကြ၏၊ အချို့မှာ အင်မတန် ဓားထက်လှသည်ဟု ကျော်ကြား၏၊ ဆွေအားမျိုးအား ပစ္စည်းအားကို အံတုနိုင်သော်လည်း ဓားထက်ထက်ကိုကား ကျောချမ်းလှပါဘိ။
"အိုဘယ့် သမီးငယ် ဥပ္ပလဝဏ်၊ ဤမျှလောက် ဇာတ်ရှုပ်သည့် လူ့ဘောင်မှာ နေမည့်အစား သာသနာ့ဘောင် ဝင်ရောက်လျှင် မကောင်းပါလား"
ကြံရာမရသည့်အဆုံးဝယ် ဖခင်ကြီးက သမီးစိတ်ကို တီးခေါက်ကြည့်ရတော့၏၊ မိဘနှစ်ပါးလည်း အန္တရာယ်ကင်း၍ သမီးကလေးလည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်မည့်လမ်းမှာ ဤတစ်လမ်းသာ ရှိတော့သည် မဟုတ်ပါလား။
"သာသနာ့ဘောင် ဝင်ရောက်ချင်ပါသည် ဖခင်"
စောစောကတည်းကပင် ရည်စူးရင်းရှိနေခဲ့သော ဥပ္ပလဝဏ်က ဖခင်ကြီး၏ အကြံပြုချက်ကို ဝမ်းသာအားရ လက်ခံလိုက်၏၊ သို့နှင့် သာဝတ္ထိမြို့တော်ကြီးဝယ် ဥပ္ပလဝဏ်၏ ရဟန်းခံပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပကြရ ပေတော့သည်။
ရဟန်းမ ဥပ္ပလဝဏ်သည် ရဟန်းပြု၍မကြာမီမှာပင်ဥပုသ်အိမ်မှာ တာဝန်ကျခဲ့ဧ်။ ။ ဥပုသ်အိမ်သိမ်အပြင်မှာသည်နေ့ဥပုသပြုလာကြမည့်အရှင်မများချမ်းသာစွာနေကြရန်တံမြက်လှည်းထားရဧ်။ ။ သောက်ရေများ ခပ်ထားရဧ်။ ။ နေရာထိုင်ခင်းများ ခင်းထားရဧ်။ ။ နေဝင်ချိန်ရောက်ပြီမို့ ဆီမီးခွက်များလည်း မြိုင်မြိုင်ဆိုင်ဆိုင် ထွန်းထားရပေသည်။
ဥပုသ်ပြုရန်အရှင်မများ ရောက်မလာသေးမီအခိုက်တွင် အရှင်မ ဥပ္ပလဝဏ်သည် ဆီမီးတောက်ကို စူးစိုက်ကြည့်ကာ တေဇောကသိုဏ်းကို ပွားများနေဧ်။ ။ ဘဝအခြေခံကောင်းသူဖြစ်၍ တေဇောကသိုဏ်းဖြင့် လောကီစျာန်ကို ထိုခဏအတွင်းမှာပင် ရရှိဧ်။ ။ ထိုခဏအတွင်းမှာပင် သမာပတ်မှတစ်ဆင့် ဝိပဿနာနယ်သို့ ကူးပြောင်း လာခဲ့ဧ်။ ။ သီတင်းသုံးဖော် အရှင်မများ ရောက်လာကြချိန်တွင်ကား အရှင်မဧ်။ ရဟန်းကိစ္စ ပြီးပြည့်စုံခဲ့လေပြီတည်း။
ဤအချိန်အထိ အရှင်မအတွက် ကျွန်ုပ်တို့ စိတ်ထိခိုက်ရသောကိစ္စ မပေါ်ပေါက်သေးပါ။ အန္ဓဝန် တောအုပ်အတွင်းက ကျောင်းငယ်တစ်ခုဝယ် တောရဆောက်တည်နေချိန်တွင်မှ မကြားကောင်း မနာသာ သတင်းဆိုးကြီး ထွက်ပေါ်လာပေသည်။
(ဓမ္မပဒ အဌကထာ၊ ဗာလဝဂ်၊ ဥပ္ပလဝဏ်ထေရီမ ဝတ္ထု)
အန္ဓဝန်တောအုပ်သည် သာဝတ္ထိမြို့တော်ဝန်းကျင် ဇေတဝန်ကျောင်းတော်ဧ်။ ကျောဘက်မှာတည်ရှိဧ်။ ။ ဇေတဝန် ကျောင်းတော်နှင့်လည်း မနီးမဝေး၊ လူသံသူသံတိတ်ဆိတ်ရာ ဌာနလည်းဖြစ်၍ စိတ်အေးချမ်းသာ တရားဘာဝနာ ပွားများနေလိုသူတို့ဧ်။ မှီခိုရာဌာနဖြစ်ပေသည်။
ရှေးအခါက ဤနေရာဤဌာနသည် လူသူအရောက်အပေါက်နည်းသော တောကြီးမျက်မည်း ဖြစ်ခဲ့သည်ဟူဧ်။ ။ ခိုးသားဓားပြ ထူပြောလှသည် ဟူ၍လည်း နာမည်ကြီးလှဧ်။ ။
တစ်နေ့သ၌ ဤတောကြီးထဲသို့ ယသောရတမည်သော ဥပါသကာကြီးတစ်ယောက်တည်း ဝင်လာခဲ့ဧ်။ ။ သူကား ကဿပမြတ်စွာဘုရားဧ်။ တပည့်တစ်ဦးဖြစ်၍ အနာဂါမ်အဆင့် ရောက်နေသူဖြစ်ဧ်။ ။ ပိဋကတ်သုံးပုံ နှုတ်ငုံ ဆောင်နိုင်သူလည်း ဖြစ်ဧ်။ ။ ပရိနိဗ္ဗာန်စံဝင်ပြီဖြစ်သော ကဿပမြတ်စွာဘုရားဧ်။ စေတီတော်ကြီး ပြီးစီးရေးအတွက် ဇမ္ဗူဒိပ်တစ်ခွင်လုံး လှည့်လည်၍ နိဗ္ဗာန်ဆော်လုပ်ရာမှ ပြန်လာခဲ့ခြင်း ဖြစ်ပေသည်။
ဤနေရာ ဤဌာနရောက်သည်နှင့် ဓားပြငါးရာတို့သည် ဥပါသကာကြီးကိုဝိုင်း၍ ဖမ်းလိုက်ကြ၏၊ စေတီတော်ကြီးအတွက် လှူခဲ့လေသမျှ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေပါလိမ့်မည်ထင်၍ဖြစ်ပေသည်။ ရလာသမျှသော လှူဖွယ်ဝတ္ထုများကို ဥပါသကာကြီးက ညမဆိုင်းဘဲ စေတီတော်ကြီးတည်ရာသို့ လှည်းကြုံနှင့်ပို့နေသည်ကို သူတို့မသိကြလေတကား။
ဥပါသကာကြီး၏ ကိုယ်ပေါ်ဝယ် ဝတ်ဆင်ထားသော အဝတ်တစ်စုံမှလွဲ၍ ဘာမျှမရှိပေ။ သို့ဆိုလျှင် အသာတကြည် လွှတ်လိုက်ပါတော့လား၊ လူနည်းစုက ဤသို့သဘောရသော်လည်း လူများစုက နောက်ကြောင်းမလုံပေ။ “ဤဥပါသကာကြီးသည် မင်းစိုးမင်းပေါက်ဖြစ်၏၊ တို့တစ်တွေ မြို့ပေါ်သို့ အကြောင်းတစ်ခုခုဖြင့် ရောက်လာခိုက် ဥပါသကာကြီးနှင့်ဆုံမိလျှင် ခက်ချိမ့်မည်။ တို့တစ်တွေကို အကုန်ဖမ်းပြီး သေလမ်းပို့လိမ့်မည်”
ဤသို့ပြောဆိုသူများကများသဖြင့်သာသနာ့အကျိုးတော်ဆောင် ဥပါသကာကြီး အသတ်ခံခဲ့ရပေသည်။ သတ်မိသော ဓားပြတို့သည် တောအုပ်ထဲမှာပင် မျက်ကန်းဘဝ ရောက်ကြရ၏၊ ထို့ကြောင့် သည်တောကို အန္ဓဝန်တောဟု ခေါ်တွင်ကြောင်း ရှေးသူဟောင်းတို့ ပြောရိုးဆိုစဉ်ရှိခဲ့ပေသည်။ သူကန်းတောဟု အဓိပ္ပာယ်ရပေသည်။
(မူလသဏ္ဏာသ၊ ဝမ္မိကသုတ် အဌကထာ)
မောဟသမား လူရမ်းကားတို့လက်ချက်ဖြင့်ကဿပဘုရားရှင်၏ သာဝကကြီးတစ်ဦးသည် ဤတောထဲမှာ အသက်ဆုံးရှုံးခဲ့ရ၏၊ ဤတောထဲမှာပင် ဂေါတမဘုရားရှင်၏ တပည့်မတစ်ပါးလည်း တဏှာသမား လူရမ်းကား၏ အနိုင်ကျင့်မှုကိုခံခဲ့ရပါချေသည်။
နန္ဒမည်သောလုလင်သည် အရှင်မ ဥပ္ပလဝဏ်ကို လူ့ဘဝမှာကတည်းက တစ်ဖက်သတ်စွဲလမ်းလာသူဖြစ်၏၊ ဆွေမကင်း မျိုးမကင်းထဲကလည်း ဖြစ်၏၊ လူ့ဘဝမှာတုန်းက ချစ်ခွင့်မသာခဲ့လေသမျှ ရဟန်းမဖြစ်လာချိန်မှာ အခွင့်ကြုံလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့၏၊
သူမျှော်လင့်ထားသည့်အတိုင်းလည်း တစ်နေ့မှာတော့အခွင့်ကြုံလာချေတော့သည်။ အရှင်မ ဥပ္ပလဝဏ်သည် အဖော်ရဟန်းမများနှင့်အတူ ဒေသစာရီလှည့်လည်ရာမှ မိဘရပ်ထံ သာဝတ္ထိမြို့တော်သို့ ပြန်ရောက်လာ၏၊ ထိုစဉ်က ရဟန်းမများ တောရဆောက်တည်ခွင့်ပြုထားသဖြင့် အရှင်မသည်မြို့နားကျောင်းတွင်မနေဘဲ အန္ဓဝန်တောကြီးထဲမှာ တောရဆောက်တည်၍နေခဲ့၏၊ တောရကျောင်းဖြစ်သည့်အတိုင်း အရှင်မ၏ ကျောင်းကလေးမှာ နေသာထိုင် သာမျှသာဖြစ်ပေသည်။
အရှင်မသည် သာဝတ္ထိမြို့တော်တွင် ဆွမ်းခံဝင်ကာ တောရကျောင်းကလေးသို့ပြန်လာခဲ့၏၊ စေ့ရုံသာ စေ့ထားခဲ့သော ကျောင်းတံခါးကို တွန်းဖွင့်ကာ ပါလာသောသပိတ်ကို ခုတင်ခေါင်းရင်းမှာ အသာအယာ ချထားလိုက်၏၊ လှမ်းလာခဲ့ရသော ခရီးတာမှာ တော်တော်ကွာလှမ်းသဖြင့် ခုတင်ပေါ်မှာ အပန်းဖြေထိုင်လိုက်ရ၏၊ နေပူလယ်ခေါင်မှာ ခပ်ကြာကြာ လျှောက်လာရာမှ ကျောင်းရိပ်ထဲသို့ ဝင်လာခဲ့ရာတွင် အရှင်မ၏ မျက်စိများက ရုတ်တရက် အသားမကျသေးဘဲ ဖြစ်နေကြရ၏၊ မှုန်ရီဝိုးတဝါး ဖြစ်နေရ၏၊ ထိုအခိုက်မှာပင် အကြံသမား နန္ဒသည် ခုတင်အောက်မှ ဘွားခနဲ ထွက်လာခဲ့ပေသည်။
ရုန်းရင်းဆန်ခတ်ဖြစ်ရပ်များ ငြိမ်သက်သွားချိန်တွင် အရှင်မ၏ တစ်နပ်စာ ဆွမ်းဘောဇဉ်တို့သည် ကျောင်းအနှ့ ပြန့်ကြဲ၍ နေကြလေပြီတည်း။
(ဓမ္မပဒ အဋ္ဌကထာ၊ ဗာလဝဂ်၊ ဥပ္ပလဝဏ်ထေရီမဝတ္ထု)
ဤသတင်းဆိုးကြီးကို ကြားရခါမှ ကျွန်ုပ်သည် ကိုယ်ပြုခဲ့မိသော အမှုအပေါ်မှာ သို့လော သို့လော ဖြစ်လာရ၏၊ ယောကျ်ားသားများနှင့် ဘဝအခြေအနေမသူသော အမျိုးသမီးများကို သာသနာတော်တွင်းသို့ ဖိတ်ခေါ် မိခြင်းသည် မှားများ မှားလေပြီလော။
သို့ရာတွင် သေသေချာချာ စဉ်းစားကြည့်ပြန်တော့လည်း ဤသံသယတို့က ကာလကြာရှည် ရပ်တည် မနေနိုင်ကြပါ။ အားကောင်းမောင်းသန် ရဟန်းပျိုများသည်ပင် အသင်းအပင်းနှင့် အတင်းအဓမ္မ အဖျက်ဆီးခံခဲ့ရသော ဖြစ်ရပ်များ ပေါ်ထွက်ခဲ့ဖူးပေပြီ။ ကံမကောင်းအကြောင်းမလှလျှင် ရဟန်းမများသာ မဟုတ်၊ ရဟန်းများလည်း ကျိုးယုတ်ရှက်ကွဲ ဖြစ်ကြရပေသည်။
(ပထမပါရာဇိက သိက္ခာပုဒ်၊ ဘိက္ခုပစ္စတ္တိကစတုက္က စသည်)
အတင်းအဓမ္မ ဖျက်ဆီးသူများနှင့် မလွှဲမရှောင်သာ တွေ့ကြုံရသူများအဖို့ တစ်ခုတည်းသော အားကိုးရာကား မိမိစိတ်သာလျှင် ဖြစ်၏၊ ဖျက်လိုဖျက်ဆီးပြုသူများသည် ခန္ဓာကိုယ်ကိုသာ အနိုင့်အထက် ဖျက်ဆီး၍ ရနိုင်ကြ၏၊ ကျောက်စာတိုင်ကဲ့သို့ ခိုင်မာသော စိတ်ဓာတ်ကိုကား ဖျက်ဆီး၍မရနိုင်ပါ။ နိုင့်ထက်ကလူ မပြုနိုင်ကြပါ။
ထို့ကြောင့် အရှင်မ ဥပ္ပလဝဏ်၏ အမှုကို နားအဆင့်ဆင့်ဖြင့် ကြားသိတော်မူသော ဘုရားရှင်သည် 'ရဟန်းတို့၊ မသာယာသော ရဟန်းမအား အာပတ်မသင့်'ဟု အဆုံးအဖြတ်ပေးတော်မူလိုက်ပေသည်။
(ပထမပါရာဇိက သိက္ခာပုဒ်၊ ဝိနီတဝတ္ထု)
တစ်ဖက်သတ် အနိုင်ကျင့်ခံခဲ့ရသော တပည့်မတစ်ဦး၏ ရှေ့တွင် ဘုရားရှင်က ဤသို့ မားမားမတ်မတ် ရပ်တည်ပေးလိုက်သဖြင့် အရှင်မ၏ အကျင့်သိက္ခာ ကြာညိုပန်းသည် လန်းဆန်းမြဲ လန်းဆန်း၍ နေပေသည်။ ကျွန်ုပ်တို့ သာသနာ့ဝန်ထမ်း လောကဝယ် အရှင်မ၏ အကျင့်သိက္ခာနှင့် ပတ်သက်၍ တစ်စိုးတစ်စိမျှ သံသယ မရှိကြပါ။ သို့သော် ဒါယကာ ဒါယိကာမများဘက်မှာကား ဤကိစ္စနှင့်ပတ်သက်၍ ပြောကြ ဆိုကြ ငြင်းခုံကြဆဲပင် ရှိနေပေသည်။
အရိယာဉာဏ် အမြင်မှန်ရရှိပြီးသူများသည် တစ်စုံတစ်ရာ သာယာတပ်မက်မှု မရှိခဲ့ပါဟု အရှင်မ ပြောပြချက်ကို ကျေနပ်စွာ လက်ခံနိုင်ကြ၏၊ ပုထုဇဉ်များကား ဤစကားကို လက်ခံဖို့ ခက်နေကြ၏၊ သူတို့ မျက်မြင်အားဖြင့် အရှင်မဥပ္ပလဝဏ်သည် ထင်းခြောက်လည်း မဟုတ်၊ တောင်ပို့လည်း မဟုတ်၊ သူ့လိုကိုယ့်လို သွေးနှင့်သားနှင့် ပင် ဖြစ်ပေသည်။ အရွယ်ကောင်းတုန်း ဆူဖြိုးတုန်းဖြစ်ပေသည်။ ဤအခြေအဤနေအရ တောလယ်ကောင်၌ နှစ်ကိုယ် တွေ့ကြရာတွင် မသာယာဘဲ နေနိုင်ချိမ့်မည်လော။ သူတို့ကိုယ် သူတို့ စိတ်နှင့် နှိုင်းကြခြင်းပင် ဖြစ်ပေသည်။
ကျွန်ုပ်တို့ ဇေတဝန်ကျောင်းတော်တွင် သီတင်းနေ့တိုင်း တရားပွဲရှိနေ၏၊ ဓမ္မာရုံသို့ရောက်လာကြသော ဒါယကာ ဒါယိကာမများအား တာဝန်ကျသော ရဟန်းတစ်ပါးပါးက တရားပြသ ဆိုဆုံးမရ၏၊ အကြောင်းကိစ္စတစ်စုံတစ်ရာ ထူးခြားလာသောနေ့တွင်ကား ဘုရားရှင်ကိုယ်တော်တိုင်ထွက်၍ ဟောတော်မူပေသည်။
ယနေ့လည်း အကြောင်းထူး၍ နေပေပြီ။ ရောက်လာကြသော တရားနာပရိသတ်များသည် သမီးတော်ဥပ္ပလဝဏ်နှင့် ပတ်သက်၍ နှစ်ဖက်နှစ်တန် ငြင်းခုံ၍နေကြချေပြီ။ သံဃာ့ပရိသတ်၌ ပေါ်ပေါက်လာစရာရှိသော သံသယတစ်ကွက်ကို ကြိုကြိုတင်တင် ပယ်ဖျက်တော်မူခဲ့သော သူ့ခမည်းတော်သည် ဒါယကာ ဒါယိကာမများ၏ သံသယ ချေးညှော်တို့ကိုလည်း ဆေးကြောသုတ်သင်၍ ပေးရပါဦးမည်။
ထို့ကြောင့် ယနေ့တရားပွဲတွင် တာဝန်ကျ ဓမ္မကထိက မဟောသေးမီ ဘုရားရှင်ကို ဦးစွာ ဖူးတွေ့ခွင့်ရကြပေသည်။ ရှင်တော်မြတ်၏ တရားတော်ကို ဦးဦးဖျားဖျား ကြားနာခွင့် ရကြပေသည်။
"အို ဒါယကာ ဒါယိကာမအပေါင်းတို့၊ သူတော်သူမြတ်၏ ဖြူစင်သော စိတ်ဓာတ်သည် ပိန်းကြာဖက်နှင့် သဏ္ဍာန်တူပေသည်။ မြည့်မြည့်ချွန်သော စူးဖျားနှင့်လည်း သဏ္ဍာန်တူပေသည်။ ပိန်းကြာဖက်ပေါ် ကျရောက်လာသော ရေစက်ရေပေါက်သည် ပိန်းကြာဖက်မှာ မကပ်မငြိ၊ ချက်ချင်းပင် လျှောကျသွားလေဘိသကဲ့သို့၊ စူးဖျား ပေါ်တင်လာသော မုန်ညင်းစေ့သည် ရပ်တည်ရာမရ၊ ခဏမဆိုင်း လိမ့်ကျသွားရလေဘိသကဲ့သို့ သူတော်သူမြတ်သည် မကောင်းသော လောကဓံနှင့် တွေ့ကြုံရသော်ငြားလည်း သူ၏ ဖြူစင်သော စိတ်ဓာတ်သည် ကာမဂုဏ် အာရုံတို့၌ ကပ်ငြိလိမ်းကျံခြင်း မရှိပေ။ ထို့ကြောင့် ဖြူစင်သော စိတ်ဓာတ်ရှိသူကို သူတော်သူမြတ်ဟူ၍ ငါ ဘုရား ဟောကြားတော်မူပေသည်"
ဤဒေသနာတော်အဆုံး၌ လေပွေလေကြမ်း အယမ်းခံခဲ့ရသောကြောင့် ကြာညိုပန်းသည် ပို၍ပင် လန်းဆန်းလာပေသည်။
(ဓမ္မပဒ ဗြာဟ္မဏဝဂ်၊ ဥပ္ပလဝဏ်ထေရီမ ဝတ္ထု)
တရားအလှူ ပေးဝေသူ
ယောကျ်ားဘက်က နှစ်ဦး၊ မိန်းမဘက်က နှစ်ဦး၊ သူတို့နှစ်ဦး၏ ကံကြမ္မာသည် တော်တော်ကြီး တူနေပေသည်။
ယောကျ်ားများက ဦးစွာပထမ ရတနာသုံးပါးနှင့် အကျွမ်းတဝင် ဖြစ်ခဲ့ကြ၏၊ သာသနာ့အသိ သာသနာ့အမြင်ဖြင့် အရိယာစာရင်းဝင်နိုင်ခဲ့ကြ၏၊ သူတို့နှစ်ဦး အသိထူး အမြင်ထူးများ ရရှိစဉ်က သူတို့၏ အိမ်ရှင်မများသည် သာမန် သူ့လို ငါ့လိုထဲကပင် ဖြစ်၏၊ အသိထူး အမြင်ထူးကို ရဖို့ဝေးစွ။ ဘုရားကျောင်းကန်ကိုမှ အရောက်အပေါက် ရှိသူများ မဟုတ်ကြပေ။
သို့ရာတွင် ထိုအမျိုးသမီးနှစ်ဦးမှာ ပြာဖုံးနေသော မီးကျီးခဲများသာ ဖြစ်သဖြင့် ပြာမှုန်းများလွင့်စင်သွားသည်နှင့် ဝင်းဝင်းပြောင်ပြောင် တောက်လောင်၍ လာကြပေသည်။ ခင်ပွန်းသည်များ၏ အဆင့်ကိုပင် ကျော်လွန်ကာ အထွတ်အထိပ်သို့ ရောက်သွားကြေပေတော့သည်။ တစ်ဦးသည် အရှင်ခေမာ၊ နောက်တစ်ဦးက ဓမ္မဒိန္နာ။"ဧတဒဂ်" ဂုဏ်ထူးဆောင် ဓမ္မကထိက အကျော်အမော်။
နန်းတော်မှာ အိမ်တော်မှာ သည်အတိုင်း ကျန်ရစ်နေသူများကတော့ ဗိမ္ဗိသာရမင်းနှင့် ဝိသာခသူဌေး။
ဘဝအကျိုးပေးခြင်း တူနိုင်လွန်းသော ထိုပုဂ္ဂိုလ်နှစ်ဦးသည် ရင်းနှီးခင်မင် အကျွမ်းဝင်သူများလည်း ဖြစ်ကြ၏၊ သာသနာ့ အသိ အမြင် စတင်ရရှိခြင်းမှာလည်း တစ်ချိန်တည်းမှာပင် ဖြစ်ကြပေသည်။
အနော်မာသောင်းကမ်း၌ ရဟန်းအဖြစ် ခံယူပြီးလျှင် အလောင်းတော်သည် ရာဇဂြိုဟ်တွင်းသို့ ဆွမ်းခံဝင်ခဲ့၏၊ ထိုစဉ်တွင် ထီးမွေနန်းမွေ ဆက်ခံရရှိပြီးခါစ ဗိမ္ဗိသာရမင်းနှင့် တွေ့ဆုံခဲ့၏၊ ဗိမ္ဗိသာရမင်းက ပေးလှူခဲ့သော လောကီစည်းစိမ်များကို ပယ်လှန်ကာ တောင်းပန်မှုတစ်ခုကိုကား လက်ခံခဲ့၏၊ ရည်မှန်းချက် ပန်းတိုင်အရောက် ခရီးပေါက်ပြီးလျှင် သည်မြို့သည်ပြည်သို့ ပထမဦးစွာ ကြွတော်မူပါဟူသော တောင်းပန်မှုပင် ဖြစ်၏၊
သည်တောင်းပန်မှုအရ ဘုရားရှင်သည် ပထမဦးစွာ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူခဲ့၏၊ မိမိအပေါ် သွေးသားရင်းတမျှ ချစ်ခင်ကြည်ညိုလှသော မဂဓဘုရင်အား သစ္စာဉာဏ်မြင် နိဗ္ဗာန်ဝင် တရားတော်များဖြင့် အတုံ့အလှယ် မေတ္တာလက်ဆောင် ပေးတော်မူခဲ့၏၊
ရှင်တော်မြတ်၏ ကမ်းလင့်လာသောလက်ကို ထိုနေ့က အရအမိ ဆုပ်ကိုင်ဖမ်းမိသူများတွင် သည်သူငယ်ချင်းနှစ်ဦးလည်း အပါအဝင်ဖြစ်ပေသည်။
အပူအဆွေး ဘေးအန္တရာယ်ဟူသမျှ၏ ကင်းလွတ်ရာ အမြိုက်ချမ်းသာကို ပေးသနားတော်မူခဲ့သော ကျေးဇူးရှင်ကြီးအပေါ် ဆထက်ထမ်းပိုးတိုး၍ ကြည်ညိုလာကြ၏၊ ကြားရ နာရပြီးသော တရားကို ထပ်ကာထပ်ကာ ကြားနာ၍ မဝနိုင်အောင် ဖြစ်ကြရ၏၊ ဖူးရ မြော်ရပြီးသော ရွှေမျက်နှာတော်ကို ဖူးမြော်၍ အားမရနိုင်အောင် ဖြစ်ကြ၏၊
ကြားနာ၍မဝ၊ ဖူးမြော်၍ အားမရနိုင်သော စိတ်ဖြင့် သူတို့နှစ်ဦး ကျောင်းတော်သို့ ရောက်လာကြသည်ကား မှန်ပါ၏၊ သူတို့ နောက်ပါးတွင်ကား သူတို့ချစ်မြတ်နိုးသူများက မပါလာကြချေတကား။
မပါချင်တုန်းက ဇွတ်ပေ၍နေခဲ့သော မယ်ခေမာသည် ပါမည့်ပါတော့လည်း သူတို့ထက်ပင် ကျော်လွန်၍ သွားပေပြီ။ သည်အချိန်တွင် သူဌေးကတော်လေး ဓမ္မဒိန္နာကား သူ၏ ခန်းသဉ္ဇာတွင် အလှပြုပြင်တန်ဆာဆင်၍ ကောင်းနေဆဲသာ ဖြစ်ပေသည်။
မယ်ခေမာကဲ့သို့ပင် ဓမ္မဒိန္နာသည်လည်း ကျောင်းတိုက်သို့ လိုက်ပါတတ်သူ မဟုတ်ပေ။ သို့ပါလျက် ဝိသာခါသည် သူ့ဇနီးကို အပြစ်မယူ ချစ်ကြည်ဖြူသည်သာဖြစ်၏၊ လောကအမြင်နှင့် ရှုဆင်ခြင်လျှင် ချစ်ထိုက်၍ ချစ်သည်။ ကြည်ဖြူထိုက်၍ ကြည်ဖြူသည် ဟူ၍ပင် ဆိုရပါတော့မည်။
ဘုရားကျောင်းတော်က ဝိသာခါ ပြန်လာလျှင် အရန်သင့် ပွင့်လျက်ရှိနေသော လေသာပြတင်းကို တွေ့ရမြဲဖြစ်၏၊ ထိုပြတင်း၌ မိမိအလာကို ကြိုဆိုနေသော အပြုံးမျက်နှာ။
ပြုံးမြမြမျက်နှာသည် မကြာမီ ထိုပြတင်းမှကွယ်ပျောက်ကာ လှေကားဦးမှာ ပေါ်လာပြန်၏၊ ပြုံးမြမြမျက်နှာမှ ချိုသာသော နှုတ်ခွန်းဆက်သံများ ထွက်ပေါ်လာ၏၊ အမွှေးနံ့သာ လိမ်းခြယ်ထားသော လက်ယာလက်သည် ဆွဲကိုင်လှမ်းတက်ရန် ကမ်းလင့်မြဲ ဖြစ်၏၊
ခါတိုင်း ခါတိုင်းနေ့များ၌ ဝိသာခါ သူဌေးသည် ထိုလက်နှစ်သွယ်ကို ဆွဲကိုင်မွေ့ယမ်းလျက် လှေကားပေါ် လှမ်းတက်နေကျဖြစ်၏၊ ချိုသာသော နှုတ်ခွန်းဆက်စကားများကို အတုံ့အလှယ် ရယ်မောပြောဆိုနေကျဖြစ်၏၊ ကျောင်းတော်သွားရစဉ်က မအီမသာ ဟာတာတာ ဖြစ်ခဲ့ပုံ၊ အိမ်ပြန်ရောက်၍ ပြုံးမြမြမျက်နှာကို မြင်လိုက်ရခါမှ ရွှင်ပျပျဖြစ်လာပုံများကို ဝိသာခ၏ ကျောင်းတော်ပြန် လက်ဆောင်စကားများဖြစ်ပေသည်။ တရားစကား နားမဝင်သူကလေးကို သူနှင့် သင့်တော်ရာ စကားတို့ဖြင့် အလိုက်အထိုက် ပြောဆိုဆက်ဆံရခြင်း ဖြစ်ပေသည်။
သည်နေ့မှာတော့ ဝိသာခ၏ နှုတ်ဖျားမှ ဤလိုစကားကလေးများ ထွက်ကျ မလာကြတော့ပြီ။ ကမ်းလင့်ထားသော လက်ကို ဆွဲကိုင်မွေ့ယမ်းခြင်း မပြုတော့ပြီ။ မြတ်နိုးပျူငှာ ကြိုဆိုလာသော ဇနီးသည်ကိုမှ အပြုံးလက်ဆောင် မတုံ့ပြန်တော့ပြီ။ အေးချမ်းသော မျက်နှာထား၊ တည်ငြိမ်သော ဣန္ဒြေဖြင့် သူ့ဘာသာ အိမ်ပေါ်တက်လာ၏၊ ထူးခြားသော အမူအရာများကြောင့် ဓမ္မဒိန္နာ တအံ့တဩဖြစ်ရ၏၊ ယူကျုံးမရ ဝမ်းနည်းလှသော 'လူစိမ်းကားကြီး' ကို စူးစူးစိုက်စိုက် ကြည့်နေမိ၏၊
ဓမ္မဒိန္နာ၏ မျက်စိထဲဝယ် ဝိသာခ၏ ရုပ်သွင်သည် ထင်ထင်ရှားရှား ရှိနေပါ၏၊ အသွေးအသားနှင့် တည်ဆောက်ထားသော ကိုယ်ခန္ဓာတွင် ဘာတစ်ခုမျှ ပြောင်းလဲမသွားပါ။ ဘာတစ်ခုမျှ ယုတ်လျော့မသွားပါ။ ယခင့် ယခင်က သူနှင့် ချစ်ခွန်းတုံ့တင် ပြောကြားလာခဲ့သော ရုပ်သွင်အတိုင်းသာ ရှိနေပါ၏၊
တကယ်တော့ဖြင့် ဝိသာခါထံတွင် ဓမ္မဒိန္နာ မမြင်သာသော ယုတ်လျော့ခြင်းကား ရှိနေပေပြီ။ သာမာန်မျက်စိဖြင့် ကြည့်၍ မမြင်နိုင်သော ပြောင်းလဲမှု့ား ရှိနေပေပြီ။ ထိုယုတ်လျော့မှု၊ ထိုပြောင်းလဲမှုကား ရုပ်ခန္ဓာနှင့် မဆိုင်ပေ။ စိတ်ခန္ဓာနှင့်သာ ဆိုင်ပေသည်။ သည်ကနေ့ နံနက်ခင်းက ရှေ့တော်မှောက်မှာ ကြားနာခဲ့ရသော တရားတော်က သူ့စိတ်ခန္ဓာကို အသစ်ပြောင်း၍ ပေးလိုက်ပေပြီ။ ကာမဂုဏ်အာရုံ ခုံမင်မှု မကင်းသော သောတာပန် သကဒါဂါမ်အဆင့်မှ အနာဂါမ်အဆင့်သို့ ပို့ဆောင် ပေးလိုက်ပေပြီ။ လူ့အဝတ် လူ့အဆင်နှင့် အိမ်ပြန်လာသော ဝိသာခထံတွင် လူတို့၏ အာသာရမ္မက်များ မရှိတော့ပါပြီတည်း။
ဖြစ်ကြောင်းကုန်စင် မသိနိုင်ရှာသေးသော ဓမ္မဒိန္နာသည် ထမင်းစားချိန်မှာလည်း စိတ်မချမ်းမသာ ဖြစ်ရပြန်၏၊ ခါတိုင်းဆိုလျှင် ဝိသာခသည် ဇနီးသည်နှင့် မျက်နှာစုံညီ အတူတကွ စားနေကျဖြစ်၏၊ သည်နေ့မှာတော့ ဣန္ဒြေကြီးတစ်ခွဲသားနှင့် သူတစ်ဦးတည်းသာ စား၏၊ ဇနီးသည်ကို လာပါ စားပါဟူ၍ လောကွတ်စကားလေးများကိုမျှ ဆိုဖော်မရပေ။
ထမင်းဝိုင်းမှာ အကဲခတ်၍ မရနိုင်သေးသော ဓမ္မဒိန္နာသည် ညချမ်းအချိန်ကို စောင့်မျှော်နေမိ၏၊ မျှော်တော်ဇောနှင့် မောခဲ့ရသော်လည်း မောရကျိုးကား မနပ်ပါချေ။ အိပ်ရာဝင်ကြသောအခါ ဝိသာခသည် ခန်းသဉ္ဇာသို့ မဝင်လာပေ။ အခြားအခန်းလွတ်တစ်ခုကိုသာ သုတ်သင်ရှင်းလင်းကာ သာမန် သစ်သားခုတင်ဖြင့် အိပ်စက်ပေသည်။
မိန်းမသားတစ်ယောက်၏ အောင့်အည်းနိုင်စွမ်းသည် သည်နေရာမှ ကုန်ခန်း၍ သွားပေပြီ။ ထမင်းစားရာ တိတ်ဆိတ်စွာနေရာတို့တွင် ဝိသာခ အလိုကျ လွတ်ရာကျွတ်ရာက ခွာနေနိုင်ခဲ့သော်လည်း ဤကိစ္စကိုကား သည်းခံ၍ မရတော့ပါ။ သူကြိုက်ချင်ကြိုက်၊ မကြိုက်ချင်နေ၊ သူ့အိပ်ခန်းသို့ လိုက်ပါမသွားဘဲ မနေနိုင်တော့ပါ။
"အို... ဓမ္မဒိန္နာ၊ အကာလ ညအခါကြီးမှာ ဘာအကြောင်းနှင့် ဝင်လာရပါသလဲ"
ဓမ္မဒိန္နာဝင်လာသည်နှင့် ဝိသာခသည် လျောင်းစက်ရာမှ ထ၍ မေးလိုက်၏၊ စိတ်နောက်ကိုယ်ပါ ဝင်လာခဲ့မိသော ဓမ္မဒိန္နာသည် အိမ်ဦးနတ်အပေါ် ရိုသေကိုင်းညွတ်သူလည်း ဖြစ်၍ ခုတင်ခြေရင်းက ဦးချကန်တော့လျက်-
"ဟုတ်ပါသည် အရှင့်သား၊ မကြိုက်မှန်းသိပါလျက် ဇွတ်တရွတ်ဝင်လာခဲ့မိပါသည်။ အရှင့်သားသည် ယခင်နှင့်မတူ တစ်မူထူးခြားလာသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍ ရှင်းရှင်းနှင့် ဘွင်းဘွင်းသိရအောင် ကျွန်မမေးပါရစေ။ အရှင့်သားသည် အခြားသူ တစ်ယောက်ယောက်ကိုများ စိတ်ညွတ်နေပါသလား"
"ဘယ်သူ့ကိုမှ စိတ်ညွတ်မနေပါ ဓမ္မဒိန္နာ"
"သို့ဖြစ်လျှင် တစ်စုံတစ်ယောက်ဆီကများ သွေးခွဲစကားကြားခဲ့ရလေသလား"
"သွေးခွဲစကား မကြားခဲ့ရပါ ဓမ္မဒိန္နာ"
"သည်လိုမဟုတ်လျှင် ကျွန်မမှာကော အပြစ်တစ်ခုခု ရှိနေရော့သလား"
"အပြစ်ဟူ၍ မြူမျှမရှိပါ ဓမ္မဒိန္နာ"
"အပြစ်ဟူ၍ မြူမျှ မရှိပါလျက် ဘယ့်အတွက်ကြောင့် စကားစမြည် မပြောရပါသလဲ အရှင့်သား"
"ခက်လေစွ ဓမ္မဒိန္နာ၊ ခက်လေစွ"
အကြောင်းရင်းမှန် ပြောကြားရန် ဝန်လေးလှသဖြင့် ဝိသာခသည် ညည်းတွားလိုက်မိ၏၊
ဓမ္မဒိန္နာဆိုသော သည်အမျိုးသမီးသည် အလှအပ ခံစားရုံမျှအပ တရားဘက်မှာ နားဝေးလှ၏၊ တရားရေး နာဝေးလှသူတစ်ဦးအား သည်ကနေ့ ရရှိခဲ့သော တရားထူးကို မည်သို့များ နားလည်အောင် ပြောပြရပါမည်နည်း။
သို့သော် ဤအခြေအနေရောက်မှတော့ မပြော၍လည်း ပြီးတော့မည် မဟုတ်ပေ။ ရရှိခဲ့သော တရားထူးကို တတ်နိုင်သလောက် နားလည်အောင် ပြောပြပါမှ သူ့ခမျာ ရပ်တည်ရာ ရပေမည်။ သို့ဖြစ်၍-
"ဓမ္မဒိန္နာ၊ နားသောတဆင်လေတော့။ သည်ကနေ့ရရှိခဲ့သော တရားသည် လောကလူသား အများတကာတို့ မက်မောနေကြသော စည်းစိမ်ဥစ္စာ၊ ရတနာတွေထက် မွန်မြတ်သော တရားဖြစ်သည်။ ကာမဂုဏ်ခံစားမှု မပါသောချမ်းသာသုခဖြစ်သည်။ သည်ချမ်းသာသုခကို ကိုယ်တိုင်ကိုယ်ကြပ် ခံစားရပြီမို့ လောကီအာရုံကာမဂုဏ်တို့ကို ငါတို့များ မခုံမင်တော့ပြီ။ သို့ဖြစ်၍ သည်အိမ်မှာရှိသမျှ ပစ္စည်းများကို နှမဓမ္မဒိန္နာ တစ်ယောက်တည်းသာ အပိုင်ယူပါ။ ငါတို့၏ အမိ ငါတို့၏ နှမအဖြစ်ဖြင့်သာ ဤအိမ်မှာနေပါ။ နှမ ပေးသမျှ ကျွေးသမျှဖြင့် ငါတို့များ ကျေကျေနပ်နပ် စားသုံးနေပါတော့မည်"
တရားရေး နားဝေးလေမည်လားဟု ဝိသာခက ဤစကားများကို ခပ်ဆဆ ပြောလိုက်ခဲ့ရ၏၊ သို့ရာတွင် ဤစကားလုံးများက တိုက်လွှင့်ပေးလိုက်သဖြင့် ဖုံးနေသော ပြာမှုန်များ လွင့်ကျသွားခဲ့ပြီ ဖြစ်၏၊ ဓမ္မဒိန္နာမီးကျီခဲသည် ရဲရဲညီးညီး တောက်ပလာခဲ့ပြီ ဖြစ်၏၊ ထိုမီးကျီးခဲတစ်နေရာတွင် မာနမီးပွားလေး ကပ်ပါနေသည်ကို တွေ့နိုင်ကြပေသည်။
"အရှင့်သား၊ ဤသို့သော ချမ်းသာသုခကို ယောကျ်ားသားများသာ ရနိုင်ပါသလား။ မိန်းမသားများကော ရနိုင်ခွင့် ရှိကြပါသလား"
မီးပွားလေးမှ ထွက်လာသော အသံများဖြစ်ပေသည်။
"ဘယ့်နှယ်များ ပြောလိုက်ပါသလဲ ဓမ္မဒိန္နာ။ အသိရှေ့သွား တရားကျင့်သူအားလုံးသည် ဤတရားကို အမွေဆက်ခံခွင့် ရကြပေသည်။ အခြေခံဉာဏ်ပညာနှင့် ပြည့်ဝသူတိုင်း ရရှိနိုင်သော တရားပင် ဖြစ်ပေသည်"
"သို့ဖြစ်လျှင် ကျွန်မ ရဟန်းပြုပါရစေ"
"ကောင်းလှပြီ နှမ၊ ငါတို့များလည်း ဤလမ်းကိုပင် တိုက်တွန်းချင်သည်။ နှမ၏ သဘောဆန္ဒကို မသိရသေး၍ ခပ်မဆိတ် နေလာခဲ့ရပေသည်"
ဤသို့ဖြင့် ကျွန်ုပ်တို့ သာသနာတော်တွင် ငွေစင်ကြယ်တစ်လုံး ထွန်းသစ်လာပေသည်။
ရဟန်းခံပွဲ ကျင်းပစဉ်က ရာဇဂြိုဟ်တစ်မြို့လုံး ဟိုးလေးတကျော် ဖြစ်ခဲ့၏၊ အခမ်းအနားများ ပြီးဆုံးသွားသော်လည်း အရှင်မထံမှာ ပရိသတ်များ မစဲသေးပါ။ ဝင်သူ ထွက်သူ၊ လှူဒါန်းသူများ တသဲသဲ တဖွဲဖွဲ ရောက်နေကြဆဲသာ ဖြစ်ပေသည်။
လူ့ဘောင်လောက၏ အနှောင့်အဖွဲ့မှ ရုန်းထွက်လာသော အရှင်မအတွက် ဤလာဘ်လာဘများကို သာယာမက်မော၍ မနေသာပါ။ ဤလာဘ်လာဘထက် အဆတစ်ရာမကသာသော ဆုထူးလာဘ်ထူးကြီးသည်သာ သူ၏ ရည်စူးချက်ဖြစ်၏၊ ထို့ကြောင့် ဝင်သူ ထွက်သူ၊ လှူဒါန်းသူပေါလှသော ရာဇဂြိုဟ်မြို့တော်ကို ခွာရှောင်ကာ မထင်ရှားသော တောရွာတစ်ရွာသို့ တိမ်းရှောင်သွားရ၏၊
ယခုတော့ သူရည်စူးခဲ့သော ဆုထူးလာဘ်ထူးကြီးများကို တစ်ပွေ့တစ်ပိုက် သယ်ဆောင်လျက် ပြန်ရောက်လာပါပြီ။ အရှင်မရောက်လာ၍ မကြာမီ သူ၏ ပစ္စည်းလေးပါး ဒါယကာကြီးလည်း ရဟန်းမများကျောင်းသို့ ရောက်လာသည်ဟု သတင်းစကား ကြားသိရပေသည်။
ဓမ္မဒိန္နာအရှင်မ သာသနာ့ဘောင် ဝင်ရောက်လာရပုံကို ဒါယကာ ဝိသာခ ပြောပြချက်အရ ကျွန်ုပ်တို့ ပြည့်ပြည့်စုံစုံ တင်ပြနိုင်ခဲ့၏၊ ယခုတစ်ဖန် သူတို့နှစ်ဦး၏ ဆွေးနွေးခန်းကို ဝိသာခ၏ အထောက်အကူဖြင့်ပင် တင်ပြရပါဦးမည်။ ဤအကြောင်းအခြင်းအရာများကို ဘုရားရှင်ထံ လာရောက်၍ လျှောက်ထားစဉ်က အပါးတော်တွင် ကျွန်ုပ်တို့ရှိနေကြသည် မဟုတ်ပါလား။
ဝိသာခက"ရဟန်းမများကျောင်းသို့ အဆောတလျင် သွားရောက်ခြင်းမှာ အရှင်မအပေါ် တစ်စုံတစ်ရာ တွယ်တာမှု ရှိနေ၍ မဟုတ်ပါ"ဟု လျှောက်ထား၏၊ အရှင်မသည် ရဟန်းခံပြီးသည်နှင့် မြို့ကြီးများကို ခွာ၍ တောရွာသို့ သွားခဲ့၏၊ ယခု ဘာမျှမကြာသေးမီမှာပင် တောရွာမှ မြို့ကြီးသို့ ပြန်ကပ်လာခဲ့၏၊ ဤအမူအရာထူးကို ထောက်ချင့်လျက်"သာသနာ့ဘောင်မှာ ပျော်မှ ပျော်ပါမည်လား" ဟု ဒါယကာကြီး စိတ်ထဲမှာ သံသယတစ်ကွက် ဝင်လာမိ၏၊
ဤသံသယကို ချေဖျက်ရန် အကောင်းဆုံးသောနည်းလမ်းသည်ကား အရှင်မနှင့် တိုက်ရိုက်တွေ့ဆုံရေးပင် ဖြစ်၏၊ လေးနက်သော စကားတို့ကို နှိုက်နိုက်ချွတ်ချွတ် မေးမြန်းကြည့်ရေးပင် ဖြစ်၏၊ တကယ်တမ်းသာ ကိုယ်ပိုင်ဉာဏ်ရောက် အသိပေါက်ခဲ့လျှင် ဤမေးခွန်းများကို ရဲရဲဝံ့ဝံ့ ဖြေနိုင်ပေမလိမ့်မည်။ ဤသို့ ဖြေနိုင်၍ သာသနာ့ဘောင်မှာ ပျော်မွေ့ကြောင်းသိရလျှင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရပေမည်။ ရပ်တည်ရာမရသောစိတ်ဖြင့် ပြန်လာပါမူကား ဘုရားကိုယ်တော်မြတ်ထံ လျှောက်ထားရန်ပင် ရှိတော့သည်။
ဤသို့ ရည်ရွယ်ထားခဲ့သည့်အတိုင်း ဝိသာခသည် အရှင်မ ဓမ္မဒိန္နာနှင့် တွေ့ဆုံလာပါ၏၊ အရှင်မနှင့် တွေ့ဆုံပြီးနောက် ဘုရားရှေ့တော်မှောက်မှာ လျှောက်ထားလာပါ၏၊ သို့ရာတွင် သူ့အရှင်မ သာသနာ့ဘောင်မှာ မပျော်မွေ့ကြောင်းများ မဟုတ်ပါ။ အရှင်မ ဓမ္မဒိန္နာထံတွင် သူမေးလျှောက်ခဲ့သော ပြဿနာများပင် ဖြစ်ပေသည်။ တရားဘက်တွင် ကျေကျေညက်ညက် အလေ့အကျက်ရှိထားသူတို့ထံမှလွဲ၍ သာမန်သိယောင်ကားတို့ မဖြေကြားနိုင်သော ဖြေကြားချက်များပင် ဖြစ်ပေသည်။ ထိုအမေးအဖြေကား-
"အရှင်မ၊ အဘယ်တရားသည် သုခဝေဒနာနှင့် တူညီပါသနည်း"
"ဒါယကာ ဝိသာခ၊ သုခဝေဒနာနှင့် တူညီသော တရားသည် ဒုက္ခဝေဒနာ ဖြစ်ပေသည်"
"အရှင်မ၊ အဘယ်တရားသည် ဒုက္ခဝေဒနာနှင့် တူညီပါသနည်း"
"ဒါယကာ ဝိသာခ၊ ဒုက္ခဝေဒနာနှင့် တူညီသော တရားသည် သုခဝေဒနာ ဖြစ်ပေသည်"
သုခသည် ဒုက္ခ၏ ဆန့်ကျင်ဘက်ဖြစ်၏၊ ထို့အတူပင် ဒုက္ခသည်လည်း သုခ၏ ဆန့်ကျင်ဘက်ဖြစ်၏၊ဆန့်ကျင်ဘက်ဖြစ်ပုံချင်း တူညီ၍ တစ်နည်းအားဖြင့် သိလွယ် မြင်လွယ်ပုံချင်း တူညီပုံကို ဖြေကြားခြင်းဖြစ်ပေသည်။
"အရှင်မ၊ အဘယ်တရားများသည် ဥပေက္ခာဝေဒနာနှင့် တူညီပါသနည်း"
"ဒါယကာ ဝိသာခ၊ ဥပေက္ခာဝေဒနာနှင့် တူညီသော တရားသည် အဝိဇ္ဇာဖြစ်ပေသည်"
ပေါ်လွင်ထင်ရှားခြင်းမရှိ၊ သိရခက်၊ မြင်ရခက်ပုံချင်း တူညီပုံကို ဖြေကြားခြင်း ဖြစ်ပေသည်။
"အရှင်မ၊ အဘယ်တရားသည် အဝိဇ္ဇာနှင့် တူပါသနည်း"
"ဒါယကာ ဝိသာခ၊ အဝိဇ္ဇာနှင့် တူညီသောတရားသည် ဝိဇ္ဇာဖြစ်ပေသည်"
အဝိဇ္ဇာက အမှောင်ချ၍ ထားလေသမျှတွင် ဝိဇ္ဇာက ထိုမှောင်ကို ပယ်ဖျက်တတ်သောကြောင့် ထပ်တူပြုလိုက်ခြင်း ဖြစ်ပေသည်။
"အရှင်မ၊ အဘယ်တရားသည် ဝိဇ္ဇာနှင့် တူပါသနည်း"
"ဒါယကာ ဝိသာခ၊ ဝိဇ္ဇာနှင့် တူသောတရားသည် ဖိုလ်လေးပါး ဖြစ်ပေသည်"
ဤနေရာ၌ ဝိဇ္ဇာမှာ သမ္မာဒိဋ္ဌိမဂ္ဂင်ပင် ဖြစ်၏၊ သို့ဖြစ်၍ လောကုတ္တရာတရားချင်း တူညီပုံကို ဖြေကြားခြင်း ဖြစ်ပေသည်။
"အရှင်မ၊ အဘယ်တရားသည် ဝိမုတ္တိနှင့် တူပါသနည်း"
"ဒါယကာ ဝိသာခ၊ ဝိမုတ္တိနှင့် တူညီသော တရားသည် နိဗ္ဗာန်တရား ဖြစ်ပေသည်"
အာသဝနှင့် မဆက်ဆံခြင်း၊ လောကုတ္တရာတရားများဖြစ်ခြင်း၊ အဗျာကတတရားချည်းဖြစ်ခြင်း ဤသုံးချက်လုံး တူညီနေသော တရားများဖြစ်ပေသည်။ မေးလေသမျှ ပြဿနာတို့ကို အရှင်မ ဓမ္မဒိန္နာက ရဲဝံ့ပြတ်သားစွာ ဖြေဆိုပေသည်။ မေးမြန်းသည့် ဒါယကာ ဝိသာခကလည်း အားပါးတရာ နာကြားကာ နောက်ဆုံးမှာ အရေးပါဆုံးသော မေးခွန်းကို မေးလျှောက်လိုက်၏၊
"အရှင်မ၊ အဘယ်တရားသည် နိဗ္ဗာန်နှင့်တူညီပါသနည်း"
"ဒါယကာ ဝိသာခ၊ သင့်မေးခွန်းများ နယ်ကျွံသွားကြပေပြီ။ အတူမရှိသော နိဗ္ဗာန်တရားကို အတူရှာ၍ ဖြေနေရလျှင် ဆုံးနိုင်တော့မည် မဟုတ်ချေ"
"ဒါယကာ ဝိသာခ၊ ဘုရားရှင်တို့၏ အဆုံးအမ သာသနာတော် တစ်ခုလုံးသည် နိဗ္ဗာန်မှာ အကျုံးဝင်၏၊ နိဗ္ဗာန်သာလျှင် လားရာရှိ၏၊ နိဗ္ဗာန်မှာပင် လမ်းဆုံး၏၊ ထို့ကြောင့် နိဗ္ဗာန်နှင့်တူညီသော တရားကို မဖြေကြားနိုင်တော့ပါ။ ဤမျှဖြင့် မကျေနပ်နိုင်သေးလျှင် ဘုရားရှင့်ထံ ချဉ်းကပ်ပါလော့။ ဘုရားရှင် ဖြေကြားတော်မူသည့်အတိုင်းသာ မှတ်ယူပါလော့"
အဖြေပေးစရာ အတူရှာ၍ မရတော့သည့်အဆုံးတွင် အရှင်မ ဓမ္မဒိန္နာက ဤပြဿနာကို ဘုရားရှင်ထံ လွှဲအပ်လိုက်ရတော့၏၊ ဝိသာခမှ တစ်ဆင့် အရှင်မဓမ္မဒိန္နာ လွှဲအပ်လာသော ပြဿနာကို ဘုရားရှင်ကလည်း အရှင်မထံသို့ ပြန်၍ လွှဲအပ်တော့မူလိုက်ပေသည်။
"ဝိသာခ၊ ဓမ္မဒိန္နာသည် ပညာကြီးပေစွ။ အကယ်၍ ဤပြဿနာတို့ကို ငါဘုရားထံ မေးမြန်းပါလျှင်လည်း ဓမ္မဒိန္နာဖြေကြားခဲ့သည့်အတိုင်းပင် ဖြေကြားရပေလိမ့်မည်။ ထိုပြဿနာတို့ အဖြေကို မဓမ္မဒိန္နာ ဖြေဆိုခဲ့သည့်အတိုင်းသာလျှင် စိတ်ချ လက်ချ မှတ်ယူပါလော့"
တပည့်မတစ်ဦး၏ သာဝကဉာဏ်ဖြင့် ဖြေကြားချက်ကို ဘုရားရှင်က မိမိနှင့်ထပ်တူ ပြုလိုက်ပါလေပြီ။
ဟိုစဉ်တုန်းက မဓမ္မဒိန္နာသည် "ဤသို့သော လောကုတ္တရာတရားကို သူတို့ယောကျ်ားများသာ ရနိုင်သလော"ဟု မာနမီးပွားလေး ထွက်ခဲ့ရ၏၊ ထိုမီးပွားလေး၏ တွန်းကန်မှုဖြင့် နေ့ချင်းညချင်း ရဟန်းပြုခဲ့၏၊ အသိထူး အမြင်ထူး မရမနေရှာဖွေလာခဲ့၏၊ ရှာဖွေသည့်အတိုင်းပင် မကြာမီ ရရှိလာခဲ့၏၊ ထိုအသိထူး အမြင်ထူး၏ ကျေးဇူးဖြင့် နှိုက်နှိုက်ချွတ်ချွတ် မေးလာသမျှကို ဂဏသေချာစွာ ဖြေဆိုနိုင်ခဲ့၏၊
အမှန်အားဖြင့် မာနဟူသည် အကုသိုလ်စေတသိက် တစ်လုံးမျှသာ ဖြစ်၏၊ ကာယကံရှင်၏ စိတ်နှလုံးကို ပူပန်စေတတ်သော သဘောကြောင့် မီးဟူ၍ တင်စားကြရ၏၊ သို့သော် ထိုမီးကို အထိန်းအချုပ်ဖြင့် နည်းမှန်လမ်းမှန် အသုံးပြုလိုက်သောအခါ ရွှေနှုတ်တော်မှ ထုတ်ဖော်ချီးကျူးမှုကို ခံယူရပေသည်။
ဤသို့ ထုတ်ဖော်ချီးကျုးကာ မိမိနှင့် ထပ်တူထပ်မျှ ပြုတော်မူလိုက်သဖြင့် အရှင်မမဓမ္မဒိန္နာ၏ ဖြေကြားချက်သည် သာဝကဘာသိတ အဆင့်ထက် ကျော်လွန်ကာ ဗုဒ္ဓဘာသိတ စာရင်းဝင် ဖြစ်သွားတော့၏၊
မင်းမှုထမ်းတို့ ရေးသားသော စာလွှာတွင် ဘုရင့်တံဆိပ် ခတ်နှိပ်လိုက်သောအခါ ပြည်ထောင်ချင်းချင်း ဘုရင်းမင်းတို့ ပေးရိုးစဉ်လာ သဝဏ်လွှာ ဖြစ်လာသကဲ့သို့ပင်တည်း။
(မူလပဏ္ဏာသ၊ စူဠဝေဒလ္လသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
ဘုရားပေးသော မသေဆေး
အရှင်မ ခေမာ၊ အရှင်မဥပ္ပလဝဏ်၊ အရှင်မ ဓမ္မဒိန္နာ ဤထေရီသုံးပါးတို့သည် ဘဝအကျိုးပေးကောင်းသူများ ဖြစ်ကြ၏၊ သဲဖြူခင်း၍ ရာဇမတ်ကာထားသော မင်းလမ်းတစ်လျှောက်တွင် တံခွန် ကုက္ကား မုလေးပွားတဝေဝေဖြင့် ကျောင်းတော်သို့လာခဲ့ကြရ၏၊ လာခြင်းကောင်းသော ရှင်တော်မြတ် ခြေရင်းသို့ ရွှေဝေါကြီးများစီး၍ ဝင်ရောက်ခဲ့ကြရ၏၊
သို့ရာတွင် ကျွန်ုပ်တို့ သာသနာတော်ကြီးသည်ကား ဤလို တခမ်းတနားဝင်လာသူများကိုသာ ကြိုဆိုသည် မဟုတ်ပါ။ အခမ်းအနားကို အသာထား။ လိုက်ပို့သူ နှုတ်ဆက်လာသူပင် မရှိသော အထီးကျန် အမျိုးသမီးများကိုလည်း နားခိုခွင့် ပေးခဲ့ပါ၏၊
ပျော်တပြုံးပြုံးနှင့် ဝင်လာသူများကို ဝမ်းမြောက်ဝမ်းသာ မုဒိတာ ပွားကြရသကဲ့သို့ပင် မျက်ရည်စက်လက်နှင့် ရောက်လာကြသူများကိုလည်း ကရုဏာဗြဟ္မစိုရ်ဖြင့် ကြိုဆိုလက်ခံကြရပေသည်။
လူ့လောက မဟာသမုဒ္ဒရာဝယ် လောက"ံလှိုင်းများက တစ်လုံးပြီးတစ်လုံး ရိုက်ပုတ်လာကြသဖြင့် သူတို့ခများ ခြေကုန်လက်ပန်း ကျနေကြ၏၊ ဘယ်နေရာမှ ထောက်ရာတည်ရာ ရှာမရခဲ့၍ အမောဆို့နေကြရ၏၊ သူတို့ တွေ့ကြုံရသော လောကဓံတို့သည် သူတို့၏ ခံနိုင်ရည်စွမ်းအားဟူသမျှကို အကုန်အစင် ဝါးမြိုပစ်လိုက်ကြပြီ ဖြစ်၏၊ သည်ထက် အနည်းငယ်မျှ တိုးလိုက်လျှင် စုံးစုံးမြှပ်ဖို့သာ ရှိတော၏၊ ဤသို့သော အခြေအနေတွင် လှိုင်းအသင့် လေအသင့် အခွင့်ကလေး ကြုံလာသဖြင့် ကျွန်ုပ်တို့ရှိရာ ကျွန်းသာယာသို့ ဆိုက်ရောက်လာကြပေသည်။
ကျွန်းသာယာသည် ထိုဒုက္ခသည် အမျိုးသမီးတို့အား ထောက်ရာတည်ရာကို ပေးခဲ့၏၊ အမောကို ပြေစေခဲ့၏၊ အပူကို ငြိမ်းစေခဲ့၏၊ ဆာလောင်မွတ်သိပ်မှုဟူသမျှကို ဖြေဖျောက်ပေးခဲ့၏၊
ဆာလောင်မွတ်သိပ်မှု ဟူသမျှ ပြေပျောက်ရာ၊ အပူငြိမ်းရာ၊ အမောပြေရာ၊ ဓမ္မရသာ မြိုက်ဩဇာကို ကိုယ်တိုင်ကိုယ်ကြပ် စားသုံးရပြီဖြစ်သော အရှင်မများသည် ကျွန်းသာယာထက်မှ မဟာသမုဒ္ဒရာကို လှမ်းမျှော်ကြည့်မိကြ၏၊ သူတို့၏ မျက်စိအောက်တွင် မဟာသမုဒ္ဒရာရေပြင်ကျယ်သည် ပရမ်းပတာ လှုပ်ရှားမြဲ လှုပ်ရှားနေသည်ကို တွေ့ကြရ၏၊ ထိုရေပြင်ကျယ်ထဲ၌ သူတို့သည် ယခင်က ကိုးကွယ်ရာမရ မျောပါခဲ့ရ၏၊ ကယ်ပါ ယူပါ တစာစာ အော်ခဲ့ရ၏၊ သေလုမျောပါးနစ်မွန်းခဲ့ကြရ၏၊
သည်တုန်းက ဆင်းရဲ ပင်ပန်းခဲ့ရလေသမျှကို ပြန်လည်သုံးသပ်မိလေ၊ ကယ်တင်တော်မူခဲ့သော အရှင်မြတ်ကြီးအား ကျေးဇူးတင်လေ။
ကျေးဇူးရှင်ကြီး၏ ကျေးဇူးဂုဏ်အနန္တကို သူတို့ဥည် နေ့ရော ညပါ သတိရလျက် ရှိကြ၏၊ သူတို့နှုတ်ဖျားမှ တဖွဖွ ပြောကြားလျက် ရှိကြ၏၊ ရှိခိုးဦးချမဝနိုင်အောင် ဖြစ်ကြရ၏၊
ဤရွေ့ဤမျှ ဂါရဝပြုရုံဖြင့် သူတို့ ကျေနပ်ကြပြီလား။ မကျေနပ်ကြသေးပါ။ သူတို့အပေါ်မှာရှိနေသော အရှင်မြတ်ကြီး၏ ကျေးဇူးတော်သည် ဟိမဝန္တာတောင်ကြီးလောက်ရှိနေ၏၊ သည်ကျေးဇူးတော်ကြီးကို သူတို့က ဆီးစေ့လောက်ပင်ဖြစ်ပါစေ တတ်နိုင်သလောက်တော့ ကျေးဇူးတစ်ဖန် တုံ့ပြန်ချင်ကြပေသည်။
ကောင်းပါပြီ။ မိမိအပေါ် တင်ရှိခဲ့သော ကျေးဇူးတရားကို သိတတ် မြင်တတ်ပြန်၍ ဆပ်ချင်သော စိတ်ဓာတ်သည် ကတညုတမင်္ဂလာပင် ဖြစ်ပါ၏၊ မင်္ဂလာပင်ဖြစ်၍ ဘုရားရှင်ကလည်း အပြစ်တင်တော်မူမည် မဟုတ်ပါ။ သို့သော်လည်း ထိုမင်္ဂလာကို ထိုအရှင်မတို့က ကာယကံမြောက် မည်သို့ ကျင့်သုံးရပါမည်နည်း။
မိန်းမသားများဖြစ်နေသဖြင့် ရှင်တော်မြတ်၏ ထံတော်ပါးဝယ် ခြေဆုပ်လက်နယ် ပြုချင်၍ မဖြစ်နိုင်။ ရေပူရေချမ်းကမ်းလှမ်းနေခွင့် မရှိ။ ပစ္စည်းလေးပါးဖြင့် လှူဒါန်းရန်လည်း မဖြစ်နိုင်။ သူတို့ကိုယ်တိုင်က သူတစ်ပါးထံမှ လက်ဖြန့်ခံ၍ စားသုံးနေကြရ၏၊ ဘဝခရီးကြမ်း လှမ်းလာခဲ့ရသူများမို့ သူတို့ခမျာ လာဘ်လာဘက ရှားပါးကြ၏၊ သည်တော့ သူတို့အနေနှင့် အရှင်မြတ်ကြီးအပေါ် ကျေးဇူးတုံ့ပြန်ရန်မှာ အရှင်မြတ်ကြီး၏ သာသနာတော်ကို တစ်ထောင့်တစ်နေရာက ကျေးဇူးဆပ်ရုံသာ ရှိတော့သည်။
သာသနာ့အကျိုး သယ်ပိုးသောအားဖြင့် သူတို့ရွေးချယ်လိုက်သော နည်းလမ်းသည် အင်မတန်မှ သင့်မြတ်လှပါ၏၊ ကျွန်ုပ်တို့ ဓမ္မသဘင်၌ လျှောက်ထားတင်ပြကြသော သူတို့ဘဝ ဇာတ်လမ်းတို့သည် သတိ သံဝေဂရဖွယ်ကောင်းလှပါ၏၊ ကျေနပ်နှစ်သက်ဖွယ်လည်း ကောင်းလှပါ၏၊
နှလုံးရင်တွင်းက ပီတိသောမနဿစေတသိက်များဖြင့် စီကာစဉ်ကာ တင်ပြလာကြည့်သည့်အထဲမှ ဇာတ်လမ်းတစ်ပုဒ်ကို ထုတ်နုတ်၍ ပထမဦးစွာ လက်ဆင့်ကမ်းလိုက်ရပါဦးမည်။
"အို.... အရှင်မြတ်အပေါင်းတို့၊ အို.. အရှင်မ အပေါင်းတို့၊ အရှင်မြတ်တို့၏ ခွင့်ပြုချက်အရ တပည့်တော်မ၏ ကိုယ်တွေ့ဇာတ်လမ်း ခရီးကြမ်းကို တင်ပြလိုပါသည် ဘုရား"
"တပည့်တော်မ၏ မိဘနှစ်ပါးသည် သာဝတ္ထိမြို့တော်အတွင်းက သူဌေးနှင့် သူဌေးကတော်များဖြစ်ကြပါသည်။ သူဌေးနှင့် သူဌေးကတော်ဟု ဆိုရသော်လည်း တပည့်တော်မ၏ မိဘများသည် နာမည်မျှသာ ဌေးကြသူများ ဖြစ်ပါသည်။ အဘိုးအဘွားများ ထားခဲ့သော ပစ္စည်းများ ဆုံးပါးပျက်စီးကုန်ကြပါပြီ။ ပစ္စည်းဥစ္စာ ချို့တဲ့စွာ နေလာခဲ့ရာမှ အချိန်တန် အရွယ်ရောက်သည့်အခါမှာကား အဟုတ်တကယ် ဌေးကြွယ်သော သူဌေးသားတစ်ဦးနှင့် ဖူးစာဆုံခဲ့ရပါသည်။ သျှောင်နောက်ဆံထုံးပါမြဲအတိုင်း ခင်ပွန်းသည်နောက် လိုက်ပါခဲ့ရပါသည်"
"ခင်ပွန်းသည် သူဌေးသားသည် တပည့်တော်မ၏ အသားအရေပါးလျားလှသော ကိုယ်ခန္ဓာကို အပြစ်မယူ မငြူစူခဲ့ပါ။ ချစ်ခြင်းမေတ္တာကိုသာ အလေးအမြတ်ပြုခဲ့ပါသည်။ ပစ္စည်းဥစ္စာရှားပါးခဲ့သော ဘဝအခြေအနေကို ကဲ့ရဲ့စကား မဆိုခဲ့ပါ။ မျိုးရိုးဂုဏ်ကိုသာ ထောက်ထားခဲ့သူ ဖြစ်ပါသည်"
"သို့ရာတွင် သူ့အမေ သူအစ်မများနှင့် နှမတို့ကတော့ တစ်ယောက်မျှ မကြည်ဖြူကြပါ။ ပါးလျားသော ကိုယ်ခန္ဓာထက် ရှားပါးလှသော ဘဝအခြေအနေက ပို၍ နှာခေါင်းရှုံစရာ ဖြစ်ခဲ့ရပါသည်။ ခင်ပွန်းသည် ကိုယ်တိုင်က သူတို့ စက်ရိပ်က မလွတ်သေးသည်တွင် တပည့်တော်မ မည်သို့တတ်နိုင်ပါမည်နည်း။ သမီးချင်းမစာ ညီအစ်မချင်းမစာ ပြောရက် ဆိုရက် နှုတ်စောင်းထက်ကြလေသမျှကို ခေါင်းငုံ့၍ ခံခဲ့ရပါသည်"
"သို့နှင့် တစ်နေ့မှာတော့ တပည့်တော်မအတွက် ကယ်တင်ရှင်တစ်ယောက် ပေါ်ပေါက်လာခဲ့ပါသည်။ ထိုကယ်တင်ရှင်မှာ မိုးပေါ်က ဆင်းလာသည့် သိကြားမင်းကြီး မဟုတ်ပါ။ ဝိဇ္ဇာဇော်ဂျီ တဿသီလည်း မဟုတ်ပါ။ အာဏာထန်ပြင်းလွန်းသည့် မင်းတစ်ပါးလည်း မဟုတ်ပါ။ သားငယ်ရွှေသွေး ပုလုကွေးသာ ဖြစ်ပါသည်"
"သားကလေး ရွှေတုံးပုလဲကို ဖွားမြင်ပြီးသည်နှင့် အိမ်သူအိမ်သားတို့၏ သဘောထားများ ပြောင်းလာကြပါသည်။ မျက်မှောင်ကြုတ်၍ နှုတ်ခမ်းစူ၍ထားတတ်ကြသော မျက်နှာတို့တွင် ပြုံးပန်းလှိုင်လှိုင် ပွင့်လာကြပါသည်။ သူ့ထက်ငါသာ အပြစ်တင်စရာ ရှာလာခဲ့ကြသော နှုတ်ခမ်းများကလည်း ယခုတော့ ဖော်ဖော်ရွေရွေ ပြောတတ်ဆိုတတ်ကြပါပြီ"
"ဘွားအေကြီးနှင့် အဒေါ်များက သဲသဲတုန်မျှ ယုယနေကြသော်လည်း သားကလေးက နွဲ့ဆိုးဆိုး၍ မလာပါ။ သူ့ပင်ကို သဘောအတိုင်း အေးဆေးစွာပင် နေခဲ့ပါသည်။ တစ်စတစ်စ ဖွံ့ဖြိုး၍လာသော သူ့ကိုယ်ခန္ဓာသည် ပွင့်အာမည့်ဆဲဆဲ ကြာဖူးငုံကြီးကဲ့သို့ အားရဖွယ် ကောင်းလှပါသည်။ ပြုံးတမြမြ သူ့မျက်နှာသည် တပည့်တော်မ၏ အသက်ပင် ဖြစ်ပါသည်"
"သားငယ်ရွှေသွေး ပုလုကွေးသည် တပည်ေ့တာ်မကို အမှီပြု၍ ကြီးထွားလာရပါသည်။ ထို့အတူပင် တပည့်တော်မ၏ ဘဝတစ်သက်တာ သာယာဖြောင့်ဖြူးရေးမှာလည်း သည်သားကလေးကိုပင် အမှီအတွယ် ပြုရပါလိမ့်မည်။ သို့ဖြစ်၍ တပည့်တော်မသည် သားအဖြစ်ဖြင့်လည်း နှစ်နှစ်ကာကာ ချစ်ရပါသည်။ ရွှေတောင်ကြီးကဲ့သို့လည်း အားကိုးတစ်ခု ပြုခဲ့ရပါသည်"
"တစ်နေ့မှာတော့ ရွှေတောင်ကြီးသည် တအိအိ ပြိုကျသွားပါသည်။ လိုလေသေးမရှိ ပြုစုနေသည့်ကြားကပင် သူငယ်နာရောဂါ တစ်မျိုးဖြင့် သေဆုံးသွားရရှာပါတော့သည်"
"သို့ရာတွင် သေဆုံးသည်ဆိုသော သဘောသည် မည်သို့ဖြစ်ပါသနည်း။ မိမိကိုယ်တိုင် ခဏမစဲ သေပွဲဝင်နေရပါလျက် တပည့်တော်မသည် သေခြင်းဆိုသော သဘောတရားကို နားမလည်ခဲ့ပါ။ ဘဝတစ်သက်တာတွင် ပထမဦးစွာ ရှုမြင်ရသော ကိုယ်ပွားကလေးကိုသာ တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားခဲ့ပါသည်။ ကမ္ဘာပေါ်မှာ လူတွေ ကုဋေကုဋာရှိနေပါလျက် သည်သားကလေးကိုမှ ရွေးပြီး ခေါ်ရလေသလားဟု ရှင်သေမင်းကို အခဲမကျေနိုင် ဖြစ်ရပါသည်"
"သူတို့ကတော့ သားကလေး သေရှာပြီတဲ့။ အချိန်ရှိခိုက် သုသာန်သို့ သွားပို့ကြရမည်တဲ့။ ပြောရက်ကြပါဘိ။ ဆိုရက်ကြပါဘိ။ သည်ကလေးအပေါ် သည်းတုန်အူတုန် ချစ်ခဲ့ကြသည် ဆိုခြင်းမှာ ဟုတ်မှ ဟုတ်ကြပါလေစွ။ ဩော် သူတို့မှာတော့ ဝမ်းနှင့်လွယ်၍ မွေးရသည်မှ မဟုတ်ပါဘဲကလား"
"အမေ့အဖို့မှာတော့ သားကလေးသည် အမေ့အသက်။ သားကလေးသည် အမေ့အသည်းနှလုံး။ ဘဝတစ်သက်တာ ပထမဦးစွာ ရလာခဲ့သော ရတနာပုလဲကုံး။ သည်ရတနာ သည်အသည်းနှလုံးကို လူမနီးသည့် သုသာန်မြေသို့ မည်သူပို့နိုင်ပါမည်နည်း"
"သားကလေးကို ပိုက်ရင်း ငို၍ ရှိုက်၍ နေတုန်းမှာပင် သူတို့ကတော့ သားကလေး အိပ်ခဲ့သည့် ပုခက်ကို ဖြုတ်လိုက်ကြပါပြီ။ ဆွေမျိုးနီးစပ်ထဲက လိုက်ပို့မည့်သူများလည်း ရောက်လာကြပါပြီ။ ဤအချိန်တွင် မည်သို့မည်ပုံ ဖြစ်ပျက်လိုက်သည် မသိပါ။ အရိုးပဒေသာ ကိုယ်ခန္ဓာမှာ မည်သို့သော အားခွန်ဗလတွေ ဝင်ရောက်လာသည် မသိပါ။ သုသာန်သို့ပို့ရန် ဝိုင်းလာကြသူများလက်မှ သားနှင့်အတူ အတင်းရုန်းထွက်ခဲ့ပါသည်။ သာဝတ္ထိမြို့တော်ကြီးအတွင်း မင်းလမ်းမတစ်လျှောက် ခြေဦးတည့်ရာ လျှောက်လာခဲ့ပါသည်"
"တပည့်တော်မ သွားလေရာသို့ သားကလေးက ခါတိုင်းလိုပင် သဘောကောင်းကောင်းနှင့် လိုက်ပါလာခဲ့ပါသည်။ သည်သားကလေးကိုပင် သူတို့ကတော့ သေပြီတဲ့။ သုသာန်သို့ ပို့လိုက်ရမည်တဲ့။ လှုပ်ရှားခြင်း၊ ငိုကြွေးခြင်း မရှိတော့သည့်အတွက် သူတို့ပြောသည့်အတိုင်း သေပြီဟု ဆိုကြပါစို့။ သို့သော် ဤသို့ဆိုရုံမျှဖြင့် သုသာန်မြေကို တစ်ခါတည်း ပို့ကြရမည်လော။ သေပြီးသော သားကလေးကို ပြန်ရှင်လာအောင် ကုစား၍ မဖြစ်တော့ပြီလော"
"ဖြစ်ရမည်။ ဖြစ်ကိုဖြစ်ရမည်။ သေခြင်းရှိလျှင် ရှင်ခြင်းလည်း ရှိရပေမည်။ ဤသာဝတ္ထိမြို့တော်ကြီးက တန်ခိုးရှင်တစ်ဦးဦးသည် သားကလေးကို ပြန်ရှင်လာအောင် ကုစားပေးနိုင်ရမည်။ ကယ်တင်ရှင် တစ်ယောက်ယောက်နှင့် တွေ့ရပေမည်"
"အစ်မကြီးရှင့်၊ သားကလေးကို ပြန်ရှင်လာအောင် ကုစားပေးပါ"
"လမ်းမှာ အရန်သင့်တွေ့ရသော အစ်မကြီးတစ်ဦးထံသို့ သားကလေးကို ထိုးအပ်လိုက်ပါသည်။ သားကလေး အသက်ပြန်ရှင်လာရေးအတွက်သာ သူ့လက်ထဲ ထိုးအပ်လိုက်ရပါသည်။ သားကလေးနှင့် ခေတ္တခဏ ကင်းကွာလိုက်ရရုံနှင့်ပင် ရင်ထဲမှာ နာကျင်စွာ ခံစားရပါသည်"
"ဩော်၊ ဒုက္ခ၊ ဒုက္ခ၊ ကိုယ့်စိတ်ကို အစိုးမရရှာသော မိန်းကလေးပါတကား"
"အစ်မကြီးက သားကလေးကို ဆီးကြိုပွေ့ပိုက်ခြင်း မပြုပါချေ။ တပည့်တော်မနှင့် သားကလေးကို တစ်လှည့်စီ ကြည့်ရင်းက စိတ်မချမ်းမြေ့ဟန်ဖြင့် ရေရွတ်၍သာ နေပါသည်"
"မှန်ပါသည်။ အစ်မကြီး ရေရွတ်သည့်အတိုင်း တပည့်တော်မမှာ ထိုစဉ်က ကိုယ့်စိတ်ကို အစိုးမရသူတစ်ဦးသာ ဖြစ်ပါသည်။စကားလုံးလှလှ မသုံးဘဲ တိတိကျကျ ပြောရလျှင် ရူးနေခြင်းပင် ဖြစ်ပါသည်။ သားရူး၊ အချစ်ရူး၊ သောကရူး ရူးနေခဲ့ပါသည်"
"သည်တုန်းကသာ ကိုယ့်ကိုယ်ကို ရူးနေမှန်းသိပါလျှင် သည်အစ်မကြီးထံမှာပင် လမ်းဆုံးခဲ့ပါလိမ့်မည်။ သို့ရာတွင် ရူးပြီဆိုမှတော့ မည်သူမျှ ကိုယ့်ကိုယ်ကို ရူးနေမှန်း မသိနိုင်ကြပါ။ သို့ဖြစ်၍ တပည့်တော်မသည် အားကိုးသလောက် အရာမရောက်သော အစ်မကြီးထံမှ ဖဲခွာလာခဲ့ပါသည်"
"သာဝတ္ထိမြို့တော်အတွင်းက လမ်းတွေသာ တော်တော်စုံသွားပါသည်။ သားကလေးကို ကယ်တင်နိုင်သူနှင့်ကား မဆုံမိသေးပါ။ တွေ့ဆုံရသမျှသူများတွင် တစ်ချို့က ကြင်ကြင်နာနာ ခေါင်းခါလိုက်သော်လည်း တချို့က မစာမနာ ရင့်သီးစွာပင်နှင့် လွှတ်လိုက်ကြပါသေးသည်"
"နှင်လိုသူတို့ နှင်ပါစေ။ မောင်းလိုသူတွေ မောင်းကြပါစေ။ သားကလေးအတွက် ဆေးတစ်ခွက် ရလိုရငြား တပည့်တော်မ မရပ်မနား သွားခဲ့ရပါသည်။ နောက်ဆုံးမှာတော့ သားကလေး၏ ကုသိုလ်ကံဖန်လာပြီဟု ဆိုရပါတော့မည်။ မြို့အထွက်နားမှာတွေ့ရသော ဦးကြီးတစ်ယောက်သည် အခြားသူများလို ခေါင်းခါ၍ မပြဘဲ-
ဒဩော် ဒုက္ခရောက်လာရှာသော သမီးကလေးပါတကား။ သင်တောင်းသော ဆေး ဦးကြီးဆီမှာတော့ မရှိပါ။ သို့ရာတွင် အားမငယ်ပါနှင့်။ ဆေးပေးနိုင်သူကို သည်က ညွှန်ကြားလိုက်ပါမည်။ သည်လမ်းမကြီးအတိုင်း အနောက်တောင်အရပ်ကို တန်းတန်းမတ်မတ် လိုက်သွားပါ။ လမ်းဆုံးလျှင် ဇေတဝန်ကျောင်းတော်ကြီးကို တွေ့ရလိမ့်မည်။ ထိုကျောင်းတိုက်ကြီးထဲက တရားပလ္လင်တွင် ဂေါတမဗုဒ္ဓ အမည်ရသော ဆေးဆရာကြီးသည် လာသမျှ ဒုက္ခသည်အပေါင်းအား မသေဆေးများ ဝေငှလျက်ရှိပေသည်။ ထိုဆရာကြီးထံသို့သာ မြန်မြန်သွားပေတော့ သမီး’
"ဦးကြီးက သေသေချာချာ လမ်းညွှန်လိုက်သည့်အတိုင်း ဆရာသခင်ကျေးဇူးရှင်ကြီးနှင့် အရန်သင့်တွေ့ရပါသည်။ ဆရာကြီးက သားကလေးအတွက် မသေဆေးကားရှိ၏၊ သို့သော် သူ့လက်ထဲမှာ မရှိသေးဟု ဆိုပါသည်။ သို့သော် ဆေးဖက်ဝင်သော ပစ္စည်းကို သိရပြီမို့ ဆရာကြီးထံမှ မရချင်နေပါစေ။ သာဝတ္ထိမြို့တော်ကြီးထဲမှာ ရှာဖွေလျှင် များများကြီး ရနိုင်ပါသည်"
"မြို့တော်ကြီးထဲ ဝင်မိသည်နှင့် တပည့်တော်မသည် အစဆုံးတွေ့ရသော အိမ်ထဲသို့ ဝင်ပြီး မုန်ညင်းစေ့ တောင်းခဲ့ပါသည်။ လိုအပ်သော မုန်ညင်းစေ့မှာ လက်နှစ်ချောင်း ကော်ရုံမျှသာ ဖြစ်သော်လည်း သဘောကောင်းသော အိမ်ရှင်မက လက်တစ်ခုပ်စာ ပေးခဲ့ပါသည်"
"စေတနာနှင့် ပိုပိုသာသာ ပေးသည်ကိုကား ကျေးဇူးတင်ပါသည်။ သို့ရာတွင် ဆရာကြီး ညွှန်ကြားလိုက်သော ဆေးပစ္စည်း ဟုတ် မဟုတ် ကို သိလိုသေးသဖြင့်-
ဒတစ်ခုမေးပါရစေ အစ်မကြီးရှင့်။ သည်အိမ်မှာ လူတစ်ယောက်တလေ ပျက်စီးခဲ့ဖူးသလား' ဟု မေးလိုက်ရပါသည်။
"တပည့်တော်မ၏ အမေးစကားကြောင့် အိမ်ရှင်မမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရှာပါသည်။ ထို့နောက် တပည့်တော်မတို့ သားအမိကို စာနာစိတ်ဖြင့် သေသေချာချာကြည့်ကာ-
ဒအို မိန်းကလေးငဲ့၊ အိမ်မှန်လျှင် လူမသေဖူးသော အိမ်ဟူ၍ ရှိနိုင်ပါမည်လော။ သည်အိမ်မှ သေဆုံးသွားသူတို့သည် တစ်ယောက်လည်း မက၊ နှစ်ယောက်လည်း မက၊ ဘယ်ရွေ့ဘယ်မျှ ရှိသည်ဟူ၍ ပြောရန်ပင် ခက်လှသည်’
ဒသည်လိုဆိုလျှင်အခြားအိမ်ကို သွားပါရစေ အစ်မကြီး’
"လူသေစာရင်းချ၍ မပြီးနိုင်သော အစ်မကြီးကို စိတ်ပျက်လက်ပျက်နှင့် နှုတ်ဆက်ကာ ထွက်လာခဲ့ပါသည်။
နောက်တစ်အိမ် တက်လိုက်ပြန်တော့လည်း ယခင်အိမ်နှင့် မခြားနားပါချေ။ သာဝတ္ထိမြို့တော်ကြီးက မင်းလမ်းမကြီးသာ တစ်ခေါက်ဆုံးသွားပါသည်။ လူမသေသော အိမ်ဟူ၍ လုံးဝမတွေ့ရပါ။ တချို့က မိဘသေခဲ့သည်။ တချို့က မွေးချင်းပေါက်ဖော်များ သေခဲ့သည်။ တချို့ကတော့ သားသမီးများ ဆုံးပါးခဲ့သည်ဟု ဆိုကြပါသည်"
"တက်လိုက်သော အိမ်များက လူသေဖူးသော အိမ်များချည်း ဖြစ်နေသဖြင့် သားကလေးအတွက် ဆေးဖက်ဝင်သော မုန်ညင်းစေ့မှ ရပါမည်လားဟု စိုးရိမ်မကင်း ဖြစ်ခဲ့ရပါသည်။ တစ်စထက်တစ်စ လူသေဖူးသော အိမ်များချည်း တွေ့ရဖန်များလာသောအခါမှာကား စိုးရိမ်စိတ်များ လျော့ပါးသွားပါတော့သည်။ ထိုအခါတွင်မှ ဆေးဆရာကြီး၏ နည်းပရိယာယ်ကို သဘောပေါက်လာပါတော့သည်"
"တပည့်တော်မ၏ သားကလေး တစ်ယောက်တည်းသာ သေဘေးနှင့် တွေ့ရသလောဟု စောစောက နာကြည်းစိတ်များ မွေးခဲ့မိ၏၊ ဤလိုဒုက္ခနှင့် တွေ့ကြုံရသူမှာ တပည့်တော်မတစ်ယောက်သာဟု အထင်ရောက်ခဲ့မိ၏၊ ယခုတော့ ဆေးဆရာကြီး၏ ကျေးဇူးကြောင့် သည်နာကြည်းစိတ်များ ပြေပျောက်သွားကြပါပြီ"
"အနိစ္စသဘောဖြင့် ရွေ့လျောကြရသော ထိုကိစ္စသည် တစ်အိမ်တည်း၏ ကိစ္စလည်းမဟုတ်။ တစ်ရွာတည်း၊ တစ်မြို့တည်း၏ ကိစ္စလည်း မဟုတ်ပါချေတကား။ သက်ရှိသတ္တဝါအားလုံး မသွေမုချ တွေ့ကြုံရမည့် ကိစ္စပါတကား"
"သည်လိုဒုက္ခမျိုးနှင့် တွေ့ကြုံနေရသည်မှာ သင်တစ်ယောက်တည်း မဟုတ်ပေ။ လူတိုင်း ကြုံနေရသော ကိစ္စသာ ဖြစ်သည်ဟု ရွှေနှုတ်တော်က ထုတ်ဖော်၍ကား မဆိုလိုက်ပါ။ သို့သော် တပည့်တော်မအဖို့ ဆိုလိုက်သည်ထက်ပင် ပို၍ အကျိုးသက်ရောက်ပါသည်"
"ချစ်သောသူများနှင့် ကွေကွင်းရသော ဒုက္ခသည် အနိစ္စကြောင့် ဖြစ်ပါသည်။ ထိုအနိစ္စသည်ပင် မိမိတစ်ဦးတည်းနှင့် မဆိုင်။ အများပိုင် အနတ္တဖြစ်ပါသည်။ သည်လက္ခဏာသုံးပါးကို သဘောပေါက်သည်နှင့် တပည့်တော်မသည် သား၏ ရုပ်ကလာပ်ကို လူသူကင်းရာ သွား၍ သင်္ဂြိုဟ်လိုက်ပါသည်"
"အကယ်၍ ကျေးဇူးတော်သခင် အရှင်မြတ်ကြီးသည် မိမိ၏ တန်ခိုးဣဒ္ဓိပါဒ်ဖြင့် သားကလေး ပြန်ရှင်လာအောင် ကုစားပေးလိုက်သည်ဆိုပါတော့။ ဤအခါတွင် ဤဆေးသည် သားကလေးတစ်ယောက်တည်း အတွက်သာ အကျိုးရှိပါလိမ့်မည်။ ကျန်လူများအတွက် ဘာမျှ အကျိုးသက်ရောက်မည် မဟုတ်ပါ"
"လက္ခဏာသုံးခွင် အလင်းမြင်စေသော ဤဆေးတော်ကြီးမှာကား စားသုံးသူတိုင်းအတွက် မသေသော ဆေးတစ်ဖုံ ဖြစ်ပါသည်။ သက်ရှိသတ္တဝါတိုင်းနှင့် မကင်းနိုင်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘာဝကို သဘာဝအတိုင်း သိမြင်စေကာ ထိုသဘာဝအပေါ်မှာ မသေစေလို၊ မကွေကွင်းလိုသော အလိုအာသဝများ မပါမရှိ၊ ပကတိ အေးချမ်းသာယာသော စိတ်နှလုံးဖြင့် ကျင့်သုံးနေထိုင်တတ်လျှင် အသေ လွတ်ပြီးပင် ဖြစ်ပါတော့သည်"
"လူသစ် စိတ်သစ်ဖြင့် ဘဝသစ်သို့ ပြောင်းလာခဲ့ပြီဖြစ်သော တပည့်တော်မသည် နောက်ကြောင်းသို့ကား ပြန်မလှည့်တောပါ။ မသေဆေးကြီး ပေးသနားတော်မူခဲ့သော ကျေးဇူးရှင်ကြီးထံသို့သာ အရောက်ပြန်လာခဲ့ပါသည်။ ခင်ပွန်းသည်ထံ ခွင့်ပန်ကြား၍ ဇေတဝန်ကျောင်းတော်သို့ လှမ်းလာခဲ့ပါသည်။ မယ်တော်ကြီး မဟာပဇာပတိဂေါတမီကို ဥပဇ္ဈာယ်ပြုလျက် သာသနာ့ဝန်ထမ်းတစ်ဦး ဖြစ်လာခဲ့ပါသည်"
"သာသနာတော်ကြီး၏ ကျေးဇူးဖြင့် တပည့်တော်မသည် သံယောဇဉ်ဟူသမျှ ကုန်ဆုံးပြီမို့ လုံးလုံးကြီး စိတ်ချမ်းသာနေပြီဖြစ်ကြောင်း ရိုသေစွာ လျှောက်ထားပါသည် အရှင်မြတ်တို့ ဘုရား"
အရှင်မ ကိသာဂေါတမီ၏ လျှောက်ထားချက်အဆုံးဝယ် သာဓုခေါ်သံတို့ ညံညံစီ၍ သွားကြပါသတည်း။
(ကိသာဂေါတမီ ထေရီအပဒါန်)
ကံဆိုးမလေး သွားလေရာ
လောကဓံ လှိုင်းများကြားမှ ကျွန်းသာယာဘက်သို့ တက်လှမ်းလာခဲ့သော အရှင်မ ကိသာဂေါတီသည် ညံ့ဖျင်းသော သင်္ကန်းကို ဝတ်ရုံသောအရာဝယ် 'ဧတဒဂ်' ဂုဏ်ထူးကို ဆွတ်ခူးနိုင်ခဲ့ပေသည်။
ဤအရှင်မနည်းတူ လှိုင်းကြားလေကြားမှ လာခဲ့ရပြီးနောက် ဝိနည်းဆောင်ဧတဒဂ်ဖြင့်် ဂုဏ်ရှိန်တောက်ပသော အရှင်မတစ်ပါးလည်း ရှိပါသေးသည်။
ကျွန်ုပ်တို့နှင့် စိတ်ူ ကိုယ်တူ လှမ်းလာခဲ့သော အရှင်ဥပါလိကဲ့သို့ပင် ကျွမ်းကျင်လိမ္မာ လှသောကြောင့် ဘုရားရှင်ကလည်း ဤဂုဏ်ထူးဖြင့် ထိုက်ထိုက်တန်တန် ချီးကျူးတော်မူခဲ့၏၊
ရွှေနှုတ်တော်ာကာကုမုဒ်မှ ထုတ်ဖော်ချီးကျူးတော်မူသည်မို့ ဤအရှင်မ၏ အမည်သည် ဟိုးလေးတကျော် ဖြစ်လာခဲ့၏၊ သာသနာတော်ကြီးနှင့် အတူတကွ နယ်လေးရပ် နယ်ရှစ်ရပ်သို့ ဖြန့်ကျက်လာခဲ့၏၊ သို့ရာတွင် ဤဘွဲ့မည်မှာ မိဘများက အခမ်းအနားနှင့် ကင်းပွန်းတပ်ပေးလိုက်သော အမည် မဟုတ်ပါ။ မိမိဘာသာ စိတ်တိုင်းကျ ရွေးချယ်၍ မှည့်ခေါ်ထားသော အမည်လည်း မဟုတ်ပါ။ သာဝတ္ထိမြို့တော်သားများက ပြောင်လှောင်ရယ်မောရင်း ပေးထားခဲ့သော အမည်သာ ဖြစ်ပါ၏၊ သာဝတ္ထိမြို့တော်သူများက မျက်နှာလွှဲကာ နှာခေါင်းရှုံ့ကာ ခေါ်တွင်လာခဲ့သော အမည်သာ ဖြစ်ပါ၏၊ ထိုစဉ်တုန်းက အရှင်မ၏ အခြေအနေမှာလည်း ဤအမည်နှင့် အံဝင်ခွင်ကျ ရှိပါဘိ၏၊
ဤအမည်ဖြင့် ထင်ထင်ရှားရှား လူသိများခဲ့သော ကံဆိုးမကလေးသည် တစ်နေ့မှာတော့ ကျွန်ုပ်တို့ ကျောင်းတော်သို့ ရောက်လာခဲ့၏၊ သူရောက်လာသည်မှာ တရားပွဲကြီး ကျင်းပနေချိန်။ ရဟန်းရှင်လူ ပရိသတ် စုံလင်နေချိန်။ သည်လိုအချိန်အခါမျိုးမှာ အမြင်မတော် ပေါ်ပေါက်လာသော ကံဆိုးမလေးအား ပရိသတ်များက အဟန့်အတား ပြုခဲ့ကြ၏၊ ခြိမ်းခြောက်မောင်းမဲပြုခဲ့ကြ၏၊ ဟန့်တားခြိမ်းခြောက်၍ မရသောအခါတွင်ကား မျက်နှာလွှဲသူလွှဲကြ၏၊ နှာခေါင်းရှုံ့သူ ရှုံ့ကြ၏၊
ထောက်ရာတည်ရာမရခင်က တရားနာပရိသတ်တို့ နှာခေါင်းရှုံ့ခဲ့ရသော ထိုအရှင်မသည် ယခုတော့ သာသနာတော်ကြီး၏ ကြယ်တာရာတစ်လုံး ဖြစ်နေပါပြီ။ ရောင်ဝါထိန်လင်းသော ငွေလမင်းကြီးအပါးဝယ် ဧတဒဂ်ဂုဏ်ရောင်ဖြင့် ထွန်းပြောင်နေပါပြီ။ သို့ဖြစ်၍ ဤအရှင်မ တရားဟောအလှည့်ကျသောနေ့များတွင် ဓမ္မာရုံနှင့်အပြည့် တရားနာပရိသတ်များ ရှိနေကြပေသည်။ ယခု ထိုအရှင်မ တရားစ၍ ဟောနေပါပြီ။
"လာခြင်းကောင်းသော အရှင်မြတ်တို့ ဘုရား၊ လာခြင်းကောင်းသော အရှင်မတို့ဘုရား၊ သာသနာတော်ကြီး၏ ဂုဏ်ကျေးဇူးကို ဖော်ကျူးရာတွင် တပည့်တော်မ၏ ဘဝဇာတ်လမ်းကို အသုံးပြုလိုပါသည်။ ကြည်သာအေးမြ၊ ဘေးမခသော ဂုဏ်ကျေးဇူးကို ပူလောင်ပြင်းပြ ဘေးများလှသော ဖြစ်ရပ်များနှင့် နှိုင်းယှဉ်၍ တင်ပြလိုရင်း ဖြစ်ပါသည်"
"ယခုအချိန်မှာ သာဝတ္ထိမြို့တော်ကြီးတွင် တပည့်တော်မ၏ ဆွေမျိုးရင်းချာဟူ၍ မရှိတော့ပါ။ သို့ရာတွင် တပည့်တော်မသည် ဤမြို့ကြီးမှာပင် သူဌေးသမီးတစ်ယောက် အဖြစ်ဖြင့် ဖွားမြင်ခဲ့သူ ဖြစ်ပါသည်။ တပည့်တော်မတို့မှာ မောင်နှမနှစ်ယောက်သာ ရှိသည်ဖြစ်၍ မိဘများက တယုတယ အလိုလိုက်ကြပါသည်။ ဝတ်စားတန်ဆာ ရတနာတို့မှစ၍ လိုအပ်သမျှ အသုံးအဆောင်များသည် တစ်ခွန်းဟရုံဖြင့် အရန်သင့် ရောက်လာကြရပါသည်"
"အစပိုင်း၌ ချမ်းမြေ့သာယာစွာ ရှိခဲ့သော ဘဝဇာတ်လမ်းများသည် အလယ်ပိုင်းရောက်လာလျှင်ကား ပူလောင်ပြင်းပြသော ဒုက္ခနှင့်တွေ့ရပါတော့သည်။ ဤဒုက္ခ၏အကြောင်းအရင်းကား တဏှာပေမ ချစ်ကိစ္စပင် ဖြစ်ပါသည်"
"မိဘများ သဘောတူ စေ့စပ်ကြောင်းလမ်းထားသူမှာ ဂုဏ်ရည်တူသူဌေးသားတစ်ဦး ဖြစ်ပါသည်။ တပည့်တော်မနှင့် တိတ်တဆိတ် ရည်ငံနေသူကတော့ ကိုယ့်အိမ်က ကျွေးကျွန်တစ်ယောက် ဖြစ်နေပါသည်"
"တစ်ယောက်နှင့်တစ်ယောက် အနေနီး၍ မီးကူးခဲ့ကြပြီးသည့်နောက် မိဘများသိသွားလေမည်လားဟု ကျီးလန့်စာစား ဖြစ်ခဲ့ရပါသည်။ မဆိုကောင်း ဆိုကောင်း မိဘများသာ အချိန်မီသိခဲ့ကြပါမူ တပည့်တော်မတို့၏ ရှေ့ရေးကို မတွေးဝံ့ပါ။ ကိုယ့်အိမ်က ကျေးကျွန်တစ်ယောက်ကို ကိုယ်ပိုင်ဆိုင်သော ပစ္စည်းကဲ့သို့ ပြုလိုရာပြုခွင့်ရှိကြသော မိဘများသည် သူတို့၏ အခွင့်အာဏာကို အစွမ်းကုန်အသုံးပြုကြမည် မလွဲပါ"
"ဤဖြစ်ရပ်ကို သဘောတရားဖြင့် သုံးသပ်ကြည့်လျှင် အရင်းခံလက်သည်ကို အလွယ်တကူ တွေ့မြင်နိုင်ပါသည်။ ချစ်ခြင်းတဏှာ၏ စေ့ဆော်ချက်ကြောင့်ပင် ကွေကွင်းရမည့်အရေးကို တွေး၍ ပူခဲ့ရပါသည်။ ချစ်သူနှင့် ပေါင်းသင်းလိုသော စိတ်များ ဖြစ်မလာခင်က ဆွေးစရာလည်း မရှိသေးပါ။ ပူစရာလည်း မရှိသေးပါ"
"ပူစရာမလို၊ ဆွေးစရာမလို အပျိုစင်ဘဝဖြင့် လွတ်လွတ်လပ်လပ်နေရခြင်းကို တပည့်တော်မသည် ချမ်းသာသည်ဟု မသိမြင်နိုင်ခဲ့ပါ။ ကိုယ့်ချစ်သူနှင့် အတူတကွ ပေါင်းသင်းရမှ ချမ်းသာမည်ဟု ထင်ခဲ့မိပါသည်"
"ချစ်သူနှင့် ပေါင်းသင်းလိုသော သဘောထားသည် သမုဒယသစ္စာ ဖြစ်ပါသည်။ သည်သစ္စာကို အခြေပြုကာ တပည့်တော်မတို့နှစ်ယောက် လွတ်ရာကျွတ်ရာ ထွက်ပြေးခဲ့ကြပါသည်။ မိဘတို့၏ အာဏာစက်လွတ်ကင်းရာ တောရွာတစ်ရွာတွင် တဲကုပ်တစ်လုံးထိုး၍ နေလာခဲ့ကြပါသည်"
"ကိုယ်ကြိုက်သည့် ဇာတ်လမ်းကို ကိုယ့်ဘာသာ ဖန်တီးခဲ့ကြပြီဖြစ်၍ တွေ့ကြုံရသော လောကဓံကို တပည့်တော်မတို့ ခံနိုင်ကြပါသည်။ ဆင်းရဲမှု ချို့တဲ့မှု ဟူသမျှသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရုံဖြင့် လွင့်စင်သွားကြရပါသည်"
"စောစောက လျှောက်ထားခဲ့သည့်အတိုင်း သမုဒယသစ္စာကို အခြေပြုကာ တည်ဆောက်လာခဲ့သော ဤသစ္စာသည် ဒုက္ခသစ္စာမျှသာ ဖြစ်ပါသည်။ သည်အကြောင်းကို ပြုလျှင် သည်အကျိုးကား အဘယ်နည်းနှင့်မျှ ရှောင်လွဲ၍မရနိုင်ပါ။ တပည့်တော်မတို့သည် တစ်ခဏ သာယာမှုကလေးများဖြင့် ဒုက္ခသစ္စာကို ရှောင်လွဲ၍ ကြည့်ခဲ့ကြ၏၊ ရှောင်လွဲကြည့်၍ ခေတ္တခဏသာ ရသလိုလိုကား ရှိပါသည်။ သို့ရာတွင် သစ္စာထိုက်သော တရားကိုကား မည်သို့မျှ တော်လှန်နိုင်စွမ်း မရှိကြပါ။ သမုဒယသစ္စာ၏ အကျိုးတရားတို့ကို ဆိုးရွားစွာ ခံစားရပါတော့သည်"
"ဟိုယခင်က ချစ်သူနှင့် ပေါင်းနိုင်ရေးအတွက် မိဘများနှင့်ဝေးရာသို့ ပြေးခဲ့ကြ၏၊ ယခု ချစ်သူနှင့် ပေါင်းရပြီးသည်တွင်ကား မိဘရပ်ထံ ပြန်ချင်လာပေပြီ။ စားဝတ်နေမှု အစုစူသော ဒုက္ခတို့ကို အပြုံးမပျက် သည်းခံနိုင်သော တပည့်တော်မသည် မိန်းမသားတို့၏ သဘာဝတစ်ခုကိုကား ကျော်လွန်နိုင်စွမ်း မရှိပါ၏ ယင်းကိစ္စမှာ မိဘများ မျက်မှောက်တွင် သားဦးကလေးကို ဖွားမြင်လိုခြင်းပင် ဖြစ်ပါသည်"
"ယောက်မမြင်းစီးသည့် မသီးမိုက်ဟူ၍ မိဘများက မျက်နှာလွှဲထားသည်ကား မှန်ပါ၏၊ သို့သော် နို့ချိုတိုက်ကျွေး မွေးမြူလာခဲ့သော သည်သမီးလေးတစ်ယောက် အတိဒုက္ခရောက်လာသည်ကိုကား သူတို့သည်အတိုင်း ကြည့်နေနိုင်မည် မဟုတ်ပါ။ နောက်တစ်ခုက မိမိကိုယ်တိုင်က သားသန္ဓေလွယ်ထားရချိန်တွင် မိဘများ မျက်နှာကို တွေ့ချင် မြင်ချင်စိတ်များ ပြင်းပြနေပါသည်"
"သားဦးသန္ဓေ တော်တော် ရင့်လာကတည်းက ဤအကြောင်းများကို ခင်ပွန်းသည်အား ပြောပြခဲ့ပါသည်။ မိဘရပ်ထံ လိုက်ပို့ရန် ပူဆာခဲ့ပါသည်။ တပည့်တော်မအတွက် အစစအရာရာ အလိုလိုက်၍ အကြိုက်ဆောင်ခဲ့သူသည် ဤကိစ္စတစ်ခုကိုကား ချက်ချင်းလက်ငင်း မဆောင်ရွက်ခဲ့ပါ။ နေ့ရွှေ့ ညရွှေ့ အချိန်ရွှေ့၍သာ နေခဲ့ပါသည်"
"ဤလို ရွှေ့ရန်ကောဟူ၍ သူ့အပေါ် အပြစ်တင်ရန်လည်း မရှိပါ။ ကျွန်ဟူသော တံဆိပ်မည်းကြီးက သူ့ကျောပြင်မှာ အထင်းသားရှိနေပါသည်။ သမီးဟူသော သံယောဇဉ်ဖြင့် တပည့်တော်မကို ခွင့်လွှတ်ကြမည်ဖြစ်သော်လည်း သူ့ကိုကား တွေ့ရာသင်္ချိုင်း ဓားမဆိုင်းထဲက ဖြစ်ပါလိမ့်မည်"
"တရားခံရှာမရသော စိတ်ဒုက္ခများကို ကိုယ့်ဘာသာ ကြိတ်မှိတ်ခံစားရင်းဖြင့် သားသန္ဓေရင့်ကျက်လာပါသည်။ ရက်များမကြာမီ ဖွားမြင်မည့်အရိပ်နိမိတ်များ ပေါ်လာပါပြီ။ ဤတွင် တပည့်တော်မသည် ခင်ပွန်းသည်ကို အသိမပေးဘဲ တိတ်တဆိတ် ထွက်လာခဲ့ပါတော့သည်"
"မိဘများ မျက်စိအောက်မှာ ဖွားမြင်မည်ဟု လာခဲ့ရာတွင် လမ်းမှာပင် ကိစ္စပြီးခဲ့ရပါသည်။ ခင်ပွန်းသည် လိုက်လာသည်နှင့်လည်း ကာရန်တသင့် ဖြစ်သွားပါသည်။ ဘဝတစ်သက်တာတွင် ရှေးဦးစွာ ရင်ဆိုင်ရသော အခက်အခဲတစ်ခုကို ကျော်လွှားနိုင်ပြီမို့ တပည့်တော်မတို့ ကိုယ့်အိမ်ကိုယ့်ရာ ပြန်လာခဲ့ကြပါသည်။ ဤအဖြစ်ကိုသာ မိဘများ သိကြပါလျှင် ရင်နာမဆုံး ဖြစ်ရှာကြပါလိမ့်မည်"
"လောကစကားအားဖြင့် သားတစ်ယောက်ဖွားမြောက်လာပြီဟု ဆိုရပါ၏၊ တရားမျက်စိဖြင့် ကြည့်တတ်ပါလျှင်ကား ဒုက္ခပေါ်မှာ ဒုက္ခဆင့်လာသော ဒုက္ခတစ်မျိုးမျှသာ ဖြစ်ပါသည်။ ဒုက္ခကို ဒုက္ခဟူ၍ မသိနိုင်သေးသည့်အချိန်တွင် တပည့်တော်မတို့သည် ဤသားကလေးအတွက် ပျော်တပြုံးပြုံး ဖြစ်ကြရပါသည်။ သားကလေး၏ ရှေ့ရေးကို အမျိုးမျိုး စိတ်ကူးယဉ်ကြပါသည်။ စိတ်ကူးယဉ်သည့်အထဲ၌ မကောင်းသော ကိစ္စများ လုံးဝ မပါပါ။ ကောင်းပေ့ညွန့်ပေ့ဆိုသော အလားအလာများကိုသာ မျှော်မှန်းခဲ့ကြပါသည်"
"သားတည်းဟူသော ချစ်ခြင်းဖြင့် အကောင်းမျှော်သော ကိစ္စအတွက် တပည့်တော်မသည် ကိုယ့်ကိုယ်ကို အပြစ်မတင်လိုပါ။ သို့ရာတွင် အကောင်းမရှိသော ဒုက္ခဘုံကြီးထဲမှာ အကောင်းရှိလိမ့်နိုးနိုး မျှော်ကိုးခြင်းကိုကား အပြစ်တင်ရပါလိမ့်မယ်"
"ဤသို့ အပြစ်တင်နိုင်ရေးအတွက် ပထမဦးစွာ အပြစ်ကို မြင်အောင် ရှုကြရပါမည်။ အပြစ်ကို မမြင်သေးသမျှ အပြစ်မတင်နိုင်ဘဲ အချစ်ဝင်၍သာ နေမိကြပါလိမ့်မည်"
"အပြစ်မမြင်၍ အချစ်ဝင်ခဲ့သော တပည့်တော်မသည် နောက်ထပ် သားသန္ဓေကို လွယ်ခဲ့ရပြန်ပါသည်။ သည်တစ်ခေါက်တော့ မိဘရပ်ထံသို့ တစ်ယောက်တည်း မလာတော့ပါ။ မတ်တတ်သွားနိုင်ပြီဖြစ်သော သားကြီးနှင့်အတူ ထွက်လာခဲ့ပါသည်"
"သည်တစ်ခေါက်မှာလည်း အရင်တစ်ခေါက်နည်းတူ တောထဲမှာပင် ကိစ္စပြီးခဲ့ပါသည်။ သားတို့အဖေလည်း ယခင်အတိုင်းပင် အချိန်မီရောက်လာပါသည်။ သို့ရာတွင် ယခင်တစ်ခေါက်အတွက် ထူးထူးခြားခြား တွေ့ကြုံရသည်မှာ မိုးကြီးသည်းထန်စွာ ရွာသွန်းခြင်းပင် ဖြစ်ပါသည်"
"မွေးဖွားပြီးစ သားသည်မိခင်အတွက် မိုးလေလုံခြုံရန် လိုပါသည်။ ကိုယ်တွင်း ကိုယ်ပ အနွေးဓာတ်ရမှသာ ဖြစ်ပါသည်။ လူသူမနီး တောကြီး မျက်မည်းထဲတွင် ဤအရာများအတွက် မည်သို့ဖန်တီးရပါမည်နည်း"
"ခင်ပွန်းသည်သည် လိုအပ်သော အရာများကိုလည်း ရှာဖွေချင်၊ သားနှင့် မယားတို့ကိုလည်း ပစ်မထားရက်သဖြင့် မချီနိုင် မချနိုင် ဖြစ်နေပါသည်။ နောက်မှ အနိုင်နိုင်အားတင်းကာ ဓားမတိုတစ်ချောင်းနှင့် ထွက်သွားပါတော့သည်"
"မှောင်တရီအချိန်က ထွက်သွားခဲ့သော ခင်ပွန်းသည်သည် မှောင်ကြီးကျ၍ ညအခါရောက်လာသော်လည်း ပေါ်မလာပါ။ တပည့်တော်မမှာ သားကြီး သားငယ် လူမမယ်နှစ်ယောက်ကို ရင်အောက်မှာ သွင်း၍ တစ်ညလုံး နေခဲ့ရပါသည်"
"သို့နှင့် မိုးစင်စင်လင်းခဲ့ပါသည်။ တစ်ညလုံး အားရပါးရ ရွာသွန်းလိုက်ရပြီမို့ မိုးရော လေပါ စဲသွားကြပါပြီ။ သားကြီးကို လက်ကဆွဲကာ သားငယ်ကို ရင်မှာပွေ့၍ တဖြည်းဖြည်းလိုက်ရှာရာတွင် သားတို့အဖေကို တွေ့ရပါပြီ။ တစ်ကိုယ်လုံး ညိုမည်းနေပုံထောက်သော် မြွေကိုက်ခံ သေဆုံးနေခြင်းပင် ဖြစ်ပါလိမ့်မည်"
"တရားအမြင်နှင့် ဆင်ခြင်တတ်ပါလျှင် ဤကိစ္စမှာ သဘာဝသက်သက်မျှသာ ဖြစ်ပါသည်။ သေသဘောမို့ သေသွားသော ကိစ္စတွင် မည်သူ့ကို နစ်နာအောင် မည်သူ့ကို ငိုကြွေးအောင် ဟူသော ရည်ရွယ်ချက် လုံးဝ မပါပေ။ သို့ပါလျက် တပည့်တော်မသည် တောကြီးအလယ်မှာ သည်းထန်စွာ ငိုကြွေးခဲ့ရပါသည်။ သေတတ်သော သဘာဝအပေါ်မှာ မသေစေချင်သော အာသဝတရားတို့ကြောင့်ပင် ဖြစ်ပါသည်"
"ငါ့လင်ဟူသော အာသဝဖြင့် မည်မျှပင် ငိုကြွေးနေသော်လည်း သေလေပြီးသူကတော့ တုတ်တုတ်မျှ မလှုပ်လာတော့ပါ။ သဘာဝတရားသည် အာသဝအလိုနောက်သို့ တစ်ဆံချည်မျှင်မျှပင် လိုက်ပါမလာခဲ့ပါ။ သို့ဖြစ်၍ တပည့်တော်မသည် သွားလေသူ သူ့အလောင်းကို သစ်ရွက်သစ်ခက်များဖြင့် ဖုံးလွှမ်းကာ သာဝတ္ထိမြို့တော်ဆီသို့ မှန်းကာ ရမ်းကာ ထွက်လာခဲ့ရပါသည်"
"ကံဆိုးသူ သားအမိသုံးယောက် တရွေ့ရွေ့ လျှောက်လာခဲ့ကြရာတွင် ချောင်းငယ်တစ်ခုနားသို့ ရောက်လာကြပါသည်။ ညကရွာထားလေသမျှ မိုးရေများက တရဟော စီးဆင်းနေကြပါသည်။ ကူးစရာသန်းစရာ တံတားတစ်ခုမျှ မရှိသဖြင့် တပည့်တော်မသည် သားကြီးကို ကမ်းပါးမှာ အသာချော့ထားကာ သားငယ်နှင့် အတူကူးခဲ့ရပါသည်။ သားငယ်ကို ကမ်းပါးတစ်ဖက်မှာ အဝတ်နှင့် ထွေးထားခဲ့ပြီး သားကြီးဆီသို့ တစ်ခေါက်ပြန်လာခဲ့ရပါသည်။ သားကြီးသားငယ်နှစ်ယောက်စလုံး အသက်ဆုံးရှုံးရသည်မှာ ဤအချိန်ကလေးမှာပင် ဖြစ်ပါသည်"
"သားငယ်ကလေးကို တပည့်တော်မသည် ပါလာသမျှ အဝတ်ကလေးများဖြင့် တယုတယ သိပ်ထားခဲ့ပါသည်။ မိုးကြားလေကြားမှာ အသက်နှင့်ရင်းကာ မွေးဖွားခဲ့ရသည်မို့ မခွဲနိုင်မခွာရက် ဖြစ်ခဲ့ရပါသည်။ သို့ရာတွင် ထက်ကောင်းကင်က စွန်ညိုကြီးအတွက်ကား ဤသားငယ်သည် နီနီရဲရဲ စားချင်စရာ အသားတုံးတစ်တုံးမျှသာ ဖြစ်ပါလိမ့်မည်"
"စွန်ညိုကြီးက သူ့အစာ အသားတုံးကို တစ်ဟုန်ထိုးဆင်းပြီး သုတ်ချီသွားပါသည်။ သားသည်အမေဖြစ်သူ တပည့်တော်မမှာကား ရေထဲမှာ ဆွေ့ဆွေ့ခုန်၍ နေရပါတော့သည်။ သားကလေးကို ကုတ်ချီသွားသော ခြေသည်းကြီးများသည် တပည့်တော်မ၏ အသည်းနှလုံးကို ထိုးဆွဘိသကဲ့သို့ နာကျင်လွန်းလှပါသည်။ သားငယ်အပေါ် ချစ်မြတ်နိုးမှု အတိုင်းအတာသည် အသည်းနှလုံး နာကျင်ရခြင်းနှင့် ထပ်တူညီမျှပင် ဖြစ်ပါလိမ့်မည်"
"စွန်ညိုကြီးက သားငယ်လေးကို လွှတ်ချထားခဲ့လေမည်ဟု တပည်ေ့တာ်မသည် ရေထဲမှ လှမ်းအော်လိုက်ပါသည်။ လက်ခုပ်လက်ဝါးတီး၍ ခြောက်လှန့်ပါသည်။ လက်ခုပ်လက်ဝါးတီး၍ ခြောက်လှန့်သည့်အတွက် စွန်ညိုကြီးကား ဖြုံပင် မဖြုံပါ။ ကမ်းပါးမှာထားခဲ့သော သားကြီးမှာသာ ရေစီးရာ မျောပါသွားရှာပါတော့သည်"
"အမေက စွန်ညိုကြီးကို လှမ်းခြောက်သည်။ သားအကြီးလေးက သူ့ကို လှမ်းခေါ်သည်ထင်၍ ရေထဲဆင်းလာရှာသည်။ သားကလေး၏ ဖြစ်အင်သည် မနုဿလူသား အများစု၏ ဖြစ်အင်ထက် ဘာများ ထူးပါသေးသနည်း"
"သားကလေးသည် အမေ့ လက်ခုပ်သံအကြားတွင် အကြောင်းရင်းမှန်ကို မသိဘဲ ရေထဲဆင်းလာခဲ့၏၊ မနုဿလူသားအများစုမှာလည်း ဤလောက လူ့ပြည်သို့ ဘာမှန်း ညာမှန်းမသိ ဆင်းလာခဲ့ကြ၏၊ အနည်းငယ်မျှသော သူတို့မှာ ပြောမည့် ဟောမည့် ပုဂ္ဂိုလ်များနှင့် ဆုံဆည်းကြ၍ ရပ်တန်းက ရပ်နိုင်ကြ၏၊ အများစုမှာကား ရေနက်ရာသို့ ဆက်လက်၍ ဆင်းမြဲ ဆင်းနေကြပါသည်"
"သေမင်းခေါ်ရာသို့ ဘာမသိ ညာမသိ လိုက်ပါနေကြသူများ အားလုံးအတွက် ထပ်တူထပ်မျှ ကရုဏာသက်နိုင်ရန်မှာ သည်တုန်းက တွေးရုံမျှပင် မတွေးမိခဲ့ပါ။ အများတကာ၏ အရေးထက် ကိုယ့်သားကလေးများအရေးကိုသာ အလေးထား၍ စဉ်းစားခဲ့ပါသည်။ စဉ်းစားခဲ့သည့်အလျှောက် ရင်ဘတ်စည်တီး ငိုပွဲကြီးဆင်ခဲ့ရပါသည်"
"ခင်ပွန်းသည်သည် တောထဲမှာ မြွေခဲ၍ သေပွဲဝင်ခဲ့ပြီ။ သားတစ်ယောက်ကို စွန်ညိုကြီး ချီသွားခဲ့ပြီ။ သားအကြီးလေးမှာလည်း ရေစီးရာ မျောပါသွားခဲ့ပြီ။ မိန်းမသားတစ်ယောက်တည်းကို သည်ဒုက္ခများက အားမနာပါးမနာ ဝိုင်းအုံ၍ နှိပ်စက်ကြသည်။ ရက်ရက်စက်စက် ပြုခဲ့ကြသည်။ သင်းတို့တစ်တွေ သည့်ထက်ပို၍ နှိပ်စက်နိုင်ပါဦးမည်လော"
"ရှေ့အရေးကို ပြေးမကြည့်ရသေးသည်မို့ ကြုံရပြီးသော လောကဓံတို့ကို သို့ကလို ကြုံးဝါး၍ လာခဲ့မိပါသည်။ သို့နှင့် သာဝတ္ထိမြို့တော်ကြီးအနီးသို့ ရောက်လာပါတော့သည်။ မှိုင်းမှိုင်းညို့ညို့ မီးခိုးလုံးကြီးများ တက်နေရာသို့ လှမ်းမျှော်၍ကြည့်နေစဉ်တွင် ဦးကြီးအရွယ် လူကြီးတစ်ယောက်က ဖြစ်ကြောင်းကုန်စင်ကို ပြောပြလာပါတော့သည်"
"သည်ကရှေ့မှာတော့ တပည့်တော်မ၏ သတိတရားများ လွင့်စင်သွားကြပါတော့သည်။ ခင်ပွန်းသည်နှင့် သားနှစ်ယောက် သေဆုံးစဉ်က ကြံ့ကြံ့ခံနိုင်ခဲ့သေးသော တပည့်တော်မသည် မိဘနှစ်ပါးနှင့် မောင်ငယ်တို့ ဖြစ်အင်ကို ကြားရသောအခါ သွက်သွက်ခါမျှ ရူးသွားခဲ့ရပါတော့သည်"
"ရူးသွားရသည်ဆိုသော စကားမှာ ယခု သတိတရားရလာ၍ ပြောနိုင်ခြင်းဖြစ်ပါသည်။ ရူးနေချိန်တုန်းကတော့ မိမိကိုယ်ကို ရူးနေသည်ဟု မဆိုနိုင်ပါ။ ရူးနေမှန်းကို မသိနိုင်ပါ။ ရူးသောသူများအတွက် အဓိကထား၍ ကုသရန်မှာ မိမိရူးနေကြောင်းကို မိမိဘာသာပြန်၍ သိနိုင်ရေးပင် ဖြစ်ပါသည်။ မိမိရူးနေကြောင်းကို သိသောအသိ ပေါ်လာသည်နှင့် ရူးတုန်းက ရူးခဲ့သော စိတ်များ ချုပ်ငြိမ်းပြီး ဖြစ်သွားကြပါလိမ့်မည်"
"မိမိကိုယ်မိမိ ရူးနေမှန်းသိလိုက်ရသော အချိန်မှာကား ရှင်တော်မြတ်၏ ရှေ့တော်မှောက်မှာ ဖြစ်ပါသည်။ ပရိသတ်ဗိုလ်ပုံ အစုံအလင်ရှေ့မှာ ဖြစ်ပါသည်"
"အို... ဒုက္ခသည်မလေး ပဋာစာရာ၊ အဘယ်ကြောင့် အကျိုးမရှိ ဆင်းရဲတွင်းနက်နေဘိသနည်း။ အို... ပဋာစာရာ၊ သင်သည် သင့်ကိုယ်ကို သင်တွေ့အောင် ရှာလေလော့"
"ရွှေနှုတ်တော်မှ ထုတ်ဖော်လိုက်သော စကားလုံးများသည် သောကပရိဒေဝ တံတိုင်းကြီးများကို ထိုးဖောက်နိုင်စွမ်း ရှိကြပါပေသည်။ မိန့်ကြားတော်မူသော စကားတော်အရ ကိုယ့်ကိုယ်ကို သတိနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်တွင် မြင်မကောင်း ရှုမကောင်း ဖြစ်နေသည်ကို တွေ့ရပါတော့သည်"
"မောဟတည်းဟူသော အရူးရောဂါကြီး ဦးစီးနေစဉ်က တပည့်တော်မတို့သည် လောဘနောက်သို့လည်း လိုက်မိကြပါသည်။ ဒေါသအလျောက်လည်း ကျူးလွန်ပစ်မှားခဲ့မိကြပါသည်။ ကျူးလွန်စဉ်၊ လိုက်ပါစဉ်က အဟုတ်ထင်လာခဲ့လေသမျှ အရူးပျောက်ခါမှ အရှက်ကြီးစွာ ရလာကြပါသည်"
"ရူးနေစဉ်က ခါးဝတ်ဗလာဖြစ်နေခဲ့သော တပည့်တော်မသည် လက်တလောပေါ်ပေါက်လာသော အသိတရားကြောင့် ရုတ်တရက် ထိုင်ချလိုက်ရပါတော့သည်။ ထိုအခိုက်တွင် တရားနာနေသော ဦးကြီးတစ်ယောက်က တဘက်ကြီးတစ်ထည် လှမ်းပေးလိုက်၍ အရှက်အကြောက်လုံစွာ တရားနာနိုင်ပါတော့သည်။ ဤတွင် ရှင်တော်မြတ်ဘုရားက မဟာကရုဏာပြဋ္ဌာန်းသော အသံတော်ဖြင့် ဤသို့ ဟောကြားတော်မူပါသည်"
"အို ဒုက္ခသည်မလေး မဋာစာရာ၊ ကိုယ့်ဘဝဇာတ်လမ်းကို မှတ်တမ်းပြုကာ သင်စေ့စေ့နာလေလော့။ သင်သည် လင်ကို အားကိုးခဲ့၏၊ သားများကို တွယ်တာခဲ့၏၊ မိဘမောင်ဖွားတို့အရိပ်ကို ခိုလှုံမည်ဟု လှမ်းလာခဲ့၏၊ သင်အားကိုးရမည့် သူများကား သင်၏အားကိုးမှုကို မခံကြကုန်။ သင်အားကိုးပြုရန်ဟူ၍ လူ့ဘဝထဲ ရောက်လာကြသည် မဟုတ်ကုန်။ မရဏရှင် သေမင်းထံ အခွန်ဆက်သရန် ရောက်လာကြခြင်းသာ ဖြစ်ပေသည်"
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဟူသော စကားမှာ အရှင်မ ပဋာစာရာ၏ ဘဝဇာတ်လမ်းနှင့် ဆီလျော်လှပါ၏၊ မိုးထဲလေထဲမှာ ဒုက္ခမျိုးစုံ ကြုံတွေ့ရပြီးသည့် နောက်မှာလည်း မိုးတစ်မိုးနှင့် ကြုံရပေသေးသည်။ သည်မိုးကား သောက အပူဟူသမျှ အေးမြစေသော တရားမိုးပါတည်း။
ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူစဉ်က သောင်းသောင်းဖြဖြခေါ်ခဲ့ကြသော သာဓုသံများသည် ယခု အရှင်မ ပဋာစာရာ ဟောပြီးချိန်မှာလည်း ထပ်တူထပ်မျှ ပဲ့တင်ရိုက်ခတ်၍ လာကြပါ၏၊
(ပဋာစာရာထေရီ အပဒါန်)
လွမ်းဇာတ်သိမ်းချိန် မိုးလင်းချိန်
အမျိုးသမီးများ သာသနာ့ဝန်ထမ်းဆောင်ခွင့်ရရေးအတွက် အချက်အချာကျသောနေရာက ကျွန်ုပ် အကျိုးဆောင်ခဲ့ရ၏၊ ကျွန်ုပ် အကျိုးဆောင်ခဲ့သည့်အတိုင်း ဧတဒဂ် ဂုဏ်ထူးဆောင်အရှင်မများ ပေါ်ထွက်လာသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိ၏၊ သို့ရာတွင် ကျပ်ပြည့်တင်းပြည့် ဝမ်းသာသည်ဟူ၍ကား မဆိုနိုင်သေးပါ။ ရောက်လာပြီးသော အရှင်မများအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရဆဲတွင် မလာနိုင်သေးသူများအတွက် အောင့်သက်သက် ဖြစ်နေရပါပေသည်။
ဘိက္ခုနီသာသနာတော်ကြီး ပေါ်ထွန်းလာသည်နှင့် ဘဒ္ဒကာပိလာနီသည် ကျောင်းတော်သို့ ရောက်လာခဲ့၏၊ ဟိုတစ်ချိန်က ဇနီးမောင်နှံနှစ်ယောက် လမ်းခွဲလာကြပြီးနောက် အရှင်မဟာကဿပသည် ဘုရားရှင်နှင့် တွေ့ဆုံခဲ့၏၊ ဘဒ္ဒကာပိလာနီမှာကား ရဟန်းပြုခွင့် မရှိသေးသဖြင့် ပရဗိုဇ် ရဟန်းကျောင်းတစ်ခုသို့ ချဉ်းကပ်ခဲ့ရ၏၊
ပရဗိုဇ်ဟူသည်မှာ လူ့ဘောင်မှ ထွက်ခွာလာခဲ့သော ရဟန်းတစ်မျိုးပင်ဖြစ်၏၊ သာသနာတော်၏ ပြင်ပတွင် ကိုယ့်အယူဝါဒနှင့်ကိုယ် ကိုယ့်အသိုက်အဝန်းနှင့်ကိုယ် နေထိုင်ကြသော ပုဂ္ဂိုလ်များဖြစ်၏၊ ဘဒ္ဒကာပိလာနီသည် ထိုပုဂ္ဂိုလ်တို့ ကျောင်းတွင် အောင့်အည်းနေထိုင်ရာမှ အခွင့်ရသည်နှင့် အသော့အလျင် ပြေးလာခဲ့၏၊
အရှင်မဟာကဿပ မျက်မှောက်ပြုသော နိဗ္ဗာန်ကို အရှင်မဘဒ္ဒကာပိလာနီလည်း မျက်မှောက်ပြုရပေပြီ။ အရှင်မဟာကဿပ ရရှိသော အရဟတ္တဖိုလ်ကို အရှင်မဘဒ္ဒကာပိလာနီလည်း ရရှိပေပြီ။ သာသနာ့ အရိပ်အာဝါသအောက်တွင် စင်ကြယ်သော စိတ်နှလုံးဖြင့် ပေါင်းဆုံလာကြခြင်းပင် ဖြစ်ပေသည်။
(ဘဒ္ဒကာပိလာနီထေရီ အပါဒါန်)
အရှင်မဘဒ္ဒကာပိလာနီတို့၏ ဇာတ်ပေါင်းခန်းကို ချီးမွမ်းခန်းဖွင့်ကြလေတိုင်း ကျွန်ုပ်သည် သူတို့ကို အထူးတလည် မျှော်လင့်မိ၏၊ တကယ်တော့ဖြင့် သည်တံခါးကြီးပွင့်လာလျှင် ပွင့်လာချင်း ဦးစွာပထမ သူတို့ ရောက်လာသင့်၏၊ မယ်တော်ကြီး မဟာပဇာပတိဂေါတမီတို့နှင့်အတူ မပါလာနိုင်လျှင် ရှိပါစေ။ သူတို့ပြီးလျှင်ကား သည်ညီအစ်မတို့ အလှည့်ဖြစ်သင့်၏၊ ဟိုတစ်ချိန်က သူတို့၏ဇာတ်လမ်းတစ်စကို သတိရသူတိုင်းလည်း ကျွန်ုပ်နည်းတူပင် မျှော်လင့်မိကြပါလိမ့်မည်။
တစ်ယောက်သောသူသည် မတွယ်မတာ ပစ်ခွာသွားလေသူ၏ သတင်းများကို နားစွင့်နေခဲ့၏၊ ကြားရသော သတင်းများအရ ပစ်ခွာသူ၏ အပြုအမူများကို အတုယူ၍ ပြုခဲ့၏၊
အလောင်းတော်မင်းသားသည် ဝတ်ကြောင်ပုဆိုးကို ပယ်စွန့်ကာ ဖန်ရည်ဆိုးအဝတ်များ ဝတ်ဆင်နေပြီဟု ကြားသည့်အချိန်မှစ၍ သူကလည်း ဖန်ရည်ဆိုးအဝတ်များ ဝတ်လာခဲ့၏၊
အလောင်းတော်မင်းသားသည် ညစာမပါ၊ နံနက်စာ တစ်ထပ်တည်းသာ စားတော့ကြောင်း သိရသည်တွင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြင်ဆင်ထားသော ညစာကို မျက်နှာလွှဲနေခဲ့၏၊
အလောင်းတော်မင်းသားက ခုတင်ညောင်စောင်းမပါ မြေကြီးပေါ်မှာသာ အိပ်တော့သည်ဆိုသဖြင့် သူကလည်း ကြမ်းပေါ်မှာ အိပ်ခဲ့၏၊
အလောင်းတော်မင်းသားသည် ပန်းနံ့သာ လိမ်းကျံခြင်းမရှိတော့သဖြင့် သူကလည်း မိန်းမသားတို့၏ သည်းခြေကြိုက် လိမ်းစရာ ခြယ်စရာများကို ပယ်စွန့်၍ ထားခဲ့၏၊
သူများတွေက သာသနာ့အောင်လံကြီး တလူလူလွှင့်ထူလာခါမှ ပျူပျူငှာငှာ ကြိုဆိုကြ၏၊ သူကတော့ တောထဲတောင်ထဲမှာ ပင်ပန်းကြီးစွာ တရားရှာနေစဉ်တုန်းကပင် သာသနာ့အသွင့်အပြင်ကို ဆင်မြန်းထားနှင့်ခဲ့ပေပြီ။ သာသနာ့အလေ့အလာများနှင့် အကျွမ်းတဝင်ဖြစ်နေခဲ့ပေပြီ။ သို့ပါလျက် ဦးစွာပထမ ဝင်လာကြသူများတွင် သူတစ်ယောက်ကား ပါမလာခဲ့ပေ။
နောင်တော်ဘုရားအပေါ်၌ သူ့ဘက်က မြတ်မြတ်နိုးနိုး ရှိခဲ့သလိုပင် နောင်တော်ဘုရားကလည်း သူ၏ စေတနာ သူ၏ မေတ္တာကို အသိအမှတ်ပြုတော်မူပါသည်။ အလေးအမြတ် ပြုတော်မူပါသည်။ သူ့ခန်းဆောင်သို့ တမင်တကာ ကြွလာ၍ ကန်တော့ခံတော်မူခြင်းဖြင့် သူ့အပေါ်မှာ စေတနာ မေတ္တာ ရှိမြဲရှိနေပုံကို ပြသတော်မူခဲ့ပါသည်။
ဤရွေ့ဤမျှသော အတိုင်းအတာဖြင့် ရှင်တော်မြတ်၏ အရေးတယူအလေးမူခြင်း ခံခဲ့ရသော အမျိုးသမီးမှာ သူတစ်ဦးတည်းသာ ရှိပေသည်။ ထို့အတူပင် ရှင်တော်မြတ်အပေါ်မှာ သူတကာတို့နှင့်မတူ တမူထူးခြားသော မေတ္တာစေတနာ ထားခဲ့သူမှာလည်း သူတစ်ဦးသာ ရှိပါလိမ့်မည်။
အပြန်အလှန် အလေးအမြတ်ပြုခဲ့သော မေတ္တာရှင်နှစ်ဦးတို့သည် ယခုထက်တိုင် တစ်နယ်စီခြားနေဆဲဖြစ်၏၊ ဘုရားရှင်သည် ဒေသစာရီ လှည့်လည်ရာမှ ယခု ဇေတဝန်ကျောင်းတော်တွင် တစ်ထောက်နားတော်မူလျက် ရှိ၏၊ တစ်ဖက်သော မေတ္တာရှင်မှာကား ကပိလဝတ်မြို့တော်မှာ ရှိမြဲ ရှိနေ၏၊
ဤမှာဘက်က မေတ္တာရှင်သည် သမ္မာသမ္ဗုဒ္ဓဟူသော ဘွဲ့နာမံတော်ဖြင့် လောကဓာတ်တစ်ခွင်လုံးတွင် တရားစည်မောင်း ရိုက်မောင်း ကြွေးကြော်တော်မူလျက်ရှိ၏၊ ဟိုတစ်ဖက်က မေတ္တာရှင်မှာကား ကပိလဝတ် နန်းတော်ဟောင်းကြီးထဲမှာ ညီမသည်နှင့်အတူ တွယ်ကပ်နေဆဲဖြစ်၏၊
အစ်မဖြစ်သူမှာ သားတစ်ယောက် ဖွားမြောက်ပြီးခါမှ အစွန့်အခွာခံခဲ့ရ၏၊ ညီမဖြစ်သူမှာကား မင်္ဂလာဆောင်နေလျက်ကပင် အခွဲအခွာခံခဲ့ရ၏၊ အစ်မ၏ စွန့်ခွာသူမှာ သူ့သဘောနှင့်သူ စွန့်ခွာသွားခဲ့၏၊ ညီမ၏ စွန့်ခွာသွားသူမှာကား သူ့သဘောနှင့်သူ မဟုတ်ပါချေ။ နောင်တော်ကြီး၏ အမိန့်အာဏာကို မလွန်ဆန်ရဲ၍သာ ဖြစ်၏၊
နောင်တော်သည် ညသန်းခေါင်မှာ ထွက်သွားခဲ့သဖြင့် မည်သူမျှ မသိလိုက်။ ညီတော်မှာကား နံနက်ခင်းမှာ ထွက်သွားရ၏၊ ပရိသတ်ဗိုလ်ပုံ အားလုံးစုံ၏ ရှေ့မှာ ဖြစ်၏၊
စွန့်ခွာသူနှစ်ဦးဘက်က ကွာခြားချက်များရှိသော်လည်း အစွန့်အခွာခံရသူများဘက်မှာကား ညီတူညီမျှပင် ဖြစ်ကြပေသည်။ မတွယ်မတာစွန့်ခွာသွားကြသူများအတွက် ညီတူညီမျှ မျက်ရည်ကျခဲ့ကြရပေသည်။ မဆုံးနိုင်သော အလွမ်းဇာတ်လမ်းကို နှစ်ယောက်သား ခေါင်းချင်းဆိုင်၍ ခင်းနေခဲ့ကြရပေသည်။
အလွမ်းသည်မနှစ်ယောက်တိ့ု အရှင်မြတ်တို့နှင့် ဝေးရာမှာ ချောင်ခိုနေကြခြင်းမှာ တမင်တကာ ချောင်ခိုနေချင်၍ကား မဟုတ်နိုင်ပါ။ အစွန့်အခွာခံရသည့်အတွက် ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရသည် မှန်သော်လည်း ညီတော် နောင်တော်တို့အပေါ်မှာ သူတို့၏ မေတ္တာ၊ သူတို့၏ စေတနာများက မကုန်နိုင်မခမ်းနိုင်ကြပါ။ နီးနီးကပ်ကပ် ဆက်ဆံခဲ့ဖူးသည်ဖြစ်၍ ကျွန်ုပ်နှမသည်များ၏ စိတ်သဘောကို ကျွန်ုပ်ကောင်းကောင်းသိပြီး ဖြစ်ပေသည်။ ယခုအချိန်အထိ အပေါ်လာဘဲ နေကြခြင်းမှာ အကြောင်းတစ်ခုရှိနေ၍သာ ဖြစ်ပေသည်။ မတတ်သာ၍ ခပ်ခွာခွာနေကြခြင်းသာ ဖြစ်ပေသည်။
နောင်တော်မြတ်သည် တဏှာမဖက်သော မေတ္တာသက်သက်ဖြင့် ယသော်ဓရာ့ခန်းဆောင်သို့ ကြွချီတော်မူခဲ့၏၊ သောကမပါသော မဟာကရုဏာဖြင့် စိတ်တိုင်းကျ ကန်တော့ခြင်းကို ခံယူတော်မူခဲ့၏၊
ညီတော်မြတ်မှာလည်း အစပိုင်းမှာသာ သာသနာတော်၌ မပျော်ပိုက်ဘဲ ရှိခဲ့ရ၏၊ သာသနာ့အသိအမြင် စင်ကြယ်လာသည့်အချိန်မှာကား အပြီးအပိုင် ဘဝခြား၍ သွားတော့၏၊ ဇနပဒကလျာဏီဟူသော အမျိုးသမီးတစ်ယောက်ကို သူသတိရလျှင် ရဦးမည်ဖြစ်၏၊ သူ့အာရုံထဲမှာ ပေါ်ချင်ပေါ်ဦးမည် ဖြစ်၏၊ သို့သော် ထိုအာရုံထဲတွင် ချစ်စရာ၊ ခင်စရာ၊ လွမ်းစရာ၊ ဆွေးစရာများကား ပါလာနိုင်တော့မည် မဟုတ်ချေ။ သာမန်အမျိုးသမီးတစ်ယောက် အဖြစ်ဖြင့်သာ ရှုမြင်သုံးသပ် ပေလိမ့်မည်။
စွန့်ခွာသွားသူများဘက်မှ ပြတ်ပြတ်သားသား ဖြစ်သွားကြချိန်တွင် ကျွန်ုပ်၏ နှမသည်များမှာကား အမျှင်တန်းနေကြဆဲဖြစ်၏၊ အဝတ်သင်္ကန်းဆင်မြန်းထားကြပြီးဖြစ်သော သူတော်သူမြတ်များကိုပင် သူတို့၏ ဟိုတစ်ချိန်က မောင်တော်များအဖြစ်ဖြင့် ရှုမြင်နေခဲ့ကြ၏၊ ဟိုတစ်ချိန်က အရိပ်များကို ယောင်ရမ်း ဖမ်းကိုင်နေခဲ့ကြ၏၊
အလောင်းတော်ကို အတုယူ၍ ပြုမူခဲ့လေသမျှလည်း ယသော်ဓရာတွင် ထိုစဉ်ကတည်းက နိက္ခမဓာတ် ကိန်းဝပ်နေ၍ မဟုတ်နိုင်ပါ။ သူ့အလွမ်းဝေဒနာကို သူ့ဘာသာ ကုစားနေခြင်း ဖြစ်ပါလိမ့်မည်။ လွတ်ရာကျွတ်ရာ စွန့်ခွာသွားလေသူနှင့် တစ်စုံတစ်ရာ ပတ်သက်နေသေးသယောင်ယောင် သူ့စိတ်ကို သူလှည့်စား၍ နှစ်သိမ့်နေခြင်း ဖြစ်ပါလိမ့်မည်။
ယခုတော့ ဤလိုနှစ်သိမ့်၍ မရနိုင်ကြတော့ပြီ။ စွန့်ခွာသွားသူများသည် သူတို့၏ မောင်တော်များ မဟုတ်တော့ပြီ။ လောကလူသားအများစုတို့၏ ဆရာသခင်ကျေးဇူးရှင်ကြီးများ ဖြစ်နေကြပေပြီ။ သားတော်လေး ရာဟုလာသည်ပင် သူတို့နောက်ပါးမှာ ဖဝါးခြေထပ် လိုက်ပါသွားပေပြီ။ မယားသံယောဇဉ် ကင်းစင်ပြီးသော ပုဂ္ဂိုလ်အား သားသံယောဇဉ်ဖြင့် အမျှင်တန်းလာစေရန်လည်း မတတ်နိုင်တော့ပါပြီ။
လက်ရှိအခြေအနေအရ သူတို့နှင့် အရှင်မြတ်များကြားဝယ် အတွယ်အတာဟူ၍ လုံးဝမရှိတော့ပေ။ နောက်နောင်လည်း ရှိလာတော့မည် မဟုတ်ပါပေ။ သို့ပါလျက် ကျွန်ုပ်၏နှမများသည် ပစ္စုပ္ပန်ကိုလည်း ငြင်းဆန်ကြဘိ၏၊ အနာဂတ်ကိုလည်း ကျောခိုင်းကြဘိ၏၊ သူတို့ မျက်နှာမူနေသည်ကား ဟိုအတိတ်ဆီက အရိပ်များပင် ဖြစ်ပေသည်။ တရားသဘောဖြင့် သုံးသပ်ကြည့်ပါက အတိတ်ဟူသည်မှာ မရှိတော့သော တရားဖြစ်၏၊ အကြောင်းအားလျော်စွာ ဖြစ်တုန်းက ဖြစ်ခဲ့ဖူး၍ ယခုလောလောဆယ်မှာကား ကင်းခဲ့ပြီ။ ရှင်းခဲ့ပြီ ဖြစ်၏၊ အတိတ်က အကြောင်းတရားများကို မိမိက မည်မျှပင် တမ်းတနေသော်လည်း လွန်လေပြီးသော အတိတ်တရားတို့သည်ကား တစ်ကျော့တစ်ဖန် ပြန်လာကိန်း မရှိပေ။ အတိတ်ကို တမ်းတနေဆဲတွင် တမ်းတသော စိတ်များသာ ဖြစ်ပေါ်၍ နေကြမည်ဖြစ်၏၊ တမ်းတလျှင်ဖြင့် လွမ်းရသော ဝေဒနာတို့မှ ရှောင်လွဲ၍ မရနိုင်ပါ။
အလွမ်းပြေလေမည်လားဟု တမ်းတနေသမျှ အလွမ်းဝေဒနာတိုးစေဖို့သာ ဖြစ်ဘိ၏၊ ဤဝေဒနာတို့၏ မြစ်ဖျားခံရာသည် သူတို့အပေါ် စိမ်းကားသွားလေသော မောင်တော်များသာ ဖြစ်ဘိ၏၊ သို့ပါလျက် သူတို့ခမျာ မောင်တော်များကို သံယောဇဉ် မပြတ်နိုင်ကြရှာ။ ဤသို့ သံယောဇဉ် မပြတ်နိုင်၍ပင် ဘုရားရှင်ကို ခပ်ရှောင်ရှောင်နေလာခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ပရိသတ်ဗိုလ်ပုံအလယ်တွင် ဣန္ဒြေပျက်မည်စိုးသောကြောင့် ဖြစ်ပါလိမ့်မည်။
ကောင်းပါပြီ။ ကြေးနှင့်ရွှေကို ဂဟေမဆက်ထိုက်တော့၍ ခပ်ကွာကွာနေလာခဲ့သည်ကို ကျွန်ုပ် အပြစ်ဆိုစရာ မရှိပါ။ သို့ရာတွင် သည်တစ်ခါ ကပိလဝတ်ရောက်လျှင်မူ သူတို့ကို ကျွန်ုပ်မေးစရာတွေကား ရှိနေပေသည်။ မောင်နှမချင်းဖြစ်၍ ပွင့်ပွင့်လင်းလင်း မေးရပါလိမ့်မည်။
"ငါ့နှမ ယသော်ဓရာ၊ ငါ့နှမ ဇနပဒကလျာဏီ၊ သင်တို့ခင်းလာသော အလွမ်းဇာတ်ကြီးများက ရှည်လှပြီ။ မျောလှပြီ။ ဇာတ်ခင်းသည်ဆိုရာတွင် အမှောင်ရိပ်လွှမ်းသည့် ညချမ်းအချိန်မျိုးများမှာသာ ကြည့်၍ ကောင်းသည်။ ယခုမိုးစင်စင်လင်းလာသည်အထိ သည်အလွမ်းဇာတ်ကြီးက မသိမ်းနိုင်သေး"
"ငါ့နှမများတို့၊ သေသေချာချာ နားထောင်ကြစမ်း။ သည်အလွမ်းဇာတ်ကြီး၏ အရင်းခံမှာ သင်တို့စိတ်ထဲက မောင်တော်များပင် မဟုတ်ပါလား။ ဟိုစဉ်တုန်းက အတုံ့အလှယ် ချစ်ကြိုးသွယ်ခဲ့ရသော အရိပ်နိမိတ်များပင် မဟုတ်ပါလား။ သည်အရိပ်ခိုနိမိတ်များနောက်သို့ ကောက်ကောက်ပါအောင် လိုက်နေရင်းနှင့် အလွမ်းဇာတ်ကြီး ပြီးဆုံးသွားမည်ဟု သင်တို့ ထင်နေကြလေသလား"
"ဇာတ်သိမ်းခြင်းဆိုသည်မှာ ကြည့်မကောင်းတော့သော ဇာတ်ထုပ်ကြီးများကိုဆက်၍ မကတော့ခြင်း ဖြစ်၏၊ အတိတ်နာဂတ် ဇာတ်လမ်းများနှင့် အဆက်ဖြတ်ကာ ပစ္စုပ္ပန်သန့်သန့်မှာ ရပ်တည်ခြင်းဖြစ်၏၊ ပစ္စုပ္ပန်သန့်သန့်မှာသာ ရပ်တည်နေလိုက်ပါက လွမ်းစရာလည်း မရှိပေ။ ဆွေးစရာလည်း မရှိပေ။ ဤအခြေအနေသို့ ရောက်ရှိရန် ချောင်ကြားကုပ်နေရုံဖြင့် သင်တို့ စွမ်းနိုင်ကြပါမည်လား"
"အတိတ်က အရိပ်များက လိုက်ဖမ်းနေခြင်းဖြင့် သင်တို့သည် အလွမ်းဇာတ်ရှည်ကြီးမှာ မျောပါနေကြ၏၊ ထိုဇာတ်မျောကြီးများမှ ကယ်ထုတ်နိုင်သူတို့မှာလည်း သင်တို့၏ မောင်တော်များမှတစ်ပါး အခြားသူမရှိနိုင်ပါ။ သို့ရာတွင် ထိုမောင်တော်များမှာ သင်တို့စိတ်ထဲက အရိပ်မောင်တော်များ မဟုတ်ကြပါ။ ယခုဇေတဝန်ကျောင်းတော်မှာ ရှိနေကြသော အရှင်မြတ်များသာ ဖြစ်ပေသည်။ ထိုမောင်တော်များ၏ သင်္ကန်းရိပ်သာတွင် အပြစ်ကင်းစင်သော နှမများအဖြစ်သို့ သင်တို့ မဝင်လာကြတော့ပြီလား"
ကပိလဝတ်မှ ထွက်ခွာလာခဲ့သည်မှာ တော်တော်ကြာခဲ့ပါပြီ။ အချိန်ကြာလာသည်နှင့်အမျှ ပြောစရာတွေ ကလည်း တစ်သီကြီး ဖြစ်လာကြပေသည်။ သည့်ထက်ကြာလျှင် သည့်ထက်တိုးလာကြပေဦးမည်။
သို့ရာတွင် သည်မေးခွန်းများ သည့်ထက်တိုး၍ မလာနိုင်တော့ပါ။ စီစဉ်ထားပြီးသော မေးခွန်းများကိုပင် မေးမြန်းခွင့် မရလိုက်တော့ပါ။
ထိုစဉ်က ကိုယ့်အကြောင်းနှင့်ကိုယ် ခပ်ရှောင်ရှောင်နေလာခဲ့သော နှမများသည် ယခုဇေတဝန်ကျောင်းတော်သို့ လိုက်လာကြပါပြီ။ သူတို့ချစ်မြတ်နိုးသော မောင်တော်များရှိရာသို့ ညီအစ်မနှစ်ယောက် လက်တွဲ၍ ရောက်လာကြပါပြီ။
လွမ်းဇာတ်သိမ်းရန် အချိန်တန်၍ လမ်းမှန်သို့ လိုက်လာခဲ့ကြသော နှမမများကို ကျွန်ုပ်နှင့် ရာဟုလာတို့က ကျောင်းတော်ဝက ကြိုဆိုလိုက်ကြရပေသည်။
(အင်္ဂုတ္တရ အဋ္ဌကထာ၊ ဧကနိပါတ်၊ ဘဒ္ဒကစ္စာနာထေရီဝတ္ထု)
ကန်တော့ခန်းမှ ဇာတ်ပေါင်းခန်းသို့
ဟိုယခင်က ကျွန်ုပ်တို့နောင်တော်ကြီးဘုရားသည် ယသော်ဓရာ၏ ခန်းမဆောင်သို့ ကြွချီတော်မူခဲ့၏၊ အများတကာတို့ထက် ထူးခြားသော စေတနာရှင် မေတ္တာရှင်သည် အများတကာတို့ထက် ထူးထူးခြားခြား ပူဇော်ကန်တော့လိုနေသည်ဖြစ်ရာ မဟာကရုဏာရှင်ကလည်း သူ့အလိုကို လိုက်လျောတော်မူခဲ့ရပေသည်။ ဆုံးခန်းတိုင်ရောက် တရားပေါက်ပြီးသော လောကုတ္တရာဉာဏ်ကြီးရှင်သည် လောကအကြောင်းကိုကား ပစ်ပယ်တော်မမူပါချေ။ လောကကို လောကလိုသိ၍ လောကနှင့်လိုက်လျောစွာ ကျင့်သုံးတော်မူခဲ့သည်သာ ဖြစ်ပေသည်။
ဤသို့ လောကအလိုကိုလိုက်၍ အထိုက်အလျောက်ကျင့်သုံးတော်မူခဲ့ခြင်းသည်ပင် လောကုတ္တရာလမ်းစကို ခင်းပေးတော်မူလိုက်ခြင်းလည်း ဖြစ်ပါ၏၊ ယသော်ဓရာတို့ညီအစ်မ ကျောင်းတော်အဝသို့ ရောက်လာခါမှ ကျွန်ုပ်သည် ဤဇာတ်လမ်းများကို ဆက်စပ်စဉ်းစားမိပါတော့သည်။
ဇာတ်ရည်မလည်ခင်တုန်းက အံ့ဩဖွယ်အတွေးကြွယ်ခဲ့ရသော ဇာတ်ကွတ်များသည် ဇာတ်ရည်လည်လာ ချိန်မှာကား နှစ်သက်ဖွယ်၊ ကြည်နူးဖွယ် ဖြစ်လာကြပေသည်။
ယသော်ဓရာသည် ဟိုစဉ်တုန်းက သူများနည်းတူ ညီလာခံခန်းမသို့ မလာရောက်ခဲ့။ သကျတို့၏ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ်ဖြင့် ညီညာဖြဖြပူဇော်လာသူတို့တွင် သူတစ်ယောက်ကား မပါဝင်ပေ။ သူ့မေတ္တာ၊ သူ့စေတနာ၏ တန်ဖိုးကို အားကိုးယုံကြည်စိတ်ဖြင့် သူ့ခန်းဆောင်ကပင် စောင့်စား၍ နေခဲ့၏၊ ဤသို့ နောင်တော်ဘုရား၏ အကြွအလာကို စောင့်စားနေခဲ့သူသည် ယခုတော့ ညီမနှင့်အတူ နောင်တော်မြတ်ရှိရာ လိုက်ပါ၍ လာရချေပြီ။ ဟိုစဉ်တုန်းက မျက်ရည်လည်ရွဲငိုပွဲဆင်၍ ကန်တော့ခဲ့သူသည် ယခုတော့ ကြည်သာအေးမြ ဘေးမခသော မေတ္တာရေဖြင့် ပူဇော်ကန်တော့နိုင်ပေပြီ။
အနော်မာသောင်သို့ နောင်တော်မြတ် ထွက်ခွာတော်မူပြီးနောက် ယသော်ဓရာသည် နောင်တော်မြတ်၏ အပြုအမူများကို အတုယူခဲ့ပါ၏၊ နောင်တော်မြတ်ကဲ့သို့ ဖန်ရေဆိုးသော အဝတ်များ ဝတ်ခဲ့၏၊ ညစာမပါ တစ်ထပ်စာသာ စားသောက်ခဲ့၏၊ အတင့်အတယ် လိမ်းခြယ်ပန်ဆင်မှုများ မပြုတော့ဘဲ ခုတင်မပါ ကြမ်းပြင်ပေါ်မှာသာ အိပ်စက်ခဲ့၏၊ သို့ရာတွင် ဤအပြုအမူတို့ဖြင့် အပူမငြိမ်းနိုင်ရှာပါ။ ဤအပြုအမူတို့သည် စွန့်လေသူ၊ ခွာလေသူအား ယူငင်တမ်းတသော စိတ်များ၏ အရိပ်နိမိတ်တို့ဖြစ်လေရာ အယူမသိမ်းသမျှ အပူမငြိမ်းသည်မှာ သစ္စာတရား ဖြစ်ပေသည်။
ရှင်တော်မြတ်၏ အရိပ်အာဝါသအောက် ရောက်ပြီး၍ မကြာမီမှာပင် ယသော်ဓရာသည် ဤသစ္စာကို ပြောင်ပြောင်စင်စင် သိမြင်သွားပေသည်။ ဟိုယခင်က ပေါင်းဆုံချင်၍ ပြုခဲ့လေသမျှ ကွဲကွာရဖို့ချည်း ဖြစ်ခဲ့၏၊ ပေါင်းဆုံချင်သော သမုဒယတို့ကြောင့် မပေါင်းရလေချင်း၊ မဆုံရလေချင်းဟူသော လွမ်းရ၊ ဆွေးရ စိတ်ဒုက္ခတို့ကိုသာ ခံစားခဲ့ရ၏၊
ယခုတော့ ဤသစ္စာတရားတို့၏ အကြွင်းမဲ့ မှန်ကန်သော သဘောကို ယသော်ဓရာ သိပေပြီ။ သမုဒယနှင့် အကြောင်းပြုပေးလေသမျှ ဒုက္ခမှလွဲ၍ အခြားလမ်းမရှိတော့ပြီ။ သို့ဖြစ်၍ ရွံ့စရာ၊ စက်ဆုပ်စရာကောင်းလှသော ဒုက္ခအပေါင်းမှ လွတ်မြောက်ရေးမှာလည်း ဤသမုဒယကို ပယ်စွန့်ခြင်းမှ တစ်ပါး အခြားလမ်းမရှိတော့ပြီ။
ဒုက္ခ၏အကြောင်းရင်းခံဖြစ်သော ဤသမုဒယသည်လည်း အကြောင်းကင်း၍ မဖြစ်နိုင်ပါချေ။
ဤအကြောင်းပြုလျှင် ဤအကျိုးပေါ်မည်ဟူ၍ အသိမပိုင်သေးသောကြောင့်သာ သမုဒယ ပွားစီးခဲ့ရ၏၊ သမုဒယပွားစီးသဖြင့် ဒုက္ခကြီးစွာ ခံစားခဲ့ရ၏၊ အကြောင်းမှန်ကို ဧကန်တိတိ အပိုင်သိလာပြီဖြစ်သော ယခုအခါတွင်ကား သမုဒယ မပွားစီးနိုင်တော့ပါ။ ပေါင်းဆုံချင်သောစိတ်များ ဖြစ်ပေါ်မလာနိုင်တော့ပါ။
ပေါင်းဆုံချင်သော သမုဒယကို ပယ်စွန့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်၏ နှမသည် သူမြတ်နိုးလှသော နောင်တော်ကြီးဘုရားနှင့် အတူတကွ ပေါင်းဆုံမိကြပေတော့သည်။ လွမ်းတ ပူဆွေး ငိုကြွေးရခြင်းမရှိသော သုခရိပ်မြုံမှာ ခိုလှုံခွင့်ရလိုက်ခြင်းသည် ကွဲကွာခြင်း မရှိနိုင်တော့သော ပေါင်းဆုံခြင်းပင် ဖြစ်ပေသည်။ မိမိချစ်သူ ခင်သူများနှင့် အစဉ်ထာဝရ မခွဲမခွာ ပေါင်းဆုံလိုသူတိုင်းသည် ထိုမေတ္တာရှင်တို့၏ စံနမူနာကို အရယူသင့်ကြပေသည်။
လေးစားအပ်သော အရှင်မြတ်ကြီးနှင့် ချစ်ခင်အပ်သော အရှင်မတို့နှင့် ပတ်သက်၍ ရှေ့အခန်းများမှာ အတော်များများ တင်ပြခဲ့ပါပြီ။ အချို့အကြောင်းအရာများမှာ သံသရာ ချဲ့ထွင်ရေးဘက်ကို အလေးသာသည်ဟု ထင်စရာ ရှိပါ၏၊ သို့သော် ကျွန်ုပ်တင်ပြလိုသည်မှာ ထိုအကြောင်းအရာများ မဟုတ်ပါ။ သုခရိပ်မြုံမှာ ပေါင်းဆုံလာကြသော ဤအခန်း ပေါ်လွင်ထင်ရှားရေးအတွက် ထိုအကြောင်းအရာတို့ဖြင့် အထောက်အကူပြုခဲ့ခြင်းသာ ဖြစ်ပါသည်။ ကျွန်ုပ်၏ တစ်သက်တာမှတ်တမ်းတွင် အမှတ်တရ တင်ပြလိုရင်းကား သည်ဇာတ်ပေါင်းခန်းသာ ဖြစ်ပေသည်။ သည်ဇာတ်ပေါင်းခန်းသည်ပင် ကြည်သာအေးမြ ဘေးမခသည့် မေတ္တာဇာတ်လမ်း၏ အစလည်း ဖြစ်ပါပေသည်။
ငယ်စဉ်ကတည်းက နှုတ်ကျိုးလာခဲ့သော ငယ်နာမည်ဖြင့် ယသော်ဓရာဟူ၍ ခေါ်ဝေါ်လာခဲ့သော်လည်း ကျွန်ုပ်၏ သီတင်းသုံးဖော်များသည်ကား ကျွန်ုပ်၏နှမ သည်ထေရီမကို ဤအမည်ဖြင့် မခေါ်ဝေါ်ကြတော့ပါ။ မယ်တော်ကြီးထံတွင် ရဟန်းခံပြီးသည့် အချိန်မှစ၍ အရှင်မ ဘဒ္ဒကစ္စနာဟူ၍ မြတ်နိုးစွာ ခေါ်ဝေါ်၍လာခဲ့ကြပေသည်။
အရှင်မ ဘဒ္ဒကစ္စနာဟူ၍ သာသနာတော်တွင်း၌ ဂုဏ်သတင်းဝေဆာခဲ့ခြင်းတွင် ဖော်ပြခဲ့ပြီးသော အကြောင်းအရာတို့ ပါကြပေမည်။ သို့သော် အဓိကကျသော အကြောင်းတရားတို့ကား သာသနာ့ဘောင် ရောက်ပြီးမှ ဖြစ်၏၊ မဂ်လေးတန် ဖိုလ်လေးတန်ကို မပင်ပန်းဘဲ ရရုံမျှမက အဘိညာဉ်တန်ခိုးကြီးမားသော အရာတွင်လည်း 'ဧတဒဂ်ဒဂုဏ်ထူးကို ဆွတ်ခူးနိုင်ခဲ့ပါသေးသည်။ စိန်နားတောင်းက အရောင်တောက်ပသလောက် ကျွန်ုပ်နှမသည်၏ ပါးပြင်ကလည်း ဖြူစင်ဝင်းပြောင်ကြောင်းကို ကျွန်ုပ်က ဂုဏ်တင်လိုက်ရပါ၏၊
(အင်္ဂုတ္တရ အဋ္ဌကထာ၊ ဧကနိပါတ်၊ ဘဒ္ဒကစ္စနာထေရီဝတ္ထု)
ရာဟုလာတို့ သားအမိ
ကျွန်ုပ်တို့ ရောက်လေရာအရပ်တွင် တရားသဘောနှင့် ပတ်သက်၍ မကျေညက်သေးသူများကို မကြာခဏ တွေ့ကြုံရတတ်၏၊ များသောအားဖြင့် ရဟန္တာပုဂ္ဂိုလ်များနှင့် ပတ်သက်၍ အထင်မှား အမြင်မှား ဖြစ်နေတတ်ကြပေသည်။
ကျွန်ုပ်၏ သီတင်းသုံးဖော်များတွင် တချို့မှာ ရဟန္တာအဆင့်သို့ ရောက်ကြပြီဖြစ်၍ တချို့မှာကား သာမန်ရဟန္တာမျှ မဟုတ်ဘဲ အဘိညာဉ်တန်ခိုးရှင်များ ဖြစ်နေကြ၏၊ အဘိညာဉ်ရ အရှင်တို့၏ တန်ခိုးပြာဋိဟာကို မြင်ရဖူးသူတို့သည် ရှိသမျှ ကိစ္စအဝဝကို ထိုအဘိညာဉ်တန်ခိုးဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်မှတ်ကြ၏၊ တချို့ကလည်း ဒုက္ခငြိမ်းရာ နိဗ္ဗာန်တရားကို ရပါလျက် နာကျင်ကိုက်ခဲမှု ဒုက္ခတွေ ရှိနေသေးသလားဟု စောဒက တက်ကြ၏၊ တရားအရေး နားဝေးသူများကို ဖြေရှင်းရ ခက်ဘိတောင်း။
တကယ်တော့ နိဗ္ဗာန်တရားတော်ကြီးတွင် ဒုက္ခဟူ၍ မြူမျှ မရှိပေ။ ဒုက္ခဟူ၍ အရိပ်အယောင်မျှ မရှိပေ။ သို့သော် ထိုနိဗ္ဗာန်ကို မျက်မှောက်ပြုသူတို့မှာကား ဒုက္ခအားလုံး မငြိမ်းနိုင်ကြပါ။ သွေးနှင့်ကိုယ် သားနှင့်ကိုယ်များ ဖြစ်ကြသဖြင့် နာကျင်ကိုက်ခဲမှုကို မလွဲသာ မရှောင်သာ ခံကြရ၏၊ ဆာလောင်မွတ်သိပ်မှုကြီးက ဖိစီးနှိပ်စက်သဖြင့် နံနက်တိုင်း ဆွမ်းခံထွက်နေကြရ၏၊
သူတို့ရရှိခဲ့သော မဂ်တရားတို့သည် စိတ်ပူစိတ်ကြမ်း စိတ်သရမ်းဟူသော ကိလေသာတို့ကို ပယ်နိုင်၏၊ ရုပ်ပူရုပ်ကြမ်း ရုပ်သရမ်းတို့ကြောင့် ဖြစ်ပေါ်လာရသော ဒုက္ခဝေဒနာတို့ကိုကား မဂ်ကလည်း မပယ်နိုင်။ စျာန်အဘိညာဉ်တန်ခိုးဖြင့် တစ်ခါတစ်ရံ ကာကွယ်နိုင်ခဲ့သော်လည်း အခါခပ်သိမ်းကား မစွမ်းနိုင်ကြပေ။ ပုရိမတဏှာ၏ အကျိုးတရားတို့ကို ဆေးဝါးဲဓာတ်စာဖြင့် ပြုပြင်နိုင်သမျှ ပြုပြင်ကာ ပြုပြင်၍ မရသည်ကိုကား သတိသမ္ပဇဉ် ဉာဏ်ယှဉ်၍ သည်းခံကြရပေလိမ့်မည်။
(ဣတိဝုတ်၊ နိဗ္ဗာနဓာတုသုတ်၊ သဥပါဒိသေသနနိဗ္ဗာန်အပိုင်း)
ဤသဘောသွားကို ဉာဏ်ကျက်စားမိလျှင် အရှင်မဘဒ္ဒကစ္စာနာ၏ ဖြစ်အင်ကို နားလည်နိုင်ပါလိမ့်မည်။ ခိပ္ပါဘိည ဧတဒဂ်ရသည့် အရှင်မတစ်ပါးပင် ဖြစ်ပါသော်လည်း သူ့ခမျာ ကာယိကဒုက္ခ မကင်းရှာပါ။ လူ့ဘဝမှာတုန်းက ရရှိထားသော လေနာရောဂါသည် အဘိညာဉ်တန်ခိုးရှင်ဘဝ ရောက်သည်အထိ လိုက်ပါလာ၏၊ လူ့ဘဝတုန်းက ရောဂါနှင့်အတူ ဆေးလည်း ရှိခဲ့၏၊ လေနာရောဂါ ထကြွလာသည်နှင့် သက်ဆိုင်ရာ ဓာတ်စာကို စားရသဖြင့် ဝေဒနာဒဏ်ကို ကြာရှည်စွာ မခံစားရပေ။
ယခုတော့ အစားအစာနှင့် ပတ်သက်လာလျှင် မိမိဘာသာ စီမံဖန်တီးခွင့် မရှိတော့ပေ။ ဆင်းရဲချမ်းသာမရွေး အိမ်ပေါက်စေ့ ဆွမ်းခံ၍ ရသမျှဖြင့်သာ ရောင့်ရဲရ၏၊ ဆွမ်းဒါယကာ ဒါယိကာမတို့ လောင်းသမျှတွင် သူနှင့် သင့်လျော်သည်လည်း ပါ၏၊ မသင့်လျော်သည်လည်း ပါ၏၊ ဒါယကာ ဒါယိကာမတို့ သဒ္ဓါ၍ လောင်းလှူသောဆွမ်းကို "ငါနှင့် မသင့်" ဟူ၍ ငြင်းပယ်ရန် မသင့်ပါ။ "ငါ့မှာ ဘာနှင့်သင့်၍ လောင်းလှူပါ"ဟူ၍ နှုတ်မြွက်၍ အလှူခံခွင့်လည်း မရှိပါ။ ဆွေမျိုးရင်းချာလည်း မရှိ။ ပစ္စည်းလေးပါး ဖိတ်ကြားထားသူလည်း မရှိသော တစ်ရပ်တကျေးတွင် အရှင်မခမျာလေနာရောဂါကို မခံသင့်ဘဲ ခံစား၍ နေရပေသည်။ နဂိုက အနေအထား နူးညံ့ခဲ့သူဖြစ်၍လည်း မသင့်သော အစားအစာဒဏ်ကို သူများထက်ပို၍ ခံစားရဟန်တူပါသည်။
သည်အကြောင်းကိုသာ ကျွန်ုပ် စောစောသိရလျှင် သည်ဝေဒနာကို သည်လောက်ကြာကြာ မခံစားရပါ။ လူ့ဘဝမှာကတည်းက တရင်းတနှီးနေလာခဲ့၍ သည်ဝေဒနာနှင့် သင့်လျော်သော ဓာတ်စာကို ကျွန်ုပ် အတတ်သိပြီး ဖြစ်ပါသည်။ သို့ရာတွင် အရှင်မကလည်း ကျွန်ုပ်တို့ထံ သတင်းမပို့။ ရဟန်းမများအား ဆိုဆုံးမရန် အလှည့်မကြုံသေး၍ ကျွန်ုပ်ကလည်း သူတို့ရှိရာ သီးခြားကျောင်းသို့ မရောက်ဖြစ်ခဲ့။ သူတို့ကျောင်းမှ ညှိုးငယ်စွာ ပြန်လာသော ရာဟုလာကြောင့်သာ ကျွန်ုပ်သိခွင့်ရပေသည်။
ခမည်းတော်ဘုရား အမိန့်တော်ဖြင့် ရှင်သာမဏေဖြစ်လာခဲ့ရသော်လည်း ရာဟုလာမှာ မယ်တော်အပေါ်တွင်ကား သံယောဇဉ် မပြတ်နိုင်ရှာပါ။ ယခုတော့ သားရော မိခင်ပါ ဘဝတူဖြစ်လာကြပြီမို့ နေ့စဉ်နေ့တိုင်း တွေ့ဆုံခွင့် ရနေပေပြီ။ ကွဲကွာခဲ့ရသော အချိန်ကာလတွေ ကြာမြင့်သည်နှင့် ထေမိအောင် ရာဟုလာသည် မယ်တော့်ထံပါးတွင် ခပ်ကြာကြာလေး နေပြီးမှ ပြန်လာတတ်ပေသည်။
ရာဟုလာက မယ်တော်အဖြစ်ဖြင့် တွယ်တာနေခဲ့သော်လည်း မယ်တော်မှာကား သူ့မယ်တော်မဟုတ်တော့ပါ။ ရာဟုလာတစ်ပါးတည်းကိုသာ မဟုတ်။ သူနှင့် သက်တူရွယ်တူ လူငယ်လုံမငယ်အားလုံးကို မြင့်မြတ်သော ဗြဟ္မစိုရ်ဖြင့် ထပ်တူထပ်မျှ ချစ်တတ်နေပါပြီ။ ရဟုလာတစ်ပါးတည်း၏ မိခင် မဟုတ်တော့ဘဲ လူငယ် လုံမငယ်အားလုံး၏ မိခင်ကြီးဟု ဆိုရပါတော့မည်။
မဟာမိခင်ကြီးက မိမိ၏ ဝေဒနာကို သမ္ပဇဉ်ဖြင့် သည်းခံနိုင်သော်လည်း ရာဟုလာကား ဟန်မဆောင်နိုင်ရှာပါ။ ယခုဆယ်ကျော်သက်အရွယ်တွင် အရပ်အမောင်း တော်တော်ထွက်လာသော်လည်း ငယ်မူငယ်သွေးကား မပျောက်သေးပါ။ သို့ဖြစ်၍ မယ်တော်၏ ရုပ်ဝေဒနာသည် သူ့စိတ်ပေါ်သို့ ကူးစက်လာနိုင်ခြင်း ဖြစ်ပေသည်။
ရာဟုလာတို့ သားအမိ၏ ဝေဒနာနှစ်မျိုးလုံးကို သိလိုက်ရသည်နှင့် ကျွန်ုပ်သည် စင်စင်ဆေးထားသော သပိတ်ကို လှမ်းကြည့်လိုက်မိ၏၊ ရဟန်းတို့ အားအကိုးရဆုံးမှာ သည်သပိတ်ပင် မဟုတ်ပါလော။ သည်သပိတ်ဖြင့် ဝမ်းသမုဒ္ဒရာ အူအင်္ဂါကို နေ့စဉ်အစာကျွေးနိုင်ခဲ့၏၊ သည်သပိတ်ဖြင့်ပင် ရာဟုလာတို့ သားအမိကို ကူညီရပေဦးမည်။
သပိတ်သင်္ကန်းများ ဝတ်ရုံပြင်ဆင်၍ ထွက်အလာတွင် ကျွန်ုပ်ထက် ဦးစွာ ထွက်ခွာသွားလေသူတစ်ဦး ရှိနေပါ၏၊ ထိုသူကား အရှင်မဟာသာရိပုတ္တရာ ကိုယ်တော်ကြီးပါတကား။
"ရာဟုလာ၊ အရှင်မြတ်ကြီးထံ သည်အကြောင်း လျှောက်ထားခဲ့ပြီးပြီလား"
"ပြီးခဲ့ပါပြီ အရှင်ဘုရား"
အရေးတစ်စုံ ကြုံလာသည့်အခိုက် ဥပဇ္ဈာယ်ဆရာတော်ထံ ဦးစွာပထမ ချဉ်းကပ်ခဲ့သော တူတော်မောင်ကို ကျွန်ုပ်က သာဓုနုမော် ခေါ်လိုက်ရပေသည်။ သာသနာ့ဘောင် ရောက်လာသောအခါ သွေးသား သံယောဇဉ်ထက် ဆရာတပည့် ဆက်ဆံရေးကို ပို၍ အလေးထားရမှန်း သိတတ်သော ရာဟုလာပါပေ။
ဆွမ်းဘုဉ်းပေးပြီးခါမှ တစ်ကျော့တစ်ဖန် ဆွမ်းခံထွက်သွားသော အရှင်မဟာသာရိပုတ္တရာသည် ခါတိုင်းဆွမ်းခံချိန်လောက် မကြာဘဲ ပြန်ရောက်လာခဲ့၏၊ သပိတ်ထဲတွင်ကား သကြားနှင့် ရောမွှေထားသော သရက်သီးနှစ်များ။ ယသော်ဓရာဘဝက စားနေကျ ဓာတ်စာများပင် ဖြစ်ပေသည်။
အရှင်မဟာသာရိပုတ္တရာက သပိတ်ကို ရာဟုလာထံ ကမ်းလင့်နေဆဲမှာ နန်းတော်မှ မင်းချင်းတစ်ယောက် ရောက်လာ၏၊ အကျိုးအကြောင်း မေးမြန်းကြည့်သောအခါ အရှင်မြတ်ကြီးနောက်က စုံထောက်ရန် လိုက်လာသည် ဟူပါ၏၊
ဝေဒနာနှင့် သင့်လျော်သော ဓာတ်စာရရေးအတွက် အရှင်မဟာသာရိပုတ္တရာသည် မွန်းမတည့်မီ အချိန်လုလျက် ကောသလမင်းကြီး၏ နန်းတော်သို့ ကြွရောက်ခဲ့၏၊ ကာရန်တသင့်ပင် မှည့်ဝင်းသော သရက်သီးများ အပို့အဆက် ရောက်လာသဖြင့် သရက်သီးနှစ်များကို သကြားနှင့် ရောမွှေစေကာ သပိတ်ထဲမှာ လောင်းလှူခဲ့၏၊ အလှူရှင် ကောသလမင်းကြီးသည် သရက်သီးဘောဇဉ်ကို နန်းတော်ထက်မှာပင် ဘုဉ်းပေးမည်ထင်ကာ နေရာထိုင်ခင်းများ ပြင်ဆင်စေ၏၊ သို့သော် အရှင်မြတ်ကြီးကား သူစားသုံးရန် လာခဲ့ခြင်း မဟုတ်သဖြင့် သပိတ်ပိုက်ကာ ပြန်ကြွလာခဲ့ပေသည်။
ထူးခြားလှသော အပြုအမူကို သဘောမပေါက်သဖြင့် ကောသလမင်းကြီးက မင်းချင်းကို စေလွှတ်လိုက်ရာ အကြောင်းသိသောအခါတွင်ကား အရှင်မဘဒ္ဒကစ္စာနာ၏ ရာသက်ပန် သရက်သီးဒါယကာ ဖြစ်ရပေတော့သည်။
(တိကနိပါတ်၊ အဗ္ဘန္တရဇာတ်၏ ပစ္စုပ္ပန်ဝတ္ထု)
လူမှုရေး ပညတ်တော်များ
သာသနာ့ဖခင်ကြီး၏ သားတော်သမီးတော်များအကြောင်းကို တော်တော်များများ တင်ပြခဲ့ပါပြီ။ လူဝတ်ကြောင်ဘဝဖြင့် သာသနာ့အကျိုး သယ်ပိုးကြသူအချို့နှင့်လည်း မိတ်ဆက်ပေးခဲ့ပါပြီ။ နောက်နောင်လည်း သက်ဆိုင်ရာအခန်းများ၌ ဤအရှင်မများ ပါလာကြပါဦးမည်။ အသစ် အသစ်သော အရှင် အရှင်မများနှင့်တကွ သာသနာ့အကျိုးဆောင်ကြီးများနှင့်လည်း တွေ့ဆုံကြရပါဦးမည်။
ဖော်ပြခဲ့ပြီးသော ရဟန်းပုဂ္ဂိုလ်များကို ရဟန်းဖြစ်ခဲ့ပုံများအရ စုပေါင်းလိုက်လျှင် ခုနစ်မျိုး ရှိနေပြီဖြစ်ကြောင်း တွေ့ကြရပါလိမ့်ဦးမည်။
ပဉ္စဝဂ္ဂီငါးဦး၊ အရှင်ယသနှင့် အပေါင်းအသင်းများမှစ၍ ရှေ့ပိုင်းက သာဝကကြီးများသည် "ဧဟိဘိက္ခု" ဟူသော မိန့်ခွန်းတော်ဖြင့် ရဟန်းဖြစ်လာကြရ၏၊
"ကဿပ၊ သင်သည် မြင့်မြတ်သော အမျိုးဇာတ်ကြောင့် မာန်မာနကြီးခဲ့သူဖြစ်၏၊ ထို့ကြောင့် အကြီးအငယ် အရွယ်အလတ်ဖြစ်သော သီတင်းသုံးဖော်တို့၌ ပြင်းပြသော ရှက်ကြောက်ခြင်း ရှိစေရန် ကျင့်သုံးအပ်၏"
ဤသို့စသော ဩဝါဒ မိန့်ခွန်းတော်များဖြင့် ရဟန်းဖြစ်ခွင့်ရသူကား အရှင်မဟာကဿပ တစ်ပါးတည်းသာ ဖြစ်ပေသည်။
"သောပါက၊ ဥဒ္ဓုမာတကာသညာ ဟူ၍လည်းကောင်း၊ ရူပသညာဟူ၍လည်းကောင်း ဤတရားနှစ်ပါးတို့သည် သဒ္ဒါရော အနက်ပါ ထူးလေသလော။ သို့မဟုတ် အနက်တူ၍ သဒ္ဒါမျှသာ ကွဲပြားပါသလော"
ဤသို့သော မေးခွန်းတော်ကို ကျကျနနဖြေဆိုနိုင်သဖြင့် ခုနစ်နှစ်သားအရွယ် သောပါက သာမဏေအား ဘုရားရှင်က ရဟန်းဘောင်သို့ တင်ပေးတော်မူခဲ့၏၊
ဂရုဓံတရားရှစ်ပါးကို လက်ခံခြင်းဖြင့် ရဟန်းဖြစ်ခွင့်ရသူကား မယ်တော်ကြီး မဟာပဇာပတိဂေါတမီဖြစ်၏၊
အခြား ရဟန်းမများအားလုံးမှာ ရဟန်းများထံတွင် ဉတ်နှင့် ကမ္မဝါစာရွတ်ဖတ်ပေးမှ ရဟန်းဘောင် ရောက်ခဲ့ကြရ၏၊
ရဟန်းအများစုမှာ ဉတ်တစ်ကြိမ်၊ ကမ္မဝါစာသုံးကြိမ် ရွတ်ဖတ်ခံကာ ရဟန်းဘောင်ရောက်လာကြ၏၊ အားကိုးရာမဲ့ ဗြဟ္မဏအဘိုးအိုဘဝမှ ရဟန်းပြုလာသော အရှင်ရာဓမှစ၍ ဤအစီအစဉ် အတည်ဖြစ်လာခဲ့ပေသည်။ သာသနာ့သမိုင်းစဉ် တစ်လျှောက်လုံး အသုံးပြုကြရမည့် အစီအစဉ်လည်း ဖြစ်ပေသည်။
ဖော်ပြခဲ့ပြီးသော ရဟန်းဖြစ်ပုံ ခုနစ်မျိုးတို့တွင် တချို့မှာ ဘုရားရှင်ထံမှာ ဖြစ်ကြ၏၊ တချို့ကား ရဟန်းနှင့် ရဟန်းမများထံမှာသာ ဖြစ်၏၊ သို့သော် ရဟန်းပြုပေးသူရော ရဟန်းအဖြစ်ခံယူသူရော နှစ်ဦးနှစ်ဖက် မျက်နှာစုံညီသာ အပေးအယူ လုပ်ခဲ့ကြရ၏၊ နောက်ဆုံးဖော်ပြမည့် ရဟန်းဖြစ်ပုံကား တစ်မူထူးခြားသည်ဟု ဆိုရပါမည်။ အန္တရာယ်နှင့် ရင်ဆိုင်နေရသော အဍ္ဎုကာသီ၏ အခြေအနေအရ အဝေးမှ လူကြုံဖြင့် အမိန့်ပေး၍ ရဟန်းပြုပေးခဲ့ရသောကြောင့် ဖြစ်ပေသည်။
(ပါရာဇီကဏ် အဋ္ဌကထာ၊ ပထမပါရာဇိက၊ ပဒဘာဇနီအဖွင့်)
အဍ္ဎုကာသီ ပြည့်တန်ဆာမသည်ကား ကာသိတိုင်းအတွင်းရှိ ဇနပုဒ်များမှ တစ်နေ့တာ အခွန်ငွေတစ်ထောင်၏ တစ်ဝက်ကို နေ့စဉ်နေ့တိုင်း ရနေသူဖြစ်၏၊ သို့သော်လည်း မိမိဘဝကို ငြီးငွေ့သည်ဖြစ်၍ ရဟန်းမများထံမှာ ရဟန်းခံခဲ့၏၊ ဝိနည်းတော်အရ ဤသို့ ရဟန်းမများထံ ရဟန်းခံပြီးလျှင် ရဟန်းများထံ တစ်ခါထပ်၍ ခံယူရဦးမည်ဖြစ်၏၊ အဍ္ဎုကာသီကလည်း ဘုရားရှင့်ရှေ့တော်မှောက်မှာပင် ခံယူလိုစိတ်ပြင်းပြနေ၏၊ သို့သော် ဘုရားရှင်ရှိရာ အရောက်သွားနိုင်ဖို့ရာကား မလွယ်ကူပေ။
ယောကျ်ားများစွာတို့၏ နှစ်ခြိုက်မှုကို ခံယူခဲ့ရသော အဍ္ဎုကာသီသည် သင်္ကန်းဝတ်လာတော့လည်း စန်းမမှိန်သေးချေ။ သူ၏ ဖောက်သည်ဟောင်းများသည် သူ့အပေါ် စွဲလမ်းနေကြဆဲသာ ဖြစ်၏၊ ရဟန်းမတို့ကျောင်းသို့ ရောက်နေခိုက် သူတို့ မကြံသာ မဖန်သာသော်လည်း လမ်းခရီးမှာကား သူတို့စိတ်တိုင်းကျ ဖြစ်လာနိုင်ပေသည်။ ရမ္မက်ဇောအရှိန်ဖြင့် အနိုင့်ထက်ပြုကျင့်ရန် သူအလာကို စောင့်ကြို၍နေကြပေသည်။
လာလိုပါလျက် အလာခက်နေသော အဍ္ဎုကာသီ၏ အဖြစ်ကို သိတော်မူလျှင် ဘုရားရှင်သည် ဖြစ်နိုင်မည့် နည်းတစ်မျိုးဖြင့် ရဟန်းခံခွင့် ပေးတော်မူရ၏၊ ထိုနည်းကား လူကြုံလွှတ်၍ ရဟန်းခံပေးခြင်းတည်း။
ဤခွင့်ပြုတော်မူချက်အရ ဇေတဝန်ကျောင်းတော်ရှိ ကျွန်ုပ်တို့သည် သိမ်ထဲမှာ စုဝေးကြလျက် အဍ္ဎုကာသီအတွက် ရဟန်းခံ ကမ္မဝါစာများ ဖတ်ပေးကြရ၏၊ ထို့နောက် ဤအကြောင်းကို ရဟန်းမတစ်ပါးကိုလွှတ်၍ အကြောင်းကြားရ၏၊ ကျွန်ုပ်တို့ ကမ္မဝါစာရွတ်ပြီးချိန်သည်ပင် အဍ္ဎုကာသီ၏ ရဟန်းမဖြစ်သောအချိန်ဟူ၍ အသိအမှတ်ပြုကြရပေသည်။
(ဝိနည်းစူဠဝဂ်၊ ဘိက္ခုနီ ခန္ဓကပါဠိတော်နှင့် အဋ္ဌကထာ)
လူမှုရေးကိစ္စထွေပြားလှသော တပည့်မများကို စောင့်ရှောက်ထိန်းသိမ်းတော်မူရသော ဘုရားရှင်မှာ သမီးများသော ဖခင်ကြီးနှင့် မခြားလှပါချေ။ တစ်ခါက ရွာထဲဝင်လာသော အရွယ်ငယ်ငယ် ရဟန်းမတစ်ပါးသည် ကာလသားပေါင်းစုံရှေ့တွင် အပေါ်ယံသင်္ကန်း လေအလှန်ခံလိုက်ရသဖြင့် အရှက်တကွဲဖြစ်ခဲ့ရဖူး၏၊ ဤတွင် ဘုရား ရှင်က-
"ရဟန်းမများ ရွာထဲသွားလျှင် ရင်စည်းအင်္ကျီ ဝတ်သွားရမည်" ဟူ၍ မိန့်ကြားတော်မူရ၏၊
(ဘိက္ခုနီသုဒ္ဓပါစိတ်၊ သံကစ္စိကာ သိက္ခာပုဒ်)
တစ်ခါကလည်း ရဟန်းမများသည် လုံခြုံမှုမရှိသော အရပ်များသို့ အဖော်ကုန်သည်များမပါဘဲ ခရီးထွက်ကြရာ လူဆိုးလူသွမ်းတို့၏ အစော်ကားခံကြရ၏၊ ဤတွင်လည်း သူတို့၏ ဖခင်ကြီးက-
"ရဟန်းမများသည် မိမိပြည်တွင်းမှာ ဖြစ်စေ၊ ပြည်ပမှာဖြစ်စေ အဖော်ကုန်သည်မပါလျှင် ခရီးမထွက်ရ" ဟု ပညတ်တော်မူရ၏၊
(ဘိက္ခုနိသုဒ္ဓပါစိတ်၊ အန္တောရဋ္ဌသိက္ခာပုဒ်နှင့် တိရောရဋ္ဌသိက္ခာပုဒ်)
လူတို့၏ သဒ္ဓါတရားမပျက်ပြားစိမ့်သောငှာ ဘုရားရှင်သည် ကိုယ်ဝန်ရှိသော အမျိုးသမီးနှင့် နို့စို့ကလေးရှိနေသော အမျိုးသမီးတို့ကို ရဟန်းပြုမပေးရန် ပညတ်တော်မူရ၏၊ ထိုပညတ်ချက်မထုတ်ရသေးမီက ကိုယ်ဝန်နှင့် အမျိုးသမီးတစ်ယောက်သည် ရဟန်းဝတ်ပြီး၍ မကြာမီ သားဖွားခဲ့၏၊ ဖွားလာသော သားအတွက် မည်သို့ဆောင်ရွက်ရမည်မသိသဖြင့် ရဟန်းမများမှတစ်ဆင့် ကျွန်ုပ်က ရွှေနားတော်ကြား လျှောက်ထားလိုက်ရ၏၊ မဟာကရုဏာတော်ရှင်သည် ဖြစ်လာပြီးသော လူမှုရေးကိစ္စကို လျစ်လျူရှုတော်မမူဘဲ ဖွားလာသော သားကို သိယ ကြားယ နားလည်သည့်တိုင်အောင် ကျွေးမွေးရန် ခွင့်ပြုတော်မူရပေသည်။
ဤကိစ္စသည် ဤမျှဖြင့် ပြီးပြတ်မသွားသေးပါ။ ကလေးငယ်ရှိသော ရဟန်းမသည် ကလေးတာဝန်ကို တစ်ပါးတည်းနှင့် မနိုင်မနင်း ဖြစ်နေပြန်သဖြင့် သူတို့ဖခင်ကြီးကပင် သူ့အတွက် ကူဖော်လောင်ဖက် ရဟန်းမတစ်ပါးကို ပေးကြရန် မိန့်ကြားတော်မူရပြန်၏၊ ကူဖော်လောင်ဖက်ပေးရာတွင် စနစ်တကျပေးနိုင်ရန် ကမ္မဝါစာများကိုပါ ပေးတော်မူရပေသည်။
(ဝိနည်းစူဠဝဂ်၊ ဘိက္ခုနီခန္ဓက)
ဤရဟန်းမမှာ ပညတ်ချက် မထုတ်ပြန်ရသေးချိန်တွင် ကိုယ်ဝန်ထင်ထင်ရှားရှားနှင့် ဝတ်လာခဲ့သဖြင့် ကိုယ်ဝန်အတွက် ပြဿနာ မတက်ခဲ့ပေ။ ပညတ်ချက်ထုတ်ပြန်ပြီးမှ ဝတ်လာသော ရဟန်းမတစ်ပါးမှာကား လူထွက်ရ တော့ မတတ်ပင် ပြဿနာကြီးခဲ့ရပေသည်။
ဥပမာအသွယ်သွယ်ဖြင့် အဆန်းတကြယ် ဟောကြားရာတွင် ဧတဒဂ်ဂုဏ်ထူးရ အရှင်ကုမာရကဿပကို အကြောင်းပြု၍ ကုမာရကဿပမယ်တော်ဟူ၍ နောင်အခါတွင် ထင်ရှားလာမည့် ဤရဟန်းမသည် ရာဇဂြိုဟ်မြို့က သူဌေးသမီးတစ်ဦးဖြစ်၏၊ အပျိုစင်ဘဝကတည်းက သာသနာတော်မှာ စိတ်ညွှတ်နေသော်လည်း ရဟန်းပြုခွင့်မရခဲ့ရှာ။ ချစ်မငြီးသော သမီးကလေးတစ်ယောက်ဖြစ်၍ မိဘများက တားဆီးထားကြ၏၊ သို့နှင့် မိဘအိမ်မှ လင့်အိမ်သို့ လိုက်ပါလာခဲ့ရာတွင် လင်ကို ကျေနပ်အောင် ပြောဆိုနားချကာ သာသနာ့ဘောင် အရောက်လာခဲ့၏၊
မြတ်နိုးလှသော ဘဝကို ရပြီဖြစ်၍ အဖော်ရဟန်းမများနှင့်အတူ ပျော်တပြုံးပြုံးဖြစ်နေသော ထိုအရှင်မသည် တစ်နေ့သောအခါမှာကား ထိတ်လန့်ဖွယ်အခြေအနေကို တွေ့လိုက်ရပေသည်။
သည်အခြေ သည်အနေ ဘယ်တုန်းကဖြစ်လာခဲ့သည်ကို သူလည်း သတိမထားမိ။ ရဟန်းပြုပေးလိုက်သော အရှင်မများလည်း ဂရုမစိုက်မိကြ။ ယခု ဖုံးမရ ဖိမရ ဖြစ်လာခါမှ အားလုံးအထိတ်တလန့် ဖြစ်ကုန်ကြရတော့သည်။
ကာယကံရှင်အနေနှင့်ကတော့ သူ့သီလ လုံခြုံသည်ကို သိပေမည်။ သင်္ကန်းဝတ်နှင် ငြိစွန်းလာရသည် မဟုတ်၍ လူ့ဘဝကပါလာခဲ့သော ဝန်ထုပ်ဝန်ပိုးဖြစ်သည်ကို သူကိုယ်တိုင်သာ သိနိုင်ပေမည်။ ဘေးက အဖော်များမှာကား အနေအထိုင်ခက်လာကြ၏၊
သည်အရှင်မလေး၏ ဣန္ဒြေသိက္ခာကို ထောက်သောအားဖြင့် လူ့ဘဝကပါလာသော အထုပ်အထည် ဖြစ်မည်ဟူ၍ကား တွေးမိကြပါ၏၊ သို့သော် တစ်ဖက်က တွေးပြန်တော့လည်း ကိုယ်ကကျူးလျှင် ကိုယ့်ဒူးကိုပင် ယုံရခက်လှ၏၊ အကယ်၍ မိမိနှင့်အတူနေခါမှ ဖြစ်ပေါ်လာသည့် ကိစ္စဆိုလျှင် မိမိတို့ပါ အပြစ်မကင်း ဖြစ်ကုန်ကြရပေတော့မည်။ ရဟန်းမတို့၏ ခြောက်ခုမြောက် ပါရာဇိက သိက္ခာပုဒ်ကြီးနှင့် ငြိစွန်းကြရပေတော့မည်။
သို့နှင့် ရဟန်းမများ မထွေးနိုင် မအန်နိုင်ဖြစ်နေသော ကိစ္စကြီးသည် အရှင်ဒေဝဒတ်ထံ ရောက်လာ ရတော့သည်။ ဝေဠုဝန်ကျောင်းတိုက်တွင် ဘုရားရှင်နှင့် ထင်ရှားသော သာဝကကြီးများ မရှိခိုက်မို့ သူက ဦးစီးဦးကိုင် ဖြစ်နေပေသည်။ အပေါင်းအဖော်ရဟန်းမများမှာလည်း ရာဇဂြိုဟ်ပြည်မှာ အစဉ်လိုလိုနေတတ်သော အရှင်ဒေဝဒတ်၏ ဘုန်းရိပ်ကို ခိုလှုံနေသူများ ဖြစ်ကြပေသည်။
"အရှင်ဘုရား၊ ဤရဟန်းမသည် လင်ကို မရအရတောင်းပန်၍ ရဟန်းပြုလာခဲ့ပါသည်။ ယခုရရှိနေသော ကိုယ်ဝန်သည် ရဟန်းဘဝမှာမှ ရလာလေသလား။ လူ့ဘဝက ပါလာခဲ့လေသလား။ တပည့်တော်မတို့ မဝေခွဲနိုင်ပါ။ အရှင်ဘုရား ဆုံးဖြတ်ရန် ဖြစ်ပါသည် ဘုရား"
ရဟန်းမများ လျှောက်ထားချက်ကို နားထောင်ပြီးသည်နှင့် အရှင်ဒေဝဒတ်သည် ထူးထူးထွေထွေ စဉ်းစားမနေတော့ဘဲ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည် ဟူပါ၏၊
"နှမတို့၊ ငါ၏ အသင်းအပင်းထဲမှာ မလှမပရှိနေလျှင် ငါ့ကိုပင် ထိခိုက်ပေတော့မည်။ သို့ဖြစ်၍ ရဟန်းမကို မြန်မြန် သင်္ကန်းချွတ်ပေးလိုက်ကြပေတော့"
အမှုသည်မှာ အပြစ်ရှိခြင်း မရှိခြင်းထက် သူ့ဂုဏ်သိက္ခာကို မထိခိုက်ရေးက အဓိကဖြစ်နေပေသည်။
အရှင်ဒေဝဒတ်၏ အမိန့်တော်ကို အဖော်များက အမှုသည် ရဟန်းမထံတွင် သယ်ဆောင်ကာ အမိန့်တော်အတိုင်း ဆောင်ရွက်ရန် ပြင်ဆင်ကြ၏၊ ဤတွင် အမှုသည်ရဟန်းမက ဘုရားရှင်ရှေ့တော်မှောက်သို့ အယူခံဝင်ပါရစေဦးဟု အနူးအညွတ် တောင်းပန်သဖြင့် ရဟန်းမအဖြစ်ကို မဆုံးရှုံးဘဲ ရှိရ၏၊ သင်္ကန်းကို ဆွဲချွတ်မိလျှင်ကား ရဟန်းမဘဝကို ဆုံးရှုံးသွားရပေလိမ့်မည်။
ဤသို့အားဖြင့် အမှုသည်ရဟန်းမသည် အရှင်ဒေဝဒတ်၏ ရုံးတော်မှတစ်ဆင့် ဘုရားရှင်ခြေတော်ရင်းသို့ ရောက်လာခဲ့၏၊ အမှုသွားအမှုလာနှင့်တကွ အရှင်ဒေဝဒတ်၏ ဆုံးဖြတ်ချက်ကို တင်လျှောက်၏၊ ဘုရားရှင်က ဤအမှုကို ဝိနည်းဆောင် ဧတဒဂ်ရ အရှင်ဥပါလိထံ လွှဲအပ်တော်မူလိုက်ပေသည်။
နောက်တစ်နေ့တွင် ဇေတဝန်ကျောင်းတော်သို့ ပရိသတ်အစုံအလင် ရောက်ရှိလာကြ၏၊ ကျောင်းဒါယကာ အနာထပိဏ်၊ နောက်ပိုင်းမှာ ကျောင်းအစ်မကြီးဖြစ်လာမည့် ဝိသာခါ၊ ထိုမှတစ်ပါး သာဝတ္ထိမြို့တွင် ကျော်ကြားသော သူဌေးကြီးများလည်း ရောက်လာကြ၏၊ ဘုရားရှင့် အမိန့်တော်ဖြင့် ကောသလမင်းကြီးလည်း အချိန်မီရောက်လာပေသည်။
ဤရဟန်းမ၏ အရေးသည် ရဟန်းသံဃာများနှင့်သာ သက်ဆိုင်၏၊ သံဃာအချင်းချင်း ညှိနှိုင်းတိုင်ပင်ကာ ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လိုက်လျှင် ဤအမှုကိစ္စနှင့် ပြီးငြိမ်းသွားနိုင်၏၊ သို့သော် သည်အမှုနှင့် ပတ်သက်၍ ရှင်ဒေဝဒတ်၏ ဆုံးဖြတ်ချက်က အကျော်တစော ထွက်နှင့်နေပြီဖြစ်ရာ သံဃာ့ပရိသတ်သက်သက်ဖြင့် ဆုံးဖြတ်လျှင် လူများကတစ်မျိုးတစ်မည်ထင်စရာရှိနေ၏၊ အရှင်ဒေဝဒတ်က ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပါလျက် ဘုရားရှင်လက်ထက်တော်ရောက်ခါမှ မျက်နှာသာပေးခံရသည်ဟု ပြောစရာ ဆိုစရာများ ဖြစ်လာနိုင်၏၊ ထို့ကြောင့် ဤအမှုကို လူသူပရိသတ်စုံရာတွင် စစ်ဆေးရခြင်း ဖြစ်ပေသည်။
တရားပလ္လင်ထက် တက်ပြီးသည်နှင့် အရှင်ဥပါလိ ဦးစွာပထမ မိန့်တော်မူလိုက်သည်မှာ ဝိသာခါကို ပရိသတ်ရှေ့ထွက်ခဲ့ရန် ဖြစ်၏၊ အမျိုးသမီး၏ အမှုကိစ္စဖြစ်၍ ကျွမ်းကျင်လိမ္မာသော အမျိုးသမီး၏ အကူအညီဖြင့် အဆုံးအဖြတ်ပေးရပေလိမ့်မည်။
ဥပါလိက အမှုသည်ရဟန်းမ၏ ရဟန်းခံရက်ချုပ်ကို ဝိသာခါအား ပြောပြ၏၊ ထို့နောက် ရှိနေသော ကိုယ်ဝန်သည် ရဟန်းခံရက်၏ ရှေ့မှာ စတင်ခဲ့သလော။ နောက်မှာ စတင်ခဲ့သလောဟု စစ်ဆေးစေ၏၊ ဝိသာခါသည် ပေးအပ်သော တာဝန်ကို လက်ခံကာ ပရိသတ်အလယ်တွင် ကန့်လန့်ကာများ ကာရံ၍ အမှုသည်ရဟန်းမ၏ ကိုယ်အင်္ဂါများကို စေ့စေ့စပ်စပ် စစ်ဆေးပြီးနောက် ပြုံးပြုံးရွှင်ရွှင် ပြန်ထွက်လာကာ-
"အရှင်ဘုရား၊ ရဟန်းမ၏ ကိုယ်ဝန်သည် ရဟန်းမခံမီက စတင်ခဲ့ကြောင်း ထင်ရှားပါသည် ဘုရား"
ပရိသတ်အားလုံး ကြားလောက်အောင် လျှောက်ထားလိုက်ပေသည်။
ဝိသာခါ၏ ဤသို့ လျှောက်ထားချက်ကြောင့်ပင် ဓမ္မကထိကအကျော် အရှင်ကုမာရကဿပ အလောင်းအလျာသည် ကျောင်းထဲမှာ ဖွားမြင်ခွင့်ရခဲ့ပေသည်။
(ဧကနိပါတ်ဇာတ် အဋ္ဌကထာ၊ သီလဝဂ်၊ နိဂြောဇာတ်၏ ပစ္စုပ္ပန်ဝတ္ထု)
ဝိသာခါ၏ ဆု ရှစ်မျိုး
ဝိသာခါတစ်ယောက် သာဝတ္ထိမြို့တော်ကြီးသို့ ရောက်လာသည်မှာ ဤလိုပြဿနာများ ဖြေရှင်းရအောင် ရောက်လာလေသလောဟု ကျွန်ုပ်တို့ သီတင်းသုံးဖော်များ မကြာခဏ ပြောမိကြ၏၊ ဝိသာခါကို သူ့ဘိုးအေနှင့်အတူ ဘဒ္ဒိယမြို့မှာ နေစဉ်ကတည်းက ကျွန်ုပ်တို့ သိပြီး ကျွမ်းပြီးဖြစ်ကြ၏၊ ခုနစ်နှစ်သမီး အရွယ်ကပင် ထူးထူးခြားခြား တရားပေါက်ခဲ့သူလေး ဖြစ်၏၊ ထို့နောက် ဖခင်ဖြစ်သူ ဓနဉ္စယသူဌေးနှင့်အတူ သာကေတမြို့သို့ လိုက်ပါကာ ထိုမှတစ်ဆင့် ခင်ပွန်းဖြစ်သူ ပုဏ္ဏဝဍ္ဎုဏ သတို့သားရှိရာ သာဝတ္ထိသို့ လိုက်ပါလာခဲ့ရပေသည်။
ဝိသာခါ သာဝတ္ထိမြို့တော်ဝင်ခန်းကို ယခုတိုင်ပြောစား၍ မဆုံးကြသေးပါ။ သုံးမကုန်လောက်အောင် ကြွယ်ဝသော သူဌေးသမီးပေမို့ သူ့မင်္ဂလာအခမ်းအနားများ ကြီးကျယ်လှသည်မှာ အဆန်းမဟုတ်ပါ။ မဆန်းသင့်ဘဲ ဆန်းနေသည်မှာကား ဝိသာခါတို့အိမ်သည် ကျွန်ုပ်တို့ ဆွမ်းခံ၍ မရသောအိမ် ဖြစ်နေခြင်းပင်တည်း။
ဝိသာခါ၏ ယောက္ခမ မိဂါရသူဌေးသည် ကျွန်ုပ်တို့ သာသနာတော်ကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်ပါ။ သာသနာ့ပြင်ပက ပုဂ္ဂိုလ်များကို ကြည်ညိုရင်းစွဲ ရှိသူဖြစ်၏၊ အိမ်ထောင်ဦးစီးတစ်ယောက်လုံးက တစ်ဖက်မှာ ယိမ်းနေသည်ဖြစ်ရာ တစ်အိမ်လုံးလည်း သူ့ဘက်ပါကြရပေသည်။ အလှူရေစက် လက်နှင့်မကွာခဲ့သော ဝိသာခါမှာ သည်အိမ်ရောက်ခါမှ အလှူအတန်း ပြတ်လပ်ရပေတော့သည်။
တစ်နေ့တွင် ကျွန်ုပ်တို့သီတင်းသုံးဖော်တစ်ပါးသည် ထိုအိမ်သို့ ဆွမ်းဝင်ရပ်ခဲ့၏၊ ဝိသာခါရောက်လာ သည့်အတွက် မူပြောင်းလိုပြောင်းငြား ကင်းတိုးစမ်းသော သဘောပင် ဖြစ်သည်။ ကာရန်တစ်သင့်ပင် ထိုအချိန်တွင် မိဂါရသူဌေးသည် နို့ထမင်းများကို မြိန်ယှက်စွာ စားလျက်ရှိ၏၊ ချွေးမအလိမ္မာ ဝိသာခါကလည်း အနားက ယပ်ခတ်လျက်ရှိ၏၊ သည်ကနေ့မှ ထူးထူးခြားခြား ဝင်ရပ်လာသော ရဟန်းကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်သော်လည်း သူ အစိုးမပိုင်သော အိမ်ဖြစ်နေ၍ မည်သို့မျှ မတတ်သာ။ ယောက္ခမကြီးကို ပြော၍လည်း ဖြစ်မည်မဟုတ်။ ဤတွင် ဝိသာခါသည် ရုတ်တရက်ဉာဏ်ကို အသုံးပြုကာ နေရာမှ ဖယ်ပေးလိုက်ပေသည်။
ဝိသာခါဖယ်ပေးလိုက်သည်နှင့် မိဂါရသူဌေး၏ မျက်နှာနှင့် ရဟန်းတို့ကြားဝယ် အကာအကွယ်မရှိတော့ပေ။ မိမိအိမ်က မဆည်းကပ်ခဲ့သော်လည်း တွေ့နေကျ မြင်နေကျဖြစ်၍် ဆွမ်းရပ်လာသော ရဟန်းတစ်ပါးဖြစ်နေသည်ကို သူ မသိဘဲ မနေနိုင်ပေ။ သို့သော် လောင်းရန်ကား ဝေးလေစွ။ မော့၍မျှပင် မကြည့်ပါချေ။
"ကန်တော့ပါသေးသည် အရှင်ဘုရား။ တပည့်တော်၏ ယောက္ခမသူဌေးကြီးမှာ အစာဟောင်းကိုသာ စားပါသည်"
ဆွမ်းခံရဟန်းကို အားနာလှစွာဖြင့် ဝိသာခါက ကန်တော့လိုက်ရ၏၊ ကန်တော့ရင်းနှင့် သူ့ရင်ထဲမှာ မျိုသိပ်ထားရသော စကားလုံးများလည်း အန်ထွက်သွားကြရပေသည်။
အရသာခံ၍စားနေသော နို့ထမင်းပန်းကန်ကို သူဌေးကြီးသည် ချက်ချင်း မျက်နှာလွှဲလိုက်တော့၏၊ ဒေါမနဿ ဝေဒနာများ ဖိစီးလာကြပြီမို့ အစားစား၍ မရနိုင်တော့ပြီ။ ရသာမျိုးစုံ စုပြုံထည့်ထားသော နို့ထမင်းကို အရသာမခံနိုင်တော့ပြီ။ သူ့ရင်တစ်ခုလုံးဝယ် အသံမထွက်ဘဲ မြည်ဟည်းနေသော စကားလုံးများမှာ 'ယောက္ခမမိဘ တစ်ယောက်လုံးကို ဤလိုရိုင်းပျ စော်ကားရသလော'ဟူသည်တို့ပင် ဖြစ်ပေသည်။
ဒေါသအမျက် ခြောင်းခြောင်းထွက်သဖြင့် မိဂါရသူဌေးသည် ချွေးမကို အိမ်ပေါ်မှတစ်ခါတည်း နှင်ချလိုက်၏၊ သို့ရာတွင် ဤမျှဖြင့် ဝိသာခါ ထွက်မသွားနိုင်ပါ။ယောက္ခမအိမ်သို့ ပို့ဆောင်စဉ်က မိဘများသည် တစ်ယောက်တည်း ထားပစ်ခဲ့ကြသည်မဟုတ်ပါ။ သာဝတ္ထိမြို့ပေါ်က ထင်ရှားကျော်ကြားသော သူဌေးကြီးရှစ်ဦးကို မသင့်တော်တာများရှိပါက ပြောဆိုဆုံးမရန် အပ်နှင်းထားခဲ့သည် မဟုတ်ပါလော။
ဝိသာခါက ထိုအကြောင်းကို ထုတ်ဖော်ပြောကြားသဖြင့် ယောက္ခမသူဌေးကြီးသည် သူဌေးကြီးရှစ်ဦးထံ ချက်ချင်း လူလွှတ်၍ အကြောင်းကြား၏၊ ခုံသမာဓိအရာမှာ တည်ကြည်သော လူကြီးများစုံလျှင် မိဂါရသူဌေးသည် ချွေးမ၏ ပြစ်မှုကို ရှင်းပြ၏၊ ဤပြစ်မှုဖြင့် အိမ်ပေါ်မှ ချက်ချင်း ဆွဲထုတ်သွားကြရန်လည်း အရေးဆို၏၊ သို့ရာတွင် အမှုသည်ဖြစ်သူ ဝိသာခါက ယောက္ခမကြီး၏ စွဲချက်ကို သည်အတိုင်း ခေါင်းငုံ့၍ မခံပါ။
"ဖခင်သူဌေးကြီးတို့၊ ကျွန်မ၏ စကားလုံးများသည် ယောက္ခမကြီးပြောသကဲ့သို့ အသံထွက်သော်လည်း ဆိုလိုရင်းသဘောမှာ တခြားဖြစ်ပါသည်။ ယောက္ခမကြီးသည် ရှေးက လူကြီးသူမများထားခဲ့သော အမွေအနှစ်များကိုသာ စားသုံးခဲ့ပါ၏၊ သို့သော် ကိုယ့်အိမ်ရှေ့မှာ ဆွမ်းရပ်လာသော ရဟန်းတစ်ပါးကိုကား မြင်ပါလျက် မျက်နှာလွှဲ၍ နေခဲ့ပါသည်။ ဤသဘောကို ပြောခဲ့ခြင်းသာ ဖြစ်ပါသည်"
ဤသို့ ဟုတ်တိုင်းမှန်စွာ ဖြေရှင်းချက်ထုတ်နိုင်သဖြင့် ခုံသမာဓိလူကြီးများက ဝိသာခါကို အနိုင်ပေးလိုက်ကြရပေသည်။ နောက်ထပ် စွပ်စွဲလာလေသမျှလည်း ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ပင် ဖြစ်သွားကြရပေသည်။
တမင်သက်သက် အပြစ်ရှာရန်ကောဟု ခုံသမာဓိလူကြီးများက မိဂါရသူဌေးကြီးကို အပြစ်ဆိုနေကြစဉ်တွင် ဝိသာခါသည် သူဌေးကြီးရှစ်ဦးကို ဦးချကန်တော့ရင်း
"အို ကျေးဇူးရှင် ဖခင်ကြီးတို့၊ ယောက္ခမသူဌေးကြီး နှင်ချစဉ်က ကျွန်မမှာ အပြစ်ရှိနေသလိုဖြစ်နေ၍ ဖခင်သူဌေးကြီးများထံ တိုင်တည်ဖြေရှင်းရပါသည်။ ယခုအခါ အပြစ်ဟူသမျှ မရှိပြီဖြစ်ပါ၍ ကျွန်မ္ဘာသာ အိမ်မှ ဆင်းသွားပါတော့မည်"
သူဌေးကြီးများကို နှုတ်ဆက်ပြီးနောက် သာကေတမှ လိုက်ပါလာကြသော အခြွေအရံများကို ရထားအပြင်ခိုင်းလိုက်၏၊ ဤတွင် မိဂါရသူဌေး၏ ဝန်ချတောင်းပန်ခန်း ဖြစ်လာပေသည်။
ရယ်စရာဟုဆိုရမည်လား၊ ရွံ့စရာဟုဆိုရမည်လား မသိပါ။ နောက်တစ်နေ့နံနက်မှာ ကြုံရသော အဖြစ်တစ်ခုကို တင်ပြပါဦးမည်။ ဝိသာခါ၏ တောင်းဆိုမှုဖြင့် ဘုရားရှင်နှင့်တကွ သံဃာတော်များပါ သူတို့အိမ်မှာ ဆွမ်းလုပ်ကျွေးရာတွင် မိဂါရသူဌေးကြီး ပေါ်မလာပါ။ ဘုရားရှင်နှင့် မျက်နှာချင်းဆုံမည်စိုး၍ တော်ရာမှာ ချောင်ခိုနေခဲ့၏၊ ထို့နောက် ဆွမ်းအနုမောဒနာပြုသောအခါမှာကား မနေသာတော့သဖြင့် တရားနာရန်ထွက်လာခဲ့၏၊ သို့သော် သူများလို ရှေ့တော်မှောက်မှာ မြင်မြင်ထင်ထင် မထိုင်လာဘဲ ကန့်လန့်ကာကြားက နာကြားခဲ့၏၊ တစ်ကြိမ်တစ်ခါနာမိလျှင် နောက်တစ်ခါ ဆက်လက်၍မနာဘဲ မနေနိုင်လောက်အောင် စွမ်းဆောင်နိုင်သော တန်ခိုးတော်ကို သူ့ခမျာ မသိရှာလေတကား။
ကာထားသော ကန့်လန့်ကာသည် သစ္စာလေးပါးတရားတော်ကို ဟန့်တားနိုင်ခြင်း မရှိသဖြင့် ထိုနေ့မှာပင် မိဂါရသူဌေးသည် သစ္စာဉာဏ်ဖြင့် နိဗ္ဗာန်သို့ ဝင်နိုင်ခဲ့၏၊ ဤတွင်မှ ချွေးမအပေါ် မိခင်တမျှ အရေးပေးကာ တစ်အိမ်လုံးကို အပ်နှံပေတော့သည်။
(ဓမ္မပဒ အဋ္ဌကထာ၊ ပုပ္ဖဝဂ်၊ ဝိသာခါဝတ္ထု)
ဝိသာခါ၏ လက်တွင်းသို့ တစ်အိမ်လုံးရောက်ရှိချိန်တွင် ကျွန်ုပ်တို့အတွက် အိမ်တံခါးကြီး ပွင့်လာပါတော့သည်။ ဆွေဝေး မျိုးဝေးနေလာရသော ရဟန်းများအဖို့ ဆွေမျိုးအိမ်တစ်ဆောင် တိုးလာခြင်းပင် ဖြစ်ပေသည်။ သာဝတ္ထိမှာ သီတင်းသုံးသော ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေမများမှန်လျှင် သူတို့အိမ်ဆွမ်းခံမရောက်ဖူးသူဟူ၍ မရှိပါ။ သဒ္ဓါ၊ ဥစ္စာ နှစ်ပါးလုံးပြည့်စုံသော အိမ်ဖြစ်၍ လာလာသမျှ ပုဂ္ဂိုလ်များကို ဖွယ်ဖွယ်ရာရာ လောင်းလှူပါပေသည်။
ဤသို့ဖြင့် ရက်လနှစ်များ ပြောင်းရွှေ့လာပြီးနောက် တစ်နေ့သောအခါတွင် ဘုရားရှင်နှင့်တကွ ကျွန်ုပ်တို့တစ်တွေ သူတို့အိမ်သို့ ဆွမ်းစားသွားကြရ၏၊ မကြာမကြာ ပင့်ကျွေးနေကျဖြစ်၍ ထူးဆန်းသည်ဟု မဆိုနိုင်ပါ။ အိမ်မှုကိစ္စနည်းပါးသည့်အခိုက် ကပ်ချင် လှူချင်သော စေတနာအရ ကပ်လှူခြင်းသာ ဖြစ်ပေသည်။ သို့ရာတွင် ဤတစ်ခါ ဆွမ်းကျွေးပွဲကား ကပ်ချင်လှူချင်သော စေတနာချည်းမဟုတ်ဘဲ အခြား ရည်ရွယ်ချက်တစ်ခုလည်း ရှိနေပေသည်။
ဆွမ်းကိစ္စပြီးစီးချိန်တွင် ဆွမ်းအစ်မ ဝိသာခါက သူ့ရည်ရွယ်ချက်ကို ဤသို့ လျှောက်တင်ပါ လေတော့သည်။
"အရှင်ဘုရား၊ ဘုရားရှင့်ထံတော်မှ ဆုရှစ်မျိုးကို တောင်းပါရစေ ဘုရား"
"ဝိသာခါ၊ ဘုရားရှင်တို့ ပေးစရာ ဆုမရှိပေ"
"အရှင်ဘုရား၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားစသော ဆုမျိုးမဟုတ်ပါ။ သာသနာတော်နှင့် အပ်စပ်သော အပြစ်ကင်းသော ဆုများသာ ဖြစ်ပါသည်ဘုရား"
"သို့ဆိုလျှင် လိုရာဆုကို တောင်းပေတော့ ဝိသာခါ"
"အရှင်ဘုရား၊ တပည့်တော်မသည် သံဃာတော်အား မိုးရေခံသင်္ကန်းများ လှူလိုပါ၏၊ ရောက်ခါစ ရဟန်းတို့အား ဆွမ်းကပ်လိုပါ၏၊ ခရီးသွားမည့် ရဟန်းတို့အား ဆွမ်းကပ်လိုပါ၏၊ ဖျားနေသော ရဟန်းများအား ဆေးဝါးကပ်လိုပါ၏၊ အမြဲတစေ ယာဂု ကပ်လိုပါ၏၊ ရဟန်းမများအား ရေသနုပ်သင်္ကန်းများ လှူဒါန်းလိုပါ၏၊ ဤဆု ရှစ်မျိုးပင် ဖြစ်ပါသည်ဘုရား"
"ဝိသာခါ၊ အဘယ်သို့သော အကျိုးကျေးဇူးများကို မြော်မြင်၍ ဤဆုများကို တောင်းပါသနည်း"
"အရှင်ဘုရား၊ ဤနေ့နံနက်ဆွမ်းကျက်ချိန်မှာ သံဃာတော်များ သွားပင့်ရန် ကျွန်မတစ်ယောက်ကို လွှတ်လိုက်ပါသည်။ ကျွန်မ ပြန်လာသောအခါ သံဃာတော်များ ပါမလာပါ။ ကျောင်းမှာ ရဟန်းသံဃာတစ်ပါးမျှ မရှိပါ။ ကိုယ်တုံးလုံးနှင့် အာဇီဝကများသာလျှင် မိုးရွာထဲမှာ ရေချိုးနေကြသည်ဟု ဆိုပါသည်။ ကျွန်မက အာဇီဝကတွေဟု ဆိုသော်လည်း တပည့်တော်မ အကြောင်းမှန်ကို သိလိုက်ပါသည်။ ကိုယ်တုံးလုံး ရေချိုးခြင်းသည် လူမသတီစရာ ဖြစ်ပါသည်။ မိုးရေခံသင်္ကန်း လှူဒါန်းခွင့်ရလျှင် ဤအဖြစ်မျိုး ကြုံရမည် မဟုတ်ပါ"
"အရှင်ဘုရား၊ ဤမြို့သို့ ရောက်ခါစ ရဟန်းသည် လမ်းမကျွမ်းကျင်၊ ဆွမ်းခံအိမ်များ မမှတ်မိသဖြင့် ပင်ပင်ပန်းပန်း ဆွမ်းခံစားရပါသည်။ တပည့်တော်မအိမ်မှာ ဆွမ်းစားခွင့်ရပါလျှင် မကြာမီ လမ်းကျွမ်းကျင်၍ ဆွမ်းခံအိမ်များ မှတ်မိကာ ချမ်းသာစွာ ဆွမ်းခံနိုင်ပါလိမ့်မည် ဘုရား"
"အရှင်ဘုရား၊ ဖျားနာသော ရဟန်းများသည် သင့်လျော်သော ဆွမ်းဘောဇဉ်များ မဘုဉ်းပေးရလျှင် အနာရောဂါများ သည်းထန်လာပါလိမ့်မည်။ အသက်လည်း ဆုံးရှုံးနိုင်ပါသည်။ တပည့်တော်မ၏ ဆွမ်းကို ဘုဉ်းပေးခွင့်ရပါလျှင် အနာရောဂါများ သက်သာပျောက်ကင်းပါလိမ့်မည်။ အသက်ဘေးကိုလည်း စိုးရိမ်စရာ မလိုတော့ပါ"
"အရှင်ဘုရား၊ သူနာပြုရဟန်းသည် ဆွမ်းခံထွက်နေရသဖြင့် ဖျားနာသော ရဟန်းအား နေမြင့်မှ ဆွမ်းကပ်နိုင်ပါလိမ့်မည်။ စားချင်သောက်ချင်တုန်းမှာ မစားရသဖြင့် ဖျားနာသော ရဟန်းများ အားပြတ်နေကြပါလိမ့်မည်။ သူနာပြုရဟန်းများသည် တပည့်တော်မအိမ်မှာ ဆွမ်းစားခွင့်ရပါလျှင် ဖျားနာသော ရဟန်းများသည်လည်း အားပြတ်တော့မည် မဟုတ်ပါဘုရား"
"အရှင်ဘုရား၊ ဖျားနာသော ရဟန်းများသည် သင့်လျော်သော ဆေးဝါးများမရလျှင် ရောဂါသည်းထန်လာပါလိမ့်မည်၊ အသက်လည်း ဆုံးရှုံးနိုင်ပါသည်။ တပည့်တော်မ၏ ဆေးကို အလှူခံခွင့်ရပါလျှင် ရောဂါများလည်း သက်သာလာပါလိမ့်မည်။ အသက်ဘေးကိုလည်း စိုးရိမ်စရာ မလိုတော့ပါ ဘုရား "
"အရှင်ဘုရား၊ ဘုရားရှင်သည် အန္ဓိကဝိန္ဒမြို့၌ ဆယ်မျိုးသော အကျိုးကျေးဇူးတို့ကို မျှော်ကိုးတော်မူလျက် ယာဂုကို ခွင့်ပြုတော်မူခဲ့ပါသည်။ တပည့်တော်မ၏ ယာဂုကို သုံးဆောင်ရသော အရှင်များသည် ဆယ်မျိုးသော ထိုကျေးဇူးများကို ခံစားကြရပါလိမ့်မည် ဘုရား"
"အရှင်ဘုရား၊ ရဟန်းမတို့သည် အစီရဝတီမြစ်၌ ပြည့်တန်ဆာမများနှင့်အတူ ကိုယ်လုံးတီးဖြင့် ရေချိုးကြပါသည်။ ထိုအခါ ပြည့်တန်ဆာမများက သူတို့ကို ပြက်ရယ်စကား ဆိုကြပါသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ရဟန်းပြုခြင်းသည် ဘာအကျိုးရှိမည်နည်း။ အရွယ်ကောင်းခိုက်မှာ ကာမဂုဏ်တွေ ခံစားပြီး အိုမင်းမစွမ်းဖြစ်ခါမှ ရဟန်းပြုလျှင် နှစ်ဖက်စလုံး အကျိုးမရှိပါလောဟု ပျက်စီးရာ ပျက်စီးကြောင်း သွေးဆောင် ဖြားယောင်းကြပါသည်"
"အရှင်ဘုရား၊ အမျိုးသမီးများ ကိုယ်လုံးတီးရေချိုးခြင်းမှာ လူမသီစရာ ဖြစ်ပါသည်။ တပည့်တော်မသာ ရေသနုပ်သင်္ကန်း လှူခွင့်ရလျှင် ဤအဖြစ်မျိုး ကြုံရမည် မဟုတ်ပါဘုရား"
မြင့်မားလှစွာသော အမြော်အမြင်၊ ထက်သန်လှသော သဒ္ဓါတရားဖြင့် တောင်းဆိုလာသော ဆုရှစ်မျိုးကို ဘုရားရှင်က အနုမောဒနာပြုတော်မူကာ ထိုလှူဖွယ်ဝတ္ထုတို့ကို အလှူခံရန်လည်း ရဟန်းတို့အား ခွင့်ပြုတော်မူခဲ့ပေသည်။
(ဝိနည်းမဟာဝဂ်၊ စီဝရက္ခန္ဓက၊ ဝိသာခါဝတ္ထု)
ဝိသာခါလျှောက်ထားသည့်အထဲတွင် ယာဂုအကျိုးဆယ်မျိုးမှာ ဘေသဇ္ဇခန္ဓကတွင် ခွင့်ပြုတော်မူ ခြင်းဖြစ်၏၊ ထိုစဉ်က ဘုရားရှင်နှင့်တကွ ကျွန်ုပ်တို့သည် ဗာရာဏသီပြည်မှ အန္ဓကဝိန္ဒမြို့သို့ ဒေသစာရီလည်လှည့်ခဲ့ကြရာ ကျွန်ုပ်တို့ နောက်ပါးမှ ရိက္ခာလှည်းများလည်း လိုက်ပါလာကြ၏၊ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်စသော စားသောက်ကုန်များ အပြည့်တင်ဆောင်လာကြကာ ရောက်လေရာအရပ်တွင် ဆွမ်းချက်၍ ကပ်လာကြ၏၊ ကျေးလက်တောရွာပေါင်းများစွာမှ လှည်းတပ်ကြီး ချီလာသည်မို့ အားလုံး လှူခွင့်ရစေရန် အလှည့်ကျ လှူဒါန်းရန် စီမံထားကြရ၏၊
ဤသို့ နှစ်လတိုင်တိုင်ကြာလာသောအခါ ဗြာဟ္မဏ ဒါယကာတစ်ယောက်သည် ကျွန်ုပ်ထံသို့ ချဉ်းကပ်လာပြီး
"အရှင်ဘုရား၊ တပည့်တော်၏ အလှည့်ကျလိမ့်နိုးနိုးဖြင့် စောင့်လာခဲ့သည်မှာ နှစ်လတိုင်တိုင်ကြာလာခဲ့ပါပြီ။ ယခုအထိ အလှည့်မကျနိုင်သေးပါ။ တပည့်တော်အိမ်မှာ တပည့်တော်တစ်ယောက်တည်းသာ ရှိပါသည်။ လူနည်းသလောက် လုပ်ငန်းဆောင်တာတို့က များလှပါသည်။ အလှည့်စောင့်နေရသည်နှင့် လုပ်ငန်းဆောင်တာများ နှောင့်နှေးကုန်ကြပါပြီ။ ထို့ကြောင့် တပည့်တော် ဆွမ်းကပ်ရာ လျှောက်ကြည့်သောအခါ အခြားသော စားကောင်းသောက်ဖွယ်တို့ မျိုးစုံအောင်ပါကြသော်လည်း ယာဂုနှင့် ပျားရည်မုန့်ချိုတို့ကား မတွေ့ရပါ"
"အရှင်ဘုရား ယာဂုနှင့် ပျားရည်မုန့်ချိုကို တပည့်တော်စီမံ၍ ဆက်ကပ်ပါလျှင် ဘုရားရှင် ဘုဉ်းပေးတော်မူပါမည်လား ဘုရား"
"ကောင်းပြီ ဒါယကာ၊ ဘုရားရှင်ထံ လျှောက်ကြည့်လိုက်ပါဦးမည်"
ကျွန်ုပ် အရေးမပိုင်သောကိစ္စဖြစ်၍ ဗြာဟ္မဏဒါယကာကို ဤမျှသာပြောဆိုကာ ဘုရားရှင်ထံမှောက်သို့ သွားရောက်လျှောက်ထားလိုက်ရ၏၊ ဘုရားရှင်က ခွင့်ပြုတော်မူသဖြင့် ဗြာဟ္မဏဒါယကာထံ အကြောင်း ပြန်ရပေသည်။
နောက်တစ်နေ့နံနက် ယာဂုများဆက်ကပ်ရာတွင် အတိအလင်း ခွင့်ပြုချက်မထုတ်ပြန်ရသေးသောအစားအစာများဖြစ်နေ၍ ရဟန်းများ အလှူမခံဘဲ နေကြ၏၊ ဘုရားရှင်က အလှူခံနိုင်ကြောင်း မိန့်ကြားတော်မူခါမှ ရဟန်းအားလုံး အလှူခံ၍ ဘုဉ်းပေးကြရပေသည်။
ဤဆွမ်းကပ်ပွဲတွင် ဘုရားရှင် ဟောကြားတော်မူသော ယာဂုအကျိုးဆယ်မျိုးမှာ
၁။ ယာဂုလှူသောသူသည် အသက်ကို လှူရာရောက်၏၊
၂။ အဆင်းကို လှူရာရောက်၏၊
၃။ ချမ်းသာခြင်းကို လှူရာရောက်၏၊
၄။ အားအစွမ်းကို လှူရာရောက်၏၊
၅။ ဉာဏ်ပညာကို လှူရာရောက်၏၊
၆။ ယာဂုသောက်ခြင်းဖြင့် အဆာပြေ၏၊
၇။ ရေငတ်ပြေ၏၊
၈။ ဝမ်းလေစုန်၏၊
၉။ အစာဟောင်းများ ကင်းစင်သွား၏၊
၁၀။ အစာသစ်များ ကျေညက်၏၊
(ဝိနည်းမဟာဝဂ်၊ ဘေသဇ္ဇခန္ဓက၊ ယာဂုမဓုဂေါဠကာဒီကထာ)
ဤအချက်များကို ကြားဖူးနားဝရှိထားသဖြင့် ဝိသာခါသည် ထုတ်ဖော်လျှောက်ထားခြင်း ဖြစ်ပေသည်။ သာသနာ့အကျိုးဆောင် ဒါယကာ ဒါယိကာမများသည် ဝိနည်း ပညတ်တော်များကိုလည်း နားလည်ထားပါမှ ပိုမိုအကျိုးဆောင်နိုင်ကြောင်း နမူနာကောင်းတစ်ရပ် ဖြစ်ပါပေသည်။
သာသနာ့အကျိုးတော်ဆောင်
ကျွန်ုပ်၏ ညီတော်အနုရုဒ္ဓါအကြောင်း တစ်စိတ်တစ်ဒေသကို ရှေ့ပိုင်းမှာ တင်ပြပြီးပါပြီ။ မရှိစကား မကြားစဖူးဟု ဥဒါန်းတွင်လောက်အောင် ဘဝအကျိုးပေးသန်ခဲ့သော ညီတော်သည် သင်္ကန်းဝတ်နှင့် ပတ်သက်လျှင်ကား ကိုယ့်လိုမျှသာရှိခဲ့ပါသည်။
အကယ်၍ သူကသာ လက်ခံမည်ဆိုပါလျှင် အဖိုးထိုက် အဖိုးတန် ပိုးဖဲကတ္တီပါ သင်္ကန်းများကို တစ်ထည်မက လဲလှယ်၍ ဝတ်နိုင်လောက်ပါ၏၊ လှူလိုတန်းလို ချစ်ကြည်ညိုသူတို့ ပေါများလှပါ၏၊ သို့သော် ညီတော်အရှင်အနုရုဒ္ဓါသည် ထိုသင်္ကန်းကို လက်မခံပါချေ။ အရှင်မဟာကဿပ၏ နမူနာအတိုင်း ပံ့သကူသင်္ကန်းကိုသာ ဝတ်ရုံလာခဲ့၏၊
အလိုနည်းသော နှိမ့်ချသောသဘောဖြင့်သာ ဤသင်္ကန်းများကို ဝတ်ကြရ၏၊ သင်္ကန်းများရရှိရေးကား မလွယ်ကူလှပေ။ သုသာန်တစ်စ သင်္ချိုင်းဝ၌ဖြစ်စေ၊ လမ်းခွလမ်းဆုံ အမှိုက်ပုံးများ၌ဖြစ်စေ သူတကာတို့မလိုချင်၍ စွန့်ပစ်ထားသော အဝတ်စုတ်များကို တစ်ထွာရရ၊ တစ်တောင်ရရ၊ တစ်စချင်း တစ်စချင်း ကောက်ယူစုဆောင်းကာ ဆက်စပ်ချုပ်လုပ်ကြရ၏၊ ရဟန်းဦးရေ နည်းသေးသော အချိန်တုန်းက သင်္ကန်းစများ အလွယ်တကူရနိုင်ပါ၏၊ တစ်စ တစ်စနှင့် ရဟန်းဦးရေ များလာသည်တွင်ကား ပံ့သကူရရေးအတွက် အခက်တွေ့ရပေတော့သည်။ တချို့မှာ ပံ့သကူသင်္ကန်းအတွက် သင်္ချိုင်းသို့ သွားရင်းက မသင့်မလျော်သော အဖြစ်များနှင့် ကြုံခဲ့ကြရဖူးပေပြီ။
ပံ့သကူသင်္ကန်း ရှာမရ၍ အဝတ်သင်္ကန်း နွမ်းရိနေသော အနုရုဒ္ဓါသည် သည်ယနေ့မှာတော့ သင်္ကန်းစများ ရလာခဲ့ပေပြီ။ ရမည့်ရတော့လည်း အဖိုးထိုက် အဖိုးတန် အဝတ်စများ။ အလျာက တစ်ဆယ့်သုံးတောင်၊ အနံကလေးတောင်တိတိ။ သူ့အဆိုအရ အစက ဤမျှ ရှည်လျားမှန်း၊ ဤလို အဖိုးထိုက်တန်မှန်း မသိဟု ဆိုပါ၏၊ လူသူပြတ်လူသူပြတ်လပ်သော တစ်နေရာရှိ အမှိုက်ပုံတစ်ခုနား ချဉ်းကပ်ရာတွင် အမှိုက်ထဲမှာ တစ်စွန်းတစ်စ ပေါ်နေသည်ကို တွေ့မြင်ရာမှ ပံ့သကူကောက်ယူလာခဲ့သည်ဟု ဆိုပေသည်။ မိမိတို့ကြည်ညိုသော ရဟန်းတစ်ပါး၏ အခက်အခဲကို တစ်စုံတစ်ယောက်က ဖြေရှင်းပေးလိုက်ခြင်းပင် ဖြစ်ပါလိမ့်မည်။
သို့ဖြစ်၍ သင်္ကန်းစများကို တိတ်တဆိတ်ထားခဲ့သော အလှူရှင် မည်သူဖြစ်မည်နည်း။ စျာန်အဘိညာဉ် ဝသီဘော်ထုံလာခဲ့သော အနုရုဒ္ဓါကတော့ သိပေလိမ့်မည်။ ကျွန်ုပ်အဖို့ကား အဝတ်သင်္ကန်းနွမ်းနေသည့်အဖြစ်မှ ညီတော်တစ်ပါး သီတင်းသုံးဖော်တစ်ပါး ကင်းလွတ်သွားရ၍ ဝမ်းသာဖို့သာ ရှိပေသည်။
ထိုထက်ပို၍ ဝမ်းသာရသည်ကား ထိုပံ့သကူသင်္ကန်း ချုပ်သောအခါမှာ ဖြစ်ပေသည်။ အရှင်မဟာကဿပသည် သင်္ကန်းအရင်းပိုင်းမှာ ကိုင်၍ ပေး၏၊ အလယ်ပိုင်းအတွက် တာဝန်ယူသူကား အရှင်မဟာသာရိပုတ္တရာ။ အဖျားဘက်မှာတော့ ကျွန်ုပ်တာဝန်ဖြစ်၍ အရှင်မဟာမောဂ္ဂလန်သည် လိုအပ်သမျှသော အပ်နှင့်အပ်ချည်များကို သွားချည်ပြန်ချည် ယူ၍ပေးနေ၏၊ အခြားသော မထေရ်ကြီးများက အပ်ချည်များကို တစ်ပါးပြီးတစ်ပါး ကျစ်ပေးကြ၏၊ ကျစ်ထားသော အပ်ချည်တစ်မျှင်တစ်မျှင် ဆုံးလေတိုင်း အပ်နဖားထိုးပေးသူကား သုံးလူ့ထွဋ်ထား ဘုရားရှင်ကိုယ်တော်မြတ်ပင် ဖြစ်ပါသတည်း။
မကြုံစဖူးထူးကဲလှသော သင်္ကန်းချုပ်ပွဲကြီး ပါပေတည်း။
(ဓမ္မပဒ အဋ္ဌကထာ၊ အရဟန္တဝဂ်၊ အနုရုဒ္ဓါဝတ္ထု)
သံဃာ့အကျိုး သယ်ပိုးဆောင်ရွက်ရာတွင် ဘုရားရှင်ကိုယ်တော်တိုင်က ဤသို့ စံနမူနာပြုတော် မူခဲ့ပေပြီမို့ ကျွန်ုပ်အကျိုးဆောင်ခဲ့သည်များကို ဝမ်းပန်းတသာ တင်ပြရပါတော့မည်။
စောစောက ဖော်ပြခဲ့သည့်အတိုင်း တစ်ထွာစ တစ်တောင်စ အဝတ်စုတ်များကို သင်္ကန်းတစ်ထည်ဖြစ်အောင် ဆက်စပ်ချုပ်ကြသည်ကား မှန်ပါ၏၊ သို့သော် ရဟန်းများအဖို့ နမူနာယူစရာ ပုံစံဟူ၍ကား မရှိသေးပါ။ သို့ဖြစ်၍ ရလာသမျှအဝတ်စများကို ဖြစ်တတ်သလို ကပိုကရို ချုပ်စပ်၍ ဝတ်ကြရပေသည်။
အလိုနည်းသောစိတ်၊ မာန်မာနကို ချိုးနှိမ်ထားသော စိတ်ဖြင့် ဤသင်္ကန်းများကို ဝတ်ဆင်ရာတွင် အရှင်မြတ်များ၏ စိတ်ဓာတ်ကို လူ့ဘဝမှာကတည်းက ကျွန်ုပ် ကြည်ညိုခဲ့ပါသည်။ သို့သော် သင်္ကန်းများကိုကား ကြည်ညို၍ မရနိုင်ခဲ့ပါ။ ကျွန်ုပ်ကိုယ်တိုင် ရဟန်းပြုလာတော့လည်း ဤသင်္ကန်းများကို မနှစ်မြို့နိုင်ကြောင်း ရိုးသားစွာ ဝန်ခံလိုပေသည်။ သို့ရာတွင် ကျွန်ုပ် ကုသိုလ်ကံကောင်းသည်မှာ ဤလို ပုံမကျပန်းမကျ သင်္ကန်းကြီးများနှင့် ကြာရှည်ကြာများ မနေလိုက်ရခြင်းပင် ဖြစ်ပါ၏၊
သင်္ကန်းများ ပုံကျပန်းကျဖြစ်ချင်လာသော တစ်နေ့၌ ဘုရားရှင်သည် ကျွန်ုပ်ကို နောက်ပါပြုလျက် ဒေသစာရီကြွချီတော်မူခဲ့၏၊ ရာဇဂြိုဟ်မြို့တော်မှသည် ‘ဒက္ခိဏဂီရိဇနပုဒ်ဆီသို့ ဖြစ်ပါ၏၊ ကျွန်ုပ်တို့လာခဲ့ရာ လမ်းတစ်လျှောက်ဝယ် မာဂဓတိုင်းသား တောင်သူလယ်သမားတို့၏ လယ်ကွက်များက မျက်စိတစ်ဆုံး ရှိနေကြ၏၊ အခြေတကျ လုပ်ကိုင်လာခဲ့ကြသည်မို့ လယ်ကွက်များမှာ ကြည့်ပျော်ရှုပျော် ရှိပါဘိ၏၊
လေးထောင့်စပ်စပ် လယ်ကွက်များဝယ် အလျားရော အနံပါ ကန်သင်းများ ဖြောင့်တန်း၍ နေကြ၏၊ အချို့လယ်ကွက်များအတွင်းဝယ် ကန်သင်းများ ထပ်၍ ကန့်ထားကြ၏၊ အချို့မှာ ဒေါင်လိုက်တွင်မက အလျားလိုက်ကန်သင်းများပါ ကန့်ထားကြသေး၏၊ အတွင်းက ကန်သင်းနှစ်ခု ဆုံရာတွင် ကြက်ခြေခတ် သဏ္ဍာန်ဖြစ်နေပေသည်။ မိဘများလက်ထက်က တစ်ဦးတည်းလုပ်ခဲ့သော လယ်ကွက်ကို သားသမီးများက အမွေခွဲထားကြဟန်ရှိပေသည်။
"အာနန္ဒာ၊ မာဂဓ လယ်သမားတို့၏ လယ်ကွက်များကို မြင်၏လော"
"မြင်ပါသည်အရှင်ဘုရား"
သည်လယ်ကွက်များကို ရှုမျှော်လျက် စိတ်နှလုံးကြည်နူးရာတွင် ဘုရားရှင်ပါ ပါနေပြီမို့ ကျွန်ုပ်က အားရဝမ်းသာ စကားပြန်ပေးလိုက်ရပါ၏၊
"စနစ်တကျပြုလုပ်ထားသော လယ်ကွက်များကဲ့သို့ပင် ရဟန်းတို့၏ သင်္ကန်းများကို ပြုပြင်၍ ပေးနိုင်မည်လော"
"မှန်ပါ့။ ပြုပြင်၍ ပေးနိုင်ပါသည် ဘုရား "
မဆွတ်ခင်က ညွတ်ချင်နေသော ကျွန်ုပ်က အားပါးတရ လျှောက်ထားလိုက်ရပေသည်။ ပုံမကျ ပန်းမကျ သင်္ကန်းများကို ပြုပြင်ပေးလိုပါလျက် အမိန့်တော်ထွက်ကို စောင့်နေသည်တွင် ယခုတော့ စောင့်ရကျိုးနပ်ပြီ မဟုတ်ပါလော။
ဒေသစာရီ ခရီးအဆုံး၌ ရာဇဂြိုဟ်မြို့တော်သို့ ပြန်ရောက်လျှင် ကျွန်ုပ်၏ စီမံကိန်းကြီး စတင်ပါတော့သည်။
မာဂဓလယ်ကွက်များ၏ နမူနာအတိုင်း ကျွန်ုပ်သည် ရဟန်းတို့၏ သင်္ကန်းများကို ပုံစံချ၍ ပေးလိုက်၏၊ လယ်ကွက်များမှာ ပတ်ပတ်လည်ကန်သင်းရှိသကဲ့သို့ သင်္ကန်းမှာလည်း အလျားရော အနံပါ အနားပတ်များ ထည့်ပေးလိုက်၏၊ လယ်ကွက်ကြီးထဲမှာ ကန်သင်းများ အကန့်အကန့် ခြားထားသကဲ့သို့ သင်္ကန်းမှာလည်း တလုပ်မြောင်းငယ်များ ထည့်ပေးလိုက်၏၊ ကန်သင်းကန့်ထားသော အကန့်များကဲ့သို့ အိမ်ဝန်းကြီးနှင့် အိမ်ခွဲတို့ကို ဆက်စပ်ရန် အလယ်ခေါင်းနှင့် ခေါင်းရံတို့လည်း ပါစေရ၏၊
ထို့ပြင်တစ်ဝ လည်ပင်းနှင့်ထိရာ၊ ခြေသလုံးနှင့် တိုက်ခတ်ရာတို့တွင် သင်္ကန်းများ မကြာမီ ရိတတ်၊ ဏုတ်တတ်၏၊ ထို့ကြောင့် ထိုနေရာများမှာလည်း အစပိုဖြင့် ထပ်၍ ချုပ်ပေးရပေသည်။
ဤသို့ စနစ်တကျပြုပြင်ပေးလိုက်သဖြင့် သင်္ကန်းများဖြန့်၍ လှမ်းထားရာတွင် ကြည်ညိုဖွယ်ရာ ဖြစ်လာကြ၏၊ ဝတ်ရုံရာ၌လည်း ပို၍ခိုင်ခံ့လာကြ၏၊
ဤပုံစံ အတည်တကျဖြစ်လာပြီမို့ နောက်နောင်ချုပ်သော သင်္ကန်းများမှာလည်း အထည်ကြီးပင် ဖြစ်စေကာမူ ဓားလှီး ဓားဖြတ်ပြု၍ ပုံစံအတိုင်းချုပ်ကြရတော့၏၊ ဤသို့ ပုံပြောင်းပေးလိုက်သဖြင့် လူတို့၏ အဝတ်အဆင်နှင့် ကွာခြားကာ ရဟန်းတို့နှင့်လည်း လျောက်ပတ်၏၊ အထည်ကောင်းကို အပိုင်းပိုင်း ဖြတ်ထားပြီးပြီမို့ ခိုးသားဓားပြတို့လည်း မက်မောဖွယ် မရှိတော့ပြီ။
သင်္ကန်းများ တစ်စုံပြီးတစ်စုံ ချုပ်ပေးနေရ၍ ပင်ပန်းနွမ်းနယ်နေသော ကျွန်ုပ်အား ရှင်တော်ဘုရား၏ ချီးကျူး စကားများက သီတာရေချမ်း ဖျန်း၍ ပေးလိုက်ကြပါပေသည်။
(ဝိနည်းမဟာဝဂ်၊ စီဝရုက္ခန္ဓက၊ ဆိန္နစီဝရာနုဇာနနကထာ ပါဠိတော်နှင့် အဋ္ဌကထာ)
သံဃာ့အကျိုးသယ်ပိုးရာတွင် ဤလို ကိုယ်ဖိရင်ဖိ ဆောင်ရွက်ရသကဲ့သို့ တစ်ခါတစ်ရံတွင်ကား ခရီးသွားဟန်လွှဲ သဘောဖြင့် ဆောင်ရွက်ခဲ့ရသော ကိစ္စများလည်း ရှိခဲ့ပါ၏၊
ဝဂ္ဂုမုဒါ မြစ်ကမ်းပါးက ရဟန်းတို့သည် ငတ်မွတ်ခေါင်းပါးသည့်ကာလဝယ် စားပေါက်စားလမ်း ချောင်စေရန် မိမိတို့မှာ အဟုတ်တကယ်မရှိသော စျာန်မဂ်ဖိုလ်တရားများကို ကြွားဝါပြောဆိုကြ၏၊ ထိုရဟန်းတို့ကို အကြောင်းပြု၍ ဘုရားရှင်သည် စတုတ္ထပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ သိက္ခာပုဒ်ပညတ်ပြီးမှ ဤအမှုမျိုး ဆက်လက်ကျူးလွန်သူသည် သာသနာ့ဘောင်မှာ ရပ်တည် ခွင်မရနိုင်တော့ပေ။
သိက္ခာပုဒ်က တားမြစ်လိုက်သဖြင့် အလိုဆိုးဖြင့် ပြောကြားသူများ ပပျောက်သွားပါ၏၊ သို့သော် မရသေးဘဲလျက် ရပြီထင်၍ ပြောကားမှုကား ရှိပေသေးသည်။ ပြောစဉ်တုန်းကတော့ မိမိတို့ စိတ်သန္တာန်ဝယ် ကိလေသာတွေ အဟုတ်တကယ် ကင်းစင်နေသယောင် ထင်ရ၏၊ သို့သော် အကြောင်းတိုက်ဆိုင် လာသောအခါမှကား ကိလေသာတို့က ဖြစ်ပေါ်၍ လာကြ၏၊
လူသိရှင်ကြား ပြောကြားခဲ့မိသော စကားများအတွက် အခက်ကြုံနေရသော ထိုရဟန်းများအား ကျွန်ုပ်ကူညီရန်မှာ ရှေ့တော်မှောက်သို့ ဝင်ရောက်လျှောက်ထားပေးခြင်းသာ ဖြစ်ပေသည်။
တစ်ခါတစ်ရံ ဤလိုသဘောရိုးဖြင့် ပြောမှားမိသည်များလည်း ရှိတတ်သဖြင့် ဘုရားရှင်က ရသည်အထင် (အဓိမာန) ပြောကြားမိသူများကို အလွတ်ထား၍ဟူသော နောက်ထပ်ပညတ်ချက်ကို မူလပညတ်ချက်ထဲမှာ ထည့်သွင်းပေးတော်မူရပေသည်။
(စတုတ္ထပါရာဇိကသိက္ခာပုဒ် မူလပညတ်နှင့် အနုပညတ်)
ကျောင်းစဉ်လှည့်ခြင်း အလုပ်မှာ ကျွန်ုပ်၏ နေ့စဉ်ဝတ္တရား အလုပ်တစ်ခုဖြစ်ပါ၏၊ တစ်ခါတစ်ရံ ဘုရားရှင်ကိုယ်တော်တိုင်ပါ၏၊ တစ်ခါတစ်ရံ အခြား ရဟန်းတစ်ပါးပါး ပါလာတတ်၏၊ အကြောင်းမညီညွတ်၍ အခြားပုဂ္ဂိုလ်များမပါနိုင်လျှင်လည်း ကျွန်ုပ်ကတော့ လှည့်မြဲလှည့်လည်သည်သာ ဖြစ်ပေသည်။
တစ်စထက်တစ်စ အရေအတွက်များပြားလာသော ရဟန်းပရိသတ်တွင် စရိုက် ဝါသနာအမျိုးမျိုး ရှိနေတတ်သဖြင့် မကြာခဏ လှည့်လည်စစ်ဆေးနိုင်မှ တန်ကာကျ၏၊ ကျောင်းစဉ်လှည့်၍ စစ်ဆေးရာတွင် အများဆုံးတွေ့ရသော အမှုများမှာ သင်္ကန်းနှင့်ပတ်သက်၍ ဖြစ်နေတတ်ပေသည်။
ရဟန်းပေါင်းထောင်ချီ၍ရှိနေသော ကျောင်းတိုက်ကြီး၌ ဟိုနေရာ သည်နေရာတွင် သင်္ကန်းများတွေ့ရခြင်းမှာ အဆန်းမဟုတ်ပါ။ တချို့ဆိုးပြီးခါစ၊ တချို့လျှော်ပြီးခါစ၊ တချို့ ချွေးစွန်း ချွေးကွက်များ ခြောက်သွားစေရန်၊ အချို့ အနံ့အသက်များ ပြေပျောက်စေရန် နေလှန်း၍ ထားကြရိုးရှိပါသည်။ သို့ရာတွင် ကျွန်ုပ်အဖို့ ထိုနေ့က အမြင်ဆန်းနေသည်မှာ ကျောင်းပေါင်းစုံတွင် လှန်းထားလေသမျှ နှစ်ထပ်သင်္ကန်းချည်း ဖြစ်နေ၏၊ လှန်းထားသော နှစ်ထပ်သင်္ကန်းကြီးများမှာလည်း မှိုနှင့်ဖွေးဖွေး။ အကျိုးအကြောင်းစုံစမ်းလိုက်တော့ ခရီးထွက်နေကြသော ရဟန်းများက သွားလေရာရာ လာလေရာရာ အလေးမခံလို၍ ထားပစ်ခဲ့ကြသောဟူ၏၊
ခက်ခက်ခဲခဲ ရှာဖွေဆည်းပူးထားရသော သင်္ကန်းကိုမှ သင်္ကန်းမမှတ်တတ်သော ထိုပုဂ္ဂိုလ်များကို ကျွန်ုပ် လျစ်လျူရှုမနေနိုင်ပါ။ ဘောင်တစ်ခုဖြင့် ကန့်သတ်ပေးတော်မူရန် ရွှေနားတော်ကြား လျှောက်ထား ရပါတော့သည်။ ဒုတိယ ကထိန သိက္ခာပုဒ်သည် တိစီဝရိတ်ဓုတင်ဆောင် ပုဂ္ဂိုလ်များ ကိုယ့်သင်္ကန်းကို သင်္ကန်းမှတ်မှတ် ကိုယ်နှင့်မကွေမကွာ ရှိနေစေရန် ဘောင်ကန့်၍ ပေးထားပေသည်။ ဂီလာန ပုဂ္ဂိုလ်များကိုကား ထိုဘောင်မှ လွတ်လပ်ခွင့် ပေးတော်မူပါ၏၊
(နိဿဂ္ဂိပါစိတ်၊ ဒုတိယ ကထိနသိက္ခာပုဒ်)
ကျွန်ုပ်တို့ရဟန်းလောက၌ ကာလသင်္ကန်းနှင့် အကာလသင်္ကန်းဟူ၍ အချိန်ကာလကိုလိုက်၍ သင်္ကန်းနှစ်မျိုးရှိ၏၊ ကာလသင်္ကန်းဟူသည်မှာ ကထိန်မခင်းလျှင် သီတင်းကျွတ်လဆုတ် တစ်ရက်မှ တန်ဆောင်မုန်းလပြည့်ထိ၊ ကထိန်ခင်းလျှင် တပေါင်းလပြည့်ထိ ဤကာလအတွင်း လှူသော သင်္ကန်းဖြစ်၏၊ သင်္ကန်းအလှူခံခွင့်ရှိသောအခါ၌ လှူသောသင်္ကန်းဟု အဓိပ္ပာယ်ရ၏၊ ထိုအခါအပ၌ လှူလေသမျှကား အကာလ သင်္ကန်းဖြစ်ပေသည်။
သင်္ကန်းတစ်ထည် မချုပ်လောက်သေးသော အကာလသင်္ကန်းစတစ်ခု ရပြီးနောက် ထည်လုံးပြည့်ဖြစ်လာရန် မျှော်လင့်ချက်ရှိလျှင် မချုပ်၊ မဆိုးသေးဘဲ ထားခွင့်ရှိ၏၊ ဇေတဝန်ကျောင်းတော်က ကျွန်ုပ်၏ သီတင်းသုံးဖော်များသည် ထိုအချက်ကို အခွင့်ကောင်းယူကာ အကာလသင်္ကန်းများကို သင်္ကန်းတန်းမှာ ထုပ်၍ဆွဲထားကြ၏၊ လျင်မြန်စွာ ချုပ်ဆိုးမှုမပြုဘဲ တစ်လကျော်အောင် ထားခဲ့ကြ၏၊ ဘုရားရှင် ရည်ရွယ်တော်ရင်းနှင့် ကွာခြားနေသော ထိုအပြုအမူကို ကျွန်ုပ်က ရှေ့တော်အရောက် ပို့ဆောင်လိုက်သောအခါ နိဿဂ္ဂိအခန်း၌ တတိယကထိနသိက္ခာပုဒ် ဖြစ်ပေါ်လာ၏၊ ထို့ကြောင့် ရဟန်းတို့သည် အကာလသင်္ကန်းကို တစ်လထက်ပို၍ မထားရတော့ဘဲ မြန်မြန်ထက်ထက် သင်္ကန်းဖြစ်အောင် ကြိုးစားကြရပေတော့သည်။
(နိဿဂ္ဂိပါစိတ်၊ တတိယကထိန သိက္ခာပုဒ်)
ဘုရားရှင်ကိုယ်တော်တိုင် ကျောင်းစဉ်လှည့်ရာ ပါလာသော ထိုနေ့က ကြုံရပုံမှာ အင်မတန် ရုပ်ဆိုးလှပါ၏၊ တရားလက်လွတ် ငှက်တောင်ကျွတ်အဖြစ်ဖြင့် တစ်ညတာကုန်ဆုံးခဲ့ရသော ရဟန်းတို့၏ စိတ်အစဉ်က သူတို့၏ အိပ်ရာခင်းများမှာ အရိပ်ထင်၍ နေကြပေသည်။ သည်အိပ်ရာခင်းများကို မဖွတ်မလျှော်ဘဲ လူမြင်သူမြင်ခံကာ သူတို့မို့ လှန်းရဲကြပါပေ့။
သည်တစ်ခါတော့ ကျွန်ုပ်က လျှောက်နေစရာမလိုတော့ပါ။ ကိုယ်တော်တိုင် အမြင်အတွေ့ဖြစ်နေပါပြီ။ သို့ရာတွင် သန်တုန်းမြန်တုန်း ရဟန်းပျိုများအဖို့ သတိလက်လွတ်လျှင် တွေ့ကြုံရတတ်သော ကိစ္စမို့ ဘုရားရှင် ကိုယ်တော်မြတ်က ထူးထူးထွေထွေ ပြစ်တင်ရှုတ်ချတော်မမူဘဲ အိပ်ရာခင်းများ မလူးမပေစေရန် နိသီဒိုင်ကို ခွင့်ပြုတော်မူပေသည်။
နိသီဒိုင်ဟူသည်မှာ လက်နှစ်ဖက်ပါသော အင်္ကျီသဏ္ဍာန်ဖြစ်၍ လက်နှစ်ဖက်ဖြင့် ခါးမှာစည်းကာအောက်သို့ တန်းလန်းကျနေသော အစကို နောက်သို့ဆွဲယူ၍ ခါးတောင်းကျိုက်ထားရန် ဖြစ်ပေသည်။
(ဝိနည်းမဟာဝဂ်၊ စီဝရက္ခန္ဓက)
သံဃာ့အဖွဲ့အစည်း တည်တံ့ခိုင်မာရေးအတွက် ပြုပြင်ဖွယ် ကိစ္စများကို ကျောင်းစဉ်လှည့်ရင်း တွေ့ရဘိသကဲ့သို့ ဆွမ်းခံသွားရင်းလည်း တွေ့ကြုံရသည်သာ ဖြစ်၏၊ သို့သော် သည်တစ်ခါ ပြုပြင်ရသည်မှာ ရဟန်းများဘက်မှ မဟုတ်ဘဲ ဘုရားရှင်ကိုယ်တော်တိုင် ဖြစ်၍ နေပေသည်။
သုဒ္ဓပါစိတ် အပါအဝင် ပရမ္ပရဘောဇနသိက္ခာပုဒ်အရ ကျွန်ုပ်တို့ ရဟန်းများသည် ရှေးဦးစွာ ဖိတ်ကြားထားသော ဆွမ်းကို ပစ်ပယ်လျက် နောက်မှ ဖိတ်လာသော ဆွမ်းကို မစားရပေ။ မကျန်းမာသောအခါ၊ သင်္ကန်းလှူသောအခါ သင်္ကန်းချုပ်လုပ်သောအခါများ၌ကား ခြွင်းချက်ဖြစ်ပေသည်။
ကိုယ်တော်မြတ်အပေါ်၌ ကိုယ်လုံးပုံ၍ ယုံကြည်ထားကြသူများပီပီ ကျွန်ုပ်တို့သည် ပညတ်ထားသော သိက္ခာပုဒ်များကို တစ်သဝေမတိမ်း လိုက်နာကြပါ၏၊ သို့လိုက်နာခဲ့သဖြင့် ရဟန်းရော၊ ဒါယကာများပါ နှစ်ဦးနှစ်ဝ စိတ်ချမ်းသာကြ၏၊ စောစောတုန်းက ဆင်းရဲသား ဒါယကာတစ်ယောက်က ဆွမ်းစားပင့်ထားပါလျက် ရဟန်းတို့က သင့်တင့်လျောက်ပတ်အောင် ကပ်နိုင်မည်မထင်၍ ရွာထဲမှာဆွမ်းခံ၍ စားထားကြ၏၊ ကြိုးစားပမ်းစား ချက်ပြုတ်ထားရသော ဆွမ်းများကိုမူ တို့ကာပင့်ကာမျှ စားကြသဖြင့် သူဆင်းရဲဒါယကာမှာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရ၏၊ ရဟန်းတို့မှာ စားရသည်နှင့် မကာမိအောင် ရှုတ်ချပစ်တင် ခံကြရ၏၊ ယခုတော့ ရဟန်းရော ဆွမ်းဒါယကာများပါ စိတ်ချမ်းသာခွင့် ရကြပေပြီ။
သို့သော် လောကကြီးကား တော်တော်ခက်ဘိတောင်း။ ကြုံလာရသော ပြဿနာတစ်ခုကို သည်ပုံသည်နည်း ဖြေရှင်းပေးလိုက်၍ ပြောလည်သွားပြီဆိုလျှင်ပင် နောက်ပြဿနာက အရန်သင့်ရှိနေချေပြီ။ ပရမ္ပရဘောဇနသိက္ခာပုဒ်ကို စောင့်စည်းသောအားဖြင့် စိတ်အေးချမ်းသာ ဖြစ်နေရသော ကျွန်ုပ်ထံသို့ ပြဿနာတစ်ခုက ဝင်မိအောင် ဝင်လာခဲ့ပေသည်။
ထိုနေ့က ဘုရားရှင်သည် ကျွန်ုပ်ကို နောက်ပါခေါ်ကာ ဝေသာလီမြို့တော်တွင်းသို့ ဆွမ်းခံကြွတော်မူ၏၊ အမိန့်တော်ကို ဦးထိပ်ရွက် ပန်ဆင်၍သာ လိုက်ပါလာခဲ့ရ၏၊ ကျွန်ုပ်မှာ သည်နေ့နံနက်၌ ဆွမ်းစားတစ်ခုကို လက်ခံထားပြီးသားဖြစ်၏၊ ရှေးဦးစွာ ဖိတ်ကြားထားသော ဆွမ်းရှိပါလျက် ယခု ဆွမ်းများကို ခံယူလျှင် အပြစ်မကင်းနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်သပိတ်ထဲ လောင်းမည်ပြုလာသော ဆွမ်းများကို တားမြစ်နေရ၏၊ ဤတွင် ဘုရားရှင်က ကျွန်ုပ်၏ အခက်အခဲကို ဖြေရှင်းသောအားဖြင့် ရှေးဦးစွာ ဖိတ်ကြားထားသော ဆွမ်းကို အခြားရဟန်းတစ်ပါးပါးထံ လွှဲပြောင်းပေးလိုက်လျှင် ဝိနည်းအခေါ်အားဖြင့် ဝိကပ္ပနာပြုလိုက်လျှင် နောက်ဆွမ်းကို ခံယူစားသောက်နိုင်သည်ဟု ပြင်ဆင်ချက် ထုတ်ပြန်တော်မူပေသည်။
(သုဒ္ဓပါစိတ်၊ ပရမ္ပရဘောဇန သိက္ခာပုဒ်)
စားရေးသောက်တာနှင့် ပတ်သက်၍ နောက်တစ်ခါ ပြဿနာကြုံရသော သိက္ခာပုဒ်ကား ပထမ ပဝါရဏ သိက္ခာပုဒ်ဖြစ်၏၊ ဤသိက္ခာပုဒ်အရ ရဟန်းများသည် အစားအစာတစ်ခုခုကို စားနေဆဲတွင် နောက်ထပ် ဆက်ကပ်လာသော အစားအစာများကို ပယ်လှန်မိလျှင် ဆက်၍ မစားရတော့ပေ။
ဤသိက္ခာပုဒ်ပညတ်ရခြင်းမှာလည်း ဗြာဟ္မဏ ဆွမ်းဒါယကာတစ်ဦး၏ သဒ္ဓါတရားကို ငဲ့ကွက်၍ ဖြစ်၏၊ ဗြာဟ္မဏ ဒါယကာအိမ်မှာ ဆွမ်းကိစ္စပြီးစီးပါလျက် ရဟန်းများက အနီးအပါးက အိမ်များသို့ သွား၍ စားကြသေးရာ ဗြာဟ္မဏ ဆွမ်းဒါယကာ မကျေမနပ် ဖြစ်ခဲ့ရ၏၊
ယခုတော့ ဤသိက္ခာပုဒ်ကျေးဇူးကြောင့် နှစ်ဦးနှစ်ဖက် စိတ်ချမ်းမြေ့စွာ ဆက်ဆံနိုင်ကြပါပြီ။ ရှင်တော်မြတ်၏ ရည်ရွယ်ချက်ကို သိပြီမို့လည်း မည်သည့်ရဟန်းကမှ မပယ်လှန်ပါ။ သို့ဖြစ်၍ ဂီလာနရဟန်းများက ပယ်လှန်လိုက်သော ကောင်းနိုးရာရာ အစားအစာများကို ကျောင်းတံတိုင်းဘေးမှာ သွား၍ သွန်ကြရပေသည်။
ဤသိက္ခာပုဒ်အတွက် ရဟန်းများဆီက တစ်စုံတစ်ရာ အသံထွက်မလာသော်လည်း ကျီးသံကား သောသောညံ၍ လာပါ၏၊ စွန့်ပစ်ထားသော အစားအစာများကို အုပ်နှင့်ဖွဲ့ကာ လုယက် စားသောက်နေကြခြင်း ဖြစ်ပေသည်။
အကြောင်းမရှိလျှင် တိတ်ဆိတ်စွာနေလေ့ရှိသော ဘုရားရှင်သည် ကျီးသံများကြောင့် ကျွန်ုပ်ကို ခေါ်၍ မေးတော်မူ၏၊ ကျွန်ုပ်ကလည်း ပညတ်ချက်အတိုင်း တစ်သဝေမတိမ်း လိုက်နာကြသော သီတင်းသုံးဖော်များ အကြောင်းကို တင်လျှောက်ရ၏၊ ဤတွင် ဘုရားရှင်က ဤအစားအစာအားလုံးကို တော်ပြီဟု နှုတ်မြွက်လိုက်လျှင် ဝိနည်းအခေါ်အားဖြင့် အတိရိက်ပြုလိုက်လျှင် စားခွင့်ရှိကြောင်း ထပ်လောင်း မိန့်မှာ တော်မူပေသည်။
(သုဒ္ဓပါစိတ်၊ ပထမ မဝါရဏာသိက္ခာပုဒ်)
ကျွန်ုပ်အကျိုးဆောင်ပေးရသော သံဃာ့ကိစ္စများအနက် သတ္တရသဝဂ္ဂီရဟန်းငယ်ကလေးများ၏ ကိစ္စကား ရယ်ချင်ပြုံးချင်စရာပင် ဖြစ်ပါ၏၊ ဆယ့်ခုနစ်ယောက်တိတိ အတူတကွ နေတတ်ကြသဖြင့် ဤအမည်တွင်နေခြင်းဖြစ်၏၊ ရဟန်းခံနိုင်သည့်အသက်ကို ယခုလို တိတိကျကျ မသတ်မှတ်၍သာ သူတို့လေးတွေ ရဟန်းဘောင် ရောက်လာကြရ၏၊ တကယ်တော့ဖြင့် မိဘကို နွဲ့ဆိုးဆိုး၍ကောင်းတုန်း။ ဟိုဟာ သည်ဟာ ပူဆာ၍ကောင်းတုန်း ကလေးငယ်များသာ ဖြစ်ကြ၏၊ သက်သောင့်သက်သာ အသက်မွေးနိုင်ရန်ဟု သူတို့ မိဘများက ရဟန်းဘောင် သွတ်သွင်းခဲ့ကြခြင်း ဖြစ်ပေသည်။
ကိုယ်တော် အရှင်မြတ်ကလေးတို့သည် ရဟန်းခံဥည့် ညတုန်းကတော့ ဟုတ်တုတ်တုတ်ပင် ဖြစ်ပါ၏၊ တန်းစေ့ ပန်းစေ့ ရဟန်းများနှင့် အတူတကွ အေးဆေးငြိမ်သက်စွာ ကျိန်းစက်တော်မူကြ၏၊ သို့သော် နံနက်လင်းအားကြီးအချိန်မှာကား သူတို့ ဇာတိရုပ်ကို ပြကြတော့၏၊ မိဘရင်ခွင်မှာ နေတုန်းကအတိုင်း အစားအစာကို တောင်းကြ၏၊ ငိုသူက ငို၍ ယိုသူက ယိုကြ၏၊ အိပ်ရာခင်းရှိသမျှ ရွှဲရွှဲစိုကာ တစ်ကျောင်းလုံး နှာခေါင်းပိတ်နေကြရ၏၊
ကျွန်ုပ် မျှော်လင့်ထားသည့်အတိုင်းပင် နံနက်လင်းလျှင်ပင် ဘုရားရှင်၏ ခေါ်သံကိုကြားရ၏၊ ကြားရသော အသံများအတွက် အမေးအမြန်း ရှိတော်မူသည်တွင် ကျွန်ုပ်က ပြည့်ပြည့်စုံစုံတင်လျှောက်ရ၏၊ ဤတွင် အသက်နှစ်ဆယ်ပြည့်မှ ရဟန်းခံရန် သတ်မှတ်ချက် ထွက်ပေါ်လာပေသည်။
ဤဝတ္ထုအကြောင်းများ၌ ကျွန်ုပ်ဘက်က ထူးထူးခြားခြား ကြောင့်ကြစိုက်မှုဟူ၍ မရှိပါ။ အမေးတော်ရှိသည့်အခါ အလိုက်သင့် လျှောက်တင်ရုံမျှသာ ရှိ၏၊ သို့သော် သံဃာ့အဖွဲ့အစည်းပေါ်ဝယ် အစဉ်တစိုက် အကျိုးသက်ရောက်မှု ရှိသွားစေသော ဤအကြောင်းကိစ္စများတွင် ပါဝင်ပတ်သက်ခွင့်ရသဖြင့် ကျွန်ုပ်က အမှတ်တရ ဖော်ပြရခြင်း ဖြစ်ပေသည်။
(သုဒ္ဓါပါစိတ်၊ ဦနဝီသတိဝဿသိက္ခာပုဒ်)
ကျွန်ုပ်ရရှိသော ဧတဒဂ်ဂုဏ်ထူးငါးမျိုးတွင် သတိကောင်းသူအဖြစ်လည်း ပါဝင်ခဲ့ပါ၏၊ သို့သော်သတိကောင်းသော ဤဂုဏ်ထူးဆောင်ပုဂ္ဂိုလ်သည် တစ်ကြိမ်က သတိမေ့လျော့နေခဲ့သဖြင့် ကျောက်ထီး တန္တု အလေးပြုလာခဲ့ရသော ဆရာသမားတို့၏ အငြိုအငြင်ကို ခံခဲ့ရပါ၏၊ ဤသည်တို့မှာ နောက်နောင် သက်ဆိုင်ရာ အခန်းကျမှ ပြည့်ပြည့်စုံစုံကြားနာကြရန် ဖြစ်၍ ယခု လောလောဆယ် ကြားနာရန်ကား ဝိနည်းပညတ်ချက်တစ်ခုနှင့် သက်ဆိုင်သော ကျွန်ုပ်၏ သတိမေ့မှုသာ ဖြစ်ပေသည်။
ထိုတစ်နေ့က ကျွန်ုပ်သည် တစ်စုံတစ်ရာ စိတ်စောနေသဖြင့် နှစ်ထပ်သင်္ကန်းကြီးမပါဘဲ သာဝတ္ထိမြို့တွင်းသို့ ဝင်ခဲ့မိ၏၊ ကျောင်းက ထွက်လာစဉ်က သတိမထားမိခဲ့။ မြို့တွင်းရောက်မှ သတိရ၏၊ သို့သော် ပြန်ယူရန်လည်း မဖြစ်နိုင်တော့သဖြင့် သင်္ကန်းနှစ်ထည်တည်းနှင့် လာခဲ့ရင်း ဒါယကာအိမ်သို့ ဝင်ခဲ့ရ၏၊
ကျောင်းသို့ ပြန်ဝင်လာရာတွင် ပညတ်တော်ကို ဖောက်ဖျက်မှုဖြင့် ရဟန်းများက ကျွန်ုပ်ကို ပြောကြဆိုကြ၏၊ ဤတွင် သံဃာ့ပရိသတ်အားလုံးကို သက်ညှာခွင့်ပေးသောအားဖြင့် နှစ်ထပ်သင်္ကန်းကြီးများ ချထားနိုင်သော အခွင့်ငါးမျိုးကို သတ်မှတ်၍ ပေးတော်မူပေသည်။
(ဝိနည်း မဟာဝဂ်၊ စီဝရက္ခန္ဓက)
တစ်ခါတုန်းကလည်း ကြုံခဲ့ရသေး၏၊ ကျွန်ုပ်သည် မြို့တွင်းသို့ ပေါ့ပါးသော သင်္ကန်းများ ဝတ်ရုံ၍သွားရာ လေပြင်းတိုက်ခတ်ခိုက်နှင့် ကြုံသဖြင့် အရှက်တကွဲဖြစ်ခဲ့ရ၏၊ ဤဖြစ်ရပ်ကား ပညတ်တော်ကို ချိုးဖောက်ခြင်း မဟုတ်၍ ရဟန်းများက အပြစ်မတင်ကြတော့ပါ။ သို့သော် တစ်ယောက်စကား တစ်ယောက်နားဖြင့်ဘုရားရှင်သိတော်မူသဖြင့် နောက်နောင် ဤလိုအဖြစ်မျိုးနှင့် မကြုံရစေရန် ဧကသီသင်္ကန်းများမှာ တပ်စရာ ကမ္ပတ်အိမ်နှင့် ကမ္ပကွင်းကို ခွင့်ပြုတော်မူပေသည်။
ဝိနည်းပညတ်ချက်များနှင့် ပတ်သက်၍ ကျွန်ုပ်အကျိုးဆောင်ခဲ့သည်များကို တင်ပြခဲ့ပါပြီ။ ဤဝတ္ထုအကြောင်းများတွင် ကျွန်ုပ် တမင်တကာ ဆောင်ရွက်ရသည်လည်း ရှိ၏၊ ပတ်သက်သည်ဆိုရုံမျှ ပတ်သက်သည်လည်း ရှိ၏၊ သို့သော် သံဃာနောင်ရေးမှာ အကျိုးသက်ရောက်မှုကား ရှိကြပေသည်။
ကျွန်ုပ်၏ တစ်သက်တာမှတ်တမ်းကို တင်ပြရာတွင် ပြည့်ပြည့်စုံစုံ ကြားနာနိုင်ကြရန် တမင်တကာ ဆောင်ရွက်ပေးပါလျက် အရာမထင်ခဲ့ရပုံများကိုလည်း ဇာတ်ကြောင်းလှန်ရပါဦးမည်။
ကာလန္ဒသူဌေး၏သား အရှင်သုဒိန်၏ မယားဟောင်းနှင့် ပေါင်းဖော်မှုကြောင့် ဘုရားရှင်သည် ပထမပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော်မူရ၏၊ ဝဇ္ဇီတိုင်းသား ရဟန်းတို့သည် သိက္ခာမချဘဲ ဤသိက္ခာပုဒ်ကို ကျူးလွန်ကာ လူထွက်၍ သွားကြ၏၊ သူတို့သည် လူ့ဘဝမှာ လွတ်လပ်ပျော်ရွှင်စွာ နေခဲ့ရာမှ တစ်စနှင့်တစ်စ ပစ္စည်းဥစ္စာ ပျက်စီးလာကြရ၏၊ အားကိုးလောက်သော ဆွေမျိုးသားချင်းများလည်း သေဆုံးသွားကြ၏၊ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ အနာရောဂါ ထူပြောလာကြ၏၊ ဤတွင်မှ သက်သောင့်သက်သာ နေလာခဲ့ရသော သာသနာတော်ကြီးကို သတိရကာ ကျွန်ုပ်ထံ ချဉ်းကပ်လာကြ၏၊ သာသနာတော်တွင်း၌ အသစ်တစ်ဖန် ရဟန်းခံခွင့်ရအောင် လျှောက်ထားပေးပါမည့် အကြောင်း တောင်းပန်ကြ၏၊
ကျွန်ုပ်က လူသားအားလုံးတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနေကျဖြစ်၍ ဝဇ္ဇီတိုင်းသား ရဟန်းလူထွက်များ၏ ဆန္ဒကို ရှေ့တော်မှောက်သို့ အရောက်ပို့လိုက်ရ၏၊ ဤတွင် ဘုရားရှင်က-
"အာနန္ဒာ၊ ဝဇ္ဇီတိုင်းသာတို့ကို အကြောင်းပြု၍ ငါ ဘုရားသည် သာဝကတို့အား ပညတ်ပြီးသော သိက္ခာပုဒ်များကို ပယ်နုတ်ခြင်း မပြုတော့ပြီ"
ကျွန်ုပ်လျှောက်ထားသည့်အတွက် ဘုရားရှင်သည် တချို့ သိက္ခာပုဒ်များကို သက်ညှာခွင့် ပေးတော်မူခဲ့သည် မှန်ပါ၏၊ သို့သော် ဤသို့ ပေးတော်မူခဲ့ခြင်းမှာ လျှောက်ထားသူ ကျွန်ုပ်၏ မျက်နှာကြောင့် လုံးဝ မဟုတ်ပါ။ သံဃာ့အဖွဲ့အစည်းကြီး၏ မျက်နှာကြောင့်သာ ဖြစ်ပါသည်။ သည်အဖွဲ့အစည်းကြီး၏ အရှည်သဖြင့် တည့်တံ့ခိုင်မြဲရေးမဟုတ်ပါက ကျွန်ုပ်တို့၏ လျှောက်ထားချက်ကိုပင် ပယ်ချတော်မူပေသည်။
(ပထမရာဇိက သိက္ခာပုဒ်၊ သန္တတဘာဏဝါရ၊ ဝဇ္ဇီပုတ္တကဝတ္ထု)
သံဃာချင်းဆက်ဆံရေး
သည်ကိစ္စအတွက် အဓိက တာဝန်ရှိသူများ၏ အမည်နာမများကို ထုတ်ဖော်လိုက်လျှင် တအံ့တဩဖြစ်မည့်သူ ရှိလိမ့်မည် မထင်ပါ။ သိက္ခာပုဒ် ပညတ်ယူရအောင် မဖွယ်မရာ ပြုခဲ့လေသမျှ အမှုများတွင် ထိုပုဂ္ဂိုလ်များ၏ ခြေရာလက်ရာက တစ်ဝက်လောက်ပါသည်ဟုပင် ဆိုလောက်ပေသည်။
သူတို့ခြောက်ယောက် သာသနာ့ဘောင် ဝင်လာခြင်းကပင် သဒ္ဓါကြောင့် မဟုတ်ပေ။ တောင်သူယာခုတ် အလုပ်များကို ပင်ပန်းကြီးစွာ လုပ်မနေရဘဲ အသက်မွေးဝမ်းကျောင်းမှု လွယ်ကူရုံမျှ သင်္ကန်းဝတ်လာကြခြင်းသာ ဖြစ်၏၊ သို့သော်လည်း တစ်ဖက်ကလည်း သာဝတ္ထိမြို့တော်ကြီးသားပီပီ စဉ်းစားဉာဏ် သုံးတတ်ကြသူများဖြစ်၍ တော်ရာလျော်ရာမှာ ရဟန်းမခံကြ။ ရှင်တော်မြတ်၏ လက်ရုံးနှစ်ဆူဖြစ်သော အရှင်မဟာသာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလန်တို့ထံမှာ ရဟန်းခံခဲ့ကြ၏၊ အကြောင်းကိစ္စ တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့သော် အားကိုးအားထား ပြုနိုင်လောက်သော ပုဂ္ဂိုလ်များကို တမင်တကာ ရွေးချယ်၍ ချဉ်းကပ်ခဲ့ကြခြင်း ဖြစ်ပေသည်။
သူတို့ခြောက်ပါးမှာ တပူးတွဲတွဲနှင့် သွားလာတတ်၊ နေထိုင်တတ်ကြသဖြင့် ဆဗ္ဗဂ္ဂီရဟန်းများဟု သီတင်းသုံးဖော်များက ကင်ပွန်းတပ်ကြ၏၊ ဆဗ္ဗဂ္ဂီတို့၏ အကြီးအမှူးများကား အရှင်အဿဇိနှင့် အရှင် ပုနဗ္ဗသုတို့ ဖြစ်ကြ၏၊ သူတို့နှစ်ပါးပြီးလျှင် အရှင်မေတ္တိယနှင့် အရှင် ဘူမဇက။ နောက်တစ်တွဲမှာ အရင်ပဏ္ဍုကနှင့် အရှင်လောဟိတက။ နှစ်ပါးတစ်တွဲကျ သုံးနေရာ သုံးဌာနခွဲ၍ ကျောင်းထိုင်ခဲ့ကြပုံများကို နောက်ပိုင်းတစ်နေရာကျမှ ဖော်ပြပါဦးမည်။
ဆဗ္ဗဂ္ဂီများအနက် ရှေ့လေးပါးမှာ ဆီသည်မ လက်သုတ်ဖတ်များပင် ဖြစ်၏၊ သိက္ခာပုဒ်ပညတ်၍ မတားမြစ်ရသေးသော အမှုများကိုလည်း ကျူးလွန်ကြ၏၊ ဝဇ္ဇီတိုင်းသား ရဟန်းများကဲ့သို့ တားမြစ်ထားပြီးသော အမှုများကိုလည်း သိက္ခာပုဒ်ကို မငဲ့မထောက် ကျူးလွန်ဖောက်ဖျက်ကြ၏၊ နောက်နှစ်ပါးကား သူတို့နှင့် ရောတိရောရာဖြစ်ကာ မတားမြစ်ရသေးသော အမှုများကိုကား ကျူးလွန်ကြပါ၏၊ တားမြစ်ထားပြီးသော သိက္ခာပုဒ်များကိုကား မဖောက်ဖျက်ခဲ့ကြပါ။ ထို့ကြောင့်ပင် ဘုရားရှင် ဒေသစာရီကြွချီရာသို့ သူတို့နှစ်ပါးလုံး လိုက်ပါ နိုင်ခဲ့ကြခြင်းဖြစ်ပေသည်။
(သံဃာဒိသိသ်၊ ကုလဒူသကသိက္ခာပုဒ် အဋ္ဌကထာ)
ကျောင်းဒါယကာကြီး အနာထပိဏ်၏ ဇေတဝန်ကျောင်းတော်ကို စတုဒ္ဒိသာသံဃိကအဖြစ်ဖြင့် ဘုရားရှင် အလှူခံတော်မူခဲ့သည် မှန်ပါ၏၊ သို့ရာတွင် အစစအရာရာ ပြည့်စုံကုံလုံသော ထိုကျောင်းတော်မှာချည်း အစဉ်ထာဝရ ကျောက်ချ၍ကား နေတော်မမူသေးပါ။ လူအများစု၏ အကျိုးစီးပွားများစိမ့်သောငှာ ဒေသစာရီလှည့်လည်ကြရမည်ဟု ကိုယ်တော်တိုင် မြွက်ကြားတော်မူခဲ့သော သာသနာပြုမိန့်ခွန်းတော်ကြီးအတိုင်း မိန့်ခွန်းရှင် ကိုယ်တော်တိုင်ကလည်း တစ်သဝေမတိမ်း လိုက်နာတော်မူလျက်ရှိပါသည်။ သည်လိုပုဂ္ဂိုလ်မွန် တစ်ပါးအတွက် ပြောတိုင်းလုပ်၍ လုပ်တိုင်းပြောသည် ဟူသော ဂုဏ်ပြုစကားများ ကြားရခြင်းမှာ ဆန်းသည်ဟု မဆိုနိုင်တော့ပါ။
စကားစပ်မိလာသည့်အခိုက်တွင် ဒေသစာရီလှည့်လည်ခြင်းနှင့် ပတ်သက်၍ ဝိနည်းဆိုင်ရာ ပြင်ဆင်ချက် အမိန့်တော်တစ်ခု ထုတ်ပြန်ရပုံကို တင်ပြလိုပါသေးသည်။
ကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာမှာ တောကျောင်းပျော် အရှင်ဗေဋ္ဌသီသဖြစ်ကြောင်း တင်ပြခဲ့ပြီးပါပြီ။ ဤသို့ ဥပဇ္ဈာယ်ဆရာထားရခြင်းမှာ ရဟန်းခံကိစ္စတစ်ခုတည်းအတွက် ရဟန်းခံသော တစ်ရက်တာအတွက် မဟုတ်ပါ။ ရဟန်းခံပြီးနောက် ဆယ်နှစ်ဆယ်ဝါတိုင်တိုင် အတူတကွ နေထိုင်ရန်ဖြစ်၏၊ ဥပဇ္ဈာယ်ဆရာနောက် ဆယ်နှစ်ဆယ်ဝါတိုင်တိုင် အတူတကွ နေထိုင်ရန်ဖြစ်၏၊ ဥပဇ္ဈာယ်ဆရာ ညွှန်ပြသည့်အတိုင်း အပြစ်ကြီး အပြစ်ငယ်ဟူသမျှကို ရှောင်ရှားကာ ကြည်ညိုဖွယ် လေးစားဖွယ် နေတတ် ထိုင်တတ် ပြောဆိုတတ်ရေးအတွက် ဖြစ်ပေသည်။
ရဟန်းသစ်သည် အကယ်၍ အကြောင်းတစ်ခုခုကြောင့် ဥပဇ္ဈာယ်ဆရာနှင့် ကင်းကွာသွားပါက နိဿယည်းဆရာထံသို့ ချဉ်းကပ်ရ၏၊ နိဿယည်းဆရာဟူသည်မှာ ငါးဝါမရသေးသောရဟန်း၊ ငါးဝါရပြီးသော်လည်း ဝိနည်းအရာ မကျွမ်းကျင်သေးသော ရဟန်းတို့၏ အားထားမှီခိုရာ ဆရာသမားဖြစ်၏၊ ဝိနည်းအရာ ကျွမ်းကျင်လိမ္မာ၍ ဆယ်ဝါရပြီးသော ရဟန်းသည် နိဿယည်းဆရာအဖြစ် ဆောင်ရွက်နိုင်၏၊ ရဟန်းဖြစ်ခါစ ပုဂ္ဂိုလ်သည် ထိုနိဿယည်းဆရာ၏ ရှေ့မှောက်သို့ ဝင်ရောက်ကာ-
"အရှင်ဘုရား၊ အရှင်ဘုရားသည် တပည့်တော်၏ ဆရာ့အရာ နေတော်မူပါ ဘုရား။ တပည့်တော်သည် အရှင်ဘုရား၏ အဆုံးအမ ဩဝါဒကို မှီခို၍ နေထိုင်ပါမည် ဘုရား"
သင်္ကန်းကို လက်ကန်တော့တင်ကာ လက်အုပ်ချီမိုး ရှိခိုးလျက် ဤသို့ သုံးကြိမ်သုံးခါ နိဿယည်းယူကြရ၏၊ ဤတွင် နိဿယည်းဆရာက-
"ကြည်ညိုဖွယ်ဖြစ်အောင် နေတတ်စေ"
မိမိ၏ တပည့်အဖြစ် အသိအမှတ်ပြုကြောင်း နှုတ်မြွက်၍ လက်ခံလိုက်ရ၏၊ ဤသို့ အသိအမှတ်ပြုပြီးသော ဆရာတပည့်တို့သည် တစ်ညဉ့်တာမျှ ကျောင်းတိုက်တာ သီးခြားနေခွင့် မရှိတော့ချေ။ နေ့မှာ အကြောင်းအားလျော်စွာ လွတ်လပ်စွာ သွားခွင့်ရသော်လည်း ညအခါ ရောက်လျှင်ကား ဆရာရော တပည့်ပါ ကျောင်းတိုက်တစ်ခုထဲမှာ အတူတကွ နေကြရ၏၊ ညမှာ ကျောင်းတိုက်တာ ခြား၍ နေမိလျှင် ယူထားသော နိဿယည်း ပျက်၏၊ နိဿယည်း ပျက်မှုအတွက် သင့်လာသော အာပတ်ကို ဒေသနာကြားနာ၍ ကုစားကာ နိဿယည်းထပ်၍ ယူရ၏၊
(ဝိနည်း မဟာဝဂ်၊ မဟာခန္ဓက၊ အစရိယဝတ္တကထာ ပါဠိတော်နှင့် အဋ္ဌကထာ)
ဘုရားရှင်ကိုယ်တော်မြတ် ဝိနည်းပညတ်ချက် ထုတ်ပြန်တော်မူရခြင်းမှာ သံဃာ့အဖွဲ့အစည်းကြီး တည်တံ့ ခိုင်မြဲရေးအတွက် ဖြစ်ပေသည်။ အရေအတွက် များပြားရေးထက် အရည်အချင်းဘက်ကို အဓိကထားကာ စံပြ ပုဂ္ဂိုလ်များအဖြစ်ဖြင့် လောကလူသားတို့အား သာသနာ့အရိပ်အာဝါသအောက်သို့ စည်းရုံးသိမ်းသွင်းရန် ဖြစ်ပေသည်။ ဤသို့ အခြေခံဦးတည်ချက်များကို ဆင့်ပွား၍ မိန့်ကြားတော်မူသော အကျိုးတရားမှာ-
၁။ တင့်တယ်ကောင်းမြတ်သော သံဃာ့အဖွဲ့အစည်းကြီး ဖြစ်လာစေရန်။
၂။ သံဃာများ ချမ်းချမ်းသာသာ နေနိုင်စေရန်။
၃။ အကျင့်သီလ ဖောက်ဖျက်သူများကို နှိမ်နင်းရန်။
၄။ အကျင့်သီလ ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်။
၅။ လောလောဆယ် တွေ့ကြုံရသော ဆင်းရဲဒုက္ခတို့မှာ လွတ်ကင်းစေရန်။
၆။ နောက်နောင်ခါ ပေါ်လာစရာရှိသော ဆင်းရဲဒုက္ခများကို ကြိုကြိုတင်တင် ဖယ်ရှားထားရန်။
၇။ သာသနာတော်ကို မကြည်ညို၊ မသက်ဝင်လာသေးသူတို့ ကြည်ညိုသက်ဝင်လာစေရန်။
၈။ ကြည်ညိုပြီး သက်ဝင်သူတို့ တိုး၍ ကြည်ညိုသက်ဝင်စေရန်။
၉။ သာသနာတော်ကြီး အဓွန့်ရှည်စွာ တည်နေစေရန်။
၁၀။ ဝိနည်းစည်းကမ်းများကို ချီးမြှောက်၍ တန်ဖိုးရှိရှိ သိတတ်ကြစေရန်။
ဤဆယ်ပါးတို့ ဖြစ်ကြပေသည်။
(ပထမ ပါရာဇိက သိက္ခာပုဒ်)
ဤသို့သော ဦးတည်ချက်များဖြင့် ထုတ်ပြန်တော်မူခဲ့သော ဝိနည်းပညတ်ချက်များကို ကျွန်ုပ်တို့ ရဟန်းပရိသတ်က တစ်သဝေမတိမ်း လိုက်နာကျင့်သုံးကြရပေသည်။ စာမရီမည်သော သားကောင်သည် မိမိအမြီးနှင့် တစ်စုံတစ်ခု ငြိတွယ်နေသောအခါ အမြီးဆံတစ်ခုမျှ အပြတ်ခံ၍ ရုန်းကန်ခြင်း မပြုချေ။ မုဆိုးများ၊ တောရိုင်းတိရစ္ဆာန်ကြီးများ သတ်ဖြတ်၍ သေချင်သေပေစေတော့။ မိမိအင်မတန်မှ မြတ်နိုးလှသော အမြီးဆံစများကိုကား အပြတ်မခံဘိသကဲ့သို့ ကျွန်ုပ်တို့ ရဟန်းများသည်လည်း မိမိအသက်ဘေးကို မျှော်တွေးကာ သိက္ခာပုဒ်ကို အပျက်မခံကြပါချေ။ ဤသို့ သိက္ခာပုဒ်ကို မြတ်နိုးခြင်းမှာ ဆရာသခင်ကျေးဇူးရှင်ကို မိမိအသက်ထက် လေးမြတ်ကြည်ညိုသောကြောင့် ဖြစ်ပါသည်။ ပညတ်ချက်ထုတ်ပြန်တော်မူခဲ့သော ကျေးဇူးရှင်ကြီးအပေါ်ဝယ် ဤသို့ ကြည်ညိုလေးမြတ်မှု မရှိဘဲနှင့်လည်း ပညတ်ထားသော သိက္ခာပုဒ်များ မတည်တံ့နိုင်ပါ။ ဝိနည်းတော်အရာ၌ ဘုရားရှင်နှင့် ကျွန်ုပ်တို့တစ်တွေ ဆက်ဆံမှုတွင် ပုဂ္ဂိုလ်ခင်၍ တရားမင်သည်ဟု ဆိုစရာရှိပေသည်။
သိက္ခာပုဒ်အားလုံးကို ခြုံ၍ကြည့်သော် ထုတ်ပြန်ထားသော သိက္ခာပုဒ်များသည် ရှင်တော်မြတ်ဘုရား ရည်မှန်းတော်မူခဲ့ရင်းအတိုင်း အကျိုးသက်ရောက်မှု ရှိကြပါ၏၊ သို့သော် သိက္ခာပုဒ်တစ်ခုချင်းကို ခွဲခြား၍ ကြည့်ပါလျှင်ကား ရည်မှန်းရာသို့ စောစောက ရောက်ခဲ့ပါလျက် နောက်ပိုင်း၌ ဦးတည်ချက်မှ လမ်းပြောင်းသွားရသည်မှာ အဘယ့်ကြောင့်ပါနည်း။ ဤသည်မှာ ရှင်တော်မြတ်၏ ချို့တဲ့ချက်ကြောင့်ကား မဟုတ်နိုင်ပါ။ ကာလ၊ ဒေသ၊ အခြေအနေ ပြောင်းလဲသွားမှုကြောင့်သာ ဖြစ်ပါသည်။
ဤအချိန် ဤအခါ ဤအရပ် ဤဒေသ၌ ဤသို့သော အကြောင်းကိစ္စကြောင့် ပညတ်တော်မူခဲ့ရသော သိက္ခာပုဒ်တစ်ခုသည် ထိုအချိန်အခါ ထိုအရပ်ဒေသက ထိုအကြောင်းကိစ္စအတွက် အကောင်းဆုံးသော ဖြေရှင်းချက်ပင် ဖြစ်ပါ၏၊ သို့သော် အချိန်အခါဟူသည် အမြဲတစေပြောင်းလဲလျက်ရှိ၏၊ အရပ်ဒေသမှာလည်း အမျိုးမျိုး အထွေထွေ။ အခြေအနေများလည်း အတည်ရှိမျိုး မဟုတ်ကြ။ ဤတွင် ပညတ်တော်မူထားခဲ့သော သိက္ခာပုဒ်များသည် အံမဝင် ခွင်မကျ ဖြစ်လာကြရ၏၊ လက်ရှိအခြေအနေနှင့် နှိုင်းစာသော် တချို့ သိက္ခာပုဒ်များမှာ လျော့လွန်းနေ၏၊ တချို့ကား တင်းလွန်းနေ၏၊ မဇ္ဈိမပဋိပဒါလမ်းကြောင်းမှ တိမ်းစောင်းနေသော ထိုသိက္ခာပုဒ်များတွင် လျော့လွန်းသည်များကို တင်းပေးကာ တင်းလွန်းနေသည်များကို လျှော့ပေါ့ခွင့် ပေးတော်မူရပေသည်။ ပြောင်းလဲလာသော အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြင်ဆင်ပေးရသော သိက္ခာပုဒ်များတွင် နိဿယည်းယူခြင်း ကိစ္စလည်း အပါအဝင်ဖြစ်ပေသည်။
ဆိုခဲ့သည့်အတိုင်း ဘုရားရှင်သည် သီတင်းဝါလကျွတ်သည်နှင့် ခါတိုင်းလိုပင် ဒေသစာရီလှည့်လည်ရန် ကျွန်ုပ်အား ရဟန်းများထံ စေလွှတ်တော်မူ၏၊ ဘုရားရှင် မိန့်မှာတော်မူသည့်အတိုင်း ကျွန်ုပ်က ကျောင်းပေါက်စေ့မျှ လှည့်လည်၍ ကြေညာရာတွင် ဘုရားရှင်နှင့်အတူ လိုက်ပါလိုသူ မရှိသလောက် ဖြစ်နေပေသည်။
"ငါ့ရှင် အာနန္ဒာ၊ ဘုရားရှင်က ဆယ်ဝါတိုင်တိုင် ဆရားသမားထံ နိဿယည်းယူ၍ နေရန်၊ ဆယ်ဝါပြည့်ပြီးမှ မိမိက နိဿယည်းပေးရန် ပညတ်တော်မူခဲ့၏၊ ငါတို့ ခရီးထွက်ရလျှင် နိဿယည်းယူထားသော ဆရာများနှင့် ကင်းကွာမည်ဖြစ်၍ နောက်ထပ် နိဿယည်းဆရာ ရှာရတော့မည်။ ဤနိဿယည်းယူမှုက တုပ်နှောင်ထားသဖြင့် ငါတို့မှာ ခရီးတွင်မည်လည်း မဟုတ်ပေ။ ပြန်လာသောအခါကျပြန်တော့လည်း ဆရာရင်းများထံ နိဿယည်းထပ်၍ ခံယူရပေဦးမည်။ ထို့ကြောင့် ငါတို့၏ ဥပဇ္ဈာယ်ဆရာများ လိုက်ပါလျှင် ငါတို့လည်း လိုက်ပါကြမည်။ ဥပဇ္ဈာယ်ဆရာများ မလိုက်လျှင်ကား မလိုက်လိုပါ။ ဥပဇ္ဈာယ်ဆရာများမလိုက်ဘဲ ငါတို့ဘာသာလိုက်လျှင် ငါတို့မှာ စိတ်နေစိတ်ထား လျှပ်ပေါ်ရာ ရောက်ပါလိမ့်မည်"
ဘုရားရှင်ကို ပုဂ္ဂိုလ်ရေးအရ ကြည်ညိုမြတ်နိုးရာတွင် ယခုလိုကိစ္စမျိုးနှင့် ကြုံလာရသောအခါ နောက်တော်ပါးမှာ လိုက်ပါနိုင်ရေးထက် ပညတ်ထားသော သိက္ခာပုဒ်ကို ပိုမို၍ အလေးထားကြသူများ ဖြစ်ကြပါ၏၊ ဤလို သီတင်းသုံးဖော်များနှင့် တစ်ဝါတွင်းလုံး အတူတကွ နေခဲ့ရသဖြင့် ကျွန်ုပ်၏ စိတ်နှလုံး ချမ်းမြေ့ခဲ့ရပါပေသည်။
ဤသို့ဖြင့် သည်တစ်ခါ ဒေသစာရီ လှည့်လည်ရာတွင် နောက်တော်ပါးမှာ ရဟန်းများစွာ မပါတော့ပေ။ ကျွန်ုပ်အပါအဝင် ရဟန်းလေးငါးပါးသာ မကွေမကွာ ပါလာကြပေသည်။
(ဝိနည်းမဟာဝဂ်၊ မဟာခန္ဓက၊ အာဟုန္ဒရိကဝတ္ထု)
ခရီးစဉ်တစ်လျှောက်လုံး၌ ဘုရားရှင်သည် ဤအခြေအနေကို မည်သို့မျှ ဝေဖန်မှု ပြုတော်မမူပေ။ သို့သော် စိတ်ထဲမှာကား ပညတ်ထားသော သိက္ခာပုဒ်နှင့် လက်ရှိအခြေအနေကို နှိုင်းယှဉ်ဝေဖန်လျက်ပင် ရှိတော်မူနေလိမ့်မည် ဖြစ်ပါသည်။
မှန်ပါ၏၊ ကျွန်ုပ်ခန့်မှန်းထားသည့်အတိုင်းပင် ရာဇဂြိုဟ်မြို့တော် ပြန်ရောက်သောအခါ အဖြေပေါ်၍ လာပါတော့သည်။ သိက္ခာပုဒ်အတွက် အလိုက်ပါရခက်နေကြသော ရဟန်းပရိသတ်ကို စုဝေးတော်မူစေကာ...
"ရဟန်းတို့၊ တတ်သိနားလည်သော ရဟန်းသည် ငါးဝါမျှသာ နိဿယည်းယူ၍ နေရမည်။ တတ်သိနားလည်သူ မဟုတ်လျှင်ကား ရာသက်ပန် နိဿယည်းယူ၍ နေရမည်"
လက်ရှိအခြေအနေနှင့် လျောက်ပတ်သော ပြင်ဆင်ချက်အမိန့် ထုတ်ပြန်တော်မူလိုက်ရပေတော့သည်။ နိဿယည်းမယူဘဲ မနေရသော နှစ်ကာလ အပိုင်းအခြား ကွာခြား၍ သွားသော်လည်း သံဃာတော်များ ချမ်းသာစေရန်ဟူသော အခြေခံရည်မှန်းချက်ကြီးနှင့် ထပ်တူထပ်မျှ ဖြစ်ကြောင်း သိသာလှပေသည်။
(ဝိနည်းမဟာဝဂ်၊ မဟာခန္ဓက၊ နိဿယမုစ္စနကကထာ)
တင်းထားရာမှ လျှော့ပေါ့ပေးလိုက်သော ဤပညတ်ချက်အရ ဤတစ်ခေါက် ဒေသစာရီ လှည့်လည်တော်မူရာတွင် နောက်ပါရဟန်းတွေ တသီတတန်းကြီး ဖြစ်လာပြန်ပေသည်။ စောစောက တင်ပြခဲ့သော ဆဗ္ဗဂ္ဂီရဟန်းသုံးတွဲမှ နောက်ဆုံးအတွဲဖြ်စသော အရှင်ပဏ္ဍုကနှင့် အရှင်လောဟိတကတို့ နှစ်ပါးလုံး ဤတစ်ခါတွင်အတူပါ လာနိုင်ကြပေသည်။ ဘုရားရှင်ကို ကြည်ညိုစိတ်ဖြင့် နောက်တော်ပါးက လိုက်ပါခဲ့သည်ကား ဟုတ်ပါ၏၊ သို့သော် ထိုပုဂ္ဂိုလ်နှစ်ပါးမှာ မထိုင်ခင်က ခြေဆင်းသူများပင် ဖြစ်ကြပေသည်။ သူတို့ကိုယ်တိုင်က ဝိနည်းနှင့် သုတ္တန်များကို ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မသင်ယူရသေးပါဘဲလျက် သူတို့နောက်ပါးမှာ တပည့်ပရိသတ်တွေ အစီအရီနှင့် ဖြစ်နေကြ၏၊ မတတ်သူကို ဆရာတင်ထားမိကြသော ထိုရဟန်းငယ်လေးများအဖို့ အနေမတတ်၊ အထိုင်မတတ်ဖြစ်မည်ကိုကား အထူးပြဖွယ် လိုမည် မထင်တော့ပါ။ ဆရာကောင်းတပည့် မဟုတ်သဖြင့် ပန်းကောင်းမပန်နိုင်သူများကို အထူးဖော်ပြဖွယ် မလိုသော်လည်း ထိုတပည့်မိုက်များကြောင့် အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီး တစ်ညတာ ဒုက္ခရောက်ခဲ့ရပုံကိုကား ဖော်ပြရပါဦးမည်။
သည်တစ်ခေါက် ဒေသစာရီ လှည့်လည်ခြင်း၏ ခရီးအဆုံးကား ဇေတဝန်ကျောင်းတော် ဖြစ်ပါ၏၊ ခရီးစဉ်တစ်လျှောက်လုံးမှာ ချို့ချို့တဲ့တဲ့ နေလာခဲ့ရသည်နှင့်အမျှ အစစအရာရာ ပြည့်စုံကုံလုံသော ကျောင်းတိုက်တာကြီး အရောက်ဝယ် စိတ်ရော ကိုယ်ပါ ချမ်းသာစွာ ကျိန်းစက်ကြရပါ၏၊ သို့သော် နံနက်လင်း၍ အရှင်မြတ်ကြီး၏ ဖြစ်အင်ကို ကြားကြရသောအခါမှာကား တစ်ညတာ ချမ်းမြေ့မှုကလေးပင် ကွယ်ပျောက်သွားရပါတော့သည်။
"စကတည်းက အထင်သား"ဟု ဆိုလိုက်လျှင် သီတင်းသုံးဖော်များက ရယ်ကြမည်လား မသိပါ။ သို့သော် ကျွန်ုပ်ကတော့ ဤအတိုင်းပင် ပြောခဲ့ရပေသည်။ ဇေတဝန်ကျောင်းတော်နား ရောက်သည်ဆိုလျှင်ပင် သည်ရဟန်းကလေးများက ထေရ်ကြီးဝါကြီးသော ဆရာသမားသော မရှောင်၊ သံဃာအားလုံးကို တိုက်ခိုက်တိုးဝှေ့ကာ ရှေ့ရောက်ရေးကိုသာ သဲသဲမဲမဲ ကြိုးစားကြ၏၊ နောက်ဆုံးတွင်ကား ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ရှေ့မှပင် အူယားဖားယား ပြေးသွားကြပေသေး၏၊
သည်ရဟန်းငယ်ကလေးများ၏ ယောက်ယက်ခတ်ပုံကြောင့် တစ်ခုခုတော့ဖြစ်တော့မည်ဟု ထင်ခဲ့မိပါ၏၊ သို့သော် ထိုအထင်သည် ကျွန်ုပ်၏ စိတ်သန္တာန်ဝယ် ကြာရှည်သဖြင့် မကိန်းအောင်းနိုင်ခဲ့ပါ။ သူတစ်ပါးအပေါ် အဆိုးမြင်ခြင်းကို လက်မခံတတ်သော ကျွန်ုပ်၏ ဝသီဘော်အတိုင်း မသိလိုက် မသိဘာသာပင် နေခဲ့မိပါ၏၊
မသိလိုက် မသိဘာသာ နေလာခဲ့သော ထိုကိစ္စသည် ယနေ့နံနက်မှာတော့ ဟိုးလေးတကျော် ဖြစ်လာချေပြီတည်း။ မဖြစ်ဘဲ နေနိုင်ပါမည်လော။ ထိုကိစ္စအတွက် တစ်ညလုံး သစ်ပင်အောက်ထိုင်နေခဲ့ရသူမှာ အရှင်မဟာသာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးပင် ဖြစ်နေပါပကော။
ဒေသစာရီ ကြွချီကြသောအခါတိုင်း အရှင်မဟာသာရိပုတ္တရာသည် နောက်ဖျားမှာ ရှိနေတတ်၏၊ အရှင်မြတ်ကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကြောင့် သံဃာများက အလေးအမြတ်ပြုကြသော်လည်း ဘုရားရှင့်အနီးအပါးက မလိုက်ပါတတ်ပေ။ သက်ကြီးရွယ်အို ရဟန်းများကို ကူညီဖေးမရင်း ဂီလာနရဟန်းများကို ပြုစုရင်း ဟိုနောက်ဖျားက လိုက်ပါလာတတ်သည်သာ ဖြစ်၏၊ အကယ်၍ တစ်ပါးလျှင် တစ်နေရာကျ မျှမျှတတ အသုံးပြုကြပါမူ ဤအရှင်မြတ်ကြီးအောက်မှာ ငုတ်တုတ်ထိုင်နေရမည် မဟုတ်ပါ။ မတုန်လှုပ်သော သဒ္ဓါတရားဖြင့် ဆောက်လုပ်ထားသော ဤကျောင်းတိုက်ဝယ် နောက်ဆုံးမှ ရောက်လာသည့် ပုဂ္ဂိုလ်တိုင်အောင် အိပ်ရာနေရာများ အလုံအလောက်ရှိနေပါ၏၊ သို့ရာတွင် အရှင်ပဏ္ဍုကတို့၏ တပည့်များကတော့ မျှတသော စိတ်သဘော မရှိကြပါ။ ဘုရားရှေ့ သံဃာ့ရှေ့ ဦးအောင်ပြေးကာ ရှိသမျှနေရာကို အပိုင်စီးကြတော့၏၊ ကောင်းပေ့ဆိုသော ကျောင်း၊ ကောင်းပေ့ဆိုသော အိပ်ရာနေရာများသည် သူတို့ဆရာသမားနှစ်ယောက်အတွက် ဖြစ်ကြရ၏၊ ဆရားနှစ်ပါးမှ ပိုလျှံလေသမျှမှာ သူတို့အတွက်။ ကျန်ကောင်းကျန်ရာ နေရာများမှာမှ ကျန်သံဃာများ ကုပ်ကုပ်ကပ်ကပ် ကျိန်းစက်ကြရ၏၊ နောက်ဆုံးမှ ရောက်လာသော အရှင်မဟာသာရိပုတ္တရာအတွက်ကား ကျောတစ်နေရာစာမျှ မရှိတော့ချေ။
သစ်ပင်အောက်တွင် တစ်ပါးတည်း ငုတ်တုတ်ထိုင်နေခဲ့ရသော အရှင်မြတ်ကြီးသည် လင်းအားကြီး အချိန်ရောက်မှ ဘုရားရှင်၏ ချောင်းဟန့်သံကို ကြားလိုက်ရ၏၊ စောစောထ၍ စင်္ကြံကြွလာသော ဘုရားရှင်ကို အတုံ့အလှယ် ချောင်းဟန့်သံ ပေးရ၏၊ အရှင်မြတ်ကြီးနှစ်ပါးတို့ ဆုံဆည်းမိခါမှ ဖြစ်ကြောင်းကုန်စင် လျှောက်ထားရပေတော့သည်။
အကြောင်းကိစ္စတစ်ခု ပေါ်ပေါက်လာပြီမို့ ဘုရားရှင်သည် သံဃာကုန် စည်းဝေးစေကာ အမှုသည် ရဟန်းငယ်များအား စစ်မေးတော်မူရ၏၊ ဖုံး၍ကွယ်၍ မရနိုင်သော နေရာဖြစ်၍ ရဟန်းငယ်များကလည်း ဟုတ်တိုင်းမှန်စွာ ဝန်ခံလျှောက်ထားကြရ၏၊ ဤတွင် ဘုရားရှင်သည် ရဟန်းငယ်များအား အမျိုးမျိုးအဖုံဖုံ ကဲ့ရဲ့ရှုတ်ချတော်မူကာ
"ရဟန်းတို့၊ အိပ်ရာနေရာ၊ သောက်ရေ ချိုးရေ၊ ဆွမ်းခဲဖွယ်တို့၌ အဘယ်ရဟန်းသည် ဦးစွာပထမ စားသုံးခွင့် ရထိုက်သနည်း"
ရဟန်းငယ်တို့ထံမှ အဖြေမှန်ရမည်မဟုတ်ကြောင်း ဘုရားရှင်ကောင်းကောင်းသိပြီး ဖြစ်ပါ၏၊ သို့သော် အခြေခံအဖြစ်ဖြင့် စကားခင်း၍ ပေးတော်မူလိုက်ရပေသည်။
"ခတ္တိယမျိုးရိုးမှ ရဟန်းပြုလာသူ ရထိုက်ပါသည် ဘုရား"
"ဗြာဟ္မဏမျိုးရိုးမှ ရဟန်းပြုလာသူ ရထိုက်ပါသည် ဘုရား"
"သူဌေးမျိုးရိုးမှ ရဟန်းပြုလာသူ ရထိုက်ပါသည် ဘုရား"
မေးခွန်းတော် အဆုံးဝယ် ဖြေကြားသံများက အစီအရီ ထွက်ပေါ်လာကြ၏၊
(စူဠဝဂ်၊ သေနာသနက္ခန္ဓက)
ဘုရားရှင် ကိုယ်တော်တိုင် အဆုံးအဖြတ်ပေးမည့် ကိစ္စဖြစ်၍ ကျွန်ုပ်သည် မည်သို့မျှ ဝင်မလျှောက်ခဲ့ပါ။ တရားတော်ကို သဘောပေါက်ပြီးသား ပုဂ္ဂိုလ်ကြီးများက အဖြေရှင်များကို မသိမသာ အပြုံးမျက်နှာဖြင့်သာ ကြည့်နေကြရပေသည်။
ဟောပြောတော်မူခဲ့ဖူးသော ဒေသနာတော်တစ်ပုဒ်နှင့် ချိန်ထိုးကြည့်လိုက်သောအခါ ဤအဖြေရှင်များမှာ တကယ်ပင် ရယ်စရာ ဖြစ်နေကြပါ၏၊
ဂင်္ဂါ၊ ယမုံနာ၊ သရဘူစသော မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာတို့သည် မဟာသမုဒ္ဒရာသို့ မသက်ဝင်မီသာ မိမိတို့ အမည်နာမဖြင့် သီးခြားရပ်တည်ခွင့် ရကြ၏၊မဟာသမုဒ္ဒရာသို့သက်ဆင်းချိန်တွင်ကား မိမိတို့၏ သီးခြားအမည်များကို ပယ်စွန့်ကာ မဟာသမုဒ္ဒရာဟူ၍သာ ခေါ်ရတော့၏၊
ထို့အတူပင် လူတန်းစားအမျိုးမျိုးမှ ရဟန်းပြုလာကြသူများမှာလည်း သာသနာတော်တွင်းသို့ မဝင်ရောက်မီသာ မိမိတို့မျိုးရိုးကို ကိုးစားခွင့်ရကြ၏၊ သာသနာတော်တွင်းသို့ ရောက်လာချိန်တွင်ကား ခတ္တိယမျိုးရိုးဟူ၍လည်း မရှိတော့ပေ။ ဗြာဟ္မဏမျိုးရိုးဟူ၍လည်း မရှိတော့ပေ။ အားလုံး သာသနာတော် အတွင်းက ဘုရားရှင့်တပည့်များချည်း ဖြစ်ကြရ၏၊
(ဥဒါန်းပါဠိတော်၊ ဥပေါသထသုတ်)
ဤသို့ ဟောကြားထားသည့်ကြားကပင် ယခုလို မျိုးရိုးစွဲကလေးက ထွက်ပြူလာကြပေသေးသည်။
ဖြေကြားသံများက ဤမျှဖြင့် ပြီးဆုံးမသွားသေးပါ။ မျိုးရိုးဇာတိအစွဲများ နောက်ဝယ် ပုဂ္ဂိုလ်ရေးရာ အစွဲများက ထက်ကြပ်မကွာ လိုက်ပါလာကြ၏၊ တချို့က သုတ္တန်ဆောင်ကို ထောက်ခံကြ၏၊ တချို့က ဓမ္မကထိကကို အဆိုပြုကြ၏၊ တချို့က စျာန်အဆင့်ဆင့်ကို အမွှမ်းတင်ကြ၏၊ ထို့ထက်အဆင့်အတန်းမြင့်မားလိုသူများကတော့ အရိယာပုဂ္ဂိုလ်များကို သူ့ထက်ငါ အသားယူ၍ တင်ပြကြ၏၊ ပုဂ္ဂိုလ်ချင်းယှဉ်ပြိုင်ကြစို့ ဆိုသောအခါ ရဟန္တာပုဂ္ဂိုလ်ချင်းပင် အတူတူမထားနိုင်ကြသေး။ ရဟန္တာပုဂ္ဂိုလ်ရိုးရိုးထက် တေဝိဇ္ဇရဟန္တာက သာသည်။ တေဝိဇ္ဇရဟန္တာထက် ဆဋ္ဌဘိညရဟန္တာက သာသည် ဆိုကြ၏၊
"ရဟန်းတို့"
ဘုရားရှင့် အမိန့်တော်သံကြောင့် စိတ်ကူးတည့်ရာ လျှောက်ထားလေသမျှ အသံဗလံများ တိတ်ဆိတ်၍ သွားကြပေသည်။ ဝိနည်းပညတ်စရာရှိလေတိုင်း ဤလို တည်ငြိမ်ပြတ်သားသော အမိန့်တော်သံကို ကျွန်ုပ်တို့ နာခံကြရစမြဲဖြစ်ပေသည်။
"ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း၊ အိပ်ရာ နေရာ၊ သောက်ရေ သုံးရေ၊ ဆွမ်းခဲဖွယ်တို့၌ ဦးစွာပထမ စားသုံးခြင်းကို ထေရ်စဉ်ဝါလိုက် ငါဘုရား ခွင့်ပြုတော်မူ၏၊ သို့ရာတွင် သံဃိကဖြစ်သော အိပ်ရာနေရာ သောက်ရေသုံးရေ၊ ဆွမ်းခဲဖွယ်ကို ဝါကြီးသော ရဟန်းက ဝါငယ်သော ရဟန်းကို မတားမြစ် မပိတ်ပင်ရ။ တားမြစ်ပိတ်ပင်သော် ဒုက္ကဋ်အာပတ်သင့်စေ"
အိပ်ရာနေရာကိစ္စနှင့် ဆက်စပ်၍ သံဃာများအချင်းချင်း အစဉ်ထာဝရ ဆက်ဆံသွားရန် မူတစ်ခုကိုပါ ချမှတ်တော်မူလိုက်ပေသည်။
(စူဠဝဂ်၊ သေနာသနက္ခန္ဓက ပါဠိတော်နှင့် အဋ္ဌကထာ)
ကျွန်ုပ်တို့တစ်တွေ သာသနာ့ဘောင် ဝင်ရောက်ကြရခြင်းမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးအတွက် ဖြစ်ပါ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရာတွင်လည်း ရဟန္တာဟူ၍ ခေါ်ဆိုသမုတ်ခြင်း ခံနိုင်လောက်အောင် ဘာဝနာအားကောင်းဖို့ လိုပေသေး၏၊ နိဗ္ဗာန်မမြင်ရသေးသူထက် နိဗ္ဗာန်မြင်ပြီးသူကို ပို၍ ချီးမွမ်းထိုက်ပါ၏၊ သာသနာ့ဝန်ထမ်းအားလုံးက စံနမူနာယူထိုက်သူများလည်း ဖြစ်ကြပါ၏၊
သို့ရာတွင် သံဃာ့အဖွဲ့အစည်းကြီး တစ်ခုလုံးနှင့် ခြုံ၍ကြည့်သည်တွင်ကား ဤလိုတရားမြင်ရေး၊ ကျင့်သုံးရေးကိုချည်း ဦးစားပေး၍ မဖြစ်သေးပေ။ တရားမြင်ရေး ကျင့်သုံးရေးမှာ အမှန်အားဖြင့် သံဃာ့အဖွဲ့အစည်းနှင့် မသက်ဆိုင်ပေ။ မိမိတစ်ဦးချင်းကျင့်သုံးရသော ကိစ္စဖြစ်၏၊ တစ်နည်းအားဖြင့် တရားမြင်ရေး ကျင့်သုံးရေးမှာ ဓမ္မဒိဋ္ဌာန်ဖြစ်၍ သံဃာ့အဖွဲ့အစည်းကြီး တည်တံ့ခိုင်မြဲရေးကား ပုဂ္ဂလဒိဋ္ဌာန် ဖြစ်ပေသည်။ ထို့ကြောင့် စျာန်ရသော၊ တရားမြင်သော ပုဂ္ဂိုလ်များကို ကျော်လွှားကာ ရဟန်းသိက္ခာကြီးသူများကို ဘုရားရှင်က ဦးစားပေး၍ ရွေးချယ်တော်မူလိုက်ပေသည်။ ခတ္တိယမျိုးရိုး စသည်တို့ကိုကား ထည့်၍ စဉ်းစားရန်ပင် မလိုပါချေ။
အငြင်းပွားဖွယ် ကိစ္စတစ်ခုကို ဖြေရှင်းနိုင်ရန် ဤသို့ မူတစ်ခု ချမှတ်ပေးသော်လည်း တကယ်တမ်းအားဖြင့် သံဃာ့အဖွဲ့အစည်းထဲတွင် အခွင့်ထူးခံ ပုဂ္ဂိုလ်သက်သက်ဟူ၍ မရှိပါချေ။ ကိုင်းနှင့် ကျွန်းပမာ အချင်းချင်းယှဉ်တွဲ၍ မှီခို၍ တည်တံ့နေသူများပင် ဖြစ်ကြပေသည်။
ကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာ အခန်းတုန်းက ဥပဇ္ဈာယ်ဆရာများအကြောင်းကို တင်ပြခဲ့ပါပြီ။ ယခုအခန်းမှာကား နိဿယည်းဆရာလည်း အပါအဝင်ဖြစ်၏၊ ဥပဇ္ဈာယ်ဆရာ၊ နိဿယည်းဆရာတို့အပေါ်၌ တပည့်ရဟန်းက ပြုစုဆောင်ရွက်ရသော ဝတ္တရားတို့ ရှိကြပေသည်။
တပည့်သည် နံနက်စောစောထ ဖိနပ်ချွတ်၊ သင်္ကန်းများကို သပ်သပ်ရပ်ရပ် လက်ကန်တော့တင်ကာ ဆရာ့ထံချဉ်းကပ်၍ တံပူ ဆက်ကပ်ရ၏၊ မျက်နှာသစ်ရေ ခပ်ပေးရ၏၊ အိပ်ရာနေရာကို ပြင်ဆင်ခင်းပေးရ၏၊ ယာဂုရှိလျှင် စင်စင်ဆေးထားသော ပန်းကန်ဖြင့် ဆက်ကပ်ရ၏၊ ယာဂု ဘုဉ်းပေးပြီးလျှင် ဆရာ့ထံ သောက်ရေကပ်ကာ ပန်းကန်ကိုယူ၍ ဆေးရ၏၊ ပန်းကန်ဆေးရာတွင် ထိသံခိုက်သံ မကြားစေရအောင် ဂရုစိုက်ရ၏၊ ဆရာထသွားသော် နေရာထိုင်ခင်း ခေါက်သိမ်းရ၏၊ ဆရာ့ကျောင်းဝန်းကျင်မှာ အမှိုက်သရိုက်များ ရှိသော် တံမြက်လှည်းကာ ကျုံးပစ်ရ၏၊
ဆရာသည် ရွာထဲသို့ ဆွမ်းခံဝင်လိုပါလျှင် အသစ်လဲလှယ်စရာ သင်္ကန်းများ ယူပေးရ၏၊ သပိတ်ကို စင်စင်ဆေးကာ ရေနှင့်တကွ ဆက်ကပ်ရ၏၊ ဆရာက နောက်ပါ တပည့်အဖြစ် ခေါ်ယူလျှင် သင်္ကန်းကို သေသေသပ်သပ်ရုံကာ ဆရာ့နောက်ပါးက ဆွမ်းခံလိုက်ရ၏၊
ဤသည်တို့မှာ ဆွမ်းခံဝင်ချိန်ထိ ပြုစုဆောင်ရွက်ရသော ဝတ္တရားအချို့ ဖြစ်ပါ၏၊ ရွာထဲသို့ ဆွမ်းခံဝင်နေဆဲမှာလည်း ဆရာနှင့် မနီးလွန်း မဝေးလွန်းက လိုက်ပါရ၏၊ ဆရာက တစ်စုံတစ်ယောက်နှင့် စကားပြောလျှင် တပည့်က ဝင်မစွက်ရပေ။ သို့သော် ဆရာက အာပတ်သင့်အံ့နီးနီး ပြောလာလျှင်ကား အချိန်မီဝင်၍် တားမြစ်ရပေမည်။ ဆရာရော တပည့်ပါ ဆွမ်းများ ပြည့်စုံကြလျှင် တပည့်က ဦးစွာပြန်နှင့်၍ နေရာထိုင်ခင်း ပေးထားရ၏၊ ခြေဆေးရေ၊ ခြေဆေးခုံ၊ ခြေထောက်များ ပွတ်တိုက်စရာ အိုးခြမ်းကွဲတို့ကို အရန်သင့် ရှာထားပေးရ၏၊ ဆရာကို ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်းများ လှမ်းယူရ၏၊ လဲစရာ သင်္ကန်းယူပေး ရ၏၊ ဆရာ့သင်္ကန်းများ စိုထိုင်းနေလျှင် နေပူမှာ ခေတ္တဏ လှန်းထားရ၏၊ နေပူမှာ ကြာရှည်မထားဘဲ သင်္ကန်းကို ခေါက်သောအခါ အလယ်က ခေါက်ရိုးပေါ်မှာ ထပ်ကာထပ်ကာ ကျ၍ နွမ်းရိမသွားစေရန် တစ်ဖက်မှာ လက်လေးသစ်အပိုထား ၍ ခေါက်ရပေသည်။
ဆွမ်းခံဝင်ချိန်၊ ဆွမ်းခံပြည့်ချိန်မှာကဲ့သို့ ဆွမ်းစားရာ၊ ရေချိုးရာ စသည်တို့မှာလည်း ပြည့်ပြည့်စုံစုံ ညွှန်ကြားထားပြီး ဖြစ်ပေသည်။
ဆရာရဟန်းအပေါ် တပည့်များက ဤသို့သော ဝတ္တရားများ ပြုစုသကဲ့သို့ပင် ဆရာရဟန်းကလည်း တပည့်များအပေါ် ဤသို့ပင် ထပ်တူထပ်မျှ ပြုကြရန်ပြန်ပေသည်။
ဆရာနှင့်တပည့်ဆက်ဆံရေးတွင် အခြေမတူသည့် အလျောက် ခြားနားချက်များ အတန်အသင့်ရှိပါ၏၊ ယင်းတို့မှာ ဆရာက တပည့်ကို ဝိနည်းနှင့် သုတ္တန်များ သင်ကြားပေးရ၏၊ တပည့်၏ သင်္ကန်းချုပ်ရေး၊ ဆိုးရေးစသော ကိစ္ခများတွင် ကြောင့်ကြစိုက်ကာ ညွှန်ကြားရ၏၊ တပည့်က ဆရာ၏ သင်္ကန်းများကို လျှော်ပေးရ၏၊ ဆိုးပေးရ၏၊ ကိုယ်တိုင် မတတ်နိုင်သော် တတ်နိုင်သူကို တိုက်တွန်းပေးရ၏၊
ဤသို့သော ဝတ္တရားအနည်းငယ်မှလွဲလျှင် ဆရာ့ဝတ်၊ တပည့်ဝတ်အများစုမှာ ထပ်တူထပ်မျှပင် ဖြစ်ပေသည်။
စားဝတ်နေရေး ကိစ္ခများသာမက စိတ်ဓာတ်ပြုပြင်ရေး ကိစ္ခများမှာလည်း အပြန်အလှန် ရိုင်းပင်းကူညီကြရပေသည်။ လူထွက်ချင်စိတ် ပေါက်လာလျှင် အချင်းချင်း ဖျောင်းဖျကြရ၏၊ ယုံမှားသံသယဖြစ်လာလျှင် ပြေလည်အောင် ရှင်းလင်းပေးကြရ၏၊ အယူအဆလွဲမှားနေလျှင် အမှန်ရောက်အောင် အကျိုးဆောင်ကြရ၏၊ မလွှဲသာ မရှောင်သာ သင့်လာသော အာပတ်များကို ကုစားရာ၌ သံဃာ၏ အကူအညီရအောင် ဆောင်ရွက်ရ၏၊ တစ်စုံတစ်ခုသော ပြစ်မှုဖြင့် သံဃာက ကံတစ်ခုခုပြုရန် ရှိလာသောအခါ လေးသောကံမှ ပေါ့သောကံသို့ ပြောင်းလဲပေးရန် ကြောင့်ကြစိုက်ရ၏၊
ဤသို့အားဖြင့် သံဃာအချင်းချင်း ဆက်ဆံရေးသည် တစ်လမ်းသွားစနစ်မဟုတ်ဘဲ အကြီးနှင့်အငယ်၊ အထက်နှင့်အောက် အပြန်အလှန် ကူညီရိုင်းပင်းရသော မိသားစုစိတ်ဓာတ်တွင် အခြေခံ၍နေပေသည်။
(ဝိနည်းမဟာဝဂ်၊ မဟာခန္ဓက၊ ဥပဇ္ဈာယ်ယဝတ္တကထာ၊ သဒ္ဓိဝိဟာရိက ဝတ္တကထာ)
သံဃာနှင့် ဒါယကာ၊ ‘‘ဒါယိကာမ
ဒါယကာ၊ ‘‘ဒါယိကာမ ကျင့်ဝတ်ငါးပါး
၁။ မေတ္တာယှဉ်သော ကာယကံဖြင့် ဆက်ဆံခြင်း၊
၂။ မေတ္တာယှဉ်သော ဝစီကံဖြင့် ဆက်ဆံခြင်း၊
၃။ မေတ္တာယှဉ်သော မနောကံကံဖြင့် ဆက်ဆံခြင်း၊
၄။ လိုအပ်သမျှ အလှူခံကြရန် ဖိတ်ကြားထားခြင်း၊
၅။ လိုအပ်သမျှ လှူဒါန်းခြင်း၊
ရဟန်းသံဃာများ ကျင့်ဝတ်ခြောက်ပါး
၁။ မကောင်းမှုကို တားမြစ်ခြင်း၊
၂။ ကောင်းမှုပြုရန် တိုက်တွန်းခြင်း၊
၃။ သနားကြင်နာ စိတ်စေတနာထားခြင်း၊
၄။ မကြားဖူးသော တရားထူးများ ဟောခြင်း၊
၅။ ကြားဖူးသော တရားကို အနက်အဓိပ္ပာယ် ကျေညက်အောင် ဟောကြားခြင်း၊
၆။ နတ်ပြည်ရောက်ကြောင်း နည်းလမ်းကောင်းများ ဟောကြားခြင်း၊
(‘ဒီဃနိကာယ်၊ ပါထိကဝဂ်၊ သိင်္ဂါလောဝါဒသုတ်)
ရဟန်းသံဃာများနှင့် ဒါယကာ၊ ‘‘ဒါယိကာမတို့၏ ဆက်ဆံရေးအတွက် သိင်္ဂါလ သူဌေးအား ဟောကြားတော်မူခဲ့သော ကျင့်ဝတ်များဖြစ်၏၊ မိဘနှင့် သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား၊ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ကျင့်ဝတ်များကိုလည်း ဤသူဌေးသားကိုပင် အကြောင်းပြု၍ ဟောတော်မူခဲ့ပေသည်။ သက်ဆိုင်ရာအခန်းများတွင် ဤကျင့်ဝတ်များကို တင်ပြရပါဦးမည်။
ကျွန်ုပ်တို့၏ အဓိကဦးတည်ချက်မှာဤဘဝ ဤခန္ဓာဖြင့်ပင် ဤသာသနာမှာ အပါလိုက်နိုင်ရေးသာ ဖြစ်၏၊ ဤဘဝမှ သေလွန်ပြီးနောက် နတ်ပြည်၊ သုဂတိ ရောက်ရှိရေးမှာ အဓိက မဟုတ်ပါ။ သို့သော် အချို့သော ‘ဒါယကာ၊ ဒါယိကာမများသည် တရားဘက်တွင် ဉာဏ်သက်ဝင်နိုင်စွမ်း မရှိကြပေ။ ဤဒါယကာ၊ ဒါယိကာမများအတွက် နတ်ပြည်ရောက်ကြောင်း ကောင်းမှုကလေးများဖြင့် နှစ်သိမ့်မှု ပေးထားကြရပေသည်။
ဤကျင့်ဝတ်များကို အတိုနည်းဖြင့် ချုံးလိုက်ပါသော် ဒါယကာ၊ ဒါယိကာမများက တတ်အားသမျှ လှူဒါန်းကြ၍ ရဟန်းသံဃာတော်များက တရားပြသ ဆုံးမကြရန်ဟူ၍ ဖြစ်လာ၏၊
ဤကျင့်ဝတ်များကို ထောက်သောအားဖြင့် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတွင် ရဟန်းသံဃာများက အပေီးနေရပါသလော။ ရဟန်းသံဃာများသည် မကောင်းမှုကို တားမြစ်ရာတွင် ပြောရုံ ဟောရုံထက်ပို၍ တစ်စုံတစ်ရာ အာဏာသုံးခွင့်ကော ရှိပါသေးသလော။ ထို့ပြင်တစ်ဝ ဒါယကာ၊ ဒါယိကာမများကကော မိမိလှူဒါန်းနေရသော ရဟန်းသံဃာများအပေါ် တစ်စုံတစ်ရာ ပြောဆိုခွင့် မရှိတော့ပြီလော။
ဝိနည်းသိက္ခာပုဒ်များ ပညတ်ရခြင်း၏ အကြောင်းအရင်းများကို ကြားဖူးနားဝ ရှိထားလျှင် ဤနောက်ဆုံးပြဿနာ ပြေလည်ပြီး ဖြစ်ပါလိမ့်မည်။ ရဟန်းများက မသင့်လျော်သော အမှုများ ပြုလုပ်ကြရာတွင် ဒါယကာ၊ ဒါယိကာမများက သောသောညံမျှ ကဲ့ရဲ့ ရှုတ်ချကြ၏၊ ကဲ့ရဲ့ရှုတ်ချသံတို့သည် ရဟန်းများမှတစ်ဆင့် ရွှေနားတော်အထိ ပေါက်ကြားသွားကြ၏၊ ဤတွင် ဤသို့သော အပြုအမူမျိုးကို တားဆီးရန် သိက္ခာပုဒ်များ တိုးလာကြရပေတော့သည်။
ဤသို့အားဖြင့် ဒါယကာ၊ ဒါယိကာမများသည် သာသနာတော်ကို စောင့်ရှောက်ကြ၏၊ မတော်မသင့် ပြုကျင့်သော ရဟန်းများကို ကဲ့ရဲ့သင်္ဂြိုဟ် အတင်းဆိုခြင်းသည် သာသနာတော်ကို စောင့်ရှောက်ခြင်းပင် ဖြစ်ပေသည်။
ဤသို့ဆိုကြသော သူများတွင် သဘောရိုးဖြင့် ဆိုကြသူများ ရှိသလို မနောဆိုးဖြင့် ဆိုလာသူများလည်း ရှိပေသည်။ သဘောရိုးဖြင့် ဆိုလာသော အမှုများကို အချိန်မီတားမြစ်ကာ မနောဆိုးဖြင့် ဆိုလာသော အမှုများတွင်ကား ဝိနည်းတော်အရ ကျနစွာ စစ်ဆေးရပေသည်။ ကျနစွာ စစ်ဆေး၍ အပြစ်ရှိသူကိုကား ထိုက်ထိုက်တန်တန် အပြစ်ဒဏ် ခတ်ရတော့၏၊ တစ်ခါတစ်ရံ ပြောဆိုလာသော တရားလိုသည်ပင် တရားခံဘဝရောက်ကာ ကျသင်ေ့သာ အပြစ်ဒဏ်ကို ခံသွားခဲ့ရ၏၊
လိစ္ဆဝီအမျိုးသား ဝဍ္ဎုသည် ဤကဲ့သို့ ပြစ်ဒဏ်ခံခဲ့ရသော ဒါယကာတစ်ယောက်ပင်ဖြစ်၏၊ သာသနာတော်ကြီးတစ်ခုလုံးကို ကြည်ညိုသော ဒါယကာတစ်ယောက်ဖြစ်သော်လည်း အရှင်မေတ္တိယ၊ အရှင်ဘူမဇကတို့ထံ အဝင်အထွက်များခဲ့၏၊ အဆက်အဆံများခဲ့၏၊ ဒါယကာရင်း ဆရာရင်းများ ဖြစ်နေခဲ့ကြ၏၊
တစ်နေ့သ၌ ‘ဒါယကာရင်း သူတို့ကျောင်းသို့ လာရာတွင် တစ်မူထူးခြားနေသည်ကို တွေ့လိုက်ရသည် ဆို၏၊ ခါတိုင်းဆိုလျှင် သူတို့က အရင်ဦးအောင် နှုတ်ဆက်နေကျဖြစ်၏၊ ထိုနေ့မှာကား နှုတ်ရွှင်သော အရှင်နှစ်ပါးသည် စကားမပြော တုဏှိဘော ဖြစ်နေကြ၏၊ ဘာကိုများ မျက်ထားတော်ညို အလိုမကျ ဖြစ်နေကြပါလိမ့်။
အရှင်ဘုရားတို့ တပည့်တော် ရှိခိုးပါ၏
ဝဍ္ဎုသည် အရှင်နှစ်ပါးကို အကဲခတ်ရင်း ရှိခိုးလိုက်၏၊ ကာယကံနှင့်အတူ ဝစီကံပါ ရောစွက်ပေးလိုက်၏၊ သို့သော် သူ့အရှင်များကား မျက်လွှာတော် မော် ၍မျှပင် မကြည့်ကြသေးပါ။
တစ်ကြိမ်မက နှစ်ကြိမ်၊ နှစ်ကြိမ်မက သုံးကြိမ် ရှိခိုးပြန်ရာ၌လည်း ကိုယ်တော်များက တုတ်တုတ်မျှ မလှုပ်ကြပေ။ ဤတွင် ဒါယကာရင်းဖြစ်သူမှာ မနေသာတော့ဘဲ-
"အရှင်ဘုရားတို့၊ အရှင်ဘုရားတို့အပေါ်မှာ တပည့်တော် ဘာများ ပြစ်မှားမိပါသလဲ။ တပည့်တော်ကို အဘယ်အပြစ်ကြောင့် စကားမပြောဘဲ နေကြပါသလဲ"
ဤသို့ ဒါယကာက မေးလျှောက်ခါမှ ဆရာများက အမိန့်တော် ရှိလိုက်ကြ၏၊
"ဒါယကာဝဍ္ဎု မလ္လအမျိုးသား အရှင်ဒဗ္ဗက ငါတို့ကို နှိပ်စက်နေသည်ကို သင်သည် လျစ်လျူရှုရက်ဘိ၏၊ ဤသည်လျှင် သင့်အပြစ်မဟုတ်ပါသလော"
"ဩော်.... သည်ကိစ္စအတွက်ပါကလား"
တည့်တည့်ဖွင့်ပြောခါမှ ဒါယကာဝဍ္ဎု သဘောပေါက်သွားပေသည်။
(ဝိနည်းစူဠဝဂ်၊ ခုဒ္ဒကဝတ္ထုခန္ဓက)
မှန်ပေသည်။ အရှင်နှစ်ပါးဘက်ကကြည့်လျှင် ဤကိစ္စအတွက် ဒါယကာဝဍ္ဎုမှာ အပြစ်ရှိနေသည်ဟု ဆိုထိုက်၏၊ အရှင်ဒဗ္ဗနှင့် ပတ်သက်၍ သည်အရှင်နှစ်ပါး အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ပါလျက် ရေငုံနှုတ်ပိတ် နေနိုင်ခြင်းသည် အပြစ်တစ်ခုပင်ဖြစ်သည် မဟုတ်ပါလော။
အရှင်မေတ္တိယတို့ မလိုတမာဖြစ်ခဲ့သော အရှင်ဒဗ္ဗသည် တကယ်တော့ဖြင့် သာသနာ့အာဇာနည်လေး တစ်ပါးဖြစ်၏၊ ခုနစ်နှစ်သား အရွယ်ကပင် ရဟန်းဝတ်ကာ အရဟတ္တဖိုလ် ဆိုက်ရောက်ခဲ့သူဖြစ်၏၊ ထိုစဉ်က ရဟန်းဝတ်ခွင့်အတွက် အသက်နှစ်ဆယ်ပြည့်ရမည်ဟု ပညတ်တော် မထုတ်ရသေးပေ။
သိသင့်သိထိုက်သော နိဗ္ဗာန်တရားတော်ကြီးကို အမြင့်ဆုံးဉာဏ်ဖြင့် သိလိုက်ပြီးပြီမို့ သူ့ကိုယ်ရေးကိုယ်တာ လုပ်စရာဟူ၍ မရှိတော့ပေ။ အသိပြီးပြီမို့ အလုပ်လည်း ပြီးသွားပေသည်။ သို့ဖြစ်၍ အရှင်ဒဗ္ဗသည် သံဃာတော်များ၏ အမှုကိစ္စများကို ဆောင်ရွက်ရပေသည်။ သံဃာတော်များ၏ အိပ်ရာနေရာကို ခင်းပေးကာ ပင့်လျှောက်လာသော ဆွမ်းစားကိစ္စများကိုလည်း ထေရ်စဉ်ဝါလိုက် စာရင်းအရ အလှည့်ကျ ထည့်ပေးရပေသည်။ ဤတာဝန်များကို အရှင်ဒဗ္ဗလျှောက်ထားချက်အရ ဘုရားရှင်က ပေးတော်မူထားခြင်းဖြစ်၏၊ သံဃာတော်များက ဉတ်ကမ္မဝါစာများဖြင့် တရားဝင် အသိအမှတ်ပြုထားကြရ၏၊
ရဟန်းငယ်လေး၏ ဆောင်ရွက်မှုဖြင့် ရဟန်းသံဃာများသည် စိတ်တိုင်းကျ ကျိန်းစက်ခွင့်ရကြ၏၊ ရဟန်းငယ်ကလေး၏ စီစဉ်ညွှန်ကြားမှုဖြင့် အလှည့်ကျ ဆွမ်းစားလိုက်နေကြရ၏၊ စာရင်းနှင့် ဇယားနှင့် တိတိကျကျ ဆောင်ရွက်ပေးသဖြင့် သံဃာတော်ကြီးများက သာဓုနုမော် ခေါ်ကြရပေသည်။
သံဃာတော်ကြီးများက ညီညာဖြဖြ သာဓုခေါ်ကြသော ဤကိစ္စသည် အရှင်မေတ္တိယတို့အတွက်မှာတော့ မကျေချမ်းစရာ ဖြစ်နေရ၏၊ သူတို့မှာ ရဟန်းသိက္ခာလည်း အငယ်ဆုံးဖြစ်ကြ၏၊ တစ်စုံတစ်ရာ ပြောစားလောက်သော အရည်အချင်းလည်း မရှိကြ။ သို့ဖြစ်၍ ထေရ်စဉ်ဝါလိုက် စာရင်းချလိုက်သောအခါတိုင်း အညံ့ဆုံးသော အိပ်ရာ နေရာတို့သည် သူတို့အဖို့ ဖြစ်နေကြ၏၊ အညံ့ဆုံးသော ဆွမ်းခဲဖွယ်တို့သည် သူတို့ဝေစု ဖြစ်နေကြ၏၊
စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရသော အရှင်မေတ္တိယတို့သည် တစ်နေ့နေ့မှာတော့ သူတို့အလှည့်ကျလာမည်ဟု မျှော်တလင့်လင့် နေခဲ့ကြ၏၊ မျှော်လင့်ထားသည့်အတိုင်းလည်း တစ်နေ့မှာတော့ သူတို့အတွက် လာဘ်တိုက်လာပါ၏၊ ဆွမ်းကောင်းဟင်းကောင်းနှင့် ကျွေးမွေးတတ်သော ဒါယကာကြီး အိမ်တွင် မနက်ဖြန်နံနက် သူတို့နှစ်ပါး ဆွမ်းစားကြွကြရတော့မည် မဟုတ်ပါလား။
ယခင်နေ့များတုန်းက အရှင်ဒဗ္ဗကို မကျေနပ်ခဲ့ကြသော အရှင်မေတ္တိယတို့သည် ထိုနေ့မှာတော့ အကျေနပ်ကြီး ကျေနပ်ကြရ၏၊ နက်ဖြန်ခါ တွေ့မြင်ရမည့် စားကောင်းသောက်ဖွယ်များကို ကြိုကြိုတင်တင် မြင်ယောင်နေကြ၏၊ ထိုအတွေး ထိုအမြင်များဖြင့် အိပ်မပျော်နိုင်ဘဲ တစ်ညကုန်ခဲ့ကြရ၏၊
သည်တစ်ခါ ကောင်းကောင်းကြီး စားရတော့မည်ဟု စောစောကြီး ကြွလာကြသော အရှင်နှစ်ပါးအား အစေခံမက တံခါးဝမှာ ကြိုလင့်လျက် ရှိ၏၊ တံခါးဝက ခုံတစ်ခုံမှာပင် အဝတ်ခင်းကာ အရှင်ဘုရားတို့ ထိုင်ကြပါ ဟု လျှောက်၏၊ အရှင်မေတ္တိယတို့မှာ အောင့်အောင့်သက်သက်ဖြင့်ပင် တံခါးဝမှာ ထိုင်ကြရပေသည်။
ခါတိုင်းနေ့များဆိုလျှင် သံဃာတော်များ ကြွလာသည်နှင့် ဆွမ်းဒါယကာကြီးကိုယ်တိုင် သားမယားနှင့်တကွ တံခါးဝမှထွက်၍ှ ကြိုဆိုမြဲ ဖြစ်၏၊ ယခု သူတို့နှစ်ပါးတည်း ကြွလာချိန်တွင်ကား ဆွမ်းဒါယကာများလည်း မပေါ်လာ။ ဆွမ်းအစ်မလည်း မမြင်ရ။ သားသမီးများလည်း တစ်ယောက်မှ မပြူလာကြ။
"ဧကန္တ ဆွမ်းမကျက်သေး၍ ဖြစ်လိမ့်မည်"
ထူးခြားနေသော အခြေအနေကြောင့် စိတ်တထင့်ထင့် ဖြစ်နေရင်းက စိတ်သက်သာရာကို ရှာခဲ့ကြ၏၊ ရှာသော်လည်း အချည်းအနှီးသာ ဖြစ်ရပါ၏၊ နေရာခင်းပေးသော အစေခံမသည်ပင် ဆန်ကွဲထမင်း ပုန်းရည်ဟင်းဖြင့် သူတို့ကို ဆက်ကပ်လိုက်ပေသည်။
"နှမ၊ ငါတို့က ပင့်ဖိတ်၍ ကြွလာသူများ ဖြစ်သည်"
အရှင်မေတ္တိယတို့က ရလိုရငြား အရေးဆိုကြည့်ကြပါသေး၏၊ သို့သော် အကြောင်းကား မထူးပါလေ။ "အရှင်သခင်ညွှန်ကြားထားသည့်အတိုင်း ကပ်ရပါသည်" ဟု အစေခံမက ဟုတ်တိုင်း မှန်စွာ လျှောက်ထား၏၊ ဆဗ္ဗဂိုဏ်းဝင် သည်ရှင်နှစ်ပါး ဆွမ်းစားကြွမည်ကို ကြိုတင်သိသဖြင့် ဆွမ်းဒါယကာကြီးက ဤသို့ ဆက်ကပ်ရန် မှာကြားထားခဲ့ခြင်း ဖြစ်ပေသည်။
ယမန်နေ့က ဆွမ်းဒါယကာကြီး အရှင်ဒဗ္ဗထံ လာခဲ့သည်။ ဧကန္တ ဆွမ်းဒါယကာကြီး သဒ္ဓါပျက်အောင် အရှင်ဒဗ္ဗနှောင့်ယှက်ခဲ့ပေပြီ။
ဆန်ကွဲထမင်း ပုန်းရည်ဟင်းများကို မနှစ်မြို့စွာ စားသောက်ရင်း မနှစ်မြို့စရာ အတွေးအခေါ်များ ပွားများ၍ နေကြ၏၊ ထိုအတွေးကို စုဝေးလိုက်သောအခါမှာကား လုပ်ကြံမှုကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
"အရှင်ဘုရား၊ ဤအမှုသည် မသင့်လျော်ပါ။ ဤအမှုသည် မဖြစ်ထိုက်ပါ။ ယခင်က ဘေးမရှိခဲ့သော အရပ်တွင် ယခု ဘေးရှိလာပါပြီ။ ယခင်က နှိပ်စက်ညှဉ်းပန်းမှု မရှိသောအရပ်တွင် ယခု နှိပ်စက်ညှဉ်းပန်းမှု ရှိလာပါပြီ။ ယခင်က လေမတိုက်ခဲ့သော အရပ်တွင် ယခု လေမုန်တိုင်းကြီး တိုက်ခတ်လာပါပြီ။ ကြည်သာ အေးမြခဲ့သော ရေသည် အလျှံပြောင်ပြောင် တောက်လောင်၍ နေလေယောင်တကား။ မလ္လအမျိုးသား ဒဗ္ဗသည် တပည့်တော်မကို ကျူးလွန် ဖျက်ဆီးခဲ့ပါပြီ ဘုရား"
ဘုရားရှင် ရှေ့တော်မှောက်တွင် မေတ္တိယအမည်ရှိ ရဟန်းမတစ်ပါး လျှောက်ထားလာခြင်း ဖြစ်ပေသည်။ မပြေနိုင်သော ရန်ငြိုးဖြင့် ခင်းလိုက်သော လုပ်ဇာတ်ကြီးကို ဘုရားရှင် သိတော်မူပြီးပင် ဖြစ်ပါ၏၊ သို့ရာတွင် တိုင်ကြားသူ ရှိလာမှတော့ သက်ဆိုင်သူကို ခေါ်၍ စစ်ဆေးတော်မူရပါသည်။
"ဒဗ္ဗ၊ ဤရဟန်းမ လျှောက်ထားသည့်အတိုင်း ကျူးလွန်ဖျက်ဆီးမှုကို သင် ပြုမိလေသလား "
ရဟန်းပရိသတ်အလယ်တွင် အရှင်ဒဗ္ဗကို စစ်ဆေးတော်မူရပေသည်။
"အရှင်ဘုရား၊ တပည့်တော်ကို အရှင်ဘုရား သိတော်မူသည့်အတိုင်းပင် ဖြစ်ပါသည် ဘုရား"
စွဲချက်အတိုင်း မဟုတ်မှန်ပါကြောင်း အရှင်ဘုရား သိတော်မူပြီး ဖြစ်ပါသည်ဟု လျှောက်ထားလိုရင်း ဖြစ်၏၊ သို့ရာတွင် ဤလိုနေရာမျိုးတွင် ဤလိုစကားများဖြင့် မပြီးနိုင်ပေ။ သံဃာ့ပရိသတ်အလယ်တွင် ဟုတ်လျှင် ဟုတ်ကြောင်း၊ မဟုတ်လျှင် မဟုတ်ကြောင်း အတည့်အလင်း ပြောဆိုရမည် ဖြစ်ပေသည်။ ထို့ကြောင့် ဘုရားရှင်က-
"ဒဗ္ဗ၊ ပညာရှိတို့သည် ဤသို့ မတင်မကျ မဖြေကြားကြကုန်။ ရဟန်းမလျှောက်ထားသည့်အတိုင်း ပြုမိလျှင် ပြုမိသည်ဟု လျှောက်ထားလော့။ မပြုမိလျှင် မပြုမိဟု လျှောက်ထားလော့"
"အရှင်ဘုရား၊ ကာမဂုဏ် မေထုန်အမှုကို တပည့်တော်သည် အိပ်မက်ပင် မမက်ခဲ့ဖူးပါ။ နိုးကြားနေစဉ်မှာကား အထူးဆိုဖွယ်ရာ မရှိတော့ပါ ဘုရား"
ရှင်းသွားပေပြီ။ ဟုတ်လိမ့်နိုးနိုးနှင့် ခင်းလာသော လုပ်ဇာတ်ကြီး ဘွားဘွားပေါ်သွားသည်နှင့် အရင်းခံလက်သည်များလည်း ပေါ်လာကြပေပြီ။ ဤလက်သည်များကို အကြောင်းပြု၍ပင် အခြားရဟန်းတစ်ပါးကို ရန်ငြိုးထား၍ အခြေအမြစ်မရှိသော ပါရာဇိက အာပတ်ဖြင့် စွပ်စွဲခြင်း မပြုရ ဟူသော သံဃာဒိသိသ် သိက္ခာပုဒ်တစ်ခု ပညတ်တော်မူလိုက်ပေပြီ။
(ပါရာဇိကကဏ္ဍ၊ ပထမဒုဋ္ဌဒေါသ သိက္ခာပုဒ်)
အရှင်မေတ္တိယတို့သည် မိမိတို့ကြောင့် ထွက်ပေါ်လာသော ဤပညတ်တော်ကို ရိုသေစွာ လိုက်နာကြပါ၏၊ သို့သော် ထုံးစံအတိုင်းပင် မပညတ်ရသေးသော အချက်ကိုကား ကြံကြံဖန်ဖန် ကျူးလွန်တတ်ကြသူများ ဖြစ်ကြပေသည်။
အရှင်ဒဗ္ဗကို တိုက်ရိုက်ကြီး စွပ်စွဲ၍ မအောင်မြင်သောအခါ သူတို့သည် တစ်မျိုးတစ်ဖုံ ကြံစည်ကြပြန်၏၊ ယခင်အကြိမ်က မေတ္တိယရဟန်းမကို စေခိုင်းခဲ့ကြ၏၊ မေတ္တိယနှင့် ဟန်မရသောအခါမှာ ရှေ့တော်မှောက်သို့ သူတို့ကိုယ်တိုင် ဝင်လာကြပေတော့သည်။ မေတ္တိယနှင့် ကျူးလွန်နေသော ဒဗ္ဗကို သူတို့ကိုယ်တိုင် အမြင်အတွေ့ဖြစ်ပါကြောင်း လျှောက်ထားကြပေတော့သည်။ သေသေချာချာ စစ်ဆေးကြည့်သောအခါတွင်ကား ဒဗ္ဗဆိုသည်ကား ဆိတ်ထီး၊ မေတ္တိယဆိုသည်ကား ဆိတ်မ။ သူတို့ချင်း ဘာသာဘာဝပြုကျင့်ကြသည်ကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံကြပြန်ခြင်းပင် ဖြစ်၏၊ ဤအကြိမ်မှာလည်း သံဃာဒိသိက် သိက္ခာပုဒ်တစ်ခုဖြင့် တားမြစ်တော်မူလိုက်ရပေသည်။
(ပါရာဇိကကဏ္ဍ၊ ဒုတိယ ဒုဋ္ဌဒေါသ သိက္ခာပုဒ်)
နှစ်ကြိမ်တိုင်တိုင်ကြိုးစား၍ နှစ်ကြိမ်တိုင်တိုင် အရှက်ကွဲခဲ့ရသော အရှင်မေတ္တိယတို့သည် ဤမျှဖြင့် နောင်တ တရား မရနိုင်ကြပါ။ အရှင်ဒဗ္ဗကို သာသနာ့ဘောင်မှ ဖယ်မထုတ်နိုင်မချင်း သူတို့ မကျေနပ်နိုင်ကြပါ။ ထို့ကြောင့် သူတို့ဒကာရင်းထံမှာ စကားတစ်စ ပစ်ပေးလိုက်ကြခြင်း ဖြစ်၏၊ ပစ်ပေးလိုက်သော စကားတစ်စကို ဒါယကာရင်းဝဍ္ဎု အရအမိ ဆွဲယူလိုက်ပါ၏၊
"အရှင်ဘုရား၊ သည်ကိစ္စအတွက် တပည့်တော် ဘာများ ဆောင်ရွက်ပေးရမည်လဲ"
"ငါတို့များ စိတ်ချမ်းသာမှုကို သင်လိုလားရိုးမှန်လျှင် ယနေ့ပင် ဘုရားရှင်က ဒဗ္ဗကို နှင်ထုတ်တော်မူပေလိမ့်မည်"
ဒါယကာဘက်မှ လိုက်လျောလာချိန်တွင် ဆရာများက လိုရင်းအချက်ကို ထုတ်ဖော်ကြတော့၏၊
အရှင်မေတ္တိယတို့၏ ညွှန်ကြားချက်အရ ဝဍ္ဎု သည် အရှင်ဒဗ္ဗအား မိမိမယားနှင့် သမုတ်လိုက်ပြန်၏၊ သို့သော် ယခင်နှစ်ကြိမ်တုန်းကကဲ့သို့ပင် ယခု တတိယအကြိမ်မှာလည်း အရှင်ဒဗ္ဗမှာ ဘေးမသီရန်မခ ဖြစ်ရပြန်၏၊
အပြစ်မရှိသူက အေးအေးလူလူနေရသော်လည်း ဆရာအတင်မှားခဲ့သော ဝဍ္ဎုမှာကား သောကစိတ်ပူဖြင့် ဗလောင်ဆူ၍ နေပေသည်။
"ရဟန်းတို့၊ ထိုသို့သော အကြောင်းကြောင့် လိစ္ဆဝီအမျိုးသားဝဍ္ဎုကို သပိတ်မှောက်ကံ ပြုကြကုန်လော့။ ရဟန်းသံဃာသည် သူနှင့် မဆက်ဆံဘဲ ဖဲကြဉ်ထားပေလော့"
ဤသို့ မိန့်ကြားတော်မူရာမှ ဘုရားရှင်က ဆက်လက်၍-
၁။ ရဟန်းတို့ လာဘ်လာဘမရအောင် ကြိုးစားခြင်း၊
၂။ ရဟန်းတို့အား အကျိုးမဲ့ဖြစ်ရန် ကြိုးစားခြင်း၊
၃။ ရဟန်းတို့ နေစရာမရှိရန် ကြိုးစားခြင်း၊
၄။ ရဟန်းတို့ကို ဆဲရေးခြင်း၊ ကြိမ်းမောင်းခြင်း၊
၅။ ရဟန်းအချင်းချင်း ရန်တိုက်ပေးခြင်း၊
၆။ ဘုရားရှင်ကို ကဲ့ရဲ့ရှုတ်ချခြင်း၊
၇။ တရားကို ကဲ့ရဲ့ရှုတ်ချခြင်း၊
၈။ သံဃာကို ကဲ့ရဲ့ရှုတ်ချခြင်း
ဟူ၍ သပိတ်မှောက်ထိုက်သော အင်္ဂါရှစ်ပါးကို မိန့်ကြားတော်မူပေသည်။
လိစ္ဆဝီအမျိုးသားဝဍ္ဎုသည် အရှင်ဒဗ္ဗအား မိမိမယားနှင့် စွပ်စွဲခြင်းဖြင့် သပိတ်မှောက်ထိုက်သော အင်္ဂါတွေ တော်တော်များနေပြီ ဖြစ်၏၊ ထို့ကြောင့် သံဃာတော်များက ဝဍ္ဎုကို သပိတ်မှောက်ကံ ပြုကြပေသည်။ သူနှင့် မည်သည့်ရဟန်းမျှ ဆက်ဆံပတ်သက်ခွင့် မရှိတော့ပေ။
သံဃာများ သဘောတူ စိတ်တူ ပြုကြသော ဤသပိတ်မှောက်ကံတွင် ကျွန်ုပ်လည်း ပါဝင်ခဲ့ရပါ၏၊ ပါဝင်ခဲ့ပြီးသည့်နောက် ဝဍ္ဎုထံ အသိပေးရင်း ပြောဆိုရန်လည်း တာဝန်ယူရ၏၊ ယူခဲ့သည့်အတိုင်း ဆွမ်းခံသွားရင်း ပြောပြလိုက်သည်တွင် ဝဍ္ဎု မှာ မူးမေ့ကာ လဲကျသွားတော့၏၊ ခင်မင်ရာ နီးစပ်ရာနောက်သို့ လိုက်ပါမိခဲ့သော်လည်း သာသနာတော်ကြီးနှင့် အဆက်ပြတ်သွားရမည့် အရေးကိုကား သူ့ခမျာ ဝန်လေးနေရှာပေလိမ့်မည်။
ထိုနေ့ညမှာပင် ဝသည် စိုစွတ်သော ဆံပင်၊ စိုစွတ်သော အဝတ်အစားတို့ဖြင့် ကျောင်းတော်သို့ ရောက်လာ၏၊ သားချင်းပေါက်ဖော်များနှင့် မိတ်ဆွေများကိုပါ စုရုံးခေါ်လာကာ ဘုရားရှင်ခြေတော်အစုံကို ဦးခိုက်၍် ဝန်ချတောင်းပန်၏၊ အဟုတ်တကယ် နောင်ကြဉ်သွားသည်ကို သိရှိတော်မူသဖြင့် ဘုရားရှင်က သပိတ်မှောက်ထားသော ကံကို ပြန်လည်ရုပ်သိမ်းရန် မိန့်ကြားတော်မူပေသည်။
(ဝိနည်းစူဠဝဂ်၊ ခုဒ္ဒကဝတ္ထုခန္ဓက)
ဤဝတ္ထုကိုထောက်သောအားဖြင့် ရဟန်းသံဃာများသည် ဒါယကာ ဒါယိကာမများထဲက စော်ကားမော်ကား ပြုသူများကိုသာ ဤကံဖြင့် တားမြစ်ရ၏၊ သို့ရာတွင် မိမိအလိုမကျမှုဖြင့် မိမိနှင့် အယူအဆ မတူရုံမျှဖြင့် ဘုရားရှင့် အာဏာတော်ကြီးကို အသုံးပြုခွင့် မရှိပါချေ။
ရဟန်းသံဃာကို ထိပါးနှောင့်ယှက်သော ဒါယကာ ဒါယိကာမများကို ရဟန်းတို့ဘက်က သပိတ်မှောက်ကံ ပြုနိုင်သကဲ့သို့ ဒါယကာ ဒါယိကာမများ ဘက်ကလည်း ရဟန်းများကို ကံပြုခွင့် ရှိပေသည်။ ထိုကံကား အပ္ပသာဒ ပဝေဒနိယကံ ဖြစ်၏၊
"ရဟန်းတို့၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ရဟန်းအား ဒါယကာတို့သည် အလိုရှိသော် မကြည်ညိုခြင်းကို ထင်ထင်ရှားရှား ပြကုန်၏၊ အဘယ်အင်္ဂါရှစ်ပါးတို့နှင့်နည်း ဟူမူကား၊ လူတို့အား ပစ္စည်းဥစ္စာ မရခြင်းငှာ အားထုတ်၏၊ လူတို့အား အကျိုးယုတ်စေရန် အားထုတ်၏၊ လူတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏၊ လူနှင့်လူချင်း ကုန်းတိုက်ပေး၏၊ ဘုရားရှင်ကို ကဲ့ရဲ့ရှုတ်ချ၏၊ တရားတော်ကို ကဲ့ရဲ့ရှုတ်ချ၏၊ သံဃာကို ကဲ့ရဲ့ရှုတ်ချ၏၊ အကျွမ်းတဝင် အဆက်အဆံမပြုသင့်သော နေရာခြောက်မျိုးမှာလည်း ဝင်ထွက်ဆက်ဆံ၏၊ ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ရဟန်းအား ဒါယကာ ဒါယိကာမတို့သည် အလိုရှိသော် မကြည်ညိုခြင်းကို ထင်ထင်ရှားရှား ပြကုန်ရာ၏"
(အင်္ဂုတ္တရ၊ အဋ္ဌကနိပါတ်၊ အပ္ပသာဒ ပဝေဒနိယသုတ်)
ရဟန်းသံဃာကို အကာအကွယ်ပေးတော်မူခဲ့သော ဘုရားရှင်သည် ဒါယကာ ဒါယိကာမများကိုလည်း ထပ်တူထပ်မျှ အခွင့်အရေး ပေးတော်မူပေသည်။ ဤအင်္ဂါရှစ်ပါးအနက် နောက်ဆုံးအင်္ဂါအရ အကျွမ်းတဝင် အဆက်အဆံ မပြုသင့်သော နေရာခြောက်မျိုးမှာ ပြည့်တန်ဆာမအိမ်၊ မုဆိုးမအိမ်၊ အပျိုကြီးအိမ်၊ နပုံးပုဏ္ဍုက်အိမ်၊ ရဟန်းမတို့၏ ကျောင်းနှင့် သေတင်းကုပ်များ ဖြစ်ကြ၏၊
ဤနေရာ ဤဌာနများသို့ ရဟန်းများ လုံးဝ မသွားရ။ ဤလိုပုဂ္ဂိုလ်များနှင့် လုံးဝ မဆက်ဆံရဟု မဆိုလိုပါ။ အခြားအိမ်များတွင် ဆွမ်းခံဝင်သကဲ့သို့ ဤအိမ်များကိုလည်း ဆွမ်းခံဝင်နိုင်ပါသည်။ ဤလိုပုဂ္ဂိုလ်များကိုလည်း အခြားသော ဒါယကာ ဒါယိကာမများနည်းတူ ဆက်ဆံနိုင်ပါသည်။ သို့ရာတွင် လိုအပ်သော အတိုင်းအတာထက် ကျော်လွန်၍ ဆက်ဆံမိလျှင်ကား ရဟန္တာပုဂ္ဂိုလ်ဖြစ်ပါသော်လည်း သူတကာ အထင်လွဲစရာ ဖြစ်တတ်၏၊ မတော်တလျော် အစွပ်အစွဲ ခံရတတ်၏၊ ထို့ကြောင့် အကျွမ်းတဝင် မဆက်ဆံသင့်သော ဌာနဟူ၍ ဘုရားရှင် ဟောတော်မူခြင်း ဖြစ်ပေသည်။
(အဘိဓမ္မာ၊ ဝိဘင်းပါဠိတော်)
အထက်ပါ အင်္ဂါရှစ်ပါးလုံးနှင့်သော်လည်းကောင်း၊ အချို့အဝက်နှင့်သော်လည်းကောင်း၊ ငြိစွန်းသောရဟန်းအား ဒါယကာ ဒါယိကာမတို့က အပ္ပသာဒ ပဝေဒနိယကံ ပြုနိုင်ပေသည်။ ဤကံကို ဒါယကာ ဒါယိကာမများက ပြုရာတွင် ရဟန်းများကဲ့သို့ ဉတ်ကမ္မဝါစာများ ရွတ်ဖတ်ရန် မရှိပါ။ ကံပြုထိုက်သော ရဟန်းကို နေရာမှ ထမပေးခြင်း၊ ရှိမခိုးဘဲ နေခြင်းဖြင့် ကံမြောက်ပြီး ဖြစ်ပေသည်။
(အင်္ဂုတ္တရ၊ အဋ္ဌကထာနိပါတ်၊ အပ္ပသာဒပဝေဒနိယသုတ် အဋ္ဌကထာ)
သပိတ်မှောက်ကံမှာတုန်းက ပြစ်မှားမိသော ဒါယကာ ဝန်ချတောင်းပန်သဖြင့် ရဟန်းများက သပိတ်လှန်၍ ပေးရ၏၊ သပိတ်မှောက်ကံကို သပိတ်လှန်ကံဖြင့် ပယ်ဖျက်ပေးရ၏၊ ယခု လူတို့ပြုသော ကံကိုကား မည်သူက မည်သို့ ပယ်ဖျက်ရပါမည်နည်း။ ဤအကြောင်းကို အရှင်သုဓမ္မနှင့် စိတ္တသူကြွယ်တို့အမှုဖြင့် စံနမူနာ ပြုနိုင်ပေသည်။
အကျိုးအကြောင်း ဆက်စပ်နေ၍သာ အရှင်သုဓမ္မနှင့် စိတ္တသူကြွယ်တို့အမှုဟူ၍ ဆိုလိုက်ရ၏၊ အရှင်သုဓမ္မအပေါ် အမှုပတ်လာအောင် စိတ္တသူကြွယ်အနေနှင့် တစ်စုံတစ်ရာ ကြိုးစားမှု မရှိခဲ့ပါ။ စိတ္တသူကြွယ်သည် အရှင်သုဓမ္မ၏ ကျောင်းဒါယကာ၊ ပစ္စည်းလေးပါး ဒါယကာကြီးပင် မဟုတ်ပါလော။
စိတ္တသူကြွယ်တို့၏ မစ္ဆိကာသဏ္ဍရွာကြီးသည် မဂဓတိုင်းထဲမှာ ရှိ၏၊ စိတ္တသူကြွယ်သည် ထိုရွာမှာ အစဉ်အဆက် နေလာခဲ့ကြသော သူဌေးမျိုးရိုးမှ ဖွားမြင်ကာ မိဘအမွေကို တစ်ဦးတည်း အမွေခံခဲ့ရသူ ဖြစ်၏၊ ပစ္စည်းအမွေမျှသာ မဟုတ်။ မဂဓတိုင်းတွင် ဘုရင် ဗိမ္ဗိသာရ၏ အသိအမှတ်ပြုမှုကိုပါ ဖခင်ကိုယ်စား ဆက်ခံခဲ့ရ၏၊
ပဉ္စဂ္ဂီငါးဦးမှာ အပါအဝင်ဖြစ်သော အရှင်မဟာနာမ်သည် တစ်ခါက မစ္ဆိကာသဏ္ဍသို့ ကြွလာဖူး၏၊ စိတ္တသူကြွယ်သည် အရှင်မဟာနာမ်ထံမှ အာယတနခြောက်ပါးကို ပရိကံပြု၍ ဟောသောတရားကို ကြားနာခွင့်ရခဲ့၏၊ ဤတရားဖြင့် အနာဂါမိဖိုလ်သို့ ဆိုက်ရောက်ခဲ့ရ၏၊ လူဝတ်ကြောင် ဒါယကာတစ်ဦးအနေနှင့် အမြင့်ဆုံးသော အဆင့်ပင်ဖြစ်ပေသည်။ ဤကား စိတ္တသူကြွယ်အကြောင်း အမြွက်မျှသာ ဖြစ်၏၊ စိတ္တသူကြွယ်၏ ပုဂ္ဂိုလ်အမျိုးမျိုးနှင့် တရားသဘောများ အကြိတ်အနယ် ဆွေးနွေးပုံများကို အကြောင်းသင့်သော တစ်နေရာမှာ တင်ပြပါဦးမည်။
(အင်္ဂုတ္တရ၊ အဋ္ဌကထာ ဧကနိပါတ်၊ ဧတဒဂ္ဂဝဂ်၊ စိတ္တဂဟပတိဝတ္ထု)
တစ်နေ့သ၌ ကျွန်ုပ်တို့အပါအဝင် ရဟန်းသံဃာ တစ်ဆယ့်တစ်ပါးသည် မစ္ဆိကာသဏ္ဍရွာကြီးသို့ ဆိုက်ရောက်ခဲ့ကြ၏၊ ခေါင်းဆောင်မှာ အရှင်မဟာသာရိပုတ္တရာဖြစ်၍ လိုက်ပါလာသူများမှာ အရှင်မဟာမောဂ္ဂလန်၊ အရှင်နုရုဒ္ဓါနှင့် ရာဟုတလာတို့ အပါအဝင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များချည်း ဖြစ်ပေသည်။
နောက်နေ့နံနက်တွင် ကျောင်းဒါယကာ၏ ပင့်ဖိတ်ချက်ဖြင့် ကျွန်ုပ်တို့ တစ်ဆယ့်တစ်ပါး ဆွမ်းစားကြွကြ၏၊ ကျောင်းထိုင်ပုဂ္ဂိုလ် အရှင်သုဓမ္မကား လိုက်ပါမလာပေ။ ခါတိုင်း အာဂန္တု သံဃာများကို ပင့်ချိန်ရှိလျှင် စိတ္တသူကြွယ်သည် သူ့ကို ပန်ကြားပြီးမှ ပင့်နေကျဖြစ်၏၊ ယခု ကျွန်ုပ်တို့ ရောက်လာသည်တွင်ကား ဝမ်းမြောက်ဝမ်းသာ ဖြစ်လွန်းသဖြင့် ထိုအစဉ်အလာ ပျက်ကွက်သွားခဲ့မိသည် ဆိုပါ၏၊ တမင်တကာ ဖျက်ပစ်သည်မဟုတ်။ သတိမေ့မိ၍ ပျက်ကွက်ရခြင်းသာ ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ၊ ဤကိစ္စကို အရှင်သုဓမ္မက လုံးဝ မကျေနပ်ပါချေ။ မိမိအပေါ် ကျောင်းဒါယကာက အကြည်ညိုပျက်လာ၍သာ ဤသို့ ပျက်ကွက်လာသည်ဟု တစ်ထစ်ချ စွဲယူထား၏၊ ထို့ကြောင့် ကျောင်းဒါယကာက သုံးကြိမ်တိုင်တိုင် ပင့်ပါလျက် ဇွတ်အတင်း ငြင်းဆန်ခဲ့ပေသည်။
ကိုယ့်စိတ် ကိုယ်မာန်ဖြင့် ဆွမ်းစားလိုက်ရန် ငြင်းဆန်ခဲ့သော အရှင်သုဓမ္မသည် ကျွန်ုပ်တို့ ဆွမ်းစားနေခိုက်တွင်ကား လိုက်လာခဲ့၏၊ ကျောင်းဒါယကာကြီးများက ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားသော ဆွမ်းဟင်းများကို သေသေချာချာကြည့်၏၊ မုန့်ပဲသရေစာများကိုလည်း စေ့စေ့စပ်စပ် လျှောက်ကြည့်၏၊ စိတ်တိုင်းကျ ကြည့်ရှုပြီးသည်တွင်ကား ဆွမ်းဒါယကာကြီးကို ဤသို့ ဆိုလိုက်မိတော့၏၊
"ဒါယကာ စိတ္တ၊ သင်တို့ ချက်ပြုတ်ပြင်ဆင်ထားသော ဆွမ်းခဲဖွယ်တို့သည် များလှပါ၏၊ အမျိုးအမည်လည်း စုံပါ၏၊ သို့သော် မုန့်တစ်မျိုးကား လိုနေပေသေးသည်"
"မည်သည့် မုန့်များပါလဲ ဘုရား"
အရှင်သုဓမ္မ၏ ရည်ရွယ်ချက်ကို မစဉ်းစားမိသေးသဖြင့် စိတ္တသူကြွယ်က ရိုသေစွာပင် မေးလျှောက်၏၊
"ဒါယကာ စိတ္တ၊ လိုနေသေးသော မုန့်တစ်မျိုးကား နှမ်းပျစ်ပင် ဖြစ်ပေသည်"
ဤစကားကို ပြောလိုက်သည်နှင့် စိတ္တသူကြွယ်၏ အိမ်သူအိမ်သားများ မျက်နှာပျက်၍ သွားကြပေသည်။ စိတ္တသူကြွယ်တို့ ဘိုးဘေးစဉ်အဆက်ထဲတွင် တစ်ယောက်သောသူသည် မုန့်သည် ဖြစ်ခဲ့ဖူး၏၊ ဤသည်ကို အတွင်းသိ အစင်းသိဖြစ်သော အရှင်သုဓမ္မက လူကြားထဲ အထုပ်ဖြေပြလိုက်ခြင်း ဖြစ်၏၊ သူ့အပေါ် အကြည်ညိုပျက်ရန်ကောဟူသော ရန်ငြိုးဖြင့် မျိုးရိုးဂုဏ် သေးသိမ်သွားအောင် ပုတ်ခတ်လိုက်ခြင်း ဖြစ်ပေသည်။
သို့ရာတွင် ဤသို့ ပုတ်ခတ်လိုက်သဖြင့် စိတ္တသူကြွယ်မှာ မည်သို့မျှ မထိခိုက်ပါ။ ပုတ်ခတ်သူမှာသာ အရှက်တကွဲ ဖြစ်ရရှာပေသည်။
"အရှင်ဘုရား၊ ရှေးစကားတစ်ခုကို လျှောက်ထားပါရစေ။ ဒက္ခိဏပထတိုင်းသား ကုန်သည်များသည် အရှေ့ဘက်တိုင်းနိုင်ငံများသို့ ကုန်ကူးသန်းသွားကြရာ အပြန်မှာ ကြက်မတစ်ကောင် ပါလာခဲ့ပါသည်။ ကြက်မသည် ကျီးကန်းတစ်ကောင်နှင့် အကြောင်းပါက သားကလေးတစ်ကောင် ဖွားမြောက်ခဲ့ပါသည်။ ထိုသားကလေးသည် ဖခင်ဘက်သို့ လိုက်၍မြည်သောအခါ အာကလိအောက်ဟူ၍ မြည်ပါသည်။ မိခင်ဘက်သို့ လိုက်၍မြည်သောအခါမှာကား အောက်ကလိအာဟူ၍ မြည်ပါသည်"
"ဤမိမစစ် ဖမစစ် သတ္တဝါကလေးကဲ့သို့ပင် အရှင်ဘုရားသည်လည်း ရတနာသုံးပါးနှင့်ပတ်သက်၍ ပြောစရာဆိုစရာ စကားတွေ မြောက်မြားစွာ ရှိနေပါလျက် ဘာမဟုတ်သော နှမ်းပျစ်ကလေးတစ်ခုကိုမျှ စကားလုပ်၍ ဆိုဘိသည်တကား"
စိတ္တသူကြွယ်တို့ ဘိုးအေများထဲမှာ မုန့်သည်တစ်ဦးပါခဲ့ကြောင်း ပြောခဲ့တုန်းက ကိစ္စ မရှိလှ။ ယခု အောက်ကလိအာ ပုံပြင်ကား အရှင်သုဓမ္မအဖို့ အထိနာလှ၏၊ ငါကား ရဟန်း၊ သူက ဒါယကာဟူသော အပေါ်စီး စိတ်ထားဖြင့် ပြောမှားမိသဖြင့် လူပုံအလယ်မှာ လှလှကြီး ခံသွားရရှာ၏၊ စိတ္တသူကြွယ်အနေနှင့် ပြောသင့်ပြောထိုက်သော စကားများပင်ဖြစ်နေ၍ ကျွန်ုပ်တို့ကလည်း အသာကြည့်၍ နေလိုက်ကြရပေသည်။
အရှင်သုဓမ္မသည် မိမိအမှားကို ဤနေရာမှာမြင်ကာ ဤနေရာမှာပင် ပြင်လိုက်လျှင်ကား ကောင်းလေစွ။ သို့သော် ကျွန်ုပ်ဆုတောင်းက ပြည့်မလာပါ။ အမှားတစ်ခုကို ကျူးလွန်ထားပြီးသော အရှင်သုဓမ္မသည် နောက်ထပ် အမှားတစ်ခုကို ဆက်၍ ကျူးလွန်လိုက်ပါတော့သည်။
"ဒါယကာ စိတ္တ၊ သင်သည် ငါ့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏၊ သို့ဖြစ်၍ သင့်ကျောင်းကို သင့်ဆီမှာ ငါ ပြန်အပ်ခဲ့ပြီ။ သင့်ကျောင်းမှာ ငါ မနေပြီ။ လွတ်ရာကျွတ်ရာ သွားတော့မည်"
စကားချင်းမယှဉ်သာသဖြင့် နိုင်ရာနှင့်ကိုင်လိုက်ခြင်း ဖြစ်ပေသည်။ စိတ္တသူကြွယ်သည် သုံးကြိမ်တိုင်တိုင် တားပါ၏၊ ပစ္စည်းလေးပါးကို ခါတိုင်းလိုပင် ထောက်ပံ့လှူဒါန်းမည် ဖြစ်ပါကြောင်း လျှောက်ထားပါ၏၊ သို့ရာတွင် ကံအပြုခံချင်နေသော အရှင်သုဓမ္မကား သည်စကားများကို နားမဝင်တော့ပေ။ ဘုရားရှင်သိလျှင် စိတ္တသူကြွယ်အား အပြစ်တင်လိမ့်မည်အထင်ဖြင့် ဇေတဝန်ကျောင်းတော်သို့ အသော့အလျင် ထွက်သွားတော့၏၊
ကျွန်ုပ်တို့သည် မစ္ဆိကာသဏ္ဍတွင် ရက်အတန်ကြာဆက်လက်၍ နေခဲ့ကြ၏၊ အရှင်သုဓမ္မ မရှိခိုက်တွင် ကျောင်းဟောင်းလောင်း ဖြစ်မနေစေရန် နေနိုင်သမျှ နေပေးတော်မူကြပါဟု ကျောင်းဒါယကာက လျှောက်ထားသောကြောင့် ဖြစ်ပေသည်။
ရက်အတန်ကြာလျှင် အရှင်သုဓမ္မသည် မစ္ဆိကာသဏ္ဍသို့ ပြန်လာခဲ့ပါ၏၊ သို့သော် ကျောင်းဒါယကာ ရှေ့မှောက်သို့ကား မသွားရဲရှာ။ ကိုယ့်အပြစ်နှင့်ကိုယ် ရှက်ကြောက်အားနာ ဖြစ်နေရ၏၊ အမိန့်တော်ကြီးနှင့်လာခဲ့သော ကိစ္စဖြစ်၍ ကျွန်ုပ်တို့လည်း မည်သို့မျှ အကြံမပေးသာပေ။
ဤသို့ဖြင့် မိမိကိုယ်တိုင် ရဲဆေးတင်၍ မပေးနိုင်တော့သော အရှင်သုဓမ္မသည် သာဝတ္ထိသို့ ပြန်သွားရတော့၏၊ ရက်အတန်ကြာလျှင် အရှင်သုဓမ္မကိုယ်စား ရဟန်းတစ်ပါး ရောက်လာ၏၊ ကိုယ်စားလှယ်ဖြင့် တောင်းပန်ရန် ဘုရားရှင်က ခွင့်ပြုတော်လိုက်သည်ဟု ဆိုပါ၏၊ မတောင်းပန်ခင်က ကျေနပ်နေပြီးသော စိတ္တသူကြွယ်သည် အရှင်သုဓမ္မ ပြန်ကြွလာပါရန် ထိုရဟန်းမှတစ်ဆင့် ထပ်မံ၍ ပင့်ဖိတ်လိုက်ပေသည်။
ငြင်းတုန်းက ငြင်းခဲ့သော အရှင်သုဓမ္မသည် ဤပင့်ဖိတ်ချက်ကိုကား လက်ခံပါပေသည်။ မာန်မာနကိုချကာ ကောင်းမွန်စွာ ကျင့်သုံးလာသဖြင့် သံဃာများကလည်း ပဋိသာရဏီယကံမှ လွတ်ငြိမ်းခွင့် ပြုလိုက်ကြသည်ဟု ဆိုပါသည်။
အမှားတစ်ခုဖြင့် သတိသံဝေဂရပြီဖြစ်သော အရှင်သုဓမ္မသည် မစ္ဆိကာသဏ္ဍကျောင်းမှာပင် ရဟန်းကိစ္စ ပြီးဆုံး အောင်မြင်ခဲ့ပေသည်။
(ဝိနည်း စူဠဝဂ်၊ ကမ္ပက္ခန္ဓက၊ ပဋိသာရဏီယကမ္မကထာပါဠိတော်နှင့် အဋ္ဌကထာ)
ဤအမှုကို စံနမူနာယူကာ လူတို့ပြုထားသော အပ္ပသာဒပဝေဒနိယကံ ပြေငြိမ်းရန်မှာလည်း ပြစ်မှားမိသော ရဟန်းက တောင်းပန်ရလိမ့်မည်။ အမှားလမ်းသို့ နောက်ထပ်မလာတော့ဘဲ လမ်းမှန်အတိုင်း ကျင့်သုံးရပေလိမ့်မည်။
သံဃာချင်းဆက်ဆံရာတွင် တစ်လမ်းသွားစနစ် မရှိသကဲ့သို့ သံဃာနှင့် ဒါယကာ ဒါယိကာမ ဆက်ဆံရေးမှာလည်း တစ်ဖက်သတ် စနစ်မရှိပါ။ ပြီးခဲ့သော ကြောင်းခြင်းရာများကို သုံးသပ်ကြည့်လျှင် သံဃာနှင့် ဒါယကာ ဒါယိကာမများသည် အပြန်အလှန် ထိန်းချုပ်ပေးနေကြပုံကို တွေ့မြင်နိုင်ပေသည်။ တသွင်သွင်စီးဆင်းနေသော မြစ်ရေထဲ၌ ကျွန်းတစ်ခုပေါ်ထွန်းလျက်ရှိ၏၊ ထိုကျွန်းတွင် ကိုင်းပင်များ ပေါက်မလာပါက မကြာမီ ရေတိုက်စားရာ ပါသွားမည်ဖြစ်၏၊ သို့ဖြစ်၍ ကျွန်းမြေတည်တံ့ရေးတွင် ကိုင်းပင်ကို အားကိုးထားရ၏၊ ထို့အတူ ကိုင်းပင်များ၏ အားထားရာမှာလည်း ထိုကျွန်းမြေပင် ဖြစ်ပေသည်။ ကျွန်ုပ်တို့နှင့် ဒါယကာ ဒါယိကာမများသည် ကိုင်းနှင့်ကျွန်းတို့ ဖြစ်ကြပေသည်။
ကျွန်ုပ်တို့က ရဟန်းတို့ သိက္ခာပုဒ်များကို စောင့်စည်းကြရ၏၊ လူတို့က လူနှင့်ဆိုင်ရာ သီလများကို စောင့်စည်းကြရ၏၊ ကျွန်ုပ်တို့မှာ ပစ္စည်းလေးပါးအတွက် ကိုယ်တိုင်လုပ်ကိုင် ဖန်တီးခွင့်မရှိကြ၊ လူတို့မှာကား တရားသော နည်းလမ်းတို့ဖြင့် ရှာဖွေ ဖန်တီးခွင့်ရှိကြ၏၊
ဤသို့သော အနေအထားကွဲပြားမှုအရ ကျွန်ုပ်တို့ကား အလှူခံပုဂ္ဂိုလ်ဟူ၍ ဖြစ်ကြရ၏၊ လူတို့က လှူဒါန်းသူနှင့် အလှူခံသူတွင် မည်သူက အပေါ်စီးရပါသနည်း။
သာသနာ့အရိပ်အာဝသအောက်တွင် မည်သူမျှ အပေါ်စီး မရနိုင်ပါ။ မည်သူ့ကိုမျှ သာလွန်ထူးခြားသော အခွင့်အရေးကို ပေးတော်မမူခဲ့ပါ။
လှူဒါန်းသူနှင့် အလှူခံသူတွင် မည်သူက အပေါ်စီးရပါသနည်း။
သာသနာ့အရိပ်အာဝသအောက်တွင် မည်သူမျှ အပေါ်စီး မရနိုင်ပါ။ မည်သူ့ကိုမျှ သာလွန်ထူးခြားသော အခွင့်အရေးကို ပေးတော်မမူခဲ့ပါ
"လုလင်၊ လူ၏မှားယွင်းသော အကျင့်ကိုလည်းကောင်း၊ ရဟန်း၏ မှားယွင်းသော အကျင့်ကိုလည်းကောင်း ငါဘုရား မချီးမွမ်းပေ။ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မှားယွင်းသော အကျင့်ကို ကျင့်ခြင်းဖြင့် လောကုတ္တရာ ကုသိုလ်ကို မဆည်းပူးနိုင်ပေ"
"လုလင်၊ လူ၏မှန်ကန်သော အကျင့်ကိုလည်းကောင်း၊ ရဟန်း၏ မှန်ကန်သော အကျင့်ကိုလည်းကောင်း ငါဘုရား ချီးမွမ်း၏၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မှန်ကန်သော အကျင့်ကို ကျင့်ခြင်းဖြင့် လောကုတ္တရာ ကုသိုလ်ကို ဆည်းပူးနိုင်ပေသည်"
သုဘလုလင်အား ဟောကြားတော်မူခဲ့သော ဤဒေသနာတော်ဖြင့် ရဟန်းနှင့် လူနှစ်ဦးတို့သည် တူညီသောအကျင့်ရှိလျှင် သာသနာတော်ကြီး၏ အသီးအပွင့်ကို စားသုံးရာတွင် တူညီသော အခွင့်အရေးရှိကြောင်းကို ညွှန်ပြတော်မူခဲ့ပေသည်။
(မဇ္ဈိမမဏ္ဏာသ၊ ဗြဟ္မဝဂ်၊ သုဘသုတ်)
ရဟန်းဘောင်ထိအောင် မတက်ရောက်နိုင်သော သူတို့လည်း နည်းမှန်လမ်းကျ ကျင့်သုံးတတ်ကြပါလျှင် ရဟန်းများနည်းတူ လောကုတ္တရာ ကုသိုလ်ကြီးကို ရယူပိုင်ခွင့်ရှိကြ၏၊ ကောင်းစွာကျင့်သုံးလျှင် ရဟန်းတို့နှင့် ထပ်တူထပ်မျှ ရွှေနှုတ်တော်မှ ထုတ်ဖော်ချီးကျူးမှုကို ခံယူနိုင်ကြ၏၊ ထို့ကြောင့် ဇေတဝန်ကျောင်း ဒါယကာ အနာထပိဏ်သူဌေးအား ဘုရားရှင်က ဤ့ ဟောကြားတော်မူပေသည်။
"အိမ်ရှင်သူဌေး၊ သင်တို့သည် ရဟန်းသံဃာအား သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ အိပ်ရာနေရာ၊ ဆေးဝါးတို့ဖြင့် ပြုစုလုပ်ကျွေးကြကုန်၏၊ ဤသို့ အလုပ်အကျွေးပြုရုံဖြင့် သင်တို့ အားရကျေနပ် မနေသင့်။ ထို့ကြောင့် ဤသာသနာတော်နှင့် ကြုံကြိုက်နေဆဲတွင် ရနိုင်သမျှ အချိန်များကို ပိုင်း၍ ပိုင်း၍ ကာမဂုဏ် အာရုံမဖက် ဓမ္မပီတိသက်သက်ဖြင့် နေထိုင်နိုင်ရန် အလေ့အကျင့် လုပ်သင့်ကြပေသည်"
ဒါယကာ ဒါယိကာမတို့သည် ရဟန်းသံဃာ၏ အလုပ်အကျွေးဘဝဖြင့် လမ်းမဆုံးစေဘဲ သာသနာ့အရသာကို ရဟန်းသံဃာများနည်းတူ ရယူခံစားနိုင်ရန် လမ်းညွှန်တော်မူလိုက်ခြင်း ဖြစ်ပေသည်။
(အင်္ဂုတ္တရ၊ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသက၊ ဥပါသကဝဂ်၊ ပီတိသုတ်)
ကောသမ္ဗီအရေးတော်ပုံ
ဤအခန်းကိုတော့ အကယ်၍ပေါင်း များစွာဖြင့် ဖွင့်လှစ်ရပါလိမ့်မည်။
အကယ်၍ အရှိန်အဝါကြီးလှသော အရှင်မဟာသာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလန်တို့သာ ဘုရားရှင်နှင့် အတူရှိနေခဲ့ပါလျှင်၊
အကယ်၍ အရှင်မဟာကဿပကဲ့သို့ လေးစားလောက်သော မထေရ်ကြီးသာ ပါလာခဲ့လျှင်၊
အကယ်၍ ထိုနေ့နံနက်က ကျွန်ုပ်သာ ကောသမ္ဗီသို့ အချိန်မီရောက်လာပါလျှင် ဤအခန်းကို မှတ်တမ်းတင်ရမည် မဟုတ်ပါ။ အသေအချာ ဆုံးဖြတ်ချက်ချတော်မူပြီးသော ကိစ္စကို ကြားဝင်နိုင်ခွင့် မရှိသော်လည်း ဆုံးဖြတ်ချက် မချသေးမီမှာကား ကျွန်ုပ်က နားဝင်အောင် ဖျောင်းဖျနိုင်လောက်ပါသည်။ အရှိန်အဝါကြီးသော မထေရ်ကြီးများ ရှိနေလျှင်လည်း သည်ရဟန်းတို့ သည်မျှလောက် ခေါင်းမာမနေနိုင်ကြပါ။
ကာရန်မသင့်ချင်၍ဟုသာ ဆိုရပါတော့မည်။ ကောသမ္ဗီသို့ သည်တစ်ခေါက် ဘုရားရှင် ကြွတော်မူရာတွင် ဆိုခဲ့ပြီးသော မထေရ်ကြီးများ တစ်ပါးမျှ မပါလာကြပါ။ ကျွန်ုပ်ကိုယ်တိုင်မှာလည်း ခါတိုင်းလို နောက်တော်ပါးက မလိုက်နိုင်ခဲ့ပါ။ ကျွန်ုပ်၏ ဥပဇ္ဈယ်ဆရာ အရှင်ဗေလဋ္ဌသီသ နေထိုင်မကောင်းဖြစ်နေကြောင်းကို ကြားသိရသဖြင့် နောက်တော်ပါးမှ ခွဲထွက်ကာ အရှင်မြတ်ကြီး၏ တောရကျောင်းကလေးသို့ လာခဲ့ရ၏၊ တစ်လနီးပါးမျှ ပြုစုလုပ်ကျွေး၍ အရှင်မြတ်ကြီး ကျန်းကျန်းမာမာ ဖြစ်လာသည်တွင် ကျွန်ုပ် ကောသမ္ဗီသို့ လိုက်လာခဲ့၏၊ ဃောသိတာရုံကျောင်းဝသို့ ရောက်လျှင်ပင် မကြားချင်သော သတင်းစကားကို ကြားလိုက်ရပါတော့သည်။
"အရှင်အာနန္ဒာ၊ အရှင်ဘုရား ဖူးမြော်လိုသော ဘုရားရှင်သည် ယခုတော့ မရှိတော့ပြီ။ ကျောင်းအိပ်ရာ နေရာများကို ကိုယ်တော်တိုင် သိမ်းဆည်းကာ သပိတ် သင်္ကန်းများကိုလည်း ကိုယ်တော်တိုင် သယ်ပိုးလျက် ထွက်တော်မူသွားပေပြီ။ အလုပ်အကျွေး ရဟန်းကိုလည်း အသိမပေး၊ ရဟန်းသံဃာကိုလည်း မပန်ကြားဘဲ တစ်ပါးတည်း ထွက်သွားတော်မူပေသည်။ တပည့်တော်တို့ မည်သို့ ပြုရပါမည်နည်း"
သိဟောင်းကျွမ်းဟောင်း ရဟန်းတစ်ပါးက ဆီးကြိုပြောဆိုရင်း အကြံဉာဏ်တောင်းလိုက်၏၊ ဤအဖြစ်ကို ကြားရသည်နှင့် ကျွန်ုပ်အဖို့ အထူးအထွေ တွေးတောဝေဖန် နေရန် မရှိပါ။ ထံတော်ပါးတွင် အနေကြာလာသည်နှင့်အမျှ ရှင်တော်မြတ်၏ စိတ်ဓာတ်ကို အကဲခတ်တတ်နေပါပြီ။ ထို့ကြောင့်-
"ငါ့ရှင်၊ ယခုကိစ္စတွင် ငါတို့ ပြုဖွယ်ကိစ္စ ဘာမျှ မရှိပြီ။ ဤလို ထွက်ကြွတော်မူခြင်းမှာ အဖော်မမှီး တစ်ပါးတည်း နေလိုခြင်း၏ အထိမ်းအမှတ် ဖြစ်သည်။ မည်သူမျှ လိုက်ပါ မနှောင့်ယှက်သင့်ပေ"
အကြံဉာဏ်တောင်းလာသော ရဟန်းအား အကောင်းဆုံးသော အကြံဉာဏ်ကို ပေးလိုက်ရပေသည်။
(ခန္ဓသံယုတ်၊ ခဇ္ဇနိယဝဂ်၊ ပါလိလေယျကသုတ်)
အလိုတော်ကို သိပြီးဖြစ်၍သာ သည်ကျောင်းမှာ နေရစ်ခဲ့ရ၏၊ ဖြစ်များဖြစ်နိုင်မည်ဆိုလျှင် ဤရဟန်းများနှင့် တစ်နာရီမျှ အတူမနေလိုပါ။ သူတို့မှာ ဖြစ်သစ်စ ရဟန်းငယ်ကလေးများလည်း မဟုတ်။ အသိအလိမ္မာ မရှိသည်လည်း မဟုတ်။ သူတို့၏ ဦးစီးခေါင်းဆောင် ပုဂ္ဂိုလ်တို့တွင် တစ်ပါးတည်း ဝိနည်းဆောင်ဖြစ်၍ ကျန်တစ်ပါးက သုတ္တန်ဆောင်ဖြစ်ပေသည်။ သူတို့သည် မကောင်းမှုကို ရှက်တတ်သူ၊ ကျင့်ဝတ်သိက္ခာ လိုလားသူများ ဖြစ်ပါလျက် ဘုရားရှင်ထွက်သွားရသည်အထိ ပြုရက်ခဲ့ကြ၏၊ မိမိတို့ အချင်းချင်းအပေါ် အညံ့မခံလိုသော မာန်မာန၏ လက်ချက်များပင် ဖြစ်ပေသည်။
အရေးတော်ပုံကို စတင်ဖန်တီးခဲ့ကြသော ခေါင်းဆောင်နှစ်ပါးလည်း အစတုန်းကတော့ ရိုးရိုးသားသားပင် ဖြစ်ခဲ့ကြ၏၊ သုတ္တန်ဆောင်ပုဂ္ဂိုလ် ကုဋီတက်ရာတွင် ရေဆေးခွက်ထဲက ရေကို ကုန်အောင် မသုံးမိဘဲ ရေကျန်တန်းလန်းနှင့် ထားပစ်ခဲ့မိ၏၊ သူ့နောက်မှ ကုဋီတက်လာသော ဝိနည်းဆောင် ပုဂ္ဂိုလ်သည် ကုဋီအိမ်မှ ဆင်းလာပြီးနောက်-
"ငါ့ရှင်၊ ခွက်ထဲကရေကို သင် ချန်ထားခဲ့မိသလား" ဟု မေးမြန်း၏၊
"တင်ပါ့၊ တပည့်တော် ထားခဲ့မိပါသည်"
သုတ္တန်ဆောင်ပုဂ္ဂိုလ်ကလည်း သတိမေ့၍ ထားခဲ့မိသော ကိစ္စကို ချက်ချင်း ဝန်ခံလိုက်ပေသည်။
"သို့ဆိုလျှင် သည်အမှုကြောင့် အာပတ်သင့်နေသည်ကို သိပါသလား "
"တပည့်တော် မသိပါဘူးဘုရား "
"မသိသော်လည်း အာပတ်သင့်နေပြီ ငါ့ရှင်"
"တင်ပါ့၊ အာပတ်သင့်လျှင် ကုစားပါမည် ဘုရား "
ဝိနည်းဆောင် ပုဂ္ဂိုလ် အဆိုပြုလေသမျှကို သုတ္တန်ဆောင်ပုဂ္ဂိုလ်က အားနာသွားဟန် တူပါသည်။
"ငါ့ရှင်၊ တမင်တကာ စိတ်ပါ၍ ပြုသည်မဟုတ်ဘဲ မတော်တဆ ပြုခဲ့မိလျှင်ကား အာပတ်မသင့်ပါ"
"တင်ပါ့၊ သည်လိုဆိုလျှင် တပည့်တော် ကုစားဖို့ မလိုတော့ပါ ဘုရား "
အာပတ်သင့်သည်ဟူသော အဆိုကိုပင် လက်ခံခဲ့ပြီး ဖြစ်၍ ပြင်ဆင်ချက် အဆိုအတွက်လည်း အခက်အခဲ မရှိပါပေ။
စေတနာမပါလျှင် အာပတ်မသင့်ပါဟု ပြောခဲ့သော ပုဂ္ဂိုလ်သည် ဝိနည်းကြောင်းကို သေသေချာချာ သုံးသပ်လိုက်သောအခါမှာကား မိမိပြင်ဆင်ချက် မှားသွားပြီဖြစ်ကြောင်း တွေ့လာရ၏၊ အားနာတတ်သော စိတ်ကလေးကို မျက်နှာသာ ပေးလိုက်မိသည်နှင့် တစ်ပြိုင်နက် အမှားဘက်သို့ ပါသွားရပေသည်။
အားနာ၍ အမှားပါခဲ့သော ဤကိစ္စကို ခေါင်းဆောင်ပုဂ္ဂိုလ်ချင်း နှစ်ပါးတည်း တွေ့ဆုံ၍ ဖြေရှင်းလျှင် ချက်ချင်းပြေလည်သွားမည်သာ ဖြစ်ပါ၏၊ သို့ပါလျက် ဝိနည်းဆောင်ပုဂ္ဂိုလ်သည် ဤသို့ မဖြေရှင်းနိုင်ခဲ့ပါ။ ခေါင်းဆောင်ပုဂ္ဂိုလ်ချင်း ဖြေရှင်းရမည့်အစား မိမိ၏ တပည့်များကိုသာ ပြောပြလိုက်မိ၏၊ အမှားပေါ်မှာ အမှားထပ်ဆင့်လိုက်ခြင်းပါတည်း။
"ငါ့ရှင်တို့၊ သင်တို့၏ ဥပဇ္ဈာယ်ဆရာသည် မိမိမှာ သင့်လောသော အာပတ်ကိုမျှ မသိချေတကား "
ဆရာမှားသည့်နောက်သို့ တပည့်များက လိုက်ပါခဲ့ကြခြင်းပင် ဖြစ်ပေသည်။ သည်အမှားသည် တစ်ဖက် တပည့်များမှ တစ်ဆင့် သုတ္တန်ဆောင်ပုဂ္ဂိုလ်ထံသို့ ဆိုက်ရောက်သွားပေတော့သည်။
ဝိနည်းဆောင်ပုဂ္ဂိုလ်သည် စောစောက အာပတ်မသင့်ဟု ပြောထားပြီးပါလျက် ယခုမှ အာပတ်သင့်သည်ဟု ဆိုလာပြန်၏၊ "စကား မတည် ယုံကြည်ထိုက်သူ မဟုတ်ချေတကား"
စောစောက ပျော့ပျောင်းခဲ့သော လေသံများ မာကျော၍ လာကြပေပြီ။ တစ်ဖက်က မလုပ်သင့်တာကို လုပ်ခဲ့ပြီမို့ သူ့သက်ကလည်း မာနသံများ ထွက်လာရပေပြီ။
"အို... ငါ့ရှင်တို့၊ သင်တို့ဆရာ ဝိနည်းဆောင်ပုဂ္ဂိုလ်ကြီးသည် စကားမတည် ယုံကြည်ထိုက်သူ မဟုတ်ချေတကား "
ဒေါသမီးတို့ ပွားလာကြချေပြီ။ ပွားလာသည့်မီးကို ငြိမ်းသတ်မည့်သူကား မရှိ။ မီးလောင်ရာ လေပင့်ပေးမည့်သူများ ချည်းသာ ရှိနေကြ၏၊ လေပင့်သူများ၏ အကူအညီဖြင့် ဝိနည်းဆောင်ပုဂ္ဂိုလ်သည် သုတ္တန်ဆောင်ပုဂ္ဂိုလ်အား အာပတ်ကို ဝန်မခံမှုဖြင့် သံဃာ့ဘောင်မှ နှင်ထုတ်သော ဥပေက္ခပနိယကံ ပြု၏၊ တကယ်ဆိုလျှင် ဤလို ကံပြုခံရပြီးသော ပုဂ္ဂိုလ်အား မည်သည့်ရဟန်းကမျှ အဆက်အသွယ် မပြုလုပ်ရတော့ပေ။ နှင်ထုတ်သောကံကို ပယ်ဖျက်ကာ ပြန်သွင်းသော ကံကို မပြုမချင်း အထီးကျန်ဘဝဖြင့်သာ နေရပေသည်။
သို့ရာတွင် သုတ္တန်ဆောင်ပုဂ္ဂိုလ်မှာကား အထီးကျန် ဖြစ်မလာပါ။ တစ်ဖက်က ပြုသော ကံကို တရားမဝင်ကြောင်း၊ ဝိနည်းတော်နှင့် မညီကြော်ငး ပြောပြကာ သိမ်းသွင်းနိုင်သဖြင့် သူ့ဆီမှာလည်း ရဟန်းပရိသတ် ဒုနှင့်ဒေး ရှိနေပေသည်။
နှင်ထုတ်ခံပုဂ္ဂိုလ်ကို ထောက်ခံသော ရဟန်းများက နှင်ထုတ်သောကံသည် ကံမမြောက်ပုံ၊ ဝိနည်းတော်နှင့် မညီညွတ်ပုံကို သွား၍ ပြောကြ၏၊ ကံပြုသော ရဟန်းတို့ကလည်း ကံမြောက်ကြောင်း၊ ဝိနည်းတော်နှင့် ညီညွတ်ကြောင်း ပြောဆိုကြ၏၊ နှင်ထုတ်ခံ ပုဂ္ဂိုလ်နှင့် ဆက်ဆံပေါင်းသင်းမှု မပြုကြရန် တားမြစ်၏၊ တားမြစ်သော်လည်း မရနိုင်တော့ပါ။ သင်းကွဲစိတ်များ ပြင်းထန်လာကြပြီမို့ တစ်ဖက်က စကားကို ကျန်တစ်ဖက်က နားမဝင်နိုင်ကြတော့ပြီ။
ဤသို့ဖြင့် ဤအကြော်ငးများ ရွှေနားတော်ထိ ပေါက်ကြားသွားသည်တွင်-
"ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား။ ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား "
ဓမ္မသံဝေဂကြီးစွာဖြင့် နှစ်ကြိမ်တိုင်တိုင် ရေရွတ်တော်မူခဲ့သည် ဟူပါ၏၊ ဘုရားဖြစ်တော်မူပြီးနောက် ကိုးဝါမြောက်တွင် ထွက်ပေါ်လာရသော ညည်းတွားသံတို့ ဖြစ်ပါ၏၊
အမှန်အားဖြင့် သံဃာသင်းကွဲခြင်းဟူသည်မှာ သိမ်တစ်ခုတည်းတွင် ရဟန်းများ နှစ်စုခွဲ၍ ကံပြုကြခြင်းပင် ဖြစ်၏၊ ယခုလို သင်းကွဲစိတ်များ ဆက်လက်မွေးမြူထားကြလျှင်ကား သံဃာသင်းကွဲမှုသည် မလွဲမသွေ ဖြစ်ရတော့မည်မို့ ဘုရားရှင်က ကြိုတင်၍ ရေရွတ်တော်မူရပေသည်။
ထိုအချိန်ကသာ အပါးတော်မှာ ကျွန်ုပ်ရှိနေလျှင် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရမည် မလွဲပါ။ ယခုလို တစ်ဆင့်စကား ကြားသိရခြင်းဖြင့်ပင် စိတ်ထိခိုက်ရပါသေးသည်။
နောက်ဆက်တွဲဖြစ်ရပ်များကား ထို့ထက်ပင် စိတ်ထိခိုက်စရာ ကောင်းပါသေးသည်။ ဘုရားရှင်သည် နှင်ထုတ်ကံပြုသော ရဟန်းများထံ ဦးစွာပထမ ကြွတော်မူကာ-
"ရဟန်းတို့၊ ငါတို့တတ်သည်၊ ငါတို့သိသည်ဟူသော သဘောဖြင့် တွေ့ကရာ မြင်ကရာ အကြောင်းကိစ္စတိုင်း၌ ရဟန်းတစ်ပါးကို နှင်ထုတ်ထိုက်သည်ဟု တစ်ထစ်ချ မှတ်ယူမထားကြနှင့်။ ရဟန်းတစ်ပါးကို နှင်ထုတ်ပြီးနောက် ထိုရဟန်းနှင့် လုံးဝ အဆက်အဆံမပြုဘဲ ထားလိုက်ခြင်းဖြင့် ရဟန်းသံဃာတွင် အငြင်းအခုန်များ ပေါ်ပေါက် လာပေလိမ့်မည်။ ကိုယ်လက်ထိပါး ခိုက်ရန် ပွားလာပေလိမ့်မည်။ သံဃာချင်းသင်းကွဲမှု ဖြစ်ပေါ်လာပေလိမ့်မည်။ ဤသို့ ကွဲပြားမည့်အရေးကို လေးစားစွာ ရှောင်လွှဲလိုသော ရဟန်းတို့သည် အာပတ်ကို ဝန်မခံလိုသော အကြောင်းကလေးမျှဖြင့် အာပတ်သင့်သော ရဟန်းကို နှင်ထုတ်ကံ မပြုသင့်ပေ"
ဤသို့ မိန့်ကြားပြီးနောက် နှင်ထုတ်ခံပုဂ္ဂိုလ်ကို ထောက်ခံသော ရဟန်းများဆီသို့ ကြွတော်မူပြန်ကာ-
"ရဟန်းတို့၊ အာပတ်သင့်ပြီးပါလျက် အာပတ်မသင့်ဟု ဆိုကာ မကုစားဘဲ နေသင့်သည်ဟု မထင်မှတ်ကြနှင့်။ ရဟန်းများက ရဟန်းတစ်ပါးကို နှင်ထုတ်ကံပြုပြီးနောက် ထိုရဟန်းနှင့် လုံးဝ အဆက်အဆံမပြုဘဲ ထားလိုက်ခြင်းဖြင့် ရဟန်းသံဃာတွေင် အငြင်းအခုန်များ ပေါ်ပေါက်လာပေလိမ့်မည်။ ဤသို့ ကွဲပြားမည့်အရေးကို လေးစားစွာ ရှောင်လွှဲလိုသော ရဟန်းတို့သည် အာပတ်သင့်သည်ဟု ယုံကြည်ကြသော အခြားရဟန်းတို့ကို အလိုလိုက်၍ အာပတ်ကို ဒေသနာကြားသင့်၏"
နှစ်ဖက်သော ရဟန်းတို့ကို ထပ်တူထပ်မျှ မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ ညွှန်ပြ၍ သတိပေးတော်မူခဲ့၏၊ လမ်းမှားလိုက်နေသော ရဟန်းများကို အာဏာသုံး၍ တားမြစ်တော်မမူပါ။ နှင်ထုတ်သော ရဟန်းတို့ကို လုံလောက်သောအကြောင်း မဟုတ်ဘဲလျက် "သင်တို့နှင်ထုတ်ကြသည" ဟူ၍လည်းကောင်း၊ နှင်ထုတ်ခံပုဂ္ဂိုလ်၏ ဘက်သားတို့ကိုလည်း "သင်တို့ အာပတ်သင့်ကြပြ"ီ ဟူ၍လည်းကောင်း အတိအလင်း မိန့်ကြားခြင်း ပြုတော်မမူပါ။ တစ်ဖက်ကို မိန့်ကြားလျှင် အခြားတစ်ဖက်သို့ ပါလေပြီဟု နှစ်ဖက်စလုံးက အထင်မှားကြမည့် အရေးကို ရှောင်တိမ်းတော် မူရပေသည်။
ဤမှာဘက်အုပ်စုဝင် ရဟန်းများအတွက် မိန့်ကြားတော်မူခဲ့သော ဤဒေသနာတော်သည် ကျွန်ုပ်၏ ဟဒယ နှလုံးအိမ်မှာ ရာသက်ပန် စွဲမြဲခဲ့ပေသည်။ ဤသို့ စွဲမြဲနေခဲ့သောကြောင့်ပင် ကျွန်ုပ်နှင့်ပတ်သက်၍ သံဃာချင်း သင်းကွဲရမည့် အရေးအခင်းကြီးတစ်ခုကို ကျော်လွှားနိုင်ခဲ့ပေသည်။ ဤအကြောင်းများကို ဤမှတ်တမ်းကြီး ပြီးခါနီးချိန်ကျမှ အကျယ်တဝင့် ကြားနာကြရပါလိမ့်မည်။
ကျွန်ုပ်အပေါ် အကျိုးသက်ရောက်စေခဲ့သော ဤဒေသနာတော်သည် ကောသမ္ဗီ ရဟန်းတို့အတွက်ကား အရာမရောက်ပါချေ။ နှစ်ဦးနှစ်ဖက်လုံးကို မျှမျှတတ မိန့်ဟတော်မူသည်ကို နှစ်ဖက်လုံးကပင် မလိုက်နာကြပါချေ။ သိမ်တွင်းသိမ်ပြင် နှစ်ဌာနခွဲ၍ ကံပြုကြရုံမျှမက ကိုယ်ထိလက်ရောက် ကျူးလွန်သည့်အဆင့်သို့ ရောက်လာကြ၏၊ ရဟန်းဝတ်နှင့် မသင့်လျော်သော စကားလုံးများကို သုံးလာကြ၏၊ ကျောင်းတွင်သာမက ရပ်ထဲရွာထဲမှာပင် မဆင်မခြင်နိုင်အောင်ပင် ဖြစ်လာကြ၏၊ နှစ်ဦးနှစ်ဖက် မျက်နှာချင်းဆိုင်ဆုံမိလျှင် နေရာမရွေး ရန်ပွဲကြီးများ ဖြစ်ပွားကြ၏၊
ဤရန်ပွဲကြီးကို ထိန်းနိုင်မည်လားဟု ဘုရားရှင်က သူတို့ကို လူချင်းခွဲနေကြရန် မိန့်ကြားပါသေး၏၊ သို့သော် ကောသမ္ဗီရဟန်းများကား ဆိုလေ ကဲလေ မာန်လေ ပြဲလေ။ ဘုရားရှင့်စကား လိုက်နာရေးထက် ကိုယ့်အုပ်စု အသာစီးရရှိရေးကိုသာ အလေးထားနေကြပေသည်။
ဖြစ်ပွားလာသော ရန်ပွဲကြီးကို တားဆီးနိုင်သူ တစ်ပါးမျှ မရှိပြီမို့ ရဟန်းတစ်ပါးသည် ဘုရားရှင်ထံဝင်၍ လျှောက်ထားရ၏၊ ခါတိုင်းဆိုလျှင် ဘုရားရှင် ကြွလာလျှင် ဖြစ်ပွားနေသော ရန်ပွဲကြီးများ ခေတ္တခဏ ရပ်နားကြသေး၏၊ ထိုနေ့မှာကား ဘုရားရှင်ကို ရှေ့မှာထားလျက်ပင် မကြားဝံ့မနာသာ ဆဲဆိုကြိမ်းမောင်း နေကြ၏၊ ကိုယ်ထိလက်ရောက် သတ်ပုတ်နေကြ၏၊
"ရဟန်းတို့၊ တော်ကြ၊ တန်ကြ။ ခိုက်ရန် ဒေါသ ဖြစ်မနေကြနှင့်။ ငြင်းလား ခုန်လား လုပ်မနေကြနှင့်"
ဆရာ့စကားကို နားထောင်မည်လောဟု တားဆီးတော်မူပါသေး၏၊ သို့သော် ကျွတ်ကျွတ်ညံနေသော အသံတို့ကြားဝယ် ဆရာသမား၏ နားချသံသည် မတိုးသာအောင် ဖြစ်နေရ၏၊
"အရှင်ဘုရား၊ ငံ့လင့်တော်မူပါဦး၊ ဘုရားရှင်သည် လက်ငင်းလက်တွေ့ ချမ်းသာတရားကို ခံစားလျက် ကြောင့်ကြမဲ့သာ နေတော်မူပါ။ တပည့်တော်တို့ တစ်တွေမှာ ကိုယ့်အမှုနှင့်ကိုယ် တစ်နေ့တစ်နေ့မှာ အဖြေပေါ် လာကြပါလိမ့်မည် ဘုရား"
တပည့်ကြမ်းတို့ကြောင့် ပင်ပန်းတော်မူရသည်ကို မကြည့်ရက်သော ရဟန်းတစ်ပါးက လျှောက်ထားခြင်း ဖြစ်ပေသည်။ သို့သော် ဘုရားရှင်သည် ကြောင့်ကြမဲ့နေတော်မမူသေးဘဲ ရန်မလိုမှ ရန်ပြိုကြောင်း ဒိဃာဝုသတို့သားတို့၏ ထုံးဟောင်း သာဓကကို ပြတော်မူပေသည်။ ဘာကိုပင် ပြပြ၊ ဒေါသမာန တိမ်သလာများ ဖုံးလွှမ်းနေကြပြီဖြစ်၍ ကောသမ္ဗီရဟန်းတို့ မမြင်နိုင်ကြတော့ပါ။
ယခုတော့ သင်တို့ ဘာများ တတ်နိုင်ကြပါသေးသနည်း။ ဘုရားရှင့် ရှေ့တော်မှောက်မှာ လူစွမ်းကောင်းကြီးတွေ လုပ်ခဲ့လေသမျှ ယခု ဒါယကာ ဒါယိကာမများ၏ ဒဏ်ခတ်မှုကို ခံနေကြရပေပြီ။ "သင်းတို့ နှိပ်စက်သဖြင့် ဘုရားရှင် ထွက်ကြွတော်မူရသည်" ဟု ဆိုကာ သူတို့ကို ဘယ်သူကမှ ရှိခိုးဦးတင် မပြုလုပ်ကြတော့ပြီ။ ခရီးဦးကြိုဆို မပြုကြတော့ပြီ။ ရိုသေလေးမြတ်မှုကို မပြုကြတောပြီ။ အိမ်ရှေ့မှာ ရပ်လာ၍မျှ ဆွမ်းလောင်းမည့်သူ မရှိကြတော့ပြီ။ ဘုရားရှင်ကို အာခံနိုင်ခဲ့သူတို့သည် ထိုက်ထိုက်တန်တန် ဒဏ်ခတ်ကြသော ဒါယကာ ဒါယိကာမများကိုကား ဘာများ တတ်နိုင်ကြပါသေးသနည်း။
(ဝိနည်းမဟာဝဂ်၊ ကောသမ္ဗကခန္ဓက ပါဠိတော်နှင့် အဋ္ဌကထာ)
သူတို့ တတ်နိုင်သည်မှာ တစ်ခုသာ ရှိပေသည်။
"အရှင်အာနန္ဒာ၊ တပည့်တော်တို့ တောင်းပန်ပါသည်။ ဘုရားရှင်ရှိရာသို့ တပည့်တော်တို့ သွား၍ ဝန်ချတောင်းပန်ကြပါတော့မည်။ ဘုရားရှင်ကို ပြန်ပင့်ပေးပါ အရှင်ဘုရား"
ခလုတ်ထိမှ အမိတသူများ ဖြစ်ပေသည်။ ဒါယကာ ဒါယိကာမတို့၏ ဒဏ်ချက်က တော်တော်ကြီးပင် ပြင်းထန်နေသည် မဟုတ်ပါလော။
"ငါ့ရှင်တို့၊ သည်မြို့၊ သည်ကျောင်းသို့ ဘုရားရှင် တော်တော်နှင့် ခြေဦးလှည့်တော်မူဦးမည် မဟုတ်ပေ"
ကျွန်ုပ်က ပြီးခဲ့သော ဖြစ်ရပ်ကို ထောက်ဆ၍ ပြောလိုက်ရာတွင်-
"ဇေတဝန်ကျောင်းတော်ဖြစ်ဖြစ် ပင့်ပေးတော်မူပါဘုရား၊ တပည့်တော်တို့ ဇေတဝန်ကျောင်းတော်လိုက်ပြီး ဝန်ချ ကန်တော့ကြပါမည်"
"ကောင်းပါပြီ ငါ့ရှင်တို့"
ကောသမ္ဗီရဟန်းတို့၏ စကားကို လက်ခံပြီးချိန်တွင် တောကျေးလက်မှာ ဝါဆိုခဲ့ကြသော ရဟန်းများလည်း ဃောသိတာရုံကျောင်းသို့ ရောက်လာကြ၏၊
"အရှင်အာနန္ဒာ၊ သည်ကျောင်းတော်မှာ ဘုရားရှင် ရှိတော်မူစဉ်က တပည့်တော်တို့ မကြာ မကြာ တရားနာခွင့် ရခဲ့ကြပါသည်။ ယခု တပည့်တော်တို့ တရားနာခွင့် မရခဲ့သည်မှာ ကြာလှပါပြီ။ ရွှေမျက်နှာတော်ကို ဖူးမြော်၍ တရားနာခွင့်ရအောင် အကျိုးဆောင်ပေးတော်မူပါဘုရား"
တောကျေးလက်ရဟန်းများကဲ့သို့ပင် သာဝတ္ထိမြို့တော်က ဒါယကာ ဒါယိကာမများကလည်း အမှာစာများ ပါးလိုက်ကြပေသည်။ ဤသို့ တောင်းပန်လာကြသည့်အတိုင်း ကျွန်ုပ်သည် တောကျေးလက်က ရဟန်းများနှင့်တကွ ပါလိလေယျတောဆီသို့ ထွက်ခွာလာခဲ့ပေသည်။
(ခန္ဓသံယုတ်၊ ခဇ္ဇနိယဝဂ်၊ ပါလိလေယျကသုတ်)
ဗာလကလောဏရွာ အရောက်တွင် ကျွန်ုပ်တို့သည် အရှင်ဘဂုနှင့် တွေ့ဆုံကြရ၏၊ အရှင်ဘဂုမှာ ကျွန်ုပ်နှင့် စိတ်တူကိုယ်တူ ရဟန်းပြုလာကြသည့်အထဲက တစ်ပါးဖြစ်၏၊ သည်ရွာတွင် တစ်ပါးတည်း အေးချမ်းသာယာစွာ နေလာခဲ့ကာ တစ်ပါးတည်းကြွလာသော ဘုရားရှင်ကို ဝတ်ကြီးဝတ်ငယ် ပြုစုခွင့်ရလိုက်၏၊ နောက်တစ်နေ့နံနက်တွင် ဗာလကလောဏကရွာအတွင်းသို့ ဆရာတပည့်နှစ်ပါး ဆွမ်းခံဝင်တော်မူကြကာ ဆွမ်းစားပြီးချိန်တွင် ဘုရားရှင် ခရီးဆက်လက် ထွက်ခွာတော်မူကြောင်း အရှင်ဘဂုက ပြောပြလိုက်ပေသည်။
ကျွန်ုပ်တို့လည်း အရှင်ဘဂုနှင့်အတူ ဆွမ်းခံဝင်ကာ ဆွမ်းစားအပြီးတွင် ခရီးဆက်လက်ထွက်ခွာခဲ့ကြ၏၊ ပါစိနဝံသ တောအုပ်အဝင်တွင် တောစောင့်တစ်ယောက်နှင့် အရန်သင့်တွေ့ရ၏၊ ဘုရားရှင်ဝင်လာစဉ်တုန်းက အကြောင်းမသိ၍ တားလားဆီးလား လုပ်ခဲ့ဖူးသော ထိုတောစောင့်သည် ကျွန်ုပ်တို့ကိုကား မတားဆီးတော့ပါ။ မတားဆီးရန် သွန်သင်ပြသထားသော သူ့ဆရာသမားများထံသို့ သူကပင် လမ်းပြပို့ဆောင်၍ ပေးလိုက်ပါသည်။
အရှင်နုရုဒ္ဓါ၊ အရှင်နန္ဒိယ၊ အရှင်ကိမိလဟူ၍ ကိုယ်ခန္ဓသုံးခုရှိနေ၍သာ သူ့ဆရာသမားများဟူ၍ ဗဟုဝုစ်စကားကို သုံးလိုက်ရ၏၊ စိတ်သဘောအားဖြင့် ကြည့်ပါမူ သူတို့သုံးပါးမှာ တစ်ပါးတည်းသာ ရှိနေပေသည်။ မိခင်ထံမှ စီးဆင်းလာသော နို့ရည်ထဲတွင် ဘယ်သင်းကား ရေ၊ ဘယ်သင်းကား နို့ဟူ၍ ခွဲခြား ၍ မရနိုင်သကဲ့သို့ပင် အရှင်မြတ်တို့၏ စိတ်သဘောထားတို့ကလည်း တစ်ခဲနက် ပေါင်းစပ်လျက်ရှိကြ၏၊ ဘယ်အရှင်၏ စိတ်သဘောထားကား ဘယ်သို့ဟူ၍ ခွဲခြား၍ မရနိုင်ပါ။ ထာဝရမေတ္တာဖြင့် မိမိစိတ်အလိုကို ဘေးဖယ်ထားကာ အခြားပုဂ္ဂိုလ်တို့အလိုကျ နေထိုင်လာခဲ့ကြသူများပါပေတည်း။
ကောသမ္ဗီရဟန်းတို့ကြားမှ ထွက်ခွာတော်မူခဲ့သော ဘုရားရှင်သည် သူတို့သုံးပါးနှင့် အတွေ့မှာကား သာဓုခေါ်တော်မူခဲ့သည် ဟူပါ၏၊
အရှင်မြတ်သုံးပါးတို့ နေ့စဉ်နှင့်အမျှ နေထိုင်ကျင့်သုံးပုံများကို မြင်ရလျှင် ဘုရားရှင်နည်းတူ အားလုံးက သာဓုခေါ်ကြရပါလိမ့်မည်။
ဦးစွာ ပထမ ဆွမ်းခံပြန်လာသူသည် ဆွမ်းစားကျောင်းတွင် နေရာခင်း၏၊ ခြေဆေးရေ၊ ခြေဆေးပျဉ်ပြား၊ ခြေပွတ်စရာ အိုးခြမ်းကွဲတို့ကို အရန်သင့်ထား၏၊ ဆွမ်းဦးထည့်စရာ ခွက်ကို အရန်သင့် တည်လင့်၏၊ ဆေးကြော၍ ထား၏၊ သောက်ရေ သုံးရေများခပ်ထား၏၊ ထို့နောက် တစ်ပါးတည်းပင် အေးအေးဆေးဆေး စားသောက်ကာ ဆွမ်းစားကျောင်းမှ ဆင်းသွားခဲ့၏၊
နောက်မှပြန်လာသော ပုဂ္ဂိုလ်သည် မိမိသပိတ်ထဲမှာ ဆွမ်းအားနည်းလာလျှင် ဆွမ်းဦးထည့်ထားသည်ကို ယူ၍ စား၏၊ မိမိသပိတ်ထဲမှာ ဆွမ်းပြည့်စုံလာခဲ့၍ မစားလိုလျှင် မြက်သစ်ပင် လွတ်ရာမှာဖြစ်စေ၊ ပိုးကောင်မရှိသော နေရာမှာ ဖြစ်စေ၊ စွန့်ပစ်ဆေးကြော၏၊ နေရာများကို ရုပ်သိမ်းကာ ခြေဆေးရေအိုး၊ ခြေဆေးပျဉ်ပြား၊ ခြေပွတ်စရာ အိုးခြမ်းကွဲများကို သင့်ရာမှာ သိမ်းထား၏၊ ဆွမ်းစားကျောင်းကို တံမြက်လှည်း၏၊ သောက်ရေအိုး၊ ဆေးရေအိုး၊ ကုဋီရေအိုးများကို ရေမရှိလျှင် ခပ်ထည့်၏၊ မိမိတစ်ပါးတည်း မစွမ်းနိုင်သော ကိစ္စဖြစ်လျှင် ဆူဆူညံညံ အသံမပြုဘဲ လက်ဟန်ဖြင့်သာ အကူအညီတောင်း၏၊ ငါးရက်လျှင် တစ်ကြိမ်ကျ ညလုံးပေါက် တရားဆွေးနွေးကြ၏၊ ကောသမ္ဗီရဟန်းများကသာ သူတို့နည်းတူ နေတတ်ကြလျှင် ကောင်းပေစွဟု ကျွန်ုပ် ဆုတောင်းလိုက်မိပေသည်။
(ဝိနည်းမဟာဝဂ်၊ ကောသမ္ဗကခန္ဓက)
ပါလိလေယျက ဆင်ကြီး
ကျေနပ်ဖွယ်ကောင်းသော အရှင်မြတ်တို့ကို နှုတ်ဆက်ကာ ကျွန်ုပ်တို့သည် ပါလိလေယျက တောအုပ်သို့ ခရီးဆက်လာခဲ့ကြရပြန်၏၊ ပါစိနဝံသ တောအုပ်နှင့် အလှမ်းမကွာလှသဖြင့် မကြာမီ ရောက်လာကြ၏၊ ဘုရားရှင်၏ အလိုတော်ကို မသိရသေး၍ ပါလာသော ရဟန်းများကို တောစပ်မှာပင် ထားခဲ့ကာ ကျွန်ုပ်တစ်ပါးတည်း ဝင်လာခဲ့၏၊ စိမ်းစိုသော သစ်ပင်ပန်းမန်တို့ဖြင့် နေချင့်စဖွယ် တင့်တယ်သာယာလှသော တောအုပ်အဝင်တွင် ကျွန်ုပ်သည် အန္တရာယ်ကောင်ကြီးနှင့် ဗြုန်းခနဲ ရင်ဆိုင်လိုက်ရပေသည်။
ခပ်ဝေးဝေးမှ လှမ်းမြင်ပါမူ ရှောင်နိုင်တိမ်းနိုင်ခွင့် ရပါသေး၏၊ သူ့ခြေလှမ်းကို လွတ်အောင် မပြေးနိုင်သည် ရှိစေတော့၊ သစ်ပင်ကြီးကြီးမှာ တက်နေလျှင် လွတ်စရာ ရှိပါသေးသည်။ ယခုတော့ သည်ကအဝင် သူကအစောင့် ဗြုန်းစားကြီး တွေ့ကြပြီမို့ မရှောင်နိုင်မတိမ်းနိုင်တော့ပြီ။ ကျွန်ုပ်အသက်သည် သည်ဆင်ကြီး၏ ခြေဖဝါးအောက်တွင် လည်းကောင်း၊ အစွယ်အဖျားတွင်လည်းကောင်း ပျောက်ပျက်ရပေတော့မည်။ သည်လိုမှ မဟုတ်သေးလျှင်လည်း သူကိုင်လာသော ထင်းချောင်းကြီးများဖြင့် ကျွန်ုပ်၏ခန္ဓာကိုယ်ကို ညက်ညက်ရိုက်ချေ အသေသတ်တော့မည်တည်း။
"ဟယ် ပါလိလေယျက၊ ပြန်လာခဲ့လေလော့။ ပြန်လာခဲ့လေလော့။ ဤရဟန်းကို မတားလေနှင့်။ ငါ၏ အလုပ်အကျွေးရဟန်းကို ကြိုဆိုလိုက်ပေတော့"
အသက်ဘေးနှင့် ရင်ဆိုင်နေရဆဲတွင် ကြားချင်လှသော အသံတော်ကို ကြားလိုက်ရပေသည်။ အသက်ဘေးမှ လွတ်ရုံမျှမက ကြားချင်လှသော အသံတော်ကို ကြားလိုက်ရသဖြင့် ကျွန်ုပ် ဝမ်းသာလှပေသည်။
ပါလိလေယျက တောပျော်ဖြစ်၍ ပါလိလေယျက အမည်ရနေသော ဆင်ကြီးသည် ဘုရားရှင့် အမိန့်တော်ဖြင့် ကိုင်ထားသော ထင်းချောင်းကြီးကို လွှတ်ချကာ ကျွန်ုပ်၏ သပိတ်သင်္ကန်းများကို လှမ်းယူ၏၊ သို့ရာတွင် ကျွန်ုပ်က မပေးဘဲ ကိုယ့်ဘာသာ ယူမြဲယူလာခဲ့၏၊ ဆင်ကြီးကလည်း ကျွန်ုပ်နောက်မှ ထက်ကြပ်မကွာ လိုက်ပါလာခဲ့ပါ၏၊ ရေပူရေချမ်းကမ်းသူ မရှိပါဘဲလျက် ဘုရားရှင်တစ်ပါးတည်း နေထိုင်တော်မူခြင်းမှာ ဤဆင်ကြီးရှိနေ၍ပါတကားဟု ကျွန်ုပ်သဘောပေါက်လာပေသည်။
ဘုရားရှင့်ရှေ့တော်မှောက်အရောက်တွင် ကျွန်ုပ်သည် ပါလာသော သပိတ်သင်္ကန်းများကို ထားစရာနေရာ ရှာဖွေရာ ဘုရားရှင်ထိုင်တော်မူသော ကျောက်ဖျာကြီးမှလွဲလျှင် အားလုံး မြေပြင်ချည်း ဖြစ်နေသည်ကို တွေ့ရှိရ၏၊ မြေကြီးပေါ်မှာ အပေရေခံ၍ မထားလိုလျှင် သည်ကျောက်ဖျာပေါ်မှာ တင်မှသာ ဖြစ်ပေမည်။ သို့သော် ကျွန်ုပ် မတင်ခဲ့ပါ။ သင်ယူလာခဲ့ပြီးသော ကျင့်ဝတ်များအရ မိမိ သပိတ်သင်္ကန်းတို့ကို မြေပြင်မှာပင် ချထားလျက် ခြေတော်အစုံကို ဦးခိုက်လိုက်ပါတော့သည်။ ဤတွင် ဆင်ကြီးကလည်း အားရကျေနပ်ဟန်ဖြင့် ကျွန်ုပ်အတွက် သေက်ရေခွက် ကမ်းလှမ်းလာပေသည်။
"အာနန္ဒာ၊ သင်တစ်ပါးတည်းလာခဲ့သလော"
ဆင်ကြီးပေးလာသော သေက်ရေခွက်ကို အားပါးတရ မော့သောက်ပြီးချိန်တွင် ဘုရားရှင်က မေးတော်မူသဖြင့်-
"အဖော်ရဟန်းများ ပါပါသေးသည် အရှင်ဘုရား။ အရှင်ဘုရား၏ အလိုတော်ကို မသိရသေးသဖြင့် တောစပ်မှာပင် ထားခဲ့ပါသည်"
"အာနန္ဒာ၊ ရဟန်းများကို ခေါ်ပါဘိ"
ကြည်ဖြူစွာ ခွင့်ပေးတော်မူသဖြင့် ရှေ့တော်မှောက်သို့ ရောက်လာကြသော ရဟန်းများအား ဘုရားရှင်က ဤသို့ ဟောကြားတော်မူပေသည်။
"ရဟန်းတို့၊ ရင့်ကျက်သော ဉာဏ်ပညာ၊ ခိုင်မာသော သမာဓိနှင့် တရားကျင့်သုံးသော အဆွေခင်ပွန်းကောင်းကို ရလျှင် ထိုအဆွေခင်ပွန်းနှင့် ဝမ်းမြောက်ဝမ်းသာ ရာသက်ပန် ပေါင်းသင်းနေထိုင်ရာ၏၊ အတွင်းအပ ဘေးရန်ဟူသမျှကို သတိတရားရှေ့မှာထားလျက် တွန်းလှန်ဖြိုဖျက်ရာ၏"
"ရဟန်းတို့၊ ရင့်ကျက်သော ဉာဏ်ပညာ၊ ခိုင်မာသော သမာဓိနှင့် တရားကျင့်သုံးသော အဆွေခင်ပွန်းကောင်းကို မရနိုင်ပါလျှင်ကား တစ်ပါးတည်းသာ နေသင့်၏၊ ရှေးက မင်းကောင်းမင်းမြတ်များသည် တစ်ပြည်လုံးကို စွန့်လွှတ်ကာ တောထွက်ကြသကဲ့သို့ အားအင်ခိုင်ဖြီး ဆင်ပြောင်ကြီးသည် ဆင်အုပ်စုမှ ဖဲခွာလျက် တောနက်ထဲတွင် တစ်ကောင်တည်း ကျက်စားသကဲ့သို့ အေးဆေးသက်သာ နေထိုင်ရာ၏"
"ရဟန်းတို့၊ အဖော်မမှီး တစ်ကိုယ်တည်း နေခြင်းသည် မြတ်၏၊ လူမိုက်အပေါင်း ထောင်သောင်းမက ရှိသော်လည်း ပေါင်းသင်းထိုက်သူ တစ်ယောက်မျှ မရှိပေ။ နက်လှစွာသော တောကြီးအလယ်၌ စွယ်စုံဆင်ပြောင်ကြီးသည် စိတ်လွတ်ကိုယ်လွတ် ကျက်စားနေဘိသကဲ့သို့ အဖော်မမှီးတစ်ပါးတည်း နေရာ၏၊ မပြုထိုက်သော ဒုစရိုက်အမှုများကိုလည်း မိမိစိတ်ကို ပြုချင်လာအောင် သွေးဆောင်နှိုးဆော်မှု မပြုသောအားဖြင့် ရှောင်ကြဉ်ရာ၏"
ဝိဝေကဓာတ် ကိန်းဝပ်ပြီးသော အရှင်များသည် ဤတရားဒေသနာတော် သုံးပုဒ်ကို ကြားနာရသဖြင့် ရဟန်းကိစ္စ ပြီးဆုံးသွားကြပေသည်။ အသိဉာဏ်မရှိသေးသမျှ ပြု၍ မပြီးနိုင်လောက်အောင် မြားမြောင်လှသော ရဟန်းကိစ္စတို့သည် အသိဉာဏ်ရလိုက်သည်နှင့်တစ်ပြိုင်နက် ပြီးပြည့်စုံ၍ သွားကြပေသည်။
အဖော်ရဟန်းတို့အတွက် လိုအပ်သောကိစ္စများ ပြီးစီးသွားသော်လည်း ကျွန်ုပ်အတွက်ကား မပြီးစီးသေးပါ။ ကောသမ္ဗီရဟန်းများနှင့်တကွ သာဝတ္ထိမြို့တော်က ဒါယကာ ဒါယိကာမများအတွက် ဆောင်ရွက်ရပါဦးမည်။ သို့ဖြစ်၍-
"အရှင်ဘုရား၊ သာဝတ္ထိမြို့တော်က ကျောင်းဒါယကာကြီးမှစ၍ သာဝကကြီးငယ်တို့က တစ်ဆင့်စကား လျှောက်ထားလိုက်ကြပါသည်။ သာဝကအများ ကုသိုလ်ပွားစေရန် သာဝတ္ထိမြို့တော်သို့ ဘုရားရှင် ကြွစေချင်ပါသည် ဘုရား "
"ကောင်းပြီ အာနန္ဒာ၊ သပိတ်သင်္ကန်းကို ယူပေတော့"
ကျွန်ုပ်လျှောက်ထားချက်ကို လက်ခံတော်မူလိုက်သည်နှင့် ကျွန်ုပ်တို့အားလုံး ခရီးထွက်ဖို့ ပြင်ဆင်ပြီး ဖြစ်နေကြပါ၏၊ ပါလိလေယျကဆင်ကြီးလည်း ကျွန်ုပ်တို့ဘေးက ကပ်ပါလာကာ ဘုရားရှင်၏ ရှေ့တော်ရောက်အောင် ထွက်သွားပြီး သူ့ကိုယ်ကြီးဖြင့် ကန့်လန့်ဆီး၍ တားလိုက်ပေသည်။
"ရဟန်းတို့၊ ပါလိလေယျကဆင်ကြီးသည် သင်တို့အားလုံးကို သစ်သီးဆွမ်းကပ်ချင်၍ ဖြစ်သည်။ ဝါတွင်းသုံးလပတ်လုံး ဤဆင်ကြီးသည် ငါ့ကို ဝတ်ကြီးဝတ်ငယ် ပြုစုခဲ့သည်။ ရေပူရေချမ်း ကမ်းလှမ်းခဲ့သည်။ သစ်သီးကြီးှုယ် ဆက်ကပ်ခဲ့သည်။ ဆွမ်းခံဝင်လျှင် ရွာနီးချုပ်စပ်အထိ သပိတ် သင်္ကန်းများကို လိုက်ပို့ပြီး ငါဘုရား ပြန်လာသည့်တိုင်အောင် စောင့်ကြိုနေခဲသည်။ သည်ဆင်ကြီး၏ သဒ္ဓါကြည်ညိုစိတ်ကို ချီးမြှောက်သောအားဖြင့် ငံ့လင့်ကြပေဦးလော့"
အမိန့်တော်အရ ကျွန်ုပ်တို့တစ်တွေ ရပ်တန့်နေကြသည်တွင် ဆင်ကြီးသည် နှာမောင်းကြီးကို မြှောက်၍ အားရဝမ်းသာ ကြွေးကြော်လျက် တောတွင်းသို့ ပြေးဝင်သွား၏၊
"အရှင်ဘုရား၊ ဆင်ကြီးက မနုဿလူသားတစ်ယောက်ကဲ့သို့ ဝတ်ကြီးဝတ်ငယ် ပြုစုသည်ကား ဟုတ်ပါပြီ။ သောက်ရေ သုံးရေကိုလည်း မြေအိုးနှင့် ခပ်ယူသည်ကိုလည်း သဘောပေါက်ပါသည်။ သို့ရာတွင် ဘုရားရှင် ရေနွေးနွေးချိုးတော်မူလိုလျှင်ကား မည်သို့များ ပြုလုပ်ပါသလဲ ဘုရား "
နေရာသို့ ပြန်လာရင်း ကျွန်ုပ်စိတ်ထဲမှာ မရှင်းလင်းသော အချက်တစ်ခုကို လျှောက်ထားလိုက်ရ၏၊
"အာနန္ဒာ၊ သစ်ကိုင်းကို သစ်ကိုင်းနှင့်ပွတ်၍ မီးထွက်အောင် လုပ်ယူတတ်သော ဆင်ကြီးအတွက် ရေနွေးရရန် မခက်ပါ။ ထွက်လာသော မီးဖွားကလေးမှ မီးဖိုကြီးဖြစ်အောင် မွှေးယူကာ မီးဖိုထဲသို့ ဦးစွာပထမ ကျောက်တုံးကြီးကို ထည့်၏၊ မီးပူလာသော ကျောက်တုံးကြီးများကိုမှ တုတ်နှင့်ကော်ကာ လှိမ့်ကာ နီးစပ်ရာ ရေကန်ထဲသို့ ချပေး၏၊ အနွေးဓာတ် ရ မရ သူ့နှာမောင်းဖြင့် စမ်းသပ်ကာ အရန်သင့်ဖြစ်လျှင်ကား ငါဘုရားထံလာ၍ အကြောင်း ကြားပေတော့သည်"
သူ့တပည့်ကြီး၏ အရည်အချင်းများကို ဘုရားရှင်က စီကာပတ်ကုံး မိန့်ကြားတော်မူပေသည်။
"ဩော် ... လူသားတမျှ အသိဉာဏ်ကြီးလှသော ဆင်ကြီးပါတကား" ဟု ကျွန်ုပ်တို့အားလုံးက တစ်ညီတစ်ညွတ်တည်း ကောင်းချီးပေးလိုက်ကြရ၏၊
လူသားတမျှ အသိဉာဏ်ကြီးသဖြင့် ဘုရားရှင် ချမ်းသာစွာ နေခဲ့ရသည်ကို ကျွန်ုပ်တို့ သာဓုခေါ်ကြရပါ၏၊ သဒ္ဓါကြည်ဖြူ၍ သူကပ်လှူသော သစ်သီးဆွမ်းများကလည်း အရသာရှိလှပါ၏၊ သို့ရာတွင် လူသားတမျှ အသိဉာဏ်ကြီးလှသော ဆင်ကြီးသည် လူသားတမျှ သံယောဇဉ်ကြီးနေခြင်းသည်ကား စိတ်မကောင်းစရာပင်။ ကျွန်ုပ်တို့ သစ်သီးဆွမ်းများ စားသောက်နေကြစဉ်မှာ သူ ရွှင်ရွှင်လန်းလန်း ရှိနေပါသေး၏၊ ဘုရားရှင်ကို သစ်ခက်တစ်ခုဖြင့် ယပ်လေခတ်လျက်ရှိပါ၏၊ ဘုရားရှင်နှင့်တကွ ကျွန်ုပ်တို့တစ်တွေ ထိုင်ရာမှ ထလိုက်ကြသည်တွင်ကား ဆင်ကြီး၏ မျက်လုံးများ စိုရွှဲ၍ လာကြတော့၏၊ မျက်ရည်တွေတွေစီးလျက် ဆင်ကြီးသည် ကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာ၏၊ တောစပ်သို့ ရောက်သည်နှင့် ဘုရားရှင့် ရှေ့တော်မှ ကာဆီး၍ ထားလိုက်ပေသည်။
"ပါလိလေယျက၊ ငါဘုရားသည် လူတို့၏ ချမ်းသာစီးပွား များစိမ့်သောငှာ ဒေသစာရီ ကြွချီတော်မူတော့မည်။ မတားလေနှင့်၊ မဆီးလေနှင့်တော့ ပါလိလေယျက... "
ကရုဏာပြည့်ဝသော အသံတော်ကို ဆင်ကြီးသည် နားရွက်ကြီးများပေ၍ နားထောင်ကာ အသံတော်ဆုံးသည်နှင့် မြေပေါ်မှာ ဒူးထောက်၍ ဝပ်လိုက်၏၊ မျက်ရည်တောက်တောက် ယိုလျက်ကပင် သူ့နှာမောင်းကြီးဖြင့် ဘုရားရှင်ခြေတော်အစုံကို ပူဇော်ကန်တော့၍ နေပေသည်။
"ပါလိလေယျက၊ ချမ်းသာစွာ နေရစ်ခဲ့ပေဦးတော့"
ဦးကင်းတွင် လက်တော်ဖြင့် သုံးသပ်တော်မူကာ ဘုရားရှင် ထွက်ခွာတော်မူသည်တွင် ကျွန်ုပ်တို့ အားလုံးလည်း ဆင်ကြီးကို ကိုယ်စီကိုယ်ငှ နှုတ်ဆက်ခဲ့ကြ၏၊ ကျွန်ုပ်တို့ တောတွင်းမှ ထွက်မိလျှင်ပင် ဝမ်းခေါင်းသံကြီး မြည်ဟည်းလျက် ဆင်ကြီး၏ အော်သံတစ်ချက်ကို ကြားလိုက်ရပေသည်။ နှလုံးကြေကွဲ သေပွဲဝင်အံ့ဆဲဆဲ အသံကြီးပါတည်း။
(ဓမ္မပဒ အဋ္ဌကထာ၊ ယမကဝဂ်၊ ကောကသမ္ဗကဝတ္ထု)
ကောသမ္ဗီအရေးတော်ပုံကြီး ပြီးဆုံးခြင်း
ပြန်လည်တွေ့ဆုံရန် မရှိတော့သော ဆင်ကြီးကို ကျောခိုင်မြဲခိုင်းလျက် ကျွန်ုပ်တို့သည် ဇေတဝန်ကျောင်းတော်သို့ ဆိုက်ရောက်လာကြ၏၊ မဖူးမမြင်ရတာ ကြာပြီဖြစ်သော ဘုရားရှင်ကို ဖူးမြင်ခွင့်ရကြသဖြင့် ကျွန်ုပ် မျက်နှာပွင့် လန်းခဲ့ရသည်ကို အထူးတင်ပြဖွယ် လိုမည် မထင်ပါ။
ကျွန်ုပ်တို့ ရောက်၍ ရက်များမကြာမီတွင် ကောသမ္ဗီရဟန်းများလည်း သတင်းနာခံ၍ လိုက်ပါလာကြ၏၊ သူတို့ သတင်းဆိုးများက ရပ်တကာ ရွာတကာ ဟိုးလေးတကျော်ဖြစ်နေရာ သူတို့ သတင်းကြားသည်နှင့် ဇေတဝန်ကျောင်းတော် တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြရ၏၊
ကောသမ္ဗီရဟန်းများ ကျောင်းတော်သို့ ရောက်မလာမီ အရှင်မဟာသာရိပုတ္တရာသည် ဂန္ဓကုဋီတိုက်ထဲ ဝင်သွား၏၊ အရှင်မဟာမောဂ္ဂလန်၊ အရှင်မဟာကဿပစသော သာဝကကြီးများမှာလည်း ရှေ့ဆင့်နောက်ဆင့် ဝင်လိုက်သွားကြ၏၊ နောက်ဆုံးမှာ ကျွန်ုပ်နှင့် ရာဟုလာတို့ အလှည့်ဖြစ်ပေသည်။
"အရှင်ဘုရား၊ ခိုက်ရန်ဖြစ်ပွားသော ကောသမ္ဗီရဟန်းများ လိုက်လာကြပါပြီ။ ထိုရဟန်းတို့အပေါ် တပည့်တော်တို့ မည်သို့ ဆက်ဆံရပါမည်လဲ ဘုရား"
အားလုံး တစ်သံတည်း လျှောက်ထားကြရာ ဘုရားရှင်က...
"ရဟန်းတို့၊ ဓမ္မဝါဒီများဘက်က ရပ်တည်ကြကုန်လော့"
မိမိစကားကို နားမထောင်သူချင်း အတူတူမှာပင် ဓမ္မဝါဒီများကိုကား ပစ်ပယ်တော် မမူပါ။ ဘုရားရှင်သည် ပညတ်တော်မူသော ဝိနည်းတော်ကို ဝိနည်းတော်အတိုင်း လက်ခံကြသဖြင့် နှင်ထုတ်ကံပြုသူများသည် ဓမ္မဝါဒီများ ဖြစ်ကြပေသည်။ အာပတ်မသင့်ဟု ယုံကြည်ကြသူတို့လည်း အဓမ္မဝါဒီဟု ဆိုရသော်လည်း လုံးဝ မပေါင်းသင်းထိုက်သော ရဟန်းဆိုးတို့ကား မဟုတ်ကြပါ။ ကောသမ္ဗီရဟန်းအားလုံးမှာ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ် သည်မှလွဲ၍ အခြားကြီးကျယ်သော ပြစ်ချက်ကြီးများ မရှိကြ၍ ယဇ္ဇီစာရင်းဝင်များပင် ဖြစ်ကြပေသည်။
"အရှင်ဘုရား၊ ခိုက်ရန်ဖြစ်ပွားသော ကောသမ္ဗီရဟန်းများ လာနေကြပါပြီ။ ထိုရဟန်းတို့အပေါ် တပည့်တော်မ မည်သို့ဆက်ဆံရပါမည်လဲ ဘုရား"
ကျွန်ုပ်တို့နော်ကမှာ လျှောက်ထားလာသူများကား မယ်တော်ကြီး ပဇာပတိဂေါတမီ ဖြစ်ပေသည်။
"ဂေါတမီ၊ နှစ်ဖက်စလုံးမှာ တရားနာပါ။ နှစ်ဖက်စလုံးမှာ နာကြားပြီးနောက် ဓမ္မဝါဒီများ၏ တင်ပြချက်ကို လက်ခံပါ"
သာသနာ့ဝန်ထမ်းအားလုံးအတွက် မိန့်တော်မူပြီးမှ တစ်ဖန်ထပ်၍-
"အိမ်ရှင်သူဌေး၊ နှစ်ဖက်စလုံးမှာ လှူဒါန်းပါ။ နှစ်ဖက်စလုံးမှာ တရားနာပါ။ နှစ်ဖက်စလုံးမှာ နာကြားပြီးနောက် ဓမ္မဝါဒီများ၏ တင်ပြချက်ကို လက်ခံပါ"
ကျောင်းဒါယကာ အနာထပိဏ်သူဌေးကိုလည်း မိန့်ကြားတော်မူရ၏၊ ဝိသာခါလျှောက်ထားသည်တွင်လည်း ဤသို့ပင် မိန့်တော်မူပေသည်။
သို့နှင့် မရောက်ခင်က နာမည်ကြီးနေသော ကောသမ္ဗီရဟန်းများ ရောက်လာကြပါပြီ။ ကောသမ္ဗီမှာတုန်းက ဘုရားရှင်ကို အာခံရဲခဲ့ကြသော သူရဲကောင်းကြီးများသည် ဇေတဝန်ကျောင်းတော်မှာကား ခေါင်းကိုပင် မဖော်ရဲကြတော့ပါ။ ကဲ့ရဲ့သူ၊ ရှုတ်ချသူတို့ကြားဝယ် မျက်နှာငယ်ကလေးများဖြင့် ဖြစ်နေကြရ၏၊
သူများတွေက ကဲ့ရဲ့ရှုတ်ချရင်း အလုပ်ရှုပ်နေကြစဉ် အရှင်မဟာသာရိပုတ္တရာကား သူတို့အတွက် နေရာချထားရန် စဉ်းစားနေရ၏၊ နာမည်ကြီးရဟန်းများဖြစ်၍ သူတို့ကို မည်သည့်ကျောင်းကမျှ လက်မခံလိုကြသဖြင့် ဘုရားရှင်ထံ ဝင်ခဲ့ရပေတော့သည်။
"အရှင်ဘုရား၊ ခိုက်ရန်ဖြစ်ပွားသော ကောသမ္ဗီရဟန်းများ ရောက်လာကြပါပြီ။ ထိုရဟန်းတို့ကို မည်သို့ နေရာချထားရပါမည်လဲ ဘုရား "
"သာရိပုတ္တရာ၊ အားလပ်သော ကျောင်းကို ပေးလိုက်ပါ"
"အရှင်ဘုရား၊ အားလပ်သော ကျောင်းမရှိလျှင် မည်သို့ဆောင်ရွက်ရပါမည်လဲ ဘုရား "
"သာရိပုတ္တရာ အားလပ်အောင်ပြုလုပ်၍ ပေးရမည်။ မည်သို့သော အကြောင်းနှင့်မျှ ထေရ်ကြီးဝါကြီး ရဟန်းအား အိပ်ရာ နေရာကို မတားမြစ်အပ်ပေ။ တားမြစ်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေ"
"အရှင်ဘုရား၊ ပစ္စည်းလေးပါးကို မည်သို့ ဝေဖန်ရမည်လဲ ဘုရား "
"သာရိပုတ္တရာ၊ ရဟန်းအားလုံးအား အညီအမျှ ခွဲဝေပေးပါ"
မလိမ္မာ၍ တစ်ကြိမ်တစ်ခါ မိုက်မှားမိသော တပည့် သာဝကတို့အပေါ် ကရုဏာတော်မပျက် မိန့်မြွက်တော်မူ လိုက်ခြင်းပါတည်း။
ကရုဏာရိပ်မှာ ခိုလှုံလာကြပြီးနောက် သုတ္တန်ဆောင်ပုဂ္ဂိုလ်သည် မိမိမှာ အာပတ်သင့်နေကြောင်း သုံးသပ်ကာ ဝန်ချတောင်းပန်သောအားဖြင့် ကောသမ္ဗီအရေးတော်ပုံကြီး ဇာတ်သိမ်းသွားပေသည်။
(ဝိနည်းမဟာဝဂ်၊ ကောသမ္ဗကခန္ဓက)
ဆေးစားမှားသူများ
သမားတော်ကြီးတို့ ဖော်စပ်သော ဆေးတို့သည် လောကသားတို့ ကျန်းမာချမ်းသာကြစေရန် ဖြစ်၏၊ ဖြစ်ပွားတတ်သော ရောဂါဝေဒနာတို့ကို ကုစားရန် ဖြစ်၏၊သို့ရာတွင် ဆေးကို စားသုံးသူသည် သမားတော်ကြီးတို့၏ ရည်ရွယ်ချက်ကို သိထားရပေလိမ့်မည်။ စားသင့် စားထိုက်သော အတိုင်းအတာကို သိထားရပေလိမ့်မည်။ ရည်ရွယ်ချက်ကိုလည်း မသိ။ အတိုင်းအတာလည်း မရှိဘဲ စားသုံးကြလျှင်ကား ဆေးအတွက် ဝန်လေး နေကြမည်သာတည်း။
သမားတော်ကြီးများ ဖော်စပ်သော ဆေးကို အစားမှားသူများရှိသကဲ့သို့ ဘုရားကိုယ်တော်မြတ်၏ ဝိနည်းတော်ဆေးကို အစားမှားခဲ့ရသော ရဟန်းများကို တင်ပြခဲ့ပါပြီ။ ယခုတစ်ဖန် ကမ္မဋ္ဌာန်းဆေးတော်ကြီးကို အစားမှားသော ပုဂ္ဂိုလ်များကိုလည်း တင်ပြရပါဦးမည်။
ဝဇ္ဇီတိုင်း၊ ဝေသာလီမြို့တော်အနီးက ကုဋာဂါရကျောင်းတော်ကြီး၌ နေတော်မူစဉ် ဘုရားရှင်သည် ဆယ့်ငါးရက်တိုင်တိုင် တစ်ပါးတည်း ကိန်းအောင်းတော်မူခဲ့၏၊ နေ့စဉ် ဆွမ်းပို့တာဝန်ကျသော ရဟန်းမှ လွဲ၍ မည်သူ့ကိုမျှ ချဉ်းကပ်ခွင့် မပြုပေ။ ဤသို့ ဆယ့်ငါးရက်မျှ မျက်နှာလွှဲတော်မူလိုက်စဉ်မှာပင် ရဟန်းပေါင်းများစွာ ခန္ဓာစဲ၍ သွားကြရပါပေသည်။
ရဟန်းများ ခန္ဓာစဲကြရခြင်းမှာ တစ်စုံတစ်ခုသော ကပ်ရောဂါကြောင့် မဟုတ်ပါ။ အစာရေစာငတ်မွတ်၍လည်း မဟုတ်ပါ။ ဓားထက်ထက်ဖြင့် မညှာရက်စက် သတ်ဖြတ်ကြသောကြောင့်သာ ဖြစ်ပေသည်။ ကံဆိုးရှာသော ရဟန်းများသည် ဓားထက်ထက်ဖြင့် အချင်းချင်းလည်း သတ်ကြ၏၊ သူများက မသတ်လျှင် ကိုယ့်ကိုယ်ကိုလည်း သတ်သေကြ၏၊ အချင်းချင်းကလည်း သတ်မည့်သူမကျန်။ ကိုယ့်ကိုယ်ကို မသတ်ရဲကြလျှင်ကား မိဂလဏ္ဍိကထံ အကူအညီတောင်းကြရတော့သည်။
မိဂလဏ္ဍိကသည် ရဟန်းတို့၏ သင်္ကန်းများကို ဝတ်ကာ ရဟန်းတို့နှင့်အတူ ကျောင်းမှာနေ၏၊ သို့သော် သူသည် ရဟန်းလည်း မဟုတ်။ ရှင်လည်း မဟုတ်ပါ။ ဘုရားရှင် မျက်နှာလွှဲထားသည့်အခိုက် အခွင့်ကောင်းယူကာ ကပ်ရပ်နေထိုင်သူသာ ဖြစ်ပေသည်။ ရဟန်းတို့၏ ဆွမ်းကျန်ကိုစားကား ရဟန်းတို့ စွန့်ပစ်ထားသော သင်္ကန်းကို ကောက်ဝတ်ထားသူသာ ဖြစ်ပေသည်။
မိဂလဏ္ဍိကသည် ရဟန်းများကို နေ့စဉ်နေ့တိုင်း သတ်နေရ၏၊ တစ်နေ့မှာ တစ်ပါးသတ်ရသည်လည်း ရှိ၏၊ နှစ်ပါးသတ်ရသည်လည်း ရှိ၏၊ အသေခံ ရဟန်းတွေ များသထက်များလာသောအခါတွင်ကား တစ်နေ့တည်းနှင့် အပါးခြောက်ဆယ်တိုင်တိုင် သတ်ပေးရပေသည်။
ရဟန်းများများ သတ်ရလေတိုင်း မိဂလဏ္ဍိကသည် ပျော်တပြုံးပြုံးဖြစ်၍ နေ၏၊ သူ့ဓားသွားမှာ အသက်ပါသွားသော ရဟန်းများက သူတို့ ပိုင်ဆိုင်လေသမျှ သင်္ကန်း သပိတ် ပရိက္ခရာများကို သူ့ဆီမှာ ပေးခဲ့ကြရ၏၊ နောက်ပြီး ဤသို့ သတ်ဖြတ်ပေးလိုက်ခြင်းဖြင့် သံသရာမှ မကူးမြောက်နိုင်သေးသော ရဟန်းများအား အောင်မြင်စွာ ကူးမြောက်နိုင်အောင် အကျိုးဆောင်ပေးရာ ရောက်သည်ဟုလည်း ယူဆထားပေသည်။
သူ့အယူအဆနှင့်သူ ရဟန်းသတ်ပွဲကြီးကို အားပါးတရ ဆင်နွှဲနေခဲ့ကြသော မိဂလဏ္ဍိကသည် သွေးစွန်းသော ဓားကြီးကို ဝင့်ကာ ဝင့်ကာ ကျောင်းပေါက်စေ့မျှ လှည့်လည်နေ၏၊ သည်ကျောင်းက ပြီးပြန်တော့ ဟိုကျောင်းဝိုင်းဘက် ကူးပြန်၏၊
"သံသရာမှ မကူးမြောက်နိုင်သေးသူ ဘယ်သူနည်း။ ဘယ်သူ့ကို ကူးပေးရမည်နည်း "
မေးရင်းရှာ၊ ရှာရင်းမေးလျက် အသက်ပေါင်းများစွာကို ပျော်ပျော်ကြီးသတ်၍ နေပေသည်။
သွေးစက်လက်နှင့် ဓားကြီးကိုမြင်ရတိုင်း ကျွန်ုပ် စိတ်နှလုံး တုန်လှုပ်မိပါ၏၊ သူ့အသံကြီးသည်ကား ကျွန်ုပ်အဖို့ ငှက်ဆိုးထိုးသံတမျှ ဖြစ်ပါ၏၊ သို့ပါသော်လည်း ကျွန်ုပ်မှာ သူ့ကို မတားဆီးနိုင်ပါ။ သံဃာအများစုက စိတ်တူသဘောတူ လက်ခံထားသော ကိစ္စကြီးဖြစ်၍ ကျွန်ုပ်ဘာမျှ မတတ်နိုင်ပါ။ ဘုရားရှင်ပေးတော်မူသော အသုဘကမ္မဋ္ဌာန်းကို အကြောင်းပြုကာ အစွန်းတစ်ဖက် ရောက်သွားသူများကို သနားရုံသာ တတ်နိုင်ပါတော့သည်။
တဏှာရာဂ အနှိပ်စက်ခံရသူများအတွက် ဘုရားရှင်သည် အသုဘဘာဝနာကို ဟောတော်မူခဲ့၏၊ အခါအခွင့်သင့်တိုင်း ကြိမ်ဖန်များစွာ ဟောတော်မူခဲ့၏၊ အသင့်အတင့် နှလုံးသွင်းနိုင်သူမှန်လျှင် ဤကမ္မဋ္ဌာန်း ကျေးဇူးကြောင့် မိမိတို့ ကိုယ်ခန္ဓာအပေါ်မှာ သာယာတတ်၊ ကပ်ငြိတတ်သော တဏှာရာဂတို့ နှိပ်စက်မည့်ဘေးမှ ကင်းဝေးရာ ရနိုင်ခွင့်ရှိပေသည်။
သို့သော် ကျွန်ုပ်၏ သီတင်းသုံးဖော်များကား ဘေးကင်းရာတရားနှင့် လွဲ၍ သေပွဲသို့သာ ဝင်ကြ၏၊ ရေမိုးချိုး၍ အတင့်အတယ် ပြုပြင်ခြယ်လှယ်ထားသော အပျို လူပျိုများသည် မြွေသေကောင်ပုပ်၊ ခွေးသေကောင်ပုပ်များကို ရွံ့စရာ စက်ဆုပ်ကြသကဲ့သို့ပင် သူတို့ကလည်း သူတို့၏ ခန္ဓာကိုယ်ကြီးကို ရွံ့ရှာစက်ဆုပ်၍ လာကြ၏၊ ဤသည်လျှင် အလွဲလမ်းစကို နင်းမိခြင်းပါတည်း။
(တတိယ ပါရာဇိက၊ သိက္ခာပုဒ်နိဒါန်း)
ဘုရားကိုယ်တော်မြတ် ညွှန်ပြတော်မူသော အသုဘဘာဝနာမှာ ခန္ဓာကိုယ်ကြီး၏ စက်ဆုပ်ရွံရှာစရာအဖြစ်တွင် လမ်းဆုံး သွားဖို့မဟုတ်ပါ။ တဏှာရာဂ လွှမ်းမိုး၍ သာယာဖွယ် စုံမက်ဖွယ်ဖြစ်နေသော ခန္ဓာကိုယ်ကြီး၏ သဘောကို သတိပြုရုံမျှသာ ပြုကာ ခန္ဓာကိုယ်ကြီးထက် အဆများစွာ သာလွန်၍ ရွံစရာကောင်းသော အတွင်းက အသုဘများကို ရှုမြင်နိုင်ကြရန် ဖြစ်ပေသည်။
မှန်ပါ၏၊ ကျွန်ုပ်တို့ ခန္ဓာကိုယ်ကြီးတွင် ကိုးပေါက်သော ဒွါရ၊ အနာဝတို့ ရှိနေကြပါ၏၊ နောက်ပြီး မရေတွက်နိုင်အောင် မြားမြောင်လှစွာသော မွေးညင်းပေါက်များလည်း ရှိကြသေး၏၊ ထိုအပေါက်ကြီး အပေါက်ငယ် ဟူသမျှမှ နေ့စဉ်နှင့်အမျှ ယိုကျနေသည်တို့မှာ မသတီစရာချည်း ဖြစ်ဘိ၏၊ ဤသည်မှာ ခန္ဓာကိုယ်ကြီး၏ အပြစ်လော။
ခန္ဓာကိုယ်ကြီးထဲမှ အချိန်ရှိသမျှ အညစ်အကြေးများ စီးယိုထွက်ကျနေခြင်းမှာ မည်သူ့ကိုမျှ နှိပ်စက်ရန် မဟုတ်ပေ။ မည်သူ့ကိုမျှ နှလုံးမသတီအောင် လုပ်နေခြင်း မဟုတ်ပေ။ ကိုက်စားဝါးမြိုထားခဲ့သော အစာရေစာများထဲက ခန္ဓာကိုယ်အတွက် အသုံးဝင်သော ပစ္စည်းများကို လက်ခံထားကာ အသုံးမကျတော့သော အမှိုက်သရိုက်များကို စွန့်ထုတ်လိုက်ခြင်းသာ ဖြစ်ပေသည်။
သူ့သဘော သူ့သဘာဝ သူ့ကိစ္စ သူဆောင်ရွက်နေသော ခန္ဓာကိုယ်ကြီးကို သဘောပေါက်ပါလျှင် ကျွန်ုပ်တို့သည် ဤခန္ဓာကိုယ်ကြီးကို စွဲမက်နေစရာလည်း မလိုပေ။ စက်ဆုပ်နေစရာလည်း မလိုပေ။ စက်ဆုပ်ရွံရှာ သော်လည်း ပဟာနကိစ္စဖြင့် ပယ်၍ရနိုင်သော တရားလည်း မဟုတ်ပေ။ ပရိညာကိစ္စဖြင့် ပိုင်းပိုင်းခြားခြား သိထားရုံမျှသာ အသုံးကျသော ခန္ဓာကိုယ်ကြီးဖြစ်၏၊
ပုရိမတဏှာကို အကြောင်းပြု၍ မလွှဲသာ မရှောင်သာ ရရှိထားသော ဤခန္ဓာကိုယ်ကြီးမှာ ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်း မဟုတ်။ ကုသိုလ် အကုသိုလ်မှ လွတ်သော အဗျာကတ တရားသာ ဖြစ်၏၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏစသော ဘေးဒုက္ခတို့၏ အစုအပုံသာ ဖြစ်ဘိ၏၊
ပုရိမတဏှာကို အကြောင်းပြု၍ ယခု ‘ဒုက္ခမျိုးစုံ ကြုံတွေ့နေရသကဲ့သို့ပင် ယခု အလိုတဏှာနှင့် တောင့်တပါလျှင်လည်း ဒုက္ခမျိုးစုံကို တောင်းဆိုရာသာ ရောက်ပေလိမ့်မည်။
ဤသဘောတရားကို သိသဖြင့် ဘုရားစသော အရိယာ သူတော်စင်တို့သည် ဒုက္ခမျိုးစုံ စုပြုံနေသော ခန္ဓာကိုယ်ကြီးကို ဟုတ်တိုင်းမှန်စွာ ရှုမြင်ကာ နောက်ထပ်တစ်ဖန် တောင့်တခြင်းမရှိဘဲ နေတော်မူကြ၏၊ ဤလိုနေခြင်းသည်ပင် လက်ငင်းလက်တွေ့ ဒုက္ခလွတ်ကြောင်း ဖြစ်၏၊ သူတော်သူမြတ်တို့၏ ရှာမှီးခြင်းလည်း ဖြစ်၏၊
(မူလသဏ္ဏာသ၊ ပါသရာသိယုတ်)
ရာဟုလာတို့ သားအဖ
လေရောဂါကို ခံစားနေရသော မယ်တော်အတွက် သရက်သီးဓာတ်စာကို သားတော် ရာဟုလာသည် မရရအောင် ရှာဖွေခဲ့၏၊ သို့ရာတွင် သူကိုယ်တိုင် ဆွမ်းခံမလိုက်ဖြစ်သော နေ့မှာကား သူ့ဆီသို့ ဆွမ်းတစ်ပွဲစာမျှ ပို့မည့်သူ မရှိပါချေ။ နံနက်မှသည် ညနေစောင်းတိုင်အောင် ရာဟုလာ တစ်ပါးတည်းသာ အခန်းအောင်း၍ နေရပေသည်။
ထိုနေ့ကား ရာဟုလာ၏ ဘဝလမ်းကြောင်း တစ်ချိုးတစ်ဆစ် ပြောင်းလဲလာသော နေ့ဖြစ်၏၊ မယ်တော့်ဆီမှာတစ်လှည့်၊ ခမည်းတော်ဆီမှာ တစ်ခါ ဆည်းကပ်ဖူးမြော်ရင်း ပြုစုလုပ်ကျွေးရင်းဖြင့် ရာဟုလာ ၁၈ နှစ်သား ဖြစ်လာပေပြီ။ ဖအေတူ မအေတူ သားဖြစ်၍လည်း လှပရွှန်းစို ကြည်ညိုဖွယ် ဖြစ်ပါပေသည်။ ထိုနေ့နံနက် ဆွမ်းခံဝင်ရာတွင် ဘုရားရှင်သည် ရာဟုလာတစ်ပါးတည်းသာ နောက်ပါခေါ်လျက် ကြွတော်မူ၏၊ ဤသို့ ထူးခြားသော အပြုအမူတစ်ခုခု ရှိလာလျှင် ထူးခြားသော ရည်ရွယ်ချက်တစ်ခုခု ရှိ၍သာဖြစ်ကြောင်း ကျွန်ုပ်တို့ သိပြီးဖြစ်၍ နောက်ချန်၍ နေရစ်ခဲ့ကြ၏၊
ရှေ့သွားနောက်လိုက် ညီလှသော အရှင်နှစ်ပါးတို့သည် ကျွန်ုပ်တို့ရှေ့မှ တရွေ့ရွေ့ ထွက်ခွာတော်မူကြ၏၊ ရွှေရောင်ဝင်းသည့် လောင်းလှေကြီးနှင့် လောင်းလှေငယ်တို့သည် ရေအိုင်ကြီးအတွင်းမှာ ရှေ့ဆင့်နောက်ဆင့် လှော်ခတ်သွားကြသကဲ့သို့ပင် ဖြစ်ပါ၏၊ ကျွန်ုပ်တို့၏ ဟာဒယနှလုံးအိမ်ကို ဆီစိမ်၍ ပေးလိုက်သော မြင်ကွင်းတစ်ခုပင် ဖြစ်ပါ၏၊
ကျွန်ုပ်တို့တစ်တွေက ရွှေလောင်းနှစ်စင်းလုံးကို ကြည်ညိုအားရလျက်ရှိရာတွင် ရွှေလောင်းငယ်သည် သူ့ရှေ့က ရွှေလောင်းကြီးကို တစိမ့်စိမ့်ကြည့်ရာမှ သူ့လက်သူ့ခြေများကိုလည်း ကြည့်ရှုရပေသေးသည်။ ဖြူဝင်း ရွှန်းစိုသော အဆင်းရောင်အောက်က အသားအရေပြည့်ဖြိုးသော သူ့လက် သူ့ခြေများကို ကြည့်ရင်း သူ့တစ်ကိုယ်လုံးကို ပုံဖော်၍ ကြည့်သွားဟန် တူပါသည်။ ကိုယ့်ရုပ်ရည်ရူပကာကို ကိုယ့်ဘာသာ စိတ်ဝင်စားနေတတ်သော အရွယ်မျိုးပင် မဟုတ်ပါလော။
"တဏှာရှေ့သွား၊ ခြေလှမ်းမှား၍
ပေါက်ဖွားလာရ၊ လူ့လောကကို
ဤမျှနှင့်တန်၊ တစ်ဖန်တစ်ကျော့
ဝင်မဆော့နှင့်... "
ဤသို့ ဟိုတစ်ခါက ဆုံးမတော်မူခဲ့ဖူး၏၊ ဆုံးမစကားကို နာယူလွယ်ခဲ့သော ရာဟုလာသည် ကိုယ့်ရုပ်ရည်ကို ကိုယ်ပြန်ချစ်နေသဖြင့် မေ့လျော့သွားဟန် တူပါသည်။
သွားစဉ်တုန်းက ရှေ့ဆင့် နောက်ဆင့် လိုက်ပါသွားသော ရာဟုလာကို ကျွန်ုပ်တို့သည် လမ်းခုလတ်မှာ တွေ့ကြုံကြရ၏၊ ရှေ့က ကြွတော်မူသော ဘုရားရှင်သည် သာဝတ္ထိမြို့တော်ထဲမှာ ဆွမ်းခံနေတော်မူပေရော့မည်။ ရာဟုလာကား သစ်ပင်ရင်းမှာ တစ်ပါးတည်း ထိုင်လျက် ရှိနေ၏၊ ရှင်ပြုခါအချိန်တုန်းကသာ ဤအနေမျိုးကြုံရလျှင် ခမည်းတော်ကို စိတ်ကောက်၍ ချန်နေရစ်ခဲ့သည်ဟု ထင်စရာ ရှိပါ၏၊ သို့သော် ယခု ရာဟုလာသည် ရှင်ငယ်ကလေး မဟုတ်တော့ပြီ။ မကြာမီကာလအတွင်းမှာ ရဟန်းအဖြစ် ခံယူတော့မည့်သူ ဖြစ်နေ၏၊ ပင်ကိုယ်ဓာတ်ခံ ကောင်းမွန်၍ အရွယ်ရောက်ပြီးသော သာမဏေတစ်ပါးလည်း ကျန်ရစ်သည်မှာ တစ်စုံတစ်ခုသော သံဝေဂစိတ်ကြောင့်ပင် ဖြစ်စရာရှိပေသည်။
နောက်တော်ပါးက ဖဝါးခြေထပ် လိုက်ပါခဲ့ပါလျက် မသင့်မတင့် နှလုံးသွင်းနေသော ရာဟုလာကို ဘုရားရှင်က သည်အတိုင်း လွှတ်ပေးထားလိမ့်မည် မဟုတ်ပါ။ ရတနာမျိုးစုံ စုပြုံတင်ဆောင်လာသော လှေကြီးတွင် ရေဝင်ပေါက် တွေ့ပါက ချက်ချင်းလက်ငင်း ဖာထေးလိုက်ရသကဲ့သို့ ရာဟုလာ၏ နှလုံးသွင်းမှားမှုကိုလည်း ချက်ချင်းလက်ငင်း ပိတ်တော်မူမည်သာ ဖြစ်၏၊ ခန္ဓငါးခု အစုအဝေးသာ ဖြစ်သော ဤခန္ဓာကိုယ်အပေါ်ဝယ် ငါ ဟူ၍လည်းကောင်း၊ ငါ့ဟာ ဟူ၍လည်းကောင်း မရှုထိုက် မစွဲလမ်းထိုက်သည်ကို ဟောပြတော်မူမည်သာ။
ဤတွင် ရာဟုလာသည် ခိုးထုပ် ခိုးထည်နှင့်တကွ သျှောင်ဆွဲ၍ အဖမ်းခံလိုက်ရသော ခိုးသူကဲ့သို့ပင် သတိသံဝေဂကြီးစွာ ရပေလိမ့်မည်။ သတိသံဝေဂနှင့်အတူ နာယူလွယ်သော သဘောများလည်း ကပ်ပါလာသဖြင့် သစ်ပင်ရင်းမှာ ချန်နေရစ်ဟန် တူပေသည်။
ကျွန်ုပ်တို့ ဆွမ်းခံပြန်လာသောအခါတွင်ကား သစ်ပင်ရင်းမှာ ရာဟုလာ မရှိတော့ပါ။ လမ်းခုလတ်က ပြန်သွားရသည်ဖြစ်ရာ သူ့သပိတ်ထဲမှာ ဆွမ်းတစ်ဇွန်းမျှ ပါသွားမည် မဟုတ်ပါ။
(သဠာယတနသံယုတ် ရာဟုလော ဝါဒသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
ဆွမ်းစားကျောင်းပေါ်မှာ သီတင်းသုံးဖော်များနှင့်အတူ ဆွမ်းစားနေရင်း ကျွန်ုပ်စိတ်များက ရာဟုလာထံ ရောက်နေကြ၏၊ ကျောင်းခန်းတွင်းမှာ တရားနှလုံးသွင်းလျက် ငြိမ်သက်စွာထိုင်နေသော ရာဟုလာသည် သည်ကနေ့အဖို့ ဆွမ်းတစ်လုတ်မျှ မစားရသေးပါ။ သူ့ဆီ ဆွမ်းသွားပို့ရန် ခိုင်းတော်မူမည်လားဟု လည်တဆန့်ဆန့် လှမ်းကြည့်ရပါသော်လည်း ဘုရားရှင်ကား မည်သို့မျှ မိန့်တော်မမူပါချေ။ ဘုရားရှင် မိန့်တော်မမူဘဲနှင့်လည်း ကျွန်ုပ်တို့ မပို့ရဲပါ။ ရာဟုလာ ဆွမ်းမစားရသေးသည်ကို ဘုရားရှင်လည်း သိတော်မူမည်သာ။ သိပါလျက်နှင့် နှုတ်မမြွက်ဘဲ နေတော်မူခြင်းမှာ အကြောင်းတစ်ခုခု ရှိ၍သာ ဖြစ်ပါလိမ့်မည်။
ဆွမ်းစားတုန်းက တနုံ့နုံ့တွေးလာခဲ့သော ထိုအကြောင်းကို ညနေချမ်းကျမှသာ ကျွန်ုပ် သိရပေတော့သည်။ ထိုနေ့နံနက်က ရာဟုလာသည် ဆွမ်းတည်းဟူသော ဘောဇဉ်ကို မစားရသော်လည်း ထို့ထက်မွန်မြတ်သော ဘောဇဉ်တစ်မျိုးကိုကား စားခဲ့ရပေသည်။ ထိုဘောဇဉ်ကို ပေးသော ပုဂ္ဂိုလ်ကား သူ၏ ဥပဇ္ဈာယ်ဆရာ အရှင်မဟာသာရိပုတ္တရာပါတည်း။
နံနက်ခင်းတုန်းက ဆွမ်းခံထွက်ကြွရာတွင် အရှင်မြတ်ကြီးသည် သူ့ထုံးစံအတိုင်း နောက်ချန်၍ နေရစ်ခဲ့၏၊ ကျွန်ုပ်တို့ ထွက်လာချိန်တွင် ကျောင်းများကို လျှောက်၍ ကြည့်နေရစ်၏၊ အမှိုက်သရိုက်ရှိလျှင် လှည်းကျင်းသုတ်သင်ရန်နှင့် အထားအသိုမတတ်သော အသုံးအဆောင်များကို နေရာတကျ သိမ်းထားပေးန် ဖြစ်ပေသည်။
သစ်ပင်ရင်းမှာ တရားနှလုံးသွင်းလျက် မလှုပ်မယှက် ထိုင်နေသော ရာဟုလာကို ကျွန်ုပ်တို့သည် အသာရှောင်၍ လာခဲ့ကြ၏၊ သူ၏ ခမည်းတော်ကိုယ်တိုင်က ပေးထားခဲ့သော တရားဖြစ်၍ ကျွန်ုပ်တို့က တစ်စုံတစ်ရာ ဝင်မစွက်သင့်၍ ဖြစ်ပေသည်။ သို့ရာတွင် အရှင်မဟာသာရိပုတ္တရာကား သူ၏ ဥပဇ္ဈာယ်ဆရာဖြစ်၏၊ ထို့ကြောင့် ကျွန်ုပ်တို့ကဲ့သို့ အသာအယာ ရှောင်မလာဘဲ အာနာပါနကမ္မဋ္ဌာန်းကို ပေးလိုက်သည်ဟူပါ၏၊ မိမိ၏ ထွက်သက်ဝင်သက်တွင် အစဉ်သတိပြု၍ ကြည့်ရှုဆင်ခြင်ရသော ကမ္မဋ္ဌာန်းပင် ဖြစ်ပေသည်။
ရာဟုလာသည် ဆွမ်းခဲဖွယ် ဘောဇဉ်အစား အာနာပါန ဘောဇဉ်ဖြင့် ငြိမ်သက်စွာ နေခဲ့ပြီးလျှင် ညနေချမ်းကျခါမှ ဘုရားရှင်ထံမှ ချဉ်းကပ်လာခဲ့၏၊ ဤတွင် ကျွန်ုပ်နှင့်အတူ ဆုံမိကာ နံနက်ကအကြောင်းများကို ဆွေးနွေးမိကြခြင်း ဖြစ်ပေသည်။
ဥပဇ္ဈာယ်ဆရာ၏ အမိန့်အရ ရာဟုလာသည် အာနာပါနကမ္မဋ္ဌာန်းဖြင့် တစ်နေကုန်နေခဲ့သော်လည်း လိုအပ်သော ပန်းတိုင်သို့ကား ရောက်ခဲ့ဟန် မတူပါ။ ထို့ကြောင့် ထိုကမ္မဋ္ဌာန်းနှင့် ပတ်သက်၍ သူ့စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေသည်ကို မေးလျှောက်ပါတော့သည်။
"အရှင်ဘုရား အာနာပါန ကမ္မဋ္ဌာန်းကို အကျိုးကျေးဇူး ကြီးမားစေရန် မည်သို့ ပွားများရပါသလဲ ဘုရား "
သားဖြစ်သူက သူသိလိုသော အကြောင်းအရာကို မေးလျှောက်လိုက်၏၊ သို့ရာတွင် သူ၏ ခမည်းတော်ကား သားတော်ရာဟုလာ၏ အလိုသို့ မလိုက်ပါချေ။ သားဖြစ်သူ မေးလျှောက်သော ကမ္မဋ္ဌာန်းပွားများနည်းကို ဖြေကြားတော်မမူဘဲ ထိုထက်အရေးကြီးသော ကမ္မဋ္ဌာန်းကိုသာ ဟောကြားတော်မူပေသည်။
"ရာဟုလာ၊ သင်သည် ငါဘုရား၏ ကိုယ်တော်နှင့် ဆက်စပ်ကာ ငါလည်း လှပတင့်တယ် ရှုမောဖွယ်ရှိပေစွ ဟု ကိုယ့်ကိုယ်ကို ပြန်ချစ်နေခဲ့၏၊ သင်ချစ်နေသော ကိုယ်ခန္ဓာသည်ကား အမှန်အားဖြင့် ဆံပင်၊ မွေးညင်း စသော ရွံရှာဖွယ် အစုအဝေးတို့သာ ဖြစ်ဘိ၏၊ အရင်းအမြစ်ကို စစ်ဆေးလျှင် ပထဝီဓာတ်နှင့် အာပေါဓာတ်ကို တွေ့ရ၏၊ တေဇောဓာတ်နှင့် ဝါယောဓာတ်တို့က လွှမ်းခြုံရစ်သိုင်းကာ အာကာသဓာတ်များ ခြားလျက်ရှိ၏၊ ဓာတ်ကြီးငါးပါး အစုအဝေးသာဖြစ်သော ဤ်ခန္ဓာကို ငါဟူ၍လည်းကောင်း၊ ငါ့ဟာဟူ၍လည်းကောင်း စွဲလမ်းစရာ မရှိကြောင်းကို သင်ကောင်းကောင်း သိမြင်ထိုက်၏"
"ရာဟုလာ၊ အညစ်အကြေးများနှင့် ပတ်သက်ဆက်ဆံရသောအခါ မြေ၊ ရေ၊ လေ၊ မီးဟူသော ဓာတ်ကြီးလေးပါးတို့သည် ရွံရှာစက်ဆုပ်ခြင်းမရှိ၊ ပကတိအတိုင်းပင် နေကြသကဲ့သို့ မိမိစိတ်ကိုလည်း ဓာတ်ကြီးလေးပါးနှင့် အလားတူ တည်ငြိမ်စွာထား၍ ပွားများပါလျှင် ကြိုက်ခြင်း မကြိုက်ခြင်း ဟူသော ဖဿတို့သည် သင့်စိတ်ပေါ်မှာ လွှမ်းမိုးလာနိုင်မည် မဟုတ်ပေ"
တဏှာရာဂ ဗွက်တောထဲသို့ မျက်စိလည်ကာ လျှောက်သွားခဲ့မိသော ရာဟုလာအား မဟာကရုဏာတော်ဖြင့် လမ်းကြောင်းပေါ် ဆွဲတင်တော်မူလိုက်ခြင်းပင် ဖြစ်ပေသည်။
(မဇ္ဈိမပဏ္ဏာသ၊ မဟာရာဟုလောဝါဒသုတ်ပါဠိတော်နှင့် အဋ္ဌကထာ)
လမ်းကြောင်းမှန်သို့ ပြန်ရောက်လာသော ရာဟုလာသည် အသက်နှစ်ဆယ်ပြည့်သည်တွင် ရဟန်းဘဝ ရောက်လာခဲ့၏၊ ရဟန်းဖြစ်စ ရာဟုလာ၏ မျက်နှာသွင်ပြင်သည် ကြည်လင် သန့်ရှင်းလှ၏၊ ဖခမည်းတော်ထံမှ ခံယူရရှိခဲ့သော အဆုံးအမတို့ဖြင့် သာသနာ့ဘောင်မှာ မွေ့လျော်နေကြောင်း သက်သေကောင်းပင် ဖြစ်ပေသည်။ အရဟတ္တဖိုလ်အထိ ဆိုက်ရောက်စေနိုင်သော အခြေခံစိတ်ဓာတ်များ တဖျပ်ဖျပ်နှင့် နိုးကြားတက်ကြွနေပုံရပေသည်။
ငွားငွားစွင့်စွင့် ပွင့်ရမည့်ရက်ကို ငံ့လင့်နေခဲ့သော ရာဟုလာ ကြာပဒုံသည် တစ်ခုသော နေ့လယ်ခင်းတွင် နေရောင်ခြည်နှင့် အသင့် တွေ့ဆုံလိုက်ရပေသည်။
နေမင်း၏ အဆွေဖြစ်သော ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီးနောက် အန္ဓဝန်တောသို့ ကြွတော်မူ၏၊ ရာဟုလာသည်လည်း နိသိဒိုင်ကို ပခုံးတင်လျက် နောက်တော်ပါးက ထက်ကြပ်မကွာ လိုက်ပါသွား၏၊ ဟိုတစ်ခါ ဆွမ်းခံသွားတုန်းကကဲ့သို့ပင် သူ့ရှေ့က တရွေ့ရွေ့ ကြွသွားနေသော ရွှေတောင်ကြီးကို တစိမ့်စိမ့်ကြည့်လျက် ပါသွား၏၊ သို့ရာတွင် ထိုရွှေတောင်ကြီးမှတစ်ဆင့် သူ့လက် သူ့ခြေများကိုကား မကြည့်တော့ပါ။ ရွှေတောင်ကြီးနှင့် ဆက်စပ်ကာ ရွှေတောင်ကလေး၏ လှပတင့်တယ် ရှုမောဖွယ်အာရုံကိုလည်း ခုံမင်ဟန် မတူတော့ပါ။ နောက်တော်ပါးက လိုက်ပါရင်း တစိမ့်စိမ့် ကြည့်နေခြင်းမှာလည်း "ငါ့ဖခမည်းတော်" ဟူသော အတွယ်အတာကြောင့် ဟုတ်တော့မည် မထင်ပါ။ ပွင့်ခါနီးဆဲဆဲ အားခဲနေသော အသိဉာဏ်ကို ပွင့်လင်းအောင် အလင်းရောင် ပေးလတ္တံ့သော ကျေးဇူးရှင်ကြီးအဖြစ်ဖြင့် ကြည်ညိုလေးစားမှုသာ ဖြစ်ပါလိမ့်မည်။
ကျွန်ုပ်တို့ စိတ်နှလုံးကို ရွှင်ပြုံးစေတတ်သော ရာဟုလာ၊ ဆရာသမားတို့ ဆုံးမစကားကို တစ်သဝေမတိမ်း ခံယူတတ်သော ရာဟုလာ၊ သာသနာတော်ကြီး တစ်ခုလုံးက အရေးပေးထားပါလျက် ရောင့်တက်မာန်မူခြင်း ကင်းမဲ့ခဲ့သော ရာဟုလာ၊ ထိုရာဟုလာသည် သူလိုကိုယ်လို အသိဉာဏ်ဖြင့် နောက်တော်ပါးမှ လိုက်ပါသွား၏၊ အန္ဓဝန်တောအတွင်းမှ ပြန်လာသောအခါတွင်ကား ခမည်းတော် သားတော် နှစ်ပါးလုံးသည် အရဟတ္တဖိုလ်အားဖြင့် အဆင့်ချင်းတူညီ၍ လာကြပေတော့သည်။
ရာဟုလာအား အရဟတ္တဖိုလ်သို့ရောက်အောင် ခေါ်ဆောင်တော်မူသောတရားကို ဟိုတစ်ခါက အစပျိုးတော်မူခဲ့၏၊ ရရှိထားသော ခန္ဓကိုယ်ပေါ်မှာ "ငါ" ဟူ၍လည်းကောင်း၊ "ငါ့ဟာ" ဟူ၍လည်းကောင်း ယူစရာ၊ ရစရာ မရှိပုံကို ဟောကြားတော်မူခဲ့၏၊ ထိုသဘောများ ထင်ရှားလာစေရန် ဓာတ်ကြီးလေးပါးနှင့် အာကာသကောင်းကင်ကို ဥပမာပေးတော်မူခဲ့၏၊
ယခု အန္ဓဝန်တောအတွင်းမှာလည်း ထိုတရားသဘောတို့ကိုပင် ခြောက်မျိုးငါးပုံပုံကာ အသေးစိတ်၍ ဟောပြတော်မူခဲ့ပေသည်။
စက္ခု၊ ရူပါရုံ၊ စက္ခုဝိညာဉ်။ ဖဿနှင့် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်တို့ကို တစ်ပုံတည်းပြု၍ စက္ခုမှာ ငါးပုံ၊ ထို့အတူပင် သောတ ဃာန ဇိဝှာ၊ ကာယနှင့် မနေဒွါရတို့မှာလည်း ငါးပုံစီ စိတ်ဖြာပေးတော်မူ၏၊
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာအားဖြင့် ဣန္ဒြေငါးပါး ရင့်ကျက်နေပြီဖြစ်သော ရာဟုလာသည် အသေးစိတ်၍ မေးမြန်းတော်မူလေသမျှကို အချက်ကျကျ ဖြေဆိုရင်း နှလုံးသွင်း၍ နေခဲ့၏၊ ထိုတရားအဆုံးမှာပင် သူ၏ ရဟန်းကိစ္စလည်း ပြီးဆုံးသွားခဲ့သည် ဟူပါ၏၊
(သဠာယတနသံယုတ် ရာဟုလော ဝါဒသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
ငယ်စဉ်တုန်းက ရာဟုလာသည် မိမိတစ်ဦးတည်းသာလျှင် ဘုရားရှင့် သားတော်ဖြစ်သည်ဟု ထင်မှတ်ခဲ့၏၊ ယခု ရဟန်းကိစ္စပြီးချိန်မှာကား ဖခမည်းတော်ကြီးထံပါးဝယ် သားတော်တွေ မရေမတွက်နိုင်အောင် ရှိနေသည်ကို တွေ့လိုက်ရ၏၊
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ငါ့သွေးငါ့သား ဟူသော သဘောဖြင့် ထူးထူးခြားခြား အခွင့်အရေးပေး တော်မူခြင်း မဟုတ်ပါ။ မြောက်မြားလှစွာသော သားတော်များနှင့် ထပ်တူထပ်မျှ ဖခမည်းတော်၏ ဓမ္မအမွေကို ပေးတော်မူခြင်းသာ ဖြစ်ပေသည်။
ယခု ရရှိလိုက်သော အမွေသည် ဟိုယခင်တစ်ခါက သူ့မယ်တော်အတောင်းခိုင်းလိုက်သော အမွေများထက် အဆရာထောင်မက သာလွန်မြင့်မြတ်လှပေသည်။ ဤအမွေကို ရသဖြင့် ဘဝတစ်သက်တာတွင် ပူစရာမလို နဂိုမကတိအတိုင်း စိတ်နှလုံး အေးချမ်းစွာ နေနိုင်သွားပေတော့သည်။ သုံး၍မကုန် ပေး၍လည်း မကုန်နိုင်သော ရတနာရွှေအိုးကြီးများကို သည်တစ်ခါတော့ မတောင်းဘဲနှင့် ရခဲ့ပါပြီ။ ထို့ကြောင့် ရတနာရွှေအိုးကြီးများကို သည်တစ်ခါတော့ မတောင်းဘဲနှင့် ရခဲ့ပါပြီ။ ထို့ကြောင့်-
"ရစ်မသည် မိမိဥကို မခွဲမခွာ အမြဲတမ်း စောင့်ရှောက်နေဘိသကဲ့သို့ စာမရီမည်သော သားသည် မြီးဆံတစ်မျှင်မျှ မကျွတ်ရအောင် စောင့်ရှောက်ဘိသကဲ့သို့ ဉာဏ်ပညာ ရင့်ကျက်၍ အကျင့်သီလ ပြည့်စုံကုံလုံတော်မူသော ရဟန်းမြတ်သည် ငါ့ကို စောင့်ရှောက်တော်မူခဲ့လေပြီ တကား "
ဤသို့အားဖြင့် ရာဟုလာက မကြာခဏ ကျူးရင့် သီဆိုတတ်ပေသည်။
(ရာဟုလထေရာပဒါန်)
ဖခမည်းတော်၏ အမွေကို လက်ဝယ်ပိုင်ပိုင် ရလေပြီးသော ရာဟုလာသည် ဆရာသမားတို့၏ အဆုံးအမကို ချက်ချင်းလက်ငင်း နာယူကျင့်သုံးခဲ့သဖြင့် အကျင့်သိက္ခာ ချစ်မြတ်နိုးသော အရာဝယ် ဧတဒဂ်ဂုဏ်ထူး ဆွတ်ခူးနိုင်ခဲ့ပေသည်။
(အင်္ဂုတ္တရအဋ္ဌကထာ၊ ဧကနိပါတ်၊ ရာဟုလတ္ထေရဝတ္ထု)
ညီတော်တိဿ
သွေးသားရင်းချာ ရာဟုလာ၏ လာခြင်းကောင်းပုံ ဇာတ်လမ်းစုံကို မှတ်တမ်းတင်ပြီးနောက် ယခု ကျွန်ုပ်တို့ သွေးချင်းထဲမှ အခြားတစ်ဦးကို ပွဲထုတ်ပေးရပါဦးမည်။ သကျဂုဏ်ရောင် ထွန်းပြောင်စေခဲ့သော ဩဒန ညီအစ်ကိုငါးယောက်တွင် အမိတာဟူသော ညီမထွေးတစ်ယောက်ရှိခဲ့ရာ ထိုညီမထွေးသည် ကျွန်ုပ်တို့၏ ပွဲတိုင်းကျော်ကိုယ်တော်ကြီး တိဿ၏ မယ်တော်ပါပေတည်း။ သို့သော် သူ့သားတော်ကြီး သင်္ကန်းဆီးသည်ကိုကား သူ့ခမျာ ဖူးမြင်မသွားလိုက်ရပါချေ။
တိဿသည် ကျွန်ုပ်တို့ ညီတော်ဖြစ်သော်လည်း အသက်အရွယ်အားဖြင့် ပြောလောက်အောင် ကွာခြားလှသည် မဟုတ်ပါ။ ကျွန်ုပ်နှင့် ကစားဖော်ကစားဖက်ဖြစ်၍ တစ်သိုက်တစ်ဝန်းတည်း နေလာခဲ့ကြသော မိဘများ၏ အရိပ်အာဝါသတွင် အတူတကွ ကြီးပြင်းလာခဲ့သူပင် ဖြစ်ပါ၏၊
ဤသို့ လူ့ဘဝတုန်းက အတူတကွ နေလာခဲ့သော တိဿသည် ကျွန်ုပ်တို့ ရဟန်းဘောင် ဝင်လာသော အချိန်မှာကား လက်တွဲဖြုတ်၍ နေရစ်ခဲ့၏၊ ညီတော်နန္ဒ၊ ညီတော်ဘဒ္ဒိယ၊ ညီတော်အနုရုဒ္ဓါမှစ၍ ထင်ရှားကျော်ကြားသော သကျအမျိုးသားများ ရဟန်းပြုလာကြတုန်းကလည်း သူ မပါလာ။ သူ့တူကလေး ရာဟုလာ ရှင်ပြုတုန်းကလည်း သင်ဓုန်းဓားကလေးမျှ သွေးပေးဖော် မရခဲ့။ ထို့နောက် မဟာပဇာပတိဂေါတမီတို့တစ်တွေ ထွက်လာကြတုန်းကလည်း သူ့မှာတော့ အခြေအနေမပျက်။ သို့သော် အစဉ်ထာဝရ တည်တံ့လိမ့်မည်ဟု ထင်ထားခဲ့သော စည်းစိမ်ဥစ္စာတို့က သူ့ကို စွန့်ခွာသွားကြသည်တွင်ကား သူရပ်တည်ရာ မရတော့ပါ။ ပစ္စည်းမရှိလျှင် သားမယားကပင် မလေးစားချင်တော့ပေ။ ရှိတုန်းက ရှိသလောက် ဂုဏ်မောက်ခဲ့ပြီမို့ ယခုတော့ လှလှကြီး ဒဏ်ခံရချေပြီ။ အဟုတ်တကယ် ကရုဏာသက်စွာ မေးလာမြန်းလာသည်ကိုပင် သူကတော့လက်စားချေကြသည်ဟု ထင်ခဲ့၏၊ သည်တော့ ကျယ်ပြောလှစွာသော လူ့ဘောင်လောကကြီးတွင် သူ့အတွက် တစ်နေရာစာကလေးမျှ မရှိတော့ချေ။
ကောင်းပါပြီ။ သဒ္ဓါနှင့် လာလာ၊ ဘယာနှင့်လာလာ၊ လာသမျှကို ကျွန်ုပ်တို့ သာသနာတော်ကြီးက ကြိုဆိုလက်ခံလျက်သာ ရှိပါသည်။ လာခဲ့စဉ်က အကြောင်းကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ကိစ္စမရှိပါ။ အရေးကြုံလာသည့်အခိုက် သာသနာ့အရိပ် ခိုလှုံရကောင်းမှန်း သိလျှင်ပင် တော်လှပါပြီ။ သာသနာ့ဘောင် ရောက်ပြီးနောက် ကောင်းကောင်းမွန်မွန် နေသွားလျှင် သာသနာတော်ကြီးအတွက်ရော သူ့အတွက်ပါ ကောင်းဖို့သာ ဖြစ်ပါသည်။
သို့ရာတွင် လာခြင်းမကောင်းခဲ့သော ကျွန်ုပ်တို့ ညီတော်သည် နေတော့လည်း ကောင်းကောင်း မနေတတ်ပါချေ။ ကျွန်ုပ်တို့ သာသနာ့ဘောင်တွင် လူ့ဘောင်လောက၏ အရှိန်အဝါဖြင့် အခွင့်ထူးခံ ပုဂ္ဂိုလ်ဟူ၍ လုံးဝ မရှိပါ။ မျိုးရိုးဇာတိ၊ စည်းစိမ်ဥစ္စာ၊ အတတ်ပညာတို့သည် သာသနာ့ဘောင်မှာ မည်သို့မျှ အရာမရောက်ပါ။ နောက်ဆုံး စျာန်မဂ်ဖိုလ် ရသော ရဟန်းတို့သည်ပင် သံဃာအချင်းချင်း ဆက်ဆံရေးတွင် အခွင့်အရေး ထူးခြားမလာနိုင်ပါ။ ရှိခိုးခြင်း၊ နေရာခင်းခြင်း၊ ခရီးဦးကြိုပြုခြင်း စသည်ဖြင့် သံဃာချင်းချင်း ပြုကြသော ဝတ်ကြီးဝတ်ငယ်များကို ထေစဉ်ဝါလိုက်သာ ခံယူခွင့်ရှိပေသည်။
ဘုရားရှင်ခွင့်ပြုတော်မူခဲ့သည့်အတိုင်း ဝတ်ကြီးဝတ်ငယ်ပြုမှုကို မထေရ်ကြီးများက ခံယူကြရာတွင် ခံယူသူရော ပြုစုသူပါ ကုသိုလ်ပွားကြရပါ၏၊ သို့သော် ခံယူခွင့်မရှိသူက အလိုက်ကန်းဆိုးမသိဘဲ ခံယူရန် ဟန်ဆောင်လိုက်သည်တွင်ကား ဇေတဝန်ကျောင်းတော်တစ်ခွင်လုံး ပွက်ပွက်ညံ၍ သွားရပါတော့သည်။ ဤမျှ စကားကြောင်းလိုက်ရုံဖြင့် တရားခံ မည်သူဖြစ်မည်ကို ကျွန်ုပ်၏ ပရိသတ်များ ရိပ်မိကြပါရော့မည်။
မှန်ပါသည်။ ရှင်တော်မြတ်၏ ညီတော်၊ ကျွန်ုပ်တို့၏ ညီတော် တိဿသည် လူ့ဘောင်လောကမှာတုန်းက ဆောင့်ကြွားကြွား နေလာခဲ့သလိုပင် သာသနာတော်တွင်း ကျတော့လည်း အပိုးမသေပါ။ လောလောဆယ်မှာ အခြေအနေအရ သင်္ကန်းဝတ်လာရသဖြင့် ကျောင်းတော်မှာရှိသမျှ ရဟန်းများသည် သူရှိခိုးစရာ ဦးချ ဒူးချအရိုအသေပြုစရာချည်း ဖြစ်နေ၏၊ သို့သော် သူက ရှိမခိုးချင်။ ဦးချ ဒူးချ အရိုအသေမပြုချင်။ "ငါသည်ကား ဘုရားရှင့် ဆွေမျိုးရင်းချာ" ဟူသော မာန်မာနဖြင့် မျက်နှာပြောင်တိုက်၍ နေခဲ့၏၊
ဤသို့ နေလာခဲ့ရုံဆိုပါက တစ်စုံတစ်ရာ ပြဿနာပေါ်လာမည် မဟုတ်ပါ။ ရဟန်း သံဃာတော်များမှာ သူ့အပြုအမူကို မနှစ်မြို့သော်လည်း မည်သို့မျှ ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြပါ။ ဘုရားရှင့် မျက်နှာတော်ထောက်၍ ခပ်မဆိတ်နေခဲ့ကြပေသည်။ တစ်နေ့နေ့ သူ့နောင်တော်ကြီးဘုရား ကြားသိခါမှ ပြုပြင်ပေးတော်မူလိမ့်မည်ဟု နှလုံးပိုက်၍ ထားကြပေသည်။ ဤသို့ နှလုံးပိုက်ထားသည့်ကြားကပင် ပြဿနာက ပေါ်မိအောင် ပေါ်လာခဲ့ပေပြီ။
ကျွန်ုပ်တို့ ညီတော်တိဿသည် သူများကိုသာ ရှိမခိုးချင်သည်။ သူများရှိခိုးတာကိုတော့ ငမ်းငမ်းတက် ခံယူတော်မူချင်လှ၏၊ သံဃာချင်း တွေ့ဆုံမိသည်ဆိုလျှင်ပင် သူက ထေရ်ကြီး ဝါကြီးသဖွယ် တင်ပျဉ်ချိတ်တော် မူလိုက်ပြီ ဖြစ်၏၊ သို့သော် ဇေတဝန်ကျောင်းနေ ရဟန်းများက သူ့လိုအင်ကို ဖြည့်မပေးကြပါ၏ သူ့ရဟန်းခံရက်စွဲကို သိထားကြ၍ ပြုံးမျက်နှာကိုယ်စီဖြင့် ရှောင်၍ ရှောင်၍သာ သွားခဲ့ကြ၏၊ ကျောင်းနေရဟန်းများက ဤသို့ ရှောင်နိုင်ကြသော်လည်း အကြောင်းမသိရှာကြသေးသော အာဂန္တုရဟန်းများသည်ကား တိဿရှေ့မှာ ရိုရိုသေသေ ထိုင်လာကြရပေတော့သည်။
နေရာကား ဇေတဝန်ကျောင်းတော်အလယ်၊ အာဂန္တုရဟန်းများကို လက်ခံရာ၊ လာလာသမျှ ပရိသတ်တို့အား တရားဟောရာ ဓမ္မာရုံကြီး၏ ဦးထိပ်ပိုင်းတွင် ခံ့ညားစွာ ခင်းကျင်းထားသော နေရာ။ ထိုနေရာထက်ဝယ် ရင့်ကျက်သော ဣန္ဒြေတော်ကြီးဖြင့် ခပ်တည်တည်ထိုင်နေသည်ကား ကျွန်ုပ်တို့၏ ကိုယ်တော်ကြီး တိဿ။
တော်ပါသေးသည်။ အာဂန္တုကိုယ်တော်များက အမေးအမြန်းစောသွားကြ၍ ရှိခိုးဦးချ မပြုလိုက်ကြရပါ။ မတန်မတရာ တက်ထိုင်နေသော ကိုယ်တော်ကြီး တိဿကို တရားပလ္လင်မှ နှင်ချကာ ပြစ်တင်ကြိမ်းမောင်းရုံဖြင့် ကိစ္စပြီးသွားကြပါပေသည်။
တရားလိုလုပ်ရမည့် ရဟန်းများက ဤသို့ ရပ်တန်းက ရပ်သွားကြပါလျက် တရားခံဘက်က မကျေအေးနိုင်သေးပါ။
"ငါတို့က ရေမြေ့ရှင်။ ငါတို့က မင်းမျိုးမင်းနွယ်။ ငါတို့လို ပုဂ္ဂိုလ်မျိုးကို သင်းတို့လို အုတ်ကြားမှာပေါက်သည့် မြက်ခြောက်လူတန်းစားများက ရာရာစစ ငေါက်ရသလား။ ငမ်းရသလား။ သင်းတို့တစ်အုံလုံး၊ တစ်ပြုံလုံး သာသနာကြီးထဲက အခုချက်ချင်း ထွက်သွားစေရမည်"
ရှုးရှုးရှားရှား ရေရွတ်လျက် တိဿသည် ဘုရားရှင်ရှိရာ လှမ်းထွက်သွားပါ၏၊ ငါတည်းဟူသော မာန်မာနဖြင့် သူတစ်ပါးကို ရန်လုပ်နေသည့် ကြားကပင် မျက်ရည်တသွင်သွင် စီးခဲ့ရ၏၊ သူတစ်ပါးကို ရန်လုပ်မည်ဟု ရည်ရွယ်ခဲ့သော သူ့ဒေါသ၊ သူ့မာနသည် ဦးစွာပထမ သူ့ကိုပင် ရန်လုပ်၍ နေချေပြီ။
"တိဿ၊ ဘယ်အတွက်ကြောင့် မျက်ရည်စက်လက် မသက်မသာ ဖြစ်ရပါသနည်း "
ဖြစ်ကြောင်းကုန်စင် သိမြင်တော်မူပြီးသော ဘုရားရှင်က အမှုမှန်ထင်ရှားလာစေရန် မေးတော်မူလိုက်ရ၏၊
"အရှင်ဘုရား၊ တောရွာဇနပုဒ်မှ ရောက်လာကြသော ဤရဟန်းများသည် တပည့်တော်ကို ငေါက်လားငမ်းလား ပြုကြပါသည်။ ဓမ္မာရုံပေါ်ကလည်း တပည့်တော်ကို နှင်ချကြပါသည် ဘုရား "
တိဿက ငိုတစ်ဝက် ရှိုက်တစ်ဝက်ဖြင့် လျှောက်ထား၏၊ အာဂန္တုရဟန်းများမှာလည်း သူ့နောက်က ထက်ကြပ်မကွာ ပါလာကြ၍ အလွယ်တကူ လက်ညှိုးထိုး၍ ပြုနိုင်ပေသည်။
မခံမရပ်နိုင်လွန်းသဖြင့် မျက်ရည်စက်လက်ဖြစ်ခဲ့ရသော တိဿသည် အာဂန္တုရဟန်းများနှင့်အတူ ရှေ့တော်မှောက်ရောက်လာရခြင်းကိုကား တိတ်တခိုး ဝမ်းသာနေပုံရ၏၊ လူ့ဘောင်လောကဝယ် ညီတော်သူနှင့် တစိမ်းတရံဆံတို့ ခိုက်ရန်ဒေါသ ဖြစ်ကြလျှင် ညီဘက်ကကူက တစိမ်းလူကို ရန်မူစမြဲဖြစ်ရာ သူ့နောင်တော်ကြီးကလည်း သူ့ဘက်က လိုက်ပါ၍ တစိမ်းရဟန်းကို အပြတ်အသတ် နှိမ်နင်းတော်မူလိမ့်မည်ဟု မျှော်လင့်ထားဟန်တူ၏၊ သို့သော် သူ့နောင်တော်ကြီး ဘုရားသည် လူ့ဘောင်လောကအတွင်းက သာမန်လူတစ်ယောက် မဟုတ်တော့ပြီ။ လောကမှ လွတ်မြောက်ရာ လောကုတ္တရာ တရားရှင်ကြီး ဖြစ်နေပေပြီ။ ဆွေစွဲမျိုးစွဲကို မဆိုထားနှင့်။ မိမိရုပ်ခန္ဓာမှာပင် အစွဲမဝင် စိတ်ကြည်လင်နေသူသည် ညီတစ်ပါးအတွက် တစိမ်းရဟန်းများကို နှိပ်စက်ကလူပြုပါမည်လော။ တကယ်တော့ဖြင့် သာသနာ့အရိပ်အာဝါသအောက် ရောက်လာသူတိုင်းသည် ဘုရားရှင်၏ သွေးသားရင်းချာချည်း မဟုတ်ပါလော။
"တိဿ၊ သင့်ထက်ကြီးသော ဤအာဂန္တုရဟန်းတို့ကို ခရီးဦးကြို ပြုခဲ့ပါ၏လော"
အာဂန္တုရဟန်းများကို မည်သို့မျှ အပြစ်တင်တော်မမူဘဲ ညီတော် တိဿ၏ အပြစ်များကိုသာ ထင်ရှားအောင် မေးခွန်းထုတ်တော်မူပေသည်။
"တပည့်တော် မပြုခဲ့ပါဘုရား"
အထင်အမြင်နှင့် လွဲသွားပြီမို့ တိဿက စိတ်ပျက်အားငယ်စွာ လျှောက်လိုက်ရ၏၊
"အာဂန္တုရဟန်းတို့၏ သင်္ကန်း ပရိက္ခရာတို့ကိုကော ဆီး၍ ယူခဲ့ပါ၏လော"
"မယူခဲ့မိပါဘုရား"
"အာဂန္တုရဟန်းများကို သောက်ရေ သုံးရေ ဆက်ကပ်ခဲ့ပါ၏လော"
"မဆက်ကပ်ခဲ့ပါ ဘုရား"
"နေရာထိုင်ခင်း ပြင်ဆင်ပေးခဲ့ပါ၏လော"
"နေရာထိုင်ခင်း ပြင်ဆင်မပေးခဲ့ပါ ဘုရား"
"လက်အုပ်ချီမိုး ရှိခိုးခဲ့ပါ၏လော"
တိဿမှာ သံဃာ့ကျင့်ဝတ်ဟူ၍ ဘာတစ်ခုမျှ မဆောင်ရွက်ခဲ့သဖြင့် အမေးတော်ရှိသမျှကို ခေါင်းငုံ့လျက်သာ ဖြစ်နေရပေတော့သည်။
"တိဿ၊ သာသနာ့ဝန်ထမ်း ရဟန်းမှန်လျှင် ဤကျင့်ဝတ်များကို သိတတ်ရမည်။ ကျင့်သုံးရမည်။ ဤကျင့်ဝတ်များကို မကျင့်သုံးလျှင် ကျောင်းထဲမှာ မနေသင့်ပေ။ အပြစ်ကျူးလွန်ထားသော သင်ကိုယ်တိုင်က အပြစ်မရှိသော ဤရဟန်းများကို ရိုသေစွာ ရှိခိုး၍ ဝန်ချတောင်းပန်လော့"
အမှုသွား အမှုလာအရ တိကျစွာ ချမှတ်တော်မူလိုက်သော ဤအမိန့်တော်ကို ညီတော်တိဿသည် လွယ်လင့်တကူ မလိုက်နာခဲ့ပါ။ တောကျေးလက်ရဟန်းများကို အခဲမကျေနိုင်သဖြင့် နောင်တော်ကြီးဘုရား၏ အမိန့်တော်ကိုပင် ဖီဆန်နေခဲ့၏၊ ဤတွင် ဘုရားရှင်က ရန်လိုက ရန်ပိုပုံ၊ ရန်မလိုမှ ရန်မပြိုပုံတို့ကို ဝတ္ထုသက်သေများနှင့်တကွ တရားပြတော်မူရ၏၊ ဤတွင်မှ သူ၏ အမှုကိစ္စများ ပြေငြိမ်းသွားကြပေတော့သည်။
(ဓမ္မပဒ အဋ္ဌကထာ၊ ယမကဝဂ်၊ တိဿထေရဝတ္ထု၊ နိဒါနဝဂ်၊ ဘိက္ခုသံယုတ်၊ တိဿသုတ် ပါဋ္ဌိတော်နှင့် အဋ္ဌကထာ)
တရားတစ်ကွင်း နားသွင်းလိုက်ရသဖြင့် တိဿသည် ရဟန်းတို့၏ ကျင့်ဝတ်များကို အထိုက်အလျောက် ကျင့်သုံးလာပါ၏၊ အကြီး၊ အငယ်၊ အလယ်၊ အလတ် ရဟန်းအပေါင်းနှင့် သင့်မြတ်စွာ နေတတ်လာပါ၏၊ သို့သော်လည်း သူ့စိတ်နှင့်သူကား သင့်မြတ်စွာ မနေနိုင်သေးပါ။ သာသနာ့ဘောင်ဝင်ရောက်လာချိန်ကပင် သဒ္ဓါသန့်သန့်နှင့် မဟုတ်ခဲ့ပေ။ ယခု သူ့နောင်တော်ကြီးဘုရား၏ တရားဒေသနာ ကြားနာရသည်တွင်မှ သဒ္ဓါဓာတ်ကလေး ကွန့်မြူးလာပါ၏၊ ထိုသဒ္ဓါတွင် ပညာပါယှဉ်လာလျှင်ကား အစဉ်ထာဝရ ခိုင်မြဲသွားပါလိမ့်မည်။ သို့ရာတွင် ထိုစဉ်ခိုက်မှာကား ပညာမဖက် သဒ္ဓါသက်သက်မျှသာ ရှိသေးသဖြင့် သူ့ခမျာ ယောက်ယတ်ခတ်၍ နေရပေသည်။
"အရှင်ဘုရားတို့၊ တပည့်တော်၏ ကိုယ်ခန္ဓာသည် လေးလံသကဲ့သို့ ဖြစ်နေပါသည်။ အရပ် လေးမျက်နှာတို့ကိုလည်း အမှတ်အသားမပြုနိုင်တော့ပါ။ တရားစာပေ သင်ယူခြင်း၊ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းများလည်း မပြုနိုင်တော့ပါ။ တပည့်တော်၏ စိတ်သည်လည်း တွန့်တိုဆုတ်နစ်လျက် ရှိနေပါသည်။ သာသနာ့တာဝန် ထမ်းဆောင်ခြင်းဖြင့် တရားရမှ ရပါမည်လားဟု နှလုံးနှခွ သံသယဖြစ်နေပါသည် ဘုရား"
မငြိမ်မသက် ယောက်ယက်ခတ်နေသော တိဿ၏ လက်သုံးစကားများဖြစ်ပေသည်။ စောစောကလို အပိုးမသေသော အပြုအမူများ မရှိတော့သော်လည်း ဤညည်းခြင်းကို ထပ်ကာတလဲလဲ ကြားနေသဖြင့် ရဟန်းများမှာ နားငြီး၍ နေကြရပေသည်။
ယခု ညီတော်တိဿသည် ဘုရားရှင် ဟောကြားတော်မူသော တရားဒေသနာများ အပေါ်မှာကား တစ်စုံတစ်ရာ သံသယမဖြစ်။ ပုဂ္ဂိုလ်ကိုလေးစားသဖြင့် တရားကိုလည်း လေးစားပြီးဖြစ်၏၊ သို့သော် ဤတရားကို "ငါ" ရမှ ရပါ့မလား ဟု ငါနှင့် စပ်၍ တွေးတောလိုက်မိသည်တွင်ကား သံသယဝင်လာရပေတော့သည်။ တရားကို တရားအတိုင်း သန့်သန့်ရှင်းရှင်း မရှုမမြင်တတ်သေးသမျှ၊ ရှုတတ် မြင်တတ်အောင် သင်ကြားပေးသော ဆရာသမား၏ ဩဝါဒကို ကိုယ်ပိုင်ဉာဏ်ဖြင့် မခံယူနိုင်သေးသမျှ ဤသို့သော သံသယ ဝင်္ကပါတွင် ချာချာလည်နေကြရမည် ဖြစ်ပေသည်။
ညီတော်တိဿသည် သူမပါ ငါမနှော၊ သူ့သဘောအတိုင်းသာရှိနေသော တရားအပေါ်မှာ "ငါ" စွက်ကာ တွေးမိသဖြင့် သံသယဝင်လာရချေပြီ။ "တရားကို ငါ ရမှ ရပါ့မလား ဟူသော သံသယအတွေးကို သာမန်သုံးသပ်လျှင် မိမိကိုယ်ကို သံသယဝင်သည်" ဟု ထင်စရာရှိ၏၊ သို့သော် သေသေချာချာ သုံးသပ်ကြည့်လျှင်ကား ဤတရားကို ငါ ရမှ ရပါ့မလားဟု တွေးလိုက်မိသည်နှင့်တစ်ပြိုင်နက် သာသနာတော်ကြီးတစ်ခုလုံးကိုပါ သံသယဝင်ရာ ရောက်သွား၏၊ သာသနာ့နယ်မြေအတွင်းသို့ ချဉ်းနင်းဝင်ရောက်ရေးမှာ "ငါ" တံခါးရွက်ကို အောင်မြင်စွာ တွန်းဖွင့်နိုင်ရေးပင် မဟုတ်ပါလော။
သာသနာ့ဝန်ထမ်း ရဟန်းပြုခြင်းမှာ ဤဘဝ ဤခန္ဓာဖြင့် ဤသာသနာမှာ အပါလိုက်နိုင်ရေးအတွက်သာ ဖြစ်၏၊ ကျွန်ုပ်တို့ညီတော်တိဿသည် "ငါ" တံခါးရွက်ကို ကိုယ့်ဘာသာ ဆွဲပိတ်မိသဖြင့် သာသနာ့ဘောင်မှာ မပျော်နိုင်အောင် ဖြစ်လာရခြင်းမှာ အဆန်းမဟုတ်ပါ။ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာရသော အကျိုးတရားမျှသာ ဖြစ်ပေသည်။
သူ့ရှေ့မှာပိတ်ထားသော "ငါ" တံခါးရွက်ကို ကျွန်ုပ်တို့တစ်တွေကလည်း ဝိုင်းဖွင့်ပေးကြပါ၏၊ စွမ်းအားရှိသလောက် အထောက်အကူ ပေးကြပါ၏၊ သို့သော် ကာယကံရှင်ကိုယ်တိုင်က သူ့တံခါးရွက်ကို ကန့်လန့်ထိုးကာ ပိတ်ထားသဖြင့် အရာမရောက်နိုင်ပါချေ။ ကျွန်ုပ်တို့အချင်းချင်း သံသယရှင်းအောင် မစွမ်းဆောင်နိုင်သည့် အဆုံးဝယ် ဘုရားရှင်ထံ သတင်းပို့ကြရပေတော့သည်။
အချိန်မရောက်ခင်က လျစ်လျူရှုနေတော်မူခဲ့သော ဘုရားရှင်သည် အချိန်အခါရောက်လာသည်နှင့် သူ့ညီတော်ကို ခေါ်တော်မူကာ...
"တိဿ၊ ရဟန်းတို့ လျှောက်ထားတိုင်း မှန်သလော" ဟု စစ်မေးတော်မူရာ...
"မှန်ပါသည် ဘုရား၊ တပည့်တော် သာသနာ့ဘောင်မှာ မပျော်မွေ့ပါ။ တပည့်တော် တရားရမှ ရပါ့မလားဟု သံသယဖြစ်နေပါသည် ဘုရား"
ညီတော်တိဿက မကွယ်မထောက် လျှောက်ထားလိုက်၏၊ ရှေ့တော်မှောက်သို့ ရောက်သည့်တိုင်အောင် "ငါ" တံခါးရွက်က ကန့်လန့်ခံနေတုန်းပင် ဖြစ်ပေသည်။
ညီတော်တိဿ၏ စိတ်ထဲမှာ အရာရာ ငါ ပါ၍ ရှုပ်ထွေးနေသော်လည်း တကယ်တော့ဖြင့် ငါ ဟူ၍ စွဲလမ်းစရာ ဘာတစ်ခုမျှ ရှိသည် မဟုတ်ပေ။ တရားသိသည်၊ တရားရသည် ဆိုရာ၌လည်း တရားကို သူက၊ ငါက သိသည်မဟုတ်။ သူက ငါက ရသည် မဟုတ်။ တရားကို တရားကသာသိ၍ တရားရသည်ဆိုရာ၌လည်း တရားသာလျှင် ရှိပေသည်။ တစ်နည်းအားဖြင့် အသိခံထဲမှာ သူငါမနှော တရားသဘောသက်သက်သာ ရှိသကဲ့သို့ အသိဉာဏ်ထဲမှာလည်း သူမပါ ငါမစွက် တရားသဘောသက်သက်သာ ရှိပေသည်။
တရားကို တရားအတိုင်း အမြင်မရှင်း၍ ရင်တွင်းမှာ ပူလောင်နေသော ညီတော်တိဿအား သူ့နောင်တော်ကြီးဘုရားက ခန္ဓာငါးပါးကို အခြေပြုကာ အမြင်ရှင်း၍ ရင်တွင်းမှာ အေးမြစေရန် တရားပြတော်မူရပေသည်။
"တိဿ၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရနှင့် ဝိညာဏဟူသော ခန္ဓာငါးပါးတို့ အပေါ်ဝယ် တွယ်တာကပ်ငြိမှု ကင်းရှင်းပါလျင် ထို ခန္ဓာငါးပါးတို့ ဖောက်လွဲဖောက်ပြန် ဖြစ်သောအခါ စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း၊ ဆင်းရဲပြင်းစွာ စိတ်ဝေဒနာ ခံစားရခြင်းတို့ ဖြစ်ပေါ်လာကြဦးမည်လော"
"ဖြစ်ပေါ်လာကြပါသည် ဘုရား"
"သာဓု သာဓု သာဓု တိဿ"
ငါမဟုတ်သော ခန္ဓာငါးပါးကို ငါမလုပ်လျှင် ငါဒုက္ခမှ ကင်းလွတ်ပုံကို ဖြေကြားလိုက်သည်တွင်လည်း ဘုရားရှင်က သာဓုခေါ်တော်မူကာ ဆက်လက်၍-
"တိဿ၊ ခန္ဓာငါးပါးတို့သည် နိစ္စလော၊ အနိစ္စလော"
"အနိစ္စ ဖြစ်ပါသည် ဘုရား"
တိဿ၊ ခန္ဓာငါးပါးလုံး အနိစ္စဖြစ်လေသောကြောင့် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အတွင်းအပြင်၊ အကြမ်းအနု၊ အယုတ်အမြတ်၊ အနီးအဝေးဟူ၍ တစ်ဆယ့်တစ်ပါးသော အခြင်းအရာတို့ဖြင့် ပေါင်းစည်းထားသော ခန္ဓာငါးပါးတို့ အပေါ်ဝယ် ဤခန္ဓာငါးပါးသည် ငါ မဟုတ်၊ ဤခန္ဓာငါးပါးသည် ငါ၏ အတ္တ မဟုတ်ဟူ၍ ဟုတ်တိုင်းမှန်စွာ ဉာဏ်ပညာဖြင့် ရှုမြင်အပ်၏၊
"တိဿ၊ ဤကဲ့သို့ ရှုမြင်သော ငါဘုရား၏ တပည့်သည် ခန္ဓာငါးပါး၌ ငြီးငွေ့၏၊ ငြီးငွေ့သော် တပ်မက်ခြင်းကင်းရာ နိဗ္ဗာန်ကို မြင်၏၊ နိဗ္ဗာန်မြင်သော မဂ်ဉာဏ်နောက်ဝယ် လွတ်မြောက်ပြီးသော ဖိုလ်ဉာဏ်ပေါ်လာ၏၊ ဖိုလ်ဉာဏ်ပေါ်လာပြီးနောက် မိမိ၏ ဖိုလ်ဉာဏ်ကို ပြန်လည်သုံးသပ်သော ပစ္စဝေက္ခဏဉာဏ် ပေါ်လာ၏၊ မဂ်လေးတန် ဖိုလ်လေးဆင့် မြင့်မြတ်သော အရိယာဉာဏ် ရပြီးသော် ပဋိသန္ဓေ နေစရာကုန်ပြီ။ ကျင့်စရာ ရှိသမျှ ကျင့်ပြီးပြီ။ ပြုစရာရှိသမျှ ပြုပြီးပြီ။ နိဗ္ဗာန်ရရေးအတွက် အခြားတစ်ပါး ပြုစရာ၊ ကျင့်စရာ မရှိတော့ပြီဟု ဟုတ်တိုင်းမှန်စွာ သိလေတော့၏"
ဤတစ်ခါ သာဓုခေါ်သူမှာ ညီတော် တိဿ ဖြစ်၏၊ နောင်တော်ဘုရား၏ မေးခွန်းများကို ဖြေကြားရင်း ငါ ဒုက္ခအပေါင်းမှ လွတ်မြောက်ရာလမ်းစကို မြင်လိုက်ရပြီ မဟုတ်ပါလော။
"တိဿ၊ လမ်းကျွမ်းကျင်သူ၊ လမ်းမကျွမ်းကျင်သူဟူ၍ ယောကျ်ားနှစ်ယောက် ရှိကြ၏၊ လမ်းမကျွမ်းကျင်သူသည် လမ်းကျွမ်းကျင်သူထံ ချဉ်းကပ်၍ လမ်းခရီးကို မေးမြန်းရာ အို မိတ်ဆွေ၊ လာပါလှည့်။ ဤသည်ကား သင်သွားလိုရာ ရောက်သောလမ်းတည်း။ ထိုလမ်းအတိုင်း အတန်ငယ်သွားမိလျှင် လမ်းနှစ်ခွကို တွေ့လိမ့်မည်။ လမ်းနှစ်ခွ ရှိရာတွင် ဝဲလမ်းကို မလိုက်ဘဲ ယာလမ်းအတိုင်း လျှောက်သွားပါ။ ယာလမ်းအတိုင်း အတန်ငယ် လျှောက်မိလျှင် တောနက်ကြီးကို တွေ့ရလိမ့်မည်။ ထိုမှတစ်ဖန် အတန်ငယ်သွားမိလျှင် ရွှွံ့ဗွက်ကြီးကို တွေ့ရလိမ့်မည်။ ရွှွံ့ဗွက်ကြီးကို ရှောင်ကွင်း၍ အတန်ငယ် သွားမိပြန်လျှင် ချောက်ကမ်းပါးကြီးကို တွေ့ရပါလိမ့်မည်။ ချောက်ကမ်းပါးကြီးကို ကွေ့ရှောင်၍ အတန်ငယ် ဆင်းသွားမိပြန်လျှင်ကား မွေ့လျော်ဖွယ်ကောင်းသော မြေပြင်ညီကို တွေ့ရပေလိမ့်မည်"
လမ်းစကို မြင်ထားပြီးဖြစ်သော တိဿအား နောင်တော်ကြီးဘုရားက လမ်းကြောင်းတစ်ခုလုံးကို မျက်ဝါးထင်ထင်မြင်အောင် ပြတော်မူရပေသည်။ သို့ရာတွင် ဤလမ်းမှာ တကယ်လျှောက်ရမည့်လမ်း မဟုတ်သေးပါ။ သိလွယ် မြင်လွယ်အောင် ဆောင်ယူထားသော ဥပမာတစ်ရပ်သာ ဖြစ်ပေသည်။ သို့ဖြစ်၍-
"တိဿ၊ ဤဥပမာကို တရားသဘော ထိုးထွင်းသိမြင်စေရန် ငါ ဘုရား ပြဆိုထား၏၊ ဥပမာ ဥပမေယျနှစ်ထွေ နှစ်ရပ် ယှဉ်စပ်၍သိရန်ကား ဤသို့ ဖြစ်၏၊ လမ်းမကျွမ်းကျင်သူဟူသည်မှာ ပုထုဇဉ်ပုဂ္ဂိုလ်တည်း။ လမ်းကျွမ်းကျင်သူဟူသည်မှာ ကိလေသာတို့မှ ဝေးကွာပြီးသော ငါ ဘုရားတည်း။ လမ်းနှစ်ခွဟူသည်မှာ သို့လော သို့လော တွေးတောနေတတ်သော ဝိစိကိစ္ဆာတည်း။ လက်ဝဲလမ်းဟူသည်မှာ မဂ္ဂင်ရှစ်ပါး၏ ဆန့်ကျင်သော မိစ္ဆမဂ္ဂင်ရှစ်ပါးတည်း။ လက်ယာလမ်းဟူသည်မှ သမာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးတည်း။ တောနက်ကြီးဟူသည်ကား အဝိဇ္ဇာ။ အမြင်ပသာဒမှာ လှပသော်လည်း ကျမိလျှင် စုံးစုံးမြုပ်သွားတတ်သော ညွန်ပျောင်းအိုင်ကား ငါးဝအာရုံ ကာမဂုဏ်တည်း။ ဦးပြောင်းပြန် သည်းအူလန်လျက် ကျတတ်သော ချောက်ကမ်းပါးဟူသည်မှာကား ခြောင်းခြောင်းထွက်သော အမျက် ဒေါသတည်း။ မွေ့လျော်ဖွယ်ကောင်းသော မြေညီပြင်ဟူသည်ကား ထိုဒေါသ၊ ထိုကာမ၊ ထိုဝိစိကိစ္ဆတို့၏ လွတ်မြောက်ရာ နိဗ္ဗာန်ဖြစ်ပေသတည်း"
"တိဿ၊ သာသနာတော်မှာ ပျော်ပျော်ကြီးနေစမ်းပါလော့။ နိဗ္ဗာန်ရောက်ရန် နည်းလမ်းမှန်ကို သေချာကျန ညွှန်ပြထားသော ငါဘုရား၏ အဆုံးအမ၊ ငါဘုရား၏ ချီးမြှောက်မှုဖြင့် သာသနာ့တာဝန်ကို ပျော်ပျော်ကြီး ထစမ်းပါလော့"
"မှန်ပါ တပည့်တော် ပျော်ပျော်ကြီး ထမ်းပါတော့မည် ဘုရား"
ဒေသနာတော်အဆုံးဝယ် ညီတော်တိဿက ပြုံးရွှင်စွာ လျှောက်ထားလိုက်ပေသည်။ သာသနာ့ဘောင်မှာ မပျော်ပိုက်တော့သော ညီတော်တိဿကို နောင်တော်ဘုရားကြီးသည် မပျင်းပါနှင့်ဟု ဆိုတော်မမူ။ တန်ခိုးအာဏာ များကိုလည်း အသုံးပြုတော်မမူ။ တရားကို ငါ ရမှ ရပါ့မလား ဟူသော ငါစွဲ၊ ငါဒုက္ခမှ လွတ်မြောက်ရာသို့ လမ်းညွှန်ပြတော်မူလိုက်ခြင်းဖြင့် ညီတော်တိဿအား သူ့နောက်ပါးမှ ဖဝါးခြေထပ်ကပ်ပါလာအောင် ခေါ်ဆောင်တော်မူလိုက်ပေသည်။
ညွှန်ပြတော်မူသော လမ်းကြောင်းအတိုင်း မဆုတ်မနစ် အားသစ်သော စိတ်နှလုံးဖြင့် ရွှင်ပြုံးစွာ လျှောက်လာသည်တွင်ကား နောင်တော်ကြီးဘုရား မျက်မှောက်တွင် လောကုတ္တရာ အသိမြတ်ဖြင့် ချဉ်းကပ်လာသော ညီတော်တစ်ပါး တိုးပွား၍ လာပေသည်။
(ခန္ဓသံယုတ်၊ ထေရဝဂ်၊ တိဿသုတ်ပါဠိတော်နှင့် အဋ္ဌကထာ)
နောင်တော်ကြီး မဟာနာမ်
ကျွန်ုပ်တို့ညီတော်၊ နောင်တော်များတွင် နောင်တော်ကြီး မဟာနာမ်သည် အကြီးဆုံးဖြစ်၏၊ ကပိလဝတ်မြို့တော်သို့ ဦးစွာပထမ ဘုရားရှင် ကြွလာစဉ်ကပင် ဒဿနဉာဏ်အမြင်မှန်ရခဲ့သူ ဖြစ်၏၊ ယခု သောတာပန်မှ တစ်ဆင့်တက်၍ သကဒါဂါမ်အဆင့်သို့ ရောက်နေပေပြီ။
(သုဒ္ဒပါစိတ်၊ မဟာနာမ်သိက္ခာပုဒ် အဋ္ဌကထာ)
သူ၏ ညီတော်ရင်းချာ အနုရုဒ္ဓါ သာသနာ့ဘောင် ရောက်လာရာတွင် သူ့ကျေးဇူးမကင်းဟု ဆိုရပါမည်။ လုပ်ကိုင်၍ မပြီးနိုင်၊ မဆုံးနိုင်သော လောက၏ လုပ်ငန်းဆောင်တာများကို သူ့ဆီမှ ကြားသိရ၍ သံဝေဂဖြစ်ကာ အနုရုဒ္ဓါသည် ကျွန်ုပ်တို့နှင့်အတူ ပါလာခြင်း ဖြစ်၏၊ သို့သော် သူ့ကို ရဟန်းဘဝရောက်အောင် အကျိုးဆောင်လိုက်သော နောင်တော်ကြီးကိုယ်တိုင်ကား လူ့ဘောင်လောကမှ မခွာနိုင်ပါချေ။ ဘုရားအမှူးရှိသော သံဃာတော်များအား ပြုစုလုပ်ကျွေးသော ဒါယကာကြီးတစ်ဦး အဖြစ်ဖြင့်သာ နေထိုင်ခဲ့ပေသည်။
ဘုရားရှင်နှင့် တပည့်သံဃာများ ကပိလဝတ်မှာ ရောက်လာကြပြီဆိုလျှင် နောင်တော်ကြီးသည် အိမ်မှုကိစ္စများကို ဂရုမစိုက်တော့ပေ။ နံနက်ခင်းမှာ သံဃာတော်များ၏ ဆွမ်းကိစ္စနှင့် ပြီးစီးခဲ့၍ ညနေခင်းမှာကား နိကြေဓာရုံ ကျောင်းတော်သို့ နေ့စဉ်လိုလို ရောက်လာတတ်၏၊ သူရောက်လာပြီဆိုလျှင်လည်း မေးစရာ လျှောက်စရာ စကားလက်ဆောင်တစ်ခုခု ပါလာသည်သာ ဖြစ်၏၊
"အရှင်ဘုရား၊ ဥပါသကာဖြစ်ရေးအတွက် အဘယ်သို့သော အရည်အချင်း ရှိရပါမည်နည်း"
သုံးကြိမ်သုံးခါ ရိုသေစွာ ဝတ်ပြုပြီးသည်နှင့် ပါလာသော စကားလက်ဆောင်ကို နောင်တော်ကြီးက ဆက်ကပ်လိုက်လေသည်။
"မဟာနာမ်၊ သရဏဂုံသုံးပါး တည်ဆောက်ခြင်းဖြင့် ဥပါသကာ ဖြစ်နိုင်ပေသည်"
ပထမဦးစွာ ဆက်ကပ်လာသော စကားလက်ဆောင်ကို ဤသို့သော အဖြေစကားဖြင့် ဘုရားရှင် လက်ခံတော်မူလိုက်သည်တွင် နောက်ဆက်တွဲစကား လက်ဆောင်များ အစီအရီ ထွက်ပေါ်လာကြပေသည်။
"အရှင်ဘုရား၊ သီလရှိသော ဥပါသကာဖြစ်ရန် အဘယ်သို့သော အရည်အချင်း ရှိရပါမည်နည်း "
"မဟာနာမ်၊ ငါးပါးပဉ္စသီ ခါးဝတ်ထည်ကဲ့သို့ မြဲမြံစွာ ဆောက်တည်ခြင်းဖြင့် သီလရှိသော ဥပါသကာ ဖြစ်နိုင်ပေသည်"
"အရှင်ဘုရား၊ စွန့်ကြဲတတ်သော ဥပါသကာဖြစ်ရန် အဘယ်သို့သော အရည်အချင်းရှိရပါမည်နည်း"
"မဟာနာမ်၊ အိမ်ရာတည်ထောင် လူတို့ဘောင်၌ ဝန်တိုပိတ်ပင်ခြင်းကင်းစွာ နေထိုင်လျက် ပေးကမ်းစွန့်ကြဲမှု၌ မွေ့လျော်ခြင်းဖြင့် စွန့်ကြဲတတ်သော ဥပါသကာ ဖြစ်နိုင်ပေသည်"
"အရှင်ဘုရား၊ ပညာရှိသော ဥပါသကာဖြစ်ရန် အဘယ်သို့သော အရည်အချင်း ရှိရပါမည်နည်း "
"မဟာနာမ်၊ နိဗ္ဗာန်ထိသိမြင်နိုင်သော အရိယာဉာဏ် အမြင်မှန်ရခြင်းဖြင့် ပညာရှိသော ဥပါသကာ ဖြစ်နိုင်ပေသည်"
(မဟာဝဂ်၊ သောတာပတ္တိသံယုတ်၊ မဟာနာမသုတ်)
ကျောင်းတော်သို့လာလေတိုင်း စကားလက်ဆောင် တစ်ခုခု ပါလာတတ်သော နောင်တော်ကြီးသည် ထိုနေ့ညကလည်း သူ့ထုံးစံကို မဖျက်ခဲ့ပါပေ။ ပါနေကျ လက်ဆောင်ကို ပါအောင် သယ်လာသည်သာ ဖြစ်၏၊ သို့ရာတွင် ထိုနေ့ညကပါလာသော လက်ဆောင်မှာ ယခင်လက်ဆောင်များနှင့် မတူပါ။ ယခင်နေ့များမှာကဲ့သို့ သိလိုရာ အချက်အလက်တို့ကို ကောက်ကာငင်ကာ မေးရုံမျှ မဟုတ်တော့ဘဲ ကပိလဝတ်မြို့တော် အတွင်းက ပြဿနာတစ်ခုလည်း အဆစ်ပါလာခဲ့ပေသည်။
"အရှင်ဘုရား၊ ယနေ့ တပည့်တော်တို့ ဆွေမျိုးထဲက သရဏနိ သေဆုံးရာတွင် စျာပနကိစ္စအတွက် စုဝေးရောက်လာသူများက ကဲ့ရဲ့သင်္ဂြိုဟ်ကြပါသည်။ "အချင်းတို့ အံ့ဖွယ်ရှိပေစွ။ အချင်းတို့ မဖြစ်စဖူး ထူးကဲပေစွ။ ယခုအခါမှာ သောတာပန် မတည်သူဟူ၍ မရှိနိုင်တော့ပြီ။ သရဏနိလို လူစားမျိုးကိုပင် ဘုရားရှင်က သောတာပန်ဖြစ်ပြီ အပါယ်တံခါးပိတ်ပြီဟု မိန့်မြွက်တော်မူခဲ့သေး၏၊ သရဏနိကား သိက္ခာမရှိ၊ သီလမရှိ၊ သောက်သောက်စားစား လူမင်းသားတစ်ယောက်သာတည်း" ဟု စကားတင်းဆိုကြပါသည် ဘုရား "
သောတာပန်၏ သဘောမှန်ကို ကျေကျေညက်ညက် သဘောမပေါက်ကြသေးသူများ၏ စကားလက်ဆောင်ကို တစ်ဆင့်ကပ်လှူလိုက်ခြင်းပင် ဖြစ်ပေသည်။
သောတာပန်ဟူသည် ဦးစွာပထမ အရိယာစာရင်းဝင်သူဖြစ်၏၊ သံသရာတစ်လျှောက်လုံးက မသိနိုင် မမြင်နိုင်ခဲ့သော နိဗ္ဗာန်တရားတော်မြတ်ကြီးကို ဦးစွာပထမ မြင်လိုက်ရပြီမို့ သူ့ကို သောတာပန်ဟု ဆိုရ၏၊ အထွတ်အမြတ်ဆုံး နိဗ္ဗာန်တရားတော်မြတ်ကြီးကို ကိုယ်တိုင်ကိုယ်ကြပ် သိမြင်ထားသော ဉာဏ်ကို အကြောင်းပြုကာ ထိုဉာဏ်၏ အရှင်ကိုလည်း အရိယာပုဂ္ဂိုလ်ဟူ၍ ခေါ်ဆို ပညတ်ရပေသည်။
အရိယာပုဂ္ဂိုလ်ဟူသည်မှာ သိန်းသန်းကုဋေ မရေတွက်နိုင်သော လူများစုထဲတွင် မပြောပလောက်သော လူနည်းစုကလေးသာ ဖြစ်၏၊ ရှားရှားပါးပါး ဘုရားရှင့်လက်ထက်တော်မှာမှ ပေါ်လာကြသဖြင့် ရတနာဟူ၍ အမြတ်တနိုး တန်ဖိုးထားကြရ၏၊ ဤတွင် တန်ဖိုးကြီးလှသော ရတနာများအားလုံးသည် အပြစ်အနာအဆာ ကင်းကြပါ၏လော။
သူတို့တစ်တွေ ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုခဲ့ကြသော နိဗ္ဗာန်သည် ဒုက္ခချုပ်ရာ အမှန်တရားဖြစ်၏၊ သစ္စာထိုက်သော တရားဖြစ်၍ မည်သူ့ကိုမျှ မျက်နှာမလိုက်ပါချေ။ သူ့ဆီမှာ ခိုလှုံလာသူဟူသရွေ့အား ချမ်းသာစေကြောင်း အရိပ်ကောင်းကို ပေးတတ်သည်သာ ဖြစ်၏၊ သူ့ဆီမှာ တစ်ခဏခိုလှုံလျှင် တစ်ခဏ ချမ်းသာ၏၊ ကြာကြာခိုလှုံလျှင် ကြာကြာချမ်းသာ၏၊ ကြာကြာခိုလှုံရာမှ ဘာဝနာအားကောင်းသွားလျှင် လောကဓံဟူသမျှကို မတုန်မလှုပ် ခံယူနိုင်စွမ်း ရှိလာ၏၊ ဤု့ ပုဂ္ဂိုလ်အသီးသီး၏ ဘာဝနာစွမ်းအားအလျောက် လောကဓံ ခံနိုင်စွမ်းအား ကွာခြားကြသော်လည်း နိဗ္ဗာန်ကို အာရုံပြုနေဆဲ ကာလအတွင်းမှာကား ငါ သူတစ်ပါး ခွဲခြားမှု မရှိတော့ပါ။ ငါ သူတစ်ပါး မခွဲခြားသောစိတ်ဖြင့် အရိယာပုဂ္ဂိုလ် အသီးသီးတို့ မျက်မှောက်ပြုကာ ခံစားရသော အမြိုက်အရသာသည် ထပ်တူထပ်မျှ အေးမြသည်သာ ဖြစ်ပေသည်။
အေးမြလှစွာသော အမြိုက်အရသာသည် အရသာဟူသမျှတွင် အမွန်မြတ်ဆုံး ဖြစ်၏၊ မနှိုင်းယှဉ်အပ်သော အစွမ်းသတ္တိလည်း ရှိ၏၊ မဂ်ဉာဏ်အသီးသီးတို့၏ ကိလေသာ ပတ်သတ်ခြင်းကိစ္စမှာ ဤအစွမ်းသတ္တိကို အမှီပြု၍ ၌ပြီးမြောက်ရ၏၊ သို့ရာတွင် ဤအစွမ်းသတ္တိသည် မိမိထံ မချဉ်းကပ်လာသော စိတ်များကိုကား မည်သို့မျှ အကျိုးမပြုနိုင်ပါ။ ခက်လက်ဝေဆာလှသော ညောင်ပင်ကြီးသည် မိမိအောက်မှာ မခိုဝင်လာသူတို့အား သူတို့ သွားလေရာ နောက်သို့ တကောက်ကောက်လိုက်၍ အရိပ်မပေးနိုင်သကဲ့သို့ပင် ဖြစ်၏၊ သွားလေသူ သရဏနိအတွက် ပြဿနာတက်ရခြင်းမှာ ဤသဘောပင် ဖြစ်ပေသည်။
သရဏနိသည် တစ်ရံရောအခါက ဤညောင်ပင်ရိပ်မှာ အေးမြစွာ ခိုလှုံခဲ့ဖူး၏၊ ဤသို့ပင် တစ်ကြိမ်တစ်ခါ ခိုလှုံခဲ့ဖူးသည်ကို အခြေပြုကာ ဆက်ကာဆက်ကာ နားခိုပါလျှင် ရာသက်ပန် အေးမြသွားမည် ဖြစ်ပါ၏၊ ယခုလို ကွယ်လွန်သည့်အခါမှာလည်း ခြောက်ပစ်ကင်းသော သူတော်စင် တစ်ပါးအဖြစ်ဖြင့် အားပါးတရ ဝိုင်းဝန်း ပူဇော်ကြမည်သာ ဖြစ်၏၊ သို့ရာတွင် ကျွန်ုပ်တို့၏ သာရဏနိကား အေးမြစွာသော ညောင်ရိပ်သာမှာ ကြာရှည်စွာ မနားခိုခဲ့ပေ။ ဒဿနဉာဏ်နောက်မှာ ဘာဝနာကိစ္စ ထပ်ကြပ်မကွာ ပါမလာခဲ့ပေ။ ထို့ကြောင့် သူ့တစ်သက်တာမှာ ကိလေသာ အပူဒဏ်တို့ကို မကြာခဏ ခံစားလာရ၏၊ ကိလေသာ အရင်းခံသော လူကဲ့ရဲ့စရာ အဖြစ်များနှင့် ကြုံလာခဲ့ရ၏၊ ထို့ကြောင့် သူကွယ်လွန်သောအခါ ပြဿနာများ တန်းလန်း ကျန်နေခြင်းလည်း ဖြစ်ပေသည်။
ပြဿနာဟူသမျှ၏ အရင်းခံမှာ အဝိဇ္ဇာတရားပင်ဖြစ်၍ မသိသေးသည်နှင့်အမျှ တစ်ရစ်ပတ်ပတ် ရှုပ်ထွေးတတ်ပေသည်။
ဟုတ်တိုင်းမှန်စွာ မသိ၍ ရစ်ပတ်လာသော ပြဿနာများတွင် အချို့မှာ ကြောင်းခြင်းရာကိုယ်၌က သိမ်မွေ့၏၊ အသိရခက်၏၊ အချို့အကြောင်းအရာများကား အသိရခက်လောက်အောင် မဟုတ်ပါ။ စေ့စေ့စပ်စပ် မသုံးသပ် မဝေဖန်ဘဲ အလျင်စလို ပြောဆိုကြ၍သာ ပြဿနာ မဖြစ်သင့်ဘဲ ဖြစ်ကြရပေသည်။ ယခု သရဏနိ၏ ကိစ္စကား တရားသဘောနှင့် ပတ်သက်၍လည်း သိမ်မွေ့၏၊ အသိရခက်၏၊ ထိုအပေါ်မှာ အလျင်စလို ပြောဆိုခဲ့ကြ၍လည်း ပြဿနာပို၍ ကြီးလာရပေသည်။
မိမိဉာဏ်မမီသော ပြဿာကို အလျင်စလို မပြောဆိုကြသေးဘဲ ဘုရားရှင်ထံ လျှောက်ထားကြလျှင်ကား ဤပြဿနာ၏ အဖြေကို ရေလည်စွာ ကြားနာကရပါလိမ့်မည်။ အကြောင်းတစ်ခုနှင့် ကျောင်းတော်လာရန် အခက်အခဲရှိနေလျှင်လည်း ကိစ္စမရှိပါ။ ဤသို့သော ပြဿနာကိုသိမ်မွေ့စွာ အဖြေပေးနိုင်သော ဒေသနာတော်များ ထင်ရှားစွာ ရှိနေပါပြီ။
ထိုသောတာပန်ပုဂ္ဂိုလ်သည် ဒဿနဉာဏ် အမြင်မှန်ကို ရလိုက်သည်နှင့် တစ်ပြိုင်နက် သုံးပါးသော တရားတို့ကို ပယ်စွန့်ပြီး ဖြစ်၏၊ သုံးပါးသော တရားတို့ကား ခန္ဓာငါးပါးကို ငါ ဟုစွဲယူသော သက္ကာယဒိဋ္ဌိ၊ သစ္စာလေးပါး စသည်၌ ယုံမှားတတ်သော ဝိစိကိစ္ဆာ၊ ပညာမပါ၊ မချမ်းသာသော အကျင့်များဖြင့် နိဗ္ဗာန်ချမ်းသာ ခံစားရမည်ဟု ယူစွဲသော သီလဗ္ဗတပရာမာသဒိဋ္ဌိ တို့ပင်တည်း။ ထိုသောတာပန်ပုဂ္ဂိုလ်မှာ ကိလေသာ အကြွင်းအကျန် ရှိသေးသော်လည်း အပါယ်လေးပါးမှ လွတ်ပြီဖြစ်၏၊ အမိသတ်ခြင်း၊ အဖသတ်ခြင်း၊ ရဟန္တာကိုသတ်ခြင်း၊ သက်တော်ထင်ရှား ဘုရားရှင်အား သွေးထွက်သံယို ဖြစ်အောင်ပြုခြင်း၊ သံဃာသင်းခွဲခြင်းဟူသော အာနန္တရိယ ကံကြီးငါးပါးနှင့် နိတဘမိစ္ဆာဒိဋ္ဌိ၊ ဤခြောက်ပါးသော တရားတို့ကိုလည်း မပြုတော့ပြီတည်း။
ထိုသောတာပန်ပုဂ္ဂိုလ်သည် ကာယ ဝစီ မနောသုံးပါးသော ဒွါရတို့ဖြင့် မကောင်းမှုကိုကား ပြုပါသေး၏၊ သို့ရာတွင် ထိုသောတာပန်ပုဂ္ဂိုလ်သည် ထိုမကောင်းမှုကို ဖုံးလွှမ်းခြင်း မပြုတော့ပါ။ ထိုသဘောကို နိဗ္ဗာန်မြင်ပြီးသော ဘုရားရှင် ကိုယ်တော်တိုင်က ဟောကြားတော်မူခဲ့ပေသည်။
မြေ၌ မြဲမြံစွာ စိုက်ထားသော တံခါးတိုင်သည် အရပ်လေးမျက်နှာမှ တိုက်ခတ်လာကြသော လေတို့ကြောင့် မယိမ်းမယိုင်ဘိသကဲ့သို့ အရိယာသစ္စာလေးပါးတို့ကို ကိုယ်တွေ့ဉာဏ်ဖြင့် အသိယှဉ်ပြီးသော သောတာပန် သူတော်ကောင်းကို တံခါးတိုင်နှင့် တူ၏ ဟူ၍ ငါဘုရား ဟောကြားတော်မူပေသည်။
ရတနသုတ်တော်လာ ဤဒေသနာတော်တို့သည် ဤပြဿနာအတွက် အချက်ကျသော ဖြေရှင်းချက်များ ဖြစ်၏၊ နိဗ္ဗာန်တည်းဟူသော ညောင်ရိပ်သာမှ ထွက်ခွာသွားသဖြင့် ကိလေသာ အပူဒဏ်ကို ခံစားရသော်လည်း သောတာပန်ပုဂ္ဂိုလ်သည် အရိယာဇာတ်ကိုကား စွန့်ခွာမသွားတော့ပါ။ တရားသဘောနှင့် ပတ်သက်၍ သူ့မှာ ယုံမှားသင်္ကာဖြစ်စရာ မရှိတော့ပါ။ ပြုပြင်၍ မရနိုင်သော ပြစ်မှုကြီး ခြောက်မျိုးကိုလည်း မပြုမှားတော့ပါ။ ဤသည်မှာ တစ်ကြိမ်တစ်ခါ မျက်မှောက်ပြုခဲ့ရသော နိဗ္ဗာန်တရားတော်ကြီး၏ အာနိသင်ဖြစ်ပေသည်။ မျက်စိအပေါ်မှာ တိမ်သလာ အမြှေးအယှက်တို့ မရှိတော့သဖြင့် သူ့အဖို့ နိဗ္ဗာန်နှင့်ပတ်သက်၍ အတွေးခက်စရာလည်း မရှိတော့ပါ။ တစ်ကြိမ်တစ်ခါ ခံစားရဖူးသော အမြိုက်အရသာကို စိတ်ညွှတ်ရုံဖြင့် ရရှိခံစားနိုင်ပေသည်။ သောတာပန်ပုဂ္ဂိုလ်၏ နိဗ္ဗာန်နှင့်ပတ်သက်၍ ထိုကဲ့သို့ အသိခိုင်မြဲသော သဘောကိုပင် ဘုရားရှင်က တံခါးတိုင်နှင့် ဥပမာပြုတော်မူခဲ့ပေသည်။
နောင်တော်ကြီးမဟာနာမ်က ဤပြဿနာကို တစ်ဆင့်လျှောက်ထားနေခြင်းမှာ ရတနသုတ် ဒေသနာတော်တို့ကို သတိမပြုမိ၍လေလား။ သို့မဟုတ် ရွှေနှုတ်တော်မှ ဖွင့်ဟလာမည့် ဒေသနာတော်တို့ကို ကြားနာချင်သေး၍လား မသိပါ။ မည်သို့ပင်ဖြစ်စေ သူလျှောက်ထားသဖြင့် ကျွန်ုပ် ထိန်းသိမ်းထားသော ဘဏ္ဍာတိုက်ကြီးတွင် ရတနာတစ်မျိုးကား တိုးပွားလာရသည်သာ ဖြစ်ပေသည်။
ဘုရားရှင်သည် နောင်တော်ကြီးထံမှ တစ်ဆင့်ပါးလိုက်သော စကားလက်ဆောင်ကို လက်ခံတော်မူကာ-
"မဟာနာမ်၊ သကျအမျိုးသား သရဏနိသည် ရတနာသုံးပါး၌ ဆည်းကပ်သော ဥပါသကာဖြစ်နေသည်မှာ ကြာခဲ့ပြီ။ သူသည် ဘုရား၊ တရား၊ သံဃာတို့ကို ကိုးကွယ်သူဖြစ်၏၊ ထိုသူသည် အဘယ်မှာ အပါယ်လားပါမည်နည်း "
ဤသို့ မိန့်တော်မူကာ သရဏနိနှင့် ထပ်တူ အပါယ်လေးပါးလားရန် မရှိတော့သော အရိယာပုဂ္ဂိုလ်များကို စာရင်းချပြ၍ ပြတော်မူရ၏၊ ထိုမှဆက်လက်၍ မိန့်တော်မူသည်မှာ-
"မဟာနာမ်၊ သိလွယ် မြင်လွယ်အောင် ပမာဆောင်၍ ပြရသော် လယ်မြေကလည်း ညံ့လှစွာ၏၊ မျက်နှာပြင်ကလည်း မညီမညွတ်။ ဆားပေါက်၏၊ သစ်ငုတ်ခလုတ်များ တင်းကြမ်းရှိနေ၏၊ ထိုလယ်မြေညံ့မှာ ကြဲချသော မျိုးစေ့ကလည်း အကျိုးအကြေ၊ အဆွေးအအောက်ဖြစ်၏၊ လေပူနေပူမိထား၏၊ အနှစ်အသားမရှိ။ လုံခြုံစွာ သိုမှီးထားခြင်း မရှိ။ လယ်မြေ နူးနပ်သွားအောင် မိုးကလည်း မရွာ။ ဤအခြေအနေတွင် ဤမျိုးစေ့သည် အပင်ပေါက်ကာ ရှင်သန်ကြီးထွားပါမည်လော"
"ရှင်သန်ကြီးထွားခြင်း မဖြစ်နိုင်ပါ ဘုရား "
"မဟာနာမ်၊ ဤဥပမာအတိုင်းသာလျှင် မှတ်ယူသင့်၏၊ သာသနာတော်ပြင်ဘက်က တရားများသည် လယ်မြေညံ့နှင့်တူ၏၊ ထိုတရားကို လိုက်နာကျင့်သုံးသူတို့ကား မျိုးစေ့ညံ့များ ဖြစ်ကြပေသည်"
"မှန်ပါ၊ သဘောပေါက်ပါပြီ အရှင်ဘုရား "
"မဟာနာမ်၊ ထိုမှအပြန် နှိုင်းယှဉ်ရန်ရှိသည်မှာ လယ်မြေကလည်း ကောင်းလှ၏၊ မျက်နှာပြင်ကလည်း ညီညွတ်၏၊ ဆားပေါက်ခြင်းလည်း မရှိ။ သစ်ငုတ်ခလုတ်ကိုလည်း ကုန်စင်အောင် တူးပြီးဖြစ်၏၊ ထိုလယ်ကောင်းမှာ ကြဲချသော မျိုးစေ့ကလည်း အကောင်းစားဖြစ်၏၊ ကျိုးခြင်း ကျေခြင်း၊ ဆွေးခြင်း အောက်ခြင်းမရှိ။ လေပူနေပူ အမိမခံရ။ အနှစ်အသားပြည့်၏၊ လုံခြုံစွာသိုမှီးထားအပ်၏၊ လယ်မြေနူးနပ်သွားအောင် မိုးကြီး သည်းစွာရွာ၏၊ ဤအခြေအနေတွင် ဤမျိုးစေ့သည် အပင်ပေါက်ကာ ရှင်သန်ကြီးထွားပါမည်လော"
"မှန်ပါ၊ ရှင်သန်ကြီးထွားပါလိမ့်မည် ဘုရား "
"မဟာနာမ်၊ ဤဥပမာအတိုင်းသာလျှင် မှတ်ယူသင့်၏၊ သာသနာတော်တွင်းက တရားသည် လယ်မြေကောင်းနှင့်တူ၏၊ ထိုတရားကို လိုက်နာကျင့်သုံးသူတို့ကား မျိုးစေ့ကောင်းများ ဖြစ်ကြပေသည်။ ဤသို့လယ်မြေကောင်းနှင့် မျိုးစေ့ကောင်းတို့ ဆုံစည်းကြရာဝယ် သရဏနိသည် သေခါနီးအချိန်တွင်ကား သီလသိက္ခာနှင့် ပြည့်စုံခဲ့ပေသည်"
နိဗ္ဗာန်တရားကို မျက်ဝါးထင်ထင် မြင်ခဲ့ပြီးသော သရဏနိသည် တစ်လျှောက်လုံး မေ့မေ့ပျောက်ပျောက် နေလာခဲ့၏၊ အဆိုးလောကဓံများ၏ အရိုတ်အပုတ်မခံရဘဲ သက်သောင့်သက်သာ နေလာခဲ့သဖြင့် နိဗ္ဗာန်တရားကို အားကိုးရန် သတိမပြုခဲ့မိ။ နိဗ္ဗာန်တရားကို မေ့လျော့၍ ရခဲ့သော်လည်း မရဏရှင်သေမင်းကိုကား သူမေ့ထား၍ မရပါ။ ကိုယ့်ကိုယ်ကို သေဦးမည်မထင်ဘဲ သေပွဲဝင်ကြရသော လူများစွာတို့နည်းတူပင် သရဏနိ၏ ရှေ့မှောက်သို့လည်း မရဏရှင်သေမင်းက မမျှော်မလင့် မခေါ်ပင့်ရဘဲ ရောက်လာတဲ့ချေပြီ။
အခြားလောကဓံများမှ သက်သာခွင့်ရခဲ့သော သရဏနိအား ဤလောကဓံကြီးကတော့ သက်ညှာခွင့် ပေးတော့မည် မဟုတ်ချေ။ မျက်ရည်စက်လက်နှင့် တောင်းပန်သော်လည်း သနားလိမ့်မည် မဟုတ်ပေ။ သူ့အချိန် နာရီစေ့သည်နှင့် တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံးကို ဝါးမျိုတော့မည် ဖြစ်၏၊ ဘယ်မှာပြေးပြေး အေးလမ်း မမြင်တော့ခါမှ သရဏနိသည် အားကိုးရာရှာခဲ့၏၊
သူလိုချင်ရာရာကို ဘာမဆို ပေးနိုင်ကြသော ရွှေ ငွေ ရတနာများသည်လည်းကောင်း၊ သူ့အလိုလိုက်၍ သူ့အကြိုက်ဆောင်ခဲ့ကြသော အိမ်သူအိမ်သားများသည်လည်းကောင်း ဤစစ်ပွဲတွင် ပါဝင်ကူညီခွင့် မရကြပါ။ ဤကမ္ဘာမြေပြင်၌ သူ့ကိုကူညီနိုင်မည့်သူမှာ သူမှတစ်ပါး အခြားမရှိတော့ပါ။ သူ့စိတ်သန္တာန်ဝယ် တစ်ကြိမ်တစ်ခါက အေးမြငြိမ်သက်စွာ ခံစားခဲ့ရဖူးသော နိဗ္ဗာန်မှတစ်ပါး အခြားအားကိုးရန် မရှိတော့ပါ။
ဤနိဗ္ဗာန်တရားကိုလည်း သူကိုယ်တိုင် မျက်မှောက်ပြုခဲ့ပြီးဖြစ်၍ သို့လော သို့လော တွေးတောနေရန် မရှိတော့ပါ။ ကြုံလာရသော ဘေးဒုက္ခကြီးနှင့် နှိုင်းယှဉ်ခါမှ ဘေးရန်ကင်းကွာ မြိုက်ချမ်းသာ၏ ဂုဏ်ကျေးဇူးကို သူကောင်းကောင်းကြီး သတိရလာပေလိမ့်မည်။ ဤသို့ သတိရလာခြင်းသည်ပင် မိုးကြီးသည်းထန်စွာ ရွာချလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
လယ်မြေကောင်းမှာ ကြဲချထားသော မျိုးစေ့ကောင်းသည် မိုးရွာလျှင် အပင်ပေါက်လာသကဲ့သို့ သရဏနိ၏ သီလသိက္ခာတို့လည်း ပြည့်ပြည့်ဝဝ ရှင်သန် ကြီးထွားလာကြပေလိမ့်မည်။ သောတာပတ္တိဖိုလ်ပညာနှင့် ယှဉ်စပ်သဖြင့် ထိုသီလကို အဓိသီလဟု ခေါ်ဆိုရပေလိမ့်မည်။
နောင်တော်ကြီးအား ဟောကြားသော တရားဒေသနာ ရတနာတို့ကို ဤသို့လျှင် ကျွန်ုပ်ဘာသာ အကဲခတ်၍ ကြည့်နေမိပေသည်။
(မဟာဝဂ်၊ သောတာပတ္တိသံယုတ်၊ ပထမ ဒုတိယ သရဏာနိသုတ်များ)
နောင်တော်ကြီး မဟာနာမ်နှင့် ပတ်သက်ရာ ပတ်သတ်ကြောင်းများကို ပြန်ပြောင်း တင်ပြရာတွင် ပွဲတိုင်းကျော် ကိုယ်တော်များအကြောင်းလည်း မပါလျှင် မဖြစ်သေးပါ။ နောင်တော်ကြီးကလည်း လူကြီးပီပီ မသင့်တာ၊ မတော်တာမြင်လျှင် ရေငုံနှုတ်ပိတ် မနေတတ်။ ပြောခွင့်ဆိုခွင့် ရှိတိုင်း ပြောတတ် ဆိုတတ်၏၊ အခြားတစ်ဖက်တွင် ဆဗ္ဗဂ္ဂီရဟန်းများကလည်း ပြောစရာနှင့် ဆိုစရာချည်း။ သင်္ကန်းဝတ်ပုံ၊ ရုံပုံများက မသေသပ်။ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတို့ကလည်း ရဟန်းတို့နှင့် လားလားမျှ မသင်ေ့လျာ်။ မသင့်မလျော်လုပ်မိ၍ အပြောအဆိုခံရသည်တွင် မိမိကိုယ်ကို ပြုပြင်သွားကြလျှင်ကား ကောင်းလေစွ။ သို့ရာတွင် ဆဗ္ဗဂ္ဂီတို့ကား ပြုပြင်ဖို့နေနေသာသာ၊ အပဲ့မှာ ဆားထိသကဲ့သို့ ထွန့်ထွန့်လူး၍ သွားကြ၏၊ ငါတို့ကို စီးစီးပိုးပိုး ပြောရန်ကောဟု ရန်ငြိုးများထားလာကြ၏၊ တွေ့တိုင်း မြင်တိုင်း ပြောစရာဆိုစရာကိုမှ ကြံကြံဖန်ဖန် တွေ့တတ်၊ မြင်တတ်သော ဒါယကာကြီးအား လှလှပပ လက်စားချေရန် အချက်ကို ရှာကြ၏၊ ဤတွင် နောင်တော်ကြီး၏ နေ့စဉ်နေ့တိုင်း ပြုနေကျ အလှူဝတ်တစ်ခုကို တွေ့လာကြရပေသည်။
(သုဒ္ဓပါစိတ်၊ မဟာနာမ သိက္ခာပုဒ်)
ဤအလှူဝတ်သည် ဝေရဉ္ဇာမှာ ဝါကပ်ခဲ့ရခြင်းနှင့် ဆက်စပ်လျက်ရှိ၏၊ ဝေရဉ္ဇာဗြာဟ္မဏကြီး၏ လျှောက်ထားချက်အရ သူ့မြို့မှာ ဝါကပ်ခဲ့ရာ ကျွန်ုပ်တို့သည် ဒုဗ္ဘိက္ခန္တရကပ်ကြီးနှင့် တိုးခဲ့ရ၏၊ စိုက်လေသမျှ ကောက်ပင်များ ပိုးကျကုန်သဖြင့် လယ်တောတစ်ခွင်ဝယ် ကောက်ရိုးမျှင်များသာ ရှိကြ၏၊ မြို့သူမြို့သားတို့မှာ ကျန်ကောင်းကျန်ရာ စားရေရိက္ခာကလေးများကို စာရေးတံချ၍ ဝေပုံကျရသမျှလေးကိုသာ မသေရုံစားနေကြရ၏၊ ဤအခြေအနေတွင် ကျွန်ုပ်တို့ မြို့ထဲမှာ ဆွမ်းခံရန် မဖြစ်နိုင်သဖြင့် မြင်းကုန်သည်တို့ထံ ချဉ်းကပ်ကြရပေသည်။
ဥတ္တရာပထတိုင်းသား မြင်းကုန်သည်တို့သည် ရောင်းစရာ မြင်းငါးရာနှင့်တကွ ကျွန်ုပ်တို့နည်းတူ ဝေရဉ္ဇာမှာ မိုးခိုနေကြရ၏၊ တစ်မိုးတွင်းလုံး စတည်းချ နေကြရမည်ဖြစ်၍ မြင်းစာ၊ လူစာ၊ ရိက္ခာအပြည့်အစုံ ပါလာကြ၏၊ သို့ရာတွင် ရဟန်းသံဃာများနှင့် နေဖူးနေစ မရှိကြသေးသဖြင့် ဆွမ်းလာရပ်ကြသော ကျွန်ုပ်တို့အား ဆွမ်းကို မလောင်းဘဲ မုယောဆန်များကိုသာ တစ်ပါးလျှင် တစ်စလည်ကျလောင်းလှူကြ၏၊ တစ်ရက်မဟုတ်၊ နှစ်ရက်မဟုတ်၊ တစ်ဝါတွင်းလုံး လောင်းလှူကြခြင်း ဖြစ်ပေသည်။
အကျဉ်းအကျပ် ကာလမျိုးတွင် ဤရွေ့ဤမျှ သဒ္ဓါတရားအားကြီးစွာ လောင်းလှူကြသဖြင့် ကျွန်ုပ်တို့ကလည်း မည်သို့မျှ မဝေဖန်ဘဲ လှူသမျှသာ ခံယူလာခဲ့ကြ၏၊ ခံယူလာပြီး၍ ကျောင်းပြန်ရောက်လျှင်ကား ကျောက်ဆုံသံတို့ ညံညံစီကြပြီ ဖြစ်ပါ၏၊
ရလာသော မုယောဆန်တို့ကို ကျွန်ုပ်တို့မှာ သည်အတိုင်းစား၍လည်း မဖြစ်။ ဆွမ်းဖြစ်အောင် ချက်ကြစို့ဆိုတော့လည်း ရဟန်းများမို့ ကိုယ်တိုင်ချက်ခွင့်မရှိ။ ဤတွင် စား၍လည်း ဖြစ်စေ၊ အပြစ်လည်းလွတ်စေဟု ကျောက်ဆုံမှာ အမှုန့်ကြိတ်၍ စားသောက်ကြရပေသည်။
ကျွန်ုပ်သည် ရလာသော မုယောဆန် တစ်စလယ်ကို အများနည်းတူ အမှုန့်ကြိတ်ကာ မိမိအတွက် အနည်းငယ်ချန်၍ ဘုရားရှင်ထံ ဆက်ကပ်ရ၏၊ မြိန်မြတ်သော ခံဖွယ်ဘောဇဉ်များ ဘုဉ်းပေးရစဉ်သကဲ့သို့ပင် ဘုရားရှင်သည် မုယောဆန်မှုန့်ကိုလည်း ငြိမ်သက်စွာ ဘုဉ်းပေးတော်မူပေသည်။
(ပါရာဇိကကဏ္ဍ၊ ဝေရဉ္ဇာကဏ္ဍ)
ဝေရဉ္ဇာမှာတုန်းက ဤသို့ စားရေးသောက်တာ ချို့တဲ့ခဲ့ရသည်ကို ကာမိစေရန် နောင်တော်ကြီးသည် ဘုရားရှင်ထံ ခွင့်ပန်၍ သံဃာတော်များအား လေးလတိုင်တိုင် အထူးတလည် ပြုစုလုပ်ကျွေး၏၊ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်၊ တင်လဲဟူ၍ ငါးပါးသော ဆေးပစ္စည်းတို့ကို အလိုရှိတိုင်း အလှူခံ၍ ဘုဉ်းပေးကြရန် လျှောက်ထား၏၊ ရဟန်းများသည် စောစောပိုင်းမှာ အပ်မအပ် မသိသေး၍ အလှူမခံဘဲ နေကြသေး၏၊ နောက်မှ ဘုရားရှင်ကိုယ်တော်တိုင်က လေးလပတ်လုံး ဆေးပစ္စည်းဖြင့် ဖိတ်ကြားခြင်းကို အလှူခံခွင့်ပြု၏ ဟု အမိန့်တော်ရှိသဖြင့် အလှူခံကာ ဘုဉ်းပေးကြပေသည်။
ခွင့်ပြုတော်မူချက်အရ မိမိနှစ်သက်ရာကို အလှူခံကာ ဘုဉ်းပေးကြသော်လည်း နောင်တော်ကြီး၏ ဆေးပစ္စည်းများက မကုန်နိုင်မခန်းနိုင်ပါ။ ရဟန်းများ ဘုဉ်းပေးသည်က ခပ်နည်းနည်း။ နောက်ထပ် ရောက်၍ ရောက်၍လာသော ဆေးပစ္စည်းများက အလျှံအပယ်။ ဤတွင် နောင်တော်ကြီးသည် နောက်ထပ်လေးလ လှူခွင့်ရရန် လျှောက်ရ၏၊ ထို့နောက် လေးလနှင့်လည်း အရာမထင်သေး၍ ရာသက်ပန် လှူခွင့်ရရန် လျှောက်ထားရပြန်၏၊ ဤလျှောက်ထားချက်ကို ခွင့်ပြုတော်မူမှ ဆဗ္ဗဂ္ဂီတို့အတွက် အကွက်ဆိုက်လာကြပေတော့သည်။
ပြောခဲ့လေသမျှ၊ ဆိုခဲ့လေသမျှကို သည်တစ်ခါ လှလှကြီး လက်စားချေမည်ဟု သူတို့သည် သပိတ်ကိုယ်စီဖြင့် ပစ္စည်းလေးပါးဒါယကာကြီးထံ ချဉ်းကပ်လာကြ၏၊ "ဒါယကာကြီး၊ ထောပတ်တစ်စိတ်သား အလိုရှိပါ၏" ဟု မြွက်ဆို၏၊ တကယ်အသုံးလို၍ဆိုလျှင် ထောပတ်တစ်စိတ်သား တောင်းရန် မရှိပါ။ တစ်ကွမ်းစားမျှ ကုန်အောင် ဘုဉ်းပေးနိုင်သော ရဟန်းပင် မရှိပါ။ သို့ပါလျက် ဤကဲ့သို့ မတန်တဆ တောင်းခြင်းမှာ သက်သက်အရွဲ့တိုက်လိုက်ခြင်းသာ ဖြစ်ပေသည်။
ဆဗ္ဗဂ္ဂီတို့၏ တုန့်ပြန်မှုကို အရိယာသာဝကကြီးက ကောင်းကောင်းကြီး ရိပ်မိပါလိမ့်မည်။ သို့သော် သဒ္ဓါလက်ကိုင် ခိုင်မြဲပြီးဖြစ်၍ အလှူခံပုဂ္ဂိုလ်တို့ကို မည်သို့မျှ မဝေဖန်ဘဲ "အရှင်ဘုရားတို့၊ ယနေ့ အရှင်ဘုရားတို့ အလှူခံသလောက် မရှိသေး၍ ခွင့်လွှတ်တော်မူပါ ဘုရား၊ အလုပ်သမားများသည် နွားခြံသို့ ထောပတ်ယူရန် သွားနေကြဆဲ ဖြစ်ပါသည်။ ရောက်လာသည့်အခါမှ လှူဒါန်းပါရစေ ဘုရား"
အလှူရှင်က ချေချေငံငံ လျှောက်ထားသည်ကိုပင် အလှူခံပုဂ္ဂိုလ်များက လက်မခံနိုင်ကြပါ။ နောင်တော်ကြီး လျှောက်ထားချက်ကို ခါးသီးစွာ ငြင်းပယ်လျက်-
"ဒါယကာကြီး လှူချင်တန်းချင်စိတ် အဟုတ်တကယ် မရှိပါဘဲလျက် တော်စွာ လျော်စွာ ဖိတ်ကြားထားဘိ၏၊ ဖိတ်ကြားထားသည့် ပစ္စည်းကိုလည်း မလှူပါချေတကား" ဟု ကဲ့ရဲ့ ရှုတ်ချကြ၏၊ သူ့ထက်ငါ ဝိုင်း၍ ရန်တွေ့ကြတော့၏၊
ဤအကြောင်းအခြင်းရာ ရွှေနားတော်ထိ ပေါက်ကြားသွားချိန်တွင်ကား
"ကျန်းမာသော ရဟန်းသည် တစ်ဖန်ဖိတ်ကြားခြင်း၊ အမြဲတမ်းဖိတ်ကြားခြင်း မရှိလျှင် လေးလအတွင်း ဆေးပစ္စည်းများကို အလှူခံခွင့်ရှိ၏၊ ထိုကာလထက်ပို၍ အလှူခံလျှင် ပါစိတ်အာပတ်သင့်၏"
နောင်တော်ကြီး မဟာနာမ်ကို အကြောင်းရင်းခံကာ ပညတ်တော်မူရသဖြင့် ဤသိက္ခာပုဒ်ကို မဟာနာမသိက္ခာပုဒ် ဟူ၍ အမှတ်အသား ပြုကြရပေသည်။
(သုဒ္ဓပါစိတ်၊ မဟာနာမ သိက္ခာပုဒ်)
ဆိုခဲ့ပြီးသည့်အတိုင်း နောင်တော်ကြီးသည် ခမည်းတော်ကြီးရှိစဉ်ကပင် ဘုရားရှင်ထံ ရင်းနှီးစွာ ချဉ်းကပ်လာခဲ့၏၊ သွေးသာနီးစပ်မှုကြောင့် မဟုတ်ဘဲ ကျေးဇူးရှင်မို့ ကျေးဇူးတင်သော သဘောဖြစ်၏၊ ယခုတော့ ကပိလဝတ်နန်းတော်ကြီးမှာ ခမည်းတော်ကြီး မရှိတော့ပြီ။ သူ့ကိုယ်စား ထမ်းရွက်နေသည့် ဘဒ္ဒိယလည်း ရဟန်းပြုပြီးလေပြီ။ သို့ဖြစ်၍ ကျန်ရစ်သော ဆွေမျိုးတော်ထဲမှာ ကျွန်ုပ်တို့ နောင်တော်ကြီးသာ မားမားမတ်မတ် ရှိပေတော့သည်။
သကျတို့၏ ရှေ့က မားမားမတ်မတ် ရပ်တည်ပါသော်လည်း သကျတို့၏ ကံကြမ္မာကို မတော်လှန်နိုင်သော နောင်တော်ကြီး၏ ဖြစ်ရပ် ဇာတ်လမ်းများကို နောက်ပိုင်းအခန်းများကျမှ တင်ပြရပါဦးမည်။
အာနန္ဒာဗောဓိ
ငွေလမင်းကြီးကို ဗဟိုပြု၍ ကြယ်တာရာကဲ့သို့ ထင်ရှားသော အရှင်မြတ်များအကြောင်း တော်တော်စုံအောင် တင်ပြခဲ့ပါပြီ။ မောင်တော်များနှင့် ထပ်တူထပ်မျှ သာသနာ့တာဝန် ထမ်းဆောင်နေကြသော နှမသည်များ၏ အာဇာနည်စိတ်ဓာတ်ကိုလည်း ဖော်ကျူးခဲ့ပါပြီ။ သာသနာ့အကျိုးတော်ဆောင် ဒါယကာကြီး၊ ဒါယိကာမကြီးများ၏ ဂုဏ်ကျေးဇူးကိုလည်း ထုတ်ဖော် ချီးကျူးခဲ့ပါပြီ။ ထိုပုဂ္ဂိုလ်အပေါင်းနှင့် ထပ်တူထပ်မျှ ကျွန်ုပ်ချစ်မြတ်နိုးရပါသော အရာတစ်ခုကို ယခု ကျွန်ုပ် တင်ပြပါဦးမည်။ ထိုအရာကား ကျွန်ုပ် စိုက်ပျိုးထားသော ဗောဓိပင် ဖြစ်ပါသည်။
ဤဗောဓိပင် စိုက်ပျိုးရန် အကြောင်းဖန်လာသည်ကား ဤသို့ ဖြစ်၏၊ အစစအရာရာ ပြည့်စုံစွာ ရှိနေသော်လည်း ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်မှာချည်း စွဲမြဲ၍ မနေပါ။ ဝေနေယျအပေါင်းအား တရားဖြင့် ချီးမြှောက်နိုင်ရန် နယ်တကာ ရပ်တကာ လှည့်လည်တော်မူသည်သာ ဖြစ်၏၊ ဘုရားရှင် ကြွတော်မူလျှင် သံဃာတော်များလည်း အတူပါသွားကြ၏၊ ဤတွင် ဇေတဝန်ကျောင်းတော်ကြီးသည် သံဃာတော်များ မရှိသည်နှင့် ခြောက်သယောင်းသွားတော့၏၊ ကျောင်းတော်သို့ လာနေကျ ဒါယကာ ဒါယိကာမများမှာ မလာဘဲ မနေနိုင်၍သာ လာကြရ၏၊ လာခဲ့ပြန်သော်လည်း စိတ်မချမ်းမြေ့ပါ။ ကျောင်းထဲရောက်၍ ပန်းနံ့သာပူဇော်ရာ ရှာမတွေ့။ ဘုရားရှင်ကိုယ်စား ကိုးကွယ်ရာဟူ၍ ဘာမျှ မရှိ။ ပါလာသော ပန်းနံ့သာများကို ဂန္ဓကုဋီတိုက်ဝမှာ စုပြုံ၍ ထားခဲ့ကြရ၏၊ အမြတ်တနိုးယူလာကြရသော ပူဇော်ဖွယ်ပစ္စည်းများကို ထိုက်ထိုက်တန်တန် မပူဇော်ရဘဲ ဖြစ်ကတတ်ဆန်း ပစ်ထားခဲ့သဖြင့် သူတို့ မကျေနပ်မှု မရနိုင်ကြပါ။
ဒါယကာ ဒါယိကာမအပေါင်းကို ကိုယ်စားပြု၍ ဤအကြောင်းများကို ကျောင်းဒါယကာကြီး အနာထပိဏ်က စီကာပတ်ကုံး လျှောက်ထား၏၊ ကျောင်းဒါယကာကြီးသည် ကျွန်ုပ်နှင့် ခင်မင်ရင်းနှီး၏၊ ကျွန်ုပ်ကလည်း ဘုရားရှင်နှင့် အနီးစပ်ဆုံးဖြစ်၏၊ ထို့ကြောင့် ဒါယကာ ဒါယိကာမတို့၏ လိုလားချက်ကို ရွှေနားတော် မြန်မြန်ပေါက်လေအောင် ကျွန်ုပ်ထံ လျှောက်ထာလာခြင်း ဖြစ်ပေသည်။
အားကိုးတကြီးနှင့် လျှောက်ထားလာသည့်အတိုင်း ကျွန်ုပ်ကလည်း ဘုရားရှင်ထံ ချက်ချင်းပင် ဝင်ရောက်ကာ-
"အရှင်ဘုရား၊ အလေးအမြတ်ပူဇော်ရသော စေတီသည် မည်မျှ ရှိပါသနည်း" ဟု လျှောက်ထားလိုက်၏၊ လိုရင်းကို မလျှောက်သေးဘဲ အခြေခံမှ စတင်လိုက်ရခြင်း ဖြစ်ပါသည်။
"အာနန္ဒာ၊ ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိသစေတီဟူ၍ စေတီသုံးမျိုး ရှိပေသည်"
ဘုရားရှင်ကလည်း သိလိုရာကို ဖြေကြားတော်မူပါသည်။ ဤတွင် ကျွန်ုပ် အားတက်သရော ဖြစ်ကာ-
"အာနန္ဒာ၊ စေတီအားလုံးကို မရနိုင်ပါ။ ဓာတုစေတီသည် ငါဘုရား ပရိနိဗ္ဗာန်စံပြီးမှ ဖြစ်နိုင်၏၊ ဥဒ္ဒိသစေတီကလည်း ယခုအခါ အထည်ဝတ္ထု မထင်ရှားသေး၍ လေးစားလောက်အောင် မရှိသေးပါ။ ငါ ဘုရား အသုံးပြုခဲ့သော မဟာဗောဓိပင်ကား ငါဘုရား ရှိစဉ်မှာလည်း စေတီထိုက်နေ၏၊ လေးမြတ်ကော်ရော် ပူဇော်ထိုက်၏"
"အရှင်ဘုရား၊ အရှင်ဘုရားနှင့်တကွ သံဃာတော်ကြီးများ ကြွသွားကြသောအခါ ဇေတဝန်ကျောင်းတော်ကြီးမှာ ကိုးကွယ်ရာ မရှိဖြစ်ရစ်ပါသည်။ မဟာဗောဓိပင်မှ မျိုးစေ့ကို ယူဆောင်၍ ဇေတဝန်ကျောင်းတော်တံခါးအနီးမှာ တပည့်တော် မျိုးစေ့ စိုက်ပါရစေ ဘုရား "
"ကောင်းပြီ အာနန္ဒာ။ စိုက်ပျိုးပေလော့။ ဤသို့ဆိုလျှင် ဤဇေတဝန်ကျောင်းတော်တွင် ငါ ဘုရား အမြဲတမ်းရှိနေသကဲ့သို့ စိုစိုပြည်ပြည် ဖြစ်ရစ်ပေလိမ့်မည်"
ဤသို့ ခွင့်ပြုမိန့်ကျလာသဖြင့် ကျွန်ုပ်သည် ဗောဓိပင် စိုက်ပျိုးရေးကို လုံးပန်းရတော့သည်။ ကောသလမင်းကြီး၊ ဗကျာင်းဒါယကာကြီး အနာထပိဏ်၊ ဝိသာခါနှင့်တကွ လက်လှမ်းမီသမျှသော ဒါယကာ၊ ဒါယိကာမများထံ အကူအညီ တောင်းရတော့သည်။ သူတို့၏ အကူအညီဖြင့် ဇေတဝန်ကျောင်းတော် တံခါးအနီး၌ ဗောဓိပင် စိုက်ပျိုးရန် ကျင်းတူးခြင်းကိစ္စ ပြီးစီးသွားပေသည်။ မဟာဗောဓိပင်မှ မျိုးစေ့ရရေးအတွက် အရှင်မဟာမောဂ္ဂလန်ကို ပန်ကြားရပေသည်။
အရှင်မဟာမောဂ္ဂလန်သည် မဟာဗောဓိပင်ထက်မှ သူ့အလိုလိုကြွေကျလာသော အသီးမှည့်ကို မြေမရောက်ခင် သင်္ကန်းနှင့် ခံယူ၍ ကျွန်ုပ်ထံ ပေးခဲ့၏၊ မျိုးစေ့ရလာသော ထိုနေ့တွင် ဗောဓိပင် စိုက်ပျိုးပွဲ ကျင်းပရန် ကောသလမင်းကြီးအား အကြောင်းကြားရပေတော့သည်။
အစီအစဉ်ချမှတ်ထားသည့်အတိုင်း နေချိုသော ညနေခင်းတွင် ကောသလမင်းကြီး ရောက်လာ၏၊ ဗောဓိပင်စိုက်ပျိုးပွဲကို ဂုဏ်ပြုသောအားဖြင့် အခြွေအရံ ပရိသတ်များ ခါတိုင်းထက်ပို၍ သိုက်မြိုက်လှ၏၊ ဝိသာခါနှင့် ကျောင်းဒါယကာကြီး အနာထပိဏ်တို့လည်း မိသားစု အစုံအလင်၊ ဝတ်စားတန်ဆာ အစုံအလင်ဖြင့် ရောက်ရှိလာကြ၏၊
ပရိသတ်ဗိုလ်ပုံ စုံလင်သောအခါ ကျွန်ုပ်သည် အသင့်တူးထားသော ကျင်းထဲသို့ ရွှေဖျဉ်းအိုးကြီးကို ချလိုက်၏၊ ရွှေဖျဉ်းအိုးကြီးထဲသို့ နံ့သာပေါင်းစုံ ထုံမွှမ်းသော ရွှံ့မြေများကို ထည့်လိုက်၏၊ ထို့နောက် ဗောဓိသီးကို ချလိုက်ရန် ကိစ္စကိုကား ကျွန်ုပ်ကိုယ်တိုင် မဆောင်ရွက်တော့ပါ။ ဒါယကာ ဒါယိကာမအပေါင်း၏ အကြီးအမှူးဖြစ်သော ကောသလမင်းကြီးထံ ကမ်းလိုက်၏၊ ကမ်းလင့်သော ဗေဓိသီးကြီးကို မင်းကြီးက လက်လှမ်း၍ ယူပါ၏၊ သူ့လက်ထဲမှာ အတန်ကြာ မယချီထား၏၊ သို့နောက် သူကိုယ်တိုင် မစိုက်ပျိုးဘဲ အနာထပိဏ်သူဌေးထံသို့ တစ်ဆင့် ကမ်းလှမ်း လိုက်ပါတော့သည်။
ဗောဓိသီးကို မယချီထားဆဲ တစ်ခဏ၌ မင်းကြီး၏ မျက်နှာကို ကျွန်ုပ်အကဲခတ်လိုက်မိ၏၊ ဗောဓိပင်စိုက်ပျိုးပွဲမို့ တခမ်းတနား လာခဲ့ရသော်လည်း သူ့အတွင်းစိတ်မှာကား တစ်စုံတစ်ခုအတွက် အတွေးခက်နေဟန် တူပေသည်။ ကျယ်ပြောလှစွာသော ကောသလတိုင်းကြီးတစ်ခုလုံးကို သိမ်းကျုံးအုပ်စိုးနေရသော ဘုရင်ကြီးဖြစ်ပါလျက် အနာထပိဏ်သူဌေးလက်သို့ တစ်ဆင့် ပြောင်းလိုက်ခြင်း ကြောင့် ကျွန်ုပ် စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာ၏၊
သူဌေးစည်းစိမ်နှင့် မင်းစည်းစိမ် ချိန်စက်ကြည့်ကြစို့ဆိုလျှင် မင်းစည်းစိမ်က မနှိုင်းယှဉ်လောက်အောင် သာလွန်၏၊ သို့သော် မင်းစည်းစိမ်တို့မည်သည် ကြာရှည်လေးမြင့် တည်ချင်မှ တည်၏၊ တိုင်းခြားမင်းတို့က ကျူးကျော်တိုက်ခိုက်၍ဖြစ်စေ၊ ကိုယ်သွေးသားထဲမူ ပုန်ကန်ထကြွ၍ဖြစ်စေ ထီးနန်းလက်လွတ်ဖြစ်ရတတ်၏၊ ပြည့်ရှင်မင်းတစ်ပါး ထီးနန်းလက်လွတ်သွားသည်ဆိုလျှင် အသက်ပါ ဆုံးရှုံးဖို့က များပေသည်။
သူဌေးစည်းစိမ်မှာ မင်းစည်းစိမ်လောက် မကြီးကျယ်သော်လည်း ထာဝစဉ် တည့်တံ့နိုင်၏၊ သားစဉ်မြေးဆက် အမွေဆက်ခံကာ သည့်ထက်တိုးပွားအောင် ကြံဆောင်နိုင်ကြ၏၊ တက်လာသမျှ မင်းတို့မှာလည်း တိုင်းပြည်၏ ကျီသဖွယ်ဖြစ်သော သူဌေးတို့ကို နှိပ်စက် ဖျက်ဆီးရိုး မရှိပေ။ စည်းစိမ်နှင့် ထိုက်တန်သော အဆောင်အယောင်များနှင့် ချီးမြှင့်ကြသည်သာ ဖြစ်၏၊ ဤသို့ မင်းကြီးသည် အနာထပိဏ် သူဌေးလောက် မိမိစည်းစိမ်ကို တည်တံ့မည်မဟုတ်ဟု ထိုစဉ်ကပင် တွေးနေမိဟန် တူပါသည်။ ကျွန်ုပ်၏ အတွေး မှန် မမှန်ကိုကား နောက်ပိုင်းကျမှ သိကြရပါလိမ့်မည်။
လိုရင်းကို ဆိုရသော်ကား အနာထပိဏ်သူဌေးသည် ကောသလမင်းကြီး လက်ထဲမှ ဗောဓိသီးကို လှမ်းယူလျက် ရွှေခွက်ထဲက ရွံ့မြေကို ယက်ကာ ဗောဓိစေ့ကို စိုက်ပျိုးလိုက်ပါ၏၊ ထိုတစ်ခဏဝယ် တူရိယာ ငါးမျိုးတို့၏ အသံများ တစ်ပြိုင်နက် ထွက်ပေါ်လာပေတော့သည်။ ကျွန်ုပ်ကိုယ်တိုင် ကြီးမှူး၍ စိုက်ပျိုးခဲ့ပါသဖြင့် ထိုမျိုးစေ့မှ ပေါက်လာသော အပင်ကို "အာနန္ဒာဗောဓဓိ ဟူ၍ အများက သမုတ်ကြပေသည်။ ဘုရားရှင်ကလည်း ဗောဓိပင်ကို အဘိသက်သွန်းသော သဘောဖြင့် ထိုဗောဓိပင်ပျိုအောက်ဝယ် ညလုံးပေါက် ဖလသမာပတ် ဝင်စားနေတော်မူခဲ့ပေသည်။
ကောသလမင်းကြီးကိုယ်တိုင် ကြီးမှူးကျင်းပသော ဗောဓိပူဇော်ပွဲကြီးကား ခြိမ့်ခြိမ့်သည်းမျှ စည်ကားပါသတည်း။
(တေရသကနိပါတ်၊ ကလိင်္ဂဗောဓိဇာတ်၏ ပစ္စုပ္ပန်ဝတ္ထု)
ပုဗ္ဗာရုံကျောင်းတော်
ကျွန်ုပ်တို့ သာသနာတော်ကြီးကား ထောက်ပံ့လှူဒါန်းသူဟူသမျှတွင် ဇေတဝန်ကျောင်း ဒါယကာကြီးသည် အထင်ရှားဆုံး ဖြစ်၏၊ သာသနာတော်ကို ကြည်ညိုမြတ်နိုးသော ပုဂ္ဂိုလ်တို့တွင် ကျောင်းဒါယကာကြီးထက် ပို၍ကြွယ်ဝသူ၊ တန်ခိုးအာဏာ ထက်မြက်သူတွေ ဒုနှင့်ဒေး ရှိကြသည်ပင်။ သို့သော် သူတို့ သူတို့ တစ်တွေသည် ကျောင်းဒါယကာကြီး၏ သဒ္ဓါတရားကိုကား အမီမလိုက်နိုင်ကြပါ။ ကျောင်းဒါယကာကြီးလောက် မြောက်မြောက်မြားမြား မလှူဖြစ်ခဲ့ကြပါ။ ထို့ကြောင့်ပင် ကျောင်းဒါယကာကြီး အနာထပိဏ်အား ဘုရားရှင်ကိုယ်တော်တိုင်က လှူဒါန်းမှု၌ မွေ့လျော်သူတို့တွင် အသာဆုံးသော ဧတဒဂ် ဂုဏ်ထူးဖြင့် ချီးမြှင့်တော်မူခဲ့ပေသည်။
ဇေတဝန်ကျောင်းဒါယကာကြီး အနာထပိဏ်သည် လှူဒါန်းသူဟူသမျှတွင် အသာဆုံး ဖြစ်သကဲ့သို့ ပုဗ္ဗာရုံကျောင်းအစ်မကြီး ဝိသာခါသည်လည်း သဒ္ဓါကြည်ဖြူ လှူဒါန်းလေ့ရှိသော ဒါယိကာမများတွင် အသာဆုံးဖြစ်သဖြင့် ဧတဒဂ်ဂုဏ်ထူးကို ဆွတ်ခူးနိုင်ခဲ့ပေသည်။
ဤသို့ ဆွတ်ခူးနိုင်ခြင်းမှာ ပုဗ္ဗာရုံ ပြသာဒ်ကျောင်းကြီး ဆောက်လုပ်၍ ကျောင်းတင်ပွဲကြီး ခြိမ့်ခြိမ့်သည်းမျှ ကျင်းပ၍ စိတ်ကူးထားလေသမျှ ဒါနဝတ္ထုများကို ပြည့်ပြည့်ဝဝ စုံစုံလင်လင် လှူဒါန်းနိုင်၍ ဖြစ်ပေသည်။
(အင်္ဂုတ္တရ ဧကနိပါတ်၊ ဧတဒဂ္ဂဝဂ် အဋ္ဌကထာ)
ပုဗ္ဗာရုံ ပြသာဒ်ကျောင်းတော်ကြီးကို အကြောင်းပြု၍ ဝိသာခါသည် ဂုဏ်ထူးဆောင်ဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့၏၊ သို့ရာတွင် ဤသို့သော ဆုကို ဆွတ်ခူးနိုင်ရန် နိဒါန်းပျိုးလိုက်သည်မှာကား ဇေတဝန်ကျောင်းတော်ဖြစ်ပေသည်။
ကျွန်ုပ်တို့သည် သူတို့အိမ်သို့ နေ့စဉ်နေ့တိုင်း ဆွမ်းခံရောက်ကြ၏၊ ထို့အတူပင် ဝိသာခါသည်လည်း ကျွန်ုပ်တို့ ကျောင်းတော်သို့ နေ့စဉ်လိုလို ရောက်လာမြဲဖြစ်၏၊ ဘုရားရှင့်ရှေ့တော်မှောက်တွင် သူကိုယ်တိုင် ပန်ဆင်ထားခဲ့သော ဆုရှစ်ခုကို ဖြည့်ဆည်းရန် ဖြစ်ပေသည်။ သံဃာတော်များအတွက် လိုအပ်ရာရာ လှူဒါန်းနိုင်ရန် ဖြစ်ပေသည်။
ကျောင်းတော်သို့ လာသောအခါတွင် ဝိသာခါသည် လက်ချည်းသက်သက် လာခဲ့သည် မရှိပေ။ နံနက်ခင်းမှာဆိုလျှင် စားသောက်ဖွယ်တစ်မျိုးမျိုး ပါလာတတ်၏၊ ညနေခင်းမှာတော့ ပန်းနံ့သာနှင့် အပ်စပ်သော အဖျော်များ။ ယုတ်စွအဆုံး သာမဏေငယ်များအတွက် အဆာပြေစေရန် တင်လဲခဲများ ပါလာတတ်ပေသည်။
ဤကဲ့သို့ လှူဒါန်းစရာမျိုးစုံဖြင့် လာတတ်သော ဝိသာခါသည် ထိုနေ့မှာတော့ လှူဖွယ်ပစ္စည်း များသာကမဘဲ အထုပ်တစ်ခုကိုပါ ယူလာခဲ့၏၊ ယူလာသည်ဆိုသော်လည်း သူကိုယ်တိုင်တော့ မဟုတ်ပါ။ အတူပါလာသော ကျွန်မက သယ်လာရခြင်း ဖြစ်ပါသည်။
ပစ္စည်းအထုပ်အပေါ် ကျွန်မက ဂရုတစိုက်ရှိပုံ၊ လေးလေးတွဲ့တွဲ့ ရှိနေပုံကို ထောက်၍ ဝိသာခါ ဝတ်နေကျ မဟာလတာ အဆင်တန်ဆာ ဖြစ်ပါလိမ့်မည်။ ပွဲလမ်းသဘင်တစ်ခုခု သွားမည်ပြုပြီးခါမှ မသွားဖြစ်ဘဲ ကျောင်းတော်ဆီသို့ လာခဲ့ဟန်တူပေသည်။ ခမ်းနားလွန်း၊ ထည်ဝါလွန်းသော အဆင်တန်ဆာ ဝတ်ဆင်လျက် ကျောင်းထဲဝင်ရန် မသင့်၍ ချွတ်၍ ထုတ်လာခဲ့ဟန် တူပေသည်။
ဝိသာခါသည် ဦးစွာပထမ ကျွန်ုပ်၏ ရှေ့မှာ ဦးချ အရိုအသေပြုပြီးမှ ဘုရားရှင်တော် ရှိတော်မူရာ ဂန္ဓကုဋီတိုက်ထဲ ဝင်သွားခဲ့၏၊ ကျွန်ုပ်လည်း သံဃာ့ကိစ္စတစ်ခုခု ဆောင်ရွက်ရန် ထွက်လာခဲ့၏၊ ဆောင်ရွက်ရန်ရှိသော ကိစ္စကို ကျေကုန်အောင် ဆောင်ရွက်ပြီးမှ ဘုရားရှင်ထံ ပြန်လာခဲ့ရာ စောင်းတန်းတစ်နေရာတွင် ရဟန်းများ ဝိုင်းအုံနေသည်ကို တွေ့ရ၏၊ အများနည်းတူ ဝင်၍ ကြည့်လိုက်သောအခါတွင် ဝိသာခါ၏ ပစ္စည်းထုပ်ပါတကား။
ကာလတန်ဖိုးအားဖြင့် ကိုးကုဋေထိုက်သည်ဟု ဆိုကြသော ဤအဆင်တန်ဆာထုပ်ကို ပစ္စည်းရှင်ရော၊ ထိန်းသိမ်းသူရော မေ့ထားခဲ့ကြ၏၊ ကျောင်းမှာရှိသော ရဟန်း သာမဏေအပေါင်းသည် ဝိသာခါအိမ်သို့ ဆွမ်းခံရောက်ကြသည်သာ ဖြစ်၏၊ ဝိသာခါထံမှ ပစ္စည်းလေးပါးကို အလှူခံရဖူးသူချည်း ဖြစ်၏၊ သို့အတွက် မိမိတို့ ဆွမ်းအမ၏ ပစ္စည်းကို မပျောက်မရှစေရန် ထိန်းသိမ်းလိုစိတ် ရှိကြပါ၏၊ သို့ပါလျက် သည်ရတနာထုပ်ကို မည်သည့်ရဟန်းမျှ မတို့မထိရဲပါချေ။
ရတနာထုပ်ကို မြင်သည်နှင့် ကျွန်ုပ်သည် ဟိုတစ်နေ့က ဇာတ်ကြောင်းတစ်ခုကို ပြေး၍ သတိရလိုက်၏၊ ကျွန်ုပ်တို့ သီတင်းသုံးဖော် ရဟန်းတစ်ပါးသည် အစီရဝတီမြစ်ထဲသို့ တစ်ပါးတည်းသွား၍ ရေချိုးခဲ့၏၊ သူ့ရှေ့မှာ ပုဏ္ဏားတစ်ယောက်လည်း ရေချိုး၍ တက်သွား၏၊ ရဟန်းသည် ရေချိုးပြီး၍ တက်လာသောအခါ ကမ်းပါးတစ်နေရာတွင် ငွေဒင်္ဂါးထုပ်ကို တွေ့လိုက်ရ၏၊ ရဟန်းသည် ပုဏ္ဏားနှင့် အသိအကျွမ်းဖြစ်၍ မပျောက်ရှစေလိုသော စေတနာဖြင့် ကောက်၍ယူလာခဲ့၏၊ အတန်ကြာလျှင် ဥစ္စာရှင် ပုဏ္ဏားသည် ကပျာကယာပြန်လာကာ....
"အရှင်ဘုရား၊ ငွေထုပ်ကို တွေ့မိပါသလား " ဟုမေး၏၊
"တွေ့ခဲ့ပါသည် ဒါယကာ။ ဟောသည်အထုပ်ပဲ မဟုတ်ပါလော"
ရဟန်းကလည်း ချက်ချင်းပင် သူ့ဥစ္စာကို ပြန်ပေးလိုက်၏၊
ပုဏ္ဏားသည် အထုပ်ကို မြေပေါ်မှာ ဖြန့်ခင်းကာ ငွေဒင်္ဂါးများကို တစ်ပြားချင်း ရေတွက်ကြည့်၏၊ ငွေဒင်္ဂါးပြား ငါးရာတိတိကို အပြည့်အစုံ ပြန်ရပါလျက် ပုဏ္ဏား၏ မျက်နှာ ကြည်ကြည်သာသာ ဖြစ်မလာဘဲ....
"အသင်ရဟန်း၊ တပည့်တော်၏ ငွေဒင်္ဂါးများသည် ငါးရာမဟုတ်၊ တစ်ထောင်ဖြစ်သည်"
ပြောပြောဆိုဆို ရဟန်းကို ရိုက်မောင်း ပုတ်မောင်း ပြုတော့မည်ကဲ့သို့ ထ၍ ရပ်လိုက်၏၊
"ပုဏ္ဏား၊ သင်ထားခဲ့သည့်အတိုင်းသာ ဖြစ်သည်။ သင့်ဥစ္စာထုပ်ကို ငါ ဖြေမကြည့်မိပေ"
စေတနာကြောင့် ဝေဒနာဖြစ်ရသော ရဟန်းမှာ ဤမျှသာ ဆိုနိုင်တော့သည်။ စေတနာနှင့် ဆောင်ရွက်ရသော ကိစ္စတစ်ခုအတွက် ပါရာဇိကအာပတ်ကြီးဖြင့် အခြိမ်းအခြောက်ခံလိုက်ရသဖြင့် တုန်တုန်လှုပ်လှုပ် ဖြစ်ရရှာပေသည်။
"ရဟန်း၊ ကွယ်ရာမှာဖြစ်သည်ဟု သင်ဖုံးကွယ်၍ ရမည်လော။ သည်အိတ်ထဲမှာ အစက ငွေဒင်္ဂါး တစ်ထောင်တိတိ ရှိခဲ့သည်"
အကျိုးသင့်အကြောင်းသင့် ရှင်းပြသည်ကိုပင် ပုဏ္ဏားလက်မခံပါချေ။ သူ့ဥစ္စာ တစ်ဝက်တိတိ လျော့နေကြောင်းကိုသာ ဇွတ်မှိတ်၍ ဆိုနေဘိ၏၊
တကယ်တော့ဖြင့် သူ့အိတ်ထဲမှာ ငွေဒင်္ဂါး ငါးရာသာ ရှိခဲ့ပေသည်။ မေ့ထားခဲ့သော ငွေဒင်္ဂါးငါးရာကို အပြည့်အစုံပြန်ရသဖြင့် ဒေါသဖြစ်စရာ မရှိပါ။ ဒေါသဖြစ်စရာ မရှိသော်လည်း လောဘက ဖြစ်နှင့်နေပြီ။ မတရားလိုချင်သော လောဘဇောကြောင့် ဒေါသဖြစ်ဟန်ဆောင်လိုက်ရခြင်း ဖြစ်ပေသည်။
လူမှုဆက်ဆံရေးအရ ထုံးစံတစ်ခု ဖြစ်နေသည်မှာ တစ်စုံတစ်ယောက် မေ့လျော့ထားခဲ့သော ဥစ္စာကို ကောက်ယူသိမ်းဆည်းထားသူအား ဥစ္စာရှင်က ငွေတစ်ရာလျှင် ငါးကျပ်နှုန်း လက်ဆောင်ပြန်ပေးရ၏၊ ယခု ရဟန်းကောက်ယူထားသည်မှာ ငါးရာဖြစ်၍ နှစ်ဆယ့်ငါးကျပ်တိတိ ပေးရန်ရှိ၏၊ သို့သော် ရဟန်းက သည်ငွေကို ရစကောင်းသည် မအောက်မေ့ပါ။ ရဟန်းတစ်ပါးအဖို့ ရွှေငွေပစ္စည်း အလှူခံခွင့်လည်း မရှိပါ။ အသိအကျွမ်း၏ ပစ္စည်းမို့ စေတနာနှင့် ကောက်ယူသိမ်းဆည်းထားခြင်းသာ ဖြစ်၏၊ သို့ပါလျက် ပုဏ္ဏားက ရဟန်း၏ စေတနာကို နားမလည်ပေ။ ပေးသင့်ပေးထိုက်သော ငွေနှစ်ဆယ့်ငါးကျပ် မပေးဘဲ နေနိုင်ရေးကိုသာ သူတွေး၏၊ တွေးသည့်အတိုင်းလည်း ရဟန်းအပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ခဲ့ပေသည်။
ကျေးဇူးရှင်ကို ကျေးစွပ်လိုက်သော ပုဏ္ဏားကို လူမှုရေးအရ အပြစ်တင်ထိုက်၏၊ ထို့အတူပင် စေတနာကောင်းနှင့် ကောက်ယူသိမ်းဆည်းခဲ့သော ရဟန်းမှာလည်း အပြစ်တင် မလွတ်နိုင်ပါ။ ရဟန်းတို့နှင့် မအပ်စပ်သော ရတနာပစ္စည်းကို ကောက်ယူခဲ့သည့်အတွက် ဘုရားရှင်ကိုယ်တော်တိုင်က သူ့ကို ရှုတ်ချ ပြစ်တင်တော်မူကာ....
"ရတနာတစ်မျိုးမျိုးကိုလည်းကောင်း၊ ရတနာဟု သမုတ်ထားသော ပစ္စည်းကိုလည်းကောင်း တောင်းယူသော ရဟန်းအား ပါစိတ်အာပတ်သင့်စေ"
နောက်နောင်တွင် ဤလိုအဖြစ်မျိုးမ ကြုံစေရန် ရတနသိက္ခာပုဒ်ကို ထုတ်ပြန်တော် မူလိုက်ပေသည်။
ဤပစ္စည်းရှင် ဝိသာခါမှာ ယခင် ပုဏ္ဏားနှင့်တခြားစီဖြစ်ပါသည်။ ကျောင်းတော်မှာ မေ့ကျန်ထားခဲ့သော ဒါယကာ ဒါယိကာမများ၏ ပစ္စည်းတို့ကို ကျွန်ုပ်ပင် တာဝန်ယူ၍ ထိန်းသိမ်းပေးခဲ့သည်ကို ဝိသာခါလည်း သိပြီး ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့ ကျောင်းတိုက်ထဲမှာ မေ့ကျန်ထားခဲ့၍လည်း ကျွန်ုပ်တို့မှာ တာဝန်ရှိနေ၏၊ တာဝန်ရှိနေသည်ကို သိသော်လည်း ချထားပြီးသော အရံအတားကိုလည်း ကျွန်ုပ် မကျော်လွှားရဲပါ။ အခြားရဟန်းများထဲမှလည်း ဖောက်ဖျက်ရဲသူ ပေါ်မလာပါ။ ပေါ်မလာ၍ သည်အတိုင်း ပစ်ထားရန်ကလည်း ခက်လှ၏၊ ဝိသာခါသည် ကျွန်ုပ်တို့အားလုံးအပေါ်မှာ မိခင်တမျှ ပြုစုစောင့်ရှောက်လာခဲ့သည် မဟုတ်ပါလား။
ဘေးကျပ်နံကျပ် ဖြစ်နေသော ဤအခြေအနေမှ လွတ်မြောက်ရန်ကား ရှေ့တော်မှောက်သို့ ဝင်ရောက်မှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး ဝင်ရောက်၍ လျှောက်ထားကြရာတွင် ဘုရားရှင်က မူလပညတ်တော်မှာ ထပ်ဆင့်၍ ပညတ်ပေးတော်မူပါသည်။ ထပ်ဆင့်ပညတ်တော်ကြောင့် ကျောင်းတိုက်တာအတွင်းမှာ မေ့ကျန်နေခဲ့သော ပစ္စည်းများကို ကျွန်ုပ်တို့ ကောက်ယူသိမ်းဆည်းခွင့် ရလာပေသည်။ နောင်အခါ အနာထပိဏ်သူဌေးကြီး၏ လုပ်သားကြီး မေ့ထားခဲ့သော ပစ္စည်းနှင့် ပတ်သက်၍ တည်းခိုရာဌာနအတွင်းက ပစ္စည်းများကိုလည်း သိမ်းဆည်းထားခွင့် ရလာပြန်ပေသည်။
(သုဒ္ဓပါစိတ်၊ ရတနာသိက္ခာပုဒ် ပါဠိတော်နှင့် အဋ္ဌကထာ၊ ဓမ္မပဒ အဋ္ဌကထာ၊ ပုပ္ဖဝဂ်၊
ဝိသာခါဝတ္ထု)
ခွင့်ပြုတော်မူချက်အရ ဆွမ်းအစ်မဝိသာခါ၏ ပစ္စည်းထုပ်ကို ကျွန်ုပ်ကောက်ယူ သိမ်းဆည်း ထားလိုက်ပါပြီ။ သို့ရာတွင် ဤမျှဖြင့် ကျွန်ုပ်တာဝန် မပြီးဆုံးသေးပါ။ ပစ္စည်းထုပ်ကို ပစ္စည်းရှင်ထံ အပ်နှံပြီးခါမှ တာဝန်ကုန်ဆုံးမည်ဖြစ်၏၊ ကံကောင်းချင်တော့ ကျွန်ုပ်သိမ်းဆည်းထား၍ မကြာသေးမီမှာပင် ပစ္စည်းထိန်းအမျိုးသမီး ရောက်လာ၏၊ လာကတည်းက ပစ္စည်းထုပ်အတွက် ဖြစ်ကြောင်းသိသဖြင့် ကျွန်ုပ်က ပစ္စည်းထားရာသို့ ညွှန်ပြလိုက်ရ၏၊ သို့ရာတွင် အမျိုးသမီးက ပစ္စည်းထုပ်ကို မယူသေးဘဲ
"အရှင်ဘုရား၊ သခင်မ ဝိသာခါက မှာလိုက်ပါသည်။ ကျောင်းတော်မှာ မေ့ထားခဲ့သော မဟာလတာ အဆင်တန်ဆာကို အရှင်ဘုရားလက်တော်နှင့် သုံးသပ်မိလျှင် ပြန်မယူဘဲ လှူထားခဲ့ရန် ဖြစ်ပါသည် ဘုရား "
"ခက်လေစွ နှမ၊ ခက်လေစွ"
ဝိသာခါ၏ စေတနာသဒ္ဓါတရားကို သာဓုခေါ်ရမည် ဖြစ်ပါလျက် ကျွန်ုပ်မှာ စိတ်လေးစွာ ရေရွတ်နေရ၏၊ အမျိုးသမီးမှာလည်း သူ့သခင်မ မှာလိုက်သည်မှ လွဲ၍ လုပ်ပိုင်ခွင့် မရှိသဖြင့် လျှောက်ထားပြီးသည်နှင့် ပြန်သွားတော့၏၊ သို့သော် တော်ပါသေးသည်။ ဝိသာခါက လွှတ်လိုက်၍ပင် အမျိုးသမီး ပြန်ရောက်လာကာ....
"အရှင်ဘုရား၊ သည်ကဲ့သို့သော အဆင်တန်ဆာကို အရှင်ဘုရားတို့ သိမ်းဆည်းနေရလျှင် တာဝန်ကြီးတစ်ခု ဖြစ်နေရပါလိမ့်မည်။ သို့ဖြစ်၍ ဤအဆင်တန်ဆာကို ရောင်းချပြီး သာသနာတော်မှာ အကျိုးများမည့် ကောင်းမှုတစ်ခုခု ပြုပါလိမ့်မည် ဘုရား "
သည်တစ်ခါတော့ ကျွန်ုပ် စိတ်အနှောင့်အယှက်ကင်စွာ သာဓုခေါ်နိုင်လာပါပြီ။
ဤသို့ဖြင့် ပုဗ္ဗာရုံပြသာဒ် ကျောင်းတော်ကြီးဆောက်လုပ်ရန် လုပ်ငန်းများ စတင်လာပါတော့သည်။ တကယ်တော့ဖြင့် ဝိသာခါသည် အနာထပိဏ်သူဌေးကဲ့သို့ ကျောင်းတိုက်တာကြီးတစ်ခု ဆောက်လုပ်၍ လှူဒါန်းရန် စိတ်ကူးရှိခဲ့ဖူးပေသည်။ သို့ရာတွင် တစ်ဖက်ကလည်း ငယ်ရွယ်တုန်းမို့ ပွဲလမ်းသဘင်များသို့လည်း ရောက်ရသေး၏၊ သူ့လို ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်အဖို့ ဖိတ်ကြားသူတွေက များလှပါဘိ။ သွားစရာ ပွဲလမ်းတွေက ပေါလှပါဘိ။ ဤလို မေ့တစ်ခါ ပေါ်တစ်လှည့် ဖြစ်နေဆဲတွင် ကျောင်းတော်မှာ အဆင်တန်ဆာ မေ့ကျန်ခဲ့ခြင်းက သူ့စိတ်ကို အပြီးအပိုင် အဆုံးအဖြတ်ပေးလိုက်ဟန် တူပါသည်။
ဤသို့ဖြင့် သံဃာတော်ပေါင်း တစ်ထောင်ကျော် နေထိုင်နိုင်သော ကျောင်းတိုက်တာကြီးသည် ကိုးလအကြာတွင် တင့်တင့်တယ်တယ် ထည်ထည်ဝါဝါကြီး ပြီးစီး၍ ကျောင်းတင်ပွဲကြီး ခြိမ်ခြိမ့်သည်းမျှ ကျင်းပကြပေသည်။
(ဓမ္မပဒ၊ ပုပ္ဖဝဂ်၊ ဝိသာခါဝတ္ထု)
အပြင်အပက ရဟန်းများ
ပုဗ္ဗာရုံကျောင်းတင်ပွဲကြီး ပြီးစီးသည့်နောက် သည်ကျောင်းတော်မှာ ဟောကြားခဲ့သော ဒေသနာတစ်ပုဒ်ကို အမှတ်တရ ဖော်ပြရပါဦးမည်။
ပုဗ္ဗာရုံကျောင်းတိုက်ထဲက အဓိကရ အဆောက်အအုံမှာ အခန်းပေါင်း မြောက်မြားစွာ ဖွဲ့စည်းထားသော နှစ်ထပ် ပြသာဒ် ကျောင်းတော်ကြီး ဖြစ်၏၊ ထိုကျောင်းတော်ကြီး၏ အချက်အချာ အကျဆုံးသောနေရာတွင် ဘုရားရှင်၏ ဂန္ဓကုဋီတိုက်ခန်းရှိ၏၊ ထိုတိုက်ခန်း၏ ယာဘက်၊ ဝဲဘက်ခန်းများကား အရှင်မဟာသာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန်တို့ သီတင်းသုံးရာ ဖြစ်ပေသည်။
ပုဗ္ဗာရုံကျောင်း တိုက်တာကြီးတစ်ခုလုံးကို ခြုံ၍ အပြင်တံတိုင်း ခတ်ထားသကဲ့သို့ ထိုပြသာဒ် ကျောင်းတော်ကြီးကိုလည်း တံတိုင်းခတ်ထား၏၊ လေးဘက်လေးတန်မှာ တံခါးမုခ်များ တပ်ဆင်ထား၏၊
ထိုညနေက ဘုရားရှင်သည် အရှေ့ဘက်တံခါးမုခ်၏ အပြင်ဘက်ညောင်စောင်းပေါ်မှာ သီတင်းသုံးတော်မူခဲ့၏၊ ကျောင်းတော်ရိပ်မဟာ သက်သောင့်သက်သာ သီတင်းသုံးတော်မူခိုက်တွင် ပေဿနဒီကောသလမင်းကြီး ရောက်လာခဲ့၏၊ ရှေ့တော်မှောက်တွင် ရိုသေစွာ ရှိခိုးကန်တော့၍ မိမိနေရာမှာ ထိုင်မိပြီးသည့်နောက် ကောသလမင်းကြီး၏ မျက်နှာသည် အရှေ့ဘက် ကျောင်းဝင်းတံခါးပေါက်ဆီသို့ ရှေးရှုသွား၏၊ ကောသလမင်းကြီး မျက်နှာမူရာသို့ ကျွန်ုပ်တို့ပါ လိုက်၍ ကြည့်မိသောအခါ ပြုံးချင်စရာကောင်းသော မြင်ကွင်းကို မြင်ကြရပေသည်။
အိမ်ထောင်သားမွေး ခြနှယ် မြှေးသော ဘုံဘဝထဲမှ အလွတ်အကျွတ်ရုန်းထွက်လာခဲ့သော ထိုပုဂ္ဂိုလ်တို့သည် ကျွန်ုပ်တို့ကဲ့သို့င် ပဗ္ဗဇိတ အနွယ်ဝင်တို့ ဖြစ်ကြ၏၊ ကိုယ်ပိုင်ဥစ္စာ လယ်ယာချောင်းမြောင်းမရှိဘဲ ဒါယကာ ဒါယိကာမတို့က သဒ္ဓါကြည်ဖြူပေးလှူသဖြင့် အသက်မွေးမြူနေသူများ ဖြစ်ကြ၏၊ သားမယား အိုးအိမ်ဟူ၍ မရှိဘဲ ရပ်တကာ နယ်တကာ လှည့်လည် ဟောပြောနေသူတို့ ဖြစ်ကြ၏၊ သံသရာဝဋ်မှ လွတ်ရာလွတ်ကြောင်း တရားကောင်းပင် မဟုတ်စေကာမူ မိမိယုံကြည်ရာကို စိုက်လိုက်မတ်တတ် ကျင့်သုံးလာခဲ့သော သူတို့၏ ဇွဲသတ္တိသည် ချီးမွမ်းစရာ ဖြစ်ပါပေသည်။
သို့ပါလျက် သူတို့ကို မြင်လိုက်တိုင်း ကျွန်ုပ်တို့မှာ ချီးမွမ်းဖို့ထက် ပြုံးဖို့ကို ဦးစားပေးမိကြ၏၊ သူတို့၏ အသွင်အပြင်နှင့် သူတို့၏ နေထိုင်ပုံတို့ကလည်း ပြုံးချင်စရာ ကောင်းဘိ၏၊
ကိုယ်တော်မြတ်၏ သပ္ပာယ်ပုံကဖြင့် မျိုးစုံလှပါပေသည်။ ဆံကေသာက လက်လေးသစ်၊ မုတ်ဆိတ် ဗရပျစ်။ ဝတ်ရုံထားသည့် သင်္ကန်းကြီးများကလည်း မည်းနိုင်သမျှ မည်းကြပါ၏၊ ညစ်နိုင်သမျှ ညစ်ကြပါ၏၊ မည်းညစ်ညစ် သင်္ကန်းကြိုးများကြားမှ နီကြောင်ကြောင် အဆင်းဖြင့် ဖွာလန်ကြဲကာ ပေါ်ထွက်နေသည်ကား ချိုင်းမွေးကြီးများ ဖြစ်ပါ၏၊ ခြေသည်း လက်သည်းကြီးများကလည်း ကြက်ခြေထောက်နှင့် အပြိုင်အဆိုင်။ ကိုယ်ပေါ်က ချေးများကိုပင် ရေချိုး၍ သုတ်သင်လေ့မရှိသော ကိုယ်တော်ကြီးများအဖို့ သွားမတိုက်သည့်အတွက် အပြစ်တင်ရန် မရှိပါ။ ကိုယ်ပေါ်မှာရော၊ သွားပေါ်မှာရော အညစ်အကြေး ထူနိုင်သလောက်ထူပါမှ တကယ့်သူတော်စင် စာရင်းဝင်နိုင်သော ဟူ၏၊
ကျွန်ုပ်တို့ဘက်က အကြည့်ရ အမြင်ရ ဆိုးနေသော်လည်း သူတို့ဘက်ကတော့ ဤလိုနေနိုင်လေ ဂုဏ်ရှိလေပင်။ တကယ်တော့ဖြင့် သူတို့၏ စေတနာရင်းမှာလည်း ဆိုးရွားသည်တော့ မဟုတ်ပါ။ ရေမချိုးဘဲ၊ သန့်ရှင်းရေး မလုပ်ဘဲ နေကြသည်မှာ ပိုးမွှားများကို သနား၍ ဖြစ်၏၊ ကိုယ်ခန္ဓာပေါ်မှာ အိမ်ခြေရာခြေတည်ကာ သားစဉ်မြေးဆက် နေလာကြသော ပိုးမွှားများကို မနှိပ်စက်လို၍ မဖျက်ဆီးလို၍ ဖြစ်၏၊ မူရင်းစေတနာကောင်းပါလျက် စေတနာနောက်မှာ ဉာဏ်ပညာကပ်လျက် မပါကြသဖြင့် ညစ်တီးညစ်ပတ် ဖြစ်နေကြရရှာပေသည်။ ပိုးမွှားများကို မနှိပ်စက်လိုမှုကြောင့် ကိုယ့်ကိုယ်ကို နှိပ်စက်သည့် တစ်ဖက်စွန်းသို့ ရောက်မှန်းမသိ ရောက်နေကြရရှာပေသည်။
မည်းလှစွာသော ညစ်လှစွာသော ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် ရသေ့များသည် ပုဗ္ဗာရုံကျောင်းဝင်းဝမှ အစုလိုက်အပြုံလိုက် ဖြတ်ကျော်သွားကြ၏၊ သူတို့နောက်မှာ နိဂဏ္ဌများ၊ ကိုယ်တုံးလုံး ကိုယ်တော်များ၊ ခါးဝတ်တစ်ထည်သာ ဝတ်ဆင်သော ကိုယ်တော်များ၊ ပရိဗိုဇ်များသည် ကိုယ့်အစုနှင့်ကိုယ် အစဉ်မပျက် လိုက်ပါလာကြ၏၊ တစ်စုတစ်စုလျှင် ခုနစ်ပါးစီ ခုနစ်ပါးစီ ပါလာကြပေသည်။ ထိုင်ခုံငယ်၊ သုံးခွတောင်ဝှေး၊ ဥဒေါင်းတောင်၊ မြေသပိတ်၊ အိတ်ငယ်၊ ရေကရား စသော သူတို့၏ ပရိက္ခရာများသည်လည်း ထမ်းပိုးမှာ တိုးလို့တွဲလောင်း ချိတ်ဆွဲလျက် ပါလာကြပေသည်။
ထိုပုဂ္ဂိုလ်တို့သည် ကျွန်ုပ်တို့အဖို့ ပြုံးရုံသာ ဖြစ်ကြ၏၊ သို့သော် ပေဿနဒီကောသလမင်းကြီးကား ကျွန်ုပ်တို့လို မပြုံးနိုင်ပါ။ ထိုပုဂ္ဂိုလ်များသည် သူ့အဖို့ ပြုံးစရာ ရယ်စရာ မဟုတ်။ ရိုသေမြတ်နိုး ရှိခိုးအပ်သော ပုဂ္ဂိုလ်များ ဖြစ်နေပေသည်။ ထို့ကြောင့်ပင် ကျောင်းဝင်းတံခါးအနီးထိ လျှောက်သွားကာ ယာဘက်ဒူးဖြင့် မြေမှာထောက်လျက် လက်အုပ်ချီမိုးကာ....
"အရှင်ဘုရားတို့၊ တပည့်တော်သည် ပေဿနဒီကောသလမင်းကြီး ဖြစ်ပါသည် ဘုရား "
သုံးကြိမ်တိုင်တိုင် လျှောက်ထားလိုက်၏၊ သည်တွင် မကသေးဘဲ ဘုရားရှင့်ရှေ့တော်မှောက်မှာလည်း
"အရှင်ဘုရား၊ လောကမှာရှိကြသော ရဟန္တာနှင့် အရဟတ္တမဂ်ရောက်ဆဲ ပုဂ္ဂိုလ်တို့တွင် ထိုပုဂ္ဂိုလ်တို့လည်း အပါအဝင် ဖြစ်ပါသည်ဘုရား "
သူ့ကိုယ်တော်များကို အားပါးတရ ချီးကျူးလိုက်ပါသေးသည်။
ရုတ်တရက်အားဖြင့် ကျွန်ုပ် မင်တက်မိ၍ သွားရပါသည်။ လုံးဝ မျှော်လင့်မထားသော အပြုအမူကို မြင်လိုက်ရသဖြင့် တအံ့တဩ ဖြစ်သွားရပါသည်။
ဘုရားရှင်နှင့် စတွေ့လိုက်စဉ်က ကောသလမင်းကြီးသည် ပူရဏကဿပစသော ဆရာကြီးခြောက်ဦး၏ အကြောင်းကို စကားစပ်၍ လျှောက်ထားခဲ့ဖူး၏၊ "ထိုဆရာကြီးများသည် ဘုရားရှင်ထက် အသက်ရော သိက္ခာပါ ကြီးကြ၏၊ တပည့် ပရိသတ်တောင့်တင်းလှ၏၊ ထိုဆရာကြီးများက မိမိကိုယ်ကို ဘုရားဟု ဝန်မခံကြပါဘဲလျက် ငယ်ရွယ်သူဖြစ်သော အရှင်ဘုရားက ဘုရားဟု ဝန်ခံပါသေလာ" ဟု လျှောက်ထားခဲ့၏၊
တပည့်ပရိသတ် မြောက်မြားစွာဖြင့် အရှိန်အဝါကြီးလှသော ဆရာကြီးခြောက်ဦးက ဘုရားဟု ဝန်မခံရဲကြသည်ကို သိပြီးဖြစ်ပါလျက် အရှိန်အဝါမရှိသော ထိုပုဂ္ဂိုလ်များကိုမှ ကောသလမင်းကြီးက ရဟန္တာများဟု လျှောက်လာပြန်၏၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့သည် မိမိတို့နိုင်ငံမှာ ရှိကြသော ဘာသာရေးအဖွဲ့အစည်းအမျိုးမျိုးတို့ကို စောင့်ရှောက်အားပေးရစမြဲ ဖြစ်၏၊ ထိုပုဂ္ဂိုလ်တို့ဆီသွား၍ ရှိခိုးပူဇော်ကြီးမှာ ဤသို့သော တာဝန်ဝတ္တရားအရ ဖြစ်ကောင်းဖြစ်ပေမည်။ သို့သော်ဘုရားရှင်၏ ရှေ့တော်မှာ ထိုပုဂ္ဂိုလ်များကို ချီးကျူးထောမနာပြုလိုက်ခြင်းကား အဘယ်ရည်ရွယ်ချက်ကြောင့်ပါနည်း။
ထူးခြားလှသော အပြုအမူကြောင့် ကျွန်ုပ် အတွေးရကျပ်နေဆဲတွင် ဘုရားရှင်က ကောသလမင်းကြီး၏ လျှောက်ထားချက်ကို ငြိမ်သက်စွာ နားဆင်တော်မူပြီးခါမှ တည်ငြိမ်လှစွာသော အသံတော်ဖြင့် ပြန်လည် မိန့်ကြားတော်မူပေသည်။
"မင်းကြီး၊ သင်တို့လို အိမ်ထောင်သားမွေး ခြနှယ်မြှေးနေသူတို့အဖို့ ရဟန္တာပုဂ္ဂိုလ် ဟုတ် မဟုတ်ကို သိနိုင်ရန် မလွယ်ကူပေ"
ထူးခြားလှသော အပြုအမူကြောင့် ကျွန်ုပ်၏ ရင်ထဲမှာ အတွေးများစွာ ယောက်ယတ်ခတ်နေဆဲတွင် တည်ငြိမ်လှစွာသော အသံတော် ပေါ်ထွက်လာခဲ့၏၊ တည်ငြိမ်လှစွာသော အသံတော်က ဆက်လက်၍....
"မင်းကြီး၊ အကျင့်သီလ ရှိမရှိကို ပေါင်းသင်းဆက်ဆံကြည့်မှ သိနိုင်၏၊ သီလင်စင်ကြယ် မစင်ကြယ်ကို ရှေ့စကားနှင့် နောက်စကား ညီညွတ်မှု ရှိ မရှိကို ထောက်ချင့်၍ သိနိုင်၏၊ ဉာဏခွန်အား ရှိမရှိကို ဘေးအန္တရာယ်မှ လွတ်မြောက်အောင် စွမ်းဆောင်နိုင် မစွမ်းဆောင်နိုင်ကိုကြည့်၍ သိနိုင်၏၊ ဉာဏ်ပညာမပြည့်ဝလျှင် မသိနိုင်ပေ"
တည်ငြိမ်သော အသံတော်အဆုံးဝယ် ကောသလမင်းကြီး၏ ကောင်းချီးပေးသံများ ထွက်၍ပေါ်လာ၏၊ သူ့မျက်နှာကြီးသည်လည်း မိုးဆမ်းပန်းသို့ လန်းဆန်းလျက် ရှိနေ၏၊ စိတ်ရောကိုယ်ပါ လန်းဆန်းနေသော ကောသလမင်းကြီးသည် ရထားပေါ်ရောက်သည်တွင်လည်း ဘုရားရှင်ရှိရာသို့ လှမ်း၍ လက်အုပ်ချီလိုက်ပါသေးသည်။
အခြားသော ဂိုဏ်းဂဏများအပေါ် မနာလို ဝန်တိုစိတ် မရှိခြင်းသည် အပြုံးပန်းကို ရေဖျန်း၍ ပေးလိုက်ပါလိမ့်မည်။ အခြားသော သမဏဂိုဏ်းဝင် ပုဂ္ဂိုလ်တို့ကို ထိပါးပုတ်ခတ်မှု မရှိခြင်းသည် ကောသလမင်းကြီး၏ လက်အုပ်ကြာပဒုံထဲမှာ ပါဝင်ပေလိမ့်မည်။ ပုဂ္ဂိုလ်တစ်ဦးဦး၏ အကြောင်းကို အတွင်းကျကျ မသိရသေးဘဲ အကြည်ညိုစောလျှင် မှားယွင်းတတ်သော သဘောကိုသာ ဟောပြတော်မူလိုက်သဖြင့် ကောသလမင်းကြီး နှစ်ခြိုက်ကျေနပ်သွားခြင်း ဖြစ်ပါလိမ့်မည်။
ယခုတော့ ကျွန်ုပ် သဘောပေါက်သွားပါပြီ။ ကျွန်ုပ် ရင်ထဲက အတွေးဂယက်များ ငြိမ်သက်၍ သွားကြပါပြီ။ တကယ်တော့ဖြင့် ကောသလမင်းကြီးက ဘုရားရှင့်ရှေ့တော်မှောက်၌ လျှောက်ထားခဲ့ခြင်းသည်ရှင်တော်မြတ်၏ စိတ်အလိုကို စမ်းကြည့်ခြင်းသာ ပါတကား။
(သဂါထာဝဂ်၊ ကောသလသံယုတ်၊ သတ္တဇဋီလသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
နိဂဏ္ဌ ဆရာ တပည့်များ
ဆရာကြီးခြောက်ဦးတို့သည် ကောသလမင်းကြီးရှေ့မှာ ဘုရားဟု ဝန်မခံခဲ့ကြဟု ဆို၏၊ အဘယ့်ကြောင့် ဝန်မခံသည်ကိုမူ သူတို့ကိုယ်တိုင်မှ တိတိကျကျ သိကြပေလိမ့်မည်။ သို့ရာတွင် သူတို့၏ သာဝကများသည်ကား ဤသို့ ဝန်မခံဘူးဆိုကာမျှဖြင့် သူတို့ဆရာကြီးများအပေါ်ဝယ် ကြည်ညိုကိုးစားမှု လျော့ပါး မသွားခဲ့ပါ။ ဤကိစ္စနှင့် ပတ်သတ်၍ သူတို့ ဆရာကြီးများ၏ ဖြေရှင်းချက်က အရန်သင့် ရှိနေပါပြီ။
"တပည့်တို့၊ ငါတို့က ဘုရားဟု ဝန်ခံလိုက်လျှင် ကောသလမင်းကြီးသည် ဘုရားနှင့်ဆိုင်သော ပြဿနာတို့ကို မေးပေလိမ့်မည်။ မေးလာသော ပြဿနာကို ငါတို့က ဘုရားဉာဏ်ဖြင့် ဖြေဆိုသော်လည်း မင်းကြီး နားလည်မည် မဟုတ်ပေ။ သူ့ဘာသာ ဉာဏ်မမီ၍ နားမလည်ရာမှ ငါတို့အပေါ် စိတ်ပြစ်မှား၍ လာပေလိမ့်မည်။ သည်အခါတွင် မင်းကြီးမှာ အကုသိုလ်များစွာ ဖြစ်ရှာပေလိမ့်မည်။ ဤသို့ မင်းကြီးအပေါ် သနားကြင်နာ၍ပင် ငါတို့က အဖြေမပေးခဲ့ကြခြင်း ဖြစ်ပေသည်"
နဂိုတကည်းက ကြည်ညိုရင်း၊ လေးစားရင်းရှိပြီးဖြစ်သော တပည့်ပရိသတ်သည် ဤဖြေရှင်းချက်ကို ခြွင်းချက်မရှိ လက်ခံကြ၏၊ သူတို့ဆရာကြီးများ၏ စကားကို လုံးဝဥဿုံ ယုံကြည်ကြ၏၊ ထို့ကြောင့် ပရိသတ်အသီးသီးသည် သိုက်သိုက်ဝန်းဝန်း ရှိမြဲရှိနေကြပေသည်။ ကိုယ့်ဘုရားနှင့်ကိုယ်၊ ကိုယ့်တရားနှင့်ကိုယ် ကြည်ညိုဆည်းကပ်လျက် နေကြပေသည်။
(သဂါထာဝဂ်၊ ကောသလသံယုတ်၊ ဒဟရသုတ် အဋ္ဌကထာ)
တရားအမြင်စင်ကြယ်သည် မစင်ကြယ်သည်ကို တစ်ပိုင်းထား၍ ကြည့်သော် ထိုဆရာကြီးတို့သည်လည်း ကျွန်ုပ်တို့လိုပင် ပဗ္ဗဇိတအနွယ်ဝင်များပင် ဖြစ်၏၊ အိုးအိမ်ထောင်မရှိ။ လယ်ယာချောင်းမြောင်း မရှိ။ မိမိတို့နှင့် မကွဲမကွာ အတူပါလာသော ပရိက္ခရာတို့ဖြင့် အတိုင်းတိုင်း အပြည်ပြည် လျှောက်သွားနေကြ၏၊ ရပ်တကာ ရွာတကာ လှည့်လည်နေကြ၏၊ ရောက်လေရာအရပ်တွင် လက်သုံးဟောမြဲထုံး တရားကို ဟောကြားကြ၏၊ အယူအဆ မတူသူချင်း ဆုံမိကြသောအခါ အချင်းချင်း နှီးနှောကြည့်ကြ၏၊ မတူညီသော ဝါဒများကို ညှိနှိုင်း၍ ကြည့်ကြ၏၊ သူ့ဘက် ကိုယ့်ဘက် အလျှော့အတင်း လုပ်ကြည့်ကြ၏၊ ဤသို့ လုပ်ကြည့်ရာမှ နှစ်ဂိုဏ်းက တစ်ဂိုဏ်းတည်း ပူးပေါင်းသွားတတ်၏၊ သို့သော် ဤအဖြစ်မျိုးမှာ ရှားပါးလှ၍ တရားဆွေးနွေးရာမှ ငြင်းခုံပွဲကြီး ဖြစ်ရသည်က များပေသည်။ ဘယ်သူ့ဘက်မှ အလျှော့မပေးနိုင်ကြ၍ ဖြစ်ပေသည်။
မပြီးနိုင်မဆုံးနိုင်သော ဝါဒစစ်ပွဲများကို သားစဉ်မြေးဆက် ဆင်နွှဲလာခဲ့ကြသော ပုဂ္ဂိုလ်များသည် သာသနာတော်ကြီး ပေါ်ထွန်းလာပြီးသည့်နောက်တွင် ကျွန်ုပ်တို့ဘက်သို့ မျက်နှာမူလာကြ၏၊ သူတို့ထက် အသက်ရော သိက္ခာပါ ငယ်သေး နုသေးပါလျက် သူတို့၏ အရှိန်အဝါကို ကျော်လွှားသွားသော ဘုရားရှင်အား သူတို့၏ အဓိကပြိုင်ဘက်အဖြစ် သဘောထားလာကြ၏၊ ဝါဒချင်းပြိုင်၍ အနိုင်ယူရန် ကြိုးစားလာကြ၏၊ သို့ရာတွင် ထိုခေါင်းဆောင် ဆရာကြီးများ ကိုယ်တိုင်ကား ဘုရားရှင်နှင့်လာ၍ မတွေ့ဆုံကြပါ။ ကိုယ့်အကြောင်းနှင့်ကိုယ် ခပ်ခွာခွာ နေကြသူများထံသို့ ဘုရားရှင်ကလည်း ကြွသွားတော်မမူပါ။ သို့ရာတွင် သူတို့နှင့် ကျွန်ုပ်တို့ကြားဝယ် အဆက်အသွယ်ပြတ်သည်ဟုကား မရှိပါ။ မြေချင်းဆက်၍ ရေချင်းဆက်နေသော ဤမဇ္ဈိမဒေသဝယ် ဝါဒရှင်များအချင်းချင်း တစ်နည်းနည်းနှင့် ဆက်သွယ်နေကြသည်သာ ဖြစ်ပေသည်။
ဘုရား ဟူသော ဘွဲ့နာမံဖြင့် ထင်ရှားကျော်ကြားသော ဆရာကြီးခြောက်ဦးအနက် ကျွန်ုပ်တို့နှင့် အဆက်အသွယ်အများဆုံးမှာ နိဂဏ္ဌ ဆရာကြီး ဖြစ်၏၊ ကျွန်ုပ်တို့ နှစ်ဘက်ကြား တံတားခင်းပေးသူတစ်ဦးကား လိစ္ဆဝီအမျိုးသား အဘယဖြစ်၏၊ သို့သော် အဘယသည် ကျွန်ုပ်တို့ဘက်သား မဟုတ်။ နိဂဏ္ဌ ဆရာကြီး၏ တပည့်တစ်ဦးဖြစ်၏၊
သူတို့ဘက်ကကြည့်သော် ကျွန်ုပ်၏ နောင်တော်မြတ်သည် နောက်မှ ပေါ်ထင် ရွှေကြာပင် ဖြစ်နေပါလိမ့်မည်။ အရှိန်အဟုန်နှင့် ထင်ပေါ်လာသည့် ရွှေကြာပင်ကို ဝါရင့်သမ္ဘာရင့် တရားဆရာကြီး နိဂဏ္ဌက ဝါဒချင်းပြိုင်၍ အနိုင်ယူချင်ပါလိမ့်မည်။ ကျွန်ုပ်တို့ ကျောင်းသို့ အဘယ ထူးထူးခြားခြား ရောက်လာခြင်းသည် ဤသို့သော ခြေလှမ်းများ၏ တစ်စိတ်တစ်ဒေသ ဖြစ်ပါလိမ့်မည်။
သူနှင့်အတူပါလာသော ပဏ္ဍိတမင်းသားကား ကျွန်ုပ်တို့သာသနာမှာ သက်ဝင်သူဖြစ်၏၊ ယုံကြည်မှုချင်း မတူကြသော်လည်း သူငယ်ချင်းတို့၏ ချစ်ခြင်းမေတ္တာကား ဆက်လက်ရှင်သန်လျက်သာ ရှိ၏၊ ထို့ကြောင့်ပင် အဘယ ကျွန်ုပ်တို့ ကျောင်းတော်သို့ လာရာတွင် ရှေ့ဆောင်ရှေ့ရွက် ပြုလာခဲ့ခြင်း ဖြစ်၏၊ တစ်ဖက်သို့ တိမ်းညွတ်နေသော သူ့သူငယ်ချင်းသည် ကျွန်ုပ်တို့နှင့် တွေ့ဆုံပြီး သည်ဘက်သို့ ပြန်လာပါမည်ဟု မျှော်လင့်ထားသလား မဆိုနိုင်။
မည်သို့ပင်ဖြစ်စေ၊ အဘယသည် ကျွန်ုပ် ရှေ့မှောက်တွင် သူ့သူငယ်ချင်းနည်းတူ ရှိခိုးဖော်ကား ရပါ၏၊ လူမှုဆက်ဆံရေးတွင် လိမ္မာယဉ်ကျေးသူ ဖြစ်သည့်အတိုင်း သူမေးလိုရာ ပြဿနာကို လိမ္မာယဉ်ကျေးစွာပင် မေးလျှောက်ပါပေသည်။
"အရှင်ဘုရား၊ နိဂဏ္ဌပုတ္တဆရာကြီးသည် ကြွင်းမဲ့ဥဿုံ အလုံးစုံကို သိမြင်နိုင်သော သဗ္ဗညုပုဂ္ဂိုလ်ဟူ၍ ဝန်ခံပါသည်။ သွား ရပ် အိပ် နိုး အမျိုးမျိုးသော အချိန်တို့တွင် အစဉ်အမြဲ သိလျက် မြင်လျက်သာ ရှိနေသည်ဟု ဆိုပါသည်။ ထိုဆရာကြီး၏ ဝါဒမှာ ဤသို့ ဖြစ်ပါသည်။ ဘဝ ဘဝကပါလာသော ကံတို့ ကင်းစင်သွားစေရန် မိမိကိုယ်ကို ညှဉ်းပန်းနှိပ်စက်သော အကျင့်ကို ကျင့်ကြရပါသည်။ အသစ် အသစ်သော ကံတို့ကိုလည်း မပြုပါ။ ဤသို့အားဖြင့် ကံကုန်သောကြောင့် ဒုက္ခကုန်ပါသည်။ ဒုက္ခကုန်သောကြောင့် ဝေဒနာကုန်ပါသည်။ ဝေဒနာကုန်လျှင် ဒုက္ခဟူသမျှ ကုန်ဆုံးပါလိမ့်မည်။ ဤသည်လျှင် ဆင်းရဲဒုက္ခဟူသမျှမှ လွတ်မြောက်စေကြောင်း အကျင့်ကောင်းဖြစ်သည်ဟု ဟောကြားပါသည်။ ဤသို့သော အကျင့်နှင့် ပတ်သက်၍ ဘုရားရှင်သည် မည်သို့ မိန့်တော်မူပါသလဲ ဘုရား "
(အင်္ဂုတ္တရ၊ တိကနိပါတ်၊ အာနန္ဒဝဂ်၊ နိဂဏ္ဌသုတ်)
အဘယ၏ လျှောက်ထားသံကို နာခံရင်း ကျွန်ုပ်သည် သဗ္ဗညုပုဂ္ဂိုလ်ဆိုသော နိဂဏ္ဌဆရာကြီး၏ ဖြစ်အင်ကို ပြေးမြင်လိုက်မိ၏၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကို သိပါသည်ဆိုသော ထိုဆရာကြီးသည် လူမရှိသော အိမ်ကိုလည်း ဆွမ်းခံဝင်ဖူး၏၊ လူရှိပါလျက် ဆွမ်းမရခဲ့သည်လည်း ရှိ၏၊ ခွေးကိုက်ခံရသည့်အခါလည်း ရှိ၏၊ ကြမ်းတမ်းလှသော ဆင်များ၊ မြင်းများ၊ နွားများနှင့်လည်း လမ်းမှာ ဆုံရဖူး၏၊ ယောက်ျား မိန်းမတို့၏ အမျိုးအမည်ကိုလည်း မေးကြည့်ရ၏၊ ရွာနာမည်နှင့် လမ်းတို့ကိုလည်း မေးကြည့်မှ သိရ၏၊ သဗ္ဗညုပုဂ္ဂိုလ်ကြီးဖြစ်ပါလျက် အဘယ့်ကြောင့် ဤသို့ ဖြစ်ရပါသနည်းဟု မေးကြည့်သောအခါ ဤသို့ မလွဲမသွေ ဖြစ်ကိန်းကြုံနေရ၍ ဖြစ်ရပါသည် ဟု သူကဖြေကြားသည်။
(မဇ္ဈိမပဏ္ဏာသ၊ သန္ဒကသုတ်)
သူ့အဆိုနှင့် သူ့ဝန်ခံချက် မဟပ်ပုံကို တွေး၍ ပြုံးချင်ချင် ဖြစ်မိသော်လည်း သူ၏ ရည်ရွယ်ချက်ကိုကား ပြက်ရယ်မပြုနိုင်ပါ။ အခြားသော အချက်များသည် ကျွန်ုပ်တို့ သာသနာတော်ကြီးနှင့် မနီးစပ်သော်လည်း မကောင်းမှုကို ပယ်စွန့်ခြင်းဟူသော အချက်တစ်ခုမှာကား သာသနာတော်ကြီးနှင့် လာ၍ ဟပ်မိနေပေသည်။
ကောင်းပါပြီ။ သာသနာတော်ကြီးနှင့် မဟပ်မိသော အချက်များကို အမှားစာရင်း သွင်းပြီးပါလျက် သာသနာတော်ကြီးနှင့် ဟပ်မိနေသော ဤတစ်ချက်ကိုပါ အဘယ့်ကြောင့် အမှားစာရင်းထဲ ထည့်ရပြန်ပါသနည်း။ ဤသို့ မေးလာသူ ရှိပါက ကျွန်ုပ်မှာ ဖြေရန် အသင့်ရှိနေပါသည်။ ရည်ရွယ်ချက် မှန်ငြားသော်လည်း ကျင့်သုံးပုံ မမှန်သောကြောင့် ဖြစ်ပေသည်။ ကျင့်သုံးပုံ မမှန်ခြင်းမှာလည်း အသိအမြင် မသန့်ရှင်းသောကြောင့် ဖြစ်ပေသည်။
သူတို့ ရည်ရွယ်ချက်မှာ မကောင်းမှုကို ပယ်စွန့်ရန် ဖြစ်ပါ၏၊ သို့ရာတွင် သူတို့မှာ အကုသိုလ်ကို ဓမ္မသန့်သန့် အဖြစ်ဖြင့် မသိမမြင်နိုင်ကြပေ။ သတ္တဇီဝမနှော တရားသဘောသက်သက်မျှသာပါကလားဟု သဘောမပေါက်ကြပေ။ ပိုင်သူဆိုင်သူ အတ္တဟူ၍ မြူမျှ မရှိသော၊ ပြုသူမရှိ၍ ပြုခြင်းကြိယာ သက်သက်မျှသာ ဖြစ်သော တရားပါကလားဟု မခံယူနိုင်ကြပေ။
ဤသို့ မခံယူနိုင်ကြ၍င် ပြုခြင်းကြိယာ သက်သက်မျှသာဖြစ်သော အကုသိုလ်တရားအပေါ်မှာ ပြုသူကို ဖန်တီးကြ၏၊ ပိုင်ဆိုင်သူ အတ္တဟူ၍ မြူမျှ မရှိသော၊ အနတ္တရားအပေါ်ဝယ် အတ္တအယူဖြင့် ပိုင်ဆိုင်သူ လုပ်လာကြ၏၊ သတ္တဇီဝမနှော တရားသဘောသက်သက်မျှအပေါ်ဝယ် သတ္တတွေ ဇီဝတွေ သယ်ယူလာကြ၏၊ ဤသို့ဖြင့် ငါပြုသော ငါပိုင်သော အကုသိုလ်ကို ပယ်စွန့်ရန် ပင်ပန်းဆင်းရဲသော အကျင့်မျိုးစုံကို ကျင့်ကြရ၏၊ အကုသိုလ်မျိုးစုံကို ပြုခဲ့ပြီး ယခုထက်တိုင် အသက်ရှင်နေသော၊ နောက်နောင်လည်း ရှင်နေဦးမည်ဖြစ်သော သတ္တဇီဝကို အမျိုးမျိုးအဖုံဖုံ ဒဏ်ခတ်ကြရ၏၊ သူတို့က တရားခံအဖြစ်ဖြင့် သတ္တဇီဝကို သည်းကြီးမည်းကြီး ဒဏ်ခတ်ကြသော်လည်း ဒဏ်ခတ်စရာ သတ္တဇီဝကား မရှိပေ။ မရှိသော သတ္တဇီဝကိုယ်စား ဒဏ်ခတ် ခံနေရသည်ကား ဝိပါကဝဋ် ခန္ဓာကြီးသာတည်း။ အကုသိုလ်မဟုတ်သော အဗျာကတ ခန္ဓာကြီးသာတည်း။
အကုသိုလ်ကို ပယ်စွန့်ခြင်းဟူသည်မှာ နိရောဓသစ္စာကို မျက်မှောက်ပြုလိုက်သည်နှင့် တစ်ပြိုင်နက် အကုသိုလ်ပေါင်း ကြွေးဟောင်း အနန္တကို ပယ်စွန့်ခြင်းဟူသော ပဟာနကိစ္စလည်း တစ်ပါတည်း ပြီးစီးသွားပုံကို ပြဆိုထားခြင်းသာ ဖြစ်၏၊ တစ်နည်းအားဖြင့် ပယ်အပ်သော အကုသိုလ်တွေကို ဟိုလိုသည်လို တွေးတောနေမည့်အစား ပယ်အပ်သော ဉာဏ်ပေါ်ရေးသာ လိုရင်းဖြစ်၏၊ ဉာဏ်ရောက်လျှင် အကုသိုလ်ကံဟူသမျှ ပျောက်ကြရမည်သာ။
သို့ရာတွင် နိဂဏ္ဌဆရာကြီးတို့မှာ ဉာဏ်မဖက်ဘဲ ကံပယ်ရေးသက်သက်ကိုသာ အလေးထား၍ နေကြ၏၊ ကံပယ်ရေးသက်သက်လုပ်နေသော သဘောသည်ပင် ကံပါကလား၊ ကံပေါ် ကံဆင့်နေခြင်းပါကလားဟူ၍လည်း ဉာဏ်မရှိ၍ မသိကြပေ။ အသိအမြင် မစင်ကြယ်ကြပေ။ ထို့ကြောင့်ပင် သာသနာတော်ကြီးနှင့် တစ်စိတ်တစ်ဒေသ တူမျှနေသော ရည်ရွယ်ချက်ကိုပင် အမှားစာရင်းထဲ သွင်းကြရပေသည်။
(သီလက္ခဝဂ်၊ သာမညဖလသုတ်၊ နိဂဏ္ဌနာဋပုတ္တဝါဒ အဖွင့် အဋ္ဌကထာနှင့် ဋီကာ)
နိဂဏ္ဌဆရာကြီး၏ ဝါဒကို ဤသို့သော ခြေခြေမြစ်မြစ် နားလည်ထားပါလျှင် အဘယအဖို့ သာသနာတော်ကြီး၏ အပြင်ဘက်မှာ ရောက်နေရန် မရှိပါချေ။ သို့ရာတွင် သူ့ခမျာ အသက်အရွယ်က နုသေးသည်။ တရားဓမ္မ လေ့လာလိုက်စားခါစတွင်မှ နိဂဏ္ဌဆရာကြီးများနှင့် ဆုံစည်းခဲ့ရသည်။ နိဂဏ္ဌဆရာကြီးသည် သူ့လိုပင် လိစ္ဆဝီအမျိုးသား ဖြစ်၏၊ သူ့လိုပင် ဝေသာလီ မြို့တော်ဖွားလည်း ဖြစ်၏၊ ထို့ကြောင့် နိဂဏ္ဌဆရာကြီး၏ အရှိန်အဝါသည် အဘယအပေါ် ဘက်ပေါင်းစုံက လွှမ်းခြုံလျက် ရှိနေပါလိမ့်မည်။
ငယ်ဆရာကြီးအပေါ်မှာ အစွဲနာလှသော အဘယအား ငယ်ဆရာကြီး၏ အဖြစ်မှန်များကို ပြောပြလိုက်လျှင် ဆတ်ဆတ်ခါမျှ နာသွားရှာမည် ဖြစ်၏၊ ထို့ကြောင့် သဗ္ဗညုမည်ခံ ဆရာကြီး၏ ကိုးရိုးကားရား ဖြစ်ရပုံကို ကျွန်ုပ် ထုတ်ဖော် မပြောတော့ပါ။ သူ့တရား အမှားစာရင်း ဝင်နေကြောင်းကိုလည်း စကားမစပ်တော့ပါ။ သံသရာဝဋ်မှ လွတ်မြောက်ရေးအတွက် ဘုရားရှင် ချမှတ်တော်မူခဲ့သော လမ်းစဉ်သုံးရပ်ကိုသာ ကျွန်ုပ် ဟောခဲ့ရ၏၊ သီလ၊ သမာဓိ၊ ပညာ သုံးဖြာသော တရားတို့ကိုသာ အကျယ်ဝေဖန်၍ ပြခဲ့ရ၏၊
ကျွန်ုပ် တရားအချတွင် အဘယသည် တွေ၍ နေ၏၊ ရှေ့တူရူမှာသာ ငေးစိုက်၍ နေ၏၊ သူ့ဆရာကြီး၏ တရားကို ကျွန်ုပ်တို့ သာသနာတော်ကြီး၏ လမ်းစဉ်သုံးရပ်နှင့် နှိုင်းယှဉ်ပြီး သုံးသပ်နေဟန် တူပါသည်။
"သူငယ်ချင်း အဘယ၊ အရှင်အာနန္ဒာ ဟောကြားထားသော တရားကို အဘယ့်ကြောင့် သာဓုမခေါ်ဘဲ နေပါသလဲ"
သူငယ်ချင်း၏ မျက်နှာကို အားမလိုအားမရ ဖြစ်မိသဖြင့် ပဏ္ဍိတက သတိပေးလိုက်ရ၏၊ ဤသို့ သတိပေးလိုက်ခါမှ အဘယ ဆတ်ခနဲ ဖြစ်သွားကာ-
"ဘယ်မှာ သာဓု မခေါ်ဘဲ နေပါလည်လဲ သူငယ်ချင်းပဏ္ဍိတ။ အရှင်အာနန္ဒာ ဟောကြားသော တရားကို ဘယ်သူက သာဓုမခေါ်ဘဲ နေပါမည်လဲ သူငယ်ချင်း။ သာဓုမခေါ်ဘဲ နေလျှင် ကျွန်ုပ်၏ ဦးခေါင်းသည် မြေမှာ ကြွေကာကျမည် မလွဲပါ"
သူငယ်ချင်း ရှေ့မှာမို့ အားနာပါးနာ သာဓုခေါ်လိုက်ရသော အဘယသည် ရိုးရိုးတန်းတန်း သာဓုမခေါ်ဘဲ ထေ့သံငေ့ါသံကလေးများ စွက်လိုက်ပါသေး၏၊ သူတွေးငေးစဉ်က ဝါဒနှစ်ရပ်ကို နှိုင်းယှဉ်သုံးသပ်နေရော့လားဟု ကျွန်ုပ် ထင်စားခဲ့မိ၏၊ သို့သော် ကျွန်ုပ် အထင်လွဲခဲ့ပေပြီ။ အဘယတွေ၍ ငေးနေသည်မှာ ဘာတွေ ညာတွေမှ နှိုင်းယှဉ်စဉ်းစားနေ၍ မဟုတ်ပေ။ သူ့ဆရာကြီး၏ ဝါဒကို ထောက်ခံချက် မပေးလိုက်သဖြင့် ကျွန်ုပ်အပေါ် မကျေမနပ် ဖြစ်နေခြင်းသာပါတကား။
(အင်္ဂုတ္တရ၊ တိကနိပါတ်၊ အာနန္ဒာဝဂ် နီဂဏ္ဌိသုတ်)
အပါယ်ဘေးက ဝေးလိုလျှင်
လိစ္ဆဝီအမျိုးသား အဘယ ရောက်လာတုန်းက ကင်းတိုးစမ်းရုံမျှဖြင့် ပြီးခဲ့၏၊ သူတို့ ဝါဒနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဘက်က ဘယ်လို အသံထွက်မည်လဲဟု တီးခေါက်ကြည့်ရုံသာ ဖြစ်ခဲ့၏၊ ဝါဒတိုက်ပွဲဆင်သည့် အဆင့်သို့ကား မရောက်ခဲ့ချေ။
ဤမျှဖြင့် ပြီးခဲ့ရခြင်းတွင် အကြောင်းအမျိုးမျိုး ရှိနိုင်ပေသည်။ ရောက်လာသူ အဘယသည် ကျွန်ုပ်နှင့် ယှဉ်ပြိုင်နိုင်လောက်အောင် အရည်အချင်းမရှိသေး၍လည်း ဖြစ်နိုင်၏၊ အခြား မြို့ရွာများမှာကဲ့သို့ သာဝတ္ထိမြို့တော်တွင် သူတို့၏ ဂိုဏ်းဝင်များ မပါသေးသောကြောင့်လည်း ဖြစ်နိုင်၏၊
နာဠန္ဒာမြို့ကား သူတို့အပေါင်းအသင်းတွေ များလှ၏၊ မြို့ပေါ်တွင်မက ပတ်ဝန်းကျင် ကျေးရွာများမှာလည်း ရှိကြ၏၊ ရွာသူကြီးများပင် နိဂဏ္ဌဆရာကြီးများကို ဘုရားတစ်ဆူ ဂူတစ်လုံးသဖွယ် ကိုးကွယ်လျက်ရှိကြ၏၊ ထို့ကြောင့် ဤမြို့မှာ ဝါဒတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့ပေသည်။
ထိုစဉ်က ဘုရားရှင်နှင့် ကျွန်ုပ်တို့တစ်တွေ ထိုမြို့ရှိ ပါဝါရိက သူဌေး၏ သရက်တောကျောင်းမှာ နေခဲ့ကြ၏၊ နိဂဏ္ဌဆရာကြီးသည်လည်း သူ့တပည့် နိဂဏ္ဌပရိသတ်နှင့်အတူ အုတ်အုတ်ကျက်ကျက် ရောက်လာခဲ့၏၊ ကာရန်မသင့်ချင်တော့ ကျွန်ုပ်တို့ ရောက်နေခိုက်တွင် နာဠန္ဒတစ်ဝိုက်မှာ ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ရောက်လျက်ရှိပေသည်။ ပတ်ဝန်းကျင် တစ်ပြင်လုံးရှိ ကောက်ပင်များ ကောက်နာကျကုန်သဖြင့် ရှိရှိသမျှ စားနပ်ရိက္ခာများကို မဝရေစာမျှတ၍ စားနေကြရ၏၊ ဤသို့သော အခြေအနေဆိုးကိုပင် နိဂဏ္ဌအသိုင်းအဝန်းက တိုက်ကွက်တစ်ခုအဖြစ်ဖြင့် အသုံးချခဲ့ပါပေသည်။
"အရှင်ဘုရား၊ အရှင်ဘုရားသည် မြောက်မြားလှစွာသော ဒေသနာတော်တို့ဖြင့် ဒါယကာ ဒါယိကာမတို့အား ငဲ့ညှာထောက်ထားမှုကို ချီးမွမ်းတော်မူသည်မှာ ဟုတ်မှန်ပါသလား"
ယဉ်ယဉ်ကလေးနှင့် စတင်လိုက်သော တိုက်ပွဲတစ်ခု ဖြစ်ပါ၏၊ ဤတိုက်ပွဲ၌ ရှေ့တန်းသို့တက်၍ ကိုယ်တိုင် တိုက်လာသူမှာ အသိဗန္ဓကပုတ္တမည်သော ရွာသူကြီးတစ်ဦး ဖြစ်၏၊ ကိုယ်တိုင် မတက်တိုက်ဘဲ နောက်တန်းမှနေ၍ ညွှန်ကြားသူကိုကား ကျွန်ုပ် ဖော်ပြရန် လိုမည်မထင်ပါ။
"ဟုတ်ပေသည် ရွာသူကြီး။ ငါဘုရားသည် မြောက်မြားလှစွာသော ဒေသနာတော်တို့ဖြင့် ဒါယကာ ဒါယိကာမတို့အား သနားကြင်နာ ငဲ့ညှာထောက်ထားမှုကို ချီးမွမ်းခဲ့ပေသည်"
တိုက်ပွဲဆင်လာမှန်း သိလျက်ပင် ဘုရားရှင်က စင်း၍ အဖြေပေးတော်မူလိုက်၏၊
"ဤသို့ သနားကြင်နာ ငဲ့ညှာတော်မူရိုးမှန်ပါလျှင် ငတ်မွတ်ခေါင်းပါးနေသော ဤမြို့တွင် သံဃာပေါင်း မြောက်မြားစွာနှင့် အဘယ့်ကြောင့် ဆွမ်းခံရက်ပါသလဲ။ ဤသည်မှာ ဒါယကာ ဒါယိကာမများ သေကြေပျက်စီးအောင် ပြုကျင့်ခြင်းပင် မဟုတ်ပါလော။ ဒါယကာ ဒါယိကာမတို့ကို မငဲ့မကွက် နှိပ်စက်ခြင်းပင် မဟုတ်ပါလော"
ဘုရားရှင်၏ စကားတစ်စကို အမိဖမ်းကာ စနစ်တကျ တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်ပေသည်။ သည်ဘက်ကို တိုက်ခိုက်ရင်း ကပ်ကြီးဆိုက်နေသော ဒါယကာ ဒါယိကာမ အပေါင်းကိုလည်း သူ့ဘက်ကို ညွှတ်ပါလာအောင် စည်းရုံးလိုက်ပါသေးသည်။
ရွာသူကြီး၊ အိမ်သူ အိမ်သာများအတွက် ချက်ထားပြီးသော ထမင်းထဲမှ တစ်လုတ်စာကို လောင်းလှူကာမျှဖြင့် ဆုတ်ယုတ်ပျက်စီးသွားသော ဒါယကာ ဒါယိကာမဟူ၍ မရှိခဲ့ဖူးပေ။ စင်စစ်သော်ကား စည်းစိမ်ဥစ္စာ ရွှေ ငွေ ရတနာ ပြည့်စုံသူတို့သည် ဒါနအကျိုး ခံစားနေရသူတို့သာ ဖြစ်ကုန်၏၊ တစ်ဇွန်း တစ်ယောက်မမှ စ၍ သဒ္ဓါတတ်အားသမျှ လောင်းလှူခဲ့သော ဒါန၏ အကျိုးတို့လည်း ဖြစ်ကုန်၏၊ သစ္စာ၏ တန်ခိုးရှိန်စော် အာနုဘော်တို့လည်း ဖြစ်ကုန်၏၊ တရားနှင့် လျော်ညီစွာ ကျင့်သုံးလာခဲ့သော ကောင်းမှုကုသိုလ်၏ အကျိုးတရားတို့လည်း ဖြစ်ကုန်၏၊
ထွေး၍ မရနိုင်၊ မျို၍ မကျနိုင်သော အရိုးစသဖွယ် ဖန်တီးပေးလိုက်သော ပြဿနာကို ဘုရားရှင်ကတော့ တည်ငြိမ်စွာပင် အဖြေပေးတော်မူပါသည်။
"ရွာသူကြီး၊ ဒါယကာ ဒါယိကာမတို့ ဥစ္စာပစ္စည်း ပျက်စီးရသောအကြောင်းတို့မှာ ရှစ်မျိုးရှိပေသည်။ တရားမစောင့်သော မင်း၊ သူခိုး၊ ဓားပြ၊ မီးနှင့်ရေတို့က ဖျက်ဆီးခြင်း၊ မြေမှာ မြှုပ်ထားသော ဥစ္စာကို နေရာရွှေ့သွား၍ ရှာမတွေ့တော့ခြင်း၊ လုပ်ငန်းဆောင်တာများ မှားယွင်းချွတ်ချော်ခြင်း၊ မိသားစုထဲမှာ ဟော့ဟော့ရမ်းရမ်း ဖြုန်းတီးသူပေါ်လာခြင်းနှင့် နောက်ဆုံး ရှစ်ခုမြောက်အကြောင်းကား အနိစ္စသဘောပင် ဖြစ်ပေသည်"
"ရွာသူကြီး၊ ဒါယကာ ဒါယိကာမတို့၏ ဥစ္စာပစ္စည်း ပျက်စီးရာတွင် ဤအကြောင်းရှစ်ပါး ထင်ရှားစွာ ရှိနေပါလျက် ဒါယကာ ဒါယိကာမများ သေကြေအောင် ပြုကျင့်သည်၊ မငဲ့မကွက် နှိပ်စက်သည်ဟု ငါဘုရားကို သင် ဆိုသင့်ပါသလော"
"မဆိုသင့်ပါဘုရား။ တပည့်တော် ပြစ်မှားမိသည်ကို ခွင့်လွှတ်၍ တပည့်တော်အား အရှင်ဘုရား၏ တပည့်တစ်ယောက်အဖြစ် အသိအမှတ်ပြုတော်မူပါဘုရား "
အပေါ်ယံ ယဉ်ကျေးမှုဖြင့် စတင်ခဲ့သော တိုက်ပွဲတစ်ခုသည် အတွင်းယဉ်ကျေးမှုဖြင့် ပြီးဆုံးသွားပေသည်။
(သဠာယတနဝဂ်၊ ဂါမဏိသံယုတ်၊ ကုလသုတ်)
ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်သူအဖြစ် လျှောက်ထားခြင်းသည် သရဏဂုံ ဆောက်တည်ခြင်း တစ်မျိုးပင်ဖြစ်၏၊ သို့ရာတွင် ထိုနေ့က အသိဗန္ဓကပုတ္တ ဆောက်တည်သွားခဲ့ခြင်းမှာ ဒိဋ္ဌသရဏဂုံ မဟုတ်သေးပေ။ တရားသဘောကို ကိုယ်တိုင် ကိုယ်ပိုင် မသိရသေးသမျှ ဘုရားရှင် ကိုယ်တော်တိုင်၏ ရှေ့တော်မှောက်မှာ ဆောက်တည်သော်လည်း ဒိဋ္ဌသရဏဂုံ မဖြစ်နိုင်ပေ။ သုတသရဏဂုံအဆင့်မှာသာ ရှိပေသည်။
အသိဗန္ဓကပုတ္တသည် ဘုရားရှင့်အပေါ် ပုဂ္ဂိုလ်ရေးအရ ကြည်ညိုသွားခဲ့၏၊ မိမိက စကားတစ်စကို အမိဆွဲ၍ တိုက်ပွဲဝင်ခဲ့သော်လည်း ဘုရားရှင်က ပြန်၍ ဒဏ်မခတ်ပုံ၊ ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ရန် အကွက်ဆင်လာသော ပြဿနာကို အကျိုးသင့် အကြောင်းသင့် ဖြေရှင်းပေးလိုက်ပုံမှာ ကျေနပ်လောက်စရာပင် ဖြစ်ပါပေသည်။
သာသနာ့ဘောင်တွင် မသက်ဝင်သေးသူများနှင့် စာလျှင် သုတသရဏဂုံသည် အဆင့်အတန်းမြင့်လှပါ၏၊ သို့သော် သုတမှ ဒိဋ္ဌသို့ မရောက်သေးသမျှ စိတ်မချရသေးပေ။ ဖွဲပုံပေါ်မှာ စိုက်ထားသော တုတ်ကဲ့သို့ လေတစ်ချက်လှုပ်ရုံနှင့် လဲကျသွားနိုင်ပေသည်။ ထို့ကြောင့်ပင် ဘုရားရှင်က သူနှင့် နောက်တစ်ခါ ဆုံလာရာတွင်....
"ရွာသူကြီး၊ နိဂဏ္ဌနာဋပုတ္တသည် သူ့တပည့်များကို ဘယ်ကဲ့သို့ တရားဟောပါသလဲ" ဟု ထုတ်ဖော်၍ မေးတော်မူရ၏၊
"အရှင်ဘုရား၊ သက်သတ်ခိုးမှု၊ ကာမေသုနှင့် မုသားပြောဆိုခြင်း တည်းဟူသော မကောင်းမှု ပြုသူတိုင်းသည် တစ်ယောက်မကျန် အပယ်ကျရပါသည်။ အနေများရာကို လိုက်၍ ကျရောက်ရပါသည်။ နိဂဏ္ဌဆရာကြီးသည် ဤသို့ ဟောကြားပါသည် ဘုရား "
နိဂဏ္ဌဆရာကြီး၏ တရားဒေသနာတို့ထဲက ကြားနာနေကျဖြစ်၍ နားရည်ဝသော တရားတစ်ကွက်ကို အသိဗန္ဓကပုတ္တက လျှောက်ထားပေသည်။
"ရွာသူကြီး၊ အနေများရာကိုလိုက်၍ ကျရောက်ရသည်ဟူသော နိဂဏ္ဌနာဋပုတ္တ၏ စကားမှန်ခဲ့လျှင် ဤလောကဝယ် တစ်စုံတစ်ယောက်မျှ အပယ်ကျရန် မရှိတော့ပေ"
ဟိုနေ့တုန်းက အသိဗန္ဓကပုတ္တသည် သည်ဘက်က စကားတစ်စကို အမိဆွဲ၍ တိုက်ပွဲဝင်ခဲ့၏၊ ယနေ့တော့ သူ့အတိုက်ခံလှည့်ကြုံချေပြီ။ အနေများရာလိုက်၍ ကျရောက်ရသည်ဟူသော စကားတစ်ခွန်းက မိမိတို့ဝါဒကို ဖျက်လိုဖျက်ဆီး ပြုနေပါလျက် ဝါဒရှင်များ ကိုယ်တိုင်က ဖျက်ဆီးမှန်း မသိကြချေ။ ဤစကားတစ်ခွန်းကို အဆွဲအကိုင် ခံရလိမ့်မည်ဟုလည်း မထင်ခဲ့ချေ။ မမျှော်လင့်သော အချက်ကိုမှ အဆွဲအကိုင် ခံလိုက်ရသဖြင့် သူ့ခမျာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားရရှာပေသည်။ ထိုစဉ်အခိုက်မှာပင် ဘုရားရှင်က
"ရွာသူကြီး၊ ငါဘုရား မေးမြန်းသည့် ပုစ္ဆာကို သင်သဘောပေါက်သလို ဖြေနိုင်သည်။ တစ်စုံတစ်ယောက်သောသူသည် သက်သတ်ခိုးမှု၊ ကာမေသုစသော မကောင်းမှုများကို ပြု၏၊ နေ့မှာဖြစ်စေ၊ ညမှာဖြစ်စေ အချိန်နှင့် အချိန်ချင်း နှိုင်းယှဉ်ကြည့်လျှင် မကောင်းမှုပြုသောအချိန်နှင့် မပြုသောအချိန် ဘယ်သင်းက များပါသနည်း "
"မပြုသောအချိန်က များပါသည် ဘုရား "
အသိဗန္ဓကပုတ္တမှာ မိမိ အရေးမလှတော့သည်ကို သိသော်လည်း မလွှဲသာ မရှောင်သာတော့သဖြင့် စင်း၍ အဖြေပေးလိုက်ရသည်။
"ရွာသူကြီး၊ နိဂဏ္ဌနာဋပုတ္တ ဟောကြားထားသည့်အတိုင်း အနေများရာကို လိုက်၍ ကျရောက်ရမည်ဆိုလျှင် ဤပုံစံအရ အပါယ်ကျမည့်သူဟူ၍ ရှိနိုင်ပါဦးမည်လော"
"မရှိနိုင်တော့ပါဘုရား "
ဤသို့ မိန့်တော်မူရခြင်းမှာ နိဂဏ္ဌဆရာကြီး၏ အဆို ယုတ္တိမတန်ပုံကို သိစေလို၍သာ ဖြစ်၏၊ မကောင်းမှု ပြုသောအချိန်က ပြုသောအချိန်ထက် များရုံမျှဖြင့် အပါယ်တံခါး ပိတ်ပြီဟု မဆိုလိုပေ။ စင်စစ်အားဖြင့် အပါယ်တံခါး ပိတ်ခြင်း မပိတ်ခြင်းသည် အချိန်အပိုင်းအခြားနှင့် ဘာမှ မဆိုင်ပေ။ အနတ္တတရားကို အနတ္တတရားအတိုင်း သိမှု မသိမှုနှင့်သာ ဆိုင်ပေသည်။ တစ်ခါက ပြုမှားခဲ့သော အကုသိုလ်တရားအပေါ်ဝယ် သတ္တဇီဝမနှော၊ ပိုင်ဆိုင်သူမရှိ၊ ပြုလုပ်သူမရှိ၊ ပြုခြင်းကြိယာမျှသာ ရှိပါကလားဟု သဘောမပေါက်၊ ဉာဏ်မရောက်သေးသမျှ အပါယ်တံခါး မပိတ်နိုင်ပေ။ ထို့ကြောင့်....
"ရွာသူကြီး၊ သက်သတ်ခိုးမှု၊ ကာမေသု စသော မကောင်းမှု ပြုသူတိုင်းသည် ခြွင်းချက်မရှိ၊ အပါယ်ကျ၏ ဟု တရားဆရာကြီးတစ်ဦးက အယူရှိ၏၊ တစ်စုံတစ်ယောက်သောသူသည် ထိုဆရာကြီးအပေါ်၌ သက်ဝင်ယုံကြည်၏၊ ထိုဆရာကြီး၏ အယူကို လက်ခံစွဲမြဲထား၏၊ ထိုသူသည် ဤသို့ စဉ်းစားမိရာ၏"
"ငါ့ဆရာကြီးသည် မကောင်းမှု ပြုတိုင်း ခြွင်းချက်မရှိ အပါယ်ကျ၏ဟု ဟောကြားခဲ့၏၊ ငါသည်လည်း သက်သတ်ခိုးမှု ကာမေသု စသော မကောင်းမှုကို ပြုမှားခဲ့၏၊ ငါသည် အပါယ်လေးပါး ကျတော့မှာပါကလား။ ငရဲကြီး ရှစ်ထပ်မှာ ချိုးကပ်ရတော့မှာပါကလား "
"ရွာသူကြီး၊ ထိုသူသည် ဤသို့သော အတွေးကြောင့် ဤသို့သော အစွဲအလမ်းကို မစွန့်လွှတ်နိုင်လျှင် ငရဲသို့ ဧကန်မုချ ကျတော့မည်သာတည်း "
နိဂဏ္ဌဆရာကြီး၏ လောင်းရိပ်မှ ကောင်းကောင်း မလွတ်ချင်သေးသော အသိဗန္ဓကပုတ္တအား သည်တစ်ခါတော့ တိတိလင်းလင်း မိန့်တော်မူလိုက်ပေပြီ။
နိဂဏ္ဌဂိုဏ်းဝင်များသည် မိမိကိုယ်ကို အမျိုးမျိုး အဖုံဖုံနှိပ်စက်ညှဉ်းပန်းခြင်းဖြင့် အပြစ်ဆိုရန် မရှိပါ။ ဉာဏ်ယှဉ်လျှင် အပါယ်လွတ်ရေးအတွက် ဤမျှလောက် ဒုက္ခရောက်ရန်မရှိပါ။ အပါယ်လေးပါး မကျရောက်လိုလျှင် အပါယ်ကျစေကြောင်း မကောင်းမှုကို မပြုဘဲ ကုသိုလ်တရားများပွားများနေရုံမျှသာ ရှိပေသည်။ အပါယ်လွတ်ရာကို သိ၍ သိသလို ကျင့်သုံးနေထိုင်သွားရန်သာ ရှိပေသည်။
သို့ရာတွင် သူတို့ခမျာ ဤလိုသိခွင့် မကြုံရှာကြပေ။ အပါယ်လွတ်အောင် ကျင့်နေသည့်ကြားကပင် အပါယ်မျိုးစေ့ကို စိုက်ပျိုးမိလျက်သား ဖြစ်နေ၏၊ ငါလုပ်ခဲ့သော မကောင်းမှုကြောင့် ငါ အပါယ်ကျရတော့မည် ဟူသော ငါ စွဲနှင့် ငါ့ဟာ အစွဲသည်ပင် အပါယ်မျိုးစေ့ ဖြစ်နေပေသည်။
ဤသို့အားဖြင့် အသိဗန္ဓကပုတ္တ ရွာသူကြီးအား အပါယ်ကျစေကြောင်း မကောင်းသော အစွဲတရားကို ပြတော်မူပြီးလျှင် အပါယ်မှ လွတ်ကြောင်း နည်းလမ်းကောင်းကို ဆက်လက်၍ ညွှန်ပြတော်မူပေသည်။
"ရွာသူကြီး၊ ငါဘုရားသည် သက်သတ်ခိုးမှု၊ ကာမေသုစသော မကောင်းမှုများမှ ရှောင်ကြဉ်ရန် ဟောကြား၏၊ ဤတွင် ငါ ဘုရားအပေါ်မှာ ကြည်ညိုလေးစားသော တပည့်သည် ဤသို့ စဉ်းစားမိရာ၏"
ဘုရားရှင်သည် မကောင်းမှုများမှ ရှောင်ကြဉ်ရန် ဟောကြားတော်မူခဲ့၏၊ ဘုရားရှင် ဟောကြားသည့်ကြားကပင် ငါပြုခဲ့မိသော မကောင်းမှုတို့ကား ဤရွေ့ဤမျှ ရှိနေချေပြီ။ မကောင်းမှုဟူသည်မှာ ပြုစဉ်ကလည်း မကောင်းပါ။ ပြုပြီးချိန်မှာလည်း မကောင်းပါ။ ထိုမကောင်းမှုများကို အကြောင်းပြု၍ နှလုံးမသာဖြစ်နေလျှင် ပြုမိပြီးသား မကောင်းမှုတို့က ပပျောက်သွားမည် မဟုတ်ပေ။ မကောင်းမှုပေါ်တွင် မကောင်းမှုတို့သာ ထပ်ဆင့်၍ လာပေလိမ့်မည်
"ရွာသူကြီး၊ ထိုသူသည် ဤသို့ဆင်ခြင်၍ မကောင်းမှုကို ပယ်စွန့်၏၊ နောက်နောင်မှာလည်း မကောင်းမှုမှာ ရှောင်ကြဉ်၏၊ ဤသို့အားဖြင့် မကောင်းမှုမှ လွတ်မြောက်နိုင်ပေသည်"
ပြုမိခဲ့သော မကောင်းမှုတွေကြောင့် အပါယ်ကျမည့် အရေးကို တွေးကြောက်နေမည့်အစား လက်တွေ့လွတ်မြောက်နိုင်သော နည်းကို ညွှန်ပြတော်မူလိုက်ခြင်း ဖြစ်ပေသည်။ ကြောက်စရာ မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သိမြင်ပြီးနောက် အပါယ်ကျရောက်စေကြောင်း မကောင်းမှုတို့ကို မပြုဘဲ ကုသိုလ်တရားနှင့် နေတတ်သူတိုင်း အပါယ်ဘေးမှ လွတ်မြောက်နိုင်ပေသည်။
ဤသို့လွတ်မြောက်နိုင်သော လမ်းပေါ်မှာ ရောက်လာပြီးနောက် မေတ္တာ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဘာဝနာများ ပွားများခြင်းဖြင့် အကုသိုလ်ဟူသမျှကို တစ်စမကျန် ပယ်စွန့်ရန် မိန့်ကြားတော်မူပေသည်။
ဤဒေသနာတော်အပြီးတွင်လည်း အသိဗန္ဓကပုတ္တသည် ထပ်မံ၍ သရဏဂုံ ဆောက်တည်ပါသေးသည်။ သည်တစ်ခါတော့ ဒိဋ္ဌသရဏဂုံ ဖြစ်နိုင်လောက်ပါပြီ။
(သဠာယတနဝဂ်၊ ဂါမဏိသံယုတ်၊ သင်္ခဓမ္မသုတ်)
မလုပ်ဝါဒနှင့် အလုပ်ဝါဒ
ကျေးဇူးရှင်ကြီး၏ ဖြစ်တော်စဉ်များထဲက ရှေ့ပိုင်းတစ်နေရာကို ကျွန်ုပ်တို့ ပရိသတ်များ သတိရကောင်း ရကြပါလိမ့်မည်။ ဓမ္မစကြာတရား ဟောပြတော်မူရာတွင် ကာမဂုဏ်အာရုံ ခံစားမှုနှင့် မိမိကိုယ်ကို ညှဉ်းပန်းနှိပ်စက်မှုဟူသော အယုတ်တရားနှစ်ပါးကို ရှေးဦးစွာ ဟောကြားတော်မူခဲ့၏၊ ထိုတရားနှစ်ပါးတွင် ကာမဂုဏ်အာရုံ ခံစားခြင်းအတွက် (ဟီနော) ယုတ်ညံ့လှစွာသောဟူသည့် ဝိသေသ စကားလုံးကို အသုံးပြုတော်မူသော်လည်း မိမိကိုယ်ကို ညှဉ်းပန်းနှိပ်စက်မူတွင်ကား ဤစကားလုံးကို ရှောင်ကွင်း၍ ထားခဲ့ပေသည်။
ကာမဂုဏ်အာရုံ ခုံမင်လိုက်စားနေခြင်းသည် မဂ်ဖိုလ်နိဗ္ဗာန်နှင့် ဝေးကွာစေကြောင်း ဖြစ်၏၊ မိမိကိုယ်ကို နှိပ်စက်ညှဉ်းပန်းခြင်းသည်လည်း ထို့အတူပင် ဖြစ်၏၊ အယုတ်တရားနှစ်ပါးစလုံးမှာပင် လောကုတ္တရာအကျိုးစီးပွားနှင့် လုံးဝ မစပ်ဆိုင်ပေ။ သို့ပါလျက် ဘုရားရှင်သည် ကာမဂုဏ်အာရုံ ခံစားမှုကိုသာ ယုတ်ညံ့လှစွာဟူသော စကားလုံးကို သုံးတော်မူခဲ့၏၊ ဤသို့ ရှောင်ရှားခဲ့ရခြင်းအကြောင်းကား ယခု တင်ပြနေဆဲဖြစ်သော နိဂဏ္ဌဆရာကြီးအား ငဲ့ညှာတော်မူခြင်းပင် ဖြစ်ပေသည်။
နိဂဏ္ဌဆရာကြီး၏ ဂုဏ်သိက္ခာကို ချိုးဖဲ့ဖျက်ဆီးရန် စိတ်မသန်သဖြင့် ဘုရားရှင်ဘက်က နှုတ်စောင့်စည်းတော်မူခဲ့ပါ၏၊ ဆရာကြီး၏ ကျင့်စဉ်များနှင့် ပတ်သက်လျှင် လိုအပ်သမျှထက်ပို၍ ပြစ်တင်ရှုတ်ချမှု မပြုဘဲ နေတော်မူခဲ့ပါ၏၊ သို့ရာတွင် ဟိုတစ်ဖက်ကား ဘုရားရှင်နှင့် မတူပါချေ။
ဘဝအသင်္ချေ ကမ္ဘေကမ္ဘာက ပါလာကြသော အကုသိုလ်များကို ပယ်သတ်ရန် ဘုရားရှင်သည် သူတို့ကဲ့သို့ ဆောင့်ကြောင့်ထိုင်သော အကျင့်ကို မကျင့်။ ကျင့်ရန်လည်း ဟောကြားတော်မမူ။ ကိလေသာ ငြိမ်းရေးအတွက် သူတို့လို အရှင်လတ်လတ် ကျပ်တင်ခံရသော အကျင့်များကို မကျင့်။ သာဝကတို့ကျင့်ရန်လည်း ဟောကြားတော်မမူ။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့ သာသနာတော်ကြီးမှာ သူတို့ကဲ့သို့ အလုပ်မရှိတော့ပြီလော။
သူတို့မှာ ရှိသကဲ့သို့ ကျွန်ုပ်တို့မှာလည်း အလုပ်ရှိပါသည်။ သို့သော် ကျွန်ုပ်တို့၏ အလုပ်သည် သူတို့အလုပ်နှင့် မတူပါ။ သူတို့ကဲ့သို့ ကိုယ့်ကိုယ်ကို နှိပ်စက်သော အလုပ်မျိုး မလုပ်ပါ။ အလုပ်ရှေ့မှာ ဉာဏ်ပညာဦးစီးထားသဖြင့် သမ္မာဝါယာမဟု အမည်တပ်ထားရပေသည်။
မဂ္ဂင်ရှစ်ပါးတွင် အပါအဝင်ဖြစ်သော ဤမဂ္ဂင်၏ ရှေ့၌ သမ္မာ သဒ္ဓါ ကပ်ပါနေခြင်းမှာ အဓိပ္ပာယ်အပြည့်နှင့် ဖြစ်၏၊ ဝါယာမဟူသော စကား၏ အဓိပ္ပာယ်မှာ အလုပ်ဖြစ်၏၊ သို့သော် ထိုအလုပ်သည် သာမာန်အလုပ်မျိုး မဟုတ်ပါ။ ဉာဏ်မပါ၊ ဗလာသက်သက် သူများခိုင်းတိုင်း လုပ်နေရသော အလုပ်မျိုး မဟုတ်ပါ။ ကိုယ့်စိတ်သန္တာန် ပြန်ကာကြည့်၍ မှန်စွာသိသော ဉာဏ်ဦးစီးထားသော အလုပ်ဖြစ်ပေသည်။
ဝိပဿနာကို အခြေခံ၍ ဟုတ်တိုင်းမှန်စွာ ရှုမြင်တတ်သော ဉာဏ်၏ ရှေ့တော်မှောက်တွင် နိဗ္ဗာန်တရားကြီးသည် အသိခံ အမြင်ခံရန် အရန်သင့်ရှိနေပါ၏၊ ဉာဏ်၏ရှေ့မှာ ထင်ရှားစွာရှိသော ဤနိဗ္ဗာန်တရားသည် ယခုမှ ဘွားခနဲ ပေါ်လာသည် မဟုတ်ပါ။ ဘယ်ကစ၍ဘယ်မှာဆုံးသည်ဟု မရှိပါ။ ဖြစ်ခြင်း၊ ပျက်ခြင်း သဘောမရှိမူ၍ ကိလေသာဟူ အပူခပ်သိမ်းတို့၏ ငြိမ်းအေးသော သဘောဖြစ်၏၊ အစဉ်ထာဝရ တည်ရှိနေသော ဤနိဗ္ဗာန်ကို ဉာဏ်မပေါ်မီက မသိနိုင်၊ မမြင်နိုင်။ ဉာဏ်ပေါ်လာမှသာ ဘွားခနဲ မြင်လိုက်ရတော့သည်။ အရှိအမှန်တရားအပေါ်မှာ ဤသို့ အသိဉာဏ်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် အကုသိုလ်ပေါင်း ကြွေးဟောင်း အနန္တတို့လည်း ကင်းလွတ်ပြီး ဖြစ်သွားပေသည်။
နိဗ္ဗာန်ကို မျက်မှောက်ပြုသော ဉာဏ်သည် မဂ်ဉာဏ်ဖြစ်၏၊ မဂ်ဉာဏ်၏ အရင်းခံ အကျဆုံးသော ကိစ္စသည် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းတည်းသူသော သစ္ဆိကရဏ ကိစ္စသာ ဖြစ်၏၊ ဤကိစ္စကို ပြုလိုက်သည်နှင့် တစ်ပြိုင်နက် အခြားကိစ္စ သုံးခုတို့လည်း ပြီးစီးသွားကြ၏၊ ထိုကိစ္စတို့မှာ....
ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း = ပရိညာကိစ္စ။
သမုဒယသစ္စာနှင့်တကွ သက်ဆိုင်ရာ ကိလေသာတို့ကို ပယ်စွန့်ခြင်း = မဟာနကိစ္စ။
အေးရာကိုသိ၍ အေးသလို ဆက်လက်ကျင့်သုံး ပွားများခြင်း = ဘာဝနာကိစ္စတို့ ဖြစ်ပေသည်။
ဤသို့အားဖြင့် သမ္မာဝါယာမဟူသော အလုပ်သည် ဉာဏ်ပညာရှေ့သွားရှိသဖြင့် လုပ်သင့်လုပ်ထိုက်သော ကိစ္စများကို တစ်ချက်တည်းဖြင့် ပြီးစီးအောင် လုပ်လိုက်၏၊ ဉာဏ်ဦးစီးကာ အချက်ကျကျ လုပ်လိုက်သည့်အတွက် အတောမသတ် တရစပ် နှိပ်စက်တတ်သော ကိလေသာတို့မှ လွတ်ငြိမ်းခွင့်ရသည်ကို မိမိတို့ကိုယ်တိုင် သိကြရ၏၊ တရားတော်၏ သန္တရသကို မြိန်ရှက်စွာ ခံစားကြရ၏၊
သို့ရာတွင် သာသနာ့ပြင်ဘက်က ပုဂ္ဂိုလ်များမှာ ကျွန်ုပ်တို့ ခံစားရသော သန္တရသကို နားမလည်။ ကိလေသာမှ လွတ်ငြိမ်းမှုကို သဘောမပေါက်ကြ။ သူတို့ သဘောပေါက်နေသည်မှာ သူတို့လို အပင်ပန်းခံ၍ မလုပ်ဘဲ နေခြင်းသာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် နိဂဏ္ဌဆရာကြီး၏ တပည့်တစ်ဦးသည် ရှေ့တော်မှောက်သို့ ဝင်ရောက်ကာ....
"အရှင်ဘုရား၊ ရဟန်းဂေါတမသည် မလုပ်ရဟူသော ဝါဒရှိ၏၊ မလုပ်ရေး တရားကို ဟောကြား၏၊ မလုပ်ရေးတရားဖြင့် တပည့်များကို ဆုံးမ၏၊ ဤသို့ဖြင့် တပည့်တော် တစ်ဆင့်စကား ကြားဖူးပါ၏၊ တပည့်တော် ကြားခဲ့ရသည့်အတိုင်း ဟုတ်သည် မဟုတ်သည်ကို အမိန့်တော်ရှိပါဘိ။ တပည့်တော်တို့အနေနှင့်တော့ ဘုရားရှင်ကို မစွပ်စွဲလိုပါ ဘုရား" ဟု လျှောက်ထားခဲ့ပေသည်။
ကျွန်ုပ်တို့နေထိုင်ရာ ကုဋာဂါရကျောင်းတော်သို့ လာ၍ လျှောက်ထားသူမှာ သီဟ စစ်သူကြီး ဖြစ်၏၊ လိစ္ဆဝီအမျိုးသားအားလုံး၏ ကိုယ်စား ဝဇ္ဇီတိုင်းက စစ်ရေးစစ်ရာ ကိစ္စများကို တာဝန်ယူဆောင်ရွက်နေရသူ ဖြစ်ပေသည်။
သီဟ စစ်သူကြီးသည် ဝေသာလီမြို့တော်ထဲမှာ နေပါလျက် ကျွန်ုပ်တို့ ကျောင်းတော်သို့ တစ်ခါ တစ်ခေါက်မျှ မရောက်ဖူးချေ။ သို့ဖြစ်၍ ဘုရားရှင်၏ ဂုဏ်ကျေးဇူးများကို သူသည် တစ်ဆင့်စကားဖြင့်သာ ကြားခဲ့ရ၏၊ လွှတ်တော်ထဲမှာ စည်းဝေးလာသော လိစ္ဆဝီတို့ထံမှ ကြားရပြီးနောက် ကျောင်းတော်သို့လာမည် ပြင်ပြန်တော့လည်း သူ့မှာ လာခွင့်မသာခဲ့။ ကျွန်ုပ်တို့ကျောင်းတော်လာတော့မည် ပြင်လိုက်သည်နှင့် သူ့ဆရာကြီးက တားလိုက်သည် ဟူပါ၏၊
တားမြစ်ရာမှာ အသုံးပြုသည့် စကားတို့ကို ယခု လျှောက်ထားသည့်စကားထဲမှာပင် ကျွန်ုပ် သဲလွန်စ တွေ့ထားပါသည်။ နိဂဏ္ဌဆရာကြီးအနေနှင့် သူ့ကျင့်စဉ်နှင့် မတူလျှင် ရန်သူဟု သတ်မှတ်ထားပြီးဖြစ်ရာ ရန်သူ့ဘက်သို့ သူ့တပည့်တစ်ဦး ပဲ့ပါသွားမည့် အရေးကို ရင်လေးရှာပေလိမ့်မည်။
သဒ္ဓါနောက်မှာ ပညာကပ်မလာသေးသော သီဟစစ်သူကြီးအား သူ့ဆရာကြီးသည် တစ်ကြိမ် တားမြစ်၍ ရပါ၏၊ နှစ်ကြိမ်မြောက်လည်း တားမြစ်နိုင်စွမ်း ရှိပါသေး၏၊ သုံးကြိမ်မြောက်တွင်ကား သူ တားမြစ်ခွင့် မရှိတော့ပါ။ ယခင်အခေါက်များကဲ့သို့ သူ့ထံမှာ ပန်ကြားမနေတော့သောကြောင့် ဖြစ်ပါ၏၊
သီဟစစ်သူကြီး လျှောက်ထားချက်ကို ဘုရားရှင်သည် ငြိမ်သက်စွာ နားဆင်တော်မူပြီးလျှင်....
"သီဟ၊ ငါဘုရားကို (အကိရိယာဝါဒီ) "မလုပ်ရဝါဒရှိသူ" ဟူ၍လည်း အကြောင်း အားလျော်စွာ ခေါ်လိုက ခေါ်ဆိုနိုင်ပေသည်"
"သီဟ၊ ငါဘုရားသည် ကာယ၊ ဝစီ၊ မနောအားဖြင့် သုံးပါးသော ဒုစရိုက်များနှင့်တကွ အကုသိုလ် အမှုမိုက်ဟူသမျှကို မလုပ်ရဟု ဟောကြား၏၊ ထို့ကြောင့် ငါ ဘုရားကို "မလုပ်ရဝါဒရှိသူ" ဟူ၍ ခေါ်လိုက ခေါ်ဆိုနိုင်ပေသည်"
"ထိုမှတစ်ဖန် ငါ ဘုရားသည် ကာယ၊ ဝစီ၊ မနောအားဖြင့် သုံးပါးသော သုစရိုက်များနှင့်တကွ ကုသိုလ်ကောင်းမှု အစုစုကို လုပ်ရမည်ဟု ဟောကြား၏၊ ထို့ကြောင့် ငါ ဘုရားကို (ကိရိယာဝါဒီ) "အလုပ်ဝါဒီ "ရှိသူဟူ၍လည်း ခေါ်လိုက ခေါ်နိုင်ပေသည်"
သာသနာပြုပုဂ္ဂိုလ်တိုင်း ရာသက်ပန် မှတ်သားထိုက်သော စကားတော်များ ဖြစ်ပါ၏၊ တစ်ဖက်သားက အားနှင့်ဖိ၍ စွပ်စွဲလာသော စကားကိုပင် ဘုရားရှင်သည် ပြတ်ပြတ်တောင်းတောင်း မငြင်းပယ်ဘဲ အလိုက်သင့် ဖြေကြားတော်မူပုံမှာ အတုယူဖွယ် ကောင်းလှပါ၏၊ သီဟစစ်သူကြီး၏ အမေးကို ဖြေဆိုတော်မူရင်း အကျိုးရှိ၍ ဟုတ်မှန်သော စကားကို သူတစ်ဖက်သား နားဝင်ချင်အောင် ပြောတတ်စေရန် ကျွန်ုပ်တို့အား သွန်သင်လိုက်ခြင်း ဖြစ်ပါ၏၊
ဆုံးမသွန်သင်ရာတွင် အထူးအမြတ်ဆုံး ဖြစ်တော်မူသော ဘုရားရှင်၏ ရှေ့တော်မှောက်၌ သီဟစစ်သူကြီးသည် ရိုသေစွာ ရှိခိုးလျက် ဘုရားရှင့် တပည့်သားတစ်ဦးအဖြစ် ခံယူပါကြောင်း လျှောက်ထားလိုက်၏၊ ဤတွင် ဘုရားရှင်က....
"သီဟ၊ ဆင်ဆင်ခြင်ခြင် ပြုပါဘိ။ သင်ကဲ့သို့ ထင်ရှားသူ၊ ကျော်ကြားသူတစ်ဦးသည် ဆင်ဆင်ခြင်ခြင် ပြုနိုင်မှ ကောင်းပေသည်"
အခြားတစ်ဖက်မှ မိမိဘက် ကူးပြောင်းလာသူကိုပင် အားတက်သရော လက်မခံသေးဘဲ ဤသို့ မိန့်တော်မူရာတွင်....
"အရှင်ဘုရား၊ ဤသို့ မိန့်ကြားတော်မူသဖြင့် တပည်ေ့တာ် ပို၍ပင် ကြည်ညိုပါသည် ဘုရား"
သဒ္ဓါအပေါ်မှာ သဒ္ဓါဆင့်၍ ပွင့်ဖူးရန် အသင့်ငံ့လင့်နေကြသော ကြာပဒုမ္မာသည် တရားတည်းဟူသော နေအရုဏ်ကြောင့် ထိုနေရာမှာပင် ငွားငွားစွင့်စွင့် ပွင့်လာပါတော့သည်။
တရားအသိနှင့် ယှဉ်သော အဓိဂမသဒ္ဓါဖြင့် သီဟစစ်သူကြီးသည် နောက်တစ်နေ့နံနက်တွင် ဘုရားရှင်နှင့်တကွ ကျွန်ုပ်တို့ကို ဆွမ်းပင့်၍ကပ်၏၊ ခါတိုင်းနေ့များ၌ နိဂဏ္ဌဆရာကြီးနှင့် သူ့ဂိုဏ်းဝင်တပည့်များသာ ဝင်ခဲ့ ထွက်ခဲ့ကြသော တံခါးပေါက်သို့ ယနေ့ ဘုရားရှင် ဝင်တော်မူလိုက်ပေပြီ။ ဘုရားရှင်၏ နောက်ပါ သံဃာတော်များလည်း ထေရ်စဉ်ဝါစဉ်လိုက် ဝင်ခဲ့ကြပေပြီ။ မွန်မြတ်လှစွာသော ဘောဇဉ်များကို ကျွန်ုပ်တို့ ငြိမ်သက်စွာ စားသောက်နေကြစဉ် ဝေသာလီမြို့တော်၏ လမ်းမများမှ ကြွေးကြော်သံများ ကြားကြရပေသည်။
"အို.... ဝေသာလီမြို့တော်သူ မြို့တော်သားအပေါင်းတို့၊ ဤနေ့၌ သီဟစစ်သူကြီးသည် ရဟန်းဂေါတမအတွက် ဆူဖြိုးလှသော အမဲကောင်ကို သတ်ဖြတ်၍ ဆွမ်းကျွေး၏၊ ရဟန်းဂေါတမကလည်း မိမိကို ရည်ရွယ်၍မိမိကို အကြောင်းပြု၍ သတ်ဖြတ်သော အသားကို စားသောက်ဘိသည်တကား "
မစားရတော့သည့် အမဲကို သဲနှင့် ပက်နေကြခြင်းသာ ဖြစ်ပေသည်။ သီဟစစ်သူကြီးကဲ့သို့ ထင်ရှားကျော်ကြားသော၊ တန်ခိုးအာဏာ ကြီးမားသော လှူနိုင်တန်းနိုင်စွမ်းရှိသော ဒါယကာတစ်ယောက်ကို လက်လွတ်ခံလိုက်ရသည့်အတွက် သူ့ခမျာ အခံရခက်ရှာပေလိမ့်မည်။
မခံချင်စိတ်တို့ဖြင့် သူတို့တစ်တွေ ပေါက်တတ်ကရ လျှောက်အော်နေကြသော်လည်း ကျွန်ုပ်တို့မှာ ဆွမ်းစားမပျက်ပါ။ ကျွန်ုပ်တို့ဘက်က ငြိမ်သက်စွာ ဘုဉ်းပေးနေကြသကဲ့သို့ပင် ဆွမ်းဒါယကာကြီးမှာလည်း အနည်းငယ်မျှ ဣန္ဒြေမပျက်ပါ။ ဤဆွမ်းကျွေးပွဲအတွက် ဆွမ်းဒါယကာကြီးသည် ပံသကူသားကိုရှာ၍ ချက်ပြုတ်စီမံထား၏၊ ကျွန်ုပ်တို့ကလည်း ဤအကြောင်းကို ကောင်းကောင်းသိပြီး ဖြစ်၍ သံသယကင်းစွာ စားသောက်နိုင်ကြခြင်း ဖြစ်ပေသည်။
(အင်္ဂုတ္တရ၊ အဋ္ဌကနိပါတ်၊ သီဟသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
အမှားလမ်းမှ အမှန်လမ်းသို့
နိဂဏ္ဌဆရာကြီးသည် နောင်တော်မြတ်ထက် အသက်ကြီး၏၊ ရဟန်းသိက္ခလည်း ကြီး၏၊ နောင်တော်မြတ်ထက် စောစီးစွာပင် သူ့ဝါဒကို တိုင်းနိုင်ငံနှံ့ ဖြန့်ကျက်ထားပြီးဖြစ်၍ အနယ်နယ်အရပ်ရပ်တွင် သူ့တပည့်တွေ၊ ဒါယကာတွေ ပေါလှပေသည်။ သူတို့အထဲက ထင်ရှားသူသုံးဦးမှာ ဝေသာလီတွင် သီဟစစ်သူကြီး၊ နာဠန္ဒာမြို့တွင် ဥပါလိသူကြွယ်၊ နောက်တစ်ဦးကား ကျွန်ုပ်တို့ မွေးရပ်မြေက ဖြစ်ပေသည်။
မွေးရပ်မြေသို့ ပထမဦးစွာ နောင်တော်မြတ် ပြန်ကြွလာစဉ်က ဆွေစုံမျိုးစုံလာ၍ ကန်တော့ကြ၏၊ ဟောကြားသော တရားတော်ကို နာခဲ့ကြ၏၊ နောင်တော်မြတ်နှင့် ကျွန်ုပ်တို့၏ ဘထွေးတော် ဝပ္ပလည်း ထိုပရိသတ်ထဲမှာ ပါဝင်ခဲ့ပါ၏၊ သို့သော်လည်း သူ့ခမျာ တရားမပေါက်ခဲ့ရှာ။ တရားသိရေး ကျင့်သုံးရေးကို စိတ်မဝင်စားဘဲ ဆွေဘုရား၊ မျိုးဘုရား အဖြစ်သာ သူများနှင့် ရောနှော၍ ပါလာခဲ့ကြခြင်း ဖြစ်ပေသည်။
ကျွန်ုပ်တို့ သာသနာတော်ကြီးသည် ဘုရားရှင်ကြွချီလာခါမှ ကပိလဝတ်မြို့တော်မှာ စတင်ထွန်းကားလာခဲ့၏၊ နိဂဏ္ဌဆရာကြီး၏ ဝါဒကား ထို့ထက်စောစီးစွာကပင် ရောက်နှင့်နေပြီ ဖြစ်၏၊ ဝပ္ပလို ထင်ရှားသော သကျအမျိုးသားများပင် နိဂဏ္ဌတပည့်အဖြစ်ကို လိုလိုလားလား ခံယူခဲ့ကြ၏၊ ဘုရားရှင့်ရှေ့မှာ ပထမအကြိမ် တရားနာစဉ်က ကျွတ်တမ်းမဝင်ခဲ့သည်မှာ အခြားတစ်ဖက်သို့ စိတ်ညွှတ်နေ၍ ဖြစ်ပါလိမ့်မည်။
သည်တုန်းက ပရိသတ်များကို ဟောရသဖြင့် ဘုရားရှင်သည် သူ့ဘထွေးတော်ကို ကယ်ခွင့်မကြုံခဲ့ပေ။ ဘထွေးတော်၏ စိတ်ဓာတ် မရင့်ကျက်သေး၍ လွှတ်ပေးထားခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ သည်တုန်းက ဘုရားရှင်ကို ရှိခိုးလျက် ဝတ်ချလျက် သူ့ဆရာကြီးကို လက်လွတ်မခံခဲ့သော ဘထွေးတော်သည် အချိန်တန်တော့လည်း လက်လွှတ်ရသည်သာ ဖြစ်ပါသည်။
ဘထွေးတော်နှင့် ဦးစွာပထမ တရားဆွေးနွေးသူမှာ အရှင်မဟာ မောဂ္ဂလန်ဖြစ်၏၊ အရှင်မဟာ မောဂ္ဂလန်တင်ပြသော တရားသဘောကို ဘထွေးတော်က သူ့ဆရာကြီးထံမှ ရရှိထားသော နည်းနိဿယဖြင့် ဖြေဆို၏၊ သူတို့နှစ်ဦး၏ စကားသည် ဤမျှဖြင့် ရပ်တန့်သွားချိန်တွင် ဘုရားရှင် ကြွတော်မူလာခဲ့ပေသည်။
ယခင်တုန်းက ကျွန်ုပ်တို့၏ ဘထွေးတော်သည် နိဂဏ္ဌဆရာကြီးကို ကြည်ညိုခဲ့၏၊ ဘဝ ဘဝကပါလာခဲ့သော အကုသိုလ်အနန္တကို ပယ်သတ်ရန် မိမိကိုယ်ကို ညှင်းပန်းနှိပ်စက်သော အကျင့်ဖြင့် ပြင်းထန်စွာ ကျင့်နိုင်မှ ဖြစ်မည်ဟု တစ်ထစ်ချ မှတ်ယူခဲ့၏၊ ဆရာတပည့် ပီသစွာ ပင်ပန်းကြီးစွာ အားမထုတ်နိုင်သေးသော်လည်း ဤလမ်းမှ လွဲ၍ အခြားလမ်း မရှိဟု ဆုံးဖြတ်ထားခဲ့၏၊
ယခု ဘုရားရှင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရသည်တွင်ကား သူ့ဆုံးဖြတ်ချက်ကို ပြင်ရပေပြီ။ အကုသိုလ်ပေါင်း ကြွေးဟောင်းအနန္တမှ လွတ်မြောက်ရေးအတွက် အကျိုးဝိပါက် ခန္ဓာကြီးကို နှိပ်စက်နေရန်မဟုတ်။ အကြောင်းဖြစ်သော ကိလေသာ ခန္ဓာတို့၏ လွတ်ရာကိုသိ၍ သိသလို နေထိုင်သွားခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သွားပေပြီ။ ဆရာကြီးထံမှာလို စမ်းတဝါးဝါးနှင့် အရမ်းသွားမနေရတော့ဘဲ ကိုယ်ပိုင် ကိုယ်တိုင် သိမြင်သော သောတာပန်အဆင့်သို့ ရောက်ရှိသွားပေပြီ။
(အင်္ဂုတ္တရ၊ စတုက္ကနိပါတ်၊ ဝပ္ပသုတ်)
ဝေသာလီမြို့တော်သား သီဟစစ်သူကြီးနှင့် ကျွန်ုပ်၏ ဘထွေးတော် ဝပ္ပတို့သည် နိဂဏ္ဌဆရာကြီး၏ ဒါယကာရင်းများ ဖြစ်ခဲ့ကြ၏၊ ထို့အတူပင် နာဠန္ဒာမြို့သား ဥပါလိသူဌေးသည်လည်း နိဂဏ္ဌဆရာကြီး၏ လက်ရုံးတစ်ဆူ ဖြစ်ပေသည်။ ဥပါလိ၏ ဝင်းတံခါးသည် နိဂဏ္ဌ ဆရာတပည့်များအတွက် အမြဲတစေ ဖွင့်ထား၏ ဥပါလိ၏ အိမ်ဂေဟာသည် နိဂဏ္ဌ၏ ပရိသတ်ကြီးအဖို့ သောက်၍ ချိုး၍ မကုန်နိုင်သော ရေချိုတွင်းသဖွယ် ဖြစ်ပေသည်။
အကယ်၍သာ နိဂဏ္ဌဆရာကြီးသည် တပည့်ကြီး ဒီဃတပဿီ၏ စကားကို လက်ခံခဲ့လျှင် ခပ်တိုင်းရသော ဤရေချိုတွင်းကို လက်လွတ်ခံရမည် မဟုတ်ပါ။ သူနှင့်တကွ သူ့ပရိသတ်ကြီးပါ ရာသက်ပန် သောက်သုံးသွားကြရမည် ဖြစ်ပေသည်။
မိမိကိုယ်တိုင် ဘုရားတစ်ဆူ သတ်မှတ်ထားသော နိဂဏ္ဌဆရာကြီးသည် သူ့တစ်သက်တာတွင် ဘုရားရှင်နှင့် တစ်ခါမျှ မျက်နှာချင်း မဆုံဘူးပေ။ တင့်တယ်လှစွာသော ရူပကာယကျက်သရေတော်ကို မဖူးမြင်ရပေ။ လွတ်မြောက်ရာ စခန်းဆီသို့ ကျွမ်းကျွမ်းကျင်ကျင် ပို့ဆောင်နိုင်သော ဒေသနာတော်ကို မကြားနာရဖူးချေ။ သူ့တပည့် ဒီဃတပဿီကား သူ့လို မဟုတ်ပေ။ ကျွန်ုပ်တို့ရှိရာသို့ ရံဖန်ရံခါ ရောက်လာတတ်၏၊ ဘုရားရှင်နှင့် စကားစမြည် ပြောဆိုတတ်၏၊
နောက်ဆုံးအခေါက် ရောက်လာစဉ်က ဘုရားရှင်နှင့် သူတို့ ဆွေးနွေးခဲ့ကြသည်မှာ ကံသုံးပါးဆိုင်ရာ ဖြစ်၏၊ ဤသည်မှာ ကျွန်ုပ်တို့ သာသနာ့ဝေါဟာရအားဖြင့် သုံးနှုန်းလိုက်ခြင်းသာ ဖြစ်၏၊ နိဂဏ္ဌဂိုဏ်းဝင် ဒီဃတပဿီကား ကျွန်ုပ်တို့ကဲ့သို့ သုံးနှုန်းခြင်း မပြုဘဲ....
"အရှင်ဂေါတမ၊ နိဂဏ္ဌဆရာကြီးသည် ကံဟူ၍ ဟောကြားလေ့မရှိပါ။ ဒဏ်ဟူ၍သာ ဟောကြားလေ့ရှိပါသည်" ဟု လျှောက်၏၊
ဘုရားရှင်သည် ဒီဃပတပဿီ၏ အဆိုကို လိုက်လျောတော်မူကာ.....
"တပဿီ၊ နိဂဏ္ဌဆရာကြီးသည် မကောင်းမှု ဖြစ်ပေါ်ရေးအတွက် အဘယ်မျှသော ဒဏ်တို့ကို သတ်မှတ်ပါသနည်း "
"ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ် ဟူ၍ ဒဏ်သုံးပါးကို သတ်မှတ်ပါသည်"
"ထိုဒဏ်သုံးပါးသည် အတူတူလော၊ တခြားစီလော"
"တခြားစီဖြစ်ပါသည်"
"တခြားစီဖြစ်သော ဤဒဏ်သုံးပါးတွင် ဘယ်ဒဏ်ကို အပြစ်အကြီးဆုံးဟူ၍ နိဂဏ္ဌဆရာကြီး သတ်မှတ်ပါသနည်း"
"ကာယဒဏ်ကို အပြစ်အကြီးဆုံးဟူ၍ သတ်မှတ်ပါသည်"
"တပဿီ၊ ကာယဒဏ်ဟု ဆိုပါသလား "
"အရှင်ဂေါတမ၊ ကာယဒဏ်ဟု ဆိုပါသည်"
အရေးကြီးသော အဆစ်အပိုင်းသို့ ရောက်လာပြီဖြစ်၍ ဘုရားရှင်က သုံးကြိမ်သုံးခါ ထပ်၍ မေးတော်မူပေသည်။
ဒီဃတပဿီကလည်း သုံးကြိမ်တိုင်တိုင်ပင် ဝန်ခံလျှောက်ထားကာ ဘုရားရှင်ကို တုံ့ပြန်၍ မေးမြန်းပေသည်။
"အရှင်ဂေါတမ၊ မကောင်းမှု ဖြစ်ပေါ်ရေးအတွက် အရှင်ဂေါတမသည် အဘယ်မျှသော ဒဏ်ကို သတ်မှတ်ပါသနည်း "
"တပဿီ၊ ငါဘုရားသည် ဒဏ်ဟူ၍ ဟောကြားလေ့မရှိပေ။ ကံဟူ၍သာ ဟောကြားလေ့ရှိပေသည်"
"သို့ဖြစ်လျှင် မကောင်းမှုဖြစ်ပေါ်ရေးအတွက် အရှင်ဂေါတမသည် အဘယ်မျှသော ကံကို သတ်မှတ်ပါသနည်း"
"ကာယကံ၊ ဝစီကံ၊ မနောကံဟူ၍ ကံသုံးပါးကို သတ်မှတ်ပေသည်"
"ကံသုံးပါးသည် အတူတူလော၊ တခြားစီလော"
"တခြားစီ ဖြစ်ပေသည်"
"တခြားစီဖြစ်သော ဤကံတို့တွင် ဘယ်ကံကို အပြစ်အကြီးဆုံးဟူ၍ အရှင်ဂေါတမ သတ်မှတ်ပါသနည်း "
"မနောကံကို အပြစ်အကြီးဆုံးဟူ၍ သတ်မှတ်ပေသည်"
"မနောကံဟု ဆိုပါသလား အရှင်ဂေါတမ"
"တပဿီ၊ မနောကံဟု ဆိုပေသည်"
ဒီဃတပဿီကလည်း ဘုရားရှင်ကဲ့သို့ ဤစကားကို သုံးကြိမ်သုံးခါ အတည်ပြုချက်ရယူ၏၊ ထို့နောက် ဤစကားကို ဆက်လက်၍ မဆွေးနွေးဘဲ ကျောင်းတော်မှ ပြန်သွားပေသည်။ သူ့ဆရာကြီးထံ တစ်ဆင့်တင်ပြရန် ဖြစ်ပေလိမ့်မည်။
တရားသဘောရေးရာ ကွာခြားမှုရှိသော်လည်း ဒီဃတပဿီသည် ဘုရားရှင်၏ အရှိန်အဝါကိုကား ကောင်းကောင်းအကဲခတ်မိ၏၊ ဘုရားရှင်၏ တရားသဘောကို လက်မခံနိုင်သေးသော်လည်း တင့်တယ်လှစွာသော ရုပ်သွင်တော်ကိုကား မဖူးဘဲ မနေနိုင်။ တစ်ကြိမ်တစ်ခါ ဖူးမြင်ပြီးနောက် ထပ်ကာထပ်ကာ ရောက်လာခြင်းက ဤအဖြစ်ကို သက်သေထူလျက်ရှိ၏၊ ထို့ပြင် ဦးတည်ထားရာသို့ မရောက်ရောက်အောင် ပို့ဆောင်နိုင်သော ဒေသနာစွမ်းအားကိုလည်း ရိပ်စားမိ၏၊ သို့ရာတွင် သူ့ခမျာ ဆရာဟောင်းနှင့် ပတ်ဝန်းကျင်ဟောင်းကို သံယောဇဉ် မပြတ်နိုင်ရှာပါ။ ထို့ကြောင့်ပင် စကားလက်စ မသတ်ဘဲ ကျောင်းတော်မှ ပြန်သွားရပေသည်။
ဤသို့ ကိုယ်တိုင်ကိုယ်ကြပ် လေ့လာဖူးသူက တားမြစ်ပါလျက် နိဂဏ္ဌဆရာကြီးသည် ဒါယကာရင်း ဥပါလိကို လွှတ်ပေးခဲ့၏၊ ယခင်တစ်ခါ အသိဗန္ဓကပုတ္တကို လွှတ်ခဲ့တုန်းကလည်း ဒါယကာတစ်ယောက် ဆုံးရှုံးခဲ့ဖူး၏၊ ဤသည်ကို အမှတ်သညာမထား၍လား။ သို့မဟုတ် ရွာသူကြီးထက် မြို့သားသူဌေးက စကားရေးသာမည်ဟု တွက်ဆ၍လား။ မည်သို့သော အမြော်အမြင်နှင့် လွတ်သည်ဖြစ်စေ ဥပါလိတစ်ယောက် ကျွန်ုပ်တို့ ကျောင်းတော် ရောက်လာခဲ့ခြင်းကား ကောင်းသော လာခြင်းပင် ဖြစ်ပေသည်။
ကောင်းသောလာခြင်းဖြင့် ရောက်လာခဲ့သော ဥပါလိသည် ဘုရားရှင့်ရှေ့တော်အရောက်တွင် အရိုအသေမပေးဘဲ မနေနိုင်။ ရှိခိုးဦးချမပြုဘဲ မနေနိုင်။ ရုပ်သွင်တော်ကို ဖူးမြင်ရရုံနှင့်ပင် အလိုလို ကိုင်းညွတ်ပြီးသား ဖြစ်သွားရ၏၊ ကိုင်းညွတ်သော လေသံဖြင့် ဒီဃတပဿီနှင့် ဆွေးနွေးခဲ့သော အကြောင်းအခြင်းရာများကို မေးလျှောက်၏၊ ဘုရားရှင်ကလည်း စောစောက ဆွေးနွေးခဲ့သော အကြောင်းခြင်းရာများကို ပြန်လည် မိန့်ကြားတော်မူလိုက်၏၊
"အရှင်ဘုရား၊ တပဿီ၏ တင်ပြချက်သည် ကောင်းလေစွ။ ဆရာကောင်း တပည့် ပီသပေစွ။ ကြီးမားလှသော ကာယဒဏ်နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ သေးနုပ်လှသော မနောဒဏ်သည် အဘယ်မှာ အရာရောက် ပါဦးမည်နည်း။ စင်စစ်အားဖြင့် မကောင်းမှု ဖြစ်ပေါ်ရေးတွင် ကာယဒဏ်သည်သာလျှင် အပြစ်အကြီးဆုံး ဖြစ်ပါပေသည်"
သူ့ဆရာကြီး၏ ဩဝါဒကို ယုံကြည်ချက်အပြည့်ဖြင့် လျှောက်ထားလိုက်၏၊ ဤတွင် ဘုရားရှင်က...
"အိမ့်ရှင် သူဌေး၊ စကားသစ္စာ တည်ကြည်ကြမည်ဆိုလျှင် ဤအကြောင်းခြင်းရာနှင့် ပတ်သက်၍ သင်နှင့်ငါတို့ ဆွေးနွေးရန် ရှိပေသည်"
"အရှင်ဘုရား၊ တပည့်တော်သည် စကားသစ္စာ တည်ကြည်စွာ ရှိပါမည်"
ဤသို့ ဝန်ခံကတိ ထားခဲ့သည့်ကြားကပင် ဥပါလိသည် နှစ်ကြိမ်တိုင်တိုင် ပြောင်ငြင်းခဲ့သေး၏၊ ရှောင်၍ တိမ်း၍ မရနိုင်တော့သော အခြေအနေရောက်ပါလျက်နှင့် ဝန်ခံချက် မပေးဘဲ နေခဲ့၏၊ "ဤသို့ နေခဲ့ခြင်းမှာ ဘုရားရှင်ကို မကြည်ညို၍ မဟုတ်ပါ။ ဟောကြားသော တရားတော်ကို လက်မခံနိုင်၍ မဟုတ်ပါ။ ချက်ကျလက်ကျ တင်ပြတော်မူသော ဥပမာများကို ထပ်ကာထပ်ကာ ကြားနာလို၍သာ ဖြစ်ပါသည်" ဟု ဥပါလိက လျှောက်ထားခဲ့ပေသည်။
ဥပါလိ နှစ်သက်စွာ ကြားနာခဲ့ရသော ဥပမာများအနက်မှ တစ်ခုကို ဖော်ပြရသော်....
"အိမ့်ရှင်သူဌေး၊ နိဂဏ္ဌဆရာကြီးသည် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ မုသားပြောဆိုခြင်း၊ ကာမဂုဏ်ငါးပါးခံစားခြင်းတို့မှ ရှောင်ကြဉ်လျက် စတုယာမ သံဝရအကျင့်ကို ကျင့်၏၊ နည်းမျိုးစုံဖြင့် မကောင်းမှုကို တားမြစ်၏၊ ထိုဆရာကြီးသည် အမှတ်တမဲ့ သွားလာရင်း သေးငယ်လှစွာသော သက်ရှိသတ္တဝါများကို နင်းခြေမိ၏၊ သတ်ဖြတ်မိ၏၊ ဤအမှုအတွက် နိဂဏ္ဌဆရာကြီးသည် မည်သို့သော အကျိုးတရားကို သတ်မှတ်ပေးပါသနည်း"
"အရှင်ဘုရား၊ နိဂဏ္ဌဆရာကြီးသည် စိတ်စေတနာမပါဘဲ အမှတ်တမဲ့ ဖြစ်သွားမိသော အမှုကို အပြစ်ကြီးသည်ဟု မသတ်မှတ်ပါ ဘုရား "
"အိမ့်ရှင်သူဌေး၊ အကယ်၍ စိတ်စေတနာ ပါခဲ့လျှင်ကော"
"အရှင်ဘုရား၊ စိတ်စေတနာ ပါရိုးမှန်လျှင် အပြစ်ကြီးပါသည် ဘုရား"
"စိတ်စေတနာကို နိဂဏ္ဌဆရာကြီးသည် မည်သည့်ဒဏ်မှာ သတ်မှတ်ပါသနည်း"
"မနောဒဏ်မှာ သတ်မှတ်ပါသည် ဘုရား"
ဤသို့ဖြင့်ပင် ဥပါလိ၏ မာနတံခွန် လျှောကျခဲ့ရပေသည်။ မာနမကူကြည်ဖြူသော စိတ်နှလုံးဖြင့် ဆက်လက်ကြားနာရသဖြင့် ဥပါလိ ဟူသော အမည်ဖြင့် အရိယာတစ်ယောက် စာရင်းတိုးလာရပေသည်။
(မဇ္ဈိမပဏ္ဏာသ၊ ဥပါလိသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
အမျိုးခြောက်ပါး ခွဲခြားရာတွင်
မကောင်းမှုကို ပယ်စွန့်ရန်ဟူသော ဦးတည်ချက်ဖြင့် နိဂဏ္ဌဆရာကြီး၏ ဝါဒသည် ကျွန်ုပ်တို့သာသနာတော်ကြီးနှင့် တစ်စိတ်တစ်ဒေသ တူညီကြောင်း တစ်နေရာမှာ တင်ပြခဲ့ပြီ ဖြစ်၏၊ ထို့ပြင် နိဂဏ္ဌဂိုဏ်းဝင်များသည်လည်း ကျွန်ုပ်တို့နှင့် အဆက်အဆံ၊ အထိအတွေ့များကြ၏၊ ထို့ကြောင့် ထိုဂိုဏ်းနှင့် ပတ်သက်သော ဖြစ်ရပ်ဇာတ်လမ်းများကို တော်တော်စုံအောင် ပြလိုက်ရပေသည်။
အခြားသော ဂိုဏ်းဂဏများမှာမူ ကျွန်ုပ်တို့နှင့် တူညီသော သဘောဟူ၍ မရှိပါ။ သို့သော် သူတို့သည် ကျွန်ုပ်တို့နှင့်အတူ ဤမြေ ဤရေကိုပင် အခြေခံကာ မိမိယုံကြည်ရာ သာသနာကို ပြုစုပျိုးထောင်နေကြ၏၊ ထို့ကြောင့်ပင် အယူဝါဒတူပါဘဲလျက် သူတို့နှင့် ကျွန်ုပ်တို့ တွေ့ကြုံဆုံစည်းကြရ၏၊ ပုဂ္ဂိုလ်ချင်း တွေ့ဆုံမှုနောက်ဝယ် တရားသဘောချင်း နှီးနှောဖလှယ်မှုက ထပ်ကြပ်မကွာ လိုက်ပါလာ၏၊ ဤသို့ နှီးနှောရာမှ ကြားနာခဲ့ရသော အယူဝါဒ တစ်ရပ်ကို ရှေ့တော်မှောက်မှာ ကျွန်ုပ် လျှောက်ထားခဲ့ဖူးပေသည်။
"အရှင်ဘုရား၊ ပူရဏကဿပ ဆရာကြီးသည် အမည်းမျိုး၊ အညိုမျိုး၊ အနီမျိုး၊ အဝါမျိုး၊ အဖြူမျိုး၊ အထူးအဖြူမျိုးဟူ၍ အမျိုးခြောက်ပါးကို ခွဲခြားသတ်မှတ်ပါသည်"
"ထိုခြောက်မျိုးတို့တွင် မုဆိုး၊ တံငါ၊ ခိုးသူ၊ ခိုးသူသတ်၊ ထောင်အမှုထမ်းများမှ စ၍ ရုန့်ရင်းကြမ်းတမ်းသော အမှုများ ပြုရသူများကို အမည်းမျိုးဟု သတ်မှတ်ပါသည်"
"အသက်မွေးမှု ပင်ပန်းဆင်းရဲသော ရဟန်းများနှင့် ကမ္မဝါဒသမားများကို အညိုမျိုးဟု သတ်မှတ်ပါသည်"
"အရှက်လုံရုံမျှ အဝတ်စကလေးကို ခါးရှေ့မှာ တွဲလွဲချထားသော နိဂဏ္ဌများကို အနီမျိုးဟု သတ်မှတ်ပါသည်"
"အဝတ်မပါသော တက္ကဒွန်းများ၏ တပည့်ဖြစ်သော ရပ်သူရွာသားများကို အဝါမျိုးဟု သတ်မှတ်ပါသည်"
"အာဇီဝက အနွယ်ဝင် ယောကျ်ား မိန်းမများကို အဖြူမျိုးဟု သတ်မှတ်ပါသည်"
"ဝစ္ဆအနွယ်ဖွား နန္ဒ၊ သံကိစ္စအနွယ်ဖွား ကိသနှင့် မက္ခလိဂေါသာလတို့ကို အထူးအဖြူမျိုးဟု သတ်မှတ်ပါသည် ဘုရား "
နောက်ဆုံးစာရင်းမှာပါသော နန္ဒနှင့် သံကိစ္စတို့မှာ ပူရဏဆရာကြီး၏ အသင်းအပင်းထဲက ဖြစ်ပါသည်။ မက္ခလိဂေါသာလ ဆရာကြီးသည်လည်း သူနှင့် ဝါဒချင်းတူသူ ဖြစ်ပါသည်။ ကောင်းတာလုပ်လုပ် မကောင်းတာလုပ်လုပ် ကုသိုလ် အကုသိုလ် မဖြစ်ဟူသော အယူဝါဒရှင်ကြီးပင် ဖြစ်ပါသည်။ သူ့ဝါဒနှင့် ဆင်တူ၍ သူကြည်ဖြူသော ပုဂ္ဂိုလ်များ ဖြစ်နေသောကြောင့်ပင် အထူးအဖြူမျိုးထဲထည့်ထားပုံကို သဘောပေါက်သင့်ပါသည်။
ဤအမျိုးခြောက်ပါးကို သတ်မှတ်ထားခြင်းဖြင့် ကျွန်ုပ်တို့အဖို့ အကျိုးကျေးဇူး တစ်စုံတစ်ရာ ဖြစ်လာရန် မရှိပါ။ သို့ရာတွင် ဤအမျိုးခြောက်ပါးကို ရှေ့တော်မှောက်တွင် လျှောက်ထားလိုက်ခြင်းမှာကား သာသနာတော်ကြီး တစ်ခုလုံးအတွက် အကျိုးကျေးဇူး ကြီးမားလှပေသည်။
"အာနန္ဒာ၊ ဤသို့ အမျိုးခြောက်ပါး သတ်မှတ်ရန် ပူရဏပဿပအား ကမ္ဘာလောကကြီးတစ်ခုလုံးက ခွင့်ပြုထားပါသလော"
ကျွန်ုပ်၏ လျှောက်ထားချက်ကို ဤသို့ တုန့်ပြန်တော် မူလိုက်ခြင်းကပင် ဒေသနာတော်တစ်ပုဒ်ကို စတင်လိုက်ခြင်းဖြစ်၍ ကျွန်ုပ်က ခွင့်ပြုမထားပါဘုရား ဟု ဝမ်းပန်းတသာ လျှောက်ထားလိုက်ရ၏၊
"အာနန္ဒာ၊ လှည်းသမားများ ခရီးသွားရင်း နွားသေရာတွင် နွားရှင်အား နွားသစ်ဝယ်ရာ၌ အထောက်အကူဖြစ်စေရန် ကျန်လူများက နွားသေကို ဖျက်ကာ ဝေစုခွဲ၍ ဝယ်ယူကြရ၏၊ ဤတွင် ဝယ်စရာကြေးငွေ မတတ်နိုင်၍ ငြင်းပယ်နေသောသူအားလည်း အတင်းအကျပ် ဝေစုခွဲ၍ ပေးတတ်ကြ၏၊ ပူရဏကဿပ၏ အမျိုးခြောက်ပါး သတ်မှတ်ခြင်းမှာလည်း ဤသို့သာ ဖြစ်၏၊ သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ခွင့်ပြုချက်မရဘဲ မိမိသဘောသက်သက်မျှဖြင့် သတ်မှတ်ထားခြင်း ဖြစ်၏"
"အာနန္ဒာ၊ ငါ ဘုရား သတ်မှတ်သော အမျိုးခြောက်ပါးကို ကောင်းမွန်စွာ နာယူပေလော့။ ငါ ဘုရား ဟောကြားအံ့"
"ကောင်းပါပြီ အရှင်ဘုရား"
"အာနန္ဒာ၊ အမည်းပေါ်မှာ အမည်းဆင့်သော အမည်းမျိုး၊ မည်းရာမှ ဖြူလာသောအမျိုး၊ မည်းရာမှ အမည်းအဖြူလွတ်ရာ နိဗ္ဗာန်ရောက်သောအမျိုး၊ ဖြူရာမှ မည်းလာသောအမျိုး၊ အဖြူပေါ် အဖြူဆင့်သော အမျိုး၊ ဖြူရာမှ အမည်းအဖြူလွတ်ရာ နိဗ္ဗာန်ရောက်သောအမျိုးဟူ၍ အမျိုးခြောက်ပါး သတ်မှတ်ထားပေသည်"
"အာနန္ဒာ၊ ဤလောက၌ အချို့သောသူသည် ဆင်းရဲနွမ်းပါးသော အမျိုး၍ လူဖြစ်လာရ၏၊ အရုပ်ဆိုးသော အကျည်းတန် ဖြစ်ရ၏၊ ထိုသူသည် မပြုထိုက်သေ ဒုစရိုက်အမှုတို့ကို ပြုသောအားဖြင့် အမည်းပေါ်မှာ အမည်းဆင့်သော အမျိုးထဲပါဝင်ရ၏"
"ထိုကဲ့သို့သော သူသည် ပြုထိုက်သော သုစရိုက်အမှုတို့ကို ပြုသောအားဖြင့် မည်းရာမှ ဖြူလာသော အမျိုးထဲ ပါဝင်ရ၏"
"အချို့သောသူသည် ချမ်းသာကြွယ်ဝသော အမျိုး၌ လူဖြစ်လာရ၏၊ ရှုချင်စဖွယ် တင့်တယ်ထည်ဝါသော ကိုယ်ခန္ဓာရှိ၏၊ ထိုသူသည် မပြုထိုက်သော ဒုစရိုက်များကို ပြုသောအားဖြင့် ဖြူရာမှ မည်းလာသော အမျိုးထဲ ပါဝင်ရ၏"
"ထိုကဲ့သို့သော သူသည် ပြုထိုက်သော သုစရိုက်များကို ပြုသောအားဖြင့် အဖြူပေါ် အဖြူဆင့်သော အမျိုးထဲ ပါဝင်ရ၏"
"ထိုကဲ့သို့သော သူသည် သာသနာ့ဝန်ထမ်း ရဟန်းပြုကာ နည်းမှန်လမ်းကျ ကျင့်သုံးခြင်းဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရ၏၊ ထိုသူသည် အမည်းအဖြူလွတ်ရာ နိဗ္ဗာန်ရောက်သော အမျိုးထဲ ပါဝင်ရပေသည်"
ပူရဏကဿပဆရာကြီး၏ အမျိုးခြောက်ပါး ခွဲခြားနည်းမှ လမ်းခွဲကာ တစ်မျိုးတစ်ဖုံ ခွဲခြား၍ ပြတော်မူလိုက်ခြင်း ဖြစ်ပေသည်။ ဦးတည်ချက်မရှိသော ခွဲခြားနည်း၏ နေရာတွင် ဦးတည်ချက် အခိုင်အမာရှိသော ခွဲခြားနည်းကို အစားထိုး၍ ပေးတော်မူလိုက်ခြင်း ဖြစ်ပေသည်။
လောကလူသား အများစု၏ အလိုအရ ဆင်းရဲနွမ်းပါးခြင်း၊ အရုပ်ဆိုးအကျည်းတန် ဖြစ်ရခြင်းမှာ အလိုမရှိအပ်သော မနှစ်သက်အပ်သောကြောင့် အမည်းဟု ဆိုရ၏၊ ချမ်းသာကြွယ်ဝခြင်း၊ ရုပ်ဆင်းအင်္ဂါ လှပခြင်းတို့ကား အလိုရှိအပ်၊ နှစ်သက်အပ်သောကြောင့် အဖြူများ ဖြစ်ကြ၏၊
ဤသို့အားဖြင့် လူတစ်ယောက်၏ မည်းခြင်းဖြူခြင်းကို လောကသဘောအရ ပစ္စည်းဥစ္စာဖြင့် သတ်မှတ်ထား၏၊ အဆင်းရုပ်ဝါဖြင့် ခွဲခြားထား၏၊ ဤခွဲခြားနည်းသည် လောကလူသား အများစု၏ သဘောထားအပေါ် အခြေပြုလျက်ရှိ၏၊ ပူရဏကဿပဆရာကြီးကဲ့သို့ အခြားသော ဂိုဏ်းဂဏများ၊ အခြားသော ဝါဒရှင်များ၏ အမည်နာမကို တပ်မထားသဖြင့် ပုဂ္ဂလဓိဋ္ဌာန်သဘောကင်းစင်နေ၏၊
ဗုဒ္ဓမြတ်စွာ၏ ခွဲခြားနည်းအရ ကံအားလျော်စွာ အမည်မျိုးမှာ ဖြစ်လာရသော လူများအတွက်လည်း စိတ်ပျက်အားငယ်ရန် မရှိပါချေ။ မည်မျှပင် မည်းညစ်သော ဘဝကို ရောက်နေစေကာမူ ပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ်များကို ကြိုးစား၍ပြုလျှင် ဖြူစင်သောဘဝသို့ ရောက်နိုင်ပေသည်။ ထို့ထက် စွမ်းနိုင်လျှင် အမည်းအဖြူကင်းရာ နိဗ္ဗာန်တရားတော်ကိုပင် မျက်မှောက်ပြုနိုင်ပေသည်။
ထို့အတူပင် ကံကောင်းထောက်မ၍ အဖြူမျိုးမှာ လူဖြစ်လာသူများလည်း ငါတကောကောရန် မရှိချေ။ မည်မျှပင် ဖြူစင်သောဘဝသို့ ရောက်နေစေကာမူ မပြုသင့် မပြုထိုက်သော မကောင်းမှု အကုသိုလ်များကို ပြုမှားမိလျှင် မည်းညစ်သော ဘဝသို့ ချက်ချင်းလက်ငင်း ရောက်သွားတော့၏၊ ဖြူစင်သော ဘဝကလေးကို ရနေသည့်အခိုက် ပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ်များကို ပြုပါမှ အဖြူပေါ်အဖြူဆင့်နိုင်ကြပေလိမ့်မည်။ ထို့ထက် စွမ်းနိုင်ပါလျှင် အမည်းအဖြူမှ လွတ်ရာနိဗ္ဗာန်ကို မျက်မှောက်ပြုသောအားဖြင့် မြင့်မြတ်သော သာသနာတော်မှာ အပါလိုက်နိုင်ကြမည် ဖြစ်ပေသည်။
အမျိုးခြောက်ပါးခွဲခြားရာတွင် ဘုရားရှင်သည် ဦးစွာပထမ လောကသဘောကို လိုက်လျော၍ ပေးတော်မူလိုက်၏၊ ထို့နောက်မှ လောကသဘောကို ဓမ္မသဘောဖြင့် ထိန်းကွပ်၍ ထားတော်မူပုံမှာ လေးနက်လှပါပေသည်။
(အင်္ဂုတ္တရ၊ ဆက္ကနိပါက် ဆဠာဘိဇာတိသုတ်)
ကျွန်ုပ် အနှစ်သက်ဆုံးသော ဓမ္မလက်ဆောင်တစ်ခုကို ပူရဏကဿပဆရာကြီး၏ အမျိုးခြောက်ပါး ခွဲခြားနည်းနှင့် ဆက်စပ်၍ ဘုရားရှင်ထံတော်မှ ကျွန်ုပ်ရရှိခဲ့၏၊ ဤလက်ဆောင်ကို ပေးတော်မူရာတွင် ဘုရားရှင်သည် ပူရဏကဿပဆရာကြီး၏ ဝါဒကို ဝေဖန်တော်မူခဲ့၏၊ ဤသို့ ဝေဖန်တော်မူခြင်းမှာ ပူရဏကဿပဆရာကြီး၏ ဝါဒတစ်ခုကို ကျွန်ုပ်က ပိုင်းပိုင်းခြားခြား မလျှောက်ထားဘဲ ဝါဒအားလုံးကို သိမ်းကျုံး၍ လျှောက်ထားရာတွင်ကား ဝေဖန်မှု ပြုတော်မမူပါ။
သည်တစ်ခါ သာသနာ့ပြင်ပက ဝါဒများကို သယ်ဆောင်လာသူကား ကျွန်ုပ်မဟုတ်ပါ။ ကြောင်ကြောင်ကြားကြား အသားအရေရှိသော "ကောစ္ဆ" ဟူသော ပုဏ္ဏားတစ်ယောက်သည် ကျွန်ုပ်တို့ရှိရာ ဇေတဝန်ကျောင်းတော်သို့ ရောက်လာလျက်....
"အရှင်ဘုရား၊ ပူရဏကဿပ၊ မက္ခလိဂေါသာလ စသော ဆရာကြီးများ၏ ဝါဒများသည် သံသရာမှ လွတ်မြောက်ကြောင်း ဟုတ်သည် မဟုတ်သည် ခွဲခြား၍ မိန့်ကြားတော်မူပါ ဘုရား"
ဘုရားရှင့်ရှေ့တော်မှောက် ဝင်ရောက်လျက် သူသိလိုရာကို မေးလျှောက်လိုက်၏၊ သင်္ကန်းရောင် ထိန်ထိန်ဝင်းသော သာဝတ္ထိမြို့တော်ကြီးမှာ ထိုဆရာကြီး၏ တပည့်သာဝကများလည်း ရှိနေကြသည်သာ။ ဤပုဏ္ဏားသည် ထိုပုဂ္ဂိုလ်များနှင့် သူ့ဘက်ကိုယ့်ဘက် အနိုင်အထက် ငြင်းခုံရာမှ ဘုရားရှင်ထံ စစ်ကူတောင်းရန် ရောက်လာဟန် တူပေသည်။ ငြင်းခုံမှုကို ဝေးဝေးကရှောင်ရှားတော်မူသော ဘုရားရှင်သည် ပုဏ္ဏား၏ လျှောက်ထားချက်ကို လက်ခံတော်မမူဘဲ....
"ပုဏ္ဏား၊ ဤစကားများကို ထားပါတော့။ သင့်ကို ငါဘုရား တရားဟောအံ့။ တရားကိုသာ ကောင်းမွန်စွာ နာကြားပေတော့။ နှလုံးသွင်းပေတော့"
ဤသို့ စကားလမ်းကြောင်းပြောင်းတော်မူကာ တရားတစ်ပုဒ်ကို ဟောထုတ်တော်မူပေသည်။
ထိုနေ့က ဟောတော်မူသော တရားတော်မှာ ဥပမာအဆင့်ဆင့် ငါးခုမျှပါဝင်၏၊ ဥပမာအဆင့် ငါးဆင့်သည် သစ်ပင်ပေါ်မှာချည်း အခြေခံထား၏၊ ပထမဦးစွာ ကိုင်းဖျားကိုင်းနား၊ ထို့နောက် အပွေး၊ အခေါက်၊ အကာနှင့် အနှစ်တို့ အစဉ်အတိုင်း ပါရှိ၏၊
ဤဥပမာ ငါးဆင့်ကို ဥပမေယျ ငါးဆင့်နှင့် ယှဉ်လိုက်သောအခါ...
ကိုင်းဖျားကိုင်းနားနှင့် ဘုန်းကြီးခြင်း။
အပွေးနှင့်သီလ။
အခေါက်နှင့် သမာဓိ။
အကာနှင့် အောက်မဂ်၊ အောက်ဖိုလ်။
အနှစ်နှင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်။
အနှစ်ကို အလိုရှိသော ယောကျ်ားသည် ကိုင်းဖျားကိုင်းနား၊ အပွေးအခေါက်နှင့်အကောက်တို့မှာပင် တင်းတိမ်မနေဘဲ အနှစ်ထိအောင် ထွင်းဖောက်၍ ယူရဘိသကဲ့သို့
သာသနာ့ဝန်ထမ်း ရဟန်းဘောင်တက်လာသူတို့သည်လည်း ဘုန်းကြီးခြင်း၊ သီလစင်ကြယ်ခြင်း၊ သမာဓိတည်ကြည်ခြင်းနှင့် အောက်မဂ်၊ အောက်ဖိုလ်ဖြင့် တင်းတိမ်အားရ၍ မနေကြဘဲ အရဟတ္တဖိုလ်အရောက် ထွင်းဖောက်နိုင်ကြရမည်ဖြစ်ကြောင်း ဟောကြားတော်မူပေသည်။
အရဟတ္တဖိုလ် အထွတ်တပ်ထားသော ဤဒေသနာတော်သည် အခြေခံဉာဏ်ပညာ မရင့်မာသေးသော ပုဏ္ဏအဖို့ သရဏဂုံ တည်ရုံမျှသာ စွမ်းဆောင်နိုင်ပေသည်။
(မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ စူဠသာရောပမသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
အကျင့်ထဲမှာ အသိပါပါစေ
တရားကျင့်သုံးရေးနှင့် ပတ်သက်၍ တက်တက်ကြွကြွ လုံ့လဝီရိယရှိကြစေရန် ဘုရားရှင် မကြာခဏ မိန့်မှာတော်မူခဲ့၏၊ ကျူပင် ကျူရိုးနှင့် ဆောက်လုပ်ထားသော တဲအိမ်ကို ဆင်ပြောင်ကြီးသည် စိစိညက်ကြေ နင်းချေဘိသကဲ့သို့ ကိလေသာတည်းဟူသော ရန်စွယ်အပေါင်းကိုလည်း မကြောက်မရွံ့ နောက်မတွန့်သော လုံ့လဝီရိယဖြင့် နင်းချေဖျက်ဆီးကြရန် တိုက်တွန်းတော်မူခဲ့၏၊ ဤသို့ တိုက်တွန်းတော်မူသဖြင့် ကျွန်ုပ်တို့ သာသနာ့ဘောင်ဝယ် အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ပေါက်၍ လာပေသည်။ ပိတ်ဆို့ကာဆီးတတ်သော တရားဟူသမျှမှ လွတ်လွတ်ကျွတ်ကျွတ်ကြီး ရုန်းထွက်နိုင်ကြသော လောကုတ္တရာ သူရဲကောင်းတွေ များပြား၍လာပေသည်။
ဤတွင် တစ်ခုမေးရန် ရှိလာပါသည်။ မတွန့်မဆုတ် မတုန်လှုပ်သော လုံ့လဝီရိယဖြင့် တရားအားထုတ်သူတိုင်း လွတ်ရေးကျွတ်ရေး ရကြသလောဟု စောကြောရန် ရှိလာပါသည်။ ဤသို့စောကြောလာပါက လွတ်သူကျွတ်သူရှိသလို မလွတ်ကျွတ်သူများလည်း ရှိနေပါသည်ဟု ဟုတ်တိုင်းမှန်စွာ အဖြေပေးရပါလိမ့်မည်။
ထိုအဖြေပေါ်မှာမှ တစ်ဖန် "လုံ့လစိုက်တာချင်းတူပါလျက် အဘယ့်ကြောင့် အချို့က တစ်လစ် ကျန်ရစ်ပါသနည်း" ဟု ထပ်ဆင့်၍ မေးလာပါမူ "အကျင့်ထဲမှာ အသိမပါ၍" ဟု ဖြေကြားရပါလိမ့်မည်။
မှန်ပါသည်။ အရိုးကြေကြေ အရေခန်းခန်း မတွန့်တမ်း၊ မဆုတ်တမ်း အားထုတ်ကြသူများမှာ ကျွန်ုပ်တို့ သာသနာတော်တွင်းမှာသာ ရှိသည်မဟုတ်ပါ။ အပြင်ဘက်မှာလည်း အမြောက်အမြား ရှိနေပါသည်။ လုံ့လဝီရိယအရာမှာ ကျွန်ုပ်တို့ သာသနာ့ဝန်ထမ်းများထက် သာသည်ဟူ၍ပင် ဆိုနိုင်ပါသေးသည်။ သာမန်လူသားတို့ ခံစားနိုင်စွမ်း မရှိသော ဆင်းရဲဒုက္ခများကို ခံစား၍ ဇွဲတင်းတင်းနှင့် အပြင်းအထန် အားထုတ်နေကြသူများ ရှိပါသည်။ စောစောက အခန်းများတုန်းက တင်ပြခဲ့သော နိဂဏ္ဌရဟန်းများသည် အပြင်းအထန်အားထုတ်မှုတွင် စံနမူနာ တင်ရသူများ ဖြစ်ကြပေသည်။
တကယ်တော့ဖြင့် သူတို့သည် ရှာမှ ရှားသော ပုဂ္ဂိုလ်များ ဖြစ်ကြ၏၊ သက်သောင့်သက်သာ ထည်ထည်ဝါဝါ နေလိုကြသော လောကအလယ်မှာ သူတို့က ပင်ပန်းမှုကိုမှ တမင်တကာ ရှာကြံကြ၏၊ အဝတ် သင်္ကန်းမှာ ကြမ်းပေ့ ညံ့ပေ့ ဆိုသည်ကိုမှ ကြံဖန်၍ဝတ်ကြ၏၊ သူတို့ထက် အဆင့်အတန်းမြင့်သူများကား အဝတ်မပါ၊ ကိုယ်တုံးလုံး နေကြ၏၊ အစားအသောက်မှာလည်း ကြမ်းပေ့ ညံ့ပေ့ဆိုသည်ကိုမှ ရှာကြံ၍ စားကြ၏၊ ထိုသို့သော အစားမျိုးကိုပင် အငတ်ခံ၍ ကျင့်ကြသေး၏၊ ဒုက္ခမျိုးစုံကို ဇွဲတင်းတင်းနှင့် ပြင်းပြင်းထန်ထန် အားထုတ်ပုံများကို ကျွန်ုပ်၏ ပရိသတ်များ တွေ့ဖူးမြင်ဖူးကြပြီးဖြစ်၍ လုံးစေ့ပတ်စေ့ တင်ပြမနေလိုပါ။ သည်အကြောင်းများကို တင်ပြခြင်းဖြင့် ပီတိသောမနဿ ဖြစ်စရာလည်း မရှိပါ။ ထို့ကြောင့် သူတို့နှင့် ပတ်သက်၍ ဘုရားရှင် ဟောကြားတော်မူခဲ့သော ဒေသနာတော် တစ်ပုဒ်ကိုသာ တင်ပြပါတော့မည်။
ဤဒေသနာတော်ကို ဦးစွာပထမ ဟောကြားသည့် ဌာနကား ဂိဇ္ဈိကုဋ်တောင် ဖြစ်ပေသည်။ ဤတောင်၏ တောင်ထွဋ်များသည် လင်းတခေါင်းနှင့် တူသဖြင့် ဤနာမည် တွင်နေခြင်းဖြစ်၏၊ ဤတောင်မှာ သစ်ပင်တောတောင် မထူထပ်၍ လူသွားလူလာ မရှိသလောက်ဖြစ်၏၊ တောင်ယာပဲခင်း လုပ်ကိုင် စား၍လည်း မဖြစ်နိုင်။ ထို့ကြောင့် သာသနာ့ဝန်ထမ်း ရဟန်းတို့၏ သီးသန့်နေရာသဖွယ် ဖြစ်နေပေသည်။ လူသူပရိသတ် ကင်းဆိတ်ရာ၌ အေးချမ်းစွာ နေတော်မူလိုလျှင် ဘုရားရှင်သည် ထိုနေရာသို့ ကြွတော်မူနေကျဖြစ်၏၊ ဤသို့ ကြွတော်မူ၍ပင် ကျွန်ုပ်တို့အားလုံး ယူကျုံးမရ ဖြစ်ကြရသော ကိစ္စကြီးတစ်ခုကိုကား သူ့အခန်းကျမှ တင်ပြရပါဦးမည်။
ဂိဇ္ဈိကုဋ်တောင်အနီးဝယ် ဣသိဂိလိမည်သော တောင်တစ်လုံးလည်း ရှိ၏၊ ထိုတော်၏ လိုဏ်ဂူတစ်ခုထဲသို့ တောနေရသေ့ရဟန်းများ ဝင်ရောက်ကြရာတွင် အဝေးမှ ကြည့်နေသူများအဖို့ တောင်ကြီးက ရသေ့ရဟန်းများကို မျိုနေကြသကဲ့သို့ ထင်ကြရ၏၊ ထို့ကြောင့် ထိုတောင်ကို ဣသိဂိလိဟု အမည်ပေးထားကြ၏၊ ထိုတောင်ခြေရှိ နက်မှောင်သော ကျောက်ဖျာကြီးပေါ်မှာကား တစ်ဖက်စွန်းရောက် ပုဂ္ဂိုလ်များ ရှိနေကြသည်။
နိဂဏ္ဌဂိုဏ်းဝင်ဖြစ်သော ထိုရဟန်းတို့သည် ထိုင်ခြင်းဣရိယာပုတ်ကို လုံးဝ ပယ်စွန့်ကာ မတ်တတ်ရပ်လျက်သာ နေကြ၏၊ ဣရိယာပုတ် မပြောင်းမရွှေ့ရသဖြင့် ပြင်းစွာသော ဒုက္ခဝေဒနာများကို ခံစားနေရ၏၊ သို့သော် ဒုက္ခကို သူတို့ မညည်းညူကြပေ။ အနာခံမှ အသာစံရမည်ဟု နာဋပုတ္တဆရာကြီး ဟောပြထားသည့်အတိုင်း ဒုက္ခခံစားရေး ကျင့်စဉ်ကို ဇွဲကောင်းကောင်းနှင့် ကျင့်လျက်ရှိကြပေသည်။ ဤသို့ ဆင်းရဲကြီးစွာ ဝေဒနာခံစား၍ ကျင့်ခြင်းဖြင့် ဘဝ ဘဝကပါလာသော ကံဟောင်းများကို ချေဖျက်ရန် ဖြစ်ပေသည်။
တစ်ဖက်စွန်းရောက်ပုဂ္ဂိုလ်များရှိရာသို့ ညချမ်းအခါမှာ ဘုရားရှင်ကြွသွားတော်မူခဲ့၏၊ ဆရာ့စကားကို လှေနံဓားထစ် မှတ်ယူထားသော ထိုရဟန်းတို့အား မေးခွန်းများ ထုတ်တော်မူခဲ့၏၊
"ငါ့ရှင် နိဂဏ္ဌတို့၊ သင်တို့သည် ရှေးရှေးဘဝများမှာ မုချဧကန် ဖြစ်ခဲ့ဖူးကြသည်ဟု ကိုယ့်ကိုယ်ကို သိနိုင်ကြကုန်သလော"
"အရှင်ဂေါတမ၊ ငါတို့ မသိနိုင်ကြပါ"
တရားရေးရာ အယူအဆ မတူညီကြသော်လည်း ပုဂ္ဂိုလ်ရေးအရ ဘုရားရှင်ကို လေးစားကြသဖြင့် ဟုတ်တိုင်းမှန်စွာ ဖြေကြားကြပေသည်။
"ငါ့ရှင် နိဂဏ္ဌတို့၊ သင်တို့သည် ရှေးရှေးဘဝများတုန်းက မကောင်းသော ကံများကို ဧကန်မုချ ပြုခဲ့ဖူးသည်ဟု သင်တို့ကိုယ်တိုင် သိနိုင်ကြကုန်သလော"
"ငါတို့ မသိနိုင်ကြပါ"
"ဤသို့ ဆင်းရဲကြီးစွာ ခံစားသော အကျင့်ဖြင့် မကောင်းသောကံတွေ မည်ရွေ့မည်မျှ ချေဖျက်ပြီးပြီ။ နောက်နောင် ချေဖျက်စရာကံတွေ မည်မျှလောက် ကျန်သေးသည်။ မည်မျှလောက်ကံတွေကို ချေဖျက်ပြီးလျှင် ဒုက္ခဇာတ်သိမ်း ချုပ်ငြိမ်းမည်ဟု သင်တို့ သိနိုင်ကြကုန်သလော"
"ငါတို့ မသိနိုင်ကြပါ"
"နောင်ခါကာလ နောင်ဘဝကို ရည်စူး၍ မကောင်းမှုကို ချေဖျက်နေသော သင်တို့သည် ယခု မျက်မှောက်ဘဝမှာပင် မကောင်းမှုတို့ ပျောက်ကင်းခြင်းကို သိနိုင်ကြကုန်သလော။ ကောင်းမှု၏ ပြည့်စုံခြင်းကို သိနိုင်ကြကုန်သလော"
"မသိနိုင်ကြပါ အရှင်ဂေါတမ"
မေးလေသမျှကို နိဂဏ္ဌတို့က ခေါင်းယမ်း၍သာ ဖြေကြပေသည်။ ဤသို့အားဖြင့် သူတို့၏ အကျင့်များသည် မှောင်ထဲသို့ ရမ်း၍ ခဲပစ်သူနှင့်မခြားတော့ပါ။
ဤမေးခွန်းများကို အကြောင်းပြုကာ ဘုရားရှင်က ဘဝသံသရာကို ပစ်ပယ်သည်။ ကံကို ပစ်ပယ်သည်ဟု ကောက်ချက် မချမိကြရန် သတိပြုကြစေလို၏၊ မစ္ဇျိမပဋိပဒါ ဟူသော လမ်းစဉ်ကို ဘုရားရှင် ချမှတ်တော်မူခဲ့၏၊ ထိုလမ်းစဉ်ပါ ဉာဏ်အမြင်ဖြင့် ရှုမြင်ပါသော် ယခု ဘဝကြုံလေသမျှ ရှေးကံကြောင့်ချည်းဟု ရှေးကံကို တစ်ထစ်ချ စွဲယူထားခြင်းသည်လည်းကောင်း၊ ပစ်ပယ်ခြင်းသည်လည်းကောင်း တစ်ဖက်စွန်းရောက် တရားများသာ ဖြစ်နေ ကြပေသည်။
ဤမေးခွန်းများ ထုတ်တော်မူရခြင်းမှာ ကိုယ်တိုင် မသိပါဘဲလျက် ပြောသံကြားနှင့် ဒုက္ခများနေရပုံကို ထင်ရှားလာစေရန်သာ ဖြစ်၏၊ ကိုယ်တိုင် မသိနိုင် မမြင်နိုင်ပုံကို ထင်ရှားလာစေရန် ဆစ်၍ ဆစ်၍ မေးတော်မူရခြင်းဖြစ်၏၊ ဆရာစွဲ ဂိုဏ်းစွဲ မနာသေးသူများဖြစ်ပါက ဤမေးခွန်းများဖြင့်ပင် ကျွတ်တမ်းဝင်နိုင် လောက်ပေသည်။ မိမိကိုယ်တိုင် မသိနိုင် မမြင်နိုင်သော ကိစ္စများကို အသာထား၍ သိနိုင် မြင်နိုင်သော အကျင့်ကိုသာ ပွားများ ကျင့်သုံးနိုင်လောက်ပေသည်။
အကုသိုလ်ကံများ ပပျောက်ရေး၊ ကုသိုလ်ကံတို့ ပြည့်စုံရေးအတွက် ကျွန်ုပ်တို့ အခြေပြုရမည်မှာ ဤမျက်မှောက်ဘဝပင် ဖြစ်၏၊ အတိတ်က ဘဝတွေ အသင်္ချေအနန္တ ရှိချင်ရှိပါစေ။ လွန်လေပြီးသော ကိစ္စများကို ကျွန်ုပ်တို့ မည်သို့မှ မတတ်နိုင်ပါ။ ထိုကိစ္စများနှင့် ပတ်သက်၍ရှိ မရှိ စဉ်းစားနေခြင်းဖြင့်လည်းကောင်း၊ ရှိ မရှိ ငြင်းခုန်နေခြင်းဖြင့်လည်းကောင်း အကျိုးစီးပွား ဖြစ်ထွန်းလာမည် မဟုတ်ပါ။ အယူအဆမတူသူနှင့် တွေ့လျှင် ရန်မီးပွားစေရန်သာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ဘုရားရှင်က နိဂဏ္ဌတိုအား ယခု မျက်မှောက်ဘဝမှာပင် မကောင်းမှုတို့၏ ပျောက်ကင်းခြင်း၊ ကောင်းမှုတို့၏ ပြည့်စုံခြင်းကို သိစေလို၍ မေးစစ်တော်မူခြင်း ဖြစ်၏၊
ကျွန်ုပ်တို့ ပြုပြင်နိုင်စွမ်းရှိသော ဘဝသည် ပစ္စုပ္ပန်ဘဝ၊ ယခု ပစ္စုပ္ပန် တစ်ခဏ၌ မိမိစိတ်သန္တာန် ပြန်ကာကြည့်ကြလျှင် လောဘ၊ ဒေါသ စသော မကောင်းစိတ်များ ဖြစ်ပေါ်နေလျှင်လည်း ဖြစ်ပေါ်နေသည့်အတိုင်း ရှုမြင်မိကြမည် ဖြစ်၏၊
ဘာဝနာဉာဏ် အထွတ်အထိပ် မရောက်သေးပါက မည်သူ့မှာမဆို မကောင်းစိတ်များ ဖြစ်ပေါ်နေကြသည်သာ။ သို့ရာတွင် တစ်ဦးနှင့် တစ်ဦး တူကြမည် မဟုတ်ပေ။ သတိကပ်၍ ကြည့်တတ်သူများအဖို့ မကောင်းစိတ်ကို မကောင်းစိတ်မှန်း သိလိုက်သည်နှင့် တစ်ပြိုင်နက် မကောင်းစိတ်အစဉ် ရပ်တန့်သွား၏၊ မကောင်းစိတ်များ နေရာတွင် ကောင်းစိတ်များ ဝင်ရောက်လာ၏၊ သတိကပ်၍ ကြည့်တတ်လျှင် ကြည့်တတ်သည်နှင့်အမျှ မကောင်းစိတ်များမှ လွတ်မြောက်နိုင်ခွင့်ကို မြန်မြန်ကြီး ရနိုင်ကြ၏၊ မကြည့်တတ်သူများမှာကား မကောင်းစိတ်နောက်မှာ မကောင်းစိတ်များသာ အတောမသတ် ဖြစ်ပေါ်လာကြပေလိမ့်မည်။
ဤသို့ လွတ်မြောက်ခွင့်ရခြင်းသည် မကောင်းမှုကို စွန့်ပစ်ခြင်း ဖြစ်၏၊ ကောင်းမှုကုသိုလ်၏ ပြည့်စုံခြင်းလည်း ဖြစ်၏၊ ဤသို့သော ဝိပဿနာစခန်း တက်လှမ်းမိလျှင် သည့်ထက်သည် အဆင့်အတန်း မြင့်မားရန်သာ ရှိကြပေတော့သည်။
သို့ပါလျက် ဆရာစွဲ၊ ဂုဏ်းစွဲနာသော နိဂဏ္ဌများကား ဘုရားရှင့်အာဘော်ကို မရိပ်မိကြပါ။ မသေမချင်း ကိုယ့်ကိုယ်ကို ညှင်းဆဲနေရသော ဒုက္ခမှ ကယ်တင်ရန် ကြွလာသော ကျေးဇူးရှင်ကို ကျေးဇူးတင်ရကောင်းမှန်း မသိပါ။ ထို့ကြောင့် ဘုရားရှင်က သူတို့ကို မညှာမတာ မိန့်တော်မူရ၏၊
"နိဂဏ္ဌတို့၊ သင်တို့သည် ရှေးဘဝတုန်းက ဘာတွေဖြစ်ခဲ့သည်။ ဘာတွေ ပြုခဲ့သည် ဟူ၍ပင် သင်တို့ကိုယ်တိုင် မသိ။ မသိပါဘဲလျက်နှင့်လည်း ပြုခဲ့မိသော မကောင်းမှုတွေ ကင်းပြတ်ရန်ဟု ဆင်းရဲကြီးစွာ ဝေဒနာခံစား၍ ကျင့်နေကြဘိ၏၊ ဤသည်ကို ထောက်၍ဆိုရလျှင် လောက၌ ကြမ်းတမ်း ယုတ်မာသောသူ၊ မညှာရက်စက် သူ့အသက်ကို သတ်ဖြတ်သူတို့သည် လူ့ဘဝ ရလာကြပြီးလျှင် သင်တို့ နိဂဏ္ဌများထံမှာ ရဟန်းပြုလာကြလေယောင် တကား"
အသိခေါက်ခက် အဝင်နက်သူများမို့ နာလောက်အောင် မိန့်တော်မူလိုက်ရပေသည်။ အတိတ်က မကောင်းသော ကံများကို ချေဖျက်ရန် ဆင်းရဲကြီးစွာ ဝေဒနာခံစား၍ ကျင့်နေရပါသည်ဆိုသော သူတို့အား ဤသို့ မှတ်ချက်ချရန်မှတစ်ပါး အခြားလမ်း မရှိပါချေ။
ဘုရားရှင် မိန့်တော်မူသည်မှာ သူတို့ဘာသာ အမှားမှန်းသိ၍ သည်ဒုက္ခမှ လွတ်မြောက်နိုင်ကြရန် ဖြစ်ပါ၏၊ သို့သော် မလွတ်ချင်၍ ဇွတ်အပင်ပန်းခံနေကြသူတို့ကား မဟာကရုဏာတော်ကို ခံယူနိုင်စွမ်း မရှိကြပါ။ သူတို့၏ အယူဝါဒကို သူတို့ ကျင့်သုံးပုံဖြင့် ကာကွယ်၍ မရနိုင်တော့သည်တွင် အခြားက အထောက်အကူကို လှမ်း၍ ယူကြပေတော့သည်။
"အရှင်ဂေါတမ၊ အရှင်ဂေါတမသည် မည်သို့ပင် အပြစ်တင်သော်လည်း အနာခံမှ အသာစံရသော လမ်းစဉ်ကား ဟုတ်မှန်မြဲ ဟုတ်မှန်နေသည်သာ ဖြစ်၏၊ အရှင်ဂေါတမ အလိုကျအတိုင်း ချမ်းသာစွာ ကျင့်သုံးခြင်းဖြင့် ချမ်းသာရာကို ရမည်ဆိုပါက မဂဓတိုင်းကြီးသခင် ဘုရင်ဗိမ္ဗိသာရသည် ချမ်းသာခြင်းကို ရပေရာ၏၊ စပ်တပ်ကြီးစွာ အခိုင်အမာရှိသော ဗိမ္ဗိသာရမင်းကြီးသည် အရှင်ဂေါတမထက် ချမ်းချမ်းသာသာ နေထိုင်ပေရာ၏"
ဗိမ္ဗိသာရမင်းကြီး၏ ချမ်းသာသော အကျင့်ဆိုသည်မှာ မင်းကြီးကိုယ်တိုင်ရရှိထားသော သောတာပတ္တိမဂ်ဖိုလ်ကို ဆိုလိုခြင်း မဟုတ်ပါ။ မဂ်တရား ဖိုလ်တရားကို သူတို့က အသိအမှတ်မပြုပါ။ အနာခံမှ အသာစံရသည်ဟူသော သူတို့ဝါဒကို အသေဆုပ်ကိုင်ထားရန် လောကုတ္တရာ ချမ်းသာနှင့် ကာမဂုဏ်ချမ်းသာကို ရောထွေးပစ်လိုက်ခြင်းသာ ဖြစ်ပေသည်။
ချမ်းသာသောအကျင့်ဖြင့် ချမ်းသာခြင်းကို ရနိုင်သည်ဆိုခြင်းမှာ ကာမဂုဏ်ချမ်းသာကို ခံစား၍ ကျင့်ရန် မဟုတ်ပါ။ ကာမဂုဏ်အာရုံဟူသည်မှာ ခံစားစဉ် တစ်ခဏ၌ ချမ်းသာသည်ဟု ထင်ရသော်လည်း တကယ်တမ်းချမ်းသာသည် မဟုတ်ပါ။ ထင်ရုံသာထင်ရသော တစ်ခဏ ချမ်းသာလေးနှင့် မမျှလောက်အောင် မြားမြောင်လှသော ဒုက္ခတွေအတွက် လမ်းခင်းပေးခြင်းသာ ဖြစ်၏၊ နိဂဏ္ဌတို့၏ အနာခံလမ်းစဉ်မှာကား ထို့ထက်ပင် ဆိုးသေး၏၊ ကျင့်နေဆဲမှာလည်း အလွန်တရာ ဆင်းရဲလှ၏၊ နောက်နောင်မှာလည်း ချမ်းသာဖို့ လမ်းမမြင်ပါချေ။
ထို့ကြောင့် ဘုရားရှင်ညွှန်ပြတော်မူလိုသော လမ်းစဉ်ကား ထိုအစွန်းနှစ်ဖက်အနက် ဘယ်ဘက်ကိုမှ မချဉ်းကပ်သော မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြစ်၏၊ ထိုလမ်းစဉ်အတိုင်း မကွေ့မကောက် တောက်လျှောက်လာခဲ့ပြီမို့ စိတ်ချမ်းသာခြင်းတို့၏ အထွတ်အထိပ်သို့ ရောက်တော်မူခဲ့ပေပြီ။
ဤအကြောင်းကို အထင်အရှားပြတော်မူလိုသဖြင့် ဘုရားရှင်က နိဂဏ္ဌတို့၏ ဆင်ခြေကို တစ်မျိုး ပြင်ပေးတော်မူလိုက်ရ၏၊ သူ့ဘာသာ အခြေမခိုင် ယိမ်းယိုင်နေပြီးသော ဆင်ခြေကို ချေဖျက်မနေတော့ဘဲ လိုအပ်ရာသို့သာ ပဲ့ကိုင်၍ ပေးတော်မူလိုက်ရ၏၊
"နိဂဏ္ဌတို့၊ သင်တို့သည် တစ်ဖက်သက်အားဖြင့် အဆောတလျင် မဆင်ခြင်ဘဲ စကားဆိုခဲ့ကြဘိ၏၊ စင်စစ်မှာမူ ဤသို့ မဆိုသင့်ပေ။ ဗိမ္ဗိသာရမင်းကြီးနှင့် အရှင်ဂေါတမတို့တွင် အဘယ်သူက ပို၍ ချမ်းချမ်းသာသာ နေရသနည်းဟုသာ ငါ့ကို သင်တို့ မေးသင့်ပေသည်"
"ကောင်းပါပြီ အရှင်ဂေါတမ၊ အရှင်ဂေါတမကိုပင် ငါတို့ မေးပါ၏၊ ဗိမ္ဗိသာရမင်းကြီးနှင့် အရှင်ဂေါတမတို့တွင် အဘယ်သူက ပို၍ ချမ်းချမ်းသာသာ နေရပါသနည်း "
ဘုရားရှင် ပဲ့ကိုင်ရာသို့ နိဂဏ္ဌများ ပါလာကြပေပြီ။
"ငါ့ရှင် နိဂဏ္ဌတို့၊ ဤမေးခွန်းအတွက် သင်တို့ကိုပင် ပြန်၍ မေးပါဦးအံ့။ သင်တို့ကြိုက်သလို ဖြေကြားကြပါ။ ဗိမ္ဗိသာရမင်းကြီးသည် ကိုယ်မလှုပ်ရှား စကားမပြောဘဲ ခုနစ်ရက်ပတ်လုံး ချမ်းသာသက်သက် ခံစား၍ နေနိုင်ပါမည်လော"
"မနေနိုင်ပါ အရှင်ဂေါတမ"
ထိုမှ တစ်ရက်ချင်း လျှော့၍ လျှော့၍ မေးရာတွင်လည်း ထို့အတူပင် ဖြေကြားရ၏၊ ဤတွင် ဘုရားရှင်က ဆက်လက်၍...။
"ငါ့ရှင် နိဂဏ္ဌတို့၊ ငါသည်ကား ကိုယ်မလှုပ်ရှား စကားမဆိုဘဲ ချမ်းသာသက်သက်ချည့် ခုနစ်ရက်တိုင်တိုင် ခံစား၍ နေနိုင်၏၊ ဤသို့ဆိုသော် ဗိမ္ဗိသာရမင်းနှင့် ငါတို့တွင် ဘယ်သူက ပို၍ ချမ်းချမ်းသာသာ နေရပါသနည်း "
"အရှင်ဂေါတမ၊ မဂဓတိုင်းကြီးရှင်၊ စစ်တပ်ကြီးစွာ အခိုင်အမာရှိသော ဗိမ္ဗိသာရမင်းကြီးထက် အရှင်ဂေါတမက ပို၍ ချမ်းချမ်းသာသာ နေရပါသည်"
ဣသိဂိလိတောင်ခြေက သာဓုခေါ်မည့်လူတစ်ယောက်မျှ မရှိပေ။ ငြင်းကွက်မမြင်၍ ထောက်ခံချက် ပေးလိုက်ရသော်လည်း သူတို့တစ်တွေက သူတို့ဝါဒကို အသေအလဲ ဆုပ်ကိုင်မြဲ ဆုပ်ကိုင်ထားကြသည်သာ ဖြစ်၏၊
ထိုစဉ်က သာဓုခေါ်သံ မထွက်ခဲ့သော ထိုဒေသနာတော်သည် မွေးရပ်မြေရောက်ခါမှ သာဓုသံဖြင့် အဆုံးသတ်ရ၏၊ နိကြေဓာရုံ ကျောင်းတော်ရောက်ခိုက် နောင်တော်ကြီး မဟာနာမ်အား နောက်ကြောင်းပြန်၍ ဟောကြားသံအဆုံးဝယ် နောင်တော်ကြီးနှင့်တကွ ကျွန်ုပ်တို့တစ်တွေ သာဓုနုမော် ခေါ်လိုက်ကြရပေသည်။
ဆရာစွဲ၊ ဂိုဏ်းစွဲနာလှသော နိဂဏ္ဌတို့အတွက် အကျိုးသက်ရောက်မှု မရှိခဲ့သော ဤဒေသနာတော်သည် ကျွန်ုပ်တို့ သာသနာတော်ကြီးအတွက်ကား အကျိုးကျေးဇူး ကြီးမားလှပါ၏၊ အတိတ်ကံ၊ အတိတ်အကြောင်းများကို အသေအလဲစွဲယူကာ ပစ္စုပ္ပန်တရားလမ်းကြောင်းမှ တိမ်းစောင်းမည့်ဆဲဆဲ ဖြစ်နေသူတို့အား မတိမ်းမစောင်းရအောင် ထိန်းကျောင်းပေးသောကြောင့် ဖြစ်ပါသတည်း။
(မူလပဏ္ဏာသ၊ စူဠဒုက္ခက္ခန္ဓသုတ်)
မဆုံးနိုင်သော စစ်ပွဲများ
ဣသိဂိလိတောင်ခြေက နိဂဏ္ဌပရိဗိုဇ်များသည် နာဋပုတ္တဆရာကြီး၏ ဩဝါဒကို တစ်သဝေမတိမ်း လိုက်နာလျက်သာ ရှိကြ၏၊ ဤသို့သော အကျင့်ဖြင့် ကံဟောင်းတွေကို ဘယ်ရွေ့ဘယ်မျှ ပယ်ပြီးပြီ၊ နောက်ထပ်မည်မျှ ပယ်ရဦးမည်ဟု ကိုယ်ပိုင်ကိုယ်တိုင် မသိကြသော်လည်း စွဲလမ်းထားပြီးသော အလေ့အကျင့်ကို မဖျောက်နိုင်ကြပေ။ သို့ရာတွင် သူတို့ဂိုဏ်းဝင်အားလုံး သူတို့လိုချည်း မဟုတ်ကြပါ။ အသေအလဲ ဇွဲကောင်းကောင်းနှင့် အားထုတ်မှုထက် ဝါဒစစ်ပွဲဆင်နွှဲရခြင်းကို ပို၍နှစ်သက်သူများလည်း ရှိနေပါ၏၊ သူတို့ထဲက အထင်ရှားဆုံးမှာ သစ္စက ပရိဗိုဇ် ဖြစ်ပေသည်။
အခြားသော ပရိဗိုဇ်များသည် နိဂဏ္ဌအယူဝါဒကို ကြိုက်နှစ်သက်၍ နိဂဏ္ဌဂိုဏ်းဝင်အဖြစ် ခံယူခဲ့ကြ၏၊ သစ္စကမှာကား ဤသို့ခံယူနေရန်မလိုပါ။ လူ့လောကအတွင်းသို့ ဆင်းသက်လာစဉ်ကတည်းက နိဂဏ္ဌဂိုဏ်းထဲမှာ ပါဝင်ပြီး ဖြစ်၏၊ သူ၏ မိခင်ရော ဖခင်ပါ နိဂဏ္ဌပရိဗိုဇ်များ ဖြစ်သောကြောင့်တည်း။
ဝေသာလီမြို့တော်အတွင်း၌ နိဂဏ္ဌဂိုဏ်းဝင် ပရိဗိုဇ်ယောကျ်ားများနှင့် မိန်းမတို့ဝါဒပြိုင်ပွဲကျင်းပရာ နှစ်ယောက်လုံး ပညာရည်တူ ဖြစ်နေကြ၏၊ ဤတွင် လိစ္ဆဝီမင်းသားတို့က သူတို့နှစ်ယောက်လုံးကို တခြားသို့ မသွားရအောင် အိမ်တစ်ဆောင် ဆောက်ပေးကြ၏၊ အိမ်တစ်ဆောင်တည်းမှာ အတူနေရာက အိမ်ထောင်သည်ဘဝ ရောက်ကာ နာမည်ကျော် သစ္စကကို မွေးဖွားလာပေသည်။ သူ့အထက်မှာလည်း သမီးလေးယောက် ပေါက်ဖွား လာခဲ့ပေသေးသည်။
မိစစ်ဖစစ်ဖြစ်ကြသည့်အတိုင်း သမီးလေးယောက်တို့မှာလည်း ဝါဒရေးရာတွင် နာမည်ကြီးသူများ ဖြစ်ကြ၏၊ ချိန်တန်ရွယ်ရောက် လူလားမြောက်ကြပြီမို့ ရွာတကာ ရပ်တကာလှည့်၍ ဝါဒပြိုင်ပွဲ ဆင်နွှဲရန် မိဘများထံ ခွင့်ပန်ကြ၏၊ ဤတွင် မိဘများက သူတို့ကို ဝါဒချင်းပြိုင်၍ အနိုင်ရသည့်သူသည် လူဝတ်ကြောင်ယောကျ်ားတစ်ယောက်ဖြစ်ပါက မယားအဖြစ်ဖြင့် ရာသက်ပန် ပြုစုလုပ်ကျွေးရန်၊ အကယ်၍ သာသနာ့ဝန်ထမ်း ရဟန်းဖြစ်ပါက သူ့တပည့်အဖြစ်ဖြင့် ရဟန်းပြုကြရန် မှာလိုက်ကြ၏၊
ရှေးသူဟောင်းတို့၏ စကားစဉ်အရ ဤဇမ္ဗူဒီပါကျွန်းမြေတွင် သပြေပင်သည် အထွတ်မြတ်ဆုံး ဖြစ်၏၊ ကျက်သရေမင်္ဂလာရှိသော သစ်ပင်ဟု သမုတ်ကြ၏၊ သပြေထွန်းသော ကျွန်းဖြစ်၍ ရှေးအစဉ်အဆက်ကတည်းက ဇမ္ဗူဒီပါဟု ခေါ်လာကြ၏၊ ထို့ကြောင့် ညီအစ်မလေးယောက်တို့သည် ကျွန်း၏ အထိမ်းအမှတ်ဖြစ်သော သပြေခက်ကို ကိုင်ဆောင်ကာ သာဝတ္ထိမြို့တော်ဆီသို့ လာခဲ့ကြပေသည်။
မြို့သို့ဖြစ်စေ၊ ရွာသို့ဖြစ်စေ ဝင်ရောက်တော့မည်ဆိုလျှင် သူတို့သည် ရွာတံခါးဝတွင် ပါလာသော သပြေခက်ကို စိုက်ထောင်ထားခဲ့ကြ၏၊ ဤသည်မှာ ဤမြို့ ဤရွာ ဤပတ်ဝန်းကျင်ကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်၏၊ သူတို့နှင့် ဝါဒချင်းပြိုင်ရဲသူရှိပါက ဤသပြေခက်နှင့် နင်းချေဖျက်ဆီးရန် ဖြစ်ပေသည်။
အခြားအခြားသော မြို့ရွာများတုန်းက ဘေးမသီ ရန်မခခဲ့သော သပြေခက်သည် သာဝတ္ထိမြို့တော်မှာကား အနင်းအချေခံလိုက်ရ၏၊ နင်းချေရန် စေခိုင်းလိုက်သော သူကား တရားစစ်သူကြီး အရှင်မဟာသာရိပုတ္တရာပါတည်း။
တလူလူတလွင့်လွင့် ပါလာခဲ့သော သပြေခက်သည် အနင်းချေခံလိုက်ရသကဲ့သို့ ဝင့်ဝင့်ထည်ထည် စွာကျယ်ကျယ်နိုင်လှသော ညီအစ်မများမှာလည်း လူပရိသတ်အလယ်မှာ အရှုံးကြီး ရှုံးသွားကြရပေသည်။ သို့ရာတွင် အရှုံးသည် သူတို့အဖို့ အဖိုးအနဂ္ဃ ထိုက်တန်လှသော ဆုထူးဆုမြတ်ဖြစ်ပါသည်။ မိဘများ မှာကြားလိုက်သည့်အတိုင်း ညီအစ်မလေးယောက်လုံး သာသနာဘောင်တွင် ဝင်လာကြကာ ရဟန္တာ အရှင်မကြီးများ ဖြစ်သွားကြပေသည်။
ညီအစ်မလေးယောက်လုံး၏ မောင်ငယ်ဖြစ်သော သစ္စကမှာမူ အစ်မများထက် ဝါဒပညာ သာလွန်ထက်မြက်၏၊ အစ်မများလို ရပ်တကာ ရွာတကာ မလှည့်ဘဲ ဝေသာလီမြို့တော်မှာ အခြေကျကျ နေထိုင်၏၊ မင်းသားငယ်များအား ပညာသင်ပေးနိုင်သူဖြစ်၍ မျက်နှာပွင့်လန်းလှ၏၊ တစ်ဖက်သားတို့ ကြားမဝင်နိုင်အောင် စီကာပတ်ကုံး ပြောဆိုတတ်၏၊ သူ့ကို ယှဉ်ရဲသူမတွေ့လေတိုင်း "ငါပညာရှိ" ဟူသော စကားလုံးကို တွင်တွင်ကြီး သုံးတတ်၏၊ နက္ခတ်ပညာအခြေခံ၍ သူဟောကိန်း ထုတ်လေသမျှလည်း မှန်ကန်သည်က များသဖြင့် လူအပေါင်း၏ ကောင်းချီးပေးမှုကိုလည်း ခံယူရပေသည်။
ဘဝအကျိုးပေးသန်၍ ဟန်ကျပန်ကျ ဖြစ်နေသော သစ္စကကို ကျွန်ုပ်တို့က မနာလိုဝန်တို ဖြစ်ရန် လုံးဝမရှိပါ။ သူ့မှာ အကျိုးပေးသန်နေသဖြင့် ကျွန်ုပ်တို့အဖို့ ထိခိုက်နစ်နာဖွယ်လည်း လုံးဝ မရှိပါ။ သို့သော် ကျွန်ုပ်တို့ဘက်က အမြင်ဖြင့် ရယ်ချင် ပြုံးချင်စရာ အချက်တစ်ခုကား ရှိပါ၏၊ ထိုအချက်ကား အခြားမဟုတ်ပါ။ သူ့ဗိုက်မှာ ပတ်ထားသော သံပြားခွေကြီးပင် ဖြစ်ပါသည်။ ပညာမျိုးစုံ စုပြုံသိုသိပ်ထားသော သူ့ဗိုက်ကြီးမှာ ပညာတွေ ပွားသည်ထက် ပွားလာသဖြင့် ကွဲထွက်သွားမှာ စိုးသောကြောင့် ဤသံပြားခွေကြီး ပတ်ထားရသည်ဟု ဆိုပေသည်။ ထွင်သည့်သူကလည်း ထွင်ပါပေ့။ ယုံသည့်သူကလည်း ယုံပါပေ့ဟုသာ ဆိုရပါတော့မည်။
သံခွေစွပ် ပညာရှိကြီးသည် တစ်နေ့မှာတော့ အရှင်အဿဇိနှင့် တွေ့ဆုံခဲ့၏၊ အရှင်အဿဇိက ဝေသာလီမြို့တော်ထဲ ဆွမ်းအခံအလာ၊ ဥစ္စကက အညောင်းပြေ လမ်းလျှောက်ရင်း မျက်နှာချင်းဆိုင်မိကြ၏၊ ဤတွင် သစ္စကသည် အရှင်အဿဇိအား နှုတ်ဆက်စကား ပြောကြားပြီးလျှင်....
"အို အဿဇိ၊ ရဟန်းဂေါတမသည် တပည့်သာဝကတို့ကို အဘယ်သို့ ဆုံးမပါသနည်း။ များသောအားဖြင့် အဘယ်သို့ ဟောကြားပါသနည်း" ဟု မေးမြန်း၏၊
အရှင်မဟာသာရိပုတ္တရာအလောင်း ဥပတိဿပရိဗိုဇ်အား ယေဓမ္မာ ဟေတုပ္ပဘဝါ အစရှိသော ဂါထာဖြင့် သစ္စာလေးပါးအကျဉ်းတရားကို ဟောကြားခဲ့သော အရှင်အဿဇိသည် သစ္စကကိုလည်း အကျဉ်းနည်းဖြင့်သာ ဟောကြားခဲ့ပေသည်။
"အဂ္ဂိဝေဿန၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တို့သည် အမြဲမရှိကုန်။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တို့သည် အတ္တမဟုတ်ကုန်။ ဤသို့ မြတ်စွာဘုရားသည် တပည့်သာဝကတို့အား ဆုံးမတော်မူ၏၊ များသောအားဖြင့် ဤသို့ ဟောကြားတော်မူ၏"
အဂ္ဂိဝေဿနဟု ဦးစွာပထမ ခေါ်လိုက်သော အာလုပ်ပုဒ်မှာ သစ္စက၏ မျိုးနွယ်အမည် ဖြစ်ပေသည်။
အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူ၍ လက္ခဏာသုံးပါး ထင်ရှားစွာ ရှိပါလျက် အရှင်အဿဇိသည် ဒုက္ခကို တမင်ချန်ထားခဲ့၏၊ ဒုက္ခလက္ခဏာကို သစ္စက ကြားပါက သည်အကွက်က လက်ကြားလျှိုလာမည် ဖြစ်၏၊ လောကုတ္တရာ စိတ်တို့၏ အထွတ်အထိပ် အရဟတ္တမဂ် အရဟတ္တဖိုလ်တို့ကိုပင် ဖြစ်ပျက်နှစ်ဝ သင်္ခါရသဘော မကင်းသေးသောကြောင့် ဒုက္ခစာရင်းသွင်းကြရသေး၏၊ ကျွန်ုပ်တို့အားလုံး၏ နောက်ဆုံးပန်းတိုင်မှာလည်း အရဟတ္တမဂ် အရဟတ္တဖိုလ် ဖြစ်၏၊ ဤတွင် ကတ်သီးကတ်သပ် စကားတတ်လှသော သစ္စကသည် ကျွန်ုပ်တို့အားလုံးကို စကားတစ်လုံးတည်းဖြင့် ထိုးနှက်တော့မည် ဖြစ်၏၊"ရဟန်းဂေါတမ၏ တပည့်သာဝက အားလုံးသည် ဒုက္ခအတွက် ကျင့်သုံးနေကြသည် တကား" ဟု ဝေသာလီ တစ်မြို့လုံးကြားအောင် ပြောတော့မည် ဖြစ်၏၊ ထို့ကြောင့် ဒုက္ခကို ချန်ထားခဲ့ရသည်ဟု အရှင်အဿဇိက တစ်ဆင့် မိန့်ကြားခဲ့ပေသည်။
အဂ္ဂိဝေဿန အနွယ်ဝင် ပညာရှိကြီးသည် အရှင်အဿဇိစကား ဆုံးသည်နှင့်.....
"အဿဇိ၊ သင်တို့ဆရာ ရဟန်းဂေါတမသည် သာဝကတို့ကို ဤသို့ ဆုံးမဘိ၏၊ ဤစကားသည် မကြားကောင်း မနာသာပါကလား။ ငါတို့သည် ရဟန်းဂေါတမနှင့် တစ်ကြိမ်တစ်ခါ တွေ့ချင်စမ်းပါဘိ။ ရဟန်းဂေါတမနှင့် အပြန်အလှန် စကားပြောချင်စမ်းပါဘိ။ မှားယွင်းသော သူအမြင်ကို စင်ကြယ်အောင် ချွတ်ပေးချင်စမ်းပါဘိ"
အရှင်အဿဇိထံမှ တစ်ဆင့်စကား ကြားရရုံနှင့်ပင် ဘုရားရှင်အပေါ် အထင်သေးသော မျက်နှာထားဖြင့် ရှုံ့ရှုံ့မဲ့မဲ့ကြီး ပြောကြားနေသည့် သူ့ရုပ်သွင်ကို ကျွန်ုပ် မြင်ယောင်မိပါသည်။
စင်စစ်အားဖြင့် သစ္စသည် ဘုရားရှင်၏ အဆုံးအမကို လိုက်နာကျင့်သုံးလို၍ မေးခြင်း မဟုတ်ပါ။ ဘုရားရှင်နှင့် ဝါဒပြိုင်ပွဲ ဆင်နွှဲလို၍သာ ဖြစ်ပါသည်။ အရှင်အဿဇိသည် သာသနာတော်မှာ ထင်ရှား ကျော်ကြားသူဖြစ်၏၊ အရှင်မဟာသာရိပုတ္တရာသည် သူရှိရာအရပ်သို့ အမြဲတမ်း ခေါင်းပြုကျိန်းစက်ရ၏၊ သာသနာတော်တွင်းက တရားသဘောဟူသမျှကို ကျွမ်းကျင်နှံ့စပ်၏၊ ဤသို့သော ရဟန်းတစ်ပါးထံမှ ကြားသိရသော အချက်အလက်ကို အသေချည်ကာ ဝါဒတင်၍ စစ်ပွဲဆင်တော့မည် ဖြစ်ပေသည်။ အပွဲပွဲမှာ အနိုင်ကြဲလာသော နည်းစနစ်ဖြင့် ဤတစ်ပွဲမှာလည်း အောင်လံလွှင့်နိုင်မည်ဟု မျှော်လင့်မိပေလိမ့်မည်။
ထိုနေ့ နေ့လယ်တွင် ဘုရားရှင်သည် မဟာဝုန်တောကြီးထဲသို့ ကြွရောက်တော်မူ၏၊ ရေပူရေချမ်း ကမ်းလှမ်းရန် ကျွန်ုပ်လည်း လိုက်လာခဲ့၏၊ ပရိသတ်တစ်သိုက်ကြီးနှင့် သစ္စကရောက်လာမည့် အရေးကို မြင်တော်မူပြီး ဖြစ်၍ ဘုရားရှင်က ဤနေရာမှ စောင့်နေတော်မူခြင်း ဖြစ်ပေသည်။ ပါလာသမျှ ပရိသတ်ကြီးအတွက် နေစရာ ထိုင်စရာ ကျယ်ကျယ်ပြန့်ပြန့် ရှိစေရန် ဖြစ်ပေသည်။
ကျွန်ုပ်တို့ စောင့်နေရာသို့ သစ္စက လိုက်လာခဲ့ပါပြီ။ သူ့နောက်မှာလည်း လိစ္ဆဝီမင်းသား ငါးရာမျှ ပါလာကြ၏၊ သူတို့ဆရာကြီးက ပွဲကြီး ပွဲကောင်း ကြည့်ရှုရန် လှုံဆော်စည်းရုံးသဖြင့် ပါလာကြခြင်း ဖြစ်ပါလိမ့်မည်။ သို့ရာတွင် သူတို့အထဲမှာ စကားနှစ်မျိုး ထွက်နေ၏၊ တချို့က ဘုရားရှင်အပေါ် သစ္စက အနိုင်ရလိမ့်မည်ဟု ထင်ကြေးပေးကြ၏၊ တချို့ကတော့ သစ္စကလို လူစားမျိုးက ဘုရားကို နိုင်မည်လောဟု တင်းတင်းမာမာ ငြင်းဆိုနေကြ၏၊
ရှေ့တော်မှောက်သို့ ရောက်သောအခါ အချို့သော လိစ္ဆဝီမင်းသားတို့သည် ဘုရားရှင်ကို ရိုသေစွာ ရှိခိုးကြ၏၊ တချို့ကတော့ ရှိမခိုးဘဲ နှုတ်ဆက်စကား ဆိုကြ၏၊ တချို့က သူများလို ထိခြင်းငါးပါးဖြင့် ရှိမခိုးဘဲ လက်အုပ်ချီရုံ ချီကြ၏၊ တချို့မှာတော့ ဘာဆိုဘာမှ မပြုဘဲ ငုတ်တုတ်ထိုင်နေကြ၏၊ ရတနာသုံးပါးအပေါ် ထားရှိသော စိတ်သဘောထား ခြားနားမှုအရ ဖြစ်ပေသည်။ သူတို့၏ ခေါင်းဆောင်ကြီး သစ္စက ဘုရားရှင်ထံ လက်အုပ်မျှ မချီကြောင်းကိုကား အထူးတင်ပြရန် လိုမည် မဟုတ်တော့ပါ။
အားလုံးနေသားတကျ ဖြစ်သောအခါ သစ္စက တစ်စခန်း ထပါတော့သည်။
"အရှင်ဂေါတမ၊ အရှင်က ခွင့်ပြုပါလျှင် ပြဿနာတစ်ခု မေးချင်ပါသည်"
လိစ္ဆဝီမင်းသားတို့ ရှေ့မှောက်တွင် ဦးခေါင်းမော့မော့ ရင်ကော့ကော့ဖြင့် တိုက်ပွဲခေါ်သံ ပေးလိုက်ပါ၏၊ ယဉ်ကျေးသော အမူအရာကို တမင်လုပ်ထားသည့် ကြားကပင် သူ့မျက်နှာမှာ မခန့်လေးစား သဘောထားပုံက ပေါ်လွင်ပေပေသည်။ သိမ်မွေ့သော လေသံနှင့် တမင်ပြောနေသည့် ကြားကပင် သူ့လေသံမှာ တင်းတင်းမာမာ ရှိနေပေသည်။
"အဂ္ဂိဝေဿန၊ သင် မေးလိုလျှင် မေးပါလော့"
တင်းမာသော လေသံကို ဘုရားရှင်က တည်ငြိမ်စွာပင် တုံ့ပြန်တော်မူပေသည်။ ဤတွင် သစ္စကသည် ဟန်ဆောင် ပန်ဆောင် လုပ်မနေတော့ဘဲ သူ့စိတ်ထဲမှာ ရှိသည့်အတိုင်း မောက်မောက်မာမာပင် မေးမြန်းပါတော့သည်။ မောက်မာသောအမေးနှင့် တည်ငြိမ်သော အဖြေတို့မှာ အရှင်အဿဇိနှင့် တွေ့စဉ်အတိုင်းပင် ဖြစ်ပေသည်။
ဤတွင် သစ္စက၏ မျက်နှာကြီး ပြုံးယောင်ယောင်ဖြစ်လာကာ....
"အရှင်ဂေါတမ၊ ဥပမာတစ်ခုကို ဆောင်လိုပါ၏" ဟု လျှောက်၏၊
အရှင်အဿဇိ ဖြေကြားခဲ့သော စကားကို အသေကိုင်ကာ အနိုင်ယူရန် စီမံထားပါမှ ဘုရားရှင်ကလည်း သည်အတိုင်း ဖြေလိုက်သဖြင့် သစ္စကကြီး အားပါးတရ ဖြစ်သွားဟန် ရှိပေသည်။ ထို့ကြောင့်ပင် ကိုယ်ရော နှုတ်ပါ တက်ကြွနေခြင်း ဖြစ်ပါလိမ့်မည်။
"အရှင်ဂေါတမ၊ မျိုးစေ့ဟူသမျှ၊ သစ်ပင်ဟူသမျှတို့သည် မြေကိုမှီ၍ မြေမှာတည်၍ ရှင်သန်ကြီးထွားကြရ၏၊ ကာယစွမ်းအားဖြင့် ပြုအပ်သမျှ အမှုကိစ္စတို့ကိုလည်း မြေကိုမှီ၍ မြေမှာတည်၍ ပြုလုပ်ကြရ၏၊ ထို့အတူပင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တို့ကို အတ္တဟူ၍ စွဲယူသော ပုဂ္ဂိုလ်သည် မိမိစွဲယူသော ခန္ဓာငါးပါးမှာတည်၍ ကုသိုလ် အကုသိုလ်တို့ကို ပြုလုပ်ရသည် မဟုတ်ပါလော"
"အရှင်ဂေါတမ၊ အတ္တဟူသည်မှာ သာမန်မျက်စိဖြင့် မြင်ရသည်ကား မဟုတ်ပါ။ သို့သော် ဤသို့သော ဥပမာ သာဓကတို့ဖြင့် ပြုလေသမျှ၊ လုပ်လေသမျှ အမှုကိစ္စတို့၏ နောက်ကွယ်မှာ အတ္တဟူ၍ အခိုင်အမာရှိနေကြောင်းကိုကား အထင်အရှား သိနိုင်ပါသည်။ ပုဂ္ဂိုလ် သတ္တဝါမှန်သမျှတို့သည် အတ္တ၏ အလိုကျ၊ အတ္တ၏ အမိန့်အာဏာအရ ပြုမူလှုပ်ရှားနေကြပါသည်။ သို့ပါလျက် အရှင်ဂေါတမသည် ထင်ရှားရှိနေသော အတ္တကို ငြင်းပယ်ကာ အနတ္တဟူ၍ ဇွတ်တရွတ် ဟောပြောနေဘိသည် တကား "
အနတ္တသာသနာတော်ကြီးကို ဖြိုလှဲနိုင်ရန် အတ္တလက်နက်ကြီးကို အချက်ကျကျ အသုံးပြုလိုက်ရသဖြင့် သစ္စကကြီး ကျေနပ်နေပေသည်။
သူ့လက်နက်မှာ တကယ်လည်း အားကိုးလောက်ပါပေသည်။ ဆိုလိုသော အနက်သဘောနှင့် ပေးထားသော ဥပမာတို့ အံဝင်ခွင်ကျ ရှိပါပေသည်။ အကျိုးအကြောင်း ဆီလျော်ပါပေသည်။ သာမန် ပုဂ္ဂိုလ်များအဖို့ သူ့အဆိုကို ချေဖျက်ရန် မလွယ်ပါ။ ဤသို့ တွက်မိကြသဖြင့် သူ့ဘက်တော်သားတို့ ပျော်တပြုံးပြုံး ဖြစ်နေကြပေသည်။
"အဂ္ဂိဝေဿန၊ ခန္ဓာငါးပါးကို အတ္တဟူ၍ သင်ဆိုပါသလော"
အောင်ပွဲခံရပြီဟူသော အသိဖြင့် မိန့်မိန့်ကြီးပြုံးနေသော သစ္စကသည် ဘုရားရှင့် အမေးစကားကြောင့် ရုတ်တရက် ကြောင်သွားရ၏၊ ပြီးမှ သတိရ၍ ဣန္ဒြေဆည်ကာ....
"အရှင်ဂေါတမ၊ ခန္ဓာငါးပါးကို အတ္တဟူ၍ ကျွန်ုပ်ယူပါ၏၊ ပါလာသော ဤလူအပေါင်းလည်း ဤသို့ပင် အယူရှိကြပါ၏"
အမေးကို အဖြေပေးရာမှာပင် ရိုးရိုးစင်းစင်း အဖြေပေ။ ပါလာသော ပရိသတ်ကို အဖော်ညှိလိုက်ပါသေး၏၊ သူ့အဆိုမှာ အပြစ်တင်ရက်စရာတစ်ခုခု ပေါ်လာလျှင် သူ့တစ်ယောက်တည်းကို မဲ၍ မဖိနိုင်ရန် အင်အားစုထားခြင်း ဖြစ်ပါလိမ့်မည်။ သူများအပေါ် ထိုးစစ်ဆင်နိုင်သည်နှင့်အမျှ သူ့ဘက်ကိုလည်း ကာကွယ်တတ်လှပါပေသည်။ သို့သော် သူ့ခြေလှမ်းကို အထင်းသား အရှင်းသား မြင်ထားပြီးသော ဘုရားရှင်က သူ့အဖြေကို လက်ခံတော်မမူပါ။
"အဂ္ဂိဝေဿန၊ ပါလာသော လူအပေါင်းကို မေးသည် မဟုတ်။ သင့်တစ်ယောက်တည်းကိုသာ မေးခြင်းဖြစ်၏၊ ထို့ကြောင့် သူများကို ဆွဲမထည့်ဘဲ ကိုယ့်ဝါဒကိုသာ သင်ဖြေရှင်းလော့"
"အရှင်ဂေါတမ၊ ခန္ဓာငါးပါးကို အတ္တဟူ၍ ကျွန်ုပ်ယူပါ၏"
မတတ်သာတော့သည့် အဆုံးတွင် ရိုးရိုးပင် အဖြေပေးလိုက်ရ၏၊ ဤသို့ ဖြေရ၍လည်း သူ့မျက်နှာ မပျက်သေးပါ။ သူ့ဝါဒကို သူ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်သေး၏၊ သူ့ကိုယ်သူ ကျေနပ်၍ နေနိုင်သေး၏၊ သို့သော် ဘုရားရှင်က သူ့ကို ကြာရှည်သဖြင့် ကျေနပ်ခွင့် ပေးတော်မမူပါ။
"အဂ္ဂိဝေဿန၊ ဤနေရာမှာ သင့်ကို ပြန်မေးဦးအံ့။ ဤမေးခွန်းကို သင်ကြိုက်သလို ဖြေနိုင်ပါသည်။ ကောသလ၊ မာဂဓတိုင်းကြီးများကို အစိုးရသော မင်းဧကရာဇ်ကြီးများသည် သတ်သင့်သူကို သတ်ရန်၊ နှိပ်စက်သင့်သူကို နှိပ်စက်ရန်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးသင့်သူကို ဆုံးရှုံးစေရန်၊ နှင်ထုတ်သင့်သူကို နှင်ထုတ်ရန် အာဏာ ရှိကြပါသလော"
"ရှိပါသည် အရှင်ဂေါတမ၊ ထိုမင်းဧကရာဇ်များကို မဆိုထားပါနှင့်။ စုပေါင်းအုပ်ချုပ် မင်းလုပ်ရသော ထလိစ္ဆဝီမင်း၊ မလ္လမင်းများပင် ထိုသို့သော အာဏာများ ရှိနေပါသည်"
ပင်ရင်းဖြစ်သော အတ္တ၊ အနတ္တမှတစ်ဆင့် တိုင်းရေးပြည်ရေးဘက်ရောက်သွားသဖြင့် သစ္စကက ပေါ့ပေါ့ပင် အဖြေပေးလိုက်၏၊ သို့သော် ဘုရားရှင်တို့ မည်သည် ကြောင်းကျိုးဆက်စပ်မှုမရှိသော စကားမျိုးကို ဆိုလေ့မရှိ။ တိုင်းရေးပြည်ရေးပင် ဖြစ်စေကာမူ ယခုဆွေးနွေးနေသော ပြဿနာနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်၍သာ နေပါလိမ့်မည်။ သံခွေပြားနှင့် စွပ်ထားရလောက်အောင် အပြည့်အသိပ်ရှိနေသော ပညာများသည် ဤအကြောင်းကိုတော့ သိနိုင်စွမ်း မရှိပါချေတကား။
"အဂ္ဂိဝေဿန၊ ရုပ်ကို ငါ၏ အတ္တတည်းဟု သင်ဆိုခဲ့၏၊ အတ္တလိုကျ အတ္တ၏ အမိန့်အာဏာအရ ပြုမူလှုပ်ရှားနေသည်ဟုလည်း သင်ဆိုခဲ့၏၊ ဤသို့ဆိုလျှင် အတ္တဟု ယူစွဲထားသော ထိုရုပ်၌ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်စေရန် သင် အာဏာ ထားနိုင်ပါမည်လော"
သစ္စက မည်သို့ ဖြေပေလိမ့်မည်နည်း။
အတ္တ၊ အနတ္တပြဿနာနှင့် မဆိုင်ဘူးထင်မှတ်၍ အလိုက်သင့် အဖြေပေးခဲ့ပြီးလျှင် အရေးမကြီးဘူး ထင်မှတ်၍ အပိုအမိုလေးပင် ဖြည့်စွက်လိုက်သေး၏၊ ယခုတော့ ကိုယ်သတ်မည့် လက်နက်ကို ကိုယ်တိုင်သွေးပေးမိသလို ဖြစ်သွားပေပြီ။
အထင်အရှား ပြောကြားပြီးသော စကားကိုလည်း ပြန်နုတ်ပယ်ရန် မလွယ်ကူ။ ရှေ့စကားကို နုတ်ပယ်ရန် မလွယ်ကူ၍ နောက်စကားကို ငြင်းပယ်ရန်ကလည်း အခက်။ မိမိက အတ္တဟု စွဲယူထားသော ရုပ်ကို ကိုယ်ဖြစ်စေချင်သလို ဖြစ်နိုင်ပါသည်ဟု ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ပရိသတ်အားလုံး၏ မျက်လုံးများက သူ့ဆီသို့ စုပြုံလာကြတော့မည် ဖြစ်၏၊ အကျည်းတန်သော ခန္ဓာကိုယ်ကို ကြည့်ကာ ပြက်ရယ်ပြုကြတော့မည် ဖြစ်၏၊
"အဂ္ဂိဝေဿန၊ ရုပ်ကို ငါ၏ အတ္တတည်းဟု သင်ဆိုခဲ့၏၊ အတ္တလိုကျ အတ္တ၏ အမိန့်အာဏာအရ ပြုမူလှုပ်ရှားနေသည်ဟုလည်း သင်ဆိုခဲ့၏၊ ဤသို့ဆိုလျှင် အတ္တဟု ယူစွဲထားသော ထိုရုပ်၌ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်စေရန် သင် အာဏာ ထားနိုင်ပါမည်လော"
စကားတိတ်ဆိတ် နှုတ်ပိတ်နေသော သစ္စကအား နောက်တစ်ကြိမ်ထပ်၍ မေးတော်မူရ၏၊ ရှုံးနေပြီဖြစ်ပါလျက် ဝန်ခံရခက်နေသော သစ္စအား နှုတ်ဆိတ်မြဲ ဆိတ်လျက်သာ ရှိနေ၏၊ ဤတွင် ဘုရားရှင်က ရှင်းလင်းပြတ်သားလှသော အသံတော်ဖြင့်....
"အဂ္ဂိဝေဿန၊ ယခု ချက်ချင်း ဖြေကြားလော့။ ယခုအခါ နှုတ်ဆိတ်နေခွင့် မရှိတော့ပြီ။ ကြောင်းကျိုးဆီလျော်သော မေးခွန်းကို ငါဘုရားက သုံးကြိမ်တိုင်အောင် မေးပါလျက် အဖြေမပေးဘဲ နေငြားအံ့။ ထိုသူ၏ ဦးခေါင်းသည် ဤနေရာ၌ပင် ခုနစ်စိတ်ကွဲလိမ့်မည်တည်း"
ဘုရားရှင်ကတော့ အနာဂတ်ကြိယာပုဒ်ဖြင့် မိန့်ကြားတော်မူလိုက်၏၊ သို့သော် သစ္စကမှာကား ယခုချက်ချင်းပင် ခေါင်းခုနစ်စိတ် ကွဲရတော့မတတ် အကြောက်ကြီး ကြောက်သွားရရှာ၏၊ တစ်ကိုယ်လုံး တုန်လှုပ်ကာ ချွေးသီးချွေးပေါက်ကြီးများ ကျလာ၏၊ ပြူးကျယ်နေသော မျက်လုံးကြီးများဖြင့် ထိတ်လန့်တကြား ကြည့်နေပုံကို ထောက်သဖြင့် ကြောက်စရာ လန့်စရာ အာရုံတစ်ခုခုကို မြင်နေရဟန် တူပါသည်။
ကြုံလာရသော ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သူကား သူအနိုင်ကျင့်ရန် စိတ်ကူးခဲ့သော ဘုရားရှင်သာ ဖြစ်၏၊ ထို့ကြောင့် ဘုရားရှင့် ခြေတော်ရင်းသို့ အားကိုးတကြီး ချဉ်းကပ် တိုးဝင်ကာ....
"အရှင်ဂေါတမ၊ ကျွန်ုပ်ကို မေးတော်မူပါ။ ကျွန်ုပ် အဖြေပေးပါတော့မည်"ဟု လျှောက်ရ၏၊ ဤတွင် ဘုရားရှင်က သုံးကြိမ်မြောက် ထပ်၍ မေးတော်မူရပေသည်။
"အဂ္ဂိဝေဿန၊ ရုပ်ကို ငါ၏ အတ္တတည်းဟု သင်ဆိုခဲ့၏၊ အတ္တလိုကျ အတ္တ၏ အမိန့်အာဏာအရ ပြုမူလှုပ်ရှားနေသည်ဟုလည်း သင်ဆိုခဲ့၏၊ ဤသို့ဆိုလျှင် အတ္တဟု ယူစွဲထားသော ထိုရုပ်၌ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်စေရန် သင် အာဏာ ထားနိုင်ပါမည်လော"
"မထားနိုင်ပါ အရှင်ဂေါတမ"
"အဂ္ဂိဝေဿန၊ စဉ်းစားပါဘိ။ စဉ်းစဉ်းစားစား ဖြေကြားပါဘိ။ သင်၏ ရှေ့စကားနှင့် နောက်စကားသည် မညီညွတ်ပါတကား"
ယခုတော့ သစ္စကဘက်က ကျသမျှဒဏ် ငုံ့ခံဖို့သာ ရှိပါတော့သည်။ ဘုရားရှင်က စဉ်းစားဖို့ မိန့်ကြားသော်လည်း သစ္စကမှာ စဉ်းစားရန် အခွင့်မရှိတော့ပါ။ မေးတော်မူသမျှကို စင်း၍ ဖြေရုံသာ ရှိပါတော့သည်။
"အဂ္ဂိဝေဿန၊ အတ္တဟု ယူစွဲထားသော ဝေဒနာမှာကော ကိုယ်ဖြစ်ချင်တိုင်း ဖြစ်စေရန် အာဏာ ထားနိုင်ပါမည်လော"
"မထားနိုင်ပါ အရှင်ဂေါတမ"
"သညာမှာကော ထားနိုင်ပါမည်လော"
"မထားနိုင်ပါ အရှင်ဂေါတမ"
"သင်္ခါရမှာကော ထားနိုင်ပါမည်လော"
"မထားနိုင်ပါ အရှင်ဂေါတမ"
"ဝိညာဉ်မှာကော ထားနိုင်ပါမည်လော"
"မထားနိုင်ပါ အရှင်ဂေါတမ"
"အဂ္ဂိဝေဿန၊ ဤသို့ဆိုလျှင် ခန္ဓာငါးပါးတို့သည် မြဲသလော၊ မမြဲသလော"
"မမြဲပါ အရှင်ဂေါတမ"
"မမြဲသော ခန္ဓာငါးပါးသည် ချမ်းသာသလော၊ ဆင်းရဲသလော"
"ဆင်းရဲပါသည် အရှင်ဂေါတမ"
"မမြဲသော၊ ဆင်းရဲသော ခန္ဓာငါးပါးကို ငါ့ဟာ ဟူ၍လည်းကောင်း၊ ငါ ဟူ၍လည်းကောင်း၊ ငါ၏အတ္တဟူ၍လည်းကောင်း ရှုမြင်ထိုက်ပါသလော"
"မရှုမြင်ထိုက်ပါ အရှင်ဂေါတမ"
"အဂ္ဂိဝေဿန၊ ဤသို့ဆိုလျှင် သင်သည် ဒုက္ခကို တွယ်တာလျက် ဒုက္ခသို့ ကပ်ရောက်လျက် ဒုက္ခတွင်းသို့ သက်ဆင်းနေလျက်ပင် ဒုက္ခကို "ငါ့ဟာ တည်း၊ ငါတည်း၊ ငါ၏အတ္တတည်း" ဟု ရှုမြင်၏၊ ဤသို့ဆိုလျှင် ထိုသူသည် ဒုက္ခကို ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြား၍ သိနိုင်ပါမည်လော။ ဒုက္ခကုန်ရာ မြတ်ချမ်းသာတရားသို့ မိမိစိတ်ကို ဆောင်ပို့၍ကော နေနိုင်ပါမည်လော"
"မသိနိုင်ပါ၊ မနေနိုင်ပါ အရှင်ဂေါတမ"
"အဂ္ဂိဝေဿန၊ ဤသို့ဆိုလျှင် သင်သည် ဒုက္ခကို တွယ်တာလျက် ဒုက္ခသို့ ကပ်ရောက်လျက် ဒုက္ခတွင်းသို့ သက်ဆင်းနေလျက်ပင် ဒုက္ခကို ငါ့ဟာ တည်း၊ ငါတည်း၊ ငါ၏အတ္တတည်းဟု ရှုမြင်ရာ ရောက်နေသည် မဟုတ်ပါလော"
"ရှုမြင်ရာရောက်နေပါသည် အရှင်ဂေါတမ"
"အဂ္ဂိဝေဿန၊ ဥပမာအားဖြင့် အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာဖွေလိုသော ယောကျ်ားသည် ထက်စွာသော ဓားမကို ကိုင်စွဲလျက် တောသို့ ဝင်ရာ၏၊ တောထဲ၌ ဖူးတံမထွက်သေးသော ငှက်ပျောပင်နုနုကို တွေ့မြင်ပြီးလျှင် အရင်းမှ ဓားဖြင့် ခုတ်လှဲရာ၏၊ အဖျားကို လှီးဖြတ်ရာ၏၊ တစ်ဖတ်ချင်း တစ်ဖတ်ချင်း ခွာကြည့်ရာ၏၊ ငှက်ပျောဖတ်များသာ ခွာ၍ ကုန်လေရာ၏၊ ထိုယောကျ်ားသည် အကာကိုမျှ ရမည် မဟုတ်။ အနှစ်ကိုကား ဆိုဖွယ်ရာ မရှိပြီတည်း"
"အဂ္ဂိဝေဿန၊ ဤဥပမာအတိုင်းပင် သင်၏ ဝါဒ၌ငါက စိစစ်သော် မေးမြန်းသော် သင်သည် အနှစ်မပါ ဗလာချည်းသက်သက် ဖြစ်လေစွတကား။ အနိုင်မရှိ အရှုံးကြီး ရှုံးဘိသည်တကား"
"အဂ္ဂိဝေဿန၊ ဝေသာလီ၏ ပရိသတ်ဗိုလ်ပုံအလယ်တွင် သင်ကြွားကြွားဝင့်ဝင့် ဆိုခဲ့ဖူး၏၊ သံဃာထဲမှာ ဖြစ်စေ၊ ခေါင်းဆောင်ဆရာကြီးထဲမှာ ဖြစ်စေ၊ ဘုရားဟု ဝန်ခံထားသော ပုဂ္ဂိုလ်ကြီးထဲမှာ ဖြစ်စေ ငါ့စကားဒဏ် ခံနိုင်သူဟူ၍ မရှိချေ။ ငါက စကားစဉ်ဖြင့် ဝါဒတင်လိုက်သော် မယိမ်းမယိုင် ကြံ့ကြံ့ခိုင်နိုင်သူဟူ၍ မရှိချေ။ ချိုင်းကြားက ချွေးမထွက်သူဟူ၍ မရှိချေ။ ချိုင်းကြား ကချွေးမထွက်သူဟူ၍ မမြင်ဖူးချေ။ အသိစိတ်မရှိသော တုံးတိုင်ကိုပင် ငါက စကားစဉ်ဖြင့် ဝါဒတင်လိုက်သော် ယိမ်းယိုင်လှုပ်ရှားလာရသေး၏၊ အသက်ရှိသော လူသားမှာကား ပြောစရာမရှိပြီ ဟု ကြုံးဝါးခဲ့၏"
"အဂ္ဂိဝေဿန၊ ယခု ကြည့်လော့။ သင့်မှာသာ နဖူးမှကျလာသော ချွေးသီးချွေးပေါက်တို့သည် အပေါ်ရုံကို ဖောက်၍ မြေကြီးတိုင် ရောက်ကုန်၏၊ ငါဘုရား၏ ကိုယ်မှာကား ချွေးတစ်စက်မျှ မရှိချေတကား"
အခွင့်ကြုံလာတော့လည်း ပြည့်ပြည့်စုံစုံကြီးပင် မိန့်တော်မူရပေတော့သည်။ ဧကသီ သင်္ကန်းကို အတန်ငယ်လှပ်ကာ ရွှေအဆင်းသို့ ဝင်းဝါသော အသားတော်ကို ပြတော်မူလိုက်ရပေသည်။
အတ္တနှင့် အနတ္တတို့၏ တိုက်ပွဲတစ်ခုသည် ဤနေရာမှာ ပြီးဆုံး၍ သွားပါ၏၊ အတ္တသည် မရှုမလှ ရှုံးနိမ့်သွား၍ အနတ္တ အောင်ပွဲလှလှကြီး ခံလိုက်ရ၏၊ သို့သော် အတ္တသည် ဤနေရာမှာ ရှုံးနိမ့်သွားသော်လည်း နောက်တစ်ပွဲ မနွှဲဘဲ နေတော့မည်ကား မဟုတ်ပါ။ သည်နေရာမှာ အရေးနိမ့်လျှင် ဟိုတစ်နေရာက ခေါင်းထောင်လာဦးမည်သာ ဖြစ်၏၊ ကမ္ဘာမှာ လူဟူ၍ ရှိနေသေးသည်နှင့်အမျှ အတ္တသမား အစားစားတို့သည် သစ္စက၏ ဥပမာမျိုးကို ရေလဲနှင့် သုံးနေကြဦးမည်သာ ဖြစ်၏၊ သစ္စက၏ အကြောင်းပြချက်ကို လက်နက်သဖွယ် ဆက်ကာ ဆက်ကာ အသုံးပြုနေကြဦးမည်သာ ဖြစ်၏၊ ထိုအခါ ကျွန်ုပ်တို့ အဆက်အနွယ်တို့ကလည်း ဤသို့သော အနတ္တဒေသနာတော်ကြီးဖြင့် အချက်ကျကျ ချေဖျက်ကြရဦးမည်သာ ဖြစ်သတည်း။
(မူလပဏ္ဏာသ၊ စူဠသစ္စကသုတ်ပါဠိတော်နှင့် အဋ္ဌကထာ)
အမှောင်ခွင်း၍ အလင်းဆောင်သည်
ဂိုဏ်းဆရာကြီး အသီးသီး၏ အယူအဆ ဝါဒပေါင်းစုံကို စာရင်းချကြည့်ပါလျှင် အတိတ်အကြောင်းကို စွဲယူသော ဒိဋ္ဌိ ၁၈ မျိုး၊ အနာဂတ်အကြောင်းကို စွဲယူသော ဒိဋ္ဌိက ၄၄ မျိုး။ ပေါင်း ၆၂ မျိုးအထိ ရှိနေသည်ကို တွေ့ရ၏၊ ၆၂ မျိုးသော ထိုဒိဋ္ဌိတို့ကိုပင် ဘုရားရှင်က အကုန်အစင် ဟောပြထားပြီးဖြစ်ရာ ဘယ်ဂိုဏ်းဆရာကြီးကပင် ဟောဟော ဤဒိဋ္ဌိနယ်ပယ်က မလွတ်နိုင်တော့ပါ။ ဥပမာအားဖြင့် ကန်နှင့်အပြည့် ပိုက်ကြီးဖြန့်၍ အုပ်ထားလိုက်သောအခါ ကန်ထဲမှာ ရှိရှိသမျှ ငါးတို့သည် ပိုက်ထဲမှာပင် ငုပ်ကြရ၊ ပေါ်ကြရသကဲ့သို့ပင် ဖြစ်ပေသည်။
ဒိဋ္ဌိ ၆၂ မျိုးကို တစ်ခုချင်း တစ်ခုချင်း ဝေဖန်၍ ပြတော်မူထားသဖြင့် ကျွန်ုပ်တို့အဖို့ အကျိုးကြီးမားလှပါ၏၊ ရဟန်းငယ် ရှင်ငယ်များအား ဝါဒမျိုးစုံတို့နောက် မျက်စိလည်၍ ပါမသွားရအောင် ဤဒေသနာတော်များက တားဆီး၍ထားပေသည်။
ဤမျှလောက် အကျိုးကြီးမားလှသော ဒေသနာတော်များ ကြားနာရန် ဖန်တီးလိုက်သူကား သုပ္ပိယတို့ ဆရာတပည့် ဖြစ်ပါ၏၊ ထိုနေ့တုန်းက ကျွန်ုပ်တို့သည် ဘုရားရှင့် နောက်တော်ပါးက အစဉ်လိုက်ပါလာခဲ့ကြ၏၊ ရာဇဂြိုဟ်မြို့တော်တွင် ဆွမ်းခံဝင်၍ ဆွမ်းစားပြီးနောက် နာဠန္ဒာမြို့ဆီသို့ ခရီးရှည်ထွက်လာခဲ့ကြ၏၊ ရှေ့ဆုံးမှာ ဘုရားရှင်ကိုယ်တော်တိုင် ရှိနေသည်မို့ သံဃာတန်းကြီးတစ်ခုလုံး တိတ်ဆိတ်စွာ လိုက်ပါလာကြမည်ကို အထူးတင်ပြရန် လိုမည် မထင်ပါ။ သို့သော် သံဃာတန်းကြီး နောက်ဖျားမှာကား ဆူဆူညံညံအသံများ ထွက်ပေါ်လျက် ရှိပေသည်။
ဆူဆူညံညံ ပြောလာသူတို့မှာ ကျွန်ုပ်တို့ ရဟန်းပရိသတ်ထဲက မဟုတ်ပါ။ ကျွန်ုပ်တို့ ခရီးစဉ်အတိုင်း ဖဝါးခြေထပ် လိုက်ပါလာသော သုပ္ပိယ ပရိဗိုဇ်နှင့် ဗြဟ္မဒတ်လုလင်တို့ ဖြစ်ပါသည်။ ကိုယ်ရောစိတ်ပါ စောင့်စည်း၍ သိက္ခာရှိစွာ လှမ်းကြွလျက်ရှိသော ရဟန်းပရိသတ်ကိုလည်းကောင်း၊ မနှိုင်းယှဉ်အပ်သော ဂုဏ်ကျက်သရေဖြင့် တည်ကြည်ခံ့ညားစွာ ဦးဆောင်လှမ်းကြွတော်မူနေသော ဘုရားရှင်ကိုလည်းကောင်း သုပ္ပိယတို့ လှမ်းမျှော်၍ မကြည့်ဘဲ မနေနိုင်ပါ။ အကယ်၍ သူ့စိတ်သန္တာန်မှာ အခုအခံများ ရှိမနေနှင့်ပါက အခွင့်ကြုံ၍ တွေ့ဆုံရသော ဘုရားရှင်ကို လက်အုပ်ချီမိုး ရှိခိုးမိပေလိမ့်မည်။ တည်ကြည်ငြိမ်သက်၍ ကျက်သရေရှိစွာ ကြွလှမ်းလာသော သံဃာ့ပရိသတ်ကို ကြည်ညိုသဒ္ဓါ ပွားများမိပေလိမ့်မည်။ သို့ရာတွင် သူ့ခမျာ ဤသို့သော ဆုထူးဆုမြတ်ကို ခူးဆွတ်ခွင့် မသာခဲ့ပေ။ သူ့စိတ်သန္တာန်မှာ ကြိမ်ဖန်များစွာ ပေါ်လာကြသော အခုအခံများက မွန်မြတ်လှသော ထိုအခွင့်အရေးကို တားဆီးပိတ်ပင်၍ ထားကြဟန် တူပါသည်။
သူသည်ကား သိဉ္စည်းဆရာကြီး၏ တပည့်တစ်ဦးဖြစ်၏၊ အရှင်မဟာသာရိပုတ္တရာတို့ ခွဲထွက်လာကတည်းက သူ့ဆရာကြီး၏ အသိုက်အအုံ နည်းပါးလာခဲ့၏၊ ဘုရားတည်းဟူသော ရတနာ အစစ်အမှန် ထွန်းကားလာပြီမို့ ဂိုဏ်းဂဏ၏အရှိန်အဝါ လျော့ကျလာခဲ့၏၊ ဤသို့သော အကြောင်းများကြောင့် သူ့စိတ်သန္တာန်မှာ အခုအခံများ ဖြစ်ပေါ်လာခဲ့ပေလိမ့်မည်။
ဤသို့ဖြင့် သုပ္ပိယသည် ကျွန်ုပ်တို့နောက်မှာ လိုက်ပါရင်း ဘုရားရှင်ကို မဟုတ်မမှန် လုပ်ကြံစကား ပြောကြားလျက်ရှိ၏၊ တရားတော်ကို ကဲ့ရဲ့ရှုတ်ချလျက်ရှိ၏၊ သံဃာတော်များကို စော်ကား ပုတ်ခတ်လျက်ရှိ၏၊ သုပ္ပိယ၏စကားကို ကျွန်ုပ်တို့နည်းတူ ဘုရားရှင်လည်း ကြားပါလိမ့်မည်။ သို့ပါလျက် ဘုရားရှင်၏ ခြေလှမ်းများက ရပ်တန့်မသွားကြပါ၏၊ မနှေးမမြန် ခပ်မှန်မှန် လှမ်းကြွလျက်သာရှိ၏၊ မျက်နှာတော်သည် ရှေ့တူရူသို့သာ ဦးတည်လျက် ရှိ၏၊ အကြောင်းရှိလျှင် ကြည်လင်စွာ ကြားနာရတတ်သော အသံတော်သည် ယနေ့တော့ တိတ်ဆိတ်လျက် ရှိပါဘိ၏၊ ရှေ့ဆုံးက အသံတော် တိတ်ဆိတ်နေသဖြင့် ကျွန်ုပ်တို့အားလုံးလည်း ဝစီတံခါး ပိတ်ထားရခြင်း ဖြစ်ပေသည်။
ကျွန်ုပ်တို့က စကားမဆို ရန်မလိုကြသော်လည်း သုပ္ပိယကို ဆန့်ကျင်သူတစ်ယောက်ကား ရှိနေပါ၏၊ သာမန်မျှသာ ဆန့်ကျင်သူ မဟုတ်။ ဆရာဖြစ်သူနှင့် ဖြောင့်ဖြောင့်ကြီးပင် ဆန့်ကျင်နေသူ ဖြစ်ပါသည်။ ထိုသူမှာ အခြားမဟုတ်။ သုပ္ပိယ၏ အတူနေတပည့် ဗြဟ္မဒတ်လုလင် ဖြစ်ပေသည်။ သုပ္ပိယက ရတနာမြတ်သုံးပါးကို ချိုးချိုးဖဲ့ဖဲ့ ပြောဆိုနေရာတွင် ဗြဟ္မဒတ်လုလင်က ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးကို ချီးကျူးထုတ်ဖော်၍ နေပေသည်။ ဥပမာအားဖြင့် ဆိုရသော် ဆရာဖြစ်သူက သစ်သားကြမ်းပြင်ဝယ် အဆိပ်ငြောင့်များ စိုက်ထောင်ထားရာ တပည့်ဖြစ်သူက ရွှေငွေ ကျောက်သံပတ္တမြား စီခြယ်ထားသော စို့ဖြင့် ထွင်းထုတ်နုတ်ပစ်သကဲ့သို့ ဖြစ်နေပေသည်။
ဤသို့ဖြင့် အမ္ဗလဋ္ဌိကာ ဥယျာဉ်သို့ ကျွန်ုပ်တို့ ဆိုက်ရောက်လာကြ၏၊ နေဝင်ခါနီးပြီမို့ ဥယျာဉ်ထဲက မင်းကွန်းမှာပင် ညအိပ်ရန် ပြင်ဆင်ကြ၏၊ ကျွန်ုပ်တို့နှင့် အတူတူပင် သုပ္ပိယတို့ ဆရာတပည့်များလည်း ညအိပ်တည်းခိုကြ၏၊ ကိုယ့်နေရာနှင့်ကိုယ် ကျိန်းစက်ရန် ပြင်ဆင်ပြီးချိန်တွင် လမ်းမှာတုန်းက ကြားခဲ့ရသော စကားသံများကို တစ်ကျော့တစ်ဖန် ကြားကြရပြန်ပေသည်။ တစ်မိုးတစ်ရာမ်ထဲမှာ ကျိန်းစက်တော်မူသော ဘုရားရှင်လည်း ကြားရပါလိမ့်မည်။
ဘုရားရှင့်အဖို့ နားမှာကြားရသော အသံသည် နားမှာပင် လမ်းဆုံးသွားပါလိမ့်မည်။ နားကကြားရသောအသံကို အကြောင်းပြု၍ စိတ်တော်တုန်လှုပ်လာရန် အကြောင်းမရှိပါ။ အားကောင်းလှစွာသော ဘာဝနာဖြင့် လွှမ်းခြုံထားသော စိတ်တော်အစဉ်သည် ပကတိကြည်လင်လျက်သာ ရှိပေလမ့်မည်။ သို့သော် ကျွန်ုပ်မှာကား ဘုရားရှင့် ခြေတော်ရာကို ထပ်တူထပ်မျှ မနင်းနိုင်သေးပါ။ ဘာဝနာစွမ်းအား၏ အထွတ်အထိပ်သို့ မရောက်သေးပါ။ ထို့ကြောင့် သူတို့နှစ်ဦး၏ စကားလုံးများနှင့်အတူ ကျွန်ုပ်၏ စိတ်နှလုံးများ ယိမ်းယိုင် လှုပ်ရှားလာရပါသည်။ အထူးသဖြင့် ကျွန်ုပ် ချစ်မြတ်နိုးလှစွာသော နောင်တော်မြတ်အား ပြောကြားသော စကားလုံးများနှင့် ပတ်သက်၍ အခံရခက်လှပါသည်။ ထိုမှတစ်ဖန် ဗြဟ္မဒတ်လုလင်၏ ချီးမွမ်းသံများ ကြားရသည်တွင်ကား ကျွန်ုပ် အားရကျေနပ်ပြန်ပေသည်။
ဤသို့ နှစ်ဖက်နှစ်တန် အပြန်အလှန် ခံစားရသူမှာ ကျွန်ုပ်တစ်ပါးတည်းတော့ မဟုတ်ပါ။ ဘာဝနာ ကိစ္စမပြီးဆုံးသေးသော ရဟန်းများလည်း ကျွန်ုပ်နည်းတူ ခံစားရကြောင်း နံနက်လင်းခါမှ သိရှိရပါသည်။ ဥယျာဉ်အတွင်းရှိ ဇရပ်ကြီး၌ စည်းဝေးလာကြသော ရဟန်းများလည်း ဤအကြောင်းကိုပင် ပြောဆိုကြပေသည်။
ဤတွင် ဘုရားရှင်သည် ကျွန်ုပ်တို့ထံ ကြွတော်မူကာ သုပ္ပိယတို့ ဆရာတပည့် ပြောကြားချက်များနှင့် ပတ်သက်၍ တစ်သက်တာ မှတ်သားလောက်သော မိန့်ခွန်းတော်ကို မြွက်ကြားတော်မူပေသည်။
"ရဟန်းတို့၊ သူတစ်ပါးတို့တွင် ငါဘုရား၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြဆိုကြရာ၌ သင်တို့ကလည်း ရန်မျက်သိုကြလျှင် နှလုံးမသာမယာကြလျှင် အခံရခက်နေကြလျှင် သူတစ်ပါးတို့၏ စကားအမျိုးမျိုးကို အကောင်းအဆိုးခွဲခြား၍ သိနိုင်ကြပါမည်လော"
"မသိနိုင်ကြပါ အရှင်ဘုရား "
"ထို့ကြောင့် သင်ရဟန်းတို့သည် အပြစ်ပြောလာသူတို့အပေါ် ရန်မျက်သိုခြင်း၊ နှလုံးမသာခြင်း၊ အခံရခက်ခြင်း မဖြစ်စေဘဲ မဟုတ်မမှန်သည်ကို မဟုတ်မမှန်မှန်း သိအောင် ဖြေရှင်းကြရမည်။ "ဤစကားသည် ဤသို့သော အကြောင်းကြောင့် မဟုတ်မမှန်။ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့မှာ မရှိ" ဟု အတိအလင်း ဖြေရှင်းကြရမည်"
မလိုလားသူတို့၏ ပုတ်ခတ်စွပ်စွဲသူများနှင့် ပတ်သက်၍ တစ်ဖက်စွန်းမရောက်သော ညွှန်ကြားချက် ဖြစ်ပါ၏၊ စွပ်စွဲမှုဟူသမျှနောက်သို့ မိမိတို့က ကောက်ကောက်ပါအောင် လိုက်ကာ စိတ်မချမ်းမသာ ဖြစ်နေလျှင် အစွန်းတစ်ဖက် ရောက်ကြမည်ဖြစ်၏၊ တစ်ဖန် ဘယ်သူတွေ ဘာပဲ ပြောပြော ကိုယ်မဟုတ်လျှင် ပြီးစတမ်း ဟူသော သဘောဖြင့် လုံးဝ နှုတ်ဆိတ်နေလျှင်လည်း အကျိုးမရှိသေးပါ။ ဟုတ်၍ နှုတ်ဆိတ်နေသည်ဟု အများတကာ အထင်မှားစရာ ဖြစ်လာနိုင်၏၊ အခြားတစ်ဖက်က သည့်ထက် ရောင့်တက်လာနိုင်၏၊ ထို့ကြောင့် ခိုင်မာသော အကြောင်းပြချက်နှင့် မဟုတ်မှန်သည်ကို မဟုတ်မှန်ကြောင်း ဖြေရှင်းကြရန် မိန့်ကြားတော်မူရပေသည်။
ပုတ်ခတ်စွပ်စွဲမှုများနှင့် ကြုံသောအခါ လိုက်နာရန် အချက်များကို ညွှန်ကြားတော်မူပြီးနောက် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ချီးကျူးရာ၌ လိုက်နာကြရမည့် အချက်များကိုလည်း ဆက်လက်၍ ညွှန်ကြားတော် မူရပေသည်။
"ရဟန်းတို့၊ သူတစ်ပါးတို့က ငါဘုရား၏ ဂုဏ်ကျေးဇူးကိုဖြစ်စေ၊ တရား၏ ဂုဏ်ကျေးဇူးကိုဖြစ်စေ၊ သံဃာ၏ ဂုဏ်ကျေးဇူးကိုဖြစ်စေ၊ ချီးကျူးပြောဆိုရာ၌ သင်တို့ကလည်း နှစ်သက်နေကြလျှင် ဝမ်းသာနေကြလျှင် စိတ်တက်ကြွနေကြလျှင် သူတစ်ပါးတို့၏ စကားအမျိုးမျိုးကို အကောင်းအဆိုးခွဲခြား၍ သိနိုင်ပါဦးမည်လော"
"မသိနိုင်ကြပါ အရှင်ဘုရား "
"ထို့ကြောင့် သင်ရဟန်းတို့သည် ချီးကျူးပြောဆိုလာသူတို့အပေါ် နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဏိတ်တက်ကြွခြင်း မဖြစ်စေဘဲ ဟုတ်မှန်သည်ကို ဟုတ်မှန်သည့်အတိုင်း ဝန်ခံကြရမည်။ "ဤစကားသည် ဤသို့သော အကြောင်းကြောင့် ဟုတ်မှန်၏၊ စင်စစ်အားဖြင့် ဤသို့သော ဂုဏ်ကျေးဇူးသည် ငါတို့မှာ ထင်ရှားရှိ၏" ဟု အတိအလင်း ဝန်ခံကြရမည်"
ဘုရားရှင် မိန့်တော်မူသည့်အတိုင်း မိမိတို့မှာ အဟုတ်တကယ် ထင်ရှားရှိသော ဂုဏ်ကျေးဇူးကို ဝန်ခံခြင်းဖြင့် ကြည်ညိုသဒ္ဓါဖြင့် ချဉ်းကပ်လာသော ပရိသတ်များ ခိုင်ခိုင်မြဲမြဲ စိတ်ရဲကြမည် ဖြစ်ပေသည်။
ဤသို့ ဗြဟ္မဒတ်လုလင်က ချီးကျူးသော စကားနှင့် အနုသန္ဓေ ဆက်စပ်ကာ ကိုယ်တော်မြတ်၏ ဂုဏ်ကျေးဇူးကို အဆင့်ဆင့်သော သီလဂုဏ်တို့ဖြင့် ဟောကြားတော်မူ၏၊ သီလဂုဏ်မှတစ်ဆင့် ပညာဂုဏ်များကို ပြဆိုရာတွင်ကား ဉာဏ်တော်ကွန်ယက်အတွင်းမှာ သက်ဝင်နေသော မိစ္ဆာဒိဋ္ဌိများကို အကျယ်ဝေဖန်၍ ပြတော်မူပေသည်။
အကျယ်အားဖြင့် ၆၂ ပါး တိတိရှိသော မိစ္ဆာဒိဋ္ဌိတို့ကို တစ်ပြုံလုံး အမြစ်ပြုတ်အောင် ပယ်သတ်နိုင်သော တရားကား ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်သော သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်၏၊ မျိုးမည်စုံစွာသော အစွဲမှားတို့ဖြင့် ဒုက္ခကြီးစွာ တွေ့ကြုံနေရသော သတ္တဝါများကို မြင်ရလေလေ၊ ကျွန်ုပ်ကိုယ်တိုင် ရရှိထားသော သမ္မာဒိဋ္ဌိမဂ္ဂင်ကို ကျေးဇူးတင်လေလေ။
အမျိုးမျိုးအဖုံဖုံ ယူကြ စွဲကြလေသမျှသည် အတ္တူဟူသော အယူအစွဲအပေါ်မှာ အခြေခံသည်ချည်း ဖြစ်၏၊ အတ္တဟူ၍ စွဲယူသော မိစ္ဆာဒိဋ္ဌိသည် တကယ်စင်စစ်အားဖြင့် အနတ္တသာ ဖြစ်၏၊ သည် မိစ္ဆာဒိဋ္ဌိသည် ငါ ဟူ၍လည်းကောင်း၊ ငါ့ဟာ ဟူ၍လည်းကောင်း တွေးကြံဖန်တီးတတ်၏၊ သို့သော် ဤသို့ တွေးကြံဖန်တီးမှု ပြုတတ်သော မိစ္ဆာဒိဋ္ဌိမှာကား ငါစွမ်းသတ္တိကြောင့် ဖြစ်သည် မဟုတ်ပါ။ ငါတည်းဟူသော တရားတစ်ခုသည်ပင် မုချဧကန်မရှိသော တရားဖြစ်၍ မိစ္ဆာဒိဋ္ဌိ ဖြစ်စေနိုင်သော အကြောင်းတရားများတွင် မပါဝင်ပါ။ ဆရာကောင်းထံနည်းမခံခြင်း၊ အလွဲအမှား တရားကြားနာမှတ်သားရခြင်း စသော အကြောင်းတရားများကြောင့်သာ ဖြစ်ပေါ်လာရ၏၊ ဤသို့ဆိုလျှင် ငါမဟုတ်သော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာသော ထိုအကျိုးတရားတို့သည် ငါဟူ၍ ဖြစ်နိုင်ပါမည်လော။ ဤသို့ "ငါလုပ်သော စိတ် ကိုယ်တိုင်ကပင် ငါ မဟုတ်ပါကလား" ဟု သိမြင်လိုက်ခြင်းသည်ပင် မိစ္ဆာဒိဋ္ဌိဟူသမျှကို စတင် ဖြိုခွင်းလိုက်ခြင်း ဖြစ်ပါ၏၊
သမ္မာဒိဋ္ဌိ အလင်းရောင်ဖြင့် မိစ္ဆာဒိဋ္ဌိ အမှောင်ဓာတ်များကို ပယ်ရှား၍ ပေးခဲ့သော ကျွန်ုပ်၏ ဆရာ အရှင်ပုဏ္ဏအား ဤနေရာမှ လက်အုပ်ချီမိုး ရှိခိုးလိုက်ရပါ၏၊
(သီလက္ခန္ဓဝဂ်၊ ဗြဟ္မဇာလသုတ်၊ ပါဠိတော်နှင့် အဋ္ဌကထာ)
အမြတ်ဆုံး တရားနှစ်ပါး
ကျွန်ုပ်တို့ပတ်ဝန်းကျင်က အယူအဆ မတူမျှသော ပုဂ္ဂိုလ်တို့အကြောင်းကို တော်တော်စုံအောင် တင်ပြခဲ့ပါပြီ။ သူတို့၏ အယူဝါဒမျိုးစုံကိုလည်း သာသနာ့ အသိအမြင်ဖြင့် ဝေဖန်သုံးသပ်၍ ပြခဲ့ပါပြီ။
တင်ပြခဲ့ပြီးသော ပုဂ္ဂိုလ်တို့အားလုံးလိုလို သာမဏ အနွယ်ဝင်များ ဖြစ်ကြ၏၊ ကိုယ်ပိုင်အိုးအိမ်၊ ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိဘဲ ဒါယကာ ဒါယိကာမတို့ထံ အလှူခံ၍ စားသောက်နေသူတို့ ဖြစ်ကြ၏၊ ကျွန်ုပ်တို့ သာသနာတော်ကြီး ပေါ်ထွန်းလာချိန်တွင် သူတို့၏ အရှိန်အဝါသည် ယခင်ကလောက် မတောက်ပနိုင်တော့ပါ။ သို့သော် သူတို့အုပ်စုနှင့် သူတို့ အစဉ်မပျက် ရပ်တည်လျက်ကား ရှိပေသည်။ ထို့ကြောင့် နောက်နောင် အကြောင်းသင့်သောအခါ သူတို့အကြောင်းကို ထပ်မံ တင်ပြရပါဦးမည်။
နိဂဏ္ဌများ၊ အခြားသော ပရိဗိုဇ်များကဲ့သို့ အိုးအိမ်လယ်ယာ မစွန့်ခွာဘဲ အယူတစ်ခု လက်ကိုင်ပြုထားကြသူတို့ကား ဗြာဟ္မဏနွယ်ဖွား ပုဏ္ဏားတို့ ဖြစ်ကြ၏၊ သူတို့၏ ဝါဒကို ဦးစွာပထမ မျိုးစေ့ချပေးခဲ့သူတို့ကား တကယ့် သူတော်စင် ရသေ့ကြီးများ ဖြစ်ကြ၏၊ ရှေးဦးပထမ ပေါ်ထွန်းခဲ့သော ဗြာဟ္မဏဂိုဏ်းဝင်တို့မှာ သူတော်စင်များသာ ဖြစ်ကြ၏၊ သားမယား၊ အိုးအိမ်စည်းစိမ်ဥစ္စာ ဘာတစ်ခုမျှ အတွယ်အတာ မထားဘဲ တရားနှင့် ပျော်ခဲ့ကြသူများ ဖြစ်၏၊
သို့သော် ကျွန်ုပ်တို့လက်ထက် တွေ့ကြုံရသော အဆက်အနွယ်များ၏ အကျင့်သီလကား အခြားသူများထက် သာသည်ဟု မပြောနိုင်ပါ။ သူများနည်းတူ သူတို့လည်း သားနှင့် မယားနှင့် ဖြစ်ကြ၏၊အိုးတွေ အိမ်တွေ ပိုင်ဆိုင်ကြ၏၊ တချို့မှာ ကျိကျိတက်ချမ်းသာသော စည်းစိမ်ရှင်ကြီးများ ဖြစ်ကြ၏၊ သူတို့လောက် မကြွယ်ဝသူတို့မှာ လယ်ယာကိုင်းကျွန်း လုပ်ကိုင်ကြ၏၊ တချို့တလေမှာ မွေးမြူရေးလုပ်ကြ၏၊ အနည်းငယ်မျှသော ပုဏ္ဏားတို့ကား ရွာတကာ ရပ်တကာလှည့်လည်၍ အလှူခံစားသောက်ကြ၏၊ သူတို့နောက်ပိုင်းမှာကလည်း သားမယားများ ရှိနေကြပေသည်။
ဤသို့အားဖြင့် ပုဏ္ဏားတို့သည် အကျင့်သီလအားဖြင့် လည်းကောင်း၊ အသက်မွေးမှုအားဖြင့်လည်းကောင်း အခြားမျိုးနွယ်များနှင့် မထူးခြားလှပါ။ လူထဲက လူများဖြစ်ပါလျက် သူများနှင့် ထူးခြားအောင် ဖန်တီးပေးသည်မှာကား ဝေဒကျမ်းဂန်များ ဖြစ်ပေသည်။
ဝေဒကျမ်းဂန်များ၏ အရှိန်အဝါဖြင့် သူတို့သည် သူတို့၏ မျိုးရိုးမတိမ်ကောအောင် စောင့်စည်းကြ၏၊ အခြားမျိုးနွယ်များနှင့် မရောမယှက် မဆက်ဆံဘဲ သီးသန့်နေထိုင်ကြ၏၊ ဖန်ဆင်းရှင်၊ တန်ခိုးရှင် နတ်ဗြဟ္မာများကို ကိုးကွယ် တင်မြှောက်ကြ၏၊ တမလွန် မျှော်လင့်ချက်ဖြင့် ယစ်ပူဇော်ကြ၏၊ ကျူးလွန်မိသော မကောင်းမှုကို ရေမှာမျှောကြ၏၊ ထို့ပြင် လောကဆိုင်ရာ အသိပညာဟူသမျှကိုလည်း ဝေဒကျမ်းများမှ ရရှိကြ၏၊ ထို့ကြောင့် ကျွန်ုပ်တို့ ခေတ်အခါအရ သူတို့သည် ပညာတတ်လူတန်းစားများ ဖြစ်နေကြပေသည်။
ဤအခြေအနေများမှာ ကိုယ့်ဝါသနာနှင့်ကိုယ်၊ ကိုယ့်ပတ်ဝန်းကျင်နှင့်ကိုယ် လေ့လာကျင့်ကြံနေခြင်းဖြစ်၍ ကျွန်ုပ်တို့က ရှုတ်ချပစ်တင်နေရန် မလိုပါ။ ဤသို့သော အလေ့အကျင့်များကြောင့်လည်း ကျွန်ုပ်တို့ဖို့ ထိခိုက်နစ်နာရန် အကြောင်းမရှိပါ။ သို့သော် သူတို့ဘာသာ ယူရုံ၊ စွဲရုံမျှမက အခြားသူများအပေါ် စော်ကားရာရောက်သော အယူတစ်ခုက ရှိနေဘိ၏၊ ထိုအယူကား သူတို့ကိုယ်သူတို့ ဇာတ်ကြီးသည်ဟု ယူစွဲထားခြင်းပင် ဖြစ်ပေသည်။
ဇာတ်ကြီးသည်ဟု ယူစွဲရာ၌ သူတို့ကိုယ်သူတို့ အမွှမ်းတင်ရုံသက်သက်သာ ဆိုပါက အပြစ်တင်ရန် မရှိပါ။ သို့သော် သူတို့က ဤမျှနှင့် မကျေနပ်ပါ။ သူတို့ကို ဗြဟ္မာမင်းကြီး၏ ပါးစပ်မှ ပေါက်ဖွားလာသူဟု ဆိုကာ အခြားသူများကိုတော့ ဗြဟ္မာမင်းကြီး၏ ခြေဖျားမှ ပေါက်ဖွားလာသူများဟု ဆိုကြ၏၊ မိမိကိုယ်ကို နတ်ဗြဟ္မာမင်းကြီးနှင့် ပင်း၍ ချီးမြှောက်ကာ မျိုးရိုးမတူသူများကို နှိမ့်ချလိုက်ခြင်းပင် ဖြစ်ပေသည်။
သောဏဒဏ္ဍပုဏ္ဏားသည် ဤမျှလောက် ယုတ္တိမတန်သော အစွဲအလမ်းမျိုးကို လက်မခံပါ။ သို့သော် သူများနည်းတူပင် မျိုးရိုးစင်ကြယ်မှုကိုကား အထွတ်အမြတ်ထား၏၊ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် မပျက်မကွက် မျိုးရိုးမပျက် ဆင်းသက်လာရုံမျှမက မျိုးရိုးနှင့် ပတ်သက်၍ လုံးဝ အမည်းစက် မထင်ခဲ့၍ ဂုဏ်ယူမဆုံး ဖြစ်နေပေသည်။
မျိုးရိုးဂုဏ်ကြီးလှသော သောဏဒဏ္ဍသည် ပစ္စည်းဥစ္စာ ကြွယ်ဝ၏၊ ဝေဒကျမ်းစာများကို နှုတ်တက်ရွရွ ရွတ်ဖတ် သရဇ္ဈယ်နိုင်၏၊ အလင်္ကာ၊ သဒ္ဒါ၊ ရာဇဝင်ဟူသော ကျမ်းဂန်များကို တစ်ဖက်ကမ်းခတ် တတ်မြောက်၏၊ ယောကျ်ားပီပီ ခန့်ခန့်သန့်သန့် ချောမွေ့သူ ဖြစ်၏၊ ညင်ညင်သာသာ စကားပြောတတ်၏၊ တပည့်ပေါင်းများစွာ၏ ဆရာကြီး ဖြစ်၏၊ ဘုရားရှင်ထက် အသက်ကြီး၏၊ မာဂဓတိုင်းရှင် ဘုရင်ကြီး ဗိမ္ဗိသာရကိုယ်တိုင်က လေးစား ကြည်ညိုသဖြင့် စမ္ပာမြို့ကို အပိုင်စား ပေးထားရ၏၊ နာမည်ကြီးသော အမ္ဗဋ္ဌ၏ဆရာ ပေါရက္ခရသာတိ ပုဏ္ဏားကြီးသည်ပင် သောဏဒဏ္ဍကို အလေးအမြတ်ထားရပေသည်။
ဤရွေ့ ဤမျှ အရှိန်အဝါ ကြီးလှသဖြင့် သောဏဒဏ္ဍမှာ ဘုရားရှင့် ရှေ့တော်သို့ တော်တော်နှင့် မရောက်လာနိုင်ပေ။ သူ့လက်အောက်မှာ ရှိကြသော ပုဏ္ဏားများက ဝိုင်းဝန်းတားဆီးခြင်းကို ခံနေရ၏၊ အင်မတန်မှ အရှိန်အဝါကြီးလှသော သောဏဒဏ္ဍဆရာကြီးက ဘုရားရှင်ထံ ဝင်ရောက်ဖူးမြော်လျှင် ဘုရားရှင်ဘက်က ဂုဏ်တက်ကာ သူတို့ဆရာကြီး ဂုဏ်နိမ့်သွားမည် ထင်နေကြ၍ ဖြစ်ပေသည်။
မိမိဘက်က လိုက်ပါ၍ ပြောကြမှန်းသိသော်လည်း သောဏဒဏ္ဍက သူတို့စကားများကို လက်မခံပါ။ မိမိတွင် ရှိရှိသမျှသော ဂုဏ်များထက် ဘုရားရှင့်ဂုဏ်တော်များက သာလွန်ပုံကို အကျယ်တဝင့် ရှင်းပြလိုက်၏၊ ဤတွင် တားမြစ်သော ပုဏ္ဏားငါးရာပါ သူနှင့် အတူတူ လိုက်ပါကြရပေတော့သည်။
ဘုရားရှင့် ဂုဏ်တော်ကို ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် ဂဂ္ဂရာ ရေကန်အနီးသို့ လာခဲ့ပါ၏၊ ကျွန်ုပ်တို့ရှိရာ တောရကျောင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါ၏၊ သို့ပါလျက် ကျောင်းထဲရောက်ခါမှ သောဏဒဏ္ဍမှာ မျက်နှာ ခပ်ပျက်ပျက် ဖြစ်လာရ၏၊ ခပ်မှန်မှန်လှမ်းလာခဲ့သော ခြေလှမ်းများပင် တုံ့နှေးလေးဖင့်လာကြ၏၊ လာစဉ်တုန်းက ရွှင်လန်းခဲ့ပါလျက် ရှေ့တော်မှောက်ရောက်ခါမှ ညှိုးနွမ်းသွားရသည်မှာ အဘယ်အကြောင်းကြောင့် ပါနည်း။
"ပုဏ္ဏား၊ ပုဏ္ဏားဟူ၍ အများက ခေါ်နိုင်ရန် အဘယ်မျှသော အင်္ဂါများ ရှိရပါမည်နည်း။ မိမိကိုယ်ကို ပုဏ္ဏားဟူ၍ အမှန်အကန်ခေါ်ဆိုနိုင်ရန် မည်မျှသော အင်္ဂါနှင့် ပြည့်စုံရပါမည်နည်း"
ကျွန်ုပ်အဖြေရှာနေဆဲတွင် ဘုရားရှင်က မေးခွန်းထုတ်တော် မူလိုက်ပါပြီ။ ဤမေးခွန်းကို ကြားလိုက်ရခါမှ သောဏဒဏ္ဍပုဏ္ဏားကြီး၏ မျက်နှာသည် ညှိုးနွမ်းရာမှ လန်းဆန်း၍ လာပေသည်။ ဤတွင် ကျွန်ုပ် စမ်းတဝါးဝါးနှင့် ရှာဖွေနေရသော အဖြေလည်း ဘွားခနဲ ပေါ်လာပါပြီ။
ထက်သန်သော သဒ္ဓါစိတ်ဖြင့် ချဉ်းကပ်လာခဲ့ရသော်လည်း သောဏဒဏ္ဍမှာ ဘုရားရှင်နှင့် စကားပြောရန် မဝံ့မရဲ ဖြစ်နေပါလိမ့်မည်။ သူ မဖြေနိုင်သော အချက်အလက်များကို ဘုရားရှင်က မေးတော်မူလျှင် ပရိသတ်အလယ် အရှက်ကွဲမှာ ကြောက်နေပါလိမ့်မည်။ ယခု သူပိုင်ပိုင်ကြီး ဖြေနိုင်သော မေးခွန်းကြောင့် ပြုံးပြုံးရွှင်ရွှင် ဖြစ်လာပုံကို ထောက်၍ စောစောက မျက်နှာညှိုးခဲ့ရပုံကို ကျွန်ုပ် အလွယ်တကူ မှန်းဆနိုင်ပါပြီ။ တစ်ဖက်သား၏ အခက်အခဲကို ချက်ချင်းသိ၍ ချက်ချင်းဖြေရှင်းပေးနိုင်စွမ်းသော ဉာဏ်တော်ကို ကျွန်ုပ် အလေးအမြတ် မှတ်တမ်းတင်လိုက်ရပေသည်။
"အရှင်ဘုရား၊ ပုဏ္ဏားဟူ၍ အများက ခေါ်နိုင်ရန် မိမိကိုယ်ကို ပုဏ္ဏားဟူ၍ အမှန်အကန်ခေါ်နိုင်ရန် အင်္ဂါငါးပါးနှင့် ပြည့်စုံရပါသည်။ ထိုအင်္ဂါငါးပါးတို့မှာ.... မျိုးရိုးစင်ကြယ်ခြင်း၊ ဝေဒကျမ်းဂန်တတ်ကျွမ်းခြင်း၊ အဆင်းသဏ္ဍာန် လှပချောမောခြင်း၊ သီလလုံခြုံခြင်း၊ ဉာဏ်ပညာထက်မြက်ခြင်းတို့ ဖြစ်ပါသည် ဘုရား"
သူပိုင်နိုင်သော အချက်များဖြစ်၍ သောဏဒဏ္ဍပုဏ္ဏားကြီးက ရဲရဲကြီးဖြေကြားလိုက်၏၊ ဤတွင် ဘုရားရှင်က သူ့အဖြေကို ထပ်၍ဆင့်၍ မေးတော်မူလိုက်ပြန်ပေသည်။
"ပုဏ္ဏား၊ ထိုအင်္ဂါငါးပါးတို့တွင် တစ်ပါးပါးကို ချန်လှပ်၍ ကျန်သော အင်္ဂါလေးပါးဖြင့် ပုဏ္ဏားဟူ၍ ခေါ်နိုင်ပါသေးသလော"
"ခေါ်နိုင်ပါသေးသည် ဘုရား၊ အဆင်းလှခြင်းကို ချန်လှပ်၍ ကျန်အင်္ဂါလေးပါးဖြင့်လည်း ပုဏ္ဏားဟု ခေါ်နိုင်ပါသေးသည် ဘုရား"
ဘုရားရှင် လမ်းကြောင်းပေးရာနောက်သို့ သောဏဒဏ္ဍပုဏ္ဏားကြီး လိုက်ပါလာခဲ့ပေပြီ။
"ပုဏ္ဏား၊ ထိုလေးပါးသော အင်္ဂါတို့တွင်လည်း တစ်ပါးပါးကို ချန်လှပ်ထား၍ ရပါဦးမည်လော"
"ရပါသေးသည် အရှင်ဘုရား၊ ဝေဒကျမ်းကို ချန်ထား၍ ရနိုင်ပါသေးသည်"
အစွဲတစ်ခု အခြေပြုထားပြီးဖြစ်သော ပုဏ္ဏားတစ်ယောက်အား ရုတ်တရက် ဆန့်ကျင်ဘက် ဟောမချ လိုက်သေးဘဲ တဖြည်းဖြည်း ဆွဲဆောင်လာပုံမှာ အတုယူဖွယ် ကောင်းလှပါသည်။
"ပုဏ္ဏား၊ ထိုအင်္ဂါသုံးပါးတွင်လည်း တစ်ပါးပါးကို ချန်လှပ်ထား၍ ရပါဦးမည်လော"
"ရပါသေးသည် အရှင်ဘုရား၊ မျိုးရိုးကို ချန်ထား၍ ရနိုင်ပါသေးသည်"
အဆင်းလှခြင်းနှင့် ဝေဒကျမ်းစာကို ချန်လှပ်စဉ်ကတည်းက မကျေမနပ်ဖြစ်နေခဲ့သော ပုဏ္ဏားပရိသတ်သည် မျိုးရိုးကို ချန်လှပ်ထားလိုက်သည်တွင်ကား ပွက်ပွက်ညံ၍ လာကြပါတော့သည်။
"ဆရာ သောဏဒဏ္ဍ၊ ဤသို့မဆိုပါနှင့်။ ဆရာ သောဏဒဏ္ဍ၊ ဤသို့မဆိုပါနှင့်။ ဆရာသည် ပထမဦးစွာ အဆင်းလှခြင်းကို ပစ်ပယ်၏၊ နောက်တစ်ခါ ဝေဒကျမ်းကို ပစ်ပယ်၏၊ ယခု မျိုးရိုးကို ပစ်ပယ်လိုက်၏၊ ဆရာသည် ရဟန်းဂေါတမ၏ ဝါဒနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားချေပြီတကား"
သူတို့တန်ဖိုးထားသောအချက်များကို သူတို့ဆရာကြီးက တန်ဖိုးမထားသဖြင့် အကျောက်အကန် ငြင်းဆန်ကြခြင်း ဖြစ်ပေသည်။ ဤတွင် ဘုရားရှင်က.....
"ပုဏ္ဏားတို့၊ သောဏဒဏ္ဍပုဏ္ဏားကို ငါဘုရားနှင့် စကားမပြောတတ်ဟု သင်တို့ ယူဆလျှင် သောဏဒဏ္ဍပုဏ္ဏား အသာနေစမ်းပါ။ သင်တို့နှင့်သာ ငါ ဘုရား စကားပြောအံ့။ သို့မဟုတ် သောဏဒဏ္ဍ ပုဏ္ဏားသည် ဗဟုသုတရှိ၏၊ ပညာဉာဏ်ကြီးမား၏၊ ငါဘုရားနှင့် စကားပြောနိုင်စွမ်း ရှိ၏ဟု သင်တို့ ယုံကြည်ကြလျှင် သင်တို့ အသာနေလိုက်ကြ။ သောဏဒဏ္ဍနှင့်သာ ငါဘုရား စကားပြောလိုသည်"
"အရှင်ဘုရား ဆိတ်ဆိတ်နေတော်မူပါ။ ထိုပုဏ္ဏားတို့ကို တပည့်တော်ဘာသာ ချက်ကျလက်ကျ ချေပလိုက်ပါမည်"
နှုတ်သရမ်းသော ပုဏ္ဏားတို့အတွက် သောဏဒဏ္ဍပုဏ္ဏားကြီး ရှက်သွားဟန် ရှိပါသည်။ ထို့ကြောင့်ပင် ဘုရားရှင်ကို တားမြစ်ကာ သူ့ပရိသတ်ကို သူ့ဘာသာ နှိမ်နင်းရန် ဟန်ပြင်လိုက်ရပါတော့သည်။
"ဆရာတို့၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ငါ၏တူ အင်္ဂလုလင်ကို သင်တို့ မြင်ကြပါ၏လော"
"မြင်ပါသည် ဆရာကြီး"
"ဤလုလင်သည် အကယ်၍ သူ့အသက်ကို သတ်ငြားအံ့။ သူ့မယားကို ပြစ်မှားငြားအံ့။ မဟုတ်မမှန်သော စကားကို ပြောဆိုငြားအံ့။ သေအရက်များ သောက်စားငြားအံ့။ ဆရာတို့ ဤသို့ သီလကျိုးပေါက်သည်ရှိသော် လှပသောအဆင်း၊ ဝေဒကျမ်းစာနှင့် မျိုးရိုးဇာတိတို့သည် အရာရောက်ပါဦးမည်လော"
ဤသို့အချက်ကျကျ ငြိမ်းသတ်လိုက်သဖြင့် ပူညံပူညံအသံများ တိတ်ဆိတ်သွားရ၏၊ ဤတွင်မှ ဘုရားရှင်က စောစောက စကားကို ပြန်ကောက်တော်မူကာ.....
"ပုဏ္ဏား၊ ထိုနှစ်ပါးသော အင်္ဂါတို့တွင်ကော တစ်ပါးပါးကို ချန်ထား၍ ရပါဦးမည်လော"
"မရနိုင်တော့ပါ အရှင်ဘုရား။ လက်တစ်ဖက်ဖြင့် အခြားလက်တစ်ဖက်ကို ဆေးကြောရသကဲ့သို့ ခြေတစ်ဖက်ဖြင့် အခြားခြေတစ်ဖက်ကို ဆေးကြောရသကဲ့သို့ ပညာကို သီလဖြင့် ဆေးကြောရပါသည်။ သီလကို ပညာဖြင့် ဆေးကြောရပါသည်။ သီလရှိသော ပုဂ္ဂိုလ်မှာ ပညာရှိပါသည်။ ပညာရှိသော ပုဂ္ဂိုလ်မှာ သီလရှိပါသည်။ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုထိုက်ပါသည် ဘုရား"
သောဏဒဏ္ဍပုဏ္ဏားကြီး လျှောက်ထားသော ဤစကားကို ဘုရားရှင်ကလည်း ထောက်ခံချက် ပေးတော်မူပေသည်။ ထို့ကြောင့် ဘုရားရှင့် စကားအဖြစ် လေးလေးမြတ်မြတ် မှတ်ယူနိုင်ပါပေသည်။
ဤဒေသနာတော်ကို ကြားနာရသဖြင့် သောဏဒဏ္ဍပုဏ္ဏားကြီးမှာ တစ်မဂ်တစ်ဖိုလ် ရမသွားရှာပါ။ ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်သော ဥပါသကာအဖြစ်ကိုကား ခံယူသွားပေသည်။
အနီးအပါးမှာ တရားနာနေသော ကျွန်ုပ်တို့အဖို့ကား အဆင်းဂုဏ်၊ ပညာဂုဏ်၊ မျိုးရိုးဂုဏ်မောက်သူတို့အတွက် အချက်ကျကျ ဆုံးမနိုင်သော ဒေသနာတော်တစ်ပုဒ် ရလာသဖြင့် မပျောက်မပျက်အောင် ကျက်မှတ်၍ ထားလိုက်ရပါပေသည်။
(သီလက္ခန္ဓဝဂ်၊ သောဏဒဏ္ဍသုတ်)
နမောတဿကို မကြားချင်သူ
ရှေ့အခန်းမှာတုန်းက ဗြာဟ္မဏနွယ်ဖွား ပုဏ္ဏားအများစု၏ မျိုးရိုးဇာတိအစွဲအလမ်းတစ်ခုကို တင်ပြခဲ့၏၊ လောကီထုပ္ပတ် လူတို့ဇာတ်ကို ခြေခြေမြစ်မြစ် လေ့လာထားသူမှန်သမျှ ထိုအယူစွဲ ယုတ္တိမတန်ပုံကို သဘောပေါက်ကြပါလိမ့်မည်။ ထို့ကြောင့် သမာသမတ်သဘောထားရှိသော ဗြာဟ္မဏနွယ်ဖွားတို့က ထိုအယူစွဲကို လက်မခံကြပါ။ အစွဲသန်လွန်းသော ပုဏ္ဏားတို့လည်း မကြာမီ သူတို့လို သဘောပေါက်လာကြလျှင် ကောင်းလေစွ။ သို့သော် ဓနဉ္စာရီ မျိုးနွယ်တို့၏ အယူအစွဲကို စဉ်းစားမိသောအခါတွင်ကား ထိုတောင့်တချက်ကို ကျွန်ုပ် စွန့်လွှတ်လိုက်ရပါတော့သည်။
ဗြာဟ္မဏနွယ်ဖွား အများစုကြီးက မိမိကိုယ်ကို ဗြာဟ္မာကြီး၏ ခံတွင်းမှ ပေါက်ဖွားလာသည်ဟု ဆိုကြ၏၊ ဓနဉ္စာရီနွယ်ဖွားတို့ကား သူတို့ထက်သာပေသေးသည်။ အခြားပုဏ္ဏားများလို ခံတွင်းမှပေါက်ဖွားလာသည် မဟုတ်ဘဲ ဦးခေါင်းထိပ်မှ ဖောက်၍ ထွက်လာကြသောသူဟူ၏၊ ထို့ကြောင့် ပုဏ္ဏားတကာတို့ထက် သူတို့က မြင့်မြတ်သည်ဟု သတ်မှတ်ထားကြပေသည်။ ထိုမျှလောက် အစွဲအလမ်း ကြီးလွန်းလှသော အမျိုးအနွယ်ထဲမှ ပုဏ္ဏေးမကြီးတစ်ယောက် ကျွန်ုပ်တို့ သာသနာတော်သို့ သက်ဝင်လာခြင်းကား ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတစ်ခုဟုသာ ဆိုရပါတော့မည်။
မျိုးရိုးအမည်ကို အထွတ်အမြတ်ထား၍ ခေါ်ဝေါ်ရသော လောကထုံးစံအရ ထိုဒါယိကာမကြီးကို "ဓနဉ္စာနီ" ဟုပင် ကျွန်ုပ်တို့ ခေါ်ဝေါ်ကြရပါသည်။ သူ၏ ခင်ပွန်းသည်ကား ဘာရဒွါဇ။ မျိုးရိုးအမည်ပင် ဖြစ်၏၊ ပုဏ္ဏေးမကြီးသည် အရိယာဉာဏ် အမြင်သန်ပြီးသော သာဝကတစ်ယောက်ဖြစ်၏၊ ပုဏ္ဏားကြီးကား ရတနာသုံးပါးနှင့် ပတ်သက်လာလျှင် လေသံမျှပင် မကြားလိုသူပါတည်း။
အရိယာစာရင်းဝင်ပြီးသော ဒါယိကာမကြီးသည် ဘုရားရှင်နှင့်တကွ ကျွန်ုပ်တို့အား မကြာမကြာ ပင့်ဖိတ်၍ ဆွမ်းကျွေးတတ်၏၊ သဒ္ဓါရော ဥစ္စာပါ ပြည့်စုံကုံလုံလှသဖြင့် စားကောင်းသောက်ဖွယ် မျိုးစုံစွာ စီမံချက်ပြုတ်တတ်၍ ကပ်တတ်၏၊ ဤသို့သော နေ့များမှာဆိုလျှင် ပုဏ္ဏားကြီးသည် အိမ်မှာ မနေနိုင်တော့ပေ။ နံနက်လင်းကတည်းက တော်ရာ လျော်ရာ ရှောင်ခွာ၍ နေခဲ့၏၊
ရတနာသုံးပါးကို ပုဏ္ဏားကြီးက မျက်နှာလွှဲနေသော်လည်း ပုဏ္ဏေးမကြီးကတော့ သူ့အသင်းအပင်းများကို မပစ်ပယ်ပါ။ သူတို့အလှည့်ကျသောနေ့တွင် ငါးရာမျှသော ပုဏ္ဏားတို့အား ရေမရောသော နို့ဃနာတို့ဖြင့် ကျွေးမွေးပြုစု၏၊ သာသနာတော်ကို ကြည်ညိုသော်လည်း ခင်ပွန်းသည်၏ အသင်းအပင်းများကို ဝန်တိုခြင်း မရှိပါ၏၊ လင့်အလိုလိုက်၍ အကြိုက်ဆောင်ရသော မယားတို့ ဝတ္တရားဘက်က ကြည့်ကြည့်၊ သတ္တဝါအနန္တတို့အပေါ်မှာ တူညီမျှသော မေတ္တာစေတနာ ထားရှိရသော ဘုရားတပည့်မတစ်ယောက် အနေနှင့် ကြည့်ကြည့်၊ အကြည့်ခံနိုင်သော စံပြဒါယိကာမကြီးပင် ဖြစ်ပါပေသည်။
ဤသို့ အဖက်ဖက်မှ အရည်အချင်း ပြည့်ဝလှသော ဒါယိကာမကြီးမှာ ပုဏ္ဏားကြီး အမြင်အားဖြင့် ချို့တဲ့ချက်တစ်ခုကား ရှိနေပေသည်။ ထိုအချက်ကား အခြား မဟုတ်ပါ။ မကြာခဏ ဘုရားရှိခိုးတတ်ခြင်းပင် ဖြစ်၏၊ သူ့ဘုရားရှိခိုးမှာ အကျယ်တဝင့် မဟုတ်ပါ။ အကျဉ်းချုပ်မျှဖြစ်၍ သုံးကြိမ် သုံးခါပြန်၍ ရွတ်ဆိုရပေသည်။ အလေးအမြတ်ပြုသော သဘောလည်း ပါပေသည်။ ကိလေသာဟူသမျှမှ ဝေးကွာတော်မူပြီးထသော သစ္စာလေးတန် တရားမှန်ကို ဆရာမကူ သယမ္ဘူညဏ်ဖြင့် သိတော်မူပြီးသော ထိုဘုရားရှင်အား ရှိခိုးပါ၏ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
ဒါယိကာမကြီးသည် ထိုဘုရားရှိခိုးကို ရပ်လျက်လည်း ရှိခိုး၏၊ ထိုင်လျက်လည်း ရှိခိုး၏၊ နှာချေ၍ ချောင်းဆိုးပြီးသောအခါမှာပင် ရှိခိုးတတ်သေးသည် ဟူပါ၏၊ ဒါယိကာမကြီးဘကက် နှစ်သက်မြတ်နိုးလှ၍ ရွတ်ဆိုသော ဤအသံသည် ပုဏ္ဏားတို့အဖို့ကား မကြားကောင်း မနာသာ အသံဆိုးကြီး ဖြစ်နေရ၏၊ သူတို့လို ဗြာဟ္မာကြီးကို မကိုးကွယ်သော၊ သူတို့လို ယဇ်ပူဇော်မှု မပြုသော၊ သူတို့လို မကောင်းမှု မျှောချရေးအတွက် တစ်ရက်နှစ်ခါ ရေမချိုးသော၊ သူတို့လို ဦးစွန်းဆံမြိတ် မထားသော ရဟန်းများ ဦးပြည်းများကို မြင်ရခြင်းသည် သူတို့အဖို့ အမင်္ဂလာဖြစ်၏၊ ရဟန်းတို့နှင့် ပတ်သက်သော အသံကို ကြားရခြင်းသည် သူတို့၏ ဂုဏ်ကျက်သရေ ယုတ်လျော့စေဖို့ ဖြစ်သည် ဟူ၏၊ ထို့ကြောင့် ပုဏ္ဏားတို့အား နို့ဃနာထမင်း ကျွေးမွေးသည့် အလှည့်မရောက်မီ တစ်နေ့တွင် ပုဏ္ဏားကြီးက ဒါယိကာမကြီးနှင့် တိုင်ပင်ရင်း....
"အို ရှင်မ၊ ရှင်မသည် ဘာကိစ္စကိုပဲ လုပ်လုပ် ဦးပြည့်းရဟန်း ဂေါတမကို ရှိခိုး၏၊ သည်အသံကို ငါတို့ ပုဏ္ဏားများက လုံးဝ မကြားချင်။ သို့ဖြစ်၍ ပုဏ္ဏားအများနှင့် ငါတို့အကြား ကွဲပြားအောင် မလုပ်ပါနှင့်၊ နက်ဖြန်တစ်နေ့တာလောက် ရှိမခိုးဘဲ နေစမ်းပါ"
ပုဏ္ဏားကြီး နားချသည်ကို ဒါယိကာမကြီးက လက်မခံပါ။
"ရတနာသုံးပါးအသံ မကြားချင်၍ မလာလျှင်လည်း မတတ်နိုင်ပါ။ ကျွန်မအနေနှင့် ဘုရားရှင်ကို သတိရတိုင်း မရှိခိုးဘဲ မနေနိုင်ပါ"
"အို ရှင်မ၊ အိမ်ခြေတစ်ရာရှိသော ရွာ၏ တံခါးမကြီးကိုပင် အလွယ်တကူ ပိတ်နိုင်ကြသေး၏၊ ပုဏ္ဏားများ စားသောက်နေဆဲမှာ လက်နှစ်ချောင်းပိတ်ရုံနှင့် ဖြစ်နိုင်သော သင့်ပါးစပ်ကို ပိတ်မထားနိုင်တော့ပြီလော"
"အို အရှင်၊ ကျွန်မ ပိတ်မထားနိုင်ပါ"
ပုဏ္ဏားကြီး ပြောလေသမျှ သဲထဲသွန်သော ရေပမာ ဖြစ်ကုန်ရ၏၊ အစစအရာရာ လင့်အလိုလိုက်၊ လင့်အကြိုက် ဆောင်ခဲ့ပါလျက် ဤတစ်ကွက်ကျခါမှ တင်းခံနေသဖြင့် ပုဏ္ဏားကြီး ဒေါသထွက်လာကာ.....
"ကဲ ရှင်မ၊ သည်တစ်ခါတော့ အကြောင်းသိကြရစိမ့်မည်။ ညီညာဖြဖြ ပုဏ္ဏားတွေ ထိုင်လာကြတုန်းမှာ ဦးပြည်း ရဟန်းယုတ်ကို ရှိခိုးသံကြားလျှင် သင့်တစ်ကိုယ်လုံးကို သည်ဓားနှင့် နုပ်နုပ်စဉ်းတော့မည်။ ဟောသည်မှာ သည်ဓားကို ကြည့်ထားစမ်း"
ခေါင်းအုံးဘေးက ဓားကို ဆွဲယူကာ ဒါယိကာမကြီး၏ မျက်နှာရှေ့မှာ ဝင့်ပြလိုက်၏၊
ဒါယိကာမကြီးလည်း ဝင်းဝင်းလက်လက် အသွားထက်သော ဓားကို ကြည့်ပါ၏၊ မြင်ပါ၏၊ သည်ဓားနှင့် တစ်ချက်ခုတ်လိုက်ရုံနှင့် အသက်ခန္ဓာ ဆုံးရှုံးရတော့မည်ကို သိပါ၏၊ သို့သော် ပုဏ္ဏားကြီး၏ အလိုကိုကား မလိုက်လျောနိုင်ပါ။ သာသနာတော်ကို မိမိအသက်ထက် မြတ်နိုးသော ဘုရားသမီးတော် မဟုတ်ပါလော။
"အို အရှင်ပုဏ္ဏား၊ စဉ်းလိုလျှင် စဉ်းပါ။ ပြုလိုရာ ပြုပါလော့။ ဘုရားရှင့် သာသနာတော်နှင့်ကား ကျွန်မ ခွဲခွာ၍ မနေနိုင်ပါ"
ဒါယိကာမကြီး စကားဆုံးသည်နှင့် ပုဏ္ဏားကြီး၏ လက်ထဲက ဓားထက်ထက်သည် ဒုတ်ခနဲ အသံမြည်သွား၏၊ ဒါယိကာမကြီး၏ ကိုယ်ပေါ်သို့ ကျလာ၍ မဟုတ်ပါ။ ပုဏ္ဏားကြီးက စိတ်ပျက်လက်ပျက်နှင့် အိပ်ရာပေါ် ပစ်ချလိုက်၍ ဖြစ်ပါသည်။ တကယ်တမ်းကျတော့ ပုဏ္ဏားကြီးသည် ဒါယိကာမကြီးကို နှိပ်စက်ကလူပြုဝံ့သည် မဟုတ်ပါ။ ဓနဉ္စာနီ အမျိုးက သူတို့ ဘာရဒွါဇအမျိုးထက် အဆင့်မြင့်နေသည် မဟုတ်ပါလော။
ကြိုတင်ဖိတ်ကြားထားသည့်အတိုင်း နောက်တစ်နေ့တွင် သူတို့အိမ်သို့ ပုဏ္ဏားငါးရာ စုဝေးလာကြ၏၊ နွားချေးစိမ်းစိမ်း လိမ်းကျံထားသော မြေပြင်ထက်ဝယ် ရေမစွက်သော နို့ဃနာထမင်းများကို မြိန်ယှက်စွာ စားသောက်နေကြ၏၊ ထိုစဉ်ခိုက်တွင် သူတို့မကြားချင်ဆုံးသော အသံဆိုးကြီးကို နားနှင့်ဆတ်ဆတ် ကြားလိုက် ကြရပေသည်။
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
ဤအသံကို မကြားချင်ပါဘူးဆိုမှ သုံးခါတိုင်တိုင် ကြားကြရ၏၊ ဒါယိကာမကြီးသည် အိမ်ရှင်မတို့ ဝတ္တရားရှိသည့်အတိုင်း ခင်ပွန်းသည်၏ အသင်းအပင်းများကို မငြိုမငြင် ပြုစုပါ၏၊ ဧည့်သည်တို့ကို လေးစားသောသဘောဖြင့် အဝတ်သစ်များ ဝတ်ဆင်ထား၏၊ လက်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထား၏၊ ပုဏ္ဏားတို့ ထမင်းခွက်ထဲသို့ နို့ဃနာ ထမင်းများကို ရွှေဇွန်းနှင့် လိုက်ထည့်ပေးနေစဉ် ခလုတ်တိုက်မိ၍ လဲကျ၏၊ သို့သော် သတိကောင်းသူဖြစ်၍ နို့ဃနာခွက် မဖိတ်စဉ်ရအောင် ထိန်းကာ မြေပေါ်မှာ ထိုင်ချလိုက်နိုင်၏၊ ခလုတ်တိုက်သောဒဏ် လဲကျသောဒဏ်ကြောင့် အခံရခက်ရာတွင် ဘုရားရှင်ကို တမ်းတမိ၏၊ ဤတွင် ပုဏ္ဏားငါးရာ အလယ်မှာ ဝေဠုဝန်ကျောင်းတော်ရှိရာသို့ လှမ်း၍ လက်အုပ်ချီကာ ပုဏ္ဏားတို့ နားခါးလှသော စကားလုံးများကို ရွတ်ဆိုလိုက်ခြင်း ဖြစ်ပေသည်။
ထိုစဉ်ခိုက်တွင် တချို့ ပုဏ္ဏားများက စားပြီးကြပြီ။ တချို့မှာ စားဆဲ။ တချို့မှာ နှိုက်ခါစ။ တချို့ရှေ့မှာတော့ ယခုမှ စားစရာ ချခါစ ရှိသေး၏၊ ဤသို့သော မင်္ဂလာအခါကောင်းတွင်မှ မကြားစကောင်းသော အသံဆိုးကြီးကို ကြားလိုက်ရသဖြင့် ထမင်းဝိုင်းကြီး ပျက်သွားရပေတော့သည်။ လေသံကြား၍ လှစ်ခနဲ ပျံပြေးသော ကျီးများကဲ့သို့ ပုဏ္ဏားများ သောသောရုတ်ရုတ် ပြန်ပြေးကြပေတော့သည်။
"အို ရှင်မ၊ ယမန်နေ့က ဤဘေးကို မြင်၍ ငါတို့များ တားခဲ့ပါ၏၊ တားပါလျက်က ယခုတော့ အရှက်တကွဲ အကျိုးနည်း ဖြစ်ရပါပကော"
ဒါယိကာမကြီးကို စိမ်းစိမ်းကြည့်လျက် ပုဏ္ဏားကြီးက ရေရွတ်ကြိမ်းမောင်းလိုက်၏၊ သည့်ထက်ကား သူဘာမှ မစွမ်းနိုင်ပါ။ သူ့ထက် မျိုးရိုးမြင့်မြတ်သော ဒါယိကာမကြီးကို စိတ်ရှိတိုင်း လက်စားမချေဝံ့သော ပုဏ္ဏားကြီး၏ ဒေသသည် ဘုရားရှင်ထံသို့ ဦးလှည့်လာတော့၏၊ သမီးတော်ကိုမျှ အနိုင်ကျင့်၍ မရခဲ့သော ပုဏ္ဏားကြီးသည် သူ့ခမည်းတော်ကိုကား အနိုင်ယူ၍ ရပါဦးမည်လော။
ဒေါသမျက်မာန် ပြင်းထန်နေဆဲမို့ ဤသဘောကို ပုဏ္ဏားကြီး မရိပ်မိရှာ။ ဒါယိကာမကြီး၏ သတိပေးစကားများကို နားမဝင်ရှာ။ သူမျှော်လင့်ထားသည်မှာ အစွန်းနှစ်ဖက် မလွတ်သော သူ့ပြဿနာထဲမှာ မလှုပ်သာ မယှက်သာ ပိတ်မိနေသော ဘုရားရှင်ကို တစ်မျိုးပြီးတစ်မျိုး စကားလုံးများဖြင့် ထိုးဆွနေရခြင်း ဖြစ်၏၊ ဤသို့သာ စိတ်ရှိလက်ရှိ နှိပ်စက်ခန်း ဖွင့်လိုက်ရပါလျှင် သူ့အသင်းအပင်းများကလည်း သူ့ကို ပြန်၍ ဆေးဖော်ကြောဖက် လုပ်လာကြမည် မဟုတ်ပါလော။ သူ့အပေါ်မှာ စိတ်ဆိုးခဲ့ကြသည်နှင့်အမျှ ဝါဒသူရဲကောင်းကြီး အဖြစ်ဖြင့် ဩဘာပေးကြမည် မဟုတ်ပါလော။
သူ့ဟန်ပန် သူ့လေသံများကို ထောက်၍ သူ့အတွင်းစိတ်ဓာတ်ကို ကျွန်ုပ် အကဲခတ်၍ ရပါသည်။ ရှေ့ပိုင်းက ကြောင်းခြင်းရာများကိုတော့ ကျွန်ုပ်တို့ ဆွမ်းအစ်မကြီးထံမှ ကြားရသည့်အတိုင်း အကြောင်းသင့်ရာက တင်ပြခဲ့ရပါသည်။
ဘုရားရှင် ရှေ့တော်မှောက်၌ ဒေါသကို အနိုင်နိုင်ထိန်း၍ တင်ပြသော ဝါဒမှာ ဤသို့ ဖြစ်၏၊
"အို အရှင်ဂေါတမ၊ ဘာကိုဖြတ်လျှင် ချမ်းသာစွာ အိပ်ရသနည်း။ ဘာကို ဖြတ်လျှင် မစိုးရိမ် မပူဆွေးရသနည်း။ အရှင်ဂေါတမ သတ်ဖြတ်လိုသည်ကား အဘယ်နည်း"
ထိန်း၍ ပြောနေသည့်ကြားကပင် သူ့လေသံများ တစ်စထက်တစ်စ ပြင်းထန်လာသည်ကို ကျွန်ုပ် အကဲခတ်မိပါသည်။ တကယ်တော့ဖြင့် သူသည် ဘုရားရှင်ကို တွေ့ကရာ စကားလုံးများဖြင့် ဆဲရေးကြိမ်းမောင်းလိုလှ၏၊ သို့သော် ဤသို့ကား မစွမ်းသာ။ တိုင်းရောပြည်ပါ မြို့ရွာမကျန် ပူဇော်ဆည်းကပ်နေကြသော ပုဂ္ဂိုလ်ကြီးဖြစ်၍ ဝစီကံမြောက် ဆဲရေးကြိမ်းမောင်းမှုများ မပြုဝံ့ပါ။ သို့ဖြစ်၍ နှစ်ဖက်စွန်းမလွတ်သော ပြဿနာများကိုသာ ကြံစည်၍ လာခဲ့ရ၏၊
သူ့ဘက်ကသာ သူ့ပြဿနာကို ဟုတ်လှပြီ ထင်နေ၏၊ ဤသို့သော ပြဿနာကိုသာမက ဘုရားရှင်၏ အဖြေကိုပါ ကျွန်ုပ်တို့ ကြားခဲ့ဖူးပြီဖြစ်၏၊ သူ့စိတ်ကူးထဲမှာတော့ ဘုရားရှင်က မည်သူ့ကို သတ်ဖြတ်လိုသည် ဟု ပုဂ္ဂလဓိဋ္ဌာန်သဘောဖြင့် ဖြေကြားတော်မူလျှင် သည်သည် သင်မနှစ်သက်သူတိုင်းကို သတ်လိုပါသလော၊ လူ့လောကကြီးကို သတ်ဖြတ်ဖို့ သင် လူဖြစ်လာသလော။ ဤသို့ဆိုလျှင် သင့်မှာ ရဟန်းပြု၍ ဘာအကျိုး ရှိဦးတော့မည်နည်း ဟု ပက်ပက်စက်စက် ဆိုလိုက်ရန် မျှော်လင့်နေပါလိမ့်မည်။ တစ်ဖန် ဘာကိုမှ မသတ်ဖြတ်လို ဟု ဆိုပါကလည်း သင်သည် ရာဂ စသည်ကို မသတ်ဖြတ် မစွန့်ပယ်တော့ပြီလော။ ဤသို့ဖြစ်လျှင် အဘယ်ကြောင့် ရဟန်းပြုနေရပါသေးသနည်း ဟု ပိုင်ပိုင်ကြီးဆိုလိုက်ရန် ရည်သန်နေပါလိမ့်မည်။ သူရည်သမျှကား ဘာတစ်ခုမျှ အကောင်အထည် ပေါ်လာရန် မရှိပါ။
"ပုဏ္ဏား၊ အမျက်ကို ဖြတ်လျှင် ချမ်းသာစွာ အိပ်ရ၏၊ အမျက်ကို ဖြတ်လျှင် မစိုးရိမ် မပူဆွေးရပေ။ ငါ ဘုရား ပယ်သတ်လိုသည်ကား အမျက်တရားတစ်ပါးပင် ဖြစ်ပေသည်"
မေးသူဘက်က တကယ့်အခက်အခဲကြီး လုပ်ထားသော ပြဿနာကို ဘုရားရှင်က လွယ်လွယ်ကလေးသာ ဖြေကြားတော်မူလိုက်ပေသည်။ ဤသို့ဖြင့် ပုဏ္ဏားကြီးက အားကိုးတကြီး ကိုင်စွဲ၍ ပစ်လွှတ်လိုက်သော လက်နက်ကြီးများ ပျက်စီးသွားရပေတော့သည်။
အမျက်ဒေါသ၏ ကျေးကျွန်အဖြစ်ဖြင့် မတန်မရာ ယှဉ်ပြိုင်လာသော ပုဏ္ဏားကြီးကို ဘုရားရှင်က မဟာကရုဏာ လွှမ်းခြုံထားသော အသံတော်ဖြင့် ဖြေကြားတော်မူပါ၏၊ ကရုဏာဟူသည် ဒုက္ခိတသတ္တဝါတို့အပေါ် ဖြန့်ကြက်တည်နေသော ဗြဟ္မစိုရ်တရားဖြစ်ရာ ထိုကရုဏာ စေတသိက်၏ ဖြန့်ကြက်တည်ရှိရာ ပုဏ္ဏားကြီးသည် ထိုဒုက္ခိတသတ္တဝါ ဖြစ်နေရှာပေသည်။ ထိုဒုက္ခကို ဘုရားရှင်က လုပ်ထားပေးသည်လည်း မဟုတ်။ ကျွန်ုပ်တို့တစ်တွေက လုပ်ပေးထားသည်လည်း မဟုတ်။ သူ၏ မသင့်သော နှလုံးသွင်းမှုကြောင့်သာ ဆင်းရဲနေရခြင်း ဖြစ်ပေသည်။
အမျက်ဒေါသ ယှက်သန်းနေသော မျက်စိဖြင့် ကြည့်သဖြင့် ဘုရားရှင်၏ ရုပ်သွင်တော်သည် သူ့အဖို့ အမျက်ထွက်စရာ ဖြစ်နေဘိ၏ သဒ္ဓါကြည်ညို ဆည်းကပ်လိုသော သူအဖို့ကား ဤရုပ်သွင်တော်သည် အလွန်တရာ နှစ်သက်ဖွယ်သော အာရုံဖြစ်၏၊ ဤသည်မှာ ဘုရားရှင်၏ ရုပ်သွင်တော်က ပြောင်းလွဲသွား၍ မဟုတ်ပါ။ စိတ်သဘောထားကွဲပြားသည်နှင့်အညီ အရိပ်နိမိတ်များ ထွက်ပေါ်လာရခြင်းသာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ပရိယတ် သဘောအားဖြင့် အမည်တပ်ပေးရလျှင် အမျက်ထွက်စရာ အရိပ်နိမိတ်ကို ပဋိဃနိမိတ် ခေါ်ရ၍ ချစ်ခင်တွယ်တာ မက်မောစရာဟူသော အရိပ်နိမိတ်ကိုကား သုဘနိမိတ်ဟု ခေါ်ရပေသည်။
သတ္တဝါအများတို့ မဆင်းရဲသင့်ဘဲ ဆင်းရဲနေသည်မှာ အရိပ်ကို အကောင်ထင်နေကြ၍သာ ဖြစ်၏၊ ပဋိဃနိမိတ်ဟူသည်မှာ တကယ်တော့ အရိပ်မျှသာ ဖြစ်၏ အမျက်ထွက်တတ်သော စိတ်ကိုကြဉ်ထား၍ အမျက်ထွက်စရာဟူ၍ တစ်မျိုးတစ်ဖုံ ရှိနေသည်မဟုတ်ပါ။ အမျက်ထွက်စရာ ဟူသည် အမျက်စိတ်တည်းဟူသော အကောင်၏ အရိပ်မျှသာ ဖြစ်၏၊ ထို့ကြောင့် ကျွုနု်ပ်တို့သည် အရိပ်ပေါ်မှာ မဲနေမည့်အစား အကောင်ပေါ်မှာ သတိကပ်၍ သုံးသပ်ကြရန် လိုပါသည်။
ပုဏ္ဏားကြီးစိတ်ထဲမှာတော့ နှစ်ဖက်စွန်းထွက်နေသော ပြဿနာကို တင်ပြလိုက်လျှင် ဘုရားရှင်သည် မမျိုနိုင် မထွေးနိုင် ဒုက္ခရောက်သွားလိမ့်မည်ဟု ထင်နေပါလိမ့်မည်။ သို့သော် သူ၏ အမျက်စိတ်သည် ပဋိဃနိမိတ်ဖြစ်သော အရိပ်ကိုကား မည်သို့မျှ ဆင်းရဲသွားအောင် မတတ်နိုင်။ အမျက်စိတ်၏ မှီခိုရာ မိမိ၏ ဟ‘ဒယနှလုံးအိမ်ကိုသာ လောင်မြိုက်နေ၏၊ ထို့ကြောင့်ပင် သူ့လေသံများ ခက်ထန်လာရ၏၊ ဣန္ဒြေဆည်ထားသည့်ကြားက ကတုန်ကယင် ဖြစ်လာရ၏၊ ဤသို့ မရှုမလှ ဒုက္ခခံနေရသည်မှာ မသင့်တင့်နှလုံးသွင်းမှုကြောင့် ဖြစ်ပေသည်။
အရိပ်ကိုအကောင်ထင်နေခြင်းသည် မသင့်တင့်သော နှလုံးသွင်းမှုဖြစ်၏၊ ထိုနှလုံးသွင်းမှုကြောင့်လည်း အကောင်တို့သည် အသစ်အသစ် ပေါက်ဖွားလာကြရ၏၊ ပေါက်ဖွားပြီးနောက် အတောမသတ်နိုင်အောင် ကြီးထွားလာရ၏၊ ပေါက်ဖွားလာပြီးသော အကောင်များ မကြီးထွားလာစေရန်၊ ပေါက်ဖွားမလာသေးသော အကောင်များ ပေါက်ဖွားမလာစေရန်ကား အရိပ်ကို ဖောက်ထွင်း၍ အကောင်ကို လက်ရဖမ်းနိုင်ရမည် ဖြစ်ပေသည်။ မသင့်တင့်သော နှလုံးသွင်းမှုကြောင့် ကိုယ်တိုင်ဆင်းရဲနေရသည်ကို သိရမည် ဖြစ်ပေသည်။ အမျက်ထွက်သော အခါတုန်းက ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသည်နှင့် နှိုင်းယှဉ်ကာ ဒေါသအမျက် မထွက်သောအခါ ဆင်းရဲမရှိ ပကတိအတိုင်း ချမ်းသာစွာ နေခဲ့ရသည်ကို မျက်ဝါးထင်ထင် သိမြင်လာကြရမည် ဖြစ်ပေသည်။
ဤသို့ အမျက်ဒေါသကို ပညာဖြင့် ဖြတ်တတ်ပါလျှင် သွားရင်းလည်း ချမ်းသာ၏၊ ရပ်လျက်လည်း ဘေးကင်း၏၊ ထိုင်နေစဉ်မှာလည်း အေးမြ၏၊ အိပ်စက်ရာတွင်လည်း ငြိမ်းချမ်း၏၊ ပုဏ္ဏား၏ အမေးစကားနှင့် လိုက်လျောအောင် ချမ်းသာစွာ အိပ်ရ၏ဟု ဘုရားရှင် ဖြေကြားတော်မူရာတွင် ဤသို့ ဣရိယာပုတ် လေးမျိုးစလုံး အကျုံးဝင်၍နေပေသည်။
အမျက်ဒေါသမရှိ ပကတိ အေးငြိမ်းရာသို့ ရောက်ရာရောက်ကြောင်း တရားကောင်းကို ဘုရားရှင်က ဟောကြားတော်မူ၏၊ ဘုရားရှင် ဟောကြားတော်မူသော တရားတော်ကို ဘာရဒွါဇ ပုဏ္ဏားကြီးကလည်း လွယ်လင့်တကူ ကြည်ဖြူစွာ လက်ခံခဲ့၏၊ ဤသို့ဖြင့် နမောတဿအသံကို နားကြားပြင်းကတ်ခဲ့သော ပုဏ္ဏားကြီးတစ်ယောက် ကျွန်ုပ်တို့ သာသနာ့ဘောင်အတွင်း ရောက်လာခဲ့ပေသည်။
ဘာရဒွါဇ ရဟန်းကြီးသည် မကြာမီကာလမှာပင် စိတ်ညစ်စိတ်ဆွေး စိတ်ဘေးဟူသမျှ ကင်းကွာ၍ ရဟန္တာ အရှင်မြတ်ကြီး ဖြစ်သွား၏၊ ဤသို့ဖြစ်ရသည်မှာ ဘုရားရှင် ဟောပြတော်မူခဲ့သည့်အတိုင်း ခန္ဓာမှာ မှန်စွာပြနေသော တရားကို သတိကပ်လျက် သုံးသပ်ပွားများသော ဘာဝနာ၏ ကျေးဇူးကြောင့် ဖြစ်ပေသည်။
(သဂါထာဝဂ်၊ ဗြာဟ္မဏသံယုတ်၊ ဓနဉ္စာနီသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)
တရားသော စစ်ပွဲများ
နမောတဿဆိုလျှင် လေသံမျှ မကြားချင်သော အစ်ကိုကြီးတစ်ယောက် ကျွတ်တမ်းဝင်သွားချိန်တွင် သူ့ညီများသည် ဒေါသူပုန်ထလျက်ရှိကြ၏၊ သူတို့အမြင်အားဖြင့် ဘုရားရှင်သည် သူတို့၏ အသင်းအပင်းကို ဖြိုခွင်းပြီးလျှင် မိမိအသိုက်အအုံ ကြီးပွားအောင် လုပ်သူဖြစ်၏၊ ထို့ကြောင့် ညီများထဲက အကြီးဆုံးပုဏ္ဏား တစ်ယောက်သည် ကျောင်းတော်သို့ ဒေါနှင့်မောနှင့် ရောက်လာကာ ဘုရားရှင်ကို မကြားဝံ့မနာသာ ဆဲရေးပါတော့သည်။ မျိုးရိုးအမည်ဖြင့် ဘာရဒွါဇဟုပင် ခေါ်တွင်နေသော ထိုပုဏ္ဏားကို ယခင် ဘာရဒွါဇနှင့် ကွဲပြားစေရန် ယာယီအားဖြင့် အက္ကောသဘာရဒွါဇဟူ၍ ကျွန်ုပ်တို့ နာမည်တပ်ထားကြပါသည်။
ဆဲရေးတတ်သော ဂုဏ်သကတ်ကြောင့် အက္ကောသဘာရဒွါဇအမည်ရသော ပုဏ္ဏားသည် ဘုရားရှင်ကို အမျိုးမျိုးအဖုံဖုံ ဆဲရေး၏၊ စိတ်ကူး၍ ရနိုင်သမျှ စကားလုံးမျိုးစုံဖြင့် ရေရွတ်၍ မင်းပြစ်မင်းဒဏ်ဖြင့် ခြိမ်းခြောက်၏၊ သူ့ဘက်က ဆူပွက်နေသည်နှင့်အမျှ ဘုရားရှင် နှုတ်တော်ကား တိတ်ဆိတ်လှစွာ၏၊ ကျွန်ုပ်တို့အားလုံးမှာလည်း ဘုရားရှင့်မျက်နှာကဲကို ကြည့်ကာ နှုတ်ဆိတ်လျက်သာ နေကြရ၏၊ နှုတ်ဖျားမှာ တိတ်ဆိတ်နေသော်လည်း စိတ်ထဲကတော့ ငြိမ်သက်လှသည် မဟုတ်ပါ။ အဆဲသန်လှသော ပုဏ္ဏားကို ကျောင်းထဲက ဆွဲထုတ်ပစ်ချင်စိတ်များပင် ပေါ်ပေါက်မိ၏၊ သို့သော် ကျွန်ုပ်တို့စိတ်ထဲက အမျက်သည် အပြင်သို့ထွက်ချိန် မရလိုက်တော့ပါ။ မနောကံမှတစ်ဆင့် ကာယကံသို့ ကူးချိန် မရနိုင်တော့ပါ။ ဆဲစကားမျိုးစုံ အသုံးပြုပြီး ပုဏ္ဏားကြီးက နောက်ထပ် စကားလုံးအသစ် ရှာဖွေနေဆဲတွင် ဘုရားရှင်၏ မိန့်တော်သံ ထွက်လာပါတော့သည်။
"အို.... ပုဏ္ဏား၊ သင့်အိမ်သို့ မိတ်သင်္ဂဟဧည့်သည်များ၊ ဆွေမျိုးသားချင်းဧည့်သည်များ တစ်ခါတစ်ခါ အလည်လာကြပါသလော"
ဟိုတစ်ဖက်က ဒေါသတွေ မာန်တွေပြင်းပြသည်နှင့် ဆန့်ကျင်ဘက်အသံတော် ဖြစ်ပါ၏၊ တည်ကြည် အေးမြလှသော အသံတော်၏ အလွှမ်းမိုးခံလိုက်ရသဖြင့် ပုဏ္ဏား၏ လေသံ လျော့သွားကာ-
"အရှင်ဂေါတမ၊ တစ်ခါတစ်ခါ ဧည့်သည်များ အလည်လာတတ်ကြပါသည်"
"ဧည့်သည်များလာသောအခါ စားဖွယ်သောက်ဖွယ်များ ကျွေးမွေးပါသလော"
"ကျွေးမွေးပါသည် အရှင်ဂေါတမ"
"အို.... ပုဏ္ဏား၊ အဘယ်၍ ဧည့်သည်များက လက်မခံကြလျှင် ထိုစားဖွယ်သောက်ဖွယ်တို့သည် မည်သူ့ဥစ္စာ ဖြစ်ပါသနည်း"
"အရှင်ဂေါတမ၊ ဧည့်သည်တို့က လက်မခံလျှင် တပည့်တော်ကျွေးမွေးသော စားဖွယ် သောက်ဖွယ်များသည် တပည့်တော်၏ ဥစ္စာသာ ဖြစ်ပါသည်"
"ပုဏ္ဏား၊ ဤဥပမာအတိုင်းသာ မှတ်လေလော့။ သင်သည် ငါ့ကို မဆဲရေးသင့်ပါဘဲလျက် ဆဲရေးဘိ၏၊ မချုပ်ချယ်သင့်ပါဘဲလျက် ချုပ်ချယ်ဘိ၏၊ မငြင်းခုံထိုက်ပါဘဲလျက် ငြင်းခုံဘိ၏၊ သင်၏ ဆဲရေးစကားများကို ငါတို့များ လက်မခံပါ။ ထို့ကြောင့် သင့်ဆဲရေးစကားသည် ငါတို့ထံမရောက်။ သင့်ဥစ္စာဖြစ်၍ သင့်ဆီကိုသာ ရောက်ချေပြီတည်း"
အဆဲသန်လွန်းလှသော ပုဏ္ဏား ခေါင်းငိုက်စိုက်ကျသွားပါချေပြီ။ တင်းထားလေသမျှ မာန်တွေ လျော့ကျသွားချေပြီ။ ကျောင်းတော်သို့ လာစဉ်တုန်းကတော့ မဆဲရလျှင် မနေနိုင်။ ဆဲရမှ အေးမည်ဟူသော ဟန်ပန်မျိုးနှင့် ဖြစ်၏၊ ယခုတော့ ဆဲရာမှ ရင်ပူ၍ လာရချေပြီ။ အဆဲခံရသူက မခံယူသဖြင့် သူ့ဥစ္စာကို သူပြန်၍ ယူနေရချေပြီ။
ဤတွင် တစ်ခု နားထွေးစရာ ဖြစ်နေပါသည်။ ဒေါသတကြီးဖြင့် ဆဲရေးသော အသံတို့ကို ဘုရားရှင့် နားနှစ်ဖက်မှ မကြားဘဲ မနေနိုင်ပါ။ နားနှင့်ဆတ်ဆတ် ကြားနေရပါလျက် ထိုဆဲသံကို လက်မခံဘဲ မည်သို့ မေ့နိုင်ပါမည်နည်း။ ဤသို့သော အရေးကို မမေးမီက ကြိုတင်သိတော်မူသဖြင့် ဘုရားရှင်က ဆက်လက်၍ ဖြေရှင်းတော် မူထားခဲ့ပါပြီ။
"ပုဏ္ဏား၊ အကြင်သူသည် ဆဲရေးသူကို ပြန်၍ ဆဲရေး၏၊ ချုပ်ချယ်သူကို တုံ့ပြန်ချုပ်ချယ်၏၊ ငြင်းခုံသူကို အားကျမခံ ပြန်လည်ငြင်းခုံ၏၊ ထိုသူသည် အတူစားသည် မည်၏၊ အတုံ့အလှယ် ကျွေးမွေးသည် မည်၏၊ ငါတို့သည် သင်ပုဏ္ဏားနှင့် အတူလည်း မစားကြ၊ အတုံ့အလှယ်လည်း မကျွေးမွေးကြပေ။ ထို့ကြောင့် သင်ဆဲရေးသော စကားသည် ငါတို့ထံ မရောက်။ သင့်ဥစ္စာဖြစ်၍ သင့်ဆီကိုသာ ရောက်ချေပြီတည်း"
ဆဲရေးခြင်းကို လက်မခံဟူသည်မှာ မကြားရအောင် နားပိတ်နေခြင်းကို မဆိုလို ဆဲရေးသူကို တုံ့ပြန်၍ မဆဲရေးဘဲ အဆဲအေးသော စိတ်နှလုံးဖြင့် ကျင့်သုံးရန်သာ ဖြစ်ပေသည်။ ဤသို့သော ဆုံးမစကားကို အခြေခံ၍ ကျွန်ုပ်တို့ သာသနာတော်ဝယ် ဘာရဒွါဇ ရဟန္တာကြီးတစ်ပါး ထပ်၍ တိုးလာပြန်ပေသည်။ တရားတော်ကို နာကြားပြီးချိန်မှစ၍ အက္ကောသဟူသော အထူးပြုနာမ်ပုဒ် ပြုတ်ကျသွားပေတော့သည်။
အဆဲသန်သူ ဘာရဒွါဇနောက် ဆဲလာပြန်သူ တစ်ယောက်မှာလည်း ဘာရဒွါဇမျိုးနွယ်ထဲကပင် ဖြစ်၏၊ သူ့ကိုလည်း မတင့်မတယ် မဖွယ်ရာသော အပြုအမူများကို အစွဲပြုကာ အသုန္ဒရိကဘာရဒွါဇဟု ကျွန်ုပ်တို့ ယာယီအားဖြင့် ခေါ်ထားကြရပေသည်။
နာမည်နှင့်လိုက်အောင်ပင် အသုန္ဒရိကဘာရဒွါဇသည် ဘုရားရှင်ကို ရိုင်းစိုင်းစွာ ဆဲရေး၏၊ ဘုရားရှင်သည်ကား နဂိုမူအတိုင်းသာ ရှိတော်မူ၏၊ နောက်ထပ် သီတင်းသုံးဖော်တစ်ဦး တိုးလာဦးမည်မို့ ကျွန်ုပ်တို့တစ်တွေကလည်း ယခုတော့ စိတ်မလှုပ်ရှားတော့ပါ။ ဘယ်အချိန်မှာ ဘယ်ကဲ့သို့ ကျွတ်တမ်းဝင်သွားမည်နည်း ဟုသာ သိချင်စိတ်စောနေကြ၏၊
ဆဲရေးတိုင်းထွာလေသမျှကို ဘုရားရှင်က တစ်ခွန်းမှ ပြန်၍ မိန့်တော်မမူဘဲ ဆိတ်ဆိတ်နေတော်မူ၏၊ သူ့အစ်ကိုလတ်တုန်းကကဲ့သို့ ဥပမာပြ၍ နားချတော်မမူချေ။ ဤတွင် အသုန္ဒရိကဘာရဒွါဇသည် အားတက်သရောဖြစ်ကာ "အသင်ရဟန်း၊ သင်ရှုံးပြီ" ဟု ကြွေးကြော်လိုက်၏၊ တကယ်တော့ဖြင့် "သင်ရှုံးပြီ" ဟူသော ကြွေးကြော်သံသည်ပင် သူရှုံးစေရန် ဖန်တီးလိုက်ခြင်း ဖြစ်ပေသည်။
"ပုဏ္ဏား၊ ကြမ်းတမ်းယုတ်မာ ဆဲဆိုလာသောသူကို သူမိုက်ကသာ အောင်နိုင်သည်ဟု ထင်မှတ်၏၊ အမှန်မှာမူ ထိုအောင်ပွဲသည် သူ့အတွက် မဟုတ်ပေ။ ပညာဖြင့် ဆင်ခြင်၍ သည်းခံနိုင်စွမ်းသော အာဇာနည်ပုဂ္ဂိုလ်၏ အောင်ပွဲသာလျှင် ဖြစ်ပေသည်"
"ပုဏ္ဏား၊ အကြင်သူသည် အမျက်ထွက်သူအား တုံ့ပြန်၍ အမျက်ထွက်၏၊ ထိုသို့ အမျက်ထွက်ခြင်းဖြင့် ထိုသူသည် ပထမ အမျက်ထွက်သူထက် ပို၍ ယုတ်မာ၏၊ အမျက်ထွက်သူကို တုံ့ပြန်ရန်မူခြင်း မရှိသော သူသည်ကား အောင်နိုင်ခဲသော စစ်ပွဲကြီးကို အောင်နိုင်သူဖြစ်၏"
"ပုဏ္ဏား၊ အကြင်သူသည် သူတစ်ပါးက အမျက်ထွက်သည်ကို သိပါလျက် တုံ့ပြန်၍ အမျက်မထွက်။ စိတ်ငြိမ်သက်စွာ ရှိ၏၊ ထိုသူသည် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးဆောင်သူ ဖြစ်ပေသည်"
ဤဒေသနာတော်အဆုံးတွင်လည်း အသုန္ဒရိကဟူသော ဝိသေသနနာမ်ပုဒ်ကြီး ပြုကျသွားပြန်၏၊ ဤဒေသနာတော်သည် ရဟန္တာကြီးတစ်ပါး တိုးပွားလာစေသော ဒေသနာတစ်ပုဒ် ဖြစ်ရုံမက ထစ်ခနဲရှိလျှင် စိတ်ဆိုးချင်တတ်သော ပုဂ္ဂိုလ်များအတွက် စိတ်ငြိမ်ဆေးတစ်ခွက်လည်း ဖြစ်ပါပေသည်။
ဘုရားရှင်ကို ဆဲရေးသော မကောင်းမှုကြောင့် ဘာရဒွါဇနွယ်ဖွား ပုဏ္ဏားတစ်ယောက်ကို အသုန္ဒရိကဟု ယာယီနာမည် တပ်ခဲ့ရ၏၊ သို့သော် သူ့ကိုယ်သူ အသုန္ဒရိကဟု နာမည်တပ်ထားနှင့်သော ဘာရဒွါဇတစ်ယောက်မှာလည်း ကောင်းသည်ဟု မဆိုနိုင်ပါ။ သုန္ဒရိကမြစ်နားမှာ ယဇ်ပူဇော်နေကျဖြစ်သောကြောင့်သာ ဤနာမည် တပ်ထားရခြင်း ဖြစ်၏၊ သူသည်လည်း ဘုရား တရား ကြည်ညိုသာမဟုတ်ပါ။ သူတို့ ကိုးကွယ်သည်မှာ တစ်ခါမျှမမြင်ဖူးသော ဗြဟ္မာကြီးသာ ဖြစ်ပါသည်။ ဗြဟ္မာကြီးကို ရည်စူး၍ ထောပတ်ထမင်းဖြင့် ယဇ်ပူဇော်ခြင်းသည် သူ၏ နေ့စဉ်ကျင့်ဝတ် ဖြစ်ပေသည်။
ထိုနေ့က သုန္ဒရိကသည် ထုံးစံအတိုင်း သုန္ဒရိကမြစ်နားဝယ် ယဇ်ပူဇော်ပြီးနောက် ယဇ်ပူဇော်ရာမှ ကြွင်းကျန်သော ထောပတ်ထမင်းကို ကျွေးမွေးရန် ဗြာဟ္မဏ အမျိုးတူတစ်ယောက်ကို ရှာဖွေရင်း ဘုရားရှင်ထံ ရောက်လာခဲ့၏၊ သို့သော် သူသည် ဘုရားရှင်မှန်းသိ၍ မဟုတ်ပါ။ သစ်ပင်ရင်းဝယ် ဖန်ရည်ဆိုးသော အဝတ်ဖြင့် ခေါင်းပါခြုံထားသော ပုဂ္ဂိုလ်တစ်ဦးအမှတ်ဖြင့် ချဉ်းကပ်လာခြင်းသာ ဖြစ်၏၊
ထိုစဉ်က ဘုရားရှင် ခေါင်းပါခြုံ၍ ထားတော်မူခြင်းမှာ အကြောင်းနှစ်မျိုးကြောင့်ဟု ကျွန်ုပ်တို့ သဘောပေါက်ထားကြ၏၊ ဆောင်းနှင်းဒဏ်ခံနိုင်ရေးသည် ပထမအကြောင်းဖြစ်၍ သုန္ဒရိက ချဉ်းကပ်လာရေးသည် ဒုတိယအကြောင်း ဖြစ်၏၊ ဦးပြည်းရဟန်းဆိုလျှင် မတွေ့ချင် မမြင်ချင်သော သုန္ဒရိကသည် စောစောကသာ အဖြစ်မှန်သိလျှင် ဝေးဝေးက ရှောင်သွားတော့မည် မဟုတ်ပါလော။
ဘုရားရှင်မှန်းမသိသဖြင့် သုန္ဒရိကသည် ယဇင်ကြွင်းထမင်းကို တစ်ဖက်၊ ရေကရားကို တစ်ဖက်ကိုင်လျက် ချဉ်းကပ်လာခဲ့၏၊ အနားရောက်မှ ဘုရားရှင်က ခေါင်းပါခြုံထားသော သင်္ကန်းကို ဖွင့်၍ ကြည့်တော်မူလိုက်ရာ "ဦးပြည်းရဟန်းပါကလား၊ ဦးပြည်းရဟန်းပါကလား" ဟု ပုဏ္ဏား၏ နှုတ်မှ ရေရွတ်သံများ ထွက်ပေါ်လာကြ၏၊ ရွံရှာစက်ဆုပ်စွာ ရေရွတ်လျက် ပုဏ္ဏားသည် နောက်ပြန်လှည့်မည် ပြုသေး၏၊ သို့သော် အကြံတစ်ခု ပေါ်လာသဖြင့် ရုတ်တရက် မပြန်ဖြစ်သေးဘဲ ".... အရှင်၊ အရှင်သည် မည်သည့်မျိုးနွယ်ဖွားဖြစ်ပါသနည်း" ဟု မေးလိုက်၏၊ ဦးပြည်းခေါင်းတုံးနှင့် ပုဏ္ဏားအချို့ ရှိတတ်၍ မေးစစ်ရခြင်း ဖြစ်ပေသည်။
"အို.... ပုဏ္ဏား၊ အမျိုးအနွယ်ကို မမေးပါနှင့်။ အကျင့်ကိုသာ မေးပါ။ ထင်းဆိုလျှင် မည်သို့သော ထင်းကဖြစ်ဖြစ် မီးတောက်နိုင်သည်သာ ဖြစ်၏၊ သင်တို့က အမျိုးယုတ်ညံ့သည်ဟု သတ်မှတ်ထားသော သူတို့သည်လည်း ပညာရှိများ ဖြစ်နိုင်၏၊ တည်ကြည်သူများ ဖြစ်နိုင်၏၊ အာဇာနည် ပုဂ္ဂိုလ်ထူးများ ဖြစ်နိုင်၏၊ မကောင်းမှုမှ ရှက်တတ်သူများ ဖြစ်နိုင်၏"
ကိုယ့်အမျိုးမှ အမျိုးဟု စွဲလမ်းထားသည်ကို ဘုရားရှင်က ဦးစွာပထမ ဖြိုခွင်းတော်မူလိုက်ရ၏၊ ဤတွင်မှ ပညာအခြေခံရှိပြီးဖြစ်သော သုန္ဒရိက ကျေနပ်သွားကာ ယဇ်ကြွင်းထမင်းကို ဘုရားရှင်ထံ ဆက်ကပ်၏၊ သို့သော် ဘုရားရှင်က အလှူခံတော်မမူပါ။ ခိုက်ခိုက်တုန်မျှ ချမ်းအေးလှသော ဆောင်းဒဏ်ကို သည်းခံ၍ ထိုင်နေတော်မူခြင်းမှာ သူ့ယဇ်ကြွင်းထမင်းကို ခံယူရန် မဟုတ်ပါ။ မမြင်ရသော ဗြဟ္မာကြီးအား ရည်မှန်း၍ အကျိုးမဲ့စွာ ယဇ်ပူဇော်ရသော ဒုက္ခမှ ကယ်တင်ရန်သာ ဖြစ်ပေသည်။
ဘုရားရှင်က လက်မခံတော်မူသဖြင့် သုန္ဒရိကသည် ယဇ်ကြွင်းထမင်းကို ပိုးကောင် မွှားကောင်မရှိသော ရေထဲမှာသွား၍ သွန်လိုက်ရ၏၊ ထောပတ်နှင့် မတည့်သော ပိုးကောင်မွှားကောင်များရှိနေပါက သေကြေပျက်စီး ကြမည်ဖြစ်၍ ဘုရားရှင်က ညွှန်ကြားတော်မူထား၍ ဖြစ်ပေသည်။
ရေထဲမှာသွန်လိုက်သည်နှင့် ယဇ်ကြွင်း ထမင်းသည် တစိတ်စိတ်မြည်ကာ အခိုးအလျှံများ ထလာတော့၏၊ တစ်နေကုန် အပူပေးထားသော သံတွေခဲကို ရေထဲမှာ ပစ်ချလိုက်သကဲ့သို့ ဖြစ်၏၊ မမြင်စဖူး ထူးကဲလှသော မြင်ကွင်းကြောင့် သုန္ဒရိက ထိတ်လန့်တကြား ဖြစ်သွားရ၏၊ ကြက်သီးမွေးညင်း ထသွားရ၏၊ သည်တွင်မှ ဘုရားရှင်ကို အားကိုးရမှန်း သိလာကာ အနားမှာ ထိုင်လာသဖြင့် ဘုရားရှင်က ကျွတ်တမ်းဝင် တရားတော်ကို ဟောတော်မူရပေသည်။
"ပုဏ္ဏား၊ ငါသည် အပြင်အပက ယဇ်မီးပူဇော်ခြင်းကို ပယ်၍ အတွင်းသန္တာန်၌သာလျှင် ဉာဏ်မီးကို ထွန်းလင်းတောက်ပစေ၏၊ အမြဲတစေ တောက်ပနေသော ဉာဏ်မီးဖြင့် အမြဲတစေ တည်ကြည်နေသော သမာဓိဖြင့် ရဟန္တာဖြစ်သော ငါဘုရားသည် မြတ်သောအကျင့်ကို ကျင့်သုံးလျက်ရှိပေသည်"
ဤသို့သော ဒေသနာတော်ဖြင့် သုန္ဒရိကသည် အပြင်အပက ယဇ်မီးပူဇော်မှုဟူသမျှကို ပယ်စွန့်ကာ ဉာဏ်မီးတောက်ပသော ရဟန္တာအရှင်မြတ်တစ်ပါး ဖြစ်လာပြန်ပေသည်။
ဤသို့ဖြင့် ဘာရဒွါဇ ညီအစ်ကိုများ ကျွတ်တမ်းဝင်သွားရပုံမှာ ဘုရားရှင့်ရှေ့တော်မှောက် ရောက်လာကြခြင်းမှာ အခြေခံလျက်ရှိ၏၊ လာစဉ်က ဒေါနှင့်မောနှင့် ဖြစ်သော်လည်း သူတို့စိတ်ဓာတ်နှင့် ဟပ်မိသော တရားတော်တစ်ပုဒ်ကို ကြားနာရသည်နှင့် ကိလေသာဝဋ်မှ လွတ်မြောက်ခွင့် ရသွားကြ၏၊ သူတို့တစ်တွေ ကျောင်းတော်လာမိ၍ ကျွတ်တမ်းဝင်ရပုံကို အားကျကာ ကျွန်ုပ်၏ ဆွမ်းဒါယကာ ပုဏ္ဏားတစ်ယောက်သည်လည်း ဇေတဝန်ကျောင်းတော် ရောက်လာလျှင် ကောင်းလေစွဟု တောင့်တမိ၏၊ မကောင်းမှုပင် ဖြစ်လင့်ကစား မြန်မြန်ကျွတ်တမ်းဝင်နိုင်ရန် သူတို့လို အမျက်ထွက်ပါစေတော့ဟု ဆုတောင်းမိ၏၊
သို့သော် သင်္ဂါရဝ အမည်ရသော ထိုပုဏ္ဏားသည် ဘာရဒွါဇ ညီအစ်ကိုများကဲ့သို့ ဘုရားရှင်ကို အမျက်မထွက်။ ကျောင်းတော်သို့လည်း မလာခဲ့။ နံနက်တစ်ခါ ညနေတစ်ခါ ရေချိုးသော ကျင့်ဝတ်ဖြင့် ကိုယ့်ဘာသာ ကျေနပ်ကာ သာဝတ္ထိမြို့တော်တွင်းမှာ နေထိုင်လျက်ရှိ၏၊ ထိုပုဏ္ဏားမှာ ကျောင်းတော်သို့ မလာသော်လည်း ကျွန်ုပ်နှင့် အကျွမ်းတဝင်ကား ရှိပါ၏၊ ထိုတရားတော်ကို လက်မခံသေးသော်လည်း ကျွန်ုပ်တို့ကိုကား ဆွမ်းလောင်းဖော်ရပါ၏၊ ထို့ကြောင့် သူ့အတွက် ငဲ့ကွက်ကာ သူ့အိမ်သို့ ဘုရားရှင်ကို ပင့်ချီ၍ သွားကြရပေသည်။
သင်္ဂါရဝပုဏ္ဏား၏ အိမ်ဦးခန်းမှာ ထိုင်တော်မူပြီးလျှင် ဘုရားရှင်က စကားစ၍ မေးမြန်းတော်မူလိုက်ရ၏၊
"အို.... ပုဏ္ဏား၊ သင်သည် ရေချိုးခြင်းဖြင့် မကောင်းမှုမှ စင်ကြယ်၏ဟု အယူရှိ၏၊ ရေချိုးခြင်းဖြင့် မကောင်းမှုမှ စင်ကြယ်၏ဟု ယုံကြည်၏၊ နံနက်တစ်ခါ ညနေတစ်ခါ နေ့တိုင်းရေချိုးသော ကျင့်ဝတ်ကို ကျင့်နေသည်ဟု ကြားရ၏၊ ကြားသည့်အတိုင်း မှန်ပါ၏လော"
"မှန်ပါသည် အရှင်ဂေါတမ"
" ပုဏ္ဏား၊ ဤသို့သော ကျင့်ဝတ်ဖြင့် မည်သို့သော အကျိုးတရားများ ရနိုင်ပါသနည်း"
"အရှင်ဂေါတမ၊ နေ့ခင်းမှာ ပြုမိသော မကောင်းမှုများကို ညနေခင်းမှာ ရေချိုးခြင်းဖြင့် မျှောလိုက်နိုင်ပါသည်။ ညကာလမှာ ပြုမိသော မကောင်းမှုများကို နံနက်ခင်း ရေချိုးခြင်းဖြင့် မျှောလိုက်နိုင်ပါသည်။ ဤသို့ဖြင့် မကောင်းမှုဟူသမျှ စင်ကြယ်ခြင်း အကျိုးရှိပါသည်"
သူ့အယူအဆကို ရိုးသားစွာပင် တင်ပြလိုက်၏၊ ဘုရားရှင်က သင်္ဂါရဝ၏ ရေချိုးကျင့်ဝတ်ကို ရှုတ်ချကဲ့ရဲ့မှု မပြုဘဲ သာသနာတော်တွင်းက ရေချိုးနည်းတစ်နည်းကို ထုတ်ဖော်တော်မူပေသည်။
"ပုဏ္ဏား၊ ပညာရှိတို့ ရေချိုးရာကား ဆရာတည်းဟူသော ရေအိုင်တည်း။ ထိုရေအိုင်ဝယ် သီလသည် ရေချိုးဆိပ်ဖြစ်၏၊ အနောက်အကျူ လုံးဝကင်းစင်၏၊ သူတော်ကောင်းတို့ နှစ်ထောင်းအားရ ချီးမွမ်းကြ၏၊ ထိုရေအိုင်ဝယ် ရေချိုးကြသော သူတော်ကောင်းတို့သည် ကိုယ်ပေါ်မှာ ရေမစိုဘဲ သံသရာတစ်ဖက်ကမ်းသို့ တက်လှမ်းနိုင်ကြပေသည်"
ာရဒွါဇတို့ အဆင့်လောက် မရောက်သော်လည်း ကျွန်ုပ်၏ ဆွမ်းဒါယကာ သင်္ဂါရဝသည် သာသနာတော်ကို ကြည်ညိုဆည်းကပ်သူတစ်ဦးကား ဖြစ်လာခဲ့ပေသည်။
ဆိုခဲ့ပြီးသော ပုဏ္ဏားများကို ပြန်လည်သုံးသပ်ကြည့်ပါက မာဂဓ၊ ကောသလတိုင်းကြီးများကဖြစ်ကြောင်း သိနိုင်ပါသည်။ ဗြာဟ္မဏနွယ်ဖွား ပုဏ္ဏားတို့သည် ထိုနိုင်ငံကြီးများ၌သာ ရှိကြသည် မဟုတ်။ ကျွန်ုပ်တို့ ဇာတိဌာနေ သကျတို့နယ်မြေမှာလည်း ရှိကြသည်သာ ဖြစ်၏၊ အခြားနိုင်ငံများက ပုဏ္ဏားများကဲ့သို့ပင် ကျွန်ုပ်တို့ နယ်မြေက ပုဏ္ဏားများကလည်း ကိန်းကြီးခန်းကြီး နိုင်ကြသည်သာ ဖြစ်၏၊ သူတကာနှင့် မရောစွက်ဘဲ သူတို့ချည်း သီးသန့်နေကြသည်သာ ဖြစ်၏၊ ဗြာဟ္မဏမျိုးနွယ် သူဌေးသူကြွယ် အများစုတို့ နေထိုင်ရာကား ခေါမဒုဿရွာကြီး ဖြစ်ပေသည်။
ထိုရွာကြီးနှင့် ပတ်သက်၍ အမှတ်တရ တင်ပြရမည့်နေ့တစ်နေ့ကား မိုးဦးကျ ရာသီမှာ ကြုံခဲ့ရ၏၊ ထိုနေ့တုန်းက ဘုရားရှင်နှင့် ကျွန်ုပ်တို့ ခေါမဒုဿရွာတွင်းသို့ ဆွမ်းခံဝင်ခဲ့ရာ ရွာလယ်အရောက်တွင် မိုးကလေး တဖြောက်ဖြောက် ရွာချလာ၏၊ ဤတွင် ဘုရားရှင်သည် ခေတ္တမိုးခိုရန် အစည်းအဝေးခန်းမကြီးသို့ ကြွဝင်တော်မူရာ ကျွန်ုပ်လည်း နောက်တော်ပါးမှ လိုက်ပါခဲ့၏၊ အစည်းအဝေးခန်းမတွင်ကား ခေါမဒုဿရွာ၏ မျက်နှာဖုံး ပုဏ္ဏား သူဌေးသူကြွယ်များ အပြည့်အသိပ်ရှိနေကြ၏၊ ရွာရေးရပ်တာ ကိစ္စတစ်ခုအတွက် မျက်နှာစုံညီ အစည်းအဝေး ထိုင်နေကြခြင်း ဖြစ်ပေသည်။
မင်းညီမင်းသားဘဝတုန်းကသာဆိုလျှင် သူတို့သည် ကျွန်ုပ်တို့ကို ပျာပျာသလဲ ခရီးဦး ကြိုဆိုကြမည် ဖြစ်၏၊ သူ့ထက်ငါသာ နှုတ်ဆက်လာကြမည် ဖြစ်၏၊ ယခုတော့ ကျွန်ုပ်တို့က ခန္ဓာမပြောင်းဘဲ ဘဝပြောင်းခဲ့ကြပြီမို့ သူတို့သည် နေရာမှ မထတော့ပါ။ တစ်စုံတစ်ယောက်ကမျှ နှုတ်မဆက်လာတော့ပါ။ တချို့များဆိုလျှင် မျက်နှာလွှဲ၍ပင် နေလိုက်ပါသေး၏၊ တချို့ကတော့ ကျွန်ုပ်တို့ ဝင်လာရာသို့ မနှစ်မြို့သော မျက်လုံးများဖြင့် ကြည့်ကာ ဦးပြည်းခေါင်းတုံးနှင့် ရဟန်းယုတ်တို့သည် အစည်းအဝေးသဘောကို နားမလည်ကြချေတကား ဟု ပစ်ပစ်ခါခါ ရေရွတ်လိုက်ကြ၏၊
ယခင်က ကျွန်ုပ်တို့ကို ရိုသေဦးညွှတ်ခဲ့ကြခြင်းမှာ ကျွန်ုပ်တို့ ပိုင်စိုးသော နယ်မြေပေါ်မှာ နေကြရသောကြောင့် ဖြစ်၏၊ ဇာတိမာန်တွေ၊ ပညာမာန်တွေ မည်မျှပင် ပြင်းထန်ကြပါစေ၊ သကျတို့နယ်မြေပေါ်မှာ နေကြလေသမျှ သကျတို့ရှေ့မှောက်မှာ ဦးညွှတ်ကြရသည်သာ ဖြစ်၏၊ ကျွန်ုပ်တို့ ကိုယ်တိုင်ပင် အာဏာပိုင်စိုးသူအဖြစ်ဖြင့် သူတို့၏ ဦးညွှတ်အရိုအသေပေးခြင်းကို ခံခဲ့ရ၏၊ ယခုသော်ကား ကျွန်ုပ်တို့သည် ရှေးကနှင့် မတူတော့ပြီ။ သကျမျိုးနွယ်တို့၏ အခွင့်အာဏာဟူသမျှကို စွန့်လွှတ်ထားခဲ့ကြပေပြီ။ ငါပိုင်သည် ငါဆိုင်သည် ဟူသော မာန်မာနကို ခွာချပြီး၍ သူတို့အိမ်ရှေ့မှာ မျက်လွှာချလျက် ဆွမ်းရပ်နေကြရပြီ။ သူတို့ ပေးဆပ်မြဲ အခွန်ဘဏ္ဍာများအစား သူတို့ သဒ္ဓါသမျှ လောင်းလှူကြသော ဆွမ်းတစ်ဇွန်းစာစီကို စုဆောင်း၍ စားသောက်နေကြရပြီ။
ကောင်းပါပြီ။ ကိုယ့်သဘောနှင့်ကိုယ် လွတ်ရာကျွတ်ရာ စွန့်ခွာခဲ့ကြပြီမို့ သူတို့ သဘောထားပြောင်း သွားသည့်အတွက် ကျွန်ုပ်တို့ဘက်က စိတ်ထိခိုက်ရန် မရှိပါ။ လောကသဘော လူ့သဘောသည် ဤသို့ပါတကားဟု သံဝေဂယူရန်သာ ရှိပါသည်။ သို့ပါလျက် ဤနံနက်မှာတော့ သူတို့အပေါ် ကျွန်ုပ် စိတ်ခုမိပေသည်။ ကျွန်ုပ်ချစ်မြတ်နိုးလှသော နောင်တော်မြတ်ကိုပါ သိမ်းကျုံး၍ ဦးပြည်းရဟန်းယုတ်ဟု ရေရွတ်လိုက်သောကြောင့် ဖြစ်ပေသည်။
ကျွန်ုပ်စိတ်ထဲ၌ ချစ်ခြင်း သမုဒယကို အကြောင်းပြု၍ စိတ်ခုမိသော ဒုက္ခတရားတို့ ပွားစီးနေခိုက်ဝယ် ဘုရားရှင်ကတော့ အစည်းအဝေးခန်းမထဲသို့ တည်ငြိမ်စွာပင် ကြွဝင်တော်မူခဲ့၏၊ ဤသို့ဆိုပြန်တော့လည်း ပုဏ္ဏားတို့ မနေသာပါ။ ယခင်က ရိုသေဦးညွှတ်လာခဲ့သော အရှိန်အဝါ၊ ယခုမှာကား ရိုသေလေးစားလောက်သော ဣန္ဒြေတော်၊ ဤအကြောင်းနှစ်ခု ပေါင်းစုလာခိုက်မို့ အစည်းအဝေးသဘာပတိသည် နေရာမှ ဖယ်ပေးရတော့၏၊ ထိုနေရာတွင် အဖိုးထိုက်တန်သော ကမ္ဗလာကို ခင်းပေးကြရတော့၏၊ ဘုရားရှင်သည် သဘာပတိနေရာမှ ထိုင်တော်မူလိုက်၍ စည်းဝေးလာကြသော ပုဏ္ဏားပရိသတ်အားလုံးကို ကရုဏာမျက်လုံးဖြင့် သိမ်းကျုံး၍ ကြည့်တော်မူကာ.....
"ပုဏ္ဏားတို့၊ သူတော်ကောင်းတစ်ယောက်မျှ မပါဝင်သော အစည်းအဝေးသည် စည်းဝေးရာ မရောက်ပေ။ တရားကို တရားအတိုင်း မဟောတတ်၊ မပြောတတ်သူတို့သည်လည်း သူတော်ကောင်းများ မဟုတ်ပေ။ ရာဂ၊ ဒေါသ၊ မောဟတို့ကို ပယ်ခွာ၍ ထိုကိလေသာတို့၏ ကုန်ရာကုန်ကြောင်း တရားကောင်းကို ဟောပြနိုင်စွမ်းသော ပုဂ္ဂိုလ်တို့သာလျှင် သူတော်ကောင်းများဖြစ်ကြပေသည်"
ကျွန်ုပ်၏ စိတ်ဒုက္ခနှင့် ရင်းနှီး၍ အရယူခဲ့သော ဓမ္မရတနာ တစ်ဆူပါပေတည်း။ ဤရတနာကို ဖူးတွေ့ရခါမှ မခန့်လေးစားပြုခဲ့ကြသော ပုဏ္ဏားတို့ ခံ့ညားလာကြပေသည်။ သရဏဂုံသုံးပါးကို လေးစားစွာ ဆောက်တည်၍ တပည့်ခံလာကြပေသည်။
ဤသို့အားဖြင့် ဘုရားရှင်သည် တရားသောစစ်ပွဲကို တစ်ပွဲပြီးတစ်ပွဲ ဆင်နွှဲတော်မူခဲ့ရ၏၊ ပူရဏကဿပ အစရှိသော ဆရာကြီးများ၏ တပည့်များ၊ နိဂဏ္ဌရဟန်းများ၊ သစ္စကစသော ပရိဗိုဇ်များ၊ မာန်မာနခက်ထန်သော ပုဏ္ဏားများနှင့် ဝါဒစစ်ပွဲများ ဆင်နွှဲတော်မူရ၏၊ စစ်ပွဲတိုင်းမှာပင် ဘုရားရှင်သည် တရားသော နည်းဖြင့်သာ အောင်ပွဲခံတော်မူခဲ့ရ၏၊ ဤသို့ အပြင်အပက ပုဂ္ဂိုလ်များနှင့် ပတ်သက်၍ အောင်ပွဲများကိုချည့် ဆက်ကာဆက်ကာ ခံယူတော်မူခဲ့ရသော ဘုရားရှင်သည် မိမိ၏ သာသနာတော်တွင်းက ဆူးငြောင့်ခလုတ်တစ်ခုကိုကား အကြောင်းအမျိုးမျိုးကြောင့် လျစ်လျူရှုတော်မူထားရဆဲ ဖြစ်၏၊ ဘုရားရှင် လျစ်လျူရှုထားသည်ကို အခွင့်ကောင်းယူကာ ထိုဆူးငြောင့်ခလုတ်ကလည်း ရနိုင်သမျှသော အသင်းအပင်းများကို စည်းရုံးသိမ်းသွင်းလျက် ရှိပေသည်။
(သဂါထာဝဂ်၊ ဗြာဟ္မဏသံယုတ်၊ ဓနဉ္စာနိသုတ်၊ အက္ကောသသုတ်၊ အသုန္ဒရိကသုတ်၊ သင်္ဂါရဝသုတ်၊ ခေါမဒုဿသုတ် ပါဠိတော်များနှင့် အဋ္ဌကထာ)
ဝဏ္ဏသီရိ
ဤတွင် ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း ပထမတွဲ ပြီးဆုံးပါပြီ။ ဒုတိယတွဲ ဆက်လက်ဖတ်ရှုပါ။
Comments
Post a Comment