အာဟာရဒီပနီ
၁။ အာဟာရအတွက် ဒုက္ခစက်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ကဗဠီကာရေ ဘိက္ခဝေ အာဟာရေ ပရိညာတေ ပဉ္စ ကာမဂုဏိကော ရာဂေါ ပရိညာတော ဟောတိ၊ ပဉ္စကာမဂုဏိကေ ရာဂေ ပရိညာတေ အရိယသာဝကဿ နတ္ထိ တံ သံယောဇနံ၊ ယေန သံယောဇနေန သယုတ္တော အရိယသာဝကော ပုန ဣမံ လောကံ အာဂစ္ဆေယျ။
(နိဒါနဝဂ္ဂသံယုတ် ပါဠိတော်-နှာ ၃၂၃) ဘိက္ခဝေ=ရဟန်းတို့၊ ကဗဠီကာရေ အာဟာရေ=စားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ်ဟုဆိုအပ်သော လေးမျိုးသော ကဗဠီကာရ အာဟာရကို၊ ပရိညာတေ=ထိုးထွင်း၍သိမှု ဉာဏ်အခွင့်အဆုံးတိုင် ပြီးစီးပိုင်နိုင်သည်ရှိသော်၊ ပဉ္စကာမဂုဏိကော=အဆင်း, အသံ, အနံ့, အရသာ, အတွေ့ဟူ၍ ငါးပါးအပြားရှိသော ကာမဂုဏ်၌ တွယ်တာသော၊ ရာဂေါ=ကာမရာဂကို၊ ပရိညာတော=ပယ်ဖြတ်မှု အပြီးတိုင် ပိုင်နိုင် တော့သည်၊ ဟောတိ=ဖြစ်၏၊ ပဉ္စကာမဂုဏိကေ=ကာမဂုဏ် ငါးပါး၌ တွယ်တာသော၊ ရာဂေ=ရာဂကို၊ ပရိညာတေ=အပြီးတိုင် ပိုင်နိုင်သည် ရှိသော်၊ ယေန သံယောဇနေန=အကြင် ကာမရာဂ သံယောဇဉ်ဖြင့်၊ သယုတ္တော=ကာမဂုဏ်ငါးပါး၌ တထွေးလုံးလုံး ယှဉ်စပ်တွဲဖက်၍နေသော၊ အရိယသာဝကော=ငါဘုရားတပည့်သားသည်၊ ပုန=တစ်ဖန်၊ ဣမံ လောကံ=ဤကာမတစ်ဆယ့်တစ်ဘုံသို့၊ အာဂစ္ဆေယျ= ပဋိသန္ဓေနေသော အာဖြင့် ပြန်လာရာ၏၊ အရိယသာဝကဿ=ကာမဂုဏ်ငါးပါး၌ တွယ် တာသော ရာဂကို ပယ်ဖြတ်မှု၌ အပြိးတိုင်ပိုင်ပြီးသော ငါဘုရား တပည့်သားအား၊ တံ သံယောဇနံ=ထိုကာမဘုံ၌ တစ်ဖန် ပဋိသန္ဓေနေရန် သံယောဇဉ်တရားသည်၊ နတ္ထိ=မရှိပြီ။
ကဗဠီကာရ အာဟာရ၌ ဉာဏ်အခွင့် အပြီးတိုင် ပိုင်သည်ရှိသော် ကာမရာဂ၌လည်း ဉာဏ်အခွင့် အပြီးတိုင် ပိုင်လေတော့သည်။ ကာမရာဂ၌ အပြီးတိုင်ပိုင်သည်ရှိသော် ကာမတစ်ဆယ့်တစ်ဘုံ၌ ပဋိသန္ဓေ တစ်ဖန်နေဖွယ်ကိစ္စ မရှိပြီ၊ ဗြဟ္မာ့ပြည်သို့ သွားဖို့သာ ရှိတော့သည်ဟုဆိုလိုသတည်း၊ ကဗဠီကာရ အာဟာရ အပြီးတိုင် ပိုင်နိုင်မှုဆိုသည်ကား ဉာတပရိညာ, တိရဏပရိညာ, ပဟာနပရိညာ, ဟုဆိုအပ်သော ပရိညာသုံးပါး အစဉ်အတိုင်းအသီးသီး အခွင့် ကုန်ပြီး စီး၍ သွားသဖြင့် ကဗဠီကာရ အာဟာရ၌ သာယာတွယ်တာသော တဏှာချုပ်ကွယ် ကုန်ဆုံး၍ ကဗဠီကာရ အာဟာရနှင့်စပ်သော ဒုက္ခအပေါင်းမှ အချင်းခပ်သိမ်း လွတ်ငြိမ်းခန်းသို့ ဆိုက်ရောက်သည်ကို အပြီးတိုင် ပိုင်နိုင်မှုဆိုသတည်း။
ပရိညာ သုံးပါး
ပရိညာသုံးပါးတွင်
(၁) ဉာတပရိညာဆိုသည်ကား- သိမှုအခွင့် အပြီးတိုင်ပိုင်နိုင်မှုကိုဆိုသတည်း။
(၂) တီရဏပရိညာဆိုသည်ကား အနိစ္စဟုပိုင်းခြားမှုဒုက္ခဟု ပိုင်းခြားမှုအနတ္တဟု ပိုင်းခြားမှုအပြီးတိုင်အခွင့်တုံးသည်ကိုဆိုသတည်း။ (၃) ပဟာနပရိညာဆိုသည်ကား ကဗဠီကာရ အာဟာရ၌ သာယာသောတဏှာကို အမြစ်အရင်းနှင့်တကွ အကြွင်းအကျန်မရှိ ပယ်ဖြတ်မှုအပြီးတိုင်ပိုင်နိုင်သည်ကိုဆိုသတည်း။
ဤကဗဠီကာရ အာဟာရ၌ ထိုပရိညာ ၃-ပါးတို့ကို အမြွက် မျှပြဆိုပေအံ့။
အာဟာရံ ဇာနာတိ၊ အာဟာရသမုဒယံ ဇာနာဘိ၊
အာဟာရ နိရောဓံ ဇာနာတိ၊ အာဟာရနိရောဓဂါမိနိပဋိပဒံ ဇာနာတိ။
(ဤကား ဉာတပရိညာ အခွင့် ၄-ပါးတည်း။)
အာဟာရံ=အာဟာရဒုက္ခကို၊ ဇာနာတိ=ပိုင်ပိုင်သိ၏၊ အာဟာရ သမုဒယံ=အာဟာရဒုက္ခဘဝအစဉ် အမ္ဘာအစဉ် မြစ်ရေယဉ်ကဲ့သို့ အစဉ် ဖြစ်ပွားရန်အကြောင်းရင်း တရားကို၊ ဇာနာတိ=သိ၏၊ အာဟာရနိရောဓံ= အာဟာရဒုက္ခ၏ အပြီးတိုင် ချုပ်ငြိမ်းမှုတရား ထင်ရှားရှိသည်ကို၊ ဇာနာတိ=သိ၏၊ အာဟာရ နိရောဓဂါမိနိ ပဋိပဒံ=အာဟာရဒုက္ခ ချုပ်ငြိမ်း မှုသို့ ဆိုက်ရောက်စေနိုင်သော ပဋိပတ်နည်းလမ်းကို၊ ဇာနာတိ=သိ၏။
လက္ခဏာရေး မတင်မီ ရှေးအဖို့၌သိမြင်ခွင့်ရသော ဉာတပရိညာ အခွင့် ၄-ပါးတည်း။ ထို ၄-ပါးတွင်
ပထမ ဒုက္ခစက်
အာဟာရဒုက္ခကို သိခြင်းဆိုသည်ကား ကဗဠီကာရာဟာရ၌ ရှာမှီးမှုဒုက္ခကြီးကျယ်ပုံကို သိအပ်၏၊ သတ္တဝါတို့၌အသက် မွေးမှုဒုက္ခ ကြီးကျယ်ပုံကို သိရမည်ဆိုလိုသည်၊ မြေပေါ်ရှိ သတ္တဝါ ရေသတ္တဝါ ကျီးငှက်စသော ကောင်းကင်ရှိ သတ္တဝါတို့မှာ အိပ်သောအခါကို ချန်လှပ်၍ အာဟာရကိစ္စနှင့်အသက်ရှည်သမျှ နေ့နေ့ညည ကြောင့်ကြစိုက်ကြ အားထုတ်ကြသော အခွင့်တွေ ကိုသိမြင်ာကသဖြင့် အသက်မွေးမှုဒုက္ခ ကြီးကျယ်ပုံ ကြပ်တည်းပုံကို သိနိုင်ကြကုန်ရာ၏။
(ဤကား - ကဗဠီကာရအာဟာရ၌ ရှေးဦးစွာ သိအပ်သော ဒုက္ခစက်တည်း။)
ဒုတိယဒုက္ခစက်
လူတို့၌ အသက်မွေးမှုအတွက်နှင့် ပစ္စည်းဥစ္စာရှာခန်းမှာ တွေ့ကြုံကြရသော ဘေးဥပဒ် အနန္တ ရှိ၏၊ ဇမ္ဗူဒီပါ မြေအပြင်မှာ တစ်နေ့တစ်နေ့လျှင် အစာအာဟာရရှာမှု ပစ္စည်းဥစ္စာရှာမှု အခွင့်မှာ ဘေးတွေ့၍ သေဆုံးကြရသော ကုန်းသတ္တဝါသည် အသင်္ချေယျ အနန္တများပြားရာ၏၊ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ မဟာသမုဒ္ဒရာ စသော ရေသတ္တဝါတို့မှာ ဆိုဖွယ်ရာ မရှိပြီ။
(ဤသည်ကား ကဗဠီကာရအာဟာရ၌ နှစ်ကြိမ်မြောက် သိအပ်သော ဒုတိယ ဒုက္ခစက်တည်း။)
* - * - *
တတိယ ကိလေသဒုက္ခစက်
အသက်မွေးရန် ပစ္စည်းဥစ္စာ အစာအာဟာရကိုလိုချင်တောင့်တ မှုနှင့် မပြတ်စဲအမြဲဖြစ်ပွားကြသော လောဘမီး, ဒေါသမီး, မောဟမီး ပစ္စည်းဥစ္စာ အစာအာဟာရကိုရလေအောင် ရှာဖွေအားထုတ်မှုနှင့် ဖြစ်ပွားကြသော လောဘမီး, ဒေါသမီး, မောဟမီး ရှာကြံလုပ်ဆောင် ပါလျက် အခွင့်မပေးအရေးမလှ၍ ဖြစ်ပွားကြသော ၎င်းမီး ၃-ပါး၊ အခွင့်ပေး၍ရသဖြင့် စောင့်ရှောက်မှုထိန်းသိမ်းမှုစသည်တို့နှင့် ဖြစ်ပွားကြ ရသော၎င်းမီး ၃-ပါး။
(ဤကား ကဗဠီကာရ အဟာရ၌ သုံးကြိမ်မြောက် သိအပ်သော တတိယကိလေသ ဒုက္ခစက်တည်း။)
---
စတုတ္ထ ဒုစ္စရိုက် ဒုက္ခစက်
အသက်မွေးမှုကဲ့သို့ ကြီးကျယ်သော ဒုစ္စရိုက်နယ်ကြီးမည်သည် လောက၌ တစ်စုံတစ်ခုမျှ မရှိ၊ ပါဏာတိပါတ ဒုစ္စရိုက်သည်လည်း အသက်မွေးမှုမှာ အကြီးအကျယ်ဆုံးတည်း၊ ရေသတ္တဝါ ကုန်းသတ္တဝါ ကောင်းသတ္တဝါတို့၌ သူ့အသက်ကို မစားသော သတ္တဝါမျိုးသည် အလွန်နည်းပါးလှ၏၊ သတ္တဝါမျိုးတစ်ကုဋေမှာ တစ်မျိုးကျမရှိလေရာ၊ အဒိန္နာဒါန ဒုစ္စရိုက်စသည်တို့မှာလည်း ဤနည်းတူ ထိုက်သည်အား လျော်စွာသိလေ။
(ဤကား ကဗဠီကာရ အာဟာရ၌ လေးကြိမ်မြောက်သိအပ်သော စတုတ္ထ ဒုစ္စရိုက်စက်တည်း။)
---
ပဉ္စမ ဝိပါက ဒုက္ခစက်
ထိုဒုစ္စရိုက်စက်ကြီးသည် အာဟာရမှုနှင့် မိမိအတွင်းသို့ ပါဝင်သမျှသော မြေပေါ်ရှိသတ္တဝါ ရေနေသတ္တဝါ ကောင်းကင် နေသတ္တဝါတို့ကိုနေ့စဉ်အတိုင်းအပါယ်ငရဲသို့ အတွင်ပစ်ချလေ၏၊ အပါယ် ၄-ဘုံ၌ရှိသမျှသော သတ္တဝါတို့အဖို့ အသိန်း အသန်း အကုဋေ ပုံစုသော်လည်း တစ်ပါးသော အခွင့်နှင့်အပါယ်သို့ကျရောက်သော သတ္တဝါမျိုးသည် တစ်ပုံတစ်စုစာမျှမရှိ လေရာ၊ အာဟာရမှု အသက်မွေးမှု နှင့်ကျရောက်သော သတ္တဝါတို့သည်သာ အများကြီးများလေကုန်ရာ၏၊ ထို့ကြောင့် စကြဝဠာအနန္တ၊ ကမ္ဘာအနန္တမှာပင် အပါယ် ၄-ဘုံရှိနေ ရသည်ကား အာဟာရမှုအသက်မွေးမှု ဒုစ္စရိုက်စက်ကြီး၏ အတတ်ပေ တည်းဟု ဆိုသင့်၏။
(ဤကား ကဗဠီကာရ အာဟာရ၌ ငါးကြိမ်မြောက် သိအပ်သော ပဉ္စမဝိပါက စက်ကြီးတည်း။) (ဤတွင် ရွေ့ကား ခံတွင်းသို့ မရောက်မီ ရှေးအဖို့၌ဖြစ်သော ကဗဠီကာရ အာဟာရဒုက္ခစက်ကြီး ငါးရပ်ကို ပြသောအခန်းတည်း။)
ပထမဒုက္ခစက်
(၁) စားပြီးမျိုပြီးသောအခါ၌ ကျင်ကြီးကျင်ငယ်မှုဒုက္ခ မျက်ရည်, မျက်ချေး, နှပ်, တံတွေး, ချွဲကန်း သလိပ်စသော စက်ဆုပ်ဖွယ် သော အစုတို့ကို စမ်းပွက်ရေယာဉ်ကဲ့သို့ အစဉ်အမြဲပွားစီးမှုဒုက္ခ၊ မျိုပြီး၍ ဝမ်းတွင်းသို့ ရောက်ပြီးသောအခါ၌ တစ်ကိုယ်လုံးကိုပျံ့နှံ့သဖြင့် အတွင်း သန္တာန်တစ်ကိုယ်လုံးအညှီအပုပ်အနံအစော်ချည်းဖြစ်၍ ကုန်ရသောဒုက္ခ။
(ဤကား မျိုပြီးသော ကဗဠီကာရ အာဟာရ၌ ရှေးဦးစွာ သိအပ်သော ပထမဒုက္ခစက်ကြီးတည်း။)
---
ဒုတိယဘေးဥပဒ်ဒုက္ခစက်
(၂) အာဟာရ၏အစွမ်းကြောင့် ဖြစ်ပွားသော အနာမျိုး ရောဂါမျိုးဒုက္ခ၊ အနာရောဂါအတွက် မျက်စိအင်္ဂါ ပျက်စီး ရသောဒုက္ခ၊ နားအင်္ဂါပျက်စီးရသောဒုက္ခ၊ နူနာအမျိုးမျိုးဖြစ်ပွားသောဒုက္ခ၊ ပန်းနာ အမျိုးမျိုးဖြစ်ပွားသော ဒုက္ခ၊ ကျောက်ဆိုး ရောဂါအမျိုးမျိုးဖြစ်ပွားသော ဒုက္ခ၊ ထိုထိုရောဂါနှင့်သေဆုံးကြရသောဒုက္ခ။
(ဤကား မျိုပြီးသော ကဗဠီကာရအာဟာရ၌ နှစ်ကြိမ်မြောက် သိအပ်သော ဘေးဥပဒ် ဒုက္ခစက်ကြီးတည်း။)
***
တတိယကိလေသဒုက္ခစက်
(၃) ဝမ်း၌အစာအာဟာရမရှိသောသူတို့အား လောဘ စသော တစ်ထောင့်ငါးရာကိလေသာမီးတို့သည် ထက်သန်စွာ ထကြွ တောက်ပွားခြင်းငှာမတတ်နိုင်ကြကုန်၊ ဝမ်း၌ အစာအာဟာရတောင့်တင်း သောအခါမှ ထက်သန်စွာ ထကြွတောက်ပွားနိုင်ကြကုန်၏၊ နတ်ပြည် ၆-ထပ်နတ်မင်း သိကြားမင်းတို့ပင်ဖြစ်သော်လည်း ဝမ်း၌အစာ အဟာရ မရှိကြလျှင် နတ်မိဖုရားတို့နှင့် ခံစားမှု စံစားမှု ပျော်ပါးမှု ရွှင်မြူးမှုတို့ကို ပြုလိုသော လောဘမရှိနိုင်ကြကုန်၊ ဝမ်း၌အစာအာဟာရရှိသည်နှင့် တစ်ပြိုင်နက် တစ်ထောင့်ငါးရာ ကိလေသာမီးတို့သည်ထက်သန်စွာ တောက်ပွားနိုင်ကုန်၏၊ လောဘ ကိလေသာမှု ဒေါသကိလေသာမှု မောဟကိလေသာမှု စသည်တို့ကို စိတ်ဖြင့်ကြံစည်နိုင်ကြကုန်၏၊ နှုတ်ဖြင့်ပြောဆိုနိုင်ကြကုန်၏၊ ကိုယ်ဖြင့်ပြုကျင့်လိုက်စားနိုင်ကြကုန်၏။
(ဤကား မျိုပြီးသော ကဗဠီကာရအာဟာရ၌ သုံးကြိမ်မြောက် သိအပ်သောကိလေသာပွားများမှု ဒုက္ခစက်ကြီးတည်း။)
စတုတ္ထ ဒုစ္စရိတ ဒုက္ခစက်
(၄) စစ်တိုက်ခြင်း တံငါ မုဆိုး သူခိုး ဓားပြအမှုတို့ကို ပြုလုပ်ခြင်း တိရစ္ဆာန်သတ္တဝါမျိုးဖြစ်၍ သူတစ်ပါးကို ကိုက်ခဲ ညှဉ်းပန်းခြင်း အစရှိသော လောက၌ထင်ကြမြင်ကြသမျှသော ဒုစ္စရိုက်ဆယ်ပါး၌ ပွားများခြင်း ဒုစ္စရိတဒုက္ခ။
(ဤကား မျိုပြီးသော အစာအာဟာရ၌ လေးကြိမ်မြောက် သိအပ်သော ဒုစ္စရိတ ဒုက္ခစက်ကြီးတည်း။)
---
ပဉ္စမဝိပါက ဒုက္ခစက်
(၅) ထိုဒုစ္စရိတ စက်ကြီးမှ အပါယ်လေးဘုံသို့ အကုန်လဲ ကြကျရောက်ကြလေသော ဒုက္ခမှာ ရှေးနည်းအတိုင်း သိလေ။
(ဤကား မျိုပြီးသော အစာအဟာရ၌ ငါးကြိမ်မြောက်သိအပ်သော ဝိပါက ဒုက္ခစက်ကြီးတည်း။)
(ဤတွင်ရွေ့ကား မျိုပြီးသော အစာအာဟာရ အတွက်ဖြစ်ပွားကြသော ဒုက္ခစက်ကြီး ငါးရပ်ကို ပြဆိုခန်းပြီး၏၊)
---
၂-ကဗဠီကာရ၌ ဉာတပရိညာ
ရှေးအဖို့၌ ဒုက္ခစက်ကြီးငါးပါး၊ နောက်အဖို့၌ ဒုက္ခစက်ကြီးငါးပါး ဟူ၍ ကဗဠီကာရ အာဟာရ၌ ဒုက္ခစက်ကြီးဆယ်ပါး ဖြစ်၏၊ ဤ သည်ကား ကဗဠီကာရအာဟာရ၌ အကြမ်းအားဖြင့် ပြလိုက်သော ဉာတပရိညာအချက်တည်း။
ပထမ ဉာတပရိညာ
အနုစိတ်ဖွယ် အလွန်များသေး၏၊ ဤဉာတပရိညာအခွင့်တို့၌ အသိဉာဏ်ပိုင်နိုင်သဖြင့် ထိုအခွင့်တို့ကို ဖုံးလွှမ်းကွယ်ကာ၍နေသော အဝိဇ္ဇာမောဟကင်းကွာသောအခါ “အာဟာရံဇာနာတိ” ဟူသော ပထမ ဉာတပရိညာ အခွင့်ပြည့်စုံ၏။
ဒုတိယ ဉာတပရိညာ
“အာဟာရ သမုဒယံ ဇာနာတိ” ဟူသောဒုတိယဉာတပရိညာ၌ ကဗဠီကာရ အာဟာရ၌ သာယာသော တဏှာသည် အာဟာရဒုက္ခပွား များကြောင်းအာဟာရ သမုဒယမည်၏၊ ထိုတဏှာရှိနေသမျှ ဘဝ အဆက်ဆက် ကမ္ဘာအဆက်ဆက်တို့၌ပြဆိုခဲ့ပြီးသော ကဗဠီကာရ အာဟာရဒုက္ခစက်ကြီး ဆယ်ပါးသည်အပြီးစွပ်လျက်လိုက်၏၊ ထမင်းအစာ စားသောက်ကြသောအခါ၌ အာဒီနဝဉာဏ်မပါပဲ သာယာနှစ်သက်သော စိတ်ဖြင့် တစ်လုတ် တစ်လုတ်သော ထမင်းကိုမျိုမိသည်ရှိသော် ပြဆို ခဲ့ပြီးသော ဒုက္ခစက်ကြီးဆယ်ပါးကို ဘဝအဆက်ဆက် မျိုးဗီဇ မပြတ် စေခြင်းငှါ ဝမ်းတွင်းသို့ မျို၍ မျို၍ ထားသည်မည်၏။
(ဤကား 'အာဟာရသမုဒယံ ဇာနာတိ”ဟူသော ဒုတိယ ဉာတပရိညာ အချက်တည်း။)
---
တတိယ ဉာတပရိညာ
“အာဟာရနိရောဓံ ဇာနာတိ” ဟူသော တတိယဉာတပရိညာ၌ ထိုကဗဠီကာရ အဟာရဒုက္ခစက်ကြီး ဆယ်ပါးသည် ခပ်သိမ်းသော သတ္တဝါတို့၌ပင်လျှင် အနမတဂ္ဂသံသရာမှာ အစဉ်ထာဝရအမြဲလိုက် ပါ၍သာ နေမြဲဓမ္မတာမဟုတ်၊ အပြီးတိုင် ကွယ်ပျောက်ချုပ်ငြိမ်း အောင်ပြုလုပ်နိုင်ပါလျှင် အပြီးတိုင် ကွယ်ပျောက်ချုပ်ငြိမ်းခွင့်လည်း ဧကန္တရှိ၏ဟု သိခြင်းသည် “အာဟာရ နိရောဓံ ဇာနာတိ” မည်၏။
ကဗဠီကာရ အာဟာရ၌ သာယာသောတဏှာ အပြီးတိုင် ချုပ်ငြိမ်းလျှင် ထိုဒုက္ခစက်ကြီး ဆယ်ပါးသည် အပြီးတိုင်ချုပ်ငြိမ်း၏ဟု သိသည်ဟူလို။
(ဤကား “အာဟာရနိရောဓံ ဇာနာတိ”ဟူသော တတိယ ဉာတပရိညာပြီး၏၊)
---
စတုတ္ထ ဉာတပရိညာ
“အာဟာရ နိရောဓဂါမိနိပဋိပဒံ ဇာနာတိ”ဟူသော စတုတ္ထ ဉာတပရိညာ၌ မဂ္ဂင်ရှစ်ပါးကို ပွားများသည်ရှိသော် အာဟာရ ဒုက္ခ နိရောဓအခွင့်သို့ ဧကန်ဆိုက်၏ ရောက်၏ဟု သိသည်ဟူလို။
(ဤကား “အာဟာရနိရောဓဂါမိနိပဋိပဒံ ဇာနာတိ”ဟူသော စတုတ္ထဉာတပရိညာပြီး၏၊)
ဤတွင် ဉာတပရိညာခန်းပြီး၏။
---
၃-ကဗဠီကာရ၌ တီရဏပရိညာ
တီရဏပရိညာ၌ အနိစ္စပရိညာ၊ ဒုက္ခပရိညာ၊ အနတ္တပရိညာ ဟူ၍ တီရဏပရိညာအပြား သုံးပါးရှိ၏။
အနိစ္စပရိညာ
အနိစ္စပရိညာဆိုသည်ကား- သတ္တဝါတို့၏ ခန္ဓာကိုယ်သည် ရုပ်ခန္ဓာ နာမ်ခန္ဓာဟူ၍နှစ်ပါးရှိ၏၊ ရုပ်ကိုယ် နာမ်ကိုယ်ဟူ၍ နှစ်ကိုယ်ရှိ၏ ဟူလိုသည်၊ ရုပ်ကောင် နာမ်ကောင်ဟူ၍ နှစ်ကောင်ရှိ၏ဟူ၍သော် လည်းဆို၊ မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်-စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ရူပ, သဒ္ဒ, ဂန္ဓ, ရသအစရှိသော ရုပ်စု ရုပ်ပေါင်း ရုပ်တုံး ရုပ်ခဲစုသည် ရုပ်ခန္ဓာ ရုပ်ကိုယ် ရုပ်ကောင်မည်၏၊ စိတ်စေတနာ အစရှိသော နာမ်စု နာမ်ပေါင်း နာမ်တုံး နာမ်ခဲစုသည်နာမ်ခန္ဓာ နာမ်ကိုယ် နာမ်ကောင် မည်၏၊ ဤသို့ တစ်ယောက် တစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ရုပ်ကောင် နာမ်ကောင်ဟူ၍နှစ်ကောင်ရှိနေသည်တွင် ရုပ်ကောင်၏သန္တာန်၌လည်း တစ်နာရီအတွင်းမှာပင် ခုတင်ခု ခဏမစဲ သေဆုံး၍နေသောအနိစ္စမှုကြီး၊ နာမ်ကောင်၏ လည်းခုတင်ခု ခဏမစဲ သေဆုံး၍နေသော အနိစ္စမှုကြီး၊ ၎င်းနှစ်ပါးကို မျက်စိနှင့်မြင်သကဲ့သို့ ဒိဋ္ဌပစ္စက္ခ ရှုမြင်မှုပိုင်နိုင်သည်ကို အနိစ္စပရိညာဆိုသည်။
---
ဒုက္ခပရိညာ
အနိစ္စဘေးထိ၍, မရဏဘေးထိ၍, သေဘေးထိ၍ ခုတင်ခု သေ၍သေ၍နေရသော ရုပ်ကောင်, နာမ်ကောင် နှစ်ပါး၏ သုခမျိုး မဟုတ်၊ ဒုက္ခမျိုးစင်စစ်ဖြစ်မှုကို အလင်းထင်မြင်ဆုံးဖြတ်ပိုင်နိုင်သည်ကို ဒုက္ခပရိညာဆိုသည်။
---
အနတ္တပရိညာ
လောက၌ ထင်မြင်ယူမှတ် အတတ်စွဲမြဲ၍နေကြသော ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမဟူသည်မှာ တစ်ဘဝလုံးမှာမှ တစ်ယောက်တစ်ယောက်သာတည်း၊ တစ်နာရီအတွင်းမှာပင် ငါ အခါခါ သေသည်၊ အခါခါ ပဋိသန္ဓေနေသည်ဟူ၍အယူမရှိကြ။ ထိုပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမ၏ အထည်ခံ, အမာခံကား အတ္တတည်း၊ ထိုအတ္တ၏ အထည်ခံ, အမာခံမှာကား ဇီဝတည်း၊ ပုဂ္ဂိုလ်သတ္တဝါသည် တစ်ခုတစ်ခုသော ဘဝမှာ အသက်တမ်းရှည် သမျှတစ်ဘဝလုံးမှာ တစ်ယောက်တစ်ယောက်သာဖြစ်ခဲ့၍ ထိုအထည်ခံ, အမာခံဖြစ်သော အတ္တဇီဝသည်လည်း တစ်ဘဝလုံးမှာမှ တစ်ခုသာ အမှန်ဖြစ်၏ဟု မှတ်ထင်စွဲ၍နေကြ၏၊ ယခုလူတို့ အသက်တစ်ရာတမ်းမှာ အနှစ်တစ်ရာ နေရသောသူလည်း ရှိ၏၊ အနှစ်တစ်ရာနေရသောသူသည် အနှစ်တစ်ရာ အတွင်းမှာ အခါခါသေမှု၊ အခါခါပဋိသန္ဓေနေမှုဟူ၍မရှိ၊ အစ၌ အမိဝမ်း မှာတစ်ခါ, ပဋိသန္ဓေနေခဲ့ပြီးလျှင် အနှစ်တစ်ရာပြည့်၍ စုတိကမ္မဇရုပ် ချုပ်ဆုံးမှ တစ်ခါသာသေသည်ဟု ထင်မြင်၍နေကြ၏၊ အနှစ်ကိုးဆယ် နေ၍ သေသောသူ, ရှစ်ဆယ်နေ၍သေသောသူ စသည် တို့မှာလည်း ထိုနည်းတူသိလေ။
ဇီဝမှာလည်း အနှစ်တစ်ရာတမ်း၌ အနှစ်တစ်ရာနေရသော သူသည် အနှစ်တစ်ရာ အသက်ရှည်၏၊ အနှစ်တစ်ရာလုံးမှာမှ တစ်သက် သာဖြစ်၏၊ ဇီဝတစ်ခုသာဖြစ်၏၊ အနှစ်တစ်ရာအတွင်း၌ ထိုသူမှာ အခါခါအသက် ပျက်ဆုံးသည်ဟူ၍ မရှိ၊ သေဆုံးသည်ဟူ၍မရှိဟု ထင်မြင်စွဲလမ်း၍ နေကြကုန်၏၊ စတုမဟာရာဇ်နတ်ပြည်မှာ အနှစ်ငါးရာ သက်တမ်းရှိ၏၊ ထိုသို့ရှိသည်အလိုက် ထိုနတ်ပြည်မှာဖြစ်လေသောသူ၏ အသက်သည် အနှစ်ငါးရာပတ်လုံးမချုပ်မစဲ ခိုင်မြဲတည်နေ၏၊ အနှစ် ငါးရာလုံးမှာမှ တစ်သက်သာဖြစ်၏၊ အသက်တစ်ခုသာဖြစ်၏၊ ဇီဝတစ်ခု သာဖြစ်၏၊ တစ်ယောက်သောနတ်မှာ ငါးရာအတွင်းတွင် အခါခါ အသက်သေးဆုံးသည်ဟူ၍မရှိ၊ အခါခါဇီဝပျက်ဆုံးသည် ဟူ၍မရှိဟု ထင်မြင်မှတ်စွဲ၍ နေကြကုန်၏၊ တာဝတိံသာ စသော အထက်နတ်ပြည် ဗြဟ္မာ့ပြည် အသက်တမ်းတို့၌လည်း ထိုနည်းအတူသိလေ။
---
ဥစ္ဆေဒဒိဋ္ဌိ, သဿတဒိဋ္ဌိ
သက္ကာယဒိဋ္ဌိအယူ၌ ပုဂ္ဂိုလ် သတ္တဝါတစ်ရပ်၊ ယောက်ျား မိန်းမတစ်ရပ်၊ ငါ သူတစ်ပါး တစ်ရပ်၊ အတ္တတစ်ရပ်၊ ဇီဝတစ်ရပ် ဤ ငါးရပ်တို့၏ အထူးအပြား ဥစ္ဆေဒဒိဋ္ဌိ, သဿတ ဒိဋ္ဌိနှစ်ပါးတို့၏ အထူး အပြားကို ဆိုဦးအံ့။
အသက်ဇီဝရှိသူကို ပုဂ္ဂိုလ်သတ္တဝါဟု ထင်မှတ်စွဲလမ်းသည်၊ ထိုပုဂ္ဂိုလ်သတ္တဝါမှ လူအထွေထွေ, နတ်အထွေထွေ, ဗြဟ္မာ အထွေထွေ, ဆင်, မြင်း, ကျွဲ, နွားစသည်အထွေထွေ, အမိ အဖ စသည်အထွေထွေ များပြားသည်။
ယောက်ျား မိန်းမ ဆိုသည်ကား ထိုထိုပုဂ္ဂိုလ်သတ္တဝါအပြားမှာ လိင်သဏ္ဌာန်အားဖြင့်ပြားပြန်သည်။
အတ္တဆိုသည်ကား နူးညံ့လှစွာသော ရွံ့မြေကို လူရုပ်, နတ်ရုပ် စသည်တို့ပြုလုပ်ရာ၌ ပထဝီမျိုးဖြစ်သော ရွံ့မြေသည် အထည်ခံ, အမာခံဝတ္ထုရှိသည်ဟု ထင်မှတ်၍ ထိုပဓာနအင်္ဂါ အမာခံဝတ္ထုတစ်မျိုးကို အတ္တဟူ၍ စွဲလမ်းသတည်း၊ အထွေထွေ ကြံဖန်သိမြင်ခြင်း၊ အထွေထွေ ပြောဆိုငိုရယ်မြည်တွန်ခြင်း၊ ကိုယ်အင်္ဂါလှုပ်ရှားသွားလာခြင်း စသည်တို့ သည်ထိုအတ္တ၏အမှုတို့ တည်းဟုမှတ်ယူသည်၊ ထိုအတ္တသည် ပုဂ္ဂိုလ် သတ္တဝါမှာပင် အတွင်း၏ပုဂ္ဂိုလ်သတ္တဝါမှ အသီးအခြားမဟုတ်။
ဇီဝဆိုသည်ကား ထိုအတ္တ၏ အမာခံတည်း၊ ဇီဝနှင့်ပြည့်စုံသည့် အတွက်ကြောင့် အတ္တသည်ကာလမြင့်ရှည် တည်နေနိုင် သည်ဟု ထင်မြင် စွဲလမ်းသည်။
မည်သည့်ပုဂ္ဂိုလ်, မည်သည့်သတ္တဝါ၊ မည်သည့်ယောက်ျား၊ မည့်သည့်မိန်းမ၊ ဤကားငါတည်း၊ ဤကား မည်သူမည်ဝါ တည်းဟု ထင်မြင်ပြောဆိုရာ၌ ပုဂ္ဂိုလ်သတ္တဝါ အတ္တတို့ကို ပဓာနအာရုံပြု၍ ပြောဆိုကုန်သည်။
ဤသူသည် အသက်ဆယ်နှစ်ရှိပြီ၊ ဆယ့်ငါးနှစ်ရှိပြီ၊ ဤသူကား အရှင်တည်း၊ ဤသူကား အသေတည်းဟု ပြောဆိုကြရာ၌ ဇီဝကို ပဓာနပြု၍ပြောဆိုကြကုန်သည်။
နာမ်တရား, ရုပ်တရားနှစ်ပါးလုံးကိုပင် အတ္တဇီဝဟုယူသော ဒိဋ္ဌိတစ်မျိုး၊ နာမ်တရားကိုသာ အတ္တဇီဝဟုယူသော ဒိဋ္ဌိတစ်မျိုး၊ နာမ်ရုပ်တရားနှစ်ပါးမှ အလွတ်အသီးအခြားဟုယူသော ဒိဋ္ဌိတစ်မျိုး၊ နာမ်ရုပ်တရားကို အတ္တဇီဝဟုယူရာ၌ အတ္တ ဇီဝသည် တစ်သက်လုံး တစ်ဘဝလုံး အခိုင်အမြဲ တစ်ခုတည်းအဖြစ်နှင့်တည်နေသကဲ့သို့ ရုပ်နာမ်သည်လည်း တစ်သက်လုံး တစ်ဘဝလုံး အခိုင်အမြဲတစ်ခုတည်း အဖြစ်နှင့်တည်နေသည်၊ ဘဝဆုံး၍ ကမ္မဇရုပ် ချုပ်ပျက်ရာတွင်မှ ရုပ်နာမ်အတ္တဇီဝ ပျက်ဆုံးသည်ဟု ယူသည်ကား ဥစ္ဆေဒဒိဋ္ဌိတည်း။
ရုပ်ကား အတ္တဇီဝမဟုတ်၊ နာမ်သည်သာ အတ္တဇီဝဖြစ်သည်၊ စုတိကမ္မဇရုပ်ချုပ်ပျက်၍သေဆုံးရာ၌ ရုပ်သည်သာ ချုပ်ဆုံးသည်၊ အတ္တဇီဝဟုဆိုအပ်သော နာမ်သည်ကား ချုပ်သည်ဟူ၍မရှိ၊ ရုပ်ခန္ဓာ တစ်ခုချုပ်ဆုံးလျှင် ဘဝတစ်ပါးသို့ပြောင်း ကူး၍ ရုပ်ခန္ဓာအသစ်တစ်ခု တည်ထောင်၍ နေပြန်သည်ဟု ယူသည်ကား သဿတဒိဋ္ဌိတည်း။
အတ္တဇီဝသည် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာမှ အလွတ် အသီးအခြား တည်းဟုယူရာ၌လည်း တစ်ဘဝမှာ တစ်ခါတစ်ခါ ရုပ်ခန္ဓာ နာမ်ခန္ဓာ ပျက်ဆုံးရာမှာအတ္တဇီဝလည်း တစ်ဘဝလျှင် တစ်ခါတစ်ခါပျက်ဆုံးသည် ဟုယူသည်ကား ဥစ္ဆေဒဒိဋ္ဌိတည်း။
ရုပ်ခန္ဓာ, နာမ်ခန္ဓာသည်သာ တစ်ဘဝတွင် တစ်ခါတစ်ခါပျက်ဆုံး သည်၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာမှ အလွတ် တစ်ခြားတစ်ပါး ဖြစ်သော အတ္တဇီဝ မူကား ပျက်ဆုံးသည်ဟူ၍မရှိဟု ယူသည်ကား သဿတဒိဋ္ဌိတည်း။
ဥစ္ဆေဒဒိဋ္ဌိကား တစ်ဘဝလျှင် တစ်ခါတစ်ခါ အတ္တဇီဝချုပ်ပြတ် သည်၊ နောက်နောက်ဘဝမှာ အတ္တသစ်, ဇီဝသစ် တည်ထောင်၍ သံသရာမှာ ကျင်လည်သည်ဟုယူ၏။
---
နတ္ထိက, အဟေတုက, အကြိယဒိဋ္ဌိ နတ္ထိက, အဟေတုက, အကြိယဒိဋ္ဌိကြီးများမူကား ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝမည်သည် တစ်ဘဝသာရှိသည်၊ ရှေ့ဘဝမှ ပြောင်း၍လာသည် ဟူ၍လည်း မရှိ၊ နောက်ဘဝသို့ ပြောင်းသည်ဟူ၍လည်းမရှိ၊ ပစ္စုပ္ပန်ဘဝ သာရှိကြသည်၊ ပစ္စုပ္ပန်ဘဝချုပ်ဆုံးလျှင် အပြီးတိုင် ချုပ်ဆုံးလေ တော့သည်၊ မကောင်းမှုကိုပြုသော်လည်း နောင်ဘဝ၌ ဒုက္ခအကျိုးကို ခံရသည်ဟူ၍မရှိ၊ ကုသိုလ်ကောင်းမှုကို ပြုသော်လည်း နောင်ဘဝ၌ သုခအကျိုးကိုစံရသည်ဟူ၍မရှိဟုယူသည်။
(ဤကား ဥစ္ဆေဒဒိဋ္ဌိသာမညနှင့် မိစ္ဆာဒိဋ္ဌိကြီး သုံးပါး၏အထူးတည်း။) မိမိသန္တာန်၌ တစ်နာရီမျှကာလအတွင်းမှာပင် ရုပ်ကောင်, ရုပ်ခန္ဓာ အခါခါချုပ်ပျက်သေဆုံး၍နေမှု၊ နာမ်ကောင်, နာမ်ခန္ဓာခုတင်ခု အသစ် အသစ်ဖြစ်ပေါ်၍နေမှု၊ အသစ်အသစ်ဖြစ်ပေါ်ပြီးနောက်လည်း ခုတင် ခုချုပ်ပျက် သေဆုံး၍နေမှုကို အနိစ္စပရိညာဖြင့် ထင်လင်းစွာမြင်နိုင်သော ဝိပဿနာ ယောဂီပုဂ္ဂိုလ်မှာမူကား တစ်သက်အတွင်း တစ်ဘဝအတွင်း မှာ အခါခါ ချုပ်ပျက်သေဆုံးခြင်းဟူ၍မရှိ၊ တစ်ဘဝဆုံးမှ တစ်ခါသာ သေသည်ဟု ထင်မြင်၍နေကြသော ပုဂ္ဂိုလ် သတ္တဝါ အတ္တ ဇီဝဟူ၍ ဧကန္တမရှိဟူသော ဉာဏ်အမြင်သည် ထင်ရှားပေါ်လာသည်။
ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝမှာတစ်ဘဝဆုံးမှ တစ်ခါသာ သေသည် ဟုထင်မြင်စွဲလမ်းကြသည်၊ ငါ၏ ရုပ်ခန္ဓာ, နာမ်ခန္ဓာမှာတစ်နာရီအတွင်း ခုတင်ခုသေဆုံး၍နေသည်၊ ပုဂ္ဂိုလ် သတ္တဝါ အတ္တ ဇီဝမှာ အမိဝမ်း၌ ပဋိသန္ဓေ တည်နေမှုဖြင့်တစ်ဘဝတွင် တစ်ခါသာ အသစ်ဖြစ်ပေါ် တည် ထောင်မှုရှိသည်ဟု ထင်မြင်စွဲလမ်းကြသည်၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာမှာ တစ်နာရီအတွင်းမှာပင် အခါခါအသစ်အသစ်ဖြစ်ပေါ်တည်ထောင် သည်ကို ပစ္စက္ခဒိဋ္ဌရှုမြင်ရသည်၊ ထို့ကြောင့် ရုပ်ခန္ဓာ, နာမ်ခန္ဓာသည် ပုဂ္ဂိုလ်မဟုတ်၊ အနတ္တသာဖြစ်သည်၊ ပုဂ္ဂိုလ်ဟူ၍မရှိ၊ သတ္တဝါဟူ၍မရှိ၊ အတ္တဟူ၍မရှိ၊ ဇီဝဟူ၍မရှိ၊ မိစ္ဆာသညာ မိစ္ဆာဒိဋ္ဌိတို့၏အစွမ်းဖြင့် ထင်မိထင်ရာ, မြင်မိမြင်ရာ ပြောဆိုထင်မှတ်၍ နေကြသော ဝေါဟာရ ပညတ်မျှသာဖြစ်သည်ဟု ဝိပဿနာယောဂီပုဂ္ဂိုလ်အား စင်ကြယ်စွာ ထင်မြင်မှုသည် အနတ္တပရိညာမည်၏။
(ဤကား တီရဏပရိညာသုံးပါး၏အထူးကို ပြဆိုချက်တည်း။)
---
အနိစ္စပရိညာ
ထိုသုံးပါးတွင် ကဗဠီကာရ အာဟာရ ကမ္မဋ္ဌာန်းအရာ၌ အနိစ္စ ပရိညာအချက်ကို အမြွက်မျှပြဆိုဦးအံ့။
ဤအရာတွင် ဉာတပရိညာအချက်နှင့် စပ်ယှက်ရန် အခွင့်ရှိပြန် သောကြောင့်ရှေး၌ ပြဆိုခဲ့ပြီးသော ဉာတပရိညာ အစီအရင်မှ ကြွင်းကျန် သော အနုစိပ်ဉာတပရိညာအချက်ကို ဆိုလိုက်ဦးအံ့။
အာဟာရဆိုသည်ကား မိမိ၏ဆိုင်ရာ ရုပ်နာမ်, နာမ်ခန္ဓာတို့ကို လွန်စွာရွက်ဆောင်နိုင်သော စွမ်းအားဗလ ကြီးကျယ်လှသောတရားကို အဟာရဆိုသတည်း၊ ထိုအာဟာရသည် ရုပ်အာဟာရတစ်ပါး၊ နာမ် အာဟာရသုံးပါးဟူ၍ လေးပါးရှိ၏၊ နာမ်အာဟာရ သုံးပါးမှာ နောက်၌ လာလတ္တံ့။
---
ရုပ်အာဟာရ
ရုပ်အာဟာရဆိုသည်ကား - ဩဇာရုပ်ကိုဆိုသတည်း၊ ရုပ်အနှစ်, ရုပ်အဆီဟူ၍လည်းကောင်း၊ ဓာတ်အနှစ်, ဓာတ်အဆီဟူ၍လည်းကောင်း ဆိုအပ်၏၊ ထိုဩဇာဓာတ်အဆီသည် အဇ္ဈတ္တဩဇာ ဗဟိဒ္ဓဩဇာ ဟူ၍ နှစ်ပါးရှိ၏၊ ပဋိသန္ဓေစိတ်ဥပါဒ်သည်မှစ၍ အဇ္ဈတ္တရုပ်သန္တာန်မှ အစဉ်ပါ လာခဲ့သော ဩဇာစုသည် အဇ္ဈတ္တဩဇာမည်၏၊ ကလလ ရေကြည် တည်သော သတ္တာဟမှ နောက်သတ္တာဟအလွန်တွင် အမိမျိုသော အစာမှ စိမ့်လာ၍ သူငယ်ရုပ်မှာ ပျံ့နှံ့သည့်အခါမှစ၍ အသက် ထက်ဆုံး အပမှမျိုအပ်သော ထမင်း, ဘောဇဉ် စသည်၌ပါရှိသော ဩဇာစုသည် ဗဟိဒ္ဓဩဇာမည်၏။
တစ်သတ္တာဟ နှစ်သတ္တာဟ အလွန်မှစ၍ အဘယ့်ကြောင့် ဗဟိဒ္ဓ ဩဇာ မပြတ်မစဲ အမြဲထောက်ပံ့ရလေသနည်းဟူမူ ဗဟိဒ္ဓဩဇာ ကူညီ ထောက်ပံ့မှုမရှိခဲ့လျှင် အားနည်းစွာသော အဇ္ဈတ္တဓာတ်ဆီစုကို အား ကြီးစွာသော အဇ္ဈတ္တဓာတ်မီးလောင်သဖြင့် အလျင်အမြန် ခန္ဓာကာယ ခြောက်ခန်းပျက်ဆုံးရာသောကြောင့်တည်း။
ချဲ့ဦးအံ့၊ ကောင်းစွာ ကျစ်အပ်သော မီးစာဂွမ်းတောင့်ငယ်ကို နှမ်းဆီမှာစိမ်၍ မီးခွက်ငယ်နှင့်မီးထွန်းရာ၌ မီးခွက်ငယ်မှာ နှမ်းဆီအပို မထည့်မူ၍ မီးစာတွင်းမှာရှိသော ဆီအတိုင်းနှင့်မီးထွန်းခဲ့သည်ရှိသော် နှမ်းဆီအား ထက်မီးအားကကြီးသဖြင့် ခဏချင်း ဆီရော မီးစာရော အကုန်လောင်ကျွမ်း၍ ခဏချင်း ဆီလည်းကုန် မီးစာလည်းကုန် မီးလည်းသေလတ္တံ့၊ မီးစာ၏ အတွင်း၌ ရှိသော နှမ်းဆီဖြင့်မီးခွက်တွင်းမှာ ဆီအပြည့်ထည့်၍ထားမှ ဆီအားနှင့်မီးအား မျှတကြသဖြင့် မီးစာ မကုန်တည့်မူ၍ မီးလည်း အရှည်တည်နိုင်လေသကဲ့သို့ ထို့အတူဗဟိဒ္ဓ ဓာတ်ဆီမျိုမှု သွင်းမှု ထောက်ပံ့မှုမရှိခဲ့သည်ရှိသော် တစ်ကိုယ်လုံး၌ ကိုယ်ခန္ဓာနှင့် အပြည့်ရှိနေသော အဇ္ဈတ္တဓာတ်မီးစုသည် ကိုယ်ခန္ဓာ ဖြစ်သော အတွင်းအဇ္ဈတ္တဓာတ်စုနှင့်တကွ တစ်ကိုယ်လုံးရှိနေသော အဇ္ဈတ္တဓာတ်ဆီဩဇာတို့ကို ခဏချင်းလောင်၍ ကျွမ်းကြေကုန်ဆုံးစေ လတ္တံ့၊ ပြဆိုခဲ့ပြီးသော မီးခွက်ငယ်ဥပမာနှင့် အလွန်တူလှ၏။
လောက၌ မီးတို့သဘောမည်သည် မိမိ၏တည်ရာစွဲရာ ဝတ္ထုမှာ ရှိသော အဆီကိုအမြဲစား၏၊ လောင်၏၊ အဆီကို နှိုက်၍ နှိုက်၍ လိုက်စားသဖြင့် အဆီ၏တည်ရာ ထင်း သစ်သားစသည်ကိုလည်း လောင်လေတော့သည်၊ ကိုယ်ခန္ဓာနှင့် အပြည့်ရှိနေသော တေဇောဓာတ် ပရမတ်မီးသည်လည်း ထို့အတူပင် သဟဇာတ်ဓာတ်ဆီနှင့်တကွ ပထဝီမီးစာကို အတွင်လောင်ကျွမ်း ကုန်ဆုံးစေမြဲ ဓမ္မတာပင်တည်း၊ ထို့ကြောင့် ခပ်သိမ်းသော ရုပ်ကလာပ်တို့သည် စိတ္တက္ခဏ တစ်ဆယ့်ခုနစ် ချက်ထက် အသက်မရှည်နိုင်ကြကုန်မူ၍ မျက်တောင်တစ်ခပ် လျှပ် တစ်ပြက်ခန့် ကာလအတွင်းမှာပင် အကြိမ်တစ်ထောင်မက ပျက်ဆုံးနေ ကြကုန်မြဲ ဓမ္မတာဖြစ်လေကုန်သတည်း၊ ထို့ကြောင့် ညဉ့်အမှောင်မိုက် သောအခါ ဆီမီးထွန်းရာ၌ မီးတောက်နှင့်မီးစာ နာရီအရှည်တည်နေပါ စေခြင်းငှာ ရှေးဦးစွာ မီးခွက်မှာဆီအပြည့်ထည့်၍ မီးထွန်းပြီးလျှင် ဆီကုန်လုပြန်ရင်း ပြန်ထည့်ရင်းအမှုကိုပြုရလေသကဲ့သို့ တစ်နေ့ တစ်နေ့လျှင် ထမင်းအစာ နှစ်ခါ နှစ်ခါမျို၍ ဗဟိဒ္ဓဩဇာကို မပြတ်မစဲ ထည့်လောင်းရလေသတည်း။
တစ်ကိုယ်လုံးမှာ အပြည့်ရှိနေသော အဇ္ဈတ္တဓာတ်မီး၏ အချက် ကို မြင်ပါလျှင် လူ နတ် ခန္ဓာနှင့်တကွ ရုပ်ခန္ဓာဟူသမျှမှာပင် အမြဲလျှင် တစ်ရှိန်းရှိန်းတကြွကြွ တစ်ရွရွနေသည်ကို မြင်နိုင်လတ္တံ့၊ တစ်ရှိန်းရှိန်း တစ်ကြွကြွ တစ်ရွရွဟူသောစကား၌ ခပ်သိမ်းသောမီးတို့၏ သဘောသည် ဖြစ်ပေါ်ပြီးသောအခါ မှီရာ မီးစာဝတ္ထုကို အတင်းဖမ်း၍ စားမြဲတည်း၊ အစာကိုလှလှစားမိသောအခါ ထကြွလှုပ်ရှားမြဲတည်း၊ လှလှစားမိ သည်နှင့် တစ်ပြိုင်နက် အစာလည်း ကျွမ်းကုန်၍သွား၏၊ မီးလည်းသေ ဆုံးလေ၏၊ ထကြွလှုပ်ရှားဆိုသည်ကား ရုပ်သစ် ကလာပ်သစ်ပေါက်ဖွား မှုပေတည်း၊ မီးပွားသည်ဟုခေါ်ကြ၏၊ ထိုသို့သား, မြေး, မြစ် အစရှိသော ရုပ်သစ် ကလာပ်သစ် အဆင့်ဆင့်ပွားမှုနှင့် ကလာပ် ဟောင်း ချုပ်ကွယ်မှု အတိုးအဆုတ်ဆက်စပ်၍မြင်ရသည်ကို တစ်ရှိန်းရှိန်း တစ်ကြွကြွ တစ်ရွရွ ထင်မြင်ကြကုန်သတည်း၊ တစ်ခုသော ပရမတ္ထဓမ္မ မည်သည် ဆံချည်ကို အစိတ်တစ်ရာစိတ်၍ တစ်စိတ်စာမျှလှုပ်သည် ကြွသည် ရွသည်ဟူ၍မရှိ။
(ဤကား ဗဟိဒ္ဓ ဓာတ်ဆီဩဇာ အာဟာရကို တစ်နေ့တစ်နေ့ လျှင် နှစ်ခါနှစ်ခါ အမြဲမျိုရမှုမှာ သိမြင်ရာသော ယုတ္တိအချက်တည်း။)
---
တစ်နေ့ တစ်နေ့လျှင် ဗဟိဒ္ဓအာဟာရ နှစ်ခါနှစ်ခါ သွပ်သွင်းရ သည်ကိုမြင်ကြသဖြင့် ဤကိုယ်ခန္ဓာ ရူပကာယကြီးလည်း တစ်နေ့ တစ်နေ့လျှင် နှစ်ခါနှစ်ခါအသစ်အဟောင်း ပြောင်းလဲရသည်၊ တစ်နေ့ တစ်နေ့လျှင် နှစ်ခါနှစ်ခါ အသစ်အဟောင်း ပြောင်းလဲရသည်၊ တစ်နေ့ တစ်နေ့လျှင် နှစ်ခါနှစ်ခါ အကုန်သေဆုံး၍ နှစ်ခါနှစ်ခါ အသစ်ဖြစ်ပေါ် ရသည်ဟု သိအပ်၏။
အဘယ်သို့လျှင် ဤကိုယ်ခန္ဓာတစ်ကောင်လုံး တစ်နေ့ တစ်နေ့ လျှင် နှစ်ခါနှစ်ခါအသစ်အဟောင်း အကုန်ပြောင်းလဲသနည်းဟူမူ နံနက်အခါအစားမစားမီ ရှေးအဖို့ဝယ် တစ်ကိုယ်လုံးသည် ညှိုးနွမ်းသော ရုပ်ကလာပ် အစုအခဲကြီးဖြစ်၏၊ ထမင်းအစာကို မျိုလိုက်သောအခါ ဝမ်းတွင်းသို့ ထမင်းတစ်လုတ်စာ ရောက်သည်မှစ၍ ရွှင်လန်းသော ရုပ်သစ် ကလာပ်သစ်တို့သည် တစ်ဖွားဖွားဖြစ်ပေါ်၍လာကုန်၏၊ ဝမ်း၌ အစာပြည့်သောအခါ တစ်ကိုယ်လုံးမှာရှိသော ညှိုးနွမ်းသော ရုပ်ဟောင်း ကလာပ်ဟောင်းတို့သည် အဏုမြူမျှမကျန် အကုန်ချုပ်ကွယ်ကုန်၏၊ တစ်ကိုယ်လုံးလည်း ရွှင်လန်းသော ရုပ်သစ် ကလာပ်သစ် အစုအခဲသက် သက်သာဖြစ်၏၊ ရေနှင့်ကင်းကွာသဖြင့် ညှိုးနွမ်း၍နေသော ပဒုမာ ကြာပန်းကိုအေးမြစွာသော ရေ၌ချထားသည်ရှိသော် မကြာမီ ရွှင်လန်း၍ လာသကဲ့သို့တည်း၊ ဤကြာပန်း၌ ရုပ်သစ် ရုပ်ဟောင်းပြောင်းလဲပုံကား ရေသို့ရောက်သည်မှစ၍ အေးမြရွှင်လန်းသော ရုပ်သစ် ကလာပ်သစ် တို့သည် တစ်ရွရွဖြစ်ပေါ်လာကုန်၏၊ အသစ်အသစ်ဖြစ်ပေါ်သော နေရာမှာ ရုပ်ဟောင်း ကလာပ်ဟောင်း တို့ အစဉ်အတိုင်းတစ်ဖြုတ်ဖြုတ် ချုပ်ကွယ်ကုန်၏၊ ဉာဏ်မျက်စိနှင့်ကြည့်တတ်ပါမှ မြင်နိုင်သည်၊ ပကတိ မျက်စိနှင့် မမြင်နိုင်၊ ပကတိ မျက်မြက်အလိုမှာ ညှိုးနွမ်းသော ကြာပန်းသည် တစတစရွှင်လန်း၍လာပြီ၊ ဤမျှကိုသာသိနိုင်သည်၊ ပရမတ်ဖြစ်သော ရုပ်ကလာပ်တို့သည် သီတ ဥဏှ လဲလှယ်မှုကြောင့် ရုပ်သစ် ရုပ်ဟောင်း ရွရွရွရွ ပြောင်းလဲမှုမည်သည် ဉာဏ်နှင့်သာ သိမြင်နိုင်သောအရာပေတည်း။
ထိုစကားမှန်၏၊ ဤကဲ့သို့ရုပ်စဉ် ကလာပ်စဉ် အကုန်ပြတ်၍ မသွားပဲ အသစ်အဟောင်းပြောင်းလဲမှုမျိုး၌ ရုပ်ကလာပ် တို့၏တဖြုတ် ဖြုတ်ချုပ်ဆုံးကွယ်ပျောက်မှု၊ တရွရွ အသစ်အသစ်ဖြစ်ပေါ်မှုသည် အလွန်သိမ်မွေ့၏၊ ပကတိမျက်စိအရာမဟုတ်၊ ဉာဏ်မျက်စိအရာသာ တည်း၊ အဘယ်သို့လျှင် ဉာဏ်မျက်စိနှင့်မြင်နိုင်သနည်းဟူမူ သီတရုပ် တစ်မျိုး၊ ဥဏှရုပ်တစ်မျိုး၊ သီတ ရုပ်သည် ဥဏှရုပ်မဟုတ်၊ ဥဏှရုပ်သည် သီတရုပ်မဟုတ်၊ အချင်းချင်း ဆန့်ကျင်ဘက်ရန်သူဖြစ်ကြ၏၊ ကြာပန်း တစ်ခုလုံးသည် ရေအေးသို့မရောက်မီကာလ၌ ဥဏှရုပ်စု ဥဏှရုပ်ခဲသာ တည်း၊ ရေသို့ကျသည်နှင့်တစ်ပြိုင်နက် အကုန်လုံးရုပ်ပြောင်း၏၊ ဥဏှရုပ်စု တစ်ပြိုင်နက်ချုပ်ကွယ်၏၊ သီတရုပ်စု တစ်ပြိုင်နက်ဖြစ်ပေါ်ကုန်၏၊ ညဉ့်အမှောင်တွင်းမှာ မီးထွန်းလိုက်သောအခါ၌ မီးတောက်သည် နှင့်တစ်ပြိုင်နက် တိုက်ခန်းတစ်ခုလုံးမှာရှိသော မှောင်ရုပ်မှောင်ကလာပ် တို့ပျောက်ကွယ်ကုန်၏၊ အလင်းရုပ် အလင်းကလာပ်တို့ တစ်ပြိုင်နက် ဖြစ်ပေါ်ကုန်၏၊ ဤဥပမာကဲ့သို့တည်း။
မှောင်ရုပ် မှောင်ကလာပ်စုမှာလည်း ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာအကုန်ပါရှိ၏၊ အလင်းကလာပ်စုမှာ လည်း ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ အကုန်ပါရှိ၏၊ ပထဝီခေါ်သော ပရမတ်မြေသည် အဘယ်မျှလောက် သိမ်မွေ့သည်ဟု နှိုင်းချိန်ချက်တည်း၊ အာပေါခေါ်သော ပရမတ်ရေ၊ တေဇော ခေါ်သော ပရမတ်မီး၊ ဝါယောခေါ်သောပရမတ်လေ စသည် တို့မှာဆိုဖွယ်မရှိပြီ၊ ဤသို့အလွန်သိမ်မွေ့လှသည့်အတွက်ကြောင့် အချုပ် အပျက်လည်းအလွန်မြန်လှလေသတည်း။
ထိုကြာပန်း၌ ရေထဲသို့ရောက်လျှင်ပင် အပူပျောက်ငြိမ်းပြီဟု လူတိုင်းသိကြ၏၊ အပူပျောက်ငြိမ်းမှုဆိုသည်ကား အပူရုပ် ကလာပ်စု အကုန်ချုပ်ကွယ်မှုပင်တည်းဟု မသိကြ၊ ထိုကြာပန်း၌ ရေသို့ရောက် သည်နှင့် တစ်ပြိုင်နက် ကြာပန်းပူမဟုတ်၊ ကြာပန်း အေးဖြစ်ပြီဟုသိကြ၏၊ အအေးရုပ် ကလာပ်စု တစ်ပြိုင်နက်ဖြစ်ပေါ်မှုဟု မသိကြ၊ သီတရုပ် တစ်မျိုး၊ ဥဏှရုပ်တစ်မျိုး၊ အချင်းချင်း ဆက်စပ်ခြင်းငှာ မတတ်ကောင်း သော ရုပ်ချင်း ဖြစ်ကြသည်ကို သိမြင်ကြသဖြင့် ကြာပန်းအေးဖြစ်သော အခါ ကြားပန်းပူမရှိပြီ၊ ကြာပန်းပူချုပ်ကွယ်ပြီဟု သိနိုင်လေသတည်း၊ သီတရုပ် ဥဏှရုပ်နှစ်မျိုးသည် အချင်းချင်းဆန့်ကျင်ဘက်ဖြစ်ကြသကဲ့သို့ ညှိုးနွမ်းသောရုပ်အမှု၊ တစ်နေ့လျှင် နှစ်ခါနှစ်ခါ အဟောင်းသေဆုံးမှု အသစ်အသစ်ဖြစ်ပေါ်ပြောင်းလဲမှုကို သိအပ်မြင်အပ်သတည်း။
ရေပွက်ကြီးတွေမှာ ထင်သော လူရိပ်သည် ရေပွက်ကြီးချုပ် ပျောက်လျှင် ချုပ်ပျောက်လေသကဲ့သို့ ရုပ်ဟောင်းစုမှာ မှီ၍ဖြစ်ပေါ်သော စိတ်တရား၊ ဝေဒနာ, သညာ, စေတနာ, မနသိကာရတရား၊ ဝိတက်, ဝိစာရ, ဝီရိယတရား၊ လောဘ, ဒေါသ, မောဟ, စသည်တို့သည် ထိုရုပ် ဟောင်းတို့ချုပ်ကွယ်သေဆုံးရာမှာ အတူတကွ ချုပ်ကွယ်သေဆုံးကြ လေကုန်သည်။
(ဤကား တစ်နေ့ တစ်နေ့မှာ နာမ်ကောင်ကြီး နှစ်ခါ နှစ်ခါ သေဆုံးရပုံတည်း။)
ဤသို့ ကဗဠီကာရ အာဟာရကိုအမှီပြု၍ တစ်ယောက် တစ် ယောက်သောသတ္တဝါ၏ ရုပ်ခန္ဓာ နာမ်ခန္ဓာ ရုပ်ကောင် နာမ်ကောင် တစ်နေ့ တစ်နေ့လျှင်နှစ်ခါနှစ်ခါ နေ့စဉ်နေ့တိုင်း သေဆုံး၍နေပုံကို သိအပ်၏၊ ဤစကားသည်လည်း အကြမ်းမျှသာတည်း၊ တစ်နာရီမှာပင် ထိုခန္ဓာနှစ်ကောင်လုံး အခါခါသေဆုံးမှု၊ မျက်တောင်တစ်ခတ်မှာပင် အခါခါသေဆုံးမှုများကိုကား ငါတို့စီရင်သော“လက္ခဏဒီပနီ” “ဝိဇ္ဇာ မဂ္ဂဒီပနီ” များမှာကြည့်ရှု၍ယူကြလေ။
ဤကား အနိစ္စပရိညာ အစီအရင်တည်း။
ဒုက္ခပရိညာ
ဒုက္ခပရိညာ၌ မရဏဒုက္ခကိုရှေး၌ အကျဉ်းမျှပြဆိုခဲ့ပြီ၊ ဤ၌ ဒုက္ခစက်ကြီး ဆယ်ရပ်နှင့်စပ်၍ ပြဆိုဦးအံ့။
ကာမဘုံသားတို့၏ အသက်ဝိညာဏ်ခန္ဓာသည် အဇ္ဈတ္တဩဇာမှာ မှီတွယ်ရသည်၊ အဇ္ဈတ္တဩဇာသည်လည်း ဗဟျဒ္ဓဩဇာမှာ မှီတွယ်ရသည်၊ ဗဟိဒ္ဓဩဇာသည်သည် ဆန်စပါး, ပြောင်း, ပဲအစရှိသော မြေဖြစ် ရေဖြစ် တောဖြစ် တောင်ဖြစ် သစ်ပင် ချုံမြက် သူ့အသက် သူ့ခန္ဓာစသည်မှာ မှီတွယ်ရသည်၊ အကြင်မျှလောက်သော ဘဝသံသရာ ကာလပတ်လုံး ကာမမျိုးဖြစ်သော အသက်ခန္ဓာ, နာမ်, ရုပ်တို့မှ မကျွတ်မလွတ်နိုင်သေး၊ ထိုမျှလောက်သော ဘဝသံသရာ ကာလပတ်လုံး အဇ္ဈတ္တဩဇာ, ဗဟိဒ္ဓ ဩဇာ နှစ်ပါးမှ မကျွတ်မလွတ်နိုင်၊ အာဟာရနှစ်ပါးမှ မကျွတ်မလွတ် နိုင်သေးသမျှကာလပတ်လုံး ပြဆိုခဲ့ပြီးသော ဒုက္ခစက်ကြီးဆယ်ပါးမှ မကျွတ်မလွတ်နိုင်၊ ဒုက္ခစက်ကြီး ဆယ်ပါးသည် အာဟာရနှစ်ပါးမှထွက် သော စက်ကြီးစုပေတည်း၊ ကာမမျိုးဖြစ်သော အသက်ဝိညာဏ် ခန္ဓာ နာမ်ရုပ်နှင့်တကွသော အာဟာရနှစ်ပါးသည် ကာမဘုံသားဖြစ်သော သတ္တဝါကို စက်ကြီးဆယ်ပါးနှင့် အမြဲဖိနှိပ် ကြိတ်နယ်နင်းဝါး၏၊ သင်းဓုန်း စက်ငရဲသားနှင့် တူ၏၊ ထို့ကြောင့် ထိုခန္ဓာ, ထိုအာဟာရနှစ်ပါးသည် အလွန်ကြောက်မက်ဘွယ် ကောင်းလှသောကြောင့် “ဘယဋ္ဌေန ဒုက္ခံ” ဟူသည်နှင့်အညီ ဒုက္ခစက် စင်စစ်ဖြစ်၏။
(ဤကား စက်ကြီးဆယ်ရပ်နှင့်စပ်၍ ထင်မြင်အပ်သော ကဗဠီကာရ အာဟာရဒုက္ခတည်း။)
ဒုက္ခပရိညာ အမြွက်ပြီး၏။
---
အနတ္တပရိညာ
အနတ္တပရိညာသည် အနိစ္စမှုနှင့် စပ်၍ရှုအပ်သော အနတ္တပရိညာ၊ ဒုက္ခမှုနှင့်စပ်၍ ရှုအပ်သော အနတ္တ ပရိညာ၊ အလိုသို့မလိုက်ခြင်းနှင့်စပ်၍ ရှုအပ်သော အနတ္တပရိညာဟူ၍သုံးပါးရှိ၏၊ ထိုသုံးပါးတွင် အနိစ္စမှု နှင့်စပ်၍ရှုအပ်သော ပရိညာကိုရှေး၌ ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝ မရှိပုံနှင့် တကွပြဆိုခဲ့ပြီ။
ဒုက္ခမှုနှင့်စပ်၍ ရှုအပ်သော အနတ္တပရိညာဆိုသည်ကား ခပ်သိမ်း သော သတ္တဝါတို့၏ ဓမ္မတာသဘောသည် ချမ်းသာသုခကိုသာအလိုရှိ၏၊ ဆင်းရဲဒုက္ခကိုကြောက်လန့်စက်ဆုပ်၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ အာဟာရနှစ်ပါး သည် ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝ ဖြစ်ခဲ့အံ့၊ ပုဂ္ဂိုလ်၏အလိုဆန္ဒနှင့် တစ်လုံး တစ်စည်းတစ်ထပ်တည်း တစ်လမ်းတည်းလိုက်ရာ၏၊ အာဟာရအတွက် ပုဂ္ဂိုလ်အလို ရှိအပ်သော ချမ်းသာသုခလမ်းသာရှိရာ၏၊ အာဟာရအတွက် ဒုက္ခလမ်းမထွက်ရာ၊ ပုဂ္ဂိုလ်သည် အဖျားအနာရောဂါဒုက္ခကို အလိုမရှိရ ကား အာဟာရသည်လည်း အဖျားအနာရောဂါ ဒုက္ခကို မပြုရာ ဟူလို သည်၊ ထိုသို့ကား မဟုတ်၊ စင်စစ်မူကား အဖျားအနာရောဂါ ဒုက္ခဖြစ် အောင်ပြု၍နှိပ်စက်၏၊ ပုဂ္ဂိုလ်က အဖျားအနာ ရောဂါ ပျောက်ငြိမ်းခြင်းကို အလိုရှိ၏၊ အာဟာရကအဖျား အနာရောဂါကို တစ်နေ့တစ်ခြားတိုး အောင်ပြု၏၊ အဖျားအနာ ရောဂါဒုက္ခကို ပွားများစေ၍ အသေသတ်၏၊ မျက်စိကိုကန်းစေ၏၊ နားကိုကန်းစေ၏၊ နူနာကြီးကိုဖြစ်စေ၏၊ ပန်းနာကြီး ကိုဖြစ်စေ၏၊ ကျောက်ဆိုးနာကြီး ကိုဖြစ်စေ၏၊ ကာလရောဂါ အော့အန် ဝမ်းကျကိုဖြစ်စေ၍အသေ သတ်၏၊ ထို့ကြောင့် အဇ္ဈတ္တဩဇာအာဟာရ ရုပ်သည် ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ အတ္တမဟုတ်၊ အနတ္တသာ ဟုတ်၏ဟု သိအပ်၏၊ အဇ္ဈတ္တ ဩဇာအာဟာရတရားသည် ပုဂ္ဂိုလ်အလို တစ်လမ်း, အာဟာရပြုလုပ်မှု တစ်လမ်း, နေကြ၍ အတ္တမဟုတ်ဟု သိအပ်သည်ရှိသော် ထိုအဇ္ဈတ္တ ဩဇာမှာ မှီတွယ်၍ အဇ္ဈတ္တဩဇာ ပြုပြင်၍ဖြစ်ရသော ကာမသတ္တဝါ၏ ခန္ဓာငါးပါး ရုပ်နာမ်တရားစုသည် အဘယ်မှာ ဒုက္ခမှုကိုမပြုပဲရှိနိုင်တော့ အံ့နည်းဟု သိအပ်၏။
ဤကား ဒုက္ခဖြစ်အောင် ပြုမှုနှင့်စပ်၍ ရှုအပ်သော အနတ္တ အစီအရင် အမြွက်တည်း။
အလိုသို့ မလိုက်မှုနှင့်စပ်၍ ရှုအပ်သော အနတ္တ အခြင်းအရာ ဆိုသည်ကား ထိုဒုက္ခဖြစ်စေမှုနှင့်လည်း ထင်ရှား၏၊ ပုဂ္ဂိုလ်၏ အလိုသို့ လိုက်ပါမူကား ပုဂ္ဂိုလ်အသက်ရှည်တိုင်း အဇ္ဈတ္တအာဟာရသည် အသက် ရှည်ရာ၏၊ ပုဂ္ဂိုလ်သည် အသက်ရှည်ခြင်းကိုသာ အလိုရှိ၏၊ သေဆုံးခြင်း ပျက်စီးကုန်ခမ်းခြင်းကိုအလိုမရှိ၊ ပုဂ္ဂိုလ်၏အလိုသို့လိုက်ပါ၍ အခါခါ မပျက်မဆုံး မကုန်မခမ်းပဲ ပုဂ္ဂိုလ်အသက်ရှည်တိုင်းရှည်ခဲ့သော် ဗဟိဒ္ဓါ ဟာရသွင်းဖွယ်ဖြည့်လောင်းဖွယ် ကိစ္စ မရှိလေရကား အသက်မွေးမှု ဒုက္ခစက်ကြီးစုသည် အချင်းခပ်သိမ်းရှိဖွယ်မရှိပြီ၊ ထိုသို့ကား မဟုတ်၊ ပုဂ္ဂိုလ်၏ အလိုသို့မလိုက်မူ၍ တစ်နေ့တစ်နေ့မှာပင်အခါခါ ကုန်ခမ်း ပျက်ဆုံး၏၊ ထိုပျက်ဆုံးမှုကြောင့် တစ်နေ့လျှင် နှစ်ခါနှစ်ခါ ဗဟိဒ္ဓရဟာရ ဓာတ်ဆီမျိုသွင်း၏၊ အသစ်အသစ်သော အဇ္ဈတ္တာဟာရကို ထူထောင်မှု၊ အသစ်အသစ်သော အသက်ခန္ဓာကို ထူထောင်မှု၊ အာဟာရအလျဉ် ဆက်မှု၊ အသက်အလျဉ် ဆက်မှု၊ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ အလျဉ်ဆက်မှု အသက်သစ်မွေးမြူမှုကို နေ့စဉ်မစဲအမြဲပြုကြရသည်ဖြစ်၍ သင်ဓုန်း စက်ကြီးနှင့်တူသော ဆယ်ပါးသော ဒုက္ခစက်ကြီး အပြီးပါရှိ၍ နေလေ သည်၊ ဤသို့အစရှိသည်ဖြင့်အလိုသို့ မလိုက်မှုနှင့်စပ်သော အနတ္တသ ဘောကို ရှုမြင်ရာသည်။
ဤကား အလိုသို့ မလိုက်မှုနှင့် စပ်၍ ရှုအပ်သော အနတ္တ သဘောတည်း။
အနတ္တပရိညာ အမြွက်ပြီး၏။
---
တီရဏာပရိညာနှင့်ဉာဏ်သုံးပါး
ဤကိုယ်သန္တာန်၌ ရုပ်ခန္ဓာ နာမ်ခန္ဓာနှင့်တကွ အဇ္ဈတ္တာဟာရ ဗဟိဒ္ဓရဟာရ နှစ်ပါးတို့၏ တစ်နေ့တစ်ရက်အဖို့မှာပင် အခါခါသေ ဆုံးပြောင်းလဲ၍နေသောအနိစ္စမှုကိုဖုံးလွှမ်း၍နေသော အနိစ္စ သမ္မောဟ တရား၊ ပြဆိုခဲ့ပြီးသော ဒုက္ခမှု အနတ္တမှုတို့ကို ဖုံးလွှမ်း၍နေသော ဒုက္ခသမ္မောဟတရား၊ အနတ္တသမ္မောဟ တရားကွာရှင်း၍ ဤကိုယ် ခန္ဓာနှင့်တကွ ကဗဠီကာရာအာဟာရနှစ်ပါး၏ အနိစ္စ ဒုက္ခ အနတ္တ သဘောကို ထင်လင်းစွာ မြင်နိုင်သောအခါ တီရဏပရိညာ ၃-ပါး အခွင့်ကုန်လေ၏၊ သင်္ဂြီုဟ် ကမ္မဋ္ဌာန်းပိုင်းမှာလာသော ဝိပဿနာဉာဏ် ဆယ်ပါးတွင် သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဤဉာဏ် သုံးပါးသည် တီရဏပရိညာမည်၏၊ ထိုဉာဏ်သုံးပါး တွင် သမ္မသနဉာဏ် ဆိုသည်ကား ရုပ်တရား နာမ်တရားတို့မည်သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်သော တရားမျိုးမဟုတ်ကုန်၊ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာပင် အခါများစွာ သေဆုံး ချုပ်ပျက်ရသော အနိစ္စမျိုး ဒုက္ခမျိုး အနတ္တမျိုးတို့သည် ဧကန်စင်စစ် ဖြစ်ကြကုန်သည်ဟု ဉာဏ်အမြင်ပေါ်အောင် အားထုတ်အပ်သော ဝိပဿနာဉာဏ်သည် သမ္မသနဉာဏ် မည်၏။
မျက်စိဖြင့် မြင်သကဲ့သို့ဉာဏ်အမြင်ပေါက်မှ ဝိပဿနာဉာဏ်ဖြစ် သည်၊ အဘိဓမ္မာကျမ်းဂန်တတ်၍ ဓမ္မသဘာဝတို့ကို နေရာကျသိနိုင် သော သဘောယုတ္တိဉာဏ်မျိုးသည် ဝိပဿနာဉာဏ်မဟုတ်၊ သုတမယ ဉာဏ်သာတည်း၊ ဝိပဿနာဉာဏ်ကား စိန္တာမယဉာဏ်တည်း၊ ယခုကာလ ၌ကား သုတမယဉာဏ်အနေနှင့် ထင်မှုမြင်မှု နှလုံးသွင်းမှုကိုပင် ဝိပဿနာဉာဏ်ဟုထင်မှတ်၍ နေကြသူများ၏၊ ဆေးသောက်လို၍ မီးခြစ်ရာ၌ခြစ်မိသောနေရာမှ မုန်ညှင်းစေ့မျှ မီးတောက်ဖြစ်ပေါ်သည်မှ စ၍ တိုးပွား၍ လာသည်ကိုလည်းကောင်း၊ အတိုးအပွားရပ်ပြီးနောက် ဆုတ်ယုတ်၍ သွားသည်ကိုလည်းကောင်း၊ အဆုံးသတ် သေပျောက်၍ သွားသည်ကိုလည်းကောင်း မျက်စိဖြင့် ပစ္စက္ခဒိဋ္ဌမြင်ကြသကဲ့သို့ ကိုယ်ခန္ဓာ တွင်း၌ ရုပ်တရား နာမ်တရားတို့၏ ထိုထိုအခိုက် အတန့်အားလျော်စွာ သန္တတိ အစဉ်အားဖြင့် ခုတင်ခု တစ်ဖွားဖွားဖြစ်ပေါ်တိုးပွားမှုကိုလည်း ကောင်း၊ အတိုးအပွားရပ်ပြီးနောက် ဆုတ်ယုတ်၍ သွားသည်ကိုလည်း ကောင်း၊ အဆုံးမှာ အကုန်ကွယ်ပျောက်၍ သွားသည်ကိုလည်းကောင်း၊ ဒိဋ္ဌပစ္စက္ခအားဖြင့် အသိဉာဏ်တွင် အမြင်ပေါက်အောင် အားထုတ်မှု သည် ဥဒယဗ္ဗယမည်၏။
ကွယ်ပျောက်မှုကိုသာ အထူးကွက်ခြား၍ ပစ္စက္ခဒိဋ္ဌ အမြင် ပေါက် အောင်ရှုမှုသည် ဘင်္ဂဉာဏ်မည်၏။
တီရဏပရိညာပြီး၏။
၄- ကဗဠီကာရ၌ ပဟာနပရိညာ
ပဟာနပရိညာကိုပြဆိုအံ့။ ရှေးရှေးသော ဘုရားသာသနာတို့၌ ကြုံကြိုက်၍ ပရမတ္ထခန္ဓာ ဝိပဿနာအချက်များကို ထိထိမိမိ ထင်မြင် အောင် အားထုတ်ခဲ့ကြဖူးကုန်သော ပုဂ္ဂိုလ်တို့သန္တာန်မှာရှိနေကုန်သော ကိလေသာတို့သည် အမြစ်တွေကို ပိုးကိုက်၍ သေလုသေချင်ပင်ဖြစ် နေသော်လည်း မြေဥတု ရေဥတုကောင်းသည့်အတွက် တစ်ပါးသော သစ်ပင်တို့ကဲ့သို့ပင် စိမ်းရှည်ကြီးပွားစည်ကား၍ နေကြကုန်သကဲ့သို့ အာရုံဓမ္မအားကောင်းသည့်အတွက် တစ်ပါးသော ပုဂ္ဂိုလ်တို့သန္တာန်မှာ ကိလေသာတို့ကဲ့သို့ပင် ကြီးပွားစည်ကား၍နေကုန်၏၊ ထိုကဲ့သို့သော သစ်ပင်တို့သည် လေဟုန် ရေဟုန်ထိခိုက်လာသောအခါ အနည်းငယ် ထိခိုက်မှုနှင့်ပင်လဲပြိုပျက်ဆုံးကြကုန်သကဲ့သို့ ထိုပုဂ္ဂိုလ်တို့မှာ သက္ကာယဒိဋ္ဌိ အစရှိသော ကိလေသာတို့သည်ကား ဉာတပရိညာ, တီရဏပရိညာနှင့်ပင် အမြစ်နှင့်တကွ ချုပ်ဆုံးသွားကြကုန်၏၊ ပဟာနကိစ္စလည်း အပြီးတိုင် လေ၏၊ ပဟာနပရိညာ အတွက်တမင်အားထုတ်ဖွယ် မရှိပြီ၊ တစ်သုတ် တစ်ပုဒ် တစ်ဂါထာကို ဟောတော်မူရာ ဒေသနာအဆုံး၌ မဂ်ဖိုလ်ကို ရနိုင်ကြသော သူတို့ပေတည်း။
ရှေးရှေးသော ဘုရားသာသနာ၌ ဒါနမှု သီလမှု ပရိယတ္တိ ဗဟုသုတမှုများကိုသာ အားထုတ်၍ ဝိပဿနာအချက်ကို ထိထိမိမိဖြစ် မြောက်အောင် အားမထုတ်ခဲ့ပဲ အတုအပယောင်ယမ်းမြည်တမ်း ရွတ်ဖတ်သရဇ္ဈာယ်ရုံမျှဖြစ်သော အနိစ္စ,ဒုက္ခ, အနတ္တနှင့်ပြီး၍လာခဲ့ကြ သော ပုဂ္ဂိုလ်တို့မှာ ကိလေသာတို့သည် အမြစ်အခြေ ခိုင်မြဲကုန်၏၊ ဉာတပရိညာ,တီရဏပရိညာ အလွန်မှာ နုံ့နဲ့ရုံမျှသာ ရှိကြသေးသည်။ ပဟာနပရိညာကိစ္စကို ရက်လများစွာ အားထုတ် နိုင်မှ အမြစ်အခြေနှင့် တကွ ကျွတ်လွတ်ချုပ်ငြိမ်းကုန်သည်၊ ဤကဲ့သို့သော ပုဂ္ဂိုလ်တို့သည်ကား ဉာတကိစ္စ တီရဏကိစ္စ ပြီးစီးသည့်နောက် ပဟာနပရိညာကိစ္စ ပြီးစီး သည့်နောက် ပဟာနပရိညာကိစ္စကို တခမ်းတနား ရက်များစွာ လများစွာ နှစ်များစွာ အားထုတ်ကြကုန်၏။
ပဟာနပရိညာကိစ္စ ဆိုသည်ကား ဝိပဿနာအရာ၌ ဘယဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုစ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်၊ အနုလောမဉာဏ်၊ ဤဉာဏ်ခုနှစ်ပါး ဆိုသတည်း၊ မဂ်ဉာဏ်လေးပါးသည် ပဟာနပရိညာ အထွတ်အထိပ်တည်း။
ဝိပဿနာဉာဏ် ခုနစ်ပါးတို့တွင် ဘယဉာဏ်ဆိုသည်ကား ဤ ကဗဋီကာရအာဟာရ ကမ္မဋ္ဌာန်းအရာ၌ ကာမဘုံသားတို့၏ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့နှင့်တကွ ထိုရုပ်ခန္ဓာ နာမ်ခန္ဓာတို့၏ တွယ်တာရာ အဇ္ဈတ္တာဟာရ ဗဟိဒ္ဓါဟာရ နှစ်ပါးတို့ကို ကြောက်မက်ဖွယ်သော ဘေးဥပဒ် အနေအားဖြင့် ရှုမြင်သော ဉာဏ်ပေတည်း၊ ဤခန္ဓာ ဤအာဟာရတို့ကို မိမိကိုယ် မိမိဥစ္စာပြုလုပ်၍သံသရာမှာ ကျင်လည်ရမည့် အခွင့်နှင့်တကွ ယခုဘဝတွင် မိမိကိုယ် မိမိဥစ္စာပြုလုပ်၍ နေမှုကို ကြောက်မက်ဖွယ်ကြီးအတိ ထင်မြင်သောဉာဏ် ဆိုလိုပေသည်၊ ဘယ ဉာဏ်ဆိုသည်လည်း ဒုက္ခပရိညာ ပင်တည်း၊ ကာမဘုံသားမျိုးဖြစ် သော ဤကိုယ်ခန္ဓာ၌လည်းကောင်း၊ ဤကိုယ်ခန္ဓာ၏ မှီတွယ်ရာဖြစ်သော အာဟာရနှစ်ပါး၌လည်းကောင်း၊ သာယာတွယ်ငြိသော နိကန္တိတဏှာ သည်အလွန်ခိုင်မြဲ၏၊ တဏှာနှင့်ဒုက္ခသည်လည်း ဖြောင့်ဖြောင့် ဆန့်ကျင် ဘက်တည်း၊ ထို့ကြောင့် ထိုနိကန္တိကို ခန်းခြောက်စေခြင်းငှါ ဒုက္ခစက်ကြီး ဆယ်ပါးနှင့်တကွ မြင်ထိုက်သမျှသောအာဟာရ ဒုက္ခဘေးဘယတို့ကို ရှုမြင်သော ဒုက္ခပရိညာကိုပင်လျှင် ဘယဉာဏ်ဆိုသတည်း။
ကြီးစွာသော ဘေးဘယကို မြင်ပြီးနောက် ကာမခန္ဓာနှင့် အာဟာရ နှစ်ပါးတို့မှ မလွတ်သမျှ ကာလပတ်လုံး ဒုက္ခစက်ကြီး ဆယ်ပါးတို့မှ လွတ်နိုင်ရန်အခွင့်ဟူ၍ အဏုမြူမျှ ကိုးကွယ်ရာ အပေါက်အလမ်း မရှိသည်ကို မြင်မှုသည် အာဒီဝနဉာဏ်မည်၏၊ နတ်ပြည်ခြောက်ထပ်မှာ နတ်မင်း သိကြားမင်းဖြစ်၍ နေခိုက်ပင် ကျသော်လည်းအာဟာရ နှစ်မျိုး ထွက်သော ကိလေသဒုက္ခ စက်ကြီးသည် စွပ်မိလျက်ပင်နေ၏၊ ကိလေသ ဒုက္ခစက်မိလျက် နေပြန်လျှင် နောက်နောက်ဘဝတို့၌ ကြွင်းသော ဒုက္ခစက်ကြီးကိုးပါးလည်း စွပ်မိလျက်ပင် ရှိနေလေသတည်း။
အာဒီဝနဉာဏ် ထက်သန်သောအခါ ကာမခန္ဓာနှင့် အာဟာရ နှစ်ပါးတို့၌ငြိတွယ်သော နိကန္တိတဏှာသည် ခန်းခြောက်၏၊ ယခုဘဝ မိမိကိုယ်ခန္ဓာပြု၍နေရသော ကာမခန္ဓာနှင့် အာဟာနှစ်ပါးတို့၌ စိတ် အပျက်ကြီးပျက်၏၊ စိတ်ကုန်ခန်း၏၊ ငြီးငွေ့၏၊ ထိုသို့ငြီးငွေ့သောဉာဏ်ကို နိဗ္ဗိဒါဉာဏ်ဆိုသတည်း၊ ဤနိဗ္ဗိဒါဉာဏ်သို့ ရောက်သောအခါမှ ထိုပုဂ္ဂိုလ် ကို ဗလဝဝိပဿနာယောဂီပုဂ္ဂိုလ်ဆိုရသည်၊ ရှေ့ဉာဏ်စု အခိုက်၌ကား တရုဏ ဝိပဿနာ ယောဂီပုဂ္ဂိုလ် သာဆိုရသည်၊ ဝိပဿနာနု, ဝိပဿနာ ရင့် ဆိုလိုသည်။
ဤနိဗ္ဗိဒါဉာဏ်ဖြစ်လာသောအခါ၌မူကား မိမိကိုယ်ခန္ဓာကို သာယာသဖြင့်ပြုပြင်မှု ကဗဠီကာရ အာဟာရ၌ သာယာမှု နည်းပါး၍ သွားကုန်၏၊ အဘယ်အခါသာယာရွှင်လန်းသော စိတ်မရှိ၊ အခါခပ်သိမ်း ညှိုးနွမ်းသော စိတ်သည်တည်၏၊ လူ့ပြည် နတ်ပြည်မှာ သာယာဖွယ် ဟူ၍ ရှာကြံမရရှိ၏၊ ထိုအခါ လူ့ခန္ဓာ နတ်ခန္ဓာတို့နှင့် အာဟာရနှစ်ပါးတို့မှ အလျင်အမြန်ကျွတ်ပြီးလွတ် ပြီးဖြစ်လိုသောစိတ်သည်အမြဲတည်၏၊ ဤသို့ကျွတလို လွတ်လိုသော ဆန္ဒနှင့်တကွဖြစ်သော ဉာဏ်ကို မုစ္စိတု ကမျတာဉာဏ် ဆိုသတည်း၊ ကျွတ်မှု လွတ်မှုဆိုသည်ကား ထိုခန္ဓာ ထို အာဟာရတို့၌တွယ်ငြိသော နိကန္တိတဏှာ ကျွတ်လွတ်လျှင် သေသည်မှ နောက်ဘဝ၌ ထိုခန္ဓာထိုအာဟာရတို့မှ ကျွတ်လွတ်မှု ကိုဆိုသတည်း၊ ထို့ကြောင့် ခိုင်မြဲစွာသောကြိုးနှင့်လည်ပင်း၌ အကြပ်အတည်းချည်နှောင် ထားသော ခွေးသေ ပုပ်ကြီးရှိနေသည်ကို ထိုပုဂ္ဂိုလ်သည်လည်း ထိုကြိုးကို ဖြတ်ခြင်းငှာလွန်စွာအလိုရှိသကဲ့သို့ ယခုမိမိကိုယ်ခန္ဓာနှင့် အာဟာရနှစ်ပါး တို့၌ ငြိတွယ်၍နေသော နိကန္တိတဏှာ၏ကုန်ခန်းပြတ်ကင်းခြင်းကို အလွန် အလိုရှိသောဆန္ဒနှင့် ယှဉ်သောဉာဏ်ဆိုလိုသည်။
ခွေးပုပ်ကြီးနှင့် ဤကိုယ်ခန္ဓာတူစေ၊ ကြပ်တည်းစွာချည်နှောင် ထားသောကြိုးနှင့် ယခုရှိနေသော ခန္ဓနိကန္တိ အာဟာရနိကန္တိ တဏှာ တူစေ။
ဤအာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုစ္စိတုကမျတာဉာဏ် သုံးပါး သည်လည်း ဒုက္ခပရိညာမျိုးပင်တည်း၊ ဤဉာဏ်ကို ရောက်သောပုဂ္ဂိုလ် သည် မိမိ၏ရူပကာယခန္ဓာကြီးနှင့်တကွ အဆင်းအသံအစရှိသော ဗာဟိရရုပ်တို့၌လည်း စက်ဆုပ်လှသည့်အတွက် သာယာရွှင်လန်းသဖြင့် ကိုယ်အင်္ဂါတို၏ ကြွရွလှုပ်ရှားခြင်းမရှိ၊ ရွှင်ကြွသော စကားမျိုးကို ပြောဆိုခြင်းမရှိပြီ၊ မိမိနာမ်ခန္ခာ တို့၌စက်ဆုပ်သည့်အတွက် စကု္ခဣန္ဒြေငြိမ် သက်၏၊ စက္ခုဝိညာဉ်စိတ်ကိုဖြစ်စေ၍ ဘယ်ဟာကိုကြည့်လိုမြင်လို သည်ဟု မရှိ၊ သောတဝိညာဏ်စိတ်၊ ဃာနဝိညာဏ်စိတ်၊ ဇိဝှါဝိညာဏ် စိတ်၊ ကာယဝိညာဏ်စိတ်တို့၌လည်း ထို့အတူ မနောဣန္ဒြေလည်း ငြိမ် သက်၏၊ ဘုရားအာရုံ တရားအာရုံမှတစ်ပါး ဤလောကအတွင်း၌ ဘယ်ဟာတစ်ခုကို အာရုံပြုလိုသောစိတ်မရှိ၊ ဤစိတ်တို့မှ ကျွတ်လွတ် လိုသောဆန္ဒ ဗျပါရနှင့်သာ နေတော့သည်၊ ထိုသို့ ဤကာမဘဝမျိုး ကာမခန္ဓာမျိုးတို့မှ ကျွတ်လွတ်လိုလှသောအခါ မြန်မြန်ကြီး ကျွတ်ပြီး လွတ်ပြီးဖြစ်တည့်ရန်“ရူပက္ခန္ဓေ အနိစ္စတော၊ ဒုက္ခတော၊ ရာဂတော၊ သလ္လတော၊ အဃတော၊ အာဗာဓတော” အစရှိသည်ဖြင့် ပဋိသမ္ဘိဒါ မဂ်တွင် လာသောဘာဝနာလေးဆယ်တို့နှင့်ဉာဏ်ကုန်လွှတ်၍ ဆင်ခြင် သောဉာဏ် သည်ပဋိသင်္ခါဉာဏ်မည်၏။
ဉာဏ်ကုန်လွှတ်၍ ရှုသဖြင့် မိမိကိုယ်ခန္ဓာ၌ငြိတွယ်သော နိကန္တိ တဏှာ၊ အာဟာရဝတ္ထုတို့၌ သာယာသော နိကန္တိတဏှာ၊ ဤလောက အတွင်းမှာရှိကြသော ကာမဝတ္ထုတို့၌သာယာသော တဏှာဝိညာဏ် ခြောက်ပါးနှင့်တကွသော စိတ်စေတနာ နာမ် ခန္ဓာတို့၌သာယာသော နိကန္တိတဏှာ၊ အရှင်းကွာလေ၍ ဤကာမဘဝ အာဟာရဒုက္ခတို့မှ ကျွတ်လွတ်တော့မည်ဧကန်ဟု သန္နိဋ္ဌာန်ချနိုင်သောအခါမှာ ရှေးအဖို့ ဘယဉာဏ် အာဒီနဝဉာဏ်တို့ဖြစ်သော အခါမှစ၍ ပြင်းထန်စွာဖြစ်၍ လာသော ကြောက်မှု, ထိတ်လန့်မှုတို့သည် ပြေငြိမ်းကုန်၏၊ သက်သာရာ ရလေ၏၊ ထိုအာဟာရဒုက္ခတို့အတွက်နှင့် စိတ်ပူမှုငြိမ်းလေ၏၊ ထို အခါထိုအာဟာရတို့၌ကြောက်ခြင်း, ထိတ်လန့်ခြင်းမရှိ ပကတိ လျစ်လျူ သဘောနှင့်တကွရှုသော ဝိပဿနာဉာဏ်သည် သင်္ခါရုပေက္ခဉာဏ် မည်၏။
အနုလောမဉာဏ်ဆိုသည်ကား-မဂ်၏ အနီး၌ဖြစ်သော ပရိကံ ဥပစာအနုလုံတို့ကိုဆိုသတည်း။
ဝိပဿနာ ပဟာနပရိညာ အစီအရင် ပြီး၏။
လောကုတ္တရာ ပထမ ပရိညာ
မဂ်ဉာဏ်လေးပါးသည် လောကုတ္တရာ ပရိညာမည်၏၊ ထိုလေး ပါးတွင် သောတာပတ္တိမဂ်သို့ရောက်သောအခါ နိစ္စသညာ, နိစ္စဒိဋ္ဌိ, အတ္တသညာ, အတ္တဒိဋ္ဌိနှင့်ယှဉ်သော ကာမ ဘဝနိကန္တိတဏှာ အာဟာရ နိကန္တိတဏှာ ဟုဆိုအပ်သော သမုဒယသစ္စာတဏှာ တစ်စိတ်သည် အမြစ်နှင့်တကွကျွတ်လွတ် ချုပ်ငြိမ်းလေ၏၊ ထိုအခါမှစ၍ ထိုပုဂ္ဂိုလ် သန္တာန်မှာခန္ဓာတို့၌လည်းကောင်း, နိစ္စအတ္တအနေနှင့် မှတ်ထင်သော သညာစွဲယူသော ဒိဋ္ဌိဟူ၍ဖြစ်ပေါ်ခြင်း မရှိပြီ၊ သုခဒိဋ္ဌိ၌လည်းမရှိပြီ။ သုခသညာမူကား ကျန်ရှိ၏၊ ထိုဒိဋ္ဌိစု အကုန်ချုပ်ငြိမ်းသည့်အတွက် ထိုပုဂ္ဂိုလ်သန္တာန်မှာ အပါယ်ဖြစ်အပါယ်ကြော အကုန်ပြတ်လေ၏၊ အတိတ်ကာလတို့မှ ပါရှိ၍နေသော ဒုစ္စရိုက်ကံစု၊ နောက်နောက် ကာလတို့၌ပြုလတ္တံ့သော ဒုစ္စရိုက်ကံစု အကုန်ပျောက်ဆုံးလေကုန်၏၊ ထိုပုဂ္ဂိုလ်၌ နောင်သံသရာ၌ကျင်လည် ရသေးသော်လည်း ရုန့်ရင်းသော ကိလေသာဒုက္ခစက်၊ ခပ်သိမ်းသောဒုစ္စရိုက်၊ ခပ်သိမ်းသောအပါယဒုက္ခ စက်တို့သည် အကုန်ကွယ်ဆုံးကုန်ပြီ။
လူ့ဘဝတို့မှာဖြစ်၍သွားသော်လည်း ယုတ်ညံ့သော လူ့ဘဝ ဆင်းရဲနွမ်းပါးသောလူ့ဘဝတို့မှာ ဖြစ်ခြင်းမရှိပြီ၊ သေဋ္ဌေး သူတော် ကောင်း၊ သူကြွယ်သူတော်ကောင်း၊ မင်းစိုးရာဇာ သူတော်ကောင်း ဘဝတို့၌သာ ဖြစ်လေတော့သည်၊ နတ်ပြည်မှာဖြစ်သော်လည်း ယုတ်ညံ့သော ဘုန်း တန်ခိုးအရှိန်သေးသိမ်သော မိစ္ဆာနတ်မျိုးမှာ ဖြစ်ခြင်းမရှိပြီ၊ ဘုန်းတန်ခိုး အရှိန်အဝါကြီးမြတ်စွာသော သမ္မာဒိဋ္ဌိနတ်မျိုးတို့၌သာ ဖြစ်ရတော့သည်၊ ကျန်ရှိသေးသော သုခသညာအတွက် ကာမတဏှာလည်း ရှိမြဲတိုင်းပင် ရှိနေ၏၊ လူ့ကာမဂုဏ်, နတ်ကာမဂုဏ်တို့ကို သာယာခံစားမှုတို့မှာ ပကတိပုထုဇဉ်ပုဂ္ဂိုလ်တို့နှင့် မထူးလှသေး၊ ဝိသာခါဒါယိကာမသည် အသက်ခုနစ်နှစ်ရွယ်ကသောတာပန်ဖြစ်၏၊ ပွဲလမ်းသဘင်ရှိသောအခါ ဝတ်ဆင်သော ကိုးကုဋေထိုက်တန်သော မဟာလတာတန်ဆာနှင့်တကွ ပစ္စည်းဥစ္စာ, ရတနာ, ရွှေ, ငွေတို့ကို သာယာသိမ်းဆည်းမှု၊ သားတစ်ကျိပ်, သမီးတစ်ကျိပ် ရှိသည့်တိုင်အောင် ကာမဂုဏ်ကိုခံစားမှုတို့သည် ပကတိ ပုထုဇ္ဇဉ်တို့နှင့် မထူးလှသေး၊ ယခုလည်းနိမ္မာ နရတိနတ်ပြည်မှာ သုနိမ္မိတ နတ်မင်းကြီး၏ မိဖုရားကြီး ဖြစ်၍ ကြီးကျယ်လှစွာသော နတ်ကာမဂုဏ်ကို ခံစံလျက်ပင်ရှိ၏။
သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာတည်းဟူသော အပါယ်မြစ် အပါယ်ကြော ပုထုဇ္ဇဉ်မြစ် ပုထုဇ္ဇဉ်ကြော ပြတ်ပြီးဖြစ်၍ ထိုသို့ပင် ခံစားမှု စံစားမှုရှိသေး သော်လည်း အပါယ်နှင့်တကွ ယုတ်ညံ့သောလူ့ဘဝ, ယုတ်ညံ့သော နတ် ဘဝတို့၌ ဖြစ်ရခြင်းမရှိပြီ၊ တစ်ဘဝထက် တစ်ဘဝကြီးမြတ်၍ တစ်ဘဝ ထက် တစ်ဘဝ အလိမ္မာကြီးပွား၍သာသွားတော့သည်။
စောဒနာတက်ဖွယ်ရှိ၏၊ သောတပတ္တိမဂ်သို့ မရောက်မီရှေး အဖို့၌ဖြစ်သော ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ်, မုစ္စိတုကမျတာ ဉာဏ်တို့ကို ရောက်သောအခါ၌ ကာမဘုံသားတို့၏ခန္ဓာနှင့်တကွ အာဟာရနှစ်ပါး ကာမဂုဏ်တရားတို့ကို အလွန်ကြီးကြောက်လန့် စက် ဆုပ်အောင် အားထုတ်ရသည်၊ သောတာပတ္တိမဂ်သို့ ရောက်ပြီးသော အခါ ထိုခန္ဓာ, ထိုအာဟာရ, ထိုကာမဂုဏ်တို့ကို အလွန်ပင်သာယာ ခံစားပြန်သည်ဟူသော စကားသည် မညီမညွတ်သကဲ့သို့ရှိပါသည်ဟု စောဒနာတက်ရန် ရှိ၏။
အဖြေကား။။လူတစ်ယောက်မှာ ကောင်းမွန်သော အမဲသား, ဝက်သား, ကြက်သား, ငါးသားတို့ကို စားမိလျှင် ထွန့်ထွန့်လူး, ဖြတ်ဖြတ် လူးခံရအောင် မျက်စိအင်္ဂါ, နားအင်္ဂါ စသည်သော်လည်း ပျက်စီးအောင် သေသော်လည်းသေဆုံးအောင် ထကြွသော ရောဂါဆိုး အနာဆိုး ရှိ၏၊ ထိုရောဂါကိုပျောက်ငြိမ်းအောင် ဆေးဝါးကုစား အားထုတ်သောအခါ၌ ထိုကောင်းမွန်သော အသားမျိုးကို အလွန်ကြောက်ရ၏၊ ကြောက်လန့် သောစိတ်ကို ကောင်းစွာဖြစ်စေ၍ လွတ်ကင်းစွာ ရှောင်ကြဉ်ပြီးလျှင် ဓာတ်စာ ဆေးဝါးကို သုံးစားသဖြင့် ထိုရောဂါဆိုးသည်အမြစ် အခြေနှင့် တကွ ကျွတ်လွတ်ပျောက်ငြိမ်းလေ၏၊ ထိုအသားမျိုးကို စားသော်လည်း ဥပဒ်မရှိပြီ၊ ထိုအခါ၌ အလိုရှိတိုင်း စားလေတော့သည်။
အနာဆိုး, ရောဂါဆိုးနှင့် ငါငါဟူ၍ငါ၏ကိုယ်ဟူ၍ စွဲလမ်းသော သက္ကာယဒိဋ္ဌိအပါယ်မြစ် အပါယ်ကြောကြီး တူ၏၊ ကောင်းမွန်သော သား ငါး အရသာမျိုးတို့နှင့်လူ့ခန္ဓာ, နတ်ခန္ဓာ, လူ့အာဟာရ, နတ်အာဟာရ, လူ့ကာမဂုဏ်, နတ်ကာမဂုဏ် တူ၏၊ အလွန်ဆင်းရဲဒုက္ခဖြစ်အောင် အင်္ဂါ ခြေ လက် ပျက်လေအောင် အသက်ခန္ဓာ သေဆုံးလေအောင်, ရောဂါ တိုးပွားမှုနှင့် မဟာအဝီဇိ ငရဲကြီးတိုင်အောင်သွားသောဒုက္ခစက်ကြီး ဆယ်ပါးတူ၏၊ အမြစ်နှင့်တကွ ရောဂါကျွတ်လွတ်သောအခါနှင့် သက္ကာယ ဒိဋ္ဌိဟူသော အပါယ်မြစ်ကြီးနှင့်တကွ ဒုက္ခစက်ကြီးဆယ်ပါး ပျောက်ငြိမ်းမှု တူ၏၊ ထိုရောဂါ ပျောက်ငြိမ်းပြီးသောအခါမှာ ထိုကောင်းမွန်သော သားငါးအရသာတို့ကို အလိုရှိတိုင်း စားသည်နှင့် သက္ကာယဒိဋ္ဌိပျောက် ငြိမ်းပြီးသောအခါ လူ့ခန္ဓာ, နတ်ခန္ဓာ, လူ့အာဟာရ, နတ်အာဟာရ, လူ့ကာမဂုဏ်, နတ်ကာမဂုဏ်တို့ကို သာယာခံစားမှုတူ၏၊ ဤဥပမာ အတိုင်း မှတ်လေ။
လောကုတ္တရာ ပထမပရိညာ ပြီး၏။
လောကုတ္တရာ ဒုတိယ ပရိညာ
သကဒါဂါမိမဂ်သည် ဒုတိယပရိညာမည်၏၊ သောတာပန် ပုဂ္ဂိုလ်၏သန္တာန်၌ ကျန်ရှိသေးသောကိလေသာတို့တွင် ခက်ထန်ရုန့်ရင်း သော ကိလေသာတို့ကို သကဒါဂါမိမဂ်သည် ပယ်၏၊ သကဒါဂါမ်ပုဂ္ဂိုလ် သည် သောတာပန်ပုဂ္ဂိုလ်ထက် ကိလေသာအရာ၌ နည်းပါးရုံမျှသာ ရှိသေးသည်၊ လောဘ, ဒေါသ, မောဟ မကင်းသေး၊ ကာမခန္ဓာကို သာယာခြင်း အာဟာရကို သာယာခြင်းမကင်းသေးသည်သာဖြစ်၏။
လောကုတ္တရာ ဒုတိယပရိညာအမြွက်ပြီး၏။
လောကုတ္တရာ တတိယပရိညာ
အနာဂါမိမဂ်သည် လောကုတ္တရာတတိယပရိညာမည်၏၊ ဤ တတိယပရိညာသို့ဆိုက်မှ ကာမဘုံသားဖြစ်သော ရုပ်ခန္ဓာ, နာမ်ခန္ဓာ တို့၌သာယာတွယ်တာသော တဏှာ ထိုခန္ဓာနှစ်ပါးတို့၏ အသက်သဖွယ် ဖြစ်သော အဇ္ဈတ္တာဟာရ, ဗဟိဒ္ဓါဟာရနှစ်ပါးတို့၏သာယာသော တဏှာတို့သည် အနုသယဟူသော အမြစ်နှင့်တကွ ချုပ်ပျောက်ကုန် ဆုံးရ၏၊ ထိုခန္ဓတဏှာ, အာဟာရတဏှာတို့ချုပ်ပျောက် ကုန်ဆုံးသည်ရှိ သော် ယခုဘဝ သေသည်မှ နောက်၌ကာမခန္ဓာဟူ၍ မပေါ်လာပြီ၊ ကာမသံသရာ အပြီးတိုင်ပြတ်လေ၏၊ ကဗဠီကာရ အာဟာရဒုက္ခ အပြီးတိုင် ကင်းငြိမ်းလေ၏၊ ယခုဘဝ သေသည်မှနောက်၌ ဗြဟ္မာ့ပြည် သို့သာ သွားခွင့်ရှိတော့သည်၊ ဤကာမဘုံသို့တစ်ဖန်ပြန်လာခွင့် မရှိပြီ၊ ထိုတဏှာ ချုပ်ငြိမ်း၍ကုန်သည့်အတွက်ဒေါသ ဒေါမနဿတို့လည်း အပြီးတိုင်ချုပ်ငြိမ်းလေကုန်၏၊ ဤအနာဂါမိမဂ်ကို ရသောအခါမှစ၍ ဤဘဝ, နောက်ဘဝအဆက်ဆက်တို့၌ အမျက်ထွက်ခြင်း၊ စိတ်ပူပန် ရခြင်း၊ နှလုံးမသာမယာ ရှိခြင်းဟူ၍ မိမိစိတ်သန္တာန်သည် အေးမြစွာသော ပဒုမာကြာအိုင်ကြီးကဲ့သို့ အစဉ်ထာဝရ အေးမြချမ်းကြည်တည်လေ တော့သည်၊ ဗြဟ္မာ့ စည်းစိမ်တို့ကို သာယာသော ရူပတဏှာ, အရူပတဏှာ နှစ်ပါးသည်မူကား ထိုပုဂ္ဂိုလ် သန္တာန်မှာ ကျန်ရှိသေး၏၊ ဤသို့လျှင် ကဗဠီကာရ အာဟာရနှစ်ပါးတို့၌ သာယာတွယ်တာသော တဏှာသည် ဤအနာဂါမိမဂ်တွင် အပြီးတိုင်ချုပ်ငြိမ်းလေ၏၊ ပဟာနပရိညာ အထွတ် အထိပ်သို့ ရောက်၏၊ ကဗဠီကာရ အာဟာရကမ္မဋ္ဌာန်းအလုပ်သည် ဤအနာဂါမိမဂ်သို့ရောက်မှ အခွင့်ဆုံး၏၊ ခွင်လုံးပိုင်၏။
ကာမခန္ဓာက ကာမဘဝမျိုးပြတ်မှ ကဗဠီကာရ အာဟာရဒုက္ခ မျိုးပြတ်သည်၊ ကာမခန္ဓာ ကာမဘဝမျိုး မပြတ်သေးသည်ရှိသော် နေဝသညာနာသညာယတန ဗြဟ္မာ့ဘုံမှာ ဗြဟ္မာဖြစ်၍နေသော်လည်း ကဗဠီကာရ အာဟာရဒုက္ခစက်ကြီးဆယ်ပါး အတွင်းသို့ဝင်ရလတ္တံ့ ပုံသေတည်း၊ ပဉ္စကာမဂုဏိက ရာဂမျိုးပြတ်မှ ကာမခန္ဓာ ကာမဘဝမျိုး ပြတ်လေသည်၊ ပဉ္စကာမဂုဏိကရာဂမှ ကာမခန္ဓာထွက်သည်၊ ကာမ ခန္ဓာမှ ကဗဠီကာရ အာဟာရ ဒုက္ခစက်ကြီး ၁၀-ပါးထွက်သည်၊ ကဗဠီ ကာရအာဟာရ ဒုက္ခကို အဟုတ်ကြောက်လန့်နိုင်လျှင် ကာမခန္ဓာ ကာမ ဘဝကို အဟုတ်ကြောက်လန့်နိုင်၏၊ ကာမခန္ဓာ ကာမဘဝကို အဟုတ် ကြောက်လန့်နိုင်လျှင် ပဉ္စကာမဂုဏိကရာဂကို အဟုတ်ကြောက် လန့်နိုင် ၏၊ ပယ်နိုင်၏၊ ထိုရာဂကိုပယ်နိုင်လျှင် ကာမခန္ဓာကာမ ဘဝမျိုးပြတ်၏၊ ထိုပုဂ္ဂိုလ်သည် ကာမဘုံမှာ ကာမသတ္တဝါဖြစ်ခွင့် လွတ်ငြိမ်းလေ၏၊ ဤသို့ သော အမှုသွားကို ထင်ရှားပြတော်မူလိုသော သဗ္ဗညု မြတ်စွာဘုရား သခင်သည်
ကဗဠီကာရေ ဘိက္ခဝေ အာဟာရေ ပရိညာတေ ပဉ္စကာမဂုဏိကရာဂေါ ပရိညာတော ဟောတိ၊ ပဉ္စကာမဂုဏိက ရောဂေ ပရိညာတေ အရိယသာဝကဿ နတ္ထိ တံ သံဃောဇနံ၊ ယေန သံယောဇနေနသံယုတ္တော အရိယသာဝကော ပုန ဣမံ လောကံအာဂစ္ဆေယျ။
ဟူ၍ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဟောတော်မူပေသည်။
ကန္တာရခရီးခဲမှာ သားငယ်ကိုသတ်၍ သားငယ်၏အသားကို စားကြသော မိဘနှစ်ဦးတို့ကို ဤကဗဠီကာရ အာဟာရ၌ ဥပမာပြ တော်မူသည်မှာလည်း ပရိညာကိစ္စအလုံးစုံအခွင့်ကုန်ပြီးသော အနာဂါမ် ပုဂ္ဂိုလ်အဖြစ်နှင့် တိုက်ဆိုင်၍ ပြတော်မူသော ဥပမာပေတည်း၊ ထိုဥပမာ အတိုင်းလည်း ကျတော့သည်၊ အနာဂါမ်အဖြစ်သို့လည်း ရောက်တော့ သည်၊ အနာဂါမ်အဖြစ်သို့ ရောက်မှပင် ထိုဥပမာအတိုင်းကျလေသည်၊ ထိုဥပမာအတိုင်းကျမှ ပင်အနာဂါမ်အဖြစ်သို့ရောက်၍ ပရိညာကိစ္စအခွင့် ကုန်လေသည်၊ သောတာပန်ပုဂ္ဂိုလ် သကဒါဂါမ်ပုဂ္ဂိုလ်တို့၏ စိတ်သည် မိမိတို့သန္တာန်မှာကျန်ရှိနေသေးသော သုခသညာမှဖြစ်သော အာဟာရ နိကန္တိတဏှာ ရှိနေသေးသည်ဖြစ်၍ ထိုဥပမာအတိုင်း အစဉ်ထာဝရ မကျနိုင်သေး၊ အာဟာရ၌သာယာမှု မကင်းသေး၊ ပုထုဇ္ဇဉ်မှာ ဆိုဖွယ်မရှိ။
ဥပမာဆိုသည်ကား နှစ်ယောက်သော သမီးခင်ပွန်းတို့သည် အနည်းငယ်သော ရိက္ခာနှင့်ချစ်လှစွာသော သားငယ်ကို ချီပိုက်၍ အဓွန့်ရှည်စွာသော ကန္တာရခရီးခဲသို့သွားကြကုန်ရာ၏၊ လမ်းခရီးအလယ်၌ ရိက္ခာကုန်ကျ၏၊ ရှေ့သို့လည်းမရောက်နိုင်၊ နောက်သို့လည်းမပြန်နိုင်၊ အခက်ကြီးတွေ့၍နေကြ၏၊ ထိုအခါသူငယ်၏အဘဖြစ်သူအား အကြံဖြစ်၏၊ သည်လိုသာနေကြလျှင် ငါတို့သုံးယောက်သေကြဖို့သာ ရှိတော့သည်၊ သူငယ်ကိုသတ်၍ သူငယ်၏အသားကို ရိက္ခာလုပ်၍ သွားရမူကား သူငယ်မှာ သေဆုံး၏၊ ငါတို့နှစ်ယောက်အသက်ချမ်းသာ၍ လိုရာစခန်းသို့ ရောက်နိုင်၏ဟု ကြံမိ၍သူငယ်၏အမိကို တိုင်ပင်၏၊ အမိလည်း မကြံသာလှ၍ စိတ်တူရလေ၏၊ ထိုအခါ တစ်စုံတစ်ခုသော ပရိယာယ်ပယောဂဖြင့်သေအောင်ပြုကြရကုန်၏၊ သေသောအခါမှာ သူငယ်၏ ကိုယ်ခန္ဓာကို ထက်စွာသောဓားဖြင့် ခုတ်စဉ်းလှီးဖြတ်၍ အသားတုံး အသားညှင်း ပြုလုပ်ပြီးလျှင် တစ်နေ့နှစ်ခါ အစာ အာဟာရ ပြု၍ သွားကြသဖြင့် အလိုရှိရာ ချမ်းသာရာမြို့ရွာသို့ ရောက်ကြလေ ကုန်၏။
ဤဥပမာ၌ ချစ်လှစွာသော သားကိုသတ်၍ အာဟာရပြုလုပ် မည်ကြံစည်သောအခါလည်း မသက်မသာ မလွှဲသာလှ၍ ကြံရသည်၊ ထိုအတူ သေကြောင်းပယောဂကို ရှာကြံသောအခါ, ပယောဂမှုကို ပြုရသောအခါ, သေသည်ကိုမြင်ရသောအခါ, ထက်စွာသောဓားဖြင့် ခုတ်စဉ်း၍ အသားညှင်း အသားတုံး ပြုလုပ်သောအခါ, တစ်နေ့လျှင် နှစ်ခါနှစ်ခါစားမည်ကြံစည်သောအခါ, စားရမည်ဟုကြည့်မြင်ယူငင် သောအခါ, ခံတွင်းသို့ခွန့်ရသောအခါ, ဝါးရသောအခါ, မျိုရသောအခါ တို့၌လည်း မသက်မသာမလွှဲသာစိတ်နှင့်သာ ပြုကြရကုန်သည်၊ ဤ ဥပမာအတူ ကဗဠီကာရ အာဟာရမှုကို ရှားမှီးခံယူမှု စားသောက်မှုကို ပြုကြရသောအခါတို့၌ သာယာခြင်းကိုမဖြစ်စေမူ၍ မသက်မသာမလွှဲသာ မှုကြီးဖြစ်၍ ပြုရသည်ဟု ဆင်ခြင်၍ပြုကြရမည်ဟူလိုသတည်း၊ အသက် မွေးမှုကို ပြုလုပ်အားထုတ်ကြသော လူတို့မှာလည်း ဤဥပမာကို ဆင်ခြင်ဖို့ကောင်းလှ၏၊ ဤဥပမာအတိုင်း စိတ်အတည်ကျမှုမှာမူကား အနာဂါမိမဂ်သို့ရောက်၍ ကဗဠီကာရ အာဟာရပရိညာအပြီးတိုင် ထမြောက်မှကျနိုင်သည်။
ပရိညာသုံးပါးတွင်လည်း အလယ်ဖြစ်သော တီရဏပရိညာသည် နေရာကျအလိုဆုံးတည်း၊ တီရဏ ပရိညာ သုံးပါးတွင် လည်းအနိစ္စပရိညာ နေရာကျလိုလှ၏၊ ပရိညာဆိုသည်ကား ပိုင်နိုင်မှုတည်း၊ ပိုင်နိုင်မှုမည်သည် အရင်းအမြစ် အစစ်အမှန်ကို ထိမှမိမှ တွေ့မှဖြစ်နိုင်သည်၊ အတုအယောင် အဖျားအနာမျှကို ပရိညာမဆိုရ၊ အဘိဓမ္မာ၌ တတ်သိလိမ္မာ၍ သုတမယ ဉာဏ်ဖြင့် သဘောသကန်ကိုမြော်ဆ၍ သုတမယ ယုတ္တိ၌ အနိစ္စအခြင်း အရာကို ဆင်ခြင်မှု ဟောပြောမှု ကျမ်းစာဘုတ်အုပ် ရေးသားမှုများ သည်လည်း သုတမယဉာဏ်အမှုသာတည်း၊ တီရဏပရိညာမှု မဟုတ်၊ ဒိဋ္ဌပစ္စက္ခဝိပဿနာ စိန္တမယဉာဏ်မျိုးမဟုတ်၊ ထိုသုတမယဉာဏ် အမှုကို ပရိညာသုံးပါး၌ ထည့်သွင်းသည်ရှိသော် ဉာတပရိညာ၌ဝင် လေရာ၏။
ဓမ္မကထိက ပုဂ္ဂိုလ်တို့၏ ပြောဟောမှုသည် ဒေသနာမှု အနုသာ သနီမှု ဟူ၍နှစ်ပါးရှိ၏၊ “ရူပံ အနိစ္စံ၊ ဝေဒနာ အနိစ္စာ” စသည်ဖြင့် ဓမ္မ ဒေသနာတော်ရှိတိုင်းပြောဟောသည်ကား ဒေသနာမှုတည်း၊ ရူပံ အနိစ္စံ ပုဒ်၏အရကို ရုပ်၌ အနိစ္စပရိညာ ပေါ်၍လာအောင် ပြောဟောမှုကား အနုသာသနီမှုတည်း၊ ဒေသနာမှုမှာ တစ်ကြိမ်တစ်ခါပင် ပြောဟော သော်လည်း မှတ်သားမိလျှင် ပြီးတော့သည်၊ အနုသာသနီမှုမှာ နာခံသော သူ၏ဉာဏ်ထဲမှာ အနိစ္စပရိညာ စခန်းမပေါ်သမျှ ကာလပတ်လုံး ရူပံ အနိစ္စံကိုပင် ဒိဋ္ဌယုတ္တိ, ပစ္စက္ခယုတ္တိများစွာနှင့် နေ့ရက်များစွာ အခါခါ အထပ်ထပ် ပြောဟောရသည်၊ ပရိညာစခန်းဆိုသည်ကား သွား၍ နေသောသူ၏ခြေတစ်လှမ်း နှစ်လှမ်းအတွင်းမှာပင် မိမိရူပကာယ ခန္ဓာကိုယ်ကြီး၏ တစ်ကိုယ်လုံး တစ်ကောင်လုံး အခါခါပျောက်ဆုံး သတည်း၊ ကြွင်းသော ဣရိယာပုထ်တို့မှလည်း ထိုနည်းတူမှတ်၊ ဤသို့ နာခံသောသူ၏ဉာဏ်မျက်စိနှင့်မြင်ရသကဲ့သို့ ထင်မြင်ရန် အချက်ကွက် ကွက်ကွင်းကွင်းပေါ်လာမှ အနုသာသနီအခွင့်ကုန်လေသတည်း၊ အနုသာသနီစကားမျိုးမည်သည် ရူပံ အနိစ္စံ တစ်ပုဒ်မှာပင် ဆယ်အင်္ဂါမက များပြားရာ၏၊ ထို့ကြောင့်ကျမ်းဂန်တို့၌ ဒေသနာစကားမျှကိုသာ ထားနိုင်သည်၊ အနုသာသနီစကားမျိုးကိုမထားနိုင်၊ ဝိသုဒ္ဓိမဂ်မှာ ရူပသတ္တက အစီအရင်နာမသတ္တကအစီအရင်တို့ဖြင့် အနုသာသနီခန်းကို ပြဆိုသော်လည်း ဆရာနေရာကျ လက်ထပ်ပြ၍ ဆုံးမမည့်သူရှိဦးမှ နေရာကျနိုင်သည်၊ ယခုအခါ၌မူကား နေရာကျကျလက်ထပ် ပြမည့်သူကို တွေ့မြင်ခြင်းငှာ ခဲယဉ်းလှ၏။
ကဗဠီကာရ အာဟာရ ကမ္မဋ္ဌာန်း အစီအရင် ပြီး၏။
၅-နာမ်အာဟာရ သုံးပါး
ယခုအခါ နာမ်အာဟာရသုံးပါးတို့ကိုပြဆိုပေအံ့၊ နာမ်အာဟာရ သုံးပါးတို့မှာ ဝိညာဏ်သည်သာ ပဓာနဖြစ်၏၊ သို့သော်လည်း အလွန် ထင်ရှားသည့်အတွက် ရုပ်အာဟာရကိုရှေးဦးစွာ ဟောပြီးနောက်ရုပ် အာရုံ၌ တွေ့ထိမှုထင်ရှားသည်ဖြစ်၍ ဖဿကိုဟောတော်မူ၏၊ ဖဿမှ ဆက်လက်သော အကျိုးတရားဖြစ်၍ ဖဿ၏အခြားမဲ့၌ စေတနာ အာဟာရကိုဟောတော်မူ၏၊ ထို့ကြောင့် ထိုသုံးပါးတို့၏အကြား၌ ဝိညာဏာဟာရကို ဟောခွင့်မရလေရကား နောက်ဆုံးထား၍ ဟော တော်မူသည်။
ကိစ္စပြဋ္ဌာန်းမှု ပဓာနပြု၍ စီစဉ်လိုမှုကား ဝိညာဏာဟာရ၊ ဖဿ ဟာရ၊ မနောသေဉ္စတနာဟာရ ဟူ၍စီစဉ်ရာ၏၊ ဤစာအုပ်၌မူကား ကိစ္စပြဋ္ဌာန်းမှုကို ပဓာနပြု၍ ဝိညာဏာဟာရကို ရှေ့ထားပြဆိုပေအံ့။
ထိုသုံးပါးတို့၏ အစဉ်ကား အာရုံကိုသိခြင်းအမှုသည် ဝိညာဏ် ဖြစ်၏။
အာရုံ၌ပါရှိသော ဣဋ္ဌရသ အနိဋ္ဌရသကိုအရ, အမိယူခြင်းအမှု သည် ဖဿမည်၏။
ဣဋ္ဌရသ အနိဋ္ဌရသအတွက်နှင့် သမ္ပယုတ်တရားတို့ကို မနေ မနား စေ့ဆော်ခြင်းအမှုသည် စေတနာမည်၏။
အာဟာရ သုံးပါးအထူး
သတ္တဝါ၏ သန္တာန်၌ကား ဖဿကား မရှိ၊ စိတ်ဝိညာဏ် သက် သက်သာရှိသည်ဖြစ်ငြားအံ့၊ အဝီစိ ငရဲမီးလောင်၍ နေသော်လည်း ပူသည်ကိုသိရုံမျှသာရှိလေရာ၏၊ မခံသာခြင်း ဆင်းရဲဒုက္ခဖြစ်ခြင်းဟူ၍ အဏုမြူမျှမရှိလေရာ၊ ဖဿရှိနေသည့်အတွက်ကြောင့်မခံသာခြင်း, ဆင်းရဲဒုက္ခဖြစ်ခြင်းရှိရလေသည်၊ ဖဿသာရှိ၍ စိတ်မရှိခဲ့ငြားအံ့၊ အဝီစိငရဲမီးမူသည်ကိုမျှ သိခြင်းမရှိပြီ၊ သစ်တုံးနှင့်အတူတူသာဖြစ်၍ နေလေရာ၏၊ စိတ်နှင့်ဖဿသာရှိ၍ စေတနာ မရှိငြားအံ့၊ ကိုယ်၌ မခံသာခြင်း အပြင်းအထန်ဖြစ်၍နေငြားသော်လည်း ပူလေခြင်း ပူလေ ခြင်းဟူ၍ မနောကံလှုပ်ရှားမှု၊ ဝစီကံလှုပ်ရှားမှု၊ ကာယကံလှုပ်ရှားမှု ဟူ၍မရှိလေရာ၊ စေတနာရှိနေသည့်အတွက် ထိုလှုပ်ရှားခြင်းသုံးပါးဖြစ်ရ လေသတည်း။
ဤကား ဒုက္ခအဖို့မှာ အာဟာရ သုံးပါး အထူးတည်း။ ဤနည်းကိုမှီ၍ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာ ဟူသော သုခအဖို့မှာလည်း အာဟာရသုံးပါးအချက်ကို နေရာကျသိလေ။
ဖဿအခွင့်ကြီးကျယ်ပုံ
ဤမျှသောစကားရပ်ဖြင့် လောကမှာချမ်းသာ သုခဟူသမျှသည် လည်း ဖဿမှဖြစ်၏၊ ဆင်းရဲဒုက္ခဟူသမျှသည်လည်း ဖဿမှဖြစ်၏၊ လောက၌ ဖဿမရှိခဲ့လျှင် ချမ်းသာသုခဟူ၍လည်းမရှိ၊ ဆင်းရဲဒုက္ခဟူ၍ လည်းမရှိဟု သိအပ်၏၊ ချမ်းသာသုခဟူ၍မရှိခဲ့လျှင် လောဘတဏှာဟူ၍ မရှိရာပြီ၊ ဆင်းရဲဒုက္ခဟူ၍ မရှိခဲ့လျှင် ဒေါသအမျက်ဟူ၍ မရှိရာပြီ၊ လောဘ ဒေါသမရှိခဲ့လျှင်လည်း မောဟအစရှိသော တစ်ထောင့်ငါးရာ ကိလေသာဟူ၍ မရှိရာပြီ။
ဤကား ဖဿအခွင့် ကြီးကျယ်ပုံကို ပြဆိုသော အချက်တည်း။
စေတနာအခွင့်ကြီးကျယ်ပုံ
စိတ်နှင့်တကွ သမ္ပယုတ်တရားတို့ကို ရပ်တည်မရ၊ ထိုထိုအာရုံသို့ တစ်ပြေးတည်းပြေး၍နေရအောင် တစ်ဆော်တည်းဆော် တစ်ဆွတည်း ဆွ၍နေသော တရားကားစေတနာတည်း၊ စိတ် ရပ်တည်မရ တစ်ရွရွ တစ်ကြွကြွ နေကြသည်ကိုမြင်အောင်ကြည့်ပါ၊ လောဘအာရုံနှင့်ကြုံလျှင် လောဘကို အတွင်ဆော်၍ ထုတ်၏၊ လောဘ အာရုံရှိရာသို့ အတွင်နှင်၍ သွားသည်၊ အာရုံကို ခံစားမှု၌ အတွင်တိုက်တွန်း၏၊ ဒေါသအာရုံ မောဟ အာရုံ စသည်တို့မှာလည်း ဤနည်းချည်း။
ပကတိပုထုဇ္ဇဉ်တို့မှာ သဒ္ဓါမှု ပညာမှု ဒါနမှု သီလမှု ဘာဝနာမှု တို့၌မူကား စေတနာ အလွန်ပြော့၏၊ နုံ့နုံ့နှေးနှေးသာ ဆော်၏၊ အတွင် မဆော်၊ နုံ့နုံ့နှေးနှေးသာနှင်၏၊ အတွင်မနှင်၊ နုံ့နုံ့နှေးနှေးသာ တိုက်တွန်း၏၊ အတွင်မတိုက်တွန်း၊ အပါယ်ဘေး၊ သံသရာဘေးကိုဆင်ခြင်ခြင်း၊ ကုသိုလ်အကျိုးကိုမြော်မြင်ခြင်း စသောပယောဂဘေး အကူအပံ့အလွန် များရ၏၊ အဘယ့်ကြောင့်နည်းဟူမူ စိတ်မည်သည်မကောင်းမှု၌သာ ပျော်မွေ့၏၊ လောက၌ သူအလွန်ရောက်ချင်ရာသို့ဆော်ရ နှင်ရသည်ရှိ သော် မြန်အောင် မဆော်နိုင် မနှင်နိုင်၊ ဤအတူမှတ်။
သင်္ခါရက္ခန္ဓာတရား ငါးဆယ်ရှိသည်တွင် စေတနာနှင့်အကြွင်း လေးဆယ့်ကိုးခုတို့၏ အခြင်းအရာကို ဥပမာပြဆိုအံ့၊ ဆိပ်ကမ်းကြီး တစ်ခု၌ ဝန်တင်သော သမ္ဗာန်ကြီးအစင်းလေးဆယ့်ကိုးခု ရှိရာ၏၊ စက် သဘောင်္ကြီးကား တစ်ခုသာရှိ၏၊ ဝန်နှင့်တကွ ထိုသမ္ဗာန်ကြီးတွေကို ထိုထိုမြို့ရွာဆိပ်ကမ်းသို့ရောက်လေအောင် စက်သင်္ဘောဖြင့် တွဲ၍ပို့ရ၏၊ ဆိပ်ကမ်းရှိလူတို့က ဤသို့ဆိုကြကုန်ရာ၏၊ သင်္ဘောကြီးသည် မည်သည့် သမ္ဗာန်ကြီးကိုတွဲ၍ မြစ်ပြင်သို့ထွက်ပြီ၊ မည်သည့်မြို့ရွာ မည်သည့် ဆိပ်ကမ်းသို့ရောက်အောင်ခုတ်လိမ့်မည်ဟု ဆိုကြကုန်ရာ၏၊ ဤဥပမာ အတူ စေတနာသည်ရံဖန်ရံခါ လောဘကိုတွဲ၍ နှလုံး အပြင်မှာထွက်၏၊ လောဘအာရုံရှိရာသို့ လောဘကို တွဲ၍ အတွင်နှင်၏၊ ရံဖန် ဒေါသကို တွဲ၍ နှလုံးအပြင်ထွက်၏၊ ဒေါသအာရုံ ရှိရာသို့ဒေါသကိုတွဲ၍ အတွင်နှင်၏၊ ဤနည်းတူကြွင်းသောသင်္ခါရက္ခန္ဓာ လေးဆယ့်ခုနစ်ခုတို့၌ လည်းသိလေ၊ ဤသို့သော စေ့ဆော်မှုသည် တစ်ဘဝ တစ်ဘဝတွင် သတ္တဝါဓမ္မတာသေဆုံးရာမှာပင် ရပ်တန့်သည်ဟူ၍မရှိပြီ၊ စုတိ ကမ္မဇရုပ် ချုပ်သည့် နောက်ဘဝသစ် ဖြစ်ပေါ်အောင် တစ်သွန်တည်း တစ်ဆက် တည်း အတွင်နှင်လေတော့သည်၊ ကိလေသာကုန်၍ ပရိနိဗ္ဗာန်စံမှ ရပ်တန့်ကွယ်ဆုံးလေတော့သည်။
(ဤကား စေတနာအခွင့် ကြီးကျယ်ပုံတည်း။)
အာဟာရသုံးပါးနှင့် ဥပမာ
မီးခြစ်ကိုအတွင်ရအောင်ရှာသော သူတစ်ယောက်၊ ရသမျှသော မီးခြစ်ကို မီးတောက်အောင် အတွင်ခြစ်၍ ပေးသောသူတစ်ယောက်၊ တောက်ပြီးသော မီးကိုယူ၍ အိမ်တကာကို အတွင်မီးတိုက်သောသူ တစ်ယောက်၊ အာဟာရသုံးပါးနှင့်အစဉ်အတိုင်း စပ်လေ၊ မီးခြစ်ထုတ်နှင့် အာရုံခြောက်ပါး တူ၏၊ မီးတောက်နှင့် အာရုံ၏ အနိဋ္ဌ ရသတူ၏။
ကြံချောင်းကို အတွင်ရအောင် ရှာသောသူတစ်ယောက်၊ ရသမျှကြံ ချောင်းကို ကြံရည်အတွင်ညှစ်သော သူတစ်ယောက်၊ ထွက်သမျှကြံ ရည်ကို လူအပေါင်းတို့အား အတွင်တိုက်ကြွေးသော သူတစ်ယောက်၊ ကြံချောင်းနှင့် အာရုံခြောက်ပါး၊ ကြံရည်နှင့် အာရုံ၏ ဣဋ္ဌရသ တူစေ။
တစ်ယောက်သော သတ္တဝါ၏သန္တာန်မှာ ရူပကာယ, နာမကာယ ဟူ၍ နှစ်ကာယရှိ၏၊ နှစ်ကိုယ်ရှိ၏၊ နှစ်ကောင်ရှိ၏ သော်လည်းဆို၊ ဝိညာဏ်ခြောက်ပါးသည် နာမကာယ၏ တံခါးပေါက်ခြောက်ပါးတည်း၊ အာရုံခြောက်ပါးတို့သည် ဝိညာဏ်ခြောက်ပါး တံခါးပေါက်ဟင်းလင်းမှ နာမကာယအတွင်းသို့ ဝင်ကြ ပေါက်ရောက်ကြကုန်၏၊ ဖဿခြောက်ပါး တို့သည်ကား ဝိညာဏ်ခြောက်ပါး တံခါးပေါက်အတွင်းသို့ ရောက်လာ သမျှသော အာရုံခြောက်ပါးတို့ကို အတင်းအကြပ်ဆုပ်ကိုင်၍ ဣဋ္ဌာရုံ မျိုးဖြစ်ခဲ့လျှင်ရှိသမျှ ဣဋ္ဌရသပေါ်ထွက်အောင် ကြိတ်နယ်၍ထုတ်၏၊ အနိဋ္ဌာရုံမျိုး ဖြစ်ခဲ့လျှင်ရှိသမျှ အနိဋ္ဌရသပေါ်ထွက်အောင် ကြိတ်နယ်၍ ထုတ်၏၊ စေတနာခြောက်ပါးသည် ပေါ်ထွက်သမျှသော ဣဋ္ဌရသ အနိဋ္ဌရသတို့ကို ယူကြ ရကြ သုံးဆောင်ကြ ခံကြ စံကြရန် နာမကာယ တစ်ရွာလုံး တစ်မြို့လုံးကို အတွင်ဆော်၍ထုတ်၏၊ အာရုံအားလျော်စွာ ဆိုင်ရာဆိုင်ရာ တစ်စုံတစ်ခုသော နာမ်တရားမှ မထွက်ပဲ မနေရ၊ အပြေး အမြန် ထကြ ထွက်ကြရ၏၊ ဝိညာဏ်ဖဿတို့လည်း ပါကြရကုန်သေး သည်သာတည်း၊ တရား၏ သဘောအချက်ကို နေရာကျ မြင်နိုင်ပါ လျှင် ဥပမာ အလွန်ပေါများတော့သည်။
ဤကား ဉာတပရိညာအရာ နာမ်အာဟာရသုံးပါးတို့၏ အခြင်း အရာ အထူးကို အရိပ်အမြွက်မျှ ပြဆိုလိုက်သော အခန်းတည်း။
၆-ဝိညာဏဟာရ၌ ဉာတပရိညာ
ယခုအခါ ဝိညာဏဟာရကို ပြဆိုအံ့။
ဝိညာဏေ ဘိက္ခဝေ အာဟာရေ ပရိညာတေ နာမရူပံ ပရိညာတံ ဟောတိ၊ နာမ ရူပေ ပရိညာတေ အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယန္တိဝဒါမိ။
(နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်)
ဘိက္ခဝေ=ရဟန်းတို့၊ ဝိညာဏေအာဟာရေ=ဝိညာဏာဟာရကို၊ ပရိညာတေ=အပြီးတိုင် ပိုင်နိုင် သည်ရှိသော်၊ နာမရူပံ=နာမ်ရုပ်နှစ်ပါးသည်၊ ပရိညာတံ=အလိုလိုအပြီးတိုင် ပိုင်နိုင်မှုပြီးစီးတော့သည်၊ ဟောတိ=ဖြစ်၏၊ နာမရူပေ=နာမ်ရုပ်သည်၊ ပရိညာတေ=အလိုလိုပိုင်နိုင်သည်ရှိသော်၊ အရိယသာဝကဿ=ငါဘုရား တပည့်သားအား၊ ဥတ္တရိ=ထိုထက်အလွန်၊ ကိဉ္စိ=တစ်စုံတစ်ခုမျှ၊ ကရဏီယံ=ဗြဟ္မစရိယမှု၌ ပြုဖွယ်ကိစ္စသည်၊ နတ္ထိ= မရှိပြီ၊ ဣတိ=ဤသို့၊ ဝဒါမိ=ငါဘုရားဟောတော်မူ၏။
(ပါဠိတော်အနက်)
ဝိညာဏဟာရ၌ ဉာဏ်ကိစ္စအပြီးတိုင်ပိုင်နိုင်သည်ရှိသော် ဖဿ ဝေဒနာ, သညာ, စေတနာ အစရှိသော စေတသိက်တရား တည်း ဟူသော နာမ်တို့၌လည်းကောင်း၊ မဟာဘုတ် ဥပါဒါရုပ်တည်း ဟူသော ရုပ်၌လည်းကောင်း၊ အထူးအားထုတ် ဖွယ်ကိစ္စမရှိ၊ အလိုလို ကျွဲကူး ရေပါအားဖြင့် ပိုင်နိုင်တော့သည်၊ နာမ်ရုပ်၌ပိုင်နိုင်သည်ရှိသော် ဗြဟ္မ စရိယဝါသကိစ္စ အပြီးတိုင်လေ၏၊ ယခုဘဝ၌လည်း ဘယ်သီလ လိုသေး သည်၊ ဘယ်သမာဓိလိုသေးသည်၊ ဘယ်ပညာလိုသေးသည်ဟု ကြောင့် ကြပြုဖွယ် မရှိပြီ၊ သံသရာ၌ သီလမှု, သမာဓိမှု, ပညာမှု, ရသေ့ လုပ်မှု, ရဟန်းလုပ်မှုသည် ကြီးကျယ်စွာသော ဒုက္ခမှုကြီးဖြစ်၏၊ အနမတဂ္ဂ သံသရာ၌ အခါပေါင်းအနန္တ ထိုဒုက္ခမှုကို ပြုခဲ့လှလေပြီ၊ အပြီးမတိုင် တစ်ပိုင်းကြောင်ချည်းဖြစ်ခဲ့၍ အပါယ်ငရဲသို့ တလဲလဲ ပြန်ကျသည် သာဖြစ်၏၊ ဝိညာဏာဟာရကို ပိုင်နိုင်သောအခါ၌ကား ထိုဗြဟ္မစရိယ ဝါသမှုကြီး အပြီးတိုင်လေ၏၊ နောက်၌ ဗြဟ္မစရိယဝါသ ဒုက္ခစက်ကြီးမှ အပြီးတိုင်လွတ်ငြိမ်းလေ၏၊ နောင်သီလဖြည့်ကျင့်မှုနှင့်စပ်သောဒုက္ခ, သမာဓိဖြည့်ကျင့်မှုနှင့်စပ်သောဒုက္ခ, ပညာဖြည့်ကျင့်မှုနှင့် စပ်သောဒုက္ခ, ရသေ့ပြုလုပ်မှု ရဟန်းပြုလုပ်မှုနှင့်စပ်သောဒုက္ခဟူ၍ မရှိပြီဆိုလိုသည်။
သဘာဝဉာတကို ပြဆိုခန်း
ဉာတပရိညာ၌
အာဟာရံ=ဝိညာဏဟာရဒုက္ခကို၊ ဇနတိ=သိ၏၊ အာဟာရံ သမုဒယံ=ဝိညာဏာဟာရဒုက္ခ၏ ဘဝအဆက်ဆက်ပွားစီး၍ နေရန် အကြောင်းရင်း တရားကို၊ ဇာနာတိ=သိ၍၊ အာဟာရနိရောဓံ=ဝိညာဏာ ဟာရ ဒုက္ခ၏ချုပ်ငြိမ်းမှု ဧကန္တကြောင်းကို၊ ဇာနာတိ=သိ၏၊ အာဟာရ နိရောဓဂါမိနိပဋိပဒံ=ဝိညာဏာဟာရဒုက္ခချုပ်ငြိမ်းမှုသို့ဆိုက် ရောက်ရန် နည်းလမ်းကို၊ ဇာနာတိ=သိ၏။
ဉာတပရိညာအခိုက်၌ သိထိုက်သောအခွင့်နှင့် လျော်စွာဆို လိုက် သော အနက်တည်း။။ ထိုစကားမှန်၏။
အာဟာရနိရောဓဟူသည်ကား အသင်္ခတမဟာနိဗ္ဗာန်ကြီးတည်း၊ ထိုနိဗ္ဗာန်ကြီးဧကန္တရှိကြောင်းကို ဉာတပရိညာအခန်းက အနုမာနဗုဒ္ဓိဖြင့် ယုံကြည်စွာသိမှသာလျှင် ပဋိပဒါကို ကြိုးပမ်းစွာ အားထုတ်မှုဖြစ်နိုင်လေ သည်။ မဂ်ကိစ္စနှင့်လျော်စွာ ဆိုလိုမှုကား အဓိပ္ပါယ်တစ်မျိုးသွား၏၊ ဝိညာဏာဟာရတွင် စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာန ဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ်ဟူ၍ခြောက် ပါးရှိ၏၊ ထိုသို့ ရူပါရုံနှင့် ဆုံမိသောအခါ မျက်စိမှာဖြစ်ပေါ် လာသော ဝိညာဏ်သည် စက္ခုဝိညာဏ်မည်၏၊ ထိုထိုသဒ္ဒါရုံနှင့်ဆုံ မိသောအခါ နားတွင်းမှာ ဖြစ်ပေါ်လာသောဝိညာဏ်သည် သောတဝိညာဏ်မည်၏၊ ထိုထိုဂန္ဓာရုံနှင့်ဆုံမိသောအခါ နှာခေါင်းတွင်းမှာ ဖြစ်ပေါ်လာသော ဝိညာဏ်သည် ဃာနဝိညာဏ်မည်၏၊ ထိုထို ရသာရုံနှင့် တွေ့ကြုံသော အခါ လျှာပေါ်မှာဖြစ်ပေါ်လာသော ဝိညာဏ်သည် ဇိဝှါဝိညာဏ်မည်၏။
ထိုထိုဖောဋ္ဌဗ္ဗာရုံနှင့်ဆုံမိသောအခါ တစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ ဖြစ်ပေါ်လာသောဝိညာဏ်သည် ကာယဝိညာဏ်မည်၏၊ သဒ္ဓါ, သီလ, သုတ, စာဂ အစရှိသော လောဘ, ဒေါသ, မောဟ အစရှိသော ကောင်း, မကောင်းသော ထိုထိုဓမ္မာရုံနှင့် ဆုံမိသောအခါ ဟဒယဝတ္ထုမှာဖြစ်ပေါ် လာသော တစ်မျိုးမျိုးသော ဝိညာဏ်သည် မနောဝိညာဏ်မည်၏၊ မျက်စိဖြင့် ထိုထိုအဆင်းသဏ္ဍာန်ကို မြင်သောအခါ ငါမြင်သည်ဟု မှတ်ထင်စွဲလမ်းကြသည်ကား စက္ခုဝိညာဏ်ကို စွဲလမ်းသော ဒိဋ္ဌိတည်း၊ ဉာဏ်ဖြင့်ထိုမြင်မှုကို ဓာတ်တစ်ခုအသီး အခြားဖြစ်သည်ဟု ပိုင်နိုင်စွာ သိရာ၏၊ နားဖြင့် ထိုထိုအသံကိုကြားသောအခါ နှာခေါင်းဖြင့် ထိုထိုအနံ့ကို နံသောအခါ လျှာဖြင့် ထိုထိုအရသာကို ခံစံမိသောအခါ ကိုယ်အင်္ဂါ အစိတ်ဖြင့် ထိုထိုပူမှု, အေးမှု, အနု, အကြမ်းကို ထိမှန်းသိသောအခါ တို့၌လည်း ထိုနည်းတူသိလေ၊ မနောသက်သက်ဖြင့် ထိုထိုအာရုံဝတ္ထု အမှုအခွင့်ကို ထွေထွေလာလာကြံဖန်သောအခါ၊ သိသောအခါ ငါကြံဖန် သည် ငါသိသည်ဟု မှတ်ထင်စွဲလမ်းမှုကား သက္ကာယဒိဋ္ဌိတည်း၊ ဉာဏ်ဖြင့် ထိုကြံဖန်မှု, သိမှုတို့ကို ဓာတ်မှုဖြစ်သည်ဟု ပိုင်နိုင်စွာ သိရာ၏၊ သိပုံကား ရူပကာယကြီးသည် အနာပုပ်ကြီးနှင့်တူ၏၊ ဝိညာဏ် ခြောက်ပါးသည် အနာပုပ်ကြီးမှာ ထိုထိုနေရာ၌ တစ်ရွရွနေကြသော သံသေဒဇပိုးငယ်တွေနှင့်တူ၏၊ ဝိညာဏ်မည်သည် နာမ်တရားဖြစ်၍ အထည်ဝတ္ထု မရကောင်းသော်လည်း မျက်စိအစရှိသော ရုပ်အပြင်မှ အသီးအခြားတစ်ပါးသော အခြင်းအရာဖြင့်ဉာဏ်မျက်စိတွင် ထင်သာ မြင်သာရှိအောင် မှန်းခြေ ထား၍ပိုင်းခြားရမည်။
စက္ခု, သောတအစရှိသော ရုပ်စုကို အလွန်ကြည်လှစွာသော ရေပွက်ကလေးတွေအနေထား၍ ဝိညာဏ်ခြောက်ပါး ကိုထိုရေပွက်ကြည် ကလေးတွေမှာ ပေါ်ရှိ၍နေသော အရိပ်ကလေးတွေကဲ့သို့ မှန်းခြေ ထား၍ပိုင်းခြားရမည်၊ နောင်ဆင်ခြင် ရှုမြင်ဖန်များ၍ ဉာဏ်သိမ်မွေ့၍ လာသောအခါ နာမ်အခြင်းအရာအတိုင်းပင် ထင်မြင်နိုင်လတ္တံ့၊ ထိုသို့ပင် မထင်နိုင်မူ၍ အရိပ်အခြင်းအရာ၊ ရေပွက်ငယ်အခြင်းအရာ၊ နှင်းပေါက် ငယ်အခြင်းအရာမျိုး အနေပင်ထင်မြင်သော်လည်း ကိစ္စမရှိ၊ မြင်မှု, ကြားမှု, နံမှု, လျက်မှု, တွေ့ထိမှု, သိမှု, ကြံဖန်မှုတို့ကို အသိဉာဏ်မှာ ငုံမိ, ခြုံမိ, သိမ်းပိုက်မိလျှင် ပြီးတော့သည်၊ မှန်းခြေထား၍ ကြည့်ရှုသော ဝတ္ထုက တစ်ခြားနေ၍ မြင်မှုမှာ ငါမြင်သည်ဟူသော သက္ကာယဒိဋ္ဌိ၏ လက်ထဲက မလွတ်ပဲ နေခဲ့လျှင်မူကား ဓမ္မဝဝတ္တာနဉာဏ်နေရာမကျသေး၊ ငါမြင် သည်ဟူသော ထင်မြင်မြဲတိုင်းသော သက္ကာယဒိဋ္ဌိ၏ လက်မှလွတ်၍ ဉာဏ်၏လက်တွင်းမှာ ဆုတ်မိ, ကိုင်မိ, ငုံမိ, ခြုံမိ, သိမ်းပိုက်မိလျှင် ပြီး တော့သည်။
ထို့ကြောင့်မြတ်စွာဘုရားသည် ရူပက္ခန္ဓာကိုရေမြှုပ်ကဲ့သို့ရှုရမည်၊ ဝေဒနက္ခန္ဓာကို ရေပွက်ကဲ့သို့၊ သညာက္ခန္ခာကို တံလျှပ်ကဲ့သို့ရှုရမည်ဟု ရုန့်ရင်းစွာသော ဝတ္ထုတို့ဖြင့် ဥပမာကိုပြတော်မူလေသည်။ ထိုဥပမာတို့မှာလည်း အနှစ်မရှိမှုတူပုံကို ပြတော်မူလိုရင်း ဖြစ် ပါသည်၊ သဏ္ဍာန်အခြင်းအရာ တူပုံကို ပြတော်မူလိုရင်း မဟုတ်၊ အကယ်၍ သဏ္ဍာန်အခြင်းအရာတူပုံကို ပြတော်မူလိုရင်းပါဆိုခဲ့သော် သင်္ခါရက္ခန္ဓာသည် ငှက်ပျောတုံးနှင့်တူသည်ဟု ပြတော်မူရာ၌ ဖဿသည် ငှက်ပျောတုံးသဏ္ဍာန်နှင့်တူသည်၊ စေတနာသည် ငှက်ပျောတုံး သဏ္ဍာန် နှင့်တူသည်ဟုရှုရမည်၊ ဟောတော်မူရာ ရောက်ပါလိမ့်မည် ဆိုငြားအံ့၊ ထိုဥပမာမှာ ဖဿစသည်သည် ငှက်ပျော်တုံးသဏ္ဍာန်ကဲ့သို့ ကြီးသော သဏ္ဍာန်ရှိသည်ဟူသောအနက်သည် ရောက်နိုင်သော အနက်ပင် မဟုတ်၊ ထိုကဲ့သို့ကြီးသော သဏ္ဍာန်ရှိသော တရားမျိုး မဟုတ်မှု သည်ကား လူအများ၌ ထင်ရှားပြီး ဖြစ်သတည်း။ လိုရင်းမှာ မျက်တောင် တစ်ခတ်အတွင်းစသည်၌ အလျင်အမြန်ဖြစ်နိုင် ချုပ်နိုင်သော အခြင်း အရာကို ထင်မြင်နိုင်သည်သာ ပမာဏတည်း။
ထို့ကြောင့် “ဝိဇ္ဇုပ္ပါဒါဝ အာကာသေ ဥပ္ပဇ္ဇန္တိစ”ဟု မဟာနိဒ္ဒေသ ပါဠိ, ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့၌ လျှပ်၏ဖြစ်ခြင်း ပျက်ခြင်း မြန်သကဲ့သို့ ရုပ်နာမ်တို့၏ဖြစ်ခြင်း ပျက်ခြင်း မြန်သည်ကို ထင်မြင်စေရမည်ဟု ဥပမာ ပြုတော်မူသည်။
အနိစ္စ, ဒုက္ခ, အနတ္တ ရှုမှုမည်သည် နိစ္စသညာ, သုခသညာ, အတ္တ သညာ, သတ္တပုဂ္ဂလဇီဝ သညာတို့ကို ဖျက်ဆီးမှုပေတည်း၊ လျှပ်ကဲ့သို့ ဖြစ်မှု, ပျက်မှု မြန်သည်ကို ထင်မြင်နိုင်လျှင်ပင် ခိုကိုးရာမဟုတ်သော အနိစ္စအဖြင့်, ဒုက္ခအဖြစ်, အနတ္တအဖြစ်, သတ္တပုဂ္ဂလ ဇီဝမဟုတ်သော အဖြစ်ထင်ရှားလှလေပြီ၊ ထိုအဖြစ်ကို ထင်ရှားလျှင် ဝိပဿနာပရိညာကိစ္စ ပြီးစီးနိုင်တော့သည်ဖြစ်၍ လျှပ်ရောင် ဥပမာပြတော်မူကြပေသည်၊ နာမ် ရုပ်တရားတို့၏ ဖြစ်မှု ပျက်မှုမှာမူကား လျှပ်တစ်ပြက်အတွင်းမှာ အကြိမ် တစ်ရာ, တစ်ထောင်မကဖြစ်နိုင် ပျက်နိုင်သည်၊ ထိုသို့သော ခဏိက အချက်ဖြစ်ပျက်မှုတို့သည်မူကား သတ္တဝါတို့၏ ဉာဏ်အမြင်မှာ ပိုင်းခြား၍ ထင်မြင်နိုင်သောအရာစု မဟုတ်ကုန်ပြီ၊ မထင်မြင်နိုင်သော အရာကို ဝိပဿနာ၏အချက်အကွက် ပြု၍ရှုသည်ရှိသော် အနှစ်တစ်ရာ, အနှစ် တစ်ထောင်ပင်ရှုသော်လည်း ဝိပဿနာဉာဏဒဿန အဏုမြူမျှ ဖြစ်ခွင့် မရှိ၊ သမ္မောဟဒုက္ခသာ ဖြစ်ခွင့်ရှိလေသည်၊ အဘယ့်ကြောင့်နည်းဟူမူ ကား နာမ်တရားတို့မှာ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက် လက်ဖျစ် တစ်တွတ်ခန့် ကာလအတွင်းမှာ ကုဋေအသိန်းမက ဖြစ်မှု, ပျက်မှု, မြန်သည်ဟု ကျမ်းဂန်တို့မှာလာသည်၊ ပကတိလူတို့မှာ မျက် တောင်တစ် ခတ်မှာ အချက်ပေါင်း ကုဋေတစ်သိန်းထင်မြင်နိုင်အောင် ရှုမည်ဟု ကြံစည်ခြင်းငှါပင် မထိုက်လေသောကြောင့်တည်း။
ထို့ကြောင့် ဆိုခဲ့ပြီးသောအတိုင်း ခိုကိုးရာမရှိအောင် ဖြစ်မှု ပျက်မှု မြန်သည်ကို ထင်မြင်နိုင်သည်သာ ပမာဏဟု မုချကိုယုံကြည်ရမည်။ ထိုသဗ္ဗညုတဉာဏ်တော်အရာနှင့် အဘိဓမ္မာကျမ်းဂန်တို့၌ ပြဆို ထားသောအရာ အချက်များကို နားယောင်၍ နားယောင်၍ စက္ခုဒွါရ တစ်ဝီထိအတွင်းမှာ ဖြစ်မှု, ချုပ်မှုများကို လက္ခဏာရေး တင်သည်ဟု ပြောဆိုကြသော အရာများသည် ယောင်ယမ်းကာမျှသော အမှုသာဖြစ်၏။
ဝိပဿနာ ဉာဏဒဿနအစစ်ဖြစ်နိုင်ရန်အခွင့် အလွန်ဝေးလှ၏ဟု မှတ်လေ။
ဤတွင်ရွေ့ကား သဘာဝညာတကို ပြဆိုသော စကားရပ်တည်း။
ပထမဒုက္ခစက်
ဝိညာဏာဟာရ ဒုက္ခဆိုသည်ကား ကဗဠီကာရအာဟာရ ဒုက္ခ စက်ကြီးဆယ်ပါးသည်လည်း ဝိညာဏာဟာရ ဒုက္ခ၌ အတွင်းဝင်သည် သာတည်း။
ကဗဋီကာရအာဟာရ အမှုမည်သည် အသက်မွေးမှု သက်သက် သာတည်း၊ တစ်ခုသောဘဝအတွင်း၌ မသေမီအကြားတွင် ဣရိယာပုထ် လေးပါး၌ အားပြည့်အင်ပြည့်မျှ တရွက်ဆောင်၍သွားနိုင်ရုံသော အမှုစု သာတည်း၊ လောဘနိုင်ငံသို့လိုက်၍ အပိုအမိုပစ္စည်းဥစ္စာ ဖြစ်ထွန်းရန် သေဌေးသူကြွယ်ဖြစ်ရန်၊ မင်းစိုးရာဇာဖြစ်ရန်၊ စက္ခုအာရုံကို လိုက်စား၍ မြူးထူးပျော်ပါးခံစား စံစားရန်၊ သောတအာရုံ, ဃာနအာရုံ, ဇိဝှါအာရုံ, ကာယအာရုံ, မနောအာရုံကို လိုက်စား၍ မြူးထူးပျော်ပါးခံစား စံစားရန် နောက်ဘဝတို့ ဒါနကုသိုလ်ပြုလုပ်ရန် အခွင့်များနှင့် လောကီစီးပွားကို အားထုတ်လုပ်ဆောင် ရှာကြံဆည်းပူးခြင်း အစရှိသော ဗျာပါရ ဒုက္ခမှုစု သည် ဝိညာဏာဟာရ ပေါက်မှထွက်သော ဗာလုဿုက္က ဒုက္ခစုသာ တည်း။
ဤဝိညာဏာဟာရအရာမှာ ဖဿာဟာရ မနောသေဉ္စ တနာဟာရ တို့ကိုလည်း အတွင်းဝင်ပြု၍ သိရမည်။
(ဤကား ဗာလုဿုက္က ဗျာပါရဒုက္ခ ပထမစက်ကြီးတည်း။)
ဒုတိယဒုက္ခစက်
ဗာလုဿုက္ကဟူသောစကား၌ ဗာလာနံ ဥဿုက္ကော ဗာလုဿုက္ကော ဟုဝိဂြိုဟ်ပြု။
ဗာလာနံ=သစ္စာလေးပါးတရားကို မသိကြကုန်သေးသော သူတို့၏၊ ဥဿုက္ကော=ကြောင့်ကြဗျာပါရ စိုက်မှုတည်း။ ဣတိ=ဤသို့သော အကြောင်းကြောင့်၊ ဗာလုဿုက္ကော=ဗာလုဿုက္ကမည်၏၊ ဤသို့စည်းစိမ်ဥစ္စာ ချမ်းသာစီးပွားတို့လိုက်စားမှု၊ လောဘအာရုံ ကာမဂုဏ်စီးပွားကို လိုက်စားမှုတို့၏အတွင်းမှာ များစွာသောအဇ္ဈတ္တ အန္တရာယ် ဗာဟိရအန္တရာယ်တို့သည် ရှိနေကုန်၏။
(ဤကား ဝိညာဏာဟာရပေါက်မှ ထွက်သော ဒုတိယ ဒုက္ခစက်ကြီးတည်း။)
ထိုပထမစက်, ဒုတိယစက်တို့အတွင်းမှာပါဝင်သော တစ်ထောင့် ငါးရာကိလေသာမီးပွားများမှု အပျော်အပါး လိုက်စားခြင်းနှင့်စပ်သော တစ်ထောင့်ငါးရာ ကိလေသာမီးပွားများမှုတို့သည် ဝိညာဏာဟာရ ပေါက်မှထွက်သော ဒုက္ခစက်ကြီးတည်း။
ထိုစက်တို့၏ အတွင်းတွင်ပါဝင်သော ပါဏာတိပါတအစရှိသော ဒုစ္စရိုက်တရားပွားများမှုသည်ကား ဝိညာဏာဟာရ ပေါက်မှထွက်သော စတုတ္ထဒုက္ခစက်ကြီးတည်း။
ထိုစက်တို့မှ မဟာအဝီစိသို့ကျအောင်သွားသော ပဉ္စမဒုက္ခ စက်ကြီးနှင့်ဆက်မိလေတော့သည်။
နတ်ပြည်ခြောက်ထပ်တို့၌မူကား တစ်နာရီမစဲ အမြဲဖြစ်ပွား၍ နေကြသော ကိလေသာစက်ကြီးသည် အလွန်ကြီးကျယ်လှ၏၊ ထို ကိလေသဒုက္ခစက်ကြီးသည် အပါယိကဒုက္ခစက်ကြီးနှင့်ဆက်လေ၏။
ဗြဟ္မာ့ပြည်၌လည်း ရူပကာယ မီးတောက်မှု၊ အရူပရာဂ မီး တောက်မှု၊ မာနမီးတောက်မှု၊ အလွန်ထက်သန်သော သက္ကာယဒိဋ္ဌိမီး၊ သဿတဒိဋ္ဌိမီး၊ ဥစ္ဆေဒဒိဋ္ဌိမီးပွားများမှုစုသည် ဝိညာဏာဟာရပေါက်မှ ထွက်သော ကိလေသဒုက္ခစက်ကြီးပင်တည်း၊ ထိုကိလေသဒုက္ခစက် ကြီးသည် အပါယိကဒုက္ခစက်ကြီးနှင့် ဆက်မိလေ၏။
(ဤကား အာဟာရံ ဇာနာတိအရ ဝိညာဏာဟာရ၌ ရှေးဦးစွာ သိအပ်သော ဉာတပရိညာ ဒုက္ခသစ္စာအစီအရင် အမြွက်တည်း။)
---
၇-ဝိညာဏဟာရ၌ တီရဏပရိညာ
အနိစ္စပရိညာ အစဖော်နည်း
တီရဏပရိညာသည် အနိစ္စပရိညာ, ဒုက္ခပရိညာ, အနတ္တ ပရိညာဟူ၍ ၃-ပါး၊ အနိစ္စပရိညာ အစီရင်ကား ဝိညာဏ်ခြောက်ပါးတွင် ကာယဝိညာဏ်သည် တစ်ကိုယ်လုံးမှာ အနှံ့ဖြစ်ပေါ်သည် ဖြစ်၍လည်း ကောင်း၊ သုခဝေဒနာ ဒုက္ခဝေဒနာ ဟုဆိုအပ်သော ထင်ရှားသော ဝေဒနာတို့နှင့် ယှဉ်သည်ဖြစ်၍လည်းကောင်း၊ ရှေးဦးစွာ ပရိညာ အကွက်ဖော်ရန် အလွန်သင့်မြတ်၏၊ ကာယဝိညာဏ်ဒွေးတွင်မှလည်း ဒုက္ခသဟဂုတ် ကာယဝိညာဏ်သည်သာ ထင်ရှား၏၊ ထို့ကြောင့် ဒုက္ခသဟဂုတ် ကာယဝိညာဏ်၌ ပရိညာအချက်ကို ရှေးဦးစွာပြဆိုအံ့။
ကျောကုန်းအပြင် အစရှိသော တစ်တစ်ခုခုသော ကိုယ်အင်္ဂါ အစိတ်မှာ တစ်စုံတစ်ခုသော အုတ်ကျောက် လှံတန် အပြင်းအထန် ထိခိုက်ရာ အလွန်နာကျင်သော ဒုက္ခဝေဒနာ ဖြစ်လေ၏၊ ထိခိုက်သော ဒဏ် ပြယ်ပျောက်သောအခါ ထိုဒုက္ခဝေဒနာ ပျောက်ငြိမ်းလေ၏၊ ဝေဒနာကို ပဓာနပြု၍ဆိုသည်၊ နာမက္ခန္ဓာလေးပါးလုံး ဖြစ်အတူ ပျက်အတူ ရှိပါသည်ပင်၊ အာဟာရ သုံးပါးတည်း ပါရှိ၏။
နာမက္ခန္ဓာ လေးပါးမည်သည် တစ်ခုခုသော နေရာမှာ ဖြစ်ပေါ်၍နေလျှင် ကြွင်းသောတစ်ကိုယ်လုံးမှာ နာမက္ခန္ဓာမရှိ၊ ရူပက္ခန္ဓာ သက်သက်သာရှိမြဲဓမ္မတာတည်း၊ ထို့ကြောင့် ထိုထိခိုက်ရာ၌ ဖြစ်ပေါ်ခိုက် ထိုနေရာမှတစ်ပါး တစ်ကိုယ်လုံးမှာ ရူပက္ခန္ဓာသာရှိ၏၊ နာမက္ခန္ဓာ မရှိ၊ အဖြစ်အပျက်အလွန်မြန်လှသည့်အတွက်ကြောင့် စက္ခု, သောတ, ဟဒယဝတ္ထုတို့နှင့် တကွပြိုင်၍ပင် ရှိနေသကဲ့သို့ ထင်ရ၏၊ ထိခိုက်၍ အနာအကျင်ဖြစ်၍ နေဆဲမှာမျက်စိကလည်း မြင်လျက်ပင်ဖြစ်၏၊ စကား ပြောဆိုသံ အစရှိသော အသံတစ်ပါးကိုနားကလည်း ကြားလျှက်ပင် ဖြစ်၏၊ နှလုံးကလည်း သိလျက်ပင်ဖြစ်၏၊ မျက်တောင်တစ်ခတ်မျှ ကာလအတွင်း ကုဋေတစ်သိန်းမက ဖြစ်နိုင်ပျက်နိုင်သည်ဟူသော စကားကို ထောက်၍အပြောင်းအလဲ အဖြစ်အပျက်မြန်မှုမှာ မကြံအပ် မကြံစည်ရာပေတည်း။
ထိုခိုက်ရာဌာန၌ နာမက္ခန္ဓာလေးပါးခွဲပုံကား-ထိခိုက်မှန်း မသိမှုကား ဝိညာဏ်တည်း၊ နာကျင်မှုကား ဝေဒနာတည်း၊ ထိခိုက်ချက် ကို အမှတ်သညာပြုမှုကား သညာက္ခန္ဓာတည်း၊ ဤသို့ပါရှိသည့် အတွက်ကြောင့် အနာပျောက်ပြီးသည့်နောက် ပြန်၍အောက်မေ့ပြန်လျှင် အောက်မေ့တိုင်း အောက်မေ့တိုင်း စိတ်ထဲမှာထိခိုက်မှု ပေါ်နိုင်လေသည်။ ဝေဒနာပေါ်ရှိသဖြင့် ဖဿပါရှိကြောင်း ထင်ရှားအံ့၊ နာမှုတစ်ရွရွ တထောင်းထောင်းထနေသည်ကား စေတနာအမှုပေတည်း၊ ဖဿနှင့် စေတနာကား သင်္ခါရက္ခန္ဓာတည်း၊ ဧကဂ္ဂတာ, ဇီဝိတိန္ဒြေ,မနသိကာရ တို့၌လည်း သင်္ခါရက္ခန္ဓာ တရားစုပင်တည်း၊ နာမက္ခန္ဓာလေးပါးဖြစ်၏၊ ထိုနေရာ၌ရှိသော ရုပ်စုကား ရူပက္ခန္ဓာတည်း၊ ခန္ဓာငါးပါးဖြစ်၏၊ မထိ ခိုက်မီရှေးအဖို့၌ထိုနေရာမှာ ရူပက္ခန္ဓာတစ်ခုသာရှိ၏၊ အနောပျောက် သွားသောအခါ၌လည်း ထိုနေရာမှာ ရူပက္ခန္ဓာတစ်ခုသာကျန်ရှိ၏၊ ဤကဲ့သို့ အနာအကျင် ဖြစ်ရာ၌ ဝေဒနာက္ခန္ဓာသည် အထင်အရှားဆုံး ဖြစ်၏။
ထို့ကြောင့် နာသည်ဟူသော ဝေဒနာအမည်တစ်ခုကိုသာ ပြောဆို၏၊ ထိမှန်းသိကာမတ္တ အချက်စုမှာမူကား ဝိညာဏက္ခန္ဓာသာ ထင်ရှား၏။
ဤနေရာ၌ ဝေဒနာက္ခန္ဓာကို ပဓာနပြု၍ ဝေဒနာပုပ္ပဠူပမာ ဟူသော ဒေသနာတော်မြတ်နှင့်အညီ ထိုနာမှုကို မီးဟုန်းဖြင့်ဆူဆူတက် ၍နေသော ရေပွက်ငယ်တွေနှင့်တူစွာ ဉာဏ်မှမြင်အောင်ရှု၊ သဘာဝ အတိုင်း သရုပ်ပေါ်အောင် ထင်မြင်နိုင်လျှင် သာ၍ကောင်း၏၊ သရုပ် ပေါ်အောင် မိမိရရမထင်လျှင်နေရာ မကျ၊ ငါနာသည်ဟူသော သက္ကာယ ဒိဋ္ဌိလက်မှ အလွတ်ပဲနေလိမ့်မည်။
ဝိပဿနာရှုမှုမည်သည် ဉာဏဒဿနမှု သန္ဒိဋ္ဌိကမှုဖြစ်သည်။
ထို့ကြောင့်စက္ခုဝိညာဏ်ကို ရှုလျှင် မျက်စိနှင့် မြင်သကဲ့သို့ ပညာမျက်စိမှာ အထင်အမြင်ရအောင်ရှုရသည်၊ အထင်အမြင်နေရာကျ, မကျ စက္ခုဝိညာဏ်ကို မိ, မမိကိုလည်း ထိုရှုဆဲမြင်ဆဲအခါ၌ ငါမြင်သည်ဟူသော အထင်ပျက်၏လော၊ မပျက်၏လောဟုဆင်ခြင်၊ ရှုဆဲအခါမှာမှ ထိုအထင် မပျက်လျှင် စက္ခုဝိညာဏ်ကို လှလှမမိသေးဟု သိအပ်၏၊ စက္ခုညာဏ်ကို လှလှမမိခဲ့လျှင် လက္ခဏာရေးသို့ ကျလျှင်လည်း လှလှမိအောင် မထင်နိုင်၊ သဘာဝဓမ္မကို မိမှထိုသဘာဝ၏ဖြစ်မှု ပျက်မှုကို ရှုသောအခါဉာဏ်ထဲမှာ အားရစွာထင်နိုင်သည်။
ဝိညာဏ်ကဲ့သို့ ငါမြင်သည် ငါကြားသည် အစရှိသဖြင့်သဘာဝ ထင်ရှား၍တဏှာ, မာန, ဒိဋ္ဌိ အစွဲအလမ်းကြီးလှသော တရားတို့၌ သဘာဝဓမ္မကိုပင် ဉာဏ်မျက်စိတွင် ကောင်းကောင်း မြင်မှတော်သည်၊ မထင်ရှားသောတရားတို့၌ ကိစ္စမရှိလှ။ ဤထိခိုက်၍ နာမှုမှာ ဝေဒနာ ထင်ရှား၍ ငါနာသည်ဟု စွဲလမ်းသည်၊ ဝိညာဏ် မထင်ရှား၍ ငါသိသည်ဟု မစွဲလမ်း၊ ဝိညာဏာ ဟာရကမ္မဋ္ဌာန်း အလုပ်ကို လုပ်သော သူဖြစ်ခဲ့မူဝေဒနာကို အမှတ်ပြု၍ ဝိညာဏ်ကိုမိအောင်ဖမ်း၊ ဝေဒနာကိုပင် ဝိညာဏ်ဟု ရှုသော်လည်း ကိစ္စမရှိ၊ ဖြစ်အတူ ပျက်အတူ တရားစုမှာ ထင်ရှားရာတစ်ခုခုကိုမိလျှင် ပြီးတော့သည်။
(ဤကား ဓမ္မသဘာဝကို မိအောင်ဖမ်းမှု သိရာသောအချက်တည်း။)
ဥဒယဗ္ဗယ ဖမ်းနည်း
ဥဒယဗ္ဗယဖမ်းနည်းကား ထိခိုက်ရာဌာန တစ်ပြင်လုံး၌ တစ်ဖွား ဖွား ဖြစ်ပေါ်၍နေသော နာမှုဟူသော နာမက္ခန္ဓာလေးပါးသည် မထိ ခိုက်မီ ရှေးအဖို့၌ ဘယ်မှာမှရှိ၍နေနှင့်သော ခန္ဓာလေးပါး မဟုတ်၊ ထိုထိခိုက်မှုဒဏ်ချက်ကြောင့် မိုးပေါ်ကျသကဲ့သို့ ယခုဖြစ်၍လာသော တရားစုတည်း၊ အနာပျောက်ပြီဟု သိသောအခါ၌ အနာပျောက်မှု ဆိုသည်ကား ထိုခန္ဓာလေးပါးတို့၏ ချုပ်ကွယ်မှုတည်း ကုန်ခမ်းမှုတည်း၊ ဘယ်ကိုမျှပြောင်းရွှေ့၍သွားသည်မဟုတ်၊ ဤဖြစ်မှုပျက်မှုအရာ၌ အလွန်တွေဝေသူ များလှ၏၊ စိတ်ဆိုသည်ကား ကိုယ်တွင်းမှာ ထာဝရ အမြဲတည်ရှိ၍ နေ၏၊ ထိုတည်ရှိ၍ နေရာမှ ထိုခိုက်ရာဌာနမှာ ပေါ်၍ လာ၏၊ ထိခိုက်မှုပျောက်ငြိမ်းပြန်လျှင် နေရာတစ်ပါးသို့ပြောင်း၍ ပေါ်ပြန်၏ဟု ထင်၍နေသူများလှ၏၊ နိစ္စအတ္တစွဲလမ်းချက် အလွန် အားကြီးလှ၏။
ဤကဲ့သို့အနာအကျင်နှင့်ထင်ရှားရာ တစ်ကွက်ကွက်မှာ ယခုမှ ဖြစ်ပေါ်လာသော အာဂန္တုတရားစု အဖြစ်ကိုလည်းကောင်း၊ အနာပျောက်သည်ဟု ဆိုရသောအခါ ဘယ်ကိုမှသွားသည် မဟုတ်၊ ထိုနေရာတွင်ပင် အပြီးပျောက်ကွယ် သေဆုံး၍ သွားသည်၏အဖြစ်ကိုလည်းကောင်း၊ ဇဝိုးဇဝါး ယုံမှားသံသယမရှိ။ အသိဉာဏ်တွင် လင်းလင်းချင်းချင်း ထင်နိုင် မြင်နိုင် ထိုးထွင်းနိုင်အောင် ပြောဟောပြသရမည်။
ဤအရာတစ်ကွက်က ဉာဏ်မျက်စိပေါက်၍သွားလျှင် နောက် နောက်ဌာနတို့၌ လွယ်၍ သွားလတ္တံ့။ ဤအရာလွယ်ပါ၏ဟု မထင်လင့်၊ ဉာဏ်စွမ်းရှိလျှင် လွယ်၏၊ ဉာဏ်စွမ်းနုံ့သူမှာ မလွယ်။
ဤကဲ့သို့ ထင်ရှားလှသော ဒုက္ခဝေဒနာမှာ လွယ်ပြန်သော်လည်း သုခဝေဒနာမှာ အမြင်ခက်၍နေတတ်သည်၊ သုခဝေဒနာမှာပင် လွယ် ပြန်သော်လည်း စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါ ဝိညာဏ်အစရှိသော ဥပေက္ခာဝေဒနာနှင့်ယှဉ်သော ဝိညာဏ်တို့မှာ ခက်၍နေတတ်သည်၊ ထို့ကြောင့်
“အဒုက္ခ မသုခါဝေဒနာ ဉာဏသုခါ၊ အညာဏဒုက္ခာ” ဟူ၍ မဟာဝေဒလ္လသုတ်မှာ ဟောတော်မူသည်။
အဒုက္ခမသုခါဝေဒနာ=ဥပေက္ခာဝေဒနာသည်၊ ဉာဏသုခါ= သိလျှင်ချမ်းသာ၏၊ အညာဏဒုက္ခာ=မသိတည့်နိုင် မထင်တည့်နိုင် မမြင် တည့်နိုင်လျှင် ဆင်းရဲ၏။
အဋ္ဌကထာတို့၌လည်း ဥပေက္ခာဝေဒနာသည် ရှုမြင်ခြင်းငှာ ခဲယဉ်း၏၊ မိဂပဒဝဠဉ္ဇနနည်းအားဖြင့် ရှေးအဖို့ နောက်အဖို့၌ဖြစ်ပေါ်သော သုခဒုက္ခဝေဒနာတို့ကို ထောက်မြော်၍ အလယ်ခဏတို့မှာ ဥပေက္ခာဝေဒနာဖြစ်သည်ကို သိရမည်ဟုဆို၏၊ ငါးပါးသော ပဉ္စဝိညာဏ် တို့တွင် စက္ခုဝိညာဏ်သည် အလွန်သိမ်မွေ့သော ဥပေက္ခာဝေဒနာ နှင့်ယှဉ်သည်ဖြစ်၍ မိနိုင်ခဲလှ၏၊ အဖြစ်လည်းမစဲ ကိစ္စလည်း တွင် ကျယ်လှသည်ဖြစ်၍ ငါမြင်သည်ဟူသော သက္ကာယဒိဋ္ဌိ အစွဲအလမ်း အလွန်ခိုင်မြဲလှ၏၊ ကျား, ခြင်္သေ့တို့၏ပါးစပ်မှာရှိသော သားကောင် တို့ကဲ့သို့ သက္ကာယဒိဋ္ဌိ၏ လက်မှ စက္ခုဝိညာဏ်ကို ဉာဏ်အရလုခြင်းငှာ ခဲယဉ်းလှ၏၊ ရေပွက်ငယ်၌ပေါ်ရှိသောအရိပ်၏ ပျက်မှု, ဖြစ်မှုကို ရေပွက်ငယ်ပျက်မှုဖြစ်မှုနှင့်ဘက်တွဲ၍ ပြသကဲ့သို့ ခဲယဉ်းလှသော ဝိညာဏ်၏ဖြစ်မှုပျက်မှုကို ကောင်းကောင်း မြင်နိုင်မှလည်း ဖက်တွဲ နိုင်သည်၊ ငါမြင်သည်ဟု ဖြစ်မှုသည်လည်း စက္ခုဒွါရဝီထိနှင့်တကွ မနောဒွါရဝီထိများစွာ ကျပြီးမှ ငါမြင်သည်ဟုသိသော ဝီထိပေါ်လာသည်၊ စက္ခုဝိညာဏ်နှင့်တကွ ထိုအာရုံ၌ဖြစ်ကြသော စိတ်ဝီထိအများကို တစ်ခုတည်းပြု၍ ငါမြင်သည်ဟု ထင်မှတ်စွဲလမ်းသည်။
ဝိပဿနာမှုမည်သည် ထိုအစွဲအလမ်းကို ပယ်ဖျောက်မှုတည်း၊ ထို့ကြောင့် စိတ်ဝီထိ တစ်ထောင်, တစ်သောင်းကိုပင် စက္ခုဝိညာဏ် တစ်ခုတည်းပြု၍ ငါမြင်တစ်ခုတည်းပြု၍ ရှုမိလျက်ငြားသော်လည်း ငါမြင်သည်ဟူသော စွဲလမ်းချက်တစ်ကယ် ပြယ်ပျောက်လျှင်ပြီးတော့ သည်၊ အရာတိုင်းမှာ ဤနည်းကိုသိလေ၊ အဘိဓမ္မာအရာ၌ သဘော ယုတ္တိနှင့်တကွ ဝီထိလက်ရိုးများကို အလွန်ရေလည်လှသည်ဖြစ်၍ အတီတဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း စသည်တို့၏ ဥပါဒ်၊ ဌီ-ဘင် ခဏိကအစဉ်ဖြစ်ပုံ ချုပ်ပုံကိုများစွာသော သဘောယုတ္တိတို့ နှင့်တကွ အသက်ထက်ဆုံးချပို့ ဟောပြော၍ နေငြားသော်လည်း ထိုပုဂ္ဂိုလ်၏မြင်မှုသည် မြင်မှုသည် ဖြစ်ထိုက်သော သဘာဝယုတ္တိကို မြင်မှုသာဖြစ်သည်၊ ဝိပဿနာ အမြင်မျိုးပင်မဟုတ်၊ ဝိပဿနာအမြင် မျိုးနှင့်အလွန်ပင်ဝေးကွာ၏၊ သို့ပါလျက် ထိုကဲ့သို့သော ခဏိကဓမ္မ အစီအစဉ်အဖြစ်အပျက်တို့ကို နေရာကျ သိတတ်မှ ဝိပဿနာမှု နေရာ ကျနိုင်မည်ဟု ထင်မှတ်ပြောဆိုကြသော အရာများသည် နေရာကျ အချက် မသိကြီးမသိလှ၍ ထင်မှတ်ပြောဆိုကြသော အရာသာဖြစ်သည်။
ဥပမာကား အဘိဓမ္မာကျမ်းတတ်ဆရာသည် မန္တလေးမြို့ ရန်ကုန်မြို့များမှာ အလွန်ကြီးကျယ်လှစွာသော ဘယဆေးသည်ကြီး နှင့်တူ၏၊ ထိုဘယဆေးသည်ကြီးသည် ဘယ်ဆေးမျိုးမှမရှိဟု မဆိုရ အောင် တစ်သောင်းဖိုး နှစ်သောင်းဖိုး တစ်သိန်းဖိုး နှစ်သိန်းဖိုး ဝယ်ယူ၍ ကိုးခန်းတိုက် ရှစ်ခန်းတိုက် စသည်တိုက်ဆိုင်ကြီးစွာနှင့် အပြည့်စမ်း တိုင်းတွေ့အောင် စီစဉ်ဆိုင်ခင်း၍ထားပေ၏၊ အလိုရှိ၍ ဝယ်သူလာလျှင် လိုရာဆေးမျိုးကို တစ်ထောင်ဖိုး တစ်သောင်းဖိုး ခဏချင်းပေးနိုင်၏၊ သူနာကို ကုစားသော ဆေးသမားပညာမျိုးမူကား မကျွမ်းကျင်၊ မိမိ ကိုယ်မှာ ရောဂါတစ်ခုစွဲ၍နေ၏၊ ထိုရောဂါကို တစ်ပါတည်းနှင့် ပျောက် ကင်းစေနိုင်သော ဆေးမျိုးသည် မိမိဆိုင်မှာ တစ်ရာမက ရှိ၏၊ သမား ပညာကို အနည်းငယ်မျှ မကျွမ်းကျင်သည့်အတွက် တစ်သက်လုံး ထိုရောဂါမပျောက်၊ ဖဿတစ်ခုကိုဖြစ်စေ၊ ဝေဒနာတစ်ခုကိုဖြစ်စေ၊ စေတနာတစ်ခုကိုဖြစ်စေ၊ ဝိညာဏ်တစ်ခုကိဖြစ်စေ၊ ဝိပဿနာ ပရိညာ အချက်နှင့်သိမြင် ပေါက်ရောက်သောသူသည် အစွမ်းကောင်းဆေးမြစ် တစ်ခုနှင့် အရာမကသော သူနာတို့ကို ရောဂါပျောက်ငြိမ်းအောင် ကုစားနိုင်သော ဆေးသမားဆရာနှင့်တူ၏။
ဝိပဿီအစရှိသော ခြောက်ဆူသောဘုရားတို့လက်ထက်၌လည်း ပိဋကတ်သုံးပုံဆောင် ငါတို့ဘုရား လက်ထက်၌လည်း ပိဋကတ်သုံးပုံ ဆောင်ကြီး သုံးပုံတတ်ကြီးဖြစ်၍ ဇေတဝန်ကျောင်းတော်မှာ အကျော် အမော်ကြီး လုပ်၍နေသော ပေါဋ္ဌိလမထေရ်ကြီးသည် ဝိပဿနာမှုကို အားထုတ်လိုသောအခါ ဝိပဿနာမှုပေါက်ရောက်ပြီးသော တော ကျောင်းနေ ရှင်သူငယ်ကလေးအထံမှာ လက်အုပ်ချီ၍ ကမ္မဋ္ဌာန်းသင် ယူရသည်ဟု ဓမ္မပဒအဋ္ဌကထာမှာလာသော တုစ္ဆပေါဋ္ဌိလ မထေရ်ဝတ္ထု ကို ထောက်မြော်လေ။
ဝိပဿာမျိုးကို မသိသော အဘိဓမ္မာကျမ်းတတ်ဆရာသည် ဆေးဒန်းအစရှိသော ဓာတ်မျိုးတို့ကို တစ်သိန်းဖိုး နှစ်သိန်းဖိုး တိုက်ဆိုင် တည်ခင်း၍နေသော တရုတ်ကုန်သည်ကြီးနှင့်တူ၏၊ ဖဿာဟာရ စသည်တို့တွင် တစ်ခုခု၌ ဝိပဿနာပရိညာအချက် မိပြီးသောသူသည် ဆေးဒန်းစသောဓာတ်မျိုးနှင့်ရွှေဖြစ် ငွေဖြစ်ပေါက်ရောက်ပြီးသော ဟိန္ဒူ ဇော်ဂီ ကုလားဘုန်းကြီးနှင့်တူ၏၊ သို့သော်လည်း အဘိဓမ္မာကျမ်းတတ် ဆရာများ တတ်သိလိမ္မာ၍ ဆောင်ရွက်ပေးသောကြောင့် အဘိဓမ္မာ ပိဋကတ်တော်ကြီးများ ယနေ့ထက်တိုင်တည်ရှိနေပေသည်၊ အဘိဓမ္မာ ကျမ်းတတ် ဆရာတို့၏ ကျေးဇူးသည် သာသနာအစဉ်၌ အလွန်ကြီးကျယ် လှပေ၏။
(ဤကား ပညာရှိတို့ သတိပညာဖြစ်ရန် မှာထားလိုက်သော စကားရပ်တည်း။)
ပြဆိုခဲ့ပြီးသော ထိခိုက်နာကျင်မှု၌ နာမက္ခန္ဓာလေးပါးတို့၏ ယခုမှ အသစ်ဖြစ်ပေါ်မှုဟူသော ဥပါဒ်စွန်းကို ထင်လင်းစွာ မြင်ခြင်း၏ အကျိုးကား ပဋိသန္ဓေမှစ၍ နာမ်တရားတို့မည်သည် အစဉ်တည်ကာ ပါရှိ၍နေသည်ဟု ထင်မှတ်သော နိစ္စသညာ ပျောက်ကင်း၏၊ ယခု တွင်မှဖြစ်ပေါ်သော ဥပါဒ်ဇာတိစွန်းကို ထင်လင်းဒိဋ္ဌတွေ့မြင်သဖြင့် ရှေးအဖို့ကရှိနေနှင့်သော တရားမဟုတ်ဟု မြင်နိုင်သောကြောင့် ထို သညာပျောက်လေသတည်း။
ယခုပင်ပျောက်ကွယ်ကုန်ဆုံး၍သွားသည်ကို ထင်လင်းစွာ မြင်ခြင်း၏အကျိုးကား ဤယခုရှိနေသော စိတ်နှင့်ပင် ရှေ့သို့လည်း သွားရလိမ့်မည်ဟုထင်မှတ်နေသော နိစ္စသညာပျောက်ကင်း၏၊ ယခုပင် ဤနာမက္ခန္ဓာလေးပါး အနိစ္စမရဏသို့ ရောက်လျက်ကွယ်ဆုံး၍ သွား သောဘင်စွန်းကို ထင်လင်းဒိဋ္ဌတွေ့မြင်ရသဖြင့် မျက်တောင်တစ်ခတ်မျှ အမြဲတည်ကာလိုက်ပါ၍ နေနိုင်သော တရားမျိုးမဟုတ် ဟုမြင်နိုင် ဆုံးဖြတ်နိုင်သောကြောင့် ထိုသညာ ပျောက်လေသတည်း။
မျက်တောင်တစ်ခတ်မျှ အမြဲတည်ကာလိုက်ပါ၍မနေနိုင်ဟူရာ ယခုဖော်ပြသော ဒုက္ခဝေဒနာအချက်မှာ ဆူဆူတက် နာကျင်မှုကို စေ့စေ့ ရှုဆင်ခြင်ပါလျှင် ရွရွရွရွ ခဏမစဲ တစ်သဲသဲနေသည်ကို ကိုယ်တွေ့ဒိဋ္ဌ သိမြင်ရသဖြင့် တစ်အောင့်တစ်ခရာ အနာမပျောက်သေးမီအတွင်းမှာပင် နာရာဌာန တစ်ပြင်လုံးမှာ အသိန်းအသန်းမကဖြစ်မှု ချုပ်မှုတွေရှိနေသည်ကိုလည်း မြင်တတ်သမျှလည်းမြင် ရိပ်မိတတ်သမျှလည်း ရိပ်မိ၏၊ ထို့ကြောင့် မျက်တောင်တစ်ခတ်မျှ နိစ္စဖြစ်၍ တည်နေနိုင်သော တရားစု မဟုတ်သည်ကို အတတ်ပင်ဆုံးဖြတ်၍ သိနိုင်လေသတည်း။
ဤဒုက္ခဝေဒနာအချက် ဥပါဒ်စွန်း ဘင်စွန်း နှစ်ချက်ကို ကိုယ် တွေ့ဉာဏ်မြင်အထင်အလင်း ထိုးထွင်း၍သိရသဖြင့် ဤကိုယ်ခန္ဓာ တစ်ခုလုံးမှာ ရှေးရှေးကဖြစ်ဖူးခဲ့သမျှသော စိတ်စေတနာ နာမက္ခန္ဓာတို့သည်လည်း အာရုံထိခိုက်လာ ထခိုက်လာမှ ထိုထိခိုက်ရာအကွက်တွင် ဘွားခနဲ ဘွားခနဲဖြစ်ပေါ်လာသော အာဂန္တုတရားစုတို့သာစင်စစ်တည်း၊ ထိခိုက်ဒဏ်ပြေပျောက်သွား ပြန်လျှင်လည်း ထိုနေရာမှာပင်အကုန်လုံး သေဆုံး ကွယ်ပျောက်၍သွားသော အနိစ္စတရားတို့သာ စင်စစ်တည်းဟု အစုအစု အပိုင်းအပိုင်း ဉာဏ်ထဲတွင်ထင်မြင်၍ နေလတ္တံ့၊ ယခုအခါမှ နောက်ခဏ နောက်ရက် နောက်လ နောက်နှစ်တို့မှာလည်း အာရုံထိ ခိုက်လာ ထိခိုက်လာမှ ထိုထိခိုက်သောနေရာတွင် အသစ်အသစ်ဖြစ် ပေါ်၍ ဖြစ်ပေါ်၍ လာကြကုန်လတ္တံ့၊ ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်းလည်း ထိုထိုနေရာမှာပင် ပျောက်ဆုံးကြ ပျောက်ဆုံးကြကုန်လတ္တံ့၊ ဤဘဝ တစ်ခုလုံး ထင်မြင်၍ နေလျှင်လည်း ရှေးရှေးဘဝ နောက်နောက် ဘဝတို့မှာ သည်အတိုင်းပင်မြင်၍ နေလတ္တံ့၊ သုံးဆယ့်တစ်ဘုံရှိသတ္တဝါ အနန္တ စကြဝဠာအနန္တမှာလည်း သည့်အတိုင်း ထင်မြင်၍ နေလတ္တံ့။
ဤကားတစ်ခုသော ကိုယ်အင်္ဂါအစိတ်မှာ ဒုက္ခသဟဂုတ်ကာယ ဝိညာဏ်အစဉ်တစ်ခုကို အကွက်ပေါ်အောင်ဖော်၍ အနိစ္စပရိညာ ထင်လင်းစွာတည်ထောင်ပုံ အစီအရင်ကို အနုသာသနီနည်းအားဖြင့် ပြသ သွန်သင်ချက်တည်း။
တစ်ကွက်တစ်နေရာနှင့်မှ မလင်းသေး မစွဲသေးလျှင် ဒုက္ခသဟ ဂုတ်ကာယဝိညာဏ်ကို တစ်ကိုယ်လုံးအနှံ့ဖော်၍ ပြရသည်၊ ပြနည်းကား တစ်ကွက်နှင့်တစ်ကွက် ခပ်ကွာကွာနေရာမှာ ဖော်ရမည်၊ လကျ်ာ ခြေဖဝါး၌ အနာအကျင် ထိပါးခဲ့သော်ဟု ကိန်းဖော်၍ ပြဆိုခဲ့ပြီး သော အတိုင်း သဘာဝကိုမြင်နိုင်အောင် ဥပါဒ်စွန်း ဘင်စွန်းကို မြင်နိုင် အောင်ပြလေ။
ထို့နောက် လက်ဝဲခြေဖဝါးမှာ၊ ထိုနောက် လကျ်လက်ဖဝါးမှာ၊ ထိုနောက်လက်ဝဲ လက်ဖဝါးမှာ စသည်ဖြင့် ဖော်လေ။
ဦးနှောက်တွင်းမှာ ကိုက်၍လာမှု ပူ၍လာမှု ရင်တွင်းမှာပူ၍လာမှု အပူပျောက်မှု အဆုပ်တွင်းမှာပူ၍လာမှု အပူပျောက်မှုစသည်ဖြင့် ဖော်လေ။
ထိုထိုအင်္ဂါ အစိတ်အကွက်မှာ ယား၍လာမှု အယားပျောက်မှု ထုံ၍လာမှု ကျင်၍လာမှု နာ၍လာမှု ကိုက်၍လာမှု ခဲ၍လာမှုစသည်ဖြင့် ဖော်လေ၊ တစ်ကိုယ်လုံးအနှံ့အပြားဖော်၍ ပြနိုင်လေလေ နာခံသောသူမှာ ဉာဏ်အမြင်သန့်ရှင်းလေလေ ဉာဏ်အမြင်ရွလေလေဖြစ်သတည်း။ ဤဒုက္ခသဟဂုတ်ကာယဝိညာဏ်တစ်ခုကို တစ်ကိုယ်လုံးမှာ ဖြစ်မှုချုပ်မှု အကွက်အကွက် အပိုင်းပိုင်းတွေထင်မြင်၍ကုန်လျှင် ကြွင်းသော ဝိညာဏ် ခြောက်ပါးတို့နှင့်တကွ စေတသိက်ဟူသမျှတို့သည်လည်း ဤနည်းချည်း ဆိုသည့်အနေနှင့် ထင်ပြီးတွေ မြင်ပြီးတွေကဲ့သို့ ဖြစ်၍ကုန်လေ၏၊ ငါမြင်သည် ငါကြားသည် ငါနာသည် အစရှိသောဒိဋ္ဌိစုသည် အကုန် ပျောက်ကင်း၍ ကုန်တော့ မှာလောက်ထင်ရ၏။
အနိစ္စပရိညာ အစဖော်နည်း ပြီး၏။
ဒုက္ခဝေဒနာနှင့်အစဖော်ပြီးနောက် သုခဝေဒနာကိုဖော်ရာ၏၊ သုခသည် နိဒုက္ခသုခ, ဝေဒနာသုခ ဟူ၍နှစ်မျိုးရှိ၏၊ ထိုတွင်ရူပကာယ နာမကာယ၌ ဒုက္ခဝေဒနာကင်းရှင်း၍ နေကာမျှသည် နိဒုက္ခသုခမည်၏၊ ဆင်းရဲဒုက္ခကင်းရှင်း၍နေသည်ကိုပင် ချမ်းသာ ဆိုရသည်၊ သုခဝေဒနာ အလွန်ထင်ရှားသည် မဟုတ်၊ ထိမှန်းသိရုံ မျှသော ဝိညာဏ်ကိစ္စသာ ထင်ရှားသည်၊ ကောင်းလေစွ ကောင်းလေစွ ဟုဆိုရလောက်သော သုခကို ရှေးဦးစွာ ဖော်ရမည်၊ ပူအိုက်လှတုန်းအခါ အေးမြစွာသော ရေချိုးမှု ယပ်လေခံမှု လေပြေလေညှင်းခံမှု၊ ချမ်းအေး လှ၍ ဒုက္ခဖြစ်နေသောအခါ မီးလှုံမှု နေစာလှုံမှု နူးညံ့သောလက်ဖြင့် သာယာစွာ ဆုပ်နယ်မှုစသည်တည်း၊ ထိုအမှုတို့ဖြင့် ဖော်ရာ၌လည်း ဉာဏ်နိုင်ရုံကွက်၍ ကွက်၍ဖော်ရမည်။
ဖော်ပုံကား ပူအိုက်လှ၍ အေးမြသောရေကို ကျောက်ကုန်း အပြင်မှာလောင်းချိုးရာ၌ လက်ဝါးရာ တစ်ခုစာမျှတွင် ကွက်၍ပြရာ၏၊ ဤနေရာမှ ပွက်ပွက်ဆူ၍နေသော ပူအိုက်မှု ဒုက္ခဝေဒနာတွေ ကွယ် ပျောက်မှု အလွန်ချမ်းသာလှသော သုခဝေဒနာတွေ ဆူဆူတက်ဖြစ် ပေါ်မှုကို ပြရာ၏၊ ခဏမကြာမီ လောင်းချိုးသော ရေခန်းခြောက်၍ သွားပြန်လျှင် သုခဝေဒနာတွေ တစ်ဖြည်းဖြည်းချုပ်ကွယ်မှု ဒုက္ခဝေဒနာ တွေ တစ်ဖန်တစ်ပွက်ပွက်ဆူဖြစ်ပေါ်၍လာမှုကိုပြရမည်၊ ဝေဒနာ ဓာတ် သားကိုလည်း လှလှမိအောင် ဖမ်းစေရမည်၊ တစ်ဖွားဖွားဖြစ်ပေါ်မှု ဟူသော ဥဒယအစွန်းချုပ်ကွယ် ပျက်ဆုံးမှုဟူသော ဝယအစွန်း ဤအစွန်း နှစ်ပါးကိုလည်း ထင်ရှားစွာ ပစ္စက္ခဒိဋ္ဌမြင်စေရမည်၊ ထိုမှကြွင်း ကျန်သော အနုသာသနဆုံးမပုံ အစီအရင်မှာ ပထမခန်းအတိုင်း သိလေ။ တစ်ကွက်လှလှမိသည့်နောက် တစ်ကိုယ်လုံးဖြန့်နည်း၊ တစ်ဘဝ လုံး ဖြန့်နည်း၊ တစ်သံသရာလုံးဖြန့်နည်း၊ သတ္တဝါအများမှာ ဖြန့်နည်း များကိုလည်း ရှေးနည်းအတိုင်း သိလေ။
ထင်ရှားသော သုခဝေဒနာ၏ အခြင်းအရာကို ထင်မြင်ပြီးမှ နူးညံ့သောအဝတ်အရုံထိရာ၊ အခင်းအနှီးထိရာ၊ သစ်ပင်ရိပ်ကျောင်း တိုက်ခန်းရိပ်ထိရာ စသည်တို့၌ တစ်ကိုယ်လုံးမှာ တစ်ပြိုင်နက်ကဲ့သို့ ဖြစ်ပေါ်နေသော သုခဝေဒနာတွေကိုလည်း ဖြစ်နိုင်လတ္တံ့၊ ဉာဏ်နိုင်ရုံ ကွက်၍ကွက်၍ကြည့်မှုသည် ပြက်ပြက်ကွက်ကွက်မြင်သာသည်။
သုခသဟဂုတ် ကာယဝိညာဏ်၌ ဥဒယဗ္ဗယ အနိစ္စပရိညာ အစီအရင်ပြီး၏၊
ဇိဝှါဝိညာဏ်သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်သည်ဖြစ်၍ ဝေဒနာကိစ္စမထင်ရှား၊ ချိုသည် ဆိမ့်သည် စပ်သည် အစရှိသည်ဖြင့် နောက်စိတ်အစဉ်မှာမှ ပေါ်လာသော ဣဋ္ဌ အနိဋ္ဌခြားနားစွာသိသော ဇောဝီထိစုကို အတွင်းဝင်ပြု၍ ပြရမည်၊ ဝိညာဏ်ကိစ္စကား အလွန်ထင် ရှား၏၊ ချိုသည်ဟု အသိထင်ရှား၏၊ ခါးသည်ဟု အသိထင်ရှား၏၊ ထိုအသိစုချုပ်ကွယ်မှုလည်း ထင်ရှား၏၊ ကောင်းသည် မကောင်းသည်ဟု ပိုင်းခြားသောအမှုမှာ နောက်စိတ်တွေလာမှ ထင်ရှားသည်၊ အလုံးစုံကို ဇိဝှါဝိညာဏ် ခံစားမှု ဇိဝှါဝိညာဏ်နှင့်ယှဉ်သော ဝေဒနာမှုပြု၍ပြောသော် လည်း သင့်မြတ်တော့သည်၊ နာမက္ခန္ဓာတို့၏ ဥဒယအစွန်း ဝယအစွန်းကို ထင်ထင်ရှားရှား အာရုံပြုနိုင်သည်သာ ပမာဏတည်း၊ ကြွင်းကျန်သော အနုသာသနအစီအရင်မှာ ကာယဝိညာဏ်ဒွေမှာ ပြဆိုခဲ့သောနည်း အတိုင်းသိလေ။
သကြား သကာစသည် သံပုရာရည်, ရှောက်ရည် စသည် ဟင်းကျွေးဟင်းလျာ စားဖွယ်ခဲဖွယ်သောက်ဖွယ် လျက်ဖွယ် တစ်ခုခုမှာပင် လျှာပေါ်သို့ အခါခါရောက်ရာ၌ အခါခါဖြစ်မှု ပျက်မှုကို ထင်ရှားအောင် ရှုလေ
ဇိဝှါဝိညာဏ်ပြီး၏၊
ဃာနဝိညာဏ်ဒွေမှာလည်း ကောင်းသောအနံ့ အခါခါထိခိုက်ရာ အခါခါတစ်ဖွားဖွားဖြစ်ပေါ်မှု အခါခါချုပ်ပျောက်မှု မကောင်းသော အနံ့အခါခါ ထိခိုက်လာရာ၌ အခါခါတစ်ဖွားဖွားဖြစ်ပေါ်မှု အခါခါချုပ် ကွယ်မှု များကို ထင်အောင်မြင်စေရသည်၊ ကောင်းသောအနံ့မှာလည်း ထို့အတူသိလေ။ သောတဝိညာဏ်မှာလည်း အသံအခါခါဖြစ်ပေါ်မှု အခါခါချုပ်ပျောက်မှုကို ထင်ရှားစွာမြင်စေရမည်၊ သောတဝိညာဏ်သို့ ကျလျှင်ပင် အလွန်သိမ်မွေ့လှပြီ၊ သက္ကာယဒိဋ္ဌိ အလွန်ခိုင်မြဲလှပြီ၊ ငါကြားသည်ဟူသော ငရဲမီးကိုသတ်ရန် အခွင့်အလွန်ခဲယဉ်းပြီ။ ဝိညာဏ်ဓာတ် သားနှင့်တကွ ဥဒယစွန်း ဝယစွန်းကို ဘယ်နည်းနှင့်မဆို မြင်သာသည့်နည်းနှင့်အတပ်မြင်မှ သတ်နိုင်မည်၊ ကာယ ဝိညာဏ်ဒွေ၌ ငါခံ၍ကောင်းသည်၊ ငါအခံခက်သည်၊ ငါပူသည် ငါအိုက်သည်၊ ငါယား သည်၊ ငါနာသည်၊ ငါထုံသည်၊ ငါကျင်သည် အစရှိသည်ဖြင့် ငရဲမီးများ လှသော်လည်း ဝေဒနာကိစ္စကြွရွ ထင်ရှားသည့်အတွက် အသတ်လွယ် သေး၏၊ ဇိဝှါဝိညာဏ်မှာ ငါချိုသည်၊ ငါချဉ်သည်၊ ငါကောင်းသည်၊ ငါမကောင်းသည်စသော ငရဲမီးစု၊ ဃာနဝိညာဏ်မှာ ငါနံသည် ငါမွှေး သည်စသော ငရဲမီးစုအသတ်လွယ်၏၊ သောတဝိညာဏ်သို့ ကျလျှင်ပင် ငါကြားသည် ဟူသောငရဲမီးသည် အသတ်ခဲယဉ်းပြီ။ စက္ခုဝိညာဏ်သို့ ရောက်လျှင် ငါမြင်သည်၊ ငါကြည့်သည်၊ ငါရှုသည်ဟူသော ငရဲမီးသည် အလွန်တောက်လှထက်သန်ခိုင်မြဲလှ၏၊ သွန်သင်ပြသသော အနုသာသနီ ဆရာ အပြလိမ်မာမှ ပြက်ပြက် ကွက်ကွက် ပိုင်းပိုင်းခြားခြား ထင်နိုင်မြင် နိုင်မည်၊ ထိုသို့ ထင်မှလည်း ဉာဏ်လက်နက်သည် ငရဲမီးကိုထိမည်။
အဘိဓမ္မာ ကျမ်းတတ်ဆရာတို့က သဗ္ဗညုတဉာဏ်တော် အရာ၌ သဘာဝယုတ္တိကိုဆ၍ ထွေလာဖန်တီး ပြောဟောသည်များကို ဝိပဿနာ အမြင်မျိုး မဟုတ်ဟု ပြဆိုခဲ့ပြီ၊ ငါမြင်သည်ဟု စွဲလမ်းမှုကို ငရဲမီးဆိုရာ၌ သက္ကာယဒိဋ္ဌိကို ပယ်နိုင်လျှင် အပါယ်တံခါးပိတ်၏၊ အပါယ် တံခါးမျိုး ပြတ်၏၊ အပါယ်မြစ်ပြတ်၏၊ အပါယ်ကြောပြတ်၏ ဟူသော ဒေသနာ တော်စသည် စကားသည် သက်သေတည်း။
သက္ကာယဒိဋ္ဌိချုပ်ခဲ့လျှင် အတိတ်ကပြု၍ထားခဲ့သော မကောင်း မှုကံ အနန္တသည် အကုန်လုံး တစ်ချက်တည်း ကွယ်ပျောက်၏၊ နောက် အနာဂတ်၌ ဖြစ်လတ္တံ့သော ဒုစရိုက်အကုသိုလ်ကံ အနန္တစုလည်း အကုန်လုံးတစ်ချက်တည်း ကွယ်ပျောက်၏၊ အပါယ်တံခါးအပြီးပိတ်၏ဟု သိရသဖြင့် လောက၌ ဒုစ္စရိုက်ကံဟူသမျှသည် သက္ကာယဒိဋ္ဌိ၏ အစီး အပွားတည်း၊ ငရဲမီးသည် သက္ကာယဒိဋ္ဌိ၏ အစီးအပွားတည်းဟု သိအပ် လေရာကား ငါ ငါဟု စွဲလမ်းသော သက္ကာယဒိဋ္ဌိကို ငရဲမီး ဆိုသင့်လှလေ သတည်း။
မြင်သည်ကိုစွဲလမ်းမှုမှာ တဏှာ, မာန, ဒိဋ္ဌိ သုံးပါးရှိ၏၊ ထိုသုံး ပါးတွင် ငါမြင်သည်ဟုစွဲလမ်းမှုလည်း မာန၏ဝိသေသအချက်တည်း၊ တဏှာဒိဋ္ဌိနှစ်ပါးလည်းဆိုင်ပါ၏၊ ငါဟူသည် တစ်ဘဝတွင် တစ်ငါသာ ဟုဖြစ်ရင်းတည်း၊ စက္ခုဝိညာဏ်ဟူသော မြင်မှုကို အာရုံပြု၍ ငါမြင်သည် ဟုစွဲလမ်းချက်မှာ တစ်ဘဝလုံးမှ စက္ခုဝိညာဏ်တစ်ခုတည်းဟု စွဲလမ်းမှု တည်း၊ စက္ခုဝိညာဏ်ကို တစ်ဘဝလုံးမြဲသော နိစ္စဟူ၍စွဲလမ်းမှုတည်း။ ငါ၏မြင်ချက်သည် ကောင်း၏ဟု စွဲလမ်းမှုကား တဏှာ၏ ဝိသေသ အချက်တည်း၊ မြင်မှုသည် ငါ၏အတ္တတည်းဟု စွဲလမ်းမှုကား ဒိဋ္ဌိ၏ဝိသေသ အချက်တည်း၊ ရှေး၌ သတ္တပုဂ္ဂလ အတ္တဇီဝ ပရမတ္ထ ဓမ္မခွဲခန်းမှာ သေချာစွာပြဆိုခဲ့ပြီ
ပဉ္စဝိညာဏ် ပြီး၏၊
ဟဒယဝတ္ထု မနောဝိညာဏ် ပေါက်မှထွက်တောက်သော ငရဲမီး အသိုက်အအုံသည်ကား အလွန်ကြီးကျယ်လှ၏၊ မီးသတ်ဆရာ အစွမ်း ကောင်းလိုလှ၏။
သတ်ပုံအစီအရင်ကိုပြဆိုအံ့၊ မနောဝိညာဏ်မည်သည် နေ့နေ့ ညညခဏမစဲ နှလုံးထဲမှာ တစ်ရှိန်တည်း, တစ်ဆက်တည်း, တစ်ခုတည်း ဖြစ်၍ အမြဲတည်နေသည်ဟုစွဲလမ်း၍ နေကြ၏၊ ငါသိသည် ငါကြံသည် ငါတွေးသည် ငါဆသည် အစရှိသည်ဖြင့် ငရဲမီးတောက် မီးလျှံမစဲ ထ၍နေ၏၊ ထိုမနောဝိညာဏ်စု၏ဖြစ်ပေါ်ရာဌာနကား နှလုံးအိမ်တည်း၊ ထိုနှလုံးအိမ်တွင်းမှာလည်း သွေးသည် တစ်လက်ဖက်ခွဲခန့်ရှိ၏၊ အောက်၌ တည်သော ပါစကဝမ်းမီး တစ်ကိုယ်လုံးတွင် ထက်ဝန်းကျင်မှာ တည်ရှိ သော ဥသ္မာခေါ်သော ကိုယ်စောင့်ဓာတ်မီးတို့ကြောင့် ထိုနှလုံး သွေးသည် စမ်းပွက်ရေကဲ့သို့ အခါခပ်သိမ်း ဆူဆူတက်ပွက်၍သာ နေသောအခြင်း အရာရှိ၏၊ မနောဝိညာဏ်၏မှီရာ ဟဒယဝတ္ထုရုပ်သည် ထိုသွေးမှာ အသိန်း, အသန်းမကတည်ရှိ၏၊ ထိုဟဒယ ဝတ္ထုရုပ်စုလည်း နှလုံးသွေးမှာ လှိုင်းစီး၍တည်နေ၏၊ မနောဝိညာဏ်ဟူသမျှသည် ထိုဟဒယဝတ္ထုရုပ် ပေါ်မှာ တစ်ဖွားဖွားဖြစ် ပေါ်၏၊ ပြိုးပြိုးပျက်ပျက် ရိုးရိုးရက်တစ်လက်လက် တစ်လင်းလင်းနေ၏။
“ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ”ဟူ၍လည်းကောင်း၊ “ပဏ္ဍရံ စိတ္တံ” ဟူ၍လည်းကောင်း ဟောတော်မူ၏။
ဘိက္ခဝေ=ရဟန်းတို့၊ ဣဒံစိတ္တံ=ဤစိတ်ဝိညာဏ်မည်သည်၊ ပဘဿရံ=ပြိုးပြိုးပြက် ရိုးရိုးရက် တစ်လက်လက် တစ်လင်းလင်းရှိ၏၊ စိတ္တံ=စိတ်ဝိညာဏ်သည်၊ ပဏ္ဍရံ=ဆွတ်ဆွတ်ဖြူ၏၊ မျက်မြင်မျိုးမဟုတ်၊ ဉာဏ်မြင်မျိုးပေတည်း၊ မျက်မြင်မျိုး အသွင် မှန်း၍ ဉာဏ်မျက်စိနှင့် ကြည့်သော်လည်း ကိစ္စ မရှိ၊ “ဝိဇ္ဇုပ္ပါဒါဝ အာကာသေ ဥပ္ပဇ္ဇန္တိ ဝယန္တိစ” ဟူသည်နှင့်အညီလျှပ်၏ ဖြစ်ခြင်း, ပျက်ခြင်း မြန်ပုံကဲ့သို့ ထင်မြင်၍ ဥဒယစွန်း ဝယစွန်း ဤအစွန်းနှစ်ခုကို ဉာဏ်၌ ထိထိမိမိ အားရပါးရမြင်နိုင်မှုသည်သာ ပမာဏတည်း။ တစ်သိမ့်သိမ့် တစ်အိမ့်အိမ့်ကဲ့သို့နေသော ထိုနှလုံးသွေးမှလည်း ဖြစ်ပေါ်ရာဌာနအများ အကွက်ဖော်၍ကြည့်၊ အလယ်၌ ပေါ်သောအခါလည်းရှိသည်၊ ရှေ့ဘက် အစွန်းအနားပေါ်သောအခါ၌လည်း ရှိသည်၊ နောက်အဖို့အစွန်းအနား၌ ပေါ်သောအခါလည်းရှိသည်၊ လက်ျာဘက် အစွန်းအနား၌ပေါ်သော အခါလည်းရှိသည်၊ လက်ဝဲဘက် အစွန်အနား၌ ပေါ်သောအခါလည်း ရှိသည်၊ ဤသို့စသည်ဖြင့် ဖြစ်ပေါ်ရာဌာနအကွက်သည် အရာမကများ၏၊ ပေါ်ရာ ပေါ်ရာဌာနမှာ ချုပ်ပျောက်မြဲဓမ္မတာတည်း၊ နှလုံးတွင်းခန့် ပမာဏရှိသော မျက်လုံးသား အပြင်အစရှိသော ထိုထိုကိုယ်အင်္ဂါ အကွက်မှာ မြမြထက်သော အပ်ဖျားနှင့်တစ်ချက် တစ်နေရာ ထိုး၍ သွားလျှင် နာမှု ဟူသော နာမက္ခန္ဓာအစုသည် ထိုထိုအချက်မှာ အသီးသီး ဖြစ်ပေါ်၍ ဖြစ်ပေါ်ရာဌာနမှာ အသီးသီး ကွယ်ပျောက်၍ သွားသည်ကို ထင်ရှား သိမြင်နိုင်သကဲ့သို့ သူ့အကွက်နှင့်သူ အသီးသီးဖြစ်မှု, ပျက်မှု ထိထိမိမိ မြင်နိုင်စေ။
ဥပမာကား တစ်ခုသော ပုလင်းငယ်အတွင်းမှာ တစ်လက်ဖက်၏ ထက်ဝက်ခန့်ပမာဏရှိသော ချင်းချင်းနီသော မှန်ကဲ့သို့ ကြည်လင် လှစွာသော ထိုထိုဝတ္ထုကို အလွန်မြန်မြန်ကြီး ကုန်ပျောက်အောင် စားနိုင် သော ဆေးရည်သည် ရှိရာ၏၊ အလွန်နူးညံ့လှစွာသော, အလွန်လည်း သိမ်မွေ့သေးငယ်လှစွာသော, ဆွတ်ဆွတ်ဖြူသော အပြေးအသွား လည်း အလွန်မြန်ထက်သော သံသေဒဇပိုးငယ်မျိုး တစ်မျိုးသည် ထိုဆေးရည် ထဲမှာ ထိုထိုနေရာ၌ခုတင်ခု ခဏမစဲ ဖြစ်ပေါ်၏၊ ထိုထိုပေါ်သော နေရာမှာပင် အပြေးအမြန် လောက်လက်၍ဆေးရည်၏ စားချက်ဖြင့် မျက်တော်တစ်ခတ် အတွင်းမှာ လျင်မြန်စွာ ကုန်ပျောက်ကွယ်ဆုံး၍ ကွယ်ဆုံး၍သွားသည်ကို မျက်စိမှာ ထင်ရှားစွာမြင်ရာ၏၊ ဤဥပမာနှင့် အလွန်တူစွာမြင်စေရမည်။
စိတ်၏ အဖြစ်အပျက် အပြောင်းအလဲ မြန်လှမှုကြောင့်လည်း နှလုံးသွေးတစ်ခုလုံးမှာ ဘယ်နေရာမဆို ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း မှာပင် ရွရွ ရွရွအနေနှင့် မြင်လတ္တံ့၊ ငါသိသည်ဟူ၍, ငါကြံသည်ဟူ၍ ခဏမစဲ အမြဲထင်မြင်၍နေကြသော စိတ်အကြံ အသိစုနှင့်ထိုရွရွ ရွရွ ထင်မြင်ရသော အချက်စုသည် တစ်ခုတည်း, တစ်ချက်တည်း, ထင်မြင်၍ သွားမှ နေရာကျသည်၊ နှလုံးသွေးထဲမှာ ရွရွ ရွရွ ခုတင်ခု ဖြစ်ပေါ်မှု, ပျောက်ပျက် ကွယ်ဆုံးမှုကိုပင် ထင်မြင်ပါသော်လည်း ကြံမှု, သိမှုတွေက တစ်ခြားနေရာလျှင် နေရာမကျ၊ ငါကြံသည်၊ ငါသိသည်ဟူသော ငရဲမီးကို မထိ၊ ရှုမှု, ထင်မှု, မြင်မှုထဲမှာ ထိုငရဲမီးမပါလေပဲ လွတ်၍မနေစေနှင့်၊ ရှုသောဉာဏ်, ထင်သောဉာဏ်, မြင်သောဉာဏ်စိုကိုလည်း တစ်လှည့် တစ်လှည့် ပါလေအောင် ချပ်၍ကြည့်ရမည်။
“ဖေဏူပမံ ကာယမိမံ ဝိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော”။ (ဓမ္မပဒ ပါဠိတော်)
ဤပါဠိတော် ရုပ်ခန္ဓာကို ရေမြှုပ်စိုင်, ရေမြှုပ်ခဲ့ကဲ့သို့ နာမ်ခန္ဓာစုကို တံလျှပ်မျှင်တွေ, တံလျှပ်ရောင်တွေကဲ့သို့ ထင်မြင်နိုင်ပါလျှင် သေမင်း မမြင်နိုင်သေ နိဗ္ဗာန်သို့ရောက်၏ ဟောတော်မူရာ၌ အနှစ်သာရ မရှိမှု သဏ္ဍာန်အသွင် ထင်မြင်မှုနှစ်ချက်စီရသော ဥပမာစုပင် မှတ်ရမည်။ တံလျှပ်ဆိုသည်ကား မိုးဦးနွေလအခါ၌ ရေမရှိဘဲ ခြောက်သွေ့၍ နေသောအင်းပြင်ကြီးများမှာ မွန်းတည့် မွန်းတိမ်း နေပူအားကောင်း တုန်းအခါတွင် မလှမ်းမကမ်းကနေ၍ အင်းပြင်ကြီးကို ကြည့်မျှော်သော အခါ အင်းအပြင်မှာ လျှမ်းလျှမ်းလျှမ်းလျှမ်းထ၍ နေသည်ကို မြင်ရ၏၊ နွေအခါ ရေငတ်လှ၍ ရေရှာကြသော ငါးရာတစ်ထောင်စသော တောသမင်းတို့သည် ထိုတံလျှပ်တွေကို မြင်ကြလျှင် ရေတွေထင်၍ သောက်ချင်း အားကြီး ပြေးကြကုန်၏၊ အင်းပြင်သို့ ဆင်းမိကြလျှင် ထိုနေရာမှာကွယ်ပျောက်၍ အင်းအလယ်မှာ မြင်ပြန်သည်၊ အင်းလယ်သို့ ရောက်ပြန်လျှင် ထိုနေရာမှာပျောက်၍ ဟိုဘက်အင်းကမ်းနားမှာ ထင်ရ၏၊ ထိုနေရာသို့ရောက်ပြန်လျှင်ပျောက်ပြန်လေ၏၊ အင်းလယ်မှာ မြင်ပြန်၏၊ ပြေး၍ရောက်လျှင် ပျောက်ပြန်လေ၏၊ ရှေးတူရူ ကမ်းနားမှာ ထင်ရပြန်၏၊ ပြေး၍ရောက်လျှင် ပျောက်ပြန်၏၊ တစ်ဖန်အင်းလယ်မှာ ထင်ရ၏၊ ပြေးရင်းနှင့်ပင်မောပန်း၍ အင်းအပြင်မှာပင် သေဆုံးကြရ ကုန်၏။
ဤ၌ တံလျှပ်ဆိုသည်ကား အင်းအပြင် မြေထဲမှ မိုးရွာဖို့ တက် သော ရေအခိုးစုပေတည်း၊ အပေါ်တည့်တည့်ကကျသော နေရောင် ခြည်စုသည် ထိုအခိုးတို့မှာကြောက်လေ၍ ရေခိုး နေရောင် နှစ်ခုစပ်ကို တံလျှပ်ခေါ်သတည်း၊ အလွန်နီးကပ်သော နေရာက ကြည့်လျှင် မမြင်ရ၊ ပျောက်ကွယ်၍ကုန်သကဲ့သို့ ထင်ရ၏၊ နေရောင်နှင့် ပဏာရသော နေရာကကြည့်မှ ခဏမစဲ အာရုံရှိရာ သို့ရှေးရှုဖြစ် ပေါ်၍နေသော နာမ် ခန္ဓာစုကို တံလျှပ်ရောင်တွေနှင့် အတူထင်မြင် စေရမည် ဆိုလိုသည်၊ အဖြစ်အချုပ်ကို ပိုင်းခြားနိုင်သည်သာ ပဏမတည်း၊ အနိစ္စပရိညာ ဆိုသည်ကား အဖြစ်အချုပ်ကို အမိဖမ်းမှုပေတည်း။
ပြဆိုခဲ့ပြီးသောအတိုင်း ဝိညာဏ်ခြောက်ပါးတို့၏ တရားကိုယ် တွေ့နှင့်တကွဖြစ်မှုပျက်မှုကို ထင်မြင်သောအခါ အာရုံခြောက်ပါးနှင့်စပ်၍ ထိုဝိညာဏ်ခြောက်ပါးတို့၏ ပဋိစ္စသမုပ္ပါဒအမှုကို ကြည့်ရှုရာ၏၊ ဤအနိစ္စ ပရိညာမှုက ပဋိစ္စသမုပ္ပါဒအခြင်းအရာနှင့်စပ်၍ အနိစ္စအချက်ကို ထင်မြင် ရင်းရှိမှသာလျှင် အနတ္တပရိညာမှု လွယ်နိုင်သည်။
“စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဟူသောပါဠိတော်၌ စက္ခုနှင့်စပ်၍ ပဋိစ္စသမုပ္ပါဒ ဖြစ်ပုံကို ရူပက္ခန္ဓာ အခန်းသို့ ရောက်မှဆိုပေအံ့။
ရူပေစ=ထိုထိုရူပါရုံတို့ကိုလည်း၊ ပဋိစ္စ=အစွဲပြု၍၊ စက္ခုဝိညာဏံ= စက္ခုဝိညာဏ်သည်၊ ဥပ္ပဇ္ဇတိ=အသစ်အသစ်ဖြစ်ပေါ်၏။
ထိုထို ရူပါရုံဆိုသည်ကား အဘိဓမ္မာဝေါဟာရမျိုးတည်း၊ ရူပါရုံ ၏မှီရာ အဋ္ဌကလာပ် ဒြဗ်ဝတ္ထုနှင့်တကွ ကိုင်၍ ပြမှသာ၍ ထင်ရှား သည်၊ လူ၏အဆင်း နွား၏အဆင်း တုံး၏အဆင်း တိုင်၏အဆင်းဟု ပြောဆိုသည်ကား အဘိဓမ္မာဝေါဟာရမျိုးတည်း။ လူကိုမြင်သည်၊ နွားကိုမြင်သည်၊ တုံးကိုမြင်သည်၊ တိုင်ကိုမြင်သည်ဟုပြောဆိုကြသော ဝေါဟာရမျိုးမူကား၊ မျိုကြစားကြသော ထမင်းခဲဖွယ် ဘောဇဉ်စုကကို ကဗဠီကာရအာဟာရ ပြောဆိုကြသကဲ့သို့ သဝတ္ထုက ကထာမျိုးတည်း။
အဘိဓမ္မာ ပါဠိတော်များမှာလည်း သဝတ္ထုက ကထာမျိုး ပရမတ္ထ ကထာမျိုးနှစ်မျိုးပင်လာ၏၊ မျိုကြ စားကြသော ဘောဇဉ်ခဲဖွယ် ဝတ္ထုနှင့် ဒြပ်တို့ကို ကဗဠီကာရအာဟာရဟု ခေါ်ဝေါ်မှုကားဒြဗ် ဝတ္ထုနှင့်တကွ ကိုင်၍ပြသော ဝေါဟာရကထာမျိုးတည်း “ဩဒနော ကုမ္မာသော သတ္တု မစ္ဆော မံသံ” အစရှိသည်ဖြင့် ဓမ္မသင်္ဂဏီပါဠိတော် များမှာပင် ထိုဝေါဟာရ လာရှိ ပါ၏၊ မျိုအပ်သောထမင်းမှာ အဋ္ဌကလာပ်ရုပ်ရှစ်ခုရှိ၏၊ ထိုရှစ်ခု အတွင်းမှာ ဩဇာဟူသော အာဟာရ ရုပ်ပါရှိ၏၊ ထိုရုပ်ကိုအသီးအခြား ထုတ်၍ ကဗဠီကာရ ဝေါဟာရ ခေါ်သည်ကား နိဗ္ဗတ္ထိတ ပရမတ္ထ ဝေါဟာရတည်း။
ထိုနှစ်ပါးတွင် ထင်ရှားစေခြင်းငှါ ဤအရာ၌သဝတ္ထုက ဝေါဟာရ ကိုပြဆိုပေအံ့။ ရူပေ=ထိုထိုရူပါရုံတို့ကိုအစွဲပြု၍ စက္ခုဝိညာဏ်စိတ် အသစ်ဖြစ်ပေါ်မှုဆိုသည်ကား၊ နံနက်အခါ၌ အိပ်ရာထသည်မှစ၍ ညဉ့်အခါ အိပ်ရာသို့ဝင်သည့်တိုင်အောင် တစ်နေ့လုံး၌ ပဌမဘယ်ဟာကို မြင်သည်၊ ဒုတိယ ဘယ်ဟာကိုမြင်သည်အစရှိသည်ဖြင့် အစဉ်ရှိသည် သာဖြစ်၏၊ ထိုသို့စီစဉ်၍မူကား ပြောခြင်းငှါမတတ်နိုင်အောင် အချက်များ လျက်ရှိ၏၊ ပဌမလူကိုမြင်သည်၊ ဒုတိယနွားကို အစရှိသည်ဖြင့်လည်း ကောင်း၊ လူကိုမြင်ရာ၌လည်း ကျောက်ကုန်းကို ပဌမမြင်သည်၊ ၎င်း နောက် ဦးခေါင်းကို ဒုတိယမြင်သည် အစရှိသည်ဖြင့်လည်းကောင်း၊ အစဉ်အတိုင်းမြင်၍သွားရသော များပြားလှစွာသော အဆင်းသဏ္ဍာန် အထည်ဝတ္ထုမျိုးတွေကို ရည်၍ ရူပေ=ထိုထိုရူပါရုံတို့ကို ဟုဆိုသတည်း၊ ထိုထိုဝတ္ထုဒြဗ်ကိုမြင်ရာ၌ သူ့ဝတ္ထုဒြဗ်နှင့် သူ့စက္ခုဝိညာဏ်အသစ် အသစ်ဖြစ်၍ မြင်သည်ဟူ လိုသတည်း။
ထင်ရှားရုံ ချဲ့ဦးအံ့။။ တုံးနှင့်မျက်နှာ တယ်မိကြသည်နှင့် တစ်ပြိုင်နက် တုံးရိပ်သည် စက္ခုပသာဒရုပ်မှာ ထင်၏၊ ထိုတုံးရိပ် ထင်မှု သည် ပရမတ္ထသဘာဝအရာ၌ စက္ခုပသာဒရုပ်မှာ မိုးကြိုးကြ သကဲ့သို့ အဟုန်နှင့်တကွတိုက်ခိုက်၍ ပသာဒရုပ်ကြည်တွင် တုံးရိပ်ဖြစ် ပေါ်မှုဖြစ် သတည်း၊ ထိုသို့ပသာဒရုပ်မှာ တုံးရိပ်ခိုက်တိုက်မှုဒဏ်ချက်ကြောင့် ထိုအရိပ်ထိခိုက်ပေါ်ရှိ၍နေရာမှာ တုံးကိုမြင်သော စက္ခုဝိညာဏ် ဖြစ်ပေါ် လေသတည်း၊ မီးခတ်မှာ ကျောက်ထိခိုက်ရာ၌ ထိခိုက်မှု ဒဏ်ကြောင့် မီးပွင့်တွေတစ်ဖွားဖွားပေါ်ဘိသကဲ့သို့တည်း၊ မျက်တောင်ခတ်လျှင် ခတ်တိုင်းခတ်တိုင်း ထိုတုံးရိပ်ကွယ်ပျောက်၏၊ တုံးရိပ်ကွယ် ပျောက်တိုင်း ကွယ်ပျောက်တိုင်း သူ့တုံးရိပ်နှင့်သူ့ စက္ခုဝိညာဏ် အပြီးချုပ် ပျောက်ရာ ပါလေ၏၊ တစ်ခြားတစ်ပါးကို မျက်နှာ လွှဲရာ၌ ဆိုဖွယ် မရှိ၊ မျက်တောင်ကို ကြွချီပြန်လျှင် ကြွချီတိုင်း ကြွချီတိုင်း တုံးရိပ်အသစ်အသစ်ခိုက်ပေါ်မှု၊ စက္ခုဝိညာဏ်အသစ်အသစ် ဖြစ်ပေါ်မှုကိုလည်း သိလေ။
တုံးကိုလွှတ်၍ တိုင်ကိုမြင်သောအခါ၌လည်း ဤနည်းအတိုင်း ပင်၊ တိုင်ကိုလွှတ်၍ တစ်စုံတစ်ခု မြင်ပြန်ရာ၌လည်း ဤနည်းအတိုင်းပင်။
ထို့ကြောင့်
ထိုထိုဝတ္ထုဒြဗ်ကို မြင်ရာ၌ သူ့ဝတ္ထုဒြဗ်နှင့် သူ့စက္ခုဝိညာဏ် အသစ်အသစ် ဖြစ်ပေါ်မှုကို သိအပ်သတည်း။
တုံးရိပ် တိုင်ရိပ်စသည် ခိုက်မှု တိုက်မှု ဒဏ်ရာရှိမှသာ ထို ဝိညာဏ်ဖြစ်ပေါ်နိုင်လေရကား၊ ရူပေ=ထိုထိုရူပါရုံတို့ကို၊ ပဋိစ္စ=အစွဲပြု၍၊ ဥပ္ပဇ္ဇတိ=အသစ်အသစ်ဖြစ်ပေါ်၏ဟူရာ၌ အစွဲပြုဟူသော အချက် ပေါ်လေသတည်း။
ထိုသို့ ထိုထိုတုံးတိုင်စသော ရူပါရုံဝတ္ထုဒြဗ်တို့၏ ထိခိုက်မှုနှင့် သာဖြစ်ပေါ်ရလေသောကြောင့် တုံးကို ကြည့်မြင်သောအခါ မျက်စိမှာ ဖြစ်ပေါ်သော စက္ခုဝိညာဏ်သည် တုံးကလုပ်ပေးသော စက္ခုဝိညာဏ် ပေတည်း၊ တုံးကလုပ်၍ ဖန်ဆင်း၍ပေးသော စက္ခုဝိညာဏ်နှင့် တုံးကို မြင်ရသည်၊ တိုင်က လုပ်၍ပေးသော စက္ခုဝိညာဏ်နှင့် တိုင်ကို မြင်ရ သည်၊ အစရှိသည်ဖြင့် အကုန်သိလေ။
ဥပမာကား အသက်တစ်သိန်းတမ်းမှာ တစ်နှစ်တစ်နှစ်လျှင် လင်တစ်ယောက်ယောက်သေ၍ နှစ်စဉ်နှစ်တိုင်း လင်အသစ်အသစ် တစ်ယောက်တစ်ယောက် ယူရ၍ အနှစ်ငါးသောင်းကာလပတ်လုံး သားပေါင်း ငါးသောင်း ဖွားမြင်ရာ၏၊ ထိုသားစုကား အဖအသီးသီးတည်း၊ သားတို့ကို ကွဲပြားအောင် ပြောလိုလျှင် အမိနှင့်ပြော၍ မကွဲပြားနိုင်၊ အဖနှင့်ပြောမှ ဤသူကား မည်သူ၏သားတည်း၊ ဤသူကား မည်သူ၏ သားတည်းဟုကွဲပြားရာ၏၊ စက္ခုပသာဒရုပ်သည် ထိုအမိမိန်းမနှင့်တူ၏၊ တုံးတိုင်စသော ရူပါရုံဝတ္ထုဒြဗ်တို့သည် အဖငါးသောင်းနှင့်တူ၏၊ အသစ် အသစ်ဖြစ်၍သွားသော စက္ခုဝိညာဏ်စသည်သည် သားငါးသောင်း နှင့်တူ၏။
တုံးတိုင် စသည်ကို အစဉ်အတိုင်း အိပ်ရာဝင်သည့်တိုင်အောင် တစ်နေ့လုံး၌မြင်၍သွားသော ထိုပုဂ္ဂိုလ်သည် တုံး၏ သားဖြစ်သော စက္ခုဝိညာဏ်နှင့်တုံးကိုမြင်သည်၊ တိုင်၏သားဖြစ်သော စက္ခုဝိညာဏ်နှင့် တိုင်ကိုမြင်သည် အစရှိသည်ဖြင့် ဆိုထိုက်လေသတည်း။
ဥပမာ တစ်နည်းကား ဝဲယာနှစ်ဖက်၌ လူ့တစ်ရပ်ခန့်အမြင့် ရှိသော သစ်ပင်ပေါင်းတစ်ထောင် စီတန်းလျက်ရှိသော ဖန်တုံးကြီး တစ်ခုကို ပင့်မြှောက်ယူဆောင်၍ အပြေးသွားရာ၌ ထိုထိုသစ်ပင် ဥပစာသို့ ရောက်လေရာ ဖန်တုံးကြီးမှာ အရိပ်အသီးသီးပေါ်လေရာ၏၊ ဖန်တုံးကြီး နှင့် စက္ခုပသာဒ၊ ထိုထိုသစ်ပင်နှင့် ထိုထိုရူပါရုံ ဝတ္ထဒြဗ်၊ ထိုထိုသစ်ပင် ရိပ်နှင့် ထိုထိုစက္ခုဝိညာဏ်တူ၏၊ ဖြစ်ပေါ်မှု ကွယ်ပျောက်မှုလည်း အသီး အသီးတူကြ၏။
ထိုထိုအသံမျိုးနှင့် သောတဝိညာဏ်၊ ထိုထိုအနံ့မျိုးတို့နှင့် ဃာနဝိညာဏ်၊ ခံတွင်းမှာရောက်လာသော ထိုထိုရသာရုံ ဝတ္ထုဒြဗ်မျိုး တို့နှင့် ဇိဝှါဝိညာဏ်၊ ကိုယ်အင်္ဂါ အတွင်းအပမှာ ထိခိုက်လာသော ထိုထို ဖောဋ္ဌဗ္ဗာရုံ ဝတ္ထုမျိုးတို့နှင့် ကာယဝိညာဏ်၊ ဤဝိညာဏ်တို့၌လည်း စက္ခုဝိညာဏ်အတိုင်းသိလေသည်။
မနောဝိညာဏ်မှာမူကား အာရုံမျိုး အလွန်အထွေအပြား များ လှ၏၊ ကုသိုလ်စိတ်မျိုး၊ အကုသိုလ်စိတ်မျိုး၊ စက္ခုဝိညာဏ်အစရှိသော အဗျာကတစိတ်မျိုး၊ ထိုစိတ်မျိုးတို့မှာယှဉ်သော လောဘတရား, ဒေါသ တရား, မောဟတရားအစရှိသော အကုသိုလ်တရားစု၊ သဒ္ဓါ, ပညာ, သတိအစရှိသော ကုသိုလ်အဗျာကတဓမ္မစု၊ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြေ, မနသိကာရ, ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ, ပီတိ, ဆန္ဒဟူသော ဓမ္မစု၊ ဒုစ္စရိုက်ဆယ်ပါး, သုစရိုက်ဆယ်ပါး အစရှိသော ဓမ္မစု၊ အာပေါဓာတ်စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ၊ ဟဒယဝတ္ထု၊ ဇီဝိတ, အာဟာရ, ဇာတိ, ဇရာ, မရဏ အစရှိသော ဓမ္မစု၊ ဤအလုံးစုံသည် ဓမ္မာရုံမည်၏၊ ရူပါရုံ၊ သဒ္ဒါရုံ အစရှိသော ပဉ္စာရုံတို့သည် လည်း မနောဝိညာဏ်နှင့် ဆိုင်ကြကုန်၏၊ မနောဝိညာဏ်၏အာရုံမှာ အာရုံခြောက်ပါးလုံးပင် ရ၏၊ ထိုအာရုံခြောက်ပါးသည် အမိဝမ်းမှ ဖွားမြင်သည်ကစ၍ ယခုနေ့, ယခုနာရီတိုင်အောင် အတိတ် နှစ်, လ, နေ့, ရက်တို့၌ တစ်သက်လုံး ခဏမစဲ တွေ့ကြုံခဲ့ဖူးသမျှသော အာရုံ ခြောက်ပါး၊ ယခုနာရီမှ နောက်ခဏ နောက်ကာလတို့မှာ ယခုနာရီက မြော်မြင်၍သိနှင့်ရသော အာရုံခြောက်ပါး၊ နောက်နောက် ဘဝတို့ကို လှမ်း၍ ယခုကမျှော်ရသော အာရုံခြောက်ပါး၊ ကျမ်းဂန်အဆို ထိုထို လူပြောရှင်ပြောနှင့်သိရသော ခပ်သိမ်းသော အာရုံခြောက်ပါးစု၊ ဤအလုံး စုံသည် မနောဝိညာဏ်၏အာရုံစုချည်းတည်း။
မစဲဖြစ်၍နေသော စိတ်အကြံအစည်စုတွင် အိပ်ပျော်စဉ် ဘဝင် ကိစ္စနှင့် ခဏမစဲဖြစ်၍နေသော မနောဝိညာဏ်စုမှာ ကံ-ကမ္မနိမိတ်, ဂတိနိမိတ်ဟူသော အာရုံစုကို အာရုံပြုသည်၊ အိပ်ရာကနိုး၍လာသည် မှစ၍ အိပ်ရာဝင်၍ အိပ်ပျော်သည့်တိုင်အောင် ပြဆိုခဲ့ပြီးသော အာရုံစု တွင် အကြောင်းအခွင့် ဆိုက်တိုက်ရာ တစ်ခုခုသော အာရုံစ၍ထင်မြင် သည်မှ ခဏစဉ်အတိုင်း ပြဆိုခဲ့ပြီးသော အာရုံတို့သည် ဆိုက်တိုက်လာ သော အခွင့်အားလျော်စွာ နှလုံးတွင်းရှိ မနောဝိညာဏ်မှာ အစဉ်အတိုင်း သူတစ်လဲ ငါတစ်လဲ မစဲအောင် ထင်လေတော့သည်။ ဤဝီထိ မနော ဓာတ်စုမှာလည်း ပြဆိုခဲ့ပြီးသော အာရုံစုတွင် အကြောင်းအခွင့် ဆိုက် တိုက်ရာ တစ်ခုတစ်ခုသော အာရုံသည် ဘဝင်၌ ခိုက်တိုက်လှုံ့ဆော် ပေးပြီးမှ ထိုလှုံ့ဆော်သော တစ်ခုခုသောအာရုံကို အာရုံပြု၍ သိမှု ကြံဖန် မှုဟူသော မနောဝိညာဏ်တစ်ခုခု နှလုံးထဲမှာ ဖြစ်ပေါ်လေသည်။
တွေ့ကြုံဆိုက်တိုက်သောအကြောင်းမျိုး, အခွင့်မျိုးလည်း ဘယ် ခဏမှာမှမလပ်၊ ဝိုင်းလျက်, အုံလျက်တစ်ရုန်းရုန်း တွေ့ကြုံဆိုက် တိုက်မှု မစဲပြီ၊ ဆိုက်တိုက်သောအခွင့်နှင့် စပ်လျဉ်းသော တစ်မျိုးတစ်မျိုး သော အာရုံလည်း ဘဝင်မှာ ထင်မှု, ခုက်မှု, လှုံ့ဆော်မှုမစဲပြီ၊ ထိုထိုအာရုံ လှုံ့ဆော် တိုင်း လှုံ့ဆော်တိုင်း ဟဒယဝတ္ထုအတွင်းမှာ ဖြစ်ပေါ်ကာ ဖြစ်ပေါ်ကာ နေရသောအမှု တစ်သုတ်တစ်သုတ် ချုပ်ပျောက်ကာ ချုပ်ပျောက်ကာ နေရသောအမှုလည်း မစဲပြီ။
မစဲပြီ ဆိုသည်ကား သူသူငါငါ သတ္တဝါတို့၏ အထင်အမြင်အတိုင်း ဆိုသည်၊ မုချအားဖြင့်မူကား စိတ်စေတသိက် နာမက္ခန္ဓာ လေးပါး တို့မည်သည် စက္ခုမှာဖြစ်ပေါ်ခိုက် စက္ခုမှာသာ ရှိကြကုန်သည်၊ ကြွင်း သော တစ်ကိုယ်လုံးမှာ မရှိကြကုန်၊ သောတမှာ ဖြစ်ပေါ်ခိုက် သောတ မှာသာ ရှိကြကုန်သည်၊ ဃာနမှာ ဖြစ်ပေါ်ခိုက် ဃာနမှာသာ ရှိကြ ကုန်သည်၊ ဇိဝှါမှာဖြစ်ပေါ် ခိုက်ဇိဝှါမှာသာ ရှိကြကုန်သည်၊ ကိုယ်အင်္ဂါ တစ်ခုခုမှာ ဖြစ်ပေါ်ခိုက် ထိုနေမှာသာ ရှိကြကုန်သည်၊ နှလုံးတွင်းမှာ ဖြစ်ပေါ်ခိုက် နှလုံးတွင်းမှာသာ ရှိကြကုန်သည်၊ ထိုမှကြွင်းသော တစ်ကိုယ်လုံးမှာ မရှိကြကုန်၊ မျက်တောင်တစ်ခတ် အတွင်းမှာပင်အခါ ပေါင်း ကုဋေတစ်သိန်းမျှတိုင်အောင် အဖြစ်အပျက် မြန်လှသည့်အတွက် ကြောင့် တစ်ကိုယ်လုံးမှာပင် ပြိုင်လျက်ဖြစ်နေသကဲ့သို့ ထင်ရသည်၊ မျက်စိနှင့် ဘယ်ဟာကို ငါမြင်သည်ဟု ထင်၍နေဆဲမှာပင် စက္ခု ဝိညာဏ် အစဉ်၏ အကြားအကြားမှာ ဟဒယဝတ္ထ၌ မနောဝိညာဏ်ပေါင်း မစဲအောင်ပင် ကြားချပ်နိုင်သည်၊ သောတဝိညာဏ်စသည်တို့လည်း သတို့အာရုံခိုက်မှု မရှိလျှင် မစဲအောင်ပင်ကြားချပ်နိုင်သည်၊ ထို့ကြောင့် မျက်စိနှင့် ကြည့်ရှုဆဲ, မြင်ဆဲမှာပင် နှလုံးကလည်း ကြံ၏၊ သိ၏၊ နားက လည်း အသံတစ်ခုခုကိုကြား၏၊ စသည်ဖြင့် သတ္တဝါတို့၏စိတ်မှာ ထင် ကြရသည်၊ ကြွင်းသော ဝိညာဏ်တို့ဖြစ်မှုမှာလည်း ဤနည်းတူသိလေ။
မနောဝိညာဏ်အစုမှာလည်း ကိုယ်အမူအရာကို ပြုပြင်သော ဝိညာဏ်စုဖြစ်၍နေစဉ် နှုတ်အမူအရာကို ပြုပြင်သော ဝိညာဏ်မျိုး မဖြစ်နိုင်၊ နှုတ်အမူအရာကို ပြုပြင်သော စိတ်စုဖြစ်၍နေစဉ် ကိုယ်အမူ အရာကိုပြုပြင်သော စိတ်မရှိနိုင်၊ သို့သော်လည်း အလဲ အလှယ်မြန်လှ သည့်အတွက်ကြောင့် သွားဆဲမှာပင် စကားပြောနိုင်၏၊ စကားပြော ဆဲမှာပင် ကိုယ်အင်္ဂါ လှုပ်ရှားနိုင်၏၊ ထိုထို အဆင်းကို မြင်နိုင်၏၊ ထိုထိုအသံကိုကြားနိုင်၏၊ ဤသို့ဖြစ်မှုကား မြန်လှသည့်အတွက်ကြောင့် တစ်မျိုးတစ်မျိုး အစဉ်၏ အကြားအကြားမှာ အမျိုးမျိုး ကြားချပ်မှု ပေတည်း။။ ဝိပဿနာ ယောဂီပုဂ္ဂိုလ်မှာမူကား ဤသို့ဖြစ်၍ နေကြရာမှ အလုံးစုံခြုံမိ ငုံမိလောက်သောအချက်ကို ရှာ၍ဝိညာဏ် ဝီထိဝါရပေါင်း တစ်သိန်း, တစ်သန်း, တစ်ကုဋေမကကိုပင် တစ်ဝိညာဏ်တည်း တစ်ချက် တည်းပြု၍ ဥဒယမှု, ဝယမှုကို ရှုရသည်၊ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသော ဉာဏ်မှာ အကုန်ပါစေနိုင်သည်သာ ပမာဏတည်း၊ ငါမြင်သည်, ငါကြား သည်, ငါနံသည်, ငါအရသာကိုသိသည်၊ ကိုယ်အင်္ဂါမှာ ထိသည် ကိုငါ သိသည်၊ ငါကြားသည်, ငါနံသည်, ငါအရသာကို သိသည်၊ ကိုယ် အင်္ဂါမှာ ထိသည်ကို ငါသိသည်, ငါထွေထွေလာလာ ကြံဖန်သည်ဟု ဖြစ်သော ငရဲမီးခြောက်မျိုး၊ ငါပြောသည်, ငါဆိုသည် ကိုယ်အင်္ဂါကို လှုပ်ရှားသည်, ငါသွားသည်, ငါလာသည် စသည်ဖြင့် ဖြစ်သော ငရဲမီးမျိုး အကုန်ကွယ် ပျောက်စေနိုင်သည်သာ ပမာဏတည်း။ ကိုယ်တွင်းမှာ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဟဒယ ဟူသော ခြောက်ဌာနက ထိထိမိမိဆုပ် ကိုင်၍ ဖြစ်မှု, ပျက်မှုကိုကောင်းစွာ ထင်မြင်နိုင်လျှင် ထိုအလုံးစုံသော အထွေအလာတို့သည် အတွင်းဝင် ပါလေကုန်တော့သည်။ (ဤတွင်ရွေ့ကား ဝိညာဏ်ခြောက်ပါး၌ အနိစ္စပရိညာ အစီအရင် အမြွက်ပြီး၏၊)
---
ဒုက္ခပရိညာ
ဒုက္ခပရိညာကို ပြဆိုပေအံ့။ ရှေးဉာတပရိညာအခန်း၌ ပြဆိုခဲ့ ပြီးသော ဒုက္ခစက်ကြီး တစ်ဆယ့်ငါးပါးသည်လည်း ဝိညာဏ်ခြောက်ပါး၏ ဒုက္ခလက္ခဏာပင်တည်း၊ ဝိညာဏ်ခြောက်ပါးမှထွက်သော ဒုက္ခစက်ကြီး တစ်ဆယ့်ငါးပါးကိုမြင်သဖြင့် ဝိညာဏ်ခြောက်ပါး၏ ကြောက်မက် ဖွယ်ကြီး၏ အဖြစ်ကို မြင်ခြင်းသည် “ဒုက္ခံ ဘယဋ္ဌေန” ဟူသည်နှင့် အညီ စက်ကြီးတစ်ဆယ့်ငါးပါးသည် ဝိညာဏ်ခြောက်ပါး၏ ဒုက္ခ လက္ခဏာရေး အစစ်အမှန်ဖြစ်လေသတည်း။
ယခုအခါ “ယအနိစ္စံ တံ ဒုက္ခံ” ဟူ၍လည်းကောင်း၊ “အနိစ္စေ ဒုက္ခသညာ” ဟူ၍လည်းကောင်း ဟောတော်မူသည်နှင့်အညီ အနိစ္စ တရားမျိုးဖြစ်သည့်အတွက် သိအပ်သော ဒုက္ခမျိုးကို ဥပမာနှင့်တကွ ပြဆိုဦးအံ့။
ထန်း အုန်း စသော သစ်သီးတို့သည် အညှာပြုတ်လျှင် မြေသို့ ပရမ်းပတာ ကြွေကျမှု အမြဲရှိနေကြသကဲ့သို့ သံသရာ၌ ကျင်လည်၍ နေကြကုန်သော ပုထုဇ္ဇဉ်သတ္တဝါတို့သည် လူ့ပြည်မှာ ဖြစ်ရကုန်သော် လည်း အမြဲမနေကြရကုန်၊ ဇီဝိတိန္ဒြေအညှာ ကြွေ၍ သေမြဲဓမ္မတာ ဖြစ်ကြကုန်၏၊ သေပြန်လျှင်လည်း ဘယ်ဘုံ, ဘယ်ဘဝသို့ငါသွားမည်ဟု သွားနိုင်ကြကုန်သည် မဟုတ်၊ ပေါက်လွှတ်ဓမ္မတာ ကျချင်ရာရာ ပရမ်း ပတာကျကြကုန်၏၊ ဤသို့သေသည့်နောက်၌ ပေါက်လွှတ်ဓမ္မတာ ကျချင်ရာရာ ပရမ်းပတာ ကျရခြင်းဘေးကြီးသည် အလွန်ကြောက် မက်ဖွယ်ကောင်းလှသော သံသာရဘယကြီးမည်၏၊ ဤဝိနိပါတန သံသရာဘေးကြီးအတွက် လူ့ပြည်မှ စုတေလျှင် အပါယ်လေးပါးသို့ကျရ သော ဘဝသာများ၏၊ လူ့ပြည်မှစုတေ၍ လူ့ပြည်, နတ်ပြည်သို့ ရောက် ရသော ဘဝမူကား ဘဝတစ်ထောင်, ဘဝတစ်သောင်း တွင် တစ်ဘဝမျှ ကြုံရခဲလှ၏၊ ဤဘေးကြီးသည် အနိစ္စမျိုးဖြစ်သော ဝိညာဏ်မှ ထွက် သော ဘေးကြီးစင်စစ်တည်း၊ အကြင်မျှလောက်သော ကာလ ပတ်လုံး ဤဝိညာဏ်ကို ငါ၏ကိုယ်ဟု သာယာ သိမ်းပိုက်ခြင်း ရှိနေ၏၊ ထိုမျှ လောက်သော ကာလပတ်လုံး ထိုဘေးကြီးသည် ထိုသူမှာ အပြီးစွပ် လျက် ရှိနေ၏၊ ထို့ကြောင့် အနိစ္စမျိုးဖြစ်သည့်အတွက် အလွန်ကြောက် မက် ဖွယ်ကြီးဖြစ်ရလေကား ဤဝိညာဏ်သည် ဘယဋ္ဌေနဒုက္ခကြီး စင်စစ် ဖြစ်သတည်း၊ နတ်ပြည်မှာ ဖြစ်ရသော်လည်း ဗြဟ္မာပြည်မှာ ဖြစ်ရ သော်လည်း ထိုနည်းတူဆိုလေ။
တစ်ခု တစ်ခုသော ဘဝ၌ အနိစ္စကြောင့် ဒုက္ခကြီးကျယ်ပုံကို ဥပမာနှင့်တကွပြအံ့။
ဤဝိညာဏ်သည် သူသတ်ယောက်ျားကြီးနှင့် တူ၏၊ အနိစ္စတာ သည် မြမြထက်သော ဓားသန်လျက်နှင့်တူ၏၊ သတ္တဝါသည် ရာဇဝတ် ကောင်နှင့်တူ၏၊ ဝိညာဏ်တည်းဟူသော သူသတ်ယောက်ျားကြီးသည် အနိစ္စတာ တည်းဟူသော ဓားသန်လျက်နှင့် ရာဇဝတ်ကောင်တည်း ဟူသောသတ္တဝါကို ပဋိသန္ဓေတည်နေသည်မှစ၍ ခဏမစဲ ဓားရာချင်း စပ်အောင် အရာပေး၏၊ ကိုယ်တွင်းမှာ ဆေးဝါဓားစာ အခံမရှိလျှင် ထိုသတ္တဝါသေဖို့ ဓားချက်ချည်းသည် ကိုယ်တွင်းမှာ ဆေးဝါဓားစာ အခံအပြီး ရှိ၍နေလျှင် ခုတ်တိုင်းခုတ်တိုင်းပြတ်သော ဓားရာဓားချက်စု သည် ခဏချင်း အသားနုတက်၍ အစဉ်အဆက် အသက်မသေ ဖိုသူနေရ၏၊ ဆေးဝါဓားစာ ရှာမှု, ဖွေမှု, မှိဝဲမှု, ဒုက္ခကြီးမှုကား ထိုသတ္တဝါ ကို အကြပ်အတည်း အမြဲနှိပ်စက်၍နေ၏၊ ကာမဘုံမှာ အသက်မွေးမှု ကဗဠီကာရအာဟာရမှီဝဲမှုသည် ထိုသူမှာ ဆေးဝါဓာတ်စာမှုနှင့် တူ၏။
ဤစကားရပ်ဖြင့် ရေသတ္တဝါ, မြေပေါ်ရှိသတ္တဝါ, ကောင်းကင်ရှိ သတ္တဝါတို့၌ ကြီးကျယ်ကျပ်တည်း အမြဲနှိပ်စက်၍နေသော အသက်မွေးမှု အစာအာဟာရမှုကြီးသည် ဝိညာဏ်၏ အနိစ္စမှုမှ ဖြစ်ပွားသော ဒုက္ခမှုကြီး အမှန်ဖြစ်သည်ကိုပြသော စကားရပ်တည်း။
ရှေးက ပြဆိုခဲ့ပြီးသော အနိစ္စကိုထိထိမိမိကြီးမြင်မှ ယခုပြဆိုသော ဝိညာဏ်၏ဒုက္ခလက္ခဏာကို ကောင်းစွာ သိမြင်နိုင်မည်၊ အနိစ္စကို ထိထိ မိမိကြီးမမြင်က အနိစ္စသည် အားပေးအာမြှောက်ရှိ၍နေသည့်အတွက် ကြောက်မက်ဖွယ်သော ဒုက္ခလက္ခဏာကိုပြဆိုသော်လည်း မိမိကိုယ် တွင်းရှိ ဝိညာဏ်ကို ကြောက်မက်ဖွယ်သော ဒုက္ခဓမ္မဟု မထင်နိုင်။
တစ်နည်းသော်ကားထိုသူသတ် ယောကျ်ားကြီးမှာ ထိုသတ္တဝါ၌ ဓားရာတစ်ချက်တစ်ချက်တွင် အသက်သေဆုံးအောင် ဝိုင်းညီကြ ကုန်သော ရွာပယောဂ, တောပယောဂ တပည့်လက်သားတို့မှာလည်း မျာစွာရှိကုန်သတတ်။ ဆေးဝါးဓာတ်စာ အခံကောင်းလှသေး၍ ထိုထို ဓားချက်တွင် အသက်မသေ ရှိပြန်ချေလည်းထိုသတ္တဝါကို ထွေထွေ လာလာ ဗျာပါရဒုက္ခ များပြားရန် အငိုတိုက်ရန်, အရယ်တိုက်ရန်, အရူးတိုက်ရန်, အနှမ်းတိုက်ရန်, အရှက်ခွဲရန်, အကျိုးနည်းရန် ဝိုင်းအုံကြ ကုန်သော နတ်ရဲ, စုန်းရဲ, သရဲသဘက် တပည့်လက်သားတို့လည်း များစွာရှိကုန်၏၊ ဤစကား၌ ဝိညာဏ်သည် သူသတ်ယောကျ်ားကြီးသည်၊ ကိုယ်တွင်းရောဂါမျိုး ၉၆ပါးသည် ရွာပယောဂတည်း၊ မိးဘေး, ရေဘေး, ခိုးသူဓားပြဘေး, မြွေဘေး, ကင်းဘေး, ဆင်ဘေး, ကျားဘေး, အစရှိသော တောပယောဂတည်း၊ ထိုရွာတွင်း, ရွာပယောဂတို့သည်ပင်လျှင် ထွေ ထွေလာလာ ဗျာပါဒုက္ခများအောင် ပြုသမားတို့တည်း၊ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့နှင့်တကွ လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ အစရှိကုန်သော တစ်ထောင့်ငါးရာ ကိလေသာ တို့သည်ကား အငိုတိုက်ကြကုန်သော သူတို့တည်း။
ဤစကားရပ်ဖြင့် မိမိကိုယ်၌ရှိသော ဝိညာဏ်အနိစ္စကြောင့် ဝိညာဏ်ဒုက္ခ ကြီးကျယ်လှပုံ ကိုပြဆိုအပ်သတည်း။
ဒုက္ခ ဒုက္ခ, သင်္ခါရဒုက္ခ, ဝိပရိဏာမ ဒုက္ခတို့ဖြင့်ဝိညာဏ်၏ ဒုက္ခလက္ခဏာကိုပြဆိုရာ၏၊ နောက်နောက်ဘဝတို့၌ သုဂတိဝိညာဏ်ကို ရနိုင်ရန် ရှေးရှေးဘဝတို့ကတင်ကူး၍ ဒုက္ခစိုက်ပျိုးပြုနှင့်ရသော ဒါနမှု, သီလမှု, ဘာဝနာမှုတို့သည်ကား ထိုသုဂတိဝိညာဏ်၏ သင်္ခါရဒုက္ခမှု တို့တည်း၊ ထို့အတူ ဖြစ်ရာသုဂတိဘဝတို့၌ အသက်မွေးမှု အစရှိသည် လည်း ဝိညာဏ်၏ သင်္ခါရဒုက္ခမှုတည်း၊ ဝိညာဏ်သည် အနိစ္စမျိုးဖြစ်ခဲ့၍ ပြုစုပျိုးထောင်ပြန်ရင်း ပျက်ဆုံးပြန်ရင်းဖြစ်လေရကား သံသရာလည်း အနမတဂ္ဂ, ဝိညာဏ်လည်း အနမတဂ္ဂ, သင်္ခါရဒုက္ခလည်း အနမတဂ္ဂ, ဖြစ်၍နေ၏။
ဒါန, သီလအစရှိသော သင်္ခါရဒုက္ခနှစ်မျိုးကို အပန်းခံ၍ အားထုတ် ကြကုန်သော ပုဂ္ဂိုလ်တို့ကား နှစ်မျိုးရှိကြ၏၊ ထိုသင်္ခါရဒုက္ခထမြောက်လျှင် ထမြောက်လျှင် ထိုသင်္ခါရဒုက္ခမျိုးနှင့်တကွ ဒုက္ခခပ်သိမ်းတို့မှာ အပြီး၍ ငြိမ်း၍ သွားအောင် အားထုတ်ကြသူတစ်မျိုး၊ ငြိမ်းမှုစခန်းဟူ၍မရှိပဲ ဖြစ်ကတတ်ဆန်း အားထုတ်ကြသူတစ်မျိုး၊ ဝိညာဏ်၏ ချုပ်ငြိမ်းခြင်း သို့ရောက်အောင် အားထုတ်ကြသော သူတို့ကား ပထမပုဂ္ဂိုလ်တို့ ပေတည်း။
ထိုပုဂ္ဂိုလ်တို့ကား ဒါနပြုမှု ဒုက္ခကြီးမှလည်း လွတ်ငြိမ်းကြလေ ကုန်၏၊ သီလဒုက္ခကြီး ဘာဝနာဒုက္ခကြီးတို့မှာလည်း လွတ်ငြိမ်းကြ လေကုန်၏၊ အပါယဒုက္ခ စသည်တို့မှာလည်း လွတ်ငြိမ်းကြလေကုန်၏၊ အဘယ့်ကြောင့်နည်းဟူမူ အနိစ္စမျိုးဖြစ်သော ဝိညာဏ်၏လက်မှ ကျွတ် လွတ်နိုင်ကြပေကုန်သောကြောင့်တည်း။ (ဝါ)ဝိညာဏ်ကို စွန့်လွှတ်နိုင်ကြ ပေကုန်သောကြောင့်တည်း။ ဝိညာဏ်၏လက်မှာ မလွတ်နိုင်ကြကုန်ငြား အံ့၊ တစ်ခြားတစ်ပါးသော ဒုက္ခမျိုးကို မဆိုထားဘိဦး၊ အနမတဂ္ဂ သံသရာ ၌ ဒါနပြုမှု ဒုက္ခ, သီလစောင့်ထိန်းမှု ဒုက္ခ, ဘာဝနာပွားများမှုဒုက္ခ, ရသေ့ပြု မှုဒုက္ခ, ဘာဝနာပွားများမှုဒုက္ခ, ရသေ့ပြုမှုဒုက္ခ, ရဟန်းပြုမှုဒုက္ခ ဤ ဒုက္ခကြီးတွေ နှိပ်စက်ညှင်းပန်းမှုနှင့်ပင် ငြိမ်းချမ်းရန် အခွင့်မရှိပြီ၊ ဒုတိယပုဂ္ဂိုလ်တို့ကား အသစ်အသစ်သော ဝိညာဏ်ကို အစဉ်ထူထောင်၍ သွားရန် အားထုတ်ကြသော ဗာလပုဂ္ဂိုလ်တို့တည်း၊ အကျိုးအပြစ် ထင် ရှား၏။
ဆိုလိုရင်းအဓိပ္ပါယ်ကား ကုသိုလ်မှုမည်သည် လှူဖွယ်ဝတ္ထုကို စုဆောင်းရခြင်းစသည်ဖြင့် ဆင်းရဲခံနိုင်မှဖြစ်သော အမှုသာတည်း၊ သို့သော်လည်း အလိုရှိရာ အမျိုးမျိုးကိုဆောင်နိုင်သော အမှုမျိုးဖြစ် ပေသည် တစ်ကြောင်း, ကုသိုလ်မှုကို အားမထုတ်လျှင် အပါယ်ဒုက္ခ၌ မြှပ်၍သွားမည်ကိုကြောက်ရသည် တစ်ကြောင်း, သို့အကြောင်းကြောင့် ဆင်းရဲခံ၍ပင် အားထုတ်ကြရ၏။
“မာရောတိခေါ ဘိက္ခဝေ ပဉ္စန္နေတံ ဥပါဒါနက္ခန္ဓာနံ အဓိဝစနံ” ဟူ၍လည်းကောင်း၊ “ဝဓကော ပစ္စတ္ထိကောတိ ခေါ ဘိက္ခဝေ ပဉ္စန္နေတံ ဥပါဒါနက္ခန္ဓာနံ အဓိဝစနံ” ဟူ၍လည်းကောင်း၊ ဟောတော်မူသည်နှင့်အညီ လူသတ် ယောက်ျား ဥပမာ၌ ပြဆိုခဲ့ပြီးသောအတိုင်း ဝိညာဏ်သည် အနိစ္စတာ ဓားကို မိမိ၌အမြဲစွဲကိုင်လျက် အတွင်သတ်သော ယောက်ျားကြီးစင်စစ် ဖြစ်၏၊ လူ့ဝိညာဏ်သည် လူကိုတွင်တွင်သတ်၍ အပါယ်သို့ တွင်တွင် ပစ်ချ၏၊ နတ်ဝိညာဏ်သည် နတ်ကိုတွင်တွင်သတ်၍ အပါယ်သို့ပစ်ချ၏၊ ဗြဟ္မာ့ဝိညာဏ်သည် ဗြဟ္မာကို တွင်တွင်သတ်၍ အပါယ်သို့ပစ်ချ၏၊ ဗာလပုထုဇ္ဇဉ်တို့သည် အပါယ်ကိုကြောက်လှ၍ ဒါန, သီလ, ဘာဝနာကို အားထုတ်ကြသည်ရှိသော် လူ့ဝိညာဏ်လူ့ဘဝ, နတ်ဝိညာဏ် နတ်ဘဝ၊ ဗြဟ္မာ့ဝိညာဏ် ဗြဟ္မာ့ဘဝကို မိမိကိုယ်ပြုလုပ်ရန် အားထား၍ ကြိုးကြိုး စားစားအားထုတ်ကြကုန်၏၊ အားထားရာ ဝိညာဏ်ကို ရသည့်အတွက် အပါယ်ငရဲသို့ တစ်လဲလဲ ပြန်၍ ပြန်၍ ကျကာကျကာ နေကြကုန်၏၊ ဝိညာဏ်ကို မလွှတ်သမျှသည် ဘဝဂ်ကပင်သော်လည်း အပါယ်သို့ လား ကြရာကုန်၏၊ အပါယ်ကျမှုလည်း ဆုံးကမ်းမရှိ၊ ကုသိုလ်မှု သင်္ခါရဒုက္ခ လည်း ဆုံးကမ်းမရှိလေ။ သောတာပန်အဖြစ်သို့ရောက်၍ သက္ကာယ ဒိဋ္ဌိချုပ်ငြိမ်းသဖြင့် ဝိညာဏ်ကိုလွတ်နိုင်သောအခါမှ အပါယ်ကျဒုက္ခ ငြိမ်း၏၊ ကုသိုလ်မှု သင်္ခါရဒုက္ခလည်း အပန်းကြီးလောက် အောင်မရှိပြီ။ (ဤကား ဝိညာဏ်၏ သင်္ခါရဒုက္ခကြီးကျယ်ပုံကို အမြွက်မှဆိုလိုက်သော အချက်တည်း။)
---
ဝိပရိဏာမ ဒုက္ခ
ဝိပရိဏာမ ဒုက္ခကိုကား သူသတ်ယောက်ျား ဥပမာနှစ်ချက် ဝိနိပါတ သံသာရဘယအချက်များနှင့်ပင် ထင်ရှားသိသာလှပြီ၊ အနိစ္စမှ ထွက်သော ဒုက္ခဟူသမျှသည် ဝိပရိဏာမဒုက္ခချည်းတည်း။ အနမတဂ္ဂ သံသရာနှင့်အမျှ သင်္ခါရဒုက္ခကြီးကျယ်၍ နေရသည်မှာလည်း ဝိပရိဏာမ အတွက်ပင်တည်း၊ လောက၌ မြို့ဖွဲ့၍, ရွာဖွဲ့၍, အသင်းဖွဲ့၍ အိမ်ရာ ဝင်းခြံ အရံအကာဖွဲ့နေကြရသော အမှုသည်လည်း ဝိပရိဏာမသဘော ရှိနေသည့်အတွက်ပင်တည်း၊ ရေဘေးကိုကြောက်ရမှု, မီးဘေးကိုကြောက် ရမှု, ကိုယ်တွင်း ကိုယ်ပဘေးကို ကြောက်ရမှု အလုံးစုံသည်လည်း ဝိပရိဏာမသဘောရှိနေသည့်အတွက်ပင်တည်း၊ ဝိညာဏ်သည် ဝိပရိဏာမသဘော မရှိခဲ့သည်ဖြစ်အံ့၊ လောက၌ ကြောက်ဖွယ်, လန့်ဖွယ်, ထိတ်ဖွယ်, ရွံ့ဖွယ်, စိုးရိမ်ဖွယ်, ကြောင့်ကြဖွယ်, ပူပန်ဖွယ်ဟူ၍ တစ်စုံ တစ်ခုမျှ မရှိရာပြီ။
ဝိပရိဏာမ ဒုက္ခ ပြီး၏၊
---
ဤမှတစ်ပါး သစ္စဝိဘင်းမှာဟောတော်မူသော ဇာတိဒုက္ခ စသည် တို့နှင့်တကွ စူဠဒုက္ခက္ခန္ဓသုတ်, မဟာဒုက္ခက္ခန္ဓသုတ်, မဟာနိဒ္ဒေသတွင် ဇရာသုတ်၏ နိဒ္ဒေသတို့မှာလာရှိသော ဒုက္ခမျိုးဟူသမျှသည်လည်း ဝိညာဏ်၏ ဒုက္ခချည်းပင်တည်း။ တေဘူမက ဒုက္ခဟူသမျှသည် ဤ ဝိညာဏ်၏ ဒုက္ခလက္ခဏာချည်းတည်း။ ထို့ကြောင့် ဒုက္ခပရိညာမှုသည် အလွန်ကြီးကျယ်၏၊ ရဟန္တာအဖြစ်သို့ရောက်မှ အပိုင်ကြီးပိုင်နိုင်၏၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ပုဂ္ဂိုလ်တို့ကား တစ်စိတ်တစ်ဒေသ မျှသာ ပိုင်နိုင်ကြကုန်သည်။
(ဤတွင်ရွေ့ကား ဝိညာဏ်၏ ဒုက္ခပရိညာ အစီအရင်ပြီး၏၊)
အနတ္တပရိညာ
အနတ္တပရိညာ၌ အနတ္တသည် အနိစ္စနှင့်စပ်၍ သိအပ်သော အနတ္တ, ဒုက္ခနှင့်စပ်၍သိအပ်သော အနတ္တ, ပုဂ္ဂိုလ်၏ အလိုသို့မလိုက်၊ အကြောင်းတရား ဆိုက်တိုက်ရာဖြစ်ခြင်းနှင့်စပ်၍ သိအပ်သောအနတ္တ, ဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးတွင် အနိစ္စနှင့်စပ်၍ သိအပ်သော အနတ္တမှာ အနိစ္စကိုကောင်းစွာ ထင်မြင်မှ ထင်မြင်နိုင်သည်၊ ဒုက္ခနှင့်စပ်၍ သိ အပ်သော အနတ္တမှာလည်း ဒုက္ခကိုကောင်းစွာမြင်မှ ထင်မြင်နိုင်သည်၊ ထိုနှစ်ပါးကို ကောင်းစွာထင်မြင်နိုင်ပါလျှင် အလိုသို့မလိုက်မှုနှင့်စပ်၍ သိအပ်သော အနတ္တလည်း ပြီးစီးပါ၏။
အနတ္တ=ကိုယ်မဟုတ်၊ အနတ္တ=အစိုးမရ၊ အနတ္တ=အလိုသို့ မလိုက်။ ကိုယ်မဟုတ်ဆိုသည်ကား ပုဂ္ဂိုလ်၏ အထည်ခံ အမာခံ အနှစ်သာရ မဟုတ်၊ သတ္တဝါ၏အထည်ခံ အမာခံ အနှစ်သာရမဟုတ်၊ ငါ၏အထည်ခံ အမာခံ အနှစ်သာရမဟုတ် ဆိုလိုသည်။ အနိစ္စကိုကောင်းစွာ မြင်သည် ရှိသော် အနှစ်သာရမဟုတ်သည်ကို မြင်၏။
အဘယ်သို့မြင်သနည်းဟူမူ အန္ဓပုထုဇ္ဇဉ်တို့အား ငါမြင်သည်ဟု ထင်မြင်စွဲမြဲရာ၌ ငါကား တစ်သက်လုံးမှာမှ တစ်ငါသာ ထင်ရင်းဖြစ်၍ နိစ္စတည်း၊ ထိုငါကိုမြင်ဟူသော စက္ခုဝိညာဏ်နှင့်တစ်ခုတည်းပြု၍ ငါမြင် သည်ဟု ယူလေရကား စက္ခုဝိညာဏ်ကို ထိုငါကဲ့သို့ နိစ္စထင်မှုတည်း၊ စက္ခုဝိညာဏ်ကို ထိုမြင်သော ငါ၏အနှစ်သာရထင်မှုတည်း၊ စက္ခု ဝိညာဏ်၏ ခုတင်ခုဖြစ်ပေါ်မှု ပျက်ကွက်မှုကို မြင်သည်ရှိသော် ငါတစ် လမ်း စက္ခုဝိညာဏ် တစ်လမ်းမြင်၏၊ စက္ခုဝိညာဏ် နိစ္စသာရ မဟုတ် ကြောင်းကို မြင်၏၊ ကြွင်းသော ဝိညာဏ်တို့၌လည်း ဤနည်းတူသိလေ။
နိစ္စသာရပြီး၏။
---
ဓုဝသာရ
မြင်မှုသည် တစ်သက်လုံးခိုင်မြဲ၏၊ ပျက်နိုင်သောအမှု မဟုတ်ဟု ထင်သည်ကား ဓုဝသာရတည်း၊ ခုတင်ခု ဖြစ်မှုပျက်မှုကို ကောင်းစွာ မြင်သည်ရှိသော် ဓုဝသာရမဟုတ်ကြောင်းကို မြင်၏၊ ကြွင်းသော ဝိညာဏ်တို့၌လည်း ဤနည်းတူသိလေ။
ဓုဝသာရပြီး၏။
---
သုခသာရ
မြင်မှုသည် ကောင်းသောအမှုတည်း၊ တင့်တယ်သော အမှုတည်း၊ လျောက်ပတ်ဖွယ်ရာသော အထွတ်အမြတ် မင်္ဂလာမှုကြီးတစ်ခုတည်း၊ အားကိုးအားထားပြုထိုက်သော အမှုတည်း၊ ကျေးဇူးဥပကာရများပြား အမှုတည်း၊ မျက်စိမြင်ပေ၍ လူချင်းတူနိုင်သည်၊ နေကို မြင်နိုင်သည်၊ လကိုမြင်နိုင်သည်၊ အရှေ့ဟူ၍သိနိုင်သည်၊ အနောက် ဟူ၍သိနိုင်သည်၊ အဖြူဟု သိနိုင်သည်၊ အနီဟူ၍ သိနိုင်သည်၊ သွားလမ်း လာလမ်း လုပ်လမ်း ကိုင်လမ်းအလုံးစုံ ပြုနိုင်သည်အစရှိသဖြင့် လောက၌ မျက်စိ မမြင်သော သူကန်းတို့နှင့် နှိုင်းစာ၍သာလွန်သော အခွင့်စုကောင်းမြတ် သည်ဟု ထင်မြင်စွဲ လမ်းမှုကား သုခသာရ ထင်မြင်မှုတည်း။
ချကမှု ပြုတ်မှု အလင်းအရောင်မှု စသည်ဖြင့် မီးနှင့်မကင်းနိုင်သော ဒုက္ခမ-တည်ကြီးရှိ၍ နေသောသူမှာ မီးသည် အသုံးကျလှ၏၊ ကျေးဇူး ဥပကာရ များလှ၏၊ ကောင်းမြတ်လှ၏၊ ထိုကဲ့သို့သော ဒုက္ခ-မ-တည်ကြီး မရှိသော သူမှာ မီးသည် အသုံးမကျအကျိုးမဲ့ကြီးဖြစ်၏။
မီးနှင့်မကင်းနိုင်သော သူမှာလည်း မီး၏အခွင့်ကြီးတွေ ရှိနေ သည့်အတွက် မီးသည် အသုံးတွင်ကျယ်လှပေ၏၊ ကျေးဇူးဥပကာရ များလှပေ၏ဟု သာယာခြင်းဖြစ်ရသည်၊ မီးသည် လောင်တတ်သော သဘောရှိ၏၊ ငါ့ကိုလည်း မရှောင်၊ ဒုက္ခကြီးစွာဖြစ်အောင် လောင်တတ်၏၊ ငါ့သားမယားကိုလည်း မရှောင် လောင်တတ်၏၊ ငါ့အိမ် ငါ့ယာ ငါ့ဥစ္စာ ငါ့ပစ္စည်းကိုလည်း ဖြည်းဖြည်းပြောင်လောင်တတ်၏ဟု သိလျက်နှင့်ပင် မီးမရှိလျှင်မဖြစ်နိုင်သော ဒုက္ခ-မ-တည်ကြီး ရှိနေသည့် အတွက်ကြောင့် ဖြစ်နေရသော သာယာခြင်းတည်း။ ဤအတူ ဤကိုယ်ခန္ဓာ ဒုက္ခ-မတည်ကြီးရှိ၍ နေသည့်အတွက် စက္ခုဝိညာဏ်အခွင့်တွေ အလွန် ကြီးကျယ်များပြား ၍နေ၏၊ ထိုအခွင့်စု၌ စက္ခုဝိညာဏ်သည် တွင်ကျယ် လှ၏၊ ကျေးဇူးဥပကာရကြီးကျယ်များပြားလှ၏ဟု သာယာခြင်း ကြီးစွာ ဖြစ်၍ နေရ၏၊ စက္ခုဝိညာဏ်ရှိနေသည့်အတွက်ကြောင့် စက္ခုပေါက်မှ တောက်၍နေသော ကိလေသာမီး အနန္တစက္ခုဝိညာဏ် မြင်မှုရှိလေသည့် အတွက်ကြောင့် ဖြစ်ပွားနိုင်သော ပါဏာတိပါတအစရှိသော ဒုစရိုက်မှု အနန္တ, စက္ခုဝိညာဏ်မြင်မှုကို ငါမြင်သည်ဟု စွဲလမ်းမှုကြောင့် အစရှိသော ဒုစ္စရိုက်မှု အနန္တ, စက္ခုဝိညာဏ်မြင်မှုကို ငါမြင်သည်ဟု စွဲလမ်းမှုကြောင့် အနမတဂ္ဂဝဋ်ဒုက္ခမှ မကျွတ်နိုင် မလွတ်နိုင်ပဲ ယနေ့ထက်တိုင် ဝဋ်ဒုက္ခ ဘေးကြီးတန်းလန်း အပါယဒုက္ခ ဘေးကြီးတန်းလန်း ရှိနေသောအမှု၊ စက္ခုဝိညာဏ် ရှေး၌ပြဆိုခဲ့ပြီးသော သူသတ်ယောကျ်ားကြီး တစ်ပါး စင်စစ်ဖြစ်၍နေသောအမှု စသည်တို့ကိုမူကား အန္ဓပုထုဇ္ဇဉ်တို့ မမြင် နိုင်ကြသည့်အတွက်ကြောင့် စက္ခုဝိညာဏ် အမြင်မှုကို မင်္ဂလာကြီးတစ်ခု အကြီးအကျယ်ထင်မြင်စွဲလမ်း၍နေကြလေသတည်း။ ဤနည်း အတူ ခန္ဓာငါးပါး ဒုက္ခ-မ-တည်ကြီးရှိ၍နေသောသူတို့မှာ နားကြားမှုကို မင်္ဂလာကြီး ထင်မြင်ရသည်။လ။ စိတ်ကြံမှု သိမှုကို မင်္ဂလာကြီး ထင်ရ သည်၊ ဒါနမှုကို မင်္ဂလာကြီးထင်ရသည်၊ သီလမှုကို မင်္ဂလာကြီးထင် ရသည်၊ ဘာဝနာမှုကို မင်္ဂလာကြီးထင်ရသည်၊ ဤကား သုခသာရ ရှင်းလင်းချက်တည်း။။ ဤသုခသာရ ထင်မြင်စွဲလမ်းမှုသည် အလွန်ကြီး ကျယ်လှ၏။
ဝိညာဏ်ခြောက်ပါး၌ ပြဆိုလိုက်သောနည်းကို အစဉ်မှီးသဖြင့် အလုံးစုံသော သတိ ပညာ သဒ္ဓါ စေတနာစသော နာမ်တရားစုကို အကောင်းထင်မှု ပထဝီ အာပေါအစရှိသော ရုပ်တရားစုကို အကောင် ထင်မှု ဦးခေါင်းခြေ လက် မျက်စိ နား နှာ ကိုယ်အင်္ဂါစုကို အကောင်းထင်မှု လောဘတဏှာ သံသရာမီးစကြီး ရှိနေ့သည့်အတွက်ကြောင့် သားမယား အိမ်ယာ ရတနာရွှေငွေ ခြွေရံသင်းပင်း လူမင်းစည်းစိမ် နတ်မင်းစည်းစိမ် ဗြဟ္မာမင်းစည်းစိမ်တို့၌ အကောင်းအမြတ်ထင်မှုတို့၌လည်း နေရာကျ သိမြင်ကြလေကုန်။
အတ္တသာရမှာ ရှေး၌ပြဆိုခဲ့ပြီ။ အနတ္တ=ကိုယ်မဟုတ်ဟူရာ၌ ဝိညာဏ်ခြောက်ပါးသည် နိစ္စသာရလည်းမဟုတ်၊ ဓုဝသာရလည်းမဟုတ်၊ အတ္တသာရလည်းမဟုတ်၊ နိစ္စအရာ၌လည်း အမာခံ အထည်ကိုယ်မဟုတ်၊ ဓုဝအရာ၌လည်း အမာခံ အထည်ကိုယ်မဟုတ်၊ သုခအရာ၌လည်း အမာခံ အထည်ကိုယ် မဟုတ်၊ အတ္တအရာ ဇီဝအရာတို့၌လည်း အမာခံ အထည်ကိုယ် မဟုတ်ဟူသော အနက်ကို ပြဆိုချက်တည်း။
အနတ္တ အစိုးမရဟူရာ၌ အဘယ့်ကြောင့် အစိုးမရသနည်း၊ ကြည့်လိုလျှင် ကြည့်နိုင်သည်၊ မြင်လိုလျှင် မြင်နိုင်သည်၊ သွားလေရာ နေလေရာ ပါနိုင်သည် မဟုတ်လောဟူငြားအံ့။
သူသတ် ယောက်ျားကြီး ဥပမာ၌ ကိုယ်တွင်းမှာ ဆေးဝါးဓာတ်စာ အခံရှိနေခဲ့လျှင် ခဏစဉ်အတိုင်း အသားနုတက်၍ အသက်မသေ နေရ၏ဟူသော စကားနှင့်သွားလေရာ နေလေရာ ပါနိုင်သည်ဟူသော အချက် သိရမည်၊ ဥပမာ၌ အသားနု တက်မှုသည် ထိုသူ အစိုးရချက်ရှိ၍ တက်သည်မဟုတ်၊ ထိုသူ့အာဏာ အရှိန်အဝါကို ကြောက်ရွံ့ငြား၍ တက်သည်မဟုတ်၊ ဆေးဝါးဓာတ်စာမှုသည် အသားနု၏ အစီးအပွား တည်း၊ အသားနု၏ အစီးအပွားကိုပြုစုရွက်ဆောင်မှု၌ ထိုသူကရှေးဦးစွာ သူ, ကျွန်ခံနှင့်ရ၏၊ ယမန်နေ့က သူ့ကျွန်ခံ၍ ထားနှင့်မှ ယခုနေ့ အသားနု ပေါ်လာသည်။
သင်သည် တစ်သက်လုံး ကျွန်ခံနိုင်သည်ဖြစ်အံ့၊ သင့်သန္တာန်မှာ ငါအစဉ်မပြတ် ဖြစ်၍နေမည်ဟု ဆိုဘိသကဲ့သို့ အစာအာဟာရ တည် ထောင်မှု သင်္ခါရဒုက္ခနှင့်တကွ သူ့ကျွန်ခံ၍နေနိုင်မှ တက်လာသော အသားနုပေတည်း၊ ထိုသူက အစိုးရမှုမဟုတ်၊ သူ့ကို သာယာသည့်အတွက် သူ့ကျွန်ခံမှုသက်သက်သာတည်း။
မီးရောင်စုသည် မီးတောက်နှင့်ဖြစ်အတူ ပျက်အတူ ဖြစ်လေသ ကဲ့သို့ ဝိညာဏ်မှာ ဖြစ်ရသော ထိုနာမ်စုသည် ဝိညာဏ်နှင့် ဖြစ်အတူ ပျက်အတူ ဖြစ်ကြရကုန်ရကား ဝိညာဏ်၌ အနိစ္စထင်နိုင်လျှင် ထိုနာမ်စုမှာ အနိစ္စထင်နိုင်ပြီး ဖြစ်လေတော့သည်၊ ဝိညာဏ်နှင့် ဒုက္ခ အနတ္တထင် နိုင်လျှင် ထိုနာမ်စုမှာလည်း ဒုက္ခ အနတ္တ ထင်နိုင်ပြီးဖြစ်လေ တော့သည်၊ ပဟာနပရိညာမှာလည်း ထိုအတူပင်။
(ဤကား နာမ်၌ ပရိညာကိစ္စ အလိုလို ပြီးစီး၍ သွားပုံတည်း။)
အဘိဓမ္မာ မတတ်ရှာကုန်သော သူတို့သည်ကား ဝိညာဏ်နှင့် နာမ်မပြားမကွဲ တစ်ခုတည်းသိ၍ နေကြကုန်၏၊ လောဘ ဆိုသော်လည်း စိတ်ပင်တည်း၊ ဒေါသဆိုသော်လည်း စိတ်ပင်တည်းဟု ထင်မှတ်၍ နေကြကုန်၏၊ ထိုအထင်သည် ဝိပဿနာအခန်းမှာ နေရာကျသည်သာ ဖြစ်၏၊ ထိုသူတို့ကို ဝိပဿနာ ကမ္မဋ္ဌာန်းသွန်သင်ပြသသော ဆရာသည် စိတ်တစ်လုံးနှင့်ပြီးစီးအောင် ပြသရမည်၊ နာမ်တရားကို တစ်ခြား အသံမပေးနှင့်။
လောဘ, ဒေါသ, မောဟ စသည်ဖြင့် သူကြားဖူးသော နာမ်များကို ကွက်ခြား၍ မေးမြန်းခဲ့လျှင် သဘာဝကို နေရာ ကျပြောပြ၍ စိတ်ဝိညာနှင့် ပေါင်း၍ပေးလေ။
နာမ်ပရိညာ ပြီး၏။
---
ရုပ်ပရိညာ
ရုပ်ပရိညာ၌ ဝိညာဏ်ကို ရုပ်တရားနှင့် ခြားနားစွာ မြင်နိုင် အောင်ပြခန်းမှာ ခြားနားစွာ ထင်နိုင်မြင်နိုင်သည်ရှိသော် ထိုအမြင် နှင့်ပင်ရုပ်၌ အနတ္တပရိညာ ဆိုက်၍သွားရာ၏၊ ငှက်ပျောတုံး လက်ပံတုံး ကဲ့သို့ အသုံးမကျနိဿတ္တ နိဇ္ဇီဝ အနတ္တ ဟုထင်မြင်၍လာရာ၏၊ ရူပက္ခန္ဓာ ကြီးသည် စက်ရုပ်ကြီး ရုပ်သေး ရုပ်ကြီးနှင့် တူ၏၊ ဝိညာဏ်သည် အတွင်း၌ အတွင်း၌ စက်နင်းသူ အရုပ်ကြိုးဆွဲသူနှင့် တူ၏ဟု ထင်မြင်ရာ၏၊ ဒုက္ခ ပရိညာမှာ ဝိညာဏ်၏ ဒုက္ခလက္ခဏာကိုပြောတိုင်း ပြောတိုင်း ရုပ်၏ ဒုက္ခလက္ခဏာ အပြီးပါတော့သည်၊ အနိစ္စမှာ မူကား အနုအစိပ်ကြီး မလို လှပြီ၊ ငှက်ပျောတုံး လက်ပံတုံး စက်ရုပ် ရုပ်သေးအနေ ထင်မြင်ပြီး ဖြစ်လေသောကြောင့်လည်းကောင်း၊ တစ်ဘဝလျှင် တစ်ခါ တစ်ခါ သေ ဆုံးမှုကို ထင်မြင်ပြီး ဖြစ်လေသောကြောင့်လည်းကောင်း၊ အိုမှု နာမှု သေမှုဟူသော ခပ်ကြမ်းကြမ်း အနိစ္စနှင့်ပင် ပြီးနိုင်ရာတော့သည်။
(ဤကားရုပ်၌ ပရိညာကိစ္စ အလိုလိုပြီးစီးနိုင်ရာသော အခွင့်ကို ပြဆိုချက်တည်း။)
ထိုသို့ ပြီးစီးလေသော ပုဂ္ဂိုလ်အားပြီးစီးသော ခဏမှာစ၍ ဗြဟ္မ စရိယကိစ္စ အပြီးတိုင်လေ၏၊ ရှေးရှေးသော အနမတဂ္ဂဘဝတို့၌ ဗြဟ္မစရိယအမှုကို ဘဝအသင်္ချေမက အကြိမ်ကြိမ် အဖန်ဖန် အားထုတ်ခဲ့ သော်လည်း ဝိညာဏ်၌ အတ္တစွဲလမ်းမှု တန်းလန်းရှိနေသည့်အတွက် ဝိညာဏ်၌တပ်စွန်းသော တဏှာကိုအပြီးတိုင် ပယ်သတ်မှု ပယ်ဖြတ်မှု ဟူသော ပရိညာလမ်းကို မလိုက်၊ လူ့ဝိညာဏ် နတ် ဝိညာဏ်ဗြဟ္မာ့ ဝိညာဏ်ကို အစဉ်ရ၍နေရအောင် အားထုတ်မှု တွေချည်း ဖြစ်ခဲ့၍ တစ်ပိုင်းကြောင် ဗြဟ္မစရိယ၊ တဒင်္ဂဗြဟ္မစရိယ အပန်းကြီးပန်းခဲ့ရုံသာရှိ၍ ယခုတိုင် အဝီစိငရဲ နှလုံးထဲမှာ လျှမ်းလျှမ်းတောက်လျက် ရှိနေသဖြင့် ဗြဟ္မစရိယ ဒုက္ခမှုကြီးမပြီးတန်းလန်း နခမ်းမသတ် အနာဂတ်မှာ လည်း သတ်ခွင့်မရှိ၊ ပကတိအတိုင်းပင် ရှိနေကြကုန်သည်၊ ထိုတဒင်္ဂဗြဟ္မစရိယ တွေ လမ်းလိမ် လမ်းကောက်ဆိုရာ၌ ဥပမာကား အနက်အကျယ် တစ်ယူ ဇနာ ရှိသော ရှားမီးကျီးတွင်းကြီးသည် ရှိသတတ်၊ တွင်းထဲသို့ ကျရောက်မှ ရှားမီးတွင်းမှန်း သိကြရ၏၊ ထိုတွင်းမှ တက်မိလျှင် လိုက်သွားရန် လမ်းငယ် တွေ အများရှိ၏၊ အချို့လမ်းစုကား ငါးရာတွင်းခန့်သွားပြီးလျှင် မီးကျီး တွင်းသို့ချည်း လှည့်၍ဆင်း၏၊ အချို့လမ်းကား တစ်တိုင်ခန့် နှစ်တိုင်ခန့် သုံးတိုင်ခန့် သွားပြီးလျှင် မီးကျိးတွင်းသို့လှည့်၍ဆင်း၏၊ မီးကျီးတွင်းသို့ မလှည့်မူ၍ ဝေးရာအရပ်ရှိ မြို့ကြီးရွာကြီး သို့သွားသော မထင်မရှား သောလမ်းဖြောင့်ကြီးတစ်ခုရှိ၏၊ မီးကျီးတွင်း၌ကျ၍ ဒုက္ခကြီးစွာခံရပြီးလျှင် အချို့ အချို့ ကမ်းသို့ တက်ရောက်ကြ၏၊ ကမ်းပေါ်သို့ ရောက်ကြသော အခါ ထိုမီးကျီးတွင်းနှင့်ဝေးလေအောင် ပြေးပါသော်လည်း သွားသူများ၏ ထင်ရှားရာ မီးကျီးတွင်းသို့ လှည့်၍ဆင်းသော လမ်းလိမ် လမ်းကောက် လမ်းမှောက် လမ်းမှားတွေကိုသာ လိုက်မိကြကုန်၍ မီးကျီးတွင်းသို့ကျမြဲ တစ်လဲလဲကျ၍ နေကြကုန်၏၊ လမ်းဖြောင့်ကြီးကိုကား သွားသူ နည်းပါး မထင်ရှား၍မလိုက်ကြ၊ ဤဥပမာအတိုင်းမှတ်။
မိမိသန္တာန်တွင် အစဉ်ဖြစ်ပွား၍ နေသောဝိညာဏ် ခြောက်ပါးကို တဏှာနှင့်တကွ နောက်တစ်ဖန် မပေါ်လာရအောင် ဉာဏဒဿန ဓားသန်လျက်နှင့်တစ်ချက်တည်းပိုင်ပိုင် ဖြတ်စွမ်းနိုင်သော အရဟတ္တမဂ် ပရိညာသို့ ရောက်သည်ရှိသော် အဝီစိငရဲနှင့်တကွ ဝဋ်ဒုက္ခခပ်သိမ်း အကုန်လုံး ပြတ်ငြိမ်းသဖြင့် ဗြဟ္မစရိယဒုက္ခ နောင်ပြုဖွယ် ကိစ္စလည်း မြူခြမ်းမျှမရှိပြီ၊ ဤသို့သော အချက်ကိုပြတော်မူခြင်းငှာဝိညာဏေ ဘိက္ခဝေ အာဟာရေ ပရိညာတေ နာမရူပံ ပရိညာတံဟောတိ၊ နာမရူပေ ပရိညာတေ အရိယသာ ဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိကရဏီယန္တိ ဝဒါမိ။
ဟူသော ဒေသနာတော်မြတ်ကို ဟောတော်မူပေသည်။ ပရိညာ ကိစ္စပြီးစီးပုံ ဥပမာ၌ ပုန်ကန် ပုန်စားမှုနှင့် မင်းပြစ် မင်းဒဏ်သင့်သောသူကို တစ်နေ့တစ်ရက်တွင် နံနက်၌ လှံချက်တစ်ရာ အထိုးခံရသော ဥပမာပေတည်း။ ဤကိုယ်ခန္ဓာ၌ နာမကာယ ရူပကာယ ဟူ၍ နှစ်ကာယ ရှိသည်တွင် နာမကာယ၏တံခါးဝကား ဝိညာစ်ခြောက် ပါးတည်း။
အာရုံခြောက်ပါးသည် ဝိညာဏ်ခြောက်ပါး တံခါးပေါက်မှာ နာမကာယသို့ဝင်ကြရကုန်၏၊ တစ်ရွာလုံး တစ်မြို့လုံးကို တိုက်လို ခိုက်လို သတ်လို ဖြတ်လို မီးတိုက်လိုသော သူပုန် ဓားပြတို့သည် ဟင်းလင်းပွင့်ရာ ရွာတံခါး ပေါက်မြို့တံခါးပေါက်တို့မှာ ရွာတွင်း မြို့တွင်းသို့ အတင်း ဝင်ကြကုန်သကဲ့သို့တည်း။ ထို့ကြောင့် မြတ်စွာဘုရားသည်“ဂါမဃာတ ကာ စောရာတိခေါ ဘိက္ခဝေ ဆန္နေတံ ဗာဟိရာယတနာနံ အဓိဝစနံ”
ဟူ၍ ဟောတော်မူပေသည်၊ အာရုံခြောက်ပါးသည် မြို့ရွာကို တိုက်ခိုက် ဖျက်ဆီးသော သူပုန် ဓားပြတွေမည်၏ ဆိုလိုသည်။
တစ်ကိုယ်လုံးမှာ ဘယ်နေရာမဆို အာရုံဆိုက်ရာ ဆိုက်ရာ၌ ဝိညာဏ်စိတ်ကွင်းကနဲ ကွင်းကနဲ ပေါ်၍နေသည်ကို တံခါးဝတွေဆို သည်၊ မှန်တံခါးမျိုးကဲ့သို့ အကြည်အလင် တံခါးမျိုးတည်း၊ ဟင်းလင်း ပေါက် တံခါးမျိုးမဟုတ်၊ အာရုံကို သိမှုပင်တည်း၊ ဆိုက်လာသမျှသော အာရုံစုသည် ဝိညာဏ်သိမှုနှင့်ပေါင်းမိလျှင် ဖဿဝေဒနာ အစရှိသော နာမကာယသို့ပေါက်ရောက်လေတော့သည်၊ ပေါက်ရောက်လျှင် သူပုန် ဓားပြဝင်၍ တိုက်သောရွာကဲ့သို့လည်းကောင်း၊ ကျားတွေဝင်သော ရွာကဲ့သို့လည်းကောင်း၊ ချင်းတွင်းမြစ်ညာမှာ ချင်းရိုင်းဓားပြဝင်သော ရွာကဲ့သို့လည်းကောင်း၊ လောဘ, ဒေါသအစရှိသော နာမကာယအပေါင်း ထောင်းထောင်း ဆူကြွဖြစ်ပေါ်ကြလေကုန်တော့သည်၊ သတ္တဝါတို့၏ ထွေထွေလာလာ ကြံခြင်း စည်ခြင်း ပြောခြင်း ဆိုခြင်း ငိုခြင်း ရယ်ခြင်း ဟစ်ကြွေးခြင်း သီချင်း ကဗျာ အဲ အန် ကျူးရင့်ခြင်း ခိုက်ရန်ဖြစ်ပွား စကားငြင်းခုန်ခြင်း အစရှိသည်တို့သည်လည်းကောင်း၊ အင်္ဂါကြီးငယ် လှုပ်ရှားသွားလာခြင်း အစရှိသည်တို့သည်လည်းကောင်း၊ ထိုနာမ်တရား တို့၏ ထောင်းထောင်းဆူကြွမှုတို့သာတည်း။
ဟောတော်မူရင်း ဥပမာ၌ကား ဝိညာဏ်အချက် သက်သက်ကို ပြတော်မူလို၍ လှံချက်မျှကိုသာ ဟောတော်မူသည်၊ ရာဇဝတ်ကောင်နှင့် ပုဂ္ဂိုလ်သတ္တဝါတူသည်၊ တစ်နေ့တစ်နေ့လျှင် အချက်သုံးရာ သုံးရာ ထိုးသော လှံစုနှင့် အာရုံခြောက်ပါးတူသည်၊ လှံစူးဝင်ရာ အပေါက်ဝစုနှင့် တစ်ကိုယ်လုံးမှာ ဝိညာဏ်ခြောက်ပါးဖြစ်ပေါ်မှု တူသည်၊ လှံသွား ထိသမျှ အတွင်း သားစုနှင့် နာမကာယ တူသည်၊ (ဝါ) အလွန်နာလှ ပြင်းထန် လှအောင် ထကြွဖြစ်ပွားသော ဒုက္ခ ဝေဒနာစုနှင့်တူသည်၊ ဤဥပမာဖြင့် ဝိညာဏ်၏ အလွန်ပြင်းထန်သော ဒုက္ခလက္ခဏာပရိညာ အခွင့်ကြီး ဖြစ်ကြောင်းကိုပြတော်မူသည်၊ ဒုက္ခပရိညာအခန်း၌ အနည်းနည်း ပြခဲ့ သော ဒုက္ခအခြင်းအရာ အလုံးစုံသည် ကိုယ်၌ဆိုက်ရောက် ညှဉ်းပန်း သောအခါ ဤဝိညာဏ်ပေါက် ကချည်းဝင်၍ ညှဉ်းပန်းကြကုန်သည်။
တစ်နည်းမူကား ဤဥပမာသည်လည်း အရဟတ္တမဂ်သို့ ရောက် ၍ဝိညာဏ်၌ ဒုက္ခပရိညာကိစ္စအလုံးစုံ ချောမောပြီးသော အခွင့်နှင့် တိုက်ဆိုင်၍ဟောသောဥပမာပင်တည်း၊ ထိုလှံချက်တို့ကို ခံရသော ရာဇဝတ်ကောင်သည် လှံထိုးသော အာဏာသားတို့၌လည်းကောင်း၊ လှံတို့၌လည်းကောင်း၊ လှံချက်မိမိ ကိုယ်သို့ရောက်၍ပေါက်မှု စူးမှုတို့ ၌လည်းကောင်း၊ သာယာခြင်းဟူ၍ အဏုမြူမျှမရှိ၊ ကြောက်ခြင်းသည်း ထန်စွာ အမြဲတည်နေသကဲ့သို့ အာရုံခြောက်ပါး၏ မှီရာဝတ္ထုစု၌လည်း ကောင်း အာရုံခြောက်ပါးတို့၌လည်းကောင်း၊ မိမိသန္တာန်မှာ အာရုံ ခြောက်ပါးလျှင် အာရုံရှိသော ဝိညာဏ်ခြောက်ပါးဖြစ်ပေါ်မှုတို့၌ လည်း ကောင်း၊ တဏှာဖြင့် သာယာခြင်း ဟူ၍အဏုမြူမျှမရှိ၊ ဉာဏ်၏ ကြောက် ခြင်းဖြင့် ကြောက်ခြင်းသည်းထန်စွာ အမြဲအစွဲ တည်နေသော အဖြစ်သို့ ဆိုက်အောင် အားထုတ်မှ ပရိညာကိစ္စ အပြီးတိုင်လေသည်ဟု ပရိညာ ကိစ္စ အပြီးတိုင်မှုကို စံပြုရန်ပြတော်မူသော ဥပမာပေတည်း၊ ထိုဥပမာ အတိုင်း ပြီးစီးလျှင် ရဟန္တာဖြစ်လေတော့သည်၊ ရဟန္တာဖြစ်လျှင်လည်း ဉာဏ်၏ကြောက်ခြင်းဖြင့် ဝိညာဏ်ခြောက်ပါး၌ကြောက်ခြင်း သည်း ထန်သောဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ် အစွဲအမြဲ တည်လေ တော့သည်၊ ထို့ကြောင့် မဟုတ်လော မိမိသန္တာန်၌ရှိနေသော ဝိညာဏ် ခြောက်ပါး၏ ခုနစ်ရက်စသည်ဖြင့် ချုပ်ငြိမ်း၍နေသော နိရောဓ သမာပတ်ကို ဒိဋ္ဌဓမ္မနိဗ္ဗာန်ဆိုပေသတည်း၊ မိမိသန္တာန်၌ အာရုံခြောက်ပါး လှုံ့ဆော်တိုင်း လှုံ့ဆော်တိုင်း ဝိညာဏ်ခြောက်ပါးနှင့်တကွ နာမက္ခန္ဓာ လေးပါးတို့ခြောက်ဒွါရ၌ တစ်ကြွကြွတစ်ရွရွ ဖြစ်ပေါ်၍နေသည်ကို သည်း မခံလိုလှ၍ ဝင်စားရသော သမာပတ်ပေတည်း၊ ထိုသမာပတ်ကို နိဗ္ဗာန် ဟူ၍ ဆိုသဖြင့် ထိုဝိညာဏ်ခြောက်ပါးဖြစ်၍ နေမှုသည် ရဟန္တာ ပုဂ္ဂိုလ်တို့မှာ ကြီးစွာသောဒုက္ခဘေးကြီးဖြစ်၍ နေကြောင်းကို သိသာ လှလေသတည်း၊ ဝိညာဏ်ခြောက်ပါး နှင့်တကွရှိရှိသမျှသော တေဘူမက ဓမ္မတို့ကို ဤဥပမာနှင့်ယှဉ်၍ အကုန်မြင်အောင်ကြည့်လေ။ ထွန်မှု ယက်မှု လုပ်ဆောင်မှု နှင့်တင်ကူး၍ စပါးကျွန်ခံနိုင်မှ စပါးကိုရသည်၊ ချက်ပြုတ် မှုနှင့် တင်ကူး၍ ထမင်းကျွန်ခံနိုင်မှ ထမင်းပေါ်လာသည်၊ ဤနည်း ချည်းမှတ်လေ။
လောက၌ ကျေးကျွန်ဟူရာမှာလည်း အရှင်သခင်ဆိုသောသူက ရှေးဦးစွာကြွေးမြီဥစ္စာ ချေးမှု, ပေးမှုနှင့် သူ့ကျွန်ခံခဲ့ရသည်၊ အိမ်၌နေ ပြန်လျှင် ကျွေးမှု, မွေးမှု, ဝတ်ဆင်မှုနှင့် သူ့ကျွန်ခံနိုင်မှ နေရသည်၊ မင်းစိုး ရာဇာတို့ အစိုးရမှုမှာ အသက်ခန္ဓာ ကိုပိုင်သော အရှင်သခင်ဟုဆိုကြရာ၌ ထိုသူ့အသက်ကို မအို မသေ အမြဲနေရအောင် ထိုသူ့ခန္ဓာကို သင်္ခါရဒုက္ခ, ဝိပရိဏာမ ဒုက္ခ မဖြစ်ရအောင် အစိုးရသည် မဟုတ်၊ ထိုမင်းသည် မိမိအ သက်, မိမိခန္ဓာကိုယ်ကိုမျှ ထိုကဲ့သို့ အစိုးရသည်မဟုတ်၊ အင်အားချင်း မတန်၍ နှိပ်စက်နိုင်သည့်အတွက် ပါကောင်းသမျှ အလိုပါမှုအနည်းငယ် ရှိ၍နေသည်ကို အစိုးရဆိုသတည်း။
စိတ်နှင့် ကြံလိုရာရာ၌ ကြံနိုင်မှု၊ နှုတ်ဖြင့် ပြောဆိုလိုရာ ပြောဆိုနိုင် မှု၊ ကိုယ်အင်္ဂါ လှုပ်ရှားမှု၊ သွားလိုရာရာ သွားနိုင်မှု၊ လာလိုရာရာ လာနိုင် မှုတို့ကိုစွဲ၍ မိမိကိုယ်ကို မိမိအစိုးရသည်ထင်၍ နေကြရာ၌လည်း အသား နုတက်မှု ဥပမာကဲ့သို့ မိမိကိုယ်ခန္ဓာကို အစာဟာရ ကျွေးမွေးမှုစသော သင်္ခါရဒုက္ခ အမျိုးမျိုးတို့နှင့်တင်ကူး၍ သူ့ကျွန်ခံမှု အမြဲတည်ရှိနေသည်ကို သိလေ၊ ရှေးရှေးနေ့က ကျွေးမှု, မွေးမှု, ပြုစုပျိုးထောင်မှုတို့နှင့် သူ့ကျွန်ခံ ခဲ့၍ နောက်နောက်နေ့မှ ကြံမှု, သိမှုပေါ်လာသည်၊ ပြောမှု, ဆိုမှု ပေါ်လာ သည်၊ ကြံမှု, သိမှု, ပြောဆိုမှု, ကိုယ်အင်္ဂါလှုပ်ရှားမှု, သွားမှု, လာမှု ဆို သည်မှာလည်း မြစ်ရေအလျဉ်ကဲ့သို့ ဝိညာဏ်စသော ပရမတ္ထဓမ္မတို့၏ တစ်ရွရွ တစ်ရှိန်းရှိန်း ဓာတ်အသား နုတက်ပွားမှုတို့သာတည်း။ (ဤတွင်ရွေ့ကား ပုဂ္ဂိုလ်သတ္တဝါ၏ အလိုသို့မလိုက်မှု အကြောင်းတရားနှင့် စပ်၍သာဖြစ်မှုကို မြင်သဖြင့်
သိအပ်သော အနတ္တ အမြွက်တည်း။)
---
အနိစ္စပရိညာ၌ ပြဆိုခဲ့ပြီးသော ပဋိစ္စသမုပ္ပါဒ် အခြင်းအရာစု သည်လည်း အကြောင်းတရားနှင့် စပ်၍သာဖြစ်နိုင်မှု ထင်ရှားလှသော အခြင်းအရာစုပင်တည်း၊ ထိုမှတစ်ပါး ပဋ္ဌာန်းဒေသနာတော်အရနှင့် အနတ္တအချက်ကို ပြဆိုရန် အလွန်ကြီးကျယ်လှ၏၊ သဗ္ဗညုတဉာဏ်တော် အရာသာဖြစ်သည်၊ ဝိပဿနာ ယောဂီပုဂ္ဂိုလ်မှာ အကုန်လိုရင်းမဟုတ်၊ တစ်စိတ် တစ်ဒေသနှင့်အနတ္တထင်လျှင်ပြီးတော့သည်။ ရှေးအနိစ္စပရိညာ ၌ ပဋိစ္စသမုပ္ပါဒအချက်ကို အာရမ္မဏပစ္စည်းတစ်ခုနှင့် ပြဆိုခဲ့သည်၊ ထိုအတိုင်း ပိုင်းပိုင်းခြားခြား ထင်မြင်နိုင်လျှင် ပြီးတော့သည်။ အနတ္တ ပရိညာ အမြွက်ပြီး၏။
---
အနိစ္စ, ဒုက္ခ, အနတ္တ, ပရိညာသုံးပါးတွင် အနိစ္စပရိညာ ပိုင်ပိုင် နိုင်နိုင်လိုလှ၏၊ အနိစ္စပရိညာ ပိုင်နိုင်မှ နောက်နောက် ပရိညာပိုင်နိုင်မည်။ တီရဏပရိညာ သုံးပါး အစီအရင် ပြီး၏၊
၈-ဝိညာဏဟာရ၌ ပဟာနပရိညာ
ဘယဉာဏ် အာဒီနဝဉာဏ် အစရှိသော လောကီ လောကုတ္တရာ ပဟာနပရိညာ အစီအရင်မှာ ကဗဠီကာရ အာဟာရကမ္မဋ္ဌာန်းမှာ ပြဆိုခဲ့ပြီးသောနည်းအတိုင်းသိလေ။
ဤဝိညာဏာဟာရ ကမ္မဋ္ဌာန်းအလုပ်သည်ကား အရဟတ္တမဂ် တိုင်အောင်ပေါက်၏၊ အရဟတ္တမဂ်သို့ကျ၍ ရဟန္တာအဖြစ်သို့ရောက်မှ ဝိညာဏ်၌ သာယာတွယ်တာခြင်း ပြတ်ကင်းသော ပဟာနပရိညာ အခွင့်တုံးသည်၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်ပုဂ္ဂိုလ်တို့မှာ ဝိညာဏ်ခြောက်ပါးတို့၌ အခွင့်မတုံး, အဆုံးမတိုင်သေး၊ စိတ်ဝိညာဏ်ကို သုခအနေနှင့် သာယာသောတဏှာ တန်းလန်းနှင့်ပင်ရှိ ကြသေးသည်၊ ဘယဉာဏ် အာဒီနဝဉာဏ်များကို အားထုတ်ခွင့်မတုံးသေး၊ ဘယဉာဏ် အာဒီနဝဉာဏ်တို့နှင့် ရှု၍နေဆဲအခါ၌လျှင် ဒုက္ခကြီးစွာ ထင်မြင်နိုင်သည်၊ မရှုသောအခါ၌ သုခသညာ ကပ်မြဲ ကပ်ပြန်သည်၊ လူ့ချမ်းသာ, နတ်ချမ်း သာ, ဗြဟ္မာ့ချမ်းသာ ထင်မြဲထင်ပြန်သည်၊ အနာဂါမ်ပုဂ္ဂိုလ်ကား ဗြဟ္မာ့ ချမ်းသာ အထင်သာ ရှိတော့သည်၊ လူ့ချမ်းသာ, နတ်ချမ်းသာ အထင်မရှိ ပြီ၊ ဝိပဿနာတရားကို အားထုတ်သော ပုထုဇ္ဇဉ်ပုဂ္ဂိုလ်တို့မှာ ဆိုဖွယ်ရာ မရှိပြီ၊ ထိုပုဂ္ဂိုလ်တို့မှာလည်း ဝိပဿနာထင်မြင်နိုင်သည်ဆို ငြားသော် လည်း အနိစ္စပရိညာနှင့်အနတ္တပရိညာ ဤနှစ်ပါးသာ စွဲမြဲစွာထင်နိုင်သည်၊ ဒုက္ခပရိညာသည်မူကား အားထုတ်၍ ရှုဆဲအခါ၌သာ ကောင်းစွာ ထင် နိုင်သည်၊ မရှုပြန်လျှင် သုခသညာ ကပ်မြဲကပ်ပြန်သည်၊ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာ ထင်မြဲထင်ပြန်သည်၊ ဒုက္ခပရိညာဖြစ်သော ဘယဉာဏ် အာဒီနဝဉာဏ် နိဗ္ဗိဒါဉာဏ်တို့ကိုလွန်စွာ အားထုတ်၍ ရှုနေ စဉ်တွင် အဆင့်ဆင့် ဉာဏ်ပွင့်လင်း၍ ပွင့်လင်း၍သွားသဖြင့် အတ္တဒိဋ္ဌိ ပြတ်လောက်အောင် လင်း၍သွားသော အချက်တွင် သောတာပတ္တိမဂ်သို့ ဆိုက်လေ၍ ဖိုလ်ပစ္စဝေက္ခဏာပေါ်အောင် ဉာဏ်အချက်သွားလေ၏၊ ပစ္စဝေက္ခဏာမှ ထ၍ ပကတိနေပြန်လျှင် သုခသညာကပ်မြဲကပ်ပြန်၏၊ လူဖြစ်ခဲ့လျှင် ဥစ္စာ စီးပွား သားမယား အာရုံနှင့်မွေ့လျော်မြဲမွေ့လျော်၍ နေနိုင်ပြန်၏၊ အချို့သောသူတို့ကား ထိုသို့မသိရှာကြသည့် အတွက် ကြောင့်ဝိပဿနာထင်သူမှန်လျှင် လူထဲ ရှင်ထဲမှာ ရွှင်ကြည်စွာ မနေနိုင် ရာပြီ၊ ဥစ္စာစီးပွား သားမယား အလယ်မှာ မနေနိုင်ရာပြီ၊ ရွှင်သော မျက်နှာ ရွှင်သောစကား ကြွရွသော ကိုယ်အမူအရာ မရှိရာပြီဟု ထင်ကြကုန်၏။
အဆိပ်ပင်ကြီး နှစ်ခုသည်ရှိရာ၏၊ တစ်ပင်မှာ ရေသောက်မြစ် အကုန်ပြတ်ပြီးတည်း၊ တစ်ပင်မှာ ပကတိအနေအတိုင်းပင်၊ ရှေ့အပင်မှာ ရေသောက်မြစ်ကြီး ပြတ်ကြီးဖြစ်သော်လည်း မြေထဲမှာ မြစ်သေး မြစ်မြွား ကျန်ရှိသေးသည် တစ်ကြောင်း၊ မြေပေါ်ရှိ တစ်ပင်လုံးမှာရှိနေသော အစေးတို့ခြောက်ခန်း၍ မကုန်သေးတည့် သေးသည်တစ်ကြောင်း၊ သို့အကြောင်းကြောင့် ပကတိအပင်နှင့် နေပုံ မထူးကြသေး စိုစိုပြည်ပြည် ရွှင်ရွှင် လန်းလန်းအတိုင်းပင် ရှိနေသေးသည်၊ အစေး အားကြီးသော အပင်မျိုးဖြစ်၍ တစ်ဖြည်းဖြည်းသာ စိုပြည်ရွှင်လန်းမှု ယုတ်သိမ်း ၍သွား သည်၊ ပကတိ အပင်မှာမူကား အစဉ်အဆက် ပွားစီး၍ ထိုအရပ်တွင် အဆိပ်ပင်တောကြီးဖြစ်အောင် သွားလမ်းသာရှိနေ၏၊ မျက်မြင်မှာ ရွှင်ပုံချင်းတူကြသော်လည်း ဝိပဿနာ ထင်မြင်သော ပုထုဇ္ဇဉ်ပုဂ္ဂိုလ် သော တာပန်ပုဂ္ဂိုလ်တို့၏ ရွှင်မှုနှင့် ပကတိအန္ဓဗာလပုထုဇ္ဇဉ်ပုဂ္ဂိုလ်တို့၏ ရွှင်မှု နှစ်ပါး အထူးတည်း၊ မသိတတ်လျှင် အပြစ်ကြီးစွာ ဖြစ်တတ်သော အချက် ဖြစ်၍ ဤဥပမာနှင့်တကွ ပြဆိုလိုက်သည်။
ဝိညာဏာဟာရ၌ ပဟာနပရိညာအမြွက်ပြီး၏၊ ဝိညာဏာဟာရ၌ ပရိညာသုံးပါး အဆုံးတိုင်ပြီးပိုင်လျှင် နာမ်ရုပ် တို့၌လည်း အဆုံးတိုင် ပြီးပိုင်လေတော့သည်၊ ဝိညာဏ်, နာမ်, ရုပ်သုံးပါး၌ ပရိညာသုံးပါးလည်း အဆုံးတိုင်ပြီးလျှင် မဂ္ဂဗြဟ္မစရိယကိစ္စ သာသန ဗြဟ္မစရိယကိစ္စ အလုံးစုံ အခွင့်တုံးလေ၏၊ ဤသို့သောအချက်ကို ပြတော် မူခြင်းငှာ
ဝိညာဏေဘိက္ခဝေ အာဟာရေ ပရိညာတေ နာမရူပံ
ပရိညာတံ ဟောတိ၊ နာမရူပေ ပရိညာတေ အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ
ဟူ၍ ဟောတော်မူသည်။
(ဤတွင်ရွေ့ကား ဝိညာဏာဟာရ ကမ္မဋ္ဌာန်းအစီအရင်ပြီး၏၊)
---
၉-ဖဿာဟာရ၌ ပရိညာ
ယခုအခါ ဖဿကမ္မဋ္ဌာန်း အစီအရင်ကို ပြဆိုပေအံ့။ ဤ ဖဿာဟာရ၌ ဉာတပရိညာအမှုမှာရှေး၌ ဉာတပရိညာအမှုမှာ ရှေး၌ နာမ်အာဟာရသုံးပါးခွဲခန်းမှာ ပါရှိလေပြီ။ “အာဟာရံ ဇာနာတိ” ၏အရ ဒုက္ခသစ္စာ ပိုင်းခြားမှုမှာလည်း ဝိညာဏာဟာရဒုက္ခ၌ ပြခဲ့ပြီးသော ဒုက္ခစက်ကြီး တစ်ဆယ့်ငါးပါး အတိုင်းပြလေ၊ ဝိညာဏ်နှင့် ဖဿသည် ဖြစ်အတူ ပျက်အတူ အမြဲမကွာ ယှဉ်ဖက်၍ဖြစ်ကြ၏၊ ကိစ္စအလိုအား ဖြင့်သာ ရှေ့နောက်ကဲ့သို့ပြု၍ ပြောရသည်၊ ဝိညာဏ်သည် ဟင်းလင်းဖွင့် ထားသော တံခါးပေါက်အတွင်းသို့ ရောက်လာသမျှသောသူတို့ကို အဆိုး အကောင်း ထင်ရှားပေါ်လွင်အောင် အတင်းအကြပ်စစ်ကြောသော တံခါးစောင့်နှင့်တူ၏၊ ဤသို့စသည်ဖြင့် ဥပမာဆောင်ဖွယ် ပေါများ၏၊ ထင်ရှားရာဌာနအားဖြင့်မူကား ကောင်းသည် မကောင်းသည်ဟု မထင်ရှားမူ၍ မြင်ကာမတ္ထ၊ ကြားကာမတ္တ၊ နံကာမတ္တ၊ လျှာမှာ သိကာမတ္တ၊ ကိုယ်မှာ သိကာမတ္တ၊ စိတ်နှလုံးမှာ ထင်မြင်ကာ မတ္တသာရှိသော အာရုံ သာ အလွန်များသည်၊ ကြည့်၍ကောင်းသည်ဟူ၍လည်းကောင်း၊ ကြည့် ၍မကောင်းဘူးဟူ၍လည်းကောင်း၊ ဤသို့ စသည်ဖြင့် ကောင်း မကောင်း ထင်ရှားရာ၌ ဖဿထင်ရှား၏၊ မြန်မာဝေါဟာရ၌ ဖဿကို မျက်စိအတွေ့, နားအတွေ့ စသည်ခေါ်၏။
ဉာတပရိညာ အမြွက်ပြီး၏၊
---
တီရဏပရိညာ သုံးပါးလည်း ဝိညာဏ်နှင့်တူပြီ၊ ဝိညာဏ် ခြောက် ပါးဆိုရာ၌ ဖဿခြောက်ပါး ဆိုရုံမျှသာ ထူးတော့သည်။ ပဟာန ပရိညာလည်း ဝိညာဏ်နှင့် တူပြီ၊ ဤဖဿဟာရကမ္မဋ္ဌာန်းလည်း အရဟတ္တဖိုလ် တိုင်အောင်ပေါက်၏၊ ဖဿ၏ ဒုက္ခပရိညာမှုသည် အရဟတ္တမဂ်သို့ကျမှ အပြီးတိုင်၏၊ ဝိညာဏ်အတိုင်းပင် ဖဿာဟာရ၌ ပရိညာကိစ္စ အပြီးတိုင်လျှင် ဝေဒနာသုံးပါး၌လည်း အပြီးတိုင်တော့သည် ဟူရာ၌ ဖဿ၌ အနိစ္စပိုင်လျှင် ဝေဒနာသုံးပါး၌လည်းပိုင်တော့သည်၊ ဖဿ၌ ဒုက္ခအနတ္တပိုင်လျှင် ဝေဒနာသုံးပါး၌လည်း ပိုင်တော့သည်၊ ပဟာနပရိညာမှာလည်းထို့အတူတည်း။ အကြောင်းမူကား ဖဿနှင့် ဝေဒနာသည် ကိစ္စအခြင်းအရာချင်း အလွန်နီး ကြ၏၊ သုခသမ္ဖဿနှင့် သုခဝေဒနာသည် သဘောတစ်လုံးတည်းကဲ့သို့ထင်ရ၏၊ ချမ်းသာသော အတွေ့ဟုဆိုအပ်သော သုခသမ္ဖဿ၌ ဒုက္ခပရိညာပိုင်နိုင်ခဲ့လျှင် ချမ်းသာ မှုဟု ဆိုအပ်သော သုခဝေဒနာ၌လည်း ပိုင်နိုင်တော့မည် ဧကန် ဖြစ်၏၊ ထို့ကြောင့် နောက်ပရိညာ ကိစ္စတစ်လုံးတည်း ဖြစ်ကြလေသတည်း၊ ဝေဒနာမည်သည် သတ္တဝါတို့မှာ အချုပ်အချာဖြစ်၏၊ လူ့ချမ်းသာ, နတ် ချမ်းသာ, ဗြဟ္မာချမ်းသာ ဆိုသည်ကား သုခဝေဒနာကို ဆိုသတည်း၊ အပါယဒုက္ခ လူတို့၌အများသိကြသော ဒုက္ခဆိုသည်ကား ဒုက္ခဝေဒနာ ကိုဆိုသတည်း၊ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝကို တောင့်တတွယ်တာ သာယာမှုဖြစ်၍နေကြသည်လည်း ထိုဘဝတို့ ၌ရှိသော သုခဝေဒနာနှင့် တောင့်တတွယ်တာ သာယာရင်းပေတည်း၊ ထိုဘဝတို့၌ဖြစ်သော သုခကိုပင် ဒုက္ခဟု ပိုင်ပိုင်ထင်မြင်နိုင်သည်ရှိသော် ထိုဘဝတို့၌ ဖြစ်သော ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့သည် အသုံးမကျ နိရတ္ထက ဖြစ်၍ ကုန်တော့သည်၊ တွယ်တာရန် အခွင့်မရှိပြီ၊ ဒုက္ခပရိညာ အလိုလို ပြီးစီးလေတော့သည်၊ ထို့ကြောင့်
ဖေဿာ ဘိက္ခဝေ အာဟာရေ ပရိညာတေတိဿော ဝေဒနာပရိညာတာဟောန္တိ၊ တီသု ဝေဒနာသု ပရိညာ တာသု အရိယသာဝကဿ နတ္ထိကိဉ္စိ ဥတ္တရိကရဏီယန္တိ ဝဒါမိ။ ဟူ၍ ဟောတော်မူပေသတည်း။
ပညာရှိသုံးပါး အဆုံးတိုင်ပြီးစီးပုံကို စံပြုရန် ဥပမာကား အရေမရှိသော နွားမဥပမာတည်း၊ ထိုနွားမသည် တစ်ကိုယ်လုံး အရေမရှိ၊ နီနီချင်းချင်း အသားကောင်ကြီးဖြစ်၍နေသည့်အတွက် ဟင်းလင်းအပြင် မှာ နေပြန်လျှင်လည်း ခွေး, ကျီးလင်းတ ယင်မ, ယင်ငယ် တစ်ရုန်းရုန်း ကိုက်ကြ, ဆွဲကြ, ထိုးကြ, ဆိတ်ကြ ဒုက္ခပင်လယ်ဝေကြီးဖြစ်ရလေ၏၊ တောချုံရှိရာသို့ ဝင်ပြန်ပါလျှင်လည်း သစ်ကိုင်း, သစ်ခက်, သစ်ရွက်, ဆူးငြောင့်ထိပါးမှုနှင့် ဒုက္ခပင်လယ်ဝေကြီး ဖြစ်ရလေ၏၊ ဤကား ဥပမာ တည်း၊ နွားမနှင့် သတ္တဝါခန္ဓာကြီးတူ၏၊ အရေမရှိ၊ ဟင်းလင်းကြီး နေသည် နှင့် ဝိညာဏာဟာရတူ၏၊ ဝိညာဏ်မည်သည် အလွန်ကြည်လှစွာသော ဒွါရတရား ဖြစ်သောကြောင့်ဟင်းလင်းကြီးနှင့် တူလေသည်၊ အသာ အယာထိကာ မတ္ထပင်ဖြစ်သော်လည်း ဆတ်ဆတ်တုန် နာကျင်ရန် ပြင်းထန်သော ဒဏ်မှုကြီး ဖြစ်၍သွားရသော အသားစုနှင့်ဖဿာဟာရ တူသည်၊ ပြင်ပ၌ ထိခိုက်သော သက်ရှိ, သက်မဲ့, ဝတ္ထုနှင့် အာရုံခြောက်ပါး တူသည်။
သူသူငါငါ သတ္တဝါတို့၏ ကိုယ်ခန္ဓာမှာလည်း နေပူ, လေပူ, မီးပူ, မှက်, ခြင်း, သန်း, ကြမ်းပိုး အစရှိသော ဒုက္ခဖြစ်လောက်သော အာရုံ ထိုခိုက်လာလျှင် ဘယ်နေရာမှာမှ ဖဿနှင့်တကွ ဒုက္ခဝေဒနာ မပေါ် သည်မရှိ၊ ခြင်တရုန်းရုန်း, ယင်တရုန်းရုန်း, မှက်တရုန်းရုန်း, ဖြုတ် တရုန်းရုန်း, သန်း, ကြမ်းပိုး, ပိုး ပုရွက် တရုန်းရုန်း နေပူ, လေပူစသည် တရုန်းရုန်း ဒုက္ခမစဲသည်သာဖြစ်၏၊ သို့သော်လည်း ပရိညာထမြောက်မှု စံပြုသော ဥပမာဖြစ်၍ လူ့ရွာ, နတ်ရွာ, ဗြဟ္မာ့ရွာတို့၌ရှိသော သုခသမ္ဖ ဿ သုခဝေဒနာတို့နှင့်တကွ ဖဿဟူသမျှ, ဝေဒနာဟူသမျှတို့၌ ဒုက္ခပရိညာ အပြီးတိုင်ပိုင်နိုင်သော ရဟန္တာတို့၌သာ ဆိုက်တိုက်လိုရင်း ဥပမာပေတည်း။
ဖဿာဟာရ ကမ္မဋ္ဌာန်းပြီး၏။
---
၁၀-မနောသေဉ္စတနာဟာရ၌ ပရိညာ
မနောသေဉ္စတနာဟာရ၌လည်း ဉာတပရိညာအစီအရင်မှာ နာမ်အာဟာရ သုံးပါးခွဲခန်း၌ ဆိုခဲ့ပြီးသော သဘာဝပရိညာနှင့်တကွ ဝိညာဏာဟာရ၌ ပြခဲ့ပြီးသော ဒုက္ခစက်ကြီး တစ်ဆယ့်ငါးပါးတည်း။ တီရဏပရိညာ ပဟာနပရိညာတို့မှာလည်း ဝိညာဏာဟာရအတိုင်းပင်။ ဝိညာဏ်ခြောက်ပါးဆိုရာမှာ ရူပသေဉ္စတနာအစရှိသော စေတနာ ခြောက်ပါးကိုပြဆိုလေ။
စေတနာဟာရ၌ ပရိညာသုံးပါး ပိုင်နိုင်လျှင် တဏှာသုံးပါးလည်း ပိုင်တော့သည်ဟူရာ၌ တဏှာသုံးပါးဆိုသည်ကား ကာမတဏှာ, ရူပ တဏှာ, အရူပတဏှာ ဤသုံးပါးတည်း။
ဘုံသုံးပါးကို ပစ်ချမှုစေတနာနှင့်တဏှာ တွဲဖက်၍ နေပုံကို ပြဆိုဦးအံ့။
နာမ်အာဟာရ သုံးပါးခွဲခန်း၌ သံချွန်တပ်သော နှင်တံဖြင့် ရထား၌ ကအပ်သောမြင်းတို့ကို အတွင်ထိုး၍ အပြေးနှင်ရသော ရထားဦးစီး ဥပမာကဲ့သို့ စေတနာသည် တစ်ဘဝ တစ်ဘဝမှာ တစ်ခါတစ်ခါ သတ္တဝါ သေ၍ မရပ်မနား ခဏမခြား ဘဝတစ်ပါး ဆက်လက်မိအောင် နာမ် ခန္ဓာလေးပါးတို့ကို အတွင်စိုင်းနှင်သည်ဟူရာ၌ သမုဒယသစ္စာတဏှာ အဖော်သဟဲရှိမှ ဘဝတစ်ပါးဆက်နိုင်သည်၊ တဏှာအဖော်သဟဲမရှိက မဆက်နိုင်၊ ဥပမာကား မြစ်တစ်ဖက်ကမ်းသို့ ရောက်စေခြင်းငှါ ပကတိ သော မြေမှုန့်တွေကို အမြောက်ထဲသို့ထည့်၍ ယမ်းအား မီးအားနှင့် ပစ်သော်လည်း တစ်ဖက်ကမ်း သို့မရောက်နိုင်၊ အမြောက်က ထွက်ကာ မျှမှာ ဖရိုဖရဲကြဲ၍ ပျောက်ပျက်ရာ၏၊ အဘယ့်ကြောင့်နည်းဟူမူ အစေး အတွဲမရှိသော ပကတိမြေမှုန့်ကိုပင် အင်္ဂတေကဲ့သို့ဖြစ်လေအောင် အစေးအဖွဲ့နှင့် ထောင်းထုကြိတ်နယ်၍ ခိုင်မြဲစွာသော အမြောက်ဆန် ပြုလုပ်၍ပြီးမှ အမြောက်မှထည့်၍ ထို့အတူပစ်သည်ရှိသော် မြစ်တစ် ဖက်ကမ်းသို့ ရောက်ရုံမျှမက ဆိုက်တိုက်ရာဝတ္ထုကို ပြိုကွဲအောင် မှန် လေရာ၏။
အဘယ့်ကြောင့်နည်း၊ အစေးအဖွဲ့ ကောင်းလှလေသောကြောင့် တည်း၊ ဤဥပမာအတိုင်းမှတ်လေ၊ ရဟန္တာတို့၏စေတနာသည် အစေး အဖွဲ့ မရှိသော ပကတိမြေမှုန့်နှင့်တူ၏၊ ကာယကံ, ဝစီကံ, မနောကံ လှုပ်ရှားတိုင်း လှုပ်ရှားတိုင်း စေ့ဆော်ခြင်း စေတနာမှုရှိပါသော်လည်း တဏှာ အစေးအဖွဲ့မရှိသည့်အတွက် တစ်ခုတစ်ခုသော ဇောဝီထိအဆုံး အဆုံးတွင် အငွေ့အသက်မျှမကျန်၊ ကမ္မသမင်္ဂိတာ အဖြစ်သို့မရောက်ပဲ ပျောက်ပျက်ကွယ်ဆုံးလေ၏၊ ပုထုဇ္ဇဉ်သေက္ခတို့၏ စေတနာသည်မူကား အစေးအဖွဲ့နှင့်တကွ ပြုပြင်အပ်သော အမြောက်ဆန်မြေလုံးနှင့်တူ၏၊ ကံ ၃-ပါး လှုပ်ရှားတိုင်း လှုပ်ရှားတိုင်းဖြစ်သော စေတနာသည် တဏှာ အစေးအဖွဲ့ရှိနေသည့်အတွက် တစ်စုံတစ်ခုသော ဇောဝီထိချုပ်ဆုံးသော် လည်း နောက်ဆက်လက်၍သွားသော စိတ်သန္တာန်ကို အထူးပြုမှုမျိုးစေ့ ဗီဇမြှုပ်နှံမှုဟုဆိုအပ်သော ကမ္မသမင်္ဂိတာအဖြစ်သို့ ရောက်အောင် ချီးမြှောက်မှုကို ပြု၍ချုပ်ပေ၏၊ ငါ့ကိုယ် ငါ့စိတ် ငါ့စေတနာဟူ၍ သာယာ သိမ်းပိုက်မှု သည်ဓာတ်သဘာဝအားဖြင့် စေဖွဲ့သော တဏှာပင်တည်း၊ ဤကား သတ္တဝါကို ဘဝတစ်ပါးသို့ပစ်ချမှုမှာ စေတနာနှင့်တဏာ ဖက်တွဲ ကြပုံတည်း။ ထို့ကြောင့် ဘဝတစ်ပါးသို့ ပစ်ချတတ်သည့်အတွက် နှင့် စေတနာ၌ ကြီးစွာသော ဒုက္ခအိုးကြီး, ဒုက္ခမျိုးကြီးထင်မြင်နိုင်ခဲ့သည်ရှိ သော် တဏှာ ၃-ပါးကိုလည်း ထင်မြင်နိုင်တော့သည်၊ သူတို့နှစ်ပါးကြောင့် ဖြစ်ပေါ်ရသော ဘဝနာမ်ရုပ်တို့မှာ ဆိုဖွယ်မရှိပြီ။
ထို့ကြောင့်
မနောသေဉ္စတနာယ ဘိက္ခဝေ အာဟာရေပိရိညာတေ
တိဿောတဏှာ ပရိညာတာ ဟောန္တိ၊ တီသု တဏှာသု ပရိညာတာသု အရိယသာဝကဿနတ္ထိကိဉ္စိ ဥတ္တရိကရဏီယန္တိ ဝဒါမိ။
ဟူ၍ဟောတော်မူပေသည်။
ပရိညာပုံစံ ဥပမာကား လူအများုတို့သွားလာရာ လမ်းခရီးဆုံကြီး တစ်ခု၏ နံပါး၌ နက်လှကျယ်လှစွာသော ရှားမီးကျီးတွင်းကြီး ၂-ခု ရှိသတတ်၊ အားခွန်ဗလကြီးလှသော ယောက်ျား ၂-ယောက်သည်လည်း ထိုတွင်းကြီး အနီး၌နေ၍ လာလာသမျှသော လူအပေါင်းတို့ကို အမိဖမ်း ဆီးဆွဲငင်၍ ထိုမီးကျီးတွင်း ၂-ခုထဲသို့ ပစ်ချသတတ်။
(ဤကား ဥပမာတည်း။)
ဒုက္ခဝေဒနာအိုးကြီးဖြစ်သော ဒုဂ္ဂတိဘုံ၊ ကိလေသာမီး တစ်ဟုန်း ဟုန်းတောက်လောင်၍ နေကြရာဖြစ်သော သုဂတိဘုံ ၂-ပါးသည် ယောက်ျားအားကောင်း ၂-ယောက်နှင့်တူသည်၊ ပြဆိုခဲ့ပြီးသောအတိုင်း ဘဝတစ်ပါး ဆက်လက်မိအောင် နာမ်တရားတိုပကို အတွင်စိုင်းနှင်မှု သည် မီးကျီးတွင်းကြီး ၂-ခုသို့ပစ်ချမှုနှင့်တူသည်၊ လာလာသမျှ လူ အပေါင်းတို့ကို ဖမ်းမှု, မိမှု, ဆွဲငင်မှု ဆိုရာ၌ မိမိသန္တာန်၌ ရွရွ ရွရွ ခဏမစဲ ဖြစ်၍နေသော စိတ်စေတနာကို တဏှာ မာန ဒိဋ္ဌိဖြင့် ငါဟူ၍လည်း ကောင်း၊ ငါ၏စိတ်, ငါ၏အကြံ, ငါ၏စေတနာ, ငါ၏ဒါန, ငါ၏သီလ, ငါ၏ကောင်းမှု, ငါ၏ကုသိုလ်ဟူ၍လည်းကောင်း သာယာတွယ်တာ မှုတို့ကိုဆိုသတည်း။ ထိုသို့သာယာတွယ်တာသောသူသည် မီးကျီးတွင်း သို့ပစ်ချသော ယောက်ျားကိုသွား၍ ကိုင်ဖက်သော ခရီးသည် ဗာလကဲ့သို့ ထိုဒါန, ထိုသီလ, ထိုကောင်းမှု, ထိုကုသိုလ် စေတနာတို့ကို ဖက်တွယ်သော သူတည်း၊ ထိုသို့ ဖက်တွယ်သော သူကိုဖက်တွယ်မြဲတိုင်း မရဏာသန္န တိုင်အောင် အတင်းဆွဲငင်လေ၍ သေသည်၏အခြားမဲ့ဘဝတစ်ပါးသို့ ပစ်ချလေ၏၊ အတင်းဆွဲငင်မှုဆိုသည်ကား ထိုစိတ်စေတနာကို ငါဟူ၍ ငါ၏ကောင်းမှုကုသိုလ်ဟူ၍ ငါ၏ကိုယ်ဟူ၍ စွဲလမ်းမှု ရှိနေသည့်အတွက် ထိုကောင်းမှု ကုသိုလ်တို့၌ တွယ်တာသောတဏှာမာနဒိဋ္ဌိတို့ကို ပယ်သတ် ဖြတ်တောက်ရန် မဂ္ဂင်ရှစ်ပါးကို အားမထုတ်မူ၍ လောကအရေး လောကအရာတို့၌ စိတ်နောက်ကိုယ်ပါ လိုက်စားနေမှု ဝိပဿနာ ဘာဝနာ မနသိကာရမှတစ်ပါး လောကဓမ္မ ပသာဒကောင်းရာ ဗာဟိရာကုသိုလ် မျိုးတို့ကို ကြိုးကြိုးစားစား အားထုတ်မှုတို့ကိုပြု၍ နေကြကုန်သော သူတို့သည် အတင်းဆွဲငင်ရာပါကြလေကုန်သော သူတို့တည်း၊ ထိုသို့သော အမှုတို့၌ လိုက်စား၍နေချင်သော မိမိစိတ်စေတနာ ဗလဖွာတွေကို နာနာနှိပ်ကွပ်အတင်းသတ်၍ ဝိပဿနာမဂ်ပညာများကို ကောင်းစွာစွဲမြဲ အရခဲ၍ နေသောသူသည်မူကား ထိုစေတနာ ဆွဲငင်ရာသို့ မပါမလိုက် သောသူပေတည်း။
(ဤတွင်းရွေ့ကား မနောသေဉ္စတနာဟာရ
ကမ္မဋ္ဌာန်းအစီအရင် ပြီး၏၊)
ဤသို့လျှင် ဆေးတစ်မြစ်တည်းနှင့်ပင် ခပ်သိမ်းသောအနာ ရောဂါကို အပြီးတိုင်ပျောက်ငြိမ်းစေနိုင်သော မြစ်ချင်းပြီး ဆေးထူး ဆေးမြတ်ကဲ့သို့ တရားကိုယ်တစ်ပါးတည်းနှင့်ပင် ဒုက္ခခပ်သိမ်းတို့ကို အပြီးတိုင် ပျောက်ငြိမ်းစေနိုင်သော အာဟာရ ၄-ပါး ကမ္မဋ္ဌာန်းအစီ အရင်သည် ဤတွင်ပြီး၏။
---
၁၁-နာမ်သက် ရုပ်သက် စစ်တမ်း
ယခုအခါ ခန္ဓာငါးပါး ကမ္မဋ္ဌာန်းကို အမြွက်မျှဆိုဦးအံ့။ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဤကား ခန္ဓာငါးပါးတည်း၊ ထိုငါးပါး တွင် ဝိညာဏ်ဆိုသည်ကား ဝိညာဏာဟာရပင်တည်း၊ သင်္ခါရဆိုသည် ကား ပဓာနအားဖြင့် မနောသေဉ္စတနာဟာရပင်တည်း၊ ထို့ကြောင့် ဝိညာဏက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၂-ပါးတို့၌ အထူးဆိုဖွယ်ကိစ္စ မရှိ။
ရုပ်သည် ကဗဠီကာရာအာဟာရနှင့်လွန်စွာ စပ်၏၊ ကဗဠီကာရ အာဟာရအစီအရင်၌ အတွင်းဝင်နိုင်၏၊ ဝေဒနာ သညာသည် ဖဿနှင့် လွန်စွာစပ်၏၊ ဖဿာဟာရ အစီအရင်၌ အတွင်းဝင်နိုင်၏၊ “သလ္လသုတ် ပါဠိတော်” “တဏှာသင်္ခယသုတ် ပါဠိတော်” စသည်တို့၌ ဝေဒနာတစ်ခုနှင့် ကမ္မဋ္ဌာန်းကိစ္စအပြီးတိုင်လာ၏၊ ဝေဒနာပုရိဂ္ဂဟသုတ်၌ ဒီဃနခပရိဗိုဇ် သည် ဝေဒနာတစ်ခုနှင့် မဂ်ဖိုလ်ရလေ၏၊ ဝေဒနာသည် ဉာဏ်နှင့် သိမ်းဆည်းခြင်းငှာ လွယ်လှ၏၊ ဝိညာဏ် ဖဿတို့ကို သိမ်းဆည်းခန်း၌ပင် ဝေဒနာဖက်တွဲ၍ ပြခဲ့ရသည်၊ ထို့ကြောင့် ယခုကာလများ၌ ဝိပဿနာ မနသိကာရကို လေ့ကျက်စွဲမြဲလိုသော သူတို့အား ဝေဒနာတစ်ခုကို ကမ္မဋ္ဌာန်းပြု၍ စွဲမြဲခြင်းငှာ သင့်မြတ်လှ၏၊ ကမ္မဋ္ဌာန်းအစီအရင်မှာ ဝိညာဏ်၌ ပြခဲ့ပြီးသော နည်းလမ်းနှင့်ပင် ပြီးပါ၏။
သညာဆိုသည်ကား အာရုံကိုမှတ်ခြင်း အမှုတည်း၊ အမိဝမ်းက ဖွားမြင်သည်မှစ၍ ဤကား အမိ, ဤကားအဖ အစရှိသည်ဖြင့် တွေ့ကြုံ သမျှ အထည်ဝတ္ထုစသည်တို့ကို တွေ့ကြုံတိုင်း တွေ့ကြုံတိုင်း မှတ်မှုတည်း၊ ထိုသို့ မှတ်ခဲ့မှုကြောင့် ယခုပြန်၍ အောင့်မေ့လိုက်လျှင် စိတ်ထဲတွင်ပေါ် လာကုန်၏၊ စိတ်ဆိုသည်ကား မှတ်မှုမဟုတ်၊ ရှေးရှုမိသော အာရုံကို သိမှု ထင်မြင်အောင် ပြမှုသာတည်း၊ စိတ်အလိုအားဖြင့် တွေ့ဖူးသော အာရုံကို ပြန်၍အောင့်မေ့သော်လည်း ပေါ်လာခွင့် မရှိ၊ ယခုသိပြီး သိပြီး တွေဖြစ်၍နေသမျှသည် ရှေးသညာ ကျေးဇူးတည်း။
သညာမရှိလျှင် မိမိနာမည်ကိုပင် မှတ်မိနိုင်ဖွယ်မရှိ။ စိတ်သည် ရှေးရှုမိတိုင်းသော အာရုံကိုပြပေ၏၊ စိတ်ပြတိုင်း ပြတိုင်းကို သညာက မှတ်၏၊ စိတ်မမှီနိုင်သော သဘောအချက်စုကို ပြနိုင်သည်ကား ပညာပေ တည်း၊ ပညာပြတိုင်း ပြတိုင်းကိုလည်း သညာမှတ်၏၊ ပညာလည်း မှတ်သမားမဟုတ်၊ သိသမားသာတည်း၊ စိတ်သည် မျက်လှည့်သည်နှင့် တူ၏၊ မဟုတ်သည်ကို အဟုတ်ကြီးလုပ်၍ ပြတတ်၏၊ မရှိသည်ကို အရှိကြီးလုပ်၍ပြတတ်၏၊ သညာသည် စိတ်ပြတိုင်းကိုလည်း မှတ်၏၊ ပညာကား အမှန်အဟုတ်ကိုသာ ပြ၏၊ သညာသည် ပညာပြတိုင်းကို လည်း မှတ်၏၊ သို့သော်လည်း စိတ်သည်သာ အစဉ်ထာဝရ အတူအမြဲ နေ၏၊ ပညာကား တစ်ခါတစ်ရံတွေ့သာဖြစ်၏၊ ထို့ကြောင့် စိတ်နှင့် ပညာ တစ်ဖက်တစ်လမ်း အငြင်းအခုန်ဖြစ်ကြသည်ရှိသော် စိတ်ဖက်ကသာ အခိုင်အလုံ သက်သေကြီးလုပ်၏၊ လုပ်ပုံကား ပညာက ဤကိုယ်ခန္ဓာကို အနိစ္စဆို၏၊ စိတ်က နိစ္စဆို၏၊ အငြင်းအခုန် ဖြစ်ကြ၏၊ သညာက နိစ္စသာ အမှန်ဖြစ်ကြောင်းအစဉ်ထာဝရ လက်ရှိလက်မကွာ မှတ်သားချက်တွေကို တင်ပြ၍ နိစ္စဘက်က သက်သေခံ၏၊ ထို့ကြောင့် ဉာဏ်နှင့် အနိစ္စ အနိစ္စဟု ရှုဆင်ခြင်ရာ စိတ်သညာတို့က အနိစ္စကိုခုခံငြင်းပယ်၍ နိစ္စကို အတည် ပြုမြဲပြုကြကုန်၏၊ သောတာပတ္တိမဂ်သို့ဆိုက်မှ နိစ္စဘက်လုံးလုံးရှုံး၍ အနိစ္စအတည် ဖြစ်ရ၏၊ သုခ ဒုက္ခ ငြင်းခုန်မှုမှာ အရဟတ္တမဂ်သို့ဆိုက်မှ ပညာက လုံးလုံးနိုင်၏၊ ဒုက္ခအတည်ဖြစ်လေ၏၊ အတ္တ အနတ္တ ငြင်းခုန်မှု မှာ သောတာပတ္တိမဂ်တွင် အနတ္တအတည်ဖြစ်လေ၏၊ ဥပမာကား ဘီလူးမ သည် စားခြင်းငှာ နတ်သမီးယောင် ဆောင်၍ပြ၏၊ စိတ်သည်ဆောင်ပြ တိုင်းမြင်၏၊ သညာသည် မြင်တိုင်းမှတ်၏၊ ဖဿသည် မှတ်တိုင်းမျက်စိ မှာတွေ့၏၊ ဝေဒနာသည် တွေ့တိုင်းလှလေခြင်းဟု ဝမ်းမြောက်၏၊ စေတနာသည် လောဘကိုဆော်၍ထ၏၊ လောဘသည် အလွန်ချစ် ကြိုက်၏၊ ထိုသတ္တဝါ ဘီလူးစာဖြစ်လေ၏၊ ပညာရှိသူ တစ်ယောက်ကို ထိုအတူပြုပြန်၏၊ စိတ်သည် နတ်သမီးအသွင်မြင်၏၊ ပညာသည် အရိပ်မထွက်မှုစသည်ကို ဆင်ခြင်၍ဘီလူးမတည်းဟု သိ၏၊ ဖဿသည် ဘီလူးမ အနေနှင့်တွေ့၏၊ ဝေဒနာသည် တွေ့တိုင်းမကောင်းစွဟု နှလုံး မသက်သာကြီးဖြစ်၏၊ စေတနာသည် အလွတ်ထွက်ရန် ဉာဏ်ဝီရိယကို ဆော်၍ထ၏၊ ဉာဏ်ဝီရိယအစွမ်းဖြင့် ထိုသူချမ်းသာစွာလွတ်လေ၏၊ ဤသို့ သညာ ဝိညာဏ် ပညာသုံးပါးတို့၏အစွမ်းကိုသိရာ၏၊ စိတ်သညာ တို့သည် ပညာနုံ့သော သူတို့သန္တာန်မှာ ပညာယောင်ဆောင်၍ နေတတ် ကုန်၏၊ ထိုသူတို့သည် သညာသိ စိတ်သိကိုပင် ပညာသိထင်ရ ကုန်၏၊ စိတ်သညာ အလိမ်မိကြကုန်၏၊ မိစ္ဆာဒိဋ္ဌိလမ်းတည်း။ သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ, ဒိဋ္ဌိဝိပလ္လာသ ဤကားမိစ္ဆာ အနု အလတ် အရင့် သုံးပါး တည်း၊ သညာကား မိစ္ဆာ အနုတည်း၊ စိတ်ကား မိစ္ဆာ အလတ်တည်း၊ ဒိဋ္ဌိကား မိစ္ဆာအရင့်တည်း၊ အနုမှ အလတ်ဖြစ်၏၊ အလတ်မှ အရင့်ဖြစ်၏၊ စိတ်သညာ အလိမ်မမိကြရအောင် သတိကြီးကြီး ထားကြလေ။
သညာသဘောကို ပြဆိုချက်ပြီး၏။
---
ကြွင်းသော ပရိညာသုံးပါး အစီအရင်မှာ ဝိညာဏ် ဖဿတို့နှင့် မထူးပြီ။
ဤဝေဒနာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာဟူသော နာမ်ခန္ဓာ လေးပါးတို့မှာလည်း တစ်ပါးတစ်ပါးနှင့်ပင် အရဟတ္တမဂ်သို့ ဆိုက်နိုင် သည်ချည်းမှတ်လေ၊ ရူပက္ခန္ဓာနှင့်မူကား အနာဂါမိမဂ်သို့သာဆိုက် နိုင်သည်၊ အနာဂါမိ မဂ်သို့ဆိုက်လျှင်လည်း အရဟတ္တမဂ်သို့ကူးရန် မျက်စိပေါက်ပြီ လမ်းပေါက်ပြီဖြစ်၍ မခဲယဉ်းလှပြီ၊ ယခုဘဝပင် မရသော် လည်း ဗြဟ္မာ့ပြည်မှာ ဧကန္တရတော့မည်၊ ဧကန်ရလတ္တံ့မျိုးကိုမူကား ရပြီးထဲမှာပင် စာရင်းသွင်းရိုး ရှိပါ၏၊ ထို့ကြောင့် ယခုအခါ သံသရာ ဘေးကိုမြင်ကြကုန်သော သူတော်ကောင်းတို့သည် ခန္ဓာငါးပါးတွင် မိမိစိတ်သဘောတွေ့ရာ တစ်ပါးပါးသော ခန္ဓာကို လက်စွဲကမ္မဋ္ဌာန်း ပြု လုပ်၍ အားထုတ်ကြကုန်ရာသည်။
ထိုငါးပါးတွင် နာမက္ခန္ဓာ လေးပါးတို့မှာ ပြဆိုခဲ့ပြီးသော နာမ် အာဟာရတို့၌ ပါဝင်ကြကုန်ပြီးဖြစ်၍ ကမ္မဋ္ဌာန်းအစီအရင် ပြဆိုခွင့် မရှိကြကုန်ပြီ။
ရူပက္ခန္ဓာမှာ ကဗဠီကာရ အာဟာရ၌ ပါဝင်ခဲ့သော်လည်း မထင်ရှားလှသေးသည်ဖြစ်၍ ဤအရာ၌သိသာ ထင်ရှားရုံ ၌ပြဆိုဦးအံ့။ ရုပ်ကမ္မဋ္ဌာန်းကို အားထုတ်သောသူသည် ဉာဏ်ထက်သောသူ ဉာဏ်နုံ့ သောသူဟူ၍ နှစ်သူရှိ၏၊ ဉာဏ်ထက်သောသူမှာ ရုပ်ဟူ၍ တစ်လုံး တည်းနှင့်ပြီးနိုင်၏၊ ဉာဏ်နုံ့သောသူမှာ သုတ္တန်ဒေသနာ၌ ဝေဖန်သော နည်းအတိုင်း ပထဝီ, အာပေါ, တေဇော, ဝါယောဟူသော ဓာတ်ကြီး လေးပါးနှင့် ကြွင်းသမျှ ရုပ်သေး, ရုပ်ငယ်စုကို ဥပါဒါရုပ်ဟူ၍ ငါးလုံးစေ့ အောင် သင်ကြားမှတ်သားရာ၏၊ မြန်မာဘာသာအားဖြင့် ရေ, မြေ, မီး, လေဟူ၍ ဓာတ်ကြီးလေးပါးလုံး ရုပ်သေးစုတစ်လုံး ဤသို့မှတ်ရာ၏။
တစ်လုံးတည်း အစီအရင်၌ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် နှစ်ပါးတွင် သမ္မသနဉာဏ်အစီအရင်ကို ရှေးဦးစွာ ဆုံးမရာ၌ မီးဓာတ်ကို အမွန်ပြု၍ ဆုံးမမှုသည် မြင်လွယ်လှ၏၊ ရဲရဲညီးသော ရှားမီးကျီးခဲမှာ မီးသဘောကို ထင်မြင်အောင် ပြရာ၏၊ မီးသဘောဆိုသည်ကား တေဇော ဆိုသည်နှင့်အညီ တစ်ရှိန်ရှိန် တစ်ရွရွ ထမြဲ ကြွမြဲ ပွားစီးမြဲဓမ္မတာတည်း၊ ထိုသို့ တစ်ရှိန်ရှိန် တစ်ရွရွ ထမှု ကြွမှု ပွားစီးမှုကြောင့်ပင်လျှင် တေဇော ခေါ်ရသည်၊ ဥတုလည်းခေါ်ရသည်၊ တစ်ရှိန်ရှိန် တစ်ရွရွ ထမှု ကြွမှု ပွားစီးမှုလည်း မျက်မြင်ပင်တည်း။ တစ်ရှိန်ရှိန် တစ်ရွရွ ထမှု ကြွမှု ဆိုသည်ကား မီးပွားမှုတည်း၊ မီးပွားမှုဆိုသည်ကား အမိမှသည် သား သမီးပွား၏၊ ထိုသားသမီးမှလည်း သားသမီးတစ်ဆင့်ပွားပြန်၏၊ ဤသို့ အဆင့်ဆင့် ပေါက်ပွားမှုကို မီးပွားသည်ဆိုသတည်း။ ဤသို့ပွား၍ နေသည်ကို တစ်ရှိန်ရှိန် တစ်ရွရွ ထကြွမှု ဆိုသတည်း။
အဟောင်း အဟောင်း တစ်သုတ် တစ်သုတ် ချုပ်ကွယ်မှုနှင့် အသစ်အသစ်စု တစ်သုတ်တစ်သုတ် ဘွားခနဲဘွားခနဲ ဖြစ်ပေါ်မှု အကူး အယှက်အတွက် ရွရွရွရွ ထမှု ကြွမှု ဖြစ်၍နေသည်၊ အနီးအနားသို့ ချဉ်းကပ်၍စေ့စေ့ ကြည့်ခဲ့မှု ရွမှု ထကြွမှု မြန်ပုံကိုသိသာလှ၏၊ ရွမှု ထကြွမှု ပွားစီးမှု မြန်ပုံကို မြင်လေလေ ချုပ်ကွယ် ပျောက်ဆုံးမှု မြန်ချက်ကို သိသာလေလေတည်း၊ မီးတောက်ရွမှုမှာလည်း ဤနည်းတူ၊ မြစ်ရေအယဉ် စီးသွားရာ၌ ရွမှု ပွားမှု လှုပ်ရှားမှုမှလည်း ဤနည်းတူသိလေ။
တစ်ခုတစ်ခုသော ပရမတ္ထ သဘောတရား မည်သည် မျက်စိမြင် လောက်အောင် ရွသည်ကြွသည် လှုပ်ရှားသည်ဟူ၍ မရှိ၊ တစ်သုတ် တစ်သုတ် အသစ် အသစ်ဖြစ်ပေါ်ပေါက်ပွားမှုအတွက်နှင့် လှုပ်ရှားခြင်း သာတည်း။ ဤအရာ၌ စိတ်သိ ဉာဏ်သိ နှစ်ပါးရှင်းလင်း၍ပြဆိုရာ၏၊ ဥပမာတစ်ခုကို ပြဆိုဦးအံ့၊ ညဉ့်အမှောင်တွင်းမှာ မီးအိမ်ထွန်း၍ ခရီး သွားလာရာ၌ လမ်းမြေအစဉ်မှာ မီးရောင် အကွင်းကြီးသည်စိတ်သိမှာ ချုပ်ကွယ်ခြင်းမရှိပဲ ထိုသူသွားရာအစဉ်လိုက်နေသည်ဟု သိ၏၊ မြင်၏၊ ဉာဏ်သိမှာ ရောက်ရာ ရောက်ရာ၌ အစဉ်တစ်စိုက် အသစ်အသစ်ဖြစ် ပေါ်မှုခြင်း စပ်၍ဆက်၍ သွားခြင်းသည်သာ ဖြစ်သည်၊ ဖြစ်ရာဖြစ်ရာ ဌာနမှာ မချုပ်မပျက်ပဲ ရွေ့ရှား၍ သွားနိုင်သော တရားစုမဟုတ်၊ နောက်မှ မှောင်ကြီးအစဉ်လိုက်၍ နေသည်ဟု ထင်မြင်ရာ၌လည်း အစဉ်တစ်စိုက် အဟောင်းအဟောင်း ချုပ်ပျက်ကွယ်ပျောက်မှုခြင်း စပ်၍စပ်၍ သွားခြင်း သည်သာဖြစ်သည်၊ ချုပ်ပျက်ရာ ချုပ်ပျက်ရာဌာန၌လည်း အစဉ်တစိုက် မှောင်ဓာတ်စုအသစ်အသစ် ဖြစ်ပေါ်မှုခြင်း စပ်၍သွားမှုသာ ဖြစ် သည်ဟု သိ၏။
တစ်နည်း ဥပမာကား စာပို့မီးရထားစက်ကုန်လွှတ်၍သွားရာ၌ မျက်မြင်ဥပမာတွင်ရှိသော တောတောင် သစ်ပင် မြေပြင် လယ်ယာတို့ကို စိတ်မြင်မှာ ချာချာ ချာချာလည်၍ပြေးနေကြသည်ဟု မြင်၏၊ ဉာဏ်မြင်မှာ ဆင်ခြင်ခြင်းရှိသော ကြောင့် မီးရထားကသာ ပြေးနေသည်၊ တောတောင် စသည်က ရွေ့ကြသည်မဟုတ် ဟုသိမြင်၏၊ ဤသို့ အရာတိုင်း အရာတိုင်း မှာ စိတ်မြင်ကား မဟုတ်မမှန်သည်သာများ၏၊ ဉာဏ်မြင်သည်သာ မြင်တိုင်း ဟုတ်မှန်၏ဟု သိရာ၏၊ တစ်ကယ်ဟုတ် တစ်ကယ်မှန်ကို ရွေး ချယ်ရာ အခန်းမျိုး၌ စိတ်မြင်စိတ်ထင် ဟူသမျှကို မဟုတ်မမှန်ဘက်မှာ လုံးလုံးထားလေ၊ အာရုံသို့ ရှေးရှုလိုက်လျှင် စိတ်မြင်စိတ်ထင် ပွဲဦးထွက်၍ လာမြဲ ထိုပွဲဦးထွက်၍လာသော စိတ်မြင် စိတ်ထင်ကို ပယ်ဖျောက်နိုင်ပါ လျှင် အဟုတ်အမှန် ပေါ်နိုင်သေး၏၊ မပယ်ဖျောက်နိုင်လျှင် အဟုတ် အမှန်မပေါ်ပြီ။
အဝေးမှနေ၍ တောင်ကြီးကိုကြည့်ရာ၌ ညိုညိုမဲမဲ တစ်ခုတည်း တစ်လုံးတည်း အနေကြီးမြင်သည်ကား စိတ်မြင်တည်း၊ အဝေးမှနေ၍ပင် ဉာဏ်ဖြင့် ထိုတောင်ပေါ်သို့ရောက်၍ ကြည့်သည်ရှိသော် ညိုညိုမဲမဲလည်း မတွေ့ပြီ၊ တစ်ခုတည်း တစ်လုံးတည်းလည်း မဟုတ်၊ သိန်း သန်း အသင်္ချေ မကသော ကျောက်အမျိုးမျိုး သစ်ပင်အမျိုးမျိုး သစ်ကိုင်း သစ်ခက် သစ်ရွက် အမျိုးမျိုးတွေကိုသာ တွေ့မြင်၏၊ တစ်ဖန် တောင်ပေါ်သို့ ရောက်၍သွားသည်ရှိသော် ကျောက်အမျိုးမျိုး သစ်ပင် ချုံနွယ် သစ်ကိုင်း သစ်ခက် သစ်ရွက် အမျိုးမျိုးတွေကိုမြင်၏၊ စိတ်မြင်တည်း၊ ထိုစိတ်မြင်ကို ဉာဏ်ဖြင့် ဖျောက်ဖျက်၍ တစ်ကယ်ရှိ တစ်ကယ်ဟုတ်ကိုရှာပြန်သော် အဋ္ဌကလာပ်ရုပ်တွေကိုသာ တွေ့တော့သည်၊ ကျောက်လုံး ကျောက်ခဲ သစ်ပင် ချုံနွယ် သစ်ကိုင်း သစ်ခက် သစ်ရွက် သစ်ညွန့်တွေ ပျောက်၍ ကုန်ပြန်၏၊ ပန်းချီဆရာသည် တောင်သဏ္ဌာန်ကိုရေးလိုသော် အဝေး ကနေ၍ ကြည့်မှရေးတတ်မည်၊ ရေးကွက်မြင်သည်၊ တောင်ပေါ် သို့တက်၍ကြည့်၍ ရေးမည်ဆိုလျှင် တောင်ရုပ်ရေးခွင့်မမြင်ပြီ၊ မရေး တတ်ပြီ၊ တစ်ဖန် သစ်ပင် သဏ္ဌာန်ရေးလိုသော် စိတ်မြင်အတိုင်းဖမ်း၍ ရေးမှ ရေးကွက်ပေါ်သည်၊ ဉာဏ်မြင်အတိုင်း ရေးမည်ဆိုသော် အဏုမြူ ခန့်မျှ ရေးကွက်မပေါ်ပြီ၊ အဘယ့်ကြောင့်နည်းဟူမူ တစ်ကယ်ရှိ တစ်ကယ် ဟုတ် တစ်ကယ်မှန်ဖြစ်သော ပထဝီ အာပေါ အစရှိသော ပရမတ္ထဓမ္မ သည် အဏုမြူမျှ အထည်ဝတ္ထု ဒြဗ်သဏ္ဌာန်ရှိကြသည် မဟုတ်လေသော ကြောင့် တည်း။ ထိုအဟုတ်ရှိ အမှန်ရှိ ဧကန်ရှိဖြစ်သော ရုပ်တရား နာမ်တရားတို့၏ ဖြစ်မှု ပျက်မှုကား တစ်မျိုး၊ စိတ်မြင်ဖြစ်မှုကားတစ်မျိုး၊ နာမ်တရားကား ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏဟူ၍ သုံးမျိုး သုံးခဏ အသက်ရှည်မြဲ ဓမ္မတာတည်း၊ ထိုသုံးခဏသည်လည်း မျက်တောင် တစ်ခတ် လျှပ်တစ်ပြက် ခဏအားဖြင့် အစိတ်တစ်ထောင် စိတ်သော် လည်း တစ်စိတ်စာမျှ ရှည်ကြာမှုမရှိ။ နာမ်တရားတို့၏ ထိုခဏ သုံးခု ရှည်သောအသက်သည် တစ်ကယ်ရှိ၊ တစ်ကယ်ဟုတ်၊ တစ်ကယ်မှန်၏၊ တစ်ကယ်ရှိ တစ်ကယ်ဟုတ်သော အသက်မည်သည် သူ့ခဏ, သူ့အချိန် မစေ့စုံသမျှကို ချုပ်သည် ပျက်သည် သေသည် ဆုံးသည်ဟူ၍မရှိ၊ မသေ မဆုံးသည်ဟူ၍ မရှိ၊ ဤကား အဟုတ်ရှိ၊ အမှန်ရှိ၊ ဧကန်ရှိဖြစ်သော အသက်၏လက္ခဏာပေတည်း။ နာမ်တရားတို့မှာ ခဏသုံးခုမျှသာ အဟုတ်သက် အမှန်သက် ချုပ်ပျက်လေအောင် ဌီခဏသို့ မရောက်လေ အောင် သဗ္ဗညုဘုရား, သိကြား, ဗြဟ္မာတို့မှသော်လည်း မတတ်နိုင် ကောင်း၊ ဌီခဏသို့ရောက်ပြန်လျှင် ချုပ်ခြင်း ပျက်ခြင်း သေပျောက်ကွယ် ဆုံးခြင်းဟူသော ဘင်ခဏသို့ မရောက်လေအောင် သဗ္ဗညုဘုရား, သိကြား, ဗြဟ္မာတို့မှသော်လည်း မတတ်နိုင်ကောင်း၊ ဘင်ခဏသို့ ရောက် လျှင် ဧကန် မုချ ချုပ်မြဲ ပျက်မြဲ ဓမ္မတာသာဖြစ်၏၊ ဖြစ်ပေါ်သောပထဝီ အာပေါ တေဇော အစရှိသော ရုပ်တရားတို့သည်ကား နာမ်တရားတို့၏ ဆယ့်ခုနစ်စာ အသက်ရှည်ကုန်၏၊ ရုပ်တစ်သက်ကို နာမ်ဆယ်ခုနစ် သက်လိုက်ရာ၏၊ ရုပ်တစ်သုတ် တစ်သုတ်ကို နာမ်ဆယ့်ခုနစ်သုတ်ရ၏၊ ရုပ်တို့၏ အဟုတ်ရှိသော အသက်မှန်သည် နာမ်သက် ဆယ့်ခုနစ်ပြန်ရှိ၏၊ ထိုနာမ်သက် ဆယ့်ခုနစ်ပြန်စာရှိသော ရုပ်သက်သည် အဟုတ်ရှိမျိုး အမှန်ရှိမျိုး ဧကန်စင်စစ်ဖြစ်ပေသောကြောင့် ဖြစ်ပေါ်ပြီးသော တစ်ခု သော ရုပ်ကလာပ်ကို ထိုတစ်ဆယ့်ခြောက်ချက် အလွန်တစ်ဆယ့် ခုနစ်ချက် ရုပ်သက်မစေ့စုံမီ အတွင်းမှာ သဗ္ဗညုဘုရား, သိကြား, ဗြဟ္မာ တို့မှသော်လည်း ချုပ်အောင် ပျက်အောင် မတတ်နိုင်ကောင်း၊ တစ်ဆယ့် ခြောက်ချက်အလွန် တစ်ဆယ့်ခုနစ် ချက်စေ့၍ ချုပ်ပျက်ချိန် သေချိန် ရောက်ပြန်လျှင်လည်း မချုပ်ရ မပျက်ရလေအောင် သဗ္ဗညုတဘုရား တို့မှသော်လည်း မတတ်နိုင်ကောင်း။
(ဤကား ၃၁-ဘုံမှာ သက်ရှိ သက်မဲ့ အလုံးစုံတို့၌ ဉာဏ်ဖြင့်သိ အပ်သော အဟုတ်ရှိ အမှန်ရှိ ဧကန်ရှိဖြစ်သော အသက်၏ အပိုင်း အခြားတည်း။)
စိတ်မြင်မှာမူကား သတ္တဝါတို့၏ အသက်သည် တစ်ဘဝလုံး ရှည်၏၊ တစ်ဘဝ အဆုံးအဆုံးတွင် သေသောအခါမှ ချုပ်၏၊ ပျက်၏၊ မသေမီအတွင်းမှာ ချုပ်သည် ပျက်သည် သေသည် ဆုံးသည်ဟူ၍ မရှိဟု မြင်သတည်း။ ထိုစိတ်မြင်သော အသက်သည် အကယ်၍ ဧကန်ရှိ ဖြစ်ငြားအံ့၊ အသက်တစ်ရာတမ်းမှာ လူသတ္တဝါတို့သည် အနှစ်တစ်ရာ စီချည်း အမြဲတည်နိုင်ရာ၏၊ အနှစ်တစ်ရာ အသက်အတိုင်းအရှည် မစေ့စုံမီအတွင်းမှာ မိုးကြိုးနှင့်ပင် ပစ်သော်လည်းကောင်း၊ မီးနှင့်ပင် တိုက်သော်လည်းကောင်း၊ ဓားလက်နက်နှင့်ပင် ခုတ်စဉ်းသော်လည်း ကောင်း၊ လူတို့၏ ကို်ယ်ခန္ဓာသည်ပျက်သည်ဟူ၍မရှိရာ၊ ရှိန်းအန်သိဒ္ဓိ ပြီးစီး၍နေရာ၏၊ ထိုသို့ကား မနေ၊ သေခွင့်ဆိုက်လျှင် ပထမအရွယ် ဒုတိယအရွယ် တတိယအရွယ် ဘယ်နာရီမှာ မဆိုသေ၏၊ ထို့ကြောင့် ထိုစိတ်မြင်သောအသက်သည် အဟုတ်ရှိသော အသက်မဟုတ်၊ အမှန် ရှိသော အသက်မဟုတ်ဟု သိသာလှ၏၊ မဟုတ်သည်ကို အဟုတ်ကြီး မရှိသည်ကို အရှိကြီးမြင်တတ်သော စိတ်တရား၏လည်း အမှောက် အမှားမိစ္ဆာတရားဖြစ်ကြောင်း သည်ထင်ရှားလှ၏။
ချုပ်မှု သေမှုကို စစ်၍ပြအံ့။ သတ္တဝါတို့၏ခန္ဓာကိုယ်၌ နာမ်သေမှု ရုပ်သေမှု ဟူသောသေမှုနှစ်ပါးလည်း ပဋိသန္ဓေနေသည်မှစ၍ တစ်ဘဝ လုံးမှာ မျက်တောင်တစ်ခတ်မျှ လစ်လပ်သော အခွင့်မရှိပြီ၊ ရှေး၌ပြဆိုခဲ့ပြီး သော နာမ်သက် ရုပ်သက် အပိုင်းအခြားအတိုင်း ခဏမစဲ အစဉ်ဖြစ်၍ နေ၏၊ ဝိညာဏာဟာရ၌ ပြခဲ့ပြီးသော ပဋိသန္ဓေတည်နေသည်မှစ၍ ဓားရာ ဓားချက်ချင်းစပ်အောင် အမြဲခုတ်နေသောသူသတ်ယောက်ျား ဥပမာကို ဤနေရာမှာလည်း သိလေ။
ထိုဥပမာ၌ ကိုယ်တွင်းမှာ ဓာတ်စာဆေးဝါးအခံ အမြဲရှိ၍နေ အောင် အစဉ်အားထုတ်၍ အားထုတ်၍ သွားနိုင်ပါလျှင် သေခွင့်ဆိုက် သော ဓားချက်တိုင်းမှာပင် အသားနုတက်၍ နေသဖြင့် အသက်ရှည် ကြာစွာ နေပြန်ရ၏ဟူသော ဥပမာကဲ့သို့ နာမ်သေမှု ရုပ်သေမှု ခဏမစဲ အစဉ်မြဲ၍ နေငြားသော်လည်း အသစ်အသစ်ဖြစ်ပေါ်မှုလည်း ခဏမစဲ အစဉ်မြဲ၍နေလျက်ရှိ ပြန်၏၊ အနှစ်တစ်ရာ ဆိုက်အောင်ပင် သေဆုံးမှု လည်း ခဏမစဲ အသစ်ဖြစ် ပေါ်ဆက်လက်မှုလည်း ခဏမစဲ နှစ်ကြောင်း နှစ်သွယ် ယှဉ်တွဲ၍လာခဲ့ကြသည်အတွက်ကြောင့် အနှစ်တစ်ရာသို့ ဆိုက်လာ၏၊ အဟောင်း အဟောင်း သေဆုံးချုပ်ပျောက်မှုအသစ်အသစ် ဖြစ်ပေါ်မှု နှစ်ကြောင်းနှစ်သွယ် ယှဉ်ပြိုင်၍လာကြသည်တွင် အကြင်ချုပ် ဆုံးမှု ဓားချက်မှာ ဆက်လက်ဖြစ်ပေါ်မှု မလိုက်နိုင် မလာနိုင်ရှိ၏၊ ထိုဓားချက်တွင် ထိုခန္ဓာအစဉ် ပြတ်ဆုံးလေ၏၊ သတ္တဝါတို့၏ စိတ် သည်ကား ဤခန္ဓာအစဉ် ပြတ်ဆုံးသော သေမှုတစ်ခုကိုသာ မြင်၏၊ အသစ်အသစ်ဖြစ်ပေါ် ဆက်လက်မှုသန္တတိပညတ် ဖုံးလွှမ်း ကွယ်ကာ၍ နေသောကြောင့် ပဋိသန္ဓေတည်နေသည်မှစ၍ တစ်ဘဝလုံး မျက်တောင် တစ်ခတ်မျှ မလပ်စေပဲ အမြဲဆိုက်၍ ဆိုက်၍ လာခဲ့သော သေမှု အနိစ္စ ရောက်မှု ရုပ်သင်္ချိုင်းကျမှုတို့ကိုမူကား ပိတ်ပိတ်သားမမြင်၊ အကန်းလုံး လုံးဖြစ်လေ၏၊ မမြင်သည့်အတွက်ကြောင့် ထိုသေမှု ချုပ်မှုတို့ကို မဟုတ်ဘူး မသေဘူးဟုပယ်ချ၍ တစ်ဘဝလုံးမှ တစ်သက်ဟူသောအမြင်၊ တစ်သက်မှာ တစ်ခါသေမြဲ ဟူသောအမြင်သည်ဖြစ်၏၊ ထိုအမြင်အတိုင်း သညာကလည်း မြဲမြဲကြီးမှတ်၏၊ ဒိဋ္ဌိကလည်း မြဲမြဲကြီးစွဲလမ်း၏၊ ဤအမြင်သည် သဗ္ဗညုမြတ်စွာဘုရားတို့ချွတ်၍မှ မကျွတ်နိုင်အောင် ခိုင်မြဲကြီးကျယ်လှ၏၊ ယခုအခါသံသရာ၌ ငုတ်တုပ်ရှိ၍ နေကြကုန်သော ပုထုဇ္ဇဉ်သတ္တဝါတို့သည်ကား မိမိတို့၏အမြင် အလိမ်ကြီးလှလှမိ၍ နေကြကုန်၏။
အသက်မည်သည် အဟုတ်အမှန်အားဖြင့် နာမ်သက်ရုပ်သက်သာ ရှိကြောင်း သတ္တဇီဝဟု ထင်မှတ်ကြသော သတ္တဝါသက်မရှိကြောင်း၊ သေခြင်းဟူသည်လည်း အဟုတ်အမှန်အားဖြင့် နာမ်၏သေခြင်း၊ ရုပ်၏ သေခြင်းသည်သာ ရှိကြောင်း၊ သတ္တဇီဝ၏သေခြင်းဟူ၍ အသီးအခြား မရှိကြောင်းကိုစစ်၍ပြဦးအံ့။
နာမ်သက် ခဏသုံးခုပမာဏရှိသည်ဟူရာ၌ တတိယခဏမူကား ချုပ်ခဏ, သေခဏသာတည်း။ သို့သော်လည်း နာမ်၏နောက်ဆုံး အစွန်းပါရှိလျက်နေသောကြောင့် နာမ်သည် ခဏ ၃-ခုစာ အသက် ရှည်၏၊ တည်နေ၏ဟု ဆိုရသည်၊ ထိုခဏ ၃-ခုစာ တည်နိုင်သော နာမ်သက် အဟုတ်ရှိမရှိကို ယုတ္တိစွမ်းလိုသော် ဖြစ်ပေါ်သော နာမက္ခန္ဓာ လေးပါးကို ဥပါဒ်ခဏတွင် မိုးကြိုးနှင့်ခွင်း၍စမ်း၊ ဌီခဏတွင်မိုးကြိုး ခွင်း၍စမ်း၊ ထိုအသက်တစ်ကယ်ရှိ မဟုတ်ခဲ့လျှင် ဥပါဒ်မှုမှာပင် ထိုနာမ်စု ပျက်ဆုံး လိမ့်မည်၊ တတိယခဏသို့ မဆိုက်လာနိုင်လတ္တံ့၊ ထိုအသက် အမှန်ရှိခဲ့လျှင် ထိုခဏတို့၌ မိုးကြိုးနှင့်ခွင်းသော်လည်း ထိုနာမ်စု သည်ဖြုံဖြုံမှမရှိလတ္တံ့၊ တတိယခဏသို့ ဧကန္တရောက်လာ လတ္တံ့၊ ဧကန္တ ရောက်လာသည်သာဖြစ်၏၊ ထို့ကြောင့် ထိုနာမ်သက် အဟုတ်အမှန်ရှိ သည်ကို သိအပ်၏၊ ရုပ်မှာလည်း နာမ်သက် ၁၇-ပြန်စာအတွင်း၌ မိုးကြိုးနှင့်ခွင်းသော်လည်း ဖြုံဖြုံမှမရှိ၊ နောက်ဆုံးခဏသို့ ဆိုက်အောင် အသက်ရှည်၍တည်မြဲတည်နေလတ္တံ့၊ ထိုသို့တည်နေနိုင်သော နာမ်သက်, ရုပ်သက် အမှန်ရှိလေသောကြောင့် သူတို့အသက်တမ်းမစေ့မီအတွင်းမှာ မိုးကြိုးနှင့်ခွင်းသော်လည်း ကြောက်ခြင်း, လန့်ခြင်း, စိုးရိမ်ခြင်း ဖြစ်ခွင့် မရှိလေ။
(ဤကား တစ်ကယ်ရှိသော အသက်မှန်၏ သဘောလက္ခဏာ တည်း။ နာမ်သက် ရုပ်သက် အမှန်ရှိကြောင်း စစ်တမ်းပြီး၏၊)
၁၂-ရူပက္ခန္ဓာကမ္မဋ္ဌာန်း၌ သမ္မသနဉာဏ်အစီအရင်
အသီးအသီး နောက်ဆုံးခဏ၏ အနန္တရ ရှေ့ခဏ၌ ရောက်ဆိုက် ၍နေသော နာမ်ရုပ်ကို ဘင်ခဏသို့ မရောက်စေခြင်းငှာ သဗ္ဗညုဘုရား သိကြား ဗြဟ္မာတို့သည် တန်ခိုးအာနုဘော် နတ်ဆေး, နတ်ဝါးတို့နှင့် အားထုတ်ကြကုန်သော်လည်း ဘင်ခဏသို့မရောက်ပဲ ဌီခဏတွင်တည် နေအောင် မတတ်နိုင်ကုန်လတ္တံ့၊ အားထုတ်ကြဆဲမှာပင် ဘင်ခဏ သို့ရောက်၍ ချုပ်ပျောက် သေဆုံးကြကုန်လတ္တံ့၊ ဤကား နာမ်၏သေခြင်း, ရုပ်၏သေခြင်း အမှန်ရှိကြောင်းကို ပြဆိုသော ယုတ္တိတည်း။
သတ္တဇီဝဟု ဆိုအပ်သော သတ္တဝါ အသက်ဟူ၍ အဏုမြူမျှ လောကသုံးပါး၌ မရှိ၊ အသက်ဆိုသည်ကား ရုပ်သက်, နာမ်သက်တို့မှာ ပြဆိုခဲ့ပြီးသော လက္ခဏာအတိုင်း သူ့အပိုင်းအခြားသို့ မရောက်မီ အတွင်း၌ မိမိအပေါ်သို့ ပြင်းထန်စွာ မိုးကြိုးပင်ကျသော်လည်း ကိစ္စမရှိ သောလှုပ်ရှားဖောက်ပြန်ခြင်းမရှိ၊ ပကတိအနေဖြင့် တည်နေနိုင်သော သဘောအထူးသည် အသက်မည်သတည်း။
ရုပ်သက် နာမ်သက်မှတစ်ပါး တစ်ဘဝလျှင် တစ်သက်ဟူ၍ လည်းကောင်း၊ မည်သူ အသက်ဆယ်နှစ်ရှည်၏၊ အနှစ် ၂၀ ရှည်၏၊ ၃၀-၄၀-၅၀-၆၀-၇၀-၈၀-၉၀-တစ်ရာ ရှည်၏၊ စတုမဟာရာဇ် ဘုံမှာ နတ်သက် အနှစ်ငါးရာရှည်သည်၊ တာဝတိံသာဘုံမှာ နတ်သက် အနှစ် တစ်ထောင်ရှည်သည် အစရှိသည်ဖြင့် ခေါ်ဝေါ်ပြောဆို ထင်မှတ်စွဲလမ်း ကြသော သတ္တဇီဝအသက်သည် အကယ်၍ အသီးအခြားရှိခဲ့ငြားအံ့၊ ထိုထိုအပိုင်းအခြားအတွင်းမှာ အာဟာရပြတ်ကင်းမှု၊ မိုးကြိုးကျခြင်း အစရှိသော ဘေးကြီးထိမှုပင်ရှိငြားသော်လည်း အသက်ခန္ဓာလှုပ်ရှား ဖောက်ပြန်ခြင်းမရှိ၊ ပကတိအနေနှင့်သာ တည်နေရာသည်၊ ထိုအပိုင်း အခြားအတွင်းမှာ တစ်စုံတစ်ခုသော အဇ္ဈတ္တဗဟိဒ္ဓ ဘေးရန် အတွက်နှင့် ကြောက်လန့်ဖွယ်မရှိ၊ စိုးရိမ်ဖွယ်မရှိ၊ အေးချမ်းစွာနေနိုင်ရာသည်၊ ထိုကိုယ်ကား တည်လည်း မတည်နိုင်၊ အာဟာရပြတ်မှု ဘေးကြီး ကြီးစွာ ထိမှုကို မခံနိုင်သည့်အတွက်ကြောင့်လည်း အာဟာရပြတ်မှုကို ကြောက် လန့်ရ စိုးရိမ်ကြောင့်ကြရခြင်း၊ ထိုထိုအဇ္ဈတ္တဘေး, ဗဟိဒ္ဓဘေး ထိမည် ကိုကြောက်လန့်ရ, စိုးရိမ်ကြောင့်ကြရခြင်း ဒုက္ခတို့သည် ဘယ်အခါမှမစဲ အမြဲရှိ၍နေကြကုန်၏။
ဆယ်နှစ်စသည်ကိုပင် မဆိုထားနှင့်ဦး၊ အာဟာရပြတ်မှု ထိုထို ဘေးကြီးထိမှုတို့သည် ထိခိုက် ဆိုက်ရောက်လာငြားသော်လည်း တစ်နှစ် အတွင်းမှာ ကိစ္စမရှိဟု တစ်နှစ်တာမျှ အားကိုးရသောအသက်ဟူ၍မရှိ၊ ထို့အတူ တစ်ဥတု စိတ်ချရသော အသက်ဟူ၍မရှိ၊ တစ်လစိတ်ချရသော အသက်ဟူ၍ မရှိ၊ တစ်ရက်လုံးလုံး စိတ်ချရသော အသက်ဟူ၍မရှိ၊ တစ်ရက်လုံးလုံး စိတ်ချရသော အသက်ဟူ၍မရှိ၊ တစ်နာရီမျှ စိတ်ချ ရသော အသက်ဟူ၍မရှိ၊ ငါ၏ခန္ဓာ၌ ဘယ်ဘေးကြီးပင် ထိလာသော် လည်း မျက်တောင်တစ်ခတ်အတွင်းမှာ ကျင်နာခြင်း, ဖောက်ပြန်ခြင်း အတွက် ကြောက်လန့်ဖွယ်, စိုးရိမ်ဖွယ်မရှိဟု မျက်တောင်တစ်ခတ်မျှ အားကိုးရသော အသက်ဟူ၍မရှိ၊ မျက်တောင်တစ်ခတ်ကို ဆယ်စိတ် စိတ်၍ အစိတ်တစ်ရာ စိတ်၍ ကြည့်သော်လည်း အားကိုးဖွယ် အသက် မရှိသည်ကို အနှစ်သာရမရှိသည်ကို သိနိုင် ထင်နိုင်ရာပြီ၊ ရုပ်သက်, နာမ်သက်သာ အမှန်ရှိ၏၊ ရုပ်သက်, နာမ်သက်ဟူသည် မျက်တောင် တစ်ခတ်ကို တစ်ထောင်မက စိတ်သော်လည်း တစ်စိတ်စာမျှမရှိ အလွန်တိုလှ၏။
ဤကား စိတ်မြင် စိတ်ထင်နှင့် ခေါ်ဝေါ်ပြောဆိုထင်မှတ် စွဲလမ်း ၍နေကြသော ဇီဝအသက်ဟူ၍ အဟုတ်မရှိ အမှန်မရှိကြောင်းကို ပြဆိုချက်တည်း။
ရုပ်သေး, နာမ်သေမှုမှ တစ်ပါးပုဂ္ဂိုလ်သေမှု, သတ္တဝါသေမှု ဟူ၍ အသီးအခြားမရှိကြောင်းကား ထင်ရှားသိသာလောက်ပြီ၊ ရှေး၌ပြဆို ခဲ့ပြီးသော သူသတ်ယောက်ျား ဓားချက် ဥပမာအတိုင်းသိလေ။ ဤသည်ကား အလွန်ကြီးကျယ်မှောက်မှားသော စိတ်မြင်မှုနှင့် အလွန် ကြီးကျယ်မှန်ကန်လှသော ဉာဏ်မြင်မှု နှစ်ပါးတို့၏ အထူးကို ပြဆိုသော အချက်တည်း။
ဤစိတ်မြင် စိတ်ထင်မှုသည် အနိစ္စကိုအချက်ရှာကြံသော ပုဂ္ဂိုလ် အနိစ္စ မနသိကာရကို အားထုတ်သောပုဂ္ဂိုလ်တို့မှာ အလွန်ကြီးကျယ် စွာသော ဓမ္မန္တရာယ်ကြီးပေတည်း၊ ထို့ကြောင့် အတန်ငယ် အကျယ် ချဲ့၍ အထပ်ထပ်အခါခါ ပြဆိုလိုက်ပေသည်။
ရှေးဦးစွာပြခဲ့သော ရှားမီးခဲမှ စိတ်မြင်, ဉာဏ်မြင် နှစ်ပါးခွဲနည်းကို ပြဆိုအံ့၊ ထိုရှားမီးခဲမှာ စွဲသည်မှစ၍ အကုန်လုံး မီးသေဆုံးသည့် တိုင်အောင် မီးသက်ရှည်၏ဟု ထင်မြင်သည်ကား စိတ်မြင်တည်း၊ ထမှု, ကြွမှု, ရွမှု, တိုးမှု, ဆုတ်မှု, ငုတ်မှု, ပေါ်မှု, ပျောက်ကွယ်မှု, မျက်မြင် အစိတ်တွေကို ထောက်၍လည်းကောင်း၊ ရေနှင့်လောင်းလျှင် ဘယ်ခဏ မှာမဆို သေဆုံးရန် အခွင့်ကိုထောက်မျှော်၍လည်းကောင်းထိုမျှလောက် ရှည်နိုင်သော မီးသက်မရှိဟု မြင်သည်ကား ဉာဏ်မြင်တည်း။
တစ်ဖန် ရွရွ ရွရွ တစ်သုတ် တစ်သုတ် ထကြွသည်ကို မျက်စိနှင့် မြင်ရာ၌ တစ်သုတ်ထတွင် အစ, အလယ်, အဆုံးတိုင် တစ်မီးတည်းသာ တည်းဟု ထင်မြင်သည်ကားစိတ်ထင်စိတ်မြင်တည်း။
တစ်သုတ်ထဆိုသည်ကား မျက်တောင်တစ်ခတ် အနည်းမြင်ရာ၏၊ ထိုမီးသည် အကယ်၍ မျက်တောင်တစ်ခတ် ရှည်ကြာအောင်တည် နေနိုင်သော မီးသက်ရှိခဲ့သည်ဖြစ်အံ့၊ ရေများစွာနှင့်လောင်းသော်လည်း မျက်တောင်တစ်ခတ် အတွင်းမှာ ပင်သေဆုံးနိုင်ရာသော အခွင့်မထင် လေရာ၊ ဉာဏ်နှင့်ဆင်ခြင်သည်ရှိသော် မျက်တောင်တစ်ခတ်အတွင်းမှာ ရေဘေးထိသည်ကို ခုခံ၍ တည်နေနိုင်ရာသော အသက်ဇီဝ အနှစ် သာရကို မတွေ့ရလေကား မျက်တောင်တစ်ခတ်အတွင်းမှာ အခါခါ သေဆုံးနိုင်သော အခွင့်ကိုသာ မြင်သည်ကားဉာဏ်မြင်တည်း။
ဉာဏ်မြင်ဆိုသော်လည်း သဘောယုတ္တိကိုမြော်၍ အတပ်မုချ အမှန်ဆသော အနုမာနဉာဏ်အမြင်ပေတည်း၊ ဤဝိပဿနာအရာ၌မူ ကား မျက်တောင်တစ်ခတ်လျှပ်တစ်ပြက်မျှထက် အသက်မရှည်မှုကို ထင်မြင်နိုင်လျှင်ပင် ပြီးစီးရာပါ၏၊ ထိုမျှလောက်အသက်တိုသည်ကို ကောင်းစွာမြင်နိုင်လျှင်ပင် ခိုကိုးစရာမရှိကြောင်း သတ္တ, ဇီဝ, အတ္တမဟုတ် ကြောင်းထင်ရှားလှလေပြီ၊ ဝိပဿနာ ဉာဏဒဿနမှုမည်သည် ရှေးဦးစွာ နိစ္စသညာ, နိစ္စဒိဋ္ဌိ, အတ္တသညာ, အတ္တစိတ္တ, အတ္တဒိဋ္ဌိတို့ကို တွန်းလှန် ပယ်ဖျက်မှုတည်း၊ အနမတဂ္ဂသံသရာ၌ အစဉ်ထာဝရ အမြဲအစွဲ တည် ထောင်၍လာခဲ့သော ထိုသညာစိတ္တဒိဋ္ဌိတို့သည် အနုမာန အမှန်ဆသော သဘာဝယုတ္တိဉာဏ်အမြင်များကိုမူကား ဖြုံဖြုံမျှ မရှိကြသေးကုန်၊ အလျင် ထန်စွာစီးသွားသော ရေမှာ ရေးသားလိုက်သော အရေးအကြောင်းကို ထိုရေအလျင်သည် ခဏချင်းဖုံလွှမ်းလေသကဲ့သို့ ထိုသညာ စိတ္တ ဒိဋ္ဌိ တို့သည် ထိုဉာဏ်မြင်ချက်ကို ခဏချင်း ဖုံးလွှမ်းနိုင်ကြကုန်၏၊ မျက်စိဖြင့် မြင်သကဲ့သို့သော ဒိဋ္ဌပစ္စက္ခ ဉာဏ်အမြင်သည်သာလျှင် ထိုမိစ္ဆာဘိနိဝေသ တရားတို့ကို လှုပ်ရှားစေခြင်းငှာ အခြေအနေ ပျက်စေခြင်းငှါ၊ ရုတ်တရက် မဖုံးလွှမ်းနိုင်စေခြင်းငှါ တတ်စွမ်းနိုင်သည်၊ ငရဲကို ကြောက် စေခြင်းငှါ ငရဲဒုက္ခကိုပြောသော်လည်း ပြောဆဲ ဟောဆဲ ခဏမှာမှအနိုင်သာ ကြောက်စိတ်ဖြစ်ကြသည်၊ သီဟိုဠ်မှ စန္ဒဂုတ္တ မထေရ်ကဲ့သို့လည်းကောင်း၊ သံကိစ္စရသေ့ သရဘင်္ဂရသေ့တို့ကဲ့သို့လည်းကောင်း၊ တန်ခိုးဖြင့် မြေကြီး ကိုခွဲ၍ ငရဲကြီးရှစ်ထပ်ကို ဒိဋ္ဌ ပစ္စက္ခမြင်နိုင်ကြအောင်ဖော်ပြ၍ ဟော မူကား ယခုအခါလည်းလွန်စွာ ကြောက်လန့်၍ မမေ့နိုင်အောင်ရှိကြလတ္တံ့၊ ဤဥပမာကဲ့သို့မှတ်။
သတ္တဝါတို့၏ စိတ်မှာလည်း မျက်တောင်တစ်ခတ်ဆိုလျှင်ပင် မြန်လှပြီ၊ ထိုထက်အသေးစိတ် ရှုရမည်ဆိုလျှင် ပိုင်းပိုင်းခြားခြား ထင်မြင်နိုင်တော့မည်မဟုတ်ပြီ၊ ပိုင်းပိုင်းခြားခြား မထင်မမြင်နိုင်ကလည်း ဝိပဿနာဉာဏဒဿနမျိုး မဟုတ်၊ ပြဆိုခဲ့ပြီးသော အနုမာနဉာဏ ဒဿနမျိုးသာဖြစ်ရာ၏၊ ဤလည်းတစ်ကြောင်း၊ ဝိပဿနာဉာဏ ဒဿနအလုပ်မည်သည် ပြဆိုခဲ့ပြီးသော သညာ စိတ္တ ဒိဋ္ဌိတို့အမြင်ကို ဖျက်ဆီးမှုတည်း၊ ထိုအမြင်ကို ဖျက်ဆီးမှုတွင်လည်း အတ္တဟုမြင်သော သညာ စိတ္တဒိဋ္ဌိတို့ကို ဖြိုဖျက်မှုကို ရှေးဦးစွာအလိုရှိအပ်၏၊ အနိစ္စဉာဏ် ဒုက္ခဉာဏ်တို့မှာလည်း အနတ္တကို ပိုင်းပိုင်းခြားခြား ထင်မြင် ဆုံးဖြတ် နိုင်လောက်အောင် သိကြလျှင် ပြီးသေးတော့သည်၊ အနတ္တပြီးလျှင် အနိစ္စပြီးတော့သည်၊ ဒုက္ခမှာမူကား အရဟတ္တမဂ်သို့ရောက်မှပြီးနိုင်သည်၊ ထိုအတ္တ သညာ စိတ္တ ဒိဋ္ဌိတို့သည်လည်း မျက်တောင်တစ်ခတ်ထက် မြန်ရာကိုလိုက်၍ စွဲလမ်းနိုင်ကြကုန်မည်မဟုတ်ကုန်၊ သူတို့စွဲလမ်းရာ နယ်ကုန်လျှင်ပင် သူတို့ခိုနိုင်ကပ်နိုင်ကြတော့မည်မဟုတ် ဤလည်း တစ်ကြောင်း၊ သို့အကြောင်းများကြောင့် အနိစ္စပရိညာကိစ္စနှင့် ဖြစ်မှု ချုပ်မှုကို ရှုစဉ်အခါ၌ ကောင်းကောင်းမြင်သာထင်သာသော မျက် တောင်တစ်ခတ် လျှပ်တစ်ပြက်အစရှိသော သန္တတိ အနိစ္စကိုသာ ထင် လင်းအောင် အကွက်အချက်ပြ၍ ဆုံးမသွန်သင်ရာသတည်း။
(ဤကား ပုံစံပြုရန် ထုတ်ပြလိုက်သော ရှားမီးခဲရှိ မီးဥပမာ စစ်တမ်းတည်း။)
မိမိ၏ ရူပကာယခန္ဓာကြီးသည် အပ်သွားရာမျှ အဏုမြူမျှ မလပ် ရအောင် ကိုယ်ခန္ဓာကြီးနှင့် အပြည့်အနှက်ရှိနေသော ပရမတ္ထမီးစု သည်လည်း ထိုရှားမီးခဲရှိ မီးနှင့်အတူ တစ်ထပ်တည်းပင်ဖြစ်၍လည်း ကောင်း၊ ဤခန္ဓာကိုယ်ကြီးသည်လည်း ဓာတ်မီး၏ အစီးအပွားကြီးဖြစ် ချေ၍လည်းကောင်း၊ ရှားမီးခဲရှိ မီးသည်လည်း ခဏမစဲတစ်ကြွတည်းကြွ၊ တစ်ရွတည်းရွ၍ နေဘိသကဲ့သို့ မိမိကိုယ်ခန္ဓာရှိမီးသည်လည်း ခဏမစဲ တစ်ကြွတည်းကြွ၊ တစ်ရွတည်းရွ၍သာနေသည်ဟု ထင်မြင်နို်င်လတ္တံ့၊ ထိုသို့သော တစ်ကိုယ်လုံး တစ်ကောင်လုံး ခဏမစဲ အမြဲကြွရွ၍မှုကို ထင်မြင်နိုင်ပါလျှင် ရှေးကပြဆိုခဲ့ပြီးသော ယုတ္တိအမျိုးမျိုး အတိုင်း တစ်ကိုယ်လုံး တစ်ကောင်လုံးမှာ မျက်တောင်တစ်ခတ် အသက်ရှည်၍ မချုပ်မပျောက်ပဲ ခိုင်မြဲစွာတည်နေနိုင်သော ရုပ်တရားဟူ၍အဏုမြူမျှ မရှိကြောင်းကို ကောင်းစွာ ဉာဏ်မှာ ဆုံးဖြတ်နိုင်လတ္တံ့၊ ဆုံးဖြတ်ရုံသာ ဆုံးဖြတ်နိုင်သေးသည်၊ ဖြစ်မှု ချုပ်မှုတို့ကို ခြားခြားနားနား မမြင်နိုင်သေး။
ရေပွက်ငယ်စုမှာထင်မြင်ရသော လူရိပ် မျက်နှာငယ်စုသည် ထို ထိုမှီရာ ရေပွက်ငယ်စုပျက်ဆုံးခဲ့လျှင် တည်ရာမရ ဧကန္တပျက်ဆုံးကြရန် အခွင့်ကို ကောင်းစွာမြင်နိုင်သကဲ့သို့ ဤကိုယ်ခန္ဓာတစ်ခု ထင်မြင်နိုင်ပါ သော် သတ္တဝါ အနန္တ ရုပ်ခန္ဓာ ဟူသမျှပြီးလေတော့သည်၊ မြင်းမိုရ်စကြာ ဝဠာ မဟာပထဝီအစရှိသော တေဇောမီးဓာတ်မီး၏ အစီးအပွား ဟူ သမျှလည်း ပြီးလေတော့သည်။
ဤသည်ကား အနိစ္စလက္ခဏာကို သန္တတိ ဖုံးလွှမ်းသည်၊ သန္တတိကို ခွာ၍ရှုမှ အနိစ္စလက္ခဏာထင်နိုင်သည်ဟူသော အဋ္ဌကထာများအတိုင်း တေဇောကို အရင်းတည်၍ သန္တတိဖြတ်ပုံနှင့်တကွ သမ္မသနဉာဏ် အစီ အရင်တည်း။
သန္တတိခွာနည်း ဖြတ်နည်းသည် အလွန်ပင် များပြား၏၊ ကမ္မဋ္ဌာန်း ကို သွန်သင်ပြသသော ဓမ္မကထိကဆရာ၏ ဉာဏ်စွမ်းပဋိဘာန်သည်သာ ပမာဏဖြစ်ချေသည်၊ ဤစာအုပ်မှာ တေဇောကိုမူတည်၍ ပြသည်မှာ ဥပလက္ခဏ နည်းမျှသာတည်း။
ရူပက္ခန္ဓာ ကမ္မဋ္ဌာန်း၌ သမ္မသနဉာဏ်
အစီအရင်ပြီး၏
---
၁၃-ဥဒယဗ္ဗဉာဏ်အစီအရင်
ယခုအခါ ရူပက္ခန္ဓာ၌ ဥဒယဗ္ဗဉာဏ် အစီအရင်ကို အမြွက်မျှပြ ဆိုအံ့။ သမ္မသနဉာဏ်ဆိုသည်ကား ရုပ်တရား နာမ်တရားတို့၏ မျက် တောင်တစ်ခတ်လျှပ်တစ်ပြက်မျှ အသက်ရှည်၍တည်နေနိုင်သော တရားမျိုး မဟုတ်ကြောင်းကို အဖန်ဖန် သုံးသပ်၍ ဆုံးဖြတ်နိုင်သော ဉာဏ်တည်း၊ ကိုယ်ခန္ဓာ၌ ခဏမစဲ အလုံအခဲတစ်သဲသဲဖြစ်ပေါ်မှု ချုပ် ကွယ်မှုတို့ကို ပိုင်းပိုင်းခြား ခြားထင်မြင်နိုင်သောဉာဏ် မဟုတ်သေး၊ ဥဒယဗ္ဗယဉာဏ်သည်သာ ထိုကဲ့သို့မြင်နိုင်သည်၊ ယခုပြဆိုလတ္တံ့သော ရှေးဖြစ်သော သမ္မသနဉာဏ်အချက်က ကောင်းစွာနိုင်နင်း ရှင်းလင်း ဖြတ်တောက်ခဲ့မှသာလျှင် ဥဒယဗ္ဗယဉာဏ်ကောင်းကောင်း ဖြစ်နိုင်သည်၊ ဥဒယဗ္ဗယဉာဏ် မပိုင်မနိုင်ရှိနေခဲ့လျှင် သမ္မသနဉာဏ်အချက်ကချီ၍ ချီ၍ ရှင်းလင်းရလိမ့်မည်။
ဥဒယဗ္ဗယဉာဏ် ပုံစံပြုရန် ဥပမာကို ရှေးဦးစွာ ဆိုပေအံ့။ ချိန်ဝန်ငါးပိဿာ ပမာဏ သပိတ်လုံးခန့်ရှိသော အလွန်သိမ်မွေ့လှစွာ သော နုံးမြေဖြင့်ပြီးသော ခြောက်သွေ့ပြီးသော နုံးမြေခဲကြီးတစ်ခုကို စံပြုရာ၏၊ ထိုနုံးမြေခဲကို ဆေးကြိတ် ကျောက်လုံးဖြင့် အနှံ့အပြား လှုပ်ရှားရုံမျှ ထိပ်လယ်တည့်တည့်က ထုနှက်ရာ၏၊။ ထိုသို့ ထုနှက်လိုက် သည်ရှိသော် ထုနှက်သည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်း နုံးခဲကြီး တစ်ခဲလုံး နုံးမြေမှုန့်တို့သည် တစ်မှုန်မကျန် အတန်ငယ်စီ လှုပ်ကြွ ရွှေ့ရှားကြသည်ကို စိတ်ထဲတွင် အတပ်မြင်နိုင်၏။
ဤ၌ စိတ်မြင် ဉာဏ်မြင် နှစ်ပါးခွဲနည်းကား-ထုနှက်သည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်း တစ်ခဲလုံး နုံးမြေနုတွေ အခြေပျက် အနေ ပျက် လှုပ်ရှားရွေ့လျား၍ သွားသည်ကိုသား လူတိုင်းပင် မြင်နိုင်ကြ၏၊ တစ်ခဲလုံး အခြေပျက်၏လော၊ အနေပျက်၏လောဟု မေးသည်ရှိသော် အခြေပျက်ပါ၏၊ အနေပျက်ပါ၏ဟုပြောကြပေလတ္တံ့၊ အဘယ်သို့ အခြေ ပျက်သနည်း၊ အနေပျက်သနည်းဟုမေးသည်ရှိသော် တစ်ခဲလုံး လှုပ်ရှား ၍သွားသည်၊ နုံးမြေမှုန့် အားလုံး အတန်ငယ် ရွေ့လျား၍သွားသည် ဟုပြောကြလတ္တံ့၊ ဤကား စိတ်မြင်အတိုင်း ပြောမှုတည်း၊ ဤ စိတ်မြင်မှုမှာ အဘယ်သို့အခြေပျက်သနည်းဟု အပျက်ကို မေးပါသည် ကိုအပျက် ကိုမြင်ပါလျက် ဖြစ်မှုသန္တတိဖုံးလွှမ်းသည့်အတွက် အပျက်သရုပ်ကို မမြင်သောကြောင့် ဖြစ်မှုကိုပင် အပျက်ပြု၍ မြင်လေသတည်း။ လှုပ်ရှားမှု ရွေ့လျားမှုကား အသစ်ဖြစ်ပေါ်မှုထင်ရှားသော အဖို့တည်း၊ ထိုဖြစ် ပေါ်မှုအဖို့ကို အပျက် သရုပ်ပြု၍ပြောဆိုခြင်းတည်း။ ဉာဏ်အမြင် မူကား ထုနှက်လိုက်သည်နှင့် တစ်ပြိုင်နက်တစ်ချက်တည်း ပျက်မှုတစ်လမ်း ဖြစ်ပေါ်မှုတစ်လမ်း နှစ်လမ်းမြင်၍ သွားသတည်။ အနေပျက်မှု အခြေပျက်မှုဟူရာမှာလည်း အနေအခြေဆိုသည်ကား မထုမီ မနှက်မီ ရှေးအဖို့ကရှိနေသော နုံးမြေမှုန့် ရုပ်ကလာပ်စုပေတည်း၊ ထိုနုံးမြေမှုန့် ရုပ်ကလာပ်စု၏ တစ်ခုမကျန် အကုန်ချုပ်ပျက် ကွယ်ပျောက်၍ သွား သည်ကို အခြေပျက် အနေပျက် ဆိုသတည်း။ လှုပ်ရှားမှု ရွေ့လျားမှုသည် မူကား ပျက်မှုမဟုတ်၊ တစ်မျိုး အသစ်ဖြစ်ပေါ်မှုသာတည်း။ ထိုနှစ်လမ်း တွင် ချုပ်ပျောက်ကွယ်ပျက်လမ်းသို့ သွားလေသည်လည်း ချိန် ဝန်ငါး ပိဿာပင်၊ ယခုထုနှက်ရာတွင်မှ အသစ်ဖြစ်ပေါ်ကြသော နုံးမြေမှုန့် ရုပ် ကလာပ်စုသည် ချိန်ဝန် ငါးပိဿာပင်ရှိလတ္တံ့၊ ဤကား ဉာဏ်မြင်တည်း။
ထိုနှစ်လမ်းတွင် အသစ်ပေါ်ရှိနေသော ရုပ်ကလာပ်တို့၏အသစ် ဖြစ်ပေါ်မှုဥပါဒ်ကို မြင်သည်ကား ဥဒယကိုမြင်သော ဉာဏ်တည်း။ ရုပ်ကလာပ်အဟောင်းငါးပိဿာလုံး၏တစ်ပြိုင်နက် တစ်ချက်တည်းကဲ့သို့ အကုန်အစင်ပျက်ဆုံးကွယ်ပျောက် မှုကိုမြင်သည်ကား ဝယဉာဏ်တည်း။ အကုန်လုံးလှုပ်ရှားရွေ့လျားပြီးလျှင် ငြိမ်မြဲငြိမ်၊ ဝပ်မြဲဝပ်၍ နေပြန်၏၊ ဤ၌လည်း လှုပ်ရုပ်ငါးပိဿာတို့၏အကုန်အစင် ကွက်ပျက်မှု ငြိမ်ရုပ် ဝပ်ရုပ် ငါးပိဿာတို့၏ ယခုအသစ်ဖြစ်ပေါ်မှုနှစ်လမ်းတည်း။
စိတ်မြင်မှာ ထိုသို့လမ်း မခွဲနိုင်သည်ကား အသစ်ဖြစ်ပေါ်ရွေ့ လျားသော သန္တတိပညတ်သည် ချုပ်ကွယ်မှု အားလုံးကို ဖုံးလွှမ်း၏၊ ရုပ်ဟောင်းချုပ်ကွယ်ရာ၌ ချုပ်ကွယ်မှုမပေါ်ရအောင် တစ်ပြိုင်နက် တစ်ချက်တည်းအစား ထူထောင်မိအောင် ဖြစ်ပေါ်သော အမှုကို ဖုံးလွှမ်း သည်ဟုဆိုသည်၊ ထိုစကားသည်မှန်၏၊ အကုန်ချုပ်ကွယ်ပြီး နောက် အတန်ငယ်ကြာမှ ဖြစ်ပေါ်မှုကား ချုပ်ကွယ်မှုလည်း အသီးအခြား ထင်ရှား သိသာလာလေရာ၏၊ ချုပ်ကွယ်၍သွားသော နုံးမြေမှုန့် ရုပ်လာပ်စုသည် ချိန်ဝန်ငါးပိဿာ အကုန်အစင်ပင်တည်းဟူ၍လည်း ထင်ရှားသိသာ လေရာ၏၊ ဤ၌စိတ်အမြင်မှာ ပျက်သည်ဟူ၍ကား မြင်၏၊ ဤပျက်မှု သည် ဘင်ရုပ်ဟူသောမရဏရုပ်ဟူသော အနိစ္စတာ ရုပ်ဟူသော ပရမတ္ထ ဓမ္မကြီးတစ်ပါးပင်တည်းဟူ၍လည်းကောင်း၊ ဘင်ရုပ် မရဏရုပ် အနိစ္စတာရုပ်မည်သည်ကား မိမိမှီရာ တည်ရာသင်္ခါရဓမ္မတို့၏ အနိစ္စမျိုး စင်စစ်မှန်ကြောင်းကို သိရာသိကြောင်း ဆုံးဖြတ်ရာ ဆုံးဖြတ်ကြောင်းဖြစ်၍ လက္ခဏာရုပ်ခေါ်သတည်း၊ မှီရာ သင်္ခါရဓမ္မ မရှိရာဌာန၌ရထိုက်သော တရားမဟုတ်၊ ထို့ကြောင့် အခြေပျက်ပါ၏၊ အနေပျက်ပါ၏ ဟူသော စကား၏အနက်ဖြစ်သော ပျက်မှုကြီး၏ နုံးခဲတစ်ခုလုံး အနှံ့အပြား ထင်၍ သွားသည်ကို မြင်လိုက်ရသဖြင့် ထိုအမှုကြီး၏မှီရာကို ဉာဏ်ဖြင့် ရှာကြံ သည်ရှိသော် မထုမနှက်မီကရှိနေသော ချိန်ဝန် ငါးပိဿာ ခန့်ရှိသော နုံးမြေမှုန့်ရုပ်ကလာပ်စုပေတည်းဟု သိနိုင်လေသတည်း။ ဤမျှလောက် ကြီးမားသော အထည်ဒြဗ်သည် ဤမျှလောက်လျင်မြန်စွာ တစ်ပြိုင်နက် တစ်ချက်တည်း ကွယ်ပျောက်နိုင်ပါမည်လောဟု ဝိစိကိစ္ဆာသံသယ ပေါ် ပေါက်နှောက်ယှက်၍လာသည်ရှိသော် ရှေးသမ္မသနဉာဏ်တွင် သိမြင် ဆုံးဖြတ်ခဲ့ပြီးသော အနိစ္စအခြင်းအရာနှင့် ကောင်းစွာရှင်းလင်း၍ ဝိစိကိစ္ဆာကို ပယ်ရှားရမည်။
သိမြင် ဆုံးဖြတ်ခဲ့ပြီးသော အနိစ္စအခြင်း အရာဆိုသည်ကား ရုပ်တရားတို့၏ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်ခြင်းဟု သိမြင်ဆုံးဖြတ်မှုတည်း၊ ဤ၌ထုနှက်မှုတစ်ချက်တည်း လှုပ်ရှား၍ အခြေအနေပျက်၍ သွားမှုသည်လည်း မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှပင်ရှိရာသည်။ ထိုသို့တစ်ပြိုင်နက် တစ်ချက်တည်း လှုပ်ရှား၍ သွားအောင် စွမ်းနိုင်သော ပယောဂနှင့်ကြုံခဲ့မူကား မြင်းမိုရ် တောင်ကြီး တစ်ခုလုံးသည်ပင်လျှင် ဤနုံးခဲအတူ ကွယ်ပျောက်နိုင် သည်သာဖြစ်ရာသတည်း၊ ကြီးသည် ငယ်သည် ပမာဏမဟုတ်၊ ပယောဂ မှုသည်သာ ပမာဏတည်း။
မြတ်စွာဘုရားတို့၏ ဘုန်းတန်ခိုးတော်ကြောင့် ပဋိသန္ဓေယူတော်မူ သောအခါ စသည်တို့၌ စကြဝဠာပေါင်း တစ်သောင်းတိုင်အောင် မဟာပထဝီပဲ့တင်ဟီး၍ အောက်ခြေသို့အဆိုက်တုန်လှုပ်ရာ၌ ထိုနည်းတူ မြင်လေ၊ ပျောက်ကွယ်လေသော ရုပ်ကလာပ်စုကို ပျောက်ကွယ်မှု ဘင်ကြီးနှင့်တကွ ခြားခြားနားနား ထင်မြင်နိုင်မှသာလျှင် လှုပ်ရှား ရွေ့လျားသည်ဟု ထင်မြင်ရသော ရုပ်ကလာပ်တို့ကို ဥပါဒ်ဇာတိနှင့် တကွပိုင်းပိုင်းခြားခြား ထင်မြင်နိုင်မည်၊ စိတ်အမြင်မှာ ဤကဲ့သို့ ပိုင်းခြား နိုင်သော အမြင်မျိုး မဟုတ်လေသောကြောင့် ဖြစ်ရုပ် ပျက်ရုပ် မပြား မကွဲနေလေရာ ဖြစ်ရုပ်ကား ပေါ်ပေါက်ထင်ရှား၍လာသော အဖို့တည်း၊ ပျက်ရုပ်ကား ကွယ်ပျောက်၍သွားသော အဖို့တည်း၊ ထို့ကြောင့် ကွယ် ပျောက်သော ရုပ်စုကိုမသိပြီ။ ထိုနုံးခဲအတွင်းမှာ ထုနှက်မှုဒဏ်ကို ခုခံ၍ မချုပ်မပျက်ပဲ တည်နေနိုင်သော ရုပ်တစ်စုံတစ်ခုမျှ မရှိသည်ကိုအသိဉာဏ် ထင်ရှားအောင် ပြောပြရန် အခွင့်အလွန်ပင်များပြား၏၊.
(ဤကား ဥဒယဗ္ဗယဉာဏ်ပုံစံထုတ်ပြချက်တည်း၊ ပုံစံဆိုသော် လည်း အလွတ်ဗာဟိရ ဆောင်ပြသော ပုံစံမျိုးမဟုတ်၊ ထင်ရှားလှသော ဥဒယဗ္ဗယမှုကို ထုတ်ပြခြင်းသာတည်း။)
ပုံစံနှင့်တူစွာ ကိုယ်ခန္ဓာ၌လည်း ထင်ရှားရာအချက်ကိုပြဆိုအံ့။။ ရှေးဦးစွာ ကိုယ်အင်္ဂါမှာ ဉာဏ်နိုင်လောက်ရုံ ကွက်ခြား၍ ရှုရာ၏၊ ဦးခေါင်းမှာတစ်ခုသောနေရာ၌ လက်ဆုပ်စသည်ဖြင့် အနှံ့အပြား လှုပ်ရှား အောင် ထိပါးတိုက်ခိုက်သော နေရာ၌ ဦးခေါင်းတစ်ခုလုံးလှုပ်ရှားမှုသည် ပြဆိုခဲ့ပြီးသော ပုံစံဥပမာအတိုင်းပင် ထိပါး၍ အကုန်အနှံ့အပြား ရုပ် တရားတို့ လှုပ်ရှားထကြွရာ၌ ရုပ်ဟောင်းချုပ်ကွယ်မှု ရှုပ်သစ်ဖြစ်ပေါ် ပြောင်းလဲမှု နှစ်ပါးတစ်ပြိုင်နက်ပင် ပုံစံပြရင်း ဥပမာကား တစ်ထည်လုံး ပျက်ကွယ်မှု အလွန်မြန်သည်ကို သိတည့်တိုင်အောင်ပြသော ဥပမာ တည်း၊ ထိုကဲ့သို့ အလွန်မြန်မှုကို မထင်နိုင်ရှိခဲ့လျှင် ကဗဠီကာရ အာဟာရ ၌ပြဆိုခဲ့သော ရုပ်သစ်ရုပ်ဟောင်း ပြောင်းလဲမှု တစ်ခုသော ဣရိယာပုထ်၌ အင်္ဂါအနေအထား ကြာ၍ ညောင်းညာထုံကျင် ပူပင် အောင့်အည်း ဖြစ်ရာ၌ ရုပ်သစ်ရုပ်ဟောင်းပြောင်းလဲမှု စသည်တို့၌ကား ပြောင်းလဲ လေရာ ထိုထိုအင်္ဂါ၌ တိမ်တောင်တိမ်ညွန့်တက်၍လာသကဲ့သို့ ဝိသဘာဂ ရုပ်သစ် ရုပ်စု တစ်ဖြည်းဖြည်းဖြစ်ပေါ် တိုးပွား၍လာသော ဥဒယအဖို့ ရုပ်သစ်ဖြစ်ပေါ်ရာ ပြန့်ပွား၍ သွားရာဌာနတို့၌ ရုပ်ဟောင်းစု ချုပ်ကွယ်၍ သွားသော ဝယမှု စသည်တို့ကို ဥဒယအဖို့ ဝယအဖို့ ခြားနားအောင် ရှုလေ၊ တစ်ကိုယ်လုံး လှုပ်ရှားသော ဣရိယာပုထ်ပြောင်းလဲရာ၌ သွား သောအခါ ခြေချတိုင်း ခြေချတိုင်း ခြေဖဝါးအပြင်မှ ဦးခေါင်း ငယ်ထိပ် သို့ကျအောင် တစ်ကိုယ်လုံး ရုပ်သစ် ကလာပ်သစ်တို့ဖြစ်ပေါ် ထကြွ လှုပ်ရှားမှုများကား ကိုယ်ဟောင်း ကိုယ်သစ်ပြောင်းလဲချက် အလွန် မြန်လှ၏၊ ထိုကဲ့သို့မြန်လှသောအရာ၌ မြန်သလောက် ဉာဏ်မလိုက် နိုင်တဲ့ရှိလျှင် နိုင်ရုံကွက်၍သော်လည်းရှု။ ပြောင်းလဲမှုဟုတ်ကြောင်း မှန်ကြောင်း မြန်ကြောင်းကို အသိဉာဏ် နှင့်ဆုံးဖြတ်၍ထားပြီးလျှင် ရှုသောအခါမြင်သာရုံ မြင်နိုင်ရုံ တစ်ဖြည်းဖြည်းအနေနှင့် ကြံဖန်၍ သော်လည်းရှု အလွန်ရှုဖွယ် ကျယ်ဝန်းများပြားလှ၏။
လိုရင်းအဓိပ္ပါယ်ကား အကြင်ကိုယ်အင်္ဂါအစိတ်၌ တစ်စုံတစ်ခု သော အေးမှု မူမှု လှုပ်မှု ရှားမှု စသည်ဖြင့် ထင်ရှား သိသာသော ဝိသဘာဂရုပ်သစ် ဝိသဒိသရုပ်သစ် ဝိကာရရုပ်သစ် အခြင်းအရာ ဖြစ်ပေါ်ပွားများ၍ လာသည်ကို သိမြင် ထင်ရှား၏၊ ထိုအင်္ဂါ အစိတ်၌ ရုပ်ဟောင်းချုပ်ကွယ်မှု ဧကန်ရှိသည်သာဖြစ်၏၊ မုန့်ညင်းစေ့ခန့် ရုပ် သစ်ဖြစ်ပေါ်မှု ထင်မြင်လျှင် ထိုဖြစ်ပေါ်မှုနှင့် တစ်ပြိုင်နက် တစ်ချက်တည်း ထိုနေရာမှာ မုန့်ညင်းစေ့လောက် ရုပ်ဟောင်းချုပ် ကွယ်ပြီတည်း၊ နှမ်းစေ့လောက် မုယောစပါးလောက် ရွေးငယ်လောက် ရွေးကြီးလောက် အစရှိသည်ဖြင့် သိလေ၊ တစ်ကိုယ်လုံးကျွတ် ရုပ်သစ်ဖြစ်ပေါ်ရိပ် ထင်မြင်လျှင် တစ်ပြိုင်နက်တစ်ကိုယ်လုံးကျွတ်ရုပ်ဟောင်းချုပ်ကွယ်၏၊ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမဟူသော မိစ္ဆာသညာ၊ ငါ့ဦးခေါင်း, ငါ့မျက်နှာ, ငါ့မျက်လုံး, ငါ့နား, ငါ့နှာခေါင်း, ငါ့ခံတွင်း, ငါ့လည်ပင်း, ငါ့ရင်, ငါ့ဝမ်း, ငါ့ကျောက်ကုန်း, ငါ့လက်, ငါ့ခြေ အစရှိ သည်ဖြင့် သဏ္ဍာန်ဒြဗ် ပညတ်ကြီးငယ် အထည်ဝတ္ထုတို့ကို စွဲ၍ သာယာ တွယ်တာသော တဏှာမာနဒိဋ္ဌိတို့ကို ဖြိုဖျက်ချိုးဖဲ့ ဖျောက်လွှင့် ပယ်ရှင်း သော ဉာဏ်ဖြစ်ခဲ့၍ ဝိပဿနာဉာဏ်နှင့် - ရှုကြည့်သောအခါ သဏ္ဌာန ပညတ် သမူဟပညတ် သန္တတိပညတ်တို့အကုန်ကွယ်ပျောက်၍ ငါ့ဦး ခေါင်းစသည် စွဲလမ်းရန် ရှာကြံမရရှိသည်တိုင်အောင် အားထုတ်ရ လိမ့်မည်၊ ဝရဇိန်လက်နက် မိုးကြိုးစက်ဖြင့် ဖြိုဖျက်ပစ်ခွင်းသကဲ့သို့ အနမတဂ္ဂသံသရာမကွာ အမြဲနှလုံးထဲမှာ အစဉ်ပါ၍နေသော သက္ကာယ ဒိဋ္ဌိ အဝီစိငရဲအိုးကြီးကို မှုန့်မှုန့်ညက်ညက် လွင့်ပျောက်ပျက်အောင် ဖြိုဖျက် ပစ်ခွင်းသော ဉာဏ်ပေတည်း။
ဥဒယဗ္ဗယဉာဏ် အစီအရင် အမြွက်ပြီး၏။
---
၁၄-ရူပက္ခန္ဓာ ကမ္မဋ္ဌာန်း အစီအရင်
အသစ်အသစ်ဖြစ်ပေါ်မှုဟူသော ဥဒယ၊ အဟောင်း အဟောင်း ချုပ်ကွယ်မှုဟူသော ဝယ၊ ဤနှစ်ပါးတို့တွင် ဖြစ်ပေါ်မှုကား ထင်ရှား လွယ်၏၊ ချုပ်ကွယ်မှုကား အလွန်ထင်မြင် တည့်နိုင်ခဲ၏၊ အနိစ္စ လက္ခဏာ မှာ ချုပ်ကွယ်မှုသည်သာလိုရင်း ပဓာနဖြစ်၏၊ ထို့ကြောင့် ဥဒယမှုကို လွှတ်ထား၍ အထင်အမြင်အားနည်းနေသေးသော ဝယမှုကိုသာ ကွက်ခြား၍အထူး အားထုတ်ပြန်သော ဉာဏ်သည် ဘင်္ဂဉာဏ်မည်၏၊ ဤမှကြွင်းသော ပရိညာအစီအရင်တို့ကို ကဗဠီကာရအာဟာရ ကမ္မဋ္ဌာန်း မှာ ပြဆိုခဲ့ပြီးသော အတိုင်းသိလေ။ ပညာနုံ့သော ပုဂ္ဂိုလ်ဖြစ်ခဲ့၍ ရုပ်သာမညတစ်ခုတည်းနှင့် ဉာဏ်အမြင်မပေါ်နိုင်ရှိခဲ့လျှင် ရှေး၌ ဆိုခဲ့ပြီး သောခန္ဓဝဂ္ဂသုတ္တန်မှာ ဝေဖန်တော်မူသောနည်းအားဖြင့် ရုပ်တရားကို ငါးပုံ ငါးစု ပြု၍ဉာတပရိညာမှု တစ်ခန်းထုတ်ရမည်။ ပရမတ်မြေ၊ ပရမတ်ရေ၊ ပရမတ်မီး၊ ပရမတ်လေတို့ကို သဘောလက္ခဏာ ထင်ထင် ရှားရှားကွဲပြားအောင် အားထုတ်ရမည်၊ စက္ခုသောတ စသည် တို့ကိုမူကား အပေါင်းအားဖြင့် ဥပါဒါရုပ်စု ဟူ၍သာ ခြားနား၍ ထားရမည်။
ဤဝိပဿနာအရာ၌ ကိုယ်ခန္ဓာမှာ အနိစ္စအနေနှင့်အကြွင်း အကျန်မရှိပဲ ဖြစ်မှု ပျက်မှုကိုမြင်နိုင်သည်သာ ပဓာနတည်း၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ နှင့်ပင် ထိုအမှုတို့ကို ကိုယ်လုံးကျွတ်ခြုံ၍ မြင်နိုင်ပါလျှင် သင်္ခါရတစ်လုံးနှင့်ပင်ပြီးစီးပါ၏၊ အာဟာရလေးပါးမှာ ဟောတော်မူသော တရားတစ်လုံး တစ်လုံးနှင့်ပင် ပြီးစီးနိုင်ပါ၏၊ ဝေဒနာတစ်လုံးနှင့်သော် လည်းကောင်း၊ သညာတစ်လုံးနှင့်သော်လည်းကောင်း ပြီးစီးနိုင်ပါ၏။
ရုပ်နာမ် နှစ်ခုလုံးနှင့်သော်လည်းကောင်း ပြီးစီးနိုင်၏၊ ဤမန္ဒ ပုဂ္ဂိုလ်မှာလည်း ဖြစ်မှု ပျက်မှု ရှုခန်းသို့ရောက်ရာ မဟာဘုတ်လေးပါးတို့၏ ဖြစ်မှု ပျက်မှုကို ထင်မြင်လျှင် ဥပါဒါရုပ်စု အပြီးပါ၍ သွားလတ္တံ့၊ ဥပါဒါ ရုပ်စုတို့ တစ်ခြားရှုဖွယ် ကိစ္စမရှိပြီ၊ စိတ်နှင့် စေတသိက်တို့မှာကဲ့သို့တည်း။ မဟာဘုတ်လေးပါးတို့ကိုမူကား တစ်လုံးတည်းဉာဏ်မနိုင်၍ တစ်ခုတစ်ခု အတွက် ဖြစ်မှု ပျက်မှု ခုခံ၍နေပုံရလျှင် အသီးအသီးခွဲ၍ရှုလေ၊ ပထဝီ ခုခံ၍နေတတ်သည်၊ ပထဝီကို ကွက်ခြား၍ အထူးအားထုတ်လေ၊ ဓာတ်လေးပါး မထူးမခြားသကဲ့သို့ ဖြစ်မှု ပျက်မှု နှစ်ခုလုံးနိုင်သောအခါ ခွဲဖွယ် ကိစ္စမရှိပြီ၊ ရုပ်တစ်ခုလုံးတည်းမှာကဲ့သို့ တစ်လုံးတစ်ချက်တည်း ပေါင်း၍ရှုလေ၊ အကြွင်း ရှေးနည်းအတိုင်းပင်။
ရူပက္ခန္ဓာ ကမ္မဋ္ဌာန်း အစီအရင် အမြွက်ပြီး၏။
---
၁၅-ခန္ဓာငါးပါးတို့၏ ဥပမာများ
“ဖေဏပိဏ္ဍူပမံ ရူပံ” စသည်ဖြင့်လာသော ခန္ဓာငါးပါးဥပမာတို့၌ ရူပက္ခန္ဓာရေမြုှပ်နှင့်တူပုံမှာ သမ္မသနဉာဏ် အစီအရင်၌ပြဆိုခဲ့ပြီးသော အတိုင်း ထင်ရှားနိုင်ပါလျှင် အနှစ်သာရမရှိမှုနှင့် ရေမြှုပ်အသွင် ထင်မြင် နိုင်တော့သည်။ ဝေဒနာ ရေပွက်အသွင် သညာတံလျှပ်အသွင် ထင်မြင် ရန်အချက်စုမှာ ရှေး၌ပြဆိုခဲ့ပြီ။ သင်္ခါရက္ခန္ဓာကို ငှက်ပျောတုံးအသွင် ထင်မြင်အောင် ရှုရမည်ဟူသော ဒေသနာတော်၌ကား စေတနာတစ်ခု ကိုသာ ပဓာနပြု၍ဆိုလိုလျှင် စေတနာသည် ကာယကံမှု ဝစီကံမှု မနောကံမှု ဟူ၍သုံးပါး၊ ပါဏာတိပါတမှုစသော ဒုစ္စရိုက်မှုဆယ်ပါး၊ ပါဏာတိပါတဝေရာမဏိအစရှိသော သုစရိုက်မှု ဆယ်ပါး၊ ဒါန, သီလ, ဘာဝနာအစရှိသော ပုညကိရိယာမှု ဆယ်ပါး ဤသို့ခွဲခြမ်းရာ၏၊ ပါဏာတိပါတမှုတစ်ခုမှာပင် များစွာသော ကိရိယာ အခြံအရံရှိ၏၊ တစ်ပါးသော သတ္တဝါကို သတ်ခြင်းငှာ ကြံမှု စည်မှု စိတ်အင်္ဂါ အမူအရာ အထူးထူးအပြားပြား ပြောမှု ဆိုမှု၊ နှုတ်အင်္ဂါအမူအရာ အထူးထူး အပြားပြား သွားမှု လာမှုစသည် ကိုယ်အင်္ဂါ အမူအရာအထူးထူးအပြားပြား များစွာရှိ၏၊ ပါဏာတိပါတ သင်္ခါရ အမူအရာ အထူးထူးအပြားပြားတို့ကို အသီးအသီး ခွဲခြမ်း၍ နိစ္စသာရ, ဓုဝသာရ, သုခသာရ, အတ္တသာရ တည်းဟူသော သာရလေးပါးကို ရှာကြံ၍ကြည့်သည်ရှိသော် စိတ်အမူ အရာ အစုထည်းမှာလည်း ရှာကြံ၍မရ၊ နှုတ်အမူအရာ အစုထည်းမှာ လည်း ရှာကြံ၍မရ၊ ကိုယ်အမူအရာအစုထည်းမှာလည်း ရှာကြံ၍မရ၊ တစ်ခုသော ပါဏာတိပါတမှု အမူအရာစု ကုန်၍သာ သွားတော့သည်၊ သာရလေးပါး မထွက်လာပြီ၊ သာရလေးပါးဆိုသည်ကား ထိုပါဏာ တိပါတ အမှုတစ်ခုအတွက်နှင့်ဖြစ်သော စိတ်အမူအရာစုမှာ နိစ္စသာရ ကိုလည်း မရအပ်၊ ကြံစည်၍နေဆဲအခါ ကိုယ်ခန္ဓာ၌ အနည်းငယ်သော အာရုံတစ်ပါးထိခိုက်လာလျှင်ပင် ထိုအကြံအစည် ခဏချင်း ချုပ်ကွယ်၍ အာရုံသို့ စိတ်စေတနာ ပြောင်းရွှေ့လေ၏၊ အားကြီးစွာသော အာရုံ ထိခိုက်လာရာ၌ ဆိုဖွယ်မရှိ၊ အောက်၌ ပြဆိုခဲ့ပြီးသော သာရလေးပါး အဓိပ္ပါယ်ကို အစဉ်မှီး၍ ကြွင်းသောသာရကိုလည်းသိလေ။
ဒါနကုသိုလ်မှု တစ်ခုမှာလည်း ထိုအတူ ကိုယ်အင်္ဂါ အမူအရာ များပြားသည်သာ ဖြစ်၏၊ ပါဏာတိပါတ နည်းတူဆိုလေ၊ ကြွင်းသော ကုသိုလ်မှု အကုသိုလ်မှုတို့မှာလည်း ဤနည်းတူသိလေ။
ဤသို့လျှင် လောက၌ နေ့နေ့ညည တရွရွ တကြွကြွ နေကြသော ကာယသင်္ခါ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရမှုစုသည် အလွန်ကြီးကျယ်များ ပြား၏၊ ထိုသို့ တစ်လောကလုံး အုံးအုံး ဆူကြွ ကြီးကျယ်လှငြားသော် လည်း အနှစ်သာရဟူ၍ တစ်စုံတစ်ခုမျှ မရှိရကား အထပ်ထပ် အလွှာလွှာ သဏ္ဍာန်သာ ကြီးမား၍ အနှစ်သာရဟူ၍ ရှာကြံ၍ မရသော ငှက်ပျောတုံး တွေနှင့် တူလှလေသတည်း ထို့ကြောင့် “သင်္ခါရ ကဒလူပမာ” ဟူ၍ဟော တော်မူသည်။
ဝိဉာဏက္ခန္ဓာသည် မျက်လှည့်နှင့် တူသည်ဟူရာ၌ မျက်လှည့် သည်နှင့် တူသည်၊ မျက်လှည့်သည် ပြုအပ်သော မာယာမှုနှင့်တူသည် ဟူ၍ နှစ်ထွေရ၏၊ စိတ်မြင် ဉာဏ်မြင် နှစ်ပါးခွဲခန်း၌ စိတ်မြင်မှောက်မှား လှည့်စားလှည့်ပတ် ပြုပုံကို ပြဆိုခဲ့ပြီးသည့်အတိုင်း မျက်လှည့်သည်နှင့် တူကြောင်း၊ သတ္တဝါမဟုတ်သော ခန္ဓာငါးပါးကို ပုဂ္ဂိုလ် သတ္တဝါ အတ္တ ဇီဝ ဣတ္ထိ ပုရိသ အစရှိသည်ဖြင့် အရိယာပုဂ္ဂိုလ်များကို ချန်လှပ်၍ လောကဓာတ်အားလုံးကို အမှောက်အမှား တိုက်၍နေသော တေဘူမက အဓမ္မ မျက်လှည့်သည်ကြီး ဖြစ်ကြောင်းကို သိလေ။
မျက်လှည့်မှုနှင့်တူသည် ဟူရာ၌ ရွှေမဟုတ်သော မြေဆိုင်ခဲကို ရွှေခဲကြီး ပြုလုပ်ပြရာ၌ မြင်သမျှ လူအပေါင်းက ရွှေခဲကြီး ထင်ကြရသော မြေစိုင်ခဲကြီးနှင့် တူ၏ဟု ဆိုလိုသည်၊ အဘယ်ကဲ့သို့ တူသနည်းဟူမူကား ထိုမြေစိုင်ခဲကို ရသောသူသည် ရွှေဟုထင်မြင်သည်၊ အလွန်လျှင် ဝမ်းမြောက်ခြင်းဖြစ်၏၊ သူဌေးစိတ် သူကြွယ် စိတ်ကပ်၏၊ ပြိုင်လိုသော မာန်တက်၏၊ ထိုသို့ဖြစ်သော်လည်း ရွှေကားမဟုတ်၊ ထင်ရုံထင်ရသော အရာဖြစ်၍ ရွှေကိစ္စ၌ အနည်းငယ်မျှ အသုံးမကျ၊ လက်ထဲမှာပင် ရွှေအထင် ကွယ်ပျောက်လေ၏၊ မြေစိုင်ခဲ အဖတ်တင်လေ၏၊ ထို့အတူ မိမိ၏ဝိဉာဏ်ကို သတ္တဝါတို့သည် အလွန်ကောင်းမြတ်သော နိစ္စသာရ စသည် ထင်ကြရကုန်၏၊ ဝိဉာဏ်သည်ကား သာရလေးပါးတွင် တစ်စုံ တစ်ခုသော သာရမျိုးမဟုတ်၊ သာရကိစ္စ၌ အနည်းငယ်မျှ အသုံးမကျ၊ နိစ္စဟု စွဲလမ်းဆဲမှာပင် မစဲအောင် ချုပ်ပျက်၏၊ သုခဟု စွဲလမ်းဆဲမှာပင် ဆင်းရဲ ဒုက္ခအမျိုးမျိုးကို ဖြစ်စေ၏၊ ဓုဝဟု စွဲလမ်းဆဲမှာပင် ဖောက်လွှဲ ဖောက်ပြန် ဖြစ်၏၊ အတ္တဟု စွဲလမ်းဆဲမှာပင် အလိုမပါ ဖြစ်ချင်ရာရာ ဖြစ်၍သွား၏။
ခန္ဓာငါးပါးတို့၏ ဥပမာတို့ကို ပြဆိုသည်ကား ပြီး၏။
---
၁၆-သမထနှင့် ဝိပဿနာ
အာဟာရကမ္မဋ္ဌာန်းလေးပါး၊ ခန္ဓကမ္မဋ္ဌာန်းငါးပါး၊ ဤခန္ဓကမ္မဋ္ဌာန်း ငါးပါးတွင် သင်္ခါရက္ခန္ဓာသည် မနောသေဉ္စတနာဟာရပင် တည်း၊ ဝိညာဏက္ခန္ဓာသည် ဝိညာဏာဟာရပင်တည်း။ ဤဝိပဿနာကမ္မဋ္ဌာန်း အရာမည်သည် အလွန်နက်နဲ သိမ်မွေ့လှ၏၊ ဟောပြော ပြသ ဆုံးမ သွန်သင်သော ဆရာ နေရာကျလိုလှ၏၊ သိသင့်သောအရာ၌ နေရာ ကျသိနိုင်အောင် ပြောဟောမှု ထင်မြင်အောင် အားထုတ်ရမည့်အရာ၌ နေရာကျထင်ကွက်, မြင်ကွက်ပေါ်အောင် ပြသမှုသည်ကား ဆရာ့တာဝန် တည်း၊ ထင်ကွက်, မြင်ကွက်ပေါ်ရုံမျှနှင့် ကမ္မဋ္ဌာန်းကိစ္စ ခရီးရောက် နိုင်တည့်သေးသည်မဟုတ်၊ ထင်မြင်အောင်အားထုတ်ရန်အချက် ကိုဆရာသွန်သင်ပြသ၍ လှလှကြီး ရိပ်မိသောအခါ အထင်အမြင်နေ့စဉ် တိုးပွားစေရန် ရဟန်းဖြစ်ခဲ့အံ့၊ ဆိတ်ငြိမ်ရာတောတောင် အရပ်သို့ဝင်၍ ထက်သန်သော ဝီရိယဖြင့် လရှည်နှစ်များအားထုတ်မှု လူဖြစ်ခဲ့အံ့၊ အိမ်၌ အိမ်စီးပွားနှင့်ပင်ဖက်တွဲ၍ လရှည် နှစ်များစွဲမြဲမှုသည်ကား တပည့်၏ တာဝန်တည်း၊ အာနာပါနအစရှိသော သမထကမ္မဋ္ဌာန်းမျိုးသည်ကား ပြောဟောမှု အလွန်လွယ်၏၊ နိမိတ်အထင်ရအောင် အားထုတ်မှု အလွန်ခဲယဉ်း၏၊ အိမ်၌နေ၍ စီးပွားနှင့် ဖက်တွဲခြင်းငှာမရ၊ ဆိတ်ငြိမ်ရာ သို့ထွက်၍ အပြင်းအထန် အားထုတ်နိုင်မှ နိမိတ်ကို ရနိုင်၏၊ ဝိပဿနာ ကမ္မဋ္ဌာန်းသည်မူကား ဉာဏ်အလုပ်ဖြစ်၍ လယ်လုပ်ရင်းလည်း ဖြစ်နိုင်၏၊ ယာလုပ်ရင်းလည်း ဖြစ်နိုင်၏၊ လှေသွားရင်း လှည်းသွားရင်း ဝန်ထမ်းရင်း, ရောင်းရင်း, ဝယ်ရင်း အစရှိသည်ဖြင့် အိမ့်အလုပ်, အိမ်စီးပွားနှင့် ဖက်တွဲနိုင်သတည်း၊ ဘုရားလက်ထက်တော်၌ သမထကမ္မဋ္ဌာန်းကို ပေါက် ရောက်အောင် လုပ်နိုင်သောသူသည် အလွန်နည်းလှ၏၊ အိမ်၌နေ၍ အိမ်စီးပွားနှင့်ဖက်တွဲ၍စွဲမြဲကြသူ အလွန်များ၏။
ထိုစကားမှန်၏၊ သမထကမ္မဋ္ဌာန်း ပေါက်ရောက်သူလူ၌ အလွန် နည်းလှ၏၊ ရဟန်းတို့၌သာများ၏၊ ဝိပဿနာ ကမ္မဋ္ဌာန်းပေါက်ရောက်၍ သောတာပန် အရိယာဖြစ်ကြသူကား လူ၌အလွန်များလှ၏၊ လူသောတာပန် တစ်ထောင်ကို ရဟန်းသောတာပန်တစ်ယောက်ကျထား ရေ တွက်သော်လည်း ရဟန်းဘက်ကသာ ကုန်လေရာ၏၊ လူဘက်က မကုန်လေရာ၊ ဤမျှလောက်ပင် များရိပ်ထင်၏၊ အဘယ့်ကြောင့်နည်း၊ လောက၌ရှိရင်းကပင် ရဟန်းအလွန်နည်း၏၊ လူကမူ မဇ္ဈိမတိုက်နှင့် အပြည့်ရှိ၏၊ လူသောတာပန်လည်း ပြည့်မတတ်ပင် များလှ၏၊ ထိုသို့များ လှခြင်းသည်ကား အိမ့်စီးပွားနှင့် ဝိပဿနာတွဲချင်တိုင်း တွဲသာလှလေ သောကြောင့်တည်း၊ အယုတ်အားဖြင့် အစေခံ အိမ်ကျွန်မ အခစား ကူလီပင် ဖြစ်သော်လည်း သံဝေသတိ ကောင်းကောင်းရှိပါလျှင် ဝိပဿနာ ဖက်တွဲနိုင်တော့သည်သာတည်း၊ လူသောတာပန် တစ်သိန်း, တစ်သန်းကို လူသောတာပန် တစ်ယောက် ထားသော်လည်း လူကသာ ကုန်ရာ၏၊ နတ်က မကုန်နိုင်ရာ၊ ဓမ္မစကြာတရားဦး ဒေသနာတွင် လူငါးယောက်သာ အကျွတ်ပါ၏၊ ဗြဟ္မာတစ်ဆယ့် ရှစ်ကုဋေကျွတ်၏၊ နတ်အသင်္ချေကျွတ်၏၊ ဤနည်းမျိုးချည်းသာများ၏၊ ထို့ကြောင့် လောက၌ ဘုရားပွင့်မှုမည်သည် နတ် ဗြဟ္မာတို့၏ ကျွတ်ပွဲကြီးပေတည်း၊ လူသည် အမြည်းအလျောက်မျှသာ ပါနိုင်လေသည်၊ ဤမျှသော စကားစုဖြင့် ဝိပဿနာမှု မည်သည်လူတို့လည်း စွဲမြဲခြင်းငှာ အလွန်ကောင်းလှကြောင်း ကို ပြလိုရင်း စကားတည်း။
ဤတွင်ရွေ့ကား မုံရွာမြို့လယ်တီတောရဆရာ ငါသည် သက္ကရာဇ် ၁၂၆၃-ခုနှစ်အတွင်း အလုံမြို့မ၏ တစ်ဖက် သလ္လာဝတီ မြစ်ကမ်း ရွှေတောင်ဦး တောင်ထိပ်မှာ တောဝါကပ်ဆိုနေထိုင်စဉ် ဝါတွင်းအခါ မုံရွာမြို့, အလုံမြို့တို့မှ လာရောက်ဆည်းကပ်ကြကုန်သော ဥပုသ်သည် ဥပါသကာအပေါင်းတို့ကား အသက်ထက်ဆုံးစွဲမြဲကြရန် နိဒါန ဝဂ္ဂ သံယုတ်, ခန္ဓဝဂ္ဂသံယုတ် သုတ္တန်ဒေသနာတော်တို့၌လာသော အာဟာရ ကမ္မဋ္ဌာန်းလေးပါးခန္ဓကမ္မဋ္ဌာန်း ငါးပါးတို့ကို ပရိညာသုံးပါး အစီအရင် နှင့်တကွ ဝါတွင်းသုံးလပတ်လုံးသွန်သင် ဆုံးမအပ်သော ကမ္မဋ္ဌာနဝိဓိ စကားအစဉ်ကို ပညာရှိအပေါင်းတို့၏အကျိုးငှါ စာအုပ်တင်ထား ရေး သားစီရင်အပ်သော အာဟာရဒီပနီ ဤကျမ်းစာသစ်သည် ၎င်းနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် အောင်မြင်စွာပြီးစီးလေ သတည်း။
---
၁၇-ဩဝါဒခန်း
ယခုအခါ ဥပါသကာအပေါင်းတို့အား သတိသံဝေဂတရား ဖြစ်ပွား စေရန် ရံဖန် ရံခါ ပြေဟောအပ်သော ကာဏကစ္ဆ ပေါပမသုတ္တန် ဒေသနာတော်၏အနက်အဓိပ္ပါယ်ကို ပြဆိုဦးအံ့။
သတ္တဝါအပေါင်းတို့အား အပါယဒုက္ခဟု ဆိုအပ်သော အပါယ် ဆင်းရဲ၏ နက်နဲပုံကို ပြတော်မူလိုက်သည်ဖြစ်၍ ဥပရိပဏ္ဏာသ ပါဠိတော် ဗာလပဏ္ဍိတသုတ်၌
“သေယျထာပိ ဘိက္ခဝေ ပုရိသော ဧကစ္ဆိဂ္ဂလံ ယုဂံ မဟာသမုဒ္ဒေ ပက္ခိပေယျ”
အစရှိသော ဒေသနာတော်မြတ်ကို ဟောတော်မူသည်။ ဘိက္ခဝေ=သံသရာဘေး၊ လာမည့်ဘေးကို၊ မျှော်တွေးသမှု၊ အမြဲရှုလေ့ရှိကြပေကုန်သော တရားနာ ပရိသတ်အပေါင်း သူတော် ကောင်းတို့၊ သေယထာပိ=နှိုင်းချင့်စရာ ဥပမာဆိုသည်ရှိသော်ကား၊ ပုရိသော=တစ်ဦးယောက်ျားသည်၊ ဧကစ္ဆိဂ္ဂလံ=အပေါက်တစ်ခုသာ ရှိသော၊ ယုဂံ=ရထားထမ်းပိုးတစ်ခုကို၊ မဟာသမုဒ္ဒေ=မဟာသမုဒ္ဒရာ အလယ်၌၊ ပက္ခိပေယျ=ထည့်ပစ်ချထားလေရာ၏၊ တမေနံ-တံဧနံ= ထိုထမ်းပိုးကို၊ ပုရတ္ထိမောဝါတော=အရှေ့အရပ်မှလာသော လေသည်၊ ပစ္ဆိမေန=အနောက် အရပ်သို့၊ သံဧရေယျ=ပြောင်းရွှေ့မျောပါး ဆောင် သွားလေရာ၏၊ ပစ္ဆိမောဝါတော=အနောက်အရပ်မှ လာသောလေသည်၊ ပုရတ္ထိမောဝါတော=အရှေ့အရပ်သို့၊ သံဟရေယျ=ပြောင်းရွှေ့မျောပါ ဆောင်သွားလေရာ၏၊ ဥတ္တရောဝါတော=မြောက်အရပ်မှလာသော လေသည်၊ ဒက္ခိဏေန=တောင်အရပ်သို့၊ သံဟရေယျ=ပြောင်းရွှေ့မျောပါး ဆောင်သွားလေရာ၏၊ ဒက္ခိဏောဝါတော=တောင်အရပ်မှ လာသော လေသည်၊ ဥတ္တရေန=မြောက်အရပ်သို့၊ သံဟရေယျ=ပြောင်းရွှေ့ မျောပါဆောင်သွားလေရာ၊ တတ္ထ=ထိုမဟာသမုဒ္ဒရာအတွင်း၌၊ ကာဏော=မျက်စိနှစ်ဖက် အစုံပျက်သော၊ ကစ္ဆပေါ=လိပ်ငယ်တစ်ကောင် သည်၊ အတ္ထိ=ရှိလေရာ၏၊ သော=ထိုမျက်စိနှစ်ဖက် အစုံပျက်သော လိပ်ငယ်သည်၊ ဝဿသတဿ=အနှစ်တစ်ရာကိုသော်လည်းကောင်း၊ ဝဿသဟဿဿ=အနှစ်တစ်ထောင်ကိုသော်လည်းကောင်း၊ အစ္စယေန=လွန်သောအခါမှ၊ သကိံ=တစ်ကြိမ်၊ ဥမ္မုဇ္ဇေယျ=ဦးခေါင်းပြူကာ ပေါ်လေရာ၏။
ဘိက္ခဝေ=ရဟန်းတို့၊ တံ=ထိုပြဆိုလတ္တံ့သော အကြောင်းအရာကို၊ ကိံမညထ=အဘယ်သို့ သင်တို့ ထင်မြင်ကြကုန်မည်နည်း၊ ကာဏော= မျက်စိနှစ်ဖက် အစုံပျက်သော၊ သောကစ္ဆပေါ=ထိုလိပ်ငယ်သည်၊ ဧကစ္ဆိဂ္ဂလေ=အပေါက်တစ်ခုသာရှိသော၊ အမုကသ္မိံယုဂေ=ပြဆိုခဲ့ပြီးသော ထမ်းပိုးပေါက်၌၊ ဂီဝံ=လည်ပင်းကို၊ ပဝေသေယျအပိနု=သွင်းမိနိုင် မည်လော၊ ဣတိ=ဤသို့၊ ပုစ္ဆိ=မေးတော်မူ၏၊ ဘန္တေ=မြတ်စွာဘုရား၊ ဧတံ=ဤထမ်းပိုးပေါက် လိပ်လည်ပင်း သွင်းမိ, စွပ်မိရန် အရေးသည်၊ နောဟိ=ဖြစ်နိုင်ခွင့်မရှိပါ၊ ဘန္တေ=မြတ်စွာဘုရား၊ ဒီဃဿ=အသင်္ချေ အသင်္ချေ နှစ်ရေတွက်ဆ ရှည်ကြာလှသော၊ အဒ္ဓုနော=ကာလကို၊ အစ္စယေန=လွန်သောအခါ၌၊ ကဒါစိ=တစ်ရံတစ်ခါ၊ ဧတံ=ဤထမ်းပိုး ပေါက် လိပ်လည်ပင်းသွင်းမိ စွပ်မိရန်အရေးသည်၊ ယဒိဘဝေယျ=ဖြစ် သော် ဖြစ်ရာပါသေး၏၊ ဣတိ=ဤသို့၊ အဝေါစုံ=လျှောက်ထားကြ ပေကုန်၏။
ဘိက္ခဝေ=ရဟန်းတို့၊ ကာဏော=မျက်စိနှစ်ဖက်အစုံပျက်သော၊ သောကစ္ဆပေါ=ထိုလိပ်ငယ်တစ်ကောင်သည်၊ ဧကစ္ဆိဂ္ဂလေ=အပေါက် တစ်ခုသာရှိသော၊ ယုဂေ=ရထားထမ်းပိုးတစ်ခု၌၊ ဂီဝံ=လည်ပင်းကို၊ ပဝေသေယျ=သွင်းမိ စွပ်မိရာသော အခွင့်သည်၊ ခိပ္ပတရံခေါ=အလွန် ခဲယဉ်းသည်ဟု မမည်စဖွယ် အလွန်လွယ်လှသေး၏၊ သကိံ=တစ်ကြိမ် တစ်ခါ၊ ဝိနိပါတေန=အပါယ်သို့ကျရောက်လေသော၊ ဗာလေန=သူမိုက်၏၊ မနုဿတ္တံ=လူ့ဘုံ, လူ့ဘဝသို့ တစ်ဖန် ပြန်လာရန် အခွင့်သည်၊ တတော= ထိုလိပ်ကန်း ဥပမာထက်၊ ဒုလ္လဘတရံ=ကြုံခဲ ကြိုက်ခဲရနိုင်ခဲလှ၏ဟူ၍၊ အဟံ=ငါဘုရားသည်၊ ဝဒါမိ=ဟောတော်မူ၏။
တံ=ထိုသို့ ရနိုင်ခဲမှုသည်၊ ကိဿဟေတု=အဘယ့်ကြောင့်နည်း ဟူမူကား၊ ဘိက္ခဝေ=ရဟန်းတို့၊ ဧတ္ထ=ဤ အပါယ်ဘုံ၌၊ ဓမ္မစရိယာ= သူတော်ကောင်း တရားကို ကျင့်မှုမည်သည်၊ နဟိအတ္ထိ=မရှိတော့သည် သာလျှင်တည်း၊ သမစရိယာ=ညီညွတ်ငြိမ်သက်သော သုစရိုက်တရား ဆယ်ပါးကိုကျင့်မှုမည်သည်၊ နဟိအတ္ထိ=မရှိတော့သာလျှင်တည်း၊ ကုသလ ကိရိယာ=ကုသိုလ်ကမ္မပထတရားဆယ်ပါးကို ပြုရန်အခွင့်သည်၊ နဟိ အတ္ထိ=မရှိတော့သည်သာလျှင်တည်း၊ ပုညကိရိယာ=ဒါန သီလစသော ပုညကြိယာ ဝတ္ထုဆယ်ပါးကို အားထုတ်မှုသည်၊ နဟိအတ္ထိ=မရှိတော့ သည်သာလျှင်တည်း။
ဘိက္ခဝေ=ရဟန်းတို့၊ ဧတ္ထ=ဤအပါယ်ဘုံ၌၊ အညမည ဃာတိကာ= နိုင်ရာနိုင်ရာ အချင်းချင်း ညှဉ်းဆဲမှုသည်သာလျှင်၊ ဝတ္တိတိ=အမြဲဖြစ် ပွားချေ၏၊ ဒုဗ္ဗလဃာတိကာ=အားရှိအားမဲ့ နှိပ်စက်ညှဉ်းပန်းခြင်း အမှုသည်သာလျှင်၊ ဝတ္တတိ=အမြဲဖြစ်ပွားချေ၏၊ တသ္မာ=ထို့ကြောင့်၊ သကိံ=တစ်ကြိမ်၊ ဝိနိပါတေန=အပါယ်သို့ ကျလေသော၊ ဗာလေန= သူမိုက်၏၊ မနုဿတ္တံ=လူ့ဘုံ, လူ့ဘဝသို့ပြန်လာရန် အခွင့်သည်၊ တတော= ထိုလိပ်ကန်း ဥပမာထက်ပင်လျှင်၊ ဒုလ္လဘတရံ=အလွန်ရခဲလှ၏၊ အဟံ=ငါ ဘုရားသည်၊ ဝဒါမိ=ဟောတော်မူပေသတည်း။
ဤဒေသနာတော်မြတ် ပါဌ်ဝယ် အဓိပ္ပါယ်သော်ကား- ကျွန်းကြီး ၄-ကျွန်း, ကျွန်းငယ် ၂၀၀၀-တို့ကို အပြင်အဖို့မှ ပတ်ဝိုက်လျက် တစ်ဆက် တည်း, တစ်ပြင်တည်းတည်ရှိသော မဟာသမုဒ္ဒရာကြီးသည် အောက်သို့ အနက်အားဖြင့်လည်း ယူဇနာပေါင်း ရှစ်သောင်းနှစ်ထောင်ရှိ၏၊ အတွင်း အပြင် အနံအားဖြင့်လည်း ယူဇနာပေါင်း ရှစ်သောင်းနှစ်ထောင်ရှိ၏၊ ပတ်လည် အဝန်းအလျားအားဖြင့်လည်း ယူဇနာပေါင်း သုံးသန်း ခြောက်သိန်း တစ်သောင်း နှစ်ထောင် တစ်ရာ့ ငါးဆယ်ရှိ၏၊ ဇမ္ဗူဒီပါ ကျွန်း၏တောင်ဘက်မျက်နှာ သမုဒ္ဒရာအလယ်၌ တစ်ခုသော အပေါက် ရှိသော ရထားထမ်းပိုးတစ်ခုကို ချထားရာ၏၊ ယင်းထမ်းပိုးသည် အရပ် လေးမျက်နှာ လွင့်ပါးမျောပါး၍ နေလေရာ၏။
ဥတ္တရကုရုအမည်ရှိသော မြောက်ကျွန်း၏ မြောက်ဘက်မျက်နှာ သမုဒ္ဒရာ၏အလယ်၌ မျက်စိနှစ်ဖက် အစုံပျက်သော လိပ်ငယ်တစ်ခု သည်ရှိရာ၏၊ ယင်းလိပ်ငယ်သည်လည်း သမုဒ္ဒရာအတွင်း၌သာ ရောက်မိ ရောက်ရာအရပ် ၄-မျက်နှာ သွား၍နေရာ၏၊ အနှစ်တစ်ရာ, အနှစ်တစ် ထောင်ကို လွန်သောအခါမှ ရေပေါ်အပြင်သို့ တစ်ကြိမ်တစ်ခါ ပေါ်လာ ရ၏၊ ချစ်သားရဟန်းတို့ ဤလိပ်ငယ်နှင့် ဤထမ်းပိုးသည် ရောက်မိ ရောက်ရာ သွားလာမျောပါး၍ နေကြလေရာတစ်ရံတစ်ခါ၌ ဤထမ်းပိုး သည် ကြုံကြိုက်တွေ့ဆုံမိသဖြင့် ထမ်းပိုးပေါက်သို့ လိပ်၏ဦးခေါင်း လည်ပင်း သွင်းမိရာသော အခွင့်သည် ကြုံကြိုက်နိုင်ပါမည်လောဟု မေးတော်မူ၏။
ဘုန်းတော် အလွန်ကြီးလှသော မြတ်စွာဘုရား၊ ထိုသို့ ကြုံကြိုက်နိုင် ရာသော အခွင့်သည်မရှိပါ၊ သို့ရာတွင် ထိုလိပ်ငယ်, ထိုထမ်းပိုးတို့သည် ဝိဝဍ္ဍဌာယီ တစ်ကမ္ဘာပတ်လုံး မပျက်မဆုံး တည်ကြပါမူကား အသင်္ချေ အသင်္ချေ အနှစ်များစွာ ကြာမြင့်သောအခါ တစ်ကြိမ် တစ်ဖန် ကြုံကြိုက် သော် ကြုံကြိုက်ရာ ပါသေးသည်ဘုရားဟု လျှောက်ထားကြပေကုန်၏။
ချစ်သားရဟန်းတို့ ဤလိပ်ငယ်နှင့် ထမ်းပိုးတို့ တိုးမိတိုက်မိ, စွပ်မိရာသော အခွင့်သည် ခဲယဉ်းလှသည်ဟု မဆိုလောက်ချေသေး၊ ဤလူ့ပြည်မှစုတေသေလွန်၍ အပါယ်ဘုံသို့ ကျရောက်သောသူသည် ဤလူ့ပြည်သို့ တစ်ဖန်ပြန်လာနိုင်ရာအခွင့်သည်မူကားထို့ထက် အဆ ရာထောင်မက ခဲယဉ်းလှ၏ဟူ၍ ငါဘုရားဟောကြားတော်မူ၏၊ အဘယ့် ကြောင့် အဆရာထောင် ခဲယဉ်းလှလေသနည်းဟူမူကား လူ့ပြည်သို့ တစ်ဖန်ပြန်လာရန် အခွင့်မည်သည် မရဏာသန္နအခါ၌ ဒါနကုသိုလ် ကိုစော၍ သေလွန်သောသူ, သီလကုသိုလ်ကို စော၍သေလွန်သောသူ, ဘာဝနာကုသိုလ်ကိုစော၍ သေလွန်သောသူတို့သည်သာလျှင် လူ့ပြည် သို့တစ်ဖန် ပြန်လာနိုင်ကြကုန်သည်၊ အကုသိုလ်စော၍ သေလွန်သောသူ ဟူသမျှတို့သည် အပါယ်သို့သာ ကျရောက်ရကုန်သည်၊ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်ဘုံ အပါယ်ဘဝတို့မည်သည် ပါရမီရင့်သန်ပြီးသော အလောင်းတော်ကြီးများကို ချန်လှပ်၍ဒါနမှန်းသိကြသည်လည်း မဟုတ် ကုန်၊ သီလမှန်းသိကြသည်လည်း မဟုတ်ကုန်၊ ဘာဝနာမှန်း သိကြသည် လည်း မဟုတ်ကုန်၊ တိရစ္ဆာန်ဘုံ၌ဖြစ်ကြကုန်သော သူတို့သည် အသက် ထက်ဆုံး နိုင်ရာနိုင်ရာ အားရှိအားမဲ့ နှိပ်စက်သတ်ညှစ်၍ စားသောက် ကြကုန်သော တိရစ္ဆာန်မျိုးတို့မှာလည်း ဒေါသစိတ် အမြဲတည်လျက် နေ့ရက်ကုန်ကြလေကုန်၏၊ ထိုမှတစ်ပါး တိရစ္ဆာန်မျိုးတို့မှာလည်း လောဘစိတ်, မောဟစိတ် အမြဲတည်လျက် နေ့ရက်ကုန်ကြလေကုန်၏။
ပြိတ္တာဘုံ, အသုရကာယ်ဘုံတို့၌ ဖြစ်ကြကုန်သောသူတို့သည် ငတ်မွတ်ခြင်း, ဆာလောင်ခြင်း, ပူပန်ခြင်း, ကျင်နာခြင်း အမျိုးမျိုးသော ဒုက္ခဘေး, ဒုက္ခဒဏ်တို့ကိုတရံမစဲ အမြဲခံစားကြရကုန်သည်ဖြစ်၍ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ စိတ်တို့သည် အမြဲတည်ကုန်လျက် နေ့ရက်, နှစ်, လ ကုန်ကြရကုန်၏၊ ငရဲဘုံ၌ ဖြစ်ကြကုန်သော သူတို့သည် လည်း ထို့အတူ အနှစ်တစ်သိန်း, တစ်သန်း စသောကာလပတ်လုံး ထွက်သက်တစ်ရှု, ဝင်သက်တစ်ရှိုက်မျှ ချမ်းသာသုခကို မရကြကုန်မူ၍ မမြင်ဝံ့, မရှုဝံ့ ထွန့်ထွန့်လူး, ဖြတ်ဖြတ်လူး အထူးထူး အထွေထွေသော သောကပရိဒေဝ, ဒုက္ခ, ဒေမနဿစိတ်တို့သည် အမြဲတည်ရှိကုန်လျက် နေ့ရက်, လ, နှစ် ကုန်ကြရလေကုန်၏။
တစ်ခုတစ်ခုသော ဘဝ၌ အသက်ရှည်သမျှ ကာလပတ်လုံး မကောင်းသောစိတ်တို့သည်သာလျှင် မြစ်ရေအလျှဉ်ကဲ့သို့ အစဉ်မပြတ် ဖြစ်ပွား၍နေကြကုန်သော ထိုအပါယ်ဘုံသားတို့အား ဘူ့ဘုံ, လူ့ဘဝသို့ တစ်ဖန်ပြန်နိုင်ရန် ကောင်းသော နှလုံးနှင့် သေဆုံးရသည်ဟူ၍ မရှိနိုင်ကြ လေကုန်၊ တစ်ဘဝထက် တစ်ဘဝ ကုသိုလ်ကောင်းမှုနှင့် ဝေးကွာ၍ ဝေးကွာ၍ တစ်ဘဝထက်တစ်ဘဝ မကောင်းမှု အကုသိုလ်ဝန်လေး၍ ဝန်လေး၍သွားကြလေကုန်တော့သည်၊ အသင်္ချေ အသင်္ချေ မရေတွက် နိုင်သော ငရဲမျိုးတို့တွင် မြစ်ရေအလျဉ်သည် နိမ့်ရာအရပ်သို့ အမြဲစီးဆင်း သကဲ့သို့ နက်သည်ထက်နက်သော ငရဲမျိုးတစ်ခွင်သို့သာ အစဉ်အတိုင်း တစ်ဘဝထက်တစ်ဘဝမြုပ်၍ မြုပ်၍ နစ်၍ နစ်၍သာ သွားကြလေကုန် တော့သည်၊ ထို့အတူ အသင်္ချေ အသင်္ချေ မရေတွက်နိုင်ကုန်သော ပြိတ္တာမျိုး, မရေတွက်နိုင်သော အသုရကာယ်မျိုး, မရေတွက်နိုင်သော တိရစ္ဆာန်မျိုးတို့၌လည်း တစ်ကြိမ်ကျမိလျှင် တစ်ဘဝထက် တစ်ဘဝ မြုပ်၍ မြုပ်၍ နစ်၍ နစ်၍သာ သွားကြလေကုန်တော့သည်။
ထို့ကြောင့်ဤလူ့ပြည်မှ အပါယ်သို့တစ်ကြိမ်ကျလေသောသူ၏ လူ့ပြည်သို့တစ်ဖန် ပြန်လာရာ၌ အခွင့်သည် ပြဆိုခဲ့ပြီးသော လိပ်ကန်း ဥပမာထက်ပင် အဆရာထောင်မက ခဲယဉ်းလှချေသည်ဟူ၍ ထိုဒေသနာ တော်မြတ်ပါဌ်ဝယ် အဓိပ္ပါယ်လာချေသည်။ ဤသို့လာသော ဒေသနာ တော်မြတ်ကို အဆင့်ဆင့် နှလုံးသွင်းမိကြကုန်သာ တရားနာပရိသတ် အပေါင်းသူတော်ကောင်းတို့သည် အလွန်ရခဲလှစွာသော မနုဿတ္တ ဒုလ္လဘ, ဗုဒ္ဓုပ္ပါဒဒုလ္လဘကို ရကြကုန်ပြီးမှ တစ်ဖန် အပါယ်သို့ ကျရောက်ကြ ကြောင်း မကောင်းသော ကာယကံမှု မကောင်းသော ဝစီကံမှု မကောင်း သော မနောကံမှုများကို ဝေးသည်ထက် ဝေးလေအောင် ကြဉ်ရှောင်ပယ် ခွာ၍ ယခုဘဝစုတေမနေ သေလွန်ကြသောအခါ စတုမဟာရာဇ် တာဝတိံသာအစရှိသော နတ်ရွာသုဂတိဘဝများသို့ လားရာလားကြောင်း ကောင်းမြတ်သော ကာယကံမှု၊ ကောင်းမြတ်သော ဝစီကံမှု၊ ကောင်းမြတ် သော မနောကံမှုတို့ကိုသာ ခိုင်မြဲစွာ စိတ်ထားနှင့်ပွားများကြကုန်ရာသည်။
ယခုအခါဝယ် နတ် ရွာသုဂတိ ဘဝများသို့လားကြရာ၌ အခွင့် သင့်မြတ်သည့်အကြောင်းကို ကောင်းစွာပြဆိုဦးအံ့။ မြတ်စွာဘုရား လက်ထက်တော်၌ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာအရိယာ ပုဂ္ဂိုလ်အဖြစ်သို့ရောက်၍ အကျွတ်ရကြကုန်သော အသင်္ချေ အသင်္ချေ မရေမတွက်သာ များလှစွာကုန်သော သာဝတ္ထိပြည်သူ ရာဇဂြိုဟ်ပြည်သူ အစရှိကုန်သော တိုင်းကြီးသောဠ မဇ္ဈိမတိုက်သား ဘုရားသားတော် သမီးတော်အပေါင်းတို့တွင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလွန်သောသူ တို့သည် အနည်းငယ်မျှသာရှိကြကုန်သည်။ သောတာပန်ဖြစ်၍ သကဒါဂါမ်ဖြစ်၍ နတ်ပြည်သို့သွားသော သူတို့သည်မူကား ယခုအခါ စတုမဟာရာဇ်နတ်ပြည်မှာ အပြည့်ရှိကြကုန်သည်၊ တာဝတိံသာဘုံမှာ အပြည့်ရှိကြကုန်သည်၊ ယာမာဘုံမှာ အပြည့်ရှိကြကုန်သည်၊ တုသိတာ ဘုံမှာ အပြည့်ရှိကြကုန်သည်၊ နိမ္မနရတိဘုံမှာ အပြည့်ရှိကြကုန်သည်၊ ပရိနိမ္မိတ ဝသဝတ္တိဘုံမှာ အပြည့်ရှိကြကုန်သည်၊ ထိုအတူ ဘုရားပရိနိဗ္ဗာန် စံလွန်ပြီးနောက် မဇ္ဈိမသာသနာ အနှစ်သုံးရာခန့်အတွင်းမှာ အကျွတ်ရ ကြကုန်သော အသင်္ချေ အသင်္ချေ မရေတွက်သာ များလှစွာကုန်သော ရာဇဂြိုဟ်ပြည်သူ ဝေသာလီပြည်သူ ပါတလိပုတ်ပြည်သူ အစရှိကုန်သော မဇ္ဈိမတိုက်သား ဘုရားသားတော် သမီးတော်အပေါင်းတို့သည်လည်း ကောင်း၊ သီဟိုဠ်သာသနာ အနှစ်ခုနစ်ရာခန့်အတွင်းမှာ အကျွတ်ရကြ ကုန်သော အသင်္ချေ အသင်္ချေ မရေတွက်သာ များလှစွာကုန်သော သီဟိုဠ်ကျွန်းသူ လူရှင်အများ ဘုရားသားတော် သမီးတော်အပေါင်း တို့သည်လည်းကောင်း၊ ယခုအခါ စတုမဟာရာဇ် အစရှိသော နတ်ပြည် ခြောက်ထပ် နတ်ရွာသုဂတိဘုံမှာ အပြည့်ရှိ ကြကုန်သည်၊ သာသနာတော် ငါးထောင်အတွင်း၌ သာသနာတော်ကို ကြည်ညိုလေးမြတ်၍ နတ်ရွာ သုဂတိဘဝသို့ ရောက်လာကြကုန်သော ရဟန်းရှင်လူ သူတော်ကောင်း အပေါင်းတို့ကို မြှော်လင်းစောင့်စား၍ နေနှင့်ကြပေကုန်၏။
သာသနာတော်အတွင်းမှ စုတေ၍ နတ်ပြည်သို့ ရောက်ကြလေ ကုန်သော သူအပေါင်းတို့သည် ရောက်ရာ နတ်ပြည်၌ ရှိကြလေကုန်သော သာဝတ္ထိပြည်သူ ရာဇဂြိုဟ်ပြည်သူ အစရှိကုန်သော မဇ္ဈိမတိုင်းသူ ရှင် လူအများ ဘုရားသားတော် သမီးတော် သောတာပန် သကဒါဂါမ် အရိယာသူမြတ် နတ်သူတော်ကောင်း အပေါင်းတို့နှင့် ဇာတ်ပေါင်းကြရ ကုန်လတ္တံ့။
ထိုအခါ သက်တော် ထင်ရှားရှိသော မြတ်စွာဘုရား၏ ဘုန်းတန်ခိုး တော် ကျက်သရေတော်တို့ကို အသက်ထက်ဆုံး ကိုယ်တွေ့မျက်မြင် ကြည်ညိုလေးမြတ်ဆည်းကပ် ကိုးကွယ်၍လာကြကုန်သော ထိုအရိယာ သူမြတ် နတ်သူတော်ကောင်းတို့၏ တအုံးအုံး တညံညံ တစ်ရံမဆိတ် ပြောဆိုကြသော ဘုရားဂုဏ်ကျေးဇူးတော် တရားဂုဏ်ကျေးဇူးတော် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်အစရှိသော အရိယာ သံဃာ တော်မြတ်တို့၏ ဂုဏ်ကျေးဇူးတော်များကို ကြားနာကြရကုန်သဖြင့် သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကို ကိုယ်တိုင်တွေ့မြင်ကြရ ကုန်ဘိသကဲ့သို့ တရားတော်ကို ကိုယ်တိုင်တွေ့မြင်ကြရကုန်ဘိသကဲ့သို့ ဖြစ်ကြရကုန်လတ္တံ့၊ ထိုအခါ ဤလူ့ရွာ ဤဘဝက သီလသိက္ခာ ပညာ ဗဟုသုတနှင့်ပြည့်စုံကြပေကုန်သော ရှင်လူအပေါင်း သူတော်ကောင်း တို့သည် တစ်လ တစ်လလျှင် ရှစ်ကြိမ် ရှစ်ကြိမ် သုဓမ္မာဇရပ် နတ်သဘင် အစည်အဝေးမှာ ဓမ္မကထိက နတ်မင်း သိကြားမင်းတို့သည် အစဉ်ထာဝရ ဟောပြောကြသော ဓမ္မကထာ ဒေသနာတရားကို ကြားနာကြရကုန် သဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ထုတ်ချောက် လင်းလင်းပေါက်လျက် အောက်သို့တစ်ဖန် နောက်မပြန်သော ဘုံစဉ်စံ အရိယာ သောတာပန် သကဒါဂါမ် အနာဂါမ်အဖြစ်သို့ ရောက်ကြရကုန်လတ္တံ့၊ ယခုဘုရား သာသနာမှာပင် ကျွတ်တမ်းဝင်ပြီးသော ဘုံစဉ်စံအရိယာ ဝိသာခါ အနာထပိဏ်တို့အသင်းသို့ တစ်လုံးတည်း ပါဝင်ကြရကုန်လတ္တံ့၊ ထို့ ကြောင့် ပဉ္စနိပါတ် အင်္ဂုတ္ထိုရ်ပါဠိတော်မြတ်၌
“တဿ တတ္ထ သုခိနော ဓမ္မပဒါနိ ပလဝန္တိ၊ ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ၊ အထခေါ သော သတ္တော ခိပ္ပမေဝ ဝိသေသဘာဂီ ဟောတိ။”
ဟူ၍ဟောတော်မူသည်။
ဘိက္ခဝေ=ရဟန်းတို့၊ တဿ=ထိုဤလူ့ပြည်မှ စုတေ၍ နတ်ပြည်မှာ ဖြစ်ရလေသော သီလသိက္ခာ ပညာ ဗဟုသုတနှင့် ပြည့်စုံသောသူအား၊ တတ္ထ=ထိုရောက်လေရာရာနတ်ပြည်တို့၌၊ သုခိနော=ကိုယ်စိတ်နှစ်ဖြာ ချမ်းသာနှစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍၊ ဓမ္မပဒါနိ=လူတို့ရွာက လေ့လာ မှတ်သား သင်ကြားပို့ချ ကြားနာခဲ့ရကုန်သော ဓမ္မအစုတို့သည်၊ ပလဝန္တိ= အိပ်ပျော်ယောက်ျား နှိုးသောလားသို့ ဘွားဘွားပေါ်ကြလေကုန်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ သတုပ္ပါဒေါ=သတိရမှုသည်၊ ဒန္ဓော=နှေးသော် နှေးရာသေး၏၊ အထခေါ=စင်စစ်သော်ကား၊ သောသတ္တော=ထိုသတ္တဝါ သည်၊ ခိပ္ပမေဝ=လျင်မြန်စွာသာလျှင်၊ ဝိသေဘာဂီ=မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ပြန့်ပြူး တရားထူးကို ကူးနိုင်ယူနိုင် ပေါက်ရောက်နိုင်သော အဖို့ ရှိသည်၊ ဟောတိ=ဖြစ်၏။
ဤဒေသနာတော်မြတ် ပါဌ်ဝယ် အဓိပ္ပါယ်သော်ကား ယခုအခါ သာသနာတော်တွင်းရှိ သီလသိက္ခာ ပညာ ဗဟုသုတနှင့်ပြည့်စုံကြသသူ ရှင်လူအပေါင်းတို့သည် ဤလူ့ပြည်မှ စုတေမနေ သေလွန်သည်၏ အခြားမဲ့မှာ နတ်ရွာ သုဂတိဘုံ၌ ဖြစ်ကြကုန်သည်ရှိသော် လူ့ပြည်က ပို့ချသင်ကြားမှတ်သားလေ့လာ ကြားနာဆောင်ရွက်ခဲ့ဖူးကြကုန်သော ဝိနည်း သုတ္တန် အဘိဓမ္မာ ဂါထာ စုဏ္ဏိယ ဒေသနာဓမ္မတို့သည် အိပ်ပျော် ယောက်ျား နှိုးသောလားသို့ ဘွားဘွားပေါ်လာကုန်၏၊ ထိုအခါ ဤ လူ့ဘဝက လေ့ကျက်ခဲ့ဘူသော ထိုတရားတို့ကို မိမိအလိုလို ဆင်ခြင် သုံးသပ်၍သော်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ထုတ်ချောက် ပေါက် ရောက်ကြလေကုန်၏၊ အဖော်အပေါင်းနတ်ကောင်းနတ်မြတ် အရိယာ သမ္မာဒေဝတို့ ဆုံးမတိုက်တွန်း ပြညွှန်းပြောဟောသော တရားစကားကို ကြားနာ၍သော်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ထုတ်ချောက် ပေါက် ရောက်ကြလေကုန်၏၊ တစ်လရှစ်ခါ သုဓမ္မာဇရပ် နတ်သဘင်အစည်း အဝေးမှာ ဓမ္မကထိက ဗြဟ္မာမင်း ဓမ္မကထိကနတ်မင်း သိကြားမင်းတို့ ဟောကြားသော သုတ္တန်တရားကို ကြားနာရ၍သော်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ထုတ်ချောက် ပေါက်ရောက်ကြလေကုန်၏၊ လူ့ပြည် လူ့ရွာ၌မူကား အနှစ်ငါးထောင်မျှသာ မဂ်တံခါး ဖိုလ်တံခါး နိဗ္ဗာန်တံခါး ဟင်းလင်းပွင့်လျက်ရှိချေ၏၊ သာသနာသက္ကရာဇ် အနှစ်ငါးထောင် လွန်သောအခါ လူတို့ရွာ၌ မဂ်တံခါး ဖိုလ်တံခါး နိဗ္ဗာန်တံခါးပိတ်၏၊ နတ်ပြည်ခြောက်ထပ် နတ်တို့ရွာ၌မူကား နှစ်ပေါင်းတွက်ရေကုဋေမက ဘုရားသာသနာ အရိယာခတ် တည်ထွန်းလျက်မဂ်တံခါး ဖိုလ်တံခါး နိဗ္ဗာန်တံခါးပွင့်လျက်ရှိလေ၏၊ ဗြဟ္မာ့ပြည်၌မူကား နှစ်ပေါင်းတွက် ရေအသင်္ချေမက ဘုရားသာသနာ အရိယာခေတ်ထွန်ကားလျက် မဂ် တံခါး ဖိုလ်တံခါး နိဗ္ဗာန်တံခါး ပွင့်လျက်ပင်ရှိလေ၏။
ယခု ဘုရားသာသနာဝယ် လူအဖြစ်နှင့်ကျွတ်တမ်းမဝင်နိုင်သော သူတို့သည် နတ်ပြည်သို့ ရောက်ကြသည်ရှိသော် နတ်အဖြစ်နှင့် ကျွတ် တမ်းဝင်နိုင်ကုန်၏၊ နတ်အဖြစ်နှင့် ကျွတ်တမ်းမဝင်နိုင်သောသူတို့သည် နတ်ပြည်သို့ရောက်သည် ဗြဟ္မာ့ပြည်သို့ရောက်ကြကုန်သည်ရှိသော် ဗြဟ္မာ့အဖြစ်နှင့် ကျွတ်တမ်းဝင်နိုင်ကုန်၏ ဟူ၍ ဒေသနာတော်မြတ် ပါဌ်ဝယ် အဓိပ္ပါယ်လာချေသည်။
ဤသို့လာသော အပါယ်ဒုဂ္ဂတိလမ်း၏ နက်နဲသော အခြင်းအရာ နတ်ရွာသုဂတိလမ်း၏နက်နဲသော အခြင်းအရာ နတ်ရွာသုဂတိ လမ်း၏ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော အခြင်းအရာ ဒေသနာနှစ်ပါးကို ကြားနာကြရကုန်သော တရားနာပရိသတ် အပေါင်းသူတော်ကောင်း တို့သည် အပါယ်သို့တစ်ကြိမ်ကျက တစ်ဘဝထက်တစ်ဘဝ ဒါနနှင့် ကွာဝေး သီလနှင့်ကွာဝေး ဘာဝနာနှင့်ကွာဝေးပြီးလျှင် အကုသိုလ် မကောင်းမှုဒုစ္စရိုက် အညစ်အကြေး တစ်ဘဝထက်တစ်ဘဝ ဝန်လေး၍ နက်သည်ထက်နက်သော ငရဲဘဝပေါင်း အသင်္ချေ တိရစ္ဆာန်ဘဝပေါင်း အသင်္ချေ ပြိတ္တာဘဝပေါင်းအသင်္ချေ အသုရကာယ်ဘဝပေါင်းအသင်္ချေ အဆင့်ဆင့် အသုတ်သုတ် မြုပ်သည်ထက်မြုပ်လေ၍ လူ့ပြည်နှင့် ဝေးသည် ထက်ဝေးသဖြင့် မေတ္တေယျသုံးလူ့မင်း ဖြစ်ပွင့်သည့် အခင်းကို သတင်းမျှ မကြားရသော အပါယ်ဘေး နက်နဲသည့် အရေးကို မြှော်တွေးကာ ထောက်ဆ အကြောက်ကြီးကြောက်ကြ၍ နောက်ဘဝအခါ၌ နတ်ရွာသို့ ရွှေ့ပြောင်း အရိယာနတ်ကောင်းတို့နှင့် ဇာတ်ပေါင်း၍ တစ်ဖန် ပြည် နိဗ္ဗာန်အမှူး နတ်ရွာကကူးကြရအောင် ထူးမြတ်သည့်အခါဝယ် အာဇီဝဋ္ဌမက ကျင့်သိက္ခာသီလနှင့် သုံးဝသော သရဏဂုံ ဘာဝနာသုံးစုံကို စိတ်အာရုံ ဖွဲ့တွယ်လျက် သုံးဆယ်နှင့်ခုနစ်ပါး ဗောဓိပက္ခိယတရားများကို နှုတ်ဖျားမှာ တတွတ်တွတ် တစ်သက်လုံး အံရွတ်၍ ဝဋ်ဒုက္ခသံသရာက တစ်ခါတည်းထပြီးလျှင် အမတဆိတ်ငြိမ် ဝိသုဒ္ဓိစံအိမ်သို့ တစ်ရှိန်တည်း ထုတ်ချောက် နတ်ရွာကရောက်ကြရအောင် လုံလောက်စွာတရားများကို ပွားများ အားထုတ်ကြကုန်ရာသည်။
ဩဝါဒအခန်း ပြီး၏။
---
နိဂုံး
ဧတော ဝ ဧတ္တာ ဝတာစ
နဒီသဝန္တိသောမ္ဘေဟိ၊ ပရိက္ခိတ္တော သမန္တတော။
ကူဋဗာဟကန္ဒရေဟိ၊ ဒုမဂစ္ဆဇာလယော။။
ထူပဂုဟာ သောပါဏေဟိ၊ သောဘိတော ယေသ ပဗ္ဗတော။
နာတိဒူရေ ပရိက္ခတ္တော၊ ဂါမေဟိ စ သမန္တတော။
ဝသတာ တတ္တ ရစိတာ၊ ဧသာ အာဟာရဒီပနီ။။
စ=ဆက်ဦးအံ့၊ ဧတ္တာဝတာ=ဤမျှသော စကားရပ်အလုံးစုံဖြင့်၊ ယေသယော ဧသပဗ္ဗတော=အကြင်ရွှေတောင်ဦးအမည်ရှိသောတောင် ကို၊ နဒီသဝန္တိသောမ္ဘေဟိစ=မြောက်ဘက်တောင်ခြေ၌ ဦးခိုက်၍ အရှေ့ ဘက်တောင်ခြေကို ပတ်ဝိုက်ပြီးလျှင် တောင်မျက်နှာ အရပ်သို့ စီးသွား သော သလ္လာဝတီမြစ်ကြီး ဦးခိုက်ရာဌာနမှ ထွက်၍ မြောက်ဘက် တောင်ခြေတစ်လျှောက် စီးသွားသော ရေယဉ်ချောင်း၊ ထိုချောင်း၏ သက်ဝင်ရာဖြစ်သော သယံဇာတအင်းကြီး ဤအလုံးစုံတို့သည်၊ သမန္တတော=အရှေ့အနောက် မြောက်ဘက်တစ်ခွင် ထက်ဝန်းကျင်မှ၊ ပရိက္ခိတ္တော=ဝန်းရံအပ်၏၊ ကူဋဗာဟကန္ဒရေဟိ=တောင်ထွတ် တောင်ငူ တောင်ပူဇာအမျိုးမျိုး တောင်စွယ် တောင်စောင်း တောင်လက်မောင်း အမျိုးမျိုး, နှစ်ခုနှစ်ခုသော တောင်စွယ်တို့အကြားအကြား၌ အလွန်နက် လှစွာသော သစ်ပင် ချုံနွယ်တို့ဖြင့် ချယ်လှယ်ယှက်မှေးလျက် ရှိုရိုးချပ် မြောင် တောင်ချောက် တောင်ကြား အပေါင်းတို့သည်၊ သမန္တတော= ထက်ဝန်းကျင်မှ၊ ပရိက္ခိတ္တော=ဝန်းရံအပ်၏၊ ဒုမဂစ္ဆဇာလယော=ဥတု သုံးပါးအားလျော်သော အရွက်အပွင့်အသီးကို ဆောင်ကြကုန်သော သစ်ပင် ချုံနွယ်အပေါင်း, ထိုသစ်ပင်ချုံနွယ်တို့၌ စံပယ်ကွန့်မြူးကာ နေကြ ကုန်သော ကျေးငှက်အပေါင်းတို့၏ နေရာလည်း ဖြစ်၏။
ထူပဂုဟာ သောပါဏေဟိ=နှစ်စဉ်အမြဲ ပွဲရအကျော် ရွှေတောင်ဦး အမည်ရှိသော စေတီတော်ကြီးနှင့်တကွ ထိုထိုတောင်ထွတ် တောင်ငူ၌ တည်ရှိသော စေတီပုထိုးအမျိုးမျိုး, ရဟန်းသူတော် ရသေ့သူတော် လူသူတော်တို့ နေပျော်ကိန်းအောင်းရာ အစဉ်ထာဝရရှိနေသော ကျောက် ဂူ ကျောက်လှိုဏ်အမျိုးမျိုး, တောင်ထိပ်စေတီတော်ကြီးမှ လေးမျက်နှာ ဖြာဆင်းသော အုတ်စောင်းတန်း ကျောက်စောင်းတန်း အမျိုးမျိုးတို့ဖြင့်၊ သောဘိတော=အလွန်တင့်တယ်လှ၏။
နာတိဒူရေ=ငါးရာတွင်းခရီး သုံးမတ်ခရီးထက် ပိုမို၍ မဝေးလှသော အရပ်၌၊ ဌိတေဟိ=တည်ရှိကြကုန်သော၊ ဂါမေဟိစ=အကြီး, အငယ် အသွယ်သွယ်သော ဂေါစရဂါမ် ဆွမ်းခံရွာတို့သည်လည်း၊ သမန္တတော= တောင်နှင့် အနောက်မြောက်ဘက်တစ်ခွင် ထက်ဝန်းကျင်မှ၊ ပရိက္ခိတော= ဝန်းရံအပ်၏။
(သင်္ဘောဆိပ်, မီးရထားဆိပ်ဖြစ်သော အလုံမြို့မအစရှိသော အလွန်ပင်နီးသော်လည်း သလ္လာဝတီမြစ် ခြားဆီးလျက်ရှိနေသောကြောင့် အရှေ့မျက်နှာ မြို့ရွာဂေါစရဂါမ်များကို မဆိုလိုက်သည်။)။
တတ္ထ=ထိုရွှေတောင်ဦး တောင်ထိပ်ဝါဆိုကျောင်း၌၊ ဝသတာ= နေ့ခါကျောက်ဂူ ညဉ့်မူစင်္ကြံ လေးတန်ယာပထ မျှတမှီတင်း သီတင်းသုံး နေသော မုံရွာမြို့လယ်တီဆရာ ငါသည်၊ ဧသာ အာဟာရဒီပနီ= အာဟာရဒီပနီ ဤစာကျမ်းသစ်ကို၊ ရစိတာ=၆၃-ခု၊ တန်ဆောင်မုန်း လဆန်း ၁၁-ရက်နေ့တွင် စီရင်ပြီးပြတ် အဆုံးသတ်သတည်း။
---
အာဟာရဒီပနီ ပြီးပြီ။
---
Comments
Post a Comment