Skip to main content

အနတ္တဒီပနီ

အနတ္တဒီပနီ

အဘိယာစကနှင့် ပဋိညာဉ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အနမတဂ္ဂသံသရာ၌ ကျင်လည်ပြေးသွား အမျောပါးနစ်မွန်း၍ နေကြရပါကုန်သော သတ္တဝါ အပေါင်းတို့အား မဟာကမ္ဘာ အသင်္ချေ ကြာသော်လည်း တစ်ကြိမ်တစ်ခါမျှ မတွေ့လိုရ မကြုံကြိုက်ရနိုင်လိုသည် ဖြစ်ပါ၍ အလွန်တွေ့ရခဲ ကြုံကြိုက်ရခဲလှစွာသော ဗုဒ္ဓုပ္ပါဒခဏ, သဒ္ဓမ္မဿဝန ခဏတို့နှင့် ယခုဆိုက်တိုက် ကြုံကြိုက်တွေ့ဆုံ၍ နေကြရ ပါကုန်သော သူအပေါင်းတို့အား ထိုတွေ့ခဲလှစွာသော ဗုဒ္ဓုပ္ပါဒခဏ, သဒ္ဓမ္မဿဝန ခဏတို့၏ နှစ်ဆီဩဇာ အရသာကို သုံးဆောင်ခံစံကြရန် တစ်စုံတစ်ခုသော ပဋိပတ်နည်းလမ်းကို ထုတ်ဖော်ညွန်ပြပါမည့် အကြောင်းနှင့် အလုံမြို့မ “ရွှေကျောင်းတိုက်ဆရာ ရှင်ဉာဏဝံသ” လျှောက်ထား တောင်းပန်အပ်သည်ဖြစ်၍ ၎င်းမြို့မ တစ်ဘက် ရွှေတောင်ဦး တောင်ပေါ်ကျောက်ဂူ စင်္ကြံကျောင်းနေ လယ်တီဆရာ ငါသည် ကျမ်းဂန်တို့မှ လာရှိသည့်အတိုင်း အလွန် သိလွယ် ထင်လွယ် မြင်လွယ်လှစွာသော ဝေဒနာကမ္မဋ္ဌာန်း ပဋိပတ်လမ်းကို ထုတ်ဖော်ပြ ညွန်ပေအံ့သတည်း။

အဘိယာစနနှင့် ပဋိညာဉ် ပြီး၏၊

ဥယျောဇဉ်

ဗုဒ္ဓုပ္ပါဒေါ သဒ္ဓမ္မောစ၊ လောကမှိ အတိဒုလ္လဘော။

ဇဟန္တော သုလဘေ ဓီရော၊ ဂဏှေယျ အတိဒုလ္လဘံ။

ဗုဒ္ဓုပ္ပါဒေါ=ဘုရားပွင့်သော အခါသည်လည်းကောင်း၊ သဒ္ဓမ္မောစ= သာသနာတော်သည်လည်းကောင်း၊ လောကမှိ= သံသရာလောကကြီး၌၊ အတိဒုလ္လဘော=မဟာကမ္ဘာ အသင်္ချေကြာသော်လည်း တစ်ခါတစ်ရံမျှ တွေ့ကြုံရခဲလှ၏၊ တသ္မာ=ထို့ကြောင့်၊ (ထည့်) ဓီရော=ပညာရှိသည်၊ သုလဘေ=သံသရာလောကကြီး၌ ရလွယ် တွေ့လွယ်လှကုန်သော လူ့စီးပွါး ရှင့်စီးပွါးတွေကို၊ ဇဟန္တော=လွတ်လွတ်ခါစွန့်လျက်၊ အတိဒုလ္လဘံ= အလွန် တွေ့ကြုံရခဲလှစွာသော ဗုဒ္ဓုပ္ပါဒ, သဒ္ဓမ္မ စီးပွါးကို၊ ဂဏှေယျ=အရယူ ထိုက်လှလေသတည်း။

ထို ခဏနှစ်ပါးနှင့် ထောက်စာသည်ရှိသော် လူ့အသက် လူ့ခန္ဓာ လူ့ဘဝသည်လည်း အလွန်ရလွယ်သော စီးပွါးပင်ဖြစ်၏၊ ထို့ကြောင့် ယထုဘဝ ရရှိ၍နေသော မိမိအသက် မိမိခန္ဓာ မိမိဘဝအတွက်နှင့်ပင် ငြိတွယ်နှောင့်နှေးခြင်းကို မဖြစ်စေမူ၍ ထိုခဏ ၂-ပါး၏ နှစ်ဆီဩဇာ အရသာကိုသာ အရအမိကြိုးကုတ်ထိုက်လေသတည်း။

(သတိပေး ဂါထာ ပါဌ်အနက်)

ဥယျောဇဉ် ပြီး၏၊

ကာယဂတာသတိ

တစ်ခုခုသော ဝိပဿနာ ကမ္မဋ္ဌာန်းမှုကို ထင်မြင်အောင် အား ထုတ်လိုသောသူသည် မိမိစိတ်ကို ကမ္မဋ္ဌာန်းအာရုံရှိရာ မိမိကိုယ် ခန္ဓာအတွင်းသို့ သွင်းတိုင်း သွင်းတိုင်း စိုက်စိုက်စူးစူးဝင်၍ထားရာ အာရုံ၌ တည်ငြိမ်စွာ နေစေခြင်းငှါ ကာယဂတာသတိကို ရှေးဦးစွာ တည် ထောင်ရာ၏။

ကာယဂတာ သတိဆိုသည်ကား-အာနာပါန၌ စွဲမြဲသော သတိ, ဣရိယာပထသမ္ပဇည၌ စွဲမြဲသောသတိ အစရှိသည်ဖြင့် မဟာသတိပဋ္ဌာန သုတ်၌လာသော သတိ အစီရင်စုကို ဆိုသတည်း။

ထိုအစီအရင် နှစ်ပါးတို့တွင် အာနာပါန အစီအရင်သည် အာနာပါနဒီပနီပိုင်းမှာ ထင်ရှားလာလတ္တံ့။

ဣရိယာ ပထသမ္ပဇည

စတုဣရိယာပထသမ္ပဇည အစီအရင်ဆိုသည်ကား--ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဂစ္ဆန္တော ဝါ ဂစ္ဆာမှီတိ ပဇာနာတိ၊ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ၊ နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ၊

သယာနော ဝါ သယာနောမှီတိ ပဇာနာတိ၊ ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ--ဟူ၍ ဟောတော်မူသော အစီအရင်ပေတည်း။

ထွက်သက် ဝင်သက်ကို သိမ်မွေ့လှ၍ မရှုလိုလျှင် ဤဣရိယာပထသမ္ပဇညကို အားထုတ်ရမည်။

သွားခြင်း၌ သတိပြုပုံ

အားထုတ်ပုံကား- သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်း ဣရိယာပုထ် လေးပါးတွင် သွားခြင်း ဣရိယာပုထ်၌ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ငါသွား၏, ငါသွား၏ဟု ခြေ၌တည်သောစိတ်ကို ဖြစ်စေ၍ သွားရမည်၊ ခြေတစ်လှမ်းမျှ အမှတ်တမဲ့ မလှမ်းမိစေနှင့်၊ အာရုံတစ်ပါး မဝင်စေနှင့်၊ ခြေလှမ်းတိုင်း လှမ်းတိုင်းမှာ အကြွ, အငင်, အချ သုံးချက်လုံး ထင်စွာသိ၍ လှမ်းနိုင်ပေမူ ကောင်းလှ၏၊ အစ၌ သုံးချက်လုံး မထင် တည့်နိုင်လျှင် အချ အချကိုသာ အာရုံပြုလေ၊ လွယ်သည်ဟု မထင်နှင့်၊ လေလို လွင့်၍နေသောစိတ်ကို ချုပ်တည်းမှုဖြစ်သည်၊ အလှမ်းများစွာ သွား၍စမ်းမှ ခက်မှန်းသိမည်။

ရပ်ခြင်း၌ သတိပြုပုံ

ရပ်ခြင်းအမှု၌ ရပ်မည်ပြုသောအခါ ငါရပ်မည်ဟု သိ၍ရပ်၊ အမှတ်တမဲ့ မရပ်မိစေနှင့်၊ ရပ်၍နေစဉ်အခါ၌ မိမိကိုယ်ကို အာရုံပြု၍ ငါရပ်၏, ငါရပ်၏ဟု အမြဲ စိတ်ကိုဖြစ်စေ၍ နေရမည်၊ အပသို့ စိတ်ထွက် ၍ မသွားစေနှင့်၊ အာရုံတစ်ပါး မဝင်စေနှင့်။

ထိုင်ခြင်း၌ သတိပြုပုံ

ထိုင်ခြင်းအမှု၌ ထိုင်မည်ပြုသောအခါ ငါထိုင်မည်ဟု မိမိခန္ဓာ ကိုယ်ကို အာရုံပြု၍ ထိုင်ရမည်၊ အမှတ်တမဲ့ မထိုင်မိစေနှင့်၊ ထိုင်၍ နေစဉ်ခါ၌ မိမိခန္ဓာကိုယ်ကို အာရုံပြု၍ ငါထိုင်မည်, ငါထိုင်မည်ဟု အမြဲစိတ်ကို ဖြစ်စေရမည်၊ အပသို့ စိတ်မထွက်စေနှင့်၊ အာရုံတစ်ပါး မဝင်စေနှင့်။

အိပ်ခြင်း၌ သတိပြုပုံ

အိပ်ခြင်းအမှု၌ အိပ်မည် ပြုသောအခါ၌ ငါအိပ်မည်ဟု သိ၍အိပ်၊ အမှတ်တမဲ့ မအိပ်စေနှင့်၊ အိပ်၍နေစဉ်အခါ၌လည်း မိမိခန္ဓာကိုယ်ကို အာရုံပြု၍ ငါအိပ်သည်, ငါအိပ်သည်ဟု အမြဲစိတ်ကို ဖြစ်စေရမည်၊ အပသို့ စိတ်မလွင့်စေနှင့်၊ အာရုံတစ်ပါး မဝင်စေနှင့်။

ဣန္ဒြိယသံဝရသီလ

မျက်စိဥပစာ, နားဥပစာ၌ဖြစ်၍ မြင်လာ ကြားလာသည်ရှိသော် မြင်ကာမတ္တ ကြားကာမတ္တ၌ တည်စေရမည်၊ ထိုအာရုံသို့ စိတ်ဝိတက် လိုက်စားခြင်းကို မပြုရ၊ သည်ကို ရည်၍
တသ္မာ တိဟ တေ ဗာဟိယ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ။ ဧဝဥှိ တေ ဗာဟိယ သိက္ခိတဗ္ဗံ။

ဟူ၍ ဣန္ဒြိယသံဝရ အစီအရင်ကို ဟောတော်မူသည်။ ဗာဟိယ=ဗာဟိယ၊ တသ္မာ=ထို့ကြောင့်လျှင်၊ (တိဟကားအနက်မရှိ) တေ=သင်အား၊ ဒိဋ္ဌေ=မျက်စိတွင် မြင်လာသောအာရုံ၌၊ ဒိဋ္ဌမတ္တံ=မြင်ရုံမျှသည်၊ ဘဝိဿတိ=ဖြစ်ရလတ္တံ့၊ သုတေ=နားတွင် ကြားလာသောအာရုံ၌၊ သုတမတ္တံ=ကြားရုံမျှသည်၊ ဘဝိဿတိ= ဖြစ်ရလတ္တံ့၊ မုတေ=နှာခေါင်း ခံတွင်း ကိုယ်အင်္ဂါတို့မှာ ရောက်လာ ထိလာသော အာရုံစု၌၊ မုတမတ္တံ=ရောက်ရုံမျှ ထိရုံမျှသည်၊ ဘဝိဿတိ= ဖြစ်ရလတ္တံ့၊ ဝိညာတေ=မနောတွင် ထင်လာ သိလာသော အာရုံ၌၊ ဝိညာတမတ္တံ=သိရုံမျှသည်၊ ဘဝိဿတိ=ဖြစ်ရလတ္တံ့၊ ဗာဟိယ=ဗာဟိယ၊ ဧဝဥှိ=ဤသို့လျှင်၊ တေ=သင်သည်၊ သိက္ခိတဗ္ဗံ=ကျင့်အပ် အားထုတ်အပ်၏။

မိမိ၌ တည်ထောင်၍ လုပ်သောအာရုံမှတစ်ပါး ခြောက်ဒွါရ၌ ထင်လာ တွေ့ကြုံလာသော အာရုံစုမှာ ဝိတက်, ဝိစာရလိုက်စားခြင်းကို မပြုမူ၍ ရုတ်တစ်ရက် မြင်၍ ကြား၍ တွေ့ကြုံ၍ ကွယ်လွန်စေရမည်ဟု ဣန္ဒြိယသံဝရ သီလအစီအရင်ကို ဟောတော်မူသော ပါဠိတော်ပေ တည်း။

ကိုယ်အမူအရာအစုတိုင်းသတိပြု

ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ”--

ဟူသော ပါဌ်ဖြင့်ကား ပြဆိုခဲ့ပြီးသော ဣရိယာပုထ်ကြီးလေးပါးအတွင်း၌ဖြစ်သော ထိုထိုကိုယ်အင်္ဂါအစိတ်အပေါင်းတို့၏ လှုပ်ရှားခြင်း ထားခြင်း သိုခြင်း ချီခြင်း ကြွခြင်းအစရှိသော ကိုယ်အမူ ကိုယ် အမူ အရာစုကို ပြုသောအခါ၌လည်း ပြုနေကျအတိုင်း အမှတ်တမဲ့ မပြုရာ၊ မည်သို့ပြုမည်ဟု ထိုကိုယ်အင်္ဂါကို အာရုံပြု၍သာ ပြုရမည်ဟူသော အစီအရင်ကို ပြတော်မူသည်။

လိုရင်းအချုပ်ကား-ကာယဂတာသတိ ဆိုသည်နှင့်အညီ မိမိ ခန္ဓာကိုယ်မှ လွတ်ရာအပသို့ မိမိစိတ်ကို ထွက်၍ မလွင့်ပါးရအောင် သတိဖြင့် ချုပ်ထိန်းမှုပေတည်း။

အသမ္မောဟသမ္ပဇည

ဤသို့ ဣရိယာပုထ်ကြီး ဣရိယာပုထ်ငယ်တို့၌ ပြုနေကျအတိုင်း အမှတ်တမဲ့ မပြုမိစေမူ၍ အလုံးစုံ အစေ့အင သိ၍သိ၍ စိတ်ထဲတွင် ထင်မြင်၍ထင်မြင်၍သာပြုမိသည်ကို အသမ္မောဟသမ္ပဇညဆိုသတည်း။

အဋ္ဌကထာလာ ဣရိယာပထ

အဋ္ဌကထာတို့၌ ပြဆိုသော ဣရိယာပထ အစီအရင် အသမ္မောဟ သမ္ပဇည အစီအရင်တို့သည်ကား နက်နဲသော ဉာဏ်ပညာရှိသော ပုဂ္ဂိုလ် တို့နှင့်သာ သင့်လျော်သော အစီအရင်တို့ပေတည်း။

ပြဆိုခဲ့ပြီးသော ဣရိယာပထ သမ္ပဇည အစီအရင် အသမ္မောဟ သမ္ပဇည အစီအရင်တို့ကား ယခုကာလ၌ ရှိကြသော သူသူငါငါ အများ တို့နှင့် သင့်လျော်သော အစီအရင်တို့ပေတည်း၊ ယခုကာလ၌ ရှိကြသော သူတို့မှာမူကား ဣန္ဒြိယသံဝရသီလ ပြည့်စုံရုံမျှမက ကာယဂတာသတိ တည်ရုံမျှ၌ပင်လျှင် အလွန်ခဲယဉ်းကြကုန်၏၊ ငါသွားသည် ငါရပ်သည် အစရှိသည်တို့၌ ငါဟူသော သတ္တသညာ အတ္တပညာ ဇီဝသညာ ကွာ ပျောက်စေရန် အခွင့်နှင့် အလွန်ဝေးကွာကြကုန်၏၊

လိုရင်း သံဝရနှစ်ပါး

စင်စစ်မူကား ဝိပဿနာကမ္မဋ္ဌာန်း၏ ဥပစာအကျိုးငှါ ရှေးဦးစွာ ကာယဂတာသတိတို့ကို မွေးမြူမူအစီအရင်ဖြစ်သော “ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ” အစရှိသော ပုဗ္ဗဘာဂ အစီအရင်များ၌ သတ္တ သညာ, အတ္တသညာ, ဇီဝသညာ ပျောက်ကင်းစေရန် အခွင့်သည် လိုရင်းပဓာန မဟုတ်သေး၊ အစဉ်ထာဝရက လေလိုလွင့်ပါး၍ အုပ်မရ ချုပ်မရရှိနေသော မိမိစိတ်ကို မိမိကိုယ်ခန္ဓာ အစိတ်အပေါင်း၌ သတိနှင့် ချုပ်တည်းရသော သတိသံဝရ, ဣန္ဒြိယသံဝရ, ကာယဂတာသတိမှုမျှသာ လိုရင်းပဓာနတည်း။

သတ္တသညာ, အတ္တသညာ, ဇီဝသညာ ပျောက်ကင်းမှုမှာကား
ထိုထိုသတိပဋ္ဌာန ပဗ္ဗ၏အဆုံး၌ “သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟာရတိ” အစရှိသည်ဖြင့် ဥဒယဗ္ဗယဉာဏ် အစီအရင်မှာမူ ပုဂ္ဂလ, သတ္တ, အတ္တ, ဇီဝသညာ ပျောက်ကင်းစေရန် အခွင့်လိုရင်း ပဓာန ဖြစ်ပေသတည်း။

ဣရိယာပထသမ္ပဇည အမြွက်ပြီး၏။

အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ” အစရှိသော နောက်နောက်သော သတိပဋ္ဌာနပဗ္ဗတို့၌လည်း ဤနည်းတူ သိလေ။ ကာယဂတာသတိအစီအရင် အမြွက်ပြီး၏။

* * *

ပုဗ္ဗဘာဂသတိ

ဤကျမ်းမှာ ဝေဒနာကမ္မဋ္ဌာန်း ပြဆိုလတ္တံ့ ဖြစ်သည်နှင့်အညီ ပုဗ္ဗဘာဂဖြစ်သော သတိပွါးမှု အစီအရင်မှာလည်း

ဣဓ ဘိက္ခဝေ ဘိက္ခု သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခဝေဒနံ ဝေဒယာမီတိ ပဇာနာတိ”။

အစရှိသည်ဖြင့် ဟောတော်မူသော ဝေဒနာသတိပဋ္ဌာန်အစီအရင်ကို ပြဆိုရန်အခွင့်ဖြစ်၏၊ ထိုသို့ဖြစ်သော်လည်း ဣရိယာပုထ် လေးပါး၌ ခံစားဆဲဖြစ်သော ဝေဒနာအမျိုးမျိုးကို ပိုင်းခြား၍ ပွါးများရန် ခဲယဉ်းလိမ့်မည်ထင်ပေ၍ ထင်ရှားလှစွာသော ကာယဂတာသတိ အစီ အရင်ကို ထုတ်ဆိုလိုက်ပေသည်။

မိမိ၌ ကောင်းစွာတည်ပြီးသော ကာယဂတာသတိ အမှုကိုမူကား ဝိပဿနာမှုကို အားထုတ်သောအခါ၌လည်း ကာယဂတာသတိတစ်ဖက်, ဝိပဿနာရှုမှုတစ်ဖက် အမြဲဖက်တွဲ၍ လိုက်ရသည်၊ ဝိပဿနာရှုမှုက ဂေါစရသမ္ပဇညပြု၍ ဝိပဿနာအာရုံမှ စိတ်ကို ရုပ်သိမ်းဆဲအခါ၌ ထိုကာယဂတာသတိကို ဖြစ်စေ၍ နေရသည်၊ ထိုကာယဂတာသတိ ကိုလည်း တစ်သက်လုံးမလွှတ်ရပြီ။

ဝိပဿနာမှု

ဝိပဿနာမှုမည်သည် ဉာဏပညာမှု ဖြစ်၏၊ ဉာဏ်ပညာ အဟုတ် အဟတ် ထိုးထွင်း၍ ပေါက်ရောက်အောင် ထင်နိုင်မြင်နိုင်ပေလျှင် ကိစ္စပြီး၏၊ ထို့ကြောင့် ဉာဏ်ပညာ ထက်သန်သော ပုဂ္ဂိုလ်တို့မှာ ထို ကာယဂတာသတိပွါးများမှုကို အထူး အားမထုတ်သော်လည်း အနိစ္စ, ဒုက္ခ, အနတ္တ ကောင်းကောင်း ထင်မြင်၍သွားလျှင် ပြီးစီးပါ၏၊ ထိုသို့ မထင်တည့်နိုင် မမြင်တည့်နိုင်သော ပုဂ္ဂိုလ်တို့မှာမူကား ထိုကာယဂတာ သတိကို ရှေးဦးစွာ ပွါးများ၍ စိတ်တည်ကြည်ခွင့် ကောင်းကောင်းရမှ ဝိပဿနာအမှုကို အားထုတ်ရာသတည်း။

ပုဗ္ဗဘာဂသတိ အစီအရင် ပြီး၏။

* * *

ဝေဒနာ ကမ္မဋ္ဌာန်း

ယခုအခါ၌ ဝေဒနာကမ္မဋ္ဌာန်း အစီအရင်ကို ပြဆိုပေအံ့--

ပရိညာသုံးပါး

ဤဝိပဿနာကမ္မဋ္ဌာန်းမှု၌ ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာဟူသော ပရိညာ သုံးပါးကို သိအပ်၏။

ဉာတ, တီရဏ်၊ ပဟာနံ၊ သုံးတန်ပရိညာ။ (သံပေါက်)

ဉာတပရိညာ

ဉာတပရိညာဆိုသည်ကား-ဓမ္မဝဝတ္ထာနဉာဏ်, ပစ္စယပရိဂ္ဂဟ ဉာဏ်နှင့်တကွ ဝေဒနာ၏ ဒုက္ခ သစ္စာ အချက်ကို ပိုင်ပိုင် သိခြင်းတည်း။

တီရဏပရိညာ

တီရဏပရိညာဆိုသည်ကား- ဝေဒနာ၏ အနိစ္စအချက်, ဒုက္ခ အချက်, အနတ္တအချက်ကို ပိုင်ပိုင်သိခြင်းတည်း။

ပဟာနပရိညာ

ပဟာနပရိညာ ဆိုသည်ကား- ဝေဒနာ၌ သာယာတွယ်တာ သော တဏှာ, မာန, ဒိဋ္ဌိတို့ကို အမြစ်အရင်းနှင့်တစ်ကွ ပိုင်ပိုင်နိုင်နိုင် ပယ် ဖြတ်ခြင်းတည်း၊ ဤပဟာနပရိညာ အပြီးတိုင်မှ ဝေဒနာကမ္မဋ္ဌာန်း အပြီးတိုင်သည် အရဟတ္တဖိုလ်သို့ကျမှ ဝေဒနာ၌ ပဟာနပရိညာ အပြီး တိုင်သည်။

သောတာပတ္တိမဂ်၌ကား ဝေဒနာ၌ နိစ္စသညာ, နိစ္စစိတ္တ, နိစ္စဒိဋ္ဌိ, အတ္တသညာ, အတ္တစိတ္တ, အတ္တဒိဋ္ဌိကိုအပြီးတိုင် ပယ်နိုင်၏၊ သုခစိတ္တ, သုခဒိဋ္ဌိကိုလည်း အပြီးတိုင် ပယ်နိုင်၏၊ သုခသညာကိုမူကား မပယ်နိုင် သေး၊ သုခသညာကိုအရဟတ္တ မဂ်သို့ရောက်မှ အပြီးတိုင် ပယ်နိုင်သည်၊ အနိစ္စနှင့် အနတ္တကို သောတာပတ္တိမဂ်တိုင်လျှင် အပြီးတိုင် ထင်မြင်နိုင်၏၊ ဒုက္ခကိုကား အရဟတ္တမဂ်သို့ကျမှ အပြီးတိုင် ထင်မြင်သည်၊ အောက်ဖြစ် သော အရိယာပုဂ္ဂိုလ်တို့ ဒုက္ခကို အပြီးတိုင် မထင်မြင်နိုင်ကုန်သေး၊ ဒုက္ခကို အပြီးတိုင် မထင်မြင်နိုင်ကြကုန်သေးသည့် အတွက်ကြောင့် အောက် အရိယာတို့သည် တဏှာနှင့်မာနကို မပယ်နိုင်ကြကုန်သေးသည်။

အောက်မဂ်တို့၌ သမုဒယသစ္စာကို ပယ်သည်မှာ နိစ္စသညာ, နိစ္စစိတ္တ, နိစ္စဒိဋ္ဌိ, အတ္တသညာ, အတ္တစိတ္တ, အတ္တဒိဋ္ဌိ, သုခစိတ္တ, သုခဒိဋ္ဌိ တို့နှင့်ယှဉ်သော သမုဒယသစ္စာကိုသာ အကြွင်းမဲ့ ပယ်နိုင်ကြကုန်သည်၊ သုခသညာနှင့်ယှဉ်သော သမုဒယသစ္စာ, တဏှာ, နာမတို့ကို မပယ်နိုင် ကြကုန်သေး။

ထို့ကြောင့် ခုနစ်နှစ်အရွယ်က သောတာပန်ဖြစ်သော ဝိသာခါ သည် သားယောကျ်ားတစ်ကျိပ် သမီးမိန်းမ တစ်ကျိပ်ရအောင်ပင် ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပါး ခံစားလျက်ရှိသေးသည်၊ ယခုလည်း နိမ္မာနရတိ နတ်ပြည်မှာ နတ်မင်းကြီး၏ နတ်မိဖုရားဖြစ်၍ ခံစားလျက်ပင် ရှိသေးသည်၊ သောတာပန်ဖြစ်သော သိကြားမင်းသည် ယခုနတ်မိဖုရား သုံးကုဋေခြောက်သန်းနှင့် ခံစားလျက်ပင် ရှိလေသည်၊ သောတာပန် ပုဂ္ဂိုလ်ဖြစ်ကာမျှနှင့် ဤသူကား အရိယာပုဂ္ဂိုလ်တည်းဟု အတူနေ အပေါင်းအဖော်တို့က သိနိုင်ကြကုန်သေးသည် မဟုတ်၊ ဒုစရိုက်မှုမျိုးမှ တစ်ပါးသော ခံစားမှု စံစားမှု ပျော်ပါးမှု ပစ္စည်းဥစ္စာ ရှာဖွေထိန်းသိမ်းမှု တို့မှာ ပကတိပုထုဇဉ်တို့နှင့် မခြားမနားပင် ရှိသေးသည်။

ဤကား ပဟာနပရိညာ၌ သိထိုက်သောအထူးအပြားတည်း။ တပ်ရပ်။

မိစ္ဆာဝိပလ္လာသတရား ၉-ပါး

ဝိပဿနာဉာဏ်ဖြင့် ပယ်ဖျောက်ရာသော ဝိပလ္လာသတရား သုံးပါးရှိ၏၊ သညာဝိပလ္လာသတစ်ပါး, စိတ္တဝိပလ္လာသတစ်ပါး, ဒိဋ္ဌိ ဝိပလ္လာသတစ်ပါး။

မိစ္ဆာသညာ ၃-ပါး

ထိုသုံးပါးတို့တွင် သညာဝိပလ္လာသသည် အနိစ္စေ နိစ္စသညာ တစ်ပါး, ဒုက္ခေ ဒုက္ခသညာတစ်ပါး, အနတ္တေ အနတ္တသညာ တစ်ပါးဟူ၍ မိစ္ဆာသညာ သုံးပါးရှိ၏။

မိစ္ဆာစိတ္တ ၃-ပါး

စိတ္တဝိပလ္လာသသည် အနိစ္စေ နိစ္စစိတ္တတစ်ပါး, ဒုက္ခေ သုခ စိတ္တတစ်ပါး, အနတ္တေ အတ္တစိတ္တ တစ်ပါးဟူ၍ မိစ္ဆာစိတ္တ သုံးပါးရှိ၏၊

မိစ္ဆာဒိဋ္ဌိ ၃-ပါး

ဒိဋ္ဌိဝိပလ္လာသသည်လည်း အနိစ္စေ နိစ္စဒိဋ္ဌိတစ်ပါး, ဒုက္ခေ သုခ ဒိဋ္ဌိတစ်ပါး, အနတ္တေ အတ္တဒိဋ္ဌိ တစ်ပါးဟူ၍ မိစ္ဆာဒိဋ္ဌိ သုံးပါးရှိ၏၊

မိစ္ဆာဝိပလ္လာသဓမ္မ ၃-ပါးဖြစ်ပုံအထူး

စိတ်အမြင်မှောက်မှားပုံ

မိစ္ဆာသညာ, မိစ္ဆစိတ္တ, မိစ္ဆဒိဋ္ဌိ သုံးပါးတို့၏ ဖြစ်ပုံအထူးကား
စိတ်မည်သည် ပရမတ်ဖြစ်သော ရုပ်တရား နာမ်တရားတို့ကို အစိတ် အစိတ်ပိုင်းခြား၍ မမြင်တတ်၊ များစွာသော ရုပ်တရား နာမ်တရားတို့ကို တပေါင်းတည်း တစ်လုံးတည်း တစ်ခုတည်းပြု၍ အပေါင်းသမူဟပညတ် ကိုသာ မြင်တတ်၏၊ မြစ်ရေအယဉ်ကိုလည်းကောင်း မီးတောက်အလျှံကို လည်းကောင်း ကြည့်ရှု၍ နေရာ၌ တမြစ်လုံးသည် ရေလုံးရေခဲ တစ်ခု တည်းဟု မြင်၏၊ မီးတောက်ကြီး တစ်ခုလုံးသည် အလုံးအခဲ တစ်ခု တည်းဟု မြင်၏။

ထို့အတူ စိတ်မည်သည် တစ်မျိုးတစ်မျိုးသော ရုပ်တရား နာမ်တရားတို့ကို ဥပါဒ်ခဏ ဘင်ခဏအားဖြင့် အပိုင်းအပိုင်း ဖြတ်၍ မမြင် တတ်၊ ဖြစ်မှု ချုပ်မှုနှင့် အပိုင်းအပိုင်းပြတ်၍ ပျက်၍နေကုန်သော များစွာသော အတိုအနှောင်းတွေကို တပေါင်းတည်း တစ်လုံးတည်း တစ်ခုတည်းပြု၍ အစဉ်သန္တတိပညတ်ကိုသာ မြင်တတ်၏၊ ကိုယ်တွင်းမှာ ဖြစ်၍နေသော စိတ်ကို တစ်သက်လုံးမှ တစ်စိတ်သာဟုမြင်၏၊ မြစ်ရေ အယဉ်ကိုမြင်၍နေရာ၌ အညာမှစီး၍လာသော မြစ်ရေသည် ပင်လယ်ဝ သို့ ဝင်သည်တိုင်အောင် တစ်ခုတည်းသာဟု မြင်၏၊ ညဉ့်ဦးယံကစ၍ သန်းခေါင်ယံတိုင်အောင် ထွန်း၍ထားသော မီးတောက်ကို မြင်ရာ၌ ညဉ့်ဦးယံကစ၍ သန်းခေါင်ယံတိုင်အောင် မီးတောက်တစ်ခုကို သာဟု မြင်၏၊ ဤကား စိတ်အမြင် မှောက်မှားမှုတည်း။

ဒိဋ္ဌိမှောက်မှားပုံ

ဒိဋ္ဌိဆိုသည်ကား ကိုယ်ခန္ဓာအတွင်းမှာ ဖြစ်၍နေသော စိတ်ကို တစ်သက်လုံးမှ တစ်စိတ်သည်သာ အမှန်ဖြစ်၏၊ ထိုစိတ်သည် သတ္တဝါ၏ အနှစ်သာရ အတ္တဖြစ်၏ဟု မြင်၏၊ ဤကား ဒိဋ္ဌိအမြင်မှောက်မှား တတ်ပုံတည်း။

သညာမှောက်မှားပုံ

သညာသည်မူလည်း မိမိက ဘယ်သင်း ဘယ်ဟာဟု မြင် တတ်သော တရားမဟုတ်၊ စိတ်မြင်တိုင်း အဟုတ်အမှန်ပြု၍ အမြဲအစွဲ မှတ်မှုသာတည်း၊ ဤကား သညာမှောက်မှားပုံတည်း၊ ဤသညာ အမြဲအစွဲ မှတ်မှုသည် ကာလကြာမြင့်လျှင် ကြာမြင့်သည့်လျောက် အလွန်ခိုင်မြဲ၏၊ ဖြေဖျောက် ပယ်ဖျက်ခြင်းငှါ အလွန် ခဲယဉ်းလှ၏။

ဤကား-မိစ္ဆာဝိပလ္လာသ ဓမ္မသုံးပါးတို့၏ ဖြစ်ပုံ အထူးအပြားတည်း။ မိစ္ဆာဝိပလ္လာသ တရားကိုးပါး ပြီး၏။

* * *

ဝိပဿနာဆေးဖြင့် ပျောက်ငြိမ်းရာသော အနာများ

မိစ္ဆာဂါဟ ၃-ပါး

အခိုင်အမြဲ တွယ်တာစွဲလမ်းသော မိစ္ဆာဂါဟတရား သုံးပါးရှိ၏၊ တဏှာဂါဟ တစ်ပါး, မာနဂါဟ တစ်ပါး, ဒိဋ္ဌိဂါဟ တစ်ပါး။

ဂါဟ

လောက၌ အတင်းအကျပ် ဖမ်းတတ်သည်ကို ဂါဟဟူ၍ လည်းကောင်း၊ ဂဟ ဟူ၍လည်းကောင်း ခေါ်၏၊ တနင်္ဂနွေဂြိုဟ်, တနင်း လာဂြိုဟ် စသည်တည်း၊ ဓမ္မတို့၌လည်း အတင်းအကျပ် အခိုင်အမြဲစွဲလမ်း ဖမ်းယူတတ်သော တရားသုံးပါးကို ဂါဟ ဆိုသတည်း။

ရုပ်နာမ်တရားတို့ကို တဏှာသည် ငါပိုင်ဥစ္စာဟု စွဲလမ်း၏၊ မာနသည် ငါဟု စွဲလမ်း၏၊ ငါနတ် ငါလူ ငါမင်း ငါသေဌေး ငါယောကျ်ား ငါမိန်းမ ငါမည်သူ ငါမြင်သည် ငါကြားသည် ငါကြံသည် ငါသိသည် ငါပြောသည် ငါဆိုသည် ငါသွားသည် ငါလာသည် အစရှိ သည်တည်း။

ဒိဋ္ဌိသည် ငါ၏အတ္တဟု စွဲလမ်း၏၊ ငါ၌မြင်တတ်သော အနှစ် သာရအတ္တရှိ၏၊ ကြားတတ်သော အနှစ်သာရအတ္တရှိ၏၊ ကြံတတ် သိတတ်သော အနှစ်သာရအတ္တရှိ၏၊ ပြောတတ် ဆိုတတ် လှုပ်တတ် ရှားတတ် သွားတတ် လာတတ်သော အနှစ်သာရအတ္တရှိ၏ စသည်တည်း၊ ရှေး၌ပြဆိုခဲ့သော မိစ္ဆာဝိပလ္လာသ အမှောက်အမှား သုံးပါးကြောင့် ဤဂါဟတရား သုံးပါးဖြစ်ရ၏၊

မိစ္ဆာနှင့်ဂါဟ ပြယ်ပျောက်ပုံ

ရုပ်နာမ်ခန္ဓာတရားတို့၏ အနိစ္စအချက်ကို ပစ္စက္ခဒိဋ္ဌိအားဖြင့် ကောင်းစွာမြင်သောအခါ အနိစ္စ၌ နိစ္စဟူ၍ မှောက်မှားသော သညာ စိတ္တ ဒိဋ္ဌိ မိစ္ဆာတရားသုံးပါး ပြယ်ပျောက်၏၊ ထိုသုံးပါး ပြယ်ပျောက်သည် ရှိသော် အနိစ္စ၌ နိစ္စဟူ၍ စွဲလမ်းတတ်သော တဏှာ မာန ဒိဋ္ဌိ ဂါဟတရား သုံးပါးလည်း ပြယ်ပျောက်၏။

ဤနည်းအတူ ရုပ်နာမ်တရားတို့၏ ဒုက္ခအဖြစ်ကို ကောင်းစွာ မြင်သောအခါ သုခဟူ၍ မှောက်မှားသော မိစ္ဆာတရား သုံးပါး, သုခဟူ၍စွဲ လမ်းသော ဂါဟတရားသုံးပါး ပြယ်ပျောက်မှုကိုလည်းကောင်း၊ ရုပ်နာမ် တရားတို့၏ အနတ္တအဖြစ်ကို ကောင်းစွာမြင်သောအခါ အတ္တဟူ၍ မှောက်မှားသော မိစ္ဆာတရားသုံးပါး အတ္တဟူ၍ စွဲလမ်းသော ဂါဟ တရားသုံးပါး ပြယ်ပျောက်မှုကိုလည်းကောင်း သိလေ။

မိစ္ဆာတရားသုံးပါး ဂါဟတရားသုံပါးတို့ကို ပယ်ရှားပျောက် ကင်းစေခြင်းအကျိုးငှါ ဝိပဿနာအမှုကို အားထုတ်ရသည်၊ ထိုမိစ္ဆာတရား ဂါဟတရားတို့ မိမိစိတ်သန္တာန်မှာ အကျန်အကြွင်းမျှမရှိ ကွယ်ပျောက် ရှင်းလင်းသောအခါမှ ဝိပဿနာကိစ္စ ထမြောက်ပြီးစီးလေ၏၊ ဉာတ ပရိညာ, တီရဏပရိညာ, ပဟာနပရိညာဟု ဆိုအပ်သော သဗ္ဗညုသာသနာ ပရိညာသုံးပါး ထမြောက်ပြီးစီးလေ၏။

ဤကား-ဝိပဿနာမှုတည်း-ဟူသောဆေးဖြင့် ပျောက်ငြိမ်း အောင်အားထုတ်ရာသော အနာရောဂါမျိုးတို့ကို ပြဆိုသောအခန်း တည်း။

ပရိညာ ၃-ပါး အစီအရင်

ဉာတပရိညာ အစီအရင်

ယခုအခါ ပရိညာ သုံးပါးတို့၏ အစီအရင်ကို အစဉ်အတိုင်း ပြဆိုပေအံ့။

သိဖွယ် ၅-ပါး

ဉာတပရိညာ အစီအရင်၌ သဘောလက္ခဏာ အသီးအသီး နှင့်တကွ ဝေဒနာ၏အပြားကို သိရာ၏၊ ဝေဒနာဖြစ်ပေါ်ရန် အကြောင်း တရားနှင့်တကွ ဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်အချက်ကို သိရာ၏၊ ဝေဒနာ၏ အဿဒသဘောကို သိရာ၏၊ ဝေဒနာ၏ အာဒီနဝသဘောကို သိရာ၏၊ ဝေဒနာ၏ ဒုက္ခသစ္စာ အခြင်းအရာကို သိရာ၏၊

ဝေဒနာအပြား ၅-ပါး

ထိုငါးပါးတို့တွင် သဘောလက္ခဏာ အသီးအသီးနှင့်တကွ ဝေဒနာအပြားကို အဘယ်သို့ သိရာသနည်းဟူမူကား-ဝေဒနာသည် ဒုက္ခဝေဒနာ, ဒေါမနဿဝေဒနာ, သုခဝေဒနာ, သောမနဿဝေဒနာ, ဥပေက္ခာဝေဒနာ ဟူ၍ ငါးပါးအပြားရှိ၏၊

ဒုက္ခဝေဒနာ

ဒုက္ခဝေဒနာ ဆိုသည်ကား အကျဉ်းအားဖြင့် မခံသာမှုတည်း၊ မချမ်းသာမှုတည်း၊ နာမှုတည်း၊ ညောင်းညာမှုတည်း၊ ထုံကျင်မှု ကိုက်ခဲမှုတည်း၊ အိုက်မှုတည်း၊ ပူမှုတည်း၊ ပူလောင်မှုတည်း၊ မနေသာ မှုတည်း၊ မသက်သာမှုတည်း၊ မခံသာအောင် အေးမှုတည်း၊ မခံသာ အောင် ချမ်းမှုတည်း၊ မောမှုတည်း၊ ပန်းမှုတည်း၊ အောင့်မှုတည်း၊ အင့်မှုတည်း၊ ယားမှုယံမှုတည်း၊ မခံသာသောအမှု မခံချင်သောအမှု အခံခက်မှု အလုံးစုံတို့သည် ဒုက္ခဝေဒနာဟူသော ဒုက္ခဓာတ်, ဒုက္ခဓမ္မ, ဒုက္ခသဘောချည်းသာတည်း။

ဒုက္ခသဘောထင်ရှားခြင်း

လောက၌ အလွန်ထင်ရှားလှ၏၊ ညည်းရညူရအောင် ထင်ရှား၏၊ ငိုရအောင် ထင်ရှား၏၊ အော်ရ ဟစ်ရအောင် ထင်ရှား၏၊ မိမိကိုယ် သဏ္ဌာန်၌ ထိုဒုက္ခဓာတ်ဖြစ်ပေါ်၍ လာမည်ကို ကြောက်ရ ထိတ်ရ လန့်ရ စိုးရိမ် ကြောင့်ကြရအောင်တောင် ထင်ရှား၏။

ကြောက်ဖွယ် ဒုက္ခဓာတ်

မိမိ ကိုယ်သဏ္ဌာန်မှာ ထိုဝေဒနာဓာတ် ကပ်ရောက် ဖြစ်ပေါ်၍ လာရန် အခွင့်အလမ်းစုကို လောက၌ ကြောက်ဖွယ် လန့်ဖွယ်ဘေး အန္တရာယ် ဟူ၍သမုတ်ကြ၏၊ ကိုးဆယ့်ခြောက်ပါးသော ရောဂါမျိုး အနာမျိုးတို့သည် မိမိကိုယ်သဏ္ဌာန်မှာ ထိုဒုက္ခဓာတ်ကို ဖြစ်ပေါ်အောင် ပြုတတ်ကုန်၏၊ ထို့ကြောင့် မိမိကိုယ်သဏ္ဌာန်မှာ ထိုဒုက္ခဓာတ် ဖြစ် ပေါ်လာမည်ကို ကြောက်သည့်အတွက် ထိုကိုးဆယ့်ခြောက်ပါးသော ရောဂါမျိုး အနာမျိုးတို့ကို ကြောက်လန့်ကြရကုန်၏၊ ဘေးဖြစ်တတ်သော အစားအစာမျိုး ဘေးဖြစ်တတ်သော အချမ်းအပူ ဥတုမျိုး ဘေးဖြစ် တတ်သော အရပ်ဒေသဌာနမျိုး၊ ဘေးဖြစ်တတ်သော အသွားအလာ အနေအထိုင် ချော်မှု ချွတ်မှု စူးမှု ရှမှု ကျမှု လဲမှု ပြိုမှု တိမ်းမှုပါးမှု မျိုးတို့ကို ကြောက်ကြရ စိုးရိမ်ကြရ ရှောင်ရှားကြရ သတိထားကြရ သည်ကား မိမိတို့ကိုယ်သဏ္ဌာန်မှ ဤဒုက္ခဖြစ်ပေါ်လာမည်ကို ကြောက် ရစိုးရိမ်ရရင်းသာတည်း၊ အပါယ်လေးပါး ကပ်သုံးပါး ရန်သူမျိုးငါးပါး ကျားဘေး ဆင်ဘေး မြွေဘေး ကင်းဘေး ခြင်ဘေး မှက်ဘေး သန်းဘေး ကြမ်းပိုးဘေး ဘီလူးဘေး သံသက်ဘေး စသည်တို့ကို ကြောက်ကြရ သည်မှာလည်း ဤဒုက္ခဓာတ်ကို ကြောက်ကြရခြင်းသာတည်း။

ဒုက္ခဝေဒနာဖြစ်ရာဌာန

ဒုက္ခဓာတ်ကား တစ်ကိုယ်လုံးမှာ ထိုထိုအနာရောဂါစသော ဘေးထိရာအရပ် အဇ္ဈတ္တဗဟိဒ္ဓ အနှံ့အပြား ဖြစ်ပေါ်နိုင်၏၊ မိမိခန္ဓာ ကိုယ်ကို အတွင်းအပ အားလုံး၌ မြမြထက်သော အပ်သွားဖြင့် ဉာဏ်နှင့်ထိုး၍ စမ်းသည်ရှိသော် ခြေဖဝါးမှစ၍ ဦးထိပ်အရေတိုင်အောင် အရေတွင်း အသားတွင်း အကြောတွင်း အရိုးတွင်း ရိုးတွင်းခြင်ဆီတွင်း အအူတွင်း အသည်းတွင်း အဆုတ်တွင်း ဦးနှောက်တွင်း ထိမှန်းသိမှန်း သောနေရာ နာမှန်းသိသောနေရာ ဟူသမျှသည် ဤဒုက္ခဓာတ်ဖြစ်နိုင် သော နေရာချည်း မှတ်လေ။

ဒုက္ခဓာတ်မိမှ ဉာဏ်ဖြစ်နိုင်

ဝေဒနာကမ္မဋ္ဌာန်းကို စွဲမြဲလို၍ ဒုက္ခဓာတ်ကို ဉာဏ်နှင့် အမိဖမ်းသော ယောဂီပုဂ္ဂိုလ်သည် မိမိသဏ္ဌာန်၌ တစ်သက်လုံး တွေ့ ကြုံခဲ့ပြီးတွေ့ကြုံဆဲတွေ့ကြုံလတ္တံ့ တွေ့ကြုံရာသော အခွင့်အလမ်း တို့ကို ကိုယ်ထဲမှာ အကုန်ဖော်၍ ကြည့်ရမည်၊ အမိဖမ်းရမည်၊ ဓာတ်ကို ဉာဏ်၌ လှလှမမိလျှင် ဝေဒနာ အနိစ္စာဟူ၍ လက္ခဏာရေး တင်သော်လည်း ဝိပဿနာဉာဏ်မဖြစ်၊ ဓာတ်ကိုလှလှမိ၍တင်မှ ဝိပဿနာဉာဏ် အစစ် ဖြစ်သည်။

ဒုက္ခဝေဒနာ ပြီး၏၊

ဒေါမနဿဝေဒနာ

ဒေါမနဿဝေဒနာ ဆိုသည်ကား---စိတ်ညိုးနွမ်းမှုတည်း၊ စိတ် ပင်ပန်းမှုတည်း၊ စိတ်နာမှုတည်း၊ စိတ်နှလုံး မသက်သာမှုတည်း၊ စိတ် နှလုံးမသာယာမှုတည်း၊ စိတ်နှလုံး မချမ်းသာမှုတည်း၊ စိတ်နှလုံးမ ကြည်သာမှုတည်း၊ စိတ်နှလုံး မကောင်းမှုတည်း၊ စိတ်နှလုံး မအေးချမ်းမှု တည်း၊ စိတ်နှလုံး ပူပန်မှုတည်း၊ စိတ်နှလုံး ဝမ်းနည်းမှုတည်း၊ စိတ်နှလုံး မနှစ်သက်မှုတည်း၊ စိတ်အိုက်ခြင်း စိတ်ပူခြင်း စိတ်ဆွေးခြင်း စိတ်ပန်းခြင်း စိုးရိမ်ခြင်း ကြောင့်ကြခြင်း ကြောက်ခြင်း လန့်ခြင်း ထိတ်ခြင်း ငိုမဲ့ခြင်း အမျက်ထွက်ခြင်း စိတ်ဆိုးခြင်း အစရှိသော ဒေါသနှင့်စပ်သမျှသော စိတ်အမူအရာစုသည် ဒေါမနဿ ဝေဒနာနှင့် ယှဉ်သည်ချည်းတည်း၊ မျက်စိနှင့်မြင်၍ စိတ်မကြည်သာမှု- နားနှင့်ကြား၍ စိတ်မကြည်သာမှု နှာခေါင်းနှင့် နမ်း၍ စိတ်မကြည်သာမှု လျှာ၌တွေ့၍ စိတ်မကြည်သာမှု ကိုယ်မှာတွေ့၍ စိတ်မကြည်သာမှု နှလုံးမှာသိရ၍ စိတ်မကြည်သာမှု စသည် ဒေါမနဿ ဝေဒနာချည်းတည်း။

ဒေါမနဿသဘောထင်ရှားခြင်း

လောက၌အလွန်ထင်ရှားလှ၏၊ ညည်းညူရအောင် ထင်ရှား၏၊ ငိုယိုရအောင် ထင်ရှား၏၊ အော်ဟစ်ရအောင် ထင်ရှား၏၊ ဒေါသ အမျက်ဖြစ်ရတိုင်း ဒေါမနဿဝေဒနာပါ၏၊ လောကဓံတရား ရှစ်ပါးတွင် အလာဘ, အယယ, နိန္ဒာ, ဒုက္ခ ဤအနိဋ္ဌလောကဓံအစုနှင့် တွေ့ကြုံရ သော ဗာလပုထုဇဉ်တို့အား ဒေါမနဿ ဖြစ်ရမြဲတည်း။

ကြောက်ဖွယ်ဒေါမနဿ

ဂုဏ်အသရေ ပျက်မည်ကို ကြောက်ရ, အရုပ်ပျက်မည်ကို ကြောက်ရ, အရှက်ကွဲမည် ကိုကြောက်ရ, လူဆိုမည်ကို ကြောက်ရ, လူကဲ့ရဲ့မည်ကိုကြောက်ရ, လူဆဲမည်ကို ကြောက်ရ ဤသို့စသော ကြောက်ရမူ ခပ်သိမ်းစုသည် မိမိစိတ်နှလုံးမှာ ဒေါမနဿဓာတ်ဖြစ်ပေါ်၍ လာမည်ကို ကြောက်ရရင်းတည်း- သားသမီးစသော ရွှေငွေ ရတနာ စသော ပိယဝတ္ထုတို့နှင့် ကွေကွင်းမည်ကို ကြောက်ရ မချစ်မနှစ်သက် လိုလှသော အပိယဝတ္ထုတို့နှင့် ပေါင်းစုံမိသည်ကို ကြောက်ရ ဤသို့စသည် များသည် ဒေါမနဿဓာတ် ကပ်ရောက်၍ လာမည်ကို ကြောက်ရရင်း တည်း၊ ကြွင်းသော စကားရပ်စုကို ဒုက္ခဓာတ်မှာ ဆိုခဲ့သည့်တိုင်းသိလေ၊ အပါယ်လေးပုံတွင် ငရဲဘုံ, ပြိတ္တာဘုံ အသုရကာယ်ဘုံတို့မှာ ဤဒုက္ခဓာတ် ဒေါမနဿ ဓာတ်နှစ်ပါးနှင့် နေကြရ၏။

ဒေါမနဿဝေဒနာ ပြီး၏။

* * *

သုခဝေဒနာ

သုခဝေဒနာဆိုသည်ကား ကိုယ်ခန္ဓာ၏ ချမ်းသာမှုတည်း။ ကိုယ်တွင်း ကိုယ်ပ ကိုယ်အင်္ဂါမှာ ကောင်းသည် ကောင်းသည်ဟု ခံစားမှုတည်း။ ပူအိုက်လှသောအခါ အေးမြစွာသောရေကို ချိုးရ၍ ယပ်လေခပ်သည်ကို ခံရ၍ တစ်ကိုယ်လုံးမှာ အေးချမ်းခြင်းတည်း။ အလွန်ချမ်းအေးလှ၍ ဒုက္ခဖြစ်ရာ ထူထဲစွာသော အခြုံအရုံကို ခြုံရရုံရ၍ ကြီးစွာသော မီးစု မီးပုံကိုလှုံရ၍ တစ်ကိုယ်လုံး ပူပူနွေးနွေး ချမ်းသာမှုတည်း။ နေပူလှသောအခါ အရိပ်မှာနေရ၍ ချမ်းသာမှု၊ ချမ်းအေးလှသောအခါ နေပူမှာ နေရ၍ ချမ်းသာမှု၊ သိမ်မွေ့နူးညံ့သော အဆင်း အရုံ အခြုံအဝတ်အထည်တို့ကို သုံးဆောင်ရ၍ ကိုယ်တွေ့ချမ်းသာမှု၊ ကာမဂုဏ်အရာမျိုးနှင့် စပ်လျဉ်း၍ အလွန်ကောင်းသည်ဟု ကိုယ်တွင်းသန္တာန်မှာ ဖြစ်ပေါ်လာသော ချမ်းသာမှု ဤသို့အစရှိသည်ကား သုခဓာတ်ချည်းပင်တည်း။

အလွန်ဆုံးသုခရသ

ထိုသုခအပေါင်းတို့တွင် ကာမဂုဏ်နှင့် စပ်သောသုခရသသည် အလွန်ဆုံးသောရသတည်း။ ထိုရသသည်လည်း လူတို့၏ ကာမရသထက် အထက်စတုမဟာရာဇ်နတ်တို့၏ ကာမရသသည် အဆအသိန်းမက သာလွန်၏။ စတုမဟာရာဇ်နတ်တို့၏ ကာမရသထက် တာဝတိံသာနတ်တို့၏ ကာမရသသည် အဆအသိန်းမက သာလွန်၏။ ဣသိသိင်္ဂရသေ့သည် တာဝတိံသာသူ အလမ္ဗုသာနတ်သမီး၏ ကာမရသအတွေ့နှင့် တွေ့လေရာ သုံးနှစ်တိုင်တိုင် သတိမရဘဲ နတ်သမီး၏ ရင်ခွင်ထဲမှာ နေရ၏။ အထက်အထက် နတ်ပြည်တို့မှာလည်း ထိုနည်းအတူ အဆင့်ဆင့် သိလေ။

သုခဓာတ်မိမှ ဉာဏ်ဖြစ်နိုင်

ဤသုခဓာတ်ကို ဉာဏ်၌ လှလှမိအောင် ဖမ်းသော ယောဂီပုဂ္ဂိုလ်သည် မိမိသန္တာန်မှာ တစ်သက်လုံး တွေ့ကြုံခဲ့ပြီး တွေ့ကြုံဆဲ တွေ့ကြုံလတ္တံ့ တွေ့ကြုံရာသော အခွင့်စုကို ထင်လင်းစွာ ထုတ်ဖော်၍ လှလှမိအောင်ဖမ်းလေ။ ဓာတ်ကို လှလှဉာဏ်၌ မိမှသာလျှင် လက္ခဏာရေးတင်၍ ဝိပဿနာဉာဏ်ဖြစ်နိုင်သည်၊ ဓာတ်ကိုဉာဏ်၌ လှလှမမီဘဲနှင့် ဝေဒနာ အနိစ္စာ, ဝေဒနာ ဒုက္ခာ, ဝေဒနာ အနတ္တာဟု လက္ခဏာရေးတင်သော်လည်း ဝိပဿနာ ဉာဏ်မဖြစ်။

သုခဝေဒနာပြီး၏။

------*-----

သောမနဿဝေဒနာ

သောမနဿ ဝေဒနာ ဆိုသည်ကား ဝမ်းသာမှုတည်း၊ ဝမ်းမြောက်မှုတည်း၊ စိတ်ရွှင်လန်းမှုတည်း၊ စိတ်နှစ်ခြိုက်မှုတည်း၊ စိတ်နှစ်သက်မှုတည်း၊ စိတ်နှလုံးသာယာမှုတည်း၊ မျက်နှာရွှင်မှုတည်း၊ မျက်နှာပွင့်လန်းမှုတည်း၊ ပြုံးမှုတည်း၊ ရယ်မှုတည်း။ အလိုရှိသောအာရုံကို မြင်ရ၍ စိတ်ရွှင်မှုတည်း၊ စိတ်ကြည်မှုတည်း။ ကြားရ၍ နမ်းရ၍ စားရသောက်ရ၍ ကိုယ်အင်္ဂါနှင့် တွေ့ထိရ၍ စိတ်ထဲမှာ အလိုရှိရာကို ထွေထွေလာလာ ကြံဖန်၍ စိတ်ရွှင်လန်းမှုတည်း၊ စိတ်ပျော်မွေ့မှုတည်း။ အကြွင်းမှာ သုခနည်းတူ သိလေ။

သောမနဿ ဝေဒနာ ပြီး၏။

---------*--------

ဥပေက္ခာဝေဒနာ

ဥပေက္ခာဝေဒနာ ဆိုသည်ကား သုခရသ, ဒုက္ခရသ သောမနဿရသ, ဒေါမနဿရသတို့မှ အလွတ် ကွက်လပ်တို့၌ ကောင်းသည်ဟူလည်း မထင်မရှား၊ မကောင်းဘူးဟူ၍လည်း မထင်ရှားသော ဝေဒနာမျိုးတည်း။ ခြောက်ဒွါရ၌ ထင်လာသမျှသောအာရုံ ၆-ပါးတို့ကို စိတ်ဖြင့် အာရုံပြုသမျှမှာ စိတ်၏ခံစားမှုဟူသော ဝေဒနာမပါသည့်ဟူ၍ မရှိ။ စိတ်ဖြစ်လျှင် ဝေဒနာ အမြဲပါတော့သည်၊ ကောင်းသည် မကောင်းသည်ဟု ထင်ရှားသော အချက်မျိုးကား ကြိုးကြားကြိုးသာ ရှိ၏။ လူ့ပြည်မှာ မထင်ရှားသော ဥပေက္ခာဝေဒနာ များ၏။

ဥပေက္ခာဝေဒနာပြီး၏။

သဘောလက္ခဏာ အသီးအသီးနှင့်တကွ ဝေဒနာအပြား ငါးပါးကို ပြဆိုခန်း ပြီး၏။

* * *

အကြောင်းကြောင့် အကျိုးဖြစ်လာပုံ

ယခုအခါ ဝေဒနာတို့၏ ဖြစ်ပေါ်ရန် အကြောင်းတရားနှင့်တကွ ဝေဒနာတို့၏ ပဋိစ္စသမုပ္ပါဒ်အချက်ကို ပြဆိုအံ့။

ဖဿကြောင့် ဝေဒနာဖြစ်ပုံ

ဖဿပစ္စယာ ဝေဒနာဟူ၍လည်းကောင်း၊ ဖဿသမုဒယာ ဝေဒနာ သမုဒယော ဟူ၍လည်းကောင်း၊ ဟောတော်မူသည်နှင့်အညီ စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿဟူသော ဖဿ ၆-ပါးသည် ဝေဒနာတို့၏ ဖြစ်ပေါ်ရန် အကြောင်းတရားမည်၏။ ၆-ဒွါရ၌ထိခိုက်လာ ဆိုက်တိုက်လာသော အာရုံ ၆-ပါးကို သိကာမျှ သိရုံမျှသောအမှု အမူအရာသည် စိတ်တည်း၊ ဝိညာဏ်တည်း။ သိကာမျှ သိရုံမျှထက် အပိုအမို မဟုတ်။ သိကာမျှ သိရုံမျှ အမှုနှင့်လည်း ခံစားမှုဟူသော ဝေဒနာဖြစ်ပေါ်ခွင့် မရှိသေး။ ထိုသိမှုဟူသော စိတ်ဓာတ်ဖြစ်ပေါ်သည်ရှိသော် အာရုံ၏ရသကို ဖိနှိပ်ကြိတ်ဝါး ထိပါး ထိခိုက်မှုဟူသော ဖဿဓာတ်သည် ထိုသိမှုနှင့် အတူတကွ ဖြစ်ပေါ်၏။ ထိုဖိနှိပ်ကြိတ်ဝါး ထိပါး ထိခိုက်မှုဟူသော ဖဿဓာတ်၏ အစွမ်းကြောင့် အာရုံ၏ရသသည် ထင်ရှားပေါ်လေ၏။ ထိုရသကို ခံစားသော ဝေဒနာသည်လည်း ထိုသိမှုထိမှုတို့နှင့် အတူတကွ ဖြစ်ပေါ်ရလေ၏။

ဤကား ဖဿဓာတ်၏ အစွမ်းကြောင့် ဝေဒနာဓာတ် ဖြစ်ပေါ်ပုံတည်း။ ခြားခြားနားနားကြီး သိအောင်မြင်အောင် ကြံလေ။

ကြံရည်ပုံသို့

ဥပမာကား အရည်ပေါမှားလှစွာသော ကြံချောင်းတို့နှင့် အာရုံ ၆-ပါးတူ၏။ ထိုကြံချောင်းတို့ကို ထည့်၍ထားသော ကြိတ်ဆုံကြီးတို့နှင့် ဝိညာဏ် ခြောက်ပါးတူ၏။ ထိုကြံချောင်းတို့ကို အရည်ထွက်အောင် ဖိနှိပ်ကြိတ်ဝါးသော ကြံညစ်ကျည်ပွေ့တို့နှင့် ဖဿ ၆-ပါးတူ၏။ ကြံရည်တို့နှင့် အာရုံ၏ ရသတူ၏။ ကြံရည်တို့ကို သောက်မျိုသုံးဆောင် ခံစားကြသောသူတို့နှင့် ဝေဒနာခြောက်ပါးတူ၏။

ဤကား ဝိညာဏဓာတ်, ဖဿဓာတ်, ဝေဒနာဓာတ် သုံးမျိုး ခွဲနည်းတည်း။ ကွဲအောင်ကြံလေ။

ဖဿ ၁၈-ပါး

အာရုံသို့ ကြိတ်နှိပ်မှုဟူသော ဖဿဓာတ်သည် သုခဝေဒနီယ ဖဿခြောက်ပါး, ဒုက္ခဝေဒနီယ ဖဿခြောက်ပါး, အဒုက္ခမသုခ ဝေဒနီယ ဖဿခြောက်ပါးဟူ၍ ၁၈-ပါးရှိ၏။

မျက်စိအတွေ့ဟူ၍ ခေါ်ကြသော စက္ခုသမ္ဖဿဓာတ်သည် သုခဝေဒနီယဖဿ, ဒုက္ခဝေဒနီယဖဿ, အဒုက္ခမသုခ ဝေဒနီယဖဿဟူ၍ သုံးပါးရှိ၏။

နားအတွေ့ဟူ၍ ခေါ်ကြသော သောတသမ္ဖဿသည်လည်း ထို့အတူသုံးပါး။

နှာခေါင်းအတွေ့ဟူ၍ ခေါ်ကြသော ဃာနသမ္ဖဿ, လျှာအတွေ့ ဟူ၍ ခေါ်ကြသော ဇိဝှါသမ္ဖဿ, ကိုယ်အင်္ဂါအတွေ့ ဟူ၍ ခေါ်ကြသော ကာယသမ္ဖဿ, စိတ်မနောအတွေ့ဟူ၍ ခေါ်ကြသော မနောသမ္ဖဿတို့မှာလည်း သုံးပါး သုံးပါးစီပြား၏။ ပေါင်းပြဆိုခဲ့ပြီးသော ဖဿ တစ်ဆယ့်ရှစ်ပါး ဖြစ်၏။

ဖဿဝေဒနာ ၃-ပါးစီ

ထိုတစ်ဆယ့်ရှစ်ပါးတို့တွင် မျက်စိအတွေ့ဟူ၍ ခေါ်ကြသော ဖဿသုံးပါး၌ ဣဋ္ဌဖြစ်သော အဆင်းသဏ္ဌာန်မျိုးကို မျက်စိနှင့်မြင်သောအခါ သုခဝေဒနီယဖဿဖြစ်ပေါ်၏။ သုခဝေဒနာကို ဖြစ်ပေါ်စေနိုင်သော ဖဿဆိုလိုသည်။ အနိဋ္ဌဖြစ်သော အဆင်းသဏ္ဌာန်မျိုးကို မြင်သောအခါ ဒုက္ခဝေဒနီယဖဿ ဖြစ်ပေါ်၏။ ဒုက္ခဝေဒနာကို ဖြစ်စေတတ်သော ဖဿကို ဒုက္ခဝေဒနီယ ဖဿဆိုသည်။ မဇ္ဈတ္တဖြစ်သော အဆင်း သဏ္ဌာန်မျိုးကို မြင်သောအခါ အဒုက္ခမသုခ ဝေဒနီယ ဖဿ ဖြစ်ပေါ်၏။ ဥပေက္ခာဝေဒနာကို ဖြစ်စေတတ်သော ဖဿကို အဒုက္ခမသုခ ဝေဒနီယဖဿ ဆိုသည်။ ကြွင်းသော ငါးဒွါရတို့၌လည်း ဤနည်းတူ သုံးပါးသုံးပါးစီ ဝေဖန်လေ။

ဖဿဝေဒနာ ၂-ပါး

ထိုသုံးပါးသောဖဿ သုံးပါးသော ဝေဒနာတို့တွင် အဒုက္ခမသုခ ဝေဒနီယဖဿ အဒုက္ခမသုခဝေဒနာတို့ကို သုခဝေဒနိယဖဿ သုခ ဝေဒနာ၌ ပေါင်း၍ ဖဿနှစ်ပါး ဝေဒနာနှစ်ပါးသော်လည်း ဆိုရာ၏။ အနိဋ္ဌမဇ္ဈတ္တာရုံ၌ဖြစ်သော ဥပေက္ခာဝေဒနာကို ဒုက္ခဝေဒနာ၌ပေါင်း၍ ဣဋ္ဌမဇ္ဈတ္တာရုံ၌ဖြစ်သော ဥပေက္ခာဝေဒနာကို သုခဝေဒနာပေါင်း၍ သုခဝေဒနာ ဒုက္ခဝေဒနာ နှစ်ပါးသော်လည်း ပြုရာ၏။

ဤကား ဖဿဟူသော အကြောင်းတရား အသီးအသီးနှင့် သုခဝေဒနာ အကျိုးတရား အသီးအသီးကို ခြားနားခန်းပေတည်း။

ဝိညာဏ်ဟူသော အသိဓာတ် ပဋိစ္စသမုပ္ပါဒ်

ယခုအခါ ဝေဒနာတို့၏ ပဋိစ္စသမုပ္ပါဒ်အချက်ကို ပြဆိုပေအံ့။ ဝေဒနာငါးပါးတို့တွင် ဒုက္ခဝေဒနာကို ရှေးဦးစွာပြဆိုပေအံ့။ ခြေဖဝါးအပြင်၌ အလွန်မာလှစွာသော အုတ်ကျောက်စသည်တို့ကို နင်းမိ၍ ကျင်နာခြင်း ဒုက္ခဓာတ်ဖြစ်ပေါ်၍ ခြေနာသည်ဟုသိကြရာ၌ နာသောနေရာမှာ စိတ်-၁၊ ဖဿ- ၁၊ ဝေဒနာ၁-၊ ဓာတ်သုံးပါး တစ်ပြိုင်နက် ဖြစ်ပေါ်၏။ နာသောနေရာ၌ရှိသော ကာယပသာဒရုပ် ၁၊ အုတ်ခဲကျောက်ခဲဟုဆိုအပ်သော ပထဝီဖောဋ္ဌဗ္ဗာရုပ်-၁၊ ဤနှစ်ပါးကား ရုပ်တည်း။

ကာယပသာဒရုပ်သည် ကာယာယတန မည်၏။ အုတ်ကျောက် ပထဝီသည် ဖောဋ္ဌဗ္ဗာယနမည်၏။ ကာယာယတနသည် အဇ္ဈတ္တိကာယတနတည်း။ အုတ်ကျောက် ပထဝီသည် ဗာဟိရာယတနတည်း။ အတွင်းအာယတန အပ-အာယတန ဆိုလိုသည်။

ထိုအတွင်းအာယတနမှာ ပထဝီဟူသော အပအာယတန ထိခိုက်လာ၏။ ထိုထိခိုက်မှုဒဏ်ကိုအစွဲပြု၍ ထိခိုက်သည်ဟု သိမှုသည် ထိုနေရာ၌ ဖြစ်ပေါ်၏။ သိမှုကား ကာယဝိညာဏ်စိတ်ပေတည်း။

ဤကား ကာယဝိညာဏ်စိတ်၏ ပဋိစ္စသမုပ္ပါဒ်မှုကိုပြဆိုချက်တည်း။ အတွင်းရုပ် အာယတနနှင့် အပရုပ် အာယတန နှစ်ပါး ထိခိုက်ကြသောဒဏ်ချက်ကို အစွဲပြု၍ စိတ်ဓာတ်ဖြစ်ပေါ်မှုကို ပဋိစ္စသမုပ္ပါဒ် ဆိုသည်း။

ထိုကာယဝိညာဏ်စိတ်သည် မထိခိုက်မီ ရှေးအဖို့၌ ကိုယ်သန္တာန်တွင်းမှာ ရှိ၍ နေနှင့်သည်လည်းမဟုတ်။ လွတ်ရာ တစ်ခြားတစ်ပါးက လာ၍ ထိခိုက်ရာ၌ ပေါ်သည်လည်း မဟုတ်။ ယခုထိခိုက်ဆဲ ခဏမှာမှ ထိခိုက်မှုဒဏ်ချက်ကို အစွဲပြု၍ ဖြစ်လာမှု သက်သက်သာတည်းဟု သိသောဉာဏ်ကို ပဋိစ္စသမုပ္ပါဒ်ဉာဏ်ခေါ်သည်။

မီးခတ်ကျောက်နှင့် မီးပွင့်ဥပမာ

ဥပမာကား မီးခတ်နှင့် ကျောက် ထိခိုက်သောအခါ မီးပွင့်ဖြစ်ပွားရာ၌ ထိုမီးပွင့်သည် မီးခတ်ထဲမှာ ရှိ၍နေသည်လည်းမဟုတ်။ ကျောက်ထဲမှာရှိ၍ နေသည်လည်းမဟုတ်။ မီးခတ်နှင့်ကျောက် ထိခိုက်ဆဲ ခဏမှာ ထိခိုက်မှု ဒဏ်ချက်ကို အစွဲပြု၍ ဖြစ်ပေါ်လာသော အာဂန္တုဓမ္မ သက်သက်သာတည်း။

အသံဓာတ် ဥပမာ

ထိုထို ဝတ္ထုခြင်းထိခိုက်ကြ၍ အသံဓာတ်ဖြစ်ပေါ်ရာတို့၌လည်း အသံဓာတ်သည် ထိခိုက်မှု ဒဏ်ချက်ကို အစွဲပြု၍ ဖြစ်ပေါ်လာသော အာဂန္တုဓမ္မ သက်သက်သာတည်း။ ဤ ဥပမာအတိုင်း ထင်လေ မြင်လေ။

ဤကား အုတ်ကျောက် ထိခိုက်၍ ကျင်နာရာ၌ ကာယဝိညာဏဓာတ် ပဋိစ္စသမုပ္ပါဒ် ဖြစ်ပုံအခြင်းအရာတည်း။

ဝိညာဏ်ခေါ်သော အသိဓာတ် ပဋိစ္စသမုပ္ပါဒ် ပြဆိုချက်ပြီး၏။

* * *

ဖဿဓာတ် ပဋိစ္စသမုပ္ပါဒ်

ဖဿ ဟူသော အတွေ့ဓာတ် အခိုက်ဓာတ် ပဋိစ္စသမုပ္ပါဒ်ကို ပြဆိုပေအံ့။

ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ။

ကာယဉ္စ=ကာယာယတနကိုလည်းကောင်း၊ ဖောဋ္ဌဗ္ဗေစ= အပဖြစ်သော ဖောဋ္ဌဗ္ဗာရုံတို့ကိုလည်းကောင်း၊ ပဋိစ္စ=အစွဲပြု၍၊ ကာယဝိညာဏံ=ကာယဝိညာဏဓာတ်သည်၊ ဥပ္ပဇ္ဇတိ=ဖြစ်ပေါ်၏။ တိဏ္ဏံ= ကာယဓာတ်, ဖောဋ္ဌဗ္ဗဓာတ်, ကာယဝိညာဏဓာတ် သုံးရပ်တို့၏၊ သင်္ဂတိ= ပေါင်းဆုံမှုစည်းဝေးမှုထိခိုက်မှုသည်၊ ဖေဿာ=ဖဿမည်၏။

မန်ကျည်းသီးမှည့် ဥပမာ

ဥပမာကား-အတန်ငယ် ခြောက်သွေ့၍ နေသော မန်ကျည်းမှည့်စသည်ကို ဆုံ၌ထည့်၍ ကျည်ပွေ့နှင့်ထောင်းသောအခါ ထောင်းမိသည် တစ်ပြိုင်နက်အစေးပေါက်၍ ဆုံကျည်ပွေ့ မန်ကျည်းသီးမှည့်သုံးပါး ထွေးလုံးဖွဲ့စေးကြသကဲ့သို့တည်း။ ဆုံနှင့်ကာယာယတနတူ၏။ ကျည်ပွေ့နှင့်ဖောဋ္ဌဗ္ဗာယတန တူ၏။ မန်ကျည်းသီးမှည့်စသော ဝတ္ထုနှင့် ကာယဝိညာဏဓာတ်တူ၏။ ပေါက်သောအစေးနှင့် ဖဿဓာတ် တူ၏။ ဤကား ဓာတ်သုံးပါးကို အစွဲပြု၍ ဖဿဓာတ် ဖြစ်ပေါ်ပုံတည်း။

ဤဖဿဓာတ်၏ ပဋိစ္စသမုပ္ပါဒ်အချက်ကို ဝိညာဏဓာတ်၌ ပြဆိုခဲ့သော မီးပွင့်ဥပမာ အသံဓာတ် ဥပမာများအတိုင်း အာဂန္တုဓမ္မသက်သက်အနေနှင့် သိလေ မြင်လေ။

ဖဿဓာတ် ပဋိစ္စသမုပ္ပါဒ်ကို ပြဆိုချက်ပြီး၏။

* * *

ဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်

ဝေဒနာ ဟူသော ခံစားမှု ပဋိစ္စသမုပ္ပါဒ်ကို ပြဆိုအံ့။ ဖဿဓာတ်ဟူသော ပေါင်းစည်းထိခိုက်မှုကြောင့် ပထဝီ ဖောဋ္ဌဗ္ဗ၏ ပြင်းထန်သော ဒဏ်မှုသည် ထင်ရှားပေါ်လေရကား ထိုဒဏ်ကို ခံစားမှုဟူသော ကျင်နာမှုဝေဒနာဓာတ်သည် ဖြစ်ပေါ်လေ၏။ ဖဿ ပစ္စယာဝေဒနာဟူ၍ ဟောတော်မူပြီ။ ဤကား ဖဿဓာတ်ကို အစွဲပြု၍ ဝေဒနာဓာတ်ဖြစ်ပေါ်ပုံတည်း။

ဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်အချက်မှာ ဥပမာများနှင့်တကွ ဝိညာဏ်၌ ပြဆိုခဲ့သည့်အတိုင်း သိလေ မြင်လေ။

ဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်ကို ပြဆိုချက်ပြီး၏။

* * *

ဒုက္ခဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်

ဝေဒနာချည်း လုပ်၍ရှု

ဝေဒနာကမ္မဋ္ဌာန်းကို အားထုတ်သော ပုဂ္ဂိုလ်မှာမူကား ဝိညာဏ်, ဖဿ, ဝေဒနာ, သုံးပါးလုံးကို ဝေဒနာချည်းလုပ်၍ လက္ခဏာရေး တင်ရမည်။ လက္ခဏာရေးတင်သောအခါ၌ သုံးပါးကို အသီးအသီး ခွဲ၍ မနေနှင့်တော့။ ဤအရာ၌ ပဋိစ္စသမုပ္ပါဒ်ကို ပြဆိုခန်းဖြစ်၍ ခွဲလိုက်သည်။

မိုးပေါ်ကျ ဒုက္ခဝေဒနာ

ပဋိစ္စသမုပ္ပါဒ်ကို ပြဆိုရသည်မှာလည်း ကျင်နာမှုဟူသော ဤဝေဒနာသည် အုတ်ကျောက်ထိခိုက်မှု ဒဏ်ချက်အဟုန်ကြောင့် ထိခိုက်ရာ ခြေဖဝါးအပြင်မှာ ကောင်းကင်ကျမိုးပေါ်ကျကဲ့သို့ ယခုမှ ဖြစ်၍လာသော အာဂန္တုဓမ္မသက်သက်တည်းဟု ဉာဏ်၌ ပိုင်ပိုင်နိုင်နိုင်သိမြင်စေခြင်းငှါ ပြဆိုရသတည်း။ ထိုသို့ ပဋိစ္စသမုပ္ပါဒ်အချက်ကို ပိုင်ပိုင်မြင်နိုင်ပါမှ အနိစ္စလက္ခဏာ, အနတ္တလက္ခဏာကို ပိုင်ပိုင်ထင်မြင်နိုင်လေသည်။

ပဋိစ္စသမုပ္ပါဒ်အချက်ကို ပိုင်ပိုင်မမြင်နိုင်ကြသည့်အတွက် နိစ္စဟူ၍ အတ္တဟူ၍ မိစ္ဆာဓမ္မသုံးပါး ဂါဟဓမ္မသုံးပါး စွဲကပ်၍ နေကြကုန်သည်။

မိစ္ဆာတရား ဂါဟတရား စွဲကပ်ပုံ

စွဲကပ်ပုံကား-ဤအုတ်ကျောက်ထိခိုက်၍ ကျင်နာရာ၌ ငါနာသည် ဟူ၍ စွဲလမ်းမှုတည်း။ ငါနာသည်ဟု စွဲလမ်းမှုမှာ နိစ္စသညာ အတ္တသညာနှစ်ပါး ပါဝင်၏။

နိစ္စသညာ

ကျင်နာတတ်သော ငါသည် ကိုယ်သဏ္ဌာန်မှာ နဂိုကပင် ထာဝရ ရှိ၍နေသည်ဟု ထင်မှတ်သည်ကား နိစ္စသညာတည်း။

အတ္တသညာ

ကျင်နာမှုသည်ကား ဝေဒနာတည်း။ ထိုဝေဒနာသည် ငါဟူသော သတ္တဝါ၏ အနှစ်သာရ အတ္တမျိုး စင်စစ် ဖြစ်၍ ပဋိသန္ဓေနေခဲ့ကတည်းက ငါနှင့်ထက်ကြပ်ပါရှိ၍ နေ၏။ ထိုထိုသော ဒွါရတို့၌ အာရုံဆိုက်တိုက်လာသောအခါ ဆိုက်တိုက်ရာဌာနမှာ ထင်ရှားပေါ်၍လာ၏။ အာရုံဆိုက်တိုက်မှု မရှိသောအခါ ကိုယ်ခန္ဓာတွင်းမှာ အမြဲတည်၍ နေ၏ဟု ထင်မှတ်သည်ကား အတ္တသညာတည်း။

ဒုက္ခဝေဒနာပိုင်အောင်ကြည့်

ဝေဒနာ၏ အာဂန္တုဓမ္မ ပဋိစ္စသမုပ္ပါဒ် အချက်ကိုပိုင်ပိုင် မြင်နေသောအခါ နဂိုကကိုယ်သဏ္ဌာန်မှာရှိ၍နေသော ဓမ္မမျိုးမဟုတ်။ ယခု အုတ်ကျောက် တိုက်ခိုက်ရာတွင်မှ တိုက်ခိုက်မှုဒဏ်ချက်ကို အစွဲပြု၍ ဥပါဒ်ဇာတိနှင့်တကွ ကောင်းကင်ကျ မိုးပေါ်ကျကဲ့သို့ ဖြစ်၍လာသော အမှုကို ဉာဏ်၌ ဒိဋ္ဌိပစ္စက္ခ သိမြင်ရသဖြင့် ကိုယ်ခန္ဓာမှာ ထာဝရရှိ၍နေသော နိစ္စဓမ္မ အနှစ်သာရ အတ္တဓမ္မ မဟုတ်ကြောင်းသည် ထင်လင်းလေသတည်း။

ဤခြေဖဝါးအပြင်၌ ထိခိုက်မှု ဒဏ်ချက်ကြောင့် ယခုမှ ဖြစ်ပေါ်သော ကျင်နာမှုဟူသော ဒုက္ခဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်အချက်ကို ပိုင်ပိုင်သိမြင်သည်ရှိသော် မိမိကိုယ်ခန္ဓာ အတွင်း အပသဏ္ဌာန် တစ်ကိုယ်လုံးမှာ ထိုထိုနေရာဌာန၌ ဤကဲ့သို့ အုတ်ကျောက် ထိခိုက်သည်ရှိသော် ဤကဲ့သို့ချည်း ဖြစ်ပေါ်ရာသော ဒုက္ခဝေဒနာ ပဋိစ္စသမုပ္ပါဒ်မှုတို့ကိုလည်း တစ်ကိုယ်လုံး အနှံ့အပြားကြံ၍ ဖော်၍ ပိုင်ပိုင်မြင်အောင်ကြည့်လေ။

ကိုယ်ပကိုယ်တွင်းမှာ မခံသာသော ပူမှု အေးမှု ကိုက်မှု ခဲမှု နာမှု ကျင်မှု အစရှိသည်ဖြင့် ကိုယ်တွေ့ဒိဋ္ဌတွေ့ကြုံ၍ နေကြသော ဒုက္ခဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်မှုကိုလည်း အကုန်လုံး ပိုင်ပိုင်နိုင်နိုင် ထင်ထင်လင်းလင်း ထင်ထင်ရှားရှားမြင်အောင် ထင်အောင် လုပ်ကြံ၍ ကြည့်လေ။

ဒုက္ခဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ် အချက်အမြွက် ပြီး၏။

* * *

သုခဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်

သုခဝေဒနာ၌လည်း ဦးနှောက်တွင်း အသည်းတွင်း အဆုတ်တွင်း နှလုံးတွင်း အူအတွင်း ဦးခေါင်းအပြင် ကျောအပြင် ရင်အပြင် ဝမ်းအပြင်အစရှိသော ကိုယ်တွင်းဌာန ကိုယ်ပဌာနတို့၌ သာယာသော နူးညံ့သော ပထဝီဖောဋ္ဌဗ္ဗ, ချမ်းအေးမှု ပူနွေးမှုဟူသော တေဇောဖောဋ္ဌဗ္ဗ, လှုပ်ကြွမှု ရွေ့ရှားမှုဟူသော ဝါယောဖောဋ္ဌဗ္ဗ ဤသို့လျှင် ကိုယ်တွင်းဖောဋ္ဌဗ္ဗ, ကိုယ်ပဖောဋ္ဌဗ္ဗတို့နှင့် ကာယပသာဒ ထိခိုက်ရာဌာနတို့၌ ကောင်းလေခြင်း ကောင်းလေခြင်းဟု ခံစားမှု စံစားမှု သုခဝေဒနာ ဖြစ်ပေါ်ပုံကို ပြဆိုခဲ့ပြီးသော ပဋိစ္စသမုပ္ပါဒ် အခြင်းအရာ ဥပမာများနှင့်တကွ ဒုက္ခဝေဒနာအတိုင်း သိလေ မြင်လေ။

သုခဝေဒနာဖြစ်ပုံ ချုပ်ပုံ

ဝိသေသ အကွက်ဖော်၍ ကြည့်လိုသော် တစ်ကိုယ်လုံး အလွန်အိုက်လှ ပူလှသော ဒုက္ခဝေဒနာတွေ ဖြစ်၍နေဆဲအခါ၌ တစ်ခုခုသော ကိုယ်အင်္ဂါအစိတ်မှာ အေးမြလှစွာသော ရေအေးအတွေ့, အေးမြလှစွာသော ယတ်လေအတွေ့, အရှေ့အရပ်စသည်တို့မှ လာသော အေးမြလှစွာသော လေပြေလေညှင်း အတွေ့တို့ကို ထုတ်ဖေါ်၍ ကြည့်သည်ရှိသော် ထိုဖောဋ္ဌဗ္ဗတို့၏ ထိခိုက်မှုကို အစွဲပြု၍ ထိခိုက်ရာဌာန၌ အလွန်ခံ၍ ကောင်းသည်ဟုသိရသော သုခဝေဒနာတွေ ဖြုန်းခနဲ ပေါ်ကြကုန်လတ္တံ။ ထိုဖောဋ္ဌဗ္ဗတို့ ရုပ်သိမ်းကွယ်ပပြန်လျှင် ထိုသုခဝေဒနာတို့ အကုန်ချုပ်ကွယ် သေဆုံး၍ အိုက်မြဲ အိုက်ပြန်လတ္တံ့။

တစ်ကိုယ်လုံး အလွန်ချမ်းလှသည် အလွန်အေးလှသည်ဟု ဆိုရသော ဒုက္ခဝေဒနာတွေ ဖြစ်နေရဆဲအခါ၌ တစ်ခုခုသော ကိုယ်အင်္ဂါအစိတ်မှာ မီးအပူအတွေ့ နေအပူအတွေ့ အလွန်နွေးလှသော ခြုံထည် အတွေ့ ပွေ့သူပိုက်သူတို့၏ ကိုယ်ငွေ့ အတွေ့တို့ကို ထုတ်ဖော်၍ ကြည့်သည်ရှိသော် ထိုဖောဋ္ဌဗ္ဗတို့၏ ထိခိုက်မှုတို့ကို အစွဲပြု၍ ထိခိုက်ရာဌာန၌ အလွန်ကောင်းသည်ဟု သိရသော သုခဝေဒနာတွေကို တထောင်းထောင်းဖြစ်ပေါ်လတ္တံ့။ ထိုဖောဋ္ဌဗ္ဗတို့ ရုပ်သိမ်းပြန်လျှင်လည်း ထိုသုခဝေဒနာတို့ အကုန်ဆုံး ချုပ်ကွယ် သေဆုံး၍ အေးမြဲအေး, ချမ်းမြဲ ချမ်းပြန်လတ္တံ့။

ဤသို့ ကိုယ်ခန္ဓာမှာ အကွက် ဝိသေသ ကြံဖန်ထုတ်ဖော်၍ သုခဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်မှုကို အတပ်ဒိဋ္ဌိ မြင်အောင်ကြည့်လေ။ သုခဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်မှုကို ပြဆိုခန်း ပြီး၏။

သောမနဿဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်

သောမနဿဇောစိတ်

စိတ်နှလုံး ရွှင်လန်း ဝမ်းမြောက်ဝမ်းသာ စိတ်ချမ်းသာချင်းဟု ဆိုအပ်သော သောမနဿ ဝေဒနာ၌ မိမိနှစ်သက်သော အဆင်း သဏ္ဍာန်ကို တွေ့ရမြင်ရ၍ စိတ်ရွှင်ခြင်း သောမနဿဖြစ်သောအခါ၌ ထိုမြင်ရသော အာရုံသည် မျက်စိ၌လည်းကောင်း၊ မနော၌လည်းကောင်း တစ်ပြိုင်နက်တစ်ချက်တည်း ထိခိုက်၏။ လဝန်းသဏ္ဍာန်ကိုမြင်ရာ မျက်စိ၌ လဝန်းသဏ္ဍာန် အရိပ်တစ်ခု, မနောနှလုံးအတွင်း၌ လဝန်းသဏ္ဍာန်အရိပ်တစ်ခု တစ်ပြိုင်နက် တစ်ချက်တည်းပေါ်၏။ ထိုအခါ နာရီစက်ကို သော့တံဖြင့် နှိုးလိုက်ဘိသကဲ့သို့ ဘဝင်မနော ဆတ်ဆတ်ခါ လှုပ်ရှား၍ နှလုံးသွေးအပြင်၌ သောမနဿဇောစိတ်တို့သည် ထောင်းထောင်း ထောင်းထောင်းဖြစ်ပေါ်ကုန်၏။ ဖွေးခနဲ ဖွေးခနဲမစဲ ဖြစ်ပေါ်ကုန်၏။

ထိုဇောစိတ်တို့၏ အဟုန်ကြောင့် ထိုပုဂ္ဂိုလ်၏မျက်နှာမှာ ရွှင်လန်းသော ရုပ်ကလာပ်တို့သည် မျက်နှာနှင့်အပြည့် ခဏချင်း ဖြစ်ပေါ်ကုန်၏။ အနီး၌ရှိ၍မြင်ကြသော သူတို့က ထိုသူ၏မျက်နှာရုပ်တို့ကို မြင်ကြသဖြင့် သူ့အကြိုက်ကို တွေ့၍ သူဝမ်းမြောက်သည့်, သူစိတ်တွေ့သည်, သူမနောတွေ့သည်, သူသဘောတွေ့သည်, သူ့အလိုတွေ့သည်, သူကြိုက်သည်, သူနှစ်ခြိုက်သည်ဟု ထိုသောမနဿဇောတွေဖြစ်သည်ကို သိကြ၏။ တွေ့-ဟူသောစကားသည် ဖဿဓာတ်တွေကို ပြောကြသော စကားတည်း။ နှစ်ခြိုက်သည်, ရွှင်လန်းသည်, ဝမ်းမြောက်သည်, ဝမ်းသာသည်ဟူသော စကားစုကား သောမနဿဝေဒနာတွေကို ပြောကြသော စကားတည်း။

အသိမှောက်မှား

ထိုသို့ပြောကြားသော်လည်း ထိုဇောစိတ်, ဇောဖဿ, ဇောဝေဒနာတို့၏ ပဋိစ္စသမုပ္ပါဒ်မူကိုမူကား မသိကြ မမြင်ကြလေကုန်။ “မိစ္ဆာဝိပလ္လာသ” တရားတို့နှင့်သာ သိကြ မြင်ကြကုန်သည်။ အဘယ်သို့ “မိစ္ဆာဝိပလ္လာသ” တရားတို့နှင့် အမှောက်အမှား သိကြ မြင်ကြကုန်သနည်းဟူမူကား အာဂန္တုဓာတ်သဘာဝကို မခွဲခြမ်းမူ၍ ထိုသူသိသည် ထိုသူတွေ့သည်, ထိုသူဝမ်းမြောက်ဝမ်းသာသည်, ထိုသူရယ်ကြသည်, ပြုံးသည် ဟူ၍ ပုဂ္ဂလ, သတ္တ, အတ္တအနေနှင့် အမှောက်အမှား သိကြမြင်ကြကုန်၏။ ပဋိစ္စသမုပ္ပါဒ်သဘောနှင့် သိကြ မြင်ကြသည် မဟုတ်ကုန်။

ပဋိစ္စသမုပ္ပါဒ်သဘောနှင့် သိမြင်ပုံ

ပဋိစ္စသမုပ္ပါဒ်အချက်နှင့် သိပုံ မြင်ပုံကား မိမိနှစ်သက်သော အဆင်းသဏ္ဌာန်ကို အစွဲပြု၍ ကောင်းကင်မှ ကျလာသကဲ့သို့ ထိုသူ၏ နှလုံးသွေးအတွင်းမှာ ထိုအဆင်းသဏ္ဌာန်ကို သိသော မနောဝိညာဏဓာတ်, တွေ့ထိသော မနောသမ္ဖဿဓာတ်, ခံစား စံစားသော မနောသမ္ဖဿဇာ သောမနဿဝေဒနာဓာတ်တို့သည် ဖြစ်ပေါ်၍ လာကုန်၏။ ထိုဓာတ်တို့၏ အဟုန်ကြောင့် ထိုသူ၏ မျက်နှာတစ်ပြင်လုံးမှာ ရွှင်လန်းသော စိတ္တဇရုပ်သစ် ကလာပ်သစ်တို့သည် ဖြစ်ပေါ်ကုန်၏ဟူ၍ သိခြင်းသည်သာလျှင် ဟုတ်မှန်တိုင်းသော ပဋိစ္စသမုပ္ပါဒ်အချက်နှင့် သိခြင်း မြင်ခြင်းမည်၏။

ပုဂ္ဂလ, သတ္တ, အတ္တအနေနှင့် သိကြ မြင်ကြရာ၌ ပုဂ္ဂိုလ် သတ္တဝါမည်သည် တစ်သက်လုံးမှာမှ တစ်ယောက်သာ ဖြစ်၏ဟု စွဲလမ်းရင်းတည်း။ ထို့ကြောင့် ထိုသူ သိသည်, ထိုသူစိတ်မှာ တွေ့သည်, ထိုသူ ဝမ်းသာသည်ဟု သိကြရာမှာ သိ-ဟူသော တွေ့ဟူသော ဝမ်းသာဟူသော ဝိညာဏ်, ဖဿ, သောမနဿတို့ကို ထိုသူပြု၍ ထိုသူနှင့် တစ်ခုတည်းပြု၍ ထိုသူကဲ့သို့ပင် တစ်သက်လုံးမျာ တစ်ခုတည်း ခိုင်မြဲ၍ ရှိနေကြကုန်သည်ဟု သိမှု မြင်မှုတို့သည်သာတည်း။

ထိုဓာတ်တို့ကား၊ ထိုကဲ့သို့ရှိနေသော ဓာတ်စုမဟုတ်ကုန်။ ယခုမှ ထိုအာရုံ ထိခိုက်မှုကို အစွဲပြု၍ ဖြစ်ပေါ်လာကြကုန်သော ကောင်းကင်ကျ မိုးပေါ်ကျ အာဂန္တုဓာတ်စုတို့သာတည်း။ ထို့ကြောင့် ထိုအများသူတို့ သိကြမြင်ကြသောအရာသည် အမှောက်အမှား ဖြစ်ကြလေကုန်သတည်း။

ဤနည်းကိုမှီ၍ မိမိ စိတ်ကြိုက်သော အာရုံဝတ္ထု အမှုအခွင့်ကို မြင်တိုင်းမြင်တိုင်း ကြားတိုင်းကြားတိုင်း နံတိုင်းနံတိုင်း စားသောက်တိုင်း စားသောက်တိုင်းတို့၌လည်းကောင်း, မိမိစိတ်ကြိုက်ရာ အာရုံကို ကိုယ်အင်္ဂါနှင့် ခံစားတိုင်း ခံစားတိုင်း၌လည်းကောင်း, မိမိအလိုရှိသော သက်ရှိသက်မဲ့ပစ္စည်း ဝတ္ထုအခွင့်အရေးတို့ကို အလိုပြည့်စုံစွာ ရတိုင်းရတိုင်းတို့၌ လည်းကောင်း၊ မိမိကို ချီးမွမ်းစကား ကောင်းသောစကားတို့ ကြားတိုင်း ကြားတိုင်းတို့၌လည်းကောင်း၊ မိမိအလိုဆန္ဒရှိရာ အမျိုးမျိုးသော အာရုံဝတ္ထု အမှုအခွင့်တို့ကို မနောနှင့် ထွေထွေလာလာ ကြံဖန်တိုင်း ကြံဖန်တိုင်းတို့၌လည်းကောင်း တစ်နေ့တစ်နေ့ တစ်ရက်တစ်ရက်လျှင် အခါတစ်သောင်း တစ်သောင်းမက ပြုံးကြ ရယ်ကြ ရွှင်ကြ မြူးကြ ဝမ်းမြောက်ကြ ဝမ်းသာကြရာတို့၌ သူ့အာရုံနှင့် သူ့သောမနဿ, သူ့ဝတ္ထု သူ့အမှု သူ့အခွင့် သူ့အရေးနှင့် သူ့သောမနဿ ပဋိစ္စသမုပ္ပါဒ်အမှုတွေကို အကုန်သိလေ မြင်လေ။

သောမနဿ ဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ် အချက်ကို ပြဆိုခန်း ပြီး၏။

* * *

ဒေါမနဿဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်

နှလုံးမသာခြင်း နှလုံးပူပန်ခြင်း နှလုံးဆင်းရဲခြင်း နှလုံးပင်ပန်းခြင်း နှလုံးညှိုးနွမ်းခြင်းဟူသော ဒေါမနဿဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်၏ အချက်မှာ သောမနဿဝေဒနာ၌ ပြဆိုခဲ့ပြီးသော အတိုင်းသိလေ မြင်လေ။ မိမိနှစ်သက်သော အာရုံဝတ္ထု အမှုအခွင့်အရေးအရာ နေရာမှာ မိမိမနှစ်သက်သော အာရုံဝတ္ထု အမှုအခွင့်အရေးအရာ ဆိုရုံမျှသာ ထူးတော့သည်။

ဒေါမနဿ ဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်

အချက်ကို ပြဆိုခန်း ပြီး၏။

* * *

ဥပေက္ခာဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်

ဥပေက္ခာဝေဒနာမှာ ရှေး၌ပြဆိုခဲ့ပြီးသော အတိုင်း သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿတို့၌ သင့်လျော်ရာသွင်း၍ သိလေ။ အာရုံမှာ စိတ်ရွှင်လောက်သော အာရုံမျိုးလည်းမဟုတ်၊ စိတ်ညှိုးနွမ်းလောက်သော အာရုံမျိုးလည်းမဟုတ်။ မဇ္ဈတ္တဖြစ်သော သစ်ပင် ချုံမြက် တုံးတိုင် အိမ်ရာ ဝင်းခြံ မြေအဖို့ ရေအဖို့တို့ကို မစဲမြင်ကြရာ ထိုသို့အသံတို့ကို မစဲကြားကြရာ ထိုထိုအနံ့တို့ကို မစဲနံကြရာ စသည်တို့၌ ဥပေက္ခာဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ်အချက်ကို သိလေ။

ဥပေက္ခာ ဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ် အချက်ကို ပြဆိုခန်း ပြီး၏။ ဤတွင် ဝေဒနာငါးပါးတို့၏ ပဋိစ္စသမုပ္ပါဒ် အချက် အမြွက်ပြဆိုခန်းပြီး၏။

* * *

ဝေဒနာ၏ အဿာဒ အာဒီနဝ

သာယာမှု မသာယာမှု

ယခုအခါ ဝေဒနာတို့၏ အဿာဒ, အာဒီနဝကို ပြဆိုအံ့။ အဿာဒဆိုသည်ကား သာယာမှုတည်း၊ အာဒီနဝဆိုသည်ကား မသာယာ မှုတည်း၊ သာယာမှုဆိုသည်ကား ပီတိသောမနဿ ပွါးများမှုတည်း၊ မသာယာမှုဆိုသည်ကား ဒုက္ခ, ဒေါမနဿ ပွါးများမှုတည်း။

အဿာဒလောကဓံ

လာဘ, အလာဘ, ယသ, အယသ, နိန္ဒာ, ပသံသာ, သုခ, ဒုက္ခဟူသော လောကဓံတရား ရှစ်ပါးတို့တွင် လာဘ, သယ, ပသံသာ, သုခ ဤဣဋ္ဌလောကဓံ လေးပါးကား အဿာဒအဖို့တည်း။

အာဒီနဝလောကဓံ

အလာဘ, အယသ, နိန္ဒာ, ဒုက္ခ ဤအနိဋ္ဌလောကဓံ လေးပါးကား အာဒီနဝအဖို့တည်း။

လောကဓံ ၈-ပါး

လာဘ-ဆိုသည်ကား အလိုရှိသော ဝတ္ထုကို အလိုရှိတိုင်း ရခြင်း တည်း၊ အလာဘ-ဆိုသည်ကား မရခြင်းတည်း၊ ယသ-ဆိုသည်ကား အခြံအရံနှင့် ပြည့်ခြင်း၊ အကျော်အစော ဂုဏ်သတင်းနှင့် ပြည့်စုံခြင်း တည်း၊ အယသ-ဆိုသည်ကား အခြံအရံ အကျော်အစောနှင့် မပြည့်စုံခြင်း တည်း၊ နိန္ဒာ-ဆိုသည်ကား ကဲ့ရဲ့ပြစ်တင် ပြောမှုကို ခံရခြင်းတည်း၊ ပသံသာ-ဆိုသည်ကား အချီးအမွမ်းကို ခံရခြင်းတည်း၊ သုခ-ဆိုသည်ကား ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းတည်း၊ ဒုက္ခ-ဆိုသည်ကား ကိုယ်စိတ် ဆင်းရဲခြင်းတည်း၊ လောကဓံ ရှစ်ပါးသရုပ်။

---

လောကဓံနှင့် တွေ့ကြုံမြဲ

မိုးဦး လေဦးကျသော ကဆုန် နယုန်လ ရာသီတို့၌ လွင်တီး ခေါင်မှာ နေသောသူအား တစ်ထိုင်တွင်းမှာပင် အရှေ့လေတိုက်တဲ့ချည်, အနောက်လေတိုက်တဲ့ချည်, တောင်လေတိုက်တဲ့ချည်, မြောက်လေတိုက် တဲ့ချည် လေအမျိုးမျိုး တိုက်သည်ကို ခံနေရသကဲ့သို့ တေဘူမက လောက၌ နေကြကုန်သော သတ္တဝါတို့မှာ တစ်ထိုင်တွင်းမှာပင် ထိုဣဋ္ဌ လောကဓံ အနိဋ္ဌလောကဓံ လေကောင်း လေဆိုးတို့သည် အမျိုးမျိုး တိုက်ဝှေ့တွေ့ကြုံကြမြဲ ဓမ္မတာဖြစ်ကုန်၏။

ထိုရစ်ပါးတို့တွင် ဣဋ္ဌလောကဓံ လေကောင်းတို့နှင့် တွေ့ကြုံခိုက် မှာ သုခဝေဒနာ သောမနဿဝေဒနာတို့ ဖြစ်ပေါ်ကုန်၏၊ အနိဋ္ဌလောကဓံ လေဆိုးတို့နှင့် တွေ့ကြုံခိုက်မှာ ဒုက္ခဝေဒနာ ဒေါမနဿ ဝေဒနာတို့ ဖြစ်ပေါ်ကုန်၏။

သုခ, သောမနဿတို့မှာ ဖြစ်ပေါ်ရှိနေဆဲအခါတို့၌ အဿာဒ ဖြစ်ရ၏၊ ပီတိ, သောမနဿ ဖြစ်ရ၏ဆိုလိုသည်၊ ထိုသုခ, သောမနဿတို့ ချုပ်ကွယ်ပျက်ဆုံးသောအခါတို့၌ အာဒီနဝ ဖြစ်ရ၏၊ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသဖြစ်ရ၏ ဆိုလိုသည်။

ဒုက္ခဝေဒနာ, ဒေါမနဿဝေဒနာတို့မှာ ဖြစ်ပေါ်ရှိနေဆဲ အခါတို့၌ အာဒီနဝ ဖြစ်ရ၏၊ သောက, ပရိဒေဝ စသည် ဖြစ်ရ၏ ဆိုလို သည်၊ ထိုဒုက္ခဝေဒနာ, ဒုက္ခဝေဒနာ, ဒေါမနဿဝေဒနာတို့ ချုပ်ကွယ် ပျောက်ငြိမ်းသောအခါတို့၌ အဿာဒ ဖြစ်ရ၏၊ ပီတိ, သောမနဿ ဖြစ်ရ၏ ဆိုလိုသည်။

လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ရှိကြသော လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ ဟူသမျှတို့သည် တည်ရှိ၍ နေဆဲအခါ ရှေးအဖို့၌ အဿာဒ ဖြစ်ရ၏၊ အဆုံး၌ကား အာဒီနဝချုပ်အုပ်၏ ပျက်စီးရဦးမည် ဧကန္တဆိုလိုသည်။

အပါယ်ဘုံသားတို့မှာ ရှေးအဖို့၌ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဟူသော အာဒီနဝတည်ရှိ၏၊ အဆုံး၌ အပါယ်ဘုံမှ ကျွတ်လွတ်မှုဟူသော အဿာဒ ချုပ်အုပ်၏၊

---

ရှေ့နောက် အာဒီနဝညှပ်လျက်ရှိခြင်း

တစ်ခုတစ်ခုသော အဿာဒမှာ ရှေ့အဖို့ နောက်အဖို့၌ အာဒီနဝ နှစ်ချက် နှစ်ချက် ညှပ်လျက် ရှိနေမြဲ ဓမ္မတာဖြစ်၏၊ အဘယ်သို့ ညှပ် သနည်းဟူမူ ဗြဟ္မာချမ်းသာဟူသော အဿာဒတစ်ခုမှာ ရှေးဘဝ၌ ထိုအဿာဒကို ရလို၍ စျာန်တရားကို ပွးများအားထုတ်ရခြင်း တည်း ဟူသော သင်္ခါရဒုက္ခ, ရပြီးသော စျာန်တရားကို သေသည့်တိုင်အောင် စောင့်ထိန်းရခြင်း တည်းဟူသော သင်္ခါရဒုက္ခ၊ ဤ ဒုက္ခကြီး နှစ်ပါးသည် ဗြဟ္မာ့ချမ်းသာမှာ ရှေ့အဖို့၌ ညှပ်သော အာဒီနဝကြီးတည်း၊ ဗြဟ္မာ့ ချမ်းသာကို ရပြီးသောအခါ သေဆုံး ပျောက်ကွယ်ရသော ဒုက္ခ-သည်ကား ဗြဟ္မာ့ချမ်းသာမှာ နောက်အဖို့၌ ညှပ်သော အာဒီနဝကြီးတည်း၊ ဗြဟ္မာ ဖြစ်လိုသော သူတို့ကို ထိုအာဒီနဝ ဒုက္ခကြီးနှစ်ပါးသည် သံတောင်ကြီး နှစ်လုံးနှင့် ကြိတ်ညှပ်သကဲ့သို့ အမြဲကြိတ်ညှပ်၏၊ နှိပ်စက်ညှဉ်းပန်း၏၊ လူ့ချမ်းသာ နတ်ချမ်းသာတို့မှလည်း ရှေးရှေးဘဝတို့၌ တင်ကူး၍ ပုညကိရိယာ ဝတ္ထုကို အားထုတ်မှုဟူသော သင်္ခါရဒုက္ခသည် ရှေ့အဖို့မှ ညှပ်သော အာဒီနဝတည်း၊ ရပြီးသော လူ့ဘဝ နတ်ဘဝ အနိစ္စရောက်မှု သေဆုံးပျက်ပြားမှုသည် နောက်အဖို့မှ ညှပ်သော အာဒီနဝတည်း။

---

ရှေ့ နောက်ဒုက္ခနှိပ်စက်ပုံ

လူ့ဘဝ၌ ထိုထိုပစ္စည်းဥစ္စာကို ရလို၍ ထိုထိုကုန်သွယ်မှု လယ် လုပ်မှုစသည်ကို လုပ်ဆောင်ကြသော ဒုက္ခသည် ပစ္စည်းဥစ္စာရှာမှီး သောသူ၏ ရှေ့အဖို့၌ ညှပ်သော အာဒီနဝဒုက္ခတည်း၊ ထိုဒုက္ခကိုခံနိုင်၍ ရရှိလာသော ပစ္စည်းဥစ္စာ ချမ်းသာသုခမည်သည် အနိစ္စဓမ္မမျိုးဖြစ်ခဲ့၍ ကုန်ဆုံးမှု ဒုက္ခသည် နောက်အဖို့၌ ညှပ်သော အာဒီနဝဒုက္ခတည်း။

ထမင်းစားမှုသည် အဿာဒ သုခတည်း၊ ထမင်းချက်မှုဒုက္ခသည် ရှေ့အဖို့၌ ညှပ်သော အာဒီနဝတည်း၊ ထမင်းခံတွင်း၌ သွင်း၍ ဝါးလေရာ ခွေးအန်ဖတ်ကဲ့သို့ စက်ဆုပ်ဖွယ်ဖြစ်သည်မှစ၍ ကျင်ကြီးကိစ္စ, ကျင်ငယ် ကိစ္စ, နှပ်တံတွေး မျက်ချေး ချေးညှော်ကိစ္စ, ထိုထမင်းဘောဇဉ်ကြောင့်ဖြစ် ပွါးသော ညောင်းမှု ညာမှု ရောဂါမှုကိစ္စစုသည် နောက်အဖို့၌ ညှပ်သော အာဒီနဝဒုက္ခတည်း။

သားမယားနှင့် ခံစား စံစားမှုသည် သားမယား၏ အဿာဒ သုခတည်း၊ ထိုသားမယားကို မွေးမြူရန် ပစ္စည်းဥစ္စာ ရှာဖွေအားထုတ်မှု ထိန်းသိမ်းစောင့်ရှောက်မှု ဒုက္ခ, သားမယား အိမ်ရာရှိနေသည့်အတွက် မင်းမှု စိုးမှု ရပ်မှု ရွာမှုတို့နှင့် တွေ့ကြုံရ ကြောင့်ကြစိုက်ရသော ဒုက္ခ, သားမယားကြောင့် နှလုံးမချမ်းသာ စိုးရိမ်ကြောင့်ကြရသော ဒုက္ခ, မိမိစကားကို နားမထောင်သော မိမိအလိုကို မသိတတ်သော သား မယားဖြစ်၍ နှလုံးဆင်းရဲသော ဒုက္ခ, သားမယား မကျန်းမမာရှိ၍ သေဆုံး ၍ တွေ့ကြုံရသော ဒုက္ခ, သားမယား ရှိနေသည့်အတွက် ကိလေသာပွါးမှု ဒုစရိုက်ပွါးမှု အပါယ်ငရဲသို့ကျမှု ဒုက္ခစုသည် သားမယား၏ အာဒီနဝ ဒုက္ခစုတည်း။

---

ကမ္ဘာ၏ အဿာဒ အာဒီနဝစသည်

ထိုထိုကမ္ဘာ၌ ဖြစ်ကြသော လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာခန္ဓာစုနှင့် တကွ ကမ္ဘာစဉ်ဆက်အားဖြင့်လည်းကောင်း ယခုကမ္ဘာ၌ အန္တရာကပ် အစဉ်အားဖြင့်လည်းကောင်း၊ ဤယခုအန္တရာကပ်၌ မဟာသမ္မတစသော မင်းစဉ်ဆက်အားဖြင့်လည်းကောင်း၊ အနမတဂ္ဂသံသရာ၌ ပွင့်တော်မူကြ ကျွတ်လွတ်တော်မူကြသော ဘုရား ပစ္စေကဗုဒ္ဓါအရိယာတို့၏ အစဉ်ဆက် အားဖြင့်လည်းကောင်း အဿာဒ, အာဒီနဝကို ပြဆိုဦးအံ့။

အနမတဂ္ဂသံသရာ၌ ဗြဟ္မာ့ပြည် နတ်ပြည် လူ့ပြည် မြင်းမိုရ် စကြာဝဠာ မဟာပထဝီမြေကြီးနှင့်တကွ ဖြစ်ပေါ်သည်ကား ကမ္ဘာ၏ အဿာဒတည်း၊ ဖြစ်ပေါ်သမျှ အလုံးစုံသည် မြူမှုန့်မကျန် ပျက်ဆုံးကွယ် ပျောက်သည်ကား ကမ္ဘာ၏အာဒီနဝတည်း၊ ထိုထိုကမ္ဘာ၌ ရှိကြသော လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာ မြင်းမိုရ်စကြာဝဠာ မဟာပထဝီမြေကြီး နှင့်တကွ ပျက်ဆုံး ပျောက်ကွယ်ခဲ့သော ကမ္ဘာကြီးပေါင်း အနန္တ, အနမတဂ္ဂ ရှိခဲ့ပြီ။

ယခု ကမ္ဘာ၌ အန္တရကပ်ပေါင်း ၆၄-ကပ် ရှိသည်တွင် လွန်ခဲ့ပြီး သော အန္တရကပ်စုသည် ထိုကပ်မှာ မြေ ရေ ကောင်းကင် အပြည့်ရှိသော လူ နတ် ဗြဟ္မာသတ္တဝါ ခန္ဓာအစုနှင့်တကွ အကုန်ပျက်ဆုံး ကွယ်ပျောက် လေ၏၊ ယခု ရောက်ဆဲဖြစ်သော အန္တရကပ်မှာလည်း မဟာသမ္မတမင်း ကြီးမှစ၍ လေးကျွန်းသေဌ်နင်း စကြာမင်းအပေါင်း အစဉ်အဆက် များစွာ ဧကရာဇ်မင်း ပဒေသရာဇ်မင်းတို့လက်ထက်မှာ ဇမ္ဗူဒီပါမြေနှင့် အပြည့်ရှိခဲ့ကြသော မြို့ကြီး မြို့ငယ် ရွာကြီး ရွာငယ် ထိုထိုမြို့ရွာနှင့် အပြည့်ရှိနေကြသော လူ့ခန္ဓာအနန္တစုသည် ယခု အဏုမြူမျှမရှိကြလေပြီ၊ ရှိကြဆဲအခါ၌ အဿာဒ, ပျောက်ကွယ်မှုကား အာဒီနဝ

အနမတဂ္ဂသံသရာ၌ ပွင့်တော်မူကြသော ဘုရားပေါင်းလည်း အနမတဂ္ဂ, ပစ္စေကဗုဒ္ဓါပေါင်း အနမတဂ္ဂ, သာဝကပေါင်း အနမတဂ္ဂ, ထိုအလုံးစုံ၌လည်း ထင်ရှားရှိဆဲအခါ၌ အဿာဒ, ပျောက်ဆုံးမှုကား အာဒီနဝ

တဏှင်္ကရာ မြတ်စွာဘုရားမှစ၍ ငါတို့သခင် အရှင်ဂေါတမ ဘုရားတိုင်အောင် ၂၇-ဆူတို့မှာ ကျမ်းဂန်ရှိပေ၍ နာမည် ပညတ်မျှ ရှိသေး၏၊ ခန္ဓာတော်တို့ကား မရှိပြီ၊ အာဒီနဝ မီးလောင်၍ ကွယ်ဆုံးကြ လေပြီ။

တဏှင်္ကရာ ဘုရားမှ ရှေး၌ ပွင့်တော်မူကြကုန်သော အသင်္ချေယျ အနန္တ အနမတဂ္ဂ ဘုရားသခင်တို့မူကား နာမည် ပညတ်မျှ အကြွင်း အကျန် မရှိ ပျောက်ဆုံးကြလေကုန်ပြီ၊ ကမ္ဘာတွေ အနမတဂ္ဂ ထိုထိုကမ္ဘာ တို့၌ရှိကြသော ခန္ဓာတွေ အနမတဂ္ဂ ဘုရားတွေ အနမတဂ္ဂ ပစ္စေကဗုဒ္ဓါ သာဝကတွေ အနမတဂ္ဂ ပျက်ဆုံးကွယ်ပျောက်၍ ကုန်ကြပုံကို မြော်မြင် ကြသဖြင့် အာဒီနဝဟူသော ဝိပတ္တိမီးသည် အဘယ်မျှလောက် ကြီးကျယ် သည်ဟု မြော်မြင်နိုင်ရာလေသတည်း။

အဿာဒမက်လျှင် အာဒီနဝနှိပ်စက်ခံရမြဲ

ထိုအဿာဒ အာဒီနဝ ၂-ပါးတို့တွင် အဿာဒသည် သတ္တဝါ တို့ကို အမိဖမ်း၍ ချည်တုပ်နှောင်ဖွဲ့သမားတည်း၊ အာဒီနဝသည် သတ်ပုတ်ရိုက်နှက် နှိပ်စက်ညှဉ်းပန်းသမားတည်း၊ ခပ်သိမ်းသော သတ္တဝါတို့ကို သံသရာမှ မထွက်နိုင် မကျွတ်နိုင် မလွတ်နိုင်အောင် အဿာဒတရားက ချည်တုပ်နှောင်ဖွဲ့၏၊ အာဒီနဝကနှိပ်စက်၏၊ အဿာဒကို မက်သောကြောင့် အာဒီနဝ အနှိပ်စက်ကို ငုတ်တုတ်ခံ နေကြရ၏၊

---

သူသတ်ယောကျ်ား ဥပမာ

ဥပမာကား သူသတ် ယောကျ်ားကြီးနှင့် နှစ်ယောက်ရှိသတတ်၊ လူသတ္တဝါ အနန္တ ဆံ့လောက်အောင် ဝင်းခြံကြီး ၃-ခု တိုက်ကြီး သုံးလုံးတည်၍ ထိုတိုက်ကြီးတို့၏ ရှေ့ဘက်မှာ အလွန်ပျော်မွေ့ဖွယ်သော ဥယျာဉ် ပန်းမာလ် ဘုံဗိမာန်တွေ များစွာလုပ်၍ထား၏၊ အလွန်ကောင်း မွန်သော အဝတ်ကာမဂုဏ်, အစားကာမဂုဏ်, ယောကျ်ား မိန်းမကာမ ဂုဏ်, ပွဲလမ်းသဘင် ကာမဂုဏ်, သေရည်သေရက် သောက်ဖွယ် စားဖွယ် ကစားမြူးတူးဖွယ် ကာမဂုဏ်တို့ကို စုံလှအောင် ခင်းကျင်း၍ထား၏၊ လာလာသမျှ လူအပေါင်းတို့ကို အလိုရှိတိုင်း ခံစား စံစားစေ၏၊ အရပ် ရှစ်မျက်နှာတို့ကိုလည်း အနှံ့အပြား ကြော်ငြာစာ လွင့်၏၊ ထိုအဝတ် အစား စသည်တို့၏ အတွင်းမှာ မူးယစ် မေ့လျော့စေနိုင်သော အဆိပ် အခိုးအထုံတို့ကို ထည့်သွင်း၍ ထား၏၊ ထိုအထိုးအထုံတို့ကိုပင် သတ္တဝါတို့သည် အလွန်နှစ်သက်ကြကုန်၏၊။ ဤကား တိုက်ကြီး ၃- တိုက်တို့၏ ရှေ့ဘက် ရှေ့ဘေး အခြင်းအရာတည်း။

ထိုတိုက်ကြီး ၃-တိုက်တို့၏ နောက်ဘက်နောက်ဘေး၌ကား ကြီးကျယ်လှစွာသော သတ်ခန်း ပုတ်ခန်း ရိုက်ခန်း နှက်ခန်း မီးနှင့် တိုက်ခန်း မီးကျီးတွင်း မစင်တွင်းတွေ အနန္တပြုလုပ်၍ ထား၏၊ လူကို အရှင်လတ်လတ်စားသော ခွေး ကျီး လင်းတတွေ အပြည့်ရှိ၏၊ လူ အနန္တဆံ့၏၊ ဘယ်မျှလောက် ဝင်လာသော်လည်း လူပြည့်သည်ဟူ၍ မရှိ၊ ဤကား-တိုက်ကြီး ၃-ခု၏ နောက်ဘေးကြီး ၃-ခုတည်း။

ထိုသူသတ်ယောကျ်ားကြီး နှစ်ယောက်တွင် တစ်ယောက်သော သူသတ်ယောကျ်ားကြီးသည် များလှစွာသော တပည့်လက်သားတို့နှင့် တကွ တိုက်ကြီး ၃-ခု၏ ရှေ့ဘေး ရှေ့ဥပစာ၌နေ၍ မြေပေါ်ရှိ သတ္တဝါ တို့ကို ပြဆိုခဲ့ပြီးသော ကာမဂုဏ်တို့နှင့် ဖြားယောင်းဖွဲ့နှောင်၏၊ ထိုကာမ ဂုဏ်တို့ကို သုံးဆောင်ကြ၍ မေ့လျော့မူးယစ်၍ နေသူအပေါင်းတို့ကို တစ်ရာလုံး တစ်ထောင်လုံး ယူငင်၍ နောက်ဖေးသို့ သွင်းလိုက်၏၊ တစ်ယောက်သော သူသတ်ယောကျ်ားသည်ကား တပည့်တပန်းများစွာ နှင့် နောက်ဖေး နောက်ဥပစာ၌နေ၍ နောက်ဖေးသို့ရောက်လာသမျှ သော တစ်ရာလုံး တစ်ထောင်လုံး တစ်သောင်းလုံးတို့ကို သတ်၏၊ ခြေကိုဖြတ်၏၊ လက်ကိုဖြတ်၏၊ ဦးခေါင်းကိုဖြတ်၏၊ မျက်လုံးကိုဖောက်၏၊ နား နှာခေါင်းကို ဖြတ်၏၊ လျှာကိုဖြတ်၏၊ မီးနှင့်တိုက်၏၊ မီးကျီးတွင်းသို့ ပစ်ချ၏၊ မစင်တွင်းသို့ပစ်ချ၏၊ ခွေး ကျီး လင်းတတို့ကို အရှင်လတ်လတ် စားစေ၏၊။ ကမ္ဘာ့တန်ဆာ မဟာတိုက်ကြီး သုံးခုတည်း။

---

ရှေ့ဘေးနောက်ဘေး

ရှေ့ဘေးသို့ ရောက်ပြီးသောသူတို့သည် အလွန်မွေ့လျော်ကြ ကုန်၏၊ တစ်နေ့တစ်နေ့ တစ်သုတ်တစ်သုတ်လျှင် တစ်ရာလုံး, တစ် ထောင်လုံး, တစ်သောင်းလုံးပျောက်ကွယ်၍ သွားသည်ကိုလည်း ထိုထို နေရာဌာနမှာ ခံစား, စံစားပျော်ပါး၍ နေကြသည်ဟုထင်ကြ၏၊ အလွန်ဝေးစွာလှသော အရပ်ရှစ်မျက်နှာတို့ကပင် စရိတ်ကြေးငွေများစွာ အကုန်ခံ၍ လာကြရောက်ကြ၏၊ လာသမျှ ရောက်သမျှသည် တစ် ယောက်မှ မလွတ်ရ နောက်ဘေးသို့ချည်း ရောက်ကြရ၏၊။ လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံသည် တိုက်ကြီးသုံးခု၏ ရှေ့ဘေးမည်၏၊ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာခေါ်ရသော သုခဝေဒနာစုသည် ရှေ့ဘေး၌ လုပ်သောသူတ်ယောကျ်ားကြီးမည်၏၊ ကိလေသာစုသည် အဆိပ်အခိုး အထုံစုမည်၏၊ အပါယ်လေးဘုံသည် နောက်ဘေးကြီးသုံးခုမည်၏၊ အပါယ်၌ရှိသော အာဒီနဝဒုက္ခသည် နောက်ဘေး၌လုပ်သော သူသတ် ယောက်ျားကြီးမည်၏၊ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာကို ရရှိခံစား၍နေကြသော သူတို့သည် ရှေ့ဘေး၌ လာရောက်ခံစား, စံစား၍နေကြသော သူတို့မည်ကုန်၏၊ လူကိလေသာ, နတ်ကိလေသာ, ဗြဟ္မာ့ကိလေသာစုသည် အဆိပ်အခိုး အထုံစုမည်၏၊ စတုမဟာရာဇ် နတ်ချမ်းသာ, တာဝတိံသာနတ်ချမ်းသာ အစရှိသည်တို့ကို လိုလား တောင့်တ၍ ဒါနပြုသူ သီလသီတင်းကျင့်သုံးသူ ထိုထိုကုသိုလ်ကောင်းမှု ကို ပြုကြသူတို့ကား သတင်းကြားသိ၍ စရိတ်ကြေးငွေအကုန်ခံ၍ တိုက်ကြီးသို့ လာကြသောသူတို့မည်ကုန်၏၊ အကြွင်းဥပမာ ဥပမေယျ သိသာပြီ။

လူ့ဘုံမှလည်း အပါယ်သို့ ကျရောက်နိုင်သောကြောင့် လူ့ဘုံမှာ လည်း အပါယ်နောက်ဘေးကြီး တစ်ခုထားလေ၊ နတ်ဘုံမှာလည်း အပါယ်သို့ ကျရောက်နိုင်သောကြောင့် နတ်ပြည် ၆-ထပ် နတ်ဘုံမှာလည်း အပါယ်နောက်ဘေး အသီးအသီးထား၍ သိလေ၊ ဗြဟ္မာ့ဘုံမှာလည်း အပါယ်သို့ ကျရောက်နိုင်သောကြောင့် ဗြဟ္မာ့ဘုံမှာလည်း အပါယ်နောက် ဘေး အသီးအသီးထား၍ သိလေ၊ ဤသည်လည်း ဥပမာ တစ်ပုံတည်း။

---

ငါးမျှားဥပမာ

တဏှာနှင့်တကွသော အဿာဒသည် အလွန်မြမြထက်သော ငါးမျှားချိတ်နှင့်တကွသော သားတစ်ခဲတွေနှင့်တူ၏၊ အာဒီနဝသည် သားထစ်ကို မျို၍ အသည်းနှလုံးမှာ ငါးမျှားချိတ်စူးငြိ၍ အသီးအသီး ကြိုးကြီးတန်းလန်းနှင့် ငါးမျှးတိုင် အနီးအပါးတွင် တလောက်လက် လက်နေကြသော ငါးတွေကို ကြိုးမှ ကိုင်စွဲ၍ ဖမ်းယူပြီးလျှင် အတွင် သတ်သော တံငါသူကြီးနှင့်တူ၏။

ဘုံသုံးပါးသည် ငါးတွေပြည့်သော အင်းကြီး သုံးအင်းနှင့်တူ၏၊ ဘုံဗိမာန် သားမယား စည်းစိမ်ချမ်းသာစုသည် အင်းကြီး သုံးအင်း အပြင်မှာ အပြည့်စိုက်၍ထားသော ငါးမျှားတိုင်ကြီးတွေနှင့်တူ၏၊ နန္ဒီရာဂ သည် တိုင်မှာဖွု့ချည်သော သားတစ်ကြိုးတွေနှင့်တူ၏။

လူ နတ် ဗြဟ္မာ သတ္တဝါတို့သည် သားတစ်ကို မျိုကြ၍ အသည်း နှလုံးမှာ ငါးမျှားချိတ်စူးမြုပ်လျက် ကြိုးကြီးတန်းလန်းနှင့် တိုင်နားမှာ တဝဲလည်လည်နေကြသော ငါးတွေနှင့်တူကုန်၏၊ အပါယ်လေးဘုံ တို့သည် ထိုငါးတို့ကို သတ်ရာ ဖြတ်ရာ တံငါကြီးဝင်းခြံနှင့် တူ၏၊ ဤသည် လည်း ဥပမာတစ်နည်းတည်း။

---

ဝဋ်နာစွဲကပ်သူ ဥပမာ

တစ်နည်းသော်ကား-တဏှာကြောင့် ဝေဒနာကိုခံစားရသည်၊ ဝေဒနာကြောင့် တဏှာ တိုးပွါးရသည်၌ ဥပမာဆိုဦးအံ့၊ တစ်ယောက် သောသူမှာ အလွန် ဆန်းကြယ်စွာသော ဝဋ်နာရောဂါမျိုးစွဲကပ်သတတ်၊ ထိုသူသည် တစ်ကိုယ်လုံးမှာ အလွန်ယားယံသောအနာ စွဲကပ်၍နေ၏၊ မိမိလက်နှင့် အယားပျောက်သော်လည်း မငြိမ်းနိုင်၊ သူတစ်ပါးတို့ဝိုင်း၍ ဖျောက်မှ နေနိုင်၏၊ အယားပျောက်ငြိမ်းအောင် ပွတ်၍ သပ်၍နေလျှင် အလွန်ကောင်းသော အရသာကြီးဖြစ်ပွါး၍နေ၏၊ ပွတ်မည့်သူ သပ် မည့်သူ မရှိပြန်လျှင် အလွန်ယားယံမြဲယားယံပြန်၏၊ လူသူမရှိလှလျှင် ပွတ်သပ်ရန် တိုင်ရှိရာသို့ ပြေးရ၏၊ တုံးရှိရာသို့ ပြေးရ၏၊ နံရံရှိရာသို့ ပြေးရ၏၊ ပွတ်ပြန် သပ်ပြန်လျှင် ပွတ်ရာ သပ်ရာဌာနမှာ သွေးပုပ်, ပြည်ပုပ် ပွါးစီးပြန်၍ ငန်းမန်း ပွါးစီးပြန်၏။

လူနတ်တို့၏ စိတ်သန္တာန်မှာ ရှိနေကြသော တဏှာရာဂသည် ထိုဝဋ်နာကြီးနှင့်တူ၏၊ ထိုအနာငန်းမန်းထ၍ ယားတိုင်း ယားတိုင်း ပွတ်သပ်မည်သူသို့ ချဉ်းကပ်ရသကဲ့သို့ တုံးနား တိုင်နား နံရံနားသို့ ချဉ်းကပ်ရသကဲ့သို့ အဆင်းသဏ္ဌာန်ကို သာယာသော ရူပတဏှာသည် သတ္တဝါတို့၏စိတ်ကို အယားတိုက်၏၊ စိတ်သည် မနေနိုင် မထိုင်နိုင် တရွရွ ယားယံ၏၊ အဆင်းသဏ္ဌာန်ရှိရာသို့ ကပ်ရ၏၊ စက္ခု၌ အဆင်း သဏ္ဌာန်ရှိသော ဝတ္ထုဖြင့် ပွတ်၍ သပ်၍ ပေးသောအခါ ချမ်းသာသော အရသာကောင်းသော သုခသောမနဿဝေဒနာဖြစ်ပေါ်၏၊ ထိုဝေဒနာ ကို သာယာခံစားသော ရူပတဏှာသာ၍ ငန်းမန်းထပြန်၏၊ သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မ တဏှာတို့၌လည်း ဤနည်းတူ သိလေ။

---

ဓမ္မတဏှာ

ဓမ္မတဏှာဆိုသည်ကား ထိုတဏှာနှင့် ခံစားပြီးနောက် ထိုတဏှာ ထိုဝေဒနာတို့ကိုပင် အမှတ်ရ၍ အမှတ်ရ၍ သာယာပြန်သော တဏှာ သည်လည်းကောင်း၊ ထိုမှတစ်ပါး လောကဂုဏ်ကျက်သရေကို သာယာ သောတဏှာ၊ မိမိ၏ဒါနဂုဏ်ကို သာယာသောတဏှာ၊ သီလဂုဏ်ကို သာယာသောတဏှာ၊ ဘာဝနာဂုဏ်ကို သာယာသောတဏှာ၊ ပရိသတ် ဂုဏ်ကို သာယာသော တဏှာ၊ သဒ္ဓါကို သာယာသော တဏှာ၊ ပညာကို သာယာသော တဏှာ၊ မိမိပြုသော ဒုစရိုက်မှုကို သာယာသော တဏှာ၊ သုစရိုက်မှုကို သာယာသော တဏှာစသည်သည် ဓမ္မတဏှာမည်၏။

လူ့ပြည် နတ်ပြည်တို့သည် ကာမဘုံဖြစ်၍ ကာမတဏှာ ငန်းမန်း ထကြွသဖြင့် စိတ်ယားယံတိုင်း ယားယံတိုင်း ကာမဝတ္ထုသို့ ချဉ်းကပ်ရ ကုန်၏၊ ကာမဝတ္ထု အမျိုးမျိုးတို့ကို လက်ရှိမကွာ သိမ်းပိုက်၍ ထားကြရကုန်၏၊ ကာမဝတ္ထုတို့ကို မလွှတ်နိုင်ကြကုန်၊ မလွှတ်နိုင်ကုန်သည့် အတွက် ဒုက္ခအမျိုးမျိုးပွါးများ၏၊ ကိလေသာအမျိုးမျိုး ပွါးများ၏၊ ဒုစရိုက် အမျိုးမျိုးပွါးများ၏၊ အပါယ်ဒုက္ခ အမျိုးမျိုးပွါးများ၍ နေကြကုန်၏၊ တဏှာဝေဒနာ ကာမဝတ္ထုစုသည် အဿာဒတည်း၊ ဒုက္ခအမျိုးမျိုး စသည် သည် အာဒီနဝတည်း။

ဤတွင် ရွေ့ကား ဝေဒနာ၏ အဿာဒ, အာဒီနဝကို ပြဆိုခန်းပြီး၏။

အမှာ။   ဝေဒနာ၏ ပဋိစ္စသမုပ္ပါဒ် အခြင်းအရာကို ပြဆိုမှုသည် အနိစ္စအချက် အနတ္တအချက်တို့၌ လွန်စွာ ကျေးဇူးပြု လတ္တံ့၊ အဿာဒ, အာဒီနဝကို ပြဆိုမှုသည် ဒုက္ခ အချက်၌ လွန်စွာ ကျေးဇူးပြုလတ္တံ့။

အဿာဒ, အာဒီနဝ ပြီး၏။

* * *

---

ဝေဒနာငါးပါးတို့၏ ဒုက္ခသစ္စာ အခြင်းအရာ

ဝေဒနာတို့၏ ဒုက္ခသစ္စာ အခြင်းအရာကို ပြဆိုအံ့။ သစ္စာဆိုသည်ကား မုချဧကန် မချွတ်မှန်သည်ကို ဆိုသတည်း၊ ထို့ကြောင့် ဝေဒနာငါးပါးလုံးသည် ဒုက္ခဧကန် မချွတ်မှန်၏ဟု ဆိုလိုသည်။

စောဒနာ

ဒုက္ခဝေဒနာ, ဒေါမနဿ ဝေဒနာတို့သည် ကာယိကဒုက္ခ, စေတသိက ဒုက္ခချည်း ဖြစ်ကြ၍ ဒုက္ခဧကန် မချွတ်မှန်၏၊ ဒုက္ခသစ္စာ ဖြစ်၏ဟု ဆိုတန်စေ။ သုခဝေဒနာ, သောမနဿဝေဒနာတို့သည် အဘယ်သို့ ဒုက္ခဧကန် မချွတ်မှန် ဟုတ်နိုင်ကုန်အံ့နည်း။ သုခဧကန် မချွတ်အမှန် ဖြစ်ခဲ့သည်ရှိသော် သုခသဒ္ဒါ သောမနဿသဒ္ဒါတို့နှင့် သုခဝေဒနာ သောမနဿဝေဒနာဟူသော အဘိဓမ္မာဒေဒနာ ဝေါဟာရ သည် ပျက်ရာသည်မဟုတ်လောဟု စောဒနာရန်ရှိ၏။

သောဓနာ

အဖြေကား- အဘိဓမ္မာဝေဒနာတိတ်မှထွက်သောလူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာဟူ၍ ဆိုအပ်သော ကာယိကသုခ, စေတသိကသုခခေါ်သော သုခခေါ်သည်ကား ခံစားခြင်းအနုဘဝနရသ အထူး အပြားကိုထောက်၍ အခိုက်အတန့်အားဖြင့် ထင်ရှားရှိသော အမှုမျှကိုဆိုသော သုခသာတည်း၊ အချင်းခပ်သိမ်း ဒုက္ခငြိမ်းသည်ကို ဆိုသော သုခမဟုတ်။

---

ခံစားခြင်း ၃-မျိုး

ထိုစကားမှန်၏၊ ခံစားခြင်း အနုဘဝန- ရသသည် သာယာသော ခံစားခြင်းရသ, မသာယာသော ခံစားခြင်းရသ, သာယာသည်လည်း မဟုတ်၊ မသာယာသည်လည်း မဟုတ်သောခံစားခြင်းရသဟူ၍ သုံးပါး ရှိ၏၊ ထိုသုံးပါးတို့တွင် မသာယာသော ခံစားခြင်းရသကို ဒုက္ခဆိုသည်၊ သာယာသော ခံစားခြင်းရသကို သုခဆိုသည်၊ သာယာသည်လည်း မဟုတ် မသာယာသည်လည်း မဟုတ်သော ခံစားခြင်းရသကို အဒုက္ခ မသုခ ဆိုသည်။

ဤသို့ခံစားခြင်းသုံးမျိုး ထင်ရှားရှိသည်ဖြစ်၍ ဒုက္ခရသ အဒုက္ခမသုခရသ နှစ်ပါးတို့မှ တစ်မျိုးဖြစ်သော သာယာသဖြင့် ခံစားခြင်း ရသကို သုခဟူ၍ ဆိုသည်၊ ထိုသုခမှာ အချင်းခပ်သိမ်း ဒုက္ခငြိမ်းသော ကြောင့် သုခဆိုသည် မဟုတ်၊ ထိုသုခမှာ ဒုက္ခအနန္တ ရောလျက် ရံလျက်ရှိ၏၊ ထို့ကြောင့် ထိုသုခသည် သစ္စာဒေသနာတော် အလိုအားဖြင့် သုခမှန်, သုခစစ်မဟုတ်၊ ထိုသုခသည် ဒုက္ခသာ အမှန်အစစ်ဖြစ် သတည်း။

---

သုခစစ် သုခမှန်

သုခမှန် သုခစစ်ဆိုသည်ကား ခံစားခြင်းရှိသည် မရှိသည် ပဓာနမဟုတ်၊ ဒုက္ခခပ်သိမ်းငြိမ်းမှုသည်သာ ပဓာနဖြစ်သတည်း၊ ထိုငြိမ်းမှုဟုဆိုအပ်သော သန္တိသဘောကိုသာ သုခမှန် သုခစစ် ဆိုလို သတည်း။

---

ခံစားခြင်းသုခသည် ဒုက္ခသာ

သန္တိ သုခကိုထောက်သည်ရှိသော် ယခင်ခံစားခြင်းဟုဆို အပ်သော ဝေဒနာတိတ် သုခသည် ဒုက္ခအနန္တနှင့် ရောလျက် ရံလျက် ရှိနေသောကြောင့် သုခမဟုတ် ဒုက္ခသာ အမှန်ငဖစ်သတည်း။

ခံစားခြင်းသုခမှာ ဒုက္ခရောယှက်နေပုံ

အဘယ်သို့လျှင် ထိုသုခမှာ ဒုက္ခအနန္တ ရောလျက် ရံလျက် ရှိနေသနည်းဟူမူကား လူ့ချမ်းသာဆိုသော ထိုသုခ၌ ဇာတိဒုက္ခ, ဇရာဒုက္ခ, မရဏဒုက္ခ, သောက ပရိဒေဝဒုက္ခ, ဒေါမနဿ ဥပါယာသဒုက္ခ, ၉၆- ပါးသော အနာရောဂါဒုက္ခ, ၃၂-ပါးသော ကမ္မကရဏဒုက္ခ, ခပ်သိမ်းသော ဗဟိဒ္ဓအန္တရာယ်ဒုက္ခ, ခပ်သိမ်းသော အပါယဒုက္ခ, ခပ်သိမ်းသော ကိလေသာဒုက္ခတို့သည် ထိုသုခမှာ ရောလျက် ရံလျက်နေကုန်၏၊ အကျဉ်းအားဖြင့် ဒုက္ခ ဒုက္ခ, သင်္ခါရဒုက္ခ, ဝိပရိဏာမဒုက္ခသုံးပါးရောလျက် ရံလျက် ရှိနေ၏၊

---

လူ့ချမ်းသာမျာ ဒုက္ခရောယှက်နေပုံ

ထိုလူ့ချမ်းသာဟူသော သုခမှာဇာတိဒုက္ခ အဘယ်သို့ရောလျက် ရံလျက်ရှိနေသနည်းဟူမူကား လူ့ချမ်းသာဆိုရသော ထိုသုခသောမနဿ ကိုခံစားစံစား၍နေဆဲအခါ၌ ထိုသုခအစဉ်ကို ဖြတ်၍ ဆိုက်တိုက်ရာ ကိုးဆယ့်ခြောက်ပါးသော ရောဂါဘေး ဖြစ်လိုရာရာ ဖြစ်ပေါ်ခြင်း ဇာတိဒုက္ခ, သောကပရိဒေဝ စသည်ဖြစ်လိုရာရာ ဖြစ်ပေါ်ခြင်း ဇာတိဒုက္ခ, ညောင်းခြင်း, ညာခြင်း, ပူခြင်း, အိုက်ခြင်း, ချမ်းခြင်း, အေးခြင်း ဖြစ်လိုရာရာ ဖြစ်ပေါ်ခြင်း ဇာတိဒုက္ခ, အနိဋ္ဌလောကဓံတို့နှင့် တွေ့ဆုံ၍ ကိုယ်၌လည်း ကောင်း၊ စိတ်၌လည်းကောင်း၊ ဖြစ်လိုရာရာ ဖြစ်ပေါ်ခြင်း ဇာတိဒုက္ခပေါင်း အနန္တရောလျက် ရံလျက် ရှိနေသတည်း။

---

လူ့ချမ်းသာမှာ ဇရာဒုက္ခစသည်ရောယှက်နေပုံ

အဘယ်သို့လျှင် ဇရာဒုက္ခ မရဏဒုက္ခတို့နှင့် ရောလျက် ရံလျက် ရှိနေသနည်း ဟူမူကား ဣဋ္ဌသမ္ပတ္တိအာရုံတို့နှင့် တွေ့ဆုံ၍ ထိုသုခကို ခံစား၍နေစဉ် အနိဋ္ဌလောကဓံ ဆိုက်တိုက်လာ၍ ယုတ်နွမ်းခြင်း ပျက်စီးခြင်း ခုတင် ခုတွေ့ ကြုံရ၏၊ ထိုသုခ၏ အဆောက်အဦဖြစ်သော ဝတ္ထုအာရုံကာမဂုဏ်တို့၏ ဟောင်းခြင်း နွမ်းခြင်း ဆွေးမြည့်ခြင်း ပျက်စီးခြင်း စားသောက်၍ ကုန်ခန်းခြင်း သုံးဆောင်၍ ဟောင်းနွမ်းခြင်း ကုန်ခန်းခြင်း မီးဘေးသင့်၍ ရေဘေးသင့်၍ ကုန်ခန်းခြင်း အစရှိသော ဇရာမရဏဒုက္ခတို့သည် ရောလျက် ရံလျက် ရှိနေကုန်၏။

သောကစသည် ရောပုံ ရံပုံ သိသာပြီ၊ ၉၆-ပါးသော အနာမျိုး ရောဂါမျိုး ရောပုံ ရံပုံလည်း သိသာပြီ။

၃၂-ပါးသော ကံကြမ္မာ အဘယ်မျိုး အဘယ်သို့ ရောသနည်း ရံသနည်းဟူမူကား-မင်းဘေးသင့်၍ ခိုးသူ ဓားပြဘေးသင့်၍ ရန်သူ ဘေးသင့်၍ လက်ကိုဖြတ်ခြင်း လက်ခြေကိုဖြတ်ခြင်းစသော သုံးဆယ့် နှစ်မျိုးသော ကံကြမ္မမှုတို့နှင့် ရောယှက်ခြင်းတည်း။

ဆင်ဘေး ကျားဘေး မြွေဘေး ကင်းဘေး ဘီလူးသဘက်ဘေး အစရှိသော ဗဟိတ္တအန္တရာယ်တို့နှင့် ရောယှက်ဆက်ဆံ၍ နေပုံသိသာပြီ။

---

အပါယ်ဘေးရောယှက်နေပံ

အပါယ်ဘေး ရောယှက် ဆက်ဆံနေပုံကား ရရှိ၍နေသော လူ့ချမ်းသာကို အကြောင်းပြု၍ ဒုစရိုက်တရားဖြစ်ပွါးရခြင်း အသက်မွေးမှု အတွက်နှင့် ဒုစရိုက်မှုကို ပြုကျင့်ရခြင်း အစရှိသည်တည်း၊ ဒုက္ခ ဒုက္ခ, သင်္ခါရဒုက္ခ, ဝိပရိဏာမဒုက္ခကို နောက် ဒုက္ခလက္ခဏာရေးသို့ကျမှ ဆို လတ္တံ့။ ကြွင်း သိသာပြီ။

ဤသို့လျှင် လူ့ချမ်းသာဟူသော သုခဝေဒနာ, သောမနဿ ဝေဒနာတို့မှာ ဒုက္ခအနန္တတို့ ရောယှက်ဆက်ဆံ ဝန်းရံ၍နေကုန်၏၊ ထို့ကြောင့် ထိုလူ့ချမ်းသာဟူသော သုခသည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းမှု ဟူသော သုခအစစ်အမှန် မဟုတ်လေရာကား သစ္စာဒေသနာတော် အလို အားဖြင့် ဒုက္ခသာအမှန်အစစ် ဖြစ်သတည်း၊ ဒုက္ခသစ္စာသာ အမှန်အစစ် ဖြစ်သတည်း။

---

နတ်ချမ်းသာမှာ ဒုက္ခရောယှက်နေပုံ

နတ်ပြည်ခြောက်ထပ် နတ်ချမ်းသာ ဗြဟ္မာချမ်းသာ ခေါ်သော သုခတို့မှာလည်း ထိုက်သည့်အားလျော်စွာ အနိဋ္ဌလောကဓံဒုက္ခ, ကိလေသာဒုက္ခ, အဆုံး၌ မလွဲနိုင်အောင် ဇရာမရဏဒုက္ခ, အပါယ်သို့ ကျရောက်ခြင်း အပါယ်ဒုက္ခတို့နှင့် ရောယှက်ဆက်ဆံ ဝန်းရံလျက် ရှိကြကုန်သည်သာ ဖြစ်ကုန်၏၊ ထို့ကြောင့် ထိုနတ်ချမ်းသာ ဗြဟ္မာ ချမ်းသာစုတို့သည်လည်း ဒုက္ခသစ္စာသာ ဖြစ်ကုန်၏၊ ဒုက္ခမျိုးသာ အမှန်အစစ် ဖြစ်ကုန်၏။

သုခအမှန်အစစ် ဆိုသည်ကား ခံစားမှု ခံစားမှု သုခဝေဒနာမျိုးမဟုတ်၊ ဒုက္ခခပ်သိမ်းတို့၏ ချုပ်ငြိမ်းမှုသည်သာလျှင် သုခအစစ်အမှန် ဖြစ်သတည်း။

ဝေဒနာငါးပါးတို့၏ ဒုက္ခသစ္စာအခြင်းအရာကို ပြဆိုခန်းပြီး၏။

ဤတွင်ရွေ့ကား- ပရိညာသုံးပါးတို့တွင် ရှေးဦးစွာ ပိုင်ပိုင်သိ ရသော ဉာတပရိညာ အစီအရင်ကို ပြဆိုခန်းပြီး၏။

ဉာတပရိညာ အစီအရင် မြွက်ပြီး၏။

-----------

တိသရဏပရိညာသုံးပါး အစီအရင်

အနိစ္စ ပရိညာ

ယခုအခါ တိသရဏပရိညာကို ပြဆိုပေအံ့။ ထိုတိသရဏ ပရိညာသည် အနိစ္စပရိညာ, ဒုက္ခပရိညာ, အနတ္တပရိညာဟူ၍ သုံး ပါးရှိ၏။

ထိုသုံးပါးတို့တွင် အနိစ္စပရိညာဆိုသည်ကား- ဝေဒနာတို့၌ နိစ္စသညာ, နိစ္စ စိတ္တ, နိစ္စဒိဋ္ဌိတို့ကို ပယ်ဖျက်မှုတည်း၊ ထိုမိစ္ဆာ သညာ,စိတ္တ, ဒိဋ္ဌိ ၃-ပါးကို အကြွင်းအကျန်မရှိ ပယ်နိုင်သောအခါ အနိစ္စပရိညာ ကိစ္စပြီးစီး၏၊ ထိုမိစ္ဆာ ၃-ပါးကု်ပယ်နိုင်လျှင် နိစ္စဟူ၍ စွဲလမ်းသော တဏှာ, မာန,ဒိဋ္ဌိသုံးပါး ချုပ်ငြိမ်းတော့သည်၊ ထိုသုံးပါးချုပ်ငြိမ်းမှ အနိစ္စပရိညာ အပြီးတိုင်လေသတည်း။

နိစ္စသညာဆိုသည်ကား- ကောင်းသည် မကောင်းသည်ကို ခံစား ခံစားသော ဝေဒနာမည်သည် ကိုယ်ခန္ဓာတွင်းမှာ တစ်သက်လုံး အမြဲပါ ရှိနေ၏ဟု မည်၏၊ ထိုအတိုင်း ဉာဏ်အမြင်ကဲ့သို့် မြင်၍နေခြင်းသည် နိစ္စဒိဋ္ဌိမည်၏၊ ဤမိစ္ဆာသညာ, မိစ္ဆာစိတ္တ, မိစ္ဆာဒိဋ္ဌိ ၃-ပါးကို ပယ်ဖျက်ခြင်း ငှါ အနိစ္စပရညာကို အားထုတ်ရသတည်း။

အနိစ္စပရိညာဆိုသည်ကား- ဝေဒနာတို့၏ ပဋိစ္စသမုပ္ပါဒ် အချက်ကိုပြဆိုခဲ့ပြီးသောအတိုင်း ထိုထိုဆိုက်လာရာ အာရုံတို့ကို အစွဲပြု၍ ခြောက်ဒွါရတို့၌ ဖြစ်ပေါ်မှု ပျက်ဆုံး ကွယ်ပျောက်မှုတို့ကို မျက်စိဖြင့် မြင်သကဲ့သို့ ဉာဏ်နှင့် ပစ္စက္ခဒိဋ္ဌမြင်အောင် ရှုမှုသည် အနိစ္စပရိညာ မည်၏၊

ဒုက္ခဝေဒနာ၌ ရှုပုံ

ခြေဖဝါး၌ ဝေဒနာဖြစ်ပျက်ရှု

ရှုပုံကား- ပဋိစ္စသမုပ္ပါဒ်အချက်၌ ပြဆိုပြီးသည့်အတိုင်း ကိုယ် အင်္ဂါအစိတ်တွင် အုတ်ကျောက်လှံတံတို့ဖြင့် ထိခိုက်၍ အနာ အကျင်ဖြစ်ရာဌာန၌ ဒုက္ခဝေဒနာကို ရှေးဦးစွာ ကြည့်ရှုရာ၏၊ ဥပါဒ်စွန်း ဥဒယစွန်းကို ဒိဋ္ဌမြင်အောင် ကြည့်ရှုရာ၏၊ ဘင်စွန်း ဝယစွန်းကို ဒိဋ္ဌမြင်အောင် ကြည့်ရှုရာ၏။

ဓမ္မာ, ဝတ္တာနဉာဏ်

လက်ယာခြေဖဝါးမှာ ထိခိုက်၍ အနာအကျင်ထင်ရှား ဖြစ်ပေါ် လာရာ၌ ထိုနာမှု ကျင်မှုသည် ဒုက္ခဝေဒနာပင်တည်း၊ ဒုက္ခဓာတ်ပင် တည်း၊ ခြေဖဝါးခေါ်သော ရုပ်တရားစုနှင့် ထိုဝေဒနာဓာတ်ကို ဉာဏ်၌ ကွဲအောင် ခွဲ၍ ထိုဒုက္ခဝေဒနာကို ဉာဏ်နှင့်ဆုပ်ကိုင် မိအောင် ဖမ်းရမည်၊ ဉာဏ်၌ ဆုပ်ကိုင်မိသောအခါ ဓမ္မဝ,ဝတ္တာနဉာဏ်ဖြစ်၏၊ ဓမ္မပရိဂ္ဂဟ ဉာဏ်လည်းမည်၏၊ နာမရူပပရိစ္ဆေဒဉာဏ်လည်း မည်၏၊ နာမ်တခြား ရုပ်တခြား ပိုင်းခြား၍ သိမြင်နိုင်သောဉာဏ် ဆိုလိုသည်။ ပစ္စယပရိဂ္ဂဟဉာဏ်
ထိုနောက်မှ ဤဝေဒနာသည်အဘယ်ကြောင့်ဖြစ်ပေါ်လေသနည်းဟု ဆင်ခြင်ရာ၏၊ ဖဿပစ္စယာ ဝေဒနာဟူ၍ ဟောတော်မူသောကြောင့် အုတ်ကျောက် ထိခိုက်မှု ဟူသော ဖဿကြောင့်ဖြစ်ပေါ်သည်ဟု မြင်လေရာ၏၊ လောက၌လည်း ဘာ့ကြောင့် နာသနည်းဟု မေးခဲ့လျှင် အုတ်ကျောက်နှင့် ခိုက်မိ၍ နာသည်ဟူ၍ပင် ပြောကြလတ္တံ့။
ဤဝေဒနာ ဖြစ်ပေါ်လာရာ၌ အုတ်ကျောက် ထိခိုက်မှုဟူသောဖဿဓမ္မသည် အကြောင်းတရားတည်း။ ထိုဖဿကြောင့် ဤဝေဒနာဖြစ်ပေါ်လာသည်၊ ထိုခိုက်မှုဟူသော ဖဿမရှိသေးမီ ကိုယ်ခန္ဓာတွင်းမှာ ထိုဝေဒနာရှိ၍ နေသည်မဟုတ်ဟု မြင်လေရာ၏၊ ကင်္ခါဝိတရဏဉာဏ်လည်း မည်၏၊ ဓမ္မဋ္ဌိတိဉာဏ်လည်း မည်၏၊ ပဋိစ္စသမုပ္ပါဒ်ဉာဏ်လည်း မည်၏၊ ယထာဘူတဉာဏ်လည်း မည်၏၊

အနိစ္စလက္ခဏာ ထင်အောင်ရှု

ဤသို့ ထိခိုက်မှု ဖဿဟူသော အကြောင်းတရားနှင့်တကွ နာမှု ကျင်မှုဟူသော ဒုက္ခဝေဒနာကို ဉာဏ်၌ ဆုပ်ကိုင်မိသောအခါ အနိစ္စ လက္ခဏာကို ထင်လင်းအောင်ရူရာ၏။

အဖြစ်မြင်၍ အနိစ္စ

အနိစ္စလက္ခဏာဆိုသည်ကား- နာမှု ကျင်မှု ဟူသော ဤဒုက္ခ ဝေဒနာသည် ပဋိသန္ဓေအခါမှစ၍ တစ်ဘဝလုံး ငါ၏ကိုယ်ထဲမှာ အမြဲရှိပါ၍နေသော နိစ္စတရားမဟုတ်၊ နိစ္စတရားဖြစ်ခဲ့ငြားအံ့၊ တစ်ဘဝ တွင် ပဋိသန္ဓေအခါ၌ တစ်ခါသာ ဖြသိပေါ်မှုရှိရာ၏၊ ယခု အသစ် ဖြစ်ပေါ်မှုဟူ၍ မရှိလေရာ ထိုသို့ကား မဟုတ်၊ ယခုထိခိုက်မှု ဖဿကို အစွဲပြု၍ ယခုအသစ်ဖြစ်ပေါ်သော ဥဒါန်းစွန်းကို ပစ္စက္ခဒိဋ္ဌ မြင်ရ၏။

ထိုသို့ မြင်ရသောကြောင့် ခန္ဓာကိုယ်ထဲမှာ အမြဲရှိပါနေသော နိစ္စတရားမဟုတ်၊ ထိခိုက်မှုဟူသော ဖဿဖြစ်ပေါ်ခိုက် အခါခါမှာမှ ထိုထို ဖဿကို အစွဲပြု၍ ဖြစ်ပေါ်ကာ ဖြစ်ပေါ်ကာနေသော အနိစ္စ တရားသည်သည်သာတည်း။ အာဂန္တုတရားသာတည်း၊ တိမ်တိုက်ခြင်း ထိခိုက်ကြမှ ဖြစ်ပေါ်နိုင်သော လျှပ်ရောင်ကဲ့သို့ ကာယပသာဒရုပ် ဟူသော ခြေဖဝါးရှိ အတွင်းအာယတနရုပ်နှင့် အုတ်ကျောက်ဟူသော ပထဝီဖောဋ္ဌဗ္ဗ အပအာယတနရုပ် ထိခိုက်ကြရာ ကောင်းကင်ကျ မိုးပေါ် ကျကဲ့သို့ ယခုမှအသစ်ဖြစ်ပေါ်လာသော တာဝကာလိက ဓမ္မသာတည်း ဟု ထင်လင်းစွာ သိမြင်ရာ၏။

ဤကား ပဋိစ္စသမုပ္ပါဒ်အချက်နှင့်တကွ ဥပါဒ်အစွန်းကို အတပ် ဒိဋ္ဌမြင်သဖြင့် သိရသော အနိစ္စအချက်တည်း။

အပျက်မြင်၍ အနိစ္စ

ထိုနေရာမှာ အုတ်ကျောက်ထိခိုက်မှု ဒဏ်နှင့်တကွ ဖဿဖြစ် ပေါ်မှုပျောက်ငြိမ်း၍ သွားပြန်လျှင် နာကျင်မှုဟူသော ထိုဒုက္ခဝေဒနာ သည် အစဉ်အတိုင်း ချုပ်ကွယ် ပျောက်ငြိမ်း၍သွားပြန်၏၊ အနာပျောက် ပေပြီဟု ဆိုကြကုန်၏၊ ထိုချုပ်ပျောက်မှုဟူသော ဘင်စွန်းကိုလည်း ပစ္စက္ခဒိဋ္ဌ မြင်အောင် ကြည့်ရာ၏၊ ဘင်စွန်းကို ပစ္စက္ခဒိဋ္ဌမြင်သည်ရှိ သော် ချုပ်ပျောက်မှုဟူသော ဘင်ခေါ်သော မရဏနိစ္စ လက္ခဏာအစစ် ဖြစ်ပေရကား အနိစ္စလက္ခဏာကို ကောင်းစွာမြင်လေ၏၊ ဤကားဘင်စွန်းကို အတပ်ဒိဋ္ဌ မြင်ရသဖြင့် သိရသော အနိစ္စအချက်တည်း။

လက်ယာခြေဖဝါး၌ ဒုက္ခဝေဒနာကို ဉာဏ်နှင့်ဖေါ်၍ ဓမ္မဝ ဝတ္ထာနဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်, ဥဒယဗ္ဗယဉာဏ်တို့နှင့်တကွ အနိစ္စ ဝိပဿနာဉာဏ် အစီအရင်ပြီး၏၊

ခြေဖမိုးမှဦးခေါင်းတိုင် ဝေဒနာ ဖြစ်,ပျက်ရှု

ဤအချက်ကို လှလှထင်နိုင်မြင်နိုင်ပါလျှင် နောက်နောက်၌လည်း ထင်နိုင်မြင်နိုင်လတ္တံ့။ လက်ယာခြေဖဝါး၌ ထင်နိုင်မြင်နိုင်ပြီးနောက် လက်ယာခြေဖမိုးမှာ အုတ်ကျောက် လှံတံထိခိုက်မှုဖဿကို ဖေါ်၍ ဝေဒနာဓမ္မ, ပစ္စဓမ္မ, ဥဒယဗ္ဗယဓမ္မတို့နှင့်တကွ ဝေဒနာ၏ အနိစ္စအချက်ကို ထင်မြင်အောင်ကြည့်။

ဤနည်းအတူ ခြေတလုံးမှာ, ပုဆစ်ဒူးမှာ, ပေါင်ဖျား- ပေါင် လယ်- ပေါင်ရင်းမှာ ဖော်၍ကြည့်၊ ထိုနောက် လက်ဝဲခြေဖဝါးမှာ, ထို့နောက် လက်ဝဲခြေဖမိုးမှာ, ထို့နောက် လက်ဝဲသားလုံး မြင်းခေါင်းမှာ, ထို့နောက် လက်ဝဲပုဆစ်ဒူးဝန်းမှာ, ထို့နောက် ပေါင်ဖျား, ပေါင်လယ်, ပေါင်ရင်းမှာ ဖော်၍ကြည့်၊ ထို့နောက် တင်ပါး အပြင်မှာ, ထို့နောက် ကျောက်ကုန်းအပြင် တွင် ထိုထို နေရာဌာနမှာ, ထို့နောက် လည်ကုပ်မှာ, ထို့နောက် ဦးခေါင်းတွင် ထိုထိုနေရာ ဌာနမှာ, ထို့နောက် မျက်နှာအပြင် ထိုထို နေရာဌာနမှာ, ထို့နောက် လည်ပင်းမှာ, ထို့နောက် ရင်အပြင် ဝမ်းအပြင် ထိုထိုနေရာဌာနမှာ ဖော်၍ကြည့်။

ထိုနောက် ဦးခေါင်းအတွင်း ဦးနှောက်အတွင်းမှာ ပူမှု အေးမှု ကိုက်မှု ခဲမှု အစရှိသော ဒုက္ခဝေဒနာစုကို် ဖော်၍ကြည့် ရင်တွင်း အဆုပ်တွင်း အသည်းတွင်း နှလုံးတွင်း ဝမ်းတွင်း အအူတွင်း ခါးတွင်း ပေါင်တွင်း တစ်လျှောက်တို့မှာ ဒုက္ခဝေဒနာဖြစ်ပေါ်ပုံကို ကြံဖန်၍ကြည့်။ ထိုထို နေရာ၌ကြည့်သောအခါ ရုပ်တရားနှင့် မထွေးရအောင် ဒုက္ခဝေဒနာကို အသီးအခြားမိအောင်ဖမ်း၊ ဥပါဒ်စွန်းကို မိအောင်ဖမ်း ဘင်စွန်းကို မိအောင်ဖမ်း၊ တစ်ကိုယ်လုံး အတွင်းအပ အနှံ့အပြား ထုတ်ဖော်၍ ကြည့်သဖြင့် နေရာတိုင်းမှာ ဥပါဒ်စွန်း ဘင်စွန်းကို ထင်ရှား စွာ မြင်နိုင်သောအခါ ဒုက္ခဝေဒနာ၏ အနိစ္စအချက်သည် လက်ဝယ် တင်ထား ပတ္တမြားကဲ့သို့ ထင်ရှားစွာ ထင်မြင်၍ နေလတ္တံ့။

ဒုက္ခဝေဒနာ ပြီး၏။

---

သုခဝေဒနာ၌ ရှုပုံ

သုခဝေဒနာကိုလည်း ထိုနည်းတူ လက်ယာခြေဖဝါးမှစ၍ တစ်ကိုယ်လုံး အနှံ့အပြားဖော်၍ရှုလေ၊ ဤသုခဝေဒနာမှာ သာ၍ အနိစ္စဆင်နိုင်မှ သင့်လျော်သည်၊ ဖော်နည်းမူကား ရှေးသုခဝေဒနာ၏ သဘာဝအခန်း ပဋိစ္စသမုပ္ပါဒ်အခန်းတို့မှာ ပြဆိုခဲ့ပြီ၊ ဤလက္ခာဏာရေး အရာ၌ကား ဥပါဒ်စွန်းကို အတပ်မြင်မှု ဘင်စွန်းကို အတပ်မြင်မှုသည် လိုရင်းပဓာနတည်း။

ဥပါဒ်စွန်း ဘင်စွန်းကို လှလှမမြင်နိုင်လျှင် နိစ္စသညာ, နိစ္စစိတ္တ, နိစ္စဒိဋ္ဌိဟူသော မိစ္ဆာတရားသုံးပါးမပျောက်၊ အနိစ္စဝိပဿနာ ဉာဏ် အလုပ်ကား ထိုမိစ္ဆာတရားသုံးပါးကို ပျောက်ကင်းအောင် လုပ်ရသော အလုပ်ပေတည်း၊ မိမိရှုကြည့်ပွါးများ အားထုတ်သော အနိစ္စဝိပဿနာ ဉာဏ် အချက်ကျမကျ, နေရာကျမကျကို သိလိုသည်ရှိသော် နာသည် ကျင်သည် ပူသည် အေးသည် ညောင်းသည် ညာသည် ကိုက်သည် ခဲသည် ခံ၍ကောင်းသည် မကောင်းသည် ချမ်းသာသည် မချမ်းသာ သည်ဟု ကိုယ်မှာတွေ့ကြုံရာတို့၌ ငါနာသည်ဟုထင်မှတ်သော မိစ္ဆာ သညာ, ငါနာသည်ဟုသိသော မိစ္ဆာစိတ္တ, ငါနာသည်ဟုမြင်သော မိစ္ဆာဒိဋ္ဌိ ဤမိစ္ဆာသုံးပါးတို့ နိစ္စအရိပ်အယောင် ထင်မြင်၍ နေချက်သည် မိမိစိတ် သန္တာန်မှာ ပြယ်ပျောက်၏လော၊ မပြယ်ပျောက်၏လောဟု ဆင်ခြင်၍ စမ်းလေ၊ မပြယ်ပျောက်လျှင် အနိစ္စဝိပဿနာဉာဏ်ကိစ္စ မကုန်သေး၊ ပြယ်ပျောက်လျှင် ကိစ္စကုန်ပြီမှတ်။

သုခဝေဒနာပြီး၏။

---

သောမနဿ ဝေဒနာ၌ ရှုပုံ

ဖြစ်ပျက် မြင်အောင်ရှု

သောမနဿ ဝေဒနာ၌ နှစ်သက်ဖွယ် ဝမ်းသာဖွယ်သော အဆင်း သဏ္ဌာန်မျိုးတို့ကို မျက်စိနှင့်မြင်သောအခါ ထိုအဆင်းသဏ္ဌာန်မျိုး တို့သည်မျက်စိ၌၎င်း၊ စိတ်နှလုံး၌၎င်း၊ နှစ်ဌာနတို့၌ တစ်ပြိုင်နက် တစ်ချက်တည်း ထိခိုက်ကုန်၏၊ စိတ်နှလုံး၌ထိခိုက်မှုဟူသော ဖဿ ကြောင့် နှလုံးသွေးအပြင်မှာ သောမနဿ ဖွားဖွားဝေဒနာတို့သည် တဘွားဘွားဖြစ်ပေါ်ကုန်၏၊ နှလုံးသွေးသည် သောမနဿဝေဒနာ ဖြစ်ပေါ်သောအခါ အထူးပြောင်လက် ရွမ်းစိုလတ္တံ့၊ ထိုသူမျက်နှာမှာ ရွှင်လန်းပြုံးရယ်ရုပ်ပေါ်၏၊ ထိုတစ်ဘွားဘွား ဖြစ်ပေါ်နေသော ဘွားဘွား စိတ်၏ ရွှင်ခြင်းဟူသော သောမနဿ ဓာတ်ကိုဉာဏ်၌ လှလှဆုပ်ကိုင်မိ အောင်ဖမ်း၍ ပေါ်စဟူသော ဥပါဒ်စွန်းကို လှလှမိအောင် ဖမ်း၍ရှု။

ထိုအာရုံ၌ နှလုံးထိခိုက်မှု ပြယ်ပျောက်ပြန်လျှင် ထိုတဘွားဘွား ဖြစ်ပေါ်ဖွားဖွားသော သောမနဿဝေဒနာ ဇောစုံလည်း တစ်ဖြည်းဖြည်း ချုပ်ပျောက်သေဆုံး၍ ကုန်ပြန်၏၊ နှလုံးသွေး မွဲခြောက်မြဲ မွဲခြောက်ပြန်၏၊ ထိုသူမျက်နှာ ပကတိအတိုင်းရှိပြန်၏၊ သောမနဿဇောအစဉ်တို့၏ အဆုံးတိုင်ချုပ်မှုသေပျောက်မှုဟူသော ဘင်စွန်းကို လှလှမြင်အောင်ရှု ပါ။

တစ်ထိုင်တစ်ထိုင်တွင် အခါများစွာ ထိုအာရုံ ကြည့်မြင်၍ အခါများစွာ ပြုံးရယ်မှုတို့၌ အခါများစွာနှလုံးအိမ်တွင်း နှလုံးသွေးတွင်းမှာ သောမနဿဇောတို့၏ အခါများစွာ ဖြစ်ပေါ်မှု အခါများစွာ ချုပ်ပျောက် သေဆုံးမှုတို့ကို ကြံဖန်ဖေါ်ထုတ်ကိန်းတွေလုပ်၍ ရှုလေ။

အခါခါဖြစ်ပေါ်သော ဥပါဒ်စွန်းတွေ အခါခါ ချုပ်ပျောက် သေဆုံးသော ဘင်အစွန်းတွေ နာမ်၏ မရဏမှုတွေကို ကွင်းကွင်းကွက် ကွက် လှလှထင်မြင်စေရမည်၊ ဥပါဒ်စွန်း, ဘင်စွန်းတို့ကို လှလှထင်မြင် နိုင်မှ နိစ္စသညာ, နိစ္စစိတ္တ, နိစ္စဒိဋ္ဌိဟူသော မိစ္ဆာဓမ္မသုံးပါး ပျောက် ကွယ်မည်၊ မိမိစိတ်မှာ ထိုမိစ္ဆာဓမ္မသုံးပါး လှလှပျောက်ကွယ်မှ အနိစ္စ ဘာဝနာကိစ္စ ကုန်မည်။

နှစ်သက်ဖွယ် ငမ်းမြောက်ဖွယ်သော အသံစကားတို့ကို ကြာရ၍ ဝမ်းမြာက်ရာ ဝမ်းသာရာ စိတ်ရွှင်ရာတို့၌လည်းကောင်း၊ စိတ်ရွှင်ဖွယ် သော အနံ့ကိုနံ၍ စိတ်ရွှင်ရာတို့၌လည်းကောင်း၊ မိမိနှစ်ခြိုက်သော အရသာကို စားသုံးရ၍ စိတ်ရွှင်ရာတို့၌လည်းကောင်း၊ ကိုယ်အင်္ဂါတွင် အကောင်းတွေ့ရ၍ စိတ်ရွှင်ရာတို့၌လည်းကောင်း၊ မိမိအလိုရှိရာ အာရုံ ဝတ္ထု အမှုအရေးတို့ကို ကြံဖန်တွေးတော၍ စိတ်ရွှင်ရာတို့၌လည်းကောင်း ဤနည်းတူသိလေ။

သောမနဿ ဝေဒနာပြီး၏၊

---

ဒေါမနဿ ဝေဒနာ၌ ရှုပုံ

စိတ်နှလုံး မသာယာဖွယ်သော အာရုံမြင်၍ စိတ်နှလုံး မသာခြင်း, မျက်နှာမသာခြင်း ဖြစ်ကြရာတို့၌လည်း နှလုံးသွေး အပြင်မှာ မည်းညစ်စွာ သော ဒေါမနဿဝေဒနာ တဖွားဖွား ဖြစ်ပေါ်မှု ထိုအာရုံ ပြယ်ပျောက် ပြန်လျှင် ထိုဇောတွေ သေပျောက်ချုပ်ဆုံးမှုတို့မှာလည်း သောမနဿ ဝေဒနာ၌ ပြဆိုခဲ့တိုင်း သိလေ။

ဒေါမနဿ ဝေဒနာပြီး၏။

---

ဥပေက္ခာ ဝေဒနာ၌ ရှုပံ

ဖြစ်ပျက်မြင်အောင်ရှု

ဥပေက္ခာ ဝေဒနာ၌ကား-သောမနဿ ဒေါမနဿ ဝေဒနာ တို့၌ကဲ့သို့ ဖဿအမှုလည်း မထင်ရှား၊ ဝေဒနာအမှုလည်းမထင်ရှား၊ အာရုံကိုမြင်လိုက် ကြားလိုက် သိလိုက်သော စိတ်ဝိညာဏ်မှု၌ကား ထင်ရှားသည်သာများ၏၊ ထို့ကြောင့် ခြောက်ဒွါရတို့၌ မြင်မှန်းသိရာ ကြားမှန်းသိရာ နံမှန်းသိရာ အရသာမှန်းသိရာ ကိုယ်အင်္ဂါတွင်ထိပါးမှန်း သိရာ စိတ်ထဲတွင် ထိမှန်းသိမှန်း သိရာတို့၌ ထိုထိုအာရုံနှင့် ထိုထိုစိတ်ကို အမိဖမ်း၍ ထိုစိတ်၌ယှဉ်သော ဥပေက္ခာဝေဒနာဥပါဒ်စွန်း ဘင်စွန်းကို မြင်အောင်ရှုလေ။

ဝေဒနာ ၂-ပါး ပြိုင်မဖြစ်

ဝေဒနာငါးပါးတွင် ကိုယ်ခန္ဓာမှာ တစ်ပါးဖြစ်ပေါ်လျှင် တစ်ပါး ချုပ်ကွယ်မြဲ ဓမ္မတာတည်း။ ဝေဒနာနှစ်ပါးပြိုင်၍ ဖြစ်သည်မရှိ၊ ထို့ကြောင့် ကိုယ်ခန္ဓာမှာ ဥပေက္ခာမှတစ်ပါးသော ဝေဒနာစု ဖြစ်ပေါ်သော အခါတို့၌ ဥပေက္ခာ ဝေဒနာချုပ်ပျောက် သေဆုံးမှု အနိစ္စအချက်ကို အနုမာန အားဖြင့် ပစ္စက္ခဒိဋ္ဌကဲ့သို့ ထင်မြင်အောင် ရှုလေ။

ဥပေက္ခာဝေဒနာ ပြီး၏။

---

အနိစ္စလက္ခဏာ ထင်မြင်နိုင်ရန် လိုလှပုံ

ဤဝေဒနာငါးပါးတို့၏ အနိစ္စလက္ခဏာကို ကောင်းကောင်းကြီး ထင်မြင်အောင် နှစ်ရှည်လများ စွဲမြဲ၍ရှုရာ၏၊ အနိစ္စအချက်ကို ကောင်းကောင်းကြီး ထင်မြင်နိုင်သည်ရှိသော် ဒုက္ခကိုလည်း ထင်မြင် နိုင်တော့သည်၊ အနတ္တကိုလည်း ထင်မြင်နိုင်တော့သည်၊ အနိစ္စကို ကောင်း ကောင်းကြီး မထင်မြင်နိုင်လျှင် ဒုက္ခကိုလည်း ကောင်းကောင်းမထင်နိုင်၊ အနတ္တကိုလည်း ကောင်းကောင်း မထင်နိုင်။

အနိစ္စထင် ဒုက္ခမြင်

အဘယ်သို့လျှင် အနိစ္စကို ထင်မြင်နိုင်သည်ရှိသော် ဒုက္ခကို လည်း ထင်မြင်နိုင်လေသနည်းဟူမူကား-လောက၌ သစ်ပင်ကို တက်သော သူသည် ကျိုးမည့်သစ်ကိုင်းကိုမြင်လျှင် ကျ၍သေမည့်ဒုက္ခကို အပြီးမြင် လေသကဲ့သို့လည်းကောင်း, ကြိမ်နွယ်ကြိုးလွန်တို့ဖြင့် ချည်တုပ်၍ ထားသော ကျောင်း, အိမ်, ထုပ်လျောက်, နံရံ စသည်ကို တက်သော သူသည် ဆွဲမိနင်းမိလျှင် ပြုတ်မည်ပြတ်မည်ကိုမြင်လျှင် ကျ၍သေမည် ကျိုးမည် အနာအကျင် ဒုက္ခဖြစ်မည်ကို အပြီးမြင်လေသကဲ့သို့လည်း ကောင်း, လှည်း လှေ သင်္ဘောကိုစီး၍ သွားရာ၌ လှည်းပျက်မည် လှေ ပျက်မည် သင်္ဘောပျက်မည်ကိုမြင်လျှင် ဒုက္ခကြီးတွေ့မည်ကို အပြီး မြင်လေသကဲ့သို့လည်းကောင်း၊ ထို့အတူ လူချမ်းသာဆိုရသော သုခဝေဒနာ, သောမနဿဝေဒနာ, ဥပေက္ခာ ဝေဒနာတို့၏ ခဏချင်း ပျက်ဆုံးနိုင်သော အနိစ္စအချက်ကို ကောင်းကောင်းကြီး မြင်လျှင် အပါယ်ကျမှုဒုက္ခ ခဏချင်းစပ်၍ နေသောထိုဝေဒနာတို့၏ ဒုက္ခအချက်ကို အပြီးမြင်လေရာ၏၊ လူ့ပြည်မှအပါယ်သို့ ကျရောက်သမျှသည် ထို လူ့ချမ်းသာဆိုရသော ဝေဒနာတို့၏ အနိစ္စဖြစ်သည့် အတွက်ကြောင့် ကျရောက်မှု ဧကန်မှန်၏၊

ထန်းတက်သမားဥပမာ

ထန်းတောကြီး၌ ထန်းတက်သော ထန်းသမားယောက်ျားသည် ညဉ့်အခါ၌ ထန်းရည်ကို ခိုး၍ချသောသူတို့ကို ကျ၍သေစေခြင်းငှါ ထန်းပင်ပေါ်၌ ဆွဲမိကိုင်မိ နင်းမိလျှင် ပြုတ်အောင် ပြတ်အောင် ပြုလုပ်၍ ထားလေ၏၊ ညဉ့်အခါ၌တက်သော သူသည် ဆွဲမိကိုင်မိ နင်းမိလေ၍ ပြုတ်၍ပြတ်၍ ကျ၍ သေဆုံးလေ၏။

ဤဥပမာ၌ လူ့ဘုံနှင့် ထန်းတောကြီးတူ၏၊ လူ့ကာမဂုဏ်နှင့် ထန်းရည်အိုးစုတူ၏၊ ပြုတ်၍ပြတ်၍ ကျလေအောင် ပြုလုပ်၍ထားသော ဝတ္ထုစုနှင့် လူ့ချမ်းသာခေါ်သော ဝေဒနာစုတူ၏၊ ထန်းပင်ပေါ်မှကျ၍ တွေ့ကြုံရသောဒုက္ခနှင့် လူ့ပြည်မှ အပါယ်သို့ကျ၍ တွေ့ကြုံရသော ဒုက္ခစုတူ၏၊ အဝိဇ္ဇာတရားသည် ထန်းသမားနှင့်တူ၏၊ ထို့ကြောင့် အဝိဇ္ဇာထန်းသမားသည် သတ္တဝါတို့ကို အပါယ်ဒုက္ခသို့ ကျလေအောင် လူ့ချမ်းသာဟူသော အနိစ္စဝေဒနာနှင့် ထောင်လေ၏၊ နတ်ချမ်းသာ ဟူသော အနိစ္စဝေဒနာနှင့် ထောင်မှုဗြဟ္မာ့ချမ်းသာဟူသော အနိစ္စ ဝေဒနာနှင့် ထောင်မှုတို့လည်း ထိုနည်းတူသိလေ။

လောက၌နင်းမိတက်မိ ထိမိ ကိုင်မိ ဆွဲမိလျှင် ပြုတ်၍ ပြတ်၍ ကျ၍ သေလေအောင် ထောင်ကြသော အမှုစုကို ဥပမာပြု၍ အနိစ္စဓမ္မ၏ ဒုက္ခအချက်ကို ထင်မြင်လေ။

အပါယ်တံခါး ပွင့်နေပုံ

ဤဥပမာတို့ဖြင့် လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာကို ရ၍နေကြကုန်သော လူ, နတ်, ဗြဟ္မာတို့အား ပဋိသန္ဓေစိတ်၏ ဘင်ခဏမှစ၍ သုခ, သောမနဿ, ဥပေက္ခာ ဝေဒနာတို့၏ ဘင်ခဏတိုင်း အပါယ်ကျပေါက် အပါယ်တံခါး ဟင်းခနဲ ဟင်းခနဲ ပွင့်၍ ပွင့်၍ အမြဲပါရှိ နေသည်ကို အပါယ်သို့ အသက်ဦးခေါင်း ညိတ်ခနဲ ညိတ်ခနဲ တိမ်းစောင်း မှု အမြဲပါရှိ၍နေသည်ကို ကောင်းစွာ မြင်နိုင်ရာ၏၊ အဘယ်ကြောင့် နည်းဟူမူ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ ဆိုရသော ထိုဝေဒနာ တို့၏ အလိုတော် ထိုဘင်ခဏတို့မှာပင် စုတေခွင့် ဆိုက်သည်ချည်းသာ တည်း၊ တစ်ပါးသောအာယုသင်္ခါရဓမ္မစုတွယ်လျက် ရှိသေးသောကြောင့် သာလျှင် မစုတေဘဲ သောင်တက်၍ တက်၍ နာလန်ထူ၍ ထူ၍ လာနိုင်ပြန်လေသတည်း၊ ထို့ကြောင့် ထိုဝေဒနာတို့၏ အလိုတော် တစ်ထိုင်တွင်းမှာပင် အပါယကျပေါက် အပါယ်တံခါး အကြိမ်တစ်ရာ တစ်ထောင်မက ဟင်းခနဲ ဟင်းခနဲ ပွင့်၍နေသည်ကို သိအပ်၏၊

အသက်မွေးမှု

လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာခေါ်သော ထိုဝေဒနာ တို့၏ အနိစ္စအချက် လျင်မြန်လှသည့် အတွက်ကြောင့် အသက်မွေးမှု ဒုက္ခအကြီးအကျယ် ကျပ်တည်းကျဉ်းကျုပ်၍ နေကြ၏၊ အသက်မွေးမှု ဆိုသည်ကား အသက်ဟောင်းစု အချုပ်အချုပ်တွင် မချုပ်မီတင်ကူး၍ အသက်အသစ် အယဉ်မဆက်နိုင်လျှင် အသက်ဟောင်းအချုပ်တွင် ဘဝပြောင်းမြဲဓမ္မတာတည်း၊ အသက်ဟောင်းမည်သည်တစ်ထိုင်တွင်းမှာ အခါတစ်ထောင်မက ချုပ်၏၊ အသက်ဟောင်းအချုပ်, အချုပ်တွင် အစာအာဟာရဟူသော အာယုသင်္ခါရဓမ္မ ကိုယ်ခန္ဓာအတွင်းမှာ အခံရှိ၍ နေခဲ့ပါလျှင် အသက်အသစ်သစ် ဖြစ်ပေါ်ကာ ဖြစ်ပေါ်ကာ အသက် အယဉ်ဆက်၍လာ၏၊ ထိုသို့ အသက်အယဉ် ဆက်ကာဆက်ကာ ဖြစ် ပေါ်နေလေအောင် အာယုသင်္ခါရ ဝတ္ထုကို မပြတ်တင်ကူး၍ တင်ကူး၍ ကိုယ်ခန္ဓာတွင်း၌ သွင်းမှု မျိုမှုကို အသက်မွေးမှု ဆိုသတည်း။

အနိစ္စဓမ္မ ချုပ်ပျောက်မြဲ

အသက်သစ်ကို ဖြစ်ပွားအောင် ကျေးဇူးပြုတတ်သောကြောင့် အာယုသင်္ခါရဓမ္မဟုဆိုအပ်သော ထိုအစာထမင်းသည် ဝမ်းတွင်းသို့ မျိူပြီးသောနောက် မိမိလည်းအနိစ္စဓမ္မဖြစ်၍ ဝမ်းတွင်းမှာ မကြာမီ ကုန်ဆုံးချုပ်ပျောက်လေ၏၊ တစ်နပ်စာထမင်းမှ ဖြစ်ပွားသော အသက်အယဉ်သည် ထိုတစ်နပ်စာ ထမင်းကုန်ဆုံးလျှင် ကုန်ဆုံးသေ ပျောက်မြဲ ဓမ္မတာပေတည်း၊ ထို့ကြောင့် တစ်နေ့တစ်နေ့တွင် နေ့စဉ်အတိုင်း အသက်ဟောင်း အသက်သစ်ပြောင်းလဲမှု အမြဲဖြစ်၍ နေ၏၊ အာဟာရအတွက်နှင့် နေ့စဉ်အတိုင်း သေကိန်းသေပေါက် ဆိုက်ရောက်၏၊ အပါယ်ကျ ဒုက္ခပေါက် နေ့တိုင်းဆိုက်ရောက်၏၊ အပါယ်တံခါးနေ့တိုင်း ဟင်းလင်းပွင့်လျက် ပွင့်လျက်နေ၏၊ လောက၌ အသက်မွေးမှု ကြီးကျယ်ပုံ ကျပ်တည်းပုံကို မြင်ပါလျှင် ဝေဒနာတို့၏ အနိစ္စမှု, ဒုက္ခမှု အလွန်ကျပ်တည်းသည်ကို မြင်လတ္တံ့။

ဤကား လူ့ချမ်းသာဟု ဆိုအပ်သော အနိစ္စဝေဒနာတို့၏ မိမိကိုယ်ခန္ဓာ ဖြစ်၍နေသည်အတွက်ကြောင့် အသက်မွေးမှုဒုက္ခနှင့် သတ္တဝါအများ ပင်ပန်း၍ နေကြပုံကို ပစ္စက္ခဒိဋ္ဌ တွေ့မြင်ရသဖြင့် လူ့ချမ်းသာခေါ်ကြသော သုခ, သောမနဿ, ဥပေက္ခာဝေဒနာစုသည် လူ့ချမ်းသာ မဟုတ်၊ လူ့ဒုက္ခ, လူ့ဆင်းရဲ, လူ့ငရဲမီးစုသာ အမှန်ဖြစ်သည်ကို ပြဆိုချက်တည်း။

ဝေဒနာသည် အနိစ္စ ဝိပရိဏာမ ဓမ္မ

ထိုမှတစ်ပါး လူ့ချမ်းသာ ခေါ်ကြသော ထိုဝေဒနာစုသည် အနိစ္စဓမ္မမျိုး ဝိပရိဏာမဓမ္မမျိုး စင်စစ်ဖြစ်၍ တစ်ထိုင်တွင်းမှာပင် ဆိုက်တိုက်လာသော ထိုထိုအကြောင်းအားလျော်စွာ သုခ ဒုက္ခ အခါတစ်ရာ တစ်ထောင်မက ပြောင်းလဲနိုင်၏၊ အပြီးတိုင် သေဆုံး လောက်အောင် အကြောင်းအခွင့် ဆိုက်တိုက်လာလျှင် ခဏချင်း ခန္ဓာကိုယ်ပါ သေဆုံးနိုင်၏၊ ထို့ကြောင့် မိမိကိုယ်ခန္ဓာမှာ လူ့ချမ်းသာခေါ် သော သုခဝေဒနာ ချုပ်ပျောက်သေဆုံး၍ သွားမည်ကို ကြောက်လန့် စိုးရိမ်မှု, မခံသာသော ဒုက္ခဝေဒနာ ဖြစ်ပေါ်၍ လာမည်ကို ကြောက်လန့် စိုးရိမ်မှု, အဇ္ဈတ္တဘေး ဗဟိဒ္ဓဘေးတို့နှင့် တွေ့ကြုံရမည်ကို ကြောက် လန့်စိုးရိမ်မှုတို့သည် ဤသတ္တဝါတို့မှာ အမြဲရှိ၍ နေကြရကုန်၏၊ မကြာမကြာလည်း တွေ့ကြုံကြရကုန်၏၊ ဤသို့ဖြစ်ခြင်းသည်လည်း ဝေဒနာတို့၏ အနိစ္စလက္ခဏာမှထွက်သော ဒုက္ခလက္ခဏာပေတည်း၊ ထိုမှ တစ်ပါးလည်း အနိစ္စမှထွက်သော ဒုက္ခအစုသည် အလွန်များလေ သေး၏၊ အနမတဂ္ဂဘဝသံသရာနှင့် စကြဝဠာအနန္တ အနှံ့အပြား မြင်အောင်ကြည့်လေ။

ဤတွင်ရွေ့ကား ဝေဒနာတို့၏ အနိစ္စအချက်ကို ကောင်းကောင်း ကြီးမြင်နိုင်ပါလျှင် ဝေဒနာတို့၏ ဒုက္ခအချက်ကိုလည်း မြင်နိုင်ရာ၌ အမြွက်မျှပြချက်တည်း။

အနိစ္စထင် အနတ္တမြင်

ဝေဒနာတို့၏ အနိစ္စအချက်ကို ကောင်းကောင်းမြင်သည်ရှိသော် အနတ္တကိုလည်း မြင်နိုင်တော့သည်ဟူရာ၌ မြင်နိုင်ပုံကား---ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတပါး, ယောကျ်ား မိန်းမဟူသည် တစ်ဘဝမှာ တစ် ယောက်သာတည်း၊ တစ်ဘဝမှာအဖြစ်လည်း တစ်ခါဖြစ်သည်၊ အသေ လည်း တစ်ခါသေသည်၊ အမိဝမ်း၌ ပဋိသန္ဓေနေ စဉ်အခါ၌ တစ်ခါသာ ဖြစ်သည်၊ ပဋိသန္ဓေနေပြီးနောက် ထိုဘဝတွင် ထိုပုဂ္ဂိုလ်အသစ် အသစ် အခါခါဖြစ်သည်ဟူ၍ စွဲလမ်းမှုမရှိ၊ အသေလည်းဘဝအသစ်ပြောင်း ရွှေ့ရန် စုတိကမ္မဇရုပ်ချုပ်သောအခါ၌ တစ်ခါသာသေရသည်၊ စုတိ ကမ္မဇရုပ် မချုပ်မီ ထိုဘဝ၌ ထိုပုဂ္ဂိုလ် အခါခါသောသည်ဟူ၍ စွဲလမ်းမှု မရှိ၊ ထိုပုဂ္ဂိုလ်၏ အထည်ခံ အမာခံ အနှစ်သာရကို အတ္တဟူ၍ စွဲလမ်း သည်၊ ပုဂ္ဂိုလ်သည် တစ်ဘဝတွင် တစ်ခါဖြစ် တစ်ခါသေသာ ရှိသည်ဟူ စွဲလမ်းသည် ဤတစ်ခါဖြစ် တစ်ခါသေ ရှိ၏ဟု စွဲလမ်းမှုကား ဥစ္ဆေဒဒိဋ္ဌိ မျိုးတည်း။ သဿတဒိဋ္ဌိမျိုးကား အတ္တဟူ၍ အနမတဂ္ဂသံသရာ၌ အစဥထာသရမြဲ၏၊ ထိုထိုဘဝတို့၌ ကိုယ်ခန္ဓာသည်သာ အသစ် အသစ် ဖြစ်သည်ဟူ၍ ရှိသည်။ တစ်ဘဝတွင် တစ်ခါတစ်ခါ သေသည်ဟူ၍ရှိ သည်၊ အတ္တမူကား အသစ်အသစ် ဖြစ်သည်ဟူ၍လည်း မရှိ၊ သေသည် ဟူ၍လည်း မရှိ၊ ကိုယ်ခန္ဓာ သေပျောက်ပျက်ဆုံးလျှင် တစ်ဘုံတစ်ဘဝ ပြောင်း၍ ကံချထားရာ ကိုယ်ခန္ဓာအသစ်နှင့် နေ့ပြန်သည်ဟူ၍ စွဲလမ်း၏။

အသက်ဇီဝ ဆိုသည်ကား ထိုအတ္တ၏ အမာခံ အထည်ခံဟု စွဲလမ်း၏၊ တစ်ဘဝလျှင်တစ်သက် တစ်ဘဝလျှင် တစ်သက်ဟုယူသည် ကား ဥစ္ဆေဒဒိဋ္ဌိတည်း။ ပဋိသန္ဓေအခါ၌တစ်ကြိမ် အသစ်ဖြစ်ပေါ်ပြီး နောက် မသေမီအကြား၌ ထိုအသေပျက်သည် ချုပ်သည်သေသည်ဟူ၍ မရှိပြီ၊ စုတိကမ္မဇချုပ်မှပင် ထိုအသေပျက်မှုချုပ်မှုသေမှုရှိတော့သည်ဟု ယူသည်ကား ဥစ္ဆေဒဒိဋ္ဌိတည်း။

အတ္တသည် အနမတဂ္ဂသံသရာ၌ အစဉ်ထာဝရမြဲသကဲ့သို့ ဇီဝလည်းအစဉ်ထာဝရမြဲ၏၊ ကိုယ်ခန္ဓာတစ်ခုပျက်စီးပြန်လျှင် ထိုခန္ဓာမှ ထွက်သွားလေ၍ ကိုယ်ခန္ဓာအသစ်နှင့်နေပြန်၏ဟူ၍ ယူသည်ကား သဿတဒိဋ္ဌိတည်း။

လောကဝေါဟာရမှာ အသက်တမ်းဟူ၍ လူတို့၌လည်းကောင်း နတ်တို့၌လည်းကောင်း ဗြဟ္မာတို့၌လည်းကောင်း ရှိ၏၊ ထိုတမ်းစုသည် တစ်ဘဝတစ်ဘဝနှင့် တစ်ခုတစ်ခုသော ဇီဝ၏ အပိုင်းအခြားတည်းဟု ထင်မှတ်၏၊ သင်သည် အသက်မည်မျှရှိပြီနည်းဟု မေးကြရာ ငါးနှစ်ရှိပြီ၊ ဆယ်နှစ်ရှိပြီ၊ စသည်ဖြင့် ပြောရိုးဆိုရိုးရှိရာ၌ အသက်ဇီဝသည် ထာဝရ အမြဲ တည်၍နေသည်ကား ငါးနှစ်ရှိပြီဟု စွဲလမ်းခြင်းနှင့်တကွ ပြောဆို ကြသော မိစ္ဆာစကားမျိုးပင်တည်း။

ပဋိစ္စသမုပ္ပန္နတရားမျိုးဖြစ်ခဲ့၍ ထိုထိုအာရုံတို့ ထိခိုက် ဆိုက် တိုက်မှုကိုအစွဲပြု၍ တစ်ထိုင်တွင်းမျာပင် ဝေဒနာတို့ အခါခါ အသစ် အသစ် ဖြစ်ပေါ်မှု၊ အခါခါချုပ်ပျောက် သေဆုံးမှုဟူသော အနိစ္စ လက္ခဏာကို ကောင်းစွာမြင်သောအခါ၌ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့ကား တစ်လမ်း ဝေဒနာကား တစ်လမ်းနေကြမှု ထင်ရှားပေ၏၊ ဝေဒနာသည် ပုဂ္ဂိုလ်မဟုတ်၊ ဝေဒနာသည်သတ္တဝါမဟုတ် ဝေဒနာသည် ငါမဟုတ်ဝေဒနာသည် သူမဟုတ်, မည်သူမှမဟုတ်, ဝေဒနာသည် မိန်းမမဟုတ်, ယောကျ်ားမဟုတ်, ဝေဒနာသည်အတ္တမဟုတ်, ဇိဝလည်း မဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါ အတ္တ ဇိဝမည်သည် တစ်ထိုင်တွင်းမှာပင် အခါခါ အသစ်အသစ်ဖြစ်သည်, အခါခါ သေဆုံးသည်ဟူ၍ မရှိ၊ ဝေဒနာ သည်ကား တစ်ထိုင်တွင်းမှာပင် အခါခါ အသစ်သစ် ဖြစ်ပေါ်သည်, အခါခါ သေဆုံးသည်ဟူ၍ အထင်အရှား သိမြင်နိုင်၏၊ ဝေဒနာတို့၌ စွဲလမ်းသော နိစ္စသညာ, အတ္တသညာ, ကွယ်ပျောက်၏။

ဤကား- ဝေဒနာတို့၏ အနိစ္စအချက်ကို ကောင်းကောင်းကြီး ထင်နိုင်မြင်နိုင်ပါလျှင် ဝေဒနာတို့၏ အနတ္တအချက်ကိုလည်း ထင်နိုင် တော့သည်ဟူသော စကား၏ ယုတ္တိကို ပြဆိုချက်တည်း။

ထိုကြောင့် လက္ခဏာရေး သုံးပါးတို့တွင် ဤအနိစ္စ လက္ခဏာသည် ကောင်းကောင်းကြီး ထင်မြင်နိုင်အောင် အလွန်လိုလှ၏၊ အနိစ္စလက္ခဏာ ထင်မြင်နိုင်ရန် လိုအပ်လှကြောင်း ပြဆိုခန်းပြီး၏။

အနိစ္စပရိညာ အစီအရင်ပြီး၏။

---

ဒုက္ခပရိညာ သင်္ခါရဒုက္ခဖြင့် နှိပ်စက်ပုံ

ဝေဒနာ မြင်အောင်ရှု

ဒုက္ခပရိညာ အစီအရင်ကို ပြဆိုပေအံ့။ ဝေဒနာငါးပါးတို့တွင် ဒုက္ခဝေဒနာ, သောမနဿတို့သည် မိမိတို့ကိုယ်ခန္ဓာ၌ ထိုဒုက္ခဝေဒနာ နှစ်ပါး ဖြစ်ပေါ်၍ လာမည်ကို အလွန်ကြောက်လန့်ကြ၏၊ တိရစ္ဆာန် သတ္တဝါတို့ပင်လျှင် ထိုဒုက္ခနှစ်ပါးတို့နှင့် တွေ့ရကြုံရမည်ကို ကြောက်လန့် ကြရကုန်၏၊ အလွန်အေးမှုနှင့် တွေ့ရမည်ကို ကြောက်လန့်ကြကုန်၏၊ အလွန်ပူမှုနှင့် တွေ့မည်ကို ကြောက်လန့်ကြရကုန်၏၊ ရန်သူတစ်ပါးနှင့် တွေ့မည်ကို ကြောက်လန့်ကြရကုန်၏၊ လက်နက်လေးမြားကြောက်လန့် ကြရကုန်၏၊ အပါယ်ဘေး ငရဲဘေး ပြိတ္တာဘေး အသုရကာယ်ဘေးဆို သည်လည်း ထိုဒုက္ခနှစ်ပါးကို ဆိုသတည်း။

ထိုဝေဒနာနှစ်ပါး အလွန်မြမြ ထက်လှစွာသော ငြောင့်တွေ အနေ မြားတွေအနေ ထင်မြင်အောင် ရှုရမည်ဟု ဟောတော်မူ၏၊ အလွန်ထက်သော သေနတ်သစ်ချွန် ငြောင့်မျိုး အဆိပ်စင်းသွားတပ်သော မြားမျိုးတို့မည်သည် ကိုယ်အင်္ဂါ၌ စူးဝင်သောအခါ အလွန်ကျပ် တည်းစွာကျင်နာ၏၊ နုတ်၍ ပယ်ရှား၍ ပစ်ခြင်းငှါ အလွန်ခဲယဉ်း၏၊ ထို့အတူ ကိုယ်အင်္ဂါအတွင်းမှာ အဇ္ဈတ္တဘေး ဗဟိဒ္ဓဘေး ထိပါးမှုနှင့် ဖြစ်ပေါ်လာသော နာမှု ကျင်မှု ကိုက်မှု ခဲမှုပူလောင်မှု အစရှိသော ကာယိကဒုက္ခ ဝေဒနာ သား, သမီးသေဆုံးခြင်း စသည်တို့ကြောင့် စိတ် နှလုံးတွင်းမှာ ဖြစ်ပေါ်လာသော ဒေါမနဿဝေဒနာ အလွန်ကြောက် မက်ဖွယ်သော ဒုက္ခတို့သည် ပြင်းထန်စွာနှိပ်စက်ကုန်၏၊ နုတ်ခြင်း ပယ်ခြင်းငှါ အလွန်ခဲယဉ်းကုန်၏၊ ကိုယ်သန္တာန် စိတ်သန္တာန်မှာ ဒိဋ္ဌမြင် အောင် ထုတ်ဖော်လုပ်ကြံ၍ရှုလေ။

သင်္ခါရဒုက္ခမြင်အောင်ရှု

လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ ဟူ၍ ဆိုရသော သုခဝေဒနာ, သောမနဿဝေဒနာ, ဥပေက္ခာဝေဒနာဟူ၍ သုံးပါးသော ဝေနာတို့တွင် သုခဝေဒနာ သောမနဿဝေဒနာနှစ်ပါးတို့၌ ဒုက္ခလက္ခဏာ ဆိုသည်ကား သခါင်္ရဒုက္ခ, ဝိပရိဏာမဒုက္ခ နှစ်ပါးတည်း၊ ထို့ကြောင့် သုခဝေဒနာမှာ သင်္ခါရဒုက္ခသဘော ဝိပရိဏာမဒုက္ခသဘောကို ထင်မြင်အောင် ရှုရမည်၊ သောမနဿဝေဒနာမှလည်း သင်္ခါရဒုက္ခ သဘော ဝိပရိဏာမဒုက္ခသဘောကို ထင်မြင်အောင် ရှုရမည်။

သင်္ခါရဒုက္ခသဘော

သင်္ခါရဒုက္ခသဘောဆိုသည်ကား ကူလီလုပ်မှရနိုင်သော ငွေဒင်္ဂါး သည် ထိုငွေဒင်္ဂါးကို အလိုရှိကြသောသူတို့ကို ကုလီလုပ်မှုဟူသော သင်္ခါရ ဒုက္ခတို့ဖြင့် နှိပ်စက်ညှဉ်းပန်း၏၊ ထို့ကြောင့် ထိုငွေဒင်္ဂါးသည် သင်္ခါရ ဒုက္ခသဘောရှိ၏၊ ကြောက်ဖွယ် လန့်ဖွယ်ဖြစ်၏၊ အကြင်မျှလောက်သော နှစ်ကာလပတ်လုံး ထိုငွေဒင်္ဂါးကို တွယ်တာသောတဏှာသည် ထိုသူအား ရှိ၏၊ ထိုမျှလောက်သော နှစ်ကာလပတ်လုံး ထိုသူတို့ကို ငွေဒင်္ဂါးသည် ကူလီဘဝက မလွတ်ရအောင်ပြု၍ ကူလီအလုပ်ဟူသော သင်္ခါရဒုက္ခဖြင့် အမြဲနှိပ်စက် ညှဉ်းပန်း၏၊ အလွန်ကြောက်မက် ဖွယ်ကောင်းလှသော ဒုက္ခငွေဒင်္ဂါး စင်စစ်တည်း။

လှေထိုးမှရနိုင်သော ငွေဒင်္ဂါးသည် မိမိကို သာယာသောသူတို့ကို လှေထိုးမှုဟူသော သင်္ခါရဒုက္ခဖြင့် အမြဲနှိပ်စက်၏၊ ကြောက်မက်ဖွယ် သော ငွေဒင်္ဂါးသာတည်း၊ လွှတိုက်မှရနိုင်သော ငွေဒင်္ဂါးသည်, သစ်ခုတ် မှရနိုင်သော ငွေဒင်္ဂါးသည် အစရှိသည်တို့ဖြင့် ဆိုလေ။

လူချမ်းသာနှိပ်စက်ပုံ

ဤဥပမာနှင့်အတူ တစ်ခုတစ်ခုသော လူ့ဘဝ, လူ့ချမ်းသာသည် ရှေ့ရှေ့သောဘဝတို့၌ ဒါနပြုမှု သီလစောင့်ထိန်းမှု အစရှိသော ပုညကြိယာဝတ္တုတို့ကို တင်ကူး၍ပြုနိုင်မှရနိုင်၏၊ စိတ်အလိုဆန္ဒသက် သက်နှင့်ရနိုင်သည်မဟုတ်၊ နတ်သိကြားဖန်ဆင်း၍ ပေးမှုနှင့် ရနိုင်သည်မဟုတ်၊ ထို့ကြောင့် လူချမ်းသာသည် အလိုရှိသောသူကို ဒါနပြုမှုဟူသော သင်္ခါရခုက္ခဖြင့် အမြဲနှိပ်စက်၏၊ သီလစောင့်ထိန်းမှု ဟူသော သင်္ခါရဒုက္ခဖြင့်် အမြဲနှိပ်စက်၏၊ ကြွင်းသော ကုသိုလ်ပုည ကြိယာသင်္ခါရဒုက္ခတို့ဖြင့် အမြဲနှိပ်စက်၏၊ ထိုနည်းတူ ထိုလူချမ်းသာ သည် အလိုရှိသောသူကို ရသေ့အလုပ်ဟူသော သင်္ခါရဖြင့်လည်း နှိပ်စက်၏၊ ရဟန်းအလုပ်ဟူသော သင်္ခါရဒုက္ခဖြင့် နှိပ်စက်၏၊

ပုညကြိယာကို ဒုက္ခဟုဆိုရခြင်းအကြောင်း

ဤအရာ၌ ဒါန သီလအစရှိသော ကုသိုလ်ပုညကြိယာမှုမျိုး ရသေ့ အလုပ် ရဟန်းအလုပ်ဟူသော သီလကုသိုမှု ဘာဝနာကုသိုလ်မှုတို့ကို အဘယ့်ကြောင့် ဒုက္ခမှုဟူ၍ဆိုပါသနည်း၊ ဘယဋ္ဌေန ဒုက္ခံ-ဟူသော ပါဌ်နှင့်အညီ ကြောက်မက်ဖွယ်သောင်းသော အမှုသည်သာလျှင်ဒုက္ခမည် ရာ၏၊ ထိုကုသိုလ်မှုတို့သည်ကား အလွန်ကောင်းမြတ်သော မင်္ဂလာမှု ကျက်သရေမှုတို့ပေတည်း။ ထိုကြောင့် ထိုကုသိုလ်မှုတို့ကို ဒုက္ခဟူ၍ မဆိုသင့်။ (စောဒနာ)။

ထိုကုသိုလ်မှုတို့သည် ကြောက်မက်ဖွယ် အလွန်ကောင်းသော အမှုတို့သာတည်း၊ ထိုအမှုတို့တွင် ရသေ့ပြုမှု ရဟန်းပြုမှုသည် ဧကန် ကြောက်မက်ဖွယ်ကောင်းလှ၏၊ လူအများပင်ပြုရမည်ကို ကြောက်ကြ၏၊ လူတစ်ထောင်တွင်တစ်ယောက်ကျမျှ ပြုဝံ့သူမရှိကြ၊ တစ်သောင်းတွင် တစ်ယောက်မျှ ပြုဝံ့သူမရှိကြ၊ အကယ်၍ သာယာဖွယ်သော အမှုဖြစ်ခဲ့အံ့၊ ဤလူအပေါင်းတို့သည် ရသေ့ ရဟန်းချည်းဖြစ်ကုန်ကြလတ္တံ့။

သီလမှု ဘာဝနာမှုစုသည်လည်း ဧကန်ကြောက်မက်ဖွယ် ကောင်းသော အမှုအစုသာတည်း၊ အကယ်၍ သာယာဖွယ်သော အမှုဖြစ်ခဲ့အံ့၊ ဤလူအပေါင်းတို့သည် သီလကိုခင်မင်ကြသော သူတို့ ချည်းသာဖြစ်ကုန်လတ္တံ့။ ဘာဝနာခင်မင်ကြသော သူတို့ချည်းသာဖြစ် ကုန်လတ္တံ့။ ထိုသို့ကား မဟုတ်၊ တစ်ခုသောသိက္ခာပုဒ်ကိုပင် အသက် ထက်ဆုံး အမြဲအစွဲ ထိန်းရမည်ဆိုလျှင် ဝန်မခံဝံ့ကြ၊ တစ်ခုသော ဘာဝနာကိုပင် အမြဲ အစွဲ ပွားများရမည်ဆိုလျှင် ဝန်မခံဝံ့ကြ၊ ထို့ကြောင့် ထိုသီလမှု ဘာဝနာမှုစုတို့သည်လည်း ကြောက်မက်ဖွာ်ကောင်းလှသော အမှုစုပင်ဖြစ်၍ ဘယဋ္ဌေန ဒုက္ခစင်စစ်ဖြစ်သတည်း။

မင်္ဂလာ ကျက်သရေမှု

ကောင်းမြတ်သော မင်္ဂလာမှု ကျက်သရေမှုဆိုသည်မှာမူကား ကြောက်မက်ဖွယ်ကောင်းလှသည်ဖြစ်၍ သူအများတို့ မပြုတဲ့နိုင်အောင် ခဲယဉ်းလှသော ထိုအမှုစုကို တစ်ဦးတစ်ယောက်ထွက်၍ ပြုပေးသည့် အတွက် ယခုဘဝ၌လည်း အချီးမွမ်း အပူဇော်ခံရ၏၊ နောက်နောင်ဘဝ တို့၌လည်း သာယာဖွယ်သောင်းသော ကောင်းကျိုးချမ်းသာကို ပေးနိုင်၏၊ ဤသို့သော အကြောင်းကြောင့် မင်္ဂလာမှု ကျက်သရေမှုဆိုရလေ သတည်း။

မနေသာ၍ ပြူကြသမျှဒုက္ခစုသာ

အကယ်၍ထိုရသေ့လုပ်မှု, ရဟန်းလုပ်မှု, သီလစောင့်ထိန်းမှု, ဘာဝနာအွားများမှုတို့ကို မပြုမလုပ်ပဲနှင့်ပင် မိမိတို့အလိုရှိတိုင်းသော လူနတ်ဗြဟ္မာ ချမ်းသာသုခကိုရနိုင်ကြကုန်ငြားအံ့၊ ဤလောက၌ ရသေ့ လုပ်မည့်သူ တစ်ယောက်မျှမရှိကြလတ္တံ့၊ ရဟန်းလုပ်မည့်သူ တစ်ယောက် မျှမရှိကြလတ္တံ့၊ သီလစောင့်ထိန်းမည့်သူ တစ်ယောက်မျှမရှိကြလတ္တံ့၊ ဘာဝနာပွားမည့်သူ တစ်ယောက်မျှမရှိကြလတ္တံ့၊ ထို့အတူ ဒါနကို မပြုပဲနှင့် အလြိရှိရာ နတ်ချမ်းသာကို ရနိုင်ကြသည်ဖြစ်ခဲ့ငြားအံ့၊ ဤလောက၌ ဒါနပြုမည့်သူ တစ်ယောက်မျှမရှိကြလတ္တံ့။

ထိုသို့ကားမဟုတ်၊ ထိုရသေ့ ရဟန်း ဒါန သီလ ဘာဝနာတို့ကို မပြုခဲ့လျှင် ထိုချမ်းသာသုခတို့ကို မရသည့်ပြင် အပါယ်သို့သာ ကျရောက် လေအံ့၊ ထို့ကြောင့် မပြုချင်လျှင် မနေသာမှုကြီးတွေ ဖြစ်ခဲ့၍ ပြုချင်ကြရ သည် ပြုကြရသည်၊ ဤသို့မပြုချင်လျှင် မနေသာမှုဖြစ်၍ ပြုကြရသော အမှုမည်သည် ဒုက္ခမှုချည်းသာတည်း။

ဤလောက၌ ရွှေ, ငွေ, ရတနာကို သာယာကြကုန်သော သူတို့ အား ရွှေ, ငွေ, ရတနာကို ရစေတတ်သော အလုပ်ခပ်သိမ်းသည် မပြုချင် လျှင် မနေသာမှုချည်း ဖြစ်လေ၏။

တစ်စုံတခုသော၊ အလုပ်ကိုမျှ မလုပ်ဘဲ ရွှေ, ငွေ, ရတနာကို စိတ်အလိုရှိတိုင်း ရနိုင်သည်ဖြစ်ခဲ့ငြားအံ့၊ တစ်စုံတစ်ယောက်သောသူမျှ ရွှေ, ငွေ, ရတနာကို ရစေတတ်သော အလုပ်ခပ်သိမ်းကိုပင် လုပ်မည့်သူ မရှိကြလတ္တံ့။

ဤနည်းကိုမှီ၍ လောက၌ မနေသာလုပ် ဒုက္ခမှုတွေ အနန္တကို သိကြလေ၊ ဤကား ဒါန သီလ ဘာဝနာစသော ပုညကြိယာမျိုးမှုတို့၏ သင်္ခါရဒုက္ခမှု စင်စစ်ဖြစ်ပုံကို ပြဆိုလိုက်သော အခန်းတည်း။

ဤတွင်ရွေ့ကား လူချမ်းသာသည် အနမတဂ္ဂသံသရာ၌ သတ္တဝါ အပေါင်းတို့ကို ပုညကြိယာ သင်္ခါရဒုက္ခဖြင့် အမြဲနှိပ်စက်ပုံတည်း။

သုခ သောမနဿဝေဒနာတို့၏ သင်္ခါရဒုက္ခဖြင့် နှိပ်စက်ပုံ

ရှေးဘဝတို့၌ ပုညကြိယာ သင်္ခါရဒုက္ခကို ခံနိုင်၍ နောက်ဘဝ၌ လူ့ချမ်းသာကို ရကြသောအခါ၌ ထိုလူ့ချမ်းသာသည် အသက်မွေးမှု အစရှိသော သင်္ခါရမှုတို့ကို နေ့စဉ်မစဲ အမြဲအားထုတ်နိုင်ပါမှ အသက် တမ်းစေ့အောင် တည်နေလေသည်၊ ထို့ကြောင့် ထိုလူ့ချမ်းသာသည် နေ့စဉ်မစဲ အမြဲအားထုတ်ရသော မနေသာမှု မလွဲသာမှုဟူသော သင်္ခါရ ဒုက္ခတို့ဖြင့်လည်း အမြဲနှိပ်စက်၏။

သားမယားအာရုံ ကာမဂုဏ်နှင့်စပ်သော သုခ သောမနဿ ဟူသော ချမ်းသာသည် ထိုချမ်းသာကို သာယာခင်တွယ်သော သူတို့ကို အသက်ထက်ဆုံး အိမ်ထောင်ခန်းနား သားမယားမွေးမြူမှုနှင့်စပ်သော ဒုက္ခခပ်သိမ်းတို့ဖြင့် အမြဲနှိပ်စက်၏။

ဤနည်းကိုမှီ၍ လောက၌ရှိသမျှသော မနေသာမှု မလွဲသာမှု သင်္ခါရဒုက္ခစုကို မြင်လေ။

ဤတွင်ရွေ့ကား ဤလူ့ချမ်းသာသည် အနမတဂ္ဂသံသရာ၌ သတ္တဝါအပေါင်းတို့ကို ပစ္စုပ္ပန်၌ဖြစ်သော သင်္ခါရဒုက္ခတို့ဖြင့် အမြဲနှိပ် စက်ပုံကို အမြွက်မျှပြဆိုလိုက်သော အခန်းတည်း။

နတ်ဗြဟ္မာချမ်းသာ သင်္ခါရဒုက္ခဖြင့်နှိပ်စက်ပုံ

နတ်ချမ်းသာတို့၌လည်း ထိုက်သည်အားလျော်စွာ သင်္ခါရဒုက္ခ မျိုးကို သိလေ၊ ဗြဟ္မာ့ချမ်းသာ၌ ရှေးဘဝ၌ တင်ကူး၍ပြုရသော စျာန ဘာဝနာဟူသော သင်္ခါရဒုက္ခမှုကို အလွန်ကြောက်မက်ဖွယ် ကောင်းလှ သော သင်္ခါရဒုက္ခမှုကြီးတွေသာတည်း။

ယခုအခါ၌ ပထမစျာန် အစရှိသော စျာန်များကိုရအောင် အားထုတ်နိုင်ပါကြပါလျှင် သေသည်၏အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ရောက်၍ တစ်ဘဝတည်းနှင့်ပင် မေတ္တေယျမြတ်စွာဘုရား သာသနာကို မှီနိုင်၏၊ မေတ္တေယျ မြတ်စွာဘုရား မပွင့်မီ အကြား၌လည်း အပါယ်လေးပါး အတွက် ကြောင့်ကြဖွယ်မရှိ၊ အသက်မွေးမှု ဒုစရိုက်တရား ပွားများမှု အတွက်လည်း ကြောင့်ကြဖွယ်မရှိ၊ အန္တရကပ်တစ်ကပ်ပတ်လုံး စျာန် သမာပတ်ချမ်းသာ တန်ခိုးဣဒ္ဓိပါဒ်ချမ်းသာတို့ကို ခံစားစံစား၍ နေနှင့်ပြီး လျှင် မေတ္တေယျ ဘုရားသာသနာ၌ ချမ်းသာစွာ ကျွတ်လွတ်ဖို့သာ ရှိတော့သည်ဟူသော အခွင့်ကြီးကို လူလူရှင်ရှင် မြင်ကြသိကြပါကုန်လျက် နှင့် စျာန်သမာပတ်ရအောင် အားထုတ်ရာသော အခွင့်အလမ်းကြီးကို မတိုးဝံ့ကြ ကြောက်ရွံ့ကြသည့်အတွက်ကြောင့် စျာန်ရပုဂ္ဂိုလ်ဟူ၍ မမြင် ကြကုန်။

ဤသို့လျှင် ဗြဟ္မာ့ချမ်းသာသည် အနမတဂ္ဂသံသရာ၌ သတ္တဝါ အပေါင်းတို့ကို စျာနဘာဝနာမှုတည်းဟူသော ကြောက်မက်ဖွယ်သင်္ခါရ ဒုက္ခဖြင့် လွန်စွာနှိပ်စက်၏၊

မဂ်ဖိုလ်သည် ဒုက္ခမဖြစ်ထိုက်

စောဒနာရန်ရှိ၏၊ မဂ်လေးပါးသည် ရှေးရှေးဘဝကမ္ဘာတို့၌ ပါရမီတရားတို့ကို ဖြည့်ကျင့်ရခြင်းတည်းဟူသော သင်္ခါရဒုက္ခ,မဂ်ဖိုလ်ရ လတ္တံ့သောဘဝ၌လည်း သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိအစရှိသော ဝိသုဒ္ဓိ ဘာဝနာတရားတို့ကို အားထုတ်ဟူသော သင်္ခါရဒုက္ခ ဤသခါင်္ရဒုက္ခကြီး နှစ်ပါးကိုအားထုတ်နိုင်မှသာရနိုင်၏၊ ထို့ကြောင့် မဂ်လေးပါး ဖိုလ်လေး ပါးသည်လည်း ဒုက္ခသစ္စာသာ အမှန်ဖြစ်၏ဟု ဆိုရန်ရှိ၏။

ပါရမီတရားတို့ကို ဖြည့်ရခြင်း, နောက်ဘဝ၌ ဝိသုဒ္ဓိဘာဝနာ တရားတို့ကို ပွားများရခြင်းဟူသော အလွန်ကြီးကျယ်လှစွာသော သင်္ခါရဒုက္ခကြီး နှစ်မျိုးကို ခံနိုင်သူမှသာ မဂ်လေးပါး ဖိုလ်လေးပါးကို ရထိုက်သည်မှန်ပေ၏။

ထိုသို့မှန်သော်လည်း မဂ်, ဖိုလ်တို့မှာ ထိုသင်္ခါရ ဒုက္ခကြီးတို့ကို ခံနိုင်၍ တစ်ကြိမ်ရပြီးသည်နောက် အနမတဂ္ဂသံသရာမှာ ထိုသင်္ခါရ ဒုက္ခကြီးတို့ကိုလည်း တစ်ဖန်ကြုံတွေ့ဖွယ်မရှိပြီ၊ ထိုသင်္ခါရဒုက္ခကြီး တို့မှလည်း အပြီးလွတ်ငြိမ်းလေ၏၊ ကြွင်းသောအပါယ်ဒုက္ခတေဘူမက ဒုက္ခခပ်သိမ်းတို့မှလည်း အပြီးလွတ်ငြိမ်းလေ၏၊ မဂ် ဖိုလ်ကို ရပြီးနောက် အနမတဂ္ဂဒုက္ခနယ်ကြီး ငြိမ်းချမ်းမှုနှင့်ရှေးအဖို့မှာ ပါရမီဖြည့်မှုဒုက္ခ ဝိသုဒ္ဓိဘာဝနာပွားများမှုဒုက္ခကို နှိုင်းယှဉ်သည်ရှိသော် မဟာပထဝီ မြေကြီးနှင့် အဏုမြူကဲ့သို့ဖြစ်၏၊ ထို့ကြောင့် အနမတဂ္ဂဒုက္ခနယ်ကြီးကို တစ်ခါတည်းပြီးငြိမ်းစေနိုင်သော မဂ်တရား ဖိုလ်တရားသည် ရှေးအဖို့၌ အားထုတ်ရသော ပါရမီပြည့်မှု ဝိသုဒ္ဓိဘာဝနာ ပွားများမှုဟူသော အနည်းငယ်မျှသော သင်္ခါရဒုက္ခမှု အတွက်နှင့် ဒုက္ခသစ္စာဖြစ်ခြင်းငှာ မထိုက်။

သူဌေးဖြစ် ဥပမာ

ဥပမာကား-တစ်ခုသော မြေအဖို့၌ ရှေးအခါက သူဌေးကြီး တစ်ဦး မြှုပ်၍ထားခဲ့သော အကုဋေများစွာသော အ,သာမိက ရွေငွေ ရတနာတို့သည် ရှိကြကုန်ရာ၏၊ ဒိဗ္ဗစက္ခုဉာဏ်အမြင်ကိုရသော တစ်ဦး သောသူက တစ်ယောက်သောသူဆင်းရဲကို ဆိုပေရာ၏၊ သင်သည် ချမ်းသာလိုလျှင် ဤနေရာ၌ ဆယ်တောင်ခန့် နက်အောင်တူးလော့၊ ဆယ်တောင်ခန့်နက်သောအခါ ကျောက်ဖျာကြီးခြောက်ချပ် တွေ့လိမ့် မည်၊ ၎င်းကျောက်ဖျာကြီး ခြောက်ချပ်ကို လှန်၍ အကုဋေများစွာသော အ,သာမိက ရွှေငွေရတနာတို့ကို ယူလော့ဟုဆိုပေ၏၊ ထိုသူဆိုတိုင်း တူးလေ လှန်လေ၍ အကုဋေများစွာသော အ,သာမိက ရွှေငွေရတနာ တို့ကို အကုန်ရသဖြင့် ထိုသူဆင်းရဲသည် မိမိမှစ၍ သားစဉ်မြေးဆက် သူဌေးမျိုးဖြစ်လေ၏။

ဤဥပမာ၌ မြေကို ဆယ်တောင်နက်အောင် တူးမှုနှင့် ရှေးရှေး ဘဝတို့၌ ပါရမီဖြည့်ရမှု တူ၏၊ ကျောက်ဖျာကြီး ခြောက်ချပ်ကို လှန်မှုနှင့် နောက်ဘဝ၌ သီလဝိသုဒ္ဓိ အစရှိသော လောကီဝိသုဒ္ဓိခြောက်ပါးကို အစဉ်အတိုင်းပွါးများမှု တူ၏၊ အကုဋေများစွာသော ရွှေငွေရတနာနှင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ဟူသော ဉာဏဒဿနဝိသုဒ္ဓိတူ၏၊ ဒိဗ္ဗစက္ခုဆရာနှင့် မြတ်စွာဘုရား တူ၏၊ သူတပည့်ဆင်းရဲနှင့် ဘုရားတပည့်သား တူ၏၊ သူဌေးဖြစ်သည်နှင့် အရိယာအဖြစ် တူ၏။

ဤဥပမာ၌ တူးမှုသင်္ခါရ ဒုက္ခကျောက်ဖျာကြီး ခြောက်ချပ်ကို လှန်မှု သင်္ခါရဒုက္ခနှစ်ပါးသည် ရယူခံစံရသော ရွှေငွေရတနာ ချမ်းသာ သုခနှင့် နှိုင်းယှဉ်သည်ရှိသော် ဒုက္ခဟူ၍ မပြောစလောက်ပြီ၊ ထိုသင်္ခါရ ဒုက္ခအတွက်နှင့် ထိုအကုဋေများစွာသော ရွှေငွေရတနာတို့ကို ဒုက္ခဟူ၍ မဆိုလောက်ပြီ။

တစ်နပ်စာကုသိုလ်နှင့် ချမ်းသာများ

လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာဟူသော အကျိုးကို ပေးကြသော ကာမကုသိုလ် ရူပကုသိုလ် အရူပကုသိုလ်တို့သည်မူကား တဒင်္ဂကုသိုလ်တို့သာတည်း၊ တစ်နပ်စာ ကုသိုလ်တို့သာတည်း၊ လူ့ချမ်း သာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာတို့သည်လည်း ချမ်းသာမှန် ချမ်းသာ ဖြောင့် မဟုတ်ကုန်၊ ချမ်းသာလိမ် ချမ်းသာကောက် ချမ်းသာမှောက် ချမ်းသာမှားတို့သာတည်း။

ချဲ့ဦးအံ့-ပကါယ်ဒုက္ခကြီးကို ကြောက်လှ၍ ထိုအပါယ်ဒုက္ခကြီးမှ လွတ်ကင်းရခြင်းအကျိုးငှါ လူ့ချမ်းသာ နတ်ချမ်းသာကို အားကိုး၍ ဒါနအမျိုးမျိုးကို အားထုတ်၏၊ ထိုဒါနကုသိုလ်ကြောင့် လူ့ချမ်းသာ နတ်ချမ်းသာကို ရပါသော်လည်း ထိုလူ့ချမ်းသာ နတ်ချမ်းသာသည် အနိစ္စဓမ္မမျိုး ဖြစ်ချေ၍ ထိုသူသည် အပါယ်ဒုက္ခကြီးသို့ပင် ပြန်၍ ကျရပြန်၏၊ အနမတဂ္ဂသံသရာ၌ သူသူငါငါသတ္တဝါတို့သည် ထိုဒါန ကုသိုလ်ကို ပြုခဲ့ကြသည်လည်း အကြိမ်ပေါင်း အနမတဂ္ဂ ရှိကြလေပြီ၊ ထိုဒါနကုသိုလ်ကြောင့် လူ့ချမ်းသာ နတ်ချမ်းသာကို ရခဲကြသည်လည်း ဘဝပေါင်း အနမတဂ္ဂ ရှိကြလေပြီ၊ ယခုလည်း အပါယ်တံခါး ဟင်းလင်း ပွင့်လျက်အတိုင်းပင် ရှိနေကြ၏၊ အပါယ်ဘေးကြီးတန်းလန်းပင် ရှိနေ ကြ၏၊ ဤဘဝမှနောက် အနာဂတ်သံသရာ၌လည်း ထိုနည်းတူပင် သွားလတ္တံ့။

ထို့ကြောင့် ထိုဒါနကုသိုလ် ထိုလူ့ချမ်းသာ နတ်ချမ်းသာ ခေါ်သော သုခသောမနဿဝေဒနာစုသည် သစ္စသဒ္ဒါနှင့် ခေါ်ထိုက်သော သုခမှန် သုခဖြောင့်မဟုတ်၊ မျက်လှည့်ဆရာ လိမ်လည်၍ပြသော တဒင်္ဂ ရွှေ, ငွေ, ရတနာကဲ့သို့ ချမ်းသာလိမ် ချမ်းသာကောက် ချမ်းသာမှောက် ချမ်းသာမှားသာ ဖြစ်သတည်း။

သုခမှန် သုခဖြောင့်

သုခမှန် သုခဖြောင့်ဆိုသည်ကား အပါယ်ဒုက္ခကြီးကို ကြောက် လန့်၍ ထိုအပါယ်ဒုက္ခကြီးမှ လွတ်ကင်းခြင်းငှါ လူ့ချမ်းသာကို အားကိုး၍ နတ်ချမ်းသာကို အားကိုး၍ ဒါနအမျိုးမျိုးကို ပြုကြသော သူတို့အား ဒါနကုသိုလ်ထမြောက်၍ လူ့ချမ်းသာ နတ်ချမ်းသာကို ရသောအခါ ထိုချမ်းသာသည် ဘယ်အခါမှ ပြောင်းရွေ့ခြင်းမရှိဘဲ အမြဲနိစ္စနေ တည်နေ၍ အပါယ်ဒုက္ခအပြီး ငြိမ်းလေမှသာလျှင် သုခမှန် သုခဖြောင့် ဆိုထိုက်သည်။

တစ်နပ်စာ သုခ

လူ့ချမ်းသာ နတ်ချမ်းသာခေါ်သော သုခသည်ကား ထိုကဲ့သို့ ဖြောင့်မှန်သော သုခမဟုတ်၊ ထိုသို့မဟုတ်သည့်အတွက်ကြောင့် အနမတဂ္ဂသံသရာ၌ ထိုဒါနမှုကို ဘဝပေါင်းဘယ်မျှ ကမ္ဘာပေါင်း ဘယ်မျှကြာအောင် အခါခါပြုနိုင်ပါလျှင် နိစ္စဖြစ်သော လူ့သုခ နတ်သုခ ကိုရ၏၊ အပါယ်ဒုက္ခ အပြီးငြိမ်း၏ဟု အားကိုးရန် စခန်းပင်မရှိ၊ နောက်အနာဂတ် သံသရာ၌လည်း လာလာသမျှသော လူ့သုခ နတ်သုခ ဟူသမျှသည် အနိစ္စသုခ တဒင်္ဂသုခ တစ်နပ်စာ သုခချည်းသာ လာလတ္တံ့။

ဒုက္ခဓမ္မမျိုး

ထိုကဲ့သို့ အားကိုးရန် အငြိမ်းစားစခန်းဟူ၍ လုံးလုံးမရှိသော အနိစ္စသုခမျိုးကို အားကိုး၍ပြုကြသော ကုသိုလ်မှုဟူသမျှသည် သင်္ခါရဒုက္ခချည်းသာတည်း၊ ထိုကုသိုလ်မှုကြောင့် ရောက်ကြရသော လူ့ဘဝ လူ့ချမ်းသာ နတ်ဘဝ နတ်ချမ်းသာ ဗြဟ္မာ့ဘဝ ဗြဟ္မာစုသည် လည်း သင်္ခါရဒုက္ခမျိုးချည်းသာတည်း၊ ဤသတ္တဝါအပေါင်းတို့ကို ကုသိုလ်ပြုမှုဟူသော အဆုံးအစမရှိသော သင်္ခါရဒုက္ခဘေး သင်္ခါရဒုက္ခ ဒဏ်နှင့် အမြဲနှိပ်စက်၍နေသော ဒုက္ခဓမ္မမျိုးချည်းသာတည်း။

အငြိမ်းစား စခန်းဆိုက်

ယခုအခါဝယ် သာသနာတွင်း၌ သီလဝိသုဒ္ဓိအစရှိသော ဝိသုဒ္ဓိ ၇-ပါးကိုပွါးများမှု ဟူသောသင်္ခါရဒုက္ခကို ထမြောက်အောင် အားထုတ် နိုင်ပါလျှင် ယခုဘဝ၌ပင် အငြိမ်းစား စခန်းသို့ ဆိုက်လေ၏၊ ထိုဝိသုဒ္ဓိ ၇-ပါးကိုပွါးများမှုဟူသော သင်္ခါရဒုက္ခကြီးလည်း အပြီးလွတ်ငြိမ်းလေ၏၊ နောင်ဝိသုဒ္ဓိ ၇-ပါးကိုအတွက်နှင့် ပင်ပန်းဖွယ်မရှိပြီ၊ ထိုမှကြွင်းသော အပါယဒုက္ခစသည်တို့လည်း အပြီးလွတ်ငြိမ်းလေကုန်၏။

ဤကား-လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာခေါ်ကြသော သုခဝေဒနာ သောမနဿ ဝေဒနာတို့၏ သင်္ခါရဒုက္ခ အဖြစ်ကို အမြွက်မျှ ပြဆိုလိုက်သော အခန်းတည်း။

ဝေဒနာတို့၏ ဝိပရိဏာမဒုက္ခ

ဝိပရိဏာမ

ယခုအခါ ထိုဝေဒနာတို့၏ ဝိပရိဏာမဒုက္ခအခြင်းအရာကို ပြဆိုအံ့၊ ဝိပရိဏာမ ဆိုသည်ကား ဇရာ မရဏ ပင်တည်း၊ ဇရာဆိုသည် ကား-ဟောင်းနွမ်းခြင်း ရင့်ရော်ခြင်း ဆုတ်ယုတ်ခြင်း နွမ်းပါးခြင်း အိုမင်းခြင်း ဆွေးမြည့်ခြင်းများသည် ဇရာဝိပရိဏာမတည်း။

မရဏဆိုသည်ကား ကုန်ခန်းခြင်း ပျက်ပြုန်းခြင်း ကုန်ဆုံးခြင်း ပျောက်ပျက်ခြင်း ချုပ်ကွယ်ခြင်း သေဆုံးခြင်းများသည် မရဏဝိပရိဏာမ မည်၏၊

ဝိပရိဏာမ ၂-ပါး

ထိုဝိပရိဏာမသည် တစ်ခုတစ်ခုသော ဘဝအဆုံး၌ အမြဲလာ သော ဝိပရိဏာမ, ပဋိသန္ဓေတည်နေသည်မှစ၍ ဘဝအဆုံးသို့မရောက်မီ အကြား၌ အမြဲလာသောဝိပရိဏာမ ဟူ၍ ၂-ပါး။

ခန္ဓာဟူသမျှ ဖောက်ပြန်မြဲ

ပဋိသန္ဓေ တည်နေသည်မှစ၍ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာစု သည် ဖောက်ပြန် ပျက်ဆုံးခြင်းဟူသော ဝိပရိဏာမ သဘောအမြဲမကွာ ထက်ကြပ်ပါရှိနေ၏၊ ဖောက်ပြန်ပျက်ဆုံးရန် အကြောင်းအခွင့် ဆိုက် တိုက်လာလျှင် ဘယ်နာရီမှာ မဆိုဖောက်ပြန် ပျက်ဆုံး၏။

ဖောက်ပြန်ပျက်ဆုံးရန် အကြောင်းအခွင့်မည်သည် လောက ဓာတ်၌ အနန္တများပြားလှ၏၊ အဇ္ဈတ္တအန္တရာယ် အနန္တ ဗဟိဒ္ဓအန္တရာယ် အနန္တများပြား၏။

ခပ်သိမ်းသော သတ္တဝါတို့သည်လည်း ငါတို့၏ အသက်ခန္ဓာ တို့သည် ဖောက်ပြန်ခွင့်နှင့် ဆိုက်တိုက်လာလျှင် ဘယ်နာရီမှာမဆို ဖောက်ပြန်ကုန်၏ဟု သိကြကုန်၏၊ ပျက်ဆုံးခွင့်ဆိုက်တိုက်လာလျှင် ဘယ်နာရီမှာမဆို ပျက်ဆုံးကုန်၏ဟု သိကြကုန်၏။

ထို့ကြောင့် လောက၌ အဇ္ဈတ္တဘေးအနန္တတို့နှင့် တွေ့ကြုံမည်ကို အမြဲကြောက်လန့်ကြကုန်၏၊ ဗဟိဒ္ဓဘေးအနန္တတို့နှင့် တွေ့ကြုံမည်ကို အမြဲကြောက်လန့်ကြကုန်၏။

အကယ်၍လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာစုလည်း ဝိပရိဏာမ သဘောမရှိခဲ့သည် ဖြစ်ငြားအံ့၊ လောက၌ ကြောက်စရာ လန့်စရာဟူ၍ တစ်စုံ တစ်ခုမျှ မရှိလေရာ စိုးရိမ်စရာ ကြောင့်ကြစရာဟူ၍ တစ်စုံ တစ်ရာမျှ မရှိလေရာ။

ထိုသို့ကား မဟုတ်၊ လောက၌ ကြောက်စရာအနန္တ လန့်စရာ အနန္တ စိုးရိမ်စရာအနန္တ ကြောင့်ကြစရာအနန္တ အစဉ်ထာဝရ ရှိနေကြ၏။

အဇ္ဈတ္တဘေးတို့ကို ကြောက်ရသော ဒုက္ခ ထိတ်လန့်ရသော ဒုက္ခ စိုးရိမ်ကြောင့်ကြရသော ဒုက္ခအစုသည် မိမိခန္ဓာတို့၏ ဝိပရိဏာမသဘော ရှိနေသည့် အတွက်ကြောင့် ဝိပရိဏာမ ဒုက္ခအစုသာတည်း။

ဝိပရိဏာမ ဒုက္ခထင်ရှားခြင်း

မိမိခန္ဓာတို့၏ ဝိပရိဏာမသဘော အမြဲပါရှိနေသည်ကို သိကြ သည် ဖြစ်၍ မိမိအလိုအလျောက် ချမ်းသာရာ နေလိုရာ နေခွင့်မရကြကုန်၊ မြို့ရွာတည်ထောင်၍ နေကြရကုန်၏၊ ဝင်းခြံအိမ်ရာ အကာအရံ ပြုလုပ်၍ နေကြရကုန်၏၊ သွားရာ လာရာ နေရာ ထိုင်ရာ ရောက်ရာဌာနတို့၌ ဘေးနှင့်တွေ့မည်ကို အမြဲသတိထားကြရကုန်၏၊ ရန်နှင့်တွေ့မည်ကို အန္တရာယ်နှင့်တွေ့မည်ကို အမြဲသတိထားကြရကုန်၏၊ ကြောင့်ကြစိုက် ကြရကုန်၏၊ ဤအလုံးစုံသည် မိမိတို့ခန္ဓာတို့၏ ဝိပရိဏာမသဘော ရှိနေသည့်အတွက် ဖြစ်ရသော ဝိပရိဏာမ ဒုက္ခချည်းတည်း။ ထိုသို့ သတိထားကြပါလျက် ကြောင့်ကြစိုက်ကြပါလျက် ဥစ္စာစည်းစိမ်ပျက်ပြားမှု သားမယား ဆွေမျိုးညာတကာ ပျက်ပြားမှု အနာရောဂါဘေးဥပါဒ်တို့နှင့် တွေ့ကြုံမှု သေဆုံးမှုတို့နှင့် တွေ့ကြုံကြရသော ဝိပရိဏာမဒုက္ခသည်မူကား အလွန် ထင်ရှားလေပြီ။

ဝိပရိဏာမမီးအမှု

အနမတဂ္ဂသံသရာ၌ ကမ္ဘာကြီးတွေ အဆက်ဆက် ပျက်ဆုံး ကွယ်ပ၍ ကုန်မှုသည်လည်း ဝိပရိဏာမမီ၏ အမှုပင်တည်း၊ လူ့ခန္ဓာတွေ အနန္တနတ်ခန္ဓာတွေ အနန္တဗြဟ္မာ့ခန္ဓာတွေ အနန္တ ပျက်ဆုံးကွယ်လွန်ခဲ့မှု သည်လည်း ဝိပရိဏာမမီး၏ အမှုပင်တည်း။ ဂင်္ဂါသံလုံးမျှမက ဘုရား တွေအနန္တ, ပစ္စေကဗုဒ္ဓတွေအနန္တ, အရိယာသာဝကတွေအနန္တ ပျက်ဆုံး ကွယ်၍ ကုန်ခဲ့မှုသည်လည်း ဝိပရိဏာမမီး၏ အမှုပင်တည်း။

အနမတဂ္ဂသံသရာ၌ ဒါနမှု သီလမှု ဘာဝနာမှုတို့နှင့် ဖြစ်ပေါ်ခဲ့ သမျှသော လူ့ခန္ဓာစုသည် ဝိပရိဏာမမီး ထဲမှာချည်း ဆုံးခဲ့၏၊ နတ်ခန္ဓာစု ဗြဟ္မာ့ခန္ဓစုသည်လည်း တစ်ခုမကျန် ဝိပရိဏာမ မီးထဲမှာချည်း ဆုံးခဲ့၏၊ နောင်အနာဂတ် သံသရာ၌ ပေါ်လာလတ္တံ့သော လူ့ခန္ဓာဟူသမျှ နတ်ခန္ဓာဟူသမျှ ဗြဟ္မာ့ခန္ဓာဟူသမျှသည်လည်း ဝိပရိဏာမ မီးစာ ချည်းပင်တည်း။

လောက၌ မီးနှင့်မီးစာ ထင်းနှစ်ပါးမှာလည်း ထင်းကနိုင်သည် ဟူ၍မရှိ မီးကသာနိုင်သည်၊ ထင်းများလေလေ မီးအားကြီးလေလေသာ ဖြစ်မြဲတည်း၊ အဆုံးကျလျှင် ရှိသမျှထင်းတို့သည် မီးစာပြာဖြစ်၍ ကုန်မြဲ တည်း၊ ထို့အတူ ဒါန သီလမှုအစရှိသော သင်္ခါရမှုတို့နှင့် ပြုစုပျိုးထောင်၍ ဖြစ်လာကြသော လူ့ဘဝ နတ်ဘဝ ဗြဟ္မာ့ဘဝဟူသမျှသည် ဝိပရိဏာမ မီးစာပြာဖြစ်၍ ကုန်မြဲတည်း။

ဒုက္ခတန်လန်းနှင့်သေဆုံးရ

ဤသတ္တဝါအပေါင်းတို့သည် ရှေးရှေးသော အနမတဂ္ဂ သံသရာ ကမ္ဘာအဆက်ဆက်တို့၌ ပြုခဲ့ကြသမျှသော ဒါနမှု သီလမှု ဘာဝနာမှု ပုညကြိယာမှု ရသေ့လုပ်မှု ရဟန်းလုပ်မှု အလုံးစုံတို့သည် ဝိပရိဏာမ မီးစာအကျိုးငှါချည်း လုပ်ခဲ့ကြသည်ဖြစ်၍ သူ့ဘဝနှင့်သူ့မီး အပြီးကုန်ဆုံး၍ လာခဲ့ကြသောကြောင့် ယခုလည်းဒါနပြုမှု ဒုက္ခတန်းလန်း သီလစောင့် ထိမ်းမှုဒုက္ခတန်းလန်း ဘာဝနာပွားများမှု ဒုက္ခတန်းလန်း ရသေ့ပြုလုပ်မှု ဒုက္ခတန်းလန်း ရဟန်ပြုလုပ်မှု ဒုက္ခတန်လန်း နှင့်နေကြ၏၊ မပြုချင်လျှင် မနေသာမှု တန်းလန်းနှင့် နေကြ၏၊ အပါယ်ဘေးကြီးတန်းလန်းနှင့် နေကြ၏၊ နောက်နောက်ဘဝတို့၌လည်း ဤနည်းတူသွားကြလတ္တံ့။

ယခုလောက၌ လယ်ယာကိုင်းကျွန်းလုပ်ကိုင်၍ အသက်မွေးကြ သော သူတို့သည် အသက်ထက်ဆုံး နှစ်စဉ်လုပ်ကြရကုန်၏၊ တစ်နှစ် လုပ်၍ ဖြစ်ပွားသော စပါးပြောင်းနှမ်းစသည်တို့သည် ဝိပရိဏာမ မီးစာဖြစ်၍ ကုန်ဆုံးလေ၏၊ ဝိပရိဏာမ မီးစာလမ်းကို လိုက်မိကြသည့် အတွက် အငြိမ်းစာစခန်းဟူ၍ မရှိကြကုန်ပြီ၊ အသက်ထက်ဆုံး တောင် သူလယ်ယာလုပ်မှု သင်္ခါရမှုကြီးတန်းလန်းနှင့်သာ သေဆုံးကြရလေ ကုန်တော့သည်။

ဤနည်းအတူ ဤလောက၌ နေ့နေ့ညည ပုပုရွရွ အားထုတ် ပြုလုပ်ကြသော အမှုခပ်သိမ်းတို့ကိုလည်း အကုန်သိလေ။

အငြိမ်းစားရသူ

ဤလောက၌ ဝိပရိဏာမဟူ၍ မရှိခဲ့သည်ဖြစ်အံ့၊ ခပ်သိမ်းသော လုပ်ဆောင်မှုတို့မှာပင် တစ်ကြိမ်တစ်ခါ ထမြောက်ပြီးစီးအောင် လုပ်ဆောင်ပြီးနောက် အနမတဂ္ဂသံသရာတိုင်အောင် ထာဝရအငြိမ်းစား ရရာ၏၊ အခါခါ အထပ်ထပ် လုပ်ဆောင်မှု ဒုက္ခဟူ၍ မရှိလေရာ။

မဂ္ဂင်ရှစ်ပါးအလုပ်ကို လုပ်သောသူသည် ထိုအလုပ်ထမြောက် သည့်နောက် အနမတဂ္ဂသံသရာ၌ ထာဝရ အငြိမ်းစားရလေ၏၊ ထိုမဂ္ဂင် တရားကို ပွားများအားထုတ်မှုဟူသော သင်္ခါရ ဒုက္ခကိုပင် နောက်တစ်ဖန် လုပ်ရပြန်သည် ဟူ၍မရှိပြီ၊ မဂ္ဂင်တရား ပွားများမှု ဒုက္ခကို တစ်ဖန်တွေ့ကြုံ ရပြန်သည်ဟူ၍ မရှိပြီ။

ပုထုဇဉ်အမှု ဝိပရိဏာမမီးစာဖြစ်

ဘုရားပစ္စေကဗုဒ္ဓါ အရိယာအလောင်း ပညာရှိအပေါင်းတို့သည် ပြုလုပ်အားထုတ်၍ ထမြောက်လျှင် တစ်ခါတည်းပြီး အငြိမ်းစားရသော အလုပ်ကိုသာ ရှာကြံကြကုန်၏။

ဉာဏ်ပညာနည်းလှသော ဗာလပုထုဇဉ်တို့သည်ကား ထိုကဲ့သို့ မြော်မြင်ရှာကြံ၍ မလုပ်တတ်ကြကုန်၊ အရပ်အလိုက် ဒေသအလိုက် မိရိုးဖလာအလိုက် အရိုးအစဉ်းဖြစ်သော ဗာလုဿုက္က အလုပ်အကိုင် အခွင့်အရေးတွေကို အဟုတ်အကောင်း မှတ်ထင်အားစိုက်လျက် နေ့ရက်, လ, နှစ်ကို ကုန်စေကြကုန်၏၊ ထို့ကြောင့် ထိုဗာလပုထုဇဉ်တို့၏ အသက် ထက်ဆုံး ပင်ပန်းသမျှသည် ဝိပရိဏာမ မီးစာတို့ချည်းဖြစ်၍ ကုန်လေ သတည်း။

ဤတွင်ရွေ့ကား ဝေဒနာတို့၏ ဝိပရိဏာမ ဒုက္ခအချက်ကို အမြွက်ပြလိုက်သော အခန်းပြီး၏။

*

---

ဒုက္ခလက္ခဏာ ထင်မြင်နိုင်ခဲ့ပုံ

ရဟန္တာဖြစ်မှ ဒုက္ခအကုန်ထင်

ထိုမှတစ်ပါး ရှေးဉာတပရိညာ အခန်းတွင် ဥပမာ အရပ်ရပ်တို့နှင့် တကွ ပြဆိုခဲ့ပြီးသော အဿဒအာဒီနဝအခန်း, ဝေဒနာတို့၏ ဒုက္ခသစ္စာ အခြင်းအရာ အနိစ္စပရိညာအခန်းတွင် အနိစ္စအချက်ကို ကောင်းစွာ ထင်မြင်သဖြင့် အနိစ္စနှင့် စပ်၍ သိအပ်သော ဒုက္ခအချက်စု အလုံးစုံသည် ဒုက္ခလက္ခဏာရေးချည်းပင်တည်း။

ဒုက္ခလက္ခဏာ အခန်းသည် ပြောဖွယ် ဟောဖွယ် ကြံဖွယ် သိဖွယ် ထင်ဖွယ် မြင်ဖွယ် အလွန်ကျယ်ဝန်းလှ၏၊ အရဟတ္တမဂ်သို့ ရောက်၍ ရဟန္တာဖြစ်မှ ဒုက္ခကို အစွမ်းကုန်ထင်နိုင်သည်၊ အနာဂါမ်ပုဂ္ဂိုလ်, သကဒါဂါမ်ပုဂ္ဂိုလ်, သောတာပန်ပုဂ္ဂိုလ်တို့ အစွမ်းကုန် မထင်နိုင်ကြ ကုန်သေး။

အနာဂါမ်ပုဂ္ဂိုလ်သည် ကာမဘုံ ကာမနယ်မှာ ရှိသမျှသောဒုက္ခကို ဒုက္ခဟု အစွမ်းကုန် ထင်နိုင်သည်၊ ရူပဘုံ အရူပဘုံ၌ရှိသော ဒုက္ခကို ဒုက္ခဟု မထင်နိုင်သေး၊ သုခဟုထင်လျက်ပင် ရှိသေးသည်၊ ရူပရာဂ, အရူပရာဂ ထင်လင်းရှိသေးသည်။

သကဒါဂါမ်ပုဂ္ဂိုလ်, သောတာပန်ပုဂ္ဂိုလ်တို့သည် ဒိဋ္ဌိဝိစိကိစ္ဆာ အရင်းရှိသော ဝိနိပါတနဒုက္ခ အပါယဒုက္ခကိုသာ ဒုက္ခဟုအစွမ်းကုန် ထင်နိုင်ကြကုန်သည်၊ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာစုကို ဒုက္ခဟု အစွမ်းကုန် မထင်နိုင်ကြကုန်သေး၊ သုခသညာ ထင်ရှားရှိကြ ကုန်သေးသည်၊ ကာမရာဂ ရူပရာဂ, အရူပရာဂ တရားသုံးပါး ရှိကြကုန် သေးသည်။

ထိုကြောင့် မဟုတ်လော- ဝိသာခါ ဒါယကာမကြီးသည် ခုနစ်နှစ် အရွယ်ကပင် သောတာပတ္တိဖိုလ်ကိုရ၍ သောတာပန်အရိယာ ဖြစ်ပါ လျက် သားယောကျ်ား တစ်ကျိပ်, သမီးမိန်းမ တစ်ကျိပ်ရ၍ အသက် တစ်ရာနှစ်ဆယ်တို်င်အောင် ကြီးကျယ်လှသော လူချမ်းသာကို ခံစား စံစားလျှက် ရှိလေသည်၊ ယခုလည်းနိမ္မာနရတိနတ်ဘုံမှာ သုနိမ္မိတ္တနတ် မင်း၏ နတ်မိဖုရားကြီးဖြစ်၍ ကြီးကျယ်လှစွာသော နတ်စီးစိမ်ကို ခံစားလျက်ပင် ရှိသည်။

သိကြားမင်ကြီးသည် သက္ကပဥှာသုတ္တန် ဒေသနာတော်ကို ကြားနာသည်အဆုံး၌ သောတာပန်အရိယာပုဂ္ဂိုလ်ကြီး ဖြစ်လေပြီးလျက် ယခုလည်း သုံးကုဋေ ခြောက်သန်းမျှလောက်သော နတ်သမီး နတ်မိဖုရား တို့နှင့် ကြီးကျယ်လှစွာသော နတ်စီးစိမ်ကို ခံစံလျက်ပင် ရှိလေသည်။

ကြွင်းသမျှသော လူသောတာပန် နတ်သောတာပန်တို့မှာလည်း ဤနည်းတူသိလေ။

ဝိပဿနာအလုပ်ကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည်မူကား ဤဒုက္ခလက္ခဏာကို အဘယ်မှာ အစွမ်းကုန် ထင်မြင်နိုင်အံ့နည်း၊ အနတ္တလက္ခဏာ ထင်နိုင်လောက်ရုံ ရှိလျှင်ပင် ဤဒုက္ခ လက္ခဏာမှာ ပြီးသေးတော့သည်။

ဘယဉာဏ်, အာဒိနဝဉာဏ်, နိဗ္ဗိနဉာဏ်, မုစ္စိတုကမျတာ ဉာဏ်စုသည် ဒုက္ခာနုပဿနာဉာဏ်စုပင်တည်း၊ ထိုဉာဏ်စုသည်လည်း အနတ္တလက္ခဏာ ထင်နိုင်လောက် ဘေးအားဖြင့် ထင်မြင်နိုင်လျှင် ပြီးသေး တော့သည်။

အနိစ္စလက္ခဏာ အနတ္တလက္ခဏာ ဤနှစ်ပါးကိုမူကား အစွမ်းကုန် ထင်နိုင်မှုသာလျှင် သောတာပတ္တိမဂ်ဉာဏ်သို့ရောက်နိုင် သည်၊ သောတာပန်အဖြစ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်တို့အား တေဘူမက သင်္ခါရဓမ္မတို့၏ အနိစ္စအဖြစ် အနတ္တအဖြစ်သည် အစွမ်းကုန် ထင်မြင်ပြီး ဖြစ်၍ တည်လေတော့သည်။

ဒုက္ခလက္ခဏာ ထင်မြင်နိုင်ခဲ့ပုံကို ပြဆိုချက်ပြီး၏၊ ဤတွင် ဒုက္ခပရိညာ အစီအရင်ပြီး။

*

---

အနတ္တပရိညာ

အနိစ္စမြင်သဖြင့် အနတ္တလက္ခဏာ ထင်ရှားပုံ

ယခုအခါ အနတ္တပရိညာ အစီအရင်ကို ပြဆိုဦးအံ့၊ အနတ္တ လက္ခဏာ ထင်မြင်မှုသည် အနိစ္စအချက်ကို ကောင်းကောင်းမြင်သဖြင့် လည်း အနတ္တလက္ခဏာ ထင်ရှား၏၊ ဒုက္ခအချက်ကို ကောင်းကောင်းမြင် သဖြင့်လည်း အနတ္တလက္ခဏာ ထင်ရှား၏၊ ပဋိစ္စသမုပ္ပါဒ်အချက်ကို ကောင်းကောင်းမြင်သဖြင့်လည်း အနတ္တလက္ခဏာ ထင်ရှား၏။

အနတ္တာ၊ ကိုယ်မဟုတ်။

အနတ္တာ၊ အစိုးမရ။

အနတ္တာ၊ အလိုသို့မလိုက်။

ဤအနက် သုံးချက်အတိုင်း ဝေဒနာတို့ကို အလင်းထင်မြင် အောင် ရှုရမည်။

---

ဝေဒနာ၏ အနတ္တဘာသာ ထင်ရှားခြင်း

ဝေဒနာတို့၏ အနိစ္စ ဓမ္မအဖြစ်ကိုကောင်းစွာ မြင်သဖြင့် “အနတ္တာကိုယ်မဟုတ်” ဟူသော အနတ္တသဘောသည် ထင်ရှား၏၊ အဘယ်သို့ ထင်ရှားသနည်းဟူမူကား အနတ္တပရိညာအခန်း၌ ပြဆိုခဲ့ပြီး သောအတိုင်း ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး ယောကျ်ား, မိန်းမ, အတ္တ, ဇီဝ, ခွဲခြားရာ၌ ထင်ရှား၏။

ထင်ရှားပုံကား
အတ္တ၊ ကိုယ်ဟုတ်၏”။ “အနတ္တာ၊ ကိုယ်မဟုတ်” ဟူသော စကားတို့၌ ကိုယ်ဟုတ်၏ ဆိုသည်ကား ဝေဒနာတရားသည် ပုဂ္ဂိုလ်၏ အထည်ခံ အမာခံ ဟုတ်၏၊ ပုဂ္ဂိုလ်၏ ကိုယ်ထည် ဝထ္ထု ဟုတ်၏၊ ပုဂ္ဂိုလ် ပုဂ္ဂိုလ်ဟူ၍ ဆိုကြရာ၌ ထိုပုဂ္ဂိုလ်၏အရ ကိုယ်သရုပ်ဖေါ်၍ ပြစမ်းပါ ဆိုခဲ့လျှင် ပုဂ္ဂိုလ်ဆိုသည်ကား ဤဝေဒနာ ငါးပါးကိုပင် ဆိုသတည်းဟု ဝေဒနာငါးပါးကို ပုဂ္ဂိုလ်၏အရ သရုပ်ဖေါ်၍ပြပေလတ္တံ့။ ဤကား ဝေဒနာငါးပါးကို ပုဂ္ဂိုလ်၏ ကိုယ်ဟုတ်၏ဟု စွဲလမ်းမှောက်မှားပုံ အခြင်း အရာတည်း။

သတ္တဝါ၏ ကိုယ်ဟုတ်၏၊ ငါ၏ကိုယ်ဟုတ်၏၊ သူခတ်သိမ်း၏ ကိုယ် ဟုတ်၏၊ ယောကျ်ား၏ကိုယ်ဟုတ်၏၊ မိန်းမ၏ကိုယ် ဟုတ်၏ ဟုစွဲလမ်းမှုတို့၌လည်း ထိုနည်းတူသိလေ။

---

ဝေဒနာကို အတ္တဟု စွဲလမ်းပုံ

ငါငါဟူ၍ ဆိုကြရာ၌ ငါ၏အထည်ခံ အမာခံကို ပြစမ်းပါ၊ အဘယ်ဟာကို ငါခေါ်ပါသလဲ၊ ငါ၏ အနှစ်သာရကိုပြစမ်းပါ၊ ငါ၏ ဧရာတည်ကိုပြစမ်းပါ၊ ငါ၏ သရုပ်သကောင်ကို ပြစမ်းပါဆိုခဲ့လျှင် ငါဟူသည်ကား ကောင်းသောအာရုံနှင့် တွေ့ကြုံလျှင် ကောင်းစွာ ခံစားခြင်းသည် ထင်ရှားရှိသည်မဟုတ်လော၊ ထိုခံစားခြင်းသည် ငါအစစ်ပင်တည်း၊ ငါ၏ဧရာတည် အမာခံ အထည်ခံ ဝတ္ထုပင်တည်း၊ ငါ၏ကိုယ်ထည်ပင်တည်းဟု သုခဝေဒနာကို ငါ၏ သရုပ်ထုတ်ဖော်၍ ပြပေလတ္တံ့၊ ဒုက္ခဝေဒနာ စသည်တို့ကိုလည်း ထို့အတူ ပြပေလတ္တံ့၊ ဤကား ဝေဒနာကို ငါ၏ကိုယ်ဟု ငါ၏အတ္တဟု စွဲလမ်းပုံတည်း။

---

ဝေဒနာကို အနတ္တထင်ပုံ

ဝေဒနာတို့၏ အနိစ္စအချက်ကို ကောင်းကောင်းကြီးထင်မြင်နိုင် သည်ရှိသော် ထိုဝေဒနာတို့၏ အနတ္တာ=ကိုယ်မဟုတ်သည်ကို ထင်မြင်ပုံ ကား-ပုဂ္ဂိုလ်, သတ္တဝါ, ငါသူတစ်ပါး, ယောကျ်ား၊ မိန်းမ တို့မှာကား တစ်ဘဝ လုံးမှာမှ တစ်ယောက်သာတည်း၊ ပဋိသန္ဓေနေရာ၌ တစ်ခါသာဖြစ်ပေါ် မှုရှိကြသည်၊ တစ်ခုသောဘဝတွင် ပုဂ္ဂိုလ်အခါခါဖြစ်ပေါ်သည် ဟူ၍ မရှိကြ၊ အသေမှာလည်း တစ်ဘဝမှာ တစ်ခါသာသေကြရသည်၊ တစ်ဘဝ အတွင်းမှာ အခါခါသေသည်ဟူ၍ မရှိကြ။

ဝေဒနာတို့မှာကား တစ်ထိုင်တွင်းမှာပင် အခါခါဖြစ်ပေါ်မှုကိုပစ္စက္ခဒိဋ္ဌမြင်ရသည်၊ တစ်ထိုင်တွင်းမှာပင် အခါခါချုပ် ပျက်သေဆုံးမှုကို ပစ္စက္ခဒိဋ္ဌမြင်ရသည်၊ တစ်ထိုင်တွင်းမှာပင် အခါခါဖြစ်ပေါ်၍ အခါခါသေ ဆုံးသော ဝေဒနာသည် ပုဂ္ဂိုလ်၏ ဧရာတည် အမာခံ ဖြစ်နိုင်မည်လော၊ ပုဂ္ဂိုလ်၏အတ္တ, ပုဂ္ဂိုလ်၏ဇီဝ, ပုဂ္ဂိုလ်၏ အနှစ်သာရ ဖြစ်နိုင်မည်လော၊ ဖြစ်နိုင်ပါ၏ဆိုလျှင် ပုဂ္ဂိုလ်အသက်ရှည်သလောက် ထိုဝေဒနာသည်လည်း ရှည်ရလိမ့်မည်၊ ထိုဝေဒနာသည်ကား မျက်တောင်တစ်ခတ် လျှပ် တစ်ပြက်မျှအသက်ရှည်၍ တည်နေနိုင်သော တရားမဟုတ်၊ ထိုဝေဒနာ ကို ပုဂ္ဂိုလ်၏အတ္တ, ပုဂ္ဂိုလ်၏ဇီဝ, ပုဂ္ဂိုလ်၏ အနှစ်သာရ ဆိုခဲ့သည်ရှိသော် တစ်ထိုင်တွင်းမှာ ဝေဒနာအခါခါသေဆုံးလျှင် ပုဂ္ဂိုလ်ကိုလည်း တစ်ထိုင် တွင်းမှာပင် အခါခါသေဆုံးမြဲဓမ္မတာဟု ဆိုရလိမ့်မည်၊ သတ္တဝါ, ငါ, သူတစ်ပါး, ယောကျ်ား, မိန်းမတို့လည်း တစ်ထိုင်တွင်းမှာ အခါခါသေဆုံး မြဲဓမ္မတာဟုဆိုရလိမ့်မည်။

ဤမျှသော စစ်ချက်ဖြင့် ကောင်းသည်ဟု ခံစားမှု မကောင်း သည်ဟု ခံစားမှု စိတ်နှလုံးရွှင်ပြုံးသာယာမှု စိတ်နှလုံး မသာယာမှုဟူသော ဝေဒနာသည် ပုဂ္ဂိုလ်မဟုတ်၊ ပုဂ္ဂိုလ်၏ အတ္တသာရ မဟုတ်၊ ပုဂ္ဂိုလ်၏ ကိုယ်ထည်မဟုတ်ဟူသော အနက်သည် ထင်ရှားလှ၏၊ ဤအနက်ကို “အနတ္တာ=ကိုယ်မဟုတ်” ဆိုသတည်း။

အနိစ္စပရိညာဖြင့် တစ်ကိုယ်တွင်းမှာပင် ဝေဒနာတို့၏ အခါခါဖြစ် ပေါ်မှုဟူသော ဥပါဒ်စွန်း အခါခါ ချုပ်ပျက်သေဆုံးမှု ဟူသော ဘင်စွန်း မရဏစွန်းကို မျက်စိဖြင့် မြင်သကဲ့သို့ ထင်ထင်လင်းလင်း မြင်နိုင်သော သူအား ဝေဒနာတို့၏ အနတ္တာ=ပုဂ္ဂိုလ်၏ကိုယ်ထည်မဟုတ်, သတ္တဝါ၏ ကိုယ်မဟုတ်, ငါ၏ ကိုယ်မဟုတ်, သူခပ်သိမ်း၏ ကိုယ်မဟုတ်, ယောကျ်ား မိန်းမ၏ ကိုယ်မဟုတ်ဟူသော အနတ္တသဘောသည် ထင်ရှားလေတော့ သတည်၊ အနိစ္စ ပရိညာအခန်းမှာလည်း အကျယ်ပြဆိုခဲ့ပြီ။

ဤကား အနိစ္စအချက်ကို ကောင်းကောင်းမြင်သဖြင့် အနတ္တလက္ခဏာ ထင်ရှားပုံတည်း။

* * *

---

ဒုက္ခမြင်သဖြင့် အနတ္တလက္ခဏာ ထင်ရှားပုံ

ဧကန္တဒုက္ခ

ဝေဒနာတို့၏ ဒုက္ခအချက်က ကောင်းကောင်းမြင်သဖြင့် အနတ္တလက္ခဏာ ထင်ရှားပုံကိုဆိုအံ့၊ ခပ်သိမ်းသော သတ္တဝါတို့၏ ဓမ္မတာသဘောသည် ချမ်းသာကိုသာ အလိုရှိ၏၊ အမြဲနိစ္စထာဝရလျှင် ချမ်းသာသုခနှင့် ပြည့်စုံ၍ နေလိုကြကုန်၏၊ ဆင်းရဲဒုက္ခကို တစ်ရံ တဆစ်မျှ မတွေ့လိုကြကုန်၊ သောမနဿဝေဒနာတို့သည် ပုဂ္ဂိုလ်၏ အတ္တသာရ သတ္တဝါ၏ အတ္တသာရ ဖြစ်ကုန်ငြားအံ့၊ ပုဂ္ဂိုလ် သတ္တဝါတို့၏ အလိုဆန္ဒနှင့် မပြားမကွဲ တစ်လုံးတစ်စည်းတည်း အမြဲတည်၍ နေကြကုန်ရာ၏၊ ပျက်ခွင့်ဆိုက်လျှင် တစ်နာရီအတွင်းမှာပင် ပျက်ဆုံးသေပျောက်ခြင်း ဟူသော ဝိပရိဏာမဒုက္ခဟူ၍ မရှိလေရာ ဝိပရိနာမဒုက္ခမရှိလျှင်လည်း ထိုဝေဒနာတို အဖန်ဖန်ပြင်မှု သင်္ခါရဒုက္ခဟူ၍လည်း မရှိလေရာ။ ထိုသို့ကား မရှိသည်မဟုတ်၊ ဧကန္တဒုက္ခ နှစ်ပါးရှိသည်သာ ဖြစ်၏၊

---

မီး, ရေ ဥပမာ

ရှိပုံကား -အလွန်အေးချမ်းလှသော ဆောင်းလရာသီ၌ မီးသည် သုခဝေဒနာကို ပေးနိုင်၏၊ အလွန်ပူအိုက်လှသော နွေရာသီ၌ အလွန် သေးမျှသော ရေသည် သုခဝေဒနာကို ပေးနိုင်၏၊ ချမ်းအေးမှုဒုက္ခ နှိပ်စက်၍ နေသောသူသည် မီးနှင့် ပေါင်းဖေါ်လျှင် ချမ်းသာသုခကိုရ၏၊ ပူမှု အိုက်မှုနှိပ်စက်၍ နေသောသူသည် ရေနှင့်ပေါင်းဖေါ်လျှင် ချမ်းသာသုခကိုရ၏၊ ထိုချမ်းသာသုခတို့သည် မီး ရေတို့နှင့်ကွာပြန်လျှင် ခဏခြင်း ပြောက်ကွယ်သေဆုံး၍ ချမ်းအေးမှု ဒုက္ခ ပူအိုက်မှု ဒုက္ခသို့ ပြောင်းရွေ့ ဖောက်ပြန်လေကုန်၏၊ ဒုက္ခရောက်မြဲ ရောက်ပြန်လေကုန်၏၊ သုခကို အလိုရှိပြန်လျှင် မီးနှင့် ရေနှင့် ပေါင်းဖေါ်မြဲ ပေါင်းဖေါ်ရပြန်၏၊ မီးနား ရေနားသို့ချဉ်းမြဲ ချဉ်းရပြန်၏၊ မီးကိုပြုစု ပျိုးထောင်မှု သင်္ခါဒုက္ခ, ရေရှိရာ သို့သွားရမှု ရေကိုယူဆောင်ရမှု သင်္ခါဒုက္ခ ရောက်မြဲ ရောက်ပြန်၏။

ဤဥပမာအတူ- ဣဋ္ဌဖြစ်သော အာရုံ ၆-ပါးတို့သည် သုခ ဝေဒနာ, သောမနဿ ဝေဒနာတို့ကို ပေးနိုင်ကုန်၏၊ ထို့ကြောင့် ထိုထိုသုခ ထိုထိုသောမနဿကို အလိုရှိသောသူတို့သည် ထိုထိုအာရုံ ဝထ္ထုတို့နှင့် ပေါင်းဖေါ်မှ အလိုရှိသော သုခသောမနဿကို ရနိုင်ကုန်၏၊ ထိုထို အာရုံဝထ္ထုတို့နှင့် ကွာပြန်လျှင် ခဏချင်းကွယ်ပျောက်၍ ခြောက်သွေ့ ညီးငွေ့ဖွယ်သော ဒုက္ခဝေဒနာ, ဥပက္ခာဝေဒနာ ဘက်သို့ပြောင်းလဲ ဖောက်ပြန်ကြလေကုန်၏၊ ခြောက်သွေ့ ညီးငွေ့ဖွယ်သော ဒုက္ခဝေဒနာ အတွေ့ကို သည်းမခံလို၍ ထိုသုခသောမနဿကို အလိုရှိပြန်လျှင် ထိုအာရုံ ဝထ္ထုသို့ ချဉ်းကပ်ရပြန်၏၊ အာရုံဝထ္ထုကို အမြဲမွေးမြူ၍ ထားရ၏၊ စောင့်ရှောက်၍ထားရ၏၊ ထိမ်းသိမ်း့ထားရ၏၊ မရှိလျှင် ရှိအောင် ရှာကြံအားထုပ်ရ၏၊ ထိုအာရုံဝထ္ထုအကျိုးငှာ ငွေကိုရှာရ၏၊ ငွေကိုရှာရ၏၊ ဆန်စပါးစသည်ကို ရှာရ၏၊ လောက၌ နေ့နေ့ ညည ကြောင့်ကြစိုက်ကြ အားထုတ်ကြ လုပ်ဆောင်ကြသော သင်္ခါရဒုက္ခဟူသမျှသည် သုခ သောမနဿကို ပေးနိုင်သော အာရုံဝထ္ထုတို့အကျိုးငှာ တစ်ပင် တစ်ပန်းခံ ကြရသော ဒုက္ခမှုချဉ်းသာတည်း။

---

ဒုက္ခတွင်းကြီးသို့ ဆင်းပြန်ရ

ပုဂ္ဂိုလ် သတ္တဝါတို့သည်ကား မိမိတို့သန္တာန်၌ သုခသောမနဿ ဝေဒနာ စိုစိုရွှန်းရွှန်း ရွှင်ရွှင်လန်းလန်း ဖြစ်ပွား၍နေသည်ကို အလွန် အလိုရှိကြကုန်၏၊ ထိုဝေဒနာတို့ကား ဣဋ္ဌာရုံနှင့်ကွာလျှင် ခဏချင်း ခန်း ခြောက်၍ ကုန်ကြလေ၏၊ ထိုခန်းခြောက်မှု ဝိပရိဏာမဒုက္ခသည် ထိုသတ္တဝါတို့ကို ခဏချင်းကိုယ်ပူပန်အောင် စိတ်ပူပန်အောင် ပြု၍ နှိပ်စက်၏၊ အနမတဂ္ဂမသရာနှင့်တကွ မဆုံးနိုင်သော သင်္ခါရဒုက္ခ တွင်းကြီးသို့ မဆင်းချင် မနေသာအောင် အတင်း တွန်းလှဲချ၏၊ မိမိတို့ သန္တာန်၌ သုခသောမနဿခန်းခြောက်၍ သွားပြန်သည်နှင့် တစ်ပြိုင်နက် ထို သုခသောမနဿကို ပေးနိုင်သော အာရုံဝထ္ထုရှိရာသို့ ချဉ်းကပ်ရမှု ထိုအာရုံဝထ္ထုကို ရှာကြံရမှု အစရှိသော သင်္ခါရဒုက္ခတွင်းကြီးသို့ ဆင်းပြန်ရ ဝင်ပြန်ရ ဆိုလိုသည်။

---

လူချမ်းသာ သုခဝေဒနာ နှိပ်စက်ပုံ

ဤသို့လျှင် သုခသောမနဿဝေဒနာသည် ပုဂ္ဂိုလ် သတ္တဝါတို့ကို ဝိပရိဏာမ ဘေးဒုက္ခဒဏ်ဖြင့် အမြဲနှိပ်စက်၏၊ သင်္ခါရဘေး ဒုက္ခဒဏ်ဖြင့် အမြဲနှိပ်စက်၏၊ အကယ်၍ သုခသောမနဿ ဝေဒနာသည် ပုဂ္ဂိုလ် သတ္တဝါတို့၏ အထည်ခံ အမာခံ အတ္တသာရ ဖြစ်ခဲ့ငြားအံ့၊ ထိုပုဂ္ဂိုလ် သတ္တဝါတို့ အလိုမရှိသော ဝိပရိဏာမအဖြစ်သို့ တစ်ရံတစ်ဆစ်မျှ မရောက်လေရာ၊ ပုဂ္ဂိုလ် သတ္တဝါတို့ကို ဒုက္ခအတွက်နှင့် မပြတ်မစဲ အဖန်တလဲလဲ ဆင်းရဲပင်ပန်းအောင် မပြုရာ။

လူချမ်းသာ ဟုဆိုအပ်သော သူဌေးသုခ သူကြွယ်သုခ ပဒေသရာဇ် မင်းသုခ စကြာမန္ဓတ်မင်းသုခ ဝေဒနာစုသည် ထိုသူတို့၏ အတ္တသာရ အမှန်ဖြစ်ခဲ့ငြားအံ့၊ ထိုသူတို့၏ စိတ်ဆန္ဒနှင့် တစ်လုံးတစ်စီး တည်း အမြဲတည်၍သာ နေရာ၏၊ သူတို့ အလိုမရှိသော ဇရာမရဏ ဝိပရိဏာမ အဖို့သို့ မရောက်လေရာ၊ ထိုသို့ကား မဟုတ် အရွယ် ၃-ပါးတွင် ဘယ် အခါမှာမဆို ဝိပရိဏာမအဖို့သို့ ရောက်၍ ထိုသူတို့ကိုထို စည်းစိမ် ချမ်းသာ ခန္ဓာအသက်တို့နှင့် ဖရိုဖရဲ ကွဲပြားအောင် ပြု၍ နှိပ်စက်လေ၏၊ နတ်သုခ, သိကြားသုခ, ဗြဟ္မာသုခတို့၌လည်း ဤနည်းတူ သိလေ။

ဤကား သုခသောမနဿဝေဒနာတို့၏ ဒုက္ခလက္ခဏာ အနတ္တ လက္ခဏာနှစ်ပါး တစ်လုံးတည်း တစ်သားတည်း ဖြစ်ပုံကို ပြဆိုချက်တည်း။

---

ဒုက္ခဒေါမနဿဝေဒနာ အနတ္တဖြစ်ပုံ

ဒုက္ခ, ဒေါမနဿ ဝေဒနာတို့၏ကိုယ်မဟုတ်သော အခြင်းအရာ သည်ကား အလွန်ထင်ရှား၏၊ ဖျားအနာကပ်ရောက်၍ နေဆဲအခါ သက်သာခွင့် သုခကို တောင့်တ၍နေဆဲမှာ အပြင်းအထန် နှိပ်စက် တိုးပွားလာ၏၊ ပုဂ္ဂိုလ်အလိုဆန္ဒကို ငဲ့မှုဟူ၍မရှိ၊ ပုဂ္ဂိုလ်ကို ညှာတာမှုဟူ၍ မရှိ၊ မခံမရပ်နိုင်လှ၍ ဟစ်ကြွေးအော်ကာ ငိုယိုညည်းညူ လူးလဲ၍ပင် နေသော်လည်း ထိုဝေဒနာသည် သက်သာညှာထာ၍ ပေးလိုက်မည်ဟု ညှာတာမှုမရှိ၊ စင်းစင်းသေ၍သွားအောင် ဖိစီးနှိပ်စက်၏၊ အဝီစိငရဲ၌ ကျ၍ အနှစ်တစ်သိန်းခံရသောသူမှာ မိမိသန္တာန်၌ရှိသော ဒုက္ခဝေဒနာ သည် အဝီစိငရဲ ဒုက္ခအစစ်တည်း၊ ထိုအဝီစိဒုက္ခ အစစ်ဖြစ်သော ထိုသူ၏ ဝေဒနာသည် အနှစ်တစ်သိန်းအတွင်း မျက်တစ်ခတ်မျှလည်း သက်သာ ခွင့်ကို မပေးမူ၍ မျက်တောင်တစ်ခတ်မျှ ရပ်တည်မရ၊ တွန့်တွန့်လူး ဖျပ်ဖျပ်လူး အော်ဟစ်ပြေးသွား၍နေသော ထိုသူအား အဏုမြူမျှ ညှာ တာမှုဟူ၍ မရှိဘဲ အမြဲထာဝရ အပြင်းအထန်နှိပ်စက်၏ ကြွင်းသော အပါယ်ဒုက္ခ၌လည်း ထိုနည်းတူသိလေ။

ဒုက္ခ, ဒေါမနဿဝေဒနာတို့၏ အနတ္တဖြစ်ပုံကို ပြဆိုချက်ပြီး၏၊ ဤတွင်ရွေ့ကား ဝေဒနာတို့၌ ဒုက္ခအချက်ကို ကောင်းကောင်းကြီး သိမြင်သဖြင့် သိရသော ဝေဒနာတို့၏အနတ္တလက္ခဏာကို ပြဆိုချက်ပြီး၏။

* * *

---

ပဋိစ္စသမုပ္ပါဒ်မြင်သဖြင့် အနတ္တလက္ခဏာထင်မြင်ပုံ

ယခုအခါ ဝေဒနာတို့၏ ပဋိစ္စသမုပ္ပါဒ်အချက်ကို ကောင်းကောင်း ကြီးမြင်သဖြင့် ထင်ရှားသော အနတ္တလက္ခဏာကို ပြဆိုအံ့။

သစ်ပင်ရိပ်ဥပမာ

ဉာတပရိညာအခန်း၌ ပြဆိုခဲ့ပြီးသော ပဋိစ္စသမုပ္ပါဒ်အစီအရင်ကို ဤနေရ၌ ဆောင်၍သိလေ၊ လိုရင်းအဓိပ္ပါယ်မှာ မြေပြင်, သစ်ပင်, နေရောင် သုံးခုတို့ကို အစွဲပြု၍ သစ်ပင်ရိပ်ဖြစ်ပေါ်ရာ၌ ထိုသစ်ပင်ရိပ် သည် မြေ၏ ကိုယ်ထည်လည်းမဟုတ်၊ မြေ၏ ကိုယ်ထည်မှန်ခဲ့လျှင် ထိုနေရာမှာ အမြဲရှိ၍ နေရမည်၊ ထိုသို့ ထိုအမြဲရှိနေသည်မဟုတ်၊ ထိုသစ်ပင်ရိပ်သည် သစ်ပင်၏ ကိုယ်ထည်လည်းမဟုတ်၊ သစ်ပင်၏ ကိုယ်ထည်မှန်ခဲ့လျှင် သစ်ပင်မှာ တည်နေရမည်၊ ထိုသို့ သစ်ပင်မှာ တည်နေသည် မဟုတ်။

ထိုသစ်ပင်ရိပ်သည် နေရောင်လည်း မဟုတ်၊ နေရောင်နှင့် ဆန့်ကျင်ဖက်ဖြစ်၏၊ နေရောင်ရောက်လျှင် အရိပ်ကွယ်ပျောက်၏၊ သဏ္ဌာန်အားဖြင့် သစ်ပင်သဏ္ဌာန် ထင်မြင်သောကြောင့် သစ်ပင်၏ အစီးအပွါးသာ ဖြစ်၏၊ ထို့ကြောင့် သစ်ပင်ရိပ်ဟူ၍ ခေါ်ရ၏။

ကျောက်ကုန်းအပြင် အစရှိသော ကိုယ်အင်္ဂါအစိတ်မှာ တုတ်, လှံ တံပြင်းထန်စွာထိခိုက်၍ နာမှုဟူသော ဒုက္ခဝေဒနာ တဖွားဖွား ဖြစ်ပေါ်ရာ၌ ထိုသစ်ပင်ရိပ်နှင့် ဒုက္ခဝေဒနာတူကြ၏၊ မြေအပြင်နှင့် ကျောက်ကုန်းအပြင် တူကြ၏၊ သစ်ပင်နှင့် တုတ် လှံတံ တူကြ၏၊ ထို သစ်ပင်ရိပ်သည် မြေ၌မှီ၍ မြေပေါ်မှာ ပေါ်သော်လည်း မြေ၏ ကိုယ် ထည် မဟုတ်၊ မြေမျိုး မဟုတ်၊ မြေ၏ဆိုင်ရာ မဟုတ်သကဲ့သို့ ထိုဒုက္ခ ဝေဒနာသည် ကျောက်ကုန်အပြင်၌ မှီ၍ ကျောက်ကုန်းအပြင်မှာ ဖြစ်ပေါ် သော်လည်း ကျောက်ကုန်းအပြင်ဟူသော ရုပ်တရားစု၏ အစိတ် အင်္ဂါ မဟုတ်၊ ရုပ်မျိုးပင် မဟုတ်။

ပူသောဝတ္ထု ထိခိုက်လာလျှင် ပူသော ဒုက္ခဝေဒနာ ဖြစ်ပေါ်သည်၊ အေးသောဝတ္ထု ထိုခိုက်လာလျှင် အေးသော ဒုက္ခဝေဒနာ ဖြစ်ပေါ်သည်၊ ဤသို့အစရှိသည်ဖြင့် ထိခိုက်လာသော ဝတ္ထုနှင့်သာ အသွင်အပြင် တူလေရကား ထိုဝေဒနာသည် တုတ် လှံတံ၏ အစီးအပွါးသာတည်း၊ တုတ် လှံတံ၏ သားမြေးသာတည်း၊ ထို့ကြောင့် တုတ် လှံတံ ထိခိုက်နာ ဟူ၍လည်းကောင်း ဓားခုတ်မိလျှင် ဓားခုတ်နာဟူ၍လည်းကောင်း, မီးလောင်လျှင် မီးလောင်နာဟူ၍လည်းကောင်း ထိခိုက်လာသော ဝတ္ထုနှင့်စပ်၍ ထိုဝေဒနာကို ပြောဆိုကြရသည်။

ထိုမှတစ်ပါး လရောင် မီးရောင်တို့ကို အစွဲပြု၍ ထိုထိုနေရာမှာ တုံးရိပ် တိုင်ရိပ် သစ်ပင်ရိပ် လူရိပ် စသည်ပေါ်ရာတို့လည်း ဤနည်းတူ သိလေ။

ကြည်လှစွာသော မှန်အပြင် ဖန်အပြင် ရေအပြင်တို့မှာ နေဝန်း သဏ္ဌာန် လဝန်းသဏ္ဌာန်အရိပ် လူရိပ် မျက်နှာရိပ် သစ်ပင်ရိပ် သစ်ကိုင်း ရိပ် စသည်တို့ ပေါ်ကြရာ၌လည်း ဤအတူသိလေ။

---

မှန်မျက်နှာရိပ်ဥပမာ

မှန်အပြင်မှာ လူမျက်နှာရိပ်ပေါ်ရာ၌ ထိုမျက်နှာရိပ်သည် မှန်၏ ကိုယ်လည်းမဟုတ်၊ မျက်နှာ၏ ကိုယ်လည်းမဟုတ်၊ မှန်၏ ဘက်သား လည်းမဟုတ်၊ အသွင်သဏ္ဌာန်ကို ထောက်သော် မျက်နှာနှင့်သာတူလေ ရကား မျက်နှာ၏ ဘက်သား မျက်နှာ၏အစီးအပွါး မျက်နှာ၏ သားမြေး သာဖြစ်၍ မျက်နှာရိပ်ဟူ၍ ခေါ်ရ၏၊ မျက်နှာရိပ်နှင့် ထိုဒုက္ခဝေဒနာ တူကြ၏၊ မှန်အပြင်နှင့် ကျောက်ကုန်းအပြင် တူကြ၏၊ မျက်နှာနှင့် တုတ် လှံတံ တူကြ၏၊

---

နာတာရှည်စွဲသူ ဥပမာ

ထိုမှတစ်ပါး ဦးခေါင်းအတွင်း ရင်အတွင်း အသည်းအတွင်း အဆုတ်အတွင်း ဝမ်းတွင်း အအူတွင်း အစရှိသော ကိုယ်တွင်းအင်္ဂါတို့မှာ အနာအို အနာမင်း ဖြစ်ပွါး၍နေရာ သံသေဒဇပိုးတို့သည် ကျရောက် ကုန်၍ ထိုအနာတွင်းမှာ ပွါးများ၍နေကြကုန်၏၊ ဤ၌လည်း အနာသွေး အနာသား တခြားတမျိုး သံသေဒဇ ပိုးသတ္တဝါ တခြားတမျိုး အနာအို အနာမင်းနှင့် ကျောက်ကုန်အပြင်အစရှိသော ရုပ်ခန္ဓာကြီးတူကြ၏၊ သံသေဒဇ ပိုးတို့နှင့် ဝိညာဏ်, ဖဿ, ဝေဒနာနာမ်ခန္ဓာစု တူကြ၏၊

---

နူနာစွဲသူဥပမာ

တစ်နည်းကား-ရွဲရွဲစို တစ်ကိုယ်လုံး နူနာရှိသော သူမှာ များစွာ သော ယင်တို့သည် တရုံးရုံးဝိုင်းအုံ၍ ယင်ချေးအုမှု လောက်ရှင် လွှတ်မှုကို ပြုကြကုန်၍ ထိုသူ့ကိုယ်သန္တာန်မှာပိုးတွေအပြည့် တရွရွ နေရာ၌ ထိုပိုးတို့သည် ထိုပုဂ္ဂိုလ်၏ အစိတ်အင်္ဂါ မဟုတ်ကုန်၊ ယင်ကောင် တို့၏ သားမြေးတို့သာတည်း၊ ဤဥပမာ၌ ပိုးလောက်တို့နှင့် ထို ဒုက္ခဝေဒနာ တူ၏၊ ယင်းသတ္တဝါစုနှင့် တုတ် လှံတံတူကြ၏၊ ရွဲရွဲစိုသော နူနာကြီး တွေနှင့် ကျောက်ကုန်းအပြင် အစရှိသော ရူပက္ခန္ဓာကြီးတွေတူကြ၏။

အရပ်ရပ်သော ဥပမာတို့ဖြင့် ထိုဝေဒနာငါးပါးတို့သည် မိမိကိုယ် အင်္ဂါအတွင်းမှာ ဖြစ်ပေါ်လာသော်လည်း မိမိဆိုင်ရာ မဟုတ်ကုန်ဟူသော အနက်ကို ပြလိုရင်းတည်း၊ မိမိကိုယ်လည်း မဟုတ်ကုန်၊ မိမိကိုယ်ပိုင် ဥစ္စာလည်းမဟုတ်ကုန်၊ မိမိကိုယ်ခန္ဓာတွင်းမှာ အစဉ်ထာဝရ အမြဲရှိနေ သော တရားစုလည်းမဟုတ်ကုန်ဟူသော အနက်ကို ပြလိုရင်းတည်း။

ထိုစကားမှန်၏၊ မှန်အပြင် ဖန်အပြင် ရေအပြင်၌ပေါ်သော အရိပ်တို့မည်သည် မှန်ထဲ ဖန်ထဲ ရေထဲမှာ အမြဲရှိ၍ နေနှင့်ကြသည် မဟုတ်ကုန်၊ နေဝန်း လဝန်း လူမျက်နှာစသည်တို့နှင့် ဆုံမိကြဆဲအခါ၌သာ အခိုက်အတန့်အားဖြင့် ပေါ်လာကြကုန်၏၊ နေဝန်းကွယ်ပြန်လျှင် နေဝန်းအရိပ် ပျောက်ကွယ်ပြန်၏၊ လဝန်းကွယ်ပြန်လျှင် လဝန်းအရိပ် ပျောက်ကွယ် ပြန်၏၊ လူမျက်နှာကွယ်ပြန်လျှင် မှန်ထဲ ဖန်ထဲ ရေထဲမှာ လူရိပ် မျက်နှာရိပ် ပျောက်ကွယ်ပြန်၏၊

---

အာရုံနှင့်ပေါင်းဆုံမှ ဝေဒနာပေါ်

ထို့အတူ ထိုဝေဒနာတို့သည်လည်း ထိုထိုအာရုံတို့နှင့် ပေါင်းဆုံ တွေ့ထိ၍ နေဆဲအခါ၌သာလျှင် အခိုက်အတန့်အားဖြင့် ကိုယ်သန္တာန် တွင်းမှာဖြစ်ပေါ်လာကြကုန်၏၊ ထိုထိုအာရုံတို့ ကွယ်ပြန်ကုန်လျှင် ကိုယ်သန္တာန်တွင်းမှာကွယ်ပျောက် ချုပ်ဆုံးကြလေကုန်၏၊ ဤသို့သော ဖြစ်ခြင်းကို ပဋိစ္စသမုပ္ပါဒ် အချက်ဆိုသတည်း။

---

သူငယ်ရိပ်ဥပမာ

ဥပမာကား-တစ်ယောက်သော သူရူးသည် မှန်အပြင်၌ပေါ် သော သူငယ်ရိပ်ကို မိမိ၏ သားသမီးဟု စွဲလမ်းခြင်းဖြစ်၍ နေ၏၊ မိမိလက်ရှိ မှန်အပြင်မှာ သူငယ်ရိပ်ကို ကြည့်ရှု၍ နေရမှ သုခသောမနဿ ဖြစ်၏၊ သူငယ်ရိပ်ကွယ်၍ သွားလျှင် မနေတတ် မထိုင်တတ် သောက ဒုက္ခဖြစ်၏။

သူငယ်ရိပ်မည်သည်လည်း မှန်အပြင်နှင့် တစ်ယောက်သော သူငယ်ဆုံတွေ့၍ နေဆဲအခါ၌သာ မှန်အပြင်မှာပေါ် ရှိ၍နေ၏၊ သူငယ် နှင့်မှန် မျက်နှာလွှဲပြန်လျှင်ကွယ်ပျောက်ပြန်၏၊ ထိုသူရူးသည် သူငယ်ရိပ်ကို မြင်လိုတိုင်း မြင်လိုတိုင်း သူငယ်ရှိရာသို့ မှန်ကိုယူ၍ တစ်နေ့ တစ်နေ့လျှင် အခါတစ်ရာမက ပြေးသွားရသော သင်္ခါရဒုက္ခအမြဲရောက်လတ္တံ့၊ သူငယ်ရိပ် ကွယ်ပျောက်တိုင်း ကွယ်ပျောက်တိုင်း စိတ်နှလုံး ငြိုငြင် ပူပန် တောင့်တရသော ဝိပရိဏာမဒုက္ခ အမြဲရောက်လတ္တံ့။

အဘယ်ကြောင့်နည်း၊ မှန်အပြင်မှာ ထင်သော သူငယ်ရိပ်သည် ပဋိစ္စသမုပ္ပါဒ်မျိုး ဖြစ်လေသောကြောင့်တည်း၊ ပဋိစ္စသမုပ္ပါဒ်မျိုး ဆိုသည်ကား ထိုသူငယ်ရိပ်သည် မှန်တွင်းမှာပါရှိ၍ နေသောတရား လည်းမဟုတ်၊ သူငယ်နှင့်ဆုံမိဆဲအခါမှာ သူငယ်ကိုအစွဲပြု၍ မှန်အပြင်မှာ ပေါ်လာသော တရားမျိုးတည်း၊ သူငယ်ကိုအစွဲပြု၍ ပေါ်သောတရားမျိုး ဖြစ်သည့်အတွက်ကြောင့် အစွဲပြုရာသူငယ်နှင့် ကင်းကွာပြန်လျှင် အစွဲပြုရာမရှိသည်နှင့် ခဏချင်းကွယ်ပျောက်ပြန်၏၊ ပေါ်စေလိုသော် သူငယ်ရှိရာသို့ ချဉ်းကပ်ရပြန်၏၊ ဤသို့ဖြစ်သည်ကို ပဋိစ္စသမုပ္ပါဒ် ဆိုသတည်း၊ သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿ, ဥပေက္ခာ ဝေဒနာ ငါးပါးတို့သည် မှန်အပြင်မှာ တဒင်္ဂအားဖြင့် ပေါ်တတ်သော သူငယ်ရိပ် နှင့်တူ၏၊ ထိုဝေဒနာတို့ကို ငါငါဟူ၍ ငါ့ကိုယ် ငါ့ကိုယ်ဟူ၍ စွဲလမ်းကြ သော ဗာလပုထုဇဉ်တို့သည် ထိုသူရူးယောကျ်ားနှင့် တူကုန်၏၊ မိမိတို့၏ အဇ္ဈတ္တခန္ဓာတို့၌ ရှိနေသော စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနဟူသော အကြည်ဓာတ်ခြောက်ပါးတို့သည် သူရူးလက်ရှိမှန်နှင့်တူ ကုန်၏၊ ဗဟိဒ္ဓအာရုံ ခြောက်ပါးတို့သည် ပကတိသူငယ်နှင့်တူကုန်၏၊ မိမိအဇ္ဈတ္တကိုယ်ခန္ဓာမှာ သုခသောမနဿဝေဒနာဖြစ်ပေါ်ခြင်းကို အလိုရှိတိုင်း အလိုရှိတိုင်း ထိုဝေဒနာတို့ကို ပေးနိုင်သော အာရုံဝတ္ထုရှိရာသို့ ချဉ်းကပ်ကြကုန်ရသော ဗာလပုထုဇဉ်တို့သည် သူငယ်ရှိရာသို့ အခါခါ ချဉ်းကပ်ကြရသော ထိုသူရူးနှင့်တူကုန်၏။

ဤသို့ ဝေဒနာတို့၏ ပဋိစ္စသမုပ္ပါဒ်အမှု အာဂန္တုကအမှုကို ကောင်းကောင်း ထင်မြင်သည်ရှိသော် ဝေဒနာတို့၏ အနတ္တအချက်သည် ထင်ရှား၏။

ဤတွင်ရွေ့ကား ဝေဒနာတို့၏ အနတ္တဓမ္မမျိုးစင်စစ်ဖြစ်ကြောင်း ကို ပဋိစ္စသမုပ္ပါဒ်အချက်နှင့် ပြဆိုသောအခန်းပြီး၏၊

---

အနိစ္စနှင့် ပဋိစ္စသမုပ္ပါဒ် လိုရင်းပဓာန

ထိုမှတစ်ပါး ဝေဒနာတို့၏ အနတ္တဓမ္မဖြစ်ကြောင်းကို ပြဆိုရန် အချက်အလွန်များသေး၏၊ လိုရင်းမှာမူကား ဝေဒနာတို့၏ အနိစ္စ အချက်ကို လှလှထင်မြင်မှု, ဝေဒနာတို့၏ ပဋိစ္စသမုပ္ပါဒ်အချက်ကို လှလှထင်မြင်မှု ဤ ၂-ချက်သည်သာ လိုရင်းပဓာနတည်း။

အနိစ္စကို လှလှ ထင်မြင်နိုင်ပါလျှင် အနတ္တမြင်နိုင်တော့မည် ဧကန်တည်း၊ ဝေဒနာတို့၏ ပဋိစ္စသမုပ္ပါဒ်အချက်ကို လှလှထင်မြင် နိုင်ပါလျှင် အနတ္တထင်မြင်နိုင်တော့မည် ဧကန်တည်း၊ ထို့ကြောင့် အနိစ္စ အချက် ပဋိစ္စသမုပ္ပါဒ် အချက်ကိုသာ မိမိရရ လှလှကြီးထင်မြင်နိုင်တော့ အောင် နှစ်ရှည်လများအားထုတ် ကြိုးပမ်းရာသတည်း။

ဤတွင်ရွေ့ကား ပဋိစ္စသမုပ္ပါဒ် အချက်ကို မြင်သဖြင့် ထင်ရှား သော အနတ္တလက္ခဏာကို ပြဆိုချက် ပြီး၏။

အတ္တနပရညာ အစီအရင် ပြီး၏။

----------

အနတ္တ ထင်မြင်ခြင်း၏ အကျိုး

ဘဝအမျိုးမျိုးဖြစ်ခဲ့ရ

ယခုအခါ အနတ္တထင်မြင်နိုင်ခြင်း၏ အကျိုးအာနိသံယကို ပြဦးအံ့၊ အနတ္တ ကောင်းကောင်း ထင်မြင်နိုင်လျှင် အတ္တဒိဋ္ဌိ, သက္ကာယဒိဋ္ဌိ အကြွင်းမဲ့ချုပ်ငြိမ်းသော သောတာပတ္တိမဂ်ဉာဏ်သို့ ရောက်၏၊ သောတာပန်အရိယာပုဂ္ဂိုလ် အဖြစ်သို့ ရောက်၏။

အနမတဂ္ဂသံသရာ၌ ကျင်လည်း၍ နေကြသော ခပ်သိမ်းသော သတ္တဝါတို့သည် ဘုရားသာသနာနှင့် အလွန်ကြုးကြိုက်ခဲကုန်၏၊ ကမ္ဘာ တစ်သိန်းလွန်၍မှလည်း တစ်ခါမကြုံကြိုက်ရကုန်၊ အမိုက်အမျိုးမျိုး အမှောက်အမှား အမျိုးမျိုးတို့နှင့် ကုန်ခဲ့ကြသောဘဝတွေ ကမ္ဘာတွေသာ များလှစွာကုန်၏။

ထို့ကြောင့် တစ်ယောက် တစ်ယောက်သော ဤသတ္တဝါတို့၏ စိတ်သန္တာန်အတွင်းမှာ အဝီစိငရဲသို့ကျရန် ကံပေါင်း အသင်္ချေအနန္တ အမြဲပါရှိ၍ နေကုန်၏၊ ထိုအတူ သိဉ္ဇိုင်းငရဲသို့ကျရန် ကံပေါင်း အသင်္ချေ အနန္တ စသည်ဖြင့် ငရဲကြီးရှစ်ထပ် ငရဲငယ်များစွာ ပြိတ္တာအမျိုးမျိုး အသုရကာယ်အမျိုးမျိုး တိရစ္ဆာန်အမျိုးမျိုးတို့ကို အကုန်သိလေ။

---

သက္ကာယဒိဋ္ဌိ မပြုတ်သမျှ

ထိုသို့ပါရှိနေကုန်သော အကုသိုလ်ကံဟောင်းတို့၏ ဦးခေါင်း မူကား အတ္တဒိဋ္ဌိပေတည်း၊ သက္ကာယဒိဋ္ဌိပေတည်း၊ သတ္တဝါတို့၏ စိတ် သန္တာန်မှာ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ ရှိနေသမျှ ကာလပတ်လုံး ထို အကုသိုလ်ကံဟောင်းတို့သည် ဝင်းဝင်းတောက် ထက်သန်ကြကုန်၏၊ နတ်ပြည်ခြောက်ထပ်မှာ နတ်မင်းသိကြားမင်းဖြစ်၍ နေကြသော်လည်း အပါယ်လေးပါးသို့ ဦးခေါင်းငိုက်စိုက် ရှေ့ဦးတိုက်၍သာ နေကြရကုန်၏၊ ထိုအတူ ရူပဗြဟ္မာ အရူပဗြဟ္မာဖြစ်၍ နေကြကုန်သော်လည်း အပါယ် လေးပါးသို့ ဦးခေါင်းရှေးရှုကာ နေကြကုန်၏။

ထန်းတောကြီး၌ ထန်းသီးတို့သည် ထန်းပင်ပေါ်မှာ နေကြကုန် သော်လည်း အောက်မြေအဖို့သို့ ကျရောက်မှုကို ရှေးရှုချိန်ရွယ်ကာ နေကြကုန်၏၊ အညှာခိုင်သေးသမျှသာ အပေါ်မှာ အသက်ရှိကြကုန်၏၊ အညှာပြုတ်လျှင် မချွတ်မလွဲ မြေကြီးလျှင် လဲလျောင်းရာ ရှိကြကုန်၏။

ထို့အတူ ထိုအတ္တဒိဋ္ဌိ ရှိနေကြကုန်သော နတ်ဗြဟ္မာတို့သည် နတ်သက်ဗြဟ္မာသက်ဟူသော ဇီဝိတိန္ဒြေ အညှာအပြုတ်မီ အတွင်းမျှသာ နတ်ပြည်ဗြဟ္မာပြည်မှာ နေခွင့်ရှိကြကုန်၏၊ ဇီဝိတိန္ဒြေအညှာပြုတ်သည် ရှိသော် ထန်းသီးတို့ကဲ့သို့ တသဲသဲ အမြဲကြွေကြရကုန်၏။

ထိုစကားမှန်၏၊ တစ်ယောက်သော သတ္တဝါ၏ စိတ်သန္တာန်မှာ အစဉ်ပါရှိ၍နေသော သက္ကာယဒိဋ္ဌိတရားသည် အကုသိုလ်ကံ အနန္တတို့ကို လက်တွင်းသိမ်းပိုက်၍နေသော တရားဖြစ်သောကြောင့် မြင့်မိုရ်တောင် ကြီးမျှမက အလွန်ဝန်လေးလှသော တရားပေတည်း။

---

ဗြဟ္မာကြီး အပါယ်ကျနိုင်

ထိုကြောင့် စိတ်သန္တာန်မှာ သက္ကာယဒိဋ္ဌိရှိနေသော သတ္တဝါ တို့သည် ဘဝဂ်ဘုံမှာပင် နေကုန်သော်လည်း အပါယ်ရှိရာသို့ တစ်ဖြုန်း ဖြုန်း ကျလာကြရကုန်၏၊ အောက်အောက်သော ဗြဟ္မာပြည် နတ်ပြည် လူပြည်၌ နေကြသောသူတို့မှာ ဆိုဖွယ်ရာမရှိပြီ၊ ဗြဟ္မာမင်းကြီး နတ် မင်းကြီး သိကြားမင်းကြီးဖြစ်၍ နေကြကုန်သော်လည်း စိတ်နှလုံးထဲ မှာငရဲကြီးရှစ်ထပ် အပြီးပါရှိ၍နေကြကုန်၏၊ ငရဲငယ်မျိုး အနန္တပါရှိ၍ နေကြကုန်၏၊ ပြိတ္တာမျိုး အနန္တပါရှိ၍နေကြကုန်၏၊ အသုရကာယ်မျိုး အနန္တပါရှိ၍နေကြကုန်၏၊ အနန္တပါရှိ၍နေကြကုန်၏၊ တိရစ္ဆာန်ဘဝမျိုး အနန္တပါရှိ၍နေကြကုန်၏၊ ထိုသို့ မိမိတို့စိတ်နှလုံးထဲမှာ အမြဲမကွာ ပါရှိ၍နေသည်ကို မသိကြသောကြောင့် ထိုဗြဟ္မာမင်းကြီး သိကြားနတ် မင်းတို့သည် ပျော်မွေခြင်း ရှိကြလေကုန်သည်။

---

သက္ကာယဒိဋ္ဌိ ချုပ်ရကျိုး

ထိုအနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက်တို့မှာ ပါရှိနေကြ ကုန်သော ထိုအကုသိုလ် ကံဟောင်းတို့သည် မိမိတို့၏ဦးခေါင်းဖြစ်သော သက္ကာယဒိဋ္ဌိ ချုပ်ဆုံးခဲ့သည်ရှိသော် အကုန်ချုပ်ဆုံး ကွယ်ပျောက်ကြ လေကုန်၏။

ရှေးရှေးဘဝ ရှေးရှေးကမ္ဘာတို့က ပါရှိကြသော ကံဟောင်းတို့ကို မဆိုထားဘိဦး၊ ယခုဘဝတွင်ပြုသော ပါဏာတိပါတကံပေါင်း အနန္တ အဒိန္နာဒါနကံပေါင်းအနန္တ စသည်ပင်ဖြစ်စေဦးတော့ ယခုနေ့ သက္ကာယ ဒိဋ္ဌိချုပ်ငြိမ်းခဲ့လျှင် ယခုအကုန်လုံး ကွယ်ပျောက်လေ၏၊ မိမိကိုယ်မှာ ရှိသော သန်းကြမ်းပိုးကို ကြောက်ဖွယ်ရှိသေး၏၊ ထိုအကုသိုလ်ကံ အနန္တတို့ကို ကြောက်ဖွယ်မရှိပြီ။

စိတ်သန္တာန်မှာ ထိုသက္ကာယဒိဋ္ဌိ ကင်းငြိမ်းပြီးသော သူတို့သည် လူ့ဘုံမှာ နေကြသော်လည်း အထက်အထက် မြင့်မြတ်သော နတ်ဘုံ ဗြဟ္မာ့ဘုံသို့သာ ဦးခေါင်းရှေးရှု ချိန်ရွယ်ကာ နေကြကုန်၏၊ အောက် အောက်နတ်ဘုံ ဗြဟ္မာ့ဘုံမှာ နေကြကုန်သော်လည်း အထက်အထက် နတ်ဘုံ ဗြဟ္မာ့ဘုံသို့သာ ဦးခေါင်း တချီချီ နေကြကုန်၏။

မိုးနှောင်းအခါတို့၌ ထိုထို တောတောင်မှထွက်၍ တက်လေသော အခိုးတို့သည် အထက်သို့သာ ဆန်တက်လေကုန်သကဲ့သို့တည်း။

ဤကား အတိတ်ကံဟောင်းတို့နှင့်စပ်၍ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်း မှုအကျိုး အာနိသင် ကြီးကျယ်ပုံတည်း။

---

သက္ကာယချုပ်ငြိမ်းက သာသနာမကွယ်

စိတ်သန္တာန်မှာ သက္ကာယဒိဋ္ဌိ ရှိနေကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းတို့သည် ယခုပင် သူတော်ကောင်းဖြစ်၍ နေကြကုန် သော်လည်း နက်ဖြန်၌သော်လည်းကောင်း၊ နောက်ရက် နောက်လ နောက်ဘဝတို့၌သော်လည်းကောင်း မာတုဃာတက, ပိတုဃာတက, ရဟန္တာဃာတက အစရှိသော ပါဏာတိပါတ ကံမျိုးတို့ကိုလည်း အနန္တ ပြုကြကုန်လတ္တံ့၊ အဒိန္နဒါနကံမျိုးတို့ကိုလည်း အနန္တပြုကြကုန်လတ္တံ့၊ ကြွင်းသောဒုစရိုက်မျိုးတို့ကိုလည်း အနန္တပြုကြကုန်လတ္တံ့၊ ယခုနေ့ မိမိသန္တာန်မှာ ဘုရားသာသနာကြီး လက်ရှိရှိနေကြ၏၊ နောက်ရက် နောက်လ စသည်တို့၌ ဘုရားသာသနာကြီး လက်လွတ်၍ ဘုရား သာသနာကြီးကို ဖျက်ဆီးသော ဒိဋ္ဌိမျိုးတို့ရောက်ကြကုန်လတ္တံ့။

အနတ္တလက္ခဏာ ကောင်းကောင်းကြီးထင်မြင်၍ စိတ်သန္တာန်မှာ သက္ကာယဒိဋ္ဌိချုပ်ငြိမ်းပြီးသော လူ နတ် ဗြဟ္မာတို့သည်မူကား သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းပြီးသော နေ့မှစ၍ ဘဝများစွာ ကမ္ဘာများစွာ သံသရာ၌ ကျင်လည်ကြကုန်သော်လည်း အကုသိုလ်ဒုစရိုက်မှုတို့ကို အိပ်မက်တွင်မျှ မပြုမှားကြကုန်ပြီး၊ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းပြီးသောနေ့မှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် မြတ်စွာဘုရား သာသနာတော်ကြီးလည်း ဖြစ်လေရာရာ ကမ္ဘာအဆက်ဆက် စိတ်နှလုံးထဲမှာ အမြဲပါလေတော့သည်။ သာသနာ ကွယ်သောဘဝ သာသနာကွယ်သောကမ္ဘာဟူ၍ မရှိကြကုန်ပြီ။

ဤကား နောက်အနာဂတ်ကံမျိုးနှင့် စပ်၍ 'သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်း ပြီးခြင်း၏အကျိုးအာနိသင်'တည်း။

---

ပုတီးကုံး ဥပမာ

သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းခဲ့ပြီးလျှင် အတိတ်ဖြစ်သော အကုသိုလ်ကံ အနန္တတို့သည် အဘယ်သို့ အကုန်ကွယ်ပျောက်၍ ကုန်လေသတည်းဟူ မူကား အစေ့ပေါင်း အနန္တရှိသော တစ်ခုသော ပိုးကြိုးဖြင့် သီကုံး၍ထား အပ်သော ရွှဲပုတီးကြီး၌ ခိုင်စွာသော ပိုးချည်ကြိုးဖြင့် သီကုံးဖွဲ့စည်းခြင်း ရှိနေသောအခါ ဘယ်အစေ့ကိုမဆို တစ်ခုသောအစေ့ကို ဆွဲငင်၍သွား လျှင် အစေ့အနန္တ အကုန်လုံးပါလေ၏၊ ပိုးချည်ကြိုးကို နုတ်ယူပယ်ရှား ပြီးသောအခါ၌မူကား အစေ့ချင်း အမျှင်အတွယ် မရှိကြပြီဖြစ်၍ တစ်ခု သော အစေ့ကို ဆွဲငင်၍ သွားသော်လည်း တစ်ပါးသောအစေ့တို့ မပါကြ ကုန်ပြီ။

ဤဥပမာအတူ သက္ကာယဒိဋ္ဌိရှိသော သူမှာ ရှေးရှေးဘဝ ရှေးရှေး ကမ္ဘာတို့၌ ဖြစ်လာခဲ့သော မိမိခန္ဓာအစဉ်ကိုပင် ငါပြု၍စွဲလမ်း၏၊ ငါသည် ရှေးရှေးဘဝ ရှေးရှေးကမ္ဘာတို့၌ လူဖြစ်ခဲ့လှပြီ နတ်ဖြစ်ခဲ့လှပြီ ဗြဟ္မာ ဖြစ်ခဲ့လှပြီဟု သက္ကာယဒိဋ္ဌိကြီး တန်းလန်းရှိနေ၏၊ ထို့ကြောင့် အတိတ် ဘဝ အတိတ်ကမ္ဘာတို့က ပြုခဲ့သော အကျိုးမပေးရသေးသော အကုသိုလ် ကံဟောင်း အနန္တတို့သည် ထိုသူသွားရာ အစဉ်လိုက်ပါ၍ နေကြကုန်၏၊ ခိုင်မြဲစွာ ပိုချည်ကြိုးနှင့် သီကုံး၍ထားသော ရွှဲပုတီးကုံးကြီးကဲ့သို့တည်း။

---

သီကြိုးနုတ်ပယ်ပြီး ပုတီးဥပမာ

အနတ္တလက္ခဏာ ကောင်းကောင်းကြီး ထင်မြင်၍ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းသော ပုဂ္ဂိုလ်တို့မှာမူကား တစ်ထိုင်တွင်းမှာ ဖြစ်ကြသော ရုပ်နာမ် ခန္ဓာကိုပင် ဉာဏ်၌အပိုင်းပိုင်း အပြတ်အသတ်တွေ ထင်မြင်လေ၏၊ ငါ၏ အတ္တဟူ၍ အမျှင်တန်းလျက်မရှိပြီ၊ မိမိခန္ဓာအစဉ်သည် ကြိုးကိုပယ် နုတ်၍ ထားအပ်သော ပုတီးစေ့တွေကဲ့သို့ ထင်၏၊ ရှေးရှေး၌ ပြုခဲ့သော အကုသိုလ်ကံတွေသည် ပုဂ္ဂိုလ်မဟုတ်၊ ငါလည်းမဟုတ်၊ ငါ၏ကံလည်း မဟုတ်၊ ဖြစ်ရာခဏမှာ အပိုင်းအပိုင်းပြတ်၍ ပျက်ဆုံးကွယ်ပကြလေ သည်ဟု ကောင်းစွာထင်မြင်၏။

ထို့ကြောင့် ထိုအကုသိုလ်ကံဟောင်းတို့သည် သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းရာတွင် အကုန်ငြိမ်းကြလေကုန်၏၊ ကြိ်ုးကိုပယ်နုတ်ပြီးသော ပုတီးစေ့ကဲ့သို့တည်း၊ အကုသိုလ်ကံတို့သည်သာ ကွယ်ပျောက်ကြကုန် သည်၊ ရှေးရှေး၌ ပြုခဲ့သောကုသိုလ်ကံတို့မူကား သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်း ကာမျှနှင့် မချုပ်ကြကုန်သေး၊ အရဟတ္တမဂ်သို့ကျ၍ တဏှာအကြွင်းမဲ့ ချုပ်ငြိမ်းမှ ကုသိုလ်ကံတို့ ချုပ်ငြိမ်းကြကုန်သည်။

---

မိုက်မဲလှ သက္ကာယဒိဋ္ဌိဆွဲငင်မှု

သက္ကာယဒိဋ္ဌိဆိုသော တရားကား မိုက်ချက်မဲချက် နက်နဲလှ၏၊ မာတုဃာတကကံကြီးကို ပြုမိပြီး၍ အဝီစိငရဲသို့ ဧကန္တ ငါကျရောက်တော့ မည်ဟု ပွက်ပွက်ဆူစိတ် နှလုံးပူပန်၍ နေသောသူသည် ထိုမာတု ဃာတက ကံကိုပင် မိမိ၏ အတ္တပြု၍ ငါပြုခဲ့မိလေခြင်း ငါမိုက်ခဲ့လေခြင်း ငါမှားခဲ့လေခြင်းဟု စွဲလမ်းလျက် ညည်းညူပူပန်၏၊ အကယ်၍ အနတ္တ ပရိညာဖြင့် ဉာဏ်ဖြင့်ကောင်းကောင်းကြီး ထင်မြင်၍ ငါပြုခဲ့မိလေခြင်း ဟူသော အစွဲအလမ်းကိုလွှတ်နိုင်သည်ဖြစ်အံ့၊ ထိုမာတုဃာတကကံသည် ထိုသူ သန္တာန်သို့ လိုက်၍အကျိုးပေးခြင်းငှာ မစွမ်းနိုင်လတ္တံ့၊ ထိုသို့ကား မဟုတ် ထိုသူ့သန္တာန်သို့ မလိုက်ချင်သော်လည်း မနေရအောင် အကျိုး မပေးချင်သော်လည်း မနေရအောင် ငါပြုမိခဲ့သောကံ ငါ၏ကံဟု အတင်း ဆွဲငင်၍ သိမ်းပိုက်လေ၏၊ ထိုသို့ သိမ်းပိုက်ခြင်းကြောင့် ထိုကံသည် အကျိုးမပေးချင်သော်လည်း မနေသာ ပေးရလေ၏၊ သက္ကာယဒိဋ္ဌိ ရှိနေကြသော ပုထုဇဉ်သတ္တဝါသည် ဤမျှလောက်မိုက်မဲ၏၊ ကြွင်းသော အကုသိုလ်ကံဟူသမျှတို့၌လည်း ဤနည်းတူ သက္ကာယဒိဋ္ဌိ ဆွဲငင်သိမ်း ပိုက်မှုကြောင့် သတ္တဝါတို့ ဖြစ်လေရာရာ အစဉ်ပါ၍နေကြပုံ အကျိုးပေး၍ နေကြပုံကိုသိလေ။

မိမိတို့ပြုသော မကောင်းမှုကံကြောင့် ငရဲ၌ကျ၍ နေကြရာ၌ လည်း ထိုမကောင်းမှုကံတို့ကို ငါပြုသော မကောင်းမှုကံဟု စွဲလမ်းသိမ်း ပိုက်လျက်ပင် ရှိကြကုန်၏၊ ထိုကံတို့ နှိပ်စက်၍ အလွန်ပင်ပန်းနေ သောအခါ ထိုကံတို့ကို မလွတ်နိုင်ကြကုန်၊ မစွန့်နိုင်ကြသည်အတွက် ကြောင့် ထိုအကုသိုလ်ကံတို့သည် အကျိုးမပေးချင်သော်လည်း မနေသာ၊ ထိုသူတို့ကို အပါယ်မှ ဘဝအဆက်ဆက် မလွတ်ရအောင် အကျိုးပေးကြရ တော့သည်၊ သက္ကာယဒိဋ္ဌိသည် ဤမျှလောက် အနက်အနဲ မိုက်မဲလှ၏။

ထိုနည်းတူ ဤသတ္တဝါတို့သည် နာခြင်း, အိုခြင်း, သေခြင်းဘေးကို အလွန်ကြောက်လန့်ကြကုန်၏၊ ထိုသို့ ကြောက်လန့်ကြကုန်လျက် ငါသည် ရှေးရှေးဘဝတို့၌လည်း နာလှလေပြီ အိုလှလေပြီ သေခဲ့လှလေပြီဟု အတိတ်ဖြစ်သော နာခြင်း, အိုခြင်း, သေခြင်းတို့ကို ပြန်၍စွဲလမ်း သိမ်းပိုက် ကြကုန်၏၊ အလွန်ကြောက်လန့်ရသော တရားကိုပင် လွှတ်၍မပစ်နိုင်ကြ မလွှတ်သည့်အတွက်ကြောင့်လည်း ထိုနာမှု အိုမှု သေမှုတို့သည် ထို သူတို့၏သန္တာန်သို့ မလိုက်ချင်သော်လည်း မနေရ၊ ဖြစ်လေရာရာပါ၍ နေကြကုန်၏၊ ထိုသူတို့ကို မနှိပ်စက်ချင်သော်လည်း မနေရ၊ နာမှုပေါ်ရ တော့သည်၊ အိုမှုပေါ်ရတော့သည်၊ သေမှုပေါ်ရတော့သည်၊ သက္ကာယဒိဋ္ဌိ သည် ဤမျှလောက် နက်နက်နဲနဲ မိုက်မဲ၏။

ယခုပစ္စုပ္ပန်ဘဝ၌ ကိုယ်တွင်းဥပဒ် ကိုယ်ပဥပဒ်နှင့် တွေ့ကြုံ၍ အနာရောဂါပြင်းထန်စွာ နှိပ်စက်၍ နေကြရာ၌လည်း နှိပ်စက်၍နေသော အနာရောဂါဝေဒနာတို့ကိုပင် ငါနာသည် ငါကျင်သည် ငါပူလောင်သည် အစရှိသည်ဖြင့် စွဲလမ်းသိမ်းပိုက်ကြကုန်၏၊ ထိုသို့စွဲလမ်းသိမ်းပိုက်မှုသည် နောက်နောက်ကိုလည်း ထိုအနာရောဂါဝေဒနာတို့နှင့် မကွဲကြရအောင် ဖွဲ့စည်းမှုကြီးပေတည်း၊ ထိုသို့သက္ကာယဒိဋ္ဌိ ဖွဲ့စည်းမှုခိုင်မြဲသည့်အတွက် ကြောင့် အနမတဂ္ဂသံသရာမှာ ယနေ့ထက်တိုင် ထိုအနာရောဂါ ဝေဒနာ တို့နှင့် မကွာမကွဲတစ်လုံး တစ်စည်းတည်းဖြစ်၍နေကြရကုန်၏။

ဤသို့ သက္ကာယဒိဋ္ဌိ မည်သည် အပြင်းအထန်နှိပ်စက်၍ နေဆဲ ဖြစ်သော ဒုက္ခဘေးကြီးကိုပင်လျှင် ငါပြု၍စွဲလမ်း၏၊ ငါ၏ ကိုယ်ပြု၍ စွဲလမ်း၏၊ သိမ်းပိုက်၏။

ထိုဒုက္ခဘေးကြီးသည် ထိုသူ့သန္တာန်သို့ အစဉ်မလိုက်ချင်သော် လည်း မနေရ၊ သက္ကာယဒိဋ္ဌိ ဆွဲငင်ချက်နှင့် ဘဝဆက်တိုင်းပါ၍ နေရ တော့သည်။ နောက်နောက်ဘဝတိုင်း၌လည်း ငါတို့သည် နာကြရ ကုန်လတ္တံ့၊ အိုကြရကုန်လတ္တံ့၊ သေကြရကုန်လတ္တံ့ ဟု စွဲလမ်းကြရာ၌ အနာဂတ်ဖြစ်သော ဗျာဓိဓမ္မ, ဇရာဓမ္မ, မရဏဓမ္မတို့ကို ယခုကလှမ်း၍ သိမ်းပိုက်ဖွဲ့စည်းသော သက္ကာယဒိဋ္ဌိတည်း၊ ထိုအဖွဲ့အစည်း မပျက်သမျှ သည် ထိုဓမ္မတို့နှင့် ဧကန္တ တွေ့ကြုံကြရလတ္တံ့၊ သက္ကာယဒိဋ္ဌိသည် ဤမျှ လောက်နက်နက်နဲနဲ မိုက်မဲ၏။

ဤကား-သက္ကာယဒိဋ္ဌိတရား မိုက်မဲချက် နက်နဲပုံကိုအမြွက်မျှ ပြဆိုလိုက်သောအခန်းတည်း။

---

တဏှာ မာန စွဲလမ်းမှု

တဏှာမာနတို့ စွဲလမ်းမှုကား အတ္တဟူ၍စွဲလမ်းမှု မဟုတ်၊ တေဘူမကဓမ္မတို့ကို တဏှာသည် ငါ၏ဥစ္စာဟုစွဲလမ်း၏၊ မာနသည် ငါဟူ၍ စွဲလမ်း၏၊ ထိုတဏှာမာနတို့သည်ကား သက္ကာယဒိဋ္ဌိရှိသော သူတို့မှာသက္ကာယဒိဋ္ဌိစွဲလမ်းချက်သို့ အစဉ်လိုက်၍ စွဲလမ်းကုန်၏၊ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းပြီးသော သောတာပန်, သကဒါဂါမ်, အနာဂါမ် ပုဂ္ဂိုလ်တို့မှာ သညာဝိပ္ပလ္လာသ, စိတ္တဝိပ္ပလ္လာသတို့ကို အစဉ်လိုက်၍ စွဲလမ်းကုန်၏၊ သညာ, စိတ္တတို့၏ စွဲလမ်းမှုကား တိမ်၏၊ ဒိဋ္ဌိစွဲလမ်းမှုကား နက်နဲ၏။

ဤတွင်ရွေ့ကား သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းပြီးလျှင် အတိတ်ဖြစ်သော အကုသိုလ်ကံတို့ အကုန်ချုပ်ငြိမ်းပုံကို ပြဆိုသော အခန်းတည်း။

---

ကျွတ်တမ်းဝင်ရာလူနည်းပါး

အနတ္တလက္ခဏာကို ကောင်းကောင်းကြီး ထင်မြင်ပြီးသော ပုဂ္ဂိုလ် တို့သည်သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းသောနေ့မှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင် အောင် ဘဝအဆက် ဆက်တို့၌ စိတ်သန္တာန်မှာ မြတ်စွာဘုရား သာသနာ တော်ကြီးအမြဲပါရှိ၍ နေကြကုန်၏ဟူသော စကား၌ ငါတို့ မြတ်စွာဘုရား လက်ထက်တော်ဝယ် ဓမ္မစကြာတရားကို ဟောတော်မူသောအခါ လူ ငါးဦးသားသာ ကျွတ်သည်၊ ဗြဟ္မာ့တစ်ဆယ့်ရှစ် ကုဋေ ကျွတ်သည်။ ထိုနည်းအတူ ၄၅-ဝါ ကာလပတ်လုံး ထိုထိုဒေသနာတို့၌ အသင်္ချေ ကျွတ်သမျှသည် နတ်ဗြဟ္မာတို့ချည်းသာတည်း၊ လူတို့မှာ တစ်သုတ် တစ်ခါတွင် လူအသင်္ချေ ကျွတ်သည်ဟူ၍ မရှိ။

---

အရိယာဘုံကြီးတွေ

တစ်ဆူတစ်ဆူသော ဘုရားလက်ထက် ကျွတ်တမ်းဝင်ကြသူ သတ္တဝါအပေါင်း ၂၄-သင်္ချေနှင့် ကုဋေခြောက်ဆယ် ဗိုလ်ခြေတစ်သိန်း ဟူသော စကားမှာလည်း နှစ်ဆယ့်လေးသင်္ချေအရသည် နတ်ဗြဟ္မာ အရေအတွက်သာ ဖြစ်သည်၊ နတ်တို့မှာလည်း သောတာပန်အနေနှင့် ကျွတ်သူများကြသည်။ ထို့ကြောင့် ယခုခါ၌ စာတုမဟာရာဇ်နတ်ပြည်မှာ သောတာပန်အပြည့် တာဝတိံသာအရှိသော အထက်နတ်ပြည်တို့မှာ လည်း သောတာပန်အရိယာအပြည့် အထက်ဗြဟ္မာ့ပြည်တို့မှာကား သောတာပန်အပြည့် သကဒါဂါမ်အပြည့် အနာဂါမ်အပြည့် ရဟန္တာ အပြည့်ရှိနေကြကုန်၏၊ နတ်ပြည် ခြောက်ထပ်လုံးသည် ယခုအခါ အရိယာဘုံကြီးတွေဖြစ်၍နေ၏၊ ဗြဟ္မာ့ပြည်တစ်ခွင်သည် ယခုအခါ အရိယာဘုံကြီးတွေ ဖြစ်နေ၏။

ယခုအခါ၌ စာတုမဟာရာဇ်ဘုံရှိ အရိယာတို့သည် အနှစ် ၉- သန်းမျှ စာတုမဟာရာဇ် နတ်စီးစိမ်ကို ခံစားစံစားပြီးလျှင် အထက် အထက် နတ်ပြည် ဗြဟ္မာ့ပြည်တို့သို့ ဘုံစဉ်စံ၍ သွားကြကုန်လတ္တံ့၊ အောက်သို့လည်ခွင့်မရှိကြကုန်ပြီ၊ နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်တို့ကို ဘဝများစွာ ကမ္ဘာများစွာ ခံစားစံစားပြီး၍ အကနိဋ္ဌဘုံသို့ ရောက်သော အခါ ပရိနိဗ္ဗာန် စံကြကုန်လတ္တံ့။

---

သာသနာမကွယ်သည့် နတ်ဗြဟ္မာ

ဘုရားလက်ထက်တော်၌ ထိုထိုဒေသနာကို ကြားနာ၍ သောတာပန် အရိယာအဖြစ်သို့ ရောက်သောနေ့မှစ၍ ကမ္ဘာများစွာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာတို့ကို အစဉ်ခံစား စံစားပြီးနောက် အကနိဋ္ဌ ဘုံသို့ရောက်၍ ပရိနိဗ္ဗာန်စံသည့်တိုင်အောင် ထိုနတ်တို့၏ စိတ်သန္တာန်မှာ ငါတို့မြတ်စွာဘုရား သာသနာမြတ်ကြီးသည် အစဉ်အမြဲပါ၍ နေလေ တော့သည် ထိုနတ်တို့မှာ သာသနာပသည်ဟူ၍ မရှိပြီ၊ သာသနာ ကွယ်သည်ဟူ၍ မရှိပြီ၊ ဘုရား တရား သံဃာ ရတနာသုံးပါးသည် စိတ်နှစ်လုံးမှာ ဘဝတိုင်း အမြဲပါလေတော့သည်။

---

နိဗ္ဗာန်ချမ်းသာကြီး

နိဗ္ဗာန်ချမ်းသာကြီးလည်း စိတ်နှစ်လုံးမှာ အမြဲပါလေတော့သည်၊ သက္ကာယဒိဋ္ဌိ အမှုးရှိသော ကိလေသာ အမိုက်အမဲကြီးတို့၏ ကင်းငြိမ်းခြင်း အပါယ်လေးပါး ကပ်သုံးပါး အရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါး ဝိပတ္တိတရား လေးပါးတို့၏ ကင်းငြိမ်းခြင်းကို နိဗ္ဗာန်ချမ်းသာကြီးဆိုသတည်း၊ ထိုနိဗ္ဗာန် ချမ်းသာကြီးသည် ထိုသူတို့ စိတ်သန္တာန်မှာ ဖြစ်လေရာရာ ဘဝတိုင်း ဘဝတိုင်း အမြဲပါရှိလေတော့သည်။

---

ချမ်းသာ ၂-ပါး ခံစားသူများ

ဖြစ်လေရာရာဘဝတို့၌ လောကီချမ်းသာကို တစ်လှည့်စီ နိဗ္ဗာန် ချမ်းသာကိုတစ်လှည့်စီ ခံစားစံစား၍သွားကြကုန်သောဟူမူကား ယခုဘဝက အနတ္တလက္ခဏာ ကောင်းစွာထင်မြင်ပြီးသော သူတို့သည် နောက်နောက်ဘဝတို့၌ လူပြည်လူရွာမှာ ဖြစ်ကြသော်လည်း စည်းစိမ်ချမ်း သာ ကြီးကျယ်စွာသော လောကီချမ်းသာကို ခံစားစံစားကြရကုန်၏၊ မိမိတို့၏ စိတ်စိတ်သန္တာန်၌ အတ္တဒိဋ္ဌိ၏ ကင်းငြိမ်းခြင်းသည် သဥပါဒိ သေသ နိဗ္ဗာန်ချမ်းသာကြီးပေတည်း။ အပါယ်၌ကျရောက်၍ နေကြ ကုန်သော ခွေး, ဝက်, ကြက်, ငှက်အစရှိသော အပါယ်ဘုံသားတို့ကို လည်းကောင်း သက္ကာယဒိဋ္ဌိ တန်းလန်းနှင့် အပါယ်နခန်းမှာတူလူ, တူလူ နေကြကုန်သော သတ္တဝါအပေါင်းတို့ကိုလည်းကောင်း တွေ့မြင်ကြ ရကုန်လတ္တံ၊ တွေ့မြင်တိုင်း တွေ့မြင်တိုင်း ငါတို့မှာ ဤကဲ့သို့သော အဖြစ်မှ လွတ်ငြိမ်းကြပေပြီဟု အလွန်နှစ်သက်ဝမ်းမြောက်ခြင်း မစဲမစဲဖြစ် ကြရကုန်လတ္တံ၊ သဥပါဒိသေသ နိဗ္ဗာန်ချမ်းသာကြီးကို ခံစားစံစား ကြရကုန်လတ္တံ့။

---

ချမ်းသာ ၂-ပါး ခံစားရသည့် အရိယာနတ်

ဤနည်းကိုအမှီပြု၍ နတ်ပြည်ခြောက်ထပ်မှာ နတ် သိကြားဖြစ် ကြသော ဘဝတို့၌လည်းလောကီ လောကုတ္တရာကြီးနှစ်ပါးကို အလှည့် အလည်အားဖြင့် ခံစားစံစား၍ သွားကြရကုန်လတ္တံ့။

ဘဝများစွာ ကမ္ဘာများစွာ ကြာမြင့်သဖြင့် လူ့ချမ်းသာ နတ် ချမ်းသာ ဗြဟ္မာချမ်းသာတို့ကို ခံစားစံစား၍ ငြီးငွေ့ကြသောအခါ၌ လောကီချမ်းသာကို စွန့်လွတ်၍ အနုပါဒိသေသနိဗ္ဗာန်တည်းဟူသော လောကုတ္တရာ ချမ်းသာကြီးသို့ ရောက်ကြကုန်လတ္တံ့။

---

နတ်ပြည်ရှိ သာသနာနှစ်

ထိုနတ်တို့၏ အသက်နှင့် နိုင်းယှဉ်သည်ရှိသော် ငါတို့မြတ်စွာ ဘုရား၏ သာသနာသည် စတုမဟာရာဇ်နတ်ပြည်မှာ လူတို့အရေအတွက် အနှစ်ကိုးသန်း တည်လတ္တံ့ဟုသိရ၏။

ဤကား - စတုမဟာရာဇ်နတ်ဘုံရှိ အရိယာနတ်တို့၏ အလားကိုပြဆိုချက်တည်း။

တာသတိံ သာအစရှိသော အထက်အထက်နတ်ပြည်ရှိ အရိယာနတ်တို့၏ အလားကိုလည်း ထိုနည်းအတူသိလေ။

သာသနာတော်မှာလည်း တာဝတိံ သာနတ်ပြည်မှာ လူတို့အရေ အတွက် အနှစ်သုံးကုဋေခြောက်သန်း တည်ထွန်းလတ္တံ့၊ ယာမာဘုံမှာ အနှစ်တစ်ဆယ့်လေးကုဋေလေးသန်း တည်ထွန်းလတ္တံ့၊ အထက်ဆုံး ဖြစ်သော ဝသဝတ္တီနတ်ပြည်မှာ နှစ်ပေါင်း ကုဋေကိုးရာနှစ်ဆယ့်တစ် ကုဋေခြောက်သန်း တည်ထွန်းလတ္တံ့၊ ပထမစျာန်ဘုံမှာ ကမ္ဘာမပျက်မခြင်း တည်ထွန်းလတ္တံ့၊ ဒုတိယစျာန်ဘုံမှာ မဟာကမ္ဘာကြီး ရှစ်ကမ္ဘာတိုင်အောင် တည်ထွန်းလတ္တံ့၊ အထက်ဆုံးဖြစ်သော အကနိဋ္ဌဘုံမှာ ငါတို့ မြတ်စွာ ဘုရား သာသနာတော်မြတ်ကြီးသည် မဟာကမ္ဘာကြီးတစ်သောင်း ခြောက်ထောင်တိုင်အောင် တည်ထွန်းလတ္တံ့။

ဤစကားကိုလည်း လူ့ဘုံသက်နှင့်တိုင်းတာ၍ ဆိုသော စကားသာတည်း။

---

အနတ္တလက္ခဏာထင်မြင်ရကျိုး

ဘုံစဉ်အတိုင်း စံစား၍ သွားကြကုန်သော အရိယာတို့၏ အဆင့် ဆင့် အလားအားဖြင့် ဆိုလိုမူကား တာဝတိံသာမှစ၍ အထက်နတ် ဘုံတို့မှာ သာသနာတော် အသက်များစွာ တိုးပွါးခွင့်ရှိသေး၏၊ အထက်ဆုံး ဖြစ်သော အကနိဋ္ဌဘုံမှာ ငါတို့ဘုရားသာသနာသည် ကမ္ဘာနှစ်သောင်း မက တည်ခွင့်နှင့် ရှိသေး၏။

ဤသို့ ပရိနိဗ္ဗာန်စံကြသော ဘဝတိုင်အောင် ဘဝများစွာ ကမ္ဘာ များစွာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာကို ခံစား စံစား၍ နေကြကုန်သော် လည်း ထိုနတ်ဗြဟ္မာတို့၏ စိတ်သန္တာန်မှာ မြတ်စွာဘုရား သာသနာတော် အမြဲပါရှိ၍နေမှု သာသနာကွယ်သည် သာသနာပသည်ဟူ၍ မရှိမှုတို့ သည်ကား အနတ္တလက္ခဏာကို ကောင်းကောင်းကြီး ထင်မြင်၍ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းခြင်း၏ အကျိုးအနိသံသပေတည်း။

---

ရဟန်းအဖြစ်နှင့် မဂ်ဖိုလ်ရသူနည်းပါး

ထိုမှတစ်ပါး ငါတို့ဘုရား လက်ထက်တော်၌ ရဟန်းအဖြစ်နှင့် ကျွတ်ကြသူတို့ကား အနည်းငယ်မျှသာတည်း၊ လူအဖြစ်မှာ သောတာပန် အဖြစ်နှင့်ကျွတ်ကြသူကား သာဝတ္ထိပြည်မှာပင် ကုဋေများစွာရှိ၏၊ ရာဇဂြိုဟ်ပြည်မှာပင် ကုဋေများစွာရှိ၏၊ ထို့အတူ ကပိလဝတ်ပြည် ဝေသာလီပြည် အစရှိသည်တို့၌လည်း ကုဋေများစွာ သိန်းများစွာ သန်းများစွာ ရှိကြ၏၊ မဇ္ဈိမတိုက်တစ်ပြင်လုံးသည် အရိယာတို့ဖြင့် ပြည့်သကဲ့သို့ ရှိကြ၏။

ထိုသူတို့ ယခုအခါ၌ စတုမဟာရာဇ်နတ်ပြည်မှာ အပြည့်ရှိကြ၏။

တာဝတိံသာနတ်ပြည်မှာ အပြည့်ရှိကြ၏၊ ယာမာစသည်တို့၌လည်း များစွာရှိနေကြကုန်၏၊ နတ်အဖြစ်နှင့် ကျွတ်ကြကုန်သော နတ်အရိယာ တို့နှင့် ဇာတ်ပေါင်းမိကြလေ၏၊ ထိုအရိယာတို့နှင့်အတူတကွ ဇာတ် ပေါင်းကြ၍ နတ်ချမ်းသာအဆင့်ဆင့် ဗြဟ္မာ့ချမ်းသာအဆင့်ဆင့် ခံစား စံစား၍ အကနိဋ္ဌဘုံတိုင်အောင် သွားကြကုန်လတ္တံ့၊ ထိုသူတို့၏ စိတ် သန္တာန်မှာလည်း ပရိနိဗ္ဗာန်စံကြသောဘဝတိုင်အောင် ငါတို့မြတ်စွာ ဘုရားသာသနာတော်ကြီး အစဉ်မြဲစွာပါလေတော့သည်၊ ထိုသူတို့မှာ သာသနာကွယ်သည်ဟူ၍ မရှိကြပြီ၊ သာသနာပသော ဘဝဟူ၍ မရှိကြပြီ၊ သာသနာပသော ကမ္ဘာဟူ၍ မရှိကြပြီ၊ ဤသို့ဖြစ်ခြင်းသည် အနတ္တ လက္ခဏာကို ကောင်းစွာထင်မြင်ရခြင်း၏ အကျိုးအာနိသံသတည်း။

ထိုမှတစ်ပါး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည့်နောက် အနှစ်သုံးရာခန့်အတွင်း မဇ္ဈိမတိုက်အပြင်မှ အကျွတ်ရသော သောတာပန် ပေါင်း အကုဋေမက သီဟိုဠ်သို့ သာသနာတော်ရောက်သည့်နောက် သီဟိုဠ်ကျွန်းမှ ကျွတ်ကြသော သောတာပန်ပေါင်း အကုဋေမကတို့သည် လည်း ယခုအခါ စတုမဟာရာဇ်ဘုံမှာ အပြည့်ရှိနေကြကုန်၏၊ တာဝတိံသာဘုံမှာ အပြည့်ရှိနေကြကုန်၏၊ ထိုသူတို့သည် နတ်ဇာတိနှင့် ကျွတ်ရသော အရိယာဘုရားလက်ထက်တော်မှာ မဇ္ဈိမတိုက်အပြင်မှာ ကျွတ်ရသော အရိယာတို့နှင့် ဇာတ်ပေါင်းကြ၍ ပြဆိုခဲ့ပြီးသောအတိုင်း အကနိဋ္ဌဘုံသို့ကြအောင် ခံစားစံစား၍ သွားကြကုန်လတ္တံ့၊ ထိုသူတို့၏ စိတ်သန္တာန်မှာလည်း ပရိနိဗ္ဗာန်စံရာဘဝတိုင်အောင် ငါတို့မြတ်စွာဘုရား သာသနာတော် အစဉ်အမြဲတည်လေတော့သည်၊ ဤသို့ဖြစ်ခြင်းသည် အနတ္တလက္ခဏာ ထင်မြင်ရခြင်း၏ အကျိုးအာနိသံသ ပေတည်း။

---

သုဓမ္မာဇရပ်၌ ကျွတ်တန်းဝင်

ယခုလည်း နတ်ပြည်ခြောက်ထပ်တို့၌ သုဓမ္မာဇရပ်အသီးသီး ရှိကြကုန်၏၊ တစ်လ တစ်လလျှင် ရှစ်ကြိမ် ရှစ်ကြိမ်တရားနာ အစည်း အဝေးပြုမြဲထုံးစံတည်း၊ ရံခါသိကြားမင်းကြီး နတ်မင်းကြီးတို့ တရား ဟောကြကုန်၏၊ ရံအခါတရာကျမ်းဂန် တတ်ကျွမ်းသော ဓမ္မကထိက နတ်သားတို့ တရားဟောကြကုန်၏၊ ရံခါဗြဟ္မာ့ပြည်မှ ဗြဟ္မာမင်းကြီး တို့လာ၍ တရားဟောကြကုန်၏၊ ရှေးအဖို့၌ အကျွတ်မရကြကုန်သေး သောနတ်တို့သည် ထိုတရားနာရာ သုဓမ္မာအစည်းအဝေးမှာ အကျွတ် ရကြကုန်၏၊ ထိုမှအလွတ်ဖြစ်သော နေရာတို့၌လည်း အတူနေ အဖော် အပေါင်းဖြစ်ကြကုန်သော အရိယာနတ်တို့၏ ပြောဟောမှုကို နာခံ၍ အကျွတ်ရကြကုန်၏၊

---

နတ်ပြည်မှာ သာသနာအမြဲရှိ

ယခုအခါ နတ်ပြည်ဗြဟ္မာ့ပြည်တို့မှာ ကျွတ်ပွဲ လွတ်ပွဲမစဲ မဆိတ် ရှိနေတုန်း အခါပေတည်း၊ ယခုမှ ကျွတ်လွတ်ကြသော နတ်ဗြဟ္မာ တို့လည်း ရှေးကျွတ်ကြသော အရိယာတို့နှင့် ဇာတ်ပေါင်းမိကြကုန်၏၊ စိတ်နှလုံး၌ မြတ်စွာဘုရား သာသနာတော်ကြီး အမြဲတည်ခွင့်ကို ရကြ လေကုန်၏။

စတုမဟာရာဇ်နတ်ပြည်မှာ အနှစ်ကိုးသန်းတိုင်တိုင် မဂ်တံခါး ဖိုလ်တံခါး နိဗ္ဗာန်တံခါး ဟင်းလင်းပွင့်လျက်ရှိ၏၊ တာဝတိံသာနတ်ပြည်မှာ အနှစ်သုံးကုဋေခြောက်သန်းတိုင်တိုင် မဂ်တံခါး ဖိုလ်တံခါး နိဗ္ဗာန်တံခါး ဟင်းလင်းပွင့်လျက်ရှိ၏၊ အထက်ထက် နတ်ပြည် ဗြဟ္မာ့ပြည်တို့မှာလည်း ဤနည်းတူသိလေ။

---

ငါးထောင်သာသနာလူ့ပြည်မှာ

သာသနာတော်ငါးထောင် ဆိုသည်မှာ လူ့ပြည်ကို ရည်ရွယ်၍ ဆိုသတည်း၊ လူ့ပြည်၌ အနှစ်ငါးထောင်မျှသာ အရိယာဖြစ်နိုင်သော ခေတ်ရှိသည်၊ အနှစ်ငါးထောင်မှ နောက်၌ အရိယာဖြစ်နိုင်သော ခေတ် မရှိပြီဆိုလိုသည်၊ ယခုအခါ၌ကား သာသနာတော်နှစ်ထောင်ကျော် လွန်၍ သွားပြီ၊ နှစ်ထောင်ကျော်မျှသာ ကျန်ရှိတော့သည်။

---

နတ်ပြည်၌ မဂ်ဖိုလ်ရနိုင်သော ၃-ဌာန

သာသနာတော်အတွင်း၌ လူအဖြစ်နှင့် မဂ်ဖိုလ်ကိုမရကြမူ၍ နတ်ပြည်၌ ဖြစ်ကြလေကုန်သောသူတို့အား မိမိတို့ဖြစ်ရာ နတ်ပြည်၌ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ရရှိနိုင်ကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတော်၌ သုံးဌာနပြ၍ ဟောတော်မူသည်။

သုံးဌာနဆိုသည်ကား--

လူ့ပြည်၌ တရားဓမ္မကို ကောင်းစွာအားထုတ်၍ ယခုဘဝတွင် မဂ်ဖိုလ်ကို မယူမူ၍ စုတေ၍ နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ဖြစ်ကြလေရာ ချမ်းသာသော ဘုံဘဝဖြစ်၍ လူဖြစ်စဉ်အခါက လေ့လာအားထုတ်ခဲ့ ဖူးကုန်သော တရားအစုတို့သည် ထိုသူ၏ဉာဏ်မှာ လျင်မြန်စွာလာကုန် လတ္တံ့၊ ထိုအခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်ကြကုန်၏၊ (တစ်ဌာန)

ထိုသို့ မိမိအလိုအလျောက်မပေါက်တဲ့နိုင်ရှိခဲ့သော် အတူနေ အပေါင်းအဖော်ဖြစ်သော အရိယာနတ်တို့က ဆုံးမတိုက်တွန်း ပြညွန်း ဟောပြောကြကုန်လတ္တံ့၊ ထိုအခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရကြကုန်၏၊ (တစ်ဌာန)

ထိုသို့ မရပြန်ခဲ့သော် တစ်လ တစ်လလျှင် ရှစ်ကြိမ်ရှစ်ကြိမ် သုဓမ္မာသို့ တရားနာပါကြကုန်လတ္တံ့၊ ထိုအခါ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်ကြကုန်၏၊ (တစ်ဌာန)

ဤသို့ ယခုလူတို့ နတ်ပြည်သို့ရောက်ကြသောအခါ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်ရာ သုံးဌာန ဟောတော်မူသည်။

---

ဘုရား ၇-ဆူ၏ သားတော်များနှင့် တွေ့ဆုံရန်

ဤသို့ ဟောတော်မူသည့်အတိုင်း ယခုအခါလူ့ပြည်မှ နတ်ပြည် သို့ ရောက်ကြလေကုန်သော သူအပေါင်းတို့သည် ထိုသုံးဌာနတွင် တစ်ခုခုသောဌာန၌ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရကြကုန်သည်ရှိသော် ဘုရားရွှေလက်ထက်၌ သာဝတ္ထိပြည်သူ ရာဇဂြိုဟ်ပြည်သူ ဝေသာလီ ပြည်သူ ကပိလဝတ်ပြည်သူ အစရှိသော ယခုနတ်ပြည်မှာရှိနေကြသော မြတ်စွာဘုရား၏ သားတော်ကြီး သမီးတော်ကြီး ဖြစ်ကြကုန်သော အရိယာသူမြတ် နတ်မင်ကြီး နတ်သမီး နတ်သားတို့နှင့် ဇာတ်ပေါင်းမိကြ လေကုန်၏၊ ထိုသူတို့နှင့် တစ်လုံးတစ်စည်းတည်း ဇာတ်ပေါင်း၍ အကနိဋ္ဌ ဘုံတိုင်အောင် အတူတကွ ဘုံစဉ်စံစား၍ သွားကြကုန်လတ္တံ့။

ပထမစျာန်ဗြဟ္မာ့ပြည်သို့ ရောက်ကြသောအခါ၌ ကကုသန်မြတ် စွာဘုရား, ကောဏာဂုံမြတ်စွာဘုရား, ကဿပမြတ်စွာဘုရားတို့၏ သားတော် သမီးတော်တွေနှင့်လည်း ဇာတ်ပေါင်းမိကြကုန်လတ္တံ့၊ ဝေဟပ္ဖိုလ်ဘုံ သုဒ္ဓဝါသာဘုံသို့ ရောက်ကြသောအခါ ဝိပဿီမြတ်စွာ ဘုရား, သိခီမြတ်စွာဘုရား, ဝေဿဘူမြတ်စွာဘုရားတို့၏ သားတော် သမီးတော်တို့နှင့်လည်း ဇာတ်ပေါင်းမိကြကုန်လတ္တံ့။

ဤသို့ဖြစ်ရခြင်းသည် အနတ္တလက္ခဏာ ထင်မြင်ရခြင်း၏ အကျိုးအာနိသံသပေတည်း။

---

ရခွင့် ရလမ်း ကြိုးပမ်းသင့်ပြီ

ထို့ကြောင့် ယခုအခါ သာသနာတော်တွင်း၌ လူ့အဖြစ် ရှင် အဖြစ်ကို ရရှိကြကုန်သော လူအပေါင်းတို့သည် လူ့ပြည်မှာ အနှစ် နှစ်ထောင်ကျော် ဟင်းလင်းပွင့်လျက်ရှိသေးသော မဂ်စခန်း, ဖိုလ်စခန်း, နိဗ္ဗာန်စခန်း, စတုမဟာရာဇ်ဘုံမှာ အနှစ်ကိုးသန်းတိုင်အောင် ဟင်းလင်း ပွင့်လျက် ရှိနေသော မဂ်စခန်း, ဖိုလ်စခန်း, နိဗ္ဗာန်စခန်း, တာဝတိံသာ ဘုံမှာ အနှစ်သုံးကုဋေ ခြောက်သန်းတိုင်အောင်ဟင်းလင်း ပွင့်လျက်ရှိနေ သော မဂ်စခန်း, ဖိုလ်စခန်း, နိဗ္ဗာန်စခန်း အစရှိသည်များကို ကောင်း ကောင်းကြီး အားပြုကြကုန်၍ ဝိပဿီအစရှိသော ၇-ဆူသော မြတ်စွာ ဘုရား သားတော် သမီးတော်တို့နှင့် ဇာတ်ပေါင်းရန်အခွင့်အလမ်းကိုသာ ကြိုးကြိုးပမ်းပမ်း အားထုတ်ကုန်ရာသတည်း။

---

လမ်းကြောင်း ၂-ပါး

ဇာတ်ပေါင်းရန် အခွင့်အလမ်းဆိုသည်ကား အာဇီဝဋ္ဌမက သီလကို အသက်ထက် ဆုံးစွဲမြဲမှုတစ်ပါး အနိစ္စ ဒုက္ခ အနတ္တ ဝိပဿနာ လက္ခဏာရေးသုံးပါးကို သရုပ်သကောင် ထင်မြင်စွဲမြဲမှုတစ်ပါး ဤနှစ်ပါး သည် ဇာတ်ပေါင်းရန်အ ကြောင်းတရား ၂-ပါးပေတည်း။

အာဇီဝဋ္ဌမကသီလစွဲမြဲမှ ဝိပဿနာလည်း စွဲမြဲနိုင်မည်၊ အပါယ် သို့မကျဘဲ ပြဆိုခဲ့ပြီးဖြစ်သော နတ်ရွာသို့ ရောက်နိုင်မည်။ နတ်ရွာသို့ပင်ရောက်သော်လည်း ဝိပဿနာဝိဇ္ဇာဉာဏ် အခြေကောင်းအနေကောင်း မရှိပြန်က သုံးဌာနမှာ ကျွတ်လွတ်နိုင်ရာသော အခွင့်မရှိ၊ ထို့ကြောင့် သုံးဌာနမှာ ကျွတ်လွတ်နိုင်ရာသော အခြေကောင်း အနေကောင်း အပြီးပါရှိစေခြင်းငှါ ဝိပဿနာသုံးပါးကိုလည်း သရုပ် သကောင် ထင်မြင်ချက်နှင့်တကွ အသက်ထက်ဆုံး စွဲမြဲရမည်။

---

အနတ္တဝိပဿနာလိုရင်းသာ

ဝိပဿနာသုံးပါးတို့တွင်လည်း သက္ကာယဒိဋ္ဌိဟူသော အပါယ်မျိုး အပါယ်မြစ် အပါယ်ကြော အပါယ်ကြိုး အပါယ်လွန်ကို ဖြတ်တိနိုင်အောင် အနတ္တဝိပဿနာသည် နေရာကျ အလိုဆုံးတည်း၊ အနတ္တဝိပဿနာ ကောင်းစွာ ထင်မြင်နိုင်၍ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းခြင်း၏ အကျိုးအာနိသံသ ကြီးတွေကို အထပ်ထပ်ပြဆိုခဲ့ပြီး။

အလိုဆုံးဖြစ်သော အနတ္တလက္ခဏာနေရာကျ ထင်မြင်နိုင်ရန် အခွင့်မှာလည်း ဝေဒနာတို့၏ အနိစ္စအချက် ပဋိစ္စသမုပ္ပါဒ်အချက်တို့ကို မိမိရရလှလှထင်မြင်နိုင်မှ ဝေဒနာတို့၏ အနတ္တလက္ခဏာကို နေရာကျကျ ထင်မြင်နိုင်မည်။

ဤတွင်ရွေ့ကား အကျိုးအာနိသံသနှင့်တကွ အနတ္တပရိညာကို ပြဆိုသောအခန်း ပြီး၏။

တီရဏ ပရိညာသုံးပါး အစီအရင်ပြီး၏။

* * *

ပဟာနပရိညာ အစီအရင်

ပဟာနပရိညာ

ယခုအခါ ပဟာနပရိညာကို အကျဉ်းမျှ ပြဆိုပေအံ့၊ ပဟာန ပရိညာဆိုသည်ကား ဝေဒနာတို့၌ စွဲလမ်းသော တဏှာနုသယ, မာနာ နုသယ, ဒိဋ္ဌာနုသယဟူသော အနုသယတို့ကို အမြစ်နှင့်တကွ ကျွတ်လွတ် ၍ကျအောင် ပယ်ဖြတ်မှုကို ပဟာနပရိညာခေါ်သတည်း။

ဒိဋ္ဌာနုသယကျွတ်ရန်အားထုတ်

ဝိသေသအားဖြင့်မူကား ရှေးဦးစွာ သက္ကာယဒိဋ္ဌိ၏အမြစ်မူလ ဖြစ်သော ဒိဋ္ဌာနုသယကို မြန်မြန်ကြီးကျွတ်လွတ်လိုလှ၏၊ တဏှာနုသယ, မာနာနုသယတို့ပင် မကျွတ်လွတ်ကုန်သေးသော်လည်း ဒိဋ္ဌာနုသယ ကျွတ်လွတ်လျှင်ပင် အပါယ်မျိုးပြတ်လေပြီ၊ အပါယ်မြစ် ကျွတ်လွတ်လေပြီ၊ အပါယ်ကြောပြတ်လေပြီ၊ အပါယ်ကြိုး အပါယ်လွန်ပြတ်လေပြီ၊ ယခု ဘဝမှစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် မြတ်စွာဘုရားသာသနာ တော်ကြီး စိတ်နှလုံးမှာ အမြဲတည်ပေပြီ။ အပါယ်ဘေးကြီးငြိမ်းပေပြီ၊ ဒုစရိုက် ဒုရာဇီဝဘေးကြီး ငြိမ်းပေပြီ၊ နောက်နောက်ဘဝတို့၌ လူပင်ဖြစ် သော်လည်း ကိုယ်ကျင့်တရားယုတ်ညံ့သော လူမျိုးမှာမဖြစ်ရပြီ၊ စည်းစိမ် ချမ်းသာ ယုတ်ညံ့သော လူမျိုးမှာ မဖြစ်ရပြီ၊ ကပ်သုံးပါး အရပ်ပြစ် ရှစ်ပါး ရန်သူမျိုးငါးပါးတို့နှင့် တစ်ရံတစ်ဆစ်မျှ တွေ့ကြုံမှုမရှိရပြီ၊ ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ အမျိုး ၃-ပါးသော နိယတမိစ္ဆာဒိဋ္ဌိအမျိုး အစရှိသော မိစ္ဆာဒိဋ္ဌိ တို့နှင့် တစ်ရံတစ်ဆစ်မျှ မကြုံကြိုက်ရပြီ၊ ထို့ကြောင့် ရှေးဦးစွာသော ဒိဋ္ဌာနုသယ၏ ကျွတ်လွတ်ရန်အမှုကို လွန်မင်းစွာ အားထုတ်ရာ၏။

ဘယဉာဏ်နှင့်ရှု

သုခဝေဒနာ သောမနဿဝေဒနာတို့ကို ဘယဉာဏ်နှင့် ကြီးစွာ သောဘေးကြီး ထင်မြင်အောင်ရှုရာ၏၊ ရှေး၌အဿဒ, အာဒိနဝအခန်းမှာ ဥပမာကြီးတွေနှင့်တကွ ဘယဉာဏ် အစီအရင် အာဒိနဝဉာဏ် အစီ အရင်များကို ပြဆိုခဲ့ပြီ၊ ဝေဒနာတို့၌ ဘယအခြင်းအရာ အာဒိနဝ အခြင်းအရာဟုဆိုအပ်သော ဒုက္ခအခြင်းအရာကို ကောင်းစွာထင်မြင် မှုသည်လည်း အနတ္တ ထင်မြင်မှုအား ကျေးဇူးပြုနိုင်၏။

ဝေဒနာ၌ အနတ္တဟုရှု

သုခဝေဒနာ သောမနဿဝေဒနာတို့သည် ငါ၏ အတ္တအမှန် ဖြစ်ကုန်ငြားအံ့၊ ငါ၏ ဆန့်ကျင်ဘက်ဖြစ်သော ဘယကိစ္စ အာဒိနဝ ကိစ္စတို့ကို မပြုကြကုန်ရာ၊ ရှေး၌ အဿာဒ အာဒိနဝ အခန်းမှာ ပြဆိုခဲ့သည့်အတိုင်း ထိုသုခသောမနဿတို့သည် ငါ၏ဘေး ငါ၏ အာဒိနဝ ဖြစ်ကြကုန်၏၊ ထို့ကြောင့် ထိုဝေဒနာတို့သည် ငါ၏ အတ္တ မဟုတ်ကုန်၊ အနတ္တသာဖြစ်ကြကုန်၏၊ ဤသို့အစရှိသည်ဖြင့် ထင်မြင် ရာ၏။

ဘယဉာဏ်

ထိုဝေဒနာတို့ကို ကြောက်မက်ဖွယ်သော သံသရာဘေးကြီးအနေ ထင်မြင်နိုင်သောအခါ ထိုဝေဒနာတို့၌ သာယာခြင်း ပြယ်ပျောက်၏၊

အာဒိနဝဉာဏ်

အာဒိနဝဟူသော ပြစ်ကြီးအနေ ထင်မြင်နိုင်သောအခါ ထို ဝေဒနာတို့၌ တပ်မက်ခင်မင်ခြင်း ပြယ်ပျောက်၏။

နိဗ္ဗိန္ဒဉာဏ်

ထိုဝေဒနာတို့ကို ငြီးငွေ့ခြင်း နိဗ္ဗိန္ဒဉာဏ် ဖြစ်လာသောအခါ ထိုဝေဒနာတို့၌ မွေ့လျော်ခြင်း ပြယ်ပျောက်၏။

မုစ္စိတုကမျတာဉာဏ်

ထိုဝေဒနာတို့၌ တွယ်တာခြင်းမှ ကျွတ်လွတ်လိုသော မုစ္စိတု ကမျတာဉာဏ် ဖြစ်လာသောအခါ မိမိကိုယ်ခန္ဓာ၌ ထိုဝေဒနာတို့ ဖြစ်ပေါ်နေမှုကို ကောင်းသည်ဟု စွဲလမ်းခြင်း ကင်းပြတ်၏။

ပဋိသင်္ခါဉာဏ်

ပဋိသင်္ခါဉာဏ်ဆိုသည်ကား ထိုဝေဒနာတို့၌ စိတ်အတွယ်အတာ ပြတ်ပြီး ကျွတ်လွတ်ပြီး ဖြစ်ထည့်ရအောင် လေးဆယ်သော ဘာဝနာ တို့ဖြင့် ထိုဝေဒနာတို့ကို တွင်တွင်ကြီး သုံးသပ်သောဉာဏ်ကို ပဋိသင်္ခါ ဉာဏ် ဟုခေါ်သည်။

သင်္ခါရုပေက္ခာဉာဏ်

သင်္ခါရုပေက္ခာဉာဏ်ဆိုသည်ကား ပဋိသင်္ခါဉာဏ်နှင့် တွင်တွင်ကြီး သုံးသတ်သဖြင့် ထိုဝေဒနာတို့၌စိတ်တွယ်တာခြင်း ပြတ်ကင်းပြီးသော အခါ၌ လွန်စွာကြောင့်ကြ စိုက်ဖွယ်မရှိပြီ၊ ကျွတ်လွတ်တော့မည်ဧကန် ဟုစိတ်ချနိုင်သည်ဖြစ်၍ လျစ်လျူသာ သုံးသပ်သောဉာဏ်ကို သင်္ခါရု ပေက္ခာဉာဏ် ဆိုသတည်း။

အနုလောမဉာဏ်

မဂ္ဂဝီထိ၌ ပါဝင်သော ပရိကံ, ဥပစာ အနုလုံဉာဏ်တို့ကို အနုလောမဉာဏ်ဆိုသည်။

---

ဉာဏ် ၁၀-ပါးနှင့် ပရိညာ ၂-ပါး

ဘယဉာဏ်, အာဒိနဝဉာဏ်, နိဗ္ဗိန္ဒဉာဏ်, မုစ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ် ဤခုနစ်ပါးသော ဉာဏ်တို့ဖြစ်ပုံ အစီအရင်များမှာ လွန်စွာခက်ခဲသော အချက်မရှိပြီ၊ သမ္မသဉာဏ်, ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ် ဤဉာဏ်သုံးပါးတို့၏ အစီအရင်သည်သာ လွန်စွာခက်ခဲသည်၊ ဤဉာဏ်သုံးပါး လှလှနေရာ ကျ၍အနိစ္စပရိညာ ပိုင်ပိုင်နိုင်နိုင် ထင်မြင်နိုင်အောင် ရှုမှုသည်သာ လိုရင်းအချုပ်ဖြစ်သည်၊ အနိစ္စပရိညာ ပိုင်ပိုင်နိုင်နိုင် ထင်မြင်လျှင် အနတ္တပရိညာလည်း ပိုင်နိုင်တော့မည်၊ အနိစ္စ အနတ္တနှစ်ပါး ပိုင်နိုင်လျှင် ဘယဉာဏ်, အာဒိနဝဉာဏ် အစရှိသော နောက်နောက်ဉာဏ်တို့သည် ဆင်ခြင်တိုင်း ဆင်ခြင်တိုင်း အစဉ်အတိုင်းထင်၍ လာကုန်လတ္တံ့။

မှာထားချက်။ ။ ထိုဘယဉာဏ်, အာဒိနဝဉာဏ် အစရှိသော နောက်နောက်ဉာဏ်တို့၏ အစီအရင်တို့သည် သင်္ဂြီုဟ် ၉-ပိုင်းလုံးကို အကုန်သိမ်းကျုံး၍ သံပေါက်လင်္ကာဖြင့် ငါတို့ စီရင်အပ်သော ပရမတ္ထ သံခိပ်ကျမ်းစာငယ်၌လည်းကောင်း၊ ထိုထိုဝိပဿနာ ကျမ်းစာများ၌ လည်းကောင်း ပါရှိလေကုန်ပြီ၊ ထို့ကြောင့် ဤကျမ်းစာမှာ ထိုဉာဏ်တို့၏ အစီအစဉ်ကို ကျယ်စွာ မဆိုလိုက်ပြီ။

သောတာပတ္တိမဂ်သို့ ဆိုက်သောအခါ၌ သက္ကာယဒိဋ္ဌိ ဝီစိကိစ္ဆာ တို့သည် အမြစ်ရင်းနှင့်တကွ စိတ်သန္တာန်မှာ ချုပ်ငြိမ်းလေကုန်၏၊ ထိုအခါ ထိုပုဂ္ဂိုလ်သည် ရှေး၌ပြခဲ့ပြီးသော အနတ္တထင်မြင်မှု၏ အကျိုးအာနိသံသ ကြီးတွေကို အကုန်ရလေ၏၊ ထိုသူ့စိတ်နှလုံးမှာ ပရိနိဗ္ဗာန်စံရာဘဝ တိုင်အောင် ဖြစ်လေရာ သံသရာဘဝတို့၌ မြတ်စွာဘုရား သာသနာတော် ကြီး သုံးပါးအမြဲတည်လေ၏၊

---

သုံးရပ်သာသနာ

သာသနာတော်ကြီး ၃-ပါးဆိုသည်ကား အဓိသီလသိက္ခာ သာသနာတော်ကြီးတစ်ပါး, အဓိစိတ္တသိက္ခာ သာသနာတော်ကြီးတစ်ပါး, အဓိပညာသိက္ခာ သာသနာတော်ကြီးတစ်ပါး ဤသုံးပါးကို သာသနာ တော်မြတ်ကြီး သုံးပါးဆိုသည်၊ ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓဟူသော သာသနာတော်မြတ်ကြီး သုံးပါးလည်း ထိုပုဂ္ဂိုလ်မှာ ဖြစ်လေရာရာ ဘဝတိုင်း အမြဲတည်လေ၏၊ ဗောဓိပက္ခိယတရား ၃၇-ပါးလည်း အမြဲတည်လေ၏၊ သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားလည်း ဖြစ်လေရာဘဝ တိုင်းမှာ အမြဲတည်လေ၏၊ သူတော်ကောင်းဥစ္စာ ၇-ပါးလည်းဖြစ် လေရာရာ အစဉ်ပါလေ၏၊ ဘုရား တရား သံဃာ ရတနာသုံးပါးလည်း ဖြစ်လေရာရာ အမြဲပါလေ၏၊ နိဗ္ဗာန်ချမ်းသာကြီးလည်း ဖြစ်လေရာရာ အမြဲပါလေ၏၊ အနတ္တလက္ခဏာကို ကောင်းစွာ ထင်မြင်ရခြင်းသည် ဤမျှလောက် အကျိုးအာနိသံသ ကြီးကျယ်လှ၏။

သက္ကာယဒိဋ္ဌိအမြဲတည်ရာ

အနတ္တလက္ခဏာကို ပိုင်နိုင်စွာ ထင်မြင်ခြင်းမှ ကင်းရှင်းကြကုန် သော ဗာလပုထုဇဉ် သတ္တဝါတို့၏ ဦးခေါင်းကား သက္ကာယဒိဋ္ဌိတည်း၊ ထိုသူတို့သည် သက္ကာယဒိဋ္ဌိကို ဦးခေါင်းပြု၍ နေကြကုန်၏။

အနတ္တလက္ခဏာ ပိုင်နိုင်စွာ ထင်မြင်ပြီးသော ပုဂ္ဂိုလ်တို့၏ ဦးခေါင်းကား ဝိပဿနာသမ္မာဒိဋ္ဌိတည်း၊ ထိုသူတို့သည် ဝိပဿနာ သမ္မာဒိဋ္ဌိကို ဦးခေါင်းပြု၍ နေကြကုန်၏။

အလွန်လေးလှစွာသော ကျောက်လုံးကြီးတို့၏ တည်ရာ ကိန်းဝပ် ဌာနကား မြေကြီးတည်း၊ မဟာသမုဒ္ဒရာ အောက်မြေပြင်၌ တည်ရှိသော ထိုကျောက်လုံးကြီးတို့ကို တစ်စုံတစ်ခုသော ပယောဂဖြင့် အထက်ရေ အပြင်သို့ ပေါ်အောင် ချီမြှောက်သော်လည်း ပယောဂ အရှိန်ရှိခိုက်၌သာ ပေါ်လေကုန်ရာ၏၊ ပယောဂအရှိန်ကုန်လျှင် အောက်မြေသို့သာ အမြဲ ကျလေကုန်ရာ၏၊ အောက်မြေ၌သာ အမြဲတည်လေရာ၏၊ ထို့အတူ သက္ကာယဒိဋ္ဌိ၏ အမြဲတည်ရာကား အပါယ်လေးဘုံတည်း၊ ကုသိုလ်ကံချီးမြှောက်၍ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံသို့ ရောက် ခိုက်ကြုံသော်လည်း ထိုကံအရှိန်ရှိခိုက်၌သာ နေကြကုန်၏၊ ထိုကံကုန်လျှင် အပါယ်သို့ ရောက်လာကြရကုန်၏၊ အပါယ်သို့ တစ်ပတ်ရောက်လာ ကြလျှင် ဘဝတစ်ရာနှင့်လည်း အပါယ်မှမထနိုင်ကြကုန်၊ ဘဝတစ်ထောင် နှင့်လည်း အပါယ်မှ မထနိုင်ကြကုန်၊ ဘဝတစ်သောင်းနှင့်လည်း အပါယ်မှ မထနိုင်ကြကုန်၊ ဘဝတစ်သိန်းနှင့်လည်း အပါယ်မှ မထနိုင်ကြကုန်၊ ဘဝတစ်ကုဋေနှင့်လည်း အပါယ်မှ မထနိုင်ကြကုန်၊ ထိုသို့မထနိုင်ကြောင်း ကို ဗာလပဏ္ဍိတ သုတ္တန်ဒေသနာ၌ လိပ်ကန်းထမ်းပိုး ဥပမာဖြင့် ဟော တော်မူလျက်ရှိလေပြီ၊ ဤလိပ်ကန်းထမ်းပိုးဥပမာ ဒေသနာတော်ကို ထောက်သဖြင့် ယခုအခါ အပါယ်သို့ ကျရောက်ကြကုန်သောသူတို့သည် တစ်သိန်းတစ်သန်းတွင် တစ်ယောက်မျှ မေတ္တေယျဘုရားသာသနာကို မှီအောင်အပါယ်မှ ထနိုင်သူ မရှိဟုသိအပ်၏၊

---

ဘုရားဖြစ်ရာခေတ်

“ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ' ဟူသည်နှင့်အညီ လောက၌ ဘုရားပွင့်ရာ သာသနာခေတ်သမယမသည် အလွန်ဖြစ်နိုင်ခဲလှ၏ ကမ္ဘာတစ်ရာ ကမ္ဘာတစ်ထောင် ကမ္ဘာတစ်သောင်း ကမ္ဘာတစ်သိန်းတွင် တစ်လှည့် တစ်ကြိမ်မျှ ပေါ်ခဲလှ၏၊ သုညကမ္ဘာတွေသာ များ၏၊ ရံခါရံခါ ကမ္ဘာအသင်္ချေပတ်လုံး သုညကမ္ဘာချည်းဖြစ်၏။

ဘုရားပွင့်တော်မူသော ကမ္ဘာမှာလည်း သံဝဋ္ဋကပ်, သံဝဋ္ဋဋ္ဌာယိ ကပ်, ဝိဝဋ္ဋကပ်, ဝိဝဋ္ဋယိကပ်ဟူ၍ လေးပါးရှိသည်တို့တွင် ဝိဝဋ္ဋဋ္ဌာယိ ကပ်၌သာ ဘုရားပွင့်နိုင်၏၊ ကြွင်းသောကပ်တို့၌ မပွင့်နိုင်၊ ဝိဝဋ္ဋဋ္ဌာယိ ကပ်မှာလည်း အန္တရကပ် ခြောက်ဆယ့်လေးကပ် ရှိသည်တွင် တစ်ဆူ ဖြစ်အံ့၊ တစ်ကပ်၌သာပွင့်၏၊ နှစ်ဆူဖြစ်အံ့၊ နှစ်ကပ်၌သာပွင့်၏၊ သုံးဆူ ဖြစ်အံ့၊ ငါးဆူဖြစ်အံ့၊ သုံးကပ်၌သာပွင့်၏၊ လေးဆူဖြစ်အံ့၊ လေးကပ်၌ သာပွင့်၏၊ ငါးဆူဖြစ်အံ့၊ ငါးကပ်၌သာပွင့်၏၊ ကြွင်းသော အန္တရကပ် တို့သည် သုညကပ်တို့သာ ဖြစ်ကုန်၏၊ ပွင့်သော အန္တရကပ်တို့မှာလည်း အနှစ်တစ်သိန်းတန်းမှအောက်, တစ်ရာတန်းမှ အထက်၌သာပွင့်၏၊ ပွင်သောအခါ၌လည်း တစ်သိန်းတန်းမှာပွင့်လျှင် သာသနာတော်သည် အနှစ် နှစ်သိန်းသုံးသိန်းမျှသာ တည်၏၊ အန္တရကပ် တစ်ကပ်မည်သည် နှစ်အသင်္ချေပေါင်း အနန္တများလှသည်ဖြစ်၍ ထိုသာသနာတည်သော အနှစ်နှစ်သိန်း သုံးသိန်းသည် လောက၌ မျက်တောင်တစ်ခတ် လျှပ်တစ် ပြက်မျှကဲ့သို့သာရှိ၏၊ ဤသို့လျှင် ဗုဒ္ဓုပ္ပါဒ သမယ၏ လောက၌ ဖြစ်ပေါ်ခဲ့ ပုံကို သိအပ်၏၊

---

ဘုရားရှင်တွေ့ရန်ခဲယဉ်းပုံ

ထိုသို့ပင် ဖြစ်ပေါ်ခဲလှသော်လည်း သံသရာရှည်လှသည့် အတွက်ကြောင့် ရှေးရှေး၌ ဖြစ်ပေါ်ခဲ့ပြီးသော ဗုဒ္ဓုပ္ပါးသမယပေါင်း ဂင်္ဂါသဲမှုန့်မက များခဲ့လှလေပြီ၊ ထို့သို့များခဲ့ပါသော်လည်း သူသူငါငါ သတ္တဝါအပေါင်းတို့သည် ဘုရားပေါင်းအဆူတစ်ရာတွင် တစ်ဆူကိုမျှ မတွေ့နိုင်ကြကုန်၊ အဆူတစ်ထောင်တွင် တစ်ဆူကိုမျှ မတွေ့နိုင်ကြကုန်၊ အဆူတစ်သောင်းတွင်, အဆူတစ်သိန်းတွင် တစ်ဆူကိုမျှ မတွေ့နိုင် ကြကုန်။

ယခုအခါ ဤကမ္ဘာ၌ မေတ္တယျဘုရားတစ်ဆူသာကျန် တော့ သည်၊ နောက်ကိုလည်း သုညကမ္ဘာတွေ များစွာလာပြီးမှ ဗုဒ္ဓုပ္ပါဒကမ္ဘာ လာတော့မည်။

ယခုတွေ့ကြုံ၍ နေဆဲဖြစ်သော အရှင်ဂေါတမသာသနာကို လွန်၍သွားသောသူတို့သည် မေတ္တေယျဘုရားတစ်ဆူကို မဆိုထားလင့်ဦး နောက်ကို ဘုရားပေါင်း တစ်ရာကိုပင် လွဲနိုင်ကြကုန်သေး၏၊ အဘယ့် ကြောင့်နည်းဟူမူ တွေ့ကြုံရန်လမ်းကား တစ်လမ်းသာရှိ၏၊ လွဲကြရန် လမ်းကား အသင်္ချေပေါင်း အနန္တရှိ၏။

ထို့ကြောင့်ယခုအခါ နောက်မေတ္တေယျဘုရားကို ထင်းစာကြ အားကိုးကြသောအမှုသည် လူ့ပြည်ကအပ်တစ်ချက် ဘဝဂ်က အပ်တစ် စင်း အပ်သွားချင်းတိုက်မှုထက်ပင် ခဲယဉ်းလှချေ၏၊ သတိမူကြပါ လေကုန်။

---

သံဖော့လုံးဘူး ဥပမာ

အနတ္တဝိပဿနာ သမ္မာဒိဋ္ဌိ၏ တည်ရာကား နိဗ္ဗာန်ပေတည်း၊ ခိုင်လုံလှစွာသော သံဖြင့်ပြီးသော ဖော့လုံးဘူးကြီးတွေကို တစ်စုံတစ် ခုသော ပယောဂဖြင့် မဟာသမုဒ္ဒရာ ရေထဲသို့နစ်လေသော်လည်း ပယောဂမှု ထပ်ကြပ်ရှိခိုက်၌သာ ရေထဲမှာ နေလေကုန်၏၊ ပယောဂမှု ကင်းလွတ်လျှင် အထက်ရေပြင် ကောင်းကင်သို့သာ ပေါ်လာလေကုန် ရာ၏၊ ထို့အတူ ထိုအနတ္တဝိပဿနာ သမ္မာဒိဋ္ဌိ ကောင်းစွာတည်ပြီးသော သူတို့သည် လူ့ဘုံ၌ နေကြကုန်သော်ငြားလည်း အထက်အထက် ဘုံတို့သို့ ဆန်တက်ရန် ထိုနိဗ္ဗာန်သို့ ရောက်ပေါက်ရန် တစ်ချီတည်းချီ၍ နေကြ ကုန်၏၊

---

သက္ကာယဒိဋ္ဌိရှိသူနှင့် ကင်းသူဖြစ်ပုံ

ထို့ကြောင့် သက္ကာယဒိဋ္ဌိ ရှိနေကြကုန်သောသူတို့သည် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံမှာ နေကြကုန်သော်လည်း အပါယ်သို့ ဦးခေါင်းငိုက်စိုက်နှင့်ချည်း နေကြကုန်၏၊ ဦးခေါင်းစောက်ထိုး ခြေမိုးမျှော် နေကြကုန်၏၊ အနတ္တဝိပဿနာ သမ္မာဒိဋ္ဌိ အမြဲတည်ပြီးသော သူတို့သည် အိပ်ခြင်း လျောင်းခြင်းဖြင့် ဦးခေါင်းချ၍ နေကြကုန်ငြားသော်လည်း အထက်အထက်ဖြစ်သော မြင်မြတ်ရာ ဘုံဘဝသို့သာ ဦးခေါင်း အမြဲ ချီလျက် နေကြကုန်၏၊ နိဗ္ဗာန်ကို ဦးခေါင်း အမြဲစိုက်လျက် နေကြကုန်၏၊ သက္ကာယဒိဋ္ဌိ ရှိနေကြကုန်သော လူနတ်ဗြဟ္မာတို့သည် သေလျှင် အောက်သို့ ရောက်မိရောက်ရာ ပရမ်းပတာကျကြလေကုန်၏၊ ဘယ်ဘုံ သို့ငါသွားမည် ဘယ်အမျိုးမှာ ငါဖြစ်မည်ဟု သွားနိုင်ဖြစ်နိုင်သော အခွင့် မရှိ၊ ထိုကြောင့် ထိုသူတို့သည် သေရမည်ကို အလွန်ကြီး ကြောက် ကျရကုန်၏၊ အလွန်ကြီး ကြောက်လျက်နှင့်ပင် သေကြလျှင် ထန်းပင်တိုမှ ထန်းသီးတွေကြွေလေသကဲ့သို့ ပရမ်းပတာ ကျကြလေကုန်၏၊ သက္ကာယဒိဋ္ဌိ ကင်းရှင်းပြီး အနတ္တလက္ခဏာ ထင်မြင်ပြီသော လူနတ်ဗြဟ္မာတို့သည်ကား မိမိဖြစ်ရာ ဘုံဘဝမှာသေကြလျှင် ထိုထက် မြင့်မြတ်ရာ ဘုံဘဝသို့သာ ရောက်ကြကုန်၏၊ မိမိဖြစ်ရာ ဘုံဘဝမှာ ထပ်၍ဖြစ်လိုလျှင်လည်း ဖြစ်ကြရကုန်၏၊ ထိုထက်မြင့်မြတ်ရာ ဘုံဘဝသို့ သွားလိုလျှင်လည်း သွားနိုင်ကြကုန်၏၊ အလိုရှိရာသွားနိုင်ကြကုန်၏၊ အမှတ်တမဲ့ပင် သေသော်လည်း မြင့်မြတ်ရာဘုံဘဝသို့သာ ရောက်လေ တော့သည်၊ ပရမ်းအတာကျမှု ဟူ၍မရှိကြကုန်ပြီ၊ ထိုကြောင့် ထိုသူ တို့သည် သေမည်ကို ကြောက်လန့်ဖွယ် မရှိကြကုန်ပြီ။

ဝေဒနာတို့၌ သက္ကာယဒိဋ္ဌိ ပဟာနပရိညာ အစီအရင်ပြီး၏၊ ဤတွင်ရွေ့ကား ဝေဒနာကမ္မဋ္ဌာန်း အစီအရင်ပြီး၏၊ * * * * *

---

ဝေဒနာကိုသာ ကမ္မဋ္ဌာန်းပြု၍ ပြခြင်းအကြောင်း

ထင်ရှားလှစွာ ဝေဒနာ

ရုပ်တရား နာမ်တရားတို့သည် အများကြီး ရှိကြပါကုန်လျက် ဝေဒနာတရား တစ်ခုတည်းကို ကမ္မဋ္ဌာန်းအစီအရင်ပြုခြင်း အကြောင်း မူကား -စိတ်, ဖဿ, ဝေဒနာ, သညာ, စေတနာ ဤငါးပါးသော တရားတို့သည် တစ်ခုတည်းသော မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ပေါက်ရောက် နိုင်သော တရားစုပေတည်း၊ စိတ်ဓာတ်တစ်လုံးကို ကမ္မဋ္ဌာန်းပြု၍ ပရိညာသုံးပါး ထမြောက်အောင် အားထုပ်နိုင်ပါလျှင် အရဟတ္တဖိုလ် တိုင်အောင် ပေါက်ရောက်နိုင်၏၊ ဖဿ ဓာတ်တစ်လုံးနှင့်လည်း ပေါက် ရောက်နိုင်၏၊ ဝေဒနာဓာတ် တစ်လုံးနှင့်လည်း ပေါက်ရောက်နိုင်၏၊ သညာဓာတ် တစ်လုံးနှင့်လည်း ပေါက်ရောက်နိုင်၏၊ စေတနာဓာတ် တစ်လုံးနှင့်လည်း ပေါက်ရောက်နိုင်၏။

ထိုဓာတ်ငါးပါးတို့တွင် ဝေဒနာဓာတ်သည် သုခ ဒုက္ခမျိုးဖြစ်၍ လူလူရှင်ရှင်တို့အား အလွန်ထင်ရှား၏၊ ဉာတပရိညာ, တီရဏပရိညာ ဉာဏ်တို့နှင့် ကိုယ်သဏ္ဌာန်မှာ မိမိရရ ဖမ်းယူခြင်းငှာ အလွန်လွယ်လှ၏၊ ထိုကြောင့် ဤကျမ်းမှာ ဝေဒနာဓာတ်တစ်လုံးကိုသာ ကမ္မဋ္ဌာန်းအစီ အရင်ပြု၍ ပြအပ်၏။

ထိုသို့ပြရာ၌လည်း သောတာပတ္တိမဂ်သို့ ဆိုက်ရုံ အနိစ္စပရိညာ, အနတ္တပရိညာနှစ်းပါး ထမြောက်ရုံမျှသာ ပြလိုက်သည်၊ ဒုက္ခပရိညာမူကား အရဟတ္ထမဂ်သို့ ရောက်မှ အဆုံးတိုင် ထမြောက်နိုင်လေသည်။

အမှာ။။ ဝေဒနာမှ ကြွင်းသော စိတ်, ဖဿ, သညာ, စေတနာ ဤလေးပါးသော တရားတို့၏ ကမ္မဋ္ဌာန်း အစီအရင်ကိုမူကား ကျိုက်ထိုမြို့သို့ ငါတို့စီရင်၍ ပေးလိုက်သော အာဟာရဒီပနီ အမည်ရှိ သော ကျမ်းစာမှာပါရှိလေ၏၊ အလိုရှိမူ ထိုကျမ်းစာမှာ ယူလေ။

ထိုငါးပါးသော တရားတွင် တစ်ခုသော တရားနှင့် ပေါက် ရောက်နိုင်ကြောင်းကို ဤဆိုလတ္တံသော အာဂုံပါဠိဖြင့် သိအပ် ယုံကြည် အပ်၏။

ဝိဉာဏေ ဘဝက္ခဝေ အာဟာရေ ပရိညာတေ နာမရူပံ ပရိညာတံ ဟောတိ၊ နာမရူပေ ပရိညာတေ အရိယ သာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိကရဏီယန္တိ ဝဒါမိ။

---

စိတ်တစ်လုံးပိုင် ရဟန္တာဖြစ်နိုင်

ဘိက္ခဝေ=ရဟန်းတို့၊ ဝိညာဏေအာဟာရေ=ဝိညာဏာဟာရကို၊ ပရိညာတေ=ပိုင်ပိုင်သိရှိသော်၊ ဝါ=ပရိညာသုံးပါးဖြင့် အဆုံးတိုင် ပိုင်နိုင်သည်ရှိသော်၊ နာမရူပံ=နာမ်ဟူသမျှ ရုပ်ဟူသမျှသည် ပရိညာတံ အလိုလို ပိုင်နိုင်မှုကိစ္စ ပြီးစီးလေတော့သည်၊ ဟောတိ=ဖြစ်၏၊ နာမရူပေ= နာမ်ရုပ်နှစ်ပါးသည်၊ ပရိညာတေ=အလိုလို ပိုင်နိုင်မှု ပြီးစီးခဲသည်ရှိသော်၊ အရိယသာဝကဿ=ငါဘုရားတပည့်သားအား၊ ဥတ္တရိ=ထိုထက်အလွန်၊ ကိဉ္စိ=တစ်စုံတစ်ခုမျှ၊ ကရဏီယံ=ပြုဖွယ် လုပ်ဖွယ် အားထုတ်ဖွယ် ကိစ္စသည်၊ နတ္ထိ=မရှိပြီ၊ ဣတိ=ဤသို့၊ ဝဒါမိ=ငါဘုရားဟောတော်မူ၏။

ဝိညာဏာဟာရဆိုသည်ကား စိတ်ကိုဆိုသတည်း၊ စိတ်တစ်လုံး ပိုင်နိုင်လျှင် အပြီးတိုင်သော ပါဠိတော်။

ဖေဿ ဘိက္ခဝေ အာဟာရေ ပရိညာတေ တိဿော ဝေဒနာ ပရိညာတေ ဟောန္တိ၊ တီသု ဝေဒနာသု ပရိညာတာသု အရိယ သာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယန္တိ ဝဒါမိ။

---

ဖဿတစ်လုံးပိုင် ရဟန္တာဖြစ်နိုင်

ဘိက္ခဝေ၊ ရဟန်းတို့၊ ဖေဿ အာဟာရေ၊ ဖဿာဟာရကို၊ ပရိညာတေ၊ ပိုင်ပိုင်သိသည်ရှိသော်၊ ဝါ=ပရိညာသုံးပါးဖြင့် အဆုံးတိုင် ပိုင်နိုင်သည်ရှိသော်၊ တိဿော ဝေဒနာ၊ သုံးပါးသော ဝေဒနာတို့သည်၊ ပရိညာတာ၊ အလိုလို ပိုင်နိုင်မှုကိစ္စ ပြီးစီးကုန်တော့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ တီသု ဝေဒနာသု၊ သုံးပါးသော ဝေဒနာတို့သည်၊ ပရိညာတာသု၊ အလိုလို ပိုင်နိုင်မှုကိစ္စ ပြီးစီးကုန်သည်ရှိသော်၊ အရိယ သာဝကဿ၊ ငါဘုရားတပည့်သားအား၊ ကိဉ္စိ ဥတ္တရိ၊ ထိုထက်အလွန်၊ ကိဉ္စိ၊ တစ်စုံတစ်ခုမျှ၊ ကရဏီယံ၊ ပြုဖွယ် လုပ်ဖွယ် အားထုတ်ဖွယ် ကိစ္စသည်၊ နတ္ထိ၊ မရှိပြီ၊ ဣတိ၊ ဤသို့၊ ဝဒါမိ၊ ငါဘုရားဟောတော်မူ၏။

ဖဿာဟာရဆိုသည်ကား ဖဿ စေတသိက်ကို ဆိုသတည်း၊ ဖဿ တစ်လုံးပိုင်နိုင်လျှင် အပြီးတိုင်သော ပါဠိတော်။

* မနောသေဉ္စတနာယ ဘိက္ခဝေ အာဟာရေ ပရိညာတေ တိဿော တဏှာ ပရိညာတာ ဟောန္တိ။ တီသု တဏှာသု ပရိညာတာသု အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယန္တိ ဝဒါမိ။

* နိဒါဝဂ္ဂ သံယုတ္တပါဠိ-နှာ-၃၂၃။

---

စေတနာတစ်လုံးပိုင် ရဟန္တာဖြစ်နိုင်

ဘိက္ခဝေ=ရဟန်းတို့၊ မနောသေဉ္စတနာယ အာဟာရေ= မနော သေဉ္စတနာ အာဟာရကို၊ ပရိညာတေ=ပိုင်ပိုင်သိသည်ရှိသော်၊ ဝါ၊ ပရိညာသုံးပါးဖြင့် အဆုံးတိုင် ပိုင်နိုင်သည်ရှိသော်၊ တိဿော တဏှာ= ကာမတဏှာ, ရူပတဏှာ, အရူပ တဏှာတည်းဟူသော သုံးပါးသော တဏှာတို့ကို၊ ပရိညာတာ=အလိုလိုပိုင်နိုင်မှုကိစ္စ ပြီးစီးကုန်တော့သည်၊ ဟောန္တိ=ဖြစ်ကုန်၏၊ တီသု တဏှာသု=သုံးပါးတဏှာတို့သည်၊ ပရိညာ တာသု=အလိုလိုပိုင်နိုင်မှု ပြီးစီးကုန်သည်ရှိသော်၊ အရိယသာဝကဿ= ငါဘုရားတပည့်သားအား၊ ဥတ္တရိ=ထိုထက်အလွန်၊ ကိဉ္စိ=တစ်စုံတစ်ခုမျှ၊ ကရဏီယ=ပြုဖွယ်လုပ်ဖွယ်အားထုတ်ဖွယ်ကိစ္စသည်၊ နတ္ထိ=မရှိပြီ၊ ဣတိ= ဤသို့၊ ဝဒါမိ=ငါဘုရား ဟောတော်မူ၏။

မနောသေဉ္စတနာဟာရဆိုသည်ကား စေတနာစေတသိက်ကို ဆိုသတည်း၊ စေတနာတစ်လုံးပိုင်လျှင် အပြီးတိုင်သော ပါဠိတော်။

* သညာ ပရိညာ ဝိတရေယျ။

* သညာပရိညာ ဝိတရေယျ၊ (သုတ္တနိပါတ ဆဋ္ဌ နှာ-၄၀၀။)

---

သညာတစ်လုံးပိုင် ရဟန္တာဖြစ်နိုင်

သညာ=သညာတစ်လုံးကို၊ ပရိညာ-ပရိညာယ=ပရိညာသုံးပါးဖြင့် အဆုံးတိုင် ပိုင်နိုင်သည်ရှိသော်၊ ဩဃံ=သံသရာရေအယဉ်ကို၊ ဝိတရေယျ= လွန်နိုင်ရာ၏။

သညာစေတသိက်တစ်လုံး ပိုင်နိုင်လျှင် အပြီးတိုင်သော ပါဠိတော်။

သုခံ ဝါ ယဒိ ဝါ ဒုက္ခံ၊ အဒုက္ခ မသုခံ ပိ စ။

အဇ္ဈတ္တဉ္စ ဗဟိဒ္ဓိဝါ စ၊ ယံကိဉ္စိ အတ္ထိ ဝေဒယိတံ။

ဧတံ ဒုက္ခန္တိ ဉတွာန၊ မောသဓမ္မံ ပလောကိနံ။

ဖုဿ ဖုဿ ဝယံ ပဿံ၊ ဧဝံ တတ္ထ ဝိဇာနာတိ။

ဝေဒနာနံ ခယာ ဘိက္ခု၊ နိစ္ဆတော ပရိနိဗ္ဗုတော။

---

ဝေဒနာတစ်လုံးပိုင် ရဟန္တာဖြစ်နိုင်

သုခံ ဝါ=သုခဝေဒနာသည် လည်းကောင်း၊ ယဒိ=ထိုမှတစ်ပါး၊ ဒုက္ခံ ဝါ=ဒုက္ခဝေဒနာသည်လည်းကောင်း၊ အဒုက္ခ မသုခံ ပိ စ=ဥပေက္ခာ ဝေဒနာသည်လည်းကောင်း၊ ဣတိ=ဤသို့၊ အဇ္ဈတ္တဉ္စ=မိမိသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓိဝါ စ=အပဖြစ်သော နတ် လူ ဗြဟ္မာ သတ္တဝါတို့၏ သန္တာန်၌လည်းကောင်း၊ ယံကိဉ္စိ=အလုံးစုံသော၊ ဝေဒယိတံ=ခံစားမှုသည်၊ အတ္ထိ= ရှိ၏၊ မောသဓမ္မံ= မျက်လှည့်အလားကဲ့သို့ လှည့်စားလိမ်လည်ခြင်း သဘောရှိထသော၊ ပလောကိနံ=ခံစား စံစားဆဲတွင် လျှပ်ရောင် အလား ကဲ့သို့ ဖရိုဖရဲ ပျောက်ကွယ်ခြင်း သဘောရှိထသော၊ ဧတံ= ဤဝေဒနာ သုံးပါးကို၊ ဒုက္ခန္တိ=ဒုက္ခသစ္စာဟူ၍၊ ဉတွာန=အဟုတ်သိမြင်၍၊ ဖုဿ ဖုဿ=ဣဋ္ဌာရုံ, အနိဋ္ဌာရုံခိုက်တိုက် ထိပါးရာ ကိုယ်အင်္ဂါ၌ ရေပွက်ငယ် တွေလား တဖွားဖွား ပေါ်ပေါက်၍၊ ဝယံ=ချုပ်ကွယ်ပျောက်ဆုံးမှုကို၊ ပဿံ-ပေဿာ=ပစ္စက္ခဒိဋ္ဌ ထင်မြင်အောင် ရှုသည်ရှိသော်၊ တတ္ထ= ထိုဝေဒနာတို့၌၊ ဧဝံ=ဤသို့ အနိစ္စအစစ် ဒုက္ခအစစ် အနတ္တအစစ် ဧကန်ဖြစ်၏ဟူ၍၊ ဝိဇာနာတိ=အထူးသိနိုင်လေ၏၊ ဘိက္ခု=ရဟန်းသည်၊ ဝေဒနာနံ=ဝေဒနာတို့၏၊ ခယာ=ကုန်ငြိမ်းခြင်းကြောင့်၊ ဝါ=ကုန်ခြင်း ခန်းခြင်းဟူသော ခယအမှုကို ထင်မြင်ခြင်းကြောင့်၊ နိစ္ဆတော=အာရုံ ခြောက်ပါးနှင့်တကွ ဝေဒနာဓမ္မတို့၌ တောင့်တခြင်းဟူသော ဆာလောင် ငတ်မွတ်ခြင်း ကင်းသည်ဖြစ်၍၊ ပရိနိဗ္ဗုတော=အငြိမ်းကြီး ငြိမ်းလေ၏။

ဝေဒနာ တစ်လုံးပိုင်နိုင်လျှင် အပြီးတိုင်သော ပါဠိတော်။ ဤပါဠိတော်များကို ထောက်၍ ထိုငါးပါးသော တရားတို့တွင် တစ်ခုခုသော တရား၌ ပရိညာသုံးပါး အပြီးတိုင် ထမြောက်အောင် အားထုတ်နိုင်ပါလျှင် တစ်ခုတည်းနှင့် အရဟတ္တဖိုလ်တိုင် ပေါက်ရောက် နိုင်ကြောင်းကို သိအပ် ယုံကြည်အပ်သတည်း။

ဤတွင်ရွေ့ကား ဝေဒနာနုပဿနာကမ္မဋ္ဌာန်း အစီအရင်ပြီး၏။

ဤကျမ်းကိုမူကား များစွာသော အကျိုးအာနိသံသကြီးတွေနှင့် တကွ အနတ္တလက္ခဏာထင်မြင်မှုကို အထူးပြဆိုချက် ပါရှိသည်ဖြစ်၍ “အနတ္တဒီပနီ” ဟု အမည်တပ်သတည်း။

---

နိဂုံး

သလ္လာဝတီ နဒီတီရေ၊ အလုံနဂရပါရိမေ။

သောဏ္ဏပဗ္ဗတပဗ္ဗာရေ၊ သိလာဂုဟာယ စင်္ကမေ။

ဝသတာ မဟာထေရေန၊ သံသရဘယဒဿိနာ။

ဧတာဒိသာနမတ္ထာယ၊ ကတာ အနတ္တဒီပနီ။

အလုံနဂရပါရိမေ= အလုံမြို့မ၏ တစ်ဖက်ဖြစ်သော၊ သလ္လာဝတီ နဒီတီရေ=သလ္လာဝတီမြစ်ကမ်းထိပ်၌၊ သောဏ္ဏပဗ္ဗတပဗ္ဗာရေ= ရွှေတောင်ဦး အမည်ရှိသော တောင်၏ကမ်းပါးယံ၌၊ သိလာဂုဟာယ= ကျောက်လှိုင်ဂူ၌၊ စင်္ကမေ=အလုံမြို့မနေ လွှထောင် 'မောင်အောင်' အမည်ရှိသော ဒါယကာသည် ဆောက်လုပ်အပ်သော ဂူဝစင်္ကကျောင်း၌၊ ဝသတာ=သီတင်းသုံးနေထသော၊ သံသရဘယဒဿိနာ=သံသရာဘေးကို ရှုမြင်လေ့ရှိသော၊ မဟာထေရေန=မုံရွာမြို့ လယ်တီဆရာ မဟာထေရ် မြတ်ကြီးသည်၊ ဧတာဒိသာနံ=ဤကဲ့သို့ သံသရာဘေးကို ရှုမြင်လေ့ရှိကြ ကုန်သော ရဟန်းရှင်လူ သဘောဖြူတို့၏၊ အတ္ထာယ=အကျိုးငှါ၊ အနတ္တဒီပနီ=အနတ္တလက္ခဏာကို ကောင်းစွာထင်မြင်ရခြင်း၏ အကျိုး အာနိသံသနှင့်တကွ အနတ္တပရိညာ အစီအရင်ကို ပြဆိုရာဖြစ်သော ကြောင့် “အနတ္တဒီပနီ” အနတ္တဒီပနီ” အမည်ရှိသော ဤကျမ်းစာသစ်ကို၊ ကတာ= ၁၂၆၃-ခု၊ ပြာသိုလပြည့်ကျော် ၇-ရက်နေ့တွင် စီရင်ပြုအပ် အပြီးသတ် သတည်း။

အနတ္တဒီပနီကျမ်း ပြီးပြီ။

--------- * --------

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...