သုကုမာရမဂ္ဂဒီပနီ
နိဒါန်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
သိင်္ဂါလောဝါဒသုတ်
လူသုံးပါးတို့၏ ပတ္တမြားမကိုဋ် အမြိုက်ဥသျှောင် မင်းခေါင် မင်းဖျား မင်းတရားကြီးဖြစ်တော်မူသော အစိန္တေယျ သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် တစ်ရံရောအခါ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌ ကိန်းအောင်း စမ္ပယ်တော်မူသတည်း။
ထိုအခါ သိင်္ဂါလ အမည်ရှိသော သူကြွယ်သားသည် နံနက်စော စောထလျက် ရာဇဂြိုဟ်မြို့တွင်းမှ ထွက်၍ စိုစွတ်သော အဝတ်, စိုစွတ်သော ဦးဆံ, မြှောက်ချီသော လက်အုပ်ရှိသည်ဖြစ်၍ အရှေ့အရပ်, တောင်အရပ်, အနောက် အရပ်, မြောက်အရပ်, အောက်အရပ်, အထက် အရပ် တည်းဟူသော အရပ်ဒိသာ ၆-မျက်နှာတို့ကို လှည့်လည်ကာ ရှိခိုးလျက်နေလေ၏။
မြတ်စွာဘုရားသည် နံနက်အခါ၌ ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင် အံ့သောငှာ ဝေဠုဝန်ကျောင်းတော်မှထွက်၍ ရွှေစက်နှစ်လီ ကြွချီ တော်မူလတ်သော် အရပ်ဒိသာ ၆-မျက်နှာတို့ကို လှည့်လည်ကာ ရှိခိုး၍ နေလေသော သူကြွယ်သားကို ဤသို့မိန့်တော်မူ၏။
မိန့်တော်မူပုံ
“သိင်္ဂါလ-ဟု နာမထင်ရှား သူကြွယ်သား...သင်သည် စိုစွတ် သောအဝတ်, စိုစွတ်သောဦးဆံ, မြှောက်ချီသော လက်အုပ်ရှိသည်ဖြစ်၍ အရပ်ဒိသာ ၆-မျက်နှာတို့ကို လှည့်လည်ကာ ရှိခိုးသည်ကား အကြောင်း အသို့နည်း” ဟု မေးတော်မူလေ၏။
ထိုအခါ သိင်္ဂါလအမည်ရှိသော သူကြွယ်သားက ဤသို့ နားတော်လျှောက်၏။
လျှောက်ထားပုံ
“ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော သဗ္ဗညုမြတ်စွာ ဘုရား...အကျွန်ုပ်၏ အဖဖြစ်သူသည် ဘဝတစ်ပါး ပြောင်းသွား သေလွန်မည်ရှိရာ အကျွန်ုပ်ကိုခေါ်၍ 'ငါ၏သားကြီး-ချစ်မငြီး. အရပ်ဒိသာ ၆-မျက်နှာတိ့ုကို ရိုသေစွာ စိတ်စွဲ၍ အမြဲရှိခိုးရစ်လော့' ဟု အဆုံးစွန်စကားကို မှာကြားခဲ့ပါသည်၊ ထိုအကြောင်းကြောင့် အဖမှာ ကြားခဲ့သော အဆုံးစွန်စကားကို လေးစားကြည်ညို ပူဇော်လို၍ စိုစွတ် သောအဝတ်, စိုစွတ်သောဦးဆံ, မြှောက်ချီသော လက်အုပ်ရှိသည်ဖြစ်၍ အကျွန်ုပ်သည် အရပ်ဒိသာ ၆-မျက်နှာတို့ကို လှည့်လည်ကာ ရှိခိုးရပါ ကြောင်းနှင့်” လျှောက်ထားလေ၏။
ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူ၏၊ မိန့်တော်မူပုံ
“သိင်္ဂါလ-ဟု နာမထင်ရှား သူကြွယ်သား --အရပ်ဒိသာ ၆- မျက်နှာတို့ကို ရိုသေစွာစိတ်စွဲ၍ အမြဲရှိခိုးရစ်လော့-ဟု အဆုံးစွန်စကား သင့်အဖ မှာကြားသောအရာသည် ရှေ့, နောက်, တောင်, မြောက်,အောက်, အထက်-ဟူသော အရပ်ဒိသာ ၆-မျက်နှာတို့ကို မှာကြားလို သည်မဟုတ်၊ ငါဘုရား၏ သာသနာမှာလည်း အရပ်ဒိသာ ၆-မျက်နှာရှိ သည်၊ ထိုအရပ်ဒိသာ ၆-မျက်နှာတို့ကို ရိုသေစွာစိတ်စွဲ၍ အမြဲရှိခိုးရမည်ဆိုသည်မှာလည်း လက်အုပ်ချီမိုး၍ ရှိခိုးသည်ကို မှာဆိုခဲ့သည် မဟုတ်” ဟု မိန့်တော်မူလေ၏။
ထိုအခါ သိင်္ဂါလ သူကြွယ်သားက ဤသို့ နားတော်လျှောက်၏၊ လျှောက်ထားပုံ
“ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား...အရပ်ဒိသာ ၆- မျက်နှာဆိုသည်ကား အဘယ်ကို ဆိုလိုပါသနည်း? ရိုသေစွာစိတ်စွဲ၍ အမြဲရှိခိုးရမည် ဆိုသည်ကား -အဘယ်သို့ ပြုသည်ကို ဆိုလိုပါသနည်း? ဤအရာကို မလိမ္မာသူ အကျွန်ုပ်အား ကရုဏာရှေ့ထား၍ ဟောကြား ဖော်ပြတော်မူပါ” ဟုလျှောက်ထား တောင်းပန်ပြန်လေ၏။
ထိုအခါ အိမ်၌နေသူ လူ, ဂဟဋ္ဌ အပေါင်းတို့အား လူကောင်း စင်စစ် ဖြစ်ဖို့အမှန် ကြဉ်ရှောင်ရန်တရား တစ်ဆယ့်လေးပါးတို့နှင့်တကွ သူကြွယ်သား တောင်းပန်ချက်ကို ဆက်လက်ထုတ်ဖော် ဟောကြား တော်မူပေသတည်း။
[အမိ, အဖ- စသည်ကို အရပ်ဒိသာ ၆-မျက်နှာဆိုသည်၊ အမိဝတ် အဖဝတ် စသည်ကို နေရာတကျပြုမှုသည် အရပ်ဒိသာ ၆-မျက်နှာကို ရှိခိုးခြင်းမည်၏ဟု အကျဉ်းမှတ်လင့်။]
နိဒါန်းပြီး၏
-------*------
ဥဒ္ဒေသ သံပေါက်-၁၁
[ယခုအခါ ဒီဃနိကာယ် သိင်္ဂါလောဝါဒသုတ်၌ သိင်္ဂါလ အမည်ရှိသော ထိုသူကြွယ်သားအား မြတ်စွာဘုရားသည် ဟော ကြားဆုံးမတော်မူအပ်သော ဂိဟိဝိနယတရားကို သံပေါက် လင်္ကာဖြင့် ကောင်းစွာဖော်ပြပေအံ့]
ရှောင်ကြဉ်ရမည့် ကမ္မကိလေသ တရား-၄-ပါးအကျဉ်း
၁။ သက်သတ်, ခိုးဝှက်၊ အိမ်ရာဖျက်၊ နှုတ်ထွက် မမှန်ငြား။
၂။ လေးတန်ညစ်ကျု၊ မကောင်းမှု၊ မပြု ကြဉ်ရှောင်ရှား။
အဂတိတရား-၄-ပါးအကျဉ်း
၃။ ချစ်, မုန်း, ကြောက်မှု၊ မသိမှု၊ လေးခု အလိုက်မှား။
၄။ အဂတိလေး၊ ကင်းစင်ဝေး၊ ပြုရေး မှန်ဖြောင့်သား။
ပျက်စီးကြောင်းတရား-၆-ပါး အကျဉ်း
၅။ ယစ်မျိုးသောက်ကြူး၊ သဘင်ကြူး၊ လောင်းကြူး ညဉ့်လည်များ။
၆။ မိတ်ဆွေ မကောင်း၊ ပျင်းအားကောင်း၊ အကြောင်း ဤခြောက်ပါး။
၇။ ဥစ္စာမွဲရေး၊ မြန်မနှေး၊ ဝေးစွာ ကြဉ်ရှောင်ရှား။
အရပ်မျက်နှာ-၆-ပါးအကျဉ်း
၈။ မာတာပိတာ၊ ရှေ့ဒိသာ၊ ဆရာ တောင်ရပ်ငြား။
၉။ သား, မယားလျှင်၊ အနောက်ခွင်၊ မိတ်သင် မြောက် အလား။
၁၀။ ကျွန်ကျေးအောက်ဟူ၊ အထက်မူ၊ သူမြတ် ရဟန်း ပုဏ္ဏား။
၁၁။ အရပ်ဒိသာ၊ ခြောက်မျက်နှာ၊ လုံစွာ ဆို့ပိတ်ထား။ ဥဒ္ဒေသသံပေါက် ၁၁-ပြီး၏။
န န န န
နိဒ္ဒေသ သံပေါက်-၂၈
ယစ်မျိုးသောက်စားမှု အပြစ်-၆-ပါး အကျယ်
၁။ ဥစ္စာပျက်ငြား၊ ခိုက်ရန်ပွါး၊ များတုံ ရောဂါစု။
သတင်းယုတ်မာ၊ အရှက်ကွာ၊ ပညာဆုတ်ယုတ်မှု။
ယစ်မျိုးကြူးငြား၊ သူတို့အား၊ ခြောက်ပါး အပြစ်ရှု။
ညဉ့်အခါ လမ်းလျှောက်မှု အပြစ်-၆-ပါး အကျယ်
၂။ မိမိသား, မယား၊ ဥစ္စာအား၊ သုံးပါး အစောင့်ဝေး။
မသင်္ကာဖွယ်၊ မှုရောက်လွယ်၊ သွယ်သွယ် ဒုက္ခရှေး။
ညဉ့်လမ်းလျှောက်သူ၊ မတော်လူ၊ ပြစ်မူ ခြောက်ပါး ထွေး။
ပွဲသဘင်ကြူးမှု အပြစ်-၆-ပါး အကျယ်
၃။ ကခြင်း, သီခြင်း၊ တီးမှုတ်ခြင်း၊ သာချင်း ဇာတ်ဝတ္ထု။
လက်ခုပ်အိုးစည်၊ သဘင်လည်၊ ခြောက်မည် အပြစ်စု။
လောင်းကစားကြူးမှု အပြစ်-၆-ပါး အကျယ် ၄။ နိုင်သူမှာ ရန်၊ ရှုံးပူပန်၊ အမှန် ဥစ္စာပြုန်း။
ပွဲလယ်စကား၊ မတည်ငြား၊ ထိမ်းမြား ပယ်ရိုးထုံး။
မျိုးဆွေနှိပ်စက်၊ အံကြူးနက်၊ ခြောက်ချက် အပြစ်နှုန်း။
ပျင်းရိခြင်း-၆-ပါး အကျယ်
၅။ အေးသည်ပူသည်၊ မိုးချုပ်သည်နှင့်၊ စောသည်, ဆာသည်၊ ပြည့်အင့်သည်၊ ခြောက်မည် လူပျင်းမျိုး။
မိတ်မကောင်းနှင့် ပေါင်းဖော်ခြင်း အပြစ်-၆-ပါး အကျယ်
၆။ အံကြူး, ထိကြူး၊ ယစ်မျိုးကြူး၊ သုံးဦး လူပျက်မျိုး။
လိမ်လည်နှစ်ပါး၊ ခိုးသား, ဓားပြ၊ ဤခြောက်ဝ၊ ပါပ မိတ်ဆွေမျိုး။
မိတ်ဆိုးမိတ်တု-၄-ယောက် အကျယ် ၇။ ယူမိတ်, နှုတ်မိတ်၊ ချစ်ယောင်မိတ်၊ ယုတ်မိတ်မိတ်တုလေး။
* ရန်သူမိတ်ဆွေ၊ ဤလေးထွေ၊ ရှောင်လေ ကင်းစင်ဝေး။
အညဒတ္ထုဟရမိတ် လက္ခဏာ-၄-ပါး အကျယ်
၈။ ဆောင်ဖို့သာခဲ၊ အနဲပေးမူ၊ အများယူ၊ ကြောက်မူ လာ၍ကပ်။
* သက်သက်ကိုယ်ကျိုး၊ ငဲ့သူမျိုး၊ မိတ်ဆိုး အညဒတ်။
ဝစီပရမမိတ် လက္ခဏာ-၄-ပါး အကျယ်
၉။ အတိတ်, နာဂတ်၊ မိတ်စေ့စပ်၊ နိရတ် ချီးပင့်မ။ * အကြောင်းရှိသော်၊ ဒုက္ခဖော်၊ လေးပေါ်ဝစီပရမ။
အနုပိယမိတ် လက္ခဏာ-၄-ပါး အကျယ်
၁၀။ မကောင်းလိုက်လျော၊ ကောင်းလိုက်လျော၊ ကောင်းပြော ရှေ့တွင်သာ။
* မျက်ကွယ်ဆိုးမှု၊ အင်လေးခု၊ အနုပိယသာ။
အပါယသဟာယမိတ် လက္ခဏာ-၄-ပါး အကျယ်
၁၁။ ယစ်မျိုးသောက်ခန်း၊ လမ်းလျှောက်ခန်း၊ ပွဲလမ်း တစ်ဌာန။
ကစားမှုဝယ်၊ မိတ်ဖော်နွယ်၊ အပါယ်သဟာယ။
မိတ်ကောင်း မိတ်စစ်-၄-ယောက် အကျယ်
၁၂။ ပြုမိတ်,တူမိတ်၊ ဆရာမိတ်၊ ညှာမိတ်-မိတ်စစ်လေး။
ချစ်ဖော်မိတ်ဆွေ၊ ဤလေးထွေ၊ မကွေပေါင်းဖို့ရေး။
သမာနသုခဒုက္ခမိတ် လက္ခဏာ-၄-ပါး အကျယ်
၁၃။ လျှို့ဝှက်မရှိ၊ လျှို့ဝှက်ဘိ၊ ဘေးရှိ မစွန့်လေ၊ မိတ်အတွက်မှန်၊ သက်မချန်၊ သမာန် မိတ်ကြီးပေ။
အတ္ထက္ခာယီမိတ် လက္ခဏာ-၄-ပါး အကျယ်
၁၄။ မကောင်းမြစ်တား၊ ကောင်းရာထား၊ ဟောကြား သိဖို့ရာ။
နတ်လမ်းပြညွှန်၊ ဤလေးတန်၊ အမှန်အတ္ထက္ခာ။
အနုကမ္ပကမိတ် လက္ခဏာ-၄-ပါး အကျယ်
၁၅။ မပွါးလျှင်စိုး၊ ပွါးလျှင်ဖြိုး၊ ကျိုးမဲ့ ပြောမခံ။ အကောင်းပြောလျှင်၊ မနောရွှင်၊ မိတ်သင်အနုကံ။
ဥပကာရမိတ် လက္ခဏာ-၄-ပါး အကျယ်
၁၆။ အသက်ဥစ္စာ၊ စောင့်ရှောက်လာ၊ ကြောက်ခါ ကယ်ဖော်ရ။
ကူဖွယ်ရှိမူ၊ တပိုးကူ၊ စင်ဖြူ ဥပကာရ။
သားသမီးတို့က ပြုရာသော ဝတ်-၅-ပါး အကျယ်
၁၇။ မွေးတုံ့ မွေးမှု၊ ပြုဖွယ်ပြု၊ ကုလ မျိုးနွယ်တည်။
ဆက်ခံအမွေ၊ သေလွန်ပေ၊ မျှဝေ ဝတ်ငါးမည်။
မိဘတို့က ပြုရာသော ဝတ်-၅-ပါး အကျယ်
၁၈။ မကောင်းမြစ်တား၊ ကောင်းရာထား၊ သင်ကြား တတ်ပညာ။
လျော်ရာအိမ်ပေး၊ အမွေပေး၊ ကျင့်ရေး ဝတ်ငါးဖြာ။
တပည့်တို့က ပြုရာသောဝတ်-၅-ပါး အကျယ်
၁၉။ ထကြွ, ခစား၊ ကြားနာ, လုပ်ကျွေး၊ သင်အံမေး၊ ကျင့်ရေး ဝတ်ငါးဖြာ။
ဆရာသမားတို့က ပြုရာသောဝတ်-၅-ပါး အကျယ်
၂၀။ ယဉ်ကျေးစေမှု၊ မှတ်စေမှုနှင့်၊ တတ်မှုမချန်၊ ပြန်၍ ဆောင်နှင်း၊ ဘေးကင်းစေမှု၊ ဝတ်ငါးခု၊ ပြုလေ မြတ်ဆရာ။
လင်ယောကျ်ားတို့က ပြုရာသောဝတ်-၅-ပါး အကျယ်
၂၁။ မပေါ့စားမှု၊ နာဖွယ်မှုနှင့်၊ သူ့ကိုမကျူး၊ စိုးမှူးလွဲထား၊ ဝတ်စားဆင်ယင်၊ ဤငါးအင်၊ လင်တို့ ပြုစမြဲ။
အိမ်သူမယားတို့က ပြုရာသောဝတ်-၅-ပါး အကျယ်
၂၂။ အိမ်ရေးတွင်ကျယ်၊ အိမ်ဝယ်လူပေါင်း၊ ကောင်းသား ပြုအင်၊ စင်ကြယ်သီလ၊ ဓနစောင့်ထိန်း၊ မပြိန်းမပျင်း၊ အရင်းတရား၊ ဝတ်ငါးပါး၊ မယား ပြုစမြဲ။
အဆွေခင်ပွန်းတို့၌ အမျိုးသားတို့က ပြုရာသောဝတ်-၅-ပါး အကျယ်
၂၃။ ပေးဝေမျှတ၊ ပီယနှုတ်ချို၊ ကျိုးလိုကျင့်မူ၊ ကိုယ်တူပြုခြင်း၊ မချွတ်ယွင်းစေ၊ ဤငါးထွေ၊ မိတ်ဆွေ ကျင့်ဝတ်မျိုး။
အဆွေခင်ပွန်းတို့က ပြုရာသောဝတ်-၅-ပါး အကျယ်
၂၄။ အသက်, ဥစ္စာ၊ နှစ်ဖြာစောင့်ရှောက်၊ ကြောက်လျှင် ကြပ်မ၊ တူကွဘေးတွင်၊ သားစဉ်, မြေးဆက်၊ မြတ်နိုးချက်၊ မိတ်ဖက် ဝတ်ငါးမျိုး။
အရှင်ဖြစ်သူက ပြုရာသောဝတ်-၅-ပါး အကျယ်
၂၅။ အားတန်ခိုင်းစေ၊ ကျေအောင်ပေးကျွေး၊ နာရေးပြုငြား၊ အစားကောင်းမျှ၊ လွှတ်သင့်ကလွှတ်၊ ကျင့်ဝတ်တရား၊ ဤငါးပါး၊ မှတ်သား အရှင့်ဝတ်။
ကျွန်ဖြစ်သူက ပြုရာသောဝတ်-၅-ပါး အကျယ်
၂၆။ အလျင်ထမြောက်၊ နောက်မှအိပ်ရေး၊ ပေးမှလည်းယူ၊ ပြုမူကောင်းတုံ၊
ဂုဏ်ကိုပြောကြား၊ ဤငါးပါး၊ မှတ်သား ကျွန်တို့ဝတ်။
ဒါယကာတို့က ပြုရာသောဝတ်-၅-ပါး အကျယ်
၂၇။ မေတ္တာသုံးပါး၊ တံခါးဟင်းလင်း၊ ကျွေးမွေးခြင်း၊ ငါးသင်း လူတို့ဝတ်။
ရသေ့ရဟန်းတို့က ပြုရာသောဝတ်-၆-ပါး အကျယ်
၂၈။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်ကြား၊ သနားစိတ်နူး၊ မကြားဖူးက၊ ပြသသွန်သင်၊ ကြားဖူးလျှင်မူ၊ ချဲ့ထွင် ခွဲခြမ်း၊ နတ်လမ်းရှင်းလင်း၊ ဖော်ပြခြင်း၊ ခြောက်သင်း ရှင်တို့ဝတ်။
နိဒ္ဒေသသံပေါက်-၂၈ ပြီး၏။
*********
၁-၂-ဥဒ္ဒေသ သံပေါက်အဓိပ္ပါယ်
ကမ္မကိလေသ တရား ၄-ပါး
အကျဉ်းသံပေါက်လင်္ကာ၏ အဓိပ္ပါယ်သရုပ်ကို ထုတ်ပြပေအံ့။
၁။ ပါဏာတိပါတ=သန်းဥ, ကြမ်းပိုးဥ-မှစ၍ အသက်ရှိသူ လူ, တိရစ္ဆာန် သတ္တဝါမှန်သမျှကို သတ်ဖြတ် ညှဉ်းဆဲခြင်း တစ်ပါး။
၂။ အဒိန္နာဒါန=သူတစ်ပါးတို့ ပိုင်ဆိုင်သော ဥစ္စာကို အနိုင်အထက် နှိပ်စက်ခြောက်ခြိမ်း တောင်းရမ်း ခွဲခန့်၍ ယူခြင်း, သူခိုးဓားပြတို့ကဲ့သို့ ခိုးဝှက် တိုက်ခိုက်၍ယူခြင်း, အမျိုးမျိုးသော လိမ်လည်နည်းတို့ဖြင့် လိမ်လည်၍ယူခြင်း၊ အမျိုးမျိုးသော စဉ်းလဲနည်းတို့ဖြင့် စဉ်းလဲ၍ ယူခြင်း တစ်ပါး။
၃။ ကာမေသုမိစ္ဆာစာရာ=ယောကျ်ားတို့မှာ မလွန်ကျူး အပ်သော နှစ်ကျိပ်သော မိန်းမတို့၌ ကျူးလွန်ခြင်း၊ လင်ရှိ သောမိန်းမတို့မှာ မိမိလင်မှတစ်ပါးသော ယောကျ်ား များနှင့် ပေါင်းဖော်ခြင်းတစ်ပါး။
၄။ မုသာဝါဒ=မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း တစ်ပါး။
ဤ ၄-ပါးတို့ကို လောက၌ လူဆိုးလူညစ်တို့ပြုကြသော အမှုမျိုးဖြစ်၍ ကမ္မကိလေသတရား ၄-ပါးဟူ၍ခေါ်၏၊ လူဖြစ်သော သူသည် လူဆိုးလူညစ် မဖြစ်ရအောင် ဤကမ္မကိလေသ တရား ၄-ပါး တို့မှ အသက်ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်ရမည်-ဟူ၍ ဟောတော်မူ၏။
သည်ကိုရည်၍
* သက်သတ်, ခိုးဝှက်၊ အိမ်ရာဖျက်၊ နှုတ်ထွက်မမှန်ငြား။
* လေးတန်ညစ်ကျု၊ မကောင်းမှု၊ မပြုကြဉ်ရှောင်ရှား။
ဟူ၍ စပ်ဆိုခဲ့ပေသည်။ကမ္မကိလေသ တရား ၄-ပါးပြီး၏။
*********
၃-၄- ဥဒ္ဒေသ သံပေါက် အဓိပ္ပါယ်
အဂတိတရား ၄-ပါး
၁။ ဆန္ဒာဂတိ=လူ့မျက်နှာကိုသော်လည်းကောင်း, တံစိုး လက်ဆောင်ကိုသော်လည်းကောင်း၊ ငဲ့ကွက်သည့် အတွက် ကြောင့် မတော်မတရားသောအမှုကို ပြုခြင်းတစ်ပါး။
၂။ ဒေါသာဂတိ=မုန်းသည့်အတွက်ကြောင့် မတော်မတရား သော အမှုကို ပြုခြင်းတစ်ပါး။
၃။ ဘယာဂတိ =ကြောက်သည့်အတွက်ကြောင့် မတော် မတရား သောအမှုကို ပြုခြင်းတစ်ပါး။
၄။ မောဟာဂတိ =တရားလမ်းမှန်ကို မသိသည့်အတွက်ကြောင့် မတော်မတရားသောအမှုကိုပြုခြင်းတစ်ပါး။
ဤ ၄-ပါးတို့ကို မိမိကိုယ်၏ စင်ကြယ်ခြင်းကို အလေးမပြုကြ သော လူယုတ်လူညံ့တို့၏ မသင့်မလျော် မတော်မတရားသော လိုက်စားမှု မျိုးဖြစ်၍ အဂတိတရား ၄-ပါးဟူ၍ ခေါ်၏၊။လူဖြစ်သောသူသည် သူယုတ်သူညံ့မဖြစ်ရလေအောင် ဤအဂတိတရား ၄-ပါးတို့မှ အသက် ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်ရမည်-ဟူ၍ ဟောတော်မူ၏၊ သည်ကိုရည်၍-
* ချစ်, မုန်း, ကြောက်မှု၊ မသိမှု၊ လေးခု အလိုက်မှား။
* အဂတိလေး၊ ကင်းစင်ဝေး၊
ပြုရေး မှန်ဖြောင့်သား။
ဟူ၍ စပ်ဆိုခဲ့ပေသည်။အဂတိတရား ၄-ပါးပြီး၏။
--------
၅-၆-၇- ဥဒ္ဒေသ သံပေါက် အဓိပ္ပါယ်
ပျက်စီးကြောင်းတရား ၆-ပါး
၁။ သုရာမေရယမဇ္ဇပါန=သေရည်မျိုး, သေရက်မျိုး, ယစ်မျိုး သောက်စားခြင်းတစ်ပါး။
၂။ ဝိကာလ ဝိသိခါစရိယာ=ညအခါ၌ လမ်းလျှောက်လေ့ ရှိခြင်း တစ်ပါး။
၃။ သမဇ္ဇာဘိစရဏ= ပွဲလမ်းသဘင် ပျော်ရွှင်လိုက်စားကြူး ခြင်း တစ်ပါး။
၄။ ဇူတပ္ပမာဒဋ္ဌာန=ကုသိုလ်ရေး, လိမ္မာရေး, ဥစ္စာ စီးပွါးရေး တို့၌ မေ့လျော့ ပေါ့စားကြောင်းဖြစ်သော အလောင်းအစား ကစားလေ့ရှိခြင်း တစ်ပါး။
၅။ အာလသျာနုယောဂ=အလုပ်အကိုင် ပျင်းရိခြင်းနှင့် အမြဲယှဉ်ခြင်း တစ်ပါး။
၆။ ပါပမိတ္တတာ=မိတ်ဆွေမကောင်းနှင့် ပေါင်းဖော်ခြင်း တစ်ပါး။
ဤ ၆-ပါးတို့တွင် တစ်ပါးပါးနှင့်ယှဉ်သောသူအား မရသေးသော ဥစ္စာစည်းစိမ် ဂုဏ်သိရ် ကျက်သရေတို့ကိုလည်း ရနိုင်ခွင့်မရှိ၊ ရရှိသော ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကျက်သရေတို့ကိုလည်း တိုးပွါးစေရန် အခွင့်မရှိ၊ တစ်နေ့တစ်ခြား ပျက်ပြားဆုံး ရှုံးခွင့်သာရှိ၏။
ထို့ကြောင့် လူဖြစ်သောသူသည် ဤ ၆-ပါးသော ဌာနတို့ကို အသက်ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်ရမည်-ဟူ၍ဟော တော်မူ၏။
သည်ကိုရည်၍
* ယစ်မျိုးသောက်ကြူး၊ သဘင်ကြူး၊ လောင်းကြူး ညဉ့်လည်များ။
* မိတ်ဆွေမကောင်း၊ ပျင်းအားကောင်း၊ အကြောင်း ဤ ၆-ပါး။
* ဥစ္စာမွဲရေး၊ မြန်မနှေး၊ ဝေးစွာ ကြဉ် ရှောင်ရှား။
ဟူ၍ စပ်ဆိုခဲ့ပေသည်။[ကဗျာဖြစ်၍ ရှေ့, နောက်အစဉ် ရွေ့လျက်ရှိသည်၊ ဤ ၆- ပါးကိုပင် အစဉ်အတိုင်း အကျယ်ထုတ်ဖော်၍ ဟောတော်မူ၏၊]
ပျက်စီးကြောင်းတရား ၆-ပါး ပြီး၏။
*********
နိဒ္ဒေသ သံပေါက်လင်္ကာ အဓိပ္ပါယ်
ယစ်မျိုးသောက်စားမှု အပြစ် ၆-ပါး
၁။ သန္ဒိဋ္ဌိက ဓနဇာနီ-ယခုမျက်မှောက်ဘဝမှာ ဥစ္စာ ပြုန်း တီးခြင်းတစ်ပါး။
၂။ ကလဟပ္ပဝဍ္ဎနီ -ခိုက်ရန်ဒေါသ ပွါးများခြင်းတစ်ပါး။
၃။ ရောဂါနံ အာယတနံ -ရောဂါဆိုး, အနာဆိုးတို့ ပေါ်ပေါက် ပွါးများရန် အကြောင်းဖြစ်ခြင်းတစ်ပါး။
၄။ အကိတ္တိသဉ္ဇနနီ-အကျော်အစောမဲ့ခြင်းကို ဖြစ်စေခြင်း တစ်ပါး။
၅။ ကောပီနဝိဒ္ဓံသနီ -အရှက်ကွဲရာ ကိုယ်အင်္ဂါကို ဖော်ပြခြင်း တစ်ပါး။
၆။ ပညာယဒုဗ္ဗလီကရဏီ -အသိအလိမ္မာ ဉာဏ်ပညာ ယုတ်လျော့ခြင်းကို ပြုခြင်းတစ်ပါး။
သည်ကိုရည်၍
* ဥစ္စာပျက်ပြား၊ ခိုက်ရန်ပွါး၊ များတုံ ရောဂါစု။
* သတင်းယုတ်မာ၊ အရှက်ကွာ၊ ပညာ ဆုတ်ယုတ်မှု။
* ယစ်မျိုးကြူးငြား၊ သူတို့အား၊ ခြောက်ပါး အပြစ်ရှု။
ဟူ၍ စပ်ဆိုခဲ့ပေသည်။ယစ်မျိုးသောက်စားမှုအပြစ် ၆-ပါး ပြီး၏။
*********
ညအခါ လမ်းလျောက်မှုအပြစ် ၆-ပါး
၁။ အတ္တ အဂုတ္တ=မိမိ၏ အသက်အန္တရာယ်မှ အစောင့် အရှောက်ကင်းခြင်းတစ်ပါး။
၂။ ပုတ္တဒါရ အဂုတ္တ=သား, သမီး, သား မယားတို့ ကသောက် ကရောက် ဖောက်ပြန် ပျက်ပြားခွင့်မှ အစောင့်အရှောက် ကင်းခြင်းတစ်ပါး။
၃။ သာပတေယျ အဂုတ္တ=ဥစ္စာဓန အန္တရာယ်မှ အစောင့် အရှောက်ကင်းခြင်းတစ်ပါး။
၄။ သင်္ကီယ=ထိုသူ၌ သူတစ်ပါးတို့ မယုံသင်္ကာများခြင်းတစ်ပါး။
၅။ အဘူတဝစန ရုဟနာ=သူတစ်ပါးတို့ မဟုတ်မတရား စွဲဆိုသော်လည်း အဟုတ်ဖြစ်၍ မှုပြစ်မင်းဒဏ် ရောက် လွယ်ခြင်းတစ်ပါး။
၆။ ဗဟုဒုက္ခ ပုရက္ခာရ=ဒုက္ခအမျိုးမျိုး တွေ့ကြုံရန် ရှေးရှု လျက် ရှိနေခြင်းတစ်ပါး။
သည်ကို ရည်၍
* မိမိသားမယား၊ ဥစ္စာအား၊ သုံးပါး အစောင့်ဝေး။
* မသင်္ကာဖွယ်၊ မှုရောက်လွယ်၊ သွယ် သွယ် ဒုက္ခရှေး။
* ညဉ့်လမ်းလျောက်သူ၊ မတော်လူ၊ ပြစ်မူ ခြောက်ပါးထွေး။
ဟူ၍ စပ်ဆိုခဲ့ပေသည်။ညအခါလမ်းလျှောက်မှုအပြစ် ၆-ပါးပြီး၏။
*********
ပွဲလမ်းသဘင်ကြူးမှု အပြစ် ၆-ပါး
၁။ ကွ နစ္စံ=ကပွဲ, ခုန်ပွဲတို့၌ နေ့, ရက်ကုန်ဆုံး၍နေသဖြင့် ကုသိုလ်ရေး, လိမ္မာရေး, ဥစ္စာစီးပွါးရေး လစ်လပ်ခြင်း တစ်ပါး။
၂။ ကွ ဂီတံ=သီချင်း သီပွဲ ဆိုပွဲတို့၌ နေ့, ရက် ကုန်ဆုံး၍ နေသဖြင့် ကုသိုလ်ရေး, လိမ္မာရေး, ဥစ္စာစီးပွားရေး လစ်လပ်ခြင်းတစ်ပါး။
၃။ ကွ ဝါဒိတံ=တီးပွဲ, မှုတ်ပွဲတို့၌ နေ့, ရက် ကုန်ဆုံး၍နေသဖြင့် ကုသိုလ်ရေး, လိမ္မာရေး, ဥစ္စာစီးပွါးရေး လစ်လပ်ခြင်း တစ်ပါး။
၄။ ကွ အက္ခာနံ=ရာမ, အီနောင်, ငွေတောင်, ဘာရတ အစရှိသော သမ္ဖပ္ပလာပအင်္ဂါ ဒဏ္ဍာရီ ဇာတ်ဝတ္ထုတို့ကို ဖွဲ့ဆိုပြောဟောသော သာချင်းပွဲတို့၌ နေ့, ရက် ကုန်ဆုံး၍ နေသဖြင့် ကုသိုလ်ရေး, လိမ္မာရေး, ဥစ္စာစီးပွါးရေး လစ် လပ်ခြင်းတစ်ပါး။
၅။ ကွ ပါဏိဿရံ=လက်ခုပ်တီးနွှဲ အရပ်ပွဲတို့၌ နေ့, ရက် ကုန်ဆုံး၍နေသဖြင့် အရေးသုံးပါး လစ်လပ်ခြင်း တစ်ပါး။
၆။ ကွ ကုမ္ဘထုနံ=အိုးစည်ပွဲတို့၌ နေ့, ရက် ကုန်ဆုံး၍နေသဖြင့် အရေးသုံးပါး လစ်လပ်ခြင်းတစ်ပါး။
သည်ကိုရည်၍
* ကခြင်း, သီခြင်း၊ တီးမှုတ်ခြင်း၊ သာချင်း ဇာတ်ဝတ္ထု။
* လက်ခုပ်, အိုးစည်၊ သဘင်လည်၊ ခြောက်မည် အပြစ်စု။
ဟူ၍ စပ်ဆိုခဲ့ပေသည်။ဤကဗျာတို့၌ သဘင်လည် ဆိုသည်ကား ပွဲလမ်းသဘင်ရှိတိုင်း လှည့်လည်လိုက်စားသူ ဆိုလိုသည်၊ 'ကွ နစ္စံ' စသည်၌ 'ကွ-အဘယ် အရပ်၌၊ နစ္စံ=ကပွဲ ခုန်ပွဲ ရှိသနည်း' စသည်ဖြင့် အနက်ဆိုလေ။ ဘယ်မှာ ကပွဲရှိသနည်း, ဘယ်မှာ သီပွဲရှိသနည်း ဟု ပွဲစိတ်, ပွဲစကားနှင့်ပင် နေ့, ရက် ကုန်မျော၍နေပုံကို ပြဆိုသော စကားမျိုးတည်း။
ပွဲလမ်းသဘင်ကြူးမှု အပြစ် ၆-ပါး ပြီး၏၊
လောင်းကစားကြူးမှု အပြစ် ၆-ပါး
၁။ ဇယဝေရံ ပသဝတိ= နိုင်သောသူမှာ ရှုံးသောသူတို့က ငြိုးမှုအတွက် ရန်ပွါးခြင်းတစ်ပါး။
၂။ ဇိနောဝိတ္တသောကီ=ရှုံးသောသူမှာ ကုန်သောဥစ္စာအတွက် စိတ်မကျေအေးနိုင်ခြင်းတစ်ပါး။
၃။ သန္ဒိဋ္ဌိက ဓနဇာနိ=ယခု မျက်မှောက်ဘဝမှာ ဥစ္စာပြုန်း တီးတတ်ခြင်းတစ်ပါး။
၄။ ဝစန နရုဟနာ= လွှတ်ရုံးစသော သဘင်အလယ်၌ ထိုသူ့စကား မအောင်ရာခြင်းတစ်ပါး။
၅။ မိတ္တာမစ္စပရိဘူတ= ဆွေမျိုးဉာတိတို့၏ ကရုဏာဒေါသ ရှုတ်ချ နှိပ်နယ်မှုကိုခံရခြင်းတစ်ပါး။
၆။ အာဝါဟဝိဝါဟဝဇ္ဇနာ=ထိမ်းမြားမှုမှ အပပြု၍ ကြဉ် ရှောင်ခြင်းတစ်ပါး။
သည်ကိုရည်၍
* နိုင်သူမှာရန်၊ ရှုံးပူပန်၊ အမြန် ဥစ္စာပြုန်း။
* ပွဲလယ်စကား၊ မတည်ငြား၊ ထိမ်းမြား ပယ်ရိုးထုံး။
* မျိုးဆွေနှိပ်စက်၊ အန်ကြူးနက်၊ ခြောက် ချက် အပြစ်နှုန်း။
ဟူ၍ စပ်ဆိုခဲ့ပေသည်။လောင်းကစားကြူးမှု အပြစ် ၆-ပါးပြီး၏။
ပျင်းရိခြင်း အပြစ် ၆-ပါး
၁။ အတိ သီတံ=ချမ်းအေးလှသေးသည်ဟူ၍ အလုပ် လစ်ဟင်းခြင်းတစ်ပါး။
၂။ အတိဥဏှံ=ပူလှသေးသည်ဟူ၍ အလုပ်လစ်ဟင်းခြင်း တစ်ပါး။
၃။ အတိသာယံ=မိုးချုပ်လှပြီဟူ၍ အလုပ်လစ်ဟင်းခြင်း တစ်ပါး။
၄။ အတိပါတော=စောလှသေးသည်ဟူ၍ အလုပ် လစ်ဟင်းခြင်းတစ်ပါး။
၅။ အတိဆာတော= ဆာမွတ်လှသေးသည်ဟူ၍ အလုပ် လစ်ဟင်းခြင်းတစ်ပါး။
၆။ အတိဓာတော=ထမင်းစားပြီးခါစဖြစ်၍ ဝမ်းအင့်သေး သည်ဟူ၍ အလုပ်လစ်ဟင်းခြင်းတစ်ပါး။
သည်ကိုရည်၍
* အေးသည်, ပူသည်၊ မိုးချုပ်သည်နှင့်၊ စောသည်, ဆာသည်၊ ပြည့်အင့်သည်၊ ခြောက်မည် လူပျင်းမျိုး။
ဟူ၍ စပ်ဆိုခဲ့ပေသည်။ပျင်းရိခြင်းအပြစ် ၆-ပါး ပြီး၏။
*********
မိတ်မကောင်းနှင့် ပေါင်းဖော်ခြင်း အပြစ် ၆-ပါး
၁။ ဓုတ္တမိတ္တ= အလောင်းအစား ကစားကြူးသူတို့နှင့် ပေါင်း ဖက်ခြင်းတစ်ပါး။
၂။ သောဏ္ဍမိတ္တ=မိန်းမကြူးသူ, အစားကြူးသူတို့နှင့် ပေါင်း ဖက်ခြင်းတစ်ပါး။
၃။ ပိပါသမိတ္တ=အသောက်ကြူးသူတို့နှင့် ပေါင်းဖက်ခြင်း တစ်ပါး။
၄။ နေကတိကမိတ္တ=ရွှေတု, ငွေတု စသည်ပြု၍ လိမ်လည် လေ့ရှိသော လူလိမ်တို့နှင့် ပေါင်းဖက်ခြင်းတစ်ပါး။
၅။ ဝဉ္စကမိတ္တ=ထိုမှတစ်ပါးသော စဉ်းလဲလှည့်ပတ်လေ့ရှိ သောသူ လူကောက်လူညစ်တို့နှင့် ပေါင်းဖက်ခြင်းတစ်ပါး။
၆။ သာဟသိကမိတ္တ=ဓားပြ, သူခိုး, လူဆိုး, လူသွမ်း, လူ သရမ်းတို့နှင့် ပေါင်းဖက်ခြင်းတစ်ပါး။
သည်ကိုရည်၍
* အံကြူး, ထိကြူး၊ ယစ်မျိုးကြူး၊ သုံးဦး လူပျက်မျိုး။
* လိမ်လည် နှစ်ပါး၊ ခိုးသား, ဓားပြ၊ ဤ ခြောက်ဝ၊ ပါပ မိတ်ဆွေမျိုး။
ဟူ၍စပ်ဆိုခဲ့ပေသည်။ဤကဗျာတို့၌ ထိကြူး ဆိုသည်ကား ဣတ္ထိကြူးကို ဆိုလိုသည်။ လိမ်လည်နှစ်ပါးဆိုသည်ကား လိမ်လည်ခြင်း စဉ်းလဲခြင်း နှစ်ပါးကို ဆိုသည်။ ရွှေလိမ်, ငွေလိမ်စသည်ကို လိမ်လည်ခြင်းဆိုသည်၊ အချိန် စဉ်းလဲခြင်း, အချင်စဉ်းလဲခြင်း, အလေးစဉ်းလဲခြင်း, တောင်းစဉ်းလဲခြင်း စသည်ကို စဉ်းလဲခြင်းဆိုသည်။
မိတ်မကောင်းနှင့် ပေါင်းဖော်ခြင်း အပြစ်-၆-ပါး ပြီး၏။
မိတ်ဆိုး, မိတ်တု ၄-ယောက်
၁။ အညဒတ္ထုဟရမိတ်=စင်စစ်ယူဆောင်သော အဆွေ ခင်ပွန်း။
(မိမိကို ပေးကမ်းထောက်ပံ့မည့်သူ မဟုတ်၊ ယူမည့်သူ သက်သက်သာ ဟူလိုသည်။)
၂။ ဝစီပရမမိတ်=စကားလျှင် အတိုင်းအရှည်ရှိသော အဆွေ ခင်ပွန်း။
(ပေးကမ်းမှု၌ လက်ကားမပါ၊ ပါးစပ်ပြောသာ ကောင်း သော အဆွေခင်ပွန်း ဟူလိုသည်။)
၃။ အနုပိယဘာဏီမိတ် =ရှေ့မျက်မှောက်တွင်သာ ချစ်ခင် ယောင်ပြု၍ အလိုက်ပေါင်းသော အဆွေခင်ပွန်း။
၄။ အပါယသဟာယမိတ်=ယုတ်မာသောအမှုတို့၌ အဖော် သဟဲရသော အဆွေခင်ပွန်း။
(သတ်ဖော်, ဖြတ်ဖော်, တိုက်ဖော်, မိုက်ဖော်, မဲဖော်အဆွေခင်ပွန်း ဟူလိုသည်။)
ဤ ၄-ယောက်သောသူတို့သည် အကျိုးမဲ့ဖို့သာ ဖြစ်ကြကုန်သော ကြောင့် အဆွေခင်ပွန်းအစစ် မဟုတ်ကြကုန် ခင်ပွန်းတု, ခင်ပွန်းယောင် ဆောင်ကြသော ရန်သူတို့သာတည်း၊ ဝေးစွာ ရှောင်ကြရာ၏။
သည်ကိုရည်၍
* ယူမိတ်, နှုတ်မိတ်၊ ချစ်ယောင်မိတ်၊ ယုတ်မိတ်မိတ်တုလေး။
* ရန်သူမိတ်ဆွေ၊ ဤလေးထွေ၊ ရှောင်လေ ကင်း စင်ဝေး။
ဟူ၍ စပ်ဆိုခဲ့ပေသည်။[ဤရန်သူမိတ် ၄-ယောက်တို့၏ လက္ခဏာကို အကျယ်ဟော တော်မူ၏၊]
၁။ အညဒတ္ထုဟရမိတ်၏ လက္ခဏာ ၄-ပါး
၁။ ပေးမည်ဟူ၍ မကြံ၊ ရသာတိုင်း ဆောင်ယူခြင်း လက္ခဏာတစ်ပါး။
၂။ အနည်းငယ်ပေး၍ အများယူခြင်း လက္ခဏာတစ်ပါး။
၃။ မလွဲသာလှမှ ကိစ္စကိုဆောင်ရွက်ခြင်း လက္ခဏာ တစ်ပါး။
၄။ မိမိအကျိုးကိုငဲ့၍သာ ပေါင်းဖော်ခြင်း လက္ခဏာ တစ်ပါး။
သည်ကိုရည်၍
* ဆောင်ဖို့သာခဲ၊ အနဲပေးမူ၊ အများယူ၊ ကြောက်မူ လာ၍ကပ်။
* သက်သက်ကိုယ်ကျိုး၊ ငဲ့သူမျိုး၊ မိတ်ဆိုး အညဒတ်။
ဟူ၍စပ်ဆိုခဲ့ပေသည်။၂။ ဝစီပရမမိတ်၏ လက္ခဏာ ၄-ပါး
၁။ အတိတ်နှင့် လောကွတ်ပြုခြင်း တစ်ပါး။
၂။ အနာဂတ်နှင့် လောကွတ်ပြုခြင်းတစ်ပါး။
၃။ အကျိုးမရှိ နိရတ္ထကဖြစ်သော အခွင့်နှင့် သင်္ဂြီုဟ်ချီးမြှင့်ခြင်း တစ်ပါး။
၄။ မိတ်ဆွေဖြစ်သူ၌ ကူညီရန် အခွင့်ရှိလာလျှင် မိမိ၌ ပျက်စီးမှု ကိုပြခြင်းတစ်ပါး။
သည်ကိုရည်၍
* အတိတ်, နာဂတ်၊ မိတ်စေ့စပ်၊ နိရတ် ချီးပင့်မ။
* အကြောင်းရှိသော်၊ ဒုက္ခဖော်၊ လေးပေါ် ဝစီ ပရမ။
ဟူ၍စပ်ဆိုခဲ့ပေသည်။အတိတ်နှင့်လောကွတ်ပြုခြင်း- ဆိုသည်ကား မိတ်ဆွေ ဖြစ်သူက ကိစ္စဆိုက်တိုက်သည်နှင့် ပေးနှင့်ပါ, ချေးနှင့်ပါဟု လာလျှင် ရှိတုန်းအခါက သင့်ကိုမျှော်ပါ၏၊ သင်မလာခဲ့၊ ယခုမှာ ကုန်၍ သွားပါပြီဟု ရှိသည်ကို မပေးလို, မချေးလို၍ အတိတ်နှင့် လောကွတ် ပြုခြင်းတည်း။ အနာဂတ်နှင့် လောကွတ်ပြုခြင်း-ဆိုသည်ကား ရှိလျက်နှင့် မပေးလို၍ ယခုမရှိခိုက် ကြုံရလေခြင်း, မပေး ရလေခြင်း, နောင်ရှိသော အခါ လာခဲ့ပါဟု အနာဂတ်နှင့် လောကွတ်ပြုခြင်းတည်း၊ နောက် လာပြန်လျှင်လည်း တစ်မျိုးလွှဲ၍ ပြောပြန်လတ္တံ့။
အကျိုးမရှိ နိရတ္ထကဖြစ်သောအခွင့်နှင့် သင်္ဂြီုဟ်ချီးမြှင့် ခြင်း-ဆိုသည်ကား ထိုသူ၌ ပြည့်ပြည့် စုံစုံရှိ၍ မယူလိုမှန်းသိသော အခါ ငါ့မှာငွေရှိပါသည်၊ အလိုရှိလျှင်ယူ၍သုံးနှင့်ပါ-ဟုပေး၏၊ ထိုသူ၌ မပြည့်မစုံရှိ၍ လိုချင်မှန်းသိသောအခါ ငွေမရှိဟု ဝှက်၏၊ မစားနိုင်သော အခါ စားပါ, စားပါ ဟုပေး၏၊ စားနိုင်, သောက်နိုင်သောအခါ ဝှက်၏။
ရွက်ဆောင်ရန် အကြောင်းကိစ္စ မရှိသောအခါ အကြောင်းကိစ္စရှိလျှင် ဆောင်ရွက်လိုဟန်ပြု၍ ခုတင်ခုလာ၏၊ အကြောင်းကိစ္စ တကယ်ရှိ လာလျှင် ကိစ္စတစ်ပါးနှင့် အသံပေး၍ ဝေးရာသို့ ထွက်ရှောင်ရှား၏၊ အကြောင်းကိစ္စပြီးငြိမ်းမှ ပြန်လာ၍ ငါတို့မရှိခိုက်ဖြင့် ကြုံကြိုက်ရ လေခြင်းဟု နောင်တစကား များစွာပြောဆို၏။
ဤသို့အစရှိသည်ဖြင့် အကျိုးမရှိ နိရတ္ထကဖြစ်သော အခွင့်နှင့် သင်္ဂြီုဟ်ချီးမြှင့်ခြင်းအမှုသည် လောက၌ အလွန်များ၏၊ စိတ်နှလုံး မဖြူ ဖြောင့် နှုတ်ပရိယာယ်ထူလှသော လူကောက်တို့အမှုမျိုးတည်း။
မိတ်ဆွေဖြစ်သူ၌ ကူညီရန် အခွင့်ရှိလာလျှင် မိမိ၌ ပျက်စီး မှုကိုပြခြင်း-ဆိုသည်ကား ခေါင်းကိုက်လေယောင်ပြခြင်း, ဝမ်းနာ လေယောင်ပြခြင်း, စီးပွါးပျက်လေယောင်ပြခြင်း အစရှိသည်တည်း။
၃။ အနုပိယမိတ်၏ လက္ခဏာ ၄-ပါး
၁။ မကောင်းမှု၌လည်း ဤအမှုကို ပြုလိုသည်ဟုဆိုလျှင် ပြုသာပြုဟု လိုက်လျောခြင်းတစ်ပါး။
၂။ ကောင်းမှု၌လည်း ပြုသာပြုဟု လိုက်လျောခြင်းတစ်ပါး။
၃။ မျက်မှောက်၌ ကောင်းစကားပြောခြင်းတစ်ပါး။
၄။ မျက်ကွယ်၌ ဆိုးစကားပြောခြင်းတစ်ပါး။
ဤ ၄-ပါးတည်း။
သည်ကိုရည်၍
* မကောင်း လိုက်လျော၊ ကောင်း လိုက် လျော၊ ကောင်းပြော ရှေ့တွင် သာ။
* မျက်ကွယ်ဆိုးမှု၊ အင်လေးခု၊ အနုပိယ သာ။
ဟူ၍စပ်ဆိုခဲ့ပေသည်။၄။ အပါယ သဟာယမိတ်၏ လက္ခဏာ ၄-ပါး
၁။ ယစ်မျိုးသောက်စားမှု၌ အဖော်သဟဲရခြင်းတစ်ပါး။
၂။ ည လမ်းလျှောက်မှု၌ အဖော်သဟဲရခြင်းတစ်ပါး။
၃။ သဘင်ပွဲလမ်းကို လိုက်စားမှု၌ အဖော်သဟဲရခြင်းတစ်ပါး။
၄။ အလောင်းအစား ကစားမှု၌ အဖော်သဟဲရခြင်းတစ်ပါး။
သည်ကိုရည်၍
* ယစ်မျိုးသောက်ခန်း၊ လမ်းလျှောက်ခန်း၊ ပွဲလမ်း တစ်ဌာန။
* ကစားမှုဝယ်၊ မိတ်ဖော်နွယ်၊ အပါယ် သဟာယ။
ဟူ၍ စပ်ဆိုခဲ့ပေသည်။အသက်ထက်ဆုံး ဝေးစွာကြဉ်ရှောင်ရာသော မိတ်ဆိုး, မိတ်တု ၄-ပါးပြီး၏။
*********
မိတ်ကောင်း-မိတ်စစ် ၄-ယောက်
[မိတ်ဆိုး ၄-ပါးနှင့် စပ်လျဉ်း၍ အသက်ထက်ဆုံး မကွေမကွာ ပေါင်းဖော်ရာသော မိတ်ကောင်း မိတ်စစ် ၄-ပါးကို ဟောတော်မူ၏၊]
၁။ သမာနသုခ ဒုက္ခမိတ
သမာနသုခ ဒုက္ခမိတ်=ချမ်းသာအတူ, ဆင်းရဲအတူ ဆင်းရဲဖော် ချမ်းသာဖက်ဖြစ်သော အဆွေခင်ပွန်း။
၂။ အတ္ထက္ခာယီမိတ အတ္ထက္ခာယီမိတ်=မကောင်းမြစ်တာ ကောင်းရာပြ ညွှန်းသော အဆွေခင်ပွန်း။
၃။ အနုကမ္ပကမိတ အနုကမ္ပကမိတ်=အခါခပ်သိမ်း မိမိကို, ရင်ဝယ်သားကဲ့သို့ သနားညှာတာခြင်းရှိသော အဆွေခင်ပွန်း။
၄။ ဥပကာရမိတ ဥပကာရမိတ်=မိမိအား ကျေးဇူးပြုသမားကြီး သက် သက်ဖြစ်သော အဆွေခင်ပွန်း။
သည်ကိုရည်၍
* ပြုမိတ်, တူမိတ်၊ ဆရာမိတ်၊ ညှာမိတ်မိတ်စစ်လေး။
* ချစ်ဖော်မိတ်ဆွေ၊ ဤလေးထွေ၊ မကွေ ပေါင်းဖို့ရေး။
ဟူ၍စပ်ဆိုခဲ့ပေသည်။[ဤ မိတ်ကောင်း မိတ်စစ် ၄-ယောက်တို့၏
လက္ခဏာကိုလည်း အကျယ်ဟောတော်မူ၏]
----------------
၁။ သမာန သုခ ဒုက္ခမိတ်၏ လက္ခဏာ ၄-ပါး
၁။ သူ၏လျှို့ဝှက်အပ်သော အမှုကို မိမိ၌ လျှို့ဝှက်ခြင်းတစ်ပါး။
၂။ မိမိလျှို့ဝှက်အပ်သောအမှုကို သူတစ်ပါးတို့ မသိရအောင် လျှို့ဝှက်ခြင်းတစ်ပါး။
၃။ ဘေးတွေ့သောအခါ မိမိကို မစွန့်ခြင်းတစ်ပါး။
၄။ သူ့အသက်ကိုပင် စွန့်၍ မိမိအကျိုးကို ရွက်ဆောင်ခြင်း တစ်ပါး။
သည်ကိုရည်၍
* လျှို့ဝှက်မရှိ၊ လျှို့ဝှက်ဘိ၊ ဘေးရှိ မစွန့် လေ။
* မိတ်အတွက်မှန်၊ သက်မချန်၊ သမာန် မိတ်ကြီးပေ။
ဟူ၍ စပ်ဆိုခဲ့ပေသည်။၂။ အတ္ထက္ခာယီမိတ်၏ လက္ခဏာ ၄-ပါး
၁။ မကောင်းမှုကို မပြုရအောင် တားမြစ်ခြင်းတစ်ပါး။
၂။ ကောင်းမှု၌ တည်စေခြင်းတစ်ပါး။
၃။ မကြားဘူး, မသိဘူးသောတရားကို ကြားဖို့, သိဖို့ရာ ဟော ကြားခြင်းတစ်ပါး။
၄။ ဒါန, သီလအစရှိသော နတ်ရွာလမ်းကြောင်းကို ညွှန်ပြ ခြင်းတစ်ပါး။
သည်ကိုရည်၍
* မကောင်းမြစ်တား၊ ကောင်းရာထား၊ ဟောကြား သိဖို့ရာ။
* နတ်လမ်းပြညွှန်၊ ဤလေးတန်၊ အမှန် အတ္ထက္ခာ။
ဟူ၍ စပ်ဆိုခဲ့ပေသည်။၃။ အနုကမ္ပကမိတ်၏ လက္ခဏာ ၄-ပါး
၁။ မိမိ၌ အကျိုးစီးပွါး မဖြစ်ထွန်းလျှင် သူ မနှစ်သက်နိုင်ခြင်း, စိုးရိမ်ပူပန်ခြင်း တစ်ပါး။
၂။ မိမိ၌ အကျိုးစီးပွါးဖြစ်ထွန်းလျှင် သူနှစ်သက်ခြင်း, စိတ် အလိုပြည့်ဖြိုးခြင်း တစ်ပါး။
၃။ မိမိ၏ ကျေးဇူးမဲ့ကို သူတစ်ပါးပြောဆိုလျှင် တားမြစ်ခြင်း တစ်ပါး။
၄။ မိမိ၏ဂုဏ်ကျေးဇူးကို သူတစ်ပါးပြောကြားလျှင် ပြောသူကို ချီးမွမ်းခြင်းတစ်ပါး။
သည်ကိုရည်၍
* မပွါးလျှင်စိုး၊ ပွါးလျှင်ဖြိုး၊ ကျိုးမဲ့ ပြော မခံ။
* အကောင်းပြောလျှင်၊ မနောရွင်၊ မိတ်သင် အနုကံ။
ဟူ၍ စပ်ဆိုခဲ့ပေသည်။၄။ ဥပကာရမိတ်၏ လက္ခဏာ ၄-ပါး
၁။ မေ့လျော့လျက် အသက်ခန္ဓာကို စိုးရိမ်ဖွယ်ရှိသောအခါ အသက်ခန္ဓာကို စောင့်ရှောက်ခြင်းတစ်ပါး။
၂။ မေ့လျော့လျက် စည်းစိမ်ဥစ္စာပျက်စီးဖွယ် ရှိသောအခါ စည်းစိမ်ဥစ္စာကို စောင့်ရှောက်ခြင်းတစ်ပါး။
၃။ ကြောက်လန့်ခြင်းရှိသောအခါ ကိုးကွယ်ရာ ဖြစ်ခြင်းတစ်ပါး။
၄။ ကိစ္စကြီးငယ် ရှိသောအခါ သူကပြုဘူးသော ကျေးဇူးမှုထက် ၂-ဆပိုမို၍ ကျေးဇူးပြုခြင်းတစ်ပါး။
သည်ကိုရည်၍
* အသက်ဥစ္စာ၊ စောင့်ရှောက်လာ၊ ကြောက် ခါ ကယ်ဖော်ရ။
* ကူဖွယ်ရှိမူ၊ တပိုးကူ၊ စင်ဖြူ ဥပကာရ၊
ဟူ၍စပ်ဆိုခဲ့ပေသည်။ဤတွင်ရွေ့ကား အိမ်၌နေသူ လူ-ဂဟဋ္ဌ အပေါင်းတို့အား သူကောင်းစင်စစ်ဖြစ်ဖို့အမှန် ကြဉ်ရှောင်ရန် တရား ၁၄-ပါးတို့ကို ထုတ်ဖော်ပြဆိုခန်းပြီး၏။
မိတ်ကောင်း မိတ်စစ် ၄-ယောက်ပြီး၏။
အရပ်ဒိသာ ၆-မျက်နှာ
၁။ အမိ, အဖ -၂-ပါးတို့သည် ပုဗ္ဗဒိသာ အရှေ့အရပ် မျက်နှာ မည်၏။
၂။ အတတ်ပညာသင်ကြားသော ဆရာသည် ဒက္ခိဏဒိသာ တောင်အရပ်မျက်နှာမည်၏။
၃။ အိမ်သူမယား, သမီး, သားတို့သည် ပစ္ဆိမဒိသာ အနောက် အရပ်မျက်နှာမည်ကုန်၏။
၄။ မွေးချင်းပေါက်ဖော် ဆွေမျိုးဉာတိ မိတ်ဆွေခင်ပွန်းတို့သည် ဥတ္တရဒိသာ မြောက်အရပ်မျက်နှာမည်ကုန်၏။
၅။ ကျေးကျွန်အမှုလုပ်တို့သည် ဟေဋ္ဌိမဒိသာ အောက် အရပ်မျက်နှာမည်ကုန်၏။
၆။ အကျင့်သီလနှင့်ပြည့်စုံကြကုန်သော ရသေ့, ရဟန်းတို့သည် ဥပရိမဒိသာ အထက်အရပ်မျက်နှာမည်ကုန်၏၊ သည်ကိုရည်၍
* မာတာပိတာ၊ ရှေ့ဒိသာ၊ ဆရာ တောင် ရပ်ငြား။
* သားမယားလျှင်၊ အနောက်ခွင်၊ မိတ်သင် မြောက်အလား။
* ကျွန်ကျေးအောက်ဟူ၊ အထက်မူ၊ သူမြတ် ရဟန်းပုဏ္ဏား။
* အရပ်ဒိသာ၊ ခြောက်မျက်နှာ၊ လုံစွာ ပိတ်ဆို့ထား။
ဟူ၍စပ်ဆိုခဲ့ပေသည်။အရပ်ဒိသာ ၆-မျက်နှာ ပြီး၏။
အရပ်ဒိသာ ၆-မျက်နှာကို ရိုသေစွာရှိခိုးမှု
သားသမီးတို့က ပြုရာသော ဝတ် ၅-ပါး
၁။ ကျွေးမွေးတုံ့ ကျွေးမွေးလှည့် ကျွေးမွေးရခြင်းတစ်ပါး။
၂။ မိ, ဖတို့၌ ဆိုက်တိုက်၍လာသော မင်းရေးစိုးခွင့် စသည် တို့ကို မိမိကိစ္စပြု၍ ဆောင်ရွက်ရခြင်းတစ်ပါး။
၃။ အမျိုးအနွယ်အားဖြင့် အစဉ်လာသော ဒါနဝတ်, သီလဝတ် အစရှိသော အလေ့ကောင်း, အကျင့်ကောင်း, အရိုး ကောင်း, အစဉ်ကောင်းတို့ကို မပျက်စေရခြင်းတစ်ပါး။
၄။ လောကီမွေ, ဓမ္မမွေတို့ကို ကောင်းစွာခံယူရခြင်းတစ်ပါး။
၅။ သေလွန်သော မိ, ဖ တို့ကို ရည်မှတ်၍ လှူဒါန်းပြီးလျှင် သေလွန်သော မိ,ဖတို့အား ကုသိုလ်အဖို့ကို ဝိသေသ ထုတ် ဖော်၍ ပေးဝေရခြင်းတစ်ပါး။
သည်ကိုရည်၍
* မွေးတုံ့ မွေးမှု၊ ပြုဖွယ်ပြု၊ ကုလ မျိုးနွယ် တည်။
* ဆက်ခံအမွေ၊ သေလွန်ပေ၊ မျှဝေ ဝတ်ငါး မည်။
ဟူ၍စပ်ဆိုခဲ့ပေသည်။မိဖတို့က ပြုရာသော ဝတ် ၅-ပါး
၁။ ငယ်ရွယ်စဉ်ကစ၍ မကောင်းမှု ဒုစ္စရိုက်တို့ကို မပြုမကျင့် ရအောင် တားမြစ်ရခြင်းတစ်ပါး။
၂။ ငယ်ရွယ်စဉ်ကစ၍ မိ, ဖကို ရိုသေခြင်းအစရှိသော ကောင်း သောအလိမ္မာတို့၌ တည်စေရခြင်းတစ်ပါး။
၃။ အပြစ်မရှိသော အတတ်တို့ကို သင်ကြားစေရခြင်းတစ်ပါး။
၄။ အမျိုးကောင်း, အနွယ်ကောင်း သား, သမီးတို့နှင့် ထိမ်းမြား မင်္ဂလာပြုရခြင်းတစ်ပါး။
၅။ အချိန်အခါကိုထောက်၍ အမွေဥစ္စာကို အပ်နှင်းရခြင်း တစ်ပါး။
သည်ကိုရည်၍
* မကောင်းမြစ်တား၊ ကောင်းရာထား၊ သင်ကြား တတ်ပညာ။
* လျော်ရာအိမ်ပေး၊ အမွေပေး၊ ကျင့်ရေး ဝတ်ငါးဖြာ။
ဟူ၍စပ်ဆိုခဲ့ပေသည်။တပည့်တို့က ပြုရာသော ဝတ်၅-ပါး
၁။ မိမိရှိရာသို့ ဆရာလာသည်ကိုမြင်လျှင် ရှေးဦးစွာ နေရာမှ ထ၍ ဆရာကို ကြိုဆို၍ ထီး, ဖိနပ်စသည်ကို ယူ ၍ နေရာထိုင်ခင်းပေးခြင်း, အိုက်ပူသောအခါဖြစ်ခဲ့လျှင် ယပ်လေခတ်ရခြင်းတစ်ပါး။
၂။ တစ်နေ့လျှင် ၃-ကြိမ် ဆရာ၏ အနီးအပါး၌ ခ,စားရခြင်း တစ်ပါး။
၃။ ဆရာ၏ထံမှ ဆုံးမသွန်သင်သော စကားတို့ကို ကြားနာ လိုခြင်းတစ်ပါး။
၄။ သာလျှင်သာလိုက် နာလျှင်နာလိုက် ချိုးရေ, သောက်ရေ, မျက်နှာသစ်ရေ, ဒန်ပူစသည်တို့ဖြင့် လုပ်ကျွေးရခြင်း တစ်ပါး။
၅။ မတတ်သေးသည်ကို တတ်ရအောင်, တတ်ပြီးသည်ကို မပျောက်စေရအောင် အတတ်ပညာကို ရိုသေစွာ သင်ကြား ရခြင်းတစ်ပါး။
သည်ကိုရည်၍
* ထကြွ, ခစား၊ ကြားနာ, လုပ်ကျွေး၊ သင်အံ မေး၊ ကျင့်ရေး ဝတ်ငါးဖြာ။
သင်အံမေး-ဆိုသည်ကား သင်ခြင်း, အံခြင်း, ဆွေးနွေးမေး မြန်းခြင်းကို ပြုရမည်ဆိုလိုသည်။
ဆရာသမားတို့က ပြုရာသော ဝတ် ၅-ပါး
၁။ လောကရေး, ဓမ္မရေးတို့၌ အပြုအမူ, အပြောအဆို, အချိုးအစား, ကျန ယဉ်ကျေးရှိအောင် သွန်သင် ဆုံးမခြင်း တစ်ပါး။
၂။ လောကဗဟုဿုတ, ဓမ္မဗဟုဿုတ အမျိုးအမျိုးတို့၌ ကြားဖူးနားဝရှိအောင် မိမိအနီးအနားသို့ ရောက်လာတိုင်း ဆုံးမသင်ကြား မှတ်သားစေရခြင်းတစ်ပါး။
၃။ ဆရာတတ်သိသော အတတ်ပညာကို ဆရာစားမချန် အကုန်အစင် သင်ကြားပြသခြင်း တစ်ပါး။
၄။ တတ်မြောက် လိမ္မာရှိသောအခါ၌ မိ, ဖ, မျိုးဆွေတို့အား သူတတ်သမျှကို ဖော်ပြ၍ အပ်နှင်းခြင်းတစ်ပါး။
၅။ တပည့်တပန်းတို့အား အသက်ထက်ဆုံး ရောက်လေရာ တို့၌ အန္တရာယ်ကင်းရှင်းစေရန် မန္တာန်, မန္တရား, ဆေးဝါးအလျော် ပရိတ်တော်, ဂုဏ်တော်များကို အသက်ထက်ဆုံး စွဲမြဲကြ စေရန် သင်ကြားခြင်းတစ်ပါး။
[အန္တရာယ်ကင်း ပရိတ်တော်, ဂုဏ်တော်များကို နောက်မှ ပြဆိုအံ့။]
သည်ကို ရည်၍
* ယဉ်ကျေးစေမှု၊ မှတ်စေမှုနှင့်၊ တတ်မှု မချန်၊ ပြန်၍ဆောင်နှင်း၊ ဘေးကင်းစေမှု၊ ဝတ်ငါးခု၊ ပြုလေမြတ်ဆရာ။
လင်ယောကျ်ားတို့က ပြုရာသော ဝတ် ၅-ပါး
၁။ မင်း, ကွယ်, ကျုပ်, အမိ, အစ်မ အစရှိသည်ဖြင့် ချီးချီးပပ ချိုမြသာယာစွာ ခေါ်ဝေါ်ပြောဆိုလေ့ရှိခြင်းတစ်ပါး။
၂။ နင်, ဟယ်, ငါ, မိမည်သူ, မိမည်ဝါ အစရှိသဖြင့် ရိုင်းစိုင်းစွာ မခေါ်မပြောရခြင်း, မလေးမစား မပြုရခြင်းတစ်ပါး။
၃။ သူ မကြည်ဖြူက သူမှတစ်ပါး မသွားမလာရခြင်း တစ်ပါး။
၄။ ရရှိသမျှ စည်းစိမ်ဥစ္စာ အိပ်ရာခမ်းနားတို့အပေါ်၌ အစိုးတရပြုလုပ်နိုင်သောအခွင့်ကို ပေးရခြင်းတစ်ပါး။
၅။ မိမိအခြေအနေ အားလျော်စွာ အိမ်သူ သားမယား၌ ဝတ်စားတန်ဆာတို့ကို မညှိုးမနွမ်းရအောင် ဆင်ယင်ရခြင်း တစ်ပါး။
သည်ကိုရည်၍
* မပေါ့စားမှု၊ နာဖွယ်မှုနှင့်၊ သူ့ကိုမကျူး၊ စိုးမှူးလွှဲထား၊ ဝတ်စားဆင်ယင်၊ ဤငါး အင်၊ လင်တို့ပြုစမြဲ။
ဟူ၍စပ်ဆိုခဲ့ပေသည်။အိမ်သူမယားတို့က ပြုရာသော ဝတ် ၅-ပါး
၁။ အိမ်တွင်းကိစ္စဟူသမျှတို့၌ မလစ်မလပ် စေ့စပ်တွင်ကျယ် သော လုံ့လဝီရိယရှိခြင်းတစ်ပါး။
၂။ အိမ်ရှိ အခြွေအရံပရိသတ်တို့၌ အပြုအစု အမှုအရ ကောင်း ခြင်းတစ်ပါး။
၃။ မိမိအိမ်ရှင် လင်ယောကျ်ားမှ တစ်ပါးသောသူတို့၌ စိတ် မနောမျှ မကျူးလွန်ခြင်းတစ်ပါး။
၄။ အိမ်ရှိပစ္စည်းဥစ္စာတို့ကို အထိန်းအသိမ်းကောင်းခြင်းတစ်ပါး။
၅။ မိန်းမတို့ဆိုင်ရာ အမှုခပ်သိမ်းတို့၌ အစေ့အစပ် တတ်သိ လိမ္မာခြင်း, အပျင်းအရိမရှိခြင်းတစ်ပါး။
သည်ကိုရည်၍
* အိမ်ရေးတွင်ကျယ်၊ အိမ်ဝယ်လူပေါင်း၊ ကောင်းသားပြုအင်၊ စင်ကြယ်သီလ၊ ဓန စောင့်ထိန်း၊ မပြိန်းမပျင်း၊ အရင်းတရား၊ ဝတ်ငါးပါး၊ မယားပြုစမြဲ။
ဟူ၍ စပ်ဆိုခဲ့ပေသည်။အဆွေခင်ပွန်းတို့၌ အမျိုးသားတို့က ပြုရာသော ဝတ် ၅-ပါး
၁။ အခါအခွင့်အားလျော်စွာ ကျွေးမွေးပေးကမ်းခြင်းတစ်ပါး။
၂။ ချစ်ဖွယ် ကြင်ဖွယ်သော ခေါ်မှု, ပြောမှုရှိခြင်းတစ်ပါး။
၃။ သူတို့အကျိုးကို ရိုးဖြောင့်သော စိတ်နှလုံးဖြင့် ကောင်းစွာ ကျင့်ခြင်းတစ်ပါး။
၄။ သူတို့အပေါ်၌ ဂုဏ်မလုပ်မူ၍ ကိုယ်တူ, ကိုယ်မျှပြုခြင်း တစ်ပါး။
၅။ မိမိကိုပုံ ယုံသည့်အတွက်ကြောင့် အဘယ်အမှု ချွတ်ယွင်း သည်, အဘယ်အကျိုး ပျက်ကွက်သည်ဟူ၍ မရှိစေခြင်း တစ်ပါး။
သည်ကိုရည်၍
* ပေးဝေမျှတ၊ ပိယနှုတ်ချို၊ ကျိုးလိုကျင့်မူ၊ ကိုယ်တူပြုခြင်း၊ မချွတ်ယွင်းစေ၊ ဤငါး ထွေ၊ မိတ်ဆွေ ကျင့်ဝတ်မျိုး။
ဟူ၍စပ်ဆိုခဲ့ပေသည်။အဆွေခင်ပွန်းတို့က ပြုရာသော ဝတ် ၅-ပါး
၁။ မေ့လျော့လျက် အသက်ခန္ဓာကို စိုးရိမ်ဖွယ်ရှိသောအခါ အသက်ခန္ဓာကို စောင့်ရှောက်ခြင်းတစ်ပါး။
၂။ မေ့လျော့လျက် စည်းစိမ်ဥစ္စာ ပျက်စီးဖွယ် ရှိသောအခါ စည်းစိမ်ဥစ္စာကို စောင့်ရှောက်ခြင်းတစ်ပါး။
၃။ ကြောက်လန့်ခြင်းရှိသောအခါ ကိုးကွယ်ရာဖြစ်ခြင်း တစ်ပါး။
၄။ ဘေးတွေ့သောအခါ မိမိကို မစွန့်ခြင်း တစ်ပါး။
၅။ သူ၏ သား, မြေးစဉ်ဆက်တို့ကို အဆွေခင်ပွန်းဖြစ်သူတို့က ချီးပမှုပြုခြင်း တစ်ပါး။
သည်ကိုရည်၍
* အသက်, ဥစ္စာ၊ နှစ်ဖြာစောင့်ရှောက်၊ ကြောက်လျှင်ကြပ်မ၊ တူကွဘေးတွင်၊ သား စဉ်,မြေးဆက်၊ မြတ်နိုးချက်၊ မိတ်ဖက် ဝတ်ငါးမျိုး။
ဟူ၍ စပ်ဆိုခဲ့ပေသည်။[တူကွဘေးတွင် ဆိုသည်ကား-ဘေးရှိသောအခါ မစွန့်သည်ကို ဆိုသည်။]
အရှင်ဖြစ်သူက ပြုရာသော ဝတ် ၅-ပါး
၁။ ပြုလုပ်သူတို့၏ အင်အားနှင့် တိုင်းတာ၍ အလုပ်အကိုင်ကို စီရင်ခြင်းတစ်ပါး။
၂။ ထိုက်တန်လောက်အောင် ထမင်းရိက္ခာ အဖိုးအခ ကျွေးမွေး ပေးကမ်းခြင်းတစ်ပါး။
၃။ မကျန်းမမာရှိသောအခါ ကောင်းမွန်စွာပြုစုခြင်း တစ်ပါး။
၄။ အစားကောင်း, အသောက်ကောင်း အထူးတလည် ရရှိ သောအခါ သူတို့ကို ကြည်ဖြူစွာ ဝေငှခြင်းတစ်ပါး။
၅။ အချိန်နာရီနှင့် လုပ်ကိုင်စရာ အချိန်နာရီကျရောက်လျှင် အလုပ်မှလွတ်ခြင်း၊ ဥပုသ်သီတင်းနေ့, ပွဲလမ်းသဘင် နေ့တို့၌ နေ့လွတ်ပြု၍ သုံးဖွယ်, စားဖွယ်ပေး၍ လွှတ်ခြင်း၊ အသက်, အရွယ်ကြီးရင့်သောအခါ အငြိမ်းစားကျွေးမွေး၍ ထားခြင်းတစ်ပါး။
သည်ကိုရည်၍
* အားတန်ခိုင်းစေ၊ ကျေအောင် ပေးကျွေး၊ နာရေးပြုငြား၊ အစားကောင်းမျှ၊ လွှတ်သင့် ကလွှတ်၊ ကျင့်ဝတ်တရား၊ ဤငါးပါး၊ မှတ် သား အရှင့်ဝတ်။
ဟူ၍ စပ်ဆိုခဲ့ပေသည်။ကျွန်အမှုလုပ်တို့က ပြုရာသော ဝတ် ၅-ပါး
၁။ နံနက်စောစော၌ အရှင် မထမီ ရှေးဦးစွာ ထ၍ အရှင့်ဝတ် ပြုခြင်း တစ်ပါး။
၂။ အိပ်ရာဝင်သောအခါ အရှင်၏ဝတ်နိဗဒ်ကို ပြုပြီး၍ နောက် မှ အိပ်ခြင်းတစ်ပါး။
၃။ အရှင့်ဥစ္စာကို မျက်မှောက်, မျက်ကွယ်တို့၌ ပေးမှယူခြင်း တစ်ပါး။
၄။ အလုပ်အကိုင် ကောင်းခြင်းတစ်ပါး။
၅။ အရှင်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းလေ့ရှိခြင်းတစ်ပါး။ သည်ကိုရည်၍
* အလျင် ထမြောက်၊ နောက်မှအိပ်ရေး၊ ပေးမှလည်းယူ၊ ပြုမူကောင်းတုံ၊ ဂုဏ်ကို ပြောကြား၊ ဤငါးပါး၊ မှတ်သား ကျွန် တို့ဝတ်။
ဟူ၍ စပ်ဆိုခဲ့ပေသည်။ဒါယကာတို့က ပြုရာသော ဝတ် ၅-ပါး
၁။ ရသေ့, ရဟန်းတို့အား မေတ္တာနှင့်ယှဉ်သော ကာယကံ ဝတ်နိဗဒ်ကို ပြုခြင်းတစ်ပါး။
၂။ မေတ္တာနှင့်ယှဉ်သော ဝစီကံစကားကို ပြောဆိုခြင်းတစ်ပါး။
၃။ မေတ္တာနှင့်ယှဉ်သော မနောကံမှုကို ပွါးများခြင်းတစ်ပါး။
၄။ ဘယ်အခါမဆို မိမိအိမ်သို့ ဝင်ပါ၊ အလိုရှိရာပြောဆိုပါ ဟုဖိတ်ကြားခြင်းတစ်ပါး။
၅။ ပစ္စည်း ၄-ပါးတို့ဖြင့် ထောက်ပံ့လှူဒါန်း ပေးကမ်း ကျွေး မွေးခြင်းတစ်ပါး။
သည်ကိုရည်၍
* မေတ္တာသုံးပါး၊ တံခါးဟင်းလင်း၊ ကျွေး မွေးခြင်း၊ ငါးသင်း လူတို့ဝတ်။
ဟူ၍စပ်ဆိုခဲ့ပေသည်။ရသေ့, ရဟန်းတို့က ပြုရာသော ဝတ် ၆-ပါး
၁။ မကောင်းမှုကို မပြုရအောင် ဆုံးမမြစ်တားခြင်းတစ်ပါး။
၂။ ဒါန, သီလ, ဥပေါသထ အစရှိသော ကောင်းမှုတို့၌ တည် စေခြင်းတစ်ပါး။
၃။ လူတို့၌ ကရုဏာတရားဖြင့် သနားစိတ် ကောင်းစွာ တည်ခြင်းတစ်ပါး။
၄။ မနာမကြားဖူးသေးသော တရားကို ကြားနာစေခြင်းတစ်ပါး။
၅။ ကြားနာဖူးသော တရားစကားကို အထူးပွင့်လင်းအောင် ထပ်မံ၍ ပြောဟောခြင်းတစ်ပါး။
၆။ ဒါန, သီလ စသော နတ်ရွာလမ်းကို ညွန်ပြခြင်းတစ်ပါး။ သည်ကိုရည်၍
* မကောင်းမြစ်တာ၊ ကောင်းရာညွန်ကြား၊ သနားစိတ်နူး၊ မကြားဖူးက၊ ပြသသွန်သင်၊ ကြားဖူးလျှင်မူ၊ ချဲ့ထွင်ခွဲခြမ်း၊ နတ်လမ်း ရှင်းလင်း၊ ဖော်ပြခြင်း၊ ခြောက်သင်း ရှင် တို့ဝတ်။
ဟူ၍စပ်ဆိုခဲ့ပေသည်။အရပ်ဒိသာ ၆-မျက်နှာတို့ကို ရိုသေစွာရှိခိုးမှု-ဆိုသည် ကား အမျိုးကောင်းသား ဖြစ်သူသည်၊ ဤ ၆-မျိုးသောသူတို့၌ မိမိ၏ သက် ဆိုင်ရာ ဝတ်နိဗဒ်တို့ကို ကျေလည်အောင်ပြုရသည်။ ဤသို့ ပြုသည်ကို ရည်၍ “အရပ်ဒိသာ ၆-မျက်နှာတို့ကို ရိုသေစွာရှိခိုးရစ်လော့-” ဟု သိင်္ဂါလလုလင်အား အဖပုဏ္ဏား အဆုံးစကား မှာကြားခဲ့ပေသည်။ မိမိ၏ သက်ဆိုင်ရာ ဝတ်နိဗဒ်တို့ကို ကျေလည်အောင် ပြုမှုသည် အရပ်ဒိသာ ၆-မျက်နှာတို့ကို ရိုသေစွာ ရှိခိုးခြင်းလည်းမည်၏၊ အရပ်ဒိသာ ၆- မျက်နှာတို့ကို လုံခြုံစွာပိတ်ဆို့ထားခြင်းလည်းမည်၏။
ထို့ကြောင့်...
* အရပ်ဒိသာ၊ ခြောက်မျက်နှာ၊ လုံစွာ ပိတ် ဆို့ထား၊
ဟူ၍စပ်ဆိုခဲ့ပေသည်။ပိတ်ဆို့ထား-ဆိုသည်ကား..အရပ်ဒိသာ ၆-မျက်နှာတို့မှ အတ္တာနုဝါဒဘေး, ပရာနုဝါဒဘေးတို့ မိမိထံသို့ မလာရအောင် ပိတ် ဆို့ထားမှုတည်း။ သား, သမီးတို့သည် မိဖတို့၌ ၅-ပါးသော ဝတ်တို့ကို မပြုကုန်ငြားအံ့၊ အမိအဖဟူသော အရှေ့အရပ်မျက်နှာသည် ဟာလာ ဟင်းလင်းဖြစ်၏၊ ထိုအခါ ထိုအရပ်မျက်နှာမှ အတ္တာနုဝါဒဘေး, ပရာနုဝါဒဘေး-၂-ပါးသည် ထိုသား, သမီးတို့သို့ ဝင်ရောက်၏၊ ဘေး သင့်၏၊ ၅-ပါးသော ဝတ်ကို ပြုကုန်သော သား, သမီးတို့အား ထိုအရပ် မျက်နှာသည် လုံခြုံ၏၊ အမိ, အဖတို့နှင့်စပ်သော ဘေး-၂-ပါးသည် ထိုသား, သမီးတို့သို့ မရောက်ပြီ၊ ဘေးကင်း၏၊ ထို့ကြောင့် ဝတ်ပြုမှုကို ပိတ်ဆို့ထားမှုဟုဆိုသတည်း။
၁။ အတ္တာနုဝါဒဘေး-ဆိုသည်ကား .ငါမပြုခဲ့လေခြင်းဟု မိမိကိုယ်ကို မိမိစွပ်စွဲသောဘေးတည်း။
၂။ ပရာနုဝါဒဘေး-ဆိုသည်ကား..လောက၌ လူပညာ ရှိ, ရှင်ပညာရှိတို့သည်လည်းကောင်း၊ ကိုယ်စောင့်နတ်, အိမ်စောင့်နတ်, မြို့စောင့်နတ်, ရွာစောင့်နတ်, သာသနာစောင့်နတ်, လောကပါလ နတ် တို့သည်လည်းကောင်း၊ ထိုသား, သမီးများကို ကဲ့ရဲ့ကြကုန်၏၊ ဤသို့ သူတစ်ပါးတို့၏ ကဲ့ရဲ့ခြင်းသည် ပရာနုဝါဒဘေးမည်၏။
အတ္တာနုဝါဒဘေးနှင့် သေလွန်လျှင် အပါယ်ငရဲမြဲ၏၊ ပရာနုဝါဒ ဘေးအတွက် လူသူတော်ကောင်း, ရှင်သူတော်ကောင်း, နတ်သူတော် ကောင်းတို့၏ အလယ်၌ အရုပ်ပျက်၏၊ လူရာမဝင်ရှိ၏၊ အလောင်း အလျာမျိုးမှ အပဖြစ်၏၊ ဆရာသမားတို့၌ ဝတ်နိဗဒ်ကို မပြုလျှင် တောင်မျက်နှာ ဟာ၏၊ တောင်မျက်နှာမှ ဘေး ၂-ပါးလာ၏၊ သား, မယားတို့၌ ဝတ်နိဗဒ်မပြုလျှင် အနောက်မျက်နှာ ဟာ၏၊ အနောက် မျက်နှာမှ ဘေး ၂-ပါးနှင့်တကွ ဒုက္ခများစွာလာတတ်၏၊ မိတ်ဆွေခင်ပွန်းတို့၌ ဝတ်နိဗဒ်မပြုလျှင် မြောက်မျက်နှာ ဟာ၏၊ အကြောင်းကိစ္စရှိသောအခါ ကိုးကွယ်ရာမဲ့ ဖြစ်တတ်၏။
ကျေးကျွန်အမှုလုပ်တို့၌ ဝတ်နိဗဒ်ကိုမပြုလျှင် အောက်မျက်နှာ ဟာ၏၊ စီးပွါးရေးပျက်ကွက်တတ်၏။
ရသေ့, ရဟန်းတို့၌, ဝတ်နိဗဒ်ကိုမပြုလျှင် အထက်မျက်နှာ ဟာ၏၊ အပါယ်ငရဲ၌ အနစ်ကြီးနစ်၍ သွားတတ်၏။
ဆိုအပ်ပြီးသော ဝတ်တို့ကို ပြုကြကုန်သောသူတို့အား အရပ် ၆- မျက်နှာ လုံခြုံ၏၊ ထိုဘေးစု မဝင်နိုင်ရှိ၏၊ ဘေးကင်း၏၊ လူ့အလယ်, နတ်အလယ်၌ တင့်တယ်၏၊ အလောင်းအလျာမျိုး၌ ပါဝင်၏၊ ပစ္စုပ္ပန်, သံသရာ လမ်းဖြောင့်၏၊ မဂ်စခန်း, ဖိုလ်စခန်းနီး၏။
အရပ်ဒိသာ ၆-မျက်နှာကို ရိုသေစွာ ရှိခိုးမှုပြီး၏၊
ဒုစ္စရိုက် ၁၀-ပါး
၁။ ပါဏာတိပါတ=သူ့အသက်ကိုသတ်ခြင်းတစ်ပါး။
၂။ အဒိန္နာဒါန=သူ့ဥစ္စာကို ခိုးခြင်းတစ်ပါး။
၃။ ကာမေသုမိစ္ဆာစာရ=ကာမဂုဏ်အမှုတို့၌ မှောက်မှားသော အကျင့်တစ်ပါး။
၄။ မုသာဝါဒ=မဟုတ်မမှန်စကား ပြောခြင်း တစ်ပါး။
၅။ ပိသုဏဝါစာ=ကုန်းတိုက်စကား ပြောခြင်း တစ်ပါး။
၆။ ဖရုသဝါစာ=အကြမ်းအတမ်းဆဲရေးခြင်းတစ်ပါး။
၇။ သမ္ဖပ္ပလာပ=အကျိုးမရှိ ပြိန်ဖျင်းသော ဒဏ္ဍာရီစကားမျိုးကို ပြောလေ့ရှိခြင်းတစ်ပါး။
၈။ အဘိဇ္ဈာ=သူ့ပိုင်နက်ကို ငါ့ပိုင်နက်ဖြစ်လျှင်ကောင်းလေစွဟု တောင့်တခြင်း တစ်ပါး။
၉။ ဗျာပါဒ=သူ့အသက်ခန္ဓာကို ပျက်စီးစေလိုခြင်းတစ်ပါး။
၁၀။ မိစ္ဆာဒိဋ္ဌိ=ကံ, ကံ၏အကျိုးကို ပယ်ရှား၍ မှားသောအယူ ရှိခြင်း တစ်ပါး။
သည်ကိုရည်၍
* သက်သတ်, ခိုးဝှက်၊ အိမ်ရာဖျက်၊ သုံး ချက် ကာယကံ။
* မုသာ, မိတ်ခွဲ၊ ဆဲရေး, ပြိန်ဖျင်း၊ အပါယ် ချဉ်း၊ လေးသင်း ဝစီကံ။
* သူ့ပိုင်နက်ကို၊ ကိုယ့်ဘက် ညွတ်စေ၊ အသေတောင့်တ၊ ပါပဒိဋ္ဌိ၊ အယူငြိ၊ တြိ မနောကံ။
ဟူ၍စပ်ဆိုခဲ့ပေသည်။ဒုစ္စရိုက် ၁၀-ပါးပြီး၏။
သုစရိုက် ၁၀-ပါး
၁။ ပါဏာတိပါတဝိရတိ=သူ့အသက်ကို သတ်ခြင်းမှ ကြဉ် ရှောင်ခြင်း။
၂။ အဒိန္နာဒါနဝိရတိ= သူ့ဥစ္စာကို ခိုးခြင်းမှ ကြဉ်ရှောင်ခြင်း။
၃။ ကာမေသုမိစ္ဆာစာရဝိရတိ=ကာမဂုဏ်မှုတို့၌ မှောက်မှား သောအကျင့်မှ ကြဉ်ရှောင်ခြင်း။
၄။ မုသာဝါဒဝိရတိ= မဟုတ်မမှန်သော စကားပြောမှုမှ ကြဉ် ရှောင်ခြင်း။
၅။ ပိသုဏဝါစာဝိရတိ=ကုန်းတိုက်စကား ပြောမှုမှ ကြဉ် ရှောင်ခြင်း။
၆။ ဖရုသဝါစာဝိရတိ=အကြမ်းအတမ်း ဆဲရေးမှုမှ ကြဉ် ရှောင်ခြင်း။
၇။ သမ္ဖပ္ပလာပဝိရတိ=အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဟောမှုမှ ကြဉ်ရှောင်ခြင်း။
၈။ အနဘိဇ္ဈာ=သူ့ပိုင်နက်ကို တောင့်တမှု မရှိခြင်း။
၉။ အဗျာပါဒ=သူ့အသက်ကို ပျက်စီးစေလိုမှု မရှိခြင်း။
၁၀။ သမ္မာဒိဋ္ဌိ=ကံ, ကံ၏အကျိုးကို ကောင်းစွာမြင်ခြင်း။
သည်ကိုရည်၍--
* ကာ.ဒုသုံးပါး၊ ကြဉ်ရှောင်ငြား၊ သုံးပါး ကာယကံ။
* နှုတ်.ဒုလေးပါး၊ ကြဉ်ရှောင်ငြား၊ လေးပါး ဝစီကံ။
* သူ့ ပိုင်နက်ကို၊ မက်မောမကျူး၊ ကြည်နူး မေတ္တာ၊ ကံသာအရင်း၊ ဖြူဖြောင့်စင်း၊ သုံးသင်း မနောကံ။
ဟူ၍စပ်ဆိုခဲ့ပေသည်။အတ္ထက္ခာယီမိတ်, မိဖဝတ်တို့၌--
၁။ မကောင်းမြစ်တား,
၂။ ကောင်ရာသွင်းထား,
ဝတ် ၂-ပါးရှိ၏။
မကောင်း ဆိုသည်ကား---ကမ္မကိလေသာ ၄-ပါး, အဂတိ ၄- ပါး, ယစ်မျိုးသောက်စားမှု, အလောင်းအစား ကစားကြူးမှု, ပွဲလမ်း သဘင်ကြူးမှု, ညဉ့်လမ်းလျှောက်မှု, မိတ်ဆိုး ၄-မျိုးတို့နှင့် ပေါင်းဖော်မှု, အသင်အကြား အလုပ်အကိုင်ပျင်းရိမှု ဤအလုံးစုံသည် မကောင်းရာ မည်၏။
၁။ ပါဏာတိပါတ,၂။ အဒိန္နာဒါန,
၃။ ကာမေသုမိစ္ဆာစာရ,
၄။ မုသာဝါဒ,
၅။ ပိသုဏဝါစာ,
၇။ သမ္ဖပ္ပလာပ,
၈။ အဘိဇ္ဈာ,
၉။ ဗျာပါဒ,
၁၀။ မိစ္ဆာဒိဋ္ဌိ,
* သက်သတ်, ခိုးဝှက်၊ အိမ်ရာဖျက်၊ သုံးချက် ကာယကံ။
* မုသာ, မိတ်ခွဲ၊ ဆဲရေးပြိန်ဖျင်း၊ ပြောဆိုခြင်း၊ လေးသင်း ဝစီကံ။
* သူ့ပိုင်နက်ကို၊ ကိုယ့်ဘက်ညွတ်စေ၊ အသေ တောင့်တ၊ ဒသဝတ္ထု၊ ဒိဋ္ဌိစု၊ သုံးခု မနောကံ။ ဟူ၍လာသော ဒုစ္စရိုက် ၁၀-ပါး၊ အကုသိုလ် ကမ္မပထတရား ၁၀-ပါးသည်လည်း မကောင်းရာမည်၏။
အိမ်ရာဖျက်-ဆိုသည်ကား...ကာမေသုမိစ္ဆာစာရ အမှု တည်း။
နောက်ကဗျာ၌ မိတ်ခွဲမိတ်ခွဲ-ဆိုသည်ကား...သူ ၂-ဦးတို့ကို အချစ်ပျက်အောင်ပြုခြင်းတည်း။
ပြိန်ဖျင်းသောစကား...ဆိုသည်ကား ရာမဇာတ်, အီနောင် ဇာတ်, ငွေတောင်ဇာတ်, ဘာရတဇာတ်, ယခုလောက၌ လုပ်ကြံသော ဇာတ်ဝတ္ထု စာအုပ်စုတည်း။
ကိုယ့်ဘက်ညွတ်စေ- ဆိုသည်ကား...ငါ၏ဥစ္စာ ဖြစ်ပါ တော့..ဟု တောင့်တခြင်းတည်း။
အသေတောင့်တ-ဆိုသည်ကား...သတ္တဝါ တစ်ပါးကို သေ ကြေ ပျက်စီးပါစေ-ဟုတောင့်တခြင်းတည်း။
ပေးလှူမှုသည် အကျိုးမရှိ, ပူဇော်မှုသည် အကျိုးမရှိ-စသည်ဖြင့် အမှုဝတ္ထု ၁၀-မျိုးရှိသော ဒိဋ္ဌိစုသည် မိစ္ဆာဒိဋ္ဌိမည်၏။
ကောင်းရာ-ဆိုသည်ကား...သမာန သုခ ဒုက္ခမိတ် အစ ရှိသော မိတ်ကောင်း, မိတ်စစ် ၄-မျိုးတို့နှင့်သာ ပေါင်းဖော်ခြင်း, အရပ်ဒိသာ ၆-မျက်နှာတို့၌ ပြဆိုခဲ့ပြီးသော ဝတ်နိဗဒ်တို့ကို ကျေလည်စွာ ပြုခြင်းများသည် ကောင်းရာဌာနမည်၏။
သုစရိုက် ၁၀-ပါးပြီး၏။
ဩကာသ-ဆိုပုံ
ဗုဒ္ဓဘာသာ လူမျိုးတို့၌မူကား ၅-နှစ်ရွယ်, ၆-နှစ်ရွယ်, ၇- နှစ်ရွယ်မှစ၍ သရဏဂုံ ၃-ပါး, ၅-ပါးသီလ, ၈-ပါးဥပုသ်, သုစရိုက် ၁၀- ပါး, ဗြဟ္မစိုရ်တရား ၄-ပါး, ပုညကိရိယာဝတ္ထု ၁၀-ပါး, ပါရမီ ၁၀-ပါး များသည်လည်း ကောင်းရာဌာနမည်၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာ ကျောင်းသား သူငယ်တို့အား အသက်ထက်ဆုံး စွဲမြဲကြရန် အချက်စုကို ဆိုပေအံ့။
ရတနာ ၃-ပါးတို့အား ရှိခိုးဝပ်ချသောအခါ၌ ပုဆစ်ဒူး ၂-ခု၊ လက် ၂-ခု၊ နဖူးပြင် ၁-ခုတို့ကို မြေ၌ထားလျက် ၃-ကြိမ် ရှိခိုးဝပ်ချရမည်။
ထို့နောက် ထိုင်၍ လက်အုပ်ချီမိုးလျက်...
ဩကာသ, ဩကာသ, ဩကာသ ဘုရားရတနာ, တရားရတနာ, သံဃာရတနာတည်းဟူသော ရတနာမြတ်သုံးပါး အပေါင်းအား ကာယဝန္ဒနာ, ဝါစာဝန္ဒနာ, မနောဝန္ဒနာတည်းဟူသော သုံးပါးသော ရှိခိုးခြင်းတို့ဖြင့် အကျွန်ုပ် အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ဘုရား။
ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါရသော ဤကောင်းမှု, ဤကုသိုလ်စေတနာ၏ အာနုဘော်ကြောင့် ဒိဋ္ဌဓမ္မ ဤဘဝမှစ၍ ဖြစ်လေရာရာ ဘဝတိုင်းတို့၌ အပါယ်လေးပါး, ကပ်သုံးပါး, ရပ်ပြစ်ရှစ်ပါး, ရန်သူမျိုးငါးပါး, ဝိပတ္တိတရား လေးပါးတို့မှ အစဉ်ကင်းလွတ်၍ ရာဂ ဒေါသ မောဟ ဇာတိအစရှိသော မီးတစ်ဆယ့်တစ်ပါးတို့၏ ကင်းငြိမ်းရာ ခေမာအမတံ ပြည်နိဗ္ဗာန်သို့ အမြန်ရောက်ရပါလို၏၊။
[ဩကာသ ကြေကြေမွမွရစေ]
ဩကာသဆိုပုံပြီး၏။
နမော တဿ ပါဌ် အနက်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
[သုံးခေါက်ဆို]
အရဟတော၊ ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံတော်မူထိုက်ကြောင်းဖြစ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော် မူပေထသော။ သမ္မာသမ္ဗုဒ္ဓဿ၊ သစ္စာဉေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင် ပေါ် သိမြင်တော်မူပေထသော။ တဿ ဘဂဝတော၊ ထိုမြတ်စွာဘုရား အား။ နမော-နမာမိ၊ ရှိခိုးပါ၏။
[ဤနမောတဿ-ကို မဟာနမက္ကာရကြီးဟူ၍ သဒ္ဒနီတိကျမ်း၌ ဆို၏၊ ဘုရားလက်တော်မှ အစဉ်အဆက်လာသော မဟာပဏာမကြီး ပေတည်း။။ ကြေကြေမွမွ ရစေ။]
နမော တဿပါဌ် အနက်ပြီး၏။
*********
သရဏဂုံ ပါဌ်, အနက်
၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
၂။ ဓမ္မံ သရဏံ ဂစ္ဆာမိ။
၃။ သံဃံ သရဏံ ဂစ္ဆာမိ။
[ဒုတိယမ္ပိ၊ တတိယမ္ပိ သုံးခေါက်ဆိုလေ]
၁။ ဗုဒ္ဓံ=မြတ်စွာဘုရားကို၊ သရဏံ-သရဏံဣတိ၊ ဒုက္ခကင်း ပျောက် ချမ်းသာရောက်ဖို့ ထောက်ရာ, တည်ရာ, ကိုးကွယ် ရာဟူ၍၊ ဂစ္ဆာမိ=ဆည်းကပ်ပါ၏။
၂။ ဓမ္မံ=မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန်, ပရိယတ်- အမြတ် ဆယ်ဖော် တရားတော်ကို၊ သရဏံ-သရဏံဣတိ= ဒုက္ခကင်းပျောက် ချမ်းသာရောက်ဖို့ ထောက်ရာ, တည်ရာ, ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ=ဆည်းကပ်ပါ၏။
၃။ သံဃံ=သီလဝန်, ဂုဏဝန်, ပညဝန်, ကလျာဏပုထုဇ္ဇန် အရှင်မွန် အရှင်မြတ်တိုနှင့်တကွ ပရမတ္ထသံဃာ အရိယာ ပုဂ္ဂိုလ်အပေါင်းကို။ သရဏံ-သရဏံဣတိ=ဒုက္ခကင်း ပျောက် ချမ်းသာရောက်ဖို့ ထောက်ရာ,တည်ရာ, ကိုးကွယ် ရာ-ဟူ၍၊ ဂစ္ဆာမိ=ဆည်းကပ်ပါ၏။
[ကြေကြေ မွမွရစေ။]
သရဏဂုံ ပါဌ်, အနက်ပြီး၏။
*********
၅-ပါးသီလ ပါဌ်, အနက်
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၁။ ပါဏာတိပါတာ=သူ့အသက်ကိုသတ်ခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ=လွတ်ကင်းလေအောင် ဝေးစွာရှောင်ခြင်း တည်းဟူသော သိက္ခာပဒ သီလအစု ကုသိုလ်မှုကို၊ သမာဒိယာမိ=ကောင်းစွာခံယူဆောက်တည်ပါ၏။
၂။ အဒိန္နာဒါနာ=အရှင်မပေးသော သူ၏ဥစ္စာကို ယူခြင်းမှ၊ ဝေရမဏိ-သိက္ခာပဒံ=လွတ်ကင်းလေအောင် ဝေးစွာ ရှောင်ခြင်း တည်းဟူသော သိက္ခာပဒ သီလအစု ကုသိုလ် မှုကို၊ သမာဒိယာမိ=ကောင်းစွာခံယူ ဆောက်တည်ပါ၏၊
၃။ ကာမေသု=ကာမမှုတို့၌၊ မိစ္ဆာစာရာ=မှောက်မှောက် မှားမှား ပြုကျင့်ခြင်းမှ၊ ဝေရမဏိ-သိက္ခာပဒံ=လွတ်ကင်းလေအောင် ဝေးစွာရှောင်ခြင်းတည်းဟူသော သိက္ခာပဒ သီလအစု ကုသိုလ်မှုကို၊ သမာဒိယာမိ=ကောင်းစွာ ခံယူဆောက်တည် ပါ၏။
၄။ မုသာဝါဒါ=မဟုတ်မမှန်သည်ကို အမှန်အဟုတ် ပြုလုပ်ပြော ဆိုခြင်းမှ၊ ဝေရမဏိ-သိက္ခာပဒံ=လွတ်ကင်းလေအောင် ဝေးစွာရှောင်ခြင်းတည်းဟူသော သိက္ခာပဒ သီလအစု ကုသိုလ်မှုကို၊ သမာဒိယာမိ=ကောင်းစွာ ခံယူဆောက် တည်ပါ၏။
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ=သေရည်ငါးထွေ သေရက် ငါးပါး ယစ်မျိုးများနှင့် အစားအလောင်း မေ့လျော့ကြောင်းမှ၊ ဝေရမဏိ-သိက္ခာပဒံ=လွတ်ကင်းလေအောင် ဝေးစွာရှောင် ခြင်းတည်းဟူသော သိက္ခာပဒ သီလအစု ကုသိုလ်မှုကို၊ သမာဒိယာမိ=ကောင်းစွာခံယူ ဆောက်တည်ပါ၏၊ ငါးပါးသီလ ပါဌ်, အနက်ပြီး၏။
၈-ပါးသီလ ပါဌ်, အနက်
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၆။ ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၈-ပါးသီလ၌ ထူးသောအနက်
၃။ အဗြဟ္မစရိယာ=မေထုန်ကာမ ယုတ်ညံ့လှသော အကျင့်မှ
၆။ ဝိကာလဘောဇနာ=နေလွဲညစာ စားခြင်းမှ
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ=ကပွဲ, သီပွဲ, တီးမှုတ်ပွဲ, လက်ဝှေ့ပွဲ, လက်ပမ်းပွဲ, ဆင်တိုက်ပွဲ, မြင်းပြိုင်ပွဲ စသည်တို့ကို ကြည့်ရှုခြင်း, ပန်းပန်ခြင်း, နံ့သာလိမ်းခြင်း, အလှဆေး ခြယ်လယ်ခြင်း စသော အရာဌာနမျိုးမှ
၈။ ဥစ္စာသယန မဟာသယနာ=တစ်တောင့်ထွာ ပမာဏထက် မြင့်သော ပလ္လင်ညောင်စောင်း, အကောင်းအမြတ် ဖြစ်သော အခင်းနှီးမျိုးမှ၊ ဝေရမဏိ သိက္ခာပဒံ=လွတ်ကင်း လေအောင် ဝေးစွာရှောင်ခြင်းတည်းဟူသော သိက္ခာပဒ သီလအစု ကုသိုလ်မှုကို၊ သမာဒိယာမိ=ကောင်းစွာခံယူ ဆောက်တည်ပါ၏။
၈-ပါးသီလ ပါဌ်, အနက် ပြီး၏။
သုစရိုက် ၁၀-ပါး
၁။ ကာယဒုစ္စရိုက် ၃-ပါးမှ ကြဉ်ရှောင်မှုသည် ကုသိုလ်ကာယကံ ၃-ပါးဖြစ်၏။
၂။ ဝစီဒုစ္စရိုက် ၄-ပါးမှ ကြဉ်ရှောင်မှုသည် ကုသိုလ်ဝစီကံ ၄- ပါးဖြစ်၏။
၃။ အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိ ဤသုံးပါးသည် ကုသိုလ် မနောကံ ၃-ပါးမည်၏။
[သုစရိုက် ၁၀-ပါးတည်း၊ ကုသလကမ္မပထ တရား ၁၀-ပါးလည်း ခေါ်၏၊]
* ကာ.ဒုသုံးပါး၊ ကြဉ်ရှောင်ငြား၊ သုံးပါး ကာယကံ။ * နှုတ်.ဒုလေးပါး၊ ကြဉ်ရှောင်ငြား၊ လေးပါး ဝစီကံ။ * အနဘိဇ္ဈာ၊ အဗျာပါ နှင့်၊ သမ္မာဒိဋ္ဌိ၊ ဖြောင့်မှန်သိ၊ တြိ မနောကံ။
ဟူ၍ စပ်ဆိုခဲ့ပေသည်။
သူ့ပိုင်နက်ကို သူ့ပိုင်နက်အနေနှင့် ကြည်ဖြူနေမှုသည် အနဘိဇ္ဈာမည်၏၊ မေတ္တာတရားသည် အဗျာပါဒမည်၏၊ ပေးကမ်း လှူဒါန်းမှုသည် နောင်ဘဝ၌ အကျိုးရှိ၏-စသည်ဖြင့် အမှုဝတ္ထု ၁၀- မျိုးရှိသော ဒိဋ္ဌိသည် သမ္မာဒိဋ္ဌိမည်၏။
သုစရိုက် ၁၀-ပါး ပြီး၏။
ပုညကိရိယာ ဝတ္ထု ၁၀-ပါး
၁။ ဒါနံ= လှူဒါန်းပေးကမ်းခြင်းတစ်ပါး။
၂။ သီလံ= နိစ္စသီလ, ဥပေါသထသီလ ဟူသော သီလတစ်ပါး။
၃။ ဘာဝနာ= သမထဘာဝနာ, ဝိပဿနာဘာဝနာ ဟူသော ဘာဝနာတစ်ပါး။
၄။ အပစာယနံ=ရိုသေသမှုပြုခြင်းဟူသော အပစာယန တစ်ပါး။
၅။ ဝေယျာဝစ္စံ=ကောင်းသောအမှုတို့၌ ကြောင့်ကြစိုက် ထုတ်ခြင်းဟူသော ဝေယျာဝစ္စ တစ်ပါး။
၆။ ပတ္တိဒါနံ= မိမိပြုသော ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား ဝေငှခြင်းဟူသော ပတ္တိဒါန တစ်ပါး။
၇။ ပတ္တာနုမောဒနံ=သူဝေငှသော ကုသိုလ်အဖို့ကို သာဓု ခေါ်ခြင်းဟူသော ပတ္တာနုမောဒန တစ်ပါး။
၈။ ဓမ္မဿဝနံ=သူသင်ကြားပြောဟောသော တရားကို ကြည်ညိုစွာ နာယူခြင်းဟူသော ဓမ္မဿဝန တစ်ပါး။
၉။ ဓမ္မဒေသနာ=မိမိသိရှိသော တရားကို သူတစ်ပါးအား သင်ကြားပြောဟောခြင်းဟူသော ဓမ္မဒေသနာ တစ်ပါး။
၁၀။ ဒိဋ္ဌိဇုကမ္မံ=အမှုဝတ္ထု ၁၀-မျိုးရှိသော သမ္မာဒိဋ္ဌိဉာဏ်ကို ဖြောင့်မတ်အောင် ပြုခြင်းဟူသော ဒိဋ္ဌိဇုကမ္မတစ်ပါး။
ပုညကြိယာဝတ္ထု ၁၀-ပါးပြီး၏။
ပါရမီ ၁၀-ပါး
၁။ ဒါနံ= ဒါနပါရမီ။
၂။ သီလံ= သီလပါရမီ။
၃။ နေက္ခမ္မံ= နေက္ခမ္မပါရမီ။
၄။ ပညာ= ပညာပါရမီ။
၅။ ဝီရိယံ= ဝီရိယပါရမီ။
၆။ ခန္တီ= ခန္တီပါရမီ။
၇။ သစ္စံ= သစ္စာပါရမီ။
၈။ အဓိဋ္ဌာနံ= အဓိဋ္ဌာနပါရမီ။
၉။ မေတ္တာ= မေတ္တာပါရမီ။
၁၀။ ဥပေက္ခာ= ဥပေက္ခာပါရမီ။
ပါရမီ ၁၀-ပါးပြီး၏။
*********
ဗြဟ္မဝိဟာရတရား ၄-ပါး
၁။ မေတ္တာ= မေတ္တာတရား။
၂။ ကရုဏာ= ကရုဏာတရား။
၃။ မုဒိတာ= မုဒိတာတရား။
၄။ ဥပေက္ခာ= ဥပေက္ခာတရား။
[ဗြဟ္မဝိဟာရတရား ၄-ပါး၊ ဗြဟ္မစိုရ်တရား ၄-ပါးလည်း ခေါ်၏၊]
ဗြဟ္မဝိဟာရတရား ၄-ပါး ပြီး၏။
ဗောဓိ ၃-ပါး
၁။ သာဝကဗောဓိ။
၂။ ပစ္စေကဗောဓိ။
၃။ သမ္မာသမ္ဗောဓိ။
[သရဏဂုံ ၃-ပါးမှ စ၍ ဗောဓိ ၃-ပါးတိုင်အောင် ဤတရားတို့၌ သဒ္ဓါ, ပညာ ကောင်းစွာတည်အောင် ဆုံးမခြင်းသည်လည်း ကောင်းရာ သွင်းထားမှု မည်၏၊]
ဗောဓိ ၃-ပါး ပြီး၏။
*********
ဘုရားဂုဏ်တော် ၉-ပါး
ဣတိပိ သော ဘဂဝါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာဒေဝမနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ။
အရဟံ ဂုဏ်တော်
၁။ သော ဘဂဝါ=ထိုအကျွန်ုပ်တို့ဆရာ မြတ်စွာဘုရား သည်၊ ဣတိပိ=ဤသို့လျှင် ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့၏ ကြည်ဖြူကော် ရော် ပူဇော်အထူးကို ခံထိုက်ကြောင်းဖြစ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူပေ သောကြောင့်လည်း၊ အရဟံ=အရဟမည်တော်မူပေ၏။
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်
၂။ ဣတိပိ=ဤသို့လျှင် သစ္စာဉေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူပေသောကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓ မည်တော်မူပေ၏။
ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်
၃။ ဣတိပိ=ဤသို့လျှင် စရဏအပြား တစ်ဆယ့်ငါးတည့် သုံးပါး, ရှစ်ဖြာ ဉာဏ်ဝိဇ္ဇာတို့နှင့် ကောင်းစွာပြည့်စုံ တော်မူပေသော ကြောင့်လည်း၊ ဝိဇ္ဇာစရဏသမ္ပန္နော=ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပေ၏။
သုဂတဂုဏ်တော်
၄။ ဣတိပိ=ဤသို့လျှင် သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ မကပ်ငြိပဲ မဇ္ဈိမပဋိပတ် ကောင်းမြတ်ဖြောင့်တန်း မဂ္ဂင်လမ်းဖြင့် ရွှေနန်းပုရီ ဘေးမဲ့ပြည်သို့ ကြွချီဆိုက်ရောက်တော်မူပေသောကြောင့်လည်း၊ သုဂတော=သုဂတ မည်တော်မူပေ၏။
လောကဝိဒူဂုဏ်တော်
၅။ ဣတိပိ=ဤသို့လျှင် ကာမ, ရူပ, အရူပ-ဟု လောက အပြင် ဘုံတစ်ခွင်ကို ကုန်စင်ခပင်း မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင်တော်မူပေသောကြောင့်လည်း၊ လောကဝိဒူ=လောကဝိဒူ မည်တော်မူပေ၏။
အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်
၆။ ဣတိပိ=ဤသို့လျှင် ဇာတိမာန်, ပုညမာန်, ဂုဏမာန်, ဗလမာန်, ဣဒ္ဓိမာန်, ပညာမာန်တို့ဖြင့် မိုးစွန်ကြွားကြွား ငါတကား-ဟု ကြုံးဝါးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ, အင်္ဂုလိမာလ, သစ္စကနှင့် ဗကဗြဟ္မာ သတ္တဝါတို့ကို ဒေသနာသံ ဆိပ်အန်ငြိမ်းဆေး အမြန်ပေး၍ ယဉ်ကျေးအောင်ပြု ဆုံးမမှုဝယ် အတုမရှိ လွန်ကဲဘိသောကြောင့်လည်း၊ အနုတ္တရောပုရိသဒမ္မသာရထိ=အနုတ္တရောပုရိသဒမ္မသာရထိ မည်တော် မူပေ၏။
သတ္ထာဒေဝမနုဿာနဂုဏ်တော်
၇။ ဣတိပိ=ဤသို့လျှင် လူ, နတ်, ဗြဟ္မာ သတ္တဝါအများ သောင်းတိုက်သားတို့၏ ဝပ်တွားရှိပျောင်း ညွတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်ပေသောကြောင့်လည်း၊ သတ္ထာဒေဝ မနုဿာနံ=သတ္ထာဒေဝမနုဿာန မည်တော်မူပေ၏။
ဗုဒ္ဓဂုဏ်တော်
၈။ ဣတိပိ=ဤသို့လျှင် သစ္စာလေးရပ် တရားမြတ်ကို လူ, နတ်အများ သိထင်ရှားအောင် ဟောကြားထုတ်ဖော် သိစေတော် မူပေသောကြောင့်လည်း၊ ဗုဒ္ဓေါ=ဗုဒ္ဓ မည်တော်မူပေ၏။
ဘဂဝါဂုဏ်တော်
၉။ ဣတိပိ=ဤသို့လျှင် ဘုန်းတော်အနန္တ, ကံတော်အနန္တ, ဉာဏ်တော်အနန္တ, တန်ခိုးတော်အနန္တ ကြီးမြတ်လှ၍ လောကသုံးပါး လူအများတို့ လေးစားဂရု ချီးပမှုကြောင့်လည်း၊ ဘဂဝါ=ဘဂဝါမည်တော်မူပေ၏။
တံ=ထိုအရဟံ အစ, ဘဂဝါအဆုံး ဘဝဂ်ချုန်းမျှ ဘုန်းရှိန်ကြီးမား ဂုဏ် ၉-ပါးနှင့် ပြည့်စုံတော်မူ သောမြတ်စွာဘုရားကို၊ အဟံ=တပည့်တော် သည်၊ ဝန္ဒာမိ=ရှိခိုးပါ၏။
ဘုရားဂုဏ်တော် ၉-ပါးပြီး၏။
*********
တရားဂုဏ်တော် ၆-ပါး
သွာက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ ဩပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။
သွာက္ခာတဂုဏ်တော်
၁။ ဘဂဝတာ=မြတ်စွာဘုရားသည်၊ ဓမ္မော=တရား တော် မြတ်ကို၊ သွာက္ခာတော=အစ, အလယ်, အဆုံး-သုံးပါးအစုံ ကောင်းခြင်း ဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူအပ်ပါပေ၏။
သန္ဒိဋ္ဌိကဂုဏ်တော်
၂။ သန္ဒိဋ္ဌိကော=ကျင့်ဆောင်သူတို့အား ယခုဘဝ ပစ္စက္ခ၌ပင် ဒိဋ္ဌကိုယ်တွင် တွေ့မြင်ခံစားရသော ဂုဏ်ကျေးဇူး အထူးနှင့်လည်း ပြည့်စုံ တော်မူပါပေ၏။
အကာလိကဂုဏ်တော်
၃။ အကာလိကော=ကာလမရွေ့ ကျင့်သည့်နေ့ပင် တွေ့မြင် ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့်လည်း ပြည့်စုံတော်မူပါပေ၏။
ဧဟိပဿိက ဂုဏ်တော်
၄။ ဧဟိပဿိကော=လာရောက်ရှုမြင် ကျေးဇူးတင် မြဲဖြစ်၍ လာပါ, ရှုပါ, ကျင့်ကြံပါဟု မပါ ပါအောင် ခေါ်ဆောင်သွတ်သွင်း တိုက် တွန်းခြင်းငှာ ထိုက်တန်စွာသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံ တော်မူပါပေ၏။
ဩပနေယျိက ဂုဏ်တော်
၅။ ဩပနေယျိကော=မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက် ရောက် ကိုယ်တွေ့မြောက်အောင် ကပ်၍ဆောင်ထိုက်သော ဂုဏ်ထူး ဝိသေသနှင့်လည်း ပြည့်စုံတော်မူပါပေ၏။
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဂုဏ်တော်
၆။ ဝိညူဟိ=ပညာရှိသူ ရှင်,လူအပေါင်း သူတော်ကောင်း တို့သည်၊ ပစ္စတ္တံ=အသီးအသီးသော မိမိတို့သန္တာန်၌၊ ဝေဒိတဗ္ဗော= ချမ်းသာလေစွာ့, ကောင်းလေစွာ့ဟု ကာယ,စိတ္တ သုခနှစ်ပြင် ထင်ထင် ရှားရှား ခံစားသိမြင်ရသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော် မူပါပေ၏။
တံ=ထိုသွာက္ခာတ အစ, ဝေဒိတဗ္ဗောအဆုံး ဘဝဂ်ချုန်းမျှ ဘုန်း ရှိန်ကြီးမား ဂုဏ် ၆-ပါးနှင့် ပြည့်စုံသော တရားတော်မြတ်ကို၊ အဟံ= တပည့်တော်သည်၊ ဝန္ဒာမိ=ရှိခိုးပါ၏။
တရားဂုဏ်တော် ၆-ပါးပြီး၏။
*********
သံဃာ့ဂုဏ်တော် ၉-ပါး
သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။
သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ၊
ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။
သုပ္ပဋိပန္န ဂုဏ်တော်
၁။ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော= သီလဝန်, ဂုဏဝန်, ပညဝန်, ကလျာဏပုထုဇ္ဇန် အရှင်မွန် အရှင်မြတ် တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာ ၈-ပါး တပည့်သား သံဃာတော်မြတ် အပေါင်းသည်၊ သုပ္ပဋိပန္နော=အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာ သုံးရပ် လွန်ကောင်းမြတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော် မူပါပေ၏။
ဥဇုပ္ပဋိပန္န ဂုဏ်တော်
၂။ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော= သီလဝန်, ဂုဏဝန်, ပညဝန်, ကလျာဏပုထုဇ္ဇန် အရှင်မွန် အရှင်မြတ် တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာ ၈-ပါး တပည့်သား သံဃာတော်မြတ် အပေါင်းသည်၊ ဥဇုပ္ပဋိပန္နော=အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာ သုံးရပ် လွန်ဖြောင့်မတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော် မူပါပေ၏။
ဉာယပ္ပဋိပန္န ဂုဏ်တော်
၃။ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော= သီလဝန်, ဂုဏဝန်, ပညဝန်, ကလျာဏပုထုဇ္ဇန် အရှင်မွန် အရှင်မြတ်တို့နှင့် တကွ ပရမတ္ထသံဃာ အရိယာ ၈-ပါး တပည့်သား သံဃာတော်မြတ် အပေါင်းသည်၊ ဉာယပ္ပဋိပန္နော=အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် လွန်သင်ြ့မတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ ပါပေ၏။
သာမိစိပ္ပဋိပန္န ဂုဏ်တော်
၄။ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော= သီလဝန်, ဂုဏဝန်, ပညဝန်, ကလျာဏပုထုဇ္ဇန် အရှင်မွန် အရှင်မြတ်တို့နှင့် တကွ ပရမတ္ထသံဃာ အရိယာ ၈-ပါး တပည့်သား သံဃာတော်မြတ် အပေါင်းသည်၊ သာမိစိပ္ပဋိပန္နော=အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် ရိုသေအပ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပါ ပေ၏။
ယဒိဒံ-ယာနိ ဣမာနိ စတ္တာရိ ပုရိသယုဂါနိ=အကြင်-၄-ပါးသော ယောကျ်ားမြတ်အစုံတို့သည်၊ သန္တိ=ရှိကုန်၏၊ ယဒိဒံ-ယေ ဣမေ အဋ္ဌပုရိသပုဂ္ဂလာ=အကြင်၈-ပါးသော ယောကျ်ားမြတ်တို့သည်၊ သန္တိ= ရှိကုန်၏။
အာဟုနေယျ ဂုဏ်တော်
၅။ ဘဂဝတော=မြတ်စွာဘုရား၏၊ ဧသ ဧသော သာဝက သံဃော=ဤ ၄-စုံ-၈-ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်၊ အာဟုနေယျော=အာဂန္တုအား ရည်၍ထားအပ်သော အလှူဝတ္ထုမျိုးကို လည်း ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာ ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပါပေ၏။
ပါဟုနေယျ ဂုဏ်တော်
၆။ ပါဟုနေယျော=လက်ဆောင်အလို့ငှာ ယူ၍လာသော အလှူဝတ္ထုမျိုးကိုလည်း ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပါပေ၏။
ဒက္ခိဏေယျ ဂုဏ်တော်
၇။ ဒက္ခိဏေယျော=နောက်နောက်ဘဝ အကျိုးရဖို့ ပျိုးချ တုံလတ် မြတ်သောအလှူဝတ္ထုမျိုးကိုလည်း ခံယူခြင်းငှာ ထိုက်တန်စွာ သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပါ ပေ၏။
အဉ္ဇလိကရဏီယ ဂုဏ်တော်
၈။ အဉ္ဇလိကရဏီယော=လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့၏ လက်အုပ်ချီခြင်းကို ခံယူထိုက်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာ ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပါပေ၏။
အနုတ္တရ ပုညက္ခေတ္တ လောကဿ ဂုဏ်တော်
၉။ လောကဿ=လူအပေါင်း၏၊ အနုတ္တရံ=အတုမရှိ မြင့် မြတ်သော၊ ပုညက္ခေတ္တံ=ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်တာမြေ ကောင်း သဖွယ်လည်း ဖြစ်တော်မူပါပေ၏။
တံ=ထိုသုပ္ပဋိပန္န အစ, ပုညက္ခေတ္တံ အဆုံး ဘဝဂ်ချုန်းမျှ ဘုန်း ရှိန်ကြီးမား ဂုဏ်၉-ပါးနှင့် ပြည့်စုံတော်မူပေသော သံဃာတော်မြတ် အပေါင်းကို၊ အဟံ=တပည့်တော်သည်၊ ဝန္ဒာမိ=ရှိခိုးပါ၏။
ဤ ဘုရားဂုဏ် ၉-ပါး, တရားဂုဏ် ၆-ပါး, သံဃာ့ဂုဏ် ၉- ပါးကို အဓိပ္ပါယ်နှင့်တကွ ရေလည်စွာ မသိသောသူသည် ဘုရား, တရား, သံဃာကို ဉာဏ်နှင့် ကြည်ညိုတတ်သောသူ မဟုတ်၊ ထိုသူ၌ တိဟိတ် ကုသိုလ် မဖြစ်၊ ဒွိဟိတ်ကုသိုလ်သာ ဖြစ်၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာ လူမျိုးမှန်လျှင် ဤဂုဏ်တော် ၃-ပါးအနက်ကို နှုတ်တက်ကြေမွ တကယ် ရမှ သင့်မြတ်သတည်း။
[ဤ ဂုဏ်တော် ၃-ပါး ဘုရားရှိခိုးသည် သုတ္တန်ပိဋကတ်၌ မြတ်စွာဘုရား ကိုယ်တော်တိုင် အဖန်ဖန်ဟောတော်မူ၏၊ ဤ ဘုရားရှိခိုး ကြီးထက် ကြီးမြတ်သော ဘုရားရှိခိုး မရှိပြီ၊ နမော တဿ ပါဌ်, အနက် သရဏဂုံ ၃-ပါး ပါဌ်, အနက် တို့နှင့် ရှိခိုးပြီးနောက် ဤ ဂုဏ်တော် ၃- ပါးပါဌ် အနက်တို့နှင့် ရှိခိုးလေ။]
သံဃာ့ဂုဏ်တော် ၉-ပါး ပြီး၏။
-------- * --------
ယောကျ်ားကလေးများ ဆုတောင်း
ဣမိနာပုညေန=ယခုအကျွန်ုပ်ပြုရသော ဤကောင်းမှု, ဤ ကုသိုလ်ကြောင့်၊ ဒိဋ္ဌဓမ္မေ=ယခုဘဝ ပစ္စက္ခ၌၊
* ဒီဃာယုကော=အသက်ရှည်ခြင်းနှင့် ပြည့်စုံသည်၊ ဘဝါမိ=ဖြစ်ရပါလို၏၊
* အရောဂေါ=အနာခပ်သိမ်းတို့မှ ကင်းလွတ်ရသည်၊ ဘဝါမိ=ဖြစ်ရပါလို၏၊
* အဝေရော=ရန်သူခပ်သိမ်းတို့မှ ကင်းလွတ်ရသည်၊ ဘဝါမိ=ဖြစ်ရပါလို၏၊
* အနဝဇ္ဇေသု=အပြစ်မရှိကုန်သော၊ ဌာနေသု=လောက, ဓမ္မ နှစ်ဌာနတို့၌၊ စိန္တာသိဒ္ဓေါ=ကြံတိုင်းလည်းအောင် ဆောင်တိုင်းလည်းမြောက် အဆုံးရောက်အောင် ထမြောက်ပြီးစီးနိုင်သည်၊ ဘဝါမိ=ဖြစ်ရပါလို၏၊
* သမ္ပရာယေ=နောင်တမလွန်ဘဝ၌၊ ဥစ္စကုလေသု= မြင့်မြတ်သော လူမျိုး, မြတ်သော နတ်မျိုးတို့၌၊ ဘဝါမိ= ဖြစ်ရပါလို၏၊
* မဟဒ္ဓနော=ကြီးမြတ်သော ဥစ္စာဓနဂုဏ်နှင့် ပြည့်စုံ သည်၊ ဘဝါမိ=ဖြစ်ရပါလို၏၊
* မဟိဒ္ဓိကော=ကြီးမြတ်သော တန်ခိုးတေဇာ အရှိန် အဝါနှင့် ပြည့်စုံသည်၊ ဘဝါမိ=ဖြစ်ရပါလို၏၊
* သဒ္ဓါသမ္ပန္နော=ထက်သန်သော သဒ္ဓါတရားနှင့် ပြည့်စုံ သည်၊ ဘဝါမိ=ဖြစ်ရပါလို၏၊
* သုက္ကဓမ္မော=မကောင်းမှုဒုစ္စရိုက်တို့မှ ရှက်တတ်ခြင်း, ကြောက်တတ်ခြင်းဟူသော ဖြူစင်သော တရား ၂- ပါးနှင့် အခါခပ်သိမ်းပြည့်စုံသည်၊ ဘဝါမိ=ဖြစ်ရပါ လို၏။
* ဗဟုဿုတော=အတတ်ပညာ ဝိဇ္ဇာသိပ္ပ ဟူသမျှတို့၌ ကြားကာ, မြင်ကာ, ကြံစည်ကာနှင့် လိမ္မာတတ်မြောက် ပေါက်ရောက်နိုင်ငြား အလွန်များသော ဗဟုဿုတ ဂုဏ်နှင့် ပြည့်စုံသည်၊ ဘဝါမိ=ဖြစ်ရပါလို၏။
* ဒါနာဘိရတော=ပေးကမ်းလှူဒါန်းမှု၌ အလွန်မွေ့ လျော်နိုင်သည်၊ ဘဝါမိ=ဖြစ်ရပါလို၏။
* သီလာဘိရတော=သီတင်းသီလ ကျင့်သုံးမှု၌ အလွန် မွေ့လျော်နိုင်သည်၊ ဘဝါမိ=ဖြစ်ရပါလို၏။
* ဘာဝနာဘိရတော=ကမ္မဋ္ဌာန်းဘာဝနာ ပွါးများမှု၌ အလွန်မွေ့လျော်နိုင်သည်၊ ဘဝါမိ=ဖြစ်ရပါလို၏။
* အန္တိမဘဝေ=အဆုံးဘဝ၌၊ ဂုဏဂဏပရိဝါရံ=ပဋိသမ္ဘိဒါ, အဘိညာဏ်, စျာန် ဂုဏ်ပေါင်းရံအပ်သော၊ အရဟတ္တံ= အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ကို၊ လဘာမိ= ရ-ရပါလို၏။
ယောကျ်ားကလေးများ ဆုတောင်း ပြီး၏။
*********
မိန်ကလေးများ ဆုတောင်း
* သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ ရတနာကို၊ သဒ္ဓါရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပါရ၊ ဤပုညကြောင့်၊ ဒိဋ္ဌမျက်မြင်၊ ဘဝတွင်လည်း၊ ကင်းစင်အန္တရာယ်၊ ကောင်းကျိုးကြွယ်လျက်၊ ဆယ်ဖြာအညီ၊ ပါရမီနှင့်၊ ဆယ်လီ ပုည၊ မြတ်ဓမ္မလည်း၊ နိစ္စရွှင်ဖြိုး၊ နေ့စဉ်တိုးသည်..သက်ဇိုဝ်းကျွန်မ ရှည်စေသော်။
* ဘဝတဖန်၊ ဖြစ်တုံပြန်လည်း၊ လေးတန်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ကင်းတုံလစ်၍၊ ရှင်ချစ်မြတ်စွာ၊ သာ သနာလျှင်၊ ရောင်ဝါထိန်ဝင်း၊ လင်းရာမေတ္တာ၊ လူကောင်း, နတ်ကောင်း၊ ဘဝကောင်း၌၊ ညွတ်ညောင်း သန္ဓေ၊ တိဟိတ်နေ၍၊ ဆွေလယ်မျိုးလယ်၊ တန်ခိုးကြွယ် သည်... လနှယ်ကျွန်မ ထွန်းစေသော်။
* အသိအလိမ္မာ၊ ဉာဏ်ပညာနှင့်၊ သဒ္ဓါ, သီလ၊ သုတ ပြည့်ဖြိုး၊ ဂုဏ်တန်ခိုးလည်း၊ အမျိုးလေးဖော်၊ သတင်း ကျော်လျက်၊ သူတော်တို့ထုံး၊ ကျင့်သုံးတရား၊ အမှား မလိုက်၊ စရိုက်စင်ဖြူ၊ အလှူရေစက်၊ လက်နှင့်မကွာ၊ ရှစ်ဖြာဥပုသ်၊ မယုတ်ကြိုးစား၊ လေးပါးဗြဟ္မစိုရ်၊ ရွှန်းရွှန်း စိုသည်.... ကုသိုလ်ကိုယ်လုံး-ထုံစေသော်။
* ပတ္တမြားပလ္လင်၊ ကံ့ကော်ပင်ဝယ်၊ ငါးအင်မာရ်စစ်၊ အောင်ပွဲလှစ်၍၊ ခေတ်ဇာတိလုံး၊ သိမ့်သိမ့်ချုန်းလျက်၊ ရွှေဘုန်းစိုက်ထူ၊ ပွင့်တော်မူသား၊ သုံးလူသခင်၊ မိတေး ရှင်ကို၊ မျက်မြင်ဖူး၍၊ အထူးကြည်ညို၊ ဘုန်းရိပ် ခိုသည်....မဂ်, ဖိုလ် ကျွန်မ-ရောက်စေသော်။
* သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ အရိယာအား၊ ရတနာမိုး၊ ရွာသွန်းဖြိုးသို့၊ ကိုးပါး ခြောက်စုံ၊ ကိုးရပ်ဂုဏ်ကို၊ အာဂုံချီးကျူး၊ နှုတ်လျှာမြူး၍၊ ကြည်နူးဆွဆွ၊ ရှိခိုးရသား၊ ကျွန်မကုသိုလ်၊ အဖို့ကိုလျှင်၊ မွေးမိခင်နှင့်၊ ဖခင်,ဆရာ၊ ဉာတကာက၊ သတ္တဝါအများ၊ နတ်တို့အားလည်း၊ ရငြားပါစေ မျှပေးဝေသည် ကောင်းထွေ သာဓု- ခေါ်စေသော်။
[ဤတွင်ရွေ့ကား- “မကောင်းမြစ်တား ကောင်းရာထား” ဟူသော စကား၌ ဗုဒ္ဓဘာသာလူမျိုးမှန်ခဲ့လျှင် ငယ်ရွယ်စဉ်ကပင် ကြေကြေမွမွ ရထိုက် သိထိုက်လှသော ဌာနစုကို ပြဆိုခန်းပြီး၏၊]
မိန်းကလေးများ ဆုတောင်း ပြီး၏။
*********
သတိပြုရန်အချက်များ
ဆရာဝတ်၌ တပည့်တပန်းတို့အား အသက်ရှည်ကြောင်း, အနာကင်းကြောင်း, ဘေးရန်ကင်းကြောင်း အထူးကောင်းလှသော လောကနည်းလမ်းနှင့် ဓမ္မနည်းလမ်းများကိုလည်း အသက်ထက်ဆုံး စွဲမြဲကြရန် သင်ကြားလိုက်နာရမည် ဟုပါရှိ၏၊ မြန်မာလူမျိုးတို့၌ ပရိတ်ကြီး သင်ရိုးရှိသည်လည်း ဤဝတ်အတွက်ပင်။
ယခုအခါသည် ရောဂါဥပဒ် များပြားလှသောအခါဖြစ်၍ ဤ ဝတ်ကို ဆရာဖြစ်သူတို့ အထူးအားထုတ်သင့်၏၊ ပရိတ်ကြီး တစ်စောင် လုံးဆိုလျှင် များလှ၍ မဆောင်နိုင်ရှိ၏၊ အထုံဖြစ်အောင် နေ့စဉ်စွဲမြဲ၍ ရွတ်နိုင်ပါလျှင် ရတနသုတ် တစ်ခုနှင့်လည်း ပြီးပါ၏၊ မေတ္တသုတ်တစ်ခုနှင့်လည်း ပြီးပါ၏၊ ခန္ဓသုတ် တစ်ခုနှင့်လည်း ပြီးပါ၏၊ နေ့စဉ် အထုံပြု၍ စွဲမြဲမှုရှိမှ အန္တရာယ်တွေ့သောအခါရွတ်လျှင် တန်ခိုးထင် ရှားနိုင်သည်။
။အန္တရာယ်ကြီးလျှင်ကြီးလိုက် အထပ်များစွာ ရွတ်။ နှုတ်နှင့်ရွတ်မှုထက် စာကိုကြည့်၍ ဖတ်မှုသည် သာ၍ကောင်း၏၊ မရသော သူတို့လည်း ဖတ်နိုင်ကြကုန်၏၊ ရသောသူတို့လည်း အထူး ပီပြင်စွာ ဖတ်ဆိုနိုင်ကြကုန်၏။
ဝေသာလီပြည်၌ ကပ်-၃-ပါးသင့်ရာ ရတနသုတ်ကြီးကို ညဉ့်၃-ယာမ်ပတ်လုံး ရှင်အာနန္ဒာ ရွတ်ပေ၍ ပျောက်ငြိမ်း၏၊ ကပ် ဥပဒ် ကင်းငြိမ်းဖို့အတွက် သက်သက် ဟောတော်မူရသော သုတ်ကြီးပေတည်း၊ ထို့ကြောင့် မြို့ရွာ၌ ကပ်ဥပဒ် ဖြစ်ခဲ့သော် ဤသုတ်ကြီးကို ကမ္မဝါပြုလုပ်၍ လူရော, ရှင်ရော ဖတ်ရွတ်ရမည်။
မြို့ရွာအတွက် အများဖတ်ရွတ်ကြသောအခါ တစ်ယောက်သော သူက စာကိုကိုင်၍ ဖတ်ရမည်၊ ၂၀-ကျော်, ၃၀-မျှသော သူတို့က တစ်သံတည်းကျအောင် လိုက်ရမည်၊ တစ်ရွာလုံး, တစ်ရပ်လုံး နှံ့လေ အောင် လမ်းလျှောက် မတ်တတ်သွား၍ ဖတ်ရွတ်ကြရမည်၊ ကပ်ဥပဒ် မငြိမ်းမခြင်း ညစဉ်ဖတ်၊ ကပ်ဥပဒ်ပျောက်ငြိမ်းမှ တန်၊ မိမိတို့ အိမ်မှာ လည်း နေဝင်လျှင် အိမ်ရှိလူကုန် တစ်အိမ်လုံး ဖတ်ရွတ်ကြလေ။
သုတ်ပါထေယျ၌လာသော အာဋာနာဋိယ သုတ်တော်ကြီးသည် လည်း ဘီလူး, သံဘက် အန္တရာယ်ကင်းဖို့ ဟောထားသော သုတ်ကြီးပေ တည်း၊ မဟာသမယသုတ်ကြီးသည်လည်း အန္တရာယ်ကင်း သက်သက်ပေ တည်း။
သထုံပြည်၌ ဥပဒ်ဖြစ်ရာ ရဟန္တာ အရှင်သောဏမထေရ်, ဥတ္တရမထေရ်တို့ ဗြဟ္မဇာလသုတ်ကြီးကို ရွတ်၍ ပျောက်ငြိမ်းသည်-ဟု ကျမ်းဂန်၌ အထင်အရှားရှိ၏၊
ဥပ္ပါတသန္တိသည်လည်း ကပ်ဥပဒ် ငြိမ်းဖို့သက်သက်ဖြစ်၍ ဇင်းမယ်နိုင်ငံ၌ ကပ်ဥပဒ်ကြီး ဆိုက်ရောက်ရာ ဥပ္ပါတသန္တိကို တစ်မြို့လုံး ရွတ်ဖတ်ကြ၍ ကပ်ဥပဒ်ကင်းငြိမ်း၏။
ပဋ္ဌာန်းပါဠိတော်များသည်လည်း ကပ်ဥပဒ်ကို ငြိမ်းစေတတ်၏၊ မြို့အတွက်, ရွာအတွက် ဖတ်ရွတ်ကြသောအခါ ရပ်စု, ကွက်စုပြု၍ မိန်းမ, ယောက်ျားအသင်းဖွဲ့၍ဖတ်။ လူများလွန်းလျှင် အသံမကွဲမပြား ရှိတတ်၏၊ အသံကွဲပြားမှ သာ၍ကောင်းသည်၊ နှစ်ကျိပ်, နှစ်ကျိပ်ငါး, သုံးကျိပ်, သုံးကျိပ်ငါး အစုဖွဲ့၍ ဖတ်၊ အမြောက်သံ, သေနတ်သံ, စည်သံ, မောင်းသံ, အချက်ပေး၍ တစ်မြို့လုံး, တစ်ရွာလုံး တစ်ပြိုင်တည်း ဖတ်၊ တော်ချိန်ကျ လျှင်လည်း အချက်ပေး၍ တစ်ပြိုင်တည်း ရပ်၊ ကပ်ဥပဒ်မငြိမ်းမခြင်း ညစဉ် ဖတ်၊ ကပ်ဥပဒ် ပျောက်ငြိမ်းမှ တန်။
ဖတ်မည်ပြုသောအခါ တစ်မြို့လုံး, တစ်ရွာလုံး လမ်းစဉ် တလျှောက် တံမြက်လှည်း၊ လမ်းဆုံ, လမ်းခွတို့၌ ရေပြည့်အိုးတည်၊ နေဝင်လျှင် တစ်မြို့လုံးလင်းအောင် မီးထွန်း၊ ငါတို့ထုတ်ထားသော အန္တရာယ်ကင်း ပဗ္ဗာဇနိယကမ္မဝါစာ စာအုပ်မှာ ပြဆိုသော အစီအစဉ် အတိုင်း လုပ်။
ငါတို့ ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ကပ်ဥပဒ်ကြီးများကို ပျောက်ငြိမ်း စေတတ်သော သုတ္တန်ကြီး, သုတ္တန်ငယ်, ဂါထာကြီး, ဂါထာငယ် များစွာလာရှိ၏၊ အရကျက်၍လည်း မထားနိုင်ကြ၊ နှုတ်နှင့် ရွတ်ရိုးရှိ နေသည့်အတွက် အရမကျက်နိုင်သော သုတ္တန်ကြီး, ငယ်စုသည် ကပ်ဥပဒ်ရှိနေသည့်အခါ အသုံးမပြုနိုင် ရှိနေကြ၏၊ စာနှင့်ဖတ်မှုသည် ဘယ်ပါဠိတော်ကိုမဆို မိန်းမ, ယောကျ်ား အများဖတ်နိုင်၏၊ နှုတ်နှင့် ရွတ်မှုထက်လည်း ပုဒ်အက္ခရာ ပီပြင်စွာ ဆိုနိုင်သဖြင့် သာ၍ကောင်းမြတ် ၏။
ထို့ကြောင့် ဗုဒ္ဓဘာသာနိုင်ငံ၌ အစောင့်အရှောက် ဖြစ်စေခြင်းငှာ ပြဆိုခဲ့ပြီးသော ပါဠိတော်များကို ကျမ်းဂန်တို့မှ ထုတ်နှုတ်၍ စာအုပ်ပြု လုပ်ကာ အိမ်တိုင်းမှာပင် အစဉ်ထာဝရ ရှိစေဖို့ ကောင်းလှ၏၊ ပညာရှိတို့ သတိပြုကြလေကုန်။
သတိပြုရန် အချက်များပြီး၏။
*********
နေ့စဉ် အန္တရာယ်ကင်းရှင်းရန် ညွှန်ကြားချက်
၁။ နမောတဿ- မဟာနမက္ကာရကြီးသည်လည်း ဘီလူး, သံဘက် အန္တရာယ်မှ ကင်းလွတ်စေတတ်၏။
၂။ သရဏဂုံ ၃-ပါးသည်လည်း အန္တရာယ်မှ ကင်းလွတ်စေ တတ်၏။
၃။ ဣတိပိသော-ဂုဏ်တော် ၉-ပါးသည်လည်း အန္တရာယ်မှ ကင်းလွတ်စေတတ်၏။
၄။ သမ္ဗုဒ္ဓေ-သည်လည်း အန္တရာယ်မှ ကင်းလွတ်စေတတ်၏။
၅။ သိရသ္မိံ မေ ဗုဒ္ဓသေဋ္ဌော-ဟူသော ရတနာရွှေချိုင့် သည်လည်း အန္တရာယ်ကင်းဖို့ အထူးဖြစ်၏။
၆။ အောင်ခြင်း ၈-ပါးသည်လည်း အန္တရာယ်ကင်းဖို့ အထူး ဖြစ်၏။
၇။ အာဝေဏိကဂုဏ်တော် ၁၈-ပါးသည်လည်း အလွန် တန်ခိုးကြီးလှ၏၊ ဓာရဏပရိတ်လည်း ခေါ်၏၊ ဘီလူး, သံဘက်များကို အလွန်နိုင်၏။
၈။ ဆဒိသာပါလ သုတ်သည်လည်း အန္တရာယ်ကင်း ရိုးရာကြီး ပေတည်း။
[ဤသို့လျှင် ဗုဒ္ဓဘာသာ၌ ကပ်, ဥပဒ်အန္တရာယ် လွတ်ကင်းရန် ပရိတ်တော်, ဂုဏ်တော် အလွန်ပေါများ၏၊ အိပ်ရာဝင်၌ အထပ်များစွာ နေ့စဉ်ရွတ်အံ စွဲမြဲ၍ထားကြပါမူ ကြာလေလေ တန်ခိုးရှိလေလေဖြစ်၏]
နေ့စဉ်အန္တရာယ်ကင်းရှင်းရန် ညွှန်ကြားချက်ပြီး၏၊ *********
ပရိတ်ရွတ်နည်း
ပရိတ်တော်, ဂုဏ်တော်များကို ရွတ်ဖတ်ကြရာ၌ ကုသိုလ်ဖြစ် ရွတ်ဖတ်ကြသောအခါ သဒ္ဓါစိတ်နှင့် ဖြည်းညင်း သာယာနာဖွယ်ရှိအောင် ရွတ်ဖတ်ရသည်၊ အန္တရာယ်ကင်းကိစ္စနှင့် ရွတ်ဖတ်ကြသောအခါ မာန် စိတ်နှင့် အသံထန်စွာ ရွတ်ဖတ်ရသည်၊ အန္တရာယ်ကြီးလျှင် ကြီးလိုက် အခေါက်များစွာ အာသံ, လျှာသံ အပြင်းအထန်ပေး၍ ရွတ်ဖတ်ရသည်။
ပရိတ်ရွတ်နည်း ပြီး၏။
*********
နိဂုံး
ဤတွင် ရွေ့ကား-အသက် ၂၀ အတွင်း၌ တည်ရှိကြကုန်သော ဗုဒ္ဓဘာသာ အမျိုးသား သူငယ်များတို့၏ အကျိုးငှာ ကောင်းစွာ စီရင်အပ်သော သုကုမာရမဂ္ဂဒီပနီကျမ်းသည် အပြီးသို့ရောက်၏၊ မြတ်စွာဘုရား၏ တပည့်သားပြီကြသူ ဗောဓိလျာ, ဗောဓိလောင်း, သူငယ်ကောင်း, သူငယ်မြတ်တို့၏ တတ်သိလိမ္မာဖို့ လမ်းကြောင်းအစဉ်ကို ပြဆိုရာကျမ်းဖြစ်၍ သုကုမာရမဂ္ဂဒီပနီကျမ်း ခေါ်သည်။
(ဤကျမ်းကို တတ်မြောက် ပြီးသည့်နောက် သဒ္ဒါ, သင်္ဂြီုဟ်များကို အလွယ်တကူ တတ်လိုသူတို့သည် ငါတို့စီရင်သော သဒ္ဒသံခိပ်ကျမ်း, ပရမတ္ထသံခိပ်ကျမ်းများကို သင်ကြားကြလေကုန်။)
နိဂုံးပြီး၏၊
သုကုမာရမဂ္ဂဒီပနီကျမ်းပြီး၏၊
--------- * --------
ခုဒ္ဒကပါဠိတော်၌လာသော မင်္ဂလသုတ်ပါဌ်နှင့်
ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော နိဿယများ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နိဒါနကထာ
ဧဝံ မေ သုတံ-ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။
အထခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊ ဧကမန္တံ ဌိတာခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။
ဒေဝတာယာစနကထာ
ဗဟူ ဒေဝါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမန္တိ။
ဗုဒ္ဓဘာသိတ ကထာ
၁။ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။
၂။ ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ။
၃။ ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလမုတ္တမံ။
၄။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလမုတ္တမံ။
၅။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလမုတ္တမံ။
၆။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလမုတ္တမံ။
၇။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလမုတ္တမံ။
၈။ ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလမုတ္တမံ။
၉။ တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။
၁၀။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။
၁၁။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမန္တိ။
မင်္ဂလသုတ်ဂါထာပြီး၏။
ဤတွင် မင်္ဂလသုတ် ပါဠိတော် ပြီး၏။
-------*------
မင်္ဂလ သုတ် နိဿယ
နိဒါနကထာ အနက်
ဘန္တေ=ကဿပ-ဟု နာမထင်ရှား အရှင်ဘုရား၊ မေ- မယာ= အာနန္ဒာဟု သညာသမုတ် အကျွန်ုပ်သည်၊ ဧဝံ=ဤသို့၊ သုတံ=မြတ်စွာ ဘုရား မိန့်စကားကို နားဝယ်ဆတ်ဆတ် ကြားနာအပ်၏၊။ကိံသုတံ၊ အဘယ်သို့ ကြားနာအပ်သနည်းဟူမူကား
ဧကံ သမယံ=အခါတပါး၌၊ ဘဂဝါ=မြတ်စွာဘုရားသည်၊ သာဝတ္ထိယံ=သာဝတ္ထိပြည်၌၊ ဇေတဝနေ=ဇေတဝန်ဥယျာဉ်၌၊ အနာထ ပိဏ္ဍိကဿ=အနာထပိဏ်သူဌေး၏၊ အာရာမေ=ကျောင်းအရာမ်၌၊ ဝိဟရတိ=ဣရိယာပိုထ် အလိုက်မှီတင်း သီတင်းကြည်ဖြူနေတော်မူ၏။
အထ ခေါ=ထိုအခါ၌၊ အညတရာ=အမျိုးအမည်အားဖြင့် မထင်ရှားသော၊ ဒေဝတာ=နတ်သားသည်၊ အဘိက္ကန္တာယ=ညဉ့်ဦးယာမ်ကို လွန်ပြီးသော၊ ရတ္တိယာ=ညဉ့်သန်းခေါင်အခါ၌၊ အဘိက္ကန္တဝဏ္ဏာ=အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍၊ ကေဝလကပ္ပံ=အလုံးစုံသော၊ ဇေတဝနံ=ဇေတဝန်ဥယျာဉ်တစ်ခုလုံးကို၊ ဩဘာသေတွာ=ကိုယ်ရောင် ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပစေ၍
ယေန=အကြင်အရပ်၌၊ ဘဂဝါ=မြတ်စွာဘုရားသည်၊ အတ္ထိ=ရှိတော်မူ၏၊ တေန=ထိုအရပ်သို့၊ ဥပသင်္ကမိ=ကပ်လာ၏၊ ဥပသင်္ကမိတွာ= ကပ်လာပြီး၍၊ ဘဂဝန္တံ=မြတ်စွာဘုရားကို၊ အဘိဝါဒေတိ=ဝပ်တွားရိုကျိုး ရှိခိုး၏၊ အဘိဝါဒေတွာ= ဝပ်တွားရို ကျိုးရှိခိုးပြီး၍၊ ဧကမန္တံ=သင့်တင့် လျောက်ပတ်သောအရပ်၌၊ အဋ္ဌာသိ=ရပ်၏၊ ဧကမန္တံ=သင့်တင့်လျောက်ပတ်သော အရပ်၌၊ ဌိတာခေါ=ရပ်ပြီးသော၊ သာ ဒေဝတာ=ထိုနတ်သား သည်၊ ဘဂဝန္တံ=မြတ်စွာဘုရားကို၊ ဂါထာယ=ဂါထာစကားဖြင့်၊ အဇ္ဈဘာသိ=နားတော်လျှောက်ပေ၏၊ ကိံ အဇ္ဈဘာသိ=အဘယ်သို့ နားတော်လျှောက်သနည်းဟူမူကား
ဒေဝတာယာစနကထာ အနက်
ဘန္တေ ဘဂဝါ=ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား၊ ဗဟူ= များစွာကုန်သော၊ ဒေဝါစ=နတ်တို့သည်လည်းကောင်း၊ မနုဿာစ=လူတို့ သည်လည်းကောင်း၊ သောတ္ထာနံ=ကောင်းကျိုးချမ်းသာ မင်္ဂလာကို၊ အာကင်္ခမာနာ=သိလို, မြင်လို, ပြည့်စုံလိုကြကုန်သည်ဖြစ်၍၊ မင်္ဂလာနိ= ကောင်းမြတ်ချမ်းသာ မင်္ဂလာတို့ကို၊ အစိန္တယုံ=ထွေထွေလာလာ ရှာကြံ ယူဆကြကုန်၏၊ ဥတ္တမံ=အမှန်မုချ မြတ်ထွတ်လှသော၊ မင်္ဂလံ=မင်္ဂလာစစ် တရားနှစ်ကို၊ ဗြူဟိ=ဟောတော်မူပါလော့။ ဣတိ=ဤသို့၊ အဇ္ဈဘာသိ=နားတော်လျှောက်လေ၏၊
ဗုဒ္ဓဘာသိတကထာ အနက်
ကိံ=အဘယ်သို့၊ ဘဂဝါ=မြတ်စွာဘုရားသည်၊ အဝေါစ=ဟော ကြားတော်မူသနည်းဟူမူကား
၁။ (က) ဒေဝတေ=နတ်သား၊ ဗာလာနံ=မကင်းဒုစ္စရိုက် သူမိုက်တို့ ကို၊ အသေဝနာစ=ဆရာအမှတ်, မိတ်အမှတ်ဖြင့် မဆည်း ကပ် မပေါင်းဖော် ရခြင်းသည်လည်းကောင်း။
(ခ) ပဏ္ဍိတာနံ=ဒုစရိုက်အပေါင်း ကင်းလွတ်ရှောင်းလျက် ကျိုးကြောင်းမြင်သိ ပညာရှိတို့ကို၊ သေဝနာစ=ဆရာအမှတ် မိတ်အမှတ်ဖြင့် ဆည်းကပ် ပေါင်းဖော်ရခြင်းသည် လည်းကောင်း။
(ဂ) ပူဇနေယျာနံ=ဂုဏဝုဒ္ဓိ, ဝယဝုဒ္ဓိ ကျေးဇူးရှိနှင့် မိဘဆရာ ရတနာသုံးပါး တရားကျင့်သူ စင်ဖြုစရိုက် ပူဇော်ထိုက်သော သူတို့ကို၊ ပူဇာစ=ရိုသေသမူ အပြုအမူ ပျုငှာဆေးလေး ကျွေးမွှေးပေးကမ်း လှူဒါန်း ပူဇော်ရခြင်းသည်လည်း ကောင်း။
ဧတံ=ဤတရား ၃-ပါးသည်၊ ဥတ္တမံ=အများလောက သမုတ်ကြ သော ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာ-စသည်တို့ထက် ဆထက် လွန်ကျူး အထူးမြင့်မြတ်သော၊ မင်္ဂလံ=လောကီ, လောကုတ္တရာ ချမ်းသာ ပွါးကြောင်း ကောင်းသော မင်္ဂလာမည်၏။
၂။ (က) ဒေဝတေ=နတ်သား၊ ပတိရူပဒေသဝါသော စ=သူတော်ကောင်းတရား ထွန်းကားရာမှန် လျော်ကန်လျောက်ပတ် သော အရပ် ဒေသ၌ နေရခြင်းသည်လည်းကောင်း။
(ခ) ပုဗ္ဗေ=ရှေးဘဝ၌၊ ကတပုညတာ စ=ပြုခဲ့ဖူးသော ကောင်းမှု ကုသိုလ်ရှိသည်၏အဖြစ်သည်လည်းကောင်း။
(ဂ) အတ္တသမ္မာပဏိဓိ စ=မိမိစိတ်ကို အလိုမလိုက် ဒုစရိုက် သို့ လိုက်ခွင့်မပေး ယဉ်ကျေးလိမ္မာ ကောင်းမြတ်ရာ၌သာ ကောင်းစွာခိုင်ကြည် အမြဲတည်စေရခြင်းသည်လည်း ကောင်း။
ဧတံ=ဤတရား ၃-ပါးသည်၊ ဥတ္တမံ=အများလောက သမုတ်ကြ သော ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာ စသည်တို့ထက် ဆထက် လွန်ကျူး အထူးမြင့်မြတ်သော၊ မင်္ဂလံ=လောကီ, လောကုတ္တရာ ချမ်းသာ ပွါးကြောင်း ကောင်းသောမင်္ဂလာမည်၏။
၃။ (က) ဒေဝတေ=နတ်သား၊ ဗာဟုဿစ္စဉ္စ=တရားကျမ်းဂန် သင်အံ ကြည့်မှတ် လွန်နှံ့စပ်သော အတတ်ကောင်း, ပညာကောင်း နှင့် ပြည့်စုံရခြင်းသည်လည်းကောင်း။
(ခ) သိပ္ပဉ္စ=အပြစ်မထင် စက်မှုလက်မှုစသော အတတ်ကို သင်ကြားရခြင်းသည်လည်းကောင်း။
(ဂ) သုသိက္ခိတော=ငယ်ရွယ်စဉ်က သွန်သင်ဆုံးမ အချိုးကျ ပြီးသော၊ ဝိနယော စ=အမိဝတ်ငါးပါး, အဘဝတ်ငါးပါး အစရှိသော အမျိုးကောင်းသမီး, အမျိုးကောင်းသား ဝတ္တရားနှင့် ပြည့်စုံရခြင်းသည်လည်းကောင်း။
(ဃ) သုဘာသိတာ=အပြစ်စင်ကြယ် ချစ်ကြင်ဖွယ်နှင့် နာဖွယ် ကျိုးလို ကောင်းစွာဆိုအပ်သော၊ ယာဝါစာ စ=အကြင် စကားကောင်းမျိုးသည်လည်းကောင်း။
ဧတံ=ဤတရား ၄-ပါးသည်၊ ဥတ္တမံ=အများလောက သမုတ် ကြသော ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာ စသည်တို့ထက် ဆထက် လွန်ကျုး အထူးမြင့်မြတ်သော၊ မင်္ဂလံ=လောကီ, လောကုတ္တရာ ချမ်းသာ ပွါးကြောင်း ကောင်းသော မင်္ဂလာမည်၏။
၄။ (က) ဒေဝတေ=နတ်သား၊ မာတာပိတု=အမိ, အဘကို၊ ဥပဋ္ဌာနဉ္စ=ပင်စင်အငြိမ်းစား ကောင်းစွာထား၍ ဆပွါး ကြည်ညို မေတ္တာပိုလျက် ကိုယ်တိုင်ကိုယ်ကြပ် ဝတ်နိဗဒ်ဖြင့်မလပ်မဟင်း လုပ်ကျွေးရ ခြင်းသည်လည်းကောင်း။ (ခ) ပုတ္တဒါရဿ=သမီးနှင့်သား ကြင်မယားကို၊ သင်္ဂဟောစ= သားသမီးဝတ်, မယားဝတ်ကို မချွတ်စေလို မေတ္တာပိုလျက် သင်္ဂြီုဟ်ထောက်ပံ့ရခြင်းသည်လည်းကောင်း။ (ဂ) အနာကုလာ=အသောက်, အစား, အကစားနှင့် အကြွား အဝါ မလိမ္မာတွက် စီးပွါးပျက်ရန် နှောင့်ရှက်မရှိ ချောမော ဘိကုန်သော၊ ကမ္မန္တာစ=စီးပွါးမှုတို့သည်လည်းကောင်း။ ဧတံ=ဤတရား ၃-ပါးသည်၊ ဥတ္တမံ=အများလောက သမုတ် ကြသော ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာ-စသည်တို့ထက် ဆထက် လွန်ကျူး အထူးမြင့်မြတ်သော၊ မင်္ဂလံ=လောကီ, လောကုတ္တရာ ချမ်းသာ ပွါးကြောင်း ကောင်းသောမင်္ဂလာ မည်၏။
၅။ (က) ဒေဝတေ=နတ်သား၊ ဒါနဉ္စ=သံသရာရေး, သဒ္ဓါရှေး၍ ပေးလှူစွန့်ကြဲမှုသည်လည်းကောင်း။
(ခ) ဓမ္မစရိယာ စ=သုစရိုက်တရားကို အားထုတ်ကျင့် ဆောင်မှု သည်လည်းကောင်း။
(ဂ) ဉာတကာနံ=ဘိုးကြီး, ဘွားကြီး, ဘကြီး, ဘထွေးအစရှိ ကုန်သော မိနွယ်, ဘရိုး, ဆွေမျိုးအပေါင်းတို့အား၊ သင်္ဂဟော စ=ဆွေဝတ်, မျိုးဝတ်,မယွင်းချွတ်အောင် ဖြူဆွတ်သဒ္ဓါ စေတနာဖြင့် ကောင်းစွာ သင်္ဂြီုဟ် ထောက်ပံ့ရခြင်းသည် လည်းကောင်း။
(ဃ) အနဝဇ္ဇာနိ=ဒုစ္စရိုက်ပြစ် အညစ်မထင် သန့်ရှင်းစင်ကုန် သော၊ ကမ္မာနိ စ=ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့သည်ဧတံ=ဤတရား ၄-ပါးသည်၊ ဥတ္တမံ=အများလောက သမုတ်ကြ သော ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာ- စသည်တို့ထက် ဆထက် လွန်ကျူး အထူးမြင့်မြတ်သော၊ မင်္ဂလံ=လောကီ, လောကုတ္တရာ ချမ်းသာ ပွါးကြောင်း ကောင်းသောမင်္ဂလာမည်၏။
၆။ (က) ဒေဝတေ=နတ်သား၊ ပါပါ=အမျက်ထန်ခြင်း, ရန်ငြိုးဖွဲ့ ခြင်း, ကျေးဇူးမဲ့ခြင်း, သူတပါးကိုမနာလိုခြင်း, ဝန်တိုခြင်း, ကောက် ကျစ်ခြင်း, စဉ်းလဲခြင်းအစရှိသောယုတ်မာသော တရားအစုမှ၊ အာရတီ စ=ကိုယ်, နှုတ်နှစ်ပြင် ဝေးစွာကြဉ် ရခြင်းသည်လည်းကောင်း၊ ဝိရတီ စ=စိတ်မနောတွင် အထူးကြဉ်ရခြင်းသည်လည်းကောင်း။
(ခ) မဇ္ဇပါနာ=ယစ်မျိုးငါးပါးကို သောက်စားခြင်းမှ၊ သံယမော စ=စောင့်ရှောက်ရခြင်းသည်လည်းကောင်း၊
(ဂ) ဓမ္မေသု=ဒါန, သီလ, ဘာဝနာ-စသောပုညကိရိယာ ၁၀- ပါး ကုသိုလ်တရားတို့၌၊ အပ္ပမာဒေါ စ=ဘယ်ညဉ့်, နေ့မှ မေ့၍တစိ မပြုမိဟု မရှိရခြင်းသည်လည်းကောင်း။ ဧတံ=ဤတရား ၃-ပါးသည်၊ ဥတ္တမံ=အများလောက သမုတ်ကြ သော ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာ- စသည်တို့ထက် ဆထက် လွန်ကျူး အထူးမြင့်မြတ်သော၊ မင်္ဂလံ=လောကီ, လောကုတ္တရာချမ်းသာ ပွါးကြောင်း ကောင်းသောမင်္ဂလာ မည်၏။
၇။ (က) ဒေဝတေ=နတ်သား၊ ဂါရဝေါ စ=ရိုသေထိုက်သောသူတို့၌ သူတစ်ပါးကို ရိုသေရခြင်းသည်လည်းကောင်း။
(ခ) နိဝါတော စ=နှိမ့်ချထိုက်သော သူတို့၌ မိမိကိုယ်ကို နှိမ့်ချရ ခြင်းသည်လည်းကောင်း။
(ဂ) သန္တုဋ္ဌိ စ=လောကသိုက်မြုံ ကာမဂုဏ်၌ အာရုံမကြီး တရား မှီး၍ သိမ်းဆည်းခြိုးခြံ ကံပေးသမျှ ရတတ်သရွေ့ သူတော် လေ့ဖြင့် ချမ်းမြေ့စံပယ် ရောင့်ရဲလွယ်ရခြင်းသည်လည်း ကောင်း။
(ဃ) ကတညုတာ စ=ထမင်းတဆုပ် ရေတလုတ်မျှ မ, စပေးဖူး သူ့ကျေးဇူးကို အထူးကြီးကျယ်မြင်းမိုရ်နှယ်သို့ မကွယ်မပ သိတတ်ရခြင်းသည်လည်းကောင်း။
(င) ကာလေန=မကြာမကြာ အခါခါ၌၊ ဓမ္မဿဝနာ စ= ကုသိုလ် ပွါးရာ အလိမ္မာပွားကြောင်း သူတော်ကောင်းအား ဆည်း ကပ်ငြား၍ တရားဓမ္မ နာခံရခြင်းသည်လည်းကောင်း။
ဧတံ=ဤတရား ၅-ပါးသည်၊ ဥတ္တမံ=အများလောက သမုတ်ကြ သော ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာ- စသည်တို့ထက် ဆထက် လွန်ကျူး အထူးမြင့်မြတ်သော၊ မင်္ဂလံ=လောကီ, လောကုတ္တရာ ချမ်းသာ ပွါးကြောင်း ကောင်းသော မင်္ဂလာ မည်၏။
၈။ (က) ဒေဝတေ=နတ်သား၊ ခန္တီ စ=ချမ်းသာတွေ့သော်လည်း မတက်ကြွ ဒုက္ဓတွေ့သော်လည်း စိတ်မပျက် အမျက်မထန် သည်းညည်း ခံရခြင်းသည်လည်းကောင်း။
(ခ) သောဝစဿတာ စ=ဆိုဆုံးမလျှင် ဒေါသမထင် ကျေးဇူး တင်သဖြင့် ဆုံးမချင်ဖွယ် အလွန်လွယ်သော စကားရှိ သည်၏အဖြစ်သည်လည်းကောင်း။
(ဂ) သမဏာနံ=ရဟန်းအပေါင်း သူတော်ကောင်းတို့ကို၊ ဒဿနဉ္စ=ကြည်ဖြူလေးမြတ် ဆည်းကပ်ဖူးမြင်ရခြင်းသည်လည်းကောင်း။
(ဃ) ကာလေန=မကြာမကြာ အခါခါ၌၊ ဓမ္မသာကစ္ဆာ စ= လူကောင်း, ရှင်ကောင်း, သူတော်ကောင်းနှင့် ပေါင်းဆုံ ငြား၍ တရားကျမ်းဂန် အတန်တန်ကို ဉာဏ်သွားသန့်ရှင်း လင်းထက်လင်းအောင် အချင်းချင်းနှီးနှော ပြောဆိုရခြင်း သည်လည်းကောင်း။
ဧတံ=ဤတရား ၄-ပါးသည်၊ ဥတ္တမံ=အများလောက သမုတ်ကြ သော ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာ- စသည်တို့ထက် ဆထက် လွန်ကျူး အထူးမြင့်မြတ်သော၊ မင်္ဂလံ=လောကီ, လောကုတ္တရာချမ်းသာ ပွါးကြောင်း ကောင်းသော မင်္ဂလာ မည်၏။
၉။ (က) ဒေဝတေ=နတ်သား၊ တပေါ စ=ရှစ်ပါးဥပုသ် စောင့်ချုပ်ထိန်းသိမ်းခြင်းစသော ခြိုးခြံမှုသည်လည်းကောင်း။
(ခ) ဗြဟ္မစရိယဉ္စ=ကာမဂုဏ်နှင့်အာရုံမစပ် မြတ်သော ရသေ့, ရဟန်းအကျင့်ကို ကျင့်ရခြင်းသည်လည်းကောင်း။
(ဂ) အရိယသစ္စာနံ=ဒုက္ခ, သမုဒယ, နိရောဓနှင့် မဂ္ဂ-ဟူသည် ဖြူစင်ဖြောင့်မတ် လွန်ထူးမြတ်သော လေးရပ်သစ္စာ နက်နဲ စွာတို့ကို၊ ဒဿနဉ္စ=ပြက်ပြက်ပြင်ပြင် ဉာဏ်၌မြင်ရခြင်း သည်လည်းကောင်း။
(ဃ) နိဗ္ဗာန သစ္ဆိကိရိယာ စ=အဇ္ဈတ္တမှန် ကိုယ်သန္တာန်၌ အမိုက်ခပင်း ကုန်ငြိမ်းခြင်းကို လင်းလင်းထင်ထင် တွေ့မြင် သမှု မျက်မှောက်ပြုရခြင်းသည်လည်းကောင်း။
ဧတံ=ဤတရား ၄-ပါးသည်၊ ဥတ္တမံ=အများလောက သမုတ်ကြ သော ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာ- စသည်တို့ထက် ဆထက် လွန်ကျူး အထူးမြင့်မြတ်သော၊ မင်္ဂလံ=လောကီ, လောကုတ္တရာချမ်းသာပွါးကြောင်း ကောင်းသော မင်္ဂလာ မည်၏။
၁၀။ (က) ဒေဝတေ=နတ်သား၊ လောကဓမ္မေဟိ=လောကဓံတရား ရှစ်ပါးတို့နှင့်၊ ဖုဋ္ဌဿ=ခိုက်တိုက် တွေ့ကြုံရသော၊ ယဿ= အကြင် တာဒိဂုဏ်နှင့်ပြည့်စုံပေလတ် ယောကျ်ားမြတ်၏၊ စိတ္တံ=စိတ်သည်၊ နကမ္ပတိ=မတုန်လှုပ်။
(ခ) အသောကံ=ဒုက္ခမျိုးကြောင့် စိုးရိမ်ပူပန်ခြင်းလည်း မရှိ။
(ဂ) ဝိရဇံ=သုခမျိုးကြောင့် ကြိုးကြိုးကြွကြွ စိတ်ရွင်ပြသည့် ရာဂ ဟူသော မြူလည်းမရှိ။
(ဃ) ခေမံ=အတ္တာနုဝါဒဘေး, ပရာနုဝါဒဘေးတို့မှလည်း ကင်း ဝေး၏။
တဿ=ထို တာဒိဂုဏ်နှင့် ပြည့်စုံပေလတ် ယောက်ျားမြတ်၏၊ ဧတံ=ဤတရား ၄-ပါးသည်၊ ဥတ္တမံ=အများလောက သမုတ်ကြသော ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာ-စသည်တို့ထက် ဆထက်လွန်ကျူး အထူးမြင့်မြတ်သော၊ မင်္ဂလံ=လောကီ, လောကုတ္တရာချမ်းသာပွါးကြောင်း ကောင်းသောမင်္ဂလာ မည်၏။
၁၁။ ဒေဝတေ=နတ်သား၊ ဧတာဒိသာနိ=ဤသို့သဘောရှိ ကုန်သော၊ မင်္ဂလာနိ=လောကီ, လောကုတ္တရာ မင်္ဂလာတို့ကို၊ ကတွာန= ပြည့်စုံစွာ ပြုကျင့်နိုင်ကြကုန်သည်ရှိသော်၊ သဗ္ဗတ္ထ=နေလေရာရာ ခပ်သိမ်း သောအရပ်ဒေသတို့၌၊ အပရာဇိတာ=လောကီ, လောကုတ္တရာ ချမ်းသာ စီးပွါးတို့မှ ဆုံးရှုံးခြင်း မရှိနိုင်ကုန်သည်ဖြစ်၍၊ သဗ္ဗတ္ထ=နေလေရာရာ ခပ်သိမ်းသော အရပ်ဒေသတို့၌၊ သောတ္ထိံ=ကောင်းမြတ်ချမ်းသာ မင်္ဂလာနှင့်ပြည့်စုံခြင်းသို့၊ ဂစ္ဆန္တိ=ရောက်ရကုန်၏၊ တေသံ=ထိုမင်္ဂလာကို ထွေလာဥဿုံ ကြံကြကုန်သူ နတ်, လူအပေါင်းတို့အား၊ တံ=ထို ၃၈- ပါးသော တရားအပေါင်းသည်သာလျှင်၊ ဥတ္တမံ=အများလောက သမုတ် ကြသော ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာ-စသည်တို့ထက် ဆထက် လွန်ကျူး အထူးမြင့်မြတ်သော၊ မင်္ဂလံ=လောကီ, လောကုတ္တရာ ချမ်းသာ ပွါးကြောင်း ကောင်းသောမင်္ဂလာမည်၏။
ဣတိ=ဤသို့၊ ဘဂဝါ=မြတ်စွာဘုရားသည်၊ အဝေါစ=ဟောကြား တော်မူ၏၊ ဣတိ=ဤသို့၊ သုတံ=ကြားနာအပ်၏။
မင်္ဂလသုတ် ဂါထာအနက် ပြီး၏။
ဤတွင် မင်္ဂလသုတ်နိဿယ ပြီး၏။
*********
ဤတွင် ရွေ့ကား...အသက် ၂၀-အတွင်း၌ တည်ရှိကြကုန်သော ဗုဒ္ဓဘာသာအမျိုးသား သူငယ်များတို့၏ အကျိုးငှာ ကောင်းစွာစီရင်အပ်သော လယ်တီမင်္ဂလသုတ္တန်ကျမ်းသည် အပြီးသို့ရောက်၏၊ နိဂုံးပြီး၏။
*********
ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့်ဆုတောင်းအမျိုးမျိုး
ဖွားတော်မူသောနေ့ စသော ခုနစ်နေ့တို့အား ရည်စူး၍ ချီးကျူး ဖွဲ့ဆိုအပ်သော
ကြာသပတေးနေ့ ပဋိသန္ဓေယူ
၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်။။သောင်းခွင်စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့် ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ ကြည်ဖြူ၊ သန္ဓေယူသည်။ ။ နတ်လူငြိမ်းဘို့ ကိန်းပါကို။
သောကြာနေ့ ဖွားမြင်
၂။ သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက် ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဘွားတော်မူသည်။။ နတ်လူအောင်မြို့ လမ်းပါကို။
တနင်္လာနေ့ တောထွက်
၃။ ဘွားမြင်မြောက်သော်၊ ဆဲ့ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ် ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆဲ့သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆဲ့ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်။။စုံမြိုင်ပင်ရိပ် ခမ်းမှာကို။
ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်
၄။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန် ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင် ဘွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ် ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်း လုံးကျော်သည်။။ သုံးဘော်လူတို့ ငြမ်းပါကို။
စနေနေ့ ဓမ္မစကြာဟော
၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွတ်ထွေပြား၊ ဟောဖော်ကြားသည်။။တရား နတ်စည် ရွမ်းတယ်ကို။
အင်္ဂါနေ့ ပရိနိဗ္ဗာန်စံ
၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်း တိုက်ဝယ်၊ ကျွတ်ထိုက်သ သူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဘောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါ လေးဆဲ့ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆဲ့ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်။။ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။
တနင်္ဂနွေနေ့ တေဇောဓာတ်လောင်
၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂိရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်။။ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။
ဆုတောင်း
* ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော် ဖျားကို၊ သုံးပါးမွန်စွာ၊ ဝန္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်။။ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။
* အဆုံးဘဝ၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေညာကျော်ကြား၊ လူအများကို၊ တရားစည်ကြီး၊ ခြိမ့်ခြိမ့်တီး၍၊ မီးဆဲ့တစ်တန်၊ ငြိမ်းရာမှန်သည်။။နိဗ္ဗာန်အောင်မြို့ ရောက် စေသောဝ်။။
* သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ ရတနာကို၊ သဒ္ဓါရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပါရ၊ ဤပုညကြောင့်၊ ဒိဋ္ဌမျက်မြင်၊ ဘဝတွင်လည်း၊ ကင်းစင်အန္တရာယ်၊ ကောင်းကျိုးကြွယ်လျက်၊ ဆယ်ဖြာအညီ၊ ပါရမီနှင့်၊ ဆယ်လီပုည၊ မြတ်ဓမ္မလည်း၊ နိစ္စရွှင်ဖြိုး၊ နေ့စဉ်တိုးသည်။။သက်ဇိုဝ်းကြာမြင့် ရှည်စေသောဝ်။
* ဘဝတစ်ဖန်၊ ဖြစ်တုံပြန်လည်း၊ လေးတန်အပါယ်၊ ရှစ်သွယ် ရပ်ပြစ်၊ ကင်းတုံလစ်၍၊ ရှင်ချစ်မြတ်စွာ၊ သာသနာလျှင်၊ ရောင်ဝါထိန်ဝင်း၊ လင်းရာတမူ၊ လူကောင်းနတ်ကောင်း၊ ဘဝကောင်း၌၊ ညွှတ်ညောင်း သန္ဓေ၊ တိဟိတ် နေ၍၊ ဆွေလယ် မျိုးလယ်၊ တန်ခိုးကြွယ်သည်။။ လယ နှယ် ထွန်းတင့်ပါစေသောဝ်။
* အသိအလိမ္မာ၊ ဉာဏ်ပညာနှင့်၊ သဒ္ဓါသီလ၊ သုတပြည့်ဖြိုး၊ ဂုဏ်တန်ခိုးလည်း၊ အမျိုးလေးဘော်၊ သတင်းကျော်လျက်၊ သူတော်တို့ထုံး၊ ကျင့်သုံးတရား၊ အမှားမလိုက်၊ စရိုက်စင်ဖြူ၊ အလှူရေစက်၊ လက်နှင့်မကွာ၊ ရှစ်ဖြာဥပုသ်၊ မယုတ်ကြိုးစား၊ လေးပါးဗြဟ္မစိုရ်၊ ရွှန်းရွှန်းစိုသည်။။ကုသိုလ်ကိုယ်လုံး ထုံစေသောဝ်။
* ပတ္တမြားပလ္လင်၊ ကံ့ကော်ပင်ဝယ်၊ ငါးအင်မာရ်စစ်၊ အောင်ပွဲ လှစ်၍၊ ခေတ်ဇာတိလုံး၊ သိမ့်သိမ့်ချုံးလျက်၊ ရွှေဘုန်းစိုက်ထူ၊ ပွင့်တော်မူသား၊ သုံးလူ့သခင်၊ မိတေးရှင်ကို၊ မျက်မြင်ဖူး၍၊ အထူးကြည်ညို၊ ဘုန်းရိပ်ခိုသည်။။မဂ်-ဖိုလ်-နိဗ္ဗာန်ရောက်စေ သောဝ်။
အမျှဝေ
* သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ အရိယာအား၊ ရတနာမိုဃ်း၊ ရွာသွန်းဖြိုးသို့၊ ကိုးပါး ခြောက်စုံ၊ ကိုးရပ်ဂုဏ်ကို၊ အာဂုံချီးကျူး၊ နှုတ်လျှာမြူး၍၊ ကြည်နူးဆွဆွ၊ ရှိခိုးရသည့်၊ ပုညကုသိုလ်၊ အဖို့ကိုလျှင်၊ မွေးမိခင်နှင့်၊ ဖခင်ဆရာ၊ ဉာ တကာက၊ သတ္တဝါအများ၊ နတ်တို့အားလည်း၊ ရငြားပါစေ၊ မျှပေးဝေသည်။။ကောင်းထွေသာဓု ခေါ်စေသောဝ်။။
ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့် ဆုတောင်းများပြီး၏၊
*------- * -------*
Comments
Post a Comment