ရုပ်ကမ္မဋ္ဌာန်းပိုင်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဓာတ်ကမ္မဋ္ဌာန်းပိုင်း
ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်-နာမ်-ကြောင်း ကျိုး (= သင်္ခါရ)တရားတို့ကို ပရိညာ ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိရှိနိုင်ရန်အတွက် ဥပစာရသမာဓိ အပ္ပနာသမာဓိ ဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို ထူထောင်ရမည် ဖြစ်သည်။ နိဗ္ဗာနဂါမိနိပဋိပဒါ (အကျဉ်း) အမည်ရသော ဤကျမ်း၌ သမထကမ္မဋ္ဌာန်း ပိုင်းဟူသော အမည်ဖြင့် သမာဓိပိုင်း စိတ္တဝိသုဒ္ဓိစခန်းကို ရေးသားတင်ပြခဲ့ပြီး လေပြီ။ ယခုအခါ၌ ဒိဋ္ဌိဝိသုဒ္ဓိစခန်းတွင် အကျုံးဝင်သော ရုပ်တရားတို့ကို သိမ်းဆည်းပုံ (= ဉာဏ်ဖြင့် ပိုင်းခြားယူပုံ)အပိုင်းကို ရုပ်ကမ္မဋ္ဌာန်းပိုင်းဟူသော အမည်ဖြင့် ဆက်လက်၍ ရေးသားတင်ပြပေအံ့။
ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း
ဒုဝိဓဥှိ ကမ္မဋ္ဌာနံ - ရူပကမ္မဋ္ဌာနံ အရူပကမ္မဋ္ဌာနဉ္စ။ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတိ။ တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။ ဒီ၊ဋ္ဌ၊၂၊၃၁၄။)
သမထပိုင်း၌ သမထကမ္မဋ္ဌာန်း (၄၀) ရှိ၏၊ သမာဓိပိုင်းတည်း။ ဝိပဿနာပိုင်း၌ကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု နှစ်မျိုး ရှိ၏။ ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း၊ အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းဟုလည်း ခေါ်ဆို၏။ ထိုနှစ်မျိုးတို့ တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ်သော် ---
၁။ အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း၊
၂။ အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း
စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြားယူကြောင်းဖြစ်သော ဓာတ်ကမ္မဋ္ဌာန်း ကို ဟောကြားတော်မူခဲ့လေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။ ဒီ၊ဋ္ဌ၊၂၊၃၁၄၊၊)
ထိုနှစ်မျိုးတို့တွင် ဤကျမ်း၌ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်းကို ရှေးဦးစွာ ရေးသားတင်ပြ၍ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းကို နောက်တွင် ဆက်လက်၍ ရေးသားတင်ပြမည် ဖြစ်သည်။
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။ (မ၊၁၊၇၃။)
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ယောဂါဝစရ ရဟန်းတော် သည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤခန္ဓာကိုယ်ကြီးကိုပင်လျှင် ဤ ခန္ဓာကိုယ်ကြီး၌ ပထဝီဓာတ်သည် ရှိ၏၊ အာပေါဓာတ်သည် ရှိ၏၊ တေဇော ဓာတ်သည် ရှိ၏၊ ဝါယောဓာတ်သည် ရှိ၏ဟု ဓာတ်သဘောအားဖြင့် အသီး အသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ်ရှုပွား၍ နေပေ၏။(မ၊၁၊၇၃။)
ဤအထက်ပါ ဒေသနာတော်ကား မဟာသတိပဋ္ဌာနသုတ္တန် ဓာတု မနသိကာရပိုင်းတွင် လာရှိသော ဓာတ်ကမ္မဋ္ဌာန်း ပြည်တည်ခန်းပင် ဖြစ်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤရူပကာယခန္ဓာကိုယ်ကြီး၏ အရိုးကြား၊ အကြော ကြား၊ အသားကြား၊ အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ဉာဏ်ဖြင့် စိုက်၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ဟူသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် သိအောင် မြင်အောင် ကြည့်ရှုရမည်ဖြစ်သည်။ အကယ်၍ ဤကဲ့သို့ လွယ်လွယ်ကူကူဖြင့် မရှုတတ်သေး မမြင်သေးပါက ဤခန္ဓာကိုယ်၏ အရိုး ကြား၊ အကြောကြား၊ အသားကြား၊ အရေကြားသို့ ဉာဏ်တည်းဟူသော လက် ကို သွင်း၍ ဦးခေါင်းမှသည် ခြေထောက်သို့ တိုင်အောင် ခြေဆုံး ခေါင်းဆုံး အောက်ပါအတိုင်း ရှုပါ။
မဟာဘုတ်ဓာတ်ကြီး (၄) ပါး
၁။ ပထဝီဓာတ်
ဂရုပထဝီ (၃) မျိုး လဟုပထဝီ (၃) မျိုး
၁။ မာမှု သဘော ၄။ ပျော့မှု သဘော
၂။ ကြမ်းမှု သဘော ၅။ ချောမှု သဘော
၃။ လေးမှု သဘော ၆။ ပေါ့မှု သဘော
၂။ အာပေါဓာတ်
၁။ ယိုစီးမှု သဘော
၂။ ဖွဲ့စည်းမှု သဘော
၃။ တေဇောဓာတ်
၁။ ပူမှု သဘော
၂။ အေးမှု သဘော
၄။ ဝါယောဓာတ်
၁။ ထောက်ကန်မှု သဘော
၂။ တွန်းကန်မှု သဘော
မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့ကား ပထဝီဓာတ်၏ သဘာဝလက္ခဏာ၊ ယိုစီး-ဖွဲ့စည်းကား အာပေါဓာတ်၏ သဘာဝလက္ခဏာ၊ ပူ-အေးကား တေဇောဓာတ်၏ သဘာဝလက္ခဏာ၊ ထောက်ကန်မှုသဘောကား ဝါယော ဓာတ်၏ သဘာဝလက္ခဏာ၊ တွန်းကန်မှုသဘောကား ဝါယောဓာတ်၏ လုပ်ငန်းကိစ္စရပ် ဖြစ်သည်။
ရှေးဦးစွာ မိမိ ရရှိထားပြီးသည့် အာနာပါန စတုတ္ထစျာန် သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ အလိုရှိပါက ဩဒါတကသိုဏ်း စတုတ္ထစျာန် သမာဓိအထိ သမာဓိကို ထူထောင်ပါ။ (တရားထိုင်တိုင်း သမာဓိကို ထူထောင် ရန် မမေ့ပါနှင့်။) ထိုနောင် ---
၁။ မာ-မှု ထင်ရှားသည့် တစ်နေရာက စ၍ မာမှုသဘောကို ဦးခေါင်းမှ သည် ခြေဖျားသို့ တိုင်အောင် တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် ရှုပါ။ အလားတူပင် ---
၂။ ကြမ်းမှု ထင်ရှားသည့် တစ်နေရာကစ၍ ကြမ်းမှုသဘောကို။ ပ ။
၃။ လေးမှု ထင်ရှားသည့် တစ်နေရာကစ၍ လေးမှုသဘောကို။ ပ ။
၄။ ပျော့မှု ထင်ရှားသည့် တစ်နေရာကစ၍ ပျော့မှုသဘောကို။ ပ ။
၅။ ချောမှု ထင်ရှားသည့် တစ်နေရာကစ၍ ချောမှုသဘောကို။ ပ ။
၆။ ပေါ့မှု ထင်ရှားသည့် တစ်နေရာကစ၍ ပေါ့မှုသဘောကို။ ပ ။
၇။ ယိုစီးမှု ထင်ရှားသည့် တစ်နေရာကစ၍ ယိုစီးမှုသဘောကို။ ပ ။
၈။ ဖွဲ့စည်းမှု ထင်ရှားသည့် တစ်နေရာကစ၍ ဖွဲ့စည်းမှုသဘောကို။ ပ။
၉။ ပူမှု ထင်ရှားသည့် တစ်နေရာကစ၍ ပူမှုသဘောကို။ ပ ။
၁၀။ အေးမှု ထင်ရှားသည့် တစ်နေရာကစ၍ အေးမှုသဘောကို။ ပ ။
၁၁။ ထောက်ကန်မှု ထင်ရှားသည့် တစ်နေရာကစ၍ ထောက်ကန်မှု သဘောကို။ ပ ။
၁၂။ တွန်းကန်မှု ထင်ရှားသည့် တစ်နေရာကစ၍ တွန်းကန်မှုသဘောကို ဦးခေါင်းမှသည် ခြေဖျားသို့တိုင်အောင် တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် ရှုပါ။
ဤ (၁၂)မျိုးသော ဓာတ်သဘောတရားတို့တွင် မည်သည့်သဘော တရားကို မဆို ရှုပါက တစ်ကိုယ်လုံး၌ ပြန့်နေပါစေ၊ တစ်ကိုယ်လုံး၌ အနှံ့အ ပြား မြင်ပါစေ။ ရှေးဦးစွာ မာမှုသဘောကို တစ်ကိုယ်လုံး အနှံ့အပြား မြင် အောင် ရှုကြည့်ပါ။ အောင်မြင်မှု ရရှိပါက ကျန်ဓာတ်များကိုလည်း ဆက်ရှုပါ။ အကယ်၍ မအောင်မြင်ပါက တွန်းကန်မှုသဘောက စ၍ ရှုကြည့်ပါ။ တွန်း ကန်မှုသဘောသည် ကျန်ဓာတ်သဘောတရားများကို ဉာဏ်ဖြင့်တွေ့မြင်ဖို့ရန် များစွာ အထောက်အကူ ပြုပေသည်။
ဝ-လုံးတန်းက စပါ
ဗျည်း (၃၃)လုံးတွင် က-ကြီး, ခ-ခွေးက စသည် မှန်သော်လည်း ကလေးသူငယ်တစ်ဦးကို သင်ပေးရာ၌ ဝ-လုံးက လွယ်ကူသဖြင့် ဝ-လုံးတန်း က စ၍ သင်ပြပေးရသကဲ့သို့ အလားတူပင် ဝါယောဓာတ်၏ တွန်းကန်မှု သဘောမှာလည်း ဝ-လုံးနှင့် တူနေ၏။ ယောဂီအများစု၌ ရှု၍ လွယ်ကူသည် ကို တွေ့ရ၏။ ထို့ကြောင့် အထက်ပါစနစ်ဖြင့် မအောင်မြင်ပါက ဝ-လုံးတန်းက စရှုကြည့်ပါ။
အသင်သူတော်ကောင်းသည် ဦးခေါင်း၏ အလယ်ဗဟိုလောက်တွင် ဘာဝနာစိတ်ကို စိုက်ထားပါ၊ အသက်ရှူသွင်းလိုက်သောအခါ အသက်ရှူ ထုတ်လိုက်သောအခါ တွန်းကန်နေသည့် သဘောကို ထိုနေရာ၌ ဉာဏ်ဖြင့် စိုက်၍ ရှုကြည့်ပါ။ အသက်ရှူသွင်းလိုက်တိုင်း ရှူထုတ်လိုက်တိုင်း တွန်း နေသည့်သဘောကို ဉာဏ်ဖြင့် စူးစူးစိုက်စိုက် ကြည့်ပါ၊ လေကို မကြည့်ပါနှင့်။ဆွမ်းလုတ်ကို ဝါးသောအခါ ပါးအတွင်း၌ တွန်းကန်နေသည့် ပုံစံမျိုး ဖြစ် သည်။ တွန်းကန်မှုသဘောကို တွေ့ရှိသောအခါ ထိုတွန်းကန်မှုသဘော၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။
ဤစနစ်ဖြင့်လည်း အောင်မြင်မှုကို မရရှိပါက မိမိ ရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကို၊ အလိုရှိပါက ဩဒါတကသိုဏ်း စတုတ္ထစျာန် သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ သမာဓိ၏စွမ်းအင်များ ပြည့်ဝလာ သော အခါ၌ တွန်းကန်မှုသဘောကို အထက်ပါ အတိုင်း တစ်ဖန် ပြန်၍ ရှု ကြည့်ပါ။
အာနာပါနစတုတ္ထစျာန်သမာဓိ သို့မဟုတ် ဩဒါတကသိုဏ်း စတုတ္ထ စျာန်သမာဓိတို့မှာ (ဤကျမ်းစာ၌ ရေးသားတင်ပြထားသည့်အတိုင်း ဆိုရမူ) အသင်သူတော်ကောင်း၏ ဝိပဿနာ၏ အခြေပါဒက အကြောင်းရင်းစျာန်ပင် ဖြစ်သည်။ ယင်းသမာဓိကို စွမ်းအင် ပြည့်ဝလာအောင် လင်းရောင်ခြည် စွမ်း အင်များ အားကောင်းလာသည့်တိုင်အောင် ထူထောင်ပါ။ တရားထိုင်တိုင်း အခက်အခဲရှိတိုင်း လိုက်နာပြုကျင့်ရမည့် ဥပဒေသ တစ်ခု ဖြစ်သည်။
တွန်းကန်မှုသဘောကို ဦးခေါင်းအတွင်း၌ ထင်ထင်ရှားရှား တွေ့မြင် သောအခါ ထိုတွန်းကန်မှု သဘောတရားအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ တွန်းကန်မှုသဘောတရားအပေါ်၌ ဘာဝနာစိတ်သည် ငြိမ်ဝပ် စွာ ကပ်၍ တည်နေသောအခါ ယင်းတွန်းကန်မှု သဘောတရားသည်လည်း အလွန် ထင်ရှားလာမည် ဖြစ်သည်။ ထင်ရှားလာသောအခါ ဦးခေါင်း၏ အ တွင်းပိုင်းမှသည် ဦးခေါင်း၏ အပြင်ဘက်သို့တိုင်အောင် တစ်စတစ်စ တဖြည်း ဖြည်း တွန်းကန်မှုသဘောတရားကို ထင်ထင်ရှားရှား မြင်တွေ့အောင် ဉာဏ် ဖြင့် လိုက်ကြည့်ပါ။ အရိုးကြား၊ အကြောကြား၊ အသားကြား၊ အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ လိုက်ကြည့်ပါ။ ဦးခေါင်း တစ်ခုလုံး၌ တွန်းကန်မှုသဘောတရားကို ထင်ထင်ရှားရှား တွေ့မြင်သောအခါ လည်ပင်း ရင်ဘတ် ဝမ်းဗိုက်စသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ဉာဏ်ကို စေလွှတ်၍ အရိုး ကြား၊ အကြောကြား၊ အသားကြား၊ အရေကြားသို့ ဉာဏ်တည်းဟူသော လက် ကို သွင်း၍ လိုက်ရှုပါ။ တစ်ကိုယ်လုံး၌ ခြေဆုံးခေါင်းဆုံး တွန်းကန်မှုသဘော တရားကို ထင်ထင်ရှားရှား တွေ့မြင်သောအခါ အသင်သူတော်ကောင်းသည် ဓာတ်သဘောတရားတစ်ခုကို ရှုပွားမှု၌ အောင်မြင်သွားပြီ ဖြစ်သည်။ ဝ-လုံး တစ်လုံးကို ဝိုင်းစက်အောင် ရေးတတ်သွားပေပြီ။ အကယ်၍ ဝင်လေ ထွက် လေ၌ တွန်းကန်မှုသဘောကို စိတ်စိုက်ရှုသော်လည်း ထင်ထင်ရှားရှား မတွေ့ ၍သော်လည်းကောင်း ဝမ်းဗိုက်မှ စတင်၍ ရှုရန် စိတ်က ပို၍ ထက်သန်နေ သော်လည်းကောင်း ထိုအခါမျိုး၌လည်း ဝမ်းဗိုက်ဝယ် တွန်းကန်မှု ထင်ရှားရာ နေရာမှစ၍ တစ်ကိုယ်လုံး၌ တွန်းကန်မှုသဘောတရားကို မြင်အောင် အလား တူပင် ဆက်ရှုနိုင်ပေသည်။
တွန်းကန်မှုသဘောတရားတစ်ခုကို ခန္ဓာအိမ်တစ်ခုလုံး၌ အနှံ့အပြား ထင်ထင်ရှားရှား တွေ့မြင်သောအခါ နည်းတူပင် မာမှု ထင်ရှားသည့် တစ်နေ ရာက စ၍ အထူးသဖြင့် သွားနှစ်ခုထိထားသည့် နေရာက စ၍ မာမှု သဘော တရားကို တစ်ကိုယ်လုံး အနှံ့အပြား မြင်အောင် ဆက်ရှုပါ။ ထင်ရှားလာသော အခါ တွန်းမှု မာမှု သဘောတရားနှစ်မျိုးကို ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။ ဣရိယာပုထ် လေးပါးလုံး၌ ကွေးရာ ဆန့်ရာ စသည့် ကိုယ်အမူအရာ အားလုံးတို့၌လည်း ယင်း တွန်းမှု မာမှု ဓာတ်များကို ရှုနိုင်အောင် ကြိုးစားပါ။
တွန်းမှု မာမှု သဘောတရားနှစ်ခုကို ထပ်ကာထပ်ကာ ရှုခဲ့သော် ကျန်းမှု (= ကျန်းတန်းမှု = ကြမ်းတမ်းမှု) သဘောကို ဉာဏ်ဖြင့် တွေ့မြင်လာတတ် သည်။ ခန္ဓာကိုယ်ကို သဲဖြင့် ပွတ်သပ်သကဲ့သို့ ကျန်းမှုသဘောကို တွေ့မြင် တတ်သည်။ မတွေ့သော် ကျန်းမှု ထင်ရှားသည့် တစ်နေရာက စ၍ ကျန်းမှု သဘောကို မြင်အောင် ရှုပါ။ လက်ဖဝါးကို ပက်လက်လှန်၍ လက်ဖမိုးဖြင့် အဝတ်ကို ပွတ်ကြည့်ပါ။ အပေါ်အံသွားထိပ်ကို လျှာဖြင့် ပွတ်ကြည့်ပါ၊ ကျန်းမှု သဘောကို ထင်ထင်ရှားရှား တွေ့နိုင်သည်။ ယင်းသို့ ထင်ရှားသည့် တစ်နေ ရာမှ စ၍ တစ်ကိုယ်လုံး၌ ကျန်းမှု သဘောတရားကို မြင်အောင် ဆက်ရှုပါ။ အောင်မြင်မှု မရခဲ့သော် ထိုကျန်းမှု ထင်ရှားသည့် နေရာ၌ပင် တွန်းမှု-မာမှု-ကျန်းမှု သဘောတရားတို့ကို ပူးတွဲ ရှုကြည့်ပါ။ ဆင်ရိုင်းတစ်ကောင်ကို ယဉ် ကျေးသည့် ဆင်တစ်ကောင်ဖြင့် ချော့၍ မျှား၍ ဖမ်းယူသကဲ့သို့ မထင်ရှား သည့် ဓာတ်ကို တွေ့ရှိအောင် ထင်ရှားသည့် ဓာတ်ဖြင့် ပူးတွဲရှုခြင်းဖြစ်သည်။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အောင်မြင်မှုကို မရခဲ့သော် မိမိ ရရှိထားပြီး သည့် စျာန်သမာဓိများကို တစ်ဖန် ပြန်လည်၍ ထူထောင်ဖို့ လိုအပ်ပါသည်။
သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ။ (အံ၊၃၊၂၅၉။)
သမာဓိရှိသော ပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏၊ မြင်၏။ (အံ၊၃၊၂၅၉။) - ဟု ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် သမာဓိကို စွမ်းအင်ပြည့်ဝလာအောင် တစ်ဖန် ပြန်၍ ထူထောင်ရခြင်း ဖြစ် သည်။ သမာဓိ၏အရှိန်အဝါ အားကောင်းလာသောအခါ တွန်းမှု မာမှု ကျန်းမှု သဘောတရားတို့ကို တစ်ဖန် ပြန်၍ ရှုကြည့်ပါ။
အောင်မြင်မှုကို ရရှိသောအခါ လေးမှု သဘောတရားတစ်ခုကို ခန္ဓာ ကိုယ်ဝယ် လေးမှု ထင်ရှားရာနေရာမှ စ၍ တစ်ကိုယ်လုံး၌ အနှံ့အပြား မြင် အောင် ရှုကြည့်ပါ။ မထင်ရှားပါက ထိုင်နေသည့် ကြမ်းပြင်ကို တင်ပါးဖြင့် အနည်းငယ် ဖိကြည့်ပါ၊ သို့မဟုတ် ပေါင်ပေါ်သို့ တင်ထားသော လက်ကို အနည်းငယ် ဖိကြည့်ပါ။ အောင်မြင်မှုကို ရတတ်ပါသည်။အောင်မြင်ခဲ့သော် တွန်းမှု မာမှု ကျန်းမှု လေးမှု သဘောတရားတို့ကို ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။ ဓာတ်သဘောတရား တစ်ခုကို ရှုသော်လည်း ဓာတ်သဘော တရားအားလုံးကိုပင် ပြိုင်တူလိုလို ဉာဏ်၌ ထင်မြင်နေပါက ပို၍ကောင်းသည် သာ ဖြစ်သည်။
ထိုနောင် ထောက်ကန်မှု သဘောတရားကို ဆက်ရှုနိုင်သည်။ ထောက် ကန်မှု ဟူသည် ပြိုလဲတော့မည့် အိမ်တစ်အိမ်ကို ကျားခေါ်သည့် သစ်သား တစ်ချောင်းဖြင့် ထောက်ကန်ထားလိုက်သောအခါ မပြို မလဲတော့ဘဲ တည် ငြိမ်စွာ ရပ်တည်နေသကဲ့သို့ အလားတူပင် ဤခန္ဓာအိမ်ကြီး၌လည်း - သွား လျှင် သွားသည့် ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင,် ရပ်လျှင် ရပ်သည့် ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင်, ထိုင်လျှင် ထိုင်သည့်ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင်, အိပ်လျှင်လည်း အိပ်သည့် ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲ ရအောင် ထောက်ကန်ထားသည့် ထိန်းထားသည့် သဘောတရားတစ်ခု ဖြစ် သည်။ ယင်းထောက်ကန်မှု သဘောတရားကို မာမှုသဘောတရားနှင့် တွဲရှု ပါက ပို၍ သဘောပေါက်မြန်တတ်ပါသည်။ အကယ်၍ မထင်ရှားပါက ခန္ဓာ ကိုယ်ကို အနည်းငယ်လှုပ်ကြည့်ပါ။မပြိုမလဲရအောင် ထိန်းထားသည့် ထောက် ကန်ထားသည့် ငြိမ်အောင် ထိန်းထားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အောင်မြင်မှုကို ရခဲ့သော် တစ် ကိုယ်လုံး၌ အနှံ့အပြားမြင်အောင် ဆက်ရှုပါ။ မာမှုသဘောနှင့် ကပ်၍ ရှုပါက ခန္ဓာအိမ်ကို ထားမြဲတိုင်း တည်မြဲတိုင်းသော ဣရိယာပုထ်အတိုင်း မပြိုမလဲ ရအောင် တုတ်နှင့် လျှိုထားသကဲ့သို့ မတ်နေအောင် ထိန်းထားသည့် ထောက် ကန်မှု သဘောကို ပို၍ လျင်မြန်စွာ သဘောပေါက်တတ်သဖြင့် မာ-ကျန်း-လေးဟူသော ဂရုပထဝီဓာတ်တို့ကို ရှုပြီးမှ ထောက်ကန်မှု ဝါယောဓာတ်ကို ရှုရန် တင်ပြရခြင်း ဖြစ်သည်။ အလွယ်မှ အခက်သို့ ကူးတက်သည့် သဘော ဖြစ်သည်။
အောင်မြင်မှုကို ရရှိသောအခါ တွန်း-မာ-ကျန်း-လေး-ထောက်ဟူသော ယင်းသဘောတရားငါးမျိုးကို ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။ သမာဓိ တည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ ဉာဏ်တည်းဟူသော သန် လျက်ကို မြမြထက်အောင် သွေးနေခြင်း ဖြစ်သည်။ ကျေနပ်မှုကို ရရှိသော အခါ ပျော့မှုသဘောကို ဆက်ရှုပါ။ အောက်အတွင်းနှုတ်ခမ်းသားကို လျှာဖြင့် အသာအယာ ထိထားကြည့်ပါ။ ပျော့ပျောင်းသည့်သဘောကို အာရုံယူကြည့် ပါ။ နူးညံ့ပျော့ပျောင်းသည့် သဘောကို တွေ့ရှိနိုင်ပါသည်။ ယင်းပျော့သည့် သဘောတရားအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။
ထင်ရှားလာသောအခါ ခန္ဓာကိုယ်တစ်ခုလုံး၌ ခြေဆုံးခေါင်းဆုံး ပျော့မှု သဘောတရားကို မြင်အောင် ဆက်ရှုပါ။ မုန့်ကျွဲသည်းကဲ့သို့ အကြိမ်တစ်ရာ ဖတ်ထားအပ်သော ဝါဂွမ်းစိုင်ကဲ့သို့ တစ်ကိုယ်လုံး၌ ပျော့ပျောင်းသည့် သ ဘောကို မြင်အောင် ကြိုးစားပါ။
ပျော့ပျောင်းမှု သဘောတရားကို ကျေကျေနပ်နပ် တွေ့မြင်သောအခါ ချောမှုသဘောတရားကို ဆက်ရှုပါ။ ယင်းပျော့ပျောင်းနူးညံ့နေသည့် အတွင်း နှုတ်ခမ်းသား၌ လျှာကို တံတွေးရွှဲအောင်ဆွတ်၍ ခပ်ဖြည်းဖြည်း အသာအယာ ပွတ်ကြည့်ပါ။ ချောမွတ်နေသည့် သဘောတရားကို တွေ့ရှိနိုင်ပါသည်။ ယင်း ချောမွတ်သည့် သဘောတရားအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား ပါ။ ထင်ရှားလာသောအခါ တစ်ကိုယ်လုံး၌ အနှံ့အပြားမြင်အောင် ဆက်ရှုပါ။ ခန္ဓာကိုယ်ကို ဆီဖြင့် လိမ်းသုတ်လျက် ပွတ်သပ်ကြည့်သောအခါ ချောမွတ်နေ သည့် သဘောတရားကို တွေ့သကဲ့သို့ မြင်နေပါစေ။
ထိုသို့တွေ့မြင်သောအခါ ပေါ့မှုသဘောတရားကို ဆက်ရှုပါ။ ပျော့မှုနှင့် ချောမှု သဘောတရားကို ထပ်ကာထပ်ကာ ရှုနေပါက ပေါ့မှုသဘောတရား သည်လည်း အသင် သူတော်ကောင်း၏ ဉာဏ်၌ ထင်ရှားလာတတ်ပါသည်။အကယ်၍ မထင်မရှားဖြစ်နေပါက ဒူးပေါ်၌တင်ထားသော လက်မှ လက်ညှိုး တစ်ချောင်းကို အသာအယာ-မ-ကြည့်ပါ။ ပေါ့မှုသဘောတရားသည် ထင်ရှား လာတတ်ပါသည်။ အကယ်၍ မထင်မရှား ဖြစ်နေပါက လေးမှုသဘောတရား ကို တစ်ဖန်ပြန်၍ ရှုပါ။ ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ လေးလံမှုသဘောတရား ကို ထင်ထင်ရှားရှား တွေ့မြင်ရသောအခါ အထက်ပါအတိုင်း ဒူးပေါ်၌ တင် ထားသော လက်ညှိုးတစ်ချောင်းကို ဖြည်းညင်းစွာ အသာအယာ-မ-ကြည့်ပါ။ ပေါ့မှုသဘောတရားကို စူးစူးစိုက်စိုက် ရှုကြည့်ပါ။ လေထဲမှာ လွင့်နေသော ဝါဂွမ်းစိုင်ကဲ့သို့ ပေါ့မှုသဘောကို ထင်ထင်ရှားရှား တွေ့နိုင်သည်။
မာ-ကျန်း-လေး - ပျော့-ချော-ပေါ့ကား ပထဝီဓာတ်၊ ထောက်ကန်-တွန်းကန်သဘောကား ဝါယောဓာတ် ဤသို့လျှင် ဓာတ်နှစ်ပါးကို သိမ်းဆည်းမိ လေပြီ။ထပ်ကာထပ်ကာ ကြိမ်ဖန်များစွာသိမ်းဆည်းပါ။ ကျေနပ်မှုကို ရရှိသော အခါ တေဇောဓာတ် ပူမှုသဘောကို ဆက်ရှုပါ၊ ဘယ်ဘက်လက်ဝါးပေါ်၌ ညာဘက်လက်ဝါးကို တင်ထားသောအခါ ညာဘက်လက်ခုံ၌ ပူမှုသဘောကို တွေ့နိုင်၏၊ ယင်းပူမှုသဘောကို အာရုံစိုက်၍ ရှုပါ။ ခန္ဓာကိုယ်ဝယ် ပူမှု ထင် ရှားရာ မည်သည့်နေရာကမဆို ရှုနိုင်ပါသည်။ ထိုသို့ ပူမှုသဘောကို စိုက်၍ ရှုလိုက်ရာ ပူမှုသဘောတရားသည် ဉာဏ်၌ ထင်ရှားလာသောအခါ ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် အရိုးကြား အကြောကြား အသား ကြား အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ပူမှုသဘောကို ထင်ထင်ရှားရှား မြင်သိအောင် ရှုပါ။
အောင်မြင်မှုကို ရရှိသောအခါ အေးမှုသဘောကို ဆက်၍ ရှုကြည့်ပါ။ အေးမှုထင်ရှားရာ မည်သည့်နေရာကမဆို ရှုနိုင်ပါသည်။ အေးမှုထင်ရှားရာ နေရာကို လွယ်လွယ်နှင့် မတွေ့ပါက နှာသီးဝတွင် ဝင်လေအခိုက်၌ အေးမှု သဘောကို မြင်အောင် ရှုပါ။ အေးမှုသဘောကိုသာ တစ်ဖက်သတ် အာရုံ ယူပါ။ တစ်စတစ်စ ထင်ရှားလာသောအခါ တစ်ကိုယ်လုံး၌ အနှံ့အပြား မြင် အောင် အေးမှုသဘောကို ဆက်၍ ရှုပါ။
အေးမှုသဘောကိုခြေဆုံးခေါင်းဆုံး မြင်တွေ့သောအခါ တေဇောဓာတ် ရှုကွက်မှာ အောင်မြင်သွားပြီ ဖြစ်သည်။ မာ-ကျန်း-လေး - ပျော့-ချော-ပေါ့၊ ပူ-အေး၊ ထောက်-တွန်းဟု ဓာတ်သဘောတရား (၁၀)မျိုးကို ရရှိသွားပြီ ဖြစ် ၏။ ယင်း (၁၀)မျိုးသော သဘောတရားတို့ကို ထပ်ကာထပ်ကာ ရှုနေပါက ကြိမ်ဖန်များစွာ အလေ့အလာ ပြုနေပါက ဖွဲ့စည်းသည့် အာပေါဓာတ်၏ အာဗန္ဓနလက္ခဏာသည် အသင်သူတော်ကောင်း၏ ဉာဏ်တွင် ထင်ရှားလာ တတ်ပေသည်။ အကယ်၍ ဤသို့ ကြိုးပမ်းသော်လည်း ယင်းဖွဲ့စည်းမှုသဘော မှာ မထင်မရှားဖြစ်နေပါက တွန်းကန်မှုသဘောနှင့် မာမှုသဘောတရား နှစ်မျိုး တို့ကိုသာ ထပ်ကာထပ်ကာ ရှုနေပါ၊ ဖွဲ့စည်းမှုသဘောတရားသည် ထင်ရှား လာပေလိမ့်မည်။ ဖွဲ့စည်းမှုဟူသည် ခန္ဓာကိုယ်တစ်ခုလုံးကို ကြိုးနှင့်စည်းထား သကဲ့သို့ တင်းကျပ်စွာ စည်းနှောင်ထားသည့် သဘော ဖြစ်သည်။
ယင်း ဖွဲ့စည်းမှုသဘောကို ထင်ထင်ရှားရှား ဉာဏ်ဖြင့် တွေ့မြင်သော အခါ ယိုစီးမှုထင်ရှားရာ တစ်နေရာမှစ၍ ယိုစီးမှုသဘောကို မြင်အောင်ရှုပါ။ သဘောမပေါက်ပါက သွား၏ အရင်းတစ်နေရာဝယ် သွားရည်များ ယိုစီး စိမ့်ထွက်ရာ နေရာမှစ၍ ယိုစီးမှုသဘောကို တစ်ကိုယ်လုံး အနှံ့အပြား မြင် အောင် ရှုပါ။ (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ ရှုထားပြီးသော အသင်သူတော်ကောင်းအဖို့ အာပေါဓာတ်လွန်ကဲနေသော အာပေါကောဋ္ဌာသ (၁၂)မျိုး တို့ကိုလည်း ရှုတတ်ပြီး ဖြစ်နေရကား သွေးကဲ့သို့ ယိုစီးမှု အာပေါဓာတ် လွန်ကဲ သော ကောဋ္ဌာသတစ်ခုခုဖြင့် ကပ်၍ ရှုပါက ပို၍လွယ်ကူနေမည်သာ ဖြစ်ပေ သည်။ ယိုစီးမှုသဘောတရားကို ခန္ဓာကိုယ်အနှံ့အပြား အထက်အောက် စုန် ဆန်လျက် စီးဆင်းနေပုံကို သဘောပေါက်ပါက အာပေါဓာတ်နှစ်မျိုးကို ရှုပွား မှုလည်း အောင်မြင်သွားပြီ ဖြစ်ပေသည်။ ထိုအခါ တွန်း-မာ-ကျန်း-လေး-ထောက်-ပျော့-ချော-ပေါ့-ပူ-အေး-ဖွဲ့စည်း-ယိုစီးဟူသော ဤအစဉ်အတိုင်း ပင် ဓာတ်သဘောတရား (၁၂)မျိုးကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေ ပါဦး။ ထိုသို့ ရှုရာ၌ မည်သည့်သဘောတရားကိုမဆို ရှုလိုက်တိုင်း ခြေဆုံး ခေါင်းဆုံး ဦးခေါင်းမှသည် ခြေဖျားသို့ တိုင်အောင် ထင်ထင်ရှားရှား တွေ့မြင် နေအောင် ကြိုးစားပါ။ ထိုနောက် သွက်သွက်လက်လက် မြင်အောင် ဆက် ကြိုးစားပါ။ ထိုသို့ ကြိုးစားရာ၌ ဓာတ်သဘောတရား (၁၂)မျိုး ပြည့်က တစ် ခေါက် ဖြစ်၏။ တစ်မိနစ်အတွင်းဝယ် နှစ်ခေါက် သုံးခေါက် ရရှိအောင် ကြိုးစားပါ။
အထက်ပါအတိုင်း လေ့ကျင့်၍ အောင်မြင်မှုကို ရရှိပါက ဝ-လုံးတန်းကို အောင်မြင်လေပြီ။ ထိုအခါ ဘုရားဟောဒေသနာစဉ်အတိုင်း တစ်ဖန်ပြန်၍ ပြောင်းရှုပါ။ မာ-ကျန်း-လေး - ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်းဟူသော ဒေသနာစဉ်အတိုင်း တစ်ဖန် ရှုပါ။ ဝ-လုံးတန်း ကျေ ညက်သွားသောအခါ က-ကြီး ခ-ခွေးတန်းကို တစ်ဖန်ပြန်၍သင်ယူရသကဲ့သို့ မှတ်ပါ။ ဒေသနာတော်စဉ်အတိုင်း ရှု၍ သွက်လာသောအခါ ---
တံ တံ အန္တရာနုသာရိနာ ဉာဏဟတ္ထေန ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ ... (ဝိသုဒ္ဓိ၊၁၊၃၄၇။)
= ထိုထို အရိုးကြား အကြောကြား အသားကြား အရေကြားသို့ ဉာဏ် တည်း ဟူသော လက်ကို သွင်း၍ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝ လက္ခဏာတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားမှု လုပ် ငန်းခွင်ကား အောင်မြင်သွားပေပြီ။သို့သော် လမ်းကား မဆုံးသေးပါ။ ဤကဲ့သို့ ဓာတ်သဘောတရားတို့ကို ရှုနေရုံမျှဖြင့် ရုပ်ကလာပ်များကို တွေ့မြင်သော ယောဂါဝစရပုဂ္ဂိုလ်တို့လည်း ရှိတတ်ပါ၏။ မတွေ့မြင်နိုင်သေးသော ယောဂါ ဝစရပုဂ္ဂိုလ်တို့သည် ---
သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ၊ (ဝိသုဒ္ဓိ၊၁၊၃၄၆။)
= မိမိ၏ ရူပကာယတစ်ခုလုံးကို ဉာဏ်ဖြင့်ဆင်ခြင်၍ ရှုရန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ညွှန်ကြားထားသည့် အတိုင်း မိမိ၏ ခန္ဓာကိုယ်ကို အပေါ်က ခြုံငုံကြည့်၍ မာ-ကျန်း-လေး - ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်းဟူသော ဓာတ်သဘောတရား (၁၂)မျိုးကို ရှုပါ၊ တစ်ကိုယ်လုံး ကို ခြုံငုံ၍ ရှုနိုင်အောင် လေ့ကျင့်ပါ။ ထိုသို့ ခြုံငုံ၍ ရှုရာ၌ ယောဂီအများစု၌ ဦးခေါင်းကစ၍ ဖြိုပြီး တစ်ကိုယ်လုံးကို ခြုံငုံ၍ ရှုလိုက်ပါက မကြာမီ အချိန် ကာလအတွင်းမှာပင် ဦးခေါင်း တစ်လုံးလုံး ခဲလာတတ်၏ မာလာတတ်၏ မခံနိုင်ဖြစ်လာတတ်၏။ ထို့ကြောင့် လည်ကုပ်အရပ်လောက်က စ၍ ဦးခေါင်း ပိုင်းနှင့် အောက်ပိုင်းကိုမျှ၍ ဓာတ်သဘောတရား (၁၂)မျိုးကို ခြုံငုံရှုပါ။ ထိုသို့ ရှုရာ၌ စွမ်းနိုင်ပါက ဓာတ်သဘောတရားကိုသာ အာရုံယူပါ။ ကိုယ်ကို အာရုံ မယူပါနှင့်။ ဓာတ်သဘောတရား (၁၂)မျိုးလုံးကို သွက်သွက်လက်လက် ဉာဏ်ဖြင့် မြင်လာသောအခါ ပြိုင်တူလိုလို ဉာဏ်၌ ထင်လာသောအခါ မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ကို ကြည့်၍ ပထဝီဓာတ်ဟုလည်းကောင်း၊ ယိုစီး-ဖွဲ့စည်းကို ကြည့်၍ အာပေါဓာတ်ဟုလည်းကောင်း၊ ပူ-အေးကို ကြည့်၍ တေဇောဓာတ်ဟုလည်းကောင်း၊ ထောက်-တွန်းကို ကြည့်၍ ဝါယောဓာတ်ဟု လည်းကောင်း အသီးအသီး ရှုပါ။
မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ကို မမြင်ဘဲ ပထဝီဓာတ်ဟုလည်းကောင်း၊ ယိုစီး-ဖွဲ့စည်းကို မမြင်ဘဲ အာပေါဓာတ်ဟုလည်းကောင်း၊ ပူ-အေးကို မမြင်ဘဲ တေဇောဓာတ်ဟုလည်းကောင်း၊ ထောက်-တွန်းကို မမြင်ဘဲ ဝါယော ဓာတ်ဟုလည်းကောင်း မရှုပါနှင့်။ ဆို-ကမ္မဋ္ဌာန်း မဖြစ်ဖို့ရန် သတိပြုပါ။ ယင်း ဓာတ်သဘောတရားတို့ကို မမြင်သေးသော် မြင်အောင် ရှေးဦးစွာ လေ့ကျင့်ပါ။ သဘောတရား အသီးအသီးကို ဉာဏ်ဖြင့် ကွက်ကွက် ကွင်းကွင်း ရှင်းရှင်း လင်းလင်း ထင်ထင်ရှားရှား လက်ဝယ်တင်ထား ပတ္တမြားသို့ ပိုင်းပိုင်းခြားခြား ပြဲ့ပြဲ့ကုန်စင် ဉာဏ်ဖြင့် သိမြင်သောအခါကျမှ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကာလအရာ ကာလအထောင် ကာလ အသိန်းမက ရှုနေပါ။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ၊ သမာဓိကို ထူထောင်ပါ။
သတိပြုရန် အချက်များ
(က) ဓာတ်ညီမျှအောင် ရှုပါ
မာ-ကျန်း-လေး၊ ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်း ဟူသော သဘောတရား (၁၂)မျိုးကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဝယ် ထင်ရှားအောင် ရှုသည့်အပိုင်း၌ ဖြစ်စေ၊ ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇော ဓာတ်၊ ဝါယောဓာတ်ဟု ရှုသည့် ဤအပိုင်း၌ဖြစ်စေ သဘောတရား တစ်မျိုး တည်း ဓာတ်တစ်လုံးတည်းကိုသာ သဲသဲမဲမဲ ရက်ရှည်လများ မရှုပါနှင့်။ ရှုခဲ့ သော် ဓာတ်လွန်သွားတတ်၏။ ဓာတ်လွန်နေခဲ့သော် အထူးသဖြင့် မာမှု သဘော၊ တွန်းမှုသဘော၊ ပူမှုသဘောတရားတို့ လွန်ကဲနေခဲ့သော် ခံနိုင်ရည် မရှိ ဖြစ်လာတတ်၏။ အလားတူပင် မာမှုသဘော၊ လေးမှုသဘော၊ ဖွဲ့စည်းမှု သဘောတို့ လွန်ကဲလာသော အခါ၌လည်း မခံနိုင်ဖြစ်တတ်၏။ တရားထိုင် တိုင်း ယင်းလွန်ကဲနေသော ဓာတ်တို့က အနှောင့်အယှက် ပေးနေတတ်၏။ သမာဓိ မရနိုင် ရှိတတ်၏။ ထိုကြောင့် ဓာတ်တစ်ခုတည်းကို ရက်ရှည်လများ သဲသဲမဲမဲ စိုက်မရှုပါနှင့်၊ ဓာတ်ကြီးလေးပါးလုံးကိုသာ ညီမျှအောင် ထိန်းရှုပါ။
(ခ) ဓာတ်များကို တစ်နေရာမှ တစ်နေရာသို့ ရောက်အောင် ဆွဲချခြင်း
ရုပ္ပနေဉ္စတ္ထ သီတာဒိဝိရောဓိပစ္စယသန္နိပါတေ ဝိသဒိသုပ္ပတ္တိ။ (မဟာဋီ၊၂၊၈၆။)
ရုပ်တရားတို့သည် ဖောက်ပြန်ခြင်း ရုပ္ပန သဘောလက္ခဏာ ရှိကြ၏။ ဤ၌ ဖောက်ပြန်ခြင်း ရုပ္ပနသဘောလက္ခဏာဟူသည် အအေးအပူ စသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရှေးရှေးက ဖြစ်သွားသော ရုပ် အစဉ် သန္တတိနှင့် မတူညီဘဲ နောက်နောက်သော ရုပ်အစဉ် သန္တတိ၏ ဖြစ်မှု သဘောမျှသာတည်း။ (မဟာဋီ၊၂၊၈၆။)
ပရမတ်တရားတို့ကား ဖြစ်သည့်နေရာ၌သာ ပျက်ရိုးဓမ္မတာ ရှိကြ၏။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ဖြစ်နိုင်ရိုး ဓမ္မတာကား မရှိပေ။ ထို ကြောင့် ဦးခေါင်း အတွင်းပိုင်းမှ စ၍ တွန်းမှုသဘောကို စတင်၍ ရှုလာရာ ဦးခေါင်း၏ အတွင်း၌ဖြစ်ပေါ်နေသော တွန်းကန်မှုသဘောသည် တဖြည်း ဖြည်း ခြေဖျားသို့တိုင်အောင် ဆင်းသွားသည်ဟုကား မယူဆစေလိုပါ။ ခန္ဓာ ကိုယ် အနှံ့အပြား၌ တွန်းမှုသဘောကား ထင်ရှားရှိနေ၏။ ထင်ရှားရှိနေသော ယင်းတွန်းမှုသဘောကိုသာ နေရာတိုင်း၌ ခန္ဓာကိုယ်အနှံ့အပြား တွေ့ရှိအောင် ဉာဏ်ဖြင့် ရှာဖွေရှုခြင်းသာဖြစ်သည်။ ကျန်သဘောတရားတို့၌လည်း နည်းတူ ပင် မှတ်ပါ။ ဓာတ်ကြီးလေးပါးတို့ကား ခန္ဓာကိုယ်ဝယ် မည်သည့်နေရာ၌မဆို မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း၌မဆို တစ်ကိုယ်လုံး အနှံ့အပြား ထင်ရှား တည်ရှိနေကြသည်သာဖြစ်၏။ အကြောင်းတရားတို့၏ ကျေးဇူးပြုပေးမှု အရှိန် အဝါ မကုန်သေးသမျှကာလပတ်လုံး အကျိုးရုပ်တရားတို့သည် အဆက်မပြတ် ဖြစ်နေကြသည်သာတည်း။ ရှေးရှေးဖြစ်သွားသော ရုပ်သန္တတိ အစဉ်အတန်း နှင့် နောက်နောက်ဖြစ်သွားသော ရုပ်အစဉ်သန္တတိသာ ကွာခြားလျက်ရှိသည်။ ဖြစ်ပျက် အစဉ်အတန်းချင်းကား တူညီလျက်ရှိ၏။ ထို့ကြောင့် ရုပ်တရားတို့ သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့၍ ဖြစ်ရိုး ဓမ္မတာကား မရှိ၊ အကြောင်းတရားတို့၏ စွမ်းအင်ကြောင့် နေရာ အသစ်အသစ်၌ အသစ် အသစ်သော ရုပ်တရားတို့သာ ထပ်ကာ ထပ်ကာ ဥပါဒ်နေကြပေသည်။ ထိုကြောင့် ဓာတ်သဘောတရားများကိုလည်း တစ်နေမှ တစ်နေရာသို့ ရောက် အောင် ဆွဲချ၍ မရနိုင်ဟု မှတ်ပါ။
(ဂ) မာ-ကျန်း-လေး - ပျော့-ချော-ပေါ့
သုတ္တန်ပါဠိတော်တို့၌ ယေဘုယျအားဖြင့် ပထဝီဓာတ်ကို ကက္ခဠံ = မာမှုသဘော, ခရိဂတံ = ကျန်းမှုသဘော (မ၊၂၊၈၄။) ဟု နှစ်မျိုးသာ ဟော ကြားထားတော်မူ၏။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌လည်း ဓာတ်ကမ္မဋ္ဌာန်း အကျဉ်း နည်းရှုကွက်တွင် ထဒ္ဓဘာဝေါ ဝါ ခရဘာဝေါ ဝါ (ဝိသုဒ္ဓိ၊၁၊၃၄၆။) မာမှုသဘော ကျန်းမှုသဘော နှစ်မျိုးကိုသာလျှင် ဖွင့်ဆိုထား၏။ ဤကျမ်း၌ကား ဓမ္မသင်္ဂဏီ ပါဠိတော်ဂတိသို့ လိုက်၍ ပထဝီဓာတ်၌ ဓာတ်သဘောတရား (၆)မျိုးရှုရန် တင်ပြထားပါသည်။ ဓမ္မသင်္ဂဏီပါဠိတော်၌ကား ဤသို့ လာရှိ၏။
ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ (သုခသမ္ဖဿံ ဒုက္ခသမ္ဖဿံ) ဂရုကံ လဟုကံ။ (အဘိ၊၁၊၁၇၀။)
ကက္ခဠန္တိ ထဒ္ဓံ။ မုဒုကန္တိ အထဒ္ဓံ။ သဏှန္တိ မဋ္ဌံ။ဖရုသန္တိ ခရံ။ သုခသမ္ဖဿန္တိ သုခဝေဒနာပစ္စယံ ဣဋ္ဌဖောဋ္ဌဗ္ဗံ။ ဒုက္ခသမ္ဖဿန္တိ ဒုက္ခဝေဒနာပစ္စယံ အနိဋ္ဌဖောဋ္ဌဗ္ဗံ။ဂရုကန္တိ ဘာရိယံ။လဟုကန္တိ အဘာရိယံ၊ သလ္လဟုကန္တိ အတ္ထော။ ဧတ္ထ စ ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုကန္တိ ပဒေဟိ ပထဝီဓာတု ဧဝ ဘာဇိတာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။)
၁။ ကက္ခဠ = မာမှုသဘော၊ ၄။ မုဒုက = ပျော့မှုသဘော၊
၂။ ဖရုသ = ကျန်းမှုသဘော၊ ၅။ သဏှ = ချောမှုသဘော၊
၃။ ဂရုက = လေးမှုသဘော၊ ၆။ လဟုက = ပေါ့မှုသဘော၊
ဤသို့လျှင် ပထဝီ၌ ဓာတ်သဘောတရား (၆)မျိုးလာရှိ၏။ သုခဝေဒနာ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ကို သုခသမ္ဖဿ, ဒုက္ခဝေဒနာဖြစ်ခြင်း၏ အကြောင်းဖြစ်သော ပထဝီဓာတ် တေ ဇောဓာတ် ဝါယောဓာတ်ကို ဒုက္ခသမ္ဖဿဟု ဆိုလို၏။ ထိုကြောင့် ယင်းသုခ သမ္ဖဿ ဒုက္ခသမ္ဖဿတို့ကား ယင်းဓာတ်သုံးပါးတို့၏ သီးခြားသဘာဝလက္ခဏာတို့ မဟုတ်ပေ။ ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ဖောဋ္ဌဗ္ဗဓာတ်ကို ဝေဖန် ဟော ကြားတော်မူရာ၌ မာ-ကျန်း-လေး၊ ပျော့-ချော-ပေါ့ဟူသော ဓာတ်သဘော တရား (၆)မျိုးကို ဟောကြားထားတော်မူသော်လည်း ယင်းသဘောတရားများ မှာ ပထဝီဓာတ်ကိုသာလျှင် ဝေဖန်ဟောကြားထားတော်မူကြောင်းကို အထက် ပါ အဋ္ဌသာလိနီအဋ္ဌကထာက ရှင်းလင်းတင်ပြထားပေသည်။
သုတ္တန်ဒေသနာတော်တို့၌ ပထဝီဓာတ်ရှုကွက်ဝယ် မာ-ကျန်း-သဘော တရား (၂)မျိုးကိုသာ ဟောကြားထားတော်မူသော်လည်း ဤကျမ်း၌ ဓမ္မ သင်္ဂဏီပါဠိတော်သို့ လိုက်၍ (၆)မျိုး ဖော်ပြရခြင်းမှာ အကြောင်းရှိသည်သာ ဖြစ်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပါ ဓာတ်သဘောတရား (၁၂)မျိုး တို့ကို သို့မဟုတ် ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ၌ ရံခါ ဓာတ်များ သည် လွန်ကဲလာတတ်၏။ ယင်း ဓာတ်တို့၏ လွန်ကဲလာမှုကြောင့် အချို့ ယောဂီများ၌ သမာဓိပျက်ပြားကာ ဓာတ်ကို မရှုရဲဖြစ်နေတတ်၏။အထူးသဖြင့် မာမှုသဘော လေးမှုသဘော ဖွဲ့စည်းမှုသဘောတို့က အထူးလွန်ကဲလာသော အခါ ဦးခေါင်း တစ်ခုလုံးသည် တင်းမာလေးလံလျက် ခဲနေတတ်၏၊ သည်းမခံ နိုင် ဖြစ်နေတတ်၏။ ထိုအခါမျိုး၌ ဓာတ်ကို ညီမျှသွားအောင် ဆန့်ကျင်ဘက် သဘောတရားတို့ကို ဦးစားပေးရှုခြင်းဖြင့် ထိန်းပေးရ၏။
၁။ မာမှုသဘော လွန်ကဲလာပါက ပျော့မှုသဘောကို၊ ပျော့မှုသဘော တရား လွန်ကဲလာပါက မာမှုသဘောတရားကို ဦးစားပေးရှုခြင်းဖြင့် ဓာတ်ညီမျှအောင် ပြုလုပ်ရ၏။ အလားတူပင် ---
၂။ ကျန်းမှုသဘော လွန်ကဲလာပါက ချောမှုသဘောကို၊ ချောမှုသဘော လွန်ကဲလာပါက ကျန်းမှုသဘောကို။ ပ ။
၃။ လေးမှုသဘော လွန်ကဲလာပါက ပေါ့မှုသဘောကို၊ ပေါ့မှုသဘော လွန် ကဲလာပါက လေးမှုသဘောကို။ ပ ။
၄။ ယိုစီးမှုသဘော လွန်ကဲလာပါက ဖွဲ့စည်းမှုသဘောကို၊ ဖွဲ့စည်းမှုသဘော လွန်ကဲလာပါက ယိုစီးမှုသဘောကို။ ပ ။
၅။ ပူမှုသဘော လွန်ကဲလာပါက အေးမှုသဘောကို၊ အေးမှုသဘော လွန် ကဲလာပါက ပူမှုသဘောကို။ ပ ။
၆။ ထောက်ကန်မှုသဘော လွန်ကဲလာပါက တွန်းကန်မှုသဘောကို၊ တွန်း ကန်မှုသဘော လွန်ကဲလာပါက ထောက်ကန်မှုသဘောကို ဦးစားပေး ရှုခြင်းဖြင့် ဓာတ်ကို ညီမျှအောင် ပြုလုပ်ရ၏။
ဤသို့ အခက်အခဲရှိပါက ဖြေရှင်းနိုင်ရန်အတွက် ဤကျမ်း၌ ပထဝီ ဓာတ်ဝယ် သဘောတရား (၆)မျိုးလုံးကို ရေးသား တင်ပြထားခြင်း ဖြစ်၏။ရံခါ မာ-ကျန်း-လေးတို့က အလွန်ထင်ရှားနေတတ်၏၊ မခံမရပ်နိုင် ဖြစ်လာ တတ်၏၊ ထိုအခါဝယ် ပျော့-ချော-ပေါ့ကို တစ်ဖက်သတ် ဦးစားပေး၍ ရှုပေး ရ၏။ ဓာတ်ညီမျှသည်အထိ ကြိုးပမ်းရ၏။ ရံခါ ပျော့-ချော-ပေါ့က အား ကောင်းလာတတ်ပြန်၏၊ လေထဲတွင် လွင့်တက်နေသော လဲမှို့ကဲ့သို့ ဖြစ်ကာ လှုပ်ရှားနေတတ်၏။ ထိုအခါတွင်လည်း မာ-ကျန်း-လေးကို ဦးစားပေး၍ ရှု ခြင်းဖြင့် ဓာတ်ကို ညီမျှအောင် ထိန်းပေးရ၏။
ရံခါ ယိုစီးမှုသဘောက အလွန် အားကောင်းလာတတ်ပြန်၏။ မြစ်ရေ အယဉ် တသွင်သွင် စီးဆင်းနေသကဲ့သို့ ယိုစီးမှုက အလွန်ထင်ရှားနေတတ်၏၊ သမာဓိ ပျက်ပြားလာတတ်၏၊ ထိုအခါတွင် ဖွဲ့စည်းမှုသဘောကို ဦးစားပေး ရှုခြင်းဖြင့် ဓာတ်ညီမျှအောင် ပြုပြင်ပေးရ၏။ ရံခါ အသက်ရှူ ကြပ်လောက် အောင် ဖွဲ့စည်းမှုသဘောတရားက ထင်ရှားလာပြန်၏။ မခံမရပ်နိုင် ဖြစ်လာ ပြန်၏၊ ထိုအခါယိုစီးမှုသဘောကို ဦးစားပေးရှုလျက် အမောပြေစေရပြန်၏။တစ်ခါတစ်ရံ ပူမှုသဘောက အလွန်ပြင်းထန်လာသဖြင့် မီးဖြင့် ရှို့မြှိုက်ခံနေရ သကဲ့သို့ အပြင်းအထန် ပူလောင်နေတတ်ပြန်၏၊ ချွေးသီးချွေးပေါက်များ ယိုစီးလျက် ပင်ပန်းနေတတ်၏၊ ထိုအခါမျိုးတွင် အေးမှုသဘောကို တစ်ဘက် သတ် ပြောင်းရှုခြင်းဖြင့် ဓာတ်ညီမျှအောင် ပြုပြင်ပေးရ၏။ တစ်ခါတစ်ရံ အေးမှု သဘော လွန်ကဲလာပါကလည်း ပူမှုသဘောဖြင့် ထိန်းပေးရ၏။ ထောက်ကန် မှုသဘော လွန်ကဲလာသောအခါ၌လည်း တွန်းကန်မှုသဘောကို အာရုံယူ၍ ဓာတ်ညီမျှအောင် ထိန်းပေးရ၏။ တစ်ခါတစ်ရံ တွန်းကန်မှု အားကောင်းလာ သောအခါ ထောက်ကန်မှုကို တစ်ဖက်သတ် စိုက်ရှုလျက် ဓာတ်ကို ညီမျှ အောင် ပြုပြင်ပေးရ၏။ ထိုသို့ ထောက်ကန်မှုကို ဦးစားပေး ရှုသော်လည်း တွန်းကန်လှုပ်ရှားမှု ခန္ဓာကိုယ်ကြီး ယိမ်းထိုးနေမှုတို့မှာ အားကောင်းနေသေး ခဲ့သော် ထိုအခါမျိုးတွင် မာ-ကျန်း-လေးဟူသော ဂရုပထဝီဓာတ်များကို ဦးစား ပေး ရှုလျက် ဓာတ်ညီမျှအောင် ထိန်းပေးရ၏။ စားပွဲတစ်ခုပေါ်တွင် စက္ကူ တစ်ရွက်သည် လေတိုက်ခတ်သဖြင့် တဖြတ်ဖြတ် လှုပ်ရှားနေသောအခါ ယင်း စက္ကူကို လေးလံသော အရာဝတ္ထု တစ်ခုဖြင့် ဖိထားလိုက်ပါက ငြိမ်ဝပ်သွား သကဲ့သို့ မှတ်ပါ။
ဤကဲ့သို့သော ဓာတ်ယုတ်ဓာတ်လွန်များကို ထိန်းလျက် သမာဓိကို ထူထောင်နိုင်ရန်အလို့ငှာ ဤကျမ်းတွင် ဓာတ်သဘောတရား (၁၂)မျိုးကို ရေး သားတင်ပြထားခြင်း ဖြစ်ပေသည်။ ဤကဲ့သို့သော ဓာတ်ယုတ် ဓာတ်လွန်များ မှာ ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့၌ အဖြစ်များတတ်၏၊ သမထယာနိကပုဂ္ဂိုလ်တို့၌ကား အဖြစ်နည်းပါးလှပေသည်။ သုဒ္ဓဝိပဿနာ ယာနိကပုဂ္ဂိုလ်သည် စျာန်သမထကို အခြေမခံဘဲ ဝိပဿနာသို့ တိုက်ရိုက် ကူးလာသဖြင့် ဓာတ်ကြီးလေးပါးကို စတင်၍ရှုလေရာ ဓာတ်သဘောတရား များက မထင်မရှား ဝိုးတိုးဝါးတားဖြစ်နေပါက အသိဉာဏ်၌ ထင်ရှားလာသည့် တိုင်အောင် အချိန်များများ ပေးကာ ရှုနေရ၏။ ထိုသို့ အချိန်များများပေး၍ ရှုနေရသဖြင့် လေ့ကျက်မှု အရှိန်အဝါ အားများလာသောအခါ တစ်ရံတစ်ခါ အချို့ဓာတ်များမှာ လွန်ကဲလာတတ်၏။ ထိုအခါမျိုးတွင် ဓာတ်ညီမျှအောင် ဆန့်ကျင်ဘက်ဓာတ်ကို အာရုံပြုှ၍ ထိန်းပေးရ၏။
ယင်းသို့ဖြစ်လျှင် သုတ္တန်ဒေသနာတော်များနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ တို့၌ အဘယ်အကြောင်းကြောင့် ပထဝီဓာတ်၌ ကက္ခဠ-ခရိဂတ = မာမှု-ကျန်းမှု နှစ်မျိုးကိုသာ ဟောကြားမြွက်ဖော်တော်မူအပ်ပါသနည်း ဖွင့်ဆိုရေးသားတော် မူအပ်ပါသနည်းဟု မေးရန် ရှိ၏။ အဖြေကား ရှိသည်သာ ဖြစ်၏။
အရာဝတ္ထုတစ်ခုသည် မည်မျှပင် ပျော့ပျောင်းသည့်အရာဝတ္ထု ဖြစ်ချင် ဖြစ်ပါစေ၊ ထိုအရာဝတ္ထုကို ဉာဏ်ဖြင့် သေသေချာချာ ဆန်းစစ်ကြည့်သော အခါ ထိုအရာဝတ္ထုနှင့် ထိုက်တန်သလောက် မာမှုသဘောကား ထင်ရှား ရှိ နေသည်သာ ဖြစ်၏။ များများမာသည်ကို မာသည်ဟု သုံးနှုန်း၍ နည်းနည်း မာသည်ကို ပျော့သည်ဟု ခေါ်ဝေါ်သုံးစွဲခြင်းသာ ဖြစ်၏။ အလားတူပင် အရာ ဝတ္ထုတစ်ခုသည် မည်မျှပင် ချောမောသည် ဖြစ်ချင်ဖြစ်ပါစေ၊ ထိုအရာဝတ္ထုကို သေသေချာချာ ဉာဏ်ဖြင့် ဆန်းစစ်ကြည့်သောအခါ ထိုအရာဝတ္ထုနှင့် ထိုက် တန်သလောက် ကျန်းမှုသဘောကား ထင်ရှားရှိနေသည်သာ ဖြစ်၏။ များများ ကျန်းသည်ကို ကျန်းသည်ဟု ခေါ်ဝေါ်သုံးစွဲ၍ နည်းနည်းကျန်းသည်ကို ချော သည်ဟု ခေါ်ဝေါ်သုံးစွဲခြင်းမျှသာဖြစ်၏။ တစ်ဖန် မာမှု-ကျန်းမှုနှင့် တွဲလျက် လေးမှုသဘောလည်း ကပ်၍ ပါလာတတ်၏။ အလားတူပင် ပျော့မှု-ချောမှု သဘောတရားတို့ ထင်ရှားလာသောအခါ ပေါ့မှုသဘောလည်း ကပ်၍ ပါလာ တတ်၏။ ထိုကြောင့် မာ-ကျန်း သဘောတရားနှစ်ခုကို ရှုပါက မာ-ပျော့-ကျန်း-ချော-လေး-ပေါ့ဟူသော ဓာတ်သဘောတရားတို့သည်လည်း ထင်ရှား လာသည်သာ ဖြစ်သောကြောင့် သုတ္တန်ဒေသနာတော်တို့၌ ကက္ခဠ-ခရိဂတ ဟု ပထဝီဓာတ်၌ သဘောတရား နှစ်မျိုးကိုသာ ဟောကြားထားတော်မူလေ သည်။
အလားတူပင် ယိုစီးမှုသဘောတရားက များပြားနေပါက လွန်ကဲနေပါ က ယိုစီးမှုသဘောတရားမှာ ထင်ရှားနေတတ်၏၊ သို့သော် ယိုစီးမှုသဘော တရားက အားပျော့နေပါက ယုတ်လျော့နေပါက ဖွဲ့စည်းမှုသဘောတရားမှာ ထင်ရှားနေတတ်၏။ ပထဝီကောဋ္ဌာသ (၂၀)တို့၌ ပထဝီဓာတ်၏ စွမ်းအင်က လွန်ကဲများပြားနေသဖြင့် အာပေါဓာတ်၏ ယိုစီးမှုသဘောတရားမှာ ယုတ် လျော့နေ၏ အားပျော့နေ၏။ ထိုကြောင့် ယင်း ပထဝီကောဋ္ဌာသတို့၌ ယိုစီးမှု သဘောတရားသည် ယုတ်လျော့၍ ဖွဲ့စည်းသဘောတရားသည် ပို၍ ထင်ရှား နေတတ်၏။ တေဇောကောဋ္ဌာသ ဝါယောကောဋ္ဌာသတို့၌လည်း ယိုစီး ဖွဲ့စည်း သဘောတရားများသည် အားပျော့လျက်ပင် ရှိ၏။
ဘိလပ်မြေမှုန့်များကို ရေအနည်းငယ်ဖြင့် အချိုးတကျ ဖျော်စပ်လိုက် ပါက ဖွဲ့စည်းမှု အားကောင်းကာ အတုံးအခဲ ဖြစ်သွား၏။ ဘိလပ်မြေမှုန့် အနည်းငယ်ကို ရေခပ်များများဖြင့် ဖျော်စပ်လိုက်ပါက ယိုစီးမှု အားကောင်း ကာ ဖွဲ့စည်းမှု လျော့နည်းသွားတတ်၏။ အတုံးအခဲ မဖြစ်နိုင်တော့ပေ။ ဤ ဥပမာအတူ မှတ်သားပါ။ ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၃၄၇။) ၌ အာပေါဓာတ်ဝယ် - ဒြဝဘာဝ = ယိုစီးမှု, အာဗန္ဓနဘာဝ = ဖွဲ့စည်းမှု သဘောတရား နှစ်မျိုးလုံးကို ရှုရန် ညွှန်ကြားထားပေသည်။
တစ်ဖန် တေဇောကောဋ္ဌာသ လေးမျိုးတို့၌ တေဇောဓာတ်၏ သဘာဝ သတ္တိ စွမ်းအင်မှာ လွန်ကဲလျက် ရှိ၏။ ပထဝီကောဋ္ဌာသ, အာပေါကောဋ္ဌာသ, ဝါယောကောဋ္ဌာသတို့၌ကား အနည်းငယ်နုံ့လျက် ရံခါ ရှိတတ်၏။ သဘာဝ သတ္တိ စွမ်းအင် လွန်ကဲနေသော တေဇောဓာတ်ကို ပူသည်ဟုလည်းကောင်း, သဘာဝသတ္တိ စွမ်းအင် ယုတ်လျော့နေသော တေဇောဓာတ်ကို နုံ့နေသော တေဇောဓာတ်ကို အေးသည်ဟုလည်းကောင်း ခေါ်ဝေါ်သုံးစွဲခြင်းမျှသာ ဖြစ် ၏။ ထို့ကြောင့် ထိုနှစ်မျိုးလုံးကိုပင် ရှုရန် ဤကျမ်း၌ ရေးသားတင်ပြနေခြင်း ဖြစ်၏။ ပရိပါစနဘာဝ = ရင့်ကျက်စေမှုသဘောကိုလည်း ရှုရန် (ဝိသုဒ္ဓိ၊၁၊၃၄၇၊၊) ၌ ညွှန်ကြားထား၏။ ယင်းညွှန်ကြားချက်အတိုင်း ပူမှု-အေးမှုဟူသော သဘာဝလက္ခဏာက မထင်ရှားသောအခါ ယင်းရင့်ကျက်စေမှု ကိစ္စရသကို လည်း ရှုလိုက ရှုနိုင်ပါသည်။
ဝါယောဓာတ်၌ကား ဝိတ္ထမ္ဘနဘာဝ = ထောက်ကန်မှုသဘော, သမုဒီရဏဘာဝ = တွန်းကန်မှုသဘော နှစ်မျိုးလုံးကို ရှုရန် ညွှန်ကြားထား၏။ ပြိုလဲတော့မည့် အရာဝတ္ထုတစ်ခုကို မပြိုမလဲရအောင် ငြိမ်သွားအောင် ကျား ခေါ်သည့် သစ်တစ်ချောင်းဖြင့် ပြန်ထောက်ထားသကဲ့သို့ ခန္ဓာကိုယ်ကို တည် မြဲတိုင်း ထားမြဲတိုင်းသော ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် ပြန်လည် ထောက်ထားသောသဘောမှာ ထောက်ကန်မှုသဘော ဖြစ်၏။ ထောက်မှု ဟူသည်မှာလည်း ထားမြဲတိုင်း တည်မြဲတိုင်းသော ဣရိယာပုထ်အတိုင်း သဟဇာတ် ရုပ်တရားတို့ကို တည်တံ့ရုံမျှ ငြိမ်နေရုံမျှ တည်တံ့အောင် ငြိမ်အောင် ပြန်လည် တွန်းထားသော သဘောတည်း။ ထိန်းထားသော စွမ်းအားတည်း။ ငြိမ်အောင် တည်တံ့အောင် တွန်းနေသောစွမ်းအားကို ထောက်သည်ဟု သုံး စွဲ၍ လှုပ်အောင် ရွေ့အောင် တွန်းနေသည့် စွမ်းအားကို တွန်းသည်ဟု သုံးစွဲ ထားခြင်း ဖြစ်၏။
ထောက်မှုမှာ သဘာဝလက္ခဏာဖြစ်၍ တွန်းမှုမှာ ကိစ္စရသ ဖြစ်သဖြင့် ယင်းထောက်မှု တွန်းမှု နှစ်မျိုးလုံးမှာ တစ်ခုနှင့် တစ်ခု အလွန့်အလွန် ဆက်စပ် လျက် နီးကပ်လျက် ရှိပေ၏။ ထိုကြောင့် ထောက်ကန်မှု တွန်းကန်မှု နှစ်မျိုးလုံး ကိုပင် ရှုရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ညွှန်ကြားထားပေသည်။
(ဃ) ဣရိယာပထ - သမ္ပဇည ရှုကွက်
ထိုင်သည့်အခိုက်၌ ဓာတ်တစ်ပါးမျှကိုသာ ရှုနေပါက သွား-ရပ်-ထိုင်-လျောင်း ဟူသော ဣရိယာပုထ် လေးပါးလုံး၌လည်းကောင်း၊ ကွေးမှု ဆန့်မှု စသော ထိုထိုသမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌ လည်းကောင်း ကိုယ်အမူအရာ တိုင်း နှုတ်အမူအရာတိုင်း၌ ဓာတ်တစ်ပါးကိုသာ ရှုနှင့်ပါဦး။ အကယ်၍ အသင် သူတော်ကောင်းသည် ထိုင်သည့်အခါ ဓာတ်နှစ်ပါးကိုသာ ရှုတတ်သေးပါက ။ ပ ။ ဓာတ်လေးပါးလုံးကို ရှုတတ်ပါက ထိုထိုဣရိယာပုထ်တိုင်း ထိုထိုကိုယ် အမူအရာတိုင်း ထိုထိုနှုတ်အမူအရာတိုင်း၌ ဓာတ်ကြီးလေးပါးလုံးကိုပင် ရှုနေ ပါ။ ရှေးနှင့်နောက် ဣရိယာပုထ်ချင်း ဆက်စပ်မိအောင် ရှုပါ။
(င) သမထယာနိကပုဂ္ဂိုလ် မဟုတ်သေးလျှင်
အသင် သူတော်ကောင်းသည် အာနာပါန, ဩဒါတကသိုဏ်း စသော အခြားအခြားသော သမထကမ္မဋ္ဌာန်းများကို အားမထုတ်ဖူးသေးလျှင် ဤ ဓာတ်ကမ္မဋ္ဌာန်းကား အသင်သူတော်ကောင်းအတွက် သမထကမ္မဋ္ဌာန်း (၄၀) တွင် အကျုံးဝင်သော စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းလည်း မှန်၏၊ ယင်းကမ္မဋ္ဌာန်းကား သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော ဥပစာရ သမာဓိကို ရွက်ဆောင်ပေးနိုင်သော ဥပစာရကမ္မဋ္ဌာန်းလည်းဖြစ်၏။ ဒိဋ္ဌိဝိသုဒ္ဓိ စခန်းအတွက် ကြိုးပမ်းနေသော ရူပကမ္မဋ္ဌာန = ရုပ်ကမ္မဋ္ဌာန်းလည်း ဖြစ်၏။ ထိုရုပ်ကမ္မဋ္ဌာန်းကို ဥပစာရသမာဓိ (သဒိသူပစာရ-ဥပစာရသမာဓိ) သို့ ဆိုက် အောင် ပွားနိုင်သောအခါ ယင်းသမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ် လာသော လင်းရောင်ခြည်၏ စွမ်းအင်အကူအညီဖြင့် (၃၂)ကောဋ္ဌာသသို့ ကူး၍ တစ်ဖန်ထို (၃၂)ကောဋ္ဌာသမှ ဩဒါတကသိုဏ်းစသည့် ဝဏ္ဏကသိုဏ်း များသို့ ကူးလိုက်နိုင်ပါက စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် ပေါက်ရောက် နိုင်၏။ ထိုအခါ သမထယာနိကပုဂ္ဂိုလ် အဖြစ်သို့လည်း ရောက်ရှိသွားနိုင်ပေ သည်။
လိုက်နာရမည့် စည်းကမ်းများ
အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ခန္ဓာအိမ်တစ်ခုလုံးကို ခြုံငုံ ၍ ယင်းခန္ဓာအိမ်၌တည်ရှိသော မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ သဘော တရားများကို ကြည့်၍ ပထဝီဓာတ်ဟုလည်းကောင်း, ယိုစီး-ဖွဲ့စည်း သဘော တရားများကို ကြည့်၍ အာပေါဓာတ်ဟုလည်းကောင်း, ပူ-အေး သဘောတ ရားများကို ကြည့်၍ တေဇောဓာတ်ဟုလည်းကောင်း, ထောက်ကန်-တွန်းကန် သဘောတရားများကို ကြည့်၍ ဝါယောဓာတ်ဟုလည်းကောင်း - ဤသို့လျှင် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် - ဟု ကာလအရာ ကာလအထောင် ကာလအသိန်းမက ရှုနေပါ၊ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာ ဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားပါ။ ထိုသို့ ကြိုးပမ်းအားထုတ် ရာ၌ လိုက်နာပြုကျင့်ရမည့် စည်းကမ်းများမှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
ဧဝံ မနသိ ကရောန္တေန ဟိ အနုပုဗ္ဗတော, နာတိသီဃတော, နာတိသဏိကတော, ဝိက္ခေပပဋိဗာဟနတော, ပဏ္ဏတ္တိသမတိက္ကမနတော, အနုပဋ္ဌာနမုဉ္စနတော, လက္ခဏတော, တယော စ သုတ္တန္တာတိ ဣမေဟိ ဒသဟာကာရေဟိ မနသိကာရကောသလ္လံ အနုဋ္ဌာတဗ္ဗံ။ (မဟာဋီ၊၁၊၄၃၄။)
၁။ အနုပုဗ္ဗတော = အစဉ်အတိုင်း ရှုပါ
ထိုသို့ ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ဆရာသမားထံမှ သင်ယူထား သည့်အတိုင်း ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု အစဉ်အတိုင်းသာ ရှုပါ။ (အာပေါဓာတ် ပထဝီဓာတ် ဝါယောဓာတ် တေဇော ဓာတ် ဤသို့စသည်ဖြင့် ဟိုခုန်သည်ခုန် ဟိုကျော်သည်ကျော် မရှုပါနှင့်။)
၂။ နာတိသီဃတော = မမြန်လွန်းစေရ
ဤသို့လျှင် ဓာတ်ကြီးလေးပါးကို ဘုရားဟောဒေသနာစဉ်အတိုင်း နှလုံး သွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း အလွန် လျင်လျင်မြန်မြန် နှလုံး မသွင်းပါနှင့်။ အကြောင်းကား ဓာတ်ကြီးလေးပါးကို အလွန် လျင်လျင်မြန်မြန် နှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ တပြောင်းပြန်ပြန် ဓာတ် ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း မနသိကာရသည် အဆက်မပြတ် ဖြစ်နေသည် ကား မှန်၏၊ သို့သော် ကမ္မဋ္ဌာန်းဟု ခေါ်ဆိုအပ်သော ဓာတ်ကြီးလေးပါးတို့၏ သဘောတရားအာရုံသည် မထင်မရှား ဖြစ်နေတတ်၏။ ကမ္မဋ္ဌာန်းအာရုံသည် မထင်မရှား ဖြစ်နေခဲ့သော် ဥပစာရသမာဓိ စသော အဆင့်မြင့်မားနေသော တရားထူး တရားမြတ်ကို ယင်းဘာဝနာမနသိကာရတရားက ရွက်ဆောင် မပေးနိုင်တော့ပေ။ ထိုကြောင့် အလွန် လျင်လျင်မြန်မြန် နှလုံးမသွင်းပါနှင့်။
၃။ နာတိသဏိကတော = မနှေးလွန်းစေရ
အလွန် နှေးနှေးကွေးကွေးလည်း နှလုံးမသွင်းပါနှင့်။ အကြောင်းကား- အလွန် ဖြည်းဖြည်းဆေးဆေး နှေးနှေးကွေးကွေး ဓာတ်ကြီးလေးပါးကို နှလုံး သွင်းနေသော ပုဂ္ဂိုလ်၏သန္တာန်၌ ဓာတ်ကမ္မဋ္ဌာန်းသည် ပြီးဆုံးခြင်းသို့ မရောက် နိုင်၊ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် စသော တရားထူး တရားမြတ်ကို ရခြင်း၏ အကြောင်းတရား မဖြစ်နိုင်ပေ။
၄။ ဝိက္ခေပပဋိဗာဟနတော
= အပြင်အာရုံသို့ စိတ်ပျံ့လွင့်မှုကို တားမြစ်ရမည်
ဓာတ်ကြီးလေးပါးတည်းဟူသော ကမ္မဋ္ဌာန်းအာရုံကို စွန့်လွှတ်လိုက်၍ ဓာတ်ကြီးလေးပါးတို့၏ ပြင်ပ၌ တည်ရှိကြကုန်သော ပရမတ်အာရုံ ပညတ် အာရုံအမျိုးမျိုး၌ စိတ်ပျံ့လွင့်သွားမှုကို တားမြစ်ပေးပါ။ အကြောင်းမူ ဓာတ်ကြီး လေးပါး၏ ပြင်ပ၌ တည်ရှိသော ဓာတ်ကြီးလေးပါးမှ အခြား တစ်ပါးသော ပရမတ်အာရုံ ပညတ်အာရုံ အမျိုးမျိုး၌ စိတ်ပျံ့လွင့်မှု ရှိခဲ့သော် ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်တတ်၏၊ ပျက်စီးတတ်၏။
ဗဟိဒ္ဓါ ဝိက္ခေပေ ဟိ သတိ ကမ္မဋ္ဌာနာ ပရိဟာယတိ ပရိဓံသတိ။ (မဟာဋီ၊၁၊၄၃၄။)
[တင်းကြပ်စွာ လိုက်နာရမည့် စည်းကမ်းတစ်ခု ဖြစ်၏၊ ဓာတ်ကြီးလေးပါး တို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိ ထူထောင်ခိုက် ဝယ် ဓာတ်ကြီးလေးပါးမှ အခြားတစ်ပါးသော ပရမတ် အာရုံ ပညတ်အာရုံ အမျိုးမျိုးကို လိုက်ရှုနေပါက စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကြီး လေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ပိုင်းခြား ယူတတ်သော ဓာတ်ကမ္မဋ္ဌာန်း မဟုတ်တော့သည်ကိုကား သတိပြုသင့်၏။ ဓာတ်ကြီးလေးပါးကို ရှုပါမှသာလျှင် စတုဓာတုဝဝတ္ထာန် ဓာတ်ကမ္မဋ္ဌာန်းဟု ခေါ်ဆိုနိုင်၍ အထူးသဖြင့် ယခုကဲ့သို့ သမာဓိကို ထူထောင်ခိုက်ဝယ် ဓာတ်ကြီး လေးပါးမှတစ်ပါးသော ပြင်ပအာရုံ အမျိုးမျိုးကို လိုက်ရှုနေပါက ဓာတ်ကမ္မဋ္ဌာန်းဟု မခေါ်ဆိုနိုင်သည်ကိုကား သဘောကျသင့်လှပေသည်။ အကယ်၍ အသင်သူတော်ကောင်းသည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်ပါက ပို၍ ပို၍ သတိပြုသင့်လှသော အချက်လည်း ဖြစ်၏။ အကြောင်းမူ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့သည် ယေဘုယျအားဖြင့် ရုပ်ကမ္မဋ္ဌာန်းကစ၍ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးရာ၌ ဓာတ်ကြီးလေးပါးကိုပင် အကျဉ်းနည်း အကျယ်နည်း နှစ်နည်းတို့ တွင် တစ်နည်းနည်းဖြင့် စတင်၍ ပွားများအားထုတ်ရသောကြောင့် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။) ဓာတ်ကိုကား ရှု၏။ သို့သော် ဓာတ်ကြီးလေးပါး၏ ပြင်ပ၌ တည်ရှိသော ပြင်ပ အာရုံ အမျိုးမျိုးကိုလည်း လိုက်၍ ရှုနေပါက ကျီးလည်း မမည် ကြက်လည်း မဟုတ်သဖြင့် သပိတ်ကွဲ ကိုယ်ကြေသာ ရှိချေမည်။ ဓာတ်ကြီးလေးပါးကိုလည်းကောင်း ဓာတ်ကြီးလေးပါး၏ ပြင်ပအာရုံ အမျိုးမျိုးကိုလည်းကောင်း ရှုချင်သလို ရှုချင်တိုင်း လိုက်၍ ရှုနေခြင်းတည်းဟူသော အကြောင်းကြောင့် ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်သော ရုပ်ကလာပ်အမှုန်များကို မြင်မမြင်ကိုလည်းကောင်း, မြင်လျှင်လည်း ယင်း ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းနိုင် မသိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် မယူနိုင်ကိုလည်းကောင်း အသင်သူတော်ကောင်းသည် မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ ရုပ်ကလာပ်များကို မမြင်ဟုလည်းကောင်း, မြင်သော်လည်း ရုပ်ကလာပ် တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မသိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြား မယူနိုင်ဟုလည်းကောင်း အဖြေထွက်ခဲ့လျှင် ဓာတ်ကမ္မဋ္ဌာန်းဖြင့် သမာဓိကို ထူထောင်ခိုက်ဝယ် ဓာတ်ကြီးလေးပါး၏ ပြင်ပအာရုံ အမျိုးမျိုးကို လိုက်မရှုရ ဟူသော စည်းမျဉ်းဥပဒေသကို လိုက်နာ ပြုကျင့်သင့်လှပေသည်။ အကြောင်းမူ ရုပ်ကလာပ် တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းနိုင်ပါမှ ပရမတ္ထသစ္စာနယ်သို့ စတင် ဆိုက်ရောက်သောကြောင့် ဖြစ်ပေသည်။]
ဧကပဒိကမဂ္ဂဂါမီ ပုရိသော စေတ္ထ နိဒေဿတဗ္ဗော။ (မဟာဋီ၊၁၊၄၃၄၊၊)
ချောင်းတစ်ခု သို့မဟုတ် မြစ်တစ်ခု သို့မဟုတ် ချောက်ကမ်းပါးတစ်ခုကို ဖြတ်ကျော်ရန် တံတားတစ်ခုကို တည်ဆောက်ထားရာ ထိုတံတားပေါ်၌ ခြေ တစ်ဖဝါးစာ သွားနိုင်ရုံမျှ ပျဉ်တစ်ချပ်ကို ခင်းထား၏။ ထိုပျဉ်တစ်ချပ်သာ ခင်းထားသော ခြေတစ်ဖဝါးစာမျှသာ သွားလမ်းရှိသော လမ်းခရီးကို သွားနေ သော ယောက်ျားသည် ဘေးပတ်ဝန်းကျင် အာရုံအမျိုးမျိုးကို ငေးမောကြည့် လျက် ထိုတံတားပေါ်သို့ လျှောက်နေခဲ့သော် ထိုမှာဘက်ကမ်းသို့ မရောက် နိုင်ဘဲ ချောင်းအတွင်း သို့မဟုတ် မြစ်အတွင်း သို့မဟုတ် ချောက်ကမ်းပါး အတွင်းသို့ ကျသွားဖွယ်ရာသာ ရှိ၏။ ဤဥပမာကို ဤအရာ၌ ထုတ်ဆောင် ပြထိုက်လှပေသည်။ (မဟာဋီ၊၁၊၄၃၄။)
၅။ ပဏ္ဏတ္တိသမတိက္ကမနတော
= အမည်ပညတ်၌ သောင်တင် မနေပါစေနှင့်
ပထဝီဓာတ်ဟူသော အမည်နာမပညတ်ပေါ်၌ ဘာဝနာစိတ်ကို မထား ဘဲ မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ဟူသော ပထဝီဓာတ်၏ သဘောတရား အပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ အာပေါဓာတ်ဟူသော အမည်နာမ ပညတ်ပေါ်၌ ဘာဝနာစိတ်ကို မထားဘဲ ယိုစီးမှု-ဖွဲ့စည်းမှုဟူသော အာပေါ ဓာတ်၏ သဘောတရားအပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ တေဇော ဓာတ်ဟူသော အမည်နာမပညတ်ပေါ်၌ ဘာဝနာစိတ်ကိုမထားဘဲ ပူမှု သဘော အေးမှုသဘောဟူသော တေဇောဓာတ်၏ သဘောတရားအပေါ်၌ သာ ဘာဝနာစိတ်ကို ထားရမည်။ ဝါယောဓာတ်ဟူသော အမည်နာမပညတ် ပေါ်၌ ဘာဝနာစိတ်ကိုမထားဘဲ ထောက်ကန်မှုသဘော တွန်းကန်မှုသဘော ဟူသော ဝါယောဓာတ်၏ သဘောတရားအပေါ်၌သာ ဘာဝနာစိတ်ကို ထား ရမည်။ အမည်နာမပညတ်အပေါ်၌ ဘာဝနာစိတ်ကို သောင်တင်မနေစေဘဲ ဓာတ်ကြီးလေးပါးတို့၏ ပရမတ်အာရုံပေါ်၌သာ ဘာဝနာစိတ်ကို ကပ်ထားပါ။
၆။ အနုပဋ္ဌာနမုဉ္စနတော
= မထင်ရှားသော ဓာတ်အချို့ကို လွှတ်ထားပါ
စိတ်ငြိမ်သက်မှု သမာဓိကို ရရှိအောင် ဦးစားပေး၍ ကျင့်နေရသော အချိန် ဖြစ်သဖြင့် အသိဉာဏ်၌ မထင်မရှား ဖြစ်နေသော အချို့အချို့သော သဘောတရားများကို ခေတ္တ လွှတ်ထားလိုပါက လွှတ်ထားနိုင်သည်။ ခေတ္တ မရှုဘဲထားလိုက ထားနိုင်ပေသည်။ ဤသည်မှာလည်း ဓာတ်တစ်ခုခု၏လွန်ကဲ လာမှုကြောင့် ကာယိကဒုက္ခဝေဒနာများ လွန်လွန်ကဲကဲ ဖြစ်မလာသဖြင့် သက်တောင့်သက်သာရှိ၍ အနေရအထိုင်ရ မခက်ပါမှသာလျှင် သမာဓိဖြစ်မှု ကို အနှောင့်အယှက် မဖြစ်ပါမှသာလျှင် မထင်ရှားသော ဓာတ်အချို့ကို ခေတ္တ လွှတ်ထားခွင့် ရှိခြင်းဖြစ်သည်။ ဓာတ်တစ်ခုခုက လွန်ကဲနေ၍ ကာယိကဒုက္ခ ဝေဒနာများက လွှမ်မိုးဖိစီးလာကြသဖြင့် ဓာတ်ကြီးလေးပါးတည်းဟူသော ကမ္မဋ္ဌာန်းအာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်မထားနိုင်သဖြင့် ကမ္မဋ္ဌာန်းအာရုံနှင့် ကာယိကဒုက္ခဝေဒနာအာရုံတို့၌ စိတ်သည် တစ်လှည့်စီ ပြေး သွားနေရကား စိတ်ငြိမ်သက်မှု သမာဓိကို မဖြစ်စေနိုင် ဖြစ်နေပါက ဓာတ် ညီမျှအောင် ပြန်လည်၍ နှလုံးသွင်း ရှုပွားပါ။ သို့သော် အနည်းဆုံး ပမာဏ အားဖြင့် ပထဝီဓာတ်၏သဘာဝလက္ခဏာတစ်မျိုး, အာပေါဓာတ်၏ သဘာဝ လက္ခဏာတစ်မျိုး, တေဇောဓာတ်၏သဘာဝလက္ခဏာတစ်မျိုး, ဝါယောဓာတ် ၏သဘာဝလက္ခဏာ တစ်မျိုးဟူသော သဘောတရားတစ်မျိုးစီကား ထင်ရှား နေရမည်သာ ဖြစ်သည်။ သဘောတရား (၁၂)မျိုးလုံး ထင်ရှားနေပါက ပို၍ ပို၍ ကောင်းသည်သာ ဖြစ်ပေသည်။
၇။ လက္ခဏတော = သဘာဝလက္ခဏာကို ဦးစားပေး ရှုပါ
ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို ဦစားပေး၍ ရှုပါ။ ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်စတွင်ကား ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးသည် အသိဉာဏ်၌ မထင်မရှားဖြစ်ခဲ့သော် ရသ = ကိစ္စက စ၍ ရှုလိုကလည်း ရှုနိုင်၏။ သို့သော် ဤသို့ ဓာတ်ကမ္မဋ္ဌာန်းအာရုံ၌ သမာဓိသည် အားကောင်းလာ၍ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ် သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေခဲ့သော် ထိုသို့ တည်ငြိမ်နေသဖြင့် ဘာဝနာအရှိန်လည်း အားကောင်းလာသောအခါ၌ကား သမာဓိ၏ စွမ်းအင်ကြောင့် မထင်ရှားသော ဓာတ်များသည်လည်း ထင်ရှား လာရကား ---
၁။ ပထဝီဓာတ်၏ မာမှု ကျန်းမှုသဘော,
၂။ အာပေါဓာတ်၏ ယိုစီးမှု ဖွဲ့စည်းမှုသဘော,
၃။ တေဇောဓာတ်၏ ပူမှု အေးမှုသဘော,
၄။ ဝါယောဓာတ်၏ ထောက်ကန်မှုသဘော ဟူသော
ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးပေါ်၌ ဘာဝနာစိတ်ကို စေလွှတ်၍ စူးစူးစိုက်စိုက် ရှုပေးပါ။ ဓာတုမနသိကာရ ဘာဝနာသမာဓိကို ပို၍ ပို၍ စူးရှထက်မြက်လာစေရန်အတွက် ဖြစ်သည်။ ဤသို့ ကျင့်၍မှ သမာဓိစွမ်းအင်က အလွန်ကြီး မထက်မြက်လာသေးလျှင် မာ-ယို-ပူ-ထောက်ဟူသော သဘာဝလက္ခဏာမျှလောက်ကိုသာ ဦးစားပေး၍ ရှုလျက် သမာဓိကို ထူထောင်ပါ။
ဤသို့ အမည်နာမပညတ်ကို ပယ်စွန့်၍ ဓာတ်ကြီးလေးပါးတို့၏ အသီး အသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာအာရုံ၌သာလျှင် နှလုံးသွင်းရှုပွားမှုကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာတို့သည် ကောင်းစွာ ထင်ရှားလာကုန်သည်ဖြစ်၍ အလွန်ထင်ရှားလာကုန်သည်ဖြစ်၍ ထင်လာကုန်၏။ ဤသို့ အဖန်ဖန် အထပ် ထပ် နှလုံးသွင်း ရှုပွားခြင်း၏ အစွမ်းဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာ စိတ်သည် အဖန်ဖန် အထပ်ထပ် မှီဝဲခြင်း ထုံခြင်းတည်းဟူသော အာသေဝန ပစ္စည်းကို ရရှိလာ၏။ ရူပကာယတစ်ခုလုံးသည် ဓာတ်သဘောတရား အစု အပုံမျှ အနေဖြင့် ထင်လာ၏။ အတ္တမှ ဆိတ်သုဉ်းသော အားဖြင့် ပုဂ္ဂိုလ် သတ္တဝါ ဇီဝကောင် မဟုတ်သောအားဖြင့် ထင်လာ၏၊ ယန္တရားစက်ကြိုးဖြင့် အဆင့်ဆင့် အပြန်ပြန် အလှန်လှန် လှုပ်ရှားသွားလာနေသော စက်ယန္တရား ကဲ့သို့ အဆင့်ဆင့် အပြန်ပြန် အလှန်လှန် လှုပ်ရှားသွားလာနေသော ဓာတ် သဘောတရား အစုအပုံမျှဟူ၍ ထင်လာ၏။
သစေ ပန ဗဟိဒ္ဓါပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ အာဟိဏ္ဍန္တာ မနုဿတိရစ္ဆာနာဒယော သတ္တာကာရံ ဝိဇဟိတွာ ဓာတုသမူဟဝသေနေဝ ဥပဋ္ဌဟန္တိ၊ တေဟိ ကရိယမာနာ ကိရိယာ ဓာတုမယေန ယန္တေန ပဝတ္တိယမာနာ ဟုတွာ ဥပဋ္ဌာတိ၊ တေဟိ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ဓာတုသင်္ဃာတေ ပက္ခိပ္ပမာနော ဓာတုသင်္ဃာတော ဝိယ ဥပဋ္ဌာတိ။ (မဟာဋီ၊၁၊၄၃၄-၄၃၅။)
တစ်ဖန် အကယ်၍ ဗဟိဒ္ဓ အပြင်လောက၌လည်း ဓာတ်ကြီးလေးပါး ကို နှလုံးသွင်းရှုပွားမှု ဘာဝနာမနသိကာရကို ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင် သည် ဖြစ်အံ့၊ ထိုအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် လှည့်လည် ကျက်စား သွားလာနေကြကုန်သော လူ တိရစ္ဆာန် စသူတို့သည် သတ္တဝါဟူ သော အခြင်းအရာကို ပယ်စွန့်၍ ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု၏ အစွမ်းဖြင့်သာလျှင် ထင်လာကုန်၏။ ထိုသူတို့ ပြုလုပ်အပ်သော အမူအရာ အပြုအမူ မှန်သမျှသည် ဓာတ်ကြီးလေးပါးဖြင့် ပြီးသော ဓာတ်ကြီးလေးပါးဖြင့် ပြုလုပ်ထားသော စက်ယန္တရားဖြင့် ဖြစ်စေအပ် လည်ပတ်စေအပ်သော အရာဝတ္ထုဖြစ်၍ ထင်လာ၏။ ထိုသူတို့ စားမျိုအပ်သော သောက်ဖွယ် စားဖွယ် စသည်သည်လည်း ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု၌ ထည့်သွင်း လိုက်သော ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစုကဲ့သို့ ထင်လာ၏။ (မဟာဋီ၊၁၊၄၃၄-၄၃၅။)
ထိုအခါ၌ ထို ယောဂါဝစရပုဂ္ဂိုလ်၏ ထိုကဲ့သို့ အာသေဝနပစ္စည်းကို ရရှိနေသော ဘာဝနာစိတ်သည်လည်း ---
က။ ဝီရိယ လွန်ကဲနေခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ ၏ အစွမ်းဖြင့်သော်လည်းကောင်း,
ခ။ ဝီရိယ လျော့လွန်းခြင်းကြောင့် ဖြစ်ပေါ်လာသော ပျင်းရိမှု ကောသဇ္ဇ ၏ အစွမ်းဖြင့်သော်လည်းကောင်း
ဥပစာရသမာဓိတည်းဟူသော သမထဘာဝနာ လမ်းကြောင်းပေါ်သို့ အကယ်၍ မသက်ရောက်သည် မသက်ရောက်သေးသည် မသက်ရောက် နိုင်သည် ဖြစ်နေငြားအံ့၊ ထိုအခါ၌ ---
၈။ အဓိစိတ္တသုတ္တန် (= နိမိတ္တသုတ္တန်) (အံ၊၁၊၂၅၈။)
၉။ အနုတ္တရသီတိဘာဝသုတ္တန် (အံ၊၂၊၃၇၉။)
၁၀။ ဗောဇ္ဈင်္ဂသုတ္တန် (သံ၊၃၊၇၁-၇၃။)
ဤသုတ္တန်သုံးမျိုးတို့၌ လာရှိသော နည်းအတိုင်း ဝီရိယနှင့် သမာဓိကို ညီမျှအောင် ပြုကျင့်ရမည်။ (ယင်းသုတ္တန်တို့ကား ဣန္ဒြေငါးပါး ညီမျှအောင် ဗောဇ္ဈင်ခုနစ်ပါး ညီမျှအောင် ကျင့်ပုံကျင့်နည်းများကို ညွှန်ကြားပြသထား တော်မူသော သုတ္တန်များ ဖြစ်ကြသည်။ အကျယ်ကို ယင်းသုတ္တန် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ ကြည့်ပါ။ ဤ၌ကား အကျဉ်းချုပ်၍ ရေးသားတင်ပြ ပေအံ့။)
[မှတ်ချက် --- ဤဓာတ်ကမ္မဋ္ဌာန်းကျင့်စဉ် စည်းကမ်းဥပဒေသ (၁၀) ချက်ကို မဟာဋီ၊၁၊၄၃၄-၄၃၅ - မှ ကောက်နုတ် ဖော်ပြအပ်ပါသည်။ အဘိ၊ဋ္ဌ၊၂၊၂၁၆-၂၁၇ - တို့၌လည်း ကြည့်ပါ။]
ဣန္ဒြေ (၅) ပါး ညီမျှအောင် ကျင့်ပုံ
ဤအရာဝယ် ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းခွင်အပေါ်၌ ယုံကြည်မှု ကား သဒ္ဓိန္ဒြေတည်း။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို သိအောင် ကြိုးစားအားထုတ်မှု, ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် ကြိုးစားအားထုတ်မှုကား ဝီရိယိန္ဒြေတည်း။ ဓာတ်ကြီး လေးပါးတို့ကို သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိကား သတိန္ဒြေ တည်း။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေ မှုသဘောကား သမာဓိန္ဒြေတည်း။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ ကို ထိုးထွင်းသိမြင်ခြင်းသဘောကား ပညိန္ဒြေတည်း။ ဤဣန္ဒြေငါးပါးကိုလည်း ညီမျှအောင် ကျင့်ရမည်။
ဓာတုမနသိကာရ ဘာဝနာလုပ်ငန်း၌ ယုံကြည်ချက် သဒ္ဓါတရားက စွမ်းအင်ကြီးမားနေသဖြင့် ဓာတုမနသိကာရ ဘာဝနာလုပ်ငန်း၌ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက အလွန် ထင်ရှားနေသော ကြောင့်လည်းကောင်း, ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ထိုးထွင်း သိမြင်နေသော ပညိန္ဒြေ (= အသိဉာဏ်)က မသန့်ရှင်းသောကြောင့်လည်းကောင်း, ဝီရိယ-သတိ-သမာဓိ ဣန္ဒြေတို့က လျော့လျော့ရဲရဲရှိနေခြင်းစသော အကြောင်းတရားကြောင့်လည်းကောင်း သဒ္ဓိန္ဒြေသည် အလွန်အားကောင်း နေ၏။ ထိုအခါ၌ ဝီရိယိန္ဒြေသည် မိမိနှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို ဓာတ်ကြီးလေးပါးအာရုံမှ လျှောကျမသွားအောင် ချီးပင့်ထားခြင်း ပဂ္ဂဟ လုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်။ သတိန္ဒြေသည်လည်း ဓာတ်ကြီးလေးပါး တို့၏ သဘာဝလက္ခဏာအသီးအသီးကို အသိဉာဏ်၌ ထင်ထင်ရှားရှား ဖြစ် ပေါ်လာစေခြင်း ဥပဋ္ဌာနကိစ္စကို မရွက်ဆောင်နိုင်။ သမာဓိန္ဒြေသည်လည်း ဓာတ်ကြီးလေးပါးအာရုံမှ ပြင်ပအာရုံသို့ စိတ်ပျံ့လွင့် မသွားအောင် ရွက် ဆောင်ပေးခြင်း အဝိက္ခေပကိစ္စကို မရွက်ဆောင်နိုင်။ ပညိန္ဒြေသည်လည်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်းသိမြင် ခြင်း ဒဿနကိစ္စကို ပြုလုပ်အံ့သောငှာ မစွမ်းနိုင်။ အားကောင်းနေသော သဒ္ဓိန္ဒြေက လွှမ်းမိုးဖိစီးထားသောကြောင့် ဖြစ်၏။ ထို့ကြောင့် ပရမတ္ထဓမ္မ သဘာဝ - အထူးသဖြင့် ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို ပရမတ်သို့ဆိုက်အောင် ထိုးထိုးထွင်းထွင်း သိအောင် ဆင်ခြင် ခြင်းဖြင့်လည်းကောင်း, သဒ္ဓိန္ဒြေအားကောင်းလောက်အောင် ဓာတ်ကမ္မဋ္ဌာန်း အာရုံကို နှလုံးမသွင်းခြင်းဖြင့်လည်းကောင်း သဒ္ဓိန္ဒြေကို ယုတ်လျော့စေရ၏။
အကယ်၍ ဓာတ်ကြီးလေးပါးကို သိအောင် ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ် ငြိမ်နေအောင် ကြိုးစားအားထုတ်မှု လုံ့လဝီရိယက အားကောင်း နေပြန်လျှင်လည်း သဒ္ဓိန္ဒြေက အဓိမောက္ခကိစ္စ, သတိန္ဒြေက ဥပဋ္ဌာနကိစ္စ, သမာဓိန္ဒြေက အဝိက္ခေပကိစ္စ, ပညိန္ဒြေက ဒဿနကိစ္စဟူသော မိမိ မိမိ၏ ဆိုင်ရာဆိုင်ရာ ကိစ္စ အသီးအသီးကို မရွက်ဆောင်နိုင်တော့ပေ။ လွန်ကဲနေ သော ဝီရိယသည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ အသင်းအပင်း ဘက်တော်သား ဖြစ်နေသဖြင့် ဓာတ်ကြီးလေးပါးအာရုံမှ ပြင်ပအာရုံသို့ စိတ်ပျံ့လွင့်မှု များနေ သောကြောင့် ဖြစ်၏။ ထိုကြောင့် ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားများခြင်းဖြင့် လွန်ကဲနေသော ဝီရိယကို ယုတ်လျော့ စေရ၏။
အထူးသဖြင့် သဒ္ဓါနှင့် ပညာတို့၏လည်းကောင်း, ဝီရိယနှင့် သမာဓိ တို့၏လည်းကောင်း ညီမျှမှုကို အရိယာသူတော်ကောင်းတို့က ချီးမွမ်းမြှောက် စားတော်မူကြ၏။ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်၌ ယုံကြည်မှုသဒ္ဓါတရားက အား ကောင်း၍ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီး ကို ထိုးထိုးထွင်းထွင်း သိမြင်တတ်သော ပညိန္ဒြေက နုံ့နေပြန်လျှင်, ဓာတ်ကြီး လေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မသိဘဲ ဝိုးတိုးဝါးတား မထင်မရှား သိနေ ပြန်လျှင် သဒ္ဓါနှင့်ပညာတို့မှာ ညီမျှမှု မရှိ ဖြစ်နေပြန်၏။ မပြောပလောက်သော ကမ္မဋ္ဌာန်းအတွေ့အကြုံ၌ အထင်ကြီးနေတတ်၏။ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကိုကား လွယ်လွယ်ကူကူဖြင့် ရှုရ နေ၏၊ ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်းသိနေ၏၊ သို့သော် ဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ်၌ ယုံကြည်ချက် သဒ္ဓါတရားမှာ အားပျော့နေပြန်၏။ ဓာတ်ကမ္မဋ္ဌာန်း ကို စနစ်တကျ ရှုနိုင်ပါက ရုပ်ကလာပ်များကို တွေ့မြင်နိုင်သည်ဟူသော အချက်, ယင်းရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေး ပါးကို သာဝကတို့လည်း ရှု၍ ရနိုင်သည် သိမ်းဆည်း၍ ရနိုင်သည်ဟူသော အချက် - ဤအချက်တို့နှင့် ပတ်သက်၍ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေ ၏။ တစ်ခါတစ်ရံ ဒီရုပ် ဒီနာမ်တွေကို သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့သာ ရှု၍ရနိုင်သည် မဟုတ်ပါလားဟု သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်ဘက်သို့ တွန်း ပို့နေတတ်၏။ ဘုရားရှင်ကိုပင် မိမိတို့၏ သက်သေအရာ၌ တည်အောင် ထားနေတတ်၏။ ဝေဖန်ရေးသမား လုပ်နေတတ်၏။ မိမိကိုယ်ကို မိမိ ဉာဏ် ပညာ ထက်မြက်သူ ပညာရှိ သူတော်ကောင်းတစ်ဦးဟု ခံယူချက်ရှိနေသဖြင့် ဘုရားဟောထားသည့် ပရမတ္ထရုပ်နာမ်တို့ကိုသာ ဝိပဿနာ ရှုကောင်းပါသည် ဟု ပြောဆိုလာသူကို မျက်လုံးကို ထောင့်ကပ်လျက် မျက်နှာချိုသွေးကာ အထင်သေးသော စိတ်ထားဖြင့် ကြည့်နေတတ်ပြန်၏။ ဘာဝနာလုပ်ငန်းခွင်ကို ညွှန်ကြားပြသနေသော ဘုရားရှင်၏ တရားတော်များအပေါ်၌ ယုံကြည်ချက် စွမ်းအင်များ လျော့ပါးနေခြင်း ဖြစ်၏။ ထို့ကြောင့် အဋ္ဌကထာက အောက်ပါ အတိုင်း မှတ်ချက်ချထား၏။
ဗလဝပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ၊ ဘေသဇ္ဇသမုဋ္ဌိတော ဝိယ ရောဂေါ အတေကိစ္ဆော ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၆။)
ပရိယတ္တိဗဟုသုတ, ပဋိပတ္တိဗဟုသုတဟူသော အကြားအမြင် ဗဟု သုတ ပညာက အားကောင်း၍ သဒ္ဓါတရားက အားပျော့နေပြန်လျှင်လည်း ကောက်ကျစ်စဉ်းလဲသည့်ဘက်သို့ ယိုင်လဲသွားတတ်၏၊ ဆေးကြောင့်ဖြစ်သော အနာရောဂါသည် အကုရခက်သကဲ့သို့ ထိုပုဂ္ဂိုလ်မျိုးကို ဘုရားရှင်၏ တရားစစ် တရားမှန်တည်းဟူသော ဆေးကို တိုက်ကျွေးလျက် မှားယွင်းစွာ လက်ခံထား သော ပရိယတ္တိဗဟုသုတ ပဋိပတ္တိဗဟုသုတပညာကြောင့် ဖြစ်ပေါ်လာသော မမှန်မကန် ကျင့်သုံးနေသည့် အနာရောဂါဆိုးကို ပျောက်ကင်းအောင် ကုသ ပေးဖို့ရန်မှာလည်း အလွန်ခက်ခဲလှပေသည်။ ဗဟုသုတပညာများသလောက် မေးခွန်းပေါင်းစုံဖြင့် ဆင်ခြေပေးကာ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်၏။ သစ္စကပရိဗိုဇ်ကဲ့သို့သော ပုဂ္ဂိုလ်များပင်တည်း။ ထိုပုဂ္ဂိုလ်မျိုးသည်လည်း ဘာဝနာလုပ်ငန်းခွင်၌ အောင်မြင်မှုရရှိဖို့ရန် ခက်ခဲတတ်၏။ ထိုကြောင့် သဒ္ဓါနှင့်ပညာ နှစ်ပါးတို့၏ ညီမျှမှု ရှိဖို့လည်း လိုအပ်ပေသည်။
တစ်ဖန် --- ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော သမာဓိကား အားကောင်းလျက် ရှိ၏။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှားသိအောင် ကြိုးစားအားထုတ်မှု, ယင်း ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု လုံ့လဝီရိယကား အားပျော့လျက် ရှိနေပြန်၏။ ထိုအခါ သမာဓိသည် ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိခြင်း ကောသဇ္ဇ ၏ ဘက်တော်သား ဖြစ်ခြင်းကြောင့် လွန်ကဲသော သမာဓိရှိသော နုံ့သော ဝီရိယရှိသော သူကို ပျင်းရိခြင်း ကောသဇ္ဇတရားက လွှမ်းမိုးဖိစီး နှိပ်စက်တတ်၏။ ထို့ကြောင့် အသင်သူတော်ကောင်းသည် ယခုကဲ့သို့ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိကို ထူထောင်နေခိုက်၌ ဓာတ်ကြီး လေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ ထိုဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို အသာအယာ မှေးမထားပါနှင့်။ စိတ်ကိုလျှော့ချ၍ သက်သက်သာသာ မှေးစိုက်ထားခြင်းမှာ လုံ့လဝီရိယ လျော့ခြင်း၏ အမှတ်အသားပင် ဖြစ်၏။ ထိုကဲ့သို့ စိတ်ကို သက်သက်သာသာ မှေးထားပါက ဘဝင်လည်း အကျများလာတတ်၍ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးမှာလည်း တဖြည်းဖြည်း မထင်မရှား ဖြစ်လာ တတ်၏။ ဘာဝနာလုပ်ငန်းခွင်မှ လျှောကျသွားခြင်းပင်တည်း။ ထိုကြောင့် ထိုအခါမျိုး၌ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင် ထင်ရှားရှား သိအောင် ယင်းအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယကို မြှင့်တင်ပေးပါ။
တစ်ဖန် ဝီရိယသည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ ဘက်တော်သား ဖြစ်ခြင်း ကြောင့် ဝီရိယက လွန်ကဲ၍ သမာဓိက နုံ့နေပြန်လျှင်လည်း ဓာတ်ကြီးလေးပါး ကို ထင်ထင်ရှားရှား သိအောင် ယင်းဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ် ကို ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် လွန်လွန်ကဲကဲ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယရှိသော နုံ့သော သမာဓိရှိသော သူကို ဓာတ်ကြီးလေးပါးမှ ပြင်ပ ဖြစ်သော အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်နေမှု ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီး တတ်ပြန်၏။
အလျော်ကား --- ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေ သော သမာဓိကို ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်မှု, ယင်းဓာတ်ကြီးလေးပါး အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအား ထုတ်မှု လုံ့လဝီရိယနှင့် ညီမျှအောင် ယှဉ်စပ်ပေးလိုက်ပါက ဘာဝနာစိတ်သည် ပျင်းရိခြင်း ကောသဇ္ဇအဖို့အစု၌ ကျရောက်ဖို့ရန် အခွင့်ကို မရနိုင်လေရာ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိအောင် ယင်း ဓာတ်ကြီးလေးပါးအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် ကြိုးစားအား ထုတ်မှု လုံ့လဝီရိယကိုလည်း ယင်းဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်သော သမာဓိနှင့် ညီမျှအောင် ယှဉ်စပ်ပေးလိုက်သော် ဘာဝနာ စိတ်သည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စအဖို့အစု၌ ကျရောက်ဖို့ရန် အခွင့်ကို မရရှိ နိုင်လေရာ။ ထိုကြောင့် သမာဓိနှင့် ဝီရိယ နှစ်ပါးစုံကိုလည်း ညီမျှအောင် ပြုကျင့်ပါ။
သဒ္ဓါနှင့်ပညာ, ဝီရိယနှင့်သမာဓိ ဤနှစ်စုံလုံး ညီမျှမှသာလျှင် ဥပစာရ သမာဓိတည်းဟူသော အပ္ပနာသည် ဖြစ်ပေါ်လာနိုင်ပေသည်။ ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိမ်းဆည်းတတ်သော သတိ = အောက်မေ့အမှတ်ရနေသော သတိကား အခါခပ်သိမ်း လိုအပ်သည် သာတည်း။ (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆ - ကြည့်ပါ။)
ဗောဇ္ဈင် (၇) ပါး ညီမျှအောင် ကျင့်ပါ
၁။ ဓာတ်ကြီးလေးပါးတို့၏ အသီးအသီးသော သဘာဝလက္ခဏာအာရုံကို အောက်မေ့ အမှတ်ရနေသော အဖန်ဖန် အထပ်ထပ် သိမ်းဆည်းနေသော သတိကား သတိသမ္ဗောဇ္ဈင်၊
၂။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကိုသာ ထိုး ထွင်း သိနေသော စူးစမ်းဆင်ခြင် သုံးသပ်နေသော ပညာကား ဓမ္မဝိစယ သမ္ဗောဇ္ဈင်၊
၃။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဓမ္မဝိစယ-ဝီရိယ စသော ဗောဇ္ဈင်မြတ်တရားတို့ ထင်ရှားဖြစ်ပေါ်လာအောင် အထူးသဖြင့် ဓာတ်ကြီးလေးပါးအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍တည်နေမှု သမာဓိသမ္ဗောဇ္ဈင် ဖြစ်အောင် ကြိုးစားအားထုတ်နေသော ဝီရိယကား ဝီရိယသမ္ဗောဇ္ဈင်၊
၄။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ကြည်ရွှင်ဝမ်းမြောက်နေခြင်း = ပီတိကား ပီတိသမ္ဗောဇ္ဈင်၊
၅။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာ စိတ် စေတသိက်တို့၏ ငြိမ်းအေးနေခြင်း = ပဿဒ္ဓိကား ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
၆။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု = သမာဓိကား သမာဓိသမ္ဗောဇ္ဈင်၊
၇။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို-
က။ တက်ကြွခြင်း, ပျံ့လွင့်ခြင်း
ခ။ တွန့်ဆုတ်ခြင်း, ပျင်းရိခြင်း
ဤအဖို့အစုဘက်သို့ မရောက်အောင် သမ္ပယုတ်တရားတို့ကို အညီ အမျှထားခြင်း = တတြမဇ္ဈတ္တတာကား ဥပေက္ခာသမ္ဗောဇ္ဈင် ---
ဤသည်တို့ကား ဓာတ်ကမ္မဋ္ဌာန်းစခန်း၌ ဗောဇ္ဈင် (၇)ပါးတို့တည်း။
အလွန်လျော့လွန်းသော လုံ့လဝီရိယရှိနေခြင်း ဘာဝနာလုပ်ငန်းခွင်၌ သာယာမှု ကင်းမဲ့နေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ် သည် ဓာတ်ကမ္မဋ္ဌာန်းလုပ်ငန်းခွင်မှ တွန့်ဆုတ်နေ၏ ပျင်းရိနေ၏။ ထိုအခါ၌ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို မပွားများဘဲ = ဓာတ်ကြီးလေးပါး အာရုံ၌ ပဿဒ္ဓိဖြစ်အောင် သမာဓိဖြစ်အောင် ဥပေက္ခာဖြစ်အောင် မကြိုး စားဘဲ ဓမ္မဝိစယ-ဝီရိယ-ပီတိသမ္ဗောဇ္ဈင်တို့ကို ပွားများပေးပါ။ ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား သိအောင် စိတ်ဓာတ် တက်ကြွလာအောင် ပီတိဖြစ်အောင် ကြိုးစားပါ၊ ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးပါ။
ဝီရိယ လွန်ကဲနေခြင်း ဝေဖန်မှုတွေက များပြားနေခြင်းစသော အ ကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် ပျံ့လွင့်နေ၏၊ ဓာတ်ကြီးလေးပါး ၏ သဘာဝလက္ခဏာအာရုံမှ ပြင်ပအာရုံသို့ အရောက်များနေ၏၊ စိတ်ဓာတ် သည် တုန်လှုပ်တက်ကြွမှု များနေ၏၊ ထိုအခါ၌ ဓမ္မဝိစယ-ဝီရိယ-ပီတိ သမ္ဗောဇ္ဈင်တို့ကို မပွားများသေးဘဲ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားများပေးပါ။ စူးစမ်းဆင်ခြင်မှု ဝေဖန်မှုတို့ကို လျှော့ချပါ။ ဓာတ်ကြီးလေးပါး တို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား အတင်း စူးစူး စိုက်စိုက် ရှုပွားနေမှု လုံ့လဝီရိယကို လျှော့ချပါ။ နှစ်သက်ဝမ်းမြောက်မှု ကြည် ရွှင်ဝမ်းမြောက်မှုကို မပြုပါနှင့်၊ စိတ်စေတသိက်တို့ ငြိမ်းအေးသွားအောင် ဓာတ် ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အညီအမျှ ရှုနိုင်အောင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးဟူသော အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်သာ ကြိုးစားပါ။
အရောင်အလင်းနှင့် ဥပစာရသမာဓိနယ်မြေ
တေဿဝံ ဝါယမမာနဿ နစိရေနေဝ ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏတ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၃၄၇။)
ဤသို့လျှင် သဒ္ဓါနှင့်ပညာ ဝီရိယနှင့်သမာဓိကို ညီမျှအောင်ယှဉ်စေ၍ ထိုဓာတ်ကြီးလေးပါးတို့၏ အသီးအသီးသော သဘာဝလက္ခဏာ အာရုံ၌ပင် လျှင် နှလုံးသွင်းရှုပွားမှု ဘာဝနာလုပ်ငန်းရပ်ကို ဖြစ်စေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်ဝယ် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေငါးပါး တို့၏ ညီမျှမှုကိုရရှိ၍ အလွန်စင်ကြယ်သန့်ရှင်း ထက်မြက် စူးရှမှုတို့ ဖြစ်လာ ကြသောအခါ မယုံကြည်ခြင်း အဿဒ္ဓိယ, ဘာဝနာအာရုံမှ တွန့်ဆုတ်နေခြင်း လီန, ဓာတ်ကြီးလေးပါးအာရုံကို အမှတ်မရခြင်း မေ့ပျောက်နေခြင်း ပမာဒ, ဓာတ်ကြီးလေးပါး အာရုံမှ စိတ်ပျံ့လွင့်သွားခြင်း ဥဒ္ဓစ္စ, ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဟုတ်တိုင်းမှန်စွာ မသိခြင်း မောဟစသော ကိလေသာအညစ်အကြေးတို့၏ ဝေးကွာသွားသည့် အဖြစ်ကြောင့် ဗောဇ္ဈင် မြတ်တရား ခုနစ်ပါးတို့သည် လွန်လွန်ကဲကဲပင်လျှင် ကြီးမားသော စွမ်းအားနှင့် ပြည့်စုံလာကုန်၏။ ယင်းဗောဇ္ဈင်မြတ်တရား ခုနစ်ပါးတို့၏ ကြီးမားသော စွမ်းအင်သတ္တိဖြင့် အားပေးထောက်ပံ့မှု အရှိန်အဝါသတ္တိထူးကြီးကို ရရှိသည် ဖြစ်ရကား ခိုင်ခိုင်ခံ့ခံ့ တည်တံ့ခြင်းသို့ ရောက်ရှိနေကြကုန်သော ---
၁။ ဝိတက် = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊
၂။ ဝိစာရ = ဓာတ်ကြီးလေးပါးတို့၏သဘာဝလက္ခဏာအာရုံကို ထပ်ကာ ထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော၊
၃။ ပီတိ = ယင်းအာရုံကို နှစ်သက်ခြင်းသဘော၊
၄။ သုခ = ယင်းအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊
၅။ ဧကဂ္ဂတာ = ယင်းဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက် တည်ငြိမ်နေခြင်း သဘော - ဟူသော ---
ဤစျာန်အင်္ဂါငါးပါးတို့သည် အထူးသဖြင့် ထက်မြက်ကုန်သည်ဖြစ်၍ ထင်ရှားလာကုန်၏။ ထိုစျာန်အင်္ဂါတို့နှင့် တိုက်ရိုက် ဆန့်ကျင်ဘက် ဖြစ်ကြ ကုန်သော နီဝရဏကိလေသာ အညစ်အကြေးတို့သည်လည်း မိမိတို့နှင့် တူ သော တည်ရာရှိကုန်သော ကိလေသာတို့နှင့်အတူတကွ ခွာအပ်ပြီးသာလျှင် ဖြစ်ကုန်၏။ ဤမျှတိုင်အောင် ဖော်ပြခဲ့သော ဓာတ်ကမ္မဋ္ဌာန်းအားထုတ်ပုံ အစီ အရင်အတိုင်း ပြည့်စုံအောင် ကြိုးစားအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ် သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာလျှင် အာရုံရှိသော ဥပစာရ စျာန်ကို = ဥပစာရသမာဓိကို ကောင်းစွာ ရရှိအပ်ပြီး ဖြစ်ပေသည်။ ထို့ကြောင့် အဋ္ဌကထာဆရာတော်က အထက်ပါစကားကို ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ ယင်းစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
အထက်၌ ဖော်ပြခဲ့သော ဓာတ်ကမ္မဋ္ဌာန်းစည်းကမ်း (၁၀)ချက်နှင့်အညီ ဓာတ်ကြီးလေးပါးတို့၏ အသီးအသီးသော သဘာဝလက္ခဏာအာရုံ၌ မိမိ၏ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ဣန္ဒြေငါးပါး, ဗောဇ္ဈင် ခုနစ်ပါးကို ညီမျှအောင် ကြိုးစားအားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်သည်
၁။ ထိုဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ကြိုးစားအားထုတ်မှုကို ပြု ကျင့်ရာဝယ် ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုး ပြုကျင့် လေ့ရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း,
၂။ လျောင်း-ထိုင်-ရပ်-သွား-ဣရိယာပုထ် လေးပါးတို့၌ အမြဲမပြတ် ဓာတ်ကြီးလေးပါးကိုသာ နှလုံးသွင်းရှုပွားခြင်းကို ပြုကျင့်လေ့ရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း,
၃။ လျောက်ပတ်သောဥတု လျောက်ပတ်သောဘောဇဉ် လျောက်ပတ် သော အာဟာရ လျောက်ပတ်သော တရားနာမှုကို မှီဝဲလေ့ရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း,
၄။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာဟူသော သမထနိမိတ် အာရုံကို ကောင်းစွာ မှတ်သားခြင်းဖြင့်လည်းကောင်း,
၅။ ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားတို့ကို လျော်စွာ ဖြစ်စေခြင်းဖြင့်လည်းကောင်း,
၆။ ခန္ဓာကိုယ်၌လည်းကောင်း အသက်၌လည်းကောင်း ငဲ့ကွက်ခြင်း ကင်း သော ဖြစ်ခြင်း ရှိသည်၏အဖြစ်ဖြင့်လည်းကောင်း,
၇။ ဘာဝနာလုပ်ငန်းရပ်၏ စပ်ကြားကာလ၌ ဘာဝနာလုပ်ငန်းမှ တွန့် ဆုတ်ခြင်းသို့ မရောက်စေခြင်းဖြင့်လည်းကောင်း,
ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်ကို အဆင့်ဆင့် တိုးတက်အောင် အပတ်တကုတ် ကြိုးစားအားထုတ်လျက် လွန်ကဲသော အားထုတ်ခြင်း၌ မြဲမြံစွာ ရပ်တည်ခြင်းဖြင့် ကောင်းစွာသာလျှင် အားထုတ်ခြင်း လုံ့လပယောဂကို လည်းကောင်း, တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် အဆင့်ဆင့် အားထုတ်ခြင်း ပရက္ကမကိုလည်းကောင်း ဖြစ်စေအပ်၏။ ထိုသို့ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ပိုင်းပိုင်းခြားခြား ထိုးထွင်းသိနေသော ဓာတုမနသိကာရ ဘာဝနာပညာသည် ဖြစ်ပေါ်နေ၏။ ပကတိသော ဆီမီးသည် မိမိ၏ အရောင် အလင်းဖြင့် မျက်စိအမြင်ရှိသူတို့အား အရာဝတ္ထုအမျိုးမျိုးတို့ကို မြင်အောင် ထွန်းပြသကဲ့သို့ အလားတူပင် ဤဓာတုမနသိကာရ သမထဘာဝနာစိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီး ကို ထိုးထွင်း သိမြင်နေသော ပညာသည်လည်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အထူးထူး အပြားပြားကို (မာ-ကျန်း-လေး-ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်းဟူသော သဘာဝလက္ခဏာ အထူးထူး အပြားပြားကို) ထင်လင်းစေသဖြင့် မိမိပညာရောင်ဖြင့် ထွန်းပြခြင်း ကိစ္စရှိ၏။ ယင်းသို့ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်လင်းစေသဖြင့် မိမိ၏ အရောင်အလင်းဖြင့် ထွန်းပြခြင်းကိစ္စ ရှိသော ဘာဝနာပညာသည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီး ၏ ဖြစ်-တည်-ပျက် ဟူသော အစ-အလယ်-အဆုံးတို့၌ သိနေ၏၊ အစ-အလယ်-အဆုံးတို့၌ သိမှုကို မစွန့်လွှတ်ပေ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝ လက္ခဏာ အသီးအသီး၏ အစ-အလယ်-အဆုံး ဟူသော ဖြစ်-တည်-ပျက် ကို သိနေသော, သိမှုကို မစွန့်လွှတ်သော ထိုဘာဝနာပညာသည် ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီး၏ အစ-အလယ်-အဆုံး ဟူ သော ဖြစ်မှု တည်မှု ပျက်မှု အလုံးစုံကိုပင် ပုိင်းပိုင်းခြားခြား ယူနိုင် သိမ်းဆည်း ထားနိုင်၏။ ထိုဘာဝနာပညာနှင့်ယှဉ်သော သမာဓိကား မဟဂ္ဂုတ်အဖြစ်သို့ မရောက်ရှိခြင်းကြောင့် ဥပစာရမျှသာဖြစ်သော အထွတ်အထိပ်သို့ ရောက် နေသော ကာမာဝစရသမာဓိ ဖြစ်ပေသည်။ အထက်ပါအတိုင်း စည်းကမ်း တကျ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို သိမ်းဆည်း ပွားများအားထုတ်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်း ဥပစာရ သမာဓိမျိုးသည် ဖြစ်ပေါ်လာနိုင်၏ ဟူပေ။ (ဝိသုဒ္ဓိ၊၁၊၃၄၇။ မဟာဋီ၊၁၊၄၃၅-၄၃၆။)
ထပ်မံရှင်းလင်းချက်များ
အထက်ပါ အဋ္ဌကထာ ဋီကာ စကားရပ်တို့မှာ ပညာရှိသူတော်ကောင်း တို့သည်သာ နားလည်သဘောပေါက်နိုင်သော စကားရပ်တို့ ဖြစ်နေကြ၏။ ဉာဏ်နုံ့သူ သူတော်ကောင်းတို့အတွက် ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြ အပ်ပါသည်။
အသင်သူတော်ကောင်းသည် အာနာပါနကမ္မဋ္ဌာန်း, ဩဒါတကသိုဏ်း စသည့် သမထကမ္မဋ္ဌာန်းတို့ကို စတုတ္ထစျာန်သို့ ပေါက်အောင် ရှုထားပြီးသူ သမထယာနိကပုဂ္ဂိုလ်ဖြစ်လျှင် ယင်းစတုတ္ထစျာန်သမာဓိကြောင့်လည်း အ ရောင်အလင်းများသည် ထွက်ပေါ်နေသည်သာ ဖြစ်၏။ ယင်းစတုတ္ထစျာန်မှ ထ၍ ယခုကဲ့သို့ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကို ထူထောင်ခိုက် ၌လည်း ယင်းဓာတုမနသိကာရဘာဝနာသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် လည်း ဖြစ်ပေါ်လာသော အရောင်အလင်းသည် ရှိနေသည်သာ ဖြစ်၏။
အကယ်၍ အသင် သူတော်ကောင်းသည် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ဖြစ်၍ ဓာတ်ကမ္မဋ္ဌာန်းကိုသာ စတင်အားသစ်သူ သူတော်ကောင်း ဖြစ် ပါမူကား - ယခုကဲ့သို့ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ ဘာဝနာသမာဓိကို ထူထောင်လာရာ၌ ဥပစာရ သမာဓိသို့ မဆိုက်မီ ဆိုက်လုနီးပါးဖြစ်သော ပရိကမ္မသမာဓိ အခိုက်မှစ၍ အရောင်အလင်းများသည် စတင်ထွက်ပေါ်လာတတ်၏။
ဤအရာဝယ် ယောဂါဝစရပုဂ္ဂိုလ်တို့၏ ပါရမီအပေါ်၌ အခြေတည်၍ တစ်ဦးနှင့်တစ်ဦး မတူထူးခြားကွဲပြားမှု အနည်းငယ် ရှိတတ်၏။ အချို့ သူတော် ကောင်းတို့ကား ဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကို ထူထောင်လာရာ သမာဓိ အရှိန်အဝါ အားကောင်းလာသောအခါ ဝန်းကျင်ပတ်ချာ အရပ် မျက်နှာတို့၌ လင်းနေသည်ကို တွေ့ရတတ်၏။ အချို့သူတော်ကောင်းတို့ကား အလင်းရောင်ကိုစတင်၍ အသိအမှတ် မပြုမိဘဲ ခန္ဓာကိုယ်၌ပင် တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ရှုနေရာ သမာဓိအရှိန်အဝါ အားကောင်းလာ သောအခါ မီးခိုးရောင်ကဲ့သို့သော ညစ်ထပ်ထပ်အဖြူကို စတင်တွေ့တတ်၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ကား ဓာတ်ကြီးလေးပါးတို့၏ သဘာဝ လက္ခဏာများသည် အထူး ကျယ်ပြန့်လာတတ်၏။ ခန္ဓာကိုယ်ကြီး တဖြည်း ဖြည်း ကြီးထွားသွားသည်ဟု ထင်တတ်ကြ၏။ အချို့ပုဂ္ဂိုလ်တို့ကား ခန္ဓာကိုယ် ပျောက်၍ ဓာတ်အစုအပုံဖြင့်သာ တွေ့မြင်နေရာ ထိုဓာတ်အစုအပုံ အတုံး အခဲမှာ တဖြည်းဖြည်း လုံးကျစ်၍ သေးသိမ်လာသည်ဟု ထင်တတ်ကြ၏။ သမာဓိ၏ အရှိန်အဝါ အားကောင်းလာသောအခါ ဘာဝနာမနသိကာရ အ ပေါ် အခြေစိုက်၍ဖြစ်ပေါ်လာသော ကွဲပြားမှုတည်း။ ထို့ကြောင့် ယောဂါဝစရ ပုဂ္ဂိုလ်သည် ဤကဲ့သို့ သမာဓိအရှိန်အဝါ အားကောင်းလာသော အပိုင်း၌ ဓာတ်ကြီးလေးပါးကို ကြီးမားကျယ်ပြန့်သွားစေလိုသောစိတ်, ဓာတ်ကြီးလေး ပါးကို ကျုံ့သွားစေလိုသောစိတ် ဤသို့စသော စိတ်ပျောင်းလဲမှု စိတ်ကစားမှု များ မဖြစ်အောင် အထူးသတိပြုဖို့ လိုအပ်ပေသည်။ ဤအပိုင်းတွင် ထိုကဲ့သို့ စိတ်အပြောင်းအလဲ များနေပါက ဘာဝနာသမာဓိမှာ တဖြည်းဖြည်း အရှိန် အဝါ လျော့လာတတ်၏။ ဥဒ္ဓစ္စ ဝင်နေတတ်၏။
ယောဂါဝစရပုဂ္ဂိုလ်သည် ဤကဲ့သို့ သမာဓိအရှိန်အဝါ အားကောင်း လာသောအခါ လက်-ခြေ-ခေါင်း-ကိုယ် စသော ခန္ဓာကိုယ် အစိတ်အပိုင်း တို့ကို မမြင်တော့ဘဲ ဓာတ်ကြီးလေးပါးတို့၏ အစုအပုံ အတုံးအခဲကြီးကိုသာ တွေ့မြင်နေ၏။ ထိုအခါ သမာဓိမှာ အရှိန်အဝါ အားကောင်းလာပြီ ဖြစ်၏ အကြမ်းစား သတ္တသညာ (= လောကဝေါဟာရအားဖြင့် ခေါ်ဝေါ်သုံးစွဲနေ သော ငါ-သူတစ်ပါး-ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ ဤသို့ စသော လောကသမညာအတ္တစွဲ) ကွာစပြုလာပြီ ဖြစ်၏။ ထိုကဲ့သို့သော သတ္တသညာ ကွာသွားအောင်လည်း ယောဂါဝစရပုဂ္ဂိုလ်သည် ကြိုးပမ်းရမည်သာဖြစ်၏။
ဤကဲ့သို့ ကြိုးပမ်းလာရာ ထိုဓာတ်အတုံးအခဲကြီး၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် အရောင်ကို စတင်တွေ့ရှိတတ်၏။ ပါရမီအရှိန်အဝါ အားကောင်းသူ သမာဓိအရှိန်အဝါအားကောင်းသူတို့ကား ဤအဆင့်တွင် အလွန် မကြာတော့ဘဲ ယင်းမီးခိုးရောင်ကဲ့သို့သော ညစ်ထပ်ထပ် အတုံးအခဲ၌ပင် တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သိမ်းဆည်းလျက် သမာဓိကို ဆက်လက်ထူထောင်လိုက်သောအခါ ဝါဂွမ်းစိုင် ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော, ဆွတ်ဆွတ်ဖြူနေသော တိမ်တိုက်ကဲ့သို့သော အဖြူပြင် အဖြူအတုံးအခဲကြီးကို တွေ့မြင်လာတတ်၏။ ယင်း အဖြူအတုံး အခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် သိမ်းဆည်းလျက် သမာဓိကို ဆက်လက်ထူထောင်နိုင်ခဲ့သော် ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့သော အလွန် ကြည်လင် တောက်ပနေသော အတုံးအခဲကြီးကို တွေ့တတ်၏။ ရုပ်ဃန ခေါ်သည့် အတုံးအခဲများ မပြိုမီ စပ်ကြားကာလ၌ ဓာတ်ကြီးလေးပါးတို့ကို အစုလိုက်အပုံလိုက် အတုံးလိုက်အခဲလိုက် တွေ့မြင်နေရခြင်း ဖြစ်၏။
ဘုရားရှင်သည် စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါ ပသာဒ ကာယပသာဒဟု ပသာဒရုပ် (= အကြည်ရုပ်) ငါးမျိုးကို ဟောကြား ထားတော်မူခဲ့၏။ ယင်းအကြည်ရုပ်တို့မှာ ---
စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)
ရူပါရုံစသော ပဉ္စာရုံတို့ကို အာရုံယူတတ်သော စက္ခုဝိညာဏ်စသော ဆိုင်ရာဆိုင်ရာ ပဉ္စဝိညာဏ်တို့အား ဖြစ်ပေါ်လာအောင် မှီရာ နိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးတတ်၏။ ယင်းသို့ ကျေးဇူးပြုတတ်သည်၏အဖြစ်ဖြင့် ကြေးမုံအပြင်ကဲ့သို့ အထူးကြည်လင်သောကြောင့် ပသာဒရုပ်မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)
ဤပါဠိတော် အဋ္ဌကထာတို့နှင့် အညီ ယောဂီသူတော်ကောင်းတို့ တွေ့ မြင်နေသော အတုံးအခဲမှာ ယင်းပသာဒရုပ်တို့၏ အတုံးအခဲနှင့် မကြည်သော ရုပ်ကလာပ်တို့၏ အတုံးအခဲသာဖြစ်၏။ ဤခန္ဓာအိမ်ဝယ် ကြည်သော ရုပ် ကလာပ်တို့၌ အထက်ပါ ပသာဒရုပ်ငါးမျိုးတို့ တည်ရှိကြ၏။ မကြည်သော ရုပ်ကလာပ်တို့၌ကား ယင်းပသာဒရုပ်တို့ မတည်ရှိကြပေ။ သို့သော် ဤ ခန္ဓာအိမ်ဝယ် ကြည်သော ရုပ်ကလာပ်နှင့် မကြည်သော ရုပ်ကလာပ်တို့ကား ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောစပ်ထားသကဲ့သို့ ရောနှော၍ တည်ရှိ နေကြ၏။ ကာယပသာဒရုပ်ကား တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိ၏။ ထိမှုကိုသိနိုင်သည့် နေရာတိုင်းတွင် ကာယပသာဒကား တည်ရှိနေ၏။ ကာယ ပသာဒနှင့်တကွ ပသာဒရုပ် ငါးမျိုးတို့ ပါဝင်နေသော ရုပ်ကလာပ်တို့ကား ကြည်သော ရုပ်ကလာပ်တို့ ဖြစ်ကြ၏။ ယင်းရုပ်ကလာပ်တို့ကို ဃန ခေါ်သည့် ရုပ်တုံး ရုပ်ခဲများ မပြိုမီကာလ၌ ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတုမနသိကာရ ဘာဝနာသမာဓိ အရှိန်အဝါ အားကောင်းလာသောအခါ ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ အတုံးလိုက် အခဲလိုက် တွေ့မြင်နေခြင်း ဖြစ်၏။ ကြည်သည့် ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့ကို မခွဲခြားနိုင်သေးသော အဆင့်ပင် ဖြစ်၏။ ထိုအကြည်ဓာတ် အကြည်ပြင် အကြည်အတုံးအခဲကြီး၌ ဓာတ်ကြီး လေးပါးကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက် ပိုင်းခြားယူ၍ သိမ်းဆည်း၍ သမာဓိကို ထူထောင်ပါက ယင်းအကြည်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီး လေးပါးကိုပင် ဆက်လက်ရှုနေပါက သမာဓိ၏ အရှိန်အဝါ အားကောင်း သထက် အားကောင်းလာသောအခါ အရောင်အလင်းများသည်လည်း တဖြတ်ဖြတ် ထွက်ပေါ်လာတတ်ပေသည်။
ဓာတုမနသိကာရ သမထဘာဝနာစိတ်ကြောင့် ဖြစ်ပေါ်နေသော စိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံတို့၏ လင်းရောင်ခြည်နှင့် ယင်းစိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်သော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားလာကြကုန်သော ဥတုဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံတို့၏ လင်းရောင်ခြည်များတည်း။ ယင်းလင်းရောင်ခြည်တို့ တွင် စိတ္တဇရုပ်ကလာပ်တို့၏ ဝဏ္ဏဓာတ်ရူပါရုံ၏ လင်းရောင်ခြည်မှာ ခန္ဓာအိမ် ၏ အတွင်း၌သာ ပျံ့နှံ့တည်ရှိ၏၊ ဥတုဇရုပ်ကလာပ်တို့၏ ဝဏ္ဏဓာတ်ရူပါရုံ ၏ လင်းရောင်ခြည်မှာ ခန္ဓာအိမ်၏ အတွင်း၌သာမက အပြင်အပ ဗဟိဒ္ဓသို့ တိုင်အောင် ဉာဏ်အာနုဘော်အားလျော်စွာ ပျံ့နှံ့သွားတတ်၏။ ယင်းလင်း ရောင်ခြည်တို့သည် ဟဒယဝတ္ထုရုပ်ကို မှီဖြစ်နေကြကုန်သော သမထဘာဝနာ စိတ် (ဝိပဿနာဘာဝနာစိတ်) တို့ကို မြစ်ဖျားခံလျက် အကြည်တုံး အကြည် ပြင်ကြီးကို ထိုးဖောက်ကာ အပြင်ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့လျက် တဖြတ် ဖြတ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဓာတုမနသိကာရ ဘာဝနာသမာဓိနှင့် ယှဉ်သောဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏာလောက = ဉာဏ်အရောင် အလင်းတည်း။ ယင်းဉာဏ်ရောင်သည် ပရမတ္ထဓမ္မသဘာဝမှန်ကို ဟုတ်တိုင်း မှန်စွာ သိအောင် မြင်အောင် ဆီမီးကဲ့သို့ ထွန်းပြခြင်း အဝဘာသနကိစ္စ ရှိ ပေသည်။ သမာဓိ၏အရှိန်အဝါကို အားကောင်းသထက် အားကောင်းအောင် ဆက်လက်၍ မြှင့်တင်ပေးနိုင်ပါက ဉာဏ်၏အာနုဘော်မှာ အရှိန်အဝါ မြင့်မား လာ၏။ ဉာဏ်၏အာနုဘော်သည် ကြီးမားလာပါက လင်းရောင်ခြည်စွမ်းအင် မှာလည်း ပို၍ ပို၍ တောက်ပလာ၏။ ထို့ကြောင့် လင်းရောင်ခြည်စွမ်းအင်ကို များများအလိုရှိပါက သမာဓိကို များများ ထူထောင်ပေးပါ။
အကယ်၍ အသင် သူတော်ကောင်းသည် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ် ဖြစ်၍ ယခုကဲ့သို့ ဓာတ်ကမ္မဋ္ဌာန်းဖြင့် သမာဓိကို စတင်ထူထောင်လာ ရာ ---
၁။ အရောင်အလင်းမှာ အားပျော့နေပါက၊
၂။ သို့မဟုတ် ဩဒါတကသိုဏ်းကဲ့သို့သော သမထကမ္မဋ္ဌာန်းတစ်ခုခုသို့ ပြောင်း၍ သမာဓိကို ထူထောင်လိုပါက၊
၃။ သို့မဟုတ် စတုရာရက္ခကမ္မဋ္ဌာန်းများကို ပွားများအားထုတ်လိုပါက -
ရုပ်ကလာပ်များကို မတွေ့ရသေးမီ အရောင်အလင်းများ အားကောင်း နေသော ယခုကဲ့သို့သော အချိန်မျိုးတွင် လမ်းခွဲခဲ့သော် အကောင်းဆုံး ဖြစ် သည်။ ရုပ်ကလာပ်များကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ပရမတ်သို့ ဆိုက်အောင် ဓာတ်ခွဲပြီးမှ = ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးမှ သမထတစ်ခုခုဘက် သို့ ပြောင်းခဲ့သော် သမထနိမိတ်တစ်ခုခုကို (အရိုးစုကဲ့သို့သော သမထနိမိတ် တစ်ခုခုကို) အာရုံယူ၍ စိုက်ရှုလိုက်တိုင်း ရုပ်ကလာပ် အမှုန်များသာ ဖြစ်ဖြစ် သွားတတ်သဖြင့် (အရိုးစုကို မတွေ့တော့ဘဲ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့မြင်နေတတ်သဖြင့်) သမာဓိ ထူထောင်ဖို့ရန် သမထနိမိတ် တစ်ခုခုကို ပြည်တည်ရာ၌ အခက်အခဲ အနည်းငယ် ရှိတတ်ပါသည်။ (သို့သော် ကြိုးစား ပါက အောင်မြင်နိုင်ပါသည်။)
အကယ်၍ အသင် သူတော်ကောင်းသည် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ဖြစ်၍ သမထတစ်ခုခုဘက်သို့ ပြောင်း၍ သမာဓိကို ထူထောင်လိုပါက ရှေးဦးစွာ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကိုထူထောင်ပါ။ အထက် တွင် တင်ပြခဲ့သည့်အတိုင်း ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသော အကြည်တုံး အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် အာရုံယူ၍ ဆက်လက်ကာ သမာဓိကိုထူထောင်ပါ။ လင်းရောင်ခြည်များသည် နာရီဝက် တစ်နာရီခန့် ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသော အခါ သမထကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ---
၁။ (၃၂)ကောဋ္ဌာသ၊
၂။ အရိုးစုကမ္မဋ္ဌာန်း၊
၃။ ဩဒါတကသိုဏ်းနှင့် ကြွင်းကသိုဏ်းများ
ဤကမ္မဋ္ဌာန်းတို့ကို အစဉ်အတိုင်း ရှုနိုင်ပါသည်။ ဩဒါတကသိုဏ်း၌ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သောအခါ အခြား သမထကမ္မဋ္ဌာန်းများသို့ လည်းကောင်း အထူးသဖြင့် စတုရာရက္ခ ကမ္မဋ္ဌာန်းများသို့လည်းကောင်း ပြောင်းရှုလိုက ရှုနိုင်ပေပြီ။ (ကသိုဏ်း ၁၀-ပါး, သမာပတ် ၈-ပါးရှုကွက်, ဗြဟ္မစိုရ်တရား ၄-ပါးရှုကွက်, စတုရာရက္ခကမ္မဋ္ဌာန်းရှုကွက်တို့ကို သမထကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။) အကယ်၍ ဝိပဿနာသို့ ကူးလိုက အောက် ပါအတုိင်း ဆက်လက် လေ့ကျင့်ပါ။
အတိတ်က ဖြည့်ကျင့် ဆည်းပူးခဲ့သော ပါရမီ အရှိန်အဝါ အားကောင်း သည့် သူတော်ကောင်းတို့သည်ကား ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်အတိုင်း စနစ် တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လာရာ အထက်တွင် ရေးသား တင်ပြထားသည့်အတိုင်း ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသော အကြည်တုံး အကြည်ပြင်၌ ဓာတ်ကြီးလေးပါးကို မြင်အောင် သိမ်းဆည်း လိုက်သည်နှင့် တစ်ပြိုင်နက် ရှုလိုက်သည်နှင့် တစ်ပြိုင်နက် မကြာမီ အချိန် ကာလအတွင်းမှာပင် ယင်းအကြည်တုံး အကြည်ပြင်ကြီးသည် ပြိုကွဲသွားကာ ရုပ်ကလာပ်အမှုန်များကို စတင်၍ တွေ့ရှိတတ်ပေသည်။ ပါရမီက အနည်း ငယ် နုံ့နေသဖြင့် သမာဓိကလည်း အလွန်ကြီး မစူးရှသဖြင့် ရုပ်ကလာပ်များ ကို မတွေ့နိုင်ဖြစ်နေပါက ထိုအခါတွင် အာကာသဓာတ်ကို မြင်အောင် ရှုရ မည် ဖြစ်သည်။
---အခက်အခဲများ
ထိုသို့ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိကို ထူထောင်ရာ၌ တစ်ခါတစ်ရံ သမာဓိက လျှောကျသွား ခဲ့သော် အကြည်ပြင်ကို တွေ့နေရာမှ အဖြူရောင်သို့ ပြန်၍ ဆိုက်ရောက် သွားတတ်၏၊ ထိုထက်ပင် သမာဓိက ပို၍ လျှောကျသွားခဲ့သော် မီးခိုးရောင်သို့ ပြန်၍ ဆိုက်ရောက်သွားတတ်သည်။ ထိုထက်ပင် ပို၍ သမာဓိက လျှောကျ သွားပြန်လျှင် မီးခိုးရောင်မျှကိုပင် မတွေ့တော့ဘဲ ဃနမပြိုသေးသော ဓာတ် ကြီးလေးပါးတို့၏ သဘာဝလက္ခဏာသို့ တစ်ဖန်ပြန်၍ ဆိုက်ရောက်သွား တတ်၏။ ဤကဲ့သို့သော အခက်အခဲများမှာ ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့၌ ပို၍ အဖြစ်များတတ်၏။
ထိုအခါမျိုးတွင် ကြီးမားသော ဇွဲလုံ့လဝီရိယဖြင့် ဓာတ်ကြီးလေးပါးတို့၏ သဘောလက္ခဏာကိုပင် အာရုံယူ၍ ထိုအာရုံ၌ ဘာဝနာစိတ်ကို စွဲမြဲစွာ ကပ် ထားလျက် သမာဓိကို ခိုင်ခံ့အောင် တည်တံ့အောင် ဓာတ်ကြီးလေးပါးအာရုံ၌ မြဲစွာစိုက်၍ တည်နေအောင် လေမတိုက်ရာ လေငြိမ်သက်ရာအရပ်၌ ညှိထွန်း အပ်သော ဆီမီးတိုင်ကဲ့သို့ မလှုပ်မယှက် ငြိမ်သက်စွာ ကပ်၍တည်နေအောင် ကြိုးစားအားထုတ်ပါက ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် တစ် နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေခဲ့သော် တဖြည်းဖြည်း မီးခိုးရောင်ကို တွေ့ရှိမည် ဖြစ်၏။ ထိုတွင် ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် ဆက်ရှုလျက် သမာဓိကို ဆက်လက်ထူထောင်နိုင်ပါက တိမ်တိုက်ကဲ့သို့ ဆွတ် ဆွတ်ဖြူနေသည့် အဖြူကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့ရှိမည် ဖြစ်၏။ ထိုအဖြူတွင် တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြား ယူလျက် သိမ်းဆည်းလျက် သမာဓိကို ဆက်လက် ထူထောင်နိုင်ပါက ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသော အကြည်တုံး အကြည်ခဲ အကြည်ပြင်ကြီး ကို တစ်ဖန် ပြန်၍ တွေ့ရှိမည် ဖြစ်သည်။
ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်၏ သမာဓိ အတက်အကျသို့ လိုက်၍ မီးခိုးရောင်-အဖြူ-အကြည်၊ အကြည်-အဖြူ-မီးခိုးရောင်ဟု ကြိမ်ဖန်များစွာ အပြောင်းအလဲကား ရှိနိုင်ပေသည်။ သို့သော် သမထယာနိကပုဂ္ဂိုလ်တို့၌ကား ဤအဆင့်တွင် အလွန့်အလွန်ကြီး ခက်ခဲမှု မရှိသည်ကို ယေဘုယျအားဖြင့် တွေ့ရှိရ၏။ အကယ်၍ အခက်အခဲ ရှိနေပါက မိမိရရှိထားသည့် အာနာပါန စတုတ္ထစျာန် ဩဒါတကသိုဏ်း စတုတ္ထစျာန် စသည့် သမာဓိများကို တစ်ဖန် ပြန်ထူထောင်၍ သမာဓိအရှိန်အဝါ အားကောင်းလာသောအခါ ဓာတ်ကြီး လေးပါးကို သိမ်းဆည်းလျက် သမာဓိကို အဆင့်ဆင့် တစ်ဖန်ပြန်၍ ထူထောင် လိုက်ပါက မကြာမီ အချိန်ကာလ အတွင်းမှာပင် အကြည်တုံး အကြည်ခဲ အကြည်ပြင်ကြီးကို ပြန်လည်တွေ့ရှိမည် ဖြစ်ပေသည်။ ထိုအကြည်တုံး အ ကြည်ခဲ အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သမာဓိကို ဆက်လက်ထူထောင်ပါက ပါရမီ အား လျော်စွာ အကြည်တုံးကြီးမှာ ပြိုကွဲသွားကာ ရုပ်ကလာပ်အမှုန်များကို စတင် တွေ့ရှိတတ်ပါသည်။ အကယ်၍ မတွေ့ရှိပါက ယင်းအကြည်တုံး အကြည်ပြင် ၌ အာကာသဓာတ်ကို မြင်အောင် ဆက်ရှုရမည် ဖြစ်သည်။
ဘုရားရှင်သည် မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆) စသည့် ထိုထို သုတ္တန်တို့၌ ဓာတ် (၆)ပါး ကမ္မဋ္ဌာန်းကို ဟောကြားတော်မူရာဝယ် အာကာသ ဓာတ်ကိုလည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏၊ ဤညွှန်ကြားချက်နှင့် ပတ် သက်၍ အဋ္ဌကထာဆရာတော်က အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏။
အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ။ ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒေဿတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိစ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။
အာကာသေန ပရိစ္ဆိန္နံ၊ ရူပံ ယာတိ ဝိဘူတတံ။
တေဿဝံ အာဝိဘာဝတ္ထံ၊ တံ ပကာသေသိ နာယကော။ (မ၊ဋ္ဌ၊၃၊၉၇။)
ဟေဋ္ဌာ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပန္တိ တဿ ပနေတ္ထ လက္ခဏာဟာရနယေန အာကာသဒဿနေန ဒဿိတတာ ဝေဒိတဗ္ဗာ။ တေနာဟ ဣမိနာ မုခေန တံ ဒေဿတုန္တိ။ န ကေဝလံ ဥပါဒါရူပဂ္ဂဟဏဒဿနတ္ထမေဝ အာကာသဓာတု ဝိတ္ထာရိတာ၊ အထ ခေါ ပရိဂ္ဂဟသုခတာယပီတိ ဒေဿန္တော အပိစာတိအာဒိမာဟ။ တတ္ထ ပရိစ္ဆိန္ဒိတဗ္ဗဿ ရူပဿ နိရဝသေသပရိယာဒါနတ္ထံ အဇ္ဈတ္တိကေနာတိ ဝိသေသနမာဟ။ အာကာသေနာတိ အာကာသဓာတုယာ ဂဟိတာယ။ ပရိစ္ဆိန္နရူပန္တိ တာယ ပရိစ္ဆိန္ဒိတကလာပဂတမ္ပိ ပါကဋံ ဟောတိ၊ ဝိဘူတံ ဟုတွာ ဥပဋ္ဌာတိ။ (မ၊ဋီ၊၂၊၆၃။)
မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကား လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်သော ပရမတ္ထဓာတ်သားများ ဖြစ်ခြင်းကြောင့် အကျယ်ချဲ့၍ ဟောတန်စေ၊ လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ မရှု ပွားထိုက်သော အာကာသဓာတ်ကို အဘယ်ကြောင့် ဘုရားရှင်သည် အကျယ် ချဲ့၍ ဟောကြားတော်မူအပ်ပါသနည်းဟု မေးရန် ရှိလာပြန်၏။ အဖြေမှာ-ဥပါဒါရုပ်တို့ကို ရှုပွားဖို့ရန် ညွှန်ကြားတော်မူလိုသောကြောင့် ဘုရားရှင်သည် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူအပ်ပါသည် ဟူပေ။
ဘုရားရှင်သည် မဟာရာဟုလောဝါဒသုတ္တန် ရှေးပိုင်းဝယ် မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ရှုပွားပုံကို သာလျှင် အကျယ်ချဲ့၍ ဟောကြားထား တော် မူရသေး၏၊ ဥပါဒါရုပ်ကို ရှုပွားပုံကို မဟောကြားရသေး။ ထို့ကြောင့် မဟာဘုတ် ဓာတ်ကြီးလေးပါးကို မှီ၍ ဖြစ်နေရသော ဥပါဒါရုပ်ချင်း တူညီ သဖြင့် လက္ခဏာဟာရနေတ္တိနည်းအားဖြင့် အာကာသဓာတ်မှ ကြွင်းသော ဥပါဒါရုပ်အားလုံးကို အာကာသဓာတ်၌ ပေါင်းစု၍ ဟောကြားသွားတော်မူ ခြင်း ဖြစ်၏။ အာကာသဓာတ်ကို ရှုပွားပုံကို ညွှန်ပြခြင်းဖြင့် ဥပါဒါရုပ်အားလုံး ကို ရှုပွားရန် ညွှန်ပြပြီး ဖြစ်သည်ဟု သိရှိပါလေ။ ထိုကြောင့် ဤအာကာသ ဓာတ်ကို အဦးမူသဖြင့် ထိုဥပါဒါရုပ်ကို ရှုပွားပုံကို ညွှန်ပြရန် အလို့ငှာ အာကာ သဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူခဲ့လေသည်။ သည်မျှသာ မက သေး ဥပါဒါရုပ်ကို သိမ်းဆည်းဖို့ရန် ညွှန်ပြခြင်း အကျိုးသက်သက် အတွက် သာလျှင် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူသည် မဟုတ် သေး၊ အကယ်စင်စစ်သော်ကား ရုပ်တရားတို့ကို သိမ်းဆည်းရာ၌ သိမ်းဆည်း မှု လွယ်ကူရန် နည်းလမ်းကို ညွှန်ကြားတော်မူလိုသောကြောင့်လည်း ဘုရား ရှင်သည် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူခဲ့လေသည်။ အာကာသဓာတ်ဟူသည် ရုပ်ကလာပ်တို့၏ အကြားအပေါက် ဖြစ်၏၊ ရုပ် ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု ရောယှက်မှု မရှိအောင် ပိုင်းခြားပေးသော ရုပ်တည်း။ ယင်းအာကာသဓာတ်ဖြင့် အပိုင်းအခြားခံရသော ရုပ်ကလာပ် အပေါင်းသည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်ရှားနေ၏၊ ထင်ထင် ရှားရှား ဖြစ်၍ တည်နေ၏။ ရုပ်ကလာပ်အပေါင်းသည် ထင်ရှားနေခဲ့သော် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရား အပေါင်းသည် လည်း ထင်ရှားလာ၏၊ သိမ်းဆည်းဖို့ရန် လွယ်ကူလာ၏။ ဤကဲ့သို့သော နည်းစနစ်ကောင်းကြီးကို ညွှန်ကြား ပြသတော်မူလိုသည့် အတွက်ကြောင့် လည်း ဘုရားရှင်သည် အာကာသဓာတ်ကို ရှုပွားဖို့ရန် အကျယ်အားဖြင့် ညွှန်ကြားပြသပေးတော်မူသည်။ (မ၊ဋ္ဌ၊၃၊၉၇။ မ၊ဋီ၊၂၊၆၃။)
---အကြည်ဓာတ် (၆) ပါး
စက္ခုအကြည် သောတအကြည် ဃာနအကြည် ဇိဝှါအကြည် ကာယ အကြည်ဟု ရုပ်အကြည်ဓာတ် (၅)မျိုးနှင့် ဘဝင်မနောအကြည်ဟု နာမ် အကြည်ဓာတ် တစ်မျိုး - အားလုံးပေါင်းသော် အကြည်ဓာတ် (၆)မျိုး ရှိ၏။
ထိုတွင် ကာယအကြည်ဓာတ်များမှာ တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေ၏။ ယင်းကာယအကြည်ဓာတ်နှင့်တကွ ရုပ်အကြည်ဓာတ် (၅)မျိုး တို့ ပါဝင်သော ရုပ်ကလာပ်တို့မှာ ကြည်သော ရုပ်ကလာပ်တို့ ဖြစ်ကြ၏။
စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)
= စက္ခုပသာဒ စသော ငါးမျိုးသော ရုပ်သည် ရူပါရုံစသည့် အာရုံတို့ကို လှမ်း၍ အာရုံယူရာ၌ စက္ခုဝိညာဏ်စသော ဆိုင်ရာဝိညာဏဓာတ်တို့၏ မှီရာ ဝတ္ထုပုရေဇာတနိဿယ - အကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြုလျက် - ကြေးမုံမှန်အပြင်ကဲ့သို့ ကြည်လင်နေသောကြောင့် ပသာဒရုပ်မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)
ကြည်သော ရုပ်ကလာပ်တို့မှ ကြွင်းသော ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်နေကြကုန်သော ရုပ်ကလာပ်တို့ကား မကြည်သော ရုပ်ကလာပ်တို့တည်း။ ကြည်သော ရုပ်ကလာပ် မကြည်သော ရုပ်ကလာပ်တို့ကား ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောစပ်ထားသကဲ့သို့ ခန္ဓာကိုယ်အနှံ့အပြား၌ တည်ရှိနေကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် အာကာသဓာတ်ကို မမြင်သေးမီ ရုပ်ကလာပ်တို့ကိုလည်း မမြင်သေးမီ အချိန်ကာလ၌ ဉာဏ်ကလည်း အလွန်ကြီး မစူးရှ မထက်မြက်သေးသဖြင့် ယင်း ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ် ကလာပ်တို့ကို တစ်ဆက်တည်း တစ်စပ်တည်းကဲ့သို့ မြင်နေသဖြင့် ယင်း ရုပ်ကလာပ်တို့ကို, အထူးသဖြင့် အကြည်ဓာတ်များ လွှမ်းခြုံဖုံးအုပ်ထားသော ရုပ်ကလာပ်အားလုံးတို့ကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့မြင် နေရခြင်း ဖြစ်၏။ ဓာတုမနသိကာရ ဘာဝနာသမာဓိနှင့် ယှဉ်နေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၏ အကူအညီဖြင့် ထို အကြည်ပြင်၌ အာကာသဓာတ်ကို မြင်အောင် ထိုးစိုက်၍ ရှုနိုင်သောအခါ ရုပ်ကလာပ်တို့၏ အကြားအပေါက် ဟူသော, ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်းဖြစ်သော အာကာသဓာတ်ကို တွေ့မြင်သည်နှင့် တစ်ပြိုင်နက် ရုပ် ကလာပ်များကိုလည်း စတင်တွေ့ရှိမည် ဖြစ်သည်။
တစ်ဖန် နာမ်တရားတို့တွင် ဘဝင် = မနောအကြည်ဓာတ်မှာလည်း ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်း ရှိလျက် ကြည်လင်ဖြူစင်နေကြောင်းကို - ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊၉။) ဤသို့စသည်ဖြင့် အင်္ဂုတ္တိုရ် ဧကကနိပါတ် အစ္ဆရာသင်္ဃာတဝဂ်၌ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ မူလဋီကာ (၁၊၁၂၅။) ၌ကား- သဘာဝေါ ဝါယံ စိတ္တဿ ပဏ္ဍရတာ = စိတ်အားလုံးသည်ပင် သဘာဝအား ဖြင့် ဖြူစင်ကြောင်း ပဏ္ဍရဖြစ်ကြောင်းကို ဖွင့်ဆိုထားပေသည်။ (စိတ်အားလုံး သည် ဖြူစင်၍ အကုသိုလ် စေတသိက်များကသာ သို့မဟုတ် အကုသိုလ် စေတသိက်များကြောင့်သာ ညစ်နွမ်းသည်ဟု ဆိုလိုပေသည်။)
ထိုစိတ်တို့တွင် ဘဝင်စိတ်သည် ကြည်လင်၏၊ ဖြူစင်၏။ ယင်းဘဝင်စိတ် သည်လည်း စိတ္တဇရုပ်ကို ဖြစ်စေနိုင်၏။ ယင်းစိတ္တဇရုပ်ကလာပ်တိုင်း၌ တည် ရှိသော ဝဏ္ဏဓာတ်ရူပါရုံသည် ဘဝင်စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ စွမ်းအင်အာနုဘော်အပေါ်၌ အခြေစိုက်၍ အနည်းနှင့်အများ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသည်သာ ဖြစ်၏။ ထိုစိတ္တဇရုပ်ကလာပ်တိုင်း၌ ပါဝင်သော တေဇောဓာတ် ဥတုသည်လည်း ဥတုဇရုပ်ကလာပ် အသစ်အသစ်ကို အဆင့်ဆင့် ဖြစ်စေသည်သာ ဖြစ်၏။ ယင်းဥတုဇရုပ်ကလာပ်တို့၌ တည်ရှိ သော ဝဏ္ဏဓာတ်ရူပါရုံသည်လည်း ယင်းဘဝင်စိတ်နှင့် ယှဉ်သော ဉာဏ်၏ အာနုဘော်အပေါ်၌ အခြေစိုက်၍ အနည်းနှင့်အများပင် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသည်သာ ဖြစ်၏။ အကျိုးဖြစ်သော ယင်း စိတ္တဇ ရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ရူပါရုံနှင့် ယင်း ဥတုဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ရူပါရုံတို့၏ ကြည်လင်တောက်ပမှုကို အကြောင်းဖြစ်သော ဘဝင်စိတ်၌ တင်စားကာ ကာရဏူပစာရအားဖြင့် ဘဝင်စိတ်ကို ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းရှိ၏ဟု ဟောတော်မူခြင်း ဖြစ်၏။ တစ်ဖန် ယင်းစိတ်တို့တွင် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဟူသော ကုသိုလ်စိတ် (ရဟန္တာ အရှင်မြတ်တို့အဖို့ ကြိယာစိတ်)တို့သည်လည်း အထူးသဖြင့် ကြည်လင်၏၊ ဖြူစင်၏။ ယင်းသမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကလည်း ပြိုးပြိုးပြက်ပြက် တလက် လက် တောက်ပသော လင်းရောင်ခြည်ကို ဖြစ်စေနိုင်ကြောင်းကို အထက်တွင် ရှင်းလင်းတင်ပြခဲ့ပြီးလေပြီ။
---ရုပ်ကလာပ်များကို ဓာတ်ခွဲပါ
ရုပ်ကလာပ်များကို အကြမ်းအားဖြင့် ခွဲခြားလိုက်သော် ယင်းတို့မှာ ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်ဟု ရုပ်ကလာပ် နှစ်မျိုး နှစ်စား ရှိနေ၏။ ပသာဒရုပ် (= အကြည်ရုပ်) ငါးမျိုး ပါဝင်သော ရုပ်ကလာပ် အမှုန်များမှာ ကြည်လင်၍ ကျန် ရုပ်ကလာပ်များမှာ မကြည်ကြပေ။ အချို့ ယောဂါဝစရပုဂ္ဂိုလ်တို့သည် ရုပ်ကလာပ်များကို တွေ့စအချိန်ဝယ် အတုံးအခဲ ခပ်ကြီးကြီးများကိုလည်း တွေ့နေတတ်၏။ ဆန်စေ့ခန့် ဆန်ကွဲစေ့ခန့်လောက် ရှိသော အတုံးအခဲများကိုလည်း တွေ့မြင်နေတတ်သေး၏။ အချို့ယောဂီတို့ ကား အနက်ရောင်ကတ္တီပါပေါ်တွင် ဆန်ကွဲစေ့များကို, စိန်တုံးစိန်ခဲကလေး များကို ကြဲဖြန့်ထားသကဲ့သို့ တွေ့မြင်နေတတ်ကြ၏။ ထိုအခါတွင် ယင်းအတုံး အခဲတို့၌လည်း ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် ဆက်၍ ရှုလိုက်ပါက သို့မဟုတ် အာကာသဓာတ်ကိုပင် မြင်အောင် ဆက်စိုက်လိုက်ပါက ရုပ်က လာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် ဆန်ကွဲစေ့ကဲ့သို့ စိန်တုံးစိန်ခဲကဲ့သို့သော ကြည်နေသော အတုံးအခဲတို့မှာ ကြည်နေသော ရုပ်ကလာပ်တို့၏ အပေါင်းအစု အတုံးအခဲဟု သဘောပေါက်ပါ။ တစ်ဖန် အောက်ခံ ကတ္တီပါနက်ရောင်ကဲ့သို့သော အတုံးအခဲအပြင်၌ ဓာတ်ကြီးလေး ပါးကို ရှုလိုက်ပါက သို့မဟုတ် အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်ပါ က ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်၏၊ မကြည်သော ရုပ်ကလာပ်တို့၏ အပေါင်းအစုပင်တည်း။
အသင်သူတော်ကောင်းသည် ရုပ်ကလာပ်များကို မြင်သောအခါ ကြည် သော ရုပ်ကလာပ်၌ ဓာတ်လေးပါး, မကြည်သော ရုပ်ကလာပ်၌ ဓာတ်လေးပါး ဟု ရုပ်ကလာပ်တစ်ခုတစ်ခု၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စရှုပါ၊ သိမ်း ဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အသင်သူတော်ကောင်းသည် ရုပ်ကလာပ် တို့၏ အလွန် လျင်လျင်မြန်မြန် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေမှုကို တွေ့ရှိ နေမည်သာ ဖြစ်သည်။ ရုပ်ကလာပ်တို့ကို ဓာတ်မခွဲနိုင်သေးပါက သမူဟဃန ကိစ္စဃနတို့ မပြိုသေးသဖြင့် ယင်းရုပ်ကလာပ်တို့ကို ရုပ်ကလာပ်အမှုန်အတိုင်း သာ မြင်တွေ့နေသေးလျှင် အသင်သူတော်ကောင်း၏ ဘာဝနာဉာဏ်သည် ပညတ်နယ်မှာပင် ရှိနေသေး၏။ ရုပ်ကလာပ်ဟူသည် သမူဟပညတ် သဏ္ဌာန ပညတ် မကွာသေးသည့် ပရမတ္ထရုပ်တရားတို့၏ အသေးဆုံးသော အဖွဲ့ အစည်းတစ်ခု ဖြစ်၏။ ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်သော အမှုန်ကလေးသာဖြစ်၏။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိ သော (၈)မျိုး သို့မဟုတ် (၉)မျိုး သို့မဟုတ် (၁၀)မျိုးသော ရုပ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် မသိမ်းဆည်းနိုင်သေးပါက ဉာဏ်ဖြင့် ပိုင်းခြားကာ မယူနိုင်သေးပါက ပရမတ်နယ်သို့ ဉာဏ်အမြင် မဆိုက် ရောက်သေးပေ။ အကြောင်းမူ ရုပ်ကလာပ်ဟူသည် ပညတ်နယ်၌ သမူဟ ပညတ် သဏ္ဌာနပညတ် စသည့် ပညတ်တို့ လုံးဝ မကွာသေးသည့် လုံးဝ မကင်းစင်သေးသည့် အသေးဆုံး အတုံးအခဲ ပညတ်သာ ရှိသေးသောကြောင့် ဖြစ်၏။ ထိုရုပ်ကလာပ်တို့ကို ဓာတ်မခွဲနိုင်ဘဲ, ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ပရမတ္ထရုပ်တရားတို့ကို မသိမ်းဆည်းနိုင်သေးဘဲ ရုပ်ကလာပ်အမှုန်အတိုင်း ပေါ်မှုပျောက်မှုကို အာရုံယူ၍ ဖြစ်-ပျက် ရှုနေပါက သို့မဟုတ် ဝိပဿနာ ရှုနေပါက ပညတ် ဖြစ်-ပျက်, ပညတ် ဝိပဿနာသာ ရှိသေးသည်၊ သို့အတွက် ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းရဦးမည်၊ ဉာဏ်ဖြင့် ပိုင်းခြားယူရဦးမည်သာ ဖြစ်ပေသည်။
ထိုသို့ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ္ထ ရုပ်တရားတို့ကို သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ဓာတ်ကြီးလေးပါး တို့ကို ေ့ရှဦးစွာ စတင်၍ သိမ်းဆည်းပါ။ သိမ်းဆည်းခြင်းဟူသည် ပရမတ် တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းတည်း။အ ကယ်၍ ရုပ်ကလာပ်တို့၏ အလွန် လျင်လျင်မြန်မြန် ပေါ်မှု ပျောက်မှုကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မသိမ်းဆည်းနိုင် စိုက်၍ ရှုမရနိုင် ဖြစ်နေပါက - မမြင်ချင် မတွေ့ချင်သူ တစ်ဦးနှင့် တွေ့သောအခါ မမြင်ယောင် မတွေ့ယောင် ဆောင်နေသကဲ့သို့ အလားတူပင် ရုပ်ကလာပ်တို့၏ ပေါ်မှုပျောက်မှုကို နှလုံးမသွင်းဘဲ အာရုံ မယူဘဲ မကြည့်ဘဲ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုသာ စူးစူးစိုက်စိုက် နှလုံးသွင်းပါ၊ ရှုနေပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
အကယ်၍ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ် ကြီးလေးပါးကို ရှုမရနိုင် သိမ်းဆည်းမရနိုင် ဖြစ်နေပါက ခန္ဓာကိုယ် တစ်ကိုယ် လုံးကို ခြုံ၍ ပထဝီဓာတ်ကိုရှုပါ သိမ်းဆည်းပါ။ တစ်နည်းဆိုရသော် ဤအပိုင်း တွင် ခန္ဓာကိုယ် အတုံးအခဲကြီးကို မတွေ့နိုင်ဘဲ ရုပ်ကလာပ်အမှုန်တို့ကိုသာ တွေ့ရှိနေမည် ဖြစ်သဖြင့် တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်ကလာပ်အားလုံး ကို ခြုံ၍ ပထဝီဓာတ်ကို ရှုပါ၊ သိမ်းဆည်းပါ။ ထိုနောင် ရုပ်ကလာပ် တစ်ခု အတွင်း၌ ပထဝီဓာတ်ကို သိမ်းဆည်းပါ။ မိမိသိမ်းဆည်းလိုက်သော ရုပ်က လာပ်သည် ပျောက်သွားပါက နောက်ကလာပ်တစ်ခု၌ ပထဝီဓာတ်ကိုပင် ဆက်လက် သိမ်းဆည်းပါ။ အောင်မြင်မှု ရရှိပါက ကလာပ်တစ်ခုပြီး ကလာပ် တစ်ခု ပြောင်း၍ ပထဝီဓာတ်တစ်ခုတည်းကိုပင် သိမ်းဆည်းပါ။ ပထဝီဓာတ်၌ လည်း မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ဟု သဘောတရား (၆)မျိုးရှိရာ ကလာပ်တစ်ခုတစ်ခုအတွင်း၌ မာ-ကျန်း-လေး ထင်ရှားနေပါက ပျော့-ချော-ပေါ့ မထင်ရှားပေ။ ပျော့-ချော-ပေါ့ ထင်ရှားကလည်း မာ-ကျန်း-လေး မထင် ရှားပေ။ ထိုသို့ ပထဝီဓာတ်ကို သိမ်းဆည်းရာ၌ အခက်အခဲ ရှိနေသေးက မာမှုသဘော တစ်ခုကိုသာ ဦးစားပေး၍ သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှု ရရှိပါက တဖြည်းဖြည်း တစ်လုံးစီ တိုးကြည့်ပါ။ မိမိရှုလိုက်သည့် ကလာပ် တိုင်း၌ မာ-ကျန်း-လေး သဘောတရားတို့ကို သို့မဟုတ် ပျော့-ချော-ပေါ့ သဘောတရားတို့ကို ပြိုင်တူမြင်အောင် လေ့ကျင့်ပါ။ ရုပ်ကလာပ်အားလုံးကို ခြုံ၍ မာမှုသဘောကို ရှုလိုက်, ရုပ်ကလာပ်တစ်ခု၌ မာမှုသဘောကို ရှုလိုက်-ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှုရရှိပါက ရုပ်ကလာပ်အားလုံး ၌ မာမှု-ကျန်းမှု သဘောနှစ်ခုကို ရှုလိုက်, ရုပ်ကလာပ်တစ်ခု၌ မာမှု-ကျန်းမှု သဘောနှစ်ခုကို ရှုလိုက် - ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှု ရရှိပါက ရုပ်ကလာပ်အားလုံးကို ခြုံ၍ မာ-ကျန်း-လေးကို ရှုလိုက်, ရုပ်ကလာပ် တစ်ခု၌ မာ-ကျန်း-လေးကို ရှုလိုက် - ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ မာ-ကျန်း-လေး မထင်ရှား၍ ပျော့-ချော-ပေါ့ ထင်ရှားသော ရုပ်ကလာပ်တို့ကို ရှုရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။ ဤနည်းစနစ်ကို မှီ၍ အာပေါ ဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကိုလည်း ဆက်ရှုပါ။
အာပေါဓာတ်ဝယ် ယိုစီး-ဖွဲ့စည်း နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသာ ပို၍ ထင်ရှားတတ်၏။ ဃန မပြိုမီ နှစ်မျိုးလုံး ထင်ရှားသော်လည်း ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ကား တစ်မျိုးကသာ ပို၍ ထင်ရှားနေ၏။ တေဇော ဓာတ်ဝယ် ပူမှု အေးမှု နှစ်မျိုးရှိရာ ရုပ်ကလာပ်တစ်ခု အတွင်း၌ တစ်မျိုးသာ ရှိနိုင်၏။ ပူမှုထင်ရှားက အေးမှု မထင်ရှားပေ။ အေးမှု ထင်ရှားကလည်း ပူမှု မထင်ရှားပေ။ ဝါယောဓာတ်၏ ထောက်ကန်-တွန်းကန် သဘောတို့ကား ကလာပ်တိုင်း၌ တည်ရှိကြ၏။ ထောက်ကန်မှုမှာ သဘာဝလက္ခဏာဖြစ်၍ တွန်းကန်မှုမှာ ရသကိစ္စ ဖြစ်သည်။
ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ ယင်းဓာတ်ကြီးလေးပါးလုံးကို ပြိုင်တူ ဉာဏ်၌ မြင်နေအောင် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါး တို့၏ သဘာဝလက္ခဏာအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသောသမာဓိကား အထွတ်အထိပ်သို့ ရောက်ရှိလာသော သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော ကာမာဝစရသမာဓိတည်း။ ပရမတ္ထဓမ္မသဘာဝကို အာရုံယူ နေရသောကြောင့် ယင်းပရမတ္ထဓမ္မတို့၏လည်း နက်နဲသည်ကတစ်ကြောင်း, အရှည်မတည် ချက်တစ်ဖြုတ် ရုတ်တရက် ချုပ်ပျက်တတ်သည်က တစ်ကြောင်း - ယင်းသို့ နက်နဲ၍ အရှည်မတည်တံ့သော မခိုင်ခံ့သော ပရမတ္ထဓမ္မ တို့ကို အာရုံယူနေရသည့်အတွက်ကြောင့် ယင်းသမာဓိကို ဆက်လက် ထူ ထောင်သော်လည်း အပ္ပနာစျာန်သို့ကား မဆိုက်နိုင်၊ အပ္ပနာစျာန်၏ အနီး အပါး၌ ကျက်စားလေ့ ဖြစ်လေ့ရှိသော သမာဓိကိုသာလျှင် ဥပစာရသမာဓိဟု ဆိုသင့်ရကား ဤဓာတုမနသိကာရဘာဝနာလုပ်ငန်းခွင်၌လည်း အပ္ပနာစျာန် သမာဓိသည် မရှိ ဖြစ်ခဲ့၏။ သို့သော် အပ္ပနာစျာန်သမာဓိ၏ အနီး၌ ကပ်၍ ဖြစ်လေ့ရှိသော ဥပစာရသမာဓိအစစ်နှင့် အထွတ်အထိပ်သို့ ရောက်ရှိလာ သော ဤဓာတုမနသိကာရသမာဓိသည် သမာဓိချင်း တိုင်းတာနှိုင်းစာ ကြည့် လိုက်ပါက တူညီသော သမာဓိလက္ခဏာ ရှိသောကြောင့် ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော အထွတ်အထိပ်သို့ ရောက်ရှိလာသော ဤဓာတုမနသိကာရ သမာဓိကိုလည်း တင်စား၍ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိဟူ၍ပင် ခေါ်ဆိုသည်။ (ဝိသုဒ္ဓိ၊၁၊၃၄၇။ မဟာဋီ၊၁၊၄၃၅-၄၃၆။)
ဥပစာရသမာဓီတိ စ ရုဠှီဝသေန ဝေဒိတဗ္ဗံ။ အပ္ပနံ ဟိ ဥပေစ္စ စာရီ သမာဓိ ဥပစာရသမာဓိ၊ အပ္ပနာ စေတ္ထ နတ္ထိ။ တာဒိသဿ ပန သမာဓိဿ သမာနလက္ခဏတာယ ဧဝံ ဝုတ္တံ။ ကသ္မာ ပနေတ္ထ အပ္ပနာ န ဟောတီတိ? တတ္ထ ကာရဏမာဟ သဘာဝဓမ္မာရမ္မဏတ္တာတိ။ (မဟာဋီ၊၁၊၄၃၅။)
---ဒေါဏမတ္တာ = တစ်စိတ်သားခန့်
ဤခန္ဓာကိုယ်ဝယ် အလုံးအရပ်အားဖြင့် အလယ်အလတ် ဖြစ်သော ကိုယ်၌ ရသင့်သော အလယ်အလတ်ပမာဏအားဖြင့် ပညာဉာဏ်ဖြင့် ကြံဆ ၍ ယူအပ်သည်ရှိသော် ပရမာဏုမြူခန့် သို့မဟုတ် ပရမာဏုမြူထက် အဆ ပေါင်းများစွာ သေးငယ်ဖွယ်ရာရှိသော ရုပ်ကလာပ်အနေဖြင့် မှုန့်မှုန့် ညက် ညက် ဖြစ်၍ သိမ်မွေ့စွာသော မြူအဖြစ်သို့ ရောက်ရှိနေသော ပထဝီဓာတ် သည် (= ပထဝီဓာတ် ဦးဆောင်သည့် ရုပ်ကလာပ်အမှုန်ပေါင်းသည်) တစ်စိတ် သားခန့် အတိုင်းအရှည် ရှိသည် ဖြစ်လေရာ၏။ ထိုပထဝီဓာတ်သည် မိမိ အောက် ထက်ဝက်ပမာဏရှိသော အာပေါဓာတ်သည် ဖွဲ့စည်းသောအားဖြင့် ပေါင်းရုံးစပ်လျက် ယူအပ်သည်ဖြစ်၍, တေဇောဓာတ်က ယိုစီးခြင်းသဘော လက္ခဏာရှိသော အာပေါဓာတ်ကြောင့် အရည်အဖြစ် အစေးအဖြစ်သို့ မ ရောက်လေအောင် အလျော်အားဖြင့် စောင့်ရှောက်အပ်သည်ဖြစ်၍, ထောက် ကန်တတ်သော ဝါယောဓာတ်က ခိုင်ခံ့ခြင်းသို့ ရောက်စေအပ်သည်ဖြစ်၍ (= စားမြင်းလုံးကဲ့သို့ လုံးစုတတ်သော လုံးစုအောင် ထောက်ကန်တတ်သော တွန်းကန်တတ်သော ဝါယောဓာတ်သည် လွန်စွာ ခိုင်ခံ့ခြင်းသို့ ရောက်စေ အပ်သည် ဖြစ်၍) မုန့်ညက်ကဲ့သို့ ဖရိုဖရဲ မလွင့်၊ မပျက်စီး။ ဖရိုဖရဲ မလွှင့်အပ် သည် ဖြစ်၍ မပျက်စီးစေအပ်သည်ဖြစ်၍ တစ်ပါးမက များပြားလှစွာသော အမျိုးသမီးသဏ္ဍာန် အမျိုးသားသဏ္ဍာန်စသော အဖြစ်ဖြင့် အထူးထူး ကွဲပြား ခြင်းသို့ ရောက်၏။ သေးငယ်သည် ကြီးဖွံ့သည် မြင့်သည် နိမ့်သည် ခိုင်ခံ့ ခက်မာသည် အစရှိသောအဖြစ်ကိုလည်း ထင်ရှားပြ၏။ (ဝိသုဒ္ဓိ၊၁၊၃၆၁။)
ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့် အညီ ဤခန္ဓာကိုယ်ဝယ် အကြမ်း စားအားဖြင့် ဆိုရမူ ပထဝီဓာတ် ဦးဆောင်သည့် ရုပ်ကလာပ်ပေါင်းသည် တစ်စိတ်သားခန့် ရှိနေ၏။ ယင်းရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ တည်ရှိ သော ဓာတ်ကြီးလေးပါးတိုင်းကိုကား သာဝကတို့သည် ကုန်စင်အောင် မရှု နိုင်။ ရှုလိုက်နိုင်သော သိမ်းဆည်းလိုက်နိုင်သော ဓာတ်ကြီးလေးပါးလည်း အချို့အဝက်ရှိ၍ မရှုလိုက်နိုင် မသိမ်းဆည်းလိုက်နိုင်သော ဓာတ်ကြီးလေးပါး လည်း အချို့အဝက်ရှိ၏။ တစ်နည်းဆိုရသော် ပရမတ်သို့ ဆိုက်အောင် သိမ်း ဆည်းလိုက်နိုင်သော ဉာဏ်ဖြင့် ပိုင်းခြားယူလိုက်နိုင်သော ရုပ်ကလာပ်တို့ လည်း အချို့အဝက်ရှိ၍ မရှုလိုက်နိုင်သော ဉာဏ်ဖြင့် ပိုင်းခြား မယူလိုက် နိုင်သော ရုပ်ကလာပ်တို့လည်း အချို့အဝက်ရှိသည်သာ ဖြစ်၏။ သာဝက ပါရမီဉာဏ်အရာ၌ မိမိတို့၏ အတိတ်က ဆည်းပူးခဲ့သော ပါရမီ၏ စွမ်းအင် အပေါ်၌ အခြေစိုက်၍ ကောင်းစွာ စုပေါင်းလျက် ဖြစ်ပေါ်လာသော ဉာဏ်၏ အာနုဘော်အပေါ်၌ အခြေခံလျက် ခပ်များများ ရှုနိုင်မှု, ခပ်နည်းနည်း ရှုနိုင်မှုကား ရှိနိုင်သည်။ သို့သော် အမျိုးအစားကိုကား ကုန်စင်အောင် ရှုရမည် ဖြစ်ပေသည်။ အောက်ပါအဖွင့်ကို ဖတ်ရှုကြည့်ပါ။
တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ, ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)
= မိမိကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ တည်ရှိသော ရုပ်ဓမ္မ နာမ်ဓမ္မ အမျိုး အစား အားလုံးကိုလည်းကောင်း, သူတစ်ပါးသန္တာန်၌ တည်ရှိသော ရုပ်ဓမ္မ နာမ်ဓမ္မ အမျိုးအစား အားလုံးတို့ကိုလည်း ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ-လူ-နတ်-ဗြဟ္မာ စသည့်ဖြင့် သန္တာန်ခွဲခြား ဝေဖန်ခြင်းကို မပြုမူ၍ ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံ၍လည်းကောင်း ဝိပဿနာ ရှုပွားသုံးသပ်ခြင်းသည်ကား သာဝကတို့၏ ဝိပဿနာ ဉာဏ်၏ ကျက်စားရာ နယ်မြေ (= သမ္မသနစာရခေတ်) ဖြစ်ပေသည်။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)
ဤအဖွင့်များနှင့်အညီ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံး၌ ရုပ် (၂၈) ပါးတည်းဟူသော ရုပ်အမျိုးအစား, ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြထား သည့်အတိုင်း မျက်စိ၌ (၅၄) - ဤသို့စသော ရုပ်အမျိုးအစားများကိုကား ကုန်စင်အောင် သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်သည်ဟု မှတ်သားပါ။
ဤထက် ရှင်းအောင် ဆိုရသော် မျက်စိ၌ စက္ခုဒသကကလာပ်ပေါင်း များစွာ ရှိနေ၏။ (ပြိုင်တူတည်ရှိခိုက်ကို ဆိုလိုပါသည်။) ယင်းရုပ်ကလာပ် တို့တွင် စက္ခုဒသကကလာပ်အချို့၌သာ ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်း နိုင်၍ အချို့၌ကား မသိမ်းဆည်းလိုက်နိုင်။ ဤသို့စသည်ဖြင့် သဘောပေါက် ပါ။ သို့သော် စက္ခုဒသကကလာပ်ကဲ့သို့သော ရုပ်ကလာပ် တစ်မျိုး တစ်မျိုး၌ တည်ရှိသော ရုပ်ကလာပ်အရေအတွက်ကို ကုန်စင်အောင် ပရမတ်သို့ ဆိုက် အောင် မသိမ်းဆည်းလိုက်နိုင်သော်လည်း စက္ခုဒသကကလာပ် ကာယဒသ ကကလာပ် စသော ရုပ်ကလာပ်အမျိုးအစားကိုကား ကုန်စင်အောင် သိမ်း ဆည်းရမည် ဖြစ်ပေသည်။ မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး (၆)ဒွါရလုံး၌ နည်းတူ သဘောပေါက်ပါ။
အသင်သူတော်ကောင်းသည် (၆)ဒွါရလုံး၌ တည်ရှိသော ကြည်သည့် ရုပ်ကလာပ်၌ ဓာတ်ကြီးလေးပါး, မကြည်သည့် ရုပ်ကလာပ်၌ ဓာတ်ကြီးလေး ပါးကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။ အောင်မြင်မှုကို ရရှိပါက အသင်သူတော်ကောင်းသည် စတုဓာတုဝဝတ္ထာန်အမည်ရသော ဓာတုမနသိ ကာရ သမထပိုင်း ပြီးဆုံးပြီ ဖြစ်ပေသည်။ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့လည်း ခြေစုံပစ်၍ စတင်ဝင်ရောက်သွားပြီ ဖြစ်သည်။
---သတ္တသညာ-အတ္တသညာ ကွာပြီ
ဧဝမေဝ ဣမဿာပိ ဘိက္ခုနော ပုဗ္ဗေ ဗာလပုထုဇ္ဇနကာလေ ဂိဟိဘူတဿာပိ ပဗ္ဗဇိတဿာပိ တာဝဒေဝ သတ္တောတိ ဝါ ပုဂ္ဂလောတိ ဝါ သညာ န အန္တရဓာယတိ၊ ယာဝ ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ ဓာတုသော န ပစ္စဝေက္ခတိ။ ဓာတုသော ပစ္စဝေက္ခတော ပနဿ သတ္တသညာ အန္တရဓာယတိ၊ ဓာတုဝသေနေဝ စိတ္တံ သန္တိဋ္ဌတိ။ တေနာဟ ဘဂဝါ ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။ သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ။ ပ။ ဝါယောဓာတူတိ။ (မ၊ဋ္ဌ၊၁၊၂၇၆။)
ဃနဝိနိဗ္ဘောဂန္တိ သန္တတိ-သမူဟ-ကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ ဓာတုသော ပစ္စဝေက္ခတောတိ ဃနဝိနိဗ္ဘောဂကရဏေန ဓာတုံ ဓာတုံ ပထဝီအာဒိဓာတုံ ဝိသုံ ဝိသုံ ကတွာ ပစ္စဝေက္ခန္တဿ။ သတ္တသညာတိ အတ္တာနုဒိဋ္ဌိဝသေန ပဝတ္တာ သညာတိ ဝဒန္တိ၊ ဝေါဟာရဝသေန ပဝတ္တသတ္တသညာယပိ တဒါ အန္တရဓာနံ ယုတ္တမေဝ ယာထာဝတော ဃနဝိနိဗ္ဘောဂဿ သမ္ပာဒနတော။ ဧဝံ ဟိ သတိ ယထာဝုတ္တဩပမ္မတ္ထေန ဥပမေယျတ္ထော အညဒတ္ထု သံသန္ဒတိ သမေတိ။ တေနေဝါဟ ဓာတုဝသေနေဝ စိတ္တံ သန္တိဋ္ဌတီတိ။ (မ၊ဋီ၊၁၊၃၆၅-၃၆၆။)
ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဓာတ်ကမ္မဋ္ဌာန်းရှုကွက် ကို ဟောကြားပြသတော်မူရာဝယ် နွားသတ်ယောက်ျား ဥပမာကို ထည့်သွင်း ၍ ဟောကြားထားတော်မူ၏။ ထိုစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
နွားသတ်ယောက်ျားသည် နွားကို အသားတိုးပွားအောင် မွေးမြူစဉ် အခါ၌သော်လည်းကောင်း, နွားသတ်ရန် နွားသတ်ရုံသို့ ခေါ်ဆောင်သွားရာ အခါ၌သော်လည်းကောင်း, နွားသတ်ရုံသို့ ယူဆောင်သွားပြီးနောက် ထို နွား သတ်ရုံ၌ ထိုနွားကို ချည်နှောင်ထားရာ၌သော်လည်းကောင်း, ထိုနွားကို သတ် စဉ်၌သော်လည်းကောင်း, သတ်ပြီးနောက် နွားသေကောင်ကို မြင်တွေ့နေစဉ် ၌သော်လည်းကောင်း ထိုနွားကို အသားတခြား, အရိုးတခြား, အူတခြား, အသည်းတခြား စသည်ဖြင့်ထိုထိုကောဋ္ဌာသတို့ကို တစ်ပုံစီ တစ်ပုံစီ မစုမပုံ ရသေးသမျှ ကာလပတ်လုံး ထိုနွားသတ်ယောက်ျား၏သန္တာန်၌ နွားဟူသော အမှတ်သညာကား မကွယ်ပျောက်သေးပေ။ သို့သော် ထိုနွားကို အသား တခြား, အရိုးတခြား, အူတခြား, အသည်းတခြား စသည်ဖြင့် ထိုထို ကောဋ္ဌာသတို့ကို တစ်ပုံစီ တစ်ပုံစီ ခွဲခြားဝေဖန်စုပုံ၍ လမ်းမလေးဖြာ ပေါင်း ဆုံမိရာ တစ်နေရာ၌ နွားသားရောင်းရန် ထိုင်နေသော ထိုနွားသတ်ယောက်ျား ၏ သန္တာန်၌ နွားဟူသော အမှတ်သညာသည် ကွယ်ပျောက်သွား၏၊ နွားသား ဟူသော အမှတ်သညာသည် ဖြစ်ပေါ်လာ၏။ ထိုနွားသတ်ယောက်ျား၏ သန္တာန်၌ ငါသည် နွားကို ရောင်းချနေ၏၊ ဤသူတို့သည်ကား ငါ့ထံမှ နွားကို ဝယ်ယူနေကြကုန်၏ဟူသော ဤသို့သော အမှတ်သညာသည် မဖြစ်။ အ ကယ် စင်စစ်သော်ကား ထိုယောက်ျား၏ သန္တာန်၌ ငါသည် နွားသားကို ရောင်းချနေ၏၊ ဤသူတို့သည်ကား ငါ့ထံမှ နွားသား ဆောင်ယူနေကြကုန်၏ ဟူ၍သာလျှင် ဤသို့သော အကြံအစည်သည် ဖြစ်ပေါ်နေ၏။ (ဥပမာစကားရပ်)
ဤဥပမာအတူပင်လျှင် ဤယောဂါဝစရရဟန်းတော်၏ သန္တာန်၌ လည်း ရှေးယခင် ပရမတ္ထဉာဏ်ပညာမျက်စိ ကာဏ်းနေသော ဗာလပုထုဇန် ဖြစ်စဉ် ကာလ၌ လူဖြစ်စဉ်မှာသော်လည်းကောင်း, ရဟန်းဖြစ်စဉ်မှာသော် လည်းကောင်း တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယခန္ဓာကိုယ်ကြီးကို သန္တတိဃန, သမူဟဃန, ကိစ္စဃနဟူသော ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ် ဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်သဘောအစုအပုံအားဖြင့် ဉာဏ်ဖြင့် မဆင်ခြင်နိုင် သေးသမျှ ကာလပတ်လုံး သတ္တဝါဟူသော အမှတ်သညာ, ပုဂ္ဂိုလ်ဟူသော အမှတ်သညာသည် မကွယ်ပျောက်သေးပေ။ သို့သော် ရုပ်ဃန အတုံးအခဲ အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ်တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကို ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ် ရှုပွားနိုင်သော သိမ်းဆည်းနိုင်သော ထိုယောဂါဝစရရဟန်း၏ သန္တာန်၌ကား သတ္တဝါဟူသော အမှတ်သညာ (= သတ္တသညာ) သည် ကွယ်ပျောက်သွား၏ ဓာတ်၏အစွမ်းဖြင့်သာလျှင် စိတ်သည် တည်နေပေ၏။ (ဥပမေယျစကားရပ်)
ထို့ကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။ ---
ယောဂါဝစရ ရဟန်းသည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤ ရူပကာယ ခန္ဓာကိုယ်ကြီးကိုပင်လျှင် ဤရူပကာယခန္ဓာကိုယ်၌ ပထဝီဓာတ် သည် ရှိ၏၊ အာပေါဓာတ်သည် ရှိ၏၊ တေဇောဓာတ်သည် ရှိ၏၊ ဝါယောဓာတ် သည် ရှိ၏ဟု ပုဂ္ဂိုလ်သတ္တဝါ မဟုတ်သောအားဖြင့် ဓာတ်သဘော အစုအပုံ အားဖြင့် တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွားနေ၏။ ရဟန်းတို့ ... ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား ကျွမ်းကျင်လိမ်မာ သော နွားသတ်ယောက်ျားသည်သော်လည်းကောင်း, နွားသတ်ယောက်ျား၏ တပည့်သည်သော်လည်းကောင်း နွားမကို သတ်၍ အသားတခြား, အရိုး တခြား စသည်ဖြင့် တစ်ပုံစီ တစ်ပုံစီ ပုံ၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာ အရပ်၌ ရောင်းချဖို့ရန် ထိုင်နေလေရာ၏။ ရဟန်းတို့ ... ဤဥပမာ အတူ ပင်လျှင် ယောဂါဝစရရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပ ကာယ ခန္ဓာကိုယ်ကြီးကိုပင်လျှင် ဤရူပကာယ ခန္ဓာကိုယ်၌ ပထဝီဓာတ်သည် ရှိ၏၊ အာပေါဓာတ်သည် ရှိ၏၊ တေဇောဓာတ်သည် ရှိ၏၊ ဝါယောဓာတ်သည် ရှိ၏ဟု ပုဂ္ဂိုလ်သတ္တဝါ မဟုတ်သောအားဖြင့် ဓာတ်သဘော အစုအပုံအားဖြင့် တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွားနေ၏ --- ဟု ဟောတော်မူခြင်း ဖြစ်သည်။ (မ၊ဋ္ဌ၊၁၊၂၇၅-၂၇၆။ မ၊ဋီ၊၁၊၃၆၅-၃၆၆။)
---ရုပ်ဃန = ရုပ်တုံးရုပ်ခဲ သုံးမျိုး
ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ (မ၊ဋီ၊၁၊၃၆၅။)
ရုပ်လောက၌ သန္တတိဃန, သမူဟဃန, ကိစ္စဃနဟု ရုပ်အတုံးအခဲ သုံးမျိုးရှိ၏။ အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုက်ရာ ရုပ်ကလာပ်ကို မတွေ့မြင်သေးသမျှ ကာလပတ် လုံး သန္တတိဃန = ရုပ်အစဉ်အတန်း အတုံးအခဲကား မပြိုသေးပေ။ အသင် သူတော်ကောင်း၏ ဉာဏ်ကို သန္တတိပညတ်က ဖုံးအုပ်လျက်ပင် ရှိနေသေး၏။ ထိုအချိန်အခါတွင် အာရုံယူ၍ ရှုပွားနေရသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံမှာလည်း သန္တတိဃန သမူဟဃန ကိစ္စဃန အတုံး အခဲတို့ မပြိုသေးသည့် သန္တတိပညတ် သမူဟပညတ် သဏ္ဌာနပညတ်တို့ လုံးလုံးကြီး မကင်းစင်သေးသည့် ရုပ်သဘောလက္ခဏာတို့သာ ဖြစ်ကြသေး သည်။
အကြင်အခါ၌ကား အသင်သူတော်ကောင်း၏ ဉာဏ်သည် ထက်မြက် စူးရှလာသဖြင့် (အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း) ရုပ်ကလာပ် များကို စတင်တွေ့ရှိ၏။ ထိုအခါ၌ကား သန္တတိဃနတည်းဟူသော ရုပ်အစဉ် အတန်း အတုံးအခဲကြီးသည် ပြိုကွဲသွားပြီ ဖြစ်၏။ ရုပ်အစဉ်အတန်း အတုံး အခဲကြီးကို အထူးသဖြင့် အကြည်တုံး အကြည်ပြင် အကြည်ခဲကြီးကို မတွေ့ တော့ဘဲ လျင်လျင်မြန်မြန် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ရုပ်ကလာပ် အမှုန်များကိုသာ တွေ့မြင်နေသဖြင့် သန္တတိဃနဟူသော ရုပ်အစဉ်အတန်း အတုံးအခဲ ပြိုသွားခြင်း ဖြစ်၏။ သို့သော် သမူဟဃန ကိစ္စဃနဟူသော ရုပ်အတုံးအခဲ နှစ်မျိုးကား မပြိုသေးပေ။
အကယ်၍ အသင်သူတော်ကောင်းသည် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ ပထဝီ အာပေါ တေဇော ဝါယောဟူသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက သိမ်းဆည်းနိုင်ပါက သမူဟဃနဟူသော ရုပ်အ ပေါင်းအစု အတုံးအခဲလည်း ပြိုကွဲစပြုလာပြီ ဖြစ်၏။ အကယ်၍ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဥပါဒါရုပ်တို့ကိုပါ ဆက်လက် သိမ်းဆည်း နိုင်ပါက သမူဟဃန = ရုပ်အပေါင်းအစု အတုံးအခဲမှာ လုံးဝပြိုကွဲသွားပြီ ဖြစ်၏။ အသင်သူတော်ကောင်း၏ ရူပပရိဂ္ဂဟဉာဏ် = ရုပ်ကို သိမ်းဆည်း တတ်သော ဉာဏ်သည် သန္တတိဃနကိုသာမက သမူဟဃနကိုပါ ဖြိုခွဲနိုင်ပြီ ဖြစ်သည်။ အကယ်၍ အသင်သူတော်ကောင်းသည် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော (၈)မျိုး သို့မဟုတ် (၉)မျိုး သို့မဟုတ် (၁၀)မျိုးသော ရုပ်ပရမတ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်သေးပါက မသိမ်းဆည်း နိုင်သေးပါက ရုပ်ကလာပ်အတိုင်းသာ မြင်တွေ့နေသေးပါက သမူဟပညတ် သဏ္ဌာနပညတ်များ မစင်သေးသဖြင့် အသင်သူတော်ကောင်း၏ ဉာဏ်သည် ပညတ်မှာပင် သောင်တင်လျက် ပညတ်နယ်မှာပင် ကျက်စားလျက် ရှိနေပေ သေးသည်။ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌တည်ရှိသော ရုပ်တရား အသီးအသီးကို ပရမတ္ထဓမ္မ သဘာဝလက္ခဏာ အသီးအသီးသို့ ဆိုက်အောင် သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပိုင်းခြားယူနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်၊ သမူဟပညတ် ကွာမည်၊ သမူဟဃန = ရုပ်အပေါင်း အစု အတုံးအခဲ ပြိုကွဲသွားပေမည်။
အကယ်၍ အသင်သူတော်ကောင်းသည် လက္ခဏာဒိစတုက္ကပိုင်းတွင် ရေးသားတင်ပြထားသည့်အတိုင်း ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိ သော ပရမတ္ထရုပ်တရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းနိုင်ပါက ထိုအခါတွင် သန္တတိဃန သမူဟဃနတို့သာမက ကိစ္စ ဃန (= ရုပ်ကိစ္စရပ်လုပ်ငန်းအတုံးအခဲကြီး) လည်း ပြိုကွဲပြီ ဖြစ်၏၊ ကိစ္စဃန အတုံးအခဲကြီးကို ဉာဏ်ဖြင့် ဖြိုခွဲနိုင်ပြီ ဖြစ်၏။
ရုပ်တရားတို့၌ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ်တို့ ရှိကြ၏။ ပထဝီ ဓာတ်က ကလာပ်တူရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်၏၊ ပတိဋ္ဌာနရသတည်း။ အာပေါဓာတ်က ရုပ်တရားတို့ကို တိုးပွား စေခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်၏၊ ဗြူဟနရသတည်း။ တေဇော ဓာတ်က ကလာပ်တူ ရုပ်တရားတို့ကို ရင့်ကျက်စေခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်၏၊ ပရိပါစနရသတည်း။ ဝါယောဓာတ်က တွန်းကန်ခြင်း လုပ်ငန်း ကိစ္စရပ်ကို ရွက်ဆောင်၏၊သမုဒီရဏရသတည်း။ ဤသို့ စသည်ဖြင့် ရုပ်တရား တို့၌ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီး ရှိ၏။ ယောဂါဝစရပုဂ္ဂိုလ် သည် ယင်းရုပ်တရားတို့၏ လုပ်ငန်းကိစ္စရပ်အသီးအသီးကိုလည်း သိမ်းဆည်း ရန် ဉာဏ်ဖြင့် ပိုင်းခြားယူရန် အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့က ညွှန်ပြလျက်ရှိပေသည်။ ယင်းလုပ်ငန်းကိစ္စရပ် အသီးအသီးကို မသိက အသင် သူတော်ကောင်း၏ ရူပပရိဂ္ဂဟဉာဏ်ကို ကိစ္စဃန (= ရုပ်လုပ်ငန်းကိစ္စ အတုံး အခဲကြီး)က ဖုံးအုပ်လျက်ပင် ရှိနေပေသေးသည်။ ရုပ်တရားတို့၌ ဆိုင်ရာ ဆိုင်ရာ ရုပ်လုပ်ငန်းကိစ္စရပ်သည် ကွဲကွဲပြားပြားရှိနေသည် ဖြစ်ပါလျက် ကွဲကွဲ ပြားပြား မသိဘဲ လုပ်ငန်းကိစ္စရပ် တစ်ခုတည်းအဖြစ် စွဲယူခြင်းသည်ပင် ဤ၌ ကိစ္စဃနက ဖုံးအုပ်ထားသည်ဟု ဆိုသည်။ ယင်းကိစ္စဃနကိုလည်း ဉာဏ်ဖြင့် ဖြိုခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။
---ရုပ်လောက၌ အာရမ္မဏဃန မရှိပါ
သာရမ္မဏာဓမ္မာ၊ အနာရမ္မဏာဓမ္မာ။ (အဘိ၊၁၊၉။)
ကတမေ ဓမ္မာ သာရမ္မဏာ။ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော။ ဣမေ ဓမ္မာ သာရမ္မဏာ။ (အဘိ၊၁၊၂၃၈။)
ကတမေ ဓမ္မာ အနာရမ္မဏာ။ သဗ္ဗဉ္စ ရူပံ အသင်္ခတာစ ဓာတု။ ဣမေ ဓမ္မာ အနာရမ္မဏာ။ (အဘိ၊၁၊၂၃၈။)
ကတမေ ဓမ္မာ သာရမ္မဏာ။ စတူသု ဘူမီသု ကုသလံ အကုသလံ စတူသု ဘူမီသု ဝိပါကော တီသု ဘူမီသု ကိရိယာဗျာကတံ။ ဣမေ ဓမ္မာ သာရမ္မဏာ။ (အဘိ၊၁၊၂၈၇။)
ကတမေ ဓမ္မာ အနာရမ္မဏာ။ ရူပဉ္စ နိဗ္ဗာနဉ္စ။ ဣမေ ဓမ္မာ အနာရမ္မဏာ။ (အဘိ၊၁၊၂၈၇။)
နတ္ထိ ဧတေသံ အာရမ္မဏန္တိ အနာရမ္မဏာ။ (အဘိ၊ဋ္ဌ၊၁၊၉၆။)
သာရမ္မဏဓမ္မာနံ သတိပိ အာရမ္မဏကရဏဘေဒေ ဧကတော ဂယှမာနာ အာရမ္မဏဃနတာ စ။ (မဟာဋီ၊၂၊၄၃၇။)
ရုပ်တရား၌လည်း သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃန ဟု ဃနလေးမျိုး ရှိကြောင်းကိုလည်းကောင်း, နာမ်တရား၌လည်း သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနဟု ဃနလေးမျိုး ရှိကြောင်းကိုလည်းကောင်း ဆရာစဉ်ဆက် ပြောရိုးဆိုစဉ် ရှိနေ၏။ သို့သော် အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့က ရုပ်တရား၌ အာရမ္မဏဃန မရှိကြောင်းကို လည်းကောင်း သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုးသာ ရှိကြောင်းကို လည်းကောင်း ဖွင့်ဆိုလျက် ရှိကြ၏။
ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်၌ အာရုံယူတတ်သော သာရမ္မဏ တရား အာရုံမယူတတ်သော အနာရမ္မဏတရားဟု ပရမတ္ထတရားတို့ကို နှစ်ဖို့ နှစ်စုပြု၍ ဟောကြားထားတော်မူခဲ့၏။ ထိုတွင် အာရုံယူတတ်သော သာရမ္မဏ တရားတို့မှာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဟူသော နာမ်ခန္ဓာလေးပါးတို့ဖြင့် သိမ်းကျုံးရေတွက်အပ်သော ကုသိုလ် အကုသိုလ် ဝိပါက် ကိရိယာ အဗျာကတတရားတို့ ဖြစ်ကြောင်းကို ဘုရားရှင် ကိုယ်တော် တိုင်ပင် ဟောကြားထားတော်မူခဲ့၏။ အနာရမ္မဏ = အာရုံ မယူတတ်သော တရားတို့ကိုလည်း ရုပ်တရားအားလုံးနှင့် အသင်္ခတဓာတ် နိဗ္ဗာန်တရားဟု ဘုရားရှင်ကိုယ်တော်တိုင်ပင် ယင်းဓမ္မသင်္ဂဏီပါဠိတော်၌ပင် ဟောကြားထား တော်မူခဲ့၏။
အာရုံယူတတ်သော သာရမ္မဏတရားတို့၌သာလျှင် အာရမ္မဏဃန = အာရုံယူမှု အတုံးအခဲ ရှိကြောင်းကိုလည်း အထက်ပါ အဋ္ဌကထာ ဋီကာတို့က ဖွင့်ဆိုလျက် ရှိကြ၏။ သာရမ္မဏတရားတို့ကား အာနာပါနပဋိဘာဂနိမိတ် ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်ကဲ့သို့သော ပညတ်သမထနိမိတ်ကို လည်းကောင်း, ရုပ်ကလာပ်တစ်ခုတစ်ခု၏ အတွင်း၌တည်ရှိသော ဓာတ်ကြီးလေးပါး တို့၏ သဘာဝလက္ခဏာ အသီးအသီးဟူသော ပရမတ်တရားကဲ့သို့သော ပရမတ်အာရုံကိုလည်းကောင်း - ပညတ် ပရမတ် နှစ်မျိုးလုံးကိုပင် အာရုံ ယူတတ်ကြ၏။ ထိုသို့ အာရုံယူရာ၌ သာရမ္မဏဓမ္မ အမည်ရသော စိတ် စေတ သိက်တို့သည် စိတ္တက္ခဏတစ်ခု တစ်ခု၏ အတွင်း၌ အနည်းဆုံး ပမာဏအား ဖြင့် (၈)လုံး ပူးတွဲ၍ ဖြစ်ကြ၏။ ရံခါ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်ကဲ့သို့သော ဇောများ၌ စိတ္တက္ခဏတိုင်းဝယ် စိတ်စေတသိက် (၃၄)လုံး အထိ အတူယှဉ်တွဲ၍ ဖြစ်ကြ၏။ ထိုစိတ္တက္ခဏတိုင်း၌ အတူယှဉ်တွဲ ဖြစ်ပေါ် သွားကြကုန်သော စိတ်စေတသိက်တို့ကား အာရုံတစ်ခုကို အာရုံပြုရာ၌ ထူး ထွေ ကွဲပြားမှု ရှိကြ၏။
အာရမ္မဏံ ပရိဂ္ဂဟေတွာ ဝိဇာနန္တံ ဥပ္ပဇ္ဇမာနံ ဝိညာဏံ။ (မ၊ဋ္ဌ၊၁၊၂၈၀၊၊)
ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇။)
အထက်ပါ အဋ္ဌကထာ ဋီကာတို့နှင့်အညီ ထိုနာမ်တရားစုတို့တွင် စိတ် သည် အာရုံကို ရယူခြင်းသဘောမျှသာဖြစ်၏။ ဥပမာ - ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ပထဝီဓာတ်ကို လှမ်း၍အာရုံယူကြည့်ရာ အာရုံယူ၍ ရပါက (= ရှု၍ရပါက) ပထဝီဓာတ်ကို သိသည်ဟု ဆိုရ၏၊ အာရုံယူ၍ မရ ပါက (= ရှု၍မရပါက) ပထဝီဓာတ်ကို သိသည်ဟု မဆိုနိုင်။ ထိုကြောင့် သိမှု (= စိတ်)ဟူသည် အာရုံကို ရယူခြင်းသဘောမျှသာ ဖြစ်၏၊ အာရုံကို ရယူ၍ သိမှုသဘောသာ ဖြစ်၏။ ဖဿကား အာရုံကို တွေ့ထိသော အခြင်းအရာ အားဖြင့် ဖြစ်ခြင်းသဘောမျှသာ ဖြစ်၏၊ အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေး ခြင်းသဘောမျှသာ ဖြစ်၏။ ဝေဒနာကား အာရုံ၏အရသာကို ခံစားခြင်း သဘောမျှသာ ဖြစ်၏။ ဤသို့လျှင် သာရမ္မဏတရားတို့၌ အာရုံယူမှုဝယ် ထူးထွေ ကွဲပြားမှု ရှိ၏။ (ကျန်သာရမ္မဏတရားတို့၌လည်း နည်းတူ သဘောပေါက်ပါ၊၊)
ယင်းသို့လျှင် သာရမ္မဏတရားတို့၏ အာရုံတစ်ခုကို အာရုံပြုရာ၌ အာရုံပြုပုံ အခြင်းအရာ ကွဲပြားမှု ရှိသည် ဖြစ်ပါလျက် ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် ကွဲကွဲပြားပြား မသိဘဲ ယင်းသာရမ္မဏတရားတို့ကို တစ်လုံးတစ်စုတည်း တစ်ခု တည်းအဖြစ် စွဲယူခြင်းသည် အာရမ္မဏဃန မည်ပေသည်။ (မဟာဋီ၊၂၊၄၃၇၊၊)
ထို့ကြောင့် အာရမ္မဏဃနဟူသည် သာရမ္မဏတရားတို့နှင့်သာ ဆိုင် သော ဃနတစ်ခုဖြစ်သဖြင့် ရုပ်ပိုင်းဆိုင်ရာ၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုးသာ ဖွင့်ဆိုတော်မူသည်ဟု သိရှိပါလေ။
---ဓာတုသော ပစ္စဝေက္ခတိ
ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်ဝယ် ဓာတုမနသိကာရပိုင်းကို ဟောကြားတော်မူရာ၌ - ဓာတုသော ပစ္စဝေက္ခတိ = ပုဂ္ဂိုလ်သတ္တဝါ ဇီဝအတ္တ မဟုတ်သောအားဖြင့် ဓာတ်သဘောအစုအပုံအားဖြင့် ဓာတ်ကြီးလေးပါးကို တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွားရန် ညွှန်ကြားထားတော်မူ၏။ ယင်းညွှန်ကြားချက်မှာ အထက်ပါ ဃနသုံးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ် တစ်ခုတစ်ခု၏အတွင်း၌ တည်ရှိသော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကို ပရမတ္ထဓမ္မသဘာဝလက္ခဏာသို့ ဆိုက် အောင် သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူကြောင်းကို အဋ္ဌကထာ ဋီကာတို့ကလည်း ဖွင့်ဆိုလျက်ရှိကြ၏။ ထို့ကြောင့် ဓာတ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို ပရမတ္ထဓမ္မ သဘာဝသို့ ဆိုက်အောင် အသီးအသီးသော ကိုယ်ပိုင်သဘာဝ လက္ခဏာကို သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ဘုရားရှင်၏ အလိုတော်ကျမည် ဓာတ်ကမ္မဋ္ဌာန်းပီသမည်ကို သဘောပေါက်လေရာသည်၊ သတိပြုလေရာသည်၊ ဓာတုသော ပစ္စဝေက္ခတိ - ဖြစ်နိုင်မည်။
ယင်းသို့ ရုပ်ကလာပ်တစ်ခုတစ်ခု၏ အတွင်း၌တည်ရှိသော ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင် ပါမှလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက် ပါမှလည်း အနတ္တ ရောင်ခြည်တော်နေဝန်းသည် တင့်တယ်စွာ ထွန်းလင်း ထွက်ပေါ်လာမည် ဖြစ်ပေသည်။ ထိုအချိန်အခါသို့ ဆိုက်ရောက်ပါမှ သတ္တ သညာ အတ္တသညာသည် ကွာသွားမည် ဖြစ်ပေသည်။
နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။)
အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို ပရမတ္ထ ဓာတ်သား တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ တည်းဟူသော ရုပ်ဃန နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီး ခြင်းကို ပြုလုပ်နိုင်ခဲ့သည်ရှိသော် အနတ္တလက္ခဏာ အနတ္တရောင်ခြည်တော် နေဝန်းသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်လာနိုင်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၇။)
အနတ္တရောင်ခြည်တော်နေဝန်းကြီးသည် တင့်တယ်စွာ ထွန်းလင်း ထွက်ပေါ်လာပါမှ သတ္တသညာ အတ္တသညာသည် ကွာသွားမည်ဖြစ်၏။ ဤ၌ သတ္တသညာ အတ္တသညာ အယူအစွဲနှင့် ပတ်သက်၍ ဋီကာဆရာတော်တို့က အတ္တစွဲ နှစ်မျိုးကို တင်ပြထားတော်မူကြ၏။
၁။ အတ္တဒိဋ္ဌိစွဲ -- သာသနာပအယူအဆရှိသူ အချို့သော ဒိဋ္ဌိတို့သည် အတ္တသည် သေလျှင်ပြတ်၏ဟု ယူဆကြ၏၊ ဥစ္ဆေဒဒိဋ္ဌိတည်း။ အတ္တသည် သေလျှင်မပြတ် မြဲ၏ဟု အချို့က ယူဆကြ၏၊ သဿတဒိဋ္ဌိတည်း။ အတ္တ သည် ခန္ဓာအိမ်၏ ပိုင်ရှင် ဖြစ်၏။ ခန္ဓာအိမ်သည် တစ်ဘဝပြီးတစ်ဘဝ အသစ် အသစ် ပြောင်းလဲနေသော်လည်း အတ္တသည် မပြောင်း၊ ခန္ဓာအိမ်တိုင်း၌ အမြဲတမ်း လိုက်ပါတည်နေ၏။ အတ္တသည် ပြုလုပ်ဖွယ်မှန်သမျှကို ပြုလုပ် တတ်၏။ အတ္တသည် ခံစားဖွယ်မှန်သမျှကို ခံစားတတ်၏။ အတ္တသည် စီမံ ခန့်ခွဲတတ်၏။ အတ္တသည် မိမိ၏အလိုအတိုင်း ခန္ဓာအိမ်ကို လိုက်ပါစေတတ် ၏။ ဤသို့စသည်ဖြင့် အတ္တရှိကြောင်းကို ပြောဆိုကြ၏။ သဿတဒိဋ္ဌိစွဲတည်း။ ဤ ဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိစွဲ နှစ်မျိုးလုံးသည် အတ္တဒိဋ္ဌိစွဲတည်း။
၂။ လောကသမညာအတ္တစွဲ = လောကဝေါဟာရအတ္တစွဲ -- လောက၌ ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ-လူ-နတ်-ဗြဟ္မာ စသည်သည် တကယ် ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်လျက် ပြောဆိုကြ၏။ လောကသမညာအတ္တစွဲ = လောကဝေါဟာရအတ္တစွဲ = လူတို့ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း အကယ် ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်နေသော အတ္တစွဲမျိုးတည်း။ သတ္တသညာပင် တည်း။
ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်အတိုင်း စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေရာ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးနှင့် တကွသော ဥပါဒါရုပ်တို့ကို ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ထိုရုပ်တရား တို့၏ အလွန့်အလွန် လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့်သဘောကိုလည်း ဉာဏ်ဖြင့် တွေ့မြင်နေ၏။ ထိုရုပ်တရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင် အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တ မရှိမှုကိုလည်း တွေ့နေ၏၊ ထိုရုပ် (ထိုနာမ်)က လွဲ၍ ထိုရုပ် (ထိုနာမ်)တို့၏ နောက်ဆွယ်တွင် ကိန်းဝပ် တည်နေသော အတ္တကိုလည်း မတွေ့ ဖြစ်နေ၏။ ဤရုပ်ကား အမျိုးသား တည်း, ဤရုပ်ကား အမျိုးသမီးတည်း - ဤသို့ စသည်ဖြင့် ပြောဆိုနိုင်လောက် သော အချိန်လည်း မရှိ၊ ပြောဆိုနိုင်လောက်သော အတ္တကိုလည်း ရှာမတွေ့၊ ပြောဆိုနိုင်လောက်သော အမျိုးသား အမျိုးသမီးကိုလည်း ရှာမတွေ့ ဖြစ်နေ ၏။ ထိုအခါတွင် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အတ္တဒိဋ္ဌိစွဲနှင့် လောက သမညာ (= လောကဝေါဟာရ) အတ္တစွဲဟူသော အတ္တစွဲ နှစ်မျိုးလုံးသည် ကွာကျသွားပြီ ဖြစ်ပေသည်။
---ဥပါဒါရုပ်များကို သိမ်းဆည်းပုံ
(၆)ဒွါရလုံး၌ ကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါး မကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါးတို့ကို သိမ်းဆည်းနိုင်သောအခါ ဥပါဒါရုပ်များကို ဆက်လက် သိမ်းဆည်းနိုင်ပေပြီ။ သို့သော် (၃၂)ကောဋ္ဌာသတို့၌လည်း ကြည်သည့် ရုပ်ကလာပ်တို့၌လည်းကောင်း, မကြည်သည့် ရုပ်ကလာပ်တို့၌ လည်းကောင်း, ဓာတ်ကြီးလေးပါးတို့ကို ဆက်လက်၍ သိမ်းဆည်းပါက ပို၍ ကောင်းပေသည်။ (၆)ဒွါရလုံး၌လည်းကောင်း (၃၂)ကောဋ္ဌာသတို့၌လည်းကောင်း, ကြည်သည့် ရုပ်ကလာပ်တို့၌လည်းကောင်း, မကြည်သည့် ရုပ်ကလာပ်တို့၌လည်းကောင်း ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းပြီးသော အခါ၌ကား ဉာဏ်မှာလည်း ထက်မြက်စူးရှလာပြီဖြစ်၍ ဥပါဒါရုပ်တို့သည် လည်း တစ်စတစ်စ ထင်ရှားလာနိုင်ပေသည်။ ရှုနည်းမှာ ရှေးဦးစွာ မျက်လုံးကို လှမ်းအာရုံယူပါ၊ ထိုအခါ၌ကား ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့မြင်နိုင်ပါသည်။ မတွေ့ပါက ယင်းမျက်လုံး၌ ဓာတ်ကြီးလေးပါးကို စိုက်ရှု လိုက်ပါက ဉာဏ်ကလည်း ထက်မြက်လာပြီဖြစ်၍ ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာပင် တွေ့ရှိနိုင်ပေသည်၊ ထိုအခါတွင် ကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါး မကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါးတို့ကို ဆက်လက် သိမ်းဆည်းပါ။ နား-နှာ-လျှာ-ကိုယ်-နှလုံးတို့၌လည်း နည်းတူပင် သဘော ပေါက်ပါ။ (၃၂)ကောဋ္ဌာသတို့၌ကား မိမိရှုလိုသည့် ကောဋ္ဌာသကို လှမ်း၍ အာရုံယူပါ၊ ထိုကောဋ္ဌာသကို တွေ့မြင်သောအခါ ယင်းကောဋ္ဌာသ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိသောအခါ ကြည်သည့် ရုပ်ကလာပ်၌လည်းကောင်း, မကြည်သည့် ရုပ်ကလာပ်၌လည်းကောင်း ဓာတ်ကြီးလေးပါးကို မြင်အောင် သိမ်းဆည်း ရှုပွားပါ။ (၆)ဒွါရ (၃၂)ကောဋ္ဌာသတို့၌ တည်ရှိသော ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးကို အောင်အောင်မြင်မြင် သိမ်းဆည်းမိပြီးသောအခါ ဥပါဒါရုပ်တို့ကို ဆက်လက်၍ သိမ်းဆည်းနိုင်ပေပြီ။
ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ မဟာဘူတံ နာမ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ ယထာ အာတပေါ နာမ ဆာယာယ ပရိစ္ဆိန္နော၊ ဆာယာ အာတပေန။ ဧဝမေဝ မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)
မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ နီလံ ပီတံ သုဂန္ဓံ ဒုဂ္ဂန္ဓန္တိအာဒိနာ။ ဥပါဒါရူပံ မဟာဘူတေန တန္နိဿိတဿ တဿ တတော ဗဟိ အဘာဝါ။ ဆာယာတပါနံ အာတပပစ္စယဆာယုပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာ။ (မူလဋီ၊၂၊၁၅၄။)
နီလံ ပီတန္တိအာဒိနာ သင်္ဃာဋေ နီလာဒိဝဝတ္ထာနံ တံနိဿယတ္တာ မဟာဘူတေ ဥပါဒါယာတိ အာဟ မဟာဘူတံ။ ပ။ ဒုဂ္ဂန္ဓန္တိအာဒိနာတိ။ ဥပါဒါယရူပံ မဟာဘူတေန ပရိစ္ဆိန္နန္တိ ယောဇနာ။ တဿာတိ ဥပါဒါရူပဿ။ တတောတိ မဟာဘူတတော။ ဆာယာယ အာတပပစ္စယဘာဝေါ အာတပေါ ပစ္စယော ဧတိဿာတိ, အာတပဿ ဆာယာယ ဥပ္ပါဒကဘာဝေါ ဆာယာတပါနံအာတပပစ္စယဆာယုပ္ပါဒကဘာဝေါ။ တေန ဥပ္ပါဒေတဗ္ဗဥပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာတိ ဒေဿတိ။ (အနုဋီ၊၂၊၁၅၆။)
ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဤမဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းသော ဉာဏ်ဖြင့် ပိုင်းခြားယူသော ယောဂါ ဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဥပါဒါရုပ်သည် ထင်ရှားလာ၏။ မဟာဘုတ် မည်သည်ကို ကလာပ်တူ ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏၊ ဥပါဒါရုပ်ကိုလည်း ကလာပ်တူ မဟာဘုတ်ဖြင့် ပိုင်းခြားအပ်၏။ နေရောင်ခြည် မည်သည်ကို နေရိပ်ဖြင့် ပိုင်းခြားအပ်သကဲ့သို့လည်းကောင်း, နေရိပ်မည်သည်ကို နေရောင် ခြည်ဖြင့် ပိုင်းခြားအပ်သကဲ့သို့လည်းကောင်း - ဤဥပမာ အတူပင်လျှင် မဟာဘုတ်ကို ကလာပ်တူ ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏၊ ဥပါဒါရုပ်ကိုလည်း ကလာပ်တူ မဟာဘုတ်ဖြင့် ပိုင်းခြားအပ်၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)
ဤအထက်ပါ အဋ္ဌကထာအဖွင့်မှာ ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ် အမြင် ဆိုက်အောင် သိမ်းဆည်းနေသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အလွန် အဖိုးတန်သော သာသနာ့မှတ်တိုင်တစ်ခု ဖြစ်၏။ ဋီကာဆရာတော်များက လည်း ဘာဝနာလုပ်ငန်းခွင်ကို လုပ်တတ်သွားအောင် ရှင်းလင်းတင်ပြထား တော်မူကြ၏။ ယင်းရှင်းလင်းချက်တို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
မဟာဘုတ်ကို ကလာပ်တူ ဥပါဒါရုပ်က ပိုင်းခြားပုံမှာ ညိုသော အ ရောင်ရှိသည့် မဟာဘုတ်, ရွှေသောအရောင်ရှိသည့် မဟာဘုတ်, အနံ့ကောင်း သော မဟာဘုတ်, အနံ့မကောင်းသော မဟာဘုတ် - ဤသို့ စသည်ဖြင့် ကလာပ်တူ ဝဏ္ဏ (= အဆင်း), ဂန္ဓ (= အနံ့) စသောဥပါဒါရုပ်က မဟာဘုတ်ကို ထင်ရှားလာအောင် ပိုင်းခြား၍ ပြထား၏။ ကလာပ်တူ မဟာဘုတ်၌ မှီဖြစ် သော ထိုကလာပ်တူ ဥပါဒါရုပ်၏ ထိုကလာပ်တူ မဟာဘုတ်မှ ပြင်ပ၌ မရှိခြင်း ကြောင့် ကလာပ်တူ ဥပါဒါရုပ်ကိုလည်း ကလာပ်တူ မဟာဘုတ်က ပုိင်းခြား ထားပြန်၏။ နေရိပ်ဖြစ်ပေါ်လာဖို့ရန် နေရောင်ခြည်ဟူသော အကြောင်း တရားသည် ထင်ရှားရှိနေရ၏။ ညဉ့်အခါ၌ နေရောင်ခြည်မရှိသောကြောင့် နေရိပ်သည် မထင်ရှားတော့ပေ။ ထိုကြောင့် နေရောင်ခြည်သည် နေရိပ်ကို ဖြစ်စေတတ်သော အကြောင်းတရား ဖြစ်သည်။ နေရောင်ခြည်၏ ထင်ရှား ရှိနေခြင်းတည်းဟူသော အကြောင်းတရားကြောင့်သာလျှင် နေရိပ်သည် (= သစ်ပင်ရိပ်သည်) ဖြစ်ပေါ်လာရ၏။ ယင်းသို့ နေရောင်ခြည်ဟူသော အ ကြောင်းတရား ရှိသည်၏အဖြစ်, ယင်းနေရောင်ခြည်က နေရိပ် (= သစ်ပင်ရိပ်) ကို ဖြစ်စေတတ်သည်၏ အဖြစ်သည်ပင် နေရောင်ခြည်နှင့် နေရိပ် (= သစ် ပင်ရိပ်)တို့၏ အချင်းချင်း တစ်ခုက တစ်ခုကို ပိုင်းခြားတတ်သည်၏ အဖြစ်ပင် တည်း။ (မူလဋီ၊၂၊၁၅၄။)
ဤစကားရပ်ဖြင့် ဖြစ်စေအပ်သော တရားနှင့် ဖြစ်စေတတ်သော တရား ဖြစ်မှုသည်ပင် အချင်းချင်း ပိုင်းခြားခြင်းကို ပြုလုပ်သည်ဟု ညွှန်ပြ လျက်ရှိ၏။ (အနုဋီ၊၂၊၁၅၆။)
အသင်သူတော်ကောင်းသည် နေသာနေသော နေ့အခါဝယ် မြေပြင် ပေါ်၌ ကျရောက်လျက်ရှိသော နေရောင်ခြည်နှင့် သစ်ပင်ရိပ်ကို လှမ်း၍ အာရုံယူကြည့်ပါ။ မြေပြင်ပေါ်၌ ကျရောက်လျက်ရှိသော နေရောင်ခြည်နှင့် နေရိပ် (= သစ်ပင်ရိပ်)တို့ကို လွယ်လွယ်ပင် တွေ့ရှိနိုင်ပေသည်။ နေရောင်ခြည် ဟူသော အကြောင်းကြောင့် သစ်ပင်ရိပ်ကား ဖြစ်ပေါ်လာရ၏။ နေရောင်ခြည် မရှိက သစ်ပင်ရိပ်လည်း ဖြစ်ပေါ်မလာနိုင်။ နေရောင်ခြည်ကလည်း ဤကား သစ်ပင်ရိပ်ဟု ပိုင်းခြားပြလျက် ရှိ၏။ သစ်ပင်ရိပ်ကလည်း ဤကား နေရောင် ခြည်ဟု ပိုင်းခြားပြလျက် ရှိနေ၏။ သို့သော် နေရောင်ခြည်ကား သစ်ပင်ရိပ်ကို ဖြစ်စေတတ်သော အကြောင်းတရားတည်း၊ သစ်ပင်ရိပ်သည်ကား နေရောင် ခြည်ကြောင့် ဖြစ်ပေါ်လာရသော နေရောင်ခြည်က ဖြစ်စေအပ်သော တရား တည်း။ ယင်းသို့ ဖြစ်စေအပ်သောတရား, ဖြစ်စေတတ်သောတရား ဖြစ်မှု သည်ပင် အချင်းချင်း ပိုင်းခြားခြင်းကို ပြုလုပ်ခြင်းပင်တည်း။
အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်သည် ယခုကဲ့သို့ ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူရာ၌ ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် တွေ့မြင်ပါမှသာလျှင် ယင်းရုပ်ကလာပ် တို့၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်း၍ ရနိုင်၏၊ အကယ်၍ ရုပ်ကလာပ်တို့ကို မတွေ့မမြင်ခဲ့သော် ယင်းရုပ်ကလာပ်တို့၏ အ တွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်း၍ ရရှိဖို့ရန် မဖြစ်နိုင် သေးပေ။ ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် တွေ့မြင်ရခြင်းမှာလည်း အနည်းဆုံး ပမာဏအားဖြင့် ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ဝဏ္ဏခေါ်သည့် ရူပါရုံ အရောင်အဆင်းကို တွေ့မြင်ပါမှသာလျှင် ရုပ်ကလာပ်ကို တွေ့မြင်နိုင်၏။ ရုပ်ကလာပ်တို့ကို တွေ့မြင်ပါက ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို တစ်ဆင့်တက်၍ သိမ်းဆည်းရနိုင်၏။
တစ်ဖန် ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါး တို့ကို သိမ်းဆည်းနိုင်ပါကလည်း ယင်းဓာတ်ကြီးလေးပါးတို့၏ ဝဏ္ဏ = အ ရောင်အဆင်း, ဂန္ဓ = အနံ့, ရသ = အရသာ, ဩဇာ = အဆီအစေးအနှစ် -ဤသို့စသော ကလာပ်တူ ဥပါဒါရုပ်တို့ကို တစ်ဆင့်တက်၍ သိမ်းဆည်းခဲ့သော် အောင်မြင်မှုကို ရရှိနိုင်၏။ အကြောင်းမူ ယင်းဥပါဒါရုပ်တို့ကား ဓာတ်ကြီး လေးပါး မဟာဘုတ်တရားတို့ ပါဝင်သော ရုပ်ကလာပ်တို့၏ ပြင်ပလောက၌ မတည်ရှိနိုင်သောကြောင့် ဖြစ်၏။
မဟာဘုတ်ဓာတ်ကြီးလေးပါးတို့ကို စွဲမှီ၍ ကလာပ်တူဥပါဒါရုပ်တို့ သည် ဖြစ်ပေါ်လာကြရ၏။ ကလာပ်တူ မဟာဘုတ်တို့က သဟဇာတ နိဿယ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုမပေးသော်ကား ကလာပ်တူ ဥပါဒါရုပ် တို့သည် ဖြစ်ပေါ်မလာနိုင်။ တစ်ဖန် ဥပါဒါရုပ်တို့ မပါဘဲ မဟာဘုတ်ချည်း သက်သက်လည်း ဖြစ်နိုင်စွမ်း မရှိပေ။ အဆင်းလှ၏၊ အဆင်းမလှ၊ အနံ့ ကောင်း၏၊ အနံ့မကောင်း ဤသို့စသည်ဖြင့် သိနိုင်ခွင့်ရှိခြင်းမှာ ကလာပ်တူ ဥပါဒါရုပ်တို့ကြောင့်သာ ယောဂါဝစရပုဂ္ဂိုလ်က သိရှိခွင့်ကို ရရှိခြင်း ဖြစ်၏။ မဟာဘုတ်ကား ဖြစ်စေတတ်သော အကြောင်းတရားတည်း၊ ကလာပ်တူ ဥပါ ဒါရုပ်ကား ဖြစ်စေအပ်သော အကျိုးတရားတည်း။ ဤသို့ ဖြစ်စေတတ်သော တရား ဖြစ်စေအပ်သောတရား ဖြစ်ခြင်းသည်ပင် ကလာပ်တူမဟာဘုတ်နှင့် ဥပါဒါရုပ်တို့သည် အချင်းချင်း ပိုင်းခြားခြင်းကို ပြုသည် မည်ပေသည်။ မဟာ ဘုတ်ကား နေရောင်ခြည်နှင့် တူ၏။ ဥပါဒါရုပ်ကား နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာရသော သစ်ပင်ရိပ်နှင့် တူ၏။
ဤရှင်းလင်းချက်များနှင့်အညီ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းသည့်အပိုင်းဝယ် မဟာဘုတ်တို့ကို မသိမ်းဆည်း နိုင်ဘဲ ဥပါဒါရုပ်တို့ကို သိမ်းဆည်းဖို့ရန်, ဥပါဒါရုပ်တို့ကို မသိမ်းဆည်းနိုင်ဘဲ လည်း မဟာဘုတ်တို့ကို သိမ်းဆည်းဖို့ရန်မှာ မလွယ်ကူသည်ကိုကား သဘော ပေါက်သင့်လှ၏။ အနည်းဆုံးပမာဏအားဖြင့် အာကာသဓာတ်နှင့် ဝဏ္ဏဓာတ် အရောင်အဆင်းဟူသော ဥပါဒါရုပ်ကို မသိမ်းဆည်းနိုင်ပါက ဉာဏ်ဖြင့် မတွေ့ မမြင်ပါက ရုပ်ကလာပ်ကို မြင်ဖို့ရန်မှာ မဖြစ်နိုင်ပေ။ ရုပ်ကလာပ်ကို မမြင်ပါ ကလည်း ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီး လေးပါးကို သိမ်းဆည်းဖို့ရန်မှာ မမျှော်မှန်းသင့်သော အရာသာ ဖြစ်၏။ ရုပ် ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုမျှ မသိမ်း ဆည်းနိုင်သေး မသိမ်းဆည်းတတ်သေးလျှင် ပရမတ်အစစ် ရုပ်တရားကို မသိ ရှိသေးသူသာ ဖြစ်နေသေး၏။ ရုပ်ပရမတ်ကိုမျှ မသိသေးသော ထိုသူတော် ကောင်း၏ သန္တာန်ဝယ် စစ်မှန်သော ဝိပဿနာဉာဏ်ကား မည်သည့်နည်း နှင့်မျှ မဖြစ်နိုင်သေးပေ။ တစ်ဖန် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိ သော ဓာတ်ကြီးလေးပါးကိုမျှ မရှုတတ်သေး မသိမ်းဆည်းတတ်သေးလျှင် ကလာပ်တူဥပါဒါရုပ်တို့ကို ဆက်လက် သိမ်းဆည်းနိုင်ရန်မှာလည်း မိုးနှင့် မြေကြီးပမာ အလွန့်အလွန် အလှမ်းကွာလျက်ပင် ရှိနေပေသေးသည်။ ထို့ကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါး တို့ကို သိမ်းဆည်းပြီးသော အသင်သူတော်ကောင်းသည် ကလာပ်တူ ဥပါဒါ ရုပ်တို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။
ဝဏ္ဏ = အရောင်အဆင်း -- ရုပ်ကလာပ်တိုင်း၌ ဝဏ္ဏဟုခေါ်ဆိုသော ရူပါရုံ အရောင်အဆင်း ရှိ၏။ လွယ်လွယ်ကူကူ တွေ့ရှိနေမည်သာ ဖြစ်သည်။ အသင်သူတော်ကောင်း၏ သန္တာန်၌ အဆက်မပြတ် ဖြစ်ပေါ်နေသော, သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်သော ဉာဏ်ကြောင့် လင်း ရောင်ခြည်များကား ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပနေမည်သာ ဖြစ်၏။ ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် ရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်ကို မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်ဖြင့် တစ်နည်း - မဟာကုသိုလ် မနောဒွွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်တွင် ပါဝင်သော ဉာဏ်ဖြင့် တွေ့မြင်နေမည်သာ ဖြစ်သည်။
ဂန္ဓ = အနံ့ -- ရုပ်ကလာပ်တိုင်း၌ အနံ့ ရှိနေ၏။ မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်ဖြင့် သိရှိနိုင်သော တရားပင် ဖြစ်၏။ သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ကား နှာခေါင်းနှင့် ဝေး ကွာ နေသော မျက်စိကဲ့သို့သော နေရာဒွါရတစ်ခု၌ တည်ရှိသော ရုပ်ကလာပ် တစ်ခု၏ အနံ့ကို လှမ်း၍အာရုံယူရာ၌ ယင်းအနံ့မှာ မထင်မရှား ဖြစ်နေတတ် ၏၊ အာရုံယူ၍ မရသော်လည်း ရှိနေတတ်၏၊ အထူးသဖြင့် သုဒ္ဓဝိပဿနာ ယာနိကပုဂ္ဂိုလ်တို့၌ အဖြစ်များတတ်သော အခက်အခဲ တစ်ရပ်ပင် ဖြစ်၏။ ထိုအခါမျိုး၌ ဃာနအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲ သိမ်းဆည်းပါ။ နှာခေါင်းအတွင်းရှိ နှာနုရှိရာ အရပ်၌ တည်ရှိသော ဓာတ်ကြီး လေးပါးကို စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်တို့ကို လွယ်ကူစွာပင် တွေ့ရှိနိုင် ပေသည်။ ယင်းရုပ်ကလာပ်တို့တွင် ကြည်သော ရုပ်ကလာပ်တို့လည်း ပါဝင် ကြ၏၊ ဃာနဒသကကလာပ်, ကာယဒသကကလာပ်တို့တည်း။ ယင်းဃာန ဒသကကလာပ်တို့၌ ပါဝင်တည်ရှိသော ဃာနအကြည်ဓာတ်တို့ကို ခြုံငုံ၍ သိမ်းဆည်းထားပါ။ တစ်ဖန် (၆)ဒွါရလုံး၌ တည်ရှိကြသော ကြည်သည့် ရုပ် ကလာပ် မကြည်သည့် ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးကို အောင်မြင်စွာ ရှု၍ ရရှိနေပြီဖြစ်သော ဤကဲ့သို့သော အချိန်အခါမျိုး၌ နှလုံးအိမ်အတွင်း၌ တည်ရှိသော မကြည်သည့် ဟဒယဒသကကလာပ်တို့တွင် ပါဝင်သော ဟဒယ ဝတ္ထုရုပ်ကို မှီ၍ဖြစ်နေသော ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက် ပနေသော ဘဝင်မနောအကြည်ဓာတ်ကိုလည်း လွယ်ကူစွာပင် တွေ့ရှိနေမည် ဖြစ်သည်။ ယင်းဘဝင်မနောအကြည်ဓာတ်ကိုလည်း သိမ်းဆည်းထားပါ။
ဤသို့လျှင် အသင်သူတော်ကောင်းသည် ယင်းဃာနအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တည်းဟူသော အကြည်ဓာတ်နှစ်မျိုးတို့ကို ပူးတွဲ သိမ်းဆည်း၍ မိမိရှုပွားလိုသော ရုပ်ကလာပ်၌ အနံ့ကိုအာရုံယူ၍ ရှုကြည့်ပါ။ အနံ့မှာ ဃာနဝိညေယျ = ဃာနဝိညာဏ်ဖြင့်လည်း သိနိုင်သောတရားဖြစ်၍ မနောဝိညေယျ = မနောဝိညာဏ်ဖြင့်လည်း သိနိုင်သော တရားတစ်မျိုး ဖြစ်၏။ ဃာနဝိညာဏ်မှာ ဃာနအကြည်ဓာတ်ကို မှီ၍ ဖြစ်၏။ မဟာကုသိုလ် မနော ဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်ဟူသော မနောဝိညာဏ်မှာ ဘဝင်မနော အကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုကို မှီ၍ဖြစ်၏။ ထိုကြောင့် အနံ့ကို ရှုရာ၌ ယခုကဲ့သို့ အခက်အခဲရှိသောအခါ ဆိုင်ရာအကြည်ဓာတ် နှစ်မျိုး တည်းဟူသော ဒွါရနှင့် အနံ့ဂန္ဓာရုံကို ပူးတွဲသိမ်းဆည်းလျက် ရှုခြင်းဖြစ်သည်။ ဂန္ဓာရုံကို စတင်သိမ်းဆည်းစ အာဒိကမ္မိကပုဂ္ဂိုလ်အတွက်သာ ဖြစ်သည်၊ အောင်မြင်မှု ရရှိသောအခါ ယင်းဂန္ဓာရုံကို မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိတည်းဟူသော မနောဝိညာဏ်ဖြင့်လည်း ရှု၍ရနိုင်သည်သာ ဖြစ်သည်။ ဂန္ဓာရုံကို ဃာနဝိညာဏ်ဖြင့် အာရုံယူနေကျဖြစ်၍ ထိုသို့ ရှုခြင်း ဖြစ်သည်။ အောင်မြင်မှုရရှိလျှင်ကား ကောင်း၏။ အောင်မြင်မှုကို မရရှိပါ က မိမိရရှိထားပြီးသည့် သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ၊ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ကြိမ်ဖန်များစွာ သိမ်းဆည်းပါ။ ထိုနောင် အနံ့ဂန္ဓာရုံကို အထက်ပါနည်းအတိုင်း ဆက်ရှုပါ၊ အောင်မြင်မှုကို ရရှိတတ်ပါသည်။ (၆)ဒွါရဝယ် ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်တို့၌ ရှုကြည့်ပါ။
ရသ = အရသာ -- (၆)ဒွါရဝယ် ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်တို့၌ တည်ရှိသော ရသာရုံကို ရှုရန်ဖြစ်သည်။ ယင်းရသာရုံမှာ ချို-ချဉ်-ငန်-စပ်-ဖန်-ခါးဟူသော အရသာခြောက်မျိုးလုံး ထိုက်သလို တည်ရှိနိုင်သည်။ ဇိဝှါဝိညာဏ်ဖြင့်သိနိုင်သော ဇိဝှါဝိညေယျတရားလည်း ဖြစ်သည်။ မနောဝိညာဏ်ဖြင့် သိနိုင်သော မနောဝိညေယျတရားလည်း ဖြစ်၏။ ရှေးဦးစွာ ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးနှင့်တကွ ဝဏ္ဏ-ဂန္ဓတို့ကို အောင်အောင် မြင်မြင် ရှုပြီးသောအခါ ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ရသာရုံကို ဆက် လက်၍ ရှုကြည့်ပါ။ မနောဝိညာဏ်ဖြင့်သာ ရှေးဦးစွာ ရှုကြည့်ပါ။ အခက်အခဲ ရှိပါက ဇိဝှါအကြည်ဓာတ် ဘဝင်မနောအကြည်ဓာတ်တို့ကို ပူးတွဲသိမ်းဆည်း လျက် လျှာ၌ ငြိကပ်နေသော တတွေး၏ ရသာရုံကို လှမ်း၍ အာရုံယူကာ ရှု ကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ သတ္တဝါတို့သည် ရသာရုံကို ဇိဝှါဝိညာဏ်ဖြင့် အာရုံယူနေကျ ဖြစ်၏။ ဇိဝှါဝိညာဏ်၏ အကူအညီကို ယူ၍ ရှုက ပို၍ လွယ်ကူတတ်၏။ ဘာဝနာအရှိန် အားကောင်းလာသော အခါ၌ ကား ဤဝဏ္ဏ-ဂန္ဓ-ရသတို့မှာ မဟာကုသိုလ်မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်ဟူသော မနောဝိညာဏ် သက်သက်ဖြင့်လည်း သိနိုင်သော သိမ်း ဆည်း၍ ရနိုင်သော တရားတို့သာ ဖြစ်ကြသည်။ အောက်ပါ အဋ္ဌကထာကို ထောက်ရှုပါ။
သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)
ဘာဝနာအရှိန် အားမကောင်းခင်သာ ဃာနဝိညာဏ် ဇိဝှါဝိညာဏ် တို့၏ အကူအညီကို ယူ၍ သဘောပေါက် လျင်မြန်စေရန် ဂန္ဓ - ရသ တို့ကို ထိုကဲ့သို့ ရှုခြင်း ဖြစ်သည်ဟု မှတ်သားပါလေ။
ဩဇာ = အဆီအစေး ဩဇာ -- ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော အဆီ-အစေး-ဩဇာ-အာဟာရဓာတ် ဖြစ်သည်။ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အာဟာရဇဩဇာဟု ဩဇာလေးမျိုး ရှိသည်။ ရုပ် ကလာပ်၏အတွင်းမှာသာ စိုက်ရှုပါ။ အဆီ-အနှစ်-ဩဇာကို တွေ့ရှိမည် ဖြစ် သည်။ မနောဝိညေယျတရားသာ ဖြစ်၏။ ဩဇာဟု သိလောက်သော နောက် ထပ် အမှတ်အသားတစ်ခုမှာ ယင်းအဆီအစေးမှ ရုပ်ကလာပ်အမှုန်များ ထပ် ထပ် ထွက်နေသည့် အမှတ်အသားပင် ဖြစ်သည်။ ယောဂီအများစုကား ယင်း ဩဇာကို ကြက်ဥအနှစ်ကဲ့သို့ ရုပ်ကလာပ်၏အလယ်၌ တည်ရှိနေသော အနှစ် အဖြစ် တွေ့ရှိတတ်၏၊ ယင်းအနှစ်ဩဇာမှ ကလာပ်အမှုန်များ ထပ်၍တိုးပွား လာသည်ကိုလည်း သတိပြုမိတတ်၏။ (တိုးပွားလာပုံကို နောက်တွင် တွေ့ရှိရ လတ္တံ့။) (၆)ဒွါရလုံး၌ ရှုပါ။
ဇီဝိတ = ရုပ်သက်စောင့်ဓာတ် -- အသက်ရှင်နေသည့် သဘော, ကလာပ်တူကမ္မဇရုပ်တို့ကို စောင့်ရှောက်နေသည့် သဘာတရား ဖြစ်သည်။ ကမ္မဇရုပ်ကလာပ်များ၌သာ တည်ရှိသည်။ ရှေးဦးစွာ ကြည်သည့်ရုပ်ကလာပ်၌ စတင်ရှုကြည့်ပါ။ ရှာဖွေကြည့်ပါ။ ထို ကြည်သည့် ရုပ်ကလာပ်များမှာ ပသာဒ ရုပ် တစ်မျိုးမျိုးပါဝင်သော ရုပ်ကလာပ်တို့သာဖြစ်ရကား ကမ္မဇရုပ် ဧကန် ဖြစ်သဖြင့် ယင်းရုပ်ကလာပ်တိုင်း၌ ဇီဝိတသည် အမြဲတည်ရှိနေ၍ ကြည်သည့် ရုပ်ကလာပ်၌ တည်ရှိသောဇီဝိတကို စတင်ရှုခြင်းဖြစ်သည်။ အသင်သူတော် ကောင်းသည် ထိုဇီဝိတကို ကြည်သည့်ရုပ်ကလာပ်အတွင်း၌ စတင် ရှုသော အခါ အသက်ရှင်နေသည့် သဘောကို ရှေးဦးစွာ မြင်အောင်ရှုပါ။ ယောဂီ အများစုကား လှုပ်ရှားမှုရှိ၍ အသက်ဝင်နေသည့်သဘော အသက်ရှင်သန်နေ သည့် သဘောတစ်ခုကို တွေ့ရှိတတ်၏။ ထိုသို့ တွေ့ရှိသောအခါ ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်နေသည့်သဘောကိုပါ မြင်အောင် ဆက်ရှုပါ။ ထိုဇီဝိတမှာ အသက်ရှင်နေသည့်သဘော, ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိ သော ကလာပ်တူ ကမ္မဇရုပ်တို့ကိုသာ စောင့်ရှောက်နေသည့် သဘောတရား ဖြစ်သဖြင့် ကလာပ်ပြားဖြစ်သော အခြားသောရုပ်ကလာပ်တို့၌ တည်ရှိသော ကမ္မဇရုပ်တို့ကိုကား မစောင့်ရှောက်ဟု မှတ်ပါ။
ကြည်သည့် ရုပ်ကလာပ်တို့၌ ဇီဝိတကို ရှာဖွေတွေ့ရှိပါက ရှုလို့ရရှိပါက မကြည်သည့်ရုပ်ကလာပ်အချို့တို့၌ ဇီဝိတကို ဆက်လက်၍ ရှာဖွေကြည့်ပါ၊ ရှုကြည့်ပါ။ ထိုအချို့သော မကြည်သော ရုပ်ကလာပ်တို့ဟူသည်မှာ တစ်ကိုယ် လုံး၌ အနှံ့အပြားတည်ရှိသော ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်နှင့် နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဒသကကလာပ်တို့ပင် ဖြစ်ကြသည်။ စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်တို့လည်း မကြည်ကြပေ၊ သို့သော် ယင်းရုပ်ကလာပ်တို့၌ ဇီဝိတကား မရှိပေ။ ဟဒယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့လည်း မကြည် ကြပေ။ သို့သော် ယင်းရုပ်ကလာပ်တို့၌ ဇီဝိတကား ရှိနေ၏။ ယင်းဇီဝိတကို လည်း (၆)ဒွါရလုံးဝယ် ကြည်သည့် ရုပ်ကလာပ်နှင့် မကြည်သည့် ရုပ်ကလာပ် အချို့တို့၌ ရှုကြည့်ပါ။
ဘာဝရုပ် = အမျိုးသားဖြစ်ကြောင်းရုပ်-အမျိုးသမီးဖြစ်ကြောင်းရုပ် အမျိုးသားဟု သို့မဟုတ် အမျိုးသမီးဟု သိလောက်သော အမှတ်အသား တည်း။ (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိသော ရုပ်တည်း။ မကြည်သည့် ရုပ်ကလာပ်အချို့တို့၌ တည်ရှိကြ၏။ ကြည်သည့်ရုပ်ကလာပ်တို့၌ တည်ရှိ သော ဇီဝိတကို သဘောပေါက်ပါက ရှု၍ ရရှိပါက မကြည်သည့် ရုပ်ကလာပ် တို့၌လည်း ဇီဝိတကို ရှာဖွေကြည့်ပါ၊ ရှုကြည့်ပါ။ အကယ်၍ မကြည်သည့် ရုပ်ကလာပ်တို့၌ ဇီဝိတကို ရှာဖွေ၍ မတွေ့ရှိပါက ဘာဝရုပ်ကို ဆက်လက်၍ မရှာဖွေပါနှင့်။ ဇီဝိတမရှိက ဘာဝရုပ် မရှိနိုင်သောကြောင့် ဖြစ်၏။ အကယ်၍ မကြည်သည့် ရုပ်ကလာပ်တို့၌ ဇီဝိတကိုရှာဖွေတွေ့ရှိပါက ယင်းရုပ်ကလာပ်၌ ဘာဝရုပ်ကို ဆက်လက် ရှာဖွေကြည့်ပါ။ သို့သော် ယင်းရုပ်ကလာပ်မှာ ဇီဝိတ နဝကကလာပ် ဖြစ်ပါက ဇီဝိတသာရှိ၍ ဘာဝရုပ် မရှိနိုင်ပေ။အကယ်၍ ယင်း ရုပ်ကလာပ်သည် ဘာဝဒသကကလာပ်ဖြစ်မူ ဇီဝိတလည်းရှိ၍ ဘာဝရုပ် လည်း ရှိနေပေသည်။ ဇီဝိတမရှိသည့် ရုပ်ကလာပ်၌ကား ဘာဝရုပ်လည်း မရှိနိုင်ပေ၊ ဇီဝိတရှိပါမှသာလျှင် ဘာဝရုပ်လည်း ရှိနိုင်ပေသည်။ ဘာဝရုပ်ကား ဧကန် ကမ္မဇရုပ် ဖြစ်၏။ ဇီဝိတသည်လည်း ကလာပ်တူကမ္မဇရုပ်တိုင်းကို စောင့်ရှောက်လျက် ရှိ၏။ ထို့ကြောင့် ဇီဝိတရှိရာ ရုပ်ကလာပ်၌သာ ဘာဝရုပ် ကို ဆက်လက်၍ ရှုကြည့်ပါ။ ဇီဝိတနဝကကလာပ် (ဟဒယဒသကကလာပ်) မဟုတ်ဘဲ ဘာဝဒသကကလာပ်သာ ဖြစ်ခဲ့လျှင် ဘာဝရုပ်ကို တွေ့ရှိမည်ဖြစ် သည်။ အမျိုးသားယောဂီသည် အမျိုးသား ဖြစ်ကြောင်း ပုရိသဘာဝရုပ်ကို ရှုပါ။ အမျိုးသမီးယောဂီသည် အမျိုးသမီးဖြစ်ကြောင်း ဣတ္ထိဘာဝရုပ်ကို ရှုပါ။ အမျိုးသား၌ ပုရိသဘာဝရုပ်, အမျိုးသမီး၌ ဣတ္ထိဘာဝရုပ် တစ်မျိုးစီသာ တည် ရှိ၏။ ပုရိသဘာဝရုပ်ဟူသည် ဤသူကား ယောက်ျားဟု သိကြောင်း အမှတ် အသား ဖြစ်သည်။ ဣတ္ထိဘာဝရုပ်ဟူသည် ဤသူကား အမျိုးသမီးဟု သိ ကြောင်း အမှတ်အသား ဖြစ်သည်။ တွေ့ရှိပါက (၆)ဒွါရလုံး၌ လှည့်လည်၍ ရှုပါ။ ယင်းဘာဝရုပ်သည် (၆)ဒွါရလုံး၌ ဘာဝဒသကကလာပ်အနေဖြင့် တည်ရှိသည်။
ရုပ်လောကဝယ် ယောဂီအများစု၌ အရှုရခက်သော ရုပ်တရားတို့မှာ ဩဇာ, ဇီဝိတ, ဘာဝရုပ်တို့ပင် ဖြစ်ကြသည်။ ဤရုပ်သုံးမျိုးနှင့်တကွ အထက် တွင် တင်ပြခဲ့သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ စသော ရုပ်တရားတို့ကို (၆)ဒွါရ၌ တည်ရှိသော ကြည်သည့် ရုပ်ကလာပ်၌ (၁၀)မျိုး, မကြည်သည့် ရုပ်ကလာပ်၌လည်း (၈)မျိုး (၉)မျိုး (၁၀)မျိုး စသည် အားဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းတတ်ပါက ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း ရုပ်တရားတို့ကို ကုန်စင်အောင် သိမ်းဆည်း ပါ။
စက္ခုဒွါရသ္မိံ ဟိ စက္ခု-ကာယ-ဘာဝဒသကဝသေန တိံသ ကမ္မဇရူပါနိ၊ ဥပတ္ထမ္ဘကာနိ ပန တေသံ ဥတုစိတ္တာဟာရသမုဋ္ဌာနာနိ စတုဝီသတီတိ စတုပဏ္ဏာသ ဟောန္တိ။ တထာ သောတ-ဃာန-ဇိဝှါဒွါရေသု။ ကာယဒွါရေ ကာယ- ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုစတ္တာလီသ။ မနောဒွါရေ ဟဒယဝတ္ထု-ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုပဏ္ဏာသမေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၉။)
ဤအဋ္ဌကထာနှင့်အညီ အောက်ပါ ဇယားများကို ရေးဆွဲထားပါသည်။
---မနောဒွါရ ဟူသည်
ဤအရာ၌ အဋ္ဌကထာဆရာတော်က ဟဒယကို မနောဒွါရဟု ခေါ် ဝေါ် သုံးစွဲထား၏။ (ဝိသုဒ္ဓိ၊၂၊၂၅၉။) ဤကဲ့သို့သော အသုံးအနှုန်းနှင့် ဆက် စပ်၍ မနောဒွါရအကြောင်းကို ဆက်လက်တင်ပြအပ်ပါသည်။
ဧတ္ထ ပန မနောတိ ဘဝင်္ဂစိတ္တံ။ ပ။ အာဝဇ္ဇနံ ဘဝင်္ဂတော အမောစေတွာ မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။ (သံ၊ဋ္ဌ၊၃၊၅။)
မနောဒွါရံ နာမ သာဝဇ္ဇနံ ဘဝင်္ဂံ။ တဿ နိဿယဘာဝတော ဟဒယဝတ္ထုံ သန္ဓာယ နိဿိတဝေါဟာရေန မနောဒွါရေတိ ဝုတ္တံ။ ယတ္ထ မနောဒွါရုပ္ပတ္တိ။ (မဟာဋီ၊၂၊၄၁၀။)
ဤအထက်ပါ အဋ္ဌကထာ ဋီကာ အဖွင့်တို့နှင့် အညီ ---
၁။ ဘဝင်ကိုလည်း မနောဒွါရဟု ခေါ်ဆို၏။
၂။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်ကိုလည်း မနောဒွါရဟု ခေါ် ဆို၏။
၃။ ဟဒယဝတ္ထုကိုလည်း ဌာနျူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဆို၏။
ဌာနျူပစာရ --- ဘဝင်သည် တစ်နည်း အာဝဇ္ဇန်းနှင့် တကွသော ဘဝင်သည် ဟဒယဝတ္ထုကိုပင် မှီ၍ဖြစ်ရ၏။ မှီတတ်သော ဘဝင်၏ တစ်နည်း မှီတတ်သော အာဝဇ္ဇန်းနှင့် တကွသော ဘဝင်၏ မနောဒွါရဟူသော အမည်ကို မှီအပ်သော မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်၌ တင်စား၍ တစ်နည်းဆိုရသော် ဌာနီဖြစ်သော ဘဝင်၏ သို့မဟုတ် အာဝဇ္ဇန်းနှင့် တကွသော ဘဝင်၏ မနောဒွါရဟူသော အမည်ကို ဌာနဖြစ်သော ဟဒယဝတ္ထု၌ တင်စား၍ ဌာနဖြစ်သော (= မှီရာ ဖြစ်သော) ဟဒယဝတ္ထုရုပ်ကိုပင် ဌာနျူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဆိုထားပေသည်။ (သံ၊ဋ္ဌ၊၃၊၅။ ဝိသုဒ္ဓိ၊၂၊၂၅၉။ မဟာဋီ၊၂၊၄၁၀။)
ဇီဝိတနဝကကလာပ် --- အထက်ပါ ရုပ်ကမ္မဋ္ဌာန်းဇယားတို့၌ကား ဇီဝိတနဝကကလာပ်ရုပ်ကို ထည့်သွင်း ဖော်ပြခြင်း မပြုထားပေ။ သို့သော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၃။)၌ကား တေဇောကောဋ္ဌာသ, ဝါယော ကောဋ္ဌာသတို့၌ ဇီဝိတနဝကကလာပ်ကို ဖော်ပြထားပေသည်။ အသင် သူတော်ကောင်းသည် ယင်းဇီဝိတနဝကကလာပ်ကိုပါ ရောနှောခြုံငုံ၍ ရှုလိုက ရှုနိုင်ပါသည်။ အထူးသဖြင့် တေဇော ကောဋ္ဌာသ, ဝါယောကောဋ္ဌာသတို့၌ကား မလွှဲမရှောင်သာ သိမ်းဆည်းရှုပွားရတော့မည် ဖြစ်ပေသည်။ ယင်းတေဇော ကောဋ္ဌာသ, ဝါယောကောဋ္ဌာသတို့သည်လည်း တစ်ကိုယ်လုံး အနှံ့အပြား တည်ရှိသော ကောဋ္ဌာသတို့သာ ဖြစ်ကြသည်။
---(၆) ဒွါရ၌ ရုပ်ကလာပ်များကို ဓာတ်ခွဲပုံ = ရုပ်တို့ကိုသိမ်းဆည်းပုံ
ကာယအကြည်ဓာတ်ပါဝင်သော ကာယဒသကကလာပ်မှာ (၆)ဒွါရ လုံး၌ ပျံ့နှံ့တည်ရှိ၏။ ဘာဝရုပ် ပါဝင်သော ဘာဝဒသကကလာပ်မှာလည်း (၆)ဒွါရလုံး၌ပင် ပျံ့နှံ့တည်ရှိ၏။ စက္ခုအကြည်ဓာတ် ကာယအကြည်ဓာတ် စသော ပသာဒ (= အကြည်) ရုပ်တို့ ပါဝင်တည်ရှိသော စက္ခုဒသကကလာပ် ကာယဒသကကလာပ် စသော ထိုထို ရုပ်ကလာပ်တို့သည်ကား ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောနှောပေါင်းစပ်ထားသကဲ့သို့ စက္ခုစသော (၆) ဒွါရတို့၌ ရောနှောလျက် တည်ရှိကြ၏။
စက္ခုဒသကကလာပ်ကား စက္ခု (= မျက်စိ)၌သာ တည်ရှိ၏။ သောတ ဒသကကလာပ်ကား နား၌သာ တည်ရှိ၏။ ဃာနဒသကကလာပ်ကား နှာ ခေါင်း၌သာ တည်ရှိ၏။ ဇိဝှါဒသကကလာပ်ကား လျှာ၌သာ တည်ရှိ၏။ ဟဒယဒသကကလာပ်ကား နှလုံး၌သာ တည်ရှိ၏။ ကာယဒသကကလာပ် နှင့် ဘာဝဒသကကလာပ်တို့ကား မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံးဟူသော (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိကြ၏။ ထိုကြောင့် စက္ခု၌ စက္ခုဒသက ကလာပ် ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, နား၌ သောတဒသကကလာပ် ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, နှာခေါင်း၌ ဃာနဒသကကလာပ် ကာယဒသကကလာပ်ဟု ကြည် သည့်ရုပ်ကလာပ် နှစ်မျိုး, လျှာ၌ ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, ကိုယ်၌ ကာယဒသကကလာပ်ဟု ကြည် သည့်ရုပ်ကလာပ် တစ်မျိုး, နှလုံး၌ ကာယဒသကကလာပ်ဟု ကြည်သည့် ရုပ်ကလာပ်တစ်မျိုး - ဤသို့ အသီးအသီး ရှိ၏။ မျက်စိ-နား-နှာ-လျှာတို့၌ ကြည်သည့်ရုပ်ကလာပ် နှစ်မျိုးစီ အကြည်ဓာတ်လည်း နှစ်မျိုးစီ ရှိနေသဖြင့် ထိုအကြည်ဓာတ် အကြည်ရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ်ဖို့ လိုအပ်ပေ သည်။ ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့်ကား ဤအဆင့်တွင် ကြည်သည့် ရုပ် ကလာပ်အမှုန်အနေဖြင့်သာ မြင်တွေ့နေဦးမည် ဖြစ်ပေသည်။
---စက္ခုအကြည်ဓာတ်
ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ ... စက္ခု။(ဝိသုဒ္ဓိ၊၂၊၇၄။)
= ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ် ဓာတ်ကြီးလေးပါး တို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော တရားသည် စက္ခုမည်၏။ တစ်နည်း - ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ် ဓာတ်ကြီး လေးပါးတို့၏ ကြည်လင်ခြင်း သဘောမျှသည် စက္ခုအကြည်ဓာတ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၇၄။)
---ကာယအကြည်ဓာတ်
ဖောဋ္ဌဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော ....ကာယော။ (ဝိသုဒ္ဓိ၊၂၊၇၄)
= ဖောဋ္ဌဗ္ဗာရုံ (ပထဝီ-တေဇော-ဝါယော) ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက် သော မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခ ဏာရှိသော တရားသည် ကာယအကြည်ဓာတ် မည်၏။ တစ်နည်း - ဖောဋ္ဌဗ္ဗာ ရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်း သဘောလက္ခဏာမျှသည် ကာယအကြည်ဓာတ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၇၄။)
ဤရှင်းလင်းချက်များနှင့်အညီ စက္ခုအကြည်ဓာတ်မှာ ရူပါရုံ ရှေးရှု ရိုက်ခတ်ခြင်းငှာ ထိုက်သော အကြည် ဖြစ်၏၊ ကာယအကြည်ဓာတ်မှာ ဖောဋ္ဌဗ္ဗာရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော အကြည် ဖြစ်၏။ မျက်စိ၌ စက္ခု အကြည်ဓာတ် ပါဝင်သော စက္ခုဒသကကလာပ်နှင့် ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသကကလာပ်ဟု ကလာပ်နှစ်မျိုးတို့သည် သမအောင် ရောနှောလျက် တည်ရှိနေကြ၏။ မည်သည့်အကြည်ဓာတ်က စက္ခုအကြည် ဖြစ်သည်၊ မည်သည့်အကြည်ဓာတ်က ကာယအကြည် ဖြစ်သည်၊ မည်သည့် ရုပ်ကလာပ်က စက္ခုဒသကကလာပ် ဖြစ်သည်၊ မည်သည့်ရုပ်ကလာပ်က ကာယဒသကကလာပ် ဖြစ်သည်ဟု ရိုက်ခတ်သော အာရုံနှင့် တိုက်ဆိုင်၍ ခွဲခြားယူရမည် ဖြစ်သည်။ သို့သော် ယင်းအကြည်ဓာတ်တို့မှာ ကလာပ်တူ ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောမျှသာ ဖြစ်ကြသဖြင့် ယင်းတို့ စွဲမှီရာ ကလာပ်တူ ဓာတ်ကြီးလေးပါးတို့ကို ထပ်ကာထပ်ကာ သိမ်းဆည်း ထားပြီးဖြစ်ဖို့လည်း အထူးလိုအပ်ပေသည်။
စက္ခုအကြည် --- စက္ခုအကြည်ကို သိမ်းဆည်းရှုပွားလိုပါက ရှေးဦးစွာ မျက်စိ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းရှုပွားပါ။ ရုပ်ကလာပ် များကို တွေ့မြင်သောအခါ ကြည်သည့် ရုပ်ကလာပ်အမှုန်တစ်ခုကို အာရုံယူ ၍ သိမ်းဆည်းပါ။ ယင်းရုပ်ကလာပ်၌ ပါဝင်သော ရုပ်သဘောတရား (၁၀)မျိုး ကို ဆက်လက်သိမ်းဆည်းပါ။ ယင်း (၁၀)မျိုးမှ ပသာဒ = အကြည်ဓာတ်ကို သိမ်းဆည်းထားပါ၊ သို့မဟုတ် ကြည်သည့်ရုပ်ကလာပ်အများစု၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ။ ယင်းအကြည်ဓာတ်နှင့် မလှမ်းမကမ်း တွင် တည်ရှိသော ရုပ်ကလာပ်တို့၌ ပါဝင်သော ရူပါရုံကို သို့မဟုတ် ရုပ်က လာပ် တစ်ခု၌ ပါဝင်သော ရူပါရုံကို လှမ်း၍ အာရုံယူကြည့်ပါ။ အကယ်၍ ထိုရူပါရုံက ထိုအကြည်ဓာတ်ကို ရှေးရှု ရိုက်ခတ်နေပါလျှင် ထိုအကြည်ဓာတ် မှာ စက္ခုအကြည်ဓာတ်ပင် ဖြစ်သည်။ ထိုစက္ခုအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ စက္ခုဒသကကလာပ်ပင် ဖြစ်သည်။ ယင်းစက္ခုဒသကကလာပ် အတွင်း၌ တည်ရှိသော ရုပ်သဘောတရား (၁၀)မျိုးတို့ကို ပရမတ်သို့ ဆိုက် အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် တစ်လုံးစီ တစ်လုံးစီ ပိုင်းခြားယူပါ။ အကယ် ၍ ထိုရူပါရုံက ထိုအကြည်ဓာတ်ကို ရှေးရှုမရိုက်ခတ်လျှင် ထိုအကြည်ဓာတ်မှာ စက္ခုအကြည်ဓာတ် မဟုတ်ပေ။ ကာယအကြည်ဓာတ်သာ ဖြစ်ဖွယ်ရာရှိသည်။ မျက်စိ၌ စက္ခုအကြည်ဓာတ်နှင့် ကာယအကြည်ဓာတ် နှစ်မျိုးသာ တည်ရှိနေ သောကြောင့် ဖြစ်သည်။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည် ကိုလည်း အောက်ပါအတိုင်း စမ်းသပ်ကြည့်ပါ။
ကာယအကြည်---ဖောဋ္ဌဗ္ဗာရုံ (= ပထဝီဓာတ် တေဇောဓာတ် ဝါယော ဓာတ်) ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ရှေးရှုရိုက်ခတ်ခံရသော အကြည် ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ်သည်။ မျက်စိ၌ပင် တည်ရှိသော ဓာတ်ကြီး လေးပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်များကို တွေ့မြင်သော အခါ ကြည်သည့် ရုပ်ကလာပ်အမှုန်တစ်ခု၌ သို့မဟုတ် အများစု၌ တည်ရှိ သော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ။ ယင်းရုပ်ကလာပ်နှင့်အနီးကပ်ဆုံး ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော သို့မဟုတ် ရုပ်ကလာပ်အများစု အတွင်း၌ တည်ရှိသော ပထဝီ တေဇော ဝါယောဟူသော ဖောဋ္ဌဗ္ဗဓာတ် တစ်ခုခုကို လှမ်း၍ အာရုံယူပါ၊ သိမ်းဆည်းပါ၊ စိုက်ရှုပါ။ (ဥပမာ - မာသည့် သဘောတစ်ခုကို စိုက်ရှုပါ။) အကယ်၍ ထိုဖောဋ္ဌဗ္ဗဓာတ် တစ်ခုခုက ထို အကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်နေပါလျှင် ထိုဖောဋ္ဌဗ္ဗဓာတ်တစ်ခုခု၏ ရှေးရှု ရိုက်ခတ်မှုကို ခံယူရသော ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ်ပင် ဖြစ် သည်။ ယင်းကာယအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ ကာယဒသက ကလာပ်ပင် ဖြစ်သည်။ အကယ်၍ ထိုအကြည်ဓာတ်ကို ဖောဋ္ဌဗ္ဗဓာတ် တစ် ခုခုက ရှေးရှုရိုက်ခတ်မှု မရှိလျှင် ထိုအကြည်ဓာတ်မှာ စက္ခုအကြည်ဓာတ် ဖြစ်ဖွယ်ရာ ရှိ၏။ စက္ခုအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို အထက်၌ တင်ပြထားသော စက္ခုအကြည်ဓာတ်ကို ရှုပုံစနစ်နှင့် စမ်းသပ်ကြည့်ပါ။
ဤသို့လျှင် အသင်သူတော်ကောင်းသည် စက္ခုဒွါရ (= မျက်စိ)၌ စက္ခု ဒသကကလာပ်နှင့် ကာယဒသကကလာပ်တို့ကို ခွဲခြား၍ရှုနိုင်ပြီ ဖြစ်သည်။ စက္ခုဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရား, ကာယဒသက ကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက် အောင် ဆက်လက်၍သိမ်းဆည်းပါ။ အကယ်၍ အသင်သူတော်ကောင်းသည် မျက်စိ၌ပင် မကြည်သော ရုပ်ကလာပ်တို့တွင် ပါဝင်သော ဘာဝရုပ်ပါသည့် ဘာဝဒသကကလာပ်ကိုပါ ပရမတ်သို့ ဆိုက်အောင် ဆက်လက် သိမ်းဆည်း နိုင်သည် ဖြစ်အံ့၊ မျက်စိ၌ စက္ခုဒသကကလာပ် ကာယဒသကကလာပ် ဘာဝ ဒသကကလာပ်တို့ကို သိမ်းဆည်းပြီး ဖြစ်ပေပြီ။ ယင်းရုပ်ကလာပ် သုံးမျိုးတို့ ကား အတိတ်ဘဝတစ်ခုခုက အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံလျက် ပြုစု ပျိုးထောင်ခဲ့သော သင်္ခါရ-ကံတို့ကြောင့် ဖြစ်ပေါ်လာရသော ကမ္မဇရုပ်တို့ပင် ဖြစ်ကြသည်။ စက္ခုဒွါရ၌ ကာယဒသကကလာပ် ဘာဝဒသကကလာပ်တို့ကို ရှုပုံစနစ်ကိုပင် နည်းမှီ၍ သောတဒွါရစသည့် ကျန်ငါးဒွါရတို့၌လည်း ပုံစံတူပင် ရှုပါ။
သောတအကြည်
သဒ္ဒါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ...သောတံ။ (ဝိသုဒ္ဓိ၊၂၊၇၄။)
= သဒ္ဒါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာထိုက်သော ဓာတ်ကြီးလေးပါးတို့ကို ကြည် လင်စေခြင်းသဘော = ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောမျှ သည် သောတပသာဒတည်း။ (ဝိသုဒ္ဓိ၊၂၊၇၄။) နား၏ အတွင်းဘက်၌ တည် ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သိမ်းဆည်းပါ၊ စိုက်ရှုပါ။ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ကြည်သည့် ရုပ်ကလာပ် တစ်ခု၌ တည်ရှိသော အကြည်ဓာတ်ကို သို့မဟုတ် ကြည်သည့် ရုပ်ကလာပ် အများစု၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ၊ အာရုံယူထား ပါ။ အသက်ရှူသံကဲ့သို့သော အဇ္ဈတ္တအသံကိုပင်ဖြစ်စေ, ဗဟိဒ္ဓက အသံကို ပင်ဖြစ်စေ အသံတစ်ခုခုကို လှမ်း၍ အာရုံယူကြည့်ပါ။ အကယ်၍ ထိုအသံက ထို အကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်နေပါလျှင် ထိုသို့ အသံ၏ ရှေးရှု ရိုက်ခတ်မှုကို ခံယူရသော ထိုအကြည်ဓာတ်မှာ နားအကြည်ဓာတ် ဖြစ်၏။ ယင်း နားအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ သောတဒသကကလာပ် ဖြစ်၏။ ယင်းရုပ်ကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို ပရ မတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ၊ တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြား ယူပါ။ အကယ်၍ နား၌ တည်ရှိသော ထိုအကြည်ဓာတ်ကို အသံတစ်ခုခုက ရှေးရှုရိုက်ခတ်မှု မရှိလျှင် ထိုအကြည်ဓာတ်မှာ သောတအကြည်ဓာတ် မဟုတ် ဘဲ ကာယအကြည်ဓာတ်ပင် ဖြစ်ဖွယ်ရာ ရှိပေသည်။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို သိရှိရန် ဖောဋ္ဌဗ္ဗာရုံကို အာရုံယူ၍ အထက်တွင် ရေးသားခဲ့သည့်အတိုင်း ရှုကြည့်ပါ။ နား၌လည်း သောတဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ်တို့ကို ဆက်လက်၍ ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။ ကမ္မဇရုပ်ကလာပ်တို့ပင်တည်း။
ဃာနအကြည်
ဂန္ဓာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ ... ဃာနံ
= အနံ့ (= ဂန္ဓာရုံ) ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ဓာတ်ကြီးလေးပါး တို့ကို ကြည်လင်စေခြင်းသဘော = ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်း သဘောမျှသည် ဃာနပသာဒ မည်၏။ နှာခေါင်း၏အတွင်း နှာနုရှိရာအရပ်၌ ဓာတ်ကြီးလေးပါးကို မြင်အောင်ရှုပါ၊ သိမ်းဆည်းပါ။ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ကြည်သည့်ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော အကြည်ဓာတ်ကို သို့မဟုတ် ကြည်သည့်ရုပ်ကလာပ်အများစု၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ။ ခန္ဓာကိုယ်အတွင်းဝယ် မည်သည့် နေရာ၌ မဆို တည်ရှိနေသော ရုပ်ကလာပ်တစ်ခု၏ သို့မဟုတ် ရုပ်ကလာပ် အများစု၏အတွင်း၌ တည်ရှိသော အနံ့ (= ဂန္ဓာရုံ)ကို လှမ်း၍ အာရုံယူပါ။ အကယ်၍ ထိုအနံ့ဂန္ဓာရုံက ထိုအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်နေပါလျှင် ထိုအနံ့ဂန္ဓာရုံ၏ ရှေးရှု ရိုက်ခတ်မှုကို ခံယူရသော ထိုအကြည်ဓာတ်မှာ ဃာန အကြည်ဓာတ် ဖြစ်သည်။ ယင်းဃာနအကြည်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်မှာ ဃာနဒသကကလာပ် ဖြစ်သည်။ ယင်းဃာနဒသကကလာပ် ကို ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရား (၁၀)မျိုးတို့ကို သိမ်းဆည်းပါ။ အကယ် ၍ ထိုအကြည်ဓာတ်ကို အနံ့ဂန္ဓာရုံက ရှေးရှုရိုက်ခတ်မှု မရှိလျှင် ထို အကြည် ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ်ဖွယ်ရာ ရှိသည်။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို တိကျစွာ သိရှိနိုင်ရန် ဖောဋ္ဌဗ္ဗာရုံကို အာရုံယူ၍ အထက်တွင် တင်ပြထားသည့်အတိုင်း ရှုကြည့်ပါ။ အောင်မြင်မှု ရရှိပါက နှာခေါင်း၌ ဃာနဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကက လာပ်တို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။ ကမ္မဇရုပ်တို့ပင်တည်း။
ဇိဝှါအကြည်
ရသာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏာ ... ဇိဝှါ
= ရသာရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ် ဓာတ်ကြီးလေး ပါးတို့ကို ကြည်လင်စေခြင်း သဘောသည် = မဟာဘုတ် ဓာတ်ကြီးလေးပါး တို့၏ ကြည်လင်ခြင်းသဘောမျှသည် ဇိဝှါပသာဒ မည်၏။ လျှာတွင် တည်ရှိ သော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းပါ၊ စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိသောအခါ ကြည်သည့်ရုပ်ကလာပ် တစ်ခု၏ အတွင်း၌ တည်ရှိသော သို့မဟုတ် ကြည်သည့်ရုပ်ကလာပ် အများစု၏အတွင်း၌တည်ရှိသော အကြည် ဓာတ်ကို သိမ်းဆည်းထားပါ။ နီးစပ်ရာ ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည် ရှိသော သို့မဟုတ် ရုပ်ကလာပ်အများစု၏ အတွင်း၌ တည်ရှိသော ရသဓာတ် ကို လှမ်း၍ အာရုံယူပါ။ အကယ်၍ ထို ရသဓာတ်က ထိုအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်နေပါက ရသာရုံ၏ ရှေးရှု ရိုက်ခတ်ခြင်းငှာ ထိုက်သော ထို အကြည်ဓာတ်မှာ ဇိဝှါအကြည်ဓာတ် ဖြစ်၏။ ယင်းဇိဝှါအကြည်ဓာတ် = ဇိဝှါ ပသာဒလျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်မှာ ဇိဝှါဒသကကလာပ်ဖြစ်၏။ ယင်းရုပ်ကလာပ်ကို ပရမတ်သို့ဆိုက်အောင် ဓာတ်ခွဲလျက် (၁၀)မျိုးသော ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ အကယ်၍ ထိုရသာရုံက ထိုအကြည် ဓာတ်ကို ရှေးရှုရိုက်ခတ်မှုမရှိလျှင် ယင်းအကြည်ဓာတ်မှာ ကာယအကြည် ဓာတ်ပင် ဖြစ်ဖွယ်ရာ ရှိပေသည်။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ် သည်ကို သေချာရန် ယင်းအကြည်ဓာတ်နှင့် အနီးကပ်ဆုံး အရပ်၌ တည်ရှိ သော ရုပ်ကလာပ်တစ်ခု၏ သို့မဟုတ် ရုပ်ကလာပ် အများစု၏ ဖောဋ္ဌဗ္ဗာရုံကို အာရုံလှမ်းယူ၍ စမ်းသပ်ကြည့်ပါ။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ် သည်ကို သိရှိနိုင်ပေသည်။ သေချာသည့်အခါ လျှာ၌လည်း ဇိဝှါဒသက ကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ်ဟူသော ကမ္မဇရုပ် ကလာပ် သုံးမျိုးတို့၌ တည်ရှိသော (၁၀)မျိုးစီသော ပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းထားပါ။
ကာယဌာန - ကာယဒွါရ ၌ကား ကာယဒသကကလာပ် ဘာဝဒသက ကလာပ်ဟု ကမ္မဇရုပ်ကလာပ် နှစ်မျိုးသာ ရှိ၏။ ရှုပုံမှာ ထင်ရှားပြီ။ ထိမှုကို သိသည့်နေရာတိုင်း၌ ကာယဒသကကလာပ်ကား ရှိနေ၏။ အလားတူပင် ဘာဝဒသကကလာပ်မှာလည်း မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံးဟူသော (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိနေ၏။ အများနားလည်နေသော ဘာဝရုပ် နှင့်ကား မတူညီပေ။ ဤဘာဝရုပ်က ဤသူကား အမျိုးသားဟု ထင်ရှားပြနေ သောကြောင့်, ဤသူကား အမျိုးသမီးဟု ထင်ရှားပြနေသောကြောင့် အမျိုး သားနှင့် အမျိုးသမီးကို ခွဲခြား၍ ယူနိုင်ခြင်း ဖြစ်သည်။ ဘာဝရုပ်ကို စက္ခု ဝိညေယျတရားဟု ဆိုလိုသည်ကား မဟုတ်ပါ။ ဤဘာဝရုပ်ကြောင့်ပင် အမျိုး သမီးတို့၏ အသွင်အပြင် ပုံသဏ္ဌာန် အပြုအမူ, အမျိုးသားတို့၏ အသွင်အပြင် ပုံသဏ္ဌာန် အပြုအမူတို့ကို သိရှိခွင့် ရနိုင်ခြင်းကိုသာ ဆိုလိုသည်။ ထိုဘာဝ ရုပ်ကို ရှုရာ၌ အမျိုးသားယောဂီသည် ဇီဝိတပါဝင်သော မကြည်သော ရုပ် ကလာပ်အချို့၌ ပုရိသဘာဝရုပ်ကို ရှာဖွေကြည့်လိုက်သောအခါ ကျန်းတမ်း သော ကျားကျားလျားလျား အမူအရာ သဘောတရားတစ်ခုကို တွေ့ရှိတတ် ၏။ ဤအမှတ်အသားကြောင့် ယောက်ျားဖြစ်နေရသည်ဟု သဘောပေါက် တတ်၏။ သို့သော် ယင်းကျန်းတမ်းသော အမူအရာသဘောမှာ ပထဝီဓာတ် ၏ ကျန်းတမ်းခက်မာမှုနှင့် မတူညီသည်ကိုကား အများအားဖြင့် သဘော ပေါက် နားလည်နေတတ်ပေသည်။ အလားတူပင် အမျိုးသမီးယောဂီသည် လည်း မိမိ၏အဇ္ဈတ္တသန္တာန်ဝယ် ဇီဝိတပါဝင်သော မကြည်သော ရုပ်ကလာပ် အချို့၌ ဣတ္ထိဘာဝရုပ်ကို ရှာဖွေကြည့်လိုက်သောအခါ နူးညံ့ပျော့ပျောင်းသော သဘာဝ တစ်မျိုးကို တွေ့ရှိတတ်၏။ ဤအမှတ်အသားကြောင့် အမျိုးသမီး ဖြစ်နေရသည်ဟုလည်း သဘောပေါက်တတ်၏။ သို့သော် ယင်းနူးညံ့ပျော့ ပျောင်းသော သဘာဝသည် ပထဝီဓာတ်၏ နူးညံ့ပျော့ပျောင်းမှုနှင့် မတူသည် ကိုကား သဘောပေါက်နားလည်နေတတ်ပေသည်။ (၆)ဒွါရလုံး၌ ရှုကြည့်ပါ။
မနောဒွါရ - ဟဒယဝတ္ထု
မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယဝတ္ထု။ (ဝိသုဒ္ဓိ၊၂၊၇၇။)
= မနောဓာတ် အမည်ရသော ဘဝင်မနောအကြည်နှင့် မနောဝိညာဏ ဓာတ် အမည်ရသော ပဉ္စဝိညာဏ်မှ တစ်ပါးသော မနောဝိညာဏ်စိတ်တို့၏ မှီ၍ဖြစ်ရာရုပ်သည် ဟဒယဝတ္ထုရုပ်တည်း။ ယင်းမနောဓာတ် မနောဝိညာဏ ဓာတ်တို့၏ မှီရာသဘောရှိသော ရုပ်ဖြစ်သည်။ ရှုနည်းမှာ နှလုံးအိမ်၌ တည် ရှိသော ဓာတ်ကြီးလေးပါးတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ။ ရုပ်ကလာပ် အမှုန် များကို တွေ့သောအခါတွင် ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။ သမထပိုင်းကတည်းက ဘဝင်မနောအကြည်ကို သိမ်းဆည်းထားတတ်ပြီး သော သူတော်ကောင်းတစ်ဦးအဖို့ ဤအပိုင်းတွင် ဘဝင်မနောအကြည်ဓာတ် ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရန်မှာ မခက်ခဲတော့ပြီ။ ယင်းဘဝင်မနော အကြည်တွင် ဘာဝနာစိတ်ကို စိုက်ထား၍ လက်ညှိုးတစ်ချောင်းကို ကွေး ကြည့်ပါ-ဆန့်ကြည့်ပါ။ ကွေးချင်သောစိတ် ဆန့်ချင်သောစိတ် = ကွေးနေ သောစိတ် ဆန့်နေသောစိတ်ကို မြင်အောင် ဆက်ကြည့်ပါ။ စိတ်ကို သိမ်း ဆည်းနိုင်သောအခါ ယင်းစိတ်၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်ကို ဆက်လက် သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အကယ်၍ အောင် မြင်မှုကို ရရှိပါက ဘဝင်မနောအကြည်နှင့်တကွ ကွေးချင်ဆန့်ချင်သောစိတ် အဝင်အပါ မနောဝိညာဏဓာတ် ဟူသမျှသည် ယင်းဟဒယဝတ္ထုရုပ်ကိုပင် မှီတွယ်၍ ဖြစ်နေပုံကို သဘောပေါက်အောင် ဆက်ရှုပါ။ ယင်းဟဒယဝတ္ထု ရုပ်မှာ အထက်ပါ မနောဓာတ် မနောဝိညာဏဓာတ်တို့၏ အောက်တွင် တည် ရှိသော ရုပ်ကလာပ်အမှုန်တို့တွင် ပါဝင်သော ရုပ်တစ်မျိုး ဖြစ်သည်။ ဤ၌ မှီဖြစ်သည်ဟူသည် ဟဒယဝတ္ထုနှင့် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ ဆက်စပ်လျက်ဖြစ်မှုသဘောကိုသာ ဆိုလိုသည်။ ဟဒယဝတ္ထုမရှိက ယင်း ဝိညာဏ်တို့၏ မဖြစ်နိုင်ခြင်းသည်ပင် ဆက်စပ်မှုသဘောတည်း။ ယင်းဟဒယ ဝတ္ထု ပါဝင်သော ရုပ်ကလာပ်မှာ ဟဒယဒသကကလာပ်ဖြစ်၏။ ယင်းဟဒယ ဒသကကလာပ်ကို ဓာတ်ခွဲလျက် (၁၀)မျိုးသော ပရမတ္ထရုပ်တရားတို့ကို သိမ်း ဆည်းပါ။ ဤ၌ ကွေးချင်ဆန့်ချင်သောစိတ် စသည့်စိတ်ကို အလျင် သိမ်း ဆည်းခြင်းမှာ စိတ်၏မှီရာ ဟဒယဝတ္ထုရုပ်ကို တိတိကျကျ သဘောပေါက်ရန် အတွက်သာ ဖြစ်သည်။ အချို့ယောဂီများသည်ကား ဘဝင်မနောအကြည်ကို သိမ်းဆည်းမိက ယင်းဘဝင်မနောအကြည်၏ မှီရာ ဟဒယဝတ္ထုရုပ်ကိုလည်း လွယ်လွယ်ကူကူပင် သိမ်းဆည်း၍ ရရှိတတ်ပေသည်။ ဟဒယဒသကကလာပ် ကို ပရမတ်သို့ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ နှလုံး အိမ်၌ပင် ကာယဒသကကလာပ်နှင့် ဘာဝဒသကကလာပ်တို့ကိုလည်း ဆက် လက်၍ ဓာတ်ခွဲကာ ပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဤသို့လျှင် နှလုံးအိမ်၌လည်း ဟဒယဒသကကလာပ် ကာယဒသကကလာပ် ဘာဝ ဒသကကလာပ်ဟု ကမ္မဇရုပ်ကလာပ် သုံးမျိုးပင် ရှိပေသည်။
ဘဝင်မနောအကြည်နှင့် ကာယအကြည်
နှလုံးအိမ်၌ အကြည် နှစ်မျိုး ရှိနေ၏။ ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊၉။) ဟူသော ဒေသနာတော်နှင့် အညီ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေ သော အိမ်ရှင်ဘဝင်စိတ်သည်လည်း ကြည်လင်လျက်ရှိ၏၊ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလျက် ရှိ၏။ (ဖလူပစာရ စကားတည်း။ သို့မဟုတ် ကာရဏူပစာရစကားတည်း) သဘာဝေါ ဝါယံ စိတ္တဿ ပဏ္ဍရတာ။ (မူလဋီ၊၁၊၁၂၅။) ဟူသော မူလဋီကာနှင့် အညီ ဟဒယဝတ္ထုကို မှီ၍ဖြစ်နေသော စိတ်အားလုံးသည်လည်း ကြည်သည် ဖြူစင်သည်သာဖြစ်၏။ (အကုသိုလ် စေတသိက်ကသာ သို့မဟုတ် အကုသိုလ်စေတသိက်ကြောင့်သာ ညစ်နွမ်း ရသည်ဟူလို။)
ဤဒေသနာတော်များနှင့်အညီ နှလုံးအိမ်အတွင်း၌ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းကို ဖြစ်စေတတ်သော ဘဝင် မနောအကြည်လည်း ရှိ၏၊ နာမ်အကြည်ဓာတ်တည်း။ ထိမှုကို သိနိုင်သည့် ကာယဝိညာဏ်စိတ်၏ မှီရာ ကာယအကြည်ဓာတ်လည်း ရှိ၏၊ ရုပ်အကြည် ဓာတ်တည်း။ ကာယအကြည်ဓာတ်မှာ ရုပ်ကလာပ်အမှုန်အနေဖြင့်သာ ဖြစ်၏။ ကြည်သော ရုပ်ကလာပ်အမှုန်တွင် ပါဝင်၏။ ဘဝင်မနောအကြည်ကား မကြည်သည့် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေရသော အကြည်ဓာတ်တစ်မျိုး ဖြစ်၏။ ရုပ်ကလာပ်အမှုန် မဟုတ်ပေ။ ရှေး သမထကမ္မဋ္ဌာန်းပိုင်းတွင်လည်းကောင်း, အထက်စာမျက်နှာ (၅၃-၅၄)တွင်လည်းကောင်း ရှင်းပြခဲ့သည့် အတိုင်း စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်နှင့် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့၌ တည်ရှိသော ရုပ်ကလာပ်အများစု၏ ရူပါရုံအရောင်၏ ကြည်လင်တောက်ပ မှုသာတည်း။ ယင်း ဘဝင်မနောအကြည် = မနောဒွါရကား ကြည်၏၊ ယင်း မနောဒွါရ၏ မှီရာ ဟဒယဝတ္ထုရုပ်ကား မကြည်ပေ။ ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသကကလာပ်မှာ နှလုံးအိမ် တစ်ခုလုံး၌ အနှံ့အပြား တည်ရှိနေ၏။ ဘဝင်မနောအကြည်၏ ပတ်ဝန်းကျင်တွင် အမှုန်အနေဖြင့် ပျံ့နှံ့လျက် တည်နေ၏။
မှတ်ချက် --- ဤ၌ (၆)ဒွါရ၌ တည်ရှိသော ကမ္မဇရုပ်ကလာပ်တို့ကို ရှုရာ၌ မျက်စိ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းရန်, နား-နှာ-လျှာ-ကိုယ်-နှလုံးတို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းရန် ရေးသားတင်ပြထား၏။ ဤတင်ပြချက်မှာ ဉာဏ်နုံ့သူတို့အတွက်သာဟု မှတ်ပါ။ ဉာဏ်ထက်မြက်သူ သူတော်ကောင်းတို့ကား ခန္ဓာကိုယ်ကို ခြုံ၍ ဓာတ်ကြီးလေးပါးကို ရှုလိုက်သောအခါ တစ်ကိုယ်လုံး၌ အတုံးအခဲကို မတွေ့တော့ဘဲ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့နေ၏။ တစ်ဖန် (၆)ဒွါရလုံး၌လည်း ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်တို့၌ ဓာတ်ကြီး လေးပါးကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင်၏။ ထိုအဆင့်တွင် ထိုသူတော်ကောင်း တို့သည် မျက်စိကို အာရုံပြုသော်လည်း မျက်လုံးကို မတွေ့တော့ဘဲ ရုပ်ကလာပ်အမှုန်တို့ကိုသာ တွေ့နေ၏။ ထိုကဲ့သို့ ရုပ်ကလာပ်တို့ကိုသာ တွေ့နေ သော သူတော်ကောင်းတို့သည် မျက်လုံးကို တစ်ဖန် ပြန်ရှာဖွေ၍ ယင်း မျက်လုံး၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သီးသန့် ပြန်၍ သိမ်းဆည်းနေရန် မလိုပါ။ မျက်လုံးအိမ်၌ ရုပ်ကလာပ်တို့ကို လွယ်လွယ်ကူကူ တွေ့ရှိ နေသော သူတော်ကောင်းတို့သည် ယင်းရုပ်ကလာပ်တို့၌ အကျုံးဝင်သော စက္ခုဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ်တို့ကို ပရမတ်သို့ ဆိုက်အောင် ဓာတ်ခွဲလျက် သိမ်းဆည်းပါ။ နား-နှာ-လျှာ-ကိုယ်-နှလုံးတို့၌လည်း နည်းတူ သဘောပေါက်ပါ။ ကြွင်းကျန်နေသေးသော စိတ္တဇ, ဥတုဇ, အာဟာရဇဩဇဋ္ဌမကကလာပ်တို့ကို ဆက်လက် သိမ်းဆည်းရှုပွားရာ ၌လည်း နည်းတူပင် သဘောပေါက်ပါ။
(၆)ဒွါရ၌ တည်ရှိသော ကမ္မဇရုပ်တို့ကား ဘဝတစ်ခု ဖြစ်ပေါ်လာ အောင် စတင်၍ ပြည်တည်ပေးသော ရုပ်တရားတို့တည်း။ အချို့သော ကမ္မဇ ရုပ်တို့ကား ပဋိသန္ဓေဝိညာဏ်နှင့် အတူ စတင်၍ ဥပါဒ်ခဲ့ကြ၏။ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အကြောင်းရင်းကံ၏ စွမ်းအင်သတ္တိ မကုန်သေးသမျှ ဘဝတစ်လျှောက်ဝယ် ဖြစ်-ပျက် အစဉ်အတန်းအနေဖြင့် ေ့ရှနှင့် နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြမည်သာဖြစ်၏။ ယင်းကမ္မဇရုပ်တို့ကို (၆)ဒွါရလုံး၌ အောင်အောင်မြင်မြင် သိမ်းဆည်းမိပြီးသော အသင်သူတော် ကောင်းသည် ကြွင်းကျန်သော စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကို ဆက်လက်၍ သိမ်းဆည်း ရှုပွားနိုင်ပေပြီ။ သို့သော် မိမိ သိမ်းဆည်း ရှုပွား ရမည့် ရုပ်အမျိုးအစားသည် မည်ရွေ့မည်မျှရှိသည်ကို အသင်သူတော် ကောင်းသည် ကြိုတင်၍ သိထားသင့်၏။ ထို့ကြောင့် ရုပ် (၂၈)ပါးတို့ကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။
ရုပ် (၂၈) ပါး
ရုပ်တရားတို့သည် ဘူတရုပ် ဥပါဒါရုပ်ဟု အကျဉ်းအားဖြင့် နှစ်မျိုးရှိ၏။ အခြားသောရုပ်များထက် သဘောလက္ခဏာအားဖြင့်လည်းကောင်း, အထည် ကိုယ်ဒြပ်အားဖြင့်လည်းကောင်း ကြီးကျယ်ထင်ရှားသော ဓာတ်ကြီးလေးပါးကို ဘူတရူပ = ဘူတရုပ်, မဟာဘူတ = မဟာဘုတ်ဟု ခေါ်ဆိုသည်။ မဟာဘုတ် လေးပါးကို မှီ၍ဖြစ်သော (၂၄)မျိုးသောရုပ်ကို ဥပါဒါရုပ်ဟု ခေါ်ဆိုသည်။ မဟာဘုတ်ဓာတ်ကြီးလေးပါးကို ဖြူအောင် ဝါအောင် နီအောင် ဤသို့ စသည် ဖြင့် ခြယ်လှယ်သော အမွှန်းတင်ရုပ်များတည်း။
တစ်ဖန် ယင်းမဟာဘုတ်လေးပါးကို ဓာတု = ဓာတ်ဟုလည်း ခေါ်ဆို ပြန်၏။ မိမိသဘောကို မိမိဆောင်ထားနိုင်သော, မိမိသဘောအတိုင်း ထင်ရှားသော တရားကို ဓာတု = ဓာတ်ဟု ခေါ်ဆို၏။ ပထဝီဓာတ်သည် မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ဟူသော မိမိသဘောကို မိမိဆောင်ထား၏။ အာပေါဓာတ်သည် ယိုစီး-ဖွဲ့စည်းဟူသော မိမိသဘောကို မိမိဆောင်ထား၏။ တေဇောဓာတ်သည် ပူ-အေးဟူသော မိမိသဘောကို မိမိဆောင်ထား၏။ ဝါယောဓာတ်သည် ထောက်ကန်-တွန်းကန်ဟူသော မိမိသဘောကို မိမိ ဆောင်ထား၏။ ထိုကြောင့် ယင်းလေးပါးကို ဓာတ်ဟုလည်း ခေါ်ဆိုသည်။
(၁) မဟာဘုတ် ဓာတ်ကြီး (၄) ပါး
၁။ ပထဝီဓာတ်,
၂။ အာပေါဓာတ်,
၃။ တေဇောဓာတ်,
၄။ ဝါယောဓာတ်။
(၂) ပသာဒရုပ် = အကြည်ရုပ် = အကြည်ဓာတ် (၅) ပါး
၁။ စက္ခုပသာဒ = မျက်စိ အကြည်
၂။ သောတပသာဒ = နား အကြည်
၃။ ဃာနပသာဒ = နှာ အကြည် = နှာခေါင်း အကြည်
၄။ ဇိဝှါပသာဒ = လျှာ အကြည်
၅။ ကာယပသာဒ = ကိုယ် အကြည်
(၃) ဂေါစရရုပ် = အာရုံရုပ် (၇) မျိုး
၁။ ရူပါရုံ = အဆင်း = အရောင် = ဝဏ္ဏ
၂။ သဒ္ဒါရုံ = အသံ
၃။ ဂန္ဓာရုံ = အနံ့
၄။ ရသာရုံ = အရသာ
၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိဓာတ်
[မှတ်ချက် --- ပထဝီ, တေဇော, ဝါယော ဤဓာတ်သုံးပါးကိုပင် တွေ့ထိ ၍ ရကောင်းသည့်အတွက် ဖောဋ္ဌဗ္ဗဓာတ်ဟု ခေါ်ဆိုသဖြင့် ယင်းဓာတ် သုံးပါးနှင့်တကွ ဂေါစရရုပ် = အာရုံရုပ် (၇)မျိုး ဖြစ်သည်။ ရေတွက်ပြီးသည် ကို ထပ်၍မယူရသော အဂ္ဂဟိတဂ္ဂဟဏနည်းအရ ဆိုရမူ ရုပ် (၂၈)ပါးကို ရေတွက်ရာ၌ ယင်းဓာတ်သုံးပါးတို့ကို ဓာတ်ကြီးလေးပါး၌ ထည့်သွင်း ရေတွက်သော် အာရုံရုပ် (၄)မျိုးတည်း။]
(၄) ဘာဝရုပ် (၂) ပါး
၁။ ဣတ္ထိဘာဝရုပ် = အမျိုးသမီးဖြစ်ကြောင်းရုပ်
၂။ ပုရိသဘာဝရုပ် = အမျိုးသားဖြစ်ကြောင်းရုပ်
(၅) ဟဒယရုပ် (၁) ပါး
၁။ ဟဒယဝတ္ထုရုပ် = မနောဓာတ် မနောဝိညာဏဓာတ်ဟူသော အသိ စိတ်တို့၏ မှီရာဖြစ်သောရုပ်၊ (နှလုံးအိမ်အတွင်းရှိ သွေး၌ တည်၏။)
(၆) ဇီဝိတရုပ် (၁) ပါး
၁။ ဇီဝိတိန္ဒြေ = ဇီဝိတ = သက်စောင့်ရုပ် = သက်စောင့်ဓာတ်၊
(ဤရုပ်ကား ကံကြောင့်ဖြစ်သော ကမ္မဇရုပ်ကလာပ်တိုင်း၌ ပါဝင်၍ ကလာပ် တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ပေးသော ကမ္မဇရုပ်တို့၏ အသက်တည်း။)
(၇) အာဟာရရုပ် (၁) ပါး
၁။ ကဗဠီကာရအာဟာရ = စားမျိုအပ်သော အစာအာဟာရ၌ ပါဝင် တည်ရှိသော အဆီအစေး အနှစ် ဩဇာ၊
[မှတ်ချက် --- ပဓာနနည်းအားဖြင့် ဆိုခြင်းတည်း။ ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇ ရုပ်ကလာပ်တိုင်း၌ ဩဇာပါဝင်လျက်ပင် ရှိ၏။ ကမ္မဇ ဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ အာဟာရဇဩဇာဟု အသီးအသီး ခေါ် ဆို၏။ စားမျိုအပ်သော အစာအာဟာရသည် ခန္ဓာအိမ်အတွင်း၌ မပျံ့နှံ့မီ ဥတုဇရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာတည်း။ ယင်းရုပ်ကလာပ် တို့တွင် ပါဝင်တည်ရှိသော ဩဇာကို ပဓာနနည်း နိဒဿနနည်းအားဖြင့် ကဗဠီကာရအာဟာရဟု ခေါ်ဆိုထားခြင်းဖြစ်သည်။ အကျယ်ကို အာဟာရဇရုပ် ရှုကွက်တွင် ကြည့်ပါ။]
ဤ (၁၈)မျိုးသော ရုပ်ကို မိမိ၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်သော သဘာဝ လက္ခဏာ ကိုယ်စီ ရှိသောကြောင့် သဘာဝရုပ်ဟူ၍လည်းကောင်း, အနိစ္စ လက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော အများဆိုင် သာမည လက္ခဏာ ထင်ရှားရှိသောကြောင့် သလက္ခဏရုပ်ဟူ၍လည်းကောင်း, ကံ-စိတ်-ဥတု-အာဟာရ တည်းဟူသော ဆိုင်ရာဆိုင်ရာ အကြောင်းတရား တို့သည် ဖြစ်စေအပ်သောကြောင့် နိပ္ဖန္နရုပ်ဟူ၍လည်းကောင်း, တကယ့် ဖောက်ပြန်တတ်သည့် ရုပ်အစစ် ဖြစ်သောကြောင့် ရူပရုပ်ဟူ၍လည်းကောင်း, အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာယာဉ်သုံးချက်သို့ တင်၍ ဝိပဿနာ ရှုပွား သုံးသပ်ကောင်းသောကြောင့် သမ္မသနရုပ်ဟူ၍လည်းကောင်း ခေါ် ဆိုသည်။ ကျန် ရုပ် (၁၀)မျိုးတို့ကား ထိုကဲ့သို့ မဟုတ်၍ အသဘာဝရုပ်, အလက္ခဏရုပ်, အနိပ္ဖန္နရုပ်, အရူပရုပ်, အသမ္မသနရုပ်များတည်း။
(၈) ပရိစ္ဆေဒရုပ် (၁) ပါး
၁။ အာကာသဓာတ် = ရုပ်ကလာပ်တို့၏ အကြားအပေါက် = ပရိစ္ဆေဒရုပ်၊
(ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောယှက်ရအောင် ပိုင်းခြားတတ်သော ရုပ်ကလာပ်တို့၏ အကြားအပေါက် အာကာသဓာတ်ကို ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်း ဖြစ်သောကြောင့် ပရိစ္ဆေဒရုပ်ဟု ခေါ်ဆို၏။ ဤအာကာသ ဓာတ်သည် ပရမတ်အစစ် မဟုတ်၊ ရုပ်ကလာပ်နှစ်ခု သို့မဟုတ် ရုပ်ကလာပ် အများစု ဖြစ်ပေါ်လာသည့်အခါ အလိုလို ဖြစ်ပေါ်လာသော ပညတ်မျှသာ တည်း။)
(၉) ဝိညတ်ရုပ် (၂) မျိုး
၁။ ကာယဝိညတ် = ကိုယ်ဖြင့် သိစေတတ်သော ကိုယ်အမူအရာ၊
၂။ ဝစီဝိညတ် = နှုတ်ဖြင့် သိစေတတ်သော နှုတ်အမူအရာ၊
= (စကားသံဖြင့်) သိစေတတ်သော နှုတ်အမူအရာ၊
(၁၀) ဝိကာရရုပ် (၅) မျိုး (၃) မျိုး
၁။ ရူပဿ လဟုတာ = (စိတ္တဇ-ဥတုဇ-အာဟာရဇ) ရုပ်တို့၏ ပေါ့မှု သဘော၊
၂။ ရူပဿ မုဒုတာ = (စိတ္တဇ-ဥတုဇ-အာဟာရဇ) ရုပ်တို့၏ နူးညံ့မှု သဘော၊
၃။ ရူပဿ ကမ္မညတာ = (စိတ္တဇ-ဥတုဇ-အာဟာရဇ) ရုပ်တို့၏ အမှု၌ ကောင်းမွန် ခံ့ညားမှုသဘော၊
(ဝိညတ်ရုပ် နှစ်မျိုးနှင့် ဤ ရုပ်သုံးမျိုးကို ဝိကာရရုပ်ဟုလည်း ခေါ်ဆိုသည်။ ထူးထွေခြားနားသော အမူအရာရုပ်များဟု ဆိုလိုသည်။)
(၁၁) လက္ခဏရုပ် (၄) မျိုး
၁။ ဥပစယ = (က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်း သဘော၊
( ခ ) ဣန္ဒြေ ပြည့်စုံသည့် တိုင်အောင် = ဘဝတစ်ခု၌ ရထိုက်သမျှ ရုပ်များ ပြည့်စုံသည်တိုင်အောင် ရုပ် အစစ်တို့၏ အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း သဘော။
၂။ သန္တတိ = ဘဝတစ်ခု၌ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ေ့ရှနှင့် နောက် အစဉ်မပြတ် ဆက်စပ်လျက် အထပ်ထပ်ဖြစ်ခြင်းသဘော။
[မှတ်ချက် --- ရုပ်အစစ်တို့၏ ဖြစ်မှုကိုပင် ဝေနေယျတို့၏ အလိုအဇ္ဈာ သယဓာတ်အားလျော်စွာ အချိန်ကာလပိုင်းခြား၍ နှစ်မျိုး ဟောကြားထား တော်မူသည်ဟု မှတ်ပါ။ ဤ ရုပ်နှစ်မျိုးလုံးတို့သည်ပင် ရုပ်အစစ်တို့၏ ဖြစ်ခြင်း ဥပါဒ် သဘောတရားသာ ဖြစ်ကြသည်။]
၃။ ဇရတာ = ရုပ်အစစ်တို့၏ ရင့်ခြင်း အိုခြင်း ဆွေးမြည့်ခြင်းသဘော။
(ရုပ်အစစ်တို့၏ တည်မှု ဌီကာလကို ဆိုလိုသည်။)
၄။ အနိစ္စတာ = ရုပ်အစစ်တို့၏ ပျက်ခြင်းသဘော။
(ရုပ်အစစ်တို့၏ ပျက်မှု = ဘင်ကို ဆိုလိုသည်။)
ဤအာကာသဓာတ်နှင့်တကွ ဝိကာရရုပ် (၅)မျိုး လက္ခဏရုပ် (၄)မျိုး ဤ (၁၀)မျိုးသော ရုပ်တို့သည် လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ မထိုက်သောကြောင့် အသမ္မသနုပဂရုပ် = အသမ္မသန ရုပ်တို့ မည်ကြ၏။ ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား တို့ကြောင့် ဖြစ်ပေါ်လာသော နိပ္ဖန္နရုပ်တို့ မဟုတ်ရကား အနိပ္ဖန္နရုပ်တို့ မည် ကြ၏။ တကယ့် ရုပ်အစစ်တို့လည်း မဟုတ်ကြကုန်။ ထိုတွင် အာကာသဓာတ် ဟူသည် အန္တရပရိစ္ဆေဒမျှသာ ဖြစ်၏။
အန္တရပရိစ္ဆေဒေါတိ တံတံကလာပါနံ အသင်္ကရကာရဏတာယ အန္တရဘူတော ပရိစ္ဆေဒေါ။ (မဟာဋီ၊၂၊၃၅၄။)
အန္တရပရိစ္ဆေဒ-ဟူသည် ထိုထို ရုပ်ကလာပ်တို့၏ ရုပ်ကလာပ်တစ်ခု နှင့် ရုပ်ကလာပ်တစ်ခု မရောယှက်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် ရုပ် ကလာပ်တို့၏ အကြားအပေါက် ဖြစ်သော နယ်ခြားဒေသ အပိုင်းအခြား တည်း။ (မဟာဋီ၊၂၊၃၅၄။)
ဝိညတ်ရုပ်တို့မှာလည်း ကိုယ်အမူအရာ နှုတ်အမူအရာ အခြင်းအရာ မျှသာ ဖြစ်သည်။ ရုပ်အစစ်တို့၏ အမူအရာ အခြင်းအရာမျှသာတည်း။ လက္ခဏရုပ်ဟူသည်မှာလည်း ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှု အခြင်း အရာမျှသာတည်း။ ဝိကာရရုပ်ဟူသည်မှာလည်း စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ထူးထွေကွဲပြားခြားနားသော အမူအရာထူးများသာတည်း။ ထိုကြောင့် တကယ့် ရုပ်အစစ်တို့ကား မဟုတ်ကြပေ။ ထိုကြောင့်လည်း ဝိပဿနာ မရှုကောင်းပေ။ သို့သော် ဤကဲ့သို့ ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနေသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း ဒိဋ္ဌိဝိသုဒ္ဓိစခန်း ၌ကား ယင်းရုပ်အတု (၁၀)မျိုးတို့ကို ရောနှော၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၅။)၌လည်းကောင်း, လက္ခဏာဟာရနေတ္တိနည်းအားဖြင့် မဟာရာဟုလောဝါဒသုတ္တန်စသော ထိုထိုသုတ္တန်တို့၌လည်းကောင်း ဖွင့်ဆိုထားပေသည် ဟောကြားထားတော်မူပေသည်။
အာကာသဓာတ်ကို မမြင်က ရုပ်ကလာပ်ကို မမြင်နိုင်။ ရုပ်ကလာပ်ကို မမြင်ပါက ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ပရမတ္ထရုပ်တရားအစစ် တို့ကို မသိမ်းဆည်းနိုင်။ ပရမတ်သို့ ဉာဏ်အမြင်မဆိုက်က အနတ္တသို့လည်း မဆိုက်နိုင်၊ အနတ္တသို့ ဉာဏ်အမြင် မဆိုက်က စစ်မှန်သော ဝိပဿနာဉာဏ် လည်း မဖြစ်နိုင်ပေ။ ထိုကြောင့် ရုပ်နာမ်ကို သိမ်းဆည်းနေသည့် ဒိဋ္ဌိဝိသုဒ္ဓိ ပိုင်း၌ အာကာသဓာတ်ကို ရှုရန် ညွှန်ကြားနေရခြင်းဖြစ်၏။ ရုပ်ကလာပ် တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ္ထရုပ်အစစ်တို့ကို သိမ်းဆည်းနိုင်သော အခါ ယင်းရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကိုလည်း မလွှဲမရှောင်သာ မြင်တွေ့နေမည်သာ ဖြစ်၏။ ထိုကြောင့် ယင်းလက္ခဏရုပ်တို့ကိုလည်း သိမ်း ဆည်းရ၏။ ဖြစ်မှု တည်မှု ပျက်မှုတို့ကား သင်္ခတတရားတို့၏ သင်္ခတလက္ခဏာတည်း။ (အံ၊၁၊၁၅၀။) ယင်းသင်္ခတလက္ခဏာကို မြင်ပါမှ ဤကား သင်္ခတ တရားတစ်ခု ဤကား သင်္ခတတရားတစ်ခုဟု ရှေးသင်္ခတနှင့် နောက်သင်္ခတကို ပိုင်းခြား၍ ရနိုင်မည်။ သန္တတိဃနဟူသော ရုပ်အစဉ်အတန်း အတုံးအခဲ ပြိုနိုင်မည်။ ဃနပြိုမှလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း အနတ္တသို့ ဉာဏ်အမြင်ဆိုက်မည်။ အနတ္တသို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း လက္ခဏာရေးသုံးတန်လုံး ထင်ရှားကာ စစ်မှန် သော ဝိပဿနာဉာဏ်သည် ဖြစ်ပေါ်လာနိုင်ပေမည်။ တစ်ဖန် ဣရိယာပထပိုင်းဆိုင်ရာ ရှုကွက်, သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်, စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ရှုကွက်တို့၌ ဝိကာရရုပ်တို့ကား ရှောင်လွှဲ၍ မရနိုင်သော မလွှဲ မရှောင်သာ တွေ့မြင်နေရမည့် ယင်းရုပ်အစစ်တို့၏ ထူးထွေကွဲပြား ခြားနား သော အမူအရာရုပ်တို့သာ ဖြစ်ကြရကား ယင်းတို့ကိုလည်း ဤအပိုင်း၌ ရောနှော၍ သိမ်းဆည်းရန် ပါဠိတော်နှင့် အဋ္ဌကထာတို့က ညွှန်ကြားထား တော်မူခြင်း ဖြစ်၏။ သို့သော် ယင်းရုပ်အတုတို့မှာ ရုပ်အစစ်တို့ကို မှီ၍ ဖြစ် ပေါ်လာကြသော အတုအယောင်တို့သာ ဖြစ်ခြင်းကြောင့် သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်စသော ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ၌ကား ယင်း ရုပ်အတုတို့ကို ဝိပဿနာ မရှုရန်လည်း ညွှန်ကြားထားတော်မူပေသည်။
စိတ္တဇရုပ် ရှုပုံ
ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းတတ်သော အသင်သူတော်ကောင်းအဖို့ ဤစိတ္တဇရုပ်ရှုကွက်မှာ လွယ်ကူနေမည် ဖြစ်သည်။ နှလုံးအိမ်အတွင်း၌ တည် ရှိသော ဟဒယဝတ္ထုကို မှီ၍ဖြစ်နေသော စိတ်တို့တွင် ပဋိသန္ဓေစိတ်ကလွဲလျှင် ဘဝတစ်လျှောက်လုံး၌ ဖြစ်ပေါ်နေသော မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော စိတ်အားလုံးသည် စိတ္တဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည် ချည်းပင် ဖြစ်၏။ ယင်းစိတ်တစ်ခုတစ်ခုသည် ဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်း များစွာကို တစ်ကိုယ်လုံး၌ အနှံ့အပြား ဖြစ်စေနိုင်၏။ ရှုပုံမှာ မနောအကြည် တွင် စိတ်စိုက်၍ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စိတ်များကြောင့် ရုပ် ကလာပ်များ အဆက်မပြတ် ဖြစ်နေပုံကို မြင်အောင် ရှုပါ။ မထင်ရှားပါက မနောအကြည်တွင် စိတ်စိုက်ထား၍ လက်ညှိုးတစ်ချောင်းကို ကွေးဆန့် ကြည့်ပါ။ ကွေးချင်သောစိတ် ဆန့်ချင်သောစိတ်တို့ကြောင့် ရုပ်ကလာပ်များ များစွာဖြစ်နေပုံနှင့် (၆)ဒွါရလုံး၌ အနှံ့အပြား ဖြစ်နေပုံကို မြင်အောင် ရှုပါ။ ထိုမျှဖြင့် မထင်ရှားသေးပါက မျက်လုံးကို အနည်းငယ် လှုပ်ကြည့်ပါ။ မျက်လုံး အိမ် ရှိလောက်ရာအရပ်တွင် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာ ဖြစ်နေပုံကို တွေ့မြင်နိုင်ပေသည်။ ကျန် (၅)ဒွါရတို့၌လည်း နည်းတူ ရှုကြည့်ပါ။ ယင်းရုပ် ကလာပ်တို့မှာ မကြည်ကြပေ။ ဓာတ်ခွဲကြည့်ပါက ရုပ်ကလာပ်အသီးအသီး၌ ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏။ (ဇယားတွင် ကြည့်ပါ။) ယင်းပရမတ္ထရုပ် တို့ကို (၆)ဒွါရလုံး၌ လှည့်လည်၍ သိမ်းဆည်းပါ။
ဥတုဇရုပ် ရှုပုံ
တတ္ထ ဥတု နာမ စတုသမုဋ္ဌာနာ တေဇောဓာတု၊ ဥဏှဥတု သီတဥတူတိ ဧဝံ ပနေသ ဒုဝိဓော ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)
စက္ခုဒသကကလာပ်စသော (၆)ဒွါရ၌ တည်ရှိသော ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ်တို့၏ အတွင်း၌ တည်ရှိ သော တေဇောဓာတ်ကို ဥတုဟု ခေါ်ဆို၏။ ယင်းဥတုခေါ် တေဇောဓာတ် သည် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေနိုင်၏၊ (ဥတု၏သားတည်း။) ထိုဥတုဇဩဇဋ္ဌမက ရုပ် ကလာပ်တို့တွင်လည်း တေဇောဓာတ် = ဥတု ပါဝင်လျက်ပင် ရှိပြန်၏။ ယင်း တေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ် ကို ဖြစ်စေပြန်၏။ (ဥတု၏ မြေးတည်း။) ဤသို့စသည်ဖြင့် ကံ-စိတ်-ဥတု-အာဟာရဟူသော ဆိုင်ရာ အကြောင်းတရားတို့ အပေါ်၌ အခြေစိုက်၍ ရုပ် ကလာပ်တို့သည် အနည်းနှင့်အများ အဆင့်ဆင့် ဖြစ်ပွားတတ်ကြပေသည်။
ကမ္မဇတေဇောဓာတ် = ဥတု --- အကယ်၍ ထိုတေဇောဓာတ်မှာ စက္ခုဒသကကလာပ်ကဲ့သို့သော ကမ္မဇရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိ သော တေဇောဓာတ် = ဥတုဖြစ်လျှင် ယင်းကမ္မဇတေဇောဓာတ် = ဥတုသည် အထက်ပါအတိုင်း (၄-၅)ဆင့်သော ဥတုဇရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏။
ကမ္မဇတေဇောဓာတု ဌာနပ္ပတ္တာ ဥတုသမုဋ္ဌာနံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဥတု အညံ ဩဇဋ္ဌမကန္တိ ဧဝံ စတေဿာ ဝါ ပဉ္စ ဝါ ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)
ထိုသို့ ဖြစ်စေရာ၌ ယင်းတေဇောဓာတ်ဥတုသည် ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်၌သာလျှင် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်၏။ ရုပ်တို့၏ ဓမ္မတာအတိုင်း ဌီကာလသို့ ရောက်ရှိပါမှသာလျှင် အားရှိသောကြောင့် ဖြစ်သည်။ ဤ၌ (၄-၅) ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏ ဟူသည်မှာ တူညီသော ရုပ်အစဉ်သန္တတိ၏အစွမ်း ဖြင့်သာ ပြောဆိုခြင်း ဖြစ်သည်။
စတေဿာ ဝါ ပဉ္စ ဝါ ပဝတ္တိယော ဃဋေတီတိ သဒိသသန္တတိဝသေန စတေဿာ ဝါ ပဉ္စ ဝါ ရူပကလာပပ္ပဝတ္တိယော သန္တာနေတိ။ ဗာဟိရပစ္စယဝိသေသေန ပန ဝိသဒိသာ ဗဟူပိ ပဝတ္တိယော ဃဋေတီတိ ဝဒန္တိ။ (မဟာဋီ၊၂၊၄၀၁။)
၁။ ကမ္မဇတေဇောဓာတ် (= ဥတု)သည် ကံ၏ အထောက်အပံ့ကောင်း,
၂။ စိတ္တဇတေဇောဓာတ် (= ဥတု)သည် စျာန်စိတ် ဝိပဿနာစိတ် မဂ်စိတ် ဖိုလ်စိတ်တို့ကဲ့သို့သော မွန်မြတ်သော စိတ်တို့၏ အထောက်အပံ့ ကောင်း,
၃။ ဥတုဇတေဇောဓာတ် (= ဥတု) သည် သပ္ပါယမျှတသော ဥတုကောင်း တို့၏ အထောက်အပံ့ကောင်း,
၄။ အာဟာရဇတေဇောဓာတ် (= ဥတု) သည် နတ်ဩဇာကဲ့သို့ မွန်မြတ် သော အစာအာဟာရဩဇာ၏ အထောက်အပံ့ကောင်း ---
ဤကဲ့သို့သော အထောက်အပံ့ကောင်းများကို ရရှိပါက --- ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိဏ္ဏပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိယေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၂၊၊) သက်မဲ့အနုပါဒိဏ္ဏအဖို့၌ ရပ်တည်၍သော်လည်း ဥတုသမုဋ္ဌာန်ဖြစ်သော မတူကုန်သော များစွာကုန်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့ကိုလည်း ဆက်စပ်စေ၏ဟု မှတ်ပါ။
ဤ၌ သက်မဲ့ အနုပါဒိဏ္ဏအဖို့၌ ရပ်တည်၍သော်လည်း ဖြစ်၏ဟူသည် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ဖြစ်မှုမျိုး, သေပြီးနောက်ပိုင်းကာလ အလောင်းကောင်အဆင့်သို့တိုင်အောင် ဖြစ်မှုမျိုး, အစာသစ်ကောဋ္ဌာသ အဖြစ် တည်ရှိခိုက် ခန္ဓာအိမ်အတွင်းသို့ မပြန့်မီ ဥတုဇရုပ်တို့၏ ဖြစ်မှုမျိုးများတည်း။ ဗဟိဒ္ဓသို့တိုင်အောင် ဖြစ်မှုဟူသည် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့သော မွန်မြတ်သော ပဏီတစိတ်တို့ကြောင့် ဖြစ်ပေါ် သွားကြကုန်သော စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့သည် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့ တိုင်အောင် သမထလင်းရောင်ခြည် ဝိပဿနာလင်းရောင်ခြည် အနေဖြင့် ဖြစ်မှုမျိုးတို့ပင်တည်း။
[မှတ်ချက် --- ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ဩဇာလည်း ပါဝင် လျက် ရှိ၏။ ယင်းဩဇာကလည်း အာဟာရဇဩဇာနှင့် ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်များကို ဖြစ်စေနိုင်ပြန်သည်။ ထိုကြောင့် ယေဘုယျအားဖြင့် ရုပ်ကလာပ် တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော တေဇောဓာတ် ဥတုကလည်း ဩဇဋ္ဌမကရုပ်ကို ဖြစ်စေသည်။ ဩဇာကလည်း ရုပ်ကို ဖြစ်စေသည်ဟု အတိုချုပ် မှတ်သားထားပါ။]
စိတ္တဇတေဇောဓာတ် = ဥတု --- ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော အဆင့်မြင့်သော သမထ ဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်မှ တစ်ပါး သော ပကတိသော ကာမစိတ်ကြောင့် ဖြစ်သော စိတ္တဇ ဩဇဋ္ဌမကရုပ်တို့ တွင်လည်း တေဇောဓာတ် = ဥတု ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ် = ဥတုသည်လည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏။ (စိတ္တဇတေဇောဓာတ် = ဥတု၏ သားတည်း။) ယင်း သားအရင်း ဖြစ်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တွင်ပါဝင်သော တေဇောဓာတ် ဥတုကလည်း အခြားသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (ယခင် စိတ္တဇတေဇောဓာတ် = ဥတု၏ မြေးတည်း။) ယင်းမြေးအရင်း ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း အခြားသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (မြစ် ရပြန်ပြီ ဟူလိုသည်။) ဤသို့သော နည်းအားဖြင့် နှစ်ကြိမ် သုံးကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏။
ဧဝံ ဒွေ တိဿော ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)
ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမထဘာ ဝနာစိတ်, ဝိပဿနာဘာဝနာစိတ်, မဂ်စိတ်, ဖိုလ်စိတ် - ဤမွန်မြတ်သော ပဏီတစိတ်တို့ကြောင့်ဖြစ်သော စိတ္တဇရုပ်များတွင် ပါဝင်သော တေဇောဓာတ် = ဥတုကား ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အဆက်ဆက်ကို အဇ္ဈတ္တတွင် သာမက ဗဟိဒ္ဓသို့ တိုင်အောင်, သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် တို့နှင့် ယှဉ်တွဲလျက် ရှိသော ဉာဏ်၏အာနုဘော်က ကြီးလျှင် ကြီးသလို သေးလျှင် သေးသလို သမာဓိအားကောင်းလျှင် ကောင်းသလို အားနည်းလျှင် နည်းသလို ပျံ့နှံ့လျက် အကြိမ်များစွာတို့ ပတ်လုံးလည်း ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်စေပေသည်။
စိတ္တသမုဋ္ဌာနာနံ ပန ဝသေန ဒွတ္တိပ္ပဝတ္တိဃဋနံ တံပါကတိကစိတ္တဝသေန၊ မဟဂ္ဂတာနုတ္တရစိတ္တဝသေန ပန ဗဟုတရာပိ ပဝတ္တိယော ဣစ္ဆိတဗ္ဗာ။ တံနိဗ္ဗတ္တာနံ စိတ္တဇရူပါနံ ဥဠာရပဏီတဘာဝတော။ (မဟာဋီ၊၂၊၄၀၃၊၊)
အဆင့်မြင့်နေသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကား အလွန်မွန်မြတ်သော ပဏီတစိတ်တို့ ဖြစ်ကြ၏။ ယင်းမွန်မြတ်သော စိတ်တို့၏ စွမ်းအင်ကား ကြီးမားလှ၏။ အထူး သဖြင့် စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော စျာန်ဇော, ဖလသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော ဖိုလ်ဇောတို့ကား နာရီပေါင်းများစွာ ရက်ပေါင်းများစွာသော်လည်း ဖြစ်နိုင်သည့် စွမ်းအားရှိကြ၏။ ယင်းကဲ့သို့ စွမ်းအင်ကြီးမားကြသော မိနစ်ပေါင်းများစွာ နာရီပေါင်းများစွာ အဆက်မပြတ် ဆက်တိုက် ဖြစ်နေကြသော မွန်မြတ်သော စိတ်တို့ကြောင့် ဖြစ်ပေါ်လာ ကြကုန်သော စိတ္တဇရုပ်တို့သည်လည်း မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့သာ ဖြစ်ကြ၏။ ယင်းစိတ္တဇရုပ်တို့၏ ပြန့်ပြောကြီးကျယ် မွန်မြတ်မှုကြောင့် ယင်း စိတ္တဇရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကြောင့် ဖြစ်သော ရုပ်တို့ သည် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင်ပင် ေ့ရှနှင့်နောက် ဆက်စပ် လျက် အကြိမ်များစွာ အထပ်ထပ် ဖြစ်နေကြပေသည်။ (မဟာဋီ၊၂၊၄၀၃။ ၄၂၈-၄၂၉-လည်း ကြည့်ပါ။) ထိုသို့ ဖြစ်စေရာ၌လည်း ယင်း တေဇောဓာတ် = ဥတုသည် ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်၌သာ ဖြစ်စေနိုင်သည်ဟု မှတ်ပါ။
[မှတ်ချက် --- ယင်းစိတ္တဇတေဇောဓာတ် = ဥတုကြောင့်ဖြစ်သော ဥတုဇ ရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိပါက အာဟာရဇဩဇဋ္ဌမက ရုပ်များကို အဇ္ဈတ္တ၌ ဖြစ်စေနိုင်ပြန်သည်ဟု မှတ်ပါ။]
တစ်ဖန် နောက်တွင် ဆက်လက်ဖော်ပြလတ္တံ့သော အာဟာရဇရုပ်က လာပ်များတွင်လည်း တေဇောဓာတ် = ဥတုပါဝင်လျက်ပင် ရှိ၏။ ယင်းအာဟာ ရဇ တေဇောဓာတ် = ဥတုကလည်း ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏။ (သားရပြီ ဟူလို။)
အာဟာရပစ္စယဥတုနောပိ ဥတုပစ္စယာဟာရဿ ဝိယ ဒသ ဒွါဒသ ဝါရေ ပဝတ္တိဃဋနာ ဝေဒိတဗ္ဗာ။ ဝုတ္တနယတ္တာ န ဥဒ္ဓတန္တိ ဝဒန္တိ။ (မဟာဋီ၊၂၊၄၀၃။)
ယင်း သားရင်းဖြစ်သော ဥတုဇရုပ်ကလာပ်တွင် ပါဝင်သော တေဇော ဓာတ် = ဥတုကလည်း အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏။ (မြေးရပြန်ပြီ ဟူလို။) ယင်းမြေးရင်းဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း အခြားသော ဥတုဇ ဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏။ (မြစ်ရပြန်ပြီ ဟူလို။) ဤသို့သော နည်းဖြင့် (၁၀) ကြိမ် (၁၂) ကြိမ်သော ရုပ်ကလာပ်တို့၏ဖြစ်ခြင်းကို ဆက်စပ်စေ၏။ သို့သော် နတ်ဩဇာစသည်တို့ကဲ့သို့သော မွန်မြတ်သော အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိခဲ့ပါမူ ရှည်မြင့်စွာသော ကာလပတ်လုံးသော်လည်း ဥတုဇဩဇဋ္ဌမကရုပ်များကို ဖြစ်စေနိုင်သည်သာတည်း။
[မှတ်ချက် --- ယင်းဥတုဇ ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာ ကလည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိပါက အခြားသော အာဟာရဇဩဇဋ္ဌမကရုပ်များကို ရုပ်၏ ဌီကာလသို့ ရောက် ခိုက်၌ အဇ္ဈတ္တသန္တာန်ဝယ် ဖြစ်စေသည်သာဟု မှတ်ပါ။]
အာဟာရဇရုပ် ရှုပုံ
တတ္ထ အာဟာရော နာမ ကဗဠီကာရော အာဟာရော။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)
ကဗဠီကာရော အာဟာရောတိ စတုသန္တတိသမုဋ္ဌာနေ ရူပေ ဩဇာ အာဟာရော နာမ။ သော ပန ယသ္မာ ကဗဠံ ကရိတွာ အဇ္ဈောဟရိတောဝ အာဟာရကိစ္စံ ကရောတိ၊ န ဗဟိ ဌိတော၊ တသ္မာ အာဟာရောတိ အဝတွာ ကဗဠီကာရော အာဟာရောတိ ဝုတ္တံ။ ကဗဠံ ကရိတွာ အဇ္ဈောဟရိတဗ္ဗဝတ္ထုကတ္တာ ဝါ ကဗဠီကာရောတိ နာမမေတံ တဿ။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)
ကဗဠံ ကရိတွာ အဇ္ဈောဟရိတောဝါတိ အသိတပီတာဒိဝတ္ထူဟိ သဟ အဇ္ဈောဟရိတောဝါတိ ဝုတ္တံ ဟောတိ။ ပါတဗ္ဗသာယိတဗ္ဗာနိပိ ဟိ သဘာဝဝသေန ကဗဠာယေဝ ဟောန္တီတိ။ (မူလဋီ၊၃၊၁၉၀။)
ကေဝလာယ ဩဇာယ အဇ္ဈောဟရဏဿ အဘာဝါ အသိတပီတာဒိ ဝတ္ထူဟိ သဟ အဇ္ဈောဟရိတောဝါတိ ဝုတ္တံ။ ခါဒနီယဘောဇနီယပ္ပဘေဒေ အသိတေ တာဝ ကဗဠီကာရတာ ဟောတု၊ ပါတဗ္ဗာဒိကေ ပန ကထန္တိ အာဟ ပါတဗ္ဗ။ ပ။ ဟောန္တီတိ။ ယေဘုယျဝသေန ဝါ ဧဝံ ဝုတ္တန္တိ ဝေဒိတဗ္ဗံ။ (အနုဋီ၊၃၊၂၅၈။)
ကမ္မဇရုပ်ကလာပ်, စိတ္တဇရုပ်ကလာပ်, ဥတုဇရုပ်ကလာပ်, အာဟာရဇ ရုပ်ကလာပ်ဟူသော ရုပ်ကလာပ် အသီးအသီး၌ ပါဝင်တည်ရှိသော ဩဇာ သည် အာဟာရ မည်၏။ ထိုသို့ စတုသမုဋ္ဌာန်ရုပ်တို့၌ ပါဝင်သော ဩဇာ အသီးအသီးသည် အာဟာရမည်ပါသော်လည်း ထိုစတုသမုဋ္ဌာန်ဩဇာဟူ သော အာဟာရသည် ထမင်းလုတ်စသည့် စားဖွယ် ခဲဖွယ် သောက်ဖွယ် လျက်ဖွယ်ကို အလုတ်အလွေးပြုလုပ်၍ ရှေးရှု ဆောင်ယူအပ် စားမျိုအပ်သည် ဖြစ်မှသာလျှင် အာဟာရဇရုပ်ကို ဖြစ်စေခြင်းဖြင့် အာဟာရကိစ္စကို ပြုလုပ်ပေး နိုင်၏။ ယင်းထမင်းလုတ် စသည့် စားဖွယ် ခဲဖွယ် သောက်ဖွယ် လျက်ဖွယ် သည် ခန္ဓာကိုယ်ပြင်ပ ဗဟိဒ္ဓ တစ်နေရာ၌ တည်နေသည် ဖြစ်လတ်သော် ယင်းစတုသမုဋ္ဌာန် ဩဇာသည် အာဟာရဇရုပ်ကို ဖြစ်စေခြင်းဟူသော အာဟာရကိစ္စကို ပြုလုပ် မပေးနိုင်။ ထိုကြောင့် အာဟာရောဟူ၍သာ မဟောမူ၍ကဗဠီကာရော အာဟာရောဟု ပဋ္ဌာန်းပါဠိတော် (ပဋ္ဌာန၊၁၊၇။)၌ ဘုရားရှင် သည် ဟောကြားထားတော်မူပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၅၁။ အဘိ၊ဋ္ဌ၊၃၊၃၇၇၊၊)
တစ်နည်း --- အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့ စားမျိုထိုက်သော အစာ (= အာဟာရ) ဟူသော တည်ရာဝတ္ထုရှိသောကြောင့် ယင်းအာဟာရ၏ အထောက်အပံ့ကို ရရှိပါမှ အာဟာရဇရုပ်ကို ဖြစ်စေခြင်း ဟူသော အာဟာရကိစ္စကို ရွက်ဆောင်နိုင်သောကြောင့် ထိုကဗဠီကာရ အာဟာရဟူသော ဤအမည်သည် ထို စတုသမုဋ္ဌာနိကဩဇာ၏ အမည် ဖြစ်သည်။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ ကဗဠီကာရအာဟာရဟူသော ဤ အမည်သည် စားမျိုထိုက်သော အစာဟူသော တည်ရာရှိသော စတုသမုဋ္ဌာ နိကဩဇာတည်း။ ထိုစတုသမုဋ္ဌာနိကဩဇာဟူသော အာဟာရက အလုတ် အလွေးပြု၍ စားမျိုအပ်သော အစာ၌ တည်သောကြောင့် တည်ရာဖြစ်သော အစာ၏ ကဗဠီကာရအာဟာရဟူသော အမည်ကို တည်တတ်သော စတု သမုဋ္ဌာနိကဩဇာ၌ တင်စား၍ စတုသမုဋ္ဌာနိကဩဇာဟူသော အာဟာရ ကိုလည်း ဌာနူပစာရအားဖြင့် ကဗဠီကာရအာဟာရဟု ခေါ်ဆိုထားသည် ဟူလို။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)
ဥဒရိယံ ကရီသံ ပုဗ္ဗော မုတ္တန္တိ ဣမေသု စတူသု ဥတုသမုဋ္ဌာနေသု ဥတုသမုဋ္ဌာနေဿဝ ဩဇဋ္ဌမကဿ ဝသေန အဋ္ဌ အဋ္ဌ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် အညီ (၁) အစာသစ် (၂) အစာဟောင်း (၃) ပြည် (၄) ကျင်ငယ် - ဤကောဋ္ဌာသ (၄)မျိုးတို့ကား ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ် = ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်း အစုသာတည်း။
ထို့ကြောင့် စားမျိုထိုက်သော အစာဟူသည် ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုမျှသာတည်း။ ယင်းဥတုဇရုပ်တို့၌ တည်သော ဩဇာကား အာဟာရတည်း။ ယင်းအာဟာရသည် မိမိချည်းသက်သက် = ဩဇာချည်း သက်သက် အခြား ကလာပ်တူရုပ်တို့ မပါဘဲ ဝါးမျို စားမျို၍ ရထိုက်သော တရားကား မဟုတ်ပေ။ အခြား ကလာပ်တူရုပ်တို့နှင့်တကွ ယင်းဥတုဇဩဇ ဋ္ဌမကရုပ်တို့၏ များစွာသော အပေါင်းအစုကိုသာ အလုတ်ပြု၍ စားမျိုနိုင်၏။ ထို့ကြောင့် ယင်းဩဇာကို ကဗဠီကာရ-သဒ္ဒါဖြင့် ကူစွက်၍ ကဗဠီကာရ အာဟာရဟု ဟောကြားထားတော်မူ၏။ ဤရှင်းလင်းချက်မှာလည်း သမုတိ သစ္စာနယ်နှင့် မကင်းသေးသော ရှင်းလင်းချက်သာတည်း။ ထပ်၍ အနည်း ငယ် ရှင်းလင်းတင်ပြအပ်ပါသည်။
အသင်သူတော်ကောင်းသည် အစာသစ်ကောဋ္ဌာသကို မစားမီ ပန်းကန် သပိတ်အတွင်း စသည်၌ တည်ရှိခိုက်၌ပင်ဖြစ်စေ, စားပြီး၍ အစာသစ် ကောဋ္ဌာသအဖြစ် အစာအိမ်အတွင်း၌ တည်ရှိခိုက်၌ပင်ဖြစ်စေ, စားခိုက် ဝါးခိုက် ခံတွင်း၌ တည်ရှိခိုက်၌ပင်ဖြစ်စေ ယင်းကောဋ္ဌာသ၌ တည်နေသော ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏။ ယင်းရုပ်ကလာပ်တို့ကား သို့မဟုတ် ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ရုပ်တရားတို့ကား ဖြစ်ပြီးသည်နှင့် အလွန် လျင်လျင်မြန်မြန် ဖြစ်သည့် နေရာ၌ပင် ပျက်သွားကြ၏။
ဥပ္ပတ္တိဝသေန အာဂတာနီတိ ဧတေန ရူပဓမ္မာပိ ယတ္ထ ဥပ္ပဇ္ဇန္တိ၊ တတ္ထေဝ ဘိဇ္ဇန္တိ၊ န ဒေသန္တရံ သင်္ကမန္တီတိ ဒေဿတိ။ (အနုဋီ၊၁၊၁၆၂။)
ဤအထက်ပါ ဖွင့်ဆိုချက်နှင့်အညီ ရုပ်ပရမတ်တရားတို့ကား ဖြစ်သည့် နေရာ၌သာ ပျက်သွားကြ၏။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းနိုင်သည့် စွမ်းအား မရှိကြပေ။ ထိုကြောင့် သပိတ်အတွင်း ပန်းကန်အတွင်း၌ တည်ရှိ ကြသော ဥတုဇဩဇဋ္ဌမကရုပ်တို့သည် ပါးစပ်အတွင်းသို့ မရောက် မပြောင်း၊ ပါးစပ်အတွင်း၌ တည်ရှိကြသော ဥတုဇဩဇဋ္ဌမကရုပ်တို့သည်လည်း အစာအိမ်အတွင်းသို့ မပြောင်းနိုင်၊ အစာသစ်ကောဋ္ဌာသအဖြစ်နှင့် ပြောင်းရွှေ့၍ မတည်နိုင်၊ ထိုမျှလောက် ပြောင်းရွှေ့နိုင်လောက်အောင် ပြောင်းရွှေ့၍ တည် နေနိုင်လောက်အောင် သက်တမ်း မရှိကြပေ။ စိတ္တက္ခဏ (၁၇)ချက် သက်တမ်း စေ့သည်နှင့် ချုပ်ပျက်သွားကြ၏။ သို့သော် ယင်းဥတုဇဩဇဋ္ဌမကရုပ်ကလာပ် တိုင်း၌ တေဇောဓာတ် = ဥတု ပါဝင်၏။ ယင်းတေဇောဓာတ် = ဥတုတိုင်းသည် ယေဘုယျအားဖြင့် ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိသည်ချည်းပင် ဖြစ်၏။ ယင်းဥတုဇတေဇောဓာတ်၏ ကျေးဇူးပြုပေးမှု၊ အရှိန်အဝါသတ္တိ မကုန်သေးသမျှ ကာလပတ်လုံး ပန်းကန်အတွင်း၌ဖြစ်စေ, သပိတ်အတွင်း၌ဖြစ်စေ, ပါးစပ်အတွင်း၌ဖြစ်စေ, အစာသစ်အိမ် အတွင်း၌ ဖြစ်စေ ရှေးနှင့်နောက် ဆက်စပ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်နေကြ သည်သာဖြစ်၏။ ထိုကြောင့် ပရမတ္ထသစ္စာနယ်မှ အတိအကျပြောဆိုရလျှင် ပရမတ်ရုပ်တရားတို့ကို = ပရမတ်ဥတုဇဩဇဋ္ဌမကရုပ်တရားတို့ကို ထမင်းလုတ် စသည်ဖြင့် အလုတ်အလွေးပြု၍ တကယ် ဝါးမျို စားမျို၍ကား မရနိုင်။ ထို့ကြောင့် သိတော်မူ မြင်တော်မူကြကုန်သော ကျေးဇူးတော်ရင် ရှေးရှေး ဆရာတော်ဘုရားကြီးများက - ကဗဠီကာရော အာဟာရော = အလုတ် အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရဩဇာသည် ဟု ဘာသာပြန်ဆိုတော်မူကြသည်။ ဤရှင်းလင်းချက်များအရ ယင်းဥတုဇရုပ် တို့တွင် ပါဝင်သော ဩဇာချည်းသက်သက်လည်း စားမျို ဝါးမျို၍ မရနိုင်၊ ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုကိုလည်း စားမျို ဝါးမျို၍ မရနိုင် ဟု မှတ်ပါ။ သို့သော် ယင်းဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်း၌ တည်ရှိသော တေဇောဓာတ် = ဥတု၏ သားစဉ်မြေးဆက် အဆက်ဆက်ဟူသော ရုပ်အစဉ် အတန်း သန္တတိအတုံးအခဲကိုသာလျှင် စားမျို ဝါးမျိုသည်ဟု သမုတိသစ္စာ နယ်မှ ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု မှတ်ပါ။
အစာသစ်ကောဋ္ဌာသဟု ခေါ်ဆိုအပ်သော ယင်းဥတုဇဩဇဋ္ဌမကရုပ် တို့သည် အထက်တွင် ရှင်းပြထားသည့်အတိုင်း ရုပ်ကလာပ်တစ်ခု၌ တည်ရှိ သော တေဇောဓာတ်ကြောင့် အသစ်အသစ် ဖြစ်ပေါ်နေရသော ရုပ်တရား တို့သာ ဖြစ်ကြ၏။ တေဇောဓာတ်တည်းဟူသော မဟာဘုတ်ကြောင့် အဆက် မပြတ် အထပ်ထပ် ဖြစ်နေရသော ရုပ်တရားတို့သာ ဖြစ်ကြ၏။ ယင်းသို့ ဖြစ်မှုကို ဘုတ်အဆက်ဆက် ရိုက်ခတ်၍ ဖြစ်ခြင်းဟု ရှေးရှေးဆရာတော်ကြီး များက ခေါ်ဝေါ် သုံးစွဲထားတော်မူကြသည်။ ဤ ရုပ်ကမ္မဋ္ဌာန်းရှုကွက်၌ အထူးသဖြင့် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ရှုကွက်၌ ယင်းကဲ့သို့ ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ဖြစ်မှုသဘောကို နက်ရှိုင်းစွာ ရှုမြင်တတ် ဖို့ အထူးလိုအပ်ပေသည်။ ထိုသို့ ရှုမြင်တတ်ဖို့ရန် အောက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို ထပ်မံ ဖော်ပြအပ်ပါသည်။ ယင်းကျမ်းဂန်တို့၏ သဘောအဓိပ္ပါယ်ကို နားလည်အောင် ကြိုးစားပါ။
ရူပါရူပါနံ ဥပတ္ထမ္ဘကဋ္ဌေန ဥပကာရကာ စတ္တာရော အာဟာရာ အာဟာရပစ္စယော။ ယထာဟ ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယောတိ။ (ပဋ္ဌာန၊၁၊၇။) ပဥှာဝါရေ ပန (ပဋ္ဌာန၊၁၊၁၅၆။) ပဋိသန္ဓိက္ခဏေ ဝိပါကာဗျာကတာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ အာဟာရပစ္စယေန ပစ္စယောတိပိ ဝုတ္တံ။ (ဝိသုဒ္ဓိ၊၂၊၁၇၀။)
သတိပိ ဇနကဘာဝေ ဥပတ္ထမ္ဘကတ္တံ အာဟာရာနံ ပဓာနကိစ္စန္တိ အာဟ ရူပါရူပါနံ ဥပတ္ထမ္ဘကတ္တေနာတိ။ (မဟာဋီ၊၂၊၂၈၂။)
ဩဇာလက္ခဏော ကဗဠီကာရော အာဟာရော။ (ဝိသုဒ္ဓိ၊၂၊၈၀။)
ဩဇာလက္ခဏောတိ ဧတ္ထ အင်္ဂမင်္ဂါနုသာရိနော ရသဿ သာရော ဥပထမ္ဘဗလကရော ဘူတနိဿိတော ဧကော ဝိသေသော ဩဇာ။ ကဗဠံ ကရီယတီတိ ကဗဠီကာရော။ အာဟရီယတီတိ အာဟာရော။ ကဗဠံ ကတွာ အဇ္ဈောဟရီယတီတိ အတ္ထော။ ဣဒံ ပန သဝတ္ထုကံ ဩဇံ ဒေဿတုံ ဝုတ္တံ။ ဗာဟိရံ အာဟာရံ ပစ္စယံ လဘိတွာ ဧဝ အဇ္ဈတ္တိကာဟာရော ရူပံ ဥပ္ပါဒေတိ။ သော ပန ရူပံ အာဟရတီတိ အာဟာရော။ တေနာဟ ရူပါဟရဏရသောတိ။ တတော ဧဝ ဩဇဋ္ဌမကရူပုပ္ပါဒနေန ဣမဿ ကာယဿ ဥပတ္ထမ္ဘနပစ္စုပဋ္ဌာနော။ ဩဇာယ ရူပါဟရဏကိစ္စံ ဗာဟိရာဓီနန္တိ အာဟ အာဟရိတဗ္ဗဝတ္ထုပဒဋ္ဌာနောတိ။ (မဟာဋီ၊၂၊၁၀၄။)
တတ္ထ အာဟာရော နာမ ကဗဠီကာရော အာဟာရော။ အာဟာရသမုဋ္ဌာနံ နာမ ဥပါဒိဏ္ဏံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ တတ္ထ ပတိဋ္ဌာယ ဌာနပ္ပတ္တာယ ဩဇာယ သမုဋ္ဌာပိတံ ဩဇဋ္ဌမကံ, အာကာသဓာတု, လဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယော, သန္တတီတိ စုဒ္ဒသဝိဓံ ရူပံ။ အာဟာရပစ္စယံ နာမ ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယောတိ ဧဝံ ဝုတ္တံ စတုသမုဋ္ဌာနရူပံ။ အာဟာရပစ္စယအာဟာရသမုဋ္ဌာနံ နာမ အာဟာရသမုဋ္ဌာနေသု ရူပေသု ဌာနပ္ပတ္တာ ဩဇာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ အညန္တိ ဧဝံ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ။ ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ ဒိဗ္ဗာ ပန ဩဇာ ဧကမာသံ ဒွေမာသမ္ပိ ဥပတ္ထမ္ဘေတိ။ မာတရော ပရိဘုတ္တာဟာရောပိ ဒါရကဿ သရီရံ ဖရိတွာ ရူပံ သမုဋ္ဌာပေတိ။ သရီရေ မက္ခိတာဟာရောပိ ရူပံ သမုဋ္ဌာပေတိ။ ကမ္မဇာဟာရော ဥပါဒိဏ္ဏကာဟာရော နာမ။ သောပိ ဌာနပ္ပတ္တော ရူပံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ အညံ သမုဋ္ဌာပေတီတိ ဧဝံ စတေဿာ ဝါ ပဉ္စဝါ ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)
ဥပါဒိန္နံ ကမ္မဇရူပံ ပစ္စယံ လဘိတွာတိ ဧတေန ဗဟိဒ္ဓါ အနုပါဒိန္နဩဇာ ရူပါဟရဏကိစ္စံ န ကရောတီတိ ဒေဿတိ။ ပစ္စယလာဘော စဿ ကမ္မဇဘူတသန္နိဿယတာဝသေနာတိ အာဟ တတ္ထ ပတိဋ္ဌာယာတိ။ ပ။ ဥပါဒိန္နကော အနုပါဒိန္နကောတိ ဒုဝိဓေ အာဟာရေ ပုဗ္ဗေ အနုပါဒိန္နကော အာဟာရပစ္စယအာဟာရော ဒဿိတောတိ ဣတရံ ဒေဿတုံ ကမ္မဇာဟာရောတိအာဒိ ဝုတ္တံ။ (မဟာဋီ၊၂၊၄၀၃။)
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းကို ခြုံငုံ၍ ရှုကွက်ကို ရေးသားတင်ပြပေအံ့။
အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ကလာပ်တူရုပ်တရားတို့နှင့်တကွ စားမျိုထိုက်သော အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အစာသစ်ကား အစာသစ်အိမ် စသည်တို့၏အတွင်း၌ အစာသစ်ကောဋ္ဌာသ အဖြစ် တည်ရှိခိုက် ခန္ဓာအိမ်အတွင်းသို့ မပျံ့နှံ့မီ၌ ဘုတ်အဆက်ဆက် ရိုက် ခတ်၍ ဖြစ်နေသော ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုမျှသာတည်း။ ယင်းဥတုဇရုပ်တို့တွင် ပါဝင်သော ဩဇာကား ဥတုဇဩဇာပင်တည်း။ ယင်း ဥတုဇဩဇာကား တိုက်ရိုက်အားဖြင့် ကဗဠီကာရ အာဟာရ မည်၏။
တစ်ဖန် ယင်း ကဗဠီကာရ အာဟာရ အမည်ရသော ယင်းဥတုဇရုပ်တို့ တွင် ပါဝင်တည်ရှိသော အဆီအစေးဩဇာသည် အစာကို ကြေကျက်စေတတ် သော (အစာအိမ်ပတ်ဝန်းကျင်စသည့် ထိုထိုအရပ်၌ တည်ရှိသော ဇီဝိတ နဝက ရုပ်ကလာပ်တို့၌ တည်ရှိသော) ပါစကတေဇောဓာတ်ဟူသော ကမ္မဇ ဝမ်းမီး၏ တစ်နည်း - ကမ္မဇမဟာဘုတ်၏ အားပေးထောက်ပံ့မှုကို ရရှိသော အခါ အခြားအခြားသော ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ယင်းရုပ်တို့ကား ဥတုဇဩဇာကြောင့် ဖြစ်ပေါ်လာကြရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တည်း။ (စားမျိုလိုက်သော ကဗဠီကာရာဟာရ = ဥတုဇဩဇာ၏ သားတည်း။)
အစာသစ်ကောဋ္ဌာသဟု အမည်တပ်ထားသော ဖခင်ဖြစ်သော ယင်း ဥတုဇ ရုပ်ကလာပ်တို့၏ အရေအတွက် = ယင်းဥတုဇဩဇာတို့၏ အရေအ တွက်က များလျှင်များသလို သားသမီးဖြစ်ကြသော အာဟာရဇဩဇဋ္ဌမက ရုပ်တို့၏ အရေအတွက်လည်း ယေဘုယျအားဖြင့် များပြားနိုင်၏။ ယင်း အာဟာရဇဩဇဋ္ဌမကရုပ်တို့သည် (သမုတိသစ္စာနည်းအရ ရသဓာတ်ရည် အဖြစ် ဖြင့်) ပရမတ္ထသစ္စာနည်းအရ ရုပ်ကလာပ်တို့အနေဖြင့် ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ခန္ဓာကိုယ် တစ်ကိုယ်လုံးသို့ = (၆)ဒွါရလုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားနေကြ၏။ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့၌ ပါဝင်တည်ရှိသော ဩဇာကား -- ဩဇာလက္ခဏော ကဗဠီကာရော အာဟာရော - ဟူသော အဋ္ဌကထာအဖွင့်အရ ဩဇာ လက္ခဏာသို့ ရောက်ရှိလာသော ကဗဠီကာရ အာဟာရတည်း။
ဩဇာလက္ခဏာသို့ ရောက်ရှိလာသည်ဟူသည်မှာ ယင်းအာဟာရဇ ဩဇဋ္ဌမကရုပ်တို့၌ ပါဝင်တည်ရှိသော ဩဇာကသာလျှင် ဌာနူပစာရအားဖြင့် ကဗဠီကာရအာဟာရ အမည်ရသော စတုသမုဋ္ဌာနိက ဩဇာအား (ဩဇဋ္ဌမက ရုပ်များ အသစ်အသစ် ဖြစ်ပေါ်လာအောင်) အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်၏။ မူလအစာသစ်ကောဋ္ဌာသ = ဥတုဇဩဇဋ္ဌမကရုပ်တို့၌ တည်ရှိသော ဥတုဇဩဇာက ---
၁။ ကမ္မဇရုပ်ကလာပ်တို့၌ တည်ရှိသော ကမ္မဇဩဇာ,
၂။ စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော စိတ္တဇဩဇာ,
၃။ ဥတုဇရုပ်ကလာပ်တို့၌ တည်ရှိသော ဥတုဇဩဇာ,
၄။ ကလာပ်ပြား အာဟာရဇဩဇာ (= စားမျိုလိုက်သော ဥတုဇရုပ်တို့၌ ပါသော ဩဇာကြောင့်ဖြစ်သော အာဟာရဇရုပ်တို့၌ ပါဝင်တည်ရှိ သော ကလာပ်ပြား အာဟာရဇဩဇာ),
ဤစတုသမုဋ္ဌာနိကဩဇာအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူး မပြုနိုင်၊ အားပေးထောက်ပံ့မှုကို မပြုနိုင်။ ယင်း မူလ အစာသစ်ကောဋ္ဌာသ အဖြစ်၌ တည်ရှိသော ဥတုဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ဥတုဇဩဇာ သည် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ဖြင့် ဩဇဋ္ဌမကရုပ်ကလာပ် အသစ် အသစ်ကိုသာ ဖြစ်စေနိုင်သော ဇနကသတ္တိရှိ၏။ ယင်းဇနကသတ္တိကြောင့် ဖြစ်ပေါ်လာသော ရုပ်ကလာပ်တို့ကို အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့ ဟူ၍ ခေါ်ဆို၏။
ယင်း အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော ဩဇာ ကား မိမိနှင့် ကလာပ်တူ မဟာဘုတ်တို့ကိုသာ မှီ၍ ဖြစ်လာရ၏။ ရှေးယခင် ခန္ဓာအိမ်အတွင်းသို့ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အဖြစ်ဖြင့် မပျံ့နှံ့မီ အစာသစ်ကောဋ္ဌာသအဖြစ်ဖြင့် တည်ရှိခိုက် ဥတုဇဩဇဋ္ဌမကရုပ်တို့၌ တည် ရှိသော ကလာပ်ပြား ဓာတ်ကြီးလေးပါးကိုကား မှီ၍မဖြစ်ပေ။ ရသဓာတ်ရည် အဖြစ်ဖြင့် ခန္ဓာအိမ်အတွင်းသို့ ပျံ့နှံ့ဖြစ်ပွားလာသော ယင်းအာဟာရဇ ဩဇဋ္ဌမက ရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ဩဇာကသာလျှင် ---
၁။ ကမ္မဇရုပ်ကလာပ်တို့၌ တည်ရှိသော ကမ္မဇဩဇာ,
၂။ စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော စိတ္တဇဩဇာ,
၃။ ဥတုဇရုပ်ကလာပ်တို့၌ တည်ရှိသော ဥတုဇဩဇာ,
၄။ ကလာပ်ပြားဖြစ်သော အာဟာရဇရုပ်ကလာပ်တို့၌ တည်ရှိသော အာဟာရဇဩဇာ,
ဤစတုသမုဋ္ဌာနိကဩဇာအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးနိုင်၏။ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်တို့ အဆင့်ဆင့် ဖြစ်ပေါ် လာအောင် အားပေးထောက်ပံ့နိုင်၏။ ယင်းစတုသမုဋ္ဌာနိကဩဇာက (အာဟာရဇဩဇာ၏ အထောက်အပံ့ဖြင့်) ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ် ကို ဖြစ်စေရာဝယ် ဌီကာလသို့ ရောက်ရှိမှသာလျှင် ဖြစ်စေနိုင်၏။
ဤ၌ အာဟာရဇရုပ်ကလာပ်မှာ နှစ်မျိုး ရှိနေသည်ကို သတိပြုပါ။ အာဟာရဇရုပ်ကလာပ်မှာ နှစ်မျိုးရှိနေသဖြင့် အာဟာရဇဩဇာမှာလည်း နှစ်မျိုးပင် ရှိနေ၏။ ထောက်ပံ့တတ်သော အာဟာရဇဩဇာနှင့် အထောက်ပံ့ ခံရသော အာဟာရဇဩဇာတည်း။ ထောက်ပံ့တတ်သော အာဟာရဇဩဇာ မှာ အထက်တွင် ဖော်ပြထားသော အစာသစ်ကောဋ္ဌာသ၌ အကျုံးဝင်သော ဥတုဇဩဇာကြောင့် ဖြစ်ပေါ်လာရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တည်ရှိသော ဩဇာတည်း။ အထောက်ပံ့ခံရသော အာဟာရဇဩဇာ ကား ယင်းထောက်ပံ့တတ်သော အာဟာရဇဩဇာနှင့် ကလာပ်ပြားဖြစ်သော အညာဟာရသမုဋ္ဌိတ = အခြားသော ဩဇာကြောင့်ဖြစ်သော, ရုပ်၏ ဌီကာလ သို့ ရောက်ရှိနေသော ဩဇာတည်း။ ယင်း အညာဟာရသမုဋ္ဌိတဩဇာနှင့် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာတို့ကိုကား အထက်ပါ အာဟာရဇ ဩဇာက အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ ယင်းအာဟာရဇဩဇာက အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် အထက်ပါ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အညာဟာရသမုဋ္ဌိတအာဟာရဇ ဩဇာတို့သည် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို အဆင့်ဆင့် ဖြစ်ပေါ် စေနိုင်ပေသည်။ သို့သော် ယင်းသို့ အားပေးထောက်ပံ့တတ်သော အာဟာရဇ ဩဇာသည်လည်း အစာသစ်ကောဋ္ဌာသ၌ တည်ရှိသော ဥတုဇ ဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော ဥတုဇဩဇာက (ကမ္မဇဝမ်းမီး၏ အထောက် အပံ့ အကူအညီဖြင့်) တိုက်ရိုက် ဖြစ်စေတတ်သော ဇနကသတ္တိ (= ဇနကအာဟာရပစ္စယသတ္တိ)ဖြင့် ကျေးဇူးပြုပေးသောကြောင့်သာလျှင် ဖြစ်ပေါ် လာရ၏။ ယင်းဥတုဇဩဇာကား သို့မဟုတ် ယင်းဥတုဇရုပ်တို့ကား ဗာဟိရ အာဟာရတည်း။ ဤသဘောတရားကိုပင် ရည်ရွယ်၍ ---
ဗာဟိရံ အာဟာရံ ပစ္စယံ လဘိတွာ ဧဝ အဇ္ဈတ္တိကာဟာရော ရူပံ ဥပ္ပါဒေတိ။ (မဟာဋီ၊၂၊၁၀၄။)
ဗာဟိရ အာဟာရတည်းဟူသော အကြောင်းတရားကို ရရှိပါမှသာလျှင် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အညာဟာရသမုဋ္ဌိတ အာဟာရဇ ဩဇာဟူသော ကလာပ်ပြား အဇ္ဈတ္တိက အာဟာရသည် ဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏ဟု ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၁၀၄။)
အညာဟာရသမုဋ္ဌိတ-အာဟာရဇဩဇာ --- အထက်တွင် ရှင်းပြထား သော အခြားသော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ကလာပ်ပြား ဩဇာကြောင့် ဖြစ်နှင့်သော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော အာဟာရဇ ဩဇာကိုလည်းကောင်း, အသင်ယောဂါဝစရပုဂ္ဂိုလ် ကိုယ်တိုင် ရှုပွားနေသော အစာသစ်ကောဋ္ဌာသ၌ အကျုံးဝင်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင် သော ဩဇာကြောင့် ဖြစ်ပေါ်လာရသော အာဟာရဇဩဇာကိုလည်းကောင်း အဇ္ဈတ္တိကအာဟာရဟု ခေါ်ဝေါ်သုံးစွဲထားသည်။ အစာသစ်ကောဋ္ဌာသ အဖြစ် ဥတုဇရုပ်အဖြစ်ဖြင့် တည်ရှိခိုက်၌ အစာအိမ်အတွင်း အူအတွင်း စသည်တို့၌ တည်ရှိနေသော်လည်း အဇ္ဈတ္တိကအာဟာရဟု မခေါ်ဆိုဘဲ ဗာဟိရအာဟာရဟုသာ ခေါ်ဆိုသည်။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသော ယင်း ဗာဟိရအာဟာရဟူသော ဥတုဇဩဇာက ဖြစ်စေအပ်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့ကိုသာ အဇ္ဈတ္တိကအာဟာရဟု ခေါ်ဆိုသည် မှတ်ပါ။ ယင်းအဇ္ဈတ္တိက အာဟာရဩဇာက အားပေးထောက်ပံ့မှသာလျှင် စတုသမုဋ္ဌာနိကဩဇာသည် ဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်။ ယင်း အဇ္ဈတ္တိကအာဟာရက ဩဇဋ္ဌမကရုပ်ကို ဖြစ်စေရာ၌ ဗာဟိရအာဟာရနှင့်ကား ဆက်စပ်လျက် ရှိ၏။ ထို့ကြောင့် ယင်းဗာဟိရအာဟာရသည် ဩဇာလက္ခဏာ သို့ ရောက်ရှိနေသော အဇ္ဈတ္တိကအာဟာရ၏ ဩဇဋ္ဌမကရုပ်ကို ဖြစ်စေရာ၌ အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်ရပေသည်။
ယင်း ဗာဟိရအာဟာရဟူသော ဥတုဇဩဇာက အာဟာရဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေရာ၌လည်း ဥပါဒိဏ္ဏကမ္မဇရုပ်ဟူသော ပါစကဝမ်းမီး ကမ္မဇတေဇောဓာတ်၏ အထောက်အပံ့ကို ရရှိပါမှသာလျှင် ဖြစ်စေနိုင်၏။
ယင်းရုပ်တို့ကား ဩဇာလက္ခဏာသို့ ရောက်ရှိလာသော ဩဇာ ပါဝင် သော အာဟာရဇဩဇဋ္ဌမကရုပ်တို့တည်း။ စားမျိုလိုက်သော ဗာဟိရ အာ ဟာရဟူသော ကဗဠီကာရအာဟာရ (= ဥတုဇဩဇာ)၏ သားရင်းတည်း။ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့သည် (၆)ဒွါရလုံးသို့ ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ပျံ့နှံ့ဖြစ်ပွားနေကြ၏။ ယင်းသားရင်းဖြစ်သော အာဟာရဇ ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာလက္ခဏာသို့ ဆိုက်ရောက်လာသော ယင်းဩဇာကား ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် အထက်တွင် ရှင်းပြထားသော စတုသမုဋ္ဌာနိကဩဇာအား (တစ်ကြိမ်စားရုံမျှဖြင့်) (၇)ရက်ပတ်လုံးသော်လည်း ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် အားပေးထောက်ပံ့ထားနိုင်၏။ တစ်နေ့စားသော ဗာဟိရအာဟာရသည် အာဟာရဇဩဇဋ္ဌမကရုပ်တို့ကို ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် အဆက်မပြတ် အထပ်ထပ်ဖြစ်စေခြင်းဖြင့် စတုသမုဋ္ဌာနိကဩဇာအား ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် (၇)ရက်ပတ်လုံး သော်လည်း အားပေး ထောက်ပံ့ထားနိုင်၏။ (ထမင်းအသက် ခုနစ်ရက် ဟူသော ဆိုရိုးစကားမှာ ဤမှဆင်းသက်လာသော စကားတည်း။) နတ်ဩဇာ ဖြစ်မူကား တစ်လပတ်လုံးသော်လည်းကောင်း, နှစ်လပတ်လုံးသော်လည်းကောင်း အလားတူပင် ထောက်ပံ့ထားနိုင်၏။ မိခင်စားမျိုလိုက်သော အာဟာရသည်လည်း ကိုယ်ဝန်သားငယ်၏ ကိုယ်တွင်းသို့ ချက်ကြိုးမှ တစ်ဆင့် ပျံ့နှံ့လျက် ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ်၌ ကိုယ်ဝန်သားငယ်သန္တာန်၌ တည်ရှိသော ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏။ ယင်းအာဟာရဇဩဇာကလည်း ကိုယ်ဝန်သားငယ်၏ သန္တာန်၌ တည်ရှိသော စတုသမုဋ္ဌာနိကဩဇာအား ကိုယ်ဝန် သားငယ်၏ သန္တာန်၌ တည်ရှိသော ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် အာဟာရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏။ တစ်ဖန် ခန္ဓာကိုယ်ဝယ် လိမ်းကျံပေး လိုက်သော ဗာဟိရအာဟာရသည်လည်း ခန္ဓာကိုယ်အနှံ့အပြား၌ တည်ရှိ သော ဇီဝိတနဝကရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ် ဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်သာ ဖြစ်၏။ ယင်း အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင် သော ဩဇာကား ဩဇာလက္ခဏာသို့ ရောက်ရှိလာသော ဩဇာပင်တည်း။ ယင်း ဩဇာကလည်း ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် စတုသမုဋ္ဌာနိကဩဇာ အား အာဟာရပစ္စယသတ္တိဖြင့် ဩဇဋ္ဌမကရုပ်များ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်သည်သာတည်း။ သို့အတွက် လက်တွေ့ရှုရန်စနစ်မှာ ဤသို့ ဖြစ်၏။
၁။ စားသောက်နေဆဲအချိန် --- စားသောက်နေဆဲအချိန်၌လည်း ရှုနိုင်၏။ စားသောက်နေဆဲအချိန်၌လည်း ခံတွင်း လည်ပင်း စသည့်အရပ်တို့မှ စ၍ အစာသစ်အိမ် အူစသော ထိုထိုအရပ်တို့မှ အာဟာရဇရုပ်များသည် တစ်ကိုယ် လုံးသို့ ပျံ့နှံ့သွားနိုင်၏။ အသင်သူတော်ကောင်းသည် စွမ်းနိုင်ပါက စား သောက်နေဆဲအချိန်မှာပင် သမာဓိကို အဆင့်ဆင့်ထူထောင်၍ ပါးစပ်အတွင်း အစာသစ်အိမ်အတွင်း အစရှိသည့် မိမိရှုလိုသည့် ထိုထိုအရပ်ဝယ် အစာသစ် ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်၏။ မိမိရှုနေသည့် အစာသစ်ကောဋ္ဌာသ ၏ တည်ရာ ထိုထိုနေရာဝန်းကျင်၌ တည်ရှိသော အစာကို ကြေကျက်စေ တတ်သော ဂဟဏီအမည်ရသော ဇီဝိတနဝကရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ်ဝမ်းမီး၏ အားပေးထောက်ပံ့မှုဖြင့် ယင်း ဥတုဇရုပ် ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဩဇာကြောင့် ရုပ်ကလာပ်အသစ် အသစ်များသည် ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ လျက် ဖြစ်ပွားနေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
၂။ စားသောက်ပြီးရာအချိန် --- စားသောက်ပြီးရာအချိန်၌လည်း ရှုနိုင်၏။ စားသောက်ပြီး၍ တရားထိုင်သောအခါ၌လည်း ရှုနိုင်၏။ အသင် သူတော် ကောင်းသည် သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးသောအခါ အစာသစ်အိမ် အတွင်း၌ တည်ရှိသော အစာသစ်ကောဋ္ဌာသဝယ် ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့နိုင်သည်။ (အူ၏အတွင်း ၌ တည်ရှိသော အစာသစ်ကောဋ္ဌာသ၌လည်း နည်းတူ ရှုနိုင်သည်။) ကမ္မဇ ဝမ်းမီး၏ အားပေးထောက်ပံ့မှုဖြင့် ယင်းဥတုဇ ရုပ်ကလာပ်များတွင် ပါဝင် တည်ရှိသော ဩဇာကြောင့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်များ၏ ဘုတ် အဆက်ဆက် ရိုက်ခတ်လျက် တစ်ကိုယ်လုံး၌ ပျံ့နှံ့လျက် ဖြစ်ပွားနေသည်ကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ယင်းရုပ်ကလာပ်တို့ကား မကြည်ကြပေ။ ဓာတ်ခွဲ သော် ရုပ်သဘောတရား (၈)မျိုးစီ အသီးအသီး ရှိ၏။ ယင်းအာဟာရဇ ဩဇဋ္ဌမကရုပ်တို့၏ (၆)ဒွါရလုံးသို့ ပျံ့နှံ့သွားပုံကို ဉာဏ်ဖြင့် မြင်သောအခါ (၆)ဒွါရ (၄၂)ကောဋ္ဌာသသို့ ပြောင်းရှုနိုင်ပေပြီ။
မျက်စိ၌ ရှုပုံ ပုံစံတစ်ခု
အသင်သူတော်ကောင်းသည် သမာဓိကို အဆင့်ဆင့် ထူထောင်၍ ယင်း အာဟာရဇဩဇဋ္ဌမကရုပ်များ၏ (= ရုပ်ကလာပ်များ၏) မျက်စိသို့တိုင်အောင် ပျံ့နှံ့ဖြစ်ပွားနေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ (၈)မျိုးသော ရုပ်တရား တို့ကို ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ယင်းရုပ်သဘော တရား (၈)မျိုးတို့တွင် ပါဝင်တည်ရှိသော, စတုသမုဋ္ဌာနိကဩဇာအား အားပေး ထောက်ပံ့နိုင်သော စွမ်းအားရှိသဖြင့် ဩဇာလက္ခဏာသို့ဆိုက်ရောက်နေသော ဩဇာကို အာဟာရဇဩဇာဟု မှတ်သားထားပါ။
၁။ ကမ္မဇဩဇာ --- စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော ကမ္မဇ ဩဇာဓာတ်နှင့် မျက်လုံးအိမ်သို့ တိုင်အောင် ပျံ့နှံ့၍ ဖြစ်နေသော ယင်း အာဟာရဇဩဇာတို့ ဩဇာချင်းချင်း ပေါင်းဆုံမိသောအခါ ယင်းအာဟာရဇ ဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသဖြင့်, ကမ္မဇဝမ်းမီး၏ အားပေး ထောက်ပံ့မှုကိုလည်း ရရှိသဖြင့် စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော ကမ္မဇဩဇာသည် လေးဆင့် ငါးဆင့်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့ကို ဆက်စပ်မိစေ၏။ (ဝိသုဒ္ဓိ၊၂၊၂၅၁။) ယင်းစက္ခုဒသကကလာပ်၌ ရှိသော ဩဇာ ကြောင့် ဩဇဋ္ဌမကရုပ်ကလာပ် ဖြစ်လာ၏။ ယင်း ဩဇဋ္ဌမကရုပ်ကလာပ်၌ တည်ရှိသော ဌီကာလသို့ ရောက်ရှိလာသော ဩဇာကြောင့် ယခင် အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုဖြင့်, ကမ္မဇဝမ်းမီး၏လည်း အားပေးထောက်ပံ့မှုဖြင့် ဩဇဋ္ဌမကရုပ်ကလာပ်အသစ် ဖြစ်ပေါ်လာပြန်၏။ ဤသို့လျှင် လေးငါးကြိမ်သော ရုပ်ကလာပ်တို့သည် ဆင့်ကာဆင့်ကာ ဖြစ်ပေါ်လာကြသည်။
[မှတ်ချက် --- ကံ၏ အထောက်အပံ့ အားကောင်းမှု မကောင်းမှု, ဗာဟိရ အာဟာရ (ဩဇာ)၏ မွန်မြတ်မှု မမွန်မြတ်မှု စသည့်အကြောင်း တရားတို့၏ အပေါ်၌ မူတည်၍ အကြိမ် အနည်းအများကား ရှိနိုင်ပေ သည်။ တစ်ဖန် ယင်း လေးငါးဆင့်သော ရုပ်ကလာပ်တို့တွင် တေဇောဓာတ် ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ် ဥတုကလည်း ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို အဆင့် ဆင့် ဖြစ်ပေါ်စေနိုင်၏ဟု မှတ်ပါ။]
မျက်စိတွင်ပင်တည်ရှိသော ကာယဒသကကလာပ်၏ ဩဇာ, ဘာဝ ဒသကကလာပ်၏ ဩဇာတို့ကလည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိရာ၌ အာဟာရဇဩဇဋ္ဌမကရုပ်များကို အဆင့်ဆင့် ဖြစ်စေပုံကိုလည်းကောင်း, ယင်းရုပ်ကလာပ်တို့တွင်ပါဝင်သော တေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်များကို အဆင့်ဆင့် ဖြစ်စေပုံကို လည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်း ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
၂။ စိတ္တဇဩဇာ --- တစ်ဖန် မျက်စိ၌ တည်ရှိသော စိတ္တဇဩဇဋ္ဌမက ကလာပ်အသီးအသီးတွင်လည်း ဩဇာပါဝင်လျက် ရှိ၏။ ယင်းစိတ္တဇဩဇာ သည်လည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ နှစ်ဆင့် သုံးဆင့်သော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် များကို ဖြစ်စေပြန်၏။ နှစ်ဆင့် သုံးဆင့်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ (ဝိသုဒ္ဓိ၊၂၊၂၅၁၊၊) --- မြင်အောင် ရှုပါ။
ဤ၌ အဆင့်မြင့်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် အဖြစ်သို့ မရောက်ရှိသေးသော ရိုးရိုးပကတိသော ကာမာဝစရစိတ်၏ အစွမ်း ဖြင့် နှစ်ဆင့်သုံးဆင့်သော ဩဇဋ္ဌမကရုပ်တို့၏ ဖြစ်ခြင်းကို ဖွင့်ဆိုခြင်းဖြစ်သည်။ မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့၏ အစွမ်းဖြင့်ကား များစွာသော ဩဇဋ္ဌမက ရုပ်တို့၏ ဖြစ်ခြင်းကိုလည်း အလိုရှိအပ်သည်သာ ဖြစ်သည်။ ထို မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်တို့၏ ပြန့်ပြောကြီးကျယ် မြင့်မြတ်သောကြောင့် ဖြစ်၏။ (မဟာဋီ၊၂၊၄၀၃။)
[မှတ်ချက် --- ယင်းရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ နိုင်ပြန်၏။ အကယ်၍ ထိုစိတ်သည် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် မဂ်စိတ် ဖိုလ်စိတ်တို့ကဲ့သို့သော မွန်မြတ်သော ပဏီတစိတ်ဖြစ်ခဲ့မူ ယင်းတေဇောဓာတ် = ဥတုသည် အဇ္ဈတ္တ၌သာမက ဗဟိဒ္ဓသို့တိုင်အောင် ပင် ဥတုဇဩဇဋ္ဌမကရုပ်များကို ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် အဆင့် ဆင့် ရှည်မြင့်စွာသော ကာလပတ်လုံးလည်း ဖြစ်ပေါ်စေနိုင်ပြန်သည်။ ဉာဏ်အလင်းရောင်ဟူသည်မှာလည်း ယင်းစိတ္တဇကလာပ် ဥတုဇကလာပ် တို့၏ အတွင်း၌ တည်ရှိသော ဝဏ္ဏဓာတ် = ရူပါရုံ၏ တောက်ပမှုသာ ဖြစ်သည်၊၊]
၃။ ဥတုဇဩဇာ --- တစ်ဖန် မျက်စိ၌ အထက် ဥတုဇရုပ်ရှုကွက်တွင် ရေး သားတင်ပြခဲ့သည့်အတိုင်း ကမ္မဇတေဇော စိတ္တဇတေဇော ဥတုဇတေဇော အာဟာရဇတေဇောဟူသော တေဇောဓာတ်ဥတုကြောင့် ဖြစ်သော ဥတုဇ ဩဇဋ္ဌမကရုပ်ကလာပ် အသီးအသီး၌လည်း ဩဇာသည် ပါဝင်လျက်ပင် ရှိ၏။ ယင်းဥတုဇဩဇာ အသီးအသီးသည်လည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ ၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ (၁၀)ဆင့် (၁၂)ဆင့်သို့ တိုင်အောင် သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ မြင်အောင် ရှုပါ။
ဥတုသမုဋ္ဌာနာ ဌာနပ္ပတ္တာ ဩဇာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ အညန္တိ ဧဝံ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)
အသင်သူတော်ကောင်းသည်ကား ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ရေး သားတင်ပြထားသည့်အတိုင်း ကလာပ်တစ်ခုစီ တစ်ခုစီ ခွဲ၍ သီးသန့် ရှုပါ။
[မှတ်ချက် --- တစ်ဖန် ယင်းအာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း (၁၀)ဆင့် (၁၂)ဆင့်သို့တိုင် အောင်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေပြန်၏ဟု မှတ်ပါ။ (မဟာဋီ၊၂၊၄၀၃။)]
၄။ အာဟာရဇဩဇာ --- တစ်ဖန် မျက်စိဝယ် စားမျိုလိုက်သော ကဗဠီ ကာရအာဟာရတွင် တည်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကြောင့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်များ ဖြစ်ပွားနေကြောင်း ကိုလည်း ရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်၏။ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကား ဩဇာလက္ခဏာသို့ ဆိုက်ရောက်လာသော အာဟာရဇဩဇာတည်း။ ယင်း အာဟာရဇဩဇဋ္ဌမကရုပ်တို့ကား ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုဖြင့် အထပ်ထပ် ဖြစ်နေကြ၏။ တစ်ကြိမ် စားမျိုလိုက်သော အာဟာရသည်ပင် (၇)ရက်ပတ်လုံးသော်လည်း အာဟာရဇဩဇဋ္ဌမက ရုပ်များ အဆက်မပြတ် ဖြစ်နေအောင် အားပေးထောက်ပံ့ထားနိုင်သော စွမ်းအား ရှိနေ၏။ ယင်းသို့ အထပ်ထပ် ဖြစ်နေကြသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် အာဟာရဇဩဇာသည် အညာဟာရသမုဋ္ဌိတ အာဟာရဇဩဇာဟူသော ကလာပ်ပြား အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် တို့တွင် ပါဝင်သော ဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိပါက ဌီကာလသို့ ရောက်ရှိခိုက်ဝယ် (အစာကို ကြေကျက်စေတတ်သော ပါစကတေဇောဓာတ် = ကမ္မဇဝမ်းမီး၏ ထက်မြက်မှု မထက်မြက်မှု, အာဟာရဇဩဇာ၏ သို့မဟုတ် အာဟာရဇဩဇာ၏ တည်ရာ စားမျိုဝါးမျိုလိုက်သော ဗာဟိရအာဟာရ၏ မွန်မြတ်မှု မမွန်မြတ်မှုတို့အပေါ်၌ အခြေစိုက်၍) အကြိမ် အနည်းငယ်သော် လည်းကောင်း, အကြိမ် များစွာသော်လည်းကောင်း ရုပ်ကလာပ် အသစ်အသစ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏။ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ = (၁၀)ကြိမ် (၁၂)ကြိမ်သော ရုပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏။ (ဝိသုဒ္ဓိ၊ ၂၊၂၅၁။) --- မြင်အောင် ရှုပါ။
ဤအပိုင်းတွင်ကား အထောက်အပံ့ ခံရသော ဩဇာမှာလည်း အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာတည်း။ အားပေးထောက်ပံ့ တတ်သော ဩဇာမှာလည်း အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာပင်တည်း။ အကျိုးလည်း အာဟာရဇဩဇာ, အကြောင်းလည်း အာဟာရဇဩဇာတည်း။ သို့သော် ကလာပ်ချင်း မတူညီဘဲ ကလာပ်ချင်း ကွဲပြား ကြသည်။
[မှတ်ချက် --- တစ်ဖန် ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်း တွင် တေဇောဓာတ် = ဥတုလည်း ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ် ဥတုကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်ပေါ် စေနိုင်ပြန်၏။ မြင်အောင် ရှုပါ။]
လိုရင်းမှတ်သားထားရန်
ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ တေဇောဓာတ် (= ဥတု)နှင့် ဩဇာ တို့ကား ပါမြဲဓမ္မတာပင် ဖြစ်၏။ ယေဘုယျအားဖြင့် ရုပ်ကလာပ်တိုင်း၌ တည် ရှိသော ဥတုကြောင့်လည်းကောင်း, ဩဇာကြောင့်လည်းကောင်း (ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့၏ အထောက်အပံ့ကို ရရှိသောအခါ) ရုပ် ကလာပ်တို့သည် နှစ်ခွ နှစ်ခွ ပွားနေကြ၏။ ဥပမာ - စက္ခုဒသကကလာပ်ကို ဓာတ်ခွဲကြည့်ပါက ရုပ်သဘောတရား (၁၀)မျိုး ရှိ၏။ ထိုတွင် တေဇောဓာတ် (= ဥတု)နှင့် ဩဇာတို့ ပါဝင်ကြ၏။ ဥတုကလည်း (ဥပါဒိန္နကရုပ်၏ အားပေး ထောက်ပံ့မှု အထောက်အပံ့အကြောင်းကို ရရှိခဲ့သော်) ဌီကာလသို့ ရောက် ခိုက်ဝယ် ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏။ တစ်ဖန် ဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရခဲ့သော် ဌီကာလသို့ ရောက်ခိုက်ဝယ် အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (သားရင်းများတည်း။)
တစ်ဖန် ယင်းစက္ခုဒသကကလာပ်၌ တည်ရှိသော တေဇောဓာတ် ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်ကို ပြန်၍ ဓာတ်ခွဲကြည့်ပါက ရုပ်သဘောတရား (၈)မျိုး ရှိနေ၏။ တေဇောဓာတ်လည်း ပါဝင်ပြန်၏။ ဩဇာလည်း ပါဝင်ပြန်၏။ ဥတုဇတေဇော ဥတုဇဩဇာတို့ပင်တည်း။ ယင်း ဥတုဇတေဇောဓာတ်ကလည်း (ဥပါဒိန္နကကမ္မဇရုပ်၏ အထောက်အပံ့ကောင်း ကို ရရှိသောအခါ) အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏။ (မြေးရပြန်ပြီ ဟူလို။)
ဥတုသမုဋ္ဌာနံ နာမ စတုသမုဋ္ဌာနော ဥတု ဥပါဒိန္နကံ ပစ္စယံ လဘိတွာ ဌာနပ္ပတ္တော သရီရေ ရူပံ သမုဋ္ဌာပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)
သတိပြုရန်
ယဒိပိ ဥတု ဥပါဒိန္နကေန ဝိနာပိ ရူပံ သမုဋ္ဌာပေတိ၊ ဣန္ဒြိယဗဒ္ဓေ ပန တေန ဝိနာ တဿ ရူပုပ္ပါဒနံ နတ္ထီတိ အာဟ ဥပါဒိန္နကံ ပစ္စယံ လဘိတွာတိ။ တေနာဟ စတုသမုဋ္ဌာနော ဥတူတိ။ ဥတုသမုဋ္ဌာနောယေဝ ဟိ ဥတု ဥပါဒိန္နကေန ဝိနာ ရူပံ သမုဋ္ဌာပေတိ။ (မဟာဋီ၊၂၊၄၀၄။)
ဤအထက်ပါ အဋ္ဌကထာ ဋီကာအဖွင့်တို့၏ ဆိုလိုရင်းသဘော အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။ --- ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဥတုခေါ် တေဇောဓာတ်သည် ဥပါဒိန္နကအမည်ရသည့် ကမ္မဇရုပ်နှင့် ကင်း၍လည်း ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သော်ငြားလည်း ဣန္ဒြေတို့နှင့် ဆက်စပ်နေသည့် သက်ရှိလောကဝယ် ယင်း ဥပါဒိန္နကခေါ် ကမ္မဇရုပ်နှင့် ကင်း၍ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်ကိုကား မဖြစ်စေနိုင်။ ဥပါဒိန္နကအမည်ရသည့် ကမ္မဇရုပ်နှင့် ကင်းပြီး ယင်း ဥတု = တေဇောဓာတ်က ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်ကို ဖြစ်စေခြင်းမည်သည် မရှိစကောင်းပေ။ ထို့ကြောင့် ဥပါဒိန္နက ခေါ် ကမ္မဇရုပ်၏ အကြောင်းအထောက်အပံ့ကို ရရှိပါမှ ယင်း ဥတုခေါ် တေဇောဓာတ်က ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်ကို ဖြစ်စေနိုင်ကြောင်းကို အဋ္ဌကထာက ဖွင့်ဆိုသွားခြင်း ဖြစ်ပေသည်။ ဥတုကြောင့်ဖြစ်သည့် ဥတု သမုဋ္ဌာန်ရုပ်တို့၌ ပါဝင်တည်ရှိသော ဥတုခေါ် တေဇောဓာတ်ကသာလျှင် ဥပါဒိန္နကခေါ် ကမ္မဇရုပ်နှင့် ကင်းပြီး ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်များကို ဖြစ်စေနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၅၁။ မဟာဋီ၊၂၊၄၀၄။)
ဆိုလိုရင်းသဘောကို ထပ်ရှင်းပြပေအံ့ --- ဤခန္ဓာအိမ်ဝယ် အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံကြောင့် ဖြစ်ပေါ်နေကြကုန်သော ကမ္မဇရုပ်တို့ ရှိကြ၏။ ယင်း ကမ္မဇရုပ်တို့ကို ဥပါဒိန္နကကမ္မဇရုပ်များဟု ခေါ်ဆို၏။ အတိတ် ဘဝဝယ် တဏှာဒိဋ္ဌိတို့ကို အခြေခံကာ ပြုစုပျိုးထောင်ခဲ့သော ကံက ငါ၏ အကျိုးဟု စွဲယူအပ်သည့် ရုပ်တရားတို့ ဖြစ်ကြ၏။ ယင်း ရုပ်တရားတို့ကို ဖြစ်ပေါ်စေတတ်သော အကြောင်းကံသည် အကယ်၍ အကျိုးဆက်ပေးနိုင်သည့် အရှိန်အဝါ ကုန်ဆုံးသွားသဖြင့် ကမ္မဇရုပ်အသစ်အသစ်တို့ ထပ်မံ မဖြစ်ပေါ်လာကုန်သည် ဖြစ်ငြားအံ့၊ ယင်း ကမ္မဇရုပ်တို့ မရှိကြတော့သဖြင့် ကမ္မဇရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုလည်း မရှိနိုင်တော့ပြီ၊ ကမ္မဇဩဇာလည်း မရှိနိုင်တော့ပြီ။ ယင်းသို့ဖြစ်လျှင် ကမ္မဇတေဇောဓာတ် = ဥတုကြောင့် ဖြစ်ပေါ်ရမည့် ဥတုဇဩဇဋ္ဌမကရုပ်တရားတို့လည်း မဖြစ်နိုင်ကြတော့လေကုန်ရာသည်။ ကမ္မဇဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇ ဩဇာတို့၏ အထောက်အပံ့ဖြင့် အာဟာရဇဩဇဋ္ဌမကရုပ်တို့ကို မဖြစ်စေနိုင်လေရာ။
အလားတူပင် ကမ္မဇရုပ်တို့ ချုပ်ဆုံးသွားကြသဖြင့် စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဟဒယဟူသော နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်တို့လည်း မရှိကြကုန်ပြီ ဖြစ်၏။ မှီရာဝတ္ထုရုပ်တို့ မရှိကြကုန်သော် ယခုကဲ့သို့ ခန္ဓာငါးပါး ရှိသည့် ပဉ္စဝေါကာရဘုံဝယ် စိတ်စေတသိက် = နာမ်တရားတို့လည်း ဖြစ်နိုင်ခွင့် မရှိကြလေကုန်ရာ။ ယင်းသို့ဖြစ်သော် စိတ်စေတသိက်တို့ကြောင့် ဖြစ်ကြရမည့် စိတ္တဇရုပ်တို့လည်း မရှိနိုင်ကြလေကုန်ရာ။ စိတ္တဇရုပ်တို့ မရှိ ကြတော့ခြင်းကြောင့် စိတ္တဇဥတု, စိတ္တဇဩဇာတို့လည်း မရှိကြတော့သဖြင့် စိတ္တဇဥတုကြောင့် ဖြစ်ကြရမည့် ဥတုဇဩဇဋ္ဌမကရုပ်, စိတ္တဇဩဇာကြောင့် ဖြစ်ကြရမည့် အာဟာရဇဩဇဋ္ဌမကရုပ်တို့လည်း မရှိနိုင်ကြလေကုန်ရာ။
အလားတူပင် ကမ္မဇရုပ်တို့ ချုပ်ဆုံးသွားကြသဖြင့် ကမ္မဇဝမ်းမီးလည်း မရှိနိုင်တော့လေရာ။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကောင်းကို မရတော့သည့်အတွက် အစာသစ်ကောဋ္ဌာသဖြစ်သည့် ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဥတုဇဩဇာကလည်း အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့ကို မဖြစ်စေနိုင်လေရာ။ ဩဇာလက္ခဏာသို့ ဆိုက်ရောက်လာသော ယင်း အာဟာရဇဩဇာ မရှိတော့သဖြင့် အခြားအခြားသော ကလာပ်ပြားဩဇာတို့ကို အားပေးထောက်ပံ့တတ်သော ဩဇာလည်း မရှိနိုင်တော့လေရာ။ ယင်းသို့ဖြစ်သော် အာဟာရဇရုပ်ကလာပ် အစဉ်အတန်းသည်လည်း ပျက်စီးပြီးသာ ဖြစ်သွားပေသည်။
ကမ္မဇရုပ်များ ချုပ်ဆုံးပြီးနောက် ဆက်လက် ဖြစ်နိုင်သော ရုပ်တရား တို့မှာ အလောင်းကောင်အဖြစ်နှင့် တည်ရှိနေကြသော ဥတုဇရုပ်တို့သာတည်း။ အလောင်းကောင်၌ တည်ရှိသော ရုပ်တရားတို့ကား ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့သာတည်း။ ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော တေဇောဓာတ် ကြောင့် ဆင့်ကဲ ဖြစ်ပွားနေသော ဥတုဇရုပ်တို့၏ အစဉ်အတန်းသာ ဖြစ်ပေသည်။ ယင်း ဥတုဇရုပ်တို့တွင် ပါဝင်တည်ရှိသော တေဇောဓာတ် = ဥတု တို့ကား ကမ္မဇရုပ်တို့၏ အထောက်အပံ့နှင့် ကင်း၍လည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိကြပေသည်။
ထိုကြောင့် ဣန္ဒြေတို့နှင့် ဆက်စပ်နေသည့် သက်ရှိလောကဝယ် ကမ္မဇဥတု, စိတ္တဇဥတု, အာဟာရဇဥတု ဟူသော ဥတုအသီးအသီးတို့က ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေရာ၌ ဥပါဒိန္နကအမည်ရသည့် ကမ္မဇရုပ်တို့၏ အထောက်အပံ့ကား လိုအပ်လျက်ပင် ရှိပေသည်။ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဥတုခေါ် တေဇောဓာတ်က ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေရာ၌သာ ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို မလိုဟု မှတ်သားပါလေ။ သက်မဲ့လောက ဥတုဇရုပ်တို့၌လည်း ပုံစံ တူပင် မှတ်သားပါလေ။
တစ်ဖန် ယင်းစက္ခုဒသကကလာပ်၌ တည်ရှိသော တေဇောဓာတ် ဥတု ကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာသည်လည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက်အပံ့ကောင်းကို ရရှိသော အခါ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (မြေးရပြန်ပြီ ဟူလိုသည်။) ဤနည်းအားဖြင့် စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော တေဇောဓာတ်ကို အခြေတည်၍ ဖြစ်ပေါ်လာသော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော တေဇောဓာတ်နှင့် ဩဇာကြောင့် (၄-၅)ဆင့်သော သားစဉ်မြေးဆက် ဥတုဇရုပ် အာဟာရဇရုပ်တို့ ဖြစ်ပုံကို မြင်အောင် ရှုပါ။
တစ်ဖန် ယင်းစက္ခုဒသကကလာပ်တွင်ပင် ဩဇာ ပါဝင်လျက် ရှိ၏။ ကမ္မဇဩဇာတည်း။ ယင်းဩဇာသည် ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်ကို ဖြစ်စေပြန်၏။ ယင်း ရုပ်ကလာပ်တွင် တေဇောဓာတ်နှင့် ဩဇာတို့ ပါဝင်ပြန်၏။ ယင်းတေဇောဓာတ်နှင့် ဩဇာတို့ကလည်း အထက်ပါအတိုင်း (၄-၅)ဆင့်သော ရုပ်ကလာပ်တို့ကို အဆင့်ဆင့် ဖြစ်ပေါ်စေနိုင်ပြန်၏။ မြင်အောင် ရှုပါ။ နှစ်ခွ နှစ်ခွ ပွားသွားပုံကို သဘောပေါက်အောင် အထပ်ထပ် လေ့လာပါ။ (မဟာဋီ၊၂၊၄၀၁ - ကြည့်ပါ။)
တစ်ဖန် မျက်စိ၌ပင် တည်ရှိသော ကာယဒသကကလာပ် ဘာဝဒသ ကကလာပ် စိတ္တဇဩဇဋ္ဌမကကလာပ် ဥတုဇဩဇဋ္ဌမကကလာပ် အာဟာရဇ ဩဇဋ္ဌမကကလာပ်ဟူသော ရုပ်ကလာပ် အသီးအသီး၌ တည်ရှိသော တေဇောဓာတ် (= ဥတု)နှင့် ဩဇာတို့ကလည်း ဥတုဇရုပ် အာဟာရဇရုပ်တို့ကို နှစ်ခွ နှစ်ခွ ဖြစ်ပွားသွားစေပုံကို မြင်အောင် ရှုပါ။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ပုံစံတူ ရှုရန် ဖြစ်သည်။
သတိပြုရန် --- ထိုကဲ့သို့ (၂)ဆင့် (၃)ဆင့် (၄)ဆင့် (၅)ဆင့် (၁၀)ဆင့် (၁၂)ဆင့်, အဆင့်များစွာ တိုင်အောင်, အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင် အောင် ရုပ်ကလာပ်တို့ကို အဆင့်ဆင့် ဖြစ်စေရာ၌ နောက်ဆုံးအဆင့်တွင် တည်ရှိသော ရုပ်ကလာပ်တွင်ပါဝင်သော တေဇောဓာတ်နှင့် ဩဇာတို့သည် အသစ်အသစ်သော ဥတုဇရုပ်ကလာပ်နှင့် အာဟာရဇရုပ်ကလာပ်ကို မဖြစ် စေနိုင်ဟု မှတ်ပါ။
ဤဖော်ပြပါ ရုပ်တို့၏ ဖြစ်ပုံကို သေချာစေ့ငု ဖတ်ရှု၍ ရုပ်ကမ္မဋ္ဌာန်း ဇယားများကို ကြည့်၍ ဆရာသမားနှင့်လည်း စနစ်တကျ လေ့ကျင့်ပေးပါက ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရားလေးပါးကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည့် တိုင်အောင် စနစ်တကျ ရှုပွားတတ် သိမ်းဆည်းတတ် ဉာဏ်ဖြင့် ပိုင်းခြားယူ တတ်မည် ဖြစ်ပေသည်။
ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း
(၆)ဒွါရ၌ တည်ရှိသော စတုသမုဋ္ဌာနိက (= ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော) ရုပ် တရားတို့ကို ရှုခြင်းသည် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းတည်း။ ထိုမှ တစ်ဆင့် တက်၍ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းကို ရှုနိုင်ပါသည်။ ဓာတ်ကမ္မဋ္ဌာန်း အကျယ် ရှုပွားနည်း၌ ---
၁။ ပထဝီကောဋ္ဌာသ --- ၂၀
၂။ အာပေါကောဋ္ဌာသ --- ၁၂
၃။ တေဇောကောဋ္ဌာသ --- ၄
၄။ ဝါယောကောဋ္ဌာသ --- ၆
အားလုံးပေါင်းသော် --- ၄၂ - ကောဋ္ဌာသ
ဤသို့လျှင် (၄၂)ကောဋ္ဌာသ လာရှိပေသည်။ ထိုတွင် ပထဝီကောဋ္ဌာသ (၂၀), အာပေါကောဋ္ဌာသ (၁၂)မျိုး - ပေါင်း (၃၂)ကောဋ္ဌာသတို့ကို ရုပ် အရေအတွက်နှင့်တကွ သမထကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့ပြီးလေ ပြီ။ ယင်းကောဋ္ဌာသ တစ်ခုစီ တစ်ခုစီ၌ ဓာတ်ကြီးလေးပါးကို မြင်အောင် ရှုပါ။ ရုပ်ကလာပ်များကို တွေ့မြင်ရသောအခါ အထက်ပါ ကာယဒွါရ၌ တင်ပြ ထားသော ဇယားကို နည်းမှီး၍ ရသင့်သမျှ ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွားပါ။ ထိုတွင် ---
၁။ ချွေး-မျက်ရည်-တံတွေး-နှပ် ဤကောဋ္ဌာသ (၄)မျိုးတို့၌ စိတ္တဇဩဇ ဋ္ဌမကရုပ် (၈) + ဥတုဇဩဇဋ္ဌမကရုပ် (၈) - နှစ်ရပ်ပေါင်းသော် (၁၆)မျိုး (၁၆)မျိုးစီသော ရုပ်တရားတို့ ရှိကြ၏။ စိတ်ကြောင့်လည်း ဖြစ်၏၊ ဥတု ကြောင့်လည်း ဖြစ်၏။
၂။ အစာသစ်-အစာဟောင်း-ပြည်-ကျင်ငယ် - ဤကောဋ္ဌာသ (၄)မျိုးတို့၌ ဥတုကြောင့်ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ် (၈)မျိုး (၈)မျိုးစီသာ ရှိ၏။
၃။ ကြွင်းသော ကောဋ္ဌာသ (၂၄)မျိုးတို့၌ကား ကာယဒွါရ၌ တင်ပြထား သည့်အတိုင်း ကောဋ္ဌာသတစ်ခု တစ်ခု၌ (၄၄)မျိုး (၄၄)မျိုးစီသော ရုပ်တရား တို့ ရှိကြ၏။ မြင်အောင်ရှုပါ။ သည်းခြေကို ရှုရာ၌ ဗဒ္ဓသည်းခြေ = အိမ် သည်းခြေ, အဗဒ္ဓသည်းခြေ = အရည်သည်းခြေ နှစ်မျိုးခွဲ၍ ရှုပါ။ သွေး ကောဋ္ဌာသ၌လည်း သန္နိစိတလောဟိတ = နှလုံး အသည်း စသည်တို့၏ ပတ်ဝန်းကျင်၌ မလည်ပတ်ဘဲ ငြိမ်သက်စွာ စုဝေးတည်နေသော သွေး, သံသရဏလောဟိတ = အကြောအတွင်းမှ တစ်ကိုယ်လုံးသို့ အနှံ့အပြား လည်ပတ်သွားလာနေသော သွေး - ဤ သွေးနှစ်မျိုးလုံး၌ (၄၄)မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။
တေဇောဓာတ် လွန်ကဲသော တေဇောကောဋ္ဌာသ (၄) မျိုး
၁။ သန္တပ္ပနတေဇော = တစ်ရက်ချန်ဖျားခြင်း
စသည်ဖြင့် ပြင်းစွာပူလောင်သော တေဇော = ၃၃
၂။ ဍာဟတေဇော = အလွန့်အလွန် ပြင်းထန်စွာ
ထက်ဝန်းကျင် ပူလောင်သော တေဇော = ၃၃
၃။ ဇီရဏတေဇော = အိုစေ, ရင့်ကျက်စေ,
ဆွေးမြည့်စေသော ပူလောင်သော တေဇော = ၃၃
၄။ ပါစကတေဇော = အစာကိုကြေကျက်စေသော
ပူလောင်သော တေဇော (ဇီဝိတနဝကကလာပ်) = ၉
မှတ်ချက် --- ဤတေဇောကောဋ္ဌာသ (၄)မျိုးကား ပထဝီကောဋ္ဌာသ, အာပေါကောဋ္ဌာသတို့ကဲ့သို့ ပုံသဏ္ဌာန် ကောဋ္ဌာသ မရှိပေ။ တေဇော ဓာတ် လွန်ကဲသော မကြည်သော ရုပ်ကလာပ်အမှုန်များသာ ဖြစ်ကြသည်။ ထိုကြောင့် ရုပ်ကလာပ်အမှုန်များအတွင်းမှာသာ တေဇောဓာတ် = အပူ လွန်ကဲသော ရုပ်ကလာပ်အမှုန်များကို ရှာဖွေ၍ ရှုပါ။ သန္တပ္ပနတေဇောနှင့် ဍာဟတေဇောတို့ကို ရှုရာ၌ အခက်အခဲရှိနေပါက မထင်မရှားဖြစ်နေပါက ဖျားနာနေသည့် အချိန်အခါ ဖျားနာခဲ့ဖူးသည့် အချိန်အခါကို အာရုံယူ၍ လှမ်းရှုကြည့်ပါ။
ဤ၌ (၃၃)မျိုးသော ရုပ်တရားတို့ဟူသည်မှာ ---
၁။ ဇီဝိတနဝကကလာပ် (ကမ္မဇ) = ၉
၂။ စိတ္တဇဩဇဋ္ဌမကကလာပ် = ၈
၃။ ဥတုဇဩဇဋ္ဌမကကလာပ် = ၈
၄။ အာဟာရဇဩဇဋ္ဌမကကလာပ် = ၈
အားလုံးပေါင်းသော် = ၃၃ - ဖြစ်သည်။
ဝါယောဓာတ်လွန်ကဲသော ဝါယောကောဋ္ဌာသ (၆) မျိုး
၁။ ဥဒ္ဓင်္ဂမဝါတာ = အထက်သို့ ဆန်တက်သောလေ = ၃၃
၂။ အဓောဂမဝါတာ = အောက်သို့ စုန်ဆင်းသောလေ = ၃၃
၃။ ကုစ္ဆိသယဝါတာ = ဝမ်းဗိုက်အတွင်း အူ၏
အပြင်ဘက်၌ တည်ရှိသောလေ = ၃၃
၄။ ကောဋ္ဌာသယဝါတာ = အူအတွင်း၌ တည်ရှိသောလေ = ၃၃
၅။ အင်္ဂမင်္ဂါနုသာရိနောဝါတာ = ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်
လျှောက်သော အကြောအတွင်း၌ တည်ရှိသောလေ = ၃၃
၆။ အဿာသပဿာသောဝါတာ = ဝင်သက်လေ ထွက်သက်လေ = ၉
ဤ၌ (၃၃) ဟူသည်မှာ ဇီဝိတနဝကကလာပ် (= ၉) + စိတ္တဇဩဇဋ္ဌမကကလာပ် (= ၈) + ဥတုဇဩဇဋ္ဌမကကလာပ် (= ၈) + အာဟာရဇဩဇဋ္ဌမကကလာပ် (= ၈) = ၃၃ ဖြစ်သည်။ ထိုတွင် ဇီဝိတနဝကကလာပ်မှာ ကမ္မဇရုပ်ကလာပ်ဖြစ်သည်။
ထို ဝါယောဓာတ် လွန်ကဲသော ဝါယောကောဋ္ဌာသ (၆)မျိုးလုံး၌ပင် ရှေးဦးစွာ မိမိရှုပွားလိုသော ဝါယောကောဋ္ဌာသ (= လေ)ကို ဉာဏ်ဖြင့် မြင် အောင် ကြည့်ပါ။ ဥပမာ - အထက်သို့ ဆန်တက်သော လေကို ရှုလိုပါက အူ၏အတွင်းစသည့် ထိုထိုအရပ်၌ တည်ရှိသော အထက်သို့ ဆန်တက်လာ သော လေကို ရှေးဦးစွာ မြင်အောင် ကြည့်ပါ။ မမြင်နိုင်ဖြစ်နေပါက မိမိရရှိ ထားပြီးသည့် သမာဓိကို အဆင့်ဆင့် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်း အင်များ အားကောင်းလာသောအခါ ယင်းလေကို တစ်ဖန်ပြန်၍ ရှုကြည့် ပါ။ အောင်မြင်မှု ရနိုင်ပါသည်။ ယင်းလေကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းလေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို (ဝါယောဓာတ် လွန်ကဲနေ သော ဓာတ်ကြီးလေးပါးကို) ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ယင်းသို့ ရှုလိုက်သော အခါ ဓာတ်ကြီးလေးပါးကိုလည်း ဉာဏ်ဖြင့် တွေ့မြင်ပါက မကြာမီ အချိန် ကာလအတွင်းမှာပင် သမာဓိအရှိန်တက်လာသောအခါ ယင်းလေ၌ တည်ရှိ သော ရုပ်ကလာပ်တို့ကို တွေ့မြင်နိုင်ပေသည်။ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲ ပါက အထက်တွင် ရေးသားတင်ပြထားသော ရုပ်သဘောတရား (၃၃)မျိုးကို တွေ့ရှိနိုင်ပေသည်။ ယင်းပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
အဿာသပဿာသ --- အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။ (ဝိသုဒ္ဓိ၊၁၊၃၄၅-၃၄၆။)
စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်အရ အဿာသပဿာသ = ဝင်သက်လေ ထွက်သက်လေဟူသည်ကား စိတ္တဇသဒ္ဒနဝက ကလာပ်တို့၏ (= စိတ္တဇသဒ္ဒနဝကရုပ်တို့၏) အပေါင်းအစုမျှသာတည်း။ ဘဝင်မနော အကြည်ကို သိမ်းဆည်း၍ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော ဘဝင်မနော အကြည်ဓာတ်နှင့် တကွသော စိတ်အသီးအသီးကြောင့် ယင်းဝင်သက်လေ ထွက်သက်လေ ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ယင်းလေကို လည်း ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းလေ၌ တည်ရှိသော ဓာတ်လေး ပါးကို မြင်အောင် ဆက်ရှုပါ။ သမာဓိ အဆင့်မီလာသောအခါ ရုပ်ကလာပ် အမှုန်များကို စတင် တွေ့ရှိနိုင်ပေသည်။ ရုပ်ကလာပ် တစ်ခုအတွင်း၌ တည် ရှိသော ပထဝီဓာတ်နှင့် အခြားရုပ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော ပထဝီဓာတ်တို့ စိတ္တဇဝါယောဓာတ်၏ စွမ်းအင်ကြောင့် ပွတ်ချုပ်ထိခိုက်လျက် ဖြစ်ပေါ်လာခြင်းကြောင့်, သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိ သော မဟာဘုတ်တို့နှင့် အခြားသော ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိ သော မဟာဘုတ်တို့သည် စိတ္တဇဝါယောဓာတ်၏ စွမ်းအင်ကြောင့် မဟာ ဘုတ် အချင်းချင်း အလွန် နီးကပ်စွာ ပွတ်ချုပ်ထိခိုက်လျက် ဖြစ်ပေါ်လာခြင်း ကြောင့် အသံ သဒ္ဒရုပ်လည်း ပါဝင်နေရကား စိတ္တဇသဒ္ဒနဝကကလာပ်ရုပ် တို့ ဖြစ်ကြသည်။ ယင်းရုပ်တရားတို့မှာ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စိတ်တို့ကြောင့် ဖြစ်ပေါ်တည်နေကြရ၏။ ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ (လဟုတာ-မုဒုတာ-ကမ္မညတာ ရုပ်တို့လည်း အသက်ရှူ၍ ကောင်းသော အခါ ပါဝင်နိုင်၏။ သဒ္ဒလဟုတာဒိဒွါဒသက ကလာပ်တို့တည်း။)
ဝါယောကောဋ္ဌာသ (၆)မျိုးလုံး၌ပင် ရှေးဦးစွာ လေကို မြင်အောင် ရှုပါ။ ထိုနောင် ယင်းလေ၌တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်သောအခါ အထက်ပါအတိုင်း ရုပ်တရား တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပါ။
ကမ္မဇ ရုပ်ကလာပ် (၉) စည်း
အထက်ပါ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်ကလာပ် အမျိုးအစားတို့တွင် သဘောတူရာ စုပေါင်း၍ ရေတွက်သော် ရုပ်ကလာပ် အမျိုးအစားအားဖြင့် ကမ္မဇကလာပ်, စိတ္တဇကလာပ်, ဥတုဇကလာပ်, အာဟာရဇကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၄)မျိုး ရှိ၏။ ထိုတွင် ကံကြောင့် ဖြစ်သော ကမ္မဇရုပ်ကလာပ်မှာ (၉)စည်း ရှိပေသည်။
၁။ စက္ခုဒသက ကလာပ်၊
၂။ သောတဒသက ကလာပ်၊
၃။ ဃာနဒသက ကလာပ်၊
၄။ ဇိဝှါဒသက ကလာပ်၊
၅။ ကာယဒသက ကလာပ်၊
၆။ ဣတ္ထိဘာဝဒသက ကလာပ်၊
၇။ ပုမ္ဘာဝဒသက ကလာပ်၊
၈။ ဟဒယဒသက ကလာပ်၊
၉။ ဇီဝိတနဝက ကလာပ်၊
အားလုံးပေါင်းသော် ကမ္မဇ ရုပ်ကလာပ် (၉)စည်း ဖြစ်သည်။ ယင်း ကမ္မဇရုပ်တို့သည် ပစ္စုပ္ပန်ကမ္မဇရုပ်ဖြစ်မူ အတိတ်ဘဝတစ်ခုခုတွင် ပြုစုပျိုး ထောင်ခဲ့သော ကံကြောင့် ဖြစ်၏။ အတိတ်ကမ္မဇရုပ်ဖြစ်မူ ယင်းအတိတ်၏ ရှေးဖြစ်သော အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံကြောင့်ဖြစ်၏။ အနာဂတ် ကမ္မဇရုပ်ဖြစ်မူ အတိတ်ဘဝ တစ်ခုခုက ပြုစုပျိုးထောင်ခဲ့သော အပရာပရိယ ဝေဒနီယကံ သို့မဟုတ် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော ဥပပဇ္ဇဝေဒနီယ အမည်ရသော ကံကြောင့်ဖြစ်၏။ ထိုကံသည် မည်သည့်ကံမျိုး ဖြစ်သည်ကို ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိသောအခါမှ သဘောကျနိုင်မည်၊ ကိုယ် တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်မည်။ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းနှင့် သက်ဆိုင်ပေသည်။ ဤအချိန်တွင်မူ ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်များ ဖြစ် ကြသည်ဟူ၍သာ ယာယီအားဖြင့် လက်ခံထားပါဦး။ တစ်ဖန် ဤတိုင်အောင် ရေးသားတင်ပြခဲ့သော (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကား ရုပ်အတုတို့နှင့် မရောနှောသော ရုပ်အစစ်တို့သာတည်း။ လက္ခဏာယာဉ် သုံးချက်တင်ကာ ဝိပဿနာ ရှု ကောင်းသော ရုပ်တရားတို့သာတည်း။ တစ်ဖန် ရုပ်အတုများနှင့် ရောနှော၍ ဖြစ်သော စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်များလည်း ရှိကြ၏။ ရုပ်အစစ် သက်သက်သာ ဖြစ်သော ရုပ်ကလာပ်တို့နှင့် ရုပ်အတုများရောနှော၍ နေ သော ရုပ်ကလာပ်တို့ကို စုပေါင်း၍ တင်ပြပေအံ့။
စိတ္တဇ ရုပ်ကလာပ် (၈) စည်း
၁။ စိတ္တဇ-သုဒ္ဓဋ္ဌက ကလာပ် = သက်သက်သော စိတ္တဇအဋ္ဌကလာပ်၊
၂။ ကာယဝိညတ္တိနဝက ကလာပ် = ကာယဝိညတ်လျှင် (၉)ခုမြောက် ရှိသော ရုပ်ကလာပ်၊
၃။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခု မြောက်ရှိသောရုပ်ကလာပ်၊
(၈+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၁။)
၄။ ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် = ကာယဝိညတ်-လဟု တာ စသည်လျှင် (၁၂)ခုမြောက် ရှိသော ရုပ်ကလာပ်၊
(၈+ကာယဝိညတ်+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)
၅။ ဝစီဝိညတ္တိဒသက ကလာပ် = ဝစီဝိညတ်-အသံလျှင် (၁၀)ခုမြောက် ရှိသော ရုပ်ကလာပ်၊ (၈+ဝစီဝိညတ်+အသံ = ၁၀။)
၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ် = ဝစီဝိညတ်-အသံ- လဟုတာ စသည်လျှင် (၁၃)ခုမြောက်ရှိသော ရုပ်ကလာပ်၊
(၈+ဝစီဝိညတ်+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၃။)
၇။ အဿာသပဿာသ-စိတ္တဇသဒ္ဒနဝကကလာပ် = ဝင်သက်လေ-ထွက် သက်လေ-စိတ်ကြောင့်ဖြစ်သော အသံလျှင် (၉)ခုမြောက် ရှိသော ရုပ်ကလာပ်၊ (၈+အသံ = ၉။)
၈။ အဿာသပဿာသ-စိတ္တဇသဒ္ဒလဟုတာဒိဒွါဒသကကလာပ် = ဝင် သက်လေ-ထွက်သက်လေ-စိတ်ကြောင့် ဖြစ်သော အသံ-လဟုတာ စသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ်၊
(၈+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)
၁။ ဤ၌ အမှတ် (၁)အဖြစ် သတ်မှတ်ထားသော ရုပ်ကလာပ်ကား (၆)ဒွါရ နှင့် (၄၂)ကောဋ္ဌာသတို့တွင် အချို့အချို့သော ကောဋ္ဌာသတို့၌ တည်ရှိသော ဩဇာလျှင် (၈)ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကကလာပ် ဖြစ်သည်။ ယင်း ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကား ရုပ်အစစ်တို့တည်း၊ ဝိပဿနာ ရှုကောင်း၏၊ ရှုကွက် ထင်ရှားပြီ။
၂။ ကာယဝိညတ္တိနဝက ကလာပ် --- ဘဝင်မနောအကြည်၌ ဘာဝနာစိတ် ကို စိုက်ထား၍ တစ်နည်း ဘဝင်မနောအကြည်ကို သိမ်းဆည်း၍ လက်ညှိုး တစ်ချောင်းကို ကွေးဆန့်ကြည့်ပါ။ ကွေးချင်ဆန့်ချင်သောစိတ် ကွေးနေ ဆန့်နေသော စိတ်တို့ကြောင့် စိတ္တဇရုပ်ကလာပ်တို့ လက်ညှိုးသို့တိုင်အောင် ပျံ့နှံ့သွားသည်ကို လက်ညှိုးသို့တိုင်အောင် လိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များ ကိုသာ တွေ့ရှိမည် ဖြစ်သည်။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ရုပ်သဘော တရား (၈)မျိုးစီ ရှိ၏။ ကွေးသည့် အမူအရာ ဆန့်သည့်အမူအရာ ဟူသော ကာယဝိညတ်နှင့် ပေါင်းသော် (၉)မျိုး ဖြစ်သည်။
၃။ လဟုတာဒေကဒသက ကလာပ် --- ရံခါ စိတ္တဇဩဇဋ္ဌမကရုပ်တို့ကို ရှုရာ၌ ယင်းရုပ်တို့၏ ပေါ့မှုသဘော, နူးညံ့မှုသဘော, (ကွေးခြင်းဆန့်ခြင်း စသော) ထိုထိုအမှု၌ ခံ့ညားမှုသဘော (= ကွေးလို့ ဆန့်လို့ လွယ်လွယ်ကူကူ သွက်သွက်လက်လက် ရနိုင်မှုသဘော) - ဤသဘောတရားများသည် ထင်ရှား နေတတ်၏။ ထိုအခါ ယင်းရုပ်အတုတို့ကိုပါ ရောနှော၍ သိမ်းဆည်းပါ။
၄။ ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် --- အမှတ် (၂) ကာယ ဝိညတ္တိနဝက ကလာပ်၌ တင်ပြထားသည့် ရှုကွက်အတိုင်း ရှုပါ။ အမှတ် (၂) ကာယဝိညတ္တိနဝက ကလာပ်၌ လဟုတာ+မုဒုတာ+ကမ္မညတာဟူသော ရုပ်အတုတို့ မပါဝင်ကြပေ။ ဤကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် ၌ကား ယင်းရုပ်အတု သုံးမျိုးတို့ပါ ပါဝင်ကြ၏။ ကွေးခြင်းဆန့်ခြင်း စသော ထိုထိုကိုယ်အမူအရာကို ပြုလုပ်ရာ၌ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် သွက် သွက်လက်လက် ပြုလုပ်နိုင်ပါက ယင်းရုပ်အတု သုံးမျိုးတို့ ပါဝင်၍ လေးလံ ထိုင်းမှိုင်းနေပါက ယင်းသုံးမျိုးတို့ မပါဝင်ကြပေ။ ဉာဏ်ဖြင့် မြင်အောင် ပိုင်း ခြားယူပါ၊ သိမ်းဆည်းပါ။
[မှတ်ချက် --- ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌ ဤကာယ ဝိညတ်ပါဝင်သော ကာယဝိညတ္တိနဝကကလာပ်+ကာယဝိညတ္တိလဟုတာ ဒိဒွါဒသကကလာပ် - ဤရုပ်ကလာပ်နှစ်မျိုးတို့ကား ပြဓာန်းလျက် ရှိ၏။ အရေးပါလှသော ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိ၏။ ဤရုပ်တရားတို့ကို မသိမ်းဆည်းတတ်ပါက ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌ ပရမတ် သို့ ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းဖို့ရန် ဉာဏ်ဖြင့် ပိုင်းခြား ယူဖို့ရန်မှာ မမျှော်မှန်းသင့်သော အရာသာ ဖြစ်ပေသည်။]
၅။ ဝစီဝိညတ္တိဒသကကလာပ် --- က-ခ စသော အက္ခရာများကို တစ်လုံးစီ ရွတ်ဆိုကြည့်ပါ။ ဘဝင်မနောအကြည် = မနောဒွါရကို သိမ်းဆည်းထားပါ။ ထိုနောက် က-ခ စသည်ဖြင့် ရွတ်ဆိုလိုသောစိတ် ရွတ်ဆိုနေသောစိတ်များကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။ ယင်းစိတ်များကြောင့် စိတ္တဇရုပ်ကလာပ် အမှုန်များသည် လည်ချောင်းစသော ထိုထိုအသံဖြစ်ရာ အရပ်ဌာနသို့ တိုင် အောင် ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ပျံ့နှံ့သွားပုံကိုလည်းကောင်း, ယင်းစိတ္တဇရုပ်ကလာပ်တွင် ပါဝင်သော ပထဝီဓာတ် (= ပထဝီဓာတ်၏ သဘာ ဝသတ္တိစွမ်းအင် လွန်ကဲသော မဟာဘုတ်)နှင့် အသံဖြစ်ရာဌာန၌ တည်ရှိ သော ကမ္မဇရုပ်ကလာပ်များတွင် ပါဝင်သော ပထဝီဓာတ်တို့၏ (= ပထဝီ ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော မဟာဘုတ်တို့၏) ပထဝီဓာတ် အချင်းချင်း (= မဟာဘုတ်အချင်းချင်း) ရိုက်ခတ်သဖြင့် (= ပွတ်ချုပ်ထိခိုက် သဖြင့်) အသံဖြစ်ပေါ်လာပုံကိုလည်းကောင်း, ပြောဆိုသည့် ရွတ်ဆိုသည့် ဝစီဝိညတ် နှုတ်အမူအရာကိုလည်းကောင်း ကွဲပြားအောင် ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုပါ။
၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ် --- ဤရုပ်ကလာပ် ကိုလည်း အထက်ပါအတိုင်းပင် ရှုပါ။ ထိုသို့ပြောဆိုရာ ရွတ်ဆိုရာ၌ ပေါ့ပေါ့ ပါးပါး သွက်သွက်လက်လက် ရှိ၍ ရွတ်ဆို၍ အချိုးကျ အဆင်ပြေလျှင် လဟု တာ မုဒုတာ ကမ္မညတာရုပ်တို့ ပါဝင်သည်။ ဤမျှသာ ထူးသည်။ ဤအမှတ် (၅-၆) ရုပ်ကလာပ်တို့ကား စကားပြောဆိုစဉ် ရှုရမည့် သမ္ပဇဉ်ပိုင်း ရှုကွက် အတွက် ပြဓာန်းသော ရုပ်တရားတို့တည်း။
၇။ အဿာသပဿာသ စိတ္တဇသဒ္ဒနဝက ကလာပ်၊
၈။ အဿာသပဿာသ စိတ္တဇသဒ္ဒလဟုတာဒိဒွါဒသက ကလာပ်၊
စိတ္တဇရုပ်ကလာပ်များကို (၆)စည်းအဖြစ်ဖြင့် လက်ခံထားသော်လည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၃) ၌ အဿာသပဿာသ-စိတ္တဇသဒ္ဒနဝက ရုပ်ကလာပ်ရှိကြောင်းကို ဖွင့်ဆိုထား၏။
အဿာသပဿာသော ဣတိ ဝါ။ (အဘိ၊၂၊၈၆။)
ဤပါဠိတော်နှင့် အညီ ဖွင့်ဆိုခြင်းသာ ဖြစ်၏။ ယင်း ဝင်သက်လေ ထွက်သက်လေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းပါ။ သမာဓိစွမ်းအင် အားကောင်းသည်နှင့်အမျှ ရုပ်ကလာပ်များ ကို စတင်တွေ့ရှိနိုင်၏။ ရုပ်ကလာပ် တစ်ခုတစ်ခု၌ အသံနှင့် ပေါင်းသော် (၉)မျိုး ရှိ၏။ ရံခါ အသက်ရှူရသည်မှာ ပေါ့ပေါ့ပါးပါး သွက်သွက်လက် လက် သိမ်သိမ်မွေ့မွေ့ဖြင့် ရှူ၍ သိပ်ကောင်းနေပါက သိပ်အချိုးကျနေပါက လဟုတာ မုဒုတာ ကမ္မညတာတို့လည်း ပါဝင်လာ၏။ အဿာသပဿာသ စိတ္တဇသဒ္ဒလဟုတာဒိဒွါဒသက ကလာပ် ဖြစ်၏။
ဥတုဇ ရုပ်ကလာပ် (၄) စည်း
၁။ ဥတုဇ-သုဒ္ဓဋ္ဌက ကလာပ် = ဥတုကြောင့်ဖြစ်သော သက်သက်သော ဩဇာလျှင် (၈)ခုမြောက်ရှိသော ရုပ်ကလာပ်။ (ရုပ်အစစ်တည်း။)
၂။ ဥတုဇ-သဒ္ဒနဝက ကလာပ် = ဥတုကြောင့်ဖြစ်သော အသံလျှင် (၉)ခု မြောက်ရှိသော ရုပ်ကလာပ်၊ (၈+အသံ = ၉။) (ရုပ်အစစ်တည်း။)
၃။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခု မြောက်ရှိသော ရုပ်ကလာပ်၊
(၈+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၁။)
၄။ သဒ္ဒလဟုတာဒိဒွါဒသက ကလာပ် = အသံ-လဟုတာစသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ်၊
(၈+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)
ဤဥတုဇရုပ်ကလာပ် (၄)စည်းတို့တွင် နံပါတ် (၁) (၂)တို့ကား ရုပ်အစစ် တို့တည်း။ ဝိပဿနာရှုကောင်းသော ရုပ်များတည်း။ နံပါတ် (၁)ကား (၆)ဒွါရ တို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့တွင် အချို့သော ကောဋ္ဌာသတို့၌ လည်းကောင်း ထိုက်သလို တည်ရှိ၏။ နံပါတ် (၂)ကား ဝမ်းအော်သံ စသော အသံပါသော ရုပ်ကလာပ်တည်း။ ဤနံပါတ် (၁-၂) ရုပ်ကလာပ် (၂)မျိုးတို့ ကား အဇ္ဈတ္တ၌လည်းကောင်း, ဗဟိဒ္ဓ သက်ရှိလောက သက်မဲ့လောက နှစ်မျိုး လုံး၌လည်းကောင်း တည်ရှိ၏။
နံပါတ် (၃-၄)တို့ကား ရုပ်အတုများနှင့် ရောနှောနေ၏။ ယင်းရုပ်အတု တို့ကား ဝိပဿနာ မရှုကောင်းပေ။ ရုပ်တရားတို့ကို သိမ်းဆည်းရာ နာမရူပ ပရိစ္ဆေဒဉာဏ်ပိုင်း၌သာ ရောနှော၍ သိမ်းဆည်းရန်ဖြစ်သည်။ ယင်းနှစ်မျိုး သော ရုပ်ကလာပ်တို့ကား ဗဟိဒ္ဓ သက်မဲ့အရာဝတ္ထုတို့၌ မရနိုင်။ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ သန္တာန်၌သာ ရရှိနိုင်သည်။ ဝိပဿနာ ရှုရာ၌ လဟုတာ-မုဒုတာ-ကမ္မညတာတို့ကို ဝိပဿနာ မရှုကောင်းသဖြင့် ယင်းတို့ကို နှုတ်ပယ်လိုက်သော် ယင်းရုပ်ကလာပ်တို့သည် နံပါတ် (၁-၂)တို့နှင့် လုံးဝ တူညီသွားပေသည်။ ထို့ကြောင့် ရုပ်အစစ်တို့ကိုသာ ဝိပဿနာရှုရမည်ဟု လိုရင်းကို မှတ်သားထားပါ။
အသံ (၃) မျိုး
၁။ အသက်ရှူသံ = အဿာသပဿာသ စိတ္တဇသဒ္ဒနဝက ကလာပ်၊
၂။ စကားပြောသံ = ဝစီဝိညတ္တိဒသက ကလာပ်၊
၃။ ဝမ်းအော်သံ လေတိုက်သံ စသည် = ဥတုဇသဒ္ဒနဝက ကလာပ်၊
နံပါတ် (၁-၂)တို့ကား အဇ္ဈတ္တ ဗဟိဒ္ဓ သက်ရှိသန္တာန်၌သာ ရရှိနိုင်၏။ နံပါတ် (၃) ဥတုဇသဒ္ဒနဝက ကလာပ်ကား သက်ရှိ သက်မဲ့ နှစ်မျိုးစလုံး၌ ရရှိနိုင်၏။ လေတိုက်သံစသည်တို့ကား သက်မဲ့ ဥတုဇသဒ္ဒနဝက ကလာပ်တို့ တည်း။ သမာဓိကို အဆင့်ဆင့် ထူထောင်၍ လင်းရောင်ခြည်စွမ်းအင် အား ကောင်းလာသောအခါ ယင်းတိုက်ခတ်နေသောလေကို လင်းရောင်ခြည်၏ အကူအညီဖြင့် လှမ်း၍အာရုံယူကြည့်ပါ။ လေကို မြင်တွေ့ရသောအခါ ယင်း လေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းလိုက်ပါက သမာဓိ၏ အရှိန်အဝါ အားကောင်းလာသည်နှင့်အမျှ ရုပ်ကလာပ်များကို စတင်တွေ့ရှိ နိုင်ပေသည်။ ထိုအခါ (၉)မျိုးသော ပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ သစ်ခက်ချင်း ရိုက်ခတ်သံ မိုးချုန်းသံ စသည်တို့၌လည်း နည်းတူပင် ရှုနိုင် သည်။ ဝစီဝိညတ်ကား ဝိပဿနာ မရှုကောင်းပေ။ အသံကိုကား သို့မဟုတ် အသံနှင့်တကွသော အတူဖြစ်သော ကလာပ်တူ ရုပ်အစစ်တို့ကား ဝိပဿနာ ရှုကောင်းသော သမ္မသနရုပ်တရားတို့တည်း။
အာဟာရဇ ရုပ်ကလာပ် (၂) စည်း
၁။ အာဟာရဇ-သုဒ္ဓဋ္ဌက ကလာပ် = အာဟာရကြောင့် ဖြစ်သော သက် သက်သော ဩဇာလျှင် (၈)ခုမြောက် ရှိသော ရုပ်ကလာပ်၊
၂။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခု မြောက် ရှိသော ရုပ်ကလာပ်၊
ဤရုပ်ကလာပ် နှစ်မျိုးတို့တွင် နံပါတ် (၁)ကား (၆)ဒွါရတို့၌လည်း ကောင်း, (၄၂)ကောဋ္ဌာသတို့တွင် အာဟာရဇရုပ်ကလာပ် ရကောင်းရာ အချို့ အချို့သော ကောဋ္ဌာသတို့၌လည်းကောင်း ရရှိနိုင်၏။ ရုပ်အစစ်တို့တည်း၊ ဝိပဿနာရှုကောင်းသော ရုပ်တို့တည်း။
နံပါတ် (၂) ရုပ်ကလာပ်သည်လည်း (၆)ဒွါရနှင့် အာဟာရဇရုပ်က လာပ် ရကောင်းရာ အချို့အချို့သော ကောဋ္ဌာသတို့၌ ထိုက်သလို ရရှိနိုင်၏။ သို့သော် ရုပ်အတုများနှင့်ကား ရောနှောနေ၍ ယင်းရုပ်အတုတို့ကား ဝိပဿနာ မရှုကောင်းပေ။ ရုပ်တရားတို့ကို သိမ်းဆည်းရာ၌သာ ရောနှော၍ သိမ်းဆည်းရန်ဖြစ်သည်။ ဝိပဿနာရှုရာ၌ကား ယင်းရုပ်အတုတို့ကို ချန်လှပ် ထား၍ ရုပ်အစစ်တို့ကိုသာ ဝိပဿနာရှုရမည် ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် ဝိပဿနာရှုရမည့်ရုပ်မှာ နံပါတ် (၁) ရုပ်ကလာပ်နှင့် ပုံစံတူသွားပေပြီ။ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ သန္တာန်၌သာ ယင်းရုပ်ကလာပ်နှစ်မျိုးလုံး ကို ရရှိနိုင်သည်။
လက္ခဏရုပ် (၄) ပါး ရှုကွက်
ဥပစယမှာ ပဋိသန္ဓေ ကလလရေကြည် ဦးစွာတည်ခိုက်မှစ၍ ဣန္ဒြေ ပြည့်စုံသည်တိုင်အောင်သော ရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ ရှုရန် ဖြစ်သည်။ သန္တတိ ဇရတာ အနိစ္စတာတို့မှာ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်တို့၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် သဘောပင် ဖြစ်သည်။
ရှေးဦးစွာ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ရုပ်ကလာပ်တစ်ခုစီ ဓာတ်ခွဲ၍ ထိုရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော (၈)မျိုး (၉)မျိုး (၁၀) မျိုးသော ရုပ်အစစ်တို့၏ ပြိုင်တူ ဖြစ်မှု တည်မှု ပျက်မှုကို မြင်အောင် ရှုပါ။ ထိုနောင် (၆)ဒွါရတို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့၌လည်းကောင်း တည်ရှိသော ရုပ်အစစ်တို့ကို ဒွါရတစ်ခုစီ ကောဋ္ဌာသတစ်ခုစီ ခွဲ၍ ယင်းဒွါရ အသီးအသီး၌ တည်ရှိသော ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကိုလည်း ကောင်း, ကောဋ္ဌာသ အသီးအသီး၌ တည်ရှိသော ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကိုလည်းကောင်း မြင်အောင် ရှုပါ။ ထိုနောင် (၆)ဒွါရ (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ရနိုင်သမျှ ရုပ်အစစ်အားလုံးတို့ကို ခြုံငုံ၍ ဖြစ်-တည်-ပျက် ရှုပါ။
[မှတ်ချက် --- ရုပ်အားလုံးသည် ပြိုင်တူ ဖြစ်သည် တည်သည် ပျက် သည်ဟုကား မဆိုလိုပါ။ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏတ္တယအတွင်း၌ ပြိုင်တူ ဖြစ်-တည်-ပျက် ရစကောင်းသော ရုပ်တရားတို့ကို ခြုံ၍ ရှုရန် သာ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။]
ရုပ်တို့၏ ဖြစ်ပုံ ပျက်ပုံ ဓမ္မတာ
ဤတွင် ရုပ်တို့၏ ဖြစ်ပုံ ပျက်ပုံ အခြင်းအရာ ဓမ္မတာကို အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။ ရုပ်တို့၏ သက်တမ်း အချိန်ကာလကို စိတ္တက္ခဏ (၁၇)ချက်ဖြင့် ပုံသေ တိုင်းတာပြထား၏။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း ၌လည်း ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟု ခဏငယ် သုံးမျိုးစီ ရှိနေ၏။ ထိုကြောင့် ရုပ်တို့သည် စိတ္တက္ခဏကြီးအားဖြင့် (၁၇)ချက်, ခဏငယ်အားဖြင့် (၅၁)ချက် သက်တမ်းရှည်ကြ၏။ ထိုအောက် လျော့၍သော်လည်းကောင်း, ထိုထက် ပိုလွန်၍သော်လည်းကောင်း သက်တမ်း မရှည်ကြပေ။
ဥပမာ - စိတ္တက္ခဏတစ်ခုကို အမှတ် (၁) စိတ္တက္ခဏဟု သတ်မှတ်ကြ ပါစို့။ ကမ္မဇရုပ်ကလာပ်တိုင်းသည် ယင်း စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ကံအရှိန်အဝါ မကုန်သေး သမျှ ကာလပတ်လုံး ဘဝသက်တမ်းတစ်လျှောက်ဝယ် အမြဲတမ်း ဖြစ်နေ၏။ ယင်းအမှတ် (၁) စိတ္တက္ခဏ၏ ဥပါဒ်ကာလ၌ စ၍ ဥပါဒ်ကြသော ရုပ်တရား တို့သည် အမှတ် (၁၇) စိတ္တက္ခဏ၏ ဘင်ကာလနှင့် ပြိုင်၍ချုပ်ကြ၏။ ယင်း အမှတ် (၁) စိတ္တက္ခဏ၏ ဌီကာလနှင့် ပြိုင်၍ ဖြစ်ကြသော ဥပါဒ်ကြသော ရုပ်တရားတို့သည် အမှတ် (၁၈) စိတ္တက္ခဏ၏ ဥပါဒ်ကာလ၌ ချုပ်ဆုံးကြ၏။ ယင်းအမှတ် (၁) စိတ္တက္ခဏ၏ ဘင်ကာလနှင့် ပြိုင်၍ ဥပါဒ်ကြသော ရုပ် တရားတို့သည် အမှတ် (၁၈) စိတ်၏ ဌီကာလ၌ ချုပ်ဆုံးကြ၏။ ဤ၌ အမှတ် (၁၇) (၁၈)ဟူသည် အမှတ် (၁)မှ ထောက်၍ သတ်မှတ်အပ်သော စိတ္တက္ခဏ တစ်မျိုးမျိုးကို ဆိုလိုသည်။
တစ်ဖန် စိတ္တဇရုပ်တို့သည်လည်း ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စိတ်တိုင်း စိတ်တိုင်း၏ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ အမြဲတမ်း ဘဝတစ်လျှောက်ဝယ် ဖြစ်နေကြ၏။ အမှတ် (၁)ဟု သတ်မှတ်လိုက်သော စိတ္တက္ခဏနှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော စိတ္တဇရုပ်တရားတို့သည် အမှတ် (၁၇)ဟု သတ်မှတ်ထားသော စိတ္တက္ခဏ၏ ဘင်ကာလ၌ ချုပ်ဆုံးကြ၏။
တစ်ဖန် ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇ ကလာပ်တိုင်းလိုလို၌ ပါဝင်သော တေဇောဓာတ်သည်လည်း ရုပ်၏ ဌီကာလ သို့ ရောက်တိုင်း ရောက်တိုင်း ဥတုဇရုပ်များကို ဖြစ်စေနိုင်ပြန်၏။ အမှတ် (၁) စိတ္တက္ခဏ၏ ဥပါဒ်ကာလ၌ ဖြစ်ကြသော ကမ္မဇရုပ်တို့သည် ယင်းအမှတ် (၁) စိတ္တက္ခဏ၏ ဌီကာလဝယ် ရုပ်၏ ဌီကာလသို့ ဆိုက်ရောက်လာသဖြင့် ယင်းရုပ်တို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ် အသီးအသီးသည် ဥတုဇရုပ် အသီးအသီးကို ဖြစ်စေပြန်၏။ အလားတူပင် ယင်းအမှတ် (၁)ဟု သတ်မှတ် ထားအပ်သော စိတ်၏ေ့ရှတွင် ကပ်လျက်ဖြစ်သွားသော စိတ္တက္ခဏ၏ ဘင် ကာလနှင့် ပြိုင်၍ ဥပါဒ်ကြသော ကမ္မဇရုပ်တို့သည် ယင်း အမှတ် (၁)ဟု သတ်မှတ်လိုက်သော စိတ်၏ ဥပါဒ်ကာလ၌ ရုပ်၏ဌီကာလသို့ ဆိုက်ရောက် လာသဖြင့် ယင်းရုပ်တရားတို့တွင် အကျုံးဝင်သော ကမ္မဇတေဇောဓာတ် အသီးအသီးသည် ဥတုဇရုပ်ကလာပ် အသီးအသီးကို ဖြစ်စေပြန်၏။ ယင်း အမှတ် (၁)ဟု သတ်မှတ်လိုက်သော စိတ်နှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော ဥတုဇရုပ်တည်း။ တစ်ဖန် ယင်းအမှတ် (၁)ဟု သတ်မှတ်ထားသော စိတ်၏ ဘင်ကာလ၌စ၍ ဥပါဒ်ကြကုန်သော ကမ္မဇရုပ်တို့သည် အမှတ် (၂)စိတ်၏ ဥပါဒ်ကာလ၌ ရုပ်၏ ဌီကာလသို့ ဆိုက်ရောက်လာသဖြင့် ယင်းရုပ်တရား တို့တွင် အကျုံးဝင်သော ကမ္မဇတေဇောဓာတ် အသီးအသီးသည်လည်း ဥတုဇ ဩဇဋ္ဌမကရုပ်ကလာပ် အသီးအသီးကို ဖြစ်စေနိုင်ပြန်၏။ တစ်ဖန် ယင်း အမှတ် (၁)ဟု သတ်မှတ်အပ်သော စိတ်၏ ဌီကာလ၌ စ၍ ဥပါဒ်ကြသော ကမ္မဇရုပ်တို့သည် ယင်းအမှတ် (၁)စိတ်၏ ဘင်ကာလ၌ ရုပ်၏ဌီကာလသို့ ဆိုက်ရောက်လာသဖြင့် ယင်း ရုပ်တရားတို့တွင် အကျုံးဝင်သော ကမ္မဇ တေဇောဓာတ်သည် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ ပြန်၏။ ဤရှင်းလင်းချက်အရ ယေဘုယျအားဖြင့် ကမ္မဇဥတုကြောင့်ဖြစ်သော ဥတုဇရုပ်တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်သည်ဟု မှတ်ပါ။ အလားတူပင် စိတ္တက္ခဏ (၁၇)ချက် သို့မဟုတ် ခဏငယ် (၅၁)ချက် ပြည့်ရာ စိတ္တက္ခဏ တိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ပျက်သည် ချုပ်သည်ဟု သိပါ။
စိတ္တဇရုပ်တို့သည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း၌ ဖြစ်ကြသဖြင့် ယင်းစိတ္တက္ခဏ၏ ဌီကာလသို့ ရောက်မှသာလျှင် စိတ္တဇရုပ်တို့လည်း ဌီကာလ သို့ ရောက်ရှိကြ၏။ ထိုကြောင့် ယင်းစိတ္တဇရုပ်တို့တွင် အကျုံးဝင်သော စိတ္တဇ တေဇောဓာတ် (= ဥတု) သည်လည်း စိတ္တက္ခဏတိုင်း၏ ဌီကာလတိုင်း၌ (ပဉ္စဝိညာဏ်၏ ဌီကာလမှ လွဲလျှင်) ရုပ်၏ ဌီကာလသို့ ရောက်ရှိလာသဖြင့် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပြန်၏။ ယင်းဥတုဇ ရုပ်တို့သည်လည်း စိတ္တက္ခဏ (၁၇)ချက် ခဏငယ် (၅၁)ချက်ပြည့်ရာ ယင်း စိတ်မှ ရေတွက်သော် (၁၈)ခုမြောက်သော စိတ်၏ ဥပါဒ်ကာလ၌ ချုပ်ပျက် ကြ၏။
တစ်ဖန် ရှေးရှေး ဥတုဇရုပ်တို့တွင် ပါဝင်သော ဥတုဇတေဇောဓာတ် သည်လည်း စွမ်းအင်မကုန်သေးက ဥတုဇရုပ်ကလာပ် အသစ်အသစ်ကို ဌီ ကာလသို့ ရောက်ခိုက်၌ ဖြစ်စေနိုင်ပြန်၏။ ဥတုဇရုပ်တို့သည်လည်း စိတ္တက္ခဏ တိုင်း၏ ဥပါဒ်တိုင်း ဌီတိုင်း ဘင်တိုင်း၌ ဖြစ်နိုင်ရကား ဤဥတုဇတေဇောဓာတ် သည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလ တိုင်း၌ ဥတုဇရုပ်ကို ဖြစ်စေနိုင်၏။ အလားတူပင် စိတ္တက္ခဏ (၁၇)ချက် ခဏ ငယ် (၅၁)ချက်ပြည့်ရာ စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ချုပ်ပျက်ပေသည်။
တစ်ဖန် အာဟာရဇရုပ်များသည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ် ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်ကြ၏။ ဥပါဒ်ကာလ တိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ချုပ်ပျက်နိုင်ကြသည်။ ကမ္မဇ ရုပ်တို့သည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလ တိုင်း၌ ဥပါဒ်နိုင်သဖြင့်, စိတ္တဇရုပ်တို့လည်း ဥပါဒ်ကာလတိုင်း၌ ဥပါဒ်နိုင်ကြ ဖြစ်နိုင်ကြသဖြင့်, ဥတုဇရုပ်တို့လည်း ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင် ကာလတိုင်း၌ ဖြစ်နိုင်ကြသဖြင့်, အာဟာရဇဩဇာကြောင့် ဖြစ်သော အာဟာရဇရုပ်တို့သည်လည်း စိတ်တို့၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်ကြသဖြင့် ယင်းသို့ ဖြစ်နိုင်ကြသော စတုသမုဋ္ဌာနိက ဩဇာတို့သည် ရုပ်၏ ဌီကာလသို့ ရောက်တိုင်း ရောက်တိုင်း ကလာပ်ပြား အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိပါက အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပြန်၏။ အာဟာရဇရုပ်တို့သည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်ကြသဖြင့် ယင်းအာဟာရဇရုပ်တို့တွင် အကျုံးဝင်သော တေဇောဓာတ် ဥတုသည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင် ကာလတိုင်းဝယ် ရုပ်၏ ဌီကာလသို့ ရောက်ခိုက် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပြန်၏။ ထိုကြောင့် စိတ္တက္ခဏတိုင်း၏ ဥပါဒ် ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ချုပ်ပျက်နိုင်၏။
ဤရှင်းလင်းချက်နှင့်အညီ စိတ္တက္ခဏတစ်ခုက ရပ်၍ ကြည့်လျှင် ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ် နေကြကုန်သော စတုသမုဋ္ဌာနိကရုပ်တို့သည် ယင်းစိတ္တက္ခဏ၏ ဥပါဒ်ကာလ ၌ ဖြစ်နေသော ရုပ်တို့သည်လည်း ရှိကြ၏။ သက်တမ်း မကုန်သေးသဖြင့် (= စိတ္တက္ခဏ (၁၇)ချက် ခဏငယ် (၅၁)ချက် မပြည့်သေးသဖြင့်) ဆက်လက် ဖြစ်နေကြသော ဌီကာလ၌ တည်ရှိနေကြသော ရုပ်တရားတို့လည်း ရှိ၏။ သက်တမ်းစေ့သဖြင့် ချုပ်ပျက်သွားကြသော ရုပ်တရားတို့လည်း ရှိကြ၏။
လောကူပမာကိုဆောင်ရသော် - အခိုင်အမာကျစ်ထားသော အုန်းဆံ ကြိုး တစ်ချောင်းကို ဖြေကြည့်ပါ။ ထိုအုန်းဆံကြိုးဟူသည် (၄)လက်မ (၅) လက်မ တစ်ထွာ တစ်မိုက် စသည့်ဖြင့် ရှည်လျားသော အုန်းဆံမျှင်များကို စုပေါင်း၍ ကျစ်ထားသည်ကို တွေ့နိုင်၏။ တစ်နေရာတွင် ရပ်ကြည့်ပါက ယင်းအုန်းဆံမျှင်တို့၏ အစကိုလည်း တွေ့နိုင်၏။ အဆုံးကိုလည်း တွေ့နိုင်၏၊ အလယ်သဘောတရားကိုလည်း တွေ့နိုင်၏။
ဤဥပမာအတူပင် ရုပ်တို့သည် စိတ္တက္ခဏတစ်ခုတစ်ခု၏ ခဏငယ် တိုင်း ခဏငယ်တိုင်း၌ (= ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌) ဖြစ်မှုလည်း ရှိကြ၏၊ ပျက်မှုလည်း ရှိကြ၏၊ ဌီကာလသို့ ရောက်နေဆဲလည်း ရှိကြ၏။ ယင်းသို့လျှင် ရုပ်တို့၏ ဖြစ်ပုံသည် နာမ်တို့၏ဖြစ်ပုံနှင့် မတူညီသည့် အတွက် ယင်းရုပ်တို့၏လည်း ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသည့်အတွက် ရုပ်တရားတို့ကို ပရမတ်ဉာဏ်ပညာမျက်စိ မရှိသူတို့ သည် အတုံးလိုက် အခဲလိုက် ပုံသဏ္ဌာန်အလိုက် တွေ့ရှိနေကြခြင်း ဖြစ်၏။
နာမ်တရားတို့ကား စိတ္တက္ခဏတစ်ခု၏ အတွင်း၌ နှစ်ခု သုံးခု စသည် ဖြင့် ပြိုင်၍ ပြိုင်တူဖြစ်ရိုး ဓမ္မတာမရှိ၊ စိတ္တက္ခဏတစ်ခုပြီးမှ အခြားစိတ္တက္ခဏ တစ်ခု ထပ်ဖြစ်နိုင်၏။ ရုပ်တရားတို့သည်ကား စိတ္တက္ခဏတိုင်း စိတ္တက္ခဏ တိုင်း၏ ခဏငယ်တိုင်း ခဏငယ်တိုင်း၌ ပြိုင်တူ များစွာ ဖြစ်လည်းဖြစ်နိုင် ကြ၏၊ ပျက်လည်း ပျက်နိုင်ကြ၏၊ တည်လည်း တည်တံ့နိုင်ကြ၏။ စိတ်တို့၏ ဥပါဒ်ကာလနှင့် ရုပ်တို့၏ ဥပါဒ်ကာလ, စိတ်တို့၏ ဘင်ကာလနှင့် ရုပ်တို့၏ ဘင်ကာလကား တူညီလျက်ပင် ရှိကြ၏၊ ဌီကာလကား ကွဲလွဲလျက်ရှိကြ၏။ ရုပ်တို့၏ဌီကာလသည် စိတ္တက္ခဏ (၁၆)ချက်နှင့် ခဏငယ်တစ်ချက်, တစ်နည်း စိတ်၏ ခဏငယ်ပေါင်း (၄၉)ချက် သက်တမ်းရှိနေ၏။ အချို့သော ရုပ်တို့၏ ဌီကာလနှင့် အချို့သော ရုပ်တို့၏ ဌီကာလမှာ ထပ်လျက်ရှိနေ၏။ စိတ္တက္ခဏ အနည်းငယ် အတိုးအဆုတ်လည်း ရှိနေ၏။ ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြ၏၊ အထပ်ထပ် ပျက်နေကြ၏၊ အထပ်ထပ် တည်နေ ကြ၏။ သန္တတိဃန အတုံးအခဲကို မဖြိုခွဲနိုင်ပါက တစ်ဆက်တည်းဟု တစ်ခု တည်း တစ်တုံးတစ်ခဲတည်းဟု ထင်နေတတ်ကြ၏။ မနေ့ကလည်း ငါပဲ ယနေ့လည်း ငါပဲဟု, မနေ့ကလည်း သူပဲ ယနေ့လည်း သူပဲဟု အထင်လွဲ နေတတ်ကြ၏။ ငါပဲ သူပဲ ယောက်ျားပဲ မိန်းမပဲ ပုဂ္ဂိုလ်သတ္တဝါပဲ လူပဲ နတ်ပဲ ဗြဟ္မာပဲဟု အထင်လွဲနေကြ၏ = အသိမှားနေကြ၏။ ယင်း အသိမှားမှု အဝိဇ္ဇာနေရာ၌ ပရမတ်သို့ တိုင်အောင် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိသည့် ဝိဇ္ဇာဉာဏ်ကို ယခု အစားထိုးနေခြင်းပင် ဖြစ်သည်။
ရုပ်-ရုပ် ဟု ရှုရမည့် အချိန်
တံ သဗ္ဗာနိပိ တာနိ ရုပ္ပနလက္ခဏေန ဧကတော ကတွာ ဧတံ ရူပန္တိ ပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
အသင်သူတော်ကောင်းသည် ယခုအခါ၌ကား (၆)ဒွါရ (၄၂)ကောဋ္ဌာ သတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတုတို့ကို ပရမတ်သို့ဆိုက်အောင် သိမ်း ဆည်းနိုင်သောအဆင့် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော အဆင့်သို့ကား ရောက် ရှိနေပြီဖြစ်၏။ ထိုအဆင့်တွင် ယင်းရုပ်တရားအားလုံးတို့၏ ဖောက်ပြန်တတ် သော သဘောလက္ခဏာကို = ေ့ရှကဖြစ်သွားသော ရုပ်တို့၏ ဖြစ်ပုံအခြင်း အရာနှင့် မတူသော နောက်နောက်သော ရုပ်တို့၏ ဖြစ်ပုံအခြင်းအရာဟူသော ရုပ်အစဉ်သန္တတိ၏ မတူကွဲပြားသော ဖြစ်ပုံအခြင်းအရာကို အာရုံပြု၍ ယင်း ရုပ်တရားတို့၏ ယင်းကဲ့သို့ ဖောက်ပြန်တတ်သော ရုပ္ပနလက္ခဏာအားဖြင့် တူညီမှု ရှိသောကြောင့် တစ်ပေါင်းတစ်စုတည်းပြု၍ -ဧတံ ရူပံ = ဤကား ရုပ်တရားဟု ရှုရန် အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ညွှန်ကြားလျက်ရှိ၏။ ယင်းညွှန်ကြားချက်နှင့်အညီ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတုအားလုံးကို ခြုံငုံ၍ ရုပ်တရား ရုပ်တရားဟု ရှုရန်အချိန် ဖြစ်သည်။
သို့သော် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအား လုံးကို မခြုံနိုင် မငုံနိုင် ဖြစ်နေပါက ေ့ရှဦးစွာ ဒွါရတစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော (၅၄)မျိုးသော ရုပ်အစစ် (၄၄-မျိုးသော ရုပ်အစစ်)တို့နှင့် ရနိုင် သမျှ ရုပ်အတုတို့ကို ဖောက်ပြန်တတ်သော ရုပ္ပနသဘောလက္ခဏာအားဖြင့် တစ်ပေါင်းတစ်စုတည်းပြု၍ ရောနှောခြုံငုံ၍ ---
၁။ ဤကား ရုပ်-ရုပ်ဟုလည်းကောင်း, သို့မဟုတ်
၂။ ရုပ်တရား-ရုပ်တရားဟုလည်းကောင်း, သို့မဟုတ်
၃။ ရုပ်-ရုပ်ဟုလည်းကောင်း ရှုပါ။
(၄၂)ကောဋ္ဌာသတို့၌လည်း ကောဋ္ဌာသတစ်ခုစီ၌ ရနိုင်သမျှ ရုပ်အစစ် နှင့် ရုပ်အတုတို့ကို တစ်ပေါင်းတည်း တစ်စုတည်းပြု၍ ရောနှော ခြုံငုံ၍ ယင်းတို့၏ ဖောက်ပြန်တတ်သော သဘောလက္ခဏာအားဖြင့် တစ်ပေါင်း တစ်စုတည်းပြု၍ နည်းတူ ရှုပါ။
တစ်ဖန် ဒွါရတစ်ခုစီ၌လည်းကောင်း, ကောဋ္ဌာသတစ်ခုစီ၌လည်းကောင်း တည်ရှိသော ရုပ်တရားတို့ကို ပေါင်းစုခြုံငုံ၍ ရှုပွားနိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတု အားလုံးတို့ကို ဖောက်ပြန်တတ်သော သဘောလက္ခဏာ အားဖြင့် တစ်ပေါင်းတစ်စုတည်းပြု၍ ရောနှောခြုံငုံ၍ ---
၁။ ဤကား-ရုပ်-ရုပ် ဟုလည်းကောင်း, သို့မဟုတ်
၂။ ရုပ်တရား-ရုပ်တရားဟုလည်းကောင်း, သို့မဟုတ်
၃။ ရုပ်-ရုပ်ဟုလည်းကောင်း ရှုပါ၊ သိမ်းဆည်းပါ။
ဖောက်ပြန်တတ်သော သဘော
ဖောက်ပြန်တတ်သော သဘောဟူသည် ပူမှု အေးမှု စသော ဆန့်ကျင် ဘက် အကြောင်းတရားတို့ကြောင့် ရုပ်သန္တတိအစဉ်၏ မတူသော ဖြစ်ခြင်း, ပုံစံအမျိုးမျိုးပြောင်းလဲ၍ ဖြစ်ခြင်းကို ဆိုလိုသည်။ အပူဓာတ် အပူရှိန် လွန်ကဲ လာသောအခါ အပူဖျား ဖျားသော ရုပ်သန္တတိအစဉ်များ ဆက်တိုက်ဖြစ်နေမှု, အအေးဓာတ် အအေးရှိန် လွန်ကဲလာသောအခါ အအေးနာ နာသော ရုပ် သန္တတိအစဉ်များ ဆက်တိုက်ဖြစ်နေမှုမျိုးကို ဆိုလိုသည်။ သို့သော် ထိုရုပ် သန္တတိအစဉ်အတွင်း၌ တည်ရှိကြသော ပထဝီ အာပေါစသော ပရမတ္ထသဘာဝ တရားတို့ကား မိမိတို့၏ မာမှု ယိုစီးမှု စသော ကိုယ်ပိုင်သဘာဝ လက္ခဏာများ၏ ပြောင်းလဲမှုမရှိသဖြင့် ပရမတ်ဟူသော အမည်ကို ရရှိကြ သည်သာ ဖြစ်ပေသည်။
သတိပြုရန် ရုပ်တရားရှုကွက်
၁။ ရုပ်ကလာပ်များကို မမြင်ခင် သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော ဥပစာရသမာဓိသို့ ဆိုက်အောင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိကို ထူထောင်ခိုက်၌ကား ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ဓာတ်ကြီး လေးပါးကိုသာ ရှုနေပါ။
၂။ ရုပ်ကလာပ်တို့ကို မြင်၍ ရုပ်ကလာပ်တို့ကို ဓာတ်ခွဲရာ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းရာ၌ကား - ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဇီဝိတ စက္ခုပသာဒ - ဤသို့စသည်ဖြင့် ထိုသို့ ရုပ်ကလာပ်အလိုက် သိမ်းဆည်းရှုပွားပါ။
၃။ ဒွါရတစ်ခု ကောဋ္ဌာသတစ်ခုအတွင်း၌ တည်ရှိသော ရုပ်တရားအား လုံးကိုလည်းကောင်း, (၆)ဒွါရ (၄၂)ကောဋ္ဌာသဟူသော တစ်ကိုယ်လုံး၌ တည် ရှိသော ရုပ်တရားအားလုံးကိုလည်းကောင်း ဖောက်ပြန်တတ်သော သဘော လက္ခဏာအားဖြင့် တစ်ပေါင်းတစ်စုတည်းပြု၍ ရောနှောခြုံငုံ၍ သိမ်းဆည်း နိုင်သောအခါ ---
၁။ ဤကား ရုပ်-ရုပ်ဟုလည်းကောင်း, သို့မဟုတ်
၂။ ရုပ်တရား-ရုပ်တရားဟုလည်းကောင်း, သို့မဟုတ်
၃။ ရုပ်-ရုပ်ဟုလည်းကောင်း သိမ်းဆည်းရှုပွားပါ။
တိုက်တွန်းပါရစေ
မူလပဏ္ဏာသပါဠိတော် မဟာဂေါပါလကသုတ္တန် (မ၊၁၊၂၈၂။)၌ လည်းကောင်း, ယင်းမဟာဂေါပါလကသုတ္တန်အဋ္ဌကထာ (မ၊ဋ္ဌ၊၂၊၁၆၃-၁၆၄။)၌ လည်းကောင်း ယောဂါဝစရ ရဟန်းတော်သည် ---
၁။ ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ်အားလုံးကို ရုပ် (၂၈)ပါးဟူသော အရေ အတွက်အားဖြင့်လည်းကောင်း,
၂။ (က) မည်သည့်ရုပ်တရားများက ကံကြောင့် ဖြစ်သည်။
( ခ ) မည်သည့်ရုပ်တရားများက စိတ်ကြောင့် ဖြစ်သည်။
( ဂ ) မည်သည့်ရုပ်တရားများက ဥတုကြောင့် ဖြစ်သည်။
(ဃ) မည်သည့်ရုပ်တရားများက အာဟာရကြောင့် ဖြစ်သည်။
( င ) မည်သည့်ရုပ်တရားများက အကြောင်းတစ်မျိုးကြောင့် ဖြစ်သည်။
( စ ) မည်သည့်ရုပ်တရားများက အကြောင်းနှစ်မျိုးကြောင့် ဖြစ်သည်။
(ဆ) မည်သည့်ရုပ်တရားများက အကြောင်းသုံးမျိုးကြောင့် ဖြစ်သည်။
( ဇ ) မည်သည့်ရုပ်တရားများက အကြောင်းလေးမျိုးလုံးကြောင့် ဖြစ် သည်။
(စျ) မည်သည့်ရုပ်တရားများက မည်သည့်အကြောင်းကြောင့်မျှ မဖြစ် ဟု (လက္ခဏရုပ်လေးခုကို ဆိုလိုသည်။) ---
အကြောင်းသမုဋ္ဌာန်အားဖြင့်လည်းကောင်း,
ဤသို့ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မရှုနိုင်ပါက မမြင်နိုင်ပါက မသိ နိုင်ပါက မသိမ်းဆည်းနိုင်ပါက မဂ်ဖိုလ် နိဗ္ဗာန်သို့ မဆိုက်ရောက်နိုင်၊ ရှုနိုင်ပါမှ မြင်နိုင်ပါမှ သိနိုင်ပါမှ သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်ပါမှ သာလျှင် မဂ်ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မည်ဖြစ်ကြောင်း လာရှိ၏။ (မ၊၁၊၂၈၂။ မ၊ဋ္ဌ၊၂၊၁၆၃-၁၆၄ - ကြည့်ပါ။)
ထို့ကြောင့် တရားစစ်တရားမှန်ကို လိုလားတောင့်တလျက် ရှိသော နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကြီးကို လိုလားတောင့်တလျက် ရှိသော အသင်သူတော်ကောင်းသည် ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်း တရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်နေသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ပရမတ္ထ ဓာတ်သား တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် သိသည့်တိုင်အောင် မြင်သည့် တိုင်အောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း (၆)ဒွါရ (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို သိမ်းဆည်းနိုင်ပါမှသာလျှင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှသာလျှင် ရုပ် (၂၈)ပါးဟူသော အရေအတွက် ကိုလည်းကောင်း, မည်သည့်ရုပ်တရားများက မည်သည့်အကြောင်းတရား များကြောင့် ဖြစ်ပေါ်နေရသည်ဟု အကြောင်းသမုဋ္ဌာန်ကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိရှိနိုင်မည်ဖြစ်သည်။ အကယ်၍ ရုပ်ကလာပ်များကို ဉာဏ် ဖြင့် မတွေ့မြင်ခဲ့သော်လည်းကောင်း, တွေ့မြင်လျှင်လည်း ပရမတ်သို့ ဆိုက် အောင် ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်ခဲ့သော်လည်းကောင်း ရုပ် (၂၈)ပါးဟူသော အရေအတွက်ကိုလည်းကောင်း, မည်သည့်ရုပ်တရားများက မည်သည့်အ ကြောင်းတရားကြောင့် ဖြစ်နေရပါသည်ဟူသော အကြောင်းသမုဋ္ဌာန်ကို လည်းကောင်း သိရှိနိုင်ရေးမှာ မိုးနှင့် မြေကြီးပမာ အလွန့်အလွန် အလှမ်း ဝေးကွာလျက်ပင် ရှိနေပေသည်။ ထို့ကြောင့် ဘုရားရှင်ဆိုလိုသော နိဗ္ဗာန် တရားတော်မြတ်ကြီးကိုလည်းကောင်း, ယင်းနိဗ္ဗာန်သို့ ရောက်စေတတ်သော တိကျမှန်ကန်သော ဝိပဿနာဉာဏ်တို့ကိုလည်းကောင်း လိုလားတောင့်တ ခဲ့ပါလျှင် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လာရှိသည့်အတိုင်း အရေအတွက် အားဖြင့်လည်းကောင်း, အကြောင်းသမုဋ္ဌာန်အားဖြင့်လည်းကောင်း နှစ်မျိုး သော အခြင်းအရာအားဖြင့် ရုပ်တရားတို့ကို သိမ်းဆည်းနိုင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်အောင် ကြိုးပမ်းပါလေ။
အကယ်၍ အသင်သူတော်ကောင်းဘက်က ---
၁။ ရုပ် (၂၈)ပါးဟူသော အရေအတွက်ကိုလည်းကောင်း,
၂။ မည်သည့်ရုပ်တရားက မည်သည့်အကြောင်းကြောင့် ဖြစ်သည်ဟု အကြောင်းသမုဋ္ဌာန်ကိုလည်းကောင်း ---
ဟုတ်တိုင်းမှန်စွာ မသိသော်လည်း ဝိပဿနာဉာဏ်ကိုလည်း ရရှိနိုင် သည်၊ မဂ်ဖိုလ် နိဗ္ဗာန်ကိုလည်း ရရှိနိုင်သည်ဟု အယူအဆရှိနေသည် ဖြစ်အံ့၊ အသင် သူတော်ကောင်းသည် သဗ္ဗညုတဉာဏ်တော်မြတ်ပိုင်ရှင် သဗ္ဗညု သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်နှင့် ယှဉ်ပြိုင်၍ စင်ပြိုင်သာသနာတော် တစ်ရပ်ကို ထူထောင်ရတော့မည် ဖြစ်သဖြင့် သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ် ဖြာ၍ ဟောကြားထားတော်မူသော တရားဒေသနာတော်တို့ကို လက်မခံလိုဘဲ ပယ်လှန်လိုသော အသင်သူတော်ကောင်း၏ သန္တာန်၌လည်း သဗ္ဗညုတ ဉာဏ်တော်မြတ်ကြီးထက် သာလွန်၍ အဆင့်မြင့်သော ဉာဏ်တော်ကြီး တစ်ခု ရှိထားပြီး ဖြစ်ဖို့ကား အထူး လိုအပ်နေမည်သာ ဖြစ်ပေသည်။
__________
ဣရိယာပထ သမ္ပဇညပိုင်း
ဣရိယာပထ သမ္ပဇည ရှုကွက်
ကိဉ္စာပိ ဟိ ယံကိဉ္စိ ကမ္မဋ္ဌာနံ သတဿ သမ္ပဇာနေဿဝ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၆။)
မည်သည့် ကမ္မဋ္ဌာန်းကို မဆို ပွားများ အားထုတ်သောအခါ သတိ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံပါမှသာလျှင် ယင်းကမ္မဋ္ဌာန်းဘာဝနာသည် ပြီးစီး ပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၆။)
ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်များနှင့်အညီ သမထကမ္မဋ္ဌာန်း ကိုပင်ဖြစ်စေ, ဝိပဿနာကမ္မဋ္ဌာန်းကိုပင်ဖြစ်စေ မည်သည့်ကမ္မဋ္ဌာန်းကိုမဆို ပွားများအားထုတ်ရာ၌ ဣရိယာပထပိုင်းဆိုင်ရာရှုကွက်, သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့ကို စနစ်တကျ ရှုသင့်ပေသည်။ ထိုသို့ ရှုတတ်ရန် ဤတွင် အကျဉ်း ချုပ်၍ ရေးသားတင်ပြပေအံ့။
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ---
၁။ ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊
၂။ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ၊
၃။ နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ၊
၄။ သယာနော ဝါ သယာနောမှီတိ ပဇာနာတိ။ (မ၊၁၊၇၁။)
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းသည်-
၁။ သွားလျှင်လည်း သွား၏ဟု ကွဲကွဲပြားပြား သိ၏။
၂။ ရပ်လျှင်လည်း ရပ်၏ဟု ကွဲကွဲပြားပြား သိ၏။
၃။ ထိုင်လျှင်လည်း ထိုင်၏ဟု ကွဲကွဲပြားပြား သိ၏။
၄။ အိပ်လျှင်လည်း = လျောင်းလျှင်လည်း အိပ်၏ = လျောင်း၏ဟု ကွဲကွဲပြားပြား သိ၏။ (မ၊၁၊၇၁။) (ဣရိယာပထပိုင်းရှုကွက်။)
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ---
၁။ အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊
၂။ အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊
၃။ သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊
၄။ သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ၊
၅။ အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ၊
၆။ ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ၊
၇။ ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။ (မ၊၁၊၇၂။)
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းသည်-
၁။ ေ့ရှသို့တက်ရာ နောက်သို့ဆုတ်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။
၂။ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။
၃။ ကွေးရာ ဆန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။
၄။ ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ ရှိ၏။
၅။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။
၆။ ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။
၇။ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ပျော်ရာ နိုးလာရာ စကားပြောရာ ဆိတ် ဆိတ်နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ (မ၊၁၊၇၂။) (သမ္ပဇဉ်ပိုင်းရှုကွက်)
ဤအထက်ပါ စာပိုဒ် နှစ်ပိုဒ်တို့တွင် ပထမစာပိုဒ်ကား ဣရိယာပထ ပိုင်းဆိုင်ရာ ပထမဆင့် ရှုကွက်ဖြစ်၍ ဒုတိယစာပိုဒ်ကား သမ္ပဇဉ်ပိုင်းဆိုင်ရာ ပထမဆင့်ရှုကွက် ဖြစ်သည်။ ယင်းရှုကွက်တို့ကား တစ်ခုနှင့်တစ်ခု ဆက်စပ်မှု ရှိနေ၏။ ယင်းရှုကွက်တို့ကို ဘုရားရှင်၏ အလိုတော်ကျအတိုင်း မည်သို့ မည်ပုံ ရှုရန် ဖြစ်သည်ကို အဋ္ဌကထာ ဋီကာတို့၌ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း တင်ပြထားတော်မူကြ၏။ ယင်းရှင်းလင်း ဖွင့်ဆိုချက်များကို အကျဉ်းချုပ်၍ ရေးသားတင်ပြအပ်ပါသည်။
ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ။ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ၊ နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ၊ သယာနော ဝါ သယာနောမှီတိ ပဇာနာတီတိ ဣမသ္မိဥှိ ဌာနေ အဒ္ဓါနဣရိယာပထာ ကထိတာ။ အဘိက္ကန္တေ ပဋိက္ကန္တေ အာလောကိတေ ဝိလောကိတေ သမိဉ္ဇိတေ ပသာရိတေတိ ဣမသ္မိံ မဇ္ဈိမာ။ ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေတိ ဣဓ ပန ခုဒ္ဒကစုဏ္ဏိကဣရိယာပထာ ကထိတာ။ တသ္မာ ဧတေသုပိ ဝုတ္တနယေနေဝ သမ္ပဇာနကာရိတာ ဝေဒိတဗွာ။ (မ၊ဋ္ဌ၊၁၊၂၇၃။)
ဘုရားရှင်သည် ဣရိယာပထပဗ္ဗ = ဣရိယာပထပိုင်း ရှုကွက်၌လည်း သွား-ရပ်-ထိုင်-လျောင်း ဣရိယာပုထ်အခိုက်တို့၌ ဝိပဿနာရှုရန် ညွှန်ကြား ထားတော်မူ၏။ တစ်ဖန် - သမ္ပဇဉ်ပိုင်းဝယ် အဘိက္ကန္တေ ပဋိက္ကန္တေ = ေ့ရှသို့တက်ရာ နောက်သို့ဆုတ်ရာစသည့် ထိုထိုဣရိယာပုထ်အခိုက်တို့၌ လည်း ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ တစ်ဖန် သမ္ပဇဉ်ပိုင်းဝယ်- ဂတေ ဌိတေစသည်ဖြင့် သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ စသည့် ဣရိယာပုထ် အခိုက်တို့၌ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ဣရိယာပထပိုင်း၌ တစ်ကြိမ်, သမ္ပဇဉ်ပိုင်း၌ နှစ်ကြိမ် - အားလုံး သုံးကြိမ်တိုင်တိုင် သွား ရပ် ထိုင် လျောင်း စသည့် ထိုထို ဣရိယာပုထ်အခိုက်အတန့်တို့၌ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ယင်း ညွှန်ကြားချက်နှင့် ပတ်သက်၍ အဋ္ဌကထာက အထက်ပါအတိုင်း ရှင်းလင်းတင်ပြထား၏။ ယင်းအဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
၁။ ဣရိယာပထပဗ္ဗ၌ သွား-ရပ်-ထိုင်-လျောင်း ဣရိယာပုထ် လေးပါးတို့ ၌ကား အဓွန့်ရှည်သော ဣရိယာပုထ်တို့ကို ရည်ညွှန်းထားတော်မူ၏။ အဓွန့် ရှည်စွာ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာတို့၌ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာငါးပါး ရုပ်နာမ် တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုရန် ရည်ညွှန်း ထားတော်မူ၏။ (မ၊ဋ္ဌ၊၁၊၂၇၃။)
၂။ ေ့ရှသို့တက်ရာ နောက်သို့ဆုတ်ရာ တည့်တည့်ကြည့်ရာ စောင်းငဲ့ ကြည့်ရာ ကွေးရာ ဆန့်ရာ ဤ (၆)ဌာနတို့၌ကား အလယ်အလတ်စား ဣရိယာပုထ်များကို ရည်ညွှန်းထားတော်မူ၏။ ဆွမ်းခံသွားရာ စသည့် ထိုထို ဣရိယာပုထ် အခိုက်အတန့်တို့၌လည်း ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်း လျက် အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုရန် ရည်ညွှန်းထားတော်မူ၏။ (မ၊ဋ္ဌ၊၁၊၂၇၃။)
၃။ သမ္ပဇဉ်ပိုင်းဝယ် အမှတ် (၇)အဖြစ် တင်ပြထားသော သွားရာ ရပ်ရာ ထိုင်ရာ အိပ်ပျော်ရာ နိုးလာရာဟူသော ဤ (၅)ဌာနတို့၌ကား ကျောင်း အတွင်း ထိုထိုဤဤ အရပ်သို့ သွားခြင်း စင်္ကြံလျှောက်ခြင်း တရားထိုင်စဉ် ေ့ရှတိုး နောက်ဆုတ်ပြုခြင်း စသည့် အသေးစား ဣရိယာပုထ်တို့ကို ရည်ညွှန်း ထားတော်မူ၏။ ကျောင်းအတွင်း ထိုထိုဤဤ သွားရပ် ထိုင်လျောင်း ဟူသော အသေးစား အတိုစား ဣရိယာပုထ်တို့ အခိုက်၌လည်း ယောဂါဝစရပုဂ္ဂိုလ် သည် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေး သုံးတန် တင်ကာ ဝိပဿနာရှုရမည် ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၁၊၂၇၃။)
သို့သော် အဋ္ဌကထာတွင် မဟာသီဝ မထေရ်မြတ်ကြီး၏ အယူအဆ ကိုလည်း တင်ပြထား၏။ မဟာသီဝ ရဟန္တာအရှင်မြတ်ကြီး၏ အယူအဆမှာ ဤသို့ ဖြစ်၏။
သွား-ရပ်-ထိုင်-လျောင်းဟူသော ဣရိယာပထရှုကွက်, ေ့ရှသို့တက်ရာ နောက်သို့ဆုတ်ရာ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ ကွေးရာ ဆန့်ရာ ဟူသော သမ္ပဇဉ်ရှုကွက်တို့၌ ထိုထို သွားဆဲ ရပ်ဆဲ ထိုင်ဆဲ လျောင်းဆဲ ေ့ရှသို့တက်ဆဲ နောက်သို့ဆုတ်ဆဲ တည့်တည့်ကြည့်ဆဲ စောင်းငဲ့ကြည့်ဆဲ ကွေးဆဲ ဆန့်ဆဲ ဟူသော ထိုထိုဣရိယာပထ အခိုက်အတန့်တို့၌လည်း ခန္ဓာ ငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့် တကွ သော ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရန် ရည်ညွှန်းတော်မူ၏။
အမှတ် (၇)အဖြစ် သတ်မှတ်လျက် ဖော်ပြထားသော ဂတေ-ဌိတေ-နိသိန္နေ-သုတ္တေ-ဇာဂရိတေ-ဘာသိတေ-တုဏှီဘာဝေ = သွားပြီးရာ ရပ်ပြီးရာ ထိုင်ပြီးရာ အိပ်ပြီးရာ နိုးလာရာ စကားပြောဆိုရာ စကားမပြော ဆိတ်ဆိတ်နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလုပ်ရန် ညွှန်ကြားချက်မှာ ထိုထို ဣရိယာပုထ်ကို ပြုပြီးရာအခါ၌ ထိုထို ဣရိယာပုထ်အခိုက်အတန့်က ဖြစ်ခဲ့ပြီးသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုရန် ရည်ညွှန်း ထားတော်မူ၏။ --- ဤသို့လျှင် မဟာသီဝမထေရ်မြတ်ကြီးက မိန့်ဆိုတော် မူကြောင်းကို အဋ္ဌကထာ၌ ဖွင့်ဆိုထားတော်မူ၏။ (အကျယ်ကို အဋ္ဌကထာ တွင် ကြည့်ပါ။) (မ၊ဋ္ဌ၊၁၊၂၇၃-၂၇၄။)
၁။ ဤညွှန်ကြားချက်များအရ အသင်သူတော်ကောင်းသည် --- သွားဆဲ ရပ်ဆဲ ထိုင်ဆဲ အိပ်ဆဲ ေ့ရှသို့တက်ဆဲ နောက်သို့ဆုတ်ဆဲ တည့်တည့်ကြည့်ဆဲ စောင်းငဲ့ကြည့်ဆဲ ကွေးဆဲ ဆန့်ဆဲ စသည့် ထိုထိုဣရိယာပုထ် အခိုက်အတန့် တို့၌လည်း ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပါ။
၂။ သွားပြီးရာ ရပ်ပြီးရာ ထိုင်ပြီးရာ အိပ်ပြီးရာ (= လျောင်းပြီးရာ) နိုးပြီးရာ အခါတို့၌လည်း ထိုထိုသွားဆဲ ရပ်ဆဲ ထိုင်ဆဲ အိပ်ဆဲ လျောင်းဆဲ နိုးဆဲ အချိန်ကာလက ဖြစ်ခဲ့သော အတိတ် ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို သိမ်း ဆည်းလျက် ဝိပဿနာရှုပါ။
သွားဆဲ၌လည်း ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို ဝိပဿနာ ရှုရ၏။ သွားပြီးလျှင်လည်း သွားဆဲအချိန်က ဖြစ်ခဲ့ပြီးသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား တို့ကို တစ်ဖန် ပြန်သိမ်းဆည်းလျက် ဝိပဿနာရှုရ၏။ မည်သို့ ရှုရမည်နည်း၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်သည်။
တတ္ထ ကာမံ သောဏသိင်္ဂါလာဒယောပိ ဂစ္ဆန္တာ ဂစ္ဆာမာတိ ဇာနန္တိ၊ န ပနေတံ ဧဝရူပံ ဇာနနံ သန္ဓာယ ဝုတ္တံ။ ဧဝရူပဥှိ ဇာနနံ သတ္တူပလဒ္ဓိံ န ပဇဟတိ၊ အတ္တသညံ န ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနံ ဝါ သတိပဋ္ဌာနဘာဝနာ ဝါ န ဟောတိ။ ဣမဿ ပန ဘိက္ခုနော ဇာနနံ သတ္တူပလဒ္ဓိံ ပဇဟတိ၊ အတ္တသညံ ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနဉ္စေဝ သတိပဋ္ဌာနဘာဝနာ စ ဟောတိ။ ဣဒဥှိ ကော ဂစ္ဆတိ၊ ကဿ ဂမနံ၊ ကိံကာရဏာ ဂစ္ဆတီတိ ဧဝံ သမ္ပဇာနနံ သန္ဓာယ ဝုတ္တံ။ ဌာနာဒီသုပိ ဧသေဝ နယော။ (မ၊ဋ္ဌ၊၁၊၂၅၅-၂၅၆။)
ထိုဣရိယာပထရှုကွက် (သမ္ပဇညရှုကွက်)တို့၌ --- အိမ်ခွေး မြေခွေး စသော တောသားတိရစ္ဆာန်တို့သည်သော်မှလည်း သွားလျှင် ငါတို့ သွား ကုန်၏ဟု အကယ်၍ကား သိကြပါကုန်၏။ သို့သော် ဤကဲ့သို့သော အိမ်ခွေး မြေခွေး စသည့် တောသားတိရစ္ဆာန်တို့သော်မှလည်း သိနိုင်သည့် သိနည်းမျိုး မျှလောက်ကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဤဣရိယာပထရှုကွက် (သမ္ပဇညရှုကွက်)တို့ကို ဟောကြားတော်မူသည်ကား မဟုတ်ပေ။ အိမ်ခွေး မြေခွေး စသော တောသားတိရစ္ဆာန်တို့၏ သိပုံဟူသော သိနည်းမျိုးကား သတ္တဝါဟူသော အယူအဆ အစွဲအလမ်းကို မပယ်စွန့်နိုင်၊ အတ္တရှိ၏ဟု ထင် မှတ် စွဲလမ်းနေသော အတ္တသညာကို မပယ်ခွာနိုင်၊ ဝိပဿနာကမ္မဋ္ဌာန်းလည်း မဖြစ်၊ သတိပဋ္ဌာနဘာဝနာလည်း မဖြစ်ပေ။ သို့သော် ဤ ယောဂါဝစရ ရဟန်းတော်၏ သိနည်းသိပုံသည်ကား သတ္တဝါဟူသော အယူအဆ အစွဲ အလမ်းကိုလည်း ပယ်စွန့်နိုင်၏၊ အတ္တရှိ၏ဟု ထင်မှတ်စွဲလမ်းနေသော အတ္တ သညာကိုလည်း ပယ်ခွာနိုင်၏၊ ဝိပဿနာကမ္မဋ္ဌာန်းလည်း ဖြစ်၏၊ သတိပဋ္ဌာန ဘာဝနာလည်း ဖြစ်၏။ မှန်ပေသည် - ဤရဟန်းတော်၏ အသိကား ---
၁။ အဘယ်သူသည် သွားသနည်း၊
၂။ အဘယ်သူ၏ သွားခြင်းနည်း၊
၃။ အဘယ်အကြောင်းကြောင့် သွားသနည်း ---
ဤကဲ့သို့သော အသိမျိုးတည်း။ ယင်းကဲ့သို့သော သိနည်း သိပုံမျိုးကို ရည်ရွယ်တော်မူ၍ ဤဣရိယာပထရှုကွက် (သမ္ပဇညရှုကွက်)တို့ကို ဘုရားရှင် ကိုယ်တော်တိုင်က ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။ ရပ်ခြင်းစသည် တို့၌လည်း ဤနည်းပင်တည်း။ (မ၊ဋ္ဌ၊၁၊၂၅၅-၂၅၆။)
တတ္ထ ကော ဂစ္ဆတီတိ န ကောစိ သတ္တော ဝါ ပုဂ္ဂလော ဝါ ဂစ္ဆတိ။ ကဿ ဂမနန္တိ န ကဿစိ သတ္တဿ ဝါ ပုဂ္ဂလဿ ဝါ ဂမနံ။ ကိံကာရဏာ ဂစ္ဆတီတိ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန ဂစ္ဆတိ။ တသ္မာ ဧသ ဧဝံ ပဇာနာတိ ဂစ္ဆာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ။ ဌာနာဒီသုပိ ဧသေဝ နယော။ (မ၊ဋ္ဌ၊၁၊၂၅၆၊၊)
ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ။ အဓိကတာ စေတ္ထ သာမတ္ထိယတော, န ပမာဏတော။ ဂမနစိတ္တသမုဋ္ဌိတံ သဟဇာတရူပကာယဿ ထမ္ဘနသန္ဓာရဏစလနာနံ ပစ္စယဘူတေန အာကာရဝိသေသေန ပဝတ္တမာနံ ဝါယောဓာတုံ သန္ဓာယာဟ ဝါယော ဝိညတ္တိံ ဇနေတီတိ။ (မ၊ဋီ၊၁၊၃၅၂။)
၁။ ထိုစကားရပ်၌ --- အဘယ်သူသည် သွားသနည်းဟူမူ - တစ်စုံတစ် ယောက်သော သတ္တဝါသည်လည်းကောင်း, ပုဂ္ဂိုလ်သည်လည်းကောင်း မသွား ပေ။ (သွားတတ်သော ပုဂ္ဂိုလ် သတ္တဝါကား မရှိ ဟူလို။)
၂။ အဘယ်သူ၏ သွားခြင်းနည်းဟူမူ - တစ်စုံတစ်ယောက်သော သတ္တဝါ ၏လည်းကောင်း, ပုဂ္ဂိုလ်၏လည်းကောင်း သွားခြင်း မဟုတ်။ (မည်သည့် ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်၏မျှ သွားခြင်းမဟုတ် ဟူလို။)
၃။ ယင်းသို့ဖြစ်လျှင် အဘယ်အကြောင်းကြောင့်သွားသနည်းဟူမူ - စိတ် ကြောင့် (= သွားလိုသောစိတ်ကြောင့်) ဖြစ်သော ဝါယောဓာတ်၏ (= ဝါယော ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏) တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် သွား၏ (= ရုပ်နာမ်တို့သည် သွားခြင်း ကိရိယာကို ပြီးစီးစေ၏ ဟူလို)။ ထို့ကြောင့် ဤယောဂါဝစရ ရဟန်းသည် ဤသို့ သိ၏။
၁။ သွားအံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏၊ (စိတ်ပြဓာန်းသော သမ္ပယုတ် တရားစုသည် ဖြစ်ပေါ်လာ၏။)
၂။ ထိုစိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏ (= ဝါယောဓာတ်၏ သဘာဝ သတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ရုပ်တရားအ ပေါင်းကို ဖြစ်စေ၏။ ဤ၌ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲမှု ထက်မြက်မှုကိုသာ ဆိုလိုသည်၊ အရေအတွက်အတိုင်းအတာ ပမာဏအားဖြင့် လွန်ကဲမှုကို မဆိုလိုပါ။)
၃။ ယင်း သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်သည် (= ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော မဟာ ဘုတ်သည်) ကာယဝိညတ်ရုပ်ကို ဖြစ်စေ၏။ (ကာယဝိညတ္တိ နဝက ကလာပ်, ကာယဝိညတ္တိ လဟုတာဒိဒွါဒသက ကလာပ်ဟူသော ရုပ် အပေါင်းကို ဖြစ်စေ၏။)
၄။ စိတ်သည် ပြုပြင်အပ်သော, စိတ်ကြောင့် ဖြစ်သော သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်၏ (= သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်ပြဓာန်းသော ရုပ်ကလာပ်အပေါင်း ရုပ် တရားအပေါင်း၏) တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် ---
၅။ အလုံးစုံသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်း၏ ေ့ရှသို့ သယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကို = ေ့ရှအဖို့ အားဖြင့် နေရာအသစ်အသစ်၌ ရုပ်တရားအပေါင်း၏ ဖြစ်ခြင်းကို သွားခြင်းဟူ၍ ခေါ်ဆိုအပ်ပေသည်။ (မ၊ဋ္ဌ၊၁၊၂၅၆။)
ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြားချက်မှာ (၆)ဒွါရ (၄၂)ကောဋ္ဌာ သတို့၌ တည်ရှိသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကို အထူးသဖြင့် စိတ္တဇရုပ် တို့ကို နေရာတကျ သိမ်းဆည်းထားပြီးသော အသင်သူတော်ကောင်းအတွက် ကား လွယ်ကူနေမည်သာ ဖြစ်သည်။ သို့သော် ဤအရာ၌ အသင်သူတော် ကောင်း အနေဖြင့် အထူးသတိပြုရမည့် အချက်မှာ ပရမတ်တရားတို့သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့၍ ဖြစ်ရိုးဓမ္မတာ မရှိဟူသော အချက် ပင် ဖြစ်ပေသည်။ တစ်ဖန် ဤရှုကွက်ကို ရှုရာ၌ ရုပ်တို့မည်သည် ပရမတ် ရုပ်တရားတို့၏ ဓမ္မတာအတိုင်း ကလာပ်ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိ၏ဟူသော အချက်ကိုလည်း မမေ့ပါနှင့်။ ဤရှုကွက်တွင် ---
၁။ သယ်ဆောင်တတ်သော ရုပ်,
၂။ အသယ်ဆောင်ခံရသော ရုပ် ---
ဤရုပ်သဘောတရား နှစ်မျိုးတို့ကိုလည်း ခွဲခြားရှုတတ်ဖို့ လိုအပ်ပေ သည်။ တစ်ဖန် ---
၁။ ပဓာန = ပြဓာန်းသော ရုပ်,
၂။ အပ္ပဓာန = မပြဓာန်းသော ရုပ် ---
ဤရုပ်သဘောတရားနှစ်မျိုးတို့ကိုလည်း ခွဲခြားရှုတတ်ဖို့ လိုအပ်ပေ သည်။
ဤဣရိယာပထရှုကွက်တွင် ဘုရားရှင်သည် --- ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ = သွားလျှင် သွား၏ဟု သိ၏ --- ဤသို့စသည်ဖြင့် ပထမနည်း တစ်နည်း, ယထာ ယထာ ဝါ ပနဿ - စသည်ဖြင့် ဒုတိယတစ်နည်း ---ဤသို့ ရှုကွက်နှစ်နည်း ဟောကြားထားတော်မူ၏။ ထိုနှစ်နည်းတို့တွင် ပထမ နည်း၌ ---
၁။ ဣရိယာပထရုပ်ဟု ခေါ်ဆိုအပ်သော ကာယဝိညတ္တိနဝကကလာပ်, ကာယဝိညတ္တိ လဟုတာဒိဒွါဒသကကလာပ် ရုပ်တရားတို့ကား ပဓာန = ပြဓာန်းသောရုပ်တရားတို့တည်း။ ယင်းရုပ်တရားတို့ကား သယ် ဆောင်တတ်သော ရုပ်တရားတို့တည်း။
၂။ (၆)ဒွါရ (၄၂)ကောဋ္ဌာသဟူသော ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ တည်ရှိ ကြသော ကြွင်းကျန်သော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကား အပ္ပဓာန = မပြဓာန်းသောရုပ်တရားတို့တည်း။ ယင်းရုပ်တရားတို့ကား အသယ် ဆောင်ခံရသော ရုပ်တရားတို့တည်း။
တစ်ဖန် --- ယထာ ယထာ ဝါ ပနဿ - စသည်ဖြင့် ဟောကြားထား တော်မူအပ်သော ဒုတိယတစ်နည်း၌ကား ---
၁။ ဣရိယာပထရုပ်ဟု ခေါ်ဆိုအပ်သော ကာယဝိညတ္တိနဝကကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် ရုပ်တရားတို့ကား အပ္ပဓာန = မပြဓာန်းသော ရုပ်တရားတို့တည်း။ သယ်ဆောင်တတ်သော ရုပ်တရားတို့ပင်တည်း။
၂။ ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ တည်ရှိကြသော ကြွင်းကျန်သော စတုသမု ဋ္ဌာနိက ရုပ်တရားတို့ကား ပဓာန = ပြဓာန်းသော ရုပ်တရားတို့တည်း။ အသယ်ဆောင်ခံရသော ရုပ်တရားတို့ပင်တည်း။
ဤ၌ သယ်ဆောင်တတ်သော ရုပ်တရားတို့ကား စတုသမုဋ္ဌာနိက ရုပ် တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရောက်အောင် တကယ် သယ်ဆောင် နေကြသည်ကား မဟုတ်ပေ။ စတုသမုဋ္ဌာနိကရုပ်တို့သည်လည်း တကယ်တမ်း အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသည်လည်း မဟုတ်ပေ။ သွားလိုသော စိတ် သွားနေသော စိတ်တို့ကြောင့် ဖြစ်ပေါ်လာ ကြသော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ သဘာဝ သတ္တိစွမ်းအင်ကြောင့် ယင်းအသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိက ရုပ်တရားတို့သည် မူလနေရာ၌ အသစ် အသစ် ထပ်၍ ထပ်၍ မဥပါဒ်နိုင်ကြတော့ဘဲ နေရာအသစ်အသစ်၌ ပြောင်း ရွှေ့၍ ဥပါဒ်ကြရ၏။
ပုရတော အဘိနီဟာရော ပုရတော ဘာဂေန ကာယဿ ပဝတ္တနံ၊ ယော အဘိက္ကမောတိ ဝုစ္စတိ။ (မ၊ဋီ၊၁၊၃၅၂။)
ေ့ရှသို့ ရှေးရှုသယ်ဆောင်ခြင်းဟူသည် ေ့ရှအဖို့အားဖြင့် စတုသမုဋ္ဌာနိက ရုပ်တရားအပေါင်း၏ ဖြစ်ခြင်းတည်း၊ ယင်းသို့ ဖြစ်ခြင်းကိုပင် - ေ့ရှသို့ တက်ခြင်း = ေ့ရှသို့သွားခြင်း - ဟု ခေါ်ဆို၏။ (မ၊ဋီ၊၁၊၃၅၂။)
တစ်ဖန် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ရုပ် တရားဘက်၌ ဣရိယာပထရုပ် အမည်ရသော ကာယဝိညတ်ရုပ် ပါဝင်နေ၏။ ကာယဝိညတ္တိနဝက ကလာပ်ရုပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသက ရုပ်တို့ တည်း။ ယင်းရုပ်တို့ကား စိတ္တဇရုပ်တို့ ဖြစ်ကြ၏။ တစ်ဖန် အသယ်ဆောင်ခံ ရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ရုပ်တရားဘက်၌ စတုသမု ဋ္ဌာနိကရုပ်တရားတို့ ရှိကြရာ ယင်းတို့တွင်လည်း စိတ္တဇရုပ်တို့ ပါဝင်လျက်ပင် ရှိကြပြန်၏။ နားမရှုပ်ထွေးရန် ထပ်မံ၍ ရှင်းလင်းတင်ပြပါရစေ။
၁။ အရူပဝိပါက် (၄)ခု, ဒွိပဉ္စဝိညာဏ် (၁၀)မှ ကြွင်းသော ဟဒယဝတ္ထု ကို မှီ၍ ဖြစ်သော မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော စိတ် (၇၅) အားလုံးသည် ပထမဘဝင်မှစ၍ ဥပါဒ်ကာလတိုင်း ဥပါဒ် ကာလတိုင်း၌ စိတ္တသမုဋ္ဌာန်ရုပ်ကို = စိတ္တဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။
ထိုသို့ ဖြစ်စေရာ၌ စိတ်၏ ဓမ္မတာအားဖြင့် ဥပါဒ်အခိုက်မှာသာ အား ရှိသောကြောင့် ဥပါဒ်ခိုက် ဥပါဒ်ခိုက်၌သာ စိတ္တဇရုပ်ကို ဖြစ်စေသည်၊ ဌီ အခိုက် ဘင်အခိုက်၌ စိတ္တဇရုပ်ကို မဖြစ်စေနိုင်။ စိတ်တစ်ကြိမ် ဥပါဒ်လျှင် ယင်းစိတ်က စိတ္တဇရုပ်ကလာပ် တစ်ခုကိုသာမက စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကိုပင် ဖြစ်စေနိုင်၏။
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁။)
စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၂။)
ဤဒေသနာတော်များ၌ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်အပိုင်းဝယ် တံသမုဋ္ဌာနာနဉ္စ ရူပါနံ - ဟု ဗဟုဝုစ်ဖြင့် ဟောကြားထားတော်မူ၏။ စိတ် ကြောင့် စိတ္တဇရုပ်ကလာပ်ပေါင်း များစွာ ဖြစ်နိုင်ကြောင်းကို ယင်းဒေသနာ တော်တို့က ညွှန်ပြလျက် ရှိကြ၏။
၂။ မဟဂ္ဂုတ် လောကုတ္တရာ အပ္ပနာဇော (၂၆)မျိုးတို့သည် (ပဉ္စဝေါကာရ ဘုံ၌ ဖြစ်ခိုက်) စိတ္တဇဩဇဋ္ဌမကရုပ်ကိုလည်း ဖြစ်စေ၏။ ဖြစ်ပြီး ဣရိယာပုထ်ကိုလည်း ပင်ကိုယ်အနေ မပျက်အောင် ဆောင်ထား နိုင်၏၊ တောင့်ထားနိုင်၏၊ ထောက်ပံ့ထားနိုင်၏၊ ခိုင်ခံ့စေ၏။ (ဣရိ ယာပုထ် အသစ်ကိုကား မဖြစ်စေနိုင်။)
၃။ ဝုဋ္ဌော = မနောဒွါရာဝဇ္ဇန်း, ကာမဇော (၂၉), အဘိညာဏ်ဇောတို့ သည်ကား [(၃၂)မျိုးသော စိတ်တို့သည်ကား] ---
က။ စိတ္တဇဩဇဋ္ဌမကရုပ်ကိုလည်း ဖြစ်စေနိုင်ကုန်၏။
ခ။ ဖြစ်ပြီး ဣရိယာပုထ်ကိုလည်း ခိုင်ခံ့စေနိုင်ကုန်၏။
ဂ။ ဝိညတ်ရုပ် နှစ်မျိုးကိုလည်း ဖြစ်စေနိုင်ကုန်၏။
= ဣရိယာပထရုပ်အသစ်ကိုလည်း ဖြစ်စေနိုင်ကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၁-၃၆၂ - ကြည့်ပါ။)
ဤသတ်မှတ်ချက်အရ ဣရိယာပထရုပ်ကို ဖြစ်စေနိုင်သော စိတ်တို့ ကြောင့် ဖြစ်ကုန်သော ဣရိယာပထရုပ် = ဝိညတ်ရုပ် ပါဝင်သော စိတ္တဇရုပ် ကလာပ် နှစ်မျိုးတို့သည် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ် သော ရုပ်တရားအုပ်စု၌ ပါဝင်ကြ၏။ ကြွင်းကျန်သော စိတ်တို့ကြောင့် ဖြစ်ကုန် သော စိတ္တဇဩဇဋ္ဌမကရုပ်တရားတို့သည်ကား အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားအုပ်စု၌ ပါဝင်ကြ၏။ ထို့ကြောင့် စိတ္တဇရုပ်တို့သည် နှစ်ဘက်လုံး၌ တည်ရှိနေကြခြင်း ဖြစ်၏။
ဤဣရိယာပထပိုင်းရှုကွက်၌ ပြဓာန်းသော ပဓာနဖြစ်သော ဣရိယာ ပထရုပ် = ဝိညတ်ရုပ် ပါဝင်သော ရုပ်တရားတို့ကား ခန္ဓာအိမ်ဟု ခေါ်ဆိုသ မုတ်အပ်သော စတုသမုဋ္ဌာနိက ရုပ်တရားစုတို့ကို သွားသော အခြင်းအရာ အားဖြင့် ဖြစ်အောင် သယ်ဆောင်တတ်သော ရုပ်တရားတို့တည်း။ သို့သော် တကယ်တမ်း သယ်ဆောင်နေသည်ကား မဟုတ်ပေ။ သယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်နေသည်ဟု ထင်ရလောက်အောင် ရုပ်တရားတို့ကို နေရာ အသစ်အသစ်၌ အဆက်မပြတ် ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ် ထပ် ဆက်ကာဆက်ကာ ပြောင်းရွှေ့ဖြစ်စေမှုကို ဆိုလိုပေသည်။ အကြောင်းမူ ပရမတ်တရားတို့ကား တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ဖြစ်ရိုး ဓမ္မတာ မရှိဘဲ ဖြစ်သည့်နေရာ၌သာ ပျက်သွားသောကြောင့်တည်း။ သို့သော် ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရားတို့၏ ကျေးဇူးပြုပေးမှု အရှိန်အဝါ မကုန်သေး၍ အကြောင်းတရားတို့က ကျေးဇူးပြုပေးမှုကြောင့် နောက်ထပ် အသစ်အသစ် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဆက် ကာ ဆက်ကာ ဖြစ်နေသော ရုပ်တရားတို့သည် နေရာ အဟောင်းအဟောင်း၌ ထပ်၍မဖြစ်တော့ဘဲ နေရာ အသစ်အသစ်၌သာ ပြောင်းရွှေ့ဖြစ်ကြသည်။ ထိုသို့ နေရာ အသစ်အသစ်၌ ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဆက်ကာဆက်ကာ အဆက်မပြတ် ဖြစ်မှုကား ဣရိယာပထရုပ် = ကာယ ဝိညတ် ပါဝင်သော သယ်ဆောင်တတ်သော ကာယဝိညတ္တိနဝကကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် ရုပ်တရားတို့တွင် ပါဝင်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲလျက်ရှိသော မဟာဘုတ်တို့၏ စွမ်းအင်တည်း။ ယင်းသယ်ဆောင်တတ်သော ရုပ်တရားတို့တွင် ပါဝင်သော ကာယဝိညတ်ရုပ်က စိတ်၏ အလိုအတိုင်း ဖြစ်လိုသည့်နေရာ၌ အသစ်အသစ် ဥပါဒ်ရန် ပဲ့ကိုင်ပေးလျက် ရှိ၏။
ရှုကွက် --- အသင်သူတော်ကောင်းသည် တစ်နေရာတွင် မတ်တပ်ရပ် ၍ မိမိရရှိထားပြီးသည့် သမာဓိကို စတုတ္ထစျာန်သို့ ဆိုက်အောင် အဆင့်ဆင့် ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များသည် ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပလာသောအခါ ဓာတ်ကြီးလေးပါးကို ပြည်တည်၍ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ထိုနောင် ဘဝင်မနောအကြည်ကို သိမ်းဆည်း၍ သွားလိုသောစိတ်ကို မြင်အောင် ရှုပါ။ အနည်းငယ် သွားကြည့်ပါ။ ယင်းသွား လိုသော စိတ်ကြောင့် ကာယဝိညတ္တိနဝကကလာပ် ကာယဝိညတ္တိလဟုတာဒိ ဒွါဒသကကလာပ်တို့ ဖြစ်ပေါ်လာပုံကို မြင်အောင်ရှုပါ။ ယင်းရုပ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပါ။ ယင်းရုပ်တရားတို့ကား ဣရိယာပထ ရုပ်တရားတို့တည်း။ ယင်းရုပ်တရားတို့တွင် သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော ဝါယောဓာတ်နှင့် တကွသော ဘူတရုပ် ဓာတ်ကြီးလေးပါးကြောင့် သွားနေသည့် ကိုယ်အမူအရာ ကာယဝိညတ်ရုပ်ကို မြင်အောင်ရှုပါ။ သဘော ပေါက်ပါက ယင်း ကာယဝိညတ္တိနဝက ကလာပ်, ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ်ဟူသော သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ပဓာနပြဓာန်းသော ရုပ်တို့ကို ဦးစားပေး၍ ဆက်လက် သိမ်း ဆည်းပါ။ ဉာဏ်ထက်မြက်လာသောအခါ အပ္ပဓာနဖြစ်သည့် မပြဓာန်းသော အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော (၆)ဒွါရ (၄၂) ကောဋ္ဌာသ၌ တည်ရှိသော စတုသမုဋ္ဌာနိကရုပ်တရားတို့ကို ဆက်လက် သိမ်း ဆည်းပါ။ သယ်ဆောင်တတ်သောရုပ်, အသယ်ဆောင်ခံရသောရုပ် - ဤ နှစ်မျိုးတို့ကို တစ်လှည့်စီ သိမ်းဆည်းနေပါ။ အားလုံးကို ခြုံငုံ၍ သိမ်းဆည်းနိုင် သောအခါ ---
၁။ ဤကား ရုပ်-ရုပ် ဟုလည်းကောင်း, သို့မဟုတ်
၂။ ရုပ်တရား ရုပ်တရား ဟုလည်းကောင်း, သို့မဟုတ်
၃။ ရုပ် ရုပ် ဟုလည်းကောင်း သိမ်းဆည်းနေပါ။
ရပ်ရာ ထိုင်ရာ လျောင်းရာတို့၌လည်း နည်းတူ ရှုပါ။
ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ
သို့သော် ဣရိယာပထ ရှုကွက်ကား မပြီးဆုံးသေးပါ။ ဣရိယာပထ ရှုကွက်တစ်မျိုးကို ဘုရားရှင်သည် ထပ်မံ၍ ဟောကြားထားတော်မူပြန်သည်။ ယင်းဒေသနာတော်မှာ အောက်ပါအတိုင်းပင် ဖြစ်၏။
ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ။ (မ၊၁၊၇၁။)
ထိုရဟန်းတို့၏ ရူပကာယ = ရုပ်တရားအပေါင်းသည် အကြင် အကြင် အမူအရာအားဖြင့် ထားအပ်၏ = တည်ရှိနေ၏ = ဖြစ်နေ၏။ ထိုရူပကာယ = ရုပ်တရားအပေါင်းကို ထိုထိုထားအပ်သော = တည်ရှိနေသော = ဖြစ်နေ သော အမူအရာအားဖြင့် ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြား သိအောင် ရှုပါ။ (မ၊၁၊၇၁။)
ဤရှုကွက်၏ ဆိုလိုရင်း သဘောတရားကို အဋ္ဌကထာ ဋီကာ ဆရာ တော်တို့က အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏။
ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတီတိ သဗ္ဗသင်္ဂါဟိကဝစနမေတံ။ ဣဒံ ဝုတ္တံ ဟောတိ --- ယေန ယေန ဝါ အာကာရေန တဿ ကာယော ဌိတော ဟောတိ၊ တေန တေန နံ ပဇာနာတိ။ ဂမနာကာရေန ဌိတံ ဂစ္ဆတီတိ ပဇာနာတိ။ ဌာနနိသဇ္ဇာသယနာကာရေန ဌိတံ သယာနောတိ ပဇာနာတီတိ။ (မ၊ဋ္ဌ၊၁၊၂၅၇။)
သဗ္ဗသင်္ဂါဟိကဝစနန္တိ သဗ္ဗေသံ စတုန္နမ္ပိ ဣရိယာပထာနံ သင်္ဂဏှနဝစနံ၊ ပုဗ္ဗေ ဝိသုံ ဝိသုံ ဣရိယာပထာနံ ဝုတ္တတ္တာ ဣဒံ တေသံ ဧကဇ္ဈံ ဂဟေတွာ ဝစနန္တိ အတ္ထော။ (မ၊ဋီ၊၁၊၃၅၃။)
ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ = ထိုရဟန်း၏ ရူပကာယ = ရုပ်တရားအပေါင်းသည် အကြင် အကြင် အမူအရာအားဖြင့် ထားအပ်၏ = တည်ရှိနေ၏ = ဖြစ်နေ၏။ ထိုရူပကာယ = ရုပ်တရားအပေါင်းကို ထိုထိုထားအပ်သော = တည်ရှိနေသော = ဖြစ်နေသော အမူအရာအားဖြင့် ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြား သိအောင် ရှုပါ (မ၊၁၊၇၁။) - ဟူသော ဤဒေသနာတော်သည်ကား ဣရိယာ ပုထ် လေးမျိုးလုံးကို သိမ်းကျုံးရေတွက်၍ ညွှန်ကြားတော်မူသော ဒေသနာ တော် ဖြစ်၏။ ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ = သွားလျှင် သွား၏ဟု ကွဲကွဲပြားပြား သိ၏ --- ဤသို့ စသည်ဖြင့် ရှေးပိုင်း ဣရိယာပထရှုကွက်တွင် ဣရိယာပုထ် တစ်မျိုးစီ တစ်မျိုးစီ၏ ရှုကွက်ကို ဟောကြားထားတော်မူသော ကြောင့် - ယထာ ယထာ ဝါ ပနဿ - စသော ဤ နောက်ရှုကွက်ဒေသနာ တော်သည် ထိုဣရိယာပုထ် လေးပါးလုံးကို တစ်ပေါင်းတည်း သိမ်းကျုံး၍ ပြန်လည်ဟောကြားထားတော်မူသော ဒေသနာတော်ပင် ဖြစ်၏။ ထိုကြောင့် ဤဒေသနာတော်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုယောဂါဝစရ ရဟန်းတော်၏ ရူပကာယ = ရုပ်တရား အပေါင်းသည် တည်ရှိနေ၏၊ ထိုထိုတည်နေတိုင်းသော အခြင်းအရာအား ဖြင့် ထိုရူပကာယ = ရုပ်တရားအပေါင်းကို ကွဲကွဲပြားပြား သိအောင် ရှုပါ။ သွားသော အခြင်းအရာအားဖြင့် တည်နေသော ရူပကာယ = ရုပ်တရား အပေါင်းကို သွား၏ဟု ကွဲကွဲပြားပြား သိအောင် ရှုပါ။ ရပ်သော ထိုင်သော လျောင်းသော အခြင်းအရာအားဖြင့် တည်နေသော ရူပကာယ = ရုပ်တရား အပေါင်းကိုလည်း ရပ်၏ ထိုင်၏ လျောင်း၏ဟု ကွဲကွဲပြားပြား သိအောင် ရှုပါ။ ဤကား ဆိုလိုရင်းတည်း။ (မ၊ဋ္ဌ၊၁၊၂၅၇။ မ၊ဋီ၊၁၊၃၅၃။)
ဋီကာဆရာတော်၏ အဖွင့်တစ်မျိုး
ပုရိမနယော ဝါ ဣရိယာပထပ္ပဓာနော ဝုတ္တောတိ တတ္ထ ကာယော အပ္ပဓာနော အနုနိပ္ဖါဒီတိ ဣဓ ကာယံ ပဓာနံ အပ္ပဓာနဉ္စ ဣရိယာပထံ အနုနိပ္ဖါဒံ ကတွာ ဒေဿတုံ ဒုတိယနယော ဝုတ္တောတိ ဧဝမ္ပေတ္ထ ဒွိန္နံ နယာနံ ဝိသေသော ဝေဒိတဗ္ဗော။ (မ၊ဋီ၊၁၊၃၅၃။)
ယင်းဋီကာ၏ ဆိုလိုရင်းမှာ ဤသို့တည်း။
ဘုရားရှင်သည် --- ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ = သွားလျှင် သွား၏ဟု ကွဲကွဲပြားပြား သိပါ --- ဤသို့ စသည်ဖြင့် ဤဣရိယာပထရှုကွက် ေ့ရှနည်းကို ဣရိယာပထရုပ် အမည်ရသော ကာယဝိညတ္တိ ပါဝင်သော သယ် ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားတို့ကို ပဓာန ထား၍ ဟောကြားထားတော်မူခဲ့၏။ ယင်းနည်း၌ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော စတုသမုဋ္ဌာနိက ရုပ်တရားအပေါင်းကား အပ္ပဓာန = မပြဓာန်းပေ။ သို့သော် သယ်ဆောင်တတ်သော အခြင်းအရာ အားဖြင့် ဖြစ်နေသော ပဓာန = ပြဓာန်းသော ဣရိယာပထရုပ်တို့ကို ပဓာန ထား၍ ဦးစားပေး၍ ရှုနေပါက အသယ်ဆောင်ခံရသော အခြင်းအရာအား ဖြင့် ဖြစ်နေသော အပ္ပဓာန = မပြဓာန်းသော စတုသမုဋ္ဌာနိက ရုပ်တရားအ ပေါင်းကို သိမ်းဆည်းရှုပွားခြင်းကိစ္စသည်လည်း အစဉ်လိုက်၍ ပြီးစီးနိုင်၏။
တစ်ဖန် --- ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ = ထိုရဟန်း၏ ရူပကာယ = ရုပ်တရား အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် ထားအပ်၏ = တည်ရှိ နေ၏ = ဖြစ်နေ၏။ ထိုရူပကာယ = ရုပ်တရားအပေါင်းကို ထိုထိုထားအပ်သော = တည်ရှိနေသော = ဖြစ်နေသော အမူအရာအားဖြင့် ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြား သိအောင် ရှုပါ - ဟု ဒုတိယနည်းကို ထပ်မံ ဟောကြားထား တော်မူ၏။ ဤဒုတိယနည်း၌ကား အသယ်ဆောင်ခံရသော အခြင်းအရာ အားဖြင့် ဖြစ်နေသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်း ကိုလည်း ပဓာနထား၍ တစ်ဖန် ရှုပွားသိမ်းဆည်းရန် ညွှန်ကြားထားတော် မူ၏။ ယင်း စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းတို့ကား ဤ ဒုတိယနည်း၌ ပဓာနထား၍ ရှုရမည့် ပြဓာန်းသော ရုပ်တရားတို့ ဖြစ်ကြ၏။ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ယင်း စတုသမု ဋ္ဌာနိက ရုပ်တရားတို့ကို ပဓာနထား၍ ရှုပွားသိမ်းဆည်းပါက အပ္ပဓာနဖြစ် သော မပြဓာန်းသော သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေ သော ဣရိယာပထရုပ်တရားတို့ကို သိမ်းဆည်းရှုပွားခြင်း ကိစ္စသည်လည်း အစဉ်လိုက်၍ ပြီးစီးနိုင်၏။
ဤသို့သော ရှုပွားပုံ နည်းစနစ်များကို ညွှန်ကြားတော်မူလိုသည့် အတွက် - ယထာ ယထာ ဝါ ပနဿ - စသော ဤဒုတိယနည်း ရှုကွက်ကို ဘုရားရှင်သည် ထပ်မံ၍ ဟောကြားတော်မူပြန်သည်။ ဤကား နည်းနှစ်မျိုး တို့၏ ထူးခြားချက်ပင်တည်း။ (ဤကား အထက်ပါ ဋီကာစကားရပ်၏ ဆိုလိုရင်းတည်း။)
ထို့ကြောင့် အသင်သူတော်ကောင်းသည် ---
၁။ သွားလျှင်လည်း ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ကွဲကွဲပြားပြား သိအောင် ရှုပါ။
၂။ ရပ်လျှင်လည်း ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ကွဲကွဲပြားပြား သိအောင် ရှုပါ။
၃။ ထိုင်လျှင်လည်း ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ကွဲကွဲပြားပြား သိအောင် ရှုပါ။
၄။ လျောင်းလျှင်လည်း ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ကွဲကွဲပြားပြား သိအောင်ရှုပါ။
ဤရုပ်တရားတို့ကား ရူပက္ခန္ဓာတည်း၊ ရုပ်တရားအစုတည်းဟု မှတ်သား ထားပါ။
လောကူပမာကို ဆောင်ရသော်
နှိုင်းခိုင်းဖွယ်ရာ လောကူပမာတစ်ခုကို နားလည်လွယ်အောင် ဆောင်ပြ ရသော် - ယောက်ျားတစ်ဦးသည် ဆန်အိတ် တစ်အိတ်ကို သယ်ဆောင်လာ သည် ဆိုကြပါစို့။ ပကတိမျက်စိအမြင် ဉာဏ်မျက်စိအမြင်ဟူသော မျက်စိ အမြင် နှစ်မျိုးရှိသော ယောက်ျားသည် ဆန်အိတ်ကို သယ်ဆောင်တတ်သော ယောက်ျားကို စူးစူးစိုက်စိုက် ကြည့်ရှုနေပါက အသယ်ဆောင်ခံရသော ဆန် အိတ်ကိုလည်း အစဉ်လိုက်၍ မြင်လာနိုင်၏။ တစ်ဖန် အသယ်ဆောင် ခံရသော ဆန်အိတ်ကို စူးစူးစိုက်စိုက် လိုက်၍ ကြည့်ရှုနေက ယင်းဆန်အိတ်ကို သယ်ဆောင်တတ်သော ယောက်ျားကိုလည်း အစဉ်လိုက်၍ မြင်လာနိုင်၏။
ယောက်ျားနှင့် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေ သော ဣရိယာပထရုပ်တရားတို့ ပါဝင်သော ကာယဝိညတ္တိနဝကကလာပ်, ကယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် ရုပ်တရားတို့ကား တူ၏။ အသယ် ဆောင်ခံရသော ဆန်အိတ်နှင့် အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကား တူ၏။
ဤဥပမာအတူပင် ယောဂါဝစရပုဂ္ဂိုလ်သည် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားတို့ကို ပဓာနထား၍ သိမ်းဆည်း ရှုပွားနေပါက အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော စတုသမုဋ္ဌာနိကရုပ်တရားတို့ကို သိမ်းဆည်းခြင်း ရှုပွားခြင်းသည်လည်း အစဉ် လိုက်၍ ပြီးစီးလာနိုင်၏။ ဣရိယာပထ ပထမနည်းရှုကွက် ဖြစ်၏။
တစ်ဖန် အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကို ပဓာနထား၍ သိမ်းဆည်း ရှုပွားနေပါက လည်း သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေသော ဣရိယာ ပထရုပ် ဝိညတ်ရုပ် ပါဝင်သော ရုပ်တရားတို့ုကို သိမ်းဆည်းရှုပွားခြင်းသည် လည်း အစဉ်လိုက်၍ ပြီးစီးပြည့်စုံနိုင်၏။ ဤရှုကွက်ကား - ယထာ ယထာ ဝါ ပနဿ - စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ဣရိယာပထ ဒုတိယနည်းရှုကွက် ဖြစ်သည်။
ဤဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည့်တိုင်အောင် သိမ်းဆည်း ရှုပွားလိုသော အသင်သူတော်ကောင်း သည် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လာရှိသော ညွှန်ကြားချက်များကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်သင့်လှပေသည်။ ပညာရှိသော်လည်း သတိဖြစ် ခဲလှ၏။ သတိမမူ ဂူမမြင် ရှိတတ်၏။ သတိရှိစေ။
အလားတူ ရှုကွက်များ
၁။ ေ့ရှသို့တက်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၂။ နောက်သို့ဆုတ်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၃။ တည့်တည့်ကြည့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၄။ စောင်းငဲ့ကြည့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၅။ လက်-ခြေတို့ကို ကွေးရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၆။ လက်-ခြေတို့ကို ဆန့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၇။ ဒုကုဋ်သင်္ကန်းကို ကိုင်ဆောင်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၈။ သပိတ်ကို ကိုင်ဆောင်ရာ၌ ပဓာန-အပ္ပဓာနရုပ်တရား,
၉။ သင်းပိုင်နှင့် ကိုယ်ဝတ်သင်္ကန်းကို ကိုင်ဆောင်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၀။ စားရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၁။ သောက်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၂။ ခဲဖွယ်ကို ခဲရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၃။ လျက်ဖွယ်ကို လျက်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၄။ ကျင်ကြီးစွန့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၅။ ကျင်ငယ်စွန့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၆။ သွားရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၇။ ရပ်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၈။ ထိုင်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၉။ အိပ်ပျော်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၂၀။ အိပ်ရာမှ နိုးလာရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၂၁။ စကားပြောဆိုရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၂၂။ စကားမပြော ဆိတ်ဆိတ်နေရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
ဤရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
သမ္ပဇဉ် (၄) ပါး
၁။ သာတ္ထက သမ္ပဇဉ်,
၂။ သပ္ပါယ သမ္ပဇဉ်,
၃။ ဂေါစရ သမ္ပဇဉ်,
၄။ အသမ္မောဟ သမ္ပဇဉ် ---
ဤသို့လျှင် သမ္ပဇဉ် (၄)မျိုး ရှိ၏။ (မ၊ဋ္ဌ၊၁၊၂၅၈။)
၁။ သာတ္ထကသမ္ပဇဉ် --- သံသရာမှ ထွက်မြောက်ကြောင်း နိယျာနိကတ ရားကောင်းစင်စစ် ဧကန်ဖြစ်သည့် ကုသိုလ်တရားတို့ တိုးပွားသည့် လုပ်ငန်း ရပ်တို့ကား အကျိုးရှိသော လုပ်ငန်းရပ်တို့တည်း။ အကုသိုလ်တရား တိုးပွား ကြောင်း လုပ်ငန်းရပ်တို့ကား အကျိုးမရှိသော လုပ်ငန်းရပ်တို့တည်း။ ဤ သို့လျှင် အကျိုးရှိ-မရှိကို ပိုင်းခြားလျက် အကျိုးမရှိသည်ကို စွန့်လွှတ်၍ အကျိုးရှိသည်ကိုသာ ပိုင်းခြားယူတတ်သော လိုက်နာပြုကျင့်သော ဉာဏ်သည် သာတ္ထကသမ္ပဇဉ်ဉာဏ် မည်၏။
၂။ သပ္ပါယသမ္ပဇဉ် --- အကျိုးရှိသည်မှန်သော်လည်း သပ္ပါယ-အသပ္ပါယ = တော် မတော်ကို ပိုင်းခြားလျက် မတော်သည့်လုပ်ငန်းခွင်ကို စွန့်လွှတ်၍ သင့်တော်သည်ကိုသာ ပိုင်းခြားယူတတ်သော လိုက်နာပြုကျင့်သော ဉာဏ် သည် သပ္ပါယသမ္ပဇဉ်ဉာဏ် မည်၏။
၃။ ဂေါစရသမ္ပဇဉ် --- ဆွမ်းခံသွားရာ၌ ကမ္မဋ္ဌာန်းကိုဆောင်ခြင်း, ဆွမ်းခံ ရွာမှ ပြန်လာရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း စသည်ဖြင့် သမထကမ္မဋ္ဌာန်း သို့မဟုတ် ဝိပဿနာကမ္မဋ္ဌာန်း အာရုံတစ်ခု အတွင်းသို့ ဘာဝနာစိတ်ကို အမြဲ သွတ်သွင်းထားတတ်သော ဉာဏ်သည် ဂေါစရသမ္ပဇဉ်ဉာဏ် မည်၏။ သမထ ကမ္မဋ္ဌာန်းတစ်ခုခုကို အမြဲတမ်း ပွားများနေပါက သမထကမ္မဋ္ဌာန်းအာရုံ တစ်ခုခုအတွင်းသို့ မိမိ၏ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားတတ် ပါက ဂေါစရသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံလေပြီ။ အကယ်၍ မိမိက ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ပွားများနိုင်သူအဆင့်သို့ ရောက်ရှိနေသူဖြစ်ပါက ဆွမ်းခံ အသွား-အပြန်တို့၌လည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက် ပြု ကျင့်နေပါက ဂေါစရသမ္ပဇဉ်ဉာဏ်နှင့်လည်း ပြည့်စုံသည်မည်၏။ အသမ္မောဟသမ္ပဇဉ်ဉာဏ် နှင့်လည်း ပြည့်စုံသည်မည်ပေ၏။
၄။ အသမ္မောဟသမ္ပဇဉ်
ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ၊ ဓာတူနံ နိသဇ္ဇနံ၊ ဓာတူနံ သယနံ။ တသ္မိံ တသ္မိဥှိ ကောဋ္ဌာသ သဒ္ဓိံ ရူပေန ---
အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။
အဝီစိမနုသမ္ဗန္ဓော၊ နဒီသောတောဝ ဝတ္တတီတိ။
ဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမာတိ။ (မ၊ဋ္ဌ၊၁၊၂၆၅။)
ပရမတ္ထအားဖြင့်ကား ---
ရုပ်ဓာတ်နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့၏သာလျှင် သွားခြင်းတည်း၊
ရုပ်ဓာတ်နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့၏သာလျှင် ရပ်ခြင်းတည်း၊
ရုပ်ဓာတ်နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့၏သာလျှင် ထိုင်ခြင်းတည်း၊
ရုပ်ဓာတ်နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့၏သာလျှင် အိပ်ခြင်းတည်း၊
မှန်ပေသည် --- ထိုထို သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်း ဟူသော ကောဋ္ဌာသ၌ ရုပ်တရားနှင့် အတူတကွ - အခြားတစ်ပါးသော စိတ်သည် ဖြစ်ပေါ်၍ လာ၏။ အခြားတစ်ပါးသော စိတ်သည် ချုပ်ပျက်၍ သွား၏။ ဤသို့လျှင် စိတ်တစ်ခုနှင့် စိတ်တစ်ခု၏ အကြား၌ ခြားကွယ်တတ်သော တစ်စုံတစ်ခုသော တရားမျှ မရှိဘဲ - မြစ်ရေအယဉ် တသွင်သွင် အဆက်မပြတ် စီးဆင်းနေသကဲ့သို့ - အကြားအလပ် မရှိအောင် ရှေးနှင့်နောက် ဆက်စပ် လျက် အထပ်ထပ်သော စိတ်အစဉ်သန္တတိသည် ဖြစ်ပေါ်၍ နေ၏။ ဤသို့လျှင် ေ့ရှသို့တက်ခြင်းစသည်တို့၌ မတွေမဝေ သိခြင်းသည် အသမ္မောဟသမ္ပဇဉ် ဉာဏ် မည်၏။ ရုပ်တရားတို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှည်ကြ သဖြင့် ရုပ်တရားတို့နှင့် အတူ ပြိုင်ဖြစ်သော စိတ်ကား တစ်မျိုးတခြားတည်း။ ယင်းရုပ်တရားတို့နှင့် ပြိုင်၍ ချုပ်သော စိတ်ကား အခြား စိတ်တစ်မျိုးတည်း။ ဤသို့သိအောင် ရှုပါဟူလိုသည်။
ဤ အသမ္မောဟသမ္ပဇဉ်နှင့် ပြည့်စုံအောင် အသင်သူတော်ကောင်း သည် ---
၁။ သွားရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၂။ ရပ်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၃။ ထိုင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၄။ လျောင်းရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၅။ ေ့ရှသို့တက်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၆။ နောက်သို့ဆုတ်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၇။ တည့်တည့်ကြည့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၈။ စောင်းငဲ့ကြည့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၉။ လက်ခြေတို့ကို ကွေးရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၁၀။ လက်ခြေတို့ကို ဆန့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၁၁။ ဒုကုဋ်သင်္ကန်းကို ကိုင်ဆောင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၁၂။ သပိတ်ကို ကိုင်ဆောင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၁၃။ သင်းပိုင် - ကိုယ်ဝတ်သင်္ကန်းကို ကိုင်ဆောင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၁၄။ စားရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၁၅။ သောက်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၁၆။ ခဲဖွယ်ကို ခဲရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၁၇။ လျက်ဖွယ်ကို လျက်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၁၈။ ကျင်ကြီးစွန့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၁၉။ ကျင်ငယ်စွန့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၂၀။ သွားရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၂၁။ ရပ်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၂၂။ ထိုင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၂၃။ အိပ်ပျော်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၂၄။ အိပ်ရာမှ နိုးလာရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၂၅။ စကားပြောဆိုရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
၂၆။ စကားမပြော ဆိတ်ဆိတ်နေရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ,
ဤသို့လျှင် ထိုထိုဣရိယာပထရှုကွက် ထိုထိုသမ္ပဇဉ်ပိုင်းဆိုင်ရာရှုကွက် တို့၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါးတို့ကို သိအောင် ဆက်လက် ရှုပွားရဦးမည် သာ ဖြစ်၏။ ယင်းသို့ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို စနစ်တကျ ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်ပါမှသာလျှင် အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို စတင် ရရှိနိုင်မည် ဖြစ်ပေသည်။ သို့သော် အသင်သူတော်ကောင်းသည် ယခုအခါ၌ ခန္ဓာငါးပါးတို့တွင် ရူပက္ခန္ဓာ အမည် ရသော ရုပ်တရားတို့ကိုသာလျှင် သိမ်းဆည်းရှုပွားနိုင်သော အဆင့်တွင်သာ ရှိနေသေးသဖြင့် ထိုထိုဣရိယာပထအခိုက် သမ္ပဇဉ်ပိုင်းဆိုင်ရာရှုကွက်တို့၌ ရုပ်တရားတို့ကိုသာလျှင် = ပဓာန-အပ္ပဓာန ရုပ်တရားတို့ကိုသာလျှင် သိမ်း ဆည်း ရှုပွား၍ နေပါလေဦး။ ဤမျှနှင့်ကား မပြီးဆုံးသေးပါ။ ယင်းခန္ဓာငါးပါး တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသောအခါ ယင်းခန္ဓာငါးပါး တို့၏ အကြောင်းတရားတို့ကို ရှာဖွေသိမ်းဆည်းလျက် အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရဦးမည်သာ ဖြစ်ပေသည်။ ယင်းသို့ ရှုပွား သုံးသပ်နိုင်ရန်အတွက် ---
နာမ်ကမ္မဋ္ဌာန်းပိုင်း,
ပဋိစ္စသမုပ္ပါဒ်ပိုင်း,
လက္ခဏာဒိ စတုက္ကပိုင်း,
ဝိပဿနာပိုင်း
ဟူသော အပိုင်းကြီးလေးရပ်တို့ကိုလည်း ဆက်လက်၍ ရေးသားတင်ပြဦးမည်သာ ဖြစ်ပေသည်။
ရှုကွက်လိုရင်း အတိုချုပ်မှတ်သားရန်
အသင်သူတော်ကောင်းသည် ---
၁။ အာနာပါနကဲ့သို့သော သမထကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများခိုက် ဖြစ် လျှင် သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း ေ့ရှသို့တက်ခြင်း နောက်သို့ ဆုတ်ခြင်း စသော ထိုထို ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌လည်း ယင်းသမထကမ္မဋ္ဌာန်းကိုပင် ဆက်လက်၍ ပွားများအားထုတ်နေပါ။ ယင်းသို့ အားထုတ်နိုင်ပါက ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံလေပြီ။
၂။ ဓာတ်ကမ္မဋ္ဌာန်းကို ပွားများခိုက်ဖြစ်လျှင် ဓာတ်တစ်ပါးကို ရှုနေခိုက် ဓာတ်နှစ်ပါးကို ရှုနေခိုက် ဓာတ်သုံးပါးကို ရှုနေခိုက် ဓာတ်ကြီးလေးပါးလုံးကို ရှုနေခိုက်ဖြစ်လျှင် ထိုထို ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌လည်း ဓာတ်တစ်ပါးကို, ဓာတ်နှစ်ပါးကို, ဓာတ်သုံးပါးကို, ဓာတ်ကြီးလေးပါးလုံးကိုပင် ရှုနေပါ။
၃။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ပရမတ် သို့ ဆိုက်အောင် သိမ်းဆည်းနိုင်သောအခါ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော အခါ ထိုထိုဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌လည်း ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကို = သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရား အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ် နေသော ရုပ်တရားတို့ကို တစ်လှည့်စီ ဦးစားပေးကာ သိမ်းဆည်း၍ ယင်း ပဓာန-အပ္ပဓာန ရုပ်တရားအားလုံးကိုပင် ခြုံငုံ၍ သိမ်းဆည်းရှုပွားနေပါလေ။
တစ်ဖန် ယင်း ဣရိယာပထရုပ် သမ္ပဇညရုပ်တို့ကို ဖြစ်ပေါ်စေတတ် သော မနောဒွါရိက ဇောဝီထိ စိတ်အစဉ်ဟူသော နာမ်တရားတို့ကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် ဆက်လက်၍ သိမ်းဆည်းရဦးမည်သာ ဖြစ်ပေသည်။ သို့အတွက် ယင်းနာမ်တရားတို့ကိုလည်း သိမ်းဆည်းနိုင်ရန် အသင်သူတော် ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်းကို ဆက်လက်၍ ကြိုးပမ်းပါလေလော့။
ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း
ဖားအောက်တောရ
ကောဇာသက္ကရာဇ် - ၁၃၆၇-ခုနှစ်
__________
Comments
Post a Comment