Skip to main content

သမထကမ္မဋ္ဌာန်းပိုင်း(က)

သမထကမ္မဋ္ဌာန်းပိုင်း(က)

နိဗ္ဗာနဂါမိနိပဋိပဒါ

နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နိဒါနကထာ

ဇိနသာသနံ စိရံ တိဋ္ဌတု။

မြတ်စွာဘုရားရှင်၏ အဆုံးအမ သာသနာတော်သည် အဓွန့်ရှည်စွာ တည်ပါစေသောဝ်။

ဖားအောက်တောရတွင် တရားဘာဝနာကို ပွားများ အားထုတ်ကြကုန်သော ယောဂီသူတော်စင်တို့၏ လျှောက်ထား တောင်းပန်ချက် အရ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းစာ အကျဉ်းချုပ်ကို ရေးသား တင်ပြအပ်ပါသည်။ ဖားအောက်တောရတွင် တရားဘာဝနာကို ပွားများအား ထုတ်ကြကုန်သော သူတော်ကောင်းတို့အတွက် တရားအားထုတ်ရင်း ကျက်မှတ်ရန် ရည်သန်၍ ကျမ်းစာအကျဉ်းများကို ရေးသားပေးခဲ့၏။ ကျဉ်းလွန်း သဖြင့် နားမလည်ခြင်း, ကျမ်းဂန်အထောက်အထား ခိုင်ခိုင်လုံလုံ သိရှိလိုခြင်း စသည့်အချက်များကို အကြောင်းပြလျက် အနည်းငယ် ချဲ့ထွင်၍ ရေးသား ပေးပါရန် လျှောက်ထား တောင်းပန်ကြသဖြင့် ဤကျမ်းစာကို ရေးသား ပေးခြင်း ဖြစ်သည်။ ဤကျမ်းစာ၌ ..

၁။ သမထကမ္မဋ္ဌာန်းပိုင်း
၂။ ရုပ်ကမ္မဋ္ဌာန်းပိုင်း
၃။ နာမ်ကမ္မဋ္ဌာန်းပိုင်း
၄။ ပဋိစ္စသမုပ္ပါဒ်ပိုင်း
၅။ လက္ခဏာဒိစတုက္ကပိုင်း
၆။ ဝိပဿနာကမ္မဋ္ဌာန်းပိုင်း ---

ဤသို့လျှင် အပိုင်း (၆)ပိုင်း ခွဲ၍ ရေးသားတင်ပြထားပါသည်။

သမထကမ္မဋ္ဌာန်းပိုင်းတွင် ..

(က) သမထကမ္မဋ္ဌာန်းပိုင်း (က)
( ခ ) သမထကမ္မဋ္ဌာန်းပိုင်း (ခ) --- ဟု

ဤသို့လျှင် အပိုင်း(၂)ပိုင်း ခွဲ၍ တင်ပြထား၏။

ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ..

(က) ပဋိစ္စသမုပ္ပါဒ်ပိုင်း (က)
( ခ ) ပဋိစ္စသမုပ္ပါဒ်ပိုင်း (ခ)
( ဂ ) ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံအပိုင်း --- ဟု

ဤသို့လျှင် အပိုင်း (၃)ပိုင်း ခွဲ၍ ရေးသားတင်ပြထား၏။ ထိုကြောင့် အားလုံးပေါင်းသော် အပိုင်း (၆)ပိုင်း၊ အတွဲ (၉)တွဲ ဖြစ်သည်။

ဤသမထပိုင်း၌ကား ---

၁။ အာနာပါနကမ္မဋ္ဌာန်း
၂။ ပဋိကူလမနသိကာရ အရိုးစုကမ္မဋ္ဌာန်း
၃။ ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါး
၄။ ဗြဟ္မစိုရ်တရား (၄)ပါး
၅။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း
၆။ အသုဘကမ္မဋ္ဌာန်း
၇။ မရဏာနုဿတိကမ္မဋ္ဌာန်း

ဤကမ္မဋ္ဌာန်းများ ပါဝင်ကြပေသည်။ ယင်းကမ္မဋ္ဌာန်းအားလုံးကို သမထကမ္မဋ္ဌာန်းပိုင်းဟူသော အမည်ဖြင့် ရေးသားတင်ပြထားပါသည်။

သူတော်ကောင်းအပေါင်းတို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် ...။

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း

ဖားအောက်တောရ

သာသနာတော်သက္ကရာဇ် - ၂၅၄၉ - ခု၊

ကောဇာသက္ကရာဇ် - ၁၃၆၇ - ခု၊ တော်သလင်းလပြည့်နေ့


သမထကမ္မဋ္ဌာန်းပိုင်း (က)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သစ္စာလေးပါး နှင့် ပါရမီစွမ်းအင်

အပရိဇာနနသုတ္တန် ကောက်နုတ်ချက်

သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ပ ။ သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ (သံ၊၂၊၂၄၉-၂၅၀။)

ဣတိ ဣမသ္မိံ သုတ္တေ တိဿောပိ ပရိညာ ကထိတာ ဟောန္တိ။ အဘိဇာနန္တိ ဟိ ဝစနေန ဉာတပရိညာ ကထိတာ၊ ပရိဇာနန္တိ ဟိ ဝစနေန တီရဏပရိညာ၊ ဝိရာဇယံ ပဇဟန္တိ ဒွီဟိ ပဟာနပရိညာတိ။ (သံ၊ဋ္ဌ၊၃၊၆။)

အလုံးစုံသော ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့ကို ဉာတပရိညာ တီရဏ ပရိညာ ပဟာနပရိညာဟူသော ပရိညာပညာ သုံးမျိုးတို့ဖြင့် ထိုးထွင်းမသိခဲ့ သော် ပိုင်းပိုင်းခြားခြား မသိခဲ့သော် ထို အလုံးစုံသော ခန္ဓာ (၅)ပါး ရုပ်နာမ် တရားတို့ အပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို (ပဟာန ပရိညာပညာဖြင့်) မပယ်စွန့်နိုင်ခဲ့သော် သံသရာဝဋ်ဆင်းရဲဒုက္ခ၏ ကုန်ခြင်းငှာ မထိုက်။

အလုံးစုံသော ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့ကို ဉာတပရိညာပညာဖြင့် ထိုးထွင်းသိခဲ့သော် တီရဏပရိညာပညာဖြင့် ပိုင်းပိုင်းခြားခြား သိခဲ့သော် ပဟာနပရိညာပညာဖြင့် ထို အလုံးစုံသော ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့ အပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို ပယ်စွန့်နိုင်ခဲ့သော် သံသရာဝဋ်ဆင်းရဲဒုက္ခ၏ ကုန်ခြင်းငှာ ထိုက်၏။ (သံ၊၂၊၂၄၉-၂၅၀။)

ဤအထက်ပါ အပရိဇာနနသုတ္တန်၌ ဘုရားရှင် ဟောကြားတော်မူသည့် အတိုင်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ အပြီးတိုင် ကျွတ်လွတ်ထွက်မြောက်လိုသော ယောဂါဝစရပုဂ္ဂိုလ်မှန်သမျှသည် အလုံးစုံသော ခန္ဓာ (၅)ပါး ရုပ်နာမ်တရား တို့ကို ပရိညာဉာဏ်ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား ဂဃနဏသိအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ ထိုသို့ ကြိုးပမ်းရာ၌ မဂ္ဂင် (၈)ပါး ကျင့်စဉ် တရားတော်ကို နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်အဖြစ် အသင်သူတော်ကောင်း သည် လက်ခံနိုင်ရမည် ဖြစ်ပေသည်။

မဂ္ဂင် (၈)ပါးတို့တွင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပတို့ကား ပညာမဂ္ဂင်, သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့ကား သီလမဂ္ဂင်, သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတို့ကား သမာဓိမဂ္ဂင်တို့ ဖြစ်ကြ၏။ ဤ မဂ္ဂင် (၈)ပါးတို့ဖြင့် သိမ်းကျုံး ရေတွက်ထားအပ်သော သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကား နိယျာနိကပဋိပဒါ အမည်ရသော သံသရာဝဋ်မှ ထွက်မြောက်ကြောင်း အကျင့်များပင် ဖြစ်ကြ၏။ နိဗ္ဗာန်ကို မျက်မှောက် ပြုလိုသူတိုင်း ကျင့်ရမည့် ကျင့်ဝတ်ပဋိပတ်တို့ပင် ဖြစ်ကြသည်။


ပုဂ္ဂိုလ် (၄) မျိုး

မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို ကျင့်ရာ၌ ပုဂ္ဂိုလ် (၄)မျိုး အ- ကြောင်းကိုလည်း သိထားသင့်ပေသည်။

၁။ ဥဂ္ဃဋိတညူပုဂ္ဂိုလ်
၂။ ဝိပဉ္စိတညူပုဂ္ဂိုလ်
၃။ နေယျပုဂ္ဂိုလ်
၄။ ပဒပရမပုဂ္ဂိုလ်

ဤသို့လျှင် ပုဂ္ဂိုလ် (၄)မျိုး ရှိ၏။ (အံ၊၁၊၄၅၂။ အဘိ၊ပုဂ္ဂလပညတ်၊၁၀၇။)

၁။ ဥဂ္ဃဋိတညူပုဂ္ဂိုလ် ---သစ္စာ (၄)ပါးနှင့် စပ်သော တရားတော်ကို အကျဉ်းဖွင့်ပြအပ်ကာမျှဖြင့် အကျယ်နှင့်တကွဖြစ်သော သိသင့်သိထိုက်သော သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိသော ပုဂ္ဂိုလ်၊ စတ္တာရော သတိပဋ္ဌာနာ စသည်ဖြင့် အကျဉ်းအားဖြင့် မာတိကာကို ထားအပ်သည်ရှိသော် ဒေသနာတော်သို့ အစဉ်လျှောက်၍ ဉာဏ်ကို စေလွှတ်လျက် အရဟတ္တဖိုလ် ကို ယူခြင်းငှာ စွမ်းနိုင်သော ပုဂ္ဂိုလ်မျိုးကို ဥဂ္ဃဋိတညူပုဂ္ဂိုလ်ဟု ဆိုသည်။

၂။ ဝိပဉ္စိတညူပုဂ္ဂိုလ် --- ဓမ္မစက္ကပဝတ္တနသုတ္တန် အနတ္တလက္ခဏသုတ္တန် တို့ကဲ့သို့ သစ္စာ (၄)ပါးနှင့် စပ်သော အကျယ်အားဖြင့် ဟောကြားတော်မူ အပ်သော တရားတော်ကို ကြားနာခွင့် ရရှိသောအခါ ကြားနာအပ်ပြီးသည့် တရားတော်၌ လာရှိသည့်အတိုင်း တရားတော်နောက်သို့ ဉာဏ်ကိုစေလွှတ်၍ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်သဖြင့် သစ္စာ (၄)ပါးကို ထိုးထွင်း သိမြင်သော ပုဂ္ဂိုလ်မျိုးကို ဝိပဉ္စိတညူပုဂ္ဂိုလ်ဟု ဆိုသည်။

၃။ နေယျပုဂ္ဂိုလ် ---သစ္စာ (၄)ပါးနှင့် စပ်သော တရားစကားတော်ကို အကျဉ်းအားဖြင့်သော်လည်းကောင်း, အကျယ်အားဖြင့်သော်လည်းကောင်း နာကြားခွင့်ကို ရရှိပါသော်လည်း တရားနာရုံမျှဖြင့် သစ္စာ (၄)ပါးကို ထိုးထွင်း မသိနိုင်သေးဘဲ တရားနာပြီးနောက်ကာလဝယ် ကြားနာအပ်ပြီးသည့် တရားတော်၌ လာရှိသည့်အတိုင်း သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ် ဟူသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို တစ်ဆင့်ပြီး တစ်ဆင့် လက်တွေ့ ကျင့်ပါမှ သစ္စာ (၄)ပါးကို ထိုးထွင်းသိမြင်နိုင်သော ကျွတ်တမ်းဝင်နိုင် သော ပုဂ္ဂိုလ်မျိုးကို နေယျပုဂ္ဂိုလ်ဟု ဆိုသည်။

၄။ ပဒပရမပုဂ္ဂိုလ် --- သစ္စာ (၄)ပါးနှင့် စပ်သော တရားစကားတော်ကို အကျဉ်းအားဖြင့်သော်လည်းကောင်း, အကျယ်အားဖြင့်သော်လည်းကောင်း နာကြားရသော်လည်း နာကြားရုံမျှဖြင့်လည်း ကျွတ်တမ်းမဝင်နိုင်သော သစ္စာ (၄)ပါးကို ထိုးထွင်းမသိနိုင်သော, တရားတော်ကို နာကြားပြီးနောက် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို စနစ်တကျ လက်တွေ့ကျင့်သော်လည်း ဤဘဝတွင် သစ္စာ (၄)ပါးကို ထိုးထွင်းမသိနိုင်သော ပုဂ္ဂိုလ်မျိုးကို ပဒပရမ ပုဂ္ဂိုလ်ဟု ဆိုသည်။

ကျွတ်တမ်းမဝင်နိုင်သော်လည်း သစ္စာ (၄)ပါးကို ထိုးထွင်းမသိနိုင် သော်လည်း မဂ္ဂင် (၈)ပါးကို စနစ်တကျ ကျင့်ခြင်းကြောင့်ကား ပါရမီ မျိုးစေ့ကောင်းများကို ရရှိနိုင်ပေသည်။ သစ္စကပရိဗိုဇ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးတည်း။

ဤပုဂ္ဂိုလ် (၄)မျိုးတို့တွင် ဥဂ္ဃဋိတညူပုဂ္ဂိုလ်ကား အကျဉ်းအားဖြင့် ဟောကြားတော်မူအပ်သော သစ္စာ (၄)ပါးနှင့်စပ်သော တရားစကားတော်ကို နာကြားရရုံမျှဖြင့်, ဝိပဉ္စိတညူပုဂ္ဂိုလ်ကား အကျယ်အားဖြင့် ဟောကြားတော် မူအပ်သော သစ္စာ (၄)ပါးနှင့်စပ်သော တရားစကားတော်ကို နာကြားရရုံ မျှဖြင့် သစ္စာ (၄)ပါးကို ထိုးထွင်းသိမြင်နိုင်သော ကျွတ်တမ်းဝင်နိုင်သော ပုဂ္ဂိုလ်မျိုးတို့ ဖြစ်ကြ၏။ ထိုပုဂ္ဂိုလ်တို့၏ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ဤဘဝတွင် ကျင့်ရမည့်အချိန်ကား တရားနာယူနေသည့် အချိန်ကာလပင် ဖြစ်၏။ အလွန်တိုတောင်းသော အချိန်ကာလအတွင်း၌ မဂ္ဂင် (၈)ပါးကို စုံညီအောင် ကျင့်နိုင်သဖြင့် ကျွတ်တမ်းဝင်သွားတော်မူခြင်း ဖြစ်၏။ ထိုပုဂ္ဂိုလ်မျိုး တို့သည်ကား ယေဘုယျအားဖြင့် ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိတော်မူကြသည့် ပဋိသမ္ဘိဒါပတ္တ အရိယာသူတော်ကောင်းတို့ ဖြစ်ကြ၏။ ပဋိသမ္ဘိဒါပတ္တရဟန္တာ အရှင်မြတ်တို့ ဖြစ်တော်မူကြ၏။ ထိုအရှင်မြတ်ကြီးတို့၏ ပဋိသမ္ဘိဒါဉာဏ်တော် မြတ်ကြီးတို့သည် အောက်ပါ (၅)မျိုးသော အကြောင်းတရားတို့ကြောင့် သန့်ရှင်း စင်ကြယ်တော်မူကြကုန်၏။ ပဋိသမ္ဘိဒါပတ္တ အရှင်မြတ်ကြီးတို့၌ ပြည့်စုံရမည့် အင်္ဂါရပ်တို့ပင် ဖြစ်ကြသည်။ ယင်းအင်္ဂါရပ်တို့ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၇၂။)တွင် ဤသို့ ဖော်ပြထား၏။


အင်္ဂါ (၅) ရပ်

၁။ အဓိဂမ --- အဓိဂမဟူသည် သေက္ခဘုံဟု ခေါ်ဆိုအပ်သော အရိယဖိုလ်သို့ အသေက္ခဘုံဟု ခေါ်ဆိုအပ်သော အရဟတ္တဖိုလ်သို့ ဆိုက်ရောက် တော်မူခြင်းတည်း။ ထိုအရှင်မြတ်ကြီးတို့၏ ပဋိသမ္ဘိဒါဉာဏ်တို့သည် သေက္ခဘုံ ဟု ခေါ်ဆိုအပ်သော အရိယဖိုလ်သို့ ဆိုက်ရောက်တော်မူမှသာလျှင် အထူးသဖြင့် အသေက္ခဘုံဟု ခေါ်ဆိုအပ်သော အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော် မူမှသာလျှင် အလွန်အကဲနှင့်တကွ သန့်ရှင်းစင်ကြယ်တော်မူကြ၏။

၂။ ပရိယတ္တိ -- ဘုရားရှင်၏ ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကား တော်ကို သင်ယူခြင်း ရွတ်ဖတ် သရဇ္ဈာယ်ခြင်းသည် ပရိယတ္တိ မည်၏။ အထူးသဖြင့် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်း ဤအင်္ဂါရပ်နှင့် ပြည့်စုံအောင် ကြိုးပမ်းထားပြီး ဖြစ်ရ၏။

၃။ သဝန --- အရိုအသေပြု၍ အလေးအမြတ်ပြု၍ အလွန်လိုလား တောင့်တသော ကုသိုလ်သမ္မာဆန္ဒဓာတ်ဖြင့် သဒ္ဓမ္မ အမည်ရသော သူတော်ကောင်းတရားကို နာကြားခြင်းသည် သဝန မည်၏။ အထူးသဖြင့် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်း ဤအင်္ဂါရပ်နှင့် ပြည့်စုံအောင် ကြိုးပမ်းထားပြီး ဖြစ်ရ၏။

၄။ ပရိပုစ္ဆာ --- ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ်စသော နက်နဲသော တရားတော်တို့နှင့် စပ်ယှဉ်သော ပါဠိတော် အဋ္ဌကထာစသည့် စကားအစဉ်တို့၌ ပဒတ္ထ - ပုဒ်အနက်သဘောအားဖြင့် အသိခက်ခဲသောပုဒ်၊ အဓိပ္ပါယတ္ထ - ဆိုလိုရင်း အနက်သဘောအားဖြင့် အသိခက်ခဲသောပုဒ်တို့ကို အကျယ်ဆုံးဖြတ်ကြောင်း စကားတော်ကို သင်ယူခြင်းသည် ပရိပုစ္ဆာ မည်၏။ တစ်နည်း အဋ္ဌကထာကို သင်ယူခြင်းသည် ပရိပုစ္ဆာ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၇၂၊၊) ပဋိသမ္ဘိဒါဉာဏ်သို့ ဆိုက်ရောက်တော်မူလိုသော သူတော်ကောင်းသည် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်း အထူးသဖြင့် ဤအင်္ဂါရပ်နှင့် လည်း ပြည့်စုံအောင် ကြိုးပမ်းထားပြီး ဖြစ်ရ၏။

၅။ ပုဗ္ဗယောဂ --- ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ယာဝ အနုလောမဂေါတြဘုသမီပန္တိ သင်္ခါရုပေက္ခာဉာဏမာဟ။ (မဟာဋီ၊၂၊၈၄)

ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ဆွမ်းခံသွားရာ၌ ကမ္မဋ္ဌာန်းကိုဆောင်ခြင်း ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်ကြွလာရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်းတည်းဟူသော အသွားအပြန် ကမ္မဋ္ဌာန်းကိုဆောင်ခြင်း ဂတပစ္စာဂတိက ကျင့်ဝတ်ကို ဖြည့်ကျင့်လျက် သမထ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း တို့ကို စီးဖြန်းပွားများ အားထုတ်တော်မူလေရာ အနုလောမဉာဏ် ဂေါတြဘု ဉာဏ်တို့၏ အနီးအပါး၌ဖြစ်သော သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို အပတ်တကုတ် အားထုတ်ဖူးခြင်းသည် ပုဗ္ဗယောဂ မည်၏။ (ဝိသုဒ္ဓိ၊၂၊၇၂။ မဟာဋီ၊၂၊၈၄။)

သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးတွင်ကား, အဓိဂမ, ပရိယတ္တိ, သဝန, ပရိပုစ္ဆာ --- အင်္ဂါရပ်တို့ကို ပုံစံတူ ဖွင့်ဆိုထား၏။ သို့သော် ပုဗ္ဗယောဂ အင်္ဂါရပ်တွင်ကား ဤသို့ ဖွင့်ဆိုထား၏။

ပုဗ္ဗယောဂေါ နာမ ပုဗ္ဗယောဂါဝစရတာ အတီတဘဝေ ဟရဏပစ္စာဟရဏနယေန ပရိဂ္ဂဟိတကမ္မဋ္ဌာနတာ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။)

= အတိတ်ဘဝဝယ် ကျောင်းမှ ဆွမ်းခံရွာသို့ သွားရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ယူလျက် = ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်လျက် သွားခြင်း, ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ယူလျက် = ကမ္မဋ္ဌာန်းကို ပွားများအားထုတ်လျက် ပြန်လာခြင်းတည်းဟူသော သိမ်းဆည်းအပ်ပြီးသော = ဉာဏ်ဖြင့် ပိုင်းခြားယူအပ်ပြီးသော သမထကမ္မဋ္ဌာန်း ဝိပဿနာ ကမ္မဋ္ဌာန်း ရှိခြင်းသည် ပုဗ္ဗယောဂမည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။)

ဤ၌ အတိတ်ဘဝဝယ် ပုဗ္ဗယောဂကျင့်စဉ်ကို ကျင့်ခြင်းကိုသာ ဖွင့်ဆိုထား၏။ ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း အတိတ်ဘဝဟုလည်းကောင်း, ဤဘုရားရှင်၏ သာသနာတော်တွင်း အတိတ်ဘဝဟုလည်းကောင်း ခွဲခြား၍ မဖွင့်ဆိုပေ။ ကျင့်စဉ်ပိုင်းတွင်လည်း သင်္ခါရသမ္မသနံ (အဘိ၊ဋ္ဌ၊၂၊၃၇၃) ဟု သင်္ခါရတရားတို့ကို ဝိပဿနာရှုပွားသုံးသပ်ခြင်းမျှကိုသာ ဖွင့်ဆိုထား၏။ သင်္ခါရုပေက္ခာဉာဏ်ဟူ၍ အတိအကျ မဖွင့်ဆိုပေ။ ထိုကြောင့် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ပင် ဖြစ်စေ, ဤဘုရားရှင်၏ သာသနာတော်တွင်း၌ပင် ဖြစ်စေ ရှေးလွန်လေပြီးသော အတိတ်ဘဝဝယ် ဒုက္ခသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး, သမုဒယသစ္စာအမည်ရသည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစသည့် အကြောင်းတရားများတည်းဟူသော ဤနှစ်မျိုးကုန်သော သင်္ခါရတရားတို့ကို လက္ခဏာယာဉ် သုံးချက်တင်ကာ ရှုပွားသုံးသပ်ခဲ့ဖူးခြင်းတည်းဟူသော ဝိပဿနာဉာဏ်သည် ပုဗ္ဗယောဂမည်၏ဟု သိရှိပါလေ။

ဧတေသု ပန ကာရဏေသု ပရိယတ္တိ, သဝနံ, ပရိပုစ္ဆာတိ ဣမာနိ တီဏိ ပဘေဒေဿဝ ဗလဝကာရဏာနိ။ ပုဗ္ဗယောဂေါ အဓိဂမဿ ဗလဝပစ္စယော၊ ပဘေဒဿ ဟောတိ န ဟောတီတိ၊ န ပန တထာ။ ပရိယတ္တိသဝနပရိပုစ္ဆာ ဟိ ပုဗ္ဗေ ဟောန္တု ဝါ မာ ဝါ၊ ပုဗ္ဗယောဂေန ပုဗ္ဗေ စေဝဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။ ဣမေ ပန ဒွေပိ ဧကတော ဟုတွာ ပဋိသမ္ဘိဒါ ဥပတ္ထမ္ဘေတွာ ဝိသဒါ ကရောန္တိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)

ယခု တင်ပြခဲ့သည့် အကြောင်းတရား (၅)မျိုးတို့တွင် ပရိယတ္တိ, သဝန, ပရိပုစ္ဆာ --- ဟူသည့် ဤအင်္ဂါရပ် (၃)မျိုးတို့သည်ကား ပဋိသမ္ဘိဒါဉာဏ်တို့၏ အဆင့်အတန်း မြင့်မားမှု, အဆင့်အတန်း မမြင့်မားမှုစသည့် အဆင့်အတန်း ထူးထွေကွဲပြားမှု၏သာလျှင် အားကြီးသော မှီရာအကြောင်းတရားတို့ ဖြစ်ကြ၏။ ပုဗ္ဗယောဂအင်္ဂါရပ်သည်ကား အဓိဂမအမည်ရသည့် အရိယမဂ်ဖိုလ်တို့၏ အားကြီးသော မှီရာ အကြောင်းတရား ဖြစ်၏။ ယင်းသို့ဖြစ်လျှင် ယင်း ပုဗ္ဗယောဂအင်္ဂါရပ်သည် ပဋိသမ္ဘိဒါဉာဏ်တို့၏ အဆင့်အတန်း မြင့်မားမှု, အဆင့်အတန်း မမြင့်မားမှု စသည့် အဆင့်အတန်း ထူးထွေကွဲပြားမှု၏ အကြောင်းတရား မဖြစ်တော့ပြီလောဟု မေးရန်ရှိ၏။ အဖြေကား -- ဖြစ်ပါ၏ ဟူပေ။ သို့သော် ပုဗ္ဗယောဂအင်္ဂါရပ်သည် အဓိဂမအမည်ရသော အရိယမဂ်ဖိုလ်၏ အားကြီးသော မှီရာအကြောင်းတရား ဖြစ်သကဲ့သို့ --- ပဋိသမ္ဘိဒါဉာဏ်တို့၏ အဆင့်အတန်း မြင့်မားမှု, အဆင့်အတန်း မမြင့်မားမှုစသည့် အဆင့်အတန်း ထူးထွေကွဲပြားမှု၏ အားကြီးသော မှီရာအကြောင်းတရားကား မဖြစ်ပေ။ (အားကြီးသော မှီရာအကြောင်းတရားသာ မဖြစ်သည်။ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားကား ဖြစ်ပါ၏ဟု ဆိုလိုသည်။)

ပရိယတ္တိ, သဝန, ပရိပုစ္ဆာ - ဟူသည့် အကြောင်းတရား (၃)မျိုးတို့သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌သော်လည်းကောင်း, သို့မဟုတ် ဤဘုရားရှင်၏ သာသနာတော်တွင်းဝယ် ရှေးရှေး အတိတ်ဘဝတို့၌သော်လည်းကောင်း ရှိချင်လည်း ရှိခဲ့ကြပါစေ, မရှိချင်လည်း မရှိခဲ့ကြပါစေ၊ ပုဗ္ဗယောဂဟူသည့် အကြောင်းတရားသည်ကား .. ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း သို့မဟုတ် ဤဘုရားရှင်၏ သာသနာတော်တွင်းဟု ဆိုအပ်သော ရှေးရှေးအတိတ်ဘဝ၌သော်လည်းကောင်း, ယခုဘဝ၌သော်လည်းကောင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်ခြင်း သမ္မသနလုပ်ငန်းဟူသည့် ဝိပဿနာဘာဝနာလုပ်ငန်းရပ်နှင့် ကင်း၍ ပဋိသမ္ဘိဒါဉာဏ်တို့ကို ရရှိခြင်းမည်သည် မရှိစကောင်းပေ။ ပုဗ္ဗယောဂနှင့် အဓိဂမဟူသည့် အကြောင်းအင်္ဂါရပ် နှစ်မျိုးတို့သည်လည်း တစ်ပေါင်းတည်းဖြစ်ကာ ပဋိသမ္ဘိဒါဉာဏ်တို့ကို ဖြစ်ပေါ်လာအောင် အားပေးထောက်ပံ့ကြကာ ပဋိသမ္ဘိဒါဉာဏ်တို့ကို သန့်ရှင်းအောင် ပြုလုပ်ကြသည်။ ထိုကြောင့် ပုဗ္ဗယောဂအင်္ဂါရပ်သည် ပဋိသမ္ဘိဒါဉာဏ်တို့၏ အဆင့်အတန်း မြင့်မားမှု, အဆင့်အတန်း မမြင့်မားမှု စသည့် အဆင့်အတန်း ထူးထွေကွဲပြားမှု၏ အားကြီးသော မှီရာအကြောင်းတရား မဖြစ်သော်လည်း အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းတရားကား ဖြစ်ပါ၏ဟု ဆိုလိုပေသည်။ (အဘိ၊ဋ္ဌ၊၂၊၃၇၂-၃၇၃။ မူလဋီ၊၂၊၁၉၃။)

သို့သော် ဤအရာဝယ် မေးမြန်းဖို့ရန် မေးခွန်းတစ်ခု ဖြစ်ပေါ်လာ၏။ ယင်းမေးခွန်းကား --- အရိယသာဝကတိုင်းသည် ပဋိသမ္ဘိဒါဉာဏ်ကို ရရှိနိုင်ပါသလား? --- ဟူသော မေးခွန်းပင် ဖြစ်၏။ သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးက ဤသို့ ဖွင့်ဆိုထားတော်မူပြန်၏။

အရိယသာဝကော နော ပဋိသမ္ဘိဒါပတ္တော နာမ နတ္ထိ။(အဘိ၊ဋ္ဌ၊၂၊၃၇၂၊၊)

= ပဋိသမ္ဘိဒါဉာဏ်သို့ မရောက်ရှိသော = ပဋိသမ္ဘိဒါဉာဏ်ကို မရရှိသော အရိယာသူတော်ကောင်းမည်သည် မရှိစကောင်းပေ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။)


ပဋိသမ္ဘိဒါဉာဏ်တော်လေးပါး

အထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်မှာ ဝိဘင်းပါဠိတော်တွင် လာရှိသော သစ္စဝါရဒေသနာတော်စသည့် ဒေသနာတော်များကို ရည်ညွှန်းထားပေသည်။ သစ္စဝါရဒေသနာတော်၌ ဘုရားရှင်က ပဋိသမ္ဘိဒါဉာဏ်တော်များကို အောက်ပါအတိုင်း ဟောကြားထားတော်မူပေသည်။

ဒုက္ခေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ဒုက္ခသမုဒယေ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ ဒုက္ခနိရောဓေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။ (အဘိ၊၂၊၃၀၇။)

၁။ ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ်မည်၏။
၂။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ သိသောဉာဏ်သည်ဓမ္မပဋိသမ္ဘိဒါဉာဏ်မည်၏။
၃။ ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ်မည်၏။
၄။ ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ရောက်ကြောင်း ကျင့်စဉ် (= မဂ္ဂသစ္စာ)၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်မည်၏။

ထို အတ္ထ+ဓမ္မတို့၌ အခေါ်အဝေါ် အသုံးအနှုန်း = နိရုတ္တိကို သိသောဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ်မည်၏။

ထို အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တို့ကို တစ်ဖန် ပြန်၍ သိသောဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ်မည်၏။ (အဘိ၊၂၊၃၀၇။)

ဤအထက်ပါ ပဋိသမ္ဘိဒါဉာဏ်တို့တွင် သစ္စာလေးပါးတို့ကို ထိုးထွင်းသိတတ်သောဉာဏ်တို့သည် အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်တို့ ဖြစ်ကြသည်ဆိုသည့် အချက်ကိုလည်း မှတ်သားထားပါ။ တစ်ဖန် --- ဒုက္ခသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကို ထိုးထွင်းသိတတ်သောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ်မည်ရကား ယင်း အတ္ထပဋိသမ္ဘိဒါဉာဏ်မှာလည်း တစ်နည်းအားဖြင့် ဆိုရသော် ဒုက္ခသစ္စာကို ထိုးထွင်း သိသော နာမရူပပရိစ္ဆေဒဉာဏ်စသည့် ဝိပဿနာဉာဏ်ပင် ဖြစ်၏၊ တစ်နည်းဆိုရသော် ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ပင် ဖြစ်ကြ၏။ တစ်ဖန် သမုဒယသစ္စာကို သိသောဉာဏ်မှာ ဓမ္မပဋိသမ္ဘိဒါဉာဏ်မည်ရကား ယင်းဓမ္မပဋိသမ္ဘိဒါဉာဏ်ဟူသည်မှာလည်း တစ်နည်းအားဖြင့် ပြောဆိုရသော် ပစ္စယ ပရိဂ္ဂဟဉာဏ်စသည့် ဝိပဿနာဉာဏ် သို့မဟုတ် ဝိပဿနာဉာဏ် မဂ်ဉာဏ် တို့ပင် ဖြစ်ကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပိုင်း ဝိပဿနာဉာဏ်များသို့ ရောက်ရှိသွားသောအခါ ယင်းဝိပဿနာဉာဏ်တို့ကို တစ်ဖန် ပြန်၍ ဝိပဿနာ ရှုနိုင်သောအခါ ယင်းအတ္ထပဋိသမ္ဘိဒါဉာဏ် ဓမ္မပဋိသမ္ဘိဒါဉာဏ် အမည်ရသည့် ဝိပဿနာဉာဏ်တို့ကို တစ်ဖန် ပြန်၍ သိတတ်သည့် ပဋိဝိပဿနာဉာဏ်ဟူသော ပဋိဘာနပဋိသမ္ဘိဒါဉာဏ်ကို တစ်ဖန် ပြန်၍ သိရှိ နိုင်မည် ဖြစ်ပေသည်။ ဤအချက်ကိုလည်း မှတ်သားထားပါ။


ဝဋ္ဋသစ္စာနှင့် ဝိဝဋ္ဋသစ္စာ

တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

= ထိုသစ္စာလေးပါးတို့တွင် ရှေးဖြစ်ကုန်သော ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်မျိုးတို့ကား သံသရာဝဋ်၌ လည်ပတ်နေသော ဝဋ္ဋသစ္စာတည်း။ နောက်ဖြစ်ကုန်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်တည်းဟူသော လောကုတ္တရာ နိရောဓသစ္စာနှင့် ယင်းနိရောဓသစ္စာကို ထွင်းဖောက်သိမြင်တတ်သော အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေသော မဂ္ဂင်တရားကိုယ် (၈)ပါးတည်းဟူသော ဒုက္ခချုပ်ရာ နိရောဓနိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် လောကုတ္တရာ မဂ္ဂအရိယသစ္စာတို့ကား သံသရာဝဋ်မှ ကင်းရာ ချုပ်ရာဖြစ်သည့် ဝိဝဋ္ဋသစ္စာတည်း။ ထိုဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာ နှစ်မျိုးတို့တွင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာဖြစ်သည့် ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ တရားစုတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းအမှုကို ပြုလုပ်ရမည် ဖြစ်သည်။ ဝိဝဋ္ဋသစ္စာတရား နှစ်မျိုးတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းသည် မရှိပေ။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)


ဝိပဿနာဉာဏ်၏ အရှုခံအာရုံ

အထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ လာရှိသည့်အတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ဒုက္ခသစ္စာတရားစုနှင့် သမုဒယသစ္စာတရားစုတို့ကို ဝိပဿနာရှုပွားရမည် ဖြစ်ပေသည်။

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

= အနိစ္စစသည်တို့၏ အစွမ်းဖြင့် အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ဒုက္ခသစ္စာဓမ္မ+သမုဒယသစ္စာဓမ္မတို့ကို ရှုပွားတတ်သောကြောင့် ဝိပဿနာမည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

ဤအထက်ပါ အဋ္ဌကထာ၏ ရှင်းလင်းတင်ပြချက်အရ ဝိပဿနာဟူသည် ဒုက္ခသစ္စာဓမ္မနှင့် သမုဒယသစ္စာဓမ္မတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ရှုပွားသုံးသပ်ခြင်းကို ဆိုလိုပေသည်။


လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် သစ္စာလေးပါး

၁။ ဒုက္ခသစ္စာ

သံခိတ္တေန ပဉ္စ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။ မ၊၁၊၈၂။)

ဤအထက်ပါ ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် မဟာသတိပဋ္ဌာနသုတ္တန်စသည့် ထိုထိုဒေသနာတော်တို့၌ လာရှိသည့်အတိုင်း - ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ တည်းဟူ သော ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရားမည်၏။ ယင်းသို့ဖြစ်လျှင် ရူပုပါဒါနက္ခန္ဓာစသည့် ဥပါဒါနက္ခန္ဓာဟူသည် အဘယ်နည်းဟု မေးရန်ရှိ၏။

ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။)

ဤအထက်ပါ ခန္ဓသုတ္တန်ဒေသနာတော်မြတ်၌ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့်အညီ --- အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ (=ကိုယ်တွင်း), ဗဟိဒ္ဓ (= ပြင်ပ), ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး), ဟူသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် အာသဝေါတရားတို့၏ အာရုံဖြစ်ကြသည့်, တဏှာဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သော ကံသည် ငါ၏ အကျိုးဟု စွဲယူအပ်သည့် ရုပ်တရားအစုအပုံသည် ရူပုပါဒါနက္ခန္ဓာမည်၏။ အလားတူပင် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဝေဒနာတရားအစုအပုံ, သညာတရားအစုအပုံ, သင်္ခါရတရား အစုအပုံ, ဝိညာဏ်တရားအစုအပုံ အသီးအသီးကိုလည်း ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဟု အသီးအသီး ခေါ်ဆိုကြောင်းကိုလည်း ယင်းခန္ဓသုတ္တန်ဒေသနာတော်မြတ်တွင် ဆက်လက် ဟောကြားထားတော်မူပေသည်။ (သံ၊၂၊၃၉။)

ဤအထက်ပါ အရပ်ရပ်သော ဒေသနာတော်များနှင့်အညီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့သည် ဒုက္ခသစ္စာမည်၏။

၂။ သမုဒယသစ္စာ

ဘုရားရှင်သည် သစ္စဝိဘင်းပါဠိတော်၌ သမုဒယသစ္စာကို ငါးမျိုးခွဲကာ ဟောကြားထားတော်မူခဲ့၏။

၁။ တဏှာကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။ (အဘိ၊၂၊၁၁၂။)
၂။ တဏှာနှင့်တကွ ကြွင်းကိလေသာအားလုံးကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။ (အဘိ၊၂၊၁၁၃။)
၃။ တဏှာနှင့်တကွ ကြွင်းကိလေသာတို့ကိုလည်းကောင်း, ကြွင်းအကုသိုလ်တရားအားလုံးကိုလည်းကောင်း သမုဒယသစ္စာဟု ဟောကြား ထားတော်မူ၏။ (အဘိ၊၂၊၁၁၄။)
၄။ တဏှာ ကြွင်းကိလေသာ ကြွင်းအကုသိုလ်တရားအားလုံးကိုလည်းကောင်း, အာသဝေါတရားတို့၏ အာရုံဖြစ်သော အလောဘ အဒေါသ အမောဟဟူသည့် ကုသလမူလတရား (၃)ပါးကိုလည်းကောင်း သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။ (အဘိ၊၂၊၁၁၄။)
၅။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရား, အာသဝေါတရားတို့၏အာရုံဖြစ်သော ကုသလမူလတရား (၃)ပါး, အာသဝေါတရားတို့၏အာရုံဖြစ်သော ကြွင်းကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။ (အဘိ၊၂၊၁၁၅။)

ဤအထက်ပါ သစ္စဝိဘင်းဒေသနာတော်ကို ရည်ညွှန်းလျက် သမ္မောဟ ဝိနောဒနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့ကလည်း ဤသို့ ဖွင့်ဆိုထား တော်မူကြ၏။

တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)

= စေတနာ, စေတနာနှင့်ယှဉ်ဖက် သမ္ပယုတ်တရားဟု အထူးမပြောတော့ဘဲ သံသရာဝဋ်ကို လည်ပတ်စေတတ်သည့် ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှကို သမုဒယသစ္စာဟု သစ္စဝိဘင်းပါဠိတော်၌ ဘုရားရှင် ဟောကြားထားတော်မူပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)

အင်္ဂုတ္တရနိကာယ် တိကနိပါတ် တိတ္ထာယတနသုတ္တန်၌ကား ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူ၏။ ---

ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။ (အံ၊၁၊၁၇၈။)

= ရဟန်းတို့ ...ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားဟူသည် အဘယ်နည်း?
၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏။
၂။ သင်္ခါရတို့ ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်၏။
၃။ ဝိညာဏ် ဖြစ်ခြင်းကြောင့် နာမ်+ရုပ် ဖြစ်၏။
၄။ နာမ်+ရုပ် ဖြစ်ခြင်းကြောင့် သဠာယတန (= အာယတန ၆-စုံ) ဖြစ်၏။
၅။ သဠာယတန ဖြစ်ခြင်းကြောင့် ဖဿ ဖြစ်၏။
၆။ ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏။
၇။ ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာ ဖြစ်၏။
၈။ တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန် ဖြစ်၏။
၉။ ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝ (= ကမ္မဘဝ+ဥပပတ္တိဘဝ) ဖြစ်၏။
၁၀။ ကမ္မဘဝ ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏။
၁၁။ ဇာတိ ဖြစ်ခြင်းကြောင့် (၁၂) ဇရာ+မရဏ ဖြစ်၏။

သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသတို့သည် ဖြစ်ကုန်၏။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ... ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတရားဟူ၍ ခေါ်ဆိုအပ်ပေ၏။ (အံ၊၁၊၁၇၈။)

သမ္မောဟဝိနောဒနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့ကလည်း ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ၊၅၀။)ကို ရည်ညွှန်းကာ ဤသို့ ဂါထာဖြင့် ယင်း ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အကျဉ်းချုပ်ကာ ဖော်ပြထားကြပေသည်။

အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။

ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။ (အဘိ၊ဋ္ဌ၊၂၊၁၁၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)

ယင်းဂါထာ၏ ဆိုလိုရင်းသဘောတရားမှာ ဤသို့ဖြစ်၏။ ---

အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အတိတ်အကြောင်းတရားငါးပါးကြောင့် ဝိညာဏ်, နာမ်+ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော ပစ္စုပ္ပန်အကျိုးတရားငါးပါး ထင်ရှားဖြစ်၏။

ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော ပစ္စုပ္ပန်အကြောင်းတရားငါးပါးကြောင့် ဝိညာဏ်, နာမ်+ရုပ်, သဠာယတန, ဖဿ, ဝေဒနာ --- ဟူသော အနာဂတ်အကျိုးတရား ငါးပါး ထင်ရှားဖြစ်၏။

ဤကား အထက်ပါ ဂါထာ၏ ဆိုလိုရင်း သဘောတရားတည်း။ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို အကျဉ်းချုပ်လိုက်ပါက အကြောင်းတရားနှင့် အကျိုးတရားမျှသာရှိ၏။ အကြောင်းတရား တို့ကား သမုဒယသစ္စာတရားစုတို့တည်း၊ အကျိုးတရားတို့ကား ဒုက္ခသစ္စာ တရားစုတို့တည်း။ ထိုကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကား သမုဒယသစ္စာတရားစုတို့တည်း။ ဝိညာဏ်, နာမ်+ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ကား ဒုက္ခသစ္စာတရားစုတို့တည်း။ ဤသို့ မှတ်သားထားပါ။

၃။ နိရောဓသစ္စာ

၁။ တဏှာ၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း,
၂။ တဏှာ, ကြွင်းကိလေသာတို့၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း,
၃။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရားတို့၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း,
၄။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရား, အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသလမူလတရား (၃)ပါးတို့၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း,
၅။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရား, အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသလမူလတရား(၃)ပါး, အာသဝေါတရား တို့၏ အာရုံဖြစ်သော ကြွင်းကုသိုလ်တရားအားလုံးတို့၏ အကြွင်း အကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း နိရောဓသစ္စာ ဟု သစ္စဝိဘင်းပါဠိတော်၌ ဟောကြားထားတော်မူ၏။ (အဘိ၊၂၊၁၁၂-၁၁၄-၁၁၅။)

တစ်ဖန် အင်္ဂုတ္တရနိကာယ် တိကနိပါတ် တိတ္ထာယတနသုတ္တန်တွင် ဤသို့ ဟောကြားထားတော်မူပြန်၏။

ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။ အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။ (အံ၊၁၊၁၇၈။)

= ရဟန်းတို့ ...ဒုက္ခချုပ်ကြောင်း နိရောဓအရိယသစ္စာတရားဟူသည် အဘယ်နည်း?
၁။ အဝိဇ္ဇာ၏သာလျှင် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ခြင်းကြောင့် သင်္ခါရတို့သည် ချုပ်ကုန်၏။
၂။ သင်္ခါရတို့၏ ချုပ်ခြင်းကြောင့် ဝိညာဏ်သည် ချုပ်၏။
၃။ ဝိညာဏ်၏ ချုပ်ခြင်းကြောင့် နာမ်+ရုပ်သည် ချုပ်၏။
၄။ နာမ်+ရုပ်၏ ချုပ်ခြင်းကြောင့် သဠာယတနသည် ချုပ်၏။
၅။ သဠာယတန၏ ချုပ်ခြင်းကြောင့် ဖဿသည် ချုပ်၏။
၆။ ဖဿ၏ ချုပ်ခြင်းကြောင့် ဝေဒနာသည် ချုပ်၏။
၇။ ဝေဒနာ၏ ချုပ်ခြင်းကြောင့် တဏှာသည် ချုပ်၏။
၈။ တဏှာ၏ ချုပ်ခြင်းကြောင့်် ဥပါဒါန်သည် ချုပ်၏။
၉။ ဥပါဒါန်၏ ချုပ်ခြင်းကြောင့် ဘဝ (= ကမ္မဘဝ+ဥပပတ္တိဘဝ) သည် ချုပ်၏။
၁၀။ ကမ္မဘဝ၏ ချုပ်ခြင်းကြောင့် ဇာတိသည် ချုပ်၏။
၁၁။ ဇာတိ၏ ချုပ်ခြင်းကြောင့် (၁၂) ဇရာ+မရဏသည် ချုပ်၏။
သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသတို့သည် ချုပ်ကုန်၏။ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ချုပ်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ... ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၏ ချုပ်ငြိမ်းမှုကို ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟူ၍ ဆိုအပ်၏။ (အံ၊၁၊၁၇၈။)

သတိပဋ္ဌာန်ကျင့်စဉ်ပိုင်း

ဤအထက်ပါ ဒေသနာတော်များတွင် --- အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အကြောင်း သမုဒယသစ္စာတရားများ ထင်ရှားဖြစ်ခြင်းကြောင့် ထင်ရှားတည်ရှိခြင်းကြောင့် ဝိညာဏ်, နာမ်+ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော အကျိုးဒုက္ခသစ္စာတရားများ ထင်ရှားဖြစ်ပုံကိုလည်းကောင်း, အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အကြောင်း သမုဒယသစ္စာ တရားများ အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် ဝိညာဏ်, နာမ်+ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော အကျိုးဒုက္ခသစ္စာတရား (= ခန္ဓာငါးပါး = ရုပ်နာမ်တရား) တို့၏ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆို အပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကိုလည်းကောင်း မြင်အောင် ရှုရမည် ဖြစ်ပေသည်။ ထိုသို့ ရှုရန် ဘုရားရှင်က --- မဟာသတိပဋ္ဌာနသုတ္တန်တွင် ဤသို့ ညွှန်ကြားထားတော်မူပေသည်။

သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁။)
သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ။ (မ၊၁၊၇၅။)
သမုဒယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ။ (မ၊၁၊၇၆။)
သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ။ (မ၊၁၊၇၇-၇၈။)

အဋ္ဌကထာများကလည်း ဤသို့ ဖွင့်ဆိုထားတော်မူကြ၏။

သမုဒယဓမ္မာနုပဿီ ဝါတိအာဒီသု ပန အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိအာဒိနာ (ပဋိသံ၊၅၃။) နယေန ပဉ္စဟာကာရေဟိ ရူပက္ခန္ဓဿ သမုဒယော စ ဝယော စ နီဟရိတဗ္ဗော။ တဥှိ သန္ဓာယ ဣဓ သမုဒယဓမ္မာနုပဿီ ဝါတိအာဒိ ဝုတ္တံ။ (မ၊ဋ္ဌ၊၁၊၂၅၇။)

သမုဒယဝယဓမ္မာနုပဿီ ဝါတိ ဧတ္ထ ပန အဝိဇ္ဇာသမုဒယာ ဝေဒနာသမုဒယောတိအာဒီဟိ (ပဋိသံ၊၅၄။) ပဉ္စဟိ ပဉ္စဟိ အာကာရေဟိ ဝေဒနာနံ သမုဒယဉ္စ ဝယဉ္စ ပဿန္တော သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ကာလေန သမုဒယဓမ္မာနုပဿီ ဝါ၊ ကာလေန ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတီတိ ဝေဒိတဗ္ဗော။ (မ၊ဋ္ဌ၊၁၊၂၈၃-၂၈၄။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်း အဓိပ္ပာယ်မှာ ဤသို့ ဖြစ်၏။ ---
၁။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစသည့် အကြောင်း သမုဒယသစ္စာတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ အမည်ရသည့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်ပုံကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က မြင်အောင် ရှုရမည် ဖြစ်၏။
၂။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစသည့် အကြောင်း သမုဒယသစ္စာတို့၏ အရဟတ္တမဂ်ကြောင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်းကြောင့် ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ အမည်ရသည့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်းကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က မြင်အောင် ရှုရမည် ဖြစ်၏။
၃။ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏ ခဏမစဲ တသဲသဲ ဖြစ်ပြီး ပျက်နေသည့်သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်ကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုရမည်ဖြစ်၏။

အကြောင်းတရားများ ချုပ်ငြိမ်းမည့်အချိန်

အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့် ပါဠိတော် အဋ္ဌကထာတို့နှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်ဘဝ ထိုထိုဝယ် ပြုစုပျိုးထောင်ခဲ့သည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားကြောင့် ဤဘဝတွင် ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ အမည်ရသည့် အကျိုးဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း,
အနာဂတ် သံသရာ ထင်ရှားရှိနေသေးသည့် သူတော်ကောင်းတို့အဖို့ ဤပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်ထားသော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အကြောင်းသမုဒယသစ္စာတရား၏ ထင်ရှားဖြစ်ခြင်းကြောင့် ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ အမည်ရသည့် အကျိုးဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း မြင်အောင် ရှုရမည်သာမက, အကြောင်းသမုဒယသစ္စာတရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် နောက်ထပ်တစ်ဖန် မဖြစ်သောချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် နောက်ထပ်တစ်ဖန် မဖြစ်သော ချုပ်ခြင်း ဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်သည်။ မည်သည့်အချိန်အခါ၌ အကြောင်းတရားတွေသည် ထိုကဲ့သို့ ချုပ်ငြိမ်းသွားကြမည်နည်း? အကျိုးတရားတွေသည် ထိုကဲ့သို့ ချုပ်ငြိမ်းသွားကြမည်နည်း? အဖြေမှာ အောက်ပါ အတိုင်း ဖြစ်၏။ ----

အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။)

= အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟူသည် အမြတ်ဆုံးသော အရိယမဂ်ဉာဏ်ဟူသည့် အရဟတ္တမဂ်ဉာဏ်ကြောင့် အဝိဇ္ဇာ၏ နောက်ထပ်တစ်ဖန် မည်သည့်အခါမျှ မဖြစ်သောချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အနာဂတ်ဖြစ်သော ရုပ်တရား၏ (= ပရိနိဗ္ဗာနစုတိအခိုက် နောက်ဆုံးဖြစ်မည့် ရုပ်တရား၏) နောက်ထပ်တစ်ဖန် မည်သည့်အခါမျှ မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို ဆိုလိုပေသည်။ အကြောင်းတရားတို့၏ ထင်ရှားမဖြစ်ကြခြင်း မရှိကြခြင်းကြောင့် အကျိုးတရားတို့၏လည်း ထင်ရှားမဖြစ်နိုင်ခြင်း ထင်ရှားမရှိနိုင်ခြင်းကြောင့်တည်း။ (မဟာဋီ၊၂၊၄၂၁။)

ဤရှုကွက်ကို ရှုရမည့် အချိန်ကာလ

ဤရှုကွက်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းဟု အမည်တပ်ကာ ဥဒယဗ္ဗယဉာဏ်ပိုင်းတွင် ရှုပွားရန် ညွှန်ကြားထားတော်မူ၏။ ဝိပဿနာကို အားသစ်စသာ ဖြစ်သေးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်စဉ်အတိုင်း ဝိပဿနာရှုပွားသုံးသပ်လာရာ ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ရောက်ရှိလာသောအခါ ဤရှုကွက်ကို ရှုရတော့မည် ဖြစ်၏။ အထက်အထက်သော ဝိပဿနာဉာဏ်များကို တက်လှမ်းနိုင်ရေး အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ရရှိရေးအတွက် ရည်မြော်ကာ ရှုပွားသုံးသပ်ရခြင်း ဖြစ်၏။ ဝိပဿနာဘာဝနာကို အားသစ်ဆဲမျှသာ ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ထိုအချိန်အခါတွင် ပုထုဇန်အဆင့်တွင်သာ ရှိနေသေး၏။ အရိယာသူတော်ကောင်းသည် ယင်းရှုကွက်တို့ကို မရှုကောင်းဟုကား မဆိုလိုပါ။ အထက်ထက်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ရရှိရေးအတွက် သို့မဟုတ် မိမိဆိုင်ရာ မိမိရရှိထားသည့် ဖလသမာပတ်တို့ကို ဝင်စားနိုင်ရေးအတွက် ရှုနိုင်သည်သာ ဖြစ်ပါသည်။ သို့သော် ဤ၌ ပြောဆိုလိုသော အချက်မှာ ပုထုဇန်အဆင့်တွင်သာ ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ရောက်ရှိသွားသောအခါ ယင်းရှုကွက်တို့ကို ရှုရတော့မည်သာဖြစ်ကြောင်းကို ပြောဆိုလိုရင်းဖြစ်ပေသည်။

ပုထုဇန် ယောဂီသူတော်ကောင်းသည် --- အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ဉာဏ်၏ စွမ်းအားကြောင့် ချုပ်ငြိမ်းပုံကိုလည်းကောင်း, ယင်း အကြောင်းတရားတို့၏ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့၏ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ ချုပ်ငြိမ်းသွားပုံကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည်ဖြစ်ရာ ယင်းရှုကွက်မှာ ယခုဘဝ ရဟန္တာဖြစ်မည့်သူအတွက် ယခုဘဝ အနာဂတ်တွင်, နောင်အနာဂတ်ဘဝ တစ်ခုခုတွင်မှ ရဟန္တာဖြစ်မည့်သူအတွက် ယင်း နောင်အနာဂတ်ဘဝတွင် အရဟတ္တမဂ်ရမည့်အချိန်ဝယ် ယင်း အရဟတ္တမဂ်ကြောင့် ယင်းအကြောင်းတရားတို့၏ ချုပ်ငြိမ်းမှုကို မြင်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုရမည့် ရှုကွက်ဖြစ်သည်။ ပုထုဇန် ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် အရဟတ္တမဂ်ကို အာရုံယူနိုင်သည်ဟူ၍ကား မဆိုလိုပါ။ ယင်းနောင်အနာဂတ်တွင် ရရှိမည့် အရဟတ္တမဂ်ဉာဏ်၏ စွမ်းအားကြောင့် ယင်းအကြောင်းတရားတို့၏ ချုပ်ငြိမ်းမှုသဘောကိုသာ မြင်အောင် ရှုရမည်ဟု ဆိုလိုပါသည်။ ယင်းသို့ မြင်ခဲ့သော် တစ်ဖန် ဆက်လက်၍ ယင်းအကြောင်းတရားတို့၏ နောက်ထပ်တစ်ဖန် မည်သည့်အခါမျှ မဖြစ်သောချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ခြင်းကြောင့် အကျိုး ခန္ဓာငါးပါးတို့၏လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ နောက်ထပ်တစ်ဖန် မည်သည့်အခါမျှမဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည်ဖြစ်သည်။

ဤသို့ ချုပ်ငြိမ်းပုံကို မြင်အောင်ရှုရသည့် ရှုကွက်မှာ ဥဒယဗ္ဗယဉာဏ်ကို အားသစ်နေဆဲဖြစ်သော ပုထုဇန် ယောဂါဝစရပုဂ္ဂိုလ်အတွက် အနာဂတ် ရှုကွက်သက်သက်သာ ဖြစ်ပေသည်။ အရဟတ္တမဂ်ကလည်း မရရှိသေး, ပရိနိဗ္ဗာန်ကလည်း မစံရသေးသည့်အတွက် --- အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ = အနာဂတ်ဖြစ်သော ရုပ်တရား၏ အနုပ္ပါဒနိရောဓ (= နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ခြင်း)သည် ဖြစ်၏ စသည်ဖြင့် မဟာဋီကာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်းဖြစ်ပေသည်။

ဤအရာဝယ် အကြောင်းတရားများ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားများ ထင်ရှားဖြစ်ပုံကို သိမြင်သော ဝိပဿနာဉာဏ်ကို ပစ္စယတော ဥဒယဒဿနဉာဏ် ဟုလည်းကောင်း, အကြောင်းတရားများ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ခြင်းကြောင့် အကျိုးတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို သိမြင်သော ဝိပဿနာဉာဏ်ကို ပစ္စယတော ဝယဒဿနဉာဏ် ဟုလည်းကောင်း, ယင်းနှစ်ရပ်ပေါင်းကို ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ် ဟုလည်းကောင်း, ခန္ဓာတို့၏ ခဏအားဖြင့် အဖြစ်သက်သက် နိဗ္ဗတ္တိလက္ခဏာကို သိမြင်သော ဝိပဿနာဉာဏ်ကို ခဏတော ဥဒယဒဿနဉာဏ် ဟုလည်းကောင်း, ခန္ဓာတို့၏ ခဏအားဖြင့် ချုပ်ပျက်မှု ဝိပရိဏာမလက္ခဏာကို သိမြင်သော ဝိပဿနာဉာဏ်ကို ခဏတော ဝယဒဿနဉာဏ် ဟုလည်းကောင်း, နှစ်ရပ်ပေါင်းကို ခဏတော ဥဒယဗ္ဗယဒဿနဉာဏ် ဟုလည်းကောင်း ခေါ်ဆိုကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၆၇။)တွင် ရှင်းလင်းတင်ပြထားပေသည်။

ဤကဲ့သို့ ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ---
၁။ ပစ္စယတော ဥဒယဒဿနဉာဏ်ကြောင့် သမုဒယသစ္စာတရားသည် ထင်ရှားလာ၏။ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကအကြောင်းတရားကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကြောင့် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
၂။ ခဏတော ဥဒယဒဿနဉာဏ်ကြောင့် ဒုက္ခသစ္စာတရားသည် ထင်ရှား လာ၏။ ဇာတိဒုက္ခကို ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကြောင့် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
၃။ ပစ္စယတော ဝယဒဿနဉာဏ်ကြောင့် နိရောဓသစ္စာတရားသည် ထင်ရှားလာ၏။ အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အကြောင်းတရားရှိသော အကျိုးတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကြောင့် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
၄။ ခဏတော ဝယဒဿနဉာဏ်ကြောင့် ဒုက္ခသစ္စာတရားသည်ပင်လျှင် ထင်ရှားလာ၏။ မရဏဒုက္ခကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကြောင့်တည်း။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
၅။ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်, ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်ဟူသော နှစ်မျိုးသော ဥဒယဗ္ဗယဒဿန ဉာဏ်သည်ကား လောကီမဂ္ဂသစ္စာတရားတည်း။ ထိုကြောင့် ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် မဂ္ဂသစ္စာတရားသည် ထင်ရှား လာ၏။ ထို နှစ်မျိုးသော ဥဒယဗ္ဗယသဘော၌ မသိမိုက်မဲတွေဝေမှု သမ္မောဟတရားကို တဒင်္ဂအားဖြင့် ယင်း ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ပညာက ပယ်သတ်တတ်သောကြောင့် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။)

ဤအရာဝယ် --- ယင်းယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ...
၁။ ယင်း သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်းသဘောကား သမ္မာဒိဋ္ဌိ,
၂။ ယင်း သစ္စာလေးပါးအာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေးရှုတင်ပေးခြင်းသဘောကား သမ္မာသင်္ကပ္ပ,
၃။ ယင်း သစ္စာလေးပါးအာရုံကို သိအောင် ကြိုးစားအားထုတ်နေခြင်းသဘောကား သမ္မာဝါယာမ,
၄။ ယင်း သစ္စာလေးပါးအာရုံကို အမှတ်ရနေခြင်းသဘောကား သမ္မာသတိ,
၅။ ယင်း သစ္စာလေးပါးအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခြင်းသဘောကား သမ္မာသမာဓိ --
ဤသို့လျှင် လောကီမဂ္ဂင်တရားကိုယ် (၅)ပါးတို့သည် ဝိပဿနာစိတ္တက္ခဏတစ်ခု တစ်ခုအတွင်းဝယ် ပြိုင်တူ ပြိုင်တူ ဖြစ်နေကြ၏။ ကြိုတင် ဆောက်တည် ကျင့်သုံးထားအပ်ပြီးသော သီလမဂ္ဂင် (၃)ပါးနှင့် ပေါင်းလိုက် ပါက လောကီမဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်သည်။ ယင်းလောကီမဂ္ဂင်တရားကိုယ် (၈)ပါးတို့ကား လောကီမဂ္ဂသစ္စာတရားစုတို့ ဖြစ်ကြသည်။

ယောဂါဝစရပုဂ္ဂိုလ် လိုက်နာပြုကျင့်ရမည့် မဂ္ဂသစ္စာ

န ဝီထိံ ဇာနာတီတိ သော ဂေါပါလကော မဂ္ဂါမဂ္ဂံ ဝိယ အယံ လောကိယော အယံ လောကုတ္တရောတိ အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ယထာဘူတံ န ပဇာနာတိ၊ အဇာနန္တော လောကိယမဂ္ဂေ အဘိနိဝိသိတွာ လောကုတ္တရံ နိဗ္ဗတ္တေတုံ န သက္ကောတိ။ (မ၊ဋ္ဌ၊၂၊၁၆၅။)

= နွားအပေါင်းကို ထိန်းကျောင်းနေသော နွားကျောင်းသားသည် - ဤလမ်းကား ညီညွတ်သော ဘေးကင်းသော လမ်းတည်း၊ ဤလမ်းကား မညီညွတ်သော ဘေးဘျမ်းရှိသော လမ်းတည်းဟု လမ်းမှန် လမ်းမှားကို ကွဲကွဲပြားပြား မသိသကဲ့သို့ --- ထိုသို့ မသိဘဲ နွားအပေါင်းကို ထိန်းကျောင်းခဲ့သော် နွားအပေါင်း၏ ကြီးပွားတိုးတက်မှုသည် မဖြစ်နိုင်သကဲ့သို့ ---

ဤဥပမာအတူပင်လျှင် ယောဂါဝစရ ရဟန်းတော်သည် ဤသည်ကား လောကီမဂ္ဂအရိယသစ္စာတရားတည်း၊ ဤသည်ကား လောကုတ္တရာမဂ္ဂအရိယသစ္စာတရားတည်းဟု ဖြူစင်မြင့်မြတ်သော အရိယာတို့၏ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိ၊ ယင်းသို့ မသိခဲ့သော် လောကီမဂ္ဂအရိယသစ္စာတရားတို့ကို နှလုံးသွင်း ရှုပွားပြီးလျှင် လောကုတ္တရာမဂ္ဂအရိယသစ္စာတရားကို ဖြစ်စေအံ့သောငှာ မည်သည့်နည်းနှင့်မျှ မစွမ်းနိုင်ပေ။ ယင်းသို့ မစွမ်းနိုင်ခဲ့သော် ဤသာသနာတော်ဝယ် သီလ, သမာဓိ, ဝိပဿနာ, မဂ်, ဖိုလ်, နိဗ္ဗာန်တို့ဖြင့် ကြီးပွားတိုးတက်မှု မဖြစ်နိုင်ပေ။ ယင်းသို့ဖြစ်လတ်သော် ရဟန္တာပုဂ္ဂိုလ်တို့၏ အသေက္ခသီလ, သမာဓိ, ပညာ, ဝိမုတ္တိ, ဝိမုတ္တိဉာဏဒဿနဟူသော ဂုဏ်ကျေးဇူးတို့မှ အပပြုအပ်ပြီး ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၂၊၁၆၅။)

ဤအထက်ပါ ကျမ်းဂန်အဆိုအမိန့်တို့နှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သည် လောကုတ္တရာမဂ္ဂသစ္စာတရားတို့ ထင်ရှားဖြစ်ပေါ်လာရေးအတွက် လောကီမဂ္ဂသစ္စာတရားတို့ကို ဝိပဿနာဉာဏ်စဉ်အတိုင်း ပွားများ အားထုတ်ရမည် ဖြစ်ပေသည်။ တစ်နည်းဆိုရသော် ဝိပဿနာသမ္မာဒိဋ္ဌိ ဦးဆောင်သည့် လောကီမဂ္ဂသစ္စာတရားတို့ဖြင့် အထက်တွင် တင်ပြထားသည့် အရိယသစ္စာတရား (၄)ပါးတို့ကို သိအောင် ရှေးဦးစွာ ကြိုးပမ်းရမည် ဖြစ်ပေသည်။ ထိုသို့ ကြိုးပမ်းရာ၌ လောကီမဂ္ဂသစ္စာတရားတို့က လောကုတ္တရာမဂ္ဂသစ္စာတရားများကို ဖြစ်ပေါ်စေကြမည် ဖြစ်၏။ လောကုတ္တရာမဂ္ဂသစ္စာတရားတို့က လောကုတ္တရာမဂ္ဂသမ္မာဒိဋ္ဌိဖြင့် ထိုးထွင်းသိရမည့် လောကုတ္တရာနိရောဓသစ္စာ, လောကုတ္တရာမဂ္ဂသစ္စာများ ပါဝင်သည့် အရိယသစ္စာ (၄)ပါးတို့ကို ထိုးထွင်းသိကြမည်ဖြစ်ပေသည်။

ပါရမီ လိုအပ်ပါသလား?

အထက်တွင် တင်ပြခဲ့သော သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ အဆိုအမိန့်ကို ပြန်လည်၍ အာရုံယူကြည့်ပါ။ ---

ပုဗ္ဗယောဂေန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)

ရှေးရှေး အတိတ်ဘဝ၌သော်လည်းကောင်း, ယခုပစ္စုပ္ပန်ဘဝ၌သော်လည်းကောင်း ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့် သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ခြင်း သမ္မသနလုပ်ငန်းရပ်နှင့်ကင်း၍ ပဋိသမ္ဘိဒါဉာဏ်တို့ကို ရရှိခြင်းမည်သည် မရှိစကောင်းပေ။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)

ဤအဆိုအမိန့်ကို ပြန်လည်၍ အမှတ်ရပါ။ တစ်ဖန် ..

အရိယသာဝကော နော ပဋိသမ္ဘိဒါပတ္တော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂)

ပဋိသမ္ဘိဒါဉာဏ်သို့ မရောက်ရှိသော = ပဋိသမ္ဘိဒါဉာဏ်ကို မရရှိသော အရိယာသူတော်ကောင်းမည်သည် မရှိစကောင်းပေ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။)

ဤအဆိုအမိန့်နှစ်ရပ်ကို ပြန်လည်၍ အမှတ်ရပါ။ ရှေးရှေးအတိတ်ဘဝ၌လည်းကောင်း, ယခု ပစ္စုပ္ပန်ဘဝ၌လည်းကောင်း သင်္ခါရတရားတို့ကို လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်ခြင်း သမ္မသနလုပ်ငန်းရပ်နှင့် ကင်း၍ သစ္စာလေးပါးကို ထိုးထွင်းသိမြင်သည့် အရိယာသူတော်ကောင်း မဖြစ်နိုင်ဟု မှတ်သားပါ။

တစ်ဖန် အပဒါန်အဋ္ဌကထာ၌လည်း ဤသို့ ဖွင့်ဆိုထား၏။

တသ္မာ ပစ္စေကဗုဒ္ဓဗုဒ္ဓသာဝကာနံ သဗ္ဗေသံ ပတ္ထနာ စ အဘိနီဟာရော စ ဣစ္ဆိတဗ္ဗော။ (အပဒါန၊ဋ္ဌ၊၁၊၁၅၅။)

= ပစ္စေကဗုဒ္ဓဘုရားရှင်တို့အားလည်းကောင်း, သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သာဝက အားလုံးတို့အားလည်းကောင်း ---
၁။ မိမိလိုလားတောင့်တသည့် ဗောဓိဉာဏ်တော်မြတ်ကို ဆုတောင်းပန်ထွာခြင်း = ပတ္ထနာကိုလည်းကောင်း,
၂။ မိမိလိုလားတောင့်တသည့် ဗောဓိဉာဏ်တော်မြတ်သို့ရောက်အောင် ရှေးရှုသယ်ဆောင်ပေးတတ်သည့် ပါရမီတရားအပေါင်းတည်းဟူသော အဘိနီဟာရကိုလည်းကောင်း အလိုရှိအပ်ပေသည်။ (အပဒါန၊ဋ္ဌ၊၁၊၁၅၅။)

ဣမေသံ ပန သဗ္ဗေသမ္ပိ အဓိကာရော စ ဆန္ဒတာတိ ဒွင်္ဂသမန္နာဂတောယေဝ အဘိနီဟာရော ဟောတိ။ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)

ဘုရားရှင်၏ တပည့်သာဝကအားလုံးတို့အား ..
၁။ အဓိကာရကောင်းမှုကုသိုလ်ရှိခြင်း,
၂။ မိမိမျှော်မှန်းထားသည့် ဗောဓိဉာဏ်တော်မြတ်ကို လိုလားတောင့်တသည့် ဆန္ဒဓာတ် ပြင်းပြခြင်း
တည်းဟူသော ဤအင်္ဂါရပ်နှစ်ပါးနှင့် ပြည့်စုံပါမှသာလျှင် အဘိနီဟာရ = မိမိလိုလားတောင့်တသည့် ဗောဓိဉာဏ်တော်မြတ်သို့ ရောက်အောင် ရှေးရှုသယ်ဆောင်ပေးတတ်သည့် ပါရမီတရားအပေါင်းနှင့် ပြည့်စုံသည် မည်ပေသည်။ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)

ထိုကြောင့် ဘုရားရှင်၏ တပည့်သာဝကတို့သည် အထက်ပါ အဓိကာရ ကောင်းမှုကုသိုလ်နှင့် ဆန္ဒဓာတ်တည်းဟူသော ပါရမီတရားအပေါင်းကို ရှေးဦးစွာ ဖြည့်ကျင့်ဆည်းပူးတော်မူရမည် ဖြစ်ပေသည်။

အဓိကာရကောင်းမှုကုသိုလ်

ဤအရာဝယ် အဓိကာရကောင်းမှုကုသိုလ်အကြောင်းကို ဆက်လက်ပြီး ရှင်းလင်းတင်ပြလိုပေသည်။ ဘုရားရှင်၏တပည့်သာဝကတို့မှာလည်း ..
၁။ အဂ္ဂသာဝက
၂။ မဟာသာဝက
၃။ ပကတိသာဝက - ဟု သုံးမျိုးသုံးစား ရှိကြ၏။

ထိုသုံးမျိုးတို့တွင် ..
၁။ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်တို့ကဲ့သို့သော အဂ္ဂသာဝကတို့သည် အဂ္ဂသာဝကဗောဓိဉာဏ်တော်မြတ်ကို ရရှိရေး အတွက် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး,
၂။ အရှင်မဟာကဿပ, အရှင်အနုရုဒ္ဓါ, အရှင်မဟာကစ္စည်း, အရှင်အာနန္ဒာ, အရှင်ပုဏ္ဏ အစရှိကုန်သော မဟာသာဝကကြီးတို့သည် မဟာသာဝကဗောဓိဉာဏ်တော်မြတ်ကို ရရှိရေးအတွက် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး,
၃။ ပကတိသာဝကတို့သည် မိမိတို့ မျှော်မှန်းထားသည့် ဗောဓိဉာဏ်တော်မြတ်သို့ ရောက်အောင် ရှေးရှုသယ်ဆောင်ပေးမည့် အဘိနီဟာရ တရားတို့ ပြည့်စုံလုံလောက်သည့် ဘဝတို့ ကာလပတ်လုံး
မိမိတို့ မျှော်မှန်းထားသည့် လိုလားတောင့်တသည့် အဂ္ဂသာဝကဗောဓိဉာဏ်, မဟာသာဝကဗောဓိဉာဏ်, ပကတိသာဝကဗောဓိဉာဏ်ဟူသည့် ဗောဓိဉာဏ်တော်မြတ် အသီးအသီးသို့ ရောက်အောင် ရှေးရှုသယ်ဆောင်ပေးနိုင်သည့် အဘိနီဟာရတည်းဟူသော ပါရမီတရားအပေါင်းကို ဖြည့်ကျင့်ဆည်းပူးတော်မူကြရမည် ဖြစ်ပေသည်။ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)

ဤသာဝကသုံးမျိုးတို့တွင် အဂ္ဂသာဝက, မဟာသာဝကနှင့် အချို့အချို့သော ပကတိသာဝကတို့သည် မိမိတို့ လိုလားတောင့်တထားသည့် သို့မဟုတ် ဆုတောင်းပန်ထွာထားသည့် ဗောဓိဉာဏ်တော်မြတ် အသီးအသီး သို့ ဆိုက်ရောက်တော်မူသောအခါ ပဋိသမ္ဘိဒါဉာဏ်လေးပါးတို့ကိုပါ တစ်ပါတည်း ရရှိတော်မူကြပေသည်။ ထိုသူတော်ကောင်းတို့၏ ပဋိသမ္ဘိဒါဉာဏ်တို့၏ သန့်ရှင်းမှုကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရားတို့ကား ---အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း --- အဓိဂမ, ပရိယတ္တိ, သဝန, ပရိပုစ္ဆာ, ပုဗ္ဗယောဂဟု အကြောင်းအင်္ဂါရပ် (၅)မျိုးတို့ ရှိကြ၏။ (ဝိသုဒ္ဓိ၊၂၊၇၂။ အဘိ၊ဋ္ဌ၊၂၊၃၇၂။)

ယင်းအင်္ဂါရပ် (၅)မျိုးတို့တွင် အဓိဂမအင်္ဂါရပ်မှတစ်ပါး ကျန်အင်္ဂါရပ် (၄)ပါးတို့သည် မိမိတို့ ဖြည့်ကျင့်ဆည်းပူးရမည့် အဓိကာရကောင်းမှုကုသိုလ်တို့ပင် ဖြစ်ကြ၏။

သို့သော် ရိုးရိုးပကတိသာဝကတို့အဖို့မူ --- ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ (အဘိ၊ဋ္ဌ၊၂၊၃၇၃။) --- ဟူသော သမ္မောဟဝိနောဒနီအဋ္ဌကထာက ဖွင့်ဆိုထားသည့်အတိုင်း ရှေးရှေး အတိတ်ဘဝတို့ဝယ် သင်္ခါရတရားတို့ကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း သမ္မသန လုပ်ငန်းရပ်သည် အဓိကာရကောင်းမှုကုသိုလ်ပင် ဖြစ်ပေသည်။

သို့သော် ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားက ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အဖွင့်တွင် လာရှိသည့် အဋ္ဌကထာ ဋီကာ စကားရပ်များကို ရည်ညွှန်းလျက် သာဝကပါရမီဉာဏ်အရာမှာ အဓိကာရကောင်းမှုကုသိုလ်အရ ---
၁။ ဝိဇ္ဇာမျိုးစေ့
၂။ စရဏမျိုးစေ့
နှစ်မျိုးလုံးကိုပင် ဆိုလိုကြောင်းကို မိမိ၏ ပါရမီဒီပနီတွင် ရှင်းလင်း တင်ပြထားပေသည်။

ဝိဇ္ဇာမျိုးစေ့နှင့် စရဏမျိုးစေ့

တတ္ထ ဝိဇ္ဇာသမ္ပဒါ ဘဂဝတော သဗ္ဗညုတံ ပူရေတွာ ဌိတာ။ စရဏသမ္ပဒါ မဟာကာရုဏိကတံ။ သော သဗ္ဗညုတာယ သဗ္ဗသတ္တာနံ အတ္ထာနတ္ထံ ဉတွာ မဟာကာရုဏိကတာယ အနတ္ထံ ပရိဝဇ္ဇေတွာ အတ္ထေ နိယောဇေတိ။ ယထာ တံ ဝိဇ္ဇာစရဏသမ္ပန္နော။ တေနဿ သာဝကာ သုပ္ပဋိပန္နာ ဟောန္တိ၊ နော ဒုပ္ပဋိပန္နာ ဝိဇ္ဇာစရဏဝိပန္နာနံ သာဝကာ အတ္တန္တပါဒယော ဝိယ။ (ဝိသုဒ္ဓိ၊၁၊၁၉၇။)

တတ္ထ ယထာ တံ ဝိဇ္ဇာစရဏသမ္ပန္နောတိ ယထာ အညောပိ ဝိဇ္ဇာစရဏသမ္ပန္နော၊ တေန ဝိဇ္ဇာစရဏသမ္ပန္နေဿဝါယံ အာဝေဏိကာ ပဋိပတ္တီတိ ဒေဿတိ။ သာ ပနာယံ သတ္ထု ဝိဇ္ဇာစရဏသမ္ပဒါ သာသနဿ နိယျာနိကတာယ သာဝကာနံ သမ္မာပဋိပတ္တိယာ ဧကန္တကာရဏန္တိ ဒေဿတုံ တေနဿာတိအာဒိ ဝုတ္တံ။ (မဟာဋီ၊၁၊၂၃၃။)

အထက်ပါ အဋ္ဌကထာ, ဋီကာတို့၏ ဆိုလိုရင်းသဘောတရားမှာ ဤသို့ ဖြစ်၏။ ---

ဘုရားရှင်သည် ဝိဇ္ဇာ (၈)ပါးတည်းဟူသော ဝိဇ္ဇာတရားနှင့်လည်း ပြည့်စုံတော်မူ၏၊ စရဏတရား (၁၅)ပါးတည်းဟူသော စရဏတရားနှင့်လည်း ပြည့်စုံတော်မူ၏။ ထိုဝိဇ္ဇာတရားနှင့် ပြည့်စုံခြင်း, စရဏတရားနှင့် ပြည့်စုံခြင်းဟူသော နှစ်မျိုးသော ပြည့်စုံခြင်းတို့တွင် ဝိဇ္ဇာတရားနှင့် ပြည့်စုံခြင်းသည် ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်မြတ်ကို ပြည့်စုံစေ၍ တည်၏ = ပြည့်စုံစေ၏။ ဘုရားရှင်၏ စရဏတရားနှင့် ပြည့်စုံခြင်းသည် မဟာကရုဏာတော်ကို ပြည့်စုံစေ၍ တည်၏ = ပြည့်စုံစေ၏။

ထိုဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် သတ္တဝါအားလုံးတို့အား အကျိုးရှိမှု+အကျိုးမရှိမှုကို (= အကျိုးရှိသည့် လုပ်ငန်းရပ်+အကျိုးမရှိသည့် လုပ်ငန်းရပ်ကို) သိရှိတော်မူ၍ မဟာကရုဏာတော်ဖြင့် အကျိုးမရှိသည့် လုပ်ငန်းရပ်ကို ရှောင်ကြဉ်စေ၍ အကျိုးရှိသည့် လုပ်ငန်းရပ်တို့ကို ယှဉ်စေတော်မူ၏ = ပြုစေတော်မူ၏။

ဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံတော်မူသော အခြားအခြားသော ရှေးရှေးဘုရားရှင်သည်လည်း အကျိုးရှိသည့် လုပ်ငန်းရပ်ကို ယှဉ်စေသကဲ့သို့ (= ပြုကျင့်လိုက်နာစေသကဲ့သို့) အလားတူပင် ဤဂေါတမဘုရားရှင်သည်လည်း အကျိုးရှိသည့် လုပ်ငန်းရပ်ကိုသာ = ကျင့်စဉ်ကိုသာ ယှဉ်စေ၏ = လိုက်နာပြုကျင့်စေ၏။

ထိုကဲ့သို့ အကျိုးမရှိသည့် ကျင့်စဉ်ကို ရှောင်ကြဉ်စေခြင်း, အကျိုးရှိသည့် ကျင့်စဉ်ကိုသာ ယှဉ်စေခြင်း (= လိုက်နာပြုကျင့်စေခြင်း)ဖြင့် ထိုဘုရားရှင်၏ တပည့်သာဝကတို့သည် ဝိဇ္ဇာတရား စရဏတရားတို့နှင့် ပြည့်စုံအောင် ကောင်းမွန်ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသည့် သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်၏။

ဝိဇ္ဇာတရား စရဏတရား ချို့တဲ့ကြကုန်သော တိတ္ထိတို့၏ တပည့်သာဝ က ဖြစ်ကြကုန်သော, မိမိကိုယ်ကိုမိမိ ပူပန်စေတတ် ဆင်းရဲစေတတ်သည့် အတ္တကိလမထာနုယောဂကျင့်စဉ်ကို ကျင့်ကုန်သော အတ္တန္တပအစရှိကုန်သော တိတ္ထိငယ်တို့သည် မကောင်းသော အကျင့်ရှိကုန်သည့် ဒုပ္ပဋိပန္နပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်သကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သာဝကတို့သည်ကား (ဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံအောင် ကောင်းမွန်ရိုသေစွာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နေကြသည့် သုပ္ပဋိပန္နပုဂ္ဂိုလ်တို့ ဖြစ်ကြသော ကြောင့်) ကျင့်စဉ် လွဲချော်နေကြသည့် အကျင့်မကောင်းသည့် ဒုပ္ပဋိပန္နပုဂ္ဂိုလ် တို့ကား မဟုတ်ကြလေကုန်။ (ဝိသုဒ္ဓိ၊၁၊၁၉၇။)

ဘုရားရှင်၏ ယင်းဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံခြင်းသည် သာသနာတော်၏ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်း၏အဖြစ်ကြောင့် တပည့်သာဝကတို့၏ ဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံအောင် ကောင်းမွန် မှန်ကန်စွာကျင့်ခြင်း သမ္မာပဋိပတ်၏ ဧကန် အကြောင်းတရားပင်ဖြစ်သည်ဟု ညွှန်ပြလိုသည့်အတွက် အထက်ပါစကားရပ်ကို အဋ္ဌကထာက ဖွင့်ဆိုထားတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၂၃၃။)

အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့၏ ဖွင့်ဆိုချက်များအတိုင်း ဘုရားရှင်၏ တပည့်သာဝကတို့သည် ဝိဇ္ဇာတရား, စရဏတရားနှင့် ပြည့်စုံအောင် ကောင်းမွန်ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်း သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံတော်မူကြသည့် တပည့်သာဝကတို့ ဖြစ်ကြ၏။ သံဃာ့ဂုဏ်တော် (၉)ပါးတို့တွင် ယင်းသုပ္ပဋိပန္နဂုဏ်သည်လည်း ဂုဏ်တော်တစ်ခုအဖြစ် ပါဝင်လျက် ရှိပေသည်။


ဝိဇ္ဇာ (၃) ပါး, ဝိဇ္ဇာ (၈) ပါး

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ်ဟူသော ဝိဇ္ဇာ (၃)ပါးကား ဘယဘေရဝသုတ္တန် (မ၊၁၊၂၆။)၌ လာရှိပေသည်။

ဝိဇ္ဇာ (၈)ပါးကား အမ္ဗဋ္ဌသုတ္တန် (ဒီ၊၁၊၉၄။)၌ လာရှိပေသည်။ ယင်းဝိဇ္ဇာ (၈)ပါးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြပေသည်။ ----

၁။ ဝိပဿနာဉာဏ် = ဒုက္ခသစ္စာအမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား+နာမ်တရား, သမုဒယသစ္စာအမည်ရသော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ စသော အကြောင်းတရားတည်းဟူသော သင်္ခါရတရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာကို ထွင်းဖောက်သိမြင်သောဉာဏ်,
၂။ မနောမယိဒ္ဓိဉာဏ် = စိတ်ဖြင့်ပြီးသော ခန္ဓာကိုယ်ကို အရာအထောင် စသည်ဖြင့် ဖန်ဆင်းနိုင်သောဉာဏ်,
၃။ ဣဒ္ဓိဝိဓဉာဏ် = မြေလျှိုးမိုးပျံခြင်းစသည့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဉာဏ်,
၄။ ဒိဗ္ဗသောတဉာဏ် = နတ်နားကဲ့သို့ အဝေးအနီးရှိသမျှ အသံအလုံးစုံကို ကြားသိနိုင်သောဉာဏ်,
၅။ စေတောပရိယဉာဏ် = သူတစ်ပါး၏စိတ်ကို သိနိုင်သောဉာဏ်,
၆။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ သိနိုင်သောဉာဏ်,
၇။ ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အဝေးအနီးရှိသမျှ ရူပါရုံ အမျိုးမျိုးကို အလိုရှိက သိနိုင်သောဉာဏ်,
၈။ အာသဝက္ခယဉာဏ် = အရိယသစ္စာ (၄)ပါးတို့ကို အထွတ်အထိပ်သို့ရောက်အောင် ထွင်းဖောက်သိမြင်သော ကိလေသာ အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သည့် အရဟတ္တမဂ်ဉာဏ် --

ဤ (၈)ပါးတို့ကား ဝိဇ္ဇာ (၈)ပါးတို့ဖြစ်ကြ၏။ ဤဝိဇ္ဇာ (၈)ပါးတို့တွင် အမှတ်(၈)ဝိဇ္ဇာဉာဏ်ဖြစ်သည့် အာသဝက္ခယဉာဏ်သည် တစ်နည်းဆိုရသော် အာသဝက္ခယဉာဏ် အထွတ်တပ်ထားသော အရိယမဂ်ဉာဏ်သည် အထက်တွင် တင်ပြထားခဲ့သည့် ပဋိသမ္ဘိဒါဉာဏ်တို့၏ သန့်ရှင်းဖို့ရန် အကြောင်းတရားများထဲက အဓိဂမအင်္ဂါရပ်ပင် ဖြစ်ပေသည်။ အမှတ်(၁)ဝိဇ္ဇာဖြစ်သည့် ဝိပဿနာဉာဏ်သည်ကား ပုဗ္ဗယောဂအင်္ဂါရပ်ပင် ဖြစ်ပေသည်။ သာဝကပါရမီဉာဏ်အရာဝယ် ယင်းပုဗ္ဗယောဂကျင့်စဉ်ဖြစ်သည့် ဝိပဿနာဉာဏ်ဟူသော ဝိဇ္ဇာတရားသည်လည်း အလိုရှိအပ်သည့် အဓိကာရကောင်းမှုကုသိုလ် ပါရမီမျိုးစေ့ပင် ဖြစ်ပေသည်။


စရဏတရား (၁၅) ပါး

သီ၊ ဣန်၊ ဘော၊ ဇာ။ သတ်-စတ္တာ၊ မှတ်ပါ စရဏ။

စရဏတရား (၁၅)ပါးတို့ကား မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် သေခသုတ္တန် (မ၊၂၊၁၇-၁၉။)တွင် လာရှိပေသည်။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်ကြ၏။ ---

၁။ သီလသံဝရ = သီလကို စောင့်စည်းခြင်း,
၂။ ဣန္ဒြိယေသု ဂုတ္တဒွါရတာ = မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး တည်းဟူသော ဒွါရ (၆)ပါးတို့မှ ကိလေသာများ မဝင်လာအောင် သမထ ဝိပဿနာ ဘာဝနာအာရုံတစ်ခုခု၌ မိမိ၏စိတ်ကို သွတ်သွင်းလျက် ထိန်းသိမ်းစောင့်ရှောက်ခြင်း,
၃။ ဘောဇနေ မတ္တညုတာ = အစာအာဟာရ၌ အတိုင်းအရှည်ပမာဏကို သိခြင်း, ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးစွဲခြင်း,
၄။ ဇာဂရိယာနုယောဂ = ညဉ့်သုံးယာမ် တစ်ယာမ်မျှလောက်သာ ကျိန်းစက်လျက် ရဟန်းတရားကို ပွားများအားထုတ်ခြင်း,
၅-၁၁။ သတ္တသဒ္ဓမ္မ = သူတော်ကောင်းတရား (၇)ပါး,
၁၂-၁၅။ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်ဟူသော ရူပါဝစရစျာန်လေးပါး --

အားလုံးပေါင်းသော် စရဏတရား (၁၅)ပါးဖြစ်သည်။ ထိုတွင် သူတော် ကောင်းတရား (၇)ပါးမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။


သူတော်ကောင်းတရား (၇) ပါး

၁။ သဒ္ဓါ = ရတနာသုံးတန်, ကံ ကံ၏အကျိုးတရား စသည်တို့၌ ယုံကြည်ခြင်း။
၂။ ဟိရီ = ဒုစရိုက်တရား, အကုသိုလ်တရားတို့မှ ရှက်ခြင်း,
၃။ ဩတ္တပ္ပ = ဒုစရိုက်တရား, အကုသိုလ်တရားတို့မှ ကြောက်ရွံ့ခြင်း,
၄။ ဗဟုဿုတ = အကြား+အမြင် = ဗဟုဿုတ များပြားခြင်း,
၅။ အာရဒ္ဓဝီရိယ = အကုသိုလ်တရားတို့ကို ပယ်နိုင်ရန်, ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် (သမထ+ဝိပဿနာ = ဘာဝနာတို့ကို) အပြင်း အထန် ကြိုးစားအားထုတ်ခြင်း,
၆။ သတိမာ = (သမထ + ဝိပဿနာ = ဘာဝနာတို့နှင့် ယှဉ်တွဲလျက် ရှိသော) သတိ၏ အားကောင်းခြင်း,
၇။ ပညာ = ဒုက္ခသစ္စာ+သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာကို ထိုးထွင်းသိမြင်သည့် ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံခြင်း,

ဤတရား (၇)ပါးတို့ကား သေခသုတ္တန် (မ၊၂၊၁၈-၁၉။)တွင် လာရှိသည့် သူတော်ကောင်းတရား (၇)ပါးတို့ ဖြစ်ကြသည်။ ထိုတွင် ဗဟုဿုတအင်္ဂါရပ်ကို ထပ်မံပြီး ရှင်းလင်းတင်ပြအပ်ပါသည်။


ဗဟုဿုတအင်္ဂါရပ်

ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထာ သဗျဉ္ဇနာ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ (မ၊၂၊၁၉။)

ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုပ္ပဋိဝိဒ္ဓါ။ (မ၊ဋ္ဌ၊၂၊၁၅၄။)

ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)


ဆိုလိုရင်းသဘော

အထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာတို့၏ ဆိုလိုရင်းသဘောတရားမှာ ဤသို့ဖြစ်၏။

ဗဟုဿုတအင်္ဂါရပ်တွင် သုတသည် ------
၁။ အာဂမသုတ = သင်သိ ဗဟုဿုတနှင့်
၂။ အဓိဂမသုတ = ကျင့်သိ = ပညာဖြင့် ထိုးထွင်းသိမြင်သည့် ဗဟုဿုတဟု နှစ်မျိုးရှိပေသည်။

ယင်းနှစ်မျိုးလုံးကို အထက်ပါ ပါဠိတော်တွင် ပေါင်းစပ်ကာ ဟောကြားထားတော်မူပေသည်။

ဘုရားရှင်၏ တပည့်သာဝကတစ်ဦးသည် အကြား+အမြင်=ဗဟုဿုတ များပြား၏၊ အကြား+အမြင် = ဗဟုဿုတကို နှုတ်ငုံဆောင်ထား၏။ အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်ပြည့်စုံစုံ ဟောကြားထားတော်မူသည့် အနက်သဒ္ဒါနှင့်လည်း ပြည့်စုံနေသည့် ဘုရားရှင်၏ တရား တော်များသည် ရှိကြ၏။ ထိုတရားတော်တို့သည်ကား ထက်ဝန်းကျင် အဘက် ဘက်မှ စင်ကြယ်နေသည့် မြတ်သောကျင့်စဉ်တို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြနေကြ၏။ ဘုရားရှင်၏ တပည့်သာဝကတစ်ဦးသည် ထိုကဲ့သို့သော တရားတို့ကို နှုတ်ငုံဆောင်ထား၏၊ နှုတ်ဖြင့် အဖန်ဖန် အထပ်ထပ် အလွတ်ရအောင် လေ့ကျက်၏။ ဤသို့ နှုတ်ငုံဆောင်ထားနိုင်သည့် သဘောကိုကား အာဂမ သုတဟု ခေါ်ဆိုပေသည်။ ဆရာသမားထံမှ နားဖြင့် ကြားနာကာ နှုတ်ငုံရ အောင် သင်ယူထားသည့် အကြားဗဟုဿုတ ဖြစ်ပေသည်။

ယင်း အကြားဗဟုဿုတကို အခြေခံ၍ ကြားနာထားသည့် တရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ဆက်လက်ကြိုးစား၏။ ထိုသို့ ကြိုးစားရာ၌ အထက်ပါ မူလပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၂၊၁၅၄။)နှင့် အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၂၊၃၆၄။)တို့၌ ဖွင့်ဆိုထားသည့်အတိုင်း အထူးအားဖြင့် အတ္ထ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာတရားနှင့် ကာရဏ အမည်ရသည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတည်းဟူသော အကြောင်းသမုဒယသစ္စာတရားတို့ကို စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှု၏၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိ၏။ ဤသို့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်မှုကိုကား အဓိဂမသုတ = ကျင့်သိဗဟုဿုတ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ကာ ရရှိလာသည့် အမြင်ဗဟုဿုတဟု ခေါ်ဆိုပေသည်။

ဘုရားရှင်၏ တပည့်သာဝကတစ်ဦးသည် ဤကဲ့သို့သော အကြားဗဟုဿုတ+အမြင်ဗဟုဿုတဟူသော အကြားအမြင် ဗဟုဿုတတရားများနှင့် ပြည့်စုံ၏၊ အကြားအမြင် ဗဟုဿုတ ပေါများကြွယ်ဝ၏ ဤစကားရပ်သည်ကား အထူးသဖြင့် နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် ခန္ဓာငါးပါး = ရုပ်နာမ်ပရမတ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ပိုင်းပိုင်းခြားခြား ကွဲကွဲပြားပြား သိခြင်းနှင့် ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်း သိခြင်းကို ရည်ညွှန်းထားပေသည်။ ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထွင်းဖောက်သိခြင်းကိုပင် သို့မဟုတ် ထွင်းဖောက်သိတတ်သည့် ဉာဏ်ကိုပင် ဗဟုဿုတအင်္ဂါရပ်နှင့် ပြည့်စုံသည်ဟု ဆိုလိုသည်။


သတိ သတိ သတိ

တစ်ဖန် မဇ္ဈိမပဏ္ဏာသအဋ္ဌကထာကလည်း သူတော်ကောင်းတရား (၇)ပါးတွင် ပါဝင်သည့် သတိဟူသော တရားကို ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုထားပေသည်။

ဣတိ ဣမေ ရူပါရူပဓမ္မာ ဧဝံ ဥပ္ပဇ္ဇိတွာ ဧဝံ နိရုဒ္ဓါတိ သရတိ စေဝ အနုဿရတိ စ၊ သတိသမ္ဗောဇ္ဈင်္ဂံ သမုဋ္ဌာပေတီတိ အတ္ထော။ (မ၊ဋ္ဌ၊၃၊၂၁။)

သတိဆိုသည့် သူတော်ကောင်းတရားကလည်း ရုပ်နာမ်တို့၏ ဤ အကြောင်းကြောင့် ဤသို့ ဖြစ်၏၊ ဤအကြောင်းကြောင့် ဤသို့ ချုပ်၏ဟု အမှတ်ရကြောင်းကို ဖွင့်ဆိုထား၏။

ဤသူတော်ကောင်းတရား (၇)ပါးထဲတွင် ဝိပဿနာဉာဏ်ပညာလည်း ပါဝင်နေပေသည်။ ဗဟုဿုတအင်္ဂါရပ်ဖြင့် သိမ်းဆည်းထားသည့် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် အကြောင်းတရားနှင့်တကွသော ရုပ်+နာမ်ဓမ္မ = သင်္ခါရတရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာတို့ကို ဤဝိပဿနာဉာဏ်က ထိုးထွင်းသိနေပေသည်။ ဤသို့ ထိုးထွင်းသိသည့် ပညာကို မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၃၊၂၂။)က ဝိပဿနာဉာဏ်များသာမက အရိယမဂ်ဉာဏ်ပါ ပါဝင်ကြောင်းကို ဖွင့်ဆိုထားပေသည်။ ပဋိသမ္ဘိဒါဉာဏ်တို့၏ သန့်ရှင်းဖို့ရန် အကြောင်းတရား (၅)မျိုးတို့တွင် ဝိပဿနာဉာဏ်များသည် ပုဗ္ဗယောဂအင်္ဂါရပ်၌ ပါဝင်ပြီး အရိယမဂ်ဉာဏ်က အဓိဂမ အင်္ဂါရပ်တွင် ပါဝင်နေပေသည်။ သို့သော် ဤနေရာမှာကား ပါရမီ အကြောင်းကိုသာ ဆွေးနွေးတင်ပြနေသည့်အတွက် ဝိပဿနာဉာဏ်ကို စရဏတရားဖြစ်ကြောင်းကို ပြောဆိုလိုရင်း ဖြစ်ပေသည်။


ဝိဇ္ဇာနှင့် စရဏ - နှစ်ဘက်ရတရား

ဤရှင်းလင်းတင်ပြချက်များအတိုင်း ပြောဆိုရသော် ဝိပဿနာဉာဏ်သည် စရဏတရား (၁၅)ပါးတွင်လည်း ပါဝင်၏၊ ဝိဇ္ဇာတရား (၈)ပါးတွင်လည်း ပါဝင်၏၊ ဝိဇ္ဇာ-စရဏ နှစ်ဘက်ရတရားဖြစ်သည်ဟု မှတ်သားထားပါလေ။


သေခသုတ္တန်ကောက်နုတ်ချက်

ဤအထက်ပါ ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့နှင့် ပတ်သက်သော ရှင်းလင်းတင်ပြချက် အရပ်ရပ်တို့တွင် ဝိဇ္ဇာမျိုးစေ့ပိုင်း၌ ဝိဇ္ဇာ (၈)ပါးတို့တွင် ဝိပဿနာဉာဏ်ဟူသော ဝိဇ္ဇာမျိုးစေ့ကိုသာ ပဓာနထားကာ ရှင်းလင်းတင်ပြထားပေသည်။ ဤရှင်းလင်းချက်များအရ ရိုးရိုး သာမန်ပကတိသာဝကတို့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရေးအတွက် အဓိက အလိုရှိအပ်သည့် ဝိဇ္ဇာမျိုးစေ့မှာ ဝိဇ္ဇာ (၈)ပါးတို့တွင် ဝိပဿနာဉာဏ်ဟူသော ဝိဇ္ဇာမျိုးစေ့သာ ဖြစ်ပေသည်။ အခြားအခြားသော ဝိဇ္ဇာတရားများကို ရရှိလျှင်လည်း ကောင်းသည်သာဖြစ်၏၊ မရရှိလျှင်လည်း ယင်း ရိုးရိုး ပကတိသာဝကတို့၏ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိရေးအတွက် အနှောင့်အယှက် အတားအဆီးကား မဖြစ်နိုင်ဟု မှတ်သားပါ။ ဤအဆိုပြုချက်နှင့် ပတ်သက်သည့် ခိုင်လုံသည့် ကျမ်းဂန်အထောက်အထား တစ်ရပ်သည်ကား အောက်တွင် တင်ပြထားသော မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော်၌ လာရှိသော သေခသုတ္တန်ကောက်နုတ်ချက် (မ၊၂၊၁၉-၂၀။)ပင် ဖြစ်ပေသည်။

ယတော ခေါ မဟာနာမ အရိယသာဝကော --

၁။ ဧဝံ သီလသမ္ပန္နော ဟောတိ၊
၂။ ဧဝံ ဣန္ဒြိယေသု ဂုတ္တဒွါရော ဟောတိ၊
၃။ ဧဝံ ဘောဇနေ မတ္တညူ ဟောတိ၊
၄။ ဧဝံ ဇာဂရိယံ အနုယုတ္တော ဟောတိ၊
၅-၁၁။ ဧဝံ သတ္တဟိ သဒ္ဓမ္မေဟိ သမန္နာဂတော ဟောတိ၊
၁၂-၁၅။ ဧဝံ စတုန္နံ စျာနာနံ အာဘိစေတသိကာနံ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ နိကာမလာဘီ ဟောတိ အကိစ္ဆလာဘီ အကသိရလာဘီ။

အယံ ဝုစ္စတိ မဟာနာမ အရိယသာဝကော သေခေါ ပါဋိပဒေါ။ အပုစ္စဏ္ဍတာယ သမာပန္နော ဘဗ္ဗော အဘိနိဗ္ဘိဒါယ၊ ဘဗ္ဗော သမ္ဗောဓာယ၊ ဘဗ္ဗော အနုတ္တရဿ ယောဂက္ခေမဿ အဓိဂမာယ။ (မ၊၂၊၁၉-၂၀။)

= ဒါယကာတော် မဟာနာမ် ... မြတ်စွာဘုရား၏ တပည့်သာဝကသည်။ ----

၁။ ဤသို့ သီလနှင့် ပြည့်စုံ၏။
၂။ ဤသို့ ဣန္ဒြေတို့၌ စောင့်စည်းအပ်သော တံခါးရှိ၏။
၃။ ဤသို့ ဘောဇဉ်၌ အတိုင်းအရှည်ပမာဏကို သိ၏။
၄။ ဤသို့ နိုးကြားမှု၌ အားထုတ်၏။
၅-၁၁။ ဤသို့ သူတော်ကောင်းတရား (၇)ပါးတို့နှင့် ပြည့်စုံ၏။
၁၂-၁၅။ ဤသို့ အထူးစင်ကြယ်သော မွန်မြတ်သော စိတ်၌ အပါအဝင် ဖြစ်ကုန်သော, မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းချမ်းသာသာ နေထိုင်မှု ဖြစ်ကုန်သော စျာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြို မငြင်ရသူ မပင်မပန်းရသူ ဖြစ်၏။

ဒါယကာတော် မဟာနာမ် ... ဤကဲ့သို့သော စရဏတရား (၁၅)ပါး နှင့် ပြည့်စုံခြင်းတည်းဟူသော အကြောင်းကြောင့် ဤ မြတ်စွာဘုရားရှင်၏ တပည့်သာဝကကို သေခအကျင့်မြတ်နှင့် = ကျင့်ဆဲ အောက်အရိယာပုဂ္ဂိုလ်တို့၏ အကျင့်မြတ်နှင့် ပြည့်စုံသောသူဟူ၍ ဆိုရ၏။ မပုပ်သော ဥကဲ့သို့ ကိလေသာတို့ဖြင့် ပုပ်ခြင်းမရှိသော ဝိပဿနာဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ အဝိဇ္ဇာတည်းဟူသော ဥခွံမှ ဖောက်ခွဲထွက်လာခြင်းငှာ ထိုက်၏၊ သစ္စာလေးပါးမြတ်တရားကို ထိုးထွင်း၍ သိခြင်းငှာ ထိုက်၏၊ ယောဂလေးပါးတို့၏ကုန်ရာ အတုမဲ့ အရဟတ္တဖိုလ်နိဗ္ဗာန်ကို ရခြင်းငှာ ထိုက်၏ဟု ဆိုအပ်၏။ (မ၊၂၊၁၉-၂၀။)


မေးမြန်းဖွယ်ရာ အချက်တစ်ရပ်

ဤအရာဝယ် မေးမြန်းဖွယ် အချက်တစ်ရပ် ရှိလာပြန်၏။ စရဏတရား (၁၅)ပါးနှင့် ပြည့်စုံရုံမျှဖြင့် အဘယ်အကြောင်းကြောင့် ဝိပဿနာဉာဏ် နှင့်လည်း ပြည့်စုံပါကြောင်းကို ဟောကြားထားတော်မူရပါသနည်း - ဟု မေးမြန်းဖွယ်ရာ ရှိလာ၏။ အဖြေမှာ ဤသို့ ဖြစ်၏။ ----

အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း စရဏတရား (၁၅)ပါးတို့တွင် သူတော်ကောင်းတရား (၇)ပါးတို့လည်း ပါဝင်ကြ၏။ ယင်းသူတော်ကောင်းတရား (၇)ပါးတို့တွင် ပညာတရားလည်း ပါဝင်၏။ ယင်းပညာကို မဇ္ဈိမပဏ္ဏာသအဋ္ဌကထာက ---

ပညာယ သမန္နာဂတောတိ ဝိပဿနာပညာယ စေဝ မဂ္ဂပညာယ စ သမင်္ဂီဘူတော။ (မ၊ဋ္ဌ၊၃၊၂၂။)

ဝိပဿနာပညာနှင့်လည်းကောင်း အရိယမဂ်ပညာနှင့်လည်းကောင်း ပြည့်စုံမှုကို ဆိုလိုကြောင်းကို ရှင်းလင်းတင်ပြထား၏။ ထိုကြောင့် ဝိပဿနာဉာဏ်များပါ ပါဝင်နေသော စရဏတရား (၁၅)ပါးတို့ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်ပါက သေက္ခဘုံ အသေက္ခဘုံဟု ဆိုအပ်သည့် အရိယာသူတော်ကောင်းအဆင့်သို့ ရောက်ရှိနိုင်သည်ဟု မှတ်သားပါလေသည်။ စရဏတရား (၁၅)ပါးတို့တွင် ဝိပဿနာဉာဏ်လည်း ပါဝင်နေခြင်း, ဝိဇ္ဇာ (၈)ပါးတို့တွင်လည်း ဝိပဿနာဉာဏ်လည်း ပါဝင်နေခြင်းကြောင့် ဝိပဿနာဉာဏ်သည် စရဏတရားလည်း မှန်၍ ဝိဇ္ဇာတရားလည်း မှန်ပေသည်။ ယင်းစရဏတရား ဝိဇ္ဇာတရားတို့ကို ..

ပုဗ္ဗယောဂေန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ... (အဘိ၊ဋ္ဌ၊၂၊၃၇၃။)

ဟူသော သမ္မောဟဝိနောဒနီအဋ္ဌကထာအဖွင့်နှင့်အညီ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးရှေးအတိတ်ဘဝ၌လည်းကောင်း, ယခုပစ္စုပ္ပန်ဘဝ၌လည်းကောင်း ဖြည့်ကျင့်ဆည်းပူးရမည် ဖြစ်ပေသည်။ ယင်းစရဏတရား ဝိဇ္ဇာတရားတို့ကိုပင် အဓိကာရကောင်းမှုကုသိုလ်ဟု ခေါ်ဆိုပေသည်။

ဒါနကျင့်စဉ်

ဤသို့လျှင် အဓိကာရကောင်းမှုကုသိုလ်ဖြစ်သည့် နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ ရောက်ကြောင်း ပါရမီတရားအပေါင်းတို့ကို ဖြည့်ကျင့်ဆည်းပူးသည့်အပိုင်း ပြုစုပျိုးထောင်သည့်အပိုင်းတွင် သာဝကတို့သည် အခါအခွင့်သင့်သလို ဒါနပါရမီတို့ကိုလည်း ပြုစုပျိုးထောင်ခဲ့ကြ၏။ ဤဒါနကျင့်စဉ်သည်လည်း သူတော်ကောင်းတို့ လိုက်နာပြုကျင့်အပ်သည့် စရဏတရား (၁၅)ပါးတို့တွင် ပါဝင်သည့် သီလကျင့်စဉ်တစ်မျိုးပင် ဖြစ်ပေသည်။


ဝိဇ္ဇာနှင့် စရဏတရားတို့၏ စွမ်းအင်

နိဗ္ဗာန်ကို ရည်ရွယ်မှန်းထားကာ ပြုစုပျိုးထောင်လိုက်သည့် စရဏ တရားတို့ကား လက်ခြေနှင့် တူကြ၏။ လက်ခြေရှိသည့်သူသည် အလိုရှိရာ အရပ်သို့ သွားနိုင်သကဲ့သို့ အလိုရှိရာ ပစ္စည်းဝတ္ထုကို ကောက်ယူ ကိုင်ယူနိုင်သကဲ့သို့ အလားတူပင် နိဗ္ဗာန်ကို ရည်ရွယ်မှန်းထားကာ ပြုစုပျိုးထောင်ထားအပ်သည့် စရဏတရားတို့က နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်း တရားတို့ကို ဟောကြားပြသ ဆိုဆုံးမပေးမည့် ဘုရားအစရှိကုန်သော အရိယာ သူတော်ကောင်းတို့နှင့် တွေ့ကြုံရအောင်၊ မိကောင်း, ဖကောင်း, မိတ်ကောင်း, ဆွေကောင်း, ဆရာကောင်း, သမားကောင်းတို့နှင့် တွေ့ကြုံခွင့်ရရှိအောင် ပို့ဆောင်ပေးကြမည်ဖြစ်သည်။ (ဝိသုဒ္ဓိ၊၁၊၁၉၆။ ဝိ၊ဋ္ဌ၊၁၊၈၈။ အဘိ၊ဋ္ဌ၊၂၊၁၁၄။ အဘိ၊ဋ္ဌ၊၂၊၃၁၈။ ဒီ၊ဋီ၊၃၊၁၁၂။ ကြည့်ပါ)

ဤကဲ့သို့ ဘုရားအစရှိကုန်သော အရိယာသူတော်ကောင်း သူမြတ်လောင်းတို့နှင့် တွေ့ဆုံရသည့်အခါ ဘုရားအစရှိကုန်သော ထိုသူတော်ကောင်းတို့ထံမှ သစ္စာလေးပါးနှင့်စပ်သည့် တရားစကားတို့ကို နာကြားခွင့် ရရှိသည့်အခါဝယ် ယင်းသစ္စာလေးပါးကို ထွင်းဖောက် သိမြင်နိုင်ဖို့ရန် အတိတ်ဘဝထိုထိုက မိမိ ပြုစုပျိုးထောင်ထားခဲ့သည့် ဝိဇ္ဇာမျိုးစေ့ဟု ခေါ်ဆိုအပ်သော ပါရမီတရားအပေါင်းတို့က မိမိ လိုလားတောင့်တနေသည့် ဗောဓိဉာဏ်သို့ရောက်အောင် ရှေးရှုသယ်ဆောင်ပေးမည့် အဘိနီဟာရတရားများဖြစ်ကြပေသည်။ ယင်းဝိဇ္ဇာမျိုးစေ့တို့က သစ္စာလေးပါးကို ထွင်းဖောက်သိမြင်အောင် ရွက်ဆောင်ပေးကြမှာ အားပေးထောက်ပံ့နေကြမှာ ဖြစ်သည်ဟု ဆိုလိုပေသည်။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားက မိမိ၏ ပါရမီဒီပနီတွင် ဝိဇ္ဇာမျိုးစေ့သာ အောင်မြင်ပြီး စရဏမျိုးစေ့ မအောင်မြင်ခဲ့လျှင်လည်း ဓမ္မပဒအဋ္ဌကထာ (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၁။)မှာ လာရှိသည့် မဟာဓနသူဌေးသား ဇနီးမောင်နှံတို့ကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြောင်းကိုလည်းကောင်း, စရဏမျိုးစေ့သာ အောင်မြင်ပြီး ဝိဇ္ဇာမျိုးစေ့ ချို့တဲ့ခဲ့လျှင် မအောင်မြင်ခဲ့လျှင် စူဠသစ္စကသုတ္တန် (မ၊၁၊၂၈၉-၂၉၉။), မဟာသစ္စကသုတ္တန် (မ၊၁၊၂၉၉-၃၁၇။)တို့၌ လာရှိသည့် သစ္စကပရိဗိုဇ်တို့ကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြောင်းကိုလည်းကောင်း ဆုံးဖြတ်ထားတော်မူပေသည်။

မဟာဓနသူဌေးသား ဇနီးမောင်နှံတို့သည် ပထမအရွယ်တွင် သတိသံဝေဂ ရကြသဖြင့် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုဖြစ်ခဲ့ကြမည်ဆိုလျှင် အမျိုးသားက ရဟန္တာ, အမျိုးသမီးက အနာဂါမ် ဖြစ်နိုင်ကြ၏။ အကယ်၍ ဒုတိယအရွယ်တွင် ရှင်ရဟန်း ပြုဖြစ်ခဲ့ကြမည်ဆိုလျှင်လည်း အမျိုးသားက အနာဂါမ်, အမျိုးသမီးက သကဒါဂါမ် ဖြစ်နိုင်ကြသေး၏။ အကယ်၍ တတိယအရွယ်တွင် ရှင်ရဟန်း ပြုဖြစ်ခဲ့ကြမည်ဆိုလျှင်လည်း အမျိုးသားက သကဒါဂါမ်, အမျိုးသမီးက သောတာပန်လောက်တော့ ဖြစ်နိုင်ကြသေး၏။ မဂ်ဉာဏ်ဖိုလ်ဉာဏ်နိဗ္ဗာန်ကို ရရှိနိုင်ဖို့ရန် ပြည့်စုံလုံလောက်နေသည့် ဝိဇ္ဇာပါရမီမျိုးစေ့တို့သည် သူတို့၏ ရုပ်နာမ်သန္တာန်အစဉ်တွင် ကိန်းဝပ်တည်ရှိနေကြ၏။ သို့သော် သူတို့တွင် စရဏမျိုးစေ့တွေက ချို့တဲ့နေခဲ့သည့်အတွက် အချိန်မီ ဘုရားရှင်နှင့် တွေ့ကြုံခွင့်ကို မရခဲ့ကြပေ။ အရွယ် သုံးပါးကို လွန်ကာ အလွန်ကြီး အိုမင်းမစွမ်းဖြစ်သည့် အချိန်အခါသို့ ရောက်ရှိကြပါမှ ဘုရားရှင်နှင့် တွေ့ဆုံခွင့်ကို ရခဲ့ကြ၏။ ထိုအချိန်အခါ၌ကား ဘုရားရှင့်ထံတော်မှ သစ္စာလေးပါးနှင့်စပ်သည့် တရားစကားတို့ကို ခံယူနိုင်သည့် စွမ်းအင်တို့ ကုန်ခန်းနေကြပြီ ဖြစ်သည့်အတွက် ဘုရားရှင်ကလည်း တရားတော်ကို ဟောကြားပေးတော်မမူခဲ့ပေ။ ဝိဇ္ဇာမျိုးစေ့တွေက လုံလောက်မှု ရှိသော်လည်း စရဏမျိုးစေ့တွေက မအောင်မြင်ခဲ့သည့်အတွက် ဘုရားရှင်၏ သာသနာတော်နှင့် အလွဲကြီး လွဲချော်သွားခဲ့ကြရ၏။

သစ္စကပရိဗိုဇ်ကြီးသည်ကား နိဗ္ဗာန်ကို ရည်မြော်တောင့်တလျက် ဝိပဿနာပညာမှ တစ်ပါးသော စရဏမျိုးစေ့တွေကို အောင်အောင်မြင်မြင် ထူထောင်ခဲ့သည့်အတွက် သစ္စာလေးပါးနှင့်စပ်သည့် တရားစကားတို့ကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူမည့် ဘုရားရှင်နှင့် အချိန်မီ လာရောက်တွေ့ဆုံခွင့်ကို ရရှိခဲ့ပေ၏။ သို့ပါသော်လည်း ဝိပဿနာ ဝိဇ္ဇာမျိုးစေ့တို့ကို အောင်အောင်မြင်မြင် မထူထောင်ခဲ့မိသည့်အတွက် ဝိဇ္ဇာမျိုးစေ့က ချို့တဲ့နေသည် ဖြစ်ရကား ဘုရားရှင့်ထံတော်မှောက်မှ ခန္ဓာငါးပါးကို အနတ္တဖြစ်ကြောင်းကို ခိုင်ခိုင်မာမာ ဟောကြားပြသမှုကို နာကြားခွင့် ရရှိပါသော်လည်း သူက အတ္တဖြစ်ကြောင်းကို ပြန်လည် ငြင်းဆိုခဲ့၏။ ဘုရားရှင်၏ အနတ္တဒေသနာတော်ကို ခံယူနိုင်သည့်စွမ်းအင် မရှိ ဖြစ်ခဲ့ရ၏။ သို့သော် ဘုရားရှင်ဘက်ကလည်း သစ္စက၏သန္တာန်ဝယ် ဝိဇ္ဇာဝါသနာဓာတ်ငွေ့ ကပ်ပါ,ပါစေခြင်း အကျိုးငှာ, ဝိဇ္ဇာပါရမီမျိုးစေ့တို့ ကိန်းဝပ်တည်ရှိပါစေခြင်း အကျိုးငှာ ရည်သန်တောင့်တတော်မူလျက် အလွန် ရှည်လျားလှစွာသော စူဠသစ္စကသုတ္တန် (မ၊၁၊၂၈၉-၂၉၉) မဟာသစ္စကသုတ္တန် (မ၊၁၊၂၉၉-၃၁၇။)ဟူသည့် သုတ္တန်ကြီးနှစ်ခုတို့ကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူလိုက်၏။ သို့သော် ကျွတ်တမ်း မဝင်ရုံမျှသာမက သရဏဂုံမျှလောက်ကိုပင် ဆောက်တည်မသွားခဲ့ပေ။ ထိုသို့ပင် ဖြစ်သော်လည်း ယင်းတရားတော်တို့ကို နာကြားခွင့် ရရှိခဲ့သည့်အတွက် သစ္စက၏ စိတ်အစဉ်ဝယ် ခန္ဓာငါးပါးသည် အနတ္တ ဖြစ်သည်ဟူသောအချက်ကို သဘောကျ လက်ခံသွားခဲ့၏။ သို့သော် မိမိ၏ နောက်လိုက်ဖြစ်ကြသည့် လိစ္ဆဝီမင်းသားတို့၏ ရှေ့မှောက်ဝယ် နှုတ်က ထုတ်ဖော်ဝန်ခံဖို့ရန် ဝန်လေးနေသည့်အတွက် စိတ်ထဲက သဘောကျသော်လည်း နှုတ်ကမူ ထုတ်ဖော်ကာ ဝန်ခံမသွားခဲ့ပေ။ စိတ်ထဲကပင် ခန္ဓာငါးပါးသည် အနတ္တဖြစ်ပါသည်ဟု သဘောကျသွားခြင်းသည်ပင် သစ္စကအတွက် မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ရန် လုံလောက်သည့် ဝိဇ္ဇာပါရမီမျိုးစေ့ ဖြစ်သွားခဲ့ပေသည်။ (မ၊ဋ္ဌ၊၂၊၁၁၄။ မ၊ဋ္ဌ၊၂၊၁၉၄။) ဤရှင်းလင်းချက်အရ သစ္စကပရဗိုဇ်ကြီးသည် ထိုသုတ္တန်ကြီးများကို နာကြားခွင့်ရရှိနေသည့် အချိန်တွင် ခန္ဓာငါးပါးတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ပါရမီမျိုးစေ့ဖြစ်လောက်အောင် သိတန်သလောက် သိရှိသွားခဲ့သည်ဟု ယူဆရပေသည်။

ဤကဲ့သို့ အောင်အောင်မြင်မြင် ထူထောင်ခဲ့သည့် ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတရားအပေါင်းတို့ကြောင့် ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် နှစ်ပေါင်း (၂၀၀)ကျော် (၃၀၀) ပတ်ဝန်းကျင်လောက်သို့ ရောက်ရှိချိန်ဝယ် သီဟိုဠ်သာသနာ ခေတ်ဦးပိုင်းလောက်တွင် သီဟိုဠ်ကျွန်းဝယ် ပိဋကတ် သုံးပုံကို နှုတ်ငုံဆောင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် ပွားများအားထုတ်နိုင်ခဲ့သည့်အတွက် --- မဟာကာဠဗုဒ္ဓရက္ခိတဟူသောအမည်ဖြင့် ပဋိသမ္ဘိဒါဉာဏ်တော်လေးပါးတို့ကိုပါ ရရှိတော်မူသည့် ရဟန္တာအရှင်မြတ်ကြီးတစ်ပါး ဖြစ်သွားတော်မူခဲ့လေသည်။ (မ၊ဋ္ဌ၊၂၊၁၉၂-၁၉၄။)


ဝိပဿနာသည် နှစ်ဘက်ရ

ယခုတင်ပြခဲ့သည့် အချက်အလက်တို့ကို ကြည့်မည်ဆိုလျှင် ဝိပဿနာဉာဏ်တို့သည် ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ နှစ်ဘက်စလုံးမှာ ပါဝင်နေသည်ကို တွေ့ရှိနိုင်ပေသည်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ၊၆၀။)ဝယ် သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်ကို ယောဂါဝစရပုဂ္ဂိုလ်က နှစ်သက်မြတ်နိုး ခဲ့လျှင် ဤကဲ့သို့သော သင်္ခါရုပေက္ခာဉာဏ်သည်ပင် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ဖြစ်စေနိုင်ကြောင်းကို ဟောကြားထားတော်မူခဲ့ပေသည်။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာကလည်း အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူပြန်သည်။ ----

ပုထုဇန်ပုဂ္ဂိုလ်၏ သင်္ခါရုပေက္ခာဉာဏ်နှင့်ယှဉ်သော စေတနာဟူသော ကံ၏ အားကောင်းသည်၏ အဖြစ်ကြောင့် ထိုကံသည်ပင်လျှင် ကာမသုဂတိပဋိသန္ဓေအကျိုးကို ပေးလတ်သော် သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်ခြင်းဟု ဆိုအပ်သော လောဘကိလေသာသည် အနာဂတ် ကာမသုဂတိ ပဋိသန္ဓေ၏ အကြောင်းတရား ဖြစ်၏။ လောဘတည်းဟူသော ကိလေသာအပေါင်း အဖော်၏ အားပေးထောက်ပံ့မှုကို ရရှိသော သင်္ခါရုပေက္ခာဉာဏ်နှင့် ယှဉ်တွဲ လျက်ရှိသော စေတနာကံသည် ကာမသုဂတိ ပဋိသန္ဓေစသော အကျိုးဝိပါက်ကို ဖြစ်စေနိုင်၏။ ထိုကြောင့် သင်္ခါရုပေက္ခာဉာဏ်နှင့် ယှဉ်သော စေတနာကံသည် အကျိုးဝိပါက်ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကအကြောင်းတရား ဖြစ်၏။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်တတ်သော လောဘကိလေသာသည် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက- အကြောင်းတရား ဖြစ်၏။ ပ ။

သေက္ခပုဂ္ဂိုလ်တို့တွင် စျာန်ကို မရရှိကြကုန်သော သောတာပန် သကဒါဂါမ်ပုဂ္ဂိုလ်တို့၏ သင်္ခါရုပေက္ခာဉာဏ်နှင့် ယှဉ်သော စေတနာဟူသော သင်္ခါရုပေက္ခာကံသည် အကျိုးပေးအပ်သော ကာမသုဂတိ ပဋိသန္ဓေ၏ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သော လောဘကိလေသာသည် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းတရား ဖြစ်၏။ စျာန်ရဖြစ်ကြကုန်သော သောတာပန် သကဒါဂါမ်တို့နှင့် အနာဂါမ်ပုဂ္ဂိုလ်တို့၏ ဗြဟ္မာပြည်၌သာလျှင် ပဋိသန္ဓေ ယူခြင်းသဘောရှိသောကြောင့် သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သော လောဘကိလေသာသည် ယင်းဗြဟ္မာပဋိသန္ဓေ စသော အကျိုးဝိပါက်၏ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားသည် မဖြစ်နိုင်ပေ။ အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့နှင့် ယှဉ်တွဲလျက်ရှိသော စေတနာဟူသော ကံတရားတို့က အကျိုးပေးအပ်သော ပဋိသန္ဓေ၏လည်း ဤသင်္ခါရုပေက္ခာဉာဏ်ကို (= အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့ အဝင်အပါဖြစ်သော သင်္ခါရုပေက္ခာဉာဏ်ကို) နှစ်သက်တတ်သော လောဘကိလေသာသည်ပင်လျှင် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းတရားဖြစ်သည်ဟု သိရှိပါလေ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

အကယ်၍ အထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ လာရှိသည့်အတိုင်း ဝိပဿနာဉာဏ်က ပဋိသန္ဓေအကျိုးကို ပေးခဲ့သော် ယင်းဝိပဿနာဉာဏ်သည် ဝိဇ္ဇာမျိုးစေ့လည်းဖြစ်၍ စရဏမျိုးစေ့လည်း ဖြစ်ပေသည်။ အကယ်၍ ဝိပဿနာဉာဏ်က ပဋိသန္ဓေအကျိုးကို မပေးခဲ့သော် ယင်း ဝိပဿနာဉာဏ်မှာ ဝိဇ္ဇာမျိုးစေ့သာဖြစ်ပြီး စရဏမျိုးစေ့ကား မဖြစ်နိုင်ဟု မှတ်သားပါလေ။

ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတရားတို့ ချို့တဲ့နေကြသည့် တိတ္ထိတို့၏ တပည့်သာဝကတို့သည် မဂ်ဖိုလ်နိဗ္ဗာန်ကို မရရှိနိုင်ကြပေ။ ထိုကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရေးအတွက် ဤဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတရားအပေါင်းတို့သည် မိမိ လိုလားတောင့်တနေသည့် ဗောဓိဉာဏ် အသီးအသီးသို့ရောက်အောင် ရှေးရှုသယ်ဆောင်ပေးနေသည့် အဘိနီဟာရတရားများ ဖြစ်ကြပေသည်။ ဤဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတရားအပေါင်းကိုပင် အဓိကာရ (= အထိကရ)ကောင်းမှုကုသိုလ်တရားများဟု ခေါ်ဆိုပေသည်။ ဤအဓိကာရကောင်းမှုကုသိုလ်တရားတို့သည် သာဝကတို့ နိဗ္ဗာန်ကို ရရှိရေးအတွက် ပြုလုပ်သင့် ပြုလုပ်ထိုက်သည့်, ဖြည့်ကျင့်သင့် ဖြည့်ကျင့်ထိုက်သည့် ပါရမီလုပ်ငန်းရပ်များပင် ဖြစ်ကြပေသည်။ ဤကဲ့သို့သော ပြုသင့်ပြုထိုက်သည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်သည့်အပိုင်းဝယ် နိဗ္ဗာန်ကို လိုလားတောင့်တနေသည့် ဆန္ဒဓာတ်များ, နိဗ္ဗာန်ရောက်ကြောင်း ပါရမီတရားအပေါင်းတို့ကို တစ်နည်းဆိုရသော် အဓိကာရ ကောင်းမှုကုသိုလ် တရားတို့ကို ဖြည့်ကျင့်ဆည်းပူးလိုသည့် ဆန္ဒဓာတ်များနှင့် ပြုလုပ်ရမည် ဖြစ်သည်။

ဣမေသံ ပန သဗ္ဗေသမ္ပိ အဓိကာရော စ ဆန္ဒတာတိ ဒွင်္ဂသမန္နာဂတောယေဝ အဘိနီဟာရော ဟောတိ။ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)

၁။ အဓိကာရကောင်းမှုကုသိုလ်ရှိခြင်း,
၂။ ပြင်းပြသော ဆန္ဒဓာတ်ရှိခြင်း ---

ဟူသည့် ဤအင်္ဂါရပ်နှစ်ခုသည် သာဝကအားလုံးတို့အတွက် မိမိ လိုလားတောင့်တနေသည့် ဗောဓိဉာဏ်အသီးအသီးသို့ရောက်အောင် ရှေးရှုသယ်ဆောင်ပေးနေသည့် အဘိနီဟာရတရားများ ဖြစ်ကြသည့်အတွက်ကြောင့် ဖြစ်ပေသည်။ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)

တစ်နည်းတစ်ဖုံအားဖြင့် ထပ်၍ ဆိုရပါမူ ဤကဲ့သို့သော ဝိဇ္ဇာမျိုးစေ့, စရဏမျိုးစေ့တို့ကို ပြုစုပျိုးထောင်နေခြင်းသည် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ဖြည့်ကျင့်ဆည်းပူးနေခြင်း, စုဆောင်းနေခြင်း, ပြီးပြည့်စုံလာအောင် ပြုလုပ်နေခြင်းပင် ဖြစ်ပေသည်။ ဤကဲ့သို့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ပြည့်စုံလာအောင် ဖြည့်ကျင့် ဆည်းပူးသည့်အပိုင်းဝယ် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌သော်လည်းကောင်း, ယခု ဘုရားရှင်တို့၏ သာသနာတော်တွင်း၌သော်လည်းကောင်း ရှေးရှေး အတိတ်ဘဝတို့၌ သစ္စကပရိဗိုဇ်တို့ကဲ့သို့ ဖြည့်ကျင့်ဆည်းပူးရမည် ဖြစ်ပေသည်။ ဤဘဝတွင်လည်း အဓိဂမခေါ်သည့် အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ရသည်တိုင်အောင် သီလ သမာဓိ ပညာဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်တို့ဖြင့် သိမ်းကျုံးရေတွက်ထားအပ်သည့် မဂ္ဂင် (၈)ရပ် အကျင့်မြတ်တို့ကို စနစ်တကျ အလွန် ပြင်းပြသော ဆန္ဒဓာတ်ဖြင့် ဖြည့်ကျင့်ဆည်းပူးရမည်, ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည် ဖြစ်ပေသည်။ ဤကဲ့သို့ ပါရမီတို့ကို ဖြည့်ကျင့်ဆည်းပူးသည့် အပိုင်းဝယ် ---

၁။ အဂ္ဂသာဝကတို့သည် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး,
၂။ မဟာသာဝကတို့သည် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဖြည့်ကျင့်ဆည်းပူးကြရမည် ဖြစ်ပေသည်။
၃။ ပကတိသာဝကတို့နှင့် ပတ်သက်၍မူကား ဘဝ မည်ရွေ့မည်မျှ ပါရမီ ဖြည့်ရမည်ဟု အတိအကျ သတ်မှတ်ချက် မရှိပေ။

လယ်တီဆရာတော်ဘုရားကမူကား --- သစ္စကပရိဗိုဇ်စသည့် သူတော်ကောင်းတို့၏ ထုံးကို ထောက်ဆကာ ဘဝအနည်းငယ်အတွင်းမှာသော်လည်း ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသည့် ပါရမီတို့သည် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိနိုင်လောက်အောင် စွမ်းအင်များ ပြည့်ဝ စုံလင်လာနိုင်သည်ဟု မိမိ၏ ပါရမီဒီပနီတွင် ဆုံးဖြတ်ထားတော်မူပေသည်။

၁။ အတိတ်ဘဝ ထိုထိုဝယ် အဘိနီဟာရအမည်ရသည့် ပါရမီတရားအပေါင်းတို့ကို ဖြည့်ကျင့်ဆည်းပူးခဲ့စဉ်က ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်းသိသည့် ဝိပဿနာ ဝိဇ္ဇာမျိုးစေ့တို့သည်ကား ဤဘဝတွင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရေးအတွက် အကောင်းဆုံးသော မျိုးစေ့ကောင်းများ ဖြစ်ကြပေသည်။

၂။ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ထိုးထွင်းသိသည့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်မျိုးလောက်ကိုပင် ရရှိခဲ့မည်ဆိုလျှင်ကား ဤဝိဇ္ဇာမျိုးစေ့သည် ဒုတိယတန်း ကောင်းသည့် ဝိဇ္ဇာမျိုးစေ့ပင် ဖြစ်ပေသည်။

၃။ ဒုက္ခသစ္စာအမည်ရသည့် ခန္ဓာငါးပါး = ရုပ်+နာမ်တရားမျှလောက်ကိုသာ ပိုင်းခြားသိတတ်သည့် နာမရူပပရိစ္ဆေဒဉာဏ်မျှလောက်ကိုသာ ရရှိခဲ့မည်ဆိုလျှင်ကား ဤဝိဇ္ဇာမျိုးစေ့သည် တတိယတန်း ကောင်းသည့် ဝိဇ္ဇာမျိုးစေ့ပင် ဖြစ်ပေသည်။ ဤသို့လည်း လယ်တီဆရာတော် ဘုရားက ပါရမီဒီပနီတွင် ဆုံးဖြတ်ထားတော်မူပေသည်။

ဤသို့ တင်ပြထားအပ်သော ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့တို့ကို ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်းဝယ် (သို့မဟုတ်) ဤဘုရားရှင်၏ သာသနာတော်တွင်း၌လည်း ရှေးရှေး အတိတ်ဘဝတို့ဝယ် အောင်အောင်မြင်မြင် ဖြည့်ကျင့် ဆည်းပူးတော်မူနိုင်ခဲ့ပါမူကား ပုဗ္ဗယောဂအင်္ဂါရပ်နှင့် ပြည့်စုံပြီ ဖြစ်ပေသည်။

ပဋိသမ္ဘိဒါဉာဏ် (၄)ပါးသို့ ရောက်ရှိတော်မူကြကုန်သော အရှင်မြတ် ကြီးတို့၌ အထက်တွင် ရှင်းလင်းတင်ပြထားသော အင်္ဂါရပ် (၅)ချက်တို့ကား ပြည့်စုံရမြဲ ဓမ္မတာပင်ဖြစ်၏။ အထူးသဖြင့် ဤ၌ အလေးဂရုပြု၍ ပြောလိုသော အင်္ဂါရပ်မှာ ပုဗ္ဗယောဂအင်္ဂါရပ်ပင် ဖြစ်ပေသည်။

အထက်တွင် ရေးသား တင်ပြထားသော ဥဂ္ဃဋိတညူ ဝိပဉ္စိတညူ အမည်ရတော်မူသော အရှင်မြတ်ကြီးတို့သည်ကား ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ အဆင့်မြင့်မားလှသော သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတို့ကို အပတ်တကုတ် ကြိုးပမ်း အားထုတ်ထားပြီးသူ သူတော်ကောင်းကြီးတို့ ဖြစ်တော်မူကြ၏။ သင်္ခါရတရား တို့ကို ဝိပဿနာဉာဏ်ဖြင့် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ကြိတ်ခြေခဲ့ဖူးသူများ ဖြစ်တော်မူကြ၏။

ထိုကဲ့သို့ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် သင်္ခါတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ကြိတ်ခြေခဲ့ဖူးသော ထိုပါရမီ ကုသိုလ်တော်တို့က ဤပစ္စက္ခဘဝတွင် ထိုသူတော်ကောင်းကြီးတို့၏ ဝိပဿနာဉာဏ်အား ကြီးမားသောစွမ်းအင်များ တည်ရှိလာအောင် အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ရှိ၏။ ထိုကဲ့သို့ ဥပနိဿယ သတ္တိထူးဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရသော ထိုသူတော်ကောင်းကြီးတို့၏ မဟာကုသိုလ် ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့ကား အလွန် စွမ်းအင်ကြီးမားသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်များ ဖြစ်နေကြ၏။ ယင်းမဟာကုသိုလ် ဝိပဿနာမနောဒွါရိကဇောဝီထိစိတ်အစဉ်တို့ကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ် တစ်တွက်ဟု ခေါ်ဆိုအပ်သော အလွန်တိုတောင်းသော အချိန်ကာလ အတွင်း၌ပင်လျှင် ဝီထိပေါင်း ကုဋေနှင့်ချီ၍ အမှုတော်ထမ်းရွက်လျက် ရှိနေ ကြ၏။ (သံ၊ဋ္ဌ၊၂၊၂၉၅။) ထိုကဲ့သို့ အလွန် စွမ်းအင်ကြီးမားလျက်ရှိသော မဟာကုသိုလ် ဝိပဿနာမနောဒွါရိကဇောဝီထိစိတ်အစဉ်တို့က မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုအပ်သော အလွန် တိုတောင်းသော အချိန်ကာလအတွင်း၌ပင်လျှင် ဝီထိပေါင်း ကုဋေနှင့်ချီ၍ အမှုတော် ထမ်းရွက်နေကြသဖြင့် ထိုသူတော်ကောင်းကြီးတို့သည် ထို ဝိပဿနာဉာဏ်ဖြင့် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကိုလည်းကောင်း, သစ္စာ(၄)ပါးကိုလည်းကောင်း သာဝက တစ်ဦးအနေ ဖြင့် သိသင့်သိထိုက်သော အတိုင်းအတာ ပမာဏအတိုင်း သိရှိသွားတော် မူကြပေသည်။

ထိုသူတော်ကောင်းကြီးတို့သည် ဤပစ္စက္ခဘဝ၌ ဒုက္ခသစ္စာ အမည်ရသော ဥပါဒါနက္ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့ကိုလည်းကောင်း သမုဒယသစ္စာ အမည်ရသော ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကိုလည်းကောင်း လက္ခဏ- ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် မသိမ်းဆည်းလိုက်ရသော်လည်း ဝိပဿနာဉာဏ်ဖြင့် မကြိတ်ခြေလိုက်ရသော်လည်း ကြိတ်ခြေဖို့ရန် အချိန် မရလိုက်သော်လည်း ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ကား ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားတို့ကို လက္ခဏ- ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းဖြင့် သိမ်းဆည်းခဲ့ဖူးသည်သာ ဖြစ်၏၊ ဝိပဿနာ ဉာဏ်ဖြင့် ပိုင်းခြားယူခဲ့ဖူးသည်သာ ဖြစ်၏၊ ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေခဲ့ ဖူးသည်သာ ဖြစ်၏။ အကြောင်းမူ ထိုသူတော်ကောင်းကြီးတို့သည် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဉာဏ်တို့ကို လေ့ကျက်ဆည်းပူးထားပြီး ဖြစ်သောကြောင့် ပင်တည်း။ သင်္ခါရုပေက္ခာဉာဏ်ဟူသည် နာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိဂ္ဂဟ ဉာဏ်တို့နှင့်တကွသော သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်စသော အဆင့်ဆင့် သော ဝိပဿနာဉာဏ်တို့က အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်သော ဉာဏ်မျိုး ဖြစ်ပေသည်။

ထိုကြောင့် ထိုသူတော်ကောင်းကြီးတို့သည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားတို့ကို ဤပစ္စက္ခဘဝတွင် အရိယမဂ်သို့ မဆိုက်မီ အချိန်ကာလ၌ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ဉာဏ်ဖြင့် မသိမ်းဆည်းလိုက်ရသော်လည်း ဉာဏ်ဖြင့် ပိုင်းပိုင်းခြားခြား မယူလိုက်ရ သော်လည်း ဉာဏ်ဖြင့် မကြိတ်ခြေလိုက်ရသော်လည်း ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ သိမ်းဆည်းခဲ့ဖူးခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခဲ့ဖူးခြင်း ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးခြင်းသည်လည်း ဤဘဝတွင် ဆည်းပူးထားသော ပါရမီကုသိုလ်တို့ကဲ့သို့ အရိယမဂ်သို့ ဆိုက်ရောက်ရေးအတွက် အားကြီးသော မှီရာ ပါရမီကုသိုလ် ဖြစ်သည်သာတည်း။ ဤပစ္စက္ခဘဝတွင် အရိယမဂ်ဖိုလ်သို့ ဆိုက်သည့်တိုင်အောင် ဝိပဿနာဉာဏ်များ ရင့်ကျက်လာအောင် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ဆည်းပူးခဲ့သော ယင်း ပါရမီကုသိုလ် တို့က အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သည်သာ ဖြစ်ပေသည်။

ထိုကြောင့် အသင်သူတော်ကောင်းသည်လည်း ဥဂ္ဃဋိတညူ ဝိပဉ္စိတညူ ဖြစ်တော်မူသော ထိုသူတော်ကောင်းကြီးများကဲ့သို့ ဓမ္မစကြာ ဒေသနာတော် အနတ္တလက္ခဏသုတ္တန်ဒေသနာတော် စသည့် ထိုထို ဒေသနာတော် တို့ကို နာကြားကြည့်ပါ။ ထိုသို့ နာကြားကြည့်ရာ၌ ထိုသူတော်ကောင်းကြီးများ ကဲ့သို့ တရားနာယူရုံမျှဖြင့် အရိယမဂ်ဖိုလ်သို့ မဆိုက်ရောက်ခဲ့လျှင် သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းမသိခဲ့လျှင် မိမိကိုယ်ကို မိမိ ဥဂ္ဃဋိတညူပုဂ္ဂိုလ် ဝိပဉ္စိတညူပုဂ္ဂိုလ် မဟုတ်ဟူ၍သာ ဆုံးဖြတ်ပါ။ ထိုသို့ ဆုံးဖြတ်ပြီးသောအခါ နေယျပုဂ္ဂိုလ်တို့ ကျင့်ရမည့် ဓမ္မတာအတိုင်း သီလ သမာဓိ ပညာ သိက္ခာ သုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ် တရားတို့ကို ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ ညွှန်ကြား ပြသထားသည့် အတိုင်း အစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။

၁။ ရှေးဦးစွာ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဟူသော သီလမဂ္ဂင် သုံးပါးနှင့် ပြည့်စုံအောင် သီလကို ဖြူစင်အောင် ကြိုးစားအားထုတ်ပါ။

၂။ သီလဖြူစင်သဖြင့် သီလဝိသုဒ္ဓိ ဖြစ်သောအခါ စိတ်အစဉ်၌ နီဝရဏ အညစ်အကြေးများ ကင်းရှင်းအောင် စိတ်ဓာတ် ဖြူစင်သန့်ရှင်းအောင် စိတ္တဝိသုဒ္ဓိနှင့် ပြည့်စုံအောင် သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဟူသော သမာဓိမဂ္ဂင်သုံးပါးနှင့် ပြည့်စုံအောင် သမာဓိကို ထူထောင်ပါ။ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိ ကိုသော်လည်းကောင်း နှစ်မျိုးလုံးသော သမာဓိကိုသော်လည်းကောင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။

၃။ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိနှင့်လည်းကောင်း, နှစ်မျိုးလုံးသော သမာဓိနှင့်လည်းကောင်း ပြည့်စုံသဖြင့် စိတ္တဝိသုဒ္ဓိ ဖြစ်သောအခါ စိတ်ဓာတ်ဖြူစင်လာသော အခါ ဒိဋ္ဌိဝိသုဒ္ဓိ ဉာဏ်အမြင်နှင့် ပြည့်စုံအောင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပဟူသော ပညာမဂ္ဂင် နှစ်ပါးနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။ တစ်နည်းဆိုရသော် ...

(က) ဒုက္ခသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာ(၅)ပါး ရုပ်တရား နာမ်တရား တို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိမြင်တတ်သည့် သမ္မာဒိဋ္ဌိ ဉာဏ်အမြင်နှင့် ပြည့်စုံအောင် ---

( ခ ) သမုဒယသစ္စာ အမည်ရသည့် ..
၁။ ဆိုင်ရာ အတိတ်အကြောင်းတရား (၅)ပါးကြောင့် ဆိုင်ရာ အတိတ်အကျိုးတရား (၅)ပါး ထင်ရှားဖြစ်ပုံ၊
၂။ ဆိုင်ရာ အတိတ်အကြောင်းတရား (၅)ပါးကြောင့် ဆိုင်ရာ ပစ္စုပ္ပန်အကျိုးတရား (၅)ပါး ထင်ရှားဖြစ်ပုံ၊
၃။ ဆိုင်ရာ ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးကြောင့် ဆိုင်ရာ အနာဂတ်အကျိုးတရား (၅)ပါး ထင်ရှားဖြစ်ပုံ၊
၄။ ဆိုင်ရာ အနာဂတ်အကြောင်းတရား (၅)ပါးကြောင့် ဆိုင်ရာ အနာဂတ်အကျိုးတရား (၅)ပါး ထင်ရှားဖြစ်ပုံဟူသော ကြောင်း -ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားကို ထိုးထွင်း သိမြင်တတ်သော သမ္မာဒိဋ္ဌိဉာဏ်အမြင်နှင့် ပြည့်စုံအောင် ---

( ဂ ) ၁။ ခယနိရောဓသစ္စာ အမည်ရသော သင်္ခါတရားတို့၏ ပျက်ခြင်း ဘင်ကို ထိုးထွင်းသိမြင်တတ်သော ဝိပဿနာမဂ္ဂသမ္မာဒိဋ္ဌိဉာဏ်နှင့် ပြည့်စုံအောင် ---
၂။ အစ္စန္တနိရောဓသစ္စာ အမည်ရသော သင်္ခါရတရားတို့၏ စင်စစ် ချုပ်ဆုံးရာ နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထိုးထွင်းသိမြင်တတ် သော အရိယမဂ္ဂသမ္မာဒိဋ္ဌိဉာဏ်နှင့် ပြည့်စုံအောင် ---

(ဃ) ၁။ လောကီဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဟူသော လောကီမဂ္ဂသစ္စာတရား၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဟူသော လောကီမဂ္ဂသစ္စာတရား၊
၂။ အရိယမဂ်နှင့် ယှဉ်တွဲလျက်ရှိသော အစ္စန္တနိရောဓသစ္စာ အမည် ရသည့် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထိုးထွင်းသိမြင်နေသော, အာရုံပြုနေသော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ဟူသော လောကုတ္တရာမဂ္ဂသစ္စာတရား၊

ဤ လောကီ လောကုတ္တရာ မဂ္ဂသစ္စာကို ထိုးထွင်းသိမြင်တတ်သော သမ္မာဒိဋ္ဌိဉာဏ်နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။

ထိုသို့ သစ္စာလေးရပ် တရားမြတ်ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် လိုအပ်သော တရားကား အဘယ်ပါနည်း? အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။


သမာဓိကို ထူထောင်ပါ

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)

ရဟန်းတို့ ...(ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို သို့မဟုတ် ဥပစာရ အပ္ပနာ နှစ်ဖြာသော) သမာဓိကို ပွားများကြကုန်လော့၊ ရဟန်းတို့ ...တည်ကြည်သော သမာဓိရှိသော ရဟန်း သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ အဘယ်တရား ကိုလျှင် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိလေသနည်း?

၁။ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား သိ၏။
၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။
၃။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု မဖောက် မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။
၄။ ဤကား ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ရောက်ကြောင်း ကျင့်စဉ် ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားတည်းဟု မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ၊၃၊၃၆၃။)

ရဟန်းတို့ ...စိတ်တည်ကြည်မှု သမာဓိကို ပွားများကြကုန်လော့၊ ရဟန်းတို့ ...တည်ကြည်သော သမာဓိရှိသောရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။

ရဟန်းတို့ ...ထိုကြောင့် ဤသာသနာတော်၌ သင်တို့သည် ---

၁။ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ။
၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ။
၃။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ။
၄။ ဤကား ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ။ (သံ၊၃၊၃၆၃၊၊)


ဆိုလိုရင်းသဘော

ဣဒဥှိ ဝုတ္တံ ဟောတိ၊ ဘိက္ခဝေ ယသ္မာ သမာဟိတော ဘိက္ခု စတ္တာရိ သစ္စာနိ ယထာဘူတံ ပဇာနာတိ၊ တသ္မာ တုမှေဟိ စ သမာဟိတေဟိ စတုန္နံ သစ္စာနံ ယထာဘူတံ ပဇာနနတ္ထာယ ဣဒံ ဒုက္ခန္တိ ယောဂေါ ကရဏီယော၊ တထာ ယသ္မာ စတ္တာရိ သစ္စာနိ တထာဂတေဿဝ ပါတုဘာဝါ ပါကဋာနိ ဟောန္တိ၊ ယသ္မာ စ တထာဂတေန သုဝိဘတ္တာနိ၊ ယသ္မာ စ တေသု အပရိမာဏာ ဝဏ္ဏာ အပရိမာဏာနိ ပဒဗျဉ္ဇနာနိ၊ ယသ္မာ စ တေသံ အပ္ပဋိဝိဒ္ဓတ္တာ ဝဋ္ဋံ ဝဍ္ဎတိ၊ တေသံ ပဋိဝိဒ္ဓကာလတော ပဋ္ဌာယ န ဝဍ္ဎတိ၊ တသ္မာ ဧဝံ နော ဝဋ္ဋံ န ဝဍ္ဎိဿတီတိ တုမှေဟိ ဣဒံ ဒုက္ခန္တိ ယောဂေါ ကရဏီယော။ (သံ၊ဋ္ဌ၊၃၊၃၂၄။)

ဆိုလိုရင်း အနက်သဘောမှာ ဤသို့ဖြစ်၏။ ရဟန်းတို့ ...တည်ကြည်သော သမာဓိရှိသော ရဟန်းသည် အရိယသစ္စာလေးရပ် တရားမြတ် တို့ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ထို့ကြောင့် တည်ကြည်သော သမာဓိရှိကုန်သော သင်ချစ်သားတို့သည် --- ဤကား ဒုက္ခအရိသစ္စာတရားတည်း။ ပ ။ မဂ္ဂအရိယသစ္စာတရားတည်းဟု အရိယ သစ္စာလေးရပ် တရားမြတ်တို့ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရန်အလို့ငှာ ကြိုးစားအားထုတ်ပါ။ ယင်းအရိယသစ္စာလေးရပ် တရား မြတ်တို့သည်ကား တထာဂတအမည်ရတော်မူသော ဘုရားရှင်၏ ဉာဏ်တော် မြတ်၌ပင်လျှင် လက်ဝယ်တင်ထား ပတ္တမြားသို့ ထင်ထင်ရှားရှား ဖြစ်ပေါ် တည်ရှိနေကြကုန်၏။ ထို့ပြင် တထာဂတ အမည်ရတော်မူသော ဘုရားရှင် သည်လည်း ယင်း အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ကောင်းစွာ ခွဲခြမ်း စိတ်ဖြာ၍ ဟောကြားထားတော်မူအပ်ကုန်၏။ ထို့ပြင် ယင်းသို့ ဟောကြား ပြသထားတော်မူအပ်သော သစ္စာလေးရပ် တရားမြတ်နှင့် ဆက်စပ်နေသော ယင်းဒေသနာတော်တို့၌ အတိုင်းအတာ ပမာဏ မရှိကြကုန်သော အက္ခရာ၊ အတိုင်းအတာ ပမာဏ မရှိကြကုန်သော ပုဒ်-ဗျည်းတို့သည်လည်း ထင်ရှား တည်ရှိနေကြကုန်၏။ ထို့ပြင် ယင်း အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သင်ချစ်သားတို့ကိုယ်တိုင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် မသိမမြင်ခြင်းကြောင့် သင်ချစ်သားတို့၏ သံသရာဝဋ် ဆင်းရဲဒုက္ခသည်လည်း တိုးပွားလျက် ရှိနေ၏။ ယင်း အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သင်ချစ်သားတို့ကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးရာ ထိုအချိန်အခါမှ စ၍ သင်ချစ်သား တို့၏ သံသရာဝဋ်ဆင်းရဲဒုက္ခကြီးသည် တိုးပွားမှု မရှိတော့ပေ။ ထို့ကြောင့် ဤသို့လျှင် ငါတို့၏ သံသရာဝဋ်ဆင်းရဲ ဒုက္ခသည် မတိုးပွားတော့ပေလတ္တံ့ ဟု နှလုံးပိုက်၍ သင်ချစ်သားတို့သည် ဤကား ဒုက္ခအရိယသစ္စာတရား တည်း။ ပ ။ မဂ္ဂအရိယသစ္စာတရားတည်းဟု အရိယသစ္စာလေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစားအားထုတ်ပါ။ ဤကား ဆိုလိုရင်းတည်း။ (သံ၊ဋ္ဌ၊၃၊၃၂၄။)

တစ်ဖန် အောက်ပါ ခဒိရပတ္တသုတ္တန်ဒေသနာတော်ကိုလည်း ဖတ်ရှု ကြည့်ပါ။


ခဒိရပတ္တသုတ္တန်

ရဟန်းတို့ ...အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် ဤသို့ ပြောဆိုလာငြားအံ့ --- ငါသည် ဒုက္ခအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မူ၍ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မူ၍ ဒုက္ခချုပ်ရာ နိရောဓအရိယ သစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မူ၍ ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မူ၍ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ငါပြုပေအံ့ဟု ဤသို့ ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ဤသို့ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းသည် မရှိသည်သာလျှင်တည်း။

ရဟန်းတို့ ...ဥပမာသော်ကား ---ငါသည် ရှားရွက်တို့ကိုလည်းကောင်း, ထင်းရှူးရွက်တို့ကိုလည်းကောင်း, ရှစ်ရှားရွက်တို့ကိုလည်းကောင်း ဖက်ခွက်ပြုလုပ်၍ ရေကိုမူလည်း သယ်ဆောင်ယူလာအံ့၊ ဖက်လိပ်နားတောင်း ပြုလုပ်၍မူလည်း ပန်ဆင်ပေအံ့ဟု အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ဤသို့ ပြောဆိုချက် သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းသည် မရှိသည်သာ တည်း။ ထို့အတူပင် ---

ရဟန်းတို့ ...ငါသည် ဒုက္ခအရိယသစ္စာတရားကို။ ပ ။ မဂ္ဂအရိယ သစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မူ၍ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ငါပြုပေအံ့ ဟု တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါသည် ပြောဆိုလာငြားအံ့၊ ထို ပုဂ္ဂိုလ်၏ ဤသို့ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းသည် မရှိသည်သာလျှင်တည်း။

ရဟန်းတို့ ...အကြင် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါသည် ဤသို့ ပြောဆိုလာငြားအံ့ --- ငါသည် ဒုက္ခအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သည် ဖြစ်၍, ဒုက္ခ ဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သည် ဖြစ်၍, ဒုက္ခချုပ်ရာ နိရောဓအရိယ သစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်သည်ဖြစ်၍, ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်သည်ဖြစ်၍ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ငါပြုလုပ်နိုင်ပေလိမ့်မည်ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ဤသို့ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းသည် ရှိသည်သာလျှင်တည်း။

ရဟန်းတို့ ...ဥပမာသော်ကား --- ငါသည် ပဒုမ္မာကြာရွက်တို့ကို လည်းကောင်း, ပေါက်ရွက်တို့ကိုလည်းကောင်း, ခွေးတောက် (မာလော)ရွက် တို့ကိုလည်းကောင်း ဖက်ခွက်ပြုလုပ်၍ ရေကိုမူလည်း သယ်ဆောင်ယူလာအံ့၊ ဖက်လိပ်နားတောင်း ပြုလုပ်၍မူလည်း ပန်ဆင်ပေအံ့ဟု အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါသည် ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ဤသို့ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်း သည် ရှိသည်သာလျှင်တည်း။ ထို့အတူပင် ---

ရဟန်းတို့ ...ငါသည် ဒုက္ခအရိယသစ္စာတရားကို။ ပ ။ မဂ္ဂအရိယ သစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်သည်ဖြစ်၍ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ငါပြု ပေအံ့ဟု အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ဤသို့ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းသည် ရှိသည်သာလျှင်တည်း။

ရဟန်းတို့ ...ထိုကြောင့် ဤသာသနာတော်၌ သင်ချစ်သားတို့သည်

၁။ ဤကား ဒုက္ခအရိယသစ္စာတရားတည်း ဟု သိအောင် ကြိုးစား အားထုတ်ပါ။ ပ ။
၂။ ဤကား ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားတည်း ဟု သိအောင် ကြိုးစား အားထုတ်ပါ။ (သံ၊၃၊၃၈၃-၃၈၄။)

ရုပ်ဟူသည်

အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း .. ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့သည် ဝိပဿနာဉာဏ်၏အရှုခံ အာရုံတရားတို့ ဖြစ်ကြသဖြင့် ယင်းဒုက္ခသစ္စာတရားစုတွင် အကျုံးဝင်သော ရူပုပါဒါနက္ခန္ဓာ အကြောင်းကို ရှေးဦးစွာ ရှင်းလင်းတင်ပြပေအံ့။

ဗုဒ္ဓတရားတော်၌ ရုပ် (၂၈)ပါး လာရှိ၏။ ယင်း ရုပ်တရားတို့ကို ..

၁။ ရုပ် (၂၈)ပါးဟူသော အရေအတွက်အားဖြင့်လည်းကောင်း ---

၂။ (က) မည်သည့်ရုပ်က ကံကြောင့် ဖြစ်သည်၊
( ခ ) မည်သည့်ရုပ်က စိတ်ကြောင့် ဖြစ်သည်၊
( ဂ ) မည်သည့်ရုပ်က ဥတုကြောင့် ဖြစ်သည်၊
(ဃ) မည်သည့်ရုပ်က အာဟာရကြောင့် ဖြစ်သည်၊
( င ) မည်သည့်ရုပ်က မည်သည့်အကြောင်းကြောင့်မျှ မဖြစ်ဟု

ဖြစ်ကြောင်းသမုဋ္ဌာန်အားဖြင့်လည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိပါက ဤသာသနာတော်၌ မဂ်ဖိုလ်နိဗ္ဗာန် ရသည်တိုင်အောင် တိုးတက်စည်ကား ကြီးပွားမှု မရှိနိုင်ကြောင်းကို မဟာဂေါပါလကသုတ္တန် (မ၊၁၊၂၈၁-၂၈၆။)တွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့၏။ ယင်း အဋ္ဌကထာ ကလည်း အောက်ပါအတိုင်း ဖွင့်ဆိုထား၏။

သော ဂဏနတော (သမုဋ္ဌာနတော) ရူပံ အဇာနန္တော ရူပံ ပရိဂ္ဂဟေတွာ အရူပံ ဝဝတ္ထပေတွာ ရူပါရူပံ ပရိဂ္ဂဟေတွာ ပစ္စယံ သလ္လက္ခေတွာ လက္ခဏံ အာရောပေတွာ ကမ္မဋ္ဌာနံ မတ္ထကံ ပါပေတုံ န သက္ကောတိ။ (မ၊ဋ္ဌ၊၂၊၁၆၃-၁၆၄။)

ထို ယောဂါဝစရ ရဟန်းတော်သည် ရုပ်တရားကို ..

၁။ အရေအတွက်အားဖြင့်လည်းကောင်း

၂။ အကြောင်းသမုဋ္ဌာန်အားဖြင့်လည်းကောင်း

ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ ထိုးထွင်း မသိ ခဲ့သော် ---

၁။ ရုပ်တရားကို သိမ်းဆည်း၍ (ရူပပရိဂ္ဂဟဉာဏ်)
၂။ နာမ်တရားကို ပိုင်းခြားမှတ်သား၍ (အရူပပရိဂ္ဂဟဉာဏ်)
၃။ ရုပ်နာမ်ကို သိမ်းဆည်း၍ (ရူပါရူပပရိဂ္ဂဟဉာဏ်)
၄။ အကြောင်းတရားတို့ကို ကောင်းစွာပိုင်းခြားမှတ်သား၍ (ပစ္စယပရိဂ္ဂဟ ဉာဏ်)
၅။ ယင်းရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် သို့ တင်၍ (ဝိပဿနာဉာဏ်)

ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော အထွတ် အထိပ်သို့ ရောက်စေအံ့သောငှာ မည်သည့်နည်းနှင့်မျှ စွမ်းနိုင်မည် မဟုတ် ပေ။ (မ၊ဋ္ဌ၊၂၊၁၆၃-၁၆၄။)

ဤ ပါဠိတော် အဋ္ဌကထာတို့နှင့်အညီ အသင်သူတော်ကောင်းသည် ရုပ်ကမ္မဋ္ဌာန်းပိုင်း၌ ရှေးဦးစွာ ရုပ် (၂၈)ပါးကို သိအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ ရုပ်တရားတို့သည်ကား တစ်လုံးချင်းဖြစ်နိုင်သည့် စွမ်းအားမရှိ၊ ကလာပ်ခေါ်သည့် ရုပ်ကလာပ်အမှုန် အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ကလာပ်ဟူသည် ပရမတ်နယ်၌ ရုပ်တို့၏ အသေးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်၏။ ပရမာဏုမြူခန့် ရှိ၏။ ပရမာဏုမြူခန့်ဟုသာ ဆိုသည်။ အတိအကျ မဆိုလိုပါ။ ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်မည်ဟု ယူဆရ၏။

ယင်း ရုပ်ကလာပ်တို့ကား သမူဟပညတ် သဏ္ဌာနပညတ် စသည့် ပညတ်များ လုံးဝ မကင်းစင်သေးသည့် အတုံးအခဲကလေးများသာ ဖြစ်ကြ၏။ ပညတ်နယ်၌သာ တည်ရှိနေသေးသော ဃန မပြိုသေးသည့် ဃန မဖြိုရသေး သည့် ပညတ်တရားတို့သာ ဖြစ်ကြ၏။ ယင်း ရုပ်ကလာပ် တစ်ခု တစ်ခု၌ အနည်ဆုံး ပမာဏအားဖြင့် ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟု ရုပ်သဘောတရား (၈)မျိုး ရှိ၏။ ယင်း ရုပ်သဘောတရားတို့ သည်သာလျှင် ပရမတ္ထရုပ်တရားတို့ ဖြစ်ကြ၏။ ယင်းပရမတ္ထရုပ်တရားတို့ကို သာလျှင် လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။ ယင်းရုပ်ကလာပ်တို့ကား တစ်နည်း --- ယင်း ပရမတ္ထရုပ်တရားတို့ကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုအပ်သော အချိန်ကာလကို ကုဋေ (၅၀၀၀)ကျော်ခန့် ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်း ရှိကြ၏။

အလွန့်အလွန်တိုတောင်းသော သက်တမ်း ရှိကြ၏။ အကြောင်းတရား တို့၏ ကျေးဇူးပြုပေးမှု အရှိန်အဝါ မကုန်သေးသမျှ အကျိုးတရားတို့သည် လည်း ဤနည်းနှင်နှင် ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြ သည်သာ ဖြစ်ကြ၏။ ယင်း ရုပ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် ဟုတ်တိုင်း မှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေး အတွက် လိုအပ်သော အကူအညီ ကိရိယာကား အထက်ပါ သမာဓိသုတ္တန် များတွင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း သမ္မာသမာဓိပင် ဖြစ်ပေသည်။

နာမ်ဟူသည်

နာမ်တရားတို့သည်လည်း ရူပါရူပကလာပုပ္ပါဒနံ (မဟာဋီ၊၂၊၂၃၅။) ဟူသော မဟာဋီကာ၏ အသုံးအနှုန်းအတိုင်း နာမ်ကလာပ်ဟု ခေါ်ဆိုအပ် သော အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ တစ်လုံးချင်းဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။ နာမ်တရားတို့၌ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ် (ဝီထိမှ အလွတ်ဖြစ်သောစိတ်)ဟု နှစ်မျိုးရှိ၏။ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ် တို့ကား ဝီထိမုတ်စိတ်တို့ ဖြစ်ကြ၏။ ဘဝတစ်ခု၌ ေ့ရှဦးစွာ အစဆုံးဖြစ်သော စိတ်သည် ပဋိသန္ဓေစိတ် မည်၏။ နောက်ဆုံးဖြစ်သော စိတ်သည် စုတိစိတ် မည်၏။ ယင်း ပဋိသန္ဓေနှင့် စုတိ၏ အကြား၌ ဝီထိစိတ်များ မဖြစ်သောအချိန် ဝယ် ဘဝ၌ စိတ်အစဉ် မပြတ်စဲရေးအတွက် ဘဝ၏ အကြောင်းတရားအဖြစ် ဖြစ်ပေါ်နေသော စိတ်သည် ဘဝင်စိတ် မည်၏။ ဒွါရ အာရုံ တိုက်ဆိုင်သော အခါ ဖြစ်ပေါ်လာသော စိတ်အစဉ်တို့ကား ဝီထိစိတ်တို့ ဖြစ်ကြ၏။ စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိဟု အကျဉ်းအားဖြင့် ဝီထိစိတ်အမျိုးအစား (၆)မျိုး ရှိ၏။ ယင်း ဝီထိစိတ်တို့သည်လည်း (အတိမဟန္တာရုံ ဝိဘူတာရုံဖြစ်က) ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ် (ပဉ္စဝိညာဏ်)၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်၊ ဘဝင် ...၊ မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂) ကြိမ်ဟူသော စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ (အဘိ၊ဋ္ဌ၊၁၊၃၁၄။)

ယင်းဝီထိစိတ် ဝီထိမုတ်စိတ်တို့၌ စိတ္တက္ခဏတိုင်း၌ အနည်းဆုံးပမာဏ အားဖြင့် စိတ်+စေတသိက် (၈)လုံးရှိ၍ ဇောကဲ့သို့သော အချို့သော စိတ္တက္ခဏတို့၌ စိတ်+စေတသိက် (၃၄)လုံးအထိ ရံခါ ရှိတတ်ပေ၏။ ယင်း စိတ္တက္ခဏ တစ်ခုတစ်ခု အတွင်း၌ အတူယှဉ်လျက် ဖြစ်ပေါ်သွားကြသော စိတ်+စေတသိက် နာမ်တရားစုတို့ကို နာမ်ကလာပ်တစ်ခုဟု ခေါ်ဆို၏။ ယင်းနာမ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် ဉာဏ်ဖြင့် ပိုင်းခြား၍ ယူနိုင်ပါမှ သိမ်းဆည်းနိုင်ပါမှ နာမ်တရားတို့ကို သိသည် မည်ပေသည်။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည် မည်ပေ သည်။ နာမ်တရားတို့ကို ယင်းကဲ့သို့ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည့် တိုင်အောင် သိမ်းဆည်းနိုင်ရေးအတွက်, ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ရေးအတွက်, ထိုးထွင်း သိမြင်နိုင်ရေးအတွက်, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် လိုအပ်သောအကူအညီ ကိရိယာကား အထက်ပါ သမာဓိသုတ္တန်များတွင် ဘုရားရှင် ဟောကြားထားတော်မူသည့် အတိုင်း သမ္မာသမာဓိပင် ဖြစ်ပေသည်။

သမထသည် သာသနာတွင်းတရားမဟုတ်ဟူသော စွဲချက်

ယေ တေ အဿဇိ သမဏဗြဟ္မဏာ သမာဓိသာရကာ သမာဓိသာမညာ၊ တေသံ တံ သမာဓိံ အပ္ပဋိလဘတံ ဧဝံ ဟောတိ နော စဿု မယံ ပရိဟာယာမာတိ။ (သံ၊၂၊၁၀၂။)

သမာဓိသာရကာ သမာဓိသာမညာတိ သမာဓိံယေဝ သာရဉ္စ သာမညဉ္စ မညန္တိ။ မယှံ ပန သာသနေ န ဧတံ သာရံ၊ ဝိပဿနာမဂ္ဂဖလာနိ သာရံ။ သော တွံ သမာဓိတော ပရိဟာယန္တော ကသ္မာ စိန္တေသိ သာသနတော ပရိဟာယာမီတိ။ (သံ၊ဋ္ဌ၊၂၊၂၈၉။)

ချစ်သား အဿဇိ ...အကြင် သမဏ ဗြာဟ္မဏတို့သည်ကား သမာဓိကိုပင် အနှစ်သာရ, သမာဓိကိုပင် ရဟန်းအဖြစ်ဟု အောက်မေ့မှတ်ထင် ကြကုန်၏။ ထိုသမာဓိကို တစ်ဖန်ပြန်၍ မရကြကုန်သော ထိုသမဏ ဗြာဟ္မဏ တို့၏ သန္တာန်၌ ငါတို့သည် သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြပါကုန် ၏လောဟု ဤသို့သော စိတ်အကြံအစည်သည် ဖြစ်ပေါ်လာတတ်၏။ (သံ၊၂၊၁၀၂။)

သမာဓိကိုပင် အနှစ်သာရ, သမာဓိကိုပင် ရဟန်းအဖြစ်ဟု အောက်မေ့ မှတ်ထင်ကြကုန်၏ဟူသည် သမာဓိကိုပင်လျှင် အနှစ်သာရဟုလည်းကောင်း, ရဟန်းအဖြစ်ဟုလည်းကောင်း အောက်မေ့မှတ်ထင်ကြကုန်၏။ သို့သော် ငါဘုရားရှင်၏ သာသနာတော်တွင်း၌ကား ဤသမာဓိသည် အနှစ်သာရ မဟုတ်ပါ၊ ဝိပဿနာ မဂ်ဖိုလ်တို့သည်သာလျှင် အနှစ်သာရ ဖြစ်ပေ၏၊ သမာဓိမှ လျှောကျသွားသော ထိုသင်သည် အဘယ်ကြောင့် ငါသည် သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါ၏လောဟု ကြံစည်နေရပါသနည်းဟု ဆိုလို၏။ (သံ၊ဋ္ဌ၊၂၊၂၈၉။)

အရှင်အဿဇိကား ကာယသင်္ခါရ အမည်ရသော အဿာသပဿာသ တို့ကို ချုပ်ငြိမ်းစေလျက် (အာနာပါန) စတုတ္ထစျာန်ကို ဝိပဿနာ၏ အခြေ ပါဒကပြု၍ ဝိပဿနာသို့ ကူးနေကျ ဖြစ်၏။ သို့သော် ကျန်းမာရေးချို့တဲ့လာ သောအခါ ထိုစတုတ္ထစျာန်ကို တစ်ဖန်ပြန်၍ ဝင်စားမရ ဖြစ်နေ၏။ ဝိပဿနာ သို့ မကူးနိုင် ဖြစ်နေ၏။ ထိုအခါတွင် သံဃာတော်များ၏ လျှောက်ထားချက် အရ ဘုရားရှင်ကြွလာတော်မူကာ အထက်ပါစကားများ အဝင်အပါ အဿဇိသုတ္တန် တရားဒေသနာတော်ကို ဟောကြားပေးတော်မူလေသည်။ တေပရိဝဋ္ဋ ဓမ္မဒေသနာတော်၏ အဆုံး၌ အရဟတ္တဖိုလ်၌ တည်သွားတော်မူလေသည်။ (သံ၊ဋ္ဌ၊၂၊၂၈၉ - ကြည့်။)

ဤအထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာတို့ကို ကိုးကား၍ သမာဓိ = သမထသည် သာသနာတော်၏ အနှစ်သာရမဟုတ်၊ ဝိပဿနာသည်သာလျှင် သာသနာတော်၏ အနှစ်သာရ ဖြစ်၏၊ ထို့ကြောင့် သမာဓိကို ထူထောင်ဖို့ မလိုဟု အဆိုရှိကြ၏။

ဤကျမ်းကလည်း သမာဓိ = သမထကို သာသနာတော်၏ အနှစ်သာရ ဟု မဆိုပါ။ ဝိပဿနာ မဂ်ဖိုလ်တို့ကိုသာလျှင် သာသနာတော်၏ အနှစ်သာရ ဟု ဆိုပါ၏။ သို့သော် ဝိပဿနာဟူသည် ---

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။) ဟူသော အထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ဒုက္ခသစ္စာ အမည်ရသော ဥပါဒါနက္ခန္ဓာ (၅)ပါး ရုပ်နာမ် ပရမတ်တရား, သမုဒယသစ္စာ အမည်ရသော ဒုက္ခသစ္စာ၏ အကြောင်းရင်း ပရမတ်တရားဟူသော ပရမတ်အစစ်ဖြစ်ကြသော သင်္ခါရဓမ္မတို့ကို ---

၁။ ယင်း သင်္ခါရတရားတို့၏ ဖြစ်ပြီးလျှင် ပျက်သည့်သဘော, ပျက်ပျက် နေသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း၊

၂။ ယင်းသင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်, အပျက်ဒဏ်ချက် ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရမှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟုလည်းကောင်း၊

၃။ ယင်းသင်္ခါရတရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တ မရှိမှုသဘော, ယင်းသင်္ခါရတရား တို့၏ အတ္တ မဟုတ်သည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း၊

ဤသို့ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်သည့် အပိုင်းကို သာလျှင် ဝိပဿနာဟုခေါ်၏။ ယင်းဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော တရားတို့မှာ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ပရမတ် သင်္ခါရတရား တို့သာ ဖြစ်ကြ၏။

အသင်သူတော်ကောင်းသည် သမာဓိကို မထူထောင်ဘဲ တရားဘာဝနာကို ပွားများဖူးကောင်း ပွားများဖူးပေမည်။ ထိုကဲ့သို့ ပွားများအားထုတ်ရာ ၌ ပရမတ် ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် သိ-မသိကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ မသိဟု အဖြေထွက်ခဲ့လျှင် ယင်း သင်္ခါရတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် သမာဓိ ထူထောင်ရမည်ဟူသော ဘုရားရှင်၏ တရားစကားတော်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်သင့်လှပေ သည်။ အကြောင်းမူ ယင်း သင်္ခါရတရားတို့ကား သမာဓိရှိသော သူတော်ကောင်းတို့သည်သာလျှင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နိုင်သောကြောင့်တည်း။

တစ်ဖန် ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်ဖြာသောသမာဓိ= သမထသည် သာသနာတွင်းတရား မဟုတ်၊ သာသနာပတရားသာ ဖြစ်သည်။ ဝိပဿနာတရားသည်သာလျှင် သာသနာတွင်းတရားဖြစ်သည်ဟုလည်း အဆို ရှိပြန်၏။အကယ်၍ အသင်သူတော်ကောင်းသည် မဂ္ဂင် (၈)ပါး အကျင့်မြတ် တရားသည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရား ကောင်း ဖြစ်သည်ဟုလည်းကောင်း, သာသနာတွင်းတရား ဖြစ်သည်ဟု လည်းကောင်း လက်ခံနိုင်ခဲ့ပါလျှင် မဂ္ဂင် (၈)ပါးတို့၏ အစိတ်အပိုင်း တစ်ခု ဖြစ်သော မဂ္ဂင် (၈)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော သမ္မာသမာဓိကိုလည်း အဘယ်အကြောင်းကြောင့် သာသနာတွင်းတရားပါဟု လက်မခံနိုင်ပါသနည်း၊ မဂ္ဂင် (၈)ပါးကို သာသနာတွင်းတရားအဖြစ် လက်ခံနိုင်ပါလျှင် သမ္မာသမာဓိ ကိုလည်း သာသနာတွင်းတရားအဖြစ် လက်ခံသင့် လက်ခံထိုက်လှပေသည်။

သမ္မာသမာဓိဟူသည် အဘယ်နည်း

ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ။

က။ ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

ခ။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

ဂ။ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ၊ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ ဥပေက္ခကော သတိမာ သုခဝိဟာရီတိ၊ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

ဃ။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသမာဓိ။ (မ၊၁၊၈၉။)

ရဟန်းတို့ ... သမ္မာသမာဓိဟူသည် အဘယ်နည်း။ ---

(က) ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်သည် ဖြစ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ် သည် ဖြစ်၍သာလျှင် ဝိတက်နှင့်တကွ ဖြစ်သော ဝိစာရနှင့်တကွ ဖြစ်သော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသည့် ပီတိ သုခရှိသော ပထမစျာန်သို့ ရောက်၍နေ၏။

( ခ ) ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်း၍ သွားခြင်းကြောင့် မိမိ၏ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော သမာဓိကို တိုးပွားစေတတ် သော ဝိတက်လည်းမရှိသော ဝိစာရလည်းမရှိသော သမာဓိကြောင့်ဖြစ်သည့် ပီတိ သုခရှိသော ဒုတိယစျာန်သို့ ရောက်၍နေ၏။

( ဂ ) ပီတိ၏လည်း ကင်းချုပ်၍သွားခြင်းကြောင့် (အာနာပါနပဋိဘာဂနိမိတ် ကဲ့သို့သော သမထနိမိတ်အာရုံကို) အညီအမျှ လျစ်လျူရှုလျက် သတိရှိလျက် ဆင်ခြင်လျက် နေ၏။ သုခကိုလည်း နာမကာယဖြင့် ခံစား၏။ အကြင် တတိယစျာန်ကြောင့် ထိုတတိယစျာန်နှင့် ပြည့်စုံသူကို သမထအာရုံနိမိတ်ကို အညီ အမျှ လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူဟု အရိယာ သူတော်ကောင်းတို့သည် ချီးမွမ်းစကား ပြောကြားတော်မူကြကုန်၏။ ထိုတတိယစျာန် သို့ ရောက်၍နေ၏။

(ဃ) သုခကိုလည်း ပယ်ခြင်းကြောင့် ဒုက္ခကိုလည်းပယ်ခြင်းကြောင့် ရှေးမဆွကပင် သောမနဿ ဒေါမနဿတို့၏ ချုပ်ငြိမ်းပြီးခြင်းကြောင့် ဒုက္ခလည်း မရှိ သုခလည်း မရှိသော (တတြမဇ္ဈတ္တတာစေတသိက်ဟူသော) ဥပေက္ခာ ကြောင့် ဖြစ်ပေါ်၍လာသော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော စတုတ္ထစျာန်သို့ ရောက်၍နေ၏။

ရဟန်းတို့ ...ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း သမ္မာသမာဓိ ဟူ၍ ဆိုအပ်၏။ (မ၊၁၊၈၉။)

အထွတ်အထိပ်သို့ ရောက်ရှိသွားသော ကာမာဝစရဥပစာရသမာဓိ ရူပါဝစရသမာဓိ အရူပါဝစရသမာဓိဟု သမာဓိ သုံးမျိုးရှိရာ အလယ်ဖြစ်သော ရူပါဝစရသမာဓိကို သမ္မာသမာဓိဟု ဟောတော်မူလိုက်သဖြင့် အစဖြစ်သော ကာမာဝစရဥပစာရသမာဓိနှင့် အဆုံးဖြစ်သော အရူပါဝစရသမာဓိတို့ကိုလည်း သိမ်းကျုံး၍ယူရသော မဇ္ဈေဒီပကနည်းတည်း။ ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဤသို့ ဖွင့်ဆိုထား၏။

စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော။ (ဝိသုဒ္ဓိ၊၂၊၂၂၂၊၊)

ဥပစာရသမာဓိနှင့် တကွသော သမာပတ် (၈)ပါးတို့သည် စိတ္တဝိသုဒ္ဓိ မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

ဥပစာရသမာဓိနှင့် တကွသော ယင်း သမာပတ် (၈)ပါးတို့သည်ကား မဂ္ဂင် (၈)ပါးတွင် သမ္မာသမာဓိ အမည်ရ၍ ဝိသုဒ္ဓိ (၇)ပါးကျင့်စဉ်တွင် စိတ္တဝိသုဒ္ဓိဟူသော အမည်ကို ရရှိကြသည်။

သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်


အမေး။ ။ ယင်းသို့ဖြစ်လျှင် သမထယာနိကပုဂ္ဂိုလ်က သမာဓိကို ထူထောင်လျှင် သင့်တန်စေ၊ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်ကား သမာဓိကို မထူထောင်ဘဲ ဝိပဿနာသို့ တိုက်ရိုက်သွားသည် မဟုတ်ပါလောဟု မေးရန် ရှိ၏။

အဖြေ။ ။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့သည်လည်း သဒိသူပစာရ အားဖြင့် ဥပစာရသမာဓိ အမည်ရသော သမာဓိကို ထူထောင်သည်သာဟု ဖြေဆိုလေ။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် မည်သည့် ကမ္မဋ္ဌာန်းကစ၍ အားထုတ်ရသည်ကို သိလိုပါက အောက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ စကားကို ဖတ်ရှုကြည့်ပါ။

သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတေဿာ ဓာတုယော ပရိဂ္ဂဏှာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

သမထယာနိကပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးရာ၌ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် ရုပ်ကမ္မဋ္ဌာန်းက စ၍ဖြစ်စေ နာမ်ကမ္မဋ္ဌာန်းက စ၍ဖြစ်စေ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးနိုင်၏။ ထိုတွင် နာမ်ကမ္မဋ္ဌာန်းကစ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုပါက စျာန်အင်္ဂါတို့နှင့် စျာနသမ္ပယုတ်တရားတို့ကစ၍ နာမ်တရားတို့ကို သိမ်းဆည်းရန်, ထိုနောင် ယင်းနာမ်တရားတို့၏မှီရာ ဝတ္ထုရုပ် တို့ကို ဆက်လက်သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၂)တွင် ညွှန်ကြားထား၏။ သမထယာနိကပုဂ္ဂိုလ်သည် အကယ်၍ ရုပ်ကမ္မဋ္ဌာန်းက စ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုက သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ကဲ့သို့ ဓာတ်ကြီး (၄)ပါးက စတင်၍ သိမ်းဆည်းရန် ဤသို့ ညွှန်ကြားထား၏။

သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်းကောင်း, ရုပ်ကမ္မဋ္ဌာန်းက စတင်၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော ဤ သမထယာနိကပုဂ္ဂိုလ်သည် လည်းကောင်း သမထပိုင်းကမ္မဋ္ဌာန်း (၄၀)တို့တွင် စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်း၌ ဖွင့်ဆိုရေးသားခဲ့ကုန်သော ထိုထို ဓာတ်ကြီး (၄)ပါးကို သိမ်းဆည်း ကြောင်းဖြစ်သော နည်းလမ်းတို့တွင် တစ်နည်းနည်း၏ အစွမ်းဖြင့် အကျဉ်း အားဖြင့်သော်လည်းကောင်း အကျယ်အားဖြင့်သော်လည်းကောင်း ဓာတ်ကြီး (၄)ပါးတို့ကို စတင်သိမ်းဆည်းရ၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

အကြောင်းပြချက်

သမာဓိကို ထူထောင်ရာ သမထကမ္မဋ္ဌာန်းပိုင်းတွင် သမထကမ္မဋ္ဌာန်း (၄၀) ရှိ၏။ ထိုတွင် စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းလည်း ပါဝင်၏။ ထို ကမ္မဋ္ဌာန်းသည် ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် ဥပစာရသမာဓိကို ရွက်ဆောင်နိုင်သော ဥပစာရ ကမ္မဋ္ဌာန်းဖြစ်ကြောင်းကို (ဝိသုဒ္ဓိ၊၁၊၁၀၇၊၃၄၇။)တို့၌ ဖွင့်ဆိုထား၏။

ဥပစာရသမာဓီတိ စ ရုဠှီဝသေန ဝေဒိတဗ္ဗံ၊ အပ္ပနံ ဟိ ဥပေစ္စ စာရီ သမာဓိ ဥပစာရသမာဓိ၊ အပ္ပနာ စေတ္ထ နတ္ထိ။ တာဒိသဿ ပန သမာဓိဿ သမာနလက္ခဏတာယ ဧဝံ ဝုတ္တံ။ ကသ္မာ ပနေတ္ထ အပ္ပနာ န ဟောတီတိ၊ တတ္ထ ကာရဏမာဟ သဘာဝဓမ္မာရမ္မဏတ္တာတိ။ (မဟာဋီ၊၁၊၄၃၆။)

ဓာတ်ကမ္မဋ္ဌာန်းကျင့်စဉ်လမ်းမှ အားထုတ်လာရာ သမာဓိကိုထူထောင် လာရာ ဥပစာရသမာဓိသို့ ဆိုက်ရောက်နိုင်ကြောင်းကို အဋ္ဌကထာက ဖွင့်ဆို ထားတော်မူ၏။ ထိုတွင် ဥပစာရသမာဓိဟူသည် တကယ့် ဥပစာရသမာဓိ အစစ်မဟုတ်ပေ။ အတင်ရုဠှီ၏ အစွမ်းဖြင့် ဥပစာရသမာဓိဟု တင်စား၍ ဖွင့်ဆိုထားသည်ဟု သိရှိပါလေ။ မှန်ပေသည် ---- အပ္ပနာစျာန်သို့ ကပ်၍ ဖြစ်လေ့ရှိသော သမာဓိကိုသာလျှင် ဥပစာရသမာဓိဟု ခေါ်ဆိုနိုင်၏။ ဤ ဓာတ်ကမ္မဋ္ဌာန်း၌လည်း အပ္ပနာစျာန်ကား မရှိဖြစ်ခဲ့၏။ သို့သော် အပ္ပနာစျာန် သို့ ကပ်၍ ဖြစ်လေ့ရှိသော ထိုကဲ့သို့သော ဥပစာရသမာဓိအစစ်နှင့် တူညီ သော သမာဓိလက္ခဏာ ရှိသောကြောင့် သဒိသူပစာရအားဖြင့် တင်စား၍ ဥပစာရသမာဓိဟု ဤသို့ မိန့်ဆိုခြင်းဖြစ်၏။ အဘယ်ကြောင့် ဤ ဓာတ်ကမ္မဋ္ဌာန်းလမ်း၌ အပ္ပနာစျာန်သမာဓိသည် မရှိနိုင်ပါသနည်းဟူမူ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝ လက္ခဏာတည်းဟူသော ပရမတ္ထဓမ္မသဘာဝလျှင် အာရုံရှိသောကြောင့် ထို ပရမတ္ထဓမ္မသဘာဝတို့၏ နက်နဲသောသဘောရှိရကား အပ္ပနာစျာန်သမာဓိသို့ မဆိုက်ရောက်နိုင်ဘဲ ဥပစာရသမာဓိသို့သာ ဆိုက်ရောက်နိုင်သည် ဟူ၏။ (ဝိသုဒ္ဓိ၊၁၊၃၄၇။ မဟာဋီ၊၁၊၄၃၆။)

ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သမာဓိကို ထူထောင်လာရာ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်ပရမတ္ထဓမ္မ သဘာဝလက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော အဆင့်သို့ ဆိုက်ရောက်လာ၏။ ယင်းသို့ ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်ပရမတ္ထ ဓမ္မ သဘာဝလက္ခဏာကို ဉာဏ်ဖြင့်ပိုင်းခြားယူနိုင်သောအခါ ယင်းဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမာဓိကား အထွတ်အထိပ်သို့ ဆိုက်ရောက်လာသော ကာမာဝစရဥပစာရသမာဓိ တစ်မျိုး ဖြစ်၏။ အပ္ပနာစျာန်နားသို့ ကပ်၍တည် နေသော သမာဓိကိုသာလျှင် မုချအားဖြင့် ဥပစာရသမာဓိဟု ဆိုရ၏။ ဤ၌ကား ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်ပရမတ္ထဓမ္မသဘာဝကို အာရုံယူ၍ ဆက်လက် သမာဓိကို ထူထောင် သော်လည်း ယင်းဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်ပရမတ္ထဓမ္မသဘာဝလက္ခဏာတို့ကား နက်နဲသည့် အတွက်ကြောင့် အပ္ပနာစျာန်သို့ကား မဆိုက်နိုင် ဖြစ်ခဲ့၏။ ဤဓာတ်ကမ္မဋ္ဌာန်းလမ်း၌ အပ္ပနာစျာန်ကား မရှိဖြစ်ခဲ့၏။ ယင်း ရုပ်ကလာပ်တို့မှာ တစ်နည်း ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရုပ်တရား တို့မှာ အလွန်တိုတောင်းသော သက်တမ်းရှိကြ၏။ မျက်စိတစ်မှိတ် လျှပ်တစ် ပြက် လက်ဖျစ်တစ်တွက် အချိန်ကာလကို ကုဋေ (၅၀၀၀)ကျော်ခန့် ပုံလျှင် တစ်ပုံလောက်သာ သက်တမ်း ရှိကြ၏။ ထိုမျှ သက်တမ်း တိုတောင်းလှသော ရုပ်တရားတို့၏ သဘာဝလက္ခဏာကို အာရုံယူနေရသဖြင့် အလွန်နက်နဲ၍ ခက်ခဲသော လုပ်ငန်းရပ် ဖြစ်နေ၏။ သို့သော် အပ္ပနာစျာန်နားသို့ ကပ်၍ ဖြစ်လေ့ရှိသော တကယ့် ဥပစာရသမာဓိအစစ်နှင့်ကား သမာဓိဒီဂရီ စံချိန် ချင်း တူညီလျက် ရှိ၏။ ထို့ကြောင့် သဒိသူပစာရအားဖြင့် တင်စား၍ ဤစတုဓာတုဝဝတ္ထာန်သမာဓိကိုလည်း ဥပစာရသမာဓိဟု အဋ္ဌကထာက ခေါ်ဝေါ် သုံးစွဲထားပေသည်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်ကား သမထစျာန်ကို အခြေမခံဘဲ ဝိပဿနာသို့ သို့မဟုတ် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ တိုက်ရိုက်သွားလိုပါက ဤကဲ့သို့သော ဥပစာရသမာဓိကိုကား ထူထောင်ရမည်သာ ဖြစ်ပေသည်။

ဤ စတုဓာတုဝဝတ္ထာန် အမည်ရသော ဤ ကမ္မဋ္ဌာန်းသည် ဥပစာရ သမာဓိကို ရွက်ဆောင်ပေးနိုင်သဖြင့် သမထကမ္မဋ္ဌာန်း (၄၀)တွင်လည်း ပါဝင်၏။ အထွတ်အထိပ်သို့ ရောက်ရှိလာသော ယင်း စတုဓာတုဝဝတ္ထာန် ဥပစာရသမာဓိသည် သို့မဟုတ် ယင်း သမာဓိနှင့်ယှဉ်သော ဉာဏ်သည် ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင် ပရမတ္ထဓမ္မသဘာဝလက္ခဏာကိုလည်း အာရုံယူနိုင်သဖြင့် ဒိဋ္ဌိဝိသုဒ္ဓိ စခန်းသို့လည်း သက်ဝင်၏။ ထို့ကြောင့် ဤကမ္မဋ္ဌာန်းသည် သမထ ဝိပဿနာ နှစ်ဘက်ရကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပေသည်။

တစ်ဖန် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ သို့မဟုတ် ဝိပဿနာသို့ တိုက်ရိုက် သွားလိုသောအခါ အဘယ့်ကြောင့် ဓာတ်ကမ္မဋ္ဌာန်းက စတင်၍ အားသစ်ရပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။

ဒုဝိဓဥှိ ကမ္မဋ္ဌာနံ ရူပကမ္မဋ္ဌာနဉ္စ အရူပကမ္မဋ္ဌာနဉ္စ။ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတိ။ တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (မ၊ဋ္ဌ၊၁၊၂၈၀။)

ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေတိ ဣဒံ ရူပမုခေန ဝိပဿနာဘိနိဝေသံ သန္ဓာယ ဝုတ္တံ၊ အရူပမုခေန ပန ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဣစ္ဆိတဗ္ဗော၊ သော စ ပဌမံ စျာနင်္ဂါနိ ပရိဂ္ဂဟေတွာ တတော ပရံ သေသဓမ္မေ ပရိဂ္ဂဏှာတိ။ (မ၊ဋီ၊၁၊၃၆၉။)

သမထကမ္မဋ္ဌာန်းပိုင်း၌ ကမ္မဋ္ဌာန်း (၄၀) ရှိ၏။ သမာဓိပိုင်း ဖြစ်၏။ သို့သော် ဝိပဿနာပိုင်းသို့ ရောက်ရှိလာသော အခါ၌ကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်း နှစ်မျိုးသာ ရှိ၏။ ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း, အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်းဟူသည်မှာလည်း ယင်း ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းကိုပင် ဆိုလို၏။ ထို နှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူသောအခါ အကျဉ်း နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း, အကျယ် နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော် လည်းကောင်း စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူမြဲ ဓမ္မတာဖြစ်၏။ (မ၊ဋ္ဌ၊၁၊၂၈၀။)

ထိုတွင် ရုပ်တရားကို အဦးမူ၍ ရုပ်ကမ္မဋ္ဌာန်းက စ၍ ဝိပဿနာကို နှလုံးသွင်းခြင်းသည် ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား အလိုရှိအပ်ပေ၏။ နာမ်တရားကို အဦးမူသဖြင့် နာမ်ကမ္မဋ္ဌာန်းက စ၍ ဝိပဿနာကို နှလုံးသွင်းခြင်းသည်ကား ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ် အားသာလျှင် အလိုရှိအပ်ပေသည်။ ထို သမထယာနိကပုဂ္ဂိုလ်သည်လည်း ရှေးဦးစွာ စျာန်အင်္ဂါတို့ကို သိမ်းဆည်း၍ ထိုနောင်ဝယ် ကြွင်းကျန်သော နာမ်တရားတို့ကိုလည်းကောင်း, ရုပ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းရ၏။ (မ၊ဋီ၊၁၊၃၆၉။)

သမထယာနိကပုဂ္ဂိုလ်သည်ကား သမာဓိစွမ်းအင် ပြည့်ဝ စုံညီနေသော ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် သမာဓိရှိသောပုဂ္ဂိုလ်သည် ပရမတ္ထဓမ္မသဘာဝတို့ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်နိုင်ရကား ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ = ဝိပဿနာသို့ ကူးသောအခါ ရုပ်ကမ္မဋ္ဌာန်းက စ၍သော်လည်းကောင်း, နာမ်ကမ္မဋ္ဌာန်းက စ၍သော်လည်းကောင်း မိမိနှစ်ခြိုက်ရာ ကမ္မဋ္ဌာန်းက စ၍ အားသစ်နိုင်၏။ သို့သော် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်ကား ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ = ဝိပဿနာသို့ ကူးသောအခါ ယေဘုယျအားဖြင့် ရုပ်ကမ္မဋ္ဌာန်းကစ၍ အားသစ် ရ၏။ အနည်းငယ် အပ္ပကအားဖြင့် နာမ်ကမ္မဋ္ဌာန်းက စ၍လည်း အားသစ်လို က အားသစ်နိုင်၏။ သို့သော် ရုပ်နာမ်တို့ကို ပရမတ်သို့ဆိုက်အောင် သိမ်း ဆည်းနိုင်ရေးအတွက်ကား အခက်အခဲများစွာ ရှိကောင်း ရှိနိုင်ပေသည်။ သို့အတွက် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ယေဘုယျစည်းကမ်းသို့ လိုက်၍ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား ရုပ်ကမ္မဋ္ဌာန်းက စ၍ သိမ်းဆည်းရန် ညွှန်ကြား ထားတော်မူခြင်း ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

တစ်ဖန် ရုပ်ကမ္မဋ္ဌာန်းရှုကွက်နှင့် ပတ်သက်၍လည်း ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဟု နှစ်နည်းသာလျှင် ဟောကြား ထားတော်မူခဲ့၏။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကား မဟာသတိပဋ္ဌာန သုတ္တန် (ဒီ၊၂၊၂၃၄။ မ၊၁၊၇၃။)၌ လာရှိ၏။ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းကား မဟာဟတ္ထိပဒေါပမသုတ္တန် (မ၊၁၊၂၄၂-၂၄၉။) မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၃-၈၉။) အဘိဓမ္မာဓာတုဝိဘင်းပါဠိတော် (အဘိ၊၂၊၈၄-၈၉။)တို့၌ လာရှိ၏။ ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၁-၂၉၀။)၌လည်း မကျဉ်းမကျယ် လာရှိ၏။ ယင်းနည်းကား အကျယ်နည်း၌ပင် အကျုံးဝင်၏။

ဤသို့လျှင် ရုပ်ကမ္မဋ္ဌာန်းရှုကွက်နှင့် ပတ်သက်၍ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဟု နှစ်နည်းသာ လာရှိသဖြင့် ရုပ်ကမ္မဋ္ဌာန်းကစ၍ အားသစ်သောအခါ၌လည်း ဓာတ်ကမ္မဋ္ဌာန်း အကျဉ်း နည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဟူသော နည်းနှစ်မျိုးတို့တွင် နှစ်ခြိုက်ရာ နည်းလမ်းကစ၍ ရုပ်တရားတို့ကို သိမ်းဆည်းရန် အဋ္ဌကထာ ဋီကာတို့က လည်း ထပ်ဆင့် ညွှန်ကြားထားတော်မူခြင်း ဖြစ်၏။ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လာရှိသည့်အတိုင်း ညွှန်ကြားထားသည့်အတိုင်း ကျင့်ခြင်းသည် သာလျှင် နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော်ကောင်း အတွက် စိတ်အချရဆုံးနှင့် အကောင်းဆုံးကျင့်စဉ် ဖြစ်သည်။ မလွဲချော်နိုင် သော ကျင့်စဉ်လည်း ဖြစ်ပေသည်။

သီလမဂ္ဂင်သုံးပါးနှင့် ပြည့်စုံသဖြင့် သီလဝိသုဒ္ဓိ ဖြစ်ပြီးသော အသင် သူတော်ကောင်းသည် သမာဓိမဂ္ဂင်သုံးပါးနှင့် ပြည့်စုံအောင်, စိတ္တဝိသုဒ္ဓိ ဖြစ် အောင် သမထကမ္မဋ္ဌာန်း (၄၀)တို့တွင် မိမိနှစ်ခြိုက်ရာ ကမ္မဋ္ဌာန်း တစ်မျိုးမျိုး ဖြင့် သမာဓိကို စတင်ထူထောင်ပါ။ ဤကျမ်းတွင်ကား အာနာပါနဿတိ သမာဓိနှင့် ပြည့်စုံအောင် အာနာပါနကမ္မဋ္ဌာန်းကစ၍ သမာဓိထူထောင်ပုံကို ရေးသားတင်ပြထားပါသည်။

__________

အာနာပါနကမ္မဋ္ဌာန်းပိုင်း

အာနာပါန ချီးမွမ်းခန်း

အယမ္ပိ ခေါ ဘိက္ခဝေ အာနာပါနဿတိသမာဓိ ဘာဝိတော ဗဟုလီကတော သန္တော စေဝ ပဏီတော စ အသေစနကော စ သုခေါ စ ဝိဟာရော၊ ဥပ္ပန္နုပ္ပန္နေ စ ပါပကေ အကုသလေ ဓမ္မေ ဌာနသော အန္တရဓာပေတိ ဝူပသမေတိ။ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)

ရဟန်းတို့ ...ဤ အာနာပါနဿတိသမာဓိသည်လည်း ပွားများအပ် သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်ရှိသော် ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏။ သွန်းလောင်းထည့်စွက်အပ်သော ပရိကမ္မ စသော အကြောင်းတစ်ပါးလည်း မရှိ၊ ကာယိကသုခ စေတသိကသုခကို ဖြစ်စေတတ်သောကြောင့် ချမ်းသာစွာ နေထိုင်ရကြောင်း တရားလည်း ဖြစ်၏။ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော, စျာန်ဖြင့် မပယ်ခွာအပ်သေး ကုန်သော, ယုတ်မာကုန်သော အကုသိုလ်တရားတို့ကိုလည်း တစ်ခဏချင်း အားဖြင့် ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းစေနိုင်၏။ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)

အာနာပါန ပြည်တည်ခန်း

ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ သော သတောဝ အဿသတိ သတော ပဿသတိ။ (မ၊၁၊ရဝ။)

ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းသည် တောသို့ သွားရောက်၍ ဖြစ်စေ, သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ, ဆိတ်ငြိမ်ရာ အရပ်သို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် အထက်ပိုင်းကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို ဝင်သက်လေ ထွက်သက်လေတည်းဟူသော အာနာပါနကမ္မဋ္ဌာန်းသို့ ရှေးရှုဖြစ်စေလျက် ထိုင်၏။ ထိုရဟန်းသည် သတိရှိ လျက်သာလျှင် ဝင်သက်လေကို ဖြစ်စေ၏ = အသက်ရှူသွင်း၏။ သတိရှိလျက် သာလျှင် ထွက်သက်လေကို ဖြစ်စေ၏ = အသက်ရှူထုတ်၏။ (မ၊၁၊ရဝ။)

ဤအရာ၌ ဝင်သက်လေ ထွက်သက်လေ၌ သတိမြဲအောင်ကျင့်ရန် ဘုရားရှင်သည် စတုက္ကလေးခုတို့ဖြင့် ခွဲခြားစိတ်ဖြာ၍ ဟောကြားတော်မူ၏။ (သံ၊၃၊၂၈၀။ ဝိ၊၁၊၈၈။) ဝင်သက်လေ၌ စတုက္ကလေးခု, ထွက်သက်လေ၌ စတုက္ကလေးခုဖြစ်သဖြင့် နှစ်ရပ်ပေါင်းသော် ဝင်သက်လေ၌ (၁၆)မျိုးသော အခြင်းအရာ, ထွက်သက်လေ၌ (၁၆)မျိုးသောအခြင်းအရာ, အားလုံး (၃၂) မျိုးသော အခြင်းအရာတို့၌ သတိမြဲအောင် ကျင့်ရမည် ဖြစ်သည်။ ဝိပဿနာ ပိုင်းသို့ ရောက်ရှိသွားသောအခါ အာနာပါနစျာန်တရားတို့နှင့်တကွ ပကိဏ္ဏက သင်္ခါရ အမည်ရသော (၃၁)ဘုံအတွင်း၌ တည်ရှိသော တေဘူမကသင်္ခါရ တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော အခါ ယင်း (၃၂)မျိုးသော အခြင်းအရာတို့သည်လည်း တဖြည်းဖြည်း ပြီးစီး ပြည့်စုံလာမည် ဖြစ်ပေသည်။ ဤအပိုင်းတွင်ကား ပထမစတုက္ကကိုသာ ဦးစားပေး၍ ရေးသား တင်ပြပေအံ့။

သတိပြုရန်

ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

ဝင်သက်လေ ထွက်သက်လေ ထိထိသွားရာ = ထိမှုထင်ရှားရာ အရပ်၌သာလျှင် သတိကို တည်စေ၍ = သတိကို ထား၍ အာနာပါန ကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိဘာဝနာသည် ပြီးစီး ပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

ရှောင်ရန်

အထာနေန တံ နိမိတ္တံ နေဝ ဝဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏတော ပစ္စဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)

အာနာပါနကမ္မဋ္ဌာန်း၌ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟု နိမိတ်သုံးမျိုး ရှိ၏။

၁။ ပရိကမ္မနိမိတ် - ပကတိသော ဝင်သက်လေ ထွက်သက်လေသည်လည်း ပရိကမ္မနိမိတ် မည်၏။ အာနာပါနကမ္မဋ္ဌာန်းကို ပထမစတုက္က၌ ဘုရားရှင် ညွှန်ကြားတော်မူသည့်အတိုင်း အစဉ်အတိုင်း ကျင့်သဖြင့် သမာဓိအားကောင်းလာသောအခါ ဘာဝနာ၏ စွမ်းဟုန်ကြောင့် ဖြစ် ပေါ်လာသော မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော အာနာပါနနိမိတ် သည်လည်း ပရိကမ္မနိမိတ် မည်၏။

၂။ ဥဂ္ဂဟနိမိတ် - ဘာဝနာစွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူဖွေးနေသော အာနာပါနနိမိတ်သည် ဥဂ္ဂဟနိမိတ် မည်၏။ (ယေဘုယျဟု မှတ်ပါ။ အခြားအရောင်များလည်း ပေါ်နိုင်သောကြောင့် ဖြစ်သည်။)

၃။ ပဋိဘာဂနိမိတ် - ဘာဝနာစွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော သောက်ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင် တောက်ပနေသော အာနာပါနနိမိတ်သည် ပဋိဘာဂနိမိတ် မည်၏။ (ဤ၌လည်း ယေဘုယျဟု မှတ်ပါ။)

၁။ ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ မီးခိုး ရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော ပရိကမ္မနိမိတ်, ဖြူဆွတ်နေသော ဥဂ္ဂဟနိမိတ်, ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ် လာသောအခါ ယင်းနိမိတ်ကို အရောင်အားဖြင့် နှလုံးမသွင်းပါနှင့် = ယင်းနိမိတ်တို့၏ အရောင်ကို နှလုံးမသွင်းပါနှင့်။ နှလုံးသွင်းခဲ့သော် အရောင်ကသိုဏ်းဘက်သို့ ကူးသွားမည်။ သို့သော် တကယ့်အရောင်ကသိုဏ်းလည်း မဖြစ်နိုင်။ အရောင်ကသိုဏ်း ပြုလုပ်နိုင်သော အာရုံ နိမိတ်တို့တွင် ယင်း အာနာပါနနိမိတ် မပါဝင်သောကြောင့် ဖြစ်၏။

၂။ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ဟူသော ပထဝီဓာတ်၏ သဘာဝလက္ခဏာ၊ ယိုစီး-ဖွဲ့စည်းဟူသော အာပေါဓာတ်၏ သဘာဝလက္ခဏာ၊ ပူ-အေးဟူသော တေဇောဓာတ်၏ သဘာဝလက္ခဏာ၊ ထောက်ကန်မှု ဟူသော ဝါယောဓာတ်၏ သဘာဝလက္ခဏာဟု ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာများ ရှိကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ပကတိသော ဝင်သက်လေ ထွက်သက်လေ အဝင်အပါဖြစ်သော ပရိ ကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော ယင်းနိမိတ်အားလုံးကို သဘာဝလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်၊ ယင်းအာနာပါန နိမိတ်အားလုံး၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သွားမည်၊ အာနာပါနကမ္မဋ္ဌာန်း မဖြစ်တော့ပေ။ သို့သော် ဓာတ် ကမ္မဋ္ဌာန်းမှာလည်း အာနာပါန တစ်ခုတည်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးမျှလောက်ကိုသာ ရှုရုံမျှဖြင့် မလုံလောက်သည်သာဖြစ်၏။ ဓာတ် ကမ္မဋ္ဌာန်း အကျဉ်းနည်း၌ကား တစ်ကိုယ်လုံးကို ခြုံငုံ၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ရှုရ၏။ ဓာတ်ကမ္မဋ္ဌာန်း အကျယ် နည်း၌ကား (၄၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီ၌ ခြုံငုံ၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ရှုရ၏။

၃။ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာဟူသော လက္ခဏာ သုံးပါးတို့သည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရား အားလုံးတို့နှင့် သက်ဆိုင်သောကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ပကတိသော ဝင်သက်လေ ထွက်သက်လေ အဝင်အပါဖြစ်သော ယင်း အာနာပါနနိမိတ် အားလုံးကို သာမညလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာ မရှုပွား မသုံးသပ်ပါနှင့်။ အကြောင်းမူ ဝိပဿနာဟူသည် ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသော ပရမတ်သင်္ခါရတရားတို့ကိုသာလျှင် လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်ကာ ရှုပွား သုံးသပ်ရသော လုပ်ငန်းခွင် ဖြစ်၏။ ပကတိသော ဝင်သက်လေ ထွက်သက်လေ အဝင် အပါ ယင်း အာနာပါနနိမိတ် အားလုံးတို့သည်ကား သမူဟပညတ် သဏ္ဌာနပညတ်စသော ပညတ်မစင်သေးသည့် ပညတ်အတုံးအခဲတို့ သာ ဖြစ်ကြသေး၏။ ပညတ်တရားတို့မည်သည်မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့မဟုတ် ဖြစ်ကြ၏။ ထို့ကြောင့် ယင်းနိမိတ်တို့၌ သာမည လက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။

ထို့ကြောင့် ပကတိသော ဝင်သက်လေ ထွက်သက်လေကို အာရုံပြု၍ ဝင်လေ ဖြစ်-ပျက် အနိစ္စ, ထွက်လေ ဖြစ်-ပျက် အနိစ္စဟု မရှုပါနှင့်။ ဃန ဟူသည့် ရုပ်အတုံးအခဲ မပြိုသေးသော ပကတိသော ဝင်သက်လေ ထွက်သက်လေကား ပညတ်သာတည်း။

အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။ (ဝိသုဒ္ဓိ၊၁၊၃၄၆။)

စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

အသင် သူတော်ကောင်းသည် ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းကို အောင်မြင်စွာ ရှုပွားနိုင်သော် စိတ်ကြောင့်ဖြစ်သည့် ပကတိသော ဝင်သက်လေ ထွက်သက်လေဟူသော အဿာသပဿာသကောဋ္ဌာသ၌ ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ သမာဓိစွမ်းအင် ပြည့်ဝလာသော အခါ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်သည်။ ယင်း ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုလိုက်ပါက ရုပ်ကလာပ် တစ်မှုန်တစ်မှုန်၌ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ သဒ္ဒ (အသက်ရှူသံ)ဟု (၉)မျိုးသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် ဖြစ်သည်။ ယင်း (၉)မျိုးသော ရုပ်တရားတို့ကား လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုကောင်းသော ရုပ်တရားတို့ ဖြစ်ကြ၏၊ ပရမတ္ထရုပ်တရားတို့ ဖြစ်ကြ၏။ ယင်းပရမတ္ထရုပ်တရားတို့ကို မသိမ်းဆည်းနိုင်ဘဲ, ဉာဏ်ဖြင့် ပိုင်းခြား မယူနိုင် ဘဲ, မသိမမြင်ဘဲ ပကတိသော ဝင်သက်လေ ထွက်သက်လေ အဝင်အပါ ယင်းအာနာပါနနိမိတ် အားလုံးကို လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပါက တကယ့်ဝိပဿနာအစစ် မဟုတ်ဟု မှတ်သားပါလေ။

ရေတွက်ခြင်း = ဂဏနာနည်း

ပကတိသော ဝင်သက်လေ ထွက်သက်လေကို ထိမှုထင်ရှားရာ နှာသီးဖျား (တစ်ပေါက်ပေါက်)၊ သို့မဟုတ် အထက်နှုတ်ခမ်းဟူသော အရပ်က စောင့်၍ ဝင်လေ ထွက်လေဟု ရှုကြည့်ပါ။ မမှတ်ဘဲနေနိုင်ပါက မမှတ်နှင့်၊ ဝင်လေထွက်လေအာရုံ၌ သတိမြဲအောင်သာ စိုက်ရှုနေပါ၊ စိုက်ကြည့်နေပါ။ အကယ်၍ မမှတ်ဘဲ မနေနိုင်ပါက ဝင်လေ-ထွက်လေဟုသာ မှတ်နေပါ။

ထိုသို့ရှုရာ၌ ထိမှုသက်သက်ကိုလည်း မရှုပါနှင့်၊ ထိမှု ထင်ရှားသည့် နေရာ၏ အတွင်းဘက်သို့ ဝင်သွားသောလေ အပြင်ဘက်သို့ ထွက်သွားသော လေတို့ကိုလည်း လိုက်မရှုပါနှင့်၊ ထိမှုထင်ရှားရာနေရာက စောင့်၍ ဝင်လေ ထွက်လေကိုသာ ရှုပါ။ ထိမှုသက်သက်ကို ရှုခြင်းမှာ ကမ္မဋ္ဌာန်းတစ်မျိုး ဖြစ်၏။ ဓာတ်ကမ္မဋ္ဌာန်းနှင့် နွယ်၏။ ထိသည့်လေကို ရှုခြင်းသည်သာလျှင် အာနာပါန ကမ္မဋ္ဌာန်း ဖြစ်ပေသည်။ ထိနေသည့် ဝင်လေထွက်လေကိုသာလျှင် ထိသည့် နေရာကစောင့်၍ သတိကြီးစွာဖြင့် ရှုနေပါ။ သိမ်းဆည်းနေပါ။ ထိုသို့ ရှုရာ၌ ဝင်သက်လေ ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်သည် နာရီဝက် တစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေသော် ကောင်း၏။ ထိုင်တိုင်း ထိုင်တိုင်း တစ်နာရီခန့် ဝင်သက်လေ ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်သည် အမြဲတမ်း ကပ်၍ တည်နေသော် ဒီဃ ရသ = အရှည် အတိုသို့ ပြောင်းနိုင်ပြီ။

အကယ်၍ ဝင်သက်လေ ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ မတည်ခဲ့သော်, စိတ်ပျံ့လွင့်မှုများခဲ့သော် အဋ္ဌကထာကြီး တို့၌ (ဝိသုဒ္ဓိ၊၁၊၂၇၀။ ..) ညွှန်ကြားထားသည့်အတိုင်း ရေတွက်သည့်နည်းကို အသုံးပြုပါ။

၁။ ဝင်လေ-ထွက်လေ တစ် (၁)

၂။ ဝင်လေ-ထွက်လေ နှစ် (၂)

၃။ ဝင်လေ-ထွက်လေ သုံး (၃)

၄။ ဝင်လေ-ထွက်လေ လေး (၄)

၅။ ဝင်လေ-ထွက်လေ ငါး (၅)

၆။ ဝင်လေ-ထွက်လေ ခြောက် (၆)

၇။ ဝင်လေ-ထွက်လေ ခုနစ် (၇)

၈။ ဝင်လေ-ထွက်လေ ရှစ် (၈)

ဤသို့ ရေတွက်ပါ။ (၁)မှ (၈)အထိ စိတ်ကို အပြင်အာရုံ အမျိုးမျိုးသို့ မထွက်စေဘဲ ဝင်လေ-ထွက်လေအာရုံ၌သာ ငြိမ်ဝပ်စွာ ကပ်တည်နေအောင် စိတ်ကို ခပ်တင်းတင်းထား၍ ရှုပါ။ ထိုသို့ ရေတွက်ရာ၌ (၁)မှ (၅)အထိလည်း ရေတွက်နိုင်၏။ (၁)မှ (၁၀)အထိလည်း ရေတွက်နိုင်၏။ (၅)ထက်မလျော့ ပါစေနှင့်။ (၁၀)ထက်လည်း မပိုပါစေနှင့်။ (၅)နှင့် (၁၀) အကြား မိမိနှစ်ခြိုက် သည့်နေရာတွင် ရပ်နိုင်သည်။

ထိုသို့ ရေတွက်ရာ၌ ရေတွက်ခြင်း ဂဏနာနည်း၏ အစွမ်းဖြင့် ဘာဝနာ စိတ်သည် ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ တစ်စတစ်စ တဖြည်းဖြည်း ငြိမ်ဝပ်စွာ ကပ်၍ တည်လာလိမ့်မည်။ နာရီဝက်ခန့် တစ်နာရီခန့် ထိုင်တိုင်း ထိုင်တိုင်း ငြိမ်ဝပ်စွာကပ်၍ တည်လာသော် ရေတွက်သည့် ဂဏနာနည်းကို လွှတ်လိုက်၍ ဝင်လေ-ထွက်လေဟုပင် ဆက်ရှုကြည့်ပါ။ ဘာဝနာစိတ်သည် ဝင်လေ-ထွက်လေအာရုံ၌ နာရီဝက် ငြိမ်ပါစေ၊ တစ်နာရီ ငြိမ်ပါစေ စသည်ဖြင့် လည်း အဓိဋ္ဌာန်ပြု၍ ထိုင်ကြည့်ပါ။ အောင်မြင်မှုရခဲ့သော် အရှည် အတို ရှုကွက်ကို ပြောင်းရှုနိုင်ပြီ။


၁။ အရှည် - ၂။ အတို

အာနာပါန ပထမစတုက္က ကျင့်စဉ်၌
၁။ ဒီဃ = အရှည်
၂။ ရဿ = အတို
၃။ သဗ္ဗကာယ = ဝင်သက်လေ-ထွက်သက်လေအားလုံး
၄။ ပဿမ္ဘယ = ငြိမ်းအောင်ကျင့်ခြင်း

ဤသို့ အဆင့် (၄)ဆင့် ရှိပေသည်။ ထိုတွင် အရှည်အတို ကျင့်စဉ်ကို ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူခဲ့၏။

၁။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ
ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ

၂။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ
ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။ (မ၊၁၊ရဝ၊၊)

၁။ ရှည်စွာမူလည်း ဝင်သက်လေကို ရှူသွင်းခဲ့သည်ရှိသော် ရှည်စွာ ဝင်သက်လေကို ရှူသွင်း၏ဟု ကွဲကွဲပြားပြား သိ၏။ ရှည်စွာမူလည်း ထွက်သက်လေကို ရှူထုတ်ခဲ့သည်ရှိသော် ရှည်စွာ ထွက်သက်လေကို ရှူထုတ်၏ဟု ကွဲကွဲပြားပြား သိ၏။

၂။ တိုစွာမူလည်း ဝင်သက်လေကို ရှူသွင်းခဲ့သည်ရှိသော် တိုစွာ ဝင်သက်လေကို ရှူသွင်း၏ဟု ကွဲကွဲပြားပြား သိ၏။ တိုစွာမူလည်း ထွက်သက်လေကို ရှူထုတ်ခဲ့သည်ရှိသော် တိုစွာ ထွက်သက်လေကို ရှူထုတ်၏ဟု ကွဲကွဲပြားပြား သိ၏။ (မ၊၁၊ရဝ။)

ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၂၆၃။)

အဒ္ဓါနဝသေနာတိ ဒီဃကာလဝသေန။ (မဟာဋီ၊၁၊၃၂၀။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့ ဖွင့်ဆိုထားသည်နှင့်အညီ အချိန် ကာလ ခပ်ကြာကြာဖြစ်နေသော ဝင်သက်လေ-ထွက်သက်လေကို အရှည် ဟုလည်းကောင်း, အချိန်ကာလ ခပ်တိုတို ဖြစ်နေသော ဝင်သက်လေ-ထွက်သက်လေကို အတိုဟုလည်းကောင်း သိရှိပါလေ။

ထို အရှည်-အတိုကို ရှုရာ၌ ဝင်လေ-ထွက်လေကို သက်သက်ရှည်အောင် သက်သက်တိုအောင် မကြိုးစားပါနှင့်၊ ပုံမှန် ရှူနေကျအတိုင်းသာ ရှူပါ။ သဘာဝအတိုင်း ရှူမြဲတိုင်းသာ ရှူပါ။ သက်သက် ပြုပြင်နေပါက သမာဓိ ပျက်ပြယ်သွားတတ်သည်။

ရှေးဦးစွာ ဝင်သက်လေ ထွက်သက်လေအာရုံ၌ ရေတွက်သည့်နည်း ဖြင့်ဖြစ်စေ၊ မရေတွက်ဘဲဖြစ်စေ သတိမြဲအောင် စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ ထိုသို့ ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါမှ ရှည်လျှင် ရှည်သည့်အတိုင်း သိအောင်ကြိုးစားပါ။ တိုလျှင် တိုသည့်အတိုင်း သိအောင်ကြိုးစားပါ။ အရှည်-အတိုဟုလည်း မမှတ်ပါနှင့်၊ မမှတ်ဘဲ မနေနိုင်ပါက ဝင်လေ-ထွက်လေဟုသာ မှတ်ပါ။ ရှည်မှု တိုမှုကို ကွဲကွဲပြားပြား သိနေလျှင် လုံလောက်ပေပြီ၊ မည်၍မည်မျှရှည်သည် မည်၍မည်မျှတိုသည် ဟုလည်း မဆန်းစစ်ပါနှင့်၊ ဝေဖန်ဆန်းစစ်မှု (= ဓမ္မဝိစယသမ္ဗောဇ္ဈင်) က လွန်ကဲသွားသဖြင့် သမာဓိ ပျက်ပြယ်သွားတတ်သည်။

ဝင်သက်လေ-ထွက်သက်လေ၏ အရှည်-အတို အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ ထိုသို့ ရှုရာ၌ ဝင်လေ-ထွက်လေမှာ တစ်ထိုင်လုံး ရှည်နေလျှင် သို့မဟုတ် တစ်ထိုင်လုံး တိုနေလျှင်လည်း အပြစ်မဖြစ်ပါ။ သို့သော် တစ်ခါ အသက်ရှူမှုနှင့် တစ်ခါအသက်ရှူမှုတို့မှာ များသောအားဖြင့် တူညီမှု အမြဲတမ်း မရှိနိုင်ပေ။ နှေးချင်လည်း နှေးနေတတ်၏။ မြန်ချင်လည်း မြန်နေ တတ်၏။ စိတ်ကို အေးအေးထား၍ ရှူမြဲတိုင်း သဘာဝအတိုင်းသာ ရှူနေပါ။


အထူးသတိပြုရန် အချက်တစ်ရပ်

ထိုသို့ရှုရာ၌ ဝင်လေမှာ ရှည်၍ ထွက်လေမှာ တိုခဲ့သော် ကြာလျှင် ခန္ဓာကိုယ်သည် နောက်သို့ လန်သွားတတ်၏။ ထွက်လေမှာ ရှည်၍ ဝင်လေမှာ တိုခဲ့သော် ခန္ဓာကိုယ်မှာ ရှေ့သို့ ကိုင်းလာတတ်၏။ ထိုကြောင့် ဝင်လေ ထွက် လေကို ညီမျှအောင် ရှူခြင်းက သမာဓိကို များစွာ အထောက်အကူ ပြုပေ သည်။ ရှည်လျှင်လည်း ညီမျှပါစေ၊ တိုလျှင်လည်း ညီမျှပါစေ။ ထိုအရှည်အတို အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်သည် ထိုင်တိုင်း ထိုင်တိုင်း ကပ်၍ တည်နေခဲ့သော် ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်ပါ။


၃။ သဗ္ဗကာယပဋိသံဝေဒီ

၃။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ
သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၁၊ရဝ။)

၃။ ဝင်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင် ရှားရှား သိသည်ဖြစ်၍ ဝင်သက်လေကို ရှူသွင်းအံ့ဟု ကျင့်၏။ ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင် ရှားရှား သိသည်ဖြစ်၍ ထွက်သက်လေကို ရှူထုတ်အံ့ဟု ကျင့်၏။ (မ၊၁၊ရဝ။)

ဝင်သက်လေ-ထွက်သက်လေ၏ အရှည်အတို အာရုံ၌ ထိုင်တိုင်း ထိုင် တိုင်း ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်ပါ။ ရှေးဦးစွာ ဝင်လေ-ထွက်လေ အာရုံ၌ သတိမြဲအောင် ကြိုးစားပါ။ ထို့နောက် အရှည် အတို အာရုံ၌ သတိမြဲအောင် ကြိုးစားပါ။ အရှည်အတို အာရုံ၌ သတိမြဲ၍ စည်းစည်းပိုင်ပိုင် သတိကပ်နေသောအခါ ဤ ဝင်သက်လေ-ထွက်သက်လေ ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိအောင် ဆက်လက်ကြိုးစားပါ။

ထိုသို့ ကြိုးပမ်းရာ၌ ဤကား အစ, ဤကား အလယ်, ဤကား အဆုံး ဟု လိုက်မမှတ်ပါနှင့်၊ သမာဓိ ပျက်ပြယ်သွားတတ်သည်။ မမှတ်ဘဲ မနေနိုင် သော် ဝင်လေ-ထွက်လေဟုသာ မှတ်ပါ။ အစ-အလယ်-အဆုံး အကုန်လုံး ကို ထင်ထင်ရှားရှား သိအောင်သာ ကြိုးစားပါ။ သိနေပါက လုံလောက်ပေပြီ။


ယေဘုယျအကြံပေးချက်

ယခုတိုင်အောင် တင်ပြခဲ့သော ဤအာနာပါနကျင့်စဉ်တွင် ဝင်သက်လေ--ထွက်သက်လေ၏ (၁) ရှည်မှု, (၂) တိုမှု, (၃) အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိမှုဟု အဆင့်သုံးဆင့် ရှိသွားပြီ ဖြစ်၏။ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိအောင် ရှုနိုင်သော ယောဂါဝစရပုဂ္ဂိုလ်သည် ---

၁။ အသက်ရှူမှုနှေးသဖြင့် ဝင်သက်လေ - ထွက်သက်လေမှာ ရှည်နေ လျှင်လည်း ရှည်နေသည့်အတိုင်း ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကိုသာ ထင်ထင်ရှားရှားသိအောင် ရှုနေပါ။

၂။ အသက်ရှူမှုက မြန်နေသဖြင့် ဝင်သက်လေ-ထွက်သက်လေမှာ တို နေလျှင်လည်း တိုနေသည့်အတိုင်း ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကိုသာ ထင်ထင်ရှားရှား သိအောင် ရှုနေပါ။

အဆင့်သုံးဆင့်စလုံးကို တစ်ပေါင်းတည်း ကျင့်နေခြင်းပင် ဖြစ်၏။ ထိုသို့ ရှုရာ၌ --- ဤကား - အစ, ဤကား - အလယ်, ဤကား -အဆုံးဟုလည်း မမှတ်ပါနှင့်။ ဤကား - အရှည်, ဤကား - အတိုဟုလည်း မမှတ်ပါနှင့်။ မှတ်လိုပါက အဆင့်သုံးဆင့်စလုံးမှာပင် ဝင်လေ -- ထွက်လေဟုသာ မှတ်နေပါ။ ရှည်မှု တိုမှုတို့ကိုလည်း တကယ် ရှည်မှ ရှည်ပါ့မလား? တကယ် တိုမှ တိုပါ့မလား? စသည်ဖြင့် ဝေဖန် ဆန်းစစ်မှု မပြုပါနှင့်။ ထိုသို့ ဝေဖန်ဆန်းစစ်နေသည့် ဓမ္မဝိစယသမ္ဗောဇ္ဈင်တရားက လွန်ကဲလာသောအခါ သမာဓိသမ္ဗောဇ္ဈင်တရားက လျော့နည်းသွားတတ်ပေသည်။ အသက်ရှူမှုက နှေးနေသဖြင့် ရှည်ချင်လည်း ရှည်နေပါစေ၊ အသက်ရှူမှုက မြန်နေသဖြင့် တိုချင်လည်း တိုနေပါစေ၊ ရှည်လျှင်လည်း ရှည်သည့်အတိုင်း, တိုလျှင်လည်း တိုသည့်အတိုင်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင်သာ ရှုနေပါ။ တစ်ထိုင်လုံး အသက်ရှူမှုက နှေးနေသဖြင့် ရှည်နေလျှင်လည်း ရှည်နေသည့်အတိုင်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိနေအောင်သာ ဆက်လက် ကြိုးစားနေပါ။ အသက်ရှူမှု မြန်လာအောင် တိုသွားအောင် မကြိုးစားပါနှင့်။ သဘာဝအတိုင်းသာ ရှူနေပါ။ တစ်ထိုင်လုံး အသက်ရှူမှုက မြန်နေသဖြင့် တိုနေလျှင်လည်း တိုနေသည့်အတိုင်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိနေအောင်သာ ဆက်လက်ကြိုးစားပါ။ အသက်ရှူမှု နှေးသွားအောင် ရှည် သွားအောင် မကြိုးစားပါနှင့်။ တစ်ထိုင်လုံး အသက်ရှူမှုက ပုံမှန် နှေးနေ သဖြင့် ရှည်နေလျှင်လည်း အပြစ်မဖြစ်ပါ။ တစ်ထိုင်လုံး အသက်ရှူမှုက ပုံမှန် မြန်နေသဖြင့် တိုနေလျှင်လည်း အပြစ်မဖြစ်ပါ။ သက်သက်ရှည်အောင် သက်သက်တိုအောင် ကြိုးစားနေပါက ထိုသို့ ကြိုးပမ်းနေသည့် ဝီရိယသမ္ဗောဇ္ဈင်တရားက လွန်ကဲနေသဖြင့် သမာဓိသမ္ဗောဇ္ဈင်တရားက လျော့နည်းသွား တတ်ပေသည်။ သမာဓိနှင့် ဝီရိယတို့ ညီမျှမှုရှိဖို့လည်း လိုအပ်ပေသည်။


သိက္ခတိ = ကျင့်၏ဟု-ဟောကြားတော်မူခြင်း၏ ဦးတည်ချက်

ဤ တတိယအဆင့်မှစ၍ ပဇာနာတိ = ကွဲကွဲပြားပြားသိ၏ဟု မဟောဘဲ၊ သိက္ခတိ = ကျင့်၏ဟု ဘုရားရှင်သည် ဟောကြားထားတော် မူ၏။ ရည်ရွယ်တော်မူချက်မှာ ဤသို့ ဖြစ်၏။ ----- ထို ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းလေရာ ကြိုးပမ်းသည့်အတိုင်း အကုန်လုံးကိုလည်း ထင်ထင်ရှားရှား တစ်နာရီ နှစ်နာရီ စသည်ဖြင့် အဆက်မပြတ် ဆက်တိုက် သိနေသောအခါ, ထို ဝင်သက်လေ-ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်သည်လည်း ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ ----

က။ နီဝရဏ ကိလေသာ အညစ်အကြေးတို့ စိတ်အစဉ်သို့ ဝင်ရောက် မလာအောင် စောင့်စည်းမှု သံဝရတရားကား အဓိသီလသိက္ခာ၊ (သတိသံဝရ-ဝီရိယသံဝရ ဟူ၏။)

ခ။ ထိုအကုန်လုံးသော ဝင်သက်လေ-ထွက်သက်လေအာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေသော သမာဓိကား အဓိစိတ္တသိက္ခာ၊

ဂ။ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (=အကုန်လုံး) ကို ထင်ထင်ရှားရှား သိနေသော ပညာကား အဓိပညာသိက္ခာ၊

ဤ သိက္ခာ (၃)ရပ် အကျင့်မြတ်တို့နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ပါဟု သိစေလို၍ သိက္ခတိ-သဒ္ဒါဖြင့် ဘုရားရှင်သည် ဟောကြားတော် မူခဲ့ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၆၆။)


အနာဂတ်ဝိဘတ်ဖြင့် ဟောကြားတော်မူခြင်း၏ ဦးတည်ချက်

တစ်ဖန် ----- အဿသိဿာမိ၊ ပဿသိဿာမိ = ဝင်သက်လေကို ရှူသွင်းအံ့၊ ထွက်သက်လေကို ရှူထုတ်အံ့ဟု အနာဂတ်ဝိဘတ်ဖြင့်လည်း ဟောကြားထားတော်မူပြန်၏။ အကြောင်းမှာ ဤသို့ဖြစ်၏။ ဤ တတိယ အဆင့်မှ စ၍ -----

က။ ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန် လုံး)ကို ထင်ထင်ရှားရှား သိတတ်သောဉာဏ်၊

ခ။ ဝင်သက်လေ ထွက်သက်လေ၏ ချုပ်ငြိမ်းမှုကို ထင်ထင်ရှားရှား သိတတ်သောဉာဏ်၊

ဂ။ ပီတိနှင့်တကွသော စျာန်အင်္ဂါတို့ကို ထင်ထင်ရှားရှား သိတတ်သော ဉာဏ်၊ ပီတိနှင့်တကွသော စျာန်နာမ်တရားတို့၏ အနိစ္စအချက် ဒုက္ခ အချက် အနတ္တအချက်တို့ကို ထင်ထင်ရှားရှား ထိုးထွင်း သိတတ်သောဉာဏ်။ ပ ။ တေဘူမကသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထင်ထင်ရှားရှား ထိုးထွင်း သိတတ် သောဉာဏ် -----

ဤသို့သော တန်ဖိုးရှိသော ဉာဏ်တို့ကို ဖြစ်ပေါ်လာအောင် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ပါဟု သိစေလို၍ ဤမှစ၍ အာနာပါနကျင့်စဉ် ကို အနာဂတ်ဝိဘတ်ဖြင့် ဘုရားရှင် ဟောကြားတော်မူသည်။ (ဝိသုဒ္ဓိ၊၁၊၂၆၆။ မဟာဋီ၊၁၊၃၂၂။)

(အာနာပါနကျင့်စဉ် စတုက္ကလေးခု အပြည့်အစုံကို ဝိပဿနာပိုင်းတွင် ကြည့်ပါ၊၊)


၄။ ပဿမ္ဘယံ ကာယသင်္ခါရံ

၄။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ
ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၁၊ရဝ။)

၄။ ရုန့်ရင်းသော အဿာသပဿာသ ကာယသင်္ခါရတရားကို ငြိမ်းစေ လျက် ဝင်သက်လေကို ရှူသွင်းအံ့ဟု ကျင့်၏။ ရုန့်ရင်းသော အဿာသပဿာသ ကာယသင်္ခါရတရားကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟု ကျင့်၏။ (မ၊၁၊ရဝ။)

အသင်သူတော်ကောင်းသည် ထိုင်တိုင်း ထိုင်တိုင်း ဝင်သက်လေ-ထွက် သက်လေ အာရုံ၌ ရှေးဦးစွာ သတိမြဲအောင် ကြိုးစားပါ။ သတိမြဲလာသော အခါ ထိုဝင်သက်လေ-ထွက်သက်လေ၏ အရှည်-အတို၊ အနှေး-အမြန်ကို သိအောင် ဆက်လက်ကြိုးစားပါ။ ဘာဝနာစိတ်သည် ထိုဝင်သက်လေ-ထွက် သက်လေ၏ အရှည်-အတို အာရုံ၌ စည်းစည်းပိုင်ပိုင်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါ ထိုဝင်သက်လေ-ထွက်သက်လေ အာရုံ၌ပင်လျှင် ရှည် လျှင်လည်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိ အောင်, တိုလျှင်လည်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင် ရှားရှား သိအောင် ဆက်လက်ကြိုးပမ်းပါ။ ထိုသို့ ကြိုးပမ်းရာ၌ ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားသည့် နေရာကသာ စောင့်၍ အစ-အလယ် အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှားသိအောင် ကြိုးပမ်းပါ။ ထိမှု ထင်ရှားရာ နေရာမှ အတွင်းဘက်သို့လည်းကောင်း, အပြင်ဘက်သို့လည်း ကောင်း ဝင်လေ-ထွက်လေကို လိုက်မကြည့်ပါနှင့်။ ထိမှုထင်ရှားရာ တစ်နေရာ မှသာ စောင့်ကြည့်ပါ။ ထိုသို့ အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင် ရှားရှား သိအောင် ကြိုးပမ်းရာ၌ ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ တစ်နာရီ နှစ်နာရီခန့် ထိုင်တိုင်း ထိုင်တိုင်း ငြိမ်ဝပ်စွာကပ်၍ တည်လာသော် ထိုဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့နူးညံ့စေရမည်, ငြိမ်သက်စေ ရမည်ဟု နှလုံးပိုက်၍ (= နှလုံးသွင်း၍) အစ-အလယ်-အဆုံး (= အကုန် လုံး)ကိုပင် ထင်ထင်ရှားရှားသိအောင် ဆက်လက်၍ ကြိုးပမ်းပါ။ ဝင်သက်လေ -ထွက်သက်လေကို သက်သက်သိမ်မွေ့အောင် မပြုလုပ်ပါနှင့်၊ သမာဓိသည် ပျက်ပြယ်သွားတတ်သည်။

ဩဠာရိကောဠာရိကေ ကာယသင်္ခါရေ ပဿမ္ဘေမီတိ အာဘောဂ- သမန္နာဟာရ-မနသိကာရ-ပစ္စဝေက္ခဏာ ...(ဝိသုဒ္ဓိ၊၁၊၂၆၇။)

ရုန့်ရင်းရုန့်ရင်းကုန်သော ကာယသင်္ခါရ အမည်ရသော အဿာသပဿာသ = ဝင်သက်လေ-ထွက်သက်လေတို့ကို ငြိမ်းစေအံ့ ---- ဟု

၁။ ရှေးဦးစွာ ဆင်ခြင်ခြင်း (အာဘောဂ)

၂။ စိတ်ကို အဖန်တလဲလဲ ရှေးရှုဆောင်ခြင်း (သမန္နာဟာရ)

၃။ နှလုံးသွင်းခြင်း (မနသိကာရ)

၄။ စူးစမ်းခြင်း (ပစ္စဝေက္ခဏာ = ဝီမံသာ)

ဟူသော ဤဦးတည်ချက်ရှိလျှင် လုံလောက်ပေပြီ၊ အာနာပါနကို သက်သက်သိမ်မွေ့အောင် တမင်ပြုပြင်ပေးနေရပါက သမာဓိ ပျက်ပြားတတ် ရုံသာမက စိတ်လည်းပင်ပန်း လူလည်း နွမ်းလာတတ်သည်။ ထို့ကြောင့် အာနာပါနကို သိမ်မွေ့စေရမည်၊ ငြိမ်းစေရမည်ဟူသော ဦးတည်ချက်ဖြင့်သာ သဘာဝအတိုင်း ရှူမြဲတိုင်းသာ ရှူနေပါ။ ထိုသို့ အားထုတ်ရာ၌ သမာဓိအား ကောင်းလာသည်နှင့်အမျှ အာနာပါနလေသည် တဖြည်းဖြည်း သိမ်မွေ့လာ တတ်၏။ ထို သိမ်မွေ့သောလေ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်သည်ထက်ငြိမ်ဝပ် အောင်, ကပ်သည်ထက်ကပ်နေအောင် စွမ်းအင်ကြီးမားသော သတိဖြင့် စူးစူး စိုက်စိုက် ရှုနေပါ။ ဤအပိုင်း၌ သိမ်မွေ့သောလေကို သိမ်းဆည်းတတ်သော အလွန်အားကောင်းသော သတိ, သိမ်မွေ့သောလေကို ထင်ထင်ရှားရှား သိတတ်သော အလွန်အားကောင်းသောပညာတို့ကား အထူးလိုအပ်လှပေသည်။

ထိုသို့ကြိုးပမ်းရာ၌ ရံခါ ဝင်သက်လေ-ထွက်သက်လေမှာ မထင်မရှား ဖြစ်နေတတ်၏။ လေကို ရှာမတွေ့ ဖြစ်နေတတ်၏။ ထိုအခါ မူလရှုသည့် နေရာ၌သာ စိတ်စိုက်၍ အသက်ရှူနေပါသည်ဟု နှလုံးပိုက်၍ ကြည့်နေပါ။

၁။ အမိဝမ်းတွင်းဝယ် ပဋိသန္ဓေ တည်နေရဆဲပုဂ္ဂိုလ်

၂။ ရေထဲ၌ နစ်မြုပ်နေသောပုဂ္ဂိုလ်

၃။ သတိမေ့မျောနေသောပုဂ္ဂိုလ်

၄။ သေသောပုဂ္ဂိုလ်

၅။ စတုတ္ထစျာန် ဝင်စားနေသောပုဂ္ဂိုလ်

၆။ ရူပ အရူပပုဂ္ဂိုလ် (ဗြဟ္မာ)

၇။ နိရောဓသမာပတ် ဝင်စားနေသောပုဂ္ဂိုလ် -----

ဤသို့လျှင် အသက်မရှူသောပုဂ္ဂိုလ် (၇)မျိုးရှိရာ ထိုပုဂ္ဂိုလ် (၇)မျိုး တို့တွင် မိမိမပါဝင်ဟု နှလုံးပိုက်၍, မိမိ၏ သတိပညာ အားနည်းမှုကြောင့်သာ ဝင်သက်လေ-ထွက်သက်လေကို မသိခြင်းဖြစ်သည်ဟု နှလုံးပိုက်၍ မူလရှုမြဲ နေရာ၌သာ စိုက်ရှုနေပါ။ ဤကဲ့သို့သော ပုဂ္ဂိုလ်, ဤကဲ့သို့သော အချိန်အခါ မျိုးကိုပင် ရည်ရွယ်တော်မူ၍ ဘုရားရှင်ကလည်း အောက်ပါအတိုင်း ဟောကြားထားတော်မူ၏။

နာဟံ ဘိက္ခဝေ မုဋ္ဌဿတိဿ အသမ္ပဇာနဿ အာနာပါနဿတိသမာဓိဘာဝနံ ဝဒါမိ။ (သံ၊၃၊၂၉၄။)

ရဟန်းတို့ ...ငါဘုရားသည် အာနာပါနကို သိမ်းဆည်းတတ်သော သတိလွတ်ကင်းပျောက်ပျက်လျက်ရှိသော အာနာပါနကို ထင်ထင်ရှားရှား သိတတ်သော ဆင်ခြင်တတ်သော သမ္ပဇဉ်ဉာဏ် ကင်းသသူအား အာနာပါနဿတိသမာဓိဘာဝနာကို ဟောတော်မမူ။ (သံ၊၃၊၂၉၄။)

မည်သည့်ကမ္မဋ္ဌာန်းမဆို သတိနှင့် ပြည့်စုံသသူအားသာလျှင် သမ္ပဇဉ် ဉာဏ်ပညာနှင့် ပြည့်စုံသသူအားသာလျှင် ဘာဝနာကမ္မဋ္ဌာန်း အောင်မြင်မှု သည် ပြီးစီးပြည့်စုံနိုင်သည် မှန်သော်လည်း ဤအာနာပါနကမ္မဋ္ဌာန်းမှ တစ်ပါးသော အခြားကမ္မဋ္ဌာန်းတစ်ခုခုကို နှလုံးသွင်း ရှုပွားသော ယောဂါဝစရ ပုဂ္ဂိုလ်အား မိမိရှုပွားနေသည့် ကမ္မဋ္ဌာန်းအာရုံသည် သမာဓိအား ကောင်း လာလေ ထင်ရှားလာလေသည်သာ ဖြစ်၏။ သို့သော် ဤအာနာပါနကမ္မဋ္ဌာန်း သည်ကား ခဲယဉ်းလှ၏။ ခဲခဲယဉ်းယဉ်း ပွားများရသော ဘာဝနာလည်း ဖြစ်၏။

၁။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်

၂။ ပစ္စေကဗုဒ္ဓဘုရားရှင်

၃။ ဗုဒ္ဓပုတ္တ အမည်ရကြသော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ တပည့်သား သာဝက ----

ဤသုံးမျိုးကုန်သော မဟာပုရိသ အမည်ရကြကုန်သော ယောက်ျားမြတ်တို့၏သာလျှင် နှလုံးသွင်းရာ ဘုံဌာနဖြစ်၏။ သိမ်သိမ်ငယ်ငယ် မဟုတ် သည်သာတည်း။ သိမ်သိမ်ငယ်ငယ် ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် မှီဝဲနိုင်သည့် ကမ္မဋ္ဌာန်းလည်း မဟုတ်ခဲ့ပေ။ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် ယင်းအာနာပါနကို နှလုံးသွင်း၏။ ထိုထိုနှလုံးသွင်းသော အခြင်းအရာအားဖြင့် ယင်းအာနာပါနအာရုံသည် ငြိမ်လည်းငြိမ်သက်၏။ နူးညံ့သိမ်မွေ့လည်း နူးညံ့သိမ်မွေ့၏။ ထို့ကြောင့် ဤအာနာပါနဿတိ ကမ္မဋ္ဌာန်း၌ အားကောင်း မောင်းသန်သော သတိကိုလည်းကောင်း, ပညာကိုလည်းကောင်း အလိုရှိအပ် ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၇၆။)

အာနာပါနနိမိတ် ပေါ်စအခြေအနေ

ဝင်လေ-ထွက်လေ၏ အလွန့်အလွန် သိမ်မွေ့နူးညံ့သောကြောင့် မထင် မရှား ဖြစ်လာသောအခါ မူလဝင်လေ-ထွက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော အရပ်၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ ရှုဖန်များလာသောအခါ အလွန်သိမ်မွေ့သော လေကို တစ်ဖန်ပြန်၍ တွေ့လာတတ်၏။ သတိသမ္ပဇဉ်ဉာဏ်တို့၏ စွမ်းအင်ကြီးမား လာသောအခါ၌ တစ်ဖန်ပြန်၍ တွေ့ရှိခြင်းပင် ဖြစ်၏။ ထိုသိမ်မွေ့သောလေ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလိုက်ပါက သမာဓိအား ကောင်းလာ သောအခါ နိမိတ်များ ပေါ်လာတတ်ပေသည်။ ဤအဆိုမှာလည်း ယေဘုယျ သတ်မှတ်ချက်သာ ဖြစ်၏။

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (၁၇၅)၌ အရှည်-အတိုကိုရှုသည့် အပိုင်း၌ လည်း နိမိတ်ပေါ်နိုင်ကြောင်း လာရှိ၏။ အတိတ်က ဆည်းပူးခဲ့သော ပါရမီ အရှိန်အဝါ အားကောင်းသော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ဤ အရှည်-အတိုကို ရှုသည့်အပိုင်း၌လည်းကောင်း, အာနာပါန၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုသည့်အပိုင်း၌လည်းကောင်း, အာနာပါန (လေ) ကို သိမ်မွေ့နူးညံ့အောင် ငြိမ်သက်အောင် ငြိမ်းအောင် ကျင့်သည့်အပိုင်း၌လည်းကောင်း ဤ (ဒီဃ-ရသ-သဗ္ဗကာယ-ပဿမ္ဘယ) အဆင့် (၄)ဆင့်လုံး၌ပင် နိမိတ်ပေါ်တတ်ပေသည်။

အချို့ယောဂီများ၌ အလင်းရောင် အလျင်စ၍ ပေါ်တတ်၏။ အချို့ ယောဂီများ၌ နိမိတ် အလျင်စ၍ ပေါ်တတ်၏။ အလင်းရောင်ပေါ်ခဲ့သော် ထိုအလင်းကို နှလုံးမသွင်းပါလေနှင့်၊ ပကတိသော ဝင်လေ-ထွက်လေကိုပင် သတိမြဲစွာ ရှုနေပါ။ နိမိတ်ပေါ်ခဲ့လျှင်လည်း ပေါ်စနိမိတ်မှာ မခိုင်ခံ့တတ်သော သဘောရှိသဖြင့် နိမိတ်ကို နှလုံးမသွင်းသေးဘဲ ပကတိသော ဝင်လေ-ထွက် လေကိုပင် ရှုနေပါ။ သတိမြဲနေပါစေ၊ သမ္ပဇဉ်ဉာဏ် အားကောင်းနေပါစေ။

အကယ်၍ အရှည်-အတိုကို ရှုသည့်အပိုင်း၌ နိမိတ်ပေါ်ခဲ့လျှင်လည်း ထိုနိမိတ်ကို နှလုံးမသွင်းသေးဘဲ သဗ္ဗကာယ = ဝင်သက်လေ-ထွက်သက် လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်၊ ပဿမ္ဘယ = ဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့နူးညံ့အောင် ငြိမ်သက် အောင် ငြိမ်းအောင် ဆက်ကျင့်ပါ။ ထိုအခါ နိမိတ်လည်း တစ်စတစ်စ ခိုင်လာ တတ်ပါသည်။

အကယ်၍ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ရှုသည့်အပိုင်းသို့ရောက်မှ နိမိတ် ပေါ်ခဲ့သော် ထိုနိမိတ်ကို မကြည့်သေးဘဲ ဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့နူးညံ့အောင်သာ ဆက်ကျင့်ပါ။ သိမ်မွေ့နူးညံ့သော လေအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင်သဖြင့် လေနှင့်နိမိတ် တစ်သားတည်း ဖြစ်လာသောအခါ ယင်း သမာဓိကိုပင် ခိုင်ခံ့သည်ထက် ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ပါ။

အကယ်၍ အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း -----

၁။ ဒီဃ = အရှည်

၂။ ရဿ = အတို

၃။ သဗ္ဗကာယ = အကုန်လုံး

၄။ ပဿမ္ဘယ = သိမ်မွေ့နူးညံ့အောင် ငြိမ်အောင် ငြိမ်းအောင်ကျင့်ခြင်း

ဟူသော ဤအဆင့်လေးဆင့်ကို အစဉ်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ကျင့်လာရာ ပဿမ္ဘယသို့ ရောက်ရှိလာပါမှ နိမိတ်ပေါ်လာသည်ဖြစ်အံ့၊ ပေါ်စတွင် ယင်းနိမိတ်သည် မခိုင်ခံ့တတ်သော သဘောရှိသဖြင့် ယင်းနိမိတ် ကို နှလုံးမသွင်းသေးဘဲ ပကတိဝင်လေ-ထွက်လေကိုသာ နှလုံးသွင်းနေပါ။ လေနှင့်နိမိတ် တစ်သားတည်းဖြစ်နေသောအခါ လေသည်ပင်နိမိတ်, နိမိတ် သည်ပင်လေ ဖြစ်လာသောအခါ ပုံစံမှန် အဆင့်သို့ ရောက်ရှိသွားပေပြီ။ ဝင်လေ-ထွက်လေကို အာရုံပြုလိုက်က နိမိတ်ကို အာရုံပြုလျက်သား ဖြစ်နေ၏၊၊ နိမိတ်ကို အာရုံပြုလိုက်ကလည်း လေကိုပါ အာရုံပြုလျက်သား ဖြစ်နေ၏။ ယင်းသို့ဖြစ်က ပုံစံ မှန်သွားပေပြီ။


အခက်အခဲများ

အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ လေနှင့်နိမိတ်မှာ တစ်သားတည်း မဖြစ်ဘဲ ဝင်လေ-ထွက်လေက တခြား, နိမိတ်က တခြား ဖြစ်နေတတ်၏။ နိမိတ်မှာ နှာသီးဖျားမှ တစ်ထွာခန့် တစ်ပေခန့်တွင်လည်း ပေါ်နေတတ်၏။ လက်တစ်လုံးခန့် လက်နှစ်လုံးခန့်တွင်လည်း ပေါ်နေတတ်၏။ နဖူးပေါ် တွင်လည်း ပေါ်နေတတ်၏။ အကွာအဝေးအမျိုးမျိုး၌ ပုံသဏ္ဌာန်အမျိုးမျိုး, အရောင်အမျိုးမျိုးသော နိမိတ်များ ပေါ်နေတတ်၏။ အထက်တွင် ရှင်းပြခဲ့ သည့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ အဆိုကို မမေ့ပါနှင့်။

ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ ထိမှုထင်ရှားရာ နေရာ၌ (= နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်းဟူသော နှစ်နေရာတွင် ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ ထိမှုထင်ရှားရာနေရာ၌) အာနာပါနကို သိမ်းဆည်းတတ်သော သတိကိုထား၍ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သောပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိ ဘာဝနာသည် ပြီးစီးပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

ဤ အပိုင်းတွင်လည်း ဤ စည်းမျဉ်းဥပဒေသကို မမေ့ပါနှင့်။ အလွန် တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ ဖြစ်သည်။

တစ်ဖန် ယင်းနိမိတ်၏ အရောင်ကိုလည်း နှလုံးမသွင်းပါနှင့်။ ဤစည်းမျဉ်းဥပဒေသမှာလည်း အလွန်တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။

ဤသို့ နိမိတ် ဝေးကွာနေရာ၌ နိမိတ်ကို နှလုံးမသွင်းဘဲ ဝင်လေ-ထွက်လေ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နှစ်နေရာတို့တွင် တစ်နေရာမှ စောင့်၍ ပကတိ ဝင်လေ-ထွက်လေကိုသာ ရှုနေပါ။ တဖြည်းဖြည်း သမာဓိစွမ်းအင် ပြည့်ဝလာသောအခါ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် မြစ်ဖျားခံ၍ အခြေစိုက်၍ နိမိတ်သည် ကပ်၍ တည်နေပေလိမ့်မည်။ နိမိတ်နှင့် ဝင်လေ-ထွက်လေတို့သည် တစ်သားတည်း ဖြစ်သွားပါက ပုံစံမှန်သွားပြီ ဖြစ်သည်။


နိမိတ်ကို မကစားပါနှင့်

တေသု ဟိ အာနာပါနနိမိတ္တံ တာဝ ဝဍ္ဎယတော ဝါတရာသိယေဝ ဝဍ္ဎတိ၊ ဩကာသေန စ ပရိစ္ဆိန္နံ၊ ဣတိ သာဒီနဝတ္တာ ဩကာသေန စ ပရိစ္ဆိန္နတ္တာ န ဝဍ္ဎေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)

= ထိုကမ္မဋ္ဌာန်းတို့တွင် အာနာပါနနိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့သော် လေအစုအပုံသည်သာလျှင် တိုးပွားလာ၏။ အာနာပါနကမ္မဋ္ဌာန်းကို ဝင်လေ-ထွက်လေ ထိမှုထင်ရှားရာ နေရာ၌ သတိကိုထား၍ ပွားများရမည်ဟု ယင်း အာနာပါနကမ္မဋ္ဌာန်းကို နေရာဖြင့်လည်း ပိုင်းခြားထား၏။ ဤသို့လျှင် လေအစုအပုံ တိုးပွားခြင်းဟူသော အပြစ်ရှိသည့် အတွက်ကြောင့်လည်းကောင်း, ထိမှုထင်ရှားရာ နေရာဖြင့် ပိုင်းခြားသတ်မှတ်ထားသည့်အတွက်ကြောင့်လည်းကောင်း အာနာပါနနိမိတ်ကို တိုးပွားအောင် မပြုလုပ်ပါနှင့်။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)

ဤ စည်းမျဉ်းဥပဒေသမှာလည်း ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ လိုက် နာရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။ ထိုကြောင့် အသင်သူတော်ကောင်းသည် ယင်း အာနာပါနနိမိတ်ကို ကြီးအောင် သေးအောင် ရှည် အောင် တိုအောင် ဝေးအောင် နီးအောင် ဖြူအောင် ဝါအောင် နီအောင် ပြာအောင် ဤသို့စသည်ဖြင့် မကြိုးစားပါနှင့်။ ယင်းသို့ ကြိုးစားနေခဲ့သော် အသင်သူတော်ကောင်း အလိုရှိနေသော အာနာပါနစျာန်သို့ကား မရောက်ရှိ နိုင်တော့ပေ။ မယုံကြည်လျှင် လက်တွေ့စမ်းသပ်ကြည့်ပါ။ အသင်သူတော်ကောင်း ကိုယ်တိုင် သိရှိနိုင်ပေလိမ့်မည်။


နိမိတ်အမျိုးမျိုး

ဤအာနာပါနနိမိတ်သည်ကား ခပ်သိမ်းကုန်သောသူတို့အား တစ်ချက် တည်း ထပ်တူသည် မဖြစ်ပေ၊ အမျိုးမျိုး ပေါ်တတ်၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချမ်းသာသောအတွေ့ကို ဖြစ်စေလျက် ---

၁။ လဲဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)

၂။ ဗိုင်းဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)

၃။ လေအလျဉ်ကဲ့သို့ (ဥဂ္ဂဟနိမိတ်)

၄။ သောက်ရှူးကြယ်ရောင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)

၅။ ပတ္တမြားလုံးကဲ့သို့ (ပဋိဘာဂနိမိတ်)

၆။ ပုလဲလုံးကဲ့သို့ (ပဋိဘာဂနိမိတ်) ထင်လာတတ်၏။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ကျန်းသောအတွေ့ရှိသည်ဖြစ်၍

၇။ ဝါရိုးကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)

၈။ သစ်သားနှစ်တံကျင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်) ထင်လာ တတ်၏။

အချို့သောယောဂါဝစရပုဂ္ဂိုလ်အား ---

၉။ ရှည်စွာသော ဆောက်လုံးကြိုးမျှင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂ နိမိတ်)

၁၀။ ပန်းဆိုင်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)

၁၁။ မီးခိုးညွန့်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)

၁၂။ ကျယ်ပြန့်သော ပင့်ကူချည်မျှင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)

၁၃။ တိမ်တိုက်လွှာကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)

၁၄။ ပဒုမ္မာကြာပွင့်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)

၁၅။ ရထားဘီးစက်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)

၁၆။ လဝန်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)

၁၇။ နေဝန်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်) ထင်လာတတ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၇။ မဟာဋီ၊၁၊၃၃၅။)

ဧဝံ ဧကမေဝ ကမ္မဋ္ဌာနံ သညာနာနတာယ နာနတော ဥပဋ္ဌာတိ။ သညဇဥှိ ဧတံ သညာနိဒါနံ သညာပဘဝံ။ တသ္မာ သညာနာနတာယ နာနတော ဥပဋ္ဌာတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

သညာနာနတာယာတိ နိမိတ္တုပဋ္ဌာနတော ပုဗ္ဗေဝ ပဝတ္တသညာနံ နာနာဝိဓဘာဝတော။ (မဟာဋီ၊၁၊၃၃၅။)

တစ်ခုတည်းသာလျှင် ဖြစ်သော တစ်မျိုးတည်းသာလျှင် ဖြစ်သော ဤ အာနာပါနကမ္မဋ္ဌာန်းသည် နိမိတ်မထင်မီ နိမိတ်ထင်သည်မှ ရှေးမဆွက ဖြစ်ကုန်သော သညာတို့၏ အထူးထူးသော သဘောရှိသည်၏ အဖြစ်ကြောင့် = တစ်ဦးနှင့်တစ်ဦး တစ်ချိန်နှင့်တစ်ချိန် မတူညီဘဲ သညာတို့၏ ထူးထွေကွဲပြားမှု ရှိသည်၏ အဖြစ်ကြောင့် နိမိတ်အမျိုးမျိုး ထင်လာခြင်း ဖြစ်၏။ မှန်ပေသည် ဤအာနာပါနနိမိတ်သည် အာနာပါနဿတိသမာဓိ ဘာဝနာ သညာကြောင့် ဖြစ်ပေါ်လာရ၏။ (ဘာဝနာသညာဖြင့် မှတ်အပ် ကြံဆအပ် ကာမျှ ဖြစ်၏။) ဘာဝနာသညာဟူသော အကြောင်းရင်းရှိ၏။ ဘာဝနာသညာ ဟူသော အမွန်အစ ရှိ၏။ ထိုကြောင့် ဘာဝနာသညာ ထူးထွေ ကွဲပြားမှု ရှိသောကြောင့် နိမိတ်အမျိုးမျိုး ထင်လာရခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၇၇။ မဟာဋီ၊၁၊၃၃၅။)

အာနာပါနဿတိသမာဓိဘာဝနာသည် ရင့်ကျက်လာသောအခါ နိမိတ်မပေါ်မီ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နိမိတ်နှင့် ပတ်သက်၍ တစ်ဆင့်ကြားဖူး၍ ဖြစ်စေ, စာပေကိုဖတ်ဖူး၍ ဖြစ်စေ ဤသို့သော နိမိတ်-ဤသို့သော နိမိတ် စသည်ဖြင့် နိမိတ်နှင့်ပတ်သက်သော အယူအဆ အတွေး အခေါ်များ အမှတ်သညာများသည် ရံခါ ကြိုးကြားကြိုးကြား ဖြစ်ပေါ်တတ် ၏။ ယင်း အမှတ်သညာတို့၏ ထူးထွေကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး ပုံသဏ္ဌာန် အမျိုးမျိုး အရောင်အမျိုးမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်၏။ နိမိတ်ပေါ် လာပြီး နောက်ပိုင်း၌လည်း ဘာဝနာသညာက ထပ်မံ၍ ကွဲပြားနေပြန်လျှင် လည်း နိမိတ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုး ပြောင်းလဲနေတတ် ပေသည်။ ထိုကဲ့သို့ အပြောင်းအလဲများနေပါက စျာန်သမာဓိသို့ ရောက်ရှိဖို့ရန် များစွာ အခက်အခဲ ရှိနိုင်ပေသည်။

ထို့ကြောင့် အသင်သူတော်ကောင်းသည် နိမိတ်နှင့် ပတ်သက်သည့် သညာများကို နည်းနိုင်သမျှနည်းအောင် ကြိုးစားပါ။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ပေါ်နေသော နိမိတ်၌သာ ဘာဝနာစိတ်ကို ငြိမ် ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ ရေပြည့်နေသော ဖန်ခွက် တစ်ခု အတွင်းသို့ ပတ္တမြားတစ်လုံးကို သို့မဟုတ် ပုလဲတစ်လုံးကို နှစ်ထားသကဲ့သို့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ တည်နေသော နိမိတ် အတွင်း၌သာ ဘာဝနာစိတ်ကို နှစ်ထားပါ။ ယင်း နိမိတ်ကိုသာ စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ရှုနေပါ။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေ အောင် ကြိုးစားအားထုတ်ပါ။


ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်

ယေဘုယျအားဖြင့် ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသောနိမိတ်မှာ ဥဂ္ဂဟနိမိတ် ဖြစ်၏။ ဥဂ္ဂဟနိမိတ်ကား မကြည်ပေ။ ဆွတ်ဆွတ်ဖြူရာမှ သောက်ရှူးကြယ်ကဲ့သို့ တောက်ပနေသော ဖန်တုံးမှန်တုံးကဲ့သို့ အလွန်ကြည် လင် တောက်ပနေသော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ပတ္တမြားလုံးကဲ့သို့ ထင်လာရာ၌ မကြည်သော ပတ္တမြားလုံးကဲ့သို့သော နိမိတ်ကား ဥဂ္ဂဟနိမိတ် တည်း၊ ကြည်လင်တောက်ပနေသော ပတ္တမြားလုံးကဲ့သို့သော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ကြွင်းကျန်သော အရောင်တို့၌လည်း နည်းတူ သဘော ပေါက်ပါ။

အထက်တွင် ဖော်ပြထားသော နိမိတ်အမျိုးမျိုးတို့တွင် အမှတ် (၁၁) အဖြစ် ဖော်ပြထားသော နိမိတ်မှာ မီးခိုးညွန့်ကဲ့သို့သော နိမိတ်ဖြစ်၏။ ယင်း နိမိတ်၌ ညစ်ထပ်ထပ် မီးခိုးရောင်နိမိတ်ကား ပရိကမ္မနိမိတ်တည်း။ ဝါဂွမ်းစိုင် ကဲ့သို့ ဆွတ်ဆွတ်ဖြူသော မီးခိုးညွန့်ရောင်နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း။ ကြည်လင်တောက်ပလာသော မီးခိုးညွန့်ရောင်နိမိတ်ကား ပဋိဘာဂနိမိတ် တည်း။

ထိုနိမိတ်တို့ ပေါ်လာရာ၌ ဆင်စွယ်ကဲ့သို့သော ပုံသဏ္ဌာန်ဖြင့် နှာသီးဝ မှစ၍ အပြင်ဘက်သို့ အတန်းလိုက်ပေါ်လာရာ၌ကား ယင်း နိမိတ်နောက်သို့ စိတ်ကို မလိုက်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံးနေရာ၌ တည်ရှိနေသည့် နိမိတ် အတွင်း၌သာ ဘာဝနာစိတ်ကို သွတ်သွင်းထားပါ။ စိုက်ကြည့်နေပါ။ အတွင်း ဘက်သို့ အချောင်းလိုက် တည်ရှိရာ၌လည်း အတွင်းဘက်သို့ လိုက်မကြည့်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံးနေရာ၌ တည်ရှိသည့် နိမိတ်၌သာ စိတ်ကပ်ထားပါ။ ထိုနိမိတ်အားလုံးကို သိတန်သလောက် သိမှုကား ရှိကောင်းရှိနိုင်၏။ သို့သော် နှာသီးဝတွင် ကပ်နေသော နိမိတ်အတွင်း၌သာ ဘာဝနာစိတ် နစ်မြုပ်နေဖို့သာ လိုရင်း ဖြစ်ပေသည်။ ထို နိမိတ်၏ အတွင်း၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းလိုလို ငြိမ်ဝပ်စွာ ကပ်၍ တည်လာပါက ထိုနိမိတ် မှာလည်း တစ်စ တစ်စ တဖြည်းဖြည်း ကြည်လင်သည်ထက် ကြည်လင် တောက်ပသည်ထက် တောက်ပလာပေလိမ့်မည်။ အထူး ကြည်လင်တောက်ပလာသော ထိုနိမိတ်ကား ပဋိဘာဂနိမိတ်တည်း။

ဤသို့ ပဋိဘာဂနိမိတ် ထင်သည့်အခါမှစ၍ ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏ ကိလေသာအညစ်အကြေးတို့သည် ခွာအပ်ပြီးသာလျှင် ဖြစ်ကုန်၏။ နီဝရဏမှ ကြွင်းသော ကိလေသာတို့သည်လည်း အနည်ထိုင်သွား ကြကုန်သည်သာ ဖြစ်ကုန်၏။ အာနာပါနဿတိသည်လည်း ယင်း အာနာပါန ပဋိဘာဂနိမိတ်အာရုံ၌ ရှေးရှု တည်နေသည်သာလျှင် ကပ်၍ တည်နေသည် သာလျှင် ဖြစ်၏။ ဘာဝနာစိတ်သည် ဥပစာရသမာဓိဖြင့် အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ကောင်းစွာတည်နေသည်သာလျှင် ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၈၊၊)

ထိုအခါ၌ ဤယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာနာပါနနိမိတ်ကို ဝါဂွမ်းစိုင် သောက်ရှူးကြယ် စသည်တို့၌ကဲ့သို့ ထင်လာသော အဖြူရောင် စသော အရောင်အဆင်းအားဖြင့်လည်း နှလုံးမသွင်းပါနှင့်၊ သဘာဝလက္ခဏာ သာမညလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)

[သတိပြုရန် ---ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်ဟူသော နှစ်ဆင့်လုံး၌ နိမိတ် နှစ်မျိုးလုံးတို့သည် ခိုင်ခံ့လာသဖြင့် လေနှင့်နိမိတ်တို့သည် တစ်သား တည်း ဖြစ်လာ၍ ထိုနိမိတ်တို့၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေ အောင် ကြိုးစားအားထုတ်သည့်အပိုင်းဝယ် နိမိတ်ကို ကြည့်လိုက်၊ ဝင်သက် လေ-ထွက်သက်လေကို ကြည့်လိုက် --- ဤသို့ မပြုလုပ်ပါနှင့်။ ဝင်သက်လေ ထွက်သက်လေကို လုံးဝ မကြည့်တော့ဘဲ အာနာပါနနိမိတ်၌သာ ဘာဝနာ စိတ်ကို တစ်ဖက်သတ် စိုက်ရှုနေပါ။ အကယ်၍ နိမိတ်က ပျောက်ပျက်သွား ခဲ့သော် ထိုအခါတွင် ဝင်သက်လေ-ထွက်သက်လေကို တစ်ဖန် ပြန်ရှုပါ။ တစ်ဖန် နိမိတ်ပြန်ပေါ်လာ၍ နိမိတ်က ခိုင်ခံ့လာသောအခါ နိမိတ်ကိုသာ တစ်ဖန် ပြန်၍ ရှုနေပါ။ ဤနည်းအတိုင်း လေ့ကျင့်ခဲ့သော် နိမိတ်လည်း ခိုင်လာ၍ တဖြည်းဖြည်း ဥပစာရသမာဓိသို့လည်း ဆိုက်လာမည် ဖြစ်သည်။ လေနှင့် နိမိတ် နှစ်မျိုးလုံးကို ဂရုစိုက်နေပါက ကြည့်နေပါက သမာဓိမှာ မစူးရှဘဲ သော်လည်း ရှိတတ်၏၊ လျှော၍သော်လည်း ကျသွားတတ်၏။ သတိရှိပါစေ၊၊]

စင်စစ်သော်ကား ခတ္တိယမဟေသီ မိဖုရားခေါင်ကြီးသည် စကြဝတေး မင်းလောင်းကိုယ်ဝန်ကို (ဖန်ပေါင်းချောင် အတွင်း၌ တည်နေသကဲ့သို့ မြင်တွေ့နေရသဖြင့် မပျက်စီးအောင်) စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း, လယ်သမားသည် သလေးမုယောစပါးဖုံးကို စောင့်ရှောက်အပ်သကဲ့သို့လည်း ကောင်း ထို အာနာပါနပဋိဘာဂနိမိတ်ကို စောင့်ရှောက်ပါ။ ယင်း ပဋိဘာဂ နိမိတ်ကိုပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နှလုံးသွင်းပါ။ ယင်းသို့ နှလုံးသွင်းခြင်းဖြင့် ယင်းဥပစာရသမာဓိကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက် ပါ။ ဝိရိယနှင့်သမာဓိ၊ သဒ္ဓါနှင့်ပညာတို့ကို ညီမျှအောင် သတိဖြင့် ထိန်းကွပ်လျက် ဣန္ဒြေ (၅)ပါး ညီမျှအောင် ကြိုးစားပါ။ ယင်းသို့ ကြိုးစားအားထုတ် ခဲ့သော် ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာကြကုန်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)


ဣန္ဒြေ (၅) ပါး ညီမျှအောင် ကျင့်ပုံ

သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဟု ဣန္ဒြေ (၅)ပါး ရှိ၏။ ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်အစဉ်ကို နိဗ္ဗာန်သို့သွားရာ သမထဘာဝနာ လမ်းကြောင်း ဝိပဿနာဘာဝနာ လမ်းကြောင်းမှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအားကြီး ငါးရပ်ပင် ဖြစ်၏။ ထိုတွင် သဒ္ဓါဟူသည် မှာ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည့် ယုံကြည်သင့် ယုံကြည် ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ ယုံကြည်မှုတည်း။ ဘုရားရှင်၏ ဗောဓိဉာဏ်တော်မြတ်အပေါ်၌ ယုံကြည်ဖို့လည်း အထူးလိုအပ်၏။ ဘုရားရှင်၏ အပေါ်၌ ထိုထို ဤဤ ကြံစည်လျက် မယုံကြည်မှုတွေ များပြားနေပါက အသင်သူတော်ကောင်း၏ ဘာဝနာလုပ်ငန်းခွင်သည် နောက်သို့ ဆုတ်သွားမည် ဖြစ်၏။ ဘုရားရှင်၏ မဂ် (၄)ပါး ဖိုလ် (၄)ပါး နိဗ္ဗာန် ပရိယတ်တည်းဟူသော (၁၀) တန်သော တရားတော်မြတ်အပေါ်၌လည်း ယုံကြည်မှု အပြည့်အဝရှိဖို့ကား အထူးလိုအပ်လျက် ရှိ၏။ ဘုရားရှင် ဟောကြားထားတော်မူအပ်သော ပရိယတ် တရားတော်တို့ကား ဘာဝနာလုပ်ငန်းခွင်ကို လမ်းညွှန်ပေးနေသော တရားတော်တို့သာ ဖြစ်ကြ၏။ ယင်း တရားတော်တို့အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝရှိဖို့ကား ဤအပိုင်းတွင် အထူးလိုအပ်ပေသည်။

ဝင်လေ-ထွက်လေကို ရှုနေရုံမျှဖြင့် စျာန်ရသည်ဆိုသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား၊ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေသော ဥဂ္ဂဟနိမိတ် ရေခဲတုံး ဖန်တုံး မှန်တုံးကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ် လာကြသည် ဆိုသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား --- ဤသို့ စသည်ဖြင့် ဘုရားရှင်၏ တရားတော် အပေါ်၌ မယုံကြည်မှု အဿဒ္ဓိယတရားတွေ အားကောင်းနေလျှင်သော်လည်းကောင်း, ယခုခေတ်ကား စျာန်ရနိုင်သည့် ခေတ်မဟုတ်ဟု ခေတ်ကို လွှဲချနေလျှင်သော်လည်းကောင်း အသင် သူတော်ကောင်း၏ သဒ္ဓါတရားမှာ ယုတ်လျော့နေသည် မည်၏။ ယင်းသို့ အားပျော့နေသော သဒ္ဓါတရားက အသင်သူတော်ကောင်း၏ သမထဘာဝနာစိတ်ကို သမထလမ်းကြောင်းပေါ်မှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သည့် စွမ်းအား မရှိတော့ပေသည်။

သမာဓိကမ္မိကဿ ဗလဝတီပိ သဒ္ဓါ ဝဋ္ဋတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၆။)

အာနာပါနကမ္မဋ္ဌာန်းကဲ့သို့ သမထဘာဝနာ တစ်ခုကို ပွားများနေသော သမာဓိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ သဒ္ဓါတရား အားကောင်းလျှင်လည်း သင့်မြတ်သည်သာ ဖြစ်၏။ အာနာပါန သမထဘာဝနာ လုပ်ငန်းခွင်၌ ဝင် လေ-ထွက်လေဟု နှလုံးသွင်းမှုကို ပြုနေရုံမျှဖြင့် အဘယ်မှာလျှင် စျာန် တရားသည် ဖြစ်ပေါ်လာနိုင်ပါအံ့နည်းဟု မကြံစည်တော့ဘဲ အဒ္ဓါ သမ္မာသမ္ဗုဒ္ဓေန ဝုတ္တဝိဓိ ဣဇ္စျိဿတိ = သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဟောကြားထား တော်မူအပ်သော အစီအရင်သည် မချွတ်ဧကန် ပြီးစီးပြည့်စုံပေလတ္တံ့ဟု ယုံကြည်လျက် ယုံကြည်မှု သဒ္ဓါတရားကို ဖြစ်စေလျက် အာနာပါနဿတိ ဘာဝနာ လုပ်ငန်းရပ်ကို ပြုလုပ်ပါ။

တစ်ဖန် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ လွတ်လွတ်သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက အထူးသဖြင့် အာနာပါနဘာဝနာ လုပ်ငန်း ခွင်၌ လွတ်လွတ်သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက အလွန်ထင်ရှားနေသောကြောင့်လည်းကောင်း, ပညိန္ဒြေက = အသိဉာဏ်က မသန့်ရှင်း သောကြောင့်လည်းကောင်း, ဝီရိယ သတိ သမာဓိ ဣန္ဒြေတို့က လျော့လျော့ ရဲရဲ ရှိနေခြင်းစသော အကြောင်းတရားကြောင့်လည်းကောင်း သဒ္ဓိန္ဒြေသည် အလွန်အားကောင်းနေ၏။ ထိုအခါ၌ ဝီရိယိန္ဒြေသည် မိမိနှင့်ယှဉ်ဖက် စိတ် စေတသိက်တည်းဟူသော သမ္ပယုတ်တရားတို့ကို အာနာပါနပဋိဘာဂနိမိတ် ကဲ့သို့သော သမထအာရုံမှ လျှောကျမသွားအောင် ချီးမြှောက်ထားခြင်း ချီးပင့် ထားခြင်း ပဂ္ဂဟလုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်။

သတိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထ အာရုံကို အသိဉာဏ်၌ ထင်ထင်ရှားရှား ဖြစ်ပေါ်လာစေခြင်း ဥပဋ္ဌာနကိစ္စ ကို မရွက်ဆောင်နိုင်။ သမာဓိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ် ကဲ့သို့သော သမထနိမိတ်အာရုံမှ ပြင်ပအာရုံသို့ စိတ်ပျံ့လွင့်မသွားအောင် ရွက်ဆောင်ပေးခြင်း အဝိက္ခေပကိစ္စကို မရွက်ဆောင်နိုင်။ ပညိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့ သမထအာရုံနိမိတ်ကို ထိုးထွင်းသိမြင်ခြင်း ဒဿနကိစ္စကို ပြုလုပ်အံ့သောငှာ မစွမ်းနိုင်။ ထို့ကြောင့် ပရမတ္ထဓမ္မသဘာဝ ကို ဆင်ခြင်ခြင်းဖြင့်လည်းကောင်း, သဒ္ဓိန္ဒြေ အားကောင်းလောက်အောင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံကို နှလုံးမသွင်းခြင်းဖြင့် လည်းကောင်း သဒ္ဓိန္ဒြေကို ယုတ်လျော့စေရ၏။

အကယ်၍ ဝီရိယိန္ဒြေ = ကြိုးစားအားထုတ်မှု လုံ့လဝီရိယက အား ကောင်းနေပြန်လျှင်လည်း သဒ္ဓါ သတိ သမာဓိ ပညာတို့သည်လည်း အဓိမောက္ခကိစ္စ ဥပဋ္ဌာနကိစ္စ အဝိက္ခေပကိစ္စ ဒဿနကိစ္စဟူသော မိမိ မိမိ၏ ဆိုင်ရာကိစ္စ အသီးအသီးကို မရွက်ဆောင်နိုင်တော့ပေ။ ထိုကြောင့် ပဿဒ္ဓိ သမာဓိ ဥပေက္ခာသမ္ဗောဇ္ဈင်များ ဖြစ်ပေါ်လာလောက်အောင် အာနာပါန ပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးပမ်းခြင်းဖြင့် လွန်ကဲနေသော ဝီရိယိန္ဒြေကို ယုတ် လျော့စေရ၏။ သမာဓိ ပညာတို့ လွန်ကဲရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

ဤအရာ၌ သဒ္ဓါနှင့်ပညာ, သမာဓိနှင့်ဝီရိယတို့၏ ညီမျှမှုကို ပညာရှိ သူတော်ကောင်းတို့က ချီးမွမ်းတော်မူကြ၏။ သဒ္ဓါက အားကောင်း၍ ပညာက နုံ့နေသော် မုဒ္ဓပ္ပသန္န = အနှစ်မမှီး အချည်းနှီးသော အရာဝတ္ထု၌ ကြည်ညို နေတတ်၏။ တိတ္ထိတို့၏ တပည့်သာဝကတို့ကဲ့သို့ မကြည်ညိုသင့် မကြည်ညို ထိုက်သော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏။ (မနှဲလေး-မင်းကြီး မင်းက လေး-မယ်တော်ကြီး စသည်တို့ကို ကြည်ညိုနေသကဲ့သို့ မှတ်ပါ။)

ပညာက အားကောင်း၍ သဒ္ဓါက နုံ့ပြန်လျှင်လည်း ကေရာဋိကပက္ခ = ကောက်ကျစ်စဉ်းလဲသည့်ဘက်သို့ ယိုင်လဲသွားတတ်၏။ တကယ်လက်တွေ့ မကျင့်ဘဲ ဝေဖန်ရေးသမားသက်သက် လုပ်နေတတ်၏။ ဆေးကြောင့်ဖြစ်သောရောဂါသည် ကုစားရခက်ခဲသကဲ့သို့ ထိုပုဂ္ဂိုလ်မျိုးသည်လည်း ကုစား ဖို့ရန် အလွန်ခက်ခဲတတ်၏။ ဒါပေမဲ့ဟူသော စကားလုံးများကို ခပ်များများ သုံး၍ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်၏။ မလွှဲမရှောင်သာလျှင် မြွေမသေ-တုတ်မကျိုး မူဝါဒကို လက်ခံကျင့်သုံးတတ်၏။ ကောင်းတော့ကောင်း ပါရဲ့-ဒါပေမဲ့ဟူသော စကားလုံးများဖြင့် နိဂုံးချုပ်တတ်၏။ ဘုရားတရားတော်ကို ကျောခိုင်းနေသူများတည်း။

သဒ္ဓါနှင့်ပညာ တရားနှစ်ပါး ညီမျှခဲ့ပါမူကား ရတနာသုံးတန် ကံ-ကံ၏ အကျိုးတရားစသည့် ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌သာလျှင် ယုံကြည်တတ်၏။ အာနာပါနကျင့်စဉ်ကို ဘုရားဟောအတိုင်း တကယ် လက်တွေ့ကျင့်က (ပါရမီလည်း အထိုက်အလျောက် အားကောင်းခဲ့ပါမူ) အာနာပါနပဋိဘာဂနိမိတ်သို့ ဆိုက်နိုင်၏ဟု ယုံကြည်၏။ စျာန်သို့ ဆိုက်နိုင်၏ ဟုယုံကြည်၏။ ယုံကြည်သင့် ယုံကြည်ထိုက်သော အရာဝတ္ထု၌ ယုံကြည်ခြင်း ပင်တည်း။ ယင်းယုံကြည်မှု သဒ္ဓါတရားလည်းရှိ၍ တကယ်လက်တွေ့ အာနာပါန ကျင့်စဉ်ကို ကျင့်သောအခါ ဉာဏ်ပညာဖြင့် အာနာပါနပဋိဘာဂနိမိတ် ကိုလည်း ထိုးထိုးထွင်းထွင်း သိပါမူ ထိုအခါ သဒ္ဓါနှင့်ပညာ နှစ်ပါးတို့ကား ညီမျှမှု ရှိသွားပြီ ဖြစ်၏။

တစ်ဖန် သမာဓိက အားကောင်း၍ ဝီရိယက နုံ့နေပြန်လျှင်လည်း သမာဓိသည် ပျင်းရိခြင်း ကောသဇ္ဇတရား၏ ဘက်တော်သားဖြစ်ခြင်းကြောင့် ယောဂီသူတော်ကောင်း၏ စိတ်အစဉ်ကို ပျင်းရိခြင်း ကောသဇ္ဇတရားက လွှမ်းမိုးဖိစီးသွားတတ်၏။ ဝီရိယက အားကောင်း၍ သမာဓိက နုံ့နေပြန်လျှင် လည်း ဝီရိယသည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ ဘက်တော်သားဖြစ်ခြင်းကြောင့် ယောဂီသူတော်ကောင်း၏ စိတ်အစဉ်ကို ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီးတတ် ပြန်၏။ သမာဓိလွန်သော် ကောသဇ္ဇ၊ ဝီရိယလွန်သော် ဥဒ္ဓစ္စ ဟူ၏။ သမာဓိကို ဝီရိယနှင့် ယှဉ်တွဲပေးလိုက်သော် ယင်း သမာဓိသည် ပျင်းရိခြင်း = ကောသဇ္ဇ၌ ကျရောက်ဖို့ရန် အခွင့် မရနိုင်။ ဝီရိယကို သမာဓိနှင့် ယှဉ်စပ် ပေးလိုက်သော် ယင်းဝီရိယသည် စိတ်ပျံ့လွင့်ခြင်း = ဥဒ္ဓစ္စ၌ ကျရောက်ဖို့ရန် အခွင့် မရနိုင်။ ထိုကြောင့် ထိုသမာဓိနှင့် ဝီရိယ နှစ်မျိုးကို ညီမျှအောင် ပြုကျင့်ပါ။ မှန်ပေသည် --- သမာဓိနှင့် ဝီရိယ နှစ်ပါးစုံ ညီမျှခြင်းဖြင့် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၁၊၁၂၆။)

တစ်နည်း --- သမထကမ္မဋ္ဌာန်းကို ပွားများဆဲ သမာဓိကမ္မိကပုဂ္ဂိုလ်အား စွမ်းအားကြီးမားသော သဒ္ဓါတရားသည်လည်း သင့်သည်သာတည်း။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိကို ထူထောင်နိုင်ခဲ့သော် အပ္ပနာ စျာန်သို့ မုချ ရောက်ရှိနိုင်၏ဟု အာရုံသို့ အစဉ်တစိုက် ဝင်သွားသကဲ့သို့ လွတ်လွတ်သက်ဝင် ဆုံးဖြတ်သည်၏ အစွမ်းဖြင့် ယုံယုံကြည်ကြည်ဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံသို့ ပြေးဝင်သွားခဲ့သော် အပ္ပနာစျာန်သို့ ရောက် ရှိပေလတ္တံ့။ စျာန်ကား သမာဓိ ပြဓာန်းသောကြောင့် ဖြစ်၏။ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ပညာသည် စွမ်းအင်ကြီးမားခဲ့ပါမူ သင့်သည်သာတည်း။ ဤသို့ စွမ်းအင်ကြီးမားခဲ့သော် ထို ယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာရေးသုံးတန်ကို ထိုးထွင်းသိမြင်ခြင်း လက္ခဏပဋိဝေဓဉာဏ်သို့ ရောက်ရှိနိုင်၏။

တစ်ဖန် --- သမာဓိ ပညာ နှစ်ပါးတို့၏ ညီမျှခြင်းကြောင့်လည်း လောကီ အပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်သည်သာလျှင်တည်း။ သို့သော် -- သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ = သမထနှင့် ဝိပဿနာကို ရှဉ်းစုံကလျက် ယုဂနဒ္ဓနည်းအားဖြင့် ပွားများ၏။ (ပဋိသံ၊၂၈၃။) ဤသို့ ဟောကြားထားတော်မူသောကြောင့် လောကုတ္တရာအပ္ပနာသည်ကား ထိုသမာဓိ ပညာ နှစ်မျိုး တို့၏ ညီမျှသည်၏ အဖြစ်ကြောင့်သာလျှင် ဖြစ်ပေါ်နိုင်၏ဟု အလိုရှိအပ် ပေသည်။

သတိ --- သတိကား သဒ္ဓါနှင့်ပညာ ညီမျှရေး, သမာဓိနှင့်ဝီရိယ ညီမျှရေး, သမာဓိနှင့်ပညာ ညီမျှရေးတို့အတွက် အခါခပ်သိမ်း အမြဲတမ်း အလိုရှိ အပ်သောတရား ဖြစ်၏။ အခါခပ်သိမ်း နေရာတိုင်း၌ အားကောင်းမှသာလျှင် သင့်မြတ်၏။ မှန်ပေသည်။ သတိသည် ဥဒ္ဓစ္စ၏ ဘက်တော်သား ဖြစ်ကြကုန် သော စွမ်းအင်လွန်ကဲနေသောသဒ္ဓါ, စွမ်းအင်လွန်ကဲနေသောဝီရိယ, စွမ်းအင် လွန်ကဲနေသော ပညာတို့၏ အားအစွမ်းကြောင့် ဘာဝနာစိတ်ကို ဥဒ္ဓစ္စဘက် သို့ ကျရောက်ခြင်းမှလည်း စောင့်ရှောက်ပေး၏ = မကျရောက်အောင် စောင့်ရှောက်ပေး၏။ ပျင်းရိခြင်း ကောသဇ္ဇ၏ ဘက်တော်သားဖြစ်သော သမာဓိ ကြောင့် ကောသဇ္ဇဘက်သို့ ကျရောက်ခြင်းမှလည်း စိတ်ကို စောင့်ရှောက်ပေး ၏ = မကျရောက်အောင် စောင့်ရှောက်ပေး၏။ ထိုကြောင့် --- အလုံးစုံသော ဟင်းလျာတို့၌ ဆားခတ်ခြင်းကို အလိုရှိအပ်သကဲ့သို့လည်းကောင်း, အလုံးစုံ သော မင်းမှုကိစ္စတို့၌ လုပ်ငန်းကိစ္စ အဝဝတို့၌ ကျွမ်းကျင်လိမ္မာသော အမတ် ကို အလိုရှိအပ်သကဲ့သို့လည်းကောင်း အလားတူပင် အလုံးစုံသောကမ္မဋ္ဌာန်း တို့၌ လီန = ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ်ကျဆင်းရာအခါ, ဥဒ္ဓစ္စ = ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ရာအခါဟူသော အလုံးစုံသော အချိန်အခါတို့၌ သတိကို အလိုရှိအပ်ပေသည်။ ထိုကြောင့် ရှေးရှေး အဋ္ဌကထာတို့၌ ဤသို့ ဖွင့်ဆိုထားတော်မူ၏ --- သတိကိုကား အခါခပ်သိမ်း ဘာဝနာလုပ်ငန်းခွင် တိုင်း၌ အလိုရှိအပ်၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ အဘယ် ကြောင့်နည်း --- ဘာဝနာကုသိုလ်စိတ်သည် သတိလျှင် ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာ ရှိ၏။ မရောက်သေးသော တရားထူး တရားမြတ်သို့ ရောက်ရှိခြင်းငှာ မရသေးသော တရားထူး တရားမြတ်ကို ရခြင်းငှာ မသိ သေးသော တရားထူး တရားမြတ်ကို သိခြင်းငှာ ဘာဝနာကုသိုလ်စိတ်သည် သတိကို မှီခိုရ၏။ သတိမပါဘဲ မိမိ ဘာဝနာကုသိုလ်စိတ်ချည်းသက်သက် တရားထူး တရားမြတ်ကို ရရှိဖို့ရန် သိရှိဖို့ရန် မစွမ်းနိုင်ပေ။ တစ်ဖန် --- သတိ သည် ဘာဝနာအာရုံကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက် ပေးတတ်၏။ ဘာဝနာစိတ်ကိုလည်း ဘာဝနာအာရုံကို အမှတ်ရနေအောင် ဘာဝနာအာရုံမှ ပျောက်ပျက်မသွားအောင် ထိန်းသိမ်း စောင့်ရှောက်ပေးတတ် ၏။ ထိုကြောင့် ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ဘာဝနာအာရုံနှင့် ဘာဝနာစိတ်ကို စောင့်ရှောက် ပေးတတ်သော သဘောတရားဟု ရှေးရှူ ထင်လာ၏။ သတိနှင့်ကင်း၍ ဘာဝနာစိတ်ကို ချီးပင့်ခြင်း နှိပ်ကွပ်ခြင်း = စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းသည် မဖြစ်နိုင်။ ထိုကြောင့် ဘုရားရှင်က သတိကို သဗ္ဗတ္ထိက = အခါခပ်သိမ်း အလိုရှိအပ်၏ဟု ဟောကြားတော်မူပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆။ မဟာဋီ၊၁၊၁၅၀-၁၅၄ - ကြည့်ပါ။)


ဗောဇ္ဈင် (၇) ပါး ညီမျှအောင် ကျင့်ပုံ

၁။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို အောက်မေ့အမှတ်ရနေသော အဖန်ဖန် အထပ်ထပ် သိမ်းဆည်းနေသော သတိကား သတိသမ္ဗောဇ္ဈင်၊

၂။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိနေသော ပညာကား ဓမ္မဝိစယသမ္ဗောဇ္ဈင်၊

၃။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဗောဇ္ဈင်(၇)ပါးတို့ စုံစုံညီညီ ညီညီ မျှမျှ ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း အထူးသဖြင့် ဓမ္မဝိစယ သမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင်တို့ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း ဝီရိယကား ဝီရိယသမ္ဗောဇ္ဈင်၊

၄။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကြည်ရွှင်ဝမ်းမြောက်ခြင်းပီတိကား ပီတိသမ္ဗောဇ္ဈင်

၅။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ် စေတသိက်တို့၏ ငြိမ်း အေးနေခြင်း ပဿဒ္ဓိကား ပဿဒ္ဓိသမ္ဗောဇ္ဈင်၊

၆။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခြင်း သမာဓိကား သမာဓိသမ္ဗောဇ္ဈင်၊

၇။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို --- တက်ကြွခြင်း တွန့်ဆုတ်ခြင်း ဘက်သို့ မရောက်အောင် အညီအမျှထားခြင်း တတြမဇ္ဈတ္တတာကား ဥပေက္ခာသမ္ဗောဇ္ဈင်၊

ဤ ဗောဇ္ဈင်မြတ်တရား (၇)ပါးကိုလည်း အသင်သူတော်ကောင်းသည် ညီမျှအောင် ပွားရမည် ဖြစ်သည်။ အလွန့်အလွန် လုံ့လဝီရိယ လျော့နည်း နေခြင်း စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် အာနာပါန ပဋိဘာဂနိမိတ်တည်းဟူသော ကမ္မဋ္ဌာန်းအာရုံမှ တွန့်ဆုတ်နေ၏။ စိတ်ဓာတ် ကျဆင်းနေ၏။ ထိုအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို မပွားများပါနှင့်။ ဓမ္မဝိစယ သမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်တည်းဟူသော ဗောဇ္ဈင်မြတ် တရား သုံးပါးတို့ကို ပွားပေးပါ။ ဤသို့ ပွားသော် စိတ်ဓာတ်ကို ချီးမြှောက်ပေး သည် မည်၏။ ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းတည်း။

အပြင်းအထန် ကြိုးစားအားထုတ်ခြင်း = ဝီရိယလွန်ကဲခြင်း စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် တက်ကြွတုန်လှုပ်လျက် ရှိ၏။ ပျံ့လွင့်လျက် ရှိ၏။ ထိုအခါမျိုး၌ ဓမ္မဝိစယ ဝီရိယ ပီတိဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို မပွားပါနှင့်။ ပဿဒ္ဓိ သမာဓိ ဥပေက္ခာဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကိုသာ ပွားပေးပါ။ တက်ကြွတုန်လှုပ်နေသော စိတ်ဓာတ် ပျံ့လွင့်နေသော စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းတည်း။

ဗောဓိခေါ်သော အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန် အကြောင်းအင်္ဂါရပ်များ ဖြစ်သောကြောင့် ဤတရား (၇)ပါးတို့ကို ဗောဇ္ဈင်ဟု ခေါ်ဆိုသည်။ ဤကား ဣန္ဒြေ (၅)ပါး ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင်ကျင့်ပုံ အကျဉ်းတည်း။


ပထမစျာန်သို့

စျာန်သို့ ကူးလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ဘဝင်မနော အကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းတတ်ဖို့ သိမ်းဆည်းထားပြီးဖြစ်ဖို့ ဉာဏ်ဖြင့် ပိုင်းခြားယူပြီးဖြစ်ဖို့ လိုအပ်ပေသည်။ အနုပဒသုတ္တန်(မ၊၃၊၇၅-၇၉၊၊) ၌ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် စျာန်အင်္ဂါတို့နှင့်တကွသော စျာနဓမ္မ အမည်ရသော စျာန်နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ကြောင်းကိုလည်းကောင်း, ထင်ထင်ရှားရှား သိတော်မူကြောင်း ကိုလည်းကောင်း, ယင်းတရားတို့၏ ဖြစ်မှု တည်မှု ပျက်မှုကို ထင်ထင်ရှားရှား သိလျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ကြောင်းကိုလည်းကောင်း ဘုရားရှင် ကိုယ်တော်တိုင်က ဝန်ခံလျက် ဟောကြားထားတော်မူ၏။ ထိုကဲ့သို့ ရှုနိုင်ရခြင်း ၏ အကြောင်းကိုလည်း အဋ္ဌကထာဆရာတော်က ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ (မ၊ဋ္ဌ၊၄၊၆၀။) --- ဝတ္ထု (= ဒွါရ) နှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက် ယင်းစျာန်နာမ်တရားတို့ကို ဝိပဿနာ ရှုပွားခြင်းကြောင့် ထိုကဲ့သို့ ရှုနိုင် ကြောင်းကို ရှင်းပြထား၏။

ပညာအရာတွင် ထိပ်တန်းဧတဒဂ် ဘွဲ့ထူးကြီးကို ဆင်မြန်းသွားတော် မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ရိုသေစွာ ဦးထိပ် ရွက် ပန်ဆင်လျက် လိုက်နာ ပြုကျင့်သွားတော်မူသော ဤ ရှေးထုံးဟောင်း ဥပဒေသကြီးကား စျာန်အင်္ဂါတို့ကိုလည်းကောင်း, စျာန်အင်္ဂါနှင့်တကွသော စျာန်နာမ်တရားစုတို့ကိုလည်းကောင်း သိမ်းဆည်းလိုသော = ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ဝိပဿနာလည်း ရှုပွားသုံးသပ်လိုသော အသင်သူတော်ကောင်းအတွက် တန်ဖိုး မဖြတ်နိုင်သော ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ လိုက်နာ ပြုကျင့်သင့် ပြုကျင့်ထိုက်သော ရှေးထုံးဟောင်းကြီး တစ်ခုပင် ဖြစ်ပေသည်။

အသင်သူတော်ကောင်းသည် အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည် ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် သမာဓိကို ထူထောင်နိုင်သောအခါ ယင်း အာနာပါနပဋိဘာဂနိမိတ်သည်လည်း အထူးကြည်လင် တောက်ပလာ သောအခါ ဘဝင်မနောအကြည်၏ တည်ရာ နှလုံးအိမ်အတွင်း ဟဒယဝတ္ထု ရှိရာ ဘက်သို့ လှမ်းအာရုံယူကြည့်ပါ။ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ဟဒယ ဝတ္ထုကို မှီဖြစ်နေသော ဘဝင်မနောအကြည် = မနောဒွါရကိုလည်းကောင်း, ယင်းမနောဒွါရတွင် ထင်နေသော အာနာပါနပဋိဘာဂနိမိတ်ကိုလည်းကောင်း လွယ်ကူစွာ သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ထိုနောင် သမာဓိကို အရှိန် မြင့်မားသည်ထက် မြင့်မားအောင် ထူထောင်၍ ယင်း ဘဝင်မနောဒွါရနှင့် ယင်း အာနာပါနပဋိဘာဂနိမိတ်ကို ပူးတွဲ သိမ်းဆည်းလျက် စျာန်အင်္ဂါတို့ကို ဆင်ခြင်ကြည့်ပါ။ ယင်း ဘဝင်မနောဒွါရတွင် ယင်းအာနာပါနပဋိဘာဂနိမိတ် အာရုံက ရှေးရှု ထင်ခြင်းသို့ ရောက်သောအခါ = ရှေးရှု ကျရောက်လာသော အခါ ယင်း အာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုနေသော အာရုံမူ နေသော စျာန်အင်္ဂါတို့ကို ကြိမ်ဖန်များစွာ ဆင်ခြင်လိုက်ပါက တဖြည်းဖြည်း လွယ်ကူစွာပင် သိမ်းဆည်းနိုင်ပေလိမ့်မည်။ ရှေးဦးစွာ စျာန်အင်္ဂါတို့ကို တစ်လုံးစီ ထင်ထင်ရှားရှား သိအောင် သိမ်းဆည်းပါ။ ထိုနောင် စျာန်အင်္ဂါ (၅) ပါးလုံးကို ပြိုင်တူလိုလို ဉာဏ်၌ ထင်လာအောင် သိမ်းဆည်းပါ။


ဝင်စားမှု များပါစေ - ဆင်ခြင်မှု နည်းပါစေ

ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ရောက်အပ် ရအပ်သော ပထမ စျာန်ရှိသော ပထမစျာန်ကို ရသစ်စဖြစ်သော အာဒိကမ္မိကပုဂ္ဂိုလ်သည် စျာန် ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါကို ဆင်ခြင်မှု မများပါစေနှင့်။ အပြစ်ကား-- စျာန်အင်္ဂါကို ဆင်ခြင်ခြင်းများသောသူအား စျာန်အင်္ဂါတို့သည် ရုန့်ရင်းကုန် သည်ဖြစ်၍ ထင်လာတတ်ကုန်၏။ စျာန်အင်္ဂါကို ဆင်ခြင်ခြင်းများသဖြင့် စျာန်အင်္ဂါတို့၏ ထင်ထင်ရှားရှား ဖြစ်ပေါ်လာသောကြောင့် ဖြစ်၏။ ပထမ စျာန်ကို နိုင်နိုင်နင်းနင်း အဝါးဝစွာ ဝင်စားနိုင်မှု စွမ်းအားရှိသည်၏ အဖြစ်သို့ မရောက်စေအပ်သည်၏ အဖြစ်ကြောင့် စျာန်အင်္ဂါတို့သည် အားမရှိကုန်သည် ဖြစ်၍ ထင်လာကုန်၏။ ထိုသို့ ထင်လာလတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား ထိုစျာန်အင်္ဂါတို့သည် ရုန့်ရင်းအားနည်းသောအားဖြင့် ထင်လာသည်၏ အဖြစ် ကြောင့် အာနာပါနဿတိသမာဓိဘာဝနာဖြင့် အထက်ဒုတိယစျာန်သို့ တက်ခြင်းငှာ အကြောင်းတရား၏အဖြစ်သို့ မရောက်နိုင်ကုန်။ ထို ယောဂါဝစရ ပုဂ္ဂိုလ်သည် ပထမစျာန်ကို ဝင်စားမှုများခြင်းဖြင့် နိုင်နိုင်နင်းနင်း အဝါးဝစွာ မပွားစေအပ် မလေ့လာအပ်သည်ရှိသော် အထက်ဒုတိယစျာန်ကို ရစိမ့်သောငှာ အားထုတ်ပါသော်လည်း ရောက်အပ် ရအပ်ပြီးသော ပထမစျာန်မှလည်း ဆုတ်ယုတ်တတ်၏ လျှောကျတတ်၏။ ဒုတိယစျာန်သို့ ရောက်ရှိခြင်းငှာလည်း မစွမ်းနိုင် ရှိတတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၄၈။ မဟာဋီ၊၁၊၁၇၈။)


စျာန်အင်္ဂါ (၅) ပါး

၁။ ဝိတက် = အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးခြင်းသဘော။

၂။ ဝိစာရ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော။

၃။ ပီတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော။

၄။ သုခ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်း သာသာ ခံစားခြင်းသဘော။

၅။ ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက် တည်ငြိမ်နေခြင်းသဘော။


ဝသီဘော် (၅) တန်

၁။ အာဝဇ္ဇနဝသီ = စျာန်ဝင်စား၍ စျာန်အင်္ဂါများကို အလိုရှိတိုင်း ဆင်ခြင်နိုင်စွမ်းရှိခြင်း။

၂။ သမာပဇ္ဇနဝသီ = စျာန်ကို အလိုရှိသလို အလိုရှိတိုင်း ဝင်စားနိုင်စွမ်းရှိခြင်း။

၃။ အဓိဋ္ဌာနဝသီ = စျာန်ကို (၁-နာရီ ၂-နာရီ စသည်ဖြင့်) အလို ရှိသလောက် အချိန်ကာလကို ပိုင်းခြား၍ အဓိဋ္ဌာန်၍ ဝင်စားနိုင်စွမ်းရှိခြင်း။

၄။ ဝုဋ္ဌာနဝသီ = ပိုင်းခြားထားသော အချိန်ကာလ စေ့သော် စျာန်မှ ထနိုင်စွမ်းရှိခြင်း။

၅။ ပစ္စဝေက္ခဏာဝသီ = စျာန်အင်္ဂါတို့ကို အလိုရှိသလို ဆင်ခြင်နိုင်စွမ်း ရှိခြင်း။

စျာန်အင်္ဂါကို အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို အာဝဇ္ဇနဝသီဟု ခေါ်ဆို၍ စျာန်အင်္ဂါကိုပင် အမြန်ဆုံး ဆင်ခြင်နိုင်သော ပစ္စဝေက္ခဏာဇော၏ သတ္တိကို ပစ္စဝေက္ခဏာဝသီဟု ခေါ်ဆိုသည်။ မနောဒွါရာဝဇ္ဇန်းနှင့် ပစ္စဝေက္ခဏာဇောတို့ကား မနောဒွါရဝီထိ တစ်ဝီထိ၏ အတွင်း၌ စိတ္တက္ခဏ တစ်ခုပြီးတစ်ခု ဖြစ်နိုင်သော တရားဓမ္မတို့သာ ဖြစ်ကြသည်။ဆိုလိုသည်မှာ ဇောဝီထိစဉ် တစ်ခုအတွင်း၌ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ပစ္စဝေက္ခဏာဇော ငါးကြိမ် သို့မဟုတ် ခုနစ်ကြိမ် စောတတ်၏။ (အကျယ်ကို ဝိသုဒ္ဓိ၊၁၊၁၄၉-၁၅၀။ မဟာဋီ၊၁၊၁၇၈-၁၈၀ - ကြည့်ပါ၊၊)

အသင်သူတော်ကောင်းသည် ယင်း စျာန်အင်္ဂါများကို ကျေပွန်စွာ နှုတ် တက်ရအောင် လေ့ကျင့်ပါ။ ထိုနောင် အထက်တွင် ရှင်းလင်းတင်ပြထားသည့် အတိုင်း စျာန်အင်္ဂါတို့ကို ဆင်ခြင်ကြည့်ပါ။ စျာန်ကို ဝင်စားလိုက်ပါ၊ ထိုနောင် စျာန်မှထကာ စျာန်အင်္ဂါ တစ်ခုကို သိမ်းဆည်းပါ။ တစ်ဖန် စျာန်ကို ပြန်ဝင်စား ပါ။ အခြား စျာန်အင်္ဂါတစ်ခုကို ထပ်ပြီး သိမ်းဆည်းပါ။ ဤသို့လျှင် စျာန်အင်္ဂါ တစ်လုံးစီကို ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းနိုင်ပါက စျာန်အင်္ဂါငါးပါးလုံးကို စျာန်မှ ထတိုင်း သိမ်းဆည်းကြည့်ပါ၊ ပြိုင်တူမြင်အောင် လေ့ကျင့်ပါ။ ပထမစျာန်၏ စျာန်အင်္ဂါ (၅)ပါးတို့သည် အထက်တွင် ရှင်းပြထားသည့်အတိုင်း ထင်ရှား လာသောအခါ ယင်း ပထမစျာန်ကို အထက်ပါအတိုင်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။


ဒုတိယစျာန်သို့

ဤဝသီဘော် (၅)တန်တို့၌ ဝသီမြောက်အောင် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာထားအပ်ပြီးသော ပထမစျာန်မှ ထ၍ ---

၁။ ဤ ပထမစျာန်သမာပတ်သည် (နီဝရဏကို ပယ်ခွာရာဝယ် ပထမ ဦးဆုံး ဖြစ်ခြင်းကြောင့်) နီးကပ်သော နီဝရဏရန်သူ ရှိ၏။

၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏အဖြစ်ကြောင့် (ကျိုးပျက်လွယ် သော သဘောရှိရကား) အားနည်းသော စျာန်အင်္ဂါ ရှိ၏။

ဤသို့လျှင် ပထမစျာန်၌ အပြစ်ကို မြင်အောင်ရှု၍ ---

၃။ ဒုတိယစျာန်ကို ငြိမ်သက်သောတရားဟု နှလုံးသွင်း၍

၄။ ပထမစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍ ဒုတိယစျာန်ကို ရရှိခြင်းငှာ ---

အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏။ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် [အထက်ပါ ဦးတည်ချက် (၄)မျိုးဖြင့်] စူးစူးစိုက်စိုက် ရှုအပ်၏။

ဤအဆင့်၌ အာနာပါနပဋိဘာဂနိမိတ်အာရုံကို မမှတ်ပါနှင့်၊ စိုက်သာ ကြည့်နေပါ၊ ရှုနေပါ။ ဝင်လေ-ထွက်လေဟု မှတ်နေခဲ့သော် ဝိတက္ကဝိစာရာ ဝစီသင်္ခါရော၊ (မ၊၁၊၃၇၅။) ဟူသည်နှင့်အညီ ဝင်လေ-ထွက်လေဟူသော မှတ်နေမှု ရွတ်ဆိုနေမှု ဝစီသင်္ခါရကို ဝိတက် ဝိစာရတို့က ပြုပြင်ပေးနေသဖြင့် ဝိတက် ဝိစာရ မပြုတ်နိုင် ရှိတတ်၏။ ပြုတ်သွားသော်လည်း ပြန်ပြန်ဝင်နေ တတ်၏။ ထိုကြောင့် ဤဒုတိယစျာန်သို့ ကူးသည့်အပိုင်းမှစ၍ အထက်ပိုင်း စျာန်တို့၌ မမှတ်ပါနှင့်။ အာနာပါနပဋိဘာဂနိမိတ်ကိုသာ စိုက်ကြည့်နေပါ၊ ရှုနေပါ။ (ဝိသုဒ္ဓိ၊၁၊၁၅၀။)

ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထို ယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ပထမစျာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ်ကိုပင် သိမ်းဆည်း တတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂ နိမိတ်အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်စဉ် ဝိတက် ဝိစာရတို့သည် ရုန့်ရင်းသောအားဖြင့် ထင်လာ ကုန်၏။ ပီတိ သုခသည်လည်းကောင်း, စိတ္တေကဂ္ဂတာ (ဧကဂ္ဂတာ)သည် လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိ ခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားလျက် ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ သုံးပါးရှိသော ဒုတိယစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (ဝိသုဒ္ဓိ၊၁၊၁၅၀။)

တတိယစျာန်သို့

ယင်း ရရှိပြီးသော ဒုတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဤသို့သော ဘာဝနာအစဉ်ဖြင့် ဒုတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ယင်းဒုတိယစျာန်ကို ဝသီဘော် (၅)တန်တို့ဖြင့် နိုင်နိုင် နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော် (၅)တန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ ဒုတိယစျာန်မှ ထ၍ ---

၁။ ဤ ဒုတိယစျာန်သမာပတ်သည် နီးကပ်သော ဝိတက် ဝိစာရဟူသော ရန်သူရှိ၏။

၂။ [ထိုဒုတိယစျာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏အဖြစ် ဟူသော ပေါ်လွင်သော အခြင်းအရာဖြင့်ဖြစ်သော အကြင် ပီတိသည် ရှိ၏။ ယင်း ပီတိကြောင့်ပင်လျှင် ဤဒုတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဆိုအပ်၏။ (ဒီ၊၁၊၃၄။)] ဤသို့ ဟောတော်မူအပ်သော ပီတိ၏ ရုန့်ရင်းသည့်အတွက်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏။

ဤသို့လျှင် ထို ဒုတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင် ရှု၍ ---

၃။ တတိယစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊

၄။ ဒုတိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍ တတိယစျာန်ကို ရရှိခြင်းငှာ အာနာပါနဿတိ သမာဓိဘာဝနာ၌ အား ထုတ်ခြင်းကို ပြုအပ်၏။ အာနာပါနပဋိဘာဂနိမိတ်၏ အာရုံကိုပင် [အထက်ပါ ဦးတည်ချက် (၄)မျိုးဖြင့်] စူးစူးစိုက်စိုက် ရှုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)

ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထို ယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ဒုတိယစျာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါန ပဋိဘာဂနိမိတ်အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင် တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ပီတိသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏။ သုခသည်လည်းကောင်း, ဧကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သော အားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာ လည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထို အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်း နေပါ။ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်းရှုပွားနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (ဝိသုဒ္ဓိ၊၁၊၁၅၄။)

ဤတတိယစျာန်၌ တတြမဇ္ဈတ္တတာ စေတသိက်ဟူသော တတြမဇ္ဈတ္တုပေက္ခာသည် ဝိတက်-ဝိစာရ-ပီတိတို့ မရှိခြင်းကြောင့် အလွန်ပေါ်လွင် ထင်ရှားနေ၏။ တတိယစျာန်ချမ်းသာကိုပင် အညီအမျှ လျစ်လျူရှုနိုင်သူ သတိ ရှိသူ ချမ်းသာစွာနေလေ့ရှိသူဟု ဘုရားအစရှိသော အရိယာသူတော်ကောင်း တို့က ယင်းတတိယစျာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ချီးမွမ်းမြှောက်စားတော်မူ ကြ၏။ ဤစျာန်၌ တတြမဇ္ဈတ္တတာ၏စွမ်းအား သတိ၏စွမ်းအား သုခ၏ စွမ်းအားတို့ကား အလွန်ပေါ်လွင်ထင်ရှားလျက် အလွန်မြင့်မားလျက် ရှိကြ၏။ လောကီသုခတို့တွင် ဤတတိယစျာန်သုခကား အမြင့်မားဆုံးဖြစ်၏။ အထက် အထက် စျာန်တို့၌ သုခဝေဒနာမယှဉ်ဘဲ ဥပေက္ခာဝေဒနာသာ ယှဉ်သောကြောင့်ဖြစ်၏။ ယင်းတတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။

စတုတ္ထစျာန်သို့

ဤသို့သော ဘာဝနာအစဉ်ဖြင့် ထိုတတိယစျာန်ကိုလည်း ရရှိအပ်ပြီး သည်ရှိသော် ဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်းပင်လျှင် ယင်း တတိယစျာန်ကိုလည်း ဝသီဘော် (၅)တန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်အပ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော် (၅)တန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ တတိယစျာန်မှ ထ၍ ---

၁။ ဤ တတိယစျာန်သမာပတ်သည် ပီတိဟူသော နီးကပ်သော ရန်သူ ရှိ၏။

၂။ အကြင် စျာန်အင်္ဂါကို သုခဟူ၍ စိတ်၏ နှလုံးသွင်းခြင်းသည် ရှိ၏။ ဤသုခကြောင့်ပင်လျှင် ထိုတတိယစျာန်ကို ရုန့်ရင်း၏ဟူ၍ ဆိုအပ်၏။ (ဒီ၊၁၊၃၄။) ဤသို့ ဟောတော်မူအပ်သော သုခ၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏။

ဤသို့လျှင် ထို တတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင် ရှု၍ ---

၃။ စတုတ္ထစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊

၄။ တတိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍ စတုတ္ထစျာန်ကို ရရှိခြင်းငှာ ---

အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏။ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အထက်ပါ ဦးတည်ချက်တို့ဖြင့် စူးစူးစိုက်စိုက် ရှုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၉။)

ထိုသို့ အပတ်တကုတ် ကြိုးစားအားထုတ်လတ်သော် အကြင်အခါ၌ တတိယစျာန်မှထ၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ် ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ဆင်ခြင်သော ထိုရဟန်း၏ ဉာဏ်၌ စေတသိကသောမနဿဟု ခေါ်ဆို အပ်သော သုခသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏။ ဥပေက္ခာဝေဒနာ သည်သာလျှင်လည်းကောင်း, စိတ္တေကဂ္ဂတာသည်လည်းကောင်း ငြိမ်သက် သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာ လည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထို အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်း နေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (ဝိသုဒ္ဓိ၊၁၊၁၅၉။)

ယင်း စတုတ္ထစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။

၁။ ကာယိကဒုက္ခဝေဒနာကို ပထမစျာန်၏ ဥပစာရက္ခဏ၌
၂။ စေတသိကဒေါမနဿဝေဒနာကို ဒုတိယစျာန်၏ ဥပစာရက္ခဏ၌
၃။ ကာယိကသုခဝေဒနာကို တတိယစျာန်၏ ဥပစာရက္ခဏ၌
၄။ စေတသိကသောမနဿဝေဒနာကို စတုတ္ထစျာန်၏ ဥပစာရက္ခဏ၌ အသီးအသီး ပယ်အပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၆၀။ သံ၊၃၊၁၈၈-၁၈၉။)

စတုတ္ထစျာန်၏ ထူးခြားသော မှတ်ကျောက်

စတုတ္ထဇ္ဈာနေ အတိသုခုမော အပ္ပဝတ္တိမေဝ ပါပုဏာတီတိ။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)

အတိသုခုမောတိ အညတ္ထ လဗ္ဘမာနော ကာယသင်္ခါရော စတုတ္ထဇ္ဈာနေ အတိက္ကန္တသုခုမော။ သုခုမဘာဝေါပိဿ တတ္ထ နတ္ထိ၊ ကုတော ဩဠာရိကတာ အပ္ပဝတ္တနတော။ တေနာဟ အပ္ပဝတ္တိမေဝ ပါပုဏာတီတိ။ (မဟာဋီ၊၁၊၃၂၃။)

စတုတ္ထစျာန်၌ ဝင်သက်လေ ထွက်သက်လေသည် = အဿာသ ပဿာသ ကာယသင်္ခါရသည် သိမ်မွေ့နူးညံ့ခြင်းကို လွန်သွား၏။ မဖြစ်ခြင်းသို့ သာလျှင် ရောက်ရှိသွား၏ဟု မှတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)

အတိသုခုမ = အလွန် သိမ်မွေ့နူးညံ့၏။ လွန်သော သိမ်မွေ့နူးညံ့ခြင်း ရှိ၏ဟူသည် ပထမစျာန် ဒုတိယစျာန် တတိယစျာန်ဟူသော အခြား အခြား သော စျာန်တို့၌ ရအပ်သော အဿာသပဿာသ ကာယသင်္ခါရသည် စတုတ္ထ စျာန်၌ သိမ်မွေ့နူးညံ့မှုကို ကျော်လွန်သွား၏။ ထို အဿာသပဿာသ ကာယ သင်္ခါရ၏ ထို စတုတ္ထစျာန်၌ သိမ်မွေ့နူးညံ့သည်၏ အဖြစ်သော်လည်း မရှိ ဖြစ်တုံသေး၏။ ရုန့်ရင်းသည်၏ အဖြစ်ကား အဘယ်မှာလျှင် ဖြစ်နိုင်တော့ အံ့နည်း။ ထိုကြောင့် အပ္ပဝတ္တိမေဝ ပါပုဏာတိ = မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏ဟု အဋ္ဌကထာဆရာတော်တို့က မိန့်ဆိုတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၁၊၃၂၃။)

ဒီဃဘာဏက မဇ္ဈိမဘာဏက သံယုတ္တဘာဏကဟူသော ထိုဘာဏကမထေရ်မြတ်တို့၏ အလိုအတိုင်း အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၂၆၇ - ကြည့်ပါ။)

စတုတ္ထဇ္ဈာနသမာပန္နာနံ။ (ဝိသုဒ္ဓိ၊၁၊၂၇၅။)

စတုတ္ထစျာန်သမာပတ်ကို ဝင်စားနေသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ အဿာသ ပဿာသတို့ မရှိကြောင်းကိုလည်း အထက်ပါ အဋ္ဌကထာက ဖွင့်ဆို ထား၏။ သို့သော် ဤအရာ၌ အသင်သူတော်ကောင်းအနေဖြင့် အထူး သတိပြုသင့်သော အချက်တစ်ရပ် ရှိနေပေ၏။ အသင်သူတော်ကောင်း ကိုယ် တိုင် စတုတ္ထစျာန်သို့ ငါဆိုက်ရောက်လေပြီဟု မိမိကိုယ်ကို မိမိ ယုံကြည် ယူဆသောအခါ ငါသည် အသက်ရှူလေသလော မရှူလေသလောဟု ခဏ ခဏ မဆန်းစစ်ပါနှင့်။ သမာဓိလည်း ပျက်ပြားတတ်၍ ရရှိပြီးစျာန်မှလည်း လျှောကျတတ်သည်။ စတုတ္ထစျာန်သမာပတ်ကိုသာ (မှန်သည်ဟု ယူဆလျှင်) များများ ဝင်စားနေပါဦး။ စတုတ္ထစျာန်သမာပတ်အခိုက်၌ အသက်မရှူသော် လည်း တစ်နည်း စတုတ္ထစျာန်သမာပတ်သည် အဿာသပဿာသကို မဖြစ် စေသော်လည်း စျာန်အင်္ဂါကို ပြန်လည်ဆင်ခြင်သော မနောဒွါရပစ္စဝေက္ခဏာ ဇောဝီထိ, အသက်ရှူ-မရှူကို ပြန်လည်ဆင်ခြင်နေသော ကာမဇောမနောဒွါရဝီထိတို့မှာ အဿာသ ပဿာသကို ဖြစ်စေနိုင်သော ဇောဝီထိစိတ်အစဉ်တို့ ဖြစ်ကြ၏။ ထိုကြောင့် အသက်ရှူ-မရှူကို ပြန်လည်ဆန်းစစ်နေသောအခါ ယင်းဆန်းစစ်နေသော ကာမဇောမနောဒွါရဝီထိတို့ကြောင့် ဖြစ်ပေါ်လာသော အလွန်သိမ်မွေ့နူးညံ့သော အဿာသပဿာသကို = အသက်ငွေ့ငွေ့ကလေး ရှူနေသည်ကို အချို့ ယောဂီများသည် သတိပြုနေမိတတ်၏။ စတုတ္ထစျာန် သမာပတ်အခိုက်၌ အသက်မရှူသော်လည်း အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်သောအခိုက်၌ ရှူနေခြင်းသာ ဖြစ်၏။ ထို့ကြောင့် အစပိုင်းတွင် အသက်ရှူ-မရှူကို ဆန်းစစ်မှု မပြုသေးဘဲ စတုတ္ထစျာန်ကို ဝင်စားမှုကိုသာ များများ ပြုလုပ်ပါ။ ကျေနပ်မှုရရှိသောအခါမှ အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်ပါ။ ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးတို့မှာလည်း စတုတ္ထစျာန်၏ ဥပစာရသမာဓိ အခိုက်၌လည်း ထင်ရှားနေတတ်ရကား စတုတ္ထ စျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ ဧကဂ္ဂတာနှင့် စတုတ္ထစျာန်အခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန် အင်္ဂါတို့သည် အနည်းငယ် ရောထွေးတတ်သည်။ ဥပစာရသမာဓိအခိုက်၌ အသက်ရှူမှု ရှိ၏။ စတုတ္ထစျာန်သမာပတ်အခိုက်၌ အသက်မရှူပေ။ သတိ ရှိစေ။

အသင်သူတော်ကောင်းသည် ယင်း စတုတ္ထစျာန်သမာဓိကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပရိယောဒါတ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသည့်တိုင်အောင် လေ့ကျင့်ပါ။ ထိုအခါဝယ် ဝိပဿနာသို့ ကူးလိုက ကူးနိုင်ပေပြီ။

ဘာဝနာလုပ်ငန်းခွင် နှင့် ဘဝင်အကြောင်း

ဘဝင်ကျနေတတ်ပုံ

ဤတိုင်အောင် .. အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထအပ္ပနာစျာန်သို့ ဆိုက်အောင် ပွားများအားထုတ်ပုံ အစီအစဉ်များကို အကျဉ်းချုပ်၍ ရေးသား တင်ပြပြီးလေပြီ။ ကမ္မဋ္ဌာန်းများ၌ ဥပစာရသမာဓိ, အပ္ပနာသမာဓိဟု သမာဓိ နှစ်မျိုး ရှိ၏။ အပ္ပနာစျာန်၏ အနီး၌ ကပ်၍ ဖြစ်လေ့ရှိသော သမာဓိကား ဥပစာရသမာဓိတည်း။ အပ္ပနာစျာန်အခိုက်၌ ဖြစ်ပေါ်နေသော သမာဓိကား အပ္ပနာသမာဓိတည်း။ ဥပစာရသမာဓိအခိုက်၌ ဘဝင်ကျနေတတ်ပုံနှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ်တွင် (ဝိသုဒ္ဓိ၊၁၊၁၂၃။) ဤသို့ သတိပေးထား၏။

သမာဓိသည် ဥပစာရသမာဓိ, အပ္ပနာသမာဓိဟု နှစ်မျိုးရှိ၏။ ဘာဝနာ စိတ်သည် ဥပစာရသမာဓိကို ရရှိခိုက်ဖြစ်သော ဥပစာရဘူမိ၌လည်းကောင်း, အပ္ပနာစျာန်သမာဓိကို ရရှိခိုက်ဖြစ်သော ပဋိလာဘဘူမိ၌လည်းကောင်း ဤနှစ်မျိုးသော ဘူမိတို့၌ နှစ်မျိုးသော အခြင်းအရာအားဖြင့် တည်ကြည်နေ တတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)

ထိုနှစ်မျိုးတို့တွင် ဥပစာရဘူမိ၌ နီဝရဏကို ပယ်ခွာခြင်းဖြင့် နီဝရဏတို့ ဝေးကွာသွားခြင်းကြောင့် ဘာဝနာစိတ်သည် သမထအာရုံ၌ ကောင်းစွာတည် ကြည်နေတတ်၏။ ပဋိလာဘဘူမိ၌ကား စျာန်အင်္ဂါတို့၏ စွမ်းအင်အပြည့် အဝဖြင့် ထင်ထင်ရှားရှား ဖြစ်ပေါ်လာခြင်းကြောင့် ဘာဝနာစိတ်သည် သမထ အာရုံ၌ (အာနာပါနပဋိဘာဂနိမိတ်, အရိုးစုကောဋ္ဌာသပဋိဘာဂနိမိတ်, ဩဒါတကသိုဏ်းပဋိဘာဂနိမိတ် စသော သမထအာရုံ၌) ကောင်းစွာ တည်ကြည်နေတတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)

ယင်းသမာဓိ နှစ်မျိုးတို့၏ ထူးခြားခြင်း၏ အကြောင်းကား ဤသို့တည်း။ ဥပစာရသမာဓိအခိုက်၌ စျာန်အင်္ဂါတို့သည် စွမ်းအင်အပြည့်အဝဖြင့် ထင်ထင် ရှားရှား ဖြစ်ပေါ်လာနိုင်သော စွမ်းအား မရှိကြသေးကုန်၊ ဘာဝနာစွမ်းအားနှင့် ပြည့်စုံခြင်းသို့ မရောက်ရှိကြသေးကုန်၊ စျာန်အင်္ဂါ၏ စွမ်းအင်များသည် အား ကောင်းမောင်းသန်စွာ မဖြစ်လာနိုင်သေးသည့်အတွက်ကြောင့်တည်း။ နှိုင်းခိုင်း ဖွယ်ရာ လောကဥပမာမည်သည်ကား --- ငယ်ရွယ်နုနယ်နေသေးသော မတ်တတ်ရပ်သင်စ ကလေးသူငယ်ကို ချီမြှောက်လျက် မတ်တတ်ရပ်စေ၍ ထား အပ်သည်ရှိသော် ခဏ ခဏ မြေသို့ လဲကျသွားတတ်၏။(ဝိသုဒ္ဓိ၊၁၊၁၂၃။)

ဧဝမေဝ ဥပစာရေ ဥပ္ပန္နေ စိတ္တံ ကာလေန နိမိတ္တမာရမ္မဏံ ကရောတိ၊ ကာလေန ဘဝင်္ဂမောတရတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)

ဤဥပမာအတူပင်လျှင် ဥပစာရသမာဓိသည် ဖြစ်ပေါ်လာလတ်သော် ဘာဝနာစိတ်သည် ရံခါ သမထနိမိတ် = ပဋိဘာဂနိမိတ်ကို အာရုံပြု၏။ ရံခါ စိတ်သည် ဘဝင်သို့ သက်တတ်၏ = ဘဝင် ကျကျနေတတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)

သို့သော် အပ္ပနာစျာန်သမာဓိအခိုက်၌ကား စျာန်အင်္ဂါတို့သည် ဖြစ်ပေါ်လာသော စွမ်းအင်များ ပြည့်ပြည့်စုံစုံ ရှိနေကုန်၏။ ထိုစျာန်အင်္ဂါတို့၏ စွမ်းအင်များသည် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာကြသည့် အတွက်ကြောင့် = စျာန်အင်္ဂါတို့သည် အားအစွမ်းနှင့် ပြည့်ပြည့်စုံစုံဖြစ်ပေါ်လာကြသည့် အတွက်ကြောင့် အားကောင်းမောင်းသန်သော ယောက်ျားသည် နေရာမှထကာ တစ်နေ့ပတ်လုံးသော်လည်း မတ်တတ်ရပ်တည်၍ နေရမူ ရပ်တည်နေနိုင် သကဲ့သို့ ဤဥပမာအတူပင်လျှင် အပ္ပနာစျာန်သမာဓိသည် ဖြစ်ပေါ်လာလတ် သော် ဘဝင်၏ဖြစ်ခွင့် အလှည့်အကြိမ်ကို တစ်ကြိမ် ဖြတ်တောက်လိုက်သော် (မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်ဖြစ်လတ်သော်) တစ်ညဉ့်ပတ်လုံးသော်လည်းကောင်း, တစ်နေ့ပတ်လုံးသော်လည်းကောင်း အပ္ပနာသမာဓိသည် တည်နေ တတ်၏။ အပ္ပနာကုသိုလ်ဇော စျာန်ဇောစိတ်အစဉ်၏ အစွမ်းဖြင့်သာလျှင် အဆက်မပြတ် ဖြစ်နေပေ၏။ တစ်ညဥ့်လုံး တစ်နေ့လုံး စျာန်ဝင်စားနေနိုင်၏။ ဤကား သမာဓိနှစ်မျိုးတို့၏ ထူးထွေကွဲပြားရခြင်း၏ အကြောင်းတည်း။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)

သတိပြုသင့်သော အချက်တစ်ရပ်

ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပါ ဥပစာရစျာန် အပ္ပနာစျာန်တို့တွင် တစ်မျိုးမျိုးသောစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာ၏ အခြေခံ အကြောင်းရင်းဖြစ်အောင် ထူထောင်၍ ဓာတ်ကြီး (၄)ပါးတို့ကို သိမ်း ဆည်းသောအခါ သမာဓိဒီဂရီ စံချိန်မီလာသောအခါ ရုပ်ကလာပ်များကို စတင် တွေ့ရှိ၏။ ယင်းရုပ်ကလာပ်များကို ဓာတ်ခွဲနိုင်၍ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးနှင့်တကွသော ဥပါဒါရုပ်တို့ ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းရ၏။ ယင်းသို့ သိမ်းဆည်းနိုင်သောအခါ ရူပပရိစ္ဆေဒဉာဏ် = ရူပပရိဂ္ဂဟဉာဏ်ကို ရရှိ၏။ ထိုအချိန်အခါတွင်မှ ရုပ်ပရမတ်အစစ် ဓာတ်အနှစ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိသည် မည်၏။

တစ်ဖန် နာမ်တရားတို့မှာလည်း ဝီထိမုတ်စိတ်အနေဖြင့်လည်းကောင်း, ဝီထိစိတ်အနေဖြင့်လည်းကောင်း ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ စိတ်စေတသိက်တို့သည် အတူယှဉ်တွဲ၍သာ ဖြစ်ကြ၏။ ယင်းစိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြသော စိတ် စေတသိက် တရားစုတို့ကို အရူပကလာပ = နာမ်ကလာပ်ဟု (မဟာဋီ၊၂၊၂၃၅။) ၌ ခေါ်ဝေါ်သုံးစွဲထား၏။ ယင်းနာမ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော စိတ်စေတသိက်တို့၏ မိမိ မိမိဆိုင်ရာ ပရမတ္ထဓာတ်သားတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူရ၏။ သိမ်းဆည်းရ၏။ ယင်းသို့ သိမ်းဆည်းနိုင်သောအခါ နာမပရိစ္ဆေဒဉာဏ် = အရူပပရိဂ္ဂဟဉာဏ် ကို ရရှိ၏။ ထိုအချိန်အခါတွင်မှ နာမ်ပရမတ်အစစ် ဓာတ်အနှစ်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိသည် မည်၏။ (ဤ၌ စိတ္တက္ခဏ အမျိုးအစားကိုသာ ဆိုလိုသည်။)

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် တရားဘာဝနာတစ်ခုကို စီးဖြန်းပွားများ အားထုတ်လိုက်သောအခါ ရုပ်ကလာပ် နာမ်ကလာပ်ကိုမျှ မမြင်ခဲ့သော် လည်းကောင်း, မြင်သော်လည်း ဓာတ်မခွဲနိုင်ခဲ့သော်လည်းကောင်း ရုပ်ပရမတ် အစစ် နာမ်ပရမတ်အစစ်ကို မသိသေးသည် မည်၏။ နာမရူပပရိစ္ဆေဒဉာဏ် ကိုမျှ မရရှိသေးသည် မည်၏။

တစ်ဖန် အတိတ် အနာဂတ်ကိုလည်း မရှုသဖြင့် အတိတ်ရုပ်နာမ် ပရမတ်အစစ် အနာဂတ်ရုပ်နာမ် ပရမတ်အစစ်တို့ကိုလည်း လုံးလုံးမသိရကား အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံကိုလည်း ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိသေး ဖြစ်နေ၏။ ထိုသို့ မသိသေး ဖြစ်ခဲ့သော် ပစ္စယပရိဂ္ဂဟဉာဏ်ကိုလည်း မရရှိသေးသည် မည်၏။

ထိုသို့ နာမရူပပရိစ္ဆေဒဉာဏ်အစစ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်အစစ်ကိုမျှ မရရှိသေးသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏ သန္တာန်၌ တိကျမှန်ကန်သည့် ဝိပဿနာဉာဏ်အစစ် ဖြစ်ပေါ်လာရေးမှာလည်း မိုးနှင့်မြေကြီးပမာ အလွန် အလှမ်းကွာလျက်ပင် ရှိနေသေး၏။ ဝိပဿနာဉာဏ်အစစ်မျှ မဖြစ်သေးသည့် အတွက် ပရမတ္ထအရိယာသစ္စာအစစ် အဖြစ်ကြီးဖြစ်ပေသော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ် နိဗ္ဗာန်တရားတော်မြတ်ကြီးတို့နှင့်လည်း ပို၍ ပို၍ အလွန့် အလွန် ဝေးကွာလျက်ပင် ရှိနေသေး၏။ အကြောင်းကား ဤသို့တည်း။

ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄၊၊)

ချစ်သားသုသိမ ...သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခ အခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာတည်သော ဓမ္မဋ္ဌိတိ အမည် ရသော ဝိပဿနာဉာဏ်သည် ရှေးကဖြစ်၏။ နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် နောက် ကာလ၌ ဖြစ်၏။ (သံ၊၁၊၃၄၄။)

နိဗ္ဗာန်ကို အာရုံပြုလျက် ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် စျာန် အဘိညာဏ်တို့၏ အကျိုးဆက်ဖြစ်သည်ဟု အထင်ရှိနေသော အရှင်သုသိမ အား ဘုရားရှင်က ပြန်လည် ဖြေကြားလိုက်သော အကျဉ်းချုပ် အဖြေပင် ဖြစ်၏။ ဤ ဒေသနာတော်နှင့်အညီ အရိယမဂ်ဉာဏ်ကား စျာန်အဘိညာဏ် တို့၏ အကျိုးဆက် မဟုတ်၊ ဝိပဿနာဉာဏ်၏ အကျိုးဆက်သာ ဖြစ်၏။ ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာ ဖြစ်ပေါ်လာနိုင်သော တရားဖြစ်၏။ စစ်မှန် သော ဝိပဿနာဉာဏ်တို့က အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် အဆင့်ဆင့် ကျေးဇူးပြုပေးပါမှ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာ နိုင်သော တရား ဖြစ်ပေသည်။

ထိုကြောင့် မှန်ကန်တိကျသော ဝိပဿနာဉာဏ်ကို မရရှိသေးသော သူတော်ကောင်းတစ်ဦးသည် နိဗ္ဗာန်ကို ဝင်ခွင့်လက်မှတ် မရရှိသေးသူသာ ဖြစ်၏။ မမှန်းဆနိုင်သော ခပ်လှမ်းလှမ်း တစ်နေရာမှာသာ ရပ်တည်နေရသူ ဖြစ်၏။ ထိုသို့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တို့နှင့် အလွန်အလှမ်းကွာ ဝေးလျက်ရှိသော အရပ်ဒေသတစ်ခုဝယ် ရပ်တည်နေရခိုက် သူတော်ကောင်း တစ်ဦးသည် ဘာဝနာ တစ်ခုခုကို နှလုံးသွင်းလိုက်သဖြင့် သမာဓိ အရှိန်အဝါ အတော်အသင့် အားကောင်းလာသောအခါ ဥပစာရသမာဓိ နယ်မြေသို့ ရောက်စတွင် သို့မဟုတ် ဥပစာရသမာဓိနယ်မြေနှင့် ဆင်တူယိုးမှားနယ်မြေသို့ ရောက်စတွင် အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၁၂၃)၌ သတိပေး ထားသည့်အတိုင်း ဘဝင်များ ကျကျနေတတ်ပါသည်။

ယင်းသို့ ဘဝင်ကျကျနေမှုကိုပင် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ဘာမျှ မသိတော့ဟု ပြောတတ်၏။ ရုပ်နာမ် နှစ်မျိုးလုံး ချုပ်သွားသည်ဟုလည်း ပြောလာတတ်၏။ ယင်းသို့ ဖြစ်နေမှုကိုပင် နိဗ္ဗာန်ကို မျက်မှောက်ပြုနေသည် ဟုလည်း အယူရှိလာပြန်၏။ အမှန်မှာ ဘဝင်ကျနေခြင်းသာ ဖြစ်၏။ ရုပ်ပရမတ်အစစ် နာမ်ပရမတ်အစစ်ကိုမျှ မသိသေးသဖြင့် ဝိပဿနာဉာဏ်အစစ်ပင် မဖြစ်သေးသောကြောင့် ဖြစ်၏။

ထိုသို့ ဘဝင်ကျနေခြင်းကို ယောဂါဝစရပုဂ္ဂိုလ်က ဘာမျှမသိဟု ပြော ဆိုနေခြင်းမှာ ထိုဘဝင်စိတ်သည် ပစ္စုပ္ပန်အာရုံဟူသမျှကို လုံးဝအာရုံမပြုဘဲ အတိတ်ဘဝက သေခါနီးကာလ မရဏာသန္နဇောက ယူထားအပ်သော ကံ- ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် အာရုံတစ်မျိုးမျိုးကိုသာ အာရုံပြုနေ သိနေသောကြောင့် ဖြစ်၏။ ဘဝင်စိတ်သည် အတိတ်ဘဝ မရဏာသန္နဇောက ယူထားခဲ့သည့် အာရုံကိုပင် အာရုံပြုနေပါသည်ဟူသော ဤအချက်ကိုလည်း အတိတ်ဘဝက ဖြစ်ခဲ့သော မရဏာသန္နဇော၏ အာရုံကို ပုံစံမှန် ရှုတတ်သော, အတိတ်အကြောင်းတရားများကြောင့် ပစ္စုပ္ပန်အကျိုး တရားဖြစ်ပုံကို ပုံစံမှန် ဟုတ်တိုင်းမှန်စွာ ရှုတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အရာသာဖြစ်၏။ အတိတ်ဘဝက မရဏာသန္နဇော၏ အာရုံကို မရှုသူ မရှုတတ်သူ, အတိတ်အကြောင်းတရား ကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံကို မရှုသူ မရှုတတ်သူတို့၏ အရာဌာနကား မဟုတ်ပေ။ သို့အတွက် ဘာမျှမသိဟု ပြောနေခြင်းဖြစ်၏။ သို့သော် ဗုဒ္ဓအဘိဓမ္မာ၌ကား ဤသို့ လာရှိ၏။

စတုဘူမကစိတ္တဥှိ နော ဝိဇာနနလက္ခဏံ နာမ နတ္ထိ၊ သဗ္ဗံ ဝိဇာနနလက္ခဏမေဝ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

ကာမ ရူပ အရူပ လောကုတ္တရာဟူသော ဘုံ (၄)ပါးအတွင်း၌ဖြစ်သော စိတ်ဟူသမျှသည် အာရုံကိုသိခြင်း = ဝိဇာနနလက္ခဏာမရှိသော စိတ်မည် သည် မရှိပေ။ စိတ်အားလုံးသည် အာရုံကိုသိခြင်း ဝိဇာနနသဘောလက္ခဏာ ရှိသည်ချည်းပင် ဖြစ်သည်။ သို့အတွက် ဘဝင်စိတ်သည်လည်း အတိတ်ဘဝ သေခါနီးကာလဝယ် မရဏာသန္နဇောက ယူခဲ့သော ကံ ကမ္မနိမိတ် ဂတိ နိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် အာရုံတစ်မျိုးမျိုးကို သိလျက်ပင် ရှိသည်။ ဘာမျှမသိသောစိတ်ကား မဟုတ်ပေ။ တစ်ဖန် အရှုခံအာရုံရော ရှုနေသည့် စိတ်ရော ချုပ်နေသည်၊ ချုပ်သွားသည် ဟူသော အဆိုအမိန့်နှင့် ပတ်သက်၍ လည်း အောက်ပါ ကျမ်းဂန်အဆိုအမိန့်များကို သတိပြုစေလိုပေသည်။

ကသ္မာ သမာပဇ္ဇန္တီတိ သင်္ခါရာနံ ပဝတ္တိဘေဒေ ဥက္ကဏ္ဌိတွာ ဒိဋ္ဌေဝ ဓမ္မေ အစိတ္တကာ ဟုတွာ နိရောဓံ နိဗ္ဗာနံ ပတွာ သုခံ ဝိဟရိဿာမာတိ သမာပဇ္ဇန္တိ။ (ဝိသုဒ္ဓိ၊၂၊၃၄၇။)

အဘယ်ကြောင့် နိရောဓသမာပတ်ကို ဝင်စားတော်မူကြကုန်သနည်း ဟူမူ လောကီစျာန်သမာပတ် (၈)ပါးကို ရရှိတော်မူကြကုန်သော အနာဂါမ် ရဟန္တာ အရှင်မြတ်ကြီးတို့သည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း အထူးအပြား၌ ငြီးငွေ့တော်မူကြကုန်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် စိတ်စေတသိက်တို့ မရှိကြကုန်သည် ဖြစ်၍ စိတ်စေတသိက်တို့ ချုပ်ငြိမ်းနေကြကုန်သည် ဖြစ်၍ စိတ်စေတသိက် စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းခြင်း အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ရောက်ရှိ၍ နေကြ ကုန်သကဲ့သို့ ချမ်းချမ်းသာသာ နေကြကုန်အံ့ဟု နှလုံးပိုက်တော်မူကြကုန်၍ နိရောဓသမာပတ်ကို ဝင်စားတော်မူကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၃၄၇။)

ဤအဋ္ဌကထာ၏ ဖွင့်ဆိုရှင်းလင်းချက်နှင့်အညီ ရှုနေသည့် စိတ် စေတသိက်တို့၏ ချုပ်ငြိမ်းမှုမှာ နိရောဓသမာပတ်နှင့် သက်ဆိုင်သည့် အရာဌာန ဖြစ်၏။ နိရောဓသမာပတ်ဟူသည်မှာလည်း ရူပါဝစရစျာန်သမာပတ် (၄)ပါး အရူပါဝစရစျာန်သမာပတ် (၄)ပါးတည်းဟူသော သမာပတ် (၈)ပါးကို ရရှိ ထားတော်မူကြသည့် အနာဂါမ် ရဟန္တာ အရှင်မြတ်ကြီးတို့၏ အရာဌာနသာ ဖြစ်သည်။ အကြောင်းမူ သမထဝိပဿနာ၏ အစွမ်းဖြင့် ယုဂနဒ္ဓနည်းအား ဖြင့် ယင်းစျာန်သမာပတ်တို့ကို လုံ့လကြိုးကုတ် အားထုတ်နိုင်ပါမှ နိရောဓသမာပတ် မဝင်စားမီ ရှေးအဖို့၌ ပြုသင့်ပြုထိုက်သော ပုဗ္ဗကိစ္စ (၄)ပါးကို ပြုပြီးသော အနာဂါမ် သို့မဟုတ် ရဟန္တာ အရှင်မြတ်၏ သန္တာန်၌သာလျှင် နေဝသညာနာသညာယတနစျာန်သမာပတ်ကို ဝင်စားပြီးနောက် နိရောဓသမာပတ်သို့ ဆိုက်ရောက်နိုင်သောကြောင့် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၃၄၇-ကြည့်ပါ၊၊)

နိရောဓသမာပတ်ကို ဝင်စားလိုသော အနာဂါမ် သို့မဟုတ် ရဟန္တာ အရှင်မြတ်သည် ေ့ရှဦးစွာ ပထမစျာန်ကို ဝင်စား၍ ပထမစျာန်မှ ထပြီးလျှင် ယင်းပထမစျာန် နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုရ၏။ ထိုနောင် ဒုတိယစျာန်ကို တစ်ဖန်ဝင်စား၍ ယင်းဒုတိယစျာန် နာမ် တရားတို့ကိုလည်း လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုရ၏။ ဤနည်း အားဖြင့် ဝိညာဏဉ္စာယတနစျာန်သို့တိုင်အောင် ပြုကျင့်ရ၏။ ဝိညာဏဉ္စာယတနစျာန် နာမ်တရားတို့ကို ဝိပဿနာရှုပြီးနောက် အာကိဉ္စညာယတန စျာန်ကို တစ်ဖန်ဝင်စားရ၏။ အာကိဉ္စညာယတနစျာန်မှ ထသောအခါ ---

၁။ မိမိကိုယ်နှင့် မစပ်သော အသီးအခြား ဖြစ်နေသော ကျောင်း သင်္ကန်း စသော ပရိက္ခရာတို့ကို မပျက်စီးဖို့ရန် အဓိဋ္ဌာန်ခြင်း,
၂။ သံဃာတော်၏ ငံ့လင့်မျှော်လင့်ခြင်းကို ဆင်ခြင်ခြင်း (သံဃာတော်က သံဃာ့ကိစ္စ ကံတစ်ခုခုအတွက် အလိုရှိခဲ့သော် နိရောဓသမာပတ်မှ ထနိုင်ရန် ဆင်ခြင်ခြင်း),
၃။ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ ခေါ်တော်မူခြင်းကို ဆင်ခြင်ခြင်း (ဘုရားရှင်က သိက္ခာပုဒ်တော်ကို ပညတ်လိုခြင်း စသော အကြောင်း တစ်ခုခုကြောင့် အလိုရှိခဲ့သော် နိရောဓသမာပတ်မှ ထနိုင်ရန် ဆင်ခြင်ခြင်း),
၄။ မိမိ၏ ဇီဝိတိန္ဒြေ၏ ကြွင်းကျန်နေသေးသော အဓွန့်ကာလ အပိုင်းအ ခြားကို ဆင်ခြင်ခြင်း (မိမိ၏ အာယုသင်္ခါရ ကုန်ဆုံးမည့် အချိန်အခါကို ဆင်ခြင်၍ အာယုသင်္ခါရ မချုပ်ဆုံးမီ နိရောဓသမာပတ်မှ ထနိုင်ရန် ဆင်ခြင်ခြင်း) ---

ဤပုဗ္ဗကိစ္စကို ပြုလုပ်၍ နေဝသညာနာသညာယတနစျာန်ကို ဝင်စား ရ၏။ နေဝသညာနာသညာယတနဇော တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ကျပြီး နောက် နိရောဓသမာပတ်သို့ ဆိုက်ရောက်သွား၏။ (ဝိသုဒ္ဓိ၊၂၊၃၄၉-၃၅၀၊၊) ထိုကြောင့် စိတ် စေတသိက်တို့၏ ချုပ်ငြိမ်းမှု နိရောဓသမာပတ်ဟူသည် သမာပတ် (၈)ပါးကို ရရှိတော်မူသည့် အနာဂါမ် ရဟန္တာအရှင်မြတ်ကြီးတို့၏ အရာဌာနသာ ဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။ သမာပတ် (၈)ပါးကိုလည်း မရရှိ သေးသော အနာဂါမ်လည်းမဖြစ်သေးသော ရဟန္တာလည်းမဖြစ်သေးသော အသင်သူတော်ကောင်းနှင့် ဤ နိရောဓသမာပတ်သည်ကား အလွန့်အလွန် အလှမ်းဝေးကွာလျက်ပင် ရှိနေသေး၏။

တစ်ဖန် ရုပ်နာမ်ပရမတ်အစစ်ကိုမျှ မသိသေးသဖြင့် စစ်မှန်သည့် ဝိပဿနာဉာဏ်ကိုမျှ မရရှိသေးသော သူတော်ကောင်းတစ်ဦးအဖို့ ထိုဘာမျှ မသိမှုသဘောကို ဖလသမာပတ်ဟု ဆိုရန်မှာလည်း မမှန်ဖြစ်နေပြန်၏။ ဖလသမာပတ်ဟူသည်မှာလည်း ဖြစ်မှု-ပျက်မှု ထင်ရှားရှိသော ရုပ်နာမ် ကြောင်း- ကျိုး သင်္ခါရတရားတို့၏ ချုပ်ဆုံးရာ မရှိရာဖြစ်သော မဖြစ်မပျက်သည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံပြုနေသော ဖိုလ်ဇောစိတ်အစဉ်တို့၏ အကြိမ်များစွာ ဖြစ်နေမှုသဘောတည်း။ ဆိုလိုသည် မှာ အာရုံဘက်၌ သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ မဖြစ်မပျက်သည့် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး တည်ရှိနေ၏။ ထို အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံယူတတ်သည့် အာရမ္မဏိကတရားဘက်၌ကား မဖြစ်မပျက်သည့် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြုနေသည့် ဖိုလ်ဇောစိတ္တုပ္ပါဒ် (= ဖိုလ်ဇောစိတ်စေတသိက်)တို့၏ အစဉ်များ ထင်ရှားရှိနေကြ၏။ ရှုနေသည့် စိတ် ချုပ်နေသော သမာပတ်မျိုးကား မဟုတ်ပေ။

သို့သော် ဖလသမာပတ်ဟူသည်မှာလည်း သောတာပန် အစရှိသော အရိယာသူတော်ကောင်းတို့၏ အရာသာဖြစ်သည်။ အရိယာပုဂ္ဂိုလ်တိုင်းသည် လည်း အရိယသစ္စာ (၄)ပါးကို သိတော်မူရိုးဓမ္မတာသာ ရှိ၏။ သစ္စာ (၄)ပါးကို မသိကလည်း သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးသည် မကုန်ဆုံးနိုင်ကြောင်းကို ဘုရားရှင်ကိုယ်တိုင်က သစ္စသံယုတ် ကူဋာဂါရသုတ္တန် သုတ္တန်နံပါတ် (၁၁၁၄) တွင် ဟောကြားထားတော်မူခဲ့၏။

ကူဋာဂါရသုတ္တန်

ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ, ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ, ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။)

= ချစ်သား ရဟန်းတို့ ...အကြင် တစ်စုံတစ်ယောက်သော သူသည် ဤသို့ ပြောဆိုလာငြားအံ့ ... ငါသည် ဒုက္ခအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ, ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက် မှောက် ထွင်းဖောက်မသိဘဲ, ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက် မှောက် ထွင်းဖောက်မသိဘဲ, ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက် ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိဘဲ ကောင်းမွန်စွာ သံသရာဝဋ် ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ပေအံ့ဟု ဤသို့ ပြောဆိုလာငြားအံ့၊ ဤသို့ ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာသည် မရှိသည်သာလျှင်တည်း။ (သံ၊၃၊၃၉၄၊၊)

ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ, ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ, ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ ဌာနမေတံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။)

= ချစ်သား ရဟန်းတို့ ...အကြင်တစ်စုံတစ်ယောက်သော သူသည် ဤသို့ ပြောဆိုလာငြားအံ့ ...ငါသည် ဒုက္ခအရိယသစ္စာတရားကို မဖောက် မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍, ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍, ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍, ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက် ကြောင်းကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် ပြီး၍ သံသရာ ဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ပေအံ့---ဟု ပြောဆိုလာငြားအံ့၊ ဤသို့ ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာသည် ရှိသည်သာတည်း။ (သံ၊၃၊၃၉၄။)

ဤသုတ္တန်တွင် ...ဘုရားရှင်က -- ပုဂ္ဂိုလ်တစ်ဦးသည် အိမ်၏ အောက်ပိုင်း အဆောက်အဦမှန်သမျှကို လုံးဝ မပြုလုပ်ဘဲ အပေါ်ပိုင်း အဆောက်အဦဖြစ်သည့် အထွတ်ကို တင်ကာ ဆောက်လုပ်ခဲ့သော် ဖြစ်နိုင်ရာ သော အကြောင်းမရှိသကဲ့သို့ --- အလားတူပင် ပုဂ္ဂိုလ်တစ်ဦးက အရိယသစ္စာ တရားလေးပါးတို့ကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ခဲ့လျှင် (= သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးဖြစ်သည့် နိဗ္ဗာန်သို့ ရောက်အောင် သွားခဲ့လျှင်) ဖြစ်နိုင်ရာသော အကြောင်းသည် မရှိနိုင်၊ နိဗ္ဗာန်ကို မည်သို့မျှ မျက်မှောက်မပြုနိုင်ဟု ဟောကြားထားတော်မူ၏။

တစ်ဖန် ပုဂ္ဂိုလ်တစ်ဦးက အိမ်၏ အောက်ပိုင်း အဆောက်အဦ မှန်သမျှကို ဆောက်လုပ်ပြီးသည့်အခါ အပေါ်ပိုင်း အဆောက်အဦ ဖြစ်သည့် အထွတ်ကို တင်ကာ ဆောက်လုပ်ခဲ့လျှင် ဖြစ်နိုင်ရာသော အကြောင်း သည် ရှိသကဲ့သို့ --- အလားတူပင် ပုဂ္ဂိုလ်တစ်ဦးသည် အရိယသစ္စာတရား လေးပါးတို့ကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ပြီးသည့်အခါ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ခဲ့လျှင် ဖြစ်နိုင်ရာသော အကြောင်းအရာသည် ရှိ၏ (= သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားဖြစ်သည့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏) ဟု ဟောကြားထားတော်မူ၏။

ထို့ကြောင့် နိဗ္ဗာန်တရားတော်မြတ်ကို အရိယဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုနိုင်ရေး (= ဖလသမာပတ်ကို ဝင်စားနိုင်ရေး)ဟူသည့် လုပ်ငန်းရပ်မှာလည်း အရိယသစ္စာလေးရပ် တရားမြတ်တို့ကို မဖောက်မပြန် ဟုတ်မှန် သည့်အတိုင်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသူ အရိယာသူတော်ကောင်းတို့၏ အရာသာ ဖြစ်၏။ ပရမတ်ရုပ်နာမ် အစစ်ကိုမျှ မသိသေးသူတို့၏ အရာကား မဟုတ်ပါပေ။

တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

ထို သစ္စာ (၄)ပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်မျိုးတို့ကား ဝဋ္ဋသစ္စာတည်း။ နိရောဓသစ္စာ မဂ္ဂသစ္စာ နှစ်မျိုးတို့ကား ဝိဝဋ္ဋသစ္စာတည်း။ထိုတွင် ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာ နှစ်မျိုး၌ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် ဖြစ်၏။ ဝိဝဋ္ဋသစ္စာ နှစ်ပါး၌ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း နှလုံးသွင်းမှု မရှိ။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

ဤအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုပါက ဒုက္ခသစ္စာတရား သမုဒယသစ္စာ တရားတို့ကို ရှေးဦးစွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရမည် ဖြစ်၏။ ဒုက္ခသစ္စာဟူသည်မှာလည်း ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန် (သံ၊၂၊၃၉။), အဘိဓမ္မာဝိဘင်းပါဠိတော် (အဘိ၊၂၊၁။) စသည်တို့၌ ဟောကြားထားတော်မူသည့်အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅)ပါးပင်တည်း။ သမုဒယသစ္စာဟူသည်မှာလည်း အထက်တွင် ရှင်းပြခဲ့သည့် အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ထားသော သင်္ခါရ ကံတို့ပင်တည်း။

ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ---

၁။ ဒုက္ခသစ္စာကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာသိရေး,
၂။ သမုဒယသစ္စာကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာသိရေး,
၃။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာသိရေး ---

ဤ သမ္မာဒိဋ္ဌိဉာဏ်ပညာများ ရရှိရေးအတွက် အတိတ်နှင့် အနာဂတ် ကို မလွှဲမရှောင်သာ ရှုရတော့မည် ဖြစ်သည်။ ဒုက္ခသစ္စာ စာရင်းတွင်လည်း ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတွင်သာမက အတိတ်ခန္ဓာ (၅)ပါး အနာဂတ်ခန္ဓာ (၅)ပါး တို့လည်း ပါဝင်လျက်ရှိကြ၏။ တစ်ဖန် သမုဒယသစ္စာစာရင်းတွင် အကျုံးဝင် သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အတိတ်အကြောင်းတရား (၅)ပါးဟူသည်မှာ အတိတ်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။ အတိတ်အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော ပစ္စုပ္ပန်အကျိုးတရား (၅)ပါး ဒုက္ခသစ္စာ တရားဟူသည်မှာလည်း ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန်အကြောင်းတရား (၅)ပါး သမုဒယသစ္စာတရား ဟူသည်မှာလည်း ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရားကြောင့် နောင်အနာဂတ်တွင် ထင်ရှားဖြစ် ပေါ်လာမည့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အနာဂတ်အကျိုးတရား (၅)ပါး ဒုက္ခသစ္စာတရားဟူသည်မှာလည်း ယင်း အနာဂတ်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။ အတိတ် အဆက်ဆက် အနာဂတ်အဆက်ဆက်၌လည်း နည်းတူပင် သဘောပေါက် ပါ။ ထိုကြောင့် သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာသိရေး၊ သမုဒယသစ္စာ ကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာသိရေး အတွက်လည်း အတိတ် အနာဂတ်ခန္ဓာတို့ကို မလွှဲမရှောင်သာ သိမ်းဆည်း ရှုပွားရတော့မည်သာ ဖြစ် ပေသည်။

ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားတို့ကို သိမ်းဆည်းရာ ဉာဏ်ဖြင့်ပိုင်းခြားယူရာ၌ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှ ပရမတ်အချင်းချင်း၏ အကြောင်းအကျိုး ဆက်စပ်မှု၊ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် လျက် ရှုမြင်နိုင်မည် ဖြစ်သည်။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလ (၃)ပါး အတွင်း၌ တည်ရှိသော အကြောင်းတရား အဆက်ဆက်ဟူသော သမုဒယသစ္စာ, အကျိုး အဆက်ဆက်ဟူသော ဒုက္ခသစ္စာတရားတို့ကို သိမ်း ဆည်းနိုင်သောအခါ (= ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ) ယင်းဒုက္ခသစ္စာ တရား သမုဒယသစ္စာတရားတို့ကို လက္ခဏာယာဉ် (၃)ချက်တင်လျက် တွင် တွင်ကြီး ဝိပဿနာရှုရမည် ဖြစ်၏။ ယင်းသို့လျှင် ဝဋ္ဋသစ္စာ အမည်ရသော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်ပါမှ ယင်း ဝိပဿနာဉာဏ်တို့၏ အဆုံးတွင် အရိယ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူလျက် ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ယင်း အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေသော မဂ္ဂင်တရားကိုယ် (၈)ပါးကား မဂ္ဂသစ္စာတရားတည်း။ ယင်းအရိယမဂ်ဉာဏ်တို့၏ အာရုံ ဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား နိရောဓ သစ္စာတရားတည်း။ ယင်း သစ္စာ (၄)ပါးကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ် တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပါမှ အရိယာသူတော်ကောင်း ဖြစ်နိုင်၏။ အရိယာသူတော်ကောင်း ဖြစ်ပါမှလည်း ဖလသမာပတ်ကို ဝင်စားနိုင်ပေသည်။ အသင်သူတော်ကောင်းသည် အောက်ပါ စာပိုဒ်ကလေးကို ဖတ်ရှု ကြည့်ပါ။

ဖလသမာပတ္တတ္ထိကေန ဟိ အရိယသာဝကေန ရဟောဂတေန ပဋိသလ္လီနေန ဥဒယဗ္ဗယာဒိဝသေန သင်္ခါရာ ဝိပဿိတဗ္ဗာ။ တဿ ပဝတ္တာနုပုဗ္ဗဝိပဿနဿ သင်္ခါရာရမ္မဏဂေါတြဘုဉာဏာနန္တရာ ဖလသမာပတ္တိဝသေန နိရောဓေ စိတ္တံ အပ္ပေတိ။ ဖလသမာပတ္တိနိန္နတာယ စေတ္ထ သေက္ခဿာပိ ဖလမေဝ ဥပ္ပဇ္ဇတိ၊ န မဂ္ဂေါ။ (ဝိသုဒ္ဓိ၊၂၊၃၄၂။)

ဖလသမာပတ်ကို ဝင်စားခြင်းငှာ အလိုရှိသော အရိယသာဝကသည် ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်လျက် အထူးထူးသောအာရုံမှ ဖဲခွာ၍ တစ် ယောက်ထီးတည်းသာ ကိန်းအောင်းလျက် ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ် ဘယတုပဋ္ဌာနဉာဏ် အစရှိသော ကိုးပါးသော ဝိပဿနာဉာဏ်တို့၏ အစွမ်း ဖြင့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတည်းဟူသော သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုအပ် ကုန်၏။ ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ် အစရှိသော ဖြစ်ပေါ်လာသော အစဉ် အတိုင်းသော ဝိပဿနာဉာဏ် ရှိသော ထို အရိယသာဝက၏ သန္တာန်ဝယ် သင်္ခါရတရားလျှင် အာရုံရှိသော တစ်နည်း သင်္ခါရတရားတို့၏ အနိစ္စအခြင်း အရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာလျှင် အာရုံ ရှိသော ဝေါဒါန်ဟု ရအပ်သော အမည်ရှိသော ဂေါတြဘုဉာဏ်၏ အခြားမဲ့၌ ဖလသမာပတ်၏ အစွမ်းဖြင့် နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်တည်း ဟူသော အာရုံ၌ အပ္ပနာစျာန်၏ အစွမ်းဖြင့် (= ဖိုလ်ဇောစိတ်အစဉ်၏ အစွမ်း ဖြင့်) ဖြစ်ပေါ်လာ၏။ ဤဖလသမာပတ်ကို ဝင်စားရာ၌ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဖလသမာပတ်သို့ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသည်၏ အဖြစ်ကြောင့် သေက္ခအရိယာသူတော်ကောင်း၏ သန္တာန်၌လည်း အရိယ ဖိုလ်ဇောသည်သာလျှင် ဖြစ်ပေါ်လာ၏။ အရိယမဂ်သည် ဖြစ်ပေါ်မလာပေ။ (ဝိသုဒ္ဓိ၊၂၊၃၄၂။)

[သတိ ---- အမေး။ ။ အရိယမဂ်ဉာဏ်၏ ေ့ရှသွားဖြစ်သော ဂေါတြဘု ဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုသကဲ့သို့ အလားတူပင် ဤဖလသမာပတ်အရာ ၌ အရိယဖိုလ်၏ ရှေး၌ရှိသော ဝေါဒါန်ဟု ရအပ်သော အမည်ရှိသော ဂေါတြဘုဉာဏ်သည် အဘယ်ကြောင့် နိဗ္ဗာန်ကို အာရုံမပြုနိုင်ပါသနည်း။ အဖြေ။ ။ အရိယဖိုလ်တရားတို့ကား သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းတို့ မဟုတ်ကြပေ။ (အရိယမဂ်၏ အကျိုးရင်းမျှသာ ဖြစ်၏။) အရိယမဂ်တရားတို့သည်သာလျှင် သံသရာဝဋ်မှ ထွက်မြောက် ကြောင်း နိယျာနိကတရားကောင်းစင်စစ် ဖြစ်ကြ၏။ ထိုကြောင့် ဟူပေ။] (မဟာဋီ၊၂၊၅၁၈။)

ထိုကြောင့် ဖလသမာပတ်ဟူသည် ပရမတ္ထသစ္စာအစစ် ဖြစ်ကြကုန် သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတည်းဟူသော သင်္ခါရတရားတို့ ကို ဥဒယဗ္ဗယဉာဏ်စသော ဉာဏ်စဉ်အတိုင်း လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော အရိယာသူတော်ကောင်းတို့သည်သာ ဝင်စားနိုင်သော သမာပတ်မျိုး ဖြစ်၏။

အကယ်၍ အသင်သူတော်ကောင်းသည် ဘုရားဟောသည့် ရုပ်တရား နာမ်တရားတို့သည် ဘုရားရှင်သာ သိနိုင်သည်။ သာဝကတို့သည် မသိနိုင်ဟု ယုံကြည် လက်ခံထားသည်ဖြစ်အံ့၊ သိအောင်လည်း မရှုသည်ဖြစ်အံ့၊ အသင် သူတော်ကောင်းသည် ဘုရားရှင်ဟောကြားထားတော်မူသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားကို မသိသေးသည် မည်၏။ တစ်နည်းဆိုရသော် ဘုရားဟောသည့် ရုပ်နာမ်မျှ ကိုပင် မသိသေးသည် မည်၏။ တစ်ဖန် အတိတ် အနာဂတ်ကိုလည်း မရှုသည် ဖြစ်အံ့၊ ထိုသို့ မရှုခဲ့သော် အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုး တရားဖြစ်ပုံ၊ ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရား ဖြစ်ပုံ ကိုလည်း မသိသေးသည် မည်၏။ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားကို မသိသေးသည် မည်၏။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်ပုံကို မသိသေးသည် မည်၏။ ဖလသမာပတ်ဟူသည် ထိုကဲ့သို့ မသိမှုတွေ တစ်ပုံကြီး ထမ်းထားသောပုဂ္ဂိုလ်တို့ ဝင်စား၍ ရနိုင်သော သမာပတ်မျိုးကား မဟုတ်ပေ။ သတိရှိစေ။

ဉာဏ်အရောင်အလင်းများအကြောင်း

အထက်တွင် ဉာဏ်အရောင်အလင်းများ၏ အကြောင်းကို အလျဉ်း သင့်သလို ရေးသားတင်ပြခဲ့၏။ အထူးသဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက် သောအခါ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အလင်းရောင် များသည် ထွက်ပေါ်လာကြကြောင်းကို ရေးသားတင်ပြခဲ့၏။ ဤအဆိုနှင့် ပတ်သက်၍ သံသယကင်းရှင်းသွားရန်အလို့ငှာ ပညာအရောင် ဉာဏ်အရောင်များအကြောင်းကို ရေးသားတင်ပြပေအံ့။

အာလောကသုတ္တန်

ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် အာလောကသုတ္တန် (အံ၊၁၊၄၅၆။) စသည်တို့၌ (၁) လရောင်၊ (၂) နေရောင်၊ (၃) မီးရောင်၊ (၄) ပညာရောင်ဟု အရောင်အလင်း (၄)မျိုး ရှိကြောင်းကို ဟောကြားထားတော် မူခဲ့၏။ ထို လေးမျိုးတို့တွင် ပညာရောင် ဉာဏ်ရောင် (၄)မျိုးရှိကြောင်းကို အင်္ဂုတ္တရဋီကာ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။) ပစလာယမာနသုတ္တန်တွင် ရှင်းပြထား၏။ ယင်းအဖွင့်တို့ကို ပိုမို၍ သဘောပေါက်စေရန် မူရင်း ပါဠိတော် အဋ္ဌကထာ အဖွင့်တို့နှင့် ဆက်စပ်လျက် ရေးသားတင်ပြအပ်ပါသည်။

ပစလာယမာနသုတ္တန် ကောက်နုတ်ချက်

နော စေ တေ ဧဝံ ဝိဟရတော တံ မိဒ္ဓံ ပဟီယေထ၊ တတော တွံ မောဂ္ဂလ္လာန အာလောကသညံ မနသိ ကရေယျာသိ၊ ဒိဝါသညံ အဓိဋ္ဌဟေယျာသိ၊ ယထာ ဒိဝါ တထာ ရတ္တိံ ယထာ ရတ္တိံ တထာ ဒိဝါ၊ ဣတိ ဝိဝဋေန စေတသာ အပရိယောနဒ္ဓေန သပ္ပဘာသံ စိတ္တံ ဘာဝေယျာသိ။ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ၊ ယံ တေ ဧဝံ ဝိဟရတော တံ မိဒ္ဓံ ပဟီယေထ။ (အံ၊၂၊၄၆၃။)

ယထာ ဒိဝါ တထာ ရတ္တိန္တိ ယထာ ဒိဝါ အာလောကသညာ အဓိဋ္ဌိတာ၊ တထာ နံ ရတ္တိမ္ပိ အဓိဋ္ဌဟေယျာသိ။ ယထာ ရတ္တိံတထာ ဒိဝါတိ ယထာ စ တေ ရတ္တိံ အာလောကသညာ အဓိဋ္ဌိတာ၊ တထာ နံ ဒိဝါပိ အဓိဋ္ဌဟေယျာသိ။ သပ္ပဘာသန္တိ ဒိဗ္ဗစက္ခုဉာဏတ္ထာယ သဟောဘာသံ။ (အံ၊ဋ္ဌ၊၃၊၁၇၄။)

သဟောဘာသန္တိ သဉာဏောဘာသံ။ ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)

ချစ်သားမောဂ္ဂလ္လာန် ...ဤသို့ နေရာမှထပြီးလျှင် ရေဖြင့် မျက်စိတို့ ကို ပွတ်သပ်၍ အရပ်မျက်နှာတို့ကိုကြည့်သော နက္ခတ်တာရာတို့ကိုကြည့် သော သင့်အား ထိုမိဒ္ဓတရားသည် အကယ်၍ မကင်းပျောက်ခဲ့မူ ချစ်သား မောဂ္ဂလ္လာန် ...ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်ချစ်သားသည် မိဒ္ဓတရားကို ပယ်ဖျောက်ကြောင်းဖြစ်သော အာလောကသညာ (= အလင်း ရောင်ဟူသော အမှတ်သညာ)ကို (ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှု ဆောင်ယူအပ်သော အာလောကသညာကို) နှလုံးသွင်းလေလော့။နေ့ဟူသော အမှတ်သညာကို ဆောက်တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ နေ့အခါ၌ အာလောကသညာ (= အလင်းရောင်ဟူသော အမှတ်သညာ)ကို ဆောက် တည်ထားသကဲ့သို့ (အဓိဋ္ဌာန်ပြုထားသကဲ့သို့) ထို့အတူ ညဉ့်အခါ၌လည်း အာလောကသညာ (= အလင်းရောင်ဟူသော အမှတ်သညာ)ကို ဆောက် တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ သင်ချစ်သားသည် ညဉ့်အခါ၌လည်း အာလောကသညာ (= အလင်းရောင်ဟူသော အမှတ်သညာ)ကို ဆောက် တည်ထားသကဲ့သို့ (အဓိဋ္ဌာန်ထားသကဲ့သို့) ထို့အတူ နေ့အခါ၌လည်း ယင်း အာလောကသညာ (= အလင်းရောင်ဟူသော အမှတ်သညာ)ကို ဆောက် တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ ဤသို့ မိဒ္ဓကင်းစင်၍ ထက်ဝန်းကျင် မြှေးယှက်ခြင်းမရှိသော စိတ်ဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှုဆောင် ယူအပ်သော ဉာဏ်အရောင်အလင်းနှင့်တကွဖြစ်သော စိတ်ကို ပွားများလေလော့။ ဤသို့ ပွားများ၍နေသော သင်ချစ်သား၏ သန္တာန်၌ မိဒ္ဓတရား၏ ကင်းပျောက်ကြောင်းသည် ရှိသည်သာလျှင်တည်း။ (အံ၊၂၊၄၆၃။)

ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ --- အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ် ကြီးသည် သောတာပန် ဖြစ်တော်မူပြီး ဧဟိ-ဘိက္ခုရဟန်းလည်း ဖြစ်တော်မူ ပြီးနောက် မဂဓတိုင်း ကလ္လဝါဠပုတ္တရွာကို ဆွမ်းခံရွာအဖြစ် အမှီပြု၍ တောအုပ်တစ်ခု အတွင်း၌ ရဟန်းတရားများကို (၇)ရက်ပတ်လုံး မအိပ်မနေ အပြင်း အထန် ကြိုးစားအားထုတ်တော်မူရာ ပင်ပန်းတော်မူရှာသဖြင့် ခုနစ်ရက် မြောက်သောနေ့၌ ငိုက်မျဉ်းလျက် ထိုင်နေတော်မူ၏။ ထိုအခါ ဘုရားရှင်သည် ကြွလာတော်မူ၍ ပစလာယမာနသုတ္တန်ကို ဟောကြားပေးတော်မူ၏။ ထိုတွင် အထက်ပါတရားတော်မှာ အမှတ် (၆) မိဒ္ဓပယ်ဖျောက်ကြောင်းတရား ဖြစ်၏။

ထိုအမှတ် (၆) ညွှန်ကြားချက်၌ သပ္ပဘာသံ စိတ္တံ = အရောင်အလင်း နှင့်တကွဖြစ်သော စိတ်ကို ပွားများရန် ဘုရားရှင်က ညွှန်ကြားထားတော်မူ၏။ အဋ္ဌကထာ ဋီကာများကလည်း ယင်းစိတ်ကို ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှုဆောင်ယူအပ်သော ဉာဏ်အရောင်အလင်းနှင့် တကွဖြစ်သော စိတ်ဟု ရှင်းပြထားတော်မူကြ၏။ ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း အလင်းရောင် လည်း ဖြစ်၏။ ယင်းအလင်းရောင်မှာ အာလောကကသိုဏ်းကြောင့် ဖြစ်ပေါ် လာသော အရောင်အလင်းလည်း ရှိ၏။ ကြွင်းသော ကသိုဏ်းတို့ကို ပွားများ ခြင်းကြောင့် အထူးသဖြင့် တေဇောကသိုဏ်းနှင့် ဩဒါတကသိုဏ်းတို့ကို ပွားများခြင်းကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းလည်း ရှိ၏။ ယင်း အာလောကကသိုဏ်း, တေဇောကသိုဏ်း, ဩဒါတကသိုဏ်းတို့ကြောင့် ဖြစ် ပေါ်လာသော အရောင်အလင်းမှာ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိဖို့ရန်အတွက် အခြေခံအကြောင်းရင်း အရောင်အလင်းပင် ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၅၈ - ကြည့်ပါ။)

ယင်း အရောင်အလင်းများကို နေ့နှင့်ည တူညီနေအောင် တစ်နေ့လုံး တစ်ညလုံး လင်းနေအောင် အဓိဋ္ဌာန်ပြုရန် ဘုရားရှင်က ညွှန်ကြားနေတော် မူခြင်း ဖြစ်၏။ ဤအရာ၌ အထက်တွင် တင်ပြထားသော အင်္ဂုတ္တရဋီကာ ဆရာတော်က ဉာဏ်အရောင်အလင်း (၄) မျိုး ရှိကြောင်းကို ဖွင့်ဆိုထားတော် မူ၏။

ဉာဏ်ရောင် (၄) မျိုး

၁။ ထိနမိဒ္ဓဝိနောဒနအာလောက = ထိနမိဒ္ဓကို ပယ်ဖျောက်တတ်သော, ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားအပ်သော, အထူးသဖြင့် အာလောကကသိုဏ်းကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင် အလင်း၊

၂။ ကသိဏာလောက = ကောင်းစွာ ပွားများထားအပ်သော အာလောက ကသိုဏ်း၏ အရောင်အလင်းကဲ့သို့ ကောင်းစွာ ပွားများထားအပ်သော ကသိုဏ်းဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊

၃။ ပရိကမ္မာလောက = ပရိကမ္မဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊

၄။ ဥပက္ကိလေသာလောက = ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသ အရောင်အလင်း၊

ဤသို့လျှင် ဉာဏ်ရောင်လေးမျိုး ရှိ၏။ ဤ လေးမျိုးလုံးသည် ဉာဏ် ကြောင့်သာလျှင် ဖြစ်ပေါ်လာသော အရောင်အလင်းများတည်း။ ယင်းကဲ့ သို့သော အရောင်အလင်းကို ဖြစ်စေတတ်သောဉာဏ်နှင့် အတူယှဉ်တွဲလျက် ဖြစ်သော စိတ်ကို သပ္ပဘာသံ စိတ္တံ = အရောင်အလင်းနှင့်တကွ ဖြစ်သော စိတ်ဟု ဘုရားရှင်က ဟောကြားထားတော်မူ၏။ အထက်ပါ ပစလာယမာန သုတ္တန်တွင်ကား အာလောကကသိုဏ်းဘာဝနာဉာဏ် ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်တို့နှင့် ယှဉ်သောစိတ်ကို အထူးရည်ညွှန်းထားတော်မူ၏။ ယင်း အရောင် အလင်းနှင့်တကွ ဖြစ်သောစိတ်ကို ပွားများရန် ဘုရားရှင်က ညွှန်ကြားထား တော်မူ၏။

တစ်ဖန် အထက်ပါ ဉာဏ်ရောင် လေးမျိုးတို့တွင် ပရိကမ္မာလောက = ပရိကမ္မဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ---

၁။ ဥပစာရသမာဓိ အပ္ပနာသမာဓိတို့၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မ၊

၂။ အဘိညာဏ်၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မ၊

၃။ အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မ၊

ဤသို့လျှင် ပရိကမ္မ သုံးမျိုးရှိ၏။

သမထပိုင်းတွင် ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိ = ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟု သမာဓိသုံးမျိုး ဘာဝနာ သုံးမျိုးရှိ၏။ ယင်း ပရိကမ္မသမာဓိကိုပင် ခဏိကသမာဓိဟူ၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၁၄၀) တွင် ခေါ်ဝေါ်သုံးစွဲထား၏။ ယင်းခဏိကသမာဓိမှာ ဥပစာရသမာဓိနှင့် နီးကပ်လျက်ရှိသော အဆင့်မြင့်မားသော သမာဓိ ဖြစ်၏။ ပရိကမ္မဘာဝနာကြောင့် ဖြစ်ပေါ်လာရသော ခဏိကသမာဓိတည်း။ ယင်း ပရိကမ္မဘာဝနာ ပရိကမ္မသမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့်လည်း အရောင် အလင်းများသည် ထွက်ပေါ်လျက်ပင် ရှိ၏။ ပရိကမ္မာလောကဟု ခေါ်ဆို၏။

တစ်ဖန် ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပရိကမ္မဘာဝနာဉာဏ်ကြောင့်လည်း အရောင်အလင်းများသည် ထွက်ပေါ်လျက် ပင်ရှိ၏။ ပရိကမ္မာလောကဟုပင် ခေါ်ဆို၏။ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကို အလိုရှိသော သူတော်ကောင်းသည် ကသိုဏ်းလျှင် အာရုံရှိသော အဘိညာဏ် ၏ အခြေခံ အကြောင်းရင်းဖြစ်သော ပါဒကစျာန်ကို ခပ်သိမ်းသော အခြင်း အရာအားဖြင့် (တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့်) ဒိဗ္ဗစက္ခု အဘိညာဏ်ဉာဏ်သို့ ဘာဝနာစိတ်ကို ရှေးရှုဆောင်ယူ၍ ရနိုင်လောက်အောင် ပွားထားရ၏။ တေဇောကသိုဏ်း ဩဒါတကသိုဏ်း အာလောက ကသိုဏ်း သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော ကသိုဏ်းကို ဒိဗ္ဗစက္ခုဉာဏ် ဖြစ် ခြင်း၏ နီးကပ်သော အကြောင်းတရားဖြစ်အောင် ပြုအပ်၏။ (ဤကသိုဏ်း သုံးမျိုးတို့တွင်လည်း အာလောကကသိုဏ်းကား ဒိဗ္ဗစက္ခုအဘိညာဏ်အတွက် အသာဆုံး အမြတ်ဆုံး ဖြစ်၏။) ဥပစာရစျာန်၏ အာရုံဖြစ်အောင် ပြုလုပ်၍ ကသိုဏ်းဝန်းကို တိုးပွားစေ၍ ထားအပ်၏။ ထိုသို့ တိုးပွားအောင် ပြုလုပ် ထားသော ဖြန့်ကြက်ထားသော ကသိုဏ်းအာရုံ၌ စျာန်၏အစွမ်းအားဖြင့် အပ္ပနာကို မဖြစ်စေအပ်။ စျာန်သို့ဆိုက်အောင် မပွားများထားရ။ မှန်ပေသည် ယင်းကသိုဏ်းအာရုံ၌ ဥပစာရစျာန်သို့ဆိုက်အောင် ပရိကံကို မပြုထားသော ပုဂ္ဂိုလ်၏ သန္တာန်၌ အဘိညာဏ်၏ အစွမ်းဖြင့် အပ္ပနာစျာန်သည် မပြီးစီး မပြည့်စုံနိုင်။ အကယ်၍ ယင်းကသိုဏ်းအာရုံ၌ စျာန်၏အစွမ်းဖြင့် အပ္ပနာကို ဖြစ်စေသည် ဖြစ်အံ့။ စျာန်သို့ဆိုက်အောင် ပွားများထားသည် ဖြစ်အံ့၊ ထို ကသိုဏ်းအာရုံသည် အဘိညာဏ်ဉာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပါဒကစျာန်၏ မှီရာအာရုံသာ ဖြစ်နိုင်၏။ အဘိညာဏ်ဉာဏ်သို့ ရောက်ကြောင်း ပရိကံ၏ မှီရာ အာရုံ မဖြစ်နိုင်။ ဤကား အပြစ်တည်း။ ထို့ကြောင့် ထို ယောဂါဝစရပုဂ္ဂိုလ်သည် ထို အာလောကကသိုဏ်းကိုလည်းကောင်း, တေဇောကသိုဏ်း ဩဒါတကသိုဏ်းတို့တွင် တစ်မျိုးမျိုးသော ကသိုဏ်းကို လည်းကောင်း အဘိညာဏ်၏အခြေခံ စတုတ္ထစျာန်သမာဓိ၏ ဥပစာရနယ်မြေဟူသော ဒိဗ္ဗစက္ခုအဘိညာဏ်၏ ဥပစာရသမာဓိသို့ဆိုက်အောင် ပွားများလျက် ယင်း ကသိုဏ်းပဋိဘာဂနိမိတ်ကို အလိုရှိသလောက် ဖြန့်ကြက် ထားပါ။ (ဝိသုဒ္ဓိ၊၂၊၅၈။ မဟာဋီ၊၂၊၆၂။)

ဝဍ္ဎိတဋ္ဌာနဿ အန္တောယေဝ ရူပဂတံ ပဿိတဗ္ဗံ။ ရူပဂတံ ပဿတော ပနဿ ပရိကမ္မဿ ဝါရော အတိက္ကမတိ။ တတော အာလောကော အန္တရဓာယတိ။ တသ္မိံ အန္တရဟိတေ ရူပဂတမ္ပိ န ဒိဿတိ။ (ဝိသုဒ္ဓိ၊၂၊၅၈။)

ပရိကမ္မဿ ဝါရော အတိက္ကမတီတိ ဣဓ ပရိကမ္မံ နာမ ယထာဝုတ္တကသိဏာရမ္မဏံ ဥပစာရဇ္ဈာနံ၊ တံ ရူပဂတံ ပဿတော န ပဝတ္တတိ။ ကသိဏာလောကဝသေန စ ရူပဂတဒဿနံ၊ ကသိဏာလောကော စ ပရိကမ္မဝသေနာတိ တဒုဘယမ္ပိ ပရိကမ္မဿ အပ္ပဝတ္တိယာ န ဟောတိ။ တေနာဟ တတော အာလောကော အန္တရဓာယတိ၊ တသ္မိံအန္တရဟိတေ ရူပဂတမ္ပိ န ဒိဿတီတိ။

ရူပဂတံ ပဿတော ပရိကမ္မဿ ဝါရော အတိက္ကမတိ၊ ပရိကမ္မမတိက္ကန္တဿ ကသိဏာရမ္မဏံ ဉာဏံ န ဟောတီတိ ရူပဂတံ န ဒိဿတိ။ (မဟာဋီ၊၂၊၆၂။)

စတုတ္ထစျာန်၏ ဥပစာရသမာဓိကား (= ဥပစာရစျာန်ကား) ဤအရာ၌ အလွန်ကြည်လင်တောက်ပနေသော ကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြု၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းဥပစာရဘုံ၌ ရပ်တည်၍ ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို တိုးပွားအောင် ပြုလုပ်ရ၏။ အထူးသဖြင့်အာလောကကသိုဏ်း ပဋိဘာဂနိမိတ်ကို တိုးပွားအောင် ပြုလုပ်ရ၏။ ယင်းသို့ တိုးပွားအောင် ပြုလုပ်ထားသော ကသိုဏ်းဝန်းပြန့်နှံ့ရာအရပ်၏ အတွင်း၌သာလျှင် တည်ရှိသော ရူပါရုံကို ရှုကြည့်အပ်၏။ ကသိုဏ်းဝန်းလင်းရောင်ခြည်ကို ဖြန့်ကြက်ထားရာ အရပ်၏ ပြင်ပ၌ တည်ရှိသော ရူပါရုံကို ရှုကြည့်သော ထိုယောဂါဝစရပုဂ္ဂိုလ် အား ပရိကံ၏ ဝါရသည် ကျော်လွန်သွား၏။ ဤကား အပြစ်တည်း။ ဤ၌ ပရိကံမည်သည် အာလောကကသိုဏ်း သို့မဟုတ် တေဇောကသိုဏ်း သို့မဟုတ် ဩဒါတကသိုဏ်းပဋိဘာဂနိမိတ်လျှင် တည်ရာအာရုံရှိသော စတုတ္ထ စျာန်၏ ဥပစာရသမာဓိ (= ဥပစာရစျာန်)တည်း။ ထိုဥပစာရစျာန် ဥပစာရ သမာဓိသည်လည်း ထိုကသိုဏ်းလင်းရောင်ခြည်၏ ပြင်ပ၌ တည်ရှိသော ရူပါရုံကို ကြည့်ရှုသောပုဂ္ဂိုလ်၏ သန္တာန်၌ မဖြစ်နိုင်။ ဗဟိဒ္ဓအာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်သွားသောကြောင့်တည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်း လင်းရောင်ခြည် စွမ်းအင်ကြောင့်သာလျှင် ရူပါရုံအမျိုးမျိုးကို ရှုမြင်ရခြင်း ဖြစ်၏။ ကသိုဏ်းလင်းရောင်ခြည် (= ကသိဏာလောက) ဟူသည်မှာလည်း အဘိညာဏ်၏အခြေခံ ပရိကံကြောင့်သာလျှင် ဖြစ်ပေါ်လာရ၏။ ထို့ကြောင့် ကသိဏာလောကနှင့် ဥပစာရစျာန် နှစ်ပါးစုံသည်လည်း ပရိကံ၏ မဖြစ်ခြင်းကြောင့် (= ပရိကံဝါရကို ကျော်လွှားသွားခြင်းကြောင့်) မဖြစ်နိုင်တော့ပေ။ ထိုသို့ ပရိကံ၏ဝါရကို ကျော်လွန်သွားခြင်းကြောင့် အာလောက (= လင်းရောင် ခြည်)သည်လည်း ကွယ်ပျောက်သွား၏။ ထိုအာလောက (= အလင်းရောင်) သည် ကွယ်ပျောက်သွားခဲ့သည်ရှိသော် ရူပါရုံအမျိုးမျိုးသည်လည်း မထင် ဖြစ်လာတော့၏။ အာလောက (= လင်းရောင်ခြည်)၏ ပြင်ပ၌ တည်ရှိသော ရူပါရုံကို ရှုကြည့်သော ယောဂါဝစရပုဂ္ဂိုလ်အား ပရိကံ၏ဝါရသည် ကျော်လွန်သွား၏။ ပရိကံ၏ဝါရကို ကျော်လွန်သွားသော ပုဂ္ဂိုလ်၏သန္တာန်၌ ကသိုဏ်းပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ဉာဏ်သည် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ရူပါရုံအမျိုးမျိုးသည် မထင်လာခြင်းဖြစ်၏။ (ကသိုဏ်းပဋိဘာဂနိမိတ်လျှင် တည်ရာအာရုံရှိသော ဉာဏ်မဖြစ်သောကြောင့် ဉာဏ်ကြောင့်ဖြစ်သော လင်းရောင်ခြည်လည်း ကွယ်သွား၏။ လင်းရောင်ခြည် မရှိသဖြင့် ရူပါရုံ အမျိုးမျိုးကို မတွေ့ခြင်းဖြစ်သည်။) (ဝိသုဒ္ဓိ၊၂၊၅၈။ မဟာဋီ၊၂၊၆၂။)

အထာနေန ပုနပ္ပုနံ ပါဒကဇ္ဈာနမေဝ ပဝိသိတွာ တတော ဝုဋ္ဌာယ အာလောကော ဖရိတဗ္ဗော။ ဧဝံ အနုက္ကမေန အာလောကော ထာမဂတော ဟောတီတိ ဧတ္ထ အာလောကော ဟောတူတိ ယတ္တကံ ဌာနံ ပရိစ္ဆိန္ဒတိ၊ တတ္ထ အာလောကော တိဋ္ဌတိယေဝ။ ဒိဝသမ္ပိ နိသီဒိတွာ ပဿတော ရူပဒဿနံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၅၈။)

ထိုသို့ မထင်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် အဖန်ဖန် အထပ်ထပ် အဘိညာဏ်ဉာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော စတုတ္ထစျာန် ဟူသော ပါဒကစျာန်ကိုသာလျှင် ဝင်စားပါ။ ဝင်စားပြီးနောက် ထိုပါဒကစျာန် မှ ထ၍ အာလောက (= အလင်းရောင်)ကို ဖြန့်ကြက်ပါ။ (အာလောက ကသိုဏ်းဝန်းကို ဖြန့်ကြက်ပါက အာလောက = အလင်းရောင်ကို ဖြန့်ကြက်မှု လည်း တစ်ပါတည်း ပြီးစီးသွား၏ဟု မှတ်ပါ။ တေဇောကသိုဏ်း ဩဒါတ ကသိုဏ်းတို့၌လည်း နည်းတူပင်တည်း။)

ယတ္တကံ ဌာနံ ပရိစ္ဆိန္ဒိတွာ ကသိဏံ ဝဍ္ဎိတံ၊ ထာမဂတဿ အာလောကဿ တတ္တကံ ဖရိတွာ အဝဋ္ဌာနံ။ (မဟာဋီ၊၂၊၆၂။)

အကြင်မျှလောက်သော အရပ်သို့တိုင်အောင် ပိုင်းခြား၍ ကသိုဏ်းဝန်း ကို တိုးပွားအောင် ပြုလုပ်ထား၏။ ဖြန့်ကြက်ထား၏။ ထိုမျှလောက် ပိုင်းခြား ထားသမျှ အရပ်သို့တိုင်အောင် စွမ်းအင် ပြည့်ပြည့်ဝဝဖြင့် ဖြစ်ပေါ်လာသော အာလောက (= လင်းရောင်ခြည်)သည် တည်နေပေ၏။ (မဟာဋီ၊၂၊၆၂။)

ဤသို့သောနည်းဖြင့် အစဉ်အတိုင်း ကျင့်ခဲ့သော် အာလောက (= လင်းရောင်ခြည်)သည် စွမ်းအင်ပြည့်ဝလာ၏။ မြဲမြံခြင်းသို့ ရောက်ရှိလာ၏။ ကာလ မြင့်ရှည် တည်လာ၏။ ဤ၌ အစဉ်အတိုင်း ကျင့်ခြင်းဟူသည် ဤသို့ တည်း။ အဘိညာဏ်ဉာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပါဒကစျာန် ကို အဖန်ဖန် အထပ်ထပ် ဝင်စား၍ ထိုထို ပါဒကစျာန်မှ ထ၍ အမြဲမပြတ် အာလောက (= လင်းရောင်ခြည်)ကို ပြန့်အောင် ဖြန့်ကြက်သည်၏ အစွမ်းဖြင့် အာလောက (= လင်းရောင်ခြည်)သည် စွမ်းအင်ပြည့်ဝလာ၏။ မြဲမြံခြင်းသို့ ရောက်ရှိလာ၏။ ကာလမြင့်ရှည် တည်လာ၏။ ထိုအခါဝယ် ..

ဤမျှသောအရပ်၌ အာလောက (= အလင်းရောင်)သည် ဖြစ်စေသော်

ဤသို့လျှင် အကြင်မျှလောက်သော အရပ်ကို ပိုင်းခြားထား၏။ ပိုင်းခြား လျက် အဓိဋ္ဌာန်ပြုထား၏။ ထိုပိုင်းခြားထားသောအရပ်၌ (= ပိုင်းခြားလျက် အဓိဋ္ဌာန်ပြုထားသော အရပ်၌) အာလောက (= အလင်းရောင်)သည် တည်ရှိနေသည်သာလျှင်ကတည်း။ တစ်နေ့ပတ်လုံးသော်လည်း ထိုင်နေ၍ ကြည့်ရှုနေသော ဒိဗ္ဗစက္ခုအဘိညာဏ်ရ ပုဂ္ဂိုလ်အား ရူပါရုံ အမျိုးမျိုးကို မြင်ခြင်းသည် ဖြစ်ပေါ်နေသည်သာလျှင်ကတည်း။ (ဝိသုဒ္ဓိ၊၂၊၅၈။)

ဧဝံ အနုက္ကမေနာတိ ပုနပ္ပုနံ ပါဒကဇ္ဈာနံ သမာပဇ္ဇိတွာ တတော တတော ဝုဋ္ဌာယ အဘိဏှံ အာလောကဿ ဖရဏဝသေန အာလောကော ထာမဂတော ဟောတိ စိရဋ္ဌာယီ။ တထာ စ သတိ တတ္ထ သုစိရမ္ပိ ရူပဂတံ ပဿတေဝ။ တေန ဝုတ္တံ ဧတ္ထ အာလောကော။ ပ ။ ဟောတီတိ။ (မဟာဋီ၊၂၊၆၂။)

ဤသို့သောနည်းဖြင့် အစဉ်အတိုင်းကျင့်ခဲ့သော်ဟူသည် ဤသို့တည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် အဘိညာဏ်ဉာဏ်၏ အခြေခံအကြောင်းရင်း ဖြစ်သော ပါဒကစျာန်ကို အဖန်ဖန် အထပ်ထပ် ဝင်စား၍ [ပထဝီမှသည် ဩဒါတကသိုဏ်းသို့တိုင်အောင်သော ကသိုဏ်း (၈)ပါးတို့တွင် ကသိုဏ်း တစ်ပါးတစ်ပါး၌ သမာပတ် (၈)ပါးစီပေါက်အောင် တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် အဖန်ဖန် အထပ်ထပ် စျာန်ကိုဝင်စား၍ တစ်ဖန် အထူး သဖြင့် အာလောကကသိုဏ်းလျှင်အာရုံရှိသော စတုတ္ထစျာန်ကို အဖန်ဖန် အထပ်ထပ်ဝင်စား၍] အဘိညာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ထိုထို ပါဒကစျာန်မှ ထ၍ အမြဲမပြတ် အာလောက (= အလင်းရောင်)ကို ပြန့်အောင် ဖြန့်ကြက်သည်၏ အစွမ်းဖြင့် အာလောက (= အလင်းရောင်)သည် စွမ်းအင် ပြည့်ဝလာ၏၊ မြဲမြံ ခိုင်ခံ့လာ၏၊ မြင့်ရှည်စွာ တည်တံ့လာ၏။ ယင်းသို့ တည်တံ့နေသော အလင်းရောင်ကို အာရုံယူကာ တစ်ဖန် စတုတ္ထစျာန်၏ ဥပစာရ သမာဓိသို့ ဆိုက်အောင် လျင်လျင်မြန်မြန် သမာဓိကို ထူထောင်ထားပါ။ ထိုအခါ အလင်းရောင်မှာ တည်တံ့ရုံတွင်မက ပိုမို၍ တောက်ပလာမည်ဖြစ် သည်။ ထိုကဲ့သို့ ဖြစ်သော်တမူကား ထိုအာလောက (= အလင်းရောင်) ပျံ့နှံ့ရာအရပ်၌ တည်ရှိနေသော ရူပါရုံကို ကြာမြင့်စွာသော်လည်း ယောဂါဝစရ ပုဂ္ဂိုလ်သည် တွေ့မြင်နေရသည်သာလျှင် ဖြစ်၏။ ထို့ကြောင့် အထက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၂၊၆၂။)

အာလောက (= အရောင်အလင်း)ကား အဘိညာဏ်ဉာဏ်၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မာလောကတည်း။

တစ်ဖန် အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မာလောကလည်း ရှိသေး၏။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၃၀၈။) အနုလောမဉာဏကထာတွင် အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော မဂ္ဂဝီထိ၌ အကျုံးဝင်သော ပရိကံ-ဥပစာ-အနုလုံ အမည်ရသော ကာမာဝစရဇော သုံးမျိုးကိုလည်း အရိယမဂ်ဉာဏ်၏ ပရိကံအရာ၌ တည်သောကြောင့်, အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာအောင် ပြုပြင် ပေးတတ်သောကြောင့် ပရိကမ္မ = ပရိကံဟူ၍လည်း ခေါ်ဆိုသင့်ကြောင်း ဖွင့်ဆိုထား၏။ ယင်း ပရိကံ အမည်ရသော ဝိပဿနာဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များသည် ဖြစ်ပေါ်လာကြသည်သာ ဖြစ်၏။ အကြောင်းမူ အဓိစိတ္တ အမည်ရသော လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်သည် လင်းရောင်ခြည်ကို ဖြစ်စေနိုင်သော စွမ်းအား ရှိသောကြောင့်တည်း။ အဋ္ဌကထာကြီးများက အဓိစိတ္တသုတ္တန်ဟူ၍ ခေါ်ဝေါ် သုံးစွဲထားသော အောက်ပါ နိမိတ္တသုတ္တန်ကောက်နုတ်ချက်ကို ဖတ်ရှုကြည့်ပါ။

နိမိတ္တသုတ္တန် ကောက်နုတ်ချက်

ယတော စ ခေါ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ကာလေန ကာလံ သမာဓိနိမိတ္တံ မနသိကရောတိ၊ ကာလေန ကာလံ ပဂ္ဂဟနိမိတ္တံ မနသိကရောတိ၊ ကာလေန ကာလံ ဥပေက္ခာနိမိတ္တံ မနသိကရောတိ။ တံ ဟောတိ စိတ္တံ မုဒဉ္စ္စ ကမ္မနိယဉ္စပဘဿရဉ္စ္စ၊ န စ ပဘင်္ဂု။ သမ္မာသမာဓိယတိ အာသဝါနံ ခယာယ။ (အံ၊၁၊၂၅၈။)

အဓိစိတ္တန္တိ သမထဝိပဿနာစိတ္တံ။ (အံ၊ဋ္ဌ၊၂၊၂၂၇။)

ဧကာဒသမေပိ အဓိစိတ္တံ သမထဝိပဿနာစိတ္တမေဝ။ (အံ၊ဋ္ဌ၊၂၊၂၂၈၊၊)

ပဘဿရန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ။ (အံ၊ဋ္ဌ၊၁၊၄၅။)

ပရိသုဒ္ဓေတိအာဒီသု ပန ဥပေက္ခာသတိပါရိသုဒ္ဓိဘာဝေန ပရိသုဒ္ဓေ။ ပရိသုဒ္ဓတ္တာယေဝ ပရိယောဒါတေ၊ ပဘဿရေတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၅။)

ပဘဿရန္တိ ပရိယောဒါတံ သဘာဝပရိသုဒ္ဓဋ္ဌေန။ (အံ၊ဋီ၊၁၊၉၉။)

ရဟန်းတို့ ...အကြင်အခါ၌ကား အဓိစိတ္တ အမည်ရသော လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို ပွားများအားထုတ် သော ယောဂါဝစရရဟန်းသည် ရံဖန်ရံခါ သမာဓိဖြစ်ကြောင်းနိမိတ်ကို = သမာဓိဖြစ်ကြောင်းတရားကို နှလုံးသွင်း၏။ ရံဖန်ရံခါ ဝီရိယဖြစ်ကြောင်း နိမိတ်ကို = ဝီရိယဖြစ်ကြောင်းတရားကို နှလုံးသွင်း၏။ ရံဖန်ရံခါ ဥပေက္ခာ ဖြစ်ကြောင်း နိမိတ်ကို = ဥပေက္ခာဖြစ်ကြောင်းတရားကို နှလုံးသွင်း၏။ ထိုသို့ နှလုံးသွင်းသော ထိုရဟန်း၏စိတ်သည် ပျော့ပျောင်းနူးညံ့မှုလည်း ဖြစ်လာ၏။ ထိုထို သမထဘာဝနာမှု ဝိပဿနာဘာဝနာမှု၌ သင့်လျော်မှု ခံ့ညားမှုလည်း ဖြစ်လာ၏။ အရောင် ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်ခြင်းသည်လည်း ဖြစ်လာ၏။ ပျက်စီးခြင်းသဘောလည်း မရှိ၊ အာသဝေါတရားတို့ကုန်ရန် ကောင်းစွာ တည်ကြည်နေပေ၏။ (အံ၊၁၊၂၅၈။)

အဋ္ဌကထာကြီးများ၌ ပရိသုဒ္ဓ-ပရိယောဒါတ-ပဘဿရ ဟူသော စကားလုံးများကို လှည့်လည်၍ ပရိယာယ်တူ အဓိပ္ပါယ်တူ ဖွင့်ဆိုထားတော်မူ ကြ၏။ ပြည်ဆရာတော်ဘုရားကြီးကလည်း မိမိ၏ ဝိသုဒ္ဓိမဂ်နိဿယ တတိယတွဲ စာမျက်နှာ (၁၂)တွင် ပဘဿရေ = ပြိုးပြိုးပြက် အရောင်ရှိလတ်သော် ဟု ပဘဿရ စကားလုံးကို ဘာသာပြန်ဆိုထားတော်မူ၏။

ဤကား အဆင့်မြင့်မားနေသော သမထဘာဝနာစိတ်နှင့် ဝိပဿနာ ဘာဝနာစိတ်တို့ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းများ ထွက်ပေါ်လာနိုင်ကြောင်း ပါဠိတော် အဋ္ဌကထာ ဋီကာ အဆိုအမိန့်တို့ ဖြစ်ကြ၏။ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝ = ဤအရောင်အားလုံးသည် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင် အလင်းသာ ဖြစ်၏။ (အံ၊ဋီ၊၃၊၁၇၈။) ဟူသော ဋီကာအဖွင့်နှင့်အညီ အားလုံး ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်ရောင်များသာ ဖြစ်ကြ၏။

ဉာဏ်ရောင်ဟူသည်မှာ

ဉာဏ်အရောင်အလင်းဟူသည်မှာ မည်ကဲ့သို့သော အရာပါနည်းဟု ဆန်းစစ်ရန် ရှိလာပြန်၏။ ဤမေးခွန်း၏ အဖြေကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ ဒုတိယတွဲ ဥဒယဗ္ဗယဉာဏ်ခန်း ဥပက္ကိလေသာအပိုင်းတွင် ရှင်းပြထား၏။ ထို ရှင်းလင်းချက်များမှာ ဥဒယဗ္ဗယဉာဏ်ကြောင့် ထွက်ပေါ်လာသော အရောင်အလင်းကို ရှင်းလင်းတင်ပြထားသော စကားရပ်များ ဖြစ်ကြ၏။ ယင်း စကားရပ်များကို ဋီကာဆရာတော်သည် လက္ခဏာဟာရနေတ္တိနည်းအားဖြင့် ဖွင့်ဆို ရေးသားသွားတော်မူသည်ဟု မှတ်ပါ။ ဉာဏ်ကြောင့် ဖြစ်ပေါ်သွား သော အရောင်အလင်းချင်း တူညီ၍ ဥပက္ကိလေသာလောက၌ ထိနမိဒ္ဓဝိနောဒနအာလောက ကသိဏာလောက ပရိကမ္မာလောကတို့ကို စုပေါင်း၍ လက္ခဏာဟာရနေတ္တိနည်းအရ ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ ယင်းအရောင် အလင်း လေးမျိုးလုံးသည် ဉာဏ်ကြောင့်သာ ဖြစ်ပေါ်လာသော အရောင် အလင်းများ ဖြစ်သောကြောင့်တည်း။ အဆင့်မြင့်မားနေသော သမထဘာဝနာ စိတ်နှင့် ဝိပဿနာဘာဝနာစိတ် အားလုံးတို့ကြောင့် ပဘဿရ = ပြိုးပြိုး ပြက်ပြက် တလက်လက်တောက်ပသော လင်းရောင်ခြည်များ ထွက်ပေါ်လာ ကြောင်း ဘုရားဟောဒေသနာကိုလည်း သတိပြုပါ။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၏ ရှင်းလင်းချက်မှာ ဤသို့ဖြစ်၏။

ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တေဿဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ၊ ပဿန္တော စ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ။ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညာဏဝိညေယျမေဝါတိ ဝုတ္တံ (ယုတ္တံ) ဝိယ ဒိဿတီတိ။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)

ဝိပဿနောဘာသ = ဝိပဿနာဉာဏ်အရောင်အလင်းဟူသည် ---

၁။ ဝိပဿနာစိတ်ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင် တည်ရှိသော, အလွန်တောက်ပသော ဝဏ္ဏဓာတ် (= ရူပါရုံ) ၏ အရောင်အလင်းနှင့် ---

၂။ မိမိသန္တာန်၌ ကျရောက်လျက်ရှိသော (ယင်း စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော တေဇောဓာတ်) ဥတုကြောင့်ဖြစ်သော ဥတုဇဩဇဋ္ဌမက ရုပ်တို့တွင် ပါဝင်သော, အလွန်တောက်ပသော ဝဏ္ဏဓာတ် (= ရူပါရုံ) ၏ အရောင်အလင်းတည်း။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)

ရှင်းလင်းချက် --- နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ် ကို မှီ၍ဖြစ်နေသော စိတ်တိုင်း စိတ်တိုင်းသည် မိမိ၏ဖြစ်ဆဲ ဥပါဒ်ကာလ၌ ပင်လျှင် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကရုပ်တို့ကို တစ်နည်း ရုပ်ကလာပ်တို့ကို ဖြစ်စေနိုင်၏။ စိတ်တစ်လုံး တစ်လုံးသည် စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏။ ဟဒယဝတ္ထုကို မှီ၍ဖြစ်နေသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းသည် ဖြစ်ဆဲ ဥပါဒ်ကာလ၌ပင်လျှင် ယင်း စိတ္တဇရုပ်များကို ဖြစ်စေနိုင်သည်ချည်းသာ ဖြစ်၏။ ယင်း စိတ္တဇရုပ်ကလာပ် တစ်ခုတစ်ခုကို ဓာတ်ခွဲကြည့်ပါက ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟု ရုပ်သဘောတရား ရှစ်မျိုးစီ အသီးအသီးရှိ၏။ စိတ်ကြောင့် ဖြစ်သောကြောင့် စိတ္တဇ၊ ဩဇာလျှင် ရှစ်ခုမြောက်ရှိသောကြောင့် ဩဇဋ္ဌမက၊ နှစ်ရပ်ပေါင်းသော် စိတ္တဇဩဇဋ္ဌမကရုပ်ဟု ခေါ်ဆို၏။ ယင်းရုပ် ရှစ်မျိုးတို့တွင် ပါဝင်သော ဝဏ္ဏဓာတ်ဟုခေါ်ဆိုသော ရူပါရုံမှာ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်ကြောင့် ဖြစ်သော ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရူပါရုံဖြစ်ခဲ့လျှင် ဘာသုရရူပ (= အလွန်တောက်ပသော ရူပါရုံ) ဖြစ်၏။

(မှတ်ချက် --- ပဋိသန္ဓေစိတ်က ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့် မှာလည်း တူညီလျက် ရှိ၏။ စုတိစိတ်တို့တွင် ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ်တော်မှာ ရုပ်ကိုမဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက် ပင်ရှိ၏။ ကျန်စုတိစိတ်များက စိတ္တဇရုပ်ကို ဖြစ်စေနိုင် မဖြစ်နိုင်ဟူသော အချက်နှင့် ပတ်သက်၍ကား ကျမ်းဂန်များ၌ အချီအချ စကားများလျက် ရှိ၏။)

ယင်းဘာသုရရူပ (= တောက်ပသော ရူပါရုံ)မှာ စိတ္တဇရုပ်ကလာပ်တိုင်း တွင် ပါဝင်သဖြင့် စိတ္တဇရုပ်ကလာပ် အရေအတွက် များလျှင်များသလို တောက်ပသော ရူပါရုံ အရေအတွက်မှာလည်း များသည်သာ ဖြစ်၏။ ယင်း ရူပါရုံတို့၏ တောက်ပမှုမှာလည်း ဉာဏ်၏အာနုဘော်အားလျော်စွာသာလျှင် တောက်ပ၏။ ဉာဏ်၏အာနုဘော်က ကြီးမားလျှင်ကြီးမားသလို တောက်ပ၍ ဉာဏ်၏အာနုဘော်က သေးလျှင်သေးသလို လျော့၍ တောက်ပ၏။ သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ ထိုထိုသမထအာရုံ ဝိပဿနာအာရုံ တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော (သမထဘာဝနာစိတ်) ဝိပဿနာ ဘာဝနာစိတ်တို့နှင့် အတူယှဉ်တွဲဖြစ်ကြသော နာမ်တရားစုတို့မှာ ယေဘုယျအား ဖြင့် (၃၄)လုံးခန့် ရှိ၏။

၁။ ပထမစျာန်၌ စျာန်နာမ်တရား (၃၄)
၂။ ဒုတိယစျာန်၌ စျာန်နာမ်တရား (၃၂)
၃။ တတိယစျာန်၌ စျာန်နာမ်တရား (၃၁)
၄။ စတုတ္ထစျာန်၌ စျာန်နာမ်တရား (၃၁)
၅။ ကရုဏာစျာန်၌ ကရုဏာထပ်တိုးသဖြင့် စျာန်နာမ်တရား (၃၅^၃၃^ ၃၂)
၆။ မုဒိတာစျာန်၌ မုဒိတာထပ်တိုးသဖြင့် စျာန်နာမ်တရား (၃၅^၃၃^၃၂)
၇။ ဝိပဿနာစိတ်တို့၌ ဉာဏ်-ပီတိ ယှဉ်-မယှဉ်သို့လိုက်၍ နာမ်တရား (၃၄^၃၃^၃၃^၃၂) အသီးအသီး ရှိ၏။

ယင်းနာမ်တရားစုတို့တွင် (ယေဘုယျအားဖြင့်) ပညိန္ဒြေစေတသိက်ဟု ခေါ်ဆိုသော ဉာဏ် (= ပညာ)လည်းပါဝင်၏။ ယင်းဉာဏ်၏ အာနုဘော်က ကြီးမားလျှင် ကြီးမားသလို ဉာဏ်၏ အာနုဘော်က သေးလျှင် သေးသလို ရူပါရုံမှာ တောက်ပသည် ဟူလိုသည်။

တစ်ဖန် ယင်း စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ် လည်း ပါဝင်လျက် ရှိ၏။ ဥတုဟု ခေါ်ဆို၏။ ယင်းတေဇောဓာတ် (= ဥတု)က လည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်စေပြန်၏။ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့က အာနုဘော်ကြီးလျှင် ကြီးသလို စိတ္တဇရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော တစ်ခုသော တေဇောဓာတ် (= ဥတု)သည် မိမိ၏ ဌီကာလသို့ ရောက်ရှိခိုက်၌ ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏။ ယင်း ဥတုဇဩဇဋ္ဌမကရုပ် ကလာပ်တိုင်းတွင်ပါဝင်သော ဝဏ္ဏခေါ် ရူပါရုံကလည်း ဘာသုရရူပ (= အလွန် တောက်ပသော ရူပါရုံ) ပင် ဖြစ်၏။ ယင်းရူပါရုံ၏ တောက်ပမှုမှာလည်း ဉာဏ်၏ အာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလိုပင် တောက်ပ ၏။ ယင်းဥတုဇရုပ်တို့ကို သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိ အစဉ်၌ ကျရောက်လျက်ရှိသော ဥတုဇရုပ်များ ဥတုသမုဋ္ဌာန်ရုပ်များဟု မဟာဋီကာဆရာတော်က ခေါ်ဝေါ်သုံးစွဲထားပေသည်။

[မှတ်ချက် ---- သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိ အစဉ်၌ ကျရောက်လျက်ရှိသော ဥတုသမုဋ္ဌာန်ရုပ်ဟု ဆိုသဖြင့် မိမိ၏ ရုပ်သန္တတိအစဉ်၌ပင် ကျရောက်ဖြစ်ပွားလျက်ရှိသော ကမ္မဇရုပ်ကလာပ် တို့တွင် တည်ရှိသော ကမ္မဇတေဇောဓာတ်, အာဟာရဇရုပ်ကလာပ်တို့တွင် တည်ရှိသော အာဟာရဇတေဇောဓာတ်ဟူသော တေဇောဓာတ် (= ဥတု) တို့ကြောင့်ဖြစ်သော ဥတုဇရုပ်များလည်း ပါဝင်နိုင်သည်ဟုကား မယူဆ ပါနှင့်၊ (သမထဘာဝနာစိတ်)ဝိပဿနာဘာဝနာစိတ်တို့နှင့်ဆိုင်သော ဥတု သမုဋ္ဌာန်ရုပ်တို့ကိုသာ ပြဆိုရာအပိုင်းဖြစ်သောကြောင့် စိတ္တဇတေဇော ဓာတ် ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ်တို့ကိုသာ ဤ၌ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။ ယင်းသို့ဖြစ်လျှင် ကမ္မဇရုပ်ကလာပ်တို့၌ ပါဝင်သော ရူပါရုံ, ကမ္မဇတေဇောဓာတ်ကြောင့်ဖြစ်သော ဥတုဇရုပ်တို့တွင်ပါဝင်သော ရူပါရုံတို့သည်လည်း မတောက်ပတော့ပြီလောဟု မေးရန် ရှိလာပြန်၏။ ဤအပိုင်းကား အတိတ်ကံနှင့်သာ သက်ဆိုင်၏။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် မသက်ဆိုင်ပေ။ ပဘာဝတီ၏ သန္တာန်၌ အတိတ်ကံ၏ စွမ်းအင်သတ္တိကြောင့် ကိုယ်ရောင်ကိုယ်ဝါများ ထွန်းလင်း တောက်ပသကဲ့သို့ မှတ်ပါ။ သို့သော် ခန္ဓာအိမ်တစ်ခု အတွင်းဝယ် ဆန်မှုန့် နှင့် နနွင်းမှုန့်ကို သမအောင် ရောနှောထားသကဲ့သို့ ရုပ်ကလာပ်တစ်ခုနှင့် ရုပ်ကလာပ်တစ်ခုတို့ အလွန် ပွတ်ချုပ်ထိခိုက်ကာ ေ့ရှနှင့်နောက် ဆက်စပ် လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်နေရာဝယ် အိမ်တစ်အိမ်ကို ပြင်းထန် စွာ မီးစွဲလောင်ပါက ပွတ်ချုပ်ထိခိုက်လျက် နီးကပ်စွာ တည်နေသော အခြားတစ်အိမ်သို့လည်း ကူးစက်၍ လောင်တတ်သကဲ့သို့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့၏ ရူပါရုံ, ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၏ ရူပါရုံအရောင်တို့က အလွန် တောက်ပလာသော် အခြားသော ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇ ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်တို့မှာလည်း ရောနှော၍ တောက်ပနေသည် သာ ဖြစ်သည်။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ခန္ဓာကိုယ်၏ အတွင်းအပြင် ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာ၌ အရောင်အလင်းများကို တွေ့ရှိနေခြင်း ဖြစ်သည်။ ယင်း လင်းရောင်ခြည်ကို ပရမတ်သို့ ဆိုက်အောင် ဓာတ်မခွဲနိုင်မီ ထိုကဲ့သို့ တွေ့ရှိရခြင်းသာ ဖြစ်၏။ ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ ယင်းလင်းရောင်ခြည်ဟူသည် မှာလည်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်, ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိကြသော ရူပါရုံတို့၏ အပေါင်းအစုသာ ဖြစ်သည်ကို သိမ်းဆည်းနိုင်မည် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် သဘောကျနိုင်မည် ဖြစ်ပေသည်။ ဤသို့ အခြားသော စတုဇရုပ်တို့၏ ရူပါရုံအရောင် ဟူသည် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဘဝင်စိတ်စသည့် ထိုထိုစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ကလာပ်နှင့် ကမ္မဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်တို့၌ တည်ရှိသော ရူပါရုံ, ယင်းရုပ်ကလာပ်တို့၌ပင် တည်ရှိသော တေဇောဓာတ် (= ဥတု)ကြောင့် ဖြစ်သော ဥတုဇရုပ်တို့၏ ရူပါရုံ -- ဤစတုဇရုပ်တို့၏ ရူပါရုံအရောင်ကို ဆိုလိုသည်။]

တစ်ဖန် ထို (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်, ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ယင်းရုပ်ကလာပ် တို့၏ တေဇောဓာတ်ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ် ဤရုပ် နှစ်မျိုးတို့ တွင် စိတ္တသမုဋ္ဌာန်-ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ) အရောင်အလင်းသည် ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယကိုယ် အတွင်း၌သာလျှင် ပျံ့နှံ့၍ တည်၏။ (ဗဟိဒ္ဓသို့ ပျံ့နှံ့၍ မထွက်။) ဥတုသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ) အရောင်အလင်းသည်ကား ခန္ဓာကိုယ်၏ အတွင်း၌သာမက ခန္ဓာကိုယ်၏ ပြင်ပဖြစ်သည့် ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာသို့တိုင်အောင် သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ အာနုဘော်ကကြီးလျှင် ကြီးသည့်အားလျော်စွာ အဝေးသို့တိုင်အောင် ပျံ့နှံ့၏။ ဉာဏ်၏အာနုဘော်က သေးလျှင်လည်း သေးသည့်အားလျော်စွာ ဝန်းကျင် ပတ်ချာ အရပ် (၁၀)မျက်နှာ၌ ပျံ့နှံ့၏။ ထို အရောင်အလင်းသည်ကား ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် ထင်ရှား၏။ (ဘေးပတ်ဝန်းကျင် ၌ တည်ရှိကြသော လူအပေါင်းတို့အ ဖို့ မထင်ရှား ဟူလိုသည်။) ဘေးပတ်ဝန်း ကျင်သို့ ပျံ့နှံ့၍ တည်နေသော ထိုအရောင်အလင်းနှင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ရူပါရုံ အမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင် နေပေ၏။ ထိုသို့ တွေ့မြင်ရာဝယ် စက္ခုဝိညာဏ်ဖြင့်ပင် တွေ့မြင်လေသလော သို့မဟုတ် မနောဝိညာဏ်ဖြင့်ပင် တွေ့မြင်လေသလောဟူသော အချက်ကို စူးစမ်း ဆင်ခြင်သင့်သည်ဟု ဆရာမြတ်တို့က မိန့်ဆိုတော်မူကြကုန်၏။ (မိမိ မဟာဋီကာဆရာ၏ အယူအဆမှာမူ) ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကို ရရှိ တော်မူကြကုန်သော သူတော်ကောင်းတို့သည် ထိုရူပါရုံကို ဒိဗ္ဗစက္ခုအဘိညာဏ်ဟူသော မနောဝိညာဏ်စိတ်ဖြင့် တွေ့မြင်သကဲ့သို့ အလားတူပင် ဤအရာ၌လည်း ထိုရူပါရုံ အပေါင်းကို (သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်ဟူသော) မနောဝိညာဏ်ဖြင့်သာလျှင် သိမြင်ကြ၏ဟူသော စကားသည်သာလျှင် သင့်မြတ်သကဲ့သို့ ထင်ပေသည်။ (မဟာဋီ၊၂၊၄၂၈-၄၂၉၊၊)

ပါရမီ၏စွမ်းအင်နှင့် သမာဓိစွမ်းအင်

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးတို့ကဲ့သို့ ပညာဉာဏ် ကြီးမား ခြင်းအကြောင်း ပါရမီတရားကောင်းတို့ကို ဖြည့်ကျင့် ဆည်းပူးထားပြီးသော သူတော်ကောင်းကြီးတို့၏ ပညာဉာဏ်၏ အာနုဘော်မှာလည်း ကြီးမား တတ်၏။ ပါရမီအရှိန်အဝါက အထက်တန်းကျလျှင် ဉာဏ်၏အာနုဘော်မှာ ပိုမို ကြီးမားတတ်၏။ ပါရမီအရှိန်အဝါက သေးသိမ်မှေးမှိန်လျှင် ဉာဏ်၏အာနု ဘော်မှာလည်း သေးသိမ်မှေးမှိန်တတ်၏။ ဉာဏ်အာနုဘော်ကြီးမားမှု မကြီး မားမှု၏ အနီးကပ်ဆုံးသော အခြားအကြောင်းတစ်ရပ်မှာ သမာဓိပင် ဖြစ်၏။

သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ။ (အံ၊၃၊၂၅၉။)

တည်ကြည်သောသမာဓိရှိသောပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ သိ၏၊ မြင်၏။ (အံ၊၃၊၂၅၉။) ဤသို့ ဘုရားရှင် ဟောကြားထားတော်မူ သောကြောင့် သမာဓိသည်လည်း ဉာဏ်ပညာ ကြီးမားမှု မကြီးမားမှု၏ အနီးကပ်ဆုံးသော အကြောင်းတစ်ရပ်ပင် ဖြစ်သည်။ သမာဓိ၏ စွမ်းအားရှိန်စော် အာနုဘော်က ကြီးမားပါက ဉာဏ်၏ အာနုဘော်မှာလည်း ကြီးမားတတ်၍ သမာဓိ၏ စွမ်းအားရှိန်စော် အာနုဘော်က ပျော့ညံ့နေပါက ဉာဏ်၏ အာနုဘော်မှာလည်း ပျော့ညံ့နေတတ်၏။ ထိုကြောင့် ဉာဏ်၏ အရောင်အလင်းကို များများတောက်ပလိုပါက ဉာဏ်ကြောင့် အရောင်အလင်းများသည် ပြိုးပြိုး ပြက်ပြက် တလက်လက်တောက်ပသည်ကို အလိုရှိပါက သမာဓိကိုလည်း အလွန်နက်ရှိုင်း၍ အလွန့်အလွန် စွမ်းအားရှိန်စော် အာနုဘော်နှင့် ပြည့်စုံ လာအောင် များများထူထောင်ပေးပါ။

ဖလူပစာရစကားဟု မှတ်ပါ

ဤအထက်ပါ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက်များနှင့်အညီ ဉာဏာလောက = ဉာဏ်အရောင်အလင်းဟူသော စကားမှာ အကျိုး၏အမည် ကို အကြောင်း၌ တင်စား၍ ခေါ်ဝေါ်သုံးစွဲထားသော ဖလူပစာရစကား ဖြစ် သည်။ ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော (သမထဘာဝနာစိတ်) ဝိပဿနာ ဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဖြစ်သော စိတ္တဇရုပ် ဥတုဇ ရုပ်တို့၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ)၏ အာလောက (= ဩဘာသ = အရောင်အလင်း)ဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ (သမထဉာဏ်ရောင်) ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဝေါ်သုံးစွဲ ထားသော ဖလူပစာရစကားဟု မှတ်သားပါလေ။ ဤရှင်းလင်းချက်အရ ဉာဏ်၌ အရောင်အလင်း မရှိ၊ ဉာဏ်ကြောင့် ဖြစ်သော ရုပ်တရားတို့၌သာ အရောင်အလင်း ရှိသည်ဟု အတိုချုပ် မှတ်သားပါလေ။

မဟာဋီကာအဖွင့်

ဩဘာသော ဓမ္မောတိ ကာရဏူပစာရေနာဟ။ ဤဒိသံ ဩဘာသံ ဝိဿဇ္ဇေန္တော မမ အရိယမဂ္ဂေါတိ အတ္ထော။ (မဟာဋီ၊၂၊၄၂၇။)

ဤအထက်ပါ မဟာဋီကာအဖွင့်အရ ပြောဆိုရမူ ---- ဤ၌ ဖလူပစာရ စကား မဟုတ်ဘဲ ကာရဏူပစာရစကားဟု မှတ်ပါ။ အကျိုးဖြစ်သော ရုပ်တရားတို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ ဉာဏာလောက (= ဉာဏ်အရောင်အလင်း)ဟု ခေါ်ဝေါ်သုံးစွဲထားပေသည်ဟု မှတ်ပါ။

မုချနှင့် ဥပစာ

သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်း ရှိမှုကို သို့မဟုတ် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းရှိမှုကို အချို့သော ဆရာမြတ်တို့ကား လက်မခံလိုကြပေ။ မလွှဲမရှောင်သာသဖြင့် ဥဒယဗ္ဗယဉာဏ်၌ အရောင် အလင်းရှိသည်ကိုကား သို့မဟုတ် ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း ရှိသည်ကိုကား လက်ခံလိုကြ၏။ ထိုသို့ လက်ခံနိုင်သော် လည်း သမထဘာဝနာစိတ်နှင့် ကြွင်းသော ဝိပဿနာစိတ်တို့၌ အရောင် အလင်းရှိမှုကိုကား ငြင်းပယ်တော်မူကြပြန်၏။ ထိုဆရာမြတ်တို့၏ အကြောင်း ပြချက်မှာ ဤသို့ ဖြစ်၏။

ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ နတ္ထိ။ နီလာဒီနဥှိ အညတရဝဏ္ဏံ ဝါ ဟောတု အဝဏ္ဏံ ဝါ (သုဝဏ္ဏံ ဝါ) ယံ ကိဉ္စိ ပရိသုဒ္ဓတာယ ပဘဿရန္တိ ဝုစ္စတိ။ (အံ၊ဋ္ဌ၊၁၊၄၅။)

ပဘဿရတာဒယော နာမ ဝဏ္ဏဓာတုယံ လဗ္ဘနကဝိသေသာတိ အာဟ ကိံပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ။ ဣတရော အရူပတာယ နတ္ထီတိ ပဋိက္ခိပိတွာ ပရိယာယကထာ အယံ တာဒိသဿ စိတ္တဿ ပရိသုဒ္ဓဘာဝနာဒီပနာယာတိ ဒေဿန္တော နီလာဒီနန္တိအာဒိမာဟ။ တထာ ဟိ သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေတိ ဝုတ္တံ။ (အံ၊ဋီ၊၁၊၉၉-၁၀၀။)

စိတ်ဝယ် ဝဏ္ဏ (= အရောင်) မည်သည် ရှိပါသလောဟု မေးခဲ့သော် မရှိပါဟုပင် ဖြေဆိုလေရာ၏။ မှန်ပေသည် --- အညိုစသော အရောင်တို့တွင် တစ်မျိုးမျိုးသော အရောင်သည်မူလည်း ဖြစ်ချင်ဖြစ်ပါစေ, မထင်ရှားသော အရောင်မူလည်းဖြစ်ချင်ဖြစ်ပါစေ, သို့မဟုတ် ရွှေရောင်မူလည်း ဖြစ်ချင်ဖြစ် ပါစေ။ မည်သည့်အရောင်မဆို စင်ကြယ်နေသည့်အတွက်ကြောင့် ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပလျက်ဟုပင် ဆိုရ၏။ (အံ၊ဋ္ဌ၊၁၊၄၅၊၊)

ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပမှု ပဘဿရ စသည်တို့မည် သည် ဝဏ္ဏဓာတ် (= ရူပါရုံ)၌ ရသင့်ရထိုက်သော ဂုဏ်ထူးဝိသေသတို့ ဖြစ်သောကြောင့် စိတ်ဝယ် ဝဏ္ဏ (= အရောင်) မည်သည် ရှိပါသလော ဟူသော မေးခွန်းကို အဋ္ဌကထာက တင်ပြထားခြင်း ဖြစ်၏။ စိတ်ကား နာမ်တရားဖြစ်ခြင်းကြောင့် နတ္ထိ = မရှိပါဟု ပယ်မြစ်ပြီး၍ ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ ဟူသော ဤဒေသနာတော်သည် ပရိယာယကထာ (= ပရိယာယ်အားဖြင့် တင်စား၍ ဟောကြားတော်မူအပ်သော ဒေသနာတော်) ဖြစ်၏။ ထိုကဲ့သို့သော ဘဝင်စိတ်, ဘဝင်စိတ်နှင့် အလားတူ ရှုအပ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် စသည်၏ စင်ကြယ်သော ဘာဝနာစိတ် ဖြစ်ကြောင်းကို ထင်ရှားစေခြင်းငှာ ဟောကြားတော်မူသော ပရိယာယကထာ ဒေသနာတော် ဖြစ်ကြောင်းကို ထင်ရှားပြလိုသည့်အတွက် --- သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေတိ ဝုတ္တံ။ (ဒီ၊၁၊၇၆-၇၇။ မ၊၁၊၃၁၄-၃၁၅၊၃၄၆-၃၄၇။ ဝိ၊၁၊၅။) = ထိုယောဂါဝစရ ရဟန်းတော်သည် ဤသို့လျှင် တည်ကြည်သော စတုတ္ထစျာန်သမာဓိနှင့် ယှဉ်သောစိတ်သည် ထက်ဝန်းကျင် ဖြူစင်လတ်သော်, ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလတ်သော် ဤသို့စသော တရားစကားတော်ကို ဘုရားရှင်သည် ဟောကြားတော်မူခဲ့၏။ (အံ၊ဋီ၊၁၊၉၉) ဘုရားရှင်သည် စတုတ္ထစျာန်သမာဓိကို ဂုဏ်တင်ကာ ချီးမွမ်းတော်မူရာ၌ ပရိသုဒ္ဓေ ပရိယောဒါတေ = ထက်ဝန်းကျင် ဖြူစင်လတ်သော်, ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလတ် သော် စသည်ဖြင့် ဂုဏ်တင်ကာ ချီးမွမ်း မြှောက်စားတော်မူလေ့ ရှိ၏။ ယင်း ကဲ့သို့သော ဒေသနာတော်တို့မှာ စတုတ္ထစျာန်စိတ်၌ ပြိုးပြိုးပြက်ပြက် တလက် လက်တောက်ပသော လင်းရောင်ခြည်ရှိ၍ မုချအားဖြင့် ဟောကြားထား တော်မူအပ်သော ဒေသနာတော်တို့ကား မဟုတ်ကြပေ။ ဖလူပစာရ သို့မဟုတ် ကာရဏူပစာရတည်းဟူသော အကြောင်းပရိယာယ် တစ်မျိုးအားဖြင့် ဟော ကြားထားတော်မူခြင်းသာဖြစ်သည် ဟူလို။

ထို့ကြောင့် ဤကျမ်းကလည်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့၌ အရောင်အလင်း ရှိသည်ဟူ၍ မဆိုလိုပါ။ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်, ထို စိတ္တဇတေဇော ဓာတ်ကြောင့် ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၌ တည်ရှိသော ရူပါရုံ၏ တောက်ပမှုသာဟု ဆိုပေသည်။ သို့သော် ထိုအရောင်အလင်းမှာ သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်သော ဉာဏ်၏ စွမ်းအင် အာနုဘော် အပေါ်၌ အခြေစိုက်၍ ဖြစ်ပေါ်လာခြင်းကြောင့် ဖလူပစာရ အားဖြင့် သို့မဟုတ် ကာရဏူပစာရအားဖြင့် ဉာဏ်ရောင်ဟူ၍သာ တင်စား၍ ခေါ်ဆိုခြင်းဖြစ်သည် ဟူပေ။

မနောဒွါရ = ဘဝင်မနောအကြည်ဓာတ်

ဤတွင် အလျဉ်းသင့်နေသဖြင့် မနောဒွါရ = ဘဝင်မနောအကြည် ဓာတ် အကြောင်းကိုလည်း တစ်ဆက်တည်း တင်ပြအပ်ပါသည်။ ဘုရားရှင် သည် အင်္ဂုတ္တိုရ်ပါဠိတော် အစ္ဆရာသင်္ဃာတဝဂ်တို့၌ ဘဝင်စိတ်ကို ဤသို့ ဟောကြားထားတော်မူ၏။ အဋ္ဌကထာ ဋီကာတို့ကလည်း ဖွင့်ဆိုထားတော်မူ ကြ၏။

ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊၉။)

ပဘဿရန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ။ စိတ္တန္တိ ဘဝင်္ဂစိတ္တံ။ (အံ၊ဋ္ဌ၊၁၊၄၅။)

ဤပါဠိတော် အဋ္ဌကထာအဖွင့်တို့နှင့် အညီ ဘဝင်စိတ်ကိုလည်း ဘုရားရှင်က ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်ရှိသော စိတ်ဟု ဟောကြားထားတော်မူ၏။

ဤဟောကြားချက်ကိုလည်း အထက်တွင်တင်ပြထားသော အဋ္ဌကထာ ဋီကာတို့က ဤ ဒေသနာတော်သည် ပရိယာယကထာ (= အကြောင်းပရိယာယ် တစ်မျိုးအားဖြင့် တင်စား၍ ဟောကြားထားတော် မူအပ်သော ဒေသနာတော်) ဖြစ်ကြောင်းကို ရှင်းပြထားတော်မူကြ၏။

အထက်တွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပမှု (= ပဘဿရ) စသည်တို့မည်သည် ဝဏ္ဏဓာတ် (= ရူပါရုံ)၌ ရသင့် ရထိုက်သော ဂုဏ်ထူးဝိသေသတို့ဖြစ်သောကြောင့်, ဘဝင်စိတ်ကလည်း နာမ် တရားမျှသာ ဖြစ်ခြင်းကြောင့် ယင်းဘဝင်စိတ်၌ကား အရောင်အလင်း မရှိပေ။ သို့သော် ယင်းဘဝင်စိတ်သည် အထက်က ရှင်းပြခဲ့သည့် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့ အရောင်အလင်းကို ဖြစ်စေနိုင်သော စွမ်း အားကား ရှိသည်သာ ဖြစ်သည်။ ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်နေသော ယင်း ဘဝင်စိတ်သည်လည်း စိတ္တဇရုပ်ကလာပ်တို့ကို ဖြစ်စေနိုင်သည်သာ ဖြစ်၏။ ယင်း ဘဝင်စိတ်တို့ကြောင့် ဖြစ်သွားကြသော စိတ္တဇရုပ်ကလာပ်တိုင်း၌လည်း ဝဏ္ဏဓာတ် (= ရူပါရုံ)သည် ပါဝင်လျက်ရှိ၏။ ယင်းဘဝင်စိတ်နှင့် ယှဉ်တွဲ လျက်ရှိသော ဉာဏ်က အာနုဘော်ကြီးလျှင် ကြီးသလို ယင်းဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘာသုရရူပ (= တောက်ပသည်သာ) ဖြစ်၏။ တစ်ဖန် ယင်း စိတ္တဇရုပ်ကလာပ်တိုင်း၌ တေဇောဓာတ်ပါဝင်လျက် ရှိ၏။ ယင်း တေဇောဓာတ် (= ဥတု)ကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ် ကို ဆင့်ကာဆင့်ကာ ဖြစ်စေပြန်၏။ ယင်း ဥတုဇရုပ်ကလာပ်တိုင်း၌လည်း ဝဏ္ဏဓာတ် (= ရူပါရုံ) ပါဝင်ပြန်၏။ ယင်း ဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘာသုရရူပ (=တောက်ပသော ရူပါရုံသာ) ဖြစ်၏။ ဘဝင်စိတ်နှင့်ယှဉ်နေသော ဉာဏ်အာနုဘော်က ကြီးလျှင်ကြီးသလို တောက်ပသည်သာ ဖြစ်၏။ ယင်း ဘဝင်စိတ်ကြောင့် ဖြစ်ကြသော စိတ္တဇရုပ်ကလာပ်တို့၏ ရူပါရုံနှင့် ထိုမှ ထပ်ဆင့် ဖြစ်ပွားလာကြကုန်သော ဥတုဇရုပ်ကလာပ်တို့၏ ရူပါရုံ ----- ဤနှစ်မျိုး ကုန်သော ရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်အဆင်း၏ တောက်ပမှုကို ရည်ရွယ်တော်မူကာ ဘုရားရှင်က ----- ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ = ရဟန်းတို့ ... ဤဘဝင်စိတ်သည် ပြိုးပြိုးပြက် တလက်လက်တောက်ပ၏ ဟု ဟောကြားတော်မူခြင်း ဖြစ်၏။

ဤရှင်းလင်းချက်များအရ .. ဘဝင်စိတ်၌ အရောင်အလင်း မရှိ၊ ဘဝင်စိတ်ကြောင့် ဖြစ်သော အကျိုးရုပ်တရားတို့၌သာ အရောင်အလင်း ရှိသည်ဟု မှတ်ပါ။ ဤ၌လည်း အကျိုးဖြစ်သော ရုပ်တရားတို့၏ အရောင် အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဘဝင်စိတ်အပေါ်၌ တင်စား ၍ အကြောင်းဖြစ်သော ဘဝင်စိတ်မှာ အရောင်ရှိသည်ဟု ပြောဆိုသော ဖလူပစာရစကား သို့မဟုတ် ကာရဏူပစာရစကားဟု မှတ်ပါ။ ယင်း ဘဝင်စိတ်ကို အခြေခံကာ ဖြစ်ပေါ်လာကြသည့် ယင်း ရူပါရုံတို့၏ အရောင်အလင်းမှာ ကြည်လင်တောက်ပမှုက များပြားနေသဖြင့် ဘဝင်မနောအကြည်ဓာတ်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပေသည်။


ဥပက္ကိလေသာလောက

အမေး --- သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ ပဘဿရ (= ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်း) ရှိရိုးမှန်လျှင် = ထိုစိတ်တို့က ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းကို ဖြစ်စေနိုင်ရိုးမှန်လျှင် အဘယ်ကြောင့် ဝိပဿနာဉာဏ် တို့တွင် ရင့်ကျက်လာသော ဥဒယဗ္ဗယဉာဏ်ပိုင်း၌သာလျှင် ဩဘာသ (=အရောင်အလင်း) ဖြစ်ပေါ်လာနိုင်ကြောင်းကို မိန့်ဆိုထားတော်မူပါသနည်း ဟု မေးရန် ရှိ၏။

အဖြေ --- အဖြေမှာ ဤသို့ ဖြစ်၏။

တသ္မိံ ဥပ္ပန္နေ ယောဂါဝစရော န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပေါ ဩဘာသော ဥပ္ပန္နပုဗ္ဗော၊ အဒ္ဓါ မဂ္ဂပ္ပတ္တောသ္မိ ဖလပ္ပတ္တောသ္မီတိ အမဂ္ဂမေဝ မဂ္ဂေါတိ၊ အဖလမေဝ စ ဖလန္တိ ဂဏှာတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)

ထိုဝိပဿနာ ဩဘာသသည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ယောဂါဝစရပုဂ္ဂိုလ်သည် ငါ့အား ဤအခါမှ ရှေး၌ ဤသို့သဘောရှိသော ဩဘာသ = အရောင်အလင်းသည် မဖြစ်ဖူးလေစွတကား၊ မချွတ်ဧကန် အရိယမဂ်သို့ ဆိုက်ရောက်သည် ငါဖြစ်လေပြီ၊ အရိယဖိုလ်သို့ ဆိုက်ရောက်သည် ငါဖြစ် လေပြီဟု အရိယမဂ် မဟုတ်သော ဩဘာသကိုပင်လျှင် အရိယမဂ်ဟူ၍, အရိယဖိုလ် မဟုတ်သော ဩဘာသကိုပင်လျှင် အရိယဖိုလ်ဟူ၍ စွဲယူ၏။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)

ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းသို့လည်း ရောက်ရှိလာသဖြင့် ဝိပဿနာဉာဏ်တို့ကလည်း ရင့်ကျက်လာသောအခါ ဩဘာသ = အရောင် အလင်း ဖြစ်ပေါ်လာရာဝယ် ငါ့အား ဤအခါမှ ရှေး၌ ဤသို့သဘောရှိသော ဩဘာသ = အရောင်အလင်းသည် မဖြစ်ဖူးလေစွတကားဟုသာ အဋ္ဌကထာ က ဖွင့်ဆိုသွား၏။ ရှေးယခင်က တစ်ခါမျှ အရောင်အလင်း မဖြစ်ဖူးသေး၊ ယခုအခါမှသာလျှင် စတင်၍ အသစ်စက်စက် ဖြစ်ပေါ်လာသည်ဟုကား မဆို ပါ။ ဤအချက်ကို အထူးသတိပြုပါ။ အောက်ပါအချက်ကိုလည်း ထောက်ရှု ကြည့်ပါ။

ယထာ စ ဩဘာသေ၊ ဧဝံ ဧတေသုပိ အညတရသ္မိံ ဥပ္ပန္နေ ယောဂါဝစရော န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပံ ဉာဏံ ဥပ္ပန္နပုဗ္ဗံ၊ ဧဝရူပါ ပီတိ၊ ပဿဒ္ဓိ၊ သုခံ၊ အဓိမောက္ခော၊ ပဂ္ဂဟော၊ ဥပဋ္ဌာနံ၊ ဥပေက္ခာ၊ နိကန္တိ ဥပ္ပန္နပုဗ္ဗာ၊ အဒ္ဓါ မဂ္ဂပ္ပတ္တောသ္မိ ဖလပ္ပတ္တောသ္မီတိ အမဂ္ဂမေဝ မဂ္ဂေါတိ အဖလမေဝ စ ဖလန္တိ ဂဏှာတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၃။)

ဩဘာသ = အရောင်အလင်းဖြစ်ရာ၌ကဲ့သို့ အလားတူပင် ထိုဉာဏ် စသည်တို့တွင်လည်း တစ်ပါးပါးသည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ယောဂါဝစရပုဂ္ဂိုလ်သည် စင်စစ် ငါ့အား ဤအခါမှ ရှေး၌ ဤသို့သဘောရှိသော ဉာဏ်သည် မဖြစ်ဖူးစွတကား၊ ဤသို့သဘောရှိသော ပီတိသည်၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ = ဝီရိယ၊ ဥပဋ္ဌာန = သတိ၊ ဥပေက္ခာ = ဝိပဿနုပေက္ခာ+အာဝဇ္ဇနုပေက္ခာ (ဝိပဿနုပေက္ခာ = တတြမဇ္ဈတ္တတာစေတသိက်) သည်၊ နိကန္တိသည် မဖြစ်ဖူးလေစွတကား၊ မချွတ်ဧကန် အရိယမဂ်သို့ ဆိုက်ရောက်သည် ငါဖြစ်လတ်ပြီ၊ အရိယဖိုလ်သို့ ဆိုက်ရောက်သည် ငါဖြစ် လတ်ပြီဟု အရိယမဂ် မဟုတ်သော ဉာဏ။ ပ ။ နိကန္တိကိုပင်လျှင် အရိယမဂ် ဟူ၍, အရိယဖိုလ် မဟုတ်သော ဉာဏ။ ပ ။ နိကန္တိကိုပင်လျှင် အရိယဖိုလ် ဟူ၍ စွဲယူ၏။ (ဝိသုဒ္ဓိ၊၂၊၂၇၃။)

ဤ၌လည်း ရှေးယခင်က ဤကဲ့သို့သော သဘောရှိသော ဝိပဿနာ ဉာဏ်၊ ဤကဲ့သို့သော သဘောရှိသော ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ = ဝီရိယ၊ ဥပဋ္ဌာန = သတိ၊ ဥပေက္ခာ၊ နိကန္တိသည် မဖြစ်ဖူးလေစွတကား ဟုသာ ဆိုသည်၊ သံသရာတစ်လျှောက်၌လည်းကောင်း, ဤဘဝ၌လည်း ကောင်း ဉာဏ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ဝီရိယ၊ သတိ၊ ဥပေက္ခာ၊ နိကန္တိတို့သည် တစ်ခါမျှ မဖြစ်ဖူးဟု ဆိုလိုသည်ကား မဟုတ်ပေ၊ ထက်မြက် စူးရှသော ဤကဲ့သို့သော ဝိပဿနာဉာဏ်မျိုး၊ ဤကဲ့သို့သော ပီတိမျိုး စသည် တို့သာ မဖြစ်ဖူးသေးဟု ဆိုလိုသည်။ ဤကဲ့သို့သောဉာဏ်မျိုး ဤကဲ့သို့သော ပီတိ စသည်တို့ မဖြစ်ဖူးသော်လည်း ဤဉာဏ်မျိုး ပီတိမျိုး စသည်တို့မှ အခြား တစ်ပါးသော ဉာဏ်မျိုး ပီတိမျိုး စသည်တို့ကား ဖြစ်ဖူးသည်သာ ဖြစ်၏။ အောက်ထစ်ဆုံးအားဖြင့် နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်အနုပိုင်းတို့ကား ဧကန်ဖြစ်ခဲ့ဖူးသည်သာ ဖြစ်၏။ တစ်ဖန် ဘဝတစ်လျှောက်လုံး၌ တစ်ကြိမ်တစ်ခါမျှသော်လည်း ပီတိ မဖြစ်ဖူး ဟူသည်ကား မရှိနိုင်။

အလားတူပင် ဤကဲ့သို့သော ဩဘာသ = အရောင်အလင်းမျိုးသာ မဖြစ်ဖူးသေးဟုသာ ဆိုသည်။ ဩဘာသ = အရောင်အလင်း တစ်ခါမျှ မဖြစ် ဖူးသေးဟု ဆိုလိုသည်ကား မဟုတ်ပေ။ အခြားအခြားသော အဆင့်မြင့်မား နေသော သမထဘာဝနာစိတ်နှင့် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ် လာသော ဩဘာသ = အရောင်အလင်းနှင့် ဤရင့်ကျက်လာသော ဥဒယဗ္ဗယ ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = အရောင်အလင်းသည် မတူ ထူးခြားလျက်ရှိသောကြောင့် တစ်မူထူးခြားလျက်ရှိသောကြောင့် ဤဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = ဝိပဿနောဘာသ = အရောင်အလင်းကို ဂုဏ်တင်ကာ ချီးမွမ်းလျက် သီးသန့်ဖော်ပြခြင်းသာ ဖြစ် ပေသည်ဟု မှတ်သားပါလေ။ ထို့ကြောင့် တရားဘာဝနာ တစ်ခုခုကို အား ထုတ်လိုက်သဖြင့် သမာဓိ အတော်အသင့် အားကောင်းလာ၍ ပြိုးခနဲ ပြက် ခနဲ ဝင်းခနဲ လက်ခနဲ အရောင်အလင်းများ အထိုက်အလျောက် ဖြစ်ပေါ်လာ သောအခါ ငါ ဥဒယဗ္ဗယဉာဏ်သို့ ဆိုက်လေပြီဟု ယူဆလျှင် အသင်သူတော်ကောင်းသည် ဤသာသနာတော်၌ အရှုံးကြီး ရှုံးလေပြီ။ အကြောင်းမူ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ပရမတ်တရားတို့ကိုသာလျှင် လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ ဥဒယဗ္ဗယဉာဏ် ဟူသည် ဖြစ်ပေါ်လာနိုင်သောကြောင့်တည်း။

__________


အာနာပါနကမ္မဋ္ဌာန်းမှ ဝိပဿနာသို့

အသင်သူတော်ကောင်းသည် မိမိရရှိထားပြီးသော အာနာပါနစတုတ္ထစျာန်သမာဓိကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးသောအခါ ယင်း အာနာပါနစတုတ္ထစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ တရား ထိုင်တိုင်း ထိုင်တိုင်း ယင်းစျာန်ကို ဝင်စား၍ စျာန်မှ ထသောအခါ ..

၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း

၂။ အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း

၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း

၄။ နာမရူပဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း

၅။ ပစ္စယပရိဂ္ဂဟ = ကာလသုံးပါးလုံး၌ ယင်းရုပ်နာမ်တို့၏ အကြောင်း တရားတို့ကို သိမ်းဆည်းခြင်း ---

ဟူသော လုပ်ငန်းခွင်များကို အဆင့်ဆင့် ပြုလုပ်၍ အကြောင်းတရား နှင့်တကွသော ယင်းရုပ်နာမ်တို့ကို ဝိပဿနာဉာဏ်စဉ်အတိုင်း လက္ခဏာရေး သုံးတန် တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၈-၂၇၉။)

ဤတွင် ---

၁။ ဒီဃ = အရှည် (= ဝင်လေ-ထွက်လေ၏ အရှည်)

၂။ ရဿ = အတို (= ဝင်လေ-ထွက်လေ၏ အတို)

၃။ သဗ္ဗကာယ = အကုန်လုံး (= ဝင်လေ-ထွက်လေ၏ အစ-အလယ်- အဆုံး အကုန်လုံး)

၄။ ပဿမ္ဘယ = ငြိမ်အောင် သိမ်မွေ့အောင် ငြိမ်းအောင် ကျင့်ခြင်း

ဟူသော အာနာပါန ပထမစတုက္ကသည် ခပ်သိမ်းသော အခြင်းအရာ အားဖြင့် ပြီးဆုံးလေပြီ။ ဒုတိယစတုက္က စသည်ကို အကျဉ်းချုပ်၍ ဆက်လက် တင်ပြအပ်ပါသည်။


ဒုတိယစတုက္က

၁။ ပီတိပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊

ပီတိပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၂။ သုခပဋိသံဝေဒီ ။ ပ ။

၃။ စိတ္တသင်္ခါရပဋိသံဝေဒီ ။ ပ ။

၄။ ပဿမ္ဘယံ စိတ္တသင်္ခါရံ ။ ပ ။ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)

၁။ ပီတိကို ထင်ထင်ရှားရှားသိလျက် ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏။

ပီတိကို ထင်ထင်ရှားရှားသိလျက် ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။

၂။ သုခကို ထင်ထင်ရှားရှားသိလျက်။ ပ ။

၃။ စိတ္တသင်္ခါရကို ထင်ထင်ရှားရှားသိလျက်။ ပ ။

၄။ စိတ္တသင်္ခါရကို ငြိမ်းစေလျက်။ ပ ။

၁။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပီတိနှင့်ယှဉ်သော ပထမစျာန်, ဒုတိယစျာန်တို့ကို ဝင်စား၏။ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ စျာန်သမာပတ်ကို ဝင်စားဆဲခဏ၌ စျာန်ကိုရရှိနေသဖြင့် အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထင်ထင်ရှားရှား သိနေသောကြောင့် အာရုံကို အကြောင်းပြု၍ ထို ယောဂါဝစရပုဂ္ဂိုလ်သည် စျာနပီတိကို ထင်ထင်ရှားရှား သိနေ၏။ ယင်းသို့ စျာနပီတိကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေခဲ့သော် အာရုံသဘော အားဖြင့် ပီတိကို ထင်ထင်ရှားရှား သိနေသည် မည်၏။ ယင်းသို့ ပီတိကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေပါ။ (သမထပိုင်းတည်း။)

ပရမတ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် သဘာဝမှန်အတိုင်း ထိုးထွင်းသိတတ်သော ဉာဏ်သည် အသမ္မောဟ မည်၏။ ယောဂါဝစရပုဂ္ဂိုလ် သည် ယင်းပထမစျာန် ဒုတိယစျာန်တို့ကို ဝင်စား၍ ယင်းစျာန်မှ ထ၍ ယင်း စျာန်နှင့်ယှဉ်သော ပီတိကို တစ်နည်း --- ပီတိကိုအဦးမူသဖြင့် စျာန်နာမ်တရား အားလုံးကို ယင်းတို့၏ ပြိုပြိုပျက်ပျက် ကုန်ကုန်ပျောက်ပျောက်သွားသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာ ဉာဏ်အခိုက်၌ ယင်းပီတိ၏ တစ်နည်း ပီတိနှင့်တကွသော စျာန်နာမ်တရား စုတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာကို ထိုးထွင်း သိမြင်သဖြင့် အသမ္မောဟသဘောအားဖြင့် (= မတွေမဝေသောအားဖြင့်) ပီတိကို ထင်ထင် ရှားရှား သိအပ်သည် မည်၏။ ယင်းသို့ ထင်ထင်ရှားရှားသိလျက် အသက်ရှူ နေပါ။ (ဝိပဿနာပိုင်းတည်း။) (ဝိသုဒ္ဓိ၊၁၊၂၇၉။)

၂။ သမထပိုင်း၌ ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့ကို အစဉ် အတိုင်း ဝင်စား၍ အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ ယင်းစျာန်နှင့်ယှဉ် သော သုခကို တစ်နည်း သုခကို အဦးမူသဖြင့် စျာန်နာမ်တရားစုတို့ကို အစဉ် အတိုင်း ယင်းတို့၏အပျက်ကို အာရုံယူ၍ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့ သော် သုခကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေသည် မည်၏။ ထိုကဲ့သို့ သုခကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)

၃။ သမထပိုင်း၌ အာနာပါနစျာန် (၄)ပါးလုံးကို အစဉ်အတိုင်း ဝင်စား လျက် အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ စိတ္တသင်္ခါရ အမည်ရသော ဝေဒနာ သညာ တရားနှစ်ပါးကို တစ်နည်း သညာနှင့်ယှဉ်သော ဝေဒနာကို တစ်နည်း ဝေဒနာကို အဦးမူသဖြင့် စျာန်နာမ်တရား အားလုံးကို ယင်းတို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့သော် စိတ္တသင်္ခါရ တရားကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေသည် မည်၏။ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)

၄။ သမထပိုင်း၌ အာနာပါနစျာန် (၄)ပါးတို့ကို အစဉ်အတိုင်း ဝင်စား လျက် အသက်ရှူနေခဲ့သော် ရုန့်ရင်းရုန့်ရင်းသော စိတ္တသင်္ခါရတရားကို ငြိမ်း စေလျက် ချုပ်စေလျက် အသက်ရှူနေသည် မည်၏။ ဝိပဿနာပိုင်း၌ ယင်း စျာန် (၄)ပါးတို့ကို အသီးအသီး ဝင်စား၍ ယင်းစျာန် အသီးအသီးမှ ထသော အခါ ဝေဒနာကို အဦးမူသဖြင့် ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းလျက် ယင်းတို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာရှုနေခဲ့သော် ရုန့်ရင်းရုန့်ရင်းသော စိတ္တသင်္ခါရတရားကို ငြိမ်းစေလျက် ချုပ်စေလျက် အသက်ရှူနေသည် မည်၏။ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)

ပီတိပဋိသံဝေဒီ - ပုဒ်၌ ပီတိကို အဦးမူသဖြင့် ဝေဒနာကို, သုခပဋိသံဝေဒီ - ပုဒ်၌ သုခဝေဒနာကို, စိတ္တသင်္ခါရ နှစ်ပုဒ်တို့၌ သညာ ဝေဒနာ တရားနှစ်ပါးသည် စိတ္တသင်္ခါရ မည်ရကား သညာနှင့်ယှဉ်သော ဝေဒနာကို ဦးတည်၍ ဟောကြားထားတော်မူ၏။ ထို့ကြောင့် ဤဒုတိယစတုက္ကကို ဝေဒနာနုပဿနာနည်းဖြင့် ဘုရားရှင် ဟောကြားထားတော်မူသည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)


တတိယစတုက္က

၁။ စိတ္တပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊

စိတ္တပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၂။ အဘိပ္ပမောဒယံ စိတ္တံ ။ ပ ။

၃။ သမာဒဟံ စိတ္တံ ။ ပ ။

၄။ ဝိမောစယံ စိတ္တံ ။ ပ ။

၁။ စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊၊

စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။

၂။ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက်။ ပ ။

၃။ စိတ်ကို အာရုံ၌ အညီအညွတ် ကောင်းစွာထားလျက်။ ပ ။

၄။ စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက်။ ပ ။

၁။ သမထပိုင်း၌ အာနာပါနစျာန် (၄)ပါးတို့ကို အစဉ်အတိုင်း ဝင်စား လျက် အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ ယင်းစျာန်အသီးသီးကို ဝင်စား ၍ စျာန်မှထတိုင်း ထတိုင်း ယင်းစျာန်စိတ်ကို တစ်နည်း စျာန်စိတ်ကို အဦးမူ သဖြင့် စျာန်နာမ်တရား အားလုံးကို ယင်းတို့၏ အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့သော် စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေသည် မည်၏။ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။

၂။ သမထပိုင်း၌ ပီတိနှင့်ယှဉ်သော အာနာပါနပထမစျာန်ကို ဝင်စားလျက် အသက်ရှူနေ၏။ ပီတိနှင့်ယှဉ်သော အာနာပါနဒုတိယစျာန်ကို ဝင်စားလျက် အသက်ရှူနေ၏။ ယင်းစျာန်ကို ဝင်စားဆဲခဏ၌ စျာန်စိတ်နှင့်ယှဉ်သော ပီတိ ကြောင့် စျာန်စိတ်သည် လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်လျက် ရှိ၏။ ယင်းသို့ စျာန်ပီတိဖြင့် စျာန်စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက် စေလျက် အသက်ရှူနေပါ။ အသက်ရှူနိုင်အောင် ကျင့်ပါ။

ဝိပဿနာပိုင်း၌ကား ပီတိနှင့်ယှဉ်သော အာနာပါနပထမစျာန်ကို ဝင်စား၍ ယင်းပထမစျာန်မှ ထ၍ ယင်းစျာန်နှင့်ယှဉ်သော ပီတိကို တစ်နည်း ပီတိကို အဦးမူသဖြင့် စျာန်နာမ်တရား အားလုံးကို အပျက်ကိုမြင်အောင် ကြည့်၍ ဝိပဿနာရှု၏။ ပီတိနှင့်ယှဉ်သော အာနာပါနဒုတိယစျာန်ကို ဝင်စား ၍ ယင်းစျာန်မှ ထ၍ ယင်းစျာန်နှင့် ယှဉ်သော ပီတိကို တစ်နည်း ပီတိကို အဦးမူသဖြင့် ယင်းဒုတိယစျာန်နာမ်တရားအားလုံးကို ယင်းတို့၏ အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှု၏။ ဝိပဿနာအခိုက်၌ စျာန်နှင့်ယှဉ်သော ပီတိကို အာရုံပြုနေရ၍ ယင်းပီတိကို အာရုံပြုနေရသော ရှုနေသော ဝိပဿနာ စိတ်သည်လည်း လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်လျက် ရှိ၏။ ယင်းသို့ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက် အသက်ရှူနိုင်အောင် ကျင့်ပါ။ အသက်ရှူနေပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၀-၂၈၁။)

အလွန် ချစ်ခင်မြတ်နိုးအပ်သော ပြုံးရွှင်နေသော မိတ်ဆွေတစ်ဦးကို တွေ့မြင်ရသောအခါ တွေ့မြင်နေရသူ မိမိ၏ သန္တာန်၌လည်း အပြုံးပန်းများ ပွင့်လန်းလာသကဲ့သို့ မှတ်ပါ။

၃။ သမာဒဟံ စိတ္တံ = စိတ်ကို ကောင်းကောင်းထားလျက် အသက်ရှူပုံမှာ လည်း သမထပိုင်း ဝိပဿနာပိုင်းဟု နှစ်ပိုင်းပင် ရှိ၏။ သမထပိုင်း၌ အာနာပါနပထမစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့သော်, ဒုတိယစျာန်ကို ဝင်စား လျက်အသက်ရှူနေခဲ့သော်, တတိယစျာန်ကိုဝင်စားလျက် အသက်ရှူနေခဲ့ သော်, စတုတ္ထစျာန်ကိုဝင်စားလျက် အသက်ရှူနေခဲ့သော်, ယင်းစျာန်တို့၏ အာရုံဖြစ်သော အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂ နိမိတ်အာရုံ၌ စျာန်စိတ်ကို အညီအညွတ် ကောင်းစွာထားလျက် အသက်ရှူ နေသည် မည်၏။ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။ အသက်ရှူနေပါ။

[မှတ်ချက် --- အာနာပါနစတုတ္ထစျာန်သမာပတ် အခိုက်၌ အသက် မရှူပါ။ ထိုသို့ အသက်မရှူပါဘဲလျက် အဘယ်ကြောင့် အာနာပါနစတုတ္ထစျာန်ကို ဝင်စား၍ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စျာန်စိတ်ကို ကောင်းစွာထားလျက် အသက်ရှူရန် ညွှန်ကြားနေရပါသနည်းဟု မေးရန် ရှိ၏။ အဖြေမှာ ဤသို့ဖြစ်၏ --- အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသာမညမေဝ ဝုတ္တံ၊ (မဟာဋီ၊၁၊၃၁၉။) ဟူသော ဋီကာအဖွင့်နှင့်အညီ အဿာသ ပဿာသကို အမှီပြု၍ ဖြစ်ပေါ်လာသော အာနာပါနပဋိဘာဂနိမိတ်သည်လည်း အာနာပါန အမည်ရသည်သာ ဖြစ် သောကြောင့် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုနေခြင်းသည်လည်း အာနာပါနကိုပင် အာရုံပြုနေသည် မည်ရကား အထက်ပါအတိုင်း ဖွင့်ဆို သွားခြင်းပင် ဖြစ်သည်။] ဝိပဿနာပိုင်း၌ကား ဤသို့ လာရှိ၏။ ---

တာနိ ဝါ ပန စျာနာနိ သမာပဇ္ဇိတွာ ဝုဋ္ဌာယ စျာနသမ္ပယုတ္တံ စိတ္တံ ခယတော ဝယတော သမ္ပဿတော ဝိပဿနာက္ခဏေ လက္ခဏပဋိဝေဓေန ဥပ္ပဇ္ဇတိ ခဏိကစိတ္တေကဂ္ဂတာ။ ဧဝံ ဥပ္ပန္နာယ ခဏိကစိတ္တေကဂ္ဂတာယ ဝသေနပိ အာရမ္မဏေ စိတ္တံ သမံ အာဒဟန္တော သမံ ဌပေန္တော သမာဒဟံ စိတ္တံ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီတိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၁၊၊)

ခဏိကစိတ္တေကဂ္ဂတာတိ ခဏမတ္တဋ္ဌိတိကော သမာဓိ။ သောပိ ဟိ အာရမ္မဏေ နိရန္တရံ ဧကာကာရေန ပဝတ္တမာနော ပဋိပက္ခေန အနဘိဘူတော အပ္ပိတော ဝိယ စိတ္တံ နိစ္စလံ ဌပေတိ။ တေန ဝုတ္တံ ဧဝံ ဥပ္ပန္နာယာတိအာဒိ။ (မဟာဋီ၊၁၊၃၄၂။)

အာနာပါနပထမစျာန်ကို ဝင်စား၍ ယင်းစျာန်မှ ထပြီးလျှင် ယင်းပထမ စျာန်နှင့် ယှဉ်သော စျာန်စိတ်ကို တစ်နည်း စျာန်စိတ်ကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှု၏။ အလားတူပင် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့ကိုလည်း အသီး အသီး ဝင်စား၍ ပုံစံတူပင် ဝိပဿနာရှု၏။ ထိုသို့ ဝိပဿနာရှုရာ၌ ဝိပဿနာ အခိုက်ဝယ် ယင်းစျာန်စိတ်၏ တစ်နည်း ယင်းစျာန်စိတ်နှင့်တကွသော စျာန် နာမ်တရားတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်နေသဖြင့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ထိုးထွင်း သိမြင်နေသဖြင့် ယင်းစျာနဓမ္မ အမည်ရသော သင်္ခါရတရားတို့၏ အနိစ္စ အခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာ၌ ဝိပဿနာဘာဝနာစိတ်သည် ကောင်းစွာ တည်နေ၏။ ယင်းသို့ ကောင်းစွာ တည်နေသော ဝိပဿနာဉာဏ်နှင့်ယှဉ်သော သမာဓိကို ခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိဟု ခေါ်ဆို၏။ ယင်းခဏိကစိတ္တေကဂ္ဂတာ = ခဏိက သမာဓိ၏ အစွမ်းဖြင့် စျာန်စိတ်ကို အဦးမူ၍ သိမ်းဆည်းထားအပ်သော စျာနဓမ္မသင်္ခါရ တရားစုတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာဟူသော တစ်မျိုးမျိုးသော အခြင်းအရာ၌ ဝိပဿနာစိတ်ကို အညီအညွတ် ကောင်းစွာထားလျက် အသက်ရှူနေပါ။ အသက်ရှူနိုင်အောင် ကျင့်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။ မဟာဋီ၊၁၊၃၄၂။)

သတိပြုပါ ---- ဤ၌ အာနာပါနစျာန် အသီးအသီးကို ဝင်စား၍ ယင်း စျာန်မှ ထ၍ စျာန်စိတ်ကို အဦးမူလျက် စျာနဓမ္မ အမည်ရသော စျာန်သင်္ခါရ တရားတို့ကို ဝိပဿနာရှုခိုက် ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ စသော အခြင်းအရာ တစ်မျိုးမျိုး၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော ဝိပဿနာ သမာဓိကို ခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိဟု ခေါ်ဆိုသည်ဟူသော အချက်ကို သတိပြုပါ။ ဝိပဿနာပိုင်း၌ ဆိုလိုသော ခဏိကသမာဓိမှာ မည်မျှ အဆင့်မြင့်မားနေသည်ကို မှတ်သားထားစေလိုသည်။

၄။ ဝိမောစယံ စိတ္တံ = စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက် စေလျက် အသက်ရှူနေပါ။ ဤ၌လည်း သမထပိုင်း ဝိပဿနာပိုင်းဟု နှစ်ပိုင်း ရှိ၏။ သမထပိုင်း၌ ပထမစျာန်ဖြင့် နီဝရဏတရားတို့မှ စိတ်ကိုလွတ်မြောက် စေလျက် ဒုတိယစျာန်ဖြင့် ဝိတက် ဝိစာရတို့မှ, တတိယစျာန်ဖြင့် ပီတိမှ, စတုတ္ထ စျာန်ဖြင့် သုခ ဒုက္ခတို့မှ စိတ်ကို လွတ်မြောက်စေလျက် ယင်းစျာန်တို့ကို ဝင်စားလျက် အသက်ရှူနေပါ။

ဝိပဿနာပိုင်း၌ကား ထိုစျာန်တို့ကို ဝင်စား၍ ထိုစျာန်တို့မှ ထ၍ စျာန်နှင့်ယှဉ်သောစိတ်ကို (စိတ်ကို အဦးမူ၍ စျာန်နာမ်တရားအားလုံးကို) ကုန်တတ် ပျက်တတ်သော သဘောကို မြင်အောင်ကြည့်၍ ဝိပဿနာ ရှု၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စာနုပဿနာဖြင့် နိစ္စသညာမှ, ဒုက္ခာနုပဿနာဖြင့် သုခသညာမှ, အနတ္တာနုပဿနာဖြင့် အတ္တသညာမှ, ယင်းသို့ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုသဖြင့် သင်္ခါရတရားတို့၌ ငြီးငွေ့ သော အခြင်းအရာအားဖြင့် ဖြစ်သော နိဗ္ဗိဒါနုပဿနာဖြင့် သင်္ခါရတို့၌ နှစ်သက် ရွှင်လန်း ဝမ်းမြောက်စွာဖြင့် တွယ်တာမက်မောတတ်သော နန္ဒီရာဂမှ, သင်္ခါရတရားတို့၏ ပျက်ခြင်း (= ဘင်)ကို အဖန်ဖန် လက္ခဏာယာဉ် တင်ကာ ရှုသဖြင့် သင်္ခါရတို့၌ တပ်မက်ခြင်းကင်းသော အခြင်းအရာအားဖြင့် ဖြစ်သော ဝိရာဂါနုပဿနာဖြင့် ရာဂမှ, သင်္ခါရတို့၏ ချုပ်ခြင်း (= ဘင်)ကို ရှုသော နိရောဓာနုပဿနာဖြင့် ဖြစ်ခြင်း (= သမုဒယ)မှ, သင်္ခါရတို့၏ ပျက်ခြင်း (=ဘင်)ကို လက္ခဏာယာဉ်တင်ကာ အဖန်ဖန် ရှုသဖြင့် ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်ပယ်သော အခြင်းအရာအားဖြင့် ဖြစ်သော နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသောအားဖြင့် ပြေးဝင်တတ်သော ပဋိနိဿဂ္ဂါနုပဿနာဖြင့် သင်္ခါရတို့ကို နိစ္စ စသည်ဖြင့် စွဲယူခြင်း အာဒါနမှ စိတ်ကို လွတ်မြောက်စေလျက် အသက်ရှူ၏။ ယင်းသို့ အသက်ရှူနိုင်ခဲ့သော် ဆန့်ကျင်ဘက်တရားတို့မှ စိတ်ကို လွတ်မြောက်စေလျက် အသက်ရှူနေသည် မည်၏။ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၁၊၊)

ဤ တတိယစတုက္ကကို စိတ္တာနုပဿနာ၏ အစွမ်းဖြင့် ဘုရားရှင် ဟောကြားတော်မူသည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)


စတုတ္ထစတုက္က

၁။ အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ၊

အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။

၂။ ဝိရာဂါနုပဿီ ။ ပ ။

၃။ နိရောဓာနုပဿီ ။ ပ ။

၄။ ပဋိနိဿဂ္ဂါနုပဿီ ။ ပ ။

၁။ သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန်အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။

၂။ သင်္ခါရတရားတို့၏ ပျက်ခြင်းဘင်နှင့် ရာဂ၏ကင်းပြတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ (ဝိရာဂါနုပဿနာ)။ ပ ။

၃။ သင်္ခါရတရားတို့၏ ခဏအားဖြင့် ချုပ်ခြင်း ခဏဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ (နိရောဓာနုပဿနာ)။ ပ ။

၄။ ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်လွှတ်တတ်သော ဝိပဿနာဉာဏ်, သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ စွန့်လွှတ်တတ်သော အရိယမဂ်ဉာဏ်နှင့် ပြည့်စုံအောင် သင်္ခါရတရားတို့၏ ပျက်ခြင်းဘင်နှင့် သင်္ခါရတရားတို့၏ ချုပ်ရာ သင်္ခါရတရားတို့ကို စွန့်လွတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့။ ပ ။ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)

ဤ စတုတ္ထ စတုက္ကကို သုဒ္ဓဝိပဿနာ၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ ရှေးစတုက္က သုံးမျိုးတို့ကိုကား သမထ ဝိပဿနာ၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။

ယသ္မာ ပနေတ္ထ ဣဒမေဝ စတုက္ကံ အာဒိကမ္မိကဿ ကမ္မဋ္ဌာနဝသေန ဝုတ္တံ။ ဣတရာနိ ပန တီဏိ စတုက္ကာနိ ဧတ္ထ ပတ္တဇ္ဈာနဿ ဝေဒနာ-စိတ္တဓမ္မာနုပဿနာဝသေန ဝုတ္တာနိ။ (ဝိသုဒ္ဓိ၊၁၊၂၆၉။)

ပထမစတုက္ကကို အာနာပါနကမ္မဋ္ဌာန်းကို အားသစ်စ အာဒိကမ္မိက ပုဂ္ဂိုလ်၏ သမထကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထား တော်မူ၏၊ ကာယာနုပဿနာ သတိပဋ္ဌာန်တည်း။ ဒုတိယစတုက္က, တတိယ စတုက္က, စတုတ္ထစတုက္ကဟူသော စတုက္က သုံးခုတို့ကိုကား ဤ ပထမစတုက္က၌ ရအပ်ပြီးသော စျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ကုန်၏။ (ဝိသုဒ္ဓိ၊၁၊၂၆၉။)

ဤ အဋ္ဌကထာအဖွင့်များနှင့်အညီ ပထမစတုက္က၌ စျာန်ကိုရရှိအောင် အားထုတ်ပြီးပါမှ ဒုတိယစတုက္က တတိယစတုက္က စတုတ္ထစတုက္ကတို့ကို အဆင့်ဆင့် ကူးတက်ရမည် ဖြစ်ပေသည်။ ထိုတွင် စတုတ္ထစတုက္ကတွင် အကျုံးဝင် သော - အနိစ္စာနုပဿီ-ပုဒ်တွင် ပါဝင်သော အနိစ္စတရားများကို အဋ္ဌကထာ ဆရာတော်က - အနိစ္စန္တိ ပဉ္စက္ခန္ဓာ - (ဝိသုဒ္ဓိ၊၁၊၂၈၁။) အနိစ္စတရားတို့မှာ ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ ဖြစ်ကြောင်းကို ဖွင့်ဆိုထားတော်မူ၏။ ထိုခန္ဓာ (၅)ပါး တို့မှာ စျာန်နာမ်တရားများ အပါအဝင် ပကိဏ္ဏကသင်္ခါရ အမည်ရသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ပင်တည်း။ ထိုခန္ဓာ (၅)ပါးတို့ကို ဝိပဿနာ ရှုနိုင် ရန် ယင်းခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းရမည် ဉာဏ် ဖြင့် ပိုင်းခြားယူရမည် ဖြစ်ပေသည်။ အကြောင်းတရားတို့ကိုလည်း သိမ်းဆည်း ရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဖြစ်ပေသည်။ ယင်းသို့ သိမ်းဆည်းနိုင်ရန် ယင်းခန္ဓာ (၅)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ရန်အတွက် ရုပ်ကမ္မဋ္ဌာန်းပိုင်း, နာမ်ကမ္မဋ္ဌာန်းပိုင်း, ပဋိစ္စသမုပ္ပါဒ်ပိုင်း, လက္ခဏာဒိစတုက္ကပိုင်း, ဝိပဿနာကမ္မဋ္ဌာန်းပိုင်းဟူသော အပိုင်းကြီး ငါးရပ်တို့ကို ဆက်လက်၍ ရေးသားတင်ပြ ထားပေသည်။ အလိုရှိက ထိုအပိုင်းတို့ကို ဆက်လက်လေ့လာပါ။

ဤ အာနာပါနကမ္မဋ္ဌာန်းကို ဘုရားရှင် ဟောကြားထားတော်မူသည့် အတိုင်း စတုက္က လေးမျိုးတို့ဝယ် ဝင်လေ၌ (၁၆)မျိုး, ထွက်လေ၌ (၁၆)မျိုး, ဤ (၃၂)မျိုးသော အခြင်းအရာတို့ဖြင့် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်ခဲ့သော် ဘုရားရှင် သင်ပြပေးတော်မူသည့်အတိုင်း အသက်ရှူတတ်ခဲ့သော် အောက်ပါ အကျိုးတရားတို့ကို ရရှိနိုင်ပေသည်။

အာနာပါနဿတိ ဘိက္ခဝေ ဘာဝိတာ ဗဟုလီကတာ စတ္တာရော သတိပဋ္ဌာနေ ပရိပူရေန္တိ၊ စတ္တာရော သတိပဋ္ဌာနာ ဘာဝိတာ ဗဟုလီကတာ သတ္တ ဗောဇ္ဈင်္ဂေ ပရိပူရေန္တိ၊ သတ္တ ဗောဇ္ဈင်္ဂါ ဘာဝိတာ ဗဟုလီကတာ ဝိဇ္ဇာဝိမုတ္တိံ ပရိပူရေန္တိ။ (မ၊၃၊၁၂၄။)

ရဟန်းတို့ ... (၃၂)မျိုးသော အခြင်းအရာတို့ဖြင့် ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးသော, ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ပြီးသော အာနာပါနဿတိသည် (၄)ပါးကုန်သော သတိပဋ္ဌာန်တရားတို့ကို ပြီးစီးပြည့်စုံ စေနိုင်၏။ ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးကုန်သော, ကြိမ်ဖန်များစွာ အလေ့ အလာ ပြုအပ်ပြီးကုန်သော သတိပဋိဋ္ဌာန်တရား (၄)ပါးတို့သည် ဗောဇ္ဈင်မြတ် တရား (၇)ပါးတို့ကို ပြီးစီးပြည့်စုံစေနိုင်ကုန်၏။ ပြည့်ပြည့်စုံစုံ ပွားများထားအပ် ပြီးကုန်သော, ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ပြီးကုန်သော ဗောဇ္ဈင် မြတ်တရား (၇)ပါးတို့သည် အရိယမဂ်ဉာဏ် (၄)ပါးတည်းဟူသော ဝိဇ္ဇာ, အရိယဖိုလ်ဉာဏ် (၄)ပါးတည်းဟူသော ဝိမုတ္တိ ----- ဤ ဝိဇ္ဇာ ဝိမုတ္တိ တရား နှစ်ပါးကို ပြီးစီးပြည့်စုံစေနိုင်ကုန်၏။ (မ၊၃၊၁၂၄။)

အသင်သူတော်ကောင်းသည် မဟာကရုဏာတော်ရှင် ဘုရားရှင်၏ အလိုတော်ကျအတိုင်း အသက်ရှူတတ်သော လူသားတစ်ဦး ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ပါစေသောဝ် ...။

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း

ဖားအောက်တောရ

ကောဇာသက္ကရာဇ် - ၁၃၆၇ - ခုနှစ်

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...