သမထကမ္မဋ္ဌာန်းပိုင်း (ခ)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဋိကူလမနသိကာရ အရိုးစုကမ္မဋ္ဌာန်း
ဤဒုတိယသမထကမ္မဋ္ဌာန်းပိုင်း၌ကား စတုရာရက္ခ = အစောင့် (၄)ပါး ကမ္မဋ္ဌာန်းများကို ရှုပွားပုံကို ဝိပဿနာသို့ မကူးမီ ပွားများအားထုတ်ထားရန် ဆက်လက်တင်ပြအပ်ပါသည်။ စတုရာရက္ခကမ္မဋ္ဌာန်းများကို ပွားများရာ၌ ဩဒါတကသိုဏ်းမှ သို့မဟုတ် ကသိုဏ်း (၁၀)ပါး၊ သမာပတ် (၈)ပါးတို့ကို ပွားများပြီးပါမှ ကူးခဲ့သော် ယောဂီအများစု၌ ပိုမို၍လွယ်ကူသည်ကို တွေ့ရ၏။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းအတွက်လည်း များစွာအထောက်အကူ ပြု၏။ ထိုကြောင့် စတုရာရက္ခကမ္မဋ္ဌာန်းများကို မတင်ပြမီ (၃၂)ကောဋ္ဌာသရှုပုံ၊ အရိုးစုကမ္မဋ္ဌာန်းရှုပုံ၊ ဩဒါတကသိုဏ်းနှင့်တကွ အခြားအခြားသော ကသိုဏ်း တို့ကိုရှုပုံ၊ ကသိုဏ်းတစ်ခုတစ်ခု၌ သမာပတ် (၈)ပါးစီ ပေါက်အောင် ရှုပုံတို့ကို ရှေးဦးစွာ တင်ပြအပ်ပါသည်။
လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသည့်တိုင်အောင် အာနာပါနစတုတ္ထစျာန်သမာဓိသို့တိုင်အောင် သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အလွန် အားကောင်းလာသောအခါ ယင်း လင်းရောင်ခြည်စွမ်းအင်၏ အကူအညီဖြင့် အောက်ပါ (၃၂)ကောဋ္ဌာသတို့ကို ရှုကြည့်ပါ။ ထိုသို့ ရှုရာ၌ ပထဝီကောဋ္ဌာသ (၂၀)တို့ကို (၅)ခုစီ (၅)ခုစီ ပိုင်း၍ အာပေါကောဋ္ဌာသ (၁၂)မျိုးတို့ကို (၆)ခုစီ (၆)ခုစီ ပိုင်း၍ ရှုကြည့်ပါ။ အစဉ်အတိုင်း ကောဋ္ဌာသ တစ်ခုပြီးတစ်ခု ရှုပါ။ ကြည်လင်သော မှန်အတွင်းသို့ ကြည့်လိုက်သောအခါ မိမိ၏ မျက်နှာရိပ်ကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့ရသကဲ့သို့ (၃၂)ကောဋ္ဌာသတို့ ကိုလည်း ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်အောင်ရှုပါ။ ထိုသို့ ရှုရာ၌ လင်းရောင်ခြည်စွမ်းအင်များ မှိန်သွား၍ ကောဋ္ဌာသတို့ကို ကြည့်ရာ၌ ဝိုးတိုးဝါးတား မထင်မရှား ဖြစ်လာပါက အာနာပါနစတုတ္ထစျာန် သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ကောဋ္ဌာသတို့ကို တစ်ဖန်ပြန်၍ ရှုပါ။ လင်းရောင်ခြည် မှိန်သွားတိုင်း ဤနည်း ကို အသုံးပြုပါ။
(၃၂) ကောဋ္ဌာသ
ပထဝီဓာတ်လွန်ကဲသော ပထဝီကောဋ္ဌာသ (၂၀)
၁။ ကေသာ = ဆံပင် ၄၄။
၂။ လောမာ = မွေးညင်း ၄၄။
၃။ နခါ = ခြေသည်း လက်သည်း ၄၄။ တစပဉ္စက
၄။ ဒန္တာ = သွား ၄၄။
၅။ တစော = အရေ (အရေထူ အရေပါး) ၄၄။
၆။ မံသံ = အသား ၄၄။
၇။ နှာရု = အကြော ၄၄။
၈။ အဋ္ဌိ = အရိုး ၄၄။ ဝက္ကပဉ္စက
၉။ အဋ္ဌိမိဉ္ဇံ = ရိုးတွင်းခြင်ဆီ ၄၄။
၁၀။ ဝက္ကံ = အညှို့ = ကျောက်ကပ် ၄၄။
၁၁။ ဟဒယံ = နှလုံး ၄၄။
၁၂။ ယကနံ = အသည်း ၄၄။
၁၃။ ကိလောမကံ = အမြှေး ၄၄။ ပပ္ဖါသပဉ္စက
၁၄။ ပိဟကံ = အဖျဉ်း = သရက်ရွက် ၄၄။
၁၅။ ပပ္ဖါသံ = အဆုတ် ၄၄။
၁၆။ အန္တံ = အူမ ၄၄။
၁၇။ အန္တဂုဏံ = အူသိမ် (အူထုံး-အူချည်ကြိုး) ၄၄။
၁၈။ ဥဒရိယံ = အစာသစ် (ဥတုဇရုပ်) ၈။ မတ္ထလုင်္ဂ
၁၉။ ကရီသံ = အစာဟောင်း (ဥတုဇရုပ်) ၈။ ပဉ္စက
၂၀။ မတ္ထလုင်္ဂံ = ဦးနှောက် ၄၄။
အာပေါဓာတ်လွန်ကဲသော အာပေါကောဋ္ဌာသ (၁၂) မျိုး
၁။ ပိတ္တံ = သည်းခြေ (အိမ်သည်းခြေ
+အရည်သည်းခြေ) ၄၄။
၂။ သေမှံ = သလိပ် ၄၄။
၃။ ပုဗ္ဗော = ပြည် (ဥတုဇရုပ်) ၈။
၄။ လောဟိတံ = သွေး (အိုင်နေသောသွေး မေဒဆက္က
+အကြောတွင်းရှိသွေး) ၄၄။
၅။ သေဒေါ = ချွေး (စိတ္တဇ+ဥတုဇ) ၁၆။
၆။ မေဒေါ = အဆီခဲ ၄၄။
၇။ အဿု = မျက်ရည် (စိတ္တဇ+ဥတုဇ) ၁၆။
၈။ ဝသာ = ဆီကြည် ၄၄။
၉။ ခေဠော = တံတွေး (စိတ္တဇ+ဥတုဇ) ၁၆။ မုတ္တဆက္က
၁၀။ သိင်္ဃာနိကာ = နှပ် (စိတ္တဇ+ဥတုဇ) ၁၆။
၁၁။ လသိကာ = အစေး ၄၄။
၁၂။ မုတ္တံ = ကျင်ငယ် (ဥတုဇ) ၈။
အသင်သူတော်ကောင်းသည် ဤ (၃၂)ကောဋ္ဌာသတို့ကို အာနာပါန စတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကို ယူ၍ ဆံပင်မှသည် ကျင်ငယ်၊ ကျင်ငယ်မှသည် ဆံပင်သို့တိုင်အောင် အဝါးဝစွာ လေ့လာပါ။ ဆံပင်မှသည် အောက်သို့ စိုက်ရှုလိုက်ရာ ကျင်ငယ်သို့ တိုင်အောင်၊ ကျင်ငယ်မှသည် အထက်သို့ လှန်၍ ရှုလိုက်ရာ ဆံပင်သို့တိုင်အောင် တိုးလျှိုပေါက် ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်သည် ဖြစ်အံ့၊ ထိုအခါ၌ အဇ္ဈတ္တ၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ = ပဂုဏ ဖြစ်ပေပြီ။
ထိုအခါ ယင်းအာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီကိုပင်ယူ၍ ထိုလင်းရောင်ခြည် ပြန့်နှံ့ရာ အနီးကပ်ဆုံး နေရာ၌ အထူးသဖြင့် ရှေ့တည့်တည့်၌ တည်ရှိသော သူတော်ကောင်း တစ်ဦး၏ သို့မဟုတ် သတ္တဝါတစ်ဦး၏ သန္တာန်၌တည်ရှိသော (၃၂)ကောဋ္ဌာသ တို့ကို ဆံပင်မှသည် ကျင်ငယ်၊ ကျင်ငယ်မှသည် ဆံပင်သို့တိုင်အောင် ကြိမ်ဖန် များစွာ ရှုကြည့်ပါ။ အောင်မြင်မှု ရရှိသောအခါ အဇ္ဈတ္တ၌ တစ်လှည့်၊ ဗဟိဒ္ဓ၌ တစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။ ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ကြိမ်ဖန်များစွာ ရှုနိုင်ပါမှ ဘာဝနာစွမ်းအင်သည် ကြီးမားလာမည် ဖြစ်ပေသည်။
ဤနည်းစနစ်ကို မှီ၍ အနီးမှသည် အဝေးသို့ တစ်စတစ်စ တိုး၍တိုး၍ ရှုကြည့်ပါ။ အရပ် (၁၀)မျက်နှာ အားလုံးသို့ ဖြန့်ကြက်၍ ရှုကြည့်ပါ။ ယင်း အာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်နှင့် တွေ့ထိ မိရာ လူ တိရစ္ဆာန် စသည့် သတ္တဝါတိုင်းကို တစ်ဦးပြီးတစ်ဦး တစ်ယောက်ပြီး တစ်ယောက် အဇ္ဈတ္တ တစ်လှည့်၊ ဗဟိဒ္ဓ တစ်လှည့် ရှုကြည့်ပါ။ ယောက်ျား မိန်းမ ကျွဲ နွား တိရစ္ဆာန်ဟု မတွေ့မမြင်တော့ဘဲ (၃၂)ကောဋ္ဌာသ အစုအပုံဟု ကြည့်လိုက်တိုင်း တွေ့နေပါက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ အဝါးဝစွာ နိုင်နိုင် နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ = ပဂုဏ ဖြစ်ပေပြီ။
လမ်း (၃) သွယ်
ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန မုခေန ဝိမုစ္စိဿတိ၊ ကမ္မဋ္ဌာနံ ဝဏ္ဏတော ဝါ ပဋိကူလတော ဝါ သုညတော ဝါ ဥပဋ္ဌာတိ။ ပ ။ အာကင်္ခမာနဿ ဝဏ္ဏတော အာကင်္ခမာနဿ ပဋိကူလတော အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)
ယင်း (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီးရာ အချိန်အခါမှစ၍ နိဗ္ဗာန်သို့ဝင်ရာ မုခ်ဦးကြီး သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော မုခ်ဦးဝဖြင့် ဝင်ရောက်သွားခဲ့သော် ကိလေသာ တို့မှ မချွတ်ဧကန် လွတ်မြောက်လိမ့်မည်သာ ဖြစ်သည်။ ကမ္မဋ္ဌာန်းသည်---
၁။ ဝဏ္ဏ = အရောင်အဆင်း = ဝဏ္ဏကသိုဏ်းအားဖြင့်သော်လည်းကောင်း၊
၂။ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် = ပဋိကူလအားဖြင့်သော်လည်းကောင်း၊
၃။ သုညတ = အတ္တမှ ဆိတ်သုဉ်းသော သုညတဓာတ်သဘောအားဖြင့် သော်လည်းကောင်း ထင်လာနိုင်၏။ ပ ။
၁။ အလိုရှိသသူအား ဝဏ္ဏကသိုဏ်းအားဖြင့်၊
၂။ အလိုရှိသသူအား ပဋိကူလအားဖြင့်၊
၃။ အလိုရှိသသူအား သုညတဓာတ်သဘောအားဖြင့် ကမ္မဋ္ဌာန်းသည် ထင်ရှားလာမည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၄၃။)
ဤ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ အသင်သူတော်ကောင်းသည် (၃၂)ကောဋ္ဌာသတို့ကို နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာပြီးသောအခါ အထက်ပါ လမ်းသုံးသွယ်တို့တွင် မိမိကြိုက်နှစ်သက်ရာလမ်းကို ရွေးချယ်၍ ရှုနိုင်သည်သာ ဖြစ်ပေသည်။ ဤကျမ်းတွင်ကား လမ်းသုံးသွယ်လုံးကိုပင် ရေးသားတင်ပြပေအံ့။
ပဋိကူလမနသိကာရ
ဧတ္ထ ပန အတ္တနော ဇီဝမာနကသရီရေ ပဋိကူလန္တိ ပရိကမ္မံ ကရောန္တဿ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ပရဿ ဇီဝမာနကသရီရေ ပဋိကူလန္တိ မနသိကရောန္တဿ နေဝ အပ္ပနာ ဇာယတိ၊ န ဥပစာရံ။ နနု စ ဒသသု အသုဘေသု ဥဘယမ္ပေတံ ဇာယတီတိ။ အာမ ဇာယတိ။ တာနိ ဟိ အနုပါဒိန္နကပက္ခေ ဌိတာနိ၊ တသ္မာ တတ္ထ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ဣဒံ ပန ဥပါဒိန္နကပက္ခေ ဌိတံ၊ တေနေဝေတ္ထ ဥဘယမ္ပေတံ န ဇာယတိ။ အသုဘာနုပဿနာသင်္ခါတာ ပန ဝိပဿနာဘာဝနာ ဟောတီတိ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၂၊၂၄၈။)
အဇ္ဈတ္တ ဗဟိဒ္ဓ ကောဋ္ဌာသနှစ်မျိုးတို့တွင် မိမိ၏ အသက်ရှင်နေဆဲဖြစ် သော ခန္ဓာကိုယ်အတွင်း၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့ဝယ် ကောဋ္ဌာသ တစ်ခုစီ၌ဖြစ်စေ၊ ကောဋ္ဌာသအများစု၌ဖြစ်စေ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် ဟု ပရိကမ်ကိုပြုသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အပ္ပနာစျာန်သည် လည်းကောင်း၊ ဥပစာရစျာန်သည်လည်းကောင်း နှစ်မျိုးလုံး ဖြစ်နိုင်၏။ ဗဟိဒ္ဓ သူတစ်ပါး၏ အသက်ရှင်နေဆဲဖြစ်သော ခန္ဓာကိုယ် အတွင်း၌ တည်ရှိသော ကောဋ္ဌာသ၌ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌ကား အပ္ပနာစျာန်သည်လည်း မဖြစ်နိုင်၊ ဥပစာရစျာန်သည်လည်း မဖြစ်နိုင်။ (အဘိ၊ဋ္ဌ၊၂၊၂၄၈။)
အမေး --- (၁၀)မျိုးကုန်သော အသုဘအလောင်းကို အာရုံယူ၍ ရှုပွား ရသော အသုဘကမ္မဋ္ဌာန်းတို့၌ ဤ အပ္ပနာစျာန် ဥပစာရစျာန် နှစ်မျိုးလုံးပင် ဖြစ်နိုင်သည် မဟုတ်လော --- ဤကား အမေးတည်း။
အဖြေ --- အိမ်း ..ဖြစ်နိုင်၏။ မှန်ပေသည် ထို (၁၀)မျိုးသော အသုဘ အလောင်းကောင်တို့သည်ကား အနုပါဒိန္နကပက္ခ = သက်မဲ့ အဖို့အစု၌ တည် နေကြကုန်၏။ ထိုကြောင့် ထို (၁၀)မျိုးကုန်သော အသုဘအလောင်းကောင် တို့ကို အာရုံယူ၍ ရှုပွားရသော အသုဘကမ္မဋ္ဌာန်းတို့၌ အပ္ပနာစျာန်သည် လည်းကောင်း၊ ဥပစာရစျာန်သည်လည်းကောင်း ဖြစ်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၈။)
တစ်ဖန် ဤဗဟိဒ္ဓဖြစ်သော သူတစ်ပါး၏ သန္တာန်၌ တည်ရှိသော (၃၂) ကောဋ္ဌာသသည်ကား ဥပါဒိန္နကပက္ခ = သက်ရှိ အဖို့အစု၌ တည်နေ၏။(သက်ရှိသတ္တဝါတို့၏ (၃၂)ကောဋ္ဌာသကို အာရုံယူ၍ ပဋိကူလအားဖြင့် ရှုပွား ရ၏။) ထိုကြောင့် ဤသက်ရှိ ဗဟိဒ္ဓ သူတစ်ပါး၏ကိုယ်၌ တည်ရှိသော (၃၂) ကောဋ္ဌာသ၌ ဤအပ္ပနာစျာန် ဥပစာရစျာန် နှစ်မျိုးလုံးသည်လည်း မဖြစ်နိုင်။ သို့သော် အသုဘာနုပဿနာဟု ဆိုအပ်သော ဝိပဿနာဘာဝနာသည်ကား ဖြစ်နိုင်၏ဟု သိရှိပါလေ။ (ဝိဇယသုတ္တန်စသည်တို့၌ လာရှိသော သဝိညာဏကအသုဘာနုပဿနာဘာဝနာတည်း။ ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။) (အဘိ၊ဋ္ဌ၊၂၊၂၄၈။)
မူလဋီကာ၏ ရှင်းလင်းချက်
အနုပါဒိန္နကပက္ခေ ဌိတာနိ --- သက်မဲ့ အသုဘအလောင်းကောင် (၁၀)မျိုးတို့ကို အာရုံယူ၍ ရှုပွားရသော အသုဘကမ္မဋ္ဌာန်းတို့၌ အသုဘ အလောင်းကောင်တို့ကား အနုပါဒိန္နကပက္ခ = သက်မဲ့ အဖို့အစု၌ တည်နေ ကြကုန်၏ဟု အဋ္ဌကထာက ဖွင့်ဆိုထား၏။ ယင်းစကားရပ်ဖြင့် စေတိယ တောင်၌ သီတင်းသုံးတော်မူသော မဟာတိဿမထေရ်မြတ်ကြီးကဲ့သို့လည်း ကောင်း၊ သံဃရက္ခိတမထေရ်မြတ်ကြီး၏ အလုပ်အကျွေး ဖြစ်တော်မူသော သာမဏေကဲ့သို့လည်းကောင်း ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ ကိုယ်၌ တည်ရှိ သော (၃၂)ကောဋ္ဌာသကိုလည်း အနုပါဒိန္နကပက္ခ = သက်မဲ့ အဖို့အစု၌ ထား၍ အာရုံယူခြင်းငှာ စွမ်းနိုင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ (၁၀) မျိုးသော အသုဘ၏ အဖြစ်ဖြင့် အသက်ရှင်ဆဲဖြစ်သော ကိုယ်၌လည်း ထင် လာလတ်သော် ဥပစာရစျာန်သို့ ရောက်ခြင်းကို ညွှန်ပြအပ်၏ဟု သိရှိပါလေ။ (မူလဋီ၊၂၊၁၅၅။)
အတ္ထိဿ ကာယေ=ထိုသူ၏ ကာယ၌ (၃၂-ကောဋ္ဌာသသည်)ရှိ၏ ဟု ဆံပင် စသော ကောဋ္ဌာသတို့ကို သူတစ်ပါး၏ဆံပင် စသည်ဖြင့် စွဲယူအပ် ကုန်လတ်သော် သတ္တဝါ၏ အဖြစ်ဖြင့် စွဲယူသည် မည်၏။ ထိုသို့မယူဘဲ--- ဣမသ္မိံ ကာယေ = ဤကိုယ်၌ဟု စွဲယူခဲ့သော် မည်သူ၏ကိုယ်ဟု မစွဲယူ ဘဲ ဣမသ္မိံ ကာယေ = ဤကိုယ်၌ ဟုသာ ယူသဖြင့် သတ္တဝါဟု ယူခြင်းမှ ကင်းနေ၏။ ထိုသို့ သတ္တဝါဟု စွဲယူခြင်းမှကင်းသော ငါဟု ပြုအပ်သော ကိုယ်၌ ငါ၏ကိုယ်ဟု မဆိုသောကြောင့် ဖျက်ဆီးအပ်ပြီးသော ငါဟု နှလုံး သွင်းခြင်း ရှိသော အခါခပ်သိမ်း (သမာဓိနှင့်ယှဉ်သောဉာဏ်၏) အနီး၌ စုဝေးတည်နေသော ထင်ရှားသည်လည်းဖြစ်သော မိမိ၏ (၃၂)ကောဋ္ဌာသ ကာယ၌ သတိ၏ ရှေးရှုကပ်၍ တည်နေခြင်းသည် ဖြစ်သကဲ့သို့ တစ်နည်း (၃၂)ကောဋ္ဌာသတို့၏ ထင်ထင်ရှားရှား ထင်လာခြင်းသည် ဖြစ်သကဲ့သို့ ထို့အတူ ထို ဗဟိဒ္ဓ သူတစ်ပါး၏ကိုယ်၌ သတိ၏ ရှေးရှုကပ်၍ တည်နေခြင်း သည် တစ်နည်း (၃၂)ကောဋ္ဌာသတို့၏ ထင်ထင်ရှားရှား ထင်လာခြင်းသည် မဖြစ်ပေ။ ထိုကြောင့် ဗဟိဒ္ဓ သူတစ်ပါး၏ (၃၂)ကောဋ္ဌာသတို့၌ ပဋိကူလ အားဖြင့် နှလုံးသွင်းခဲ့သော် အပ္ပနာစျာန်သို့ မရောက်နိုင်။ ထိုသို့ အပ္ပနာစျာန်သို့ မရောက်နိုင်သော်လည်း ဝိဇယသုတ္တန် (သုတ္တနိပါတ်ပါဠိတော်၊၃၀၇-၃၀၈။)၌ ဟောကြားထားတော်မူသည့်အတိုင်း ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ မိမိခန္ဓာ သူတစ်ပါးခန္ဓာတို့၏ ဟုတ်မှန်တိုင်းသော အပြစ်ကို မြင်အောင်ရှု သော အာဒီနဝါနုပဿနာဟူသော ဝိပဿနာဉာဏ်ကား ထို သူတစ်ပါး၏ (၃၂)ကောဋ္ဌာသတို့၌လည်း ဖြစ်နိုင်၏။ ဤကဲ့သို့သော အဓိပ္ပါယ်ကို ရည်ရွယ် တော်မူ၍ အဋ္ဌကထာဆရာတော်က အသုဘာနုပဿနာဟု ဆိုအပ်သော ဝိပဿနာဘာဝနာကား ဖြစ်နိုင်၏ဟု သိရှိပါလေဟု ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မူလဋီ၊၂၊၁၅၅-၁၅၆။)
ဤမူလဋီကာဆရာတော်၏ ရှင်းလင်းချက်နှင့်အညီ အဇ္ဈတ္တ (၃၂) ကောဋ္ဌာသတို့၌ ဥပစာရစျာန် အပ္ပနာစျာန်ကိုလည်းကောင်း၊ ဗဟိဒ္ဓ သက်ရှိ ကိုယ်ကောင်ကိုလည်း ဗဟိဒ္ဓ သက်မဲ့အလောင်းကောင်အရာ၌ ထား၍ တစ်နည်း ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ (၃၂)ကောဋ္ဌာသကိုလည်း ဗဟိဒ္ဓ သက်မဲ့ အလောင်းကောင်၏ ကောဋ္ဌာသအရာ၌ ထား၍ ပဋိကူလအားဖြင့် ရှုနိုင်သူ တို့အဖို့ ဗဟိဒ္ဓ ကောဋ္ဌာသ၌လည်း ဥပစာရစျာန်ကိုလည်းကောင်း ရရှိနိုင်ပေ သည်။ ဥပစာရစျာန်၌လည်း စျာန်အင်္ဂါ (၅)ပါးပင် ရှိ၏။ အပ္ပနာစျာန်၌လည်း စျာန်အင်္ဂါ (၅)ပါးပင် ရှိ၏။ စျာန်အင်္ဂါချင်းကား တူညီလျက် ရှိ၏။ စွမ်းအင် ချင်းသာ ကွာခြားလျက် ရှိ၏။
ဥပစာရဘုံ၌ နီဝရဏကို ပယ်ခွာနိုင်ခြင်းကြောင့် ဘာဝနာစိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ တည်ကြည်နေခြင်း ဖြစ်၏။ စျာန်ကို ရရှိသည့် ပဋိလာဘ ဘုံ၌ကား စျာန်အင်္ဂါတို့၏ ထင်ထင်ရှားရှား စွမ်းအင်ကြီးမားစွာ ဖြစ်ပေါ်လာခြင်းကြောင့် ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်သည် တည်ကြည်နေခြင်း ဖြစ်၏။ ဥပစာရဘုံ၌ စျာန်အင်္ဂါတို့သည် စွမ်းအင် အပြည့်အဝဖြင့် ဖြစ်ပေါ်မလာနိုင် ကုန်သေး၊ အပ္ပနာစျာန်အခိုက်၌ကား စျာန်အင်္ဂါတို့သည် စွမ်းအင် အပြည့်အဝ ဖြင့် ဖြစ်ပေါ်လာကြ၏။ (ဝိသုဒ္ဓိ၊၁၊၁၂၃ - ကြည့်ပါ။)
အရိုးစုကမ္မဋ္ဌာန်း
ဤ (၃၂)ကောဋ္ဌာသတို့ကို ပဂုဏဖြစ်အောင် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း (၃၂)ကောဋ္ဌာသတို့ကို ခြုံငုံ၍ ဖြစ်စေ၊ ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီကို ဖြစ်စေ အာရုံယူ၍ ပဋိကူလ မနသိကာရကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၅၇ - ကြည့်ပါ။)
ဤတွင် အရိုးစုကောဋ္ဌာသတစ်ခုကို အာရုံယူ၍ ရှုပွားပုံကို တင်ပြအပ် ပါသည်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးတို့တွင် နှစ်ခြိုက်ရာက စနိုင်၏။ ဤ၌ အဇ္ဈတ္တ ကစ၍ အားထုတ်ပုံကို တင်ပြအပ်ပါသည်။
အသင်သူတော်ကောင်းသည် မိမိရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ အဇ္ဈတ္တ (၃၂) ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။ ဗဟိဒ္ဓ၌လည်း အနီးကပ်ဆုံး၌ တည်ရှိသော လင်းရောင်ခြည်ဖြင့် တွေ့ထိမိသော သတ္တဝါတစ်ဦး၏ (၃၂)ကောဋ္ဌာသတို့ ကိုလည်း သိမ်းဆည်းပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ တစ်ကြိမ် နှစ်ကြိမ်ခန့် သိမ်းဆည်းပါ။ ထိုနောင် အဇ္ဈတ္တ အရိုးစုကောဋ္ဌာသကို ဉာဏ်ဖြင့် ခြုံငုံ၍ သိမ်းဆည်းပါ။ အရိုးစုကောဋ္ဌာသ ထင်ရှားလာသောအခါ ယင်း အရိုးစု ကောဋ္ဌာသ၏ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို အာရုံယူ၍ ---
၁။ ပဋိကူလ-ပဋိကူလ = ရွံစရာ-ရွံစရာဟုလည်းကောင်း၊
၂။ အဋ္ဌိကပဋိကူလ = အရိုးစုရွံစရာဟုလည်းကောင်း၊
၃။ အဋ္ဌိက-အဋ္ဌိက = ရွံစရာအရိုးစု ရွံစရာအရိုးစုဟုလည်းကောင်း
ပါဠိလို ဖြစ်စေ မြန်မာလို ဖြစ်စေ နှစ်ခြိုက်သလို ရှုနေပါ။ ထို ရွံရှာ စက်ဆုပ်ဖွယ် အရိုးစုအာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ အာနာပါနစတုတ္ထစျာန်၏ အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိ ထူးကြီးကို ဆက်ခံရသော ယင်းပဋိကူလမနသိကာရ ဘာဝနာစိတ်သည် အလွန့်အလွန် စွမ်းအင်ကြီးမားနေမည်သာ ဖြစ်ပေသည်။ ထိုသို့ ရှုရာ၌ ရွံရှာ စက်ဆုပ်ဖွယ် ပဋိကူလသဘောကို ဉာဏ်ဖြင့် ပေါလောကြီးပေါ်နေအောင် ထင်လင်းနေအောင် ရှုပါ။
ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်
တတ္ထ ကေသာဒီနံ ဝဏ္ဏသဏ္ဌာနဒိသောကာသပရိစ္ဆေဒဝသေန ဥပဋ္ဌာနံ ဥဂ္ဂဟနိမိတ္တံ။ သဗ္ဗာကာရတော ပဋိက္ကူလဝသေန ဥပဋ္ဌာနံ ပဋိဘာဂနိမိတ္တံ။ (ဝိသုဒ္ဓိ၊၁၊၂၅၇။)
ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့်အညီ ---
၁။ ဝဏ္ဏ = အရိုးစု၏ အရောင်၊
၂။ သဏ္ဌာန = အရိုးစု၏ ပုံသဏ္ဌာန်၊
၃။ ဒိသ = အရိုးစု၏တည်ရှိရာ ခန္ဓာကိုယ်၏အထက်ပိုင်း အောက်ပိုင်းဒေသ၊
၄။ ဩကာသ = အရိုးစု တည်ရှိရာအရပ်၊
၅။ ပရိစ္ဆေဒ = အခြားကောဋ္ဌာသတို့နှင့် မရောယှက်ဘဲ အရိုးစု ကောဋ္ဌာသချည်း သီးသန့်တည်နေပုံ၊ အရိုးစု ကောဋ္ဌာသ အချင်းချင်းလည်း မရောမယှက် တည်နေပုံ ---
ဤ (၅)မျိုးသော အခြင်းအရာအားဖြင့် ထင်လာသော အရိုးစုကောဋ္ဌာသကား ဥဂ္ဂဟနိမိတ်တည်း။ ယင်း ငါးမျိုးသော အခြင်းအရာဟူသော ခပ်သိမ်း သော အခြင်းအရာအားဖြင့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလ၏ အစွမ်းဖြင့် ထင်လာသော အရိုးစုကောဋ္ဌာသကား ပဋိဘာဂနိမိတ်တည်း။ (ဝိသုဒ္ဓိ၊၁၊၂၅၇။ မဟာဋီ၊၁၊၃၁၀။ အဘိ၊ဋ္ဌ၊၂၊၂၃၇။)
ယင်း ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ထင်လာသော အရိုးစုကောဋ္ဌာသ ပဋိဘာဂနိမိတ်ကို မှီဝဲသော ပွားများသော ယောဂါဝစရ ပုဂ္ဂိုလ်အား ပထမစျာန်၏ အစွမ်းဖြင့်သာလျှင် အပ္ပနာစျာန်သည် ဖြစ်ပေါ် လာ၏။ (ဝိသုဒ္ဓိ၊၁၊၂၅၇။) ကြွင်းကျန်သော ကောဋ္ဌာသတို့၌လည်း အလိုရှိပါက နည်းတူပင် ပွားနိုင်သည်။
စျာန်အင်္ဂါ (၅) ပါး
၁။ ဝိတက် = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးခြင်းသဘော။
၂။ ဝိစာရ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို ထပ်ကာ ထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော။
၃။ ပီတိ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို နှစ်သက်ခြင်းသဘော။
၄။ သုခ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ၏ အရသာကို ချမ်းချမ်း သာသာ ခံစားခြင်းသဘော။
၅။ ဧကဂ္ဂတာ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော။
ပီတိ သောမနဿ
ဤမျှ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အရိုးစုကောဋ္ဌာသ၌ အဘယ် သို့လျှင် ပီတိသောမနဿ ဖြစ်နိုင်ပါအံ့နည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။ ပဋိကူလမနသိကာရလမ်းမှ ရှုပွားသုံးသပ်နေသော ဤ အရိုးစု ကောဋ္ဌာသသည် ရွံရှာစက်ဆုပ်ဖွယ် ဧကန်ဖြစ်သော်လည်း ထိုအရိုးစု ကောဋ္ဌာသပဋိဘာဂနိမိတ်အာရုံ၌ အဒ္ဓါ ဣမာယ ပဋိပဒါယ ဇရာမရဏမှာ ပရိမုစ္စိဿာမိ = မချွတ်ဧကန် အမှန်အားဖြင့် ဤကျင့်ဝတ် ပဋိပတ်ဖြင့် အိုဘေးဆိုးကြီး သေဘေးဆိုးကြီးမှ ငါလွတ်မြောက်ရပေတော့အံ့ --- ဟု မိမိ ရရှိမည့် အကျိုးအာနိသံသကို ရှုမြင်လေ့ရှိသည်၏ အဖြစ်ကြောင့်လည်း ကောင်း၊ နီဝရဏအညစ်အကြေးတည်းဟူသော စိတ်အစဉ်ကို ပူပန်စေတတ် သော တရားဆိုးကို ပယ်နိုင်ခြင်းကြောင့်လည်းကောင်း ပီတိသောမနဿသည် ဖြစ်ပေါ်လာနိုင်၏။ လောကူပမာအားဖြင့်ကား ယခုအခါ၌ များစွာသော အဖိုးအခကို ငါရပေတော့အံ့ဟု အကျိုးအာနိသံသကို ရှုမြင်လေ့ရှိသော ပုပ္ဖဆဍ္ဍက = ပန်းမှိုက်သွန် မစင်ဘင်ကျုံးသမားအား မစင်ပုံကြီးကို အာရုံပြု ၍ မစင်ပုံကြီး၌ ပီတိသောမနဿ ဖြစ်သကဲ့သို့လည်းကောင်း၊ အပြင်းအထန် ဖျားနာခြင်း ဗျာဓိဒုက္ခသို့ ရောက်ရှိနေသော ရောဂါသည်အား ပျို့အန်ခြင်း ဝမ်းလျှောခြင်း ဖြစ်ရာ၌ ပီတိသောမနဿသည် ဖြစ်ပေါ်လာသကဲ့သို့လည်းကောင်း မှတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၁၈၈။)
သတိပြုရန်
ဤ ပဋိကူလမနသိကာရ၏ အစွမ်းဖြင့် အရိုးစုကောဋ္ဌာသကို အာရုံ ယူ၍ ပွားများရာ၌ အရိုးဟူသော အမည်နာမပညတ်ကို စွန့်လွှတ်၍ ထိုအရိုးစု အာရုံ၌ ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာဟု ရွံရှာစက်ဆုပ်ဖွယ်သဘော၌ သာ သတိကို တည်အောင်ထားပါ။ သို့သော် ထိုသို့ အားထုတ်ရာ၌ ရှေးဦးစွာ အားထုတ်လျှင် အားထုတ်ချင်း ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် သဘောအားဖြင့်ကား မထင်လာနိုင်သေးပေ။ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် မထင်သေးသမျှ ကာလပတ်လုံး အရိုးစုဟူသော အမည်နာမ ပညတ်ကို မလွှတ်ပါနှင့်။ အကြင်အခါ၌ကား ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ထင်လာ၏။ ထိုအခါ၌ အရိုးစုဟူသော အမည်နာမပညတ်ကို သို့မဟုတ် အရိုးစုပညတ်ကို လွှတ်၍ ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာဟုသာ နှလုံး သွင်းပါ။ အထက်တွင် ဖော်ပြထားသော ငါးမျိုးသော အခြင်းအရာဟူသော ခပ်သိမ်းသော အခြင်းအရာအားဖြင့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို ထင်လာအောင် နှလုံးသွင်းပါ။ (အဘိ၊ဋ္ဌ၊၂၊၂၄၅ - ကြည့်ပါ။)
အဇ္ဈတ္တ - ဗဟိဒ္ဓ
သစေ ပန ဗဟိဒ္ဓါပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ ဧဝံ သဗ္ဗကောဋ္ဌာသေသု ပါကဋီဘူတေသု အာဟိဏ္ဍန္တာ မနုဿတိရစ္ဆာနာဒယော သတ္တာကာရံ ဝိဇဟိတွာ ကောဋ္ဌာသရာသိဝသေနေဝ ဥပဋ္ဌဟန္တိ။ တေဟိ စ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ကောဋ္ဌာသရာသိမှိ ပက္ခိပိယမာနမိဝ ဥပဋ္ဌာတိ။ အထဿ အနုပုဗ္ဗမုဉ္စနာဒိဝသေန ပဋိကူလာ ပဋိကူလာတိ ပုနပ္ပုနံ မနသိကရောတော အနုက္ကမေန အပ္ပနာ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၂၊၂၃၆-၂၃၇၊၊)
အဇ္ဈတ္တဝယ် (၃၂)ကောဋ္ဌာသတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့် ပြီးရာ ထိုအခါ၌ ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ ဗဟိဒ္ဓသူတစ်ပါးသန္တာန် တို့သို့လည်း ကောဋ္ဌာသကို နှလုံးသွင်းခြင်း = မနသိကာရကို အကယ်၍ ကပ်ဆောင်ငြားအံ့၊ ထိုသို့ ကပ်ဆောင်လတ်သော် ထို ယောဂါဝစရပုဂ္ဂိုလ်အား ကောဋ္ဌာသအားလုံးတို့သည် ထင်ရှားသည်ဖြစ်၍ ဖြစ်ကုန်လတ်သော် လှည့်လည် ကျက်စား သွားလာနေထိုင်ကြကုန်သော လူ တိရစ္ဆာန် အစရှိသော သတ္တဝါတို့သည် သတ္တဝါဟု စွဲယူထိုက်သော အခြင်းအရာကို စွန့်၍ ကောဋ္ဌာသတို့၏ အစုအပုံ၏ အဖြစ်ဖြင့်သာလျှင် ထင်လာကုန်၏။ (လင်းရောင်ခြည် စွမ်းအင်ဖြင့် တွေ့ရှိနေရသော) ထို လူ တိရစ္ဆာန် စသော သတ္တဝါတို့သည် စားမျိုအပ်သော သောက်ဖွယ်စားဖွယ် အစရှိသော အာဟာရသည် ကောဋ္ဌာသအစုအပုံ၌ ထည့်သွင်းအပ်သကဲ့သို့ ထင်လာ၏။ ထိုအခါ၌ ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် အဇ္ဈတ္တကောဋ္ဌာသ အများစု၌ သို့မဟုတ် ထင်ရှားရာ ကောဋ္ဌာသ တစ်ခုခု၌ ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာဟု အဖန်ဖန် အထပ်ထပ် နှလုံးသွင်းလတ်သော် အစဉ်အားဖြင့် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၆-၂၃၇။)
ဤ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ အသင်သူတော်ကောင်းသည် အဇ္ဈတ္တအရိုးစုကောဋ္ဌာသ၌ ပဋိကူလအားဖြင့် နှလုံးသွင်း ရှုပွားလေရာ ပထမ စျာန်သမာဓိသို့ ဆိုက်သည်ဖြစ်အံ့၊ ယင်း ပထမစျာန်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝသီဘော် (၅)တန် နိုင်နင်းပြီးသော် မိမိ၏ ရှေ့တည့်တည့်တွင် သို့မဟုတ် လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အနီးစပ်ဆုံး တစ်နေရာတွင် တွေ့ရှိရသော သူတစ်ပါး၏ အရိုးစုကောဋ္ဌာသကို အာရုံယူ၍ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအားဖြင့်ပင် နှလုံးသွင်းပါ။ စျာန်အင်္ဂါများ ထင်ရှား လာသည့်တိုင်အောင် နှလုံးသွင်းပါ။ သို့သော် ယင်းစျာန်မှာ အထက်ပါ မူလဋီကာ၏ ရှင်းလင်းချက်အရ ဗဟိဒ္ဓအလောင်းကောင်၏ အရိုးစုကဲ့သို့ သက်မဲ့ အရိုးစုအာရုံအရာ၌ ထား၍ နှလုံးသွင်းနိုင်သောကြောင့် ရရှိလာသော ဥပစာရ စျာန်သာ ဖြစ်သည်။ ယင်း စျာန်အင်္ဂါများ ထင်ရှားလာသောအခါ အဇ္ဈတ္တသို့ တစ်ဖန်ပြန်၍ အဇ္ဈတ္တအရိုးစုကိုပင် ပဋိကူလအားဖြင့် နှလုံးသွင်းပါ။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် နှလုံးသွင်းပါ။ ယင်းသို့ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ကြိမ်ဖန်များစွာ နှလုံးသွင်းခြင်းကြောင့် ပဋိကူလမနသိကာရ ဘာဝနာသည် အလွန့်အလွန် အရှိန်အဝါကောင်း၍ စွမ်းအင် ပြည့်ဝလာမည် ဖြစ် သည်။ ထိုနောင် လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ် (၁၀)မျက်နှာ၌ တည်ရှိသော အရိုးစုကောဋ္ဌာသများကိုလည်း တစ်ခုပြီး တစ်ခု နည်းတူပင် ရှုပါ။ အဝေး အနီး အရပ်အားလုံးသို့ ဉာဏ်ကိုစေလွှတ်၍ နည်းတူပင် အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုပါ။ အရပ် (၁၀)မျက်နှာ၌ မည်သည့်အရပ်ကို မဆို ကြည့်လိုက်တိုင်း အရိုးစုကောဋ္ဌာသချည်း မြင်အောင် လေ့ကျင့်ပါ အောင်မြင်မှု ရရှိသောအခါ ဩဒါတကသိုဏ်းသို့ ကူးနိုင်ပေပြီ။
ကသိုဏ်း (၁၀) ပါး - သမာပတ် (၈) ပါး
ဝဏ္ဏကသိုဏ်း
ဝဏ္ဏကသိုဏ်း (၄) မျိုး
(၃၂)ကောဋ္ဌာသတို့၌ နီလကသိုဏ်း ပီတကသိုဏ်း လောဟိတကသိုဏ်း ဩဒါတကသိုဏ်းဟု ဝဏ္ဏကသိုဏ်း (၄)မျိုးတို့ကို ရနိုင်၏။
၁။ နီလကသိုဏ်း = အညိုရောင်ကသိုဏ်း --- ဆံပင် မွေးညင်း သည်းခြေ တို့၌လည်းကောင်း, မျက်လုံးတို့၌ မည်းနက်ရာအရပ်၌လည်းကောင်း ညိုသောအရောင်ကို အာရုံပြု၍ နီလံ နီလံ = ထို အညို အညိုဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင် ကုန်၏။ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာ ဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။)
၂။ အဆီခဲ၌လည်းကောင်း, မျက်လုံးတို့၏ ဝါရွှေရာ အရပ်၌လည်းကောင်း, (ဝါသော အရေပြား၌လည်းကောင်း, ဝါသော လက်ဖဝါး ခြေဖဝါးတို့၌ လည်းကောင်း) အဝါရောင်ကို အာရုံယူ၍ ပီတကံ ပီတကံ = အဝါ အဝါဟု နှလုံးသွင်းသောပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက် နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။)
၃။ အသား၌လည်းကောင်း, သွေး၌လည်းကောင်း (လျှာ၌လည်းကောင်း) မျက်လုံးတို့၏ နီမြန်းရာ အရပ်၌လည်းကောင်း အနီရောင်ကို အာရုံ ယူ၍ လောဟိတကံ လောဟိတကံ = အနီ အနီဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်း စျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။ ဒီ၊ဋ္ဌ၊၂၊၁၅၁။)
၄။ ခြေသည်း လက်သည်း၌လည်းကောင်း, သွား၌လည်းကောင်း, အရေထူ အရေပါး၌လည်းကောင်း, အရိုး၌လည်းကောင်း, မျက်လုံးတို့၏ ဖြူရာ အရပ်၌လည်းကောင်း အဖြူရောင်ကို အာရုံပြု၍ ဩဒါတံ ဩဒါတံ = အဖြူ အဖြူဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန် တို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏။ ယင်းစျာန်ကို ဝိပဿနာ၏ အခြေ ပါဒကပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။ ဒီ၊ဋ္ဌ၊၂၊၁၅၁။)
အဘိဘာယတနစျာန်
ယင်းသို့ (၃၂)ကောဋ္ဌာသမှ ဝဏ္ဏကသိုဏ်း လေးမျိုးသို့ ကူး၍ ရရှိသော စျာန်များကို ယင်းကသိုဏ်းအာရုံတို့ကို လွှမ်းမိုးဖိစီးလျက် ရရှိသော စျာန်များ ဖြစ်ခြင်းကြောင့် အဘိဘာယတနစျာန်ဟု ခေါ်ဆို၏။ ကိလေသာအညစ်အကြေး စသည့် ဆန့်ကျင်ဘက်တရားတို့ကို လွယ်ကူစွာ လွှမ်းမိုးဖိစီးနိုင်သော ကြောင့်လည်း အဘိဘာယတနစျာန်ဟု ခေါ်ဆို၏။
အဘိဘာယတနာနီတိ အဘိဘဝနကာရဏာနိ။ ကိံအဘိဘဝန္တိ? ပစ္စနီကဓမ္မေပိ အာရမ္မဏာနိပိ။ တာနိ ဟိ ပဋိပက္ခဘာဝေန ပစ္စနီကဓမ္မေ အဘိဘဝန္တိ၊ ပုဂ္ဂလဿ ဉာဏုတ္တရိယတာယ အာရမ္မဏာနိ။ (ဒီ၊ဋ္ဌ၊၂၊၁၅၁။ မ၊ဋ္ဌ၊၃၊၁၇၇။ အံ၊ဋ္ဌ၊၃၊၂၄၃။)
အဘိဘာယတနတို့ဟူသည် လွှမ်းမိုးဖိစီး နှိပ်နင်းကြောင်းတရားတို့ တည်း = ရူပါဝစရစျာန်တို့တည်း။ အဘယ်တရားကို လွှမ်းမိုးဖိစီး နှိပ်နင်းကြ သနည်း။ ဆန့်ကျင်ဘက်တရားတို့ကိုလည်း လွှမ်းမိုးဖိစီး နှိပ်နင်းတတ်ကြ၏။ ကသိုဏ်းအာရုံတို့ကိုလည်း လွှမ်းမိုးဖိစီး နှိပ်နင်းတတ်ကြ၏။ မှန်ပေသည် ထို အဘိဘာယတနစျာန်တို့သည် ထိပ်တိုက် ဆန့်ကျင်ဘက်၏ အဖြစ်ဖြင့် ဆန့်ကျင်ဘက်တရားတို့ကို လွှမ်းမိုးဖိစီး နှိပ်နင်းတတ်ကြ၏။ အဘိဘာယတန စျာန်တို့ကို ရရှိအောင် ပွားများနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၏ ထက်မြက်စူးရှသည့်အတွက်ကြောင့် ကသိုဏ်းအာရုံတို့ကိုလည်း လွှမ်းမိုးဖိစီး နှိပ်နင်းတတ်ကြ၏။ (ဒီ၊ဋ္ဌ၊၂၊၁၅၁။ မ၊ဋ္ဌ၊၃၊၁၇၇။ အံ၊ဋ္ဌ၊၃၊၂၄၃။)
သည်းခြေကဲ့သို့ အလွန်သေးငယ်သော ကောဋ္ဌာသပင် ဖြစ်ချင် ဖြစ်ပါ စေ။ ယင်းကဲ့သို့သော ကောဋ္ဌာသကို အာရုံယူ၍ အညိုရောင်ကသိုဏ်းကို ပွားများရာ၌ အညိုရောင်ကသိုဏ်းနိမိတ် ဖြစ်သည်နှင့်အတူတကွ အပ္ပနာစျာန် ကို ဖြစ်စေနိုင်၏ဟု ဆိုလို၏။ ဤသို့ ဖြစ်စေအပ်ကုန်သော စျာန်တို့ကို အဘိဘာယတနစျာန်တို့ဟူ၍ ဆိုအပ်ကုန်၏။ (ပဋိသံ၊ဋ္ဌ၊၁၊၆၉ - ကြည့်ပါ။)
အဘိဘုလည်း ဟုတ်၍ အာယတနလည်း ဟုတ်သောကြောင့် အဘိဘာယတနမည်သော တရား။ ယောဂါဝစရပုဂ္ဂိုလ်၏ ကသိုဏ်းပရိကမ္မဘာဝနာနှင့် ဉာဏ်သည် ကသိုဏ်းအာရုံနှင့် ဆန့်ကျင်ဘက်တရားတို့ကို လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်သောကြောင့် အဘိဘု မည်၏။ ယင်း အဘိဘုဟူသော အာယတန အကြောင်းတရား ထင်ရှားရှိသောစျာန်သည် အဘိဘာယတန စျာန် မည်၏။ တစ်နည်း --- လွှမ်းမိုးဖိစီး နှိပ်နင်းထိုက်သော ကသိုဏ်းအာရုံဟု ဆိုအပ်သောအကြောင်းတရားရှိသော စျာန်သည် အဘိဘာယတနစျာန် မည်၏။ ကသိုဏ်းအာရုံကို လွှမ်းမိုးဖိစီး နှိပ်နင်းတတ်သောကြောင့် အဘိဘု လည်း ဟုတ်၍ ယောဂါဝစရပုဂ္ဂိုလ်၏ ချမ်းသာအထူး၏ တည်ရာ အာယတန လည်း ဟုတ်သောကြောင့် သမ္ပယုတ်တရားနှင့် တကွသော ရူပါဝစရစျာန် သည် အဘိဘာယတနစျာန် မည်၏။ (ဒီ၊ဋီ၊၂၊၁၅၉။ မ၊ဋီ၊၃၊၁၂၁။ အံ၊ဋီ၊၃၊၂၄၅။)
ကသိုဏ်းအာရုံကို လွှမ်းမိုးဖိစီး နှိပ်နင်းတတ်၏ဟူသည် သည်းခြေကဲ့သို့ အလွန်သေးငယ်သော ကသိုဏ်းဝန်းပင် ဖြစ်ချင်ဖြစ်ပါစေ, ဦးခေါင်းခွံအရိုးစု ကဲ့သို့ အနည်းငယ်ကြီးမားသော ကသိုဏ်းဝန်းပင် ဖြစ်ချင် ဖြစ်ပါစေ၊ ထို ကသိုဏ်းအာရုံကို လွယ်လွယ်ကူကူ မပင်မပန်း ချမ်းချမ်းသာသာဖြင့် အလိုရှိသလောက် အရပ် (၁၀)မျက်နှာသို့တိုင်အောင် = အနန္တစကြဝဠာသို့တိုင် အောင် ဖြန့်ကြက်နိုင်မှု အပ္ပနာစျာန်သို့ဆိုက်အောင် ပွားနိုင်မှုကို ဆိုလိုသည်။
ဘုရားရှင်သည် ဤအဘိဘာယတနစျာန်တို့ကို မဟာပရိနိဗ္ဗာနသုတ္တန် (ဒီ၊၂၊၉၂-၉၃-၉၄။), အဘိဘာယတနသုတ္တန် (အံ၊၃၊၁၂၅-၁၂၆။), ဓမ္မသင်္ဂဏီ ပါဠိတော် (အဘိ၊၁၊၆၄-၆၅။) စသည့် ထိုထိုပါဠိတော်တို့၌ ဟောကြားထား တော်မူခဲ့၏။
အဇ္ဈတ္တနှင့် ဗဟိဒ္ဓ
သုတ္တန်ဒေသနာတော်တို့၌ အဇ္ဈတ္တံ ရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ (ဒီ၊၂၊၉၂) စသည်ဖြင့် အဇ္ဈတ္တကောဋ္ဌာသတို့၌လည်း အရောင်ဝဏ္ဏကသိုဏ်း ရှုပွားပုံများကို ထည့်သွင်း၍ ဟောကြားထားတော် မူ၏။ အဘိဓမ္မာ ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၆၄-၆၅) ၌ကား --- အဇ္ဈတ္တံ အရူပသညီဟု အဇ္ဈတ္တကောဋ္ဌာသတို့၌ ဝဏ္ဏကသိုဏ်း ရှုကွက်ကို ဟောကြား ထားတော်မမူခဲ့ပေ။ ထိုသို့ မဟောကြားခြင်း၏ အကြောင်းကို အဋ္ဌကထာက ဤသို့ ရှင်းပြထား၏။
အဇ္ဈတ္တရူပါနိ အနဘိဘဝနီယတော။ တတ္ထ ဝါ ဣဓ ဝါ ဗဟိဒ္ဓါရူပါနေဝ အဘိဘဝိတဗ္ဗာနိ။ တသ္မာ တာနိ နိယမတော ဝတ္တဗ္ဗာနီတိ တတြပိ ဣဓပိ ဝုတ္တာနိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၄။)
အဇ္ဈတ္တရူပါနံ အနဘိဘဝနီယတာစ ဗဟိဒ္ဓါရူပါနံ ဝိယ အဝိဘူတတ္တာ။ (မူလဋီ၊၁၊၁၀၆။)
အဝိဘူတတ္တာတိ ဣဒံ ဉာဏုတ္တရာနံ သဟ နိမိတ္တုပ္ပါဒနေန အပ္ပနာနိဗ္ဗတ္တနံ အာရမ္မဏဿ အဘိဘဝေါ န သုဋ္ဌု ဝိဘူတဘာဝမန္တရေန သမ္ဘဝတီတိ ကတွာ ဝုတ္တံ။ (အနုဋီ၊၁၊၁၁၄။)
ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တ (၃၂)ကောဋ္ဌာသ၌ တည်ရှိသော ကသိုဏ်းရုပ်တို့ကို ဝဏ္ဏကသိုဏ်းအာရုံအဖြစ် ရှုပွားခဲ့သော် အဇ္ဈတ္တရူပေ ပရိကမ္မဝသေန အဇ္ဈတ္တံ ရူပသညီ နာမ ဟောတိ။ (ဒီ၊ဋ္ဌ၊၂၊၁၅၁။) ဟူသော အဋ္ဌကထာအဖွင့်နှင့်အညီ ပရိကမ္မဘာဝနာကား ဖြစ်နိုင်၏။ သို့သော် အဇ္ဈတ္တ ကောဋ္ဌာသတို့၏ အရောင်ကို အာရုံယူ၍ ကသိုဏ်းပရိကံကို စီးဖြန်းခဲ့သော် အဇ္ဈတ္တကသိုဏ်းရုပ်တို့ကား ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကဲ့သို့ မထင်ရှားပေ။ ဉာဏ် ထက်မြက်သူ ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ ပဋိဘာဂနိမိတ်ဖြစ်ပေါ်သည်နှင့် အတူတကွ ဥပစာရသမာဓိဇောဝီထိ အကြိမ်အနည်းငယ် ဖြစ်ပေါ်ပြီးနောက် အပ္ပနာစျာန်ဇောကို ဖြစ်စေနိုင်ခြင်းသည် ကသိုဏ်းဝန်းအာရုံကို လွှမ်းမိုးဖိစီး နှိပ်နင်းနိုင်သောကြောင့်သာ ဖြစ်ရ၏။ ယင်းသို့ လွှမ်းမိုးဖိစီး နှိပ်နင်းနိုင်ခြင်း မှာလည်း ကသိုဏ်းရုပ်က ထင်ရှားပါမှသာလျှင် ဖြစ်နိုင်၏။ ထင်ရှားမှုနှင့် ကင်း၍ကား မဖြစ်နိုင်။ ထိုကြောင့် အဇ္ဈတ္တကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်က မထင်ရှားသောကြောင့် ယင်း အဇ္ဈတ္တကသိုဏ်းရုပ်တို့၌ ပရိကမ္မဘာဝနာသာ ဖြစ်နိုင်၍ ဥပစာရဘာဝနာ အပ္ပနာဘာဝနာသည် မဖြစ်နိုင်ပေ။
ထို သုတ္တန်ပါဠိတော်တို့၌လည်းကောင်း, ဤ အဘိဓမ္မာပါဠိတော်၌ လည်းကောင်း ကသိုဏ်းရုပ်ရှုကွက်တို့၌ ယောဂါဝစရပုဂ္ဂိုလ်တို့သည် ဗဟိဒ္ဓ ကောဋ္ဌာသတို့၏ ဝဏ္ဏကသိုဏ်းရုပ်တို့ကိုသာလျှင် အပ္ပနာစျာန်သို့ ဆိုက်သည့် တိုင်အောင် လွှမ်းမိုးဖိစီး နှိပ်နင်းနိုင်ကုန်၏။ ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကိုသာ လျှင် အပ္ပနာစျာန်သို့ ဆိုက်သည့်တိုင်အောင် ပွားများ၍ ရနိုင်ကုန်၏။ ဗဟိဒ္ဓ ကသိုဏ်းရုပ်တို့၏ ထင်ရှားသောကြောင့် ဖြစ်၏။ ထိုကြောင့် ယောဂါဝစရ ပုဂ္ဂိုလ်သည် အဇ္ဈတ္တကသိုဏ်းရုပ်တို့၌ ပရိကမ္မဘာဝနာကို ပွားများပြီးနောက် ဆက်လက်၍ ဗဟိဒ္ဓကသိုဏ်းရုပ်တို့၌လည်း ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့ကို (အဘိဘာယတနစျာန်ကို အလိုရှိခဲ့လျှင်) ပွားများ ရမည်သာ ဖြစ်၏။ အကယ်၍ အဇ္ဈတ္တကသိုဏ်းရုပ်တို့၌ ပရိကမ္မဘာဝနာကို ပွားများ၍ မရနိုင်သောကြောင့်လည်းကောင်း, အဇ္ဈတ္တကသိုဏ်းရုပ်တို့၌ ပရိကမ္မဘာဝနာကို ပွားများရန် အလိုမရှိသောကြောင့်လည်းကောင်း, အဇ္ဈတ္တ ကသိုဏ်းရုပ်တို့၌ ကသိုဏ်းပရိကမ္မဘာဝနာကို မစီးဖြန်းသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဗဟိဒ္ဓကသိုဏ်းရုပ်တို့၌သာ ကသိုဏ်းပရိကမ္မဘာဝနာ ဥပစာရ ဘာဝနာ အပ္ပနာဘာဝနာတို့ကို ပွားများရ၏။
ထိုကြောင့် ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကို သုတ္တန်၌ဖြစ်စေ, အဘိဓမ္မာ၌ဖြစ် စေ မြဲသောအားဖြင့် ဟောကြားတော်မူထိုက်သောကြောင့် ထို သုတ္တန်ပါဠိတော်၌လည်းကောင်း, ဤ အဘိဓမ္မာပါဠိတော်၌လည်းကောင်း ဟောကြား တော်မူအပ်ကုန်ပြီ။ (အဘိ၊ဋ္ဌ၊၁၊၂၃၃-၂၃၄။ မူလဋီ၊၁၊၁၀၆။ အနုဋီ၊၁၊၁၁၄-ကြည့်ပါ၊၊)
တတ္ထ္ထ အဇ္ဈတ္တံ အရူပသညီတိ အလာဘိတာယ ဝါ အနတ္ထိကတာယ ဝါ အဇ္ဈတ္တရူပေ ပရိကမ္မသညာဝိရဟိတော။ (အဘိ၊ဋ္ဌ၊၁၊၂၃၃။)
ဤကား အဇ္ဈတ္တ ကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်စျာန်တို့ကို အားထုတ် သော်လည်း မရနိုင်သောပုဂ္ဂိုလ် သို့မဟုတ် အဇ္ဈတ္တ ကောဋ္ဌာသတို့၌ ကသိုဏ်း ရုပ်စျာန်တို့ကို ရရှိအောင် ပွားများအားထုတ်ခြင်းငှာ အလိုမရှိသော ပုဂ္ဂိုလ်တို့ အတွက် ဖွင့်ဆိုချက်တည်း။
သို့သော်.. ဝိမောက္ခကထာ၌ကား အဇ္ဈတ္တ ကောဋ္ဌာသတို့၌လည်း ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်တို့အတွက် ကသိုဏ်းရုပ်စျာန်တို့ကို ရရှိနိုင်ကြောင်း လာရှိပေသည်။ (အံ၊၃၊၁၂၆။ အံ၊ဋ္ဌ၊၃၊၂၄၅။ အံ၊ဋီ၊၃၊၂၄၉။ အဘိ၊ဋ္ဌ၊၁၊၂၃၅-တို့၌ ကြည့်ပါ။)
အဇ္ဈတ္တံ ရူပသညီ (အရူပသညီ) ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ (အပ္ပမာဏာနိ) သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ။ (ဒီ၊၂၊၉၂။ အံ၊၃၊၁၂၅-၁၂၆။ အဘိ၊၁၊၅၅-၅၆။)
ဤ အဘိဘာယတနစျာန်တို့၌ အောက်ပါအတိုင်း ကသိုဏ်းအာရုံ (၄)မျိုး လာရှိ၏။
၁။ ပရိတ္တ = မဖြန့်ကြက်အပ်သေးသော ငယ်သော ကသိုဏ်းဝန်း၊
၂။ အပ္ပမာဏ = တိုးပွားအောင် ဖြန့်ကြက်အပ်ပြီးသော ကသိုဏ်းဝန်း၊
၃။ သုဝဏ္ဏ = အရောင်အဆင်း လှသော ကသိုဏ်းဝန်း၊
၄။ ဒုဗ္ဗဏ္ဏ = အရောင်အဆင်း မလှသော ကသိုဏ်းဝန်း၊
ဤသို့လျှင် ကသိုဏ်းအာရုံ (၄)မျိုး လာရှိ၏။ ထိုတွင် ---
၁။ ပရိတ္တ = မဖြန့်ကြက်အပ်သေးသော ငယ်သော ကသိုဏ်းဝန်း ရုပ်သည် ဝိတက်စရိုက်များသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏။
၂။ အပ္ပမာဏ = တိုးပွားအောင် အတိုင်းအတာ ပမာဏမရှိ ဖြန့်ကြက်အပ်ပြီးသော ကသိုဏ်းရုပ်သည် မောဟစရိုက်များသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏။
၃။ သုဝဏ္ဏ = အရောင်အဆင်း လှသော ကသိုဏ်းဝန်းရုပ်သည် ဒေါသစရိုက်များသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏။
၄။ ဒုဗ္ဗဏ္ဏ = အရောင်အဆင်း မလှသော ကသိုဏ်းဝန်းရုပ်သည် ရာဂစရိုက် ထူပြောများပြားသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၂၃၄။)
ဩဒါတကသိုဏ်းသို့
ဧတဒဂ္ဂံ ဘိက္ခဝေ ဣမေသံ အဋ္ဌန္နံ အဘိဘာယတနာနံ၊ ယဒိဒံ အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ဩဒါတာနိ ဩဒါတဝဏ္ဏာနိ ဩဒါတနိဒဿနာနိ ဩဒါတာနိဘာသာနိ၊ တာနိ အဘိဘုယျ ဇာနာမိ ပဿာမီတိ ဧဝံ သညီ ဟောတိ။ (အံ၊၃၊၃၀၆။ ပထမကောသလသုတ်။)
ရဟန်းတို့ ...ဤ အဘိဘာယတနစျာန် (၈)မျိုးတို့တွင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိအဇ္ဈတ္တသန္တာန်၌ တည်ရှိသော ကောဋ္ဌာသတို့၏ အဆင်းရုပ်တို့ကို မရှုမူ၍ ဗဟိဒ္ဓ၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသော အရောင်ရှိသော ဖြူသောကသိုဏ်းရုပ်တို့ကို ရှု၏။ ထိုကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ ငါသိ၏၊ ငါမြင်၏ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤ အဘိဘာယတနစျာန်သည်ကား အသာဆုံး အမြတ်ဆုံးတည်း။ (အံ၊၃၊၃၀၆။)
အထက်ပါ ဒေသနာတော်နှင့်အညီ ဝဏ္ဏကသိုဏ်း လေးမျိုးတို့တွင် ဩဒါတ = အဖြူရောင်ကသိုဏ်းကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ စိတ်ဓာတ်ကို အထူးကြည်လင်စေတတ်သဖြင့် အသာဆုံး အမြတ်ဆုံး ကသိုဏ်းတစ်ခု ဖြစ် ၏။ ထိုကြောင့် ဩဒါတကသိုဏ်းရှုကွက်ကို ဦးစားပေး၍ တင်ပြပေအံ့။
၁။ အာနာပါန စတုတ္ထစျာန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသော အခါ ---
၂။ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။
၃။ မိမိ၏ ရှေ့တည့်တည့်တွင် သို့မဟုတ် အနီးကပ်ဆုံး တစ်နေရာ၌ တည်ရှိ သော ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။
၄။ ထိုဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့တွင် အရိုးစုကောဋ္ဌာသကို သိမ်းဆည်းပါ။ (ပဋိကူလအားဖြင့် နှလုံးသွင်းလိုကလည်း သွင်းပါ။ မသွင်းလိုကလည်း ယင်းအရိုးစုကို သိမ်းဆည်းရုံ သိမ်းဆည်းပါ။)
၅။ ထို ဗဟိဒ္ဓ အရိုးစု၏ အဖြူဆုံး တစ်နေရာကို ရွေးချယ်၍ သို့မဟုတ် အရိုးစုအားလုံး ဖြူနေသော် အရိုးစုအားလုံးကို ခြုံငုံ၍ သို့မဟုတ် ဦးခေါင်းခွံအရိုးကို အာရုံယူ၍ ဩဒါတ ဩဒါတ = အဖြူ အဖြူဟု နှလုံးသွင်းပါ။
အသင်သူတော်ကောင်းသည် အကယ်၍ စိတ်အားထက်သန်ပါက အဇ္ဈတ္တအရိုးစု၌ ပဋိကူလအားဖြင့် နှလုံးသွင်းပြီး၍ ပထမစျာန်သို့ ဆိုက်ပြီး သောအခါ ယင်းအရိုးစုသည်လည်း ဖြူလာသောအခါ ထိုအဖြူရောင်၌ ပရိကမ္မဘာဝနာကို စီးဖြန်းလိုက စီးဖြန်းနိုင်ပါသည်။ အဇ္ဈတ္တကသိုဏ်းရုပ်၌ အပ္ပနာစျာန်သို့ ဆိုက်သည်တိုင်အောင် ရှုမရဖြစ်နေပါက သို့မဟုတ် မရှုလိုပါက ပရိကမ္မသမာဓိမျှကိုသာ ထူထောင်ပြီးနောက် ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသ ၏ အဖြူရောင်ကို အာရုံယူ၍ ဩဒါတ အဖြူရောင်ကသိုဏ်းကို ဆက်လက် ရှုရမည် ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ ဗဟိဒ္ဓ အရိုးကောဋ္ဌာသမှပင် ဩဒါတကသိုဏ်းသို့ သွားလိုကလည်း အထက်ဖော်ပြပါ အစီအစဉ်အတိုင်း ရှုနိုင်ပါသည်။ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို ပဋိကူလအားဖြင့် နှလုံးသွင်းခြင်းသည်ကား ပဋိကူလ မနသိကာရကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းတတ်စေ, အရိုးစုကောဋ္ဌာသလည်း ခိုင်ခံ့စေ, အရိုးစုကောဋ္ဌာသလည်း ဖြူလာစေဟူသော ဦးတည်ချက်တို့ဖြင့် နှလုံးသွင်းခြင်းသာ ဖြစ်သည်။ ပဋိကူလအားဖြင့် နှလုံးမသွင်းဘဲ ဩဒါတ ကသိုဏ်းသို့ တိုက်ရိုက်သွားလိုကလည်း သွားနိုင်သည်သာ ဖြစ်သည်။ ဗဟိဒ္ဓ အရိုးစု၏ အထူးသဖြင့် ဦးခေါင်းခွံ၏ အဖြူရောင်ကို အာရုံယူ၍ ဩဒါတ ဩဒါတ = အဖြူ အဖြူဟု ရှုသောအခါ ထိုအဖြူရောင်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။
အာနာပါနစတုတ္ထစျာန်စသော ရှေးရှေး ဘာဝနာသမာဓိတို့၏ အားကြီး သော မှီရာ = ဥပနိဿယသတ္တိစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံထားရသော အသင် သူတော်ကောင်း၏ ဩဒါတကသိုဏ်း ဘာဝနာစိတ်သည် အဖြူရောင်အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေမည်သာ ဖြစ်ပေသည်။ ယင်းအဖြူရောင်အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေပါက အရိုးစု ကောဋ္ဌာသပျောက်၍ အဖြူရောင်ကသိုဏ်းဝန်းသက်သက်သာ ကျန်ရှိနေမည်ဖြစ် သည်။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အဖြူရောင် ကသိုဏ်းဝန်းကား ဥဂ္ဂဟနိမိတ်တည်း။ သောက်ရှူးကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပလာသော အဖြူရောင်ကသိုဏ်းဝန်းကား ပဋိဘာဂနိမိတ်တည်း။ ဥဂ္ဂဟနိမိတ်သို့ မဆိုက်မီ အရိုးစုနိမိတ်အားလုံးကား ဆွတ်ဆွတ်မဖြူမီ ပရိကမ္မနိမိတ် ချည်းသာတည်း။
အကယ်၍ အသင်သူတော်ကောင်းသည် ဤသာသနာတော်တွင်း၌ ရှေးရှေးဘဝများကဖြစ်စေ သို့မဟုတ် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော် တွင်း ဘဝထိုထိုကဖြစ်စေ ဖြည့်ကျင့်ဆည်းပူးခဲ့သော ဩဒါတကသိုဏ်း ပါရမီ ကုသိုလ်အဆောက်အဦရှိသူ ဖြစ်ပါက အဖြူရောင် ဩဒါတကသိုဏ်းဝန်းမှာ အထူးကြိုးစား၍ မဖြန့်ရတော့ဘဲ ဥဂ္ဂဟနိမိတ် သို့မဟုတ် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်လာသောအခါ အဖြူရောင် ဩဒါတကသိုဏ်းဝန်းကို စိုက်၍ အဖြူ အဖြူဟု ရှုနေစဉ်မှာပင် ယင်းအဖြူရောင် ဩဒါတကသိုဏ်းဝန်းသည် အရပ် (၁၀)မျက်နှာသို့တိုင်အောင် လွယ်ကူစွာ ပြန့်သွားမည် ဖြစ်ပေသည်။
အကယ်၍ အဖြူရောင်ကသိုဏ်းဝန်းမှာ ပြန့်ကျယ်၍ မသွားပါက ထို အဖြူရောင်ကသိုဏ်းဝန်းကိုပင် ဆွတ်ဆွတ်ဖြူ၍ အထူးကြည်လင်တောက်ပ လာသည့်တိုင်အောင် ယင်း ဩဒါတကသိုဏ်းဝန်းကိုပင် အာရုံယူ၍ အဖြူ အဖြူဟု ရှုနေပါ။ သမာဓိကို ဆက်လက် ထူထောင်ပါ။ ဆွတ်ဆွတ်ဖြူ၍ အထူး သန့်ရှင်းကြည်လင် တောက်ပနေသည့် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက် သောအခါ ယင်း ပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အဖြူ အဖြူဟု ဆက်လက် ရှုပွားခဲ့သော် ပထမစျာန်သမာဓိသို့ကား ဆိုက်နိုင်၏။ သို့သော် ယင်းသမာဓိမှာ မခိုင်ခံ့ဘဲ အရှည်မတည်တံ့ ဖြစ်တတ်၏။ ထိုကြောင့် ယင်း ပဋိဘာဂနိမိတ်ကို သမာဓိ အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် တိုးပွားအောင် ပြုလုပ်သင့်ပေသည်။
ယင်း အဖြူရောင်ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာ စိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေသောအခါ အဖြူရောင်ကသိုဏ်းဝန်းသည် ဘေးပတ်လည်ဝန်းကျင်သို့ လက်တစ်သစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်နှစ်သစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်သုံးသစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်လေးသစ်ခန့် ပြန့်ပါစေ ဤသို့စသည်ဖြင့် မိမိ၏ ဉာဏ်အာနုဘော်စွမ်းအားနှင့် နှိုင်းချိန်လျက် လက်တစ်သစ် လက်နှစ်သစ် စသည်ဖြင့် ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်ကြည့်ပါ။ လက်တစ်သစ် လက် နှစ်သစ် စသည်ဖြင့် မပိုင်းခြားဘဲကား ကသိုဏ်းဝန်းကို မဖြန့်ပါနှင့်၊ ပိုင်းခြား ၍သာ ဖြန့်ပါ။ ထိုသို့ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်လိုက်သဖြင့် ကသိုဏ်းဝန်းသည် ပြန့်သွားခဲ့သော် ယင်းကသိုဏ်းဝန်းသည် အနည်းငယ် လှုပ်ရှားသွား တတ်၏။ ထိုအခါ ထိုကသိုဏ်းဝန်းကို ငြိမ်သက်သွားအောင် အဖြူ အဖြူဟု ရှုနေပါ။ သမာဓိစွမ်းအင် အားကောင်းလာသောအခါ ကသိုဏ်းဝန်းသည် ငြိမ်သက်သွားမည် ဖြစ်သည်။ ငြိမ်သက်သွားပါက ရှေးနည်းတူ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ထပ်မံ၍ ဖြန့်ကြည့်ပါ။ တစ်စတစ်စ ကသိုဏ်းဝန်းသည် ကျယ် ပြန့်လာသောအခါ တစ်တောင် ပြန့်ပါစေ၊ တစ်လံ ပြန့်ပါစေ ဤသို့စသည်ဖြင့် တိုးချဲ့၍ ဖြန့်ကြည့်ပါ။ ဤနည်းဖြင့် ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့ အတိုင်းအတာပမာဏ မရှိအောင် ဖြန့်ကြက်ပါ။ အရပ် (၁၀)မျက်နှာ၌ မည်သည့်အရပ်ကိုမဆို ကြည့်လိုက်တိုင်း ဖြူနေပါစေ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံး၌ သဏ္ဌာန်ဒြပ် လုံးဝမရှိတော့ဘဲ အဖြူရောင်ချည်းသက်သက် တည် ရှိနေသောအခါ ထိုအဖြူရောင်ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်, လှုပ်ရှားနေပါက လှုပ်ရှားနေသော အဖြူရောင်ကသိုဏ်းအာရုံလည်း ငြိမ်ဝပ်သွားအောင် ဖြန့်ကြက်ပြီးသော ယင်း အဖြူရောင် ကသိုဏ်း၏ တစ်နေရာ၌ တိုက်နံရံ တစ်ခုပေါ်၌ ဦးထုပ်တစ်လုံးကို ချိတ်ဆွဲ ထားသကဲ့သို့ ဘာဝနာစိတ်ကို ကပ်ထား၍ အဖြူ အဖြူဟုသာ ရှုနေပါ။ ယင်း အဖြူရောင်ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်လာသောအခါ အဖြူရောင်ကသိုဏ်းမှာလည်း လှုပ်ရှားမှုမရှိတော့ဘဲ ငြိမ်ဝပ်လာမည် ဖြစ်၏။ ဘာဝနာစိတ်လည်း ငြိမ်သက်လာ၍ အဖြူရောင် ကသိုဏ်းလည်း ငြိမ်ဝပ်လာသောအခါ ယင်း အဖြူရောင်ကသိုဏ်းမှာ ဆွတ်ဆွတ်ဖြူ၍ အထူး ကြည်လင်သန့်ရှင်းလာမည် ဖြစ်သည်။ အဖြူရောင် ကသိုဏ်းဝန်းနိမိတ်ကို တိုးပွားအောင် ပြုလုပ်ပြီးနောက် ထပ်မံ၍ ရရှိလာသော ကသိုဏ်းပဋိဘာဂနိမိတ်တည်း။ ထိုအဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီခန့် နှစ်နာရီခန့် စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် အဖြူ အဖြူဟုပင် ရှုနေပါ။ ထိုအခါ ယင်း ပဋိဘာဂနိမိတ်ကိုပင် ထပ်ကာထပ်ကာ နှလုံးသွင်းနေပါက ရှုနေပါက ထို ပဋိဘာဂနိမိတ် အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော စူးစူးစိုက်စိုက် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေသော ဘာဝနာစိတ်ဝယ် စျာန်အင်္ဂါ(၅)ပါးလည်း အလွန် ထင်ရှားနေ မည်၊ အားရှိနေမည် ဖြစ်ပေသည်။ ထိုအခါ ပထမစျာန်သမာဓိသို့ ဆိုက်ရောက် ပြီ ဖြစ်သည်။
စျာန်အင်္ဂါ (၅) ပါး
၁။ ဝိတက် = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။
၂။ ဝိစာရ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို အဖြူ အဖြူဟု ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော။
၃။ ပီတိ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို နှစ်သက် ခြင်းသဘော။
၄။ သုခ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။
၅။ ဧကဂ္ဂတာ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်း ပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော။
ဝိတက်စသည့် တစ်လုံးစီ တစ်လုံးစီကို စျာန်အင်္ဂါဟု ခေါ်ဆို၍ ယင်း စျာန်အင်္ဂါတို့၏ အပေါင်းအစုကို စျာန်ဟု ခေါ်ဆိုသည်။ ယင်းပထမစျာန် သမာဓိကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝသီဘော် (၅)တန် နိုင်နင်းသောအခါ အာနာပါနကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့သည့် အတိုင်း ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့သို့လည်း အစဉ်အတိုင်း ကူးပါလေ။
စတုက္ကနည်း - စျာန် (၄) ပါး
၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ (၅)ပါး ရှိ သော ပထမစျာန်၊
၂။ ပီတိ-သုခ-ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ သုံးပါးရှိသော ဒုတိယစျာန်၊
၃။ သုခ-ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်၊
၄။ ဥပေက္ခာ-ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်။
ပဉ္စကနည်း - စျာန် (၅) ပါး
၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ (၅)ပါး ရှိ သော ပထမစျာန်၊
၂။ ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ (၄)ပါး ရှိသော ဒုတိယစျာန်၊
၃။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၃)ပါး ရှိသော တတိယစျာန်၊
၄။ သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၂)ပါး ရှိသော စတုတ္ထစျာန်၊
၅။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၂)ပါး ရှိသော ပဉ္စမစျာန်။
ဤပဉ္စကနည်း၌ကား ဝိတက်နှင့် ဝိစာရတို့ကို တစ်လုံးစီ ဖြုတ်သဖြင့် စျာန် (၅)ပါး ဖြစ်သည်။ စတုက္ကနည်း၌ကား ဝိတက်နှင့် ဝိစာရတို့ကို ပြိုင်တူ ဖြုတ်သဖြင့် စျာန် (၄)ပါး ဖြစ်သည်။ ကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏ အလိုအကြိုက် စရိုက်နှင့်လျော်ညီစွာ ဉာဏ်နုံ့သူ တို့အား ပဉ္စကနည်းကို ဉာဏ်ထက်မြက်သူတို့အား စတုက္ကနည်းကို ဟောကြား တော်မူသည်၊ ရူပါဝစရစျာန်များတည်း။ ရူပါဝစရဘုံသို့ ရောက်စေနိုင်သော စွမ်းအားရှိသော စျာန်များဟု ဆိုလို၏။ ဤ၌ကား ရူပါဝစရဘုံအတွက် ရည်ရွယ်၍ သမာဓိကို ထူထောင်သည့် လုပ်ငန်းရပ်ကို ပြုလုပ်စေသည်ကား မဟုတ်ပါ။ ဝိပဿနာ၏ အခြေပါဒကအဖြစ် ရည်ရွယ်၍ သမာဓိကို ထူထောင်နေခြင်းသာ ဖြစ်သည်။
ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို အာရုံယူကာ ဩဒါတ = အဖြူရောင်ကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အဝါးဝစွာ နိုင်နိုင်နင်းနင်း ပွားများပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တ အရိုးစု၏ အဖြူရောင်ကို အာရုံယူကာ ဩဒါတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ဆက်လက်ကာ ပွားများအားထုတ်ပါ။ ထိုနောင် ---
၁။ အကျော်ပန်း စံပယ်ပန်း မြတ်လေးပန်းတို့ကဲ့သို့ ဖြူသော ပန်းများ၌သော်လည်းကောင်း၊
၂။ အဖြူရောင် အဝတ်ပိတ်စ၌သော်လည်းကောင်း၊
၃။ အဖြူရောင် စက္ကူ၌သော်လည်းကောင်း၊
၄။ စကျင်ကျောက်ကဲ့သို့ အဖြူရောင် ကျောက်ပြားများ၌သော်လည်းကောင်း၊
အဖြူရောင်ကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။
အရိုးစုကောဋ္ဌာသ၌ အဖြူရောင်ကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို အောင်အောင်မြင်မြင် ထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖြူနေသည့် မည်သည့်အရာဝတ္ထုကိုမဆို သီးသန့် အဖြူရောင်ကသိုဏ်းဝန်း မပြုလုပ်တော့ဘဲ ယင်းအရာဝတ္ထု၏ အဖြူရောင်သက်သက်ကိုသာ နှလုံးသွင်းလိုက်ပါက တစ်ခဏအတွင်းမှာပင် အဖြူရောင်ကသိုဏ်းဝန်း ဖြစ်ပေါ်လာကာ အထူး ကြိုးစားပြီး မဖြန့်ကြက်ရတော့ဘဲ ကသိုဏ်းဝန်းမှာ အရပ်ဆယ်မျက်နှာသို့တိုင်အောင် လွယ်လင့်တကူ ပျံ့နှံ့သွားတတ်ပေသည်။ ထိုအခါ ပထမစျာန်သမာဓိမှသည် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများအားထုတ်ပါလေ။
နီလကသိုဏ်း = အညိုရောင်ကသိုဏ်း
အညိုရောင်ကသိုဏ်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် --- ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်လည် ထူထောင်ပါ။ (၃၂)ကောဋ္ဌာသတို့ကို တစ်ဖန် ပြန်သိမ်းဆည်းပါ။ မိမိရှေ့တွင် ထိုင်နေသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏ အညိုရောင်ဆံပင်ကို လှမ်းအာရုံယူပါ။ ယင်း အညိုရောင်ဆံပင်ကို ဉာဏ်၌ ထင်ထင်ရှားရှား တွေ့မြင်လာသောအခါ --- နီလ - နီလ = အညို - အညို --- ဟု နှလုံးသွင်းနေပါ။ ရှေးရှေး ဘာဝနာသမာဓိတို့က အားကြီးသော မှီရာဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှုကို ဆက်ခံရသော နီလကသိုဏ်း ပရိကမ်သမာဓိသည်လည်း အရှိန်အဝါ အားကောင်းလာကာ မကြာမီ အချိန်ကာလအတွင်းမှာပင် ဆံပင်ကို မတွေ့တော့ဘဲ အညိုရောင်ကသိုဏ်းဝန်းကိုသာ တွေ့ရှိမည် ဖြစ်ပေသည်။ ယင်းအညိုရောင်ကသိုဏ်းဝန်းကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်ပါ။
ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟူသော နိမိတ်သုံးပါး, ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာဘာဝနာဟူသော ဘာဝနာသုံးပါး, ပရိကမ္မသမာဓိ, ဥပစာရသမာဓိ, အပ္ပနာသမာဓိဟူသော သမာဓိသုံးပါးတို့ကို အစဉ်အတိုင်း ရသည်တိုင်အောင် ရှေးဩဒါတကသိုဏ်း၌ ဆိုခဲ့ပြီးသည့်အတိုင်း ဆက်လက် နှလုံးသွင်းပါ၊ သမာဓိကို ထူထောင်ပါ။
ပကတိသော ဆံပင်နိမိတ်ကို ဆံပင်အဖြစ်နှင့်သာ တွေ့မြင်နေပါက ယင်းဆံပင်နိမိတ်မှာ ပရိကမ္မနိမိတ်ပင် ဖြစ်၏။ ယင်းဘာဝနာမှာ ပရိကမ္မဘာဝနာ, ယင်းသမာဓိမှာ ပရိကမ္မသမာဓိသာ ဖြစ်၏။ တစ်ဖန် သမာဓိကို ဆက်လက် ထူထောင်လိုက်ရာ ဆံပင်ကို မတွေ့တော့ဘဲ ကသိုဏ်းဝန်းအဖြစ် ယောဂီ၏ ဉာဏ်တွင် ထင်လာတတ်၏။ ယင်းသို့ ထင်လာသော နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း။ ဥဂ္ဂဟနိမိတ်၌ကား ကသိုဏ်းအပြစ်ဒေါသများ ထင်နေသေး၏။ ယင်းဥဂ္ဂဟနိမိတ်ကိုပင် အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်ခဲ့သော် ယင်းဘာဝနာမှာ ပရိကမ္မဘာဝနာ, ယင်းသမာဓိမှာလည်း ပရိကမ္မသမာဓိပင် ရှိနေသေး၏။ ယင်းဥဂ္ဂဟနိမိတ်ကိုပင် အာရုံယူနေသော သမာဓိမှာ တဖြည်းဖြည်း ရင့်ကျက်လာသောအခါ နိမိတ်မှာ ဥဂ္ဂဟနိမိတ်မှ ပဋိဘာဂနိမိတ်အဆင့်သို့ ကူးပြောင်းသွား၏။ ပဋိဘာဂနိမိတ်ကား ကသိုဏ်းဝန်းမှ လွတ်၍ ကောင်းကင်၌ တည်နေသော ဣန္ဒနီလာပတ္တမြားဖြင့် ပြီးသော ယပ်ဝန်းအတူ ထင်လာ၏။ ဤအခိုက်၌လည်း ပရိကမ္မဘာဝနာ, ပရိကမ္မသမာဓိပင် ရှိသေး၏။ သို့သော် ယင်းသမာဓိကို ရင့်ကျက်အောင် ဆက်လက် ထူထောင်ခဲ့သော် ပဋိဘာဂနိမိတ်မှာ ကြည်လင်တောက်ပသည်ထက် ပို၍ ကြည်လင်တောက်ပလာတတ်၏။ ယင်းနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် ရံခါ နစ်မြုပ်နေတတ်၏။ မနစ်မြုပ်မီအဆင့်တွင်ရှိသော သမာဓိမှာ ဥပစာရသမာဓိဖြစ်၏၊ ဘာဝနာမှာ ဥပစာရဘာဝနာ ဖြစ်၏။ အကယ်၍ ယင်းနိမိတ်အာရုံ၌ ဘာဝနာစိတ်က နစ်မြုပ်နေခဲ့သော် ယင်းနစ်မြုပ်နေသော သမာဓိမှာ အပ္ပနာစျာန်သမာဓိ ဖြစ်၏၊ ယင်းဘာဝနာမှာ အပ္ပနာဘာဝနာ ဖြစ်၏။ သို့သော် ယင်းအပ္ပနာသမာဓိမှာ ကြာရှည်စွာ မတည်တံ့ ရှိတတ်၏။ ကြာရှည်စွာ တည်တံ့နိုင်ရေးအတွက် ယင်းဥပစာရသမာဓိအခိုက်မှာ ဖြစ်စေ, အပ္ပနာစျာန်သမာဓိအခိုက်မှာ ဖြစ်စေ ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့တိုင်အောင် အဆုံးအစ မရှိအောင် ဖြန့်ကြက်အပ်ပေသည်။ ယင်းသို့ ဖြန့်ကြက်ပြီးနောက် ရရှိလာသော ကသိုဏ်းရုပ်တွင် မိမိရှေ့တည့်တည့်၌တည်ရှိသော အညိုရောင်ကသိုဏ်း တစ်နေရာကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်ခဲ့သော် အပ္ပနာစျာန်သမာဓိသို့ ဆိုက်နိုင်၏။ ယင်းသမာဓိကား ကြာရှည်စွာ တည်တံ့နိုင်၏။ ဤသို့ ကသိုဏ်းဝန်းကို ဖြန့်ကြက်ပြီးရာအခါ၌လည်း ---
၁။ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟူသော နိမိတ်သုံးမျိုး၊
၂။ ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာဘာဝနာဟူသော ဘာဝနာသုံးမျိုး၊
၃။ ပရိကမ္မသမာဓိ, ဥပစာရသမာဓိ, အပ္ပနာသမာဓိဟူသော သမာဓိ သုံးမျိုးတို့ကို အစဉ်အတိုင်း ရရှိနိုင်ပေသည်။
စတုတ္ထစျာန်သမာဓိသို့တိုင်အောင် သမာဓိကို ဆက်လက်ထူထောင်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် အဇ္ဈတ္တ ဆံပင်ကောဋ္ဌာသကို အာရုံယူကာ ပုံစံတူပင် ရှုကြည့်ပါ။ စတုတ္ထစျာန်သမာဓိသို့တိုင်အောင် သမာဓိကို ထူထောင်နိုင် သည်သာ ဖြစ်ပေသည်။ ထိုနောင် ဗဟိဒ္ဓ သည်းခြေကောဋ္ဌာသကို အာရုံ ယူကာ အညိုရောင်ကသိုဏ်းကို ပုံစံတူပင် ပွားများနိုင်ပါသည်။ စတုတ္ထစျာန်သမာဓိအထိ ဆိုက်နိုင်ပေသည်။ ဗဟိဒ္ဓ သည်းခြေကောဋ္ဌာသ၌ နီလကသိုဏ်း ကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို ထူထောင်ပြီး သောအခါ အဇ္ဈတ္တသည်းခြေကို အာရုံယူကာ ပုံစံတူပင် ရှုနိုင်ပေသည်။ ယင်း ကဲ့သို့ အောင်မြင်မှုကို ရရှိသောအခါ အောက်မဲညိုပွင့်ကဲ့သို့သော ပန်းတစ်ပွင့် ကို သို့မဟုတ် မြခွာညိုကဲ့သို့သော ပန်းတစ်ပွင့်ကို အာရုံယူကာ အညိုရောင် ကသိုဏ်းကို ပွားများအားထုတ်ကြည့်ပါ။ ယင်း အညိုရောင်ပန်းတစ်ပွင့် ကလည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာစိတ်ကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အားကြီးသော မှီရာ အာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ အာရမ္မဏူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုနေမည်သာ ဖြစ်ပေသည်။ ပန်းတစ်ပွင့်မှ စတုတ္ထစျာန်သမာဓိဟူသော ဘာဝနာအနှစ်ကို ထုတ်ယူလိုက်ခြင်းပင် ဖြစ်၏။ နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရရှိသူကို စျာန်ကုသိုလ်ကဲ့သို့သော (ဝိပဿနာကုသိုလ် ကဲ့သို့သော) အဆင့်မြင့်မားလှသော ကုသိုလ်တရားတို့က အမြဲတမ်း စောင့်ကြို လျက်ပင် ရှိနေကြပေသည်။
အလားတူပင် ---
၁။ အညိုရောင် အခြားပန်းပွင့်များ၊
၂။ အညိုရောင် အဝတ်စများ၊
၃။ မျက်စဉ်းညိုကျောက်ကဲ့သို့သော အညိုရောင်ကျောက်များ -
ဤကဲ့သို့သော အညိုရောင် အရာဝတ္ထုများကို အာရုံယူကာ ပုံစံတူပင် ရှုကြည့်ပါ။
ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း
မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ပြန်လည် ထူထောင်ပါ။ ထိုသမာဓိကြောင့် လင်းရောင်ခြည်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းလင်းရောင်ခြည် အကူအညီဖြင့် အဇ္ဈတ္တ သို့မဟုတ် ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့တွင် အဆီခဲ၏ သို့မဟုတ် ကျင်ငယ်၏ အဝါရောင်ကို အာရုံယူကာ ---
ပီတကံ - ပီတကံ - ပီတကံ = အဝါ - အဝါ - အဝါဟု နှလုံးသွင်းပါ။
ကြွင်းသော အချက်အလက်များကို ဩဒါတကသိုဏ်း, နီလကသိုဏ်းတို့၌ ဆိုခဲ့သည့် အကြောင်းအရာများကို နည်းမှီ၍ သိရှိပါလေ။ စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် အဇ္ဈတ္တ ကျင်ငယ်, ဗဟိဒ္ဓ ကျင်ငယ် နှစ်မျိုးလုံး၌ တစ်လှည့်စီ ပွားများပါ။
ကျင်ကြီး ကျင်ငယ်တို့သည် သဘာဝအားဖြင့် အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ကောဋ္ဌာသများပင် ဖြစ်ကြ၏။ မည်မျှပင် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ကောဋ္ဌာသပင် ဖြစ်ချင်ဖြစ်ပါစေ၊ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရ တရားသည် ထင်ရှားတည်ရှိနေသည်ဖြစ်အံ့၊ ထိုကျင်ကြီးသည် သို့မဟုတ် ထိုကျင်ငယ်သည် အဝါရောင်ဖြစ်ပါက ဝါရွှေသော အရောင်ရှိသော ထိုကျင်ကြီးက သို့မဟုတ် ထိုကျင်ငယ်က ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် စတုတ္ထစျာန်သမာဓိ ဖြစ်ပေါ်လာသည့်တိုင်အောင် အာရမ္မဏူပနိဿယပစ္စယသတ္တိဖြင့် အားကြီးသော မှီရာအာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးနေမည်သာ ဖြစ်ပေသည်။ ယင်းစတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြုကာ ဝိပဿနာသို့ ကူးခဲ့သော် ပါရမီအားလျော်စွာ အရဟတ္တဖိုလ်သို့တိုင်အောင်ပင် ဆိုက်ရောက်နိုင်ပေသည်။ ထိုကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော်ကောင်းသည်လည်း ယောနိသောမနသိကာရကို အမြဲတမ်း မွေးမြူပါ။ အနှစ်သာရ ဘာမျှ ရှာမရသော ခန္ဓာအိမ်အတွင်းမှ ဘာဝနာဟူသော အနှစ်သာရကို ရရှိအောင် ထုတ်ယူတတ်ပါစေ၊ တန်ဖိုးရှိသော ဘဝတစ်ခုဖြစ်အောင် ကြိုးပမ်းပါလေလော့။
ပန်းပိတောက်နှင့် ငုရွှေဝါ
ပိတောက်တွေ ရွှေရည်လူးသည့်.. အတာကူးသည့် လတန်ခူးဝန်းကျင်တွင် ပင်လုံးကျွတ် ဖူးပွင့်ဝေဆာလျက်ရှိကြသော ပန်းပိတောက်နှင့် ငုရွှေဝါတို့က ယခုကဲ့သို့ အဝါရောင် ပီတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများအားထုတ်ထားပြီးသည့် သူတော်ကောင်းတစ်ဦးကို လာစမ်းပါ ရှုကြည့်ကြစမ်းပါဟု ဖိတ်ခေါ်နေသကဲ့သို့ ရှိကြ၏။ အဝါရောင် ပီတကသိုဏ်း၌ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ထားပြီးသည့် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ပင်လုံးကျွတ် ပွင့်နေသော ပန်းပိတောက်တို့ကို တွေ့မြင်ရသောအခါ၌လည်းကောင်း, ပင်လုံးကျွတ် ပွင့်နေသော ငုရွှေဝါတို့ကို တွေ့မြင်ရသောအခါ၌လည်းကောင်း ရှေးရှေး ဘာဝနာသမာဓိတို့၏ အကူအညီကို ယူ၍ ဖြစ်စေ, မယူဘဲနှင့်ပင် ဖြစ်စေ ယင်းပင်လုံးကျွတ် ပွင့်နေသော ပန်းတို့၏ အဝါရောင်ကို ပီတကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်ပါက အချိန် အနည်းငယ်အတွင်းမှာပင် တစ်လောကလုံးကို အဝါရောင်ဖြင့် လွှမ်းခြုံထားသည်ကို တွေ့မြင်ရကာ စတုတ္ထစျာန်သမာဓိသို့တိုင်အောင် အဆင့်ဆင့်သော သမာဓိကို လွယ်ကူစွာပင် ထူထောင်ရရှိကြသော ဟူ၏။ ယင်းသမာဓိကို ကားစီးကာ သွားလျက်ပင် လေ့ကျင့်၍ ရတတ်ကြ၏။ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရတရား ထင်ရှားရှိနေသည့် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ အဝါရောင် ဝတ်စုံတစ်ခုကလည်း ပီတကသိုဏ်း၏တည်ရာ အာရုံနိမိတ် ဖြစ်နိုင်၏။ အဝါရောင် ဆေးဒန်းမြင်းသီလာ ကျောက်ဖျာတစ်ချပ်ကလည်း ပီတကသိုဏ်း၏တည်ရာ အာရုံနိမိတ် ဖြစ်နိုင်၏။ ယင်းအဝါရောင်ဝတ်စုံတစ်ခုက သို့မဟုတ် ယင်းအဝါရောင် ဆေးဒန်းမြင်းသီလာ ကျောက်ဖျာတစ်ခုက ပီတကသိုဏ်းကို ပွားများလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏သန္တာန်၌ စတုတ္ထစျာန်သမာဓိ ဖြစ်ပေါ် လာသည့်တိုင်အောင် အာရမ္မဏပစ္စယသတ္တိဖြင့် အာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးလျက်ပင် ရှိပေသည်။
လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း
မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ပြန်လည် ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အထူး အားကောင်းလာသောအခါ ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် ဗဟိဒ္ဓ မိမိ၏ ရှေ့တည့်တည့်၌ တည်ရှိသော ယောဂီတစ်ဦး၏ နှလုံးအိမ်အတွင်း၌ တည်ရှိသော သွေးကောဋ္ဌာသ၏ အနီရောင်ကို လှမ်းအာရုံယူကာ လောဟိတကံ - လောဟိတကံ - လောဟိတကံ = အနီ - အနီ - အနီ --- ဟု နှလုံးသွင်း ရှုပွားပါ။ သွေးကောဋ္ဌာသပျောက်ကာ အနီရောင်ကသိုဏ်းဝန်းကို တွေ့ရှိလာသော အခါ ယင်းအနီရောင်ကသိုဏ်းဝန်းကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ပါ။ ရှေးနည်းအတူ ကသိုဏ်းဝန်းကို ဖြန့်ကြက်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများပါ။
ဗဟိဒ္ဓ အသည်း, နှလုံးစသည်တို့၏ ဝန်းကျင်၌ တည်ရှိသော အိုင်နေသော သွေးကောဋ္ဌာသ၏ အနီရောင်ကို အာရုံယူကာ ပုံစံတူ ရှုနိုင်ပါသည်။ အဇ္ဈတ္တ နှလုံးအိမ်အတွင်း၌ တည်ရှိသောသွေး, အဇ္ဈတ္တ အသည်း, နှလုံး စသည်တို့၏ ဝန်းကျင်၌ တည်ရှိသောသွေးတို့၏ အနီရောင်ကို အာရုံယူကာလည်း အနီရောင်ကသိုဏ်းကို ရှုပွားနိုင်ပေသည်။
ယခုကဲ့သို့ လောဟိတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ထားပြီးသော သူတော်ကောင်းတစ်ဦးကို ပဒုမ္မာကြာပန်းတစ်ပွင့်ကလည်း အနီရောင်ကသိုဏ်း ရှုဖို့ရန် လာစမ်းပါ ရှုကြည့်စမ်းပါဟု ဖိတ်ခေါ်နေသကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏။ နီမြန်းသော လယ်ခေါင်ရန်း ပန်းတစ်ပွင့်ကလည်း အနီရောင်ကသိုဏ်း ရှုဖို့ရန် လာစမ်းပါ ရှုကြည့်စမ်းပါဟု ဖိတ်ခေါ်နေသကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏။ ပတ္တမြားလက်စွပ်တစ်ခုတွင် တည်ရှိသော ပတ္တမြားရတနာ တစ်ခုကလည်း အနီရောင်ကသိုဏ်း ရှုဖို့ရန် လာစမ်းပါ ရှုကြည့်စမ်းပါဟု ဖိတ်ခေါ် သကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏။ နီမြန်းသော ကတ္တီပါဝတ်စုံတစ်စုံ ကလည်း အနီရောင်ကသိုဏ်း ရှုဖို့ရန် လာစမ်းပါ ရှုကြည့်စမ်းပါဟု ဖိတ်ခေါ် နေသကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏။ မက်မောဖွယ်ရာ, မြတ်နိုးဖွယ်ရာ, နှစ်သက်ဖွယ်ရာ, တဏှာလောဘဖြစ်စရာ ငါးဖြာအာရုံ ကာမဂုဏ် ညွန်အိုင်တွင်းမှ ဘာဝနာဟူသော အနှစ်ကို ထုတ်ယူနေခြင်းပင် ဖြစ်ပေသည်။
အရဟတ္တဖိုလ်ပေါက် အနှစ်သာရများ
အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသော ဆံပင်ကဲ့သို့သော သို့မဟုတ် သည်းခြေကဲ့သို့သော ကောဋ္ဌာသတစ်ခုကလည်း အညိုရောင်ကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေး နိုင်သော စွမ်းအား ရှိနေ၏။ အလွန် မြတ်နိုးဖွယ်ရာကောင်းလှသော စကားဝါ ပန်းတစ်ပွင့်ကလည်း အဝါရောင်ကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန် သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏။ အလွန် မြတ်နိုးဖွယ်ရာ ပတ္တမြားရတနာတစ်ခုကလည်း အနီရောင်ကသိုဏ်း အဖြစ် ရပ်တည်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူး ပြုပေးနိုင်သော စွမ်းအား ရှိနေ၏။ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသော သွားတစ်ချောင်းကလည်း အဖြူရောင်ကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏။
ယောနိသောမနသိကာရတရား ထင်ရှားရှိနေသူ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ငါးဖြာအာရုံ ကာမဂုဏ်ညွန်ဗွက်အတွင်းမှ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင်သော ဘာဝနာဟူသော အနှစ်သာရများကို အချိန်မရွေး ထုတ်ယူ၍ ရရှိနိုင်သည်သာ ဖြစ်၏။ တစ်ဖန် ယင်းစတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့သော် ပါရမီအားလျော်စွာ အရဟတ္တဖိုလ်သို့ တိုင်အောင်သော အနှစ်သာရများကို ထုတ်ယူ၍ ရရှိနိုင်သည်သာ ဖြစ်၏။
အကယ်၍ ပါရမီက မစုံညီသေးသဖြင့် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်နိုင်သေးဘဲ သောတာပန် အဆင့်မျှလောက်သာ ဆိုက်ရောက်ခဲ့မည် ဆိုလျှင်လည်း မလျောကျသော စျာန်ရှိသော ထိုသူတော်ကောင်းကို သံသရာခရီးတွင် အလွန် အဆင့်အတန်း မြင့်မားလှသော ဗြဟ္မာ့ချမ်းသာကြီးက ကြွတော်မူပါ ကြွတော်မူပါဟု ဆီးကြိုကာ ဖိတ်ခေါ်နေမည်သာ ဖြစ်ပေသည်။ သောတာပန် အရိယာသူတော်ကောင်းပင် ဖြစ်ချင်ဖြစ်ပါစေ၊ ဗြဟ္မာ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်သွားသော အရိယာသူတော်ကောင်း မှန်သမျှသည် ထိုဗြဟ္မာ့ပြည်မှ စုတေကာ ကာမဘုံသို့ တစ်ဖန် ပဋိသန္ဓေအားဖြင့် ပြန်လာရိုးဓမ္မတာ မရှိပေ။ ခုနစ်ဘဝအတွင်းဝယ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ပရိနိဗ္ဗာန်စံတော်မူရမည့် သူတော်ကောင်းသာ ဖြစ်ပေသည်။ သံသရာဝဋ်ဒုက္ခ မီးပုံကြီး၏ အငြိမ်းကြီးငြိမ်းရာ ဖြစ်သည့် နိဗ္ဗာန်သို့ ဝင်စံတော်မူဖို့ရန် ကျိန်းသေသည့် လက်မှတ်ကို ရရှိထားပြီးသူတို့သာ ဖြစ်ကြပေသည်။
ဤမျှ ကြီးမားလှသော ဂုဏ်ကျေးဇူးရှိသည့် ဤကဲ့သို့သော တရားထူး တရားမြတ်များကို သာသနာတော်၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရားကို လက်ကိုင်ထားလျက်ရှိသော သင်ကဲ့သို့သော သူတော်ကောင်းတစ်ဦးသည် အဘယ်အကြောင်းကြောင့် မပွားများ အားမထုတ်ဘဲ နေထိုက်ပါအံ့နည်း၊ အချိန်ရှိခိုက် လုံ့လစိုက်ပါလော့။
ပထဝီကသိုဏ်း = မြေကသိုဏ်း
၁။ ကသိုဏ်းဝန်းအဖြစ် ပြုပြင်အပ်ပြီးသော မြေ,
၂။ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပြကတေ့သော ကောက်စပါးနယ်ရာ တလင်းစသော မြေ,
၃။ အပိုင်းအခြား ရှိသည်သာဖြစ်သော မြေ,
၄။ အပိုင်းအခြား မရှိသည်ကား မဟုတ်သော မြေ,
၅။ မန်းငယ် (= ဗန်းငယ်) ဆန်ကောငယ် ပမာဏရှိသော မြေ,
၆။ အိုးစရည်းဖုံး စလောင်းဖုံး ပမာဏရှိသော မြေ ---
ဤမြေတို့၌ ပထဝီကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၀၊၊)
တတ္ထ ယေန အတီတဘဝေပိ သာသနေ ဝါ ဣသိပဗ္ဗဇ္ဇာယ ဝါ ပဗ္ဗဇိတွာ ပထဝီကသိဏေ စတုက္ကပဉ္စကဇ္ဈာနာနိ နိဗ္ဗတ္တိတပုဗ္ဗာနိ၊ ဧဝရူပဿ ပုညဝတော ဥပနိဿယသမ္ပန္နဿ အကတာယ ပထဝိယာ ကသိတဋ္ဌာနေ ဝါ ခလမဏ္ဍလေ ဝါ နိမိတ္တံ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၀။)
= ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရှေးရှေး အတိတ်ဘဝ၌လည်း သာသနာတော်တွင်း၌သော်လည်းကောင်း ရသေ့ရဟန်းအဖြစ်၌သော်လည်းကောင်း ရှင်ရဟန်းပြုဖူး၍ ပထဝီကသိုဏ်း၌ စတုက္ကစျာန် ပဉ္စကဇ္ဈာန်တို့ကို ဖြစ်စေအပ်ဖူးကုန်၏။ ဤသို့သဘောရှိသော ဘာဝနာကြောင့်ဖြစ်သော ကောင်းမှုကုသိုလ် ပါရမီပုညသမ္ဘာရ အဆောက်အဦရှိသော အားကြီးသော ဘာဝနာကုသိုလ်တည်းဟူသော မှီရာ ဥပနိဿယနှင့် ပြည့်စုံသော ထိုယောဂါဝစရပုဂ္ဂိုလ်မြတ်အဖို့မူကား (အလောင်းတော်ဟတ္ထိပါလသတို့သားသည် ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ဂင်္ဂါမြစ်ရေအယဉ်ကို ကြည့်၍ အာပေါကသိုဏ်းနိမိတ်ကို ရယူကာ ကသိုဏ်းပရိကမ်တို့ကို ပြုလုပ်ကာ စျာန်တို့ကို ဖြစ်စေနိုင်သကဲ့သို့ --- ဇာတက၊ဋ္ဌ၊၄၊၄၈၃။) အလားတူပင် ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပကတိသောမြေဝယ် လယ်ထွန်ရာအရပ်၌သော်လည်းကောင်း, ကောက်နယ်တလင်း အဝန်း၌သော်လည်းကောင်း ပရိကမ္မနိမိတ်ကို ယူခဲ့သော် ပထဝီ ပထဝီဟု စီးဖြန်းခဲ့သော် ထိုပရိကမ္မနိမိတ်မှ ဥဂ္ဂဟနိမိတ်သို့ တစ်ခဏချင်း ပြောင်းလဲသွားကာ ဥဂ္ဂဟနိမိတ်ကို ရရှိနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၀။)
ဤအထက်ပါ ညွှန်ကြားချက်များနှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်လည်း ပထဝီကသိုဏ်း၌ နိမိတ်ကို ရယူလိုခဲ့သော် ညီညာ၍ မြက်-သစ်ရွက်-ခဲ - စသော အပြစ်ကင်းသော ပကတိသော မြေကြီးတစ်နေရာတွင် တုတ်ဖြင့် ဖြစ်စေ, အရာဝတ္ထုတစ်ခုဖြင့် ဖြစ်စေ ဝန်းဝိုင်းသော အရေးအသား တစ်ခုကို ပြုပါ။ မန်းငယ် (= ဗန်းငယ်) ဆန်ကောငယ် ပမာဏမှ စ၍ ယောဂါဝစရပုဂ္ဂိုလ်၏ ဆန္ဒရှိသလောက် ဝန်းဝိုင်းသော ပမာဏကို ပြုပါ။
အရုဏဝဏ္ဏာယ မတ္တိကာယ ကသိဏံ ကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၂၀။)
= အရုဏ်အရောင်အဆင်းရှိသော မြေ၌ ပထဝီကသိုဏ်းဝန်းကို ပြုလုပ် အပ်၏ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်နှင့်အညီ ကသိုဏ်းဝန်း ပြုလုပ်မည့် မြေကြီး၏ အရောင်မှာ မမည်းလွန်း မဖြူလွန်းသော အနီရောင် = အရုဏ်ရောင် အသင့်အတင့် သန်းနေသော မြေကြီးရောင် ဖြစ်ပါစေ။ ထိုမြေအဝန်းအဝိုင်းကို စိုက်ကြည့်ကာ ---
ပထဝီ - ပထဝီ - ပထဝီ = မြေ - မြေ - မြေ - ဟု နှလုံးသွင်းပါ။
မျက်စိကို ဖွင့်တုံ မှိတ်တုံ ပြုလုပ်ကာ နိမိတ်ကို ယူကြည့်ပါ။ အကယ်၍ နိမိတ်မှာ မထင်မရှား ဖြစ်နေလျှင် မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ပြန်လည် ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၏ အကူအညီဖြင့် ထိုမိမိ ပြုပြင်ထားသော ပထဝီကသိုဏ်းဝန်းနိမိတ်ကို လှမ်းကြည့်ကာ ပထဝီ - ပထဝီ - ပထဝီ = မြေ - မြေ - မြေဟု နှလုံးသွင်းပါ။ သို့မဟုတ် မျက်စိကို ဖွင့်တုံ မှိတ်တုံပြုကာ နိမိတ်ယူကြည့်ပါ။ ပကတိသော မျက်စိဖြင့် မြင်ရသကဲ့သို့ နိမိတ်ကို ယူ၍ ရခဲ့သော် မိမိနှစ်သက်ရာနေရာသို့ သွား၍ ထိုင်နိုင်ပြီ။ ထိုသို့ ထိုင်သောအခါ၌လည်း မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိ တစ်ခုခုကို တစ်ဖန် ပြန်လည်ထူထောင်၍ ယင်းသမာဓိစွမ်းအင်ကြောင့် လင်းရောင်ခြည် စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုလင်းရောင်ခြည်၏ အကူအညီဖြင့် ထိုပထဝီကသိုဏ်းနိမိတ်ကိုပင် တစ်ဖန် ပြန်လည်၍ လှမ်းကာ အာရုံယူပါ။ ကသိုဏ်းဝန်းနိမိတ်ကို တစ်ဖန် အာရုံယူ၍ ရခဲ့သော် ထိုပထဝီကသိုဏ်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲပါ။
န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။ အပိ စ ဝဏ္ဏံ အမုဉ္စိတွာ နိဿယသဝဏ္ဏံ ကတွာ ဥဿဒဝသေန ပဏ္ဏတ္တိဓမ္မေ စိတ္တံ ပဋ္ဌပေတွာ မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၁၂၂။)
= ထိုသို့ ပထဝီကသိုဏ်းနိမိတ်ကို နှလုံးသွင်းရာ၌ ထိုပထဝီကသိုဏ်းဝန်း ၌ တည်သော အရုဏ်ရောင်အဆင်းနှင့်တူသော အရောင်အဆင်းကိုလည်း မနောဝိညာဏ်ဖြင့် မဆင်ခြင်အပ် နှလုံးမသွင်းအပ်။ ထိုပထဝီကသိုဏ်းဝန်း၏ တည်ရာမြေကြီး၏ ထဒ္ဓလက္ခဏာ = ခက်မာခြင်း ပထဝီဓာတ်လက္ခဏာကိုလည်း နှလုံးမသွင်းအပ်။ စင်စစ်မူကား အရောင်အဆင်းကို မလွှတ်မူ၍ ထိုအရောင်အဆင်းကို မိမိ အရောင်အဆင်း၏ မှီရာ ပထဝီကသိုဏ်းဝန်းနှင့် တူသောအခြင်းအရာ တူသောအလား ရှိသည်ကို ပြု၍ ပထဝီဓာတ်ထူပြောသည်၏အဖြစ် သတ္တိအားဖြင့် လွန်သည်၏အဖြစ်ဖြင့် ပထဝီ=မြေဟူသော လောကဝေါဟာရပညတ်၌ စိတ်ကို ရှေးရှုတည်စေ၍ ပထဝီ - ပထဝီ - ပထဝီ = မြေ - မြေ - မြေဟု နှလုံးသွင်းပါ။
ရရှိနိုင်သော အပြစ်
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း၌ တည်ရှိသော အရုဏ်ရောင်ဟူသော အရောင်အဆင်းကို နှလုံးသွင်းပါက ပထဝီကသိုဏ်း မဖြစ်တော့ဘဲ ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်း ဖြစ်သွားပေလိမ့်မည်။ ပထဝီကသိုဏ်းလမ်းမှ အရောင်ကသိုဏ်းလမ်းသို့ ပြောင်းသွားပြီ ဖြစ်သည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း၌ ထူပြောလျက်ရှိသော ပထဝီဓာတ်၏ ခက်မာမှုသဘောကို နှလုံးသွင်းမိပါက ပထဝီကသိုဏ်းကို နှလုံးသွင်းသည် မမည်တော့ဘဲ ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းသည် မည်ပေလိမ့်မည်။ ပထဝီကသိုဏ်းလမ်းမှ ဓာတ်ကမ္မဋ္ဌာန်းလမ်းဘက်သို့ ပြောင်းသွားပြီ ဖြစ်ပေသည်။ ပိုမို၍ ရှုပ်ထွေးစေသော ပြဿနာ တစ်ရပ်ကား ယင်းပထဝီကသိုဏ်းဝန်း၌ တည်ရှိသော မာမှုသဘောကို နှလုံးသွင်းမိပါက ယင်းပထဝီကသိုဏ်းဝန်းကလည်း အရပ်ဆယ်မျက်နှာသို့ ပြန့်ကားသွားသောအခါ ယင်းမာမှုသဘောက ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယတစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ဖြစ်ကာ သမာဓိ၏ စွမ်းအင်ထက်မြက်လာသည်နှင့်အမျှ မာမှုသဘောမှာလည်း လွန်ကဲလာကာ ထို ယောဂီသူတော်ကောင်းအနေဖြင့် ထိုမာမှုသဘောကို သည်းမခံနိုင် ဖြစ်တတ်ပေသည်။ သတိရှိစေ။ ဤစည်းကမ်း သတ်မှတ်ချက်ကို ပကတိသော မြေဝန်း၌ နိမိတ်ယူစဉ်၌သော်လည်းကောင်း, တစ်နေရာတွင် တရားထိုင်စဉ် ယင်းနိမိတ်ကို တစ်ဖန် ပြန်၍ အာရုံယူစဉ်၌လည်းကောင်း လိုက်နာပါ။
ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်
မြေကြီး၌ တည်ရှိသော မူလပထဝီကသိုဏ်းဝန်းကား ပရိကမ္မနိမိတ်တည်း။ ယင်းပရိကမ္မနိမိတ် ပထဝီကသိုဏ်းဝန်းကို မျက်စိ ဖွင့်တုံ မှိတ်တုံပြု၍ နိမိတ်ကိုယူရာ၌ ပကတိသော ဖွင့်ထားသော မျက်စိဖြင့် ကသိုဏ်းဝန်းနိမိတ်ကို မြင်ရသကဲ့သို့ မျက်စိကို မှိတ်ထားသောအခါ၌လည်း ထိုပထဝီကသိုဏ်းဝန်း နိမိတ်သည် ထင်နေပါက ထိုအခါ ဥဂ္ဂဟနိမိတ် ဖြစ်ပေါ်လာပြီ ဖြစ်၏။ တစ်ဖန် တစ်နေရာတွင် သွားရောက်ကာ တရားထိုင်သောအခါ၌လည်း မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးနောက် ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီဖြင့် ထို မူလနိမိတ် ယူခဲ့ဖူးသော ပထဝီကသိုဏ်းဝန်းနိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူလိုက်သောအခါ ဖွင့်ထားသော မျက်စိဖြင့် မြင်ရသကဲ့သို့ ထင်လာပါမူ ထိုအခါတွင်လည်း ဥဂ္ဂဟနိမိတ်သည် ဖြစ်ပေါ်လာသည် မည်၏။ ထိုဥဂ္ဂဟနိမိတ်ကိုပင် ဆက်လက်၍ နှလုံးသွင်းခဲ့သော် မှီဝဲခဲ့သော် ယင်းနိမိတ်ကိုပင် အာရုံယူကာ သမာဓိကို ထူထောင်ခဲ့သော် ယင်းသမာဓိကို တိုးပွားအောင် ပွားများအားထုတ်ခဲ့သော် အစဉ်အတိုင်း နီဝရဏတို့သည် ခွာအပ်ပြီး ဖြစ်ကုန်၏ = ကွာကျသွားကြကုန်၏။ ကိလေသာတို့သည် အနည်ထိုင်သွားကြ ကုန်၏၊ ဥပစာရသမာဓိဖြင့် စိတ်သည် တည်ကြည်လာ၏။ ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏။ ထိုပဋိဘာဂနိမိတ်ကို တိုးပွားအောင် ဖြန့်ကြက်၍ သော်လည်းကောင်း, တိုးပွားအောင် မဖြန့်ကြက်ဘဲသော်လည်းကောင်း ယင်း ပဋိဘာဂနိမိတ်ကို အာရုံယူကာ ဆက်လက်၍ နှလုံးသွင်းခဲ့သော် သမာဓိကို ဆက်လက် ထူထောင်ခဲ့သော် စတုတ္ထစျာန်သမာဓိသို့တိုင်အောင် ဆိုက်ရောက် နိုင်ပေသည်။ သို့သော် နိမိတ်ကို ဖြန့်ကြက်ခဲ့သော် ဘာဝနာသမာဓိမှာ ရှည်မြင့်စွာ တည်နိုင်သဖြင့် နိမိတ်ကို စွမ်းအားရှိသလောက် ဖြန့်ကြက်ပြီးလျှင် စတုတ္ထစျာန်သို့ ဆိုက်အောင်ရှုပါ။
ဥဂ္ဂဟနိမိတ်၌ လက်ချောင်းရာ တုတ်ရာစသည့် ကသိုဏ်းအပြစ်ဒေါသများ ထင်ရှားနေတတ်၏။ ပဋိဘာဂနိမိတ်ကား .. အိတ်အတွင်းမှ ထုတ်ယူအပ်သော ကြေးမုံဝန်းကဲ့သို့လည်းကောင်း, ကောင်းစွာ ပွတ်အပ်ပြီးသော ခရုသင်းခွက်ကဲ့သို့လည်းကောင်း, တိမ်တိုက်အကြားမှ ထွက်ပေါ်လာသော လပြည့်ဝန်းကဲ့သို့လည်းကောင်း, မိုးတိမ်ညိုဝ၌ ပျံသန်းနေသော ဥဗျိုင်းတို့ကဲ့သို့လည်းကောင်း ဥဂ္ဂဟနိမိတ်ကို ထွင်းဖောက်၍ ထွက်ပေါ်လာသကဲ့သို့ ထိုဥဂ္ဂဟနိမိတ်ထက် အဆပေါင်း အရာအထောင်မက အလွန် စင်ကြယ်သန့်ရှင်းသည်ဖြစ်၍ ထင်လာတတ်ပေ၏။ (ဝိသုဒ္ဓိ၊၁၊၁၂၂။)
အချို့အချို့သော ယောဂီများ
အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း ဩဒါတကသိုဏ်းမှ စ၍ အခြားအခြားသော ကသိုဏ်းတို့၌ ဘာဝနာသမာဓိ အရှိန်အဝါ အားကောင်းလာသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်အဖို့မူကား ပထဝီကသိုဏ်း နိမိတ်ဝန်းကိုပင် အထူး မပြုလုပ်ရတော့ဘဲ ဩဒါတကသိုဏ်းစသည်တို့ဖြင့် စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် သမာဓိကို ထူထောင်၍ ထိုစတုတ္ထစျာန်သမာဓိ ဘာဝနာစိတ်ကြောင့် ဉာဏ်အရောင်အလင်းသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ မိမိ ထိုင်၍ တရားနှလုံးသွင်းရာ အောက်၌ဖြစ်စေ, ပတ်ဝန်းကျင်၌ဖြစ်စေ တည်ရှိနေသော အရုဏ်ရောင် အဆင်းရှိသော ပကတိမြေကြီးကိုပင် ယင်း မိမိပွားများထားသည့် စတုတ္ထစျာန် ဘာဝနာသမာဓိကြောင့် ထွက်ပေါ်လာသော ဉာဏ်အရောင်အလင်းဓာတ်ဖြင့် ထိုးစိုက်၍ ပထဝီကသိုဏ်းနိမိတ်ကို ယူခဲ့သော်လည်း ရရှိနိုင်သည်သာ ဖြစ်ပေ သည်။ ယင်းနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် မှီဝဲပွားများခဲ့သော် အစဉ် အတိုင်း နိမိတ်သုံးမျိုး, ဘာဝနာသုံးမျိုး, သမာဓိသုံးမျိုးတို့ ဖြစ်ပေါ်လာနိုင်၏။ ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ နိမိတ်ကို စွမ်းအားရှိသလောက် ဖြန့်ကြက်၍ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ဆက်လက်ပွားများပါ။
အာပေါကသိုဏ်း = ရေကသိုဏ်း
၁။ သပိတ်, ခွက်, ပုံး စသည်၌ အနားရေးနှင့်အမျှ ပြည့်အောင် ထည့်ထားအပ်သော ကသိုဏ်းဝန်းအဖြစ် ပြုလုပ်ထားအပ်သော အညို, အဝါ, အဖြူ, အနီ အရောင်တို့ဖြင့် ရောယှက်မှု မရှိ၊ ပကတိ ကြည်လင် သန့်ရှင်းသော, ကောင်းကင်မှ ကျလာသော မိုးရေ သို့မဟုတ် ထိုရေနှင့် အလားတူ သန့်ရှင်းသော ရေ၌သော်လည်းကောင်း,
၂။ ရေတွင်း, ရေကန်, တစ်ဖက်ဆည်ကန်, သမုဒ္ဒရာမှ တက်လာသော ဆားငံရေဖြင့် ပြည့်သော ဆားကျင်း, ဒီချောင်း, သမုဒ္ဒရာစသော ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော ရေ၌သော်လည်းကောင်း အာပေါကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၅။)
ဤညွှန်ကြားချက်များနှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအတွက် အကောင်းဆုံးသောရေမှာ ကြည်လင်သန့်ရှင်းသော ရေတွင်းရေပင် ဖြစ်သည်။ ရေတွင်းရေ မရခဲ့သော် သို့မဟုတ် ယင်းရေတွင်းရေကို အာပေါကသိုဏ်းနိမိတ် ပြုလုပ်ဖို့ရန် အလိုမရှိခဲ့သော် သပိတ်၌ ဖြစ်စေ, အိုးခွက်တစ်ခု၌ ဖြစ်စေ ရေကို ပြည့်အောင်ထည့်၍ ယင်းရေက ငြိမ်သက်လာသောအခါ ယင်းရေ၌ အာပေါကသိုဏ်းနိမိတ်ကို ယူပါ။ ရေတွင်းရေ၌ ဖြစ်စေ, သပိတ်အိုးခွက် စသည်၌ တည်ရှိသော ရေ၌ ဖြစ်စေ အာပေါကသိုဏ်းနိမိတ်ကို ယူရာ၌ ရေဟူသော ပညတ်သက်သက်ကိုသာ အာရုံယူပါ။ ရေတွင်းနံရံနှင့် ရေတွင်း အောက်ခြေကိုလည်းကောင်း သို့မဟုတ် သပိတ်အိုးခွက်၏ နံရံနှင့် အောက်ခြေကိုလည်းကောင်း မကြည့်မိရန် သတိပြုပါ။ ရေသက်သက်ကိုသာ ကြည့်၍ နိမိတ်ယူပါ။ တစ်ဖန် ထိုသို့ နိမိတ်ယူရာ၌ မိမိ ရရှိထားပြီးသော တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို ထူထောင်ပြီးမှ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ စျာန်မှထကာ မျက်စိကို ဖွင့်တုံ မှိတ်တုံပြုကာ အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့သော် ပို၍ အရမြန်တတ်သည်။ မကြာမီ အချိန်ကာလအတွင်းမှာပင် ဥဂ္ဂဟနိမိတ်မှ ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက် သွားတတ်သည်။ ရှေးရှေးသော ဘာဝနာသမာဓိများက ယင်း အာပေါကသိုဏ်း ဘာဝနာသမာဓိအား အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးနေသောကြောင့် ဖြစ်သည်။
န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၆၅။)
ထိုသို့ အာပေါကသိုဏ်းနိမိတ်ကို ယူရာ၌ ရေ၏အရောင်ကို နှလုံးမသွင်းပါနှင့်၊ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်းဘက်သို့ ကူးသွားမည်။ အာပေါဓာတ်၏ ယိုစီးခြင်း ပဂ္ဃရဏလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်၊ ရေ၏ အေးမှု သီတလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်၊ ဓာတ်ကို နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းဘက်သို့ ကူးသွားမည်ဖြစ်၏။ အထူးသဖြင့် ရေ၏ အေးမှုသဘောကို နှလုံးသွင်းပါက သမာဓိအားကောင်းလာသောအခါ အာပေါကသိုဏ်းဝန်းကလည်း ပြန့်ကားသွားသောအခါ ထိုသို့ နှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အအေးဓာတ် လွှမ်းမိုးကာ ချမ်းတက်လာတတ်၏။ ထိုကြောင့် အဆင်း၏ မှီရာ အာပေါကသိုဏ်းကို အဆင်းနှင့်တကွ တူသော အခြင်းအရာ ရှိသည်ကို ပြု၍ အာပေါဓာတ် ထူပြောသည်၏ အစွမ်းဖြင့် အာပေါ = ရေဟူသော လောကဝေါဟာရ၌ စိတ်ကို ထား၍ အာပေါ - အာပေါ - အာပေါ = ရေ - ရေ - ရေ ဟု နှလုံးသွင်း ပွားများပါ။
ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်
ဤတွင် အာပေါကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် လှုပ်သကဲ့သို့ ထင်လာတတ်၏၊ အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့စဉ်က ရေသည် ရေမြှုပ် ရေပြွက်နှင့်ရောသော ရေဖြစ်ခဲ့မူ ထိုပုံစံအတိုင်းသာ ထင်လာတတ်၏။ လှိုင်းတံပိုး ထခြင်း, ရေမြှုပ် ရေပြွက်နှင့် ရောနှောနေခြင်းစသော ကသိုဏ်းအပြစ်ဒေါသသည် ထင်လာတတ်၏။ ထိုကြောင့် ငြိမ်သက်၍ နက်ရှိုင်းသော ရေ၌ နိမိတ် ယူခြင်းက အပြစ်ဒေါသ နည်းပါးသဖြင့် ပိုကောင်းလှပေသည်။ ပဋိဘာဂနိမိတ်ကား တုန်လှုပ်ခြင်း ကင်းသည်ဖြစ်၍ ကောင်းကင်၌ ထားအပ်သော မြယပ်ဝန်းကဲ့သို့လည်းကောင်း, မြကြေးမုံဝန်းကဲ့သို့လည်းကောင်းဖြစ်၍ ရှေးရှုထင်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ် ထင်လာသည်နှင့် အတူတကွသာလျှင် ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း ယင်းပဋိဘာဂနိမိတ်ကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ခဲ့သော် ဥပစာရစျာန်, အပ္ပနာစျာန်တို့ကို ရောက်ရှိနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၅-၁၆၆။)
တေဇောကသိုဏ်း = မီးကသိုဏ်း
ရှေးရှေးဘဝထိုထိုက ပြုအပ် ဆည်းပူးအပ်ခဲ့ဖူးသော တေဇောကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဘာဝနာကုသိုလ် ပုညသမ္ဘာရ ရှိခဲ့ဖူးသော ပုဂ္ဂိုလ်အား ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော မီး၌ တေဇောကသိုဏ်းနိမိတ်ကို ယူခဲ့သော် ရရှိနိုင်သည်သာ ဖြစ်၏။
၁။ ဆီမီးတောက် ဆီမီးလျှံ၌လည်းကောင်း,
၂။ ချက်ပြုတ်ရာ မီးဖို၌လည်းကောင်း,
၃။ သပိတ်ဖုတ်ရာ ဌာန၌ တည်ရှိသော မီးပုံ၌လည်းကောင်း,
၄။ တောမီးလောင်ရာ မီးတောက်မီးလျှံ၌လည်းကောင်း
အမှတ်မရှိ တစ်ခုခုသော မီးတောက်လောင်ရာအရပ်၌ မီးလျှံကို ကြည့်ရှုစဉ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် ဖြစ်ပေါ်လာနိုင်၏။
အတိတ်ဘဝထိုထိုက တေဇောကသိုဏ်းကို စီးဖြန်းမှု ပါရမီ ပုညသမ္ဘာရ မရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား တေဇောကသိုဏ်းဝန်းကို ပြုလုပ်ထိုက်၏။ ပြုလုပ်ပုံ အစီအရင်ကား ---- အနှစ်အဆီရှိ၍ ခြောက်သွေ့နေသော ထင်းခွဲခြမ်းတို့ကို သင့်တော်ရာ တစ်နေရာ၌ သပိတ်ဖုတ်သည့် ပုံစံအနေအထားအားဖြင့် အစုအပုံလိုက် မီးတောက်မီးလျှံ ထွက်ပေါ်လာသည့်တိုင်အောင် မီးရှို့ပါ။
သင်ဖြူးဖျာ, သားရေပိုင်း, ပုဆိုးကြမ်း, သစ်သားပျဉ်ချပ်စသည့် တစ်ခုခု တွင် အချင်းတစ်ထွာခန့်လောက် အတိုင်းအရှည် ပမာဏရှိသော ဝန်းဝိုင်း သော အပေါက်ကို ဖောက်၍ ထိုအပေါက်ဖောက်ထားသော အရာဝတ္ထုကို မိမိ၏ ရှေ့၌ထား၍ ထိုင်ပြီးလျှင် ---
၁။ မီးပုံအောက်၌ လောင်နေသော မြက်ထင်းကိုလည်းကောင်း,
၂။ အထက်သို့ တက်နေသော မီးခိုးညွန့်ကိုလည်းကောင်း ---
နှလုံးမသွင်းမူ၍ အလယ်၌ မချဲမူ၍ တစ်ခဲနက် တစ်လုံးတည်းအားဖြင့် တောက်လောင်နေသော မီးတောက်မီးလျှံ၌ ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ကို ယူပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)
အရောင်နှင့် လက္ခဏာကို နှလုံးမသွင်းပါနှင့်
ဝဏ္ဏော န ပစ္စဝေက္ခိတဗ္ဗော၊ ဥဏှတ္တဝသေန လက္ခဏံ န မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)
ထိုသို့ တေဇောကသိုဏ်းနိမိတ်ကို ယူရာ၌ ထိုမီးတောက်မီးလျှံ၏ အညို အဝါ အနီ စသည်အားဖြင့် ကွဲပြားသော အရောင်ကို နှလုံးမသွင်းပါနှင့်။ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်းဘက်သို့ ကူးသွားမည် ဖြစ်၏။ ထိုမီးတောက်မီးလျှံ၏ ပူသောလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ ပူသော လက္ခဏာကို နှလုံးသွင်းပါက ဓာတ်ကမ္မဋ္ဌာန်းလမ်းဘက်သို့ ပြောင်းသွားမည် ဖြစ်၏။
တစ်ဆင့်စကား ကြားဖူးသည်မှာ --- ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် တေဇောကသိုဏ်းဘာဝနာကို ပွားများအားထုတ်ရာ၌ သမာဓိ အားကောင်းလာသောအခါ မီးတောက်မီးလျှံ၏ ပူလောင်သော သဘောကို အာရုံယူမိသဖြင့် သမာဓိ အရှိန်အဝါ အားကောင်း၍ ကသိုဏ်းဝန်းလည်း အရပ်ဆယ်မျက်နှာသို့ ပြန့်သွားသောအခါ မူလနှလုံးသွင်းမိသော ပူသောသဘောမှာ အလွန် ထင်ရှားလာ၍ ထိုအပူရှိန်၏ ဒဏ်ချက်ကို မခံနိုင်သဖြင့် ထွက်ပြေး ရဖူး၏။ မီးတောက်မီးလျှံတွေက ထိုယောဂီ၏ ခန္ဓာကိုယ်ကို ဝိုင်း၍ လောင်နေ ကြသော ဟူ၏။
ထိုကြောင့် တေဇောကသိုဏ်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် မီးတောက်မီးလျှံ၌ရှိသော အရောင်အဆင်း၏တည်ရာ မီးကို အဆင်းနှင့်တကွသာလျှင် ပြု၍ တေဇောဓာတ် များပြားထူပြောသည်၏ အစွမ်းဖြင့် တေဇော = မီးဟူသော လောကဝေါဟာရပညတ်၌ စိတ်ကိုထား၍ တေဇော - တေဇော - တေဇော = မီး - မီး - မီး - ဟု နှလုံးသွင်း ပွားများ ပါ။ ဤသို့ ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်အား ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်တို့သည် အစဉ်အတိုင်း ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)
ဤ ညွှန်ကြားချက်များနှင့် အညီ တေဇောကသိုဏ်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိ တစ်ခုခုကို တစ်ဖန် ပြန်၍ သမာဓိထူထောင်ပါ။ ရှေ့ဦးစွာ ထမင်း ဟင်းချက်ရာ မီးဖို၌ တည်ရှိသော မီးတောက်မီးလျှံ၌ အောက်ပိုင်းထင်းစ အပေါ်ပိုင်း မီးညွန့်တို့ကို မကြည့်ဘဲ အလယ်မီးတောက်ကိုသာ ကြည့်၍ တေဇောကသိုဏ်းနိမိတ်ကို ယူကြည့်ပါ။ မအောင်မြင်ခဲ့သော် ဆယ်လက်မခန့် အပေါက်ရှိသော ဇလုံပေါက်တစ်ခုကို မိမိ၏ ရှေ့က ခံထား၍ ထိုဇလုံပေါက်၏ ရှေ့၌ တည်ရှိသော မီးတောက်မီးလျှံ၌ တေဇောကသိုဏ်းနိမိတ်ကို ယူကြည့်ပါ။ အောင်မြင်တတ်ပါသည်။ နိမိတ် သုံးမျိုး, ဘာဝနာ သုံးမျိုး, သမာဓိ သုံးမျိုးတို့ကို အစဉ်အတိုင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။
ရှေးယခင်က အိမ်ကို မီးလောင်ခြင်း, မြို့ရွာကို မီးလောင်ခြင်း, တောမီးလောင်ခြင်း စသည်တို့ကို မြင်ခဲ့ဖူးလျှင်လည်း မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးနောက် ယင်းမီးတောက်မီးလျှံ၏ အလယ်သားကို အာရုံယူ၍လည်း တေဇောကသိုဏ်းဘာဝနာကို ပွားများ အားထုတ်နိုင်ပေသည်။
ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်
ထိုသို့ တေဇောကသိုဏ်းဘာဝနာကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် နှစ်မျိုးတို့တွင် ဥဂ္ဂဟနိမိတ်ကား မီးတောက်မီးလျှံသည် ပြတ်၍ ပြတ်၍ ကျသည်နှင့် တူသည်ဖြစ်၍ ထင်လာ၏။ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော မီးပုံ၌ တေဇောကသိုဏ်းနိမိတ်ကိုယူသော ပုဂ္ဂိုလ်အားကား ကသိုဏ်း၏ အပြစ်ဒေါသသည် ထင်ရှား၏၊ မီးအပိုင်းအစ = မီးထင်းစသည်လည်းကောင်း, မီးကျီးစု မီးကျီးခဲပုံသည်လည်းကောင်း, ပြာသည်လည်းကောင်း, မီးခိုးသည်လည်းကောင်း ထင်နေတတ်၏။ ပဋိဘာဂနိမိတ်သည်ကား မတုန်လှုပ်သည် ဖြစ်၍ ကောင်းကင်၌ ဖြန့်ခင်းထားအပ်သော ကမ္ဗလာပိုင်းကဲ့သို့လည်းကောင်း, ရွှေယပ်ဝန်းကဲ့သို့လည်းကောင်း, ရွှေသည်တိုင်ကဲ့သို့လည်းကောင်း ထင်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်၏ ထင်သည်နှင့် အတူတကွသာလျှင် ဥပစာရစျာန်သို့လည်းကောင်း အပ္ပနာစျာန်သို့လည်းကောင်း ရောက်ရှိနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)
ဝါယောကသိုဏ်း = လေကသိုဏ်း
ဝါယောကသိဏံ ဘာဝေတုကာမေနာပိ ဝါယုသ္မိံ နိမိတ္တံ ဂဏှိတဗ္ဗံ။ တဉ္စ ခေါ ဒိဋ္ဌဝသေန ဝါ ဖုဋ္ဌဝသေန ဝါ။ (ဝိသုဒ္ဓိ၊၁၊၁၆၇။)
ဝါယောကသိုဏ်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း လေ၌ နိမိတ်ကို ယူအပ်၏။ ထိုဝါယောကသိုဏ်းနိမိတ်ကိုလည်း
၁။ အမြင်၏ အစွမ်းဖြင့်လည်းကောင်း,
၂။ အတွေ့၏ အစွမ်းဖြင့်လည်းကောင်း -
ယူအပ်ပေသည်။ ထိုကြောင့် --
၁။ သစ်ပင်ဖျား သစ်ရွက်ဖျား စသည်တို့၌ တိုက်ခတ်၍နေသော လေကို ကြည့်၍ မြင်၍လည်း ဝါယောကသိုဏ်းနိမိတ်ကို ယူနိုင်၏။
၂။ မိမိ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်နေရာ၌ လာရောက် တွေ့ထိနေသော လေကိုလည်း ဝါယောကသိုဏ်းနိမိတ်အဖြစ် ယူနိုင်၏။
၁။ အကယ်၍ သစ်ပင်ဖျား သစ်ရွက်ဖျား စသည်တို့၌ တိုက်ခတ်၍ နေသော လေကို ကြည့်၍ ဝါယောကသိုဏ်းနိမိတ်ကို ယူလိုခဲ့သော် ရှေးဦးစွာ မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးနောက် လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုလင်းရောင်ခြည်၏ အကူအညီဖြင့် ထိုလေကို မြင်အောင်ကြည့်၍ ထိုလေ၌ သတိကိုဖြစ်စေ၍ ဝါယော - ဝါယော - ဝါယော = လေ - လေ - လေ - ဟု နှလုံးသွင်း ပွားများပါ။ နိမိတ် သုံးမျိုး, ဘာဝနာ သုံးမျိုး, သမာဓိ သုံးမျိုးလုံးကို ရအောင် အစဉ်အတိုင်း ပွားများအားထုတ်ပါ။
၂။ အကယ်၍ မိမိကိုယ်အင်္ဂါ၌ တွေ့ထိလာသော လေကို ဝါယောကသိုဏ်းနိမိတ်အဖြစ် ယူလိုသော် ရှေးဦးစွာ မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိ တစ်ခုခုကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည် စွမ်းအင်များ အားကောင်းလာသောအခါ လေသာပြူတင်းပေါက်စသည်မှ ဝင်လာ၍ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်နေရာ၌ လာရောက် ထိခိုက်သော လေအစု၌ သတိကို ဖြစ်စေ၍ ဝါယော - ဝါယော - ဝါယော = လေ - လေ - လေ - ဟု နှလုံးသွင်း ပွားများပါ။ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။ သမာဓိသုံးမျိုးလုံးကို ရရှိအောင် အစဉ်အတိုင်း ပွားများအားထုတ်ပါ။
ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်
ဥဂ္ဂဟနိမိတ်ကား ခုံလောက် = ဖိုခနောက်မှ ချအပ်ကာမျှဖြစ်သော နို့ဃနာဆွမ်း၏ အခိုးအငွေ့အလုံးနှင့်တူစွာ တုန်လှုပ်သည်ဖြစ်၍ ထင်လာ၏။ ပဋိဘာဂနိမိတ်သည်ကား ငြိမ်သက်သော အနေအထိုင်ရှိသည် မတုန်လှုပ်သည်ဖြစ်၍ ထင်လာ၏။ ကြွင်း နည်းတူ မှတ်လေ။ (ဝိသုဒ္ဓိ၊၁၊၁၆၇။)
အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း
အာလောကကသိုဏ်းကို နိမိတ်ယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည်
၁။ နံရံပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း,
၂။ သံကောက်ပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း,
၃။ လေသောက်တံခါးပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း ---
ဤအဝန်းတစ်ခုခု၌ နိမိတ်ကို ယူနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)
အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရ ကောင်းမှုကုသိုလ် ပါရမီရှိသော ပုဂ္ဂိုလ်အား နံရံပေါက်စသည်တို့တွင် တစ်ခုခုသော အပေါက်ဖြင့် နေရောင်သည်လည်းကောင်း, လရောင်သည်လည်းကောင်း ဝင်၍ နံရံပေါ်၌လည်းကောင်း, မြေ (= ကြမ်းပြင်)ပေါ်၌လည်းကောင်း ထင်လာသော အလင်းရောင်အဝန်းကို မြင်၍သာလျှင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏။ တစ်ခဲနက် ထူသော အရွက်ရှိသော သစ်ပင်၏ အခက်အကြားဖြင့်သော်လည်းကောင်း, တစ်ခဲနက် ထူသော သစ်ခက်မဏ္ဍပ်ကြားဖြင့်သော်လည်းကောင်း ထွက်၍ မြေပေါ်၌သာလျှင် ထင်လာသော အရောင်အဝန်းကို မြင်၍သာလျှင်လည်း ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)
အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီအရှိန်အဝါ အားပျော့သော ယောဂါဝစရပုဂ္ဂိုလ်သည်ကား အထက်တွင် တင်ပြထားသော အလင်းရောင် သုံးမျိုးတို့တွင် တစ်မျိုးမျိုး၌ အာလောကော - အာလောကော - အာလောကော = အလင်းရောင် - အလင်းရောင် - အလင်းရောင် - ဟု နှလုံးသွင်း ပွားများပါ။ မအောင်မြင်ခဲ့သော် အိုးတစ်လုံး၏ အတွင်း၌ ဆီမီးကို ညှိထွန်း၍ အိုးဝကို ပိတ်၍ အိုး၌ အပေါက်ငယ်တစ်ခု ပြုလုပ်၍ နံရံသို့ ရှေးရှုတည်ထားပါ။ ထိုဖောက်ထားသော အိုးပေါက်မှ ဆီမီးရောင်သည် ထွက်၍ နံရံပေါ်၌ အဝန်းအဝိုင်း ထင်နေပေမည်။ ထိုနံရံပေါ်၌ ထင်နေသော ဆီမီးရောင် အဝန်းအဝိုင်းကို အာလောကော - အာလောကော - အာလောကော = အလင်းရောင် - အလင်းရောင် - အလင်းရောင် - ဟု နှလုံးသွင်း ပွားများပါလေ။ ဤသို့ ပြုပြင်စီမံထားသော အလင်းရောင် ကသိုဏ်းဝန်းကား လရောင် နေရောင်တို့ကြောင့် ထင်နေသော ကသိုဏ်းဝန်းထက် ပို၍ တာရှည်ခံပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)
အထက်တွင် တင်ပြထားသော စတုတ္ထစျာန်သမာဓိ အမျိုးမျိုးတို့ကို အောင်အောင်မြင်မြင် ထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ညနေချမ်းအခါဝယ် သို့မဟုတ် နံနက်ခင်းအခါဝယ် ထူထဲသော သစ်ခက် သစ်ရွက်ရှိသော သစ်ပင်၏ အကြားမှ မြင်တွေ့ရသော နေရောင်ခြည်၏ အလင်းရောင်ကို အာရုံယူ၍ အာလောကကသိုဏ်းနိမိတ်ကို ရယူခဲ့သော် လွယ်လွယ်ကူကူပင် နိမိတ်ကို ယူ၍ ရတတ်ပေ၏၊ အလင်းရောင်စွမ်းအင်မှာလည်း ပို၍ အားကောင်းတတ်ပေသည်။ မှောင်မိုက်နေသော ညဉ့်အခါဝယ် ယင်းကဲ့သို့သော ကသိုဏ်းဝန်းနိမိတ်ကို ဖြန့်ကြက်ခဲ့သော် ကသိုဏ်းဝန်းကို ဖြန့်ကြက်ထားပြီးရာ အရပ်အတွင်း၌ တည်ရှိနေသော အလင်းရောင်မှာ နေ့အခါ၌ကဲ့သို့ပင် လင်းနေသော ဟူ၏။ အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ် ပစလာယမာနသုတ္တန် (အံ၊၂၊၄၆၃။)၌ လာရှိသော ဘုရားရှင်၏ အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီးအား ညွှန်ကြားထားတော်မူချက်နှင့် ညီညွတ်လျက်ပင် ရှိပေသည်။
ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်
ဤအာလောကကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံပေါ်၌လည်းကောင်း, မြေ = ကြမ်းပြင်ပေါ်၌လည်းကောင်း, သစ်ခက်သစ်ရွက်ကြားစသည်၌လည်းကောင်း ထင်နေသော ပကတိ အလင်းရောင် အဝန်းအဝိုင်းနှင့် တူ၏။ ပဋိဘာဂနိမိတ်သည်ကား ဘုရားရှင်၏ တစ်လံမျှလောက်သော ရောင်ခြည်တော်ဝန်းကဲ့သို့ တစ်ခဲနက် အတုံးလိုက် အခဲလိုက်ဖြစ်၍ အထူး ကြည်လင်သော အလင်းရောင်အစုနှင့် တူ၏။ ကြွင်း နည်းတူ မှတ်ပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)
ထိနမိဒ္ဓ ပယ်ဖျောက်ရေး
ဤအာလောကသညာ ခေါ် အာလောကကသိုဏ်းမှာ ထိနမိဒ္ဓ = စိတ် စေတသိက်တို့၏ ထိုင်းမှိုင်းမှုကို ပယ်ဖျောက်ရေးအတွက် အကောင်းဆုံးသော လက်နက်တစ်မျိုး ဖြစ်၏။ အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ် ပစလာယမာနသုတ္တန်၌ ဘုရားရှင်သည် ထိနမိဒ္ဓ ပျောက်ကင်းကြောင်းတရား (၇)မျိုးတို့ကို ခွဲခြားကာ ဟောကြားထားတော်မူခဲ့၏။ ယင်း (၇)မျိုးတို့တွင် ဤအာလောက သညာသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်တိုင်း လက်ကိုင်ထားသင့်သော ကမ္မဋ္ဌာန်း တစ်မျိုးပင် ဖြစ်သည်။ ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံကသိုဏ်းတို့တွင် ဤအာလောကကသိုဏ်းမှာ အကောင်းဆုံး အသာဆုံး အမြတ်ဆုံးသော ကသိုဏ်းတစ်ခုပင် ဖြစ်သည်။
အာကာသကသိုဏ်း = ကောင်းကင်ကသိုဏ်း
၁။ နံရံပေါက်၌သော်လည်းကောင်း,
၂။ သံကောက်ပေါက်၌သော်လည်းကောင်း,
၃။ လေသာပြူတင်းပေါက်ကြား၌သော်လည်းကောင်း
အာကာသကသိုဏ်း = အကြားအပေါက်ကသိုဏ်း = ကောင်းကင်ကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။
ရှေးရှေးဘဝက အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရကောင်းမှုကုသိုလ် ရှိသသူအား နံရံပေါက်စသော အကြားအပေါက် တစ်ခုခုကို တွေ့မြင်ခဲ့သော် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် လွယ်ကူစွာပင် ဖြစ်ပေါ်လာနိုင်၏။ အဓိကာရကောင်းမှုကုသိုလ် အားနည်းသသူကား နေပြောက်မထိုးရအောင် ကောင်းစွာ မိုးထားအပ်သော မဏ္ဍပ်၌သော်လည်းကောင်း, သားရေ, ဖျာ စသည်တို့တွင် တစ်ခုခု၌သော်လည်းကောင်း, တစ်ထွာ လက်လေးသစ် စသည် ပမာဏရှိသော ဝန်းဝိုင်းသော အပေါက်ကို ပြုလုပ်၍ ထိုကသိုဏ်းဝန်းအဖြစ် ပြုလုပ်ထားအပ်သော အပေါက် ကိုသော်လည်းကောင်း, နံရံပေါက် စသော တစ်ခုခုသော အပေါက်ကိုသော်လည်းကောင်း အာကာသနိမိတ်အဖြစ် အာရုံယူ၍ အာကာသော - အာကာသော - အာကာသော = ကောင်းကင် - ကောင်းကင် - ကောင်းကင် ဟူ၍ နှလုံးသွင်း ပွားများအပ်၏။
အကယ်၍ အောင်မြင်မှုကို မရရှိခဲ့လျှင် တစ်ထွာခန့် တစ်ပေခန့် အချင်းရှိသော အပေါက်အဝိုင်းတစ်ခုကို သစ်သားပျဉ်ချပ်တွင် စက်ဝိုင်းကျကျ ဖောက်ပါ။ ထိုအာကာသကသိုဏ်းဝန်းပါသော ပျဉ်ချပ်ကို သစ်ပင်, မိုးသား, တိမ်ရိပ် စသော အပြစ်ကင်းစင်သည့် ကောင်းကင်ဘက်သို့ မြှောက်၍ ကိုင် ထားပါ။ ထိုအဝန်းအဝိုင်း အာကာသနိမိတ်ကို စိတ်စိုက်၍ အာရုံယူကြည့်ပါ။ ကသိုဏ်းဝန်းအပေါက်ကို ကျော်လွန်၍ ကောင်းကင်ဘက်သို့ လိုက်မကြည့်ပါနှင့်။ ပျဉ်ပြားချပ်တွင် ဖောက်ထွင်းထားသော ကသိုဏ်းဝန်း၌သာ အာကာသကသိုဏ်းနိမိတ်ကို ယူပါ။ အကယ်၍ လွယ်ကူစွာဖြင့် နိမိတ်ကို ယူ၍ မရနိုင် ဖြစ်နေသေးလျှင် မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိ တစ်ခုခုကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ ထိုနောင် ပုံစံတူပင် အာကာသ ကသိုဏ်းဝန်းနိမိတ်ကို ပုံစံတူပင် မျက်စိဖွင့်၍ ပြန်ယူကြည့်ပါ။ မျက်စိ မှိတ်လိုက်သောအခါ ဥဂ္ဂဟ နိမိတ်သည် ထင်လာပါက အောင်မြင်မှုကို ရရှိပေပြီ။ အောင်မြင်မှုရရှိသော အခါ အာကာသနိမိတ်ကို ခိုင်ခံ့အောင် အနည်းငယ် ဆက်လက် လေ့ကျင့်၍ မိမိ အလိုရှိရာအရပ်သို့ သွား၍ ထိုင်လျက် ပွားများနိုင်ပေပြီ။
မိမိ ကြိုက်နှစ်သက်ရာ တစ်နေရာ၌ သွားရောက်ထိုင်သောအခါ မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ ထိုနောင် မိမိ ရရှိထားပြီးဖြစ်သည့် အာကာသကသိုဏ်းဝန်းနိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူပါ။ ရှေးရှေး ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကို ဆက်ခံရသော နောက်နောက်သော ဘာဝနာသမာဓိမှာလည်း လွယ်ကူချောမောလျက်ပင် ရှိနေတတ်ပါသည်။
ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်
ဤအာကာသကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံပေါက် စသည်တို့နှင့် အတူတကွ ထိုမူလနံရံပေါက် စသည်တို့နှင့် တူသည်သာလျှင် ဖြစ်ပေသည်။ ဥဂ္ဂဟနိမိတ်အခိုက်၌ ဘာဝနာစွမ်းအား နည်းပါးသည့်အတွက်ကြောင့် ကသိုဏ်းဝန်းကို တိုးပွားအောင် ပြုလုပ်သော်လည်း မတိုးပွားနိုင်သေးပေ။ ပဋိဘာဂနိမိတ်ကား အပေါက်ဖောက်ထားသည့် စက်ဝိုင်း အာကာသနိမိတ်၏ နံရံစွန်းစသည် မထင်တော့ဘဲ ကောင်းကင် အာကာသအဝန်းသက်သက်သာ ဖြစ်၍ ထင်လာတော့သည်။ ထိုအခါ အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း အာကာသကသိုဏ်း ဘာဝနာသမာဓိသည် မြဲမြံသွားပြီ ဖြစ်သောကြောင့် ကသိုဏ်းဝန်းကို တိုးပွားစေသော်လည်း ကသိုဏ်းဝန်းသည် တိုးပွားလာနိုင်ပေသည်။ ကြွင်းနည်းတူပြီ။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)
ကသိုဏ်း (၁၀) ပါး
စတုတ္ထစျာန်သမာဓိ ဆိုက်သည်တိုင်အောင်သော --- ကသိုဏ်း (၁၀)ပါး ရှုကွက်ကား ဤတွင် ပြီးဆုံးသွားပြီ ဖြစ်ပေသည်။ ဤကဲ့သို့ အောင်မြင်မှုကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီ, အာပေါ, တေဇော, ဝါယော, နီလ, ပီတ, လောဟိတ, ဩဒါတ, အာလောက, အာကာသဟူသော ဘုရားဟော ဒေသနာစဉ်အတိုင်း ကသိုဏ်း (၁၀)ပါးတို့၌ ကသိုဏ်းတိုင်း ကသိုဏ်းတိုင်းဝယ် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ပွားများအားထုတ်ပါ။
ထိုသို့ ကြိုးစားအားထုတ်နိုင်ပါက မည်သည့်အရာဝတ္ထုနှင့် တွေ့ကြုံရသည် ဖြစ်စေ ကသိုဏ်းဝန်းနိမိတ်အဖြစ် အာရုံယူ၍ ရနိုင်သည့်အရာဝတ္ထု မှန်ပါက ယင်းဝတ္ထုကို ကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်သည်နှင့် တစ်ပြိုင်နက် ကသိုဏ်းနိမိတ်ကို လွယ်လွယ်ကူကူပင် ရယူနိုင်ပေသည်။ ကသိုဏ်း (၁၀)ပါးလုံးတို့ကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျွမ်းကျွမ်းကျင်ကျင် ရှုနိုင်သူ ယောဂီတစ်ဦးအား အလွန် သေးငယ်သော စကားဝါပန်းတစ်ပွင့်ကလည်း အဝါရောင်ကသိုဏ်း ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေမည်သာ ဖြစ်၏။ နီမြန်းသော နှင်းဆီပန်းတစ်ပွင့်ကလည်း အနီရောင်ကသိုဏ်း ဖြစ်ပေါ်လာအောင်, အလွန် သေးငယ်သော စံပယ်ပန်းတစ်ပွင့်ကလည်း အဖြူရောင်ကသိုဏ်း ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် အလားတူပင် ကျေးဇူးပြုပေးနေမည်သာ ဖြစ်၏။
သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုမှ, အနှစ်သာရ ဘာမျှ ရှာမရသော ဤခန္ဓာကိုယ်ယုတ် အကောင်ပုပ်ကြီးမှ ဘာဝနာဟူသော အနှစ်သာရကို ထုတ်ယူတတ်ပါက ယခုကဲ့သို့ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရတရား ထင်ရှားရှိနေသော ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးအဖို့ စတုတ္ထစျာန်သမာဓိကဲ့သို့သော ဘာဝနာအနှစ်သာရများကား လွယ်လွယ်ကူကူပင် ထွက်ပေါ်လာမည် ဖြစ်ပေသည်။ ယင်းစတုတ္ထစျာန်သမာဓိကို အခြေခံ၍ ဝိပဿနာသို့ ကူးတက်သွားပါက ယင်းသမာဓိတရားတို့က အရဟတ္တဖိုလ်ကို ရသည်တိုင်အောင် ကျေးဇူးပြုပေးနေမည်သာ ဖြစ်ပေသည်။ သို့သော် ယခုအခါ၌ကား ကသိုဏ်းပညတ်ကို အာရုံယူ၍ ရရှိသော စတုတ္ထစျာန်သမာဓိကို အခြေခံ၍ အရူပစျာန်များကို ပွားများအားထုတ်ပုံအပိုင်းကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။
__________
အရူပါဝစရစျာန်ပိုင်း
အာကာသာနဉ္စာယတနစျာန်
အရူပါဝစရစျာန်သည် -
၁။ အာကာသာနဉ္စာယတနစျာန် = အာကာသ (= ကောင်းကင်)ပညတ်လျှင် တည်ရာအာရုံရှိသောစျာန်,
၂။ ဝိညာဏဉ္စာယတနစျာန် = အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသောစျာန်,
၃။ အာကိဉ္စညာယတနစျာန် = အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း (= နတ္ထိဘော)ပညတ်လျှင် တည်ရာအာရုံရှိသောစျာန်,
၄။ နေဝသညာနာသညာယတနစျာန် = သညာရှိသည်လည်း မဟုတ်, မရှိသည်လည်း မဟုတ်သော = ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသဖြင့် ယင်း အလွန့် အလွန် သိမ်မွေ့နူးညံ့သော သညာလျှင် တည်ရာအာရုံရှိသောစျာန်, ---
ဤသို့လျှင် လေးမျိုးပြား၏။ ထိုတွင် အာကာသာနဉ္စာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ရုပ်တရားတို့၏ အပြစ်ကို မြင်အောင် ရှုဆင်ခြင်အပ်၏။
မိဘတို့၏ သုက်သွေးကို အမှီပြုကာ ကံ-စိတ်-ဥတု-အာဟာရတည်း ဟူသော အကြောင်းတရားလေးပါးတို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ဤခန္ဓာကိုယ်ကို ကရဇကာယဟု ခေါ်ဆို၏။ ဤကရဇကာယ ထင်ရှားရှိခြင်းကြောင့် တုတ်ဓားစသော လက်နက်ကို စွဲကိုင်လျက် သတ်ပုတ်ကြ၏၊ ရိုက်နှက် ကြ၏၊ ညှဉ်းပန်းနှိပ်စက်ကြ၏၊ ခိုက်ရန်ဖြစ်ကြ၏၊ ငြင်းခုံကြ၏၊ မျက်စိရောဂါ, နားရောဂါ စသည်ဖြင့် ရောဂါအမျိုးမျိုးကို ခံစားရ၏။ ဤ ကရဇကာယ အမည်ရသော ရုပ်တရားသာ မရှိပါက ထိုကဲ့သို့သော ဒုက္ခမျိုးစုံမှ လွတ်ပေလိမ့်မည်ဟု ပညာဖြင့် ဆင်ခြင်၍ ရုပ်တရားကိုသာလျှင် ငြီးငွေ့ခြင်းငှာ, စက်ဆုပ်ခြင်းငှာ, ချုပ်စေခြင်းငှာ အာကာသာနဉ္စာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ရ၏။ အာကာသာနဉ္စာယတနစျာန်ဟူသည် အာကာသ (= ကောင်းကင်)ပညတ်လျှင် တည်ရာအာရုံရှိသော စျာန်တည်း။ ကရဇကာယ အမည်ရသော ရုပ်တရား၌ အပြစ်ကို မြင်အောင်ရှု၍ ထိုရုပ်တရားကို ကျော်လွှားလွန်မြောက်ဖို့ရန် အာကာသကသိုဏ်းမှ တစ်ပါး ကြွင်းကျန်သော ပထဝီကသိုဏ်းစသော ကသိုဏ်း (၉)ပါးတို့တွင် တစ်ပါးပါးသော ကသိုဏ်း၌ စတုတ္ထစျာန်ကို ဖြစ်စေအပ်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၀။)
ထပ်မံ ရှင်းလင်းချက်
ဥပမာ ပထဝီကသိုဏ်း ဆိုကြစို့ ...။ ယောဂါဝစရပုဂ္ဂိုလ်၏ မူလ နိမိတ်ယူရာဖြစ်သော ပထဝီကသိုဏ်း၏တည်ရာ မြေကြီးကား ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုဖြစ်သဖြင့် ရုပ်အစစ်ပင်တည်း။ ယင်းပထဝီကသိုဏ်း၏တည်ရာ မြေကြီး၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်း ဆည်းလျက် သမာဓိကို ထူထောင်နိုင်ခဲ့သော် မြေကြီးကို မတွေ့တော့ဘဲ ရုပ်ကလာပ်တို့၏ အပေါင်းအစုကိုသာ တွေ့ရှိနိုင်ပေသည်။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခုတွင် ပထဝီ-အာပေါ-တေဇော-ဝါယော-အဆင်း-အနံ့-အရသာ-ဩဇာဟု သဘောတရား (၈)မျိုးစီ ရှိ၏။ ရုပ်ကလာပ်တစ်ခုတွင် တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲ ဆင့်ကဲ ဖြစ်ပွားနေကြသော ဥတုဇ ဩဇဋ္ဌမကရုပ်တို့သာ ဖြစ်ကြ၏။ ရုပ်အစစ်တို့ပင်တည်း။ သို့သော် ပထဝီ ကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထစျာန်သို့တိုင်အောင်သော ရူပါဝစရစျာန်တရားတို့၏ အာရုံမှာ ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်တည်း။ ယင်းပဋိဘာဂ နိမိတ်ကား မူလနိမိတ်ယူရာ မြေကြီးဟု ခေါ်ဝေါ်အပ်သော ဥတုဇဩဇဋ္ဌမကရုပ်ဟူသော ပရမတ္ထဓမ္မမှ အလွတ်ဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာသညာကြောင့် ဖြစ်ပေါ်လာရသော ပညတ်သာတည်း။ ရုပ်အစစ်ကား မဟုတ် ပေ။ ရူပါဝစရစတုတ္ထစျာန်သို့တိုင်အောင်သော စျာန်တရားတို့သည် ယင်း ပညတ်ပဋိဘာဂနိမိတ်ကိုသာ အာရုံပြုကြ၏။ မူလကသိုဏ်းဝန်း၏တည်ရာ မြေကြီးဟူသော ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုဖြစ်သည့် ရုပ်အစစ် ကို အာရုံ မပြုကြပေ။ ထိုကြောင့် ရူပါဝစရစျာန်တို့သည်လည်း ကရဇရူပ (= ကရဇကာယ)ခေါ်သည့် ရုပ်အစစ်တို့ကို (= ရုပ်တရားတို့ကို) ကျော်လွှား လွန်မြောက်ပြီးသာ ဖြစ်ကြသည်။
နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ
ထိုယောဂါဝစရပုဂ္ဂိုလ်အား ရူပါဝစရစတုတ္ထစျာန်၏ အစွမ်းအားဖြင့် ယင်းစျာန်က ကရဇရုပ်ကို အာရုံ မပြုခြင်း, ပဋိဘာဂနိမိတ်ကိုသာ အာရုံ ပြုခြင်းကြောင့် --- ကရဇရုပ်ကို ကျော်လွှားလွန်မြောက်ခြင်းသည် အကယ်၍ကား ဖြစ်ပါပေ၏။ ထိုသို့ပင် ဖြစ်ပါသော်လည်း ကသိုဏ်းရုပ်သည်လည်း စျာန်၏ အာရုံအဖြစ်ဖြင့် အာရုံယူ၍ ရနိုင်ခြင်းကြောင့် ထိုကရဇရုပ်နှင့် တူသည်သာလျှင် ဖြစ်၏။ ထိုကြောင့် ထိုကသိုဏ်းရုပ်ကိုလည်း ကျော်လွှားလွန်မြောက်ဖို့ရန် အလိုရှိအပ်ပေ၏။ ဥပမာ --- မြွေကြောက်တတ်သော ယောက်ျားသည် တောတွင်း၌ မြွေက နောက်မှ လိုက်သဖြင့် အပန်းတကြီး လျင်လျင်မြန်မြန် ပြေးလေသော် ပြေးရာအရပ်၌ မြွေနှင့်တူအောင် ဆေးရောင် အမျိုးမျိုးဖြင့် ခြယ်သထားအပ်သော ဆန်းကြယ်သော ထန်းရွက်ကိုလည်းကောင်း, နွယ်ကိုလည်းကောင်း, ကြိုးကိုလည်းကောင်း, မြေကြီး၌ ကွဲအက်နေသော အက်ကြောင်းကိုလည်းကောင်း အဝေးက လှမ်းမြင်လိုက်လျှင် ကြောက်ရွံ့ထိတ်လန့်သွား၏၊ ထိုဝတ္ထုကို မကြည့်လို ဖြစ်သွား၏။ နောက်ဥပမာ တစ်မျိုးကား --- မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်တတ်သော ရန်သူယောက်ျားတစ်ဦးနှင့်အတူ တစ်ရွာတည်း၌ နေထိုင်ရသော ယောက်ျားသည် ထိုရန်သူယောက်ျားက ပုတ်ခတ်ခြင်း, နှောင်ဖွဲ့ခြင်း, အိမ်ကို မီးတိုက်ခြင်း စသည်တို့ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ အခြားတစ်ရွာသို့ ပြောင်းရွှေ့နေထိုင်လိုက်၏။ ထိုရွာ၌လည်း ထိုရန်သူယောက်ျားနှင့် အဆင်းသဏ္ဌာန် အသံ အပြုအမူ ပယောဂတူသော ယောက်ျားကို တွေ့မြင်ပြန်သော် ကြောက်ရွံ့ ထိတ်လန့်သည်သာ ဖြစ်ပြန်၏။ ထိုသူ့ကိုလည်း မကြည့်လို ဖြစ်နေတတ်၏။
ဤဥပမာများအတူ --- ယောဂါဝစရပုဂ္ဂိုလ်သည် ကရဇရုပ်ကိုသာမက ထို ကရဇရုပ်ကို အခြေခံ၍ ဖြစ်ပေါ်လာသော ကသိုဏ်းရုပ်ကိုလည်း ဤကသိုဏ်းရုပ်သည် ထိုကရဇရုပ်နှင့် တူသည်သာလျှင်တည်းဟု စွဲမြဲစွာ မှတ်သား၍ ထိုကသိုဏ်းရုပ်ကိုလည်း ကြောက်ခြင်း လန့်ခြင်း မမြင်လိုခြင်း သဘောတရားသည် ထင်ရှားဖြစ်ပေါ်လာ၍ ယင်းကသိုဏ်းရုပ်ကိုလည်း ကျော်လွှား လွန်မြောက်ခြင်းငှာ အလိုရှိမှုကို မှတ်သားပါ။ (ဝိသုဒ္ဓိ၊၁၊၃၂၀။)
ပြုကျင့်ရမည့် လုပ်ငန်းခွင်
ပထဝီကသိုဏ်းကို အခြေခံကာ အာကာသာနဉ္စာယတနစျာန်ကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တို့ကို အစဉ်အတိုင်း ဝင်စားထားပါ။ ထိုနောင် အောက်ပါအတိုင်း ဆက်လက်ကာ လိုက်နာပြုကျင့်ပါ။ ----
ဤဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ထိုယောဂါဝစရပုဂ္ဂိုလ်သည် စတုတ္ထစျာန်၏ အာရုံဖြစ်သော ထိုပထဝီကသိုဏ်းရုပ်မှ ငြီးငွေ့၍ ကျော်လွှား လွန် မြောက်လိုသည်ဖြစ်၍ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျက်အပ်ပြီးသည်ဖြစ်၍ အဝါးဝစွာ လေ့လာအပ်ပြီးသော ပထဝီကသိုဏ်းလျှင် အာရုံ ရှိသော စတုတ္ထစျာန်မှ ထ၍ ထိုစတုတ္ထစျာန်၌ ဤသို့ အပြစ်ကို မြင်အောင် ရှုပါ။ ----
၁။ ဤရူပါဝစရစတုတ္ထစျာန်သည် ငါ ငြီးငွေ့အပ်သော ကသိုဏ်းရုပ်ကို အာရုံပြုဘိ၏။
၂။ သောမနဿဝေဒနာဟူသော နီးကပ်သော ရန်သူရှိ၏။
၃။ ငြိမ်သက်သော ဝိမောက္ခဖြစ်သော အရူပစျာန်အောက် ရုန့်ရင်း၏။
ဤသို့ အပြစ်ကို မြင်အောင် ရှုပါ။ ဤရူပါဝစရစတုတ္ထစျာန်သည် ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါနှစ်ပါးသာ ရှိသကဲ့သို့ အလားတူပင် အရူပါဝစရစျာန်တို့သည်လည်း ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးတို့သာ ရှိကြသောကြောင့် ဤရူပါဝစရစတုတ္ထစျာန်၌ စျာန်အင်္ဂါ၏ ရုန့်ရင်းကြမ်းတမ်းမှု သဘောတရားကား မရှိပေ။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုရူပါဝစရစတုတ္ထစျာန်၌ ဤဆိုအပ်ခဲ့ပြီးသောနည်းအတိုင်း အပြစ်ကို မြင်အောင် ရှုပြီးလျှင် ----
၄။ ထိုစတုတ္ထစျာန်၌ တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်းကို ကုန်စေ၍,
၅။ အာကာသာနဉ္စာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် အဆုံးမရှိသောအားဖြင့် နှလုံးသွင်း၍,
၆။ စကြဝဠာ ဆုံးသည်တိုင်အောင်လည်းကောင်း, အလိုရှိသမျှအရပ်သို့ တိုင်အောင်လည်းကောင်း မိမိ ပွားများထားပြီးသော ပထဝီကသိုဏ်းရုပ်ကို ဖြန့်ကြက်၍,
၇။ ထိုကသိုဏ်းရုပ်ဖြင့် တွေ့ထိရာအရပ်ကို အာကာသ - အာကာသဟူ၍ လည်းကောင်း, အနန္တအာကာသ - အနန္တအာကာသ ဟူ၍ လည်းကောင်း နှလုံးသွင်း၍ ---
ရူပါဝစရစတုတ္ထစျာန်၏ အာရုံဖြစ်သော ပထဝီကသိုဏ်းရုပ်ကို ခွာ၏။ ထင်ရှားစေအံ့ --- ထိုပထဝီကသိုဏ်းရုပ်ကို ခွာသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖျာတစ်ချပ်ကို ခေါက်လိပ်သကဲ့သို့ ပထဝီကသိုဏ်းရုပ်ကို ခေါက်လိပ်သည်လည်း မဟုတ်။ မုန့်အိုးကင်းမှ မုန့်ကို ခွာသကဲ့သို့ ပထဝီကသိုဏ်းဝန်းရုပ်ကို ခွာထုတ်သည်လည်း မဟုတ်။ အဟုတ်သော်ကား ပထဝီကသိုဏ်းကို မဆင်ခြင်ခြင်းတည်း၊ နှလုံးမသွင်းခြင်းတည်း၊ မသုံးသပ်ခြင်းတည်း။ ပထဝီကသိုဏ်းကို မဆင်ခြင်ဘဲ နှလုံးမသွင်းဘဲ မသုံးသပ်ဘဲ စင်စစ်မှာမူ ထိုပထဝီကသိုဏ်းရုပ်ဖြင့် တွေ့ထိရာ အာကာသကိုပင် --- အာကာသ - အာကာသဟူ၍ တစ်ဖက်သတ် နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်းကို ခွာသည်မည်၏။ ယင်းသို့ ခွာအပ်သော ပထဝီကသိုဏ်းသည်လည်း မထမကြွ မနစ်မဆုတ်။ ဤယောဂါဝစရပုဂ္ဂိုလ်၏ ပထဝီကသိုဏ်းကို သက်သက် နှလုံးမသွင်းခြင်းကိုလည်းကောင်း, အာကာသ အာကာသဟု တစ်ဖက်သတ် နှလုံးသွင်းခြင်းကိုလည်းကောင်း အစွဲပြု၍ ပထဝီကသိုဏ်းကို ခွာသည် မည်ပေ၏။ ကသိုဏ်းကို ခွာရာခွာကြောင်း အာကာသ ကောင်းကင်ပညတ်မျှသည်သာလျှင် ထင်လာ၏။
၁။ ကသိဏုဂ္ဃါဋိမာကာသ = ကသိုဏ်းကို ခွာ၍ ရရှိအပ်သော အာကာသ,
၂။ ကသိဏဖုဋ္ဌောကာသ = ကသိုဏ်းဖြင့် တွေ့ထိမိရာ အာကာသ,
၃။ ကသိဏဝိဝိတ္တာကာသ = ကသိုဏ်းမှ ကင်းဆိတ်သွားသော အာကာသ,
ဤသုံးပုဒ်လုံးသည် ပရိယာယ်နှင်နှင် ဖြစ်သောကြောင့် အနက်အားဖြင့် တူသည်သာတည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၀-၃၂၁။)
အကြံပေးချက်
ဤအထက်ပါ ညွှန်ကြားချက်အတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် နှလုံးသွင်းကြည့်ပါ။ အောင်မြင်မှုကို ရရှိနိုင်ပါသည်။ အကယ်၍ အောင်မြင်မှုကို မရရှိပါက ဤသို့လည်း နှလုံးသွင်းကြည့်ပါ --- ပထဝီကသိုဏ်းဝန်းကို စကြဝဠာ တစ်ခုလုံး ပြည့်အောင် ဖြန့်ကြက်ပါ။ အလိုရှိခဲ့လျှင် အနန္တ စကြဝဠာသို့တိုင်အောင်လည်း ပထဝီကသိုဏ်းဝန်းကို ဖြန့်ကြက်ပါ။ ဖြန့်ကြက်ပြီးနောက် ထိုပထဝီကသိုဏ်းလျှင် အာရုံရှိသော စျာန်များကို စတုတ္ထစျာန်သို့ တိုင်အောင် ဝင်စားပါ။ ထိုစတုတ္ထစျာန်မှ ထ၍ အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း (၁) မှ (၅)သို့တိုင်အောင်သော ဆင်ခြင်ရမည့်အချက်များကို ဆင်ခြင်ပါ။ ထိုနောင် ပထဝီကသိုဏ်းရုပ်ကို အဆုံးအစ မရှိအောင် ဖြန့်ကြက်ပါ။
ထိုနောင် ထိုပထဝီကသိုဏ်း၏ တစ်နေရာတွင် စိတ်စိုက်ကာ ပထဝီကို နှလုံးမသွင်းဘဲ အာကာသကို တစ်ဖက်သတ် နှလုံးသွင်းပါ။ မကြာမီ အချိန်ကာလအတွင်းမှာပင် အာကာသအကြားအပေါက်ကို မြင်လာတတ်ပါသည်။ ထိုအခါတွင် အာကာသ မဖြစ်သေးသော ပထဝီကသိုဏ်းကို လုံးဝ နှလုံးမသွင်းတော့ဘဲ ထင်လာသော အာကာသကိုသာလျှင် တစ်ဖက်သတ် နှလုံး သွင်းလျက် အာကာသ အာကာသဟု ရှုနေပါ။ အာကာသသည် ထင်ရှားသထက် ထင်ရှားလာ၍ ငြိမ်သက်လာသောအခါ ယင်းအာကာသကိုပင် ဖြန့် ကြက်၍ အာကာသ အာကာသဟု ရှုပါ။ အာကာသ ကျယ်ပြန့်လာသည်နှင့်အမျှ ပထဝီကသိုဏ်းဝန်းမှာ တဖြည်းဖြည်း နောက်သို့ ဆုတ်သွားကာ အာကာသက နေရာ ယူလာပေလိမ့်မည်။ အာကာသကို အရပ် (၁၀)မျက်နှာသို့ တဖြည်းဖြည်း ဖြန့်ပါ။ နောက်ဆုံးတွင် ပထဝီကသိုဏ်းပျောက်၍ အာကာသချည်းသက်သက် ကျန်ရှိပေလိမ့်မည်။ ယင်းသို့ ကျန်ရှိနေသော အာကာသကား ပထဝီကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ပင်တည်း။ ထိုအခါတွင် အောက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်အတိုင်း ဆက်လက်လေ့ကျင့်ပါ။
အာကာသာနဉ္စာယတနစျာန်သို့
ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပထဝီကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ကို အာကာသ - အာကာသဟူ၍ အဖန်ဖန် အထပ်ထပ် ဆင်ခြင်၏၊ ဝိတက်ဖြင့် အာကာသ - အာကာသဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်ခေါက်သည်ကို ပြု၏။ ဤသို့ အဖန်ဖန် အထပ်ထပ် ဆင်ခြင်သော ဝိတက်ဖြင့် အာကာသ - အာကာသဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်ခေါက်သည်ကိုပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏ ကိလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏၊ အာကာသနိမိတ်လျှင် တည်ရာအာရုံရှိသော သတိသည် အလွန် ထင်သည် ဖြစ်၍ ကောင်းစွာ တည်၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် အာကာသနိမိတ်၌ ကောင်းစွာ တည်ကြည်နေ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲ၏, ပွားများ၏, ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့ အဖန်ဖန်အထပ်ထပ် ဆင်ခြင်သော နှလုံး သွင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်အား အာကာသနိမိတ်အာရုံ၌ အာကာသာ နဉ္စာယတနစိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏၊ ပထဝီ ကသိုဏ်းစသော ကသိုဏ်းပညတ်အာရုံတို့၌ ရူပါဝစရစျာန်စိတ်သည် အပ္ပနာ စျာန်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့တည်း။ မှန်ပေသည် .. ဤအာကာသာနဉ္စာယတနစျာန်စိတ်၌လည်း စျာန်၏ ရှေးအဖို့၌ သုံးကြိမ်သော ဥပစာရဇော သို့မဟုတ် လေးကြိမ်သော ဥပစာရဇောတို့ကား ကာမာဝစရဇောတို့တည်း။ ယင်းကာမာဝစရ ဥပစာရဇောတို့သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်သည် သာလျှင် ဖြစ်ကုန်၏။ လေးကြိမ်မြောက်ဇော, သို့မဟုတ် ငါးကြိမ်မြောက်ဇော သည် အာကာသာနဉ္စာယတန အမည်ရသော အရူပါဝစရဇော ဖြစ်၏။ အကြွင်းကား ပထဝီကသိုဏ်း၌ ဖွင့်ဆိုခဲ့သည့်အတိုင်းသာတည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၁။)
အထူးမှာထားချက်
ဤသို့လျှင် အရူပါဝစရစျာန်စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထို ယောဂါဝစရရဟန်းသည် အိုးဝတွင် ဖုံးလွှမ်းထားအပ်သော အဝတ်ကို ဖွင့်လှစ်လိုက်သည့်အခါ အဝတ်ကွယ်ပျောက်၍ မျက်နှာဝ ဟင်းလင်းပေါက် အာကာသသည် ပေါ်ပေါက်လာသကဲ့သို့ --- ဤဥပမာအတူပင်လျှင် ရှေး၌ ကသိုဏ်းဝန်းကို ရူပါဝစရစျာန်စက္ခုဖြင့် ကြည့်ရှုလျက် နေပြီးနောက် ယင်း ပထဝီကသိုဏ်းဝန်းကို နှလုံးမသွင်းတော့ဘဲ အာကာသ အာကာသဟူ၍ ဤ ပရိကမ်ဖြစ်သော ဥပစာရစျာန် မနသိကာရဖြင့် အဆောတလျင် ထိုပထဝီကသိုဏ်းနိမိတ်အာရုံကို ခွာအပ်ပြီးလတ်သော် ထင်လာသော အာကာသနိမိတ်အာရုံကိုသာလျှင် အရူပါဝစရစျာနစက္ခုဖြင့် ရှုလျက် နေ၏။ ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်ကို ဤသို့ ဆိုအပ်ပေ၏။
သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ အနန္တော အာကာသောတိ အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။)
၁။ ကုန်အောင်စုံသော ရူပသညာအမည်ရသော ပထဝီကသိုဏ်းရုပ် စသည်တို့ကို အာရုံပြုသော ရူပါဝစရစျာန်တို့ကိုလည်းကောင်း, ထိုရူပါဝစရစျာန်တို့၏ အာရုံဖြစ်သော ပထဝီကသိုဏ်းစသော အာရုံတို့ကိုလည်းကောင်း ကျော်လွှားလွန်မြောက်၍ သွားခြင်းကြောင့်,
၂။ ရူပသညာ သဒ္ဒသညာ ဂန္ဓသညာ ရသသညာ ဖောဋ္ဌဗ္ဗသညာဟူသော ဝတ္ထုအာရုံ ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာကုန်သော ပဋိဃသညာတို့၏ ချုပ်ငြိမ်းသွားခြင်းကြောင့်, (ဒွေပဉ္စဝိညာဏ်နှင့် ယှဉ်သော သညာ များတည်း။)
၃။ ဒွေပဉ္စဝိညာဏ်နှင့်ယှဉ်သော သညာ (၁၀)မျိုးမှ တစ်ပါးသော ကာမာဝစရကုသိုလ် အကုသိုလ် ဝိပါက် ကြိယာဟူသော (၄၄)မျိုးသော စိတ်နှင့်ယှဉ်သော (၄၄)မျိုးသော သညာဟူသော အထူးထူးသော နာနတ္တသညာတို့ကို နှလုံးမသွင်းခြင်းကြောင့် အနန္တအာကာသဟု နှလုံးသွင်းတတ်သော အာကာသာနဉ္စာယတနစျာန်ကို ပြည့်စုံစေ၍ နေထိုင်၏ဟူ၍ ဆိုအပ်ပေ၏။ (ဝိသုဒ္ဓိ၊၁၊၃၂၂။)
မှတ်ချက် - ဤအထက်ပါ ပါဠိတော်ဖြင့် အာကာသာနဉ္စာယတနစျာန်၏ ခပ်သိမ်းကုန်သော (၅၄)မျိုးကုန်သော ကာမာဝစရ စိတ်စေတသိက်တို့ကို ပယ်ခြင်းကိုလည်းကောင်း, နှလုံးမသွင်းခြင်းကိုလည်းကောင်း ဟော တော်မူအပ်၏ဟု သိရှိပါလေ။ ကသိုဏ်းကို ခွာ၍ ရရှိအပ်သော အာကာသ သက်သက်ကိုသာ တစ်ဖက်သတ် နှလုံးသွင်းနေသောကြောင့် ဖြစ်သည်။
ဝိညာဏဉ္စာယတနစျာန်
ဝိညာဏဉ္စာယတနစျာန်ဟူသည် အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော စျာန်တည်း။ အာကာသာနဉ္စာယတနဝိညာဏ်ကို အရှုခံအာရုံထား၍ ရှုပွားသုံးသပ်သဖြင့် ရရှိလာသော စျာန်တည်း။ ထိုဝိညာဏဉ္စာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနစျာန်သမာပတ်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်၏။ အာကာသာနဉ္စာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ----
၁။ ဤ ငါရရှိထားသော အာကာသာနဉ္စာယတနစျာန်သမာပတ်သည် ရူပါဝစရစျာန်ဟူသော နီးကပ်သော ရန်သူရှိ၏။
၂။ ဝိညာဏဉ္စာယတနစျာန်သမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့။ ဤသို့လျှင် အာကာသာနဉ္စာယတနစျာန်သမာပတ်၌ အပြစ်မြင် အောင် ရှု၍,
၃။ ထိုအာကာသနဉ္စာယတနစျာန်၌ ခုံမင်တပ်မက်ခြင်း တဏှာကို ကုန်စေ ၍,
၄။ ဝိညာဏဉ္စာယတနစျာန်ကို ငြိမ်သက်၏ဟူ၍ နှလုံးသွင်းပြီးလျှင်
ထိုပထဝီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို ဝိညာဏံ - ဝိညာဏံဟူ၍ အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏ နှလုံးသွင်းအပ်၏ ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်အပ်၏။ ဝိတက်ဖြင့် ဝိညာဏံ - ဝိညာဏံဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏။ အနန္တံ အနန္တံဟူ၍ သက်သက် နှလုံးမသွင်းကောင်း၊ ဝိညာဏံ - ဝိညာဏံဟု လည်းကောင်း, အနန္တံ ဝိညာဏံ - အနန္တံ ဝိညာဏံဟုလည်းကောင်း နှလုံးသွင်းကောင်း၏။
ဤသို့သော နည်းအားဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ် ဟူသော ဝိညာဏနိမိတ်၌ အဖန်တလဲလဲ ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား နီဝရဏကိလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏။ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတနဝိညာဏ်နိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့သောနည်းဖြင့် အကြိမ်များစွာပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်၌ အာကာသာနဉ္စာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့ --- ပထဝီကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ကို ပျံ့နှံ့၍ အာရုံပြု၍ ဖြစ်ပေါ်လာသော အာကာသာနဉ္စာယတနဝိညာဏ်အာရုံ၌ ဝိညာဏဉ္စာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၁၊၃၂၅။)
ပရမတ်အာရုံဖြစ်သည်ကို သတိပြုပါ
ဤ၌ အရှုခံအာရုံမှာ အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ဖြစ်၏။ ပရမတ်အာရုံတည်း။ ထိုအာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို ဝိညာဏံ ဝိညာဏံဟု ရှုခဲ့သော် ထိုအာကာသာနဉ္စာယတနဝိညာဏ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော ဘာဝနာစိတ်တို့တွင် ဥပစာရစျာန်ဇောတို့၏ နောက်၌ အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စျာန်စိတ်သည် ဝိညာဏဉ္စာယတနစျာန်စိတ်တည်း။ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာ အာရုံရှိသော စျာန်စိတ်ဟူလိုသည်။ အရှုခံအာရုံဖြစ်သော စျာန်စိတ်မှာ အာကာသာနဉ္စာယတနစျာန်စိတ်, ရှုတတ်သော စျာန်စိတ်မှာ ဝိညာဏဉ္စာယတနစျာန်စိတ်တည်း။ နှစ်မျိုးလုံးသည် စျာန်စိတ်ချည်းသာတည်း။ ပရမတ်တရားချည်းသာတည်း။
အခက်အခဲတစ်ရပ်
အရှုခံအာရုံမှာ ပရမတ်တရား ဖြစ်နေသဖြင့် နာမ်ကမ္မဋ္ဌာန်းကို မရှုဖူးသေးသော အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကို မသိမ်းဆည်းတတ် ဖြစ်နေကြ၏။ ထိုအခါတွင် --- ယင်း အာကာသာနဉ္စာယတနစျာန်၏ ဥပေက္ခာ + ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါနှစ်ပါးကို သိမ်းဆည်းတတ်ပါသလားဟု ထိုပုဂ္ဂိုလ်တို့ကို မေးကြည့်လိုက်သောအခါ သိမ်းဆည်းတတ်ပါကြောင်းကို ဝန်ခံကြ၏။ ထိုအခါတွင် ယင်းစျာန်အင်္ဂါနှစ်ပါးတို့နှင့် စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်းဝယ် အတူယှဉ်တွဲ ဖြစ်နေသော ယင်းစျာန်စိတ်ကို မြင်အောင်ရှုပါဟု အကြံပြုလိုက်သောအခါ ယင်းစျာန်စိတ်ကို ရှုတတ်သွားကြ၏။ သို့သော် နောက်ထပ် ထပ်ဆင့်မေးခွန်းတစ်ခု မေးလာတတ်ကြပြန်၏။ ယင်းအာကာသာနဉ္စာယတန စျာန်စိတ်မှာ ယောဂါဝစရပုဂ္ဂိုလ်၏ နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ဖြစ်နေသော စိတ်တစ်မျိုးဖြစ်သဖြင့် ယင်းစျာန်စိတ်ကို ဝိညာဏံ - ဝိညာဏံဟု ရှုနေသောအခါ နှလုံးအိမ်အတွင်း ဟဒယဝတ္ထု ရှိသည့်နေရာကို စိုက်ရှုနေရမှာလားဟု မေးတတ်ကြပြန်၏။ ဟုတ်ပါသည်ဟုပင် အဖြေပေးရ၏။ သို့သော် ဦးခေါင်းကို ငုံ့ကာ နှလုံးအိမ်ဘက်သို့ စိုက်ကြည့်ရမည်ဟုကား မဆိုလိုကြောင်းကိုလည်းကောင်း, စိတ်ဖြင့်သာ စိုက်ရှုရန်ကိုလည်းကောင်း ထပ်မံ၍ အကြံပြုရပြန်သည်။
ဝိညာဏဉ္စာယတနစျာန်သို့ ဆိုက်ရောက်နေသူ
ဤမျှ အတိုင်းအရှည်ရှိသော ဘာဝနာအစဉ်ဖြင့် ဤပုဂ္ဂိုလ်ကို ဤသို့ ခေါ်ဆိုအပ်ပေ၏။
သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ အနန္တံ ဝိညာဏန္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။)
အကြွင်းမရှိ အလုံးစုံသော အာကာသာနဉ္စာယတနစျာန်နှင့် အာကာသ နိမိတ်အာရုံကို ကျော်လွှား လွန်မြောက်၍ အနန္တံ ဝိညာဏံ အနန္တံ ဝိညာဏံဟု ဤသို့ နှလုံးသွင်းသည်ဖြစ်၍ ဝိညာဏဉ္စာယတနစျာန်ကို ပြည့်စုံစေ၍ နေသူဟူ၍ ဆိုအပ်၏။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။ ဝိသုဒ္ဓိ၊၁၊၃၂၅။)
ဤ၌ အာကာသာနဉ္စာယတနစျာန်ကိုလည်းကောင်း, ယင်း အာကာသာ နဉ္စာယတနစျာန်၏ တည်ရာအာရုံဖြစ်သည့် အာကာသနိမိတ်ကိုလည်း ကောင်း --- ဤ နှစ်မျိုးလုံးကိုပင် အာကာသာနဉ္စာယတနဟု ဆိုလို၏။ ထိုနှစ်မျိုးလုံးကိုပင် မဖြစ်ခြင်းကို ပြုသဖြင့်လည်းကောင်း, နှလုံးမသွင်းသဖြင့်လည်းကောင်း --- အချင်းခပ်သိမ်း ကျော်လွှား လွန်မြောက်သွားပါမှသာလျှင် ဤ ဝိညာဏဉ္စာယတနစျာန်ကို ပြည့်စုံစေ၍ နေနိုင်သောကြောင့် ဤစျာန်နှင့်အာရုံ နှစ်ပါးစုံကိုလည်း တစ်ပေါင်းတည်း ပြု၍ အာကာသာနဉ္စာယတနံ သမတိက္ကမ္မ = အာကာသာနဉ္စာယတနစျာန်နှင့် အာကာသာနဉ္စာယတနစျာန်၏ အာရုံ (= အာကာသနိမိတ်)ကို ကျော်လွှားလွန်မြောက်၍ဟု ဘုရားရှင် ဟောကြားတော်မူပေသည်။ (ဝိသုဒ္ဓိ၊၁၊၃၂၅-၃၂၆။)
ဆိုလိုရင်းသဘော
စိတ်တို့မည်သည် တစ်ခုသော စိတ္တက္ခဏအတွင်း၌ နှစ်ခုပြိုင်တူ ဖြစ်ရိုးဓမ္မတာကား မရှိပေ။ စိတ္တက္ခဏတစ်ခုပြီးမှ နောက်စိတ္တက္ခဏတစ်ခု ဖြစ်နိုင်၏။ ဤ၌ အရှုခံအာရုံဖြစ်သည့် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်နှင့် ရှုတတ်သည့် ဝိညာဏဉ္စာယတနစျာန်ဝိညာဏ်တို့သည် တစ်ခုသော စိတ္တက္ခဏ အတွင်း၌ နှစ်ခုပြိုင်တူကား မဖြစ်နိုင်ကြပေ။ အာကာသာနဉ္စာယတနစျာန်စိတ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် ဝိညာဏဉ္စာယတန စျာန်စိတ်ကား ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမဖြစ်နိုင်သေးပေ။ ဝိညာဏဉ္စာယတနစျာန်စိတ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် အာကာ သာနဉ္စာယတနစျာန်စိတ်သည် ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှား မဖြစ်နိုင် တော့ပြီ ဖြစ်၏။ ယင်း အရှုခံအာရုံဖြစ်သည့် အာကာသာနဉ္စာယတနစျာန် စိတ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမဖြစ်သည့်အခါမှ = ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်ရှားဖြစ်မှုကို ကျော်လွှားသွားနိုင်ပါမှ ဝိညာဏဉ္စာယတနစျာန် စိတ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။အာကာသာနဉ္စာယတနစျာန်ဝိညာဏ် (= စိတ်)ကို ယခုကဲ့သို့ ကျော်လွှား လွန်မြောက် သွားခဲ့လျှင် ယင်းစျာန်စိတ်ကလည်း ကသိုဏ်းကို ခွာ၍ ရရှိလာသည့် အာကာသနိမိတ်ကိုသာ သိနေသည်ဖြစ်ရကား ယင်းအာကာသကို သိနေသည့် စျာန်စိတ်ကို ကျော်လွှားလွန်မြောက်သွားပါက ယင်း အာကာ သနိမိတ်ကို သိမှု သဘောလည်း မရှိတော့သဖြင့် တစ်ပါတည်း ယင်း အာကာသနိမိတ်အာရုံကိုပါ ကျော်လွှားလွန်မြောက်သွားသည်ဟု ဆိုရပေသည်။ ယင်းကဲ့သို့ စျာန်စိတ်နှင့် စျာန်၏အာရုံ နှစ်ပါးစုံကို ကျော်လွှား လွန်မြောက်သွားသော်လည်း ချုပ်ဆုံးလေပြီးသော အတိတ်ဖြစ်သော ထို အာကာသာနဉ္စာယတနဝိညာဏ်ကို ဝိညာဏဉ္စာယတနစျာန်ဝိညာဏ်စိတ်က တစ်ဖန် ပြန်၍ အာရုံပြုနိုင်သည် သိနိုင်သည်ဟု မှတ်ပါလေ။
(ဥပရိပဏ္ဏာသ ပါဠိတော် အနုပဒသုတ္တန် စာပိုဒ် ၉၅။ မ။၃၊၇၈-တွင် ကြည့်ပါ၊၊)
အနန္တံ ဝိညာဏံ
အာကာသာနဉ္စာယတနဝိညာဏ်သည် အဆုံးအပိုင်းအခြား မရှိသည့် အနန္တဖြစ်သော ကောင်းကင်ပညတ် = အာကာသနိမိတ်ကို အာရုံပြု၏။ ထို အကြောင်းအာရုံ၏ အနန္တဟူသောအမည်ကို အကျိုးဖြစ်သော အာရုံယူတတ်သည့် အာရမ္မဏိကဝိညာဏ်အပေါ်၌ တင်စား၍ ကာရဏူပစာရအားဖြင့် (တစ်နည်း ဖလူပစာရအားဖြင့်) အာကာသာနဉ္စာယတနဝိညာဏ်ကိုပင် အနန္တံ ဝိညာဏံဟု ဆိုသည်။ ဝိညာဏဉ္စာယတနစျာန်ကို အလိုရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတနဝိညာဏ်ကိုပင် အနန္တံ ဝိညာဏံဟု နှလုံးသွင်းရ၏ဟု ဆိုလိုသည်။ ဤနည်းအလို --- အနန္တံ ဝိညာဏံ = အနန္တမည်သော ဥပါဒ်-ဘင်အားဖြင့် အပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ကို (= အာကာသနိမိတ်)ကို အာရုံပြုသော ဝိညာဏ် = အာကာသာနဉ္စာယတနဝိညာဏ်ဟု ဆိုလိုသည်။
တစ်နည်း --- ဝိညာဏဉ္စာယတနစျာန်ကို ရရှိအောင် အားထုတ်သော ဘာဝနာစိတ်သည် အာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြုသည့်အခါ ဥပါဒ်ကို ပိုင်းခြား၍ ဖြစ်စေ, ဌီကို ပိုင်းခြား၍ ဖြစ်စေ, ဘင်ကို ပိုင်းခြား၍ ဖြစ်စေ အာရုံပြုသည်ကား မဟုတ်၊ အဟုတ်သော်ကား အပိုင်းအခြား မထားဘဲ အာကာသာနဉ္စာယတနဝိညာဏ် တစ်ခုလုံးကိုပင် အာရုံပြုသည်။ ဤသို့ အာရုံယူတတ်သော အာရမ္မဏိကဘာဝနာစိတ်က အထူးသဖြင့် ဝိညာဏဉ္စာယတနဘာဝနာစိတ်က အနန္တဖြစ်အောင် = အပိုင်းအခြား မရှိအောင် အာရုံပြုအပ်သောကြောင့် အစွန်းအစ ဘင်မျှမကျန် အချင်းခပ်သိမ်း အလုံးစုံသော အာကာသာနဉ္စာယတနဝိညာဏ်ကို နှလုံးသွင်းရသည်၏ အစွမ်းဖြင့် ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကို အနန္တံ ဝိညာဏံဟု ဆိုသည်။ ဤနည်းအလို -- အနန္တံ ဝိညာဏံ = အပိုင်းအခြား မရှိဘဲ အာရုံပြုအပ်သော အာကာသာနဉ္စာယတနဝိညာဏ်ဟု ဆိုလိုသည်။ (ဝိသုဒ္ဓိ၊၁၊၃၂၆-ကြည့်ပါ။)
အာကိဉ္စညာယတနစျာန်
အာကဉ္စညာယတနစျာန်ဟူသည် အာကာသာနဉ္စာယတနစျာန်၏ မရှိခြင်း = နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော စျာန်ဟု ဆိုလိုသည်။ အာကဉ္စညာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိညာဏဉ္စာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်၏။ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ ဆင်ခြင်အပ်၏။ ----
၁။ ဤ ငါရရှိထားသော ဝိညာဏဉ္စာယတနစျာန်သမာပတ်သည် အာကာသာနဉ္စာယတနစျာန်ဟူသော နီးကပ်သော ရန်သူရှိ၏။ (အချိန်မရွေး အာကာသာနဉ္စာယတနစျာန်သို့ ပြန်လည်ကာ လျောကျနိုင်၏ဟု ဆိုလိုသည်။)
၂။ အာကိဉ္စညာယတနစျာန်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့။ ဤသို့ လျှင် ဝိညာဏဉ္စာယတနစျာန်၌ အပြစ်ကို မြင်အောင် ရှု၍,
၃။ ထိုဝိညာဏဉ္စာယတနစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်း = နိကန္တိကို ကုန်စေ၍,
၄။ အာကိဉ္စညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,
၅။ အကြင် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနစျာန်သည် ဖြစ်ပေါ်လာရ၏၊ ထိုဝိညာဏဉ္စာယတနစျာန်၏ပင်လျှင် အာရုံဖြစ်၍ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို, ဆိတ်သည်၏ အဖြစ်ကို, ကင်းသော အခြင်းအရာကို နှလုံးသွင်းအပ်၏။
[မှတ်ချက် --- အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း စိတ်တို့မည်သည် စိတ္တက္ခဏတစ်ခုအတွင်းဝယ် နှစ်ခုပြိုင်တူ ဖြစ်ရိုးဓမ္မတာ မရှိသောကြောင့် အာကာသာနဉ္စာယတနဝိညာဏ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် ဝိညာဏဉ္စာယတနစျာန်ဝိညာဏ်ကား ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမဖြစ်သေးပေ။ တစ်ဖန် ဝိညာဏဉ္စာယတနစျာန်ဝိညာဏ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကား ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှား မဖြစ်တော့ပြီ ဖြစ်၏။ ယင်း ဝိညာဏ်၏ ယင်းကဲ့သို့ ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမရှိမှုသဘောကို နတ္ထိဘောပညတ်ဟု ဆိုသည်။ ယင်းနတ္ထိဘောပညတ်ကို နှလုံးသွင်းရမည် ဖြစ်သည်။]
အဘယ်သို့ နှလုံးသွင်းအပ်သနည်း? ထိုအာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို အချင်းခပ်သိမ်း နှလုံးမသွင်းမူ၍ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော နတ္ထိဘောပညတ်ကိုသာ အာရုံပြု၍ ---
၁။ နတ္ထိ - နတ္ထိ = မရှိ - မရှိဟူ၍လည်းကောင်း,
= နတ္ထိ ကိဉ္စိ - နတ္ထိ ကိဉ္စိ = ဘာမျှမရှိ ဘာမျှမရှိဟူ၍လည်းကောင်း,
၂။ သုညံ - သုညံ = ဆိတ်၏ - ဆိတ်၏ဟူ၍လည်းကောင်း,
၃။ ဝိဝိတ္တံ - ဝိဝိတ္တံ = ကင်း၏ - ကင်း၏ဟူ၍လည်းကောင်း ---
အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့် သက်ဝင်၍ ရှုအပ်၏။ ဝိတက်ဖြင့် နတ္ထိ ကိဉ္စိ - နတ္ထိ ကိဉ္စိ = ဘာမျှမရှိ ဘာမျှမရှိဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည် ကို ပြုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၆-၃၂၇။)
ဤဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်ဟုဆိုအပ်သော စျာန်ဖြစ်ကြောင်းနိမိတ်၌ ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နီဝရဏ ကိလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏။ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏။ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ် သည် ကောင်းစွာ တည်ကြည်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထို အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်ဟု ဆိုအပ်သော စျာန်ဖြစ်ကြောင်းနိမိတ်ကို အဖန်တလဲလဲ မှီဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့သောနည်းဖြင့် ပြုကျင့်သော ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ ပထဝီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုမဟဂ္ဂုတ် အာကာသာနဉ္စာယတနဝိညာဏ်၏ သာလျှင် ဆိတ်သည်၏အဖြစ်, ကင်းသည်၏အဖြစ်, မရှိသည်၏အဖြစ်ဟူ သော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အာကာသနိမိတ်၌ ပျံ့နှံ့၍ဖြစ်သော အာကာသာ နဉ္စာယတနဝိညာဏ်နိမိတ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနဝိညာဏ်သည် ဖြစ်ပေါ်လာသကဲ့သို့ပင်တည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၇။)
မှတ်သားစေလိုသော ထူးခြားချက်
ဤဆိုလတ္တံ့သည်ကား အထူးတည်း။ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်အာရုံ၌ အာကိဉ္စညာယတနစျာန်စိတ်သည် ဖြစ်ပေါ်လာသည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကိုသာလျှင် ရှုလျက်နေ၏။
နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား --- ယောက်ျားတစ်ယောက်သည် စည်းဝေးညီမူရာ တန်ဆောင်းဝန်းစသည်တို့၌ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စကြောင့် စည်းဝေးညီမူနေသော ရဟန်းသံဃာတော်ကို ဖူးမြော်ပြီးနောက် တစ်ခုသော အရပ်ဒေသသို့ ထွက်ခွာသွား၏။ တစ်ဖန် ရဟန်းသံဃာတော်များ၏ စည်းဝေးညီမူရာ တန်ဆောင်းဝန်းသို့ ပြန်လာပြန်၏။ စည်းဝေးခြင်းကိစ္စ၏ ပြီးဆုံးသောအခါ၌ ရဟန်းတော်တို့သည် မိမိတို့ စည်းဝေးညီမူရာအရပ်မှ ထကုန်၍ ယင်းနေရာမှ ဖဲခွာသွားကြကုန်သည်ရှိသော်, ထိုယောက်ျားသည် ထိုစည်းဝေးညီမူရာအရပ်သို့ ဆိုက်ရောက်လာ၍ တံခါးဝ၌ ရပ်လျက် တစ်ဖန် ထိုစည်းဝေးညီမူရာအရပ်ကို ကြည့်လိုက်သည်ရှိသော် ရဟန်းတို့မှ ဆိတ်သည်ကိုသာလျှင် မြင်သကဲ့သို့ ရဟန်းတို့မှ ကင်းသည်ကိုသာလျှင် မြင်သကဲ့သို့, ထိုယောက်ျား၏ သန္တာန်၌ ဤမျှလောက်ကုန်သော ရဟန်းတော်တို့သည် သေမူလည်း သေလေကုန်သလော၊ အရပ်တစ်ပါးသို့မူလည်း သွားလေကုန်သလောဟု ဤသို့သော ကြံယောင်ကြံမှား အခြားသောစိတ်သည် မဖြစ်သကဲ့သို့ --- တကယ်စင်စစ်သော်ကား ဤစည်းဝေးညီမူရာအရပ်သည် ရဟန်းတို့မှ ဆိတ်၏၊ ရဟန်းတို့မှ ကင်း၏ဟု မရှိသည်၏ အဖြစ်ကိုသာလျှင် ရှုသကဲ့သို့ --- ဤဥပမာအတူပင်လျှင် ရှေး၌ ပထဝီကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်၌ ဖြစ်စေအပ်ပြီးသော အာကာသာနဉ္စာယတနဝိညာဏ်ကို ဝိညာဏဉ္စာယတနစျာန်စက္ခုဖြင့် ဝိညာဏံ - ဝိညာဏံဟု ရှုလျက်နေပြီး၍ နောက်ကာလရောက်ရှိလာပါမှ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော = နတ္ထိဘောပညတ်ကို အာရုံယူ၍ - နတ္ထိ နတ္ထိ, သုညံ သုညံ, ဝိဝိတ္တံ ဝိဝိတ္တံဟူသော ပရိကမ်ဖြစ်သော နှလုံးသွင်းခြင်း မနသိကာရဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်သည် ကွယ်ပျောက်သည်ရှိသော် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ ကင်းခြင်း ပျောက်ခြင်းဟုဆိုအပ်သော မရှိခြင်း နတ္ထိဘောပညတ်ကိုသာလျှင် ဘာဝနာစိတ်ဖြင့် အဖန်ဖန် ရှုလျက်နေ၏။ (ဝိသုဒ္ဓိ၊၁၊၃၂၇။)
နတ္ထိ - နတ္ထိ, သုညံ - သုညံ, ဝိဝိတ္တံ - ဝိဝိတ္တံ
နတ္ထိ - နတ္ထိ, သုညံ - သုညံ, ဝိဝိတ္တံ - ဝိဝိတ္တံဟူသော ပရိကမ်ဖြစ်သော နှလုံးသွင်းခြင်း မနသိကာရဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်သည် ကွယ်ပျောက်သည်ရှိသော်ဟူသော ဤစကားရပ်ဖြင့် ထိုအာကာသာ နဉ္စာယတနဝိညာဏ်ကို အာရုံပြုခြင်း၏ မရှိခြင်းကြောင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ ကွယ်ပျောက်ခြင်းသည် ဖြစ်ပေါ်လာ၏။ ပျက်စီးသွားသည်၏ အဖြစ်ကြောင့် ကွယ်ပျောက်သွားသည်ကား မဟုတ်ပေ။ (ဆိုလိုသည်မှာ --- ဝိညာဏဉ္စာယတနဝိညာဏ်သည် အာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြုနေ၏ နှလုံးသွင်းနေ၏။ ထိုကြောင့် ဝိညာဏဉ္စာယတနဝိညာဏ် ဖြစ်ပေါ်နေခိုက်၌ ယင်းအာကာသာနဉ္စာယတနဝိညာဏ်သည် အာရုံအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးနေသဖြင့် အာရုံအကြောင်းတရား အဖြစ်ဖြင့် ထင်ရှားရှိနေ၏။ သို့သော် ဤအာကိဉ္စညာယတနစျာန်ဝိညာဏ်ကား ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကို လှမ်းအာရုံမယူပေ၊ နှလုံးမသွင်းပေ။ ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှုသဘောကိုသာ = နတ္ထိဘောပညတ်ကိုသာ အာရုံပြုနေ၏ နှလုံးသွင်းနေ၏။ ထို့ကြောင့် အာကိဉ္စညာယတနဝိညာဏ်က ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြုခြင်း၏ မရှိခြင်းကြောင့် = အာရုံမပြုခြင်းကြောင့်, နှလုံးမသွင်းခြင်းကြောင့်, ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှုသဘောကိုသာ အာရုံပြုနေခြင်းကြောင့် နှလုံးသွင်းနေခြင်းကြောင့် ထိုအာကာသာနဉ္စာယတန ဝိညာဏ်၏ ကွယ်ပျောက်ခြင်းသည် ဖြစ်ပေါ်လာရ၏၊ ပျက်စီးသွားသည်၏အဖြစ်ကြောင့် ကွယ်ပျောက်သွားသည်ကား မဟုတ်ဟု ဆိုလိုပေသည်။)
နှိုင်းခိုင်းဖွယ်ရာ လောကဥပမာကို နှီးနှောပြခြင်း
ထိုအထက်တွင် တင်ပြထားသော ဥပမာစကားရပ်၌ ဤဆိုလတ္တံ့သည်ကား ဥပမာ ဥပမေယျ နှီးနှောခြင်းတည်း။ ထိုယောက်ျားသည် ထိုတန်ဆောင်းဝန်းအစရှိသော အရပ်၌ စည်းဝေးညီမူနေသော ရဟန်းသံဃာတော် အပေါင်းကို ဖူးမြင်ပြီးနောက် အရပ်တစ်ပါးသို့ ဖဲခွာသွားလေ၏။ ထိုနောင်မှ ရဟန်းသံဃာတော် အားလုံးတို့သည် တစ်စုံတစ်ခုသာလျှင်ဖြစ်သော ပြုဖွယ်ကိစ္စဖြင့် ယင်းတန်ဆောင်းဝန်းမှ ဖဲခွာသွားကြကုန်သည်ရှိသော် ထိုယောက်ျား သည် တစ်ဖန် ပြန်လာ၍ ယင်းတန်ဆောင်းဝန်းကို ကြည့်လေက ထိုစည်းဝေး ညီမူရာအရပ်ကို ရဟန်းသံဃာတော်တို့မှ ဆိတ်သုဉ်းသည်ကိုသာလျှင် တွေ့ မြင်၏၊ ရဟန်းသံဃာတော်တို့၏ ထိုစည်းဝေးညီမူရာအရပ်မှလည်း ဖဲခွာသွား ခြင်း၏ အကြောင်းရင်းကို မရှုသကဲ့သို့ --- ဤဥပမာအတူ ဤယောဂါဝစရ ပုဂ္ဂိုလ်သည် ရှေး၌ ဝိညာဏဉ္စာယတနစျာန်မျက်စိဖြင့် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို ရှု၍ နောက်ကာလ၌ ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကိုပင် နတ္ထိ (= မရှိ)ဟူ၍ ပရိကမ်ဟူသော ဘာဝနာမနသိကာရ ဖြင့် ရှုလေသော် ထိုအာကာသာနဉ္စာယတနဝိညာဏ်သည် ကင်းသွား၏။ ကင်းသည်ရှိသော် တစ်ဖန် အာကိဉ္စညာယတနစျာန်မျက်စိဖြင့် ထိုအာကာ သာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကိုသာလျှင် ရှုလျက်နေ၏။ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ ကင်းခြင်း ချုပ်ခြင်း မရှိခြင်း၏ အကြောင်းရင်းကို မစူးစမ်း မဆင်ခြင်။ အဘယ်ကြောင့်နည်းဟူမူ အာကိဉ္စညာယတနစျာန်၏ ထိုသို့သဘောရှိသော ယင်းဝိညာဏ်၏ ကင်းခြင်း ချုပ်ခြင်း မရှိခြင်း၏ အကြောင်းရင်းကို နှလုံးသွင်းခြင်း၏ မရှိခြင်းကြောင့်တည်း။ (မဟာဋီ၊၁၊၄၀၂။)
အာကိဉ္စညာယတနစျာန်သို့ ဆိုက်ပြီ
သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ နတ္ထိ ကိဉ္စီတိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။)
= ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်ကို အလုံးစုံသော ဝိညာဏဉ္စာယတနစျာန်ကိုလည်းကောင်း, ထိုဝိညာဏဉ္စာယတနစျာန်၏ တည်ရာအာရုံဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်ကိုလည်းကောင်း ကောင်းစွာကျော်လွှားလွန်မြောက်၍ အာကာသာ နဉ္စာယတနဝိညာဏ်၏ မရှိခြင်း = နတ္ထိဘောပညတ်ကို အာရုံယူ၍ နတ္ထိ -နတ္ထိ, သုညံ - သုညံ, ဝိဝိတ္တံ - ဝိဝိတ္တံဟူ၍ ဤအခြင်းအရာအားဖြင့် နှလုံးသွင်း သည်ဖြစ်၍ အာကိဉ္စညာယတနစျာန်ကို ပြည့်စုံစေ၍ နေ၏ဟူ၍ ဆိုအပ်၏။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။ ဝိသုဒ္ဓိ၊၁၊၃၂၇။)
ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ
ဤ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ဝိညာဏဉ္စာယတနစျာန်ကိုလည်းကောင်း, ထိုဝိညာဏဉ္စာယတနစျာန်၏ တည်ရာအာရုံဖြစ်သော အာကာသာ နဉ္စာယတနစျာန်ကိုလည်းကောင်း ဤသို့လျှင် စျာန်နှင့်အာရုံ နှစ်ပါးစုံကိုလည်း မဖြစ်ခြင်းကို ပြုသဖြင့်လည်းကောင်း နှလုံးမသွင်းခြင်းကို ပြုခြင်းဖြင့်လည်းကောင်း ကောင်းစွာ ကျော်လွှားလွန်မြောက်၍ သွားပါမှသာလျှင် ဤ အာကိဉ္စညာယတနစျာန်ကို ပြည့်စုံစေ၍ နေသင့်၏၊ ထိုကြောင့် ဤ စျာန်နှင့် အာရုံ နှစ်ပါးစုံကိုလည်း တစ်ပေါင်းတည်း ပြု၍ --- ဝိညာဏဉ္စာယတနံ သမတိက္ကမ္မဟူသော ဤစကားတော်ကို ဟောကြားထားတော်မူအပ်၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၃၂၈။)
နတ္ထိ ကိဉ္စိ = ဘာမျှမရှိ
နတ္ထိ - နတ္ထိ, သုညံ - သုညံ, ဝိဝိတ္တံ - ဝိဝိတ္တံဟူ၍ ဤသို့ နှလုံးသွင်းလျက်ဟု ဆိုလို၏။ ဝိဘင်းပါဠိတော်၌ကား ထိုရှေး၌ အနန္တံ ဝိညာဏံဟု နှလုံးသွင်းအပ်ပြီးသော အာကာသာနဉ္စာယတနဝိညာဏ်ကိုပင်လျှင် မထင်သည်ကို ပြု၏၊ ထင်ခြင်းကို ကင်းပျောက်စေ၏ = ပျောက်ပျက်စေ၏၊ ကွယ်ပျောက်စေ၏၊ အာကာသာနဉ္စာယတနဝိညာဏ်၏ စိုးစဉ်းဘင်မျှ အကျန်သည် မရှိ ဤသို့ ရှု၏၊ ထိုကြောင့် နတ္ထိ ကိဉ္စိဟူ၍ ဆိုအပ်၏။ ဤသို့လျှင် ဟောကြားထားတော်မူအပ်သော ထိုစကားကို ခယတော သမ္မသနဟူသော သင်္ခါရတရားတို့၏ အပျက် = ဘင်ကို ရှုတတ်သော ဘင်္ဂါနုပဿနာကဲ့သို့ အကယ်၍ကား ဟောတော်မူအပ်ပါပေ၏။ ထိုသို့ပင် ဟောတော်မူသော်လည်း ထို ဝိဘင်းပါဠိတော်၏ ဆိုလိုရင်းသဘောတရားကို ဤဆိုခဲ့ပြီးသည့်အတိုင်းသာလျှင် မှတ်သားပါ။ ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို မဆင်ခြင်မူ၍, နှလုံးမသွင်းမူ၍, ဉာဏ်ဖြင့် သက်ဝင်၍ မရှုမူ၍ သက်သက် ထိုဝိညာဏ်၏ မရှိခြင်းသဘော = နတ္ထိဘောပညတ်ကိုသာလျှင် = မရှိသည်၏အဖြစ်ကိုသာလျှင် နှလုံးသွင်းသည်ဖြစ်၍ မထင်သည်ကိုပြု၏၊ ထင်ခြင်းကို ကင်းပျောက်စေ၏၊ ကွယ်ပျောက်စေ၏၊ ဤသို့ ဆိုလို၏။ ဤဆိုအပ်ခဲ့ပြီးသော အနက်အဓိပ္ပာယ်မှ အခြားတစ်ပါးသော အနက်အဓိပ္ပာယ်အားဖြင့် ဤ ပါဠိတော်၏ အနက်အဓိပ္ပာယ်ကို မမှတ်သားထိုက်ပေ။ (ဝိသုဒ္ဓိ၊၁၊၃၂၈။)
အာကိဉ္စညာယတနစျာန်ဟူသည်
ယောဂါဝစရပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော = နတ္ထိဘောပညတ်ကို အာရုံပြု၍ ဤအာကိဉ္စညာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ရ၏၊ ထိုသို့ အားထုတ်ရာ၌ အရှုခံအာရုံဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်အား အောက်ထစ်ပိုင်းခြား အယုတ်ဆုံး အား ဖြင့် စိုးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အကြွင်းအကျန် မရှိသောကြောင့် ယင်း အာကာသာနဉ္စာယတနဝိညာဏ်သည် အကိဉ္စန မည်၏။
စိုးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အကြွင်းအကျန် မရှိသော အာကာသာနဉ္စာယတနဝိညာဏ်၏ ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား မထင်ဘဲ ကင်းကွာ ပျောက်ကွယ်ခြင်းသဘောသည် အာကိဉ္စည မည်၏။
ယင်းမရှိခြင်းသဘောကို နတ္ထိဘာဝဟု ဆို၏။ ထိုမရှိခြင်းသည် ပရမတ် အထည်ကိုယ်မဟုတ်, ပညတ်မျှသာ ဖြစ်သောကြောင့် နတ္ထိဘာဝပညတ် = နတ္ထိဘောပညတ်ဟု ဆိုအပ်၏။ နတ်တို့၏တည်ရာ ဘုံဗိမာန်နေရာသည် ဒေဝါယတနမည်သကဲ့သို့ --- ထိုစိုးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အကြွင်းအကျန်မရှိသော အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိသည်၏ အဖြစ်တည်းဟူသော နတ္ထိဘောပညတ်သည် ထိုတတိယအရူပစျာန် (= အာ ကိဉ္စညာယတနစျာန်)၏ တည်ရာဖြစ်သောကြောင့် အာယတန မည်၏။ ထိုကြောင့် ယင်းနတ္ထိဘောပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော တတိယ အရူပါဝစရစျာန်သည် အာကိဉ္စညာယတနစျာန် မည်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၈။)
နေဝသညာနာသညာယတနစျာန်
ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသောကြောင့် သညာရှိသည်လည်း မဟုတ်, မရှိသည်လည်း မဟုတ်သော စျာန်သည် နေဝသညာနာသညာယတနစျာန် မည်၏။ သညာကို အဦးမူသဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူခြင်း ဖြစ်၏။ ယင်းသမာပတ်အတွင်း၌ တည်ရှိကြကုန်သော အသိစိတ်, ဖဿ, ဝေဒနာ, စေတနာစသော (၃၁)မျိုးသော နာမ်တရားစု အားလုံးတို့သည်လည်း အလွန့် အလွန် သိမ်မွေ့နူးညံ့ကြကုန်၏။ ရုန့်ရင်းကြမ်းတမ်းသော နာမ်တရားကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော နာမ်တရားစုသာ ယင်းသမာပတ်၌ တည်ရှိသည်။ ထိုကြောင့် ယင်းသမာပတ်ကို သင်္ခါရာဝသေသသမာပတ် = အပိုင်းအခြားကို လွန်၍ သိမ်မွေ့သည်၏အဖြစ်သို့ ရောက်လျက် မပြောစလောက် သင်္ခါရမျှသာ ဖြစ်သော = အသိမ်မွေ့ဆုံးအဖြစ်သို့ရောက်သော သင်္ခါရမျှသာ ဖြစ်သော = အသိမ်မွေ့ဆုံးအဖြစ်သို့ရောက်သော သင်္ခါရမျှသာ ကြွင်းကျန်သော စတုတ္ထအရူပါဝစရသမာပတ်ဟု ခေါ်ဆို၏။
လုပ်ငန်းခွင် အဆင့်ဆင့်
ယင်းနေဝသညာနာသညာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာကိဉ္စညာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ရ၏၊ လေ့ကျင့်ပြီးသော် ဤသို့ ဆင်ခြင်အပ်၏။ ----
၁။ ဤ ငါရရှိထားသော အာကိဉ္စညာယတနစျာန်သမာပတ်သည် ဝိညာဏဉ္စာယတနစျာန်သမာပတ်ဟူသော နီးကပ်သော ရန်သူရှိ၏ဟုလည်းကောင်း,
၂။ နေဝသညာနာသညာယတနသမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့ဟုလည်းကောင်း, သညာသည် ရောဂါတည်း၊ သညာသည် အိုင်းအမာနှင့် တူ၏၊ သညာသည် မြားငြောင့်နှင့် တူ၏၊ အကြင် နေဝသညာနာသညာသည် ရှိ၏၊ ဤနေဝသညာနာသညာယတနစျာန်သည် ငြိမ်သက်၏၊ ဤနေဝသညာနာသညာယတနစျာန်သည် မွန်မြတ်၏ ---- ဟုလည်းကောင်း ----
ဤသို့လျှင် အာကိဉ္စညာယတနစျာန်၌ အပြစ်ဒေါသကိုလည်းကောင်း, အထက်ဖြစ်သော နေဝသညာနာသညာယတနစျာန်၌ အကျိုးအာနိသင်ကိုလည်းကောင်း မြင်အောင်ရှု၍ ---
၃။ အာကိဉ္စညာယတနစျာန်၌ တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိတရားကို ကုန်ခန်းစေ၍,
၄။ နေဝသညာနာသညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,
၅။ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော = နတ္ထိဘောပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ထိုအာကိဉ္စညာယတနစျာန်သမာပတ်ကိုပင် အာရုံပြု၍ ---
သန္တာ - သန္တာ = ငြိမ်သက်ပေစွ - ငြိမ်သက်ပေစွဟု အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့် သက်ဝင်၍ ရှုအပ်၏၊ ဝိတက်ဖြင့် သန္တာ - သန္တာ = ငြိမ်သက်ပေစွ - ငြိမ်သက်ပေစွဟု ရှေးရှုခေါက်သည်ကို, ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၈-၃၂၉။)
ဤဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်း ထိုအာကိဉ္စညာယတနစျာန်သမာပတ် အာရုံနိမိတ်၌ အဖန်ဖန် အထပ်ထပ် ဘာဝနာမနသိကာရကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏ ကိလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏၊ အာကိဉ္စညာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏။
ထိုယောဂါဝစရပုဂ္ဂိုလ်သည် နေဝသညာနာသညာယတနစျာန် ဖြစ် ကြောင်းဖြစ်သည့် ထို အာကိဉ္စညာယတနစျာန်သမာပတ်နိမိတ်ကို အဖန် တလဲလဲ မှီဝဲ၏, ပွားများ၏, ကြိမ်ဖန်များစွာ အလေ့အလာပြု၏, အဖန်ဖန် အထပ်ထပ် အာရုံပြုနေ၏, ယင်းအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေအောင် သမာဓိကို ထူထောင်၏။ ဤသို့သောနည်းဖြင့် ပြုကျင့်သော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ --- အာကာသာနဉ္စာယတနဝိညာဏ်၏ ကင်းခြင်း = မရှိခြင်းသဘောဟူသော = နတ္ထိဘောပညတ်အာရုံ၌ အာကိဉ္စညာ ယတနစျာန်သည် အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသကဲ့သို့ အာကိဉ္စညာ ယတနစျာန်သမာပတ်ဟု ခေါ်ဆိုအပ်ကုန်သော နာမ်ခန္ဓာလေးပါးတို့၌ အာရုံ ပြု၍ နေဝသညာနာသညာယတနစျာန်စိတ်သည် အပ္ပနာ၏အစွမ်းဖြင့် ဖြစ် ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၁၊၃၂၉။)
နေဝသညာနာသညာယတနစျာန်သို့ ဆိုက်ပြီ
ဧတ္တာဝတာ စေသ သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတီတိ ဝုစ္စတိ။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။ ဝိသုဒ္ဓိ၊၁၊၃၂၉။)
= ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ် တရားအယဉ်ဖြင့် ထို ယောဂါဝစရပုဂ္ဂိုလ်ကို အလုံးစုံသော အာကိဉ္စညာယတနစျာန်ကိုလည်းကောင်း, ထိုအာကိဉ္စညာယတနစျာန်၏ တည်ရာအာရုံဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘောဟူသော နတ္ထိဘောပညတ်အာရုံကိုလည်းကောင်း ကောင်းစွာ ကျော်လွှားလွန်မြောက်၍ အာကိဉ္စညာယတနဝိညာဏ်ကိုပင် သန္တာ - သန္တာဟု နှလုံးသွင်းသည်ဖြစ်၍ နေဝသညာနာသညာယတနစျာန်ကို ပြည့်စုံစေ၍နေ၏ဟူ၍ ဆိုအပ်ပေ၏။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။ ဝိသုဒ္ဓိ၊၁၊၃၂၉။)
အာကိဉ္စညာယတနံ သမတိက္ကမ္မ
ဤ၌ အာကိဉ္စညာယတနစျာန်သည်လည်းကောင်း, အာကိဉ္စနညာယတနစျာန်၏ အာရုံဖြစ်သော နတ္ထိဘောပညတ်သည်လည်းကောင်း ဤ စျာန်နှင့်အာရုံ နှစ်မျိုးစုံသည်ပင် အာကိဉ္စညာယတနမည်၏။ အာကိဉ္စညာယတနစျာန်၏ အာရုံဖြစ်သော နတ္ထိဘောပညတ်သည် အထက်တွင် ဆိုခဲ့သည့်အတိုင်း အာကိဉ္စညလည်း မည်၏။ ထိုအာကိဉ္စညအမည်ရသော နတ္ထိဘောပညတ်အာရုံသည် တတိယအရူပါဝစရစျာန် = အာကိဉ္စညာယတနစျာန်၏ တည်ရာအာရုံဖြစ်သောကြောင့် --- နတ်တို့၏တည်ရာ ဘုံဗိမာန်သည် ဒေဝါယတနမည်သကဲ့သို့ ---- တည်ရာဟူသော အနက်သဘောကြောင့် အာယတနလည်း မည်၏။ ထိုကြောင့် နတ္ထိဘောပညတ်အာရုံသည် အာကိဉ္စညာယတန မည်၏။ ကမ္ဗောဇတိုင်းသည် မြင်းတို့၏ ဖြစ်ထွန်းရာဒေသ အာယတနဖြစ်သကဲ့သို့ အလားတူပင် နတ္ထိဘောပညတ်သည် အာကိဉ္စညလည်း ဟုတ်၏၊ ထိုအာကိဉ္စညဟူသည် ထိုတတိယအရူပါဝစရစျာန် = အာကိဉ္စညာယတနစျာန်၏ ဖြစ်ပေါ်လာခြင်း၏ အကြောင်းရင်းစစ် ဖြစ်သောကြောင့် အာယတနလည်း ဟုတ်၏။ ထိုကြောင့်လည်း အာကိဉ္စညာယတနမည်၏။
ဤသို့လျှင် စျာန်သည်လည်းကောင်း, နတ္ထိဘောပညတ်အာရုံသည်လည်းကောင်း --- ဤစျာန်နှင့်အာရုံ နှစ်မျိုးလုံးကိုလည်း မဖြစ်ခြင်းကို ပြုသဖြင့်လည်းကောင်း, နှလုံးမသွင်းခြင်းကို ပြုခြင်းဖြင့်လည်းကောင်း ကောင်းစွာ ကျော်လွှားလွန်မြောက်၍ သွားမှသာလျှင် ဤနေဝသညာနာသညာယတနစျာန်ကို ပြည့်စုံစေ၍ နေသင့်၏။ ထိုကြောင့် ဤစျာန်နှင့်အာရုံ နှစ်ပါးစုံကိုလည်း တစ်ပေါင်းတည်းပြု၍ --- အာကိဉ္စညာယတနံ သမတိက္ကမ္မ --- ဟူသော ဤစကားကို ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၃၂၉။)
ငြိမ်သက်ပါ၏ မွန်မြတ်ပါ
သန္တတော မနသိ ကရောတီတိ သန္တာ ဝတာယံ သမာပတ္တိ၊ ယတြ ဟိ နာမ နတ္ထိဘာဝမ္ပိ အာရမ္မဏံ ကရိတွာ ဌဿတီီတိ ဧဝံ သန္တာရမ္မဏတာယ တံ သန္တာတိ မနသိ ကရောတိ။ (ဝိသုဒ္ဓိ၊၁၊၃၂၉။)
နေဝသညာနာသညာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ရာ ၌ အရှုခံအာရုံဖြစ်သော အာကိဉ္စညာယတနစျာန်ကို ---
၁။ ဧတံ သန္တံ ဧတံ ပဏီတံ = ဤဝိညာဏ်သည် ငြိမ်သက်၏, ဤ ဝိညာဏ်သည် မွန်မြတ်၏ဟုလည်းကောင်း,
၂။ သန္တံ - သန္တံ = သန္တာ - သန္တာ = ငြိမ်သက်၏ ငြိမ်သက်၏ဟု လည်းကောင်း,
၃။ ပဏီတံ - ပဏီတံ = မွန်မြတ်၏ မွန်မြတ်၏ဟုလည်းကောင်း ---
ဤသို့ နှလုံးသွင်းရ၏။ များစွာသော စိတ်တို့သည် တစ်စုံတစ်ခုသော အထည်ဝတ္ထုဒြပ်ကို တစ်စုံတစ်ခုသော သိစရာအာရုံကို အာရုံပြုနေရပါမှ ကြာရှည်စွာ မွေ့လျော်နိုင်ကြ၏။ ဤတတိယအရူပါဝစရစျာန် = အာကိဉ္စညာယတနစျာန်သမာပတ်ကား ဘာမျှမရှိခြင်းဟူသော နတ္ထိဘောပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် --- ဤသမာပတ်သည် ငြိမ်သက်ပေစွ၊ ယင်းသမာပတ်သည် အာကာသာနဉ္စာယတနဝိညာဏ်၏ ဆိတ်သည်၏အဖြစ်ဟူသော ဘာမျှမရှိခြင်း နတ္ထိဘောပညတ်ဟူသော သို့စင်မျှလောက် အလွန် သိမ်မွေ့စွာကိုသော်လည်း အာရုံပြု၍ တည်နိုင်တုံပေသည်တကားဟု ဤသို့လျှင် နတ္ထိဘောပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် ငြိမ်သက်သော အာရုံရှိသည်၏အဖြစ်ကြောင့် ထိုအာကိဉ္စညာယတနစျာန်ကို ငြိမ်သက်ပေစွဟု နှလုံးသွင်း၏။ (ဝိသုဒ္ဓိ၊၁၊၃၂၉။)
ဤ တတိယအရူပါဝစရစျာန် (= အာကိဉ္စညာယတနစျာန်) သည် ဘာမျှမရှိခြင်း နတ္ထိဘောပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် အလွန်တရာမှ ငြိမ်သက်မွန်မြတ်ပေသည်ဟု ယောဂါဝစရပုဂ္ဂိုလ်က ယင်းစျာန်ကို ချီးမွမ်း သည်။ စတုတ္ထအရူပါဝစရစျာန် (= နေဝသညာနာသညာယတနစျာန်) စိတ်စေတသိက်များလောက် မငြိမ်သက်သဖြင့် မငြိမ်သက်ဘူး ဟု ရှေးပရိကမ်ပြုခါနီးတုန်းက အပြစ် ရှုခဲ့သည်။ သန္တမေတံ ပဏီတမေတံ = ဧတံ သန္တံ ဧတံ ပဏီတံ = ဤဝိညာဏ်သည် ငြိမ်သက်၏ ဤဝိညာဏ်သည် မွန်မြတ်၏ဟု ချီးမွမ်းခြင်းကား ဘာမျှမရှိခြင်းသဘောတရားကို (= နတ္ထိဘော ပညတ်ကို) အာရုံပြုနိုင်သည့်အတွက် ချီးမွမ်းခြင်းတည်း။ ထိုကြောင့် အပြစ်အားလျော်စွာ အပြစ်ရှု၍ ဂုဏ်အားလျော်စွာ ချီးမွမ်းသည့်အတွက် ဆန့်ကျင်ဘက် မဖြစ်ဟု မှတ်ပါ။ အရုပ်ဆိုး၍ လိမ္မာသော မိန်းကလေး၌ ရုပ်အဆင်းအတွက် ကဲ့ရဲ့ထိုက်၍ အလိမ္မာအတွက် ချီးမွမ်းထိုက်သကဲ့သို့ တည်း။
အမေးနှင့် အဖြေ
အမေး --- အာကိဉ္စညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် အကယ်၍ နှလုံးသွင်းအံ့၊ အဘယ်ကြောင့် ယင်းစျာန်နှင့် စျာန်၏အာရုံကို ကျော်လွှားလွန်မြောက်ခြင်းသည် ဖြစ်နိုင်ပါအံ့နည်း? ဤသို့ မေးရန်ရှိ၏။
အဖြေ --- အာကိဉ္စညာယတနသမာပတ်ကို ဝင်စားခြင်းငှာ အလိုမရှိသည်၏အဖြစ်ကြောင့် ကျော်လွှားလွန်မြောက်ခြင်းသည် ဖြစ်နိုင်၏။ ထင်ရှားစေအံ့ --- ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကိဉ္စညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် အကယ်၍ နှလုံးသွင်းသည်ကား မှန်၏။ ထိုသို့ပင် နှလုံးသွင်းသည်မှန်သော်လည်း ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ---- ငါသည် ဤအာကိဉ္စညာယတနစျာန်ကို ဆင်ခြင်အံ့, ဝင်စားအံ့, ဆောက်တည်အံ့, ထအံ့, ပစ္စဝေက္ခဏာဇောဖြင့် စျာန်အင်္ဂါကို ဆင်ခြင်အံ့ ဤသို့သော နှလုံးသွင်းခြင်း အာဘောဂသည် ဤသို့ ကောင်းစွာ အဖန်ဖန် နှလုံးသို့ ဆောင်ခြင်းသည်, ဤသို့သော နှလုံးသွင်းမှု မနသိကာရသည် မဖြစ်။ အဘယ်ကြောင့်နည်းဟူမူ --- အာကိဉ္စညာယတနစျာန်ထက် နေဝသညာနာသညာယတနစျာန်၏ သာလွန်၍ ငြိမ်သက်, သာလွန်၍ မွန်မြတ်သည်၏ အဖြစ်ကြောင့်တည်း။ (ဝိသုဒ္ဓိ၊၁၊၃၃၀။)
နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ
ရှင်ဘုရင်တစ်ပါးသည် လက်မှုပညာပြပွဲ တစ်ခုကို လှည့်လည်ကာ ရှုစားတော်မူစဉ် ပုဆိုးတစ်ထည်ကို ခေါင်းပေါင်းကာ ပုဆိုးတစ်ထည်ကို ခါးထောင်းကျိုက်၍ တစ်ကိုယ်လုံး၌ ဖွေးဖွေးဖြူနေသော ဆင်စွယ်မှုန့်များဖြင့် လူးလဲပေကျံလျက် ကြိုးကြိုးစားစားဖြင့် သားနားသပ်ရပ်သော ဆင်စွယ်ရုပ်, ဆင်စွယ်ကြုတ် အမျိုးမျိုးတို့ကို ပြုလုပ်နေသော ဆင်စွယ်ပွတ်သမားတို့ကို မြင်တော်မူလေရာ တော်ပါပေသည် စွမ်းပါပေသည်ဟု အားရနှစ်သက် မြိန်ရှက်စွာ ချီးမွမ်းသော်လည်း ကိုယ်တိုင်ကား ထီးနန်းကို စွန့်လွှတ်၍ ဆင်စွယ်ပွတ်သမား မဖြစ်လို။ ထိုကဲ့သို့ ချီးမွမ်းလျက်ပင် ဆင်စွယ်ပွတ်သမားတို့ကို ကျော်လွန်၍ နန်းတော်ရောက်အောင် ကြွမြန်းလေသကဲ့သို့ မှတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၃၃၀။)
နေဝသညာ - နာသညာ
ဤနေဝသညာနာသညာယတနစျာန်သမာပတ်၌ တည်ရှိသော သညာသည်လည်း ထင်ရှားသော သညာကိစ္စကို ပြုခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်ကြောင့် နေဝသညာမည်၏။ ရုန့်ရင်းသောသင်္ခါရမှ ကြွင်းသော အလွန် သိမ်မွေ့သော သင်္ခါရ၏အဖြစ်ဖြင့် ထင်ရှားရှိသောကြောင့် နာသညာလည်းမည်၏။
အမေး --- ဤ၌ ထင်ရှားသော သညာကိစ္စဟူသည် အဘယ်နည်း?
အဖြေ --- အာကိဉ္စညာယတနစျာန်အာရုံကို အမှတ်ပြု၍ သိခြင်းသည်လည်းကောင်း, ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ်သို့ ကပ်ရောက်၍ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ်ကို ဖြစ်စေခြင်းသည်လည်းကောင်း သညာကိစ္စမည်၏။
ထင်ရှားစေအံ့ --- ရေအေး၌ တေဇောဓာတ်သည် လောင်မြိုက်ခြင်း ကိစ္စကို ပြုခြင်းငှာ မစွမ်းနိုင်သကဲ့သို့ အလားတူပင် ဤသညာသည် မိမိ၏ အရှုခံအာရုံဖြစ်သော အာကိဉ္စညာယတနစျာန်အာရုံကို အမှတ်ပြု၍ သိခြင်းကိစ္စကိုလည်း ထင်ထင်ရှားရှား ပြုခြင်းငှာ မစွမ်းနိုင်။ ကြွင်းသော အရူပါဝစရသမာပတ်သုံးမျိုးတို့၌ တည်ရှိသော သညာကဲ့သို့ ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ်သို့ ကပ်ရောက်၍ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ်ကို ဖြစ်စေခြင်းကိုလည်း ပြုခြင်းငှာ မစွမ်းနိုင်။
မှန်ပေသည် ---- နေဝသညာနာသညာယတနစျာန်မှ တစ်ပါးကုန်သော ခန္ဓာတို့၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် သိမ်းဆည်းဖူးခြင်း ဝိပဿနာ နှလုံးသွင်းဖူးခြင်းကို မပြုဖူးသော မဖြစ်စဖူးသော ယောဂါဝစရရဟန်းသည် နေဝသညာနာသညာယတန ခန္ဓာတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၍ သင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့ခြင်း နိဗ္ဗိဒါဉာဏ်သို့ ရောက်ရှိခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိစဖူးပေ။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးပင် ဖြစ်စေကာမူ အခြားအခြားသော ခန္ဓာတို့၌ ဝိပဿနာ နှလုံးသွင်းခြင်းကို မပြုဖူးဘဲ နေဝသညာနာသညာယတန ခန္ဓာတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်၍ သင်္ခါရတရားတို့၌ ငြီးငွေ့ခြင်း နိဗ္ဗိဒါဉာဏ်သို့ ရောက်ခြင်းငှာ စွမ်းနိုင်သည်မည်သည် မရှိပေ။ ခန္ဓာငါးပါးနည်းစသည်ကို အဦးမူသဖြင့် ဝိပဿနာဘာဝနာကို စတင် နှလုံး သွင်းခဲ့ပြီးနောက် ဒွါရအာရုံတို့နှင့်တကွ ဒွါရ (၆)ပါးတို့၌ မပြတ်ဖြစ်နေကြကုန်သော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို ပြကတေ့အားဖြင့် ဝိပဿနာရှုတတ် သော, ဝိပဿနာရှုဖူးသော ပညာဉာဏ်ကြီးမားတော်မူသော အရှင်သာရိပုတ္တ ရာ ကိုယ်တော်မြတ်ကြီးနှင့် ဉာဏ်ရည်တူသော သူသည်သာလျှင် နေဝသညာ နာသညာယတနခန္ဓာတို့၌ ဥဒယဗ္ဗယဉာဏ်ကို ဖြစ်စေခြင်းငှာ တတ်နိုင်ပေ ရာ၏။
ထို သာရိပုတ္တရာထေရ်ကျော် တူလျော်ဆိုဖွယ် ပညာကျယ်သော ပကတိဝိပဿကပုဂ္ဂိုလ်သည်လည်း ဤသို့လျှင် ဤနေဝသညာနာသညာယတနတရားတို့သည် ရှေးက မရှိကုန်မူ၍ ယခုမှ ရုတ်ခြည်း ဖြစ်ပေါ်လာကြကုန်သတတ်၊ ယခုမှ ရုတ်ခြည်း ဖြစ်ကုန်၍ ချုပ်ပျက်ကုန်သတတ်ဟု ဤသို့ လျှင် နေဝသညာနာသညာယတန နာမ်တရားအားလုံးတို့ကို ပေါင်းစုခြုံငုံ၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း ကလာပသမ္မသနနည်း၏ အစွမ်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်ခြင်းငှာ စွမ်းနိုင်လေရာ၏။ ယင်းနေဝသညာနာသညာ ယတနသမာပတ်အတွင်း၌ ဖဿစသော ပရမတ္ထဓာတ်သားတရား တစ်လုံးစီ တစ်လုံးစီကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်းတည်း ဟူသော အနုပဒဓမ္မဝိပဿနာနည်း၏ အစွမ်းဖြင့်ကား ဝိပဿနာ မရှုပွား မသုံးသပ်နိုင်လေရာ။ ဤသို့လျှင် ဤနေဝသညာနာသညာယတန သမာပတ် သည် တရားစစ်မှူး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ် ကြီးသော်မှလည်း အနုပဒဓမ္မဝိပဿနာနည်းအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ် ခြင်းငှာ မစွမ်းနိုင်လေရကား အလွန် သိမ်မွေ့သည်၏အဖြစ်သို့ ရောက်ရှိသော သမာပတ်ဖြစ်လေသည်။ (ဝိသုဒ္ဓိ၊၁၊၃၃၁။)
အဆင့်ဆင့် သာလွန် မြင့်မြတ်ပုံ
ဤအရူပါဝစရသမာပတ်တို့၌ ဥပေက္ခာ ဧကဂ္ဂတာအားဖြင့် စျာန်အင်္ဂါ နှစ်ပါးစီ ညီမျှသောကြောင့် တစ်ပါးနှင့်တစ်ပါး မထူးခြားသကဲ့သို့ ထင်ရသော်လည်း အောက်အောက်သော သမာပတ်ထက် အထက်အထက်သော သမာပတ်က တိုးတက်ပွားများအပ်သော ဘာဝနာစွမ်းအားကြောင့် သာလွန် မွန်မြတ်ပေသည်။ ဥပမာ --- လေးထပ်တိုက် တစ်လုံးဝယ် အောက်ဆုံးထပ်၌ စားသောက်ဖွယ်နှင့်တကွ ယုယဖျော်ဖြေမည့် ကချေသည်တို့ဖြင့် လှပမွှေးကြိုင် တစ်ထပ်လုံး လှိုင်နေအောင် ပြင်ဆင်ထားလေရာ၏။ ဒုတိယ, တတိယ, စတုတ္ထ အထပ်တို့၌လည်း ထိုနည်းအတိုင်းပင် ပြင်ဆင်ထားလေရာ၏။ သို့သော် အောက်အောက် အထပ်ထက် အထက်အထက် အထပ်က ပိုမို သားနားသကဲ့သို့လည်းကောင်း, ရက်ကန်းသည် တစ်ယောက်သည် ကြမ်းသောချည်, နုသောချည်, ထိုထက်နုသောချည်, ထိုထက်ပင် အလွန် နုသော ချည်ဟု ချည် (၄)မျိုးဖြင့် အဝတ်ပုဆိုး (၄)ထည်ကို ရက်ရာ၌ အလျားအနံ တူမျှသော်လည်း တစ်ထည်ထက် တစ်ထည်မှာ သာလွန် နုနယ်သကဲ့သို့လည်းကောင်း ဤဥပမာအတူ မှတ်သားပါ။ (ဝိသုဒ္ဓိ၊၁၊၃၃၂-၃၃၃။)
မလွှဲသာ၍ အာရုံပြုရသည်
ဝိညာဏဉ္စာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်သူသည် အာကာသာနဉ္စာယတနဝိညာဏ်၌ အပြစ်မြင်သော်လည်း ဝိညာဏဉ္စာယတနစျာန်သို့ ရောက်ရှိဖို့ အရေးဝယ် အာကာသာနဉ္စာယတနဝိညာဏ်မှတစ်ပါး အခြားပြုဖွယ်အာရုံ မရှိသောကြောင့် မလွှဲသာသဖြင့် အာကာသာနဉ္စာယတနဝိညာဏ်ကိုသာ ဘာဝနာအစဉ်နှင့်တကွ ဝိညာဏဉ္စာယတနဝိညာဏ်က အာရုံပြုရတော့သည်။
အလားတူပင် .. နေဝသညာနာသညာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်သူသည် အာကိဉ္စညာယတနဝိညာဏ်၌ အပြစ်မြင်သော်လည်း နေဝသညာနာသညာယတနစျာန်သို့ ရောက်ရှိဖို့ အရေးဝယ် အာကိဉ္စညာယတနဝိညာဏ်မှတစ်ပါး အခြားပြုဖွယ်အာရုံ မရှိသောကြောင့် မလွှဲသာသဖြင့် အာကိဉ္စညာယတနဝိညာဏ်ကိုသာ ဘာဝနာအစဉ်နှင့်တကွ နေဝသညာနာသညာယတနဝိညာဏ်က အာရုံပြုရတော့သည်။ ဥပမာ --- ရှင်ဘုရင် အပေါ်၌ အပြစ်မြင်နေသော မှူးမတ်တစ်ဦးသည် အသက်မွေးဝမ်းကြောင်းဖို့ အရေးဝယ် ရှင်ဘုရင်ကို ခစားမှုမှတစ်ပါး အခြားလုပ်ငန်းကောင်း မရှိတော့သဖြင့် အပြစ်မြင်အပ်သော ရှင်ဘုရင်ကိုပင် မလွှဲသာ၍ ခစားနေရသကဲ့သို့ မှတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၃၃၄။)
ဤသို့ အာရုံပြုသော်လည်း တစ်စုံတစ်ယောက်သော ယောက်ျားသည် ရှည်စွာသော လှေကားသို့ တက်သည်ရှိသော် အခြားတစ်ပါးသော ကိုင်တွယ်စရာ၏ မရှိခြင်းကြောင့် လှေကားပေါင်ကို ထောက်ရသကဲ့သို့လည်းကောင်း, တောင်ထိပ်အဖျားသို့ တက်သည်ရှိသော် ထိုတောင်ထိပ်၏ ထိပ်ဖျားကိုပင် ထောက်ရသကဲ့သို့လည်းကောင်း, ကျောက်တောင်သို့ တက်သည်ရှိသော် တုန်လှုပ်လျက်လာရာ၌ အခြားကိုင်တွယ်စရာ၏ မရှိခြင်းကြောင့် မိမိ၏ ပုဆစ်ဒူးကိုပင်လျှင် ထောက်ရသကဲ့သို့လည်းကောင်း --- ထိုအတူပင်လျှင် ဝိညာဏဉ္စာယတနစျာန်သည် အာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြု၍, နေဝသညာနာသညာယတနစျာန်သည် အာကိဉ္စညာယတနဝိညာဏ်ကို အာရုံပြု၍ ဖြစ်ပေါ်လာရ၏။ (ဝိသုဒ္ဓိ၊၁၊၃၃၄-၃၃၅။)
ကြွင်းကျန်သော ကသိုဏ်းများ
ပထဝီကသိုဏ်းကို အခြေခံ၍ သမာပတ် (၈)ပါးတို့ကို ရရှိအောင် ပွားများအားထုတ်ပုံ အစီအရင်ကို ရေးသားတင်ပြခဲ့ပြီးလေပြီ။ အာပေါကသိုဏ်းမှသည် အာလောကကသိုဏ်းသို့ တိုင်အောင်သော အခြားအခြားသော ကသိုဏ်းတို့၌လည်း သမာပတ် (၈)ပါးစီကို ရရှိအောင် နည်းမှီ၍ ကြိုးစားအားထုတ်ပါလေ။ ပုံစံတစ်ခုကို အနည်းငယ်ဆိုရသော် ဤသို့ဖြစ်၏။
အာပေါကသိုဏ်း၌ စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် သမာဓိကို ထူထောင်ပါ။ ယင်းစတုတ္ထစျာန်သမာဓိမှ ထပြီးလျှင် ရုပ်တို့၏ အပြစ်ကို ဆင်ခြင်ပါ။ အာပေါကသိုဏ်းကို အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်ကာ ယင်းစတုတ္ထစျာန်၏ အပြစ်နှင့် အာကာသာနဉ္စာယတနစျာန်၏ အကျိုးတို့ကို ဆင်ခြင်ပါ။ ထိုနောင် ယင်းအာပေါကသိုဏ်းနိမိတ်၌ အာကာသနိမိတ်ကို မြင်အောင်ရှု၍ အာပေါကသိုဏ်းကို ခွာပါ။ အာပေါကသိုဏ်း ပျောက်၍ အာကာသနိမိတ်ချည်းသက်သက် ကျန်သောအခါ ယင်းအာကာသနိမိတ်ကို အာရုံယူ၍ အာကာသာနဉ္စာယတနစျာန်ကိုလည်းကောင်း, ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနစျာန်ကိုလည်းကောင်း, ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြု၍ အာကိဉ္စညာယတနစျာန်ကိုလည်းကောင်း, ယင်းအာကိဉ္စညာယတနဝိညာဏ်ကို အာရုံပြု၍ နေဝသညာနာသညာယတနစျာန်ကိုလည်းကောင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။ ဤမျှဆိုလျှင် သဘောပေါက်နိုင်လောက်ပေပြီ။
ယခုအခါတွင် စတုရာရက္ခကမ္မဋ္ဌာန်းများကို ဆက်လက်၍ ရေးသားတင်ပြမည် ဖြစ်ပါသည်။ စတုရာရက္ခ = အစောင့်လေးပါးကမ္မဋ္ဌာန်းဟူသည် မေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း, အသုဘကမ္မဋ္ဌာန်း, မရဏာနုဿတိ ကမ္မဋ္ဌာန်းတို့ ဖြစ်ကြ၏။ ထိုတွင် မေတ္တာကမ္မဋ္ဌာန်းကို ရှေးဦးစွာ ရေးသားတင်ပြမည် ဖြစ်ပါသည်။ သို့သော် မေတ္တာကမ္မဋ္ဌာန်းကို ရေးသားပါက မေတ္တာကမ္မဋ္ဌာန်းနှင့် ဗြဟ္မဝိဟာရကမ္မဋ္ဌာန်းချင်း တူညီနေသော ကရုဏာကမ္မဋ္ဌာန်း, မုဒိတာကမ္မဋ္ဌာန်း, ဥပေက္ခာကမ္မဋ္ဌာန်းတို့ကိုပါ တစ်ပါတည်း ရေးသားတင်ပြပေအံ့။ ထိုသို့ ရေးသားတင်ပြရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဗြဟ္မဝိဟာရနိဒ္ဒေသ၌ လာရှိသော အားထုတ်ပုံအစဉ်ကို အကျဉ်းချုပ်၍ ရေးသားတင်ပြမည် ဖြစ်ပေသည်။
စတုရာရက္ခကမ္မဋ္ဌာန်းပိုင်း
ဗြဟ္မဝိဟာရကမ္မဋ္ဌာန်းပိုင်း - မေတ္တာဘာဝနာကမ္မဋ္ဌာန်း
ဤမေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော အသင်သူတော်ကောင်းသည် ဤပုဂ္ဂိုလ်တို့၌ ရှေးဦးစွာ မေတ္တာဘာဝနာကို မပွားအပ်။ ဤပုဂ္ဂိုလ်တို့၌ အချင်းခပ်သိမ်း မေတ္တာဘာဝနာကို မပွားအပ်ဟု မေတ္တာဘာဝနာကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်တို့ကို သိထားသင့်၏။
၁။ အပ္ပိယပုဂ္ဂလ = မချစ်အပ်သောပုဂ္ဂိုလ်၊
၂။ အတိပ္ပိယသဟာယက = အလွန်ချစ်အပ်သော အပေါင်းအဖော်ပုဂ္ဂိုလ်၊
၃။ မဇ္ဈတ္တပုဂ္ဂလ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊
၄။ ဝေရီပုဂ္ဂလ = ရန်သူပုဂ္ဂိုလ်၊
ဤပုဂ္ဂိုလ် (၄)မျိုးတို့၌ မေတ္တာစျာန်ကို မရသေးမီ ရှေးဦးစွာ အဦးဆုံး မပွားအပ်။ မေတ္တာစျာန်ကို ရရှိပြီးသောအခါ၌ကား (အတ္တ-ပိယ-မဇ္ဈတ္တ-ဝေရီ ဟူသော) အစီအစဉ်အတိုင်း မေတ္တာစျာန်ကိုရရှိအောင် ပွားနိုင်သည်။ သို့သော် ယင်းပုဂ္ဂိုလ်တို့မှာ လိင်တူပုဂ္ဂိုလ် အသက်ရှင်ဆဲပုဂ္ဂိုလ်တို့သာ ဖြစ်ရမည်။
[မှတ်ချက် --- အပ္ပိယပုဂ္ဂလ = မချစ်အပ်သောပုဂ္ဂိုလ်ဟူသည် --- မိမိ၏ အကျိုးစီးပွားကို မပြုလုပ်သောပုဂ္ဂိုလ်, မိမိချစ်သူ၏ အကျိုးစီးပွားကို မပြု လုပ်သောပုဂ္ဂိုလ်, မိမိမချစ်သောသူ၏ အကျိုးစီးပွားကို ပြုလုပ်ပေးသောပုဂ္ဂိုလ်, ငါ၏ အကျိုးစီးပွားကို မပြုကျင့်ခဲ့လေပေါ့ ငါ ချစ်မြတ်နိုးသူ၏ အကျိုးစီးပွားကို မပြုကျင့်ခဲ့လေပေါ့ --- ဤသို့ စသည်ဖြင့် ရန်ငြိုးဖွဲ့ခြင်း အာဃာတဝတ္ထု၏ တည်ရာဖြစ်သောပုဂ္ဂိုလ် - ဤပုဂ္ဂိုလ်မျိုးကို ဆိုလိုသည်။ ဝေရီပုဂ္ဂလ = ရန်သူပုဂ္ဂိုလ်ဟူသည် - မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်သောပုဂ္ဂိုလ်, မိမိချစ်မြတ်နိုးသူ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်သောပုဂ္ဂိုလ် - ဤပုဂ္ဂိုလ်မျိုးကို ဆိုလိုသည်။ (မဟာဋီ၊၁၊၃၅၁။)]
၅။ လိင်္ဂဝိသဘာဂ = လိင်မတူသောပုဂ္ဂိုလ်၊
ဤပုဂ္ဂိုလ်ကို သီးသန့် မေတ္တာမပွားအပ်။ အမျိုးသမီး ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသားတစ်ဦးကို အာရုံယူ၍ သီးသန့် မေတ္တာမပွားအပ်၊ အမျိုးသားယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသမီးတစ်ဦးကို အာရုံယူ၍ သီးသန့် မေတ္တာမပွားအပ်။ ရာဂဖြစ်တတ်သောကြောင့် ထိုသို့ သီးသန့် မပွားသင့်ခြင်း ဖြစ်၏။
၆။ ကာလကတပုဂ္ဂလ = သေသွားသောပုဂ္ဂိုလ်၌ အချင်းခပ်သိမ်း မေတ္တာမပွားအပ်။
အကြောင်းပြချက် --- အပ္ပိယပုဂ္ဂိုလ်ကို ပိယပုဂ္ဂိုလ်အရာ၌ထားလျက် မေတ္တာပွားသောပုဂ္ဂိုလ်သည် ပင်ပန်းတတ်၏။ အတိပ္ပိယသဟာယကပုဂ္ဂိုလ်ကို မဇ္ဈတ္တပုဂ္ဂိုလ်အရာ၌ထားလျက် မေတ္တာပွားသောပုဂ္ဂိုလ်သည် ပင်ပန်းတတ်၏။ ထို အတိပ္ပိယသဟာယကပုဂ္ဂိုလ်၏ သန္တာန်ဝယ် အနည်းငယ်မျှသာလျှင် ဖြစ်သော ဆင်းရဲဒုက္ခသည် ဖြစ်ပေါ်လာလတ်သော် ငိုအံ့သော အခြင်းအရာ သို့ ရောက်သကဲ့သို့ ဖြစ်တတ်၏။ မဇ္ဈတ္တပုဂ္ဂိုလ်ကို လေးစားထိုက်သောပုဂ္ဂိုလ် အရာ၌လည်းကောင်း, ပိယပုဂ္ဂိုလ်အရာ၌လည်းကောင်း ထားလျက် မေတ္တာဘာဝနာကို ပွားများသောသူသည် ပင်ပန်းတတ်၏။ ဝေရီပုဂ္ဂိုလ်ကို အဖန်တလဲလဲ အောက်မေ့သော ယောဂါဝစရပုဂ္ဂိုလ်အား အမျက်ဒေါသသည် ထင်ရှား ဖြစ်ပေါ်လာတတ်၏။ ထို့ကြောင့် ဤပုဂ္ဂိုလ် (၄)မျိုးတို့၌ ရှေးဦးစွာ မေတ္တာဘာဝနာကို မပွားများသင့်ပေ။ လိင်္ဂဝိသဘာဂ = လိင်မတူသောပုဂ္ဂိုလ်၌ကား ရာဂဖြစ်တတ်သောကြောင့် သီးသန့်မေတ္တာဘာဝနာကို မပွားသင့်ခြင်း ဖြစ်၏။ သို့သော် သဗ္ဗာ ဣတ္ထိယော = အမျိုးသမီးအားလုံးတို့သည်၊ သဗ္ဗေ ပုရိသာ = အမျိုးသားအားလုံးတို့သည် ဤသို့စသည်ဖြင့် မေတ္တာစျာန်ကို ရရှိပြီး ရာ သီမာသမ္ဘေဒကို ပြိုအောင် ဖြိုပြီးရာအခါ၌ မေတ္တာကို ပွားများနိုင်သည်။ သေလွန်သွားပြီးသောပုဂ္ဂိုလ်၌ မေတ္တာဘာဝနာကို ပွားများခဲ့သည်ရှိသော် မေတ္တာအပ္ပနာစျာန်သို့လည်း မဆိုက်ရောက်နိုင်။ ဥပစာရစျာန်သမာဓိသို့လည်း မဆိုက်ရောက်နိုင်။ ထိုကြောင့် သေသူကို အာရုံယူ၍ မေတ္တာကို မပွားပါနှင့်။ (ဝိသုဒ္ဓိ၊၁၊၂၈၇-၂၈၈ - ကြည့်ပါ။)
မေတ္တာပွားရမည့် ပုဂ္ဂိုလ်အစဉ်မှာ ---
၁။ အတ္တ = မိမိ,
၂။ ပိယ = ချစ်ခင်လေးစားအပ်သူနှင့် အလွန်ချစ်မြတ်နိုးအပ်သူ,
၃။ မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်,
၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် ---
ဤပုဂ္ဂိုလ် (၄)ဦးကို အစဉ်အတိုင်းပွားပါ။ မိမိကိုယ်ကို မိမိ စ၍ မေတ္တာ ပွားခြင်းမှာ သက်သေအရာ၌ ထားရန်အတွက်သာ ဖြစ်၏။ အပ္ပနာစျာန်ကို ရရှိရေးအတွက်ကား မဟုတ်ပေ။ မှန်ပေသည် --- ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် နှစ်ပေါင်း တစ်ရာ ကာလပတ်လုံးသော်လည်းကောင်း, နှစ်ပေါင်း တစ်ထောင် ကာလပတ်လုံးသော်လည်းကောင်း အဟံ သုခိတော ဟောမိ = ငါသည် ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်း ရှိသည် ဖြစ်ပါစေ ဤသို့ စသောနည်းဖြင့် မိမိ၌ မေတ္တာကို အကယ်၍ ပွားစေကာမူ ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ အပ္ပနာစျာန်သည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်။ အဟံ သုခိတော ဟောမိ = ငါသည် ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာ ခြင်းရှိသည် ဖြစ်ပါစေဟု မိမိကိုယ်ကို မိမိ မေတ္တာပွားသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ ငါသည် ချမ်းသာသုခကို အလိုရှိသကဲ့သို့ ဆင်းရဲကို စက်ဆုပ်သကဲ့သို့, အသက်ရှည်လိုသကဲ့သို့, မသေလိုသကဲ့သို့, အလားတူပင် ငါမှ တစ်ပါးကုန်သော သတ္တဝါတို့သည်လည်း ချမ်းသာကို အလိုရှိကြကုန်သည် ဆင်းရဲကို စက်ဆုပ်ကြကုန်သည် အသက်ရှည်လိုကြကုန်သည် ဖြစ်ပေကုန်၏ဟု ဤသို့လျှင် မိမိကိုယ်ကို သက်သေပြု၍ အခြားသောသတ္တဝါတို့၌ စီးပွားချမ်းသာကို အလိုရှိသည့် စိတ်နေစိတ်ထားသည် ဖြစ်ပေါ်လာတတ်၏။
သဗ္ဗာ ဒိသာ အနုပရိဂမ္မ စေတသာ၊
နေဝဇ္ဈဂါ ပိယတရမတ္တနာ ကွစိ။
ဧဝံ ပိယော ပုထု အတ္တာ ပရေသံ၊
တသ္မာ န ဟိံသေ ပရမတ္တကာမော။ (သံ၊၁၊၇၅။ ခု၊၁၊၁၃၃။)
ခပ်သိမ်းသော အရပ်မျက်နှာတို့သို့လည်း စိတ်ဖြင့် ထက်ဝန်းကျင် ရှာဖွေသောအားဖြင့် အစဉ်လှည့်ပတ်၍ ရှာဖွေသော်လည်း မိမိထက်သာလွန် ချစ်မြတ်နိုးအပ်သော အခြားတစ်ပါးသော သတ္တဝါကို မည်သည့်အရပ်၌မျှ မရနိုင်လေရာ မတွေ့မြင်နိုင်လေရာ။ ဤသို့ မိမိထက် ချစ်မြတ်နိုးအပ်သူကို မရနိုင်ခြင်း မတွေ့မြင်နိုင်ခြင်း၏ အစွမ်းဖြင့် အသီးအသီး ကိုယ်စီကိုယ်စီ မိမိမှ တစ်ပါးကုန်သော ထိုထို သတ္တဝါတို့သည်လည်း သူတို့ကိုယ်ကို သူတို့ ချစ်မြတ်နိုးကြ၏။ ထိုကြောင့် မိမိ၏ စီးပွားချမ်းသာကို လိုလားတောင့်တသော သူတော်ကောင်းသည် တစ်ပါးသော သတ္တဝါကို မညှဉ်းဆဲလေရာ။ (သံ၊၁၊၇၅။ ခု၊၁၊၁၃၃။)
ဤညွှန်ကြားချက်များနှင့်အညီ စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာရန် ကိုယ်ချင်းစာတရား ကိန်းဝပ်လာရန်အတွက် ေ့ရှဦးစွာ မိမိကိုယ်ကိုမိမိ မေတ္တာ အချိန်အနည်းငယ် ပွားပါ။
၁။ အဟံ အဝေရော ဟောမိ၊
၂။ အဗျာပဇ္ဇော ဟောမိ၊
၃။ အနီဃော ဟောမိ၊
၄။ သုခီ အတ္တာနံ ပရိဟရာမိ။
၁။ ငါသည် ဘေးရန်ကင်းပါစေ၊
၂။ စိတ်ဆင်းရဲ ကင်းပါစေ၊
၃။ ကိုယ်ဆင်းရဲ ကင်းပါစေ၊
၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင် နိုင်ပါစေ။
စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာ၍ ကိုယ်ချင်းစာတရားများ စွမ်းအား ကြီးမားလာသောအခါ အခြားသတ္တဝါများကို ပြောင်း၍ မေတ္တာ ပွားနိုင်ပါ သည်။ သို့သော် စိတ်ဓာတ် နူးညံ့ပျော့ပျောင်းပြီးသူ, ကိုယ်ချင်းစာတရား အားကောင်းပြီးသူ အခြားသတ္တဝါတစ်ယောက်ကို အာရုံယူ၍ မေတ္တာဘာဝနာကို မငြိုမငြင် မပင်မပန်း လွယ်လွယ်ကူကူ ပွားများနိုင်သူတို့အဖို့ကား ဤ မိမိကိုမိမိ မေတ္တာပွားမှုမှာ အလွန်ကြီး မလိုအပ်ပါ။ အခြားသတ္တဝါတစ်ဦးကို မေတ္တာစျာန်ဆိုက်အောင် မေတ္တာပွားလိုပါက အောက်ပါ အစီအစဉ်အတိုင်း ပြုကျင့်ပါ။
ပိယဂရုဘာဝနီယ လိင်တူပုဂ္ဂိုလ်
အသင်သူတော်ကောင်းသည် မိမိရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကိုဖြစ်စေ, စွမ်းနိုင်ပါက ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကို ဖြစ်စေ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသည့်တိုင်အောင် တစ်ဖန်ပြန်၍ သမာဓိ ထူထောင်ပါ။ ဩဒါတကသိုဏ်း သမာဓိမှာ ပို၍ ကောင်းမွန်ပေ၏။ ယင်းသမာဓိနှင့် ယင်းလင်းရောင်ခြည်စွမ်းအင်တို့၏ အကူအညီကိုရရှိသော, ယင်းသမာဓိတို့၏ အားကြီးသောမှီရာ ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကို ဆက်ခံရသော အသင်သူတော်ကောင်း၏ မေတ္တာဘာဝနာသည် ချောမောလွယ်ကူလျက် ရှိနေမည်သာ ဖြစ်၏။ အကြောင်းမူ ယင်းစတုတ္ထစျာန်သမာဓိကြောင့် အသင် သူတော်ကောင်း၏စိတ်ဓာတ်သည် အနင်္ဂဏ-ဝိဂတူပက္ကိလေသ = ရာဂ ဒေါသ မောဟစသည့် ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်လျက် ရှိ၏။ မုဒုဘူတ = နူးညံ့ပျော့ပျောင်းလျက် ရှိ၏။ ကမ္မနိယ = ထိုထို ဘာဝနာမှု၌ ပွားများဖို့ရန် အခန့်သင့် ဖြစ်နေ၏။ ပရိသုဒ္ဓ-ပရိယောဒါတ ထက်ဝန်းကျင်မှ ဖြူစင်လျက် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း လည်းရှိနေ၏။ ဤကဲ့သို့သော စွမ်းအင်များက အသင်သူတော်ကောင်း၏ မေတ္တာဘာဝနာကို လွယ်ကူချောမောအောင် အချိန်အနည်းငယ်အတွင်း၌ မေတ္တာစွမ်းအင်များ ပြည့်ဝလာအောင် အားပေးကူညီလျက် ရှိနေသောကြောင့် ဖြစ်၏။ ထိုသို့ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပလာသောအခါ အသင်သူတော်ကောင်းကိုယ်တိုင်က အလွန် ချစ်ခင်လေးစား မြတ်နိုးအပ်သော လိင်တူပုဂ္ဂိုလ် တစ်ဦးကို လှမ်း၍ အာရုံယူပါ။ အသင်သူတော်ကောင်း၏ စတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ် လာသော လင်းရောင်ခြည်သည် အသင်သူတော်ကောင်း၏ ဝန်းကျင်ပတ်ချာ ခပ်သိမ်းသော အရပ်မျက်နှာ၌ ပြန့်နှံ့နေမည်သာ ဖြစ်၏။ အသင်သူတော်ကောင်းက လှမ်း၍ အာရုံယူလိုက်သော မေတ္တာဘာဝနာ၏အရှုခံ ထိုပုဂ္ဂိုလ်ကို ထိုလင်းရောင်ခြည်အတွင်း၌ တွေ့မြင်နေမည်သာ ဖြစ်၏။ ထိုသူတော်ကောင်း ၏ ထိုင်နေသည့်ပုံ ရပ်နေသည့်ပုံ စသည်တို့တွင် မိမိအနှစ်ခြိုက်ဆုံး စိတ် အချမ်းသာဆုံးပုံကို ရွေးချယ်ပါ။ မိမိမြင်ဖူးသော ထိုသူတော်ကောင်း၏ ရုပ်ပုံ တို့တွင် စိတ်အချမ်းသာဆုံး မြင်ဖူးထားသည့်ပုံကို လှမ်းအာရုံယူပါ။ မိမိနှင့် လေးတောင်ခန့် ငါးတောင်ခန့်တွင် တည်ရှိနေအောင် အာရုံယူပါ။ ထိုသူတော်ကောင်းကို အလင်းရောင်အောက်တွင် ရှင်းရှင်းလင်းလင်း တွေ့မြင်ရ ပါက အောက်ပါအတိုင်း မေတ္တာပွားပါ။
အယံ သပ္ပုရိသော ၁။ အဝေရော ဟောတု၊
၂။ အဗျာပဇ္ဇော ဟောတု၊
၃။ အနီဃော ဟောတု၊
၄။ သုခီ အတ္တာနံ ပရိဟရတု။
ဤသူတော်ကောင်းသည် ၁။ ဘေးရန်ကင်းပါစေ၊
၂။ စိတ်ဆင်းရဲကင်းပါစေ၊
၃။ ကိုယ်ဆင်းရဲကင်းပါစေ၊
၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။
ဤမေတ္တာပွားနည်း လေးချက်ကို သုံးလေးခေါက်လောက် ပွားကြည့်ပါ။ ထိုနောင် ထိုမေတ္တာပွားနည်း လေးမျိုးတို့တွင် မိမိနှစ်သက်ရာ တစ်မျိုးမျိုးကို ရွေးချယ်ပါ။ ဥပမာ --- စိတ်ဆင်းရဲ ကင်းပါစေ --- ဟူသော မေတ္တာပွားနည်းကို ရွေးချယ်သည် ဆိုပါစို့။ ထိုသူတော်ကောင်း၏ စိတ်ဆင်းရဲခြင်းကင်း၍ ပြုံးရွှင် နေသည့်ပုံကို အာရုံယူ၍ စိတ်ပါလက်ပါ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေ စိတ်ဆင်းရဲ ကင်းပါစေဟု ကြိမ်ဖန်များစွာ မေတ္တာပွားပါ။ ထိုပုံ၌ ဘာဝနာစိတ်သည် အလွန်ငြိမ်သက်စွာ ကပ်၍တည်လာပါက စျာန်အင်္ဂါများ ကို ဆင်ခြင်ကြည့်ပါ။ ပထမစျာန် ဒုတိယစျာန် တတိယစျာန်သို့ ဆိုက်သည့် တိုင်အောင် အစဉ်အတိုင်း ပွားများပါ။ ထိုနောက် အထက်ပါ မေတ္တာပွားနည်း လေးချက်လုံး၌ တစ်ချက်တစ်ချက်ဝယ် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် အစဉ်အတိုင်း မေတ္တာပွားပါ။ ထိုသို့ ပွားရာ၌ ဘေးရန် ကင်းပါစေဟု မေတ္တာပွားလျှင် ဘေးရန် ကင်းနေသည့်ပုံ, စိတ်ဆင်းရဲ ကင်းပါစေဟု မေတ္တာ ပွားလျှင် စိတ်ဆင်းရဲ ကင်းနေသည့်ပုံ, ကိုယ်ဆင်းရဲ ကင်းပါစေဟု မေတ္တာ ပွားလျှင် ကိုယ်ဆင်းရဲ ကင်းနေသည့်ပုံ, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေဟု မေတ္တာပွားလျှင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နေသည့်ပုံများ ပေါ်နေ ပါစေ။ ယင်း မေတ္တာစျာန် အသီးအသီး၌လည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။
ဧဝရူပေ စ ပုဂ္ဂလေ ကာမံ အပ္ပနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၉။)
စျာနစိတ္တံ ဥပနေတဗ္ဗံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၅၄။)
ဤအဋ္ဌကထာ ဋီကာအဖွင့်တို့နှင့်အညီ ပုဂ္ဂိုလ်တစ်ဦး တစ်ဦး၌ မေတ္တာ စျာန်တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် မေတ္တာပွားရခြင်း ဖြစ်၏။ မေတ္တာပွားနည်း လေးချက်ရှိရာ အချက်တိုင်း အချက်တိုင်း၌ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ ယင်း စျာန်အသီးအသီး၌ ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဘေးရန် ကင်းစေလိုသောစိတ်ထား, စိတ်ဆင်းရဲ ကင်းစေလိုသောစိတ်ထား, ကိုယ်ဆင်းရဲ ကင်းစေလိုသောစိတ်ထား ဤသို့ စသော အကျိုးကို လိုလားတောင့်တသော စိတ်ထားတို့ကား ဥပေက္ခာသဘော မဟုတ်သဖြင့် စတုတ္ထစျာန်သို့တိုင်အောင် မဆိုက်နိုင်ခြင်း ဖြစ်၏။
အောင်မြင်မှုရရှိသောအခါ အလားတူပင် ချစ်ခင်လေးစားအပ်သော ပိယဂရုဘာဝနီယ လိင်တူပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီးတစ်ယောက် မေတ္တာကို ပွားပါ။ အနည်းဆုံး (၁၀)ယောက်ခန့်လောက် အောင်အောင်မြင်မြင် မေတ္တာ ပွားပြီးသောအခါ သိပ်ချစ်သည့် အတိပ္ပိယသဟာယက လိင်တူ အသက်ရှင်ဆဲ ပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီးတစ်ယောက် အာရုံယူ၍ အလားတူပင် မေတ္တာစျာန်များကို တတိယစျာန်သို့တိုင်အောင် ရရှိအောင် ပွားများပါ။ ပိယဂရုဘာဝနီယပုဂ္ဂိုလ်နှင့် အတိပ္ပိယပုဂ္ဂိုလ်, ဤပုဂ္ဂိုလ် နှစ်မျိုးလုံး၌ မေတ္တာချင်း ညီမျှ အောင် အားလုံး ပိယပုဂ္ဂိုလ်အရာ၌ပင် တည်အောင် ပွားများပါ။
ထိုနောင် မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်တို့၌ အနည်းဆုံး (၁၀)ယောက်ခန့်လောက် တစ်ယောက်ပြီးတစ်ယောက် အာရုံယူ၍ အလားတူပင် တတိယစျာန်သို့ အသီးအသီး ဆိုက်သည့်တိုင်အောင် မေတ္တာပွားပါ။ထိုပုဂ္ဂိုလ်အားလုံးတို့သည်လည်း လိင်တူ အသက်ရှင်ဆဲပုဂ္ဂိုလ်တို့သာ ဖြစ်ကြပါ စေ။ ထိုနောင် ဝေရီ = ရန်သူပုဂ္ဂိုလ် = မုန်းသည့်ပုဂ္ဂိုလ်တို့၌ မေတ္တာပွားပါ။ ထိုသို့မေတ္တာပွားရာ၌ အမုန်းဆုံးပုဂ္ဂိုလ်ကို နောက်ဆုံးထားကာ အနည်းငယ် မကျေမနပ်ဖြစ်ဖူးသူကို ရှေးဦးစွာ မေတ္တာပွားပါ။ အောင်မြင်မှုကို ရရှိပါက ဝေရီပုဂ္ဂိုလ်များကို တစ်ယောက်ပြီးတစ်ယောက် အာရုံယူကာ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းရေချမ်းဖြင့် စျာန်ဆိုက်သည့်အထိ ပက်ဖျန်းပေးပါ။ ပုဂ္ဂိုလ်တိုင်း၌ မေတ္တာပွားနည်း လေးနည်းလုံးဝယ် တတိယစျာန်သို့ ဆိုက်သည့် တိုင်အောင် မေတ္တာပွားပါ။ အားလုံး လိင်တူ အသက်ရှင်ဆဲပုဂ္ဂိုလ်တို့သာ ဖြစ်ကြပါစေ။ အကြင်ပုဂ္ဂိုလ်အဖို့ ရန်သူဟူသည် မရှိ၊ မုန်းသည့်ပုဂ္ဂိုလ်ဟူသည် မရှိ၊ မဟာပုရိသဇာတ် ရှိတော်မူကြကုန်သော အလောင်းတော်တို့၏ စိတ်ထားမျိုးရှိ သဖြင့် နန္ဒိယမျောက်မင်းကဲ့သို့ မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုကုန်သော သူတစ်ပါးတို့အပေါ်၌သော်လည်း ဝေရီဟူသော အမှတ်သညာသည်ပင် ဖြစ်ပေါ်၍ မလာ၊ ထိုပုဂ္ဂိုလ်သည် ဝေရီပုဂ္ဂိုလ်ကို ရှာကြံ၍ မေတ္တာပွားရန် မလိုပါ။ ဝေရီ ရှိသူသည် ဝေရီပုဂ္ဂိုလ်၌ မေတ္တာပွားပါ။
ဘာဝေန္တေန စ ဧကေကသ္မိံ ကောဋ္ဌာသေ မုဒုံ ကမ္မနိယံ စိတ္တံ ကတွာ တဒနန္တရေ တဒနန္တရေ ဥပသံဟရိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၈၉။)
တေန ဝုတ္တံ တဒနန္တရေ တဒနန္တရေ ဥပသံဟရိတဗ္ဗန္တိ၊ စျာနစိတ္တံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၅၄။)
(၁) ပိယပုဂ္ဂိုလ် (၂) အတိပ္ပိယပုဂ္ဂိုလ် (၃) မဇ္ဈတ္တပုဂ္ဂိုလ် (၄) ဝေရီပုဂ္ဂိုလ် ဟု မေတ္တာဘာဝနာ၏ အရှုခံပုဂ္ဂိုလ်အုပ်စု (၄)စု ရှိ၏။ ကောဋ္ဌာသ (၄)ခုဟု ခေါ်ဆို၏။ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ် သည် ကောဋ္ဌာသ တစ်ခုတစ်ခု၌ မိမိ၏ ဘာဝနာစိတ်ကို နူးညံ့အောင်, ထိုထို ဘာဝနာမှု၌ ခံ့ညားအောင်ပြုပြီးမှ (တတိယစျာန်သို့ဆိုက်အောင် ပွားပြီးမှ) အခြားအခြားသော ကောဋ္ဌာသ၌ ဘာဝနာစိတ်ကို ရှေးရှုဆောင်ယူပါ။ စျာန် စိတ်ကို ဖြစ်စေပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၉။ မဟာဋီ၊၁၊၃၅၄။)
သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုဖျက်ခြင်း
အထာနေန ပုနပ္ပုနံ မေတ္တာယန္တေန အတ္တနိ ပိယပုဂ္ဂလေ မဇ္ဈတ္တေ ဝေရီပုဂ္ဂလေတိ စတူသု ဇနေသု သမစိတ္တတံ သမ္ပာဒေန္တေန သီမာသမ္ဘေဒေါ ကာတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၃၀၀။)
သမစိတ္တတန္တိ ဟိတူပသံဟာရေန သမာနစိတ္တတံ။ သီမာသမ္ဘေဒေါ သာ ဧဝ သမစိတ္တတာ။ (မဟာဋီ၊၁၊၃၆၂။)
၁။ ပိယမနာပဂရုဘာဝနီယ = ချစ်ခင်မြတ်နိုးလေးစားထိုက်သော ကုသိုလ် တရားကို တိုးပွားစေတတ်သောပုဂ္ဂိုလ်၊
၂။ အတိပ္ပိယသဟာယက = အလွန်ချစ်ခင်အပ်သော အဆွေခင်ပွန်း အပေါင်းအဖော်ပုဂ္ဂိုလ်၊
၃။ မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊
၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ်၊
ဤပုဂ္ဂိုလ် လေးမျိုးတို့၌ မေတ္တာစျာန်ကို တတိယစျာန်သို့ ဆိုက်သည့် တိုင်အောင် နိုင်နိုင်နင်းနင်း ပွားများပြီးသောအခါ ပိယမနာပဂရုဘာဝနီယ ပုဂ္ဂိုလ်နှင့် အတိပ္ပိယသဟာယကပုဂ္ဂိုလ်တို့အပေါ်၌လည်း မေတ္တာချင်း ညီမျှ သွားသဖြင့် ပိယပုဂ္ဂိုလ်အရာ၌သာ တည်သွားသောအခါ ---
၁။ အတ္တ = မိမိကိုယ်၊
၂။ ပိယ = ချစ်ခင်မြတ်နိုးလေးစားအပ်သူ + အလွန်ချစ်ခင်အပ်သူ၊
၃။ မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊
၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ်၊
ဤ ပုဂ္ဂိုလ်လေးဦးတို့အပေါ်၌ မေတ္တာစိတ်ကို ညီမျှအောင် ပြုကျင့်ပါ။
၁။ ဤပုဂ္ဂိုလ်ကား အတ္တပုဂ္ဂိုလ်၊
၂။ ဤပုဂ္ဂိုလ်ကား ပိယပုဂ္ဂိုလ်၊
၃။ ဤပုဂ္ဂိုလ်ကား မဇ္ဈတ္တပုဂ္ဂိုလ်၊
၄။ ဤပုဂ္ဂိုလ်ကား ဝေရီပုဂ္ဂိုလ်ဟု
ဤကဲ့သို့သော ပိုင်းခြားကန့်သတ်ချက် ကင်းအောင် မေတ္တာစိတ်ထားချင်း ညီမျှအောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ထိုသို့ မေတ္တာပွားရာ ၌ မိမိကိုယ်ကို အာရုံပြု၍ မေတ္တာပွားခဲ့သော် စျာန်သို့ကား မဆိုက်ရောက်နိုင်။ သို့သော် ဤအပိုင်း၌ကား အတ္တ ပိယ မဇ္ဈတ္တ ဝေရီဟူသော ပုဂ္ဂိုလ်အပိုင်း အခြားကင်းအောင် = ညီမျှသော မေတ္တာစျာန်စိတ်ချည်း အဆက်မပြတ် ဖြစ်အောင် ပွားများခြင်းသာ ဖြစ်၏။ မေတ္တာစိတ်ထားချင်းညီမျှခဲ့သော် သီမာ သမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်၏။ ယင်း သီမာ သမ္ဘေဒ အလို့ငှာသာ မိမိကိုယ်ကို မေတ္တာပွားခြင်း ဖြစ်၏။
ရှေးဦးစွာ မိမိရရှိထားပြီးသော (အာနာပါနစတုတ္ထစျာန် ဩဒါတ ကသိုဏ်းစတုတ္ထစျာန်) သမာဓိတို့ကို ပြန်လည်၍ ထူထောင်ပါ။ လင်းရောင် ခြည်စွမ်းအင်များ အားကောင်းလာသောအခါ အချိန်အနည်းငယ်ခန့် (မိနစ်ပိုင်း စက္ကန့်ပိုင်းလောက်) မိမိကိုယ်ကို မိမိ မေတ္တာပွားပါ။ ထိုနောင် ပိယပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ တတိယစျာန်သို့ဆိုက်အောင် မေတ္တာပွားပါ။ ထိုနောင် အလယ်အလတ်ပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ ထိုနောင် ဝေရီပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။
ထိုနောင် အတ္တ = မိမိကိုယ်ကို တစ်ဖန်ပြန်၍ အလားတူ မေတ္တာပွားပါ။ ထိုနောင် နောက်ထပ် အခြားပိယပုဂ္ဂိုလ် တစ်ဦးကို, ထိုနောင် နောက်ထပ် အခြား မဇ္ဈတ္တပုဂ္ဂိုလ် တစ်ဦးကို, ထိုနောင် အခြားဝေရီပုဂ္ဂိုလ် တစ်ဦးကို အာရုံ ယူ၍ အလားတူပင် မေတ္တာပွားပါ။ ထိုသို့ပွားရာ၌ ပိယ-မဇ္ဈတ္တ-ဝေရီပုဂ္ဂိုလ် တို့ကို မေတ္တာပွားရာ၌ကား ပုဂ္ဂိုလ်တိုင်း၌ မေတ္တာစျာန်ကို တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ မေတ္တာပွားနည်း လေးမျိုးလုံး၌ တတိယစျာန်သို့ ဆိုက်ပါစေ။
ဤနည်းအားဖြင့် ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီး တစ် ယောက် ပြောင်းလဲ၍ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ, အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ ဟူသော ပုဂ္ဂိုလ်စဉ်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မေတ္တာ ဘာဝနာကို ပွားများပါ။ မေတ္တာဘာဝနာကို ပွားများနေသော မေတ္တာစိတ်ချည်း ဖြစ်အောင် ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ ညီမျှသော မေတ္တာစျာန်စိတ်ချည်း ဖြစ်အောင် လေ့ကျင့်ပါ။ ညီမျှသော မေတ္တာစိတ်ထား ရှိအောင် ညီမျှသော မေတ္တာစျာန်ကို ရရှိအောင် ပွားများနိုင်ခဲ့သော် သီမာသမ္ဘေဒ = ပုဂ္ဂိုလ် အပိုင်းအခြားကို ဖြိုခွဲ ဖျက်ဆီးနိုင်ပြီ။ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းပေပြီ။ ထိုအခါတွင် အသင်သူတော်ကောင်းသည် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (၃၁၄)၌ လာရှိသည့်အတိုင်း ---
၁။ အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၅)မျိုး၊
၂။ ဩဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၇)မျိုး၊
၃။ ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၁၀)မျိုး၊
ဤမေတ္တာဘာဝနာတို့ကို ဆက်လက်၍ ပွားနိုင်ပြီ ဖြစ်ပေသည်။
တမ္ပိ အပ္ပနာပ္ပတ္တစိတ္တေဿဝ သမ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၃၀၂။)
အထက်ပါ အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ စသော မေတ္တာဘာဝနာတို့ကား အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီဟူသော ပုဂ္ဂိုလ်အပိုင်း အခြားကို ပြိုအောင် ဖြိုခွဲဖျက်ဆီးနိုင်သဖြင့် ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ အပ္ပနာစျာန်သို့ဆိုက်အောင် ရောက်အပ်ပြီး ရအပ်ပြီးသော အပ္ပနာမေတ္တာ စိတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြီးစီး ပြည့်စုံနိုင်၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၃၀၂။)
ဤ စည်းမျဉ်းဥပဒေသကား -- သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု -- ဤသို့စသည်ဖြင့် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂီ သူတော်ကောင်းတို့သည် ဦးထိပ်ရွက်ပန်ဆင်လျက် ရိုသေစွာ လိုက်နာပြုကျင့် သင့်သော စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်ပေသည်။
အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၅) မျိုး
ရည်ညွှန်းပိုင်းခြားခြင်းမရှိ ပျံ့နှံ့စေအပ်သော မေတ္တာ စေတောဝိမုတ္တိ (၅)မျိုး ----
၁။ သဗ္ဗေ သတ္တာ = ခပ်သိမ်းကုန်သော ခန္ဓာ (၅)ပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြကုန်သော သတ္တဝါတို့သည်။
၂။ သဗ္ဗေ ပါဏာ = ခပ်သိမ်းကုန်သော ဝင်သက် ထွက်သက် ရှိကြ ကုန်သော သတ္တဝါတို့သည်။
၃။ သဗ္ဗေ ဘူတာ = ခပ်သိမ်းကုန်သော ကံ ကိလေသာကြောင့် ထင်ရှား ဖြစ်ကြကုန်သော သတ္တဝါတို့သည်။
၄။ သဗ္ဗေ ပုဂ္ဂလာ = ခပ်သိမ်းကုန်သော ငရဲ၌ကျရောက်ခြင်းသဘော ရှိကြကုန်သော သတ္တဝါတို့သည်။
၅။ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ = ခပ်သိမ်းကုန်သော ခန္ဓာကိုယ် အတ္တဘော၌ အကျုံးဝင်ကြကုန် သော သတ္တဝါတို့သည်။
ဩဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၇) မျိုး
ရည်ညွှန်းပိုင်းခြားခြင်း ရှိသော ပျံ့နှံ့စေအပ်သော မေတ္တာ စေတောဝိမုတ္တိ (၇)မျိုး ----
၁။ သဗ္ဗာ ဣတ္ထိယော = ခပ်သိမ်းကုန်သော အမျိုးသမီးတို့သည်။
၂။ သဗ္ဗေ ပုရိသာ = ခပ်သိမ်းကုန်သော အမျိုးသားတို့သည်။
၃။ သဗ္ဗေ အရိယာ = ခပ်သိမ်းကုန်သော အရိယာပုဂ္ဂိုလ်တို့သည်။
၄။ သဗ္ဗေ အနရိယာ = ခပ်သိမ်းကုန်သော အရိယာမဟုတ်သော ပုဂ္ဂိုလ်တို့သည်။
၅။ သဗ္ဗေ ဒေဝါ = ခပ်သိမ်းကုန်သော နတ်တို့သည်။
၆။ သဗ္ဗေ မနုဿာ = ခပ်သိမ်းကုန်သော လူသားတို့သည်။
၇။ သဗ္ဗေ ဝိနိပါတိကာ = ခပ်သိမ်းကုန်သော အပါယ်သား သတ္တဝါ တို့သည်။
မေတ္တာပွားပုံစနစ်
ရှေးဦးစွာ ဩဒါတကသိုဏ်းစတုတ္ထစျာန်သို့ ဆိုက်သည့်တိုင်အောင် သမာဓိကို ပြန်လည် ထူထောင်ပါ။ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ မေတ္တာစိတ်ထားချင်း ညီမျှအောင် မေတ္တာစျာန်ကို (အထက်တွင် ရေးသားတင် ပြခဲ့သည့်အတိုင်း) ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝင်စားပါ။ မေတ္တာချင်း ညီမျှ၍ အပိုင်းအခြား ကင်းသောအခါ မိမိစွမ်းနိုင်သမျှ ကျောင်းပရိဝုဏ် တစ်ခုအတွင်း၌ သို့မဟုတ် အိမ်ပရိဝုဏ် တစ်ခုအတွင်း၌ တည်ရှိသော သတ္တဝါ အားလုံးကို လှမ်း၍ အာရုံယူပါ။ ထိုအချိန်အခါဝယ် အသင် သူတော်ကောင်း ၏ မေတ္တာဘာဝနာတည်းဟူသော သမထဘာဝနာစိတ်ကြောင့်လည်း လင်းရောင်ခြည်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပနေမည်သာ ဖြစ်ပေသည်။ ထိုလင်းရောင်ခြည်၏ အကူအညီဖြင့် မိမိပိုင်းခြားထားသည့် နယ်မြေအတွင်း၌ တည်ရှိသော သတ္တဝါအားလုံးကို လှမ်း၍ အာရုံယူလိုက် သောအခါ ယင်းသတ္တဝါအားလုံးကို ယင်းလင်းရောင်ခြည်အောက်တွင် ထင် ထင်ရှားရှား တွေ့မြင်နေပါစေ။ ယင်းသို့ တွေ့မြင်သောအခါမှ အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၅)မျိုး ဩဒိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၇)မျိုး နှစ်ရပ်ပေါင်း (၁၂)မျိုးသော မေတ္တာတို့ကို ဆက်လက်၍ ပွားပါ။ ထိုသို့ပွားရာ၌ ယင်း (၁၂)မျိုးတို့၌ တစ်မျိုးမျိုးလျှင် မေတ္တာပွားနည်း (၄)မျိုးစီ ရှိပြန်သဖြင့် (၁၂ x ၄ = ၄၈) မျိုးသော မေတ္တာပွားနည်းတို့ကို ပွားများရမည် ဖြစ်သည်။ ပွားပုံမှာ --- ဤသို့ ဖြစ်၏။
၁။ သဗ္ဗေ သတ္တာ (က) အဝေရာ ဟောန္တု၊
( ခ ) အဗျာပဇ္ဇာ ဟောန္တု၊
( ဂ ) အနီဃာ ဟောန္တု၊
(ဃ) သုခီ အတ္တာနံ ပရိဟရန္တု၊
၁။ ခပ်သိမ်းကုန်သော ခန္ဓာ (၅)ပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြကုန်သော သတ္တဝါတို့သည် ---
(က) ဘေးရန်ကင်းကြပါစေ။ (တတိယစျာန်သို့ ဆိုက်အောင် ပွားပါ၊၊)
( ခ ) စိတ်ဆင်းရဲ ကင်းကြပါစေ။ (တတိယစျာန်သို့ ဆိုက်အောင် ပွားပါ၊၊)
( ဂ ) ကိုယ်ဆင်းရဲ ကင်းကြပါစေ။(တတိယစျာန်သို့ ဆိုက်အောင် ပွားပါ၊၊)
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ (တတိယစျာန်သို့ ဆိုက်အောင် ပွားပါ၊၊)
ဤသို့ မေတ္တာ (၄)ချက်ပွားရာ အချက်တိုင်း၌ တတိယစျာန်သို့ ဆိုက် ရောက်ပါစေ။ မေတ္တာစျာန်၏ အရှုခံအာရုံဖြစ်သည့် သတ္တဝါအားလုံးကိုလည်း ရှင်းရှင်းလင်းလင်း ဉာဏ်လင်းရောင်ခြည်ဖြင့် တွေ့မြင်နေပါစေ။ အောင်မြင်မှု ရရှိလာသောအခါ သဗ္ဗေ ပါဏာ - ၌လည်း အလားတူပင် (၄)ချက် ပွားပါ။ တစ်ချက်တစ်ချက်၌ တတိယစျာန်သို့ ပေါက်ပါစေ။ အလားတူပင် (၄)ချက် ပွားပါ။ အလားတူပင် သဗ္ဗေ ဘူတာ - စသည့် ကြွင်းကျန်သော ပုဂ္ဂိုလ်တို့၌ လည်း (၄)ချက်စီပင် ဆက်လက်၍ မေတ္တာပွားပါ။ သဗ္ဗာ ဣတ္ထိယော = အမျိုးသမီးအားလုံးတို့သည်ဟု မေတ္တာပွားရာ၌ မိမိပိုင်းခြားထားသော နယ်မြေ အတွင်း၌ တည်ရှိသော အမျိုးသမီးအားလုံးတို့ကို လင်းရောင်ခြည်အောက် တွင် မြင်တွေ့နေပါစေ။ သဗ္ဗေ ပုရိသာဟု မေတ္တာပွားရာ၌လည်း အမျိုးသား အားလုံးကို မြင်တွေ့နေပါစေ။ သဗ္ဗေ ဒေဝါဟု ပွားရာ၌ မိမိပိုင်းခြားထားသည့် နယ်မြေအတွင်း၌ တည်ရှိသော နတ်အားလုံးကို, သဗ္ဗေ မနုဿာဟု ပွားရာ၌ လည်း အလားတူပင် လူသားအားလုံးကို, သဗ္ဗေ ဝိနိပါတိကာဟု ပွားရာ၌ လည်း အလားတူပင် မိမိပိုင်းခြားထားသည့် နယ်မြေအတွင်း၌ တည်ရှိသော အပါယ်သား သတ္တဝါအားလုံးကို ဉာဏ်ဖြင့် ငုံနိုင်သမျှ ခြုံငုံ၍ ရှုပါ။ ဤ (၄၈)မျိုးသော မေတ္တာတို့ကို ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။
ကျောင်းပရိဝုဏ် တစ်ခုအတွင်း၌ သို့မဟုတ် အိမ်ပရိဝုဏ် တစ်ခုအတွင်း၌ အောင်မြင်မှုကို ရရှိသောအခါ ကျောင်းဝိုင်း တစ်ဝိုင်းလုံး ကျောင်းတိုက် တစ်ခုလုံး အတွင်း၌ (၄၈)မျိုး, ကျောင်းတိုက် (၂)တိုက် အတွင်း၌ (၄၈)မျိုး, ဤသို့စသည်ဖြင့် တဖြည်းဖြည်း မေတ္တာစျာန်ကို ဖြန့်ကြက်ပါ။ ရွာတစ်ရွာ, တစ်မြို့နယ်, နှစ်မြို့နယ်, ပြည်နယ် တစ်ခု, ပြည်နယ် နှစ်ခု, တစ်ပြည်လုံး, တစ်ကမ္ဘာလုံး, (၃၁)ဘုံလုံး - ဤသို့စသည်ဖြင့် (၄၈)မျိုးစီ တဖြည်းဖြည်း ဖြန့်ကြက်၍ ရှုပါ။ အောင်မြင်မှု ရရှိသောအခါ အနန္တစကြဝဠာသို့တိုင်အောင် (၄၈)မျိုးသော မေတ္တာဘာဝနာတို့ကို ဖြန့်ကြက်၍ ရှုပါ။ ထိုနောင် ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၁၀)မျိုးသို့ ပြောင်းရှုပါ။
ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၁၀) မျိုး
အရပ် (၁၀)မျက်နှာတို့၌ ပျံ့နှံ့စေအပ်သော မေတ္တာ စေတောဝိမုတ္တိ (၁၀)မျိုး ---
၁။ အေ့ရှ အရပ်မျက်နှာ၌ (၄၈)မျိုး၊
၂။ အနောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၃။ တောင် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၄။ မြောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၅။ အေ့ရှတောင် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၆။ အနောက်တောင် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၇။ အနောက်မြောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၈။ အေ့ရှမြောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၉။ အထက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၁၀။ အောက် အရပ်မျက်နှာ၌ (၄၈)မျိုး။
အားလုံးပေါင်းသော် အရပ် (၁၀)မျက်နှာ၌ (၁၀ x ၄၈ = ၄၈၀) ဖြစ်၏။ အထက်တွင် အနန္တစကြဝဠာသို့တိုင်အောင် သတ္တဝါအားလုံးကို ခြုံငုံ၍ ဖြန့်ကြက်ကာ ပွားများထားအပ်သော (၄၈)မျိုးသော မေတ္တာနှင့် ဤ (၄၈၀) တို့ကို ပေါင်းသော် (၅၂၈)သွယ် မေတ္တာ ဖြစ်၏။
ဤဒိသာဖရဏာ စေတောဝိမုတ္တိ မေတ္တာကို ပွားရာ၌ အေ့ရှတည့်တည့် အရပ်မျက်နှာဘက်၌ တည်ရှိသော အနန္တစကြဝဠာသို့တိုင်အောင် သတ္တဝါ အားလုံးကို အာရုံယူ၍ ယင်းသတ္တဝါ အားလုံးတို့ကို လင်းရောင်ခြည်၏ အောက်၌ တွေ့မြင်နေသောအခါမှ (၄၈)မျိုးသော မေတ္တာဘာဝနာတို့ကို စီးဖြန်းပါ။ အနောက်အရပ်မျက်နှာ စသည့် ကြွင်းကျန်သော အရပ်မျက်နှာတို့ ၌လည်း နည်းတူပင် ရှုပါ။ အောင်မြင်မှုရရှိသောအခါ မေတ္တာသုတ္တန် စသည်တို့၌ လာရှိသော မေတ္တာပွားနည်းများကိုလည်း ဆက်လက်၍ ပွားများနိုင် ပေသည်။ ဤသို့ (၅၂၈)သွယ်သော မေတ္တာတို့ကို စနစ်တကျ ပွားများနိုင် သောအခါ အသင်သူတော်ကောင်း၏ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းသည် အောက်ပါ ဘုရားဟောဒေသနာတော်နှင့် အံဝင်ခွင်ကျနေသဖြင့် ဘုရားရှင်၏ အလိုတော်ကျအတိုင်း ပွားများနေသည်ကို အသင်သူတော်ကောင်းကိုယ်တိုင် သိရှိပေလိမ့်မည်။
သော မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ။ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။ (ဒီ၊၁၊၂၃၄။)
ထိုယောဂါဝစရပုဂ္ဂိုလ်သည် မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို, သုံးခုမြောက် အရပ်မျက်နှာကို, လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏။ (ဒီ၊၁၊၂၃၄။)
မေတ္တာအကျိုး (၁၁) ပါး
မေတ္တာယ ဘိက္ခဝေ စေတောဝိမုတ္တိယာ အာသေဝိတာယ ဘာဝိတာယ ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ ဧကာဒသာနိသံသာ ပါဋိကင်္ခါ။ --
ကတမေ ဧကာဒသ --- သုခံ သုပတိ၊ သုခံ ပဋိဗုဇ္ဈတိ၊ န ပါပကံ သုပိနံ ပဿတိ၊ မနုဿာနံ ပိယော ဟောတိ၊ အမနုဿာနံ ပိယော ဟောတိ၊ ဒေဝတာ ရက္ခန္တိ၊ နာဿ အဂ္ဂိ ဝါ ဝိသံ ဝါ သတ္ထံ ဝါ ကမတိ၊ တုဝဋံ စိတ္တံ သမာဓိယတိ၊ မုခဝဏ္ဏော ဝိပ္ပသီဒတိ၊ အသမ္မူဠှော ကာလံ ကရောတိ၊ ဥတ္တရိ အပ္ပဋိဝိဇ္ဈန္တော ဗြဟ္မလောကူပဂေါ ဟောတိ။ (အံ၊၃၊၅၄၂။)
ရဟန်းတို့ ...ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်း ဖြစ် သောကြောင့် မေတ္တာ စေတောဝိမုတ္တိ အမည်ရသော မေတ္တာစိတ်ကို ရိုသေ သဖြင့် မှီဝဲအပ်သည်ရှိသော်, တိုးပွားစေအပ်သည်ရှိသော်, ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်ရှိသော်, စီးနင်းလိုက်ပါရန် ကပြီးသောယာဉ်ကဲ့သို့ ပြုအပ်ပြီးသည်ရှိသော်, တည်ရာဝတ္ထုကဲ့သို့ ပြုအပ်ပြီးသည်ရှိသော်, တည်တံ့ ခိုင်ခံ့အောင် စွဲမြဲစွာ ဆောက်တည်ထားအပ်သည်ရှိသော်, ဝသီဘော်သို့ရောက် အောင် လေ့လာအပ်ပြီးသည်ရှိသော်, လွန်စွာ အသင့်အားထုတ်အပ်ပြီး ကောင်းစွာ ပြည့်စုံစေအပ်ပြီးသည်ရှိသော် (၁၁)မျိုးသော အကျိုးတရားတို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ အဘယ် (၁၁)မျိုးတို့နည်း ဟူမူ ---
၁။ ချမ်းသာစွာ အိပ်စက်ရ၏။
၂။ ချမ်းသာစွာ အိပ်ရာမှ နိုးရ၏။
၃။ အိပ်မက်ဆိုးကို မမြင်မက်။
၄။ လူတို့၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရ၏။
၅။ သားရဲဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။
၆။ နတ်တို့သည် စောင့်ရှောက်ကုန်၏။
၇။ ထို မေတ္တာပွားများသောသူအား မီး, အဆိပ်, လက်နက်တို့သည် မစွဲ မကျ မဖျက်ဆီးနိုင်။
၈။ ထိုပုဂ္ဂိုလ်၏ ဘာဝနာစိတ်သည် လျင်မြန်စွာ တည်ကြည်၏။ (သမာဓိကို ရလွယ်၏။)
၉။ မျက်နှာအရေအဆင်းသည် ကြည်လင်၏။
၁၀။ မတွေမဝေ သေရ၏။
၁၁။ အလွန်မြတ်သော အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မသိနိုင်သော် ဗြဟ္မာ့ ပြည်သို့ လားရောက်ရ၏။ (အံ၊၃၊၅၄၂။)
အိပ်နိုး ချမ်းသာ၊ ယုတ်မာမမက်၊ နှစ်သက်လူနတ်၊ စောင့်မှတ်နတ်များ၊ ဆိပ်ကားမနှံ့၊ စိတ်ပျံ့တည်ကြည် ၊ ရွှင်သည်မျက်နှာ၊ သေခါ မတွေ၊ လားလေ ဗြဟ္မာ၊ ဆယ့်တစ်ခါဟု၊ မေတ္တာနိသင်၊ ကျိုးဆက်ထင်သည်၊ ရှင်လူအများ ကျင့်ရာသော်။ (ပြည်ဆရာတော်ဘုရားကြီး-ဝိသုဒ္ဓိမဂ်နိဿယ၊၂၊၃၃၂။)
ကရုဏာဘာဝနာ
ကရုဏာဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ မိမိနှင့် နီးစပ်ရာ လိင်တူ အသက်ရှင်နေဆဲ ဒုက္ခိတသတ္တဝါ တစ်ဦးကို ရွေးချယ်ပါ။ ထိုသတ္တဝါ၏ ဆင်းရဲဒုက္ခများကို ဆင်ခြင်ပါ။ ကရုဏာတရား ထင်ရှားဖြစ်ပွားလာအောင် နှလုံးသွင်းပါ။
ထိုနောင် ဩဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထ စျာန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ မိမိ ရွေးချယ်ထားသော ယင်း ဒုက္ခိတသတ္တဝါကို လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် မြင်အောင်ကြည့်ပါ။ ဉာဏ်ထဲ၌ ထင်ထင်ရှားရှား တွေ့မြင်သောအခါ ထို ဒုက္ခိတသတ္တဝါကို အာရုံပြု၍ မေတ္တာစျာန်ကို ဝင်စားလိုက ဝင်စားပါ။ အကယ်၍ မေတ္တာစျာန်ကို ဝင်စားခဲ့သော် ယင်း မေတ္တာစျာန်မှထ၍ ကရုဏာဘာဝနာကို ပွားပါ။ အကယ်၍ (မေတ္တာစျာန်ကိုမဝင်စားလိုပါက ကရုဏာဘာဝနာကို တိုက်ရိုက်ပွားလိုကလည်း ပွားပါ။) ကရုဏာဘာဝနာကို ပွားများလိုပါက ထိုဒုက္ခိတသတ္တဝါကိုပင် အာရုံပြု၍ ---
အယံ သပ္ပုရိသော ဒုက္ခာ မုစ္စတု ...။
= ဤသူတော်ကောင်းသည် ဆင်းရဲဒုက္ခမှ လွတ်ပါစေ ...။
ဤသို့ ကြိမ်ဖန်များစွာ ကရုဏာဘာဝနာကို ပွားများပါ။ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် စျာန်တိုင်း စျာန်တိုင်း၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် ပွားများပါ။ ဆက်လက်၍ အလားတူပင် ဒုက္ခိတ လိင်တူသတ္တဝါ လေး, ငါး, ဆယ်ဦးလောက်ကို တစ်ယောက်ပြီးတစ်ယောက် အာရုံယူကာ ပုံစံတူပင် ကရုဏာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပါ။ ထိုနောင် မေတ္တာကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ပိယပုဂ္ဂိုလ်၌, ထိုနောင် မဇ္ဈတ္တပုဂ္ဂိုလ်၌, ထိုနောင် ဝေရီပုဂ္ဂိုလ်၌ အစဉ်အတိုင်း ကရုဏာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပါ။
ပုထုဇန်မှန်သမျှ အပါယ်ဘေးဆိုးကြီးမှ မလွတ်သေးသဖြင့် သနားစရာ သတ္တဝါချည်းသာတည်း။ သံသရာအဆက်ဆက်မှသည် ယနေ့သို့တိုင်အောင် မှားခဲ့မိသော ဒုစရိုက်တို့ကြောင့် အပါယ်ဝဋ်ဆင်းရဲဒုက္ခကြီးကို အပါယ်သံသရာဘေးမှ မလွတ်မြောက်သေးသမျှကာလပတ်လုံး တစ်နေ့တွင် ခံစားကြရဦးမည်သာ ဖြစ်ကြသဖြင့် ပုထုဇန်မှန်သမျှသည် သနားစရာသတ္တဝါချည်းသာတည်း။ ပုထုဇန် အရိယာမဟူ သတ္တဝါတိုင်း သတ္တဝါတိုင်းသည် အိုဘေးဆိုးကြီး, နာဘေးဆိုးကြီး, သေဘေးဆိုးကြီးမှ မလွတ်မြောက်ကြသေးသဖြင့် သနားစရာသတ္တဝါချည်းသာတည်း။ ယင်းကဲ့သို့သော သနားစရာသတ္တဝါဖြစ်နေပုံသဘောကို ဉာဏ်ဖြင့်ဆင်ခြင်ကာ အာရုံယူ၍ သုခိတသတ္တဝါတို့၌လည်း ကရုဏာဘာဝနာကို ပွားများအားထုတ်နိုင်ပေသည်။
အောင်မြင်မှုကို ရရှိပါက မေတ္တာစျာန်၌ ရေးသားတင်ပြခဲ့သည့်အတိုင်း အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီဟူသော ပုဂ္ဂိုလ်လေးမျိုးတို့၌ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် သီမာသမ္ဘေဒကို ပြု၍ သီမာသမ္ဘေဒပြုပြီးသော ထိုသတ္တဝါ ပညတ်နိမိတ်ကို မှီဝဲခြင်း, ပွားများခြင်း, အကြိမ်များစွာ ပြုခြင်းဖြင့် ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ကရုဏာ အပ္ပနာစျာန်ကို တိုးပွားအောင် ပြုလုပ်ပါ။ ထိုနောင် အနောဓိသောဖရဏာ ကရုဏာ, ဩဓိသောဖရဏာ ကရုဏာ, ဒိသာဖရဏာ ကရုဏာဘာဝနာတို့ကို ဆက်လက်ပွားများပါ။
အနန္တစကြဝဠာသို့တိုင်အောင် သတ္တဝါအားလုံးတို့အပေါ်၌ ဖြန့်ကြက်၍ ပွားများထားအပ်သော ---
၁။ အနောဓိသောဖရဏာ ကရုဏာဘာဝနာ (၅)မျိုး
၂။ ဩဓိသောဖရဏာ ကရုဏာဘာဝနာ (၇)မျိုး
၃။ ဒိသာဖရဏာ ကရုဏာဘာဝနာ (၁၀ x ၁၂ = ၁၂၀)မျိုး
အားလုံးပေါင်းသော် ကရုဏာဘာဝနာ (၁၃၂)မျိုးတည်း။
မုဒိတာဘာဝနာ
မုဒိတာဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ် သည် ရှေးဦးစွာ ကြီးပွားချမ်းသာခြင်းရှိနေသည့် သုခိတသတ္တဝါတစ်ဦးကို ရွေးချယ်ပါ။ ယင်းပုဂ္ဂိုလ်မှာ အလွန် ချစ်ခင်မြတ်နိုးအပ်သည့် အပေါင်းအဖော် သူငယ်ချင်း ဖြစ်ပါစေ၊ အသက်ရှင်နေဆဲ လိင်တူပုဂ္ဂိုလ် ဖြစ်ပါစေ။ မြင်တွေ့လိုက်ရပါက ဝမ်းသာမှု ရွှင်လန်းမှုကို အများဆုံး ဖြစ်စေနိုင်သည့် ပုဂ္ဂိုလ်လည်း ဖြစ်ပါစေ။
ဩဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ မိမိ ရွေးချယ်ထားသည့် သုခိတသတ္တဝါကို လှမ်းအာရုံယူပါ။ လက်နှိပ်မီးဖြင့် ထိုးစိုက်ကြည့်နေသကဲ့သို့ ထိုပုဂ္ဂိုလ်ကို တွေ့မြင်သောအခါ ထိုပုဂ္ဂိုလ်ကို အာရုံပြု၍ အလိုရှိပါက မေတ္တာစျာန်ကို တစ်ဖန် ပြန်ဝင်စားပါ၊ ထိုနောင် ကရုဏာစျာန်ကို ဆက်လက်ဝင်စားပါ၊ အကယ်၍ မေတ္တာဘာဝနာ ကရုဏာဘာဝနာတို့ကို မပွားတော့ဘဲ မုဒိတာဘာဝနာကိုပင် တိုက်ရိုက်ပွားလိုကလည်း ပွားများနိုင်ပေသည်။ အကယ်၍ မေတ္တာဘာဝနာ ကရုဏာဘာဝနာတို့ကို ပွားများပါက ယင်းမေတ္တာစျာန်၊ ကရုဏာစျာန်တို့မှ ထသောအခါ သို့မဟုတ် မေတ္တာဘာဝနာ ကရုဏာဘာဝနာတို့ကို မပွားများတော့ဘဲ မုဒိတာဘာဝနာကိုပင် တိုက်ရိုက် ပွားများလိုသောအခါ မိမိ ရွေးချယ်ထားသည့် ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ ----
အယံ သပ္ပုရိသော ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆတု ...။
= ဤသူတော်ကောင်းသည် ရရှိပြီးသော စည်းစိမ်ချမ်းသာမှ မရွေ့လျော ပါစေသတည်း ...။
ဤသို့ မုဒိတာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ပွားများပါ။ ရှေးရှေး ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရသော မုဒိတာဘာဝနာသည် လွယ်ကူချောမောနေမည်သာ ဖြစ်ပေသည်။ အတိတ်က ချမ်းသာခဲ့သည့် ရုပ်ပုံလွှာ၊ ပစ္စုပ္ပန် ချမ်းသာနေဆဲ ရုပ်ပုံလွှာ၊ အနာဂတ်၌ ချမ်းသာလတ္တံ့ ရုပ်ပုံလွှာတို့ကို အာရုံယူ၍ ရှုနိုင်သည်သာ ဖြစ်သည်။ (အနာဂတ်ဘဝဟု အတိတ်ဘဝဟု မဆိုလိုပါ။ ဤပစ္စုပ္ပန် အသက်ရှင်နေဆဲဘဝကိုသာ ဆိုလိုသည်။)
ချစ်ခင်မြတ်နိုးအပ်သည့် လိင်တူသုခိတသတ္တဝါ (၁၀)ဦးခန့်လောက်ကို ပုံစံတူ ဆက်လက်၍ မုဒိတာဘာဝနာကို ပွားများပါ။ ထိုနောင် ပိယပုဂ္ဂိုလ်၊ ထိုနောင် မဇ္ဈတ္တပုဂ္ဂိုလ်၊ ထိုနောင် ဝေရီပုဂ္ဂိုလ် အသီးအသီး၌ အစဉ်အတိုင်း မုဒိတာဘာဝနာကို ဖြစ်စေပါ။ တတိယစျာန်သို့ တိုင်အောင်သော မုဒိတာစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ပါ။ မုဒိတာ အပ္ပနာစျာန်ကို တိုးပွားအောင် ပြုလုပ်ပါ။ အတ္တ၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီ ပုဂ္ဂိုလ်လေးမျိုးတို့၌ ညီမျှသော မုဒိတာဘာဝနာစိတ်ရှိအောင် ပုဂ္ဂိုလ်အပိုင်းအခြားကင်းအောင် သီမာသမ္ဘေဒကို ပြု၍ သီမာသမ္ဘေဒပြုပြီးသော ထိုသတ္တဝါပညတ်နိမိတ်ကိုပင်လျှင် မှီဝဲခြင်း၊ ပွားများခြင်း၊ ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းဖြင့် မုဒိတာဘာဝနာ အပ္ပနာစျာန်ကို တိုးပွားအောင် ပြုလုပ်ပါ။ ထိုနောင် အနန္တစကြဝဠာ၌ တည်ရှိကြသော အနန္တသတ္တဝါတို့ကို အာရုံပြု၍ ---
၁။ အနောဓိသောဖရဏာ မုဒိတာဘာဝနာ (၅)မျိုး
၂။ ဩဓိသောဖရဏာ မုဒိတာဘာဝနာ (၇)မျိုး
၃။ ဒိသာဖရဏာ မုဒိတာဘာဝနာ (၁၀_၁၂ = ၁၂၀)မျိုး
အားလုံးပေါင်းသော် မုဒိတာဘာဝနာ (၁၃၂)မျိုးတည်း။
ဤ မုဒိတာဘာဝနာတို့ကို ဆက်လက်၍ ပွားများပါ။ မေတ္တာဘာဝနာခန်း၌ ရေးသားတင်ပြခဲ့ပြီးသည့် အကြောင်းအရာ အချက်အလက်တို့ကို နည်းမှီ၍သာ ပွားများအားထုတ်ပါလေ။
ဥပေက္ခာဘာဝနာ
ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ---
၁။ ဩဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ---
၂။ မချစ်မမုန်း အလယ်အလတ် မဇ္ဈတ္တ လိင်တူ အသက်ရှင်ဆဲ ပုဂ္ဂိုလ်တစ်ဦးကို အာရုံပြု၍ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် မေတ္တာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
၃။ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ကရုဏာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
၄။ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် မုဒိတာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
ထိုကဲ့သို့ မဇ္ဈတ္တ လိင်တူပုဂ္ဂိုလ်တစ်ဦးကို အာရုံယူကာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဘာဝနာအသီးသီး၌ ရအပ်ပြီးသော တတိယစျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာအပ်ပြီးသော အစဉ်အတိုင်း ဝင်စားထားပြီးသော ယင်းဗြဟ္မဝိဟာရ (မုဒိတာ) တတိယစျာန်မှ ထ၍ ---
၁။ သုခိတာ ဟောန္တု = သတ္တဝါတို့သည် ချမ်းသာခြင်းသို့ ရောက်ကြပါစေကုန်သတည်း --- ဟု ဤသို့ စသည်ဖြင့် မေတ္တာဗြဟ္မဝိဟာရ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းသည် ယင်းတတိယစျာန်၏ သတ္တဝါတို့အပေါ်၌ မြတ်နိုးတနာ ပြုသောအားဖြင့် နှလုံးသွင်းခြင်းနှင့် ယှဉ်သည်၏အဖြစ်ကြောင့်လည်းကောင်း၊
၂။ ဒုက္ခာ မုစ္စန္တု = သတ္တဝါတို့သည် ဆင်းရဲဒုက္ခမှ လွတ်ကြပါစေကုန်သတည်း --- ဤသို့ ကရုဏာဗြဟ္မဝိဟာရဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် စီးဖြန်းခြင်းသည် ယင်းတတိယစျာန်၏ မုန်းခြင်း ချစ်ခြင်း၏ အနီး၌ ကျင်လည်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊
၃။ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = သတ္တဝါတို့သည် ရရှိပြီးသော စည်းစိမ်ချမ်းသာမှ မရွေ့လျောကြပါစေကုန်သတည်း --- ဤသို့ မုဒိတာဗြဟ္မဝိဟာရဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် စီးဖြန်းခြင်းသည် ယင်းတတိယစျာန်၏ ဝမ်းမြောက်ခြင်း သောမနဿနှင့် ယှဉ်သည်၏ အဖြစ်ကြောင့် ရုန့်ရင်းသည်၏ အဖြစ်ကြောင့်လည်းကောင်း၊
ဤသို့လျှင် မေတ္တာဗြဟ္မဝိဟာရတတိယစျာန်၊ ကရုဏာဗြဟ္မဝိဟာရ တတိယစျာန်၊ မုဒိတာဗြဟ္မဝိဟာရတတိယစျာန်တို့၌ အပြစ်ကို မြင်အောင် ရှု၍ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်၏ ငြိမ်သက်သော သဘောရှိသည်၏ အဖြစ်ကြောင့် အကျိုးအာနိသံသကိုလည်း မြင်အောင်ရှု၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ပြကတေ့အားဖြင့်သာလျှင် လျစ်လျူရှုလေ့ရှိသော ဥပေက္ခာအရာ၌ ထားနိုင်သော (အထက်၌ တင်ပြထားသည့်အတိုင်း မေတ္တာဗြဟ္မဝိဟာရ တတိယစျာန်၊ ကရုဏာဗြဟ္မဝိဟာရတတိယစျာန်၊ မုဒိတာဗြဟ္မဝိဟာရ တတိယစျာန်တို့ကို ပွားများထားပြီးသော) အကြင် အလယ်အလတ် မချစ် မမုန်း မဇ္ဈတ္တပုဂ္ဂိုလ်သည် ရှိ၏၊ ထိုပြကတေ့ မဇ္ဈတ္တပုဂ္ဂိုလ်ကို လျစ်လျူရှု၍ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို ဖြစ်စေအပ်၏။ ပွားများပုံမှာ --- ထိုမဇ္ဈတ္တ ပုဂ္ဂိုလ်တစ်ဦးကိုပင် အာရုံပြု၍ မေတ္တာဗြဟ္မဝိဟာရတတိယစျာန်၊ ကရုဏာဗြဟ္မဝိဟာရတတိယစျာန်၊ မုဒိတာဗြဟ္မဝိဟာရတတိယစျာန်တို့ကို ဝင်စားပြီးနောက် အထက်ပါအတိုင်း ဆင်ခြင်၍ သို့မဟုတ် ဤသူတော်ကောင်းသည် ငါက ---
၁။ ဘေးရန်ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ဘေးရန် ကင်းချင်မှ ကင်းမည်၊ စိတ်ဆင်းရဲကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း စိတ်ဆင်းရဲ ကင်းချင်မှ ကင်းမည်၊ ကိုယ်ဆင်းရဲ ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ကိုယ်ဆင်းရဲ ကင်းချင်မှ ကင်းမည်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ချင်မှ ရွက်ဆောင်နိုင်မည်။
၂။ ဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ကရုဏာဘာဝနာကို ပွားများသော်လည်း ဆင်းရဲဒုက္ခမှ လွတ်ချင်မှ လွတ်မည်။
၃။ ရရှိပြီး စည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေသတည်းဟု မုဒိတာ ဘာဝနာကို ပွားများသော်လည်း ရရှိပြီး စည်းစိမ်ချမ်းသာမှ မရွေ့လျောဘဲ ရှိချင်မှ ရှိမည်။
၄။ အဘယ်ကြောင့်နည်းဟူမူ သတ္တဝါအားလုံးတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြကုန်၏ဟု ဤသို့ ဆင်ခြင်၍ ---
အယံ သပ္ပုရိသော ကမ္မဿကော။
= ဤသူတော်ကောင်းသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိ၏။
ဤသို့လျှင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဥပေက္ခာဘာဝနာကို ပွားများပါ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာဗြဟ္မဝိဟာရတရားတို့၌ တတိယစျာန်ကို အခြေခံပြီးမှ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာသို့ တက်ရောက်လာသဖြင့် ရှေးရှေးသော ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြောင့် နောက်နောက်သော ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာသည် မကြာမီအချိန်ကာလအတွင်းမှာပင် စတုတ္ထစျာန်သို့ ဆိုက်ရောက်သွားပေလိမ့်မည်။
အောင်မြင်မှုကို ရရှိပါက အလားတူပင် မဇ္ဈတ္တပုဂ္ဂိုလ် (၁၀)ယောက်ခန့်လောက်ကို တစ်ယောက်ပြီးတစ်ယောက် အာရုံယူကာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဗြဟ္မဝိဟာရတရားတို့ကို ဆက်လက် ပွားများပါ။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၌ မေတ္တာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင်၊ ကရုဏာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင်၊ မုဒိတာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပြီးပါမှ ယင်း ပုဂ္ဂိုလ်ကိုပင် အာရုံယူကာ ဥပေက္ခာဘာဝနာကို စတုတ္ထစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပါ။ ဥပေက္ခာဘာဝနာ၌ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန် မရှိသည်ကို၊ စတုတ္ထစျာန်သာ ရှိသည်ကို သတိပြုပါ။ သို့သော် ယင်း ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဘာဝနာအသီးသီး၌ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန် အသီးအသီးကို ရရှိအောင် ပွားများထားပြီးသည့် ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင် ပွားများ၍ ရရှိနိုင်သော စျာန်မျိုး ဖြစ်ပေသည်။ အာနာပါနတတိယစျာန် သို့မဟုတ် ကသိုဏ်းဘာဝနာတတိယစျာန်တို့ကို အခြေခံကာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို တက်ရောက်ပွားခဲ့သော် (ယင်းတတိယစျာန်တို့၏ အာရုံမှာ သတ္တဝါပညတ်အာရုံ မဟုတ်ကြသောကြောင့်) ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်သို့ မဆိုက်ရောက်နိုင်ဟု မှတ်သားပါလေ။
မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ် တော်တော်များများတို့၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဗြဟ္မဝိဟာရတရားတို့ကို အစဉ်အတိုင်း ပွားများ၍ စတုတ္ထစျာန်သို့ တိုင်အောင်သော အောင်မြင်မှုကို ရရှိသောအခါ-
၁။ ပိယပုဂ္ဂိုလ် (၁၀)ယောက်ခန့်
၂။ အတိပိယပုဂ္ဂိုလ် (၁၀)ယောက်ခန့်
၃။ မဇ္ဈတ္တပုဂ္ဂိုလ် (၁၀)ယောက်ခန့်
၄။ ဝေရီပုဂ္ဂိုလ် (၁၀)ယောက်ခန့် သို့မဟုတ် ရှိသမျှ
ဤပုဂ္ဂိုလ် ခပ်များများ၌ တစ်ဦးချင်းကို အာရုံပြု၍ ပုံစံတူပင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဘာဝနာတို့ကို ပွားများပါ။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာစျာန်တို့ကို အခြေမခံဘဲ ဥပေက္ခာဘာဝနာကို ပွားများလို့ မရရှိနိုင်သည်ကို သတိပြုပါ။
ထိုနောင် အတ္တ၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီဟူသော ပုဂ္ဂိုလ်လေးမျိုးတို့၌ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် ပုံစံတူပင် မေတ္တာစျာန်၊ ကရုဏာစျာန်၊ မုဒိတာစျာန်၊ ဥပေက္ခာစျာန်တို့ကို ရရှိအောင် ပွားများအားထုတ်ပါ။ သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုဖျက်နိုင်အောင် သီမာသမ္ဘေဒကို ပြု၍ ယင်းသို့ သီမာသမ္ဘေဒကို ပြုပြီးနောက် ရရှိလာသော ထိုသတ္တဝါပညတ် နိမိတ်ကိုပင် အာရုံပြု၍ ---
၁။ မေတ္တာ --- ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်
၂။ ကရုဏာ --- ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်
၃။ မုဒိတာ --- ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်
၄။ ဥပေက္ခာ --- စတုတ္ထစျာန်
ဤသို့ ဗြဟ္မဝိဟာရဘာဝနာ အသီးအသီး၌ ဆိုင်ရာဆိုင်ရာ စျာန် အသီးအသီးကို ရရှိသည်တိုင်အောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဗြဟ္မဝိဟာရဘာဝနာတို့ကို မှီဝဲပါ၊ ပွားများပါ၊ ကြိမ်ဖန်များစွာ အလေ့အလာ ပြုပါ။ ဤကဲ့သို့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မဝိဟာရဘာဝနာတို့ကို အစဉ်အတိုင်း ပွားများနေခြင်းကိုပင် ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ ကို ပွားများအားထုတ်သည်ဟု ဆိုပေသည်။ ဤကဲ့သို့ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် ပြုပြီးသည့်နောက် ရရှိလာသော သတ္တဝါပညတ်နိမိတ်ကို အာရုံပြု၍ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို မှီဝဲသော ပွားများသော ကြိမ်ဖန်များစွာ အလေ့အလာပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်သည် ဖြစ်ပေါ်၍ လာပေ၏။ ထိုနောင် ..
၁။ အနောဓိသောဖရဏာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၅)မျိုး
၂။ ဩဓိသောဖရဏာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၇)မျိုး
၃။ ဒိသာဖရဏာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၁၀_၁၂ = ၁၂၀)မျိုး
အားလုံးပေါင်းသော် ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၁၃၂)မျိုး -
ဤ (၁၃၂)မျိုးသော ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာတို့ကို ဆက်လက်၍ ပွားများအားထုတ်ပါ။ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာဆိုသော်လည်း ဥပေက္ခာဗြဟ္မဝိဟာရ တစ်ခုတည်းကိုသာ ပွားများရသည်ကား မဟုတ်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာတို့ကို အစဉ်အတိုင်း စျာန်အသီးအသီးသို့ ဆိုက်အောင် ပွားရသည်ဟု မှတ်ပါ။
မေးသင့်သော မေးခွန်း
အမေး --- ဤဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်သည် ပထဝီကသိုဏ်း စသည်တို့၌ ဖြစ်ပြီးသော တတိယစျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဖြစ်လေသလောဟု မေးရန် ရှိ၏။
အဖြေ --- မဖြစ်ဟူပေ။ အဘယ်ကြောင့်နည်းဟူမူ --- ပထဝီကသိုဏ်း စသည်တို့၌ တတိယစျာန်ကား ပထဝီကသိုဏ်း စသည်လျှင် အာရုံရှိ၏။ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်ကား သတ္တဝါပညတ်လျှင် အာရုံရှိ၏။ ထိုသို့ အာရုံ၏ သဘောမတူသည်၏ အဖြစ်ကြောင့်တည်း။ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်တို့၏ အာရုံနှင့် စတုတ္ထစျာန်၏ အာရုံမှာ အာရုံချင်း မတူ ကွဲပြားသောကြောင့် မရနိုင်ဟု ဆိုလိုသည်။ အလျော်အားဖြင့်ဆိုရမူ မေတ္တာကမ္မဋ္ဌာန်း၊ ကရုဏာကမ္မဋ္ဌာန်း၊ မုဒိတာကမ္မဋ္ဌာန်းတို့၌ ဖြစ်ပြီးသော တတိယစျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ဤ ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်သည် ဖြစ်ပေါ်လာနိုင်၏။ အဘယ်ကြောင့်နည်းဟူမူ သတ္တဝါပညတ် အာရုံချင်း သဘောတူညီမှု ရှိသည်၏ အဖြစ်ကြောင့်တည်း။ ပိယပုဂ္ဂိုလ်၌ မေတ္တာစျာန်၊ ကရုဏာစျာန်၊ မုဒိတာစျာန်တို့ကို ဖြစ်စေလျှင် ယင်းပုဂ္ဂိုလ်၌ပင် ဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို ဖြစ်စေနိုင်၏။ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်တို့၏ အာရုံနှင့် ဤဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်၏ အာရုံသည် အာရုံချင်း တူညီနေရမည်ဟု ဆိုလို၏။ ဤသို့ စသည်ဖြင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စျာန်အသီးအသီးတို့၏ အာရုံသည် ပိယပုဂ္ဂိုလ်ချင်း၊ မဇ္ဈတ္တပုဂ္ဂိုလ်ချင်း၊ ဝေရီပုဂ္ဂိုလ်ချင်း တူညီကြ၏။ တစ်ဖန် သတ္တဝါအားလုံးတို့၌ မေတ္တာတတိယစျာန်၊ ကရုဏာတတိယစျာန်၊ မုဒိတာတတိယစျာန်တို့ကို ဖြစ်စေလျှင် ယင်းသတ္တဝါအားလုံးတို့၌ပင် ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်ကို ဖြစ်စေနိုင်၏။ ဤသို့လျှင် ဗြဟ္မဝိဟာရဘာဝနာတို့၌ သတ္တဝါပညတ်အာရုံချင်း တူညီမှုရှိ၏။ (ဝိသုဒ္ဓိ၊၁၊၂၈၇-၃၁၉-ကြည့်ပါ။)
လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်
၁။ ဟိတာကာရပဝတ္တိလက္ခဏာ မေတ္တာ၊
၂။ ဟိတူပသံဟာရရသာ၊
၃။ အာဃာတဝိနယပစ္စုပဋ္ဌာနာ၊
၄။ သတ္တာနံ မနာပဘာဝဒဿနပဒဋ္ဌာနာ။
ဗျာပါဒူပသမော ဧတိဿာ သမ္ပတ္တိ၊ သိနေဟသမ္ဘဝေါ ဝိပတ္တိ။ (ဝိသုဒ္ဓိ၊၁၊၃၁၁။)
၁။ မေတ္တာသည် --- သတ္တဝါတို့၏ အကျိုးစီးပွားကို ကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာ ရှိ၏။ ဝါ ။ အကျိုးစီးပွားဟူသော အဖို့အစုကို ဖြစ်စေခြင်းလက္ခဏာ ရှိ၏။
၂။ သတ္တဝါတို့၏ အကျိုးစီးပွားကို ကပ်၍ဆောင်ခြင်း ကိစ္စ (ရသ) ရှိ၏။ဝါ။ သတ္တဝါတို့၏ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်းဟူသော ပြည့်စုံသောဂုဏ် (သမ္ပတ္တိ ရသ) ရှိ၏။
၃။ ရန်ငြိုး (အာဃာတ)ကို ပယ်ဖျောက်တတ်သော သဘောတရားဟု ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှုထင်တတ်၏။ (ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်)။ ဝါ ။ ရန်ငြိုးပျောက်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏။ (ဖလပစ္စုပဋ္ဌာန်)
၄။ သတ္တဝါတို့၏ မြတ်နိုးဖွယ်ရာကိုသာ ရှုမြင်တတ်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်းရှိ၏။
သတ္တဝါတို့အား ဖျက်ဆီးလိုသော ပျက်စီးစေလိုသော ဗျာပါဒ = ဒေါသ ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ငြိမ်းခြင်းသည် ထိုမေတ္တာ၏ ပြည့်စုံခြင်းမည်၏၊ ကောင်းစွာ ကိစ္စပြီးခြင်း မည်၏။ တွယ်တာမက်မောခြင်း တဏှာသိနေဟ၏ ဖြစ်ခြင်းသည် ထိုမေတ္တာ၏ ပျက်စီးခြင်းမည်၏။ (ဝိသုဒ္ဓိ၊၁၊၃၁၁။)
၁။ ဒုက္ခာပနယနာကာရပ္ပဝတ္တိလက္ခဏာ ကရုဏာ၊
၂။ ပရဒုက္ခာသဟနရသာ၊
၃။ အဝိဟိံသာပစ္စုပဋ္ဌာနာ၊
၄။ ဒုက္ခာဘိဘူတာနံ အနာထဘာဝဒဿနပဒဋ္ဌာနာ။
ဝိဟိံသူပသမော တဿာ သမ္ပတ္တိ၊ သောကသမ္ဘဝေါ ဝိပတ္တိ။ (ဝိသုဒ္ဓိ၊၁၊၃၁၁။)
၁။ ကရုဏာသည် --- သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘောလက္ခဏာရှိ၏။
၂။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုသည်၏အဖြစ်ဖြင့် သည်းမခံနိုင်ခြင်း ကိစ္စရှိ၏။ (ကိစ္စ ရသ)
၃။ သတ္တဝါတို့ကို မညှဉ်းဆဲခြင်းကို ဖြစ်စေတတ်၏။ (ဖလပစ္စုပဋ္ဌာန်) သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်ခြင်း ဝိဟိံသာ၏ ဆန့်ကျင်ဘက်အဖြစ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှုထင်လာတတ်၏။ (ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်)
၄။ ဆင်းရဲဒုက္ခဖြင့် အညှဉ်းပန်း အနှိပ်စက်ခံနေကြရကုန်သော သတ္တဝါတို့၏ ကိုယ်းကွယ်အားထားရာ မရှိသည်၏အဖြစ်ကို ရှုတတ်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်း ရှိ၏။
သတ္တဝါတို့ကို ညှဉ်းဆဲကြောင်းဖြစ်သော ညှဉ်းဆဲသော အခြင်းအရာ အားဖြင့် ဖြစ်သော၊ ကရုဏာ၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဒေါသမူ စိတ်စေတသိက် တရားစု၏ ငြိမ်းအေးခြင်းသည် ထိုကရုဏာ၏ ပြည့်စုံခြင်းမည်၏၊ ကောင်းစွာ ကိစ္စပြီးခြင်း မည်၏။ ဒုက္ခိတသတ္တဝါတို့အပေါ်၌ သောကဖြစ်ခြင်း သည် ထိုကရုဏာ၏ ပျက်စီးခြင်း မည်၏။ (ဝိသုဒ္ဓိ၊၁၊၃၁၁။)
၁။ ပမောဒနလက္ခဏာ မုဒိတာ၊
၂။ အနိဿာယနရသာ၊
၃။ အရတိဝိဃာတပစ္စုပဋ္ဌာနာ၊
၄။ သတ္တာနံ သမ္ပတ္တိဒဿနပဒဋ္ဌာနာ။
အရတိဝူပသမော တဿာ သမ္ပတ္တိ၊ ပဟာသသမ္ဘဝေါ ဝိပတ္တိ။ (ဝိသုဒ္ဓိ၊၁၊၃၁၁။)
၁။ မုဒိတာသည် --- သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို ကြည်ရွှင်ဝမ်းမြောက်ခြင်း သဘောလက္ခဏာရှိ၏။
၂။ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို မငြူစူခြင်း ကိစ္စ ရှိ၏။ ဝါ ။ ငြူစူခြင်း၏ ဆန့်ကျင်ဘက်ဖြစ်၍ ထိုဣဿာကို ပယ်ဖျက်ခြင်း ကိစ္စ ရှိ၏။
၃။ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာတို့၌လည်းကောင်း၊ လွန်ကဲ မြင့်မြတ်သော သမထ-ဝိပဿနာ အစဖြာသည့် အဓိကုသလဓမ္မတို့၌လည်းကောင်း မမွေ့လျော် မနှစ်သက်ခြင်းကို ပယ်ဖျောက်တတ်သော အခြင်း အရာအားဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှု ထင်လာတတ်၏။ (ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်)
တစ်နည်း --- သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာတို့၌လည်းကောင်း၊ လွန်ကဲ မြင့်မြတ်သော သမထ ဝိပဿနာ အစဖြာသည့် အဓိကုသလဓမ္မတို့၌လည်းကောင်း မမွေ့လျော် မနှစ်သက်ခြင်း အရတိ၏ ပျောက်ငြိမ်း ခြင်းကို ဖြစ်စေတတ်၏။ (ဖလပစ္စုပဋ္ဌာန်တည်း။)
၄။ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို အသင့်ရှုနိုင်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်း ရှိ၏။
သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာတို့၌လည်းကောင်း၊ လွန်ကဲ မြင့်မြတ်သည့် သမထ ဝိပဿနာ အစဖြာသည့် အဓိကုသလဓမ္မတို့၌လည်းကောင်း မမွေ့လျော် မနှစ်သက်နိုင်ခြင်း အရတိ၏ ပျောက်ငြိမ်းခြင်းသည် ထို မုဒိတာ၏ ပြည့်စုံခြင်း မည်၏။ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာနှင့် အဓိကုသလဓမ္မတို့၌ ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်ပေါ်လာသော ဂေဟသိတပီတိအားဖြင့် ကြည်ရွှင် ဝမ်းမြောက်ခြင်းသည် ထိုမုဒိတာ၏ ပျက်စီးခြင်း ဝိပတ္တိမည်၏။ (ဝိသုဒ္ဓိ၊၁၊၃၁၁၊၊)
၁။ သတ္တေသု မဇ္ဈတ္တာကာရပ္ပဝတ္တိလက္ခဏာ ဥပေက္ခာ၊
၂။ သတ္တေသု သမဘာဝဒဿနရသာ၊
၃။ ပဋိဃာနုနယဝူပသမပစ္စုပဋ္ဌာနာ၊
၄။ ကမ္မဿကာ သတ္တာ၊ တေ ကဿ ရုစိယာ သုခိတာ ဝါ ဘဝိဿန္တိ၊ ဒုက္ခတော ဝါ မုစ္စိဿန္တိ၊ ပတ္တသမ္ပတ္တိတော ဝါ န ပရိဟာယိဿန္တီတိ ဧဝံ ပဝတ္တကမ္မဿကတာဒဿနပဒဋ္ဌာနာ။
ပဋိဃာနုနယဝူပသမော တဿာ သမ္ပတ္တိ၊ ဂေဟသိတာယ အညာဏုပေက္ခာယ သမ္ဘဝေါ ဝိပတ္တိ။ (ဝိသုဒ္ဓိ၊၁၊၃၁၁-၃၁၂။)
၁။ ဥပေက္ခာသည် --- သတ္တဝါတို့၌ အလယ်အလတ်သဘောရှိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာ ရှိ၏။
၂။ သတ္တဝါတို့၌ ဥဒါသိန်အားဖြင့် (= လျစ်လျူမူသောအားဖြင့်) ဖြစ်ခြင်းကြောင့် ညီမျှသည်၏ အဖြစ်ကိုသာ ရှုခြင်းကိစ္စ ရှိ၏။
၃။ သတ္တဝါတို့၌ မုန်းခြင်း ချစ်ခြင်းတို့ကို ငြိမ်းစေခြင်းကို ဖြစ်စေတတ်၏။ (ဖလပစ္စုပဋ္ဌာန်တည်း။)
၄။ သတ္တဝါတို့သည် မိမိတို့ ပြုထားအပ်သော ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။ ထိုသတ္တဝါတို့သည် အဘယ်သူ၏ အလိုအားဖြင့် ချမ်းသာပါစေဟု မေတ္တာပို့သသည့်အတိုင်း ချမ်းသာခြင်းသို့ ရောက်ကုန်သည်မူလည်း ဖြစ်ကုန်လတ္တံ့နည်း။ ဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ကရုဏာ ဘာဝနာကို ပွားသည့်အတိုင်း ဆင်းရဲဒုက္ခမှမူလည်း လွတ်ကုန်လတ္တံ့နည်း။ ရပြီး စည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေသတည်းဟု မုဒိတာ ဘာဝနာကို ပွားသည့်အတိုင်း ရောက်ရှိအပ်ပြီး ရရှိအပ်ပြီးသည့် စည်းစိမ်ချမ်းသာမှမူလည်း မဆုတ်ယုတ်ဘဲ ရှိကုန်လတ္တံ့နည်း ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ရှိသည်၏ အဖြစ်ကို ရှုတတ်သော ဉာဏ်လျှင် နီးစွာသော အကြောင်း ရှိ၏။
မုန်းခြင်း ချစ်ခြင်းတို့ကို ငြိမ်းစေခြင်းသည် = မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းခြင်းသည် ထိုဥပေက္ခာဗြဟ္မဝိဟာရ၏ ပြည့်စုံခြင်း ကောင်းစွာ ပြီးစီးခြင်း သမ္ပတ္တိ မည်၏။ ကာမဂုဏ်ကိုမှီသော ဉာဏ်ကင်းသော မောဟနှင့်ယှဉ်သော ဥပေက္ခာ၏ ဖြစ်ခြင်းသည် ထိုဥပေက္ခာဗြဟ္မဝိဟာရ၏ ပျက်စီးခြင်း ဝိပတ္တိ မည်၏။ (ဝိသုဒ္ဓိ၊၁၊၃၁၁။)
ကိလေသာတို့မှ လွတ်မြောက်မှု
၁။ နိဿရဏေဥှတံ အာဝုသော ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ။
၂။ နိဿရဏေဥှတံ အာဝုသော ဝိဟေသာယ ယဒိဒံ ကရုဏာ စေတောဝိမုတ္တိ။
၃။ နိဿရဏေဥှတံ အာဝုသော အရတိယာ ယဒိဒံ မုဒိတာ စေတောဝိမုတ္တိ။
၄။ နိဿရဏေဥှတံ အာဝုသော ရာဂဿ ယဒိဒံ ဥပေက္ခာ စေတောဝိမုတ္တိ။ (ဒီ၊၃၊၂၀၅-၂၀၆။ အံ၊၂၊၂၅၇။)
၁။ ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်းမေတ္တာနှင့်ယှဉ်သော စျာန်စိတ်သည် သတ္တဝါတို့ကို ဖျက်ဆီးလိုခြင်း = ဒေါသမှ ထွက်မြောက်ကြောင်းတည်း။
၂။ ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်းကရုဏာနှင့် ယှဉ်သော စျာန်စိတ်သည် သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လိုခြင်း = ဝိဟေသာတရားမှ ထွက်မြောက်ကြောင်းတည်း။
၃။ ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်းမုဒိတာနှင့် ယှဉ်သော စျာန်စိတ်သည် မမွေ့လျော်ခြင်း = အရတိတရားမှ ထွက်မြောက်ကြောင်းတည်း။
၄။ ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်းလျစ်လျူရှုခြင်း = ဥပေက္ခာနှင့်ယှဉ်သော စျာန်စိတ်သည် စွဲမက်ခြင်း = ရာဂမှ ထွက်မြောက်ကြောင်းတည်း။ (ဒီ၊၃၊၂၀၅-၂၀၆။ အံ၊၂၊၂၅၇။)
ဤဒေသနာတော်များနှင့် အညီ ဤဗြဟ္မဝိဟာရစျာန်တရားတို့ကား ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်စေနိုင်သည့် စွမ်းအားရှိသော စျာန်တရားတို့တည်း။ ယင်းသို့ ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်သော စိတ်ဓာတ်ဖြင့် နေထိုင်ခြင်းကို ဗြဟ္မဝိဟာရ = မွန်မြတ်သော နေထိုင်ခြင်းဟု ဆိုအပ်၏။ ဗြဟ္မာကဲ့သို့ နေထိုင်ခြင်းဟုလည်း ဆိုအပ်ပါပေ၏။
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း
အာရကတ္တာ ဟတတ္တာ စ၊ ကိလေသာရီန သော မုနိ။
ဟတသံသာရစက္ကာရော၊ ပစ္စယာဒီန စာရဟော။
န ရဟော ကရောတိ ပါပါနိ၊ အရဟံ တေန ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၁၊၁၉၅။)
၁။ ဝါသနာအငွေ့ဓာတ်နှင့်တကွ ကိလေသာတို့ကို အကြွင်းမဲ့ ဖျက်ဆီးနိုင် သဖြင့် ကိလေသာတို့မှ အဝေးကြီး ဝေးကွာတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား၊
၂။ တစ်ထောင့်ငါးရာ ကိလေသာတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ချိုးဖဲ့ဖျက်ဆီးတော်မူတတ်ခြင်းတည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား၊
၃။ အဝိဇ္ဇာ-တဏှာ ဦးစီးသည့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ ထောက်အကန့်တို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူမူခြင်းတည်းဟူသော ဤ အကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား၊
၄။ သူမတူသော သီလ-သမာဓိ-ပညာ-ဂုဏ်သကတ်ကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော်မူ ထိုက်ခြင်းတည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူ ပါပေသော မြတ်စွာဘုရား၊
၅။ ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှု ဟူသမျှတို့ကို ပြုတော်မမူ ပြောတော်မမူ ကြံစည်တော်မမူခြင်းတည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား၊
ဤကား အရဟံဂုဏ်တော်၏ အနက်ငါးနက် ဖြစ်သည်။ ဤအနက် အဓိပ္ပါယ်တို့ကို ကျေပွန်အောင် နှုတ်တက်ရအောင် လေ့ကျက်ထားပါ။ ဤ အရဟံဂုဏ်တော် ကမ္မဋ္ဌာန်းကို ပွားများလိုသော အသင်သူတော်ကောင်းသည် ရှေးဦးစွာ ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကို သို့မဟုတ် အာနာပါန စတုတ္ထစျာန်သမာဓိကို တစ်ဖန် ထူထောင်၍ ထိုသမထဘာဝနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း အကူအညီဖြင့် မိမိ ကြည်ညိုလေးစား သည့် ရုပ်ပွားတော်တစ်ဆူကို မြင်အောင် ထိုးစိုက် အာရုံယူကြည့်ပါ။ သက်တော်ထင်ရှား မြတ်စွာဘုရားကို မဖူးမြင်ရသဖြင့် သက်တော်ထင်ရှား ဘုရား ရှင်၏ကိုယ်စား ရုပ်ပွားတော်ကို စတင်ကာ အာရုံယူခြင်းဖြစ်ပါသည်။ ထင်ထင် ရှားရှား တွေ့မြင်သောအခါ ယင်းပုံတော်ကို သက်တော်ထင်ရှားဘုရားဟု အမှတ်ပြုကာ အာရုံညွတ်ကြည့်ပါ။ အတိတ်က သက်တော်ထင်ရှား ဘုရားရှင် များကို ဖူးတွေ့ခဲ့ရလျှင် ထိုဘုရားရှင်၏ ရုပ်ပုံတော်သည် ပေါ်လာတတ်ပါ သည်။ ထိုဘုရားပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုရန် ဖြစ်သည်။ အကယ်၍ ထိုသို့ အာရုံယူကြည့်ရာ၌ သက်တော်ထင်ရှား ဘုရားရှင်၏ ပုံတော်မပေါ်ခဲ့ သော် မိမိ အာရုံယူထားသော ရုပ်ပွားတော်ကိုပင် သက်တော်ထင်ရှားဘုရား ဟု အမှတ်ထား၍ ထိုပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုပါ။ အထက်ပါ အရဟံဂုဏ်တော်၏ အနက်အဓိပ္ပါယ် ငါးမျိုးတို့တွင် မိမိ နှစ်ခြိုက်ရာ အနက် အဓိပ္ပါယ် တစ်မျိုးမျိုးကို အာရုံယူ၍ အရဟံ-အရဟံဟု ပွားများပါ။ သမာဓိ အားကောင်းလာသောအခါ ပုံတော်ပျောက်၍ ဂုဏ်တော်အပေါ်၌ ဘာဝနာ စိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေပေလိမ့်မည်။ ထိုအခါ ပုံတော်ကို လိုက်၍ အာရုံ မယူပါနှင့်။ လိုက်၍ မရှာဖွေပါနှင့်။ ဂုဏ်တော်အပေါ်၌သာ ဘာဝနာ စိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ပွားများပါ။ တစ်နာရီခန့် ဘာဝနာ စိတ်သည် ငြိမ်ဝပ်စွာကပ်၍ ဂုဏ်တော်အာရုံ၌ တည်နေခဲ့သော် စျာန်အင်္ဂါ တို့ကို ပြန်ဆင်ခြင်ကြည့်ပါ။ သို့သော် ဤစျာန်မှာ ဥပစာရစျာန်မျှသာဖြစ်သည်။ ယင်းဥပစာရစျာန်သို့ ဆိုက်အောင် ပွားများပါ။ ကြွင်းကျန်သော ဂုဏ်တော် တို့၌လည်း နည်းမှီ၍ ပွားများပါလေ။ ဝသီဘော်နိုင်နင်းအောင် လေ့ကျင့်ပါ။
အသုဘကမ္မဋ္ဌာန်း
အာနာပါနစတုတ္ထစျာန်သမာဓိကိုသော်လည်းကောင်း၊ ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကိုသော်လည်းကောင်း တစ်ဖန်ပြန်၍ သမာဓိ ထူထောင်ပါ။ ထိုသမာဓိနှင့် ယှဉ်သော ဘာဝနာဉာဏ်ကြောင့် အရောင် အလင်းများသည် ဝန်းကျင်ပတ်ချာ အရပ်များသို့တိုင်အောင် ပြန့်နှံ့လျက် ပြိုးပြိုး ပြက်ပြက် တလက်လက် တောက်ပလာသောအခါ မိမိမြင်ဖူးထားသော ရွံရှာ စက်ဆုပ်ဖွယ်အကောင်းဆုံးသော လိင်တူ အသုဘအလောင်းကောင် တစ်ခုကို လှမ်း၍ အာရုံယူပါ။ ဉာဏ်လင်းရောင်ခြည်အောက်တွင် ထိုအလောင်းကောင် ကို တွေ့မြင်နေအောင် ကြိုးစားပါ။ ရှေးယခင်က မိမိ မြင်ဖူးထားသည့် ပုံစံ အတိုင်း ပြန်လည်၍ မြင်အောင် အလင်းရောင် အကူအညီဖြင့် လှမ်းအာရုံယူပါ။ ထင်ထင်ရှားရှား ဉာဏ်လင်းရောင်ခြည်ဖြင့် တွေ့မြင်ရသောအခါ ထို အလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ်အကောင်းဆုံးသော အနေအထား၌ မိမိ၏ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ --- ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာဟု ရှုနေပါ။
ထိုအလောင်းကောင်အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် အသုဘ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေသောအခါ အသုဘအလောင်းကောင် အာရုံသည်လည်း ဥဂ္ဂဟနိမိတ်မှ ပဋိဘာဂနိမိတ်သို့ ကူးသွားမည် ဖြစ်၏။ ပကတိမျက်စိဖြင့် ဖွင့်ကြည့်သကဲ့သို့ ထင်ထင်ရှားရှား တွေ့မြင်နေရသော အလောင်းကောင်နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း။ (ဝိသုဒ္ဓိ၊၁၊၁၈၀။)
ဥဂ္ဂဟနိမိတ္တံ ဝိရူပံ ဝိဘစ္ဆံ ဘေရဝဒဿနံ ဟုတွာ ဥပဋ္ဌာတိ။ ပဋိဘာဂနိမိတ္တံ ပန ယာဝဒတ္ထံ ဘုဉ္ဇိတွာ နိပန္နော ထူလင်္ဂပစ္စင်္ဂပုရိသော ဝိယ။ (ဝိသုဒ္ဓိ၊၁၊၁၈၃-၁၈၄။)
အသုဘအလောင်းကောင် အာရုံကို နှလုံးသွင်းနေသော ဘာဝနာမနသိကာရ၏ မပြန့်ပြောသေးသည့်အတွက် မကြီးကျယ် မမြင့်မြတ်သေးသည့် အတွက်ကြောင့်လည်းကောင်း၊ အသုဘအလောင်းကောင်အာရုံ၏ အလွန် ကြီး ငြိမ်သက်မှု မရှိသေးသည့်အတွက်ကြောင့်လည်းကောင်း ဥဂ္ဂဟနိမိတ် သည် ဖောက်ပြန်သည် အရုပ်ဆိုးသည် ကြောက်မက်ဖွယ်သော အမြင်ရှိသည် ဖြစ်၍ ထင်လာ၏။ ပဋိဘာဂနိမိတ်သည်ကား အသုဘဘာဝနာမနသိကာရ၏ ပြန့်ပြောကြီးကျယ် မြင့်မြတ်သည်၏အဖြစ်သို့ ရောက်ရှိလာခြင်းကြောင့်လည်း ကောင်း၊ အသုဘအလောင်းကောင် အာရုံ၏ ငြိမ်သက်မှုရှိလာသည်၏ အဖြစ် ကြောင့်လည်းကောင်း အလိုရှိတိုင်း ဝအောင်စားပြီး၍ လျောင်းလျက်အိပ်နေ သော ဆူဖြိုးသော ကိုယ်အင်္ဂါကြီးငယ် ရှိသော ယောက်ျားကဲ့သို့ ထင်လာ၏။ (ဝိသုဒ္ဓိ၊၁၊၁၈၃-၁၈၄။ မဟာဋီ၊၁၊၂၁၀။)
ထို ပဋိဘာဂနိမိတ်ကိုပင် ပဋိကူလ-ပဋိကူလ = ရွံစရာ-ရွံစရာဟု ကြိမ်ဖန်များစွာ နှလုံးသွင်း ရှုပွားခဲ့သော် ဘာဝနာစိတ်သည်လည်း ယင်းအာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေသော် စျာန်အင်္ဂါများ သည် ထင်ရှားနေပေလိမ့်မည်။ ထင်ရှားပါက ပထမစျာန်သမာဓိသို့ ဆိုက်ပေပြီ။ ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ထားပါ။
မရဏဿတိ = မရဏာနုဿတိကမ္မဋ္ဌာန်း
တတ္ထ မရဏန္တိ ဧကဘဝပရိယာပန္နဿ ဇီဝိတိန္ဒြိယဿ ဥပစ္ဆေဒေါ။ ပ ။ ဣတိ ဇီဝိတိန္ဒြိယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿတိ။ (ဝိသုဒ္ဓိ၊၁၊၂၂၂။)
ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပေဿယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ ဧကာဟမတံ ဝါ ဒွီဟမတံ ဝါ တီဟမတံ ဝါ ဥဒ္ဓုမာတကံ ဝိနီလကံ ဝိပုဗ္ဗကဇာတံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတောတိ။ (မ၊၁၊၇၃။)
တသ္မာ တတ္ထ တတ္ထ ဟတမတသတ္တေ ဩလောကေတွာ ဒိဋ္ဌပုဗ္ဗသမ္ပတ္တီနံ သတ္တာနံ မတာနံ မရဏံ အာဝဇ္ဇေတွာ သတိဉ္စ သံဝေဂဉ္စ ဉာဏဉ္စ ယောဇေတွာ မရဏံ ဘဝိဿတီတိအာဒိနာ နယေန မနသိကာရော ပဝတ္တေတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၂၂၃။)
ဤ အထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့် အညီ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော အသင်သူတော်ကောင်းသည် မိမိရရှိထား ပြီးသော အသုဘကမ္မဋ္ဌာန်းကိုပင် ပထမစျာန်သမာဓိသို့ ဆိုက်အောင် တစ်ဖန် ပြန်၍ သမာဓိကို ထူထောင်ပါ။ ယင်းဗဟိဒ္ဓ အသုဘအလောင်းကောင်၌ ပထမစျာန်သမာဓိသို့ ဆိုက်အောင် ရှုနိုင်သောအခါ ဤ ငါ၏ ခန္ဓာကိုယ် သည်လည်း ဤကဲ့သို့သော သေခြင်းသဘော ရှိ၏၊ ဤကဲ့သို့သော သေခြင်း သဘောသည် မချွတ်ဧကန် ဖြစ်လိမ့်မည်၊ ဤကဲ့သို့သော သေခြင်းသဘော တရားကို မလွန်မြောက်နိုင်ဟု မိမိ၏ သေခြင်းတရားအပေါ်သို့ ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင်၍ သတိကိုလည်းကောင်း၊ သံဝေဂကိုလည်းကောင်း၊ ဉာဏ် ကိုလည်းကောင်း ဖြစ်စေလျက် ကြည့်ရှုလိုက်သောအခါ မိမိသေနေသည့် ရွံရှာစက်ဆုပ်ဖွယ် အသုဘအလောင်းကောင်ကို တွေ့ရှိမည် ဖြစ်သည်။ ထိုအခါ မိမိသေနေသောပုံဝယ် ဇီဝိတိန္ဒြေ၏ ပျက်စဲမှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ထိုဇီဝိတိန္ဒြေ၏ ပြတ်စဲမှုအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလျက် ---
၁။ မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ။
ငါ၏ သေခြင်းတရားသည် မြဲ၏၊ အသက်ရှင်ခြင်းသည် မမြဲ။
၂။ မရဏံ မေ ဘဝိဿတိ။
ငါ၏ သေခြင်းတရားသည် မချွတ်ဧကန် ဖြစ်လိမ့်မည်။
၃။ မရဏပရိယောသာနံ မေ ဇီဝိတံ။
ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိ၏။
၄။ မရဏံ မရဏံ = သေခြင်းတရား သေခြင်းတရား ---
ဤသို့စသော နှလုံးသွင်းနည်းတို့တွင် မိမိကြိုက်နှစ်သက်ရာ တစ်နည်း နည်းဖြင့် ပါဠိလိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ရှုနေပါ။ မိမိ သေနေသည့်ပုံဝယ် ဇီဝိတိန္ဒြေ၏ ပြတ်စဲသွားမှု သဘောတရားအာရုံ၌ မရဏဿတိ ဘာဝနာ စိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။ ယင်းသို့ ငြိမ်ဝပ်စွာကပ်၍ တည်နေသော် စျာန်အင်္ဂါ (၅)ပါးတို့ သည်လည်း ထင်ရှားလာကြမည် ဖြစ်ပေသည်။ သို့သော် ဥပစာရစျာန်မျှသာ ဖြစ်သည်။
ဇီဝိတိန္ဒြေ၏ ပြတ်စဲမှု
ဤရှုကွက်ကား ပရမတ်တရား - ဇီဝိတိန္ဒြေ----နှင့် ဆက်စပ်နေသဖြင့် လွယ်မယောင်နှင့် ခက်သော ရှုကွက်တစ်ခု ဖြစ်နေ၏။ ----- ဇီဝိတိန္ဒြေယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿတိ။ ----- ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဖွင့်ဆိုထားသည့်အတိုင်း မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို မြင်အောင် ကြည့်၍ ရှုရမည့် ရှုကွက်ဖြစ်နေပေသည်။ မိမိ သေနေသည့် အလောင်းကောင်ကို ဉာဏ်နှင့် ကပ်ဆောင်ကာ ကြည့်နိုင်ရုံမျှဖြင့်ကား လိုရင်းကိစ္စ မပြီးနိုင် ရှိနေသေး၏။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်က ဗဟိဒ္ဓ အလောင်းကောင်အာရုံ၌ ပထမစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ရှုပြီးသောအခါ မိမိသေနေသည့် ပုံကိုလည်း ဉာဏ်ဖြင့် ကပ်ဆောင်ကာ ကြည့်ရှုနိုင်သဖြင့် မိမိသေနေသည့် အလောင်းကောင်ကိုလည်း တွေ့မြင်သော အခါ ယင်း အလောင်းကောင်၏ နှလုံးအိမ်အတွင်းဘက်သို့ ထိုးစိုက်ကာ ရှုကြည့်ပါ။ ထိုသို့ ရှုရာ၌ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကိုကား လွယ်လွယ်ကူကူ တွေ့ချင်မှတွေ့မည် ဖြစ်၏။ အကြောင်းကား ယင်းသေနေသော အလောင်းကောင်၌ ဇီဝိတိန္ဒြေကား ပြတ်စဲပြီး ဖြစ်သောကြောင့် ဖြစ်၏။ သို့အတွက် ယင်းအလောင်းကောင်၏ နှလုံးအိမ် အတွင်းဘက်သို့ ဉာဏ်ကို စေလွှတ်ကာ ရှုကြည့်နိုင်သောအခါ မသေမီ အချိန်ကာလဘက်သို့ အနည်းငယ် နောက်ဆုတ်ကာ ရှုကြည့်ပါ။ ထိုအခါ သေခါနီး ဘဝင်မနောအကြည်ဓာတ်ကို သို့မဟုတ် စိတ်အစဉ်ကို တွေ့ရှိနိုင်ပေသည်။ ဤအရာဝယ် ပြောလိုရင်းမှာ ဘဝင်မနောအကြည်ဓာတ်ပင် ဖြစ်သည်။ ယောဂီပုဂ္ဂိုလ်သည် စျာန်အင်္ဂါများကို သိမ်းဆည်းခဲ့စဉ်က ယင်း ဘဝင်မနောအကြည်ဓာတ်ကို သိမ်ဆည်းနိုင်ခဲ့ပြီး ဖြစ်သဖြင့် ဤအချိန်တွင်လည်း ယင်း ဘဝင်မနောအကြည်ဓာတ်ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ယင်း ဘဝင်မနောအကြည်ဓာတ်ကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ သေမည့်ဘက်သို့ တစ်ဖန် တိုး၍ ရှုကြည့်ပါ။ ထိုအခါ ယင်း ဘဝင်မနောအကြည်ဓာတ်၏ ရပ်စဲမှုသဘောကိုကား တွေ့မြင်နိုင်ပေသည်။ ထိုအခါတွင် အထက်က ရှင်းပြခဲ့ သည့်အတိုင်း ယင်း ဘဝင်မနောအကြည်ဓာတ်ကို ဖြစ်စေသည့် အကြောင်း ရင်းဘဝင်စိတ်ကို ထိုးစိုက်ကာ ရှုကြည့်ပါ။ ယင်း ဘဝင်စိတ်ကို တွေ့သည့်အခါ ယင်း ဘဝင်စိတ်နှင့်အတူ ယှဉ်ဖက် ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုသဘောကို မြင်အောင် တစ်ဆင့် ရှုကြည့်ပါ။ တွေ့မြင်ပါက ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို သဘောပေါက်မည် ဖြစ်ပေသည်။
သို့သော် ယောဂီအများစုမှာ ----- နာမ်ကမ္မဋ္ဌာန်းကို မရှုရသေးသည့် အတွက် မရှုဖူးသေးသည့်အတွက် ဘဝင်စိတ်နှင့် ဇီဝိတိန္ဒြေကို သဘော ပေါက်ဖို့ကား အလွန် ခဲယဉ်းနေသေးသော အချိန်ကာလပင် ဖြစ်ပေသည်။ မည်သို့ပင်ခက်ခဲသော်လည်း ဘဝင်မနောအကြည်ဓာတ်ကိုကား တွေ့ရှိနေပြီ ဖြစ်သည့်အတွက် ယင်း ဘဝင်မနောအကြည်ဓာတ်၏ ပြတ်စဲမှုကိုပင် အာရုံ ယူကာ မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုကလည်း စီးဖြန်းနိုင်ပေသည်။ သို့သော် အထက်က ရှင်းပြခဲ့သည့်အတိုင်း ယင်း ဘဝင်မနောအကြည်ဓာတ် မှာ ဥပစာရအားဖြင့်သာ ဘဝင်ဟု ခေါ်ဆိုထားခြင်း ဖြစ်ပေသည်။ မည်သို့ပင် ခက်ခဲနေသော်လည်း မိမိ သေနေသည့် အလောင်းကောင်ကိုကား ဉာဏ်ဖြင့် ကပ်ဆောင်၍ ရှုခဲ့သော် ရရှိနိုင်သည်သာ ဖြစ်၏။ အတိတ်ဘဝထိုထိုက မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးသူ ဖြစ်လျှင်လည်း ယင်း ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို တစ်နည်းဆိုရသော် ဇီဝိတိန္ဒြေနှင့် တကွသော ဘဝင်စိတ်၏ ပြတ်စဲမှုကို ရှုမြင်နိုင်ပေသည်။ ထိုသို့ ရှုမြင်နိုင်လျှင်ကား အကောင်းဆုံးပင် ဖြစ်ပေသည်။ သို့သော် နာမ်ကမ္မဋ္ဌာန်းကို မရှုဖူးသေးသော ယောဂီအများစုမှာ ဥပစာရအားဖြင့် တင်စားကာ ခေါ်ဝေါ်သုံးစွဲနေသော အထက်တွင် ရှင်းပြခဲ့ပြီးသော ဘဝင်မနောအကြည်ဓာတ်၏ ပြတ်စဲမှုသဘောကိုကား ရှု၍ ရရှိနေပေသည်။ ယင်း ဘဝင်မနောအကြည်ဓာတ်၏ ပြတ်စဲမှု ရပ်ဆိုင်းမှုသဘော ကို အာရုံယူကာ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုက စီးဖြန်းနိုင်ပါ သည်။ သို့သော်... ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ဆိုက်သည်တိုင်အောင် ကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ရှုထားပြီးသူ ယောဂီပုဂ္ဂိုလ်တို့သည်ကား ယင်း ဇီဝိတိန္ဒြေနှင့်တကွသော ဘဝင်စိတ်၏ ပြတ်စဲမှုကို လွယ်လွယ်ကူကူပင် ရှု၍ ရရှိနိုင်ပေသည်။
ဤ မေတ္တာ၊ ဗုဒ္ဓါနုဿတိ၊ အသုဘ၊ မရဏဿတိ ကမ္မဋ္ဌာန်း (၄)မျိုး တို့ကား ယောဂါဝစရပုဂ္ဂိုလ်တို့အား စောင့်ရှောက်ပေးတတ်သည့် စတုရာရက္ခ အမည်ရသော အစောင့် (၄)ပါး ကမ္မဋ္ဌာန်းများ ဖြစ်ကြသည်။ ဝိပဿနာသို့ မကူးမီ သင်ယူထားသင့်သော ပွားများထားသင့်သော ကမ္မဋ္ဌာန်းများပင် ဖြစ် ကြပေသည်။
အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ၊
မေတ္တာ ဘာဝေတဗ္ဗာ ဗျာပါဒဿ ပဟာနာယ၊
အာနာပါနဿတိ ဘာဝေတဗ္ဗာ ဝိတက္ကုပစ္ဆေဒါယ။ (အံ၊၃၊၁၆၉။ ဥဒါန၊၁၂၀ - မေဃိယသုတ္တန်။)
ဤအထက်ပါ မေဃိယသုတ္တန်နှင့်အညီ အသုဘဘာဝနာကား ရာဂကို တိုက်ဖျက်ရန်အတွက် အကောင်းဆုံးသော လက်နက်ဖြစ်၏။ အသုဘ အလောင်းကောင်ကို အာရုံယူ၍ ရှုပွားရသော ဤအထက်ပါ အသုဘ ဘာဝနာကို အဝိညာဏက အသုဘ = သက်မဲ့ အသုဘဟု ခေါ်ဆို၏။ သက်ရှိ သတ္တဝါတို့၏ (၃၂)ကောဋ္ဌာသကို အာရုံယူ၍ ပဋိကူလမနသိကာရအားဖြင့် ရှုပွားရသော ဘာဝနာကို အသုဘကမ္မဋ္ဌာန်းအဖြစ် ဂိရိမာနန္ဒသုတ္တန် (အံ၊၃၊ ၃၄၃။)၌ ဟောကြားထားတော်မူ၏။ သဝိညာဏက အသုဘတည်း၊ ရှင် အသုဘတည်း။ ယင်း အဝိညာဏက အသုဘဘာဝနာ၊ သဝိညာဏက အသုဘဘာဝနာ နှစ်မျိုးလုံးသည်ပင် ရာဂကို ပယ်သတ်ရန်အတွက် အကောင်းဆုံးသော လက်နက်ပင် ဖြစ်သည်။ မေတ္တာကမ္မဋ္ဌာန်းကား ဗျာပါဒ ဒေါသကို ပယ်ရှားရာ၌ အကောင်းဆုံးသော ကမ္မဋ္ဌာန်းဖြစ်၏။ အာနာပါနဿတိကမ္မဋ္ဌာန်းကား ကြံစည်စိတ်ကူးမှု ဝိတက်အမျိုးမျိုးကို တိုက်ဖျက်ရာ၌ အစွမ်းထက်မြက်သော ကမ္မဋ္ဌာန်းတစ်ခု ဖြစ်၏။
သို့အတွက် အသင်သူတော်ကောင်းသည် ရာဂ ထကြွသောင်းကျန်း လာသောအခါ အသုဘဘာဝနာကို ပွားပါ။ ဒေါသ ပြင်းထန်လာသောအခါ မေတ္တာဘာဝနာကို ပွားပါ။ ဝိတက် ထူပြောလာသောအခါ အာနာပါနဿတိ ကိုပွားပါ။ ဘာဝနာလုပ်ငန်းခွင်၌ သဒ္ဓါတရား လျော့နည်းလာသောအခါ၊ စိတ်မကြည်လင်သောအခါ ဗုဒ္ဓါနုဿတိကို ပွားပါ။ သံဝေဂဉာဏ် နည်းပါး လာသောအခါ၊ ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိလာသောအခါ မရဏဿတိ ဘာဝနာကို ပွားပါလေ။
ဘုရားရှင်သည် .. သမထကမ္မဋ္ဌာန်းပိုင်းတွင် ကမ္မဋ္ဌာန်း (၄၀) ဟောကြားထားတော်မူ၏။ ထိုကမ္မဋ္ဌာန်းတို့တွင် ဤသမထကမ္မဋ္ဌာန်းပိုင်း၌
၁။ အာနာပါနကမ္မဋ္ဌာန်း
၂။ ပဋိကူလမနသိကာရ အရိုးစုကမ္မဋ္ဌာန်း
၃။ ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါး
၄။ ဗြဟ္မစိုရ်တရား (၄)ပါး
၅။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း
၆။ အသုဘကမ္မဋ္ဌာန်း
၇။ မရဏာနုဿတိကမ္မဋ္ဌာန်း
ဤကမ္မဋ္ဌာန်းများကို အကျဉ်းချုပ်ကာ တင်ပြထားပေသည်။ ကြွင်း ကျန်သော သမထကမ္မဋ္ဌာန်းများကို ပွားများအားထုတ်လိုပါက ဆရာသမား များထံသို့ ချဉ်းကပ်ကာ လေ့လာကြပါကုန်။ အကယ်၍ အသင်သူတော် ကောင်းသည် ဝိပဿနာကမ္မဋ္ဌာန်းသို့ ကူးတက်လိုပါက ရုပ်ကမ္မဋ္ဌာန်းပိုင်း စသည်ကို ဆက်လက်ကာ ပွားများအားထုတ်ပါလေ။
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ။
ဘုရားရှင်၏ အဆုံးအမ သာသနာတော်သည် အဓွန့်ရှည်စွာ တည်ပါစေသတည်း။
သဒ္ဓမ္မသုံးဖြာ သာသနာ၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း။
ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း
ဖားအောက်တောရ
ကောဇာသက္ကရာဇ် - ၁၃၆၇ - ခုနှစ်
Comments
Post a Comment