Skip to main content

ဝိပဿနာကမ္မဋ္ဌာန်းပိုင်း

ဝိပဿနာကမ္မဋ္ဌာန်းပိုင်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

---

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိနိဒ္ဒေသ

သမ္မသနဉာဏ်ခန်း

ဤဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသမှ လွတ်မြောက်သွား သော ဝိပဿနာ လမ်းရိုးလမ်းဟောင်းအတိုင်း လမ်းမှန်သွားနေသော ဝိပဿနာပညာသည် အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော လမ်းမှန်လမ်းရိုး ပုဗ္ဗဘာဂမဂ်တည်း။ ဤဩဘာသစသော (၁၀)မျိုးသော ဝိပဿနာ၏ ညစ်ညူး ကြောင်း ဥပက္ကိလေသသည် အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော ဝိပဿနာ လမ်းမှန်လမ်းရိုး ပုဗ္ဗဘာဂမဂ်မဟုတ်။ ဤသို့လျှင် အရိယမဂ်၏ ရှေးအဖို့၌ ဖြစ်သော ဝိပဿနာလမ်းမှန်လမ်းရိုးဖြစ်သည့် ပုဗ္ဗဘာဂမဂ်ကိုလည်းကောင်း၊ ဝိပဿနာ လမ်းမှန်လမ်းရိုး မဟုတ်သည့် မဂ်ကိုလည်းကောင်း မဖောက်မပြန် ဟုတ်သည့်အတိုင်း နားလည်ပိုင်းခြား ကောင်းစွာမှတ်သား၍ တည်သောဉာဏ်သည် မဂ္ဂါမဂ္ဂဉာဏ်ဒဿနဝိသုဒ္ဓိ = ဤကား လမ်းမှန်, ဤကား လမ်းမှားဟု သိမြင်သည်ဖြစ်၍ ဝိပဿနာအညစ်အကြေးမှ စင်ကြယ်သော ဉာဏ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)

---

ကလာပသမ္မသန - နယဝိပဿနာ

ထိုမဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဉာဏ်အမြင်ကို ပြီးစီးပြည့်စုံစေလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ကလာပသမ္မသနဟု ခေါ်ဆိုအပ်သော နယဝိပဿနာက စ၍ အားသစ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)

ကလာပသမ္မသန --- အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် ရုပ်တရား နာမ်တရားတို့ကို အုပ်စုအလိုက် ပေါင်းစုခြုံငုံ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်သောနည်းသည် ကလာပသမ္မသန မည်၏။ ဤကလာပသမ္မသနဟူသော အမည်သည် ဇမ္ဗုဒိပ် ကျွန်း၌ သီတင်းသုံးတော်မူကြကုန်သော မထေရ်မြတ်ကြီးတို့၏ အခေါ်အဝေါ် အသုံးအနှုန်း ဖြစ်၏။

နယဝိပဿနာ --- ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ စသည်ဖြင့် အနတ္တလက္ခဏသုတ္တန် စသော ထိုထို တေပရိဝဋ္ဋဓမ္မဒေသနာတို့၌ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း --- အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး)ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ အမည်ရသော ---

၁။ ရုပ်တရား အစုအပုံ = ရူပက္ခန္ဓာ
၂။ ဝေဒနာတရား အစုအပုံ = ဝေဒနာက္ခန္ဓာ
၃။ သညာတရား အစုအပုံ = သညာက္ခန္ဓာ
၄။ သင်္ခါရတရား အစုအပုံ = သင်္ခါရက္ခန္ဓာ
၅။ ဝိညာဏ်တရား အစုအပုံ = ဝိညာဏက္ခန္ဓာ ---

၁။ ဤတရားအစုအပုံတို့ကို အစုအပုံအလိုက် ငါးပုံ ပုံ၍ လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း (= ခန္ဓာ ငါးပါးနည်း)
၂။ (၁၂)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း (= အာယတန - ၁၂ -ပါးနည်း)
၃။ (၁၈)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း (= ဓာတ် - ၁၈ - ပါးနည်း)

ဤသို့ စသော ဝိပဿနာရှုနည်းများသည် နယဝိပဿနာ မည်၏။ ဤ နယဝိပဿနာဟူသော အမည်သည် သီဟိုဠ်ကျွန်း၌ သီတင်းသုံးတော်မူ ကြကုန်သော မထေရ်မြတ်ကြီးတို့၏ အခေါ်အဝေါ်အသုံးအနှုန်း ဖြစ်၏။ (မဟာဋီ၊၂၊၃၈၆။)

---

ဝိပဿနာဉာဏ်၏ အရှုခံအာရုံ

၁။ ဒွါရ-အာရုံတို့နှင့် အတူတကွ ထိုထို ဒွါရ၌ ဖြစ်ကုန်သော စက္ခုဒွါရိကဓမ္မ သောတဒွါရိကဓမ္မ ဃာနဒွါရိကဓမ္မ ဇိဝှါဒွါရိကဓမ္မ ကာယဒွါရိကဓမ္မ မနောဒွါရိကဓမ္မ ဟူသောဓမ္မ (၆)မျိုး၊

၂။ ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ဟူသော ခန္ဓာငါးပါး၊

၃။ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရ ဟူသော ဒွါရ (၆)ပါး၊

၄။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံ ဟူသော အာရုံ (၆)ပါး၊

၅။ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ် မနောဝိညာဏ် ဟူသော ဝိညာဏ် (၆)ပါး၊

၆ စက္ခုသမ္ဖဿ သောတသမ္ဖဿ ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿ ဟူသော ဖဿ (၆)ပါး၊

၇။ စက္ခုသမ္ဖဿဇာဝေဒနာ သောတသမ္ဖဿဇာဝေဒနာ ဃာနသမ္ဖဿဇာဝေဒနာ ဇိဝှါသမ္ဖဿဇာဝေဒနာ ကာယသမ္ဖဿဇာဝေဒနာ မနောသမ္ဖဿဇာဝေဒနာ ဟူသော ဝေဒနာ (၆)ပါး၊

၈။ ရူပသညာ သဒ္ဒသညာ ဂန္ဓသညာ ရသသညာ ဖောဋ္ဌဗ္ဗသညာ ဓမ္မသညာ ဟူသော သညာ (၆)ပါး၊

၉။ ရူပသေဉ္စတနာ သဒ္ဒသေဉ္စတနာ ဂန္ဓသေဉ္စတနာ ရသသေဉ္စတနာ ဖောဋ္ဌဗ္ဗသေဉ္စတနာ ဓမ္မသေဉ္စတနာ ဟူသော စေတနာ (၆)ပါး၊

၁၀။ ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ ဟူသော တဏှာ (၆)ပါး၊

၁၁။ ရူပဝိတက္က သဒ္ဒဝိတက္က ဂန္ဓဝိတက္က ရသဝိတက္က ဖောဋ္ဌဗ္ဗဝိတက္က ဓမ္မဝိတက္က ဟူသော ဝိတက် (၆)ပါး၊

၁၂။ ရူပဝိစာရ သဒ္ဒဝိစာရ ဂန္ဓဝိစာရ ရသဝိစာရ ဖောဋ္ဌဗ္ဗဝိစာရ ဓမ္မဝိစာရ ဟူသော ဝိစာရ (၆)ပါး၊

၁၃။ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ် ဟူသော ဓာတ် (၆)ပါး၊

၁၄။ ကသိုဏ်း (၁၀)ပါး၊

၁၅။ (၃၂) ကောဋ္ဌာသ၊

၁၆။ အာယတန (၁၂)ပါး၊

၁၇။ ဓာတ် (၁၈)ပါး၊

၁၈။ ဣန္ဒြေ (၂၂)ပါး၊

၁၉။ ကာမဓာတ် ရူပဓာတ် အရူပဓာတ် ဟူသော ဓာတ် (၃)ပါး၊

၂၀။ ကာမဘဝ ရူပဘဝ အရူပဘဝ သညီဘဝ အသညီဘဝ နေဝသညီနာသညီဘဝ ဧကဝေါကာရဘဝ (= အသညသတ်) စတုဝေါကာရ ဘဝ (= အရူပလေးဘုံ) ပဉ္စဝေါကာရဘဝ (= ကာမ - ၁၁ဘုံ, ရူပ - ၁၅ဘုံ)ဟူသော ဘဝကြီး (၉)ဘဝ၊

၂၁။ ရူပစျာန် (၄) ပါး၊

၂၂။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသော အပ္ပမညာတရား (၄)ပါး၊

၂၃။ အရူပစျာန်သမာပတ် (၄)ပါး၊

၂၄။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ် ---

ဤတရားအစုအပုံတို့ ဖြစ်ကြသည်ဟု မှတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၃-၂၄၄။)

---

သုံးမျိုးကုန်သော သတ္တဝါတို့ကို ချီးမြှောက်တော်မူရန်

ချေချွတ်တော်မူရမည့် ကျွတ်ထိုက်သသူ ဝေနေယျကြာ သတ္တဝါတို့သည်ကား သုံးမျိုးသုံးစား ရှိကြ၏။ ထိုသတ္တဝါသုံးမျိုး သုံးစားလုံးကို ချီးမြှောက်တော်မူရန်အလို့ငှာ ဘုရားရှင်သည် ခန္ဓာငါးပါးနည်း စသည့် အမျိုးမျိုး သောနည်းတို့ဖြင့် ဝိပဿနာရှုကွက်ကို ညွှန်ကြားပြသပေးတော်မူရလေသည်။

ခန္ဓာငါးပါးနည်းဖြင့် ဝိပဿနာဘာဝနာကို နှလုံးသွင်းရှုပွားပါကလည်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သည်သာဖြစ်၏။ အာယတန (၁၂)ပါးနည်းဖြင့် ဝိပဿနာဘာဝနာကို နှလုံးသွင်းရှုပွားပါကလည်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သည်သာဖြစ်၏။ ဓာတ် (၁၈)ပါးနည်းဖြင့် ဝိပဿနာဘာဝနာ ကို နှလုံးသွင်းရှုပွားပါကလည်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏။ ဤသို့စသည်ဖြင့် တစ်မျိုးမျိုးသော နည်းလမ်းဖြင့် ဝိပဿနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါကလည်း အရဟတ္တဖိုလ်ဟူသော လိုအပ်သော အကျိုးတရား၏ ပြီးစီးပြည့်စုံခြင်းသည် ဖြစ်နိုင်ပါလျက် အဘယ်ကြောင့် နည်းလမ်းတစ်မျိုးကိုသာ မဟောဘဲ နည်းလမ်းအမျိုးမျိုးကို ဟောကြားတော်မူရပါသနည်းဟူမူ အဖြေမှာ သုံးမျိုးပြားသော သတ္တဝါတို့ကို ချီးမြှောက်တော်မူရန်အလို့ငှာ ဟောကြားတော်မူရသည် ဟူပေ။

၁။ ရူပသမ္မူဠှာ = ရုပ်တရား၌ တွေဝေသော သတ္တဝါ၊
၂။ အရူပသမ္မူဠှာ = နာမ်တရား၌ တွေဝေသော သတ္တဝါ၊
၃။ ဥဘယသမ္မူဠှာ = ရုပ်+နာမ် နှစ်မျိုးလုံး၌ တွေဝေသော သတ္တဝါ၊

၁။ တိက္ခိန္ဒြိယာ = ဣန္ဒြေထက်မြက်သော သတ္တဝါ၊
၂။ မဇ္ဈိမိန္ဒြိယာ = ဣန္ဒြေ မနုံ့မထက် အလယ်အလတ်ရှိသော သတ္တဝါ၊
၃။ မုဒိန္ဒြိယာ = ဣန္ဒြေနုံ့သော သတ္တဝါ၊

၁။ သံခိတ္တရုစီ = အကျဉ်းနည်းကို နှစ်ခြိုက်သော သတ္တဝါ၊
၂။ မဇ္ဈိမရုစီ = မကျဉ်းမကျယ် အလယ်အလတ်နည်းလမ်းကို နှစ်ခြိုက် သော သတ္တဝါ၊
၃။ ဝိတ္ထာရရုစီ = အကျယ်နည်းလမ်းကို နှစ်ခြိုက်သော သတ္တဝါ၊

ဤသို့လျှင် ကျွတ်ထိုက်သသူ ဝေနေယျကြာသတ္တဝါတို့၌ သုံးမျိုးသုံးစား ရှိနေပေ၏။ ထို သုံးမျိုးသုံးစားသော သတ္တဝါတို့ကို ချီးမြှောက်တော်မူရန် အလို့ငှာ ဘုရားရှင်သည် ထိုကဲ့သို့ တရားတော်ကို နည်းမျိုးစုံဖြင့် တန်ဆာ ဆင်၍ ဟောကြားတော်မူရပေသည်။

၁။ (က) နာမ်တရား၌ တွေဝေသော အရူပသမ္မူဠှာပုဂ္ဂိုလ်၊
( ခ ) ဣန္ဒြေထက်မြက်သော တိက္ခိန္ဒြိယပုဂ္ဂိုလ်၊
( ဂ ) အကျဉ်းနည်းကို နှစ်ခြိုက်သော သံခိတ္တရုစီပုဂ္ဂိုလ် ---

ဤ ပုဂ္ဂိုလ်မျိုးတို့ကို ချီးမြှောက်တော်မူခြင်းငှာ -- အနတ္တလက္ခဏသုတ္တန်ကဲ့သို့သော ဒေသနာတော်များဖြင့် ခန္ဓာငါးပါးနည်းဖြင့် ဝိပဿနာ ရှုကွက်ကို သင်ပြပေးတော်မူလေသည်။

၂။ (က) ရုပ်တရား၌ တွေဝေသော ရူပသမ္မူဠှာပုဂ္ဂိုလ်၊
( ခ ) ဣန္ဒြေ အလယ်အလတ်ရှိသော မဇ္ဈိမိန္ဒြိယပုဂ္ဂိုလ်၊
( ဂ ) မကျဉ်းမကျယ် အလယ်အလတ်ကျင့်စဉ်ကို နှစ်ခြိုက်သော မဇ္ဈိမရုစီပုဂ္ဂိုလ် ---

ဤ ပုဂ္ဂိုလ်မျိုးတို့ကို ချီးမြှောက်တော်မူရန်အလို့ငှာ အာယတန (၁၂) ပါးနည်းဖြင့် ဝိပဿနာရှုကွက်ကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူလေ သည်။

၃။ (က) ရုပ်+နာမ် နှစ်မျိုးလုံး၌ တွေဝေသော ဥဘယသမ္မူဠှာပုဂ္ဂိုလ်၊
( ခ ) ဣန္ဒြေနုံ့သော မုဒိန္ဒြိယာပုဂ္ဂိုလ်၊
( ဂ ) အကျယ်နည်းလမ်းကို နှစ်ခြိုက်သော ဝိတ္ထာရရုစီပုဂ္ဂိုလ် ---

ဤ ပုဂ္ဂိုလ်မျိုးတို့ကို ချီးမြှောက်တော်မူရန်အလို့ငှာ ဓာတ် (၁၈)ပါး နည်းဖြင့် ဝိပဿနာရှုကွက်ကို ညွှန်ကြားပြသပေးတော်မူလေသည်။

အနတ္တလက္ခဏာကို ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ သိမ်းဆည်း နိုင်ရန်အလို့ငှာ ဣန္ဒြိယဒေသနာတော်နည်းဖြင့် ဝိပဿနာရှုကွက်ကို ဟောကြားပြသပေးတော်မူလေသည်။

၁။ ပဝတ္တိ = ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ဖြစ်ခြင်း၊
၂။ ပဝတ္တိဟေတု = ယင်း ဒုက္ခသစ္စာတရားတို့၏ အကြောင်းတရား၊
၃။ နိဝတ္တိ = ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ချုပ်ငြိမ်းမှု၊
၄။ နိဝတ္တိဟေတု = ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ချုပ်ငြိမ်းကြောင်း ကျင့်စဉ် ---

ဤ လေးချက်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါမှသာလျှင် ယင်းအထက်ပါ ဝိပဿနာရှုကွက် အမျိုးမျိုးသည် မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အကျိုးစီးပွားအမျိုးမျိုးကို ရွက်ဆောင်နိုင် ပေသည်။ ယင်းလေးချက်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိပါက မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အကျိုးကို မရွက်ဆောင်နိုင်ဟု သိရှိစေရန် ရည်ရွယ်တောင့်တတော်မူ၍ သစ္စာဒေသနာတော်နည်း ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းနှင့် ဆက်စပ်သော ဝိပဿနာရှုကွက်တို့ကိုလည်း ဟောကြားပြသ ဆိုဆုံးမပေးတော်မူလေသည်။ (မဟာဋီ၊၂၊၈၄-၈၅၊၊)

---

သတိပြုရန်

စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟု ပရမတ်တရား (၄)မျိုး ရှိ၏။ ထိုတွင် စိတ်-စေတသိက်-ရုပ် ပရမတ်တို့ကား အနိစ္စပရမတ် ဒုက္ခပရမတ် အနတ္တ ပရမတ်တရားတို့ ဖြစ်ကြ၏။ နိဗ္ဗာန် တရားတော်မြတ်ကား နိစ္စပရမတ် သုခ ပရမတ် အနတ္တပရမတ်တရား ဖြစ်၏။

ယင်း နိစ္စပရမတ် သုခပရမတ် အနတ္တပရမတ် အစစ် အဖြစ်ကြီးဖြစ် တော်မူသော စတုတ္ထပရမတ်ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကြီးကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းသည် ပထမပရမတ် ဒုတိယ ပရမတ် တတိယပရမတ်ဖြစ်သည့် --- စိတ် စေတသိက် ရုပ်တရားတို့ကို အကြောင်းတရားနှင့် တကွ သိမ်းဆည်းလျက် လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုရမည် ဖြစ်ပေသည်။

ထိုသို့ ရှုရာဝယ် ---

၁။ စိတ်နှင့် စေတသိက်ကို နာမ်တရားအဖြစ် တစ်ပုံ ပုံ၍, ရုပ်တရားကို တစ်ပုံ ပုံ၍ - ဤသို့လျှင် ရုပ်တစ်ပုံ နာမ်တစ်ပုံဟူသော ရုပ်-နာမ် နှစ်ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏။

၂။ ရုပ်တရားကို တစ်ပုံ, နာမ်တရားကို ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် ဟု လေးပုံ ပုံ၍ ခန္ဓာငါးပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏။

၃။ တစ်ဖန် ယင်းရုပ်နာမ်တို့ကိုပင် (၁၂)ပုံ ပုံ၍ အာယတန (၁၂)ပါးနည်း ဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန်ကို ဆိုက် ရောက်နိုင်သည်သာ ဖြစ်၏။

၄။ တစ်ဖန် ယင်းရုပ်နာမ်တို့ကို (၁၈)ပုံ ပုံ၍ ဓာတ် (၁၈)ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန်ကို ဆိုက်ရောက်နိုင် သည်သာ ဖြစ်၏။

၅။ တစ်ဖန် ယင်းရုပ်နာမ်တို့ကိုပင် (၂၂)ပုံ ပုံ၍ ဣန္ဒြိယဒေသနာတော် နည်းဖြင့် လောကီဣန္ဒြေတို့ကို ဝိပဿနာ ရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏။

၆။ တစ်ဖန် ယင်းရုပ်နာမ်တို့ကို အင်္ဂါရပ် (၁၂)ရပ်ဖြင့် ခွဲတမ်းချ၍ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏။

၇။ တစ်ဖန် သစ္စာဒေသနာတော်နည်းအရ ဒုက္ခသစ္စာတစ်ပုံ သမုဒယ သစ္စာတစ်ပုံ ဤသို့ နှစ်ပုံ ပုံ၍ ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏။

ဤသို့ စသည်ဖြင့် နိဗ္ဗာန်သို့ရောက်ရန် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံအဖြစ် ရှုပွားသုံးသပ်ရသော ရုပ်နာမ်နှစ်ပါး, ခန္ဓာငါးပါး, အာယတန တစ်ဆယ့်နှစ်ပါး, ဓာတ် တစ်ဆယ့်ရှစ်ပါး, ဣန္ဒြေ နှစ်ဆယ့်နှစ်ပါး, ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တစ်ဆယ့်နှစ်ရပ်, ဒုက္ခသစ္စာ သမုဒယသစ္စာတရားတို့ ဟူသည် မှာ --- စိတ်+စေတသိက်+ရုပ်တရားတို့သာ ဖြစ်ကြသည်။ ရှုပွားပုံနည်းစနစ် ကွာခြားသော်လည်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် အခြေခံ ပရမတ္ထဓာတ်သားချင်းကား တူညီလျက်ပင် ရှိပေသည်။

ထိုကြောင့် ဝိပဿနာကို စတင်အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ် သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ---

၁။ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးဖြစ်ခြင်း၊
၂။ အကြောင်းတရားတို့ကို သိမ်းဆည်းပြီးဖြစ်ခြင်း - ဟူသော

နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါးတို့ကို ရရှိထားပြီး ဖြစ်ရပေမည်။ ထိုသို့ သိမ်းဆည်းထားပြီးသော ရုပ်နာမ်ကြောင်းကျိုး = သင်္ခါရ တရားတို့တွင် မည်သည့်တရားက စတင်၍ ဝိပဿနာရှုပွားသုံးသပ်ရမည် နည်းဟု မေးရန်ရှိ၏။ အဖြေမှာ အောက်ပါအတိုင်းဖြစ်၏။

---

ထင်ရှားရာ လွယ်ကူရာက စပါ

ယေပိ စ သမ္မသနုပဂါ၊ တေသု ယေ ယဿ ပါကဋာ ဟောန္တိသုခေန ပရိဂ္ဂဟံ ဂစ္ဆန္တိ၊ တေသု တေန သမ္မသနံ အာရဘိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၄၄။)

ယေ ရူပါရူပဓမ္မာ။ ယဿာတိ ယောဂိနော။ တေသု တေန သမ္မသနံ အာရဘိတဗ္ဗံ ယထာပါကဋံ ဝိပဿနာဘိနိဝေသောတိ ကတွာ။ ပစ္ဆာ ပန အနုပဋ္ဌဟန္တေပိ ဥပါယေန ဥပဋ္ဌဟာပေတွာ အနဝသေသတောဝ သမ္မသိတဗ္ဗာ။ (မဟာဋီ၊၂၊၃၉၁။)

= လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာရှုပွားသုံးသပ်ထိုက်ကုန် သော လောကီ ရုပ်တရား နာမ်တရားတို့တွင် အကြင် ရုပ်တရား နာမ်တရား တို့သည် အကြင် ယောဂီပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားကုန်၏၊ ချမ်းချမ်း သာသာ လွယ်လွယ်ကူကူ မပင်မပန်း သိမ်းဆည်း၍ ရနိုင်ကုန်၏။ ထို ရုပ် တရား နာမ်တရားတို့၌ ထိုယောဂီပုဂ္ဂိုလ်သည် လက္ခဏာယာဉ်သုံးချက်တင် ၍ ဝိပဿနာတရား ရှုပွားသုံးသပ်ခြင်း သမ္မသနအမှုကို ကြိုးစားအားထုတ် ပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၄။)

(က) ထင်ရှားရာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း သိမ်းဆည်း၍ ရနိုင်သည့် ထိုရုပ်တရား နာမ်တရားတို့၌ ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း သမ္မသနအမှုကို ကြိုးစားအားထုတ်ပါဟူသော ဤစကားကိုထင်ရှားရာကို = ထင်ရှားသည့် ရုပ်တရား နာမ်တရားကို ဝိပဿနာ နှလုံးသွင်းခြင်းသည် ဖြစ်နိုင်၏ဟု နှလုံးပိုက်၍ အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်သည်။

( ခ ) သို့သော်လည်း နောက်ပိုင်းကာလ၌ကား အသိဉာဏ်၌ မထင်လာ မမြင်လာသေးသော ရုပ်တရား နာမ်တရားတို့ကိုလည်း အကြောင်း ဥပါယ်တံမျဉ်ဖြင့် အသိဉာဏ်၌ ထင်လာမြင်လာစေ၍ = ထင်လာမြင်လာအောင် ပြုလုပ်၍ အကြွင်းအကျန်မရှိ ကုန်စင်အောင်သာလျှင် (ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို) လက္ခဏာယာဉ် သုံးချက် တင်၍ ဝိပဿနာရှုပွားသုံးသပ်ပါ။ (မဟာဋီ၊၂၊၃၉၁။)

ဤအထက်ပါ စကားရပ်များကို အဋ္ဌကထာဆရာတော်က ---

၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း၊
၂။ အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း၊
၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊
၄။ ပစ္စယပရိဂ္ဂဟ = ပစ္စုပ္ပန် ရုပ်နာမ်၏ အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း၊
၅။ အဒ္ဓါနပရိဂ္ဂဟ = အတိတ် အနာဂတ် ရုပ်နာမ်၏ အကြောင်းတရား တို့ကို သိမ်းဆည်းခြင်း ဟူသော -

ဤပရိဂ္ဂဟ (၅)မျိုးတို့ကို ကမ်းတစ်ဖက်သို့ ရောက်အောင် ပေါက်မြောက်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်တို့အတွက်သာ ပြောဆိုနေသော စကား ဖြစ်သည်ကိုကား သတိပြုသင့်လှပေသည်။

၁။ ရုပ်တရားကိုလည်း ပရမတ်သို့ဆိုက်အောင် မသိ၊
၂။ နာမ်တရားကိုလည်း ပရမတ်သို့ဆိုက်အောင် မသိ၊
၃။ ရုပ်နာမ်ကိုလည်း ပရမတ်သို့ဆိုက်အောင် မသိ၊
၄။ ပစ္စုပ္ပန်ရုပ်နာမ်၏ အကြောင်းတရားကိုလည်း မသိ၊
၅။ အတိတ် အနာဂတ် ရုပ်နာမ်၏ အကြောင်းတရားကိုလည်း မသိ ---

ဤသို့သော မသိမှုတွေကို တစ်ပုံကြီးထမ်းလျက် ကမ္မဋ္ဌာန်းကျောင်း အတွင်းသို့ ရောက်သစ်စဖြစ်သော ဝင်ရောက်တရားထိုင်နေသော ယောဂါဝစရပုဂ္ဂိုလ်အတွက် ထင်ရှားရာ လွယ်ကူရာကိုသာ ပညတ်-ပရမတ် မခွဲဘဲ ပညတ်-ပရမတ် မကွဲဘဲ ရှုချင်သလိုရှုရန် ညွှန်ကြားနေသော စကားရပ်များ မဟုတ်ကြသည်ကိုကား သတိပြုသင့်လှပေသည်။

သို့သော် ယင်းအထက်ပါ အဋ္ဌကထာဆရာတော်၏ စကားရပ်နှင့် ဋီကာဆရာတော်၏ (က) စကားရပ်တို့ကိုသာ ကြည့်၍ ဝိပဿနာဆိုတာ ထင်ရှားရာကိုသာ ရှုရသည်ဟု ညွှန်ကြားတော်မူကြပြန်သည်။ ဋီကာဆရာတော်၏ (ခ) စကားရပ်ကို ထည့်သွင်း၍ မစဉ်းစားတော့ပေ။ သို့သော် မဟာ ဋီကာဆရာတော်ကိုယ်တိုင်က (မဟာဋီ၊၂၊၃၅၈။)တွင် သံယုတ်ပါဠိတော် သဠာယတနဝဂ္ဂသံယုတ်၌ လာရှိသော အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀။)ကို ကိုးကား၍ အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုး တို့ဖြင့် ကွဲကွဲပြားပြားသိအောင် ရှုပွားသင့်ကြောင်း, အကြွင်းအကျန်မရှိ ကုန်စင်အောင် ဝိပဿနာရှုရမည်ဖြစ်ကြောင်းကို ဆုံးဖြတ်ထားပြီးပင် ဖြစ်ပေသည်။ အောက်ပါ အဋ္ဌကထာ၏ ဖြတ်ထုံးကိုလည်း ဖတ်ရှုကြည့်ပါ။

---

လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ

အနတ္တလက္ခဏသုတ္တန် စသော ထိုထို တေပရိဝဋ္ဋဓမ္မဒေသနာတော် များနှင့် အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားချက်အရ - အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သည့် ရုပ်နာမ်ကြောင်းကျိုး = သင်္ခါရ တရားအားလုံးကို ဝိပဿနာရှုရမည်ဖြစ်ရာ မည်သို့သော နည်းစနစ်ဖြင့် မည်သို့သော စည်းကမ်းသတ်မှတ်ချက်ဖြင့် ဝိပဿနာရှုရမည်နည်းဟု မေးဖွယ်ရာ ရှိ၏။ အဋ္ဌသာလိနီအဋ္ဌကထာ စာမျက်နှာ (၂၇၀-၂၇၁)တွင်လည်းကောင်း, ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၃၀၀-၃၀၁။)တွင်လည်းကောင်း ဝုဋ္ဌာနဂါမိနိဝိပဿနာ အမျိုးမျိုးကို ရေတွက်ပြသည့်အပိုင်းတွင် ဝိပဿနာပိုင်းတွင် လိုက်နာရမည့် စည်းကမ်းများကို ဖွင့်ဆိုထားတော်မူကြ၏။ ဤတွင် အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။

ဣဓေကစ္စော အာဒိတောဝ အဇ္ဈတ္တံ ပဉ္စသု ခန္ဓေသု အဘိနိဝိသတိ၊ အဘိနိဝိသိတွာ တေ အနိစ္စာဒိတော ပဿတိ၊ ယသ္မာ ပန န သုဒ္ဓအဇ္ဈတ္တဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ ဗဟိဒ္ဓါပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ ပရဿ ခန္ဓေပိ အနုပါဒိန္နသင်္ခါရေပိ အနိစ္စံ ဒုက္ခမနတ္တာတိ ပဿတိ။ သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါတိ။ တေဿဝံ သမ္မသတော အဇ္ဈတ္တံ သမ္မသနကာလေ ဝိပဿနာ မဂ္ဂေန သဒ္ဓိံ ဃဋိယတိ။ ဧဝံ အဇ္ဈတ္တံ အဘိနိဝိသိတွာ အဇ္ဈတ္တံ ဝုဋ္ဌာတိ နာမ။ သစေ ပနဿ ဗဟိဒ္ဓါ သမ္မသနကာလေ ဝိပဿနာ မဂ္ဂေန သဒ္ဓိံ ဃဋိယတိ၊ ဧဝံ အဇ္ဈတ္တံ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ဝုဋ္ဌာတိ နာမ။ ဧသေဝ နယော ဗဟိဒ္ဓါ အဘိနိဝိသိတွာ ဗဟိဒ္ဓါ စ အဇ္ဈတ္တဉ္စ ဝုဋ္ဌာနေပိ။

အပရော အာဒိတောဝ ရူပေ အဘိနိဝိသတိ၊ အဘိနိဝိသိတွာ ဘူတရူပဉ္စ ဥပါဒါရူပဉ္စ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ၊ ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ သော ကာလေန ရူပံ သမ္မသတိ ကာလေန အရူပံ။ တေဿဝံ သမ္မသတော ရူပသမ္မသနကာလေ ဝိပဿနာ မဂ္ဂေန သဒ္ဓိံ ဃဋိယတိ။ ဧဝံ ရူပေ အဘိနိဝိသိတွာ ရူပါ ဝုဋ္ဌာတိ နာမ။ သစေ ပနဿ အရူပသမ္မသနကာလေ ဝိပဿနာ မဂ္ဂေန သဒ္ဓိံ ဃဋိယတိ၊ ဧဝံ ရူပေ အဘိနိဝိသိတွာ အရူပါ ဝုဋ္ဌာတိ နာမ။ ဧသ နယော အရူပေ အဘိနိဝိသိတွာ အရူပါ စ ရူပါ စ ဝုဋ္ဌာနေပိ။

ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မန္တိ ဧဝံ အဘိနိဝိသိတွာ ဧဝမေဝ ဝုဋ္ဌာနကာလေ ပန ဧကပ္ပဟာရေန ပဉ္စဟိ ခန္ဓေဟိ ဝုဋ္ဌာတိ နာမာတိ အယံ တိက္ခဝိပဿကဿ မဟာပညဿ ဘိက္ခုနော ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။)

အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။ (မဟာဋီ၊၂၊၄၇၀။)

အဘိနိဝေသ --- ဟူသည် ဝိပဿနာ၏ ေ့ရှအဖို့၌ ပြုသင့်ပြုထိုက် သော ပြုကျင့်အပ်သော နာမ်ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း နာမရူပ ပရိစ္ဆေဒဉာဏ်ကို ဆိုလိုသည်ဟု သိရှိပါလေ။ ထိုကြောင့် ရှေးဦးစွာ ရုပ်တရား ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ရူပေ အဘိနိဝေသ = ရုပ် တရား၌ စတင်၍ ဝိပဿနာနှလုံးသွင်းခြင်းဟု သိရှိပါလေ။ ကြွင်းကုန်သော အဘိနိဝေသတို့၌လည်း ဤနည်းပင်တည်း။ (မဟာဋီ၊၂၊၄၇၀။) ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းကိုပင် အဘိနိဝေသဟု ဆိုသည်။

လောကုတ္တရအရိယမဂ်သည် ---

၁။ အဇ္ဈတ္တကို (= အဇ္ဈတ္တသင်္ခါရတရားကို) စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် အဇ္ဈတ္တမှ (= အဇ္ဈတ္တသင်္ခါရတရားမှ) ထသည်လည်း ရှိ၏။

၂။ အဇ္ဈတ္တကို စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် ဗဟိဒ္ဓမှ (= ဗဟိဒ္ဓ သင်္ခါရတရားမှ) ထသည်လည်း ရှိ၏။

၃။ ဗဟိဒ္ဓကို စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျင် ဗဟိဒ္ဓ္ဓမှ ထသည် လည်း ရှိ၏။

၄။ ဗဟိဒ္ဓကို စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျင် အဇ္ဈတ္တမှ ထသည် လည်း ရှိ၏။

၅။ ရုပ်တရား၌ စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် ရုပ်တရားမှ ထသည်လည်း ရှိ၏။

၆။ ရုပ်တရား၌ စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် နာမ်တရားမှ ထသည်လည်း ရှိ၏။

၇။ နာမ်တရား၌ စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် နာမ်တရားမှ ထသည်လည်း ရှိ၏။

၈။ နာမ်တရား၌ စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် ရုပ်တရားမှ ထသည်လည်း ရှိ၏။

၉။ တစ်ပြိုင်နက်တည်းပင်လျှင် ခန္ဓာငါးပါးတို့မှ ထသည်လည်း ရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။)

၁။ ဤသာသနာတော်၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးအစ အားထုတ်အခါစ၌ပင်လျှင် အဇ္ဈတ္တ ခန္ဓာငါးပါးတို့၌ စတင်၍ နှလုံးသွင်း ရှုပွား၏။ နှလုံးသွင်းရှုပွားပြီး၍ ထိုအဇ္ဈတ္တ ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏။ သို့သော် အဇ္ဈတ္တ ခန္ဓာငါးပါး သက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်ကား ဝုဋ္ဌာနဂါမိနိဝိပဿနာ = သင်္ခါရအာရုံမှ ထ၍ နိဗ္ဗာန်ဘက်သို့ တစ်ဟုန်တည်း ထမြောက်ပြေးသွားသော မဂ္ဂဝီထိစိတ်အစဉ်နှင့် တကွသော ဝုဋ္ဌာနဂါမိနိ ဝိပဿနာသည် ဖြစ်ပေါ်မလာနိုင်သောကြောင့် ဗဟိဒ္ဓ ခန္ဓာငါးပါးတို့ကိုလည်း ဝိပဿနာ ရှုရမည်သာ ဖြစ်သည်။ ထိုကြောင့် သူတစ်ပါး၏ ခန္ဓာငါးပါးတို့ကိုလည်းကောင်း, သက်မဲ့ အနုပါဒိန္န သင်္ခါရတရားတို့ကိုလည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှု၏။ ထို ယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ အဇ္ဈတ္တကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏။ ရံခါ ဗဟိဒ္ဓကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏။ ထိုသို့ ရှုပွားသုံးသပ်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာ ဉာဏ်သည် အဇ္ဈတ္တကို ဝိပဿနာ ရှုပွားသုံးသပ်ခိုက်၌ အရိယမဂ်ဉာဏ်နှင့် အတူတကွ ဆက်စပ်မိ၏။ (ဝိပဿနာဉာဏ်၏ အဆုံး၌ အရိယမဂ်ဉာဏ် ပေါ်လာ၏ ဟူလို။) ဤသို့လျှင် အဇ္ဈတ္တကို စတင် နှလုံးသွင်း၍ အဇ္ဈတ္တမှ ထသည် မည်ပေသည်။ (ဝုဋ္ဌာနဂါမိနိဝိပဿနာ ဖြစ်သည်ဟူလို၊၊)

[ဝုဋ္ဌာနဂါမိနိဝိပဿနာ --- ဝိပဿနာစိတ်အစဉ်သည် သင်္ခါရအာရုံမှ ထမြောက်၍ သင်္ခါရလွတ်ရာ နိဗ္ဗာန်သို့ တစ်ဟုန်တည်း ပြေးသွား၏။ သင်္ခါရ အာရုံမှ ထမြောက်၍ သင်္ခါရလွတ်ရာ နိဗ္ဗာန်သို့ တစ်ဟုန်တည်း ပြေးသွား သော အထွတ်အထိပ်သို့ ရောက်နေသော သိခါပတ္တာဝိပဿနာ အမည်ရ သော သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ် ဂေါတြဘုဉာဏ်ဟု ခေါ်ဆို သမုတ်အပ်သော ဉာဏ်သုံးပါးအပေါင်း၏ အမည်ဖြစ်သည်။] (ဝိသုဒ္ဓိ၊၂၊၂၉၉။ မဟာဋီ၊၂၊၄၆၉။)

၂။ နောက်တစ်မျိုးကား --- အဇ္ဈတ္တကို တစ်လှည့်, ဗဟိဒ္ဓကို တစ်လှည့် ဝိပဿနာ ရှုပွားသုံးသပ်နေသော အဇ္ဈတ္တမှ စတင် အားသစ်လာသော ထို ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ ဗဟိဒ္ဓကို ဝိပဿနာ ရှုပွား သုံးသပ် ခိုက်၌ ဝိပဿနာဉာဏ်သည် အရိယမဂ်ဉာဏ်နှင့် အတူတကွ ဆက်စပ်မိသည် ဖြစ်ငြားအံ့၊ ဤသို့ ဆက်စပ်မိသော် အဇ္ဈတ္တကို စတင်နှလုံးသွင်း၍ ဗဟိဒ္ဓမှ ထသည် မည်၏။

၃-၄။ ဗဟိဒ္ဓကို စတင်နှလုံးသွင်း၍ ဗဟိဒ္ဓမှလည်းကောင်း, အဇ္ဈတ္တမှလည်းကောင်း ထရာ၌လည်း ဤနည်းပင်တည်း။

၅။ (အဇ္ဈတ္တ၌လည်း ရုပ်နှင့် နာမ် နှစ်မျိုး, ဗဟိဒ္ဓ၌လည်း ရုပ်နှင့် နာမ် နှစ်မျိုး - ဤသို့ နှစ်မျိုးစီ ရှိနေသဖြင့်) အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးအစ အားထုတ်ခါစ၌ပင်လျှင် (ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင်) ရုပ်တရား၌ စတင် နှလုံးသွင်း၏။ (ရုပ်တရားက စတင်၍ သိမ်းဆည်းသည် ဟူလို။) နှလုံးသွင်းပြီး၍ ဘူတရုပ် (= ဓာတ်ကြီး လေးပါး)ကိုလည်းကောင်း, (၂၄)မျိုးသော ဥပါဒါရုပ်ကိုလည်းကောင်း ဉာဏ် ဖြင့် ကွဲကွဲပြားပြား သိအောင် ပိုင်းခြားယူ၍ (လက္ခဏာရေးသုံးတန် တစ်လှည့် စီတင်ကာ) ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှု၏။ သို့သော် ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ကား ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မဖြစ်နိုင်သောကြောင့် နာမ်တရားကိုလည်း (လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍) ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် ထို ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာကိုလည်းကောင်း, သညာကိုလည်းကောင်း, စေတသိက်သင်္ခါရတရားစုကိုလည်းကောင်း, ဝိညာဏ်ကိုလည်းကောင်း --- ဤကား နာမ်တရားဟု ဉာဏ်ဖြင့် ကွဲကွဲပြားပြားသိအောင် ပိုင်းခြားယူလျက် အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှု၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ ရုပ်တရားကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ရံခါ နာမ်တရားကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏။ ဤသို့ ရှုပွားသုံးသပ်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် ရုပ်တရားကို ရှုပွားသုံးသပ်စဉ် အရိယမဂ်ဉာဏ်နှင့် အတူတကွ ဆက်စပ်မိ၏။ ဤသို့ ဆက်စပ်မိသော် ရုပ်တရား၌ စတင် နှလုံးသွင်း ရှုပွား၍ ရုပ်တရားမှ ထသည် မည်၏။

၆။ အကယ်၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် နာမ်တရားကို ရှုပွားသုံးသပ်ခိုက်ဝယ် အရိယမဂ်ဉာဏ်နှင့် အတူတကွ ဆက်စပ် မိငြားအံ့၊ ဤသို့ ဆက်စပ်မိသော် ရုပ်တရား၌ စတင် နှလုံးသွင်း၍ နာမ် တရားမှ ထသည် မည်၏။

၇-၈။ နာမ်တရား၌ စတင်နှလုံးသွင်း၍ နာမ်တရားမှလည်းကောင်း, ရုပ် တရားမှလည်းကောင်း ထရာ၌လည်း နည်းတူပင်မှတ်ပါ။

၉။ ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ = ဖြစ်သည့် တရားမှန်က အားလုံးပျက်၏ --- ဟု ဤသို့ နှလုံးသွင်း၍ ဝုဋ္ဌာနဂါမိနိဝိပဿနာ ဖြစ်ရာ ကာလ၌ကား တစ်ပြိုင်နက်တည်းအားဖြင့် ခန္ဓာငါးပါးတို့မှ ထ၏ဟု သိရှိပါလေ။ ဤဝိပဿနာကား ထက်မြက်သော ဝိပဿနာ, ကြီးမားသော ဉာဏ်ပညာရှိသော တိက္ခဝိပဿက မဟာပညရဟန်းတော်၏ ဝိပဿနာတည်း။ (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။)

ဤအထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာ၏ ဆုံးဖြတ်ချက်နှင့် ပုံစံတူ အဓိပ္ပါယ်တူ ဆုံးဖြတ်ချက်တစ်ခု = ဖြတ်ထုံးတစ်ခုကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၃၀၀)၌လည်းကောင်း, နိဒါနဝဂ္ဂသံယုတ် အဋ္ဌကထာ ကဠာရသုတ္တန် (သံ၊ဋ္ဌ၊၂၊၅၉။) အဖွင့်၌လည်းကောင်း လာရှိပေသည်။ စကားလုံး အနည်းငယ်ကွဲသော်လည်း အဓိပ္ပါယ်မှာ လုံးဝ တူညီလျက် ရှိပေသည်။ ဤမျှ တိတိကျကျ ဆုံးဖြတ်ချက် ရေးသားနေသော ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာဆရာတော်သည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သမ္မသနဉာဏ်ခန်း၌ ဝိပဿနာဟူသည် (ပညတ်-ပရမတ် မကွဲဘဲ, ပညတ်-ပရမတ် မခွဲဘဲ) ထင်ရှားရာကိုသာ ရှုရသည်ဟူသော အဓိပ္ပါယ်မျိုးဖြင့် ---

ယေပိ စ သမ္မသနုပဂါ၊ တေသု ယေ ယဿ ပါကဋာ ဟောန္တိ၊ သုခေန ပရိဂ္ဂဟံ ဂစ္ဆန္တိ၊ တေသု တေန သမ္မသနံ အာရဘိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၄၄။)

= လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်ကုန် သော လောကီ ရုပ်တရား နာမ်တရားတို့တွင် အကြင် ရုပ်တရား နာမ်တရား တို့သည် အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားကုန်၏။ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း သိမ်းဆည်း၍ ရနိုင်ကုန်၏။ ထို ရုပ်တရား နာမ်တရားတို့၌ ထိုေယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း သမ္မသနအမှုကို ကြိုးစားအားထုတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၄။) --- ဟူသော

ဤ စကားရပ်များကို မည်ကဲ့သို့သော အဓိပ္ပါယ်ဖြင့် ရေးသားတင်ပြထားသည်ကို အသင်သူတော်ကောင်း ကိုယ်တိုင်ပင် ဝေဖန်နှိုင်းချိန် စဉ်းစားလေရာသည်။ အမှန်မှာ --- အဋ္ဌကထာဆရာတော်သည် ပရိဂ္ဂဟငါးမျိုး တစ်ဖက်ကမ်းခပ်အောင် ပေါက်မြောက်ပြီးသော ဝိပဿနာစခန်း သမ္မသန ဉာဏ်ခန်းသို့ ကူးလာစပုဂ္ဂိုလ်အတွက် ဝိပဿနာ အားထုတ်စ၌ လွယ်လွယ် ကူကူ သိမ်းဆည်း၍ ရနိုင်ရာ ရုပ်တရား နာမ်တရားက စ၍ ဝိပဿနာ ရှုရန်သာ ပြောကြားခြင်းဖြစ်သည်။ မဟာဋီကာဆရာတော် ရှင်းပြတော်မူသည့် အတိုင်း လွယ်ကူရာ ရုပ်တရား နာမ်တရားတို့ကို သမ္မသနလုပ်ငန်းရပ်ဖြင့် ဝိပဿနာရှုပြီးသောအခါ၌လည်း အသိဉာဏ်၌ လွယ်လွယ်ကူကူ မထင်လာ မမြင်လာသော ရုပ်နာမ်တို့ကိုလည်း အသိဉာဏ်၌ ထင်လာ မြင်လာအောင် အကြောင်းဥပါယ်တံမျဉ်ဖြင့် ပြုလုပ်၍ လက္ခဏာယာဉ် တင်လျက် ဝိပဿနာ ရှုပွား သုံးသပ်ရမည်သာ ဖြစ်ပေသည်။ အကြောင်းမူ ---

၁။ ရုပ်တရား သက်သက်ကို (= ဘူတရုပ် ဥပါဒါရုပ်ကို) ဝိပဿနာ ရှုရုံမျှ ဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။
၂။ နာမ်တရား သက်သက်ကို (= နာမ်ခန္ဓာလေးပါးကို) ဝိပဿနာ ရှုရုံ မျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။
၃။ အဇ္ဈတ္တခန္ဓာငါးပါး သက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယ မဂ်သို့ မဆိုက်နိုင်။
၄။ ဗဟိဒ္ဓခန္ဓာငါးပါး သက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယ မဂ်သို့ မဆိုက်နိုင်။

ဤအကြောင်းတရားများကြောင့်ပင် ဖြစ်ပေသည်။ ထို့ကြောင့် အဋ္ဌကထာဆရာတော်ကိုယ်တိုင်က သမ္မသနဉာဏ်ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားတို့ကို --- ဤကျမ်းစာ စာမျက်နှာ (၃-၄)တို့၌ တင်ပြထားသည့်အတိုင်း (၂၄)မျိုးကုန်သော အုပ်စု တရားတို့ကို ထုတ်ဆောင်ကာ ရှင်းပြထားတော်မူပေသည်။ ထိုမျှ များပြားလှသော တရားတို့တွင် မည်သည့်တရားက စ၍ ဝိပဿနာအလုပ်စခန်းကို စတင် အားသစ်ရမည်နည်းဟု မေးမြန်းစရာရှိရာ လွယ်ကူရာတရားက စတင်ကာ ဝိပဿနာရှုပွားရန် ညွှန်ကြားတော်မူခြင်းသာ ဖြစ်ပေသည်။ သို့သော် မဟာဋီကာဆရာတော် ရှင်းပြတော်မူသည့်အတိုင်း နောက်ပိုင်းကာလ၌ကား ကြွင်းကျန်သော ပရမတ်တရား အားလုံးတို့ကိုလည်း ဆက်လက်ကာ ကုန်စင်အောင် ဝိပဿနာ ရှုပွားရမည်သာ ဖြစ်ပေသည်ဟု မှတ်ပါ။

---

လိုရင်းမှတ်သားထားရန်

ဝိပဿနာရှုရာ၌ ---

၁။ ရံခါ အဇ္ဈတ္တ (= အဇ္ဈတ္တခန္ဓာငါးပါး)،
၂။ ရံခါ ဗဟိဒ္ဓ (= သက်ရှိ ဗဟိဒ္ဓခန္ဓာငါးပါး + သက်မဲ့ အနုပါဒိန္နရုပ်တရား)،
၃။ ရံခါ ရုပ်တရား (= ဘူတရုပ် + ဥပါဒါရုပ်)،
၄။ ရံခါ နာမ်တရား (= နာမ်ခန္ဓာလေးပါး) တို့ကို၊
၅။ ရံခါ အနိစ္စလက္ခဏာ၊
၆။ ရံခါ ဒုက္ခလက္ခဏာ၊
၇။ ရံခါ အနတ္တလက္ခဏာ --- တို့ကို

တစ်လှည့်စီ တင်၍ ဝိပဿနာရှုရမည် ဖြစ်သည်။ ပညတ်-ပရမတ် မကွဲဘဲ, ပညတ်-ပရမတ် မခွဲခြားဘဲ ရှုချင်ရာကို ရှုချင်တိုင်း ရှုရသော နည်းစနစ် မဟုတ်ဟု မှတ်သားထားပါ။ ပညတ်ကိုကား ဝိပဿနာ မရှုကောင်း၊ ပရမတ်ကိုသာလျှင် ဝိပဿနာရှုကောင်းသည် ဟူပေ။

---

လက္ခဏာရေးသုံးတန်

ဧကော အာဒိတောဝ အနိစ္စတော သင်္ခါရေ သမ္မသတိ။ ယသ္မာ ပန န အနိစ္စတော သမ္မသနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ ဒုက္ခတောပိ အနတ္တတောပိ သမ္မသိတဗ္ဗမေဝ၊ တသ္မာ ဒုက္ခတောပိ အနတ္တတောပိ သမ္မသတိ။ တေဿဝံ ပဋိပန္နဿ အနိစ္စတော သမ္မသနကာလေ ဝုဋ္ဌာနံ ဟောတိ၊ အယံ အနိစ္စတော အဘိနိဝိသိတွာ အနိစ္စတော ဝုဋ္ဌာတိ နာမ။

သစေ ပနဿ ဒုက္ခတော အနတ္တတော သမ္မသနကာလေ ဝုဋ္ဌာနံ ဟောတိ၊ အယံ အနိစ္စတော အဘိနိဝိသိတွာ ဒုက္ခတော အနတ္တတော ဝုဋ္ဌာတိ နာမ။ ဧသ နယော ဒုက္ခတော အနတ္တတော အဘိနိဝိသိတွာ သေသဝုဋ္ဌာနေသုပိ။ (ဝိသုဒ္ဓိ၊၂၊၃၀၁။)

၁။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရှေးဦးစွာ ဝိပဿနာကို စတင်ပွားများအားထုတ်ရာ၌ သင်္ခါရတရားတို့ကို (ဖြစ်ပြီး ပျက်သွားသော သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍) အနိစ္စဟု ရှုပွားသုံးသပ်၏။ သို့သော် အနိစ္စဟု ရှုပွားသုံးသပ်ရုံ သက်သက်မျှဖြင့်ကား ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မဖြစ်နိုင်။ (ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက် ခံရမှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍) ဒုက္ခဟုလည်းကောင်း, (မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် ခိုင်မာသည့် အနှစ်သာရအတ္တ မရှိမှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍) အနတ္တဟုလည်းကောင်း ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း ရှုပွားသုံးသပ်၏။ ဤသို့ ရှုပွားသုံးသပ်နေသော ကျင့်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သင်္ခါရတရားတို့ကို အနိစ္စဟု ရှုပွားသုံးသပ်ခိုက်၌ ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဖြစ်ပေါ်လာငြားအံ့၊ ဤပုဂ္ဂိုလ်သည် အနိစ္စဟု စတင်နှလုံးသွင်း၍ အနိစ္စအားဖြင့် သင်္ခါရတို့မှ ထသည် မည်ပေသည်။

၂-၃။ အကယ်၍ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ဒုက္ခဟုလည်းကောင်း, အနတ္တဟု လည်းကောင်း ရှုပွားသုံးသပ်ရာ အခါ၌ ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဖြစ်ပေါ်လာငြားအံ့၊ ဤပုဂ္ဂိုလ်သည် အနိစ္စဟု စတင်နှလုံးသွင်း၍ ဒုက္ခအားဖြင့် လည်းကောင်း, အနတ္တအားဖြင့်လည်းကောင်း သင်္ခါရတရားတို့မှ ထသည် မည်ပေသည်။

သင်္ခါရတရားတို့ကို ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း စတင်နှလုံးသွင်း၍ ကြွင်းသော ထခြင်းတို့၌လည်း နည်းတူမှတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၃၀၁။)

ဤအထက်ပါ အဋ္ဌကထာ၏ ဆုံးဖြတ်ချက်အရ ယောဂါဝစရပုဂ္ဂိုလ် သည် သင်္ခါရတရားတို့ကို ---

၁။ ရံခါ အနိစ္စဟု
၂။ ရံခါ ဒုက္ခဟု
၃။ ရံခါ အနတ္တဟု ---

တစ်လှည့်စီတင်၍ ဝိပဿနာရှုပွားသုံးသပ်ရမည်ဟု မှတ်ပါ။

အနတ္တရောင်ခြည်တော်

အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာတို့ကား လောက၌ ဘုရားရှင်တို့ ပွင့် ထွန်းပေါ်ပေါက်တော်မူကြသည်ပင် ဖြစ်စေ, ဘုရားရှင်တို့ မပွင့်ထွန်း မပေါ် ပေါက်ကြသည်ပင်ဖြစ်စေ ထင်ရှားကြကုန်၏။ အနတ္တလက္ခဏာကား ဘုရား ရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူကြခြင်းနှင့် ကင်း၍ လောက၌ မထင်ရှား နိုင်။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ အချိန်အခါကာလ၌သာ လျှင် ယင်းအနတ္တလက္ခဏာသည် ထင်ရှားပေသည်။ တန်ခိုးအာနုဘော် ကြီးမားကြကုန်သော ရသေ့ပရိဗိုဇ်ဖြစ်ကြကုန်သော အလောင်းတော် သရဘင်္ဂဆရာရသေ့ အစရှိကုန်သော ပညာရှိသူတော်ကောင်းတို့သည်သော်မှ လည်း သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု ပညတ်တင်၍ ဟောပြခြင်းငှာ စွမ်းနိုင်ကြ၏၊ အနတ္တဟူ၍ကား ပညတ်တင်ကာ ဟောကြားပြသခြင်းငှာ မစွမ်းနိုင်ကြလေကုန်။ အကယ်၍ ထိုသူတော်ကောင်း ပညာရှိကြီးတို့သည် မိမိတို့ ထံမှောက်သို့ ဆိုက်ရောက်လာသော ပရိသတ်အား သင်္ခါရတရား တို့ကို အနတ္တဟူ၍ ပညတ်တင်ကာ ဟောကြားပြသခြင်းငှာ စွမ်းနိုင်ကြကုန် ငြားအံ့၊ မိမိတို့ထံမှောက်သို့ ဆိုက်ရောက်လာသော ပရိသတ်၏ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်တန်လေရာ၏။ မှန်ပေသည် အနတ္တလက္ခဏာကို ပညတ်တင်၍ ဟောကြားတော်မူခြင်းသည်ကား အခြားပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်၏ အရာဌာန မဟုတ်၊ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အရာဌာနသာလျှင် ဖြစ်ပေသည်။ ဤသို့လျှင် ဤ အနတ္တလက္ခဏာကား မထင်ရှားသော လက္ခဏာ ဖြစ်ပေသည်။ ထိုကြောင့် ဘုရားရှင်သည် အနတ္တလက္ခဏာကို ဟောကြားပြသတော်မူသည် ရှိသော် ---

၁။ အနိစ္စလက္ခဏာဖြင့်သော်လည်းကောင်း,
၂။ ဒုက္ခလက္ခဏာဖြင့်သော်လည်းကောင်း,
၃။ အနိစ္စ-ဒုက္ခ လက္ခဏာနှစ်မျိုးတို့ဖြင့်သော်လည်းကောင်း ---

ပူးတွဲ၍ ဟောကြားပြသတော်မူလေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၆-၄၇။)

နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။)

အသီးအသီးသော ရုပ်ဓာတ်နာမ်ဓာတ်တို့ကို ပရမတ်သို့ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်တုံးရုပ်ခဲ နာမ်တုံး နာမ်ခဲ = ရုပ်ဃန နာမ်ဃနတို့ကို ဖြိုခွဲဖျက်ဆီးနိုင်ခဲ့သော် အနတ္တလက္ခဏာ = အနတ္တရောင်ခြည်တော်နေဝန်းသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘော လက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်ရှိ လာပေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၇။)

ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ရုပ်ဃန နာမ်ဃန အတုံးအခဲများကို အထူးသဖြင့် ရုပ်ကလာပ် နာမ်ကလာပ်များကို ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ရှုနိုင်ပါမှ မြင်နိုင်ပါမှ ရုပ်ဃန နာမ်ဃန = ရုပ်တုံးရုပ်ခဲ နာမ်တုံး နာမ်ခဲများ ပြိုကြမည် ဖြစ်သည်။ ဃနပြိုပါမှ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှ အနတ္တရောင်ခြည်တော် နေဝန်းသည် တင့်တယ်စွာ ထွန်းလင်းထွက်ပေါ်လာမည် ဖြစ်ပေသည်။ အနိစ္စ လက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာရေးသုံးတန်လုံးကို အသိဉာဏ်၌ ထင်ရှားအောင် ဝိပဿနာဉာဏ်ဖြင့် ရှုနိုင်ပါမှ မြင်နိုင်ပါမှ အရိယမဂ်သို့ ဆိုက်ရောက်နိုင်မည်ဖြစ်ပေသည်။ သို့အတွက် ----

၁။ ရုပ်ကလာပ် နာမ်ကလာပ်များကို မြင်အောင်ရှုဖို့ မလို,
၂။ ရုပ်ကလာပ် နာမ်ကလာပ်များကို သာဝကများသည် ရှုမရနိုင်,
၃။ ရုပ်ကလာပ် နာမ်ကလာပ်များကို သာဝကများသည် ဓာတ်မခွဲနိုင်,
၄။ ဘုရားဟောသည့် ရုပ်ပရမတ် နာမ်ပရမတ်တို့ကို သာဝကများသည် ရှုမရနိုင်,
၅။ ဘုရားဟောသည့် ရုပ်တရား နာမ်တရားများကို သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သာ သိနိုင်ကြသည်။ ဘုရားရှင်တို့၏ အရာသာ ဖြစ်သည်။
၆။ ယင်း ရုပ်နာမ်များကို ရဟန္တာပုဂ္ဂိုလ်တို့သာ သိနိုင်ကြသည် ---

ဤသို့ စသော အဆိုအမိန့်များ အယူအဆများမှာ ဒေသနာမျဉ်းကြောင်းမှ တိမ်းစောင်းချွတ်ချော်နေသော စကားတို့သာ ဖြစ်ကြသည်, ကျမ်း ဂန်အထောက်အထား ကင်းမဲ့နေသော စကားတို့သာ ဖြစ်ကြသည်ဟု မှတ် သားပါ။ ရုပ်ကလာပ် နာမ်ကလာပ်များကို ဓာတ်ခွဲနိုင်ပါမှသာလျှင် ပရမတ် သို့ ဉာဏ်အမြင်ဆိုက်မည်။ နိဗ္ဗာန်ဟူသည် ပရမတ္ထသစ္စာနယ်မှ သွားနိုင်ပါမှ သာလျှင် ရောက်နိုင်ရနိုင်သည့် တရားတော်ဖြစ်သည်။ ပညတ်နယ်မှ သွား၍ ရောက်နိုင် ရနိုင်သော တရားမျိုး မဟုတ်သည်ကို သတိပြုပါလေ။

ကလာပသမ္မသနနှင့် အနုပဒဓမ္မဝိပဿနာ

သမူဟဂဟဏဝသေန ပဝတ္တံ ကလာပသမ္မသနံ။ ဖဿာဒိဧကေကဓမ္မဂဟဏဝသေန ပဝတ္တာ အနုပဒဓမ္မဝိပဿနာ။ (မူလဋီ၊၁၊၁၀၉။)

ဝိပဿနာသည် ကလာပသမ္မသနဟု ခေါ်ဆိုသော နယဝိပဿနာနှင့် အနုပဒဓမ္မဝိပဿနာဟု နှစ်မျိုးရှိ၏။ သင်္ခါရတရားတို့ကို ရုပ်နာမ်နှစ်ပါးနည်း၊ ခန္ဓာငါးပါးနည်း၊ အာယတန တစ်ဆယ့်နှစ်ပါးနည်း၊ ဓာတ် တစ်ဆယ့်ရှစ်ပါး နည်း၊ ပဋိစ္စသမုပ္ပါဒ်နည်း စသည်တို့ဖြင့် (၂)ပုံ၊ (၅)ပုံ၊ (၁၂)ပုံ၊ (၁၈)ပုံ၊ (၁၂)ပုံ စသည် ပုံ၍ ရုပ်တရား နာမ်တရားတို့ကို ခြုံငုံ၍ ရှုသော အစုလိုက် အပြုံ လိုက် အုပ်စုအလိုက် အာရုံယူ၍ ရှုသောနည်းသည် ကလာပသမ္မသနဟု ခေါ်ဆိုသော နယဝိပဿနာရှုနည်း မည်၏။ [ဤနည်း၌ (၆)ဒွါရ (၄၂) ကောဋ္ဌာသတို့၌တည်ရှိသော ရုပ်တရားတို့ကိုခြုံငုံ၍ အာရုံယူကာ လက္ခဏာ ယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုရ၏။ အလားတူပင် အတိတ် ပစ္စုပ္ပန် အနာဂတ် အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်တရားတို့ကိုလည်း ခြုံငုံ၍ တဖြည်းဖြည်း လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုရ၏။ နာမ် တရားတို့တွင်လည်း စိတ္တက္ခဏတစ်ခု အတွင်း၌ တည်ရှိသော နာမ်တရား တို့ကို ခြုံငုံ၍လည်းကောင်း၊ ဝေဒနာတစ်ပုံ, သညာတစ်ပုံ, သင်္ခါရတစ်ပုံ, ဝိညာဏ်တစ်ပုံ ဤသို့ စသည် ပုံ၍လည်းကောင်း ဝိပဿနာရှုရ၏။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည်တို့၌လည်း နည်းတူပင်တည်း။]

ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ပထဝီ အာပေါ တေဇော ဝါယော စသော ရုပ်တရားများကို တစ်လုံးစီ တစ်လုံးစီ ခွဲ၍ ဝိပဿနာရှုသောနည်း, စိတ္တက္ခဏတစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဖဿ ဝေဒနာ သညာ စေတနာ စသော စိတ် စေတသိက်တရားစုတို့ကိုလည်း တစ်လုံးစီ တစ်လုံးစီ အာရုံယူ၍ ဝိပဿာနာရှုသောနည်းကား အနုပဒဓမ္မဝိပဿနာနည်း မည်၏။

ယင်း ဝိပဿနာရှုနည်း နှစ်နည်းတို့တွင် ဝိပဿနာတရားကို အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်သည် ကလာပသမ္မသနဟု ခေါ်ဆိုအပ်သော နယ ဝိပဿနာနည်းက စ၍ အားထုတ်ရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂၊၂၄၁။) တွင် ညွှန်ကြားထားပေသည်။

ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်

ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ပဋိစ္စသပ္ပါဒ်အင်္ဂါရပ်တို့ လည်း ပါဝင်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂၊၂၄၃။) တွင် ဒွါဒသ ပဋိစ္စသမုပ္ပါဒင်္ဂါနိ --- စသည်ဖြင့် ဖွင့်ဆိုထားတော်မူ၏။

သပ္ပစ္စယနာမရူပဝသေန တိလက္ခဏံ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမ္မသန္တော ဝိစရတိ။(မ၊ဋ္ဌ၊၁၊၂၈၁။)

ဤအထက်ပါ မူလပဏ္ဏာသ အဋ္ဌကထာကလည်း အကြောင်းတရား နှင့် တကွသော နာမ်ရုပ်ကို လက္ခဏာယာဉ်တင်၍ ဝိပဿနာဉာဏ်စဉ် အတိုင်း ဝိပဿနာရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏။

ဤ ညွှန်ကြားချက်များနှင့် အညီ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အချင်းချင်း ကြောင်းကျိုးဆက်နွယ်မှု သဘောတရားကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ---

၁။ ရံခါ အကြောင်းတရား
၂။ ရံခါ အကျိုးတရားတို့၏ ---

ရံခါ အနိစ္စသဘောကို, ရံခါ ဒုက္ခသဘောကို, ရံခါ အနတ္တသဘောကို ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း တစ်လှည့်စီ ရှုရမည် ဖြစ်ပေသည်။

ဤအထက်ပါ ညွှန်ကြားချက်အရပ်ရပ်တို့ကို ခြုံလိုက်သော် ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာရှုရာ၌ ---

၁။ ရံခါ အဇ္ဈတ္တ,
၂။ ရံခါ ဗဟိဒ္ဓ, ထိုတွင်လည်း -
၃။ ရံခါ ရုပ်တရား,
၄။ ရံခါ နာမ်တရား,
၅။ ရံခါ အကြောင်းတရား,
၆။ ရံခါ အကျိုးတရားတို့ကို
၇။ ရံခါ အနိစ္စဟု
၈။ ရံခါ ဒုက္ခဟု
၉။ ရံခါ အနတ္တဟု
၁၀။ ရံခါ အသုဘဟု ---

လက္ခဏာယာဉ် တစ်လှည့်စီတင်၍ ဝိပဿနာရှုရမည် ဖြစ်သည်။ တစ်ဖန် ---

အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ။ (ဥဒါနပါဠိ။ ခု၊၁၊၁၂၀။)

ဤအထက်ပါ မေဃိယသုတ္တန်၌ ရာဂကို ပယ်ရှားရန်အတွက် အသုဘ ဘာဝနာကို ပွားများအားထုတ်ရန်ကိုလည်းကောင်း၊ အလားတူပင် - ဝိဇယ သုတ္တန် (ခု၊၁၊၃၀၈။)၌လည်း ရာဂကို အကြွင်းမဲ့ ဖြတ်တောက်ရန်အတွက် အသုဘဘာဝနာကို ပွားများအားထုတ်ရန်ကိုလည်းကောင်း ဘုရားရှင်သည် ညွှန်ကြားထားတော်မူပေသည်။ ယင်း အသုဘဘာဝနာကား လက္ခဏာရေး သုံးတန်တွင် ဒုက္ခာနုပဿနာ၏ အခြံအရံတည်း။ ဤကား ပစ္စုပ္ပန် ခန္ဓာငါးပါး၌ ရှုရမည့် ဝိပဿနာရှုကွက်တည်း။

တစ်ဖန် အနတ္တလက္ခဏသုတ္တန်စသော ထိုထိုတေပရိဝဋ္ဋဓမ္မဒေသနာ တော်တို့၌ ယံကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ --- စသည်ဖြင့် အတိတ် ခန္ဓာငါးပါး အနာဂတ် ခန္ဓာငါးပါးတို့ကိုလည်း ဝိပဿနာရှုရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။ ဤညွှန်ကြားချက်များနှင့် အညီ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာတို့၌လည်း ပစ္စုပ္ပန်ခန္ဓာတို့၌ ဝိပဿနာရှုသည့် နည်းစနစ် အတိုင်းပင် ဝိပဿနာရှုရမည်ဟုလည်း မှတ်သားပါ။ ထိုကြောင့် အားလုံး ပေါင်းသော် ---

၁၁။ ရံခါ အတိတ်
၁၂။ ရံခါ အနာဂတ် ---

ဤတရားတို့ကိုလည်း ဝိပဿနာ ရှုရမည်ဟု မှတ်သားပါ။

ဤသည်တို့ကား ဝိပဿနာ အလုပ်စခန်းနှင့် ဆက်စပ်၍ ယောဂါဝစရပုဂ္ဂိုလ်တို့ အရေးတကြီး ကြိုတင် သိထားသင့်သော အချက်အလက် အကြောင်းအရာများပင် ဖြစ်ကြသည်။ တစ်ဖန် ယင်းရုပ်တရား နာမ်တရား တို့ကို (၅)ပုံ ပုံ၍ ခန္ဓာငါးပါးနည်း, (၁၂)ပုံ ပုံ၍ အာယတန (၁၂)ပါးနည်း, (၁၈)ပုံ ပုံ၍ ဓာတ် (၁၈)ပါးနည်း, အင်္ဂါ (၁၂)ရပ် ပုံ၍ ပဋိစ္စသမုပ္ပါဒ်နည်း -ဤသို့ စသည့် နည်းအရပ်ရပ်တို့ဖြင့်လည်း ဝိပဿနာရှုနိုင်သည်သာ ဖြစ်သည်။ ဤကျမ်း၌ကား ရုပ်နာမ်နှစ်ပါးနည်းဖြင့် ရုပ်တစ်စု နာမ်တစ်စု စုထား ၍ ဝိပဿနာရှုသောနည်းကို ပဓာနထား၍ ရေးသားတင်ပြထားပါသည်။

ဝိပဿနာဉာဏ်နှင့် အဘိညာဏ်

အတိတ် အနာဂတ်ကို ရှုမှုနှင့် ပတ်သက်၍ အချို့သော ဆရာမြတ် တို့ကား အဘိညာဏ်ရရှိပါမှသာလျှင် အထူးသဖြင့် ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ် ရရှိပါမှသာလျှင် အတိတ် အနာဂတ်ကို ရှု၍ ရနိုင်သည်ဟုအယူ ရှိတော်မူကြကုန်၏။ အတိတ် အနာဂတ်ကို ရှုရာ၌ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ဉာဏ်ဖြင့် ရှုနည်း, ဝိပဿနာဉာဏ်ဖြင့် ရှုနည်းဟု ရှုနည်း နှစ်နည်း ရှိပေသည်။ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်နှင့် ထိုသုတ္တန်၏ အဋ္ဌကထာတို့၌ အောက်ပါအတိုင်း လာရှိပေသည်။

ယေ ဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရန္တိ၊ သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ။ ကတမေ ပဉ္စ ---

၁။ ဧဝံရူပေါ အဟောသိံ အတီတမဒ္ဓါနန္တိ ဣတိ ဝါ ဟိ ဘိက္ခဝေ အနုဿရမာနော ရူပံယေဝ အနုဿရတိ
၂။ ဧဝံဝေဒနော အဟောသိံ အတီတမဒ္ဓါနန္တိ ဣတိ ဝါ ဟိ ဘိက္ခဝေ အနုဿရမာနော ဝေဒနံယေဝ အနုဿရတိ
၃။ ဧဝံသညော အဟောသိံ အတီတမဒ္ဓါနန္တိ။ ပ ။
၄။ ဧဝံသင်္ခါရော အဟောသိံ အတီတမဒ္ဓါနန္တိ။ ပ ။
၅။ ဧဝံဝိညာဏော အဟောသိံ အတီတမဒ္ဓါနန္တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ အနုဿရမာနော ဝိညာဏမေဝ အနုဿရတိ။ (သံ၊၂၊၇၁။)

ပုဗ္ဗေနိဝါသန္တိ န ဣဒံ အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ၊ ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ။ တေနေဝါဟ --- သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ၊ ဧတေသံ ဝါ အညတရန္တိ။ အဘိညာဝသေန ဟိ သမနုဿရန္တဿ ခန္ဓာပိ ဥပါဒါနက္ခန္ဓာပိ ခန္ဓပဋိဗဒ္ဓါပိ ပဏ္ဏတ္တိပိ အာရမ္မဏံ ဟောတိယေဝ။ ရူပံယေဝ အနုဿရတီတိ ဧဝံ အနုဿရန္တော န အညံ ကိဉ္စိ သတ္တံ ဝါ ပုဂ္ဂလံ ဝါ အနုဿရတိ၊ အတီတေ ပန နိရုဒ္ဓံ ရူပက္ခန္ဓမေဝ အနုဿရတိ။ ဝေဒနာဒီသုပိ ဧသေဝ နယောတိ။ (သံ၊ဋ္ဌ၊၂၊၂၆၆။ စာပိုဒ်-၇၉။)

ရဟန်းတို့ ...လောက၌ သမဏဗြာဟ္မဏ အမည်ရှိကြကုန်သော အချို့ကုန်သော ပုဂ္ဂိုလ်တို့သည် တစ်ပါးမက များပြားလှကုန်သော ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့်အစဉ်လျှောက်၍ အောက်မေ့လိုသော် အောက်မေ့နိုင်ကြကုန်၏။ ထိုသို့ အောက်မေ့ရာ၌ ထိုသမဏဗြာဟ္မဏ အားလုံးတို့သည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုသော်လည်းကောင်း, ထို ဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း အောက်မေ့လိုသော် အောက်မေ့နိုင်ကြကုန်၏။

ရဟန်းတို့ ... ထိုသမဏဗြာဟ္မဏတို့သည် -

၁။ အတိတ်ကာလက ဤသို့သဘောရှိသော ရုပ်တရားသည် ဖြစ်ခဲ့ဖူး လေပြီ - ဟု ဤသို့လည်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ နိုင်ကြကုန်၏။
၂။ အတိတ်ကာလက ဤသို့သဘောရှိသော ဝေဒနာသည် ဖြစ်ခဲ့ဖူး လေပြီ ။ ပ ။
၃။ အတိတ်ကာလက ဤသို့သဘောရှိသော သညာသည် ဖြစ်ခဲ့ဖူး လေပြီ ။ ပ ။
၄။ အတိတ်ကာလက ဤသို့သဘောရှိသော သင်္ခါရသည် ဖြစ်ခဲ့ဖူး လေပြီ ။ ပ ။
၅။ အတိတ်ကာလက ဤသို့သဘောရှိသော ဝိညာဏ်သည် ဖြစ်ခဲ့ဖူး လေပြီ ---- ဟု ဤသို့လည်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့သော် အောက်မေ့နိုင်ကြကုန်၏။ (သံ၊၂၊၇၁။ ခဇ္ဇနီယသုတ္တန်။)

ပုဗ္ဗေနိဝါသ = ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ် လျှောက်၍ အောက်မေ့မှု = အောက်မေ့နိုင်၏ဟူသော ဤစကားကို ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အစွမ်းဖြင့် ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူ၍ ဘုရားရှင် သည် ဟောကြားတော်မူသည်ကား မဟုတ်။ အဟုတ်သော်ကား ဝိပဿနာ ဉာဏ်၏ အစွမ်းဖြင့် ရှေး၌နေခဲ့ဖူးသော ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သော သမဏဗြာဟ္မဏတို့ကို ရည်ရွယ်တော်မူ၍ ဤဒေသနာတော်ကို ဘုရားရှင်သည် ဟောကြားတော်မူအပ်ပေသည်။ ထိုကြောင့်ပင်လျှင် ဘုရားရှင်ကိုယ်တော်တိုင်က --- ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုသော်လည်းကောင်း, ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကို သော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏ ဟု ဟောကြားတော်မူခြင်းဖြစ်သည်။ အထူးမှာ ဤသို့ဖြစ်၏ --- အဘိညာဏ်၏ စွမ်းအားဖြင့် ရှေး၌နေခဲ့ဖူးသော ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခဲ့သော် ထိုပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်သည် ---

၁။ လောကုတ္တရာတရားများ ပါဝင်သည့် ခန္ဓာငါးပါးကိုလည်း အောက် မေ့နိုင် သိနိုင်၏။ (ရှေးရှေး ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ သန္တာန်၌ ဖြစ်ခဲ့ဖူးသော လောကုတ္တရာတရားများ ပါဝင်သော ခန္ဓာငါးပါးကို သိနိုင်၏ ဟူလို။)
၂။ ဥပါဒါနက္ခခန္ဓာငါးပါးကိုလည်း အောက်မေ့နိုင်၏၊ သိနိုင်၏။ (လောကုတ္တရာတရားများ မပါဝင်ကြ ဟူလို။)
၃။ ခန္ဓာနှင့် ဆက်စပ်နေသော အနွယ် ရုပ်အဆင်း အစာအာဟာရ သုခ ဒုက္ခ စသည်တို့ကိုလည်း အောက်မေ့နိုင်၏၊ သိနိုင်၏။
၄။ အမည် နာမ ပညတ် စသည့် ပညတ်အမျိုးမျိုးကိုလည်း အောက်မေ့ နိုင်၏၊ သိနိုင်၏။

သို့သော် ဝိပဿနာဉာဏ်ကား အထက်ဖော်ပြပါ (၁၊၃၊၄)တို့ကို မသိနိုင်၊ နံပါတ် (၂)ဖြစ်သည့် ဥပါဒါနက္ခခန္ဓာငါးပါးတည်းဟူသော ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံတရားတို့ကိုသာ အစဉ်လျှောက်၍ သိနိုင်ပေသည်။

ရူပံယေဝ အနုဿရတိ = ရုပ်တရားကိုသာလျှင် ဉာဏ်ဖြင့် အစဉ် လျှောက်၍ အောက်မေ့နိုင်၏ဟူသည် --- ဤသို့ အတိတ်ခန္ဓာအစဉ်ကို ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့သည်ရှိသော် ပရမတ်မှ အခြားတစ်ပါးသော တစ်စုံတစ်ယောက်သော သတ္တဝါကိုလည်းကောင်း ပုဂ္ဂိုလ်ကိုလည်းကောင်း (= အတ္တကိုလည်းကောင်း) ဉာဏ်ဖြင့်အစဉ်လျှောက် ၍ အောက်မေ့သည်ကားမဟုတ်။ အတိတ်၌ ချုပ်ဆုံးလေပြီးသော ရူပက္ခန္ဓာ ကိုသာလျှင် ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့၏။ ဝေဒနာ စသည် တို့၌လည်း ဤနည်းပင်တည်းဟု မှတ်သားပါလေ။ (သံ၊ဋ္ဌ၊၂၊၂၆၆၊ စာပိုဒ်-၇၉။)

ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ် ဥပါဒါနက္ခန္ဓာငါးပါး တို့ကို ဝိပဿနာဉာဏ်ဖြင့် ရှုနိုင် မြင်နိုင်သည်ဟု မှတ်ပါ။ ဤ၌ ဝိပဿနာ ဉာဏ်အရတွင် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့လည်း ပါဝင် ကြသည်ဟုလည်း မှတ်သားပါလေ။

အရေးကြီးသော သော့ချက်တစ်ခု

အတိတ် ခန္ဓာငါးပါးတို့ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ နိုင်ခြင်းသည် သိမ်းဆည်းနိုင်ခြင်းသည် အတိတ်အကြောင်းတရားတို့ကို သိမ်းဆည်းရာ၌ အထူးအရေးပါသော လုပ်ငန်းခွင်တစ်ခု ဖြစ်၏။ အတိတ် ခန္ဓာငါးပါးတို့ကို မသိမ်းဆည်းတတ်သေးပါက အတိတ် ခန္ဓာငါးပါးတွင် အကျုံးဝင်သော အတိတ် ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အတိတ် အကြောင်းတရားတို့ကို မည်သည့်နည်းနှင့်မျှ သိမ်းဆည်း၍ မရနိုင်။ အလားတူပင် ဆိုင်ရာဆိုင်ရာ အတိတ် အကြောင်းတရားများကြောင့် ဆိုင်ရာဆိုင်ရာ အတိတ် အကျိုးတရားဖြစ်ပုံကိုလည်းကောင်း ဆိုင်ရာဆိုင်ရာ အတိတ် အကြောင်းတရားကြောင့် ပစ္စုပ္ပန် အကျိုးတရားဖြစ်ပုံကိုလည်းကောင်း မည်သည့်နည်းနှင့်မျှ သိမ်းဆည်း၍ ရနိုင်မည်လည်း မဟုတ်ပေ။ အလားတူပင် အနာဂတ် ခန္ဓာငါးပါးတို့ကို မသိမ်းဆည်းနိုင်ပါကလည်း ပစ္စုပ္ပန် အကြောင်းတရားကြောင့် (သို့မဟုတ် ဆိုင်ရာ အတိတ် အကြောင်းတရားကြောင့်) အနာဂတ် အကျိုးတရားဖြစ်ပုံကိုလည်းကောင်း, ဆိုင်ရာ အနာဂတ် အကြောင်းတရားကြောင့် ဆိုင်ရာ အနာဂတ် အကျိုးတရားဖြစ်ပုံကိုလည်းကောင်း မည်သည့်နည်းနှင့်မျှ သိမ်းဆည်း၍ ရရှိနိုင်မည်လည်း မဟုတ်ပေ။ အနာဂတ်အကျိုးတရား အနာဂတ်အကြောင်းတရားဟူ သည်မှာလည်း အနာဂတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သောကြောင့်တည်း။

အတိတ် အကြောင်းတရား အကျိုးတရား, အနာဂတ် အကြောင်း တရား အကျိုးတရားတို့ကို ရှာဖွေရာ၌ အရေးကြီးသော သော့ချက်တစ်ခု ကား သေခါနီး မရဏာသန္နအခါ ထင်လာသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော နိမိတ်ကို သိမ်းဆည်းနိုင်ခြင်း ပင်တည်း။ ထိုနိမိတ်သည် အကျိုးပေးတော့မည့် ကံ၏ အစွမ်းသတ္တိကြောင့် ထင်လာမြင်လာရသည်ဖြစ်ရာ အကျိုးပေးတော့မည့်ကံကို သို့မဟုတ် အကျိုး ပေးခဲ့သည့်ကံကို သို့မဟုတ် အကျိုးပေးဆဲ ကံကို ရှာဖွေရာ၌ အရေးကြီး လှသော ဗဟိုသော့ချက်ပင် ဖြစ်သည်။ ယင်းနိမိတ်ကား သေခါနီး မရဏာသန္န အခါဝယ် ဒွါရ (၆)ပါးဝယ် ထိုက်သလို ထင်လာသော နိမိတ်တည်း၊ အထူးသဖြင့် သေခါနီးကာလ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဝယ် ထင်လာသော နိမိတ်တည်း။ ယင်းဒွါရ (၆)ပါးကို အထူးသဖြင့် မနောဒွါရကို သိမ်းဆည်းနိုင်ပါမှ ယင်းထိုက်သည့်ဒွါရတို့၌ ထင်လာသော အာရုံနိမိတ်ကို တစ်ဆင့်တက်၍ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ ယင်းနိမိတ်ကို သိမ်းဆည်း နိုင်ပါမှ အကျိုးပေးသည့် ကံကိုလည်းကောင်း, ထိုကံကို ခြံရံထားသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်းကောင်း သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်ပေသည်။

အထူးသဖြင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်း နိုင်ပါမှ ယင်းဘဝင်မနောအကြည်ဓာတ် = မနောဒွါရတို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော ဝီထိစိတ်အစဉ်တို့ကို သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်သည်။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အကြောင်းတရား တို့ကား ယင်း ဝီထိစိတ်အစဉ်တို့တွင် အကျုံးဝင်ကြသော တရားဓမ္မတို့သာ ဖြစ်ကြ၏။ ယင်းဝီထိစိတ်တို့၏ အစိတ်အပိုင်းတို့သာ ဖြစ်ကြ၏။

အတိတ်အကြောင်းတရားများကို ရှာဖွေရာ၌ အတိတ် မရဏာသန္န ဇော၏ အာရုံကို သိမ်းဆည်းတတ်ဖို့ကား အလွန် အရေးကြီးလှ၏။ ယင်း မရဏာသန္နဇော၏ အာရုံကို သိမ်းဆည်းနိုင်ရေးမှာလည်း ယင်းအတိတ်ဘဝ မရဏာသန္နအခါ၌ တည်ရှိသော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းနိုင်ဖို့ရန် အလွန်အရေးကြီးလှ၏။ ယင်းသို့ သိမ်းဆည်းနိုင်ပါမှ သာလျှင် ---

၁။ ယင်း ဘဝင်မနောအကြည်ဓာတ် = မနောဒွါရတွင် ထင်လာသော မရဏာသန္နဇော၏ အာရုံကိုလည်းကောင်း,
၂။ ယင်း ဘဝင်မနောအကြည်ဓာတ် = မနောဒွါရတို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော မရဏာသန္နဇောဝီထိအဝင်အပါ ဝီထိစိတ် အစဉ်တို့ကိုလည်းကောင်း,
၃။ ယင်းအာရုံကို ထင်လာစေသော အကြောင်းရင်းကံကိုလည်းကောင်း,
၄။ ယင်းကံကို ဖြစ်စေသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်းကောင်း

သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်ပေသည်။

အလားတူပင် အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအတွက် အနာဂတ်ဘဝသည် ထင်ရှားရှိနေသေးလျှင် ဤပစ္စုပ္ပန်ဘဝ သေခါနီးကာလ မရဏာသန္နအခါ၌ ထင်လာသော မရဏာသန္နဇော၏ အာရုံကို သိမ်းဆည်းနိုင်ရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းနိုင်ရေးအတွက် မရဏာသန္နအခါ ဖြစ်ပေါ်နေသော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို ရှေးဦးစွာ သိမ်းဆည်းတတ်ရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းနိုင်ပါမှ ယင်းမနော ဒွါရ၌ ထင်လာသော မရဏာသန္နဇော၏ အာရုံကိုလည်းကောင်း, ယင်း အာရုံကို ထင်လာစေသော အကျိုးပေးတော့မည့် ကံကိုလည်းကောင်း, ယင်း ကံ၏ အကြောင်းအထောက်အပံ့ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို လည်းကောင်း သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်ပေသည်။

အလားတူပင် အနာဂတ်သံသရာခရီး ရှိနေသေးသော ယောဂါဝစရ ပုဂ္ဂိုလ်အဖို့ အနာဂတ်အဆက်ဆက်၌ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ရှာဖွေရာ၌လည်း ယင်း အနာဂတ်စုတိ၏ အနီး၌ တည်ရှိသော မနောဒွါရ၌ ထင်လာသော မရဏာသန္နဇော၏ အာရုံကိုပင် သိမ်းဆည်းနိုင်ရမည် ဖြစ်သည်။ ထိုနိမိတ်သည်လည်း နောက်ထပ် အနာဂတ် ဘဝသစ်တစ်ခုကို ဖြစ်စေမည့်ကံကြောင့်ပင် ထင်လာသော နိမိတ်ဖြစ်ရကား ယင်းနိမိတ်ကို ထင်လာစေသော ကံမှာ နောက်ထပ် ဒုတိယ အနာဂတ်စသည့် အနာဂတ်ခန္ဓာအတွက် အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။ ထို နိမိတ်တို့သည် အပရာပရိယ အမည်ရသော အတိတ်ကံကြောင့်လည်း ထင်လာနိုင်၏၊ ယခု ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော ကံကြောင့်လည်း ထင်နိုင်၏၊ ယင်းအနာဂတ်စုတိ မတိုင်မီအတွင်း ပြုစုပျိုးထောင်သော ကံတို့တွင် အကျုံးဝင်သော အကျိုးပေးတော့မည့် အနာဂတ်ကံကြောင့်လည်း ထင်နိုင်၏။ ထိုနိမိတ်ကို အခြေခံ၍ ထိုကံကို ရှာဖွေပါက လွယ်လင့်တကူ တွေ့ရှိမည် ဖြစ်သည်။ ထိုကံကို အားပေးထောက်ပံ့လျက်ရှိသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်း တွေ့ရှိနိုင်မည် ဖြစ်သည်။ ထိုသို့ သိမ်းဆည်းနိုင်ရေးအတွက် မရဏာသန္နအခါ ဒွါရ (၆)ပါးတို့ကို အထူးသဖြင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းနိုင်ဖို့ အထူးလိုအပ်ပေသည်။

ထိုကြောင့် အတိတ် အနာဂတ် ခန္ဓာတို့ကို သိမ်းဆည်းနိုင်ခြင်းသည် အတိတ် အနာဂတ် ခန္ဓာတို့ကို ဝိပဿနာ ရှုနိုင်ရေးအတွက်သာ အရေး တကြီး လိုအပ်သည် မဟုတ်၊ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သိမ်းဆည်း နိုင်ရေး ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ဝိပဿနာ ရှုနိုင်ရေးအတွက်လည်း အရေးတကြီး အထူးလိုအပ်ချက်တစ်ခုပင် ဖြစ်ပေသည်။

သိမ်းဆည်း၍ လွယ်ကူရာက စ၍ ဝိပဿနာရှုပါ

ဝိပဿနာ စ၍ ရှုရာ၌ သိမ်းဆည်း၍ လွယ်ကူရာ အသိဉာဏ်၌ ထင်လွယ်မြင်လွယ်ရာ ရုပ်တရား နာမ်တရားက စ၍ ဝိပဿနာရှုနိုင်သည် ဟူသော စည်းကမ်းသတ်မှတ်ချက်အရ ဤကျမ်း၌ ယခုလက်ရှိ ပစ္စုပ္ပန် ရုပ်နာမ်က စ၍ ဝိပဿနာရှုပုံကို ရှေးဦးစွာ ရေးသားတင်ပြပေအံ့။

အသင်သူတော်ကောင်းသည် ရှေးဦးစွာ မိမိရရှိထားပြီးသည့် သမာဓိ ကို အမြင့်ဆုံးအဆင့်သို့တိုင်အောင် အဆင့်ဆင့်ထူထောင်ပါ။ စတုတ္ထစျာန် သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို ထူထောင်နိုင်ပါက ယင်း စတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်လည်၍ တရားထိုင်တိုင်း ထိုင်တိုင်း ထူထောင် ပါ။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်၍ ဓာတ်ကမ္မဋ္ဌာန်းကိုသာ အားထုတ် ထားပါလျှင်လည်း ဓာတ်ကြီးလေးပါးကို အာရုံယူ၍ လင်းရောင်ခြည် စွမ်းအင်များ အားကောင်းလာသည့်တိုင်အောင် သမာဓိကို ထူထောင်ပါ။

ရုပ်ကမ္မဋ္ဌာန်းက စ၍ ဤကျမ်းတွင် ရေးသားတင်ပြထားသဖြင့် ရုပ် တရားကပင် စတင်၍ ဝိပဿနာသို့ ကူးပါက ပို၍ လွယ်ကူဖွယ်ရာ ရှိသဖြင့် ရုပ်တရားက စ၍ ဝိပဿနာရှုပါ။

ရှေးဦးစွာ ဒွါရ (၆)ပါး, (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်တို့ကို ---

(က) ဒွါရတစ်ခုစီ၌ တည်ရှိသော (၅၄^၄၄)မျိုးသော ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း၊
( ခ ) ကောဋ္ဌာသတစ်ခုစီ၌ တည်ရှိသော (၄၄)မျိုးသော ရုပ်တရားစသည့် ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း,
( ဂ ) (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးတို့ကို ခြုံငုံ၍လည်ကောင်း ---

၁။ ယင်းရုပ်တရားတို့၏ ဖြစ်ပြီးလျှင် ပျက်သွားသည့် သဘောကို အာရုံ ယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ကြိမ်ဖန်များစွာ ရှုပါ။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ထိုသို့ ရှုရာ၌ ဗဟိဒ္ဓဝယ် အနီးမှသည် အဝေးသို့တိုင်အောင် အနန္တစကြဝဠာသို့ တိုင်အောင် တစ်စတစ်စ တိုးချဲ့၍ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။

၂။ ထို ရုပ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဒုက္ခဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ အနီးမှသည် အဝေးသို့တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အနန္တစကြဝဠာသို့တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်၍ရှုပါ။

၃။ ထိုရုပ်တရားတို့၏ မပျက်စီးဘဲ အကျိတ်အခဲအခိုင်အမာ အနှစ်သာရ အားဖြင့် တည်နေသည့် အတ္တဟူသည့် အနှစ်သာရ မရှိမှုသဘောကို အာရုံ ယူ၍ ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီရှုပါ။ အနီးမှသည် အဝေး အနန္တ စကြဝဠာသို့တိုင်အောင် တဖြည်းဖြည်း တစ်စတစ်စ တိုးချဲ့၍ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။

[မှတ်ချက် --- ရုပ်အတုများကား လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ မရှုကောင်းသော ရုပ်တရားများ ဖြစ်ကြသဖြင့် ဤအချိန်မှ စ၍ ဤအပိုင်းမှစ၍ ရုပ်အတုများကို ရှုပွားသုံးသပ်မှုကို ရပ်ဆိုင်းထားပါ။]

ဤကဲ့သို့ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးတို့၌ လက္ခဏာယာဉ်သုံးချက် တင်၍ အပြန်ပြန်အလှန်လှန် တွင်တွင်ကြီး ဝိပဿနာရှုရာ၌ ဖြစ်မှုပျက်မှု သဘောကို အလွန်လျင်လျင်မြန်မြန် ထင်ထင်ရှားရှား မြင်အောင်ရှုပါ။ အနိစ္စ ဟု ရှုမှု, ဒုက္ခဟု ရှုမှု, အနတ္တဟု ရှုမှုကိုကား ခပ်ဖြည်းဖြည်းပင် ရှုပါ။ ဖြစ်မှု ပျက်မှုကို မြန်နိုင်သမျှ မြန်အောင် ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ လက္ခဏာယာဉ်တင်မှုကိုကား ခပ်ဖြည်းဖြည်းသာ တင်ပါ။

ရုပ်ကလာပ်အမှုန့်များ ဖြစ်ပျက်နေသည်ကို အာရုံယူ၍ ကြည့်၍ လက္ခဏာယာဉ် မတင်ပါနှင့်၊ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ် သဘောတရား သက်သက်တို့သာ ဖြစ်ပျက်နေသည်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ မြင်သောအခါမှ လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုပါ။

ရုပ်ချုပ်-နာမ်ချုပ် ဝါဒ

ရုပ်ကလာပ်များမှာ သမူဟပညတ် စသည့် ပညတ် မကွာသေးသည့် အသေးဆုံး အတုံးအခဲ အဖွဲ့အစည်းပညတ်များသာ ဖြစ်ကြ၏။ ပညတ် ဟူသည် တကယ်ထင်ရှား မရှိရကား ကြာကြာအကြည့်မခံပေ။ ယောဂါဝစရ ပုဂ္ဂိုလ်တစ်ဦးသည် တရားဘာဝနာတစ်ခုခုကို ပွားများအားထုတ်လိုက်သည့် အခါ ပါရမီအားလျော်စွာ ရုပ်ကလာပ်များကို တွေ့ရှိတတ်၏။ ထိုအခါ ရုပ် ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော --- ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-စသော ပရမတ်သဘောတရား များကို မသိမ်းဆည်းနိုင်ဘဲ, မသိမ်းဆည်းနိုင်သည့်အတွက် ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ဘဲ ယင်းရုပ်ကလာပ်တို့၏ ဖြစ်မှု ပျက်မှုကို ကြည့်၍ လက္ခဏာယာဉ်တင်ကာ အနိစ္စဟု သို့မဟုတ် ဒုက္ခဟု သို့မဟုတ် အနတ္တဟု ရှုနေပါက ပညတ်တို့ မည်သည် ဉာဏ်ဖြင့် ကြိတ်ခြေလိုက်ပါက ကြာကြာ အကြိတ်အခြေ မခံနိုင်သဖြင့် = ကြာကြာ အကြည့်မခံနိုင်သဖြင့် မကြာမီ အချိန်ကာလ အတွင်းမှာပင် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ်များကို မတွေ့မြင်တော့ဘဲ ရှိနေတတ်သည်။ ထိုသို့ ရုပ်ကလာပ်များကို မတွေ့မြင် သောအခါ, ဘာဝနာသမာဓိ အရှိန်အဝါကလည်း အလွန်ကြီးမလျော့သွားသေးသဖြင့် အဖြူတုံး အဖြူပြင်ကိုသော်လည်းကောင်း, အကြည်တုံး အကြည်ပြင်ကိုသော် လည်းကောင်း အတုံးလိုက် အခဲလိုက် အပြင်လိုက်ကြီး မြင်နေတတ်သည်။ ထိုအကြည်ပြင် သို့မဟုတ် အဖြူပြင်၌ စိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေအောင် စိုက်ရှုနေလိုက်ပါကလည်း စိတ်သည် ယင်း အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပေသည်။ ယင်းကဲ့သို့သော အခြေအနေကို အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်တို့က ရုပ်ချုပ်သည် --- ဟု အဆိုရှိကြပြန်၏။ တစ်ဖန် ယင်းအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော စိတ်ကို အနည်းငယ် လျှော့ချလိုက်ပါကလည်း ဘဝင်သို့ သက်သွားတတ်ပြန်သည်။ ထိုသို့ ဘဝင်ကျနေမှုကိုပင် (ပစ္စုပ္ပန် ရှုပွားနေသည့် အာရုံကို မသိသည့်အတွက်ကြောင့် ဘာမျှ မသိတော့ဟု အယူရှိကာ) နာမ်ချုပ်သည် ---- ဟု အဆိုရှိကြပြန်သည်။ ယင်းကဲ့သို့သော သဘောတရားကိုပင် ဉာဏ်ဖြင့် တွေ့မြင်သည်ဟု အယူရှိ တတ်ကြ၏၊ သတိရှိစေ။

အထက်တွင် ရေးသားတင်ပြခဲ့သည့် ---

၁။ အဇ္ဈတ္တခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်,
၂။ ဗဟိဒ္ဓခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်, ထိုတွင်လည်း
၃။ ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်,
၄။ နာမ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့် --- အရိယမဂ်သို့ မဆိုက်နိုင်ဟူသော အဆိုအမိန့်များကိုလည်းကောင်း, (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။)
၅။ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားများကို ပရိညာပညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိက သံသရာမှ မလွတ် မြောက်နိုင် = အရိယမဂ်သို့ မဆိုက်နိုင်ဟူသော အဆိုအမိန့်များကို လည်းကောင်း, (ဒီ၊၂၊၄၇။)
၆။ အလုံးစုံသော ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိက သံသရာဝဋ် ဆင်းရဲဒုက္ခမှ မလွတ်မြောက်နိုင်ဟူသော အဆိုအမိန့်များကိုလည်းကောင်း (သံ၊၂၊၂၄၉။) ---

ဤအရပ်ရပ်သော ပါဠိတော် အဋ္ဌကထာ ဋီကာ အဆိုအမိန့်များကို အထူးသတိပြုပါလေ။

တစ်ဖန် ထိုအကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုလည်းကောင်း, အာကာသဓာတ်ကိုလည်းကောင်း ပြန်၍ သိမ်းဆည်းနိုင်ပါက ရုပ် ကလာပ်အမှုန့်များကို မကြာမီ ပြန်လည်တွေ့ရှိနိုင်သည်သာ ဖြစ်သည်ဟူသော အချက်ကိုလည်း သတိပြုပါလေ။

[မှတ်ချက် --- ရုပ်တရားတို့ကို ဝိပဿနာရှုရာ၌ အနုပါဒိဏ္ဏသင်္ခါရ ဟူသည့် သက်မဲ့ရုပ်တရားတို့ကိုပါ ထည့်သွင်း၍ ဝိပဿနာရှုပါ။]

နာမ်တရားများကို ဝိပဿနာရှုပုံ

ရုပ်တရားများကို ဝိပဿနာရှုပြီး၍ ကျေနပ်မှုအသင့်အတင့် ရရှိပါက နာမ်တရားများကိုပြောင်း၍တစ်ဖန် ဝိပဿနာရှုပါ။ ရုပ်တရားများကို သွက် သွက်လက်လက် ပြောင်းရွှေ့ပြန်လှန်၍ ဝိပဿနာရှုနိုင်ပါမှ နာမ်တရားကို ပြောင်း၍ ဝိပဿနာရှုလျှင် ပို၍ကောင်းပေသည်။

နာမ်တရားများကို သိမ်းဆည်းခဲ့စဉ်က အာယတနဒွါရအလိုက် နာမ် တရားများကို သိမ်းဆည်းခဲ့သဖြင့် ဝိပဿနာရှုရာ၌လည်း နာမ်တရားတို့ကို အာယတနဒွါရ အလိုက်ပင် စတင်၍ ရှုပါ။ ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူတကွသော ဝီထိစိတ္တက္ခဏတို့၏လည်းကောင်း, ဝီထိတစ်ခုနှင့် တစ်ခု အကြားအကြား၌ တည်ရှိကြကုန်သော ဘဝင်စိတ္တက္ခဏတို့၏လည်းကောင်း စိတ္တက္ခဏ တစ်ခုပြီး တစ်ခု ခဏတိုင်း ခဏတိုင်း၌ ဖြစ်ပြီးလျှင် ပျက်နေမှု သဘောကို အာရုံယူ၍ အနိစ္စ အနိစ္စဟု ရှုပါ။ စက္ခုဒွါရဝီထိ စသော ထိုထို ဝီထိစိတ်တို့၌ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိ အသီးသီးကို ကုန်စင် အောင်ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံးတို့၌ ရှုပါ။ ရှေးဦးစွာ အနီးမှ စတင်၍ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ရှုပါ။ အရှိန် ရလာသောအခါ တစ်စတစ်စ တိုးချဲ့၍ (၃၁)ဘုံကို ခြုံငုံ၍လည်းကောင်း အနန္တစကြဝဠာသို့တိုင်အောင် ခြုံငုံ၍လည်းကောင်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အနိစ္စလက္ခဏာ၌ အားရကျေနပ်မှုကို ရရှိသောအခါ --- ယင်းနာမ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသော သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခ ဒုက္ခဟု အလားတူပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ တစ်ဖန် ယင်း ဒုက္ခလက္ခဏာ၌ အားရကျေနပ်မှု အတော်အသင့် ရရှိသောအခါ နာမ်တရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် ခိုင်မာသည့် အနှစ်သာရ အတ္တ မရှိမှုသဘောကို အာရုံယူ၍ အနတ္တ အနတ္တဟု ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရူပါရုံလိုင်း စသည့် (၆)လိုင်းလုံးဝယ် --- ကုသိုလ်ဇော စောသည့် အကောင်းအုပ်စု, အကုသိုလ်ဇောစောသည့် မကောင်းအုပ်စုတို့ကို ကုန်စင်အောင် ရှုပါ။ နာမ်တရားတို့ကို ယင်းသို့ ရှုရာ၌ ---

၁။ ရူပါရုံကို အာရုံယူသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ,
၂။ သဒ္ဒါရုံကို အာရုံယူသည့် သောတဒွါရဝီထိ မနောဒွါရဝီထိ,
၃။ ဂန္ဓာရုံကို အာရုံယူသည့် ဃာနဒွါရဝီထိ မနောဒွါရဝီထိ,
၄။ ရသာရုံကို အာရုံယူသည့် ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ,
၅။ ဖောဋ္ဌဗ္ဗာရုံကို အာရုံယူသည့် ကာယဒွါရဝီထိ မနောဒွါရဝီထိ,
၆။ ဓမ္မာရုံကို အာရုံယူသည့် မနောဒွါရဝီထိ ---

ဤ ဝီထိများကို (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် တင်ပြထားသည့် အတိုင်း) အစဉ်အတိုင်း ကုန်စင်အောင်ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။

သမထယာနိကပုဂ္ဂိုလ်ဖြစ်မူ

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သမထယာနိကပုဂ္ဂိုလ်ဖြစ်မူ မိမိ ရရှိထားသည့် စျာနသမာပတ္တိဝီထိ၏အတွင်း၌ တည်ရှိကြသော နာမ်တရား တို့က စတင်၍ ဝိပဿနာရှုသော် ပို၍ ကောင်းပေသည်။ ဥပမာ -- ပထမ စျာန်ကို ဝင်စားပါ။ ယင်း ပထမစျာန်မှ ထ၍ ပထမစျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို စတင်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ ဒုတိယစျာနသမာပတ္တိဝီထိ စသည် တို့၏အတွင်း၌ တည်ရှိကြသော နာမ်တရားတို့၌လည်း နည်းတူပင် ဝိပဿနာ ရှုပါ။ မိမိရရှိထားသော စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော နာမ်တရားများကို ကုန်စင်အောင် ဝိပဿနာရှုပါ။ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အားရ ကျေနပ်မှု ရရှိသောအခါ ရူပါရုံကို အာရုံပြုသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စသည့် (၆)လိုင်းလုံးအတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို လိုင်းအစဉ်အတိုင်း လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။

---

ကြိုက်နှစ်သက်ရာ လက္ခဏာကို ဦးစားပေးရှုပါ။

ဧဝံ သင်္ခါရေ အနတ္တတော ပဿန္တဿ ဒိဋ္ဌိသမုဂ္ဃါဋနံ နာမ ဟောတိ။ အနိစ္စတော ပဿန္တဿ မာနသမုဂ္ဃါဋနံ နာမ ဟောတိ။ ဒုက္ခတော ပဿန္တဿ နိကန္တိပရိယာဒါနံ နာမ ဟောတိ။ ဣတိ အယံ ဝိပဿနာ အတ္တနော အတ္တနော ဌာနေယေဝ တိဋ္ဌတီတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန် အကွက်စေ့အောင် အရှိန်အားကောင်းအောင်ကား ဝိပဿနာ ရှုပွား သုံးသပ်ရမည်သာ ဖြစ်သည်။ ထိုသို့ ရှုပွားသုံးသပ်ရာ၌ အနုပဿနာဉာဏ် တစ်ပါးကို ကျန်အနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် ထို အနုပဿနာဉာဏ် သည် ထက်မြက်လာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏။ ထို ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းလာသော အနုပဿနာဉာဏ်ကသာလျှင် ကိလေသာကို ဖြိုခွဲနိုင်ပေသည်။

အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီး သော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိ ထူးကြီးကို ဆက်ခံလာရသော အနတ္တာနုပဿနာဉာဏ်သည် ထက်မြက်စူးရှ လာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏။ ထိုကြောင့် သင်္ခါရတရားတို့ကို အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်တို့ဖြင့် ကြိမ်ဖန်များစွာ ကြိတ်ခြေပြီး သော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရားကို အနတ္တာနုပဿနာ ဉာဏ်ဖြင့် ထပ်မံ၍ ကြိမ်ဖန်များစွာ ကြိတ်ခြေပေးပါ။ အနတ္တာနုပဿနာ ကို ဦးစားပေး၍ ရှုပါ။ ထိုအခါ အနတ္တာနုပဿနာဉာဏ်သည် ရင့်ကျက် လာတတ်၏ ထက်မြက်စူးရှလာတတ်၏ ရဲရင့်လာတတ်၏ သန့်ရှင်းလာ တတ်၏။ ယင်းသို့ ရင့်ကျက်လာသော ထက်မြက်စူးရှလာသော ရဲရင့်လာ သော သန့်ရှင်းလာသော အနတ္တာနုပဿနာဉာဏ်က ယင်းသင်္ခါရတရား တို့အပေါ်၌ အစွဲကြီး စွဲနေသော ဒိဋ္ဌိစွဲကို ပယ်ခွာနိုင်မည် ဖြစ်ပေသည်။ ခပ်သိမ်းကုန်သော မိစ္ဆာဒိဋ္ဌိမှန်သမျှတို့သည် အတ္တဒိဋ္ဌိ၌ အခြေစိုက်လျက် ရှိကြ၏၊ အတ္တဒိဋ္ဌိလျှင် အခြေခံအကြောင်းရင်း ရှိကြကုန်၏၊ အနတ္တာနုပဿနာဉာဏ်သည်လည်း အတ္တဒိဋ္ဌိနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်၏။ ထိုကြောင့် အနတ္တာနုပဿနာက ဒိဋ္ဌိစွဲကို ပယ်ခွာနိုင်ခြင်းဖြစ်သည်။

တစ်ဖန် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်နှစ်ပါးတို့က အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှုအရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံလာရသော အနိစ္စာနုပဿနာဉာဏ်သည် ထက်မြက် စူးရှလာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏။ ထိုကြောင့် သင်္ခါရတရားတို့ကို ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့ဖြင့် ကြိမ်ဖန်များစွာ ကြိတ် ချေပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရားတို့ကို အနိစ္စာနုပဿနာဉာဏ်ဖြင့် ထပ်မံ၍ ကြိမ်ဖန်များစွာ ကြိတ်ခြေပေးပါ၊ အနိစ္စာနုပဿနာကို ဦးစားပေး၍ ရှုပါ။ ထိုအခါ အနိစ္စာနုပဿနာဉာဏ်သည် ရင့်ကျက်လာတတ်၏ ထက်မြက်စူးရှလာတတ်၏ ရဲရင့်လာတတ်၏ သန့်ရှင်း လာတတ်၏။ ယင်းသို့ ရင့်ကျက်လာသော ထက်မြက်စူးရှလာသော ရဲရင့် လာသော သန့်ရှင်းလာသော အနိစ္စာနုပဿနာဉာဏ်က ယင်းသင်္ခါရတရား တို့အပေါ်၌ အစွဲကြီး စွဲနေသော မာနစွဲကို ပယ်ခွာနိုင်မည် ဖြစ်ပေသည်။ သင်္ခါရတရားတို့အပေါ်၌ နိစ္စဟု စွဲယူမှု = နိစ္စဂါဟသည် ထင်ရှားရှိခဲ့သော်- ဣဒံ နိစ္စံ၊ ဣဒံ ဓုဝံ = ဤကား မြဲသည့် နိစ္စ၊ ဤကား ခိုင်ခံ့သည့် ဓုဝ --- ဤသို့ စသည်ဖြင့် ဗကဗြဟ္မာကဲ့သို့ မာနဖြင့် ထောင်လွှားခြင်းသည် ဖြစ်နိုင်ပေသည်။

တစ်ဖန် အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံလာရသော ဒုက္ခာနုပဿနာဉာဏ်သည် ထက်မြက်စူးရှလာ၏၊ ရဲရင့်လာ၏၊ သန့်ရှင်းလာ၏။ ထိုကြောင့် သင်္ခါရတရားတို့ကို အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့ဖြင့် ကြိမ်ဖန် များစွာ ကြိတ်ခြေပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရားတို့ကို ဒုက္ခာနုပဿနာဉာဏ်ဖြင့် ထပ်မံ၍ ကြိမ်ဖန်များစွာ ကြိတ်ခြေပေးပါ၊ ဒုက္ခာနုပဿနာကို ဦးစားပေး၍ ရှုပါ၊ အကြင်အခါ၌ ယင်းဒုက္ခာနုပဿနာဉာဏ် သည် ရင့်ကျက်လာ၏ ထက်မြက်စူးရှလာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏။ ထိုအခါ၌ ယင်းသို့ ရင့်ကျက်လာသော ထက်မြက်စူးရှလာသော ရဲရင့်လာ သော သန့်ရှင်းလာသော ဒုက္ခာနုပဿနာဉာဏ်က ယင်းသင်္ခါရတရားတို့ အပေါ်၌ ငါ့ဟာ ငါ့ဟာ -- ဟု အစွဲကြီးစွဲနေသော တဏှာစွဲကို = တဏှာ နိကန္တိကို ကုန်ခန်းစေနိုင်၏။ သင်္ခါရတရားတို့ အပေါ်၌ သုခသညာ = ချမ်းသာ၏ဟူသော အမှတ်သညာသည် ထင်ရှားရှိသော်သာလျှင် ယင်းသင်္ခါရ တရားတို့ကို ငါ့ဟာ ငါ့ဟာ -- ဟု စွဲယူတတ်သော တဏှာဂါဟ = တဏှာစွဲ သည် ထင်ရှားဖြစ်ပေါ်လာနိုင်၏။ ဒုက္ခာနုပဿနာဉာဏ်သည်လည်း ယင်း တဏှာစွဲ နိကန္တိ၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်၏။ ထိုကြောင့် ဒုက္ခာနုပဿနာဉာဏ်က တဏှာစွဲကို ကုန်ခန်းစေနိုင်ခြင်း ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၂၆၄။ မဟာဋီ၊၂၊၄၁၅-၄၁၆။)

ထိုကြောင့် လက္ခဏာရေးသုံးတန်ကို အကွက်စေ့အောင် ရှုပွားပြီးသော အခါ မိမိ နှစ်ခြိုက်ရာ လက္ခဏာတစ်ပါးပါးကို ဦးစားပေး၍ အချိန် ခပ်ကြာကြာ ရှုပေးပါ။ ယင်း အနုပဿနာဉာဏ်မှာ အရှိန်အဝါ အားမကောင်းပါက ကျန်လက္ခဏာနှစ်ပါးတို့ကိုလည်း တစ်ဖန် ထပ်မံ၍ ရှုပေးပါ။ သို့သော် ဝိပဿနာဉာဏ်က ကိလေသာကို ပယ်ခွာနိုင်ခြင်းမှာ တဒင်္ဂအားဖြင့်သာ ပယ်ခွာနိုင်ခြင်းဖြစ်၏၊ အရိယမဂ်ဉာဏ်ကသာလျှင် သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်နိုင်မည်ဖြစ်သည်။ အရိယမဂ်သို့ ဆိုက်ရေးအတွက် ဝိပဿနာဉာဏ်များကို ရင့်ကျက်အောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။

---

အဒ္ဓါပစ္စုပ္ပန်

ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ဘဝတစ်လျှောက်အတွင်း၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့တွင် ---

၁။ ရုပ်သက်သက်ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍၊

၂။ နာမ်သက်သက်ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ---

ခပ်စိပ်စိပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာ ရှုပေးပါ။ အခေါက်ပေါင်းများစွာ အနုပဿနာတိုင်း၌ ရှုဖို့ လိုအပ်ပေသည်။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓတစ်လှည့် အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။

---

ခန္ဓာငါးပါးနည်း

အသင်သူတော်ကောင်းသည် နာမ်တရားများကို သိမ်းဆည်းခဲ့စဉ်က အာယတနဒွါရအလိုက် သိမ်းဆည်းခဲ့သည်ကို ပြန်လည်၍ အာရုံယူထားပါ။ အထူးသဖြင့် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည်၍ အာရုံယူထားပါ။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိကို ရှေးဦးစွာ ပြန်လည်၍ အာရုံယူပါ။ စိတ္တက္ခဏ အသီးအသီး၌ တည်ရှိသော ---

၁။ မှီရာဝတ္ထုရုပ် (၅၄)နှင့် ရူပါရုံက ရူပက္ခန္ဓာ၊

၂။ ဝေဒနာ အသီးအသီးက ဝေဒနာက္ခန္ဓာ၊

၃။ သညာ အသီးအသီးက သညာက္ခန္ဓာ၊

၄။ ကြွင်းကျန်သော စေတသိက်သင်္ခါရတရားစု အသီးအသီးက သင်္ခါရက္ခန္ဓာ၊

၅။ အသိစိတ် ဝိညာဏ် အသီးအသီးက ဝိညာဏက္ခန္ဓာ ---

ဤသို့လျှင် ရုပ်တရားကို တစ်ပုံ, နာမ်တရားကို (၄)ပုံ ပုံ၍လည်း ဝိပဿနာ ရှုပါ။ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ရှုပါ။

၁။ ရူပါရုံကိုပင် အာရုံယူသည့် ကြွင်းကျန်သော စက္ခုဒွါရဝီထိ+မနော ဒွါရဝီထိ၊

၂။ သဒ္ဒါရုံကို အာရုံယူသည့် သောတဒွါရဝီထိ+မနောဒွါရဝီထိ၊

၃။ ဂန္ဓာရုံကို အာရုံယူသည့် ဃာနဒွါရဝီထိ+မနောဒွါရဝီထိ၊

၄။ ရသာရုံကို အာရုံယူသည့် ဇိဝှါဒွါရဝီထိ+မနောဒွါရဝီထိ၊

၅။ ဖောဋ္ဌဗ္ဗာရုံကို အာရုံယူသည့် ကာယဒွါရဝီထိ+မနောဒွါရဝီထိ၊

၆။ ဓမ္မာရုံကို အာရုံယူသည့် မနောဒွါရဝီထိ ---

ဤဝီထိအသီးအသီးတို့၌လည်း အလားတူပင် ခန္ဓာငါးပါးနည်းဖြင့် ဝိပဿနာ ရှုပါ။ နာမ်ကမ္မဋ္ဌာန်းဇယားများတွင် တင်ပြထားသည့် အတန်းတိုင်း အတန်းတိုင်း၌ --- ပဉ္စဒွါရာဝဇ္ဇန်းမှသည် မနောဒွါရဝီထိ တဒါရုံသို့ တိုင်အောင် ---

၁။ ရုပ်သက်သက်ကို တိုးလျှိုပေါက် = တန်းလုံးပေါက်၊

၂။ ဝေဒနာသက်သက်ကို တိုးလျှိုပေါက် = တန်းလုံးပေါက်၊

၃။ သညာသက်သက်ကို တိုးလျှိုပေါက် = တန်းလုံးပေါက်၊

၄။ စေတသိက် သင်္ခါရသက်သက်ကို တိုးလျှိုပေါက် = တန်းလုံးပေါက်၊

၅။ အသိစိတ် ဝိညာဏ်သက်သက်ကို တိုးလျှိုပေါက် = တန်းလုံးပေါက်-

လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပါ။ ထိုသို့ ရှု ရာ၌ ဝီထိတစ်ခုနှင့် တစ်ခု၏ အကြား၌ တည်ရှိကြသော ဘဝင်စိတ္တက္ခဏ တို့၌လည်း ခန္ဓာငါးပါးနည်းဖြင့်ပင် ရောနှော၍ ရှုပါ။ ဓမ္မာရုံကို အာရုံယူ ကြသည့် မနောဒွါရဝီထိတို့၌လည်း ပုံစံတူပင် ရှုပါ။

အဇ္ဈတ္တ၌ ခန္ဓာငါးပါးနည်းဖြင့် ဝိပဿနာရှု၍ ကျေနပ်မှု အသင့် အတင့် ရရှိသောအခါ ဗဟိဒ္ဓ၌လည်း ပုံစံတူပင် ဝိပဿနာ ရှုပါ။ အနီးမှသည် အဝေးသို့တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ (၃၁)ဘုံကို အာရုံယူ၍ အနန္တစကြဝဠာသို့တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်၍ ဝိပဿနာရှုပါ။

ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်းကောင်း, ခန္ဓာငါးပါးနည်းဖြင့်လည်းကောင်း ဝိပဿနာရှုရာ၌ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ကြိုးစား၍ ဝိပဿနာရှုပါ။ ခဏပစ္စုပ္ပန်သို့တိုင်အောင် ဉာဏ်အမြင် သန့်ရှင်းစွာဖြင့် ဆိုက်ရောက် နိုင်ရေးအတွက် ဝီထိစိတ်အစဉ်တို့၏ အကြားအကြား၌ တည်ရှိကြသော ဘဝင်နာမ်တရားများကိုပါ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ရောနှော၍ ရှုပါ။

ပစ္စုပ္ပန်ဝယ် ခန္ဓာငါးပါးနည်းဖြင့် ဝိပဿနာရှု၍ ကျေနပ်မှု အတော်အသင့် ရရှိသောအခါ ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော အဒ္ဓါပစ္စုပ္ပန် အမည်ရသော ခန္ဓာငါးပါးတို့ကိုလည်း ဆက်လက်၍ ဝိပဿနာ ရှုပါ။ ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် တိုးလျှိုပေါက် ---

၁။ ရုပ်သက်သက်ကို လည်းကောင်း၊

၂။ ဝေဒနာသက်သက်ကို လည်းကောင်း၊

၃။ သညာသက်သက်ကို လည်းကောင်း၊

၄။ စေတသိက် သင်္ခါရတရား သက်သက်ကို လည်းကောင်း၊

၅။ အသိစိတ် ဝိညာဏ်သက်သက်ကို လည်းကောင်း -

ဝီထိစိတ် ဝီထိမုတ်စိတ် နှစ်မျိုးလုံး၌ လက္ခဏာယာဉ်သုံးချက် တစ် လှည့်စီတင်၍ ဝိပဿနာ ရှုပါ။ အနိစ္စ အခေါက်ပေါင်းများစွာ, ဒုက္ခ အခေါက် ပေါင်းများစွာ, အနတ္တ အခေါက်ပေါင်းများစွာ ရှုဖို့ကား လိုအပ်လျက်ပင် ရှိပေသည်။ ထိုသို့ ရှုရာ၌ ခန္ဓာတစ်ပါး တစ်ပါးကို ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင် တိုးလျှိုပေါက် ရှုပါ။ ဥပမာ --- ရူပက္ခန္ဓာကို ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ခပ်စိပ်စိပ် တိုးလျှိုပေါက် ဝိပဿနာရှုပြီးပါမှ ဝေဒနာက္ခန္ဓာသို့ ပြောင်း၍ အလားတူ ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အပြန်ပြန် အလှန်လှန် ရှုပါလေ။

---

ရုပ်နှင့်နာမ် တွဲ၍လည်း ရှုပါ

ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်းကောင်း, ခန္ဓာငါးပါးနည်းဖြင့်လည်းကောင်း ဝိပဿနာရှု၍ အားရကျေနပ်မှု အတော်အသင့်ရရှိသောအခါ ရုပ် နှင့် နာမ်ကို တွဲ၍ ရှုလိုက ရှုနိုင်ပါသည်။ ရှေးဦးစွာ အဇ္ဈတ္တ ဗဟိဒ္ဓနှစ်မျိုးလုံး ၌ ရုပ်သက်သက် နာမ်သက်သက်ကို သွက်အောင် ပြန်၍ ဝိပဿနာ ရှုပါ။ သွက်သွက်လက်လက် အပြန်ပြန် အလှန်လှန် ရှုနိုင်သောအခါ ရှေးဦးစွာ အာယတနဒွါရ အလိုက်ပင် - နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် တင်ပြ ထားသည့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ---

၁။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်၊

၂။ စိတ္တက္ခဏတိုင်း၏ စိတ်စေတသိက် နာမ်တရားစု ---

ဤ ရုပ်-နာမ်တို့၏ အစုံလိုက် အစုံလိုက် ပြိုပြိုပျက်ပျက်နေသည့် သဘောကို အာရုံယူ၍ သို့မဟုတ် ဖြစ်မှု ပျက်မှုကိုပင် အာရုံယူ၍ လက္ခဏာ ယာဉ်သုံးချက် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပါ။

ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ္တက္ခဏ၌ - မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံလည်း ဖြစ်ပျက်, နာမ်တရား (၁၁)လုံးလည်း ဖြစ်ပျက် - ဤသို့ စသည့် သဘောများကို စိတ္တက္ခဏတိုင်း၌ အစုံလိုက် အစုံလိုက် ရုပ်နှင့် နာမ်တို့၏ ဖြစ်မှု ပျက်မှုကို မြင်အောင်ကြည့်၍ အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တ တစ်လှည့် တစ်လှည့်စီ လှည့်၍ ရှုပါ။ အာယတနဒွါရ အလိုက် ရှုပါ။ ဒွါရ (၆)ပါးလုံး၌ ရှုပါ။ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို (နာမ် ကမ္မဋ္ဌာန်းပိုင်း ဇယားများအတိုင်း) ကုန်စင်အောင် ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အပြန်ပြန် အလှန်လှန် ရှုပါ။ ဤနည်းဖြင့် ---

၁။ ရုပ်သက်သက်ကို၊

၂။ နာမ်သက်သက်ကို၊

၃။ ရုပ်နာမ်ကို - တွဲ၍

အဇ္ဈတ္တ ဗဟိဒ္ဓတို့၌ လက္ခဏာယာဉ်တင်၍ အပြန်ပြန် အလှန်လှန် ရှုပြီးသောအခါ ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်လည်း အလားတူပင် (၁) ရုပ်သက်သက်ကို (၂) နာမ်သက်သက်ကို (၃) ရုပ်နှင့် နာမ်ကိုလည်း ဆက်လက်၍ ဝိပဿနာရှုပါ။ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်း ခြုံငုံ၍သာ ရှုပါ။ အလားတူပင် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ခန္ဓာငါးပါးနည်း ဖြင့်လည်း ဝိပဿနာ ဆက်ရှုပါ။

---

အတိတ်-ပစ္စုပ္ပန်-အနာဂတ်

အဒ္ဓါပစ္စုပ္ပန် အမည်ရသော ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော ရုပ်တရား နာမ်တရားတို့ကို ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်းကောင်း, ခန္ဓာငါးပါးနည်းဖြင့်လည်းကောင်း ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာ ရှုပွား သုံးသပ်ပြီးသောအခါ ကျေနပ်မှု အထိုက်လျောက် ရရှိပါက အတိတ် ပစ္စုပ္ပန် အနာဂတ် ရုပ်နာမ်တို့ကိုပါ တစ်ဆင့်တက်၍ ဝိပဿနာရှုပါ။

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

= သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု --- ဤသို့ စသည့် အထူးထူး အပြားပြားကုန်သော အခြင်းအရာတို့ဖြင့် ရှုတတ်သောကြောင့် ဝိပဿနာမည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

ဤသို့စသော အဋ္ဌကထာကြီးတို့၌ လာရှိသည့်အတိုင်း ပရမတ်သင်္ခါရ တရားတို့ကို လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်သည့် အပိုင်းကိုသာ ဝိပဿနာဟု ခေါ်ဆိုသည်။ ရုပ်နာမ်ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသော ယောဂါဝစရပုဂ္ဂိုလ်၏ ပညတ်-ပရမတ် မကွဲဘဲ, ပညတ်-ပရမတ် မခွဲဘဲ ပညတ်အတုံးအခဲ အစုအပုံကို ရှုမှတ်ခြင်းကိုကား ဝိပဿနာဟု မခေါ်ဆို နိုင်သေးသည်ကို သတိပြုလေရာသည်။

မိမိ သိမ်းဆည်း၍ ရနိုင်သလောက် ရှု၍ ရနိုင်သလောက် အတိတ်၏ ပဋိသန္ဓေမှစ၍ ထိုအတိတ်၏ စုတိသို့တိုင်အောင်, တစ်ဖန် နောက်အတိတ် တစ်ခု၏ ပဋိသန္ဓေမှ စ၍ စုတိသို့တိုင်အောင်, နောက်ဆုံး ပထမအတိတ်၏ ပဋိသန္ဓေမှ စ၍ စုတိသို့တိုင်အောင်, ထိုနောင် ပစ္စုပ္ပန် ပဋိသန္ဓေမှ စ၍ ပစ္စုပ္ပန်ဘဝ၏ စုတိသို့တိုင်အောင်, ထိုနောင် ပထမအနာဂတ်ဘဝ ပဋိသန္ဓေ မှစ၍ ယင်း ပထမအနာဂတ်ဘဝ၏ စုတိသို့တိုင်အောင်, နောက်ထပ် အနာဂတ် ရှိနေသေးလျှင် ယင်း ဒုတိယအနာဂတ်ဘဝ၏ ပဋိသန္ဓေမှ စ၍ ယင်း ဒုတိယအနာဂတ်ဘဝ၏ စုတိသို့တိုင်အောင် - ဤနည်းဖြင့် မိမိရှု၍ ရနိုင် သမျှ အနာဂတ်ဘဝ၏ ပဋိသန္ဓေမှ စ၍ စုတိသို့တိုင်အောင် - ထိုထိုဘဝတို့ အတွင်း၌ တည်ရှိသော ---

၁။ ရုပ်သက်သက်ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍၊

၂။ နာမ်သက်သက်ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍၊

၃။ ရုပ်နှင့် နာမ်ကို ပူးတွဲ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍

ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အပြန်ပြန် အလှန်လှန် ဝိပဿနာ ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ သို့သော် နားမရှင်းသေး သူတို့အတွက် ရှုကွက်ကို ထပ်မံ၍ တင်ပြအပ်ပါသည်။ အကယ်၍ အသင် သူတော်ကောင်းသည် ပဉ္စမအတိတ်ဘဝအထိ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရ တရားတို့ကို သိမ်းဆည်းနိုင်သည်ဖြစ်အံ့ ---

၁။ ပဉ္စမအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်၊

၂။ စတုတ္ထအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်၊

၃။ တတိယအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်၊

၄။ ဒုတိယအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်၊

၅။ ပထမအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်၊

၆။ ပစ္စုပ္ပန်ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်, (အနာဂတ်ရှိသေးလျှင်)

၇။ ပထမအနာဂတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်, (ရှိနေသေး လျှင်)

၈။ ဒုတိယအနာဂတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ---

ဤသို့ စသည်ဖြင့် သိမ်းဆည်းနိုင်သမျှ အတိတ်ဘဝမှသည် ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်အထိ ---

၁။ ရုပ်သက်သက်ကိုလည်းကောင်း၊

၂။ နာမ်သက်သက်ကိုလည်းကောင်း၊

၃။ ရုပ်နှင့်နာမ်ကို ပူးတွဲ၍ ရုပ်နာမ်နှစ်မျိုးလုံးကိုလည်းကောင်း ---

လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ ရံခါ အဇ္ဈတ္တ, ရံခါ ဗဟိဒ္ဓ, ရံခါ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ အလားတူပင် ခန္ဓာငါးပါးနည်းဖြင့် ---

၁။ ရုပ်သက်သက်ကိုလည်းကောင်း၊

၂။ ဝေဒနာသက်သက်ကိုလည်းကောင်း၊

၃။ သညာသက်သက်ကိုလည်းကောင်း၊

၄။ စေတသိက် သင်္ခါရသက်သက်ကိုလည်းကောင်း၊

၅။ အသိစိတ် ဝိညာဏ်သက်သက်ကိုလည်းကောင်း ---

ရံခါ အနိစ္စဟု, ရံခါ ဒုက္ခဟု, ရံခါ အနတ္တဟု အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အပြန်ပြန် အလှန်လှန် ရှုပါ။ ထိုသို့ ရှုရာ၌ ---

၁။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ -

၂။ သုခုမ = သိမ်မွေ့နူးညံ့သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ကိုပင် ဖြစ်စေ၊

၃။ ဟီန = ယုတ်ညံ့သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ၊

၄။ ပဏီတ = မွန်မြတ်သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ၊

၅။ ဒူရ = ဝေးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ၊

၆။ သန္တိက = နီးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ-

မည်သည့် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုမဆို အားလုံးကို ပင် ဝိပဿနာ ရှုပါ။ ထိုသို့ ရှုနိုင်ပါက --- အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ဟူသော ခန္ဓာငါးပါးကို ဝိပဿနာ ရှုတတ်ပြီ ဖြစ်ပေသည်။ ထိုအခါ အောက်ပါ အနတ္တလက္ခဏသုတ္တန် ရှုကွက်ကိုလည်း ရှုတတ်ပြီ ဖြစ် ပေသည်။

---

အနတ္တလက္ခဏသုတ္တန်ရှုကွက်

၁။ တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ --- နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

၂။ ယာ ကာစိ ဝေဒနာ။ ပ ။

၃။ ယာ ကာစိ သညာ။ ပ ။

၄။ ယေ ကေစိ သင်္ခါရာ။ ပ ။

၅။ ယံ ကိဉ္စိ ဝိညာဏံ။ ပ ။ (သံ၊၂၊၅၆။)

နေတံ မမ နေသောဟမသ္မိ န မေသော အတ္တာတိ သမနုပဿာမီတိ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမနုပဿာမိ။ (မ၊ဋ္ဌ၊၄၊၂၃၂။)

= ရဟန်းတို့ ...ခန္ဓာငါးပါးတို့သည် ထိုကဲ့သို့ အနိစ္စ ဒုက္ခ အနတ္တသာ ဖြစ်နေခြင်းကြောင့် ဤ သာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည်

၁။ အတိတ် ရုပ်တရားအားလုံးကိုလည်းကောင်း၊

၂။ အနာဂတ် ရုပ်တရားအားလုံးကိုလည်းကောင်း၊

၃။ ပစ္စုပ္ပန် ရုပ်တရားအားလုံးကိုလည်းကောင်း၊

၄။ အဇ္ဈတ္တ ရုပ်တရားအားလုံးကိုလည်းကောင်း၊

၅။ ဗဟိဒ္ဓ ရုပ်တရားအားလုံးကိုလည်းကောင်း၊

၆။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသော ရုပ်တရားအားလုံးကိုလည်းကောင်း၊

၇။ သုခုမ = သိမ်မွေ့နူးညံ့သော ရုပ်တရားအားလုံးကိုလည်းကောင်း၊

၈။ ဟီန = ယုတ်ညံ့သော ရုပ်တရားအားလုံးကိုလည်းကောင်း၊

၉။ ပဏီတ = မွန်မြတ်သော ရုပ်တရားအားလုံးကိုလည်းကောင်း၊

၁၀။ ဒူရ = ဝေးသော ရုပ်တရားအားလုံးကိုလည်းကောင်း၊

၁၁။ သန္တိက = နီးသော ရုပ်တရားအားလုံးကိုလည်းကောင်း -

ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရား အားလုံးကို ---

(က) နေတံ မမ = ဤရုပ်တရားသည် ငါ၏ရုပ်တရား မဟုတ်ဟု (= ဒုက္ခဟု)၊

( ခ ) နေသောဟမသ္မိ = ဤရုပ်တရားသည် ငါမဟုတ်ဟု (= အနိစ္စဟု)၊

( ဂ ) န မေသော အတ္တာ = ဤရုပ်တရားသည် ငါ၏အတ္တ မဟုတ်ဟု ---

(= အနတ္တဟု) ----

ဤသို့လျှင် ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့် ရှုပါ။

တစ်နည်းတစ်ဖုံအားဖြင့် ဘာသာပြန်ဆိုခဲ့သော် ဤသို့ ဖြစ်၏ ---

ရဟန်းတို့ ...ခန္ဓာငါးပါးတို့သည် ထိုကဲ့သို့ အနိစ္စ ဒုက္ခ အနတ္တသာ ဖြစ်နေခြင်းကြောင့် ဤ သာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည်

၁။ အတိတ် ရုပ်တရားကိုပင်ဖြစ်စေ၊

၂။ အနာဂတ် ရုပ်တရားကိုပင်ဖြစ်စေ၊

၃။ ပစ္စုပ္ပန် ရုပ်တရားကိုပင်ဖြစ်စေ၊

၄။ အဇ္ဈတ္တ ရုပ်တရားကိုပင်ဖြစ်စေ၊

၅။ ဗဟိဒ္ဓ ရုပ်တရားကိုပင်ဖြစ်စေ၊

၆။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသော ရုပ်တရားကိုပင်ဖြစ်စေ၊

၇။ သုခုမ = သိမ်မွေ့နူးညံ့သော ရုပ်တရားကိုပင်ဖြစ်စေ၊

၈။ ဟီန = ယုတ်ညံ့သော ရုပ်တရားကိုပင်ဖြစ်စေ၊

၉။ ပဏီတ = မွန်မြတ်သော ရုပ်တရားကိုပင်ဖြစ်စေ၊

၁၀။ ဒူရ = ဝေးသော ရုပ်တရားကိုပင်ဖြစ်စေ၊

၁၁။ သန္တိက = နီးသော ရုပ်တရားကိုပင်ဖြစ်စေ -

ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရား အားလုံးကို ---

(က) နေတံ မမ = ဤရုပ်တရားသည် ငါ၏ရုပ်တရား မဟုတ်ဟု (= ဒုက္ခဟု)၊

( ခ ) နေသောဟမသ္မိ = ဤရုပ်တရားသည် ငါမဟုတ်ဟု (= အနိစ္စဟု)၊

( ဂ ) န မေသော အတ္တာ = ဤရုပ်တရားသည် ငါ၏အတ္တ မဟုတ်ဟု ---

(= အနတ္တဟု) ---

ဤသို့လျှင် ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့် ရှုပါ။ (သံ၊၂၊၅၆။)

ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဟူသော နာမ်ခန္ဓာ (၄)ပါးတို့၌ လည်း ပုံစံတူပင် ရှုပါ။ ဘာသာပြန်အဓိပ္ပါယ်ကိုလည်း ပုံစံတူပင် မှတ်ပါ။

---

ဩဠာရိက-သုခုမ, ဟီန-ပဏီတ, ဒူရ-သန္တိက

ထိုသို့ ရှုရာ၌ ဩဠာရိက-သုခုမ စသည့် ရုပ်နာမ်တို့ကို ခွဲရှုလိုက ရှုနိုင်ပါ သည်။

၁။ ပသာဒရုပ် = အကြည်ရုပ်ငါးပါးနှင့် ဂေါစရရုပ် = အာရုံရုပ် ခုနစ်ပါး၊ ပေါင်း (၁၂)ပါးသော ရုပ်တို့သည် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လွယ် မြင်လွယ်သောကြောင့် ရုန့်ရင်းကြမ်းတမ်းသည့် ဩဠာရိကရုပ်တို့ မည်ကြသည်။

၂။ ကျန်ရုပ် (၁၆)မျိုးတို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ် မမြင်လွယ်၍ နူးညံ့သိမ်မွေ့ရကား သုခုမရုပ်ဟူသော အမည်ကို ရရှိကြသည်။

၃။ နာမ်တရားတို့တွင် အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လွယ် မြင်လွယ် သောကြောင့် ရုန့်ရင်းကြမ်းတမ်းရကား ဩဠာရိကဟူသော အမည်ကို ရရှိ ကြသည်။

၄။ ကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်၊ ပဉ္စဒွါရာဝဇ္ဇန်း, ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, တဒါရုံ, မနောဒွါရာဝဇ္ဇန်း, တဒါရုံ, ပဋိသန္ဓေ, ဘဝင်, စုတိ, ကြိယာဇော - စသည့် ဝိပါက်+ကြိယာ (= အဗျာကတ) ဖြစ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကား ရှုနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ် မမြင်လွယ်သောကြောင့် သိမ်မွေ့ နူးညံ့ရကား သုခုမဟူသော အမည်ကို ရရှိကြသည်။ (ကြွင်းကျန်သော ခွဲတမ်းချပုံ များကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊၂၊၁၀၄-၁၀၅ - စသည်၌ ကြည့်ပါ၊၊)

၅။ အကုသိုလ်၏ အကျိုးဖြစ်သော ရုပ်တရားတို့ကား ဟီန၊

၆။ ကုသိုလ်၏ အကျိုးဖြစ်သော ရုပ်တရားတို့ကား ပဏီတ။

၇။ ဩဠာရိက နာမ်တရားတို့ကား ဟီန၊

၈။ သုခုမ နာမ်တရားတို့ကား ပဏီတ။

၉။ သုခုမ ရုပ်တရားတို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ်မမြင်လွယ်ရကား အသိဉာဏ်နှင့် ဝေးသောကြောင့် ဒူရ၊

၁၀။ ဩဠာရိက ရုပ်တရားတို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လွယ် မြင်လွယ်သောကြောင့် အသိဉာဏ်နှင့် နီးရကား သန္တိက။

၁၁။ အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် အဗျာကတဟု ခေါ်ဆိုသော ဝိပါက်+ကြိယာ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့မှ ဝေးသောကြောင့်, ကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့မှလည်း ဝေးသောကြောင့် ဒူရ။ အလားတူပင် ကုသိုလ်+အဗျာကတ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည်လည်း အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် တို့မှ ဝေးသောကြောင့် ဒူရ။

၁၂။ အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့နှင့် နီးသောကြောင့် သန္တိက။ ကုသိုလ် အဗျာကတ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည်လည်း ကုသိုလ်+ အဗျာကတ ဝေဒနာ သညာ သင်္ခါရဝိညာဏ်တို့နှင့် နီးသောကြောင့် သန္တိက ---

ဤသို့ အမည်အသီးသီးကို ရရှိကြသည်။ အခြား ခွဲခြားသတ်မှတ်ပုံ များကိုလည်း (ဝိသုဒ္ဓိ၊၂၊၁၀၆-၁၀၇။)တို့၌ ကြည့်ပါ။

အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ ဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြသော ---

၁။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားတို့ကို လည်းကောင်း၊

၂။ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိ နာမ်တရားစုတို့နှင့် တကွ ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝီထိမုတ် နာမ်တရားစုတို့ကိုလည်းကောင်း ---

ရုပ်နာမ်နှစ်ပါးနည်းဖြင့် နှစ်ပုံ ပုံ၍ဖြစ်စေ, ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ဖြစ်စေ အတိတ်မှသည် ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်အထိ ပိုက်စိပ်တိုက်၍ ဝိပဿနာရှုနိုင်ပါက ထိုရုပ်နာမ်တို့တွင် ဩဠာရိက-သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိက-ရုပ်နာမ်တို့လည်း ပါဝင်လျက်ပင် ရှိကြပေသည်။ ကြွင်းကျန်မှုမရှိပေ။ ထိုကြောင့် အထက်တွင် ရေးသာတင်ပြထားသည့် အတိုင်း ---

၁။ ရုပ်သက်သက်ကိုလည်းကောင်း၊

၂။ နာမ်သက်သက်ကိုလည်းကောင်း၊

၃။ ရုပ်နှင့်နာမ် တွဲ၍လည်းကောင်း ---

ဤ ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်း ဝိပဿနာရှုနိုင်ပေသည်။ ပဉ္စဂ္ဂဒါယကဗြာဟ္မဏ ဇနီးမောင်နှံတို့သည် သင်္ခါရတရားတို့ကို ရုပ်နှင့် နာမ် နှစ်စုနှစ်ပုံ ပုံ၍ ရုပ်နာမ်နှစ်ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်ကြသဖြင့် အနာဂါမိမဂ်ဖိုလ်၌ တည်သွားကြသော ထုံးလည်း ရှိပေသည်။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၆၉။)

တစ်ဖန် ယင်းရုပ်နာမ်တို့ကို ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ဝိပဿနာ ရှုပါကလည်း အနတ္တလက္ခဏသုတ္တန်တွင် လာရှိသည့် ပဉ္စဝဂ္ဂိ အမည်တော်ရှိကြသော မထေရ်မြတ်ကြီးတို့ကဲ့သို့ --- အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်ပေသည်။ (သံ၊၂၊၅၅။)

အကယ်၍ စွမ်းနိုင်ပါမူ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ရုပ်တရား နာမ်တရားတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ လည်းကောင်း, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌လည်းကောင်း သီးသန့် ခွဲ၍ ဝိပဿနာရှုပါကလည်း ပို၍ ပို၍ ကောင်းသည်သာ ဖြစ်ပေသည်။

---

အသုဘဘာဝနာ

ဂိရိမာနန္ဒသုတ္တန် (အံ၊၃၊၃၄၃။) ၌ အသုဘသညာကို ပွားများအားထုတ်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။ သဝိညာဏကအသုဘ = ရှင်အသုဘဘာဝနာတည်း။ မေဃိယသုတ္တန်၌ --- အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ = ရာဂကို ပယ်ရှားနိုင်ရန်အတွက် အသုဘဘာဝနာကို ပွားများအားထုတ်ပါဟုလည်း ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။(ဥဒါန၊၁၂၀။) ဝိဇယသုတ္တန် (သုတ္တနိပါတ၊၃၀၇-၃၀၈။)၌လည်း သဝိညာဏက အသုဘ = ရှင်အသုဘ, အဝိညာဏက အသုဘ = သေအသုဘ ဘာဝနာတို့ကို ပွားများရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။ ယင်း အသုဘဘာဝနာကား ဒုက္ခာနုပဿနာ၏ အခြံအရံပင်တည်း။

---

သဝိညာဏကအသုဘ

သက်ရှိသတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော (၃၂)ကောဋ္ဌာသတို့ ၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ နှလုံးသွင်း၍ အသုဘ ဘာဝနာကို ပွားရာ၌ ပဋိကူလမနသိကာရလမ်းမှ စျာန်ရအောင် ရှုနည်းနှင့် အာဒီနဝါနုပဿနာဟု ခေါ်ဆိုသော ခန္ဓာအိမ်၏ အသုဘအပြစ်ကို မြင်အောင် ရှုနည်းဟု နှစ်နည်းရှိ၏။ အဇ္ဈတ္တသန္တာန်၌ တည်ရှိသော (၃၂) ကောဋ္ဌာသတို့တွင် (၃၂)ကောဋ္ဌာသလုံးကို ခြုံ၍ ဖြစ်စေ, ကောဋ္ဌာသ အချို့ကို ခြုံ၍ ဖြစ်စေ, ကောဋ္ဌာသ တစ်ခုစီကို အာရုံယူ၍ ဖြစ်စေ ပဋိကူလသဘော = ရွံရှာ စက်ဆုပ်ဖွယ်သဘောကို နှလုံးသွင်းပါက ပထမစျာန်သမာဓိသို့ ဆိုက်နိုင်၏။ အလားတူပင် ဗဟိဒ္ဓ ကောဋ္ဌာသတို့၌ နှလုံးသွင်းပါက ဥပစာရ သမာဓိသို့ ဆိုက်နိုင်၏။ ရှေးပိုင်းတွင် ရှင်းပြခဲ့ပြီးလေပြီ။ ဤအပိုင်း၌ကား ယင်း (၃၂)ကောဋ္ဌာသတို့၌ အာဒီနဝါနုပဿနာသဘောအားဖြင့် ရှုပုံကိုသာ တင်ပြပေအံ့ ---

(၃၂)ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူ၍ --အသုဘ အသုဘဟု ရှုပါ။ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်နေပါစေ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ အပြန်ပြန် အလှန်လှန် ရှုပါ။ စွမ်းနိုင်သမျှ တစ်စတစ်စ တိုးချဲ့၍ ရှုပါ။

ဤအချိန်တွင် ရုပ်ပရမတ် နာမ်ပရမတ် နယ်မြေ၌ ကျက်စားမှု အရှိန် အဝါအားကောင်းနေသော ဘာဝနာဉာဏ်သည် ယခုကဲ့သို့ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးတို့၌ (၃၂)ကောဋ္ဌာသတို့၏ ရွံရှာ စက်ဆုပ်ဖွယ်ရာ အသုဘ သဘောကို အပြန်ပြန် အလှန်လှန် ရှုနေရာ၌ မကြာမီ (၃၂)ကောဋ္ဌာသတို့ ကွယ်ပျောက်၍ ရုပ်ကလာပ်အမှုန့်များကိုသာ တွေ့မြင်နေတတ်သည်လည်း ရှိ၏။ ပရမတ္ထသစ္စာနယ်၌ ကျက်စားမှုများနေသော ဉာဏ်၏ စွမ်းအားကြောင့် ပင်တည်း။ အကယ်၍ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ (၃၂)ကောဋ္ဌာသ တို့၏ အသုဘသဘောကို အပြန်ပြန် အလှန်လှန် ရှုရာ၌ လွယ်လွယ်ကူကူဖြင့် ရုပ်ကလာပ်အမှုန့်များကို မတွေ့မြင်ပါကလည်း ထိုထို ကောဋ္ဌာသများကို တစ်ခုစီဖြစ်စေ ခြုံ၍ဖြစ်စေ ယင်းကောဋ္ဌာသတို့၌ တည်ရှိသော ဓာတ်ကြီး လေးပါးကို မြင်အောင် စိုက်ရှုလိုက်ပါက ကျင့်သားရနေသော ဘာဝနာဉာဏ် စွမ်းအားဖြင့် ရုပ်ကလာပ်အမှုန့်များကို လွယ်လွယ် ကူကူပင် တွေ့ရှိမည် ဖြစ်ပေသည်။ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ထိုထို ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ထိုရုပ်ပရမတ်တရားများကို တစ်ဖန် ဆက်လက်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ ဝိပဿနာရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ ထိုသို့ ရှုရာ၌ - အသုဘဘာဝနာ လုပ်ငန်းခွင်၌ ကျေနပ်မှု အထိုက်လျောက် ရရှိသောအခါမှ ထိုထို ကောဋ္ဌာသ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းခြင်း, ထိုထို ရုပ်ကလာပ်တို့၌ တည်ရှိကြသော ပရမတ်ရုပ်တရားတို့ကို ဝိပဿနာရှုခြင်းတို့ကို ပြုလုပ်ပါ။

---

ပိုးလောက်တို့ဖြင့် ပြည့်နေသော ခန္ဓာအိမ်

တစ်ဖန် ရှင်အသုဘ = သဝိညာဏကအသုဘ ရှုကွက်တစ်မျိုးသည် ဖေဏပိဏ္ဍူပမသုတ္တန်နှင့် ယင်းအဋ္ဌကထာတို့၌ လာရှိ၏။ ဤ ခန္ဓာအိမ်ကြီး သည်ကား ပိုးလောက်အမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေသော ခန္ဓာအိမ်ကြီး ဖြစ်၏။ ဤ ခန္ဓာအိမ်ကြီးသည် ပိုးလောက် အမျိုးမျိုးတို့၏ အိမ်ထောင်ရာ သားမွေးရာအိမ်လည်း ဟုတ်၏၊ ကျင်ကြီးစွန့်ရာအိမ်လည်း ဟုတ်၏၊ ကျင်ငယ်စွန့်ရာအိမ်လည်း ဟုတ်၏၊ ဖျားနာဆောင်လည်း ဟုတ်၏၊ ယင်းပိုးလောက်တို့၏ သုသာန်သချုႋင်းလည်း ဟုတ်၏၊ ယင်းကဲ့သို့ မစင်မကြယ် ရွံရှာ စက်ဆုပ်ဖွယ်ကောင်းသော အရာဝတ္ထုတို့ဖြင့် ပြည့်နှက်နေသော ဤ ခန္ဓာအိမ်၏ ရွံရှာ စက်ဆုပ်ဖွယ်သဘောကို အာရုံယူ၍ အသုဘ အသုဘဟု ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် ရှုပါ။ (သံ၊ဋ္ဌ၊၂၊၂၉၄။)

ထိုသို့ ရှုဖန်များလာသောအခါ ပရမတ္ထသစ္စာနယ်၌ ကျက်စားမှုများ နေသော ဉာဏ်၏ စွမ်းအင်ကြောင့် ရုပ်ကလာပ်များကို မကြာမီအချိန်ကာလ အတွင်းမှာပင် တွေ့မြင်တတ်ပေသည်။ ထိုအခါ ယင်း ရုပ်ကလာပ်များ၌ တည်ရှိသော ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်း၍ ယင်း ရုပ်ပရမတ်တရား တို့ကို လက္ခဏာယာဉ်တင်ကာ တစ်ဖန်ပြန်၍ ဝိပဿနာ ရှုပါ။ အကယ်၍ ရုပ်ကလာပ်များကို လွယ်လွယ်နှင့် မတွေ့မြင်ပါက, ယင်း အသုဘဘာဝနာ ကိုလည်း ကျေနပ်မှု အထိုက်အလျောက် ရရှိပါက ယင်းပိုးလောက်တို့ကို လည်းကောင်း သို့မဟုတ် ပိုးလောက်တို့ဖြင့် ပြည့်နှက်နေသော ခန္ဓာအိမ် ကြီးကိုလည်းကောင်း အာရုံယူ၍ ယင်းပိုးလောက်တို့၌ သို့မဟုတ် ပိုးလောက် တို့နှင့် ပြည့်နေသော ယင်းခန္ဓာအိမ်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင်၍ သိမ်းဆည်းလိုက်ပါက ပရမတ္ထသစ္စာနယ်၌ ကျင့်သားရနေသော ဉာဏ်၏ စွမ်းအင်ကြောင့် မကြာမီ ရုပ်ကလာပ်များကို တွေ့ရှိနိုင်ပေသည်။ ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်း၍ တစ်ဖန် ဝိပဿနာ ထပ်ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။

---

ရုပ်ပရမတ်တို့၏ အသုဘသဘော

ရုပ်ပရမတ်တရားတို့၌လည်း ---

၁။ ဒုဂ္ဂန္ဓ = မကောင်းသော အနံ့ ရှိခြင်း၊

၂။ အသုစိ = မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ရှိခြင်း၊

၃။ ဗျာဓိ = ဖျားနာခြင်းသဘော ရှိခြင်း၊

၄။ ဇရာ = အိုမှု ရှိခြင်း = ရင့်ကျက်မှုဌီကာလ ရှိခြင်း၊

၅။ မရဏ = သေကျေပျက်စီးမှု ရှိခြင်း = ပျက်မှုဘင်ကာလ ရှိခြင်း --- (သံ၊ဋ္ဌ၊၃၊၅၉။ သံ၊ဋ္ဌ၊၂၊၂၉၄။)

ဟူသော အသုဘသဘောတရားများသည် ထင်ရှားရှိနေကြသည်သာ ဖြစ်၏။ ယင်းအသုဘသဘောကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အသုဘ အသုဘဟု ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။

ဤသို့လျှင် သဝိညာဏကအသုဘ = ရှင်အသုဘ၌ ---

၁။ (၃၂)ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘော၊

၂။ ပိုးလောက်တို့ဖြင့် ပြည့်နှက်နေသော ခန္ဓာအိမ်၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘော၊

၃။ ရုပ်ပရမတ်တရားတို့၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘော -- ဟု

အသုဘသဘောတရား သုံးမျိုးခွဲ၍ ရှုပါ။

---

အဝိညာဏကအသုဘ = သေအသုဘ

ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပေဿယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ ဧကာဟမတံ ဝါ ဒွီဟမတံ ဝါ တီဟမတံ ဝါ ဥဒ္ဓုမာတကံ ဝိနီလကံ ဝိပုဗ္ဗကဇာတံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ --- အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတောတိ။ (ဒီ၊၂၊၂၃၅။)

= ရဟန်းတို့ ... တစ်ဖန် ထို့ပြင်လည်း ယောဂါဝစရ ရဟန်းသည် သေပြီး၍ တစ်ရက်ရှိသော သူသေကောင်, သေပြီး၍ နှစ်ရက်ရှိသော သူသေ ကောင်, သေပြီး၍ သုံးရက်ရှိသော သူသေကောင်, ဖူးဖူးရောင်ကြွ ပုပ်ပွ နေသော သူသေကောင်, ရုပ်အဆင်းပျက်လျက် ညိုမည်းနေသော သူသေ ကောင်, ပြည်ကဲ့သို့ စက်ဆုပ်ဖွယ်အပုပ်ရည် ယိုစီးသော သုသာန်သင်းချိုင်း ၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်လေရာ၏၊ မြင်လေရာသကဲ့သို့ ထိုယောဂါဝစရ ရဟန်းသည် --- ဤငါ၏ ရူပကာယသည်လည်း ဤသို့ သောသဘော ရှိ၏၊ ဤသို့သောသဘော ဖြစ်လိမ့်မည်သာတည်း၊ ဤသို့ သောသဘောကို မလွန်ဆန်နိုင် - ဟု ဤမိမိ၏ ရူပကာယကိုပင် ဉာဏ်ဖြင့် ရှေးရှုကပ်ဆောင်၍ ရှု၏။ (ဒီ၊၂၊၂၃၅။ မဟာသတိပဋ္ဌာနသုတ္တန်။)

ဒီဃဘာဏကမဟာသီဝတ္ထေရော ပန နဝသိဝထိကာ အာဒီနဝါနုပဿနာဝသေန ဝုတ္တာတိ အာဟ။ (ဒီ၊ဋ္ဌ၊၂၊၃၉၄။ မ၊ဋ္ဌ၊၁၊၃၀၅။)

ဒီဃဘာဏက = ဒီဃနိကာယ်ကို ဆောင်တော်မူသော မဟာသီဝ ရဟန္တာမထေရ်မြတ်ကြီးကား - နဝသိဝထိက = သုသာန်သင်းချိုင်းနှင့် ဆက် စပ်၍ ဟောကြားတော်မူအပ်သော အသုဘဘာဝနာ (၉)မျိုးတို့ကို အာဒီနဝါနုဿနာ၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူ၏ --ဟု ဆို၏။ (ဒီ၊ဋ္ဌ၊၂၊၃၉၄။ မ၊ဋ္ဌ၊၁၊၃၀၅။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့် အညီ အဝိညာဏက အသုဘဘာဝနာကို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် သေအသုဘ အလောင်းကောင်တစ်ခုကို ရွေးချယ်၍ ရှုရမည် ဖြစ်သည်။ သမထပိုင်းဝယ် ပထမစျာန်သမာဓိသို့ဆိုက်အောင် အသုဘဘာဝနာကို ပွားရာ၌ အမျိုးသား ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသား အလောင်းကောင်ကို, အမျိုးသမီး ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသမီး အလောင်းကောင်ကို ရှုရ၏။ အာဒီနဝါနုပဿနာ အနေဖြင့် ရှုရသော ဤ ဝိပဿနာပိုင်း၌ကား အမျိုးသား အလောင်းကောင် အမျိုးသမီးအလောင်းကောင်ဟု ရွေးချယ်စိစစ်ရန် မလို ပေ။ လိင်တူမှု မတူမှုမှာ လိုရင်းမဟုတ်။ သမထပိုင်း၌ကား ဗဟိဒ္ဓ အလောင်း ကိုသာ ပထမစျာန်သို့ ဆိုက်သည်တိုင်အောင် စူးစူးစိုက်စိုက် ရှုရသဖြင့် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သွားသောအခါ ရာဂဝင်လာ နှောင့်ယှက် တတ်သဖြင့် လိင်တူ အလောင်းကောင်ကိုသာ ရှုပွားရခြင်း ဖြစ်၏။ အာဒီနဝါနုပဿနာ = မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ခန္ဓာအိမ်၏ အပြစ်ကို မြင်အောင်ရှုရသော ဤ ဝိပဿနာပိုင်း၌ကား အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် ရှုရသဖြင့် အာဒီနဝါနုပဿနာ = အပြစ်ကို မြင်အောင် ရှုသော နည်း ဖြစ်ရကား လိင်တူ လိင်မတူ ရွေးချယ်မှု မပြုတော့ဘဲ မိမိ နိမိတ်ယူ၍ ရလွယ်ရာ အသုဘ အလောင်းကောင်တစ်ခုကို အာရုံယူ၍ ရှုနိုင်သည်။ သိရီမာ၏ အလောင်းကောင်ကို စံထား၍ ရဟန်းယောက်ျား ပရိသတ်, ရဟန်းမိန်းမ ပရိသတ်, လူယောက်ျား ပရိသတ်, လူမိန်းမ ပရိသတ် တည်းဟူသော ပရိသတ်လေးပါးတို့ကို အသုဘဘာဝနာရှုရန် ညွန်ကြားထားတော် မူသော ထုံးတစ်ရပ်သည် ဝိဇယသုတ္တန် (သုတ္တနိပါတ၊၃၀၇-၃၀၈။)၌ လာရှိ ပေသည်။ သမထပိုင်း၌ ဗဟိဒ္ဓ အလောင်းကောင်သက်သက်ကိုသာ = အထူး သဖြင့် အလောင်းကောင် တစ်ခုတည်းကိုသာ စျာန်ဆိုက်သည်တိုင်အောင် စူးစူးစိုက်စိုက် ရှုရ၏။ ဝိပဿနာပိုင်း၌ကား အပြစ်အာဒီနဝကို မြင်အောင် အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် ရှုရ၏။ ဤကား --- သမထပိုင်းနှင့် ဝိပဿနာပိုင်း အသုဘဘာဝနာတို့၏ ထူးခြားမှုတည်း။

ရှုပုံနည်းစနစ်

အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်ပါး အတွင်း၌ တည်ရှိကြသော ရုပ်တရား နာမ်တရား = ခန္ဓာငါးပါးတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင် သော ဤအချိန်တွင် ဝိပဿနာ ရှုပွားနေသော အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းများသည် ထွက်ပေါ်နေမည်သာ ဖြစ်ပေသည်။ သို့မဟုတ် တရားထိုင်လျှင် ထိုင်ချင်း မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်လည်၍ ထူထောင်လိုက်ပါကလည်း ထို စတုတ္ထစျာန်သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းများသည် ထွက်ပေါ်နေမည်သာ ဖြစ်သည်။ အကြောင်းမူ သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးမှ ဝိပဿနာဘာဝနာကိုလည်း အဆင့် ဆင့် ကူးပြောင်းလာပြီးမှ အဝိညာဏကအသုဘ = သေအသုဘကို ရှုရန် အခွင့်ဆိုက်လာသောကြောင့် ဖြစ်သည်။ သို့သော် ထိုဉာဏ်အရောင်အလင်း သည် အနည်းငယ်မှိန်၍ အားမရ ဖြစ်နေပါမူ သမာဓိကို အဆင့်ဆင့် ပြန်လည် ထူထောင်ပါ။ ထိုသမာဓိနှင့် ယှဉ်တွဲနေသော ဉာဏ်ကြောင့် အရောင် အလင်းသည် ပြိုးပြိုးပြက်ပြက် တလက်လက် တဖြတ်ဖြတ် တောက်ပလာ သောအခါ အဝိညာဏက အသုဘဘာဝနာကို ရှုနိုင်ပြီ ဖြစ်သည်။

သမထဘာဝနာဉာဏ်ကြောင့် ဖြစ်စေ၊ သို့မဟုတ် ဝိပဿနာဘာဝနာ ဉာဏ်ကြောင့် ဖြစ်စေ လင်းရောင်ခြည်သည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုဉာဏ်အရောင်အလင်းဖြင့် မိမိ အမှတ်တရ ဖြစ်ဖူးသော အမှတ်တရ မြင်ထားဖူးသော အလောင်းကောင်တစ်ခုကို လှမ်း၍ အာရုံယူကြည့်ပါ။ လက်နှိပ်မီးဖြင့် ထိုးစိုက်ကြည့်သကဲ့သို့ ထိုဉာဏ်အရောင်အလင်းဖြင့် ထိုးစိုက်၍ ရှုပါ။ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောသည် ဉာဏ်၌ ထင်မြင်နေပါစေ။ ပုပ်ပွ၍ အပုပ်ရည်ထွက်နေသော အလောင်းကောင် တစ်မျိုးဖြစ်မူ ပို၍ကောင်းသည်သာ ဖြစ်သည်။ ထို ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို နှလုံးသွင်း၍ ယင်း အလောင်းကောင်ကို အသုဘ အသုဘဟု ရှုပါ။ အသုဘအခြင်းအရာသည် ဉာဏ်၌ ထင်လာသဖြင့် ယင်း အသုဘ အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်သွားသောအခါ မိမိကိုယ်ကို တစ်ဖန် ဉာဏ်ဖြင့် ကပ်ဆောင်၍ ရှုကြည့်ပါ။ မိမိခန္ဓာကိုယ်၏လည်း ထိုဗဟိဒ္ဓအလောင်းကောင်ကဲ့သို့ သေနေသည့် ပုပ်ပွ၍ အသုဘ ဖြစ်နေသည့် အသုဘအခြင်းအရာကို ဉာဏ်ဖြင့်မြင်အောင် စိုက်ရှုပါ။ မိမိ အလောင်းကောင်၏ ပုပ်ပွလျက် ရွံရှာစက်ဆုပ်ဖွယ် အခြင်းအရာကို မြင်သောအခါ အသုဘ အသုဘဟု ရှုပါ။

အကယ်၍ မိမိ၏ အသုဘအခြင်းအရာကို ဉာဏ်ဖြင့် ကပ်ဆောင်၍ ရှုသော်လည်း မရဖြစ်နေပါက ဗဟိဒ္ဓ အသုဘကို တစ်ဖန်ပြန်၍ ရှုပါ။ ထို နောင် အဇ္ဈတ္တသို့ တစ်ဖန်ပြန်ရှုပါ။ ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက အဇ္ဈတ္တ အသုဘအခြင်းအရာကိုလည်း တွေ့မြင်လာနိုင်ပေသည်။ အကယ် ၍ မတွေ့မမြင် ဖြစ်နေသေးပါက ဤအချိန်မှ စ၍ မိမိ၏ အနာဂတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ တဖြည်းဖြည်း ရှုကြည့်ပါက မိမိ သေနေသော အသုဘ သဘောကို လွယ်လွယ်ကူကူပင် တွေ့ရှိမည် ဖြစ်ပေသည်။ ဤ ရှုကွက်မှာ ပစ္စုပ္ပန် အကြောင်းတရားနှင့် အနာဂတ် အကျိုးတရားတို့၏ ကြောင်းကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားများကို ရှုထားပြီးသောယောဂီ၊ ရှု နိုင်သောယောဂီအဖို့ လွယ်ကူနေမည်သာ ဖြစ်ပေသည်။

မိမိ၏ အသုဘသဘောကို ဉာဏ်ဖြင့် = ဉာဏ်အရောင်အလင်းဖြင့် တွေ့မြင်ပါက အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ လှည့်၍ အသုဘ အသုဘဟု ရှုပါ။ ထိုသို့ရှုရာ၌ မိမိ ရာဂဖြစ်ဖူးသည့်ပုဂ္ဂိုလ် ရာဂဖြစ်နေကျပုဂ္ဂိုလ်များကို လည်း တစ်စတစ်စ တိုးချဲ့၍ အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် အသုဘ အသုဘဟု ရှုပါ။

ထိုကဲ့သို့ အသုဘ အသုဘဟု အဇ္ဈတ္တ ဗဟိဒ္ဓတို့၌ ရှုဖန်များလာပါက ရှေးရှေး ဝိပဿနာဘာဝနာတို့၏ စွမ်းအားကြောင့်လည်းကောင်း၊ ပရမတ္ထ သစ္စာနယ်၌ ကျက်စားမှု များခဲ့ခြင်းကြောင့်လည်းကောင်း အဇ္ဈတ္တ ဗဟိဒ္ဓ အလောင်းကောင်များ၌ တည်ရှိသော ရုပ်ကလာပ်များကို တွေ့မြင်လာတတ်၏။ သို့မဟုတ် အသုဘအလောင်းကောင်တို့သည် တဖြည်းဖြည်း ပြိုပြိုကျကာ အရိုးစု အစုအပုံ၊ အရိုးအမှုန့် အစုအပုံအသွင်သို့ ပြောင်းရွှေ့၍ ဉာဏ်၌ ထင်လာတတ်သည်လည်း ရှိ၏။ အကယ်၍ ထိုအလောင်းကောင်၏ အနာဂတ်ဘက်သို့ ဉာဏ်ကို တစ်စတစ်စ စေလွှတ်ကြည့်လိုက်ပါက အရိုးစု အရိုးပုံ အရိုးမှုန့်ဖြစ်သည့် အထိသို့လည်း ဉာဏ်အမြင်သည် ဆိုက်ရောက်သွားနိုင်သည်သာ ဖြစ်သည်။ မည်သည့် အဆင့်၌မဆို အသုဘ အသုဘဟု ရှုပါ။ အကယ်၍ ရုပ်ကလာပ်အမှုန့်များကို လွယ်လွယ်ကူကူနှင့် တွေ့ရှိပါက ယင်း ရုပ်ကလာပ်တို့၌ တည်ရှိသော ပရမတ်ရုပ်တရားတို့ကို အထူးသဖြင့် ဥတုဇရုပ်တရားတို့ကို သိမ်းဆည်း၍ ယင်းရုပ်တရားတို့ကို လက္ခဏာယာဉ် တင်၍ ဝိပဿနာ ရှုပါ။

အကယ်၍ ရုပ်ကလာပ်အမှုန့်များကို လွယ်လွယ်ကူကူနှင့် မတွေ့မြင် သေးပါက ယင်း အဇ္ဈတ္တ ဗဟိဒ္ဓ အသုဘအလောင်းကောင်တို့၌ တည်ရှိ သော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းလိုက်ပါက ထို အသုဘ အလောင်းကောင်တို့၌ တည်ရှိသော ရုပ်ကလာပ်များကို စတင် တွေ့ရှိမည် သာဖြစ်သည်။ ရုပ်ကလာပ်အမှုန့်များကို ဓာတ်ခွဲကြည့်လိုက်ပါက ကလာပ် တစ်ခုတွင် တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲဖြစ်ပွားလာကြသော ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့ကို တွေ့ရှိနိုင်ပေသည်။ ယင်း ရုပ်တရားတို့ကို သိမ်းဆည်း၍ ဆက်လက်၍ ဝိပဿနာ ရှုပါ။ အသုဘဘာဝနာမှ ဝိပဿနာ သို့ ယခုကဲ့သို့ ပြောင်းရွှေ့ရှုခြင်းမှာ အသုဘဘာဝနာလုပ်ငန်းခွင်၌ အားရ ကျေနပ်မှု အထိုက်အလျောက် ရရှိသောအခါ၌သာ ပြုလုပ်ပါ။

---

ထူးခြားချက်တစ်ရပ်

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးက လှမ်း၍အာရုံယူလိုက်သော ထိုအလောင်းကောင်သည် ပိုးလောက်များ ခဲစားနေသည့် အဆင့်၌ တည်ရှိ နေသေးသည့် အလောင်းကောင်ဖြစ်နေမူ အချို့အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်တို့သည် ထိုအလောင်းကောင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် လှမ်း၍ သိမ်းဆည်းလိုက်သောအခါ ဥတုဇဩဇဋ္ဌမကရုပ်များကို သာမက အခြားအခြားသော အကြည်ဓာတ် = ပသာဒရုပ် အချို့ပါသည့် ရုပ်ကလာပ်များနှင့် မကြည်သည့် ရုပ်ကလာပ်များကိုလည်း တွေ့တတ်ကြ၏။ အကြောင်းကား --- ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအလောင်းကောင်ကို မှီတွယ်နေသော အသက်ရှင်နေဆဲ ပိုးလောက်တို့၏ ရုပ်ကလာပ်များကိုပါ ရောနှောလျက် တွေ့မြင်နေခြင်းကြောင့် ဖြစ်သည်။ အသုဘအလောင်းကောင်၌ ကြည်သည့် ပသာဒရုပ်များနှင့် စတုသမုဋ္ဌာနိကရုပ်တရားတို့ ထင်ရှားရှိနေခြင်းကြောင့်ကား မဟုတ်ပေ။

အဇ္ဈတ္တ ဗဟိဒ္ဓ အလောင်းကောင်တို့၌ ရုပ်ကလာပ်များကို တွေ့မြင် သောအခါ ထို ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ပရမတ်ရုပ်တရားများကို လက္ခဏာယာဉ်တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပါလေ။

---

ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်များ

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကို ကိုးကား၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၄၄) သမ္မသနဉာဏ်ပိုင်း လက္ခဏသမ္မသန ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကိုပါ ထည့်သွင်းကာ ဖော်ပြထား၏။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကိုလည်း ဝိပဿနာ ရှုရမည် ဖြစ်ပေသည်။

အသင်သူတော်ကောင်းသည် -- အဝိဇ္ဇာပစ္စယာ သင်္ခါရာ = အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏ -- ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူ သော အနုလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းဖြင့် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ပြန်လည်၍ အာရုံယူထားပါ။ ထိုသို့ သိမ်း ဆည်းခဲ့သည့်အတိုင်း ယင်းအင်္ဂါရပ်တို့ကို ဤ၌ ဝိပဿနာရှုရမည် ဖြစ်ပေ သည်။

ပစ္စုပ္ပန်ဘဝကို ဗဟိုထား၍ ယူခဲ့သော် ---

၁။ အဝိဇ္ဇာသင်္ခါရတို့ကား - အတိတ်၊

၂။ ဝိညာဏ်နာမ်ရုပ်သဠာယတနဖဿဝေဒနာတဏှာဥပါဒါန်ဘဝတို့ကား - ပစ္စုပ္ပန်၊

၃။ ဇာတိဇရာမရဏတို့ကား - အနာဂတ်။

အကယ်၍ ပထမ အတိတ်ဘဝကို ဗဟိုထား၍ ယူခဲ့သော် ---

၁။ အဝိဇ္ဇာသင်္ခါရတို့ကား - ဒုတိယ အတိတ်၊

၂။ ဝိညာဏ်နာမ်ရုပ်သဠာယတနဖဿဝေဒနာတဏှာဥပါဒါန်ဘဝတို့ကား - ပထမ အတိတ်၊

၃။ ဇာတိဇရာမရဏတို့ကား - ပစ္စုပ္ပန်။

အကယ်၍ ပထမအနာဂတ်ဘဝကို ဗဟိုထား၍ ယူခဲ့သော် ---

၁။ အဝိဇ္ဇာသင်္ခါရတို့ကား - ပစ္စုပ္ပန်၊

၂။ ဝိညာဏ်နာမ်ရုပ်သဠာယတနဖဿဝေဒနာတဏှာဥပါဒါန်ဘဝတို့ကား - ပထမ အနာဂတ်၊

၃။ ဇာတိဇရာမရဏတို့ကား - ဒုတိယ အနာဂတ်။

ဤသို့ စသည်ဖြင့် အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌ သဘောပေါက်ပါလေ။ ဘဝသုံးခု သုံးခုကို အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ် ရှုရမည့် ရှုကွက်ဖြစ်သည်။

---

ရှုကွက်ပုံစံ အချို့

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏။

အဝိဇ္ဇာ (ဖြစ်-ပျက်) အနိစ္စ။ သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ။

မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်တွင် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ အဝိဇ္ဇာနှင့် သင်္ခါရတို့ကို ပဋိစ္စသမုပ္ပါဒ်ပထမနည်းတွင် သိမ်းဆည်းခဲ့သည့်အတိုင်း ရှုပါ။ ထိုတွင် အဝိဇ္ဇာမှာလည်း ယေဘုယျအားဖြင့် လောဘဒိဋ္ဌိအုပ်စု မနောဒွါရိက ဇောဝီထိစိတ်အစဉ်သာ ဖြစ်၏။ သင်္ခါရမှာလည်း ထိုက်သလို ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရ ဖြစ်နိုင်၏။ မနောဒွါရိကဇောဝီထိစိတ်အစဉ်ပင်တည်း။ အသင်သူတော်ကောင်းအတွက် ဤပစ္စုပ္ပန်ဘဝကို ကွက်၍ ဆိုရမူ အတိတ် ဘဝက ပြုစုပျိုးထောင်ခဲ့သော ယင်းသင်္ခါရမှာ ကုသိုလ်သင်္ခါရသာ ဖြစ်ပေ သည်။ ထိုထိုဘဝ၌ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲ ဖြစ်လတ္တံ့ အတိုင်းသာ ရှုပါ။ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာတို့ကိုလည်း နည်းတူပင် ရှုပါ။

၂။ သင်္ခါရ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏။

သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ။ ပဋိသန္ဓေဝိညာဏ် (ဖြစ်-ပျက်) အနိစ္စ။

ဤသို့ စသည်ဖြင့် ဝိပါက်ဝိညာဏ်များကို ကုန်စင်အောင် ဒွါရ (၆)ပါး လုံး၌ = စက္ခုဒွါရဝီထိ စသော ဝီထိအားလုံးတို့၌လည်းကောင်း၊ ဘဝင်ဝိညာဏ် စုတိဝိညာဏ်တို့၌လည်းကောင်း ရှုပါလေ။ ကြွင်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌လည်း ပဋိစ္စသမုပ္ပါဒ်ပထမနည်းတွင် အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းခဲ့သည့်အတိုင်း ဇာတိဇရာမရဏသို့တိုင်အောင် ရှုပါလေ။ အကြောင်း အကျိုး နှစ်မျိုးလုံးကိုပင် လက္ခဏယာဉ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါလေ။

သုတ္တန်နည်းအရ --- ဝိညာဏ်နာမ်ရုပ်သဠာယတနဖဿဝေဒနာ တို့၌ ဝိပါကဝဋ်တရားတို့ကိုသာလျှင် အလိုရှိအပ်သည် မှန်သော်လည်း (မဟာဋီ၊၂၊၃၂၃။) အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ရှုရာ၌သာ ဝိပါကဝဋ်တရားတို့ကို ရှုပါ။ ဝိပဿနာ ရှုရာ၌ကား မကင်းစကောင်းသော အဝိနာဘာဝနည်းအရ ဝီထိစဉ်တစ်ခု အတွင်း၌ ကျရောက်လျက်ရှိသော ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်း၊ ဇော -- တို့ကို ရောနှော၍ ရှုပါကလည်း ပရမတ္ထဓာတ်သားတို့ကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် ရှုပါမူ အပြစ်မဖြစ်နိုင်ပါ။ ရှု၍ ရနိုင်သမျှ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ ဗဟိဒ္ဓ၌ သာမန်ခြုံရှုပါ။ ပုဂ္ဂိုလ်သတ္တဝါ ခွဲခြားဝေဖန်မှု မပြုပါနှင့်။

---

တော (၄၀) ရှုကွက်

ဤ လက္ခဏသမ္မသနဉာဏ်ပိုင်းတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂၊၂၄၆၊၊) ၌ ဘာဝနာ (၄၀) ခေါ် တော (၄၀) ရှုကွက်များကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (၄၁၁။)ကို ကိုးကား၍ ဖော်ပြထား၏။ မှတ်သားလွယ်ကူစေရန် ရည်သန်၍ မဟာဝိသုဒ္ဓါရာမဆရာတော်ဘုရားကြီးက မိမိ၏ ပရမတ္ထသရူပဘေဒနီ ကျမ်းတွင် ဂါထာများသီကုံး၍ အနိစ္စလက္ခဏာ (၁၀)ချက်၊ ဒုက္ခလက္ခဏာ (၂၅)ချက်၊ အနတ္တလက္ခဏာ (၅)ချက်တို့ကို သီးသန့်ခွဲ၍ ရေးသားတင်ပြ ထား၏။ ထိုဂါထာများ၌ လာရှိသည့်အတိုင်း လက္ခဏာရေးသုံးပါးကို သုံးစု ခွဲ၍ ရေးသားတင်ပြပေအံ့ ---

---

အနိစ္စလက္ခဏာ (၁၀) ချက်

ရူပံ အနိစ္စံ ပလောကံစလံ ပဘင်္ဂု အဒ္ဓုဝံ

ဝိပရီဏာမာသာရကံဝိဘဝံ မစ္စု သင်္ခတံ

---

၁။ အနိစ္စတော

အနစ္စန္တိကတာယအာဒိအန္တဝန္တတာယ စ အနိစ္စတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

အနစ္စန္တိကတာယာတိ အစ္စန္တိကတာဘာဝတောအသဿတတာယာတိ အတ္ထောသဿတဥှိ အစ္စန္တိကံ ပရာယ ကောဋိယာ အဘာဝတော။ (မဟာဋီ၊၂၊၃၉၄။)

[ရုပ်နာမ်တို့၌ ဖြစ်ခြင်းဟူသော ေ့ရှအစွန်း၊ ပျက်ခြင်းဟူသော နောက် အစွန်းဟု အစွန်းနှစ်ခု ရှိ၏။ ဥပါဒ်စွန်း ဘင်စွန်းဟု ခေါ်သည်။ ရုပ်နာမ်တို့ သည် နောက်အစွန်း ဘင်ကို လွန်နိုင်သော သဿတ မဟုတ်ရကား နောက် အစွန်းဘင်ကို မလွန်နိုင်သောကြောင့်လည်းကောင်း၊ ဥပါဒ်စွန်းဟူသော အစ ဘင်စွန်းဟူသော အဆုံးရှိသောကြောင့်လည်းကောင်း အနိစ္စတရားတို့ ဖြစ် ကြ၏။

ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟု ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ရှုပါ။ အထက်ပါ အနက်သဘောတရားကို ရုပ်တရား၌ (ဝေဒနာတရား ၌၊ သညာတရား၌၊ သင်္ခါရတရား၌၊ ဝိညာဏ်တရား၌) ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ရှုပါ။

ဤ၌ ဥပါဒ်စွန်းကို မလွန်နိုင်ဟူသည် ရုပ်တရား နာမ်တရားတို့သည် ဖြစ်ခြင်းဥပါဒ်သို့ မရောက်မီကလည်း မရှိကြကုန်သေး။ ဖြစ်ရန်အသင့် ကြိုတင် စောင့်ဆိုင်းနေမှုသဘောမျိုးလည်း မရှိပေ။ တစ်ဖန် ပျက်ခြင်း ဘင်ကာလ၏ နောက်၌လည်း တစ်နေရာ၌ စွန့်ပစ်ထားကြသည့် အလောင်းကောင်များကဲ့သို့ သွားရောက်စုပုံလျက် ထပ်နေမှု သဘောမျိုးလည်း မရှိပေ။ မဖြစ်ခင်က မရှိခြင်း၊ ဖြစ်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်း နှစ်ခုတို့၏ အလယ်အကြား၌သာလျှင် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် အခိုက်အတန့်မျှ ပေါ်လာ ရခြင်း ဖြစ်လာရခြင်းသာ ဖြစ်၏။ ထိုသို့ ဥပါဒ်စွန်း ဘင်စွန်းကို လွန်၍ တည်နေမှု မရှိသည့်သဘော၊ ဥပါဒ်စွန်း ဘင်စွန်း ရှိနေခြင်းသဘောကြောင့် ရုပ်နာမ်တို့သည် အနိစ္စဟူသော အမည်ကို ရရှိကြပေသည်။ ထိုကြောင့်] -

အနိစ္စံ = မြဲခြင်းသဘောမရှိ = မမြဲ --- ဟု ရှုပါ။

---

၂။ ပလောကတော

ဗျာဓိဇရာမရဏေဟိ ပလုဇ္ဇနတာယ ပလောကတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

(ဗျာဓိ ဇရာ မရဏ = နာမှု အိုမှု သေမှုတို့ဖြင့် ပြိုကွဲပေါက်ပြဲ ပျက်စီး တတ်ရကား လွန်စွာပျက်စီးခြင်းသဘော ရှိသောကြောင့်) - ပလောကံ = ပျက်စီးခြင်းသဘော ရှိ၏ --- ဟု ရှုပါ။

---

၃။ စလတော

ဗျာဓိဇရာမရဏေဟိ စေဝ လာဘာလာဘာဒီဟိ စ လောကဓမ္မေဟိ ပစလိတတာယ စလတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

လောကဓမ္မာ လာဘာဒိဟေတုကာ အနုနယပဋိဃာတေဟိ, ဗျာဓိအာဒီဟိ စ အနဝဋ္ဌိတတာ ပစလိတတာ။ (မဟာဋီ၊၂၊၃၉၆။)

(ချစ်ခြင်း မုန်းခြင်း တရားတို့သည် လာဘ်ရခြင်း လာဘ်မရခြင်း စသော လောကဓံတရားတို့လျှင် အခြေခံအကြောင်းရင်း ရှိကြကုန်၏။ ယင်း လောကဓံတို့ကြောင့် ချစ်ခြင်း မုန်းခြင်း စသည့် စိတ်ဓာတ်တုန်လှုပ်ချောက်ချားမှုတို့သည် ဖြစ်ပေါ်လာကြရ၏။ ဗျာဓိ ဇရာ မရဏ = နာမှု အိုမှု သေမှု တို့ကြောင့်လည်းကောင်း၊ လာဘ်ရခြင်း လာဘ်မရခြင်း စသော လောကဓံ တို့ကြောင့်လည်းကောင်း ရုပ်နာမ်တို့သည် မတည်ကြည် မတံ့စား အပြား အားဖြင့် တုန်လှုပ်တတ်သည်၏ အဖြစ်ကြောင့်) -- စလံ = မတည်ကြည် မတံ့စား ရွေ့ရှားတုန်လှုပ်တတ်၏ --- ဟု ရှုပါ။

---

၄။ ပဘင်္ဂုတော

ဥပက္ကမေန စေဝ သရသေန စ ပဘင်္ဂုပဂမနသီလတာယ ပဘင်္ဂုတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

(မိမိ၏လုံ့လပယောဂ၊ သူတစ်ပါး၏လုံ့လပယောဂဖြင့်လည်းကောင်း၊ မိမိ ပင်ကိုသဘောအားဖြင့်လည်းကောင်း ဖရိုဖရဲ ပြိုကွဲပျက် စီးခြင်းသို့ ရောက်လေ့ရှိသည်၏အဖြစ်ကြောင့်) -- ပဘင်္ဂု = ဖရိုဖရဲ ပြိုကွဲပျက်စီးခြင်း သဘော ရှိ၏။

---

၅။ အဒ္ဓုဝတော

သဗ္ဗာဝတ္ထနိပါတိတာယထိရဘာဝဿ စ အဘာဝတာယ အဒ္ဓုဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

(အလွန်နုသော ကာလမှ စ၍ တချွေချွေကြွေကျသော သစ်သီးကဲ့သို့ ငယ်ရွယ် နုနယ်သောအရွယ်၊ ပျော်ရွှင်မြူးတူး ကစားသောအရွယ် စသော အလုံးစုံသော အသက်အရွယ် အခိုက်အတန့် အမျိုးမျိုးတို့၌ ကြွေကျခြင်း သဘော ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း၊ မကြွေကျသော်လည်း ခပ် သိမ်းသော အခြင်းအရာအားဖြင့် အနှစ်မဲ့သည်ဖြစ်၍ မြဲမြံခိုင်ခံ့သော အဖြစ် ၏ မရှိသည်၏အဖြစ်ကြောင့်လည်းကောင်း) -- အဒ္ဓုဝံ = ခိုင်မာခြင်းသဘော မရှိ။

---

၆။ ဝိပရိဏာမဓမ္မတော

ဇရာယ စေဝ မရဏေန စာတိ ဒွေဓာ ပရိဏာမပကတိတာယ ဝိပရိဏာမဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

(အိုခြင်း ဇရာဖြင့် ။ဝါ။ တည်ခြင်း = ဌီကာလဖြင့်လည်းကောင်း၊ သေခြင်း မရဏဖြင့် ။ဝါ။ ပျက်ခြင်း = ဘင်ကာလဖြင့်လည်းကောင်း နှစ်မျိုး သော အခြင်းအရာအားဖြင့် ဖောက်ပြန်ခြင်း = ပြောင်းလဲခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့်) ဝိပရိဏာမံ = ဖောက်ပြန်ခြင်းသဘော ရှိ၏။ (ဥပါဒ် သဘောမှ ဌီသဘော ဇရာ၊ ဘင်သဘော မရဏသို့ ပြောင်းခြင်းသဘောကို ဆိုလို၏။)

---

၇။ အသာရကတော

ဒုဗ္ဗလတာယဖေဂ္ဂု ဝိယ သုခဘဉ္ဇနီယတာယ စ အသာရကတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

(အလိုလိုပင် ပျက်စီးတတ်၍ အားနည်းသည်၏အဖြစ်ကြောင့်လည်းကောင်း၊ အကာကဲ့သို့ ပျက်စီးလွယ်သည်၏ အဖြစ်ကြောင့်လည်းကောင်း) အသာရကံ = ခိုင်မာသည့် အနှစ်သာရ မရှိ။

---

၈။ ဝိဘဝတော

ဝိဂတဘဝတာယဝိဘဝသမ္ဘူတတာယ စ ဝိဘဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

(ဖြစ်ပြီးလျှင် ပျက်သွားတတ် ကုန်သွားတတ်ရကား ကြီးပွားခြင်း တိုး ပွားခြင်း ပွားစီးခြင်း ကင်းသည်၏အဖြစ်ကြောင့်လည်းကောင်း၊ ပျက်စီးဆုံး ရှုံးခြင်းသဘောရှိသော ဝိဘဝတဏှာ ဝိဘဝဒိဋ္ဌိ အကြောင်းခံ၍ ဖြစ်ပေါ်လာ သည်၏အဖြစ်ကြောင့်လည်းကောင်း၊ တဏှာဒိဋ္ဌိတည်းဟူသော အကြောင်း ရင်း ဖခင်နှင့် တူစွာ) -- ဝိဘဝံ = ဆုံးရှုံးခြင်းသဘော ရှိ၏။

---

၉။ မရဏဓမ္မတော = မစ္စု

မရဏပကတိတာယ မရဏဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

(သေခြင်း = ပျက်ခြင်း မရဏသဘောရှိသည်၏ အဖြစ်ကြောင့်) - မရဏဓမ္မံ = မစ္စု = သေခြင်းသဘော ရှိ၏ (= ပျက်ခြင်းသဘော ရှိ၏။)

---

၁၀။ သင်္ခတတော

ဟေတုပစ္စယေဟိ အဘိသင်္ခတတာယ သင်္ခတတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈၊၊)

(တိုက်ရိုက်ဖြစ်စေတတ်သော ဟေတု အကြောင်းတရား = ဇနက အကြောင်းတရား၊ အားပေးထောက်ပံ့တတ်သော ဥပတ္တမ္ဘက အကြောင်း တရား = ပစ္စယ အကြောင်းတရားတို့သည် ပေါင်းစု၍ ပြုပြင်အပ်သည်၏ အဖြစ်ကြောင့်) -- သင်္ခတံ = အကြောင်းတရားတို့သည် အဖန်ဖန် အထပ်ထပ် ပြုပြင်အပ်သော သဘောရှိ၏။

ရုပ်တရားများကို တိုက်ရိုက်ဖြစ်စေတတ်သော အကြောင်းတရားတို့ ကား ကံဖြစ်ကြ၏။ ဇနကအကြောင်းတရား ဟေတုအကြောင်းတရားတည်း။ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ် အကြောင်းတရားတို့ကား - ထိုအတိတ်ကံကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား တို့တည်း။ သို့သော် ထိုကိလေသဝဋ်တို့သည် ကုသိုလ်ကံအား ဥပနိဿယ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ အကုသိုလ်ကံအားမူ ဥပနိဿယ စသော ပစ္စယသတ္တိတို့ဖြင့်လည်းကောင်း သဟဇာတ စသော အကြောင်းတရားတို့ဖြင့်လည်းကောင်း ကျေးဇူးပြုပေး၏။

တစ်ဖန် စိတ် ဥတု အာဟာရတို့သည်လည်း ရုပ်တရားတို့ကို အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားတို့ပင်တည်း။ သို့သော် စိတ် ဥတု အာဟာရတို့သည် အချို့သော စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့အား တိုက်ရိုက် ဖြစ်စေတတ်၍ အချို့တို့အား အားပေးထောက်ပံ့တတ် သော်လည်း ကမ္မသတ္တိက ကမ္မဇရုပ်အား ဖြစ်စေပုံနှင့် မတူဘဲ ရှိကြ၏။ သဟဇာတစသော သတ္တိတို့ဖြင့် စိတ်က စိတ္တဇရုပ်တို့အား ကျေးဇူးပြုပေး၏။ ဥတုက ဥတုဇရုပ်တို့အား ဥပနိဿယ စသော သတ္တိတို့ဖြင့်၊ အာဟာရက အာဟာရဇရုပ်တို့အား အာဟာရပစ္စယ စသော သတ္တိတို့ဖြင့် ကျေးဇူးပြု ပေး၏။ သို့အတွက် ကမ္မသတ္တိ မဟုတ်သဖြင့် ဇနကအကြောင်းဟု မဆိုဘဲ ဥပတ္ထမ္ဘကအကြောင်းဟု ဆိုသည် မှတ်ပါ။

ဝိပါက်နာမ်တရားများ၏ ဟေတုအကြောင်း ဇနကအကြောင်းမှာ ကံဖြစ်၏။ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသဝဋ် အကြောင်း တရားတို့ကို ရုပ်၌ ဆိုခဲ့သည့်နည်းတူ မှတ်ပါ။ ကုသိုလ် အကုသိုလ် အဗျာကတ နာမ်တရားအားလုံးတို့၏ ပစ္စုပ္ပန် အကြောင်းတရား ဖြစ်ကုန်သော ဝတ္ထု အာရုံ ဖဿ စသော အကြောင်းတရားတို့သည်ကား ဥပတ္ထမ္ဘက အကြောင်းတရားတို့ ဖြစ်ကုန်သည်ဟု မှတ်ပါ။

အထက်ပါ သဘောတရားများကို မိမိရှုပွားမည့် ရုပ်တရား (ဝေဒနာ တရား၊ သညာတရား၊ သင်္ခါရတရား၊ ဝိညာဏ်တရား)တို့၌ ဉာဏ်ဖြင့် မြင် အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း၊ ပလောကဟုလည်းကောင်း --- ဤသို့ စသည်ဖြင့် ရှုပါ။ ဤတွင် အနိစ္စလက္ခဏာ (၁၀)ချက် ပြီး၏။

---

ဒုက္ခလက္ခဏာ (၂၅) ချက်

ဒုက္ခဉ္စ ရောဂါဃံ ဂဏ္ဍံသလ္လာဗာဓံ ဥပဒ္ဒဝံ

ဘယီတျူပသဂ္ဂါ တာဏံအလေဏာသရဏံ ဝဓံ

အဃမူလံ အာဒီနဝံသာသဝံ မာရအာမိသံ

ဇာတိဇ္ဇရံ ဗျာဓိသောကံပရိဒေဝမုပါယာသံ

သံကိလေသသဘာဝကံ

---

၁။ ဒုက္ခတော

ဥပ္ပါဒဝယပဋိပီဠနတာယဒုက္ခဝတ္ထုတာယ စ ဒုက္ခတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ဥပ္ပါဒဝယပဋိပီဠနတာယာတိ ဥပ္ပါဒေနဝယေန စ ပတိ ပတိ ခဏေ ခဏေ တံသမင်္ဂိနော ဝိဗာဓနသဘာဝတ္တာတေဟိ ဝါ သယမေဝ ဝိဗာဓေတဗ္ဗတ္တာဥဒယဗ္ဗယဝန္တော ဟိ ဓမ္မာ အဘိဏှံ တေဟိ ပဋိပီဠိတာ ဧဝ ဟောန္တိယာ ပီဠနာ သင်္ခါရဒုက္ခတာတိ ဝုစ္စတိဒုက္ခဝတ္ထုတာယာတိ တိဝိဓဿာပိ ဒုက္ခဿသံသာရဒုက္ခဿ စ အဓိဋ္ဌာနဘာဝတော။ (မဟာဋီ၊၂၊၃၉၄-၃၉၅။)

[ရုပ်နာမ်တို့သည် ထို ရုပ်နာမ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဖြစ်ခြင်း ဒဏ်ချက်ဖြင့်လည်းကောင်း၊ ပျက်ခြင်း ဒဏ်ချက်ဖြင့်လည်းကောင်း ခဏတိုင်း ခဏတိုင်း၌ ညှဉ်းပန်းနှိပ်စက်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ တစ်နည်း -- မိမိရုပ်နာမ်ကိုယ်တိုင် ထိုဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်တို့သည် ညှဉ်းပန်းနှိပ်စက်အပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း = ရုပ်နာမ် တို့သည် ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်တို့ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း -

(က) ဒုက္ခဝေဒနာဟူသော ဒုက္ခဒုက္ခ၊

( ခ ) သုခဝေဒနာဟူသော ဝိပရိဏာမဒုက္ခ၊ (တည်ခိုက် သုခ၊ ပျက်က ဒုက္ခ ဟူလို)

( ဂ ) ဥပေက္ခာဝေဒနာနှင့် ဝေဒနာမှ ကြွင်းသော ရုပ်နာမ်ဟူသော သင်္ခါရ ဒုက္ခ ---

ဤ ဒုက္ခသုံးပါးအပေါင်း၏၊ တစ်နည်း သံသရာဝဋ်ဆင်းရဲဒုက္ခ၏ တည်ရာ ဝတ္ထု၏ အဖြစ်ကြောင့်လည်းကောင်း] -- ဒုက္ခံ = ယုတ်မာညစ်ဆိုး ဆင်းရဲသည့် ဒုက္ခမျိုးသာတည်း။

သင်္ခါရဒုက္ခ --- ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော သင်္ခါရတရား မှန်သမျှသည် သင်္ခါရဒုက္ခ ဟူသော အမည်ကို ရရှိနိုင်သည်ချည်းသာတည်း။ သို့သော် - ဒုက္ခဝေဒနာနှင့် သုခဝေဒနာတို့မှာ ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ ဟူသော အမည် သီးခြားရရှိပြီးဖြစ်၍ ဤ၌ ဥပေက္ခာဝေဒနာနှင့် ဝေဒနာမှ ကြွင်းသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော တေဘူမကသင်္ခါရတရား မှန်သမျှကို သင်္ခါရဒုက္ခဟု ဆိုထားသည်။ ယင်း တေဘူမက ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှတို့သည် ယင်းတို့ ဖြစ်ပေါ်လာအောင် ပြုပြင်ပေးရ သည့် သင်္ခတဒုက္ခ တင်းလင်းရှိသောကြောင့်လည်းကောင်း၊ ဖြစ်ခြင်း ပျက် ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည်၏ အဖြစ် ကြောင့်လည်းကောင်း သင်္ခါရဒုက္ခဟူသော အမည်ကို ရရှိကြသည်။ (ဝိသုဒ္ဓိ၊၂၊၁၃၀။ မဟာဋီ၊၂၊၁၉၇။)

---

၂။ ရောဂတော

ပစ္စယယာပနီယတာယရောဂမူလတာယ စ ရောဂတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

(ဆိုင်ရာ အကြောင်းတရားတို့က အနိုင်နိုင် ကျေးဇူးပြုပေးပါမှ အကျိုး ရုပ်နာမ်တို့၏ ရပ်တည်နိုင်ခွင့် ရနိုင်ရှိနိုင်ရကား ထိုက်သည့် အားလျော်စွာ အကြောင်းတရားတို့ဖြင့် မျှစေအပ် တည်စေအပ်သည်၏ အဖြစ်ကြောင့်၊ တစ်နည်း --- ထိုက်သင့်သော ဆိုင်ရာ အကြောင်းတရားတို့ဖြင့် မျှစေအပ် တည်စေအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အစဉ်လိုက်သော နာတာရှည် အနာရောဂါတို့၏ အကြောင်းဖြစ်သော ယာပျအနာရောဂါနှင့် တူသည်၏ အဖြစ်ကြောင့်လည်းကောင်း) -- ရောဂံ = ကျင်နာညစ်ဆိုး ရောဂါ မျိုးသာတည်း။

[ရုပ်နာမ်တို့သည် ခပ်သိမ်းသော ကာယိကရောဂါ စေတသိကရောဂါ အမျိုးမျိုးတို့၏ တည်ရာဖြစ်သောကြောင့် ယာပျနာ = ယာပျရောဂါနှင့် တူသည် ဟူ၏။]

---

၃။ အဃတော

ဝိဂရဟဏီယတာယအဝဍ္ဎိအာဝဟနတာယအဃဝတ္ထုတာယ စ အဃတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

(အကုသိုလ်တရားတို့ကဲ့သို့ ဘုရားအရိယာတို့သည် ကဲ့ရဲ့အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ သတ္တဝါအများတို့၏ အကျိုးစီးပွားမဲ့ကို လွန်စွာ ဆောင်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အဃဟု ခေါ်ဆိုအပ် သော အကုသိုလ်ထိုထို၏ တည်ရာဖြစ်သောကြောင့်လည်းကောင်း) - အဃံ = အကျိုးယုတ် အကျိုးမဲ့မျိုးသာတည်း။

---

၄။ ဂဏ္ဍတော

ဒုက္ခတာသူလယောဂိတာယကိလေသာသုစိပဂ္ဃရဏတာယဥပ္ပါဒဇရာဘင်္ဂေဟိ ဥဒ္ဓုမာတပရိပက္ကပဘိန္နတာယ စ ဂဏ္ဍတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

(ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခ ဟူသော သုံးပါးအပြားရှိ သော ဒုက္ခတာဟု ဆိုအပ်သော ထိုးကျင့် ကိုက်ခဲခြင်းနှင့် ယှဉ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ထိုက်သည့် အားလျော်စွာ အာရုံအားဖြင့် လည်းကောင်း အတူယှဉ်တွဲ ဖြစ်ခြင်းဟူသော သမ္ပယုတ်အားဖြင့်လည်းကောင်း မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ရာ ရာဂစသည့် ကိလေသာ အညစ် အကြေးတို့ကို တစီစီ တစစ်စစ် ယိုစီးကျစေတတ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊ ရှေးက မရှိမူ၍ ယခုမှ ရုတ်ခြည်း ဖြစ်ပေါ်လာသော ဥပါဒ် သဘောဖြင့် ဖူးဖူးရောင်တက်ခြင်း၊ တည်မှု ဌီသဘောဖြင့် ရင့်ကျက် မှည့် ရော်ခြင်း၊ ပျက်ခြင်း ဘင်သဘောဖြင့် ဖရိုဖရဲ ပေါက်ပြဲကွဲအက် ပျက်စီးခြင်း သဘောရှိသောကြောင့်လည်းကောင်း) -- ဂဏ္ဍံ = မဖွယ်ရုပ်ဆင်း ထွတ်မြင်း အနာမျိုးသာတည်း။

ကိလေသာသုစိပဂ္ဃရဏတာယ --- ရှေးရှေး ရာဂစသည်ကို အာရုံပြု ၍ နောက်နောက် ရာဂစသည် ဖြစ်ခြင်းကိုလည်းကောင်း၊ ရာဂ ဖြစ်လောက်သည့် ကိလေသာဖြစ်လောက်သည့် အာရုံတစ်ခုခုကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်စေတသိက်တို့နှင့် အတူယှဉ်တွဲ၍ ရာဂစသည့် ကိလေသာတို့ ဖြစ်ခြင်းကိုလည်းကောင်း ရည်ညွှန်း၍ ထိုက်သည့်အားလျော်စွာ အာရုံ အားဖြင့်လည်းကောင်း၊ အတူယှဉ်တွဲဖြစ်ခြင်းဟူသော သမ္ပယုတ်အားဖြင့်လည်းကောင်း မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ရာ ရာဂ စသည့် ကိလေသာ အညစ်အကြေးတို့ကို တစီစီ တစစ်စစ် ယိုစီးကျစေတတ်သည်ဟု ဆိုသည်။ ရုပ်နာမ်တို့မှ ယိုစီးကျလာသော အပုပ်ရည်တို့တည်း။ ပကတိသော ထွတ်မြင်း အိုင်းအမာနာမှ အပုပ်ရည်များ ယိုစီးကျသကဲ့သို့ မှတ်ပါ။

---

၅။ သလ္လတော

ပီဠာဇနကတာယအန္တောတုဒနတာယဒုန္နီဟရဏီယတာယ စ သလ္လတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[(က) ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ဖြစ်စေတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊

( ခ ) ဒုက္ခဝေဒနာ စသည်တို့သည် ကိုယ်အတွင်းသို့ ထိုးကျင့်စူးဝင်တတ် သကဲ့သို့ ဤ သင်္ခါရတရားသည်လည်း အတ္တဘောတည်းဟူသော ခန္ဓာအိမ်အတွင်း၌ ကျရောက်လာသော် ဖြစ်ခြင်း ပျက်ခြင်းဖြင့် ထိုးကျင့်စူးဝင်တတ်သောကြောင့်လည်းကောင်း၊

( ဂ ) ထို ရုပ်နာမ် သင်္ခါရဒုက္ခဟူသော မြားငြောင့်ကို အရိယမဂ်တည်း ဟူသော မွေးညှပ်နှင့် ကင်း၍ နုတ်ပယ်ခြင်းငှာ တတ်နိုင်ခဲသည်၏ အဖြစ်ကြောင့်လည်းကောင်း] -

သလ္လံ = စူးဝင် ညစ်ဆိုး မြားငြောင့်မျိုးသာတည်း။

---

၆။ အာဗာဓတော

အသေရိဘာဝဇနကတာယအာဗာဓပဒဋ္ဌာနတာယ စ အာဗာဓတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[(၁) အသည်းအသန် မကျန်းမာသူ လူနာသည် ဣရိယာပုထ်လေးပါး လုံး၌ ကိုယ့်စွမ်းအားဖြင့် မတတ်နိုင်၊ သူတစ်ပါးတို့သည် လုပ်ကျွေးပြုစုခြင်း ထူပေးခြင်း လှည့်ပေးခြင်း စသည်ဖြင့် သူတစ်ပါးတို့နှင့် စပ်သော ကိုယ်၏ ဖြစ်ခြင်း ရှိသကဲ့သို့ ခန္ဓာတို့သည်လည်း မိမိ၏ စွမ်းအားဖြင့် မဖြစ်နိုင်ကြဘဲ အကြောင်းတရားတည်းဟူသော သူတစ်ပါးနှင့် ဆက်စပ်ခြင်း ရှိသည်၏ အဖြစ်ကို ဖြစ်စေတတ်သောကြောင့် လည်းကောင်း၊ (၂) အသည်းအသန် လွန်စွာ နှိပ်စက်တတ်သော အနာရောဂါဟူသမျှ၏ အကြောင်းဖြစ်သော ကြောင့်လည်းကောင်း] -

အာဗာဓံ = နှိပ်စက်လွှမ်းမိုး အနာမျိုးသာတည်း။

---

၇။ ဥပဒ္ဒဝတော

အဝိဒိတာနံယေဝ ဝိပုလာနံ အနတ္ထာနံ အာဝဟနတောသဗ္ဗုပဒ္ဒဝဝတ္ထုတာယ စ ဥပဒ္ဒဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[(၁) ဥထဲကြက်ငယ် ပေါက်ဝယ်ကျေးသို့ တွေးဆ၍ သိခြင်းငှာ မတတ်အားသည်သာလျှင် ဖြစ်ကုန်သော ပြန့်ပြော ပေါများကုန်သော မင်း ဘေး မင်းဒဏ် အိုဘေး နာဘေး သေဘေး အပါယ်ဘေး စသော အကျိုးမဲ့ တို့ကို ရွက်ဆောင်တတ်သောကြောင့်လည်းကောင်း၊ (၂) အလုံးစုံကပ်၍ နှိပ်စက်တတ်သော ဥပဒ္ဒဝေါ၏ တည်ရာဝတ္ထု ယာခင်း ဖြစ်သည်၏ အဖြစ် ကြောင့်လည်းကောင်း] -

ဥပဒ္ဒဝံ = လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးသာတည်း။

---

၈။ ဘယတော

သဗ္ဗဘယာနံ အာကရတာယဒုက္ခဝူပသမသင်္ခါတဿ ပရမဿာသဿ ပဋိပက္ခဘူတတာယ စ ဘယတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[(၁) ခန္ဓာတို့သည် မျက်မြင်လောက ပစ္စုပ္ပန်ဘဝ၌ ရောက်သောဘေး၊ တမလွန်လောက၌ ရောက်သော ဘေးဟု ဆိုအပ်ကုန်သော အလုံးစုံသော ဘေးတို့၏ တည်ရာ ဘေးတွင်းသဖွယ် ဖြစ်သောကြောင့်လည်းကောင်း၊ (၂) ဒုက္ခခပ်သိမ်း ငြိမ်းအေးချမ်းမြေ့ရာဟု ဆိုအပ်သော လွန်စွာ သက်သာရာ နိဗ္ဗာန်တရားတော်မြတ်၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့်လည်းကောင်း] - ဘယံ = ချမ်းသာ စသည်နှင့် မရော ပြန့်ပြောများပြား ကြီးမားသော ဘေးမျိုးသာတည်း။ ဝါ ။ ကြောက်ဖွယ်ညစ်ဆိုး ဘေးရန်မျိုးသာတည်း။

---

၉။ ဤတိတော

အနေကဗျသနာဝဟနတာယ ဤတိတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

(ခန္ဓာတို့သည် အထွေထွေ အပြားပြား များစွာသော ပျက်စီးခြင်းကို ဆောင်တတ်သောကြောင့်) - ဤတိ = ထိတ်လန့်စဖွယ် အန္တရာယ်မျိုးသာ တည်း။

---

၁၀။ ဥပသဂ္ဂတော

အနေကေဟိ အနတ္ထေဟိ အနုဗဒ္ဓတာယဒေါသူပသဋ္ဌတာယဥပသဂ္ဂေါ ဝိယ အနဓိဝါသနာရဟတာယ စ ဥပသဂ္ဂတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[(၁) ဗဟိဒ္ဓ၌ ဆွေမျိုးပျက်စီးခြင်း စသည်၊ အဇ္ဈတ္တ၌ အနာရောဂါ စသည် အပြားရှိကုန်သော များစွာသော အကျိုးမဲ့တို့သည် အစဉ်တစိုက်လိုက်၍ ဖွဲ့စပ်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ (၂) အာရုံအားဖြင့် လည်းကောင်း သမ္ပယုတ်အားဖြင့်လည်ကောင်း ရာဂ အစရှိသော အပြစ် ဒေါသတို့နှင့် ကပ်ငြိယှက်တွယ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ (၃) ဘီလူး ဥပါ ယုတ်မာသော နတ်ဆိုးတို့သည် ဆောင်အပ် ဖြစ်စေအပ်သော ရောဂါဗျာဓိအစရှိသော အကျိုးမဲ့ကဲ့သို့ သည်းခံနိုင်ခဲသည်၏ အဖြစ်ကြောင့် လည်းကောင်း] ---

ဥပသဂ္ဂံ = တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးသာတည်း။

---

၁၁။ အတာဏတော

အတာယနတာယ စေဝအလဗ္ဘနေယျခေမတာယ စ အတာဏတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[(၁) ခန္ဓာတို့ကား ဖြစ်ပြီးက ပျက်မြဲဓမ္မတာတည်း၊ ဖြစ်ပြီးက မပျက် အောင် စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ (၂) စောင့်ရှောက်စေလိုသော အာသာဆန္ဒဖြင့် ခန္ဓာတို့ကို ဆည်းကပ်ပါသော်လည်း မရအပ် မရနိုင်သော ဘေးကင်းခြင်း ရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း = ဘေးကင်းမှုကို မရအပ်နိုင်သောကြောင့်လည်းကောင်း] -

အတာဏံ = စောင့်ရှောက်မဲ့လျှင်း ဘေး၏ အသင်းသာတည်း။

---

၁၂။ အလေဏတော

အလ္လီယိတုံ အနရဟတာယအလ္လီနာနမ္ပိ စ လေဏကိစ္စာကာရိတာယ အလေဏတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[(၁) ဆင်းရဲဒုက္ခမှ ကြောက်သည်ဖြစ်၍ ခိုမှီကပ်ရပ်လိုသော အာသာ ဆန္ဒဖြင့် ခန္ဓာတို့ကို ကပ်ရပ်မှီခိုခြင်းငှာ မထိုက်တန်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊ (၂) ဆင်းရဲဒုက္ခမှ ကြောက်သည်ဖြစ်၍ ခိုမှီကပ်ရပ်လိုသော အာသာဆန္ဒဖြင့် ခန္ဓာကိုယ်ကို (= ခန္ဓာတို့ကို) ကပ်ရပ်မှီခိုကြကုန်သော သူတို့ ၏လည်း ဆင်းရဲဒုက္ခကို ပျောက်ကွယ်နစ်မြုပ်စေခြင်းဟူသော ပုန်းအောင်း ရာကိစ္စကို မပြုတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း] - အလေဏံ = ကွယ်ရာမဲ့လျှင်း ဘေး၏ အသင်းသာတည်း။

---

၁၃။ အသရဏတော

နိဿိတာနံ ဘယသာရကတ္တာဘာဝေန အသရဏတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။) (ဇာတိ-ဇရာ-ဗျာဓိ-မရဏ စသော ဘေးဒုက္ခကို ကြောက်၍ မှီခို ကပ်ရပ်ကုန်သော သူတို့၏ ဇာတိ-ဇရာ-ဗျာဓိ-မရဏ စသော ဘေးဒုက္ခကို ညှဉ်းဆဲဖျောက်ပယ်တတ်သော သဘော၏ မရှိခြင်းကြောင့်) ---

အသရဏံ = ကိုးကွယ်ရာမဲ့လျှင်း ဘေး၏ အသင်းသာတည်း။

---

၁၄။ ဝဓကတော

မိတ္တမုခသပတ္တော ဝိယ ဝိဿာသဃာတိတာယ ဝဓကတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

(မိတ်ဆွေမျက်နှာကဲ့သို့ ပြုံးချိုသောမျက်နှာရှိသော ရန်သူကဲ့သို့ အကျွမ်းဝင်သောသူကို သတ်တတ်သောကြောင့်) - ဝဓံ = ဝဓကံ = သမ္မုတိသစ္စာ လျော်စွာပညတ် ခေါ်ဝေါ်အပ်သည့် လူနတ်ဗြာဟ္မာသတ္တဝါကို သုံးဖြာ ခဏ ဘင်သို့ကျအောင် ကာလမရှည် သန္တာန်စည်၍ နာရီမလပ် အတွင် သတ်သည့် လူသတ်မျိုးရိုးသာတည်း။

ဤ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့သည် ချမ်းသာသုခ ၏ အကြောင်းတည်း၊ ဆင်းရဲဒုက္ခ၏ အကြောင်းမဟုတ် - ဤသို့ ဖြစ်စေအပ် သော အကျွမ်းဝင်ခြင်းရှိသော ပုဂ္ဂိုလ်တို့ကို သတ်လေ့ရှိသည်၏ အဖြစ် ကြောင့် ခန္ဓာတို့သည် ဝိဿာသဃာတိ = အကျွမ်းဝင်သူကို သတ်လေ့ရှိသော လူသတ်သမားတို့ ဖြစ်ကြ၏။ မှန်ပေသည် ခန္ဓာတို့၌ ---- ဧတံ မမ = ဤကား ငါ၏ ဥစ္စာတည်း -- ဤသို့ စွဲယူသည့် စွမ်းအားကြောင့် သတ္တဝါတို့သည် ပျက်စီးခြင်းသို့ ရောက်ရှိကြရကုန်၏။ ဒုက္ခသစ္စာ အမည်ရသော ခန္ဓာတို့သည် သမုဒယသစ္စာ အမည်ရသော တဏှာလောဘကြောင့် ဖြစ်သောကြောင့် ဟူလို။ တစ်နည်း ---- ထိုအကျွမ်းဝင်သူကို သတ်တတ်သော သဘောရှိသောကြောင့် ခန္ဓာတို့သည် အကျွမ်းဝင်သူကို သတ်တတ်ကုန်၏။ ထိုကြောင့် ဝိဿာသဃာတိမည်၏ ဟူလိုသည်။ (မဟာဋီ၊၂၊၃၉၇။)

---

၁၅။ အဃမူလတော

အဃဟေတုတာယ အဃမူလတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

အဃဿ ပါပဿ ဟေတုတာ အဃဟေတုတာ။ (မဟာဋီ၊၂၊၃၉၇။)

(ကြမ်းကြုတ်ရုန့်ရင်းသော မကောင်းမှု အကုသိုလ်၏ အကြောင်းရင်း ၏အဖြစ်ကြောင့်) -- အဃမူလံ = ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ် သာတည်း။

---

၁၆။ အာဒီနဝတော

ပဝတ္တိဒုက္ခတာယဒုက္ခဿ စ အာဒီနဝတာယ အာဒီနဝတောအထ ဝါ အာဒီနံ ဝါတိ ဂစ္ဆတိ ပဝတ္တတီတိ အာဒီနဝေါကပဏမနုဿေဿတံ အဓိဝစနံခန္ဓာပိ စ ကပဏာယေဝါတိ အာဒီနဝသဒိသတာယ အာဒီနဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ပဝတ္တိဒုက္ခတာယာတိ ဘဝပဝတ္တိဒုက္ခဘာဝတောဘဝပဝတ္တိ စ ပဉ္စန္နံ ခန္ဓာနံ အနိစ္စာဒိအာကာရေန ပဝတ္တနမေဝသော စ အာဒီနဝေါယထာဟ ယံ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာအယံ ဘိက္ခဝေ ပဉ္စသု ဥပါဒါနက္ခန္ဓေသု အာဒီနဝေါတိတေနာဟ ဒုက္ခဿ စ အာဒီနဝတာယာတိအာဒီနန္တိ ဘာဝနပုံသကနိဒ္ဒေသော ယထာ ဧကမန္တန္တိ အတိဝိယ ကပဏန္တိ အတ္ထောဘုသတ္ထော ဟိ အယံ အာကာရော။ (မဟာဋီ၊၂၊၃၉၆။)

[(၁) ခန္ဓာငါးပါးတို့၏ အနိစ္စ စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း သည် ဘဝပဝတ္တိ = ဘဝဖြစ်ခြင်း မည်၏။ ထိုသို့ အနိစ္စ စသော အခြင်း အရာအားဖြင့် ဖြစ်ခြင်းသည်ပင် ခန္ဓာတို့၏အပြစ် အာဒီနဝလည်း မည်၏။ ရဟန်းတို့ ... ဥပါဒါနက္ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မတို့ ဖြစ်ကြ၏။ ရဟန်းတို့ ... ယင်း အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မသဘောတရားသည်ပင် ဥပါဒါနက္ခန္ဓာငါးပါးတို့၌ အပြစ်အာဒီနဝတည်း -- ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် ဖြစ်၏။ ထိုကြောင့် ခန္ဓာငါးပါး တို့၏ အနိစ္စ စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော ဘဝ ပဝတ္တိဝဋ်ဒုက္ခ၏ အဖြစ်ကြောင့်လည်းကောင်း၊ (၂) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား၏ အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မ ဟူသော အပြစ်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း] - အာဒီနဝံ = ဆိုးဝါးညစ်ကျု အပြစ်စုသာတည်း။

[တစ်နည်းသော်ကား -- အလွန် အထီးကျန်သည်ဖြစ်၍ ဆင်ရဲရိရှား ပင်ပန်းလှစွာ ဖြစ်တတ်သောကြောင့် အထီးကျန် သူဆင်းရဲသည် အာဒီနဝ မည်ပေသည်။ ခန္ဓာငါးပါးတို့သည်လည်း အာဒီနဝအမည်ရသော ခိုကိုးရာမဲ့ အထီးကျန် သူဆင်းရဲနှင့် တူသောကြောင့်] -- အာဒီနဝံ = ခိုကိုးရာမဲ့ အထီးကျန်သူဆင်းရဲသာတည်း။ (ဥပါဒ်ပြီးနောက် ဘင်ကာလသို့ ရောက်က မပျက်ရန် ခိုကိုးရာမရှိ ဟူလိုသည်။)

---

၁၇။ သာသဝတော

အာသဝပဒဋ္ဌာနတာယ သာသဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

အာသဝါနံ အာရမ္မဏာဒိနာ ပစ္စယဘာဝေါ အာသဝပဒဋ္ဌာနတာ။ (မဟာဋီ၊၂၊၃၉၇။)

(ရုပ်နာမ်တို့၏ အကြောင်းရင်းဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသဝဋ်တရားတို့ကား အာသဝေါတရားတို့ပင်တည်း။ ခန္ဓာ ငါးပါး ရုပ်နာမ်တရားတို့က အာရမ္မဏပစ္စယသတ္တိ စသော ပစ္စယသတ္တိတို့ ဖြင့် ကျေးဇူးပြုပေးသည့်အတွက် ယင်း အာသဝေါတရားတို့သည် ဖြစ်ပေါ် လာကြရကုန်၏။ ဤသို့လျှင် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် အာသဝေါ တရားတို့၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန်ဖြစ်သောကြောင့်) --- သာသဝံ = အာသဝေါတရားလေးပါးတို့၏ အစီးအပွားသာတည်း။

---

၁၈။ မာရာမိသတော

မစ္စုမာရကိလေသမာရာနံ အာမိသဘူတတာယ မာရာမိသတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

မစ္စုမာရဿ အဓိဋ္ဌာနဘာဝေနကိလေသမာရဿ ပစ္စယဘာဝေန သံဝဍ္ဎနတော အာမိသဘူတတာခန္ဓာပိ ခန္ဓာနံ အာမိသဘူတာ ပစ္စယဘာဝေန သံဝဍ္ဎနတောတဒန္တောဂဓာ အဘိသင်္ခါရာဒေဝပုတ္တမာရဿ ပန မမေတန္တိ အဓိမာနဝသေန အာမိသဘာဝေါတိ ခန္ဓာဒိမာရာနမ္ပိ ဣမေသံ ယထာရဟံ အာမိသဘူတတာ ဝတ္တဗ္ဗာ။ (မဟာဋီ၊၂၊၃၉၇။)

[ဒေဝပုတ္တမာရ် ကိလေသမာရ် ခန္ဓမာရ် မစ္စုမာရ် အဘိသင်္ခါရမာရ်ဟု မာရ်ငါးပါး ရှိ၏။ ထိုတွင် ကိလေသမာရ်နှင့် မစ္စုမာရ်နှစ်ပါးကို အဋ္ဌကထာ က တိုက်ရိုက်ယူ၍ ဖွင့်ဆိုထားတော်မူ၏။ မဟာဋီကာဆရာတော်က မာရ် ငါးပါးလုံးပင် ထိုက်သလို ရသင့်ကြောင်းကို ရှင်းလင်းဖွင့်ဆိုထား၏။

ခန္ဓာတို့သည် သေခြင်း မရဏဟူသော မစ္စုမာရ်၏ တည်ရာလည်း ဖြစ်ကြ၏။ (ခန္ဓာ မရှိက မသေနိုင်ဟူပေ။) အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသာမာရ်စစ်သည်တို့၏ စွဲမှီ၍ ဖြစ်ရာအကြောင်းတရား၊ ကြီးပွားတိုး တက်ရန် အကြောင်းတရားလည်း ဖြစ်ကြ၏။ ခန္ဓာတို့သည်ပင် ခန္ဓာတို့၏ အကြောင်းတရား၏အဖြစ်ဖြင့် ခန္ဓာတို့ကို ကြီးပွားတိုးတက်စေတတ်သော ကြောင့် ခန္ဓာတို့သည်ပင် ခန္ဓာတို့၏ စားဖတ် ဝါးဖတ် အာမိသလည်းဖြစ် ကုန်၏။ ထိုကြောင့် ခန္ဓာတို့သည်ပင် ခန္ဓာတို့၏ စွဲမှီ၍ ဖြစ်ရာအကြောင်း တရား ကြီးပွားတိုးတက်ရန် အကြောင်းတရားလည်း ဖြစ်ကြ၏။ ဘဝသစ်ကို ပြုပြင်စီရင်တတ်ကုန်သော ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရ ဟူသော အဘိသင်္ခါရမာရ်တို့ကား ထိုခန္ဓာတို့၌ပင် အတွင်းဝင်ကုန်၏။ အဘိသင်္ခါရ တရားတို့ကြောင့် ခန္ဓာတို့ ဖြစ်လာကြရ၏၊ ခန္ဓာတို့ကို အစွဲပြု၍လည်း အဘိသင်္ခါရတရားတို့ ဖြစ်ကြရ၏။ အဘိသင်္ခါရတရားတို့ဟူသည်မှာလည်း ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရ အမည်ရသည့် နာမ်ခန္ဓာတို့သာတည်း။ ဒေဝပုတ္တမာရ်၏ မူကား -- ဧတံ မမ = မမေတံ = ဤတရားအပေါင်းသည် ငါ၏ဥစ္စာတည်း --- ဤသို့ မှတ်ထင်သော အဓိမာန၏ အစွမ်းဖြင့် အာမိသ ၏အဖြစ်ကို သိရှိပါလေ။ ထိုကြောင့် ခန္ဓမာရ် စသည်တို့၏လည်း ဤခန္ဓာ ငါးပါးတို့၏ ထိုက်သည့်အားလျော်စွာ အာမိသ၏အဖြစ်ကို ဆိုသင့် ဆိုထိုက် ၏။ ထိုကြောင့် ခန္ဓာငါးပါးတို့သည် -- ဒေဝပုတ္တမာရ် ကိလေသမာရ် ခန္ဓမာရ် မစ္စုမာရ် အဘိသင်္ခါရမာရ်တည်းဟူသော မာရ်ငါးပါးတို့၏ စားဖတ် ဝါးဖတ် သုံးသပ်နင်းနယ်ရာ ဖြစ်ခြင်းကြောင့်] --- မာရာမိသံ = ကိလေသမာရ် မစ္စုမာရ်တို့၏ ။ဝါ။ မာရ်ငါးပါးတို့၏ စားဖတ်ဝါးဖတ် သုံးသပ်နင်းနယ်ရာသာ တည်း။

---

၁၉။ ဇာတိဓမ္မတော

၂၀။ ဇရာဓမ္မတော

၂၁။ ဗျာဓိဓမ္မတော

ဇာတိဇရာဗျာဓိမရဏပကတိတာယ ဇာတိဇရာဗျာဓိ မရဏဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

[ဇာတိသဘော = ဥပါဒ်သဘော၊ ဇရာသဘော = ဌီသဘော၊ ဗျာဓိ သဘော၊ (မရဏသဘော = ဘင်သဘော) ရှိသည်၏ အဖြစ်ကြောင့်] ----

၁၉။ ဇာတိ = ဖြစ်ချင်တိုင်း ဖြစ်တတ်သောသဘော ရှိ၏။

၂၀။ ဇရံ = ဆုတ်ယုတ်လျော့ပါးခြင်းသဘော ရှိ၏။

၂၁။ ဗျာဓိ = ဖျားနာခြင်းသဘော ရှိ၏။

(မရဏဓမ္မတောကား အနိစ္စလက္ခဏာဆယ်ချက်၌ ပါပြီးဖြစ်သည်၊၊)

---

၂၂။ သောကဓမ္မတော

၂၃။ ပရိဒေဝဓမ္မတော

၂၄။ ဥပါယာသဓမ္မတော

သောက-ပရိဒေဝ-ဥပါယာသဟေတုတာယ သောက-ပရိဒေဝ-ဥပါယာသဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

(ခန္ဓာတို့သည် သောက-ပရိဒေဝ-ဥပါယာသတို့ ဖြစ်ပေါ်လာရန် အကြောင်းတရားများ ဖြစ်သောကြောင့်) ----

၂၂။ သောကံ = စိုးရိမ်ပူပန်ခြင်းသဘော ရှိ၏။

၂၃။ ပရိဒေဝံ = ငိုကြွေးမြည်တမ်းရခြင်းသဘော ရှိ၏။

၂၄။ ဥပါယာသံ = သက်ကြီးရှိုက်ငင် ပြင်းစွာပူပန်ရခြင်းသဘော ရှိ၏။

---

၂၅။ သံကိလေသိကဓမ္မတော

တဏှာဒိဋ္ဌိဒုစ္စရိတသံကိလေသာနံ ဝိသယဓမ္မတာယ သံကိလေသိကဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

သံကိလေသတ္တယဂ္ဂဟဏေန တဒေကဋ္ဌာနံ ဒသန္နံ ကိလေသဝတ္ထူနမ္ပိ သင်္ဂဟော ဒဋ္ဌဗ္ဗောတဒါရမ္မဏာ ဟိ ဓမ္မာ တဒနတိဝတ္တနတော သံကိလေသိကာ ဧဝတထာ ခုဒ္ဒါတဏှာဇဋာဒီသု (ခုဒါတဏှာဇရာဒီသု - သီ) သရီရဿသံကိလေသဿ စ သင်္ဂဟော ဒဋ္ဌဗ္ဗော။ (မဟာဋီ၊၂၊၃၉၇၊၊)

(ခန္ဓာတို့သည် တဏှာသံကိလေသ ဒိဋ္ဌိသံကိလေသ ဒုစ္စရိတသံကိလေသ ဟူသော သံကိလေသတရားသုံးပါးနှင့် တကွ စိတ်အစဉ်ကို သို့မဟုတ် ကိန်းဝပ်ရာသတ္တဝါကို ညစ်နွမ်းစေတတ်သော ကိလေသတရားဆိုးတို့၏ အာရုံဓမ္မဖြစ်သောကြောင့်) -- သံကိလေသိကဓမ္မံ = သံကိလေသသဘာဝကံ = တဏှာ ဒိဋ္ဌိ ဒုစ္စရိတတည်းဟူသော ညစ်နွမ်းခြင်းသုံးပါးကို ။ ဝါ ။ ကိလေသာ ဆယ်ပါးတည်းဟူသော ညစ်နွမ်းခြင်းကို ပွားစီးစေတတ်သောသဘော ရှိ၏။

ဤသဘောတရားတို့ကို ကျေပွန်စွာ လေ့လာပါ။ ထိုနောင် ခန္ဓာငါးပါး နည်းဖြင့် ရုပ်နာမ်တို့ကို ငါးပုံ ပုံ၍ တစ်ပါး တစ်ပါး၌ - သက်ဆိုင်ရာသဘော အဓိပ္ပါယ်ကို မြင်အောင်ကြည့်၍ --- ဒုက္ခ ဒုက္ခရောဂ ရောဂ --- ဤသို့ စသည်ဖြင့် ရှုပါ။

အနတ္တလက္ခဏာ (၅) ချက်

အနတ္တာ စ ပရံ ရိတ္တံ၊ တုစ္ဆံ သုညန္တိ တာလီသံ။

ဝေဒနာဒယော ခန္ဓာပိ၊ တထေဝ ပဉ္စကာပိဝါ။

သုညတော + အနတ္တတော

သာမိနိဝါသိကာရကဝေဒကာဓိဋ္ဌာယကဝိရဟိတတာယ သုညတော။ သယဉ္စ အသာမိကဘာဝါဒိတာယ အနတ္တတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇၊၊)

၁။ အနတ္တတော

[(၁) ခန္ဓာအိမ်ကို ပိုင်ဆိုင်သော သာမိအတ္တ,
(၂) ခန္ဓာအိမ်အသစ်လဲသော်လည်း ပြောင်းလဲခြင်း မရှိ၊ ဘဝတိုင်း အမြဲ လိုက်ပါ၍ နေထိုင်သော နိဝါသိအတ္တ,
(၃) ပြုလုပ်ဖွယ်ရာ လုပ်ငန်းကိစ္စရပ်ဟူသမျှကို ပြုလုပ်တတ်သော ကာရကအတ္တ,
(၄) အာရုံကို ခံစားတတ်သော ဝေဒကအတ္တ,
(၅) ကိစ္စအဝဝ လုပ်ငန်းရပ်ဟူသမျှကို စီရင်ဆုံးဖြတ်တတ်သော အဓိဋ္ဌာယကအတ္တ ----
မိမိ ခန္ဓာငါးပါးကိုယ်တိုင်ကလည်း သာမိ နိဝါသိ ကာရက ဝေဒက အဓိဋ္ဌာယက စသော သဘော မရှိခြင်းကြောင့်] --- အနတ္တာ = (သာမိ နိဝါသိ ကာရက ဝေဒက အဓိဋ္ဌာယက) အတ္တမဟုတ်။

၂။ သုညတော

(ခန္ဓာတိုင်းသည် သာမိအတ္တ နိဝါသိအတ္တ ကာရကအတ္တ ဝေဒကအတ္တ အဓိဋ္ဌာယကအတ္တမှ ဆိတ်သုဉ်းသောကြောင့်) -- သုညံ = သာမိ နိဝါသိ ကာရကဝေဒက အဓိဋ္ဌာယကအတ္တမှ ဆိတ်သုဉ်း၏။

၃။ ပရတော

အဝသတာယ, အဝိဓေယျတာယ စ ပရတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

အဝသတာယာတိ အဝသဝတ္တနတော။ ယထာ ပရောသတန္တော ပုရိသော ပရဿ ဝသံ န ဂစ္ဆတိ၊ ဧဝံ သုဘသုခါဒိဘာဝေန ဝသေ ဝတ္တေတုံ အသက္ကုဏေယျတော။ အဝိဓေယျတာယာတိ မာ ဇီရထ၊ မာ မီယထာတိအာဒိနာ ဝိဓာတုံ အသက္ကုဏေယျတော။ (မဟာဋီ၊၂၊၃၉၅။)

ခန္ဓာတို့သည် ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား ပိုင်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း အကြောင်းတရားနှင့် လျော်စွာသာ လျှင် ဖြစ်ပေါ်နေကြရ၏။ မိမိကိုယ်ကို မိမိလျှင် ပြဓာန်းခြင်းရှိသော တစ်ဦး သော ယောက်ျားသည် သူတစ်ပါး၏ အလိုသို့ မလိုက်ပါရသကဲ့သို့ အလား တူပင် - မိမိတို့က ဒုက္ခဝေဒနာ စသည်တို့ကို မဖြစ်စေလိုခြင်း, သုခဝေဒနာ စသည်တို့ကို သက်သက်သာ ဖြစ်စေလိုခြင်း, တင့်တင့်တယ်တယ် လှလှပပ ဖြစ်စေလိုခြင်း ဤသို့ စသည်ဖြင့် အာသာဆန္ဒ ရှိပါသော်လည်း မိမိတို့ တောင့်တသည့် အလိုအတိုင်း ခန္ဓာတို့ကား မလိုက်ပါတတ်ကြပေ။ ထိုသို့ အလိုသို့ မလိုက်ပါတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, မအိုစေလင့်, မနာစေလင့်, မသေစေလင့် ဤသို့ စသည်ဖြင့် စီရင်ခြင်းငှာ မတတ်ကောင်း သည်၏ အဖြစ်ကြောင့်လည်းကောင်း) --
ပရံ = အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပသာတည်း။

၄။ ရိတ္တတော

ယထာပရိကပ္ပိတေဟိ ဓုဝသုဘသုခတ္တဘာဝေဟိ ရိတ္တတာယ ရိတ္တတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[သာသနာပ အယူအဆရှိသူ မိစ္ဆာဒိဋ္ဌိအယူဝါဒရှိသူတို့ကား ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ---- (၁) ဓုဝ = ခိုင်ခံ့ကုန်၏။ (၂) သုဘ = တင့်တယ်ကုန်၏။ (၃) သုခ = ချမ်းသာသုခ ဖြစ်ကုန်၏။ (၄) အတ္တ = အတ္တ ဖြစ်ကုန်၏ဟု ကြံဆထားအပ်ကုန်၏။ သို့သော် ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ထိုမိစ္ဆာဒိဋ္ဌိ အယူဝါဒရှိသူတို့ ကြံဆအပ်သည့် ဓုဝ သုဘ သုခ အတ္တ သဘော တို့မှ အမြဲတမ်း ကင်းဆိတ်ကြကုန်၏။ ထိုကြောင့်] - ရိတ္တံ = ဓုဝ သုဘသုခ အတ္တ ဟူသော အနှစ်သာရဟူသမျှနှင့် မြူမျှ မယှဉ် အစဉ်ဆိတ်ကင်းသော သဘောတရားသာတည်း။

၅။ တုစ္ဆတော

ရိတ္တတာယေဝ တုစ္ဆတော အပ္ပကတ္တာ ဝါ၊ အပ္ပကမ္ပိ ဟိ လောကေ တုစ္ဆန္တိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

(ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ အတွင်း၌ ဓုဝ သုဘ သုခ အတ္တ ဟူသော ခိုင်မာသည့် တင့်တယ်သည့် ချမ်းသာသည့် အနှစ်သာရ အတ္တ သဘောတို့ မတည်ရှိကြပေ။ ထိုကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဓုဝ သုဘ သုခ အတ္တသဘောတို့မှ ကင်းဆိတ်သောကြောင့် တုစ္ဆ = အချည်း နှီးသော တရားတို့သာတည်း။ တစ်နည်းအားဖြင့် ခန္ဓာငါးပါး ရုပ်နာမ်တရား တို့သည် ဓုဝ သုဘ သုခ အတ္တသဘောမှ ဆိတ်သုဉ်းကြသော်လည်း ပရမတ် သဘောအားဖြင့် တကယ်ထင်ရှား မရှိကြကုန်သည်ကား မဟုတ်၊ ရှိကြသည်သာတည်း။ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိကြသည်သာ တည်း။ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ဖြစ်ပေါ်လာကြကုန်သော ပရမတ် တို့၏ သက်တမ်းကား အလွန့်အလွန် တိုတောင်းရကား ရုပ်နာမ်ပရမတ် တို့သည် အချိန်အနည်းငယ်ကလေးမျှသာ ဖြစ်ခွင့်ရကြ၏။ အနည်းငယ် ကလေးမျှသာ ဖြစ်ခွင့်ရသောကြောင့်လည်း တုစ္ဆ = အချည်းနှီးသော တရားတို့သာတည်း။ မှန်ပေသည် -- လောက၌ အနည်းငယ်ကိုလည်း တုစ္ဆဟူ၍ ခေါ်ဝေါ်သုံးစွဲရိုး ရှိပေသည်။ ထိုကြောင့် ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်) - တုစ္ဆံ = ဓုဝ သုဘ သုခ အတ္တမမှီး အချည်းနှီးသာတည်း ။ ဝါ ။ တုစ္ဆံ = သေးငယ်ယုတ်ညံ့ အချည်းနှီးသော တရားသာတည်း။

အနိစ္စ-ဒုက္ခ-အနတ္တ ဖြစ်ရခြင်း၏ အကြောင်းရင်း

ရူပံ ဘိက္ခဝေ အနိစ္စံ၊ ယောပိ ဟေတု ယောပိ ပစ္စယော ရူပဿ ဥပ္ပါဒါယ၊ သောပိ အနိစ္စော၊ အနိစ္စသမ္ဘူတံ ဘိက္ခဝေ ရူပံ၊ ကုတော နိစ္စံ ဘဝိဿတိ။ (သံ၊၂၊၂၀။ သဟေတုအနိစ္စသုတ္တန်။)

ရဟန်းတို့ ... ရုပ်တရားသည် အနိစ္စတည်း၊ ရုပ်တရား၏ ဖြစ်ပေါ် လာရန် အကြင် တိုက်ရိုက်ဖြစ်စေတတ်သော ဟေတု အကြောင်းတရား = ဇနက အကြောင်းတရားသည်လည်း ရှိ၏။ အကြင် အားပေးထောက်ပံ့တတ် သော ပစ္စယ အကြောင်းတရား = ဥပတ္ထမ္ဘက အကြောင်းတရားသည်လည်း ရှိ၏။ ထိုအကြောင်းတရားသည်လည်း အနိစ္စသာတည်း။ ရဟန်းတို့ ... အနိစ္စ အကြောင်းတရားကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ရုပ်တရားသည် အဘယ်မှာလျှင် နိစ္စ ဖြစ်နိုင်လတ္တံ့နည်း။ (သံ၊၂၊၂၀။)

ဤသို့ စသော သုတ္တန်များ၌ ဘုရားရှင် ဟောကြားထားတော်မူသည် နှင့် အညီ ခန္ဓာငါးပါးတို့ကို ဖြစ်စေတတ်သည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသည့် အကြောင်းတရားများ ကိုယ်တိုင်က အနိစ္စတရား ဒုက္ခ တရား အနတ္တတရားများ ဖြစ်ကြသောကြောင့် အကျိုး ရုပ်နာမ်ခန္ဓာငါးပါး တို့သည်လည်း အနိစ္စတရား ဒုက္ခတရား အနတ္တတရားတို့သာ ဖြစ်ကြရ ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားများ ကိုယ်တိုင်က အနိစ္စ ဒုက္ခ အနတ္တ ဖြစ်၍ အကျိုးတရားတို့သည်လည်း အနိစ္စ ဒုက္ခ အနတ္တ တို့သာ ဖြစ်ကြရပုံကို ဉာဏ်ဖြင့်မြင်အောင် တစ်ဆင့်တက်၍ ရှုပွားရမည်သာ ဖြစ်ပေသည်။

(၂၀၀) အပြားရှိသော နယဝိပဿနာ

ဤသို့လျှင် - ရူပက္ခန္ဓာ၌ သို့မဟုတ် ခန္ဓာတစ်ပါးတစ်ပါး၌ ----

၁။ အနိစ္စာနုပဿနာ ၁၀ - ချက်
၂။ ဒုက္ခာနုပဿနာ ၂၅ - ချက်
၃။ အနတ္တာနုပဿနာ ၅ - ချက်
အားလုံးပေါင်းသော် ဘာဝနာ ၄၀ - ဖြစ်သည်။

ခန္ဓာတစ်ပါးတစ်ပါး၌ ဘာဝနာ (၄၀)စီ ဖြစ်ရကား ခန္ဓာငါးပါးလုံး၌ နယဝိပဿနာဟု ခေါ်ဆိုအပ်သော သမ္မသနဉာဏ်သည် (၂၀၀)အပြား ရှိ ပေသည်။

အသင်သူတော်ကောင်းသည် စက္ခုဒွါရဝီထိ စသည့် ထိုထို ဝီထိတို့၌ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဇယားများဖြင့် ဖော်ပြထားသည့်အတိုင်း အတန်းတိုင်း အတန်းတိုင်း၌ ခန္ဓာငါးပါးစီ တိုးလျှိုပေါက် အနိစ္စသက်သက် ေ့ရှဦးစွာ ရှုကြည့်ပါ။ ရူပါရုံလိုင်း စသည့် (၆)လိုင်းလုံး၌ ရှုပါ။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုပါ။ ထိုနောင် တစ်စတစ်စ တိုး၍ တော (၄၀) ခေါ် ဘာဝနာ (၄၀) ပြည့်အောင် ရှုပါ။ အခေါက်ပေါင်း (၄၀) ရှုရမည် ဖြစ်သည်။

အလားတူပင် အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည် အထိ ခန္ဓာငါးပါးနည်းဖြင့် တိုးလျှိုပေါက် အနုပဿနာ (၄၀)လုံး အနုပဿနာ တစ်ခုပြီးတစ်ခု ရှုပါ။ အခေါက်ပေါင်း (၄၀)ပင် ဖြစ်သည်။ သို့သော် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနိုင်လေ ကောင်းလေပင် ဖြစ်သည်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။

အကယ်၍ အသင်သူတော်ကောင်းသည် အလိုရှိခဲ့ပါမူ ရုပ်နာမ်နှစ်ပါး နည်းဖြင့်လည်း ယင်းတော (၄၀) ရှုကွက်ကို ရှုနိုင်ပါသည်။ စက္ခုဒွါရဝီထိ စသော ဝီထိ (၆)မျိုးလုံး၌ ရုပ်နာမ်နှစ်ပါးနည်းဖြင့် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုပါ။ ထိုနောင် အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည် အထိ ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်း ရှုနိုင်သည်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။

ပညာဘာဝနာ ပြည့်စုံနိုင်သည်

ဧဝံ ကာလေန ရူပံ ကာလေန အရူပံ သမ္မသိတွာပိ တိလက္ခဏံ အာရောပေတွာ အနုက္ကမေန ပဋိပဇ္ဇမာနော ဧကော ပညာဘာဝနံ သမ္ပာဒေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၃။)

အနုက္ကမေနာတိ ဥဒယဗ္ဗယဉာဏာဓိဂမာနုက္ကမေန ပညာဘာဝနံ သမ္ပာဒေတိ အရဟတ္တံ အဓိဂစ္ဆတိ။ (မဟာဋီ၊၂၊၄၀၅။)

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ခန္ဓာငါးပါးနည်းဖြင့် လည်းကောင်း, စွမ်းနိုင်ပါက အာယတန (၁၂)ပါးနည်း, ဓာတ် (၁၈)ပါးနည်းတို့ဖြင့် လည်းကောင်း, ရုပ်နာမ် နှစ်ပါးနည်းဖြင့်လည်းကောင်း ----

၁။ ရံခါ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ရံခါ နာမ်သက်သက်ကိုလည်းကောင်း,
၃။ ရံခါ ရုပ်နှင့်နာမ် အတွဲလိုက် အစုံလိုက်ကိုလည်းကောင်း,
တစ်နည်း ----
၁။ ရံခါ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ရံခါ ဝေဒနာသက်သက်ကိုလည်းကောင်း,
၃။ ရံခါ သညာသက်သက်ကိုလည်းကောင်း,
၄။ ရံခါ သင်္ခါရသက်သက်ကိုလည်းကောင်း,
၅။ ရံခါ ဝိညာဏ်သက်သက်ကိုလည်းကောင်း,
၆။ ရံခါ အဇ္ဈတ္တ၌လည်းကောင်း,
၇။ ရံခါ ဗဟိဒ္ဓ၌လည်းကောင်း,
၈။ ရံခါ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ၌လည်းကောင်း,
၉။ ရံခါ အနိစ္စလက္ခဏာယာဉ် တင်၍,
၁၀။ ရံခါ ဒုက္ခလက္ခဏာယာဉ် တင်၍,
၁၁။ ရံခါ အနတ္တလက္ခဏာယာဉ် တင်၍ ---
တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပါက, ယင်းသို့ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့ သော် ဝိပဿနာဉာဏ်စဉ် အဆင့်ဆင့်အတိုင်း အစဉ်အတိုင်း ကျင့်ခဲ့သော် ပညာဘာဝနာသည် ပြီးစီးပြည့်စုံနိုင်၏ = အရဟတ္တဖိုလ်သို့ ဆိုက်ရောက် နိုင်၏။ မပြည့်စုံခဲ့သော် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုဖို့ကား လိုအပ် နေမည်သာဖြစ်ပေသည်။ အကယ်၍ မပြည့်စုံနိုင်ပြန်ပါမူကား ရူပသတ္တက ရှုနည်း အရူပသတ္တက ရှုနည်းများသို့လည်း ပြောင်းရှုနိုင်ပေသည်။

ရူပသတ္တက ဝိပဿနာရှုနည်း

အာဒါနနိက္ခေပနတော၊ ဝယောဝဍ္ဎတ္ထဂါမိတော။

အာဟာရတော စ ဥတုတော၊ ကမ္မတော စာပိ စိတ္တတော။

ဓမ္မတာရူပတော သတ္တ၊ ဝိတ္ထာရေန ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၃။)

၁။ အာဒါနနိက္ခေပရုပ် ရှုနည်း --- ပဋိသန္ဓေမှ စ၍ စုတိသို့တိုင်အောင် သော အချိန်ကာလအတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုပါ။

၂။ ဝယောဝုဍ္ဎတ္ထင်္ဂမရုပ် ရှုနည်း --- အရွယ်၏အစွမ်းဖြင့် ကြီးပွားလာသော ရုပ်တရား၏ အဆင့်ဆင့် ချုပ်ငြိမ်းမှုကို ရှုခြင်း - အသင်သူတော်ကောင်း၏ သက်တမ်းကို ယေဘုယျ သတ်မှတ်ချက်သို့လိုက်၍ အနှစ် (၁၀၀)ဟု သတ်မှတ်ပါ။ အတိုးအဆုတ် အနည်းငယ်ကား ရှိကောင်းသည်သာ ဖြစ်သည်။

၁။ အနှစ် ၁၀၀-ကို (၃၃-၃၄-၃၃)ဟု (၃)ပုံပုံ၍လည်းကောင်း, (၃၃-နှစ်စီ)
၂။ ။ (၁၀)ပုံ ။ (၁၀-နှစ်စီ)
၃။ ။ (၂၀)ပုံ ။ (၅-နှစ်စီ)
၄။ ။ (၂၅)ပုံ ။ (၄-နှစ်စီ)
၅။ ။ (၃၃)ပုံ ။ (၃-နှစ်စီ)
၆။ ။ (၅၀)ပုံ ။ (၂-နှစ်စီ)
၇။ ။ (၁၀၀)ပုံ ။ (၁-နှစ်စီ)
၈။ ။ (၃၀၀)ပုံ ။ (၁-ဥတုစီ)
၉။ ။ (၆၀၀)ပုံ ။ (၂-လစီ)
၁၀။ ။ (၂၄၀၀)ပုံ ။ (၁-ပက္ခ=၁၅-ရက်စီ)
ထိုအပုံ အသီးသီးအတွင်း၌ ဖြစ်ပေါ်နေသော ရုပ်တရားတို့ကို အသီး အသီး လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ တဖြည်းဖြည်း တစ်ပုံပြီး တစ်ပုံ ဝိပဿနာ ရှုလာပါ။ (၁)ပုံ၌ တည်ရှိသော ရုပ်တရားသည် နောက် (၁)ပုံသို့ ပြောင်းရွှေ့မသွားပုံကိုလည်း သဘောပေါက်အောင် ရှုပါ။ ထိုထို အခိုက်၌ ပျက်ပျက်သွားပုံကို မြင်အောင် ရှုပါ။ ထိုနောင် တစ်ရက်အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ----

၁။ နေ့နှင့် ည ခွဲ၍ နေ့တစ်ပုံ ညတစ်ပုံ (၂)ပုံ ပုံ၍လည်းကောင်း,
၂။ နေ့၌ နံနက် နေ့လယ် ညနေဟု (၃)ပုံ ပုံ၍လည်းကောင်း,
ညဉ့်၌ ပုရိမယာမ် မဇ္ဈိမယာမ် ပစ္ဆိမယာမ် = ညဉ့်ဦးယာမ် သန်းခေါင် ယာမ် မိုးသောက်ယာမ်ဟု (၃)ပုံ ပုံ၍လည်းကောင်း -
[တစ်နေ့၌ (၆)ပုံ ပုံ၍ဟု ဆိုလိုသည်။]
ထိုအချိန်ကာလ အသီးအသီးအတွင်း၌ တည်ရှိသော ရုပ်တရားများ ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ (အနှစ်-၁၀၀- ဖြင့် ပိုင်းခြား သတ်မှတ်ထားအပ်သော အချိန်ကာလအတွင်း၌ နေ့စဉ် နေ့စဉ် ရက်တိုင်း ရက်တိုင်း၌ ၆- ပုံ ပုံ၍ ရှုရန် ဖြစ်သည်။ တစ်ရက်မျှလောက် ကိုသာ ရှုရမည် မဟုတ်သည်ကို သတိပြုပါ။) ထိုသို့ ဝိပဿနာ ရှုပြီးပါက ထိုတစ်နေ့တာ၏ အချိန်ပိုင်း (၆)ပိုင်းတို့တွင် တစ်ပိုင်းတစ်ပိုင်း အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ----

၁။ ရှေ့သို့တက်ရာ၌ ဖြစ်နေသော ရုပ်တရား,
၂။ နောက်သို့ဆုတ်ရာ၌ ဖြစ်နေသော ရုပ်တရား,
၃။ တည့်တည့်ကြည့်ခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၄။ စောင်းငဲ့ကြည့်ခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား ---
ဤ ရုပ်တရား အသီးအသီးကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ (အနှစ်- ၁၀၀ ဖြင့် သတ်မှတ်ထားအပ်သော ရက် တိုင်း ရက်တိုင်း၌ ထိုသို့ ရှုရန်ဖြစ်သည်။)

ထိုနောင် တစ်နေ့တာ တစ်နေ့တာအတွင်း ေ့ရှသို့ တက်ခိုက် နောက် သို့ ဆုတ်ခိုက် စသည့် ဣရိယာပထပိုင်းဆိုင်ရာ သမ္ပဇဉ်ပိုင်းဆိုင်ရာ ထိုထို အခိုက်အတန့်တို့ဝယ် ----

၁။ မြေမှ ခြေကို ကြွချီမြှောက်သော အခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၂။ ကြွချီပြီး ခြေကို (ရပ်သော ခြေသို့တိုင်အောင်) ေ့ရှသို့ ဆောင်ယူခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၃။ ရပ်ထားသော ခြေကို ကျော်လွန်အောင် လှမ်းသောခြေကို ေ့ရှသို့ ဆောင်ယူခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
တစ်နည်း ---- ခလုတ် သစ်ငုတ် စသည်ကို ရှောင်လွှဲခိုက်၌ ဖြစ်ပေါ် နေသော ရုပ်တရား,
၄။ ရပ်ထားသောခြေ၏ ရှေးသို့ကျော်လွန်၍ ယူဆောင်လာသောခြေကို အောက်သို့ လွှတ်ချသောအခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၅။ ထိုခြေကို မြေကြီး၌ ချထားခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၆။ တစ်ဖန် ထိုခြေကို နောက်ထပ် ခြေတစ်လှမ်း လှမ်းရန်အတွက် ခြေ မကြွခင် မြေကို ဖိနင်းလိုက်သောအခိုက်၌ ဖြစ်ပေါ်နေသော ရုပ် တရား -
ဤအထက်ပါ --- (ကြွ-ဆောင်-လွှဲ-လွှတ်-ချ-ဖိ)ဟူသော အခိုက် အတန့် (၆)မျိုးတွင် တစ်မျိုးတစ်မျိုး၌ ဖြစ်ပေါ်နေသော ရုပ်တရားတို့ကို အသီးအသီး ခွဲခြား၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပါ။ (အရိပ်ပြလျှင် အကောင်ထင်၏ဟူ၏သို့ တစ်နေ့တာအတွင်း ထိုထို ဣရိယာပထ ထိုထို သမ္ပဇည အခိုက်အတန့်အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို လက္ခဏာယာဉ် တင်၍ ဝိပဿနာရှုရန် ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ညွှန်ကြားနေခြင်းဖြစ်သည်ဟု သဘောပေါက်ပါ။) အနှစ် (၁၀၀)ဖြင့် ပိုင်းခြားသတ်မှတ်ထားအပ်သော အချိန်ကာလအတွင်းဝယ် နေ့စဉ် နေ့စဉ် ဖြစ်ဖြစ်သမျှ ကိုယ်လှုပ်ရှားမှုမှန်သမျှ၌ ရှုပါ။

၃။ အာဟာရမယရုပ် ရှုနည်း

၁။ အစာအာဟာရ ဆာလောင်သောအခါ၌ ဖြစ်သော (ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားလေးပါးကြောင့် ဖြစ်သော) စတုသန္တတိရုပ်,
၂။ အစာစားပြီး၍ အစာဝသောအခါ၌ ဖြစ်သော စတုသန္တတိရုပ် ---
တစ်နေ့ တစ်နေ့တာအတွင်းဝယ် ထိုအချိန်အခါ နှစ်မျိုး၌ဖြစ်သော စတုသန္တတိရုပ်တရားတို့ကို လက္ခဏာယာဉ် အသီးအသီးတင်၍ ဝိပဿနာ ရှုပါ။

၄။ ဥတုမယရုပ် ရှုနည်း

တစ်နေ့ တစ်နေ့တာအတွင်းဝယ် ----

၁။ ပူသောအခါ၌ ဖြစ်သော စတုသန္တတိရုပ်တရား,
၂။ အေးသောအခါ၌ ဖြစ်သော စတုသန္တတိရုပ်တရား,
ဤရုပ်တရားတို့ကို လက္ခဏာယာဉ် အသီးအသီးတင်၍ ဝိပဿနာ ရှုပါ။

၅။ ကမ္မဇရုပ် ရှုနည်း

တစ်နေ့ တစ်နေ့တာအတွင်းဝယ် ----

၁။ စက္ခုဒွါရ = မျက်စိ၌ ဖြစ်ပေါ်နေသော (၅၄)မျိုးသော ရုပ်တရား,
၂။ သောတဒွါရ = နား၌ ဖြစ်ပေါ်နေသော (၅၄)မျိုးသော ရုပ်တရား,
၃။ ဃာနဒွါရ = နှာ၌ ဖြစ်ပေါ်နေသော (၅၄)မျိုးသော ရုပ်တရား,
၄။ ဇိဝှါဒွါရ = လျှာ၌ ဖြစ်ပေါ်နေသော (၅၄)မျိုးသော ရုပ်တရား,
၅။ ကာယဒွါရ = ကိုယ်၌ ဖြစ်ပေါ်နေသော (၄၄)မျိုးသော ရုပ်တရား,
၆။ မနောဒွါရ = နှလုံး၌ ဖြစ်ပေါ်နေသော (၅၄)မျိုးသော ရုပ်တရား
ဤ ရုပ်တရားတို့ကို ထိုရုပ်တရားတို့၏ ဒွါရတစ်ခုမှ ဒွါရတစ်ခုသို့ မပြောင်းရွှေ့ဘဲ ထိုထို ဒွါရ၌ပင် ဖြစ်ပျက်မှု ချုပ်ပျက်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်လျက် လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပါ။ နေ့စဉ် နေ့စဉ် ထိုထို ဒွါရ၌တည်ရှိသော ရုပ်တရားတို့ကို ဝိပဿနာရှုရန် ဖြစ်သည်။

၆။ စိတ္တသမုဋ္ဌာန်ရုပ် ရှုနည်း

တစ်နေ့ တစ်နေ့တာအတွင်းဝယ် ----

၁။ သောမနဿိတ = ဝမ်းမြောက်မှု ဖြစ်ခိုက်၌ ဖြစ်ပေါ်နေသော စတုသန္တတိရုပ်တရားများ,
၂။ ဒေါမနဿိတ = စိတ်မချမ်းသာမှု ဝမ်းနည်းမှု ဖြစ်ခိုက်၌ ဖြစ်ပေါ် နေသော စတုသန္တတိရုပ်တရားများ ---
ထို နေ့စဉ် နေ့စဉ် ဖြစ်ပေါ်နေသော စတုသန္တတိ ရုပ်တရားအားလုံး တို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။

၇။ ဓမ္မတာရုပ် ရှုနည်း

အနိန္ဒြိယဗဒ္ဓ = ဇီဝိတိန္ဒြေ စသော ကမ္မဇရုပ်ဟူသော ဣန္ဒြေတို့နှင့် ဆက်စပ်မှု မရှိသော ---- သံ-ကြေး-သလွဲ-ခဲ-ရွှေ-ငွေ-ပုလဲ-ပတ္တမြား-ကြောင် မျက်ရွဲ-ခရုသင်း-ကျောက်သလင်း-သန္တာ-ဥဿဖရား-ပတ္တမြားပြောက်-သစ်ပင်-ရေ-မြေ-တော-တောင် စသည့် သက်မဲ့လောက၌ တည်ရှိသော ဥတုဇဩဇဋ္ဌမကရုပ် သဒ္ဒနဝကကလာပ်ရုပ်တရားတို့ကို ရှုရမည် ဖြစ်သည်။ အသင်သူတော်ကောင်းသည် ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းဖြင့် ယင်း ရွှေ-ငွေ-ပတ္တမြား-သစ်ပင်-ရေ-မြေ-တော-တောင် စသည့် ထိုထို သက်မဲ့အရာဝတ္ထုတို့၌ တည်ရှိသော ဓာတ်ကြီး လေးပါးကို လှမ်း၍ သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန့်များကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော (၈)မျိုး (၉)မျိုးသော ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်းကာ ယင်းပရမတ်ရုပ်တရားတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပါ။

[မှတ်ချက် ---- နံပါတ် (၁)မှ (၆)သို့ တိုင်အောင်သော ရုပ်တရားတို့ ကား သက်ရှိလောက ရုပ်တရားများ ဖြစ်ကြ၏။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံး၌ ရှုပါ။ နံပါတ် (၇)ဖြစ်သည့် ဓမ္မတာရုပ်ကား သက်မဲ့ အနုပါဒိန္နသင်္ခါရတရား ဖြစ်၏။ ဗဟိဒ္ဓ သက်မဲ့လောက၌သာ ရှုပါ။]

အရူပသတ္တက ရှုနည်း

အရူပသတ္တက၏ အစွမ်းဖြင့် ဝိပဿနာရှုနည်း၌ ----

(၁) ကလာပအားဖြင့် ရှုနည်း,
(၂) ယမကအားဖြင့် ရှုနည်း,
(၃) ခဏိကအားဖြင့် ရှုနည်း,
(၄) ပဋိပါဋိအားဖြင့် ရှုနည်း,
(၅) ဒိဋ္ဌိဥဂ္ဃါဋနအားဖြင့် ရှုနည်း,
(၆) မာနသမုဂ္ဃါဋနအားဖြင့် ရှုနည်း,
(၇) နိကန္တိပရိယာဒါနအားဖြင့် ရှုနည်းဟု -- (၇)နည်း လာရှိ၏။

၁။ ကလာပအားဖြင့် ရှုနည်း = ပေါင်းစုခြုံငုံ၍ ရှုနည်း

အောက်ရူပသတ္တက ရှုနည်းဝယ် (၇)ဌာနတို့၌ တည်ရှိသော ရုပ် တရားကို အနိစ္စဟု (ဒုက္ခဟု-အနတ္တဟု) လက္ခဏာယာဉ် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုနေသောစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် အနိစ္စဟု (ဒုက္ခဟု-အနတ္တဟု) လက္ခဏာယာဉ် တစ်လှည့်စီ တင်၍ တစ်ဖန်ပြန်၍ ဝိပဿနာ ရှု၏။ ဤ ဝိပဿနာရှုပွားနည်းကို ကလာပအားဖြင့် ရှုနည်းဟု ခေါ်ဆို၏။

အာဒါနနိက္ခေပရုပ် စသော ရူပသတ္တကနည်းဝယ် ဖော်ပြခဲ့သော (၇) ဌာနတို့၌ တည်ရှိသော ရုပ်တရားကို (၇)ဌာန မခွဲခြားတော့ဘဲ တပေါင်း တစည်းတည်းပြု၍ ယင်းပေါင်းစုခြုံငုံထားသော ရုပ်တရားကို အနိစ္စဟု ရှု၏။ ယင်း အနိစ္စဟု ရှုနေသော ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ အနိစ္စဟု ရှု၏။ ။ ယင်း အနိစ္စဟု ရှုနေသော ဝိပဿနာ စိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ ဒုက္ခဟု ရှု၏။ ။ ယင်း အနိစ္စဟု ရှုနေသော ဝိပဿနာစိတ်ကို တစ်ဖန်ပြန်၍ နောက်ဝိပဿနာစိတ် ဖြင့် အနတ္တဟု တစ်ဖန်ပြန်၍ ဝိပဿနာ ရှု၏။

တစ်ဖန် ယင်း (၇)ဌာနဝယ် တည်ရှိသော ရုပ်တရားတို့ကို ဒုက္ခဟု ဝိပဿနာ ရှု၏။ ဒုက္ခဟု ရှုနေသော ယင်းဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ အနိစ္စဟု ဝိပဿနာ ရှု၏။ ။ ဒုက္ခဟု ဝိပဿနာ ရှု၏။ ။ အနတ္တဟု ဝိပဿနာ ရှု၏။

တစ်ဖန် ယင်း (၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားတို့ကို အနတ္တဟု ဝိပဿနာ ရှု၏။ ။ အနတ္တဟု ရှုနေသော ဝိပဿနာစိတ်ကို နောက် ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ အနိစ္စဟု ဝိပဿနာရှု၏။ ။ ဒုက္ခဟု ဝိပဿနာရှု၏။ ။ အနတ္တဟု ဝိပဿနာရှု၏။ ဤသို့ ရှုနည်းကို ကလာပ အားဖြင့် ရှုနည်းဟု ခေါ်ဆိုပေသည်။ (၇)ဌာနရုပ်တရားတို့ကို ပေါင်းစုံခြုံငုံ ၍ ဝိပဿနာရှုနည်းတည်း။

ရှေးဝိပဿနာစိတ် နောက်ဝိပဿနာစိတ်

ဝိပဿနာရှုသော စိတ်ဟူသည် (ပုထုဇန်နှင့် သေက္ခများအတွက်) မဟာကုသိုလ် မနောဒွါရိကဇောဝီထိစိတ်အစဉ်များသာ ဖြစ်ကြောင်းကို ဉာဏဝိဘင်းအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)၌ လာရှိ၏။

သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ၊ ကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ (ပဋ္ဌာန၊၁၊၁၃၃။)

သေက္ခ အရိယာသူတော်ကောင်းတို့သည်လည်းကောင်း၊ ပုထုဇန် သူတော်ကောင်းတို့သည်လည်းကောင်း ကုသိုလ်တရားကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု --- ဝိပဿနာ ရှုကြကုန်၏။ ကုသိုလ်တရားသည် = ဝိပဿနာ ကုသိုလ်ဇောသည် ချုပ်ပျက်ခဲ့သော် ယင်း ဝိပဿနာကုသိုလ်ဇော နောင်၌ ကာမာဝစရဝိပါက် တဒါရုံသည် ဖြစ်ပေါ်လာ၏။ (ပဋ္ဌာန၊၁၊၁၃၃။)

တံ ကုသလဿ ဇဝနဿ အာရမ္မဏဘူတံ ဝိပဿိတကုသလံ အာရမ္မဏံ ကတွာ ဥပ္ပဇ္ဇတီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၃၊၄၃၆။)

ထို ဝိပဿနာကုသိုလ်ဇော၏ အာရုံဖြစ်သော ဝိပဿနာကုသိုလ်၏ အရှုခံအာရုံဖြစ်သော ကုသိုလ်ကို အာရုံပြု၍ ကာမာဝစရဝိပါက်စိတ်သည် ယင်းဝိပဿနာကုသိုလ်ဇော၏ အရှုခံအာရုံဖြစ်သော ကုသိုလ်တရားကိုပင် အာရုံပြု၍ တဒါရုံကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၃၊၄၃၆။)

ဤအထက်ပါ ကျမ်းဂန်များနှင့် အညီ နုနယ်နေသေးသော တရုဏဝိပဿနာဇောများ၏ နောင်၌ တဒါရုံ ကျနိုင်ခွင့်ရှိသည်ဟု မှတ်ပါ။

တိလက္ခဏာရမ္မဏိကဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။ ဝုဋ္ဌာနဂါမိနိယာ ဗလဝဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၇၊၊)

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် အညီ အားကောင်း မောင်းသန်သော ဗလဝဝိပဿနာဇောများ၏ နောင်၌ တဒါရုံ မကျနိုင်ဟု မှတ်ပါ။ ထိုကြောင့် ဝိပဿနာဇောများ၏ နောင်၌ တဒါရုံ ကျ-မကျ နှစ်မျိုး ရှိနိုင်ပေသည်။ ယင်း ဝိပဿနာ မနောဒွါရိကဇောဝီထိစိတ်အစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ကြ၏။

ဝိပဿနာ မနောဒွါရိကဇောဝီထိ

ယှဉ်ဖက် သမ္ပယုတ်စေတသိက်တို့နှင့် တကွသော ယင်းမနောဒွါရိက ဇောဝီထိစိတ်အစဉ် တစ်ခုလုံးကိုပင် ----

၁။ အနိစ္စဟု ရှုသောစိတ်, ဒုက္ခဟု ရှုသောစိတ်, အနတ္တဟု ရှုသောစိတ် စသည်ဖြင့်လည်းကောင်း။
၂။ ပထမစိတ် ဒုတိယစိတ် စသည်ဖြင့်လည်းကောင်း,
၃။ ေ့ရှစိတ် နောက်စိတ်ဟုလည်းကောင်း ---
ဧကတ္တနည်းအားဖြင့် ခေါ်ဝေါ်သုံးစွဲထားသည်ဟု ---- မှတ်သားပါ။ အကြောင်းကား ပထမ ဝိပဿနာ မနောဒွါရိကစိတ်အစဉ်၏ အာရုံမှာ (၇) ဌာန၌ တည်ရှိသော ရုပ်တရားအာရုံဖြစ်၏။ ဒုတိယ မနောဒွါရိက ဝိပဿနာ ဇောဝီထိ၏ အာရုံမှာ ပထမ မနောဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ် ဖြစ်၏ = နာမ်တရား ဖြစ်၏။ တစ်ခုတည်းသော အာဝဇ္ဇန်းရှိသော ဇောဝီထိ စိတ်အစဉ်အတွင်း၌ တည်ရှိသော တစ်ခုသော စိတ်က ရုပ်တရားကို, တစ်ခုသော စိတ်က နာမ်တရားကို အာရုံပြုဖို့ရန် အလွန်ခက်ခဲလှသော အဆင့်ပင် ဖြစ်၏။ ထိုကြောင့် ရုပ်ကို အာရုံပြုသော ဝီထိက တစ်ဝီထိ, နာမ်ကို အာရုံပြု သော ဝီထိက တစ်ဝီထိဟု မှတ်သားပါ။ ယင်းဝီထိစိတ်အစဉ် တစ်ခုလုံးကိုပင် ဧကတ္တနည်းအားဖြင့် ေ့ရှစိတ် နောက်စိတ် စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားသည်ဟု မှတ်သားပါလေ။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏။ မကျသော် လည်းရှိရာ၏။ တဒါရုံကျခဲ့သော် အဟိတ်တဒါရုံ သို့မဟုတ် သဟိတ် တဒါရုံ ထိုက်သလို ကျနိုင်၏။

၂။ ယမက = အစုံအားဖြင့် ရှုနည်း

အာဒါနနိက္ခေပရုပ်ကို အနိစ္စဟု ရှု၍ ထိုရှုသောစိတ်ကို နောက်စိတ် ဖြင့် အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း, အသီးအသီးရှု၏။(ဒုက္ခဟုရှုရာ, အနတ္တဟုရှုရာတို့၌လည်း နည်းတူမှတ်ပါ။)

ဝယောဝုဍ္ဎတ္ထင်္ဂမရုပ်, အာဟာရမယရုပ်, ဥတုမယရုပ်, ကမ္မဇရုပ်, စိတ္တ သမုဋ္ဌာန်ရုပ်, ဓမ္မတာရုပ်တို့၌လည်း နည်းတူမှတ်ပါ။ ကလာပရှုနည်း၌ (၇) ဌာန၌ တည်ရှိသော ရုပ်တရားတို့ကို (၁)ဌာနစီ မခွဲဘဲ ခြုံ၍ရှု၏။ ဤယမက ရှုနည်း၌ကား (၁)ဌာနစီ ခွဲ၍ ရှု၏။ ဤသို့သာ ထူးသည်။ သို့သော် ဌာန(၁) ခုစီ ခွဲ၍ ရှုသည်ဆိုသော်လည်း ဌာနတစ်ခု တစ်ခု၌ ခပ်စိပ်စိပ် ရှုဖို့ လိုအပ် ပေသည်။ အထူးသဖြင့် ဝယောဝုဍ္ဎတ္ထင်္ဂမရုပ်၌ ရူပသတ္တက၌ ရှုခဲ့သည့် အတိုင်း --- ပထမအရွယ်ရုပ်ကို ရှုလိုက်, ရှုသည့်ဉာဏ် = ရှုသည့်စိတ်ကို တစ်ဖန် ရှုလိုက်, ဒုတိယအရွယ်ရုပ်ကို ရှုလိုက်, ရှုသည့်ဉာဏ် = ရှုသည့်စိတ်ကို တစ်ဖန် ရှုလိုက် - ဤသို့ စသည်ဖြင့် အရွယ်အဆင့်ဆင့် ပိုင်းခြားထားသည့် အတိုင်း - ရုပ်ကို ရှုလိုက်, ရှုသည့် ဝိပဿနာစိတ်ကို ရှုလိုက်ဖြင့် ခပ်စိပ်စိပ် ရှုပေးပါ။ အခြားသော ရုပ်တရားတို့၌လည်း နည်းတူသဘောပေါက်ပါ။

၃။ ခဏိကအားဖြင့် ရှုနည်း

အာဒါနနိက္ခေပရုပ်ကို အနိစ္စဟု ရှု၍ ----

၁။ ထိုရှုသော ပထမစိတ်ကို (= ပထမ ဝိပဿနာမနောဒွါရိကဇောဝီထိ ကို) ဒုတိယစိတ်ဖြင့် (= ဒုတိယ ဝိပဿနာမနောဒွါရိကဇောဝီထိစိတ် ဖြင့်),
၂။ ဒုတိယစိတ်ကို တတိယစိတ်ဖြင့်,
၃။ တတိယစိတ်ကို စတုတ္ထစိတ်ဖြင့်,
၄။ စတုတ္ထစိတ်ကို ပဉ္စမစိတ်ဖြင့် အနိစ္စဟု ရှု၏။ (ဒုက္ခဟု ရှု၏၊ အနတ္တဟု ရှု၏ -- တစ်လှည့်စီ ရှု၏။)

အာဒါနနိက္ခေပရုပ်ကို ဒုက္ခဟု ရှုရာ အနတ္တဟု ရှုရာတို့၌လည်း နည်း တူမှတ်ပါ။ အလားတူပင် --- ဝယောဝုဍ္ဎတ္ထင်္ဂမရုပ် စသော ရုပ်တို့၌လည်း သဘောပေါက်ပါလေ။ ရူပသတ္တကရှုကွက်အတိုင်း ရုပ်ကိုရှု၍ ရှုကွက်တိုင်း၌ ယင်းရုပ်ကို ရှုသော ဝိပဿနာမနောဒွါရိကဇောဝီထိတိုင်းကို (၄)ဆင့် (၄)ဆင့် ရှုရမည် ဖြစ်ပေသည်။ ေ့ရှဝိပဿနာဝီထိစိတ်အစဉ်ကို နောက်ဝိပဿနာ ဝီထိစိတ်အစဉ်ဖြင့် ရှုခြင်းပင်တည်း။

၄။ ပဋိပါဋိအားဖြင့် ရှုနည်း

အာဒါနနိက္ခေပရုပ်ကို အနိစ္စဟု ရှု၍ ----

၁။ ထိုသို့ရှုသော ပထမစိတ်ကို ဒုတိယစိတ်ဖြင့် အနိစ္စဟု ရှု၏။
၂။ ဒုတိယစိတ်ကို တတိယစိတ်ဖြင့်,
၃။ တတိယစိတ်ကို စတုတ္ထစိတ်ဖြင့်,
၄။ စတုတ္ထစိတ်ကို ပဉ္စမစိတ်ဖြင့်,
၅။ ပဉ္စမစိတ်ကို ဆဋ္ဌစိတ်ဖြင့်,
၆။ ဆဋ္ဌစိတ်ကို သတ္တမစိတ်ဖြင့်,
၇။ သတ္တမစိတ်ကို အဋ္ဌမစိတ်ဖြင့်,
၈။ အဋ္ဌမစိတ်ကို နဝမစိတ်ဖြင့်,
၉။ နဝမစိတ်ကို ဒသမစိတ်ဖြင့်,
၁၀။ ဒသမစိတ်ကို ဧကာဒသမစိတ်ဖြင့် - အနိစ္စဟု အဆင့်ဆင့် ရှုပွား၏။

[ဒုက္ခဟုလည်း ရှုပွားသုံးသပ်၏၊ အနတ္တဟုလည်း ရှုပွားသုံးသပ်၏။ အာဒါနနိက္ခေပရုပ်ကိုပင် ဒုက္ခဟု ရှုပွားသုံးသပ်ရာ အနတ္တဟု ရှုပွားသုံးသပ် ရာ၌လည်းကောင်း, ဝယောဝုဍ္ဎတ္ထင်္ဂမရုပ် စသည်ကို အနိစ္စဟု သို့မဟုတ် ဒုက္ခဟု သို့မဟုတ် အနတ္တဟု ရှုပွားသုံးသပ်ရာတို့၌လည်းကောင်း နည်းတူ ပင် သဘောပေါက်ပါ။]

၅။ ဒိဋ္ဌိဥဂ္ဃါဋန = ဒိဋ္ဌိကို ခွာသောအားဖြင့် ရှုနည်း

သင်္ခါရတရားတို့ကို အနတ္တသဘောအားဖြင့် = အနတ္တဟု တွင်တွင် ကြီး ဝိပဿနာရှုသော် ဒိဋ္ဌိကိုခွာသည် မည်၏။ (အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်တို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု = အားပေးထောက်ပံ့မှုကို ရရှိသော အနတ္တာနုပဿနာ ဉာဏ်သည် ဒိဋ္ဌိကို = အတ္တဒိဋ္ဌိကို ပယ်ခွာနိုင်၏။)

၆။ မာနဥဂ္ဃါဋန = မာနကို ခွာသောအားဖြင့် ရှုနည်း

သင်္ခါရတရားတို့ကို အနိစ္စသဘောအားဖြင့် = အနိစ္စဟု တွင်တွင်ကြီး ဝိပဿနာရှုသော် မာနကို ပယ်ခွာသည် မည်၏။ (ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိ ဖြင့် ကျေးဇူးပြုပေးမှု = အားပေးထောက်ပံ့မှုကို ရရှိသော အနိစ္စာနုပဿနာ ဉာဏ်သည် မာနကို ပယ်ခွာနိုင်၏။)

၇။ နိကန္တိ ပရိယာဒါန = တဏှာနိကန္တိကို ကုန်အောင် မဖြစ်အောင် ရှုနည်း

သင်္ခါရတရားတို့ကို ဒုက္ခသဘောအားဖြင့် = ဒုက္ခဟု တွင်တွင်ကြီး ဝိပဿနာရှုသော် သိမ်မွေ့သော တဏှာဟူသော နိကန္တိကို ကုန်စေသည် မည်၏။ (အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့၏ အားပေး ထောက်ပံ့မှုကို ရရှိသော အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကို ဆက်ခံရသော ဒုက္ခာနုပဿနာ ဉာဏ်သည် တဏှာကို ကုန်စေနိုင်၏။ ထိုကြောင့် တဏှာသည် မဖြစ်တော့ ပေ၊၊)

သတိပြုရန် ---- သင်္ခါရတရားတို့ကို အနတ္တသက်သက် ရှုရုံမျှဖြင့် အနတ္တာနုပဿနာဉာဏ်က ဒိဋ္ဌိကို မခွာနိုင်။ ဒုက္ခဟု သက်သက် ရှုရုံမျှဖြင့် လည်း ဒုက္ခာနုပဿနာဉာဏ်က တဏှာကို မကုန်စေနိုင်။ အနိစ္စဟု သက် သက် ရှုရုံမျှဖြင့်လည်း အနိစ္စာနုပဿနာဉာဏ်က မာနကို မခွာနိုင်။ အနုပဿနာဉာဏ်တစ်ခုကို ကျန်အနုပဿနာဉာဏ်နှစ်ခုတို့က အားပေးထောက်ပံ့မှသာလျှင် ဆိုင်ရာ အနုပဿနာဉာဏ်က ဆိုင်ရာ ကိလေသာကို ခွာနိုင် ပယ်သတ်နိုင်သည်ဟု မှတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၆၂-၂၆၃-၂၆၄။ မဟာဋီ၊၂၊၄၁၅-၄၁၆-ကြည့်ပါ။)

ဤအထက်ပါ ညွှန်ကြားချက်များနှင့် အညီ အသင်သူတော်ကောင်း သည် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့ ကို ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်း ပဋိစ္စသမုပ္ပါဒ်နည်း စသည်တို့ဖြင့် လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာ ရှုပြီး သောအခါ ယင်းသင်္ခါရတရားတို့ကို ----

၁။ အနတ္တသက်သက် ဦးစားပေး၍လည်းကောင်း,
၂။ အနိစ္စသက်သက် ဦးစားပေး၍လည်းကောင်း,
၃။ ဒုက္ခသက်သက် ဦးစားပေး၍လည်းကောင်း ---
အနည်းဆုံး တစ်ထိုင်စီ တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ အတိတ် အနာဂတ် ပစ္စုပ္ပန် ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ ဟူသော သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော သင်္ခါရတရားတို့အပေါ်၌ အနတ္တာနုပဿနာဉာဏ် အမြင် ရင့်သန်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ယင်း သင်္ခါရတရားတို့၌ အတ္တဟူသော အမှတ်သညာသည် အတည်မှာလျှင် ထောက်ရာ တည်ရာကို ရရှိနိုင်ပါအံ့နည်း။ အလားတူပင် ယင်းသင်္ခါရတရား တို့၌ အနိစ္စာနုပဿနာဉာဏ်အမြင် ရင့်သန်လျက်ရှိသော ယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်၌ ယင်းသင်္ခါရတရားတို့၌ နိစ္စဟူသော အမှတ်သညာ သည် အတည်မှာလျှင် ထောက်ရာ တည်ရာကို ရရှိနိုင်ပါအံ့နည်း။ အလား တူပင် --- ငါ - ငါဟု ထောင်လွှားတက်ကြွနေသော မာနစွဲသည်လည်း အတည်မှာလျှင် ထောက်ရာ တည်ရာကို ရရှိနိုင်ပါအံ့နည်း။ နိစ္စသညာ ရှိသူ၏ သန္တာန်၌သာလျှင် မာနစွဲသည် ဝင်ရောက်ခွင့် ရှိပေသည်။ အလားတူပင် ယင်းသင်္ခါရတရားတို့အပေါ်၌ ဒုက္ခာနုပဿနာဉာဏ်အမြင် ရင့်သန်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ယင်း သင်္ခါရတရားတို့၌ သုခဟူသော အမှတ်သညာသည် အတည်မှာလျှင် ထောက်ရာ တည်ရာကို ရရှိနိုင်ပါအံ့နည်း။ သင်္ခါရတရားတို့၌ သုခဟူသော အမှတ်သညာရှိသူ၏ သန္တာန်၌ သာလျှင် ယင်းသင်္ခါရတို့၌ တွယ်တာမက်မောသည့် တဏှာနိကန္တိသည် ထောက်ရာ တည်ရာကို ရရှိနိုင်ပေသည်။ ထိုကြောင့် ဒုက္ခာနုပဿနာဉာဏ်အမြင် ရင့်သန်လျက်ရှိသော သူတော်ကောင်း၏ သန္တာန်၌ တဏှာနိကန္တိသည်လည်း ထောက်ရာ တည်ရာကို မရရှိနိုင်တော့ပေ။

ပဂုဏ ဖြစ်လေပြီ

ဧတ္တာဝတာ ပနဿ ရူပကမ္မဋ္ဌာနမ္ပိ အရူပကမ္မဋ္ဌာနမ္ပိ ပဂုဏံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)

ဤ ရူပသတ္တကရှုနည်း အရူပသတ္တကရှုနည်းတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံးတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း ရှုပွားနိုင်ခဲ့သော် ရုပ် ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးလုံးကို အဝါးဝစွာ လေ့လာနိုင်နင်းပြီး ဖြစ် ပေသည်။

စွမ်းနိုင်ပါက အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုနိုင်ပါက တိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဖြစ်ချေသည်။

သမ္မသနဉာဏ်ခန်း ပြီး၏။

__________

ဥဒယဗ္ဗယဉာဏ်ခန်း

ရုပ်နာမ်နှစ်ပါးနည်း + ခန္ဓာငါးပါးနည်း

ဥဒယဗ္ဗယဉာဏ်၏ အရှုခံအာရုံတို့မှာ ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ပင် ဖြစ်ကြသည်။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၌ အဝိဇ္ဇာမှသည် ဘဝသို့တိုင်အောင်သော အင်္ဂါရပ်တို့သာ ဥဒယဗ္ဗယာနုပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ပါဝင်ပေသည်။ (ပဋိသံ၊၅၂။)

ဥဒယဗ္ဗယဉာဏ်ကို အားသစ်လိုသော အသင်သူတော်ကောင်းသည် ရှေးဦးစွာ ပစ္စုပ္ပန်၌ ----

၁။ ရုပ်သက်သက်ကိုလည်းကောင်း, (အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ)
၂။ နာမ်သက်သက်ကိုလည်းကောင်း, (အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ)
၃။ ရုပ်နှင့်နာမ်ကိုတွဲ၍လည်းကောင်း, (အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ)

ရံခါ အနိစ္စလက္ခဏာယာဉ် တင်၍, ရံခါ ဒုက္ခလက္ခဏာယာဉ် တင်၍, ရံခါ အနတ္တလက္ခဏာယာဉ် တင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း စက္ခုဒွါရဝီထိ စသော ဝီထိ (၆)မျိုးလုံး၌ အတန်းတိုင်း အတန်းတိုင်းဝယ် ရုပ်သက်သက်ကို ရှုရာ၌လည်းကောင်း၊ နာမ်သက်သက်ကို ရှုရာ၌လည်းကောင်း ခဏပစ္စုပ္ပန် သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပါ။ အလားတူပင် ယင်းနာမ်ကမ္မဋ္ဌာန်းဇယား များတွင် ဖော်ပြထားသည့် အတန်းတိုင်း အတန်းတိုင်း၌ ခန္ဓာငါးပါးနည်းဖြင့်-

၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ဝေဒနာသက်သက်ကိုလည်းကောင်း,
၃။ သညာသက်သက်ကိုလည်းကောင်း,
၄။ သင်္ခါရသက်သက်ကိုလည်းကောင်း,
၅။ ဝိညာဏ်သက်သက်ကိုလည်းကောင်း -

ရံခါ အနိစ္စလက္ခဏာတင်၍, ရံခါ ဒုက္ခလက္ခဏာတင်၍, ရံခါ အနတ္တ လက္ခဏာတင်၍ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။

အလားတူပင် အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ (= ကမ္မဘဝ+ဥပပတ္တိဘဝ) ဟူသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကိုလည်း အကြောင်းအကျိုး မစပ်သေးဘဲ ယင်း အင်္ဂါရပ်တို့၏ ဖြစ်မှုပျက်မှုကိုသာ အာရုံယူ၍ လက္ခဏာယာဉ်သုံးချက် တစ် လှည့်စီတင်၍ ဝိပဿနာ ရှုပါခဏပစ္စုပ္ပန်သို့ဆိုက်အောင် ရှုပါ။


အတိတ်-အနာဂတ်-ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ

ပစ္စုပ္ပန်ဝယ် ယင်းသင်္ခါရတရားတို့ကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်ခဲ့သော် အသိဉာဏ်လည်း သန့်ရှင်းခဲ့သော် မိမိ ရှုထားသမျှ အတိတ် အဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်အထိ --

၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ နာမ်သက်သက်ကိုလည်းကောင်း,
၃။ ရုပ်နှင့်နာမ်ကိုတွဲ၍လည်းကောင်း, တစ်ဖန်-
၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ဝေဒနာသက်သက်ကိုလည်းကောင်း,
၃။ သညာသက်သက်ကိုလည်းကောင်း,
၄။ သင်္ခါရသက်သက်ကိုလည်းကောင်း,
၅။ ဝိညာဏ်သက်သက်ကိုလည်းကောင်း -

ဤသို့လျှင် ရုပ်နာမ်နှစ်ပါးနည်း, ခန္ဓာငါးပါးနည်းတို့ဖြင့် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ---

၁။ ရံခါ အနိစ္စလက္ခဏာယာဉ် တင်၍,
၂။ ရံခါ ဒုက္ခလက္ခဏာယာဉ် တင်၍,
၃။ ရံခါ အနတ္တလက္ခဏာယာဉ် တင်၍ -

တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ အနိစ္စ အခေါက်ပေါင်းများစွာ, ဒုက္ခ အခေါက်ပေါင်းများစွာ, အနတ္တ အခေါက်ပေါင်းများစွာ ရှုဖို့လိုအပ်ပါသည်။ အခေါက်ပေါင်းများစွာ ရှုပြီးသောအခါ ရှု၍ အကောင်းဆုံးလက္ခဏာတစ်ခု ကို ဦးစားပေး၍ အချိန်ခပ်ကြာကြာ ရှုနိုင်သည်။ ကျေနပ်မှုရခဲ့သော် ယင်း သင်္ခါရတရားတို့၏ ဖြစ်မှုပျက်မှုသည် ခဏပစ္စုပ္ပန်သို့ဆိုက်အောင် အလွန့် အလွန် လင်းလင်းထင်ထင် လျင်လျင်မြန်မြန် ဉာဏ်ဝ၌ ထင်လာခဲ့သော် ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းသို့ ပြောင်း၍ ရှုနိုင်ပေပြီ။


ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်း

၁။ သမုဒယဓမ္မာနုပဿီ = ဥဒယဒဿန = အဖြစ်သက်သက်ရှုနည်း

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် ကျင့်စဉ်ပိုင်းတွင် ----

၁။ သမုဒယဓမ္မာနုပဿီ,
၂။ ဝယဓမ္မာနုပဿီ,
၃။ သမုဒယဝယဓမ္မာနုပဿီ - ဟု

သတိပဋ္ဌာန်တိုင်း သတိပဋ္ဌာန်တိုင်း၌ (၃)မျိုးစီခွဲ၍ ရှုရန် ညွှန်ကြား ထားတော်မူခဲ့၏။ ယင်း ညွှန်ကြားတော်မူချက်၏ ဆိုလိုရင်းအချက်ကိုလည်း ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး၌ --- အဝိဇ္ဇာသမုဒယာ ရူပသမုဒယော -- စသည် ဖြင့် တရားစစ်မှူး အဦးအခိုင်ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဟောကြားထားတော်မူခဲ့၏။ ယင်း ညွှန်ကြားချက်များနှင့် အညီ အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဤဥဒယဗ္ဗယဉာဏ်အကျယ် ရှုပွားနည်းကို ရှုပွားရတော့မည် ဖြစ်၏။ ဤ၌ ရူပက္ခန္ဓာနှင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ စသည့် နာမ်ခန္ဓာ (၄)ပါးတို့ကို ပုံစံအဖြစ် ရေးသားတင်ပြ ထားပါသည်။ ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား ပဉ္စမနည်းရှုကွက်ကို ကျေပွန်ပြီးသော အသင် ယောဂီသူတော်ကောင်းအဖို့ ကြွင်းကျန်သော စိတ္တက္ခဏ အသီးအသီးအခိုက်၌ (= နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသော စိတ္တက္ခဏ အသီးအသီးအခိုက်၌) တည်ရှိ သော ခန္ဓာငါးပါးတို့ကိုလည်း နည်းမှီ၍ ရှုနိုင်လောက်ပေပြီ။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း ကြောင်း-ကျိုး ဆက်နွယ်မှုပုံစံအတိုင်း ဤ၌ ကြောင်း-ကျိုး ဆက် နွယ်မှုသဘောတရားကို ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ ရှုရန်ဖြစ်ပေသည်


ရူပက္ခန္ဓာ

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ (ကမ္မဇ)ရုပ် ဖြစ်၏။
၂။ တဏှာ (၂၀) ဖြစ်ခြင်းကြောင့် ။ ။
၃။ ဥပါဒါန် (၂၀) ဖြစ်ခြင်းကြောင့် ။ ။
၄။ သင်္ခါရ (၃၄) ဖြစ်ခြင်းကြောင့် ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ (ကမ္မဇ)ရုပ် ဖြစ်၏။

ပဋိသန္ဓေ ကမ္မဇရုပ်၏ ဖြစ်ခြင်းသဘော

၆။ စိတ်ဖြစ်ခြင်းကြောင့် စိတ္တဇရုပ်ဖြစ်၏။

စိတ္တဇရုပ်၏ ဖြစ်ခြင်းသဘော

၇။ ဥတုဖြစ်ခြင်းကြောင့် ဥတုဇရုပ်ဖြစ်၏။

ဥတုဇရုပ်၏ ဖြစ်ခြင်းသဘော

၈။ အာဟာရဖြစ်ခြင်းကြောင့် အာဟာရဇရုပ်ဖြစ်၏။

အာဟာရဇရုပ်၏ ဖြစ်ခြင်းသဘော

[မှတ်ချက် ---- ပဋိသန္ဓေအခိုက်၌ ကမ္မဇရုပ်သာ ရှိသေး၏။ အထူး သဖြင့် ပဋိသန္ဓေ၏ ဥပါဒ်ကာလ၌ ကမ္မဇရုပ်သာ ရှိသေး၏။ စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ မရှိကြသေးပေ။ နောက်နောက်သော စိတ္တက္ခဏတို့၌တည်ရှိသော ရူပက္ခန္ဓာအတွက်သာ ထည့်သွင်း၍ ဖော်ပြခြင်း ဖြစ်သည်။]


ပဋိသန္ဓေ-ဝေဒနာက္ခန္ဓာ

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာဖြစ်၏။
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာဖြစ်၏။
၆။ ဝတ္ထု (= ဟဒယဝတ္ထု) ။ ။
၇။ အာရုံ (= ပဋိသန္ဓေစိတ်၏ အာရုံ) ။ ။
၈။ ဖဿ (= ၃၄ - ဝေဒနာ = ၃၃) ။ ။

ပဋိသန္ဓေဝေဒနာ၏ ဖြစ်ခြင်းသဘော


ပဋိသန္ဓေ-သညာက္ခန္ဓာ

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေသညာဖြစ်၏။
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေသညာဖြစ်၏။
၆။ ဝတ္ထု (= ဟဒယဝတ္ထု) ။ ။
၇။ အာရုံ (= ပဋိသန္ဓေစိတ်၏ အာရုံ) ။ ။
၈။ ဖဿ (= ၃၄ - သညာ = ၃၃) ။ ။

ပဋိသန္ဓေသညာ၏ ဖြစ်ခြင်းသဘော


ပဋိသန္ဓေ-သင်္ခါရက္ခန္ဓာ (= စေတနာ)

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေသင်္ခါရဖြစ်၏။
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေသင်္ခါရဖြစ်၏။
၆။ ဝတ္ထု (= ဟဒယဝတ္ထု) ။ ။
၇။ အာရုံ (= ပဋိသန္ဓေစိတ်၏ အာရုံ) ။ ။
၈။ ဖဿ (= ၃၄ - စေတနာ = ၃၃) ။ ။

ပဋိသန္ဓေသင်္ခါရ၏ ဖြစ်ခြင်းသဘော


ပဋိသန္ဓေသင်္ခါရက္ခန္ဓာ (= ၃၄ - ဝေဒနာ သညာ ဝိညာဏ် = ၃၁)

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေသင်္ခါရဖြစ်၏။
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေသင်္ခါရဖြစ်၏။
၆။ ဝတ္ထု (= ဟဒယဝတ္ထု) ။ ။
၇။ အာရုံ (= ပဋိသန္ဓေ၏အာရုံ) ။ ။
၈။ ကျန်နာမ်ခန္ဓာသုံးပါး ။ ။

ပဋိသန္ဓေသင်္ခါရ၏ ဖြစ်ခြင်းသဘော

[ကျန်နာမ်ခန္ဓာသုံးပါးဟူသည် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ကို ဆိုလိုပေသည်။ နာမ်တရား -- ၃၄လုံးတို့တွင် ယင်းခန္ဓာသုံးပါးမှ ကြွင်းသော (၃၁)လုံးသော စေတသိက်တို့သည် အကျိုးတရားဘက်၌ တည် ရှိနေကြ၏။ ယင်းတို့တွင် ဖဿလည်း ပါဝင်၏။ ထိုကြောင့် ကြွင်းသော ဝေဒနာ သညာ ဝိညာဏ် သုံးမျိုးတို့သည်သာ အကြောင်းတရားတို့ ဖြစ်ကြရသည်။]


ပဋိသန္ဓေ-ဝိညာဏက္ခန္ဓာ

၁။ အဝိဇ္ဇာ (၂၀)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏။
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ။ ။
၆။ နာမ်ရုပ် ။ ။

ပဋိသန္ဓေဝိညာဏ်၏ ဖြစ်ခြင်းသဘော

နာမ် = ယှဉ်ဖက်စေတသိက် (= ၃၃)
ရုပ် = ဟဒယဝတ္ထု = ရုပ် (၃၀) + (အာရုံရုပ်)

ဘဝင်ခန္ဓာငါးပါး, စုတိခန္ဓာငါးပါး, ပဉ္စဒွါရာဝဇ္ဇန်း ခန္ဓာငါးပါး, စက္ခု ဝိညာဏ် ခန္ဓာငါးပါး -- ဤသို့ စသည်ဖြင့် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ရေးသားတင်ပြထားသည့် စိတ္တက္ခဏတိုင်း၏ ခန္ဓာငါးပါးတို့ကို နည်းမှီး၍သာ ရှုပါလေ။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ကျွမ်းကျင်ပြီးသော သူတော်ကောင်းများအတွက် ဤရှုကွက်မှာ များစွာခက်ခဲဖွယ်ရာ မရှိပေ။

သတိပြုရန် --- ဤ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၌ (၂၀)ဟု ဖော်ပြ ခြင်းမှာ နမူနာပုံစံတစ်ခုကိုသာ ထုတ်၍ ဆိုခြင်းဖြစ်သည်။ သင်္ခါရ (၃၄)ဟု ဖော်ပြခြင်းမှာလည်း အလားတူပင် နမူနာပုံစံတစ်ခုကိုသာ ထုတ်၍ ဆိုခြင်း ဖြစ်သည်။ မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်ဝယ် ဖြစ်ပြီးဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်း သာ သိမ်းဆည်းရှုပွားပါ။ စိတ်စေတသိက် အရေအတွက်လည်း အပြောင်း အလဲ ရှိနိုင်၏၊ ကုသိုလ်သင်္ခါရနှင့် အကုသိုလ်သင်္ခါရ အပြောင်းအလဲလည်း ရှိနိုင်၏။ မိမိ စွမ်းနိုင်သမျှ ရှုနိုင်သမျှ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ ရှုပါ။


၂။ ဝယဓမ္မာနုပဿီ = ဝယဒဿန = အပျက်သက်သက် ရှုနည်း

အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။ (ပဋိသံ၊၅၄။)

အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။)

အဝိဇ္ဇာ စသော အကြောင်းတရားများ ဖြစ်ခြင်းကြောင့် ရုပ် စသော အကျိုးတရားတို့၏ ဖြစ်ပုံကို ဝိပဿနာဉာဏ်ပညာမျက်စိဖြင့် တပ်အပ် ထင်ထင် လင်းလင်း သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝိဇ္ဇာ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့်, ရုပ်စသော အကျိုးတရားတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားပုံကိုလည်း နောင်အနာဂတ် အရဟတ္တမဂ်ရမည့် အချိန်အခါနှင့် ပရိနိဗ္ဗာနစုတိ၏ နောက်ပိုင်း အချိန် ကာလတို့ကို လှမ်းမျှော်၍ ဝိပဿနာဉာဏ်ဖြင့် ကြည့်ရှုပါက လွယ်ကူစွာပင် တွေ့ရှိမည်ဖြစ်သည်။ ဤအရာတွင် အသင်သူတော်ကောင်းသည် ဥပ္ပါဒနိရောဓနှင့် အနုပ္ပါဒနိရောဓအကြောင်းကိုလည်း သိထားသင့်ပေသည်။

ဥပ္ပါဒနိရောဓ ---- အကြောင်း သင်္ခါရတရားတို့သည်လည်းကောင်း, အကျိုးသင်္ခါရတရားတို့သည်လည်းကောင်း ဖြစ်ပြီးလျှင် ပျက်တတ်သော သင်္ခါရတရားတို့သာ ဖြစ်ကြ၏။ ထို သင်္ခါရတရားတို့၏ အနိစ္စအနေအထား အားဖြင့် ခဏမစဲ တသဲသဲ ဖြစ်ပြီးပျက်သွားမှု = ဖြစ်ချုပ်သဘောကို ဥပ္ပါဒနိရောဓဟု ခေါ်ဆိုပေသည်။ အကြောင်းတရားတို့က အဆက်ဆက် ကျေးဇူး ပြုပေးနေသမျှ ကာလပတ်လုံး အကျိုးတရားတို့သည် ထိုပုံစံအတိုင်း = ဖြစ် ချုပ် = ဥပ္ပါဒနိရောဓသဘောအားဖြင့် အဆက်မပြတ် တည်ရှိနေကြမည်သာ ဖြစ်ပေသည်။ (အကြောင်းတရားများသည်လည်း --- ယင်းတို့၏ ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်နေကြရသော အကျိုးသင်္ခတတရား များပင် ဖြစ်ကြသည်ကို သတိပြုပါ) ချုပ် = ပျက်ပြီးနောက် အကြောင်း မကုန်သေးသဖြင့် ထပ်မံ၍ ဖြစ်ရ-ချုပ်ရသည့်သဘောဖြစ်ရကား ဥပ္ပါဒနိရောဓဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ဖြစ်မှုရှိနေသေးသော ချုပ်ခြင်းတည်း။ ခဏိကနိရောဓဟုလည်း ခေါ်ဝေါ်သုံးစွဲသည်။

အနုပ္ပါဒနိရောဓ ---- သောတာပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် တို့သည် ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို အသီးအသီး အကြွင်းမဲ့ပယ်သတ် ကြ၏။ အဂ္ဂမဂ် = အမြတ်ဆုံးမဂ် အမည်ရသော အရဟတ္တမဂ်ဉာဏ်သည် အဝိဇ္ဇာ စသော ကြွင်းကျန်သော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ် လိုက်၏။ ထို အရဟတ္တမဂ်ဉာဏ်သို့တိုင်အောင်သော အရိယမဂ်ဉာဏ်တို့က မိမိတို့ဆိုင်ရာ ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်သော် ထိုကိလေသာတို့သည် နောက်ထပ်တစ်ဖန် ရုပ်နာမ်ခန္ဓာအစဉ်၌ ထပ်မံ၍ ဖြစ်ပေါ်ခွင့် လုံးဝမရှိတော့ပေ။ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် အကြွင်းမဲ့ အမြစ်ပြတ် ချုပ်ငြိမ်းသွားကြ၏။ ဤကဲ့သို့ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို --- အနုပ္ပါဒနိရောဓဟု ခေါ်ဆိုပေသည်။

အဝိဇ္ဇာ စသော အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓ ဟူသော နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားသောအခါ ပရိနိဗ္ဗာနစုတိ၏ နောင်အနာဂတ်၌ အကြောင်း မကုန်သေးပါက ဆက်လက် ဖြစ်နိုင် ခွင့်ရှိသည့် ရုပ်တရားစသော အကျိုးတရားစုတို့သည်လည်း ဆက်လက်ဖြစ် ပေါ်ခွင့် မရှိတော့ဘဲ နောက်ထပ်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်း သွားကြပြန်၏အနုပ္ပါဒနိရောဓဟုပင် ခေါ်ဆိုပေသည်။ အကြောင်းတရား များ ထင်ရှားမရှိက အကျိုးတရားများလည်း ထင်ရှားမရှိနိုင်သောကြောင့် ချုပ်ငြိမ်းသွားကြခြင်း ဖြစ်၏။

အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ယင်း အနုပ္ပါဒနိရောဓသဘောကို မိမိရရှိမည့် အရဟတ္တမဂ်သို့တိုင်အောင်သော အနာဂတ်ဘက်သို့ လည်းကောင်း, ပရိနိဗ္ဗာနစုတိသို့တိုင်အောင်သော အနာဂတ်ဘက်သို့လည်း ကောင်း ဝိပဿနာဉာဏ်ကို စေလွှတ်၍ = ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ရှုရမည် ဖြစ်သည်။ အကြောင်းတရားများ၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးတရားတို့၏လည်း အနုပ္ပါဒ နိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ပညာမျက်စိဖြင့် အကယ်တိတိ သိမြင်သောအခါမှ အောက်ပါရှုကွက်ကို ဆက်လက်ရှုပါ။


ရူပက္ခန္ဓာ ရှုကွက်ပုံစံ

၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ချုပ်၏။
၂။ တဏှာချုပ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ချုပ်၏။
၃။ ဥပါဒါန်ချုပ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ချုပ်၏။
၄။ သင်္ခါရချုပ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ချုပ်၏။
၅။ ကံချုပ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ချုပ်၏။

[ဤကား အနုပ္ပါဒနိရောဓတည်း။ အနာဂတ်ရုပ်များ၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုတည်း။]

ကမ္မဇရုပ်၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓ တည်း။)

၆။ စိတ်ချုပ်ခြင်းကြောင့် စိတ္တဇရုပ် ချုပ်၏။ (အနုပ္ပါဒနိရောဓတည်း။)

စိတ္တဇရုပ်၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓ တည်း။)

၇။ ဥတုချုပ်ခြင်းကြောင့် ဥတုဇရုပ် ချုပ်၏။ (အနုပ္ပါဒနိရောဓတည်း။)

ဥတုဇရုပ်၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓ တည်း။)

၈။ အာဟာရချုပ်ခြင်းကြောင့် အာဟာရဇရုပ် ချုပ်၏။ (အနုပ္ပါဒနိရောဓ တည်း။)

အာဟာရဇရုပ်၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။)

ယောဂါဝစရပုဂ္ဂိုလ်သည် ဤရှုကွက်၌ အနုပ္ပါဒနိရောဓ = နောင် တစ်ဖန် ဖြစ်ခြင်းမရှိသော ချုပ်ခြင်းနှင့် ဥပ္ပါဒနိရောဓ = နောင်တစ်ဖန် ဖြစ် ခြင်းရှိသော ချုပ်ခြင်းဟူသော ချုပ်ခြင်းနှစ်မျိုးကို ကွဲကွဲပြားပြားသိအောင် ရှုရမည်ဖြစ်သည်။ ဥပ္ပါဒနိရောဓကို ဝိပရိဏာမလက္ခဏံ -- ဟု ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော် (၅၃)၌ ခေါ်ဝေါ်သုံးစွဲထားပေသည်။ သင်္ခါရတရားတို့၏ ခဏ ဘင်သဘောအားဖြင့် ပျက်မှုတည်း။ ဤနည်း ရှုကွက်၌လည်း ရူပါရုံလိုင်း စသည့် (၆)လိုင်းလုံးအတွင်း၌ တည်ရှိသော နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများ တွင် ဖော်ပြထားသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့၍ (ပဋိစ္စသမုပ္ပါဒ်ပဉ္စမနည်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း) ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို ကုန်စင်အောင် ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ ထိုသို့ ရှုရာ၌ နာမ်ခန္ဓာပိုင်းဝယ် နည်းမှီးနိုင်ရန်အတွက် စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ ရှုကွက်တစ်ခုကို တင်ပြအပ်ပါသည်။


စက္ခုဝိညာဏ်-ဝေဒနာက္ခန္ဓာ ရှုကွက်ပုံစံ

၁။ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ်ဝေဒနာ ချုပ်၏။
၂။ တဏှာ ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ်ဝေဒနာ ချုပ်၏။
၃။ ဥပါဒါန် ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ်ဝေဒနာ ချုပ်၏။
၄။ သင်္ခါရ ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ်ဝေဒနာ ချုပ်၏။
၅။ ကံ ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ်ဝေဒနာ ချုပ်၏။
၆။ စက္ခုဝတ္ထု ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ်ဝေဒနာ ချုပ်၏။
၇။ ရူပါရုံချုပ်ခြင်းကြောင့် စက္ခုဝိညာဏ်ဝေဒနာ ချုပ်၏။
၈။ စက္ခုသမ္ဖဿ (= ၇) ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ်ဝေဒနာ ချုပ်၏။
၉။ အာလောက = အရောင်အလင်း ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ဝေဒနာ ချုပ်၏။
၁၀။ မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်း -၁၁-) ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ဝေဒနာချုပ်၏။ (အနုပ္ပါဒနိရောဓတည်း။)

စက္ခုဝိညာဏ် ဝေဒနာ၏ ချုပ်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။) မိမိ စွမ်းနိုင်သမျှ အတိတ် အဆက်ဆက်မှသည် အနာဂတ်ဆုံးသည် အထိ ပုံစံတူရှုပါ။


၃။ သမုဒယဝယဓမ္မာနုပဿီ

ဥဒယ-ဝယဒဿန = ဖြစ်ပျက် ရှုနည်း

သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မဟာသတိပဋ္ဌာနသုတ္တန်။ မ၊၁၊၇၁။)

အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ ။ ပ ။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓော။ (ပဋိသံ၊၅၃။ ၅၄။)

တေသံ ဝသေန ဧဝမ္ပိ ရူပဿ ဥဒယော၊ ဧဝမ္ပိ ရူပဿ ဝယော၊ ဧဝမ္ပိ ရူပံ ဥဒေတိ၊ ဧဝမ္ပိ ရူပံ ဝေတီတိ ပစ္စယတော စေဝ ခဏတော စ ဝိတ္ထာရေန မနသိကာရံ ကရောတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ဤသို့ စသော ပါဠိတော် အဋ္ဌကထာတို့၌ ညွှန်ကြားထားတော်မူသည် နှင့်အညီ -- ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းကို အားသစ်နေဆဲဖြစ်သော အသင်သူတော်ကောင်းသည် -- အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုး တရားဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်း ပုံကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ် ရှုပွားရမည် ဖြစ်ပေသည်။ ထိုသို့ရှုရာ၌ ----

သပ္ပစ္စယနာမရူပဝသေန တိလက္ခဏံ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမ္မသန္တော ဝိစရတိ။ (မ၊ဋ္ဌ၊၁၊၂၈၁၊၊)

ဤသို့ စသော အဋ္ဌကထာများ၏ ညွှန်ကြားချက်များနှင့် အညီ အကြောင်းတရား အကျိုးတရား နှစ်ရပ်လုံးကို လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုရမည် ဖြစ်ပေသည်။ ထိုကြောင့် ဤတွင် အကြောင်းအကျိုး ဆက်စပ်လျက် အနိစ္စလက္ခဏာယာဉ် တင်၍ ဝိပဿနာ ရှုပုံကို တင်ပြအပ်ပါသည်။ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာ အသီးအသီး တင်၍ ဝိပဿနာရှုပုံကိုလည်း နည်းတူသဘောပေါက်ပါလေ။


ဥဒယ-ဝယဒဿန ရူပက္ခန္ဓာ

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ဖြစ်၏။
အဝိဇ္ဇာ ချုပ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ချုပ်၏။

အဝိဇ္ဇာ --- (ဖြစ်-ပျက်) အနိစ္စ(ကမ္မဇ)ရုပ် --- (ဖြစ်-ပျက်) အနိစ္စ

၂။ တဏှာ ဖြစ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ဖြစ်၏။
တဏှာ ချုပ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ချုပ်၏။

တဏှာ --- (ဖြစ်-ပျက်) အနိစ္စ(ကမ္မဇ)ရုပ် --- (ဖြစ်-ပျက်) အနိစ္စ

၃။ ဥပါဒါန် ဖြစ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ဖြစ်၏။
ဥပါဒါန် ချုပ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ချုပ်၏။

ဥပါဒါန် --- (ဖြစ်-ပျက်) အနိစ္စ(ကမ္မဇ)ရုပ် --- (ဖြစ်-ပျက်) အနိစ္စ

၄။ သင်္ခါရ ဖြစ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ဖြစ်၏။
သင်္ခါရ ချုပ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ချုပ်၏။

သင်္ခါရ --- (ဖြစ်-ပျက်) အနိစ္စ(ကမ္မဇ)ရုပ် --- (ဖြစ်-ပျက်) အနိစ္စ

၅။ ကံ ဖြစ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ဖြစ်၏။
ကံ ချုပ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ချုပ်၏။

ကံ (= စေတနာ) --- (ဖြစ်-ပျက်) အနိစ္စ(ကမ္မဇ)ရုပ် --- (ဖြစ်-ပျက်)အနိစ္စ

၆။ စိတ် ဖြစ်ခြင်းကြောင့် (စိတ္တဇ)ရုပ် ဖြစ်၏။
စိတ် ချုပ်ခြင်းကြောင့် (စိတ္တဇ)ရုပ် ချုပ်၏။

စိတ် --- (ဖြစ်-ပျက်) အနိစ္စ(စိတ္တဇ)ရုပ် --- (ဖြစ်-ပျက်) အနိစ္စ

၇။ ဥတု ဖြစ်ခြင်းကြောင့် (ဥတုဇ)ရုပ် ဖြစ်၏။
ဥတု ချုပ်ခြင်းကြောင့် (ဥတုဇ)ရုပ် ချုပ်၏။

ဥတု --- (ဖြစ်-ပျက်) အနိစ္စ(ဥတုဇ)ရုပ် --- (ဖြစ်-ပျက်) အနိစ္စ

၈။ အာဟာရ ဖြစ်ခြင်းကြောင့် (အာဟာရဇ)ရုပ် ဖြစ်၏။
အာဟာရ ချုပ်ခြင်းကြောင့် (အာဟာရဇ)ရုပ် ချုပ်၏။

အာဟာရ --- (ဖြစ်-ပျက်) အနိစ္စ(အာဟာရဇ)ရုပ် --- (ဖြစ်-ပျက်) အနိစ္စ


စက္ခုဝိညာဏ်-ဝေဒနာက္ခန္ဓာ ရှုကွက်ပုံစံ

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ဖြစ်၏။
အဝိဇ္ဇာ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ချုပ်၏。

အဝိဇ္ဇာ --- (ဖြစ်-ပျက်) အနိစ္စ(စက္ခုဝိညာဏ်)ဝေဒနာ --- (ဖြစ်-ပျက်) အနိစ္စ

၂။ တဏှာ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ဖြစ်၏။
တဏှာ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ချုပ်၏။

တဏှာ--- (ဖြစ်-ပျက်) အနိစ္စ(စက္ခုဝိညာဏ်)ဝေဒနာ --- (ဖြစ်-ပျက်) အနိစ္စ

၃။ ဥပါဒါန် ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ဖြစ်၏။
ဥပါဒါန် ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ချုပ်၏。

ဥပါဒါန်--- (ဖြစ်-ပျက်) အနိစ္စ(စက္ခုဝိညာဏ်)ဝေဒနာ --- (ဖြစ်-ပျက်) အနိစ္စ

၄။ သင်္ခါရ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ဖြစ်၏။
သင်္ခါရ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ချုပ်၏。

သင်္ခါရ --- (ဖြစ်-ပျက်) အနိစ္စ(စက္ခုဝိညာဏ်)ဝေဒနာ --- (ဖြစ်-ပျက်) အနိစ္စ

၅။ ကံ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ဖြစ်၏။
ကံ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ချုပ်၏。

ကံ --- (စေတနာ) (= ဖြစ်-ပျက်) အနိစ္စ(စက္ခုဝိညာဏ်) ဝေဒနာ --- (ဖြစ်-ပျက်) အနိစ္စ

၆။ စက္ခုဝတ္ထု ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ဖြစ်၏။
စက္ခုဝတ္ထု ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ချုပ်၏。

စက္ခုဝတ္ထု--- (ဖြစ်-ပျက်) အနိစ္စ(စက္ခုဝိညာဏ်)ဝေဒနာ --- (ဖြစ်-ပျက်) အနိစ္စ

၇။ ရူပါရုံ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ဖြစ်၏။
ရူပါရုံ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ချုပ်၏。

ရူပါရုံ --- (ဖြစ်-ပျက်) အနိစ္စ(စက္ခုဝိညာဏ်)ဝေဒနာ --- (ဖြစ်-ပျက်) အနိစ္စ

၈။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ဖြစ်၏။
စက္ခုသမ္ဖဿ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ချုပ်၏。

စက္ခုသမ္ဖဿ --- (ဖြစ်-ပျက်) အနိစ္စ(စက္ခုဝိညာဏ်)ဝေဒနာ --- (ဖြစ်-ပျက်) အနိစ္စ

၉။ အာလောက ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ဖြစ်၏။
အာလောက ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ချုပ်၏。

အာလောက --- (ဖြစ်-ပျက်) အနိစ္စ(စက္ခုဝိညာဏ်)ဝေဒနာ --- (ဖြစ်-ပျက်) အနိစ္စ

၁၀။ မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်း - ၁၁) ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာ ဖြစ်၏။
မနသိကာရ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်)ဝေဒနာ ချုပ်၏。

မနသိကာရ --- (ဖြစ်-ပျက်) အနိစ္စ(စက္ခုဝိညာဏ်)ဝေဒနာ --- (ဖြစ်-ပျက်) အနိစ္စ


ရှင်းလင်းချက်များ

ပဋိစ္စသမုပ္ပါဒ်ပဉ္စမနည်း၌ ကျွမ်းကျင်လိမ္မာပြီးသော ကျေပွန်ပြီးသော အသင်သူတော်ကောင်းအဖို့ ဤမျှဆိုလျှင် ဤရှုကွက်ကို နည်းမှီးနိုင်လောက် ပေပြီ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့၍ ဤဥဒယဗ္ဗယ အကျယ်ရှုပွားနည်းကို ရှုရ မည် ဖြစ်ပေသည်။

ဤရှုကွက်များ၌ ပထမ အတိတ်အကြောင်းတရားများနှင့် ပစ္စုပ္ပန် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဝိပဿနာဉာဏ် ဖြင့် မြင်အောင်ကြည့်၍လည်း ရှုနိုင်၏။ ဒုတိယ အတိတ်ကြောင်းတရားများနှင့် ပထမ အတိတ်အကျိုးတရား, ပစ္စုပ္ပန်အကြောင်းတရားများနှင့် အနာဂတ်အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောတရားကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍လည်း ရှုနိုင်၏။ ဆိုင်ရာဆိုင်ရာ အကြောင်းတရားများနှင့် ဆိုင်ရာဆိုင်ရာ အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ပဋိစ္စသမုပ္ပါဒ်ပိုင်း ပဉ္စမနည်းတွင် တင်ပြခဲ့သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ မိမိရှုထားပြီးသမျှ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌ ရှုနိုင်သော ရှုကွက်များ ဖြစ်ကြသည်။

ကိလေသဝဋ်ချင်း တူညီသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို တစ်စု ထား၍လည်းကောင်း, ကမ္မဝဋ်ချင်းတူညီသော သင်္ခါရ ကံတို့ကို တစ်စုထား ၍လည်းကောင်း ဤသို့ နှစ်စုခွဲ၍သော်လည်း ရှုလိုက ရှုနိုင်သည်။

ယင်း အကြောင်းတရားတို့မှာ ပထမ အတိတ်အကြောင်းတရားများ ဖြစ်လျှင် ပထမအတိတ် ဘဝင်မနောအကြည် = မနောဒွါရကို ရှေးဦးစွာ သိမ်းဆည်း၍ ယင်းဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဖြစ် သွားကြကုန်သော ယင်းအကြောင်းတရားတို့၏ ဖြစ်ပျက်သဘောကို = အနိစ္စ သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်သည်။ အတိတ် အဆက်ဆက် အနာဂတ် အဆက်ဆက်တို့၌လည်း နည်းတူသဘောပေါက် ပါ။ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် တို့မှာ ----

ဤသို့သော မနောဒွါရဝီထိ အနေအထားဖြင့် ယေဘုယျအားဖြင့် ဖြစ်ခဲ့၏၊ ပီတိယှဉ်သည်လည်း ရှိ၏၊ မယှဉ်သည်လည်း ရှိ၏၊ တဒါရုံကျသည် လည်း ရှိ၏၊ မကျသည်လည်း ရှိ၏၊ တဒါရုံကျခဲ့သော် အဟိတ်တဒါရုံလည်း ကျနိုင်၏၊ သဟိတ်တဒါရုံလည်း ကျနိုင်၏။ ထိုက်သလို ကျနိုင်၏။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့မှာ ပုထုဇန်သူတော်ကောင်းများအဖို့ ယေဘုယျအားဖြင့် လောဘဒိဋ္ဌိအုပ်စုဇောများ ဖြစ်ကြ၏။ ယင်း ဝီထိအတွင်း၌ တည်ရှိကြသော နာမ်တရားတို့၏ ဖြစ်ပျက်အနိစ္စသဘောကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် = စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဖြစ်ပျက်သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပါ။ တစ်ဖန် သင်္ခါရ-ကံ အုပ်စုတို့မှာလည်း အောက်ပါ ဝီထိစဉ်အတိုင်း ယေဘုယျအားဖြင့် ဖြစ်ခဲ့ကြ၏။

မနောဒွါရဝီထိသောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်ဖြစ်သော် ပီတိလည်း ယှဉ်၏၊ ဉာဏ်လည်း ယှဉ်၏။ နာမ်တရား (၃၄) ဖြစ်၏။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်ဖြစ်သော် ပီတိ မယှဉ်ဘဲ ဉာဏ်သာ ယှဉ်၏။ နာမ်တရား (၃၃) ဖြစ်၏။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏။ မကျသော်လည်း ရှိရာ၏။ သဟိတ်တဒါရုံ သို့မဟုတ် အဟိတ် တဒါရုံ ထိုက်သလို ကျခွင့်ရှိသည်။ ယင်း သင်္ခါရ-ကံ နာမ်တရားတို့ကိုလည်း ခဏပစ္စုပ္ပန်သို့ဆိုက်အောင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဖြစ်ပျက် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။


သင်္ခါရနှင့် ကမ္မဘဝ

ကမ္မသတ္တိကား လက္ခဏာယာဉ်တင်၍ ဝိပဿနာ မရှုကောင်းသော တရားဖြစ်၏။ လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုရာ၌ကား ကုသိုလ်သင်္ခါရ အုပ်စုကိုပင် ပဓာနထား၌ ရှုရမည်ဖြစ်သည်။ လူသားများအတွက်သာ ပဓာန ထား၍ ပြောဆိုခြင်းဖြစ်သည်။ ထိုကြောင့် ဝိပဿနာရှုကောင်းသော သင်္ခါရ နှင့် ကမ္မဘဝအထူးကိုလည်း သိထားသင့်ပေသည်။ ဒါနကုသိုလ်ကို ပုံစံထုတ် ၍ တင်ပြပေအံ့ ---

၁။ မလှူမီ = ကောင်းမှုကုသိုလ်မပြုမီ ရှေးအဖို့၌ဖြစ်သော ပုဗ္ဗစေတနာ ကား သင်္ခါရ
လှူဆဲ = ကောင်းမှုကုသိုလ်ပြုဆဲခဏ၌ ဖြစ်သော မုဉ္စစေတနာကား ကမ္မဘဝ

၂။ ကံကို အားထုတ်စဉ်က ဖြစ်ခဲ့သော ဇော (၇)ကြိမ်တို့တွင် ပထမဇောမှ ဆဋ္ဌဇောတိုင်အောင်သော ဇောတို့၌ ယှဉ်သော စေတနာကား သင်္ခါရသတ္တမဇောစေတနာကား ကမ္မဘဝ

၃။ ကံကို အားထုတ်စဉ်က ဖြစ်ခဲ့သော ဇောစိတ္တက္ခဏတို့တွင် စေတနာ ကား ကမ္မဘဝယှဉ်ဖက် သမ္ပယုတ်တရားစုတို့ကား သင်္ခါရ။ (ဝိသုဒ္ဓိ၊၂၊၂၁၄-၂၁၅။)

ဤအထက်ပါ ခွဲထားသတ်မှတ်ချက်များနှင့် အညီ ကံပြုစဉ်က ဖြစ်ခဲ့ သော သို့မဟုတ် ဖြစ်လတ္တံ့သော အထက်ပါ မနောဒွါရိက ကုသိုလ်ဇော ဝီထိစိတ်အစဉ်တစ်ခုလုံးကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ နာမ်တရားအားလုံးကိုခြုံငုံ၍ ဝိပဿနာရှုနိုင်ပါက သင်္ခါရ နှင့် ကမ္မဘဝနှစ်မျိုးလုံးကိုပင် ဝိပဿနာရှုပြီးဖြစ်သည်ကို သဘောကျလေရာ သည်။


အားလုံးကိုပင် ဝိပဿနာရှုပါ

ပဋိသန္ဓေခန္ဓာငါးပါး, ဘဝင်ခန္ဓာငါးပါး, စုတိခန္ဓာငါးပါး, မနောဒွါရာဝဇ္ဇန်းခန္ဓာငါးပါး, စက္ခုဝိညာဏ်ခန္ဓာငါးပါး -- ဤသို့ စသည့် စက္ခုဒွါရဝီထိ စသည့် ထိုထိုဝီထိတို့၏အတွင်း၌ တည်ရှိကြသော နာမ်ကမ္မဋ္ဌာန်းပိုင်းဇယား များတွင် ဖော်ပြထားသည့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့၍ အထက်ပါအတိုင်း ဝိပဿနာရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရှုပါ။ ထိုသို့ရှုရာ၌ ---

၁။ အတိတ်နှင့် ပစ္စုပ္ပန်ကို အကြောင်းအကျိုးစပ်၍လည်း ရှုနိုင်၏။
၂။ အတိတ် အတိတ်ချင်း အကြောင်းအကျိုးစပ်၍လည်း ရှုနိုင်၏。
၃။ ပစ္စုပ္ပန်နှင့် အနာဂတ်ကို အကြောင်းအကျိုးစပ်၍လည်း ရှုနိုင်၏။
၄။ အနာဂတ် အနာဂတ်အချင်းချင်း အကြောင်းအကျိုးစပ်၍လည်း ရှုနိုင် ၏。


ပဋိစ္စသမုပ္ပါဒ်-ပထမနည်း

နာယံ ဘိက္ခဝေ ကာယော တုမှာကံ၊ နပိ အညေသံ၊ ပုရာဏမိဒံ ဘိက္ခဝေ ကမ္မံ အဘိသင်္ခတံ အဘိသေဉ္စတယိတံ ဝေဒနိယံ ဒဋ္ဌဗ္ဗံ

တတြ ခေါ ဘိက္ခဝေ သုတဝါ အရိယသာဝကော ပဋိစ္စသမုပ္ပါဒညေဝ သာဓုကံ ယောနိသော မနသိ ကရောတိ --- ဣတိ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ။ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ။ ယဒိဒံ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ။ ပ ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော။ ပ ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ (သံ၊၁၊၂၉၅။ နတုမှသုတ္တ။)

ရဟန်းတို့ ...ဤရူပကာယ နာမကာယ = ရုပ်တရားအပေါင်း နာမ် တရားအပေါင်းသည် သင်ချစ်သားတို့၏ ကိုယ်ပိုင်ဥစ္စာမဟုတ် (= သင်ချစ်သားတို့၏ အတ္တ မဟုတ် = အတ္တပင်မရှိသောကြောင့် ဟူလို။) သူတစ်ပါး၏ ကိုယ်ပိုင်ဥစ္စာလည်း မဟုတ် (= သူတစ်ပါးတို့၏ အတ္တလည်း မဟုတ်။) ဤ ရူပကာယ နာမကာယသည်ကား အဟောင်းဖြစ်သော ရှေးကံသည် ဖြစ်စေ အပ်သော တရားသာတည်း။ ကုသိုလ်ကံ အကုသိုလ်ကံသည် ပြုပြင်အပ်၏၊ ကုသိုလ်စေတနာ အကုသိုလ်စေတနာလျှင် အကြောင်းရင်းခံ ရှိ၏။ ခံစားမှု ဝေဒနာ၏ တည်ရာဝတ္ထု ဖြစ်၏။

ရဟန်းတို့ ...ထိုအရာ၌ အာဂမသုတ = သင်သိ, အဓိဂမသုတ = ကျင့်သိဟူသော အကြားအမြင်ဗဟုသုတရှိသော အရိယသာဝကသည် ။ဝါ။ အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကိုသာလျှင် ကောင်းမွန်ရိုသေ စွာ နှလုံးသွင်းရှုပွား၏ --

အကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဤ အကျိုးတရား သည် ထင်ရှားဖြစ်ပေါ်လာ၏။ ဤ အကြောင်းတရား၏ ထင်ရှားဖြစ်ပေါ် လာခြင်းကြောင့် ဤအကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ ။ ဤ အကြောင်းတရားသည် ထင်ရှားမရှိလတ်သော် ဤ အကျိုးတရားသည် ထင်ရှားမဖြစ်။ ဤ အကြောင်းတရား၏ ချုပ်ခြင်းကြောင့် ဤ အကျိုးတရား သည် ချုပ်၏။ ယင်း ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား ကား ဤသို့တည်း ---

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏။ သင်္ခါရတို့ ဖြစ်ခြင်း ကြောင့် (ဝိပါက်) ဝိညာဏ်ဖြစ်၏။ ပ ။ ဤသို့လျှင် ချမ်းသာမဖက် သက် သက်သော ဤ ဒုက္ခတုံးဒုက္ခအစုအပုံသည် ထင်ရှားဖြစ်ပေါ်လာ၏ --- ဟု ရှု၏。

အဝိဇ္ဇာ၏သာလျှင် (အရဟတ္တမဂ်ကြောင့်) အကြွင်းမဲ့ချုပ်ခြင်းကြောင့် သင်္ခါရတို့သည် ချုပ်ကုန်၏။ သင်္ခါရတို့၏ ချုပ်ကုန်ခြင်းကြောင့် (ဝိပါက်) ဝိညာဏ်သည် ချုပ်၏။ ပ ။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ချုပ်ငြိမ်းခြင်းသည် ဖြစ်၏ --- ဟု ရှု၏ (သံ၊၁၊၂၉၅။)

ဤသို့စသော ဒေသနာတော်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ်ပထမနည်းဖြင့်လည်း --- သမုဒယသက်သက်ကိုလည်းကောင်း, ဝယသက်သက်ကိုလည်းကောင်း, သမုဒယနှင့် ဝယကိုလည်းကောင်း ရှုနိုင် ပေသည်။ ရှုသင့်ပေသည်။


သမုဒယဓမ္မာနုပဿီ

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏။
၂။ သင်္ခါရ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏。

သင်္ခါရ ဖြစ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ဖြစ်၏。

သင်္ခါရ ဖြစ်ခြင်းကြောင့် စုတိဝိညာဏ် ဖြစ်၏。

သင်္ခါရ ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် ဖြစ်၏။ ပ ။ ---

ဤသို့ စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ်ပထမနည်းတွင် ရေးသားတင်ပြခဲ့ သည့်အတိုင်း ကြောင်း-ကျိုးဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ အဖြစ်သက်သက်ကိုသာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရှုပါ။ အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံး သည်အထိ ဘဝသုံးခု ဘဝသုံးခုတို့ကို ကြောင်း-ကျိုး ဆက်စပ်လျက် ရှုပါ။ ပဋိစ္စသမုပ္ပါဒ်ပထမနည်း ကြောင်း-ကျိုးဆက်နွယ်မှုသဘောတရား၌ ကျေပွန်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ မခက်ခဲတော့ပြီ။


ဝယဓမ္မာနုပဿီ

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်ပုံ စသည့် ကြောင်း-ကျိုးဆက် နွယ်မှုသဘောတရားကို အနာဂတ်ဆုံးသည် အထိ ဉာဏ်အမြင် သန့်ရှင်း ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ အရဟတ္တမဂ်ဉာဏ်သို့ ဆိုက်မည့် အချိန်ကာလဟူသော အနာဂတ်ဝယ် ယင်းအရဟတ္တမဂ်ကြောင့် ဧကတ္တ နည်းအရ အလားတူ အဝိဇ္ဇာ စသော ကိလေသာတရားအပေါင်း၏ နောင် တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကြောင့် သင်္ခါရ စသော အကျိုး တရားအပေါင်း၏ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု အနုပ္ပါဒ နိရောဓသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါ ရှုကွက်ကို ရှုပါ။

၁။ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏။
သင်္ခါရ ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏。

သင်္ခါရ ချုပ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ချုပ်၏。

သင်္ခါရ ချုပ်ခြင်းကြောင့် စုတိဝိညာဏ် ချုပ်၏。

သင်္ခါရ ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ချုပ်၏။ ပ ။ ---

ဤသို့ စသည်ဖြင့် အချုပ်သက်သက်ကိုလည်း ရှုပါ။ ကာလသုံးပါး သန္တာန်နှစ်ပါးလုံး၌ ရှုပါ။


သမုဒယဝယဓမ္မာနုပဿီ

အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်ပုံ, အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်ပုံ စသည့် သဘောတရားတို့ကို = ဖြစ်-ချုပ် နှစ်မျိုးလုံးကို ဝိပဿနာဉာဏ် ဖြင့် မြင်အောင်ကြည့်၍ အောက်ပါ ရှုကွက်ကို ရှုပါ။

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏။
အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏။

အဝိဇ္ဇာ (ဖြစ်ပျက်) အနိစ္စသင်္ခါရ (ဖြစ်ပျက်) အနိစ္စ

၂။ သင်္ခါရ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏။
သင်္ခါရ ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏။

သင်္ခါရ (ဖြစ်ပျက်) အနိစ္စပဋိသန္ဓေဝိညာဏ် (ဖြစ်ပျက်) အနိစ္စ

၃။ သင်္ခါရ ဖြစ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ဖြစ်၏။
သင်္ခါရ ချုပ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ချုပ်၏。

သင်္ခါရ (ဖြစ်ပျက်) အနိစ္စဘဝင်ဝိညာဏ် (ဖြစ်ပျက်) အနိစ္စ

၄။ သင်္ခါရ ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် ဖြစ်၏။
သင်္ခါရ ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ချုပ်၏。

သင်္ခါရ (ဖြစ်ပျက်) အနိစ္စစက္ခုဝိညာဏ် (ဖြစ်ပျက်) အနိစ္စ

ဤမျှဆိုလျှင် ပဋိစ္စသမုပ္ပါဒ်ပထမနည်းကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားကို ကျေပွန်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ နည်းမှီး၍ ရှုနိုင်လောက်ပေပြီ။ ကမ္မဘဝ+ဥပပတ္တိဘဝ အမည်ရသော ဘဝသို့တိုင် အောင်ရှုပါ။ ပဋိစ္စသမုပ္ပါဒ်ပိုင်း ပထမနည်းတွင် တင်ပြခဲ့သည့်အတိုင်း (၆) လိုင်းလုံးရှုသင့်သော နေရာဌာနတို့၌ (၆)လိုင်းလုံး ရှုပါ။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ ဘဝသုံးခု သုံးခုတို့ကို ကွင်းဆက်၍ ရှုပါ။ အနည်းဆုံး လက္ခဏာရေးသုံးတန် တစ်ခေါက်စီ မိမိရှုထားပြီးသမျှ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ တိုးလျှိုပေါက် ရှုပါ။


ရရှိနိုင်သော အကျိုးတရားများ

တေဿဝံ မနသိကရောတော ဣတိ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ ဉာဏံ ဝိသဒတရံ ဟောတိ။ တေဿဝံ ပစ္စယတော စေဝ ခဏတော စ ဒွေဓာ ဥဒယဗ္ဗယံ ပဿတော သစ္စပဋိစ္စသမုပ္ပါဒနယလက္ခဏဘေဒါ ပါကဋာ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ရှုခြင်းသည်ကား ပစ္စယတော ဥဒယဒဿန မည်၏။ အကြောင်း တရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ပုံကို ဉာဏ်ဖြင့်မြင်အောင် ရှုခြင်း သည်ကား ပစ္စယတော ဝယဒဿန မည်၏။ အကြောင်းတရား ဖြစ်ခြင်း ကြောင့် အကျိုးတရား ဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုး တရားချုပ်ငြိမ်းပုံကို ဉာဏ်ဖြင့်မြင်အောင် ရှုခြင်းသည်ကား ပစ္စယတော ဥဒယဗ္ဗယဒဿန မည်၏။

အကြောင်းသင်္ခါရတရား အကျိုးသင်္ခါရတရားတို့၏ ထိုထို ဥပါဒ်ခဏဖြစ်မှုကို ဉာဏ်ဖြင့်မြင်အောင် ရှုခြင်းသည်ကား ခဏတော ဥဒယဒဿန မည်၏။ ယင်း အကြောင်းသင်္ခါရတရား အကျိုးသင်္ခါရတရားတို့၏ ထိုထို ဘင်ခဏပျက်မှုကို ဉာဏ်ဖြင့်မြင်အောင် ရှုခြင်းသည်ကား ခဏတော ဝယဒဿန မည်၏။ ယင်း အကြောင်းသင်္ခါရတရား အကျိုးသင်္ခါရတရား တို့၏ပင် ထိုထို ဥပါဒ်ခဏ ဘင်ခဏဖြစ်မှုပျက်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက် အောင် ဉာဏ်ဖြင့်မြင်အောင် ရှုခြင်းသည်ကား ခဏတော ဥဒယဗ္ဗယဒဿန = ခဏအားဖြင့် ဖြစ်ပျက်ရှုနည်း မည်၏。

ထိုသို့ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ကို ပစ္စယတော ဥဒယဗ္ဗယဒဿန, ခဏတော ဥဒယဗ္ဗယဒဿန ဟူသော နှစ်မျိုးနှစ်စားသော ဥဒယဗ္ဗယသဘောအားဖြင့် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ နှလုံးသွင်း ရှုပွားခဲ့သော် --- ဤသင်္ခါရတရားတို့ကား ရှေးကမရှိမူ၍ ယခုမှ ရုတ်ခြည်း ဖြစ်ပေါ်လာကြကုန်စွတကား၊ ဖြစ်ပြီးကြ၍လည်း ချုပ်ပျောက် သွားကြပါကုန်စွတကား --- ဟု ဝိပဿနာဉာဏ်အမြင်သည် အထူးသဖြင့် သန့်ရှင်းစင်ကြယ်လာ၏။ ထိုသို့ နှစ်မျိုးနှစ်စားအားဖြင့် ဖြစ်ပျက်ကို ရှုမြင် သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ---

၁။ သစ္စာ (၄)ပါး,
၂။ ပဋိစ္စသမုပ္ပါဒ်သဘောတရား,
၃။ နည်း (၄)ပါး,
၄။ လက္ခဏာ (၅)ပါးတို့သည် ထင်ရှားလာကုန်၏။

သစ္စာ (၄) ပါး ထင်ရှားလာပုံ

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကျိုး ရုပ်နာမ် သင်္ခါရတရားတို့ကို တိုက်ရိုက်ဖြစ်ပေါ်စေတတ်ကုန်သော ဇနကအကြောင်း တရားတို့ကို ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ သမုဒယသစ္စာသည် ထင်ရှားလာ၏။

၂။ ခဏတော ဥဒယဒဿန = ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတို့ ၏ ခဏမစဲ တသဲသဲဖြစ်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် သင်္ခါရတရားတို့၏ဖြစ်မှု ဇာတိဒုက္ခကို ထိုးထွင်း၍သိမြင် ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဒုက္ခသစ္စာတရားသည် ထင်ရှားလာ၏။

၃။ ပစ္စယတော ဝယဒဿန = အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရား ၏ ထင်ရှားမရှိခြင်း ထင်ရှားမဖြစ်ခြင်းဖြင့် အကြောင်းရှိသော အကျိုးတရား ၏ = အကြောင်းတရား ထင်ရှားရှိပါမှ ဖြစ်ပေါ်လာနိုင်သော အကျိုးတရား ၏ မဖြစ်ခြင်းသဘောကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ နိရောဓသစ္စာတရားသည် ထင်ရှား လာ၏။ (အနုပ္ပါဒနိရောဓတည်း။)

၄။ ခဏတော ဝယဒဿန = ရုပ်နာမ် ကြောင်း-ကျိုး သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲပျက်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် (= သင်္ခါရတရားတို့၏ ခဏဘင်ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့်) သင်္ခါရတရားတို့၏ သေကျေပျက်စီးရမှု မရဏဒုက္ခကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဒုက္ခသစ္စာတရားသည်ပင်လျှင် ထင်ရှားလာ၏။ (ခဏိက မရဏဒုက္ခကို ဆိုလိုသည်။)

၅။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ပုံဟူသော အကြောင်းတရားအားဖြင့် ဖြစ်ပျက်ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်ခြင်း, -- ခဏတော ဥဒယဗ္ဗယဒဿန = ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်မှုသဘောကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်ခြင်းဟူသော ဤနှစ်မျိုးသော ဥဒယဗ္ဗယဉာဏ်အမြင်သည် ဝိပဿနာသမ္မာဒိဋ္ဌိတည်း။ တစ်နည်း သမ္မာဒိဋ္ဌိ ပြဓာန်းသော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဟူသော တရားအစုအပုံတည်း။ ယင်းတရားအစုအပုံကား လောကီ မဂ္ဂသစ္စာတည်း။ ယင်းလောကီမဂ္ဂသစ္စာတရားသည် ထိုရုပ်နာမ်ကြောင်းကျိုး = သင်္ခါရတရားစုကို မသိအောင် ဖုံးလွှမ်းထားတတ်သော မောဟ အမိုက်တိုက်ကို တဒင်္ဂအားဖြင့် ပယ်သတ်နိုင်၏။ ထိုသို့ ယင်းလောကီမဂ္ဂသစ္စာ တရားအစုတို့က ယင်းမောဟဓာတ်ကို တဒင်္ဂအားဖြင့် ပယ်သတ်နိုင်သောကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မဂ္ဂသစ္စာတရားသည် ထင်ရှား လာပေသည်။

တစ်နည်း --- ယင်းသမ္မာဒိဋ္ဌိဟု ခေါ်ဆိုအပ်သော လောကီမဂ္ဂသစ္စာ သည် လောကုတ္တရာ အရိယမဂ်ဟူသော မဂ္ဂသစ္စာကို ရခြင်း ရောက်ခြင်း ၏ အကြောင်းဥပါယ်ဖြစ်သော အသမ္မောဟ သဘောတရားတည်း။ ယင်း အသမ္မောဟ သဘောတရားသည် --- ပကတိ တောက်လောင်နေသော ဆီမီးတိုင်သည် မိမိဆီမီးတိုင်ကို ထင်ရှားပြနေသကဲ့သို့ --- အလားတူပင် မိမိကိုယ်ကို အသမ္မောဟသမ္မာဒိဋ္ဌိသဘောတရား ဖြစ်ကြောင်းကို ထင်ရှား ပြနေရကား (သစ္စာလေးပါးကို သိနေပြီဟု သမ္မာဒိဋ္ဌိက ထင်ရှားပြနေသည် ဟူလို။) မဂ္ဂသစ္စာတရားသည် ထင်ရှားလာပေသည်။ ယင်းသို့ ထင်ရှားမှုမှာ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတတ်သည့် မောဟတည်းဟူသော အမိုက်တိုက်ကို ပယ်ဖျောက်နိုင်သောအခါမှသာ ထင်ရှားလာသည်ဖြစ်ရကား ယင်းသမ္မာဒိဋ္ဌိသည် လောကီမဂ္ဂသစ္စာဟူသောအမည်ကို ရရှိပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။ မဟာဋီ၊၂၊၄၂၃-၄၂၄။)

လောကီမဂ္ဂသစ္စာ = လောကီမဂ္ဂင် ငါးပါး

၁။ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ပရမတ်ဆိုက်အောင် ထိုးထွင်းသိသောဉာဏ်, ယင်း သင်္ခါရ တရားတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို ထိုးထွင်း သိသောဉာဏ် --- ဤဝိပဿနာဉာဏ်တို့သည်ကား လောကီသမ္မာဒိဋ္ဌိမဂ္ဂင် တည်း။

၂။ ယင်း သင်္ခါရတရားအာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေးရှုတင်ပေးခြင်း သဘော, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက် အာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေးရှုတင်ပေးခြင်းသဘော --- ဤသဘော တရားတို့ကား လောကီသမ္မာသင်္ကပ္ပမဂ္ဂင်တည်း။

၃။ ယင်းသင်္ခါရတရားတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ခြင်းသဘော, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ခြင်း သဘော --- ဤသဘောတရားတို့ကား လောကီသမ္မာဝါယာမမဂ္ဂင်တည်း။

၄။ ယင်းသင်္ခါရတရားတို့ကို အမှတ်ရတတ်သော သဘော သိမ်းဆည်း တတ်သော သဘော, ယင်း သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို အမှတ်ရတတ်သော သဘော သိမ်းဆည်းတတ်သော သဘော, ယင်း သင်္ခါရအာရုံနှင့် ယင်းတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်အာရုံ၌ နစ်မြုပ်နေခြင်းသဘော --- ဤသဘောတရားတို့ကား လောကီသမ္မာသတိမဂ္ဂင်တည်း။ (အာရုံကို မမေ့ပျောက်ခြင်းသဘောတည်း၊၊)

၅။ ယင်းသင်္ခါရတရားအာရုံ၌ ဝိပဿနာစိတ်၏ ကောင်းစွာတည်ကြည် နေခြင်းသဘော, ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ တစ်မျိုးမျိုး၌ ဝိပဿနာစိတ်၏ ကောင်းစွာ တည်ကြည်နေခြင်းသဘော --- ဤ သဘောတရားတို့ကား သမ္မာသမာဓိ မဂ္ဂင်တည်း။ (ဝိပဿနာခဏိကသမာဓိတည်း။)

လောကီအခိုက်အဝယ် ---- ဤ မဂ္ဂင်ငါးပါးတို့နှင့် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော သီလမဂ္ဂင်သုံးပါးတို့သည် အာရုံချင်း မတူညီသောကြောင့် စိတ္တက္ခဏတစ်ခု၏အတွင်း၌ ပြိုင်တူ မဖြစ်နိုင်ကြပေ။
အထက်ပါ မဂ္ဂင်ငါးပါးတို့သည်သာလျှင် ဝိပဿနာ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ပြိုင်တူဖြစ်နိုင်ကြသည်။

ပဋိစ္စသမုပ္ပါဒ်သဘောတရားများ ထင်ရှားလာပုံ

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံကို ရှုမြင်နိုင်သဖြင့် --- ဤ အကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဤအကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏ --- ဟု ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ --- အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ --- ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော အနုလောမပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ထင်ရှားလာပေသည်။

၂။ ပစ္စယတော ဝယဒဿန = အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် --- ဤ အကြောင်းတရားသည် ချုပ်ငြိမ်းခြင်းကြောင့် ဤအကျိုးတရားသည် ချုပ်ငြိမ်း၏ --- ဟု ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ --- အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏၊ သင်္ခါရ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏ --- ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ပဋိလောမပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ထင်ရှားလာပေသည်။

၃။ ခဏတော ဥဒယဗ္ဗယဒဿန = အကြောင်းသင်္ခါရ + အကျိုးသင်္ခါရ = အကြောင်းရုပ်နာမ်+အကျိုးရုပ်နာမ် = သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှုပျက်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် ယင်းသင်္ခါရတရားတို့၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် = သင်္ခတ လက္ခဏာကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ကြသော အကျိုးတရားတို့ဟူသော ပဋိစ္စသမုပ္ပန္နဓမ္မများ သည် ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာကြကုန်၏။ မှန်ပေသည် --- သင်္ခတတရားတို့ကား ဖြစ်ခြင်းပျက်ခြင်းသဘော ရှိကြကုန်၏။ ထိုသင်္ခတတရားတို့သည် အကြောင်းတရားတို့ကို အစွဲပြု၍သာ ဖြစ်ပေါ်လာ ကြရသဖြင့် ပဋိစ္စသမုပ္ပန္နဓမ္မလည်း အမည်ရကြပေသည်။ (အကြောင်းတရားများကိုယ်တိုင်က အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ကြသဖြင့် ယင်းအကြောင်းတရား တို့ကို စွဲမှီ၍ ဖြစ်ပေါ်လာကြရကုန်သော အကျိုးပဋိစ္စသမုပ္ပန္နတရားတို့လည်း အနိစ္စ ဒုက္ခ အနတ္တပင် ဖြစ်ကြရပေသည် ဟူလို။) (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၄၊၊)

နည်းလေးပါး ထင်ရှားလာပုံ

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်း တရားနှင့် အကျိုးတရားတို့၏ အကြောင်းအကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပေါ်နေသော ရုပ်နာမ်သန္တာန်အစဉ်၏ အဆက်မပြတ် ဖြစ်နေခြင်းကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ---- ရုပ်နာမ်သန္တာန် အစဉ်တစ်ခုတည်းအဖြစ် သိမြင်သော = ဧကတ္တနည်းသည် ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာပေသည်။

ရှေးယခင် အကြောင်းတရားနှင့် အကျိုးတရားတို့ကို ဆက်စပ်လျက် သိမ်းဆည်းစဉ် ပဋိစ္စသမုပ္ပါဒ်ပိုင်း = ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌ အတိတ် အကြောင်းတရားများကို ထူထောင်ခဲ့သော ရုပ်နာမ်သန္တာန်အစဉ်နှင့် ပစ္စုပ္ပန် ရုပ်နာမ်သန္တာန်အစဉ်ကို တစ်ဆက်တည်း အဆက်မပြတ် အထပ်ထပ် ဖြစ် ပေါ်လာနေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် သဘောပေါက်နေ၏။ အထူး သဖြင့် -- သဘာဝေါဝါယံ စိတ္တဿ ပဏ္ဍရတာ။ (မူလဋီ၊၁၊၁၂၅။) ဟူသော မူလဋီကာနှင့်အညီ စိတ်အားလုံးသည် ဖြူစင်သောသဘောရှိရကား အတိတ် အကြောင်းတရားများကို ထူထောင်ခဲ့စဉ်က မနောအကြည်ဓာတ်နှင့် ပစ္စုပ္ပန် မနောအကြည်ဓာတ်တို့ကို နာမ်သန္တတိအစဉ်အတန်းအားဖြင့် အနိစ္စအနေ အထား ဒုက္ခအနေအထား အနတ္တအနေအထားအားဖြင့် တစ်ဆက်တည်း အစဉ်အတန်းတစ်ခုတည်းအဖြစ် အဆက်မပြတ် အထပ်ထပ်ဖြစ်ပေါ်နေ သည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် သဘောပေါက်နေ၏။

တစ်ဖန် ဘဝတစ်လျှောက်တွင် အများဆုံးဖြစ်နေသော စိတ်ကား ဘဝင်စိတ်ပင် ဖြစ်၏။ ယင်းဘဝင်စိတ်သည်လည်း -- ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊၅။)ဟူသော ဒေသနာတော်များနှင့် အညီ ပြိုးပြိုးပြက်ပြက် တလက်လက် ကြည်လင်တောက်ပလျက်ပင် ရှိ၏။ ယင်း ဘင်စိတ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဝီထိစိတ်တို့ကလည်း ကြည်လင်၏ = ပဏ္ဍရ = ဖြူစင်၏။ ဘဝင်စိတ်ကလည်း ကြည်လင်၏။ ယင်းဘဝင်စိတ်နှင့် ဝီထိစိတ်ဟူသော မနောအကြည် နာမ်သန္တတိအစဉ်အတန်းကို အတိတ်မှသည် ပစ္စုပ္ပန်သို့တိုင်အောင် ပစ္စုပ္ပန်မှသည် ရှု၍ရနိုင်သမျှ အတိတ်သို့တိုင်အောင် ဝိပဿနာဉာဏ်ဖြင့် လှမ်းမျှော်ကြည့်လိုက်ပါက အပ်ချည်ကြိုးတစ်ချောင်းကို သွယ်တန်းထားဘိသကဲ့သို့ အစဉ်အတန်းတစ်ခုတည်းအဖြစ် အနိစ္စပုံသွင်ဖြင့် အဆက်မပြတ် အထပ်ထပ်ဖြစ်ပေါ်လာနေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်နေ၏။ ထို အတိတ်မနောအကြည်သည် မိမိ၏ မနောအကြည် ဟုတ်မဟုတ်ကိုလည်းကောင်း, လက်ရှိ မိမိ၏ မနောအကြည်နှင့် တစ်ဆက်တည်း အစဉ်အတန်းတစ်ခုတည်း ဟုတ် မဟုတ်ကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် သိမြင်နေ၏။ အနာဂတ်၌လည်း ထိုနည်းလည်းကောင်း မှတ်ပါ။

သို့သော် အနိစ္စအခြင်းအရာကို တွင်တွင်ကြီး နှလုံးမသွင်းရသေးသဖြင့် အချို့အချို့သော စိတ္တက္ခဏ၌ သို့မဟုတ် အနည်းငယ်သော စိတ္တက္ခဏ အချို့၌ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဖြစ်ပျက်မှုကို သိတန်သလောက် သိသော်လည်း အချို့သော စိတ္တက္ခဏ၌ သို့မဟုတ် စိတ္တက္ခဏအများစု၌ကား ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဖြစ်ပျက်မှုကို မသိသေးပေ။ ယခု ဤ ဥဒယဗ္ဗယ ဉာဏ်ပိုင်း၌ကား မနောအကြည်ဓာတ်၏ တဆက်တည်းဖြစ်ပေါ်လာနေသည်ကိုလည်း သိ၏၊ ထိုမနောအကြည်ဓာတ်၏ အနိစ္စအနေအထား ဒုက္ခ အနေအထား အနတ္တအနေအထားအားဖြင့် ခဏမစဲ တသဲသဲ ဖြစ်ပျက်မှုကို လည်း ခဏပစ္စုပ္ပန်သို့ဆိုက်အောင် သိနေ၏။ အကြောင်းနှင့် အကျိုး ဆက် စပ်လျက် အနိစ္စ ဒုက္ခ အနတ္တအနေအထားအားဖြင့် အဆက်မပြတ် အထပ် ထပ် ဖြစ်ပေါ်နေသည်ဟုလည်း သိရှိနေပေသည်။ ထိုအခါ ယင်းသို့ သိမြင် နေသော ဝိပဿနာဉာဏ်က -- ပြုလုပ်သူကား တစ်ယောက်, ခံစားသူကား တစ်ယောက်ဟု မှားမှားယွင်းယွင်း စွဲယူတတ်သော ဥစ္ဆေဒဒိဋ္ဌိကို သာလွန် ကောင်းမွန်စွာ ပယ်စွန့်နိုင်ပေသည်။
ရှေးရှေးသော တရားတို့၏ ချုပ်မှုကို နောက်နောက်သော တရားတို့၏ သို့မဟုတ် အထက်အထက်သော တရားတို့၏ ဖြစ်မှုဥပ္ပါဒသဘောက အစဉ်ဖွဲ့စပ်လျက်ရှိမှုကို ဝိပဿနာဉာဏ်ဖြင့် မြင်တွေ့နေသောကြောင့် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၄။)

၂။ ခဏတော ဥဒယဒဿန = ထိုသို့ အကြောင်းအကျိုး ဆက်စပ်လျက် ဖြစ်ပေါ်နေကြသော အကြောင်းရုပ်နာမ်သင်္ခါရ, အကျိုးရုပ်နာမ်သင်္ခါရတို့၏ ခဏမစဲ တသဲသဲဖြစ်နေမှု ဥဒယသဘောကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အသစ်အသစ်သော ရုပ်နာမ် ပရမတ် တရားတို့၏ ခဏမစဲ တသဲသဲဖြစ်ပေါ်နေခြင်းကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း ၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ နာနတ္တနည်းသည် ထင်ရှားလာပေသည်။ (ရုပ်နာမ်သန္တတိအစဉ်အားဖြင့် တစ်ဆက်တည်း မှန်သော်လည်း ဖြစ်မှုပျက်မှု မရှိသော သန္တတိအစဉ်ကား မဟုတ်၊ ဖြစ်-ပျက် သန္တတိအစဉ်သာ ဖြစ်သည်။
ရှေးရှေး ရုပ်နာမ်သန္တတိအစဉ်နှင့် နောက်နောက်သော ရုပ်နာမ်သန္တတိအစဉ်တို့၏လည်းကောင်း, ရှေးရှေး ရုပ်နာမ်နှင့် နောက်နောက် ရုပ်နာမ်တို့၏လည်းကောင်း မတူကွဲပြား အသီးအခြားသာ ဖြစ်သည်ဟု သိနေ၏။
ခဏပစ္စုပ္ပန်သို့ဆိုက်အောင် အပျက်ကို မြင်နေသဖြင့် ရှေးရှေး ပရမတ္ထဓာတ်သားနှင့် နောက်နောက် ပရမတ္ထဓာတ်သားတို့သည် အသီးအသီး အုပ်စုတစ်ခုစီ အုပ်စုတစ်ခုစီသာဟု သိနေ၏။ ယောဂါဝစရ ပုဂ္ဂိုလ်၏ဉာဏ်၌ သန္တတိဃန သမူဟဃန ကိစ္စဃနများ ပြိုနေပြီ ဟူလို။) ထိုသို့ သိမြင်သောအခါ၌ ---- ထိုသူသည်ပင် ပြုလုပ်၏၊ ထိုသူသည်ပင် ခံစား၏ဟု မှားမှားယွင်းယွင်း စွဲယူတတ်သော သဿတဒိဋ္ဌိကို သာလွန် ကောင်းမွန်စွာ ပယ်စွန့်နိုင်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၄။)

၃။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ပုံ သဘောတရားကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရားသည် ထင်ရှားရှိလတ်သော် အကျိုးတရား၏ ထင်ရှားဖြစ်ပေါ်လာခြင်း, အကြောင်း တရားသည် ထင်ရှားမရှိလတ်သော် အကျိုးတရား၏ ထင်ရှား မရှိခြင်းဟူသော သဘောတရား၏ အလိုလိုပြီးစီးရကား ရုပ်နာမ် ပရမတ် တရားတို့၏ တစ်စုံ တစ်ခုသော ပုဂ္ဂိုလ်သတ္တဝါ၏ အလိုဆန္ဒအတိုင်း ဖြစ်မှု မရှိပုံကို ဝိပဿနာ ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အဗျာပါရနည်းသည် ထင်ရှားလာပေသည်။ (အကြောင်းတရားဘက်၌လည်း အကျိုးတရားတို့ကိုဖြစ်အောင် ပြုလုပ်မည်ဟူသော ဗျာပါရ, အကျိုးတရားဘက်၌လည်း အကြောင်းတို့သည် ဖြစ်ပေါ်လာခဲ့သော် တို့ (= အကျိုးတရားတို့) ဖြစ်ကြမည်ဟူသော ဗျာပါရ မရှိပုံကို သိသည်ဟူလိုသည်။ အဝိဇ္ဇာ၌လည်း သင်္ခါရဖြစ်အောင် ပြုလုပ်မည်ဟူသော ဗျာပါရ မရှိ။ အလားတူပင် သင်္ခါရ၌လည်း ဝိညာဏ်ဖြစ်အောင် ပြုလုပ်မည်ဟူသော ဗျာပါရ မရှိ --- ဤသို့ စသည်ဖြင့် အကြောင်း-အကျိုး နှစ်ဘက်လုံး၌ ဗျာပါရ မရှိပုံကို သဘောပေါက်ပါ။)

ထိုသို့ သိမြင်ခဲ့သော် --- ဖန်ဆင်းရှင် ပရမအတ္တ, အဖန်ဆင်းခံရသော ဇီဝအတ္တရှိသည်ဟု မှားမှားယွင်းယွင်း စွဲယူတတ်သော အတ္တဒိဋ္ဌိကို သာလွန် ကောင်းမွန်စွာ ထို ဝိပဿနာဉာဏ်က ပယ်စွန့်နိုင်ပေသည်။ (အကြောင်း အကျိုး နှစ်ရပ်လုံး၌ ဗျာပါရ မရှိ၊ အကြောင်း-အကျိုး နှစ်ရပ်လုံးသည်လည်း အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံသာ ဖြစ် သည်ဟု ထိုဝိပဿနာဉာဏ်က ပုံစံမှန် သိမြင်နေသောကြောင့်ဟူလို။)

၄။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်ပုံသဘောကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရားနှင့်လျော်သော အကျိုးတရား၏ ဖြစ်ခြင်းကို ဝိပဿနာ ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထို ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် သိမြင်ရာဝယ် အကျိုးတရားတို့သည် ဖြစ်ချင်တိုင်း ဖြစ်ချင်သလို စည်းကမ်းမရှိ ပရမ်းပတာ ဖြစ်နေသည်ကား မဟုတ်။ အကြောင်းတရားနှင့် လျော်ညီစွာသာလျှင် အကျိုးတရားတို့သည် ဖြစ်ကုန်၏။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစသော အကြောင်းတရားကြောင့် အကျိုးတရားများ ဖြစ်ခဲ့ကြသော် --- ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟူသော အကြောင်းနှင့် လျော်သော အကျိုးတရားတို့သာ ဖြစ်ကုန်၏။ အကြောင်းနှင့် မလျော်ညီသော အခြားအကျိုးတစ်စုံတစ်ရာသည် မဖြစ်ပေဟု သိမြင်နေ၏။ ထိုကြောင့် ဧဝံဓမ္မတာနည်းသည် ထင်ရှားလာပေသည်။

ထိုသို့ သိမြင်ခဲ့သော် -- ပြုသော်လည်း ပြုသည်မမည် --- ဟု အကြောင်းကံကို တားမြစ်သော အကိရိယဒိဋ္ဌိအယူမှားကို ယင်းဝိပဿနာ ဉာဏ်က သာလွန်ကောင်းမွန်စွာ ပယ်စွန့်နိုင်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၄-၄၂၅။)

လက္ခဏာငါးပါး ထင်ရှားလာပုံ

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရား ထင်ရှားဖြစ်ခြင်း ကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရားသည် ထင်ရှားရှိလတ်သော် အကျိုးတရား၏ ဖြစ်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏ဟု ဤသို့လျှင် အကြောင်းတရားတို့သည် ထင်ရှား ရှိသည်၏ အဖြစ်မျှဖြင့်သာ အကျိုးတရားတို့ကို ကျေးဇူးပြုတတ်သည် ဖြစ်ရကား သင်္ခတတရားတို့၏ အားထုတ်ခြင်း ဗျာပါရ မရှိသည်၏ အဖြစ်သည် ထင်ရှား၏။
တစ်ဖန် အကြောင်းတရားသည် ထင်ရှား မရှိလတ်သော် အကျိုး တရား၏ ထင်ရှား မရှိခြင်းသည်လည်း ဖြစ်ပေါ်လာရကား သင်္ခတအကျိုး တရားတို့၏ အကြောင်းပစ္စည်းတရားနှင့် ဆက်စပ်မှုရှိသည်၏ အဖြစ်သည်လည်း ထင်ရှား၏။ သင်္ခါရတရားတို့၏ ထိုကဲ့သို့သော အားထုတ်ခြင်း ဗျာပါရကင်းမှု အကြောင်းတရားနှင့်သာ ဆက်စပ်၍ ဖြစ်ခြင်းရှိမှုကို ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်နေခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ပရမတ္တ = ပရမအတ္တ = ဖန်ဆင်းရှင် အတ္တနှင့် ဇီဝအတ္တ = အဖန်ဆင်းခံ အတ္တ မရှိမှုကို သိမြင်နေရကား အနတ္တ လက္ခဏာသည် ထင်ရှားလာပေသည်။ ယင်း အသိဉာဏ်က အတ္တဆိတ်သုဉ်းမှုကို ထင်ရှားပြနေပေသည်။

၂။ ခဏတော ဥဒယဗ္ဗယဒဿန = အကြောင်းသင်္ခါရ အကျိုးသင်္ခါရ ဟူသော သင်္ခတတရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှုပျက်မှု ဥဒယ-ဝယ သဘောကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သဖြင့် -- မဖြစ်ခင် ရှေးကမရှိ, ယခုမှ ရုတ်ခြည်းဖြစ်၍ မရှိခြင်းသဘာဝသို့ပင် ဆိုက်ရောက်သွားမှုကို ဝိပဿနာ ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့်လည်းကောင်း (= မဖြစ်ခင် ရှေးအဖို့က မရှိခြင်း, ဖြစ်ပြီးနောက် = ပျက်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်း နှစ်မျိုးကိုလည်းကောင်း, ယင်းမရှိခြင်းနှစ်မျိုးတို့၏ အလယ်၌သာလျှင် ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်မှုကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့်လည်းကောင်း) တစ်ဖန် -- သင်္ခါရတရားတို့သည် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏသုံးပါးအပေါင်း၏ ရှေး၌လည်း ထင်ရှားမရှိကုန်၊ နောက်၌လည်း ထင်ရှားမရှိကုန်၊ ဥပါဒ် = ဖြစ်ခြင်းဟူသော အစနှင့်, ဘင် = ပျက်ခြင်းဟူသော အဆုံးသာ ရှိကြကုန်၏။ ယင်းသို့ သင်္ခတတရားတို့၏ ဖြစ်-ပျက်ဟူသော အစနှင့် အဆုံးရှိမှုကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့်လည်းကောင်း ----- ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အနိစ္စလက္ခဏာသည် ထင်ရှားလာပေသည်။

၃။ ယင်းသင်္ခါရတရားတို့၌ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်တို့ဖြင့် အမြဲမပြတ် အဖန်ဖန် အထပ်ထပ် အညှဉ်းပန်း အနှိပ်စက် ခံရမှုသဘောကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်နေခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ (အနိစ္စလက္ခဏာသည်သာမက) ဒုက္ခလက္ခဏာသည်လည်း ထင်ရှား လာပေသည်။

၄။ သင်္ခတတရားတို့၏ ဖြစ်ခြင်း = ဥပါဒ်နှင့် ပျက်ခြင်း = ဘင်၏ အတွင်း ၌သာ တည်နေနိုင်မှု = ဖြစ်ခြင်း ပျက်ခြင်းဖြင့် ပိုင်းခြားထားမှုကို ဝိပဿနာ ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ (အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ သာမက) သင်္ခတတရားတို့၏ ကိုယ်ပိုင်သဘာဝသတ္တိတည်းဟူသော သဘာဝလက္ခဏာသည်လည်း ထင်ရှား လာပေသည်။

၅။ သင်္ခတတရားတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားခဲ့သော် သင်္ခတလက္ခဏာ၏ အခိုက်အတန့် တာဝကာလိကမျှသာ တည်နေနိုင်မှုသဘော = ဥပါဒ်-ဌီ-ဘင် ဟူသော အလွန်တိုတောင်းသော အချိန်ကာလမျှသာ တည်ရှိနိုင်မှု သဘောသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာပေသည်။ ဥဒယ = ဖြစ်ဆဲခဏ၌ ဝယ = ပျက်မှုသဘော၏ မရှိခြင်း, ဝယ = ပျက်ဆဲ ခဏ၌လည်း ဥဒယ = ဖြစ်မှုသဘော၏ မရှိခြင်းကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍သိမြင်နေသောကြောင့် ဖြစ်သည်။

ဤကား ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်ပျက်ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်း = အကြောင်းတရား ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံ, အကြောင်းတရား ချုပ်ငြိမ်း ခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်းနှင့် ခဏတော ဥဒယဗ္ဗယဒဿန = သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှု ပျက်မှုတည်းဟူသော ခဏအားဖြင့် ဖြစ်ပျက်ကို ရှုမြင်ခြင်းကြောင့် ရရှိအပ် သော အသိထူး ဉာဏ်ထူး အကျိုးထူးများပင် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၅။)

ဥဒယဗ္ဗယ ဝိပဿနာလုပ်ငန်းစဉ်

သန္တတိဝသေန ဟိ ရူပါရူပဓမ္မေ ဥဒယတော, ဝယတော စ မနသိ ကရောန္တဿ အနုက္ကမေန ဘာဝနာယ ဗလပ္ပတ္တကာလေ ဉာဏဿ တိက္ခဝိသဒဘာဝပ္ပတ္တိယာ ခဏတော ဥဒယဗ္ဗယာ ဥပဋ္ဌဟန္တီတိ။ အယဥှိ ပဌမံ ပစ္စယတော ဥဒယဗ္ဗယံ မနသိ ကရောန္တော အဝိဇ္ဇာဒိကေ ပစ္စယဓမ္မေ ဝိဿဇ္ဇေတွာ ဥဒယဗ္ဗယဝန္တေ ခန္ဓေ ဂဟေတွာ တေသံ ပစ္စယတော ဥဒယဗ္ဗယဒဿနမုခေန ခဏတောပိ ဥဒယဗ္ဗယံ မနသိ ကရောတိ။

တဿ ယဒါ ဉာဏံ တိက္ခံ ဝိသဒံ ဟုတွာ ပဝတ္တတိ၊ တဒါ ရူပါရူပဓမ္မာ ခဏေ ခဏေ ဥပ္ပဇ္ဇန္တာ, ဘိဇ္ဇန္တာ စ ဟုတွာ ဥပဋ္ဌဟန္တိ။ (မဟာဋီ၊၂၊၄၂၂။)

ဘဝတစ်ခုအတွင်း၌ တည်ရှိသော ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော ရုပ်တရား နာမ်တရားတို့ကို အဒ္ဓါပစ္စုပ္ပန်တရားဟု ခေါ်ဆို ပေသည်။ စက္ခုဒွါရဝီထိ စသော ဝီထိစိတ်အစဉ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို သန္တတိပစ္စုပ္ပန်တရားတို့ဟူ၍ ခေါ်ဆိုပေသည်။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော တေဇောဓာတ် ဥတု ကြောင့်ဖြစ်သော လေး-ငါး-ခြောက်ဆင့် စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပွားသော ရုပ်အစဉ်အတန်းတစ်ခုကို တစ်ဥတုကြောင့်ဖြစ်သော ရုပ်အစဉ်အတန်းတစ်ခု ဟုလည်းကောင်း, ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဩဇာသည် ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသော အခါ လေး-ငါး-ခြောက်ဆင့် စသော ရုပ်အစဉ်အတန်းတစ်ခုကို ဖြစ်စေသဖြင့် ယင်းရုပ်အစဉ်အတန်းတစ်ခုကို တစ်အာဟာရကြောင့်ဖြစ်သော ရုပ်အစဉ် အတန်းဟုလည်းကောင်း အသီးအသီး ခေါ်ဆိုပေသည်။ ယင်း တစ်ဥတု တစ်အာဟာရအတွင်း၌ တည်ရှိသော စတုသမုဋ္ဌာနိက ရုပ်အစဉ်အတန်း တစ်ခုသည် သန္တတိပစ္စုပ္ပန်တရားတည်း။ ဥပါဒ်-ဌီ-ဘင်ဟူသော - ခဏငယ် သုံးပါးနှင့် ပြည့်စုံသော စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရား, ဥပါဒ်-ဌီ-ဘင် ဟူသော ခဏငယ်သုံးပါး အခိုက်အတန့်အတွင်း၌ တည်ရှိသော ရုပ်တရားတို့သည် ခဏပစ္စုပ္ပန် အမည်ရသော ရုပ်တရား နာမ် တရားတို့တည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ေ့ရှဦးစွာ သန္တတိပစ္စုပ္ပန်၏ အစွမ်းဖြင့် ရုပ် တရား နာမ်တရားတို့ကို ဖြစ်ခြင်းသဘောအားဖြင့်လည်းကောင်း, ပျက်ခြင်း သဘောအားဖြင့်လည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် နှလုံးသွင်း ရှုပွားရ၏။ ထိုကဲ့သို့ အစဉ်သဖြင့် နှလုံးသွင်းရှုပွားခဲ့သော် ဝိပဿနာဘာဝနာ ဉာဏ်၏ အားကောင်းမောင်းသန်ခြင်းသို့ ရောက်ရှိလာသောအခါ ဝိပဿနာ ဘာဝနာဉာဏ်၏ ထက်မြက်စူးရှမှု သန့်ရှင်းသထက် သန့်ရှင်းမှုသို့ ရောက်ရှိ သွားခြင်းကြောင့် သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲအားဖြင့် ဖြစ်မှု ပျက်မှု သဘောတရားတို့သည် ခဏပစ္စုပ္ပန်သို့ ဆိုက်သည့်တိုင်အောင် ယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာကြပေကုန်သည်။

မှန်ပေသည် --- ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးပထမတွင် အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ -- ဤသို့ စသည်ဖြင့် --- ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်မှုပျက်မှုကို နှလုံးသွင်း ရှုပွား၏။ ထိုသို့ နှလုံးသွင်းလျက် အဝိဇ္ဇာစသော အကြောင်းတရားတို့ကို လွှတ်လိုက်၍ (= အဝိဇ္ဇာစသော အကြောင်းတရား ကြောင့် ရုပ် စသော အကျိုးတရားတို့၏ ဖြစ်မှုကိုမြင်အောင် ရှုမှုကို လွှတ်လိုက်၍) ဖြစ်မှု ပျက်မှုသဘော ထင်ရှားရှိကြကုန်သော အကြောင်းခန္ဓာ အကျိုးခန္ဓာတို့ကို ဝိပဿနာဉာဏ်ဖြင့် လှမ်းယူသိမ်းဆည်းလျက် ထို ခန္ဓာ တို့၏ အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်း တရား ချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင် ခြင်း = ပစ္စယတော ဥဒယဗ္ဗယဒဿနကို အဦးမူသဖြင့် ယင်းခန္ဓာတို့၏ ခဏအားဖြင့်လည်း ဖြစ်မှုပျက်မှု = ဥဒယဗ္ဗယသဘောကို နှလုံးသွင်းရှုပွား၏။

(အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ရုပ် ချုပ်၏။ အဝိဇ္ဇာ-ဖြစ်ပျက်-အနိစ္စ။ ရုပ်-ဖြစ်ပျက်-အနိစ္စ ဤသို့ စသည်ဖြင့် နှလုံးသွင်း ရှုပွားမှုကို ဆိုလိုပေသည်။)

ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်သည် ထိုသို့ နှလုံးသွင်းဖန်များ လတ်သော် အကြင်အခါ၌ ထက်မြက်စူးရှလာ၏ သန့်ရှင်းလာ၏၊ ထိုအခါ၌ ရုပ်တရားနာမ်တရားတို့သည် ခဏတိုင်း ခဏတိုင်း ဖြစ်ကုန်သည် ပျက်ကုန် သည်ဖြစ်၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာကုန်၏။ ယင်းသို့ ထင်ရှားလာလတ်သော် ဥဒယဗ္ဗယာနုပဿနာ မည်သော နုနယ် သော တရုဏဝိပဿနာဉာဏ်ကို ရရှိပေပြီ။ ယင်း ယောဂါဝစရပုဂ္ဂိုလ်ကို အာရဒ္ဓဝိပဿကပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုပေသည်။ (မဟာဋီ၊၂၊၄၂၂။)

ဥပက္ကိလေသပိုင်း

တရုဏဝိပဿနာဉာဏ်ကို ရရှိသည်တိုင်အောင် ---

၁။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်ပျက် ရှုနည်း

၂။ ခဏတော ဥဒယဗ္ဗယဒဿန = ခဏအားဖြင့် ဖြစ်ပျက်ရှုနည်း

ဤ နှစ်မျိုးသော ဝိပဿနာရှုနည်းတို့ဖြင့် တွင်တွင်ကြီး ဝိပဿနာရှု ရာအခိုက်၌လည်းကောင်း, ထိုသို့ ရှုပြီးနောက် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည် ပြားသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုရာအခါ၌လည်းကောင်း ဝိပဿနာ၏ ညစ်ညူးကြောင်း = ဝိပဿနုပက္ကိလေသတရား (၁၀)မျိုးတို့သည် ဖြစ်ပေါ်လာကြရိုး ဓမ္မတာသာ ဖြစ်ပေသည်။

ဝိပဿနုပက္ကိလေသာ ဟိ ပဋိဝေဓပ္ပတ္တဿ အရိယသာဝကဿ စေဝ ဝိပ္ပဋိပန္နကဿ စ နိက္ခိတ္တကမ္မဋ္ဌာနဿ ကုသီတပုဂ္ဂလဿ နုပ္ပဇ္ဇန္တိ။ သမ္မာပဋိပန္နကဿ ပန ယုတ္တပယုတ္တဿ အာရဒ္ဓဝိပဿကဿ ကုလပုတ္တဿ ဥပ္ပဇ္ဇန္တိယေဝ။ (ဝိသုဒ္ဓိ၊၂၊၂၆၉။)

ဝိပဿနာကို ညစ်ညူးစေတတ်ကုန်သော ဤ ဥပက္ကိလေသတရား (၁၀)ပါးတို့သည် ---

၁။ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီးသော အရိယသာဝက ၏သန္တာန်၌လည်းကောင်း, နိဗ္ဗိဒါနုပဿနာ စသော အားကောင်း မောင်းသန်သော ဗလဝဝိပဿနာသို့ ဆိုက်ရောက်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, (မဟာဋီ၊၂၊၄၂၇။)

၂။ သီလပျက်စီးခြင်း, သမာဓိပျက်စီးခြင်း, ပညာကျင့်စဉ် လွဲချော်ခြင်း စသော ကျင့်စဉ်ချွတ်ချော်မှုရှိသော ပုဂ္ဂိုလ်၏သန္တာန်၌လည်းကောင်း,

၃။ ဝိပဿနာတရားကို ပွားများအားထုတ်ပါသော်လည်း အားထုတ်စဉ် အကြားကာလ၌ ဝိပဿနာလုပ်ငန်းရပ်၌ စိတ်ဓာတ်ကျဆင်း တွန့်ဆုတ်ကာ ဝိပဿနာဘာဝနာလုပ်ငန်းရပ်ကို စွန့်ပယ်ချထားသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,

၄။ သီလစသည် ပြည့်စုံပါလျက် ပျင်းရိသဖြင့် ဝိပဿနာဘာဝနာကို အားမထုတ်သော ပုဂ္ဂိုလ်၏သန္တာန်၌လည်းကောင်း ---

ဤ လေးမျိုးကုန်သော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ မဖြစ်ပေါ်လာကြကုန် ဟု မှတ်သားပါလေ။
တစ်ဖန် -- သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ် ဟူသော ကျင့်စဉ်လွဲချော်မှုမရှိသော ကျင့်စဉ်မှန် သမ္မာပဋိပန္နကပုဂ္ဂိုလ်ဖြစ် သော, ရှေးလုံ့လ နောက်လုံ့လ စပ်၍ ပညာဘာဝနာကို မပြတ်အားထုတ် သော အာရဒ္ဓဝိပဿက အမည်ရသော အမျိုးကောင်းသား အမျိုးကောင်း သမီး၏သန္တာန်၌ကား မချွတ်ဧကန် ဖြစ်ပေါ်လာကြကုန်သည်သာတည်းဟု မှတ်သားပါလေ။ (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၇။)

၁။ ဩဘာသ = အရောင်အလင်း

အထက်တွင် တင်ပြခဲ့သည့်အတိုင်း ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရ တရားတို့ကို နည်းအမျိုးမျိုးဖြင့် လက္ခဏာယာဉ်တင်လျက် တွင်တွင်ကြီး ဝိပဿနာရှုသောအခါ ဝိပဿနာဉာဏ်သည် ထက်မြက်စူးရှလာခဲ့သော် ထို ဉာဏ်နှင့် ယှဉ်သော ဝိပဿနာစိတ်ကြောင့် သို့မဟုတ် ယင်းဝိပဿနာ စိတ် +စေတသိက်တို့ကြောင့် စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်များ ဖြစ်ပေါ်လာရာ ယင်း ဩဇဋ္ဌမကရုပ်များတွင် ပါဝင်သော ဝဏ္ဏခေါ် ရူပါရုံသည် အလွန် တောက်ပနေ၏။
တစ်ဖန် ယင်းစိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင် သော တေဇောဓာတ်ခေါ် ဥတုကြောင့်လည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်တို့သည် ဆင့်ကာဆင့်ကာ ထပ်မံ ဖြစ်ပေါ်လာကြပြန်ကုန်၏။ ယင်း ဥတုဇဩဇဋ္ဌမကရုပ်များတွင် ပါဝင်သော ရူပါရုံ ဝဏ္ဏဓာတ် အသီး အသီးသည်လည်း အလွန်တောက်ပလျက်ပင် ရှိ၏။ ယင်း စိတ္တဇဝဏ္ဏဓာတ် ဥတုဇဝဏ္ဏဓာတ်တို့မှာ ဉာဏ်အာနုဘော်က ကြီးလျှင် ကြီးသလို, ဉာဏ် အာနုဘော်က သေးလျှင် သေးသလို တောက်ပကြ၏။
စိတ္တဇဝဏ္ဏဓာတ်၏ အရောင်အဆင်းကား အဇ္ဈတ္တ၌သာ ပျံ့နှံ့၍တည်၏။ ဥတုဇဝဏ္ဏဓာတ်၏ အရောင်အဆင်းကား အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ဉာဏ် အာနုဘော်က ကြီးမားလျှင် ကြီးမားသလောက် ပျံ့နှံ့၍ တည်၏။ လောကဓာတ် တိုက်တစ်သောင်းတိုင်အောင်သော်လည်း ပျံ့နှံ့တည်နိုင်၏။

တံ တေဿဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ၊ ပဿန္တော စ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ။ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညာဏဝိညေယျမေဝါတိ ဝုတ္တံ ဝိယ ဒိဿတီတိ။ (မဟာဋီ၊၂၊၄၂၉။)

ထိုအရောင်အလင်းကား ထိုယောဂါဝစရပုဂ္ဂိုလ်အားသာလျှင် ထင် ရှား၏။ ထို ဉာဏ်အရောင်အလင်းသည် ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့ထွက် သွားသောအခါ ထိုအရောင်လင်းနှင့် တွေ့ထိရာ တွေ့ဆုံရာအရပ်၌ တည်ရှိ သော ရူပါရုံကိုလည်း = ရူပါရုံအပေါင်းကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နိုင်ပေသည်။ ထိုသို့ ဗဟိဒ္ဓလောက၌တည်ရှိသော ရူပါရုံအမျိုးမျိုး ကို တွေ့မြင်ခဲ့သော် -- စက္ခုဝိညာဏ်ဖြင့် တွေ့မြင်လေသလော၊ သို့မဟုတ် မနောဝိညာဏ်ဖြင့်ပင် တွေ့မြင်လေသလော --- ဟု စူးစမ်းဆင်ခြင်သင့်ကြောင်းကို ဆရာမြတ်တို့က မိန့်ဆိုတော်မူကြပေသည်။ မိမိ မဟာဋီကာ ဆရာတော်၏ အယူအဆမှာမူ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူကြကုန် သော သူတော်ကောင်းတို့သည် အနီးအဝေးရှိ ရူပါရုံအမျိုးမျိုးကို မြင်တွေ့ ရာ၌ ဒိဗ္ဗစက္ခုအဘိညာဏ်စိတ်ဟူသော မနောဝိညာဏ်စိတ်ဖြင့်သာလျှင် မြင်တွေ့ကြကုန်သကဲ့သို့ အလားတူပင် ဤဝိပဿနာအရာ၌လည်း ဝိပဿနာစိတ်ဟူသော မနောဝိညာဏ်စိတ်ဖြင့်သာလျှင် မြင်တွေ့ခြင်းဖြစ်သည် ဟူသော အယူအဆသည်သာလျှင်အသင့် ယုတ္တိရှိသကဲ့သို့ ထင်မြင်မိပေ သည်။ (မဟာဋီ၊၂၊၄၂၉။)

အထက်ပါ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက် မှတ်ချက်များ မှာ ဝိပဿနာရှုနေသူ ယောဂီပုဂ္ဂိုလ်တို့အတွက် အလွန် စိတ်ဝင်စားဖွယ်ရာ တင်ပြချက်များပင် ဖြစ်ကြပေသည်။

ဝိပဿနာစိတ်၌ အရောင်အလင်းရှိသည်ဟူသော ဤအဆိုအမိန့်ကို သို့မဟုတ် ဝိပဿနာဉာဏ်ကြောင့် အရောင်အလင်းများ ဖြစ်ပေါ်လာကြ သည်ဟူသော ဤအဆိုအမိန့်ကို လက်ခံနိုင်ပါလျှင် အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌လည်း ပဘဿရ = ပြိုးပြိုး ပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းရှိ၏ ဟူသော အဓိစိတ္တသုတ္တန် အမည်ရှိသော နိမိတ္တသုတ္တန် (အံ၊၁၊၂၅၈။)၌ ဘုရားရှင်၏ ဟောကြားထားတော်မူသော မိန့်ဆိုချက်ကိုလည်း လက်ခံနိုင်ရမည်သာ ဖြစ် ပေသည်။ အဘယ်ကြောင့်ဆိုသော် ထို အဓိစိတ္တ အမည်ရသော သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့သည်လည်း စိတ္တဇဩဇဋ္ဌမက ရုပ် ကလာပ်များကို ဖြစ်စေနိုင်ကြသည်သာလျှင် ဖြစ်၏။ တစ်ခု တစ်ခုသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ရုပ်ကလာပ်ပေါင်းများ စွာကို ဖြစ်စေနိုင်သော စွမ်းအားရှိသည်သာ ဖြစ်၏။ ယင်း စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်များတွင် ပါဝင်သော တေဇောဓာတ် = ဥတု အသီးအသီးကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်များကို အဆင့်ဆင့် ဖြစ်စေနိုင်သည်သာ ဖြစ်၏။ ယင်း စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသီးအသီးတွင်ပါဝင်သော ဝဏ္ဏဓာတ် = ရူပါရုံကလည်း ဉာဏ်အာနုဘော် ကြီးလျှင် ကြီးသလို တောက်ပနိုင်သည်သာ ဖြစ်ပေသည်။ ယင်း အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲ ဖြစ်ကြသော သမ္ပယုတ်တရားစုတွင် ဉာဏ်လည်း ပါဝင်လျက်ရှိပေသည်။ သို့အတွက် အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းရှိသည် ဟူသော ဘုရားဟောဒေသနာတော်ကို အသင်ယောဂီသူတော်ကောင်းသည် လက်ခံနိုင်ရမည်သာ ဖြစ်သည်။ အကျိုးဖြစ်သော စိတ္တဇရုပ် ဥတုဇရုပ်တို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ သမထဉာဏ်ရောင် ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဆိုထားသော ကာရဏူပစာရစကား (တစ်နည်း ဖလူပစာရစကား)ဟု မှတ်ပါ။

ထိုသို့ လက်ခံနိုင်ပါလျှင် ဤကျမ်းစာေ့ရှပိုင်း သမထကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း သမာဓိထူထောင်စဉ် ဥပစာရသမာဓိ အပ္ပနာသမာဓိတို့နှင့် နီးကပ်နေသော ပရိကမ္မသမာဓိ အခိုက်အတန့်မှ စ၍ ယင်း သမထ ဘာဝနာစိတ်ကြောင့် အရောင်အလင်းများ စတင် ထွက်ပေါ်လာကြောင်းကို ဖွင့်ဆိုသော အင်္ဂုတ္တရဋီကာ တတိယတွဲ ပစလာယမာနသုတ္တန်အဖွင့် (အံ၊ဋီ၊ ၃၊၁၇၇-၁၇၈။) စကားရပ်ကိုလည်း လက်ခံနိုင်ပြီ ဖြစ်ပေသည်။ (မဟာဋီကာနှင့် အင်္ဂုတ္တရဋီကာတို့မှာ အာစရိယဓမ္မပါလ အမည်ရတော်မူသော ဆရာတော် အရှင်ဓမ္မပါလ တစ်ဦးတည်း၏ လက်ရာများသာ ဖြစ်ကြသည်။)

ထိုသို့ လက်ခံနိုင်ပါလျှင် အရောင်အလင်းသည် ဥဒယဗ္ဗယဉာဏ် တရုဏဝိပဿနာပိုင်းသို့ ရောက်ရှိပါမှသာလျှင် စတင်ထွက်ပေါ်လာသည် ကားမဟုတ်၊ အဓိစိတ္တအမည်ရသော သမထဘာဝနာစိတ် ဝိပဿနာစိတ် တို့ကြောင့်လည်း အရောင်အလင်းများသည် ထွက်ပေါ်လာနိုင်ရကား သမာဓိကို ထူထောင်သည့်အပိုင်း ဥပစာရသမာဓိ အပ္ပနာသမာဓိတို့နှင့် နီးကပ်နေသော ပရိကမ္မသမာဓိပိုင်းကစ၍ သမာဓိပိုင်းတစ်လျှောက်လုံး၌လည်းကောင်း, ရုပ်နာမ်ကို သိမ်းဆည်းသည်က စ၍ ဝိပဿနာပိုင်း တစ်လျှောက်လုံး၌ လည်းကောင်း သမထဉာဏ်ရောင် ဝိပဿနာဉာဏ်ရောင်ဟူသော အရောင် အလင်းသည် ရှိနေသည်သာ ဖြစ်သည်ဟုလည်း လက်ခံနိုင်ပေပြီ။

အဘယ်ကြောင့် ထပ်မံဖွင့်ဆိုနေရပါသနည်း?

အဓိစိတ္တ အမည်ရသော သမထဘာဝနာတစ်လျှောက် ဝိပဿနာ ဘာဝနာတစ်လျှောက်လုံး၌ အရောင်အလင်းသည် ထင်ရှား ရှိခဲ့ပါလျှင် အဘယ်အကြောင်းကြောင့် ဤ ဥဒယဗ္ဗယဉာဏ်-တရုဏဝိပဿနာပိုင်း သို့ရောက်ရှိပါမှ ဩဘာသ = ဝိပဿနောဘာသ = ဝိပဿနာဉာဏ်အရောင် အလင်း ထွက်ပေါ်လာကြောင်းကို ထပ်မံဖွင့်ဆိုနေရသနည်းဟု မေးမြန်းဖွယ် ရှိလာပြန်၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏ ----

တတ္ထ ဩဘာသောတိ ဝိပဿနောဘာသော။ တသ္မိံ ဥပ္ပန္နေ ယောဂါဝစရော -- န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပေါ ဩဘာသော ဥပ္ပန္နပုဗ္ဗော၊ အဒ္ဓါ မဂ္ဂပတ္တောသ္မိ ဖလပတ္တောသ္မီ -- တိ အမဂ္ဂမေဝ မဂ္ဂေါတိ, အဖလမေဝ စ ဖလန္တိ ဂဏှာတိ။ တဿ အမဂ္ဂံ မဂ္ဂေါတိ အဖလံ ဖလန္တိ ဂဏှတော ဝိပဿနာဝီထိ ဥက္ကန္တာ နာမ ဟောတိ။ သော အတ္တနော မူလကမ္မဋ္ဌာနံ ဝိဿဇ္ဇေတွာ ဩဘာသမေဝ အဿာဒေန္တော နိသီဒတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)

ထိုဥပက္ကိလေသတရား (၁၀)မျိုးတို့တွင် ဩဘာသ = အရောင်အလင်း ဟူသည် ဝိပဿနောဘာသ = ဝိပဿနာအလင်းတည်း (= ဝိပဿနာဉာဏ် ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတည်း။) ထို ဝိပဿနာဉာဏ် အရောင်အလင်းသည် ဖြစ်ပေါ်လာလတ်သော် ယောဂါဝစရပုဂ္ဂိုလ်သည်- ငါ၏ သန္တာန်၌ ဤမှ ရှေး၌ ဤကဲ့သို့သော အရောင်အလင်းမျိုးသည် မဖြစ်ပေါ်ဖူးလေစွတကား, မချွတ်ဧကန် ငါသည် အရိယမဂ်သို့ ဆိုက်ပေပြီ အရိယဖိုလ်သို့ ဆိုက်ပေပြီ -- ဟု အရိယမဂ်မဟုတ်သော ဩဘာသ = အရောင်အလင်းကိုပင် အရိယမဂ်ဟု, အရိယဖိုလ်မဟုတ်သော ဩဘာသ = အရောင်အလင်းကိုပင် အရိယဖိုလ်ဟု စွဲယူလိုက်၏။
အရိယမဂ် မဟုတ် သည်ကို အရိယမဂ်ဟု အရိယဖိုလ်မဟုတ်သည်ကို အရိယဖိုလ်ဟု စွဲယူသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာလမ်းကြောင်းသည် ဝိပဿနာခရီးလမ်း ရိုးမှ လွဲချော်ကျသွားသည် မည်၏။
အဘယ်ကြောင့်နည်းဟူမူ ထိုယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ မူလကမ္မဋ္ဌာန်း အမည်ရသော ဝိပဿနာဘာဝနာ လုပ်ငန်းရပ်ကို စွန့်လွှတ်လိုက်၍ ဩဘာသ = အရောင်အလင်းကိုပင် သာယာလျက် ထိုင်နေသောကြောင့် ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုရှင်းလင်းချက်နှင့် အညီ ဤ ဥဒယဗ္ဗယဉာဏ် အမည်ရသော တရုဏဝိပဿနာပိုင်း၌ ဖြစ်ပေါ်လာ သော အရောင်အလင်းကား ရှေးရှေး သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်ခဲ့သော အရောင်အလင်းများနှင့် မတူဘဲ တစ်မူ ထူးခြားလျက် မဖြစ်စဖူး အဦးအသစ်ဖြစ်ပေါ်လာသော အရောင်အလင်း တစ်မျိုးဖြစ်၏။
တစ်ထိုင်စာ တိုက်ခန်းတစ်နေရာစာလောက် အတိုင်းအတာ ပမာဏမှ အစပြု၍ အကနိဋ္ဌဗြဟ္မာ့ပြည်သို့တိုင်အောင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အရောင်အလင်းသည် ပျံ့နှံ့သွားနိုင်၏။

ထိုအရောင်အလင်းကိုပင် မဂ်ဟု ဖိုလ်ဟု သို့မဟုတ် မဂ်ဉာဏ် ဖိုလ်ဉာဏ်မှ ထွက်ပေါ်လာသော အရောင်အလင်းဟု ယူဆလျက် ဝိပဿနာ ရှုပွားမှုကို ရပ်ဆိုင်းပြီးလျှင် ထို ဩဘာသအရောင်အလင်းကို သာယာလျက် နေပါမှသာ ထိုသာယာမှုနိကန္တိသည် ဥပက္ကိလေသ ဖြစ်သည်။
ထိုဩဘာသ ကို အကြောင်းပြု၍ မာနဖြစ်ပါမှ ဒိဋ္ဌိဖြစ်ပါမှသာ ဥပက္ကိလေသ ဖြစ်သည်။ ထိုကြောင့် ဩဘာသကား ဥပက္ကိလေသ မဟုတ်၊ ဩဘာသကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော တဏှာ (= နိကန္တိ) မာန ဒိဋ္ဌိတို့သည်သာလျှင် ဥပက္ကိလေသ ဖြစ်ကုန်သည်။ ဩဘာသကား ယင်းဥပက္ကိလေသတရားတို့၏ တည်ရာဝတ္ထုသာ ဖြစ်သည်။ ယင်းဩဘာသကို ---

ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ = ဤဩဘာသသည် ငါ့ဟာတည်း၊ ဤဩဘာသသည် ငါတည်း၊ ဤဩဘာသသည် ငါ၏ အတ္တ တည်း ----

ဤသို့ စွဲယူလျှင် တဏှာ မာန ဒိဋ္ဌိဖြစ်သည် မည်ပေသည်။

လမ်းမှန်ပေါ်သို့ ပြန်လျှောက်ပုံ

ဩဘာသ အရောင်အလင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင်သိမ်းဆည်းပါ။ ဓာတ်ကြီးလေးပါးတို့၏ အစုအပုံကို ဉာဏ်ဖြင့်ပိုင်းခြား ယူနိုင်သောအခါ အာကာသဓာတ်ကိုပါ မြင်အောင် ဆက်ရှုလိုက်ပါက ရုပ် ကလာပ်အမှုန့်များကိုသာ တွေ့ရှိရမည် ဖြစ်ပေသည်။ အလွန့်အလွန် သိမ်မွေ့ နူးညံ့သော ရုပ်ကလာပ်အမှုန့်များသာတည်း။
ယင်း ရုပ်ကလာပ်များကို ဃနအသီးသီးပြိုအောင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်းပါ။ အဇ္ဈတ္တ၌ ပျံ့နှံ့လျက်ရှိသော ဩဘာသ အမည်ရှိသည့် ရုပ် ကလာပ်အမှုန့်တို့ကား -- စိတ္တဇဩဇဋ္ဌမကရုပ် ဥတုဇဩဇဋ္ဌမကရုပ်တို့သာ တည်း။ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့ထွက်သွားသော ရုပ်ကလာပ်တို့ကား ဥတုဇဩဇဋ္ဌမကရုပ်တို့တည်း။ ယင်းစိတ္တဇနှင့် ဥတုဇဩဇဋ္ဌမကရုပ်ပရမတ်တရားတို့ကို သိမ်းဆည်း၍ ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်း ရုပ်ပရမတ်တရားတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ ဝိပဿနာလမ်းကြောင်းပေါ်သို့ တစ်ဖန် ပြန်လည် ရောက်ရှိ သွားပြီ ဖြစ်သည်။
ထိုနောင် ရှေးယခင် ရှုလက်စဖြစ်သော ရုပ်-နာမ်-ကြောင်း- ကျိုး = သင်္ခါရတရားတို့ကိုပင် တစ်ဖန် ဆက်လက် ဝိပဿနာရှုမြဲတိုင်း ရှုပါ။

၂။ ဉာဏံ = ဝိပဿနာဉာဏ်

ဥဒယဗ္ဗယဉာဏ်ကို အထွတ်အထိပ်သို့ရောက်အောင် ကြိုးစားအား ထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သင်္ခါရတရားတို့ကို လက္ခဏာ ယာဉ်တင်ကာ နှိုင်းချိန်စူးစမ်းလျက်ရှိသော ဝိပဿနာဉာဏ်သည် ပစ်လွှတ် လိုက်သော သိကြားမင်း၏ ဝရဇိန်လက်နက်ကဲ့သို့ အဟုန်မပျက် ထက်မြက် စူးရှ သန့်ရှင်းစင်ကြယ်လျက် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၂၇၁။)

၃။ ပီတိ = ဝိပဿနာပီတိ

ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲဖြစ်ပေါ်လာသော နှစ်သက်ဝမ်းမြောက် မှု ပီတိတည်း။ ထိုပီတိသည် အောက်ပါအတိုင်း ငါးမျိုးရှိ၏။ ---

၁။ ခုဒ္ဒကာပီတိ = ကြက်သီးမွေးညင်းထစေ ရွှင်ပြစေတတ်သော သေး ငယ်သော ပီတိ၊

၂။ ခဏိကာပီတိ = လျှပ်စစ်ပြက်သကဲ့သို့ ခဏခဏ ဖြစ်ပေါ်လာသော ပီတိ၊

၃။ ဩက္ကန္တိကာပီတိ = ဒီလှိုင်းကဲ့သို့ ရင်တွင်း၌ အလိပ်လိုက် အလိပ်လိုက် တက်လာသော ပီတိ၊

၄။ ဥဗ္ဗေဂါပီတိ = ကိုယ်ကို အထပ်သို့ မြောက်ကြွစေ ပျံတက်စေသော ပီတိ၊

၅။ ဖရဏာပီတိ = မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့ကို တစ်ကိုယ်လုံး အနှံ့အပြား ပျံ့နှံ့ပြည့်ဖြိုးစေ စိမ့်ဝင်စေသော ပီတိ။

ဤ တရုဏဝိပဿနာပိုင်း၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဤ(၅)မျိုးသော ပီတိတရားတို့သည်လည်း ဖြစ်ပေါ်နေတတ်ကြကုန်၏။ အထူးသဖြင့် ဖရဏာပီတိသည် လွန်လွန်ကဲကဲ ဖြစ်ပေါ်နေတတ်၏။ (ဝိသုဒ္ဓိ၊၂၊၂၇၂။)

၄။ ပဿဒ္ဓိ = ဝိပဿနာပဿဒ္ဓိ

ပဿဒ္ဓိဟူသည် ဝိပဿနာစိတ်နှင့် ယှဉ်တွဲဖြစ်ပေါ်နေသော စိတ် စေတသိက်တို့၏ ငြိမ်းအေးမှု ပဿဒ္ဓိတည်း။ ညဉ့်သန့်ရာ နေရာ၌ ဖြစ်စေ နေ့သန့်ရာ နေရာ၌ ဖြစ်စေ ထိုင်၍ ဝိပဿနာတရားကို နှလုံးသွင်းနေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ထိုအခါ၌ ကိုယ်စိတ်တို့၏ ပူပန်မှုလည်း မဖြစ်၊ လေးလံမှုလည်း မဖြစ်၊ ကြမ်းတမ်းခက်မာမှုလည်း မဖြစ်၊ ဝိပဿနာ ဘာဝနာအမှု၌ မခံ့ညားမှုလည်း မဖြစ်၊ စိတ်စေတသိက်တို့၏ နာကျင်မှုလည်း မဖြစ်၊ ကွေ့ကောက်မှုလည်း မဖြစ်ပေ။ အမှန်ဖြစ်နေသည်ကား --- စိတ် စေသိက်တို့၏ ငြိမ်းအေးမှု, ပေါ့ပါးမှု (= လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန်၍ ဝိပဿနာ ရှုနိုင်မှု = ရုပ်တစ်လှည့် နာမ်တစ်လှည့် အကြောင်းတစ်လှည့် အကျိုးတစ်လှည့် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အတိတ်တစ်လှည့် အနာဂတ်တစ်လှည့် ပစ္စုပ္ပန်တစ်လှည့် အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် --- ဤသို့ စသည်ဖြင့် လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန်၍ အပြန်ပြန် အလှန်လှန် ဝိပဿနာ ရှုနိုင်မှု), နူးညံ့မှု, ဘာဝနာမှုတို့၌ ခံ့ညားမှု, ကိလေသာအနာတို့မှ သန့်ရှင်းမှု, ဘာဝနာမှု၌ ကျွမ်းကျင်မှု, ဖြောင့်မတ်မှု သဘောတရားတို့သာ ဖြစ်ပေါ်နေကြပေသည်။ [ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိမှ စ၍ ကာယုဇုကတာ စိတ္တုဇုကတာသို့တိုင်အောင် အစုံအစုံသော ယုဂဠစေတသိက် (၁၂)လုံးတို့သည် ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် ထင်ထင်ရှားရှား ဖြစ်နေကြသည်ဟူလို။] (ဝိသုဒ္ဓိ၊၂၊၂၇၂၊၊)

၅။ သုခ = ဝိပဿနာသုခ

ဝိပဿနာဉာဏ်နှင့် ယှဉ်၍ စိတ်ချမ်းသာမှု စေတသိက သုခသည်လည်း ဖြစ်ပေါ်လျက်ရှိ၏။ ယင်းစေတသိကသုခနှင့် ယှဉ်သော ဝိပဿနာ စိတ်ကြောင့် ဖြစ်ကုန်သော အလွန် မွန်မြတ်ကုန်သော စိတ္တဇရုပ်တို့ဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အလုံးစုံသော ရူပကာယသည် တွေ့နှံ့အပ်သည်လည်း ဖြစ်၏။ ထက်ဝန်းကျင်မှ ပွားစေအပ်သည်လည်း ဖြစ်၏။ (အလွန် မွန်မြတ်ကုန်သော ပဏီတစိတ္တဇရုပ်တို့သည် တစ်ကိုယ်လုံးဝယ် ပျံ့နှံ့နေကြသည် ဟူလို။) (ဝိသုဒ္ဓိ၊၂၊၂၇၂။)

၆။ အဓိမောက္ခ = သဒ္ဓါ

ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် ရှိသော ဝိပဿနာစိတ် စေတသိက်တို့ကို လွန်လွန်ကဲကဲ ကြည်လင် စေတတ်သော အလွန်အားကောင်းသန်မာသော လွတ်လွတ်သက်ဝင် ဆုံးဖြတ်တတ်သော အဓိမောက္ခ အမည်ရသော ဝိပဿနာဘာဝနာလုပ်ငန်းခွင် အပေါ်၌ ယုံကြည်မှု သဒ္ဓါတရားသည်လည်း ဖြစ်ပေါ်နေ၏။ (အထူးသဖြင့် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်၌ ယုံကြည်မှု သဒ္ဓါ တရားတည်း။)

၇။ ပဂ္ဂဟ = ဝီရိယ

ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် သာရှိသော, လျော့ရဲမှု တွန့်ဆုတ်မှု မရှိသော, ရှေးရှေးဖြစ်ပေါ်ပြီးသော ဘာဝနာစွမ်းအားဖြင့် ပြီးသော, အတူယှဉ်ဖက် ဝိပဿနာဘာဝနာစိတ် စေတသိက် သမ္ပယုတ်တရားတို့ကို ကောင်းစွာ အားပေးထောက်ပံ့တတ် ချီးပင့်တတ်သော, သမ္ပယုတ်တရားတို့ကို ဘာဝနာလုပ်ငန်းရပ်၌ ပျင်းရိမှု ကောသဇ္ဇဘေးရန်မှ ကာကွယ်ပေးတတ် ချီးပင့်ထုတ်ဆောင်တတ်သော ပဂ္ဂဟ အမည်ရသော ဝီရိယသည်လည်း ဖြစ်ပေါ်နေ၏။

၈။ ဥပဋ္ဌာန = သတိ

ထိုအချိန်အခါ၌ ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရှုပွားနေသော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်သာလျှင်ဖြစ်သော, သင်္ခါရတရားတို့၏ အနိစ္စသဘောမှန် ဒုက္ခသဘောမှန် အနတ္တသဘောမှန် အသုဘ သဘောမှန်ကို ကောင်းစွာ ပိုင်းခြားမှတ်သားခြင်းဖြင့် ဝိပဿနာဉာဏ်၏ အရှုခံ သင်္ခါရ အာရုံ၌ စွဲမြဲစွာ ကပ်၍တည်သော, ဆန့်ကျင်ဘက် နီဝရဏအညစ်အကြေး ကင်းစင်နေသဖြင့် ဆန့်ကျင်ဘက် နီဝရဏတရားသည် မလှုပ်ရှားစေနိုင်ရကား သင်္ခါရအာရုံ၌ စွဲမြဲစွာတည်သော, မြဲမြံစွာ မြေ၌ စိုက်ထူထားအပ်သော မယိမ်း မယိုင် ကျောက်စာတိုင်ကဲ့သို့ မတုန်မလှုပ်သော တောင်မင်းနှင့်တူသော သတိသည်လည်း ဖြစ်ပေါ်နေ၏။

ထို ယောဂါဝစရပုဂ္ဂိုလ်သည် မည်သည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံကိုမဆို ဆင်ခြင်အံ့၊ နှလုံးသို့ ကောင်းစွာ ဆောင်အံ့၊ နှလုံးသွင်း အံ့၊ အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဝိပဿနာရှုပွားသုံးသပ်အံ့။ ထိုထို ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံသည် ထို ယောဂါဝစရပုဂ္ဂိုလ်၏ သတိအား သက်ဝင်၍ သက်ဝင်၍ ထင်လာသည်သာ ဖြစ်ပေသည်။ (ရှုချင် သည့် သင်္ခါရအာရုံကို ရှုချင်တိုင်း ရှု၍ ရနေသည် ဟူလို။ ဤအဆင့်၌ ယောဂါဝစရပုဂ္ဂိုလ်သည် အနုပဒဓမ္မဝိပဿနာနည်းဖြင့် သင်္ခါရတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဝိပဿနာရှုလိုက ရှုနိုင်နေပေပြီ။) (ဝိသုဒ္ဓိ၊၂၊၂၇၂။)

၉။ ဥပေက္ခာ = ဝိပဿနုပေက္ခာ + အာဝဇ္ဇနုပေက္ခာ

ထိုထို ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံ၌ ဝိပဿနာ ဘာဝနာ စိတ်ကို အလယ်အလတ် လျစ်လျူရှုမှုသဘော၌ တည်အောင်ထားတတ် သော, ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော တတြမဇ္ဈတ္တတာ စေတသိက်သည် ဝိပဿနုပေက္ခာ မည်၏။ ဝိပဿနာဇော စိတ္တုပ္ပါဒ်၏ ရှေးတွင် ကပ်လျက်တည်ရှိသော မနောဒွါရာဝဇ္ဇန်းစိတ် = ဆင်ခြင် ဆုံးဖြတ်စိတ်နှင့် ယှဉ်သော စေတနာစေတသိက်သည် သင်္ခါရတရားတို့၏ အနိစ္စသဘောမှန် ဒုက္ခသဘောမှန် အနတ္တသဘောမှန် အသုဘသဘောမှန်ကို ဆင်ခြင်ရာ၌ သင်္ခါရအာရုံတို့ အပေါ်ဝယ် အညီအမျှ လျစ်လျူရှုသည်၏ အစွမ်းဖြင့် ဖြစ်ခြင်းကြောင့် အာဝဇ္ဇနုပေက္ခာ မည်၏။

ထိုအချိန်၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်ဝယ် သို့မဟုတ် ဝိပဿနာ ဉာဏ်ဝယ် သင်္ခါရတရားတို့၏ ဥဒယဗ္ဗယသဘော = ဖြစ်မှု ပျက်မှု သဘော ကား အလွန့်အလွန် ထင်ရှားနေ၏။ ထိုသို့ ထင်ရှားနေခြင်းကြောင့် သင်္ခါရ တရားတို့ကို ဝိပဿနာရှုခြင်း၌ ကြောင့်ကြစိုက်မှု အထူးမရှိတော့ဘဲ အလယ် အလတ်၌ တည်အောင်ထားနိုင်သော = ဥဒါသိန် မူနိုင်သော အဆင့်သို့ ရောက်ရှိနေ၏။ အညီအမျှ လွယ်လွယ်ကူကူ ရှု၍ ရနေ၏။ သင်္ခါရတို့၏ ဥဒယဗ္ဗယသဘာဝတို့၏ အလွန်ထင်နေသည်၏ အဖြစ်ကြောင့် ဥဒယဗ္ဗယ သဘောကို ရှုခြင်း၌ အလယ်အလတ် လျစ်လျူသဘောဖြစ်သော တတြမဇ္ဈတ္တုပေက္ခာသည် ဤ တရုဏဝိပဿနာပိုင်း၌ ဝိပဿနုပေက္ခာ မည်ပေ သည်။ သို့သော် ထို ဥဒယဗ္ဗယသဘောတို့ကား သင်္ခါရတို့၏ ဥဒယဗ္ဗယ သဘောသာ ဖြစ်ရကား ဥဒယဗ္ဗယသဘော၌ လျစ်လျူရှုမှုဟု မဆိုတော့ဘဲ သင်္ခါရတို့၌ လျစ်လျူရှုမှုဟု အဋ္ဌကထာများ၌ ခေါ်ဆိုသုံးနှုန်းထားပေသည် ဟု မှတ်ပါ။ ထိုအချိန်အခါဝယ် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဝိပဿနုပေက္ခာသည်လည်း အားကောင်းလျက်ပင်ရှိ၏။ အာဝဇ္ဇနုပေက္ခာသည် လည်း အားကောင်းလျက်ပင်ရှိ၏။ ထိုအချိန်အခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ် ၏ အာဝဇ္ဇနုပေက္ခာသည်လည်း သိကြားမင်းသည် ပစ်လွှတ်အပ်သော ဝရဇိန်လက်နက်ကဲ့သို့ ရဲရဲရင့်ရင့် ထက်ထက်မြက်မြက်ပင် ဖြစ်ပေါ်နေပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၇၃။)

ဤဥပက္ကိလေသတို့တွင် အမှတ် (၂)ဖြစ်သည့် ဉာဏ်မှ စ၍ အမှတ် (၉)ဖြစ်သည့် ဥပေက္ခာသို့တိုင်အောင်သော တရားတို့သည်လည်း ဥပက္ကိလေသတရားများ မဟုတ်ကြပေ။ ဥပက္ကိလေသတရားများ၏ တည်ရာဝတ္ထု တို့သာ ဖြစ်ကြသည်။ ဤ -- ဉာဏ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ၊ ဥပဋ္ဌာန၊ ဥပေက္ခာ -- ဟူသော (၈)မျိုးသောတရားတို့သည် ဝိပဿနာရှုနေ သော ဝိပဿနာဉာဏ်နှင့် အတူယှဉ်လျက် ဖြစ်ပေါ်နေကြသော စေတသိက် သင်္ခါရတရားတို့သာ ဖြစ်ကြသည်။ ဝိပဿနာဉာဏ်နှင့် စိတ္တက္ခဏတစ်ခု အတွင်းဝယ် အတူယှဉ်လျက် ဖြစ်ကြသော စိတ်စေတသိက်နာမ်တရား (၃၄) လုံးတို့တွင် အားလုံးပါဝင်ကြ၏။ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်များအတွက် ယင်း တရားတို့မှာ ဝိပဿနာကုသိုလ်ဇောစိတ္တုပ္ပါဒ်တို့သာ ဖြစ်ကြရကား ယင်း တို့သည် ဥပက္ကိလေသတရားများ မဟုတ်ကြပေ။ သို့သော် ယင်းတရားတို့ကို အာရုံပြု၍ ----

ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ = ဤတရားသည် ငါ့ဟာတည်း၊ ဤတရားသည် ငါတည်း၊ ဤတရားသည် ငါ၏ အတ္တတည်း- (ငါ၏ ဉာဏ်တည်း၊ ငါ၏ ပီတိတည်း ...)

ဤသို့ စွဲယူခဲ့သော် တဏှာ မာန ဒိဋ္ဌိတို့သည် ဖြစ်ပေါ်လာ၏။ ယင်း တဏှာ မာန ဒိဋ္ဌိတို့ကား ဥပက္ကိလေသတရားတို့သာတည်း။

ယင်း ဉာဏ၊ ပီတိ။ ပ ။ ဥပေက္ခာ - တရားအသီးအသီးကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟု စွဲယူမိပြန်သော် ဝိပဿနာလမ်းကြောင်းသည် တိမ်းစောင်း လွဲချော်သွားပြန်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ဝိပဿနာဘာဝနာ လုပ်ငန်းဟူသော မူလကမ္မဋ္ဌာန်းကို စွန့်လွှတ်လျက် မဂ်စစ် ဖိုလ်စစ် မဟုတ် သော ဉာဏ၊ ပီတိ။ ပ ။ ဥပေက္ခာ - တို့တွင် တစ်ခုခုသော တရားကို မဂ် ဖိုလ်ဟု သာယာလျက် ထိုင်နေသောကြောင့် ဝိပဿနာလမ်းကြောင်းသည် တိမ်းစောင်းလွဲချော်သွားခြင်းဖြစ်၏။

ကျော်လွန်အောင်ကျင့်နည်း

ယင်း ဉာဏ၊ ပီတိ။ ပ ။ ဥပေက္ခာတရားတို့သည် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို အာရုံယူ လျက်ရှိသော ဝိပဿနာဇောတို့နှင့်လည်းကောင်း, အာဝဇ္ဇနုပေက္ခာကဲ့သို့ သော အချို့သောတရားတို့သည် ဝိပဿနာဇောစိတ်၏ ရှေးတွင် ကပ်လျက် တည်ရှိသော မနောဒွါရာဝဇ္ဇန်းစိတ်နှင့်လည်းကောင်း အတူယှဉ်တွဲလျက် အောက်ပါ မနောဒွါရိကဇောဝီထိစိတ်အစဉ်အတိုင်း ဖြစ်ပေါ်လျက်ရှိကြ၏။

တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ ယင်း ဝိပဿနာ မနောဒွါရိကဇောဝီထိစိတ်အစဉ်များကို နာမ်ဃန အသီးအသီး ပြိုအောင်ဉာဏ်ဖြင့် ဖြိုခွဲလျက် စိတ္တက္ခဏတိုင်း၏ ဖြစ်မှု ပျက်မှုသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ ဝိပဿနာရှုပါ။

၁၀။ နိကန္တိ = ဝိပဿနာနိကန္တိ

နိကန္တိဟူသည် ဝိပဿနာနိကန္တိ = ဝိပဿနာ၌ အလိုရှိသော ငဲ့ကွက် တပ်မက်သော သိမ်မွေ့သော နိကန္တိတည်း။ မှန်ပေသည် -- ဤသို့ ဩဘာသ အစ, ဥပေက္ခာအဆုံးရှိသော တရားတို့ဖြင့် တန်ဆာဆင်ထားအပ်သော, ဝိပဿနာ၌ ငဲ့ကွက်ခြင်းကိုပြုလျက် သိမ်မွေ့သည်လည်းဖြစ်သော, ငြိမ်သက် သော အခြင်းအရာရှိသည်လည်းဖြစ်သော ဝိပဿနာ၌ တပ်မက်မှု = နိကန္တိ သည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဖြစ်ပေါ်လာ၏။ ထိုနိကန္တိ၏ သိမ်မွေ့သည်၏အဖြစ်, ငြိမ်သက်သော အခြင်းအရာရှိသည်၏အဖြစ်သည် ဝိပဿနာဘာဝနာ၏ ထက်မြက်စူးရှလွန်ကဲမှုဖြင့် ဖြစ်ပေါ်လာရကား ထို နိကန္တိ၏ ကိလေသာဖြစ်မှုကိုပင် သိနိုင်ခဲသောကြောင့် ထိုနိကန္တိကို ကိလေသာဟု ဉာဏ်ဖြင့် သိမ်းဆည်းခြင်းငှာပင် မတတ်ကောင်း ဖြစ်နေတတ်၏။

ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဤသို့သဘောရှိသော ဝိပဿနာဘာဝနာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှုမျိုးသည် ငါ၏သန္တာန်ဝယ် ရှေး ယခင်က မဖြစ်ခဲ့စဖူးပေ။ မချွတ်ဧကန်အားဖြင့် ငါသည် မဂ်သို့ဆိုက်လေပြီ ဖိုလ်သို့ ဆိုက်လေပြီဟူသော စိတ်ဓာတ်မျိုးသည် ဖြစ်ပေါ်နေတတ်၏။ ဝိပဿနာဘာဝနာ၌ နှစ်ခြိုက်မွေ့လျော် အပျော်ကြီးပျော်နေမှုဟု ယောဂါဝစရ ပုဂ္ဂိုလ်က သဘောပေါက်နေတတ်၏။ နိကန္တိမှန်း မသိ ဖြစ်နေတတ်၏။ သို့သော် ထက်မြက်စူးရှသော ဝိပဿနာဉာဏ်ဖြင့် ယင်းနိကန္တိကို သိမ်းဆည်း ပါက ရရှိနိုင်သည်သာဖြစ်သည်။

ထိုနိကန္တိမှာ လောဘမူ သောမနဿဝေဒနာနှင့် ယှဉ်သော တရား ဖြစ်သဖြင့် လောဘဒိဋ္ဌိအုပ်စု လောဘမာနအုပ်စု ထိုက်သလို ဖြစ်နိုင်၏။ မာနသည် ကဒါစိ = ရံခါယှဉ်သည့် စေတသိက်ဖြစ်သဖြင့် မာနမပါဘဲသော် လည်း ရှိတတ်၏။ သောမနဿဝေဒနာနှင့် ယှဉ်နေသဖြင့် ပီတိကား ပါဝင် နေမည်သာ ဖြစ်သည်။

တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ ကျခဲ့ သော် မဟာဝိပါက်သောမနဿတဒါရုံနှင့် အဟိတ်သောမနဿသန္တီရဏ တဒါရုံ ထိုက်သလို ဖြစ်နိုင်၏။ ယင်းသိမ်မွေ့သော နိကန္တိပါဝင်သော မနော ဒွါရိကဇောဝီထိစိတ်အစဉ်ကို နာမ်ဃနအသီးအသီးပြိုအောင် ဉာဏ်ဖြင့်ဖြိုခွဲ ဖျက်ဆီးပြီးလျှင် နိကန္တိနှင့် တကွသော နာမ်တရားတို့ကို သိမ်းဆည်းလျက် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါ။

ဤနိကန္တိမှာ ဥပက္ကိလေသလည်း ဖြစ်၏။ ဤနိကန္တိကိုပင် အာရုံပြု၍ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ = ငါ့ဟာ, ငါ, ငါ၏ အတ္တ-ဟု စွဲယူပြန်ပါက တဏှာ မာန ဒိဋ္ဌိတည်းဟူသော ဥပက္ကိလေသတရားများ လည်း ထပ်ဖြစ်နိုင်သည့်အတွက် ဥပက္ကိလေသ၏တည်ရာ မှီ၍ဖြစ်ရာ ဥပက္ကိ လေသဝတ္ထုလည်း ဖြစ်ပြန်၏။ ထိုကြောင့် နိကန္တိသည် ဥပက္ကိလေသနှင့် ဥပက္ကိလေသဝတ္ထုဟူသော အမည်နှစ်မျိုးကို ရရှိပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၆၉-၂၇၄။ မဟာဋီ၊၂၊၄၂၇-၄၃၄- တို့မှ ကောက်နုတ်ဖော်ပြအပ်ပါသည်။)

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိပိုင်း = အထက်ပိုင်း ဝိပဿနာဉာဏ်

ဩဘာသမှသည် နိကန္တိသို့တိုင်အောင်သော တရားတို့ကိုလည်း ကောင်း, ရူပသတ္တက အရူပသတ္တက ရှုနည်းတို့၌ တင်ပြခဲ့သော ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်, ရှေးပိုင်းတွင် ရေးသားတင်ပြခဲ့သော အာယတနဒွါရအလိုက် သိမ်းဆည်းထားအပ်သော ရုပ်တရား နာမ်တရားတို့ကို လည်းကောင်း --

၁။ ရုပ်နာမ်နှစ်ပါးနည်း,
၂။ ခန္ဓာငါးပါးနည်း,
၃။ အာယတန တစ်ဆယ့်နှစ်ပါးနည်း,
၄။ ဓာတ် တစ်ဆယ့်ရှစ်ပါးနည်း ---

ဤသို့စသော နည်းတို့တွင် မိမိ နှစ်ခြိုက်ရာနည်းဖြင့် ယင်းပရမတ် တရားတို့၏ ဖြစ်မှုပျက်မှု ဥဒယဝယသဘောကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဉာဏ်အမြင် သန့်ရှင်းအောင် သိမ်းဆည်းလျက် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုဖို့ကား လိုအပ်သည်သာ ဖြစ်သည်။ သင်္ခါရတရားတို့၏ ခဏပစ္စုပ္ပန်၌ ဉာဏ်အမြင် သန့်ရှင်းအောင် ကြိုးစားပါ။ လက္ခဏာရေးသုံးတန်၌လည်း ဉာဏ်အမြင် သန့်ရှင်းသထက် သန့်ရှင်းအောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ကြိုးစားပါ။

အနုပဿနာ (၄) ပါး = သတိပဋ္ဌာန် (၄) ပါးသို့ သက်ဝင်ပုံ

၁။ ထိုသို့ ဝိပဿနာရှုရာ၌ ရုပ်သက်သက်ကို ပဓာနထား၍ ဦးစားပေး၍ ဝိပဿနာရှုပြီးမှ နာမ်ကိုလည်း ဆက်လက်၍ ဝိပဿနာ ရှုခဲ့သော် ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားနေသည် မည်၏။

၂။ တစ်ဖန် နာမ်တရားတို့ကို ဝိပဿနာ ရှုရာ၌ ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်း စသည်တို့တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ဝေဒနာနုဿနာစသည့် သတိပဋ္ဌာန်သုံးမျိုးတို့ကို ပွားများအားထုတ်တော့မည့် ယောဂါဝရပုဂ္ဂိုလ်သည် - သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ (မ၊ဋ္ဌ၊၁၊၂၈၀၊၊) = အကျဉ်းနည်းအားဖြင့်သော်လည်းကောင်း, အကျယ်နည်းအားဖြင့်သော် လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းထားပြီး ဖြစ်ရမည် -- ဟူသော စည်းကမ်းသတ်မှတ်ချက်နှင့် အညီ ဝေဒနာဦးဆောင်သည့် နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို ပူးတွဲသိမ်းဆည်းရ၏။ ထိုသို့ သိမ်းဆည်းပြီး ပါမှ ဝေဒနာကို ဦးစားပေး သိမ်းဆည်းလျက် နာမ်တရားတို့ကို ဝိပဿနာ ရှုခဲ့သော် ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို ပွားနေသည်မည်၏။ ရှုကွက်မှာ-

(က) ဝတ္ထု
( ခ ) အာရုံ
( ဂ ) ဝေဒနာ (= ဝေဒနာဦးဆောင်သည့် နာမ်တရားအားလုံး) ဖြစ်သည်။

(က) ဝတ္ထု --- ဖြစ်ပျက် --- အနိစ္စ,
( ခ ) အာရုံ --- ဖြစ်ပျက် --- အနိစ္စ,
( ဂ ) ဝေဒနာ --- ဖြစ်ပျက် --- အနိစ္စ --

ဤသို့ စသည်ဖြင့် အာယတနဒွါရအလိုက် သိမ်းဆည်းထားသော ဝီထိ စိတ္တက္ခဏတိုင်း၌လည်းကောင်း, စွမ်းနိုင်သမျှ ဘဝင် စိတ္တက္ခဏတို့၌ လည်းကောင်း (၃)ချက်စီရှုရန် ဖြစ်သည်။ ထိုသို့ ရှုရာ၌ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် တင်ပြခဲ့သည့်အတိုင်း အတန်းလုံးပေါက် (= ပဉ္စဒွါရာဝဇ္ဇန်း မှသည် မနောဒွါရဝီထိတဒါရုံသို့တိုင်အောင်)တိုးလျှိုပေါက် ---- စိတ္တက္ခဏ တိုင်း၏ ----

(က) မှီရာဝတ္ထုရုပ်သက်သက်ကိုလည်းကောင်း,
( ခ ) အာရုံရုပ်သက်သက်ကိုလည်းကောင်း,
( ဂ ) ဝေဒနာ (ဦးဆောင်သည့် နာမ်တရား)သက်သက်ကိုလည်းကောင်း-

ဖြစ်ပျက်ကို မြင်အောင်ကြည့်၍ အနိစ္စဟု ရှုပါ။ ဒုက္ခ အနတ္တ လက္ခဏာယာဉ်တင်၍လည်း နည်းတူရှုပါ။ ကာလသုံးပါး သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ ဉာဏ်ရှိသလို ချဲ့ထွင်၍ ရှုလေ။

၃။ တစ်ဖန် နာမ်ကမ္မဋ္ဌာန်းသိမ်းဆည်းနည်း သုံးနည်းတို့တွင် အသိစိတ် ဝိညာဏ်ကို ဦးစားပေးကာ နာမ်တရားတို့ကို သိမ်းဆည်းပြီးလျှင် ဝိပဿနာ ရှုခဲ့သော် စိတ္တာနုပဿနာသတိပဋ္ဌာန်ကို ပွားနေသည် မည်၏။ ရှုကွက်မှာ-

(က) ဝတ္ထု
( ခ ) အာရုံ
( ဂ ) ဝိညာဏ် -- ဖြစ်သည် (= အသိစိတ် ဝိညာဏ်ဦးဆောင်သည့် နာမ် တရားအားလုံးကို သိမ်းဆည်းလျက် ဝိပဿနာရှုရန် ဖြစ်သည်။)

၄။ တစ်ဖန် နာမ်တရားတို့ကို ဝိပဿနာရှုရာ၌ ဖဿ (စေတနာ)ကို ဦးစားပေးလျက် နာမ်တရားတို့ကို သိမ်းဆည်းပြီးလျှင် ဝိပဿနာ ရှုပွားခဲ့ သော် ဓမ္မာနုပဿနာသတိပဋ္ဌာန်ကို ပွားများနေသည် မည်၏။ ရှုကွက်မှာ-

(က) ဝတ္ထု
( ခ ) အာရုံ
( ဂ ) ဖဿ - ဖြစ်သည်။ (ဖဿဦးဆောင်သည့် နာမ်တရားအားလုံး ဖြစ် သည်။)

ဤတရားတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။

တစ်နည်း --- ရုပ်တရား နာမ်တရားတို့ကို ရုပ်နာမ်နှစ်ပါးနည်းဖြင့် နှစ်ပုံ ပုံ၍ ဝိပဿနာ ရှုရာဝယ်, ရုပ်တရားကို ဝိပဿနာ ရှုပြီးနောက် နာမ်တရားကို ဝိပဿနာ ရှုသောအခါ ဝေဒနာကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုသော် ဝေဒနာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။ အသိစိတ် = ဝိညာဏ်ကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုသော် စိတ္တာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။ ဖဿကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုသော် ဓမ္မာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။ တဖန် -

၁။ ရုပ်-နာမ်တို့ကို (၅)ပုံ ပုံ၍ ခန္ဓာငါးပါးနည်းဖြင့်,
၂။ ရုပ်-နာမ်တို့ကို (၁၂)ပုံ ပုံ၍ အာယတန (၁၂)ပါးနည်းဖြင့်,
၃။ ရုပ်-နာမ်တို့ကို (၁၈)ပုံ ပုံ၍ ဓာတ်(၁၈)ပါးနည်းဖြင့်,
၄။ ရုပ်-နာမ်တို့ကို အင်္ဂါ (၁၂)ရပ်ပုံ၍ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့်,
၅။ နီဝရဏ (၅)ပါးနည်းဖြင့်,
၆။ ဗောဇ္ဈင် (၇)ပါးနည်းဖြင့်,
၇။ ဒုက္ခသစ္စာ သမုဒယသစ္စာဟု (၂)ပုံ ပုံ၍ သစ္စာဒေသနာနည်းဖြင့် --

ဤသို့ စသည့် နည်းတို့ဖြင့် ဝိပဿနာရှုလျှင်လည်း ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကိုပင် ပွားနေသည် မည်ပေသည်။

ဣရိယာပထနှင့် သမ္ပဇညပိုင်း ရှုကွက်

သွား ရပ် ထိုင် လျောင်း -- တည်းဟူသော ဣရိယာပထပိုင်းနှင့် ေ့ရှသို့တက်ခြင်း နောက်သို့ဆုတ်ခြင်း ကွေးခြင်း ဆန့်ခြင်း စသော ထိုထို သမ္ပဇညအခိုက်တို့၌ ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်း ပုံကို ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်း စသည်တို့တွင် ရေးသားတင်ပြခဲ့ပြီးလေပြီ။ ယင်းခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကိုပင် တစ်ဖန်ပြန်၍ သိမ်းဆည်း လျက် --

၁။ ရုပ်နာမ်နှစ်ပါးနည်းဖြင့် (၂)ပုံ ပုံ၍လည်းကောင်း,
၂။ ခန္ဓာငါးပါးနည်းဖြင့် (၅)ပုံ ပုံ၍လည်းကောင်း,
၃။ အာယတန (၁၂)ပါးနည်းဖြင့် (၁၂)ပုံ ပုံ၍လည်းကောင်း,
၄။ ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍လည်းကောင်း,
၅။ အင်္ဂါ (၁၂)ရပ်ပုံ၍ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့်လည်းကောင်း ---

ဤသို့ စသော နည်းတို့ဖြင့် ဝိပဿနာ ရှုပါ။ အကယ်၍ ရုပ်နာမ် (၂)ပါးနည်းဖြင့် ဝိပဿနာရှုလိုက --

၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ နာမ်သက်သက်ကိုလည်းကောင်း,
၃။ ရုပ်နှင့် နာမ်ကို ပူးတွဲ၍လည်းကောင်း ---

လက္ခဏာယာဉ် သုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ ကာလ သုံးပါး, သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ သွားခြင်းစသော ထိုထို ဣရိယာပထအခိုက် ထိုထို သမ္ပဇညအခိုက်တို့၌ တည်ရှိကြသော ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးလုံး၌ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ယင်းရုပ်နာမ် တို့၏ ဖြစ်ပျက်ကိုမြင်ခဲ့သော် လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုနိုင်ခဲ့သော် ပဋိစ္စသမုပ္ပါဒ်ပထမနည်းဖြင့်လည်း ဆက်လက်၍ ဝိပဿနာရှုကြည့်ပါ။

၁။ အဝိဇ္ဇာ စသော အကြောင်းတရား ဖြစ်ခြင်းကြောင့် သင်္ခါရ စသော အကျိုးတရား ဖြစ်ပုံကိုလည်းကောင်း,
၂။ အဝိဇ္ဇာ စသော အကြောင်းတရား ချုပ်ခြင်းကြောင့် သင်္ခါရ စသော အကျိုးတရား ချုပ်ပုံကိုလည်းကောင်း,
၃။ အဝိဇ္ဇာစသော အကြောင်းတရား ဖြစ်ခြင်းကြောင့် သင်္ခါရစသော အကျိုးတရားဖြစ်ပုံ, အဝိဇ္ဇာစသော အကြောင်းတရား ချုပ်ခြင်းကြောင့် သင်္ခါရ စသော အကျိုးတရား ချုပ်ပုံကိုလည်းကောင်း, ယင်း အကြောင်းတရား အကျိုး တရား နှစ်မျိုးလုံးတို့၏ ဖြစ်ပျက်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍လည်းကောင်း အသီးအသီး ဝိပဿနာ ရှုပါ။ ကာလသုံးပါး သန္တာန်နှစ်ပါးလုံး၌ ရှုပါ။

ဤသို့ အဝါးဝစွာ ရှုပြီးသောအခါ ရံခါ ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရား တို့၏ အသုဘသဘောကိုလည်း ရှုပေးပါ။ လက္ခဏာရေးသုံးတန် အကွက် စေ့အောင် ရှုပြီးသောအခါ ကြိုက်ရာ လက္ခဏာတစ်ပါးပါးကို ဦးစားပေး၍ ရှုနိုင်သည်။ ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်း --- စသည်တို့တွင်လည်း ကြိုက်နှစ်သက်ရာနည်းကို ဦးစားပေး၍ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါလေ။

ဥဒယဗ္ဗယဉာဏ်ခန်း ပြီး၏။

__________

ဘင်္ဂဉာဏ်ခန်း

ဘင်္ဂဉာဏ်သို့

ဤသို့လျှင် ဣရိယာပုထ်လေးပါးလုံး၌ သင်္ခါရတရားတို့ကို တွင်တွင် ကြီးဝိပဿနာ ရှုနေသဖြင့် ရှေးရှေး ဘာဝနာဉာဏ်နှင့် နောက်နောက် ဘာဝနာဉာဏ်တို့သည် ဆက်စပ်မိနေကြရကား ဝိပဿနာဉာဏ်သည်လည်း အလွန်အားကောင်းလာ၏ အရှိန်ကောင်းလာ၏ ထက်မြက်လာ၏ စူးရှလာ ၏ ရဲရင့်လာ၏ သန့်ရှင်းသထက် သန့်ရှင်းလာ၏။ ထိုသို့ ဝိပဿနာဉာဏ် သည် ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းလာခဲ့သော် -- ယင်း သင်္ခါရတရားတို့၏ အဖြစ်ကို နှလုံးမသွင်းတော့ဘဲ အပျက်ကိုသာ တစ်ဘက်သတ် နှလုံးသွင်း ခဲ့သော် ---

ဉာဏေ တိက္ခေ ဝဟန္တေ သင်္ခါရေသု လဟုံ ဥပဋ္ဌဟန္တေသု ဥပ္ပါဒံ ဝါ ဌိတိံ ဝါ ပဝတ္တံ ဝါ နိမိတ္တံ ဝါ န သမ္ပာပုဏာတိ။ ခယဝယဘေဒနိရောဓေယေဝ သတိ သန္တိဋ္ဌတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၇။)

န သမ္ပာပုဏာတိ အဂ္ဂဟဏတော။ (မဟာဋီ၊၂၊၄၃၉။)

၁။ ဥပ္ပါဒ = သင်္ခါရတို့၏ ဖြစ်မှုအခြင်းအရာ ဥပါဒ်ကိုလည်းကောင်း,
၂။ ဌိတိ = သင်္ခါရတို့၏ တည်မှုအခြင်းအရာ ဌီကိုလည်းကောင်း,
၃။ နိမိတ္တ = ရုပ်ကလာပ်ကဲ့သို့သော သင်္ခါရနိမိတ်ကိုလည်းကောင်း,
၄။ ပဝတ္တ = ဥပါဒိန္နကပဝတ္တ = အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ ဥပါဒိန္နကပဝတ္တကိုလည်းကောင်း ---

နှလုံးမသွင်းခြင်းကြောင့် ဝိပဿနာဉာဏ်သည် မသက်ရောက်တော့ ပေ။ ရှေးရှေးသော ဝိပဿနာဘာဝနာဉာဏ်တို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက် ခံလာခဲ့ရသော နောက်နောက်သော ဝိပဿနာဉာဏ်တို့နှင့် ယှဉ်တွဲလျက် ရှိသော သတိသည် သင်္ခါရတရားတို့၏ ကုန်မှု ပျက်မှု ပြိုမှု ချုပ်မှု သဘော၌ သာလျှင် ကောင်းစွာတည်နေပေ၏။ (သတိကို ဦးတည်၍ ဉာဏ်ကို ဖွင့်ဆို ခြင်းဖြစ်သည်။) ထိုအခါ --

၁။ အနိစ္စံ ခယဋ္ဌေန = သင်္ခါရတရားတို့၏ ကုန်မှု ပျက်မှု ပြိုမှု ချုပ်မှု သဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စ အနိစ္စ ဟု ရှုပါ။
၂။ ဒုက္ခံ ဘယဋ္ဌေန = သင်္ခါရတရားတို့၏ ကုန်ကုန်ပျက်ပျက် ပြိုပြို ချုပ်ချုပ် ပျောက်ပျောက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် အနက် သဘောကို အာရုံယူ၍ ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ ဒုက္ခ ဒုက္ခဟု ရှုပါ။
၃။ အနတ္တာ အသာရကဋ္ဌေန = သင်္ခါရတရားတို့၌ ခိုင်မာသည့် အနှစ်သာရ အတ္တမရှိမှုသဘောကို အာရုံယူ၍ ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ အနတ္တ အနတ္တဟု ရှုပါ။
၄။ ရံခါ အသုဘသဘောကိုလည်း ရှုပါ။

သတိပြုရန်

ထိုသို့ သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူ၍ လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုရာ၌ သင်္ခါရတရားတို့၏ ပျက်မှုသဘောကား မြန်ချင်သလောက် မြန်ပါစေ၊ အနိစ္စဟု (သို့မဟုတ် --- ဒုက္ခဟု, သို့မဟုတ်-အနတ္တဟု) လက္ခဏာရေးတင်၍ ဝိပဿနာရှုမှုမှာ ခပ်ဖြည်းဖြည်းသာ ရှုပါ။ ဝီထိပေါင်းများစွာ၏ သို့မဟုတ် စိတ္တက္ခဏပေါင်းများစွာ၏ သို့မဟုတ် ခဏ ပေါင်းများစွာသော ရုပ်တရား၏ ပျက်မှုသဘောကို မြင်ချင် မြင်နေပါစေ၊ မြင်နိုင်သမျှ စိတ္တက္ခဏတိုင်း ရုပ်ခဏတိုင်း၏ ပျက်မှုတိုင်းကို အနိစ္စဟု လက္ခဏာယာဉ်တင်၍ အမှီလိုက်ရှုရန် မဟုတ်ပါ။ စိတ္တက္ခဏပေါင်းများစွာ ရုပ် ခဏပေါင်းများစွာ၏ ပျက်မှုကို အာရုံယူ၍ အနိစ္စ အနိစ္စဟု --- ဤသို့ စသည်ဖြင့် ခပ်ဖြည်းဖြည်းသာ လက္ခဏာယာဉ်တင်၍ရှုပါ။ ဒုက္ခ အနတ္တတို့၌ လည်း နည်းတူမှတ်ပါ။ ဆိုလိုသည်မှာ သင်္ခါရတရားတို့၏ အပျက်ကိုကား လျင်လျင်မြန်မြန် မြင်အောင် ရှုပါ၊ လက္ခဏာတင်၍ ရှုခြင်းကိုသာ ခပ်ဖြည်းဖြည်း ခပ်အေးအေး တင်ရှုပါ၊ ကာလသုံးပါး သန္တာန်နှစ်ပါးလုံးတို့၌ ရုပ်နာမ် နှစ်ပါးနည်း ခန္ဓာငါးပါးနည်း စသည်တို့ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။

ရုပ်ကလာပ်များ ပျောက်ပြီ

နိမိတ္တန္တိ သင်္ခါရနိမိတ္တံ၊ ယံ သင်္ခါရာနံ သမူဟာဒိဃနဝသေန, သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာနံ၊ တံ သင်္ခါရနိမိတ္တံ။ (မဟာဋီ၊၂၊၄၃၉။)

ယောဂါဝစရပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်း နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း မှ စ၍ ရုပ်တရား နာမ်တရားတို့ကို ရုပ်ဃန နာမ်ဃန = ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ဝိပဿနာ ရှုပွားလာ ရာ ယခုအခါ ဘင်္ဂဉာဏ်ခန်းသို့ ရောက်ရှိပြီဖြစ်၏။ ဘင်္ဂဉာဏ်သို့ မရောက်မီ အခန်း အသီးအသီး၌ကား ---

၁။ ဥပ္ပါဒ --- အကြောင်း ရုပ်နာမ်သင်္ခါရ, အကျိုး ရုပ်နာမ်သင်္ခါရဟူသော သင်္ခါရတရားတို့၏ ဖြစ်မှု ဥပါဒ်သဘောကိုလည်း တွေ့မြင်နေရသေး၏။
၂။ ဌိတိ --- ထို သင်္ခါရတရားတို့၏ အခိုက်အတန့်အားဖြင့် တည်မှု ဌီ သဘော = ဇရာသဘောကိုလည်း တွေ့မြင်နေရသေး၏။
၃။ ပဝတ္တ --- ဥပါဒိန္နကပဝတ္တ (မဟာဋီ၊၂၊၄၃၉။) ဘဝပဝတ္တိ (မဟာဋီ၊၂၊၄၄၇၊၊) ဟူသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားတို့၏ ထင်ရှားဖြစ်ခြင်းဟူသော ဘဝ၏ ဖြစ်ခြင်းသဘော တရားများကိုလည်း တွေ့မြင်နေရသေး၏။
၄။ နိမိတ္တ --- ရုပ်ဃန နာမ်ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများ ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွား နေသော်လည်း ရံခါ မရှုလိုက်မိ မရှုလိုက်နိုင်သော ရုပ်ကလာပ် နာမ်ကလာပ် အချို့လည်း ရှိနေတတ်သေး၏။ ရုပ်ကလာပ် နာမ်ကလာပ်တို့၏ အလွန့် အလွန် များပြားမှု လျင်လျင်မြန်မြန် ဖြစ်ပေါ်မှုများကြောင့်ဖြစ်၏။ မရှုလိုက်မိ မရှုလိုက်နိုင်သော ရုပ်ကလာပ် နာမ်ကလာပ်များ၌ သမူဟဃန ကိစ္စဃန စသည့် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော အတုံးအခဲဃနများ မပြိုသဖြင့် ရုပ်ကလာပ် နာမ်ကလာပ်အတိုင်း = အသေးဆုံး အတုံးလိုက် အခဲလိုက်အတိုင်း တွေ့နေရတတ်သေး၏။ နိမိတ္တကို တွေ့ခြင်းတည်း။ သင်္ခါရတို့၏ တည်ရာ အမှတ်နိမိတ်များတည်း။

သို့သော် ဤ ဘင်္ဂဉာဏ်ခန်းသို့ ဆိုက်ရောက်လာသောအခါ၌ကား ဝိပဿနာဉာဏ်က အလွန် ထက်မြက်စူးရှသန့်ရှင်းလာသောကြောင့် သင်္ခါရ တရားတို့သည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ အလွန်လျင်လျင်မြန်မြန် ထင်လာလတ်ကုန်သော် ---

၁။ ဥပ္ပါဒ --- သင်္ခါရတရားတို့၏ ဖြစ်မှုဥပါဒ်သဘောကိုလည်း ဉာဏ်ဖြင့် မှီအောင် မလိုက်နိုင် ရှိနေ၏။
၂။ ဌိတိ --- သင်္ခါရတရားတို့၏ တည်မှုဌီသဘော = ဇရာသဘောကိုလည်း ဉာဏ်ဖြင့်မှီအောင် မလိုက်နိုင် ရှိနေ၏။
၃။ ပဝတ္တ --- အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်း တရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာစသော အကျိုးဝိပါက်ခန္ဓာငါးပါးတို့၏ ထင်ရှား ဖြစ်ပေါ်လာခြင်း ဟူသော ဘဝပဝတ္တိ = ဘဝ၏ ဖြစ်ခြင်းသဘောကိုလည်း ဉာဏ်ဖြင့်မှီအောင် မလိုက်နိုင် ရှိနေ၏။ အဘယ်ကြောင့်နည်းဟူမူ ---

န သမ္ပာပုဏာတိ အဂ္ဂဟဏတော (မဟာဋီ၊၂၊၄၃၉။) ယောဂါဝစရ ပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်က ဖြစ်မှုဥပါဒ်ကို အာရုံမယူတော့ဘဲ ပျက်မှု ဘင် သက်သက်ကိုသာ အာရုံယူနေသောကြောင့် ယင်းသင်္ခါရတရားတို့၏ အဖြစ် ကို မမြင်တော့ဘဲ အပျက်ကိုသာ မြင်နေရကား အကြောင်းသင်္ခါရတရား အကျိုးသင်္ခါရတရားတို့၏ ဖြစ်မှု ဥပါဒ်သဘော, တည်မှု ဌီသဘောသို့ပင် ဉာဏ်သည် မသက်ဝင်နိုင်တော့ဘဲ ယင်း အကြောင်းအကျိုး သင်္ခါရတရား တို့၏ ခဏမစဲ တသဲသဲ ကုန်ကုန်ပျက်ပျက် ပြိုပြိုပျောက်ပျောက်နေသော ခဏိကနိရောဓခေါ် ချုပ်ပျက်မှုသဘော၌သာ ဉာဏ်သည် သက်ဝင်၍ ကောင်းစွာ တည်နေသောကြောင့် ဖြစ်သည်။ အဖြစ်ကို အာရုံမယူခြင်းကြောင့် အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်း အကျိုးတရားတို့၏ ထင်ရှားဖြစ် ခြင်းဟူသော ဥပါဒ်သဘောသို့ပင် ဝိပဿနာဉာဏ်သည် မသက်ဝင်နုိင် ဖြစ်နေ သဖြင့် အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှား ဖြစ်ခြင်းဟူသော --- ဥပါဒိန္နကပဝတ္တသဘော = ပစ္စယတော ဥဒယဒဿန သဘောသို့လည်း ဝိပဿနာဉာဏ်သည် မသက်ဝင်နိုင်တော့ပေ။

၄။ နိမိတ္တ --- တစ်ဖန် ဤဘင်္ဂဉာဏ်ခန်း၌ ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်က အလွန် ထက်မြက်စူးရှလာသောကြောင့် သမူဟဃန ကိစ္စဃနများ မပြိုသေးသော ရုပ်တုံးရုပ်ခဲများကိုလည်း မတွေ့မြင်ရတော့ပေ။ အကြောင်းမူ သဝိဂ္ဂဟဟူသော အထည်ကိုယ်သဏ္ဌာန်ဒြပ် ရှိသကဲ့သို့သော အသေးဆုံး အတုံးအခဲဖြစ်သည့် ရုပ်ကလာပ်အမှုန့်များကိုလည်းကောင်း, နာမ်ကလာပ်များကိုလည်းကောင်း သင်္ခါရတရားဟုသိကြောင်း အမှတ်အသားများဖြစ်ခြင်းကြောင့် သင်္ခါရနိမိတ်ဟု ခေါ်သည်။ ယင်းသင်္ခါရနိမိတ် များကိုလည်း ဝိပဿနာဉာဏ်က မတွေ့မြင်တော့ပေ။ ဘင်္ဂါနုပဿနာဉာဏ်က ကုန်ကုန် ပျက်ပျက် ပြိုပြိုပျောက်ပျောက် ချုပ်ချုပ်နေသည့် ခဏိက နိရောဓသို့ ဆိုက်ရောက်သော ရုပ်သဘောတရားသက်သက် နာမ်သဘော တရားသက်သက်ကိုသာ တွေ့မြင်နေသောကြောင့် ဖြစ်သည်။ ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အတုံးအခဲများကို ဝိပဿနာဉာဏ်ဖြင့် မတွေ့မြင်ရသော်လည်း ရုပ်ပရမတ်သဘောတရား နာမ်ပရမတ်သဘောတရားတို့ကား ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးယခင်ဉာဏ်ခန်းများနှင့် မတူဘဲ ဤဘင်္ဂဉာဏ် ခန်းတွင် သန့်သန့်ရှင်းရှင်းနှင့် အလွန့်အလွန်ပင် ထင်ထင်ရှားရှား တွေ့မြင် နေတတ်ပေသည်။ ပရမတ်နယ်သက်သက်သို့ ခြေစုံပစ်၍ ဝင်ရောက်လာ ခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် ဤ အဆင့်သို့တိုင်အောင် ရောက်ရှိလာသော သင်္ခါရ တရားတို့၏ အလွန့်အလွန် လျင်လျင်မြန်မြန် ပြိုပြိုပျက်ပျက်နေမှုသဘော ကို တွေ့မြင်နေသော အသင်သူတော်ကောင်းသည် ကာလသုံးပါး သန္တာန် နှစ်ပါးအတွင်း၌ တည်ရှိသော --

၁။ ရုပ်တရားသက်သက်ကိုလည်းကောင်း,
၂။ နာမ်တရားသက်သက်ကိုလည်းကောင်း,
၃။ ရုပ်နှင့် နာမ် တွဲ၍လည်းကောင်း ---

လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ အလားတူပင် ခန္ဓာငါးပါးနည်းဖြင့်လည်း အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်း ခန္ဓာတစ်ပါး တစ်ပါးစီခွဲ၍ လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပါ။

[မှတ်ချက် --- သင်္ခါရတရားတို့သည် ဤဘင်္ဂဉာဏ်ခန်းသို့ ရောက်ရှိ ပါမှ အလွန်လျင်လျင်မြန်မြန် ဖြစ်ပေါ်နေသည်ဟု ဆိုလိုရင်း မဟုတ် သည်ကိုကား သတိပြုပါ။ သင်္ခါရတို့၏ ဓမ္မတာကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် အတွင်းမှာပင် အကြိမ်ပေါင်း ကုဋေ ပေါင်းများစွာ ဖြစ်နိုင် ပျက်နိုင်သော ဓမ္မတာသဘော ရှိ၏။ ယင်းသင်္ခါရ တရားတို့၏ မူလပုံစံမှန်သဘာဝကို ဝိပဿနာဉာဏ်များ မထက်မြက် မစူးရှခင်က မသိမမြင်ရသေး။ ယခု ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်ရှိပါမှ ဝိပဿနာဉာဏ်များသည် ထက်မြက်စူးရှလာသဖြင့် သင်္ခါရတို့၏ အလွန့် အလွန် လျင်လျင်မြန်မြန် ပြိုပြိုပျက်ပျက်နေမှုကို ဝိပဿနာဉာဏ်ဖြင့် သိမြင်ရခြင်း ဖြစ်သည်ဟုသာ ဆိုလိုရင်းဖြစ်သည်။ တစ်ဖန် ယင်းသင်္ခါရ တို့၏ ဥပ္ပါဒ-ဌိတိ-ပဝတ္တ-နိမိတ္တတို့ကို ယောဂါဝစရပုဂ္ဂိုလ်က နှလုံးမ သွင်းခြင်းကြောင့်သာ ဉာဏ်ဖြင့်လိုက်၍ မမှီနိုင်ခြင်းဖြစ်၏။ ဤစကား အရ --- နှလုံးသွင်းပါက မှီနိုင်သေးသည်ဟုလည်း မှတ်သားပါလေ။ ဘုရားရှင်သော်မှလည်း ဘုရားဖြစ်တော်မူပြီးနောက် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ, သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ စသည်တို့ကို ရှုပွားသုံးသပ် တော်မူနိုင်ကြောင်းကို ဥဒါန်းပါဠိတော် (၇၇)၌ သင်္ဂါယနာမထေရ်မြတ် တို့က မှတ်တမ်းတင်ထားတော်မူကြသည်။]

ဝိပဿနာရှုနေသော ဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုခြင်း

= ပဋိဝိပဿနာ

ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)

ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် သင်္ခါရတရားတို့၏ အပျက် သက်သက်ကိုသာ ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်နေသောအခါ၌ ကာလ သုံးပါး, သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားဟူသော ဝိပဿနာဉာဏ်ဖြင့် ရှုရမည့် သိရ မည့် ဉာတ အမည်ရသည့် သင်္ခါရတရားတို့ကိုလည်းကောင်း, ယင်း ဉာတ တရားတို့ကို ဝိပဿနာရှုနေသော ဉာဏ အမည်ရသော ဝိပဿနာဉာဏ် ကိုလည်းကောင်း -- ဤဉာတ ဉာဏ အမည်ရသော တရား (၂)မျိုးလုံးကိုပင် ဝိပဿနာရှုရမည် ဖြစ်သည်။ ဉာဏ အမည်ရသော ဝိပဿနာရှုနေသော ဉာဏ်မှာလည်း မနောဒွါရိကဇောဝီထိစိတ်အစဉ်ပင် ဖြစ်၏။ တဒါရုံမှာ ကျ သော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ သို့သော် ဤအပိုင်း၌ နိဗ္ဗိဒါ ဉာဏ်ကဲ့သို့သော အားကောင်းသော ဗလဝဝိပဿနာဉာဏ်နှင့် ကပ်လျက် ရှိခြင်းကြောင့် တဒါရုံမကျသည်က များတတ်ပေသည်။

အသင်သူတော်ကောင်းသည် ယင်း မနောဒွါရိကဇောဝီထိစိတ်အစဉ် ဟူသော ရှုနေသော ဝိပဿနာဉာဏ်ကိုလည်း လက္ခဏာယာဉ်သုံးချက် တစ် လှည့်စီတင်၍ ဝိပဿနာရှုပါ။

ရှုကွက်ပုံစံအချို့

၁။ ရုပ်ရှု-ရုပ်-ပျက်-အနိစ္စ၊ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ၊
၂။ နာမ်ရှု-နာမ်-ပျက်-အနိစ္စ၊ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ၊

(ဒုက္ခ-အနတ္တ --- နည်းတူ ရှုပါ။)

ဤသို့ရှုရာ၌ ---

၁။ ရံခါ အဇ္ဈတ္တ, ၂။ ရံခါ ဗဟိဒ္ဓ, ထိုတွင်လည်း --
၃။ ရံခါ ရုပ်တရား, ၄။ ရံခါ နာမ်တရား,
၅။ ရံခါ အကြောင်းတရား ၆။ ရံခါ အကျိုးတရားတို့ကို --

လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ အတိတ် အနာဂတ်တို့၌လည်း နည်းတူပင် လှည့်လည်၍ ဝိပဿနာရှုပါ။ အလားတူပင် ခန္ဓာငါးပါးနည်းဖြင့်လည်း ငါးပုံ ပုံ၍ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာတို့ကိုလည်း ဝိပဿနာ ရှုပါ။ ဤအပိုင်းတွင် အနတ္တလက္ခဏသုတ္တန်၌ လာရှိသော ခန္ဓာငါးပါးရှုကွက်မှာ ယောဂီသူတော် ကောင်းတို့အဖို့ အလွန် အဖိုးတန်သော အလွန်လျှင် ဝိပဿနာဉာဏ်ကို ရင့်ကျက်စေသော ရှုကွက်ပင် ဖြစ်သည်။

အကြောင်းတရား အကျိုးတရားတို့ကို ဝိပဿနာရှုရာ၌ အကြောင်း တရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံဟူသော ဥပါဒိန္နကပဝတ္တသဘောကို ဤ ဘင်္ဂဉာဏ်ခန်းတွင် နှလုံးမသွင်း၍ မတွေ့မြင် သော်လည်း ယင်းဥပါဒိန္နကပဝတ္တသဘောကို ပစ္စယပရိဂ္ဂဟဉာဏ်ခန်း သမ္မသနဉာဏ်ခန်း ဥဒယဗ္ဗယဉာဏ်ခန်းတို့၌ ပုံစံမှန် ရှုခဲ့ပြီး ဝိပဿနာဉာဏ်ဖြင့် သိမြင်ပြီးဖြစ်ရကား ဤဘင်္ဂဉာဏ်ခန်းတွင်လည်း အဝိဇ္ဇာစသော အကြောင်း တရား သင်္ခါရ စသော အကျိုးတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် လှမ်း၍ အာရုံယူကြည့်ပါက အလွယ်တကူပင် သိရှိနေမည် မြင်နေမည်သာ ဖြစ်ပေ သည်။ ယင်းအကြောင်းတရား အကျိုးတရားတို့၏ ပျက်မှုသဘောကိုလည်း ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်နေမည်သာ ဖြစ်ပေသည်။

အပျက်မြင်မှုစွမ်းအင်

ဤ ဘင်္ဂါနုပဿနာဉာဏ်ကို အားသစ်စဖြစ်သော ဤ ဘင်္ဂါနုပဿနာ ဉာဏ်ပိုင်းသို့ ရောက်သစ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်သည် ဘင်္ဂါနုပဿနာဉာဏ် မရင့်ကျက်သေးမီ အချိန်ပိုင်း၌ ထိုင်လျှင် ထိုင်ချင်း ချက်ချင်း အမြဲတမ်း သင်္ခါရတို့၏ အပျက်သက်သက်ကိုသာ မြင်နေသည်ကား မဟုတ် ပါ။ ဘင်္ဂဉာဏ်သို့ မဆိုက်မီ ရှုခါစ အစပိုင်းတွင်ကား ဖြစ်မှုပျက်မှု နှစ်မျိုးလုံး ကိုပင် အတော်အသင့် တွေ့မြင်နေဦးမည်သာ ဖြစ်သည်။ ဝိပဿနာရှုရင်း ဉာဏ် ထက်မြက်စူးရှလာသောအခါ သင်္ခါရတို့၏ ဖြစ်မှုကို မမြင်တော့ဘဲ ပျက်မှုသက်သက်ကိုသာ တွေ့မြင်မည် ဖြစ်သည်။ ဘင်္ဂဉာဏ်၏ အထွတ် အထိပ်သို့ ရောက်ရှိသွားရာအခါ၌ကား သင်္ခါရတို့၏ အပျက်သက်သက်ကို အမြဲတမ်း ဉာဏ်ဖြင့် တွေ့မြင်နေမည် ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၄၁။)

တတော ပန ပုဗ္ဗဘာဂေ အနေကာကာရဝေါကာရာ အနုပဿနာ ဣစ္ဆိတဗ္ဗာဝ။ (မဟာဋီ၊၂၊၄၄၁။)

ဘင်္ဂဉာဏ် ရင့်ကျက်ရေးအတွက် ဘင်္ဂဉာဏ်၏ အထွတ်အထိပ်သို့ မရောက်မီ ရှေးပိုင်း၌ကား နည်းအမျိုးမျိုးဖြင့် ဝိပဿနာ ရှုပွားမှုကို အလိုရှိ အပ်သည်သာ ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၄၁။)

နှစ်ခြိုက်ရာကို ဦးစားပေး၍ ရှုနိုင်သည်

ဤ ဘင်္ဂဉာဏ်ခန်း၌ သင်္ခါရတရားတို့၏ အပျက်ကို ဝိပဿနာရှုရာ၌ ရုပ်တရားကို ဝိပဿနာရှု၍ ပိုကောင်းပါက ရုပ်တရားကို ဦးစားပေး ရှုနိုင် သည်။ နာမ်တရားကို ဝိပဿနာရှု၍ ပိုကောင်းပါကလည်း နာမ်တရားကို ဦးစားပေး၍ ဝိပဿနာရှုနိုင်သည်။ ဤသည်မှာလည်း ရှုကွက်စုံအောင် ကြိမ် ဖန်များစွာ ဝိပဿနာ ရှုပြီးသောအခါ၌သာ ရှုရန်ဖြစ်သည်။ တစ်ဖန် နာမ်တရားတို့တွင်လည်း အပျက် သိပ်အားကောင်းလာပါက ရှုကွက်လည်း စုံ သွားသောအခါ ကုသိုလ်ဇောဝီထိ အကောင်းအုပ်စု နာမ်တရားတို့ကိုသာ ဦးစားပေး၍ ဝိပဿနာရှုလိုက ရှုနိုင်သည်။ ထိုတွင်လည်း မနောဒွါရိက ကုသိုလ်ဇောဝီထိ နာမ်တရားများကို ဦးစားပေး၍ ရှုပါ။ ထိုတွင်လည်း အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ်ဖြစ်ပါက စျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိကြသော စျာန်နာမ်တရားတို့ကို ဦးစားပေး၍ ဝိပဿနာရှုပါ။ လက္ခဏာရေးသုံးတန်တွင်လည်း လက္ခဏာရေးသုံးတန်လုံး အကွက်စေ့အောင် ရှုပြီးပါက မိမိ ကြိုက်နှစ်သက်ရာ ပို၍ ရှုကောင်းရာ လက္ခဏာတစ်ပါးကို ဦးစားပေး၍ ရှုနိုင်သည်။ ဝတ္ထု+အာရုံ+ဝေဒနာ, ဝတ္ထု +အာရုံ+ဝိညာဏ်, ဝတ္ထု+အာရုံ+ဖဿ -- ဤရှုကွက်များကိုလည်း ရှုသည့် ဉာဏ်၏ ပျက်မှုကိုပါ ရောနှော၍ ဝိပဿနာရှုနိုင်သည်။ ရှုကွက်မှာ --

၁။ ဝတ္ထု-ရှု-ဝတ္ထု-ပျက်-အနိစ္စ။ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ ---
၂။ အာရုံ-ရှု-အာရုံ-ပျက်-အနိစ္စ။ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ ---
၃။ ဝေဒနာ-ရှု-ဝေဒနာ-ပျက်-အနိစ္စ။ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ

ဝတ္ထု+အာရုံ+ဝိညာဏ်, ဝတ္ထု+အာရုံ+ဖဿ - ဤရှုကွက်တို့ကိုလည်း ပုံစံတူပင် ဆက်ရှုပါ။ ဒုက္ခ-အနတ္တလက္ခဏာယာဉ် တင်၍လည်း နည်းတူ ရှုပါ။ ဒွါရ (၆)ပါးလုံး ကုန်အောင်ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ ကာလသုံးပါးလုံး၌ ရှုပါ။

ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့ကိုလည်း ထိုထို ဣရိယာပထ ထိုထို သမ္ပဇညအခိုက်တို့၌ တည်ရှိကြသော သင်္ခါရတရားတို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာ ရှုပါလေ။

ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အပျက်သက်သက်ကိုလည်း အာရုံယူ၍ လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပါ။ ထိုသို့ ရှုရာ၌ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ပုံ စသည့် ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို အာရုံ မယူတော့ဘဲ အပျက်သက်သက်ကိုသာ အာရုံယူ၍ ဝိပဿနာ ရှုပါ။ ကာလသုံးပါး သန္တာန် နှစ်ပါးလုံး၌ ရှုပါ။ ရံခါ ရှုသည့်ဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။ ပဋိဝိပဿနာတည်း။

ဤအပိုင်းမှ စ၍ အရိယမဂ်သို့ ဆိုက်ရောက်သည်တိုင်အောင်သော ဉာဏ်ပိုင်းတို့ကား အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုလည်းကောင်း, ရံခါ ရှုနေသော ဝိပဿနာဉာဏ်၏ အပျက်သက်သက်ကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ တွင်တွင် ကြီးသာ ဝိပဿနာရှုရမည့် ဉာဏ်ပိုင်းတို့သာ ဖြစ်ကြပေသည်။

ဤသို့ ရှုရာ၌ နာမ်တရားများစာရင်းတွင် စျာန်နာမ်တရားတို့လည်း ပါဝင်ကြ၏။ အထူးသဖြင့် အာနာပါန စျာန်လေးပါးတို့လည်း ပါဝင်ကြ၏။ ယင်း စျာန်လေးပါးတို့ကို ဘင်္ဂဉာဏ်သို့တိုင်အောင် တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်ပါက ဘုရားရှင် ဟောကြားထားတော်မူသည့် အာနာပါနစတုက္ကလေးခု တို့၌ လာရှိသော ရှုကွက်တို့လည်း အကျုံးဝင်သွားပြီ ဖြစ်ပေသည်။ သို့သော် ဉာဏ်နုသူများအတွက် ယင်းစတုက္ကလေးမျိုးတို့ကို အကျဉ်းချုပ်၍ ရေးသား တင်ပြပေအံ့။ ----

အာနာပါန-ပထမစတုက္က

၁။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ၊
ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။

၂။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ၊
ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။

၃။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊
သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၄။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊
ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၁၊၇၁။)

၁။ ရှည်စွာမူလည်း ဝင်သက်လေကို ရှူသွင်းသည်ရှိသော် ရှည်စွာ ဝင်သက်လေကို ရှူသွင်း၏ဟု ကွဲကွဲပြားပြား သိ၏။ ရှည်စွာမူလည်း ထွက်သက်လေကို ရှူထုတ်သည်ရှိသော် ရှည်စွာ ထွက်သက်လေကို ရှူထုတ်၏ဟု ကွဲကွဲပြားပြား သိ၏။

၂။ တိုစွာမူလည်း ဝင်သက်လေကို ရှူသွင်းသည်ရှိသော် တိုစွာ ဝင်သက်လေကို ရှူသွင်း၏ဟု ကွဲကွဲပြားပြား သိ၏။ တိုစွာမူလည်း ထွက်သက်လေကို ရှူထုတ်သည်ရှိသော် တိုစွာ ထွက်သက်လေကို ရှူထုတ်၏ဟု ကွဲကွဲပြားပြား သိ၏။ (မ၊၁၊ရဝ။)

၃။ ဝင်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ ထွက်သက် လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိသည် ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။

၄။ ရုန့်ရင်းသော ဝင်သက်လေဟု ခေါ်ဆိုအပ်သော ကာယသင်္ခါရတရား ကို ငြိမ်းစေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ ရုန့်ရင်း သော ထွက်သက်လေဟု ခေါ်ဆိုအပ်သော ကာယသင်္ခါရတရားကို ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ (မ၊၁၊၇၁။)

ဤ ပထမစတုက္ကတွင် --

၁။ ဒီဃ = အရှည် (= ဝင်လေ-ထွက်လေ၏ အရှည်။)

၂။ ရဿ = အတို (= ဝင်လေ-ထွက်လေ၏ အတို။)

၃။ သဗ္ဗကာယ = အကုန်လုံး (= ဝင်လေ-ထွက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံး။)

၄။ ပဿမ္ဘယ = ငြိမ်အောင် သိမ်မွေ့အောင် ငြိမ်းအောင် ကျင့်ခြင်း။

ဤ အာနာပါန ပထမစတုက္ကကျင့်စဉ်ကို သမထကမ္မဋ္ဌာန်းပိုင်းတွင် အာနာပါန ချုပ်ငြိမ်းသည့် စတုတ္ထစျာန်သို့ ဆိုက်သည်တိုင်အောင် အပြည့် အစုံ ရေးသားတင်ပြခဲ့ပြီးလေပြီ။ ယခုအခါ၌ ယင်းအာနာပါန ပထမစတုက္က ကျင့်စဉ်အတိုင်း စတုတ္ထစျာန်သို့တိုင်အောင် ကျင့်ပြီးသော သူတော်ကောင်း များအတွက် ဒုတိယစတုက္က စသည်တို့၌ လာရှိသော ရှုကွက်ကို အကျဉ်း ချုပ်၍ ဆက်လက်တင်ပြအပ်ပါသည်။

အသင်သူတော်ကောင်းသည် မိမိ ရရှိထားပြီးသော အာနာပါန စတုတ္ထစျာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသောအခါ ယင်းအာနာပါန စတုတ္ထစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ = တရား ထိုင်တိုင်း ထိုင်တိုင်း ယင်းစျာန်ကို ေ့ရှဦးစွာ ဝင်စား၍ ယင်းစျာန်မှ ထသော အခါ --

၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း,
၂။ အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း,
၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း,
၄။ နာမရူပဝဝတ္ထာန = ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း,
၅။ ပစ္စယပရိဂ္ဂဟ = ပစ္စုပ္ပန်ရုပ်နာမ်တို့၏ အကြောင်းတရားကို သိမ်း ဆည်းခြင်း,
၆။ အဒ္ဓါနပရိဂ္ဂဟ = အတိတ်အနာဂတ်ရုပ်နာမ်တို့၏ အကြောင်းတရားကို သိမ်းဆည်းခြင်း -- ဟူသော ---

ဤ လုပ်ငန်းခွင်များကို အဆင့်ဆင့် ပြုလုပ်၍ အကြောင်းတရားနှင့် တကွသော ရုပ်နာမ်တိုိ့ကို သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ်တို့ဖြင့် တွင်တွင်ကြီး ဝိပဿနာ ရှုပွားနိုင်သောအခါ အောက်ပါ ဒုတိယစတုက္က စသည်တို့၌လာရှိသော ရှုကွက်တို့ကို ဆက်လက်လေ့ကျင့်ပါ။


အာနာပါန-ဒုတိယစတုက္က

၁။ ပီတိပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊
ပီတိပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၂။ သုခပဋိသံဝေဒီ။ ပ ။

၃။ စိတ္တသင်္ခါရပဋိသံဝေဒီ။ ပ ။

၄။ ပဿမ္ဘယံ စိတ္တသင်္ခါရံ။ ပ ။ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)

၁။ ပီတိကို ထင်ထင်ရှားရှားသိလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့် ၏။ ပီတိကို ထင်ထင်ရှားရှားသိလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။

၂။ သုခကို ထင်ထင်ရှားရှားသိလျက်။ ပ ။

၃။ စိတ္တသင်္ခါရကို ထင်ထင်ရှားရှားသိလျက်။ ပ ။

၄။ စိတ္တသင်္ခါရကို ငြိမ်းစေလျက်။ ပ ။

၁။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပီတိနှင့်ယှဉ်သော ပထမ စျာန် ဒုတိယစျာန်တို့ကို ဝင်စား၏။ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ စျာန် သမာပတ်ကို ဝင်စားဆဲခဏဝယ် စျာန်ကို ရရှိနေသဖြင့် အာနာပါနပဋိဘာဂ နိမိတ်အာရုံကို ထင်ထင်ရှားရှား သိနေသောကြောင့် အာရုံကို အကြောင်း ပြု၍ ထိုယောဂါဝစရပုဂ္ဂိုလ်သည် စျာနပီတိကို ထင်ထင်ရှားရှား သိနေ၏။ ယင်းသို့ စျာနပီတိကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေခဲ့သော် အာရုံသဘောအားဖြင့် ပီတိကို ထင်ထင်ရှားရှားသိနေသည် မည်၏။ ယင်းသို့ ပီတိကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေပါ။ (သမထပိုင်းတည်း။) (ဝိသုဒ္ဓိ၊၁၊၂၇၉။)

ပရမတ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် သဘာဝမှန်အတိုင်း ထိုး ထွင်းသိတတ်သောဉာဏ်သည် အသမ္မောဟ မည်၏။ ယောဂါဝစရပုဂ္ဂိုလ် သည် ယင်းအာနာပါနပထမစျာန်ကို ဝင်စား၍ ယင်းစျာန်မှ ထ၍ ယင်း စျာန်နှင့်ယှဉ်သော ပီတိကို တစ်နည်း -- ပီတိကို အဦးမူသဖြင့် စျာန်နာမ် တရားအားလုံးကို ယင်းတို့၏ ပြိုပြိုပျက်ပျက် ကုန်ကုန်ပျောက်ပျောက်သွား သည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ အလားတူပင် ဒုတိယစျာန်ကို ဝင်စား၍ ယင်းစျာန်မှ ထ၍ ယင်းဒုတိယစျာန်နှင့်ယှဉ်သော ပီတိကို တစ်နည်း ---- ပီတိကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို ယင်းတို့၏ ကုန်ကုန်ပျက်ပျက် ပြိုပြိုပျောက်ပျောက်သွားသည့်သဘောကို ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာရှုပွား သုံးသပ်၏။ ထို ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်အခိုက်၌ ယင်း ပီတိ၏, တစ်နည်း -- ပီတိနှင့် တကွသော စျာန်နာမ်တရားစုတို့၏ သဘာဝ လက္ခဏာ သာမညလက္ခဏာကို ထိုးထွင်းသိမြင်သဖြင့် အသမ္မောဟ သဘောအားဖြင့် = မတွေမဝေသော သဘောအားဖြင့် ပီတိကို ထင်ထင် ရှားရှား သိအပ်သည်မည်၏။ ယင်းသို့ ထင်ထင်ရှားရှားသိလျက် အသက်ရှူ နေပါ။ (ဝိပဿနာပိုင်းတည်း။) (ဝိသုဒ္ဓိ၊၁၊၂၇၉။)

၂။ သမထပိုင်း၌ ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့ကို အစဉ် အတိုင်း အသီးအသီး ဝင်စား၍ အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ ယင်းစျာန်နှင့် ယှဉ်သော သုခကို, တစ်နည်း -- သုခကို အဦးမူသဖြင့် စျာန် နာမ်တရားစုတို့ကို ယင်းတို့၏ အပျက်ကို အာရုံယူ၍ အသီးအသီး အစဉ် အတိုင်း ဝိပဿနာရှုလျက် အသက်ရှူနေခဲ့သော် သုခကို ထင်ထင်ရှားရှား သိလျက် အသက်ရှူနေသည် မည်၏။ ထိုကဲ့သို့ သုခကို ထင်ထင်ရှားရှား သိလျက် အသက်ရှူနေပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)

၃။ သမထပိုင်း၌ အာနာပါနစျာန်လေးပါးလုံးကို အသီးအသီး အစဉ် အတိုင်း ဝင်စားလျက် အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ စိတ္တသင်္ခါရ အမည်ရသောဝေဒနာ သညာ တရားနှစ်ပါးကို, တစ်နည်း --- သညာနှင့် ယှဉ်သော ဝေဒနာကို တစ်နည်း --- ဝေဒနာကို အဦးမူသဖြင့် စျာန်နာမ်တရား အားလုံးကို ယင်းတို့၏အပျက်ကို အာရုံယူ၍ ဝိပဿနာရှုလျက် အသက်ရှူ နေခဲ့သော် စိတ္တသင်္ခါရတရားကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေသည် မည်၏။ ယင်းသို့ စိတ္တသင်္ခါရတရားကို ထင်ထင်ရှားရှား သိလျက် အသက်ရှူနေပါ။ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)

၄။ သမထပိုင်း၌ အာနာပါနစျာန်လေးပါးတို့ကို အစဉ်အတိုင်း အသီး အသီး တစ်ခုပြီးတစ်ခု ဝင်စားလျက် အသက်ရှူနေခဲ့သော် ရုန့်ရင်း ရုန့်ရင်းသော စိတ္တသင်္ခါရတရားကို ငြိမ်းစေလျက် ချုပ်စေလျက် အသက်ရှူနေသည် မည်၏။ ဝိပဿနာပိုင်း၌ ယင်းစျာန်လေးပါးတို့ကို အသီးအသီး တစ်ခုပြီးတစ်ခု ဝင်စား၍ ယင်းစျာန် အသီးအသီးမှ ထတိုင်း ထတိုင်း ဝေဒနာကို အဦးမူသဖြင့် ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းလျက် ယင်းတို့၏ ကုန်ကုန်ပျက်ပျက် ပြိုပြိုပျောက်ပျောက် ချုပ်ချုပ်နေသည့် ခယ-ဝယ-ဘေဒ-နိရောဓ သဘောကို အာရုံယူ၍ ဝိပဿနာရှုခဲ့သော် ရုန့်ရင်းရုန့်ရင်းသော စိတ္တသင်္ခါရတရားကို ငြိမ်းစေလျက် ချုပ်စေလျက် အသက်ရှူနေသည် မည်၏။ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)

ပီတိပဋိသံဝေဒီပုဒ်၌ ပီတိကို အဦးမူသဖြင့် ဝေဒနာကို, သုခပဋိသံဝေဒီပုဒ်၌ သုခဝေဒနာကို, စိတ္တသင်္ခါရနှစ်ပုဒ်တို့၌ -- သညာ ဝေဒနာ တရား နှစ်ပါးသည် စိတ္တသင်္ခါရ မည်ရကား သညာနှင့် ယှဉ်သော ဝေဒနာကို ဦးတည်၍ ဟောကြားထားတော်မူ၏။ ထိုကြောင့် ဤဒုတိယစတုက္ကကို ဝေဒနာနုပဿနာနည်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူ၏ဟု သိရှိပါ လေ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)


အာနာပါန-တတိယစတုက္က

၁။ စိတ္တပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊
စိတ္တပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၂။ အဘိပ္ပမောဒယံ စိတ္တံ။ ပ ။

၃။ သမာဒဟံ စိတ္တံ။ ပ ။

၄။ ဝိမောစယံ စိတ္တံ။ ပ ။ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)

၁။ စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။

၂။ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက်။ ပ ။

၃။ စိတ်ကို အာရုံ၌ အညီအညွတ် ကောင်းစွာထားလျက်။ ပ ။

၄။ စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက်။ ပ ။

၁။ သမထပိုင်း၌ အာနာပါနစျာန်လေးပါးတို့ကို အစဉ်အတိုင်း တစ်ခုပြီး တစ်ခု အသီးအသီး ဝင်စားလျက် အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ ယင်းစျာန်အသီးအသီးကို တစ်ခုပြီးတစ်ခု ဝင်စား၍ စျာန်အသီးအသီးမှ ထတိုင်းထတိုင်း ယင်းစျာန်စိတ်ကို တစ်နည်း စျာန်စိတ်ကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို ယင်းတို့၏ အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့သော် စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေသည် မည်၏။ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)

၂။ သမထပိုင်း၌ ပီတိနှင့် ယှဉ်သော အာနာပါန ပထမစျာန်ကို ဝင်စား လျက် အသက်ရှူနေ၏။ ပီတိနှင့်ယှဉ်သော အာနာပါန ဒုတိယစျာန်ကို ဝင်စားလျက် အသက်ရှူနေ၏။ ယင်းစျာန်ကို ဝင်စားဆဲခဏ၌ စျာန်စိတ်နှင့် ယှဉ်သော ပီတိကြောင့် စျာန်စိတ်သည် လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်လျက် ရှိ၏။ ယင်းသို့ စျာန်ပီတိဖြင့် စျာန်စိတ်ကို လွန်စွာ ရွှင်လန်း တက်ကြွ ဝမ်းမြောက်စေလျက် အသက်ရှူနေပါ။ အသက်ရှူနိုင်အောင် ကျင့်ပါ။

ဝိပဿနာပိုင်း၌ကား ပီတိနှင့် ယှဉ်သော အာနာပါန ပထမစျာန်ကို ဝင်စား၍ ယင်းပထမစျာန်မှ ထ၍ ယင်းစျာန်နှင့် ယှဉ်သော ပီတိကို တစ် နည်း - ပီတိကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို အပျက်ကို မြင် အောင်ကြည့်၍ ဝိပဿနာရှု၏။ ပီတိနှင့် ယှဉ်သော အာနာပါန ဒုတိယစျာန် ကို ဝင်စား၍ ယင်းစျာန်မှ ထ၍ ယင်းစျာန်နှင့် ယှဉ်သော ပီတိကို, တစ် နည်း -- ပီတိကို အဦးမူသဖြင့် ယင်းဒုတိယစျာန် နာမ်တရားအားလုံးကို ယင်းတို့၏ အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာ ရှု၏။ ဝိပဿနာ အခိုက်၌ စျာန်နှင့်ယှဉ်သော ပီတိကို အာရုံပြုနေရ၍ ယင်းပီတိကို အာရုံပြု နေရသော ရှုနေသော ဝိပဿနာစိတ်သည်လည်း လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်လျက်ရှိ၏။ ယင်းသို့ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက် အသက်ရှူနိုင်အောင် ကျင့်ပါ။ အသက်ရှူနေပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၀-၂၈၁။)

အလွန် ချစ်ခင်မြတ်နိုးအပ်သော ပြံးရွှင်နေသော မိတ်ဆွေတစ်ဦးကို တွေ့မြင်ရသောအခါ တွေ့မြင်နေရသူ မိမိ၏ သန္တာန်၌လည်း အပြုံးပန်းများ ပွင့်လန်းလာသကဲ့သို့ မှတ်ပါ။

၃။ သမာဒဟံ စိတ္တံ --- စိတ်ကို ကောင်းကောင်းထားလျက် အသက်ရှူပုံ မှာလည်း သမထပိုင်း ဝိပဿနာပိုင်းဟု နှစ်ပိုင်းပင် ရှိ၏။ သမထပိုင်း၌ အာနာပါန ပထမစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့သော်, ဒုတိယစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့သော်, တတိယစျာန်ကို ဝင်စားလျက် အသက် ရှူနေခဲ့သော်, စတုတ္ထစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့သော် --- ယင်း စျာန်တို့၏ အာရုံဖြစ်သော အလွန် ကြည်လင်တောက်ပနေသော အာနာပါန ပဋိဘာဂနိမိတ်အာရုံ၌ ယင်းစျာန်စိတ်ကို အညီအညွတ် ကောင်းစွာထားလျက် အသက်ရှူနေသည် မည်၏။ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။ အသက်ရှူနေပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)

[မှတ်ချက် --- အာနာပါန စတုတ္ထစျာန်သမာပတ်အခိုက်၌ အသက် မရှူပါ။ ထိုသို့ အသက် မရှူပါဘဲလျက် အဘယ်ကြောင့် အာနာပါန စတုတ္ထစျာန်ကို ဝင်စား၍ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စျာန်စိတ်ကို ကောင်းစွာထားလျက် အသက်ရှူရန် ညွှန်ကြားနေရပါသနည်းဟု မေးရန် ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏ --- အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသာမညမေဝ ဝုတ္တံ။ (မဟာဋီ၊၁၊၃၁၉၊၊) --- ဟူသော ဋီကာအဖွင့်နှင့် အညီ အဿာသပဿာသကို အမှီပြု၍ ဖြစ်ပေါ်လာသော အာနာပါနပဋိဘာနိမိတ်သည်လည်း အာနာပါန အမည်ရသည်သာ ဖြစ်သောကြောင့် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံ ပြုနေခြင်းသည်လည်း အာနာပါနကိုပင် အာရုံပြုနေသည် မည်ရကား အထက်ပါအတိုင်း အဋ္ဌကထာက ဖွင့်ဆိုသွားဖြင်းပင် ဖြစ်ပေသည်။] ဝိပဿနာပိုင်း၌ကား ဤသို့လာရှိ၏။ ---

တာနိ ဝါ ပန စျာနာနိ သမာပဇ္ဇိတွာ ဝုဋ္ဌာယ စျာနသမ္ပယုတ္တံ စိတ္တံ ခယတော ဝယတော သမ္ပဿတော ဝိပဿနာက္ခဏေ လက္ခဏပဋိဝေဓေန ဥပ္ပဇ္ဇတိ ခဏိကစိတ္တေကဂ္ဂတာ။ ဧဝံ ဥပ္ပန္နာယ ခဏိကစိတ္တေကဂ္ဂတာယ ဝသေနပိ အာရမ္မဏေ စိတ္တံ သမံ အာဒဟန္တော သမံ ဌပေန္တော သမာဒဟံ စိတ္တံ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီတိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)

ခဏိကစိတ္တေကဂ္ဂတာတိ ခဏမတ္တဋ္ဌိတိကော သမာဓိ။ သောပိ ဟိ အာရမ္မဏေ နိရန္တရံ ဧကာကာရေန ပဝတ္တမာနော ပဋိပက္ခေန အနဘိဘူတော အပ္ပိတော ဝိယ စိတ္တံ နိစ္စလံ ဌပေတိ။ တေန ဝုတ္တံ ဧဝံ ဥပ္ပန္နာယာ တိအာဒိ။ (မဟာဋီ၊၁၊၃၄၂။)

အာနာပါန ပထမစျာန်ကို ဝင်စား၍ ယင်စျာန်မှ ထပြီးလျှင် ယင်း ပထမစျာန်နှင့် ယှဉ်သော စျာန်စိတ်ကို, တစ်နည်း -- စျာန်စိတ်ကို အဦးမူ သဖြင့် စျာန်နာမ်တရားအားလုံးကို ယင်းတို့၏ အပျက်ကို မြင်အောင်ကြည့် ၍ ဝိပဿနာရှု၏။ ထိုသို့ ဝိပဿနာရှုရာ၌ ဝိပဿနာအခိုက်ဝယ် ယင်းစျာန် စိတ်၏, တစ်နည်း --- ယင်း စျာန်စိတ်နှင့် တကွသော စျာန်နာမ်တရားတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်နေသဖြင့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ထိုးထွင်းသိမြင် နေသဖြင့် ယင်းစျာနဓမ္မ အမည်ရသော သင်္ခါရတရားတို့၏ အနိစ္စအခြင်း အရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာ၌ ဝိပဿနာဘာဝနာစိတ်သည် ကောင်းစွာတည်နေ၏။ ယင်းသို့ ကောင်းစွာတည် နေသော ဝိပဿနာဉာဏ်နှင့် ယှဉ်သော သမာဓိကို ခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိ -- ဟု ခေါ်ဆို၏။ ယင်း ခဏိကစိတ္တေကဂ္ဂတာ = ခဏိက သမာဓိ၏ အစွမ်းဖြင့် စျာန်စိတ်ကို အဦးမူ၍ သိမ်းဆည်းထားအပ်သော စျာနဓမ္မ သင်္ခါရတရားစုတို့၏ အနိစ္စအခြင်းအရာ, သို့မဟုတ် ဒုက္ခအခြင်းအရာ, သို့မဟုတ် အနတ္တအခြင်းအရာဟူသော တစ်မျိုးမျိုးသော အခြင်းအရာ၌ ဝိပဿနာ ဘာဝနာစိတ်ကို အညီအညွတ် ကောင်းစွာထားလျက် အသက်ရှူနေပါ။ အသက်ရှူနိုင်အောင် ကျင့်ပါ။ ဒုတိယစျာန် စသည်တို့၌ လည်း နည်းတူပင်တည်း။ (ဝိသုဒ္ဓိ၊၁၊၂၈၁။ မဟာဋီ၊၁၊၃၄၂။)


အထူးသတိပြုရန် အချက်တစ်ရပ်

ဤ၌ အာနာပါန စျာန်အသီးအသီးကို ဝင်စား၍ ယင်းစျာန်မှ ထ၍ စျာန်စိတ်ကို အဦးမူလျက် စျာနဓမ္မ အမည်ရသော စျာန်သင်္ခါရတရားတို့ကို ဝိပဿနာရှုခိုက် ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ စသော အခြင်း အရာ တစ်မျိုးမျိုး၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော ဝိပဿနာသမာဓိကို ခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိဟု ခေါ်ဆိုသည်ဟူသော အချက်ကို သတိပြုပါ။ ဝိပဿနာပိုင်း၌ ဆိုလိုသော ခဏိကသမာဓိမှာ မည်မျှ အဆင့် မြင့်မားနေသည်ကို မှတ်သားစေလိုသည်။

၄။ ဝိမောစယံ စိတ္တံ --- စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက် စေလျက် အသက်ရှူနေပါ။ ဤ၌လည်း သမထပိုင်း ဝိပဿနာပိုင်းဟု အပိုင်း နှစ်ပိုင်းရှိ၏။ သမထပိုင်း၌ ပထမစျာန်ဖြင့် နီဝရဏတရားတို့မှ စိတ်ကို လွတ်မြောက်စေလျက်, ဒုတိယစျာန်ဖြင့် ဝိတက် ဝိစာရတို့မှ, တတိယစျာန်ဖြင့် ပီတိမှ, စတုတ္ထစျာန်ဖြင့် သုခဒုက္ခတို့မှ စိတ်ကို လွတ်မြောက်စေလျက် ယင်း စျာန်တို့ကို ဝင်စားလျက် အသက်ရှူနေပါ။ အသက်ရှူနိုင်အောင် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)

ဝိပဿနာပိုင်း၌ကား --- အာနာပါန ပထမစျာန်ကို ဝင်စား၍ ထိုစျာန် မှထ၍ ယင်းပထမစျာန်နှင့် ယှဉ်သော စျာန်စိတ်ကို = စျာန်စိတ်ကို အဦး မူ၍ ပထမစျာန်နာမ်တရားအာလုံးကို ယင်းတို့၏ ကုန်တတ်ပျက်တတ်သော ခယ ဝယသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာ ယာဉ်တင်ကာ ဝိပဿနာရှု၏။ အလားတူပင် ---

ဒုတိယစျာန်ကို ဝင်စား၍။ ပ ။

တတိယစျာန်ကို ဝင်စား၍။ ပ ။

စတုတ္ထစျာန်ကို ဝင်စား၍ ထိုစျာန်မှ ထ၍ ယင်းစတုတ္ထစျာန်နှင့် ယှဉ် သော စျာန်စိတ်ကို = စျာန်စိတ်ကို အဦးမူ၍ စတုတ္ထစျာန်နာမ်တရားအားလုံး ကို ယင်းတို့၏ ကုန်တတ်ပျက်တတ်သော ခယ ဝယ သဘောကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှု၏။

ထို ယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စာနုပဿနာဖြင့် နိစ္စသညာမှ, ဒုက္ခာနုပဿနာဖြင့် သုခသညာမှ, အနတ္တာနုပဿနာဖြင့် အတ္တသညာမှ, ယင်းသို့ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုသဖြင့် သင်္ခါရတရား တို့၌ငြီးငွေ့သော အခြင်းအရာအားဖြင့်ဖြစ်သော နိဗ္ဗိဒါနုပဿနာဖြင့် သင်္ခါရ တို့၌ နှစ်သက်ရွှင်လန်း ဝမ်းမြောက်စွာဖြင့် တွယ်တာမက်မောတတ်သော နန္ဒီရာဂမှ, သင်္ခါရတရားတို့၏ ပျက်ခြင်းဘင်ကို အဖန်ဖန်အထပ်ထပ် လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုသဖြင့် သင်္ခါရတို့၌ တပ်မက်ခြင်းကင်းသော အခြင်းအရာအားဖြင့် ဖြစ်သော ဝိရာဂါနုပဿနာဖြင့် သင်္ခါရတို့၌ တွယ်တာ ငြိကပ်တတ်သော ရာဂမှ, သင်္ခါရတို့၏ ချုပ်ခြင်းဘင်ကို ရှုသော နိရောဓာနုပဿနာဖြင့် သမုဒယမှ, သင်္ခါရတို့၏ ပျက်ခြင်းဘင်ကို လက္ခဏာယာဉ် တင်ကာ အဖန်ဖန်အထပ်ထပ် ဝိပဿနာရှုသဖြင့် ကိလေသာတို့ကို တဒင်္ဂ အားဖြင့် စွန့်ပယ်သော အခြင်းအရာအားဖြင့် ဖြစ်သော နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသောအားဖြင့် ပြေးဝင်တတ်သော ပဋိနိဿဂ္ဂါနုပဿနာဖြင့် သင်္ခါရ တို့ကို နိစ္စ စသည်ဖြင့် စွဲယူခြင်း အာဒါနမှ စိတ်ကို လွတ်မြောက်စေလျက် အသက်ရှူ၏။ ယင်းသို့ အသက်ရှူနိုင်ခဲ့သော် ဆန့်ကျင်ဘက်တရားတို့မှ စိတ်ကို လွတ်မြောက်စေလျက် အသက်ရှူနေသည် မည်၏။ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)

ဤ တတိယစတုက္ကကို စိတ္တာနုပဿနာနည်း၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူ၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)


အာနာပါန-စတုတ္ထစတုက္က

၁။ အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ၊
အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။

၂။ ဝိရာဂါနုပဿီ။ ပ ။

၃။ နိရောဓာနုပဿီ။ ပ ။

၄။ ပဋိနိဿဂ္ဂါနုပဿီ။ ပ ။

၁။ သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။

၂။ သင်္ခါရတရားတို့၏ ပျက်ခြင်းဘင်နှင့် ရာဂ၏ ကင်းပြတ်ရာနိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ (ဝိရာဂါနုပဿနာ)။ ပ ။

၃။ သင်္ခါရတရားတို့၏ ခဏအားဖြင့် ချုပ်ခြင်း ခဏဘင်နှင့် ရာဂ၏ ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ (နိရောဓာနုပဿနာ)။ ပ။

၄။ ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်လွှတ်တတ်သော ဝိပဿနာ ဉာဏ်, သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ စွန့်လွှတ်တတ်သော အရိယမဂ်ဉာဏ်နှင့် ပြည့်စုံအောင် သင်္ခါရတရားတို့၏ ပျက်ခြင်းဘင်နှင့် သင်္ခါရတရားတို့၏ ချုပ်ရာ သင်္ခါရတရားတို့ကို စွန့်လွှတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့။ ပ ။ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)

အနိစ္စန္တိ ပဉ္စက္ခန္ဓာ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)

၁။ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိက -- ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော (အကြောင်းတရားနှင့် တကွသော) ဥပါဒါနက္ခန္ဓာငါးပါးတို့သည်ကား အနိစ္စတရားတို့တည်း။ ထိုခန္ဓာငါးပါးတို့ကား စျာန်နာမ်တရားများ အဝင်အပါ ပကိဏ္ဏကသင်္ခါရ = ပြိုးပြွမ်းသော သင်္ခါရ အမည်ရသော ရုပ်နာမ် ဓမ္မသင်္ခါရတရားတို့ပင်တည်း။ သစ္စဒေသနာတော်နည်းအရ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ပင်တည်း။ ထိုသင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုတတ်သော ဝိပဿနာဉာဏ်သည် အနိစ္စာနုပဿနာဉာဏ် မည်၏။ ထို အနိစ္စာနုပဿနာဉာဏ်နှင့် ပြည့်စုံလျက် အသက်ရှူနေပါ = အသက်ရှူနိုင်အောင် ကျင့်ပါ။

၂၊၃၊၄။ ဘင်္ဂါနုပဿနာဉာဏ် စသော အထက်ပိုင်း ဝိပဿနာဉာဏ် တို့သည် ကိလေသာတို့ကို တဒင်္ဂအားဖြင့် ကင်းပြတ်စေတတ် ချုပ်ငြိမ်းစေတတ် စွန့်လွှတ်စေတတ်သောကြောင့်လည်းကောင်း, နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသောအားဖြင့် နိဗ္ဗာန်ဘက်သို့ ပြေးသွား သက်ဝင်နေသောကြောင့်လည်းကောင်း ဝိရာဂါနုပဿနာဉာဏ်, နိရောဓာနုပဿနာဉာဏ်, ပဋိနိဿဂ္ဂါနုပဿနာဉာဏ်တို့ မည်ကုန်၏။

အရိယမဂ်ဉာဏ်သည်ကား ကိလေသာတို့ကို အကြွင်းမဲ့ သမုစ္ဆေဒ အားဖြင့် ကင်းပြတ်စေတတ် ချုပ်ငြိမ်းစေတတ် စွန့်လွှတ်စေတတ်သော ကြောင့်လည်းကောင်း, နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် နိဗ္ဗာန်ဘက်သို့ ပြေးသွား သက်ဝင်သောကြောင့်လည်းကောင်း ဝိရာဂါနုပဿနာဉာဏ်, နိရောဓာနုပဿနာဉာဏ်, ပဋိနိဿဂ္ဂါနုပဿနာဉာဏ်ပင် မည်ပေသည်။

ထို ဝိရာဂါနုပဿနာဉာဏ် နိရောဓာနုပဿနာဉာဏ် ပဋိနိဿဂ္ဂါနုပဿနာဉာဏ်တို့ကို ပြည့်စုံစေလျက် အသက်ရှူနေပါ = သင်္ခါရတရားတို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာရှုလျက် အသက်ရှူပါ။ သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်ကို အာရုံပြုလျက် အသက်ရှူနေပါ။ အသက်ရှူနိုင်အောင် ကျင့်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၈၁-၂၈၂ ကြည့်ပါ။)

ဤအာနာပါန စတုတ္ထစတုက္ကကို သုဒ္ဓဝိပဿနာနည်း၏အစွမ်းဖြင့် ဘုရား ရှင်သည် ဟောကြားထားတော်မူပေသည်။ ရှေး စတုက္ကသုံးမျိုးတို့ကိုကား သမထဝိပဿနာနည်း၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေ သည်။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)

ယသ္မာ ပနေတ္ထ ဣဒမေဝ စတုက္ကံ အာဒိကမ္မိကဿ ကမ္မဋ္ဌာနဝသေန ဝုတ္တံ။ ဣတရာနိ ပန တီဏိ စတုက္ကာနိ ဧတ္ထ ပတ္တဇ္ဈာနဿ ဝေဒနာစိတ္တဓမ္မာနုပဿနာဝသေန ဝုတ္တာနိ။ (ဝိသုဒ္ဓိ၊၁၊၂၆၉။)

ပထမစတုက္ကကို အာနာပါနကမ္မဋ္ဌာန်းကို အားသစ်စ အာဒိကမ္မိက ပုဂ္ဂိုလ်၏ သမထကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထား တော်မူ၏။ ကာယာနုပဿနာသတိပဋ္ဌာန်တည်း။ ဒုတိယစတုက္က တတိယ စတုက္က စတုတ္ထစတုက္ကဟူသော စတုက္ကသုံးမျိုးတို့ကိုကား ဤ ပထမစတုက္က၌ ရအပ်ပြီးသော စျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်အတွက် ဝေဒနာနုပဿနာ သတိပဋ္ဌာန် စိတ္တာနုပဿနာသတိပဋ္ဌာန် ဓမ္မာနုပဿနာသတိပဋ္ဌာန်၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ကုန်၏။ (ဝိသုဒ္ဓိ၊၁၊၂၆၉။)

ဤ အဋ္ဌကထာအဖွင့်များနှင့် အညီ ပထမစတုက္က၌ စျာန်ကို ရရှိ အောင် အားထုတ်ပြီးပါမှ ဒုတိယစတုက္က တတိယစတုက္က စတုတ္ထစတုက္က တို့ကို အဆင့်ဆင့် ကူးတက်ရမည် ဖြစ်ပေသည်။ စတုတ္ထစတုက္ကတွင်ကား ဘုရားရှင်သည် စျာန်နာမ်တရားတို့ကိုသာမက ပကိဏ္ဏကသင်္ခါရ အမည်ရ သော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကိုပါ ဝိပဿနာရှုရန် ညွှန်ကြားထားသဖြင့် အသင်သူတော်ကောင်းသည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားအားလုံးတို့ကိုပါ ဝိပဿနာရှုပါလေ။

ဤ အာနာပါနကမ္မဋ္ဌာန်းကို ဘုရားရှင်ဟောကြားထားတော်မူသည့် အတိုင်း စတုက္က (၄)မျိုးတို့ဝယ် ဝင်လေ၌ (၁၆)မျိုး, ထွက်လေ၌ (၁၆)မျိုး- ဤ (၃၂)မျိုးသော အခြင်းအရာတို့ဖြင့် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်ခဲ့သော် ဘုရားရှင် သင်ပြပေးတော်မူသည့်အတိုင်း အသက်ရှူတတ်ခဲ့သော် အောက် ပါ အကျိုးတရားတို့ကို ရရှိနိုင်ပေသည်။


အကျိုးဂုဏ်အင် အာနိသင်

အာနာပါနဿတိ ဘိက္ခဝေ ဘာဝိတာ ဗဟုလီကတာ စတ္တာရော သတိပဋ္ဌာနေ ပရိပူရေတိ၊ စတ္တာရော သတိပဋ္ဌာနာ ဘာဝိတာ ဗဟုလီကတာ သတ္တ ဗောဇ္ဈင်္ဂေ ပရိပူရေန္တိ၊ သတ္တ ဗောဇ္ဈင်္ဂါ ဘာဝိတာ ဗဟုလီကတာ ဝိဇ္ဇာဝိမုတ္တိံ ပရိပူရေန္တိ။ (မ၊၃၊၁၂၄။)

ရဟန်းတို့ ... (၃၂)မျိုးသော အခြင်းအရာတို့ဖြင့် ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးသော ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ပြီးသော အာနာပါနဿတိသည် လေးပါးကုန်သော သတိပဋ္ဌာန်တရားတို့ကို ပြီးစီး ပြည့်စုံစေနိုင်၏။ ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးကုန်သော ကြိမ်ဖန်များ စွာ အလေ့အလာ ပြုအပ်ပြီးကုန်သော သတိပဋ္ဌာန်တရားလေးပါးတို့သည် ဗောဇ္ဈင်မြတ်တရား ခုနစ်ပါးတို့ကို ပြီးစီးပြည့်စုံစေနိုင်ကုန်၏။ ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးကုန်သော ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ပြီးကုန် သော ဗောဇ္ဈင်မြတ်တရား ခုနစ်ပါးတို့သည် အရိယမဂ်ဉာဏ်လေးပါးတည်း ဟူသော ဝိဇ္ဇာ, အရိယဖိုလ်ဉာဏ်လေးပါးတည်းဟူသော ဝိမုတ္တိ --- ဤ ဝိဇ္ဇာ ဝိမုတ္တိ တရားနှစ်ပါးကို ပြီးစီးပြည့်စုံစေနိုင်ကုန်၏။ (မ၊၃၊၁၂၄။)

အသင်သူတော်ကောင်းသည် မဟာကရုဏာတော်ရှင် ဘုရားရှင်၏ အလိုတော်ကျအတိုင်း အသက်ရှူတတ်သော လူသားတစ်ဦးဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ပါစေသောဝ်။

ဘင်္ဂဉာဏ်ခန်း ပြီး၏။

__________


ဘယဉာဏ်မှ သင်္ခါရုပေက္ခာဉာဏ်သို့

ထိုအတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သည့် ဘုံသုံးပါး အတွင်း၌ တည်ရှိသော အလုံးစုံသော တေဘူမကသင်္ခါရတရားတို့၏ ကုန်ကုန်ပျက်ပျက် ပြိုပြိုပျောက်ပျက်သွားခြင်းဟု ဆိုအပ်သော ခဏိက နိရောဓလျှင်အာရုံရှိသော ဘင်္ဂါနုပဿနာဉာဏ်ကို ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ မှီဝဲပွားများလျက်ရှိသော သင်္ခါရတရားတို့၏ အပျက်ကို မရပ်မနား တရစပ် သိမြင်နေသော အထွတ်အထိပ်သို့ ရောက်ရှိလာသော ဘင်္ဂါနုပဿနာဉာဏ်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ထိုသင်္ခါရတရားတို့အပေါ်၌ လည်းကောင်း ဘုံသုံးပါးအတွင်းဝယ် ယင်းရုပ်နာမ်ခန္ဓာတို့၏ ဖြစ်မှုအပေါ် ၌လည်းကောင်း မပြတ်မစဲ အဖန်တလဲလဲ ပျက်မှုဒဏ်ချက်ဖြင့် အညှဉ်းပန်း အနှိပ်စက်ခံရခြင်း ဒုက္ခသဘော၏ အလွန်လျင် ထင်နေသည်၏ အဖြစ် ကြောင့် ငြိမ်သက်သော သုခဟု သမုတ်အပ်ကုန်သော ရူပ အရူပ ဘဝတို့ သည်သော်လည်း ကြောက်မက်ဖွယ် ဒုက္ခသဘောအားဖြင့် ထင်လာပေကုန် သည်။ ယင်းဉာဏ်ကား ဘယတုပဋ္ဌာနဉာဏ်တည်း။

တစ်ဖန် ကာလသုံးပါး သန္တာန်နှစ်ပါး = ဘုံသုံးပါးအတွင်း၌ တည်ရှိ ကြကုန်သော ထို သင်္ခါရတရားတို့၏ အနိစ္စပြစ်ချက် ဒုက္ခပြစ်ချက် အနတ္တ ပြစ်ချက် ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမပြစ်ချက် -- ဤ ပြစ်ချက် ကြီးတို့ကို တွင်တွင်ကြီးမြင်နေသော ဝိပဿနာဉာဏ်ကား အာဒီနဝါနုပဿနာဉာဏ်တည်း။

ထိုကဲ့သို့သော အပြစ်များကို တွင်တွင်ကြီးမြင်လာလတ်သော် ကာလ သုံးပါး ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော သင်္ခါရတရားအားလုံးတို့အပေါ် ၌ ငြီးငွေ့ရွံမုန်းသော အခြင်းအရာအားဖြင့်ဖြစ်သော ဝိပဿနာဉာဏ်ကား နိဗ္ဗိဒါနုပဿနာဉာဏ်ပင်တည်း။

ထိုသို့ ငြီးငွေ့ရွံမုန်းနေသော ယောဂါဝစရ အမျိုးကောင်းသား အမျိုး ကောင်းသမီး၏ စိတ်အစဉ်သည် ကာလသုံးပါး ဘုံသုံးပါးအတွင်း၌ တည် ရှိကြသော သင်္ခါရတရားစုတို့တွင် တစ်စုံတစ်ခုသော သင်္ခါရတရား၌သော်မျှ လည်း ငြိကပ်မှု မရှိတော့ဘဲ အလုံးစုံသော သင်္ခါရတရားအပေါင်းမှ လွတ် မြောက်လိုလာ၏။ ထိုသို့ သင်္ခါရတရားအပေါင်းမှ လွတ်မြောက်လိုသော အခြင်းအရာအားဖြင့် ဖြစ်သော ဝိပဿနာဉာဏ်ကား မုဉ္စိတုကမျတာဉာဏ် တည်း။

ထို သင်္ခါရတရားအပေါင်းမှ လွတ်မြောက်လိုသော စိတ်ဖြင့် သင်္ခါရ တရားအပေါင်းကို တစ်ဖန်ပြန်၍ ဝိပဿနာဉာဏ်ဖြင့် ပိုင်ခြားယူလျက် သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို အနိစ္စအားဖြင့် ရှု၏၊ ဒုက္ခအားဖြင့် ရှု၏၊ အနတ္တအားဖြင့် ရှု၏၊ အသုဘအားဖြင့် ရှု၏။ ယင်းသို့ ရှုသော ဝိပဿနာဉာဏ်ကား ပဋိသင်္ခါနုပဿနာဉာဏ်တည်း။ ရှေး သမ္မသနဉာဏ်ပိုင်း တွင် ရေးသားတင်ပြခဲ့သော ဘာဝနာ (၄၀)ခေါ် တော (၄၀)ရှုကွက်များကို လည်း ဤအပိုင်းတွင် တစ်ဖန်ပြန်၍ ရှုနိုင်၏။ (အခြားရှုနည်းများကို ဝိသုဒ္ဓိမဂ်တွင် ကြည့်ပါ။)

ထိုသို့ ကာလသုံးပါး ဘုံသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရား တို့ကိုခြုံငုံ၍ -- အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်တစ်လှည့် နာမ်တစ် လှည့် အကြောင်းတစ်လှည့် အကျိုးတစ်လှည့် အနိစ္စတစ်လှည့် ဒုက္ခတစ် လှည့် အနတ္တတစ်လှည့် အသုဘတစ်လှည့် --- ဤသို့ လှည့်လည်၍ တွင်တွင် ကြီး ဝိပဿနာရှုခဲ့သော် ထိုသင်္ခါရတရားတို့၏ အပျက်ကား အလွန့်အလွန် ထင်ရှားလျက် အလွန့်အလွန် လျင်လျင်မြန်မြန် ဝိပဿနာဉာဏ်၌ ထင်လာ တတ်သည်။ အပျက်သည် သိပ်ကြမ်းလာတတ်၏။ ထို ပျက်မှုသဘောကိုပင် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဆက်လက်ပြီး ဝိပဿနာ ရှုနေ ပါ။

ထိုသို့ ရှုနိုင်ခဲ့သော် တဖြည်းဖြည်း ဝိပဿနာ ဘာဝနာစိတ်သည် သင်္ခါရတရားတို့အပေါ်၌ ကြောင့်ကြမှု တောင့်တမှု မရှိတော့ဘဲ အညီအမျှ လျစ်လျူထားနိုင်သော အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ ဝိပဿနာ ဘာဝနာစိတ်သည်လည်း ယင်း သင်္ခါရတရားတို့၏ ပျက်မှုအာရုံပေါ်၌သာ ငြိမ်ဝပ်စွာကပ်၍ တည်နေပေလိမ့်မည်။

ထို ဘာဝနာစိတ်သည် ငြိမ်ဝပ်လာသောအခါ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ဟူသော အာရုံ (၅)ပါးကိုသိသော ပဉ္စဒွါရဝီထိစိတ် များသည် မဖြစ်ကြတော့ဘဲ အရှုခံ နာမ်တရားဘက်၌လည်း မနောဒွါရိက ဇောဝီထိစိတ်များ, ရှုတတ်သည့် ဝိပဿနာဉာဏ်ဘက်၌လည်း မနောဒွါရိကဇောဝီထိစိတ်များသာ ဖြစ်နေတတ်ကြသည်။ ထိုအခါတွင် ---

အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်တစ်လှည့် နာမ်တစ်လှည့် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုနေရာက --

အဇ္ဈတ္တသင်္ခါရတရားကို ဝိပဿနာ ရှုခိုက်၌ အဇ္ဈတ္တသင်္ခါရအာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေလျှင် အဇ္ဈတ္တသင်္ခါရ တရားကိုသာဆက်၍ ဝိပဿနာ ရှုနေပါ။ ဗဟိဒ္ဓသင်္ခါရတရားကို ဝိပဿနာ ရှုခိုက်၍ ဗဟိဒ္ဓသင်္ခါရအာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ် ၍တည်နေလျှင် ဗဟိဒ္ဓသင်္ခါရတရားကိုသာဆက်၍ ဝိပဿနာရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန်အလှန်လှန် ထပ်မံ၍ ပြောင်းရွှေ့နေပါက ဝိပဿနာသမာဓိ သည် ပျက်ပြယ်သွားတတ်ပေသည်။

ထိုတွင်လည်း ရုပ်တရားကို ဝိပဿနာရှုခိုက်၌ ယင်း ရုပ်သင်္ခါရအာရုံ၌ (= ယင်းရုပ်သင်္ခါရတရား၏ အပျက်အာရုံ၌) ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေလျှင် ယင်းရုပ်တရားကိုပင် ဆက်လက်၍ ဝိပဿနာရှုနေပါ။ နာမ်တရားကို ဝိပဿနာရှုခိုက်၌ ယင်း နာမ်သင်္ခါရအာရုံ၌ (= ယင်း နာမ်သင်္ခါရတရား၏ အပျက်အာရုံ၌) ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေလျှင် ယင်းနာမ်တရားကိုပင် ဆက်လက်၍ ဝိပဿနာရှုနေပါ။ ဤအခါမျိုးတွင် အကယ်၍ ရုပ်တစ်လှည့် နာမ်တစ်လှည့် အပြန်ပြန်အလှန်လှန် ပြောင်းရွှေ့ပြန်လှန်၍ ဝိပဿနာ ရှုနေပါက ဝိပဿနာသမာဓိမှာ ပျက်ပြယ်သွားတတ်ပေသည်။


သတိကြီးစွာဖြင့် လျှောက်သွားရမည့်လမ်း

ဤအပိုင်းကား သဒ္ဓါနှင့် ပညာ, ဝီရိယနှင့် သမာဓိတို့ကို အထူးညီမျှအောင် သတိဖြင့် အထူးကြိုးစားရမည့်အပိုင်း ဖြစ်သည်။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေငါးပါးတို့ ညီမျှပါမှ အရိယမဂ်ဉာဏ် အရိယ ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်သည်။

နာမ်တရားတို့၏အပျက်ကို အာရုံယူ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုနေရာ၌ သင်္ခါရတရားတို့၏ အပျက်ကို အညီအမျှ လျစ်လျူရှုမှု ဥပေက္ခာသဘောသို့ မဆိုက်ရောက်သေးမီ အချိန်အနည်း ငယ်လောက်ကစ၍ ရှုကွက်များလည်း စုံလင်လာပြီဖြစ်ရကား ဓမ္မာရုံလိုင်း ကုသိုလ်ဇောဝီထိ နာမ်တရားတို့ကိုသာ ဦးစားပေး၍ ဝိပဿနာ ရှုနေပါ။ အကယ်၍ အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါက ဤ အချိန်အခါမျိုးတွင် စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရားတို့ကိုသာ ဦးစားပေး၍ ဝိပဿနာ ရှုနေပါ။ လက္ခဏာရေးသုံးတန်တွင်လည်း အထူးသဖြင့် အနတ္တလက္ခဏာကို ဦးစား ပေး၍ အနတ္တလက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုနေပါ။

ထိုသို့ရှုရာ၌ သင်္ခါရတရားတို့၏ အပျက်အာရုံ၌ ဝိပဿနာဘာဝနာ စိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်လာမည် ဖြစ်ပေသည်။ ထိုအချိန်တွင် ယောဂါဝစရပုဂ္ဂိုလ်သည် အပြင်အသံစသည်ကို ကြားမှုမရှိတော့ပေ။ ထိုသို့ အသံစသည်ကို မကြားရတော့ဘဲ သင်္ခါရတရားတို့၏ အပျက်အာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်လာပါက လှုပ်မရအောင် ငြိမ်လာပါက ဝိပဿနာဘာဝနာစွမ်းအားသည် အထူးအားကောင်းလာပြီ ဖြစ်သည်။

ထိုအခါမျိုး၌ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ရံခါ အဇ္ဈတ္တ ရံခါ ဗဟိဒ္ဓရှုမှုကို ခေတ္တရပ်ဆိုင်း၍ အဇ္ဈတ္တ၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် အဇ္ဈတ္တ၌, ဗဟိဒ္ဓ၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် ဗဟိဒ္ဓ၌, ရုပ်တရား၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် ရုပ်တရား၌, နာမ်တရား၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် နာမ်တရား၌ -- မိမိ ကြိုက်နှစ်သက်ရာ လက္ခဏာတစ်ခုကို ဦးစားပေးရှုနေပါ။

ထိုသို့ရှုရာ၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့ကား ရုပ်နာမ်နှစ်မျိုး လုံးကိုပင်တွဲ၍ ရှုနေရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏။ အချို့က ရုပ်သက် သက်ကို ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏။ အချို့က နာမ်သက်သက်ကို ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏။ အချို့က အနိစ္စဟု ရှုရသည်ကို, အချို့ က ဒုက္ခဟု ရှုရသည်ကို, အချို့က အနတ္တဟု ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက် ကြ၏။

မိမိ ဝိပဿနာရှု၍ ပိုကောင်းရာ သင်္ခါရတရားကို, ရှု၍ ပိုကောင်းသည့် လက္ခဏာရေး တစ်ပါးပါးကို တင်၍ ဝိပဿနာ ရှုနိုင်သည်။ ထိုသို့ ရှုရာ၌ အချို့ယောဂီများအဖို့ ရုပ်တရားများ၏ အပျက်ကို လုံးဝမမြင်တော့ဘဲ နာမ် တရားတို့၏ အပျက်သက်သက်ကိုသာ တွေ့နေရတတ်သည်လည်း ရှိ၏။ ထိုအခါမျိုးတွင် နာမ်တရားတို့၏ အပျက်ကိုသာ လက္ခဏာယာဉ် တင်၍ ရှုရန် ဖြစ်သည်။ မတွေ့ရသော ရုပ်တရား၏ အပျက်ကို အထူးရှာဖွေ၍ မရှု ပါနှင့်။

ထိုအချိန်အခါ၌ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်မူ ပျက်နေသော နာမ်တရားများမှာလည်း များသောအားဖြင့် ဝိပဿနာရှုနေသော မနောဒွါရိကဇောဝီထိစိတ်အစဉ်နှင့် ဘဝင်များသာ ဖြစ်တတ်ကြ၏။ ရှေ့စိတ်ကို နောက်စိတ်ဖြင့် = ရှေ့ဝိပဿနာဝီထိကို နောက်ဝိပဿနာဝီထိဖြင့် တစ်ဖန် ပြန်၍သာ ဝိပဿနာရှုနေပါ။ အကယ်၍ သမထယာနိကပုဂ္ဂိုလ်ဖြစ်မူ ပျက်နေသော နာမ်တရားများမှာ စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော နာမ်တရားများနှင့် ဝိပဿနာဇောဝီထိ နာမ်တရားစုတို့သာ ဖြစ်တတ်ကြ၏။ ထိုအခါမျိုး၌ မိမိ ဦးစားပေးကာ ဝိပဿနာရှုနေသော စျာန်နာမ်တရား တို့ကိုလည်းကောင်း ရှုနေသော ဝိပဿနာဇောဝီထိ နာမ်တရားတို့ကိုလည်းကောင်း လက္ခဏာယာဉ်တင်၍ တွင်တွင်ကြီး ဝိပဿနာ ဆက်ရှုနေပါ။ ဤ အခါမျိုးတွင် သမထယာနိကပုဂ္ဂိုလ်သည် မိမိ နှစ်ခြိုက်ရာ စျာန်နာမ်တရား တို့ကို အနတ္တလက္ခဏာကို ဦးစားပေး၍ ဝိပဿနာရှုပါက ပို၍ပို၍ ကောင်း တတ်ပေသည်။

အချို့ယောဂီများကား ရုပ်နာမ်နှစ်မျိုးလုံး၏ အပျက်ကိုပင် မြင်နေရ တတ်ပြန်၏။ ထိုအခါ ရုပ်တစ်လှည့် နာမ်တစ်လှည့် ဖြစ်စေ, ရုပ်နာမ်တွဲ၍ ဖြစ်စေ အပျက်သဘောကိုသာ အာရုံယူ၍ နှစ်ခြိုက်ရာ လက္ခဏာယာဉ်ကို ဦးစားပေးလျက် ဝိပဿနာ ဆက်ရှုနေပါ။ ရံခါ ရှုသည့် ဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။

ဤသို့ နည်းအမျိုးမျိုးဖြင့် ဝိပဿနာရှုခဲ့သော် ကာမ ရူပ အရူပတည်း ဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့အပေါ်၌ လျစ်လျူရှုထားနိုင်မှု ဥပေက္ခာသဘောသည်လည်း ကောင်းစွာတည်နေမည် ဖြစ် ၏။ သင်္ခါရတရားတို့အပေါ်၌ စက်ဆုပ်မှု ပါဋိကုလျသဘောသည်လည်း ကောင်းစွာတည်နေမည် ဖြစ်၏။

ဘယဉ္စ နန္ဒိဉ္စ ဝိပ္ပဟာယ သဗ္ဗသင်္ခါရေသု ဥဒါသိနော ဟောသိ မဇ္ဈတ္တော။ (ဝိသုဒ္ဓိ၊၂၊၂၉၄။)

သင်္ခါရတို့၏အပြစ်ကို ကောင်းစွာမြင်သဖြင့် သင်္ခါရတို့မှ လွတ်မြောက် လိုသော စိတ်ဓာတ်ဖြင့် သင်္ခါရတို့၏ အပျက်ကို လက္ခဏာယာဉ် အသီး အသီးတင်၍ ဝိပဿနာ ရှုနေသဖြင့် ငါ-ငါ့ဟာဟု စွဲယူထိုက်သော တစ်စုံ တစ်ခုသော သင်္ခါရတရားကိုမျှ မမြင်တွေ့ရတော့သဖြင့် --

၁။ သင်္ခါရတို့ကို ကြောက်ရွံ့ခြင်း ဘယဟူသော အစွန်းတစ်ခု,
၂။ သင်္ခါရတို့ကို နှစ်သက်ခြင်း တောင့်တခြင်း နန္ဒီဟူသော အစွန်းတစ်ခု

ဤ အစွန်းနှစ်ခုကိုပယ်၍ အလုံးစုံသော သင်္ခါရတရားတို့အပေါ်၌ ဥဒါသိန်မူနိုင်ခြင်းသဘော အလယ်အလတ် လျစ်လျူထားနိုင်မှုသဘောသည် ဖြစ်ပေါ်နေပေ၏။

ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဤဉာဏ်ကား သင်္ခါရုပေက္ခာဉာဏ်တည်း။

သင်္ခါရုပေက္ခာဉာဏ်ခန်း ပြီး၏။

__________

ဉာဏဒဿနဝိသုဒ္ဓိစခန်းသို့

သင်္ခါရုပေက္ခာဉာဏ်မှ အရိယမဂ်ဉာဏ်သို့

ထို သင်္ခါရုပေက္ခာဉာဏ်သည် ရင့်ကျက်၍ နိဗ္ဗာန်တရားတော်မြတ်ကြီးကို ငြိမ်သက်သောအားဖြင့် = ရုပ်နာမ်ဓမ္မသင်္ခါရတို့မှ ကင်းငြိမ်းနေသဖြင့် မဖြစ်မပျက်သည့် ဓာတ်သဘောအားဖြင့် အကယ်၍ သိမြင်ငြားအံ့၊ အလုံးစုံ သော သင်္ခါရတို့၏ ဖြစ်ခြင်းသဘောကို စွန့်လွှတ်၍ သင်္ခါရတို့၏ ပျက်မှုကို မမြင်တော့ဘဲ သင်္ခါရတို့ မရှိရာ သင်္ခါရတို့မှ ငြိမ်းအေးရာ = မဖြစ်မပျက်ရာ အငြိမ်းဓာတ်နိဗ္ဗာန်သို့သာ စိတ်သည် ပြေးဝင်သွား၏။ (ဝိသုဒ္ဓိ၊၂၊၂၉၄။)

ထိုသင်္ခါရုပေက္ခာဉာဏ်သည် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ငြိမ်သက်အေးမြသော သန္တသဘော = သန္တိသုခသဘောအားဖြင့် အကယ်၍ မမြင်သေးငြားအံ့၊ ထိုသင်္ခါရုပေက္ခာဉာဏ်သည် ရင့်ကျက်ခြင်းသို့ မရောက်ရှိသေးရကား အဖန်တလဲလဲ သင်္ခါရတရားလျှင် အာရုံရှိသည် ဖြစ်၍ သာလျှင် = သင်္ခါရတို့၏ အပျက်ကို အာရုံပြု၍သာလျှင် ဖြစ်ပေါ်နေမည် ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၂၉၅။)

ထိုသို့ဖြစ်နေလျှင် သင်္ခါရုပေက္ခာဉာဏ်ကို ရင့်ကျက်လာအောင် --

၁။ ရံခါ ရုပ်တရား
၂။ ရံခါ နာမ်တရားတို့ကို
၃။ ရံခါ အဇ္ဈတ္တ၌
၄။ ရံခါ ဗဟိဒ္ဓ၌
၅။ ရံခါ အနိစ္စလက္ခဏာတင်၍
၆။ ရံခါ ဒုက္ခလက္ခဏာတင်၍
၇။ ရံခါ အနတ္တလက္ခဏာတင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ
၈။ ရံခါ အကြောင်းတရား
၉။ ရံခါ အကျိုးတရားတို့ကိုလည်း အလားတူပင် လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။ ။ အတိတ် အနာဂတ်တို့၌ လည်း ပုံစံတူပင်ရှုပါခန္ဓာငါးပါးနည်းဖြင့်လည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ

အကယ်၍ အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သမထယာနိကပုဂ္ဂိုလ်ဖြစ်ခဲ့ပါမူ မိမိ ကြိုက်နှစ်သက်ရာ စျာနသမာပတ္တိဝီထိ နာမ်တရားတို့ကို ဦးစားပေး၍ လက္ခဏာရေးသုံးတန်တွင်လည်း အနတ္တလက္ခဏာကို ဦးစားပေး၍ တစ်ဖန် ဝိပဿနာပြန်ရှုပါ။ အထူးသဖြင့် စတုတ္ထစျာန် နာမ်တရားတို့ကို အနတ္တလက္ခဏာတင်လျက် ဦးစားပေး၍ ဝိပဿနာရှုနေပါ။ ရံခါ ရှုသည့် ဝိပဿနာဉာဏ် = ဝိပဿနာဇောဝီထိနာမ်တရားတို့ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။ သင်္ခါရုပေက္ခာဉာဏ်သည် ရင့်ကျက်လာသော အခါ ----

၁။ ပဝတ္တဟူသော သင်္ခါရတို့၏ ပျက်မှုသဘောမှ
၂။ အပဝတ္တဟူသော သင်္ခါရတို့၏ မဖြစ် မပျက်မှုသဘောသို့

ဉာဏ်သည် သက်ဝင်ဆိုက်ရောက်သွားမည် ဖြစ်ပေသတည်း။

အကယ်၍ မဆိုက်ရောက်နိုင်သေးသည်ဖြစ်အံ့၊ အနုပဒဓမ္မဝိပဿနာ ရှုပွားနည်းကို ကြိုးစားအားထုတ်ကြည့်ပါ။ ပုံစံဆိုရသော် ပထမစျာန်ကို ဝင်စားပါ။ ပထမစျာန်မှထ၍ ပထမစျာန်နာမ်တရား (၃၄)လုံးတို့ကို သိမ်းဆည်းပါ။ ထိုတွင် စျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီကို လက္ခဏာယာဉ် တစ်ချက်စီတင်၍ ဝိပဿနာရှုပါအဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ အလားတူပင် မိမိ ရရှိထားသမျှ နေဝသညာနာသညာယတနစျာန်မှတစ်ပါး ကုန်သော စျာန်တို့ကိုလည်း အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာရှုပါလက္ခဏာရေးသုံးတန် စုံအောင်ရှုပါကာမာဝစရ နာမ်တရားတို့ကိုလည်းကောင်း, ရုပ်တရားတို့ကိုလည်းကောင်း အနုပဒဓမ္မဝိပဿနာနည်းဖြင့် ရှုပါရုပ်တရားတို့ကို အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာရှုရာ၌ စက္ခုဒသက ကလာပ် စသော ထိုထို ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ပထဝီစသော ပရမတ္ထဓာတ်သားတို့ကို တစ်လုံးစီ တစ်လုံးစီ လက္ခဏာယာဉ် တင်၍ ဝိပဿနာရှုပါဒွါရ (၆)ပါးနှင့် (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ကုန်စင်အောင် ဝိပဿနာရှုပါအဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ

[သာဝကတို့သည် နေဝသညာနာသညာယတနစျာန်သမာပတ် အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ မရှုနိုင်ကြကုန်။ ကလာပသမ္မသနနည်းဖြင့်သာ ဝိပဿနာ ရှုနိုင်ကြကုန်၏။ ထိုကြောင့် အနုပဒဓမ္မဝိပဿနာရှုနည်း၌ ယင်းစျာန်ကို ချန်လှပ် ထားခြင်း ဖြစ်ပေသည်။]

အနုပဒဓမ္မဝိပဿနာနည်းဖြင့်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ဆိုက်ရောက်နိုင်သည်သာ ဖြစ်ပေသည်။ အကယ်၍ မဆိုက်ရောက်နိုင်ခဲ့သည် ဖြစ်အံ့၊ ကလာပသမ္မသနဝိပဿနာရှုနည်းဖြင့်လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သမ္မသနဉာဏ်မှစ၍ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် တစ်ဖန်ပြန်၍ ဝိပဿနာရှုပါပါရမီအားလျော်စွာ အောင်မြင်မှုကို ရရှိနိုင်ပေသည်


သုညကို မြင်အောင်ကြည့်ပါ

သုညတော လောကံ အဝေက္ခဿု၊ မောဃရာဇ သဒါ သတော။

အတ္တာနုဒိဋ္ဌိံ ဦဟစ္စ၊ ဧဝံ မစ္စုတရော သိယာ။

ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။ (ခု၊၁၊၄၄၈။)

မောဃရာဇ = ဒါယကာ မောဃရာဇရသေ့သဒါ = နေ့ရော ညဉ့်ပါ ဘယ်ခါမပြတ် အခါခပ်သိမ်းသတော = သတိပဋ္ဌာန်လေးပါး မပြတ်ပွားလျက် ထင်သောသတိနှင့် ပြည့်စုံသည်ဖြစ်၍အတ္တာနုဒိဋ္ဌိံ = သင်္ခါရတရားတို့အပေါ်၌ အတ္တဟူ၍ အစဉ်ပြေးသွားသော သက္ကာယဒိဋ္ဌိ = အတ္တဒိဋ္ဌိတရားကိုဦဟစ္စ = နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် စသော ဝိပဿနာဉာဏ်တို့ဖြင့် နှုတ်ပစ်ပယ်ခွာ၍လောကံ = ရုပ်နာမ်ဓမ္မ သင်္ခါရ လောကကိုသုညတော = နိစ္စ သုခ အတ္တ သုဘ စသော အနှစ်သာရမှ ဆိတ်သုဉ်းသော သုညသဘောအားဖြင့်အဝေက္ခဿု = ဝိပဿနာဉာဏ် ပညာစက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်ပါလေလောဧဝံ = ဤသို့ ရှုပွားသုံးသပ်နိုင်ခဲ့သည်ရှိသော်မစ္စုတရော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ကျော်လွှားလွန်မြောက်နိုင်သည်။ သိယာ = ဖြစ်လေရာ၏ဧဝံ = ဤသို့ သုညသဘောအားဖြင့်လောကံ = ရုပ်နာမ်ဓမ္မသင်္ခါရလောကကိုအဝေက္ခန္တံ = ဝိပဿနာဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်လျက်ရှိသောသူကိုမစ္စုရာဇာ = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းသည်။ န ပဿတိ = ဘယ်တော့မှ မမြင်နိုင်ပါပေသတည်း


ရှင်သေမင်း မမြင်နိုင်သူ

အထက်ပါ ဒေသနာတော်နှင့် အညီ အသင်သူတော်ကောင်းသည်လည်း သင်္ခါရလောကကို သုညမြင်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တတ်ပါက ရှင်သေမင်းက မမြင်နိုင်သူတစ်ဦး ဖြစ်နိုင်ပေသည်မသေရာ အမြိုက် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုနိုင်ပေသည်

ပဝတ္တမှ အပဝတ္တသို့, အဖြစ်နယ်မှ မဖြစ်နယ်သို့ ကူပြောင်းသွားနိုင်ပေသည်မဖြစ် မပျက်သည့်နယ်၌, တစ်နည်း ဖြစ်ပျက်ကုန်ဆုံးသည့်နယ်၌, တစ်နည်း အပျက်ဆုံးသည့် နယ်မြေ၌ အဓိဋ္ဌာန်ပြုသည့်အတိုင်း အချိန် ကာလပိုင်းခြား၍ နေချင်တိုင်းနေနိုင်အောင် လေ့ကျင့်ပါ

၁။ မဂ်ကို ဆင်ခြင်ခြင်း,
၂။ ဖိုလ်ကို ဆင်ခြင်ခြင်း,
၃။ နိဗ္ဗာန်ကို ဆင်ခြင်ခြင်း,
၄။ ပယ်ပြီးကိလေသာကို ဆင်ခြင်ခြင်း,
၅။ မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်း ---

ဟူသော ပစ္စဝေက္ခဏာငါးတန်တို့ကိုလည်း ဆရာသမားထံ၌ နည်းခံ၍ လေ့ကျင့်ပါလေ

ဤမျှဖြင့် မကျေနပ်သေးဘဲ မိမိသန္တာန်ဝယ် ကုန်သင့်ကုန်ထိုက်သည့် ကိလေသာများ ကုန်မကုန်ကို နည်းအမျိုးမျိုးဖြင့် ကြိမ်ဖန်များစွာ ရက်ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ စောင့်ဆိုင်း၍လည်း ဆန်းစစ်ပါစိတ်ချလက်ချကား မနေသင့်လှသည်သာ ဖြစ်ပေသည်

သစ္စာလေးပါးကို သိမှု၌ အသိဉာဏ်ခိုင်ခံ့မှု ရှိမရှိကိုလည်း အကြိမ်ကြိမ်အဖန်ဖန် ဆန်းစစ်လေရာသည်ပရိယတ် ပဋိပတ် နှစ်ဌာနတို့၌ ကျွမ်းကျင်လိမ္မာတော်မူကြသော ဆရာမြတ်ကြီးတို့နှင့်လည်း အဖန်ဖန် အထပ်ထပ် နှီးနှောတိုင်ပင်လေရာသည်

ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း
ဖားအောက်တောရ
ကောဇာသက္ကရာဇ် - ၁၃၆၇-ခုနှစ်

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...