နာမ်ကမ္မဋ္ဌာန်းပိုင်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အပိုင်း (၁)
စိတ်ပိုင်းဆိုင်ရာ သိမှတ်စရာ
ကုဋေတစ်သိန်း
ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ၊ဋ္ဌ၊၂၊၂၉၅။)
နာမ်တရားတို့သည်ကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုအပ်သော အချိန်ကာလအတွင်း၌ပင် ကုဋေတစ်သိန်းမက ဖြစ်ပြီးလျှင် ချုပ်ပျက်သွားကြ၏။ ဤ ကျမ်းဂန်အဆိုအမိန့်များကို ကိုးကားလျက် ---- မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်အတွင်းမှာ ကုဋေတစ်သိန်းမက ဖြစ်ပြီးပျက်နေသော ဒီနာမ်တရားတွေကို ဘယ်လိုလုပ် ရှုမလဲဟု ကုဋေတစ်သိန်းနှင့် ခဏခဏ ကိုင်အပေါက်ခံနေရသဖြင့် အလွန့် အလွန် မျက်နှာငယ်နေရှာသော၊ ယနေ့ခေတ် ဝိပဿနာလောကက မျက်နှာသာမပေးသဖြင့် မျက်မှောက်ခေတ် သာသနာဝယ် ချောင်ကြိုချောင်ကြား၌ အသာအယာ ပုကပ်နေရသော၊ သို့သော် တစ်ချိန်က မျက်နှာပန်းပွင့်လန်းခဲ့ ဖူးသော နာမ်တရားများကို သိမ်းဆည်းရှုပွားရန် အပိုင်းသို့ကား ဆိုက်ရောက် လာခဲ့ပေပြီ။ နှလုံးဖြူစင် အသင်သူတော်စင်အပေါင်းတို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ်။
နာမ်ကမ္မဋ္ဌာန်း၌ သိမ်းဆည်းနည်း (၃) နည်း
တိဝိဓော ဟိ အရူပကမ္မဋ္ဌာနေ အဘိနိဝေသော ဖဿဝသေန ဝေဒနာဝသေန စိတ္တဝသေနာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
နာမ်ကမ္မဋ္ဌာန်းကို စတင်အားသစ်ရာ၌ = နာမ်တရားတို့ကို စတင် သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ----
၁။ ဖဿကစ၍ သိမ်းဆည်းသောနည်း (ဖဿ ထင်ရှားသော ပုဂ္ဂိုလ်အဖို့)
၂။ ဝေဒနာကစ၍ သိမ်းဆည်းသောနည်း (ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ် အဖို့)
၃။ အသိစိတ် = ဝိညာဏ်ကစ၍ သိမ်းဆည်းသောနည်း (အသိစိတ် ဝိညာဏ် ထင်ရှားသော ပုဂ္ဂိုလ်အဖို့။) ဟု ----
ဤသို့လျှင် (၃)နည်း ရှိပေသည်။ အကယ်၍ အသင်သူတော်ကောင်းသည် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်မျိုးဖြစ်လျှင် နာမ်ကမ္မဋ္ဌာန်းကို စတင် အားသစ်ရာ၌ အောက်ပါ စည်းကမ်းသတ်မှတ်ချက်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ လိုက်နာပြုကျင့်သင့်လှပေသည်။
ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟေဿဝ တဿ အရူပဓမ္မာ တီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါ ကာတဗ္ဗော၊ န ဣတရေန။ သစေ ဟိ ဧကသ္မိံ ဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ၊ ကမ္မဋ္ဌာနတော ပရိဟာယတိ၊ ပထဝီကသိဏဘာဝနာယ ဝုတ္တပ္ပကာရာ ပဗ္ဗတေယျာ ဂါဝီ ဝိယ။ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၇။)
ယထာ နာမ ဟေဋ္ဌိမစျာနံ သုဘာဝိတံ ဝသီဘာဝံ ပါပိတမေဝ ဥပရိစျာနဿ ပါဒကံ ပဒဋ္ဌာနံ ဟောတိ၊ န ပဋိလဒ္ဓမတ္တံ၊ ဧဝံ ရူပပရိဂ္ဂဟော သုဝိသုဒ္ဓေါ နိဇ္ဇဋော နိဂ္ဂုမ္ဗော ဧဝ အရူပပရိဂ္ဂဟဿ ပါဒကံ ပဒဋ္ဌာနံ ဟောတိ၊ န အဝိသုဒ္ဓေါ၊ တသ္မာ ရူပါရူပဿ ဧကဒေသေပိ အနုပဋ္ဌိတေ သော အဝိသုဒ္ဓေါ ဧဝ နာမ ဟောတိ၊ ပဂေဝ ဗဟူသု အနုပဋ္ဌိတေသူတိ ဒေဿန္တော အာဟ သစေ ဟီတိအာဒိ။ (မဟာဋီ၊၂၊၃၅၇။)
အကယ်၍ အသင် သူတော်ကောင်းသည် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ဖြစ်လျှင် သုဝိသုဒ္ဓရူပပရိဂ္ဂဟ = ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသူ = သိမ်းဆည်းပြီးသူ ဖြစ်ရပေမည်။ အကြောင်းမူ ခန္ဓာငါးပါးရှိသော သတ္တဝါတို့၏ သန္တာန်ဝယ် စက္ခုအကြည်၊ သောတအကြည်၊ ဃာနအကြည်၊ ဇိဝှါအကြည်၊ ကာယအကြည် ဟူသော အကြည်ရုပ်တို့ကား စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယ ဝိညာဏ် ဟူသော နာမ်တရားစုတို့၏ အစဉ်အတိုင်း မှီ၍ဖြစ်ရာ ရုပ်တရားတို့ ဖြစ်ကြ၏။ မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော နာမ်တရားစုတို့ သည်လည်း ဘဝင် = မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြရ၏။
သို့အတွက် ယင်းနာမ်တရားတို့၏ မှီ၍ဖြစ်ရာ ဆိုင်ရာဆိုင်ရာ ဝတ္ထု ရုပ်တို့ကိုလည်းကောင်း၊ ဘဝင် = မနောအကြည်ဓာတ်ကိုလည်းကောင်း မသိမ်းဆည်းတတ်သေး = မရှုတတ်သေးပါက နာမ်တရားတို့ကို နာမ်တုံး နာမ်ခဲဟူသော နာမ်ဃန အသီးအသီးပြိုအောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းတတ်ရေး ဉာဏ်ဖြင့် ပိုင်းခြားယူတတ်ရေး ရှုမြင် တတ်ရေးမှာ အလွန် အလှမ်းဝေးလျက်ပင် ရှိနေပေဦးမည် ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ---- ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် အထက်တွင် တင်ပြထားသော နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း = နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားနည်း (၃)နည်းတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာအား ဖြင့် သို့မဟုတ် သုံးမျိုးသော အခြင်းအရာတို့ဖြင့် နာမ်တရားတို့သည် ထင်ရှား လာသောကြောင့် ဖြစ်သည်။ ထိုကြောင့် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင် နာမ်တရားတို့ကို သိမ်း ဆည်းဖို့ရန် ကြိုးစားအားထုတ်ပါ။ ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ မ သိမ်းဆည်းရသေးသော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းဖို့ရန် ကြိုးစားအားထုတ်ခြင်းကို မပြုလုပ်ပါနှင့်။ အကယ်၍ ရုပ်တရား တစ်လုံးလောက် အသိဉာဏ်၌ ထင်ရှားလာရုံမျှဖြင့်သော်လည်းကောင်း၊ ရုပ် တရားနှစ်လုံးလောက် အသိဉာဏ်၌ ထင်ရှားလာရုံမျှဖြင့်သော်လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို ဆက်လက်အားမထုတ်တော့ဘဲ ရုပ်တရားကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို ပယ်စွန့်ထားခဲ့၍ နာမ်တရားကို သိမ်းဆည်းဖို့ရန် ကြိုးစား အားထုတ်မိငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ် ပျက်စီးတတ်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၇။ စာပိုဒ်-၆၇၁။)
နှိုင်းခိုင်းဖွယ်ရာ ဥပမာမည်သည်ကား ဝသီဘော်ငါးတန်သို့ ဆိုက်အောင်သာလျှင် ကောင်းစွာ ပွားများထားအပ်သော အောက်အောက်သော စျာန်သည်သာလျှင် အထက်အထက်သော စျာန်၏ အခြေခံအကြောင်းရင်း အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်နိုင်၏။ ရအပ်ကာမျှဖြစ်သော အောက်အောက်သော စျာန်သည် အထက်အထက်သော စျာန်၏ အခြေခံ အကြောင်းရင်း အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် မဖြစ်နိုင်။ ဤ ဥပမာ အတူပင်လျှင် ရုပ်တရားတို့ကို သိမ်းဆည်းတတ်သော ရူပပရိဂ္ဂဟဉာဏ်သည် ကောင်းမွန် စင်ကြယ်မှသာလျှင် အရှုပ်အထွေး ကင်းစင်မှသာလျှင် အဖု အထစ် ကင်းစင်မှသာလျှင် နာမ်တရားကို သိမ်းဆည်းတတ်သော အရူပပရိဂ္ဂဟဉာဏ်၏ အခြေခံအကြောင်းရင်း အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်နိုင်၏။ ရူပပရိဂ္ဂဟဉာဏ်သည် မစင်ကြယ်သည် ဖြစ်လတ်ဘိမူကား အရူပပရိဂ္ဂဟဉာဏ်၏ အခြေခံ အကြောင်းရင်း အနီးကပ်ဆုံးသော အကြောင်း တရား မဖြစ်နိုင်။ ထိုကြောင့် ရုပ်တရား နာမ်တရား၏ တစ်စိတ် တစ်ဒေသ သည်သော်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်ရှားလတ်သော် ထိုရူပပရိဂ္ဂဟဉာဏ်သည် မစင်ကြယ်သည်သာလျှင် မည်ပေသည်။ များစွာကုန်သော ရုပ်တရား နာမ်တရားတို့သည် အသိဉာဏ်၌ မထင်လာ မမြင် လာလတ်ကုန်ပါမူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်း။ ဤသို့သော အနက်အဓိပ္ပါယ်ကို ထင်ရှားပြတော်မူလိုသည်ဖြစ်၍ အဋ္ဌကထာ ဆရာတော်က အထက်ပါစကားရပ်ကို မိန့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၃၅၇။)
ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် (အံ၊၃၊၂၁၆။)၌ ဂါဝီဥပမာသုတ္တန် အမည်ရှိသော သုတ္တန်တစ်ခုကို ဟောကြားထားတော်မူခဲ့၏။ ထိုသုတ္တန်၌ မညီညွတ်သော တောင်၌ ကျက်စားလေ့ရှိသော မိုက်မဲသော မလိမ္မာသော ကျက်စားရာ စားကျက်၌ လိမ္မာကျွမ်းကျင်မှု မရှိသော နွားမတစ်ကောင် အကြောင်းကို ဟောကြားထားတော်မူ၏။ ထိုနွားမိုက်မကား တောင်ထိပ်တစ်နေရာမှ လှမ်းမြော်ကြည့်လိုက်သောအခါ ကြည်လင်အေးမြသော ရေကန် ကြီးတစ်ခုနှင့် ယင်းရေကန်ကြီး၏ ပတ်ဝန်းကျင်၌ စိမ်းလန်း စိုပြည်လျက် တည်ရှိကြသော မြက် သစ်ရွက်အပေါင်းကို တွေ့မြင်ရသဖြင့် ယင်းစိမ်းလန်း စိုပြည်သော မြက် သစ်ရွက်နုတို့ကို စားသုံး၍ ယင်းရေကန်ကြီး၏ အတွင်း၌ တည်ရှိသော ကြည်လင်အေးမြသော ရေတို့ကို သောက်သုံးရန်ဟူသော ဦး တည်ချက်ဖြင့် တောင်ပေါ်မှ ဆင်းသက်လိုက်သောအခါ ရှေ့ခြေကို နင်းကွင်းကောင်းကောင်း၌ ခိုင်ခိုင်ခံ့ခံ့ မနင်းဘဲ နောက်ခြေကို မြှောက်လိုက်၏။ တောင် ပေါ်မှ ကာပြန်ကျသဖြင့် မိမိမျှော်လင့်ထားသော မြက်သစ်ရွက်နုတို့ကိုလည်း မစားရဘဲ၊ ရေကိုလည်း မသောက်ရဘဲ မူလကြံစည်ခဲ့ရာ တောင်ထိပ်သို့လည်း ပြန်မတက်နိုင် ဖြစ်သွား၏။
ဤဥပမာအတူပင် ယောဂါဝစရ ရဟန်းတော်သည် အောက်အောက် စျာန်၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် မလေ့ကျင့်ဘဲ အထက်အထက်စျာန် သို့တက်ခဲ့သော် အထက်အထက်စျာန်သို့လည်း မတက်နိုင်ရှိတတ်၏၊ ရပြီး အောက်အောက်စျာန်မှလည်း လျှောကျတတ်၏။ ဤသို့ဘုရားရှင်သည် ဟော ကြားထားတော်မူ၏။ (အကျယ်ကို ယင်းဂါဝီဥပမာသုတ္တန်တွင် ကြည့်ပါ။)
အလားတူပင် အဋ္ဌကထာဆရာတော်ကလည်း ယင်း ဥပမာကိုပင် ဆောင်၍ ဤ၌ သတိပေးထား၏။ ကောင်းမွန်စင်ကြယ်စွာ ရုပ်ကမ္မဋ္ဌာန်းကို မသိမ်းဆည်းရသေးဘဲ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းဖို့ရန် ကြိုးစားအားထုတ် ပါက ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ် ပျက်စီးတတ်၏ဟု သတိပေးထား၏။ မျှော်လင့် ထားသော နာမ်ကမ္မဋ္ဌာန်းသို့လည်း မတက်နိုင်၊ ရရှိပြီး ရုပ်ကမ္မဋ္ဌာန်းမှလည်း လျှောကျသွားတတ်၏ဟု ဆိုလို၏။
သို့သော် အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်လျှင် ကား ယင်းစျာန်သမာဓိ၏ စွမ်းအင်ကြောင့် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့ ဦးဆောင်သည့် စျာနဓမ္မ အမည်ရသည့် စျာန် နာမ်တရားတို့က စတင်၍ သိမ်းဆည်းလိုက သိမ်းဆည်းနိုင်ပေ၏။ သို့သော် စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ၌ ယင်းစျာန်နာမ်တရားတို့၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊ ၂၂၂၊၊) ၌ ညွှန်ကြားထားပေသည်။ တစ်ဖန် ပကိဏ္ဏကသင်္ခါရ = ပြိုးပြွမ်းသော သင်္ခါရ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဆက်လက် သိမ်းဆည်းသည့် အပိုင်း၌ ကာမာဝစရနာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်၏။ ထိုအခါတွင် ဆိုင်ရာဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်း သိမ်းဆည်းထားပြီး ဖြစ်ဖို့ကား အထူးလိုအပ်ပေသည်။ ထိုကြောင့် အထက်ပါ စည်းကမ်း သတ်မှတ်ချက်မှာသုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သာမက သမထယာနိက ပုဂ္ဂိုလ်သည်လည်း ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရိုသေမြတ်နိုး စွာ ဦးထိပ်ရွက် ပန်ဆင်လျက် လိုက်နာပြုကျင့်ရမည့် ဥပဒေသတစ်ခုပင် ဖြစ်ပေသည်။
ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကိုမျှလည်း လုံးဝမထူထောင်ဘဲ၊ အထက်ပါ စည်းကမ်း သတ်မှတ်ချက်ကိုလည်း လုံးဝမလိုက်နာဘဲ နာမ်ကမ္မဋ္ဌာန်းကို အားသစ် ခြင်း နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားခြင်းတည်းဟူသော ဘာဝနာလုပ်ငန်းခွင်ကို ကြိုးပမ်းမိသည် ဖြစ်အံ့၊ ထိုသို့ ကြိုးပမ်းမိသော အသင်သူတော် ကောင်းသည်လည်း ဘုရားဟောတော်မူသည့် နာမ်တရားများကို ကုဋေတစ်သိန်းနှင့် ကိုင်ပေါက်နေသည့် အုပ်စုတွင် တစ်ဦးအပါအဝင် ဖြစ်ကောင်း ဖြစ် နိုင်ပေသည်။
ကြိုတင်သိမှတ်ထားရန် အချက်နှစ်ရပ်
တေဿဝံ ပရိဂ္ဂဟိတရူပဿ ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
ကာမံ ဝတ္ထုဝသေနာပိ အရူပဓမ္မာ ပါကဋာ ဟောန္တိ၊ ဒွါရဝသေန ပန ပရိဂ္ဂဟော အနာကုလောတိ ကတွာ ဝုတ္တံ ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တီတိ။ (မဟာဋီ၊၂၊၃၅၂-၃၅၃။)
နာမ်တရားတို့ကို သိမ်းဆည်းရာ၌ မှီရာဝတ္ထုရုပ်၏လည်း အစွမ်းဖြင့် သိမ်းဆည်းနိုင်၏။ စက္ခုဒွါရဝီထိ သောတဒွါရဝီထိ စသော အာယတနဒွါရ၏ အစွမ်းဖြင့်လည်း သိမ်းဆည်းနိုင်၏။ ထိုနှစ်နည်းတို့တွင် အဋ္ဌကထာဆရာတော် က --
ဤသို့လျှင် ရုပ်ကမ္မဋ္ဌာန်းကို = ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဒွါရ၏ အစွမ်းဖြင့် = အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်၏ဟု-
ဤသို့ ဖွင့်ဆိုထားတော်မူ၏။ ယင်းသို့ ညွှန်ကြားရခြင်းမှာ အကြောင်း ရှိသည်သာ ဖြစ်၏။
၁။ စက္ခုဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား၊
၂။ သောတဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား၊
၃။ ဃာနဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား၊
၄။ ဇိဝှါဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား၊
၅။ ကာယဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား၊
၆။ ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား၊
ဤသို့လျှင် မှီရာဝတ္ထုရုပ်၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်း ခြင်းကား ရောယှက်ရှုပ်ထွေးခြင်း ရှိနေ၏။ သို့သော် ----
၁။ စက္ခုဒွါရဝီထိ နာမ်တရားစု၊
၂။ သောတဒွါရဝီထိ နာမ်တရားစု၊
၃။ ဃာနဒွါရဝီထိ နာမ်တရားစု၊
၄။ ဇိဝှါဒွါရဝီထိ နာမ်တရားစု၊
၅။ ကာယဒွါရဝီထိ နာမ်တရားစု၊
၆။ မနောဒွါရဝီထိ နာမ်တရားစု၊
ဤသို့ အာယတနဒွါရအလိုက် နာမ်တရားစုတို့ကို သိမ်းဆည်းခြင်းကား အနာကုလ = ရောယှက်ရှုပ်ထွေးခြင်း ကင်းနေ၏။ ထိုကြောင့် အဋ္ဌကထာ ဆရာတော်က စက္ခုဒွါရဝီထိ နာမ်တရားစုစသည့် အာယတနဒွါရ၏ အစွမ်းဖြင့်သာ နာမ်တရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားထားပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၂၃။ မဟာဋီ၊၂၊၃၅၂-၃၅၃။)
ထပ်မံရှင်းလင်းချက်
၁။ စက္ခုဝတ္ထုရုပ်ကို မှီ၍ စက္ခုဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာ ရ၏။
၂။ သောတဝတ္ထုရုပ်ကို မှီ၍ သောတဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ် လာရ၏။
၃။ ဃာနဝတ္ထုရုပ်ကို မှီ၍ ဃာနဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ် လာရ၏။
၄။ ဇိဝှါဝတ္ထုရုပ်ကို မှီ၍ ဇိဝှါဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာ ရ၏။
၅။ ကာယဝတ္ထုရုပ်ကို မှီ၍ ကာယဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ် လာရ၏။
၆။ ဟဒယဝတ္ထုရုပ်ကို မှီ၍ မနောဓာတ် မနောဝိညာဏဓာတ် အမည်ရ သော နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏။
ထိုတွင် စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟူသော ဝတ္ထုရုပ်ငါးမျိုးကို မှီ၍ဖြစ်သော အသီးအသီးသော နာမ်တရားစုတို့ ၌ ရောယှက်ရှုပ်ထွေးမှုကား မရှိပေ။ သို့သော် ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်ပေါ် ကြသော နာမ်တရားစုတို့မှာ အာရုံ (၆)ပါးကို ထိုက်သလို အာရုံယူနေကြသော နာမ်တရားစုတို့ ဖြစ်ကြသဖြင့် ရောယှက်ရှုပ်ထွေးမှုကား ရှိနေ၏။ ပိုမို၍ သဘောပေါက်ရန် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကိုကြည့်ပါ။ တစ်ဖန် ----
၁။ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား၊
၂။ သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော သောတဒွါရဝီထိ မနောဒွါရ ဝီထိ နာမ်တရား၊
၃။ ဂန္ဓာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဃာနဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား၊
၄။ ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား၊
၅။ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကာယဒွါရဝီထိ မနော ဒွါရဝီထိ နာမ်တရား၊
၆။ ဓမ္မာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရဝီထိ နာမ်တရား၊
ဤသို့ အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းခြင်းသည်ကား ရောယှက်ရှုပ်ထွေးခြင်း ကင်းနေ၏။ ထိုကြောင့် အဋ္ဌကထာ ဆရာတော်က အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားရခြင်း ဖြစ်ပေသည်။ ထိုကြောင့် အသင် ယောဂါဝစရပုဂ္ဂိုလ် သူမြတ်သည်လည်း နာမ်တရားတို့ကို သိမ်းဆည်းလိုပါက၊ အထူးသဖြင့်အသင် သူတော်ကောင်းသည်လည်း သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဖြစ်နေပါမူ --
၁။ ရုပ်တရားကို သိမ်းဆည်းထားပြီး ဖြစ်ရမည်။
၂။ အာယတနဒွါရအလိုက် သိမ်းဆည်းရမည် -- ဟု
ဤ ဥပဒေသနှစ်ရပ်ကို ရိုသေစွာ နာယူမှတ်သားပါ။ ဘုရားရှင်ဟောကြားထားတော်မူသည့် နာမ်တရားတို့ကို ကုဋေတစ်သိန်းနှင့် ကိုင်လျက် မပေါက်မိအောင် ကြိုးစားပါ။
အာယတနဒွါရဝသေနာတိ အာယတနသင်္ခါတဒွါရဝသေန။ ကမ္မဒွါရနိဝတ္တနတ္ထံ အာယတနဂ္ဂဟဏံ။ (မဟာဋီ၊၂၊၄၁၀။)
သာသနာတော်၌ ဒွါရ အသုံးအနှုန်း နှစ်မျိုးရှိနေ၏။ ကာယဒွါရ ဝစီ ဒွါရ မနောဒွါရဟူသော ဒွါရသုံးပါးတို့ကို ကမ္မဒွါရဟု ခေါ်ဆို၍ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟူသော ဒွါရ (၆)ပါးကို အာယတနဒွါရဟု ခေါ်ဆိုသည်။ ယင်း အာယတနဒွါရအလိုက် ဝီထိစိတ် အစဉ်အတိုင်း နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အတုံးအခဲ ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရမည်ဟု ဆိုလိုပေသည်။ (နာမ်တုံးနာမ်ခဲ နာမ်ဃန (၄)ပါး အကြောင်း အရာကို နောက်ပိုင်းတွင် ရေးသားတင်ပြပါမည်။)
လောကီနာမ်တရားများသာ
လောကုတ္တရစိတ္တာနိ ပန နေဝ သုဒ္ဓဝိပဿကဿ, န သမထယာနိကဿ ပရိဂ္ဂဟံ ဂစ္ဆန္တိ အနဓိဂတတ္တာ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော နာမ်တရားတို့ကို ထုတ်ဆောင်ပြရာ၌ ----
ဧကာသီတိ လောကိယစိတ္တာနိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
ဤသို့ စသည်ဖြင့် လောကီစိတ်စေတသိက် နာမ်တရားစုတို့သာ ဖြစ်ကြောင်းကို ရှင်းလင်းတင်ပြထား၏။ လောကုတ္တရာစိတ်တို့ကား မရရှိသေး သည့်အတွက်ကြောင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်း မသိမ်းဆည်း နိုင်၊ သမထယာနိကပုဂ္ဂိုလ်သည်လည်း မသိမ်းဆည်းနိုင်ပေ။ ဤမိန့်ဆိုချက်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်းတင်ပြ ထားတော်မူ၏။
သဗ္ဗသင်္ဂါဟိကဝသေန ဧကာသီတိ လောကိယစိတ္တာနီတိ ဝုတ္တံ။
လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ (မဟာဋီ၊၂၊၃၅၃။)
လောကီစိတ် (၈၁)မျိုးလုံးနှင့် ယှဉ်ဖက် သမ္ပယုတ်တရားစုတို့သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြောင်းကို ဖွင့်ဆိုသော ဤစကားရပ်မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်နိုင်သော စိတ်အားလုံးကို သိမ်းကျုံး ရေတွက်ပြသည်၏ အစွမ်းဖြင့် ဖွင့်ဆိုသွားတော်မူသော စကားရပ်သာဖြစ်၏။သို့သော် မဟဂ္ဂုတ်စိတ်တို့သည်ကား စျာန်ရသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌သာလျှင် ထင်ရှားနိုင်ကုန်၏။ (မဟာဋီ၊၂၊၃၅၃။)
ဤသို့ ဖွင့်ဆိုထားသောကြောင့် စျာန်ကိုရရှိသော ယောဂါဝစရပုဂ္ဂိုလ် သည်သာလျှင် မဟဂ္ဂုတ်စိတ်တို့ကို ရှုပွားနိုင်ရကား ယင်းစျာန်ကို ရရှိသော စျာနလာဘီပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ မိမိရရှိထားသော စျာန်နာမ်တရားတို့ကိုပါ ထည့်သွင်း၍ သိမ်းဆည်းရှုပွားပါ။ စျာန်ကို မရရှိသော သုက္ခဝိပဿကပုဂ္ဂိုလ်သည်ကား စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားမှုကို ချန်လှပ်ထားနိုင်ပေသည်။ အလားတူပင် ကြိယာဇောတို့သည်လည်း ရဟန္တာ အရှင်မြတ်ကြီးတို့၏ သန္တာန်၌သာလျှင် ဖြစ်နိုင်ခွင့်ရှိသော နာမ်တရားတို့ ဖြစ်ခြင်းကြောင့် ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့သည် ယခုကဲ့သို့ ရုပ်နာမ်ကို သိမ်းဆည်း ရာ၌လည်းကောင်း၊ ဝိပဿနာပိုင်း၌လည်းကောင်း ယင်း ကြိယာဇောတို့ကို လည်း မသိမ်းဆည်း မရှုပွားဘဲ ချန်လှပ်ထားနိုင်ပေသည်။
တစ်ဖန် စိတ်တို့မည်သည် စေတသိက်တို့ မပါဘဲ မိမိချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိ၊ အလားတူပင် စေတသိက်တို့သည်လည်း စိတ်မပါဘဲ မိမိတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြကုန်။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း၌ အုပ်စုအလိုက် ယှဉ်တွဲ၍သာ ဖြစ်ကြရပေသည်။ ထိုကြောင့် အသင် သူတော်ကောင်းသည် ဝိပဿနာပိုင်း၌ မိမိ သိမ်းဆည်းရှုပွားရမည့် စိတ်စေတသိက်တို့ကို ကြိုတင်၍ သိထားသင့် ပေသည်။
ကြိုတင်သိမှတ်ဖွယ်ရာများ
စိတ်တို့သည် အကြမ်းအားဖြင့် ခွဲခြားဝေဖန်လိုက်သော် ဝီထိစိတ်နှင့် ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်ဟု နှစ်မျိုးရှိပေသည်။ ထိုတွင် ဝီထိမုတ်စိတ်မှာလည်း ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်ဟု သုံးမျိုးရှိ၏။ ထိုတွင် ဘဝတစ်ခုဝယ် ရှေ့ဦးစွာဖြစ်သော စိတ်သည် ဘဝဟောင်းနှင့် ဘဝသစ်ကို ဘဝဟောင်းခန္ဓာနှင့် ဘဝသစ်ခန္ဓာကို ဆက်စပ်ပေးသကဲ့သို့ ဖြစ်သောကြောင့် ပဋိသန္ဓေစိတ်မည်၏။ ဘဝတစ်ခုဝယ် နောက်ဆုံးပိတ် ဖြစ်ပေါ်သွားသော စိတ်သည် = ဘဝင်စိတ်သည် ဖြစ်ဆဲဘဝမှ ရွေ့လျော ကျသွားခြင်းကြောင့် စုတိစိတ် မည်၏။ ယင်း ပဋိသန္ဓေနှင့် စုတိတို့၏ စပ်ကြားကာလ၌ ဘဝတစ်လျှောက်ဝယ် ဝီထိစိတ်များ မဖြစ်သည့် အချိန်ကာလ၌ ဝိပါက်ခန္ဓာ မပြတ် စဲရေး စိတ်အစဉ် မပြတ်စဲရေးအတွက် ကံအရှိန်ရှိသမျှ တစ်ဘဝလုံး ခန္ဓာ အစဉ် မပြတ်စဲရအောင် ဘဝ၏ အကြောင်းတရားအဖြစ် ဖြစ်ပေါ်နေသော ပဋိသန္ဓေနှင့် အလားတူသော ဝိပါက်စိတ်သည် ဘဝင်စိတ်မည်၏။ ယင်း ဘဝင်စိတ်သည် ဝီထိစိတ်များ ဖြစ်ပေါ်လာသောအခါ ရပ်စဲ၍ ဝီထိစိတ်များ မဖြစ်သောအခါ တစ်ဖန် ပြန်လည်၍ အကြိမ်များစွာ ဖြစ်နေတတ်ပြန်၏။ ဘဝတစ်လျှောက်လုံး ဤနည်းနှင်နှင်ချည်းတည်း။ ယင်း ဘဝင်စိတ်နှင့် တကွ သော ဘဝင်နာမ်တရားစုကို ဝီထိစိတ်တို့ကို သိမ်းဆည်းပြီးသောအခါသို့ ရောက်ရှိပါမှ အထူးသဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိပါမှ ယောဂီ အများစုသည် သိမ်းဆည်း၍ ရရှိနိုင်ပေသည်။ ထိုကြောင့် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဝီထိစိတ်အစဉ်အတွင်း ၌ တည်ရှိကြသော နာမ်တရားစုတို့က စတင်၍ သိမ်းဆည်းရမည် ဖြစ်သည်။ ဝီထိစဉ် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေ့ဦးစွာ အောက်ပါ ခြောက်-ခြောက်လီ တရားများကို သိထားသင့်ပေသည်။
ဝတ္ထု (၆) ပါး = နာမ်တရားတို့၏ မှီ၍ ဖြစ်ရာရုပ်များ
၁။ စက္ခုဝတ္ထု = စက္ခုပသာဒ = မျက်စိအကြည်၊
၂။ သောတဝတ္ထု = သောတပသာဒ = နားအကြည်၊
၃။ ဃာနဝတ္ထု = ဃာနပသာဒ = နှာအကြည်၊
၄။ ဇိဝှါဝတ္ထု = ဇိဝှါပသာဒ = လျှာအကြည်၊
၅။ ကာယဝတ္ထု = ကာယပသာဒ = ကိုယ်အကြည်၊
၆။ ဟဒယဝတ္ထု = ဟဒယရုပ် = မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာရုပ်၊
ဒွါရ (၆) ပါး
၁။ စက္ခုဒွါရ = စက္ခုပသာဒ = မျက်စိအကြည်၊
၂။ သောတဒွါရ = သောတပသာဒ = နားအကြည်၊
၃။ ဃာနဒွါရ = ဃာနပသာဒ = နှာအကြည်၊
၄။ ဇိဝှါဒွါရ = ဇိဝှါပသာဒ = လျှာအကြည်၊
၅။ ကာယဒွါရ = ကာယပသာဒ = ကိုယ်အကြည်၊
၆။ မနောဒွါရ = ဘဝင် = မနောအကြည်၊
အိမ်၌ တပ်ဆင်ထားအပ်သော တံခါးပေါက်သည် လူတို့ ဝင်ရန် ထွက် ရန် ပိတ်ဆို့အပ် ဖွင့်အပ်သောကြောင့် မုချအားဖြင့် ဒွါရမည်၏။ အိမ်၌ တံ ခါးပေါက် မရှိလျှင် လူတို့ မဝင်နိုင်၊ အိမ်တံခါးပေါက်သည် လူတို့ဝင်ရောက် လာရာ ဖြစ်သကဲ့သို့ အလားတူပင် - စက္ခုပသာဒ စသည်မရှိလျှင် စက္ခုဒွါရိကစသော ဝီထိစိတ်များသည် မဖြစ်နိုင်၊ ခန္ဓာအိမ်ဝယ် တည်ရှိနေကြသော စက္ခုပသာဒ စသည်တို့သည် စက္ခုဒွါရိကစသော ဝီထိစိတ်များ၏ ဝင်ရောက် လာသည့်ပမာ ဖြစ်ပေါ်လာကြောင်း ဖြစ်သောကြောင့် အိမ်တစ်အိမ်၌ တပ်ဆင်ထားသော ပကတိသော တံခါးပေါက်တို့နှင့် တူညီရကား သဒိသူပစာရ အားဖြင့် ယင်းစက္ခုပသာဒ စသည်တို့ကိုလည်း စက္ခုဒွါရစသည်ဖြင့် ခေါ်ဝေါ် သုံးစွဲထားပေသည်။
အာရုံ (၆) ပါး
၁။ ရူပါရုံ = အဆင်း = အရောင် = ဝဏ္ဏ
၂။ သဒ္ဒါရုံ = အသံ
၃။ ဂန္ဓာရုံ = အနံ့
၄။ ရသာရုံ = အရသာ
၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ = (ပထဝီ-တေဇော-ဝါယော။)
၆။ ဓမ္မာရုံ = ဓမ္မသဘော
ဓမ္မာရုံ (၆) မျိုး
၁။ ပသာဒရုပ် = အကြည်ရုပ် (၅)ပါး၊
၂။ သုခုမရုပ် = သိမ်မွေ့သောရုပ် (၁၆)ပါး၊
၃။ စိတ် = ဝိညာဏဓာတ် (၆)ပါး၊
၄။ စေတသိက် = စိတ်နှင့်ယှဉ်သော စေတသိက် (၅၂)လုံး၊
၅။ နိဗ္ဗာန် = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်ကြီး၊
၆။ ပညတ် = ကသိုဏ်းပညတ်, အမည်နာမ ပညတ်, ပုံသဏ္ဌာန် ပညတ်စသည့် ပညတ်အမျိုးမျိုး။
[မှတ်ချက် --- အကြည်ရုပ် (၅)ပါးနှင့် အာရုံရုပ် (၇)ပါးဟူသော (၁၂) မျိုးသော ရုပ်တရားအစုသည် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိ ဉာဏ်၌ ရှုသည့်အခါ ထင်လွယ်မြင်လွယ်သောကြောင့် ကြမ်းတမ်းရကား ဩဠာရိကရုပ်ဟူသော အမည်ကို ရရှိပေသည်။ ရုပ် (၂၈)ပါးတွင် ဩဠာရိကရုပ် (၁၂)ပါးမှ ကြွင်းကျန်သော ရုပ် (၁၆)ပါးသည် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ်သဖြင့် သိမ်မွေ့ရကား သုခုမရုပ် ဟူသော အမည်ကို ရရှိပေသည်။]
အာရမ္မဏနှင့် အာလမ္ဗဏသဒ္ဒါများသည် အာရုံဟူသော အနက်ကို ဟောသော ဝေဝုစ် ပရိယာယ် စကားလှယ် သဒ္ဒါတို့တည်း။ အာရမ္မဏ-သဒ္ဒါသည် မွေ့လျော်ရာဟူသော အနက်ကို ဟော၏။ ပကတိသော ဥယျာဉ် ပန်းမာလ်စသည်သည် လူသားတို့၏ မွေ့လျော်ရာဌာန ဖြစ်သကဲ့သို့ အလား တူပင် ရူပါရုံစသော အာရုံ (၆)ပါးတို့သည်လည်း စိတ်စေတသိက်တို့၏ မွေ့လျော်ရာ ဖြစ်သောကြောင့် အာရမ္မဏဟူသော အမည်ကို ရရှိကြပေသည်။ တစ်ဖန် အာလမ္ဗဏသဒ္ဒါသည်လည်း ဆွဲကိုင်အပ်ဟူသော အနက်ကို ဟော ၏။ မစွမ်းမသန်သောသူများသည် တောင်ဝှေး ကြိုးတန်းစသည့် အရာဝတ္ထု တစ်ခုခုကို ဆွဲကိုင်၍ ထရ ထိုင်ရသကဲ့သို့ အလားတူပင် စိတ်စေတသိက် များသည်လည်း အာရုံတစ်ခုခုကို အစွဲပြု၍သာလျှင် စွဲမှီရမှသာလျှင် စွဲကိုင် ရမှသာလျှင် ဖြစ်နိုင်စွမ်းရှိသောကြောင့် ယင်းအာရုံ (၆)ပါးတို့သည် စိတ် စေတသိက်တို့၏ စွဲမှီရာ ဆွဲကိုင်ရာ အာလမ္ဗဏဟူသော အမည်ကိုလည်း ရရှိကြပေသည်။
ဝိညာဏဓာတ် (၆) ပါး
၁။ စက္ခုဝိညာဏ် = စက္ခုအကြည်ဓာတ်ကို မှီဖြစ်၍ ရူပါရုံမျှကိုသာ သိသောစိတ်၊
၂။ သောတဝိညာဏ် = သောတအကြည်ဓာတ်ကို မှီဖြစ်၍ သဒ္ဒါရုံမျှ ကိုသာ သိသောစိတ်၊
၃။ ဃာနဝိညာဏ် = ဃာနအကြည်ဓာတ်ကို မှီဖြစ်၍ ဂန္ဓာရုံမျှကိုသာ သိသောစိတ်၊
၄။ ဇိဝှါဝိညာဏ် = ဇိဝှါအကြည်ဓာတ်ကို မှီဖြစ်၍ ရသာရုံမျှကိုသာ သိသောစိတ်၊
၅။ ကာယဝိညာဏ် = ကာယအကြည်ဓာတ်ကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံမျှကိုသာ သိသောစိတ်၊
၆။ မနောဝိညာဏ် = ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယ ဝတ္ထုရုပ်ကို မှီ၍ဖြစ်သော၊ အာရုံ (၆)ပါးကို ထိုက်သလို သိသောစိတ်။
(၁)မှသည် (၅)သို့တိုင်အောင်သော ဒွေပဉ္စဝိညာဏ်မှတစ်ပါး ဟဒယ ဝတ္ထုကို မှီတွယ်၍ ဖြစ်သော စိတ်အားလုံးသည် မနောဝိညာဏ် မည်ပေသည်။ အာရုံကို ထူးထူးထွေထွေ ကွဲကွဲပြားပြား သိသောစိတ်များတည်း။ ယင်းမနော ဝိညာဏ်စိတ်တို့တွင် ဝီထိမုတ်စိတ် (၃)မျိုးမှ ကြွင်းကျန်သော မနောဝိညာဏ် စိတ်တို့သည်လည်းကောင်း၊ အထက်ပါ ပဉ္စဝိညာဏ်စိတ်တို့သည်လည်းကောင်း ဝီထိဟု ခေါ်ဆိုအပ်သော စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်တတ်ကြ၏။ ယင်းဝီထိတို့မှာ အောက်ပါအတိုင်း အကျဉ်းအားဖြင့် (၆)မျိုး ရှိ၏။
ဝီထိ (၆) ပါး
၁။ စက္ခုဒွါရဝီထိ = စက္ခုဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်၊
၂။ သောတဒွါရဝီထိ = သောတဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်၊
၃။ ဃာနဒွါရဝီထိ = ဃာနဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်၊
၄။ ဇိဝှါဒွါရဝီထိ = ဇိဝှါဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်၊
၅။ ကာယဒွါရဝီထိ = ကာယဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်၊
၆။ မနောဒွါရဝီထိ = မနောဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်၊
ဤသို့လျှင် ဒွါရ၏ အစွမ်းဖြင့်သော်လည်းကောင်း၊
၁။ စက္ခုဝိညာဏဝီထိ = စက္ခုဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ၊
၂။ သောတဝိညာဏဝီထိ = သောတဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ၊
၃။ ဃာနဝိညာဏဝီထိ = ဃာနဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ၊
၄။ ဇိဝှါဝိညာဏဝီထိ = ဇိဝှါဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ၊
၅။ ကာယဝိညာဏဝီထိ = ကာယဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ၊
၆။ မနောဝိညာဏဝီထိ = မနောဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ၊
ဤသို့လျှင် ဝိညာဏ်၏ အစွမ်းဖြင့်သော်လည်းကောင်း၊
ဝီထိ (၆)မျိုး ရှိ၏။ ဝီထိများကို ဒွါရနှင့် စပ်၍လည်း နာမည်တပ်ထား ၏။ စက္ခုဒွါရ၌ ရူပါရုံ ထင်လာလျှင် ထိုရူပါရုံကို အာရုံပြုသော စိတ်အစဉ် သည် စက္ခုဒွါရဝီထိ မည်၏။ သောတဒွါရ၌ သဒ္ဒါရုံ ထင်လာလျှင် ထိုသဒ္ဒါရုံကို အာရုံပြုသော စိတ်အစဉ်သည် သောတဒွါရဝီထိ မည်၏။ပ။ မနောဒွါရ၌ ဓမ္မာရုံထင်လာလျှင် သို့မဟုတ် အာရုံ (၆)ပါး ထိုက်သလို ထင်လာလျှင် ယင်း ဓမ္မာရုံကို သို့မဟုတ် အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြုသော စိတ်အစဉ် သည် မနောဒွါရဝီထိ မည်၏။ တစ်ဖန် ဝိညာဏ်နှင့် စပ်၍လည်း နာမည် တပ်ထား၏။
၁။ စက္ခုဒွါရဝီထိကား ---- ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၂။ သောတဒွါရဝီထိကား ---- ပဉ္စဒွါရာဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၃။ ဃာနဒွါရဝီထိကား ---- ပဉ္စဒွါရာဝဇ္ဇန်း၊ ဃာနဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၄။ ဇိဝှါဒွါရဝီထိကား ---- ပဉ္စဒွါရာဝဇ္ဇန်း၊ ဇိဝှါဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၅။ ကာယဒွါရဝီထိကား ---- ပဉ္စဒွါရာဝဇ္ဇန်း၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၆။ မနောဒွါရဝီထိကား ---- မနောဒွါရာဝဇ္ဇန်း၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
ဤဝီထိများ၌ ထူးခြားသော စိတ်ကား စက္ခုဝိညာဏ် သောတဝိညာဏ် စသော ဝိညာဏ်များတည်း။ ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း - စသည်တို့ကား မထူးခြားချေ။ ထိုကြောင့် ထူးခြားသော ဝိညာဏ်ဖြင့် မှတ်သား၍ စက္ခုဝိညာဏဝီထိ စသည်ဖြင့် နာမည်တပ်ထားသည်။ မနောဒွါရဝီထိ၌ကား ဝိညာဏ် အထူးမပါ၊ အားလုံး မနောဝိညာဏ်ချည်းသာတည်း။ ထိုကြောင့် မနောဝိညာဏ်ချည်းသာဖြစ်သော ဝီထိသည် မနောဝိညာဏဝီထိမည်၏။ ဤ၌ ဝီထိ ဟူသည် ထိုထိုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ် စသော အစဉ်အားဖြင့် စိတ်တို့၏ ဖြစ်ခြင်းပင်တည်း။
ဝိသယပ္ပဝတ္တိ (၆) ပါး
၁။ အတိမဟန္တာရုံ = ဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံ ထင်လာသည့်ခဏမှ စ၍ ယင်းအာရုံ၏ ချုပ်သည့်ခဏသို့တိုင်အောင် ရေတွက်လျှင် အလွန် များသော စိတ္တက္ခဏ သက်တမ်းရှိသော အာရုံ။ (တဒါရမ္မဏဝါရ။)
၂။ မဟန္တာရုံ = ဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံ ထင်လာသည့်ခဏမှ စ၍ ယင်းအာရုံ၏ ချုပ်သည့် ခဏသို့တိုင်အောင် ရေတွက်လျှင် များသော စိတ္တက္ခဏ သက်တမ်းရှိသော အာရုံ။ (ဇဝနဝါရ။)
၃။ ပရိတ္တာရုံ = ဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံ ထင်လာသည့်ခဏမှ စ၍ ယင်းအာရုံ၏ ချုပ်သည့် ခဏသို့တိုင်အောင် ရေတွက်လျှင် နည်းပါးသော စိတ္တက္ခဏ သက်တမ်းရှိသော အာရုံ။ (ဝေါဋ္ဌဗ္ဗနဝါရ။)
၄။ အတိပရိတ္တာရုံ = ဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံ ထင်လာသည့် ခဏမှ စ၍ ယင်းအာရုံ၏ ချုပ်သည့်ခဏသို့တိုင်အောင် ရေတွက်လျှင် အလွန် နည်းပါးသော စိတ္တက္ခဏ သက်တမ်းရှိသော အာရုံ။ (မောဃဝါရ = ဝီထိစိတ်မှ ယုတ်လျော့၍ ဘဝင်လှုပ်ရုံမျှ ဖြစ်သော စိတ်အကြိမ်ကို မောဃဝါရဟု ဆိုသည်။ ဤဝါရ၌ ဝီထိစိတ် လုံးဝ မဖြစ်တော့ဘဲ ဘဝင်လှုပ်ရုံသာ လှုပ်တော့သည်။)
ဤ (၄)မျိုးကား ပဉ္စဒွါရတည်း။
၅။ ဝိဘူတာရုံ = ထင်ရှားသော အာရုံ (တဒါရမ္မဏဝါရ။)
၆။ အဝိဘူတာရုံ = မထင်ရှားသော အာရုံ (ဇဝနဝါရ။)
(ဤ နှစ်မျိုးကား မနောဒွါရတည်း။)
ဤသို့လျှင် ဝိသယပ္ပဝတ္တိ (၆)မျိုး ရှိပေသည်။ ဤကား ကြိုတင်သိထား သင့်သော ခြောက်-ခြောက်လီတရားတို့တည်း။ နာမ်ကမ္မဋ္ဌာန်းကို အားသစ်လို သော အသင်သူတော်ကောင်းသည် ဝိညာဏဓာတ် (၆)ပါးတွင် အကျုံးဝင် သော စိတ်နှင့် ယှဉ်ဖက် စေတသိက်တို့၏ အကြောင်းကို ရှေးဦးစွာ သိထား သင့်ပေသည်။ ရှေ့ဦးစွာ အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်နိုင်ခွင့် ရှိသော အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြ ကုန်သော ဝိပဿနာ ရှုပွားသုံးသပ်ရမည့် စိတ်တို့ကို ရေးသားတင်ပြပေအံ့။
ဝိပဿနာဉာဏ်၏ အရှုခံစိတ် အမျိုးအစား
စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟု ပရမတ္ထတရားလေးပါးတို့ကို ဘုရားရှင် ဟောကြားထားတော်မူခဲ့၏။ အသင်သူတော်ကောင်းသည် အကယ်၍ စတုတ္ထ ပရမတ်ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အလိုရှိခဲ့ပါမူ ပထမပရမတ် ဒုတိယပရမတ် တတိယပရမတ် ဖြစ်ကြသည့် စိတ်စေတသိက် ရုပ်တရားတို့ကို လည်းကောင်း၊ ယင်း စိတ်စေတသိက် ရုပ်တရားတို့၏ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသည့် ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်းကောင်း ရှေ့ဦးစွာ သိအောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။ အကြောင်းမူ အကြောင်းတရားနှင့် တကွသော ယင်း စိတ်စေတသိက် ရုပ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ ရင့်ကျက်လာသော ယင်း ဝိပဿနာဉာဏ်တို့၏ အဆုံးတွင် ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကသာလျှင် ယင်း စတုတ္ထပရမတ်ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထိုးထွင်းသိမြင်နိုင် သောကြောင့် ဖြစ်သည်။ ယင်း ပရမတ်တရားတို့တွင် စိတ်နှင့် စေတသိက် တို့ကို နာမ်တရားဟူ၍ ခေါ်ဆို၏။ ယခုအခါ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော စိတ်တို့ကို ရေးသားတင်ပြပေအံ့။
စိတ္တ --- အာရုံကိုသိတတ်သော သဘောတရားသည် စိတ် မည်၏။ သိတတ်၏ ဟူသည် --- ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇။) နှင့် အညီ အာရုံကို ရယူခြင်း သဘောမျှသည်သာတည်း။ အသင်သူတော်ကောင်းသည် အကယ်၍ စက္ခုအကြည်ဓာတ်ကို ပရမတ်သို့ ဆိုက်အောင် အာရုံယူတတ်ပါက စက္ခုအကြည်ဓာတ်ကို သိသည်ဟု ဆိုရ၏။ အကယ်၍ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ မရရှိပါက စက္ခုအကြည်ဓာတ်ကို သိသည် ဟုကား မဆိုနိုင်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။
အကုသိုလ်စိတ် (၁၂) မျိုး
စိတ်သည် ကာမာဝစရစိတ် ရူပါဝစရစိတ် အရူပါဝစရစိတ် လောကုတ္တရာစိတ် ဟု လေးမျိုးရှိရာ ကာမာဝစရစိတ်မှာ (၅၄)မျိုး ရှိ၏။ ထိုတွင် အကုသိုလ်စိတ် (၁၂)မျိုးမှာ အောက်ပါအတိုင်း ဖြစ်၏။
လောဘမူစိတ် (၈) မျိုး
၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၃။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၄။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၅။ သောမနဿ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၆။ သောမနဿ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၈။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
ဤသို့လျှင် လောဘမူစိတ် (၈)မျိုးရှိ၏။
သောမနဿသဟဂုတ် = သောမနဿဝေဒနာနှင့် အတူတကွဖြစ်သော။
ဥပေက္ခာသဟဂုတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော။
ဒိဋ္ဌိဂတသမ္ပယုတ် = မှားသော ခံယူချက် မိစ္ဆာဒိဋ္ဌိနှင့် ယှဉ်သော။
ဒိဋ္ဌိဂတဝိပ္ပယုတ် = မှားသော ခံယူချက် မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်သော။
သသင်္ခါရိက = တိုက်တွန်းခြင်း ရှိသော = တိုက်တွန်းခြင်းနှင့် အတူတကွ ဖြစ်သော။
အသင်္ခါရိက = တိုက်တွန်းခြင်း မရှိသော = တိုက်တွန်းခြင်းနှင့် အတူတကွ မဖြစ်သော။
ဒေါသမူစိတ် (၂) မျိုး
၁။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၂။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု။
ဒေါမနဿသဟဂုတ် = စိတ်မချမ်းသာခြင်း ဒေါမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော။
ပဋိဃသမ္ပယုတ် = စိတ်ဓာတ် ခက်ထန် ကြမ်းတမ်းမှု ဒေါသနှင့် ယှဉ်သော။
မောဟမူစိတ် (၂) မျိုး
၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် တစ်ခု၊
၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ် တစ်ခု။
ဝိစိကိစ္ဆာသမ္ပယုတ် = ယုံမှားခြင်း ဝိစိကိစ္ဆာနှင့် ယှဉ်သော၊
ဥဒ္ဓစ္စသမ္ပယုတ် = စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စနှင့် ယှဉ်သော။
၁။ လောဘလျှင် အကြောင်းရင်းခံရှိသော လောဘမူစိတ် (၈)မျိုး၊
၂။ ဒေါသလျှင် အကြောင်းရင်းခံရှိသော ဒေါသမူစိတ် (၂)မျိုး၊
၃။ မောဟလျှင် အကြောင်းရင်းခံရှိသော မောဟမူစိတ် (၂)မျိုး၊
ဤသို့လျှင် အကုသိုလ်စိတ် (၁၂)မျိုး ရှိပေသည်။
အဟိတ်စိတ် (၁၈) မျိုး
အကုသလဝိပါက်စိတ် (၇) မျိုး
၁။ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် တစ်ခု၊
၂။ ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် တစ်ခု၊
၃။ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် တစ်ခု၊
၄။ ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် တစ်ခု၊
၅။ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် တစ်ခု၊
၆။ ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် တစ်ခု၊
၇။ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် တစ်ခု။
ဒုက္ခသဟဂုတ် = ကာယိကဒုက္ခဝေဒနာနှင့် အတူတကွဖြစ်သော။
သမ္ပဋိစ္ဆိုင်းစိတ် = အာရုံကို လက်ခံသော အခြင်းအရာအားဖြင့် ဖြစ် သောစိတ်။
သန္တီရဏစိတ် = အာရုံကို စုံစမ်းသော အခြင်းအရာအားဖြင့် ဖြစ်သော စိတ်။
ဤစိတ် (၇)မျိုးတို့သည် (အသင်သူတော်ကောင်း၏ သန္တာန်၌)အလို မရှိအပ်သော အနိဋ္ဌာရုံနှင့် တွေ့ကြုံသည့်အခါ အတိတ်က အကုသိုလ်ကံ ကြောင့် ဖြစ်ပေါ်လာကြရသော အကုသိုလ်ကံ၏ အကျိုးဝိပါက်စိတ်တို့တည်း။ အသင် သူတော်ကောင်းသည် ဤဘဝ၌ အနိဋ္ဌာရုံ အမျိုးမျိုးနှင့် တွေ့ကြုံရ ခြင်းသည် အတိတ်က အကုသိုလ်ကံကြောင့်သာ ဖြစ်သည်ဟူသော အချက်ကို မမေ့သင့်ပေ။ ဖြေဆေးတစ်ခွက်ပင် ဖြစ်သည်။
အဟိတ်ကုသလဝိပါက်စိတ် (၈) မျိုး
၁။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် စက္ခုဝိညာဏ်စိတ် တစ်ခု၊
၂။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် သောတဝိညာဏ်စိတ် တစ်ခု၊
၃။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် ဃာနဝိညာဏ်စိတ် တစ်ခု၊
၄။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် ဇိဝှါဝိညာဏ်စိတ် တစ်ခု၊
၅။ သုခသဟဂုတ် ကုသလဝိပါက် ကာယဝိညာဏ်စိတ် တစ်ခု၊
၆။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် သမ္ပဋိစ္ဆိုင်းစိတ် တစ်ခု၊
၇။ သောမနဿသဟဂုတ် ကုသလဝိပါက် သန္တီရဏစိတ် တစ်ခု၊
၈။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် သန္တီရဏစိတ် တစ်ခု။
ဤစိတ် (၈)မျိုးတို့သည်ကား(အသင်သူတော်ကောင်း၏ သန္တာန်၌)အတိတ်က ကုသိုလ်ကံ၏ အကျိုးဖြစ်သော အတိတ် ကုသိုလ်ကံကြောင့် ဣဋ္ဌာရုံနှင့် တွေ့ကြုံသည့်အခါ ဖြစ်ပေါ်လာသော အကျိုးဝိပါက်စိတ်တို့တည်း။
သုခသဟဂုတ် = ကာယိကသုခဝေဒနာနှင့် အတူတကွဖြစ်သော။
အဟိတ်ကိရိယာစိတ် (၃) မျိုး
၁။ ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ် တစ်ခု၊
၂။ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ် တစ်ခု။
၃။ သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် တစ်ခု။
ပဉ္စဒွါရာဝဇ္ဇန်း = ငါးဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သော စိတ်။
မနောဒွါရာဝဇ္ဇန်း = မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သော စိတ်။
ဟသိတုပ္ပါဒ်စိတ် = ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ ပြုံးရွှင်မှုကို ဖြစ်စေသော စိတ်။
ဤစိတ်သုံးမျိုးတို့ကား ဒွါရနှင့် အာရုံ တိုက်ဆိုင်သည့်အခါ ယင်းအာရုံ ကို ဆင်ခြင်ရုံမျှ = ပြုကာမတ္တသာ ဖြစ်သောကြောင့်၊ ပြုံးရွှင်ရုံမျှသာ ဖြစ်သောကြောင့် အကျိုးတစ်စုံတစ်ရာကို ဖြစ်စေနိုင်သည့် စွမ်းအား မရှိရကား ကိရိယာစိတ်ဟူသော အမည်ကို ရရှိကြပေသည်။
၁။ အကုသလဝိပါက်စိတ် (၇)မျိုး၊
၂။ အဟိတ်ကုသလဝိပါက်စိတ် (၈)မျိုး၊
၃။ အဟိတ်ကိရိယာစိတ် (၃)မျိုး၊
ဤ (၁၈)မျိုးသော စိတ်တို့ကား လောဘ ဒေါသ မောဟ, အလောဘ အဒေါသ အမောဟ ဟူသော ဟိတ်တို့နှင့် လုံးဝမယှဉ်သောကြောင့် အဟိတ် စိတ်ဟူသော အမည်ကို ရရှိကြသည်။ ယင်းအကုသိုလ်စိတ် အဟိတ်စိတ်တို့မှ ကြွင်းကျန်သော စိတ်တို့သည်ကား တင့်တယ် ကောင်းမြတ်သော စိတ်အမျိုး အစားများ ဖြစ်ခြင်းကြောင့် သောဘဏစိတ်တို့ မည်ကုန်၏။ ယင်း သောဘဏစိတ်တို့မှာ အကျဉ်းအားဖြင့် (၅၉) အကျယ်အားဖြင့် (၉၁)မျိုး ရှိပေသည်။
ကာမာဝစရသောဘဏစိတ် (၂၄) မျိုး
မဟာကုသိုလ်စိတ် (၈) မျိုး
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၂။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၃။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၄။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၅။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၆။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၇။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု။
ဤစိတ် (၈)မျိုးတို့ကား ကာမာဝစရကုသိုလ်စိတ်တို့တည်း။ ယေဘုယျအားဖြင့် ကာမ (၁၁)ဘုံ၌ ကောင်းသော အကျိုးတရားတို့ကို ဖြစ်စေနိုင် သော စွမ်းအားရှိသော စိတ်တို့တည်း။ ပုထုဇန် အဆင့်တွင်သာ တည်ရှိနေ သေးသော အသင် သူတော်ကောင်း၏ သန္တာန်၌ ဖြစ်သင့် ဖြစ်ထိုက်သော ဥပစာရသမာဓိသို့ တိုင်အောင်သော သမထဘာဝနာစိတ်နှင့် အရိယမဂ်ဉာဏ် တို့၏ ရှေးအဖို့၌ တည်ရှိကြသော ဝိပဿနာဘာဝနာစိတ်တို့ကား ဤ ကာမာ ဝစရကုသိုလ်စိတ်တို့ပင် ဖြစ်ကြသည်။ အရာကျယ်၏။ ထိုကြောင့် ယင်းစိတ် တို့ကို မဟာကုသိုလ်စိတ်ဟူ၍လည်း ခေါ်ဆိုပေသည်။
မဟာဝိပါက်စိတ် (၈) မျိုး
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု။
...
၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု။
မဟာကုသိုလ်စိတ် (၈)မျိုးနှင့် အလားတူ၏။ ကုသိုလ်နှင့် ဝိပါက်သာ ကွာခြားသည်။ ဤမဟာဝိပါက်စိတ် (၈)မျိုးတို့ကား ယင်း မဟာကုသိုလ်ကံ၏ အကျိုးဝိပါက်စိတ်တို့တည်း။ ယင်းစိတ် (၈)မျိုးတို့တွင် တစ်မျိုးမျိုးသော စိတ် သည် တိဟိတ်ပုထုဇန် (ဒွိဟိတ်ပုထုဇန်)ဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်တစ် ဦး၏ သန္တာန်၌ ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စတို့ကို ရွက်ဆောင်ပေး၏။ ပဝတ္တိအခါဝယ် ကာမဣဋ္ဌာရုံ အမျိုးမျိုးနှင့် တွေ့ကြုံခိုက်ဝယ် ယင်းစိတ် (၈) မျိုးလုံးသည် ကာမဇောတို့၏ နောင်၌ ဇောယူသည့် အာရုံကိုပင် ဆက်လက် အာရုံယူတတ်သော တဒါရုံကိစ္စကို ရွက်ဆောင်လျက် ကာမသတ္တဝါတို့ သန္တာန် ၌ ထိုက်သလို ဖြစ်ပေါ်လာနိုင်၏။ ကာမဣဋ္ဌာရုံဟူသည် အလိုရှိအပ် ကောင်းမြတ်သော ကာမစိတ်စေတသိက်နှင့် ရုပ် (၂၈)ပါးတို့ပင်တည်း။
မဟာကြိယာစိတ် (၈) မျိုး
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု။ပ။
၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု။
ဤ မဟာကိရိယာစိတ်သည်လည်း မဟာကုသိုလ်စိတ်ကဲ့သို့ (၈)မျိုး ပင်ရှိသည်။ ရဟန္တာအရှင်မြတ်ကြီးတို့၏ ဒါန သီလ သမထ ဝိပဿနာဘာဝနာစိတ်တို့ပင်တည်း။ (ဥပစာရသမာဓိ တိုင်အောင်သော သမထကို ဆိုလို သည်။) ရဟန္တာအရှင်မြတ်ကြီးတို့၏ ဒါန သီလ သမထ ဝိပဿနာ စသော မွန်မြတ်သော ကျင့်ဝတ်ပဋိပတ်တို့သည် မည်သည့်အကျိုး တစ်စုံတစ်ရာကိုမျှ ဖြစ်စေနိုင်သည့်စွမ်းအား မရှိခြင်းကြောင့် ယင်း ကျင့်ဝတ်ပဋိပတ်တို့ကို ဖြည့် ကျင့်နေသော စိတ်တို့သည် ပြုလုပ်ကာမတ္တ ကိရိယာဟူသော အမည်ကို ရရှိကြသည်။
ဤသို့လျှင် မဟာကုသိုလ်စိတ် (၈)မျိုး, မဟာဝိပါက်စိတ် (၈)မျိုး, မဟာ ကြိယာစိတ် (၈)မျိုး အားလုံးပေါင်းသော် ဤ (၂၄)မျိုးသော စိတ်တို့သည် များသောအားဖြင့် ကာမဘုံ၌ ကျင်လည်တတ် ဖြစ်တတ်သော ကာမဘုံ၌ အဖြစ်များသော တင့်တယ်ကောင်းမြတ်သော သောဘဏစိတ်တို့တည်း။
၁။ အကုသိုလ်စိတ် --- ၁၂ - မျိုး
၂။ အဟိတ်စိတ် --- ၁၈ - မျိုး
၃။ ကာမသောဘဏစိတ် --- ၂၄ - မျိုး
ပေါင်းသော် --- ၅၄ - မျိုး
ဤ (၅၄)မျိုးသော စိတ်တို့သည် ကာမ (၁၁)ဘုံ၌ အဖြစ်များသောကြောင့် ကာမစိတ်တို့မည်၏။ ကာမနာမ်တရားဟူသည် ယင်းကာမစိတ် (၅၄) မျိုးနှင့် ယှဉ်ဖက်စေတသိက် (၅၂)မျိုးကို ဆိုလိုသည်။ အကယ်၍ အသင်သူတော်ကောင်းသည် တိဟိတ်ပုထုဇန် ဖြစ်ပါက အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်နိုင်ခွင့်ရှိသော ကာမစိတ် = အသင်သူတော်ကောင်း၏ ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံဖြစ်သော ကာမစိတ်တို့မှာ ---
၁။ အကုသိုလ်စိတ် --- ၁၂ - မျိုး
၂။ ဟသိတုပ္ပါဒ် ကြဉ်သော အဟိတ်စိတ် --- ၁၇ - မျိုး
၃။ မဟာကုသိုလ်စိတ် --- ၈ - မျိုး
၄။ မဟာဝိပါက်စိတ် --- ၈ - မျိုး
ပေါင်းသော် --- ၄၅ - မျိုးတည်း။
ရူပါဝစရစိတ် (၁၅) မျိုး
ကုသိုလ်စိတ် (၅) မျိုး
၁။ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါငါးပါးနှင့် အတူတကွဖြစ်သော ပထမစျာန် ကုသိုလ်စိတ်၊
၂။ ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါလေးပါးနှင့် အတူ တကွဖြစ်သော ဒုတိယစျာန် ကုသိုလ်စိတ်၊
၃။ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါသုံးပါးနှင့် အတူတကွ ဖြစ် သော တတိယစျာန် ကုသိုလ်စိတ်၊
၄။ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးနှင့် အတူတကွ ဖြစ်သော စတုတ္ထစျာန် ကုသိုလ်စိတ်၊
၅။ ဥပေက္ခာ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါနှစ်ပါးနှင့် အတူတကွဖြစ်သော ပဉ္စမစျာန် ကုသိုလ်စိတ်၊
ဤသို့လျှင် ရူပါဝစရကုသိုလ်စိတ်မှာ (၅)မျိုး ရှိ၏။ ပဉ္စကနည်းတည်း။ အလားတူပင် ယင်း ရူပါဝစရကုသိုလ်၏ အကျိုးဖြစ်သော ရူပါဝစရဝိပါက် စိတ်မှာလည်း (၅)မျိုးပင်ရှိ၏။ သို့သော် ယင်းရူပါဝစရဝိပါက်စိတ်တို့မှာ ဆိုင်ရာ ဆိုင်ရာ ရူပါဝစရဘုံ၌ ဆိုင်ရာဆိုင်ရာ ရူပါဝစရဗြဟ္မာတို့၏ သန္တာန်၌သာလျှင် ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်နိုင်သော စိတ်တို့သာ ဖြစ်ကြသည်။ အလားတူပင် ရဟန္တာအရှင်မြတ်ကြီးတို့သည် ရူပါဝစရစျာန်တို့ကို ရရှိသော စျာနလာဘီပုဂ္ဂိုလ်တို့ ဖြစ်ကုန်မူ ယင်းစျာန်တို့သည် မည်သည့်အကျိုးတစ်စုံတစ်ရာကိုမျှ ဖြစ်စေနိုင်သော စွမ်းအားမရှိခြင်းကြောင့် ကြိယာဟူသော အမည်ကို ရရှိကြသည်။ ယင်း ရူပါဝစရကြိယာစိတ်မှာလည်း (၅)မျိုးပင်တည်း။ အားလုံးပေါင်းသော် ရူပါဝစရစိတ် (၁၅)မျိုးတည်း။
အသင်သူတော်ကောင်းသည် ရူပါဝစရကုသိုလ်စျာန် တစ်မျိုးမျိုးကို ရရှိပါက ယင်း မိမိရရှိသော စျာန်သည် အသင်သူတော်ကောင်း၏ ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံ စာရင်းတွင် ပါဝင်ပေသည်။ အကယ်၍ စတုက္ကနည်း အရ ရူပါဝစရစျာန်လေးပါး, ပဉ္စကနည်းအရ ရူပါဝစရစျာန်ငါးပါးလုံးကိုပင် ရရှိသူဖြစ်ပါက ယင်း ရူပါဝစရစျာန် အားလုံးသည်လည်း အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စာရင်းတွင် ပါဝင်ပေသည်။
အရူပါဝစရစိတ် (၁၂) မျိုး
ကုသိုလ်စိတ် (၄) မျိုး
၁။ အာကာသာနဉ္စာယတန ကုသိုလ်စိတ် = အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ပညတ်လျှင် တည်ရာအာရုံရှိသော ကုသိုလ်စိတ်၊
၂။ ဝိညာဏဉ္စာယတန ကုသိုလ်စိတ် = အာကာသာနဉ္စာယတနဝိညာဏ် လျှင် တည်ရာအာရုံရှိသော ကုသိုလ်စိတ်၊
၃။ အာကိဉ္စညာယတန ကုသိုလ်စိတ် = အာကာသာနဉ္စာယတနဝိညာဏ် ၏ မရှိခြင်း နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော ကုသိုလ်စိတ်၊
၄။ နေဝသညာနာသညာယတန ကုသိုလ်စိတ် = သညာ ရှိသည်လည်း မဟုတ် သညာ မရှိသည်လည်း မဟုတ်သော (= ရုန့်ရင်းကြမ်းတမ်း သော သညာကား မရှိ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ လျှင်ရှိသော) ကုသိုလ်စိတ်၊
ဤသို့လျှင် အရူပါဝစရကုသိုလ်စိတ် (၄)မျိုးရှိသည်။ ယင်း ကုသိုလ်တို့၏ အကျိုးဝိပါက်စိတ်တို့လည်း လေးမျိုးပင် ရှိကြ၏။ ဆိုင်ရာ အရူပဘုံ၌ ဆိုင်ရာ အရူပဗြဟ္မာတို့၏ သန္တာန်၌သာလျှင် ဖြစ်ခွင့်ရှိကြသော ဝိပါက်စိတ် တို့တည်း။ အကယ်၍ ရဟန္တာ အရှင်မြတ်ကြီးတို့သည်လည်း အရူပစျာန်တို့ ကိုပါ ရရှိကြပါမူ ယင်း အရူပစျာန်တို့သည် မည်သည့်အကျိုး တစ်စုံတစ်ရာ ကိုမျှ ဖြစ်စေနိုင်သည့် စွမ်းအား မရှိခြင်းကြောင့် ကိရိယာဟူသော အမည်ကို ရရှိကြပေသည်။ ဤသို့လျှင် အရူပါဝစရကုသိုလ်စိတ် (၄)မျိုး, အရူပါဝစရ ဝိပါက်စိတ် (၄)မျိုး, အရူပါဝစရ ကြိယာစိတ် (၄)မျိုး, အားလုံးပေါင်းသော် အရူပါဝစရစိတ် (၁၂)မျိုးတည်း။ အသင် သူတော်ကောင်းသည် အကယ်၍ အရူပစျာန်တို့ကိုပါ ရရှိပါမူ ယင်းအရူပစျာန် (၄)မျိုးတို့သည်လည်း အသင် သူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံစိတ်တို့တွင် ပါဝင်နေမည် သာ ဖြစ်ပေသည်။ ထိုကြောင့် စျာနလာဘီဖြစ်သော အသင်သူတော်ကောင်း ၏ သန္တာန်၌ အများဆုံးဖြစ်နိုင်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စိတ်တို့မှာ အောက်ပါအတိုင်း (၅၄)မျိုးသော စိတ်တို့သာ ဖြစ်ကြသည်။
၁။ ကာမာဝစရစိတ်မှ --- ၄၅ - မျိုး
၂။ ရူပါဝစရ ကုသိုလ်စျာန်စိတ် --- ၅ - မျိုး (ပဉ္စကနည်း)
၃။ အရူပါဝစရ ကုသိုလ်စျာန်စိတ် --- ၄ - မျိုး
အားလုံးပေါင်းသော် စိတ် --- ၅၄ - မျိုးတည်း။
ဤ (၅၄)မျိုးသော စိတ်တို့ကား ကာမဘုံသား စျာန်ရ ပုထုဇန်နှင့် စျာန်ရ သေက္ခ အရိယာသူတော်ကောင်းတို့၏ ဝိပဿနာဉာဏ်ဖြင့် ရှုပွားရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားတို့ ဖြစ်ကြသည်။
ကာမ-ရူပ-အရူပ-ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော ပုထုဇန်, သေက္ခ, အသေက္ခပုဂ္ဂိုလ်အားလုံးတို့အတွက် ခြုံငုံ၍ ဆိုရသော် လောကီစိတ် (၈၁)ပါးတို့သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြသည်။ ယင်း လောကီစိတ် (၈၁)မျိုးတို့ကား ---
ဤကာမစိတ် (၅၄)မျိုး, ရူပါဝစရစိတ် (၁၅)မျိုး, အရူပါဝစရစိတ် (၁၂)မျိုး, အားလုံးပေါင်းသော် (၈၁)မျိုးသော စိတ်တို့ကို (၃၁)ဘုံဟူသော လောကီနယ်၌သာ ကျင်လည်တတ် ဖြစ်တတ်သောကြောင့် လောကီစိတ်တို့ ဟူ၍ ခေါ်ဆိုသည်။
လောကုတ္တရာစိတ် (၈) မျိုး (အကျဉ်းနည်း)
အရိယမဂ်စိတ် (၄) မျိုး
၁။ သောတာပတ္တိမဂ်စိတ်၊
၂။ သကဒါဂါမိမဂ်စိတ်၊
၃။ အနာဂါမိမဂ်စိတ်၊
၄။ အရဟတ္တမဂ်စိတ်၊
ဤသို့လျှင် မဂ်စိတ် (၄)မျိုး ရှိ၏။
အရိယဖိုလ်စိတ် (၄) မျိုး
၁။ သောတာပတ္တိဖိုလ်စိတ်၊
၂။ သကဒါဂါမိဖိုလ်စိတ်၊
၃။ အနာဂါမိဖိုလ်စိတ်၊
၄။ အရဟတ္တဖိုလ်စိတ်၊
ဤသို့လျှင် ဖိုလ်စိတ် (၄)မျိုးရှိသည်။ ဆိုင်ရာ အရိယမဂ်၏ အကျိုး ဝိပါက်စိတ်တို့ပင်တည်း။
အသင်သူတော်ကောင်းသည် မိမိ၏သန္တာန်၌ ဖြစ်နိုင်ခွင့်ရှိသော လောကီ စိတ်စေတသိက် = နာမ်တရားတို့ကိုလည်းကောင်း, ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သော ရုပ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းပြီးနောက် ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ယင်းအရိယမဂ်ဉာဏ် ဖိုလ် ဉာဏ်တို့သည် ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။
အကယ်၍ ကာမာဝစရ နာမ်တရားတို့ကိုလည်းကောင်း သို့မဟုတ် ရုပ်တရားတို့ကိုလည်းကောင်း ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့သော် ယင်း အရိယမဂ် အရိယဖိုလ်တရားတို့သည် ပထမဇ္ဈာနိက အရိယမဂ် = ပထမစျာန်နှင့် ယှဉ်သော အရိယမဂ်, ပထမဇ္ဈာနိက အရိယဖိုလ် = ပထမ စျာန်နှင့် ယှဉ်သော အရိယဖိုလ်တို့သာ ဖြစ်ကြသည်။ (အဘိ၊ဋ္ဌ၊၁၊၂၇၂-၂၇၃။)
လောကုတ္တရမဂ္ဂေါ ဟိ အပ္ပနံ အပ္ပတ္တော နာမ နတ္ထိ၊ တသ္မာ ရူပံ သမ္မသိတွာ ဝုဋ္ဌိတဿ အဋ္ဌင်္ဂိကော သောမနဿသဟဂတမဂ္ဂေါ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၄။)
ထိုကြောင့် ကာမာဝစရ နာမ်တရားတို့ကိုလည်းကောင်း သို့မဟုတ် ရုပ်တရားတို့ကိုလည်းကောင်း ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ရောက် ခဲ့လျှင် မဂ္ဂင် (၈)ပါး, ဗောဇ္ဈင် (၇)ပါး, စျာနင် (၅)ပါးတို့ပင် ရှိကြ၏။ သို့သော် ယင်းစျာနင်တို့ကား လောကီစျာနင် မဟုတ်၊ လောကုတ္တရာစျာနင်သာ ဖြစ်သည်။ လောကုတ္တရာ ပထမဇ္စျာနိကမဂ် ဟူလိုသည်။
အကျယ်နည်းအားဖြင့် လောကုတ္တရာစိတ် (၄၀)
၁။ ပထမစျာန် နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့ လျှင် ပထမဇ္ဈာနိကအရိယမဂ် ပထမဇ္ဈာနိကအရိယဖိုလ် ဖြစ်သည်။
၂။ ဒုတိယစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့ လျှင် ဒုတိယဇ္ဈာနိကအရိယမဂ် ဒုတိယဇ္ဈာနိကအရိယဖိုလ် ဖြစ်သည်။
၃။ တတိယစျာန် နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့ လျှင် တတိယဇ္ဈာနိကအရိယမဂ် တတိယဇ္ဈာနိကအရိယဖိုလ် ဖြစ် သည်။
၄။ စတုတ္ထစျာန် နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့ လျှင် စတုတ္ထဇ္ဈာနိကအရိယမဂ် စတုတ္ထဇ္ဈာနိကအရိယဖိုလ် ဖြစ်သည်။
၅။ ပဉ္စမစျာန် နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့ လျှင် ပဉ္စမဇ္ဈာနိကအရိယမဂ် ပဉ္စမဇ္ဈာနိကအရိယဖိုလ် ဖြစ်သည်။
တစ်ဖန် ကာမာဝစရနာမ်တရား သို့မဟုတ် ရုပ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင်လည်း ပထမဇ္ဈာနိကအရိယမဂ် ပထမဇ္ဈာနိကအရိယဖိုလ်ပင်ဖြစ်သည်။ ထိုကြောင့် ---
၁။ သောတာပတ္တိ အရိယမဂ် (၅)မျိုး, သောတာပတ္တိ အရိယဖိုလ် (၅)မျိုး၊
၂။ သကဒါဂါမိ အရိယမဂ် (၅)မျိုး, သကဒါဂါမိ အရိယဖိုလ် (၅)မျိုး၊
၃။ အနာဂါမိ အရိယမဂ် (၅)မျိုး, အနာဂါမိ အရိယဖိုလ် (၅)မျိုး၊
၄။ အရဟတ္တ အရိယမဂ် (၅)မျိုး, အရဟတ္တ အရိယဖိုလ် (၅)မျိုး၊
အားလုံးပေါင်းသော် အကျယ်အားဖြင့် လောကုတ္တရာစိတ် (၄၀)တည်း။
ထိုကြောင့် အကျဉ်းအားဖြင့် လောကီစိတ် (၈၁), လောကုတ္တရာစိတ် (၈)မျိုး နှစ်ရပ်ပေါင်းသော် စိတ် (၈၉)မျိုး = တစ်ခုယုတ် (၉၀)ဖြစ်သည်။အကျယ်အားဖြင့်ကား လောကီစိတ် (၈၁), လောကုတ္တရာစိတ် (၄၀) နှစ်ရပ် ပေါင်းသော် စိတ် (၁၂၁)မျိုး ဖြစ်သည်။ (ပဉ္စကနည်းတည်း။)
__________
အပိုင်း (၂)
စေတသိက်ပိုင်းဆိုင်ရာ သိမှတ်စရာ
စိတ်သည် အာရုံကို သိတတ်သော အာရုံကို ရယူတတ်သော သဘော လက္ခဏာအားဖြင့် တစ်မျိုးသာ ဖြစ်သော်လည်း ယင်းစိတ်နှင့် စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော စေတသိက်တို့၏ ထူးထွေ ကွဲပြားမှုကို အကြောင်းခံ၍ စိတ်လည်း အမျိုးမျိုးပြားရပေသည်။ စိတ်မည်သည် စေတသိက်တို့မပါဘဲ မိမိချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ စေတသိက်တို့သည်လည်း စိတ်မပါဘဲ မိမိတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြပေ။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အုပ်စုအလိုက် အတူယှဉ်တွဲ၍သာ အမြဲတမ်း ဖြစ်ကြရလေသည်။ ယင်းစိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကုန်သော စိတ် စေတသိက် နာမ်တရားစုတို့ကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာဆရာတော်က (မဟာဋီ၊၂၊၂၃၅။)၌ အရူပကလာပ = နာမ်ကလာပ်ဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။
စိတ်နှင့်ယှဉ်သော စေတသိက်တို့၏ လက္ခဏာ (၄) ပါး
၁။ ဧကုပ္ပါဒ = စိတ်နှင့်တူသော ဖြစ်ခြင်း = စိတ်နှင့် အတူဖြစ်ခြင်း၊
၂။ ဧကနိရောဓ = စိတ်နှင့်တူသော ချုပ်ခြင်း = စိတ်နှင့် အတူချုပ်ခြင်း၊
၃။ ဧကာလမ္ဗဏ = စိတ်နှင့်တူသော အာရုံရှိခြင်း = စိတ်နှင့် အာရုံတူခြင်း၊
၄။ ဧကဝတ္ထုက = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း = စိတ်နှင့် မှီရာဝတ္ထု တူခြင်း၊
ဤသို့အားဖြင့် စေတသိက်တို့၌ စေတောယုတ္တလက္ခဏာ (၄)ပါး ရှိကြ ပေသည်။ မည်သည့် စေတသိက်မဆို စိတ်၌ယှဉ်သောအခါ ကာမဘုံ ရူပဘုံ၌ ဤအင်္ဂါ (၄)ပါးနှင့် ညီညွတ်ရမြဲ ဓမ္မတာဖြစ်သည်။ အရူပဘုံ၌ကား ဧကဝတ္ထုက အင်္ဂါတစ်ပါး ယုတ်လျော့ပေသည်။ မှီရာဝတ္ထုရုပ် မရှိသောကြောင့် ဖြစ်သည်။ ယင်း စေတသိက်တို့ကား (၅၂)မျိုး ရှိပေသည်။
စေတသိက် (၅၂) မျိုး
၁။ သဗ္ဗစိတ္တသာဓာရဏစေတသိက် = စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (၇)လုံး၊
၂။ ပကိဏ်းစေတသိက် = ပြိုးပြွမ်းယှဉ်သော စေတသိက် (၆)လုံး၊
၃။ အကုသိုလ်စေတသိက် = အကုသိုလ်စိတ်နှင့်ယှဉ်သော စေတသိက် (၁၄)လုံး၊
၄။ သောဘဏစေတသိက် = တင့်တယ်ကောင်းမြတ်သော သောဘဏ စိတ်နှင့် ယှဉ်သော စေတသိက် (၂၅)လုံး၊
အားလုံးပေါင်းသော် စေတသိက် (၅၂)လုံး ဖြစ်သည်။
သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) လုံး
စိတ်အားလုံးနှင့် ဆက်ဆံသော = စိတ်တိုင်းစိတ်တိုင်း၌ ယှဉ်သော စေတသိက်
၁။ ဖဿ = အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း သဘော (လက္ခဏ)၊
= အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်း သဘော (ရသ)၊
၂။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်းသဘော၊
၃။ သညာ = အာရုံကို မှတ်သားခြင်းသဘော၊
၄။ စေတနာ = အာရုံပေါ်သို့ ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ် တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း = နှိုးဆော်ပေးခြင်းသဘော၊
၅။ ဧကဂ္ဂတာ = အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက်နေခြင်း သဘော၊
= တည်ငြိမ်နေခြင်းသဘော၊
= သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကြဲစေခြင်းသဘော၊
၆။ ဇီဝိတ = ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်း သဘော = နာမ် သက်စောင့် ဓာတ်။
၇။ မနသိကာရ = အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့် တွန်းပို့ပေးခြင်းသဘော၊
= အာရုံကို နှလုံးသွင်းခြင်းသဘော။
[မှတ်ချက် --- စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသော စိတ်စေတသိက် တရားစုတို့ကို သမ္ပယုတ်တရားဟု ခေါ်ဆိုသည်။ အထက်ပါ စေတသိက်တို့တွင် ဧကဂ္ဂတာစေတသိက်ကို အချို့အရာ၌ စိတ်တည်ကြည်မှု စွမ်းအင်ကို အမှီပြု၍ သမာဓိန္ဒြေ သမာဓိဗိုလ် သမာဓိသမ္ဗောဇ္ဈင် သမ္မာသမာဓိမဂ္ဂင် ဥပစာရသမာဓိ အပ္ပနာသမာဓိ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားပေသည်။ တစ်ဖန် ဝေဒနာစေတသိက်ကိုလည်း သတိပြုပါ။ ဝေဒနာစေတသိက်သည် စိတ်တိုင်း စိတ်တိုင်း၌ ယှဉ်သော သဗ္ဗစိတ္တသာဓာရဏ စေတသိက်တစ်မျိုး ဖြစ်၏။ အသိစိတ်ရှိနေသမျှ ကာလ ပတ်လုံး ဝေဒနာကား အမြဲတမ်း ပါဝင်တည်ရှိနေမည်သာ ဖြစ်၏။ ထို ဝေဒနာမှာ သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာဟူသော ဝေဒနာ ငါးမျိုးတို့တွင် တစ်မျိုးမျိုး ဖြစ်နိုင်၏။ ဝေဒနာမပါသော ဝေဒနာမယှဉ်သော စိတ်ဟူသည် ဗုဒ္ဓအဘိဓမ္မာ၌ မရှိစကောင်းပေ။ ဝေဒနာကား ချုပ်၏။ အသိ စိတ်ကား မချုပ်ဟူသော ဝါဒမှာ ဗုဒ္ဓအဘိဓမ္မာ၏ အယူအဆမဟုတ်ပေ၊၊]
ပကိဏ်းစေတသိက် (၆) လုံး
= ပြိုးပြွမ်းယှဉ်သော စေတသိက် (၆)လုံး
၁။ ဝိတက် = အာရုံပေါ်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ရှေးရှု တင်ပေးခြင်းသဘော၊
= ကြံစည်ခြင်းသဘော၊
၂။ ဝိစာရ = အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်း = ဆုပ်နယ်ခြင်းသဘော၊
= အာရုံကို ထပ်၍ထပ်၍ ယူခြင်းသဘော၊
၃။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊
၄။ ဝီရိယ = ကြိုးစားအားထုတ်ခြင်းသဘော
= အားတက်သရော ရှိခြင်းသဘော၊
(အာရုံတစ်ခုပေါ်၌ ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ ဖြစ်အောင် ကြိုးစားအားထုတ်ခြင်းသဘော ဖြစ်သည်။ မကောင်းဘက်၌လည်း လောဘဖြစ်အောင်, ဒေါသဖြစ်အောင်, မောဟဖြစ်အောင် စသည်ဖြင့် ကြိုးစားမှုမျိုး၊ အကောင်းဘက်၌လည်း အလောဘဖြစ်အောင်, အဒေါသဖြစ် အောင်, အမောဟဖြစ်အောင် စသည်ဖြင့် ကြိုးစားမှုမျိုးတည်း။ သမာဓိပိုင်း၌ သမာဓိဖြစ်အောင် ကြိုးစားမှု, ဝိပဿနာပိုင်း၌ ဓာတ်ကြီးလေးပါးကို သိအောင် ကြိုးစားမှု, ရုပ်တရားကို သိအောင် ကြိုးစားမှု, နာမ်တရားကို သိအောင် ကြိုးစားမှု, အကြောင်းတရားတို့ကို သိအောင် ကြိုးစားမှု, အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို သိအောင် ကြိုးစားမှုမျိုးတည်း။)
၅။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊
၆။ ဆန္ဒ = အာရုံကို လိုလားတောင့်တခြင်းသဘော၊
= အာရုံကို ပြုလုပ်လိုခြင်းသဘော၊
(အာရုံတစ်ခုပေါ်၌ လောဘဖြစ်လိုသည့် သဘော, ဒေါသဖြစ်လိုသည့် သဘော, မောဟ ဖြစ်လိုသည့် သဘော, အလောဘဖြစ်လိုသည့် သဘော, အဒေါသဖြစ်လိုသည့် သဘော, အမောဟဖြစ်လိုသည့် သဘော, သမာဓိ ဖြစ်လိုသည့် သဘော, ပညာဖြစ်လိုသည့် သဘော ဤသို့ စသည်ဖြင့် အရာဌာန အားလျော်စွာ သဘောပေါက်ပါလေ။ မြင်လိုမှု ကြားလိုမှု နံလိုမှု အရသာသိလိုမှု ထိလိုမှု သိလိုမှု သဘောများကို အာရုံကို ပြုလုပ်လိုသည့်သဘောဟု ဆိုလိုသည်။)
ဤ စေတသိက် (၆)လုံးတို့သည် စိတ်အားလုံး၌ မယှဉ်ဘဲ အချို့အချို့သော စိတ်၌သာ ယှဉ်သဖြင့် ဟိုတချို့ သည်တချို့ ရောရောပြွမ်းပြွမ်း ယှဉ်တတ်သော စေတသိက်များဖြစ်ခြင်းကြောင့် ပကိဏ်းစေတသိက်ဟူသော အမည်ကို ရရှိကြပေသည်။
သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)လုံးနှင့် ပကိဏ်းစေတသိက် (၆) လုံး = ဤနှစ်ရပ်ပေါင်း စေတသိက် (၁၃) လုံးတို့ကို အညသမာန်း စေတသိက်ဟု ခေါ်ဆို၏။ အသောဘဏ အမည်ရသော အကုသိုလ်စိတ် အဟိတ် စိတ်တို့၌လည်းကောင်း, သောဘဏ အမည်ရသော အကျဉ်းအားဖြင့် စိတ် (၅၉) အကျယ်အားဖြင့် (၉၁)ပါးသော စိတ်တို့၌လည်းကောင်း ထိုက်သလို ယှဉ်တွဲ ဖြစ်ကြသဖြင့် ယင်းစေတသိက်တို့သည် အကောင်းအဆိုး နှစ်ဘက်ရ စေတသိက်တို့ ဖြစ်ကြသည်။
ဝိတက်-စေတနာ-မနသိကာရ
ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် ရှေးရှုတင်ပေးတတ်၏။ စေတနာကား ဝိတက်သည် တင်ပေးအပ်သော သမ္ပယုတ်တရားတို့ကို အာရုံ၌ ယှဉ်စပ်ပေး၏။ မနသိကာရသည်ကား သမ္ပယုတ် တရားတို့ကို အာရုံပေါ်သို့ ဖြောင့်ဖြောင့်မတ်မတ် ရောက်အောင် ပြုလုပ် ပေး၏။ မောင်းနှင်ပေး၏။
အကုသိုလ် စေတသိက် (၁၄) လုံး
အကုသလသာဓာရဏ စေတသိက် (၄) လုံး
= အကုသိုလ်စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက်
၁။ မောဟ = အာရုံ၏ သဘောမှန်ကို မသိခြင်းသဘော၊
= အာရုံကို အသိမှားခြင်းသဘော၊
၂။ အဟိရိက = (က) ဒုစရိုက်တရား ( ခ ) လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားတို့မှ မရှက်ခြင်းသဘော၊
၃။ အနောတ္တပ္ပ = (က) ဒုစရိုက်တရား ( ခ ) လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားတို့မှ မကြောက်ခြင်း သဘော၊
၄။ ဥဒ္ဓစ္စ = အာရုံပေါ်၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေခြင်း သဘော။
ဤ စေတသိက် (၄)မျိုးတို့သည် အကုသိုလ်စိတ်တိုင်း စိတ်တိုင်း၌ အမြဲယှဉ်သောကြောင့် အကုသလသာဓာရဏစေတသိက်ဟူသော အမည်ကို ရရှိကြသည်။
လောဘအုပ်စု စေတသိက် (၃) လုံး
၅။ လောဘ = အာရုံကို ငါ့ဟာဟု စွဲယူခြင်းသဘော၊
= အာရုံကို လိုလားတပ်မက်ခြင်းသဘော၊
= အာရုံ၌ ကပ်ငြိခြင်းသဘော၊
၆။ ဒိဋ္ဌိ = အာရုံကို နိစ္စ သုခ အတ္တ သုဘ ဟု စွဲလမ်းယုံကြည်ခြင်းသဘော၊
= အယူမှားခြင်းသဘော = ခံယူချက်မှားခြင်းသဘော၊
၇။ မာန = ငါ ငါဟု စိတ်တက်ကြွ မြင့်မောက်ခြင်းသဘော၊
= ထောင်လွှားခြင်းသဘော၊
= အသာယူလိုခြင်းသဘော၊
ထပ်မံရှင်းလင်းချက်
ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၇။ ဝိသုဒ္ဓိ၊၂၊၁၅၇။)
မောဟကိုပင် အဝိဇ္ဇာဟုလည်း ခေါ်ဆို၏။ (၃၁)ဘုံ အတွင်း၌ တည်ရှိသော သက်ရှိလောက သက်မဲ့လောက = သက်ရှိအရာဝတ္ထု သက်မဲ့အရာ ဝတ္ထုတို့ကို ပရမတ္ထသစ္စာသို့ ဆိုက်အောင် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲကြည့်နိုင်သဖြင့် ---
၁။ ရုပ်တရား အစုအပုံမျှသာရှိသည်ဟု
၂။ နာမ်တရား အစုအပုံမျှသာ ရှိသည်ဟု
၃။ ရုပ်+နာမ် အစုအပုံမျှသာ ရှိသည်ဟု = ခန္ဓာငါးပါးအစုအပုံ, အာယတနတစ်ဆယ့်နှစ်ပါးအစုအပုံ, ဓာတ်တစ်ဆယ့်ရှစ်ပါးအစုအပုံမျှသာ ရှိသည်ဟု သိသည် ဖြစ်အံ့၊ ထိုအသိမှာ မှန်၏။ နာမရူပပရိစ္ဆေဒဉာဏ် တည်း။
၄။ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံမျှသာ ရှိသည်ဟု သိအံ့၊ ထိုအသိမှာလည်း မှန်၏၊ ပစ္စယပရိဂ္ဂဟဉာဏ်တည်း။
ထို ရုပ်-နာမ်-ကြောင်း-ကျိုး တရားစုတို့ကို သင်္ခါရတရားစုတို့ဟူ၍ ခေါ်ဆို၏။ ထိုသင်္ခါရတရားတို့ကား ဖြစ်ပြီးလျှင် ပျက်တတ်သည့် အနိစ္စတရား တို့သာ ဖြစ်ကြ၏။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့် ဒုက္ခတရားတို့သာ ဖြစ်ကြ၏။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် အနတ္တ တရားတို့သာ ဖြစ်ကြ၏။ ရွံရှာစက်ဆုပ်ဖွယ် အသုဘတရားစုတို့သာ ဖြစ်ကြ၏။ ထိုကြောင့် ယင်းသင်္ခါရတရားတို့ကို ---
၁။ အနိစ္စတရားတို့သာ ဖြစ်ကြသည်ဟု
၂။ ဒုက္ခတရားတို့သာ ဖြစ်ကြသည်ဟု
၃။ အနတ္တတရားတို့သာ ဖြစ်ကြသည်ဟု
၄။ အသုဘတရားတို့သာ ဖြစ်ကြသည်ဟု သိအံ့၊ ထို အသိမှာလည်း မှန် နေ၏။ ဝိပဿနာဉာဏ်များပင်တည်း။
ထိုကြောင့် (၃၁)ဘုံ အတွင်း၌ တည်ရှိသော သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို ရုပ်တရားအစုအပုံ, နာမ်တရားအစုအပုံ, ရုပ်+နာမ်အစုအပုံ = ခန္ဓာငါးပါးအစုအပုံ = အာယတနတစ်ဆယ့်နှစ်ပါးအစုအပုံ = ဓာတ်တစ်ဆယ့်ရှစ်ပါးအစုအပုံတို့ဟုလည်းကောင်း, အကြောင်းတရားအစုအပုံ အကျိုး တရားအစုအပုံတို့ဟုလည်းကောင်း, အနိစ္စတရားအစုအပုံ, ဒုက္ခတရားအစု အပုံ, အနတ္တတရားအစုအပုံ, အသုဘတရားအစုအပုံတို့ဟုလည်းကောင်း သိရှိနေပါက ထိုအသိကို အသိမှန် = သမ္မာဒိဋ္ဌိ = ဝိဇ္ဇာဉာဏ်ဟု ဆိုရပေသည်။
ထိုသို့ အမှန်အတိုင်း မသိဘဲ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဟုလည်းကောင်း, အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟုလည်းကောင်း, ရွှေငွေ သစ်ပင် ရေမြေ တော တောင် စသည်ဟုလည်းကောင်း, နိစ္စတရားအစုအပုံ သုခတရားအစုအပုံ အတ္တတရားအစုအပုံ သုဘတရားအစုအပုံဟုလည်းကောင်း ယင်းသက်ရှိ သက်မဲ့ ဝတ္ထုတို့ကို ပြောင်းပြန် သိမြင်နေပါက ယင်းအသိကို အသိမှား = အဝိဇ္ဇာ = မောဟဟု ခေါ်ဆိုရပေသည်။
ဤတွင် အဝိဇ္ဇာ = မောဟနှင့် ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိတို့၏ သဘောကို ပိုမို၍ သဘောပေါက်စေရန် ဝိပဿနာနယ်၌ အရေးတကြီး သိထားသင့်သော အတ္တစွဲနှစ်မျိုးကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။
---အတ္တစွဲ (၂) မျိုး
လောကဝေါဟာရ အတ္တစွဲ = လောကသမညာ အတ္တစွဲနှင့် သာသနာပ အယူအဆရှိကြသည့် မိစ္ဆာဒိဋ္ဌိ အယူဝါဒရှိသူတို့ ကြံဆထားအပ်သော အတ္တဒိဋ္ဌိစွဲဟု အကြမ်းစားအားဖြင့် အတ္တစွဲ နှစ်မျိုး ရှိပေသည်။ (မ၊ဋီ၊၁၊၃၆၅-၃၆၆။)
၁။ လောကဝေါဟာရ အတ္တစွဲ = လောကသမညာ အတ္တစွဲ --- သက်ရှိ အရာဝတ္ထုတို့ကို ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ကျွဲ နွား တိရစ္ဆာန် စသည်ဖြင့် စွဲယူမှု, သက်မဲ့ အရာဝတ္ထုတို့ကိုလည်း ရွှေ ငွေ လယ် ယာ အိုးအိမ် သစ်ပင် ရေမြေ တောတောင် စသည်ဖြင့် စွဲယူမှုတည်း။
အသင်သူတော်ကောင်းသည် ဗဟိဒ္ဓ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်သောအခါ ဗဟိဒ္ဓ သက်ရှိလောကသို့ ဝိပဿနာဉာဏ်ကို စေလွှတ်ကြည့်ပါ။ ဗဟိဒ္ဓသက်ရှိသတ္တဝါတို့ ဟူသည်မှာလည်း ရုပ်တရားအစုအပုံ နာမ်တရား အစုအပုံ ရုပ်နာမ်အစုအပုံ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘ တရားအစုအပုံသာ ဖြစ်သည်ဟု သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်ကာ သိမြင်နိုင်ပေလိမ့်မည်။
တစ်ဖန် ဗဟိဒ္ဓသက်မဲ့လောကသို့လည်း ဝိပဿနာဉာဏ်ကို စေလွှတ် ကြည့်ပါ။ ယင်း ဗဟိဒ္ဓ သက်မဲ့အရာဝတ္ထုတို့၌ (ရွှေ၌ ငွေ၌ ...) တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ယင်း ရုပ်ကလာပ်တို့မှာ ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲ ဆင့်ကဲ ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသော ဥတုဇဩဇဋ္ဌမကရုပ်တို့နှင့် ရံခါ အသံပါသော် ဥတုဇသဒ္ဒနဝကကလာပ်ရုပ်တို့သာတည်း။ ထိုကြောင့် သက်မဲ့ အရာဝတ္ထုတို့ကို ဥတုဇဩဇဋ္ဌမကရုပ်တရားအစုအပုံဟုလည်းကောင်း, အသံ ပါခဲ့သော် ဥတုဇသဒ္ဒနဝကရုပ်တရားအစုအပုံဟုလည်းကောင်း သိမြင်ခဲ့သော် ထိုအသိသည် မှန်နေ၏။ ရွှေငွေ စသည်ဖြင့် သိခဲ့သော် ထိုအသိကား မှားနေ ၏ = အဝိဇ္ဇာတည်း၊ မောဟတည်း။
သက်ရှိသတ္တဝါတို့ကို ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား အစု အပုံဟု မသိဘဲ အနိစ္စ ဒုက္ခ အနတ္တ အသုဘတရားအစုအပုံဟု မသိဘဲ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် သိခဲ့သော် ထိုအသိကား မှားနေ၏။ အဝိဇ္ဇာ = မောဟတည်း။ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်သည် တကယ် ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်ခဲ့သော် စွဲယူခဲ့သော် ခံယူချက်မှားခဲ့သော် ထို စွဲလမ်းယုံကြည်မှု စွဲယူမှု ခံယူချက်မှားမှုသည်ကား လောကဝေါဟာရ အတ္တစွဲ = လောကသမညာ အတ္တ စွဲတည်း = လူတို့ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း တကယ် ထင်ရှားရှိ၏ဟု ခံယူချက်မှားမှုတည်း။ မိစ္ဆာဒိဋ္ဌိတည်း။
သက်မဲ့အရာဝတ္ထုတို့ကိုလည်း ရုပ်တရားအစုအပုံဟု မသိဘဲ ရွှေငွေ စိန်ကျောက် စသည်ဖြင့်သိခဲ့သော် ထိုအသိကား မှားနေ၏၊ အဝိဇ္ဇာပင်တည်း။ ရွှေငွေ စိန်ကျောက် စသည်သည် တကယ်ထင်ရှား ရှိပါ၏ တကယ်ဟုတ်ပါ၏ ဟု စွဲလမ်း ယုံကြည်ခဲ့သော် စွဲယူခဲ့သော် ခံယူချက်မှားခဲ့သော် ထိုစွဲလမ်းယုံကြည်မှု စွဲယူမှု ခံယူချက်မှားမှုသည်ကား လောကဝေါဟာရ = လောကသမညာ အတ္တစွဲတည်း။ လောကဝေါဟာရအတိုင်း စွဲလမ်းယုံကြည်မှု ခံယူချက် မှားမှုတည်း။ မိစ္ဆာဒိဋ္ဌိတည်း။
၂။ အတ္တဒိဋ္ဌိစွဲ --- ဤ အတ္တဒိဋ္ဌိစွဲ၌
(က) ပရမတ္တ ဒိဋ္ဌိစွဲ = ပရမအတ္တ ဒိဋ္ဌိစွဲ
( ခ ) ဇီဝအတ္တ ဒိဋ္ဌိစွဲဟု အကြမ်းစားအားဖြင့် နှစ်မျိုး ခွဲနိုင်၏။
(က) ပရမတ္တ = ပရမအတ္တဒိဋ္ဌိစွဲ --- လောကကြီးနှင့်တကွ သတ္တဝါ အသီး အသီးကို ဖန်ဆင်းနေသော ဖန်ဆင်းရှင်အတ္တ = ပရမတ္တ = ပရမအတ္တရှိသည်ဟု စွဲယူမှု ခံယူချက်မှားမှုသည် ပရမတ္တဒိဋ္ဌိ = ပရမအတ္တဒိဋ္ဌိစွဲတည်း။
( ခ ) ဇီဝအတ္တဒိဋ္ဌိစွဲ --- သတ္တဝါ အသီးအသီး၏သန္တာန်၌ အဖန်ဆင်းခံ ရသော ဇီဝကောင် = အသက်ကောင် = လိပ်ပြာကောင် = ဝိညာဏ် ကောင် = အတ္တကောင် ရှိသည်ဟု စွဲယူမှု ယုံကြည်မှု ခံယူချက် မှားမှုသည် ဇီဝအတ္တဒိဋ္ဌိစွဲတည်း။
ပရမတ္တ, ဇီဝအတ္တဟု အသိမှားမှုကား အဝိဇ္ဇာတည်း = မောဟတည်း။ ပရမတ္တ, ဇီဝအတ္တ တကယ် ထင်ရှားရှိသည်ဟု စွဲလမ်းယုံကြည်မှု စွဲယူမှု ခံယူ ချက်မှားမှုကား အတ္တဒိဋ္ဌိတည်း။ မိစ္ဆာဒိဋ္ဌိတည်း။
မောဟနှင့် ဒိဋ္ဌိကို အတိုချုပ် ခွဲခြားမှတ်ရန်
မောဟသည် (၃၁)ဘုံအတွင်း၌ တည်ရှိသော သက်ရှိသက်မဲ့ အရာ ဝတ္ထုတို့ကို နိစ္စ သုခ အတ္တ သုဘဟု အသိမှား၏။ ဒိဋ္ဌိသည် (၃၁)ဘုံ အတွင်း၌ တည်ရှိသော သက်ရှိ သက်မဲ့ အရာဝတ္ထုတို့ကို နိစ္စ သုခ အတ္တ သုဘဟု ယုံကြည်ချက် ခံယူချက်မှား၏။ နိစ္စ သုခ အတ္တ သုဘဟု အသိမှားမှုကား မောဟ၊ နိစ္စ သုခ အတ္တ သုဘဟု အယူမှားမှုကား ဒိဋ္ဌိတည်း။
ဒေါသအုပ်စု စေတသိက် (၄) လုံး
၈။ ဒေါသ = စိတ်ခက်ထန် ကြမ်းတမ်းခြင်းသဘော၊
= ဖျက်ဆီးလိုခြင်းသဘော၊
၉။ ဣဿာ = သူတစ်ပါး၏ စည်းစိမ်ဂုဏ်သိရ် ချမ်းသာကို ငြူစူ စောင်းမြောင်းခြင်းသဘော၊
= ကိုယ့်ထက်သာ မနာလိုခြင်းသဘော၊
၁၀။ မစ္ဆရိယ = မိမိ စည်းစိမ်ကို လျှို့ဝှက်ခြင်းသဘော၊
= မိမိ စည်းစိမ်ကို အထိမခံနိုင်ခြင်းသဘော၊ ဝန်တိုခြင်း သဘော၊
၁၁။ ကုက္ကုစ္စ = (က) ပြုခဲ့ပြီး ကျင့်ခဲ့ပြီးသော မကောင်းမှုအကုသိုလ်နှင့် ဒုစရိုက်တရားတို့ကို ပြုခဲ့မိ ကျင့်ခဲ့မိ၍ နောင်တ တစ်ဖန် ပူပန်ခြင်းသဘော၊
( ခ ) မပြုလိုက်မိ မကျင့်လိုက်မိသော ကောင်းမှုကုသိုလ်နှင့် သုစရိုက်တရားတို့ကို မပြုလိုက်ရ မကျင့် လိုက်ရ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊
သသင်္ခါရိကအုပ်စုဝင် စေတသိက် (၂) လုံး
၁၂။ ထိန = စိတ်ထိုင်းမှိုင်းခြင်းသဘော၊
= စိတ်မရွှင်လန်း မထက်သန်ခြင်းသဘော။
၁၃။ မိဒ္ဓ = ယှဉ်ဖက် စေတသိက်တို့ ထိုင်းမှိုင်းခြင်းသဘော။
= ယှဉ်ဖက် စေတသိက်တို့ မရွှင်လန်း မထက်သန်ခြင်း သဘော။
မောဟအုပ်စု စေတသိက် (၁) လုံး
၁၄။ ဝိစိကိစ္ဆာ =
၁။ သမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန်,
၂။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ တရားစစ် တရားမှန်,
၃။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ အရိယသာဝက သံဃာစစ် သံဃာမှန်,
၄။ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော သိက္ခာသုံး ပါး,
၅။ သံသရာ၏ ေ့ရှအစွန်းဟူသော အတိတ်ဘဝ = အတိတ်ခန္ဓာ,
၆။ သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ဘဝ = အနာဂတ် ခန္ဓာ,
၇။ သံသရာ၏ ေ့ရှအစွန်း နောက်အစွန်းဟူသော အတိတ်+အနာဂတ် ဘဝ = အတိတ် အနာဂတ် ခန္ဓာ နှစ်မျိုးလုံး,
၈။ ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရား,
ဤ (၈)ဌာနတို့၌ ယုံမှားသံသယရှိခြင်း သဘော။ (အဘိ၊၁၊၂၀၈။)
[မှတ်ချက် --- ကံ-ကံ၏အကျိုးတရားအပေါ်၌ သံသယရှိခြင်းများ သည်လည်း ဤကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား၌ သံသယရှိမှုတွင် အကျုံးဝင်လျက်ရှိပေသည်။]
သောဘဏစေတသိက် = အကောင်းစေတသိက် (၂၅)
သောဘဏ စေတသိက် (၂၅) လုံးမှာ ---
(က) သောဘဏသာဓာရဏစေတသိက်= သောဘဏ အမည်ရသော အကောင်းစိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (၁၉) လုံး,
( ခ ) ဝိရတိ စေတသိက် (၃)လုံး,
( ဂ ) အပ္ပမညာ စေတသိက် (၂)လုံး,
(ဃ) ပညိန္ဒြေ စေတသိက် (၁)လုံး,
အားလုံးပေါင်းသော် (၂၅)လုံး ဖြစ်သည်။
သောဘဏသာဓာရဏစေတသိက် (၁၉) လုံး
၁။ သဒ္ဓါ = (ဝိစိကိစ္ဆာ၌ ဖော်ပြထားသော ရှစ်ဌာနတို့၌ ) ယုံမှု + ကြည်မှု သဘော၊
= ယုံကြည်ခြင်းသဘော = သက်ဝင်တည်နေခြင်းသဘော။
[မှတ်ချက် --- ဤကား ခြုံငုံ၍ ရေးသားထားခြင်းဖြစ်သည်။ နေရာ ဌာနသို့လိုက်၍ ခွဲခြားယူတတ်ဖို့ လိုပေသည်။
၁။ ဘုရားဂုဏ်ကို အာရုံယူရာ၌ ဘုရားဂုဏ်၌ ယုံကြည်မှု,
၂။ တရားဂုဏ်ကို အာရုံယူရာ၌ တရားဂုဏ်ကို ယုံကြည်မှု,
၃။ သံဃာ့ဂုဏ်ကို အာရုံယူရာ၌ သံဃာ့ဂုဏ်ကို ယုံကြည်မှု,
၄။ သီလပိုင်း၌ သီလသိက္ခာ သီလကျင့်စဉ်ကို ယုံကြည်မှု, သမာဓိပိုင်း၌ စျာန်သမာဓိသိက္ခာ = သမာဓိကျင့်စဉ်ကို ယုံကြည်မှု, ပညာပိုင်း၌ ရုပ် နာမ် ပရမတ်တို့၏ သဘာဝမှန်ကို ထွင်းဖောက်သိသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်မှု သစ္စာလေးပါးကို ထိုးထွင်းသိအောင် ကျင့်ရသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်မှု,
၅။ အတိတ်ကို ရှုရာ၌ အတိတ်ခန္ဓာတို့၌ ယုံကြည်မှု,
၆။ အနာဂတ်ကို ရှုရာ၌ အနာဂတ်ခန္ဓာတို့၌ ယုံကြည်မှု,
၇။ အတိတ်+အနာဂတ် နှစ်မျိုးလုံးကို ရှုရာ၌ အတိတ်+အနာဂတ် ခန္ဓာ နှစ်မျိုးလုံး၌ ယုံကြည်မှု,
၈။ ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်တို့ကို ရှုရာ၌ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၌ ယုံကြည်မှု,
ဤသို့ စသည်ဖြင့် အရှုခံအာရုံသို့လိုက်၍ ယုံကြည်မှုများ ကွဲပြားပုံကို သဘောပေါက်ပါလေ။]
၂။ သတိ = (သတိပဋ္ဌာန်လေးပါး စသော) သတိ၏တည်ရာ အာရုံ ၌ သမ္ပယုတ်တရားတို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊
= အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊
= အာရုံကို မမေ့ပျောက်ခြင်းသဘော၊
၃။ ဟိရိ = (က) မကောင်းမှု အကုသိုလ်တရား, (ခ) ဒုစရိုက် တရားမှ ရှက်ခြင်းသဘော၊
၄။ ဩတ္တပ္ပ = (က) မကောင်းမှု အကုသိုလ်တရား, (ခ) ဒုစရိုက် တရားမှ ကြောက်ခြင်းသဘော၊
၅။ အလောဘ = လောကီအာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်း သဘော၊
= ငါ့ဟာဟု မစွဲယူခြင်းသဘော၊
၆။ အဒေါသ = အာရုံပေါ်၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊
= မဖျက်ဆီးလိုခြင်းသဘော၊
၇။ တတြမဇ္စျတ္တတာ = (စိတ်တက်ကြွ မြင့်မောက်မှု မာန, စိတ်တွန့် ဆုတ်မှု ထိန + မိဒ္ဓ ဤ တရားနှစ်မျိုးဘက်သို့ စိတ်ကို မရောက်စေဘဲ စိတ်+စေတသိက်တို့ကို မိမိတို့ ကိစ္စ၌ အပိုအလွန် မရှိစေရအောင်) အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊
= အာရုံကို အညီအမျှ လျစ်လျူရှုခြင်းသဘော၊
၈။ ကာယပဿဒ္ဓိ = စေတသိက်တို့ ငြိမ်းအေးခြင်းသဘော၊
၉။ စိတ္တပဿဒ္ဓိ = စိတ်ငြိမ်းအေးခြင်းသဘော၊
၁၀။ ကာယလဟုတာ = စေတသိက်တို့ လျင်မြန် ပေါ့ပါးခြင်းသဘော၊
၁၁။ စိတ္တလဟုတာ = စိတ်လျင်မြန် ပေါ့ပါးခြင်းသဘော၊
၁၂။ ကာယမုဒုတာ = စေတသိက်တို့ နူးညံ့ပျော့ပျောင်းခြင်းသဘော၊
၁၃။ စိတ္တမုဒုတာ = စိတ်နူးညံ့ပျော့ပျောင်းခြင်း သဘော၊
၁၄။ ကာယကမ္မညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထို ကောင်းမှု၌ စေတသိက်တို့ ခံ့ညားခြင်းသဘော၊
= အချိုးကျ အဆင်ပြေခြင်းသဘော၊
(ဘာဝနာမှုဖြစ်လျှင် ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော။)
၁၅။ စိတ္တကမ္မညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထို ကောင်းမှု၌ စိတ်ခံ့ညားခြင်းသဘော၊
= အချိုးကျ အဆင်ပြေခြင်းသဘော၊
(ဘာဝနာမှုဖြစ်လျှင် ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊)
၁၆။ ကာယပါဂုညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထို ကောင်းမှု၌ စေတသိက်တို့ ပြွမ်းတီး လေ့လာနိုင်နင်းခြင်း သဘော၊ (= ပွန်းတီး ...)
= ကျွမ်းကျင်လိမ္မာခြင်းသဘော၊
= ကိလေသာ အနာကင်းခြင်းသဘော၊
၁၇။ စိတ္တပါဂုညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထို ကောင်းမှု၌ စိတ် ပြွမ်းတီး (= ပွန်းတီး) လေ့လာ နိုင်နင်းခြင်း သဘော၊
= ကျွမ်းကျင်လိမ္မာခြင်းသဘော၊
= ကိလေသာ အနာကင်းခြင်းသဘော၊
၁၈။ ကာယုဇုကတာ = စေတသိက်တို့ ဖြောင့်မတ်ခြင်းသဘော၊
= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊
၁၉။ စိတ္တုဇုကတာ = စိတ်ဖြောင့်မတ်ခြင်း သဘော၊
= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော။
မာယာနှင့် သာဌေယျ
သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ။ အသန္တဂုဏသမ္ဘာဝနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၈၄။)
အသန္တဂုဏပကာသနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၁၂၈။)
= ထင်ရှားရှိသော အပြစ်ကို ဖုံးကွယ်ထားခြင်း သဘောကား မာယာ တည်း။
ထင်ရှားမရှိသော ဂုဏ်ကို ထုတ်ဖော် ချီးမွမ်းခြင်း = ထင်ရှားပြခြင်း သဘောကား သာဌေယျတည်း။
ဝိရတိ စေတသိက် (၃) လုံး
၁။ သမ္မာဝါစာ = အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊
= ဝစီဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊
၂။ သမ္မာကမ္မန္တ = အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယ ဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊
= ကာယဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊
၃။ သမ္မာအာဇီဝ = အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါး, ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ် ခြင်းသဘော၊
= အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ကာယ ဒုစရိုက် ဝစီဒုစရိုက်ကို မလွန်ကျူးခြင်းသဘော။
အပ္ပမညာ စေတသိက် (၂) လုံး
၁။ ကရုဏာ = ဒုက္ခိတ သတ္တဝါကို အာရုံပြု၍ သနား ကြင်နာခြင်း သဘော၊
= ဆင်းရဲဒုက္ခမှ ကယ်တင်လိုခြင်းသဘော၊
၂။ မုဒိတာ = သုခိတ သတ္တဝါကို အာရုံပြု၍ ကြည်သာ ဝမ်းမြောက် ခြင်းသဘော၊
= သူ့စည်းစိမ်ကို မငြူစူခြင်းသဘော၊
ပညိန္ဒြေ စေတသိက် (၁) လုံး
၁။ ပညိန္ဒြေ = ပညာ = ပရမတ္ထဓမ္မတို့၏ သဘောမှန်ကို ထွင်းဖောက် သိမြင်ခြင်းသဘော၊
= သစ္စာ (၄)ပါး အမှန်တရားကို ထွင်းဖောက် သိမြင်ခြင်း သဘော။
ဉာဏ်ဟုလည်းကောင်း, အမောဟဟုလည်းကောင်း, သမ္မာဒိဋ္ဌိဟု လည်းကောင်း, ဓမ္မဝိစယဟုလည်းကောင်း ခေါ်သော ပညာကိုပင် သစ္စာ (၄)ပါးကို သိမှုကိစ္စ၌ အစိုးတရဖြစ်သောကြောင့် ပညိန္ဒြေဟု ခေါ်ဆိုပေသည်။
ဤတွင် အကောင်း သောဘဏစေတသိက် (၂၅)လုံး ပြီး၏။ ပရမတ္ထ ဓမ္မများကို ဉာဏ်ဖြင့် ပိုင်းခြားယူရာ သိမ်းဆည်းရာ၌ အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်သည် သဘာဝလက္ခဏာကသော်လည်းကောင်း, ရသ = လုပ်ငန်းကိစ္စကသော်လည်းကောင်း စတင်၍ နှလုံးသွင်းနိုင်သဖြင့် အချို့ စေတသိက်များ၌ လက္ခဏနှင့် ရသ နှစ်မျိုးလုံးကိုပင် ရေးသားတင်ပြထားပါသည်။
အရေးကြီးလှသော စည်းကမ်းဥပဒေသ တစ်ရပ်
ဣဓေကစ္စော အာဒိတောဝ အဇ္ဈတ္တံ ပဉ္စသု ခန္ဓေသု အဘိနိဝိသတိ၊ အဘိနိဝိသိတွာ တေ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓအဇ္ဈတ္တဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ ဗဟိဒ္ဓါပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ ပရဿ ခန္ဓေပိ အနုပါဒိန္နသင်္ခါရေပိ အနိစ္စံ ဒုက္ခမနတ္တာတိ ပဿတိ။ သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။)
အပရော အာဒိတောဝ ရူပေ အဘိနိဝိသတိ၊ အဘိနိဝိသိတွာ ဘူတရူပဉ္စ ဥပါဒါရူပဉ္စ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ၊ သော ကာလေန ရူပံ သမ္မသတိ ကာလေန အရူပံ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)
ဤအထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးသောအခါ ဝိပဿနာသို့ ကူးတက်ရာ၌ အဇ္ဈတ္တခန္ဓာငါးပါးကိုသော် လည်း စတင်၍ ဝိပဿနာရှုလိုက ဝိပဿနာ ရှုပွားသုံးသပ်နိုင်၏၊ သက်မဲ့ အနုပါဒိန္နသင်္ခါရတရားများ အဝင်အပါ ဗဟိဒ္ဓခန္ဓာငါးပါးကိုသော်လည်း စတင် ၍ ဝိပဿနာ ရှုပွားသုံးသပ်လိုက ဝိပဿနာ ရှုပွား သုံးသပ်နိုင်၏။ သို့သော် အဇ္ဈတ္တခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုပွားသုံးသပ်ရုံမျှဖြင့်လည်း ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် = သင်္ခါရအာရုံမှ ထ၍ နိဗ္ဗာန်သို့ တစ်ဟုန်တည်း ပြေးသွားတတ်သော ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်း နှင့်မျှ ဖြစ်ပေါ်မလာနိုင်၊ ဗဟိဒ္ဓခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုပွားသုံးသပ်ရုံမျှဖြင့်လည်း ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ် မလာနိုင်။ ထိုကြောင့် ရံခါ အဇ္ဈတ္တခန္ဓာငါးပါးကို, ရံခါ ဗဟိဒ္ဓခန္ဓာငါးပါးကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပေးရ၏။
အလားတူပင် ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း ဝုဋ္ဌာန ဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်၊ နာမ်တရား သက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်။ ထိုကြောင့် ရံခါ ဘူတရုပ် ဥပါဒါရုပ်တို့ကို ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်း ရုပ်တရားတို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပေးရ၏။ ရံခါ ယင်း ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော နာမ်ခန္ဓာလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်းနာမ် တရားတို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ပေးရ၏။ --- ဤကား အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းတည်း။ သံယုတ်ပါဠိတော် (သံ၊၂၊၂၄၉-၂၅၀။) ၌ လာရှိသော အပရိဇာနနသုတ္တန် စသည်တို့နှင့် အညီပင်တည်း။
အနုပဿနာ (၄) ပါး
အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်, နာမ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်ရကား ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရား နာမ်တရား နှစ်မျိုးလုံးကိုကား ဝိပဿနာရှုပွားရတော့မည် ဖြစ်၏၊ ယင်းရုပ်တရား နာမ်တရားတို့၌ ရုပ်ကလာပ်ပေါင်းများစွာ နာမ်ကလာပ်ပေါင်း များစွာ ဘဝတစ်လျှောက်၌ ဖြစ်ပျက်နေကြသဖြင့် တစ်မျိုး တစ်မျိုး၌ တည်ရှိသော အရေအတွက်ကိုကား ကုန်စင်အောင် မရှုနိုင်၊ သို့သော် အမျိုးအစား ကိုကား ကုန်စင်အောင် ရှုရမည် ဖြစ်သည်။
ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ ခန္ဓာကိုယ်၌ တစ်ချိန်အတွင်း၌ ပြိုင်တူ ဖြစ်နေသော ရုပ်တရားတို့သည် = ရုပ်ကလာပ်တို့သည် ဉာဏ်ဖြင့် ခြင်တွယ် ကြည့်လိုက်သော် တစ်စိတ်သားခန့် ရှိနေ၏။ ပရမာဏုမြူထက် အဆပေါင်း များစွာ သေးငယ်နေသော ယင်းရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးကား ပါဝင်လျက် ရှိ၏။ ရုပ်ကလာပ်တိုင်း၌ တည်ရှိသော ယင်းဓာတ်ကြီးလေးပါး တိုင်းကိုကား သာဝကတို့သည် ကုန်စင်အောင် မရှုနိုင်။ ဧကဒေသ = အချို့ အဝက် = တစ်စိတ်တစ်ဒေသမျှလောက်ကိုသာ ဝိပဿနာ ရှုနိုင်ကြ၏။ ဥပါဒါ ရုပ်တို့၌လည်း နည်းတူပင် မှတ်ပါ။
မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အလွန် တိုတောင်းသော အချိန်ကာလ အတွင်း၌ နာမ်တရားတို့သည် စိတ္တက္ခဏ ပေါင်း ကုဋေသိန်းနှင့်ချီ၍ ဖြစ်နိုင်ကြ၏။ ဘဝတစ်လျှောက်၌ကား မရေ မတွက်နိုင်အောင် များပြားလှသည်သာ ဖြစ်၏။ ယင်း နာမ်တရားတို့ကိုကား သာဝကတို့သည် ကုန်စင်အောင် မရှုနိုင်၊ ဧကဒေသ = အချို့အဝက် = တစ် စိတ်တစ်ဒေသမျှကိုသာ ရှုနိုင်ကြ၏။
သို့သော် အရေအတွက်ကို ကုန်စင်အောင် မရှုနိုင်သော်လည်း ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း ရုပ်ကလာပ် အမျိုးအစား = ရုပ်အမျိုးအစားကိုကား ကုန်စင်အောင် ရှုရမည်သာ ဖြစ်သည်။ အလားတူပင် စက္ခုဒွါရဝီထိစသည့် ဝီထိအမျိုးအစား (၆)မျိုးကိုကား ကုန်စင်အောင် ရှုရမည် ဖြစ်သည်။ ဘဝတစ်လျှောက်ဝယ် ရူပါရုံကို မြင်သိတတ်သော စက္ခုဒွါရဝီထိပေါင်းကား များစွာဖြစ်နိုင်၏၊ ကုန်စင်အောင်ကား မရှုနိုင်၊ အချို့ အဝက်မျှကိုသာ ရှုနိုင်၏။ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ ထိုကြောင့် အဋ္ဌကထာကြီးများက ---
၁။ ကာယာနုပဿနာမုခေန = ကာယာနုပဿနာကို အဦးမူသဖြင့်၊
၂။ ဝေဒနာနုပဿနာမုခေန = ဝေဒနာနုပဿနာကို အဦးမူသဖြင့်၊
၃။ စိတ္တာနုပဿနာမုခေန = စိတ္တာနုပဿနာကို အဦးမူသဖြင့်၊
၄။ ဓမ္မာနုပဿနာမုခေန = ဓမ္မာနုပဿနာကို အဦးမူသဖြင့်၊
ဤသို့ စသည်ဖြင့် ဖွင့်ဆိုထားတော်မူပေသည်။ (မ၊ဋ္ဌ၊၁၊၂၄၅-ကြည့်ပါ၊၊) ထိုကြောင့် အောက်ပါအတိုင်း အနုပဿနာ (၄)ပါးကို မှတ်သားပါ။
၁။ ရုပ်တရားကို အဦးမူသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်း သင်္ခါရတရားတို့ကို ဝိပဿနာရှုခဲ့သော် ယင်း ဝိပဿနာသည် ကာယာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။ အထူး သဖြင့် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်များသည် ဓာတ်ကြီးလေးပါးကို = ရုပ်တရားကို အဦးမူသဖြင့် သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာသို့ ကူးကြသဖြင့် ယေဘုယျအားဖြင့် ထိုပုဂ္ဂိုလ်တို့၏ အနုပဿနာသည် ကာယာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။
တစ်ဖန် နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်းတို့တွင် ---
၂။ ဝေဒနာကို အဦးမူသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား တို့ကို သိမ်းဆည်းလျက် ယင်း သင်္ခါရတရားတို့ကို ဝိပဿနာရှုခဲ့သော် ယင်းဝိပဿနာသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။
၃။ အသိစိတ် = ဝိညာဏ်ကို အဦးမူသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို ဝိပဿနာရှုခဲ့သော် ယင်း ဝိပဿနာသည် စိတ္တာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။
၄။ ဖဿကို အဦးမူသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို ဝိပဿနာရှုခဲ့သော် ယင်း ဝိပဿနာသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။ ခန္ဓာငါး ပါး ရှုနည်း, အာယတန (၁၂)ပါး ရှုနည်း, ဓာတ် (၁၈)ပါး ရှုနည်း စသည်တို့သည်လည်း ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့ပင် ဖြစ်ကြသည်။ (အဘိ၊ဋ္ဌ၊၂၊၂၇၃ - ကြည့်။)
နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း (၃)နည်းတို့တွင် ဝေဒနာကစ၍ သင်္ခါရတရားတို့ကို သိမ်းဆည်း ရှုပွားသောနည်းသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန် ဖြစ်သည်။ အသိစိတ် = ဝိညာဏ်က စ၍ သင်္ခါရတရားတို့ကို သိမ်းဆည်း ရှုပွားသောနည်းသည် စိတ္တာနုပဿနာသတိပဋ္ဌာန် ဖြစ်သည်၊ ဖဿက စ၍ သင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားသော နည်းသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဖြစ်သည်။
သမထယာနိကပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးသောအခါ နာမ် ကမ္မဋ္ဌာန်းက စ၍လည်း အားသစ်လိုက အားသစ်နိုင်၏။ ရုပ်ကမ္မဋ္ဌာန်းက စ၍လည်း အားသစ်လိုက အားသစ်နိုင်၏။ အကယ်၍ နာမ်ကမ္မဋ္ဌာန်းက စ၍ အားသစ်ခဲ့သော် စျာန်အင်္ဂါတို့ကိုလည်းကောင်း, စျာနသမ္ပယုတ်တရား တို့ကိုလည်းကောင်း ေ့ရှဦးစွာ သိမ်းဆည်းရ၏။ ထိုနောင် မှီရာ ဟဒယဝတ္ထုနှင့် တကွသော ဘူတရုပ် ဥပါဒါရုပ်တို့ကို သိမ်းဆည်းရ၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂ - ကြည့်ပါ။)
ထိုနောင် ပကိဏ္ဏက သင်္ခါရအမည်ရသော ကာမာဝစရ နာမ်တရားတို့ကိုလည်းကောင်း ကြွင်းကျန်သော ရုပ်တရားတို့ကိုလည်းကောင်း ဆက်လက် သိမ်းဆည်းရ၏။ တစ်ဖန် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်လည်း ရုပ်ကမ္မဋ္ဌာန်းကို အားသစ်ပြီးသော အခါ ကာမာဝစရ နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်သည်။
သမထယာနိကပုဂ္ဂိုလ် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် နှစ်ဦးလုံးတို့ သည်ပင် ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းလိုလတ်သော် ---
ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ (မ၊ဋ္ဌ၊၁၊၂၈၀။) ဟူသော အဋ္ဌကထာ, ဤကျမ်း စာမျက်နှာ (၂၊၃၊၄)တို့၌ တင်ပြခဲ့သော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ... တို့၏ သတ်မှတ်ချက်နှင့် အညီ ရုပ်ကမ္မဋ္ဌာန်းကို အားသစ်ပြီး သိမ်းဆည်းပြီး ဖြစ်ရပေမည်။ တစ်ဖန် ---
တသ္မိံ အာရမ္မဏေ။ (မ၊ဋ္ဌ၊၁၊၂၈၀။)
တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)
ဤအထက်ပါ အဋ္ဌကထာများက သတ်မှတ်ပေးထားသော စည်းကမ်း ဥပဒေသနှင့် အညီ ယင်း ရုပ်တရားတို့ကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့က စတင်၍ သိမ်းဆည်းရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ အောက်ပါ စည်းကမ်း သတ်မှတ်ချက်များကိုလည်း အထူးလိုက်နာဖို့ လိုအပ်ပေသည်။
ဝေဒနာက စ၍ သိမ်းဆည်းရာ၌ လိုက်နာရမည့် စည်းကမ်း
ယဿ ဝေဒနာ ပါကဋာ ဟောတိ၊ သော န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ တာယ သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
= ဝေဒနာ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း --- ဝေဒနာ တစ်ခုတည်းသာလျှင် ဖြစ်ပေါ်၍နေသည်ကား မဟုတ်၊ ထိုဝေဒနာနှင့် အတူ တကွ ထိုအာရုံကိုပင်လျှင် တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်သော ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကို မှတ်သားတတ်သော သညာ သည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကို ပိုင်းခြားယူတတ် = သိတတ်သော ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿ ပဉ္စမက တရားတို့ကိုပင် သိမ်းဆည်းရ၏။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
ဝိညာဏ်က စ၍ သိမ်းဆည်းရာ၌ လိုက်နာရမည့် စည်းကမ်း
ယဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သော န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ, သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
= အသိစိတ် ဝိညာဏ် ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဝိညာဏ် တစ်ခုတည်းသာ ဖြစ်ပေါ်၍ နေသည်ကား မဟုတ်၊ ထိုဝိညာဏ်နှင့် အတူ ထိုအာရုံုကိုပင် တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်သော ဖဿ သည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံ၏ အရသာကို ခံစားတတ်သော ဝေဒနာ သည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကို မှတ်သားတတ်သော သညာသည် လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ် နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရား တို့ကိုပင် သိမ်းဆည်းရ၏။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂)
ဖဿက စ၍ သိမ်းဆည်းရာ၌ လိုက်နာရမည့် စည်းကမ်း
ယဿ ဖေဿာ ပါကဋော ဟောတိ၊ သော န ကေဝလံ ဖေဿာဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ အနုဘဝမာနာ ဝေဒနာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
= ဖဿ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဖဿတစ်ခု တည်းသာ ဖြစ်ပေါ်၍ နေသည်ကား မဟုတ်၊ ထိုဖဿနှင့်အတူ ထိုအာရုံကို ပင်လျှင် = ထိုအာရုံ၏ အရသာကိုပင်လျှင် ခံစားတတ်သော ဝေဒနာသည် လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကို မှတ်သားတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကို ပိုင်းခြားယူတတ် = သိတတ်သော ဝိညာဏ်သည်လည်း ဖြစ်ပေါ် နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင် သိမ်းဆည်းပါ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
နာမ်တရား အားလုံးကိုပင် သိမ်းဆည်းပါ
ဧဝံ တဿ တေဿဝ ပါကဋဘာဝေပိ သဗ္ဗံ ဘိက္ခဝေ အဘိညေယျန္တိ, သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနန္တိ စ ဧဝမာဒိဝစနတော သဗ္ဗေ သမ္မသနုပဂါ ဓမ္မာ ပရိဂ္ဂဟေတဗ္ဗာတိ ဒေဿန္တော တတ္ထ ယဿာတိအာဒိမာဟ။ တတ္ထ ဖဿပဉ္စမကေယေဝါတိ အဝဓာရဏံ တဒန္တောဂဓတ္တာ တဂ္ဂဟဏေနေဝ ဂဟိတတ္တာ စတုန္နံ အရူပက္ခန္ဓာနံ။ ဖဿပဉ္စမကဂ္ဂဟဏံ ဟိ တဿ သဗ္ဗစိတ္တုပ္ပါဒသာဓာရဏဘာဝတော၊ တတ္ထ စ ဖဿစေတနာဂ္ဂဟဏေန သဗ္ဗသင်္ခါရက္ခန္ဓဓမ္မသင်္ဂဟော စေတနာပဓာနတ္တာ တေသံ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓဝိဘင်္ဂေ စက္ခုသမ္ဖဿဇာ စေတနာတိအာဒိနာ စေတနာဝ ဝိဘတ္တာ၊ ဣတရေ ပန ခန္ဓာ သရူပေနေဝ ဂဟိတာ။ (မ၊ဋီ၊၁၊၃၇၀။)
= ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ကမ္မဋ္ဌာန်းကို စတင်အားသစ် ရာ၌ ဖဿထင်ရှားသောပုဂ္ဂိုလ် ဝေဒနာထင်ရှားသောပုဂ္ဂိုလ် အသိစိတ် = ဝိညာဏ်ထင်ရှားသောပုဂ္ဂိုလ်ဟု ထိုထိုတရား၏ ထင်ရှားမှုရှိသည် မှန်သော်လည်း ဘုရားရှင်ကိုယ်တော်တိုင်က ---
သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ။ (သံ၊၂၊၂၅၈။ ခု၊၉၊၆။)
သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ။ (သံ၊၂၊၂၅၀။)
ဤသို့ စသည်ဖြင့် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရ တရားအားလုံးကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်း ခြားခြားသိအောင် ကြိုးပမ်းရမည်ဟု ဟောကြားထားတော်မူသောကြောင့် အလုံးစုံသော လက္ခဏာ ရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်သော တရားမှန်သမျှကို ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည်သာ ဖြစ်ပေသည်ဟု ညွှန်ကြား ပြသတော်မူလိုသည့်အတွက် အထက်ပါ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပုံ နည်းစနစ်များကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ပင်ဖြစ်၏။
ဤအဋ္ဌကထာအဖွင့်၌ ဖဿပဉ္စမက တရားတို့ကို သိမ်းဆည်းရန် အဋ္ဌကထာက ဖွင့်ဆိုသွားခြင်းမှာ ပဓာနနည်းအားဖြင့် ဖွင့်ဆိုသွားတော်မူခြင်းပင် ဖြစ်၏။ စိတ္တက္ခဏတစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်တရားစုတို့တွင် ဖဿပဉ္စမကတရားတို့၌ ကြွင်းကျန်သော နာမ်တရားတို့သည် အကျုံးဝင် လျက် ရှိကြ၏။ ယင်းသို့လျှင် နာမ်ခန္ဓာလေးပါးတို့၏ ဖဿပဉ္စမကတရားတို့၌ အကျုံးဝင်လျက် ရှိသောကြောင့် ဖဿပဉ္စမကတရားကို ယူခြင်းဖြင့်ပင် နာမ် ခန္ဓာလေးပါးတို့ကိုလည်း သိမ်းကျုံးယူရသောကြောင့် ဖဿပဉ္စမကတရား တို့ကိုသာ သိမ်းဆည်းရန် အဋ္ဌကထာက ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ အကြောင်းမှာ ဖဿပဉ္စမကတရားကို ယူ၍ ဖွင့်ဆိုခြင်းမှာ ထိုဖဿပဉ္စမက တရားစု၏ စိတ်အားလုံးနှင့် ဆက်ဆံသော သဗ္ဗစိတ္တုပ္ပါဒသာဓာရဏတရား ဖြစ်သောကြောင့် ဖွင့်ဆိုခြင်း ဖြစ်၏။ ထို ဖဿပဉ္စမကတရားတို့တွင်လည်း ဖဿ စေတနာတို့ကား သင်္ခါရက္ခန္ဓာစာရင်းဝင် တရားစုတို့ ဖြစ်ကြ၏။ သင်္ခါရက္ခန္ဓာတရားစုတို့တွင်လည်း စေတနာကား ပြဓာန်းလျက် ရှိ၏။ ဖဿ စေတနာ တို့ကို သိမ်းဆည်းပါဟု ဆိုသဖြင့် ပဓာနဖြစ်သော ဖဿစေတနာတို့ကို သိမ်း ဆည်းရလျှင် အပ္ပဓာနဖြစ်သော သင်္ခါရက္ခန္ဓာ စာရင်းဝင် ကြွင်းကျန်သော ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း သိမ်းဆည်းရမည်သာ ဖြစ်သည်။ ဖဿ စေတနာတို့ကို ယူသဖြင့် သင်္ခါရက္ခန္ဓာ စာရင်းဝင် ပရမတ္ထဓာတ်သားအားလုံး ကို သိမ်းကျုံးယူရ၏။ အကြောင်းမူ ထိုသင်္ခါရက္ခန္ဓာတရားစုတို့တွင် စေတနာ ပြဓာန်းသောကြောင့် ဖြစ်၏။ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ဝိဘင်း ပါဠိတော်ဝယ် (အဘိ၊၂၊၃၇။) သုတ္တန္တဘာဇနီယနည်း၌ သင်္ခါရက္ခန္ဓာကို ဝေဖန် ဟောကြားတော်မူရာဝယ် စေတနာကိုသာ ပဓာနထား၍ ဝေဖန် ဟောကြား ထားတော်မူသော ရှေးထုံးဟောင်း ဥပဒေသတစ်ရပ်လည်း ထင်ရှား တည်ရှိ နေပေသည်။ သင်္ခါရက္ခန္ဓာမှ ကြွင်းသော ခန္ဓာတို့၌ကား သရုပ်ထုတ်၍ တိုက်ရိုက် ဟောကြားထားတော်မူပေသည်။ (မ၊ဋီ၊၁၊၃၇၀။)
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ပေးထားသော စည်းကမ်းဥပဒေသအရ အထူးသဖြင့် ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်း ပြီးသောအခါ, ဖဿက စ၍ ဖြစ်စေ, ဝေဒနာက စ၍ ဖြစ်စေ, အသိစိတ် = ဝိညာဏ်က စ၍ ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ ဖဿ တစ်လုံးတည်း, ဝေဒနာ တစ်လုံးတည်း, အသိစိတ် = ဝိညာဏ်တစ်လုံးတည်းကိုသာ မိနစ်ပေါင်းများစွာ နာရီပေါင်းများစွာ ရက် ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ ဖားမြွေခဲသို့ သဲသဲမဲမဲ ဇွဲနပဲကြီးစွာဖြင့် ဇွတ်အတင်းခဲလျက် ရိုးမြေကျ သိမ်းဆည်း ရှုပွားနေရသည် ကား မဟုတ်ပေ။ ယင်း ဖဿ ဝေဒနာ ဝိညာဏ်တို့နှင့် ယှဉ်ဖက် သမ္ပယုတ် တရားအားလုံးကိုလည်း သိမ်းဆည်း ရှုပွားရသည်သာဟု ဖြူစင် ဖြောင့်စင်း သော ယောနိသောမနသိကာရတရားကို ရှေးသွားပြုကာ နာယူမှတ်သား လေရာသည် သူတော်ကောင်းအပေါင်းတို့ ...။
အလွန် ခဲယဉ်းသော လုပ်ငန်းရပ်
စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော စိတ်+ စေတသိက် = နာမ်တရားတို့ကို နာမ်ဃနခေါ်သည့် နာမ်တုံးနာမ်ခဲကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားရေးမှာ လွယ်ကူသော လုပ်ငန်းကိစ္စရပ်ကား မဟုတ်ပါပေ။ သို့သော် သာဝကတို့သည် သိမ်းဆည်းရှုပွား၍ကား ရရှိနိုင်ကြသည် သာ ဖြစ်ပေသည်။ မိလိန္ဒပဥှာပါဠိတော်၌ လာရှိသော စကားရပ်ကို အယူအဆလွဲမှားတော်မူကြသဖြင့် ယင်း နာမ်တရားတို့ကို သာဝကတို့သည် ရှု၍ မရနိုင်ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ သံသယကင်းရှင်းသွားစေရန်အတွက် သံယုတ်အဋ္ဌကထာ, အဋ္ဌသာလိနီအဋ္ဌကထာတို့၏ ဖွင့်ဆိုချက်နှင့် မိလိန္ဒပဥှာပါဠိတော်၏ အဆိုအမိန့်ကို တင်ပြအပ်ပါသည်။ ----
ယထာ ဟိ တိလတေလံ သာသပတေလံ မဓုကတေလံ ဧရဏ္ဍကတေလံ ဝသာတေလန္တိ ဣမာနိ ပဉ္စ တေလာနိ ဧကစာဋိယံ ပက္ခိပိတွာ ဒိဝသံ ယမကမန္ထေဟိ မန္ထေတွာ တတော ဣဒံ တိလတေလံ၊ ဣဒံ သာသပတေလန္တိ ဧကေကဿ ပါဋိယေက္ကံ ဥဒ္ဓရဏံ နာမ ဒုက္ကရံ၊ ဣဒံ တတော ဒုက္ကရတရံ။ ဘဂဝါ ပန သဗ္ဗညုတဉာဏဿ သုပ္ပဋိဝိဒ္ဓတ္တာ ဓမ္မိဿရော ဓမ္မရာဇာ ဣမေသံ အရူပီနံ ဓမ္မာနံ ဧကာရမ္မဏေ ဝတ္တမာနာနံ ဝဝတ္ထာနံ အကာသိ။ ပဉ္စန္နံ မဟာနဒီနံ သမုဒ္ဒံ ပဝိဋ္ဌဋ္ဌာနေ ဣဒံ ဂင်္ဂါယ ဥဒကံ၊ ဣဒံ ယမုနာယာတိ ဧဝံ ပါဋိယေက္ကံ ဥဒကုဒ္ဓရဏေနာပိ အယမတ္ထော ဝေဒိတဗ္ဗော။ (သံ၊ဋ္ဌ၊၂၊၂၇၁၊၊)
ဣမေသဉ္စ ပန ဖဿပဉ္စမကာနံ ဓမ္မာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန ဘဂဝတာ ဒုက္ကရံ ကတံ။ နာနာဥဒကာနဥှိ နာနာတေလာနံ ဝါ ဧကဘာဇနေ ပက္ခိပိတွာ ဒိဝသံ နိမ္မထိတာနံ ဝဏ္ဏ-ဂန္ဓ-ရသာနံ နာနတာယ ဒိသွာ ဝါ ဃာယိတွာ ဝါ သာယိတွာ ဝါ နာနာကရဏံ သက္ကာ ဘဝေယျ ဉာတုံ၊ ဧဝံ သန္တေပိ တံ ဒုက္ကရန္တိ ဝုတ္တံ။ သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ တေနာဟ အာယသ္မာ နာဂသေနတ္ထေရော ---
ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတန္တိ။ ကိံ ဘန္တေ နာဂသေန ဘဂဝတာ ဒုက္ကရံ ကတန္တိ?
ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတံ၊ ယံ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ဝဝတ္ထာနံ အက္ခာတံ အယံ ဖေဿာ၊ အယံ ဝေဒနာ၊ အယံ သညာ၊ အယံ စေတနာ၊ ဣဒံ စိတ္တန္တိ။
ဩပမ္မံ ဘန္တေ ကရောဟီတိ။
ယထာ မဟာရာဇ ကောစိဒေဝ ပုရိသော နာဝါယ သမုဒ္ဒံ အဇ္ဈောဂါဟေတွာ ဟတ္ထပုဋေန ဥဒကံ ဂဟေတွာ ဇိဝှါယ သာယိတွာ ဇာနေယျ နု ခေါ မဟာရာဇ သော ပုရိသော ဣဒံ ဂင်္ဂါယ ဥဒကံ၊ ဣဒံ ယမုနာယ ဥဒကံ၊ ဣဒံ အစိရဝတိယာ ဥဒကံ၊ ဣဒံ သရဘုယာ ဥဒကံ၊ ဣဒံ မဟိယာ ဥဒကန္တိ။
ဒုက္ကရံ ဘန္တေ ဇာနိတုန္တိ။
တတော ဒုက္ကရတရံ ခေါ မဟာရာဇ ဘဂဝတာ ကတံ၊ ယံ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ။ ပ ။ ဣဒံ စိတ္တန္တိ။ (အဘိ၊ဋ္ဌ၊၁၊၁၈၆-၁၈၇။ မိလိန္ဒပဥှာ၊၉၄။)
အထက်ပါ ပါဠိတော်အဋ္ဌကထာတို့၏ ဆိုလိုရင်းသဘောတရားမှာ ဤသို့ ဖြစ်၏။ ---
ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူရာ သိမ်းဆည်းရာ၌လည်းကောင်း ဝိပဿနာရှုပွားသုံးသပ်ရာ၌လည်းကောင်း ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်အမည်ရသည့် ပဋိသန္ဓေ-ဘဝင်-စုတိ စိတ္တက္ခဏတို့၌လည်းကောင်း, စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ် သွားကြကုန်သော ဝီထိစိတ်တို့၏ စိတ္တက္ခဏတိုင်း၌လည်းကောင်း ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကို တစ်နည်းဆိုရသော် ဖဿပဉ္စမကတရားငါးပါးတို့ ဦးဆောင်သည့် နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားရမည်ဖြစ်ကြောင်းကို အထက်တွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်၏။
စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန်သော ဤ ဖဿပဉ္စမကတရားစုတို့ကို အသီးအသီး တစ်လုံးစီတစ်လုံးစီ ခွဲခြားစိတ်ဖြာခြင်းကို ပြုတော်မူလျက် ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်စသော အမည်နာမပညတ်များကို ထုတ်ဆောင်ပြတော်မူသော ပိုင်းခြားခြင်းကို ပြုတော် မူသော ဘုရားရှင်သည် ခဲယဉ်းစွာ ပြုလုပ်အပ်သော လုပ်ငန်းရပ်ကို ပြုလုပ်တော်မူအပ်ပါပေပြီ။ ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုပေဦးအံ့။ ----
တစ်ခုတည်းသော အိုးခွက်အတွင်း၌ အဆင်း အနံ့ အရသာ အမျိုးမျိုးရှိသော ရေအမျိုးမျိုးတို့ကို ထည့်၍ တစ်နေ့ပတ်လုံး မပျင်းမရိ လုံ့လဝီရိယရှိရှိဖြင့် မွှေနှောက်ထားသည် ဆိုကြပါစို့၊ နှမ်းဆီ မုန်ညင်းဆီ သစ်မည်ဆီ ကြက်ဆူဆီ ဝက်ဆီ ဟူသည့် အရသာအမျိုးမျိုးရှိကြသည့် ဆီငါးမျိုးတို့ကို အိုးစရည်းကြီးတစ်လုံးအတွင်း၌ ထည့်ကာ တစ်နေကုန် တစ်နေခန်း မပင်မပန်း မပျင်းမရိ ဇွဲလုံ့လဝီရိယရှိရှိဖြင့် မွှေနှောက်ထားသည် ဆိုကြပါစို့။ တစ်ခုတည်းသော အိုးခွက်အတွင်း၌ ထည့်ကာ တစ်နေ့တာပတ်လုံး မွှေနှောက်ထားအပ်ပြီးကုန်သော အထူးထူးသော ရေတို့၏သော်လည်းကောင်း, အထူးထူးသော ဆီတို့၏သော်လည်းကောင်း အဆင်း အနံ့ အရသာတို့၏ တစ်ခုနှင့် တစ်ခု မတူ ထူးထွေကွဲပြားမှု ရှိကြသည်၏အဖြစ်ကြောင့် မျက်စိဖြင့် ကြည့်၍သော်လည်းကောင်း, နှာခေါင်းဖြင့် နမ်း၍သော်လည်းကောင်း, လျှာဖြင့် လျက်၍သော်လည်းကောင်း တစ်ခုနှင့်တစ်ခု မတူကွဲပြားမှုကို ပြုလုပ်ကြောင်းဖြစ်သည့် ထူးခြားချက်ကို သိခြင်းငှာ တတ်ကောင်းသည် ဖြစ်တန်ရာသေး၏။
[မှတ်ချက် --- ရုပ်တို့၏ဓမ္မတာသည် ရုပ်ကလာပ်ခေါ်သည့် အမှုန်များ အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာရှိသဖြင့် ရေဟူသည်မှာ, ဆီဟူသည်မှာ အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ရုပ်ကလာပ်တစ်ခု၏အတွင်း၌ တည်ရှိကြသော ရုပ်တရား တို့နှင့် အခြားရုပ်ကလာပ်တစ်ခု၏အတွင်း၌ တည်ရှိကြကုန်သော ရုပ်တရားတို့သည် အာကာသဓာတ်က ခြားကွယ်ထားသောကြောင့် ပေါင်းစပ်မှု ယှဉ်တွဲမှု မရှိကြပေ။ သို့အတွက် ပရမတ္ထဉာဏ်ပညာမျက်စိ ရှိသူတို့အဖို့မှာမူ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန်သော အဆင်း အနံ့ အရသာ တို့ကို ခွဲခြားစိတ်ဖြာ၍ သိနိုင်ကြ၏၊ သိမ်းဆည်းနိုင်ကြ၏။ ထိုသို့ ဉာဏ်ဖြင့် သိမ်းဆည်းနိုင်သောကြောင့် ပရမတ္ထဉာဏ်ပညာရှိသူတို့အဖို့မှာမူ --- တစ်ခု တည်းသော အိုးခွက်၌ ထည့်၍ တစ်နေ့တာကာလပတ်လုံး မွှေနှောက် ထားအပ်ပြီးကုန်သော အထူးထူးသော ရေတို့၏သော်လည်းကောင်း, အထူး ထူးသော ဆီတို့၏သော်လည်းကောင်း အဆင်း-အနံ့-အရသာတို့၏ တစ်ခုနှင့် တစ်ခု မတူဘဲ ထူးထွေကွဲပြားမှု ရှိသည်၏အဖြစ်ကို ပကတိသော ပသာဒမျက်စိဖြင့် ကြည့်၍, ပသာဒနှာခေါင်းဖြင့် နမ်း၍, ပသာဒလျှာဖြင့် လျက်၍ မသိနိုင်စေကာမူ ပညာမျက်စိ ပညာနှာခေါင်း ပညာလျှာဖြင့်ကား ယင်း ရေ-ဆီတို့၌ တည်ရှိကြသော အဆင်း-အနံ့-အရသာတို့၏ တစ်ခုနှင့်တစ်ခု မတူ ကွဲပြားမှုကို ပြုလုပ်ကြောင်းဖြစ်သည့် ထူးခြားချက်ကို သိခြင်းငှာ တတ်ကောင်းသည် ဖြစ်တန်ရာသေး၏ဟု ဆိုလိုရင်း ဖြစ်ပေသည်။]
ဤသို့ သိခြင်းငှာ တတ်ကောင်းပါသော်လည်း ထိုသိခြင်းကို ဒုက္ကရ = ခဲယဉ်းစွာ ပြုအပ်၏ဟူ၍ = ပြုနိုင်ခဲ၏ဟူ၍ မိလိန္ဒပဥှာ၌ အရှင်နာဂသေန မထေရ်မြတ်က မိန့်ဆိုတော်မူခဲ့လေသည်။ ဘုန်းတော်ခြောက်ပါးသခင် သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည်ကား သဗ္ဗညုတဉာဏ်တော်မြတ်ကို ထိုးထွင်း သိမြင်တော်မူပြီးသည်၏အဖြစ်ကြောင့် တရားတော်ကို အစိုးရတော်မူသည့် တရားမင်းကြီး စင်စစ် ဖြစ်တော်မူ၏။ ထိုကြောင့် ဘုရားရှင်သည် တစ်ခုတည်းသော အာရုံ၌ အာရုံပြုလျက် ဖြစ်ပေါ်၍ နေကြကုန်သော ဤစိတ်စေတသိက် နာမ်တရားစုတို့၏ အသီးအသီး တစ်လုံးစီတစ်လုံးစီကို ဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ --- ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် --- ဤသို့ စသည်ဖြင့် အမည်နာမပညတ်ကို ထုတ်ဆောင်ပြတော်မူလျက် တရားတော်ကို ဟောကြားတော်မူ၏။ ထိုသို့ အမည်နာမပညတ်ကို ထုတ်ဆောင်ပြတော်မူလျက် တရားတော်ကို ဟောကြားတော်မူသော ဘုရားရှင်သည် အလွန် ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါပေပြီ။
[ဆိုလိုရင်းသဘော -- ပုံစံတစ်ခုကို ထုတ်၍ဆိုရသော် ယင်း ရုပ်တရားတို့ကို သိမ်းဆည်းလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက်ရှိသော နာမရူပပရိစ္ဆေဒဉာဏ် သို့မဟုတ် ဝိပဿနာဉာဏ်ကဲ့သို့သော မဟာကုသိုလ် မနောဒွါရိကဇော စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ ဉာဏ်ပီတိ နှစ်မျိုးလုံး ယှဉ်သဖြင့် စိတ်+စေတသိက်ဟူသော နာမ်တရား (၃၄)လုံး ရှိ၏။ ထိုစိတ်စေတသိက် တို့သည် ဧကုပ္ပါဒ = အတူဖြစ်ခြင်းစသော စေတောယုတ္တလက္ခဏာလေးပါးနှင့် ညီစွာ အတူဖြစ် အတူချုပ်၍ တူသော မှီရာဝတ္ထုရုပ်လည်း ရှိလျက် (= ဟဒယဝတ္ထုရုပ် တစ်ခုတည်းကိုသာ မှီကြလျက်) မိမိ ရှုနေသည့် ရုပ်တရားကဲ့သို့သော အာရုံတစ်ခုကိုသာ ဝိုင်းလျက် အာရုံပြုကြလေရာ သဗ္ဗညုတဉာဏ်တော်ရှင် သမ္မာသမ္ဗုဒ္ဓဘုရားရှင်သာ မဟုတ်ခဲ့ပါလျှင် --- ဤသဘောကား ဖဿ, ဤသဘောကား ဝေဒနာ --- စသည်ဖြင့် သာဝကတို့၏ ဉာဏ်ဝယ် ခွဲခြားစိတ်ဖြာ၍ သိရှိနိုင်ဖို့ရန် ဖဿ, ဝေဒနာစသော အမည်နာမပညတ်ကို တင်လျက် ဟောကြားပြသတော်မူခြင်းငှာ မည်သည့် တစ်စုံတစ်ခုသော လောကဓာတ်နည်းနှင့်မျှ ရှေးကလည်း မဖြစ်ခဲ့၊ ယခုလည်း မဖြစ်နိုင်၊ နောက်နောင်အခါ ကမ္ဘာအဆက်ဆက်၌လည်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုကြောင့် နာမည်ကျော် အရှင်နာဂသေနမထေရ်မြတ်က ဒါယကာ မိလိန္ဒ မဟာရာဇာအား ဤကဲ့သို့သော သဘောအဓိပ္ပါယ်ကို ထင်ရှားလာအောင် သမုဒ္ဒရာအတွင်းဝယ် မြစ်ကြီးငါးသွယ်မှ စီးဝင်လာသော ရေကို ဥပမာပြလျက် အောက်ပါအတိုင်း မိန့်ကြားထားတော်မူပေသည်။]
ဒါယကာတော် မိလိန္ဒမဟာရာဇာ ... မြတ်စွာဘုရားသည် အလွန် ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါပေပြီ။
အရှင်ဘုရား နာဂသေန ... မြတ်စွာဘုရားသည် အဘယ်ကဲ့သို့သော အလွန် ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါသနည်း?
ဒါယကာတော် မိလိန္ဒမဟာရာဇာ ... မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ၌ အာရုံပြုလျက် ပြိုင်တူဖြစ်ပေါ်၍ နေကြသော နာမ် တရားဖြစ်ကုန်သော ဤစိတ်စေတသိက်တရားတို့ကို ---
၁။ ဤအာရုံကို တွေ့ထိခြင်းသဘောတရားသည် ဖဿတည်း။
၂။ ဤအာရုံ၏အရသာကို ခံစားခြင်းသဘောတရားသည် ဝေဒနာတည်း။
၃။ ဤအာရုံကို မှတ်သားခြင်းသဘောတရားသည် သညာတည်း။
၄။ ဤအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ခြင်း သဘောတရားသည် စေတနာတည်း။
၅။ ဤအာရုံကို ရယူတတ် = သိတတ်သော သဘောတရားသည် စိတ်တည်း။
ဤသို့ အမည်နာမပညတ်ကို ထုတ်ဆောင်လျက် အကြင်ပရမတ္ထဓာတ်သား နာမ်တရား တစ်လုံးစီတစ်လုံးစီကို အသီးအသီး ပိုင်းခြားခြင်းကို ပြုလျက် ဟောကြားထားတော်မူအပ်၏။ ထိုသို့ ပိုင်းခြားလျက် ဟောကြားတော်မူခြင်းဟူသော အလွန် ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါပေပြီ။
အရှင်ဘုရား ... ဥပမာကို ပြုတော်မူပါဦးလော့ ။
ဒါယကာတော် မိလိန္ဒမဟာရာဇာ ... တစ်စုံတစ်ယောက်သော ယောက်ျားသည် လှေသင်္ဘောဖြင့် သမုဒ္ဒရာတွင်းသို့ ချင်းနင်းသက်ဝင်၍ လက်ခုပ်ဖြင့် ရေကို ခပ်ယူ၍ လျှာဖြင့် လျက်ကြည့်ခဲ့သော် ---
၁။ ဤရေသည် ဂင်္ဂါမြစ်ရေတည်း။
၂။ ဤရေသည် ယမုနာမြစ်ရေတည်း။
၃။ ဤရေသည် အစိရဝတီမြစ်ရေတည်း။
၄။ ဤရေသည် သရဘူမြစ်ရေတည်း။
၅။ ဤရေသည် မဟီမြစ်ရေတည်း။
ဤသို့လျှင် ထိုယောက်ျားသည် သိနိုင်ရာပါသလော?
အရှင်ဘုရား နာဂသေန ... သိဖို့ရန် ခဲယဉ်းစွာ ပြုအပ်ပါပေ၏။
ဒါယကာတော် မိလိန္ဒမဟာရာဇာ ... တစ်ခုတည်းသော အာရုံ၌ ပြိုင်တူဖြစ်ပေါ်၍ နေကြကုန်သော နာမ်တရားဖြစ်ကြကုန်သော ဤစိတ်+ စေတသိက်တို့ကို ----
၁။ ဤအာရုံကို တွေ့ထိခြင်းသဘောတရားသည် ဖဿတည်း။ ပ ။
၅။ ဤအာရုံကို ရယူတတ် = သိတတ်သော သဘောတရားသည် စိတ်တည်း။
ဤသို့လျှင် အမည်နာမပညတ်ကို ထုတ်ဆောင်လျက် အကြင်ပရမတ္ထဓာတ်သား နာမ်တရား တစ်လုံးစီတစ်လုံးစီကို အသီးအသီး ပိုင်းခြားခြင်းကို ပြုလျက် ဟောကြားတော်မူအပ်၏။ ထိုသို့ ပိုင်းခြားလျက် ဟောကြားတော်မူခြင်းဟူသော အလွန် ခဲယဉ်းစွာ ပြုအပ်သော အမှုကို ဘုရားရှင်သည် ပြုတော်မူအပ်ပါပေပြီ။ (မိလိန္ဒပဥှာ၊၉၄။)
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ အဆိုအမိန့်ကား --- တစ်ခုတည်းသော အာရုံကို အာရုံပြု၍ ပြိုင်တူဖြစ်ပေါ်သွားကြကုန်သော စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြကုန်သော ပရမတ္ထဓာတ်သား စိတ်+ စေတသိက် = နာမ်တရားစုတို့ကို --- ဤကား ဖဿ, ဤကား ဝေဒနာ -- စသည်ဖြင့် တစ်လုံးစီတစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် အမည် နာမပညတ်ကို ထုတ်ဆောင်လျက် ပညတ်တင်ကာ ဘုရားရှင်၏ ဟောကြား ထားတော်မူချက်မှာ အလွန် ခဲယဉ်းသော လုပ်ငန်းရပ် ဖြစ်ကြောင်းကိုသာ မိန့်ဆိုခြင်း ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ သာဝကတို့သည် စိတ္တက္ခဏတစ်ခုတစ်ခု၏အတွင်း၌ တည်ရှိကြကုန်သော နာမ်တရားတို့ကို ရှု၍ မရနိုင်ဟု ဟောကြား ထားတော်မူသည်ကား မဟုတ်ပေ။ ဤအချက်ကို အလေးအနက် သဘော ပေါက်နိုင်ရမည် ဖြစ်သည်။ အယူအဆလွဲမှားသွားပါက ကျင့်စဉ်လည်း လွဲမှား သွားနိုင်ပေသည်။ သို့အတွက် လုပ်ငန်းခွင်နှင့် ပတ်သက်လာလျှင် အယူအဆ မလွဲမှားမိရန် အထူးသတိပြုရမည် ဖြစ်ပေသည်။
အထက်တွင် တင်ပြထားသော အဋ္ဌသာလိနီအဋ္ဌကထာ စကားရပ်ကို ပြန်လည်ကာ သတိပြုကြည့်ပါ။
သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ (အဘိ၊ဋ္ဌ၊၁၊၁၈၆။)
သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် အာရုံတစ်ခုတည်း၌ အာရုံပြုလျက် ဖြစ် ပေါ်နေကြကုန်သော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိနေကြကုန် သော စိတ်+စေတသိက် = နာမ်တရားစုတို့၏ အသီးအသီး တစ်လုံးစီ တစ်လုံးစီကို သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ --- ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် --- ဤသို့စသည်ဖြင့် ယင်းနာမ်တရားစုတို့၏ အမည်နာမပညတ်ကို ထုတ်ဆောင်လျက် ပညတ်တင်ကာ ဘုရားရှင်၏ ဟောကြား ထားတော်မူချက်မှာ အလွန် ခဲယဉ်းသော လုပ်ငန်းရပ်ကို ပြုတော်မူအပ်သည်မည်ကြောင်း ---- ဖွင့်ဆိုချက်မှာ အထူး အလေးဂရုပြု၍ မှတ်သားထားရမည့် အချက်ပင် ဖြစ်ပေသည်။
ဝတ္ထုနှင့် အာရုံကို ပူးတွဲ သိမ်းဆည်းပါ
နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်လျက် လိုက်နာ ပြုကျင့်ရမည့် ရှေးထုံးဟောင်း ဥပဒေသတစ်ရပ်ကား --- ဝတ္ထုနှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက် နာမ်တရားတို့ကို သိမ်းဆည်းခြင်းပင် ဖြစ်သည်။ ယင်းစည်းကမ်း ဥပဒေသကား အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ရိုရိုသေသေ လိုက်နာပြုကျင့်သွားတော်မူသော ရှေးထုံးဟောင်း ဥပဒေသတစ်ရပ် ဖြစ်၏။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဝိပဿနာ ရှုကွက်တို့တွင် တစ်ခုသော ပထမစျာန်နာမ်တရား ရှုကွက်ကို ပုံစံအဖြစ် ထုတ် ပြအပ်ပါသည်။ ဘုရားရှင်သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ပထမစျာန်နာမ်တရား ရှုကွက်ကို ဤသို့ ဟောကြားထားတော်မူ၏။
တျာဿ ဓမ္မာ အနုပဒဝဝတ္ထိတာ ဟောန္တိ၊ တျာဿ ဓမ္မာ ဝိဒိတာ ဥပ္ပဇ္ဇန္တိ၊ ဝိဒိတာ ဥပဋ္ဌဟန္တိ၊ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ သော ဧဝံ ပဇာနာတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ (မ၊၃၊၇၅။)
ထိုသာရိပုတ္တရာသည် ထို ပထမစျာန်နာမ်တရားတို့ကို အစဉ်အတိုင်း တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား၍ သိ၏၊ ထိုစျာန်နာမ်တရားတို့သည် ထိုသာရိပုတ္တရာ၏ အသိဉာဏ်၌ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်၍ ဖြစ်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ တည်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ် သည်ဖြစ်၍ ချုပ်နေကုန်၏ (= ထိုသာရိပုတ္တရာသည် ထိုစျာန်နာမ်တရားတို့၏ ဖြစ်မှုဥပါဒ်ကို ထင်ထင်ရှားရှား သိ၏၊ တည်မှုဌီကို ထင်ထင်ရှားရှား သိ၏၊ ပျက်မှုဘင်ကို ထင်ထင်ရှားရှားသိ၏။) ဤ စျာန်နာမ်တရားတို့သည် ရှေးက ထင်ရှားမရှိဘဲ ယခုမှ ရုတ်ခြည်း အသစ် ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပြီးလျှင် ခဏတိုင်း ရုတ်ခြည်း ချုပ်ပျက်ကုန်၏ဟု ထိုသာရိပုတ္တရာသည် ဤသို့ သိ၏။ (မ၊၃၊၇၅။)
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်သို့တိုင်အောင် ယင်း စျာန်နာမ်တရား အသီးအသီးကို အနုပဒဓမ္မ ဝိပဿနာနည်းအားဖြင့် အစဉ်အတိုင်း တစ်လုံးစီ တစ်လုံးစီ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏။ နေဝသညာနာသညာယတနစျာန် အတွင်း၌ တည်ရှိကုန်သော စျာန်နာမ်တရားတို့ကိုကား ကလာပသမ္မသနနည်း အားဖြင့် ပေါင်းစုခြုံငုံ၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏။ (မ၊ဋ္ဌ၊၄၊၆၁။) ထိုသို့ ရှုပွားသုံးသပ်တော်မူရာ၌ ထိုစျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဖြစ်မှု တည်မှု ပျက်မှုကို ထင်ထင်ရှားရှား သိတော်မူ၏။ ထိုသို့ သိတော်မူနိုင်ခြင်း၏ အကြောင်းရင်းကို အဋ္ဌကထာက အောက်ပါအတိုင်း ရှင်းလင်း တင်ပြထား တော်မူ၏။
ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ ထေရေန ဟိ ဝတ္ထု စေဝ အာရမ္မဏဉ္စ ပရိဂ္ဂဟိတံ၊ တေနဿ တေသံ ဓမ္မာနံ ဥပ္ပါဒံ အာဝဇ္ဇန္တဿ ဥပ္ပါဒေါ ပါကဋော ဟောတိ၊ ဌာနံ အာဝဇ္ဇန္တဿ ဌာနံ ပါကဋံ ဟောတိ၊ ဘေဒံ အာဝဇ္ဇန္တဿ ဘေဒေါ ပါကဋော ဟောတိ။ တေန ဝုတ္တံ ဝိဒိတာ ဥပ္ပဇ္ဇန္တိ ဝိဒိတာ ဥပဋ္ဌဟန္တိ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီတိ။ (မ၊ဋ္ဌ၊၄၊၆၀။)
ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမ္မဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ၊ တေသံ ဝတ္ထာရမ္မဏာနံ ပဂေဝ ဉာဏေန ပရိစ္ဆိဇ္ဇ ဂဟိတတ္တာ။ ပ ။ တေသံ ဓမ္မာနန္တိ စျာနစိတ္တုပ္ပါဒပရိယာပန္နာနံ ဓမ္မာနံ။ (မ၊ဋီ၊၃၊၂၇၈။)
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ထိုကဲ့သို့ ဝိပဿနာ ရှုပွား သုံးသပ်တော်မူနိုင်ခြင်း၏ အကြောင်းရင်းမှာ ဝတ္ထုနှင့် အာရုံကို ပူးတွဲ သိမ်းဆည်းထားနိုင်သောကြောင့် ဖြစ်၏။ မှန်ပေသည် --- အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် စျာန်စိတ္တုပ္ပါဒ်တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော စျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီကို မသိမ်းဆည်းမီ ေ့ရှအဖို့က ကြိုတင်၍ ယင်းစျာန်နာမ်တရားတို့၏ မှီရာဝတ္ထုကိုလည်းကောင်း (= စွဲမှီ၍ ဖြစ်ရာ ဘဝင်မနောဒွါရကိုလည်းကောင်း) ယင်း စျာန်နာမ်တရားတို့၏ အာနာပါနပဋိဘာဂနိမိတ် သို့မဟုတ် ကသိုဏ်း ပဋိဘာဂနိမိတ်စသော ဆိုင်ရာ သမထနိမိတ် အာရုံကိုလည်းကောင်း ပူးတွဲ၍ သိမ်းဆည်းထားတော်မူ၏။ ယင်းသို့ ပူးတွဲ သိမ်းဆည်းထားနိုင်သောကြောင့် ထိုစျာန်စိတ္တုပ္ပါဒ်၏ အတွင်း၌ တည်ရှိသော ထို စျာန်နာမ်တရားတို့၏ ဖြစ်မှုဥပါဒ်ကို ဆင်ခြင်လိုက်သောအခါ ယင်း ဖြစ်မှုဥပါဒ်သည် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ အသိဉာဏ် ၌ ထင်ရှားနေ၏။ တည်မှုဌီကို ဆင်ခြင်လိုက်သောအခါ ယင်းတည်မှုဌီသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထင်ရှားနေ၏၊ ပျက်ခြင်းဘင်ကို ဆင်ခြင်လိုက်သောအခါ ယင်း ပျက်ခြင်းဘင်သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထင်ရှားနေ၏။ ထိုကြောင့် ထိုစျာန်နာမ်တရားတို့သည် ထိုသာရိပုတ္တရာ၏ အသိဉာဏ်၌ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်၍ ဖြစ်နေကုန်၏။ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်၍ တည်နေကုန်၏။ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်၍ ချုပ်နေကုန်၏။ဟု ဘုရားရှင်က ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၄၊၆၀။)
[ဤအရာ၌ ဝတ္ထုနှင့် အာရုံကို ပူးတွဲ သိမ်းဆည်းရမည်ဟူသော စကား ရပ်ဝယ် ဝတ္ထုအရ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရ ဟူသော ဒွါရ (၆)ပါးကို ဆိုလိုသည်ဟု မှတ်ပါ။]
ဤဥပဒေသကား နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော အသင်သူတော်ကောင်းအတွက် မဏိဇောတ ပြည်တန်မြကဲ့သို့ တန်ဖိုးမဖြတ်နိုင်သော စည်းမျဉ်း ဥပဒေသတစ်ရပ်ပင် ဖြစ်သည်။ နာမ်ကမ္မဋ္ဌာန်းကိုကား အားထုတ် ပါ၏။ သို့သော် ဝတ္ထုနှင့် အာရုံကိုကား ပူးတွဲသိမ်းဆည်းမှု မရှိ။ ထိုကဲ့သို့သော ယောဂါဝစရပုဂ္ဂိုလ်မျိုးသည်ကား ဘုရားဟော ဒေသနာတော်ကို ကျောခိုင်းလျက် ထိုင်နေသူသာ ဖြစ်ပေသည်။ ဘုရားရှင်၏ နာမ်ကမ္မဋ္ဌာန်းရှုကွက်ကို ကုဋေတစ်သိန်းနှင့် ကိုင်ပေါက်နေသူသာ များသောအားဖြင့် ဖြစ်တတ်ပေ သည်။
ရုပ်တရားကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ
အထက်တွင် ရေးသား တင်ပြထားသည့်အတိုင်း ဖဿပဉ္စမကတရား ဦးဆောင်နေသည့် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ် သည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းထားပြီး ဖြစ်ရပေမည်။ အထူးသဖြင့် မှီရာ ဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို သိမ်းဆည်းထားပြီး ဖြစ်ရပေမည်။ တစ်ဖန် ဖဿ ပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတို့ကို သိမ်းဆည်းပြီးသော အခါ ၌လည်း ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ ထပ်မံသိမ်းဆည်းရန် ဤသို့ ညွှန်ကြား ထားပြန်၏။
သော ဣမေ ဖဿပဉ္စမကာ ကိံ နိဿိတာတိ ဥပဓာရေန္တော ဝတ္ထုံ နိဿိတာတိ ပဇာနာတိ။ ဝတ္ထု နာမ ကရဇကာယော၊ ယံ သန္ဓာယ ဝုတ္တံ ဣဒဉ္စ မေ ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓန္တိ။ သော အတ္ထတော ဘူတာနိစေဝ ဥပါဒါရူပါနိ စ။ (မ၊ဋ္ဌ၊၁၊၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။)
နာမရူပဝဝတ္ထာနဿ အဓိပ္ပေတတ္တာ နိရဝသေသရူပပရိဂ္ဂဟဿ ဒဿနတ္ထံ ဝတ္ထု နာမ ကရဇကာယောတိ အာဟ န စက္ခာဒီနိ ဆ ဝတ္ထူနီတိ။ ကရဇကာယဿ ပန ဝတ္ထုဘာဝသာဓနတ္ထံ ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓန္တိ သုတ္တံ အာဘတံ။ (မူလဋီ၊၂၊၁၅၇။)
= ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတို့ကို သိမ်းဆည်း ပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် --- ဤဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတို့သည် အဘယ်ကို မှီ၍ ဖြစ်ကုန်သနည်းဟု ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင်လတ်သော် ဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကုန်၏ဟု ကွဲကွဲပြားပြား သိ၏။ ဝတ္ထုမည်သည်ကား ကရဇကာယတည်း။ ယင်း ကရဇကာယကိုပင် ရည်ရွယ်တော်မူ၍ --- ငါ၏ ဤဝိညာဏ်သည် ဤ ကရဇကာယ၌ မှီဖြစ်၏၊ ဤကရဇကာယ၌ ဆက်စပ်ဖြစ်၏။ (ဒီ၊၁၊၇၂။ မ၊၂၊၂၀၉။)ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ထိုကရဇကာယဟူသည် တရားကိုယ်အားဖြင့် ဘူတရုပ် ဥပါဒါရုပ်ပင်တည်း။ (ဒီ၊ဋ္ဌ၊၂၊၃၁၄-၃၁၅။ မ၊ဋ္ဌ၊၁၊၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။)
ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏ ဟု - ဤသို့ ပိုင်းခြား မှတ်သားတတ်သော နာမရူပဝဝတ္ထာနဉာဏ်ကို အလိုရှိ အပ်သော အရာဌာန ဖြစ်ခြင်းကြောင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရုပ်တရားကို သိမ်းဆည်းခြင်းကို ညွှန်ပြတော်မူခြင်းငှာ --- ဝတ္ထုမည်သည် ကရဇကာယတည်းဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆို သွားတော်မူခြင်း ဖြစ်၏။ ယင်း စကားရပ်ဖြင့် --- စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထုဟူသော ဝတ္ထုရုပ် သက်သက်မျှကိုသာ ဤ၌ ဝတ္ထု အရ တရားကိုယ်ကောက်ယူရသည် မဟုတ်။ ယင်းဝတ္ထုရုပ်တို့နှင့် ဌာနတစ်ခု အတွင်း၌ = ဒွါရတစ်ခုအတွင်း၌ တည်ရှိကြသော (၅၄)မျိုး (၄၄)မျိုးသော ဘူတရုပ် ဥပါဒါရုပ်အားလုံးတို့ကိုပင် ဝတ္ထုအရ တရားကိုယ်ကောက်ယူရမည် ဟု ဆိုလို၏။ ကရဇကာယအမည်ရသော ဘူတရုပ် ဥပါဒါရုပ်အားလုံးကိုပင် ဝတ္ထုအဖြစ် ပြီးစေခြင်းငှာ ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီဖြစ်၏ ဤ ကရဇကာယ၌ ဆက်စပ်ဖြစ်၏ဟု သာမညဖလသုတ္တန် (ဒီ၊၁၊၇၂။), မဟာသကုလုဒါယီသုတ္တန် (မ၊၂၊၂၀၉။) အဆိုအမိန့်ကို ထုတ်ဆောင်၍ ညွှန်ပြ တော်မူသည်။ (မူလဋီ၊၂၊၁၅၇။)
ဤတိုင်အောင် တင်ပြခဲ့သော စည်းမျဉ်း ဥပဒေသတို့ကား နာမ်တရား ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်တို့ လိုက်နာသင့်သော စည်းကမ်း ဥပဒေသအချို့ ဖြစ်သည်။ ကြွင်းကျန်သော စည်းကမ်းဥပဒေသအချို့ကိုလည်း အလျဉ်းသင့်ရာ၌ ထပ်မံ၍ ရေးသားတင်ပြပါဦးမည်။ တစ်ဖန် နာမ်တရား တို့ကို သိမ်းဆည်းရာ၌ စက္ခုဒွါရဝီထိ စသည်ဖြင့် ဝီထိ (၆)မျိုး ရှိရာ မနော ဒွါရဝီထိမှာ ဝီထိစိတ် အရေအတွက် ပို၍ နည်းပါးသဖြင့် ယင်းမနောဒွါရဝီထိ ကစ၍ နာမ်တရားတို့ကို သိမ်းဆည်းပုံကို ဆက်လက် တင်ပြအပ်ပါသည်။ ယင်း မနောဒွါရဝီထိတို့တွင်လည်း သမထယာနိကပုဂ္ဂိုလ်သည် အပ္ပနာဇော မနောဒွါရဝီထိက စ၍ သိမ်းဆည်းရန် (ဝိသုဒ္ဓိ၊၂၊၂၂၂။)တွင် ညွှန်ကြားထား သဖြင့် စျာနသမာပတ္တိဝီထိများ၏ အတွင်း၌ တည်ရှိသော စျာနဓမ္မ အမည် ရသော စျာန်နာမ်တရားတို့က စ၍ သိမ်းဆည်းပုံကို ဆက်လက်၍ ရေးသား တင်ပြအပ်ပါသည်။
[မှတ်ချက် --- ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို ရူပါရုံလိုင်း နာမ်တရားဟုလည်းကောင်း, သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော သောတဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သဒ္ဒါရုံလိုင်း နာမ်တရားဟုလည်းကောင်း, ဂန္ဓာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဃာနဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို ဂန္ဓာရုံလိုင်း နာမ်တရားဟုလည်းကောင်း, ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ် လာသော ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို ရသာရုံလိုင်း နာမ်တရားဟုလည်းကောင်း, ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ် တရားဟုလည်းကောင်း, ဓမ္မာရုံ အမည်ရသော တရားစုကို သို့မဟုတ် တရားစုတွင် တစ်ခုခုကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရဝီထိ နာမ်တရားတို့ကို ဓမ္မာရုံလိုင်း နာမ်တရားဟုလည်းကောင်း, ဤသို့ အသီး အသီး ခေါ်ဝေါ် သုံးစွဲထားပါသည်။]
__________
အပိုင်း (၃)
သိမ်းဆည်းရှုပွားပုံ အပိုင်း
အာနာပါနပဋိဘာဂနိမိတ်အာရုံ
ဓမ္မာရုံလိုင်း - မနောဒွါရ-စျာနသမာပတ္တိဝီထိဇယား
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတို့ကို ပွားများ ထားပြီးသူ ဖြစ်ပါက ယင်း နာမ်တရားတို့ကို လည်း အောက်ပါဇယားအတိုင်း ဆက်လက်၍ သိမ်းဆည်းပါ။
ဝိတက် - ဝိစာရ - ပီတိ
တတ္ထ ဝိတက္ကဝိစာရာနံ ဝူပသမာတိ ဝိတက္ကဿ စ ဝိစာရဿ စာတိ ဣမေသံ ဒွိန္နံ ဝူပသမာ သမတိက္ကမာ၊ ဒုတိယဇ္ဈာနက္ခဏေ အပါတုဘာဝါတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၁၅၁။)
ပုဗ္ဗဘာဂေ ပရိကမ္မဥပစာရစိတ္တာနိ သဝိတက္ကသဝိစာရာနိ သပ္ပီတိကာနိ ... (အဘိ၊ဋ္ဌ၊၂၊၂၃၇။)
ဤအထက်ပါ အဋ္ဌကထာကြီးတို့၏ ဖွင့်ဆိုထားတော်မူချက်များအရ ပရိကံ ဥပစာရ အနုလုံ ဂေါတြဘု ဟူသော ကာမာဝစရ ဥပစာရသမာဓိဇော တို့၌ ဝိတက် ဝိစာရ ပီတိတို့ကား ယှဉ်လျက်ပင် ရှိပေသည်။ ဒုတိယစျာန် စသည့် အပ္ပနာစျာန်သမာဓိတို့၏ အခိုက်၌သာလျှင် ဝိတက် ဝိစာရတို့ မယှဉ်ကြခြင်း ဖြစ်သည်။ (စတုက္ကနည်းကို ရည်ညွှန်းထားပါသည်။) သို့သော် စတုတ္ထစျာန်၏ ကာမာဝစရ ဥပစာရသမာဓိဇောတို့၏ အခိုက်၌လည်း ပီတိ မယှဉ်နိုင်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ဤသို့ ဖွင့်ဆိုထား၏။
အယံ ပန ဝိသေသော၊ ယသ္မာ သုခဝေဒနာ အဒုက္ခမသုခါယ ဝေဒနာယ အာသေဝနပစ္စယေန ပစ္စယော န ဟောတိ၊ စတုတ္ထဇ္ဈာနေ စ အဒုက္ခမသုခါယ ဝေဒနာယ ဥပ္ပဇ္ဇိတဗ္ဗံ၊ တသ္မာ တာနိ ဥပေက္ခာဝေဒနာသမ္ပယုတ္တာနိ ဟောန္တိ။ ဥပေက္ခာသမ္ပယုတ္တတ္တာယေဝ စေတ္ထ ပီတိပိ ပရိဟာယတီတိ။ (ဝိသုဒ္ဓိ၊၁၊၁၆၀။)
တာနီတိ အပ္ပနာဝီထိယံ ဇဝနာနိ သန္ဓာယာဟ။ (မဟာဋီ၊၁၊၁၈၉။)
ဤဆိုလတ္တံ့ကား ထူးခြားချက်တည်း။ သုခဝေဒနာသည် အဒုက္ခမသုခ အမည်ရသော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည့် အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာအား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင် ဖြစ်ခဲ့၏၊ စတုတ္ထစျာန်၌လည်း အဒုက္ခမသုခ အမည်ရသော ဥပေက္ခာဝေဒနာသာ ဖြစ်သင့်၏။ ထိုကြောင့် စတုတ္ထစျာနဝီထိ၏ အတွင်း၌ တည်ရှိကြကုန်သော လေးကြိမ် သို့မဟုတ် ငါးကြိမ်ကုန်သော ကာမာဝစရ ဥပစာရ သမာဓိဇော အပ္ပနာစျာန်ဇောတို့သည်လည်း ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်ကြရကုန်၏။ ဤ စတုတ္ထစျာနဝီထိ၌ ဇောစိတ်တို့သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်နေသည့် အတွက်ကြောင့်ပင်လျှင် ပီတိသည်လည်း ယုတ်လျော့သွားရပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၀။ မဟာဋီ၊၁၊၁၈၉။)
ဗြဟ္မစိုရ်တရား လေးပါး - စျာနသမာပတ္တိဝီထိ ဇယား
---
အကယ်၍ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အရိုးစုကမ္မဋ္ဌာန်း အသုဘကမ္မဋ္ဌာန်းတို့ကိုလည်း အပ္ပနာစျာန်သမာဓိဆိုက်အောင် ရှုထားပြီးသူ ရှုထားနိုင်သူ ဖြစ်ပါက ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအနေဖြင့် နှလုံးသွင်းအပ် သော အရိုးစုကမ္မဋ္ဌာန်း၌ ပထမစျာန်, အသုဘကမ္မဋ္ဌာန်း၌လည်း ပထမ စျာန်နာမ်တရားတို့ကို အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ် တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော စျာနသမာပတ္တိဝီထိဇယားများတွင် ပါဝင်သည့် ပထမစျာန်ဇယားအတိုင်း သိမ်းဆည်းပါ။ သို့အတွက် စျာနဓမ္မ အမည်ရကြသည့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အထက်ပါ ဇယား များဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။
စျာန်ရသူတို့ အတွက်သာ
လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ (မဟာဋီ၊၂၊၃၅၃။)
စျာန်ရသူတို့၏ အသိဉာဏ်၌သာလျှင် မဟဂ္ဂုတ်စိတ်အမည်ရကုန် သော စျာန်နာမ်တရားတို့သည် ကောင်းစွာ ထင်ရှားကုန်၏ဟု ဖွင့်ဆိုထား သောကြောင့် စျာန်ရသော စျာနလာဘီပုဂ္ဂိုလ်တို့သည်သာလျှင် စျာန်နာမ် တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။ စျာန်မရသော သုက္ခဝိပဿက (= စျာန်စေးခန်းခြောက်သော ဝိပဿနာရှိသော) ပုဂ္ဂိုလ်တို့သည် ကား စျာန်နာမ်တရားတို့ကို သိမ်းဆည်းမှုကို ချန်လှပ်ထားရမည် ဖြစ်သည်။
စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသော စျာနလာဘီ ယောဂါဝစရ ပုဂ္ဂိုလ်သည်လည်းကောင်း, စျာန်မရသော သုက္ခဝိပဿကပုဂ္ဂိုလ်သည်လည်းကောင်း ကာမာဝစရနာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်သည်။ ဧဝံ ဆသု ဒွါရေသု အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၅၃၊၊) ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားထားတော်မူချက်အတိုင်းပင် ဒွါရ (၆)ပါးတို့၌ နာမ်တရား၏ ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်း ရှုပွား ရမည်သာ ဖြစ်သည်။
ဝီထိစိတ်တို့၏ အမည်များ
အထက်ပါ ဇယားများတွင် ပါဝင်သော ဝီထိစိတ်တို့၏ အမည်များမှာ ဤသို့ ဖြစ်၏။
မ = မနောဒွါရာဝဇ္ဇန်း = (အာနာပါနပဋိဘာဂနိမိတ် စသည့် စျာန်၏) အာရုံကို ဆင်ခြင် (ဆုံးဖြတ်သော) စိတ်။
ပ = ပရိကံ = (ဝင်လေ-ထွက်လေ စသည်ဖြင့်) စျာန်ဇောများ ဖြစ်ပေါ် လာအောင် ပရိကံပြုနေသော ကာမာဝစရ မဟာကုသိုလ်ဇောစိတ်။
ဥ = ဥပစာ = စျာန်ဇော၏ ဥပစာရ (= အနီးအပါး) နယ်မြေ၌ ဖြစ်သော မဟာကုသိုလ်ဇောစိတ်။
နု = အနုလုံ = စျာန်ဇောများ ဖြစ်ပေါ်လာအောင် လျော်စွာပြုပြင်ပေးသော မဟာကုသိုလ်ဇောစိတ်။
ဂေါ = ဂေါတြဘု = ကာမအနွယ်ကို ဖြတ်တောက်လိုက်သော မဟာကုသိုလ် ဇောစိတ်။
ဇ = စျာန်ဇော = ရူပါဝစရ ကုသိုလ်ဇောစိတ်, သို့မဟုတ် အရူပါဝစရ ကုသိုလ်ဇောစိတ်များ။
စျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံစနစ်
ဤ အထက်ပါဇယားတွင် ရေးသားတင်ပြထားသော ပထမစျာနသမာပတ္တိဝီထိစသော ဝီထိစိတ်များ၏ အတွင်း၌ တည်ရှိသော စျာန်နာမ်တရား တို့ကို သိမ်းဆည်းရာ၌ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘုဟူသော အမည် နာမပညတ်များကိုကား ယောဂါဝစရပုဂ္ဂိုလ်သည် သိရှိနိုင်မည် မဟုတ်ပါ။ ပရိကံ, ဥပစာ စသော ထိုကဲ့သို့သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်သွား ကြသော ဇောစိတ်များ အနေဖြင့်သာ သိရှိနိုင်မည် ဖြစ်သည်။ ယင်း ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဇောများမှာ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်တို့အဖို့ မဟာ ကုသိုလ်ဇောများသာ ဖြစ်ကြ၏။ ရဟန္တာအရှင်မြတ်ကြီးများအဖို့ကား မဟာ ကြိယာဇောများသာ ဖြစ်ကြ၏။ ဉာဏ်ထက်မြက်သူ၌ ဥပစာ အနုလုံ ဂေါတြဘုဟု ဥပစာရစျာန်ဇော သုံးကြိမ်သာ ကျသည်။
နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ အာဒိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း စျာန်နာမ်တရားတို့ကို သိမ်းဆည်းလိုလတ်သော် မိမိ သိမ်းဆည်းလိုသော စျာန်ကို ဝင်စားပါ။ ထိုနောင် စျာန်မှထ၍ ဘဝင်မနောအကြည်ဓာတ်နှင့် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော စျာန်၏အာရုံကို ပူးတွဲသိမ်းဆည်းပါ။ ထိုနောင် စျာန်အင်္ဂါတို့ကို စတင်၍ သိမ်းဆည်းပါ။ အကြိမ်များစွာ ထပ်ကာ ထပ်ကာ လေ့ကျင့်ဖို့ကား လိုအပ်မည်သာ ဖြစ်သည်။ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော စျာန်၏အာရုံ သမထနိမိတ်က ယင်းဘဝင်မနောအကြည် ဓာတ်၌ ထင်လာသောအခါ ရှေးရှူ ကျရောက်လာသောအခါ ယင်းစျာန် အင်္ဂါတို့၏ အကြိမ်များစွာ ဆက်တိုက် စိတ္တက္ခဏတိုင်း၌ ပြိုင်တူဖြစ်နေသည် ကို ဉာဏ်ဖြင့်မြင်အောင် ရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ကြိမ်ဖန် များစွာ ထပ်ကာ ထပ်ကာ ရှုသဖြင့် အောင်မြင်မှုကို ရရှိသောအခါ ---
၁။ အသိစိတ် = ဝိညာဏ်က စ၍ ဖြစ်စေ,
၂။ ဝေဒနာက စ၍ ဖြစ်စေ,
၃။ ဖဿက စ၍ ဖြစ်စေ,
နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်း ရှုပွားနည်း သုံးနည်းတို့တွင် တစ်နည်းနည်း ဖြင့် နာမ်တရားတို့ကို တစ်စတစ်စ တိုး၍တိုး၍ (တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍) စျာန်အင်္ဂါနှင့် စျာနသမ္ပယုတ်တရားများကို ဉာဏ်မှီသမျှ စိတ္တက္ခဏ တိုင်း၌ ကုန်စင်အောင် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ရှေးဦးစွာ စျာန်ကို ဝင်စားပြီးနောက် စျာန်မှ ထလျှင်ထချင်း စျာန်နာမ်တရားတစ်လုံးကို အကြိမ် များစွာ ဖြစ်နေမှုကို မြင်အောင် ရှုပါ။ တစ်ဖန် စျာန်ပြန်ဝင်စားပါ၊ စျာန်မှ ထလျှင်ထချင်း စျာန်နာမ်တရား နှစ်လုံးကို အကြိမ်များစွာ ဖြစ်နေမှုကို မြင်အောင် ရှုပါ။ ဤနည်းဖြင့် စျာန်ဝင်စားလိုက် စျာန်မှ ထကာ စျာန် နာမ်တရားတို့ကို သိမ်းဆည်းလိုက်ဖြင့် စျာန်နာမ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ တိုး၍ သိမ်းဆည်းပါ။ အဘိဓမ္မာအခြေခံပညာ အားကောင်းသူများ ဉာဏ်ထက်မြက်သူများကား ဤမျှဆိုလျှင် သိမ်းဆည်းတတ်မည် ဖြစ်၏။ သို့သော် အဘိဓမ္မာအခြေခံပညာ အားနည်းသူ ဉာဏ်နုံ့သူ သူတော်ကောင်း တို့သည်ကား ရံခါ သဘောပေါက်ရန် အလွန် ခဲယဉ်းလှသည်ကို တွေ့ရ၏။ ထိုကြောင့် ဉာဏ်နုံ့သူ သူတော်ကောင်းများအတွက် အာနာပါနပဋိဘာဂ နိမိတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော ပထမစျာန်နာမ်တရား (၃၄) လုံးတို့ကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။
ဝိတက်စသော စျာန်အင်္ဂါတို့၏ အပေါင်းအစုကို စျာန်ဟု ခေါ်ဆို၍ ယင်းစျာန်နှင့် ယှဉ်သော စိတ်စေတသိက် တရားစုကို စျာနသမ္ပယုတ္တဓမ္မဟု ခေါ်ဆိုပေသည်။ ယင်းစျာန်နှင့် စျာနသမ္ပယုတ္တဓမ္မတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရမည်ဟု (ဝိသုဒ္ဓိ၊၂၊၂၂၂။)၌ ညွှန်ကြား ထားပေသည်။
အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုသော ပထမစျာန်နာမ်တရား (၃၄)
၁။ အသိစိတ် =အာနာပါနပဋိဘာဂနိမိတ် အာရုံကို ရယူခြင်းသဘော၊
[ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ (မူလဋီ၊၁၊၈၇။) --- ဟူသော မူလဋီကာနှင့် အညီတည်း။]
၂။ ဖဿ =အာနာပါနပဋိဘာဂနိမိတ် အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (လက္ခဏ)၊
=အာနာပါနပဋိဘာဂနိမိတ် အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော (ရသ)၊
(မှတ်ချက် --- ဆက်လက်ဖော်ပြမည့် စေတသိက်တို့၌ အာရုံဟု ဆိုလျှင် အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် ဆိုလိုသည်ဟု မှတ်ပါ။)
၃။ ဝေဒနာ = အာရုံ၏ အရသာကို ချမ်းချမ်းသာသာ (= ဝမ်းမြောက် ဝမ်းသာ) ခံစားခြင်းသဘော၊ (ပထမစျာန်၌ သောမနဿဝေဒနာတည်း။)
၄။ သညာ = အာရုံကို မှတ်သားခြင်းသဘော၊
၅။ စေတနာ = အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း နှိုးဆော်ပေးခြင်းသဘော၊
၆။ ဧကဂ္ဂတာ = အာရုံတစ်ခုတည်းပေါ်သို့ စိတ် ကျရောက်နေခြင်း သဘော၊
= တည်ငြိမ်နေခြင်းသဘော၊
= သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော၊
၇။ ဇီဝိတ = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊
၈။ မနသိကာရ = အာရုံဘက်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပို့ပေးခြင်းသဘော၊
= အာရုံကို နှလုံးသွင်းခြင်းသဘော၊
၉။ ဝိတက် = အာရုံပေါ်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ရှေးရှု တင်ပေးခြင်းသဘော၊
= ကြံစည်ခြင်းသဘော၊
၁၀။ ဝိစာရ = အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်း (= ဆုပ်နယ်ခြင်း) သဘော၊
= ထပ်၍ ထပ်၍ ယူခြင်းသဘော၊
၁၁။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊
၁၂။ ဝီရိယ = အာရုံကိုသိအောင် (=သမ္ပယုတ်တရားတို့ ဖြစ်အောင်) ကြိုးစားအားထုတ်ခြင်းသဘော၊
= သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် ချီးပင့်ပေးခြင်းသဘော၊
၁၃။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊
၁၄။ ဆန္ဒ =အာရုံကို သိလိုခြင်း (= သမ္ပယုတ်တရားတို့ ဖြစ်လိုခြင်း) သဘော၊
၁၅။ သဒ္ဓါ =စျာန်သမာဓိသိက္ခာ = စျာန်သမာဓိကျင့်စဉ်ကို ယုံကြည်မှုသဘော၊
၁၆။ သတိ =အာရုံ၌ သမ္ပယုတ်တရားတို့ကို ဗူးတောင်းကဲ့သို့ မပေါ် စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊
= အာရုံကို မမေ့ပျောက်ခြင်းသဘော၊
= အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊
၁၇။ ဟိရိ =မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊
၁၈။ ဩတ္တပ္ပ =မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊
၁၉။ အလောဘ =အာရုံ၌ စိတ်မကပ်ငြိခြင်း, မတပ်မက်ခြင်းသဘော၊
= ငါ့ဟာဟု မစွဲယူခြင်းသဘော၊
၂၀။ အဒေါသ =အာရုံ၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊
= အာရုံကို မဖျက်ဆီးလိုခြင်းသဘော၊
၂၁။ တတြမဇ္စျတ္တတာ =အာရုံ၌ စိတ်ကို အလယ်အလတ် ထားခြင်း သဘော၊ (စိတ်ဓာတ်တက်ကြွမြင့်မောက်မှု = မာန, စိတ်ဓာတ်ကျဆင်းမှု = ထိန+မိဒ္ဓတို့ဘက် သို့ ဘာဝနာစိတ်ကို မရောက်အောင် ဘာဝနာ အာရုံ၌ စိတ်ကို အလယ်အလတ် ထားခြင်း သဘော။)
= အာရုံကို လျစ်လျူရှုခြင်းသဘော၊
၂၂။ ကာယပဿဒ္ဓိ =အာရုံ၌ စေတသိက်တို့ ငြိမ်းအေးခြင်းသဘော၊
၂၃။ စိတ္တပဿဒ္ဓိ =အာရုံ၌ စိတ် ငြိမ်းအေးခြင်းသဘော၊
၂၄။ ကာယလဟုတာ =အာရုံ၌ စေတသိက်တို့ လျင်မြန် ပေါ့ပါးခြင်း သဘော၊
၂၅။ စိတ္တလဟုတာ =အာရုံ၌ စိတ် လျင်မြန် ပေါ့ပါးခြင်းသဘော၊
၂၆။ ကာယမုဒုတာ =အာရုံ၌ စေတသိက်တို့ နူးညံ့ခြင်းသဘော၊
၂၇။ စိတ္တမုဒုတာ = အာရုံ၌ စိတ်နူးညံ့ခြင်းသဘော၊
၂၈။ ကာယကမ္မညတာ = အာရုံ၌ စေတသိက်တို့ ခံ့ညားခြင်းသဘော၊
= ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊
၂၉။ စိတ္တကမ္မညတာ =အာရုံ၌ စိတ်၏ ခံ့ညားခြင်းသဘော၊
= ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊
၃၀။ ကာယပါဂုညတာ =အာရုံ၌ စေတသိက်တို့ ပြွမ်းတီး လေ့လာနိုင်နင်းခြင်းသဘော၊
= ကျွမ်းကျင် လိမ္မာခြင်းသဘော၊
= ကိလေသာ အနာကင်းခြင်းသဘော၊
၃၁။ စိတ္တပါဂုညတာ =အာရုံ၌ စိတ်၏ ပြွမ်းတီး လေ့လာနိုင်နင်းခြင်း သဘော၊
= ကျွမ်းကျင် လိမ္မာခြင်းသဘော၊
= ကိလေသာ အနာကင်းခြင်းသဘော၊
၃၂။ ကာယုဇုကတာ =အာရုံ၌ စေတသိက်တို့ ဖြောင့်မတ်ခြင်းသဘော၊
= မာယာ သာဌေယျ အကွေ့အကောက် ကင်း ခြင်းသဘော၊
၃၃။ စိတ္တုဇုကတာ =အာရုံ၌ စိတ်ဖြောင့်မတ်ခြင်းသဘော၊
= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊
၃၄။ ပညာ =အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထွင်းဖောက် သိမြင်ခြင်းသဘော၊
[မှတ်ချက် ---မနောဒွါရာဝဇ္ဇန်း၌ စေတသိက် (၁၂)လုံး ဟူသည်မှာ ဤအထက်ပါ နာမ်တရား (၃၄)မျိုးတို့တွင် အသိစိတ်မှသည် ဝီရိယသို့ တိုင်အောင်သော စိတ်+စေတသိက် (၁၂)လုံး ဖြစ်သည်။]
နာမပရိဂ္ဂဟဉာဏ်
စျာန်နာမ်တရားတို့သည် ယေဘုယျ = များသောအားဖြင့် ပဋိဘာဂ နိမိတ်ကိုသာ အာရုံပြုရိုး ဓမ္မတာ ရှိကြ၏။ အာနာပါနကမ္မဋ္ဌာန်း၌ စျာန်နှင့် စျာနသမ္ပယုတ် နာမ်တရားတို့သည် အာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံ ပြုကြ၏။ အရိုးစု ပဋိကူလမနသိကာရကမ္မဋ္ဌာန်း၌ စျာန်နှင့် စျာနသမ္ပယုတ် တရားတို့သည် အရိုးစု ပဋိဘာဂနိမိတ်အာရုံကို အာရုံပြုကြ၏။ ဩဒါတ = အဖြူကသိုဏ်း၌ စျာန်နှင့် စျာနသမ္ပယုတ်နာမ်တရားတို့သည် အဖြူရောင် ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို အာရုံပြုကြ၏။ မေတ္တာကမ္မဋ္ဌာန်း၌ သတ္တဝါ ပညတ်အာရုံ, အသုဘကမ္မဋ္ဌာန်း၌ အသုဘအလောင်းကောင်၏ ပဋိဘာဂ နိမိတ်အာရုံကို အာရုံပြုကြ၏။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အာနာပါနကမ္မဋ္ဌာန်း, အရိုးစုပဋိကူလမနသိကာရကမ္မဋ္ဌာန်း, အဖြူကသိုဏ်း, စတုရာရက္ခကမ္မဋ္ဌာန်းတို့ကိုသာ စျာန်ပိုင်းတွင် ရှုထားသူ ဖြစ်ပါက သိမ်းဆည်း ရှုပွားရမည့် စျာန်နာမ်တရားများမှာ အောက်ပါအတိုင်း ဖြစ်၏။
၁။ အာနာပါနကမ္မဋ္ဌာန်း၌ - ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်၊
၂။ အရိုးစုပဋိကူလမနသိကာရ၌ - ပထမစျာန်၊
၃။ အဖြူကသိုဏ်း၌ - ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်၊
၄။ မေတ္တာကမ္မဋ္ဌာန်း၌ - ပထမစျာန်ဒုတိယစျာန် တတိယစျာန်၊
၅။ အသုဘကမ္မဋ္ဌာန်း၌ - ပထမစျာန်၊
အကယ်၍ အသင်သူတော်ကောင်းသည် ကသိုဏ်း (၁၀)ပါးလုံးကို လည်းကောင်း, ကသိုဏ်း တစ်ပါး တစ်ပါး၌ သမာပတ် (၈)ပါးစီကိုလည်းကောင်း ပွားများထားပြီးသူဖြစ်ပါက ယင်းသမာပတ် (၈)ပါးလုံးတို့မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စာရင်းတွင် ပါဝင်နေပေသည်။ အရူပစျာန်တို့၌ နာမ်တရား အရေအတွက်မှာ (၃၁)လုံးပင် ဖြစ်၏။ စတုတ္ထစျာန်နှင့် အရေ အတွက်ချင်းကား တူညီသည်။ စတုတ္ထစျာန်ဇယားအတိုင်း သိမ်းဆည်းရှုပွား ပါ။ ကြွင်းကျန်သော ကမ္မဋ္ဌာန်းတို့တွင် ကရုဏာကမ္မဋ္ဌာန်း မုဒိတာကမ္မဋ္ဌာန်း နှစ်မျိုးကလွဲလျှင် ကျန်ကမ္မဋ္ဌာန်းတို့၌ နည်းတူ သဘောပေါက်ပါ။ ကရုဏာ ကမ္မဋ္ဌာန်း မုဒိတာကမ္မဋ္ဌာန်းတို့ကား တတိယစျာန်အထိ ပေါက်နိုင်၏။ ထို ကြောင့် ကရုဏာကမ္မဋ္ဌာန်း၌ ယခင် အာနာပါနစျာန် နာမ်တရားတို့တွင် ကရုဏာတစ်လုံးတိုး၍, မုဒိတာကမ္မဋ္ဌာန်း၌ မုဒိတာတစ်လုံးတိုး၍ (၃၅-၃၃-၃၂)လုံးသော နာမ်တရားတို့ ဖြစ်ကြသည်။
ယင်း စျာန်နာမ်တရားတို့ကို ဇယားတွင် ဖော်ပြထားသည့်အတိုင်း သိမ်းဆည်းရှုပွားရမည်ဖြစ်သည်။ ဒုတိယစျာန်စသည့် အထက်ပိုင်းစျာန်တို့၏ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော ဥပစာရဇောများအခိုက်၌ ဝိတက် ဝိစာရများသည် ယှဉ်လျက် ရှိကြောင်းကို (အဘိ၊ဋ္ဌ၊၂၊၂၃၇။)၌ ဖွင့်ဆိုထား၏။ စတုတ္ထစျာန်၏ ဥပစာရအခိုက်၌လည်း ပီတိမယှဉ်ပေ။ (ဝိသုဒ္ဓိ၊၁၊၁၆၀။)
အာနာပါန ပထမစျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုပါက ရှေး ဦးစွာ ယင်း အာနာပါနပထမစျာန်ကို ဝင်စားပါ။ ထိုပထမစျာန်မှ ထ၍ ယင်း ပထမစျာန်၏ စျာန်အင်္ဂါငါးပါးတို့ကို စတင်သိမ်းဆည်းပါ။ စျာန်အင်္ဂါငါးပါး တို့၏ အကြိမ်များစွာ အဆက်မပြတ် ဆက်တိုက် ဖြစ်နေမှုကို မြင်အောင် သိမ်းဆည်းရှုပွားပါ။ အားမရ ဖြစ်နေပါက တစ်ဖန် အာနာပါနပဋိဘာဂနိမိတ် ကိုပင် အာရုံယူ၍ အာနာပါနပထမစျာန်ကို တစ်ဖန်ပြန်၍ ဝင်စားပါ။ ထို စျာန်မှ ထလျက် ---
၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၂။ အာနာပါန ပဋိဘာဂနိမိတ်အာရုံကို လှမ်းအာရုံယူပါ၊ သိမ်းဆည်းပါ။
၃။ ထို ဘဝင်မနောအကြည်ဓာတ် = မနောဒွါရတွင် ယင်း အာနာပါနပဋိဘာဂနိမိတ်အာရုံက ရှေးရှူ ကျရောက်လာသောအခါ ထင်လာသော အခါ စျာန်အင်္ဂါတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ၊ ရှုကြည့်ပါ။
ထိုအချိန်တွင် စျာန်မှ ထစဖြစ်၍ ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံမှာ လွယ်လွယ်နှင့် ပျောက်မသွားဘဲ ရှိနေဦးမည်သာ ဖြစ်သည်။ ဤ စနစ်အတိုင်း ထပ်ကာထပ်ကာ လေ့ကျင့်သော် ဝတ္ထုနှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက် စျာန်နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားနေခြင်း ဖြစ်သဖြင့် စျာန်အင်္ဂါများ၏ အကြိမ်များစွာ ဖြစ်နေမှုကို သိမ်းဆည်းရှုပွား၍ ရရှိလာမည် ဖြစ်ပေသည်။ တရားစစ်မှူး အဦးအခိုင် ဖြစ်တော်မူပေသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ရိုသေလေးမြတ်စွာ လိုက်နာကျင့်သုံးသွားသော ရှေးထုံးဟောင်း ဥပဒေသကြီးတစ်ခုပင် ဖြစ်ပေသည်။ ရှေ့ဦးစွာ အာနာပါန ပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အာနာပါနပထမစျာန်ကို ပြန်ဝင်စားပါ။ ထိုနောင် အသိစိတ် = ဝိညာဏ်က စ၍ ဖြစ်စေ, ဝေဒနာက စ၍ ဖြစ်စေ, ဖဿက စ၍ ဖြစ်စေ စျာန်နာမ်တရားတို့ကို စတင် သိမ်းဆည်းရမည် ဖြစ် သည်။ ရှေ့ဦးစွာ အသိစိတ် = ဝိညာဏ်က စ၍ သိမ်းဆည်းပါက အသိစိတ် တစ်လုံးတည်း အကြိမ်များစွာ ဆက်တိုက်ဖြစ်နေမှုကို မြင်အောင်လေ့ကျင့်ပါ။ (ဝေဒနာ သို့မဟုတ် ဖဿက စ၍ သိမ်းဆည်းရာ၌လည်း နည်းတူ မှတ်ပါ၊၊) အောင်မြင်မှုကို ရရှိခဲ့သော် တစ်ဖန် စျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထကာ ထလျှင်ထချင်း အသိစိတ် ဖဿ နှစ်လုံး နှစ်လုံး အကြိမ်များစွာ ဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် တစ်ဖန် စျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထကာ ထလျှင်ထချင်း အသိစိတ် ဖဿ ဝေဒနာ သုံးလုံး သုံးလုံး, အသိစိတ် ဖဿ ဝေဒနာ သညာ လေးလုံး လေးလုံး, အသိ စိတ် ဖဿ ဝေဒနာ သညာ စေတနာ ငါးလုံး ငါးလုံး - ဤသို့ စသည်ဖြင့် တစ်စတစ်စ တိုး၍တိုး၍ သိမ်းဆည်းပါ။ နောက်ဆုံး မနောဒွါရာဝဇ္ဇန်း၌ (၁၂) လုံး, ဇောအသီးအသီး၌ (၃၄)လုံးစီ အကြိမ်များစွာ ဆက်တိုက်ဖြစ်မှုကို ဉာဏ် ဖြင့်မြင်အောင် လေ့ကျင့်ပါ။ စျာန်ကို အကြိမ်ကြိမ် ဝင်စား၍ စျာန်မှ ထတိုင်းထတိုင်း နာမ်တရား တစ်လုံးစီတစ်လုံးစီ တိုးကာ သိမ်းဆည်းပါ။ အောင်မြင်မှုကို ရရှိခဲ့သော် ---
ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
= မနောဒွါရာဝဇ္ဇန်း၌ စိတ်စေတသိက် (၁၂)လုံး, ပရိကံ ဥပစာ အနုလုံ ဂေါ တြဘုဟူသော ဥပစာရဇောနှင့်တကွ စျာန်ဇောများ၌ စိတ္တက္ခဏတိုင်းဝယ် (၃၄)လုံးသော နာမ်တရားတို့၏ ပြိုင်တူယှဉ်တွဲ၍ (၃၄)လုံးပေါင်း အကြိမ် များစွာ ဆက်တိုက်ဖြစ်မှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော အခါ --- ဤ နာမ်တရားအားလုံးသည် အာနာပါနပဋိဘာဂနိမိတ်တည်းဟူသော အာရုံဘက်သို့ ရှေးရှူ ညွတ်ကိုင်းရှိုင်းနေသောကြောင့် အာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော အနက်သဘောအားဖြင့် နာမ် --- ဟူ၍ = နာမ် တရား နာမ်တရား --- ဟူ၍ ပိုင်းခြားမှတ်သားပါ၊ သိမ်းဆည်းပါ။
[မှတ်ချက် ---ဤ၌ကား စျာန်ကို ဝင်စားလိုက် စျာန်နာမ်တရားတို့ကို သိမ်းဆည်းလိုက်, တစ်ဖန် စျာန်ကို ဝင်စားလိုက် စျာန်နာမ်တရားတို့ကို သိမ်းဆည်းလိုက် ဤသို့ ကြိမ်ဖန်များစွာ ပြုလုပ်ဖို့ လိုအပ်ပါသည်။ စျာန်မှ ထပြီးစ၌သာလျှင် စျာန်နာမ်တရားတို့မှာ အသိဉာဏ်၌ ထင်ရှားသော ကြောင့် ဖြစ်၏။ မထင်ရှားတိုင်း စျာန်ကို ပြန်ဝင်စားရန် မမေ့ပါနှင့်။]
သတိပြုရန် ဝါဒကွဲများ
အနုပဒသုတ္တန်တွင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ပထမစျာန်နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုရာ၌ ပါဠိတော်ဝယ် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဖဿ ဝေဒနာ သညာ စေတနာ စိတ္တ ဆန္ဒ အဓိမောက္ခ ဝီရိယ သတိ ဥပေက္ခာ (= တတြမဇ္ဈတ္တတာ ) မနသိကာရ ဟု နာမ်တရား (၁၆)လုံးတို့ကိုသာ သရုပ်ထုတ်၍ တိုက်ရိုက်ဟောကြားထား တော်မူ၏။ အဋ္ဌကထာ၌လည်း --- သောဠသ ဓမ္မာ (မ၊ဋ္ဌ၊၄၊၆၀။) ဟုပင် သာမညအားဖြင့် နာမ်တရား (၁၆)မျိုးကို သိမ်းဆည်းရှုပွားကြောင်းကို ဖွင့်ဆို ထားတော်မူ၏။ သို့သော် အာစရိယဓမ္မပါလ အမည်ရတော်မူသော ဆရာတော် အရှင်ဓမ္မပါလ မထေရ်မြတ်က ဝဒန္တိဝါဒ, အပရေဝါဒ နှစ်မျိုး ခွဲ၍ အောက်ပါအတိုင်း ဖွင့်ဆိုသွားတော်မူ၏။
သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံသု, န ဣတရေတိ ဝဒန္တိ။ ဝီရိယ-သတိဂ္ဂဟဏေန စေတ္ထ ဣန္ဒြိယဘာဝသာမညတော သဒ္ဓါ-ပညာ, သတိဂ္ဂဟဏေနေဝ ဧကန္တာနဝဇ္ဇဘာဝသာမညတော ပဿဒ္ဓိအာဒယော ဆ ယုဂဠာ, အလောဘာဒေါသာ စ သင်္ဂဟိတာ စျာနစိတ္တုပ္ပါဒပရိယာပန္နတ္တာ တေသံ ဓမ္မာနံ၊ ထေရေန စ ဓမ္မာ ဝဝတ္ထာနသာမညတော အာရဒ္ဓါ၊ (တသ္မာ) တေ န ဥပဋ္ဌဟိံသူတိ န သက္ကာ ဝတ္တုန္တိ အပရေ။ (မ၊ဋီ၊၃၊၂၇၇။)
ဝဒန္တိဝါဒ ---ဤအရာ၌ (၁၆)မျိုးသော စျာနဓမ္မတို့ကိုသာလျှင် တိုက်ရိုက်ယူ၍ ဟောကြားတော်မူခြင်း ဖွင့်ဆိုတော်မူခြင်းမှာ ထို (၁၆)မျိုးသော တရားတို့ကိုသာလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြား မှတ်သားအပ်သည်၏ အဖြစ်ကြောင့်တည်း။ ထိုအခါဝယ် ထို အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ ထို (၁၆)မျိုးသော တရားတို့သည်သာလျှင် ထင်ရှား တည်ရှိနေကုန်၏။ အခြား သော စျာနဓမ္မတရားတို့သည် ထင်ရှား မတည်ရှိကြကုန်ဟု ဆရာမြတ်ကြီး တို့က မိန့်ဆိုတော်မူကြကုန်၏။
အပရေဝါဒ ---ဤပထမစျာန်နာမ်တရားတို့၌ ဝီရိယနှင့် သတိကား ဝီရိယိန္ဒြေ သတိန္ဒြေ အမည်ရှိသည့် ဣန္ဒြေထိုက်သော တရားတို့ ဖြစ်ကြ၏။ ဣန္ဒြေထိုက်သော ဝီရိယနှင့် သတိကို တိုက်ရိုက် သရုပ်ထုတ်ဆောင်၍ ယူ ဆောင်လျက် ဟောကြားတော်မူခြင်းဖြင့် ဣန္ဒြေဖြစ်ပုံခြင်း တူညီမှုရှိသော ကြောင့် သဒ္ဓါနှင့် ပညာတို့ကိုလည်း ယူပြီးသာလျှင် ဖြစ်၏၊ ဟောပြီးသာလျှင် ဖြစ်၏။ (လက္ခဏာဟာရနေတ္တိနည်းတည်း)။ သတိသည် သောဘဏစိတ် တို့၌သာ အမြဲယှဉ်သဖြင့် ဧကန် အပြစ်ကင်းစင်သော တရားဓမ္မတစ်ခု ဖြစ်၏။ အပြစ်ကင်းသော သတိကို တိုက်ရိုက် သရုပ်ထုတ်ဆောင်၍ ယူဆောင်လျက် ဟောကြားတော်မူခြင်းဖြင့်ပင်လျှင် ဧကန် အပြစ်ကင်းစင်သည့် သဘောအားဖြင့် တူညီသောကြောင့် ကာယပဿဒ္ဓိ စိတ္တပဿ ဒ္ဓိ ကာယလဟုတာ စိတ္တလဟုတာ ကာယမုဒုတာ စိတ္တမုဒုတာ ကာယကမ္မညတာ စိတ္တကမ္မညတာ ကာယ ပါဂုညတာ စိတ္တပါဂုညတာ ကာယုဇုကတာ စိတ္တုဇုကတာ ဟူသော အစုံအစုံ အားဖြင့် ဟောကြားထားအပ်ကုန်သော ယုဂဠစေတသိက် (၆)စုံတို့ကိုလည်း ကောင်း, အလောဘ အဒေါသတို့ကိုလည်းကောင်း ယူပြီးသာလျှင် ဖြစ်၏၊ ဟောပြီးသာလျှင်ဖြစ်၏။ ထိုတရားတို့၏လည်း စျာန်စိတ္တုပ္ပါဒ်၌ အကျုံးဝင် သောတရားတို့ ဖြစ်ခြင်းကြောင့်တည်း။ အရှင်သာရိပုတ္တရာ မထေရ် မြတ်ကြီး သည်လည်း စျာနဓမ္မတို့ကို သာမညအားဖြင့် တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား မှတ်သားလျက် ဝိပဿနာကို အားထုတ်တော်မူသည်သာ ဖြစ်၏။ ထိုကြောင့် ထို (၁၆)မျိုးသော တရားတို့မှ ကြွင်းကျန်ကုန်သော စျာနဓမ္မတရားတို့သည် လည်း အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ မထင်လာကြ ပါကုန်ဟု ပြောဆိုခြင်းငှာ မတတ်ကောင်းသည်သာတည်းဟု အပရေဆရာမြတ်တို့က မိန့်ဆိုတော်မူကြသည်။ (မ၊ဋီ၊၃၊၂၇၇။)
ယော ယော အဋ္ဌကထာဝါဒေါ ဝါ ထေရဝါဒေါ ဝါ ပစ္ဆာ ဝုစ္စတိ၊သော ပမာဏတော ဒဋ္ဌဗ္ဗော။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)
အကြင် အကြင် အဋ္ဌကထာဝါဒကိုလည်းကောင်း, ထေရဝါဒကိုလည်း ကောင်း နောက်ဆုံးထား၍ ဖွင့်ဆိုထား၏။ ထိုနောက်ဆုံးထား၍ ဖွင့်ဆိုထား သော ဝါဒကိုသာလျှင် အနှစ်သာရအားဖြင့် ပမာဏအားဖြင့် မှတ်သားပါ။ (ဝိ၊ဋ္ဌ၊၁၊၂၆၀) ဟူသော စာပေယူဆပုံ စည်းကမ်း သတ်မှတ်ချက်အရ ဋီကာ ဆရာတော်သည် အပရေဝါဒကို နောက်ထား၍ ဖွင့်ဆိုထားသဖြင့် ထိုအပရေ ဝါဒကိုသာလျှင် အနှစ်သာရအားြ ဖင့် မှတ်သားရမည် ဖြစ်သည်။ အပရိဇာနန သုတ္တန်များနှင့် အညီပင်တည်း။
ဤသို့လျှင် စျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိကုန်သော နာမ် တရားတို့ကို သိမ်းဆည်းပြီးနောက် ဆက်လက် ပြုကျင့်ရမည့် လုပ်ငန်းခွင်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ အောက်ပါအတိုင်း ဆက်လက် ညွှန်ကြားထားပြန်၏။
နာမ်နှင့် ရုပ်ကို ပိုင်းခြားယူပါ
တတောယထာ နာမ ပုရိသော အန္တောဂေဟေ သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တော ဣဒံ နာမံ ကိံ နိဿာယ ပဝတ္တတီတိ ပရိယေသမာနော တဿ နိဿယံ ဟဒယရူပံ ပဿတိ။ တတော ဟဒယရူပဿ နိဿယဘူတာနိ, ဘူတနိဿိတာနိ စ သေသုပါဒါယ ရူပါနီတိ ရူပံ ပရိဂ္ဂဏှာတိ။ သော သဗ္ဗမ္ပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ။ တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ လောကဥပမာအား ဖြင့် ယောက်ျားတစ်ဦးသည် အိမ်အတွင်း၌ မြွေကို တွေ့မြင်ခဲ့သော် ထိုမြွေ၏ နောက်သို့ အစဉ်လိုက်လျက် ကြည့်သည်ရှိသော် ထိုမြွေ၏ ကိန်းဝပ်တည် နေရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ဤ ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ထိုနာမ်တရားကို --- ဤ နာမ်တရားသည် အဘယ်ကို မှီ၍ ဖြစ်နေသနည်းဟု ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လတ်သော် ရှာဖွေ ကြည့်လတ်သော် ထိုနာမ်တရား၏ မှီရာ ဟဒယဝတ္ထုရုပ်ကို တွေ့မြင်လေ၏၊ ထိုနောင် ယင်း ဟဒယဝတ္ထုရုပ်၏ မှီရာ ဘူတရုပ် ဓာတ်ကြီီးလေးပါးတို့ကို လည်းကောင်း, ယင်း ဘူတရုပ် ဓာတ်ကြီးလေးပါးတို့ကို မှီ၍ ဖြစ်ပေါ်နေကြ ကုန်သော ဟဒယဝတ္ထုရုပ်မှ ကြွင်းကျန်သော ဥပါဒါရုပ်တို့ကိုလည်းကောင်း ဤ ရုပ်တရားအားလုံးကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ = သိမ်းဆည်း၏ (= ဉာဏ် ဖြင့် ပိုင်းခြားယူပါ = သိမ်းဆည်းပါ။) ထို ယောဂါဝစရပုဂ္ဂိုလ်သည် ဤအလုံး စုံသော ရုပ်တရားကို ဖောက်ပြန်တတ်သော အနက်သဘောအားဖြင့် ရုပ်ဟု ပိုင်းခြားမှတ်သား၏။ ထိုနောင် ---
၁။ အာရုံသို့ ညွတ်တတ်သော သဘောလက္ခဏာ ရှိသော တရားကား နာမ်,
၂။ ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ်ဟု အကျဉ်းအားဖြင့် နာမ်ရုပ်ကို ပိုင်းခြားမှတ်သား၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ချက်အရ စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် စျာန်နာမ်တရားတို့၏ မှီရာ ဟဒယ၌ တည်ရှိသော (၅၄)မျိုးသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ ဆက်လက် သိမ်းဆည်း၍ ရုပ်နာမ်ကို ပိုင်းခြား မှတ်သားရမည် ဖြစ်သည်။ စက္ခုဒွါရဝီထိ စသည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိများ၏ အတွင်း၌တည်ရှိသော ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းပြီးရာ အခါ၌လည်း ယင်းနာမ်တရားတို့၏ မှီရာ ဆိုင်ရာ ဆိုင်ရာ ဒွါရ၌ တည်ရှိသော ရုပ်တရားတို့ကိုလည်း သိမ်းဆည်း၍ နာမ်နှင့် ရုပ်ကို ပိုင်းခြား မှတ်သားရမည်သာဟု မှတ်ပါ။ (ဒွါရ ၆-ပါး၌ တည် ရှိသော ဘူတရုပ် ဥပါဒါရုပ်များကို ရုပ်ပိုင်းဇယားများတွင် ကြည့်ပါ။)
ဓမ္မာရုံလိုင်းတွင် အကျုံးဝင်သည့် စျာန်နာမ်တရားတို့ကို သိမ်းဆည်း ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာ ကြသော နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းရမည် ဖြစ်သည်။ ရုပ် တရားတို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်ပါက ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံ ဟု အာရုံ (၆) မျိုး ပြားပေသည်။ ထို အာရုံ (၆)ပါးတို့တွင် ဓမ္မာရုံ အမည်ရသည့် ပသာဒရုပ် (၅)ပါး, သုခုမရုပ် (၁၆)ပါးတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်က စ၍ သိမ်းဆည်း လျှင် ပို၍ လွယ်ကူပေသည်။ ဝီထိစိတ် အမျိုးအစား အရေအတွက် နည်းပါး သောကြောင့် ဖြစ်၏။ ယင်းဓမ္မာရုံ အမည်ရသည့် ရုပ်တရားတို့တွင် ရုပ်အစစ် (၁၁)လုံး, ရုပ်အတု (၁၀)လုံး ရှိ၏။ သို့သော် အမျိုးသားယောဂီသည် အဇ္ဈတ္တ၌ ဣတ္ထိဘာဝရုပ်ကို အမျိုးသမီးယောဂီသည် ပုရိသဘာဝရုပ်ကို ရှု၍ မရနိုင်သဖြင့် အဇ္ဈတ္တ၌ ရုပ်အစစ် (၁၀)လုံးကိုသာ အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရန် ဖြစ်သည်။ ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်း တူညီ၍ သာမန် ပေါင်းစုခြုံငုံကာ ရုပ်တရားအားလုံးကို ရှုရမည် ဖြစ်ပေသည်။ [ပရသန္တာနာဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော ---- (မ၊ဋီ၊၃၊၂၇၄-၂၇၅။)ဟူသော ဋီကာအဖွင့်နှင့် အညီတည်း။] ထိုသို့ရှုရာ၌ ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။ ယင်း မနောဒွါရဝီထိများတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်း၏ ဆုံးဖြတ်ချက်က ယောနိသောမနသိကာရဖြစ်လျှင် ကုသိုလ်ဇောများပါဝင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်၍ အယောနိသောမနသိကာရဖြစ်က အကုသိုလ်ဇောများပါဝင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ဤတွင် ယောနိသောမနသိကာရ အယောနိသောမနသိကာရအကြောင်းကို အကျဉ်း ချုပ်၍ ရှင်းလင်းတင်ပြပေအံ့။
ယောနိသော မနသိကာရ - အယောနိသော မနသိကာရ
သော ဣဒံ ဒုက္ခန္တိ ယောနိသော မနသိ ကရောတိ၊ အယံ ဒုက္ခသမုဒယောတိ ယောနိသော မနသိ ကရောတိ၊ အယံ ဒုက္ခနိရောဓောတိ ယောနိသော မနသိ ကရောတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယောနိသော မနသိ ကရောတိ။ (မ၊၁၊၁၁-၁၂။)
တတ္ထ ကတမော အယောနိသော မနသိကာရော၊ အနိစ္စေ နိစ္စန္တိ အယောနိသော မနသိကာရော၊ ဒုက္ခေ သုခန္တိ အယောနိသော မနသိကာရော၊ အနတ္တနိ အတ္တာတိ အယောနိသော မနသိကာရော၊ အသုဘေ သုဘန္တိ အယောနိသော မနသိကာရော၊ သစ္စဝိပ္ပဋိကုလေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ အယောနိသော မနသိကာရော။ (အဘိ၊၂၊၃၈၇-၃၈၈။)
တတ္ထ ယောနိသော မနသိကာရော နာမ ဥပါယမနသိကာရော ပထမနသိကာရော၊ အနိစ္စာဒီသု အနိစ္စန္တိအာဒိနာ ဧဝ နယေန သစ္စာနုလောမိကေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနွာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ ယောနိသော မနသိကာရောတိ။ (မ၊ဋ္ဌ၊၁၊၆၆။)
အယောနိသော မနသိကာရောတိ အနုပါယမနသိကာရော ဥပ္ပထမနသိကာရော၊ အနိစ္စေ နိစ္စန္တိ ဒုက္ခေ သုခန္တိ အနတ္တနိ အတ္တာတိ အသုဘေ သုဘန္တိ အယောနိသော မနသိကာရော ဥပ္ပထမနသိကာရော။ သစ္စပ္ပဋိကုလေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနွာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ အယောနိသော မနသိကာရောတိ။ (မ၊ဋ္ဌ၊၁၊၆၆-၆၇။)
စိတ္တဿ အာဝဋ္ဋနာတိအာဒီနိ သဗ္ဗာနိပိ အာဝဇ္ဇနေဿဝ ဝေဝစနာနေဝ။
အာဝဇ္ဇနဥှိ ဘဝင်္ဂစိတ္တံ အာဝဋ္ဋေတီတိ စိတ္တဿ အာဝဋ္ဋနာ။ (အဘိ၊ဋ္ဌ၊၂၊၄၈၂။)
ယောနိသောမနသိကာရ ဟူသည် ---
၁။ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု နည်းမှန်လမ်းမှန် နှလုံးသွင်း၏။
၂။ ဤကား ဒုက္ခသမုဒယအရိယသစ္စာတရားတည်းဟု နည်းမှန်လမ်းမှန် နှလုံးသွင်း၏။
၃။ ဤကား ဒုက္ခနိရောဓအရိယသစ္စာတရားတည်း ဟု နည်းမှန်လမ်းမှန် နှလုံးသွင်း၏။
၄။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် = မဂ္ဂအရိယသစ္စာတရားတည်းဟု နည်းမှန်လမ်းမှန် နှလုံးသွင်း၏။ ဤကဲ့သို့သော နှလုံးသွင်းမှုမျိုးကို ယောနိသောမနသိကာရ = နည်းမှန်လမ်းမှန် နှလုံး သွင်းမှုဟု ခေါ်ဆို၏။ (မ၊၁၊၁၁-၁၂။)
ထိုတွင် ယောနိသောမနသိကာရမည်သည်ကား မဂ် ဖိုလ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းဟုတ်သောအားဖြင့် အာရုံကို စိတ်၌ ထားခြင်း, အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်းတည်း။
၁။ အနိစ္စဖြစ်သော ခန္ဓာငါးပါး၌ အနိစ္စဟုလည်းကောင်း,
၂။ ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌ ဒုက္ခဟုလည်းကောင်း,
၃။ အနတ္တဖြစ်သော ခန္ဓာငါးပါး၌ အနတ္တဟုလည်းကောင်း,
၄။ အသုဘဖြစ်သော ခန္ဓာငါးပါး၌ အသုဘဟုလည်းကောင်း,
ဤသို့ စသော နည်းဖြင့်လည်းကောင်း, သစ္စာလေးပါးနှင့် လျော်သော အားဖြင့်လည်းကောင်း ဘဝင်စိတ်ကို အကြင် ပြန်လည်စေတတ်သော အာဝဇ္ဇန်းသည်, အကြင် အဖန်ဖန် ပြန်လည်စေတတ်သော အာဝဇ္ဇန်းသည်, အကြင်နှလုံးသွင်းတတ်သော အာဝဇ္ဇန်းသည်, အကြင် ဘဝင်၏အာရုံမှ တစ်ပါးသော အာရုံကို ကောင်းစွာ ဆောင်တတ်သော အာဝဇ္ဇန်းသည်, အကြင် ဘဝင်၏အာရုံမှ တစ်ပါးသော အာရုံကို စိတ်၌ ထားတတ်သော အာဝဇ္ဇန်း သည် ရှိ၏။ ဤကဲ့သို့ နှလုံးသွင်းတတ်သော အာဝဇ္ဇန်းသည် ယောနိသော မနသိကာရ မည်၏။ (မ၊ဋ္ဌ၊၁၊၆၆။)
ထိုတွင် အယောနိသော မနသိကာရဟူသည် အဘယ်နည်း ---
၁။ အနိစ္စဖြစ်သော ခန္ဓာငါးပါး၌ နိစ္စဟုလည်းကောင်း,
၂။ ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌ သုခဟုလည်းကောင်း,
၃။ အနတ္တဖြစ်သော ခန္ဓာငါးပါး၌ အတ္တဟုလည်းကောင်း,
၄။ အသုဘဖြစ်သော ခန္ဓာငါးပါး၌ သုဘဟုလည်းကောင်း,
ဤသို့လျှင် မဂ် ဖိုလ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် စိတ်၌ထားခြင်း နည်းမှားလမ်းမှား နှလုံးသွင်း ခြင်းတည်း။ တစ်ဖန် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ဖို့ရန် မလျော်သော အားဖြင့် ဘဝင်စိတ်ကို အကြင် ပြန်လည်စေတတ်သော အာဝဇ္ဇန်းသည်, အကြင် အဖန်ဖန် ပြန်လည်စေတတ်သော အာဝဇ္ဇန်းသည်, အကြင် အာရုံကို နှလုံးသွင်းတတ်သော အာဝဇ္ဇန်းသည်, အကြင် ဘဝင်၏အာရုံမှ တစ်ပါးသော အာရုံကို ကောင်းစွာ ဆောင်ထားတတ်သော အာဝဇ္ဇန်းသည်, အကြင် ဘဝင် ၏ အာရုံမှ တစ်ပါးသော အာရုံကို စိတ်၌ ထားတတ်သော အာဝဇ္ဇန်းသည် ရှိ၏၊ ဤကဲ့သို့ နည်းမှားလမ်းမှား နှလုံးသွင်းတတ်သော အာဝဇ္ဇန်းကို အယောနိသော မနသိကာရဟူ၍ ဆိုအပ်၏။ (အဘိ၊၂၊၃၈၇-၃၈၈။ မ၊ဋ္ဌ၊၁၊၆၆-၆၇၊၊)
ဤ အထက်ပါ ရှင်းလင်းချက်များနှင့် အညီ --- ရုပ်တရားဟုလည်းကောင်း, နာမ်တရားဟုလည်းကောင်း, အကြောင်းတရားဟုလည်းကောင်း, အကျိုးတရားဟုလည်းကောင်း, အနိစ္စတရားဟုလည်းကောင်း, ဒုက္ခတရား ဟုလည်းကောင်း, အနတ္တတရားဟုလည်းကောင်း, အသုဘတရားဟုလည်း ကောင်း ရုပ်နာမ် ပရမတ်အာရုံကို နှလုံးသွင်းခြင်းသည် ယောနိသော မနသိ ကာရပင်တည်း။ ရူပါရုံကို ရူပါရုံဟုလည်းကောင်း, ရုပ်တရားဟုလည်းကောင်း, အနိစ္စတရားဟုလည်းကောင်း, ဒုက္ခတရားဟုလည်းကောင်း, အနတ္တတရားဟု လည်းကောင်း, အသုဘတရားဟုလည်းကောင်း နှလုံးသွင်းမှုများသည်လည်း ယောနိသောမနသိကာရပင်တည်း။ ရုပ်နာမ်အားလုံးတို့၌ နည်းတူ သဘော ပေါက်ပါ။
စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော မဟာကုသိုလ်ဇော နာမ်တရား (၃၄)
၁။ အသိစိတ် = စက္ခုအကြည်ဓာတ် အာရုံကို ရယူခြင်းသဘော၊
၂။ ဖဿ = စက္ခုအကြည်ဓာတ် အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော၊
= စက္ခုအကြည်ဓာတ် အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော၊
၃။ ဝေဒနာ = စက္ခုအကြည်ဓာတ် အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊ (သောမနဿ။)
၄။ သညာ = စက္ခုအကြည်ဓာတ် အာရုံကို မှတ်သားခြင်းသဘော၊
၅။ စေတနာ = စက္ခုအကြည်ဓာတ် အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း နှိုးဆော်ပေးခြင်း သဘော၊
၆။ ဧကဂ္ဂတာ = စက္ခုအကြည်ဓာတ် အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက်နေခြင်းသဘော၊
= တည်ငြိမ်နေခြင်းသဘော၊
= သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော၊
၇။ ဇီဝိတ = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊
၈။ မနသိကာရ = စက္ခုအကြည်ဓာတ် အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့်တွန်းပို့ပေးခြင်းသဘော၊
= စက္ခုအကြည်ဓာတ် အာရုံကို နှလုံးသွင်းခြင်းသဘော။
[ဤမျှဆိုလျှင် သဘောပေါက်လောက်ပြီဟု ယူဆသဖြင့် ထူးရာ စေတသိက် အချို့ကိုသာ ဖော်ပြအပ်ပါသည်။ စျာန်နာမ်တရား (၃၄)လုံးနှင့် အာရုံသာ ကွာဟချက် ရှိသည်၊ အမျိုးအစားချင်းကား တူညီလျက်ပင် ရှိသည်။]
၁၅။ သဒ္ဓါ = စက္ခုအကြည်ဓာတ် အာရုံကို ထိုးထွင်းသိသည့် ပညာ သိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်ခြင်းသဘော၊
၃၄။ ပညာ = စက္ခုအကြည်ဓာတ် အာရုံကို ထွင်းဖောက်သိခြင်း သဘော၊
ဤမျှဆိုလျှင် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သဘောပေါက်လောက်ပေပြီ။ စေတသိက် (၅၂)လုံးကို သဘောအဓိပ္ပါယ်နှင့် တကွ ကျေကျေပွန်ပွန် အလွတ်ရအောင် ကျက်ထား ပြီးသူ သူတော်ကောင်းအတွက်ကား အလွန်ကြီး မခက်ခဲတော့ပြီ။ နားအကြည် ဓာတ်စသည့် ရုပ်အစစ် ရုပ်အတုတို့၌လည်း နည်းမှီ၍ သိပါလေ။ ဤ၌ စက္ခု အကြည်ဓာတ်ကို စံထား၍ ဓမ္မာရုံလိုင်း သုဒ္ဓမနောဒွါရဝီထိ အကောင်းအုပ်စု ဇယား တစ်ခုကို ရေးသား တင်ပြထားပါသည်။ အကောင်းအုပ်စု ဟူသည် ကုသိုလ်ဇောများ စောသော ဝီထိကို ဆိုလိုပေသည်။
ဤ၌ ---
၁။ စက္ခုအကြည်ဓာတ်ဟု သိသော စိတ်စေတသိက်,
၂။ ရုပ်တရားဟု သိသော စိတ်စေတသိက်,
၃။ အနိစ္စဟု သိသော စိတ်စေတသိက်,
၄။ ဒုက္ခဟု သိသော စိတ်စေတသိက်,
၅။ အနတ္တဟု သိသော စိတ်စေတသိက်,
၆။ အသုဘဟု သိသော စိတ်စေတသိက် ---
ဤ စိတ်+စေတသိက် = နာမ်တရားတို့ကိုသာ သိမ်းဆည်းရှုပွားနေခြင်း ဖြစ်သည်ကို သဘောပေါက်ပါလေ။
ဤ အထက်ပါဇယား၌ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ် လာသော နာမ်တရားတို့ကို (၂၄)မျိုးသော အခြင်းအရာအားဖြင့် သိမ်းဆည်းပုံကို တင်ပြထား၏။ ယောနိသောမနသိကာရဖြစ်အောင် နှလုံးသွင်း တတ်ပါက ကုသိုလ်ဇောများ စောပုံကို သဘောပေါက်ရန်အတွက် ရည်ရွယ် ၍ ရေးသားတင်ပြထားပါသည်။ ထိုသို့ သိမ်းဆည်း ရှုပွားရာ၌ ရှေးဦးစွာ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် စက္ခုအကြည်ဓာတ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းရှုပွားရန် မမေ့ပါနှင့်။ ရုပ်အစစ် ရုပ်အတု အားလုံး၌ နည်းတူပင် သဘောပေါက်ပါ။ ဤ၌ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ကုသိုလ်ဇောများ ပါဝင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များကို ရှုပုံစနစ် တစ်ခုကို ပုံစံအဖြစ် ရေးသားတင်ပြအပ်ပါသည်။
မနောဒွါရိက ကုသိုလ်ဇောဝီထိ စိတ်အစဉ်ကို သိမ်းဆည်းရှုပွားပုံ
၁။ မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို သို့မဟုတ် မိမိ နှစ်ခြိုက်ရာ အမြင့်ဆုံး သမာဓိကို ပြန်လည် ထူထောင်ပါ။
၂။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၃။ (ပရမတ်) စက္ခုအကြည်ဓာတ်ကို လှမ်းအာရုံယူပါ။
ထို စက္ခုအကြည်ဓာတ်အာရုံသည် ဘဝင်မနောအကြည်ဓာတ် = မနော ဒွါရ၌ ထင်လာသောအခါ ရှေးရှုကျရောက်လာသောအခါ မနောဒွါရိက ဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထို ဝီထိစိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ---
၁။ စက္ခုအကြည်ဓာတ်ဟု ဆုံးဖြတ်သောအခါ,
၂။ စက္ခုအကြည်ဓာတ်ကို ရုပ်တရားဟု ဆုံးဖြတ်သောအခါ,
၃။ ထို စက္ခုအကြည်ဓာတ်၏ ဖြစ်ခြင်း ပျက်ခြင်း သဘောကို (အပျက် သဘောကို ) အာရုံယူ၍ အနိစ္စဟု ဆုံးဖြတ်သောအခါ = ရှုသောအခါ,
၄။ ထို စက္ခုအကြည်ဓာတ်၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် (အပျက် ဒဏ်ချက်ဖြင့် ) အညှဉ်းပန်း အနှိပ်စက်ခံရသည့် သဘောကို အာရုံ ယူ၍ ဒုက္ခဟု ဆုံးဖြတ်သောအခါ = ရှုသောအခါ,
၅။ ထိုစက္ခုအကြည်ဓာတ်၏ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ် သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် သဘောကို အာရုံ ယူ၍ အနတ္တဟု ဆုံးဖြတ်သောအခါ = ရှုသောအခါ,
၆။ ထို စက္ခုအကြည်ဓာတ်၏ မကောင်းသော အဆင်းအနံ့ စသည်တို့နှင့် ရောနှောနေသည့် ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူ၍ အသုဘ ဟု ဆုံးဖြတ်သောအခါ = ရှုသောအခါ,
ယောနိသောမနသိကာရ ဖြစ်၍ နှလုံးသွင်းမှန်၍ ကုသိုလ်ဇောများ စောမည် ဖြစ်ပါသည်။ ထို (၆)မျိုးသော ယောနိသောမနသိကာရတို့တွင် အသင် သူတော်ကောင်းသည် နံပါတ်တစ် ဖြစ်သည့် စက္ခုအကြည်ဓာတ်ဟု သိနေသော မနောဒွါရိက ဇောဝီထိ စိတ်အစဉ်များကို ေ့ရှဦးစွာ စတင်၍ သိမ်းဆည်းကြည့်ပါ။ အသိစိတ် ဝိညာဏ်က စ၍ ဖြစ်စေ, ဖဿက စ၍ ဖြစ်စေ, ဝေဒနာက စ၍ ဖြစ်စေ သိမ်းဆည်းနိုင်ပါသည်။
အကယ်၍ အသိစိတ် = ဝိညာဏ်က စ၍ သိမ်းဆည်းခဲ့သော် ယင်း အသိစိတ်တို့မှာ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် အနေဖြင့် ဖြစ်ပေါ်နေပုံကို ကြိမ်ဖန်များစွာ ဉာဏ်ဖြင့် မြင်အောင် လေ့ကျင့်ပါ။ ဘဝင်မနောအကြည်ဓာတ်ဟူသော မနောဒွါရ၌ စက္ခုအကြည်ဓာတ် အာရုံ သည် ရှေးရှု ကျရောက်နေသောအခါ = ထင်နေသောအခါ ယင်း မနောဒွါရကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီ၍ ယင်း မနောဒွါရိက ဇောဝီထိ စိတ်အစဉ် များသည် တစ်ဝီထိနှင့် တစ်ဝီထိအကြားတွင် ဘဝင်များခြားလျက် ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် စေတသိက်များကို တစ်လုံးစီ တစ်လုံးစီ တစ်စတစ်စ တိုး၍ တိုး၍ --- [အသိစိတ်-ဖဿ (၂)လုံး (၂)လုံး, အသိစိတ်-ဖဿ-ဝေဒနာ (၃)လုံး (၃)လုံး, အသိစိတ်-ဖဿ-ဝေဒနာ-သညာ (၄)လုံး (၄)လုံး --- ဤသို့ စသည်ဖြင့် တစ်စတစ်စ တိုး၍ တိုး၍] မနောဒွါရာဝဇ္ဇန်း၌ (၁၂)လုံး, ဇော အသီးအသီး၌ (၃၄)လုံးစီ, တဒါရုံ အသီးအသီး၌ (၃၄)လုံးစီ ပြည့်သည်တိုင်အောင် စိတ္တက္ခဏတိုင်း၌ ပြိုင်တူဖြစ်မှုကို မြင်အောင် လေ့ကျင့်ပါ။ ထိုသို့ လေ့ကျင့်ရာ၌ နာမ်တရားများမှာ မထင်မရှား ဖြစ်လာ ပါက စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ပြန်လည် ထူထောင်ပါ။ ဉာဏ်လင်းရောင်ခြည်များ အားကောင်းလာသောအခါ မိမိ ရှုပွားနေသည့် စက္ခုအကြည် ဓာတ်ကဲ့သို့သော အာရုံနှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲ သိမ်းဆည်း ကာ နာမ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ သိမ်းဆည်းပါ။ ဘဝင်မနောအကြည် = မနောဒွါရနှင့် အာရုံကို ပူးတွဲကာ သိမ်းဆည်းလျက် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ နာမ်တရားများ မထင်ရှားတိုင်း ဤစနစ်ကို အသုံးပြုပါ။ ဉာဏ်ဖြင့် မြင်အောင် ရှုနိုင်သောအခါ ယင်းနာမ်တရားတို့၏ စက္ခုအကြည်ဓာတ် အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းနေသော သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ နာမ်တရား နာမ်တရားဟု သိမ်းဆည်းပါ။ ကြွင်းကျန်သော ယောနိသောမနသိကာရ အသီးအသီး၌လည်း နည်းတူ ရှုပါ။ ထိုသို့ ရှုရာ၌ ဇောနှင့် တဒါရုံတို့တွင် ---
၁။ ရံခါ ဉာဏ်+ပီတိ နှစ်မျိုးလုံး ယှဉ်၏၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ်တည်း။
၂။ ရံခါ ဉာဏ်သာယှဉ်၍ ပီတိ မယှဉ်သည်လည်း ရှိ၏။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ်တည်း။
၃။ ရံခါ ဉာဏ် မယှဉ် ပီတိ ယှဉ်သည်လည်း ရှိ၏၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာကုသိုလ်စိတ်တည်း။
၄။ ရံခါ ဉာဏ် မယှဉ် ပီတိ မယှဉ်သည်လည်း ရှိ၏၊ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာကုသိုလ်စိတ်တည်း။
အားလုံးပေါင်းသော် (၄)ချက် ဖြစ်သည်။
စက္ခုအကြည်ဓာတ်ကို စက္ခုအကြည်ဓာတ်ဟု ရှုရာ၌ ဉာဏ်-ပီတိ ယှဉ်- မယှဉ်သို့ လိုက်၍ (၄)ချက် လှည့်ရှုရမည် ဖြစ်သည်။ အလားတူပင် စက္ခု အကြည်ဓာတ်ကို ရုပ်တရားဟု ရှုရာ, အနိစ္စဟု ရှုရာ, ဒုက္ခဟု ရှုရာ, အနတ္တ ဟု ရှုရာ, အသုဘဟု ရှုရာတို့၌လည်း (၄)ချက်စီပင် ရှုပါ။ အားလုံးပေါင်း သော် (၂၄)ကြိမ် ဖြစ်သည်။
ဤ မဟာကုသိုလ်စိတ်၌ သသင်္ခါရိက (၄)မျိုး , အသင်္ခါရိက (၄)မျိုး နှစ်ရပ်ပေါင်းသော် မဟာကုသိုလ်စိတ် (၈)မျိုးရှိ၏။ သသင်္ခါရိက = တိုက်တွန်း မှုရှိသော စိတ်, အသင်္ခါရိက = တိုက်တွန်းမှု မရှိသောစိတ်တို့၌ သသင်္ခါရိက အသင်္ခါရိကကို အကြောင်းပြု၍ စိတ်စေတသိက် အရေအတွက် မကွဲပြား သဖြင့် ဤစာမူ၌ အထက်ပါအတိုင်း (၄)ချက်သာ ရှုကွက်ကို ဖော်ပြထားပေ သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ရှုနေရင်းပင် တဖြည်းဖြည်း အသင်္ခါရိက သသင်္ခါရိက သဘောတရားများကို သဘောပေါက်လာလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ သသင်္ခါရိက၌ ရှုကွက် (၄)ချက်, အသင်္ခါရိက၌ ရှုကွက် (၄)ချက်, နှစ်ရပ်ပေါင်းသော် မဟာကုသိုလ်စိတ် (၈)မျိုး ရှုကွက် ဖြစ်သည်။ ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန်၌သာဖြစ်ကြသော မဟာကြိယာစိတ်တို့ ၌လည်း နည်းတူပင်တည်း။
တဒါရုံအကြောင်း သိကောင်းစရာ
ယေဘုယျအားဖြင့် ကာမဇော, ကာမသတ္တဝါ, ပဉ္စဒွါရ၌ အတိမဟန္တာရုံ မနောဒွါရ၌ ဝိဘူတာရုံ ဟူသော ကာမအာရုံ ဖြစ်ပါမှသာလျှင် တဒါရုံ ကျခွင့်ရှိ၏ တဒါရုံကျနိုင်၏။ ကာမအာရုံဟူသည် ကာမတရား အမည်ရသော ကာမစိတ်စေတသိက်နှင့် ရုပ် (၂၈)ပါးတို့ဖြစ်ကြသည်။ ကာမာဝစရသတ္တဝါ တို့၏ သန္တာန်ဝယ် ကာမာဝစရ စိတ်စေတသိက်ဟူသော ကာမတရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကာမာဝစရ မနောဒွါရိက ဇောဝီထိတို့ဝယ် ကာမဇောများ၏ နောင်၌ တဒါရုံကျနိုင်၏။ ရုပ် (၂၈)ပါးသည်လည်း ကာမ တရားအမည်ရသဖြင့် ရုပ် (၂၈)ပါးကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝီထိ စိတ်အစဉ်များဝယ် ကာမဇောများ၏ နောင်၌လည်း တဒါရုံကျနိုင်၏။ သို့သော် စက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိများ၌ အာရုံသည် အတိမဟန္တာရုံ ဖြစ်ပါမှ မနောဒွါရဝီထိများ၌ ဝိဘူတာရုံ ဖြစ်ပါမှသာလျှင် တဒါရုံ ကျနိုင်၏၊ ထိုကြောင့် ယေဘုယျဟု ဆိုခြင်း ဖြစ်သည်။ ဤ သတ်မှတ်ချက်အရ ပညတ်များကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်များ၌ ဇောနောင်၌ တဒါရုံ မကျနိုင်ဟု မှတ်ပါ။
တစ်ဖန် ဝိဘင်းပါဠိတော်၏ အဖွင့်ဖြစ်သော သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး၌ ဤသို့ ဖွင့်ဆိုထား၏။
တိလက္ခဏာရမ္မဏိကဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၇။)
လက္ခဏာရေးသုံးတန်လျှင် အာရုံရှိသော တိလက္ခဏာရမ္မဏိက ဝိပဿနာဇောများ၏ နောင်၌ တဒါရုံကို မရအပ် မရနိုင်။ (အဘိ၊ဋ္ဌ၊၂၊၁၄၇။)
ဝိပဿနာဇောများ၏ နောင်၌ တဒါရုံမကျနိုင်ဟူသော ဤအဆိုအမိန့် မှာ အားကောင်းနေသော ဗလဝဝိပဿနာဇောများ၏ နောင်၌သာ တဒါရုံ မကျနိုင်ဟု ဆိုလိုကြောင်းကို ဆရာမြတ်တို့က မိန့်ဆိုတော်မူကြ၏။ အောက်ပါ ပါဠိတော် အဋ္ဌကထာ ကျမ်းဂန် အဆိုအမိန့်များကို ကိုးကားတော်မူကြ၏။
သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ၊ ကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ (ပဋ္ဌာန၊၁၊၁၃၃။)
ကုသလေ နိရုဒ္ဓေတိ ဝိပဿနာဇဝနဝီထိယာ ပစ္ဆိန္နာယ။ ဝိပါကောတိ ကာမာဝစရဝိပါကော။ တဒါရမ္မဏတာတိ တဒါရမ္မဏတာယ။ တံ ကုသလဿ ဇဝနဿ အာရမ္မဏဘူတံ ဝိပဿိတကုသလံ အာရမ္မဏံ ကတွာ ဥပ္ပဇ္ဇတီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၃၊၄၃၆။)
သေက္ခ အရိယာသူတော်ကောင်းတို့သည်လည်းကောင်း, ပုထုဇန်သူတော်ကောင်းတို့သည်လည်းကောင်း ကုသိုလ်တရားကို = ကုသိုလ်နာမ်တရား စုကို အနိစ္စဟုလည်းကောင်း ဒုက္ခဟုလည်းကောင်း အနတ္တဟုလည်းကောင်း လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်တော်မူကြ၏။ ယင်း ဝိပဿနာကုသိုလ်ဇော၏ နောင်၌ ယင်း ဝိပဿနာကုသိုလ်ဇော၏ အရှုခံ အာရုံဖြစ်သော ကုသိုလ်တရားကိုပင် (= ဇော ယူထားသည့် အာရုံကိုပင်) အာရုံပြု၍ ကာမာဝစရ ဝိပါက်နာမ်တရားသည် ဝိပဿနာဇောက ယူထား သည့် ဝိပဿနာဉာဏ်၏ အရှုခံ ကုသိုလ်အာရုံကိုပင် အာရုံပြုခြင်းတည်း ဟူသော တဒါရုံကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာ၏။ (ပဋ္ဌာန၊၁၊၁၃၃။ အဘိ၊ဋ္ဌ၊၃၊၄၃၆။)
ဤ၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံမှာ ကုသိုလ်တရား ဖြစ်၏။ ရှု တတ်သော ဝိပဿနာဇော စိတ်အစဉ်မှာလည်း ကုသိုလ်တရားပင် ဖြစ်၏။အရှုခံအာရုံမှာလည်း ကာမာဝစရကုသိုလ်တရား ဖြစ်၍ ရှုတတ်သော ဝိပဿနာဇောမှာလည်း ကာမာဝစရ မဟာကုသိုလ်ဇောပင် ဖြစ်၏။ ကာမဇော, ကာမသတ္တဝါ, ကာမအာရုံဟူသော အင်္ဂါသုံးရပ် ညီနေ၏။ ယင်းဝိပဿနာ ဇော၏ နောင်၌ တဒါရုံကျနိုင်ကြောင်း ဒေသနာတော်လည်း ထင်ရှားရှိနေ၏။ ယင်းဒေသနာတော်မှာ နုနယ်နေသေးသော တရုဏ ဝိပဿနာဇောကို ရည်ညွှန်းထားသည်ဟု ဆရာမြတ်တို့က မိန့်ဆိုတော်မူကြ၏။ (မူလဋီ၊၁၊၁၃၁ - ကြည့်ပါ။)
ယခု ဤအပိုင်းကား ကာမတရား အမည်ရသည့် ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းနေသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းမျှသာ ရှိနေသေး၏။ တကယ့်ဝိပဿနာပိုင်းသို့ပင် မရောက် ရှိသေးပေ။ ဤရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းနေသည့် ဤအပိုင်းဝယ် ရူပပရိဂ္ဂဟဉာဏ်ဟူသော ယင်းမဟာ ကုသိုလ်ဇောနာမ်တရားများ၏ နောင်၌လည်း တဒါရုံများသည် ယင်း ရုပ် တရားအာရုံက ထင်ရှားသည့် ဝိဘူတာရုံ ဖြစ်ပါက ကျနိုင်သည်ဟုပင် မှတ်ပါ။
တစ်ဖန် မဟာကုသိုလ်ဇောများ၏ နောင်၌ မဟာဝိပါက်တဒါရုံများ သည်လည်း သောမနဿနှင့် ဥပေက္ခာ ထိုက်သလို ကျနိုင်၏။ အလားတူပင် အဟိတ် သန္တီရဏ တဒါရုံများလည်း ထိုက်သလို ကျနိုင်၏။ အကုသိုလ်ဇော များ၏ နောင်၌လည်း မဟာဝိပါက် တဒါရုံများနှင့် အဟိတ် သန္တီရဏတဒါရုံ များသည် ထိုက်သလိုကျနိုင်၏။ ဤစာမူ အထက်ပါဇယားတွင်ကား မဟာ ဝိပါက် တဒါရုံတို့ကိုသာ ယေဘုယျစည်းကမ်းသို့ လိုက်၍ တင်ပြထားပါသည်။ ပုံစံတစ်ခုကို ထုတ်ပြခြင်းမျှသာ ဖြစ်သည်။ ကျန်သည့်အပိုင်းများကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှုရင်းဖြင့် တဖြည်းဖြည်း သဘောပေါက်လာလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ ယေဘုယျစည်းကမ်းသို့ လိုက်၍ သောမနဿဇော နောင်၌ သောမနဿတဒါရုံကိုလည်းကောင်း, ဥပေက္ခာဇောနောင်နှင့် ဒေါမနဿဇောနောင်၌ ဥပေက္ခာတဒါရုံကိုလည်းကောင်း ချပြထားပါသည်။
မဟာဝိပါက်စိတ် (၈)မျိုးနှင့် သန္တီရဏစိတ် (၃)မျိုး = ပေါင်း (၁၁) မျိုးသော စိတ်တို့သည် ဇောယူသည့် အာရုံကို ဆက်လက်ခံယူခြင်း ဟူသော တဒါရုံကိစ္စကို ရွက်ဆောင်နိုင်ကြသည့်အတွက် တဒါရုံဟူသော အမည်ကို ရရှိကြသည်။ ဤတွင် တိဟိတ် ပုထုဇန်ပုဂ္ဂိုလ်ဖြစ်ကြသည့် ယောဂီသူတော်ကောင်းများအတွက် အထူးရည်ရွယ်၍ ဇောနောင်၌ကျနိုင်သည့် တဒါရုံဇယား တစ်ခုကို ဖော်ပြအပ်ပါသည်။ သောတာပန် သကဒါဂါမ် အနာဂါမ် သူတော် ကောင်းတို့သည်လည်း မိမိတို့ ပယ်ပြီး ကိလေသာများကို နှုတ်ပယ်၍ နည်းတူ ပင် မှတ်ယူနိုင်ပါသည်။
တိဟိတ် ပုထုဇန်များအတွက် တဒါရုံဇယား
ဝိပါက်အမှန် ဇောအပြန်
၁။ သဘာဝဣဋ္ဌာရုံ သဘာဝအတိဣဋ္ဌာရုံများကို ရှေးကုသိုလ်ကံကြောင့်သာ တွေ့ရသောကြောင့် ဣဋ္ဌမဇ္ဈတ္တခေါ်သော အလယ်အလတ်ဖြစ်သော သဘာဝဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ အာဝဇ္ဇန်းနှင့် ဇောမှ တစ်ပါးသော ဝီထိစိတ်များသည် မဟာဝိပါက်စိတ်နှင့် အဟိတ် ကုသလဝိပါက်စိတ်တို့သာ ဖြစ်ကြရသည်။ (ပဉ္စဒွါရ၌ --- ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ, မနောဒွါရ၌ တဒါရုံတို့ကို ရည်ညွှန်းထားသည်။) ဇောမှာ ယောနိသော မနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော စော၍ အယောနိသောမနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စောနိုင်သည်။
၂။ ဘုရား အစရှိသော သဘာဝအတိဣဋ္ဌာရုံ = သဘာဝအတိုင်း အလွန် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော အာရုံနှင့် တွေ့ကြုံသောအခါ ကုသလ ဝိပါက် သောမနဿ တဒါရုံ (၅)မျိုးသာ ကျနိုင်သည်။ ဇောမှာ ယောနိသော မနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော စောနိုင်၍ အယောနိသောမနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စောနိုင်သည်။
၃။ သဘာဝအနိဋ္ဌာရုံများကို ရှေးအကုသိုလ်ကံကြောင့်သာ တွေ့ကြုံရ သည် ဖြစ်၍ ထိုအနိဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ ဇောမှာ ယောနိသော မနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော, အယောနိသော မနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စော၍ ပဉ္စဒွါရဝီထိ၌ စက္ခုဝိညာဏ် စသည့် ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ, မနောဒွါရဝီထိ၌ တဒါရုံများသည် အဟိတ် အကုသလဝိပါက်စိတ်ချည်း ဖြစ်ရမည်။ ဤသတ်မှတ်ချက်အရ အနိဋ္ဌာရုံ၌ အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ တစ်မျိုးသာ ကျသည်ဟု မှတ်ပါ။
ဇယားဟူသည် ယေဘုယျ စည်းကမ်းသို့ လိုက်၍ ခြုံငုံ၍သာ ရေးသား တင်ပြထားခြင်း ဖြစ်၏။ ထိုကြောင့် သောမနဿဇောနောင်၌ သောမနဿ တဒါရုံ, ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံ, ဒေါမနဿဇောနောင်၌ ဥပေက္ခာတဒါရုံဟူသည်မှာလည်း ယေဘုယျပင် ဖြစ်သည်။ သောမနဿ ဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေတည်နေခဲ့သော သတ္တဝါတစ်ဦး၏ ဘဝင်မှာ လည်း ယင်းပဋိသန္ဓေနှင့် မျိုးတူ သောမနဿဘဝင်သာ ဖြစ်၏။ ထို သောမနဿပဋိသန္ဓေ တည်နေခဲ့ရသော သတ္တဝါတစ်ဦး၏ သန္တာန်ဝယ် ပဝတ္တိအခါ ဝယ် ဒေါသဇော စောလေရာ ယင်းဒေါသဇော၏ နောင်၌ တစ်စုံတစ်ခုသော အကြောင်းကြောင့် အကယ်၍ တဒါရုံ ကျခွင့်ကို မရခဲ့သော် ထုံးစံအတိုင်း ဆိုလျှင် ဒေါသဇော၏ နောင်၌ ဘဝင် ကျရတော့မည်။ ဘဝင်ကျပြန်လျှင် လည်း တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိတို့သည် တစ်ထပ်တည်း တူကြရလေ သောကြောင့် သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်၍ သောမနဿဘဝင် ကျရပေလိမ့်မည်။ ထို သောမနဿဘဝင်ကား ဒေါသ ဇောနှင့် မလိုက်လျောနိုင်ချေ။ ဤကဲ့သို့ အခက်အခဲ တွေ့ကြုံနေသည့်အခါ ဒေါသဇောနှင့် သောမနဿဘဝင်တို့၏ အကြားဝယ် ဆက်သွယ်ပေးဖို့ရန် ဥပေက္ခာသဟဂုတ် သန္တီရဏ စိတ်နှစ်မျိုးတို့တွင် အနိဋ္ဌာရုံဖြစ်က အကုသလ ဝိပါက်, ဣဋ္ဌာရုံ အတိဣဋ္ဌာရုံဖြစ်က ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တစ်မျိုးမျိုးသည် အာဂန္တုကဘဝင်ကိစ္စကို တပ်လျက် ဖြစ်ပေါ်လာ၏။
အာဂန္တုကဘဝင် --- ပဋိသန္ဓေစိတ်၏ နောက်မှ စ၍ ဖြစ်ခဲ့ကြသော ဘဝင်တို့သည် ပဋိသန္ဓေစိတ်နှင့် တစ်ထပ်တည်း တူညီကြ၏။ ထိုကြောင့် ယင်းဘဝင်တို့မှာ ခန္ဓာအိမ် ပေါ်စကပင် ခန္ဓာအိမ်၌ တည်ရှိသော ဘဝင် များတည်း။ ထိုကြောင့် ထိုဘဝင်များကို အာဝါသိကဘဝင် = အိမ်ရှင်ဘဝင် ဟု ခေါ်ဆိုသည်။ ဤ ဥပေက္ခာသန္တီရဏကိုကား ယခုကဲ့သို့ အခက်အခဲ ကြုံတွေ့ရာ တစ်ရံတစ်ခါမှ ဖြစ်ပေါ်လာသောကြောင့် အာဂန္တုကဘဝင် = ဧည့်သည်ဘဝင်ဟု ခေါ်ဆိုသည်။ ယင်း အာဂန္တုကဘဝင်သည် ဇောယူသည့် အာရုံကို မယူသည့်အတွက် တဒါရုံဟူသော အမည်ကို မရ။ မူလ အာဝါသိက ဘဝင်က ယူထားသော အာရုံကိုလည်း မယူနိုင်သဖြင့် ရှေးက လေ့ကျက်ခဲ့ဖူးသော ကာမအာရုံတစ်ခုခုကိုသာလျှင် အာရုံပြုပေသည်။ ထိုအလေ့အကျက် များသော = များစွာ စိတ်ဝင်စားထားသော အာရုံသည် ဣဋ္ဌာရုံဖြစ်အံ့၊ ကုသလ ဝိပါက် ဥပေက္ခာသန္တီရဏစိတ် ဖြစ်၏၊ အနိဋ္ဌာရုံ ဖြစ်အံ့၊ အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ဖြစ်၏။
၁။ သောမနဿပဋိသန္ဓေ တည်နေခဲ့၍ မိစ္ဆာအယူရှိသူသည် ဘုရား အစ ရှိသော အတိဣဋ္ဌ ဖြစ်သော အတိမဟန္တာရုံ သို့မဟုတ် ဝိဘူတာရုံကို အာရုံ ပြုလျက် ဒေါသဇော စောခဲ့သော်လည်းကောင်း, သို့မဟုတ် သောမနဿ ပဋိသန္ဓေ တည်နေသူ၏ အတိဣဋ္ဌ ဖြစ်သော နတ်သမီးစသော အတိမဟန္တာရုံ ဝိဘူတာရုံများကို အာရုံပြုလျက် ကြောက်ရွံ့ထိတ်လန့်သောအားဖြင့် ဒေါသ ဇော စောခဲ့သော်လည်းကောင်း ယင်း ဒေါသဇော၏ နောင်၌ တဒါရုံကျခွင့် မရ။ တဒါရုံကျလျှင်လည်း အတိဣဋ္ဌာရုံ၌ သောမနဿတဒါရုံသာ ကျရိုး ဓမ္မတာ ရှိ၏။ ထိုသောမနဿတဒါရုံသည် ဒေါသဇောနောင်၌ မဖြစ်ထိုက်။
၂။ သောမနဿပဋိသန္ဓေ တည်နေသူ၏ သန္တာန်၌ မဟန္တာရုံ အဝိဘူတာရုံ ဖြစ်သည့် ကာမအာရုံကို အာရုံပြု၍ ဒေါသဇော စောလျှင် ထို ဒေါသဇော နောင်၌ တဒါရုံ မကျထိုက်။ ပဉ္စဒွါရ၌ အတိမဟန္တာရုံ, မနောဒွါရ၌ ဝိဘူတာရုံ ဖြစ်ပါမှ တဒါရုံကျခွင့် ရှိ၏။
၃။ သောမနဿပဋိသန္ဓေ နေခဲ့သော ယောဂါဝစရပုဂ္ဂိုလ်သည် စျာန်ကို ရရှိပြီးမှ ယင်းစျာန်က လျှောကျသဖြင့် ထိုလျှောကျလေပြီးသော မဟဂ္ဂုတ် စျာန်ကို အာရုံပြုလျက် ငါ၏ မွန်မြတ်သော တရားသည် ပျက်ပြားခဲ့ချေပေါ့ ဟု ဒေါသဇော ဖြစ်သည့်အခါ မဟဂ္ဂုတ်အာရုံ ဖြစ်၍ တဒါရုံ မကျထိုက်။
၄။ သောမနဿပဋိသန္ဓေ နေခဲ့သော ပုဂ္ဂိုလ်သည် ပညတ်အာရုံတစ်ခုခုကို အာရုံပြုလျက် ဒေါသဇော စောပြန်လျှင် ထိုပညတ်ကို အာရုံပြု၍ တဒါရုံ မကျထိုက်။ ကာမအာရုံ မဟုတ်သောကြောင့်တည်း။
ဤသို့ တဒါရုံ ကျခွင့်မရသော ဇောဝါရတို့၌ ဒေါသဇောနောင်ဖြစ်၍ ပဋိသန္ဓေနှင့် အလားတူသော သောမနဿ မူလဘဝင်လည်း မကျနိုင် ဖြစ် နေ၏။ ထိုသို့ တဒါရုံလည်းမကျ ဘဝင်လည်း မကျနိုင်သဖြင့် အခက်အခဲ ကြုံသည့်အခါ ဒေါသဇောနှင့် သောမနဿမူလဘဝင်တို့၏ အကြားဝယ် ဆက်သွယ်ပေးဖို့ရာ အာဂန္တုကဘဝင် ကိစ္စ တပ်လျက် ဥပေက္ခာသဟဂုတ် သန္တီီရဏစိတ်သည် ဖြစ်ရလေသည်။
ဤအထက်ပါ အရပ်ရပ်သော အဆိုအမိန့်တို့နှင့် အညီ တဒါရုံ တစ်ခုကို သဘောပေါက်စေရန် ဓမ္မာရုံလိုင်း သုဒ္ဓမနောဒွါရဝီထိ အကောင်းအုပ်စု ဇယား တစ်ခုကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ ဤဇယားကို နည်းမှီ၍ ကြွင်းကျန်သော ဇယားတို့၌လည်း နည်းတူ သဘောပေါက်ပါ။ သောမနဿ ဇောနောင်၌ သောမနဿတဒါရုံ, ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံ များကို အလိုရှိအပ်သည့် ယေဘုယျစည်းကမ်းကိုလည်း မမေ့ပါနှင့်။ သို့သော် အာရုံသည် အနိဋ္ဌာရုံဖြစ်က ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံဟူသော ဝိပါက်စိတ်တို့သည် အကုသလဝိပါက်စိတ်ချည်း ဖြစ်ရမည် ဟူသော စည်းကမ်းအရမူ အနိဋ္ဌာရုံ၌ သောမနဿဇော စောစေကာမူ တဒါရုံ၌ အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တစ်မျိုးသာ ကျနိုင်သဖြင့် နာမ်တရား (၁၁) ဟု ဖော်ပြထားပါသည်။ သို့သော် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ၌လည်း နာမ်တရား (၁၁)လုံးပင် ရှိပေသည်။ (ရူပါရုံလိုင်းဇယားတွင် ကြည့်ပါ။) ထိုကြောင့် ဇယား၌ (၁၁)ဟု တွေ့လျှင် အနိဋ္ဌာရုံ၌ အကုသလဝိပါက် ဥပေက္ခာ သန္တီရဏ, ဣဋ္ဌာရုံ၌ ကုသလဝိပါက် ဥပေက္ခာသန္တီရဏဟု မှတ်ပါ။
ဤ အထက်ပါဇယား၌ သောမနဿဇောနောင်၌ သောမနဿတဒါရုံ, ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံကို ချပြထားပါသည်။ ယောနိသောမနသိကာရ ရှိနေသူအဖို့ အနိဋ္ဌာရုံနှင့် တွေ့ကြုံရစေကာမူ ယောနိသောမနသိကာရ ဖြစ်နေသဖြင့် ဇော၌ သောမနဿ ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏။ သို့သော် တဒါရုံ၌ကား အာရုံက အနိဋ္ဌာရုံ ဖြစ်နေသဖြင့် အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံသာ ကျခွင့် ရှိတော့၏။
အကယ်၍ အာရုံသည် ဣဋ္ဌမဇ္ဈတ္တဟူသော ဣဋ္ဌာရုံ ဖြစ်နေပါက ယော နိသောမနသိကာရ ရှိနေသဖြင့် ဇောမှာ သောမနဿ ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏။ သဟိတ် မဟာဝိပါက်တဒါရုံ အဟိတ် ကုသလဝိပါက်တဒါရုံ ထိုက် သလို ကျနိုင်၏။ သဟိတ် အဟိတ် တဒါရုံနှစ်မျိုးလုံး ဝီထိစဉ်တစ်ခု အတွင်း၌ ကျနိုင်သည်ဟုကား အယူအဆ မမှားစေလိုပါ။ ဝီထိစဉ်တစ်ခု၏ အတွင်း၌ သဟိတ် မဟာဝိပါက်တဒါရုံသော်လည်းကောင်း, အဟိတ် ကုသလဝိပါက် တဒါရုံသော်လည်းကောင်း တစ်မျိုးမျိုးသာ ကျနိုင်သည်ဟု မှတ်ပါ။ အကယ်၍ ဇောသည် မဟာကုသိုလ်ဉာဏသမ္ပယုတ် သောမနဿဇော ဖြစ်အံ့၊ တဒါရုံ သည်လည်း မဟာဝိပါက် ဉာဏသမ္ပယုတ် သောမနဿတဒါရုံသော်လည်း ကောင်း, အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံသော်လည်း ကောင်း တစ်ခုခု ကျနိုင်၏။ အကယ်၍ ဇောသည် မဟာကုသိုလ် ဉာဏသမ္ပယုတ် ဥပေက္ခာဇော ဖြစ်အံ့၊ တဒါရုံသည်လည်း မဟာဝိပါက် ဉာဏသမ္ပယုတ် ဥပေက္ခာတဒါရုံသော်လည်းကောင်း, အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံသော်လည်းကောင်း တစ်မျိုးမျိုးသည် ဖြစ်နိုင်၏။ ဉာဏဝိပ္ပယုတ် သောမနဿ, ဉာဏဝိပ္ပယုတ် ဥပေက္ခာတို့၌လည်း နည်းမှီး၍ သဘောပေါက်ပါ။ ဉာဏ်မပါသည်သာ ထူး၏။
အကယ်၍ အာရုံသည် အလွန်အလိုရှိအပ်သော အတိဣဋ္ဌာရုံ ဖြစ်ခဲ့ လျှင် ယောနိသောမနသိကာရ ဖြစ်နေသဖြင့် ဇော၌ သောမနဿ ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏၊ သို့သော် သောမနဿ အဖြစ်များတတ်ပေသည်။ တဒါရုံ၌ကား မဟာဝိပါက် သောမနဿတဒါရုံ (၄) မျိုးနှင့် အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ (၁)မျိုး --- ပေါင်း (၅)မျိုးသော တဒါရုံတို့တွင် တစ်မျိုးမျိုးသည် ထိုက်သလို ကျနိုင်၏။
ဤ ရှင်းလင်းချက်များနှင့် အညီ ဇယားတွင် အဟိတ်တဒါရုံ၌ --- ၁၂^၁၁ --- ဟုလည်းကောင်း --- ၁၁^၁၁ --- ဟုလည်းကောင်း ဖော်ပြထား၏။ေ့ရှဂဏန်း (၁၂)မှာ အဟိတ်ကုသလဝိပါက် သောမနဿတဒါရုံ နာမ်တရား စုကို ဆိုလို၏။ တစ်ဖန် ေ့ရှဂဏန်း (၁၁)မှာ အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တီရဏတဒါရုံ နာမ်တရားစုကို ဆိုလို၏။ နောက်ဂဏန်း (၁၁)မှာ အနိဋ္ဌာ ရုံနှင့် တွေ့ကြုံခိုက် ဖြစ်ပေါ်လာသော အဟိတ် အကုသလဝိပါက် ဥပေက္ခာ သန္တီရဏတဒါရုံ နာမ်တရားစုကို ဆိုလို၏။
ပုံစံတူ ရှုရန် ရုပ်အစစ်များ
၁။ သောတအကြည် ၆။ ဣတ္ထိဘာဝရုပ်
၂။ ဃာနအကြည် ၇။ ပုရိသဘာဝရုပ်
၃။ ဇိဝှါအကြည် ၈။ ဟဒယဝတ္ထုရုပ်
၄။ ကာယအကြည် ၉။ ဇီဝိတရုပ်
၅။ အာပေါဓာတ် ၁၀။ ဩဇာရုပ်
ဓမ္မာရုံလိုင်း စာရင်းဝင် ရုပ်အစစ်များမှာ စက္ခုအကြည်ဓာတ်နှင့် တကွ အားလုံး (၁၁)မျိုး ရှိ၏။ မိမိ ရှုလိုသည့် အာရုံပြုလိုသည့် ရုပ်တရား ပါဝင် နေသည့် ဆိုင်ရာ ဆိုင်ရာ ရုပ်ကလာပ်တစ်ခုခုကို ဓာတ်ခွဲ၍ မိမိ အာရုံပြုလို သော ရုပ်အစစ်ကို ရွေးထုတ်၍ အာရုံယူကာ ယင်းရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ထိုတွင် အဇ္ဈတ္တ၌ အမျိုးသားယောဂီသည် ပုရိသဘာဝရုပ် = ပုမ္ဘာဝရုပ်ကို, အမျိုးသမီး ယောဂီသည် ဣတ္ထိဘာဝရုပ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရား ကိုသာ သိမ်းဆည်းရှုပွားရန် ဖြစ်သည်။ ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်း တူညီ၍ သာမန် ပေါင်းစုခြုံငုံ၍ကား ဘာဝရုပ် (၂)မျိုးလုံးကိုပင် အာရုံယူ၍ ဖြစ်ပေါ် လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားနိုင်ပေသည်။
တစ်ဖန် ဓမ္မာရုံလိုင်းစာရင်းဝင် အနိပ္ဖန္နရုပ် = ရုပ်အတု (၁၀)မျိုးတို့ကား လက္ခဏာယာဉ်သုံးချက်တင်၍ ဝိပဿနာရှုကောင်းသော ရုပ်တရားများ မဟုတ်ကြပေ။ သို့အတွက် ရုပ်အတုတစ်မျိုးကို ဖြစ်စေ, အားလုံးကို ဖြစ်စေ အနိစ္စဟု ရှုသော်လည်း အနိစ္စဟု သိသော ဝိပဿနာဇောဝီထိ စိတ်အစဉ် များသည် မဖြစ်နိုင်ပေ။ ဒုက္ခ အနတ္တတို့၌လည်း နည်းတူ မှတ်ပါ။ ထိုကြောင့် ရုပ်အတု တစ်မျိုး တစ်မျိုး၌ နှစ်ကြိမ်သာ ရှုပါ။ ပုံစံအားဖြင့် ---
၁။ အာကာသဓာတ်ဟု ရှုပါ။ အာကာသဓာတ်ဟု ရှုနေသော စိတ် စေတသိက်တို့ကို ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက် ရှုပါ။
၂။ ယင်း အာကာသဓာတ်ကို ရုပ်တရားဟု ရှုပါ။ ရုပ်တရားဟု ရှုနေသော စိတ်စေတသိက်တို့ကို ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။
ဤ၌လည်း ေ့ရှဦးစွာ ရုပ်ကလာပ်တို့၏ အကြားအပေါက် အာကာသဓာတ်ကို မြင်အောင် ရှုပါ။ ထိုနောင်မှ ယင်း အာကာသဓာတ်ကို အာရုံ ယူနေသော နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ အောက်ပါ ရုပ် အတု အားလုံးတို့၌ ပုံစံတူပင် မှတ်သားပါ။
ဓမ္မာရုံလိုင်း - မနောဒွါရဝီထိ အကောင်းအုပ်စုဇယား ရုပ်အတုကို အာရုံယူ၍ ရှုပုံ
ပုံစံတူရှုရန် ရုပ်အတု (၉) မျိုး
၁။ ကာယဝိညတ် ၄။ ရူပဿ မုဒုတာ ၇။ သန္တတိ
၂။ ဝစီဝိညတ် ၅။ ရူပဿ ကမ္မညတာ ၈။ ဇရတာ
၃။ ရူပဿ လဟုတာ ၆။ ဥပစယ ၉။ အနိစ္စတာ
[မှတ်ချက် ---ဥပစယရုပ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ် တရားတို့ကို ပဋိသန္ဓေ ကလလရေကြည် တည်စအခိုက်၌ ရှိသော ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်သောအခါမှ ထပ်မံရှုရန် ဖြစ်သည်။]
ဤအထက်ပါ ရုပ်အတုများကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ် တရားတို့ကို သိမ်းဆည်း ရှုပွားရာ၌လည်း မိမိရှုပွားလိုသည့် ရုပ်တရားနှင့် ရုပ်ကလာပ် တစ်ခုအတွင်း၌ အတူဖြစ်သော စိတ္တဇရုပ် သို့မဟုတ် ဥတုဇရုပ် သို့မဟုတ် အာဟာရဇရုပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ယင်း ရုပ်ကလာပ်ကို ဓာတ်ခွဲလျက် မိမိ ရှုလိုသည့် ရုပ်ကို ရွေးထုတ်၍ ရှုရန် ဖြစ် သည်။ အကြောင်းမူ ရုပ်တရားတို့မည်သည် ရုပ်ကလာပ်အလိုက်သာ အုပ်စု အလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိသောကြောင့် ဖြစ်၏။
သို့အတွက် ရှေးဦးစွာ ရုပ်ကလာပ်ကိုမြင်အောင် ပထမရှုပါ။ ထိုနောင် ယင်း ရုပ်ကလာပ်ကို ရုပ်အမျိုးအစား (၈)မျိုးရှိက (၈)မျိုး, (၉)မျိုးရှိက (၉)မျိုး, (၁၀)မျိုးရှိက (၁၀)မျိုး --- ဤသို့ စသည့် ရုပ်ပရမတ်တရားတို့ကို မြင်အောင် ဓာတ်ခွဲလျက် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုနောင် မိမိ အာရုံယူကာ သိမ်းဆည်းရှုပွားလိုသည့် စက္ခုအကြည် ဓာတ်စသော ရုပ်အစစ်, ကာယဝိညတ်စသော ရုပ်အတု တစ်ခုခုကို ရွေးထုတ်၍ ထိုရုပ်တရားက ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်လာ သောအခါ ရှေးရှုကျရောက်လာသောအခါ ထိုရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။
ဤတွင် ဓမ္မာရုံလိုင်းစာရင်းဝင် ရုပ်အစစ် ရုပ်အတုတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ကုသိုလ်ဇော စောသည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားပုံကို ရေးသားတင်ပြပြီးလေပြီ။ ယင်းဇော နာမ်တရား, တဒါရုံ မဟာဝိပါက် နာမ်တရားတို့ကို ခေါ်ဝေါ်လွယ်ကူစေရန် သဒ္ဓါပညာအုပ်စု နာမ်တရားဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။ ယခု တစ်ဖန် ကုသိုလ်ဇော စောသည့် မနောဒွါရိကဇောဝီထိတို့တွင် အကျုံးဝင်သော ဝိရတိ စေတသိက် အပ္ပမညာစေတသိက်တို့နှင့် ယှဉ်သော နာမ်တရားစုတို့ကို သိမ်းဆည်းပုံကို ဆက်လက်တင်ပြပေအံ့။
သမ္မာဝါစာ - ဝိရတိ
ဝိရတိ စေတသိက် (၃)လုံးတို့တွင် သမ္မာဝါစာဟူသည် အသက်မွေး ဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါးမှ ရှောင်ကြဉ်မှုသဘော ဖြစ်သည်။ ဝစီဒုစရိုက်မှာ (၄)မျိုး ရှိသဖြင့် ရှုကွက်ကိုလည်း (၄)မျိုးပင် ခွဲရှုပါ။
၁။ မုသာဝါဒ = မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်သည့်သဘော ကို အာရုံယူ၍ တစ်ကြိမ်,
၂။ ကုန်းစကား ပြောကြားခြင်းမှ ရှောင်ကြဉ်သည့် သဘောကို အာရုံယူ၍ တစ်ကြိမ်,
၃။ ကြမ်းတမ်းသည့်စကား ပြောကြားခြင်းမှ ရှောင်ကြဉ်သည့် သဘောကို အာရုံယူ၍ တစ်ကြိမ်,
၄။ ပြိန်ဖျင်းသောစကား ပြောကြားခြင်းမှ ရှောင်ကြဉ်သည့် သဘောကို အာရုံယူ၍ တစ်ကြိမ်,
ဤသို့ (၄)ကြိမ် ခွဲရှုပါ။ အာရုံမတူသောကြောင့် (၄)ကြိမ် ခွဲရှုခြင်း ဖြစ်သည်။ တစ်ကြိမ် တစ်ကြိမ်၌လည်း ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်စီ ရှုပါ။ သိမ်းဆည်းရှုပွားပုံမှာ ဤသို့တည်း။
၁။ ဘဝင်မနောအကြည်ဓာတ် (= မုသားစကားမှ ရှောင်ကြဉ်ခဲ့စဉ်က ဘဝင် မနောအကြည်ဓာတ်) = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မုသားစကားမှ ရှောင်ကြဉ်ဖူးသည့်အာရုံကို လှမ်းအာရုံယူပါ။
၃။ ယင်း မနောဒွါရ၌ ထိုအာရုံသည် ထင်ရှားလာသောအခါ ထိုရှောင်ကြဉ် သည့်အချိန်က ဖြစ်ပေါ်သွားသော မနောဒွါရိကဇော နာမ်တရားတို့ကို သိမ်းဆည်းပါ။
ဇော အသီးအသီး၌ သဒ္ဓါပညာအုပ်စု နာမ်တရား (၃၄)နှင့် သမ္မာဝါစာ ပေါင်းသော် နာမ်တရား (၃၅) ဖြစ်၏။ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက် ပင် ရှုပါ။ ဝိဘူတာရုံဖြစ်က တဒါရုံကျနိုင်၏။ သဟိတ် မဟာဝိပါက်တဒါရုံ အဟိတ်တဒါရုံ ထိုက်သလို ကျနိုင်၏။ မဟာဝိပါက်တဒါရုံဖြစ်မူ သမ္မာဝါစာ မယှဉ်နိုင်။ သဒ္ဓါပညာအုပ်စု နာမ်တရား (၃၄)ပင် ထိုက်သလို ဖြစ်သည်၊ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပလာပဝါစာတို့မှ ရှောင်ကြဉ်ရာ၌လည်း နည်းတူပင် ရှုပါ။
သမ္မာကမ္မန္တ - ဝိရတိ
သမ္မာကမ္မန္တဝိရတိဟူသည် အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင် သော ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်မှုသဘော ဖြစ်သည်။ ကာယဒုစရိုက်မှာ (၃)မျိုး ရှိသဖြင့် ရှုကွက်ကိုလည်း (၃)မျိုးပင် ခွဲရှုပါ။
၁။ ပါဏာတိပါတမှ ရှောင်ကြဉ်မှုသဘောကို အာရုံယူ၍ တစ်ကြိမ်,
၂။ အဒိန္နာဒါနမှ ရှောင်ကြဉ်မှုသဘောကို အာရုံယူ၍ တစ်ကြိမ်,
၃။ ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်မှုသဘောကို အာရုံယူ၍ တစ်ကြိမ်,
ဤသို့ သုံးကြိမ် ခွဲရှုပါ။ အာရုံမတူသောကြောင့် (၃)ကြိမ် ခွဲရှုခြင်းပင် ဖြစ်သည်။ တစ်ကြိမ် တစ်ကြိမ်၌လည်း ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်စီပင် ရှုပါ။ သိမ်းဆည်းရှုပွားပုံမှာ ဤသို့ဖြစ်၏။
၁။ ဘဝင်မနောအကြည်ဓာတ် (= ပါဏာတိပါတမှ ရှောင်ကြဉ်ခဲ့စဉ်က ဘဝင်မနောအကြည်ဓာတ်) = မနောဒွါရကို သိမ်းဆည်းပါ။
၂။ ပါဏာတိပါတမှ ရှောင်ကြဉ်ဖူးသည့် အာရုံကို လှမ်းအာရုံယူပါ။
ဥပမာ -- ခြင်ကို မသတ်ဘဲ ရှောင်ကြဉ်ဖူးသည့် အာရုံကို လှမ်းအာရုံ ယူပါ။
၃။ ယင်း မနောဒွါရ၌ ထိုအာရုံသည် ထင်ရှားလာသောအခါ ထိုရှောင်ကြဉ်သည့် အချိန်က ဖြစ်ပေါ်သွားသော မဟာကုသိုလ် မနောဒွါရိက ဇောဝီထိ နာမ်တရားတို့ကို သိမ်းဆည်းပါ။
ဇောအသီးအသီး၌ သဒ္ဓါပညာအုပ်စု နာမ်တရား (၃၄)နှင့် သမ္မာကမ္မန္တကို ပေါင်းသော် နာမ်တရား (၃၅) ဖြစ်၏။ ဉာဏ် ပီတိ လဲလှယ်၍ (၄) ချက်ပင်ရှုပါ။ ဝိဘူတာရုံဖြစ်က တဒါရုံကျနိုင်၏။ သဟိတ်မဟာဝိပါက် တဒါရုံ အဟိတ်တဒါရုံ ထိုက်သလို ကျနိုင်၏။ မဟာဝိပါက်တဒါရုံ ဖြစ်မူ သမ္မာကမ္မန္တ မယှဉ်နိုင်။ ယင်း မဟာဝိပါက်တဒါရုံ၌ သဒ္ဓါပညာအုပ်စု နာမ်တရား (၃၄) ထိုက်သလို ယှဉ်၏။ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။ အဒိန္နာဒါန ဝိရတိ ကာမေသုမိစ္ဆာစာရဝိရတိတို့၌လည်း နည်းတူပင် ရှုပါ။
သမ္မာအာဇီဝ - ဝိရတိ
သမ္မာအာဇီဝဝိရတိဟူသည် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော ကာယဒုစရိုက် ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှုသဘော ဖြစ်သည်။ ကာယ ဒုစရိုက် (၃)မျိုး, ဝစီဒုစရိုက် (၄)မျိုး ရှိနေသဖြင့် ရှုကွက်မှာလည်း အမျိုးမျိုး ပင် ရှိနိုင်သည်။ မိမိ၌ ဖြစ်နေကျ ရှောင်ကြဉ်နေကျအာရုံ သို့မဟုတ် ရှောင် ကြဉ်ဖူးသည့်အာရုံ တစ်ခုခုကို အာရုံယူ၍ ရှုနိုင်သည်။ ဥပမာ -- မိမိအတွက် ရည်ညွှန်း၍ သတ်ဖြတ်စီမံထားသည်ဟု သိရသော အာဟာရ တစ်ခုခုကို မသုံးစွဲဘဲ ရှောင်ကြဉ်မှုမျိုး ဖြစ်သည်။ သိမ်းဆည်းရှုပွားပုံမှာ ဤသို့တည်း။
၁။ ဘဝင်မနောအကြည်ဓာတ် (= မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခဲ့စဉ်က ဘဝင် မနောအကြည်ဓာတ်) = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မိစ္ဆာဇီဝမှ ရှောင်ကြဉ်ဖူးသည့် အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။ဥပမာ -- မအပ်သော သားငါးကို မသုံးစွဲဘဲ ရှောင်ကြဉ်ဖူးသည် ဖြစ်အံ့၊ ယင်း ရှောင်ကြဉ်ဖူးသည့် အာရုံကို လှမ်းအာရုံယူပါ။
၃။ ယင်း မနောဒွါရ၌ ထိုအာရုံသည် ထင်ရှားလာသောအခါ ထိုရှောင်ကြဉ်သည့် အချိန်က ဖြစ်ပေါ်သွားသော မဟာကုသိုလ် မနောဒွါရိက ဇောဝီထိ နာမ်တရားတို့ကို သိမ်းဆည်းပါ။ တဒါရုံကျခွင့် ရှိ၏။
သမ္မာဝါစာ ---- သမ္မာဝါစာသည် ကထာသမ္မာဝါစာ, စေတနာသမ္မာဝါစာ, ဝိရတိသမ္မာဝါစာဟု သုံးမျိုးရှိ၏။ ထိုတွင် အကြောင်းအကျိုးနှင့် စပ်ယှဉ် ၍ အပြစ်ကင်းလတ် ကောင်းမြတ်သော စကားသံသည် ကထာသမ္မာဝါစာ မည်၏။ ထို အပြစ်ကင်းလတ် ကောင်းမြတ်သော စကားကို ပြောဆိုကြောင်း ဖြစ်သော ဝုဋ္ဌော အဘိညာဏ်ဇော မဟာကုသိုလ်ဇော မဟာ ကြိယာဇောနှင့် ယှဉ်သော စေတနာသည် စေတနာသမ္မာဝါစာ မည်၏။ တစ်စုံတစ်ခု အမှု အတွက် မုသား ပြောဖို့အချက်, ကုန်းစကား ပြောဖို့အချက်, ကြမ်းတမ်းသော စကား ပြောဖို့အချက်, ပြိန်ဖျင်းသောစကား ပြောဖို့အချက် တစ်ချက်ချက် ပေါ်ပေါက်နေရာ၌ ထိုဝစီဒုစရိုက်မှ ရှောင်ကြဉ်၍ မှန်ကန်သောစကား, မကွဲပြားစေသောစကား, သိမ်မွေ့သောစကား, အကျိုးရှိသောစကား တစ်ခုခုကို ပြောဆိုလိုက်လျှင် ထိုပြောဆိုကြောင်း စိတ္တုပ္ပါဒ်၌လည်းကောင်း, သို့မဟုတ် ဆိတ်ဆိတ်နေခဲ့လျှင် ထိုဆိတ်ဆိတ်နေကြောင်း စိတ္တုပ္ပါဒ်၌လည်းကောင်း ယင်း ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှု ဝိရတိသဘော ပါဝင်၏။ ထိုရှောင်ကြဉ်မှုသဘော ကိုသာ ဝိရတိသမ္မာဝါစာဟု ဆိုရလေသည်။ ဤသမ္မာဝါစာဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကျောင်းနှင့် ဆက် သွယ်မှု မရှိပေ။
သမ္မာကမ္မန္တ --- ကမ္မန္တသည်လည်း ကိရိယာသမ္မာကမ္မန္တ, စေတနာ သမ္မာကမ္မန္တ, ဝိရတိသမ္မာကမ္မန္တဟု သုံးမျိုးပင် ရှိ၏။ ထိုတွင် အပြစ်မရှိသော လုပ်ငန်းကိစ္စရပ် တစ်ခုခုကို = ဒါန သီလ ဘာဝနာ စသည့် လုပ်ငန်းကိစ္စရပ် တစ်ခုခုကို ပြုလုပ်နေသူ၏ ကိုယ်အမူအရာသည် ကိရိယာသမ္မာကမ္မန္တ မည် ၏။ ထို အပြစ်မရှိသော ကိစ္စလုပ်ငန်းကို ပြုလုပ်ကြောင်း စေတနာသည် စေတနာသမ္မာကမ္မန္တ မည်၏။ တစ်စုံတစ်ခုသော ကာယဒုစရိုက်မှုကို ပြုလုပ် ဖို့ရန်အချက် ပေါ်ပေါက်လာသည့်အခါ မပြုလုပ်ဘဲ ရှောင်ကြဉ်လိုက်လျှင် အခြားသော တစ်စုံတစ်ခု ကိုယ်အမှုကို ပြုသည် ဖြစ်စေ မပြုသည် ဖြစ်စေ-ဝိရတိသမ္မာကမ္မန္တ ဖြစ်၏။ ဤ သမ္မာကမ္မန္တဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကျောင်းနှင့် ဆက်သွယ်မှု မရှိပေ။
သမ္မာအာဇီဝ --- ဝီရိယသမ္မာအာဇီဝ, ဝိရတိသမ္မာအာဇီဝဟု သမ္မာအာဇီဝသည်လည်း နှစ်မျိုးပင် ရှိ၏။ မိရိုးဖလာအတိုင်း လယ်ထွန်မှု ကုန်သွယ်မှု စသည်ကို ပြု၍လည်းကောင်း, ရဟန်းသံဃာဖြစ်လျှင် ကုလဒူသန အနေသန မိစ္ဆာဇီဝတို့နှင့် မရောယှက်ဘဲ တရားသဖြင့်သာ ပစ္စည်းလေးပါးကို ရှာဖွေ၍လည်းကောင်း အသက်မွေးသူတို့၏ လယ်ထွန်ခိုက် ကုန်သွယ်ခိုက် ဆွမ်းခံခိုက် စသည့်အခိုက်အတန့်တို့၌ ဖြစ်သော သမ္မာဝါယာမသည် ဝီရိယ သမ္မာအာဇီဝ မည်၏။ အသက်မွေးဝမ်းကျောင်းနှင့် ဆက်သွယ်နေသော ဝစီ ဒုစရိုက် ကာယဒုစရိုက်တို့မှ ရှောင်ကြဉ်မှုသဘော, ကုလဒူသန အနေသန မိစ္ဆာဇီဝမှုတို့ဖြင့် ရရှိသော ပစ္စည်းလေးပါးကို မသုံးစွဲဘဲ ရှောင်ကြဉ်မှုသဘော သည် ဝိရတိသမ္မာအာဇီဝ မည်၏။
သမ္ပတ္တဝိရတိ - သမာဒါနဝိရတိ - သမုစ္ဆေဒဝိရတိ
သမ္ပတ္တဝိရတိ ---သမ္ပတ္တဝိရတိ သမာဒါနဝိရတိ သမုစ္ဆေဒဝိရတိဟု ဝိရတိသုံးမျိုး ပြားပြန်၏။ သိက္ခာပုဒ်ကို ဆောက်တည် မထားကုန်သော သူတို့ ၏ မိမိ၏ အမျိုးဇာတ် အရွယ် ဗဟုသုတ မင်္ဂလာ စသည်တို့ကို ဆင်ခြင်၍ ငါတို့အား ဤသို့ သဘောရှိသော မကောင်းမှုကို ပြုလုပ်ဖို့ရန် မသင့်တော်ပါတကားဟု ဆိုက်ရောက်လာသော လွန်ကျူးဖွယ် ဝတ္ထုကို မလွန်ကျူးဘဲ ရှောင်ကြဉ်ကုန်သော သူတို့၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဝိရတိကို သမ္ပတ္တဝိရတိဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၄၆။)
သမာဒါနဝိရတိ --- သိက္ခာပုဒ်ကို ဆောက်တည်ထားကြကုန်သော သူတို့၏ သိက္ခာပုဒ်ကို ဆောက်တည်ခိုက်မှာ ဖြစ်စေ, ဆောက်တည်ပြီး နောက် ပိုင်းကာလမှာ ဖြစ်စေ သိက္ခာပုဒ် ဆောက်တည်ထားသည့်အတွက် မိမိ၏ အသက်ကိုပင်သော်လည်း စွန့်လွှတ်၍ လွန်ကျူးဖွယ်ဝတ္ထုကို မလွန်ကျူးကြ ကုန်သော သူတို့၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဝိရတိကို သမာဒါနဝိရတိဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၄၆။)
သမုစ္ဆေဒဝိရတိ --- ဒုစရိုက် ဒုရာဇီဝ ဟူသမျှကို လွန်ကျူးကြောင်း ဖြစ်သော အကုသိုလ်တရားစု၏ အနုသယဓာတ်ကို အကြွင်းမဲ့ ဖြတ်သော အားဖြင့် ဖြစ်ပေါ်လာသော အရိယမဂ်နှင့်ယှဉ်သော ဝိရတိကို သမုစ္ဆေဒဝိရတိ ဟူ၍ သိရှိပါလေ။ ယင်း သမုစ္ဆေဒဝိရတိ ဖြစ်သည့် အချိန်မှ စ၍ အရိယာ သူတော်ကောင်းတို့၏ သန္တာန်၌ သတ္တဝါကို သတ်အံ့ဟူသော စိတ်မျှသော် လည်း မဖြစ်တော့ပေ။ (အဘိ၊ဋ္ဌ၊၁၊၁၄၇။)
ဤ သမုစ္ဆေဒဝိရတိကား အရိယမဂ်နှင့် ယှဉ်သောကြောင့် နိဗ္ဗာန်ကို အာရုံပြုသည်မှာ ထင်ရှားပေပြီ။ သို့သော် သမ္ပတ္တဝိရတိ သမာဒါနဝိရတိတို့၏ အာရုံနှင့် ပတ်သက်၍ အနည်းငယ် ဆန်းစစ်ရန် ရှိနေပေသည်။
သမ္ပတ္တဝိရတိ - သမာဒါနဝိရတိတို့၏ အာရုံ
အာရမ္မဏတော ပါဏာတိပါတော ဇီဝိတိန္ဒြိယာရမ္မဏော။ အဒိန္နာဒါနံ သတ္တာရမ္မဏံ ဝါ သင်္ခါရာရမ္မဏံ ဝါ။ မိစ္ဆာစာရော ဣတ္ထိပုရိသာရမ္မဏော။ မုသာဝါဒေါ သတ္တာရမ္မဏော ဝါ သင်္ခါရာရမ္မဏော ဝါ။ သုရာပါနံ သင်္ခါရာရမ္မဏံ။ (အဘိ၊ဋ္ဌ၊၂၊၃၆၆။)
သတ္တ-ဣတ္ထိ-ပုရိသာရမ္မဏတာ တထာဂဟိတသင်္ခါရာရမ္မဏတာယ ဒဋ္ဌဗ္ဗာ။ (မူလဋီ၊၂၊၁၈၉။)
အာရမ္မဏတောတိ ပါဏာတိပါတာ ဝေရမဏီ ပရဿ ဇီဝိတိန္ဒြိယံ အာရမ္မဏံ ကတွာ အတ္တနော ဝေရစေတနာယ ဝိရမတိ။ ဣတရာသုပိ ဧသေဝ နယော။ သဗ္ဗာပိ ဟိ ဧတာ ဝီတိက္ကမိတဗ္ဗဝတ္ထုံ အာရမ္မဏံ ကတွာ ဝေရစေတနာဟိယေဝ ဝိရမန္တိ။ (အဘိ၊ဋ္ဌ၊၂၊၃၆၈။)
ပဉ္စသိက္ခာပဒါ။ ပ ။ ပရိတ္တာရမ္မဏာ။ ပ ။ ပစ္စုပ္ပန္နာရမ္မဏာ။ ပ ။ ဗဟိဒ္ဓါရမ္မဏာ။ (အဘိ၊၂၊၃၀၅။)
အာရမ္မဏတ္တိကေသု ပန ယာနိ သိက္ခာပဒါနိ ဧတ္ထ သတ္တာရမ္မဏာနီတိ ဝုတ္တာနိ၊ တာနိ ယသ္မာ သတ္တောတိ သင်္ခံ ဂတေ သင်္ခါရေယေဝ အာရမ္မဏံ ကရောန္တိ၊ ယသ္မာ စ သဗ္ဗာနိပိ ဧတာနိ သမ္ပတ္တဝိရတိဝသေနေဝ နိဒ္ဒိဋ္ဌာနိ၊ တသ္မာ ပရိတ္တာရမ္မဏာတိ စ ပစ္စုပ္ပန္နာရမ္မဏာတိ စ ဝုတ္တံ။ ယတော ပန ဝိရမတိ၊ တဿ ဝတ္ထုနော အစ္စန္တဗဟိဒ္ဓတ္တာ သဗ္ဗေသမ္ပိ ဗဟိဒ္ဓါရမ္မဏတာ ဝေဒိတဗ္ဗာတိ။ (အဘိ၊ဋ္ဌ၊၂၊၃၆၉။)
သမ္ပတ္တဝိရတိဝသေနာတိ သမ္ပတ္တေ ပစ္စုပ္ပန္နေ အာရမ္မဏေ ယထာဝိရမိတဗ္ဗတော ဝိရတိဝသေနာတိ အတ္ထော။ (မူလဋီ၊၂၊၁၉၀။)
ဤ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။ ဤ သမ္ပတ္တဝိရတိ သမာဒါနဝိရတိတို့သည် ဝီတိက္ကမိတဗ္ဗဝတ္ထု = ဝိရမိတဗ္ဗဝတ္ထု ဟု ခေါ်ဆိုအပ်သော ပရိတ္တတရား = ကာမတရားကိုသာလျှင် အာရုံပြု၏။ ကာမ ရုပ်နာမ် သင်္ခါရကိုသာ အာရုံပြု၏။ ယင်း ကာမ ရုပ်နာမ် အာရုံသည် ပစ္စုပ္ပန်အာရုံသာ ဖြစ်၏။ (အတိတ် အနာဂတ် မဟုတ်။) ဗဟိဒ္ဓ ကာမရုပ်နာမ် အာရုံသာ ဖြစ်၏။ (အဇ္ဈတ္တ ကာမရုပ်နာမ် မဟုတ်။)
ယင်း ကာမရုပ်နာမ်အာရုံကား လွန်ကျူးထိုက်သော ဝီတိက္ကမိတဗ္ဗ ဝတ္ထုတည်း။ ယင်း ဝီတိက္ကမိတဗ္ဗဝတ္ထုကို လွန်ကျူးကြောင်းဖြစ်သော အကုသိုလ်စေတနာကား ဝေရစေတနာတည်း။ တကယ့်ရန်သူ အစစ်တည်း။ ယင်း ဝီတိက္ကမိတဗ္ဗဝတ္ထု အမည်ရသော လွန်ကျူးဖွယ် ကာမရုပ်နာမ်အာရုံကို အာရုံပြု၍ မိမိ၏ သန္တာန်၌ ဖြစ်ပေါ်လာသော လွန်ကျူးကြောင်း အကုသိုလ် စေတနာ = ဝေရစေတနာမှ ရှောင်ကြဉ်မှု သဘောသည်ကား ဝိရတိတည်း။
ပါဏာတိပါတမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည် သူတစ်ပါး ၏ ဇီဝိတိန္ဒြေကို အာရုံပြု၍ မိမိ၏ သန္တာန်၌ ဖြစ်ပေါ်သွားသော လွန်ကျူးကြောင်း အကုသိုလ်စေတနာ ဝေရစေတနာမှ ရှောင်ကြဉ်၏။ အဒိန္နာဒါနမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ဆိုအပ်သော လွန်ကျူးအပ်သော သတ္တဝါကို အာရုံပြု၍သော်လည်းကောင်း သင်္ခါရကို အာရုံပြု၍သော်လည်းကောင်း မိမိ၏ သန္တာန်၌ ဖြစ်ပေါ်သွားသော လွန်ကျူးကြောင်း ဝေရစေတနာမှ ရှောင်ကြဉ်၏။ ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ခေါ်ဆိုအပ်သော အမျိုးသမီး အာရုံကိုသော်လည်းကောင်း, အမျိုးသား အာရုံကိုသော်လည်းကောင်း အာရုံပြု၍ မိမိ၏ သန္တာန်၌ ဖြစ်ပေါ်သွားသော ကာမေသုမိစ္ဆာစာရကို လွန်ကျူးကြောင်း ဝေရစေတနာမှ ရှောင်ကြဉ်၏။ မုသာဝါဒမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ခေါ်ဆိုအပ်သော သတ္တဝါ အာရုံကိုသော်လည်းကောင်း, သင်္ခါရ အာရုံကိုသော်လည်းကောင်း အာရုံ ပြု၍ မိမိ၏သန္တာန်၌ ဖြစ်ပေါ်သွားသော မုသာဝါဒကို လွန်ကျူးကြောင်း ဝေရ စေတနာမှ ရှောင်ကြဉ်၏။ သုရာပါနမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိ သည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ခေါ်ဆိုအပ်သော လွန်ကျူးအပ်သော သုရာဟူ သော သင်္ခါရအာရုံကို အာရုံပြု၍ မိမိ၏သန္တာန်၌ ဖြစ်ပေါ်သွားသော သုရာပါနကို လွန်ကျူးကြောင်းဖြစ်သော အကုသိုလ်စေတနာ = ဝေရစေတနာမှ ရှောင်ကြဉ်၏။ (အဘိ၊ဋ္ဌ၊၂၊၃၆၆-၃၆၈။)
ဤ၌ ဝိရတိတို့၏ သတ္တဝါ အမျိုးသမီး အမျိုးသားလျှင် အာရုံ ရှိကြောင်း ဖွင့်ဆိုချက်မှာ သတ္တဝါဟု အမျိုးသမီးဟု အမျိုးသားဟု စွဲယူအပ် သော အခြင်းအရာအားဖြင့် ဖြစ်သော သင်္ခါရတရား = ကာမရုပ်နာမ်တို့ကို သာ အာရုံပြုကုန်သည်၏ အဖြစ်ကို မှတ်သားပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၆၉။ မူလဋီ၊၂၊၁၈၉။)
လွန်ကျူးထိုက်သော ဝီတိက္ကမိတဗ္ဗဝတ္ထုဟူသော ပစ္စုပ္ပန်အာရုံနှင့် တွေ့ ကြုံပါမှ ယင်း လွန်ကျူးဖွယ်အာရုံကို အာရုံပြု၍ မိမိ၏ သန္တာန်၌ ဖြစ်ပေါ် လာသော အကုသိုလ်စေတနာ ဝေရစေတနာမှ ဝိရတိသည် ရှောင်ကြဉ်နိုင်၏။ ထိုကြောင့် သမ္ပတ္တဝိရတိ သမာဒါနဝိရတိတို့သည် ပစ္စုပ္ပန် လွန်ကျူးထိုက်သော ကာမရုပ်နာမ်ကို အာရုံပြုကြသည်။ သို့သော် ယင်း ကာမရုပ်နာမ်တို့မှာ ဗဟိဒ္ဓသာဖြစ်သည်။
သို့သော် ဤအရာ၌ ဝိရတိတို့သည် သတ္တဝါ အမျိုးသမီး အမျိုးသား ဟူသော အာရုံကို အာရုံပြု-မပြုကား ဆန်းစစ်သင့်ပေသည်။ အကယ်၍ အာရုံပြုခဲ့သော် တဒါရုံမှာ ကျခွင့်မရှိပေ။
အပ္ပမညာ စေတသိက် (၂) လုံး
ကရုဏာ --- ကရုဏာဟူသည် ဒုက္ခိတ သတ္တဝါတစ်ဦးကို ကယ်တင် လိုသည့်သဘော ဖြစ်သည်။
၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မိမိကယ်တင်လိုသည့် ဒုက္ခိတ သတ္တဝါတစ်ဦးကို လှမ်းအာရုံယူပါ။
၃။ မနောဒွါရ၌ ထိုသတ္တဝါပညတ်အာရုံ ထင်လာသောအခါ ဖြစ်ပေါ် သွားသော ကရုဏာပြဓာန်းသော မနောဒွါရိက ဇောဝီထိ စိတ်အစဉ်ကို သိမ်းဆည်းပါ။
ဇောနာမ်တရားတို့မှာ သဒ္ဓါပညာအုပ်စု နာမ်တရား (၃၄)လုံးနှင့် ကရုဏာစေတသိက်တစ်လုံး --- ပေါင်း (၃၅)လုံးသော နာမ်တရားတို့ ထိုက်သလို ဖြစ်ကြသည်။ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက် ရှုပါ။
မုဒိတာ ---မုဒိတာဟူသည် သုခိတသတ္တဝါတစ်ဦးအပေါ်၌ ကြည်သာ ဝမ်းမြောက်မှုသဘော ဖြစ်သည်။
၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၂။ သုခိတသတ္တဝါတစ်ဦးကို လှမ်း၍အာရုံယူပါ။
၃။ မနောဒွါရ၌ ထို သုခိတသတ္တဝါပညတ်အာရုံက ထင်လာသောအခါ ဖြစ်ပေါ်သွားသော မနောဒွါရိက ဇောဝီထိ စိတ်အစဉ်ကို သိမ်းဆည်း ပါ။
ဤ၌လည်း မုဒိတာစျာန်ကို ရသည့်တိုင်အောင် ပွားများထားသည့် ဘာဝနာမြောက် မုဒိတာ မဟုတ်သေးက ဇော၌ သောမနဿဝေဒနာသာ ဖြစ်သင့်ရကား ဉာဏ်ပါ, မပါ = ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ် (၂)ချက် သာ ရှုပါ။ (၃၄ + မုဒိတာ = ၃၅။ ဉာဏ်မပါသော် --- ၃၃ + မုဒိတာ = ၃၄) ဖြစ်သည်။ မုဒိတာစျာန်ကို ရသည်တိုင်အောင် မုဒိတာဘာဝနာကို ပွားများ ထားပြီးသူအဖို့ ဘာဝနာအရှိန်ကြောင့် ဥပစာရသမာဓိဇောတွင် ဥပေက္ခာ ဝေဒနာနှင့်လည်း ယှဉ်နိုင်၏ဟု အရှင်အနုရုဒ္ဓါ မထေရ်မြတ်က အယူရှိတော် မူ၏။ သို့အတွက် မုဒိတာဘာဝနာကို စျာန်ကိုရသည်တိုင်အောင် ဘာဝနာ မြောက် ပွားပြီးသူသည် ဉာဏ် ပီတိ လဲလှယ်၍ (၄) ချက် ရှုနိုင်သည်။ ဤ ကရုဏာ မုဒိတာတို့သည် သတ္တဝါပညတ်ကို အာရုံပြုကြသဖြင့် ယင်း ဇောတို့၏ နောင်၌ တဒါရုံ ကျခွင့်မရှိ။ (ကရုဏာစျာန်နာမ်တရား မုဒိတာစျာန် နာမ်တရားတို့ကို သိမ်းဆည်းပုံကို ဗြဟ္မဝိဟာရစျာန်ပိုင်း ဇယားများတွင် ကြည့်ပါ။)
သဒ္ဓါ-ပညာ ---ဝိရတိ အပ္ပမညာစေတသိက်တို့ ပါဝင်သည့် ဇော နာမ်တရားစုတို့တွင် တည်ရှိသော သဒ္ဓါမှာ ကံ-ကံ၏အကျိုးကို ယုံကြည်မှု ဖြစ်၏။ ပညာမှာ ကံ-ကံ၏အကျိုးကို တတ်သိနားလည်မှု ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဖြစ်သည်။ တစ်နည်း ဝိရတိစေတသိက်တို့၌ သဒ္ဓါမှာ သီလသိက္ခာ = သီလကျင့်စဉ်၌ ယုံကြည်မှုပင် ဖြစ်သည်။ ဤ၌ ကရုဏာစျာန် မုဒိတာစျာန် တို့၏ ရှေး၌ရှိသော ပရိကမ္မ ဥပစာရ အမည်ရသော ကာမာဝစရဇောတို့ကို သာ အထူးရည်ညွှန်းထားသည်ဟု မှတ်ပါ။
ဓမ္မာရုံလိုင်း အပ္ပမညာ စေတသိက်ဇယား
ကာမဇော မနောဒွါရဝီထိ
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် စတုရာရက္ခ ဟူသော အစောင့် (၄)ပါး ကမ္မဋ္ဌာန်းများကို ပွားများထားပြီးသူ ဖြစ်ပါက ဘုရားရှင်၏ ဂုဏ်တော်လျှင် အာရုံရှိသည့် မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ် အစဉ်များကိုလည်း သိမ်းဆည်းရမည် ဖြစ်သည်။ ဇော နာမ်တရားတို့မှာ သဒ္ဓါ ပညာအုပ်စု နာမ်တရားတို့ပင် ဖြစ်ကြသည်။ ဤ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဥပစာရသမာဓိကိုသာ ရွက်ဆောင်ပေးတတ်သည့် ဥပစာရကမ္မဋ္ဌာန်းသာ ဖြစ်သည့်အတွက် ဇော (၇)ကြိမ်သာ ကျသည်။ ဇော၏နောင်၌ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကား လောကီ လောကုတ္တရာ ရောနှောလျက် ရှိကြ၏။ ပုံစံ အားဖြင့်ဆိုရသော် - --- ဘုရားရှင်၏ ဒါနဂုဏ်ကျေးဇူးတော်, သီလဂုဏ်ကျေးဇူးတော်, ဥပစာရသမာဓိသို့ တိုင်အောင်သော သမာဓိဂုဏ်ကျေးဇူးတော်, ဝိပဿနာဉာဏ်တည်းဟူသော ပညာဂုဏ်ကျေးဇူးတော်, ဒေသနာဉာဏ်တော် သဗ္ဗညုတဉာဏ်တော် စသည်တို့ကား တရားကိုယ်အားဖြင့် မဟာကြိယာ ဉာဏသမ္ပယုတ် အသင်္ခါရိကဇော စိတ်အစဉ်တို့ ဖြစ်ကြ၏။ ကာမာဝစရ တရားတည်း။ ယင်း ဂုဏ်တော်တို့ကို အာရုံယူ၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် အာရုံမှာ ကာမအာရုံ ဖြစ်ခြင်းကြောင့် စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ မဟာကုသိုလ်ဇောနောင်၌ တဒါရုံကျနိုင်ခွင့် ရှိ၏။ ယင်းအာရုံ မှာ ဝိဘူတာရုံဖြစ်က တဒါရုံ ကျနိုင်၏၊ အဝိဘူတာရုံဖြစ်က တဒါရုံ မကျနိုင်။ သို့သော် ဘုရားရှင်၏ ဂုဏ်တော်ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ထိုးဖောက်နိုင်ဖို့ကား ခဲယဉ်းလှပေ၏။
တစ်ဖန် ဘုရားရှင်၏ အပ္ပနာစျာန် သမာဓိဂုဏ်ကျေးဇူးတော်, အဘိညာဏ် ဂုဏ်ကျေးဇူးတော်တို့ကား မဟဂ္ဂုတ် ကြိယာတရားတို့တည်း။ ဘုရား ရှင်၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကား လောကုတ္တရာ ပညာဂုဏ်ကျေးဇူးတော် တို့တည်း။ ယင်းမဟဂ္ဂုတ် လောကုတ္တရာတည်းဟူသော သမာဓိဂုဏ်ကျေးဇူးတော် ပညာဂုဏ်ကျေးဇူးတော်တို့ကို အာရုံယူ၍ ဗုဒ္ဓါနုဿတိ ဂုဏ်တော်ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ မဟာကုသိုလ် ဇောနောင်၌ အာရုံမှာ ကာမအာရုံ မဟုတ်ခြင်းကြောင့် တဒါရုံ ကျခွင့်မရှိပေ။
တဒါရုံ ကျခဲ့သော် သဟိတ်တဒါရုံ အဟိတ်တဒါရုံ ထိုက်သလို ကျနိုင်၏။ သို့သော် - အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ သန္တီရဏတဒါရမ္မဏာနိ - - ဟူသည်နှင့်အညီ ဘုရားရှင်ဂုဏ်တော်များမှာ အတိဣဋ္ဌာရုံ ဖြစ်၍ သောမနဿတဒါရုံ (၅)မျိုးသာ ထိုက်သလို ကျနိုင်သည်။
မရဏာနုဿတိကမ္မဋ္ဌာန်း
မရဏာနုဿတိကမ္မဋ္ဌာန်းမှာလည်း ဥပစာရသမာဓိကိုသာ ရွက်ဆောင် ပေးနိုင်သည့် ဥပစာရကမ္မဋ္ဌာန်း ဖြစ်သဖြင့် မရဏာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ဘာဝနာဇောမှာ ကာမာဝစရ ဥပစာရသမာဓိဇောသာ ဖြစ် သဖြင့် (၇)ကြိမ်သာ စောနိုင်၏။ ဇောနောင်၌ တဒါရုံ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုသဘောကို အာရုံ ယူနိုင်ပါက ယင်းဇီဝိတိန္ဒြေမှာ ရုပ်ဇီဝိတနှင့် စုတိနှင့်ယှဉ်တွဲနေသော နာမ် ဇီဝိတ ဖြစ်သဖြင့် ကာမအာရုံ ဖြစ်ရကား ယင်းအာရုံမှာ ဝိဘူတာရုံ ဖြစ်ပါက တဒါရုံ ကျခွင့်ရှိ၏၊ အဝိဘူတာရုံ ဖြစ်က တဒါရုံ မကျနိုင်။ တစ်ဖန် ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို အာရုံမယူနိုင်ဘဲ မိမိ၏ သေနေသည့်ပုံဟူသော ပညတ်အာရုံ ပေါ်မှာသာ သောင်တင်နေပါက ယင်းမရဏာနုဿတိဇော၏ နောင်၌ တဒါရုံ မကျနိုင်။ သို့သော် ရုပ်နာမ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းထားနိုင် သော သူတော်ကောင်းတို့သည်သာလျှင် ရုပ်ဇီဝိတ နာမ်ဇီဝိတ၏ ပြတ်စဲမှုကို ပရမတ်သို့ ဆိုက်အောင် အာရုံယူနိုင်ဖွယ် ရှိ၏။ ပရမတ်သို့ ဆိုက်အောင် နာမရူပပရိစ္ဆေဒဉာဏ်ကို မရရှိသေးသော သူတော်ကောင်းတို့၏ မရဏာနုဿတိကမ္မဋ္ဌာန်းမှာ မိမိ၏ သေနေသည့်ပုံဟူသော ပညတ်အာရုံပေါ်၌သာ ဘာဝနာစိတ် အရောက်များဖွယ်ရာ ရှိပေသည်။
ဓမ္မာရုံလိုင်း ဗုဒ္ဓါနုဿတိ မရဏာနုဿတိ ဇယား
မှတ်ချက် - ---- ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဝယ် ဥပေက္ခာဇောနောင်၌ သောမနဿတဒါရုံ ကျဖို့ရာမှာ အလွန်ခက်ခဲဖွယ်ရာ ရှိပေသည်။ အတိဣဋ္ဌာရုံ ဖြစ်နေသဖြင့် ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံလည်း ကျခွင့်မရှိ ဖြစ် သည်။ လက်တွေ့သေချာအောင် သိမ်းဆည်းရှုပွားပါ။
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများပြီးသူသည် ဘုရားဂုဏ်လျှင် အာရုံ ရှိသော နာမ်တရားတို့ကို သိမ်းဆည်းလိုပါက - ----
၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မိမိ နှစ်ခြိုက်ရာ ဘုရားရှင်၏ဂုဏ်တော် တစ်ခုခုကို လှမ်းအာရုံယူပါ။
၃။ မနောဒွါရ၌ ထိုဂုဏ်တော်အာရုံ ထင်လာသောအခါ ဖြစ်ပေါ်လာသော မနောဒွါရိက ဇောဝီထိ စိတ်အစဉ် နာမ်တရားတို့ကို သိမ်းဆည်းပါ။
မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းပြီးသူ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းလျှင် အာရုံရှိသော နာမ်တရားတို့ကို သိမ်းဆည်းလိုလတ်သော် - ----
၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို လှမ်းအာရုံယူပါ။
၃။ မနောဒွါရ၌ ထိုအာရုံ ထင်လာသောအခါ ဖြစ်ပေါ်လာသော မနော ဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားတို့ကို သိမ်းဆည်းပါ။
ဤဘုရားဂုဏ်လျှင် အာရုံရှိသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌ လည်းကောင်း, သေခြင်းမရဏလျှင် အာရုံရှိသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း ဉာဏ်ရှိသလို ချဲ့ထွင်၍ သိမ်းဆည်းရှုပွားနိုင်ပေ သည်။
ဤတွင် ဓမ္မာရုံလိုင်းတွင် အကျုံးဝင်သော မဟာကုသိုလ်ဇောစောသည့် မနောဒွါရိက ဇောဝီထိ စိတ်အစဉ်များကို သိမ်းဆည်းပုံ စနစ်ကို ရေးသား တင်ပြ ပြီးလေပြီ။ ယခုတစ်ဖန် မဟာကုသိုလ်ဇော စောသည့် ပဉ္စဒွါရဝီထိ များ၌ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ဆက်လက်၍ တင်ပြပေအံ့။
ကြိုတင် သိထားသင့်သော အချက်များ
တတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။ ရူပါရမ္မဏဥှိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏညေဝ မနောဒွါရေ အာပါထမာဂစ္ဆတိ၊ ဘဝင်္ဂစလနဿ ပစ္စယော ဟောတီတိ အတ္ထော။ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရမ္မဏေသုပိ ဧသေဝ နယော။ ယထာ ဟိ သကုဏော အာကာသေနာဂန္တွာ ရုက္ခဂ္ဂေ နီလိယမာနောဝ ရုက္ခသာခဉ္စ ဃဋ္ဋေတိ၊ ဆာယာ စဿ ပထဝိယံ ပဋိဟညတိ၊ သာခါဃဋ္ဋန-ဆာယာဖရဏာနိ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဘဝန္တိ။ ဧဝံ ပစ္စုပ္ပန္နရူပါဒီနံ စက္ခုပသာဒါဒိဃဋ္ဋနဉ္စ ဘဝင်္ဂစလနသမတ္ထတာယ မနောဒွါရေ အာပါထဂမနဉ္စ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဟောတိ။ တတော ဘဝင်္ဂံ ဝိစ္ဆိန္ဒိတွာ စက္ခုဒွါရာဒီသု ဥပ္ပန္နာနံ အာဝဇ္ဇနာဒီနံ ဝေါဋ္ဌဗ္ဗနပရိယောသာနာနံ အနန္တရာ တေသံ အာရမ္မဏာနံ အညတရသ္မိံ ဣဒံ မဟာစိတ္တံ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)
အာပါထမာဂစ္ဆတိ မနသာ ပဉ္စဝိညာဏေဟိ စ ဂဟေတဗ္ဗဘာဝူပဂမနေန။ ဃဋ္ဋေတွာ ပဋိမုခဘာဝါပါထံ ဂန္တွာ။ (မူလဋီ၊၁၊ရဝ။)
ဤအရာဝယ် - ----
၁။ ရူပါရုံသည် စက္ခုဒွါရ မနောဒွါရ၌,
၂။ သဒ္ဒါရုံသည် သောတဒွါရ မနောဒွါရ၌,
၃။ ဂန္ဓာရုံသည် ဃာနဒွါရ မနောဒွါရ၌,
၄။ ရသာရုံသည် ဇိဝှါဒွါရ မနောဒွါရ၌,
၅။ ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရ မနောဒွါရ၌ - ----
ဤသို့လျှင် တစ်မျိုး တစ်မျိုးသော အာရုံသည် ဒွါရနှစ်ခု နှစ်ခု၌ ပြိုင်တူ ထင်၏။ အာရုံထင်လာသောအခါ စက္ခုဝိညာဏ် စသော ပဉ္စဝိညာဏ်သည် လည်းကောင်း, ပဉ္စဒွါရာဝဇ္ဇန်း စသော မနောဝိညာဏ်သည်လည်းကောင်း ဝီထိအစဉ်ဟူသော စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ရ၏။ ထိုကြောင့် စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်က ရူပါရုံစသည့် ဆိုင်ရာဆိုင်ရာ ထိုအာရုံကို ယူနိုင်လောက်အောင် စက္ခုစသော ပဉ္စဒွါရတွင် တစ်ပါးပါး၌လည်းကောင်း, မနောဝိညာဏ်က ထိုအာရုံကို ယူနိုင်လောက်အောင် ဘဝင်ဟူသော မနောဒွါရ၌လည်းကောင်း ဤသို့ ဒွါရ နှစ်ခု နှစ်ခု၌ ထင်ရသည်။
ရူပါရုံသည် စက္ခုပသာဒကို ထိခိုက်၍ = ထိခိုက်သကဲ့သို့ဖြစ်၍ ထိုခဏ မှာပင်လျှင် ဘဝင်ဟူသော မနောဒွါရ၌လည်း ထင်လာ၏။ ဘဝင် လှုပ်ခြင်း၏ အကြောင်း ဖြစ်သည်ဟု ဆိုလို၏။ (မနောဒွါရတည်းဟူသော ဘဝင်၌လည်း ရူပါရုံထင်လာသောကြောင့် ဘဝင်လှုပ်ရသည် ဟူလို။) သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌လည်း ဤနည်းပင်တည်း။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)
ဤ၌ အဋ္ဌကထာက - ---- ဃဋ္ဋေတွာ = ထိခိုက်၍ = ထိခတ်၍ဟူသော စကားလုံးကို အသုံးပြုထား၏။ ထိုကြောင့် ဃဋ္ဋေတွာ အရ ရူပါရုံသည် စက္ခုဒွါရ မနောဒွါရဝယ် တကယ်ပင် ထိမိ ခတ်မိ၏ ဟု ထင်စရာ ရှိ၏။ အမှန်ကား အရာဝတ္ထုချင်း ထိခတ်မိခြင်းမျိုးကား မဟုတ်ပေ။ ထိခတ်မိသကဲ့ သို့ ဖြစ်လောက်အောင် အာရုံနှင့် ဒွါရတို့ ရှေးရှုဓာတ်ခိုက်မိကြခြင်းသာ ဖြစ် သည်ဟု မှတ်ပါ။ (မူလဋီ၊၁၊၇ဝ။)
ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုပေဦးအံ့ - ---- ငှက်တစ်ကောင် သည် ကောင်းကင်ခရီးဖြင့် ပျံသန်းလာ၍ သစ်ပင်ဖျား၌ = သစ်ခက်ဖျား၌ နားလျှင် နားချင်းပင် သစ်ခက်ကိုလည်း ထိခိုက်မိ၏၊ ထိုငှက်၏ အရိပ်သည် လည်း မြေပြင်ပေါ်၌ ထိခိုက်မိ၏။ ငှက်၏ သစ်ခက်ကို ထိခိုက်ခြင်း, ငှက်အရိပ် ၏ မြေ၌ ပျံ့နှံ့ခြင်းတို့သည် မရှေးမနှောင်း ရှေးလည်းမကျ နောက်လည်းမကျ တစ်ပြိုင်နက်သော ခဏ၌ပင် ဖြစ်ကုန်သကဲ့သို့ - ---- ဤ ဥပမာအတူပင် ပစ္စုပ္ပန် ရူပါရုံ စသည်တို့၏ စက္ခုပသာဒ အစရှိသည်တို့ကို ထိခိုက်ခြင်းသည်လည်းကောင်း ဘဝင်ကို လှုပ်စေခြင်း၌ စွမ်းနိုင်သည်၏အဖြစ်ဖြင့် မနောဒွါရ၌ ရှေးရှု ကျခြင်းသို့ ရောက်ခြင်း ထင်ခြင်းသည်လည်းကောင်း မရှေးမနှောင်း ရှေးလည်း မကျ နောက်လည်း မကျ တစ်ပြိုင်နက်သော ခဏ၌ပင် ဖြစ်၏။ ထိုဘဝင် လှုပ်ရာအခါမှ နောက်၌ ဘဝင်အယဉ်ကို ဖြတ်၍ စက္ခုဒွါရစသည်တို့၌ ဖြစ် ကုန်သော အာဝဇ္ဇန်းအစ ဝုဋ္ဌောအဆုံး ရှိကုန်သော ဝီထိစိတ်တို့၏ အခြားမဲ့၌ ရူပါရုံအစရှိသော အာရုံတို့တွင် အမှတ်မထား တစ်ပါးပါးသော အာရုံ၌ ဤ ပထမ မဟာကုသိုလ်စိတ်သည် ဇောကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာ ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)
စက္ခုဒွါရဝီထိ၌ အသုံးပြုထားသော သင်္ကေတများ
တီ =အတီတဘဝင် = လွန်သွားသောဘဝင်၊
န =ဘဝင်္ဂစလန = မနောဒွါရ၌ အာရုံထင်လာ၍ လှုပ်သောဘဝင်၊
ဒ = ဘဝင်္ဂုပစ္ဆေဒ = မနောဒွါရ၌ အာရုံထင်လာ၍ ရပ်သွားသောဘဝင်၊
ပ = ပဉ္စဒွါရာဝဇ္ဇန်း = အာဝဇ္ဇန်း = ဆိုင်ရာဒွါရနှစ်မျိုး၌ ထင်လာသော အာရုံကို ဆင်ခြင်သောစိတ်၊ (ဆင်ခြင်)
စ = စက္ခုဝိညာဏ် = စက္ခုဝတ္ထုကို မှီဖြစ်၍ ရူပါရုံကို သိသောစိတ်၊ (မြင်သိ)
သံ = သမ္ပဋိစ္ဆိုင်း = (စက္ခုဝိညာဏ်၏) အာရုံကို လက်ခံသောစိတ်၊ (လက်ခံ)
ဏ = သန္တီရဏ = (စက္ခုဝိညာဏ်၏) အာရုံကို စူးစမ်းသောစိတ်၊ (စုံစမ်း)
ဝု = ဝုဋ္ဌော = ယင်းအာရုံကို ဆုံးဖြတ်ချက်ချသောစိတ်၊ (ဆုံးဖြတ်)
ဇ = ဇော = ယင်းအာရုံ၏ အရသာကို အဟုန်ပြင်းစွာ ဆက်တိုက် ခံစား သောစိတ်၊ (ဇော)
တ = တဒါရုံ = ဇောယူသည့် အာရုံကိုပင် ဆက်လက်အာရုံယူသော စိတ်၊ (တဒါရုံ)
အတီတဘဝင် ----- ရူပါရုံသည် ဥပါဒ်လျှင် ဥပါဒ်ချင်း စက္ခုဒွါရ မနောဒွါရ၌ မထင်နိုင်၊ စိတ္တက္ခဏ တစ်ချက်သော်လည်းကောင်း, များစွာသော်လည်းကောင်း လွန်ပြီးမှ ထင်လာနိုင်၏။ ရူပါရုံ ဥပါဒ်ပြီးနောက် ဒွါရ နှစ်ခု၌ မထင်နိုင်သေးဘဲ လွန်သွားသော ဘဝင်စိတ္တက္ခဏများကို အတီတဘဝင်ဟု နာမည်တပ်ထားသည်။ ရူပါရုံ မဥပါဒ်မီ ဖြစ်နေသော ဘဝင်များကို (ဘ)ဟု နာမည်တပ်ထားသည်။ သို့သော် ရူပါရုံမဖြစ်သော စိတ္တက္ခဏဟူသည် မရှိ စကောင်းပေ။ ယေဘုယျအားဖြင့် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း, ဌီကာလတိုင်း, ဘင်ကာလတိုင်း၌ ရူပါရုံအဝင်အပါဖြစ်သည့် ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တို့ ဖြစ်နေကြသောကြောင့် ဖြစ်၏။ ဤ၌ စက္ခုဒွါရ မနောဒွါရ၌ ထင်နိုင်သော ရူပါရုံကိုသာ ဆိုလိုသည်ဟု မှတ်ပါ။
__________
မဇ္ဈိမာယုက ----- အတိမဟန္တာရုံဝီထိ၌ အတီတဘဝင် (၁)ချက်လွန်၏။ ယင်းအတီတဘဝင်နှင့် ဥပါဒ်ချင်း ပြိုင်၍ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက စက္ခုပသာဒ မည်၏။ ပထမ မဟန္တာရုံဝီထိ၌ အတီတဘဝင် (၂)ချက် လွန်၏။ ပထမရှေးဦး အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခု ပသာဒသည် မဇ္ဈိမာယုက စက္ခုပသာဒ မည်၏။ ဒုတိယ မဟန္တာရုံဝီထိ၌ အတီတဘဝင် (၃)ချက်လွန်၏။ ပထမပရိတ္တာရုံဝီထိ၌ (၄)ချက်, ဒုတိယ ပရိတ္တာရုံဝီထိ၌ (၅)ချက်, တတိယပရိတ္တာရုံဝီထိ၌ (၆)ချက်, စတုတ္ထပရိတ္တာရုံ ဝီထိ၌ (၇)ချက်, ပဉ္စမပရိတ္တာရုံဝီထိ၌ (၈)ချက်, ဆဋ္ဌပရိတ္တာရုံဝီထိ၌ (၉)ချက် လွန်၏။ ဘဝင်မှ စ၍ ရေတွက်သော် ပထမဦးဆုံး = ရှေးဦး အတီတဘဝင်နှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက စက္ခုပသာဒ မည်၏။
စက္ခုပသာဒ အဝင်အပါဖြစ်သော ကမ္မဇရုပ်တို့သည် ပဋိသန္ဓေမှ စ၍ စုတိစိတ်မှ ပြန်၍ ရေတွက်သော် (၁၇)ချက်မြောက်သော စိတ်သို့တိုင်အောင် ဘဝတစ်လျှောက်ဝယ် ဖြစ်ပေါ်နေသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်တိုင်း ဌီတိုင်း ဘင်တိုင်း၌ အမြဲမပြတ် ဖြစ်ပေါ်နေကြ၏။ ကံ၏အရှိန်အဝါ အပေါ် မူတည်၍ ယင်းခဏငယ်တိုင်း၌ တစ်မျိုး တစ်မျိုးလျှင် ရုပ်ကလာပ် ပေါင်း များစွာ ဖြစ်နိုင်၏။ စက္ခုဒသကကလာပ်ပေါင်းလည်း ခဏငယ်တိုင်း၌ များစွာ ဖြစ်နေကြ၏။ စက္ခုဝိညာဏ်၏ ဥပါဒ်-ဌီ-ဘင်အားဖြင့် ဖြစ်ပေါ်လာ သော အချိန်၌ စက္ခုဒသကကလာပ်ပေါင်းများစွာ စက္ခုပသာဒပေါင်းများစွာ ဥပါဒ်ဆဲလည်း ရှိ၏၊ ဌီသို့ ရောက်ဆဲလည်း ရှိ၏၊ ဘင်သို့ ရောက်ဆဲလည်းရှိ၏။ ယင်းစက္ခုပသာဒပေါင်းများစွာတို့တွင် အားအကောင်းဆုံးသော မဇ္ဈိမာယုက စက္ခုပသာဒကို မှီ၍ စက္ခုဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာ၏။
မန္ဒာယုက, အမန္ဒာယုက, မဇ္ဈိမာယုက ပသာဒတို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှည်သော သတ္တရသာယုကချည်း ဖြစ်၍ အသက် ရှည် တို, အပို, အယုတ် မရှိသော်လည်း ပဉ္စဒွါရဝီထိ၏အာရုံဖြစ်သော ပဉ္စာရုံနှင့် ပြိုင်၍ ချုပ်သည်၊ ရှေးဦး ချုပ်သည်၊ နောက်မှ ချုပ်သည်ကို စွဲ၍ စက္ခုဒွါရ အတိမဟန္တာရုံဝီထိ၌ အတီတဘဝင်၏ ဥပါဒ်ကစ၍ ဖြစ်သော စက္ခုပသာဒသည် မိမိနှင့် ထိခိုက်သောရူပါရုံနှင့် ပြိုင်၍ချုပ်ခြင်းကြောင့် မရှည်မတို အလယ်အလတ် အသက်ရှိ၏ဟု ဆိုအပ်ရကား မဇ္ဈိမာယုက မည်၏။ ယင်း အတီတဘဝင်မှ ရှေးစိတ္တက္ခဏတို့၌ ဥပါဒ်သော (၃၇)မျိုးသော စက္ခုပသာဒတို့သည် ထိခိုက်သော ရူပါရုံ မချုပ်မီ ချုပ်ခြင်းကြောင့် ထိုရူပါရုံအောက် နည်းသော တိုသော အသက်ရှိ၏ဟု ဆိုအပ်ရကား မန္ဒာယုက မည်၏။ ယင်း အတီတဘဝင်၏ ဌီ-ဘင်မှ စ၍ နောက်စိတ္တက္ခဏတို့၌ ဖြစ်သော (၁၁)မျိုးသော စက္ခုပသာဒသည် ထိခိုက်သောရူပါရုံ ချုပ်သည်တိုင်အောင် မချုပ်သေးသောကြောင့် ထိုရူပါရုံထက် ရှည်သော အသက်ရှိ၏ဟုဆိုအပ်ရကား အမန္ဒာယုက မည်၏။ ကြွင်းသော စက္ခုဒွါရဝီထိတို့၌လည်းကောင်း, သောတဒွါရဝီထိ စသည်တို့၌လည်းကောင်း ဤနည်းကို မှီ၍ သိအပ်၏။ ပဉ္စဝိညာဏ် ဖြစ်သည်မှ ေ့ရှ၌ ဖြစ်ခဲ့၍ ပဉ္စဝိညာဏ်ဖြစ်သည်တိုင်အောင် မချုပ်မပျက် အသက်ရှည်သေးခြင်းကြောင့် နိဿယ ပုရေဇာတ ပြု၍ ပဉ္စဝိညာဏ်မှီခြင်းငှာ ထိုက်သော ထိုမန္ဒာယုက အမန္ဒာယုက မဇ္ဈိမာယုက ပဉ္စပသာဒတို့တွင် မဇ္ဈိမာယုက ပဉ္စပသာဒကိုသာ ပဉ္စဝိညာဏ်မှီသည်ဟု အဘိဓမ္မာဝတာရဋီကာ ဆုံးဖြတ်၏။ ပဉ္စဒွါရာဝဇ္ဇန်းနှင့်သော်လည်းကောင်း, ဘဝင်္ဂုပစ္ဆေဒနှင့်သော် လည်းကောင်း ဥပါဒ် ပြိုင်သော ပဉ္စပသာဒကို ပဉ္စဝိညာဏ် မှီသည်ဟူသော ဝါဒကိုကား ပယ်၏။ (ဝီထိပုံ-ဘုံစဉ်-ဆန်းပုံ-သိမ်ပုံကျမ်း၊၂-၃။)
ပဉ္စဝေါကာရဘုံ၌ ဖြစ်သော မနောဝိညာဏ်စိတ်တို့တွင် ပဋိသန္ဓေစိတ် သည် မိမိနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်၏။ ဘဝင် စသော မနောဝိညာဏ်စိတ် အားလုံးတို့သည်ကား (= ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ၊ မနောဒွါရာဝဇ္ဇန်း၊ ဇော၊ တဒါရုံ ဟူသော မနောဝိညာဏ်စိတ် အားလုံးတို့သည်ကား) မိမိ၏ ရှေးအနန္တရစိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်ကုန်၏။ နိရောဓသမာပတ်မှ ထသော အခါ အနာဂါမိဖိုလ် အရဟတ္တဖိုလ်စိတ်တို့သည် ရှေးစိတ္တက္ခဏ တစ်ချက်ခန့် ကာလ၌ ဥပါဒ်သော ဟဒယဝတ္ထုကိုမှီ၍ ဖြစ်ကုန်၏။ မရဏာသန္နအခါ ဘဝင် အာဝဇ္ဇန်းစသော မနောဝိညာဏ်စိတ်တို့သည် စုတိစိတ်မှ ပြန်၍ရေတွက်သည် ရှိသော် (၁၇)ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်ကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၄၉။) ထိုကြောင့် ဤသို့ မှတ်သားထားပါ။
၁။ ပဋိသန္ဓေစိတ်သည် မိမိနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်၏။
၂။ ပဋိသန္ဓေနောင် ပထမဘဝင်သည် ပဋိသန္ဓေနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်၏။
၃။ ဒုတိယဘဝင်သည် ပထမဘဝင်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို ။ ပ ။
၄။ ပဉ္စဒွါရာဝဇ္ဇန်းသည် ဘဝင်္ဂုပစ္ဆေဒနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၅။ သမ္ပဋိစ္ဆိုင်းသည် ပဉ္စဝိညာဏ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၆။ သန္တီရဏသည် သမ္ပဋိစ္ဆိုင်းနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၇။ ဝုဋ္ဌောသည် သန္တီရဏနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၈။ ပထမဇောသည် ဝုဋ္ဌောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို။ ပ ။
၉။ သတ္တမဇောသည် ဆဋ္ဌဇောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၁၀။ ပထမတဒါရုံသည် သတ္တမဇောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၁၁။ ဒုတိယတဒါရုံသည် ပထမတဒါရုံနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
ဤသို့ အသီးအသီး မှီဖြစ်သည်ဟု မှတ်ပါ။ ဤသို့စသည်ဖြင့် မနောဒွါရဝီထိတို့၌လည်း သဘောပေါက်သင့်ပေပြီ။
ပဉ္စဒွါရဝီထိနှင့် မနောဒွါရဝီထိတို့၏ စွမ်းအင်
ယေဘုယျအားဖြင့် ဤပဉ္စဒွါရဝီထိနှင့် ကာမဇော မနောဒွါရဝီထိတို့တွင် ဇောသည် (၇)ကြိမ် စောတတ်၍ တဒါရုံမှာ (၂)ကြိမ် ကျတတ်၏။ ကျန် ဝီထိစိတ်တို့ကား တစ်ကြိမ်စီသာ ဖြစ်တတ်၏။ စက္ခုဒွါရဝီထိ စသော ပဉ္စဒွါရ ဝီထိများ၏ နောင်၌ ဘဝင်များခြားလျက် မနောဒွါရဝီထိများသည် ဝီထိပေါင်း များစွာ ဖြစ်တတ်၏။ ထိုတွင် ရှေးဦးစွာသော မနောဒွါရဝီထိကို တဒနုဝတ္တက မနောဒွါရဝီထိ = နောက်လိုက် မနောဒွါရဝီထိဟု ခေါ်ဆို၍ ဒုတိယ မနောဒွါရ ဝီထိမှ စ၍ နောက်ပိုင်း ဆက်လက်ဖြစ်ပေါ်ကြကုန်သော မနောဒွါရဝီထိများ ကို သုဒ္ဓမနောဒွါရဝီထိဟု ခေါ်ဝေါ်သုံးစွဲကြပေသည်။ အချို့ဆရာမြတ်တို့ကား အားလုံးကိုပင် တဒနုဝတ္တကမနောဒွါရဝီထိဟုပင် ခေါ်ဝေါ် သုံးစွဲလိုကြ၏။ ဤစာမူ၌ကား မနောဒွါရဝီထိဟုသာ ဇယားများတွင် ဖော်ပြထားပါသည်။
ပဌမဇဝနေပိ။ ပ ။ န ဟောတီတိ ဣဒံ ပဉ္စဝိညာဏဝီထိယံ ဣတ္ထိပုရိသောတိ ရဇ္ဇနာဒီနံ အဘာဝံ သန္ဓာယ ဝုတ္တံ။ တတ္ထ ဟိ အာဝဇ္ဇန ဝေါဋ္ဌဗ္ဗနာနံ အယောနိသော အာဝဇ္ဇနဝေါဋ္ဌဗ္ဗနဝသေန ဣဋ္ဌေ ဣတ္ထိရူပါဒိမှိ လောဘော, အနိဋ္ဌေ စ ပဋိဃော ဥပ္ပဇ္ဇတိ။ မနောဒွါရေ ပန ဣတ္ထိပုရိသောတိ ရဇ္ဇနာဒိ ဟောတိ။ (မူလဋီ၊၂၊၁၈၁။)
တတ္ထာယံ ပဝတ္တိက္ကမော၊ ပဉ္စဒွါရေ ရူပါဒိအာရမ္မဏေ အာပါထဂတေ နိယမိတာဒိဝသေန ကုသလာကုသလဇဝနေ ဥပ္ပဇ္ဇိတွာ ဘဝင်္င်္ဂံ ဩတိဏ္ဏေ မနောဒွါရိကဇဝနံ တံယေဝါရမ္မဏံ ကတွာ ဘဝင်္ဂံ ဩတရတိ။ ပုန တသ္မိံယေဝ ဒွါရေ ဣတ္ထိပုရိသောတိအာဒိနာ ဝဝတ္ထပေတွာ ဇဝနံ ဥပ္ပဇ္ဇိတွာ ဘဝင်္ဂံ ဩတရတိ။ ပုန ဝါရေ ပသာဒရဇ္ဇနာဒိဝသေန ဇဝနံ ဇဝတိ။ (အနုဋီ၊၁၊၂၀၀။)
သဒ္ဒံ ပထမစိတ္တေန၊ တီတံ ဒုတိယစေတသာ။
နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။
၁။ စက္ခုဒွါရ မနောဒွါရ၌ ရူပါရုံ ရှေးရှုကျရောက်လာသောအခါ ထင်လာ သောအခါ ငါသည် ကုသိုလ်ကိုသာ ဖြစ်စေရမည်၊ သို့မဟုတ် ငါသည် အကုသိုလ်ကိုသာ ဖြစ်စေရမည် - --- ဤသို့ စသော သတ်မှတ်ချက်များနှင့် အညီ ကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ သို့မဟုတ် အကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိများ ဖြစ်ပေါ်လာကြ၏။ ယင်း စက္ခုဒွါရဝီထိ နာမ်တရားစုတို့ကား ရူပါရုံအရောင်မျှကိုသာ သိ၏။ ယောက်ျား မိန်းမ အိုး ပုဆိုး စသည်ဖြင့် ထို ရူပါရုံကို မသိပေ။ အဘိနိပါတမတ္တ = အာရုံနှင့် ဒွါရ ရှေးရှူ ရင်ဆိုင်မိရုံသာ ဖြစ်သည်။ ယောနိသောမနသိကာရဖြစ်က ကုသိုလ်ဇော အယောနိသော မနသိကာရဖြစ်က အကုသိုလ်ဇောများကား စောနိုင်၏။သို့သော် ထိုရူပါရုံကို ယောက်ျား မိန်းမ အိုး ပုဆိုး စသည်ဖြင့် သိ၍ စောသည်ကား မဟုတ်ပေ။ ရူပါရုံ အရောင်မျှကိုသာ အာရုံပြု၍ (ရှေးယခင်က ကြိုတင် သတ်မှတ်ထား ခြင်း စသော အကြောင်းတို့အပေါ် အခြေစိုက်၍) ကုသိုလ်ဇော သို့မဟုတ် အကုသိုလ်ဇော စောခြင်း ဖြစ်၏။
၂။ ယင်း စက္ခုဒွါရဝီထိနောင်၌ မနောဒွါရဝီထိ တစ်ဝီထိကျ၏။ တဒနုဝတ္တက မနောဒွါရဝီထိဟု ခေါ်ဆိုအသုံးပြုထား၏။ ယင်း မနောဒွါရဝီထိကား စက္ခုဒွါရဝီထိက အာရုံပြုခဲ့သော အတိတ်ရူပါရုံမျှကိုသာ အာရုံပြုနိုင်၏ သိ နိုင်၏။ စက္ခုဒွါရဝီထိနှင့် အလားတူပင် ကုသိုလ်ဇော အကုသိုလ်ဇော ထိုက် သလို စောနိုင်၏။ ဤဝီထိကို စက္ခုဒွါရဝီထိမှထောက်လျှင် ဒုတိယ (တဒနုဝတ္တက) မနောဒွါရဝီထိဟု ခေါ်ဆို၏။ တဒါရုံ ကျသည်လည်း ရှိ၏၊ မကျ သည်လည်း ရှိ၏။
၃။ ယင်း ဒုတိယမနောဒွါရဝီထိ၏ နောင်၌ တတိယမနောဒွါရ တစ်ဝီထိ ကျပြန်၏။ တတိယသုဒ္ဓမနောဒွါရဝီထိဟု ခေါ်ဆို၏။ ယင်း မနောဒွါရဝီထိ ကား ယင်း အတိတ်ရူပါရုံကိုပင် ညို၏ ဝါ၏ ပြာ၏ စသည်ဖြင့် သိ၏။ ရှေး နှစ်ဝီထိတို့ကား အရောင်မျှကိုသာ သိ၏၊ ဤတတိယမနောဒွါရဝီထိသို့ ရောက် မှသာလျှင် ယင်းရူပါရုံ၏ အညို အဝါ အပြာ စသည့် ကွဲပြားသည့်အရောင်ကို သိ၏။ ရှေးနှစ်ဝီထိတို့ဖြင့် မြင်အပ်ပြီးသော အတိတ်ရူပါရုံကိုပင် ညို၏ ဝါ၏ ပြာ၏ စသည်ဖြင့် ပိုင်းခြားနိုင်သော ဝီထိ ဖြစ်သည်။ တဒါရုံ ကျသည်လည်း ရှိ၏၊ မကျသည်လည်း ရှိ၏။ ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇော အကုသိုလ်ဇော ထိုက်သလို စောနိုင်၏။
၄။ စတုတ္ထသုဒ္ဓမနောဒွါရဝီထိ - ---- ယခင် သုံးဝီထိတို့ဖြင့် မြင်အပ် သိအပ် ပိုင်းခြားအပ်ပြီးသော ရူပါရုံကို စွဲ၍ ယောက်ျား မိန်းမ အိုး ပုဆိုး သင်္ကန်းရွှေ ငွေ စသည်တည်းဟု သင်္ကေတ ရှိဖူးသည်နှင့် လျော်စွာ အတ္ထပညတ်ကို သိသော သုဒ္ဓမနောဒွါရဝီထိတည်း။ ဤအဆင့်၌ ပညတ်ကို အာရုံပြုနေပါက တဒါရုံ ကျခွင့် မရှိ။ အကယ်၍ ပရမတ်ကိုသာ အာရုံယူနိုင်ပါမူကား ရူပါရုံ အရောင်မျှကိုသာ ဆက်လက် အာရုံယူနိုင်ပါမူကား တဒါရုံ ကျနိုင်ခွင့် ရှိ၏။ ဤဝီထိ၌လည်း ယောနိသောမနသိကာရ အယောနိသောမနသိကာရ အား လျော်စွာ ကုသိုလ်ဇော အကုသိုလ်ဇော ထိုက်သလို စောနိုင်၏။
၅။ ပဉ္စမသုဒ္ဓမနောဒွါရဝီထိ - ---- ဤပဉ္စမဝီထိသို့ ရောက်ပါမှ ယောက်ျားပဲ မိန်းမပဲ အိုးပဲ ပုဆိုးပဲ ရွှေပဲ ငွေပဲ စသည်ဖြင့် အတ္ထပညတ် တစ်ခုခုကို ကွဲကွဲပြားပြား သိ၏။ ဤပဉ္စမဝီထိသို့ ရောက်ရှိပါမှ ယောနိသောမနသိကာရ ရှိပါက ကြည်ညိုခြင်း, အယောနိသောမနသိကာရ ဖြစ်ပါက တပ်မက်ခြင်း ချစ်ခင်ခြင်း စသည် ဖြစ်၏။ ဤဝီထိ၌လည်း ပရမတ် အရောင်သက်သက်ကို စွမ်းနိုင်သော ဝိပဿနာကမ္မိကပုဂ္ဂိုလ်တို့သည် အာရုံ ပြုနိုင်ကြ၏။ တဒါရုံ ကျခွင့် ရှိ၏။ ပညတ်ကိုသာ အာရုံပြုနေပါက တဒါရုံကျခွင့် မရှိ။
ကုသိုလ်ဇော စောရခြင်း
၁။ နိယမိတ - ---- ငါသည် ကုသိုလ်ကိုသာ ပြုထိုက်၏ဟု ကုသိုလ်ကို ပြုလုပ်ခြင်း၌ စိတ်ကို အမြဲသတ်မှတ်ထား၏။ ဒါန သီလ ဘာဝနာ စသော ကောင်းမှုကုသိုလ်ကို ပြုခြင်း၌ အမြဲသတ်မှတ်ထားအပ်သော စိတ်၏ စွမ်းအင် ကြောင့်လည်းကောင်း,
၂။ ပရိဏာမိတ - ---- အကုသိုလ်ဖြစ်ခြင်းမှ စိတ်ကို ဆုတ်နစ်စေ၍ ကောင်းမှု ကုသိုလ် ပြုခြင်း၌သာလျှင် စိတ်ဓာတ်ကို ညွတ်ကိုင်းရှိုင်းထား၏။ ယင်းသို့ ကောင်းမှုကုသိုလ်ကိုပြုခြင်း၌ ညွတ်စေအပ်သော ညွတ်ကိုင်းရှိုင်းထားသော စိတ်၏ စွမ်းအင်ကြောင့်လည်းကောင်း,
၃။ သမုဒါစာရ - ---- ဒါန သီလ သမထ ဝိပဿနာ အစရှိသော ကုသိုလ် တရားတို့ကို အမြဲမပြတ် လိုက်နာပြုကျင့်လျက် စိတ်ဓာတ်ကို ကုသိုလ်တရား တို့၌သာ အဆက်မပြတ် ဆက်တိုက်ဖြစ်နေအောင် လေ့ကျင့်ထား၏။ ကုသိုလ် တရားတို့၌ အလေ့အကျက်များနေသော စိတ်၏ စွမ်းအင်ကြောင့်လည်းကောင်း,
၄။ အာဘုဇိတ - ---- ပတိရူပဒေသဝါသ = ရတနာသုံးပါး ထွန်းကားရာ သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အရပ် ဒေသ၌ နေထိုင်ခြင်း, သပ္ပုရိသူပနိဿယ = ဘုရားအစရှိသော သူတော် သူမြတ်တို့ကို မှီဝဲဆည်းကပ်ခြင်း, သဒ္ဓမ္မဿဝန = သစ္စာလေးပါးနှင့် စပ်သော သူတော်ကောင်းတရားကို နာကြားခြင်း, ပုဗ္ဗေ ကတပုညတာ = ရှေးက ပြုခဲ့ ဖူးသော ကောင်းမှုကုသိုလ်ထူးရှိခြင်း - ---- ဤသို့စသော အကြောင်းတရားတို့ကြောင့် အာရုံကို နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း နှလုံးသွင်းတတ်ခြင်း ယောနိသောမနသိကာရ၏ စွမ်းအင်ကြောင့်လည်းကောင်း,
ဤ အကြောင်းတရားတို့ကြောင့် ကုသိုလ်ဇော စောရခြင်း ဖြစ်ပေ သည်။ (အဘိ၊ဋ္ဌ၊၁၊၁၁၇။)
ငါ့မှာ မည်သည့် အာရုံနှင့်ပင် တွေ့တွေ့ ကုသိုလ်စိတ်သာ ဖြစ်စေ ရမည်ဟု အမြဲသတ်မှတ် ဆုံးဖြတ်ထားသူ၌ ကုသိုလ်စိတ်သာ ဖြစ်၏။ အကုသိုလ် မဖြစ်အောင် စိတ်ကိုစောင့်စည်း၍ ကုသိုလ် ဖြစ်ဖို့ရန် စိတ်ညွတ် ထားသူ၌ ကုသိုလ်စိတ်သာ ဖြစ်၏။ ရှေးရှေးကပင် ကုသိုလ်စိတ်၌ အလေ့ အကျက်ရနေသူမှာလည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏။ ဘယ်လုပ်ငန်းကိစ္စ၌ မဆို သင့်တော်အောင် နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်မှု အာဘုဇိတ = ယောနိသောမနသိကာရ ရှိသူမှာလည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏။ဤ အကြောင်း (၄)ပါးကြောင့် သုဘနိမိတ် ဣဋ္ဌာရုံနှင့် တွေ့ကြုံရသော်လည်း လောဘစိတ် မဖြစ်ဘဲ ကုသိုလ်စိတ်သာ ဖြစ်ရပေသည် ဟူလို။
ရူပါရုံလိုင်း ရှုပုံစနစ် (အကောင်းအုပ်စု)
ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားစုတို့မှာ စက္ခု ဒွါရဝီထိ နာမ်တရားနှင့် မနောဒွါရဝီထိ နာမ်တရားစုတို့ ဖြစ်ကြ၏။ စက္ခု ဒွါရဝီထိ တစ်ဝီထိဖြစ်ပါက ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင်များစွာ ခြားလျက် မနောဒွါရဝီထိပေါင်းများစွာ ဖြစ်နိုင်၏။ စိတ်တို့မည်သည် မျက်စိ တစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုအပ်သော အလွန် တိုတောင်းသော အချိန်ကာလအတွင်း၌ ကုဋေတစ်သိန်းမက ဖြစ်ပြီး ပျက် သွားနိုင်ကြောင်းကို ဖေဏပိဏ္ဍူပမသုတ္တန်အဋ္ဌကထာ (သံ၊ဋ္ဌ၊၂၊၂၉၅။) စသည်တို့၌ ဖွင့်ဆိုထားသဖြင့် ထိုမျှတိုတောင်းသော ကာလအတွင်း၌ စက္ခုဒွါရဝီထိ ပေါင်း မနောဒွါရဝီထိပေါင်းလည်း များစွာ ဖြစ်နိုင်သည်သာ ဖြစ်ပေသည်။ ယင်း ဝီထိတို့တွင် ရှုလိုက်နိုင်သော ဝီထိလည်း အချို့အဝက်ရှိ၍ မရှုလိုက်နိုင်သော ဝီထိလည်း အချို့အဝက်ရှိမည်သာ ဖြစ်ပေသည်။ သို့သော် မိမိ ရှုလိုက်နိုင်သော ဝီထိ ရှုလိုက်မိသော ဝီထိတို့၌ကား နာမ်တုံး နာမ်ခဲများကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက် အောင် သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်ပေသည်။ (နာမ်ဃနလေးပါး အကြောင်းကို ဤကျမ်းစာ စာမျက်နှာ - ၂၀၉-၂၁၇-၌ ရေးသား တင်ပြထားပါသည်။)
မိမိ ရှုပွားသိမ်းဆည်းလိုက်နိုင်သော ရှုပွားသိမ်းဆည်းမိသော အာရုံ၏ ရှုပွားသိမ်းဆည်းလိုက်မိသော အချိန်မှစ၍ ရနိုင်သော သက်တမ်းသို့ လိုက်၍-
၁။ ဘဝင်လှုပ်ရုံသာ လှုပ်သော ဝါရလည်း ရှိ၏။ (မောဃဝါရ)
၂။ ဝုဋ္ဌောတိုင်ရုံသာ ဖြစ်သော ဝါရလည်း ရှိ၏။ (ဝေါဋ္ဌဗ္ဗနဝါရ)
၃။ ဇောတိုင်အောင် ဖြစ်သော ဝါရလည်း ရှိ၏။ (ဇဝနဝါရ)
၄။ တဒါရုံတိုင်အောင် ဖြစ်သော ဝါရလည်း ရှိ၏။ (တဒါရမ္မဏဝါရ)
ဤဝါရလေးမျိုးတို့တွင် ဤစာမူဇယားများ၌ တဒါရမ္မဏဝါရကိုသာ ပဓာနထား၍ ရေးသားတင်ပြထားပါသည်။ ကျန်ဝါရများကို ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှုရင်း သဘောပေါက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။ အဋ္ဌသာလိနီအဋ္ဌကထာ၌ကား အမှတ် (၁) မောဃဝါရကို ပထမမောဃဝါရ, အမှတ် (၂) ဝေါဋ္ဌဗ္ဗနဝါရကို ဒုတိယမောဃဝါရ, အမှတ် (၃) ဇဝနဝါရကို တတိယမောဃဝါရဟု အသီးအသီး ခေါ်ဝေါ်သုံးစွဲထားပေသည်။ ယင်း ပထမမောဃဝါရကား ဝီထိစိတ်မှ အချည်းနှီးဖြစ်သောကြောင့်, ဒုတိယ မောဃဝါရကား ဇောမှ အချည်းနှီးဖြစ်သောကြောင့်, တတိယမောဃဝါရကား တဒါရုံမှ အချည်းနှီးဖြစ်သောကြောင့် မောဃဝါရဟူသော အမည်ကို အသီးအသီး ရရှိကြပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၁၀။)
__________
အသင်သူတော်ကောင်းသည် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြ ကုန်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့ကို သိမ်းဆည်းလိုပါက အောက်ပါအတိုင်း သိမ်းဆည်းပါ။
၁။ မိမိရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ စက္ခုအကြည်ဓာတ် = စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနော ဒွါရဟူသော ဒွါရနှစ်ခုကို အသိဉာဏ်၌ ပြိုင်တူ ထင်အောင် ပူးတွဲ သိမ်းဆည်းပါ။
၃။ ရုပ်ကလာပ် အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံ အရောင်ကို လှမ်းအာရုံယူပါ။
၄။ ထို ရူပါရုံ အရောင်သည် စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ ပြိုင်တူ ရှေးရှု ရိုက်ခတ်သောအခါ = ပြိုင်တူ ထင်လာသောအခါ စက္ခု ဒွါရဝီထိ စိတ်အစဉ်နှင့် ရူပါရုံကိုပင် ဆက်လက် အာရုံယူသည့် မနော ဒွါရဝီထိ စိတ်အစဉ်များသည် ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။
၅။ ထိုဝီထိစိတ်အစဉ်တွင် ပါဝင်သော အာဝဇ္ဇန်း, ဝုဋ္ဌော, မနောဒွါရာဝဇ္ဇန်း တို့က ယင်း ရူပါရုံအရောင်ကို ရူပါရုံဟုသာ = အရောင်ဟုသာ ဆင်ခြင် ဆုံးဖြတ်ပါ။ ယောနိသောမနသိကာရ ဖြစ်သဖြင့် ကုသိုလ်ဇောများ စောမည်ဖြစ်သည်။ ယင်း ကုသိုလ်ဇောနာမ်တရား တဒါရုံနာမ်တရား (၃၄)စသည်တို့မှာ သဒ္ဓါပညာအုပ်စု နာမ်တရားများပင် ဖြစ်ကြသည်။
စက္ခုဒွါရဝီထိ နာမ်တရားစုသည် ရုပ်ကလာပ် အများစု၏ ရူပါရုံ အရောင်ကိုသာ အာရုံယူနိုင်၏ သိနိုင်၏ဟူသော အယူဝါဒလည်း ရှိနေ၏။ မနောဒွါရဝီထိကား ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကိုပင် ဖြစ်စေ, ရုပ် ကလာပ်အများစု၏ ရူပါရုံအရောင်ကိုပင်ဖြစ်စေ သိရှိနိုင်သော သဘော ရှိ၏။ ထိုကြောင့် ရုပ်ကလာပ်အများစု၏ ရူပါရုံ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံဟု နှစ်မျိုးခွဲလျက် ရေးသားထားပေသည်။
ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ အညတြ အဘိနိပါတမတ္တာ၊ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ။ (အဘိ၊၂၊၃၂၃။)
ဤအထက်ပါ ပါဠိတော်နှင့် ယင်းပါဠိတော်၏ အဖွင့်ဖြစ်သော ဉာဏ ဝိဘင်း အဋ္ဌကထာ ဋီကာတို့နှင့် အညီ ပဉ္စဒွါရိကဇောဝီထိ စိတ်အစဉ်တို့ကား ဒွါရနှင့် အာရုံ ရှေးရှု ဆုံစည်းမှု သဘောမျှလောက်သာ = ဆိုင်ရာ ဆိုင်ရာ ဒွါရ၌ ရှေးရှုကျရောက်လာသော အာရုံကို သိကာမတ္တသဘောမျှသာ ရှိကြ၏။ ယင်း အာရုံကို အရောင်မျှ အသံမျှ အနံ့မျှ အရသာမျှ အတွေ့အထိမျှသာ သိနိုင်၏။ အဖြူ အနီ အဝါ အပြာ စသည်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိနိုင်သည့် စွမ်းအားကား မရှိပေ။ ထိုကြောင့် ယင်းပဉ္စဒွါရဝီထိတို့၌ တည်ရှိသော အာဝဇ္ဇန်းနှင့် ဝုဋ္ဌော, တဒနုဝတ္တက မနောဒွါရဝီထိ၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်း တို့၏ ဆင်ခြင်ဆုံးဖြတ်ချက်မှာ တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် အာရုံကို ဆုံးဖြတ် နိုင်သည်ကား မဟုတ်ပေ။ အဖြူ အနီ အဝါ အပြာ စသည်ဖြင့် ခွဲခြားစိတ်ဖြာ ၍ သိနိုင်သော အဆင့်သို့ပင် မရောက်ရှိသေးပေ။ ပဉ္စမမြောက် မနောဒွါရ ဝီထိသို့ ရောက်ရှိပါမှ အထိုက်အလျောက် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင် သည့် သဘော ရှိပေသည်။ ထိုကြောင့် ပဉ္စဒွါရဝီထိ တဒနုဝတ္တက မနောဒွါရ ဝီထိတို့၌ တည်ရှိသော အာဝဇ္ဇန်း ဝုဋ္ဌောတို့သည် အာရုံကို ဣဋ္ဌအနိဋ္ဌ စသည် ဖြင့် တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချနိုင်သည့် တရားတို့မဟုတ်ဘဲ ဆုံးဖြတ်ချက်ချသကဲ့သို့သာ ဖြစ်သောတရားတို့ဟု မှတ်သားပါ။
အသင်သူတော်ကောင်းသည် - ---- ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)၊ တဒါရုံ (၂) = ဆင်ခြင်၊ မြင်သိ၊ လက်ခံ၊ စုံစမ်း၊ ဆုံးဖြတ်၊ ဇော (၇)၊ တဒါရုံ (၂) - ---- ထိုနောင် ဘဝင် အကြိမ်များစွာ ခြားလျက် - ---- မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)၊ တဒါရုံ (၂) = ဆင်ခြင်ဆုံးဖြတ်၊ ဇော (၇)၊ တဒါရုံ (၂) - --- ဤသို့ စသည်ဖြင့် ဖြစ်ပေါ်နေသော ဝီထိစိတ်အစဉ် အတွင်း၌ တည်ရှိသော အသိစိတ် = ဝိညာဏ်တိုင်းကို သိအောင် မြင်အောင် စက္ခုအကြည် ဘဝင်မနောအကြည်ဟူသော ဒွါရ နှစ်ခုနှင့် ရူပါရုံဟူသော အာရုံကို ပူးတွဲသိမ်းဆည်းလျက် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ ထိုတွင် စက္ခုဒွါရ ဝီထိ တစ်ကြိမ်ဖြစ်က ရူပါရုံကို ဆက်လက်အာရုံယူသည့် မနောဒွါရဝီထိ များသည် ဝီထိတစ်ခုနှင့် တစ်ခု၏ အကြားဝယ် ဘဝင်အကြိမ်များစွာ ခြား လျက် မနောဒွါရဝီထိပေါင်းများစွာ ဖြစ်မှုကို သဘောပေါက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သည့် တိုင်အောင် လေ့ကျင့်ပါ။ ဝီထိ စိတ်တိုင်း စိတ်တိုင်းကို အောင်မြင်စွာ သိမ်းဆည်းရှုပွားနိုင်ပါက ဖဿ ဝေဒနာ စသော စေတသိက် တို့ကို တဖြည်းဖြည်း တစ်လုံးစီ တစ်လုံးစီ တိုး၍တိုး၍ - ---- (၂) လုံး, (၃)လုံး, (၄)လုံး, (၅)လုံး, (၆)လုံး, (၇)လုံး, (၈)လုံး, - ---- ဤသို့ စသည်ဖြင့် စိတ္တက္ခဏ တိုင်း၌ ပြိုင်တူဖြစ်မှုကို ရှင်းရှင်းလင်းလင်း မြင်အောင် ရှု၍ ရသောအခါ ဇယားတွင် ဖော်ပြထားသည့် အတိုင်း စိတ်စေတသိက်များကို ရှုကြည့်ပါ။ တဖြည်းဖြည်း အောင်မြင်မှုကို ရရှိလာမည် ဖြစ်ပေသည်။ ဖဿက စ၍ဖြစ်စေ, ဝေဒနာက စ၍ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်း နည်းတူ မှတ်ပါ။ အကယ်၍ အောင်မြင်မှုကို မရရှိခဲ့သော် ရုပ်တရားကိုပင် ထပ်ကာ ထပ်ကာ သိမ်းဆည်းပါ။ ရုပ်တရား၌ သိမ်းဆည်းနေသော ဉာဏ်သည် အရှုပ် အထွေးမရှိ သန့်ရှင်း စင်ကြယ်လာသောအခါ နာမ်တရားများသည် အလိုလို ပင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာမည် ဖြစ်ကြောင်းကို (ဝိသုဒ္ဓိ၊၂၊၂၂၅။)၌ ညွှန်ကြားထားပေသည်။
ရုပ်အစစ် ရုပ်အတု - ----ထိုဝီထိစိတ်တို့တွင် စက္ခုဝိညာဏ်သည် မဇ္ဈိမာယုကဖြစ်သော စက္ခုအကြည်ဓာတ်ဟူသော စက္ခုဝတ္ထုရုပ်ကိုသာ မှီဖြစ်၍ စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိ အတွင်း၌ တည်ရှိသော ကျန်စိတ္တက္ခဏတိုင်း ဟူသော နာမ်တရားတို့သည် မိမိ မိမိ၏ အနန္တရစိတ်နှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြရ၏။ သို့ဖြစ်၍ မှီရာဝတ္ထုရုပ်များကိုပါ ဇယား တွင် ဖော်ပြထားပါသည်။ သုတ္တန်နည်းအရ ဃနပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲ၍ ပရမတ် ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သဖြင့် ဝတ္ထု အရ စက္ခုဝတ္ထုစသော ဝတ္ထုရုပ်မျှကိုသာ မကောက်ယူဘဲ မသိမ်းဆည်း မရှုပွားဘဲ ဝတ္ထုရုပ် အဝင်အပါ ရနိုင်သမျှသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ သိမ်းကျုံး၍ ဖော်ပြထားပါသည်။ ထိုသို့ သိမ်းဆည်းရှုပွားရန်ကိုလည်း မူလပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၂၈၁။) စသည်တို့၌ ညွှန်ကြားထားပေသည်။ သို့သော် ဇယား များ၌ ရုပ်အစစ်များကိုသာ ပဓာနထား၍ ဖော်ပြထားပါသည်။ ရုပ်နာမ်ကို သိမ်းဆည်းသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ကား ရနိုင်သမျှ ရုပ်အတုများ ကိုလည်း ရောနှော၍ သိမ်းဆည်းပါ။ ဝိပဿနာပိုင်း၌သာ ရုပ်အတုများကို ချန်လှပ်ထား၍ ရုပ်အစစ်များကိုသာ ဝိပဿနာရှုရန် ဖြစ်သည်။
တစ်ဖန် ဘဝင်တွင် သောမနဿဝေဒနာဖြင့် ပဋိသန္ဓေ တည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ်အတွက် ရည်ရွယ်၍ နာမ်တရား (၃၄)ဟု ဖော်ပြထား ပါသည်။ ဥပေက္ခာဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ်ဖြစ်မူ ယင်းဘဝင် နာမ်တရားစုမှာ (၃၃)ဖြစ်သည်။ ဘဝင်စိတ်သည် အတိတ်ဘဝ သေခါနီး မရဏာသန္နအခါက ထင်ခဲ့သော မရဏာသန္နဇော၏ အာရုံဖြစ် သည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုး ကိုသာ အာရုံပြု၏။ ယင်းဘဝင်စိတ်၏ အတိတ်အာရုံကို ပုံစံမှန် ရှုနိုင်သော အခါမှ ဝီထိစိတ်အစဉ်တို့၏ အကြား အကြား၌ တည်ရှိသော ဘဝင်စိတ်တို့ကို ပါ ရောနှော၍ သိမ်းဆည်း ရှုပွားရန် ဖြစ်သည်။ ယခု နာမ်တရားတို့ကို သိမ်းဆည်းစ အခါတွင်ကား ယင်းဘဝင်စိတ်၏ အာရုံမှန်ကို မရှုတတ်သေး မရှုနိုင်သေးလျှင် ဘဝင်နာမ်တရားတို့ကို မရှုသေးဘဲ ခေတ္တ ချန်လှပ်ထား နိုင်သည်။
ယောနိသောမနသိကာရ
၁။ ရူပါရုံ = အရောင်ကို ရူပါရုံ = အရောင်ဟု ရှုခဲ့သော် ရူပါရုံ = အရောင် ဟုသိသော စက္ခုဒွါရဝီထိနှင့် နောက်လိုက် မနောဒွါရဝီထိ သုဒ္ဓမနောဒွါရဝီထိ ဟူသော မနောဒွါရဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာမည် ဖြစ်၏။ (သိမ်းဆည်းရှုပွားပုံကို ဖော်ပြခဲ့ပြီးပြီ။) တစ်ဖန် ... (မနော ဒွါရဝီထိ၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်းက) ---
၂။ ထို ရူပါရုံကို ရုပ်တရားဟု ရှုခဲ့သော် ရုပ်တရားဟု သိနေသော မနော ဒွါရဝီထိစိတ်များကိုလည်းကောင်း,
၃။ ထိုရူပါရုံ၏ ဖြစ်ခြင်း ပျက်ခြင်းသဘောကို အာရုံပြု၍ = ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စဟု ရှုခဲ့သော် အနိစ္စဟု သိနေသော မနော ဒွါရဝီထိစိတ်များကိုလည်းကောင်း,
၄။ ထိုရူပါရုံ၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့်သဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့် ၍ ယင်း ရူပါရုံကို ဒုက္ခဟု ရှုခဲ့သော် ဒုက္ခဟု သိနေသော မနောဒွါရဝီထိ စိတ်များကိုလည်းကောင်း,
၅။ ထိုရူပါရုံ၏ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် အမြဲတည်နေသည့် အတ္တ မဟုတ်သည့် သဘောကို အာရုံ ယူ၍ = ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်း ရူပါရုံကို အနတ္တဟု ရှုခဲ့သော် အနတ္တဟု သိနေသော မနောဒွါရဝီထိစိတ်အစဉ်များကိုလည်းကောင်း,
၆။ ထိုရူပါရုံ၏ မကောင်းသော အဆင်း အနံ့ စသည်တို့ဖြင့် ရောပြွမ်း နေသည့်အတွက် ရွံရှာ စက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ = ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အသုဘဟု ရှုခဲ့သော် အသုဘဟု သိနေသော မနောဒွါရဝီထိစိတ်များကိုလည်းကောင်း,
ဤနာမ်တရားတို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။
စက္ခုဒွါရဝီထိစိတ်များဖြင့် ရူပါရုံ = အရောင်ကို ရူပါရုံ = အရောင်ဟုသာ သိနိုင်၏။ ယင်းရူပါရုံ = အရောင်ကို ရုပ်တရားဟု, အနိစ္စတရားဟု, ဒုက္ခ တရားဟု, အနတ္တတရားဟု, အသုဘတရားဟု မသိနိုင်။ မနောဒွါရဝီထိ စိတ်များဖြင့်ကား ယင်းရူပါရုံ = အရောင်ကို ရူပါရုံ = အရောင်ဟုလည်းကောင်း, ရုပ်တရားဟုလည်းကောင်း, အနိစ္စတရားဟုလည်းကောင်း, ဒုက္ခတရားဟု လည်းကောင်း, အနတ္တတရားဟုလည်းကောင်း, အသုဘတရားဟုလည်းကောင်း သိနိုင်၏။
ထိုသို့ ရူပါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို (၆) ကြိမ်မျှ ရှုခိုင်းခြင်းမှာ ယောနိသောမနသိကာရ ဖြစ်က = နှလုံးသွင်းမှန်ပါက ကုသိုလ်ဇောများ စောပုံကို သဘောပေါက်စေလိုသည်လည်း အကြောင်း တစ်ရပ်, နောက်ပိုင်း ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ အရူပသတ္တကသမ္မသနပိုင်း (ဝိသုဒ္ဓိ၊၂၊၂၆၁-၂၆၄။)နှင့် ဘင်္ဂဉာဏ်ပိုင်းတို့တွင် - ----
ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)
= ဉာတ အမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် ဒုက္ခသစ္စာ တရား သမုဒယသစ္စာတရားကိုလည်းကောင်း, ဉာဏ အမည်ရသည့် ရှုနေ သော ဝိပဿနာဉာဏ်ပါသည့် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်စေတသိက်များကိုလည်းကောင်း ---- ဤ ဉာတ-ဉာဏ နှစ်မျိုးလုံးကိုပင် ဝိပဿနာ ရှုပါဟူသော ရှေးရှေး အဋ္ဌကထာဆရာတော်တို့၏ သတ်မှတ်ချက်အရ ဉာဏ အမည်ရသည့် ဝိပဿနာဉာဏ်ပါဝင်သည့် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ် စေတသိက်တို့ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုရမည် ဖြစ်သဖြင့် ရှုနေသည့် ဝိပဿနာဉာဏ်ကို = ဝိပဿနာဉာဏ်နှင့် တကွသော နာမ်တရား စုကို ဝိပဿနာရှုတတ်ရန် ကြိုတင်ပြင်ဆင်သည်လည်း အကြောင်းတစ်ရပ် ဤ အကြောင်းနှစ်ရပ်ကြောင့် ထိုသို့ (၆)ကြိမ်မျှ သိမ်းဆည်းခြင်း ဖြစ်သည် ဟု မှတ်ပါ။ တစ်ကြိမ် တစ်ကြိမ်၌ (၄)ချက်စီ ရှုရသဖြင့် အားလုံးပေါင်းသော်-(၂၄)ကြိမ်တည်း။
ဤ၌လည်း သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ လက္ခဏာကို အာရုံယူနေသော လက္ခဏာရမ္မဏိက ဝိပဿနာဇောများ၏ နောင်၌ တဒါရုံမကျနိုင်ဟူသော သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ အဆိုအရ အချို့ကျမ်းများ၌ အနိစ္စ ဒုက္ခ အနတ္တဟု သိနေသော ဝိပဿနာဇောများ၏ နောင်၌ တဒါရုံကို ချမထားခြင်း ဖြစ်သည်။ သို့သော် နုနယ်နေသေးသော တရုဏ ဝိပဿနာဇောများ၏ နောင်၌ တဒါရုံကျနိုင်သည်ဟူသော ပဋ္ဌာန်း ပါဠိတော် အဋ္ဌကထာ အဆိုအမိန့်များ အရမူ တဒါရုံ ကျခွင့်လည်း ရှိနေပေ သည်။ သို့ဖြစ်၍ အသင် ယောဂီသူတော်ကောင်းသည် ဝိပဿနာဇောများ၏ နောင်၌ တဒါရုံကျလျှင်လည်း ကျသည့်အလျောက် တဒါရုံမကျလျှင်လည်း မကျသည့်အလျောက် ယင်းနာမ်တရားတို့ကို သိမ်းဆည်းပါ။
စိတ်စေတသိက် အရေအတွက် ဇယား
ထပ်မံ ရှင်းလင်းချက်များ
ပဉ္စဒွါရာဝဇ္ဇန်း ---- ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်၌ စိတ်စေတသိက် (၁၁)လုံး ပုံသေ ဖြစ်၏။ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏။
စက္ခုဝိညာဏ် ---- စက္ခုဝိညာဏ် = မြင်သိ၌ စိတ်စေတသိက် (၈)လုံး ပုံသေ ဖြစ်၏။ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏။
သမ္ပဋိစ္ဆိုင်း ---- သမ္ပဋိစ္ဆိုင်း = လက်ခံ၌ စိတ်စေတသိက် (၁၁)လုံး ပုံသေ ဖြစ်၏။ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏။
သန္တီရဏ ---- သန္တီရဏ = စုံစမ်း၌ သောမနဿဝေဒနာနှင့် ယှဉ်သော် ပီတိပါ၍ စိတ်စေတသိက် (၁၂)လုံးဖြစ်၏။ ဒုတိယတန်း၌ ဥပေက္ခာဝေဒနာနှင့် ယှဉ်သဖြင့် ပီတိ မပါရကား စိတ် စေတသိက် (၁၁)လုံး ဖြစ်၏။
ဝုဋ္ဌော ---- ဝုဋ္ဌော = ဆုံးဖြတ်၌ စိတ်စေတသိက် (၁၂)လုံး ပုံသေ ဖြစ်၏။ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏။
ဇော ----ဇော၌ (၃၄)ဟူသည် သဒ္ဓါပညာအုပ်စု (၃၄)ပင် ဖြစ်၏။
၁။ ဉာဏ်ယှဉ် ပီတိယှဉ်သော် (၃၄)ဖြစ်၏၊ သောမနဿဝေဒနာနှင့် ယှဉ်၏။
၂။ ဉာဏ်ယှဉ် ပီတိမယှဉ်သော် (၃၃)ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။
၃။ ဉာဏ်မယှဉ် ပီတိယှဉ်သော် (၃၃)ဖြစ်၏၊သောမနဿဝေဒနာနှင့်ယှဉ်၏။
၄။ ဉာဏ်မယှဉ် ပီတိမယှဉ်သော် (၃၂)ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။
တဒါရုံ ---- တဒါရုံ၌ ဇောနည်းတူ (၄)ချက်ပင် မှတ်ပါ။ သို့သော် ရံခါ အဟိတ် သောမနဿသန္တီရဏ တဒါရုံဖြစ်သော် စိတ်စေတသိက် (၁၂), ရံခါ ဥပေက္ခာသန္တီရဏတဒါရုံဖြစ်သော် စိတ် စေတသိက် (၁၁)ဖြစ်သည်။ အနိဋ္ဌာရုံ၌ အကုသလဝိပါက်, ဣဋ္ဌာရုံ၌ ကုသလဝိပါက် ထိုက်သလို ဖြစ်၏။ မဟာဝိပါက် တဒါရုံကျသော် ဇောနည်းတူ (၄)ချက်ပင် ရှုပါ။
မနောဒွါရာဝဇ္ဇန်း --- မနောဒွါရာဝဇ္ဇန်းကား ဝုဋ္ဌောနှင့် တူ၏၊ ဥပေက္ခာ ဝေဒနာ မြဲ၏။
မှတ်ချက် ---- ယေဘုယျအားဖြင့် သန္တီရဏ-ဇော-တဒါရုံတို့သည် ဝေဒနာချင်း တူညီကြ၏။ ဇော၌ သောမနဿဝေဒနာဖြစ်လျှင် သန္တီရဏ နှင့် တဒါရုံတို့၌လည်း သောမနဿဝေဒနာပင် အဖြစ်များ၏။ ဇော၌ ဥပေက္ခာဖြစ်က သန္တီရဏနှင့် တဒါရုံ၌လည်း ဥပေက္ခာ အဖြစ်များ၏။ ဇောသည် မဟာကုသိုလ်ဇောဖြစ်က တဒါရုံသည်လည်း မဟာဝိပါက်တဒါရုံပင် အဖြစ် များပေသည်။ ယေဘုယျစည်းကမ်းသို့ လိုက်၍ ဖော်ပြထားပါသည်။ (အဘိ၊ဋ္ဌ၊၁၊၃၁၀-၃၁၁ - ကြည့်ပါ။)
ယခုတစ်ဖန် ဆက်လက်၍ သဒ္ဒါရုံလိုင်း = အသံလိုင်း စသည်တို့ကို သိမ်းဆည်းရှုပွားပုံ အကျဉ်းချုပ်ကို ဆက်လက် တင်ပြအပ်ပါသည်။
သဒ္ဒါရုံလိုင်း (အကောင်းအုပ်စု) နာမ်တရားတို့ကို သိမ်းဆည်းပုံ
အသင်သူတော်ကောင်းသည် သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြ ကုန်သော ကုသိုလ်ဇောများ ပါဝင်သည့် အကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ----
၁။ လိုအပ်ပါက ရရှိပြီး သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ သောတအကြည်ဓာတ် = သောတဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဟူသော ဒွါရနှစ်ခုကို ပူးတွဲသိမ်းဆည်းပါ။
၃။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ခြိုက်ရာ အသံသဒ္ဒါရုံ တစ်ခုကို လှမ်းအာရုံယူပါ။
၄။ ထိုအသံ = သဒ္ဒါရုံက သောတဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ ပြိုင်တူ ရိုက်ခတ်သောအခါ = ယင်း ဒွါရနှစ်ခုသို့ ရှေးရှုကျရောက် လာသောအခါ ပဉ္စဒွါရာဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် ---- ဟူသော သောတ ဒွါရဝီထိ, မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် ဟူသော မနောဒွါရဝီထိ ---- ဤသို့ စသော ဝီထိတို့သည် ဖြစ်ပေါ်လာကြပေ မည်။ ယင်း ဝီထိတို့တွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ (မနော ဒွါရာဝဇ္ဇန်း)တို့က ယင်းသဒ္ဒါရုံကို ----
၁။ သဒ္ဒါရုံဟု = အသံဟု
(မနောဒွါရဝီထိ၌ ရှိသော မနောဒွါရာဝဇ္ဇန်းက)
၂။ ရုပ်တရားဟု
၃။ အနိစ္စဟု
၄။ ဒုက္ခဟု
၅။ အနတ္တဟု
၆။ အသုဘဟု
ဤသို့ အသီးအသီး ရှုကြည့်ပါ။ ယောနိသော မနသိကာရ ဖြစ်၍ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။ တစ်ချက် တစ်ချက်၌ ဉာဏ်-ပီတိ ယှဉ် မယှဉ်သို့ လိုက်၍ (၄)ကြိမ်စီပင် ရှုပါ။ အားလုံးပေါင်း (၂၄)ကြိမ်တည်း။
သတိပြုပါ။။ လိုအပ်ပါမှ သမာဓိကို ထူထောင်ရန် တင်ပြထား၏။ထိုင်တိုင်းထိုင်တိုင်း သမာဓိကို စတင်ထူထောင်ရမည်။ စတုတ္ထစျာန်သို့ပေါက် အောင် သမာဓိကို တစ်ကြိမ် ထူထောင်လိုက်ရုံမျှဖြင့် တစ်ထိုင်လုံး ရုပ်နာမ် တို့ကို အဆက်မပြတ် သိမ်းဆည်းနိုင်နေပါက ထပ်မံ၍ သမာဓိကို ထူထောင်ဖို့ မလိုပါ။ ရုပ်နာမ်ကို သိမ်းဆည်းရာ၌ အခက်အခဲရှိနေလျှင်သာ သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ဖို့ လိုပါသည်။ တစ်ထိုင် အတွင်းမှာပင် ရူပါရုံလိုင်း စသည့် (၆)လိုင်းလုံး အတွင်း၌ တည်ရှိသော နာမ်တရားတို့ကို အဆက်မပြတ် သိမ်းဆည်းနိုင်ပါက ဆက်လက်၍သာ သိမ်းဆည်းပါ။ စပ်ကြားကာလတွင် ထပ်မံ၍ သမာဓိကို ထူထောင်ဖို့ မလိုပါ။ အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ် အဖို့ကား ထိုင်စတွင် တစ်ကြိမ် သမာဓိကို ထူထောင်ရုံဖြင့် လုံလောက်လျှင် ထပ်မံ၍ ထူထောင်ဖို့မလိုပါ။ လိုအပ်သောအခါမှသာ သမာဓိကိုထူထောင်ပါ။ ဂန္ဓာရုံလိုင်း နာမ်တရား စသည်တို့ကို သိမ်းဆည်းရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။
ဂန္ဓာရုံလိုင်း (အကောင်းအုပ်စု) နာမ်တရားတို့ကို သိမ်းဆည်းပုံ
အသင်သူတော်ကောင်းသည် အနံ့ = ဂန္ဓာရုံလိုင်း အကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ----
၁။ လိုအပ်ပါက သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ ဃာနအကြည်ဓာတ် = ဃာနဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဟူသော ဒွါရနှစ်ခုကို ပူးတွဲသိမ်းဆည်းပါ။
၃။ ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ အနံ့ = ဂန္ဓာရုံ ကို လှမ်းအာရုံယူပါ။
၄။ ထိုဂန္ဓာရုံက ဃာနဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ ပြိုင်တူရိုက်ခတ်သောအခါ = ယင်းဒွါရနှစ်ခုသို့ ရှေးရှုကျရောက်လာသောအခါ = ယင်းဒွါရနှစ်ခု၌ ပြိုင်တူ ထင်လာသောအခါ ပဉ္စဒွါရာဝဇ္ဇန်း၊ ဃာန ဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ဇော(၇) ကြိမ်၊ တဒါရုံ (၂)ကြိမ်၊ (ဘဝင်အကြိမ်များစွာ)၊ မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂) ကြိမ်၊ (ဘဝင်အကြိမ်များစွာ)ဟူသော ဃာနဒွါရဝီထိ မနောဒွါရဝီထိ တို့သည် ဝီထိတစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်များစွာ ခြားလျက် ဖြစ်ပေါ်လာကြပေမည်။ ယင်းဝီထိတို့တွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ (မနောဒွါရာဝဇ္ဇန်း)တို့က ယင်းဂန္ဓာရုံကို --
၁။ ဂန္ဓာရုံဟု = အနံ့ဟု
(မနောဒွါရဝီထိတို့၌ ရှိသော မနောဒွါရာဝဇ္ဇန်းက)
၂။ ရုပ်တရားဟု
၃။ အနိစ္စဟု
၄။ ဒုက္ခဟု
၅။ အနတ္တဟု
၆။ အသုဘဟု
ဤသို့ အသီးအသီး ရှုကြည့်ပါ။ ယောနိသောမနသိကာရဖြစ်၍ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။ (၆)မျိုး ခွဲရှုပါ။ တစ်မျိုး တစ်မျိုး၌ဉာဏ် ပီတိ ယှဉ် မယှဉ်သို့လိုက်၍ (၄)ချက်စီပင် ရှုပါ။ အားလုံးပေါင်းသော် (၂၄) ကြိမ်ပင်တည်း။
ရသာရုံလိုင်း (အကောင်းအုပ်စု) နာမ်တရားတို့ကို သိမ်းဆည်းပုံ
ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကုသိုလ်ဇော စောသည့် ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော်
၁။ လိုအပ်ပါက ရရှိပြီး သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ ဇိဝှါအကြည်ဓာတ် = ဇိဝှါဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနော ဒွါရဟူသော ဒွါရနှစ်ခုကို ပူးတွဲသိမ်းဆည်းပါ။
၃။ ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရသာရုံကို လှမ်းအာရုံယူပါ။
၄။ ထိုရသာရုံက ဇိဝှါဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ ပြိုင်တူရိုက်ခတ် သောအခါ = ယင်း ဒွါရနှစ်ခုသို့ ရှေးရှု ကျရောက်လာသောအခါ = ယင်းဒွါရနှစ်ခု၌ ပြိုင်တူ ထင်လာသောအခါ ထိုရသာရုံကို အာရုံပြု၍ ပဉ္စဒွါရာဝဇ္ဇန်း၊ ဇိဝှါဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်-ဟူသော ဇိဝှါဒွါရဝီထိ, မနောဒွါရာဝဇ္ဇန်း၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂)ကြိမ် ---- ဟူသော မနောဒွါရဝီထိတို့သည် ဝီထိ တစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင်များ ခြားလျက် ဇိဝှါဒွါရဝီထိ တစ်ကြိမ်ဖြစ်က မနောဒွါရဝီထိပေါင်းများစွာ ဖြစ်ပေါ်လာကြပေမည်။ ယင်းဝီထိတို့တွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ (မနောဒွါရာဝဇ္ဇန်း)တို့က --
၁။ ရသာရုံဟု = အရသာဟု
(မနောဒွါရဝီထိ၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်းက)
၂။ ရုပ်တရားဟု
၃။ အနိစ္စဟု
၄။ ဒုက္ခဟု
၅။ အနတ္တဟု
၆။ အသုဘဟု
ဤသို့ အသီးအသီး ရှုကြည့်ပါ။ ယောနိသောမနသိကာရဖြစ်၍ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။ (၆)ခါ ခွဲရှုပါ။ တစ်ခါ တစ်ခါ၌ ဉာဏ်ပီတိ ယှဉ်မယှဉ်သို့လိုက်၍ (၄)ချက်စီပင် ရှုပါ။ အားလုံးပေါင်းသော် (၂၄)ကြိမ် ပင်တည်း။
ဖောဋ္ဌဗ္ဗာရုံလိုင်း (အကောင်းအုပ်စု) နာမ်တရားတို့ကို သိမ်းဆည်းပုံ
ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကုသိုလ်ဇော စောသည့် ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွား လိုသော် ----
၁။ လိုအပ်ပါက ရရှိပြီး သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ ကာယအကြည်ဓာတ် = ကာယဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဟူသော ဒွါရနှစ်ခုကို ပြိုင်တူ ဉာဏ်၌ထင်အောင် ပူးတွဲသိမ်းဆည်းပါ။
၃။ ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ဖောဋ္ဌဗ္ဗဓာတ် ကို လှမ်းအာရုံယူပါ။ ယင်း ဖောဋ္ဌဗ္ဗဓာတ်သည် မိမိသိမ်းဆည်းထား သော ကာယအကြည်ဓာတ် = ကာယဒွါရနှင့် အနီးကပ်ဆုံး ပွတ်ချုပ် ထိခိုက်လျက်တည်နေသော ရုပ်ကလာပ်တို့၏ ဖောဋ္ဌဗ္ဗဓာတ် ဖြစ်ပါစေ၊ ယင်း ဖောဋ္ဌဗ္ဗဓာတ်မှာလည်း (၃)မျိုး ရှိသဖြင့် ပထဝီဓာတ်ကိုဖြစ်စေ, တေဇောဓာတ်ကိုဖြစ်စေ, ဝါယောဓာတ်ကိုဖြစ်စေ တစ်ခုခုကို အာရုံ ယူ၍ ရှုပါ။
၄။ ယင်းဖောဋ္ဌဗ္ဗဓာတ်က ကာယဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ ပြိုင် တူရိုက်ခတ်သောအခါ = ယင်းဖောဋ္ဌဗ္ဗာရုံသည် ယင်းဒွါရနှစ်ခုသို့ ရှေးရှုကျရောက်လာသောအခါ = ယင်းဒွါရနှစ်ခု၌ ပြိုင်တူထင်လာသော အခါ ---- ထိုဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ပဉ္စဒွါရာဝဇ္ဇန်း၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်၊ (ဘဝင်) မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ(၂)ကြိမ် ---- ဟူသော ကာယ ဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့သည် ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင်များ ခြားလျက် ကာယဒွါရဝီထိ တစ်ကြိမ် ဖြစ်က မနောဒွါရဝီထိပေါင်းများစွာ ဖြစ်ပေါ်လာကြပေမည်။ ယင်းဝီထိတို့တွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ (မနောဒွါရာဝဇ္ဇန်း)တို့က --
၁။ ဖောဋ္ဌဗ္ဗာရုံဟု=ပထဝီဓာတ်ဟု (တေဇောဓာတ်ဟု,ဝါယောဓာတ်ဟု)
(မနောဒွါရဝီထိ၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်းက)
၂။ ရုပ်တရားဟု
၃။ အနိစ္စဟု
၄။ ဒုက္ခဟု
၅။ အနတ္တဟု
၆။ အသုဘဟု
ဤသို့ အသီးအသီး (၆)ကြိမ်တိုင်တိုင် ခွဲရှုပါ။ ပထဝီဓာတ်ကို အာရုံ ယူ၍ (၆)ကြိမ်, တေဇောဓာတ်ကို အာရုံယူ၍ (၆)ကြိမ်၊ ဝါယောဓာတ်ကို အာရုံယူ၍ (၆)ကြိမ် ---- ဤသို့ အသီးအသီး (၆)ကြိမ်စီ ခွဲရှုပါ။ တစ်ကြိမ် တစ်ကြိမ်၌ ဉာဏ် ပီတိ ယှဉ်-မယှဉ်သို့လိုက်၍ (၄)ချက်စီပင် ရှုပါ။ (၃_၆_၄ = ၇၂)ကြိမ် ဖြစ်သည်။
ဦးနှောက်နှင့် အသိဉာဏ်
ဦးနှောက်၌ ပညိန္ဒြေအမည်ရသော ဉာဏ်သည် ရှိ-မရှိ ဖြစ်-မဖြစ်ကို ဤအပိုင်းတွင် အသင် ယောဂီ သူတော်ကောင်းသည် လက်တွေ့ စမ်းသပ် ရှုကြည့်နိုင်ပါသည်။ ဗုဒ္ဓ၏အဘိဓမ္မာနည်းအရ ဦးနှောက်ဟူသည် ရုပ်ကလာပ် တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ ဤအပိုင်းတွင် အသင်သူတော်ကောင်း သည် ဦးနှောက်၌တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်ရှုလိုက်ပါက မကြာမီ အချိန်ကာလအတွင်းမှာပင် ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ တွေ့ရှိမည် ဖြစ်သည်။ အကြောင်းမူ -- ရုပ်ကမ္မဋ္ဌာန်းပိုင်းကတည်းက ဦးနှောက်၌ တည် ရှိသော ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုးတို့ကို ကျေပွန်စွာ သိမ်းဆည်းထားပြီး ဖြစ်သောကြောင့်တည်း။ သို့အတွက် အသင် သူတော်ကောင်းသည် ဦးနှောက်၌ တည်ရှိသော ထို ရုပ် (၄၄)မျိုးတို့ကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ။ ထို (၄၄)မျိုးထဲမှ ကာယအကြည်ဓာတ်ကို ရွေးထုတ်၍ ထပ်မံ သိမ်းဆည်းပါ။ ထိုနောင် ----
၁။ ယင်းကာယအကြည်ဓာတ် = ကာယဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း,
၂။ ယင်း ကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံးဖြစ်သည့် ရုပ်ကလာပ် အများစု၌ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော ပထဝီဓာတ်, သို့မဟုတ် တေဇောဓာတ်, သို့မဟုတ် ဝါယောဓာတ်ဟူသော ဓာတ်တစ် ခုခုကိုလည်းကောင်း ပူးတွဲသိမ်းဆည်းပါ။
ထို ဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုက ဦးနှောက်၌ တည်ရှိသော ယင်းကာယ အကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ဟူသော ဒွါရနှစ်ခုကို ပြိုင်တူ ရှေးရှု ရိုက်ခတ်သောအခါ သို့မဟုတ် ယင်းဒွါရနှစ်ခု၌ ထင်လာသောအခါ ယင်း ဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုကို အာရုံယူ၍ ကာယဒွါရိက ဝီထိစိတ်နှင့် မနော ဒွါရိကဇောဝီထိ စိတ်အစဉ်များသည် ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ယင်း ဝီထိစိတ်တို့တွင် ပါဝင်သော ဝုဋ္ဌောနှင့် မနောဒွါရာဝဇ္ဇန်းတို့က ယောနိသော မနသိကာရ ဖြစ်သော် (= ပထဝီဟု , တေဇောဟု , ဝါယောဟု , ရုပ်တရားဟု, အနိစ္စဟု ---- စသည်ဖြင့် ဆုံးဖြတ်ခဲ့သော်) မဟာကုသိုလ်ဇောဝီထိ စိတ်အစဉ် များသည် ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ ဇော စိတ္တက္ခဏတိုင်း၌ ဉာဏ်-ပီတိ နှစ်မျိုးလုံး ယှဉ်သော် (၃၄), ဉာဏ်သာယှဉ်၍ ပီတိမယှဉ်သော် (၃၃)နာမ် တရားတို့ ပါဝင်ကြ၏။ ယင်း (၃၄) သို့မဟုတ် (၃၃)မျိုးသော နာမ်တရားတို့ ကား ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကိုသာ မှီတွယ် ၍ ဖြစ်ကြ၏။ ယင်း နာမ်တရားစုတို့တွင် ပညိန္ဒြေအမည်ရသော ဉာဏ်သည် ပါဝင်လျက် ရှိ၏။ ဦးနှောက်၌ တည်ရှိသော ကာယအကြည်ဓာတ်ကို မှီ၍ ကာယဝိညာဏ်စိတ်နှင့် တကွ သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇)လုံး = နှစ်ရပ်ပေါင်းသော် နာမ်တရား (၈)လုံးတို့သာ ဖြစ်နိုင်စွမ်း ရှိကြ၏။ ယင်း နာမ်တရား (၈)လုံးတို့တွင်ကား ဉာဏ်မပါပေ။ ဤအဆိုကို မှန်မမှန် သိရှိရ အောင် အသင်သူတော်ကောင်းကိုယ်တိုင် ကြိမ်ဖန်များစွာ စမ်းသပ်သိမ်းဆည်း ရှုပွား ကြည့်ပါ။
မှတ်ချက် ---- ဤ ဖောဋ္ဌဗ္ဗာရုံလိုင်း၌ ဖောဋ္ဌဗ္ဗာရုံသည် ဣဋ္ဌာရုံ ဖြစ်က ကာယဝိညာဏ်၌ သုခဝေဒနာ ယှဉ်၏၊ အနိဋ္ဌာရုံဖြစ်က ကာယဝိညာဏ်၌ ဒုက္ခဝေဒနာ ယှဉ်၏။ သဘောပေါက်အောင် သိမ်းဆည်းရှုပွားပါ။ ဤ ကာယဝိညာဏ်၌သာမက (၆)လိုင်းလုံး အတွင်း၌ တည်ရှိသော ဝီထိ စိတ္တက္ခဏတိုင်း၌လည်း သောမနဿ ဥပေက္ခာ စသည့် ဝေဒနာများကို ကွဲကွဲ ပြားပြား သိအောင် သိမ်းဆည်း ရှုပွားပါ။
ဤတွင် ---- ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်း ----ဟူသော (၆)လိုင်းလုံး အတွင်း၌ တည်ရှိသော ကုသိုလ်ဇော စောသည့် အကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းပုံကို ရေးသားတင်ပြ ပြီးလေပြီ။ အသင်သူတော်ကောင်းသည် (၆)လိုင်းလုံး အတွင်း၌ တည်ရှိသော ကုသိုလ်ဇောနှင့် တကွသော ယင်း နာမ်တရားတို့ကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းနိုင်သောအခါ ရူပါရုံလိုင်းမှ စ၍ ဓမ္မာရုံလိုင်းသို့တိုင်အောင် အစဉ်အတိုင်း သိမ်းဆည်းရှုပွားပါ။ ဓမ္မာရုံ လိုင်း၌ ကုသိုလ်ဇော စောသည့် အကောင်းအုပ်စုများကို (၄)စု ခွဲခြားထား ပါသည်။ ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် မှတ်သား၍ လွယ်ကူစေရန် ဖြစ်သည်။ ယင်း (၄)အုပ်စုတို့မှာ ဤသို့ ဖြစ်၏။
က။ ရုပ်အစစ် (၁၀^၁၁)ကို အာရုံယူ၍ ရှုရသော နာမ်တရားအုပ်စု၊
ခ။ ရုပ်အတု (၁၀)မျိုးကို အာရုံယူ၍ ရှုရသော နာမ်တရားအုပ်စု၊
ဂ။ ဝိရတိ အပ္ပမညာ ဗုဒ္ဓါနုဿတိ မရဏာနုဿတိ နာမ်တရားအုပ်စု၊
ဃ။ စျာန်နာမ်တရားအုပ်စု ----
ဤသို့ (၄)အုပ်စု ခွဲခြားထားပေသည်။ ဤမျှဖြင့် ကုသိုလ်ဇောများ စောကြသည့် အကောင်းအုပ်စု နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းရှုပွားပုံကို အဆုံး သတ်လိုက်ပါသည်။ အကယ်၍ အသင်သူတော်ကောင်းသည် ကသိုဏ်း (၁၀) ပါး, သမာပတ် (၈)ပါး စသည့် ထိုထိုကမ္မဋ္ဌာန်းတို့ကို ရှုထားပြီးသူ ဖြစ်ပါက ထိုစျာန်သမာပတ် အတွင်း၌ တည်ရှိသော နာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။ အထက် အရူပစျာန်တို့ကား ဥပေက္ခာ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးစီချည်းသာရှိသော စျာန်များဖြစ်ကြ၏။ စျာန်နာမ် တရားတို့မှာလည်း ဝိတက် ဝိစာရ ပီတိတို့ မယှဉ်ကြသဖြင့် (၃၁)လုံးစီသာ အသီးအသီး ရှိကြပေသည်။
၁။ အာကာသာနဉ္စာယတန စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် မနောဒွါရကိုလည်းကောင်း အနန္တအာကာသပညတ် အာရုံကို လည်းကောင်း ပူးတွဲသိမ်းဆည်း၍ ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားပါ။
၂။ ဝိညာဏဉ္စာယတန စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် မနောဒွါရကိုလည်းကောင်း, အာကာသာနဉ္စာယတနဝိညာဏ် အာရုံ ကိုလည်းကောင်း ပူးတွဲသိမ်းဆည်း၍ ယင်းစျာန်နာမ်တရားတို့ကို သိမ်း ဆည်းရှုပွားပါ။
၃။ အာကိဉ္စညာယတန စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် မနောဒွါရကိုလည်းကောင်း, အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိ ခြင်း သဘောတည်းဟူသော နတ္ထိဘောပညတ် အာရုံကိုလည်းကောင်း ပူးတွဲသိမ်းဆည်း၍ ယင်း စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။
၄။ နေဝသညာနာသညာယတန စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွား လိုသော် မနောဒွါရကိုလည်းကောင်း, အာကိဉ္စညာယတနစျာန်အာရုံ ကိုလည်းကောင်း ပူးတွဲသိမ်းဆည်း၍ ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။
ယခုတစ်ဖန် အကုသိုလ်ဇောများ စောကြသည့် မကောင်းအုပ်စု နာမ် တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ဆက်လက်၍ ရေးသားတင်ပြပေအံ့။
---အပိုင်း (၄)
သိမ်းဆည်းရှုပွားပုံအပိုင်း (မကောင်းအုပ်စု)
အကုသိုလ်တရားတွေကို ရှုနေလျှင် အကုသိုလ် ထပ်မဖြစ်ဘူးလား?
အကုသိုလ်တရားတွေကို ရှုနေလျှင် အကုသိုလ်တွေ ထပ်မဖြစ်ဘူးလား ဟူသော ဤမေးခွန်းကို ယောဂါဝစရပုဂ္ဂိုလ် တော်တော်ခပ်များများက မကြာ ခဏ မေးမြန်းတတ်ကြ၏။ ထိုမေးခွန်းရှင်အား ---
သရာဂံ ဝါ စိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ၊ ဝီတရာဂံ ဝါ စိတ္တံ ဝီတရာဂစိတ္တန္တိ ပဇာနာတိ။ = ရာဂနှင့် ယှဉ်တွဲနေသော စိတ်ကိုလည်း ရာဂနှင့် ယှဉ်တွဲနေသော စိတ်ဟု ကွဲကွဲပြားပြားသိ၏၊ ရာဂကင်းသော စိတ်ကိုလည်း ရာဂကင်းသော စိတ်ဟု ကွဲကွဲပြားပြား သိ၏။ (မ၊၁၊၇၆၊၊) ---- ဤသို့ စသည်ဖြင့် ရာဂနှင့် အတူတကွ ဖြစ်သောစိတ်, ရာဂကင်းသောစိတ် ---- စသည်တို့ကို ရှုပွားသုံးသပ်ရန် ဘုရားရှင်ကိုယ်တော်တိုင်က မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော်မူပါကြောင်းကို ရှင်းလင်းတင်ပြသောအခါ ---- ဒီ ညွှန်ကြားချက်က သူဟာသူ အလိုလို ရာဂ ဒေါသ မောဟ စသည်တို့ ဖြစ်ပေါ်လာတဲ့အခါ ရှုရန်သာ ညွှန်ကြားထားတာပါ ---- ဟု ဆင်ခြေပေးတတ်ကြ၏။ သင်္ခတနယ်၌ အလိုအလျောက်ဖြစ်သော တရားဟူသည် မရှိစကောင်းပေ။ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က ပေါင်းစု၍ ပြုပြင်ပေးပါမှ အနိုင်နိုင် ဖြစ်ပေါ်လာကြရသော သင်္ခတတရားတို့ချည်းသာ ဖြစ်ကြ၏။ ထိုသင်္ခတတရားတို့၏ အကြောင်းတရားတို့တွင် ဤအကုသိုလ်ဇော စောရာ၌ အယောနိသောမနသိကာရကား အနီးကပ်ဆုံး အကြောင်းတရားပင် ဖြစ်ပေသည်။ အာရုံတစ်ခုနှင့် တွေကြုံရာဝယ် ယင်းအာရုံကို နည်းမှန် လမ်းမှန် နှလုံးမသွင်းတတ်ပါက နည်းမှား လမ်းမှား နှလုံးသွင်းနေပါက = အယောနိသောမနသိကာရ ဖြစ်နေပါက အကုသိုလ်ဇောများသည် ထိုက်သလို စောနေကြမည်သာ ဖြစ်ပေသည်။ သတ္တဝါတို့ကား အကုသိုလ်တရားများကိုလည်း မက်မောနေတတ်ကြပြန်၏။သားကို ချစ်မြတ်နိုးနေရသည်ကို ဂုဏ်ယူတတ်ကြ၏၊ သမီးကို ချစ်မြတ်နိုးရ သည်ကို နှစ်သက် ကျေနပ်နေတတ်ကြ၏။ မြေးကို ချစ်မြတ်နိုးရမှ အမောပြေ တတ်ကြ၏။ ငါ့လောဘက သူများလောဘနှင့် တူတာမဟုတ်ဘူး၊ ငါ့ဒေါသ က သူများဒေါသနှင့် တူတာမဟုတ်ဘူး စသည်ဖြင့် မိမိ၏ အကုသိုလ်တရား များကို ပြန်လည်၍ မက်မောနေတတ်ကြ၏။ ရှေးရှေးရာဂကို အကြောင်းပြု၍ နောက်နောက် ရာဂများ ထပ်တလဲလဲ ဖြစ်နေတတ်ကြ၏။ ရှေးရှေးဒေါသကို အကြောင်းပြု၍ နောက်နောက်ဒေါသများ ထပ်တလဲလဲ ဖြစ်နေတတ်ကြ ၏။ ထိုကြောင့် ယင်း ရာဂ ဒေါသစသည့် အကုသိုလ်တရားတို့ကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန် လိုအပ်သည်သာ ဖြစ်ပေသည်။ အသင်သူတော် ကောင်းသည် ဤမျှဖြင့် ဘဝင်မကျသေးလျှင် အောက်ပါ အဋ္ဌကထာအဖွင့်ကို ဖတ်ရှုကြည့်ပါ။
တတ္ထ ယောဂါဝစရော ကာမဝိတက္ကဿ ပဒဃာတနတ္ထံ ကာမဝိတက္ကံ ဝါ သမ္မသတိ အညံ ဝါ ကိဉ္စိ သင်္ခါရံ။ အထဿ ဝိပဿနာက္ခဏေ ဝိပဿနာသမ္ပယုတ္တော သင်္ကပ္ပေါ တဒင်္ဂဝသေန ကာမဝိတက္ကဿ ပဒဃာတံ ပဒစ္ဆေဒံ ကရောန္တော ဥပ္ပဇ္ဇတိ၊ ဝိပဿနံ ဥဿုက္ကာပေတွာ မဂ္ဂံ ပါပေတိ။ အထဿ မဂ္ဂက္ခဏေ မဂ္ဂသမ္ပယုတ္တော သင်္ကပ္ပေါ သမုစ္ဆေဒဝသေန ကာမဝိတက္ကဿ ပဒဃာတံ ပဒစ္ဆေဒံ ကရောန္တော ဥပ္ပဇ္ဇတိ။ ဗျာပါဒဝိတက္ကဿာပိ ပဒဃာတနတ္ထံ ဗျာပါဒဝိတက္ကံ ဝါ အညံ ဝါ သင်္ခါရံ သမ္မသတိ။ ဝိဟိံသာဝိတက္ကဿ ပဒဃာတနတ္ထံ ဝိဟိံသာဝိတက္ကံ ဝါ အညံ ဝါ သင်္ခါရံ သမ္မသတိ။ အထဿ ဝိပဿနာက္ခဏေတိ သဗ္ဗံ ပုရိမနယေနေဝ ယောဇေတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၁၁၀။)
= ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟု အကုသလဝိတက် သုံးမျိုးရှိ၏။ ထို အကုသလဝိတက်သုံးမျိုးတို့တွင် ယောဂါဝစရပုဂ္ဂိုလ်သည် ကာမဂုဏ်နှင့် ပတ်သက်သော ကြံစည်စိတ်ကူးမှု ကာမဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ရန်အလို့ငှာ ယင်း ကာမဝိတက်ကိုသော်လည်း ကောင်း, ကာမဝိတက်မှ အခြားတစ်ပါးသော တစ်စုံတစ်ခုသော သင်္ခါရတရား ကိုသော်လည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ ထိုသို့ သုံးသပ်နေသောအခါ ထိုယောဂါဝစရ ပုဂ္ဂိုလ်၏သန္တာန်ဝယ် ဝိပဿနာဉာဏ် ဖြစ်ပေါ်နေဆဲခဏ၌ ဝိပဿနာဉာဏ် နှင့် ယှဉ်သော သမ္မာသင်္ကပ္ပ အမည်ရသော ဝိတက်သည် ထိုထိုအကုသိုလ် အစိတ်အပိုင်းကို ပယ်တတ်သော ထိုထိုကုသိုလ် အစိတ်အပိုင်း၏ အစွမ်း ဖြင့် = တဒင်္ဂ၏အစွမ်းဖြင့် ကာမဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းကို ဖြတ်တောက်ခြင်းကိုပြုလျက် ဖြစ်ပေါ်လာ၏။ ဝိပဿနာကို ဉာဏ်စဉ်အတိုင်း လုံ့လကြိုးကုတ်အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက် စေ၏။ ထိုသို့ အရိယမဂ်သို့ ဆိုက်ရောက်သွားသောအခါ ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သမ္မာသင်္ကပ္ပမဂ္ဂင်သည် အကြွင်းမဲ့ ပယ်သတ်ခြင်း = သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် ကာမဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းကို ဖြတ်တောက်ခြင်းကို ပြု လျက် ဖြစ်ပေါ်လာ၏။ သတ္တဝါသင်္ခါရတို့ကို ဖျက်ဆီးလိုသော ကြံစည်စိတ်ကူး မှု = ဗျာပါဒဝိတက်၏လည်း ဖြစ်ခြင်း၏အကြောင်းတရားကို ပယ်သတ်ခြင်းငှာ ဗျာပါဒဝိတက်ကိုသော်လည်းကောင်း, ဗျာပါဒဝိတက်မှ အခြားတစ်ပါးသော သင်္ခါရတရားကိုသော်လည်းကောင်း လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လိုသော ကြံစည် စိတ်ကူးမှု = ဝိဟိံသာဝိတက်၏လည်း ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ် သတ်ခြင်းငှာ ဝိဟိံသာဝိတက်ကို သော်လည်းကောင်း ဝိဟိံသာဝိတက်မှ အခြားတစ်ပါးသော သင်္ခါရတရားကိုသော်လည်းကောင်း, လက္ခဏာရေးသုံး တန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ ထိုသို့ သုံးသပ်နေသောအခါ ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဝိပဿနာဉာဏ် ဖြစ်ပေါ်နေဆဲခဏ၌ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သမ္မာသင်္ကပ္ပအမည်ရသော ဝိတက်သည် တဒင်္ဂ၏အစွမ်းဖြင့် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်၏ ဖြစ်ခြင်း၏ အကြောင်း တရားကို ပယ်သတ်ခြင်းကို ဖြတ်တောက်ခြင်းကို ပြုလျက် ဖြစ်ပေါ်လာ၏။ဝိပဿနာကို ဉာဏ်စဉ်အတိုင်း လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက်စေ၏။ ထိုသို့ အရိယမဂ်သို့ ဆိုက်ရောက်သွားသောအခါ ထို ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့်ယှဉ်သော သမ္မာသင်္ကပ္ပ မဂ္ဂင်သည် အကြွင်းမဲ့ပယ်သတ်ခြင်း = သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်း ကို ဖြတ်တောက်ခြင်းကို ပြုလျက် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၂၊၁၁၀။)
ကာမဝိတက်ဟူသည် လောဘမူစိတ်နှင့် သို့မဟုတ် လောဘမူစိတ် စေတသိက်တရားစုနှင့် ယှဉ်တွဲနေသော ဝိတက်တည်း။ ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟူသည် ဒေါသမူစိတ်နှင့် သို့မဟုတ် ဒေါသမူစိတ်စေတသိက်တရားစုနှင့် ယှဉ်တွဲနေသော ဝိတက်တည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် ကာမ ဝိတက်နှင့် တကွသော လောဘမူစိတ်စေတသိက် နာမ်တရားစု, ဗျာပါဒ ဝိတက် ဝိဟိံသာဝိတက်နှင့် တကွသော ဒေါသမူစိတ်စေတသိက် နာမ်တရား စုတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာရှုပွားသုံးသပ်၏။ ကြွင်း သော သင်္ခါရတရားတို့ကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်၏။ ဝိပဿနာအခိုက် ၌ ယင်းဝိပဿနာဉာဏ်က တစ်နည်း ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေသော သမ္မာသင်္ကပ္ပမဂ္ဂင်က ယင်း အကုသလဝိတက်တို့ကို တဒင်္ဂအားဖြင့် ပယ်သတ် ၏။ ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော အရိယမဂ်တရားက သမုစ္ဆေဒအားဖြင့် ပယ်သတ်၏။ ဤကား အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းတည်း။
ထိုကြောင့် အကုသိုလ်တရားတို့ကို ဝိပဿနာရှုခြင်းသည် ယင်း အကုသိုလ်တရားတို့ကို တဒင်္ဂ သမုစ္ဆေဒအားဖြင့် ပယ်သတ်ရန် အလို့ငှာသာ ဝိပဿနာရှုခြင်း ဖြစ်သည်၊ အကုသိုလ်တရားများ တိုးပွားအောင် ကြိုးစားနေခြင်း မဟုတ်ဟု သဘောပေါက်ပါ။ ဤတွင် အုပ်စုအလိုက် ဖြစ်ပေါ်တတ်ကြသော အကုသိုလ် နာမ်တရားအုပ်စုတို့ကို ေ့ရှဦးစွာ တင်ပြအပ်ပါသည်။
လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား (၄) ချက်
အသိစိတ် ၁
အညသမာန်း = နှစ်ဘက်ရစေတသိက် ၁၃
အကုသလသာဓာရဏစေတသိက် ၄
လောဘဒိဋ္ဌိ ၂
အားလုံးပေါင်းသော် ၂၀
၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ်
အသင်္ခါရိကဖြစ်လျှင် - ၂၀
၂။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ်
အသင်္ခါရိကဖြစ်လျှင် ပီတိမပါ - ၁၉
၃။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ်
သသင်္ခါရိကဖြစ်လျှင် - ၂၀ + ထိန +မိဒ္ဓ = ၂၂
၄။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ်
သသင်္ခါရိကဖြစ်လျှင် - ၁၉ + ထိန + မိဒ္ဓ = ၂၁
အားလုံးပေါင်းသော် လောဘဒိဋ္ဌိအုပ်စု - ၄ - ချက်
ဤအုပ်စုများ၌ သောမနဿ ဝေဒနာ ဖြစ်လျှင် ပီတိ ယှဉ်၍ ဥပေက္ခာ ဝေဒနာဖြစ်လျှင် ပီတိ မယှဉ်ပေ။ ဤ၌ ဝီရိယမှာ အထူးသဖြင့် လောဘဒိဋ္ဌိ ဖြစ်အောင် ကြိုးစားမှု ဖြစ်သည်။ ဆန္ဒမှာ လောဘဒိဋ္ဌိဖြစ်လိုသည့် သဘော ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရမူ ဝီရိယမှာ ရာဂဖြစ်အောင်ကြိုးစားမှု, ဆန္ဒမှာ ရာဂဖြစ်လိုသည့်သဘော ဖြစ်သည်။ ကျန်စေတသိက်တို့၏ သဘော သွားမှာ နားလည်လောက်ပေပြီ။
လောဘ-မာနအုပ်စု နာမ်တရား (၄) ချက်
လောဘ-ဒိဋ္ဌိ အုပ်စုတွင် ဒိဋ္ဌိအရာဝယ် မာန ပြောင်းထည့်ရုံသာ ဖြစ် သည်။ (၂၀-၁၉-၂၂-၂၁) လုံးသော နာမ်တရားများပင်တည်း။ သို့သော် - မာနသည် ကဒါစိစေတသိက် ဖြစ်သဖြင့် ရံခါ မာနမပါသည်လည်း ရှိတတ်၏။ မာန မယှဉ်သော် (ဒိဋ္ဌိလည်း မယှဉ်သော်) (၁၉-၁၈-၂၁-၂၀) သော နာမ် တရားများတည်း။ (၄)ချက်ပင် ရှုပါ။ ဒိဋ္ဌိဂတသမ္ပယုတ် (၄)ချက်, ဒိဋ္ဌိဂတ ဝိပ္ပယုတ် (၄)ချက် = ပေါင်းသော် လောဘမူစိတ် (၈)ပါးတည်း။
ဒေါသအုပ်စု နာမ်တရား (၂) ချက်
၁။ အသိစိတ် ၁
ပီတိမပါ အညသမာန်း = နှစ်ဘက်ရ စေတသိက် ၁၂
အကုသလသာဓာရဏ စေတသိက် ၄
ဒေါသ စေတသိက် ၁
အားလုံးပေါင်းသော် - (အသင်္ခါရိကအုပ်စု) ၁၈
၂။ သသင်္ခါရိကဖြစ်သော် ----
ထိန-မိဒ္ဓ ထည့်ပါက ၁၈ + ထိန + မိဒ္ဓ = ၂၀
ဒေါသ-ဣဿာအုပ်စု နာမ်တရား (၂) ချက်
၁။ အထက်ပါ ဒေါသအုပ်စု စိတ်စေတသိက် ၁၈
ဣဿာ စေတသိက် ၁
အားလုံးပေါင်းသော် (အသင်္ခါရိကအုပ်စု) ၁၉
၂။ သသင်္ခါရိကဖြစ်သော် ---- ၁၉ + ထိန + မိဒ္ဓ = ၂၁
ဒေါသ-မစ္ဆရိယအုပ်စု နာမ်တရား (၂) ချက်
၁။ အထက်ပါ ဒေါသအုပ်စု စိတ်စေတသိက် ၁၈
မစ္ဆရိယ စေတသိက် ၁
အားလုံးပေါင်းသော် (အသင်္ခါရိကအုပ်စု) ၁၉
၂။ သသင်္ခါရိကဖြစ်သော် ---- ၁၉ + ထိန + မိဒ္ဓ = ၂၁
ဒေါသ-ကုက္ကုစ္စအုပ်စု နာမ်တရား (၄) ချက်
၁။ အထက်ပါ ဒေါသအုပ်စု စိတ်စေတသိက် ၁၈
ကုက္ကုစ္စ စေတသိက် ၁
အားလုံးပေါင်းသော် (အသင်္ခါရိကအုပ်စု) ၁၉
၂။ သသင်္ခါရိကဖြစ်သော် ---- ၁၉ + ထိန + မိဒ္ဓ = ၂၁
ပြုပြီး ဒုစရိုက်တစ်ခုခုကို အာရုံယူ၍ အသင်္ခါရိက သသင်္ခါရိက နှစ်ချက် ရှုပါ။ မပြုလိုက်မိ မကျင့်လိုက်မိသော သုစရိုက်ကို အာရုံယူ၍ အသင်္ခါရိက သသင်္ခါရိက နှစ်ချက်ရှုပါ။ ဤတွင် ဒေါသမူစိတ်နှစ်မျိုး ရှုကွက်ပြီး၏။ မောဟမူစိတ်နှစ်မျိုး ရှုကွက်မှာ အောက်ပါအတိုင်း ဖြစ်၏။
မောဟ-ဥဒ္ဓစ္စ္စ္စအုပ်စု နာမ်တရား (၁) ချက်
၁။ အသိစိတ် ၁
သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇
ဝိတက် ဝိစာရ အဓိမောက္ခ ဝီရိယ (ပီတိ ဆန္ဒ မပါ။) ၄
အကုသလသာဓာရဏ စေတသိက် ၄
အားလုံးပေါင်းသော် ၁၆
မောဟ-ဝိစိကိစ္ဆာအုပ်စု နာမ်တရား (၁) ချက်
၁။ အသိစိတ် ၁
သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇
ဝိတက် ဝိစာရ ဝီရိယ (အဓိမောက္ခ ပီတိ ဆန္ဒ မပါ။ ) ၃
အကုသလသာဓာရဏ စေတသိက် ၄
ဝိစိကိစ္ဆာ ၁
အားလုံးပေါင်းသော် ၁၆
ဤတွင် မောဟမူစိတ် (၂)မျိုး ရှုကွက်ပြီး၏။ လောဘမူစိတ် (၈)မျိုး, ဒေါသမူစိတ် (၂)မျိုး, မောဟမူစိတ် (၂)မျိုး အားလုံးပေါင်းသော် အကုသိုလ် စိတ် (၁၂)မျိုး ရှုကွက်ဖြစ်သည်။
အဘိဓမ္မတ္ထသင်္ဂဟကျမ်း ဒွါရသင်္ဂဟဝယ် ဓမ္မသင်္ဂဏီပါဠိတော် စသော အဘိဓမ္မာ ဒေသနာတော်များ၌ လာရှိသည့် အတိုင်း စက္ခုဒွါရဝီထိ စသော ပဉ္စဒွါရဝီထိများ၌လည်းကောင်း, မနောဒွါရဝီထိများ၌လည်းကောင်း, ကာမ ဇော (၂၉)မျိုးလုံး စောနိုင်ကြောင်း အဆိုအမိန့်များ ရှိနေ၏။ ထိုဇော (၂၉)မျိုး တို့တွင် အကုသိုလ်ဇော (၁၂)မျိုးတို့လည်း ပါဝင်လျက် ရှိကြ၏။ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း ရာဂနှင့်တကွ ဖြစ်သော သရာဂစိတ်, ဒေါသနှင့် တကွ ဖြစ်သော သဒေါသစိတ်, မောဟနှင့်တကွ ဖြစ်သော သမောဟစိတ်များ ကိုလည်း ဝိပဿနာရှုပွားသုံးသပ်ရန် မဟာသတိပဋ္ဌာနသုတ္တန် စိတ္တာနုပဿနာပိုင်းတွင် ဟောကြားထားတော်မူခဲ့၏။
သို့အတွက် နာမ်ကမ္မဋ္ဌာန်းကို အားသစ်စဖြစ်သော အသင်သူတော်ကောင်းသည် -
တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)ဟူသော အဋ္ဌကထာ၏ ညွှန်ကြားချက်နှင့် အညီ ေ့ရှဦးစွာ ရုပ် (၂၈)ပါးတို့တွင် ရုပ် တစ်မျိုး တစ်မျိုးကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းရမည် ဖြစ်သည်။ ရုပ် (၂၈)ပါးလုံးကို ကုန်စင်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ရုပ် (၂၈)ပါးကို အာရုံအလိုက် ခွဲတမ်းချလိုက်သော် အာရုံ (၆)ပါးပင် ဖြစ်သည်။ ဤတွင် ဓမ္မာရုံအမည် ရသော ဓမ္မာရုံစာရင်းဝင် ရုပ်အစစ် (၁၀^၁၁)လုံး ရုပ်အတု (၁၀)လုံး ဟူသော ရုပ် တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းပုံကို ရှေးဦးစွာ ဖော်ပြမည် ဖြစ်ပေသည်။
သို့သော် ရုပ်ပရမတ်တရား တစ်ခုတစ်ခုကို အာရုံပြု၍ ဖြစ်ပေါ်လာ သော အကုသိုလ်တရားတို့ကို အုပ်စုအလိုက် ရှုရာ၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ အချို့သော အကုသိုလ်အုပ်စုများမှာ အရှုရခက်နေတတ် ပါသည်။ ထိုသို့ဖြစ်ပါက ရွှေငွေ အဝတ် သင်္ကန်းစသော ပညတ် အတုံးအခဲ များကို အာရုံယူ၍ ဖြစ်ပေါ်လာသော အကုသိုလ်တရားစုတို့က စ၍ သိမ်းဆည်းရှုပွားပါကလည်း အလွန်ကြီး မခက်ခဲတော့ဘဲ လွယ်ကူမှုရှိသည်ကို တွေ့ရပေသည်။ အကြောင်းမူ ပရမတ်ဉာဏ်ပညာမျက်စိ မရှိကြသော သတ္တဝါတို့၏ စိတ်ဓာတ်သည် ပညတ်နယ်မှာသာ ကျက်စားမှုများသောကြောင့် ဖြစ်၏။ ထိုကြောင့် သရက်ပင်ကို ရေလောင်းပေးခြင်း ကိစ္စလည်းပြီးစေ၊ ဆရာ ရေချိုးခြင်းကိစ္စလည်း ပြီးစေဟူသော -- အမ္ဗသေစနဂရုသိနှာနနည်းအားဖြင့် ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကိုလည်း ရှုတတ်စေ၊ အကုသိုလ်တရားတို့ကိုလည်း သဘောပေါက်မြန်စေဟူသော ဦးတည်ချက် နှစ်မျိုးဖြင့် အခက်အခဲရှိနေသူ ယောဂီသူတော်ကောင်းတို့သည် ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းလိုက သိမ်းဆည်းနိုင်ပေသည်။ ပရမတ္ထရုပ်တရားတို့ကို တိုက်ရိုက်အာရုံယူ၍ ရှုလိုက လည်း ရှုနိုင်ပေသည်။ ပရမတ္ထရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော အကုသိုလ် နာမ်တရားစုတို့ကို သိမ်းဆည်းနိုင်သော အခါ၌ကား ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ် နာမ်တရားစုတို့ကို ထပ်မံ၍ သိမ်းဆည်း ရှုပွားရန် မလိုအပ်ဟု မှတ်သားပါလေ။ ဉာဏ်နုသူတို့အတွက် ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရိက အကုသိုလ်ဇော ဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်းပုံ အမြွက်မျှကို တင်ပြပေအံ့။
ပညတ်ကို အာရုံယူ၍ အကုသိုလ်နာမ်တရားစုတို့ကို သိမ်းဆည်းပုံ အမြွက်
လောဘ-ဒိဋ္ဌိအုပ်စု
၁။ လိုအပ်ပါက သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။
၂။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၃။ ရွှေ အာရုံကို လှမ်းအာရုံယူပါ။ (မိမိနှစ်သက်နေသော မိမိပိုင်ရွှေ ဖြစ် ပါစေ။)
၄။ ထိုရွှေ အာရုံက မနောဒွါရ၌ ထင်လာသောအခါ ရွှေဟူသော ပညတ် အတုံးအခဲကို အာရုံယူ၍ မနောဒွါရိကဇောဝီထိစိတ်အစဉ်များ ဖြစ် ပေါ်လာမည် ဖြစ်သည်။ ထို ဝီထိစိတ်အစဉ်များတွင် ပါဝင်သော မနော ဒွါရာဝဇ္ဇန်းက ရွှေဟု ဆင်ခြင်ဆုံးဖြတ်ကြည့်ပါ။ နှလုံးသွင်းပါ။ အယောနိသောမနသိကာရ ဖြစ်သဖြင့် လောဘဒိဋ္ဌိ အကုသိုလ်ဇောအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြပေလိမ့်မည်။
ဤဝီထိ၌ ပညတ်ကို အာရုံပြုလျှင် တဒါရုံကျခွင့်မရှိ။ သို့သော် ရွှေဟူသော ပညတ်အတုံးအခဲကို အာရုံမယူဘဲ ရွှေအတုံးအခဲ၌ တည်ရှိသော ရုပ် ကလာပ် အများစု၏ ရူပါရုံ အရောင်အဆင်းကို အာရုံယူနိုင်လျှင်ကား တဒါရုံ ကျခွင့်ရှိသည်။
ထိုလောဘဒိဋ္ဌိ အကုသိုလ်ဇောအုပ်စုတို့တွင် ရွှေဟု အသိမှားမှုကား မောဟ, ရွှေဟု ယုံကြည်ချက်မှားမှု ခံယူချက်မှားမှုကား ဒိဋ္ဌိတည်း၊ လောက သမညာအတ္တစွဲ = လောကဝေါဟာရအတ္တစွဲ တစ်မျိုးတည်း။ ကျန်စေတသိက် တို့ကား သဘောပေါက်လောက်ပေပြီ။ အလားတူပင် ရွှေအတုံးအခဲကို နိစ္စဟု ဆုံးဖြတ်ကြည့်ပါ = နှလုံးသွင်းကြည့်ပါ။ သုခဟု ဆုံးဖြတ်ကြည့်ပါ = နှလုံးသွင်း ကြည့်ပါ။ အတ္တဟု ဆုံးဖြတ်ကြည့်ပါ = နှလုံးသွင်းကြည့်ပါ။ သုဘဟု = တင့်တယ်သည်ဟု ဆုံးဖြတ်ကြည့်ပါ = နှလုံးသွင်းကြည့်ပါ။ အလားတူပင် လောဘ ဒိဋ္ဌိအုပ်စု အကုသိုလ်ဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာကြပေလိမ့်မည်။ထို နာမ်တရားစုတို့တွင် နိစ္စ သုခ အတ္တ သုဘဟု အသိမှားမှုကား မောဟ တည်း။ နိစ္စ သုခ အတ္တ သုဘဟု ယုံကြည်ချက်မှားမှု = ခံယူချက်မှားမှုကား ဒိဋ္ဌိတည်း။ အဝတ် သင်္ကန်း စသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ နည်းတူပင် ရှုပါ။ အဝတ် သင်္ကန်း အသစ်၌ ပီတိ ဖြစ်တတ်၍ အဝတ် သင်္ကန်း အဟောင်း၌ ပီတိ မဖြစ်ပုံများကို သဘောပေါက်အောင် ရှုပါ။
ဤ၌ နိစ္စဟု အသိမှားမှု ခံယူချက်မှားမှု ဟူသည်မှာ ယမန်နေ့ကလည်း ငါ့ရွှေပဲ ယနေ့လည်း ငါ့ရွှေပဲ၊ ယမန်နေ့ကလည်း ငါ့အဝတ်ပဲ ငါ့သင်္ကန်းပဲ၊ ယနေ့လည်း ငါ့အဝတ်ပဲ ငါ့သင်္ကန်းပဲ၊ ယမန်နေ့ကလည်း ငါ့သားပဲ ယနေ့လည်း ငါ့သားပဲ ဤသို့ စသည်ဖြင့် အသိမှားမှု ခံယူချက်မှားမှုတည်း။ ဒါ နင့်ရွှေ မဟုတ်၊ နင့်အဝတ် မဟုတ်၊ နင့်သင်္ကန်း မဟုတ်၊ နင့်သား မဟုတ် ဤသို့ စသည်ဖြင့် တစ်စုံတစ်ယောက်က လာရောက်ပြောဆိုလာပါလျှင် ပရမတ်ဉာဏ်ပညာ မရှိသူ အစွဲမပြုတ်သူတို့ကား လက်ခံနိုင်ဖွယ်ရာ မရှိပေ။ဤ သဘောတရားတို့ကား အသိမှားမှု ခံယူချက်မှားမှုတို့ အပေါ်၌ အခြေစိုက်လျက် ရှိကြ၏။
လောဘ-မာနအုပ်စု ---- လောဘမာနအုပ်စု၌ မာနမှာ အသာယူ လိုသည့်သဘော အပေါ်စီးက နေလိုသည့်သဘော ဖြစ်သည်။ မိမိပိုင် သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုက သူတစ်ပါးပိုင် သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစု ထက် သာလွန်၍ အဆင့်မြင့်သည်ဟု မိမိကိုယ်ကို မိမိ အထင်ကြီးမှု စိတ်ကြီး ဝင်မှု ဘဝင်မြင့်မှု တစ်မျိုးဖြစ်သည်။ အဝတ်ချင်းပြိုင်မှု စိန်နားကပ်ချင်းပြိုင်မှု ကားချင်းပြိုင်မှု သားချင်းပြိုင်မှု မယားချင်းပြိုင်မှု စသည့် ပြိုင်ဆိုင်ဖူးသည့် အသာယူဖူးသည့် သို့မဟုတ် ပြိုင်ဆိုင်နေကျ အသာယူနေကျ အာရုံ တစ်ခုခု ကို အာရုံယူ၍ မနောဒွါရကိုပါ ပူးတွဲသိမ်းဆည်းလျက် ရှုကြည့်ပါ။ ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော လောဘဒိဋ္ဌိ လောဘမာနအုပ်စု နာမ် တရားတို့ကို သဘောပေါက်ပါက ရုပ်ပရမတ်တရားတို့ကို အာရုံယူ၍ ရှုရန် ဖြစ်သည်။
ဒေါသမူ ဒွေ ----
၁။ ဒေါသအုပ်စု၌ ဒေါသဖြစ်နေကျ မုန်းသူ တစ်ဦးကိုလည်းကောင်း, ပစ္စည်းတစ်ခုကိုလည်းကောင်း,
၂။ ဒေါသ-ဣဿာအုပ်စု၌ မိမိပစ္စည်းထက် သာလွန်သည့် သူတစ်ပါး ပစ္စည်းကိုလည်းကောင်း,
၃။ ဒေါသ-မစ္ဆရိယအုပ်စု၌ အထိမခံနိုင်သည့် မိမိ၏ သက်ရှိသက်မဲ့ ကာမ ဝတ္ထုတစ်ခုခုကိုလည်းကောင်း, (ပစ္စည်းတစ်ခုခုကိုလည်းကောင်း )
၄။ ဒေါသ-ကုက္ကုစ္စအုပ်စု၌ ----
(က) ပြုပြီး ဒုစရိုက်တစ်ခုခုကိုလည်းကောင်း = ဥပမာ လွန်ကျူးဖူး သည့် ပါဏာတိပါတလုပ်ငန်း တစ်ခုခုကိုလည်းကောင်း။
( ခ ) မပြုမိသည့် သုစရိုက်တစ်ခုခုကိုလည်းကောင်း, ဥပမာ ဒါနတစ် ခုခုကို ပြုဖို့ရန် မအောင်မြင်မှု, သီလကျင့်သုံးရန် မအောင်မြင်မှု ကိုလည်းကောင်း အာရုံယူ၍ ရှုပါ။
ကုက္ကုစ္စမှာ ဒုစရိုက်တစ်ခုခုကို ပြုလိုက်မိ၍ နောင်တတစ်ဖန် ပူပန်မှု သဘော ဖြစ်ရကား ပြုဖူးသည့် ဒုစရိုက်တစ်ခုခုကို အာရုံယူ၍လည်း ရှုနိုင် သည်။ သုစရိုက်တစ်ခုခုကိုလည်း မပြုလိုက်မိ မကျင့်လိုက်မိသဖြင့် နောင်တ တစ်ဖန် ပူပန်သည့်သဘော ဖြစ်ရကား မပြုလိုက်မိ မကျင့်လိုက်မိသည့် သုစရိုက်တစ်ခုခုကိုလည်း အာရုံယူ၍ ရှုနိုင်သည်။ ဉာဏ်ရှိသလို ချဲ့ထွင်ရှုနိုင်သည်။ ရုပ်ပရမတ်အစစ်ကို အာရုံယူ၍ ရှုရာ၌ ယောဂီအများစုဝယ် ဤအုပ်စု မှာ ခက်ခဲသည်ကို တွေ့ရ၏။
မောဟမူ ဒွေ ----
မောဟ-ဥဒ္ဓစ္စအုပ်စု၌ လောဘ ဒေါသ မပါဘဲ ရိုးရိုး စိတ်ပျံ့လွင့်နေကျ ပညတ်အာရုံကို အာရုံယူ၍ ဦးစွာ ရှုကြည့်ပါ။ မောဟ-ဝိစိကိစ္ဆာအုပ်စု၌ အတိတ်ဘဝရှိ၏ဟူသည်မှာ ဟုတ်မှဟုတ်ပါလေစ ဤသို့ စသည့် သံသယ ဖြစ်လောက်သည့် အာရုံတစ်ခုခုကို အာရုံယူ၍ ရှုကြည့်ပါ။
ဤသို့ ပညတ်ကို အာရုံယူ၍ ရှုရာ၌ ယင်း မနောဒွါရိကအကုသိုလ်ဇော များ၏နောင်၌ တဒါရုံမကျနိုင်။ သို့သော် ပရမတ်အတုံးအခဲတို့၏ အဆင်း အသံ အနံ့ စသည်ကို အာရုံယူနိုင်ပါက တဒါရုံကျခွင့်ရှိပေသည်။ ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော အကုသိုလ်နာမ်တရားတို့ကို ရှုတတ်ပါက ရုပ် ပရမတ် တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော အကုသိုလ် နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းရှုပွားပါလေ။ ကုသိုလ်ဇော စော သည့် ဇောဝီထိစိတ်အစဉ်တို့ကို ရှုရာ၌ ဓမ္မာရုံလိုင်း နာမ်တရားတို့က စ၍ သိမ်းဆည်းရှုပွားသကဲ့သို့ အကုသိုလ် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ ၌လည်း ဓမ္မာရုံလိုင်းကပင် စတင်၍ သိမ်းဆည်းရှုပွားပုံကို ဆက်လက်၍ ရေးသားတင်ပြပေအံ့။
ဤတွင် ဉာဏ်နုသူများ အတွက် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော လောဘဒိဋ္ဌိအုပ်စု နာမ်တရား အလုံး (၂၀)ကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ ကျန်နေသော အကုသိုလ် နာမ်တရားအုပ်စုတို့ ၌လည်း နည်းမှီး၍ သဘောပေါက်ပါလေ။
လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား အလုံး (၂၀)
၁။ အသိစိတ် = စက္ခုအကြည်ဓာတ်အာရုံကို ရယူခြင်းသဘော။
၂။ ဖဿ = စက္ခုအကြည်ဓာတ်အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံနှင့် အသိစိတ်ကို ဆက်စပ် ပေးခြင်းသဘော။
[မှတ်ချက် ---- နောက်စေတသိက်တို့၌ အာရုံဟုဆိုလျှင် စက္ခုအကြည် ဓာတ်အာရုံကိုပင် ဆိုလိုသည်ဟု သဘောပေါက်ပါ။]
၃။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်းသဘော။ (သောမနဿ ဝေဒနာ)
၄။ သညာ = အာရုံကို (သုဘဟု) မှတ်သားခြင်းသဘော၊
[နိစ္စဟု သုခဟု အတ္တဟု မှတ်သားရာ၌လည်း နည်းတူပင်တည်း။]
၅။ စေတနာ = အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း နှိုးဆော်ပေးခြင်းသဘော။
၆။ ဧကဂ္ဂတာ = အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်း သဘော။
= အာရုံ၌ သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်း သဘော။
၇။ ဇီဝိတ = အာရုံ၌ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်း သဘော။
၈။ မနသိကာရ = အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့် တွန်းပို့ပေးခြင်းသဘော။
= အာရုံကို နှလုံးသွင်းခြင်းသဘော။
၉။ ဝိတက် = အာရုံပေါ်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ရှေးရှူ တင်ပေးခြင်းသဘော၊
= အာရုံကို ကြံစည်ခြင်းသဘော။
၁၀။ ဝိစာရ = အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော။
= အာရုံကို ဆုပ်နယ်ခြင်းသဘော။
= အာရုံကို အာရုံ ထပ်၍ ထပ်၍ ယူခြင်းသဘော။
၁၁။ အဓိမောက္ခ = အာရုံကို (သုဘဟု) ဆုံးဖြတ်ချက်ချခြင်းသဘော။
[နိစ္စဟု သုခဟု အတ္တဟု ဆုံးဖြတ်ရာ၌လည်း နည်းတူ မှတ်ပါ။]
၁၂။ ဝီရိယ = အာရုံပေါ်၌ လောဘ ဒိဋ္ဌိ စသော အကုသိုလ်တရား များ ဖြစ်အောင် (ရာဂဖြစ်အောင်) ကြိုးစားအားထုတ် ခြင်းသဘော။
၁၃။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော။
၁၄။ ဆန္ဒ = အာရုံကို လိုလားတောင့်တခြင်းသဘော (= ရာဂဖြစ်လိုသည့်သဘော။)
၁၅။ မောဟ = အာရုံ၏ (အသုဘ) သဘောမှန်ကို မသိခြင်းသဘော။
[အနိစ္စသဘောမှန် ဒုက္ခသဘောမှန် အနတ္တသဘောမှန်ကို မသိမှု သဘော]
= အာရုံကို (သုဘဟု) အသိမှားခြင်းသဘော။
[နိစ္စဟု သုခဟု အတ္တဟု အသိမှားခြင်းသဘော ပုံစံတူ မှတ်ပါ။]
၁၆။ အဟိရိက = အာရုံပေါ်၌ လောဘဒိဋ္ဌိ စသော အကုသိုလ် ဖြစ်မှုကို မရှက်ခြင်းသဘော။
၁၇။ အနောတ္တပ္ပ = အာရုံပေါ်၌ လောဘဒိဋ္ဌိ စသော အကုသိုလ် ဖြစ်မှုကို မကြောက်ခြင်းသဘော။
၁၈။ ဥဒ္ဓစ္စ = အာရုံပေါ်၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေခြင်းသဘော။
၁၉။ လောဘ = အာရုံကို ငါ့ဟာဟု စွဲယူခြင်းသဘော။
= အာရုံကို လိုလားတပ်မက်ခြင်းသဘော။
= အာရုံ၌ ကပ်ငြိနေခြင်းသဘော။
၂၀။ ဒိဋ္ဌိ = အာရုံကို သုဘဟု စွဲလမ်းယုံကြည်ခြင်းသဘော။
= အာရုံကို သုဘဟု အယူမှားခြင်း = ခံယူချက်မှားခြင်း သဘော။
(နိစ္စ သုခ အတ္တဟု စွဲယူရာ၌လည်း နည်းတူသဘောပေါက်ပါလေ။)
ဝေဒနာနှင့် ပီတိ, ထိနနှင့် မိဒ္ဓ ---- လောဘမူ သောမနဿသဟဂုတ် စိတ်များ၌ သောမနဿဝေဒနာယှဉ်၏၊ ပီတိလည်းယှဉ်၏။ လောဘမူ ဥပေက္ခာသဟဂုတ် စိတ်များ၌ ဥပေက္ခာဝေဒနာယှဉ်၏၊ ပီတိ မယှဉ်။ အသင်္ခါရိက စိတ်များ၌ ထိန-မိဒ္ဓ မယှဉ်၊ သသင်္ခါရိကစိတ်များ၌ ထိန-မိဒ္ဓ ယှဉ်၏။ ပီတိ ယှဉ်မယှဉ်, ထိန-မိဒ္ဓ ယှဉ်မယှဉ်သို့ လိုက်၍ (၄)ချက်စီပင် ရှုပါ။
ဝီရိယနှင့် ဆန္ဒ ----ဒေါသအုပ်စု၌ ဝီရိယမှာ အထူးသဖြင့် ဒေါသဖြစ် အောင် ကြိုးစားမှု, ဆန္ဒမှာ ဒေါသ ဖြစ်လိုမှုသဘော ဖြစ်သည်။ ဒေါသဣဿာ အုပ်စု၌ ဝီရိယမှာ ဒေါသဣဿာဖြစ်အောင် ကြိုးစားမှု, ဆန္ဒမှာ ဒေါသဣဿာ ဖြစ်လိုမှုသဘော ဖြစ်သည်။ ဒေါသမစ္ဆရိယအုပ်စု၌ ဝီရိယမှာ ဒေါသမစ္ဆရိယဖြစ်အောင် ကြိုးစားမှု, ဆန္ဒမှာ ဒေါသမစ္ဆရိယ ဖြစ်လိုမှုသဘော ဖြစ်သည်။ ဒေါသကုက္ကုစ္စအုပ်စု၌ ဝီရိယမှာ ဒေါသကုက္ကုစ္စဖြစ်အောင် ကြိုး စားမှု, ဆန္ဒမှာ ဒေါသကုက္ကုစ္စ ဖြစ်လိုမှုသဘော ဖြစ်သည်။
မောဟ ---- မောဟမှာ စက္ခုအကြည်ဓာတ် စသည့် အာရုံကို နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် အသိမှားမှု၊ သူတစ်ပါး၏ စက္ခုအကြည်ဓာတ်, မိမိ၏ စက္ခုအကြည်ဓာတ် စသည်ဖြင့် အသိမှားမှုတည်း။
အဟိရိက အနောတ္တပ္ပ ---- လောဘဒိဋ္ဌိ၊ လောဘမာန၊ ဒေါသ၊ ဒေါသ ဣဿာ၊ ဒေါသမစ္ဆရိယ၊ ဒေါသကုက္ကုစ္စ၊ မောဟဥဒ္ဓစ္စ၊ မောဟဝိစိကိစ္ဆာ စသည့် အကုသိုလ်တရားတို့ ဖြစ်မှုကို မရှက်မှုသဘော မကြောက်မှုသဘောတည်း။ ဒုစရိုက်လွန်ကျူးဆဲအချိန်က တည်ရှိသော နာမ်တရားတို့ကို အာရုံယူ၍ သိမ်းဆည်းရာ၌ကား ယင်း လွန်ကျူးဆဲခဏ၌ ဖြစ်ပေါ်သွားကြသော အဟိရိက အနောတ္တပ္ပတို့သည် လွန်ကျူးဆဲဒုစရိုက်မှ မရှက်မှုသဘော မကြောက်မှု သဘောတည်း။
ကြွင်းကျန်သည့် ဓမ္မာရုံလိုင်း စာရင်းဝင် ရုပ်အစစ် (၉)လုံး သို့မဟုတ် (၁၀)လုံး, ရုပ်အတု (၁၀)လုံးတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော အကုသိုလ် အုပ်စုနာမ်တရားတို့ကိုလည်း စက္ခုအကြည်ဓာတ်၌ ရှုပုံနည်းစနစ်ကိုပင် နည်းမှီး၍ ရှုပါလေ။ ေ့ရှဦးစွာ အကုသိုလ်ဇော စောသည့် မနောဒွါရဝီထိဇယားကို တင်ပြအပ်ပါသည်။
စက္ခုအကြည်ဓာတ်အာရုံ - လောဘဒိဋ္ဌိအုပ်စု ရှုပုံစနစ်
၁။ လိုအပ်ပါက သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ ဘဝင်မနောအကြည်ဓာတ်ကို = မနောဒွါရကို သိမ်းဆည်းပါ။
၃။ စက္ခုဒသကကလာပ်ကို ဓာတ်ခွဲလျက် စက္ခုအကြည်ဓာတ်ကို လှမ်း အာရုံယူပါ။
၄။ ထို စက္ခုအကြည်ဓာတ်အာရုံသည် မနောဒွါရ၌ ရှေးရှုထင်လာသော အခါ ယင်း စက္ခုအကြည်ဓာတ်ကို အာရုံယူလျက် မနောဒွါရိကဇော ဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ထို ဝီထိစိတ်အစဉ် တွင်ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ထိုစက္ခုအကြည်ဓာတ်ကို သုဘဟု ဆင်ခြင်ဆုံးဖြတ်ပါ။ ထိုစက္ခုအကြည်ဓာတ်မှာ အလိုရှိအပ်သော ဣဋ္ဌာရုံလည်းဖြစ်မူ အယောနိသောမနသိကာရဖြစ်သဖြင့် ဇော၌ သုဘဟု သာယာတပ်မက်သော လောဘဒိဋ္ဌိအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာ ကြပေလိမ့်မည်။ နှလုံးသွင်းမှားမှု = သုဘဟုနှလုံးသွင်းမှု = အယောနိသောမနသိကာရမှာ ယင်းလောဘဇော စောရန်အတွက် အနီးကပ် ဆုံးသော အကြောင်းတစ်ရပ် ဖြစ်၏။
ထိုစက္ခုအကြည်ဓာတ်ကို နိစ္စဟုလည်းကောင်း, သုခဟုလည်းကောင်း, အတ္တဟုလည်းကောင်း ဆင်ခြင်ဆုံးဖြတ် နှလုံးသွင်းရာ၌လည်း နည်းတူပင် မှတ်ပါ။ လောဘမူစိတ် (၈)မျိုးတွင် ဒိဋ္ဌိဂတသမ္ပယုတ် စိတ် (၄)မျိုးတည်း။ သောမနဿဝေဒနာနှင့် ယှဉ်လျှင် ပီတိပါ၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျှင် ပီတိမပါ။ သသင်္ခါရိက = တိုက်တွန်းမှုရှိလျှင် ထိန-မိဒ္ဓ ပါဝင်၏၊ အသင်္ခါရိက = တိုက်တွန်းမှု မရှိလျှင် ထိန-မိဒ္ဓမပါ။ တိုက်တွန်းမှုဟူသည် လောဘ, (ဒေါသ) စသည့် အကုသိုလ်တရားများ ဖြစ်ပေါ်လာအောင် မိမိကိုယ်ကိုမိမိ တိုက်တွန်း ရမှု, သို့မဟုတ် သူတစ်ပါးတို့က တိုက်တွန်းရမှုကို ဆိုလိုပေသည်။ ဝီထိစိတ် အစဉ်အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း၏ စိတ်စေတသိက် အရေ အတွက်ကို ဇယားဖြင့် ရေးသားတင်ပြထားပါသည်။
မာန ---- လောဘမာနအုပ်စုတွင် မာနမှာ ရံခါသာ ယှဉ်တတ်သော ကဒါစိစေတသိက် ဖြစ်သဖြင့် မာနလည်း မယှဉ် (ဒိဋ္ဌိလည်း မယှဉ်)သော် ဇောအသီးအသီး၌ စိတ်စေတသိက် အရေအတွက်မှာ (၁၉-၁၈-၂၁-၂၀) အသီးအသီး ဖြစ်သည်ဟု မှတ်ပါ။ သောမနဿ, ဥပေက္ခာ, သသင်္ခါရိက, အသင်္ခါရိကသို့လိုက်၍ (၄)ထွေ ကွဲပြားသွားသည်။
စက္ခုအကြည်ဓာတ်အာရုံ-လောဘမာနအုပ်စုစသည်ကို ရှုပုံစနစ်
မနောဒွါရကို သိမ်းဆည်းလျက် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဤ စက္ခုအကြည်ဓာတ်ကို ငါမို့ ရှုရတာဟု နှလုံးသွင်းကြည့်ပါ။ လောဘမာန ဦးဆောင်သည့် အကုသိုလ်မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာပေမည်။ နာမ်တုံးနာမ်ခဲ နာမ်ဃနကို ဖြိုခွဲလျက် ပရမတ်နာမ် တရားတို့ကို သိမ်းဆည်းပါ။
ဒေါသအုပ်စု ---- မကျေမနပ်ဖြစ်ဖူးသော အနိဋ္ဌဖြစ်သော စက္ခုအကြည် ဓာတ်ကို အာရုံယူ၍ မနောဒွါရကိုပါ ပူးတွဲသိမ်းဆည်းလျက် ဤ ဒေါသအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းပါ။
ဒေါသဣဿာ ---- မိမိ စက္ခုအကြည်ဓာတ်ထက် သာလွန်တင့်တယ် သော သူတစ်ပါး၏ စက္ခုအကြည်ဓာတ်ကို (= မိမိမျက်လုံးထက် ပို၍လှသော သူတစ်ပါး၏ မျက်လုံးကို) အာရုံယူ၍ ဒီစက္ခုအကြည်ဓာတ်မျိုး ဒင်းမရလျှင် ကောင်းမှာပဲဟု နှလုံးသွင်းကြည့်ပါ။ (= ဒီမျက်လုံးမျိုး ဒင်းမရလျှင် ကောင်း မှာပဲဟု နှလုံးသွင်းကြည့်ပါ။) ဒေါသဣဿာ ဦးဆောင်သည့် နာမ်တရား အုပ်စုတို့ ဖြစ်ပေါ်လာပေမည်။ ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပါ။
ဒေါသမစ္ဆရိယ ---- အထိမခံနိုင်သော မိမိ၏ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ရှုပါ။ နင့်မျက်စိက ဘာပဲ ညာပဲ စသည်ဖြင့် တစ်ဘက်သူက ပြောဆိုလာလျှင် မခံချင်သည့် သဘောကိုလည်း အာရုံယူ၍ ရှုနိုင်ပါသည်။
ဒေါသကုက္ကုစ္စ ---- စက္ခုအကြည်နှင့် ပတ်သက်၍ ပြောမှားဆိုမှား ပြု မှားမိသည့် မကောင်းမှုတစ်ခုကို အာရုံယူ၍လည်း ရှုနိုင်သည်။ စက္ခုအကြည် နှင့် ပတ်သက်၍ ပြုသင့်ပြုထိုက်သည်ကို မပြုလိုက်ရ၍ နောင်တတစ်ဖန် ပူပန်မှု ဖြစ်ဖူးလျှင် ထိုအာရုံကို အာရုံယူ၍လည်း ရှုနိုင်သည်။
မောဟဥဒ္ဓစ္စ ---- စက္ခုအကြည်ဓာတ်နှင့် ပတ်သက်၍ စိတ်မငြိမ်မသက် ဖြစ်ဖူးလျှင် ယင်းအာရုံကိုပင် အာရုံယူ၍ ရှုပါ။ (လောဘ ဒေါသ မပါစေရ။)
မောဟဝိစိကိစ္ဆာ ---- ဤ စက္ခုအကြည်ဓာတ်သည် အတ္တ၏အကြည် ဓာတ်လေလောဟု အာရုံယူ၍ ရှုကြည့်ပါ။ အဋ္ဌကထာများ၌ ဖော်ပြထား သော ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါးဖြစ်ပုံကို နည်းမှီး၍ ရှုခြင်း ဖြစ်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂- ကြည့်ပါ။) (နောက်တွင် ထင်ရှားလတ္တံ့။)
တဒါရုံ ---- ဇယားများတွင် အဟိတ်တဒါရုံ သဟိတ်တဒါရုံ နှစ်မျိုးလုံးကို ချပြထားပါသည်။ ဝီထိစဉ်တစ်ခု၏အတွင်း၌ သဟိတ်တဒါရုံ အဟိတ်တဒါရုံ နှစ်မျိုးလုံး ဖြစ်နိုင်သည်ဟုကား အယူအဆ မမှားစေလိုပါ။ အဟိတ်တဒါရုံ တစ်မျိုးမျိုးသော်လည်းကောင်း သဟိတ်တဒါရုံ တစ်မျိုးမျိုးသော်လည်းကောင်း ကျနိုင်သည်ဟုသာ ဆိုလိုရင်းဖြစ်သည်။ ယင်းတဒါရုံ (၁၁)မျိုးတို့တွင် တစ်မျိုး သာ ဝီထိတစ်ခုအတွင်း၌ ကျနိုင်၏။ ထိုသို့တဒါရုံကျရာ၌ ယေဘုယျအားဖြင့် ဇောနှင့် တဒါရုံတို့သည် ဝေဒနာချင်း တူတတ်၏။ ဇောက သောမနဿ ဝေဒနာဖြစ်လျှင် တဒါရုံလည်း သောမနဿဝေဒနာပင် ဖြစ်၏။ ဇော၌ ပီတိ ယှဉ်လျှင် တဒါရုံ၌လည်း ပီတိ ယှဉ်၏။ ဇောက ဥပေက္ခာဝေဒနာဖြစ်လျှင် တဒါရုံလည်း ဥပေက္ခာဝေဒနာပင် ဖြစ်၏။ ဇော၌ ပီတိမယှဉ်လျှင် တဒါရုံ၌ လည်း ပီတိမယှဉ်ပေ။ သို့သော် တဒါရုံမှာ ယေဘုယျအားဖြင့် ဇောနှင့် ဝေဒနာ ချင်း တူညီသော်လည်း ဇော၌ ဒေါမနဿဝေဒနာဖြစ်လျှင် တဒါရုံ၌လည်း ဒေါမနဿဝေဒနာ မဖြစ်နိုင်သဖြင့် ဥပေက္ခာဝေဒနာသာ ဖြစ်သည်ဟု မှတ်ပါ။ ဒေါသဇောနောင်၌ ဥပေက္ခာတဒါရုံသာ ကျခွင့်ရှိသည် ဟူလို။ အထက် တဒါရုံ ဇယားတွင် ဖော်ပြထားခဲ့သည့်အတိုင်း အကုသိုလ်ဇောများ၏ နောင်၌ မဟာ ဝိပါက် တဒါရုံများသည်လည်း ထိုက်သလိုကျနိုင်၏။ ဘုရားအစရှိသော အလွန်နှစ်သက်မြတ်နိုးအပ်သည့် အတိဣဋ္ဌာရုံတို့၌ နှလုံးသွင်းမှားမှု အယောနိ သောမနသိကာရကြောင့် အကုသိုလ်ဇော စောရာ၌ ယင်းအကုသိုလ်ဇောများ ၏နောင်၌ မဟာဝိပါက်တဒါရုံများသည်လည်း ထိုက်သလို ကျနိုင်သည်သာ ဖြစ်သည်။ ထိုကြောင့် ဤစာမူဇယားတွင် အဟိတ်တဒါရုံ သဟိတ်တဒါရုံ နှစ်မျိုးလုံးကိုပင် ချပြထားပါသည်။ အသင်သူတော်ကောင်းသည် ရှုနေရင်းဖြင့် သဘောပေါက်နိုင်လိမ့်မည်ဟု ဤကျမ်းက မျှော်လင့်ထားပါသည်။
ကြွင်းကျန်သည့် ဓမ္မာရုံလိုင်းစာရင်းဝင် ရုပ်အစစ် ရုပ်အတုတို့ကို အာရုံ ယူ၍ ဖြစ်ပေါ်လာသော အကုသိုလ်အုပ်စု နာမ်တရားတို့ကိုလည်း စက္ခုအကြည်ဓာတ်၌ ရှုပုံနည်းစနစ်ကို နည်းမှီး၍ ရှုပါလေ။
ကောင်းသော စနစ်တစ်ခုကို အကြံပြုပါရစေ
ယောဂီအများစုကို သုတေသနပြုကြည့်ရာ၌ အကုသိုလ်ဇော စော သည့် ဝီထိများကိုသာ တစ်ထိုင်လုံး တစ်ဖက်သတ် သိမ်းဆည်း ရှုပွားနေပါက တစ်စတစ်စ စိတ်ဓာတ်များလည်း မကြည်မလင် ဖြစ်လာတတ်ကြကြောင်းကို လည်း တွေ့ရှိရ၏။ အရောင်အလင်းများသည်လည်း တဖြည်းဖြည်း မှေးမှိန် လာကြောင်းကိုလည်း တွေ့ရှိရ၏။ ထိုကြောင့် အသင်သူတော်ကောင်းသည် ကုသိုလ်ဇောစောသည့် ဝီထိများကိုလည်း သိမ်းဆည်း ရှုပွားတတ်ပြီး ဖြစ်သဖြင့် ကုသိုလ်ဇောစောသည့် ဝီထိနှင့် အကုသိုလ်ဇောစောသည့် ဝီထိများကို တစ်လှည့်စီ သိမ်းဆည်းရှုပွားပါက ပို၍ ကောင်းပေသည်။ ဥပမာ ---- စက္ခု အကြည်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်ဇောစောသည့် မနော ဒွါရဝီထိကို သိမ်းဆည်းပြီးသောအခါ ယင်းစက္ခုအကြည်ဓာတ်ကိုပင် ( ဧကတ္တနည်းအရ ဆိုခြင်းတည်း။) အာရုံပြု၍ ဖြစ်ပေါ်လာသော အကုသိုလ်ဇော စောသည့် မနောဒွါရဝီထိ နာမ်တရားစုတို့ကို ဆက်လက်သိမ်းဆည်းပါ။ ဤ သို့လျှင် ရုပ်တစ်လုံး တစ်လုံးကို အာရုံပြု၍ ဖြစ်ပေါ်လာသော အကောင်းအုပ်စု မကောင်းအုပ်စုတို့ကို တစ်လှည့်စီ သိမ်းဆည်းရှုပွားပါက စိတ်ညစ်နွမ်းမှု လည်း မဖြစ်ဘဲ အရောင်အလင်းလည်း မှေးမှိန်မသွားဘဲ ရှိတတ်ကြ၏။
ယခုတစ်ဖန် ရူပါရုံစသည့် ပဉ္စာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အကုသိုလ်ဇော စောသည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။ ထိုသို့ သိမ်းဆည်း ရှုပွားရာ၌ အဋ္ဌကထာကြီးများတွင် ဖွင့်ဆိုထားသော သံယောဇဉ် (၁၀)ပါး ဖြစ်ပုံကို ကြိုတင်၍ သိထားသင့်ပေသည်။
သံယောဇဉ် (၁၀) ပါး ဖြစ်ပုံ
စက္ခုဒွါရေ တာဝ အာပါထဂတံ ဣဋ္ဌာရမ္မဏံ ကာမဿာဒဝသေန အဿာဒယတော အဘိနန္ဒတော ကာမရာဂသညောဇနံ ဥပ္ပဇ္ဇတိ။ အနိဋ္ဌာရမ္မဏေ ကုဇ္ဈတော ပဋိဃသညောဇနံ ဥပ္ပဇ္ဇတိ။ ဌပေတွာ မံ န ကောစိ အညော ဧတံ အာရမ္မဏံ ဝိဘာဝေတုံ သမတ္ထော အတ္ထီတိ မညတော မာနသညောဇနံ ဥပ္ပဇ္ဇတိ။ ဧတံ ရူပါရမ္မဏံ နိစ္စံ ဓုဝန္တိ ဂဏှတော ဒိဋ္ဌိသညောဇနံ ဥပ္ပဇ္ဇတိ။ ဧတံ ရူပါရမ္မဏံ သတ္တော နု ခေါ, သတ္တဿ နု ခေါတိ ဝိစိကိစ္ဆတော ဝိစိကိစ္ဆာသညောဇနံ ဥပ္ပဇ္ဇတိ။ သမ္ပတ္တိဘဝေ ဝတ နော ဣဒံ သုလဘံ ဇာတန္တိ ဘဝံ ပတ္ထေန္တဿ ဘဝရာဂသညောဇနံ ဥပ္ပဇ္ဇတိ။ အာယတိမ္ပိ ဧဝရူပံ သီလဗ္ဗတံ သမာဒိယိတွာ သက္ကာ လဒ္ဓုန္တိ သီလဗ္ဗတံ သမာဒိယန္တဿ သီလဗ္ဗတပရာမာသသညောဇနံ ဥပ္ပဇ္ဇတိ။ အဟော ဝတ ဧတံ ရူပါရမ္မဏံ အညေ န လဘေယျုန္တိ ဥသူယတော ဣဿာသညောဇနံ ဥပ္ပဇ္ဇတိ။ အတ္တနာ လဒ္ဓံ ရူပါရမ္မဏံ အညဿ မစ္ဆရာယတော မစ္ဆရိယသညောဇနံ ဥပ္ပဇ္ဇတိ။ သဗ္ဗေဟေဝ သဟဇာတအညာဏဝသေန အဝိဇ္ဇာသညောဇနံ ဥပ္ပဇ္ဇတိ။ (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂။)
နိစ္စံ ဓုဝန္တိ ဧတံ နိဒဿနမတ္တံ။ ဥစ္ဆိဇ္ဇိဿတိ ဝိနဿိဿတီတိ ဂဏှတောတိ ဧဝမာဒီနမ္ပိ သင်္ဂဟော ဣစ္ဆိတဗ္ဗော။ ဘဝံ ပတ္ထေန္တဿာတိ ဤဒိသေ သမ္ပတ္တိဘဝေ ယသ္မာ အမှာကံ ဣဒံ ဣဋ္ဌာရမ္မဏံ သုလဘံ ဇာတံ၊ တသ္မာ အာယတိမ္ပိ သမ္ပတ္တိဘဝေါ ဘဝေယျာတိ ဘဝံ နိကာမေန္တဿ။ ဧဝရူပံ သက္ကာ လဒ္ဓုန္တိ ယောဇနာ။ (မ၊ဋီ၊၁၊၃၇၉။)
ရုပ် (၂၈)ပါးတို့တွင် ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ပေါ်ပုံကို မဟာဝဂ္ဂအဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၃၇၄။)နှင့် မူလပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၂၉၂)တို့၌ မဟာသတိပဋ္ဌာနသုတ္တန် အာယတနပဗ္ဗပိုင်း အဖွင့်တွင် ဖွင့်ဆိုထားပေသည်။ ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ပုံကို သဘောပေါက်ပါက ကျန်ရုပ်တရား (၂၇)ပါးတို့ကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ပေါ်ပုံကိုလည်း နည်းမှီး၍ သိနိုင်ပေသည် = သိမ်းဆည်းရှုပွား နိုင်ပေသည်။ အဋ္ဌကထာများကလည်း အဘိဓမ္မာနည်းအရ သံယောဇဉ် (၁၀) ပါး ဖြစ်ပုံကို ဖွင့်ဆိုထားတော်မူ၏။ ဤ၌ လောဘမူ ဒေါသမူ မောဟမူစိတ် အစဉ်အတိုင်း ရှုကွက် မှတ်သားလွယ်ကူစေရန် ရေးသားတင်ပြအပ်ပါသည်။
၁။ ကာမရာဂသံယောဇဉ် ---- စက္ခုဒွါရ မနောဒွါရ၌ ရှေးရှု ထင်လာသော အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဣဋ္ဌဖြစ်သော ရူပါရုံကို ကာမဿာဒ = ကာမတဏှာ၏ အစွမ်းဖြင့် သုဘဟုရှု၍ လွန်စွာ သာယာတပ်မက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ကာမရာဂသံယောဇဉ် ဖြစ်၏။ ကာမရာဂသံယောဇဉ် ဟူသည် သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့အပေါ်၌ လွန်စွာသာယာတပ်မက်တတ်သော လောဘမူစိတ် (၈)ခု၌ ယှဉ်သော တဏှာလောဘတည်း။ ဒိဋ္ဌိဂတသမ္ပယုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် နှစ်မျိုးလုံး၌ ယှဉ်၏။
၂။ ဘဝရာဂသံယောဇဉ် ----ပြည့်စုံသည့် သမ္ပတ္တိဘဝ၌ ဤကဲ့သို့သော ရူပါရုံမျိုးသည် ရလွယ်သောသဘော ရှိပေစွတကားဟု ပြည့်စုံသည့် သမ္ပတ္တိ ဘဝကို လိုလားတောင့်တသူ၏ သန္တာန်၌ ဘဝရာဂသံယောဇဉ်သည် ဖြစ်၏။ တရားကိုယ်မှာ သမ္ပတ္တိဘဝကို တွယ်တာတပ်မက်သော လောဘပင်တည်း။ [သုတ္တန်နည်း၌ ဤ ဘဝရာဂသံယောဇဉ် အရာ၌ ရူပရာဂသံယောဇဉ် အရူပ ရာဂသံယောဇဉ်ဟု လာရှိ၏။ ရူပစျာန်နှင့် ထိုစျာန်၏ အကျိုးဝိပါက်၌ သာယာ တပ်မက်သော တဏှာ = လောဘသည် ရူပရာဂသံယောဇဉ် မည်၏။ အရူပ စျာန်နှင့် ထိုအရူပစျာန်၏ အကျိုးဝိပါက်၌ သာယာတပ်မက်သောတဏှာ = လောဘသည် အရူပရာဂသံယောဇဉ် မည်၏။ ဤဘဝရာဂသံယောဇဉ်ပိုင်း၌ ကား ရူပါရုံစသည့် အာရုံ (၆)မျိုးလုံးတို့နှင့် ပြည့်စုံသည့် ဘဝကို တောင့်တ မှုကို အဋ္ဌကထာများက ပုံစံထုတ်ပြထား၏။ သို့ဖြစ်၍ ဘဝရာဂသံယောဇဉ်နှင့် ရူပရာဂသံယောဇဉ် အရူပရာဂသံယောဇဉ်တို့မှာ အဓိပ္ပါယ် အကျဉ်းအကျယ် ကွာဟချက် ရှိနိုင်ပေသည်။] ထိုကြောင့် ဘဝရာဂသံယောဇဉ် ဟူသည် လောဘမူစိတ် (၈)မျိုးလုံး၌ပင် ထိုက်သလိုယှဉ်သော လောဘတည်းဟုသာ မှတ်သားပါလေ။
၃။ ဒိဋ္ဌိသံယောဇဉ် ----ထို ရူပါရုံကိုပင် --
(က) နိစ္စဟု = မြဲ၏ဟု, ဓုဝဟု = ခိုင်ခံ့၏ဟု
( ခ ) သုခဟု = ချမ်းသာ၏ဟု
( ဂ ) အတ္တဟု = အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တ ကောင်ဟု
စွဲယူခဲ့သော် ဒိဋ္ဌိသံယောဇဉ်ဖြစ်၏။ ဤ၌ နိစ္စဟု သုခဟု အတ္တဟု အသိမှားမှုကား မောဟတည်း။ နိစ္စဟု သုခဟု အတ္တဟု ခံယူချက် မှားမှု = ယုံကြည်ချက်မှားမှုကား ဒိဋ္ဌိတည်း။ ဇောအသီးအသီး၌ လောဘဒိဋ္ဌိအုပ်စု နာမ်တရား (၂၀-၁၉-၂၂-၂၁)တို့ပင်တည်း။ ဒိဋ္ဌိဂတသမ္ပယုတ်လောဘတည်း။
၄။ သီလဗ္ဗတပရာမာသသံယောဇဉ် ---- နွားအကျင့် ခွေးအကျင့် စသော မှားယွင်းသော ကျင့်စဉ်ဟူသော သီလဗ္ဗတအကျင့်ကို ကျင့်ပါက နောင်အနာဂတ်၌လည်း ဤ ရူပါရုံမျိုးကို ရနိုင်၏ဟု နှလုံးပိုက်၍ သီလဗ္ဗတအကျင့်ကို ဆောက်တည်သော = ဆောက်တည်ကျင့်သောသူ၏ သန္တာန်၌ သီလဗ္ဗတပရာမာသ သံယောဇဉ်ဖြစ်၏။ ဤ သံယောဇဉ်မှာလည်း လောဘဒိဋ္ဌိအုပ်စု နာမ်တရား (၂၀-၁၉-၂၂-၂၁) တို့ပင်တည်း။ ဒိဋ္ဌိဂတသမ္ပယုတ် လောဘ ပင်တည်း။ ယခုကဲ့သို့ ရတနာသုံးတန် ကံ ကံ၏အကျိုးတရား အပေါ်၌ ယုံကြည် သက်ဝင်သော သဒ္ဓါတရားနှင့် ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ် ပြဓာန်း လျက်ရှိသော စိတ်ဖြင့် နာမရူပပရိစ္ဆေဒဉာဏ်သို့ တိုင်အောင် အားသစ်လျက် ရှိသော ဗုဒ္ဓ၏တပည့်သာဝကတစ်ဦး၏ သန္တာန်၌ ဤ သီလဗ္ဗတပရာမာသ သံယောဇဉ်မှာ အလွန်ဖြစ်ခဲဖွယ်ရာ ရှိပေသည်။ ဤသံယောဇဉ်ကို ဖြစ်နိုင်ခွင့် ရှိသော သတ္တဝါတို့ကို ရည်ညွှန်း၍သာ ဖော်ပြထားသည်ဟု သဘောပေါက် ပါလေ။
၅။ မာနသံယောဇဉ် ---- ငါမှတစ်ပါး အခြားသူတစ်ဦးသည် ဤရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို အသိဉာဏ်၌ ထင်ရှားလာအောင် ရှုနိုင်စွမ်း ရှိသောသူမည်သည် မရှိ ဖြစ်ခဲ့၏၊ ဤ ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို ငါမို့ ရှုရတာဟု မိမိကိုယ်ကို မိမိ အထင်ကြီးလျှင် မာနသံယောဇဉ်ဖြစ်၏။ လောဘမာနအုပ်စု အကုသိုလ်ဇောများတည်း။ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်တည်း။ ဇောအသီးအသီး၌ (၂၀-၁၉-၂၂-၂၁) ဟူသော လောဘမာနအုပ်စု နာမ် တရားများတည်း။
၆။ ပဋိဃသံယောဇဉ် ----အလိုမရှိအပ် မနှစ်သက်အပ်သော အနိဋ္ဌဖြစ် သော ရူပါရုံကို တွေ့ကြုံရာ၌ မနှစ်သက်သော် ဒေါသထွက်သော် ပဋိဃသံယောဇဉ်ဖြစ်၏။ ဒေါသအုပ်စု နာမ်တရားများတည်း။ အလိုမရှိအပ်သော အနိဋ္ဌဖြစ်သော ရူပါရုံကို အာရုံယူ၍ ရှုပါ။ ဇောအသီးအသီး၌ (၁၈-၂၀) သော ဒေါသအုပ်စု နာမ်တရားများတည်း။
၇။ ဣဿာသံယောဇဉ် ---- ဤရူပါရုံမျိုးကို ငါမှတစ်ပါးသော သူတို့မရ ကုန်မူကား ကောင်းလေစွဟု ငြူစူသောပုဂ္ဂိုလ်၏သန္တာန်၌ ဣဿာသံယောဇဉ် ဖြစ်၏။ ဒေါသဣဿာအုပ်စု နာမ်တရားများ ဖြစ်၏။ ဇောအသီးအသီး၌ (၁၉-၂၁)လုံးသော ဒေါသဣဿာအုပ်စု နာမ်တရားများတည်း။ ဣဿာဖြစ် နေကျ သူတစ်ပါး၏ ရူပါရုံကို အာရုံယူ၍ ရှုပါ။ ဥပမာ ---- အဆင့်မြင့်နေသော အရောင်ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပနေသော သူတစ်ပါး၏ စိန် နားကပ်အရောင်ကို အာရုံယူ၍ ရှုပါ။
၈။ မစ္ဆရိယသံယောဇဉ် ----မိမိ ရရှိထားသော ရူပါရုံကို သူတစ်ပါးတို့နှင့် မဆက်ဆံဖြစ်အောင် ပြုလုပ်ခြင်းဖြင့် အခြားသူအတွက် ဝန်တိုသောပုဂ္ဂိုလ်၏ သန္တာန်၌ မစ္ဆရိယသံယောဇဉ်ဖြစ်၏။ ဒေါသမစ္ဆရိယအုပ်စု နာမ်တရားများ ဖြစ်၏။ ဇောအသီးအသီး၌ (၁၉-၂၁)လုံးသော ဒေါသမစ္ဆရိယအုပ်စု နာမ် တရားများတည်း။ အထိမခံနိုင်ဖြစ်နေကျ မိမိပိုင် သက်ရှိသက်မဲ့ ကာမဝတ္ထု၏ အရောင်ကို အာရုံယူ၍ ရှုပါ။ ဥပမာ ---- စင်ကြယ် သန့်ရှင်းနေသော မိမိ၏ အဝတ်ကို အခြားသူတစ်ဦးက မင်ဖြင့် လာရောက်တို့လိုက်သောအခါ နှမြော ၍ကားမဟုတ်၊ ယခုကဲ့သို့ လာရောက်စော်ကားမှုမျိုးကို မခံချင်သည့်သဘော တည်း။ ဖြစ်ဖူးသည့်အာရုံ ဖြစ်နေကျအာရုံကို အာရုံယူ၍ ရှုပါ။
ကုက္ကုစ္စ ----သံယောဇဉ် (၁၀)ပါးတွင် ဤကုက္ကုစ္စကား မပါဝင်ပေ။
(က) ပြုလိုက်မိ ကျင့်လိုက်မိသော ဒုစရိုက်,
( ခ ) မပြုလိုက်မိ မကျင့်လိုက်မိသော သုစရိုက်,
ဤသို့ နှစ်မျိုးခွဲ၍ ရှုပါ။
(က) ရူပါရုံကို အာရုံပြု၍ = ရူပါရုံနှင့် ပတ်သက်၍ ပြုလိုက်မိ ကျင့်လိုက်မိ သော ဒုစရိုက်ကို အာရုံပြု၍ နောင်တတစ်ဖန် ပူပန်သော် ကုက္ကုစ္စဖြစ်၏။ ဒေါသကုက္ကုစ္စ နာမ်တရားစုတည်း။ ဖြစ်ဖူးသည့် အာရုံကို ယူ၍ရှုပါ။ ဥပမာ- သူတစ်ပါး၏ အကျႌအရောင်ပျက်အောင် မင်ဖြင့် တို့မိ၍ နောင်တတစ်ဖန် ပူပန်ဖူးသည် ဖြစ်အံ့ = စိတ်မကောင်းဖြစ်ဖူးအံ့၊ ထိုအာရုံကိုပင် အာရုံယူ၍ ရှုပါ။
(ခ) မပြုလိုက်မိ မကျင့်လိုက်မိသော သုစရိုက်တစ်ခုခုကို အာရုံယူ၍ နောင်တတစ်ဖန် ပူပန်သော် ကုက္ကုစ္စဖြစ်၏။ ဒေါသကုက္ကုစ္စအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြ၏ ဟူလို။ ဇောအသီးအသီး၌ (၁၉-၂၁)လုံးသော ဒေါသကုက္ကုစ္စအုပ်စု နာမ်တရားများတည်း။ ပန်းအရောင်လှနေတုန်း ဘုရားလှူရန် ရည်စူးထားရာ မအောင်မြင်သဖြင့် စိတ်မကောင်းဖြစ်ဖူးသော် ထိုအာရုံမျိုးကို အာရုံယူ၍ ရှုပါ။ ဤ ဒေါသကုက္ကုစ္စအုပ်စုမှာ ပရမတ်ကို အာရုံယူ၍ ရှုရာ၌ အချို့ယောဂီများ၌ အခက်အခဲ ရှိတတ်ပေသည်။ ထိုအခါ ပညတ်ကို အာရုံယူ ၍ ယင်းဒေါသကုက္ကုစ္စ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပြီးမှ ပရမတ်ကို အာရုံယူ၍ ယင်းနာမ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရှုပွားပါ။
ဥဒ္ဓစ္စ ----ဤဥဒ္ဓစ္စသံယောဇဉ်မှာ အဘိဓမ္မာနည်း သံယောဇဉ် (၁၀)ပါး၌ မပါဝင်ပေ။ သုတ္တန်နည်း သံယောဇဉ် (၁၀)ပါး၌သာ ပါဝင်ပေသည်။ ရူပါရုံကို အာရုံပြု၍ စိတ်ပျံ့လွင့်သော် ဥဒ္ဓစ္စဖြစ်၏။ မောဟဥဒ္ဓစ္စအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြ၏။ ဇောအသီးအသီး၌ (၁၆)လုံးသော နာမ်တရားများတည်း။လောဘ ဒေါသကား မဖြစ်၊ သို့သော် စိတ် မငြိမ်မသက် ဖြစ်ဖူးသည့် ရူပါရုံ အရောင်ကို အာရုံယူ၍ ရှုကြည့်ပါ။
၉။ ဝိစိကိစ္ဆာသံယောဇဉ် ---- ဤရူပါရုံသည် သတ္တလေလော, အတ္တလေလော, သတ္တ၏ဥစ္စာလော, အတ္တ၏ဥစ္စာလော = အတ္တ၏ အရောင်လေလော ဟု ယုံမှားသော ပုဂ္ဂိုလ်၏သန္တာန်၌ ဝိစိကိစ္ဆာသံယောဇဉ်ဖြစ်၏ = ဝိစိကိစ္ဆာ အုပ်စု နာမ်တရားများဖြစ်၏။ ဇောအသီးအသီး၌ (၁၆)လုံးသော နာမ်တရား များတည်း။ ရူပါရုံကို အတ္တ၏ အရောင်လေလောဟု အာရုံယူ၍ ရှုကြည့်ပါ။
၁၀။ အဝိဇ္ဇာသံယောဇဉ် ----အထက်ပါ သံယောဇဉ်အမျိုးမျိုးတို့ ဖြစ်တိုင်း ဖြစ်တိုင်း အဝိဇ္ဇာသံယောဇဉ်ကား = အသိမှားမှု သဘောကား ယှဉ်တွဲပါဝင် လျက် ရှိပေသည်။ (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂ - ကြည့်ပါ။)
ဤအထက်ပါ သံယောဇဉ်တို့ကား သံယောဇဉ်တစ်ခုချင်း သီးသန့်ဖြစ် ကြသည်ကား မဟုတ်၊ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားတို့နှင့်အတူ ယှဉ်တွဲ၍သာ အုပ်စုအလိုက် ဖြစ်ကြရပေသည်။ ယင်း နာမ်တရားအုပ်စုတို့ သည်လည်း ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ကြရသည်။ သို့ဖြစ်ရကား ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း နာမ်တရားတို့ကို သိမ်းဆည်းရာ၌ နာမ်တုံးနာမ်ခဲဟူသော နာမ်ဃနများကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားပါ။
သတိပြုရန်
ဤအထက်ပါ ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါးဖြစ်ပုံကို ဖွင့်ဆို ရာ၌ အဋ္ဌကထာများက ---- စက္ခုဒွါရေ (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂။) စက္ခုဒွါရ၌လည်း ဖြစ်နိုင်ကြောင်းကို ဖွင့်ဆိုထားတော်မူကြ၏။ ထိုတွင် ယင်းရူပါရုံကို နိစ္စ သုခ အတ္တ သုဘဟု နှလုံးသွင်းနိုင်မှုတို့မှာ စက္ခုဒွါရဝီထိနောင်၌ မနော ဒွါရဝီထိပေါင်းများစွာ ဖြစ်ပြီးနောက် ယင်းမနောဒွါရဝီထိတို့က နိစ္စ သုခ အတ္တ သုဘဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပြီးမှ နောက်ထပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်ပေါ်လာသော စက္ခုဒွါရဝီထိ အချို့တို့၌သာ နိစ္စ သုခ အတ္တ သုဘဟူသော အခြင်းအရာအားဖြင့် အာရုံပြုမှု အထိုက်အလျောက် ရှိကောင်းရှိနိုင်ပေသည်။ သို့သော် နိစ္စဟု သုခဟု အတ္တဟု သုဘဟု ပိုင်ပိုင် နိုင်နိုင်သိ၍ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချ၍ သိနိုင်သည်ကား မဟုတ်ပေ။ ထိုသို့သော အခြင်းအရာအားဖြင့် သာမန်သိရုံ သဘောမျှလောက်သာ ရှိ ကောင်း ရှိနိုင်ပေသည်။ အောက်ပါ အဋ္ဌကထာ ဋီကာတို့ကို ရှုကြည့်ပါ။
စက္ခုဝိညာဏံ ဟိ ရူပေ ရူပမတ္တမေဝ ပဿတိ၊ န နိစ္စာဒိသဘာဝံ။ (သံ၊ဋ္ဌ၊၃၊၂၈။)
ရူပမတ္တမေဝါတိ နီလာဒိဘေဒံ ရူပါယတနမတ္တံ၊ န နီလာဒိ။ ဝိသေသနိဝတ္တနတ္ထော ဟိ အယံ မတ္တ-သဒ္ဒေါ။ ယဒိ ဧဝံ ဧဝ-ကာရော ကိမတ္ထိယော? စက္ခုဝိညာဏံ ဟိ ရူပါယတနေ လဗ္ဘမာနမ္ပိ နီလာဒိဝိသေသံ ဣဒံ နီလံ နာမ ဣဒံ ပီတံ နာမာတိ န ဂဏှာတိ။ ကုတော နိစ္စာနိစ္စာဒိ သဘာဝတ္ထန္တိ သံဟိတဿပိ နိဝတ္တနတ္ထံ ဧဝကာရဂ္ဂဟဏံ။ တေနာဟ န နိစ္စာဒိသဘာဝ န္တိ။ (သံ၊ဋီ၊၂၊၃၀၃။)
ဤ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်အရ စက္ခုဝိညာဏ်သည် တစ်နည်း စက္ခုဝိညာဏ်နှင့် တကွသော စက္ခုဒွါရဝီထိ နာမ်တရားစုသည် အညို အရွှေ စသည် ပြားသော အရောင်မျှကိုသာ သိ၏၊ ယင်းအရောင်ကို အညို အရွှေပဲ စသည်ဖြင့်ကား မသိပေ။ ရူပါရုံကို အာရုံယူနိုင်သော်လည်း ဤကား အညို, ဤကား အရွှေ ဤသို့ စသည်ဖြင့်ကား အာရုံမယူနိုင်။ အဘယ်မှာလျှင် နိစ္စ အနိစ္စ စသော သဘောမှန်ကို အာရုံယူခြင်းငှာ စွမ်းနိုင်ပါအံ့နည်း။ (သံ၊ဋ္ဌ၊၃၊၂၈။ သံ၊ဋီ၊၂၊၃၀၃။)
သို့သော် ဒိဋ္ဌိစေတသိက်သည် စက္ခုဒွါရဝီထိဇောတို့၌လည်း ဖြစ်နိုင် သည့် သဘောကား ရှိနေ၏။ အကုသိုလ်ဇောအားလုံးသည် စက္ခုဒွါရဝီထိ၌ ဖြစ်နိုင်ခွင့် ရှိနေ၏။ ထိုကြောင့် မနောဒွါရဝီထိတို့၌ အကျုံးဝင်သော ဒိဋ္ဌိဂတ သမ္ပယုတ်စိတ်က စွဲယူထားသော ဒိဋ္ဌိအယူစွဲကို = အာရုံကို နိစ္စ သုခ အတ္တ သုဘဟု စွဲယူထားသော အယူစွဲကို စက္ခုဒွါရဝီထိ၌ အကျုံးဝင်သော ဒိဋ္ဌိဂတ သမ္ပယုတ်စိတ်ကလည်း ဆက်ခံသကဲ့သို့ဖြစ်သော အခြင်းအရာကား ရှိကောင်း ရှိနိုင်ပေသည်။ အသင်သူတော်ကောင်းကိုယ်တိုင် လက်တွေ့စမ်းသပ်၍ ရှု ကြည့်ပါ။ သို့သော် ရုပ်ကမ္မဋ္ဌာန်းကို ကျေပွန်စွာ လေ့လာပြီးမှ နာမ်ကမ္မဋ္ဌာန်းသို့ ကူးလာသော ယောဂီသူတော်ကောင်း တစ်ဦးအဖို့ --- ယင်း ရုပ်တရားကို နိစ္စ သုခ အတ္တဟု စွဲယူရန်မှာလည်း အခက်အခဲ ရှိကောင်း ရှိနိုင်ပါသည်။သုဘဟု စွဲယူမှုမှာသာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ပရမတ် ဉာဏ်ပညာ မျက်စိ မရှိသူတို့၌ကား နိစ္စ သုခ အတ္တ သုဘဟူသော အစွဲများသည် ရာနှုန်း ပြည့် ရှိနေမည်သာ ဖြစ်ပေသည်။
ရူပါရုံလိုင်း အကုသိုလ်ဇော စောသည့် မကောင်းအုပ်စုကို ရှုပုံစနစ်
အထက်တွင် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော အကုသိုလ်ဇော များ ပါဝင်သည့် မကောင်းအုပ်စု စက္ခုဒွါရဝီထိ စိတ်စေတသိက်တို့၌ အကျုံး ဝင်သော သံယောဇဉ် (၁၀)ပါး ဖြစ်ပုံကို ရေးသားတင်ပြခဲ့ပြီး ဖြစ်၏။ ယင်း သံယောဇဉ် (၁၀)ပါး ဖြစ်ပုံမှာ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသည့် အကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံ စနစ်ပင် ဖြစ်သည်။ အလားတူပင် ကျန်ရုပ် (၂၇)ပါးကို လည်း နည်းမှီး၍ ရှုရမည်ဖြစ်ပေသည်။ ဤတွင် ထိုစနစ်ကို နည်းမှီး၍ ရူပါရုံ လိုင်း မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံစနစ်ကို လောဘ ဒိဋ္ဌိအုပ်စု နာမ်တရားတို့ကို စံထား၍ ရေးသားတင်ပြအပ်ပါသည်။
၁။ လိုအပ်ပါက သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ စက္ခုအကြည်ဓာတ် = စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနော ဒွါရဟူသော ဒွါရနှစ်ခုကို ပြိုင်တူ ဉာဏ်၌ ထင်နေအောင် ပူးတွဲသိမ်းဆည်းပါ။
၃။ စက္ခုအကြည်ဓာတ်နှင့် ခပ်လှမ်းလှမ်းတွင် တည်ရှိနေသော ရုပ်ကလာပ် အများစု၏ ရူပါရုံအရောင်ကို လှမ်းအာရုံယူပါ။
၄။ ထိုရူပါရုံ = အရောင်က ဒွါရနှစ်ခုကို ပြိုင်တူ ရှေးရှုရိုက်ခတ်သောအခါ ဒွါရနှစ်ခု၌ ပြိုင်တူ ထင်လာသောအခါ ယင်းရူပါရုံကို အာရုံပြု၍ စက္ခု ဒွါရဝီထိ မနောဒွါရဝီထိများ ဖြစ်ပေါ်လာကြပေမည်။ ထို ဝီထိစိတ်တို့ တွင်ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်း ဝုဋ္ဌောနှင့် မနောဒွါရာဝဇ္ဇန်းတို့က ထို ရူပါရုံအရောင်ကို ----
(က) နိစ္စ = မြဲ၏ဟုလည်းကောင်း,
( ခ ) သုခ = ချမ်းသာ၏ဟုလည်းကောင်း,
( ဂ ) အတ္တဟုလည်းကောင်း = အတ္တကောင်ဟုလည်းကောင်း,
(ဃ) သုဘ = လှသည် တင့်တယ်သည်ဟုလည်းကောင်း ----
ဤသို့ အသီးအသီး ဆင်ခြင် ဆုံးဖြတ်ကြည့်ပါ။ အယောနိသောမနသိ ကာရဖြစ်၍ လောဘဒိဋ္ဌိ ဦးဆောင်သည့် အကုသိုလ်ဇောများ ပါဝင်သည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြပေမည်။ သို့သော် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောကား အာရုံကို နိစ္စ သုခ အတ္တ သုဘဟု ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည်ကား မဟုတ်။မနောဒွါရဝီထိတွင် ပါဝင်သော အကြိမ်များစွာ ထပ်ကာထပ်ကာ ဖြစ်နေသော မနောဒွါရာဝဇ္ဇန်းကသာလျှင် တစ်နည်း မနောဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော အဓိမောက္ခ စေတသိက်ကသာလျှင် အာရုံကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်၍ ယင်းသို့ ဆုံးဖြတ်ချက်ချနိုင်သော မနောဒွါရဝီထိ၌ အကျုံးဝင်သော လောဘ ဒိဋ္ဌိတို့ကသာလျှင် အာရုံကို နိစ္စ သုခ အတ္တ သုဘဟု စွဲစွဲမြဲမြဲ ဆုပ်ကိုင်တတ် ပေသည်။ ထိုကြောင့် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောသည် အာရုံကို နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် ဆုံးဖြတ်ချက် ချသကဲ့သို့သော အခြင်းအရာအားဖြင့် ဖြစ်သည်ဟုသာ မှတ်သားပါလေ။ သို့သော် ပရမတ်သို့ ဉာဏ်အမြင်ဆိုက် နေသော သူတော်ကောင်းတစ်ဦးအဖို့ ယင်းရူပါရုံကို နိစ္စ သုခ အတ္တဟု ရှုရန် မှာ ခက်ခဲဖွယ်ရာ ရှိပေသည်။ သုဘဟူသော အခြင်းအရာအားဖြင့် စွဲယူ၍ လွန်စွာ သာယာတပ်မက်သော ကာမရာဂသံယောဇဉ်ကား ဖြစ်နိုင်ဖွယ်ရာ ရှိပေသည်။ နိစ္စ သုခ အတ္တ သုဘဟု စွဲယူရာ၌ကား လောဘမူစိတ် (၈)မျိုးတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုးတည်း။ သုဘဟူသော အခြင်းအရာအားဖြင့် သာယာတပ်မက်၍ ကာမရာဂသံယောဇဉ် ဖြစ်ရာ၌ကား လောဘမူစိတ် (၈) မျိုးလုံးပင် ထိုက်သလို ဖြစ်နိုင်၏။ အလားတူပင် ထိုကဲ့သို့သော ရူပါရုံမျိုးနှင့် ပြည့်စုံသည့် ဘဝသမ္ပတ္တိတစ်ခုခုကို တွယ်တာတပ်မက်ရာ၌လည်း လောဘမူ စိတ် (၈)မျိုးလုံး ထိုက်သလို ဖြစ်နိုင်၏။ ဉာဏ်ရှိသလို ချဲ့ထွင်ရှုပါလေ။ သောမနဿဝေဒနာဖြစ်လျှင် ပီတိယှဉ်၏၊ ဥပေက္ခာဝေဒနာဖြစ်လျှင် ပီတိမယှဉ်။ သသင်္ခါရိက = တိုက်တွန်းမှုရှိလျှင် ထိန+မိဒ္ဓ ယှဉ်၏။ အသင်္ခါရိက = တိုက်တွန်းမှု မရှိလျှင် ထိန+မိဒ္ဓ မယှဉ်။
ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း ၏ စိတ်+စေတသိက် အရေအတွက်ကို ဇယားဖြင့် ဖော်ပြထားပါသည်။ ဇော တွင် သောမနဿဝေဒနာဖြစ်၍ ပီတိယှဉ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း သောမနဿဝေဒနာပင် ဖြစ်သည်၊ ပီတိလည်း ယှဉ်သည်။ ဇောတွင် ဥပေက္ခာ ဝေဒနာဖြစ်၍ ပီတိ မယှဉ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း ဥပေက္ခာ ဝေဒနာပင် ဖြစ်သည်၊ ပီတိလည်း မယှဉ်ပေ။ သို့သော် သန္တီရဏနှင့် တဒါရုံတို့ မှာ ယေဘုယျအားဖြင့် ဇောနှင့် ဝေဒနာချင်း တူညီသော်လည်း ဇောသည် ဒေါမနဿဝေဒနာနှင့် ယှဉ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌ ဒေါမနဿဝေဒနာ နှင့် မယှဉ်နိုင်သဖြင့် ယင်းသန္တီရဏနှင့် တဒါရုံတို့၌ ဥပေက္ခာဝေဒနာသာ ယှဉ်သည်။ ဥပေက္ခာသန္တီရဏ, ဥပေက္ခာတဒါရုံသာကျသည်။
အာရုံသည် အတိဣဋ္ဌာရုံဖြစ်က သောမနဿတဒါရုံ (၅)မျိုးသာ ကျနိုင် ၏။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာဝိပါက်တဒါရုံ (နာမ်တရား = ၃၄), သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာဝိပါက်တဒါရုံ (နာမ်တရား = ၃၃), အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ (နာမ်တရား = ၁၂) ကျနိုင်၏။
ဣဋ္ဌာရုံ၌ကား မဟာဝိပါက်တဒါရုံ (၈)မျိုး (နာမ်တရား = ၃၄^၃၃^ ၃၃^၃၂) အဟိတ် ကုသလဝိပါက် တဒါရုံ (၂)မျိုး (နာမ်တရား = ၁၂^၁၁) ကျနိုင်၏။
အနိဋ္ဌာရုံ၌ကား အကုသလဝိပါက် တဒါရုံ တစ်မျိုးသာကျ၏ (နာမ်တရား = ၁၁) တည်း။ ထိုကြောင့် ဇယားများတွင် စုပေါင်း၍ ပြထားပါသည်။ (နာမ်တရား = ၁၁)မှာ ကုသလဝိပါက် အကုသလဝိပါက် နှစ်မျိုး ထိုက်သလို ဖြစ်နိုင်သည်။ (နာမ်တရား = ၁၁) တစ်ခုမှာ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ, (နာမ်တရား = ၁၁)တစ်ခုမှာ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်သည်။ ဣဋ္ဌာရုံ၌ ကုသလဝိပါက်, အနိဋ္ဌာရုံ၌ အကုသလဝိပါက် ထိုက်သလို ကျသည်။ သို့သော် ဝီထိစဉ်တစ်ခု အတွင်း၌ကား တဒါရုံတစ်မျိုးသာ ကျနိုင်သည်။ ကျသည့်တဒါရုံကိုသာ သိမ်းဆည်းပါ။
ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောတို့တွင် တည်ရှိသော နာမ်တရားတို့၏ အရေအတွက်မှာ အကောင်းအုပ်စု နာမ်တရား အရေအတွက်နှင့် ပုံစံတူပင်ဖြစ်သည်။ ဇော၌ တည်ရှိသော နာမ်တရား အရေ အတွက်သာလျှင် အကောင်းအုပ်စုနှင့် မကောင်းအုပ်စုတို့ မတူညီကြပေ။
ကြွင်းကျန်နေသော လောဘမာန, ဒေါသ စသော အကုသိုလ်အုပ်စု နာမ်တရားများကို သံယောဇဉ် (၁၀)ပါး ဖြစ်ပုံအပိုင်းကို ကြည့်၍ လောဘဒိဋ္ဌိ ၌ ရှုသည့်ပုံစံကို နည်းမှီး၍ ရှုပါလေ။
သဒ္ဒါရုံလိုင်း-ဂန္ဓာရုံလိုင်း-ရသာရုံလိုင်း-ဖောဋ္ဌဗ္ဗာရုံလိုင်း
ရူပါရုံလိုင်း ---- ၌ စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌ-အနိဋ္ဌ စသည်ပြားသော ရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်ကို အာရုံယူ၍ ကုသိုလ်ဇော စောသည့် အကောင်းအုပ်စု နာမ်တရား, အကုသိုလ်ဇော စောသည့် မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားသည့် နည်းစနစ်ကို နည်းမှီး၍ ----
သဒ္ဒါရုံလိုင်း ---- ၌ သောတအကြည်ဓာတ်နှင့် ဘဝင်မနောအကြည် ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌ-အနိဋ္ဌ စသည်ပြားသော အသံ = သဒ္ဒါရုံကို အာရုံယူ၍ ရှုလျှင် ယောနိသောမနသိကာရ အယောနိသောမနသိကာရအားလျော်စွာ ကုသိုလ်ဇောအုပ်စုများ ပါဝင်သည့် သောတဒွါရဝီထိ မနောဒွါရဝီထိနှင့် အကုသိုလ်ဇောအုပ်စုများ ပါဝင်သည့် သောတဒွါရဝီထိ မနောဒွါရ ဝီထိများ ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ အလားတူပင် ----
ဂန္ဓာရုံလိုင်း ---- ၌ ဃာနအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ် ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌ-အနိဋ္ဌ စသည်ပြားသော ရုပ်ကလာပ်တို့၏ အနံ့ = ဂန္ဓာရုံကို အာရုံယူ၍ ရှုပါ။
ရသာရုံလိုင်း ---- ၌ ဇိဝှါအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ် ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌ-အနိဋ္ဌ စသည်ပြားသော ရုပ်ကလာပ်တို့၏ ရသာရုံကို အာရုံယူ၍ ရှုပါ။
ဖောဋ္ဌဗ္ဗာရုံလိုင်း ---- ၌ ကာယအကြည်ဓာတ်နှင့် ဘဝင်မနောအကြည် ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌ-အနိဋ္ဌ စသည်ပြားသော ရုပ်ကလာပ် တို့၏ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ရှုပါ။ ထိုသို့ ရှုရာ၌ ဖောဋ္ဌဗ္ဗာရုံ အမည်ရသော ရုပ်တရားတို့မှာ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ် ဟု သုံးမျိုးရှိနေ သဖြင့် ပထဝီဓာတ်ကို အာရုံယူ၍ အကောင်းအုပ်စု+မကောင်းအုပ်စု, တေဇောဓာတ်ကို အာရုံယူ၍ အကောင်းအုပ်စု+မကောင်းအုပ်စု, ဝါယော ဓာတ်ကို အာရုံယူ၍ အကောင်းအုပ်စု+မကောင်းအုပ်စုများကို ကုန်စင်အောင် အသီးအသီး သိမ်းဆည်းရှုပွားပါ။ ဖောဋ္ဌဗ္ဗာရုံ၌ (၃)မျိုးခွဲ၍ (၃)ခါရှုရန် ဖြစ် သည်။ ဓမ္မာရုံလိုင်းဝင် ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို အထက်၌ တင်ပြခဲ့ပြီးလေပြီ။ အသင် သူတော်ကောင်းသည် (၆)လိုင်းလုံး အတွင်း၌တည်ရှိသော ကုသိုလ်ဇော စောသည့် နာမ်တရားအုပ်စု, အကုသိုလ်ဇော စောသည့် နာမ်တရားအုပ်စုတို့ကို သိမ်းဆည်းနိုင်သောအခါ ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်း ဟူသော လိုင်းအစဉ်အတိုင်းသာ သိမ်းဆည်း ရှုပွားပါ။ သို့မှသာလျှင် မည်သည့်လိုင်း နာမ်တရားတို့ကို သိမ်းဆည်းရှုပွား ပြီးပြီ, မည်သည့်လိုင်း နာမ်တရားတို့ကို မသိမ်းဆည်း မရှုပွားရသေးဟု လွယ် လွယ်ကူကူ ခွဲခြားတတ်မည် ဖြစ်ပေသည်။
ဤတိုင်အောင် ရေးသားတင်ပြခဲ့သော နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းရှုပွား နည်းကား စျာန်နာမ်တရားတို့နှင့် တကွ ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ် လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံ အကျဉ်းနည်းတည်း။
__________
နာမ်ကမ္မဋ္ဌာန်း အကျယ်သိမ်းဆည်းနည်း
နာမ်ကမ္မဋ္ဌာန်း အကျယ်သိမ်းဆည်းရှုပွားနည်းကား (၆)ဒွါရ, (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်ဓာတ်တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရမည်။ ဥပမာ စက္ခုဒွါရ၌ ရုပ် (၅၄)မျိုးရှိရာ ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို စတင် သိမ်းဆည်းရမည် ဖြစ်သည်။ အမြွက်မျှကို ဆိုရသော် စက္ခုဒွါရဝယ် စက္ခုဒသကကလာပ်၌ ရုပ် (၁၀)မျိုးရှိရာ ----
၁။ ပထဝီဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရား,
၂။ အာပေါဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော မနောဒွါရဝီထိ ဓမ္မာရုံလိုင်း နာမ်တရား,
၃။ တေဇောဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ် တရား,
၄။ ဝါယောဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာ ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရား,
၅။ ဝဏ္ဏ = ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ရူပါရုံလိုင်း နာမ်တရား,
၆။ ဂန္ဓကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဂန္ဓာရုံလိုင်း နာမ်တရား,
၇။ ရသကို အာရုံပြု၍ ဖြစ်ပေါ်လာသော ရသာရုံလိုင်း နာမ်တရား,
၈။ ဩဇာကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဓမ္မာရုံလိုင်း နာမ်တရား,
၉။ ဇီဝိတကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဓမ္မာရုံလိုင်း နာမ်တရား,
၁၀။ စက္ခုပဿဒကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဓမ္မာရုံလိုင်း နာမ်တရား,
ဤသို့လျှင် နာမ်တရားတို့ကို အသီးအသီး သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ် ဇောဝီထိ, အကုသိုလ်ဇောဝီထိများကို ကုန်စင်အောင် သိမ်းဆည်းပါ။ အကောင်းအုပ်စု+မကောင်းအုပ်စု နှစ်မျိုးလုံးကို သိမ်းဆည်းရမည် ဟူလို။ စက္ခု ဒွါရ၌ ရှိသော စက္ခုဒသကကလာပ် အတွင်းဝယ် (၁၀)မျိုးသော ရုပ်တို့တွင် ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော အကောင်းအုပ်စု မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းပြီးနောက် စက္ခုဒွါရ၌ပင် ကာယ ဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရား, ဘာဝဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရား, စိတ္တဇဩဇဋ္ဌမကကလာပ်၌ တည်ရှိသော (၈)မျိုးသော ရုပ်တရား, ဥတုဇဩဇဋ္ဌမကကလာပ်၌ တည်ရှိသော (၈)မျိုးသော ရုပ်တရား, အာဟာရဇဩဇဋ္ဌမကကလာပ်၌ တည်ရှိသော (၈)မျိုးသော ရုပ်တရား ဤ ရုပ်တရားတို့တွင်လည်း ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော အကောင်းအုပ်စု+မကောင်းအုပ်စု နာမ်တရား တို့ကို ဆက်လက် သိမ်းဆည်းပါ။ စက္ခုဒွါရ၌ (၅၄)ကြိမ်တိုင်တိုင် သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။ သောတဒွါရ၌လည်း (၅၄)ကြိမ်, ဃာနဒွါရ၌လည်း (၅၄)ကြိမ်, ဇိဝှါဒွါရ၌လည်း (၅၄) ကြိမ်, ကာယဒွါရ၌လည်း (၄၄)ကြိမ်, မနောဒွါရ = နှလုံး၌လည်း (၅၄)ကြိမ် ---- ဤသို့ အသီးအသီး ဆက်လက် သိမ်းဆည်းပါ။ (၄၂)ကောဋ္ဌာသတို့၌လည်း အလားတူပင် ရုပ်ဓာတ်တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။ ဤအကျယ်သိမ်းဆည်းနည်းကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ (၂၂၆)၌ အရိပ်အမြွက်မျှ လာရှိ၏။ ဤနာမ်ကမ္မဋ္ဌာန်း အကျယ်သိမ်းဆည်းနည်းကိုကား လိုအပ်ပါမှသာလျှင် ကျင့်သုံးပါ။ အကျဉ်းသိမ်းဆည်းနည်းဖြင့် အောင်မြင်မှုကို မရရှိပါမှသာလျှင် ဤ အကျယ်သိမ်းဆည်းနည်းကို ကျင့်သုံးရန် ဖြစ်ပေသည်။
ဤတွင် နာမ်ကမ္မဋ္ဌာန်းပိုင်း (၆)လိုင်း အကျဉ်းချုပ်ကို ထပ်မံ၍ ဖော်ပြ အပ်ပါသည်။ ဓမ္မာရုံလိုင်းဟူသည် ဓမ္မာရုံအမည်ရသော ရုပ်တရားတို့နှင့် အခြား ပညတ် ပရမတ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော မနော ဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းသည့်အပိုင်း ဖြစ်သည်။ ထို ဓမ္မာရုံလိုင်း ကို (က-ခ-ဂ-ဃ)ဟု (၄)အုပ်စုခွဲ၍ တင်ပြထားပါသည်။ (၆)လိုင်းလုံး၌ ကျွမ်းကျင်လာသောအခါ အောက်ပါဇယားတွင် ဖော်ပြထားသော အစီအစဉ် အတိုင်း နာမ်တရားတို့ကို သိမ်းဆည်းပါ။
__________
အကယ်၍ အသင်သူတော်ကောင်းသည် အရူပစျာန်တို့ကိုပါ ရရှိထား ပြီးသူ ဖြစ်ပါက ---- မနောဒွါရနှင့် ဆိုင်ရာ ယင်းအရူပစျာန်၏ အာရုံကို ပူးတွဲ သိမ်းဆည်းလျက် ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းပါ။
၁။ အာကာသာနဉ္စာယတနစျာန်၏ အာရုံမှာ အဆုံးအပိုင်းအခြား မရှိ သော ကောင်းကင်ပညတ်အာရုံ ဖြစ်သည်။
၂။ ဝိညာဏဉ္စာယတနစျာန်၏ အာရုံမှာ အာကာသာနဉ္စာယတနဝိညာဏ် ဖြစ်သည်။
၃။ အာကိဉ္စညာယတနစျာန်၏ အာရုံမှာ အာကာသာနဉ္စာယတနဝိညာဏ် ၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်အာရုံ ဖြစ်သည်။
၄။ နေဝသညာနာသညာယတနစျာန်၏ အာရုံမှာ အာကိဉ္စညာယတန ဝိညာဏ် ဖြစ်သည်။
ဘဝင်မနောဒွါရနှင့် ယင်း ဆိုင်ရာအာရုံကို ပူးတွဲသိမ်းဆည်းလျက် ဆိုင်ရာ စျာန်နာမ်တရားတို့ကို သိမ်းဆည်းပါ။ ရှုကွက်ဇယားမှာ စတုတ္ထစျာန် ရှုကွက်ဇယားနှင့် တူ၏။
၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး
၂။ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘုဇောတို့၌ နာမ်တရား (၃၃)လုံးစီ
၃။ အပ္ပနာစျာန်ဇော အသီးအသီး၌ နာမ်တရား (၃၁)လုံးစီ
အသီးအသီး ဖြစ်ကြသည်။
နာမ်တရား နာမ်တရားဟု သိမ်းဆည်းပါ
သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ဧတံ နာမန္တိ ပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ညွှန်ကြားချက်နှင့် အညီ နာမ် တရားတို့ကိုလည်း ပေါင်းစုခြုံငုံ၍ သိမ်းဆည်းရမည် ဖြစ်သည်။ အထက်တွင် ဇယားများဖြင့် ဖော်ပြထားသည့်အတိုင်း အာယတနဒွါရအလိုက် နာမ်တရား တို့ကို သိမ်းဆည်းရာ၌ ေ့ရှဦးစွာ အသိစိတ် ဖဿ ဝေဒနာ သညာ စေတနာ ဤသို့ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ တဖြည်းဖြည်း တိုး၍ တိုး၍ သိမ်းဆည်းရ၏။ ယင်း နာမ်တရားတို့ကို ဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ကုန်စင်အောင် သိမ်းဆည်းနိုင် သောအခါ သိမ်းဆည်းနေသော ဉာဏ်၌ ပြိုင်တူလိုလို ထင်လာသောအခါ ယင်းနာမ်တရားတို့၏ ရူပါရုံစသည့် မိမိရှုပွားသည့် ထိုထိုအာရုံသို့ ညွတ်ကိုင်း ရှိုင်းနေသည့် သဘောကို အာရုံယူ၍ ----
၁။ ဤကား နာမ်တရားဟုလည်းကောင်း,
၂။ နာမ်တရား နာမ်တရားဟုလည်းကောင်း,
တစ်ပေါင်းတစ်စုတည်း ပြု၍ သိမ်းဆည်းပါ ရှုပါ။ ဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌တည်ရှိသော နာမ်တရားအားလုံးကို စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ပြိုင်တူဖြစ်နေမှုကို မမြင်သေးလျှင် ထိုသို့ မရှုပါနှင့်ဦး။ ဉာဏ်ဖြင့် မြင်သောအခါမှ ထိုနာမ်တရားအားလုံးကို ပေါင်းစုခြုံငုံ၍ ထိုသို့ ရှုရန်ဖြစ် သည်။
ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းပါ = ရူပါရူပပရိဂ္ဂဟလုပ်ငန်း
ရူပါရူပါနံ လက္ခဏာဒီဟိ ပရိစ္ဆိန္ဒိတွာ ဂဟဏံ ရူပါရူပပရိဂ္ဂဟော။ (မူလဋီ၊၁၊၁၁၂။)
ရူပါရူပံ ပန ပရိဂ္ဂဏှန္တော ... (အဘိ၊ဋ္ဌ၊၁၊၂၆၀။)
ပရိစ္ဆိန္ဒိတွာ ဂဟဏံ ပရိဇာနနံ။ (အနုဋီ၊၁၊၁၁၉။)
ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြားချက်နှင့် အညီ ယောဂါဝစရ ပုဂ္ဂိုလ်သည် ရုပ်နာမ်ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်း ခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းကို ပြုလုပ်ရဦးမည်သာ ဖြစ်သည်။ သို့သော် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ် သိမ်းဆည်းပုံအပိုင်း ကို လက္ခဏာဒိစတုက္ကပိုင်းဟူသော အမည်ဖြင့် သီးသန့်ဖော်ပြမည် ဖြစ်ပေ သည်။ ယခု ဤအပိုင်းတွင်ကား ရုပ်နာမ် ပရမတ်တို့၏ သဘာဝလက္ခဏာကို ပင် ဦးစားပေး၍ သိမ်းဆည်းထားနှင့်ပါဦး။ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အာယတနဒွါရအလိုက် သိမ်းဆည်းထားသဖြင့် ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်း ရာ = ရုပ်နာမ်ခွဲရာ၌လည်း အာယတနဒွါရအလိုက် သိမ်းဆည်းခြင်းက ပို၍ ဆီလျော်ပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ ဇယားများတွင် မှီရာဝတ္ထုရုပ်များကို ဖော်ပြထားသည့်အတိုင်း ရုပ်အစစ်တို့ကို ပဓာနထား၍ ရုပ်အတုတို့ကိုပါ ရော နှောသိမ်းဆည်းလျက် ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းပါ။ ဇယားများ၌ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ဝိပဿနာရှုကောင်းသော ရုပ်အစစ် တို့ကိုသာ ပဓာနထား၍ ဖော်ပြထားပါသည်။ ပုံစံထုတ်၍ ဆိုရသော် စက္ခု ဒွါရဝီထိဝယ် ----
၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ ----ဟဒယ၌ရှိသော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံ က ရုပ်တရား, စိတ်စေတသိက် (၁၁)လုံးက နာမ်တရား ----
၂။ စက္ခုဝိညာဏ်၌ ----စက္ခု၌ရှိသော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား, စိတ်စေတသိက် (၈)လုံးက နာမ်တရား ----
ဤသို့ စသည်ဖြင့် ဝီထိစိတ္တက္ခဏတိုင်း၌ ကုန်စင်အောင် သိမ်းဆည်းပါ။ (၆)လိုင်းလုံး၌ နည်းတူပင် ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းပါ။ အတန်းတိုင်း၌ သိမ်းဆည်းပါ။ (ဇယားတွင် ကြည့်ပါ။)
နာမရူပဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း
ယောပိ ရူပါရူပံ ပရိဂ္ဂဟေတွာ နာမရူပံ ဝဝတ္ထပေန္တော ... (အဘိ၊ဋ္ဌ၊၁၊၂၆၀။)
တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
ဣတိ ဣဒဉ္စ နာမံ၊ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၅။)
န အညော သတ္တာဒိကောတိ ဝဝတ္ထာပနံ နာမရူပဝဝတ္ထာပနံ။ (မူလဋီ၊၁၊၁၁၂။)
အသင်သူတော်ကောင်းသည် (၆)လိုင်းလုံး၌ ဝီထိစိတ္တက္ခဏတိုင်းဝယ် ရုပ်နာမ်ကို ပူးတွဲ သိမ်းဆည်းနိုင်သောအခါ ယင်းရုပ်နာမ်တို့ကိုပင် အာရုံယူ၍ ယင်း ရုပ်နာမ်တို့၌ ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာမှ ဆိတ်သုဉ်းမှု ရုပ်နာမ်အစုအပုံမျှသာ ရှိမှုကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ----
ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏။
ဤသို့ ရုပ်နာမ်ကို ပိုင်းခြား မှတ်သားပါ။
__________
အပိုင်း (၅)
နာမ်ဃနပိုင်း
နာမ်ဃန (၄) ပါး အကြောင်း
ဃနဟူသည် အတုံးအခဲကို ဆိုလိုသည်။ ရုပ်တုံးရုပ်ခဲကို ရုပ်ဃန, နာမ် တုံးနာမ်ခဲကို နာမ်ဃနဟု ခေါ်ဆို၏။ ရုပ်ဃနသုံးမျိုး ရှိကြောင်းကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့ပြီး ဖြစ်၏။ ဤတွင် နာမ်ဃန (၄)ပါး အကြောင်းကို တင်ပြအပ်ပါသည်။
သန္တတိဃနာဒီနံ အယံ ဝိသေသော - ---- ပုရိမပစ္ဆိမာနံ နိရန္တရတာယ ဧကီဘူတာနမိဝ ပဝတ္တိ သန္တတိဃနတာ၊ တထာ ဖဿာဒီနံ ဧကသမူဟဝသေန ဒုဗ္ဗိညေယျကိစ္စဘေဒဝသေန ဧကာရမ္မဏတာဝသေန စ ဧကီဘူတာနမိဝ ပဝတ္တိ သမူဟာဒိဃနတာတိ။ (မူလဋီ၊၁၊၆၀။)
နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)
နာနာဓာတုယောတိ နာနာဝိဓာ ပထဝီအာဒိဓာတုယော နာနာဝိဓေ သဘာဝဓမ္မေ။ ဝိနိဗ္ဘုဇိတွာတိ အညာ ပထဝီဓာတု၊ အညာ အာပေါဓာတူတိအာဒိနာ, အညော ဖေဿာ၊ အညာ ဝေဒနာတိအာဒိနာ စ ဝိသုံ ဝိသုံ ကတွာ။ ဃနဝိနိဗ္ဘောဂေ ကတေတိ သမူဟဃနေ, ကိစ္စာရမ္မဏဃနေ စ ပဘေဒိတေ။ ယာ ဟေသာ အညမညူပတ္ထဒ္ဓေသု သမုဒိတေသု ရူပါရူပဓမ္မေသု ဧကတ္တာဘိနိဝေသဝသေန အပရိမဒ္ဒိတသင်္ခါရေဟိ ဂယှမာနာ သမူဟဃနတာ, တထာ တေသံ တေသံ ဓမ္မာနံ ကိစ္စဘေဒဿ သတိပိ ပဋိနိယတဘာဝေ ဧကတော ဂယှမာနာ ကိစ္စဃနတာ, တထာ သာရမ္မဏဓမ္မာနံ သတိပိ အာရမ္မဏကရဏဘေဒေ ဧကတော ဂယှမာနာ အာရမ္မဏဃနတာ စ၊ တာ ဓာတူသု ဉာဏေန ဝိနိဗ္ဘုဇိတွာ ဒိဿမာနာ ဟတ္ထေန ပရိမဇ္ဇိယမာနော ဖေဏပိဏ္ဍော ဝိယ ဝိလယံ ဂစ္ဆန္တိ။ ယထာပစ္စယံ ပဝတ္တမာနာ သုညာ ဧတေ ဓမ္မာ ဓမ္မမတ္တာတိ အနတ္တလက္ခဏံ ပါကဋတရံ ဟောတိ။ တေန ဝုတ္တံ နာနာ ဓာတုယော ။ပ။ ဥပဋ္ဌာတီတိ။ (မဟာဋီ၊၂၊၄၃၇။)
နာမ်တရားတို့၌ (၁) သန္တတိဃန (၂) သမူဟဃန (၃) ကိစ္စဃန (၄) အာရမ္မဏဃနဟု ဃန (၄)မျိုး ရှိ၏။
၁။ သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ
စက္ခုဒွါရဝီထိ အစဉ်တစ်ခုကို ပုံစံထုတ်၍ ရှင်းပြလျှင် ကျန်ဝီထိတို့၌ လည်း သဘောပေါက်နိုင်ပြီ ဖြစ်ရကား စက္ခုဒွါရဝီထိတစ်ခုကို ပုံစံထုတ်၍ ရှင်းပြပေအံ့။
နာမ်တရားတို့၌ ဝီထိစိတ် ဝီထိမုတ်စိတ်ဟု နှစ်မျိုးရှိ၏။ ယင်းနှစ်မျိုးလုံး သော နာမ်တရားတို့သည် နာမ်ကလာပ်ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိကြ၏။ ဝီထိစိတ်တို့သည်လည်း ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်း = နိယာမ = မြဲသော ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာလမ်းကြောင်း အတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။
ထိုသို့ဖြစ်ရာ၌ စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ အတိမဟန္တာရုံ ဟူသောအမည်ကို ရထိုက်သော ရူပါရုံသည် ရှေးရှူရိုက်ခတ်လာသည် ဖြစ်အံ့၊ ပဉ္စဒွါရာဝဇ္ဇန်း ၊ စက္ခုဝိညာဏ် ၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်ဟူသော စက္ခုဒွါရဝီထိ နာမ်တရားစုတို့သည် အစီအစဉ်တကျ အဆက်မပြတ် ဖြစ်ပေါ်လာကြ၏။ စိတ္တနိယာမတည်း။(အဘိ၊ဋ္ဌ၊၁၊၃၁၄။)
ထိုသို့ ဖြစ်ပေါ်လာရာဝယ် - ---- ယင်း ဝီထိစိတ္တက္ခဏတို့၌ ဤကား ပဉ္စဒွါရာဝဇ္ဇန်း၊ ဤကား စက္ခုဝိညာဏ်၊ ဤကား သမ္ပဋိစ္ဆိုင်း၊ ဤကား သန္တီရဏ၊ ဤကား ဝုဋ္ဌော၊ ဤကား ပထမဇော။ ပ ။ ဤကား သတ္တမဇော၊ ဤကား ပထမတဒါရုံ၊ ဤကား ဒုတိယတဒါရုံဟု တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ မသိလျှင် တစ်ခုတည်းအဖြစ် စွဲယူမိလျှင် သန္တတိဃန = နာမ် အစဉ်အတန်း အတုံးအခဲ ဖုံးနေ၏။ ဤကား ပဉ္စဒွါရာဝဇ္ဇန်း၊ ဤကား စက္ခု ဝိညာဏ်။ ပ ။ ဤကား ဒုတိယတဒါရုံ - -- ဤသို့ စသည်ဖြင့် ထိုထိုဝီထိအတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်းကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်လျှင် သိမြင်လျှင် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွား၏။ ဝီထိမုတ်စိတ်တို့၌လည်း ဤကား ပဋိသန္ဓေ၊ ဤကား ပထမဘဝင်၊ ဤကား ဒုတိယဘဝင် - ---- ဤသို့ စသည်ဖြင့် ဝီထိ၏ ပြင်ဘက်၌ ရှိသော စိတ္တက္ခဏတို့၌ စိတ္တက္ခဏတစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်လျှင် သိမြင်လျှင် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွား ၏။ ထိုသို့ သန္တတိဃန ပြိုအောင် ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။
၂။ သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ
စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြသော နာမ်တရား တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ နာမ်ကလာပ်ဟူသော အုပ်စု အလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ယင်း စိတ္တက္ခဏတစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်တရားတို့၏ အုပ်စုကို သမ္ပယုတ်တရားဟုလည်းကောင်း နာမ်ကလာပ်ဟုလည်းကောင်း ခေါ်ဆို၏။ စိတ်စေတသိက်ဟူသော နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု၌ အနည်းဆုံး (၈)မျိုးသော နာမ်တရားတို့ ပေါင်းစုမှ ဖြစ်နိုင်၏။ ပုံစံဆိုရသော် စက္ခုဝိညာဏ်နှင့် သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇)လုံး, ပေါင်း (၈)လုံး တည်း။ ဤ (၈)လုံးအောက် သာလွန် ယုတ်လျော့သော နာမ်တရားအုပ်စုကား မရှိနိုင်တော့ပြီ။ ယင်း စိတ္တက္ခဏတစ်ခု တစ်ခုအတွင်း၌ တည်ရှိသော နာမ် တရားတို့ကို ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် ဤသို့ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြား စိတ်ဖြာ၍ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် မသိခဲ့သော် တစ်ခုတည်းအဖြစ် စွဲယူခဲ့သော် သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ ဖုံးနေသည် မည်၏။ စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်တရားတို့ကို ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် - ---- ဤသို့ စသည်ဖြင့် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိခဲ့သော် မြင်ခဲ့သော် ရှုနိုင်ခဲ့သော် သမူဟဃန = နာမ်အပေါင်း အစု အတုံးအခဲ ပြိုသည် မည်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် သမူဟဃနဟူသော နာမ်အပေါင်းအစု အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။
၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ
ယောဂါဝစရပုဂ္ဂိုလ်သည် သန္တတိဃန သမူဟဃန ပြိုရုံမျှဖြင့် မပြီးသေး၊ ကိစ္စဃနပြိုအောင်လည်း ဆက်လက်၍ နာမ်တရားတို့ကို သိမ်းဆည်းရှုပွား ရမည် ဖြစ်ပေသည်။ ကိစ္စဃနဟူသည် စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ အုပ်စုအလိုက် အတူယှဉ်တွဲ၍ ဖြစ်ပေါ်သွားကြသော နာမ်တရားတို့တွင် -
၁။ ဖဿသည် အာရုံနှင့် အသိစိတ်ကို ပွတ်ချုပ်ထိခိုက်ခြင်း ဆက်စပ်ပေး ခြင်းလုပ်ငန်းကိစ္စ ရှိ၏။ (သင်္ဃဋ္ဋနရသော)
၂။ (သုခ) ဝေဒနာသည် သမ္ပယုတ်တရားတို့ကို လွန်စွာ တိုးပွားစေခြင်း ကိစ္စ ရှိ၏။ (သမ္ပယုတ္တာနံ ဥပဗြူဟနရသံ။)
၃။ သညာသည် အာရုံကို နောက်ထပ်တစ်ဖန်သိအောင် အမှတ်အသားကို ပြုခြင်းကိစ္စ ရှိ၏။ (ပစ္စာဘိညာဏရသာ။)
၄။ စေတနာသည် ကြောင့်ကြဗျာပါရ ပြုခြင်းကိစ္စ ရှိ၏။ (အာယူဟနရသာ။)
၅။ ဝိညာဏ်သည် အာရုံကိုရယူမှု = အာရုံကိုသိမှု၌ ပြဓာန်းသော ပဓာန ေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း ကိစ္စ ရှိ၏။ (ပုဗ္ဗင်္ဂမရသံ။)
ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခု တစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားတိုင်း၌ ကိုယ်ပိုင်လုပ်ငန်းကိစ္စ အသီးအသီး ရှိကြ၏။ ထိုလုပ်ငန်း ကိစ္စများကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် တစ်ခုစီ တစ်ခုစီ ခွဲခြားစိတ်ဖြာ၍ မမြင် ဘဲ ကိစ္စတစ်ခုတည်းအဖြစ် စွဲယူခဲ့သော် ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံး အခဲ မပြိုပေ။ ကိစ္စတစ်ခုတည်းအဖြစ် မမြင်ဘဲ ဤကား ဖဿ၏ လုပ်ငန်း ကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ, ဤကား သညာ၏ လုပ်ငန်းကိစ္စ, ဤကား စေတနာ၏ လုပ်ငန်းကိစ္စ, ဤကား ဝိညာဏ်၏ လုပ်ငန်းကိစ္စ ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်တရားတိုင်း နာမ်တရားတိုင်း၏ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ မြင်ခဲ့သော် ကိစ္စဃနဟူသော နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုသွားပြီ ဖြစ်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းရှုပွား ရာ၌ ထိုကဲ့သို့ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုအောင်လည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းရှုပွားရမည်သာ ဖြစ်ပေ သည်။
ဤ စက္ခုဒွါရဝီထိအတွင်း၌ တည်ရှိသော နာမ်တရားတို့ကား ရူပါရုံကို သာ အာရုံပြုကြ၏။ ရူပါရုံကို အာရုံပြု၍သာ ဖြစ်ပေါ်လာနိုင်သော နာမ်တရား စုတို့သာ ဖြစ်ကြ၏။ ထိုကြောင့် ယင်း စက္ခုဒွါရဝီထိ နာမ်တရားစုတို့မှာ အာရုံ ယူတတ်သော သာရမ္မဏတရားတို့သာ ဧကန်ဖြစ်ကြ၏။ ထို သာရမ္မဏဓမ္မဖြစ် ကြသည့် စက္ခုဒွါရဝီထိ နာမ်တရားတို့၌ သန္တတိဃန, သမူဟဃန, ကိစ္စဃနဟု ဃနသုံးပါး ရှိကြောင်းကို ရှင်းပြပြီးဖြစ်၏။
နောက်ထပ် နာမ်ပိုင်းတွင် အာရမ္မဏဃနဟု ဃနတစ်မျိုး ရှိနေပြန်၏။ ယင်းအာရမ္မဏဃနနှင့် ပတ်သက်၍ ဤကျမ်း၏ ရှင်းလင်းချက်မှာ အောက်ပါ အတိုင်းဖြစ်၏။
၄။ အာရမ္မဏဃန = အာရုံယူတတ်သည့် နာမ်တရား အတုံးအခဲ
ဝိပဿနာနယ်၌ အရှုခံနာမ်တရားနှင့် ရှုတတ်သည့် ဝိပဿနာဉာဏ် ဦးဆောင်သည့် နာမ်တရားဟု နှစ်မျိုးရှိ၏။ ဝိပဿနာအရာဝယ် အထူးသဖြင့် ရှုတတ်သည့် ဝိပဿနာဉာဏ် ဦးဆောင်သည့် နာမ်တရားတို့မှာ အာရုံယူတတ်သည့် သာရမ္မဏတရားများပင် ဖြစ်ကြ၏။ အရှုခံ နာမ်တရားဘက်၌လည်း သန္တတိဃန, သမူဟဃန, ကိစ္စဃန ဟူသော ဃနသုံးမျိုးလုံး ပြိုရမည် ဖြစ်၏။ ရှုတတ်သည့်ဉာဏ် ဦးဆောင်ပြဓာန်းသည့် ဝိပဿနာ နာမ်တရားဘက်၌လည်း သန္တတိဃန, သမူဟဃန, ကိစ္စဃနဟူသော ဃနသုံးမျိုးလုံး ပြိုရမည် ဖြစ်၏။ အကြောင်းမူ အရူပသတ္တကရှုနည်းများ၌လည်းကောင်း (ဝိသုဒ္ဓိ၊၂၊၂၆၁-၂၆၂။), ဘင်္ဂဉာဏ် စသည့် အထက်ဝိပဿနာပိုင်းတို့၌လည်းကောင်း - ----
ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)
၁။ ဉာတ - ---- အမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကိုလည်းကောင်း, အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသည့် သမုဒယသစ္စာတရားတို့ကိုလည်း ကောင်း,
၂။ ဉာဏ - ---- အမည်ရသည့် ရှုနေသည့် ဝိပဿနာဉာဏ် ဦးဆောင်သည့် နာမ်တရားစုတို့ကိုလည်းကောင်း,
ဤဉာတ-ဉာဏနှစ်မျိုးလုံးကိုပင် လက္ခဏာရေးသုံးတန်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူသောကြောင့် ဖြစ်၏။ ယင်းဉာဏ အမည်ရသော ရှုတတ်သော ဝိပဿနာဉာဏ် ဦးဆောင်သည့် နာမ်တရား တို့မှာ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်များအဖို့ မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များပင် ဖြစ်ကြ၏။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး၊ ဇော (၇)ကြိမ်ဝယ် တစ်ကြိမ် တစ်ကြိမ်၌ နာမ်တရား (၃၄-၃၃-၃၃-၃၂) ထိုက်သလို အသီးအသီးရှိမည် ဖြစ်၏။ နုနယ်သော တရုဏဝိပဿနာပိုင်းတွင် တဒါရုံကျ ခွင့်ရှိ၍ ဘင်္ဂဉာဏ်စသည့် အားကောင်းသည့် ဗလဝဝိပဿနာပိုင်းတွင် တဒါရုံ ကျခွင့် မရှိပေ။ ဤ၌ ရံခါ ဉာဏဝိပ္ပယုတ် ဝိပဿနာဇောများလည်း ရှိတတ်၍ (၃၃)ဟု ဖော်ပြထား၏။ ရံခါ ပီတိ မပါသည်လည်း ရှိတတ်၍ (၃၃-၃၂)ဟု ဖော်ပြထား၏။
ယင်းရှုတတ်သည့် ဝိပဿနာဉာဏ် ဦးဆောင်သည့် မနောဒွါရိကဇော ဝီထိစိတ်အစဉ် နာမ်တရားဘက်၌လည်း - ----
၁။ ဤကား မနောဒွါရာဝဇ္ဇန်း၊ ဤကား ပထမဇော၊ ဤကား ဒုတိယဇော စသည်ဖြင့် နာမ်သန္တတိ အစဉ်အတန်းကို ခွဲခြားစိတ်ဖြာ၍ သိသော် သန္တတိဃန ပြိုသည် မည်၏။
၂။ ယင်း နာမ်သန္တတိအစဉ်အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း၌ ပါဝင်သော နာမ်တရားတို့ကို ဤကား ဖဿ ဤကား ဝေဒနာ ဤကား သညာ ဤကား စေတနာ ဤကား ဝိညာဏ် စသည်ဖြင့် ခွဲခြားစိတ်ဖြာ ၍ ဉာဏ်ဖြင့်မြင်ခဲ့သော် သမူဟဃန ပြိုသည် မည်၏။
၃။ ယင်း စိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရား အသီးအသီးတို့၏ ကိစ္စအထူးကို ခွဲခြားစိတ်ဖြာ၍ ဉာဏ်ဖြင့် မြင်ခဲ့သော် ကိစ္စဃန ပြိုပြီ ဖြစ်၏။
ဤသို့လျှင် အရှုခံ နာမ်တရားဘက်၌လည်း ဃနသုံးပါး, ရှုတတ်သည့် ဉာဏ်ဘက်၌လည်း ဃနသုံးပါး အသီးအသီးရှိ၏။ အရှုခံ နာမ်တရားဘက်၌ ဃနသုံးပါးကို သန္တတိဃန သမူဟဃန ကိစ္စဃနဟု အသီးအသီး ခေါ်ဆို၍ ရှုတတ်သည့် ဉာဏ်ဘက်၌ တည်ရှိသော ဃနသုံးပါးကို အာရမ္မဏဃနဟု အမည်တစ်မျိုးတည်းဖြင့် ခေါ်ဆိုသည်ဟု မှတ်ပါ။
အာရုံကို ယူမှု၌ ကွဲပြားမှုရှိပါလျက် တစ်ခုတည်းအဖြစ် စွဲယူခဲ့သော် အာရမ္မဏဃန ဖုံးနေသည်မည်၏။ အာရုံယူတတ်သော တရားတို့၏ အာရုံကို ယူရာ၌ ဤကား မနောဒွါရာဝဇ္ဇန်း၊ ဤကား ပထမဇော ။ပ။ ဤကား သတ္တမ ဇော - ---- ဤသို့ စသည်ဖြင့်လည်းကောင်း, ဤကား ဖဿ ဤကား ဝေဒနာ ဤကား သညာ ဤကား စေတနာ ဤကား ဝိညာဏ် စသည်ဖြင့် လည်းကောင်း, ဤကား ဖဿ၏ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ, ဤကား သညာ၏ လုပ်ငန်းကိစ္စ, ဤကား စေတနာ၏ လုပ်ငန်းကိစ္စ, ဤကား ဝိညာဏ်၏ လုပ်ငန်းကိစ္စ စသည်ဖြင့်လည်းကောင်း ဤသို့ ခွဲခြားစိတ်ဖြာ၍ သိခဲ့သော် ကွဲပြားမှုရှိသည်ကို သိခဲ့သော် အာရမ္မ္မဏဃန အတုံးအခဲ ပြိုပြီ ဖြစ်၏။
ယောဂါဝစရပုဂ္ဂိုလ်သည် ဤရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်နာမ်တို့ကို သိမ်းဆည်း နိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ ပရမတ် သို့ ဉာဏ်အမြင်ဆိုက်မည်၊ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှ အနတ္တသို့ ဉာဏ်အမြင် ဆိုက်မည်။ အနတ္တသို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်ပေသည်။ ထိုကြောင့် အဋ္ဌကထာကြီးများက အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူကြခြင်း ဖြစ်၏။
နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)
= အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနကို တစ်ခုစီ တစ်ခုစီ တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်း ကို ပြုလုပ်နိုင်ခဲ့သည်ရှိသော် အနတ္တလက္ခဏာ = အနတ္တ ရောင်ခြည်တော် နေဝန်းသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်ရှိလာပေ၏။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)
ဉာတ ဉာဏ အမည်ရသည့် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်၍ ရှုပွားသုံးသပ်နိုင်ပါမှ အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် သုံးပါးလုံး ရင့်ကျက်ပါမှ အရိယမဂ်သို့ ဆိုက်ရောက် နိုင်မည် ဖြစ်ကြောင်းကိုလည်း (ဝိသုဒ္ဓိ၊၂၊၃၀၁။)တွင် ဖွင့်ဆိုလျက် ရှိပေသည်။ ဃနပြိုပါမှ အနတ္တသို့ ဉာဏ်အမြင် ဆိုက်ရောက်နိုင်မည် ဖြစ်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် ဃနပြိုရေးအတွက် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် ထပ်မံ၍ သိမ်းဆည်းရဦးမည်ဟု မှတ်သားထားပါလေ။ (လက္ခဏာဒိစတုက္ကပိုင်းတွင် ရှုပုံ ထင်ရှားလတ္တံ့။)
__________
အပိုင်း (၆)
ဣရိယာပထပိုင်းနှင့် သမ္ပဇဉ်ပိုင်း စသည်
ဣရိယာပထ သမ္ပဇည ရှုကွက်
အသင်သူတော်ကောင်းသည် - ----
၁။ ဓာတ်ကြီး (၄)ပါးကို ရှုနိုင်သောအခါ သွားခိုက် ရပ်ခိုက် ထိုင်ခိုက် အိပ်ခိုက်ဟူသော ဣရိယာပထပိုင်းနှင့် ေ့ရှသို့တက်ခြင်း, နောက်သို့ ဆုတ်ခြင်း, တည့်တည့်ကြည့်ခြင်း, စောင်းငဲ့ကြည့်ခြင်း, ကွေးခြင်း, ဆန့် ခြင်းစသော ထို သမ္ပဇညရှုကွက်တို့၌လည်း ဓာတ်ကြီး (၄)ပါးကိုပင် ရှုပါ။
၂။ ရုပ်တရားများကို ရှုနိုင်သောအခါ ဣရိယာပထရှုကွက် သမ္ပဇညရှုကွက် တို့၌လည်း ရုပ်တရားအားလုံးကိုပင် ရှုပါ။ (ရူပပရိဂ္ဂဟ)
၃။ နာမ်တရားများကို သိမ်းဆည်းနိုင်သောအခါ ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌လည်း နာမ်တရားများကိုပင် ရှုပါ။ (အရူပပရိဂ္ဂဟ)
၄။ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းနိုင်သောအခါ = ရုပ်နာမ်ကို ခွဲနိုင်သော အခါ ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌လည်း ရုပ်နာမ်ကို သိမ်း ဆည်းပါ = ရုပ်နာမ်ခွဲပါ။ (ရူပါရူပပရိဂ္ဂဟ။)
၅။ ရုပ်နာမ်ကို ပိုင်းခြား မှတ်သားနိုင်သောအခါ ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌လည်း ရုပ်နာမ်ကိုပင် ပိုင်းခြားမှတ်သားပါ။ (နာမရူပဝဝတ္ထာန။)
ထိုသို့ သိမ်းဆည်းရှုပွားနိုင်ပါက ခန္ဓာငါးပါးရှုကွက် ဝင်သွားပြီဖြစ်သည်။ ရုပ်တရားကား ရူပက္ခန္ဓာတည်း။ နာမ်တရားတို့ကား = စိတ္တက္ခဏတိုင်း၌ တည် ရှိသော နာမ်တရားတို့ကား ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟု (၄)စု ခွဲသော် နာမ်ခန္ဓာ (၄)ပါးတည်း။ (ဝေဒနာ သညာမှ ကြွင်းသော စိတ္တက္ခဏတိုင်း၌ ရှိ သော စေတသိက်အားလုံးသည် သင်္ခါရက္ခန္ဓာ မည်၏။) ရုပ်ခန္ဓာတစ်ပါး, နာမ် ခန္ဓာလေးပါး, ပေါင်းသော် ခန္ဓာငါးပါးတည်း။ ခန္ဓာဟူသည် အစုအပုံကို ဆိုလို သည်။
ထိုကြောင့်အသင်သူတော်ကောင်းသည် - ----
၁။ သွားလျှင် ခန္ဓာငါးပါး,
၂။ ရပ်လျှင် ခန္ဓာငါးပါး,
၃။ ထိုင်လျှင် ခန္ဓာငါးပါး,
၄။ အိပ်လျှင် ခန္ဓာငါးပါး,
၅။ ေ့ရှသို့တက်ရာ၌ ခန္ဓာငါးပါး,
၆။ နောက်သို့ဆုတ်ရာ၌ ခန္ဓာငါးပါး,
၇။ တည့်တည့်ကြည့်ရာ၌ ခန္ဓာငါးပါး, (စက္ခုဒွါရဝီထိ+မနောဒွါရဝီထိ)
၈။ စောင်းငဲ့ ကြည့်ရာ၌ ခန္ဓာငါးပါး, (စက္ခုဒွါရဝီထိ+မနောဒွါရဝီထိ)
၉။ ကွေးရာ၌ (= လက်ခြေတို့ကို ကွေးရာ၌) ခန္ဓာငါးပါး,
၁၀။ ဆန့်ရာ၌ (= လက်ခြေတို့ကို ဆန့်ရာ၌) ခန္ဓာငါးပါး,
၁၁။ ဒုကုဋ်ကို ကိုင်ဆောင်ရာ၌ ခန္ဓာငါးပါး,
၁၂။ သပိတ်ကို ကိုင်ဆောင်ရာ၌ ခန္ဓာငါးပါး,
၁၃။ သင်္ကန်းကို ကိုင်ဆောင်ရာ၌ ခန္ဓာငါးပါး,
၁၄။ စားရာ၌ ခန္ဓာငါးပါး,
၁၅။ သောက်ရာ၌ ခန္ဓာငါးပါး,
၁၆။ လျက်ရာ၌ ခန္ဓာငါးပါး,
၁၇။ ခဲရာ၌ ခန္ဓာငါးပါး,
၁၈။ ကျင်ကြီးစွန့်ရာ၌ ခန္ဓာငါးပါး,
၁၉။ ကျင်ငယ်စွန့်ရာ၌ ခန္ဓာငါးပါး,
၂၀။ သွားရာ၌ ခန္ဓာငါးပါး,
၂၁။ ရပ်ရာ၌ ခန္ဓာငါးပါး,
၂၂။ ထိုင်ရာ၌ ခန္ဓာငါးပါး,
၂၃။ အိပ်ရာ၌ ခန္ဓာငါးပါး,
၂၄။ အိပ်ရာမှနိုးလာရာ၌ ခန္ဓာငါးပါး,
၂၅။ စကားပြောဆိုရာ၌ ခန္ဓာငါးပါး,
၂၆။ စကားမပြော ဆိတ်ဆိတ်နေရာ၌ ခန္ဓာငါးပါး - ----
ဤသို့စသည်ဖြင့် ခန္ဓာငါးပါး ရှုကွက်ကို သဘောပေါက်ပါလေ။ (မ၊ဋ္ဌ၊၁၊၂၅၅-၂၇၅ - ကြည့်ပါ။)
ခန္ဓာငါးပါးရှုကွက်အမြွက်
ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿဒိကာ သင်္ခါရက္ခန္ဓော။ ဧဝမေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ (မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။)
တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ ဖြစ်ပေါ်သွားကြ၏။ ထိုတွင် စက္ခုဝိညာဏ်အခိုက်၌ ခန္ဓာ ငါးပါးတို့မှာ ဤသို့ဖြစ်၏။
၁။ စက္ခုပသာဒနှင့် ရူပါရုံကား (= စက္ခုရှိ ၅၄-မျိုးသောရုပ်နှင့် ရူပါရုံကား) ရူပက္ခန္ဓာတည်း။
၂။ ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်စိတ်ကား ဝိညာဏက္ခန္ဓာတည်း။
၃။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာကား ဝေဒနာက္ခန္ဓာတည်း။
၄။ သညာကား သညာက္ခန္ဓာတည်း။
၅။ ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရတို့ကား သင်္ခါရက္ခန္ဓာ တည်း။
ဤသို့လျှင် ဤခန္ဓာငါးပါးတို့၏ ပေါင်းဆုံခြင်းသည် ထင်ရှားဖြစ်လတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ (မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။)
စက္ခုဝိညာဏ်သည် ေ့ရှက ပဉ္စဒွါရာဝဇ္ဇန်းမပါဘဲ ဖြစ်ရိုးဓမ္မတာ မရှိ၊ စက္ခုဝိညာဏ်ဖြစ်လျှင်လည်း ပရိတ္တာရုံဝီထိဖြစ်က ဝုဋ္ဌောသို့တိုင်အောင်, မဟန္တာရုံဝီထိဖြစ်က ဇောသို့တိုင်အောင်, အတိမဟန္တာရုံဝီထိဖြစ်က တဒါရုံသို့ တိုင်အောင် ဖြစ်ရိုးဓမ္မတာ ရှိ၏။ ထိုကြောင့် စက္ခုဝိညာဏ်၌ ခန္ဓာငါးပါးရှုကွက် ကို ရှုရလျှင် ပဉ္စဒွါရာဝဇ္ဇန်း အစရှိသော ကြွင်းကျန်သော ဝီထိစိတ္တက္ခဏတိုင်း ၌လည်း ခန္ဓာငါးပါးကို သိမ်းဆည်း ရှုပွားရမည်သာဟု မှတ်သားပါလေ။ လက္ခဏာဟာရနေတ္တိနည်း ဥပလက္ခဏနည်း နိဒဿနနည်းတို့ဖြင့် အဋ္ဌကထာက ဖွင့်ဆိုသွားခြင်း ဖြစ်ပေသည်ဟုလည်း မှတ်သားပါလေ။
ရှုပုံစနစ်အမြွက်
အသင်သူတော်ကောင်းသည် စင်္ကြံဦး တစ်နေရာ၌ မတ်တတ်ရပ်လျက် သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးလျှင် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုနောင် ေ့ရှသို့ အနည်းငယ် သွားကြည့်ပါ။ ထိုသို့သွားစဉ် သယ်ဆောင်တတ်သော ရုပ်တရားနှင့် အသယ် ဆောင်ခံရသော ရုပ်တရားတို့တွင် - ----
၁။ သယ်ဆောင်တတ်သော ရုပ်တရားတို့ကို ပဓာနထား၍လည်းကောင်း,
၂။ အသယ်ဆောင်ခံရသော ရုပ်တရားတို့ကို ပဓာနထား၍လည်းကောင်း,
တစ်လှည့်စီ ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုသို့ရှုရာ၌ ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ခွဲခြားသိဖို့ ခွဲခြားရှုတတ်ဖို့ လိုပေသည်။
၁။ ပဓာန = ပြဓာန်းသော ရုပ်တရား
စိတ္တဇရုပ်ကလာပ်တို့တွင် ရုပ်အတုများနှင့် ရောနှောလျက်ရှိသော - --
( က) ကာယဝိညတ္တိနဝက ကလာပ် = ကာယဝိညတ်ရုပ်လျှင် (၉)ခုမြောက် ရှိသော ရုပ်ကလာပ် - ----
( ခ ) ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် = ကာယဝိညတ် လဟုတာ စသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ် - ----
ဤနှစ်မျိုးသော ရုပ်ကလာပ်တို့ကား = တစ်နည်း ဤနှစ်မျိုးသော ရုပ် ကလာပ်တို့၏ အတွင်း၌ ပါဝင်တည်ရှိသော ( ၉)မျိုးသော ရုပ်သဘောတရား, (၁၂)မျိုးသော ရုပ်သဘောတရားတို့ကား ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌ ပဓာန = ပြဓာန်းသော ရုပ်သဘောတရားတို့တည်း။ ထိုရုပ်တရားတို့ တွင် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်ကား လွန်ကဲလျက် ထက်မြက် စူးရှလျက် ရှိပေသည်။ ယင်း သဘာဝသတ္တိစွမ်းအင် လွန်ကဲလျက် ထက်မြက် စူးရှလျက်ရှိသော ဝါယောဓာတ်က ကာယဝိညတ်ရုပ် = ကိုယ်အမူအရာကို ဖြစ်စေ၏။
၂။ အပ္ပဓာန = မပြဓာန်းသော ရုပ်တရား
အထက်ပါ ပြဓာန်းသော ရုပ်တရားတို့မှ ကြွင်းကျန်သော ခန္ဓာအိမ် တစ်ခုလုံး၌ တည်ရှိကြသော (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ အကျုံးဝင်ကုန်သော ရုပ်တရားတို့ကား အပ္ပဓာန = မပြဓာန်းသော ရုပ်တရားတို့တည်း။ ဣရိယာပထ သမ္ပဇည ရှုကွက်ပိုင်း၌ မပြဓာန်းသော ရုပ်တရားများဟုသာ ဆိုလိုပေသည်။
---သယ်ဆောင်တတ်သောရုပ် အသယ်ဆောင်ခံရသောရုပ်
ထိုတွင် ပဓာန = ပြဓာန်းသော ရုပ်တရားတို့ကား ခန္ဓာအိမ်ဟု ခေါ်ဆို သမုတ်အပ်သော ကြွင်းကျန်သော ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇ ဟူသော စတုသမုဋ္ဌာနိက ရုပ်တရားအစုတို့ကို သွားသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် သယ်ဆောင်တတ်သော ရုပ်တရားတို့တည်း။ ဤ၌လည်း သယ်ဆောင်တတ်သော ဣရိယာပထရုပ်တို့သည် (= ကာယဝိညတ္တိနဝက ကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် ရုပ်တို့သည်) အသယ် ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိက ရုပ် တရားတို့ကို တကယ်တမ်း သယ်ဆောင်နေသည်ကား မဟုတ်ကြလေကုန်။ သယ်ဆောင်သော အခြင်းအရာအားဖြင့် နေရာ အသစ်အသစ်၌ အဆက် မပြတ် ဆက်ကာဆက်ကာ ပြောင်းရွှေ့ ဖြစ်စေမှုကို ဆိုလိုပေသည်။ အကြောင်း မူ ပရမတ်အစစ်တို့ကား တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ဖြစ်ရိုး ဓမ္မတာ မရှိဘဲ ဖြစ်သည့်နေရာ၌သာ ပျက်သွားကြသောကြောင့်တည်း။ သို့သော် နောက်ထပ် အကြောင်းမကုန်၍ အကြောင်းတရားတို့၏ ကျေးဇူးပြုပေးမှု ကြောင့် အသစ်အသစ် ဆက်ကာဆက်ကာ ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်နေသော ရုပ်တရားတို့ကား နေရာ အဟောင်းအဟောင်း၌ ထပ်၍ မဖြစ်တော့ဘဲ နေရာ အသစ်အသစ်၌သာ ပြောင်းရွှေ့ ဥပါဒ်ကြသည်။ ထိုသို့ နေရာ အသစ်အသစ်၌ ဆက်ကာဆက်ကာ ရှေ့နှင့်နောက် ဆက်စပ် လျက် အထပ်ထပ် အဆက်မပြတ် ပြောင်းရွှေ့ဥပါဒ်မှုကား သယ်ဆောင်တတ် သော ရုပ်တရားတို့တွင် ပါဝင်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲလျက်ရှိသော ကာယဝိညတ္တိနဝကကလာပ်ရုပ်တို့၏ စွမ်းအင်တည်း။
အပ္ပဓာန = မပြဓာန်းသော ကျန် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိ ကြကုန်သော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကား အသယ်ဆောင်ခံရသော ရုပ်တရားတို့တည်း။ ဤတွင်လည်း ယင်း စတုသမုဋ္ဌာနိက ရုပ်တရားတို့သည် တကယ်တမ်း အသယ်ဆောင်ခံရသည်ကား မဟုတ်၊ အသယ်ဆောင် ခံရသော အခြင်းအရာအားဖြင့် နေရာ အသစ်အသစ်၌ အဆက်မပြတ် ဆက် ကာ ဆက်ကာ ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ပြောင်းရွှေ့ဖြစ်မှု ကိုပင် ဆိုလိုသည်။
ထိုတွင် သယ်ဆောင်တတ်သော ရုပ်တရားများကို ပဓာနထား၍ သိမ်းဆည်းရှုပွားခဲ့သော် အသယ်ဆောင်ခံရသော အပ္ပဓာနဖြစ်သော ရုပ်တရား တို့ကို သိမ်းဆည်းရှုပွားခြင်း ကိစ္စသည်လည်း အစဉ်လိုက်၍ ပြီးစီးသွားနိုင်၏။ သယ်ဆောင်တတ်သော ရုပ်တရားတို့ကို ပဓာနထား၍ ရှုလျှင် အသယ်ဆောင်ခံရသော ရုပ်တရားတို့ကိုလည်း လွယ်လွယ်ကူကူပင် တွေ့မြင်နိုင်သည် ရှုနိုင်သည် ရှုပြီး ဖြစ်နိုင်သည်ဟု ဆိုလိုသည်။
တစ်ဖန် ယောဂါဝစရပုဂ္ဂိုလ်သည် အသယ်ဆောင်ခံရသော အခြင်း အရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကိုလည်း ပဓာန ထား၍ သိမ်းဆည်း ရှုပွားနိုင်ပြန်သည်။ အသယ်ဆောင်ခံရသော အခြင်း အရာအားဖြင့် ဖြစ်နေသော အပ္ပဓာန = မပြဓာန်းသော ရုပ်တရားတို့ကို ဦး စားပေး၍ = ပဓာနထား၍ ရှုခဲ့သော် သယ်ဆောင်တတ်သော အခြင်းအရာ အားဖြင့် ဖြစ်နေသော ပဓာန = ပြဓာန်းသော ရုပ်တရားများကိုလည်း တွေ့မြင် နိုင်ပေသည်။ အသယ်ဆောင်ခံရသော ရုပ်ကို ဦးစားပေး၍ ရှုလျှင် သယ်ဆောင်တတ်သော ရုပ်ကို ရှုပွားခြင်း ကိစ္စသည်လည်း အစဉ်လိုက်၍ ပြီးစီး သွားပေသည်။ (မ၊ဋီ၊၁၊၃၅၃ - ကြည့်။)
လောကူပမာ - ----လူတစ်ယောက်သည် ဆန်အိတ် တစ်အိတ်ကို ထမ်းဆောင်လာရာ၌ သယ်ဆောင်တတ်သော လူကို စူးစူးစိုက်စိုက် ကြည့်ရှု လိုက်ပါက အသယ်ဆောင်ခံရသော ဆန်အိတ်ကိုလည်း လွယ်ကူစွာပင် တွေ့ မြင်နိုင်သည်။ တစ်ဖန် အသယ်ဆောင်ခံရသော ဆန်အိတ်ကို စူးစူးစိုက်စိုက် ကြည့်ရှုလိုက်ပါကလည်း သယ်ဆောင်တတ်သော လူကို လွယ်လွယ်ကူကူပင် တွေ့မြင်နိုင်ပြန်၏။ ဤ ဥပမာအတူ မှတ်သားပါ။ (ရုပ်ကမ္မဋ္ဌာန်းပိုင်း၌ ပြန် ကြည့်ပါ။)
---ခန္ဓာငါးပါးရှုကွက် ရှုပုံနည်းစနစ်
အသင် သူတော်ကောင်းသည် အထက်တွင် ရေးသားတင်ပြထားသည့် အတိုင်း စင်္ကြံတစ်နေရာတွင် ရပ်လျက် မိမိ ရရှိထားပြီးသည့် အမြင့်ဆုံးသမာဓိ ကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြ သော စတုသမုဋ္ဌာနိကရုပ်တရားတို့ကို ခြုံငုံ၍ သိမ်းဆည်းပါ။ ထိုနောင် ေ့ရှသို့ အနည်းငယ် သွားကြည့်ပါ။ သယ်ဆောင်တတ်သော ရုပ်တရားနှင့် အသယ် ဆောင်ခံရသော ရုပ်တရားတို့ကို တစ်လှည့်စီ ပဓာနထား၍ သိမ်းဆည်းရှုပွား ပါ။ ယင်း သယ်ဆောင်တတ်သော ရုပ်တရားနှင့် အသယ်ဆောင်ခံရသော ရုပ်တရားတို့ကား ရူပက္ခန္ဓာတည်း။
ထိုသယ်ဆောင်တတ်သော ရုပ်တရားတို့ကို (= ဣရိယာပထ ရုပ်တရား တို့ကို) တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော သွားလိုသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်များကား နာမ်ခန္ဓာလေးပါးတည်း။ ယင်းနာမ်ခန္ဓာလေးပါး = နာမ် တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ ယင်း မနောဒွါရိကဇောဝီထိ စိတ် အစဉ်အတွင်း၌ တည်ရှိသော ဇောစိတ်များမှာ ကုသိုလ်ဇောလည်း ဖြစ်နိုင်၏၊ ကြိယာဇောလည်း ဖြစ်နိုင်၏။ အကုသိုလ်ဇောလည်း ဖြစ်နိုင်၏။ (ပဉ္စဒွါရိက ဇောဝီထိစိတ်အစဉ်တို့ကား ဣရိယာပထရုပ်ကို မဖြစ်စေနိုင်ကြသောကြောင့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်ဟု ဆိုခြင်းဖြစ်သည်။) ယင်း မနောဒွါရိက ဇောဝီထိ၏ စိတ္တက္ခဏတိုင်း၌ နာမ်ခန္ဓာ (၄)ပါးစီ ရှိ၏။ ယင်း စိတ္တက္ခဏ အသီးအသီး၌ တည်ရှိသော ဝေဒနာကား ဝေဒနာက္ခန္ဓာ, သညာကား သညာက္ခန္ဓာ, ကျန်စေတသိက်တို့ကား သင်္ခါရက္ခန္ဓာ, အသိစိတ်ကား ဝိညာဏက္ခန္ဓာ, မှီရာဝတ္ထုရုပ်နှင့် ဣရိယာပထရုပ် (တစ်နည်း - သယ်ဆောင်တတ်သောရုပ်) အသယ်ဆောင်ခံရသော ရုပ်တို့ကား ရူပက္ခန္ဓာ - ---- ပေါင်းသော် ခန္ဓာငါးပါး တည်း။ ယင်း ခန္ဓာငါးပါးတို့ကို ဆက်လက်သိမ်းဆည်းပါ။ ယင်း ခန္ဓာငါးပါးကို သိမ်းဆည်းနိုင်သောအခါ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းပါ။ ထိုနောင် ရုပ်နာမ်ကို ပိုင်းခြား မှတ်သားပါ။ ဤသို့လျှင် ထိုထို ဣရိယာပထအခိုက် သမ္ပဇညအခိုက် တို့၌ - ----
၁။ ရူပ ပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း,
၂။ အရူပ ပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း,
၃။ ရူပါရူပ ပရိဂ္ဂဟ = ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းခြင်း,
၄။ နာမရူပ ဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း,
ဤ လုပ်ငန်းခွင်ကြီး (၄)ရပ်ကို ဆက်လက်၍ ပြုကျင့်ပါ။ ထိုသို့ သိမ်းဆည်း ရှုပွားနိုင်သောအခါ လိုက်နာပြုကျင့်နိုင်သောအခါ ေ့ရှသို့တစ်ဆင့် တက်၍ လိုက်နာပြုကျင့်ရမည့် လုပ်ငန်းစဉ်ကို ဘုရားရှင်ကိုယ်တော်တိုင်ပင် လျှင် မဟာသတိပဋ္ဌာနသုတ္တန်၌ ဤသို့ မိန့်ကြားထားတော်မူ၏။
ေ့ရှသို့ တစ်ဆင့်တက်ရန် ရှုကွက်
ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၃။)
ဣတိ အဇ္ဈတ္တံ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၅ ...)
ဣတိ အဇ္ဈတ္တံ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၆။)
ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၇။)
ဤ အထက်ပါ ပါဠိတော်များ၌ ကာယ ဝေဒနာ စိတ္တ ဓမ္မဟူသော ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကို - ----
၁။ အဇ္ဈတ္တ၌လည်းကောင်း,
၂။ ဗဟိဒ္ဓ၌လည်းကောင်း,
၃။ အဇ္ဈတ္တ ဗဟိဒ္ဓ၌လည်းကောင်း,
ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းရှုပွားရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူပေသည်။ တစ်ဖန် အဋ္ဌကထာတို့ကလည်း မြဲရာ၌ သံပတ်, တင်းရာ၌ သပ်ပင်းဟူ၏သို့ ဘုရားဟော ဒေသနာတော်ကြီးများကို ခိုင်ခံ့သည်ထက် ပို၍ ခိုင်ခံ့အောင် ဤသို့ ညွှန်ကြားထားတော်မူပြန်၏။
ယသ္မာ ပန န သုဒ္ဓအဇ္ဈတ္တဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ ဗဟိဒ္ဓါပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ ပရဿ ခန္ဓေပိ အနုပါဒိဏ္ဏသင်္ခါရေပိ အနိစ္စံ ဒုက္ခမနတ္တာတိ ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။ ဝိသုဒ္ဓိ၊၂၊၃၀၀။)
အဇ္ဈတ္တခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုနေရုံ သက်သက်မျှဖြင့် ကား ဝုဋ္ဌာနဂါမိနိ အမည်ရသော ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်၏ ထ မြောက် ဖြစ်ပေါ်ခြင်းသည် မဖြစ်နိုင်။ ထိုကြောင့် ဗဟိဒ္ဓကိုလည်း ဝိပဿနာ ရှုရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် သူတစ်ပါးဟု ခေါ်ဆိုအပ်သော ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ ခန္ဓာငါးပါးတို့ကိုလည်းကောင်း, သက်မဲ့ အနုပါဒိဏ္ဏသင်္ခါရတရားတို့ကိုလည်းကောင်း အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း ရှုပါ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။ ဝိသုဒ္ဓိ၊၂၊၃၀၀။)
[ဝုဋ္ဌာနဂါမိနိဝိပဿနာ - ---- သင်္ခါရအာရုံမှ ထမြောက်၍ သင်္ခါရတရား တို့၏ ချုပ်ငြိမ်းရာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဘက်သို့ တစ်ဟုန်ထိုး ထမြောက်ပြေးသွားသော မဂ္ဂဝီထိစိတ်အစဉ်နှင့် ထိုမဂ္ဂဝီထိ၏ ရှေး၌ ကပ်လျက်ရှိသော နှစ်ခုသုံးခုသော မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ် တို့ကို ဝုဋ္ဌာနဂါမိနိဝိပဿနာဟု ခေါ်ဆိုသည်။]
တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ, ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ အယံ သာဝကာနံ သမ္မသနစာရော။ (ဥပရိပဏ္ဏာသ - အနုပဒသုတ္တန်ဋီကာ။)
ဤအထက်ပါ ဋီကာဆရာတော်၏ သတ်မှတ် ညွှန်ကြားတော်မူချက်နှင့် အညီ သာဝကပါရမီဉာဏ် အရာဝယ် ဗဟိဒ္ဓကို ရှုရာ၌ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ဦးဖြူ ဦးနီ စသည်ဖြင့် ခွဲခြားဝေဖန်မှုကို မ ပြုဘဲ ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစုခြုံငုံ၍သာ သက်ရှိခန္ဓာငါးပါးတို့ကို လည်းကောင်း, အနုပါဒိဏ္ဏသင်္ခါရ အမည်ရသည့် သက်မဲ့ ဥတုဇရုပ်တို့ကို လည်းကောင်း ဝိပဿနာရှုပွားသုံးသပ်ရ၏။ တစ်ယောက်ချင်း ခွဲ၍ ရှုဖို့ မလို ဟု သိရှိပါလေ။
---ဗဟိဒ္ဓ၌ ရှုပုံစနစ် အမြွက်
အသင် သူတော်ကောင်းသည် အဇ္ဈတ္တ၌ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားပြီးသောအခါ ဗဟိဒ္ဓ၌လည်း ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းရှုပွား နိုင်ပေပြီ။ အဇ္ဈတ္တ၌ ခန္ဓာငါးပါးကိုရှုပြီးမှ ဗဟိဒ္ဓခန္ဓာငါးပါးကို ရှုရမည်ဟု ဤ သို့ကား အယူအဆ မမှားစေလိုပါ။ ဤစာမူ၌ အဇ္ဈတ္တဝယ် ခန္ဓာငါးပါးကို သိမ်းဆည်း ရှုပွားပုံကို ဖော်ပြပြီးမှ ဗဟိဒ္ဓ၌ ခန္ဓာငါးပါးကို သိမ်းဆည်းပုံကို ဖော်ပြနေသောကြောင့်သာ ဤသို့ ပြောဆိုခြင်း ဖြစ်သည်။
ခန္ဓာငါးပါးကို သိမ်းဆည်းရာ၌ အဇ္ဈတ္တကစ၍ သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်လည်းရှိ၏၊ ဗဟိဒ္ဓက စ၍ သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ် လည်းရှိ၏။ အဇ္ဈတ္တက စ၍ ခန္ဓာငါးပါးကို သိမ်းဆည်းသော ယောဂါဝစရ ပုဂ္ဂိုလ်သည်လည်း အဇ္စျတ္တ ခန္ဓာငါးပါး သက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်ရောက်နိုင်သောကြောင့် ဗဟိဒ္ဓခန္ဓာငါးပါးနှင့် အနုပါဒိဏ္ဏသင်္ခါရတရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရှုပွားရမည်သာ ဖြစ် သည်။ အလားတူပင် ဗဟိဒ္ဓက စ၍ ခန္ဓာငါးပါးတို့ကို (ခန္ဓာငါးပါးနှင့် အနုပါဒိဏ္ဏသင်္ခါရတရားတို့ကို) စတင်၍ သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်သည် လည်း ဗဟိဒ္ဓခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုနေရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်ရောက်နိုင်ခြင်းကြောင့် အဇ္ဈတ္တ ခန္ဓာငါးပါးကိုလည်း ဆက်လက်၍ သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀ - ကြည့်ပါ။)
၁။ လိုအပ်ပါက ေ့ရှဦးစွာ သမာဓိကို ပြန်လည်၍ ထူထောင်ပါ။
၂။ လင်းရောင်ခြည်စွမ်းအင် အားကောင်းလာသောအခါ အဇ္ဈတ္တ၌ ရုပ် တရားတို့ကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ။
၃။ ထိုနောင် ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် ဝတ်ထားသော အဝတ်သင်္ကန်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းရှုပွားပါ။
ဤ အချိန်အခါမျိုး၌ အဝတ်သင်္ကန်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါး ကို ဉာဏ်ဖြင့်မြင်အောင် ရှုနိုင်လျှင်ပင် လွယ်လွယ်ကူကူနှင့် ရုပ်ကလာပ်အမှုန် များကို တွေ့ရှိမည် ဖြစ်သည်။ အကယ်၍ အောင်မြင်မှု မရရှိပါက အဇ္ဈတ္တ၌ ရုပ်တရားတို့ကို တစ်ဖန် ပြန်သိမ်းဆည်း၍ အဝတ်သင်္ကန်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို ပြန်လည်သိမ်းဆည်းပါ။ ဓာတ်ကြီးလေးပါးကို သိမ်းဆည်း နိုင်၍ ဓာတ်အစုအပုံ အတုံးအခဲကို တွေ့ရှိသောအခါ အာကာသဓာတ်ကို မြင်အောင် လင်းရောင်ခြည် အကူအညီဖြင့် စိုက်ရှုလိုက်ပါက ရုပ်ကလာပ် အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့ရှိမည် ဖြစ်သည်။ အဝတ်သင်္ကန်းကို မမြင်တော့ဘဲ ရုပ်ကလာပ်တို့၏ အပေါင်းအစု အနေဖြင့်သာ တွေ့ရှိနေပေ လိမ့်မည်။ ယင်း ရုပ်ကလာပ်တို့ကို ဓာတ်ခွဲပါ။ ယင်း ရုပ်ကလာပ်တို့မှာ ရုပ် ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ဥတုခေါ်သည့် တေဇော ဓာတ်ကြောင့် ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် အထပ်ထပ် ဖြစ်နေသည့် ဥတုဇ ဩဇဋ္ဌမက ရုပ်တရားတို့သာတည်း။ ဤနည်းဖြင့် သက်မဲ့လောက တစ်ခုလုံးသို့ ဉာဏ်ကို တဖြည်းဖြည်း ဖြန့်ကြက်၍ သစ်ပင် ရေ မြေ တော တောင် ရွှေ ငွေ စိန် ကျောက် စသည့် သက်မဲ့လောက၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့မြင်သောအခါ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ယင်း ရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ ယင်း သက်မဲ့လောက၌ တည်ရှိသော ရုပ်တရားတို့မှာ ဥတုဇ သုဒ္ဓဋ္ဌကကလာပ်နှင့် အသံပါသော် ဥတုဇ သဒ္ဒနဝက ကလာပ် (၂)မျိုးသာတည်း။
တစ်ဖန် အသင်သူတော်ကောင်းသည် အဇ္ဈတ္တ၌ ရှုသည့် ပုံစံအတိုင်း ပင် ဗဟိဒ္ဓ သက်ရှိလောကဝယ် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်နှင့် ရုပ်အတုများကို ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။ ထိုသို့ရှုရာ၌ ေ့ရှဦးစွာ အနီး၌ တည်ရှိသော သက်ရှိလောကက စ၍ သိမ်းဆည်း ရှုပွားပါ။ ဥပမာ - ---- အဇ္ဈတ္တ မျက်စိ၌ (၅၄) မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဗဟိဒ္ဓ အနီးဝန်းကျင်၌ တည်ရှိသော သက်ရှိလောက၏ (ယောက်ျား မိန်းမ ဦးဖြူ ဦးနီ စသည်ဖြင့် မခွဲခြားဘဲ သာမန် ပေါင်းစုခြုံငုံ၍) မျက်စိဝယ် တည်ရှိ သော (၅၄)မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုနောင် ဘာဝနာစွမ်းအင် ကြီးမားအောင် အရှိန်အဝါ အားကောင်းအောင် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် သိမ်းဆည်း ရှုပွားပါ။ ကြွင်းကျန်သော (၅)ဒွါရနှင့် (၄၂)ကောဋ္ဌာသ တို့၌ ပုံစံတူပင် သိမ်းဆည်း ရှုပွားပါ။ ထိုနောင် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတုအားလုံးကို ခြုံငုံ၍ ရုပ်တရား ရုပ်တရားဟု အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် သိမ်းဆည်းရှုပွားပါ။ ထိုနောင် တစ်စတစ်စ တိုးချဲ့၍ ပုံစံတူပင် ရှုပါ။ (၃၁)ဘုံကို ခြုံငုံ၍ စွမ်းနိုင်ပါက အနန္တစကြဝဠာ သို့တိုင်အောင် ဖြန့််ကြက်၍ သိမ်းဆည်း ရှုပွားပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ သိမ်းဆည်း ရှုပွားပါမှ ဘာဝနာစွမ်းအား ကြီးမားနိုင်သည်ကို သတိပြုပါ။
ထိုနောင် နာမ်တရားများကိုလည်း အဇ္ဈတ္တ၌ သိမ်းဆည်း ရှုပွားသည့် ပုံစံနည်းစနစ်အတိုင်း (၆)လိုင်းလုံး ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ ပုံစံ ဆိုရသော် အဇ္ဈတ္တဝယ် ရူပါရုံလိုင်း နာမ်တရားတို့ကို သိမ်းဆည်းရာ၌ - ---- စက္ခုဒွါရနှင့် မနောဒွါရကို ပူးတွဲသိမ်းဆည်းလျက် ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကို အာရုံယူ၍ ယောနိသော မနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ဖြစ်ပေါ်လာကြသော ကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ အကောင်းအုပ်စု နာမ် တရား, အကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ မကောင်း အုပ်စု နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားသည့် နည်းစနစ်အတိုင်း - ----
ဗဟိဒ္ဓ၌လည်း - ---- မည်သည့် ပုဂ္ဂိုလ်သတ္တဝါ၏ စက္ခုအကြည် ဘဝင်မနောအကြည် ရူပါရုံ ဤသို့ စသည်ဖြင့် ခွဲခြမ်းဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံလျက် - ----
၁။ စက္ခုအကြည်ဓာတ် = စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနော ဒွါရကို ပြိုင်တူထင်အောင် သိမ်းဆည်းလျက် - ----
၂။ ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင် ကို အာရုံယူ၍ - ----
ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ဖြစ်ပေါ်သွားကြသော အကောင်းအုပ်စု မကောင်းအုပ်စု စက္ခုဒွါရဝီထိ မနော ဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။ သဒ္ဒါရုံလိုင်း စသည်တို့၌လည်း နည်းတူ မှတ်ပါ။ ဤနာမ်တရားတို့ကို သိမ်းဆည်းသည့် အပိုင်း၌လည်း အနီးမှ သည် အဝေးသို့ (၃၁)ဘုံကို ခြုံငုံ၍ စွမ်းနိုင်ပါက အနန္တစကြဝဠာသို့ တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်၍ သိမ်းဆည်းနိုင်သည်တိုင်အောင် တစ်စတစ်စ တိုးချဲ့၍ တိုးချဲ့၍ သိမ်းဆည်း ရှုပွားပါ။ ဤနာမ်ပိုင်း၌လည်း အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ အပြန်ပြန် အလှန်လှန် သိမ်းဆည်း ရှုပွားပါမှ ဘာဝနာစွမ်းအင် အရှိန်အဝါသည် အားကောင်းလာမည် ဖြစ်ပေသည်။
ထိုသို့ ဗဟိဒ္ဓ၌ တည်ရှိသော ရုပ်နာမ်တို့ကို သိမ်းဆည်း ရှုပွားရာ၌ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ဦးဖြူ ဦးနီ စသည်ဖြင့် သန္တာန် ခွဲခြား ဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓချင်း တူညီသောအားဖြင့်သာ သာမန် ပေါင်းစုခြုံငုံ၍ ရှုရ၏။ ဗဟိဒ္ဓ၌ (၃၂)ကောဋ္ဌာသတို့ကို ရှုသည့်အပိုင်း၌ သတ္တဝါ တစ်ဦး၏ သန္တာန်၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့ကို ရှု၍ ရနိုင်သဖြင့် ဗဟိဒ္ဓ ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွားရာ၌ သတ္တဝါတစ်ဦးချင်း၏ သန္တာန် ဝယ် (၃၂)ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားအဝင်အပါ ရုပ်အားလုံးကို ခြုံ၍ရှုသော် ရှု၍ ရရှိနိုင်သေး၏။ နာမ်တရားပိုင်း၌ကား ဝိပဿနာအရာဝယ် တစ်ဦး၏ စိတ်ကို တစ်ဦးက ဝိပဿနာဉာဏ်ဖြင့် မသိနိုင်။ တစ်ဦး၏ စိတ်ကို တစ်ဦးက အတိအကျ သိရှိနိုင်မှုမှာ သူတစ်ပါး၏ စိတ်ကို သိသော ပရစိတ္တဝိဇာနနအဘိညာဏ်၏ အရာသာဖြစ်သည်။ ဝိပဿနာဉာဏ်၏ အရာကား မဟုတ်ပေ။ ဝိပဿနာအရာ၌ကား ပုဂ္ဂိုလ်သတ္တဝါ မခွဲဝေဘဲ ခြုံငုံ၍သာ ရှုရ သည်။ ဤကား သာဝကတို့၏ သမ္မသနစာရခေတ် = လက္ခဏာရေးသုံးတန် တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်သော ဝိပဿနာဉာဏ်၏ ကျက်စားရာ နယ်မြေ ဖြစ်သည်။
အသင်သူတော်ကောင်းသည် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရုပ်နာမ်ကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကြီး အောင်မြင်ပါက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌
၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း (၆-ဒွါရ ၄၂-ကောဋ္ဌာသ)
၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း (၆-လိုင်းလုံး)
၃။ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းခြင်း = ရုပ်နာမ် ခွဲခြင်း (၆-လိုင်းလုံး)
၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း (၆-လိုင်းလုံး)
ဤလုပ်ငန်းခွင်ကြီး (၄)ရပ်ကို အဆင့်ဆင့် ပြုကျင့်ပါ။
ေ့ရှသို့ တစ်ဆင့်တက်ရန်
အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံးတို့၌ ရုပ်တရားကို သိမ်းဆည်းခြင်း, နာမ်တရားကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို ပိုင်းခြား မှတ်သားခြင်းဟူသော ဤလုပ်ငန်းခွင်ကြီး (၄)ရပ်ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပြုကျင့်ပြီးသောအခါ ေ့ရှသို့ တစ်ဆင့်တက်၍ လိုက်နာ ပြုကျင့်ရမည့် ကျင့်စဉ်ကို အောက်ပါအတိုင်း ဘုရားရှင်က ညွှန်ကြားထားတော် မူပြန်၏။
သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၃။)
(ဝေဒနာ-စိတ္တ-ဓမ္မတို့၌လည်း ပုံစံတူပင် ဟောကြားထားတော်မူပေ သည်။)
ဤအပိုင်းတွင် ဘုရားရှင်သည် - ----
၁။ ပစ္စယတော ဥဒယဗ္ဗယဒဿန
၂။ ခဏတော ဥဒယဗ္ဗယဒဿန
ဤ ဒဿနနှစ်မျိုးသို့ ဆိုက်သည်တိုင်အောင် ဝိပဿနာရှုပွားသုံးသပ် ရန် ညွှန်ကြားထားတော်မူသည်။
၁။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ - ---- အစရှိသော အကြောင်း တရားများ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့ ထင်ရှားဖြစ်ပုံ ကိုလည်းကောင်း (= ပစ္စယတော ဥဒယဒဿနတည်း။)
၂။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ - ---- အစရှိသော အကြောင်း တရားတို့၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်း ဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် (= အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့်) ခန္ဓာငါးပါး အကျိုး ဝိပါကဝဋ်တရားတို့၏ ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် နောင်တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံကိုလည်းကောင်း (= ပစ္စယတော ဝယဒဿနတည်း။)
၃။ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏ ဖြစ်မှု ဥပါဒ်ကိုလည်းကောင်း (= ခဏတော ဥဒယဒဿနတည်း။)
၄။ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏ ခဏမစဲ တသဲသဲ ပျက်မှုဘင်ကို လည်းကောင်း (= ခဏတော ဝယဒဿနတည်း။)
ဤ (၄)မျိုးသော အခြင်းအရာတို့ကို ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်း လျက် ယင်း ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တင် ကာ ဝိပဿနာ ရှုပွားသုံးသပ်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူပေ သည်။ ဤအပိုင်းတွင် - ----
၁။ ပစ္စယပရိဂ္ဂဟဉာဏ်
၂။ သမ္မသနဉာဏ်
၃။ ဥဒယဗ္ဗယဉာဏ် - ----
ဤဉာဏ် (၃)မျိုးတို့ကို တစ်ပေါင်းတစ်စုတည်းပြု၍ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ တစ်ဖန် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌လည်း ပစ္စယပရိဂ္ဂဟ, အဒ္ဓါနပရိဂ္ဂဟဟု ပရိဂ္ဂဟနှစ်မျိုး ပါဝင်လျက်ရှိ၏။
ပစ္စယပရိဂ္ဂဟ - ----ဆိုင်ရာ ဆိုင်ရာ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့ကြောင့် ဤ ပစ္စုပ္ပန်တွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော အကျိုးငါးပါး ထင်ရှားဖြစ်ပုံကို ပဓာနထား၍ သိမ်းဆည်းသည့် အပိုင်းသည် ပစ္စယပရိဂ္ဂဟပိုင်းတည်း။
အဒ္ဓါနပရိဂ္ဂဟ - ----အတိတ် အနာဂတ် အဆက်ဆက်၌လည်း ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားနှင့် ဆိုင်ရာဆိုင်ရာ အကျိုးတရားတို့ကို သိမ်းဆည်း သည့် အပိုင်းသည်ကား အဒ္ဓါနပရိဂ္ဂဟပိုင်းတည်း။ ယင်းပရိဂ္ဂဟ နှစ်မျိုးလုံးကို ပင် တစ်ပေါင်းတည်းပြု၍ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းဟူ၍လည်းကောင်း, ကင်္ခါဝိတရဏဝိသုဒ္ဓိပိုင်းဟူ၍လည်းကောင်း ခေါ်ဆိုပေသည်။ ပစ္စယပရိဂ္ဂဟဉာဏ် ကို ရရှိအောင် အားထုတ်ပုံ စနစ်များကို ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းရှုကွက်ဖြင့် လည်းကောင်း, ပဋိစ္စသမုပ္ပါဒ် ပထမနည်းရှုကွက်ဖြင့် လည်းကောင်း ဆက်လက်၍ ရေးသားတင်ပြမည် ဖြစ်ပါသည်။
---သတိပဋ္ဌာန်လေးပါးကို ပွားများနေသည်မည်ပုံ
ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။)
ရုပ်တရားသက်သက်ကို လက္ခဏာယာဉ်သုံးချက်သို့ တင်၍ ဝိပဿနာ ရှုရုံ သက်သက်မျှဖြင့်ကား အရိယမဂ်ဉာဏ်သို့ မဆိုက်ရောက်နိုင် = ဝုဋ္ဌာနဂါမိနိဝိပဿနာ မဖြစ်နိုင်။ နာမ်တရားကိုလည်း လက္ခဏာယာဉ်သုံးချက်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။)
ဤအထက်ပါ အဋ္ဌကထာတို့၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။ ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်နာမ်တို့ကို စတင်၍ နှလုံးသွင်းရာ သိမ်းဆည်းရာ၌ - ----
၁။ ရုပ်တရားက စ၍ နှလုံးသွင်း သိမ်းဆည်းလည်း ရနိုင်၏။
၂။ နာမ်တရားက စ၍ နှလုံးသွင်း သိမ်းဆည်းလည်း ရနိုင်၏။
ထိုတွင် ရုပ်တရားကစ၍ နှလုံးသွင်းမှု သိမ်းဆည်းမှုမှာ သမထယာနိက ပုဂ္ဂိုလ် ဝိပဿနာယာနိကပုဂ္ဂိုလ် နှစ်မျိုးလုံးတို့အတွက် ဖြစ်နိုင်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။ မဟာဋီ၊၂၊၃၅၃ - ကြည့်ပါ။)
ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေတိ ဣဒံ ရူပမုခေန ဝိပဿနာဘိနိဝေသံ သန္ဓာယ ဝုတ္တံ၊ အရူပမုခေန ပန ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဣစ္ဆိတဗ္ဗော၊ သော စ ပဌမံ စျာနင်္ဂါနိ ပရိဂ္ဂဟေတွာ တတော ပရံ သေသဓမ္မေ ပရိဂ္ဂဏှာတိ။ (မ၊ဋီ၊၁၊၃၆၉။)
ရုပ်တရားကို အဦးမူ၍ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်နာမ်တို့ကို နှလုံးသွင်းခြင်း သိမ်းဆည်းခြင်းသည် ယေဘုယျအားဖြင့် သုဒ္ဓ ဝိပဿနာယာနိက ပုဂ္ဂိုလ်အား အလိုရှိအပ်၏။ ဤသဘောတရားကို ရည်ရွယ်တော်မူ၍ နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး ဖြစ်ရမည်ဟု အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ သို့သော် နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကုန်သော ရုပ်တရား နာမ်တရားတို့ကို နှလုံးသွင်းခြင်းသည်ကား ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ်အားသာလျှင် အလိုရှိအပ်ပေ၏။ ထို သမထယာနိကပုဂ္ဂိုလ်သည်လည်း ေ့ရှဦးစွာ ဈာန်အင်္ဂါတို့ကို သိမ်းဆည်းပြီး၍ ထိုမှနောက်၌ ကြွင်းကျန်ကုန်သော ဈာနသမ္ပယုတ်တရားတို့နှင့် တကွ ပကိဏ္ဏကသင်္ခါရ အမည်ရသော ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်း ရှုပွား ရ၏။ (မ၊ဋီ၊၁၊၃၆၉။)
ဤ သတ်မှတ်ချက်အရ နာမ်တရားက စ၍ ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ ဖြစ်ကြသည့် ရုပ်နာမ်တို့ကို နှလုံးသွင်းခြင်း သိမ်းဆည်းခြင်းသည် ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ်အတွက်သာ ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၂၂။ မဟာဋီ၊၂၊၃၅၃-လည်း ကြည့်ပါ။)
ထိုသို့ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ ရုပ်တရားကစ၍ သိမ်းဆည်းလျှင်လည်း ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်ရောက်နိုင်ခြင်းကြောင့် ရုပ်တရား ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည် ဝိပဿနာရှုရမည်သာ ဖြစ်သည်။ တစ်ဖန် နာမ်တရားက စ၍ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သည့် သင်္ခါရတရားတို့ကို သိမ်းဆည်း ရာ၌လည်း နာမ်တရားသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်လည်း အရိယ မဂ်ဉာဏ်သို့ မဆိုက်ရောက်နိုင်ခြင်းကြောင့် ရုပ်တရားကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည် ဝိပဿနာရှုရမည်သာ ဖြစ်ပေသည်။
ဤ ကျမ်းစာ၏ အစပိုင်းတွင် - ---- အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ် တရားတို့ကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိက ဒုက္ခမကုန်နိုင် ဟု အပရိဇာနနသုတ္တန်တွင် ဘုရားရှင်၏ ဟောကြားတော်မူချက်ကို ဖော်ပြ ခဲ့ပြီး ဖြစ်၏။
ဘုရားရှင်ကလည်း အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိက ဒုက္ခမကုန်နိုင်ဟု ဟောတော် မူ၏။ အဋ္ဌကထာကလည်း -- ---- ရုပ်သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်ရောက်နိုင်၊ နာမ်သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်ရောက်နိုင်၊ ရုပ်တရားကို ရှုရာ၌ ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာရှုပါ၊ နာမ်တရားကို ရှုရာ၌ ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ဟူသော နာမ်ခန္ဓာလေးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာရှုပါဟု ဖွင့်ဆို ထား၏။ (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀-၃၀၁။) ထိုဘုရားဟောနှင့် အဋ္ဌကထာတို့ကား ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်လျက်ပင် ရှိပေသည်။ ထိုကြောင့် အဋ္ဌကထာကြီးများက သတိပဋ္ဌာန်ကို အောက်ပါအတိုင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုထားတော်မူကြသည်။
၁။ ဣတိ ဣမေ စတ္တာရော သတိပဋ္ဌာနာ ပုဗ္ဗဘာဂေ နာနာစိတ္တေသု လဗ္ဘန္တိ။ အညေနေဝ ဟိ စိတ္တေန ကာယံ ပရိဂ္ဂဏှာတိ၊ အညေန ဝေဒနံ၊ အညေန စိတ္တံ၊ အညေန ဓမ္မေ ပရိဂ္ဂဏှာတိ။ လောကုတ္တရမဂ္ဂက္ခဏေ ပန ဧကစိတ္တေယေဝ လဗ္ဘန္တိ။ အာဒိတော ဟိ ကာယံ ပရိဂ္ဂဏှိတွာ အာဂတဿ ဝိပဿနာသမ္ပယုတ္တာ သတိ ကာယာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ကာယာနုပဿီ နာမ။ ဝိပဿနံ ဥဿုက္ကာပေတွာ အရိယမဂ္ဂံ ပတ္တဿ မဂ္ဂက္ခဏေ မဂ္ဂသမ္ပယုတ္တာ သတိ ကာယာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ကာယာနုပဿီ နာမ။
၂။ ဝေဒနံ ပရိဂ္ဂဏှိတွာ။
၃။ စိတ္တံ ပရိဂ္ဂဏှိတွာ။
၄။ ဓမ္မေ ပရိဂ္ဂဏှိတွာ အာဂတဿ ဝိပဿနာသမ္ပယုတ္တာ သတိ ဓမ္မာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ဓမ္မာနုပဿီ နာမ။ ဝိပဿနံ ဥဿုက္ကာပေတွာ အရိယမဂ္ဂံ ပတ္တဿ မဂ္ဂက္ခဏေ မဂ္ဂသမ္ပယုတ္တာ သတိ ဓမ္မာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ဓမ္မာနုပဿီ နာမ။ ဧဝံ တာဝ ဒေသနာ ပုဂ္ဂလေ တိဋ္ဌတိ။
၁။ ကာယေ ပန သုဘန္တိ ဝိပလ္လာသပ္ပဟာနာ ကာယပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ ကာယာနုပဿနာ နာမ။
၂။ ဝေဒနာယ သုခန္တိ ဝိပလ္လာသပ္ပဟာနာ ဝေဒနာပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ ဝေဒနာနုပဿနာ နာမ။
၃။ စိတ္တေ နိစ္စန္တိ ဝိပလ္လာသပ္ပဟာနာ စိတ္တပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ စိတ္တာနုပဿနာ နာမ။
၄။ ဓမ္မေသု အတ္တာတိ ဝိပလ္လာသပ္ပဟာနာ ဓမ္မပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ ဓမ္မာနုပဿနာ နာမ။
ဣတိ ဧကာဝ မဂ္ဂသမ္ပယုတ္တာ သတိ စတုကိစ္စသာဓနဋ္ဌေန စတ္တာရိ နာမာနိ လဘတိ။ တေန ဝုတ္တံ လောကုတ္တရမဂ္ဂက္ခဏေ ပန ဧကစိတ္တေယေဝ လဗ္ဘန္တီတိ။ (အဘိ၊ဋ္ဌ၊၂၊၂၇၃-၂၇၄။)
ဘုရားရှင်သည် ကာယာနုပဿနာသတိပဋ္ဌာန် ဒေသနာတော်ကို သမထနှင့် ဝိပဿနာနှစ်မျိုးကို ပေါင်းစပ်လျက် သမထဝိပဿနာ၏ အစွမ်းဖြင့် ဟောကြားထားတော်မူ၏။ ဝေဒနာနုပဿနာ စိတ္တာနုပဿန ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဒေသနာတော်တို့ကို သမထနှင့် မရောယှက်ဘဲ ဝိပဿနာ သက်သက်၏ အစွမ်းဖြင့် ဟောကြားထားတော်မူ၏။ ဤသို့လျှင် ဤလေးပါးကုန် သော သတိပဋ္ဌာန်တို့ကို အရိယမဂ်၏ ရှေးအဖို့၌ အမျိုးမျိုးသော စိတ်တို့၌ ရအပ်ကုန်၏။ မှန်ပေသည် --
၁။ ကာယကို သိမ်းဆည်းတတ်သော စိတ်ကား တစ်မျိုး တခြား တစ်ပါး သာတည်း။
၂။ ဝေဒနာကို သိမ်းဆည်းတတ်သော စိတ်ကား တစ်မျိုး တခြား တစ်ပါး သာတည်း။
၃။ စိတ်ကို သိမ်းဆည်းတတ်သော စိတ်ကား တစ်မျိုး တခြား တစ်ပါး သာတည်း။
၄။ ဓမ္မသဘောတရားတို့ကို သိမ်းဆည်းတတ်သော စိတ်ကား တစ်မျိုး တခြား တစ်ပါးသာတည်း။
သို့သော် ဤ သတိပဋ္ဌာန်တရားလေးပါးတို့ကို လောကုတ္တရာ အရိယ မဂ်ခဏ၌ တစ်ခုတည်းသောစိတ်၌သာလျှင် ရအပ်ကုန်၏။ မှန်ပေသည် --
၁။ ရှေးဦးအစ၌ ကာယကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာသို့ ကူးတက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် ကာယာနုပဿနာ မည်၏။ ထို သတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ကာယာနုပဿီ မည်၏။ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ် ၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သတိသည် ကာယာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ကာယာနုပဿီ မည်၏။ [(ကာယ = ရူပကာယ + နာမကာယ) ကာယောတိ ဒွေ ကာယာ -- နာမကာယော စ ရူပကာယော စ။ (ပဋိသမ္ဘိဒါမဂ္ဂ-၁၈၁။)]
၂။ ရှေးဦးအားထုတ်စ၌ ဝေဒနာကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ ၍ ဝိပဿနာသို့ ကူးတက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် နှင့်ယှဉ်သော သတိသည် ဝေဒနာနုပဿနာမည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာနုပဿီ မည်၏။ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ် ၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သတိသည် ဝေဒနာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ဝေဒနာနုပဿီ မည်၏။
၃။ ရှေးဦးအားထုတ်စ၌ စိတ်ကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာသို့ ကူးတက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် စိတ္တာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် စိတ္တာနုပဿီ မည်၏။ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ် ၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သတိသည် စိတ္တာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် စိတ္တာနုပဿီ မည်၏။
၄။ ရှေးဦးအားထုတ်စ၌ ဓမ္မသဘောတရားတို့ကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာသို့ ကူးတက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် ဓမ္မာနုပဿနာ မည်၏။ ထိုသတိ နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဓမ္မာနုပဿီ မည်၏။ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သတိသည် ဓမ္မာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဓမ္မာနုပဿီ မည်၏။
ဤသို့လျှင် ရှေးဦးစွာ အရိယမဂ်သို့လာရာ ဝိပဿနာလမ်းကြောင်း၏ အစွမ်းဖြင့် အထူးပြု၍ သတိပဋ္ဌာန ဒေသနာသည် ကာယာနုပဿီပုဂ္ဂိုလ် ဝေဒနာနုပဿီပုဂ္ဂိုလ် စိတ္တာနုပဿီပုဂ္ဂိုလ် ဓမ္မာနုပဿီပုဂ္ဂိုလ်ဟု ပုဂ္ဂိုလ်၌ တည်နေပေသည်။ ပုဂ္ဂလာဓိဋ္ဌာန နည်းတည်း။ ဓမ္မာဓိဋ္ဌာနနည်းအားဖြင့်ကား အောက်ပါအတိုင်း မှတ်သားပါလေ။
၁။ ကာယ၌ သုဘ = တင့်တယ်၏ဟု ဖောက်ဖောက်ပြန်ပြန် စွဲယူမှုဖြစ် ခြင်းကို ပယ်တတ်သော ကာယကို သိမ်းဆည်းတတ် ပိုင်းခြားယူတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီးပြည့်စုံရ၏။ ထိုကြောင့် ထိုသတိသည် ကာယာနုပဿနာ မည်၏။
၂။ ဝေဒနာ၌ သုခဟူ၍ ဖောက်ဖောက်ပြန်ပြန် စွဲယူမှုဖြစ်ခြင်းကို ပယ်တတ် သော ဝေဒနာကို သိမ်းဆည်းတတ် ပိုင်းခြားယူတတ်သော သတိသည် အရိယ မဂ်ကြောင့် ပြီးစီးပြည့်စုံရ၏။ ထိုကြောင့် ထိုသတိသည် ဝေဒနာနုပဿနာ မည်၏။
၃။ စိတ်၌ နိစ္စဟူ၍ ဖောက်ဖောက်ပြန်ပြန် စွဲယူမှု ဖြစ်ခြင်းကို ပယ်တတ်သော စိတ်ကို သိမ်းဆည်းတတ် ပိုင်းခြားယူတတ်သော သတိသည် အရိယမဂ် ကြောင့် ပြီးစီးပြည့်စုံရ၏။ ထိုကြောင့် ထိုသတိသည် စိတ္တာနုပဿနာ မည်၏။
၄။ ဓမ္မသဘောတရားတို့၌ အတ္တဟု ဖောက်ဖောက်ပြန်ပြန် စွဲယူမှုဖြစ်ခြင်း ကို ပယ်တတ်သော ဓမ္မသဘောတရားတို့ကို သိမ်းဆည်းတတ် ပိုင်းခြားယူ တတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီးပြည့်စုံရ၏။ ထိုကြောင့် ထို သတိသည် ဓမ္မာနုပဿနာ မည်၏။
ဤသို့လျှင် တစ်ခုတည်းသာလျှင်ဖြစ်သော အရိယမဂ်နှင့် ယှဉ်သော သတိသည် သုဘ, သုခ, နိစ္စ, အတ္တဟု စွဲယူတတ်သော ဝိပလ္လာသတရားတို့ကို ပယ်ခြင်းတည်းဟူသော လေးမျိုးသော ကိစ္စကို ပြီးစေတတ်သည်၏ အဖြစ်ကြောင့် ကာယာနုပဿနာသတိပဋ္ဌာန် ဝေဒနာနုပဿနာသတိပဋ္ဌာန် စိတ္တာနုပဿနာသတိပဋ္ဌာန် ဓမ္မာနုပဿနာသတိပဋ္ဌာန် ဟူသော အမည်လေးမျိုး တို့ကို ရရှိပေ၏။ ထိုကြောင့် ထိုသတိကို လောကုတ္တရာ အရိယမဂ်ခဏ၌ တစ်ခုတည်းသော စိတ်၌သာလျှင် ရအပ်ကုန်၏ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၂၊၂၇၃-၂၇၄။)
အလုံးစုံသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို ပရိညာ ပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိပါက အရိယမဂ်သို့ မဆိုက်နိုင် = သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်နိုင် ဟူသော ဒေသနာတော်များနှင့် လည်းကောင်း, အဇ္ဈတ္တခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယ မဂ်သို့ မဆိုက်နိုင်၊ ဗဟိဒ္ဓခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်၊ ရုပ်တရား သက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်၊ နာမ်တရား သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်ဟူသော အဋ္ဌကထာအဖွင့်များနှင့် လည်းကောင်း ညှိနှိုင်း၍ သတိပဋ္ဌာန်လေးပါးကို အောက်ပါအတိုင်း မှတ်သားပါ။
၁။ ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်း တရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိပဿနာ ရှုခဲ့သော် ကာယာနုပဿနာ သတိပဋ္ဌာန်ကို ပွားများ အားထုတ်နေသည် မည်ပေသည်။
၂။ တစ်ဖန် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းသုံးနည်းတို့တွင် ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်း ပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိပဿနာရှုခဲ့သော် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ပွားများ အားထုတ်နေသည် မည်ပေသည်။
၃။ အသိစိတ် ဝိညာဏ်ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ် နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိပဿနာ ရှုခဲ့သော် စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။
၄။ ဖဿကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရား တို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိပဿနာ ရှုခဲ့သော် ဓမ္မာနုပဿနာ သတိပဋ္ဌာန် ကို ပွားများ အားထုတ်နေသည် မည်ပေသည်။ နီဝရဏငါးပါးတို့ကို အဦးမူ၍, ဗောဇ္ဈင်ခုနစ်ပါးတို့ကို အဦးမူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ဝိပဿနာ ရှုလျှင်သော်လည်းကောင်း, ခန္ဓာငါးပါးနည်း, အာယတန တစ်ဆယ့် နှစ်ပါးနည်း, သစ္စာနည်း စသည်တို့ဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရား တို့ကို ဝိပဿနာရှုလျှင်သော်လည်းကောင်း ဓမ္မာနုပဿနာသတိပဋ္ဌာန်ကိုပင် ပွားများနေသည် မည်ပေသည်။
ဝေဒနာ, အသိစိတ်, ဖဿ သုံးမျိုးတို့တွင် တစ်မျိုးမျိုး ဦးဆောင်သည့် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် - ----
၁။ ယင်း နာမ်တရားတို့၏ မှီရာ ဝတ္ထုရုပ်နှင့် အာရုံ ရုပ်တရားတို့ကို ပူးတွဲ သိမ်းဆည်းထားပြီး ဖြစ်ရမည် ဖြစ်ကြောင်းကိုလည်းကောင်း,
၂။ ယင်း နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း နာမ်တရားတို့၏ မှီရာ ဝတ္ထုရုပ်တို့ကို တစ်ဖန် ပြန်သိမ်းဆည်း၍ ရုပ် နာမ်ကို ပူးတွဲ သိမ်းဆည်းရမည် ဖြစ်ကြောင်းကိုလည်းကောင်း - ---- အထက်တွင် အကြိမ်ကြိမ် ရှင်းပြပြီး ဖြစ်ပေသည်။ သို့ဖြစ်ရကား - ----
၁။ သတိပဋ္ဌာန်တစ်ပါးကို ပွားများ အားထုတ်ပါက သတိပဋ္ဌာန်လေးပါးလုံး ကိုပင် အားထုတ်သည် မည်ပေသည် - ---- ဟူသော အချက်တစ်ရပ်,
၂။ ခန္ဓာငါးပါးကို ပရိညာပညာသုံးမျိုးတို့ဖြင့် ထိုးထွင်းသိမြင်အောင် ရှုပွား နေခြင်းသည် သတိပဋ္ဌာန်တရားကို ပွားများအားထုတ်သည်ပင် မည်ပေသည် ဟူသော အချက်တစ်ရပ်,
၃။ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် မသိမ်းဆည်း မရှုပွားနိုင်လျှင် အကြောင်းတရားနှင့် တကွသော ယင်း ပရမတ်ခန္ဓာ ငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ မရှု နိုင်လျှင် သတိပဋ္ဌာန်လေးပါးကို ပွားများအားထုတ်နေသည် မမည်ဟူသော အချက်တစ်ရပ်,
ဤ အချက်သုံးရပ်တို့ကား ဘုရားရှင်၏ တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျှော်လင့်တောင့်တလျက်ရှိသော အသင်သူတော်ကောင်းသည် ရိုသေလေးမြတ်စွာ ဦးထိပ်ရွက် ပန်ဆင်လျက် မှတ်သားနာယူလေရာသည်။
ဤတွင် အလျဉ်းသင့်၍ နားမရှုပ်ထွေးရန် ရည်ရွယ်၍ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ် အကြောင်းကို အကျဉ်းချုပ်၍ ရေးသား တင်ပြအပ်ပါသည်။
---ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်
တသ္မာ တိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ - --- ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီတိ။ (ဥဒါန၊၈၅။)
ဘုရားရှင်သည် ဤ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်ကို မာလုကျပုတ္တသုတ္တန် (သံ၊၂၊၂၉၄။), ဗာဟိယသုတ္တန် (ဥဒါန၊၈၅။)တို့၌ ဟောကြားထားတော်မူခဲ့၏။ ယင်းကျင့်စဉ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
ဧတ္ထ ဟိ ရူပါယတနံ ပဿိတဗ္ဗဋ္ဌေန ဒိဋ္ဌံ နာမ၊ စက္ခုဝိညာဏံ ပန သဒ္ဓိံတံဒွါရိကဝိညာဏေဟိ ဒဿနဋ္ဌေန၊ တဒုဘယမ္ပိ ယထာပစ္စယံ ပဝတ္တမာနံ ဓမ္မမတ္တမေဝ၊ န ဧတ္ထ ကောစိ ကတ္တာ ဝါ ကာရေတာ ဝါ၊ ယတော တံ ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ, ဥဒယဗ္ဗယပဋိပီဠနဋ္ဌေန ဒုက္ခံ, အဝသဝတ္တနဋ္ဌေန အနတ္တာတိ ကုတော တတ္ထ ပဏ္ဍိတဿ ရဇ္ဇနာဒီနံ ဩကာသောတိ။ အယမေတ္ထ အဓိပ္ပါယော သုတာဒီသုပိ။ (ဥဒါန၊ဋ္ဌ၊၈၂။)
၁။ ရူပါရုံသည် မြင်အပ်သောကြောင့် ဒိဋ္ဌ မည်၏။
၂။ စက္ခုဝိညာဏ်နှင့် တကွ ထိုစက္ခုဒွါရိကဝီထိ အတွင်း၌ တည်ရှိသော ဝိညာဏ်ဟူသမျှ (ထိုရူပါရုံကို ဆက်လက်အာရုံယူသည့် မနောဒွါရိက ဝိညာဏ်ဟူသမျှ)သည် ရူပါရုံကို မြင်တတ်သော အနက်သဘောကြောင့် ဒိဋ္ဌ မည်၏။
အသင် ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် - ----
၁။ မြင်အပ်သော ရူပါရုံ, မြင်တတ်သော စက္ခုဒွါရဝီထိ မနောဒွွါရဝီထိ နာမ်တရားစု,
၂။ ကြားအပ်သော သဒ္ဒါရုံ, ကြားတတ်သော သောတဒွါရဝီထိ မနော ဒွါရဝီထိ နာမ်တရားစု,
၃။ တွေ့အပ်သော ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, တွေ့တတ်သော ဃာန ဒွါရဝီထိ မနောဒွါရဝီထိ, ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ, ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု,
၄။ သိအပ်သော ဓမ္မာရုံ, သိတတ်သော မနောဒွါရဝီထိ နာမ်တရားစု,
ဤ ရုပ်+နာမ်တရားတို့ကို ေ့ရှဦးစွာ သိမ်းဆည်းပါ။ သိမ်းဆည်းပြီးနောက် ယင်းဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့ကို ဖြစ်စေတတ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်း ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့ကို လက္ခဏာရေး သုံးတန်သို့တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပါ။ ဤသို့ ကျင့်သုံးနိုင်ခဲ့သော် အသင်သူတော်ကောင်း၏ သန္တာန်၌ ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့ကို အကြောင်းပြု၍ ရာဂ ဒေါသ မောဟတို့ ဖြစ်ခွင့် မရှိနိုင်တော့ပေ။ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့ကို အကြောင်းပြု၍ မဟာကုသိုလ် မနော ဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်တို့သာ အဆက်မပြတ် ဖြစ်ပေါ်နေပေ လိမ့်မည်။ ထို ဝိပဿနာဉာဏ်များသည် အရိယမဂ်သို့တိုင်အောင် အထွတ် အထိပ်သို့ ရောက်ရှိသွားခဲ့သော် အသင်သူတော်ကောင်းသည် ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်ကို ပြည့်ပြည့်စုံစုံ ကျင့်သုံးပြီးပင် ဖြစ်ပေသည်။
သို့သော် အချို့အချို့သော ဆရာမြတ်တို့ကား မြင်လျှင် မြင်သည့် နေရာမှာသာ စိတ်ကို ထားပါ၊ နောက်ထပ် ဒီအာရုံပေါ်မှာ စိတ်တွေ မဖြစ်ပါ စေနဲ့ဟု ဆိုဆုံးမကြ၏။ ဤအချက်နှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်း တင်ပြလိုပေသည်။
ဧကန္တေန ပန စက္ခုဝိညာဏမေဝ ဒဿနကိစ္စံ သာဓေတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၀။)
ဧကန်အားဖြင့် စက္ခုဝိညာဏ်စိတ်သည်သာလျှင် ရူပါရုံကို မြင်ခြင်း ဒဿနကိစ္စကို ပြီးစီးစေနိုင်၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၀။)
မြင်လျှင် မြင်သည့်နေရာမှာသာ စိတ်ကို ထားပါ၊ နောက်ထပ် ဒီအာရုံ ပေါ်မှာ စိတ်တွေ ထပ်မဖြစ်စေရဟု ဆိုသဖြင့် ထိုစကားကို အဓိပ္ပါယ်ပြန် လိုက်လျှင် ယင်း ရူပါရုံပေါ်၌ စက္ခုဝိညာဏ်သာ ဖြစ်ပါစေ၊ ကျန် ဝီထိစိတ်များ မဖြစ်ပါစေနဲ့ဟု ဆိုရာရောက်၏။ သာဝကတစ်ဦးသည် ထိုကဲ့သို့ ဖြစ်အောင် ကျင့်နိုင်ပါသလားဟု မေးရန် ရှိ၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။
သစေ ပန ဘဝင်္ဂံ အာဝဋ္ဋေတိ၊ ကိရိယာမနောဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနံ အပါပေတွာဝ အန္တရာ စက္ခုဝိညာဏေ ဝါ သမ္ပဋိစ္ဆနေ ဝါ သန္တီရဏေ ဝါ ဌတွာ နိဝတ္တိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ ဝေါဋ္ဌဗ္ဗနဝသေန ပန ဌတွာ ဧကံ ဝါ ဒွေ ဝါ စိတ္တာနိ ပဝတ္တန္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၉-၃၁၀၊၊)
= ကိရိယာမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အကယ် ၍ ဘဝင်ကို လည်စေနိုင်သည် ရပ်တန့်စေနိုင်သည် ဖြစ်အံ့၊ ယင်းသို့ ဘဝင်ကို လည်စေနိုင် ရပ်တန့်စေနိုင်ခဲ့သော် ဝုဋ္ဌောသို့ မရောက်မူ၍သာလျှင် စပ်ကြား ကာလ၌ စက္ခုဝိညာဏ်၌သော်လည်းကောင်း သမ္ပဋိစ္ဆိုင်း၌သော်လည်းကောင်း သန္တီရဏ၌သော်လည်းကောင်း ရပ်တန့်၍ ဘဝင် ပြန်ကျလတ္တံ့ဟူသော ဤ အကြောင်းအရာ ဌာနသည် မရှိသည်သာတည်း။ အာရုံကို ဆုံးဖြတ်ခြင်း ဝေါဋ္ဌဗ္ဗနကိစ္စ၏ အစွမ်းဖြင့် တစ်ကြိမ်နှစ်ကြိမ်သော ဝုဋ္ဌောစိတ်တို့သည် ဖြစ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၉-၃၁၀။)
ဤ၌ အဋ္ဌကထာက ပရိတ္တာရုံ ဝီထိကို စံထား၍ ရေးသားတင်ပြထား ပေသည်။ ထိုကြောင့် စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခုတို့၌ ရူပါရုံသည် ရှေးရှူရိုက်ခတ်လာသည် ရှေးရှူထင်လာသည် ဖြစ်အံ့ - ---- ယင်း ရူပါရုံသည် ပရိတ္တာရုံ ဖြစ်အံ့ ဝုဋ္ဌောသို့ မရောက်ဘဲ, မဟန္တာရုံ ဖြစ်အံ့ ဇောသို့မရောက်ဘဲ, အတိမဟန္တာရုံ ဖြစ်အံ့ တဒါရုံသို့ မရောက်ဘဲ စပ်ကြားကာလ၌ ဝီထိစိတ်တို့၏ ရပ်တန့်သွားခြင်းမည်သည် မဖြစ်စကောင်းသည်သာ ဖြစ်၏။ သုတ မုတ အာရုံတို့၌လည်း နည်းတူမှတ်ပါ။ မနောဒွါရ၌ ထင်လာသော အာရုံသည် အဝိဘူတာရုံဖြစ်အံ့ ဇောသို့ မရောက်ဘဲ, ဝိဘူတာရုံ ဖြစ်အံ့ တဒါရုံသို့ မရောက်ဘဲ စပ်ကြားကာလ၌ ဝီထိစိတ်တို့၏ ရပ်တန့်သွားခြင်းမည်သည် မရှိ စကောင်းသည်သာ ဖြစ်၏။
ဆိုင်ရာ ဒွါရ နှစ်ခု နှစ်ခု၌ ထင်လာသော အာရုံသည် - ----
၁။ ပရိတ္တာရုံ ဖြစ်အံ့ ဝုဋ္ဌောတိုင်အောာင်,
၂။ မဟန္တာရုံ ဖြစ်အံ့ ဇောတိုင်အောင်,
၃။ အတိမဟန္တာရုံ ဖြစ်အံ့ တဒါရုံတိုင်အောင်,
မနောဒွါရ၌ ထင်လာသော အာရုံသည် - ----
၁။ ဝိဘူတာရုံ ဖြစ်အံ့ တဒါရုံတိုင်အောင်,
၂။ အဝိဘူတာရုံ ဖြစ်အံ့ ဇောသို့တိုင်အောင်
ဖြစ်ပြီးမှသာလျှင် ဘဝင်သို့ သက်နိုင်၏။ ထိုကြောင့် - ----
၁။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ = မြင်လျှင် မြင်ကာမတ္တဖြစ်အောင် ကျင့်ပါ,
၂။ သုတေ သုတမတ္တံ ဘဝိဿတိ = ကြားလျှင် ကြားကာမတ္တဖြစ်အောင် ကျင့်ပါ,
၃။ မုတေ မုတမတ္တံ ဘဝိဿတိ = ထိလျှင် ထိကာမတ္တဖြစ်အောင် ကျင့်ပါ,
၄။ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ = သိလျှင် သိကာမတ္တဖြစ်အောင် ကျင့်ပါ,
ဟူသည် - ---- မြင်လျှင် မြင်ကာမတ္တ၌သာ စိတ်ထားရမည်၊ ကြားလျှင် ကြားကာမတ္တ၌သာ စိတ်ထားရမည်၊ ထိလျှင် ထိကာမတ္တ၌သာ စိတ်ထားရ မည်၊ သိလျှင် သိကာမတ္တ၌သာ စိတ်ထားရမည် = စက္ခုဝိညာဏ်မျှသာ ဖြစ် စေရမည်၊ သောတဝိညာဏ်မျှသာ ဖြစ်စေရမည်၊ ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်မျှသာ ဖြစ်စေရမည်၊ ရှေးသို့ ဆက်လက်၍ ဝီထိစိတ် များ မဖြစ်အောင်ကျင့်ရမည်ဟု ဆိုလိုသည်ကား မဟုတ်၊ အဟုတ်မှာမူ - ----
၁။ မြင်အပ်သောတရား မြင်တတ်သောတရား,
၂။ ကြားအပ်သောတရား ကြားတတ်သောတရား,
၃။ ထိအပ်သောတရား ထိတတ်သောတရား,
၄။ သိအပ်သောတရား သိတတ်သောတရား,
ဤတရားတို့ကို သိမ်းဆည်းပြီးလျှင် ဉာဏ်ဖြင့် ပိုင်းခြားယူပြီးလျှင် ယင်းတို့၏ အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်း ဒိဋ္ဌ, သုတ, မုတ, ဝိညာတတရားတို့ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါဟုသာ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်သားလေရာသည်။ ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့၌ ရာဂ ဒေါသ မောဟတို့ မဖြစ်အောင် ကျင့်သည့် ကျင့်ထုံးဥပဒေသကြီး တစ်ခုပင် ဖြစ်သည်။
ဘုရားရှင်၏ သာသနာတော်မြတ်ကြီးနှင့် အလွဲကြီး မလွဲရအောင်, အရှင်ဗာဟိယဒါရုစိရိယမထေရ်မြတ် အရှင်မာလုကျပုတ္တမထေရ်မြတ် အစ ရှိသော ရဟန္တာအရှင်မြတ်ကြီးတို့ ခိုလှုံစံဝင်တော်မူရာ ဖြစ်သော အရဟတ္တ ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် ကိုယ်တိုင်မျက် မှောက်ပြု၍ နေနိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါ စေသောဝ် ...။
ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း
ဖားအောက်တောရ
ကောဇာသက္ကရာဇ် - ၁၃၆၇-ခုနှစ်
__________
Comments
Post a Comment