Skip to main content

ရေဥပမာရှိသူများ နှင့် လူတွေဘာလုပ်နေကြတာလဲ

ရေဥပမာရှိသူများ

ရေဥပမာရှိသော ပုဂ္ဂိုလ် (၇)ဦး (ဥဒကူပမာသုတ္တန်၊အံ၊၂၊၄၀၃။)

လောက၌ ရေဥပမာရှိကုန်သော ပုဂ္ဂိုလ် (၇)မျိုးတို့သည် ထင်ရှား ရှိကြကုန်၏။ အဘယ် (၇)မျိုးတို့နည်းဟူမူ - ဤလောက၌ ---

၁။ တစ်ကြိမ် နစ်မြုပ်သွားသော် နစ်မြုပ်၍သာ နေသောပုဂ္ဂိုလ်,

၂။ ပေါ်လာပြီးလျှင် တစ်ဖန် နစ်မြုပ်သွားသောပုဂ္ဂိုလ်,

၃။ ပေါ်လာပြီးလျှင် ရပ်တည်နေသောပုဂ္ဂိုလ်,

၄။ ပေါ်လာပြီးလျှင် ထိုထိုဤဤ ကြည့်ရှုနေသောပုဂ္ဂိုလ်,

၅။ ပေါ်လာပြီးလျှင် ကူးခတ်နေသောပုဂ္ဂိုလ်,

၆။ ပေါ်လာပြီးလျှင် ထောက်တည်ရာသို့ ရောက်ရှိသွားသော ပုဂ္ဂိုလ်,

၇။ ပေါ်လာပြီးလျှင် ကမ်းတစ်ဘက်သို့ အရောက်ကူးမြောက်ပြီးနောက် (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ ရပ်တည်နေသော မကောင်းမှုဟူသမျှတို့ကို အပပြုအပ်ပြီး သောပုဂ္ဂိုလ် ---

ဤသို့လျှင် ရေဥပမာရှိသော ပုဂ္ဂိုလ် (၇)မျိုးတို့ ရှိကြပေသည်။

၁။ တစ်ကြိမ် နစ်မြုပ်သွားသော် နစ်မြုပ်၍သာ နေသောပုဂ္ဂိုလ်

ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မှားယွင်းဖောက်ပြန် မမှန်ကန်သည့် အကျိုးပေးမြဲသည့် နိယတမိစ္ဆာဒိဋ္ဌိအယူဝါဒကို စွဲလမ်း ဆုပ်ကိုင်ထား၏။

နတ္ထိကဒိဋ္ဌိ --- ဤလောက၌ အချို့သောပုဂ္ဂိုလ်သည်ကား --- ပေးလှူအပ်သည့် အလှူဒါနမည်သည် ရှိ၏။ တစ်စုံတစ်ယောက်သော သူအား တစ်စုံတစ်ခုကို ပေးလှူနိုင်၏ဟု သိ၏။ သို့သော် ယင်းအလှူဒါန၏ အကျိုးတရားဟူသည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။ အကြီး အကျယ် အလှူဒါနပွဲကြီးတွေကို ပူဇော်သင့်သည်ဟု သိ၏။ သို့သော် ယင်းအလှူဒါနပွဲကြီး၏ အကျိုးတရားမည်သည် မရှိပါဟု စွဲလမ်း ဆုပ်ကိုင်ထား၏။ အလွန်ဝေးကွာသော အရပ်ဒေသမှ ပစ္စည်းလေးပါး တို့ကို သယ်ဆောင်လာကာ သီလရှိသည့် အရှင်ကောင်း အရှင်မြတ်တို့အား လှူဒါန်းပူဇော်သင့်သည်ဟု သိရှိ၏။ အရပ် (၈)မျက်နှာမှ ဆိုက်ရောက်လာကြကုန်သော ချစ်မြတ်နိုးအပ် စိတ်နှလုံးကို နှစ်သက် ရွှင်ပြမှုဖြင့် တိုးပွားစေတတ်ကုန်သော အဆွေအမျိုး မိတ်ဆွေ ခင်ပွန်းကောင်းတို့အတွက် ကျကျနန စီမံထားသည့် လှူဖွယ်ဝတ္ထုတွေကို ထိုရည်မှန်းထားသည့် ဧည့်သည်အာဂန္တုတို့အား မလှူဘဲ သံဃာတော်အား လှူဒါန်းသင့်သည်ဟု သိ၏။ မင်္ဂလာကိစ္စအလို့ငှာ လှူဒါန်းဖွယ်ရာ အဖြာဖြာကို ပေးလှူသင့်သည်ဟု သိ၏။ သို့သော် ထိုအလှူ ဒါန အမျိုးမျိုး၏ အကျိုးတရားမည်သည် မရှိနိုင်ပါဟု စွဲလမ်းဆုပ်ကိုင် ထား၏။

သုစရိုက် (၁၀)ပါး ကုသိုလ်တရားတို့ကို ပြုကျင့်ခြင်းမည်သည် ရှိပါ၏။ ဒုစရိုက် (၁၀)ပါး အကုသိုလ်တရားတို့ကို ပြုကျင့်ခြင်းမည်သည် ရှိပါ၏ဟု သိ၏။ သို့သော် ထိုသုစရိုက်တရား, ဒုစရိုက်တရားတို့၏ ကောင်းကျိုး ဆိုးပြစ်ဟူသည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။

အခြားသော လောကမှ ဤလောကသို့ လာရောက်ကာ ပဋိသန္ဓေ တည်နေသော ပုဂ္ဂိုလ်မည်သည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။ ဤလောကမှ အခြားသော လောကသို့ သွားရောက်ကာ ပဋိသန္ဓေ တည်နေသော ပုဂ္ဂိုလ်မည်သည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။ ထိုလောကမှာ သေလျှင် ထိုလောကမှာပင် ပြတ်၏။ ဤလောကမှာ သေလျှင် ဤလောကမှာပင် ပြတ်၏ဟု စွဲလမ်း ဆုပ်ကိုင်ထား၏။

မိဘနှစ်ပါး ထင်ရှားရှိသည်ကိုကား သိပါ၏။ သို့သော် ထိုမိဘတို့ အပေါ်၌ ကောင်းမှု, မကောင်းမှုတို့ကို ပြုကျင့်ခြင်းကြောင့် တစ်စုံ တစ်ခုသော အကျိုးတရားမည်သည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။

ရှေးဘဝမှ စုတေရွေ့လျောလာကာ နောက်ဘဝ၌ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေလာသော သတ္တဝါမည်သည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။ ထိုထိုဘဝမှာပင် သေပြီးက ပြတ်၏ဟု စွဲလမ်း ဆုပ်ကိုင်ထား၏။

နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဟု ခေါ်ဆိုအပ်သည့် သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တို့ကို ကောင်းမွန်စွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသည့်, တရားစောင့်ကြသည့် သမဏ ဗြဟ္မဏတို့ဆိုသည်မှာ မရှိပါ။ ဤလောကကိုလည်းကောင်း, တမလွန်လောကကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိမြင် ကာ တရားတော်ကို ဟောကြားပြသ ဆိုဆုံးမနိုင်သည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်မည်သည် မရှိပါဟု စွဲလမ်းဆုပ်ကိုင်ထား၏။ ဤ အယူဝါဒကား ကံ၏အကျိုးတရား မရှိဟု ယူသော နတ္ထိကဒိဋ္ဌိ အယူဝါဒတည်း။ (ဓမ္မသင်္ဂဏီ၊၂၄၁။အဘိ၊ဋ္ဌ၊၁၊၄၁၅-၄၁၆။) ဤအယူဝါဒကား ကံ၏အကျိုးတရားကို ပစ်ပယ်သော အယူဝါဒတည်း။ အကျိုးဝိပါက်ကို ပစ်ပယ်သဖြင့် အကျိုးကို ဖြစ်စေတတ်သည့် အကြောင်းကံကိုလည်း ပစ်ပယ်တားမြစ်ပြီးပင် ဖြစ်တော့သည်။ (ဒီ၊ဋ္ဌ၊၁၊၁၅၀။) အဇိတကေသကမ္ဗလ အမည်ရှိသော တိတ္ထိဆရာကြီး စွဲယူသော အယူဝါဒတည်း။ (ဒီ၊၁၊၅၁-၅၂။)

အဟေတုကဒိဋ္ဌိ --- သတ္တဝါတို့ ညစ်နွမ်းဖို့ရန်အတွက် တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရားသည် မရှိ၊ တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား ထင်ရှားမရှိဘဲ သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏။ သတ္တဝါတို့ စင်ကြယ်ဖို့ရန်အတွက် တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရားသည် မရှိ၊ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား မရှိဘဲသာလျှင် သတ္တဝါတို့သည် စင်ကြယ်ကြရကုန်၏။ (ဒီ၊၁၊၅၀။) ဤသို့ယူဆသော အယူဝါဒကား အဟေတုကဒိဋ္ဌိ = အကြောင်းရင်းကံကို ပစ်ပယ်သော အကြောင်းမရှိဟု စွဲယူသော အယူဝါဒတည်း။ အကြောင်းကံကို မရှိဟု ယူဆသဖြင့် အကြောင်း ကံကြောင့်ဖြစ်မည့် အကျိုးတရားကိုလည်း မရှိဟုပင် ဆိုရာရောက်၏။ သို့အတွက် ဤအယူဝါဒကား ကံနှင့် ကံ၏ အကျိုးတရား နှစ်မျိုးလုံးကိုပင် ပစ်ပယ်သော အယူဝါဒတည်း။ ဤအယူဝါဒကား မက္ခလိဂေါသာလ ဆရာကြီး စွဲယူသော အယူဝါဒတည်း။ (ဒီ၊၁၊၅၀။)

အကိရိယဒိဋ္ဌိ --- မကောင်းမှုကို ပြုလုပ်သောသူအား ပြုလုပ်စေသောသူအား ။ပ။ မကောင်းမှုကို ပြုလုပ်သည် မမည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် မကောင်းမှုဟူသည် မရှိ၊ မကောင်းမှု၏ ဆိုက်ရောက်လာခြင်းမည်သည် မရှိ။ပ။ ပေးလှူသောသူအား, ပေးလှူစေသောသူအား, အလှူကြီးပေးလှူသောသူအား, အလှူကြီးကို ပေးလှူစေသောသူအား ထိုပေးလှူခြင်းတည်းဟူသော အကြောင်းကြောင့် ကောင်းမှုကုသိုလ်မည်သည် မရှိ၊ ကောင်းမှုကုသိုလ်၏ ဆိုက်ရောက် လာခြင်းမည်သည် မရှိ။ ဒါနကြောင့်, ဣန္ဒြေတို့ကို စောင့်စည်းခြင်း ဣန္ဒြိယသံဝရသီလကြောင့်, ဥပုသ်ကျင့်သုံးခြင်းကြောင့်, သီလစောင့်စည်းခြင်းကြောင့်, သစ္စာစကားကို ပြောဆိုခြင်းကြောင့် ကောင်းမှု ကုသိုလ်မည်သည် မရှိ၊ ကောင်းမှုကုသိုလ်၏ ဆိုက်ရောက်လာခြင်းမည်သည် မရှိ။ (ဒီ၊၁၊၄၉။) ဤသို့ စသည်ဖြင့် ကောင်းမှု, မကောင်းမှုကို ပြုလုပ်သော်လည်း ပြုလုပ်သည် မမည်ဟု ပြုလုပ်သည့်ကံကို တားမြစ်ပိတ်ပင်သော ဝါဒဖြစ်၏။ အကြောင်းကံကို မရှိဟု တားမြစ်သဖြင့် အကြောင်းကံကြောင့် ဖြစ်မည့် အကျိုးတရားကိုလည်း မရှိဟုပင် တားမြစ်ရာရောက်၏။ ထို့ကြောင့် ဤဝါဒသည်လည်း ကံ-ကံ၏ အကျိုးတရားကို လက်မခံဘဲ ပယ်လှန်သော ဝါဒပင် ဖြစ်၏။ (ဒီ၊ဋ္ဌ၊၁၊၁၅၀။) ဤဝါဒကို ပူရဏကဿပ ဂိုဏ်းဆရာကြီးက လက်ခံကျင့်သုံးခဲ့၏။ (ဒီ၊၁၊၄၉။)

နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကိရိယဒိဋ္ဌိဟူသော မိစ္ဆာဒိဋ္ဌိ သုံးမျိုးလုံးသည်ပင် အနက်သဘောအားဖြင့် ကံနှင့် ကံ၏အကျိုး နှစ်မျိုးလုံးကိုပင် ပယ်ရှားနေကြသော ဝါဒဆိုးကြီးတို့ ဖြစ်ကြပေသည်။

အကြင်ပုဂ္ဂိုလ်တို့သည် ထိုဂိုဏ်းဆရာကြီးတို့၏ ယင်း မိစ္ဆာဒိဋ္ဌိ ဝါဒဆိုးကြီး တစ်ခုခုကိုဖြစ်စေ, အားလုံးကိုဖြစ်စေ လက်ခံယူ၍ ညဉ့်သန့်ရာ နေ့သန့်ရာ နေရာတစ်ခုခု၌ ထိုင်နေလျက် ထိုအယူဝါဒကို ရွတ်ဖတ်သရဇ္ဈာယ်ကြကုန်၏၊ စူးစမ်းဆင်ခြင်ကြည့်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်၌ -----

၁။ နတ္ထိဒိန္နံ = အလှူဒါန၏ အကျိုးတရားသည် မရှိ၊

နတ္ထိ ယိဋ္ဌံ = အလှူကြီး ပေးလှူရခြင်း၏ အကျိုးတရားသည် မရှိ။

၂။ နတ္ထိ ဟေတု နတ္ထိပစ္စယာ = သတ္တဝါတို့ ညစ်နွမ်းဖို့ရန်, သတ္တဝါတို့ ဖြူစင်ဖို့ရန် တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရားသည် မရှိ၊

၃။ ကရောတော န ကရိယတိ ပါပံ = မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်။

မတော ဥစ္ဆိဇ္ဇတိ = သေလျှင် ပြတ်၏။

ဤသို့ စသည်ဖြင့် ထိုထိုဖော်ပြပါ အာရုံ တစ်မျိုးမျိုး၌ မှားယွင်း သော မိစ္ဆာသတိသည် ကောင်းစွာ တည်လာ၏။ စိတ်တည်ကြည်မှု, ယင်းအာရုံတစ်ခုတည်းပေါ်၌ စိတ်ကျရောက်တည်နေမှု ဧကဂ္ဂတာသည် ဖြစ်ပေါ်လာ၏။ မိစ္ဆာဒိဋ္ဌိ = မှားယွင်းသော ခံယူချက် ပြဓာန်းလျက်ရှိသော အကုသိုလ် လောဘမူဇောတို့သည် စောကုန်၏၊ ပထမ ဇော၌လည်း ကုစား၍ကား ရနိုင်သေးကုန်၏၊ အလားတူပင် ဒုတိယ ဇောအခိုက် စသည်တို့၌လည်း ကုစား၍ကား ရနိုင်သေးကုန်၏၊ သတ္တမဇောတိုင် ဆိုက်ရောက်သွားသော အခါ၌ကား အရိဋ္ဌရဟန်း, ကဏ္ဋကသာမဏေတို့ကဲ့သို့ ဘုရားရှင်တို့မှသော်လည်း ကုစား၍ မရနိုင်သော, ပြန်လည်ခြင်းသဘော မရှိသော, အပါယ်သို့ ရောက်ရှိဖို့ရန် ကိန်းသေမြဲသော နိယတမိစ္ဆာဒိဋ္ဌိ အဆင့်သို့ ရောက်ရှိသွား၏။ (နိယတ = သေသည်၏ အခြားမဲ့၌ အပါယ်သို့ ရောက်ရှိဖို့ရန် ကိန်းသေမြဲသော။ မိစ္ဆာဒိဋ္ဌိ = မှားယွင်းသော ခံယူချက်။ နိယတမိစ္ဆာဒိဋ္ဌိ = သေသည်၏ အခြားမဲ့၌ အပါယ်ဘုံသို့ ရောက်ရှိဖို့ရန် ကိန်းသေမြဲသော မှားယွင်းသော ခံယူချက်။)

ထိုမိစ္ဆာဒိဋ္ဌိကြီး သုံးမျိုးတို့တွင် တစ်ယောက်ကား မိစ္ဆာဒဿန (= မှားယွင်းသော အမြင်) တစ်ခုသို့ သက်ဝင်သွား၏။ တစ်ယောက်ကား မိစ္ဆာဒဿန နှစ်ခုတို့သို့, တစ်ယောက်ကား သုံးခုလုံးတို့သို့ သက်ဝင်သွား၏။ တစ်ခု၌သော်လည်းကောင်း, နှစ်ခုတို့၌သော်လည်းကောင်း, သုံးခုလုံးတို့၌သော်လည်းကောင်း သက်ဝင် တည်နေသော်လည်း နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်သည်သာတည်း။ ယင်း နိယတမိစ္ဆာဒိဋ္ဌိသို့ ဆိုက်ရောက်ပြီးသော ပုဂ္ဂိုလ်ကို ယင်းနိယတမိစ္ဆာဒိဋ္ဌိက နတ်ရွာသုဂတိ = ကောင်းရာသုဂတိသို့ မရောက်အောင်လည်း တားထား၏။ ထိုနိယတမိစ္ဆာဒိဋ္ဌိဝါဒကို လက်ခံထားသော ထိုခန္ဓာကိုယ် အတ္တဘော၏ နတ်ရွာသုဂတိသို့ သွားခြင်းငှာလည်း မစွမ်းနိုင်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ရောက်ရှိနိုင်ဖို့ရန်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း။ ဤသတ္တဝါသည်ကား ပထဝီဂေါပကအမည်ရသော မဟာပထဝီမြေကြီးကို အမြဲ စောင့်နေရသော ဝဋ္ဋခါဏု = သံသရာဝဋ်ဆင်းရဲဒုက္ခ၏ သစ်ငုတ်ကြီး မည်ပေ၏။ ဤပုဂ္ဂိုလ်သည် တစ်ခုသော ဘဝ၌သာလျှင် အပါယ်၌ ကျရောက်ခြင်းသဘော မြဲလေသလော၊ သို့မဟုတ် အခြားသော ဘဝ၌လည်း ကျရောက်ခြင်းသဘော မြဲလေသလောဟု မေးရန် ရှိ၏။ တစ်ခုသော ဘဝ၌သာလျှင် မြဲ၏ဟူပေ။ သို့သော် ထိုဝါဒကို အဖန်ဖန် အထပ်ထပ် မှီဝဲခြင်း = အာသေဝန၏ အစွမ်းဖြင့် ဘဝတစ်ပါး၌ ထိုမိစ္ဆာဒိဋ္ဌိဝါဒကို နှစ်သက်မြတ်နိုးနေသည်သာ ဖြစ်၏။ မှန်ပေသည် --- ဤသို့ သဘောရှိသော နိယတမိစ္ဆာဒိဋ္ဌိ အယူကို စွဲလမ်းဆုပ်ကိုင်ထားသော ပုဂ္ဂိုလ်အား ယေဘုယျ အားဖြင့် အပါယ်ဘဝမှ ထမြောက်ခြင်းမည်သည် မရှိနိုင်တော့ပေ။ (ဒီ၊ဋ္ဌ၊၁၊၁၅၀။ မ၊ဋ္ဌ၊၃၊၈၅။)

နတ္ထိကဒိဋ္ဌိသမားကြီး နန္ဒက (ပေတဝတ္ထု၊၂၀၁-၂၀၆။)

သုရဋ္ဌတိုင်းကို အစိုးရသော ပိင်္ဂလမင်းဝယ် နန္ဒက အမည်ရှိသော စစ်သူကြီးတစ်ဦး ရှိခဲ့၏။ ပိင်္ဂလမင်းနှင့် နန္ဒကစစ်သူကြီး နှစ်ဦးသားတို့ကား ကံ-ကံ၏အကျိုးတရားကို လုံးဝလက်မခံ ပယ်လှန် တူးဖြိုနေသော နတ္ထိကဒိဋ္ဌိကို စွဲလမ်းဆုပ်ကိုင်ထားကြသည့် နိယတမိစ္ဆာဒိဋ္ဌိ သမားကြီးတို့ ဖြစ်ကြ၏။ သူတို့၏ ခံယူချက်မှာ ဤသို့ဖြစ်၏ ---

သတ္တဝါ အသီးအသီး၏ သန္တာန်၌ အတ္တရှိ၏၊ ယင်းအတ္တသည် မပျက်စီးဘဲ အကျိတ်အခဲ အမြဲတည်၏၊ သတ္တဝါတစ်ဦးအတွက် မည်သည့်အချိန်၌ ကောင်းကျိုးများကို ခံစားရမည်ဟုလည်းကောင်း, မည်သည့်အချိန်အခါ၌ ဆိုးကျိုးများကို ခံစားရမည်ဟုလည်းကောင်း အမြဲသတ်မှတ်ထားပြီး ဖြစ်၏၊ မဟာကပ်ပေါင်း (ရှစ်သန်းလေးသိန်း) ကြာသောအခါ သတ္တဝါသည် အလိုအလျောက် ပြတ်စဲသွား၏ ဟူသော ဥစ္ဆေဒဒိဋ္ဌိဝါဒတည်း။

ဤကဲ့သို့သော ဥစ္ဆေဒဒိဋ္ဌိဝါဒကို လက်ခံယုံကြည်ထားသူများ ဖြစ်ကြ၏။ ကောင်းမှုပြုသော်လည်း ကောင်းကျိုးမရ၊ မကောင်းမှု ပြုသော်လည်း မကောင်းကျိုးမရ၊ ကောင်းကျိုး ဆိုးပြစ် ခံစံဖို့ရန် အမြဲ သတ်မှတ်ထားပြီး ဖြစ်သည်ဟု ယုံကြည်ထားသည့်အတွက် သူတစ်ပါး တို့၏ ဒါနစသော ကောင်းမှုကုသိုလ်တို့ကိုလည်း တားမြစ်ခဲ့သူ, ကဲ့ရဲ့ ရှုတ်ချခဲ့သူများလည်း ဖြစ်ကြ၏။

တစ်နေ့တွင် နန္ဒကစစ်သူကြီးသည် ကွယ်လွန်သွားခဲ့၏၊ မိမိ၏ နတ္ထိကဒိဋ္ဌိတည်းဟူသော နိယတမိစ္ဆာဒိဋ္ဌိကို သေသည်တိုင်အောင် မစွန့်လွှတ်ဘဲ ရင်ဝယ်ထွေးပိုက်ကာ ကွယ်လွန်သွားရှာ၏၊ ပြိတ္တာဘဝသို့ ရောက်ရှိသွားခဲ့၏။

နန္ဒကစစ်သူကြီး၌ ဥတ္တရာ အမည်ရှိသော သမီးတစ်ဦး ရှိ၏။ ဥတ္တရာကား ရတနာသုံးပါးကို ကိုယ်းကွယ်ဆည်းကပ်သော လောကုတ္တရာ သရဏဂုံတည်သူ သောတာပန် အရိယာဥပါသိကာမတစ်ဦး ဖြစ်၏။ ဖခင် နန္ဒကစစ်သူကြီး ကွယ်လွန်သွားသောအခါ မိမိ၏ အိမ်တံခါးဝသို့ ဣန္ဒြေသိက္ခာ ပြည့်စုံစွာဖြင့် ဆွမ်းခံကြွဝင်တော်မူလာသော ရဟန်းတော်တစ်ပါးကို အိမ်ပေါ်သို့ ပင့်တင်ကာ မုန့်တစ်ပွဲနှင့် သောက်တော်ရေ တစ်ခွက်ကို ဆက်ကပ်လှူဒါန်းပြီးလျှင် ---

ပိတာ မေ ကာလကတော ဘန္တေ၊ တေဿတံ ဥပကပ္ပတု။ (ပေတဝတ္ထု၊ ၂၀၅။)

= အရှင်ဘုရား ...တပည့်တော်မ၏ ဖခင်သည် ကွယ်လွန်သွားခဲ့ပါ၏၊ ဤကောင်းမှုသည် ထိုဖခင်အား ကပ်ရောက်ပါစေ သတည်း။

ဤသို့ ကောင်းမှုကုသိုလ်ပြုကာ အမျှအတန်း ပေးဝေလိုက်၏။ ထိုခဏမှာပင် နန္ဒကပြိတ္တာသည် ပညောင်ပင်ကြီး တစ်ပင်ဝယ် နတ်စည်းစိမ်ကဲ့သို့ ကြီးမားသော စည်းစိမ်သုခကို ရရှိခံစားရလေသည်။ သို့သော် ပြဿနာကား ရှိနေသေး၏။

သုရဋ္ဌတိုင်းရှင် ဘုရင်ပိင်္ဂလမင်းသည် ဓမ္မာသောကမင်းတို့၏ မင်းဆက်ဖြစ်သော မောရိယမင်းတို့ကို အခွန်ပဏ္ဏာ ဆက်သပြီး ခစားပြီး အပြန်တွင် နန္ဒကပြိတ္တာ၏ တန်ခိုးကြောင့် စီးလာသော ရထားသည် နန္ဒကပြိတ္တာရှိရာ ပညောင်ပင်သို့ ဆိုက်ရောက်သွား၏။ နန္ဒကပြိတ္တာကလည်း နတ်စည်းစိမ်တမျှ ကြီးမားသော စည်းစိမ်တို့ကို ထင်ရှားပြလျက် ဧည့်ခံကျွေးမွေး၏။ ပိင်္ဂလမင်းက အကျိုးအကြောင်း မေးမြန်းသောအခါ မိမိမှာ နတ်မဟုတ်ကြောင်း, နန္ဒကစစ်သူကြီးဘဝက လက်ခံကျင့်သုံးခဲ့သော ဥစ္ဆေဒဒိဋ္ဌိ = နတ္ထိကဒိဋ္ဌိ အကုသိုလ်ကံကြောင့် ပြိတ္တာဘဝသို့ ရောက်ရှိလာကြောင်း, သမီးဥတ္တရာ၏ ကောင်းမှုကုသိုလ်ပြုကာ အမျှအတန်း ပေးဝေမှုကြောင့် ဤမျှ ကြီးကျယ်ခမ်းနားသော စည်းစိမ်တို့ကို ခံစား စံစားရကြောင်း စသည်တို့ကို ပြောပြလေသည်။

သို့သော် --- ဤစည်းစိမ်များကို နောက်ထပ် (၆)လသာ ခံစားရတော့မည်ဖြစ်ကြောင်း, (၆)လပြည့်ပါက အဝီစိငရဲသို့ ကျရောက်တော့မည် ဖြစ်ကြောင်းတို့ကိုလည်း ဝမ်းနည်းကြေကွဲစွာ ဆက်လက်၍ ပြောပြရှာလေသည်။ (ပေတဝတ္ထု၊၂၀၁-၂၀၆။)

ဤဝတ္ထုဇာတ်လမ်းကား နိယတမိစ္ဆာဒိဋ္ဌိဝါဒကို သေသည့်တိုင်အောင် မစွန့်လွှတ်ပါက သေသည်၏အခြားမဲ့၌ အပါယ်ဘုံသို့ ကိန်းသေ ရောက်ရှိသည်ဟူသော ခိုင်လုံသော သက်သေ သာဓက တစ်ရပ်လည်း ဖြစ်၏။ ပထဝီဂေါပက = မဟာပထဝီမြေကြီးကို အမြဲစောင့်နေရသော, ဝဋ္ဋခါဏု = သံသရာဝဋ်ဒုက္ခ၏ သစ်ငုတ်တိုကြီး ဘဝသို့ ရောက်ရှိသွားသော သက်သေ သာဓကတစ်ရပ်လည်း ဖြစ်ပေသည်။ ဘယ်သောအခါမှ အဝီစိငရဲမှ ကျွတ်မည်ဆိုသည်ကို ခန့်မှန်း၍ကား မရနိုင်ပေ။

ရှေးရှေးသော အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကောင်းမှု ကုသိုလ်က ပစ်လွှင့်လိုက်သောကြောင့် လူ့ဘဝတွင် လူလာဖြစ်ရပြန်၏၊ ရေပေါ်သို့ တစ်ကြိမ်ပေါ်လာသူ ဖြစ်ရ၏။ သို့သော် နိယတမိစ္ဆာဒိဋ္ဌိ ဝါဒဆိုးကြီးကို လက်ဆုပ်လက်ကိုင်ပြုကာ ကွယ်လွန်သွားရှာသဖြင့် အပါယ်သံသရာ ဝဲဩဃရေအယဉ်ထဲသို့ တစ်ဖန် နစ်မြုပ် သွားရပြန်၏။ သို့သော် ဤပုဂ္ဂိုလ်မျိုးကား တစ်ကြိမ် နစ်မြုပ်သွားသော် ဆက်လက်၍ နစ်မြုပ်နေရမည့် ပုဂ္ဂိုလ်မျိုးသာ ဖြစ်ပေသည်။ ပြိတ္တာဘဝတည်းဟူသော အပါယ်ဘုံဘဝ၌ ရှေးဦးစွာ နစ်မြုပ်သွားရ၏။ တစ်ဖန် ထိုနစ်မြုပ်ရာမှ အဝီစိငရဲ၌ ဆက်လက်ကာ နစ်မြုပ်နေရပြန်၏။ အဝီစိငရဲ၌ နစ်မြုပ်မြဲ နစ်မြုပ်နေရမည့် ပုဂ္ဂိုလ်မျိုး ဖြစ်ပေသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင် ရည်ညွှန်းလျက် ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူ၏ ---

ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် တစ်ကြိမ် နစ်မြုပ်သွားလျှင် နစ်မြုပ်နေတော့သည်သာ ဖြစ်လေသနည်း? ရဟန်းတို့ ...ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စင်စစ် မည်းညစ်ကုန်သော (နိယတမိစ္ဆာဒိဋ္ဌိတည်းဟူသော။ အံ၊ဋ္ဌ၊၃၊ ၁၄၈။) အကုသိုလ်တရားတို့နှင့် ပြည့်စုံ၏။ ရဟန်းတို့ ...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် တစ်ကြိမ် နစ်မြုပ်သွားလျှင် နစ်မြုပ်နေတော့ သည်သာ ဖြစ်လေ၏။ (အံ၊၂၊၄၀၃။)

၂။ ပေါ်လာပြီး၍ တစ်ဖန် နစ်မြုပ်သွားသောပုဂ္ဂိုလ်

ပုဂ္ဂိုလ်တစ်ယောက်ကား သာသနာတော်နှင့် တွေ့ကြုံခွင့်ကို ရရှိသဖြင့် ဘုရားအစရှိသော သူတော်ကောင်း သူမြတ်လောင်းတို့နှင့် ဆုံစည်းခွင့်ကို ရရှိခဲ့၏၊ သူတော်ကောင်းတရားများကိုလည်း နာကြားခွင့် ရရှိခဲ့၏။ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား, မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ရှက်ခြင်း = ဟိရီတရား, မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ကြောက်ရွံ့ခြင်း = ဩတ္တပ္ပတရား, ကုသိုလ်တရားတို့၌ ပြည့်စုံအောင် ကြိုးစားအားထုတ်ခြင်း = ဝီရိယတရား, ကုသိုလ်တရားတို့၌ အသိအလိမ္မာ ဉာဏ်ပညာတရားတို့နှင့် အထိုက် အလျောက်ကား ပြည့်စုံ၏။ သို့သော် ထိုပုဂ္ဂိုလ်၏ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာတရားတို့ကား တည်တံ့ခိုင်မြဲမှု ကြီးပွားတိုးတက်မှုကား မရှိ၊ ဆုတ်ယုတ်မှုသာ ထင်ရှား တည်ရှိခဲ့၏။

ဤအရာ၌ အရှင်ဒေဝဒတ်၏ဝတ္ထုကို ထောက်ရှုကြည့်ပါ။

ဘုရားရှင်သည် တစ်ဝါရတော်မူပြီးနောက် ပထမဦးဆုံးအကြိမ် ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူပြီးနောက် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်တော်သို့အပြန် လမ်းခုလတ်တစ်နေရာ၌ တည်ရှိသော မလ္လာမင်းတို့၏ အနူပိယနိဂုံးရွာကြီးအနီး အနူပိယသရက် ဥယျာဉ်၌ ခေတ္တသီတင်းသုံးတော်မူခိုက် ဘဒ္ဒိယမင်းသား, အနုရုဒ္ဓမင်းသား, အာနန္ဒမင်းသား, ဘဂုမင်းသား, ကိမိလမင်းသား, ဒေဝဒတ္တ မင်းသားဟူသော သာကီဝင်မင်းသား (၆)ဦးတို့နှင့် ဥပါလိဆတ္တာသည် အားလုံးပေါင်း ခုနှစ်ဦးသားတို့သည် ရှင်ရဟန်းပြုတော်မူကြ၏။ (ဝိ၊၄၊၃၃၈-၃၃၉။)

ထိုနှစ် ဝါတွင်းတွင် ထိုသူတော်ကောင်းတို့သည် ရဟန်းတရားများကို ပွားများ အားထုတ်တော်မူကြရာ အရှင်ဘဒ္ဒိယမထေရ်ကား ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် = ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့တတ်သော အဘိညာဏ်, ဒိဗ္ဗစက္ခုအဘိညာဏ် = နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ မြင်နိုင်စွမ်းရှိသော အဘိညာဏ်, အာသဝက္ခယဉာဏ် = ကိလေသာ အာသဝေါတရားတို့၏ ကုန်ရာ အရဟတ္တမဂ်ဉာဏ်ဟူသော ဝိဇ္ဇာသုံးပါးကို မျက်မှောက် ပြုတော်မူခဲ့၏။ အရှင်အနုရုဒ္ဓါမထေရ်ကား ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကို ဖြစ်စေတော်မူခဲ့၏။ အရှင်အာနန္ဒာမထေရ်ကား သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုတော်မူခဲ့၏။ အရှင်ဒေဝဒတ်ကား ပုထုဇန်ဘဝဖြင့် လောကီစျာန်သမာပတ် (၈)ပါးနှင့် လောကီအဘိညာဏ် (၅)ပါးကို ပြီးစီးစေတော်မူခဲ့၏။ (ဝိ၊၄၊၃၃၉။)

အရှင်ဒေဝဒတ်၏ စျာန်အဘိညာဏ်တို့ကား စျာနသမ္မာဒိဋ္ဌိဉာဏ်ပညာများ ဖြစ်ကြပေသည်။ ဤကဲ့သို့သော အဆင့်မြင့် ပညာတစ်ရပ်ကို ရရှိခဲ့သော်လည်း လာဘသက္ကာရသိလောက = လာဘ်လာဘ ပေါများလိုခြင်း, အရိုအသေပြုမှုကို ခံယူလိုခြင်း, နာမည်သတင်း ကျော်ကြားလိုခြင်းဆိုတဲ့ အကုသိုလ်တရားဆိုးတို့က လွှမ်းမိုး ဖိစီးလာသဖြင့် မိမိရရှိထားပြီးသည့် သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာတို့ကို တိုးပွားအောင် မပြုနိုင်ဘဲ ဆုတ်ယုတ်အောင်သာ ပြုလုပ်ခဲ့၏။ ဘုရားရှင်အား သွေးစိမ်းတည်စေခဲ့၏၊ သံဃာကို သင်းခွဲခဲ့၏။ ထို့ကြောင့် ဘုရားရှင်က အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့၏---

တီဟိ ဘိက္ခဝေ အသဒ္ဓမ္မေဟိ အဘိဘူတော ပရိယာဒိန္နစိတ္တော ဒေဝဒတ္တော အာပါယိကော နေရယိကော ကပ္ပဋ္ဌော အတေကိစ္ဆော။ ကတမေဟိ တီဟိ။ ပါပိစ္ဆတာ၊ ပါပမိတ္တတာ၊ ဩရမတ္တကေန ဝိသေသာဓိဂမေန အန္တရာ ဝေါသာနံ အာပါဒိ။ ဣမေဟိ ခေါ ဘိက္ခဝေ တီဟိ အသဒ္ဓမ္မေဟိ အဘိဘူတော ပရိယာဒိန္နစိတ္တော ဒေဝဒတ္တော အာပါယိကော နေရယိကော ကပ္ပဋ္ဌော အတေကိစ္ဆောတိ။ (ဝိ၊၄၊၃၆၆။)

= ရဟန်းတို့ ...သုံးမျိုးကုန်သော မသူတော်တရားတို့က လွှမ်းမိုးဖိစီးထားအပ်သော, သိမ်းကျုံးယူငင်ထားအပ်သော စိတ်ထားရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်လတ္တံ့၊ ငရဲ၌ ဖြစ်လတ္တံ့၊ အာယုကပ်ပတ်လုံး တည်လတ္တံ့။ ကုစား၍ကား မရနိုင်တော့ပြီ။ အဘယ် မသူတော်တရား သုံးပါးတို့နည်းဟူမူကား ---

(၁) လာဘ်လာဘ ပေါများလိုခြင်း, အရိုအသေ အပြုခံလိုခြင်း, နာမည်သတင်း ကျော်ကြားလိုခြင်းဟူသည့် = ယုတ်မာသော အလိုဆိုးရှိခြင်း,

(၂) ယုတ်မာသော မိတ်ဆွေရှိခြင်း၊

(၃) (စျာန်အဘိညာဏ်တည်းဟူသော) အနည်းငယ်မျှလောက်သော တရားထူးကို ရရှိခြင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို မရမီ စပ်ကြားကာလ၌ ပြီးဆုံးခြင်းသို့ ရောက်ရှိသွားခြင်းတို့ပင်တည်း။

ရဟန်းတို့ ...ဤမသူတော်တရားသုံးပါးတို့သည် လွှမ်းမိုး ဖိစီးထားအပ်သော, သိမ်းကျုံးယူငင်ထားအပ်သော စိတ်ထားရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်လတ္တံ့၊ ငရဲ၌ ဖြစ်လတ္တံ့၊ အာယုကပ်ပတ်လုံး တည်လတ္တံ့၊ ကုစား၍ကား မရနိုင်တော့ပြီဟု မိန့်ကြားတော်မူ၏။ (ဝိ၊၄၊၃၆၆။)

တစ်ဖန် ဝိနည်းစူဠဝါပါဠိတော် (ဝိ၊၄၊၃၄၅-၃၄၆။)တွင်လည်း အရှင် ဒေဝဒတ်၏ ယုတ်မာသော အလိုဆိုးရှိမှုနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လာရှိပြန်၏ ---

ထို့နောက် မြတ်စွာဘုရားသည် ကောသမ္ဗီပြည်၌ မွေ့လျော်တော် မူသရွေ့ သီတင်းသုံးစံနေတော်မူပြီးလျှင် အစဉ်အတိုင်း ခရီးဒေသစာရီ လှည့်လည်တော်မူခဲ့သည်ရှိသော် ရာဇဂြိုဟ်မြို့သို့ ဆိုက်ရောက်တော်မူလာ၏။ မြတ်စွာဘုရားသည် ထိုရာဇဂြိုဟ်မြို့ ရှဉ့်နက်တို့အား အစာကျွေး၍ မွေးမြူရာဖြစ်သော ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူ၏။ ထိုအခါ များစွာကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားရှင်၏ ထံတော်မှောက်သို့ ချဉ်းကပ်တော်မူကြပြီးနောက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ကြ ကာ ---

မြတ်စွာဘုရား ...အဇာတသတ်မင်းသားသည် ရထားငါးရာတို့ဖြင့် ညဉ့်နံနက် ဒေဝဒတ်အား ဆည်းကပ်၏၊ ဆွမ်းအုပ် ငါးရာတို့ကိုလည်း ပို့ပါ၏ဟု လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...ဒေဝဒတ်၏ လာဘ်သပ်ပကာ ကျော်စောမှုကို မမြတ်နိုးကြကုန်လင့်၊ ရဟန်းတို့ အဇာတသတ်မင်းသားသည် ဒေဝဒတ်အား ရထားငါးရာတို့ဖြင့် ညဉ့်နံနက် ဆည်းကပ်နေသမျှ ကာလပတ်လုံး, ဆွမ်းအုပ် ငါးရာတို့ကို ပို့နေသမျှ ကာလပတ်လုံး ဒေဝဒတ်အား ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုကိုသာ အလိုရှိအပ်၏၊ ကြီးပွားမှုကို အလိုမရှိအပ်။

ရဟန်းတို့ ...ဥပမာသော်ကား ကြမ်းတမ်းသော ခွေး၏ နှာခေါင်းပေါက်တွင်း၌ ဝံ-စသော တိရစ္ဆာန်သည်းခြေကို ထည့်ကုန်ရာ၏၊ ရဟန်းတို့ ...ဤသို့ ထည့်လတ်သော် ထိုခွေးသည် အတိုင်းထက်အလွန် ကြမ်းတမ်းရာသကဲ့သို့, ရဟန်းတို့ ...ဤဥပမာအတူပင် အဇာတသတ်မင်းသားသည် ဒေဝဒတ်အား ရထားငါးရာတို့ဖြင့် ညဉ့်နံနက် ဆည်းကပ်နေသမျှ ကာလပတ်လုံး, ဆွမ်းအုပ် ငါးရာတို့ကို ပို့နေသမျှ ကာလပတ်လုံး ဒေဝဒတ်အား ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုကိုသာ အလိုရှိအပ်၏၊ ကြီးပွားမှုကို အလိုမရှိအပ်။

ရဟန်းတို့ ...မိမိကိုယ်ကို သတ်ခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏။ ပျက်စီးခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှား ဖြစ်ပေါ်လာ၏။

ရဟန်းတို့ ...ဥပမာသော်ကား ငှက်ပျောပင်သည် မိမိကိုယ်ကို သတ်ခြင်းငှာ အသီးသီးသကဲ့သို့, ပျက်စီးခြင်းငှာ အသီးသီးသကဲ့သို့ ဤနည်းအတူပင် မိမိကိုယ်ကို သတ်ခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏။

ရဟန်းတို့ ...ဥပမာတစ်နည်းသော်ကား ဝါးပင်သည် မိမိကိုယ်ကို သတ်ခြင်းငှာ အသီးသီးသကဲ့သို့, ပျက်စီးခြင်းငှာ အသီး သီးသကဲ့သို့ ဤနည်းအတူပင် မိမိကိုယ်ကို သတ်ခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏။

ရဟန်းတို့ ... ဥပမာတစ်နည်းသော်ကား ကျူပင်သည် မိမိကိုယ်ကို သတ်ခြင်းငှာ အသီးသီးသကဲ့သို့, ပျက်စီးခြင်းငှာ အသီး သီးသကဲ့သို့ ဤနည်းအတူပင် မိမိကိုယ်ကို သတ်ခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏။

ရဟန်းတို့ ...ဥပမာတစ်နည်းသော်ကား အဿတိုရ်မြင်းမသည် မိမိကိုယ်ကို သတ်ခြင်းငှာ ကိုယ်ဝန်ဆောင်သကဲ့သို့, ပျက်စီးခြင်းငှာ ကိုယ်ဝန်ဆောင်သကဲ့သို့ ဤနည်းအတူပင် မိမိကိုယ်ကို သတ်ခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်းငှာ ဒေဝဒတ်အား လာဘ်သပ်ပကာ ကျော်စောမှုသည် ထင်ရှားဖြစ်ပေါ်လာ၏။

(မှတ်ချက် --- အဿတိုရ် မြင်းမ၏ ကိုယ်ဝန်သားငယ်သည် မွေးဖွား လာသောအခါ မိခင်အဿတိုရ်မြင်းမ၏ ဝမ်းဗိုက်ကို ဖောက်ခွဲပြီး ထွက်လာ၏။ ထို့ကြောင့် အဿတိုရ်မြင်းမသည် သေကျေပျက်စီးသွားရ၏။)

ဖလံ ဝေ ကဒလိံ ဟန္တိ၊ ဖလံ ဝေဠုံ ဖလံ နဠံ။

သက္ကာရော ကာပုရိသံ ဟန္တိ၊ ဂဗ္ဘော အဿတရိံ ယထာ။ (ဝိ၊၄၊၃၄၆။)

ငှက်ပျောသီးသည် စင်စစ် ငှက်ပျောပင်ကို သတ်သကဲ့သို့, ဝါးသီး သည် ဝါးပင်ကို သတ်သကဲ့သို့, ကျူသီးသည် ကျူပင်ကို သတ်သကဲ့သို့, ကိုယ်ဝန်သည် အဿတိုရ်မြင်းမကို သတ်သကဲ့သို့ လာဘ်ပူဇော်သက္ကာရသည် ယုတ်မာသော ယောက်ျားကို သတ်၏ဟု မိန့်ကြားတော်မူ၏။ (ဝိ၊၄၊၃၄၅-၃၄၆။)

အရှင်ဒေဝဒတ်ကား လောကီစျာန်သမာပတ် (၈)ပါးနှင့် လောကီ အဘိညာဏ် (၅)ပါးတို့ကို ဖြစ်စေနိုင်သော်လည်း တစ်ဖန် ဘုရားရှင်ကို အတိုက်အခံ ပြုလုပ်ခြင်းကြောင့် ထိုဂုဏ်တို့မှ ဆုတ်ယုတ် ပျက်စီးခဲ့ရ၏၊ ဘုရားရှင်အား သွေးစိမ်းတည်စေသောကံ, သံဃာသင်းကွဲအောင် ပြုလုပ်သည့် အကုသိုလ်ကံတို့ကြောင့် ငရဲ၌ နစ်မြုပ်သွားရပြန်၏။ ဤ သာသနာတော်၌ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, စျာနသမ္မာဒိဋ္ဌိပညာ များကို အထိုက်အလျောက် ရအောင် ကြိုးစားအားထုတ်ခဲ့သော်လည်း ယင်းကုသိုလ်တရားတို့ကို တည်တံ့အောင်, တိုးပွားအောင် မပြုစု မပျိုးထောင်နိုင်ဘဲ ဆုတ်ယုတ်အောင်သာ ကြိုးစားအားထုတ်ခဲ့သည့်အတွက် အပါယ်သံသရာ၌ တစ်ဖန် နစ်မြုပ်သွားရပြန်၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင် ရည်ရွယ်တော်မူကာ ဘုရားရှင်က ဥဒကူပမာ သုတ္တန်တွင် အမှတ် (၂)ပုဂ္ဂိုလ်ကို ဤသို့ မိန့်ကြားတော်မူခဲ့၏ ---

ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီးလျှင် တစ်ဖန် နစ်မြုပ်သွားပြန်သနည်း? ရဟန်းတို့ ... ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏၊ ဟိရီတရားသည် ကောင်းမြတ်၏ ။ပ။ ဩတ္တပ္ပတရားသည် ကောင်းမြတ်၏၊ ဝီရိယသည် ကောင်းမြတ်၏၊ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်၏ ထိုသဒ္ဓါတရားသည် မတည်တံ့၊ မတိုးပွား၊ ဆုတ်ယုတ်သည်သာလျှင်တည်း။ ထိုပုဂ္ဂိုလ်၏ ထိုဟိရီတရားသည် ။ပ။ ထိုဩတ္တပ္ပတရားသည် ။ပ။ ထိုဝီရိယသည် ။ပ။ ထိုပညာတရားသည် မတည်တံ့၊ မတိုးပွား၊ ဆုတ်ယုတ်သည်သာလျှင်တည်း။ ရဟန်းတို့ ...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီးလျှင် တစ်ဖန် နစ်မြုပ်သွားပြန်၏ (အံ၊၂၊၄၀၃)

ဤအမှတ် (၁)နှင့် အမှတ် (၂) ပုဂ္ဂိုလ်တို့ကား ဩဃတရဏသုတ္တန် (သံ၊၁၊၁။) နည်းအရ ပြောဆိုရမူ အကုသိုလ်တရားတို့၌ ရပ်တည်မိသဖြင့် အပါယ်သံသရာ၌ နစ်မြုပ်သွားကြရသူများပင် ဖြစ်ကြပေသည်။

၃။ ပေါ်လာပြီးလျှင် ရပ်တည်နေသောပုဂ္ဂိုလ်

ပုဂ္ဂိုလ်တစ်ယောက်သည်ကား ရတနာသုံးတန် ကံ-ကံ၏ အကျိုးတရား စသည်တို့အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရားလည်း ရှိ၏၊ မကောင်းမှုအကုသိုလ်တရား ဒုစရိုက်တရားတို့မှ ရှက်ခြင်း ကြောက်ခြင်း ဟိရီ+ဩတ္တပ္ပတရားတို့နှင့်လည်း ပြည့်စုံသဖြင့် ကိုယ်ကျင့် သီလလည်း ဖြူစင်၏၊ ကုသိုလ်တရားတို့၌ ကြိုးစားအားထုတ်မှု လုံ့လဝီရိယလည်း ရှိ၏၊ ဝိပဿနာပညာစသည့် ဉာဏ်ပညာနှင့်လည်း အထိုက် အလျောက် ပြည့်စုံ၏။ သို့သော် မိမိ ရရှိထားသည့် သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာတရားတို့ကို တိုးပွားအောင်ကား မကြိုးစားပေ။

မိမိရရှိထားသည့် သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာတည်း ဟူသော ကုသိုလ်တရားတို့ကို တိုးပွားအောင် ဖြည့်ကျင့်ဆည်းပူးဖို့ရန် မစွမ်းနိုင်သော အချိန်ကာလ၌လည်း မယုတ်လျော့သွားအောင်ကား ကြိုးစားထား၏၊ သို့သော် ယင်းကုသိုလ်တရားတို့ကို တိုးပွားလာဖို့ရန် ဖြည့်ကျင့်ဆည်းပူးနိုင်သော အချိန်အခါကာလ၌လည်း တိုးပွားအောင် မကြိုးစားပေ။ ရပ်တန့်နေ၏။ ဤသဘောတရားကို အဂါရိက = အိမ်ရာတည်ထောင် လူ့ဘောင်၌ နေထိုင်သူနှင့် အနဂါရိက = အိမ်ရာ မတည်ထောင်သည့် ရဟန်းဘောင်၌ နေထိုင်သူအားဖြင့် နှစ်မျိုးလုံး ကိုပင် ဤအရာ၌ ထင်ရှားပြထိုက်ပေသည်။ (အံ၊ဋီ၊၃၊၁၅၄။)

အချို့သော အဂါရိက = လူဥပါသကာ-ဥပါသိကာမသည် ကုသိုလ်တရားတို့ကို ဖြည့်ကျင့်ဆည်းပူးဖို့ရန် မစွမ်းနိုင်သော အချိန်ကာလ၌ တစ်ဆယ့်ငါးရက် တစ်ကြိမ် သံဃာတော်အား ဆွမ်းလှူဒါန်းခြင်း = ပက္ခိကဘတ်ကိုသော်လည်းကောင်း, တစ်နှစ်လျှင် တစ်ကြိမ် ဝါဆိုသင်္ကန်းလှူဒါန်းခြင်း ကျင့်ဝတ်ကိုလည်းကောင်း ဝတ်မပျက်အောင် တည်ထားကာ လှူဒါန်းပူဇော်၏။ ထိုပုဂ္ဂိုလ်သည် နောက်ပိုင်း ကာလ၌ စီးပွားရေး လုပ်ငန်းခွင်များ အဆင်ပြေ ချောမောလာခြင်း, ကျန်းမာရေး ကောင်းမွန်လာခြင်း စသည့် အကြောင်းတရားတို့ကြောင့် မိမိရရှိထားသည့် ကုသိုလ်တရားတို့ကို တိုးပွားအောင် ကြိုးစားနိုင်သည့် အချိန်အခါကာလ၌လည်း ပက္ခိကဘတ်လှူဒါန်းခြင်း, ဝါဆိုသင်္ကန်း လှူဒါန်းခြင်း စသည်မျှကိုသာ ဖြစ်စေ၏။ ထိုထက်အလွန် တိုးပွားအောင်ကား မကြိုးစားပေ။ (အံ၊ဋီ၊၃၊၁၅၄။)

အနဂါရိက = အိမ်ရာမထောင်သည့် သာသနာ့ဘောင်၌ နေထိုင်သော ရဟန်းတော်သည်လည်း အစပိုင်း၌ ကျန်းမာရေး ချို့တဲ့ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် မိမိရရှိထားပြီးသည့် သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာတရားတို့ကို တိုးပွားအောင် ဖြည့်ကျင့်ဖို့ရန် မစွမ်းနိုင်သော အချိန်အခါကာလ၌ ပါဠိတော်ဥဒ္ဒေသကို သင်ယူခြင်း ကိုလည်း ပြု၏၊ ဓုတင် ကျင့်ဝတ်ပဋိပတ်ကိုလည်း ဆောက်တည် ကျင့်သုံး၏။ ဝိပဿနာပညာစသည့် ပညာနှင့် ပြည့်စုံလာခြင်း, ကာယဗလစွမ်းအား ဉာဏဗလစွမ်းအားနှင့် ပြည့်စုံလာခြင်း, ကုသိုလ်တရား တို့၌ ကြိုးစားအားထုတ်မှု လုံ့လဝီရိယနှင့် ပြည့်စုံလာခြင်းကြောင့် ကုသိုလ်တရားတို့ကို ဆက်လက် ကြိုးစားအားထုတ်ဖို့ရန် စွမ်းနိုင်သော အချိန်ကာလ၌ မိမိရရှိထားပြီးသည့် သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာထက် သာလွန် မြင့်မြတ်သော အထက်အထက်သော တရားထူး တရားမြတ်ကို ရရှိဖို့ရန် လိုက်နာပြုကျင့်မှုကား မရှိပေ။ ဤသို့လျှင် မိမိရရှိထားသမျှသော သဒ္ဓါစသော တရားတို့၌ ကျေနပ်ကာ ရပ်တည်နေသောပုဂ္ဂိုလ်ကို ပေါ်လာပြီးနောက် ရပ်တည်နေသောပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်ပေသည်။ (အံ၊ဋီ၊၃၊၁၅၄။) ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ရည်ရွယ်တော်မူ၍ ဘုရားရှင်က ဥဒကူပမာသုတ္တန်တွင် ဤသို့ ဟောကြားထားတော်မူ၏ ---

ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီးလျှင် ရပ်တည်နေသနည်း? ရဟန်းတို့ ...ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏၊ ဟိရီတရားသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပတရားသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ထိုပုဂ္ဂိုလ်၏ ထိုသဒ္ဓါတရားသည် မဆုတ်ယုတ်၊ မတိုးပွား၊ တည်မြဲတိုင်း တည်တံ့ ရပ်တည်နေ၏။ ထိုပုဂ္ဂိုလ်၏ ထိုဟိရီတရားသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုဩတ္တပ္ပတရားသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုဝီရိယသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုပညာတရားသည် မဆုတ်ယုတ်၊ မတိုးပွား၊ တည်မြဲတိုင်း တည်တံ့ ရပ်တည်နေ၏။ ရဟန်းတို့ ...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီးလျှင် ရပ်တည်နေ၏။ (အံ၊၂၊၄၀၄။)

ဘုရားရှင်သည် အောက်တွင် ဆက်လက်တင်ပြမည့် အမှတ် (၄)ပုဂ္ဂိုလ်မှစ၍ အရိယာသူတော်ကောင်းတို့ကို ရည်ညွှန်းကာ ဟောကြားထားတော်မူသဖြင့် ဤအမှတ် (၃)ပုဂ္ဂိုလ်စာရင်းတွင် လောကီစျာန်သမာပတ် (၈)ပါးတို့ကို ရရှိတော်မူကြသည့် စျာနလာဘီ ပုထုဇန်သူတော်ကောင်းများ, သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဉာဏ်တို့တွင် အချို့အချို့သော ဝိပဿနာဉာဏ်တို့ကို ရရှိတော်မူကြသည့် ပုထုဇန်သူတော်ကောင်းများလည်း ပါဝင်ကြပေသည်။ အထက်အထက်ဖြစ်သော သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် စသည် တို့ကို ရအောင် အားမထုတ်ကြဘဲ မိမိတို့ ရရှိထားသမျှသော စျာနသမ္မာဒိဋ္ဌိပညာ, ဝိပဿနာသမ္မာဒိဋ္ဌိပညာမျှနှင့် ကျေနပ်ရောင့်ရဲနေသူများလည်း ပါဝင်ကြပေသည်။ စျာန်တရားနှင့် ဝိပဿနာဉာဏ်တို့ကို မရရှိသော်လည်း သီလကို ဖြူဖြူစင်စင် ဖြည့်ကျင့်ကာ ဓုတင်ကျင့်ဝတ် ပဋိပတ်တို့ကို ဆောက်တည် ကျင့်သုံးလျက် ရှိကြကုန်သော ပရိယတ္တိ ဗဟုဿုတပညာမျှနှင့် ကျေနပ်ရောင့်ရဲ နေကြကုန်သော ပုထုဇန် သူတော်ကောင်းတို့လည်း ပါဝင်ကြပေသည်။ ဩဃတရဏသုတ္တန် (သံ၊၁၊၁။) နည်းအရ ပြောဆိုရပါမူ ထိုပုဂ္ဂိုလ်တို့သည်လည်း သံသရာ ဝဲဩဃရေယဉ်ကြောတွင် အခိုက်အတန့်အားဖြင့် မျောပါနေကြသူများပင် ဖြစ်ကြပေသည်။ သူတို့ ပြုစုပျိုးထောင်ထားသည့် သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာတည်းဟူသော လောကီပုညာဘိသင်္ခါရ ကုသိုလ်တရားတို့က ထိုထိုသုဂတိဘုံဘဝ ရေယဉ်ကြော၌ ထိုကဲ့သို့ မျောနေအောင် တည်ထောင် ဖန်ဆင်းပေးထားသောကြောင့်ပင် ဖြစ်ပေသည်။

၄။ ပေါ်လာပြီးလျှင် ထိုထိုဤဤ ကြည့်ရှုနေသောပုဂ္ဂိုလ်

ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီး၍ ကြည့်ရှုသနည်း? ထိုမှ ဤမှ ကြည့်ရှုသနည်း? ရဟန်းတို့ ...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏၊ ဟိရီတရားသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပတရားသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် ---

၁။ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ အတ္တဟု စွဲလမ်းယုံကြည်သော သက္ကာယဒိဋ္ဌိသံယောဇဉ်,

၂။ ရတနာသုံးတန်, သိက္ခာသုံးရပ် အကျင့်မြတ်, အတိတ်ဘဝ = အတိတ်ခန္ဓာ, အနာဂတ်ဘဝ = အနာဂတ်ခန္ဓာ, အတိတ် အနာဂတ်ဘဝ = အတိတ် အနာဂတ်ခန္ဓာ, ကံ-ကံ၏ အကျိုးတရားရှိမှုကို ထင်ရှားဖော်ပြသည့် ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာသံယောဇဉ်,

၃။ နွားအကျင့် - ခွေးအကျင့် စသည်ဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏, သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်၏ဟု ယုံမှားသောအားဖြင့် သုံးသပ်တတ်သော သီလဗ္ဗတပရာမာသ သံယောဇဉ်တည်းဟူသော ---

သုံးပါးကုန်သော သံယောဇဉ် = အနှောင်အဖွဲ့တို့၏ အကြွင်းမဲ့ ကုန်ဆုံးသွားခြင်းကြောင့် အပါယ်ဘုံသို့ ကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိသော သောတာပန်ပုဂ္ဂိုလ် ဖြစ်၏။ ရဟန်းတို့ ...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီး၍ ကြည့်ရှု၏၊ ထိုမှ ဤမှ ကြည့်ရှု၏။ (အံ၊၂၊၄၀၄။)

သောတာပတ္တိမဂ္ဂသမ္မာဒိဋ္ဌိ = မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသော အရိယာသူတော်ကောင်းသည် သဒ္ဓါစသော ကုသိုလ်တရားတို့၌ ပေါ်လာပြီးနောက် = ပထမမဂ်ဉာဏ် ဆိုက်သည်တိုင်အောင် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာပြီးနောက် ထိုမှ ဤမှ ကြည့်ရှု၏ဟူသည် အဘယ်သို့ ကြည့်သနည်းဟု မေးရန်ရှိ၏။ အဘိဓမ္မာဝိဘင်းပါဠိတော် ဉာဏ်ဝိဘင်း (အဘိ၊၂၊၃၄၈-၃၄၉။)၌ ဤသို့ လာရှိ၏ ---

သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသော သောတာပန် ပုဂ္ဂိုလ်သည် ဘုံသုံးပါးအတွင်း၌ တည်ရှိသော တစ်စုံတစ်ခုသော တေဘူမကသင်္ခါရတရားကို ---

၁။ နိစ္စအားဖြင့် စွဲယူကပ်ရောက်ရာသော အကြောင်းသည် မရှိ။

၂။ ဧကန္တသုခီ အတ္တာ ဟောတိ အရောဂေါ ပရမ္မရဏာ။ (မ၊၃၊၁၈-၂၂။) = အတ္တသည် သေပြီးသည်၏နောက်၌ အနာရောဂါမရှိ စင်စစ် ချမ်းသာ၏ဟု သုခအားဖြင့် စွဲယူကပ်ရောက်ရာသော အကြောင်းသည် မရှိ။

၃။ တစ်စုံတစ်ခုသော ဓမ္မကို အတ္တအားဖြင့် စွဲယူကပ်ရောက် ရာသော အကြောင်းသည် မရှိ။

၄။ အမိကို သတ်ရာသော အကြောင်းမရှိ။

၅။ အဖကို သတ်ရာသော အကြောင်းမရှိ။

၆။ ရဟန္တာပုဂ္ဂိုလ်အား သတ်ရာသော အကြောင်းမရှိ။

၇။ ပစ်မှားသော စိတ်ဖြင့် ဘုရားရှင်အား သွေးစိမ်းတည်စေရာ သော အကြောင်းမရှိ။

၈။ သံဃာကို သင်းခွဲရာသော အကြောင်းမရှိ။

၉။ ဘုရားရှင်မှ တစ်ပါးသော သာသနာပပုဂ္ဂိုလ်တို့အား ကိုယ်းကွယ်အားထားရာ ဆရာအဖြစ် ရည်ညွှန်းရာသော အကြောင်းမရှိ။

၁၀။ ရှစ်ကြိမ်မြောက်ဖြစ်သော ဘဝကို ဖြစ်စေရာသော အကြောင်းသည် မရှိ။ (အဘိ၊၂၊၄၄၈-၄၄၉။)

ပုထုဇ္ဇနော ဟိ ယံ ယံ နိစ္စံ သုခံ အတ္တာတိ ဂဏှာတိ၊ တံ တံ အရိယသာဝကော အနိစ္စံ ဒုက္ခံ အနတ္တာတိ ဂဏှန္တော ဂါဟံ ဝိနိဝေဌေတိ။ (အဘိ၊ဋ္ဌ၊၂၊၄၀၆။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ကျမ်းဂန် အဆိုအမိန့်များနှင့်အညီ ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသည့် သင်္ခါရ တရားတို့ကို သောတာပန် အရိယာသူတော်ကောင်းသည် --- အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု ထိုထို ဤဤ ကြည့်ရှုတတ်ပေသည်။ ထိုကဲ့သို့ ကြည့်ရှုတတ်သောကြောင့်ပင် နိယတော သဗ္ဗောဓိပရာယဏော (အံ၊၂၊၃၀၄။) ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိသောပုဂ္ဂိုလ်ဟု အထက်ပါ ဥဒကူပမာသုတ္တန် စသည်တို့တွင် ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။

၁။ နောက်ထပ် တစ်ဘဝသာ ပဋိသန္ဓေတည်နေရပြီး ယင်းဘဝတွင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရမည့် ဧကဗီဇိသောတာပန်,

၂။ နှစ်ဘဝမှ ခြောက်ခုမြောက် ဘဝအတွင်း တစ်ခုခုသောဘဝ၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရမည့် ကောလံကောလ သောတာပန်,

၃။ ခုနစ်ခုမြောက်သောဘဝ၌ ကိန်းသေဧကန် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရမည့် သတ္တက္ခတ္တုပရမသောတာပန်,

ဤသို့လျှင် သောတာပန်အရိယာသူတော်ကောင်း သုံးမျိုး သုံးစား ရှိပေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၁၁။)

ထိုပုဂ္ဂိုလ် သုံးမျိုးလုံးတို့သည်ပင် အထက်ဖော်ပြပါ တစ်ခုသော ဘဝ၌ ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော ပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။ တစ်စုံတစ်ယောက်သော သောတာပန်အရိယာ ပုဂ္ဂိုလ်သည်ကား ခုနစ်ဘဝတို့၏ ကိန်းသေမြဲသော သဘောမည်သည် မရှိ။ (သောတာပန်အားလုံးသည် ခုနစ်ဘဝ အမြဲနေရမည်ဟု ဆိုလိုသည်မဟုတ်ဟူပေ။) သောတာပန်အရိယာသာဝက တစ်ဦးသည် တစ်စုံတစ်ခုသော အခြင်းအရာ အာကာရအားဖြင့် နုံ့နှေးသော ပညာရှိသည် ဖြစ်သော်လည်း ရှစ်ကြိမ်မြောက်ဘဝသို့ မရောက်ဘဲ အကြားကာလ တစ်ခုသော ဘဝ၌သာလျှင် ပရိနိဗ္ဗာန် ပြုရ၏။ သံသရာဝဋ်၌ ပျော်မွေ့သော ဒါယကာတော် သိကြားမင်းကြီးနှင့်တူသော ဘုံစဉ်စံ သောတာပန်ပုဂ္ဂိုလ်သော်မှလည်း သောတာပန် ဖြစ်ပြီးနောက် ခုနစ်ခုသော ဘဝသို့သော်လည်း ရောက်ရှိသွား၏။ ယင်းခုနစ်ခုမြောက်သော ဘဝ၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် သမထ-ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့၌ မေ့မေ့လျော့လျော့ နေထိုင်နေသော သောတာပန်ပင် ဖြစ်သော်လည်း ဝိပဿနာဉာဏ်သည် ရင့်ကျက်ခြင်းသို့ ရောက်ရှိသွား၏၊ အနည်းငယ်မျှသော အာရုံ၌ သော်လည်း ငြီးငွေ့မှု = နိဗ္ဗိန္ဒဉာဏ်သို့ ဆိုက်ရောက်ကာ ကိလေသာ အပူမီး ငြိမ်းအေးခြင်းသို့ ရောက်ရှိသွား၏။ (အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွား၏။) ထိုသောတာပန် သူတော်ကောင်း၏ ခုနစ်ခုမြောက်သော ဘဝ၌ အိပ်ပျော်ခြင်းသို့ သက်ရောက်နေစဉ်မှာသော်လည်းကောင်း, ရန်သူပုဂ္ဂိုလ်ကို ကျောပေးကာ ခရီးသွားနေစဉ်မှာသော်လည်းကောင်း နောက်မှရပ်ကာ ထက်လှစွာသော ဓားဖြင့် တစ်စုံ တစ်ယောက်သော သူကပင် ဦးခေါင်းကို ခုတ်ဖြတ်ကာ မြေသို့ ကျရောက်စေငြားအံ့၊ ရေထဲ၌မူလည်း နှစ်သတ်ငြားအံ့၊ ထိုသောတာပန် သူတော်ကောင်း၏ ဦးထိပ်ထက်၌ မိုးကြိုးစက်ဝန်းသော်လည်း ကျရောက်လာငြားအံ့၊ ဤကဲ့သို့သဘောရှိသော အချိန်ကာလ၌သော်လည်း နောက်ထပ်တစ်ဖန် ပဋိသန္ဓေ တည်နေရခြင်းသဘော ရှိသော သေရခြင်းမည်သည် မရှိသည်သာ ဖြစ်၏၊ အရဟတ္တဖိုလ် ဆိုက်ရောက်ပြီးမှသာလျှင် ပရိနိဗ္ဗာန် စံရ၏။ ထို့ကြောင့် ဘုရားရှင်က အဋ္ဌမံ ဘဝံ နိဗ္ဗတ္တေယျ၊ နေတံ ဌာနံ ဝိဇ္ဇတိ = ရှစ်ကြိမ်မြောက်ဘဝကို ဖြစ်စေငြားအံ့၊ ဤအကြောင်းအရာသည် မရှိသည်သာတည်း (အဘိ၊ ၂၊၃၄၉။)ဟု ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၁၁။)

ထိုကဲ့သို့ ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိခြင်းသဘောတရားကို အဘယ်တရားက မြဲစေပါသနည်း? ရှေးအတိတ် ပါရမီအကြောင်းတရားကပင် မြဲစေသလော? သို့မဟုတ် မိမိရရှိထားပြီးသည့် သောတာပတ္တိအရိယမဂ်တရားကပင် မြဲစေသလော? သို့မဟုတ် မိမိ ရလတ္တံ့သော အထက်မဂ်သုံးပါးကပင် မြဲစေပါသလော? ဤသို့ မေးရန် ရှိ၏။

ဤသဘောတရားကား သမ္မာသမ္ဗုဒ္ဓဘုရားရှင်က အမည်နာမပညတ်ကို ထုတ်ယူဆောင်ကာ ပညတ်တင်ကာ ဟောကြားထားတော် မူအပ်သော အမည်နာမမျှသာ ဖြစ်ပေသည်။ ကိန်းသေမြဲသော ပုဂ္ဂိုလ်မည်သည် မရှိပါ။

မှန်ပေသည် --- ရှေးအတိတ်ဘဝ ထိုထိုက ပြုစုပျိုးထောင်ခဲ့သော ပါရမီအကြောင်းတရားက ဤသဘောတရားကို မြဲစေပါသည်ဟု ပြောဆိုခဲ့သော် ထိုပါရမီအကြောင်းတရားက အထက်မဂ်သုံးပါးတို့၏ အားကြီးသော မှီရာ ဥပနိဿယအကြောင်းတရားကို ပြောဆိုအပ်သည်ပင် ဖြစ်၏။ သောတာပတ္တိမဂ်ဟူသော ပထမအရိယမဂ်၏ အားကြီးသော မှီရာ ဥပနိဿယအကြောင်းတရား ထင်ရှားမရှိမှု သဘောသည် ရောက်ရှိလာ၏။ ဤသို့လျှင် ထိုပထမမဂ်၏ အတိတ်က ပြုစုပျိုးထောင်ခဲ့သော ပါရမီတည်းဟူသော ဟေတုအကြောင်းတရား, ပစ္စယအကြောင်းတရား မရှိဘဲ ဖြစ်ပေါ်လာခြင်းသဘောသို့ ဆိုက်ရောက်သွားပြန်၏။ မိမိ ရရှိထားပြီးသည့် သောတာပတ္တိမဂ်တရားကပင် ရှစ်ကြိမ်မြောက်ဘဝ၌ ပဋိသန္ဓေ မနေမှုတည်းဟူသော ယင်းသဘောတရားကို မြဲစေပါသည်ဟု ပြောဆိုခဲ့မည် ဆိုလျှင်လည်း အထက်မဂ်သုံးပါးတို့က ပြုလုပ်ဖွယ်လုပ်ငန်းကိစ္စ မရှိသလို ဖြစ်သွားကုန်ပြန်၏။ ပထမမဂ်ကသာလျှင် ယင်းသဘောတရားကို ရွက်ဆောင် ပေးသည့် လုပ်ငန်းကိစ္စရှိသည့်သဘော ဖြစ်နေပြန်၏။ ယင်းသို့ ဖြစ်လျှင် ပထမမဂ်ကသာလျှင် ကိလေသာတို့ကို ကုန်ခန်းစေပြီးနောက် ပရိနိဗ္ဗာန်စံရမည့်သဘော ဖြစ်နေ၏။ တစ်ဖန် အထက်မဂ်သုံးပါးတို့ကသာလျှင် ယင်းသဘောတရားကို မြဲစေကြပါသည်ဟု ပြောဆို ပြန်လျှင်လည်း ပထမမဂ်က ပြုလုပ်စရာ လုပ်ငန်းကိစ္စ မရှိသလို ဖြစ်သွားပြန်၏။ အထက်မဂ်သုံးပါးတို့ကသာလျှင် ယင်းသဘောတရားကို ပြုလုပ်နိုင်သည့် လုပ်ငန်းကိစ္စ ရှိကြသည့် တရားတို့ ဖြစ်ကြပြန်၏။ ယင်းသို့ဖြစ်လျှင် ပထမမဂ်ကို မဖြစ်စေဘဲ အထက်မဂ်သုံးပါးတို့ကိုသာ ဖြစ်စေထိုက်ကုန်သည် ဖြစ်ကြပြန်၏။ ယင်းသို့ဖြစ်လျှင် ပထမမဂ် မဖြစ်ဘဲသာလျှင် ပထမမဂ်ဖြင့် ပယ်သတ်ရမည့် ကိလေသာတို့သည် ကုန်ခန်းသွားကြသည် ဖြစ်ကုန်ရာ၏။

ထို့ကြောင့် အခြားတစ်စုံတစ်ခုသော အကြောင်းတရားက မြဲစေသည်မဟုတ်။

ဥပရိ တိဏ္ဏံ မဂ္ဂါနံ ဝိပဿနာဝ နိယာမေတိ။ (အဘိ၊ဋ္ဌ၊၂၊၄၁၀။)

အထက်မဂ်သုံးပါးတို့၏ ဝိပဿနာကသာလျှင် ရှစ်ကြိမ်မြောက်ဘဝ၌ ပဋိသန္ဓေမနေရခြင်းဆိုသည့် ယင်းသဘောတရားကို မြဲစေပါသည်ဟူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၁၀။)

၁။ အကယ်ဤ ထိုသောတာပန်အရိယာသူတော်ကောင်းတို့က အထက်မဂ်သုံးပါးတို့ကို ရရှိရန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ရာ၌ ယင်းပုဂ္ဂိုလ်တို့၏ ဝိပဿနာဉာဏ်တို့က ထက်ထက် မြက်မြက် ရဲရဲရင့်ရင့်ဖြစ်ကာ ဝိပဿနာလုပ်ငန်းခွင်ကို ရွက်ဆောင်သွားခဲ့သည် ဖြစ်ငြားအံ့၊ တစ်ခုသော အနာဂတ်ဘဝကိုသာ ဖြစ်စေပြီးနောက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ပရိနိဗ္ဗာန်ပြုရမည်ဖြစ်၏။ ဧကဗီဇိသောတာပန် ဖြစ်ပေသည်။

၂။ ထိုထက်နုံ့သော ဝိပဿနာဉာဏ်ပညာရှိသော သောတာပန်အရိယာသူတော်ကောင်းသည်ကား ဒုတိယမြောက်ဘဝ၌သော်လည်းကောင်း, တတိယမြောက်ဘဝ၌သော်လည်းကောင်း, စတုတ္ထ = လေးခုမြောက်ဘဝ၌သော်လည်းကောင်း, ပဉ္စမ = ငါးခုမြောက် ဘဝ၌သော်လည်းကောင်း, ဆဋ္ဌ = ခြောက်ခုမြောက်ဘဝ၌သော်လည်းကောင်း, အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ပရိနိဗ္ဗာန်ပြုရမည် ဖြစ်၏။ ကောလံကောလသောတာပန် ဖြစ်ပေသည်။

၃။ ယင်းအထက်ဖော်ပြပါ သောတာပန်ပုဂ္ဂိုလ် အားလုံးတို့အောက် နုံ့သော ဝိပဿနာဉာဏ်ပညာရှိသော သောတာပန်အရိယာ သူတော်ကောင်းသည်ကား ခုနစ်ခုမြောက်သောဘဝကို ဖြစ်စေပြီးနောက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ပရိနိဗ္ဗာန်ပြုရမည့်ပုဂ္ဂိုလ် ဖြစ်ပေသည်။ ရှစ်ကြိမ်မြောက်ဘဝ၌ ပဋိသန္ဓေ တည်နေရမှု သဘောတရားသည်ကား ထင်ရှား မရှိတော့ပေ။ သတ္တက္ခတ္တုပရမသောတာပန် ဖြစ်ပေသည်။

ဤသို့လျှင် ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်း ရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟူသော ဤသဘောတရားကား သမ္မာသမ္ဗုဒ္ဓဘုရားရှင်က အမည်နာမပညတ်ကို ထုတ်ယူဆောင်ကာ ပညတ်တင်ကာ ဟောကြားထားတော်မူအပ်သော အမည်နာမပညတ်မျှသာ ဖြစ်ပေသည်။ ကိန်းသေမြဲသော ပုဂ္ဂိုလ်မည်သည် မရှိပါ။ (ပရမတ္ထသစ္စာနယ်၌ ပုဂ္ဂိုလ် သတ္တဝါကား မရှိ၊ အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်သည့် ရုပ်နာမ်အစုအပုံမျှသာ ရှိသောကြောင့် ဖြစ်ပေသည်။) (အဘိ၊ဋ္ဌ၊၂၊၄၁၀-၄၁၁။)

ဤအထက်ပါ ကျမ်းဂန် အဆိုအမိန့်များအရ သောတာပန် အရိယာသူတော်ကောင်းတို့သည် သောတာပန်ဖြစ်တော်မူပြီး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက် စီးဖြန်းတော်မူကြသည်သာ ဖြစ်ပေသည်။ အထက်ပါ သောတာပန်သုံးမျိုးတို့တွင် အရှင်အာနန္ဒာ ကိုယ်တော်မြတ် စသည့် သူတော်ကောင်းများကဲ့သို့ ပစ္စက္ခဘဝမှာပင် အရဟတ္တဖိုလ်ဆိုက်မည့် သူတော်ကောင်းများကား မပါဝင်ကြပေ။ မည်သည့် သောတာပန်မဆို သောတာပန်အားလုံးတို့သည် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကြသည်သာ ဖြစ်ကြပေသည်။


ဝိပဿနာဉာဏ်၏ အရှုခံအာရုံ

အရိယသစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား နှစ်မျိုးတို့ကား သံသရာဝဋ်ကို လည်ပတ်စေတတ်သည့် ဝဋ္ဋသစ္စာ တရားနှစ်ပါးတို့ ဖြစ်ကြ၏။ နိရောဓသစ္စာ, မဂ္ဂသစ္စာ တရားနှစ်ပါးတို့ကား သံသရာဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်သည့် ဝိဝဋ္ဋသစ္စာ တရားနှစ်ပါးတို့ ဖြစ်ကြ၏။

တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။(အဘိ၊ဋ္ဌ၊၂၊၁၀၉။)

ထိုဝဋ္ဋသစ္စာ, ဝိဋ္ဋသစ္စာ နှစ်မျိုးတို့တွင် ယောဂါဝစရရဟန်းတော်သည် ဝဋ္ဋသစ္စာ တရားနှစ်ပါး၌သာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရမည် ဖြစ်ပေသည်။ ဝိဝဋ္ဋသစ္စာတရား နှစ်ပါး၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရန် မရှိပေ။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

ဤကျမ်းဂန် အဆိုအမိန့်များအရ ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားတို့သည် ဝိပဿနာဉာဏ်ဖြင့် ဝိပဿနာ ရှုပွားသုံးသပ် ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြပေသည်။ ယင်းတရားတို့ကား အကြောင်းတရား ထင်ရှားရှိကြသော သပ္ပစ္စယတရားတို့ ဖြစ်ကြ၏။ မိမိတို့ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားများက အညီအညွတ် ပေါင်းစု၍ ပြုပြင်ပါမှ ဖြစ်ပေါ်လာကြရသော သင်္ခါရဓမ္မ = သင်္ခါရတရားတို့ ဖြစ်ကြ၏။ ယင်းသင်္ခါရဓမ္မတို့ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြပေသည်။


ဝိပဿနာဟူသည်

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

ဤအထက်ပါ အဋ္ဌကထာ၏ ရှင်းလင်းဖွင့်ဆိုချက်နှင့်အညီ ဒုက္ခသစ္စာ, သမုဒယသစ္စာဟူသည့် သင်္ခါရဓမ္မတို့ကို အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု အထူးအထူးသော အခြင်းအရာ = အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ရှုပွားသုံးသပ်တတ်သော ဉာဏ်သည် ဝိပဿနာဉာဏ် မည်ပေသည်။


ဒုက္ခသစ္စာတရား

ယင်းသို့ဖြစ်လျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် ဒုက္ခသစ္စာတရားဟူသည် အဘယ်နည်းဟု မေးရန်ရှိ၏။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။)

= လိုရင်း တိုရှင်းကို ပြောရသော် ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရားဖြစ်သည်ဟု ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် -- ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတည်းဟူသော ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရား ဖြစ်ပေသည်။

ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။)

ဤသို့ စသော ခန္ဓသုတ္တန်ဒေသနာတော်များနှင့်အညီ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ(=အတွင်း), ဗဟိဒ္ဓ(=အပ), ဩဠာရိက(=အကြမ်း), သုခုမ(=အနု), ဟီန(=အယုတ်), ပဏီတ(=အမြတ်), ဒူရ(=အဝေး), သန္တိက(=အနီး)ဟု ဆိုအပ်သော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေကြသော အာသဝေါတရားတို့၏ အာရုံဖြစ်ကုန်သော တဏှာဒိဋ္ဌိက ငါ-ငါ့ဟာဟု စွဲလမ်းအပ်ကုန်သော ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့သည် ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတို့ အသီးအသီး ဖြစ်ကြပေသည်။

ယင်း အတိတ်, အနာဂတ်, ပစ္စုပ္ပန် စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာတရားတို့ ဖြစ်ကြ၏။ ယင်းဒုက္ခသစ္စာတရားတို့ကား အမှတ် (၁) ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြသည်။ ဝိပဿနာ ရှုရမည့် တရားများ ဖြစ်ကြပေသည်။


သမုဒယသစ္စာဟူသည်

အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။) ၌ --- အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားကို သမုဒယသစ္စာဟု ဟောကြားထားတော်မူခဲ့၏။

ထိုဒေသနာတော်ကား ---

အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။

ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။)

ဤသို့ စသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး(ပဋိသံ၊၅၀။)ကို ကိုးကား၍ ဖွင့်ဆိုထားတော်မူသော အဋ္ဌကထာ အဖွင့်များနှင့်အညီ ---

အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတည်းဟူသော သမုဒယသစ္စာ အကြောင်းတရားကြောင့် ပစ္စုပ္ပန်တွင် ဝိညာဏ်, နာမ်-ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော အကျိုး ဒုက္ခသစ္စာတရားများ ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတည်းဟူသော သမုဒယသစ္စာ အကြောင်းတရားကြောင့် အနာဂတ်တွင် ဝိညာဏ်, နာမ်-ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော ဒုက္ခသစ္စာ အကျိုးတရားများ ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှုရန် ညွှန်ထားတော်မူသော ဒေသနာတော် ဖြစ်ပေသည်။

ထိုတွင် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကား အကြောင်း သမုဒယသစ္စာတရားတို့ ဖြစ်ကြ၏။ ဝိညာဏ်, နာမ်-ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ကား အကျိုး ဒုက္ခသစ္စာတရားတို့ ဖြစ်ကြ၏။

ဤရှင်းလင်းတင်ပြထားသော ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတို့ကား ဝိပဿနာဉာဏ်ဖြင့် အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု လက္ခဏာရေး သုံးတန်သို့တင်ကာ ရှုပွားသုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ သင်္ခါရဓမ္မတို့ ဖြစ်ကြ၏။ သောတာပန်ဖြစ်တော်မူကြပြီးသော ပဉ္စဝဂ္ဂီငါးဦးတို့သည် အထက်မဂ်, အထက်ဖိုလ် သုံးပါးတို့ကို ရရှိရေးအတွက် --- အနတ္တလက္ခဏသုတ္တန် ဒေသနာတော်နည်း အတိုင်း အတိတ်, အနာဂတ်, ပစ္စုပ္ပန် စသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို လက္ခဏာရေး သုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တော်မူကြသကဲ့သို့, အလားတူပင် သောတာပန်အရိယာသူတော်ကောင်း ဖြစ်ပြီးသော ပုဂ္ဂိုလ်တစ်ယောက်သည်လည်း အထက်မဂ်သုံးပါး, အထက်ဖိုလ်သုံးပါးတို့ကို ရရှိရေးအတွက် ထိုရှေးရှေး နောင်တော့် နောင်တော် ဖြစ်တော်မူကြကုန်သော မထေရ်မြတ်ကြီးတို့ ကျင့်သုံးသွားတော်မူသည့် ရှေးထုံးဟောင်းကို အတုယူကာ ---

၁။ ရံခါ အတိတ်ခန္ဓာငါးပါး,

၂။ ရံခါ အနာဂတ်ခန္ဓာငါးပါး,

၃။ ရံခါ ပစ္စုပ္ပန်ခန္ဓာငါးပါး, ထိုတွင်လည်း -----

၄။ ရံခါ အဇ္ဈတ္တခန္ဓာငါးပါး,

၅။ ရံခါ ဗဟိဒ္ဓခန္ဓာငါးပါး, ထိုတွင်လည်း -----

၆။ ရံခါ ဩဠာရိကခန္ဓာငါးပါး,

၇။ ရံခါ သုခုမခန္ဓာငါးပါး,

၈။ ရံခါ ဟီနခန္ဓာငါးပါး,

၉။ ရံခါ ပဏီတခန္ဓာငါးပါး,

၁၀။ ရံခါ ဒူရခန္ဓာငါးပါး,

၁၁။ ရံခါ သန္တိကခန္ဓာငါးပါး, ထိုတွင်လည်း -----

၁၂။ ရံခါ ရုပ်တရား,

၁၃။ ရံခါ ဝေဒနာတရား,

၁၄။ ရံခါ သညာတရား,

၁၅။ ရံခါ စေတသိက် သင်္ခါရတရား,

၁၆။ ရံခါ အသိစိတ် = ဝိညာဏ်တရား, ထိုတွင်လည်း -----

၁၇။ ရံခါ ရုပ်တရား,

၁၈။ ရံခါ (ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်) = နာမ်တရား။

ဤသင်္ခါရတရား အသီးအသီးကို ---

၁။ ရံခါ အနိစ္စလက္ခဏာသို့ တင်၍ အနိစ္စဟု,

၂။ ရံခါ ဒုက္ခလက္ခဏာသို့ တင်၍ ဒုက္ခဟု,

၃။ ရံခါ အနတ္တလက္ခဏာသို့ တင်၍ အနတ္တဟု ---

ဤသို့ လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်အပ်ပေသည်။ ယင်းသို့ ရှုပွားသုံးသပ်ပါမှ ဝိပဿနာဉာဏ်တို့ကလည်း အထက်အထက် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရနိုင်လောက်အောင် ရင့်ကျက်လာပါမှ အထက်မဂ်ဖိုလ်သို့ ဆိုက်ရောက်မည် ဖြစ်ပေသည်။ ဤကဲ့သို့ ဝိပဿနာဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်ပုံ အပိုင်းကို ရည်ရွယ်တော်မူကာ ဘုရားရှင်က ဥဒကူပမာသုတ္တန်တွင် ပေါ်လာပြီးလျှင် ထိုထို ဤဤ ကြည့်ရှုနေသောပုဂ္ဂိုလ်ဟု ဟောကြားတော်မူခြင်း ဖြစ်ပေသည်။


၅။ ပေါ်လာပြီးလျှင် ကူးခတ်နေသောပုဂ္ဂိုလ်

ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီးလျှင် ကူးခတ်နေသနည်း? ရဟန်းတို့ ...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏၊ ဟိရီတရားသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပတရားသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် (သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသတည်း ဟူသော) သုံးပါးကုန်သော သံယောဇဉ် အနှောင်အဖွဲ့တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် ရာဂ, ဒေါသ, မောဟတို့၏ ခေါင်းပါးသည်၏ အဖြစ်ကြောင့် တစ်ကြိမ်သာလျှင် ကာမဘုံသို့ ပြန်လာ၍ သံသရာဝဋ်ဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုသော သကဒါဂါမ်ဖြစ်၏။ (အံ၊၂၊၄၀၄။)


သကဒါဂါမ်ပုဂ္ဂိုလ် (၅)မျိုး

၁။ ဤလူ့ပြည် လူ့လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ ဤလူ့ပြည် လူ့လောက၌ပင် ပရိနိဗ္ဗာန်စံရသည့် သကဒါ ဂါမ်ပုဂ္ဂိုလ်,

၂။ ဤလူ့ပြည် လူ့လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ နတ်ပြည် နတ်လောက (+ဗြဟ္မာ့ပြည် ဗြဟ္မာ့လောက)၌ ပရိနိဗ္ဗာန်စံရသည့် သကဒါဂါမ်ပုဂ္ဂိုလ်,

၃။ နတ်ပြည် နတ်လောက၌ (+ဗြဟ္မာ့ပြည် ဗြဟ္မာ့လောက)၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ ယင်းနတ်ပြည် နတ်လောက၌ (+ဗြဟ္မာ့ပြည် ဗြဟ္မာ့လောက)၌ပင် ပရိနိဗ္ဗာန်စံ ရသည့် သကဒါဂါမ်ပုဂ္ဂိုလ်,

၄။ ကာမာဝစရ နတ်ပြည် နတ်လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ ဤလူ့ပြည် လူ့လောက၌ ပဋိသန္ဓေအားဖြင့် ကပ်ရောက် ဖြစ်ပေါ်ပြီးနောက် ဤလူ့ပြည် လူ့လောကမှာပင် ပရိနိဗ္ဗာန်စံရသည့် သကဒါဂါမ်ပုဂ္ဂိုလ်,

၅။ ဤလူ့ပြည် လူ့လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ ကာမာဝစရ နတ်ပြည် နတ်လောက၌ အသက်ထက်ဆုံး နေပြီးလျှင် တစ်ဖန် ဤလူ့ပြည် လူ့လောကသို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်ကာ ဤလူ့ပြည် လူ့လောက၌ပင် ပရိနိဗ္ဗာန်စံရသည့် သကဒါဂါမ်ပုဂ္ဂိုလ် ---

ဤသို့အားဖြင့် သကဒါဂါမ်ပုဂ္ဂိုလ် ငါးမျိုး ရှိပေသည်။ ထိုပုဂ္ဂိုလ် ငါးမျိုးတို့တွင် အမှတ် (၅)ပုဂ္ဂိုလ်ကို ပဓာနနည်းအားဖြင့် ရည်ညွှန်းကာ သကဒါဂါမ်ဟူသော အမည်ဖြင့် ဟောကြားထားတော်မူပေသည်။ (အဘိ၊ဋ္ဌ၊၃၊၄၈။ မဟာဋီ၊၂၊၅၃၁။)

ကိလေသာ ခေါင်းပါးမှု

အားကောင်းမောင်းသန်သော ကာမရာဂ, ဗျာပါဒတို့၏ ခေါင်းပါးမှုကို အဘယ်သို့သော အကြောင်းဖြင့် သိအပ်ပါသနည်းဟူမူ---

၁။ ရံခါ ကြိုးကြား ကြိုးကြားသာ ဖြစ်သဖြင့်လည်းကောင်း,

၂။ စိတ်အစဉ်တွင် ဥပါဒ်-ဌီ-ဘင် အနေဖြင့် ထင်ထင်ရှားရှား ထကြွဖြစ်ပေါ်လာမှု ပရိယုဋ္ဌာနသဘော၏ နုံ့သည်၏ အဖြစ်, အားပျော့သည်၏ အဖြစ်ဖြင့်လည်းကောင်း ---

ဤနှစ်မျိုးကုန်သော အကြောင်းတို့ဖြင့် ကာမရာဂ, ဗျာပါဒတို့၏ ခေါင်းပါးသည်၏အဖြစ်, ကျဲပါးသည်၏အဖြစ်, သေးသိမ် နုံ့ညံ့သည်၏ အဖြစ်ကို သိအပ်ပေ၏ဟူပေ။ သံသရာဝဋ်သို့ အစဉ်လမ်းလျှောက်နေသော လူများစု၏ သန္တာန်၌ ကိလေသာတို့သည် အမြဲမပြတ် ဖြစ်နေကြကုန်သကဲ့သို့ သကဒါဂါမ်ပုဂ္ဂိုလ်အား ကိလေသာတို့သည် အမြဲမပြတ် မဖြစ်ကြကုန်။ ရံခါ ရံခါ ကြိုးကြား ကြိုးကြား၌သာလျှင် ကျဲသော, ပါးသော အခြင်းအရာရှိကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကုန်၏။ ထိုသို့ ရံခါ ကြိုးကြား ကျဲပါးသော အခြင်းအရာအားဖြင့် ဖြစ်ကုန် သော်လည်း နှိမ်နင်းကုန်လျက်, ဖုံးလွှမ်းကုန်လျက်, အမိုက်မှောင်ကို ပြုကုန်လျက် အရမ်းမဲ့ မဖြစ်ပေါ်လာကြကုန်။ စင်စစ်အားဖြင့်သော် ကား သောတာပတ္တိမဂ်, သကဒါဂါမိမဂ်တည်းဟူသော နှစ်ပါးသော အရိယမဂ်တရားတို့ဖြင့် ပယ်ရှားထားအပ်ပြီးသည်၏ အဖြစ်ကြောင့် အလွန် နုံ့ကုန်သည်, ကျဲပါးသော အခြင်းအရာ ရှိကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏။ ဤသို့ဖြစ်မှုကို ကြည့်၍ ခေါင်းပါးမှုကို သိရှိပါလေ။ (မဟာဋီ၊၂၊၄၈၇)


၆။ ပေါ်လာပြီးလျှင် ထောက်တည်ရာသို့ ရောက်ရှိသွားသောပုဂ္ဂိုလ်

ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီးလျှင် ထောက်တည်ရာသို့ ရောက်ရှိသွားသနည်း? ရဟန်းတို့ ...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏၊ ဟိရီတရားသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပတရားသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် ---

၁။ သက္ကာယဒိဋ္ဌိသံယောဇဉ်,

၂။ ဝိစိကိစ္ဆာသံယောဇဉ်,

၃။ သီလဗ္ဗတပရာမာသသံယောဇဉ်,

၄။ ကာမရာဂသံယောဇဉ်, ( = ကာမဘုံ၌ တွယ်တာသော သံယောဇဉ်)

၅။ ပဋိဃသံယောဇဉ် (= စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းမှု ဒေါသ သံယောဇဉ်)ဟူသော ---

အောက်ပိုင်း ကာမဘုံကို ဆွဲငင်တတ်ကုန်သော အောက်ပိုင်း သံယောဇဉ် အနှောင်အဖွဲ့ ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ကိုယ်ထင်ရှား ဘွားကနဲဖြစ်သည့် ဥပပတ်ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုမည့် ထိုဘုံမှ အောက်ကာမဘုံသို့ ပြန်လည်ခြင်း သဘောမရှိသူ အနာဂါမ်ဖြစ်၏။ ရဟန်းတို့ ...ဤသို့လျှင် ထိုပုဂ္ဂိုလ်သည် ထောက်တည်ရာသို့ ရောက်ရှိသွား၏။ (အံ၊၂၊၄၀၄။)

ထိုအနာဂါမ် အရိယာသူတော်ကောင်းသည် ပဋိသန္ဓေ၏ အစွမ်း ဖြင့်သာ ထိုဗြဟ္မာ့ပြည်မှ ဤကာမဘုံသို့ မလာခြင်းသဘော ရှိ၏၊ ဘုရားအား ဖူးမြော်ရန်, တရားတော်ကို နာယူရန်ဟူသော အကျိုးတရားများ အတွက်ကား ဤလူ့လောက အပါအဝင်ဖြစ်သော ကာမလောကသို့ လာရောက်သည်သာ ဖြစ်ပေသည်။ သနင်္ကုမာရဗြဟ္မာတို့ ကဲ့သို့ သုဓမ္မာသဘင်တွင် တရားဟောရန်အတွက်လည်း ကာမလောကသို့ လာရောက်သည်သာ ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၈၈-၄၈၉။)


အနာဂါမ်ပုဂ္ဂိုလ် ငါးမျိုး

ထိုအနာဂါမ်ပုဂ္ဂိုလ်သည် ကိလေသာတို့မှ ကွင်းလုံးကျွတ် လွတ်မြောက်သော အရဟတ္တဖိုလ် ဝိမုတ္တိဉာဏ်ကို ရင့်ကျက်စေတတ် ကုန်သော သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတည်းဟူသော ဣန္ဒြေတို့၏ ထက်သည်, နုံ့သည် = ရင့်သည်, နုသည်၏ အစွမ်းဖြင့် ---

၁။ အန္တရာပရိနိဗ္ဗာယီအနာဂါမ်,

၂။ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်,

၃။ အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်,

၄။ သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်,

၅။ ဥဒ္ဓံသောတော အကနိဋ္ဌဂါမိအနာဂါမ်-ဟု ငါးမျိုး ရှိပေသည်။ (အံ၊၂၊၄၅၀-၄၅၂။ ဝိသုဒ္ဓိ၊၂၊၃၅၂။ သံ၊၃၊၁၇၇။၃၃၀။)

၁။ အန္တရာပရိနိဗ္ဗာယီ = သုဒ္ဓါဝါသငါးဘုံတို့တွင် တစ်ဘုံဘုံ၌ ပဋိသန္ဓေအားဖြင့် ကပ်ရောက် တည်နေပြီးနောက် သက်တမ်းအပိုင်း အခြား အလယ်သို့ မရောက်မူ၍သာလျှင် = သက်တမ်းတစ်ဝက် မကြိုးမီမှာပင် ကိလေသပရိနိဗ္ဗာန်အားဖြင့် ပရိနိဗ္ဗာန်ပြုရမည့် = အရဟတ္တဖိုလ်ဆိုက်ရောက်မည့် အနာဂါမ်ပုဂ္ဂိုလ်သည် အန္တရာပရိနိဗ္ဗာယီအနာဂါမ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၃၅၂။)

၂။ ဥပဟစ္စပရိနိဗ္ဗာယီ = သက်တမ်း အပိုင်းအခြား၏ အလယ်ကို လွန်ပြီးမှ = သက်တမ်းတစ်ဝက်ကျော်ပြီးမှ ကိလေသပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုရမည့် = အရဟတ္တဖိုလ်ဆိုက်ရောက်မည့် အနာဂါမ်ပုဂ္ဂိုလ်သည် ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၃၅၂။)

၃။ အသင်္ခါရပရိနိဗ္ဗာယီ = သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတည်းဟူသော ဣန္ဒြေငါးပါးတို့က ထက်မြက်နေသောကြောင့် လွန်လွန် ကဲကဲ အပြင်းအထန် ကြိုးစားအားထုတ်မှု လုံ့လပယောဂနှင့် ကင်းသော ဝိပဿနာအကျင့်ဖြင့် = ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်း အထန် လွန်လွန်ကဲကဲ အားမထုတ်ရဘဲ သက်သာ လွယ်ကူ ချောမောသော ဝိပဿနာအကျင့်ဖြင့် အရဟတ္တမဂ်တည်းဟူသော အထက်မဂ်ကို ဖြစ်စေနိုင်သော အနာဂါမ်ပုဂ္ဂိုလ်သည် အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၃၅၂။)

၄။ သသင်္ခါရပရိနိဗ္ဗာယီ = ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို လွန်လွန်ကဲကဲ ပြင်းပြင်းထန်ထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှု လုံ့လပယောဂ ရှိပါမှ ယင်းလုံ့လပယောဂ ဝီရိယ၏ အားပေးထောက်ပံ့ မှုရှိသော ဝိပဿနာအကျင့်ဖြင့် အရဟတ္တမဂ်တည်းဟူသော အထက်မဂ်ကို ဖြစ်စေနိုင်သော အနာဂါမ်ပုဂ္ဂိုလ်သည် သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၃၅၂။) (သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတည်းဟူသော ဣန္ဒြေတို့က နုံ့နေသည့်အတွက်ကြောင့် ပင်ပင် ပန်းပန်း ခက်ခက်ခဲခဲ ငြိုငြိုငြင်ငြင် ဆင်းဆင်းရဲရဲဖြင့် အရဟတ္တမဂ်ကို ဖြစ်စေနိုင်ခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၅၃၂။)

၅။ ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ = အဝိဟာ, အတပ္ပာ, သုဒဿာ, သုဒဿီ, အကနိဋ္ဌဟူ၍ သုဒ္ဓါဝါသ ငါးဘုံရှိ၏။ ထိုတွင် ထိုက်သင့်ရာ အဝိဟာစသည့် သုဒ္ဓါဝါသဘုံ တစ်ခုခုတွင် အနာဂါမ်အရိယာသူတော်ကောင်းသည် ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေရ၏။ ရှေးဦး ပဋိသန္ဓေဖြစ်ရာ ထိုဘုံမှ အထက်အထက် ဘုံ၌ ထပ်မံ ပဋိသန္ဓေ နေသောအခါ အကနိဋ္ဌဘုံသို့တိုင်အောင် တက်ရောက်ကာ ပဋိသန္ဓေ တည်နေရ၏။ ထိုအကနိဋ္ဌဘုံ၌ ကိလေသပရိနိဗ္ဗာန် ဝင်စံရသော အနာဂါမ်ပုဂ္ဂိုလ်သည် ဥဒ္ဓံသောတော အကနိဋ္ဌဂါမီအနာဂါမ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၃၅၂။ သံ၊၃၊၁၇၇။၃၃၀။)


ဥဒ္ဓံသောတ အကနိဋ္ဌဂါမိစတုက္က

အနာဂါမ်သူတော်ကောင်းတို့၏ ထူးထွေကွဲပြားမှုကို သိရှိနိုင်ရန် အနာဂါမိစတုက္ကကို သိထားသင့်ပေသည် ---

၁။ ဥဒ္ဓံသောတော အကနိဋ္ဌဂါမိ = အနာဂါမ်အရိယာသူတော်ကောင်း တစ်ဦးသည်ကား အဝိဟာဘုံမှစ၍ ပဋိသန္ဓေ ယူပြီးနောက် အတပ္ပာဘုံ, သုဒဿာဘုံ, သုဒဿီဘုံတို့၌ အစဉ်အတိုင်း ပဋိသန္ဓေ တည်နေပြီးနောက် အကနိဋ္ဌဘုံသို့ တစ်ဖန် ပဋိသန္ဓေအားဖြင့် ကပ်ရောက် တည်နေကာ ထိုအကနိဋ္ဌဘုံမှာပင် ကိလေသပရိနိဗ္ဗာန် ဝင်စံတော်မူ၏ = အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။ (ဤသူတော် ကောင်းမျိုးကိုပင် ရည်ရွယ်တော်မူကာ ဘုံစဉ်စံ အရိယာသူတော်ကောင်းဟု ခေါ်စမှတ်ပြုလေသည်။) ဤကဲ့သို့သော အနာဂါမ် သူတော်ကောင်းသည်ကား ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ် = အထက်အထက်သော သုဒ္ဓါဝါသဘုံသို့ တက်ရောက်ပြီးနောက် အကနိဋ္ဌဘုံသို့ တိုင်အောင် ရောက်ရှိသွားသော အနာဂါမ် ပုဂ္ဂိုလ်ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၃၊၄၉။ မဟာဋီ၊၂၊၅၃၂။)

၂။ ဥဒ္ဓံသောတော န အကနိဋ္ဌဂါမိ = အနာဂါမ်အရိယာသူတော်ကောင်း တစ်ဦးသည်ကား အဝိဟာ, အတပ္ပာ, သုဒဿာဟူသော အောက် သုဒ္ဓါဝါသ သုံးဘုံ၌ အစဉ်အတိုင်း တစ်ဘုံပြီး တစ်ဘုံ ပဋိသန္ဓေကို ယူပြီးနောက် စတုတ္ထမြောက် သုဒဿီဗြဟ္မာ့ပြည်၌ ပဋိသန္ဓေကို ယူပြန်၏။ ထိုသုဒဿီဘုံ၌ ရပ်တည်ကာ ကိလေသပရိနိဗ္ဗာန် ဝင်စံလေ၏။ ထိုအနာဂါမ်ပုဂ္ဂိုလ်သည်ကား ဥဒ္ဓံသောတော န အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ် = အထက်အထက်သော သုဒ္ဓါဝါသဘုံသို့ကား တက်ရောက်၏၊ သို့သော် အကနိဋ္ဌဘုံသို့ မရောက်ရှိသော အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၃၊၄၉-၅၀။ မဟာဋီ၊၂၊၅၃၂။)

၃။ န ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ = အနာဂါမ်အရိယာသူတော်ကောင်း တစ်ဦးသည် ဤကာမဘုံမှ အကနိဋ္ဌဘုံသို့သာလျှင် ပဋိသန္ဓေ အားဖြင့် ကပ်ရောက်တည်နေပြီးနောက် ထိုအကနိဋ္ဌဘုံမှာပင် ကိလေသပရိနိဗ္ဗာန် ဝင်စံတော်မူ၏။ ထိုအနာဂါမ်ပုဂ္ဂိုလ်သည်ကား န ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ် = အထက်အထက်သော သုဒ္ဓါဝါသဘုံတို့သို့ အစဉ်အတိုင်းမသွားဘဲ အကနိဋ္ဌဘုံသို့သာ တိုက်ရိုက်ရောက်ရှိသွားသော အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၃၊၅၀။ မဟာဋီ၊၂၊၅၃၂။)

၄။ န ဥဒ္ဓံသောတော န အကနိဋ္ဌဂါမီ = အကြင် အနာဂါမ် အရိယာသူတော်ကောင်း တစ်ဦးသည်ကား အဝိဟာ, အတပ္ပာ, သုဒဿာ, သုဒဿီဟူသော အောက် သုဒ္ဓါဝါသ လေးဘုံတို့တွင် တစ်ဘုံဘုံ၌ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေပြီးနောက် ထိုပဋိသန္ဓေ ယူရာဘုံ၌ပင်လျှင် ကိလေသပရိနိဗ္ဗာန် ဝင်စံတော်မူ၏။ ထို အနာဂါမ်ပုဂ္ဂိုလ်မျိုးကား န ဥဒ္ဓံသောတော န အကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ် = အထက်အထက်သော သုဒ္ဓါဝါသဘုံတို့သို့ တစ်ဘုံပြီး တစ်ဘုံ မတက်ရောက်တော့ဘဲ အကနိဋ္ဌဘုံသို့လည်း ရောက်အောင် မသွားသော အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၃၊၅၀။မဟာဋီ၊၂၊ ၅၃၂။)

ဤအနာဂါမ်အရိယာသူတော်ကောင်း အားလုံးကိုပင် ဘုရားရှင်က ဥဒကူပမာသုတ္တန်၌ ပေါ်လာပြီးလျှင် ထောက်ရာတည်ရာသို့ ရောက်ရှိသွားသောပုဂ္ဂိုလ်ဟု ဟောကြားထားတော်မူပေသည်။

ဩဃတရဏသုတ္တန် (သံ၊၁၊၁။) ဒေသနာတော်နည်းအရ ပြောဆိုရမူ ဤသောတာပန်, သကဒါဂါမ်, အနာဂါမ် အရိယာသူတော်ကောင်းတို့ကား ဩဃလေးဖြာ သံသရာရေယဉ်ကြောအတွင်း၌ မြုပ်နေသော ပုဂ္ဂိုလ်တို့လည်း မဟုတ်ကြပေ။ မျောနေသော ပုဂ္ဂိုလ်တို့လည်း မဟုတ်ကြပေ။ ဩဃလေးဖြာ သံသရာရေယဉ်ကြောမှ လွတ်ရန် ထိုမှာဘက်ကမ်းသို့ ရောက်ရန် ကူးခတ်နေဆဲ သူတော်ကောင်းတို့သာ ဖြစ်ကြပေသည်။ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်နေဆဲ = သေက္ခအရိယာသူတော်ကောင်းတို့သာ ဖြစ်နေကြသောကြောင့် ဖြစ်၏။ တစ်နည်းတစ်ဖုံအားဖြင့် ပြောဆိုရပါမူ ဩဃလေးဖြာ သံသရာရေပြင်ကျယ်ကြီးကို လေးပုံ ပုံလိုက်ပါက သောတာပန် အရိယာသူတော်ကောင်းသည် တစ်ပုံ ကူးခတ်လွန်မြောက်ပြီးသူ ဖြစ်၏။ သို့မဟုတ် နှစ်ဆယ့်ငါးရာခိုင်နှုန်း ကူးခတ် လွန်မြောက်ပြီးသူ ဖြစ်၏။ သကဒါဂါမ်အရိယာသူတော်ကောင်းကား လေးပုံတွင် နှစ်ပုံ = ထက်ဝက် ကူးခတ်လွန်မြောက်ပြီးသူ ဖြစ်၏။ သို့မဟုတ် ငါးဆယ်ရာခိုင်နှုန်း ကူးခတ်လွန်မြောက်ပြီးသူ ဖြစ်၏။ အနာဂါမ်အရိယာသူတော်ကောင်းကား လေးပုံတွင် သုံးပုံ ကူးခတ် လွန်မြောက်ပြီးသူ ဖြစ်၏။ တစ်နည်းပြောဆိုရပါမူ ခုနစ်ဆယ့်ငါး ရာခိုင်နှုန်း ကူးခတ်လွန်မြောက်ပြီးသူ ဖြစ်ပေသည်။

သို့သော် အနာဂါမ်အရိယာသူတော်ကောင်း ရောက်ရှိသွားသော ဩဃလေးဖြာ သံသရာရေပြင်ကျယ်ကား အင်္ဂုတ္တရဋီကာ (အံ၊ဋီ၊၃၊ ၁၅၅။) အဖွင့်အရ ပြောဆိုရပါမူ ခါး ပမာဏမျှလောက်သာ နက်ရှိုင်းသော ရေရှိရာအရပ်သို့ ရောက်ရှိနေသဖြင့် ထိုရေပြင်အတွင်း၌ စိတ်အေးလက်အေး ရပ်တည်နေနိုင်သောအဆင့်, မတ်တပ်ရပ်လျက်ပင် နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ လျှောက်သွားနိုင်သော အဆင့်သို့ ရောက်ရှိနေပေသည်။ ထို့ကြောင့် ဘုရားရှင်က အနာဂါမ် အရိယာသူတော်ကောင်းကို ဥဒကူပမာသုတ္တန်တွင် --- ပေါ်လာပြီးနောက် ထောက်တည်ရာသို့ ရောက်ရှိသွားသော ပုဂ္ဂိုလ်ဟု ဟောကြားသွားတော်မူခြင်း ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်ကား ဤမှာဘက်ကမ်းတည်းဟူသော နောက်ကြောင်းသို့ တစ်ဖန် ဘယ်သောအခါမျှ မပြန်တော့သော ပုဂ္ဂိုလ်တည်း။


၇။ ပေါ်လာပြီးနောက် ကမ်းတစ်ဘက်သို့အရောက် ကူးမြောက် ပြီးသော ကြည်းကုန်းထက်၌ ရပ်တည်နေသောပုဂ္ဂိုလ်

ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီး၍ ကူးမြောက်ပြီးသူ ကမ်းတစ်ဘက်သို့ ရောက်ပြီးသူ (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ ရပ်တည်၍ မကောင်းမှု ဟူသမျှကို အပပြုအပ်ပြီးသူ ဖြစ်သနည်း? ရဟန်းတို့ ...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏၊ ဟိရီတရားသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပတရားသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် ကိလေသာအာသဝေါတရားတို့၏ ကုန်ဆုံးသွားခြင်းကြောင့် ကိလေသာအာသဝေါတရား ကင်းသော, ကိလေသာအာသဝေါတရားတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာအာသဝေါတရားတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုမျက်မှောက်ဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်ရှိ၍ နေပေ၏။ ရဟန်းတို့ ...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ပေါ်လာပြီး၍ ကူးမြောက်ပြီးသူ, ကမ်းတစ်ဘက်သို့ ရောက်ပြီးသူ, နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌ ရပ်တည်နေသူ, မကောင်းမှုဟူသမျှကို အပပြုအပ်ပြီးသူ ဖြစ်ပေ၏။ (အံ၊၂၊၄၀၄-၄၀၅။)

ရဟန်းတို့ ...လောက၌ ရေဥမာရှိကုန်သော ဤပုဂ္ဂိုလ် ခုနစ်မျိုးတို့သည် ထင်ရှားရှိကြကုန်၏ဟု မိန့်ကြားတော်မူ၏။ (အံ၊၂၊၄၀၅။)

ဥဒကူပမာသုတ္တန်ကား ဤတွင် ပြီးဆုံးသွားပြီ ဖြစ်ပေသည်။ ဤသုတ္တန်တွင် ပုဂ္ဂိုလ် ခုနစ်မျိုးတို့ကို ရေဥပမာဖြင့် ထင်ရှားပြကာ ဘုရားရှင်က ဟောကြားထားတော်မူပေသည်။ ဤနေရာတွင် အင်္ဂုတ္တရ ဋီကာဆရာတော်က ခြေလျင်ကုန်သည်များ ဥပမာဖြင့် သုတ္တန်၏ အဓိပ္ပာယ်ကို အောက်ပါအတိုင်း ရှင်းလင်း ဖွင့်ဆိုထားပေသည် ---


ခြေလျင်ကုန်သည်များ ဥပမာ

ခုနစ်ဦးကုန်သော ခြေလျင်ကုန်သည်တို့သည် အဓွန့်ရှည်သော လမ်းခရီးတစ်ခုကို သွားကြကုန်သည်ရှိသော် လမ်းခရီးအကြား တစ်နေရာတွင် ရေပြည့်နေသော မြစ်ကြီးတစ်ခုသို့ ဆိုက်ရောက်သွားကြ၏။ ထိုသူတို့တွင် ရှေးဦးစွာ မြစ်တွင်းသို့ သက်ဆင်းလိုက်သော သူကား ရေကြောက်တတ်သော ယောက်ျား ဖြစ်နေ၏။ ထိုသူသည် မြစ်ရေအတွင်းသို့ သက်ဆင်းလိုက်မိသော နေရာ၌ပင်လျှင် ရေထဲသို့ နစ်မြုပ်သွားသဖြင့် တစ်ဖန် ပြန်လည် ရပ်တည်ခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။ မချွတ်ဧကန်အားဖြင့် ငါးလိပ်တို့၏ အစားအစာသာ ဖြစ်သွားခဲ့ရ၏။

ဒုတိယ မြစ်ရေအတွင်းသို့ သက်ဆင်းလိုက်သော သူကား မြစ်ရေအတွင်းသို့ သက်ဆင်းမိရာနေရာ၌ ရေထဲသို့ မြုပ်သွားပြီးနောက် ရေထဲမှ ရေပေါ်သို့ တစ်ကြိမ် ထလာခဲ့၏, ပေါ်လာခဲ့၏။ သို့သော် နောက်တစ်ကြိမ် ထပ်မံ နစ်မြုပ်သွားသည်ရှိသော်ကား ရေပေါ်သို့ တစ်ဖန် ထလာခြင်းငှာ, ပေါ်လာခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။ မြစ်ရေ အတွင်းမှာပင် ငါးလိပ်တို့၏ အစားအစာသာ ဖြစ်သွားခဲ့ရ၏။

တတိယမြောက် မြစ်ရေအတွင်းသို့ သက်ဆင်းသွားသော သူသည်ကား ရေထဲသို့ မြုပ်သွားပြီးနောက် ရေပေါ်သို့ တစ်ဖန် ပြန်ပေါ်လာသည်ရှိသော် ထပြီး ဆက်လက် ကူးခတ်လေရာ မြစ်၏ အလယ်သို့တိုင်အောင် ဆိုက်ရောက်သွားခဲ့၏။ သို့သော် မြစ်အလယ်သို့ ဆိုက်ရောက်သွားသော်လည်း ထိုမြစ်လယ်မှာပင် ရပ်တန့်နေကာ ဤမှာဘက်ကမ်းသို့ ပြန်လာဖို့ရန်လည်း မစွမ်းနိုင်၊ ထိုမှာဘက်ကမ်းသို့ ဆက်လက် ကူးခတ်သွားဖို့ရန်လည်း မစွမ်းနိုင် ဖြစ်နေပေသည်။

စတုတ္ထမြောက် မြစ်ရေအတွင်းသို့ သက်ဆင်းကာ ကူးခတ်သွားသော သူသည်ကား ရေထဲသို့ မြုပ်သွားပြီးနောက် ရေထဲမှ တစ်ဖန် ပြန်ပေါ်လာသည်ရှိသော် ထပြီး ဆက်လက် ကူးခတ်လေရာ တစ်နေရာတွင် ရပ်လျက် မိမိ ကူးတက်သွားရမည့် ဆိပ်ကမ်းကို လှမ်းကြည့်နေလေသည်။

ပဉ္စမမြောက် ပုဂ္ဂိုလ်ကား မိမိ ကူးတက်သွားရမည့် ဆိပ်ကမ်းကို လှမ်းမြော်ကြည့်လျက် ရပ်တည်မနေဘဲ ဆက်လက် ကူးခတ်လေသည်။

ဆဋ္ဌ = ခြောက်ယောက်မြောက် ပုဂ္ဂိုလ်ကား ထို မိမိ ကူးတက်သွားရမည့် ဆိပ်ကမ်းကို မြင်ရ၍ ထိုမှာဘက်ကမ်း ဆိပ်ကမ်းသို့ အရောက်သွားလေသော် ခါးပမာဏမျှရှိသော ရေထဲ၌ ရပ်တည် နေ၏။

သတ္တမ = ခုနစ်ယောက်မြောက် ပုဂ္ဂိုလ်ကား ထိုမှာဘက်ကမ်းသို့ ချောချောမောမော ဆိုက်ရောက်သွားကာ နံ့သာမှုန့် စသည်တို့ဖြင့် ရေချိုး၍ မွန်မြတ်ကောင်းမွန်သော အဝတ်ပုဆိုး စသည်တို့ကို ဝတ်ဆင်လျက် အမွှေးနံ့သာ လိမ်းကျံကာ ကြာညိုပန်း စသည့် ပန်းတို့ကို ပန်ဆင်ပြီးနောက် အမျိုးမျိုးသော တန်ဆာတို့ဖြင့် လှပအောင် တန်ဆာဆင်ထားသော မြို့ကြီးအတွင်းသို့ ဝင်ရောက်ကာ ပြာသာဒ်ထက် တက်ပြီးလျှင် မွန်မြတ်သော ဘောဇဉ်ကို စားသုံးလေသည်။

ထိုဥပမာစကားရပ်၌ ခြေလျင်ကုန်သည် ခုနစ်ဦးတို့ကဲ့သို့ ဤဥဒကူပမာသုတ္တန်တွင် ဟောကြားတော်မူအပ်သော ခုနစ်မျိုးသော ပုဂ္ဂိုလ်တို့ကို မှတ်သားပါလေ။ မြစ်ရေပြင်ကျယ်ကဲ့သို့ သံသရာဝဋ်ဒုက္ခ ဝဲဩဃရေအယဉ်ကို မှတ်သားပါလေ။

ပထမဦးဆုံး မြစ်ရေအတွင်းသို့ သက်ဆင်းသွားသော, ရေကို ကြောက်တတ်သော ယောက်ျား၏ မြစ်ရေအတွင်းသို့ ဆင်းသက်မိရာ အရပ်ဌာန၌ပင် နစ်မြုပ်သွားခြင်းနှင့် နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသော ပုထုဇန်ငမိုက်သား၏ အပါယ်သံသရာ ဝဲဩဃရေယဉ်ကြောအတွင်း၌ ဦးခေါင်း မပေါ်နိုင်လောက်အောင် နစ်မြုပ်နေခြင်းသည် တူညီပေသည်။

ရေပေါ်သို့ ပေါ်လာပြီးနောက် တစ်ဖန် နစ်မြုပ်သွားသော ပုဂ္ဂိုလ်နှင့် သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာတရားတို့ ဖြစ်ပေါ်လာကာမျှဖြင့် ပေါ်လာပြီးနောက် ထိုတရားတို့၏ ဆုတ်ယုတ်သွားခြင်းကြောင့် နစ်မြုပ်သွားသော ပုဂ္ဂိုလ်သည် တူညီနေပေသည်။

မြစ်ရေယဉ်အလယ်၌ ရပ်တည်နေသောပုဂ္ဂိုလ်နှင့် သဒ္ဓါစသော တရားတို့၏ တည်တံ့ခြင်းဖြင့် ရပ်တည်နေသောပုဂ္ဂိုလ်သည် တူညီနေပေသည်။

မိမိ ကူးတက်ရမည့် ဆိပ်ကမ်းကို လှမ်းမြော်ကြည့်နေသော သူနှင့် သောတာပန်ပုဂ္ဂိုလ်သည် တူညီနေပေသည်။

မိမိ ကူးတက်သွားရမည့် ဆိပ်ကမ်းကို တွေ့မြင်နေရသဖြင့် ယင်းဆိပ်ကမ်းသို့ ရောက်အောင် ကူးခတ်နေသော ယောက်ျားနှင့် ကိလေသဝဋ်, ကာမဝဋ် ဝဲဩဃရေယဉ်မှ ကျော်လွှား လွန်မြောက်သွားရန် ကူးခတ်နေသော သကဒါဂါမ်ပုဂ္ဂိုလ်သည် တူညီပေသည်။

ကူးတက်ရမည့် ဆိပ်ကမ်းကို လှမ်းမြော်ကြည့်ကာ မြစ်ရေယဉ်ကြောကို ကူးခတ်ပြီးနောက် ခါးပမာဏမျှလောက်ရှိသော ရေထဲ၌ ရပ်တည်နေသော ပုဂ္ဂိုလ်နှင့် ကာမာဝစရ သံသရာတည်းဟူသော ဤမှာဘက်ကမ်းသို့ တစ်ဖန် ပဋိသန္ဓေအားဖြင့် ပြန်လည်လာခြင်း သဘော မရှိသော အနာဂါမ်ပုဂ္ဂိုလ်နှင့် တူညီပေသည်။ ဤပုဂ္ဂိုလ်ကား ထိုမှာဘက်ကမ်းသို့ ရောက်ခါနီးနေသဖြင့် သက်သက်သာသာ လမ်းလျှောက်သွားရုံသာရှိသော ပုဂ္ဂိုလ်မျိုးတည်း။ ဤမှာ ဘက်ကမ်းတည်းဟူသော ကာမာဝစရ သံသရာကို တွယ်တာမက်မောနေသည့် ကာမတဏှာကို ကျော်လွှား လွန်မြောက်ပြီးဖြစ်သော ဤမှာဘက်ကမ်းကို လှည့်ကြည့် လှည့်ကြည့်ဖြင့် လွမ်းဆွတ် တသ နေသူမျိုးကား မဟုတ်တော့ပေ။ ကာမ (၁၁)ဘုံမှ အလွတ်ကြီးလွတ်ကာ အကျွတ်ကြီး ကျွတ်ပြီးသူပင် ဖြစ်ပေသည်။ အလွန် ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှသော အမိဝမ်းတွင်း၌ ပဋိသန္ဓေ တည်နေရခြင်းသဘောမှလည်း ကွင်းလုံးကျွတ် လွတ်မြောက်ရပြီးသူ ဖြစ်ပေသည်။

ရေချိုးပြီးနောက် ထိုမှာဘက်ကမ်းသို့ ကူးတက်ကာ ကြည်းကုန်းထက်၌ တည်နေသော ယောက်ျားနှင့် ဩဃလေးဖြာ သံသရာဝဲဩဃ ရေယဉ်တို့ကို ကူးခတ်လွန်မြောက်ပြီးနောက် နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌ ရပ်တည်နေသော ကိလေသာအာသဝေါတရား ကင်းစင်တော်မူသည့် ကိလေသာတို့မှ အပြီးတိုင် စင်ကြယ်သွားခြင်းကြောင့် မကောင်းမှုဟူသမျှတို့ကို အပပြုအပ်ပြီးသည့် ဝိသုဒ္ဓိဗြဟ္မဏအစစ် အဖြစ်ကြီး ဖြစ်တော်မူသော ရဟန္တာသခင် အရှင်မြတ်သည် တူညီပေသည်။ ကြည်းကုန်းထက်၌ ရပ်တည်နေရသော ယောက်ျား၏ မြို့တွင်းသို့ ဝင်ရောက်ကာ ပြသာဒ်ထက်သို့ တက်၍ မွန်မြတ်သော ဘောဇဉ်ကို စားသုံးသကဲ့သို့ ကိလေသာအာသဝေါ လျောကျကင်းကွာတော်မူသည့် ရဟန္တာသခင် အရှင်မြတ်၏ မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ အရဟတ္တဖိုလ် ဖလသမာပတ်ကို ဝင်စားတော်မူလျက် အရဟတ္တဖိုလ် ဖလသမာပတ် အငြိမ်းဓာတ် အရသာမြတ်ကြီးကို သုံးဆောင်ခံစားတော်မူလျက် တန်ဖိုးရှိသော အချိန်ကို ကုန်လွန်စေခြင်းကို သိရှိအပ်ပေသည်။ (အံ၊ဋီ၊၃၊၁၅၄-၁၅၅။)


ဩဃလေးဖြာ သံသရာ ရေပြင်ကျယ်

ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃဟု ဩဃလေးပါး ရှိ၏။ ကာမ (၁၁)ဘုံ၌ = ကာမ (၁၁)ဘုံအတွင်းရှိ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကား, တစ်နည်းဆိုရသော် ကာမဘဝ၌ တွယ်တာမက်မောနေသော တဏှာတရားကား ကာမောဃ = ကာမဝဲဩဃမည်၏။ ရူပဘဝ, အရူပဘဝ၌ တွယ်တာမက်မောနေသော ရူပရာဂ, အရူပရာဂ = ရူပတဏှာ, အရူပတဏှာကား ဘဝေါဃ = ဘဝဝဲဩဃမည်၏။ နိယတမိစ္ဆာဒိဋ္ဌိနှင့်တကွသော မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ အမျိုး မျိုးကား ဒိဋ္ဌောဃ = ဒိဋ္ဌိဝဲဩဃမည်၏။ သိသင့်သိထိုက်သော သစ္စာလေးရပ် တရားမြတ်ကို ဟုတ်တိုင်းမှန်စွာ မသိဘဲ မသိသင့် မသိထိုက်သည့် ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ စသည်ဖြင့် အသိမှားနေခြင်းသဘောသည်ကား အဝိဇ္ဇောဃ = အဝိဇ္ဇာဝဲဩဃ မည်၏။

သတ္တဝါတို့ကား အဝိဇ္ဇာနှင့် တဏှာတို့၏ စွမ်းအင်ဖြင့် ထိုထို ဘုံဘဝ၌ ရပ်တည်နေကြရ၏။ သစ္စာလေးပါး အမှန်တရားကို မသိမှု၊ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ စသည်ဖြင့် အသိမှားမှု အဝိဇ္ဇာကို အခြေတည်၍ ထိုယောက်ျားဘဝ, မိန်းမဘဝ, လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝတို့ကို တွယ်တာမက်မောမှု တဏှာတရား ထင်ရှား ဖြစ်ပေါ်လာရ၏။ ထိုအဝိဇ္ဇာနှင့် တဏှာအပေါ်၌ အခြေတည်လျက်, ရပ်တည်လျက် ထိုထိုဘုံဘဝသို့ ရောက်ကြောင်း ဖြစ်သည့် ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရဟု ခေါ်ဆိုအပ်သည့် ဘဝသစ်ကို ဖြစ်ပေါ်လာအောင် စီမံဆောင်ရွက်ပေးတတ်သည့် အဘိသင်္ခါရအမည်ရသည့် ကံတရားတို့ကို ထူထောင်ကြ၏။ ထိုအဘိသင်္ခါရတရားတို့ကြောင့် သံသရာဝဲဩဃရေယဉ်ကြော၌ အမျောကြီး မျောပါနေကြရခြင်း ဖြစ်၏။ ထိုသို့ မျောနေရာ၌ သစ္စာလေးပါး အမှန်တရားကို မသိသေးသမျှ ကာလပတ်လုံး ယင်းခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို အစွဲပြု၍ နိစ္စ-သုခ-သုဘ-အတ္တ စသည်ဖြင့် နှလုံးသွင်းမှားမှု = ယင်းခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု နှလုံးမသွင်းတတ်မှု = အယောနိသော မနသိကာရကို အကြောင်းခံကာ အသစ်အသစ်သော အဝိဇ္ဇာ, အသစ် အသစ်သော တဏှာတရားတို့လည်း ထပ်ကာထပ်ကာ တိုးပွားနေကြရသည်သာ ဖြစ်၏။ ထိုအသစ်အသစ်သော အဝိဇ္ဇာ, တဏှာတို့ အပေါ်၌ ရပ်တည်ကာ ဒိဋ္ဌောဃ စသည် အကုသိုလ်သင်္ခါရတရားတို့ကိုလည်း မသူတော်တို့နှင့် ပေါင်းဖော်မိသဖြင့် ထူထောင်မိကြပြန်၏။ ဒါန, သီလ, သမထ-ဝိပဿနာ အစဖြာသည့် ကုသိုလ်အဘိသင်္ခါရတရားတို့ကိုလည်း သူတော်ကောင်းတို့နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခွင့် ရသောအခါ ထပ်မံ ထူထောင်ကြပြန်၏။ သို့သော် မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိသည့်တိုင်အောင် မထူထောင်နိုင်သေးပါက ယင်းကုသိုလ်အဘိသင်္ခါရ, အကုသိုလ်အဘိသင်္ခါရတရားတို့ကြောင့် သံသရာဝဲဩဃ ရေယဉ်ကြောတွင် ဆက်လက်ကာ မျောနေကြရဦးမည်သာ ဖြစ်ပေသည်။

ထိုသို့ သံသရာဝဲဩဃ ရေယဉ်ကြော၌ မျောပါနေရသူတို့တွင် ဤ ဥဒကူပမာသုတ္တန်တွင် ဘုရားရှင် ဟောကြားထားတော်မူသော အမှတ် (၁) ပုဂ္ဂိုလ်ဖြစ်သည့် --- တစ်ကြိမ် နစ်မြုပ်သွားသော် နစ်မြုပ်၍သာ နေသောပုဂ္ဂိုလ်သည်ကား ဒိဋ္ဌောဃရေယဉ်ကြောတွင် အမျောကြီး မျောမိသဖြင့် အပါယ်သံသရာတွင် အမြုပ်ကြီး မြုပ်နေရသည့် ပုဂ္ဂိုလ်ပင် ဖြစ်ပေသည်။

အမှတ် (၂) ပုဂ္ဂိုလ်ဖြစ်သည့် --- ပေါ်လာပြီးလျှင် တစ်ဖန် နစ်မြုပ်သွားသောပုဂ္ဂိုလ်သည်လည်း ကာမောဃရေယဉ်ကြောတွင် အမျောကြီး မျောခဲ့သဖြင့် အပါယ်သံသရာ ရေယဉ်ကြောတွင် အမြုပ်ကြီး မြုပ်နေသူပင် ဖြစ်ပေသည်။

အမှတ် (၃)ဖြစ်သည့် --- ပေါ်လာပြီးလျှင် ရပ်တည်နေသော ပုဂ္ဂိုလ်, အမှတ် (၄)ဖြစ်သည့် --- ပေါ်လာပြီးလျှင် ထိုထိုဤဤ ကြည့်ရှု နေသောပုဂ္ဂိုလ်, အမှတ် (၅)ဖြစ်သည့် --- ပေါ်လာပြီးလျှင် ကူးခတ် နေသောပုဂ္ဂိုလ် --- ဤပုဂ္ဂိုလ် သုံးမျိုးတို့တွင် အချို့ကား ကာမောဃ ရေယဉ်ကြောတွင်, စျာနလာဘီ = စျာန်ကို သေသည်တိုင်အောင် ရရှိထားကြသည့် ခိုင်ခံ့နေသည့် သောတာပန်, သကဒါဂါမ်အချို့တို့ကား ဘဝေါဃရေယဉ်ကြောတွင်, စျာန်ကို ရရှိသည့် ပုထုဇန် စျာနလာဘီအချို့ကား ရံခါ ကာမောဃရေယဉ်ကြောတွင်, ရံခါ ဘဝေါဃရေယဉ်ကြောတွင် မျောပါနေကြရသူများပင် ဖြစ်ကြပေသည်။

သာမညအားဖြင့် ပြောဆိုရမူ သောတာပတ္တိမဂ်ပုဂ္ဂိုလ်, သကဒါဂါမိမဂ်ပုဂ္ဂိုလ်တို့ကား ဒိဋ္ဌောဃရေယဉ်ကြောကို ကူးခတ်လွန်မြောက် သွားကြသူများ ဖြစ်ကြပေသည်။

အမှတ် (၆)ဖြစ်သည့် --- ပေါ်လာပြီးလျှင် ထောက်တည်ရာသို့ ရောက်ရှိသွားသောပုဂ္ဂိုလ်သည်ကား ဘဝေါဃရေယဉ်ကြောတွင် မျောပါနေသူပင် ဖြစ်ပေသည်။ အကြောင်းမူ အနာဂါမိမဂ်ဉာဏ်သည် ကာမောဃရေယဉ်ကြောကိုသာ ကူးခတ်လွန်မြောက် သွားနိုင်သောကြောင့် ဖြစ်၏။

အမှတ် (၇)ဖြစ်သည့် --- ပေါ်လာပြီးလျှင် ကမ်းတစ်ဘက်သို့ အရောက် ကူးမြောက်ပြီးနောက် နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌ ရပ်တည်နေသော မကောင်းမှုဟူသမျှတို့ကို အပပြုအပ်ပြီးသည့်ပုဂ္ဂိုလ်သည်ကား ဘဝေါဃ, အဝိဇ္ဇောဃတည်းဟူသော ကြွင်းကျန်သော ဩဃတို့ကို ကူးခတ်လွန်မြောက်ပြီးသောပုဂ္ဂိုလ် ဖြစ်တော်မူပေသည်။

မှန်ပေသည်၊ လေးဆင့်သော အရိယမဂ္ဂဘာဝနာကြောင့် ကိလေသာ၏ အစွမ်းဖြင့် ဩဃလေးဖြာ ဝဲဩဃရေယဉ်ကြော၌ ကိလေသာ၏ အစွမ်းဖြင့် ရပ်တည်နေရမှု, ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုစီမံတတ်သည့် ကုသိုလ်အဘိသင်္ခါရ, အကုသိုလ်အဘိသင်္ခါရ၏ အစွမ်းဖြင့် အားထုတ်မှုကား ပြတ်စဲခဲ့လေပြီ။ ထို့ကြောင့် ထိုရဟန္တာသခင် အရှင်မြတ်သည် ဩဃလေးပါးလုံးတို့ကို ကောင်းစွာ ကူးခတ်လွန်မြောက်ပြီး, ပယ်ရှားပြီး ဖြစ်ပေသည်။

တတ္ထ တဏှာဝိဇ္ဇာ အဘိသင်္ခါရော စ သမုဒယသစ္စံ၊ တေသံ အဓိဋ္ဌာနဘူတာ ရူပါရူပဓမ္မာ ဒုက္ခသစ္စံ၊ တေသံ အပ္ပဝတ္တိ နိရောဓသစ္စံ၊ နိရောဓပဇာနနာ ပဋိပဒါ ဩဃတရဏပရိယာယေန ဝုတ္တာ မဂ္ဂသစ္စံ။ (သံ၊ဋီ၊၁၊၅၉။)

အဝိဇ္ဇာ, တဏှာ, (ဥပါဒါန်) အဘိသင်္ခါရ, (ကံ)တို့ကား သမုဒယသစ္စာတည်း။ ထိုသမုဒယသစ္စာတရားတို့၏ စွဲမှီရာ တည်ရာ ဖြစ်ကုန်သော ရုပ်တရား နာမ်တရားတို့ကား ဒုက္ခသစ္စာတည်း။ ထိုဒုက္ခသစ္စာ, သမုဒယသစ္စာတရားတို့၏ မဖြစ်ခြင်းသဘော = မဖြစ်ကြောင်းသဘောသည်ကား နိရောဓသစ္စာတည်း။ ဩဃလေးဖြာကို ကူးမြောက်ကြောင်း ဒေသနာတော်အဖြစ် ဟောကြားထားတော်မူအပ်သော နိရောဓသစ္စာကို သိတတ်သော ကျင့်ဝတ်ပဋိပတ်သည်ကား မဂ္ဂသစ္စာတည်း။ (သံ၊ဋီ၊၁၊၅၉။)

ထို့ကြောင့် ဩဃလေးဖြာ သံသရာဝဲဩဃရေယဉ်ကြီးကို ကူးခတ် လွန်မြောက်လိုသော သူတော်ကောင်းမှန်သမျှသည် သို့မဟုတ် ဩဃလေးဖြာ သံသရာဝဲဩဃရေယဉ်ကြော၌ မြုပ်လည်း မမြုပ်လို, မျောလည်း မမျောလိုသော သူတော်ကောင်းမှန်သမျှသည် အရိယသစ္စာလေးရပ် တရားမြတ်ကို ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိတည်းဟူသော သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းလေရာသည်။ ယင်းဩဃလေးဖြာဟု ခေါ်ဆိုအပ်သော ကိလေသာ အာသဝေါတရားတို့ကို အရိယမဂ္ဂဘာဝနာဟု ခေါ်ဆိုအပ်သော ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိတရားတို့က တစ်ဆင့်ပြီး တစ်ဆင့် ပယ်ရှားပေးမည် ဖြစ်ပေသည်။


အာသဝက္ခယသုတ္တန် (သံ၊၃၊၃၈၀။)

ချစ်သားရဟန်းတို့ ...သိသောသူအား, မြင်သောသူအား ကိလေသာ အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောကြားတော်မူ၏။ မသိသောသူအား, မမြင်သောသူအား ကိလေသာ အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောကြားတော်မမူ။

ချစ်သားရဟန်းတို့ ...အဘယ်တရားကို သိသောသူအား, မြင်သောသူအား ကိလေသာ အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာပါသနည်း?

၁။ ချစ်သားရဟန်းတို့ ...ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိသောသူအား, မြင်သောသူအား ကိလေသာ အာသဝေါ တရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။

၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု သိသောသူအား, မြင်သောသူအား ကိလေသာ အာသဝေါ တရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။

၃။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု သိသောသူအား, မြင်သောသူအား ကိလေသာ အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။

၄။ ဤကား ဒုက္ခချုပ်ရာ = နိရောဓ = နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားတည်းဟု သိသောသူအား, မြင်သောသူအား ကိလေသာ အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။

ချစ်သားရဟန်းတို့ ...ဤသို့ သိသောသူအားသာလျှင်, ဤသို့ မြင်သောသူအားသာလျှင် ကိလေသာ အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။

ချစ်သားရဟန်းတို့ ...ထိုသို့သော အကြောင်းတရားကြောင့် ဤသာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့, သင်ချစ်သမီးတို့သည် --- ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယ သစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ။ ဤကား ဒုက္ခချုပ်ရာ = နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါဟု မိန့်ကြားတော်မူ၏။ (သံ၊၃၊၃၈၀။)

ကူးခတ်လွန်မြောက်ဖို့ရန် အလွန့် အလွန် ခက်ခဲလှစွာသော ဩဃလေးဖြာ သံသရာခရီးကို ကူးခတ်လွန်မြောက်နိုင်ရန် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိ ဉာဏ်ပညာတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် ...။

ဆန္ဒမွန်ဖြင့်

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း-ဖားအောက်တောရ၊

သာသနာတော်သက္ကရာဇ် ၂၅၄၉-ခု၊

ကောဇာသက္ကရာဇ် ၁၃၆၇-ခု၊ တပေါင်းလဆုတ် ၈-ရက်၊ (၂၁.၃.၂၀၀၆) အင်္ဂါနေ့။

လူတွေ ဘာလုပ်နေကြတာလဲ

လူတွေ ဘာလုပ်နေကြပါသနည်း

လူတွေ ဘာလုပ်နေကြပါသနည်းဟု မေးမည်ဆိုက စာဖတ်သူတို့ မည်သို့ ဖြေဆိုကြမည်နည်း။

လူတွေ ဘာလုပ်နေကြပါသနည်းဟု လူသားထဲတွင် အဝင်အပါ ဖြစ်သည့် မိမိကိုယ်ကို မိမိ မေးခြင်းသည် မေးသင့် မေးထိုက် မေးဖို့ လိုသည့် မေးခွန်း တစ်ခု ဖြစ်၏။ လူသားတစ်ဦးအဖြစ် မွေးဖွားလာပြီး လူသားတစ်ဦးအဖြစ်ပင် နေထိုင်လျက် လူသားတစ်ဦးအဖြစ်ပင် လောကကြီးထဲမှ တစ်နေ့ ထွက်ခွါရဦးမည် ဖြစ်သည်။ မွေးခြင်းနှင့် သေခြင်းကြား၌ လူသားဟု ခေါ်ဆိုအပ်သော သင်နှင့် ကျွန်ုပ်တို့ ဘာလုပ်နေကြပါသနည်း။

အမေးလွယ်သလောက် အဖြေ ခက်၏။ အတွေးကြွယ်သလောက် အဖြေယှက်မည်သာ ဖြစ်၏။

ကြီးပွားဖို့, ချမ်းသာဖို့, ဂုဏ်သတင်းကြီးဖို့, အခြွေအရံ အကျော်အစောများဖို့, အထင်ကြီးခံရဖို့, အရိုအသေခံရဖို့, အကြည်ညိုခံရဖို့, ရပ်တည်စရာ နေရာကလေးရဖို့, ဘွဲ့ထူး ဂုဏ်ထူးတွေရဖို့ စသည့် ဖို့ပေါင်းများစွာအတွက် အလုပ်လုပ်နေကြတာပါဟု ဆိုကြပေမည်။ ထိုသို့ ဆိုခြင်းသည် သူနှင့်ငါ အတူတူနှင့် အနူနူပါပဲဟု ပြောဆိုသည့် စကားမျိုးသာ ဖြစ်၏။ ဘဝရလာသူ ပန်းတိုင်တူ လောကလူသားတို့ အချင်းချင်း အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ တဏှာမပျက်သုဉ်းသွားဖို့ ထိန်းသိမ်းစောင့်ရှောက်နည်း တစ်မျိုးပင် ဖြစ်၏။ တဏှာ မပျက်သုဉ်းရေးအတွက် လောကစည်းဝိုင်းတစ်ခုကို တည်ဆောက်ကြခြင်း လောကနယ်ပယ်တစ်ခုကို တည်ထောင်ကြခြင်းသာ ဖြစ်၏။ ထိုစည်းဝိုင်း ထိုနယ်ပယ်အတွင်း ပျော်မွေ့နေထိုင်သူများကို ကြိုဆိုရေး လုပ်ကြ၏။ ထိုနယ်ပယ်မှ ထွက်မြောက်အောင် ကြိုးစားလိုသူများကို နှစ်နှစ်ကာကာ မကြိုဆိုလိုကြ။ ပန်းတိုင်တူခဲ့ဖူးသူ၏ ပြောင်းလဲကျင့်သုံးတော့မည့် အမူအရာအတွက် နားမလည်နိုင်ကြ။ မျက်လုံးစိမ်းတို့ဖြင့် ဝိုင်းကြည့်ကြ၏။ ချစ်ခင်သူများက ချစ်ခင်သည့်အတွက် တဏှာ ပျက်သုဉ်းရေးလမ်းကို မရွေးချယ်စေလိုကြ။ မုန်းသူများက မုန်းသည့် အတွက် အချည်းအနှီးပုဂ္ဂိုလ်အဖြစ် ရှုမြင်သုံးသပ်ကြ၏။ မြင်နိုင် ကြားနိုင်သည့် ပမာဏထက် လွန်၍ နားလည်ပေးနိုင်ဖို့ ခက်၏။ လောကနယ် အတွင်း အတူတကွ ပျော်မွေ့နေထိုင်သွားခြင်းကိုသာ ပို၍ အလိုရှိကြ၏။ ဖို့ပေါင်းများစွာအတွက် ခရီးဆက်ပေးကြပါဟု အမူအရာ အမျိုးမျိုးဖြင့် တောင်းဆိုနေကြ၏။ အစွဲအလမ်း တစ်ခုခု အပေါ် အခြေ တည်၍ ဖြစ်ပေါ်လာသော အမြင်များသာ ဖြစ်ကြပေ၏။ ဥပါဒါန် တရားအပေါ် အခြေခံသော ရှုထောင့်များသာ ဖြစ်ကြ၏။ အမှန်ကို သိ၍ အမှန်ရှုထောင့်မှ ဆိုခြင်းတော့ မဟုတ်ပေ။ အမှန်ကို သိဖို့ အမှန်ကို မြင်ဖို့ လွယ်ကူသည် မဟုတ်။

တဏှာအတွက် အစွမ်းပြသွားကြသူများ

တဏှာအတွက် အသက်ရှင်, တဏှာအတွက် အကွက်ဆင်နေကြသည့် လူသားတို့အနေဖြင့် တဏှာမပျက်သုဉ်းရေးအတွက် ကာကွယ်နိုင်သမျှ ကာကွယ်ကြ၏။ တဏှာမပျက်သုဉ်းရေးလမ်းစဉ် အတွက် ဒီလို လုပ်သင့်သည် မဟုတ်ဘူးလားဟု တဏှာပျက်သုဉ်းရေး လမ်းစဉ်ကို ကျင့်သုံးတော့မည့် သူများကို အကြောင်းပြ ဖျောင်းဖြတတ်ကြ၏။ အမှန်ကို တဏှာဖြင့် ကြည့်တတ် အမှန်ကို တဏှာဖြင့် ဆုံးဖြတ်တတ်ကြသည် မဟုတ်လော။ ထို့ကြောင့် အမှန်ကို သိဖို့ ခက်၏။

လူတွေ ဘာလုပ်နေကြပါသနည်းဟူသည့် မေးခွန်းသည် စာရေးသူကိုယ်တိုင် သိချင်ခဲ့သည့် မေးခွန်းတစ်ခုသာ ဖြစ်၏။ ထိုအမေးအတွက် အဖြေကို လွယ်လွယ်နှင့် ရခဲ့သည် မဟုတ်။ အတွေး ဋီကာ ချဲ့သော်လည်း အတွေးသံသရာထဲမှာ မျောပါရုံသာ ရှိခဲ့၏။ အဖြေမှန်ကို မရနိုင်ခဲ့။ မွေးခြင်းနှင့် သေခြင်းဟူသည့် ကြားကာလ၌ စား ဝတ် နေရေး စီးပွားရေး ကြီးပွားရေး စသည့်အရေးတို့ကို လုပ်ဆောင်နေ ကြရုံမျှ လုပ်ဆောင်နေကြခြင်းကို လူ့ဘဝ၏ အဓိပ္ပါယ်ဟု စာရေးသူ မယူဆခဲ့။ ဘဝ၏အနှစ်သာရဟု စာရေးသူ နားမလည်မိခဲ့။ ဘဝဆိုတာ ဤမျှပင်လော၊ ဘဝကို ဤမျှနှင့် အဆုံးသတ်ခွင့် ပေးရမည်လော။ မသေခင်လေး လုပ်နေကြသည့် အလုပ်ဟူသမျှ စား ဝတ် နေရေး အတွက်သာ များ၏။

ထူးထူးခြားခြား လုပ်ဆောင်သွားသူဟု လောကက ဆိုသော်လည်း တဏှာတည်းဟူသော အလိုအတွက် အစွမ်းပြသွားကြသူများ သာ ဖြစ်ကြ၏။ တဏှာအတွက် ကာကွယ်ရေး လုပ်သွားကြသူများဟု လည်း နားလည်ရ၏။ ဘဝရတာ ဤမျှအတွက် မဖြစ်သင့်။ ဤထက် အလွန် လုပ်ဆောင်နိုင်မှ တော်မည်ဟု စာရေးသူ နားလည်မိ၏။

ထိုသို့ပင် နားလည်သော်လည်း ဘာလုပ်ရမည်ကို ကျကျနန ဂဃနဏ သိသည်တော့ မဟုတ်ခဲ့ပေ။ စမ်းတဝါးဝါးဖြင့် လှမ်းသင့်သည်တို့ကို လှမ်းကြည့်နေခဲ့ရ၏။

ဘာလုပ်ရမည်ကို သိဖို့ဟူသည် မိမိတို့ ဘာလုပ်နေသည်ကို သိပါမှ ဖြစ်ပေမည်။ မိမိဘာလုပ်နေသည်ကို မသိက မိမိဘာလုပ်ရမည်ကို သိနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် လူသားတစ်ဦးဖြစ်သည့် မိမိ ဘာလုပ်နေသနည်း၊ ထိုအမေး၏ အဖြေကို သိဖို့ လိုလာ၏။ ထိုသည်ကို သိဖို့ လောကနယ် အတွင်းဖြစ်စဉ်လောက်သာ သိသည့် လောကပညာများထဲ၌ ရှာဖွေ ကြည့်၏၊ အဖြေကို မတွေ့။ လောကနှင့်တကွ လောကနယ်လွန်အသိ ရှိတော်မူသည့် အလုံးစုံ သိတော်မူသည့် ဘုရားရှင်၏ နက်ရှိုင်းသည့် တရားဓမ္မ၌ စူးစမ်းရှာဖွေမိ၏။ ထိုစူးစမ်းရှာဖွေမှုကို အကြောင်းပြု၍ လူတွေ ဘာလုပ်နေကြပါသနည်းဟူသည့် အဖြေကို ရလာ၏။ ထိုအဖြေကိုမျှ ရသည် မဟုတ်။ လူတွေ ဘာလုပ်ရဦးမည်ဆိုသည့် အဖြေကိုလည်း တစ်ပါတည်း ရ၏။

စာရေးသူအနေဖြင့် လူတွေ ဘာလုပ်နေကြပါသနည်းဟူသည့် အပိုင်းတစ်ပိုင်းနှင့် လူတွေဘာလုပ်ရဦးမည်ဟူသည့် အပိုင်းတစ်ပိုင်း ပေါင်း နှစ်ပိုင်းကို ရေးသား တင်ပြသွားမည် ဖြစ်၏။

လူတွေ ဘာလုပ်နေကြပါသနည်း။

ဤမေးခွန်း၏ အဖြေကို ရခြင်းသည် ဘုရားရှင်တို့ ပွင့်ထွန်းခြင်း တရားဓမ္မကို ဟောကြားတော်မူခဲ့ခြင်းကြောင့်သာ ဖြစ်၏။

ထိုဟောကြားတော်မူခဲ့သော တရားတော်များထဲမှ တရားဒေသနာတော် တစ်ခုဖြစ်သည့် သဂါထာဝဂ္ဂသံယုတ်လာ ဩဃတရဏသုတ္တန်သည် မိမိတို့ ဘာလုပ်နေကြသည်ကို သိဖို့, မိမိတို့ ဘာလုပ်ရဦးမည် ဆိုသည်ကို သိဖို့ ထွန်းလင်းပြနေသည့် ဆီမီးတန်ဆောင်သဖွယ် အလင်းဆောင်သည့် တရားဆီမီးရောင်တစ်ခုသာ ဖြစ်ပေ၏။

ထိုတရားတော်ကို တစိမ့်စိမ့် ခံစားကြည့်ကြစို့ ...။

အနာထပိဏ်သူဋ္ဌေးကြီး ဆောက်လုပ်လှူဒါန်းခဲ့သော နှလုံးမွေ့လျော်ဖွယ်ရာဖြစ်သော ဇေတဝန်ကျောင်းတိုက်တော်ကြီးသည် သာဝတ္ထိပြည်၌ ထင်ရှားရှိခဲ့၏။ ထိုကျောင်းတိုက်တော်ကြီးတွင် မြတ်စွာ ဘုရားရှင် သီတင်းသုံး စံနေတော်မူခိုက် ဤတရားဒေသနာတော် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေ၏။

သန်းခေါင်ယံတစ်ခုဝယ် လူတို့၏ အသက်, လူတို့၏ အဆင်း, လူတို့၏ ချမ်းသာ, လူတို့၏ အခြွေအရံ အကျော်အစော, လူတို့၏ အစိုးရခြင်းတို့ထက် သာလွန်သော နတ်သားတစ်ဦးသည် နတ်ပြည် နတ်လောကမှ လူ့ပြည် လူ့လောကသို့ ဆင်းသက်လာ၏။

နတ်နှင့် ရူပဗြဟ္မာတို့မည်သည် အလွန်တရာ နူးညံ့သိမ်မွေ့သော ရုပ်ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ် ရှိသူများ ဖြစ်သောကြောင့် လူတို့၏ သာမန်မျက်စိဖြင့် မမြင်နိုင်ကြပေ။ လူတို့၏ သာမန်မျက်စိထက် သာလွန်သောမျက်စိ ရှိတော်မူသည့် ဘုရားရှင်သည်ကား နတ်တို့ကို မြင်နိုင်သော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပစ္စုပ္ပန် တမလွန် နှစ်တန်သော အကျိုးစီးပွားကို ဆောင်နိုင်စွမ်းသော အတု အတူမရှိသည့် ပုဂ္ဂိုလ်ထူးကြီး တစ်ဦးသာ ဖြစ်ပေ၏။

ထိုပုဂ္ဂိုလ်ထူးကြီးကို ချဉ်းကပ် ဆည်းကပ်လိုသော နတ်ပြည် ဗြဟ္မာပြည်မှ နတ် ဗြဟ္မာအပေါင်းတို့သည် ဘုရားရှင် သီတင်းသုံး စံနေတော်မူသည့် လူတို့ဌာနေ လူ့နေပြည်သို့ သန်းခေါင်ယံ အချိန်၌ ဆင်းသက်လာလေ့ ရှိကြ၏။

ထိုသို့ ဆင်းသက်လာခြင်းသည် မြတ်စွာဘုရားရှင်ကို ဖူးမြော်ခြင်းငှာ, သိလိုသည့် မေးခွန်းတို့ကို မေးမြန်းလျှောက်ထားခြင်းငှာ ဆင်းသက်လာကြခြင်း ဖြစ်၏။ နတ်ဟူသည် မိမိတို့၏ ကုသိုလ်ကံအားလျော် စွာ ထွန်းလင်းတောက်ပသော ကိုယ်ရောင်ကိုယ်ဝါ ရှိသူများ ဖြစ်ကြ၏။

နတ် ဗြဟ္မာ အပေါင်းတို့သည် သန်းခေါင်ယံအချိန်ကို ဗဟိုပြု၍ အဘယ်ကြောင့် မြတ်စွာဘုရားထံ ချဉ်းကပ်လာကြပါသနည်းဟု မေးမြန်းဖွယ် ရှိ၏။ စာဖတ်ပရိသတ်၏ ကြည်ညိုသဒ္ဓါ တိုးပွားခွင့်ကို ပေးလိုသည့် စာရေးသူ အနေဖြင့် အဖြေကို ဖြေချင်သောကြောင့် ထိုအမေးကို မေးရခြင်း ဖြစ်၏။ ထိုအဖြေသည် ဗုဒ္ဓကိစ္စဟု ဆိုအပ်သော ဘုရားရှင်တို့ နေ့စဉ်မပြတ် ဆောင်ရွက်အပ်သည့် လုပ်ငန်းကိစ္စများကို ဖွင့်ဆိုရာ သံယုတ္တအဋ္ဌကထာ အင်္ဂုတ္တိုရ်အဋ္ဌကထာတို့၌ လာရှိပေ၏။

ဘုရားရှင်သည် လုပ်ငန်းကိစ္စ (၅)ရပ်ကို နေ့စဉ်မပြတ် ဆောင်ရွက်တော်မူ၏။ ထို (၅)ရပ်သည်ကား ---

(၁) ဆွမ်းမစားမီ ရှေးအဖို့၌ ပြုအပ်သော ပုရေဘတ္တကိစ္စ,

(၂) ဆွမ်းစားပြီးနောက် ပြုအပ်သော ပစ္ဆာဘတ္တကိစ္စ,

(၃) ညဉ့်ဦးယံ၌ ပြုအပ်သော ပုရိမယာမကိစ္စ,

(၄) သန်းခေါင်ယံ၌ ပြုအပ်သော မဇ္ဈိမယာမကိစ္စ နှင့်

(၅) မိုးသောက်ယံ၌ ပြုအပ်သော ပစ္ဆိမယာမကိစ္စ ဟူသော လုပ်ငန်းကိစ္စများပင် ဖြစ်ကြပေ၏။

ဘုရားရှင်တို့ နေ့စဉ်မပြတ် ဆောင်ရွက်အပ်သည့် ဗုဒ္ဓကိစ္စများ

ဆွမ်းမစားမီ ရှေ့ပိုင်းကာလ ဗုဒ္ဓကိစ္စ

ဘုရားရှင်သည် နံနက်စောစောကပင်လျှင် ထတော်မူ၍ အလုပ်အကျွေးဖြစ်သော ရဟန်းတော်ကို ချီးမြှောက်ခြင်းငှါ, ရူပကာယတော်ကို ချမ်းသာစေခြင်းငှါ မျက်နှာတော်သစ်ခြင်း အစရှိသည့် ကိုယ်လက် သုတ်သင်ခြင်း အမှုတို့ကို ပြုတော်မူ၏။

ထို့နောင် ဆိတ်ငြိမ်ရာအရပ်ဝယ် ဖလသမာပတ်ကို ဝင်စားလျက် ဆွမ်းခံဝင်ချိန်တိုင်အောင် အချိန်ကို ကုန်လွန်စေတော်မူ၏။ ဆွမ်းခံချိန် ၌ကား သင်းပိုင်ကို ပြင်ဝတ်၍ ခါးပန်းကြိုးကို ပတ်၏၊ သင်္ကန်းတော်ကို ရုံတော်မူ၍ သပိတ်ကို ပိုက်ကာ ရံခါ တစ်ကိုယ်တည်း, ရံခါ ရဟန်းသံဃာအပေါင်း ခြံရံလျက် ရွာနိဂုံး စသည်တို့သို့ ဆွမ်းခံရန် အလို့ငှာ ကြွဝင်တော်မူ၏။ ရံခါ ပကတိသော ကြွဝင်တော်မူခြင်းဖြင့် ကြွဝင်တော်မူပြီး, ရံခါ များစွာသော တန်ခိုးပြာဋိဟာတို့ဖြင့် ကြွဝင်တော်မူလေ့ရှိ၏။

ထိုသို့ ကြွဝင်တော်မူသော မြတ်စွာဘုရား၏ ရှေ့တော် ရှေ့တော်မှ လေပြည် လေညင်းတို့သည် တိုက်ခတ်လျက် မြေအပြင်ကို စင်ကြယ်အောင် ပြုကြကုန်၏။

တိမ်တိုက်တို့သည် ရေစက်ရေပေါက်တို့ကို တဖွားဖွား လွှတ်ကုန်လျက် ဘုရားရှင် ကြွတော်မူသည့် လမ်းခရီးဝယ် နိုးကြားထကြွနေကြကုန်သော မြူမှုန်တို့ကို အိပ်စက်အောင်ပြု၍ ဘုရားရှင်၏ အထက်မှ မျက်နှာကျက်သဖွယ် တည်လျက် လိုက်ပါကြကုန်၏။

တစ်ပါးသော လေတို့သည်ကား ပွင့်သောပန်းရှိသည့် အပင်တို့မှ ပန်းမျိုးစုံတို့ကို သယ်ဆောင်လျက် ဘုရားရှင် ကြွတော်မူသည့် လမ်းကို ပန်းခင်းသောလမ်း ဖြစ်အောင် ကြဲဖြန့်ကြကုန်၏။

ပင်ကိုက မြင့်ကုန်မြင့်ကုန်သော မြေအရပ်တို့သည် အလိုလို နှိမ့်ဝှမ်းညွတ်ဆင်းလျက် တညီတညွတ်တည်း ဖြစ်ကြကုန်သကဲ့သို့ ပင်ကိုက နိမ့်ကုန်နိမ့်ကုန်သော မြေအရပ်တို့သည်ကား အလိုလို မို့မောက်လျက် တညီတညွတ်တည်း ဖြစ်ကြကုန်၏။ ကျောက်တုံး ကျောက်ခဲ ကျောက်စရစ်ခဲ အိုးခြမ်းကွဲနှင့် သစ်ငုတ် ဆူးငြောင့်များသည်လည်း သူတို့ အလိုလို ဖယ်ရှားနှင့်ကြကုန်၏။

ထိုထို မြို့ရွာ အဝင်ဝ တံခါးခုံအတွင်း လကျ်ာခြေဖဝါးတော်ကို ချစဉ်ပင် ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့သည် ကွန့်မြူး လျက် ထိုရွာနိဂုံးရှိ ပြာဿာဒ် တန်ဆောင်း စုလစ်မွမ်းချွန် အထွဋ်တို့ကို ရွှေရည်ဖြင့် သွန်းလောင်းဘိသကဲ့သို့, ဆန်းကြယ်သော အဝတ်ပုဆိုးတို့ဖြင့် ရံကုန်ဘိသကဲ့သို့ ဖြစ်စေ၍ အရောင်ပြိုးပြက် တလက်လက် ထွက်အောင် ပြုလျက် ရောင်ခြည်တော် ခြောက်သွယ်တို့သည် ဟိုမှ ဒီမှ ပြေးသွားနေကြကုန်၏။

ဆင် မြင်း ကျေးငှက် အစရှိသော သတ္တဝါတို့သည် မိမိတို့ နေရာ ဌာန၌ တည်နေလျက်ပင်လျှင် ချိုမြိန်သာယာသော အသံကို တွန်ကြ မြည်ကြ ဟီကြကုန်၏။

စည်ကြီး, စောင်း အစရှိသော တူရိယာတို့သည်လည်း တီးခတ်သူ မရှိပါဘဲ သာယာသော အသံကို မြည်ဟီးကြသကဲ့သို့ လူတို့ ဝတ်ဆင်ထားသော ပုတီး နားဋောင်း လက်ကောက် အစရှိသည့် လက်ဝတ်တန်ဆာတို့သည်လည်း သာယာသော အသံကို ပြုကြကုန်၏။

သက်မဲ့ဖြစ်သော လေတို့က သက်ရှိတို့ကဲ့သို့ အသက်ဝင် လှုပ်ရှားလျက် ပူဇော်နေကြသည်မှာ ဘုရားရှင်၏ ဘုန်းကံ ပါရမီတော်တို့ကြောင့်ပင် မဟုတ်ပါလော၊ အံ့ဖွယ် ကောင်းပါပေစွ။

အသိစိတ်မရှိသော သညာမရှိသော တိမ်တိုက်တို့က အသိစိတ်ရှိသော သညာရှိသော သူတို့ကဲ့သို့ အချိန်ကို သိလျက် အမှတ်ရှိလျက် မိမိပြုရမည့် အမှုကို ပြုနေကြသည်မှာ အံ့ဩဖွယ် ကောင်းပါပေစွ။ ဤမျှ ကြည်နူးဖွယ်, ဤမျှ ကြည်ညိုဖွယ် ကောင်းသည့် မြင်ကွင်းတို့ကို ဖူးမြင်နေရသူတို့ မည်သို့ ခံစားရမည်ကို မှန်းမျှော်ကာ လွမ်းရော်ရော် အတွေးဖြင့် ဖူးမြော်ကြည့်မိသည်ပင် ရင်ထဲ ပီတိ ဖြစ်လှပါဘိ။

စာဖတ်သူနှင့် စာရေးသူတို့ ထိုအခြင်းအရာတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ခဲ့ဖူးသူများဟု ဂုဏ်တင်ကာ ဆိုချင်သော်လည်း မကျွတ်လွတ်သေးသူများသာ ဖြစ်သည့်အတွက် ဂုဏ်တင်ကာ ဆိုဖို့ မဝံ့လှ။ သံသရာခရီးတစ်လျှောက် လုပ်သင့်တာ မလုပ်ဘဲ မလုပ်သင့်တာ လုပ်ဖို့ ရဲရင့်ခဲ့သူများ ကျွန်ုပ်တို့ ဖြစ်ခဲ့လေသလားဟု မဝံ့တဝံ့ဖြင့် ဆုံးဖြတ်လိုက်မိ၏။ မိမိကိုယ်ကို အောက်ဆုံးကို ချလိုသည့် စိတ်မရှိသည့်သူ များသည့် လောကသားတို့အတွက် အောက်ချပြီး ဆိုဖို့ မသင့်လေတော့ ဤမျှဆိုခြင်းသည် သင့်၏ဟု စာရေးသူ ယူဆ၏။

ထိုအခြင်းအရာ ထိုအမှတ်သညာဖြင့် ငါတို့၏ မြို့ရွာသို့ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားရှင် ဆွမ်းခံ ကြွဝင်တော်မူလာပြီဟု ထိုမြို့ရွာနေ လူတို့ သိခွင့် ရကြ၏။

သင်နှင့် ကျွန်ုပ်တို့ အလွဲကြီးလွဲခဲ့သော အခွင့်အလမ်း တစ်ခုပင် ဖြစ်ပေ၏။ ထိုအခွင့်ကို ရရှိကြကုန်သော ...

အိမ်နေလူတို့သည် အဝတ်ကောင်း အရုံကောင်းတို့ကို ဝတ်ရုံကြကုန်လျက် နံ့သာ ပန်းတို့ကို လက်စွဲကာ မိမိ မိမိတို့၏ အိမ်မှ အသီးသီး ထွက်လာကြ၏။ မြို့လယ်လမ်းမသို့ တစုတရုံးတည်း သွားရောက်ကြ၏။ မြတ်စွာဘုရားရှင်ကို နံ့သာ ပန်းတို့ဖြင့် ရိုသေစွာ ပူဇော်ကြ ရှိခိုးကြ၏။ ထိုသို့ ပူဇော်ကြပြီးနောက် ---

ဘုန်းတော်ကြီးတော်မူပါပေသော မြတ်စွာဘုရား...တပည့်တော်တို့အား (၁၀)ပါးသော ရဟန်းတော်တို့ကို ဆွမ်းဖြင့် ပြုစု လုပ်ကျွေးနိုင်ရန် အလို့ငှါ ပေးကြပါကုန်ဘုရား။ တပည့်တော်တို့အား (၂၀)သော ရဟန်းတော်တို့ကို၊ တပည့်တော်တို့အား (၁၀၀)သော ရဟန်းတော်တို့ကို ဆွမ်းဖြင့် ပြုစု လုပ်ကျွေးနိုင်ရန်အလို့ငှါ ပေးတော်မူကြပါကုန် မြတ်စွာဘုရားဟု အသီးသီး လျှောက်ထားကြကုန်၏။ မြတ်စွာဘုရား၏ သပိတ်ကို ယူ၍ နေရာကို ခင်းလျက် ဆွမ်းဖြင့် ရိုသေစွာ ပြုစု လုပ်ကျွေးကြကုန်၏။

ကြည်နူးဖွယ် ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် ကောင်းလှပါဘိ။ အတုမရှိ မြတ်တော်မူသည့် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ကို ဆွမ်းဖြင့် ပြုစုလုပ်ကျွေးခွင့် မရရှိခဲ့သူများအတွင်း သင်နှင့် အကျွန်ုပ်တို့ ပါဝင်နေမည်လော ...၊ စဉ်းစားသင့်၏။ အခွင့်အလမ်းကောင်းဟူသမျှ ဆုံးရှုံးခဲ့ရသည့် ဘဝပိုင်ရှင်များ၏ ကံကို ပြုပြင်ပြောင်းလဲဖို့ သင်နှင့် အကျွန်ုပ်တို့ လေးလေးနက်နက် စဉ်းစားဖို့ လိုလာ၏။ စိတ်ကို မနိုင်နင်းသည့်အလျောက် တစ်သံသရာလုံး ခံစားခဲ့ဖူးသည့် ကာမဂုဏ် တောကြီး၌ အပျော်ကြီးပျော် အမော်ကြီးမော်လျက်သာ နေကြမည်လော၊ ဤသည်ကိုလည်း ချင့်ချိန်စဉ်းစားဖို့ လိုလာ၏။

ဆွမ်းဘုဉ်းခြင်းကိစ္စ ပြီးစီးတော်မူသည့် မြတ်စွာဘုရားရှင်သည် အလှူရှင်အပေါင်းတို့၏ ဤဘဝ ရှေးဘဝတို့၌ ဖြစ်သော စိတ်အစဉ်ကို ကြည့်တော်မူ၏။ ထိုသို့ ကြည့်တော်မူပြီးနောက် ထိုသူတို့၏ အဇ္ဈာသယနှင့်လျော်ညီသော တရားကို ဟောတော်မူ၏။ အကြင်တရားကို ဟောတော်မူ၏။ ထိုတရားကို ဟောတော်မူခြင်းကြောင့် အကြင်သူတို့သည် သရဏဂုံ၌ တည်သူ, ငါးပါးသီလ၌ တည်သူတို့သည် ဖြစ်ကြကုန်လတ္တံ့ဟု သိတော်မူသောကြောင့် ထိုတရားကို ဟောကြားတော်မူ၏။

ထို့အတူ သောတာပန်, သကဒါဂါမ်, အနာဂါမ်တည်နိုင်သည့် ဥပနိဿယရှိသူတို့အတွက်လည်း ထိုသူတို့နှင့် လျော်ညီသော တရားကို ဟောကြားပေးတော်မူသည်ပင်။

ရဟန်းအဖြစ်ကို ခံယူပြီးနောက် အမြတ်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သူများကိုလည်း မြင်တော်မူ၍ ထိုသူတို့နှင့် လျော်သော တရားစကားကို ဟောကြားတော်မူ၏။

ဤနည်းဖြင့် လူများအပေါင်းကို ချီးမြှောက်တော်မူပြီး မိမိ၏ နေရာမှ ထတော်မူကာ ကျောင်းတော် အတွင်းသို့ ကြွဝင်တော်မူ၏။ ကျောင်းတော်အတွင်း မြတ်သော ဘုရားနေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့၏ ဆွမ်းစားခြင်းကိစ္စ ပြီးစီးမည့် အချိန်ကို စောင့်တော်မူ၏။

အလုပ်အကျွေး ရဟန်းတော်မှ လျှောက်ထားသည့်အတွက် ရဟန်းတော်များ၏ ဆွမ်းစားခြင်းကိစ္စ ပြီးစီးကြောင်းကို သိရှိတော်မူသော မြတ်စွာဘုရားသည် ဂန္ဓကုဋိတော်အတွင်းသို့ ကြွဝင်တော်မူ၏။

ဆွမ်းစားပြီး နောက်ပိုင်းကာလ ဗုဒ္ဓကိစ္စ

ဂန္ဓကုဋိအနီး ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူလျက် ခြေတော်တို့ကို ဆေးကြောတော်မူ၏။ ခြေဆေးအင်းပျဉ်ပေါ်၌ ရပ်တည်လျက်ပင် ချစ်သားရဟန်းတို့ သိက္ခာသုံးရပ် အကျင့်မြတ်၌ မမေ့လျော့ခြင်း အပ္ပမာဒတရားကို လက်ကိုင်ထားလျက် ကြိုးစားအားထုတ်ကြကုန်လော့၊ လောက၌ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ ဖြစ်ပွင့်တော်မူရာ အခါကာလကို ရခဲလှ၏၊ လူ့အဖြစ်ကိုလည်း ရခဲလှ၏၊ သဒ္ဓါတရားနှင့် ပြည့်စုံခြင်းကိုလည်း ရခဲလှ၏၊ ရှင်ရဟန်းအဖြစ်ကိုလည်း ရခဲလှ၏၊ သူတော်ကောင်း တရားကို ကြားနာရန် အခွင့်ကိုလည်း ရခဲလှ၏ဟု အကျဉ်းမျှသော ဆုံးမဩဝါဒကို ပေးတော်မူ၏။

တစ်ဦးချင်း၏ စရိုက်ကို သိတော်မူသည့်အလျောက် ကမ္မဋ္ဌာန်းကို တောင်းကြကုန်သော ရဟန်းတော်တို့၏ စရိုက်နှင့် လျော်ညီသော ကမ္မဋ္ဌာန်းကို သင်ကြားပေးတော်မူသည်ပင်။

ထို့နောင် ရဟန်းတော်တို့သည် မြတ်စွာဘုရားရှင်အား ရိုသေစွာ ရှိခိုးပြီး မိမိ မိမိတို့၏ နေ့ သီတင်းသုံးနေထိုင်ရာ, ညဉ့် သီတင်းသုံး နေထိုင်ရာ နေရာဌာနတို့သို့ ဖယ်ခွါ ကြွသွားကြကုန်၏။

အချို့က တောအရပ်, အချို့က သစ်ပင်ရင်း, အချို့က တောင်စသည်တို့တွင် တစ်ပါးပါးသော အရပ်တို့သို့ ဖယ်ခွါ ကြွသွားကြ၏။

အချို့ကား စတုမဟာရာဇ် နတ်ပြည်, အချို့ကား တာဝတိံသာ နတ်ပြည်, အချို့ကား ယာမာနတ်ပြည်, အချို့ကား တုသိတာနတ်ပြည်, အချို့ကား နိမ္မာနရတီနတ်ပြည်, အချို့ကား ပရနိမ္မိတဝသဝတ္တီနတ်ပြည်တို့သို့ အသီးသီး ဖယ်ခွါ ကြွသွားကြကုန်၏။

ထို့နောင်၌ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည် ဂန္ဓကုဋိကျောင်းတော် အတွင်းသို့ ကြွဝင်တော်မူပြီး အလိုတော်ရှိက လကျ်ာနံတောင်းဖြင့် တခဏမျှ မြတ်သော လျောင်းစက်ခြင်းကို သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် ပြုတော်မူပေ၏။

သက်သာစေအပ်ပြီးသော ကိုယ်တော်ရှိသော မြတ်စွာဘုရားသည် လျောင်းစက်ရာမှ ထတော်မူ၍ နေ့၏ ဒုတိယအဖို့၌ လောက ကြီးကို ဘုရား၏ဉာဏ်တော်ဖြင့် တစ်ဖန် ကြည့်တော်မူပြန်၏။

ဘုရားရှင်နှင့်တကွ ရဟန်းသံဃာအပေါင်းတို့ ဂေါစရဂါမ်ပြုလျက် သီတင်းသုံးနေထိုင်သော ရွာနိဂုံး၌ နေသူ လူအပေါင်းတို့သည်ကား နံနက်ခင်း အလှူကို ပေးလှူခဲ့သူများ ဖြစ်ကြပေ၏။ ထိုလူအပေါင်းသည် နေ့၏ တတိယအဖို့ဖြစ်သော မွန်းလွဲအခါ၌ အဝတ်ကောင်း အရုံကောင်းတို့ကို ဝတ်ရုံကြလျက် နံ့သာ ပန်း အစရှိသည်တို့ကို ယူဆောင်ကာ မြတ်စွာဘုရားရှင် သီတင်းသုံး စံနေတော်မူသည့် ကျောင်းတိုက်တော် အတွင်း၌ တရားနာယူရန် အညီအညွတ် စုဝေး ရောက်ရှိလာကြပြန်၏။

စုဝေး ရောက်ရှိနေပြီဖြစ်သည့် ပရိသတ်အား လျော်လျောက်ပတ်သော တန်ခိုးပြာဋိဟာဖြင့် ကြွတော်မူ၍ ဓမ္မသဘင်၌ ခင်းထားအပ်သော နေရာတွင် ထိုင်တော်မူကာ အချိန်ကာလ အတိုင်းအရှည် ပမာဏနှင့် သင့်လျော်လျောက်ပတ်သော တရားစကားတော်ကို ဟောကြားပေးတော်မူ၏။

တရားတော်ကို ဟောကြားတော်မူပြီးနောက် ပြန်ရမည့် အချိန်ကို သိစေတော်မူသည်ရှိသော် တရားနာ ပရိသတ်အပေါင်းသည် ဘုရားရှင်ကို ရှိခိုးကြ၏။ ထိုနောက် ဖဲခွါ ထွက်သွားကြကုန်၏။

ဤသည်ကား ပစ္ဆာဘတ္တကိစ္စဟု ဆိုအပ်သော ဆွမ်းစားပြီးနောက် ပြုအပ်သော ဘုရားရှင်တို့၏ လုပ်ငန်းကိစ္စပင်တည်း။

ညဉ့်ဦးယံပိုင်း ဗုဒ္ဓကိစ္စ

ပစ္ဆာဘတ္တ လုပ်ငန်းကိစ္စနောင်၌ ရေသုံးသပ်ခြင်းကို အလိုရှိမူ အလုပ်အကျွေးရဟန်းသည် စီမံထားအပ်သော နေရာသို့ ကြွတော်မူ၍ ရေသနုပ်ကို ယူလျက် ရေချိုးအိမ်သို့ ဝင်တော်မူသည်ပင်။

ဘုရားရှင် ရေသုံးသပ်တော်မူဆဲ အချိန်တွင် အလုပ်အကျွေး ရဟန်းတော်သည် ဘုရားရှင်၏ နေရာတော်ကို ဆောင်ယူ၍ ဂန္ဓကုဋိ ပရိဝုဏ်အတွင်း ဘုရားရှင် သီတင်းသုံး ထိုင်နေရာကို ခင်းထားလိုက်၏။ ရေသုံးသပ်ခြင်း ပြီးစီးတော်မူသော မြတ်စွာဘုရားသည် နှစ်ထပ်သင်္ကန်းကို ဝတ်ရုံတော်မူ၍ ခါးပန်းကြိုးကို ပန်းတော်မူပြီးလျှင် လက်ကတော့ ထိုးလျက် တစ်ပါးထီးတည်း ထိုနေရာ၌ တခဏမျှ အပန်းဖြေကာ ထိုင်နေတော်မူ၏။

ထိုအခါ၌ ထိုထို နေ့ သီတင်းသုံး နေထိုင်ရာ, ညဉ့် သီတင်းသုံး နေထိုင်ရာ အရပ်တို့မှ ပြန်ကြွလာကြကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားရှင်အား ဆည်းကပ်ခစားကြ၏။ အချို့သော ရဟန်းတို့က ပြဿနာကို မေးလျှောက်ကြ၍, အချို့သော ရဟန်းတို့က ကမ္မဋ္ဌာန်းတရားကို မေးမြန်း လျှောက်ထားကြ၏။ အချို့သော ရဟန်းတို့သည်ကား တရားဟောပါမည့်အကြောင်း တောင်းပန် လျှောက်ထားကြကုန်၏။

မြတ်စွာဘုရားရှင်သည်ကား ပြဿနာ မေးလျှောက်သောရဟန်း, ကမ္မဋ္ဌာန်းတရား မေးမြန်းလျှောက်ထားကြကုန်သော ရဟန်းတို့နှင့်, တရားနာယူလိုကြောင်း တောင်းပန်လျှောက်ထားကြကုန်သော ရဟန်း အားလုံးတို့၏ လိုလားတောင့်တချက်ကို ပြည့်စုံအောင် ချီးမြှောက်တော်မူလျက် ညဉ့်ဦးယံအချိန်ကို လွန်စေတော်မူ၏။

ဤသည်ကား ပုရိမယာမကိစ္စဟု ဆိုအပ်သော ညဉ့်ဦးယံ၌ ပြုအပ်သော ဘုရားရှင်တို့၏ လုပ်ငန်းကိစ္စပင်တည်း။

သန်းခေါင်ယံပိုင်း ဗုဒ္ဓကိစ္စ

(သန်းခေါင်ယံ အချိန်အပိုင်းအခြားကို သီရိလင်္ကာဆရာတော် ဘဒနŭနာရဒ ရေးသားအပ်သောA Manual of Buddhism ည (၁၀းဝဝ) နာရီမှ နံနက် (၂းဝဝ)နာရီအထိဟု ဖော်ပြထားပေ၏၊)

ညဉ့်ဦးယံအတွင်း ပြဿနာ မေးလျှောက်သောရဟန်း, ကမ္မဋ္ဌာန်း တရား မေးမြန်း လျှောက်ထားကြကုန်သော ရဟန်းတို့နှင့်, တရား နာယူလိုကြောင်း တောင်းပန်လျှောက်ထားကြကုန်သော ရဟန်းသံဃာ အပေါင်းတို့သည် မိမိတို့၏ လိုလားတောင့်တချက်များ ပြီးပြည့်စုံကြပြီ ဖြစ်၍ဘုရားရှင်ကို ရှိခိုးဝတ်ပြုကာ ဖဲခွာသွားကြလေကုန်၏။

စကြဝဠာ တိုက်တစ်သောင်း၌ နေထိုင်ကြကုန်သော နတ် ဗြဟ္မာ အပေါင်းတို့သည်ကား မြတ်စွာဘုရားရှင်အား ချည်းကပ် ဆည်းကပ်ခွင့်ကို အလိုရှိကြသူများ ဖြစ်ကြပေ၏။ ထိုအခွင့်ကို ရဟန်းတော်များ ဖဲခွာ ကြွသွားကြသော အခါမှ ရတော့၏။ ထိုအခါ၌ နတ် ဗြဟ္မာ အပေါင်းတို့သည် မြတ်စွာဘုရားရှင်ထံ ချည်းကပ်ကြပြီး အမေးပြဿနာတို့ကို မေးမြန်း လျှောက်ထားကြ၏။ အယုတ်ဆုံး အပိုင်းအခြားအားဖြင့် အက္ခရာ လေးလုံးမျှ ရှိသော ပြဿနာကိုသော်လည်း မြတ်စွာဘုရားရှင်ထံ မေးမြန်းလျှောက်ထားကြ၏။ ဘုရားရှင်သည် ထိုထို နတ် ဗြဟ္မာတို့ မေးလျှောက်အပ်သော ပြဿနာဟူသမျှကို တစ်ခုမကျန် ဖြေရှင်းတော်မူကာ သန်းခေါင်ယံ အချိန်ကို ကုန်လွန်စေတော်မူပေ၏။

ဤသည်ကား မဇ္ဈိမယာမကိစ္စဟု ဆိုအပ်သော သန်းခေါင်ယံ၌ ပြုအပ်သော ဘုရားရှင်တို့၏ လုပ်ငန်းကိစ္စပင် ဖြစ်ပေ၏။

ဤမျှဆိုက နတ် ဗြဟ္မာအပေါင်းတို့သည် သန်းခေါင်ယံ အချိန်ကို ဗဟိုပြု၍ မြတ်စွာဘုရားရှင်ထံ အဘယ်ကြောင့် ချည်းကပ် ဆည်းကပ် လာကြပါသနည်းဟူသော အမေးကို ဖြေပြီး ဖြစ်တော့၏။

သန်းခေါင်ယံ အချိန်သည်ကား ကာမဂုဏ်ခံစားသူ လူသားတို့ အိပ်တန်း ဝင်ချိန် ဖြစ်ပေ၏။ သတ္တဝါတို့အပေါ် မဟာကရုဏာကြီးစွာ ဖြစ်တော်မူသော လူသားဘုရားရှင်သည်ကား သတ္တဝါတို့ ချမ်းသာရေး အတွက် အတု အတူမရှိသော လုံ့လဝီရိယဖြင့် အလုပ်လုပ်နေတော်မူချိန် ဖြစ်၏။

ထိုသို့ အားထုတ်တော်မူခြင်းသည် တစ်ရက်မျှ အားထုတ်အပ်သည် မဟုတ်၊ (၄၅)ဝါပတ်လုံး တစ်နေ့မပျက် အားထုတ်တော်မူခဲ့ခြင်း ဖြစ်၏။ ထိုမျှသော ကာလအတွင်းဝယ် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်သည့် ပါရမီရှင်အပေါင်းတို့ကို ထုတ်ဆောင်ကယ်တင်လျက် နိဗ္ဗာန်ဟူသော ဟိုမှာဘက်ကမ်းကို ပို့ဆောင်ပေးခဲ့၏။ ထုတ်ဆောင် ကယ်တင်ခံခဲ့ရသူတို့အတွင်း သင်နှင့် အကျွန်ုပ်တို့ မပါဝင်ခဲ့ခြင်းသည် အကြောင်း ရှိပေမည်။ အကြောင်းနှင့် ကင်းသည့် အကျိုးတရား မရှိသည့်အတွက် အကျိုးမရခဲ့သူ သင်နှင့် အကျွန်ုပ်တို့သည်ကား အမိုက်ကြီး မိုက်နေခဲ့သူများ အရှုံးကြီး ရှုံးခဲ့သူများသာ ဖြစ်ကြပေ၏။ အတိတ်အတွက် ဝမ်းနည်းနေဖို့တော့ မလိုလှ၊ ပစ္စုပ္ပန်ဘဝ၌ အမိုက်ကြီး မိုက်နေသူ မဖြစ်ဖို့, အရှုံးကြီး ရှုံးရသူ မဖြစ်ဖို့ သတိကြီးကြီးထားလျက် ကြိုးစားရမည်ပင်။ မိုးသောက်ယံ ဘုရားရှင်၏ လုပ်ငန်းကိစ္စကို ဆက်ကြဦးစို့။

မိုးသောက်ယံပိုင်း ဗုဒ္ဓကိစ္စ

မိုးသောက်ယံကို သုံးပိုင်းပိုင်း၍ ပြုဖွယ်ကိစ္စတို့ကို ဆောင်ရွက်တော်မူ၏။ နံနက်အချိန်မှ အစပြု၍ ထိုင်ခြင်း ဣရိယာပုထ်ဖြင့် နှိပ်စက်အပ်သော ရူပကာယတော်သည်ကား ပင်ပန်းနွမ်းနယ်လျက် ရှိ၏။ ထိုပင်ပန်းနွမ်းနယ်နေသော ရူပကာယတော်ကို သက်သာစေခြင်းငှာ မိုးသောက်ယံ၏ ပထမပိုင်း အချိန်ကို စင်္ကြံကြွတော်မူခြင်းဖြင့် မျှတ ကုန်လွန်စေတော်မူ၏။

ဒုတိယပိုင်းအချိန်၌ကား ဂန္ဓကုဋိကျောင်းတော် အတွင်းသို့ ဝင်တော်မူ၍ လကျ်ာနံတောင်းဖြင့် သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။

တတိယအချိန်ပိုင်း၌မူကား လျောင်းစက်ရာမှ ထတော်မူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၏၊ ထိုသို့ ထိုင်နေတော်မူပြီးနောက် ရှေးရှေး ဘုရားရှင်တို့၏ အထံတော်၌ ဒါန သီလ အစရှိသော အဓိကာရ ကောင်းမှုကုသိုလ်ထူး ရှိကြကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ကို ပိုင်းခြား ထင်ထင် သိမြင်ခြင်းငှာ သတ္တဝါတို့၏ အလိုအဇ္ဈာသယဓာတ်ခံကို သိနိုင်သော အာသယာနုသယဉာဏ်, သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို ခွဲခြားနိုင်သော ဣန္ဒြိယပရောပရိယတ္တိဉာဏ်တည်းဟူသော ဗုဒ္ဓစက္ခုတော်ဖြင့် သတ္တလောကကို ကြည့်ရှုတော်မူ၏။ (သံ၊ဋ္ဌ၊၁၊၂၂၄-၂၂၆။ အံ၊ဋ္ဌ၊၁၊၄၈-၅၀။)

ဤဉာဏ်တော်နှစ်ပါးသည်ကား ဘုရားရှင်တို့၌သာ ဖြစ်ခွင့် ရှိသော ဉာဏ်တော်များ ဖြစ်ကြပေ၏။ ထိုကြောင့်ပင် ဗုဒ္ဓစက္ခုဟု ခေါ်၏။ (သဂါထာဝဂ္ဂအဋ္ဌကထာနှင့် ဧကကနိပါတအဋ္ဌကထာတို့၌ ဖေါ်ပြထားသော ဖွင့်ဆိုချက်များသာတည်း။)

သုတ္တနိပါတအဋ္ဌကထာ၌မူကား ---

တတော ပစ္ဆိမယာမံ စတ္တာရော ဘာဂေ ကတွာ ဧကံ ဘာဂံ စင်္ကမံ အဓိဋ္ဌာတိ၊ ဒုတိယဘာဂံ ဂန္ဓကုဋိံ ပဝိသိတွာ ဒက္ခိဏေန ပေဿန သတော သမ္ပဇာနော သီဟသေယျံ ကပ္ပေတိ၊ တတိယဘာဂံ ဖလသမာပတ္တိယာ ဝီတိနာမေတိ၊ စတုတ္ထဘာဂံ မဟာကရုဏာသမာပတ္တိံ ပဝိသိတွာ ဗုဒ္ဓစက္ခုနာ လောကံ ဝေါလောကေတိ အပ္ပရဇက္ခမဟာရဇက္ခာဒိသတ္တဒဿနတ္ထံ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၁၂၁။)

ဤသို့ ဖွင့်ဆိုထားသောကြောင့် မိုးသောက်ယံပိုင်းကို လေးပိုင်းပိုင်း၍ ပြုဖွယ်ကိစ္စတို့ကို ဆောင်ရွက်တော်မူ၏ဟု တစ်နည်း ဆိုရမည် ဖြစ်သည်။

မိုးသောက်ယံ၏ ပထမပိုင်းအချိန်၌ စင်္ကြံကြွတော်မူ၏။

ဒုတိယပိုင်းအချိန်၌ကား ဂန္ဓကုဋိကျောင်းတော်အတွင်းသို့ ဝင်တော်မူ၍ လကျ်ာနံတောင်းဖြင့် သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။

တတိယပိုင်းအချိန်၌မူကား ဖလသမာပတ်ကို ဝင်စားတော်မူ၏။

စတုတ္ထအချိန်ပိုင်း၌မူကား မဟာကရုဏာတော်သမာပတ်ကို ဝင်စားတော်မူ၍ ဉာဏ်မျက်စိ၌ ကိလေသာမြူ နည်းကုန်, များကုန်သော သတ္တဝါတို့ကို ပိုင်းခြား ထင်ထင် သိမြင်ခြင်းငှာ သတ္တဝါတို့၏ အလိုအဇ္ဈာသယဓာတ်ခံကို သိနိုင်သော အာသယာနုသယဉာဏ်, သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို ခွဲခြားနိုင်သော ဣန္ဒြိယပရောပရိယတ္တိဉာဏ်တည်းဟူသော ဗုဒ္ဓစက္ခုတော်ဖြင့် သတ္တလောကကို ကြည့်ရှုတော်မူ၏။

ဘုရားရှင်၏ ချေချွတ်မှုကို ခံယူခွင့်ရသူများ

ရှေးရှေး ဘုရားရှင်တို့၏ လက်ထက်၌ ဒါန သီလ အစရှိသော အဓိကာရကောင်းမှုကုသိုလ် ရှိလျက် ဉာဏ်မျက်စိ၌ ကိလေသာမြူ နည်းကုန် ပါးကုန်သော သူတို့သည်ကား မြတ်စွာဘုရားရှင်၏ ဉာဏ်တော်ဖြင့် ထိတွေ့ခွင့်ရကြ၏။ မြတ်စွာဘုရားရှင်၏ ဉာဏ်ကွန်ယက်ထဲ ထင်ခွင့်ရကြ၏။ မြတ်စွာဘုရားရှင်၏ ချေချွတ်မှုကို ခံယူခွင့်ရကြ၏။ ဘေးတွေ ဝိုင်းခြုံနေသည့် လောကဘေးဒုက္ခ အပေါင်းမှ လွတ်မြောက်ခွင့် ရကြ၏။ ထိုသူတို့အထဲ သင်နှင့် အကျွန်ုပ်တို့ မပါဝင်ခဲ့သည်မှာ မလွဲသင့်သော အခွင့်အလမ်းကြီး တစ်ခုဖြင့် အလွဲကြီး လွဲခဲ့ကြရခြင်းပင် ဖြစ်ပေ၏။ ထိုအထဲ သင်နှင့် အကျွန်ုပ်တို့ မပါခဲ့ခြင်းကို ထောက်က ချွတ်ချော်တိမ်းပါးစေသော ကံအကြောင်းတို့ကြောင့်ပင် ဖြစ်ပေမည်။ ဘဝ၌ နေချင်သလို နေခဲ့၍ သေချင်သလို သေလျက် ရှင်ချင်သလို ရှင်ခဲ့ရသည့် ရပ်ပြစ်ရှစ်ပါးအတွင်းဝင် ဘဝပိုင်ရှင်များ ဖြစ်ခဲ့ကြလေသလောဟု တွေးမိ၏။

ရပ်ပြစ်ရှစ်ပါး၌ ဖြစ်ခြင်းဟူသည်

- အလွန်ပြင်းထန် ဆင်းရဲလှသည့် ဆင်းရဲမှုဒဏ်ချက်ကို အပြင်း အထန် ခံလျက် အဆင်းသန္တာန်ပျက်ကာ အတွင်းအာသာ ဆန္ဒ စိုးစဉ်းမျှ မရှိပါဘဲ အခံခက်စွာ အသက်ရှင်နေကြရသည့် ငရဲဘုံ၌ဖြစ်နေလေသလော, (၁)

- စားဖို့ အိပ်ဖို့ ကာမဂုဏ်ခံစားဖို့သာ သိသည့် တိရစ္ဆာန်ဘုံ၌ ဖြစ်နေလေသလော, (၂)

- အမြဲတစေ ပူလောင်ခြောက်ကပ်ကာ ရေငတ် အစာငတ်ခြင်း

ဒဏ်ချက်ဖြင့် အပြင်းအထန် အနှိပ်စက်ခံနေရသည့် ပြိတ္တာ ဘုံ၌ ဖြစ်နေလေသလော, (၃)

- သူတော်ကောင်းတရားကို နာကြားနိုင်သည့် သောတပသာဒ (= နားအကြည်) ကင်းမဲ့နေသည့် အသညသတ်ဘုံ၌ ဖြစ်နေလေသလော, (၄)

(မှတ်ချက် - ဤဘုံ၌ ဖြစ်သူများကို နေချင်သလို နေခဲ့သူများဟု မဆိုနိုင်ပေ။ နည်းပေးလမ်းညွှန်ကောင်းကို မရခဲ့သည့်အတွက် အထွဋ် အမြတ်ထားကာ ပွားများမိသည့် ဘာဝနာကမ္မဋ္ဌာန်းကြောင့် ထိုဘုံ ထိုဘဝ၌ ဖြစ်ရခြင်းသာ ဖြစ်၏။ ဆရာကောင်း သမားကောင်းကို ရှာဖို့ လိုကြောင်း မပြောသော်လည်း ပြောနေသကဲ့သို့ပင် ဖြစ်၏။)

- နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားကို ဟောကြား

ပေးနိုင်သည့် ဘုရားရှင်၏ သားတော် သမီးတော်များ ရောက်

ပေါက်ဖို့ရန် ခက်ခဲသည့် အစွန်အဖျားကျသည့် ပစ္စန္တရစ် အရပ်၌ ဖြစ်နေလေသလော, (၅)

- မှားယွင်းသော မိစ္ဆာဒိဋ္ဌိအယူရှိသူ ဖြစ်နေလေသလော, (၆)

- ကံ ကံ၏အကျိုးတရားကို တတ်သိနားလည်သည့် ဉာဏ်မရှိ သူ, မိုက်မဲ ဆွံ့အသူ, ကောင်းသောစကား မကောင်းသော စကားဟူ၍ အနက်အဓိပ္ပါယ်ကို သိနားလည်ရန် မစွမ်းနိုင် သော ပညာမဲ့သူ မိုက်မဲသူ ဖြစ်နေလေသလော, (၇)

- ဘုရားမပွင့်ထွန်းသည့် အခါ၌ ဖြစ်နေလေသလော (၈)

စသည့် ချွတ်ချော်တိမ်းပါးစေသော ကံအကြောင်းတို့ ရှိခဲ့မည်ပင်။လုပ်သင့်တာ မလုပ်ဘဲ လုပ်ချင်တာကို ရှေ့တန်းတင်၍ လုပ်ခဲ့သူ အတူတူနှင့် အနူနူထဲ သင်နှင့် အကျွန်ုပ်တို့ ပါခဲ့မည် ထင်၏။

ဒီဘဝတော့ လုပ်သင့်တာ လုပ်နိုင်ဖို့ ဩဃတရဏသုတ္တန်ကို ပြန်ဆက်ကြဦးစို့။

ဩဃတရဏသုတ္တန်

ညဉ့်ဦးယံအတွင်း ချဉ်းကပ် ခစားမေးမြန်း လျှောက်ထားလာကြသော ရဟန်းတော်များသည် ဘုရားရှင်ကို ရှိခိုးဝတ်ပြု၍ ဖယ်ခွာ သွားကြပြီ ဖြစ်၏။ ထိုသို့ ဖယ်ခွာကြွသွားကြခြင်းသည်ပင်လျှင် ဆည်း ကပ်ခွင့်ကို စောင့်နေကြသည့် နတ် ဗြဟ္မာတို့အတွက် မဟာသမယကြီး ပင် ဖြစ်တော့၏။ ထို သန်းခေါင်ယံအချိန်သည်ကား လူတို့နေရာ လူ့ဌာနေ၌ အမှောင်ချ၍ လျောင်းစက်ရာ အချိန်ပင် ဖြစ်၏။

ဘုရားရှင် သီတင်းသုံးစံနေတော်မူရာ ဇေတဝန်ကျောင်းတိုက်တော်ကြီးသည်ကား ချဉ်းကပ်လာသူ နတ်သား၏ ကိုယ်ရောင် ကိုယ်ဝါကြောင့် အမှောင်ချ၍ လျောင်းစက်ရာ လူတို့ဌာနေ သန်းခေါင်ယံ အချိန်၌ ခန်းရောင်ဝါ ထိန်ထိန်လင်းလျက် စန်းသော်တာ လမင်းကြီးသာနေသလို တင့်တယ်လျက် ရှိနေပေတော့သည်။

ထိုနတ်သားသည် မြတ်စွာဘုရားရှင်ကို ရိုသေစွာ ရှိခိုးပြီး တစ်ခုသော အရပ်၌ ရပ်တည်လျက် သိလိုသည့် မေးခွန်းကို လျှောက်ထား၏။ အဘယ်သို့ လျှောက်ထားလေသနည်း ...

ကထံ နုတွံ မာရိသ ဩဃမတရီတိ၊ (သံ၊၁၊၁။)

How did you cross the flood, Buddha?

မြတ်စွာဘုရား ...မြတ်စွာဘုရားသည် ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ အဘယ်သို့ ကူးခတ်လွန်မြောက်တော်မူခဲ့ပါသနည်း ဟူသော အမေးကို မေးမြန်း လျှောက်ထား၏။

ထိုသို့ မေးမြန်းလျှောက်ထားသည် ရှိသော် ---

အပ္ပတိဋ္ဌံ ခွါဟံ အာဝုသော အနာယူဟံ ဩဃမတရိန္တိ (သံ၊၁၊၁။)

By not stopping, by not struggling I have crossed the flood difficult to cross.

အမောင်နတ်သား ... ငါဘုရားသည် ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ မရပ်တည်ပဲ အားမထုတ်ပဲ ကူးခတ်လွန်မြောက်တော်မူခဲ့ပါ၏ဟု ပြန်လည် ဖြေကြားတော်မူခဲ့ပေ၏။

မည်သို့ ပြောရမည်ကို သိသောပုဂ္ဂိုလ်

ထိုမေးခွန်းကို မေးလျှောက်သည့် နတ်သားဟူသည် မိမိကိုယ်ကို မိမိ အထင်ကြီးနေသူ တစ်ဦးသာ ဖြစ်၏။ သူစဉ်းစားမိသည့် အချက်တို့ကို သိဖို့လိုလာ၏။ ငါသည် ဩဃလေးဖြာကို သိသူ ဖြစ်၏။ မြတ်စွာဘုရားသည်ကား ထိုဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်ပြီးသူ ဖြစ်ပေ၏။ ထိုအရာ ကိုလည်း ငါ သိ၏။ ငါ မသိသည်ကား ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ကူးခတ် လွန်မြောက်ခဲ့ကြောင်းကို မသိခြင်းမျှသာတည်း။ လွန်မြောက်ပုံ လွန်မြောက်နည်းကလေးကို အနည်းငယ်မျှ ပြောပြမည်ဆိုက နားလည်နိုင်စွမ်း ရှိသူသည် ငါမည်သော နတ်သားသာတည်းဟု မိမိကိုယ်ကို အထင်ကြီးနေသူ တစ်ဦး ဖြစ်၏။ မာနဓာတ်ခံဖြင့် မြတ်စွာဘုရားရှင်ထံ ချဉ်းကပ်လာသူလည်း ဖြစ်၏။ သူတစ်ထူး၏ စိတ်ကို သိတော်မူသည့် မြတ်စွာဘုရားသည် ထိုမာန ဓာတ်ခံကို ကျသွားစေလိုသည့်အတွက် နတ်သား မေးလိုက်သော အမေးကို နားလည်ဖို့ရန် ခက်ခဲသော အဖြေဖြင့် ဖြေကြားတော်မူခဲ့၏။ ဤသို့ ဖြေကြားတော်မူခြင်းသည် မြတ်စွာဘုရားရှင်၏ ကြီးမားသောကရုဏာ, ကြီးမားသော မေတ္တာတော်ကြောင့်သာ ဖြစ်ပေ၏။

မည်သည့်အချိန် မည်သည့်နေရာ၌ မည်သို့သောပုဂ္ဂိုလ်ကို မည်သို့ ပြောရမည်ကို အလုံးစုံ သိသူဟူက အလုံးစုံ သိတော်မူသည့် ဘုရားရှင်သာ ဖြစ်ပေ၏။

မိမိကိုယ်ကို အထင်ကြီးလျက် ဘုရားရှင်ထံ မေးမြန်းလျှောက်ထားနေသော နတ်သားသည်ကား ဘုရားရှင် ဖြေဆိုတော်မူသည့် စကားကို နားမလည်နိုင်တော့ပေ။ အဓိပ္ပါယ် တိမ်မြုပ်နေသည့် ထိုစကားဝှက်ကြောင့် မိမိ မျှော်မှန်းထားသကဲ့သို့ မဟုတ်ပဲ နားမလည် အခက်ကြုံရပြီ ဖြစ်သည့် ထိုနတ်သားသည် မြတ်စွာဘုရားရှင်ကို ထပ်မံ မေးမြန်းလျှောက်ထားရတော့၏။ အဘယ်သို့ လျှောက်ထားလေသနည်းဟူမူ ---

ယထာ ကထံ ပန တွံ မာရိသ အပ္ပတိဋ္ဌံ အနာယူဟံ ဩဃမတရီတိ၊ (သံ၊၁၊၁။)

How is it that by not stopping, by not struggling you have crossed the flood difficult to cross?

မြတ်စွာဘုရား ...မြတ်စွာဘုရားသည် အဘယ်သို့ မရပ်တည် အဘယ်သို့ အားမထုတ်ဘဲ ကူးခတ်ဖို့ရန် ခက်ခဲသော ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်တော် မူခဲ့ပါသနည်းဟု တဖန် မေးမြန်းလိုက်ခြင်းပင် ဖြစ်၏။ ထိုအခါ၌ ဘုရားရှင်က ---

ယဒါ ခွါဟံ အာဝုသော သန္တိဋ္ဌာမိ တဒါဿု သံသီဒါမိ၊ ယဒါ ခွါဟံ အာဝုသော အာယူဟာမိ တဒါဿု နိဗ္ဗုယှာမိ။ ဧဝံ ခွါဟံ အာဝုသော အပ္ပတိဋ္ဌံ အနာယူဟံ ဩဃမတရိန္တိ။ (သံ၊၁၊၁။)

ဟူ၍ ဖြေတော်မူ၏။ ဆိုလိုရင်းကား ---

If I came to a standstill, I sank. If I struggled, I got swept away. In this way, I crossed the flood difficult to cross.

အမောင်နတ်သား ...အကြင်အခါ၌ ငါသည် ရပ်တည်၍ နေ၏၊ ရပ်တည်၍နေသော ထိုအခါ၌ နစ်မြုပ်၍ သွား၏။ အကြင်အခါ၌ ငါသည် အားထုတ်၏၊ အားထုတ်သော ထိုအခါ၌ မျောပါ၍ သွား၏။ ထိုသို့သော အကြောင်းဖြင့် မရပ်တည်ဘဲ အားမထုတ်ဘဲ ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်တော်မူခဲ့လေ၏ဟု

ဖြေဆိုလိုက်သော စကားတို့သည်ကား စာရေးသူနှင့် စာဖတ်သူတို့အတွက် ကွယ်ဝှက်နေသော ပဟေဠိဆန်ဆန် စကားများသာ ဖြစ်နေကြသေး၏။ အဖြေကို ကြားခွင့်ရသည့် အမေးရှင် နတ်သားသည်ကား ထိုအဖြေ၏ အဆုံး၌ သောတာပန် တည်ခဲ့ပေ၏။

ကျွန်ုပ်တို့၏ ပေတုံးလှသည့် ဉာဏ်

စာရေးသူအတွက်မူကား ဤတရားတော်ကို ဖတ်ရှုလေ့လာစဉ် အခါက နားလည်ဖို့ရန်ပင် အခက်ကြုံခဲ့ရ၏။ အဋ္ဌကထာဆရာတော်များ၏ ရှင်းလင်းချက်နှင့် အဘိဓမ္မာဆိုင်ရာ ဗဟုဿုတ အကူအညီ မရက နားလည်နိုင်ခဲ့မည် မဟုတ်ပေ။

နတ် ဗြဟ္မာတို့သည်ကား ထက်သော ဉာဏ်ရှိသူများ ဖြစ်ကြ၏။ ထိုသို့သော ဉာဏ်ရှိသူ နတ် ဗြဟ္မာတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော သဂါထာဝဂ္ဂသံယုတ်ပါ ဒေဝတာသံယုတ်၌ လာရှိသော သုတ္တန်တို့သည်ကား ကျစ်လျစ်သော တရားတိုများသာ ဖြစ်ကြပေ၏။ ထိုသို့ ကျစ်လျစ် တိုတောင်းသော အမေးနှင့် အဖြေတို့သည်ကား နတ် ဗြဟ္မာတို့၏ ဉာဏ်၌ ထင်နိုင် မြင်နိုင် ထိုးထွင်း၍ သိနိုင်ရန် ထိုက်တန် လုံလောက်နေပေ၏။ လူသားများ ဖြစ်ကြသည့် စာရေးသူနှင့် စာဖတ်သူတို့အတွက်မူ နားလည်ဖို့ရန်ပင် မလုံလောက်လှပေ။ အဋ္ဌကထာဆရာတော်များ၏ ရှင်းလင်းချက်နှင့် အဘိဓမ္မာဆိုင်ရာ ရှင်းလင်းချက်များဖြင့် တန်ဆာဆင်မှု အကူအညီကို ရပါမှ တင့်တယ်လာနိုင်သည့် ကျွန်ုပ်တို့၏ ပေတုံးလှသည့် ဉာဏ်အတွက် တာဝန်တစ်ရပ်သဖွယ် တန်ဆာဆင်ကြရဦးမည် ဖြစ်ပေ၏။

နတ်သား မေးလျှောက်သည့် အမေးထဲ၌ ပါရှိသော ဩဃလေးဖြာဟူသော စကား၏ အဓိပ္ပါယ်ကိုလည်း သိဖို့လိုလာ၏။

ဘုရားရှင် ဖြေတော်မူသည့် အဖြေထဲ၌ လာရှိသော ရပ်တည်မည်ဆိုလျှင် နစ်မြုပ်သွားရ၏ အားထုတ်မည်ဆိုက မျောပါသွားရ၏ဟု ဆိုအပ်သော စကားရပ်အတွင်းဝယ် ရပ်တည်ခြင်း, အားထုတ်ခြင်း နစ်မြုပ်ခြင်း, မျောပါခြင်း အစရှိသော စကားရပ်တို့၏ ဆိုလိုရင်း အဓိပ္ပါယ်ကိုလည်း သိဖို့လိုလာ၏။ မရပ်တည်ဘဲ အားမထုတ်ဘဲ ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်တော်မူခဲ့လေ၏ဟူသော စကားရပ်၌ ပါသည့် မရပ်တည်ဘဲ အားမထုတ်ဘဲဟူသော စကားရပ်၏ ဆိုလိုရင်း အဓိပ္ပါယ်ကိုလည်း သိဖို့လိုပေ၏။

ဩဃလေးဖြာဟူသည်

လောက၌ ရှိသည့် သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို လွှမ်းမိုး နစ်မြုပ်တတ်သော ကြီးစွာသော ရေအဟုန်ကို ဩဃဟု ခေါ်၏။ ဤသုတ္တန်၌ လာရှိသော ဩဃလေးဖြာသည်လည်း သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို လွှမ်းမိုး နစ်မြုပ်တတ်သော ကြီးစွာသော ရေအဟုန်နှင့် တူသောကြောင့် ဩဃလေးဖြာဟုပင် ခေါ်ဆိုရခြင်း ဖြစ်ပေ၏။

ဩဃလေးဖြာတည်းဟူသော သံသရာသမုဒ္ဒရာကြီးကို အမှီပြုလျက် ပျော်နိုင်ကြကုန်သော သတ္တဝါတို့သည်ကား သံသရာသမုဒ္ဒရာ ဝဲဩဃမှ လွတ်မြောက်ခွင့် ရခြင်းကို အလိုမရှိသူများနှင့် တူလှ၏။

သမုဒ္ဒရာဝဲဩဃထဲသို့ ဝင်ရောက်သွားမိသူတို့ကို ထိုဝဲဩဃထဲမှ လွတ်မြောက်ခွင့် မရအောင် စုပ်ယူထားသကဲ့သို့ ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃဟု ဆိုအပ်သော ဩဃလေးဖြာထဲ၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေကြကုန်သော သူတို့ကိုလည်း ဤဝဲဩဃမှ လွတ်မြောက်ခွင့် မရအောင် စုပ်ယူထားကြ၏။

ကာမောဃဟူသည်

ကာမောဃဟူသည်ကား လူ့ဘုံ နတ်ဘုံ အပါယ်လေးဘုံတို့၌ရှိသည့် အဆင်း အသံ အနံ့ အရသာ အတွေ့အထိဟု ဆိုအပ်သော အာရုံ (၅)ပါး ကာမဂုဏ်တရားတို့အပေါ်၌ တွယ်တာစုံမက် နှစ်သက်နေသည့် တဏှာပင် ဖြစ်၏။ ဤတဏှာကပင် ကာမဘုံဝယ် နစ်မြုပ်နေအောင် လွှမ်းမိုးဖိစီးထား၏။ ကာမ (၁၁)ဘုံတည်းဟူသော ဝဲဩဃမှ လွတ်မြောက်ခွင့် မရအောင် ပြုနေသောကြောင့် ဤတဏှာကို ကာမောဃဟု ခေါ်ရခြင်း ဖြစ်၏။ လောကဥပမာဖြင့် ခိုင်းနှိုင်းပြရပါမူကား ---

လေ့ကျင့်ခန်း ဝင်နေသောလောက

လောကလူသားတို့ မည်သည် ---

ရူပါရုံ အမျိုးမျိုးကို မြင်တွေ့လိုသူများသာ ဖြစ်ကြပေ၏။ ရူပါရုံ အမျိုးမျိုးကို မြင်ခွင့်ရဖို့ ရှာဖွေနေကြ အားထုတ်နေကြ၏၊ ထိုအတွက် ပင်ပန်းနေကြ၏။ ရူပါရုံကို နှစ်သက် တပ်မက်သည့် တဏှာကြောင့် သူ့ကိုမှ မရလျှင် သေရပါတော့မည်ဟု ဆိုလျက် မစားနိုင် မအိပ်နိုင်ပဲ အိပ်ရာထဲ ဘုန်းဘုန်းလဲသည် အထိ ဖြစ်ခဲ့သူများ ဘုရားဟောထဲ တွေ့ခွင့်ရ၏။ ရှေး၌လည်း ဤဖြစ်စဉ်တို့ ဖြစ်ခဲ့၏၊ ယခုလည်း ဖြစ်နေကြသကဲ့သို့ နောင်လည်း ဖြစ်ကြဦးမည်ပင်။

ထိုကဲ့သို့ ဣန္ဒြေမဲ့သည်အထိ မဖြစ်သော်လည်း ဣန္ဒြေရှိရှိဖြင့် မိမိ လိုချင်သည့် ရူပါရုံကို ရရှိခြင်းငှာ အသက်ရှင်နေကြသူများအဖြစ် လူသားတို့ကို မြင်ရ၏။ ထိုစကားကို ကျကျနန တွေးစေလို၏။ မိမိ အတွက်ဟု ထင်ကြသော်လည်း မိမိအတွက် မဟုတ်ပေ။ ကျွန်ခံဖို့ ခံနိုင်ရည်ရှိအောင် လေ့ကျင့်ခန်း ဝင်နေကြပုံမျိုးသာ ဖြစ်၏။ ဤလောကကို ဤသို့ ဤပုံ လေ့ကျင့်ခန်း ဝင်နေသောလောကဟုဆိုက မှားမည် မထင်ပေ။

မောင်-မယ်ရွေးပွဲ ကျင်းပနေကြတာပါ

သိမ်းပိုက်လိုသည့် ရူပါရုံအတွက် ကျွန်ခံဖို့အရေး သူသူငါငါ ကြိုးစားနေကြရသည် မဟုတ်လော။ ဓနအင်အား စည်းစိမ်အင်အား ရာထူး ဂုဏ်သိမ် အဆင်း အရွယ်အင်အား စသည်တို့ကို အပြိုင်ပြလျက် ငါ့ကို မောင်အဖြစ် ရွေးကြပါ, ငါ့ကို မယ်အဖြစ် ရွေးကြပါဟု မောင်-မယ်ရွေးပွဲ ကျင်းပနေကြသော လောကထဲ စာဖတ်သူ ပါဝင်နေပါသလောဟု မိမိကိုယ်ကိုသာ ပြန်မေးသင့်တော့၏။

ကာမပိုင်ရှိသည့် ရူပါရုံကို အလိုရှိသည့်အတွက် ပိုင်သူကို သေအောင်သတ်လျက် အရယူဖို့ ကြံစည်ကြသည့် ဖြစ်ရပ်များလည်း ဘုရားဟောထဲ ဖတ်ရ၏။ ရှေး၌လည်း ဤဖြစ်စဉ်တို့ ဖြစ်ခဲ့၏၊ ယခုလည်း ဖြစ်နေကြသကဲ့သို့ နောင်လည်း ဖြစ်ကြဦးမည်ပင်။

ရူပါရုံအဆင်းတို့အပေါ် တွယ်တာမက်မောခြင်းတည်းဟူသော လောဘတဏှာကြောင့် ကာမောဃ ရေအဟုန်မှ လွတ်မြောက်ခွင့် မရသကဲ့သို့ ကာမောဃဝဲ၏ စုပ်ယူခြင်းကိုလည်း ခံကြရ၏။ ကာမောဃ ရေအဟုန်မှ လွတ်မြောက်ခွင့် မရစေသော တဏှာဟူသည် ဗဟိဒ္ဓ ရူပါရုံတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်လည်း ရှိ၏။ အဇ္ဈတ္တ ရူပါရုံတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်လည်း ရှိ၏။

အဇ္ဈတ္တ ဗဟိဒ္ဓ ရူပါရုံအဆင်းတို့အပေါ် တွယ်တာမက်မောခြင်းတည်းဟူသော လောဘတဏှာကြောင့် ကာမောဃ ရေအဟုန်မှ လွတ်မြောက်ခွင့် မရနိုင်ကြပေ။

ကြေးမုံမှန်ပြင်ရှေ့ဝယ် အကောင်းဆုံး အလှဆုံးဖြစ်အောင် ကြည့် ရှု ပြင်ဆင်တတ်သည့် အလေ့ဟူသည် မိမိကိုယ်ကို လွန်စွာ တွယ်တာ နှစ်သက်နေသည့် တဏှာကြောင့်ပင် ဖြစ်၏။ ထို တဏှာကြောင့် ဘဝသစ်တစ်ဖန် ဖြစ်ကြရခြင်းဟူသော အကျိုးတရားကို လက်ခံကြရမည် ဖြစ်၏။ ကာမောဃ ရေအဟုန်မှ လွတ်မြောက်ခွင့်မရအောင် ဆွဲငင်ထားကြမည်သာ ဖြစ်ပေ၏။

အထင်ကြီးခြင်း၏ ဒုက္ခ

သတ္တဝါတို့မည်သည် မိမိကိုယ်ကို စိတ်အဝင်စားဆုံး အထင်ကြီးဆုံး ပုဂ္ဂိုလ်များသာ ဖြစ်ကြပေ၏။

မိမိကိုယ်ကို စိတ်အဝင်စားဆုံး အထင်ကြီးဆုံးသော သူတို့သည် မိမိကို စိတ်ဝင်စားသူ အထင်ကြီးသူများကိုလည်း တွေ့လိုကြ၏။ မိမိ ကိုယ်ကို လွန်စွာ စိတ်ဝင်စားတတ် အထင်ကြီးတတ်သော စိတ်ကြောင့် မိမိကို စိတ်ဝင်စားသူ အထင်ကြီးသူများ ပေါ်ပေါက်လာခြင်းကို အလိုရှိကြ၏။ ဆက်လက်တည်တံ့နေရေးအတွက် ကြိုးစားကြ၏။ ထို့ကြောင့် တစ်ဦးကို တစ်ဦး နှောင်ဖွဲ့ကြသည်လည်း ရှိ၏။ အနှောင်အဖွဲ့ တစ်ခုဖြင့် အနှောင်အဖွဲ့တစ်ခုကို ထပ်ဆင့် ယူလျက် ဒုက္ခကို သိမ်းပိုက်ကြခြင်း ဖြစ်၏။ မိမိကိုယ်ကို လွန်စွာ စိတ်ဝင်စားတတ် အထင် ကြီးတတ်သော စိတ်က မိမိကို စိတ်ဝင်စားသူ အထင်ကြီးသူများကိုပါ စိတ်ဝင်ဝင်စားစေအောင် ပြုနိုင်စွမ်းသော ငါစွဲ အတ္တ၏ လှည့်စားမှုကို သတ္တဝါတို့ ခံကြရ၏။

သတ္တဝါတို့မည်သည် မိမိကိုယ်ကို ချစ်မြတ်နိုးဆုံး ပုဂ္ဂိုလ်များသာ ဖြစ်ကြပေ၏။ မိမိထက်ပိုပြီး ချစ်မြတ်နိုးအပ်သူ မရှိကြောင်း ဘုရားရှင် ကိုယ်တော်တိုင် မိန့်ဆိုတော်မူခဲ့သည်ပင်။

မိမိကိုယ်ကို ချစ်မြတ်နိုးဆုံးသော သူတို့သည် မိမိ ချစ်မြတ်နိုးသော ဤခန္ဓာကိုယ်ကြီးကို ချစ်မြတ်နိုးပါသည်ဟု ဆိုလာကြသည့် ပုဂ္ဂိုလ်များကိုလည်း အလိုရှိကြ၏။ မိမိတစ်ကိုယ်တည်း စောင့်ရှောက်ပေးရသည့် ဘဝမှ သူတစ်ပါးတို့၏ အစောင့်အရှောက်ကိုပါ တောင့်တခြင်း ဖြစ်၏။ မိမိကို ဂရုစိုက်မည့်သူဟု အထင်ရောက်မိသောကြောင့် လက်ဆက်ဖို့ လက်ခံလိုက်မိသည် မဟုတ်လော။

တကယ်စင်စစ်မူ မိမိကိုယ်ကို အချစ်ဆုံး ပုဂ္ဂိုလ်အချင်းချင်း တွေ့ဆုံကြသည့် ပွဲ၌ မိမိတို့ ထင်သလို ဖြစ်မလာကြသည်ကိုကား စာဖတ်သူတို့ ကိုယ်တွေ့ ဖြစ်ပေလိမ့်မည်။

တစ်ခုသော ဘဝ၌ ဘုရားအလောင်းတော် ဆိုခဲ့သော စကားကို စာဖတ်သူများအား သိစေလို၏။ မိဘများက သားမောင် ဖြစ်သူကို အမျိုးသမီးတစ်ဦးနှင့် လက်ဆက်စေလို၏။ အကျိုးအပြစ်ကို သိသူ ဉာဏ်ပညာ အဆင်အခြင်ရှိသူ ဘုရားအလောင်းတော်သည်ကား လက်မခံခဲ့ပေ။ အကြောင်းအကျိုးကို ပြသောအားဖြင့် လေးနက်သော စကားကို မိဘများအား ဆိုခဲ့၏။ ထိုစကားသည်ကား ချမ်းသာခြင်းကို အလိုရှိတဲ့ ပုဂ္ဂိုလ်များကို ဆင်းရဲအောင် မပြုလုပ်ချင်ပါဘူးဟူ၍ ဖြစ်၏။

လေးနက်သော အဓိပ္ပါယ်တို့သည်ကား ဤစကား၏ နောက်ဝယ် တည်ရှိနေကြ၏။ လေးလေးနက်နက် စဉ်းစားကြဖို့ လို၏။ လေးလေးနက်နက် စဉ်းစားက ထိုစကား၏ နောက်ကွယ်ရှိ ကွယ်ဝှက်နေသော အဓိပ္ပါယ်တို့ကို နားလည် သက်ဝင်ကြပေလိမ့်မည်။ လက်ဆက်ခြင်းဟူသည် ဝန်ထုတ် ဝန်ပိုးတစ်ခုကို ထပ်တိုး၍ ထမ်းခြင်းသာ ဖြစ်၏။ ထိုသို့ ထမ်းခြင်းကြောင့် ချမ်းသာသုခတို့ လျော့၍ လျော့၍ သွား၏။ ဒုက္ခတို့ တိုး၍ တိုး၍လာ၏။ ငါနှင့် တဏှာက ဒုက္ခဟု မမြင်အောင် ပြုပေး၏။ ထိုကြောင့်ပင် ဒုက္ခကို သုခဟု မြင်ကြ၏။ ထိုဒုက္ခကို ထမ်းပိုးခွင့်ရခြင်းကိုပင် လူကြီးဖြစ်ပြီဟု စိတ်ကြီးဝင်လျက် ဘဝင်မြင့်တတ်ကြသေးသည် မဟုတ်လော။

ကိလေသာ အလိုအတွက် အလိုဖြည့်ပေးနေကြရသူများဟု အမှန် မသိကြ။ အလိမ်ခံနေရသည်ကိုလည်း မသိကြ။ ထို့ကြောင့်ပင် ကာမောဃ ရေအယဉ်မှ လွတ်မြောက်ခွင့် မရနိုင် ဖြစ်ကြရ၏။

သဒ္ဒါရုံ သံစဉ်တောထဲ နစ်မြောနေကြသူများ

သဒ္ဒါရုံ အမျိုးမျိုးကို နားဆင်လိုကြ၏၊ ထိုအတွက် အားထုတ်နေကြ ရှာဖွေနေကြ၏။ သဒ္ဒါရုံ သံစဉ်တောထဲ နစ်မြောနေသူ လူသားတို့ သဒ္ဒါရုံ၏ ညိုှ့ငင်အားကို ကောင်းစွာ နားလည်ကြ၏။ အသံနှင့် ကင်း၍ မနေနိုင်ကြ။ အသံကောင်းသူတို့၏ ညိုှ့ငင်အား စက်ကွင်းထဲမှ မရုန်းထွက်နိုင်ကြ။ အသံပေးလျက် ကျွန်ခံဖို့အရေး ကြိုးစားခဲ့ဖူးသည့် အပြုအမူများကို မှတ်မိကြပေလိမ့်မည်။ အသံပေးလျက် မောင်အဖြစ် ရွေးချယ်ခံရဖို့ ကြိုးစားခဲ့မိသည့်အတွက် အဆင်းရဲကြီး ဆင်းရဲနေရသည့် ဘဝပိုင်ရှင်များသည်ကား ကာမောဃ ရေအယဉ်၏ စုပ်ယူ ဆွဲငင်မှုကို ခံခဲ့ကြရခြင်းပင် ဖြစ်ပေ၏။

ဂန္ဓာရုံနှင့် ရသာရုံ

ဂန္ဓာရုံဆိုးကို အလိုမရှိကြသော်လည်း ကံ ကိလေသာကြောင့် ဖြစ်ပေါ်လာသော ခန္ဓာကိုယ်ကြီးသည်ကား အလိုမရှိအပ်သော အနံ့ဆိုး တို့ကို ထုတ်လုပ်ပေးနေသည့် အညစ်ကြေးထုတ်လုပ်ရာ စက်ယန္တရားကြီးသဖွယ် ဖြစ်နေ၏။ မကောင်းသော အနံ့အသက်တို့ တလှိုင်လှိုင် ထွက်လျက် အပုပ်ကောင်သဖွယ်ပင် ဖြစ်တော့၏။ ရေချိုးခြင်း အမွေးနံ့သာတို့ဖြင့် လိမ်းကျံပေးခြင်း အစရှိသည့် ပြုပြင်စီရင်မှု အစုစုကို နေ့စဉ် ပြုလျက် အပုပ်ကောင်ကို အပုပ်ကောင်မှန်း မသိအောင် ပြုနေ ကြရ၏။ အနံ့ဆိုး မကြိုက်သည့် သူတို့ အနံ့ဆိုးကို ထုတ်လုပ်နေသည့် ခန္ဓာကိုယ်ကြီးကို အချိန်မီ သုတ်သင်လျက် ခန္ဓာကိုယ်ကြီး၏ သဘောမှန်ကို ကွယ်နိုင် ကာနိုင်အောင် ကြိုးစားကြ၏။ ထိုသို့ ကြိုးစားခြင်းသည် အရှိအတိုင်း အမြင်မခံနိုင်၍ မရှိသည်ကို အရှိလုပ်လျက် လှည့်စားကြခြင်းသာ ဖြစ်၏။ အရှိအတိုင်းထားက မိမိကိုယ်ကို မိမိပင် မသတီစရာ ဖြစ်သည့် ခန္ဓာကိုယ်ကြီးကို ရရှိထားသည် မဟုတ်လော။ ထို့ကြောင့် မရှိသည်ကို အရှိလုပ်ဖို့ အမွှေးအထုံတို့ဖြင့် လိမ်းကျံခြင်းကို အလိုရှိအပ်သော အမှုသဖွယ် လောကသားတို့ လက်ခံ ကြိုဆိုကြ၏။ အနံ့အသက် မကောင်းက အနံ့အသက်ကောင်းတို့ဖြင့် ဖုံးကွယ်ဖို့ ကိုယ်အမူအရာ နှုတ်အမူရာ အမျိုးမျိုးတို့ဖြင့် တိုက်တွန်းနေကြ စေ့ဆော်နေကြ၏။ ထိုကဲ့သို့ လှည့်စားခြင်းကို လှည့်စားခြင်းဟု မမြင်ကြ။ ကာမဂုဏ် အာရုံကောင်းတို့ကို နှစ်သက်တပ်မက်သည့် တဏှာက ထိုသို့ လှည့်စားခံချင်စမ်းပါဘိဟု ပြောနေသကဲ့သို့ပင် ဖြစ်၏။ မိမိကိုယ်ကို လှည့်စားဖို့နှင့် သူတစ်ပါးတို့ကို လှည့်စားနိုင်ဖို့ ဂန္ဓာရုံ အမျိုးမျိုး ကို အသုံးပြုလျက် ဟန်ဆောင်နေကြသည့် လောကကြီးသည် မမှန်တရားကို မြတ်နိုးသည့် လောကကြီးပါလောဟု စဉ်းစားဖွယ်ပင် ဖြစ် တော့၏။ တစ်ဦးကို တစ်ဦး နှောင်ဖွဲ့နိုင်ဖို့ ဂန္ဓာရုံအမျိုးမျိုးဖြင့် ညိုှ့ငင် ဖမ်းယူနေသည့် ကာမဂုဏ်တောကြီးအတွင်း နေထိုင်ကြသူများ ဂန္ဓာရုံကြောင့် ပင်ပန်းနေကြရ၏။ ထို့အတူပင် ---

ရသာရုံကောင်းကောင်းကို အလိုရှိကြ၏။ ကောင်းကောင်း စားချင်ခြင်း ဖြစ်၏။ ကောင်းကောင်းစားရဖို့ လောကသားတို့ မရပ်မနား ဘဝခရီး သွားနေကြ၏။ ကောင်းကောင်းစားရဖို့ လောကသားတို့ ဗျာများနေကြရသည် မဟုတ်လော။ လောကမှ ထွက်မြောက်ကြောင်း သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ကို လက်တွေ့ကျင့်ကြံနေကြကုန်သော သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့သည်ပင် ကျော့ကွင်း များစွာကို လွန်မြောက်လာခဲ့ပြီးမှ ရသာရုံကာမဂုဏ်ကျော့ကွင်းမိ၍ ရဟန်းဘဝမှ ရွေ့လျောခဲ့ကြရသည့် ဖြစ်ရပ်များ သာသနာတော်၌ ရှိခဲ့ဖူး၏။ ရသာတဏှာ၏ ညိုှ့ငင်မှုစွမ်းအားသည်ကား ယုတ်မာသော သဘောရှိလှပေ၏။ ရသာရုံကို နှစ်သက်သည့် အာဟာရဒုက္ခကြောင့် များစွာသော ဒုက္ခတို့ တိုးပွားလာကြ၏။ အာဟာရဒုက္ခကြောင့် ဒုဂ္ဂတိဘုံသို့ ပို့ဆောင်ပေးတတ်သော အကုသိုလ်ကံများစွာကိုလည်း ထူထောင်မိလျက်သား ဖြစ်ကြရသည် မဟုတ်လော။

အာဟာရဒုက္ခကြောင့် သူ့အသက် သတ်ကြ၏၊ သူ့ပစ္စည်းကို ခိုးယူကြ၏၊ လိမ်ကြ၏၊ ညာကြ၏၊ ကုန်းတိုက်ကြ၏၊ ကြမ်းတမ်းသော စကားကို ဆိုကြ၏၊ ပိန်ဖျင်းသောစကားကိုလည်း ဆိုမိကြ၏။ ဤအမှုတို့ကြောင့် ကာမောဃ ရေအယဉ်မှ လွတ်မြောက်ခွင့် မရနိုင်ကြ။ ဤသည်လည်း ကာမောဃဟု ဆိုအပ်သော ဝဲဩဃထဲ၌ နေထိုင်ပုံ နည်းစနစ် တစ်ခုပင် ဖြစ်ပေ၏။

ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသော အတွေ့

ဖောဋ္ဌဗ္ဗာရုံ အတွေ့ကောင်းကို တွေ့ထိလိုကြ၏။ အတွေ့၌ သာယာဖူးကုန်သော သူတို့မည်သည် အတွေ့ဟူသော ဝဲဩဃအတွင်း သက်ဆင်းဖို့ရန် အဖန်ဖန် ဝဲပျံနေသည့် သူများသာ ဖြစ်ကြ၏။ အတွေ့ဟူသည် ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသော ဝဲဩဃတစ်ခုသာ ဖြစ်ပေ၏။

အတွေ့ဟူသော ဝဲဩဃအတွင်း သက်ဆင်းမိခြင်းကြောင့် အလွန်တရာ အကျည်းတန် အရုပ်ဆိုးသော်လည်း ထူးသော အတွေ့ရှိသည့် ပဉ္စပါပီ သတို့သမီးကိုပင် မိဖုရားတင်မြှောက်ရသည်အထိ နစ်မြုပ်အောင် စုပ်ယူခံခဲ့ရသူမှာ ဗကမည်သော ဘုရင်မင်းမြတ်ကိုယ်တိုင် ဖြစ်ခဲ့ဖူးသည် မဟုတ်လော။ သင်သည်လည်း ထိုအတွေ့ ဟူသော ဝဲဩဃ၏ စုပ်ယူ ဆွဲငင်မှုကို ခံနေရပြီလော။ ကူးခတ်လွန်မြောက်ဖို့ရန် ကြိုးစားပါလေ။

လိုရင်းကို ဆိုရမူ ကာမောဃဟူသည် လူ့ဘုံ, နတ်ဘုံ, အပါယ် (၄)ဘုံတို့၌ ရှိသော အဆင်း အသံ အနံ့ အရသာ အတွေ့အထိဟု ဆိုအပ်သော အာရုံ (၅)ပါး ကာမဂုဏ်တရားတို့အပေါ် တွယ်တာစုံမက် နှစ်သက်နေသည့် တဏှာကို ဆိုခြင်း ဖြစ်၏။ ဤတဏှာကြောင့် လူ့ဘုံ, နတ်ဘုံ, အပါယ် (၄)ဘုံစသည့် ကာမဘုံတို့၌ နစ်မြုပ်နေအောင် လွှမ်းမိုးဖိစီးနေကြ၏။ ထို့ကြောင့် ဤတဏှာကို ကာမောဃဟု ခေါ်ရ ၏။

လူသားတို့က လူ့အဆင်း လူ့အသံ လူ့အနံ့ လူ့အရသာ လူ့အတွေ့ အထိ၌ နစ်မြုပ်နေကြချိန်, နတ်သား နတ်သမီးတို့က နတ်တို့၏အဆင်း, နတ်တို့၏အသံ, နတ်တို့၏အနံ့, နတ်တို့၏အရသာ, နတ်တို့၏အတွေ့အထိဟူသော ဝဲဩဃထဲ၌ နစ်မြုပ်နေကြ၏။

ဒုဂ္ဂတိဘုံသား တိရစ္ဆာန်တို့သော်လည်း သူ့ဘုံ သူ့ဘဝ သူရရှိနေသည့် အဆင်း အသံ အနံ့ အရသာ အတွေ့အထိတို့၌ ပျော်ပိုက်နေကြ မွေ့လျော်နေကြ နစ်မြုပ်နေကြသည် မဟုတ်လော။

ကိုယ့်ဘဝ ကိုယ်ပျော်ကြတာ ဓမ္မတာ တစ်ခုဟု ဆိုနိုင်သော်လည်း ထိုသို့ ပျော်နိုင်ခြင်းသည် မသိမှု အဝိဇ္ဇာကြောင့်သာ ဖြစ်၏။ အဝိဇ္ဇာကြောင့် ပျော်ပိုက်နိုင်ကြခြင်းသာ ဖြစ်ပေ၏။

ဘဝေါဃဟူသည်

ဘဝေါဃအကြောင်း ဆိုကြဦးစို့ ---

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ၊ (သံ၊၃၊၃၆၃။)

Bhikkhus, develop concentration. A bhikkhu who is concentrated knows and sees things as they really are.

ချစ်သားရဟန်းတို့ ...သမာဓိကို ထူထောင်ကြ၊ သမာဓိရှိသော ရဟန်းတော်သည် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏ဟု ဆိုခဲ့သော ဘုရားစကားတော်ကို ဦးထိပ်ရွက် ပန်ဆင်လျက် ---

ယနေ့ ဖားအောက်တောရတရားစခန်းဌာန၌ အာနာပါနကမ္မဋ္ဌာန်းကို အခြေပါဒကပြုလျက် သမာဓိကျင့်စဉ်ကို သင်ကြားပြသ ပေးလျက် ရှိပေ၏။ ပါရမီမျိုးစေ့ကောင်းတို့ ရှိကြကုန်သော တိုင်းရင်းသား တိုင်းရင်းသူ, နိုင်ငံခြားသား နိုင်ငံခြားသူတို့သည်ကား အာနာပါန ကမ္မဋ္ဌာန်းကို ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိ အထိ ဆိုက်အောင် ရှုမှတ်ပွားများနိုင် ကြ၏။ အလွန်အစွမ်းထက်သော သမာဓိများပင် ဖြစ်ကြပေ၏။

ထိုသမာဓိတို့ကို ထူထောင်နေကြသည့် ရည်ရွယ်ချက်သည်ကား ရုပ်တရား နာမ်တရားတို့ကို ပရမတ် ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသိမ်းဆည်းနိုင်ရေးအတွက် လိုအပ်သောကြောင့် ဖြစ်ပေ၏။ သမာဓိရှိသော ပုဂ္ဂိုလ်သည်ကား ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏ဟု ဆိုအပ်သော ဘုရားစကားတော်ကို ဦးထိပ်ရွက် ပန်ဆင်ခြင်းသာ ဖြစ်၏။

သမာဓိစခန်း၌ အောင်မြင်ကြသော ယောဂီသူတော်ကောင်းတို့၏ အခြေအနေကို သုံးသပ်၍ သမာဓိသိက္ခာ၌ ဘုရားရှင် ညွှန်ကြားတော်မူအပ်သော ကမ္မဋ္ဌာန်း (၄၀)လုံးနီးပါးကို လိုအပ်ပါက ဆက်လက် သင်ကြားပေးပေ၏။ ဝိပဿနာသို့ တက်လှမ်းချင်ပါပြီဟု ဆိုလာသည့် ယောဂီများအတွက် ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းတို့ကို သင်ကြားပေး၏၊ ထို့နောင် အကြောင်းတရား အကျိုးတရားတို့ကို ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိခြင်းငှာ လက်တွေ့ကျင့်စဉ်ကို သင်ကြား ပေးလျက် ဝိပဿနာပိုင်းကို ဆက်လက် အားထုတ်စေပါ၏။

ရုပ်တရား နာမ်တရားတို့ကို ပရမတ် ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသိမ်းဆည်းပြီးသူ, အကြောင်းတရား အကျိုးတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးသူများအတွက် ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေသည့် ဓမ္မသဘာဝများကိုလည်း မြင်နိုင်ကြပြီ ဖြစ်၏။ ထိုအချိန်ဝယ် ယောဂီသူတော်ကောင်းတို့ လျှောက်ထားတတ်ကြ၏။ မည်သည့် ဘဝကိုမျှ အလိုမရှိတော့ပါဘုရား၊ အလွန်တရာမှ ဆင်းရဲ လှပါ၏ဟူ၍ ဖြစ်၏။ ကြိုးစားကြပါ၊ ပါရမီအတိုင်း ဖြစ်ကြမှာပါ ဟူ၍ တိုက်တွန်းရ၏။ တစ်ခါတစ်ရံ ယောဂီတို့ကို မေးမိ၏။ ပါရမီတို့ မပြည့်မီသည့် အတွက် ဘဝသစ် တစ်ခုကို လက်ခံရဦးမည်ဆိုက ဘယ်ဘုံဘဝကို လက်ခံလိုပါသနည်းဟု မေးမိသည့်အခါ စျာန်သမာဓိ အထိ ဆိုက်အောင် ပွားများအားထုတ်ထားသည့် ယောဂီအများစုတို့သည်ကား ဗြဟ္မာဘဝကို အလိုရှိကြောင်း လျှောက်ထားလာကြ၏။ အဘယ်ကြောင့် ဗြဟ္မာဘဝကို အလိုရှိပါသနည်းဟု မေးမြန်းကြည့်၏။ တရားအလုပ် အားထုတ်နေကြသည့် ယောဂီတို့မည်သည်ကား လူ့ဒုက္ခ လူ့ဝန်းကျင်အကြောင်းကို ကောင်းစွာ သိသူ, ကောင်းစွာ တွေ့ကြုံ ခံစား အပူများခဲ့ကြပြီးသူ များကြ၏။ အစာရှာဖွေရသည့် ဒုက္ခ, ဘဝရပ်တည်နိုင်ဖို့ ကြိုးစားရသည့် ဒုက္ခတို့နှင့် အမြဲ ဆက်ဆံနေကြရသည့် အပြင် ဣဿာ မစ္ဆရိယတရား ထူပြောသည့် ဤလူ့လောကကြီးထဲ ထပ်မံ မလာလိုကြ။

အဆင်း အသံ အနံ့ အရသာ အတွေ့အထိတို့ကို ငါ အလိုရှိ၏၊ သင်တို့ ငါ့အတွက် ရှာဖွေပေးကြပါ ဖြည့်ဆည်းပေးကြပါဟု တဆာဆာ တောင်းခံနေကြသည့် စက္ခုအကြည် သောတအကြည် ဃာနအကြည် ဇိဝှါအကြည် ကာယအကြည်တို့ကြောင့် တမြည့်မြည့် လောင်မြိုက်မှုဒဏ်ကို ခံနေရသည့် ဤလူ့ဘဝ လူ့ဒုက္ခကို ထပ်မံ၍ မခံစားလိုကြ။

ချမ်းသာကြီးသော နတ်ပြည်သည်လည်း အာရုံ (၅)ပါး ကာမဂုဏ် တရားတို့ဖြင့် လောင်မြိုက်ခံနေရသည့် ဘုံဘဝသာ ဖြစ်သည့်အတွက် အလိုမရှိကြ။ တရားနာလို ဘုရားဖူးလိုသည့်ဆန္ဒ ပြည့်စုံလုံလောက်သော စက္ခုအကြည် နားအကြည်သာ ရှိသည့်, ဃာနအကြည် ဇိဝှါအကြည် ကာယအကြည်တို့ မရှိကြသည့် ဗြဟ္မာဘုံဘဝကိုသာ လက်ခံလိုကြ၏။ နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည် မရှိသော ဗြဟ္မာတို့၏ သက်သာခွင့် ချမ်းသာခွင့်ကို နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည် ရှိခြင်းကြောင့် သက်သာခွင့် ချမ်းသာခွင့် မရသော လူသားတို့ သက်ဝင်ကြမည်ဟု ယူဆမိ၏။

သေခါနီး မရဏာသန္နအခါ အာနာပါနနိမိတ်ကဲ့သို့သော ပဋိဘာဂနိမိတ်ကို အာရုံပြုကာ ပထမစျာန်ဝင်စားလျက် ဘဝကို အဆုံး သတ်သွားမည်ဆိုက သေသည်၏ အခြားမဲ့၌ ပထမစျာန်ဗြဟ္မာဘဝကို လက်ခံရရှိမည် ဖြစ်၏။

ဗြဟ္မာတို့မည်သည်ကား စျာန်ပီတိတည်းဟူသော အစာဖြင့် နေကြသူများ ဖြစ်ကြ၏။ စျာန်ဝင်စားလျက် နေကြခြင်းသည်ပင် သူတို့၏ အစာဖြစ်၏။ အစာရှာဖွေရသည့် ဒုက္ခ မရှိ။ အမျိုးသား အမျိုးသမီးဟူ၍ မရှိသည့်အတွက် အမျိုးသားကြောင့် ဖြစ်ပေါ်ရသည့် ဒုက္ခ, အမျိုးသမီးကြောင့် ဖြစ်ပေါ်ရသည့် ဒုက္ခတို့ကို မခံစားကြရတော့ပေ။ ပူညံပူညံ လုပ်တတ်သည့် မယ်မင်းကြီးမတို့၏ အသံကိုလည်း ကြားရတော့မည် မဟုတ်ပေ။ ထိုသို့ များစွာသော အကြောင်းတို့ကြောင့် ဗြဟ္မာဘဝကို အလိုရှိကြခြင်း ဖြစ်၏။

လိုရင်းကို ဆိုရမူ ဗြဟ္မာဘဝနှင့် ဗြဟ္မာဘဝကို ရောက်ရှိကြောင်း စျာန်တရားတို့၌ တွယ်တာစုံမက် နှစ်သက်နေသည့် တဏှာကို ဘဝေါဃဟု ဆိုပါ၏။ ဤတဏှာကြောင့် ဘဝေါဃဟု ဆိုအပ်သော ဝဲဩဃထဲမှ မလွတ်မြောက်နိုင် ဖြစ်ကြရ၏။

ဤသည်ကား ဘဝေါဃဟု ဆိုအပ်သော ဝဲဩဃထဲ၌ နေထိုင်ပုံ နည်းစနစ်တစ်ခု ဖြစ်၏။

ဒိဋ္ဌောဃဟူသည်

ဒိဋ္ဌောဃဟူသည်ကား ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့အပေါ်၌ မှားယွင်းစွာ စွဲယူထားသော အမြင်များပင် ဖြစ်၏။ မှားယွင်းသော အမြင် (၆၂)ပါးရှိသည် မှန်၏။ ထိုသို့ပင် ရှိသော်လည်း ပဓာနဖြစ်သည့် သက္ကာယဒိဋ္ဌိ အကြောင်းကိုသာ အထူး ပြောလို၏။

သန္တော ကာယော သက္ကာယောအရ သက္ကာယဟူသည် ထင်ရှားရှိသည့် ခန္ဓာငါးပါးကို ခေါ်ခြင်း ဖြစ်ပြီး ထိုခန္ဓာငါးပါးအပေါ်၌ ငါ သူတစ်ပါး ယောကျ်ား မိန်းမဟူ၍ အမှတ်မှားနေသည့် ဒိဋ္ဌိတရားကိုမူ သက္ကာယဒိဋ္ဌိဟု ခေါ်၏။ ဤသက္ကာယဒိဋ္ဌိကို အစွဲပြု၍ အမှားပေါင်း မြောက်များစွာကို လုပ်ကြ၏။ ခန္ဓာငါးပါးကို ခန္ဓာငါးပါးဟု မမြင်ပဲ ငါဟုမြင်သည့် သူတို့ ငါဟူသော အစွဲကြောင့် ဘေးများ ဝိုင်းအုံလျက် ရှိကြ၏။

ငါနှင့် ငါနှင့် ပတ်သက်သူတို့ကို မထိပါးသေးသမျှ သဘောထားကြီးသူကဲ့သို့ မြင်ရ၏။ ထိပါးလာပြီဆိုက မီးဟုန်းဟုန်းတောက်ကြ၏။ ငါနှင့် ငါနှင့် မပတ်သက်သောသူတို့ကို ထိပါးလာက ငါနှင့် ငါနှင့် ပတ်သက်သော သူတို့၌ကဲ့သို့ မခံစားကြရ။ ငါစွဲ မကင်းသူတို့၏ ဒုက္ခ ကြီးလှ၏။ အပါယ်ရောက်ကြောင်း ကံတို့ကို မီးကုန်ယမ်းကုန် အားထုတ် နိုင်ကြခြင်းသည်လည်း ငါစွဲ သက္ကာယဒိဋ္ဌိကြောင့်ပင် ဖြစ်၏။ ထိုတရား မရှိက အပါယ်တံခါး လုံးလုံး ပိတ်သွားတော့၏။ ထိုသက္ကာယဒိဋ္ဌိ ကြောင့်ပင် ---

လောဘဖြစ်က ငါ့လောဘဟု နားလည်ကြသကဲ့သို့ ဒေါသဖြစ်က ငါ့ဒေါသဟုသာ နားလည်ကြ၏။ ဣဿာ မစ္ဆရိယ မာန်မာန တရားတို့၌လည်း ဤနည်းတူပင် ဖြစ်၏။ ကိလေသာခိုင်းသမျှ လုပ်ပေးနေရသူများဟု မသိကြ။

တစ်ပါးသူတို့၏ အမိန့်ပေးစေခိုင်းမှုကို မခံနိုင်ကြ၊ ထိုသို့ စေခိုင်းတတ်သူများ၏ လက်အောက်၌လည်း မနေလိုကြ။ ကိလေသာတို့ကို ခိုင်းနေသူဟု မြင်က အခိုင်းခံနေရသည့် ဘဝမှ လွတ်မြောက်လိုမည်ဟု စာရေးသူ ထင်၏။ ကိလေသာတို့မည်သည် ပြင်ပ စေခိုင်းနေသူတို့ကဲ့သို့ တစ်ခါတစ်ရံမှသာ တွေ့ခွင့်ရကြသည် မဟုတ်ပေ။ မိမိတို့၏ ရုပ်နာမ် သန္တာန်အစဉ်၌ အစဉ်လိုက်ပါလျက် အမိန့်ပေး စေခိုင်းနေကြသော အတွင်းလူများပင် ဖြစ်ကြ၏။ အမိန့်ပေး စေခိုင်းနေကြသည့် ထိုကိလေသာတို့၏ လက်အောက်ဝယ် ပျော်ပျော်ကြီး နေနိုင်ကြသည်မှာ အံ့ဩဖွယ် ကောင်းလှ၏။ ငါစွဲ မကင်းသည့် ငါကြောင့် ကိလေသာတို့၏ အမိန့်ကို နာခံနေရသည်ဟု မသိဘဲ ငါလုပ်ချင်တာ ငါလုပ်နေတာပါ, ငါလိုချင်တာ ငါရအောင် ရှာနေတာပါဟု နားလည်နေကြခြင်းသည် မှားယွင်းသော အမြင်များပင် ဖြစ်ကြ၏။ ထို ငါဟူသော အသိကြောင့် အပါယ်ရောက်ကြောင်း ကံတို့ကို သဲကြီးမဲကြီး အားထုတ်လျက် စိတ်ပါလက်ပါ လျှောက်လွှာ တင်ဝံ့သူများ ဖြစ်လာကြ၏။

ဤကဲ့သို့ ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့ အပေါ်၌ မှားယွင်းစွာ စွဲယူထားသော အမြင်တို့ကြောင့် ဤအမြင်တို့ကပင် သံသရာဝဲဩဃ အတွင်းမှ မလွတ်မြောက်အောင် လွှမ်းမိုးနစ်မြုပ်ထားကြ၏။ ထို့ကြောင့် ဒိဋ္ဌောဃဟု ခေါ်ဆိုခြင်း ဖြစ်၏။

အဝိဇ္ဇောဃဟူသည်

အဝိဇ္ဇာဟူသည် ဟိုဟာ မသိမှု, ဒီဟာ မသိမှုကို ဆိုခြင်း မဟုတ်ပေ။ သစ္စာလေးပါး အမှန်တရားကို မသိအောင် ပိတ်ဖုံး ကာဆီး ထားသည့် အဝိဇ္ဇာ မောဟတရားကို ဆိုခြင်းသာ ဖြစ်၏။

အမျိုးသမီးဆိုတာ မရှိဘူး၊ အမျိုးသားဆိုတာ မရှိဘူး။ ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတွေသာ ရှိကြ၏ဟု ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်ပြီး မသိသေးသမျှ ဤဩဃထဲမှ လွတ်မြောက်ခွင့် အကြောင်းအထောက်အပံ့ကို ရနိုင်မည် မဟုတ်ပေ။

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဒုက္ခသစ္စာ စာရင်းဝင် တရားများသာ ဖြစ်ကြပေ၏။

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဖြစ်ပေါ်စေသည့် အတိတ် အကြောင်းတရားတို့ကို သိအောင် မြင်အောင် ရှုပွားသုံးသပ်ပါမှ သမုဒယသစ္စာကို သိမြင်သည် မည်၏။

ထို ဒုက္ခသစ္စာ သမုဒယသစ္စာတို့ကို ဟုတ်တိုင်း မှန်စွာ သိနိုင် မြင်နိုင်ဖို့ မဂ္ဂသစ္စာအမည်ရသည့် လောကီ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ရမည် ဖြစ်ပေ၏။

နိရောဓသစ္စာဟူသည်ကား ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ချုပ်ရာ ငြိမ်းရာဖြစ်သော အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်ကို ကိုယ်တိုင် မျက်မှောက် အာရုံပြုသောအားဖြင့် ထိုးထွင်း၍ သိခြင်းပင် ဖြစ်၏။

ထို ဒုက္ခသစ္စာအမည်ရသည့် ခန္ဓာငါးပါး ရုပ်တရား နာမ်တရား, သမုဒယသစ္စာအမည်ရသည့် အကြောင်းတရား အကျိုးတရားတို့ကို ပရမတ်ဆိုက်အောင် သိဖို့ဟူသည် ---

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ၊ (သံ၊၃၊၃၆၃။)

ချစ်သားရဟန်းတို့ ...သမာဓိကို ထူထောင်ကြ၊ သမာဓိရှိသော ရဟန်းတော်သည် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏။

And what does he know and see as it really is?

မည်သည့် တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိနိုင် မြင်နိုင်သနည်း ဟူမူကား ---

He knows and sees: the suffering, the origin of suffering, the cessation of suffering and the way leading to the cessation of suffering.

ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာနှင့် မဂ္ဂသစ္စာတို့ကို ဟုတ်တိုင်းမှန်စွာ သိမည် မြင်မည် ဖြစ်၏

ဟု မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ ဘုရားရှင် ကိုယ်တော်တိုင် မိန့်ဆိုတော်မူခဲ့၏။ ထိုသို့ အာမခံ၍ ဟောကြားတော်မူအပ်သော ဘုရားစကားတော်ကို ဦးထိပ်ရွက် ပန်ဆင်လျက် သမာဓိကို ထူထောင်ဖို့ လို၏။ ထိုသို့ သမာဓိကို ထူထောင်ပါမှ သစ္စာလေးပါး အမှန်တရားကို သိမည် မြင်မည် ဖြစ်၏။

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပရမတ်ဉာဏ်အမြင်ဆိုက်အောင် မရှုပွား မသုံးသပ်နိုင်သေးသမျှ ဒုက္ခသစ္စာကို သိသူဟု မခေါ်နိုင်သေးပေ။ ဒုက္ခသစ္စာ စာရင်းဝင် ပရမတ်ရုပ်တရားတို့မည်သည် ကလာပ်ဟု ခေါ်သည့် အသေးဆုံး ပညတ်အဖွဲ့အစည်းအတွင်း တည်ရှိနေကြ၏။ ရုပ်ကလာပ်ကို မြင်ပါမှ ထိုရုပ်ကလာပ်အတွင်း ထင်ရှားရှိသည့် ရုပ်ပရမတ် သဘောတရားတို့ကို ရှုပွားသုံးသပ်နိုင်မည် ဖြစ်၏။

ဒုက္ခသစ္စာ စာရင်းဝင် ပရမတ်ရုပ်တရားတို့ကို သိခြင်း, ရူပပရိဂ္ဂဟဉာဏ်ကို ရရှိခြင်းသည် ရုပ် (၂၈)ပါးကို သိမ်းဆည်းပြီးပါမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ရုပ် (၂၈)ပါးဟူသည်ကား အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို သင်ဖူးသူတို့ ရင်းနှီးပြီးသား ရူပပရိဂ္ဂဟဉာဏ်ရရှိရေးအတွက် ရှုပွား သုံးသပ်ရမည့် ဘုရားဟော ရုပ်များသာ ဖြစ်ကြ၏။ ထို ရုပ် (၂၈)ပါးကို မသိမ်းဆည်းပါပဲ ရူပပရိဂ္ဂဟဉာဏ်ကို ရရှိနိုင်မည်ဟု ဘုရားရှင် မဟော ခဲ့ပေ။

သမထကမ္မဋ္ဌာန်းပိုင်း၌ ကမ္မဋ္ဌာန်း (၄၀)ရှိသည် မှန်၏။ ဝိပဿနာပိုင်း၌မူကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု ဆိုအပ်သော ကမ္မဋ္ဌာန်း နှစ်မျိုးကိုသာ ဘုရားရှင် ညွှန်ကြားထားတော်မူ၏။

ရုပ်ကမ္မဋ္ဌာန်းကို ရှုပွားသုံးသပ်နိုင်ဖို့ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း အကျယ်နည်း ဤနှစ်နည်းကိုလည်း မြတ်ဘုရား ညွှန်ကြားတော်မူ၏။ ဤအချက်ကိုကား သတိရှိဖို့ လို၏။

ဘုရားရှင်၏ စကားတော်ကို ဦးထိပ်ရွက် ပန်ဆင်လျက် ရူပပရိဂ္ဂဟဉာဏ် ရရှိခြင်းငှါ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း နှစ်နည်းစလုံးဖြင့် ယောဂီများကို စနစ်တကျ သင်ကြားပေးလျက် ရှိပေ၏။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် စသည့် ဓာတ်ကြီးလေးပါးကို ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ စနစ်တကျ သိမ်းဆည်း ရှုပွားနိုင်ခြင်းကြောင့် ယောဂီတို့၌ သမာဓိ စတင် ဖြစ်လာကြ၏။ သမာဓိ ဖြစ်လာက ခန္ဓာကိုယ်၌ မီးခိုးရောင် စတင်ပြီး ပေါ်လာကြသည်ကို ယောဂီများ လျှောက်ထားကြ၏။ ထိုအချိန်၌ ဓာတ်သဘောတရားတို့ကို ခန္ဓာကိုယ်၌ ဆက်လက်ပြီး နှလုံးသွင်းက မီးခိုးရောင်မှ ဖြူလာကြောင်း လျှောက်ထားကြ၏။ ထိုမှ တစ်ဆင့် ရေခဲတုံး မှန်တုံးကဲ့သို့ ကြည်လာပြီးနောက် ထိုအကြည်တုံး အကြည်ခဲ၌ ဓာတ်ကြီးလေးပါးကို ဆက်လက် သိမ်းဆည်း ရှုပွားရ၏။ ထိုသို့ သိမ်းဆည်းရှုပွားမှုကြောင့် ထိုအကြည်တုံး အကြည်ခဲကြီး ပြိုကွဲသွားပြီး ရုပ်ကလာပ်များကို ကိုယ်တိုင် ကိုယ်ကျ တွေ့မြင်နေကြသည့် တိုင်းရင်းသား တိုင်းရင်းသူ, နိုင်ငံခြားသား နိုင်ငံခြားသူ ယောဂီတို့ လျှောက်ထားလာကြ၏။ ရုပ်ကလာပ်တွေက အလွန့် အလွန်ပဲ သေးငယ်လှပါ၏၊ ခဏမစဲ တသဲသဲ အလွန် လျင်လျင် မြန်မြန်ကြီး ဖြစ်ပျက်နေကြပါ၏ဟူ၍ ဖြစ်၏။

ထိုရုပ်ကလာပ်တို့တွင် ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ စသည့် အနည်းဆုံး ပရမတ်ရုပ်သဘောတရား (၈)မျိုး ပါဝင်နေကြ၏။ ထိုထက်အလွန် (၉)မျိုး (၁၀)မျိုး ပါဝင်သော ရုပ်ကလာပ်များလည်း ရှိနေကြ၏။ ထိုရုပ်သဘောတရားတို့ကို အတွင်း အဇ္ဈတ္တသန္တာန်၌ ရှုပွားသုံးသပ်စေပြီးနောက် ဗဟိဒ္ဓသန္တာန်၌ ရှုပွား သုံးသပ်စေ၏။ ဘုရားရှင်၏ စကားတော်ကို ဦးထိပ်ရွက် ပန်ဆင်ခိုင်းခြင်းသာ ဖြစ်၏။ ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနစလုံး၌ ရှုပွားသုံးသပ်နေသည့် ယောဂီတို့အဖို့ မိမိ၏ ခန္ဓာကိုယ်ကိုလည်း မတွေ့တော့၊ သူတစ်ပါးတို့၏ ခန္ဓာကိုယ်ကိုလည်း မတွေ့တော့၊ ဖြစ်ပျက်နေကြသည့် ရုပ်ကလာပ်များကိုသာ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနစလုံး၌ တွေ့နေကြ၏။ အမျိုးသား အမျိုးသမီး တိုက်တာ အိုးအိမ် တော တောင် သစ်ပင်ဟူသမျှ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုလိုက်ပါက ထိုသက်ရှိ သက်မဲ့ အရာဝတ္ထုတို့ကို မတွေ့မြင်ကြတော့ပဲ ရုပ်ကလာပ်များ ကိုသာ တွေ့နေကြသည့် ယောဂီအပေါင်းတို့ ထိုအခါမှ ဘုရားစကားတော်ကို ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိခြင်းအားဖြင့် လက်ခံကြတော့၏။ တစ်လောကလုံးသည်ကား atom ထက် လွန်စွာ သေးငယ်သည့် အဋ္ဌကလာပ်ဟု ခေါ်ဆိုအပ်သည့် ရုပ်ကလာပ်မှုန်များဖြင့် တည်ဆောက်ထားခြင်းသာ ဖြစ်၏ဟု ဘုရားရှင် မိန့်တော်မူခဲ့သည် မဟုတ်လော။

ထို့နောင် နာမ်တရားတို့ကို ပရမတ်ဆိုက်အောင် ရှုပွားသုံးသပ်နိုင်ဖို့ နာမ်ကမ္မဋ္ဌာန်းကို ဆက်လက်သင်ကြားပေးလျက် ရှိပေ၏။ နာမ်တရားတို့ မည်သည် ဝီထိဟု ဆိုအပ်သော စိတ်အစဉ်အတန်း အဖြင့် ဖြစ်ပေါ်နေကြသော ဓမ္မသဘာဝများလည်း ရှိကြ၏၊ ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်ခေါ် ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တို့လည်း ရှိကြ၏။ ရူပါရုံစသည့် အာရုံ (၆)ပါးကို ထိုက်သလို သိနေကြ၏။ နာမ်တရားတို့ကို စိတ္တနိယာမအတိုင်း ဝီထိစိတ်အစဉ်အားဖြင့် ဖြစ်-ပျက်နေကြသည့် တရားများဟုသာ မြတ်ဘုရား ဟောကြားထားတော်မူ၏။ တခြားတစ်ပါးသော ပုံစံဖြင့်ကား ဟောကြားထားတော်မူခြင်း မရှိပေ။

ထိုဓမ္မသဘာဝများကို တိုင်းရင်းသား တိုင်းရင်းသူ, နိုင်ငံခြားသား နိုင်ငံခြားသူတို့ ရှုပွားနေနိုင်ကြပြီး ဖြစ်၏။ အကျေနပ်ကြီး ကျေနပ်ကြ, အားအရကြီး အားရနေကြသည့် ထိုသူတို့၏ လျှောက်ထားချက်တို့က လာလှည့် ရှုလှည့်ပါဟု ဖိတ်ခေါ်ထိုက်သည့် တရားတော်၏ ဂုဏ်ကို ထောက်ခံနေကြ ဖော်ကျူးပေးနေကြ၏။ ထိုးထွင်းသိပြီးသူ ဘုရား သားတော် ရဟန်းတော်တို့ ဝမ်းအသာကြီး ဝမ်းသာနေကြ၏။ ထိုးထွင်း မသိသေးသူ ဘုရားသားတော် ရဟန်းတော်များနှင့် ယောဂီသူတော်ကောင်းတို့ ဝမ်းအသာကြီး ဝမ်းသာနိုင်ဖို့ လာလှည့် ရှုလှည့်ကြပါဟု ဖိတ်ခေါ်ထိုက်သည့် တရားဂုဏ်တော်ဖြင့် ဖိတ်ခေါ်လိုက်ရပေ၏။ ပညာရှိတို့သာ သိနိုင်သည့် တရားများ ဖြစ်ကြသည် မဟုတ်လော။

လောက၌ အမျိုးသား အမျိုးသမီးဟူ၍ မရှိ ရုပ်နှင့် နာမ်သာ ရှိ၏ဟူသော ဘုရားစကားတော်ကို ရုပ်နှင့် နာမ်တို့ကို ပရမတ် ဆိုက်အောင် ရှုပွားနိုင်သော ယောဂီတို့ ကောင်းစွာပိုင်ပိုင် သက်ဝင်ကြတော့၏။ ဤသို့ သက်ဝင်ခြင်းသည် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိခြင်းအားဖြင့် သက်ဝင်ခြင်းသာ ဖြစ်ပေ၏။

ထိုသို့ ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိသောအခါမှ ဘုရားရှင် မိန့်ဆိုတော်မူခဲ့သည့် တရားစကားတော်တို့သည် ပြောဆိုသည့်အတိုင်း မှန်သည်သာလျှင်တည်းဟု သက်ဝင်သွားကြတော့၏။ ဆရာအပြောနှင့် လွမ်းနေရသည့် ဘဝမှ လွတ်မြောက်ခွင့် ရကြ၏။

ဤသို့ သိသူ ဤသို့ မြင်သူကိုသာ ဒုက္ခသစ္စာကို သိသူ မြင်သူဟု ခေါ်ဆိုနိုင်၏။ ထိုသို့ သိခြင်း မြင်ခြင်းသည် သမာဓိကို ထူထောင်ပါဟု ညွှန်ကြားတော်မူသည့် ဘုရားစကားတော်ကို ဦးထိပ်ရွက် ပန်ဆင် ခြင်းကြောင့်သာ ဖြစ်၏။ သမာဓိကို မထူထောင်က သိနိုင် မြင်နိုင်ကြမည် မဟုတ်ပေ။

ဥပစာရသမာဓိ အပ္ပနာသမာဓိ တစ်ခုခုကို မထူထောင်က သစ္စာလေးပါး အမှန်တရားကို မသိအောင် ပိတ်ဖုံး ကာဆီးထားသည့် အဝိဇ္ဇာမောဟတရားကို ဖယ်ခွာနိုင်မည် မဟုတ်ပေ။ အဝိဇ္ဇာမောဟတရားကို မဖယ်ခွာနိုင်က အဝိဇ္ဇောဃ ရေအယဉ်မှ လွန်မြောက်နိုင်မည် မဟုတ်ပေ။

အမှန်မသိမှု အဝိဇ္ဇာကြောင့် ကာမောဃဝဲ အစုပ်ခံကြရပြန်၏။

အဝိဇ္ဇာမောဟတရားဟူသည် အမှန်ကို အမှားဟု, အမှားကို အမှန်ဟု မြင်အောင် ပြုပေးနေသည့် တရားသာ ဖြစ်၏။ သစ္စာလေးပါး အမှန်တရားကို မသိအောင် ပိတ်ဖုံးထားသည့် ထိုအဝိဇ္ဇာမောဟတရားကြောင့် ဒုက္ခသစ္စာဟု ခေါ်ဆိုအပ်သည့် ရုပ်တရား နာမ်တရား, သမုဒယသစ္စာဟု ခေါ်ဆိုအပ်သည့် အကြောင်းတရား အကျိုးတရားတို့ကို မသိနိုင် မမြင်နိုင်ကြပေ။

ထိုသို့ မသိ မမြင်ခြင်းကြောင့် ထင်ရှားရှိသည့် ခန္ဓာ (၅)ပါး ရုပ်နာမ်နှစ်ပါးကို ခန္ဓာ (၅)ပါး ရုပ်နာမ်နှစ်ပါးအဖြစ် မမြင်နိုင်ကြပဲ အမျိုးသမီးဟု မြင်၏၊ အမျိုးသားဟု မြင်၏။ အမျိုးသမီးဟု အသိမှားခြင်း, အမျိုးသားဟု အသိမှားခြင်းသည် ဖြစ်ပေါ်လာ၏။ ဤသို့ ဖြစ်ခြင်းကို အဝိဇ္ဇာဟု ခေါ်၏။

အဝိဇ္ဇာမောဟတရားကြောင့် ကာမောဃဝဲ အစုပ်ခံကြရပုံကို ဥပမာဆောင်လို၏။

ခေတ်ပညာတတ် မြို့ကြီးသူ ဖြစ်ရပါလို

ခေတ်ပညာတတ် မြို့ကြီးသူ ဖြစ်လာခဲ့သည့် အမျိုးသမီး ယောဂီ တစ်ဦး ရှိခဲ့၏။

ပြီးခဲ့သည့် အတိတ်ဘဝဝယ် ခေတ်ပညာ မတတ်, ဆင်းရဲနွမ်းပါးလှသည့် ကျေးလက်တောသူဘဝကို ရရှိခဲ့သူ ဖြစ်၏။ ထိုဘဝဝယ် သံဃာတော်တစ်ပါးအား သစ်သီးဆွမ်း လှူဒါန်းခဲ့ဖူး၏။ ထိုအလှူဒါနကို ပြုနေသည့် အချိန်ဝယ် မိမိ၏ ပညာမတတ် ဆင်းရဲနွမ်းပါးလှသည့် ကျေးလက်တောသူဘဝကို နာကြည်းလျက် ခေတ်ပညာတတ် မြို့ကြီးသူ ဖြစ်ရန် ဆုတောင်းနေသည့် စိတ်အစဉ်တို့ ဖြစ်ခဲ့၏။ ထိုဘဝ သေခါနီး မရဏာသန္နအခါ၌ ထိုသစ်သီးဆွမ်း လှူဒါန်းနေသည့် ကံအာရုံနိမိတ်သည်ကား အသစ်တစ်ဖန် ပြုနေသကဲ့သို့ ပေါ်လာပြန်၏။ ထိုကံ၏ အကျိုးအဖြစ် ဤဘဝ၌ ခေတ်ပညာတတ် မြို့ကြီးသူ ဖြစ်လာခဲ့ရ၏။

- ခေတ်ပညာတတ် မြို့ကြီးသူဟု အသိမှားခြင်း အဝိဇ္ဇာ,

- ခေတ်ပညာတတ် မြို့ကြီးသူဘဝကို တွယ်တာတပ်မက်နေ သည့် တဏှာ,

- ထိုဘဝကို ပြင်းစွာ စိတ်ကပ်စွဲနေသည့် ဥပါဒါန်,

- ထိုပြင်းစွာ စိတ်ကပ်စွဲနေသည့် ဥပါဒါန်ကို အကြောင်းပြု၍ ထိုဘဝကို ရရှိကြောင်း သင်္ခါရကို ပြုလုပ်ခဲ့၏။ ဤ၌ သံဃာ တော် တစ်ပါးအား သစ်သီးဆွမ်း လှူဒါန်းခဲ့သော ကံသည် သင်္ခါရပင် ဖြစ်၏။

- ထိုသင်္ခါရသည်ကား နောင်တစ်ချိန်ဝယ် အကျိုးပေးနိုင်သည့် ကမ္မသတ္တိအဖြစ် ရုပ်နာမ်သန္တာန် အစဉ်ဝယ် မြှုပ်နှံပြီးမှ ချုပ် ပျက်သွားခြင်း ဖြစ်၏။

ထိုကဲ့သို့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟု ဆိုအပ်သော အကြောင်းတရားငါးပါးတို့ စုံစုံညီညီဖြင့် အကျိုးပေးလိုက်သည့်အတွက် ခေတ်ပညာတတ် မြို့ကြီးသူဘဝကို ရရှိလာ၏။

ခေတ်ပညာတတ် မြို့ကြီးသူအဖြစ် အသိမှားမှု အဝိဇ္ဇာမောဟတရားသည်ကား ခေတ်ပညာတတ် မြို့ကြီးသူဘဝ၌ ရရှိနိုင်သည့် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့အပေါ် နှစ်သက်တပ်မက်ခြင်း တဏှာ, ပြင်းစွာ စွဲလမ်းခြင်း ဥပါဒါန်တရားတည်းဟူသော လောဘတရားတို့ကို ဖြစ်ပေါ်လာအောင် ထောက်ပံ့ပေးနေ၏။ အဝိဇ္ဇာမောဟ တရားကြောင့် ကာမောဃဝဲ အစုပ်ခံရခြင်း ဖြစ်ပေ၏။

အဝိဇ္ဇာမောဟတရား၏ ချယ်လှယ်နိုင်မှု စွမ်းအားသည်ကား ကြီးမားလှ၏။

ကန္တာရ ခရီးခဲ ဖြတ်ကျော်ခဲ့ရသည့် ဇနီးမောင်နှံ နှစ်ဦး ရှိခဲ့ဖူး၏။ အစာရေစာ ပြတ်လပ်မှုကြောင့် ကြီးစွာ ပင်ပန်းဆင်းရဲနေကြ၏။ ထိုခရီး အဆုံး၌ ရွာတစ်ရွာသို့ ဆိုက်ရောက်သွား၏။

ကရုဏာတရားရှိသည့် ရွာသားတစ်ဦးသည် မွန်မြတ်သည့် အစာအာဟာရကို တည်ခင်းဧည့်ခံခြင်းဖြင့် ထိုသူနှစ်ဦး၏ ဆာလောင်မှု ဒုက္ခကို သက်သာရာ ရစေ၏။ ခင်ပွန်းသည် ဖြစ်သူ အမျိုးသားသည်ကား ဆာလောင်မွတ်သိပ်ခြင်းကြောင့် တနင့်တပိုး စားသုံးမိ၏။ အိမ်ရှင် ရွာသားသည်ကား ထိုပုဂ္ဂိုလ်နှစ်ဦးအား ဧည့်ခံကျွေးမွေးသည့် အစာအာဟာရမျိုးကိုပင် မိမိ၏ ခွေးကိုလည်း ကောင်းစွာ ကျွေးမွေးထားချိန် ဖြစ်၏။ မိမိ စားသုံးနေသည့် မွန်မြတ်သည့် အစာအာဟာရကိုပင် စားသုံးခွင့်ရနေသည့် ထိုခွေးဘဝကို အားကျသည့် စိတ်တို့က ငတ်မွတ်မှု ဒုက္ခကို ခံခဲ့ရသူ ထိုအမျိုးသား၏ စိတ်အစဉ်ဝယ် ဖြစ်ပေါ်လာတော့၏။

အမှန်မသိမှု အဝိဇ္ဇာမောဟတရားကြောင့် သတ္တဝါတို့သည် မနှစ်သက်သင့်သည်တို့၌ နှစ်သက်မိတတ်ကြ၏၊ မစွဲလမ်းသင့်သည်တို့၌ စွဲလမ်းတတ်ကြပြန်၏။

ပင်ပန်းဆင်းရဲခြင်းကြောင့် မိမိဘဝကို စိတ်ပျက်နေသည့် ထိုအမျိုးသား၏ စိတ်အစဉ်သည် မိမိထက် ကောင်းကောင်း စားခွင့် ရနေသည့် ခွေးဘဝကိုသော်လည်း နှစ်သက် စွဲလမ်း တောင့်တမှုတို့ ဖြစ်အောင် ဖိစီးလွှမ်းမိုးနိုင်စွမ်း ရှိလှ၏။ မိမိထက် ကောင်းကောင်း စားခွင့် ရနေသည့် ခွေးဘဝဟု အသိမှားခြင်း အဝိဇ္ဇာကြောင့်သာ ဖြစ်ပေ၏။ အမှန်မသိမှု အဝိဇ္ဇာကြောင့် အနှစ်သာရမရှိသည့် ဘဝကို အနှစ်သာရဟု ထင်တတ်၏။ အနှစ်သာရ ရှိသည့် ဘဝကို အချည်းအနှီး ထင်တတ်ပြန်၏။

ရသတဏှာတည်းဟူသော ကာမောဃဝဲ အစုပ်ခံခဲ့ရသည့် တနင့် တပိုး စားသုံးမိသူ ထိုအမျိုးသားသည်ကား ထိုနေရာ၌ပင် သေဆုံးခဲ့ရ၏။ သေဆုံးပြီးနောက် ထိုခွေး၏ ဝမ်း၌ ပဋိသန္ဓေနေလျက် ထိုအိမ်၌ ပင် ခွေးဖြစ်ခဲ့ရ၏။ ဓမ္မပဒအဋ္ဌကထာလာ ဖြစ်ရပ်တစ်ခုပင် ဖြစ်၏။

အမှန်မသိမှု အဝိဇ္ဇာကြောင့် စွဲမိစွဲရာ စွဲတတ်သည့် စာဖတ်သူတို့၏ စိတ်ကို ကြီးစွာ သတိပြု စောင့်ရှောက်ဖို့ လို၏။

အကျဉ်းကျနေသည့် အကျဉ်းသားတစ်ဦးအနေဖြင့် လွတ်လပ်စွာ ပျံသန်းနေသည့် ငှက်ငယ်ကလေး တစ်ကောင်၏ ဘဝကို နှစ်သက် အားကျတတ်သကဲ့သို့ အမှန်မသိမှု အဝိဇ္ဇာမောဟတရားကြောင့် ပရမ်းပတာ နှစ်သက်တတ်သည့် မိမိတို့၏ စိတ်သည်ကား ဘေးတို့ဖြင့် ဝိုင်းအုံခံနေရသကဲ့သို့ပင် ဖြစ်၏။

ဤသည်ကား ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ထိုထို ဘုံဘဝကို ရရှိလာတတ်ကြကြောင်း စာဖတ်သူတို့ သိစေဖို့ ဖြစ်၏။

ပစ္စယပရိဂ္ဂဟဉာဏ်ဟူသည် ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ရှုပွားသုံးသပ်ဖို့ရန် ညွှန်ကြားထားတော်မူသည့် ဘုရားရှင်၏ အဆုံးအမ စကားတော်ကို ဦးထိပ်ရွက်ပန်ဆင်လျက် လက်တွေ့ ကျင့်ကြံကြိုးကုတ် အားထုတ်သူများသာ ရရှိနိုင်သည့်ဉာဏ် ဖြစ်၏။ ဦးထိပ်ရွက် မပန်ဆင်သူများအတွက် ရရှိနိုင်သည့်ဉာဏ် မဟုတ်ပေ။ သမာဓိကို ထူထောင်သူများအတွက်သာ ဖြစ်၏။ မထူထောင်သူများ ရရှိနိုင်သည် မဟုတ်ပေ။

သင်သိနှင့် ထိုးထွင်းသိမှုနှစ်ခုကို ခွဲဖို့ကား လိုပါ၏။ ဆရာအပြောနှင့် လွမ်းနေရသည့် ဘဝကို မိမိကိုယ်တိုင် သိသကဲ့သို့ မမှတ်ယူမိဖို့လည်း လိုပါ၏။ ရိုးသားဖို့ လို၏၊ ကြိုးစားဖို့ လို၏။ တကယ်သိအောင် ကြိုးစားရမည်ပင်။ သင်သိဖြင့် တကယ်သိသူဟူ၍ ယူဆနေသူထဲ မပါဝင်စေလိုပေ။ လက်တွေ့ ကျင့်ကြံကြိုးကုတ် အားထုတ်ဖို့ ကြိုးစားစေလို၍ ဖြစ်၏။

ထိုအဆုံးအမတော်ကို ဦးထိပ်ရွက် ပန်ဆင်လျက် ထိုကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ရှုပွားသုံးသပ်သော လက်တွေ့ ကျင့်စဉ်ကို သင်ကြားပြသပေးလျက် ရှိပါ၏။

ဤမျှဆိုက ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃဟု ဆိုအပ်သော ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာ သံသရာသမုဒ္ဒရာကြီးတို့ကို စာဖတ်သူတို့ သက်ဝင်နိုင်လောက်ပြီဟု ယူဆ၏။

ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာဟူ၍ ဆိုခြင်းသည် ဆိုသင့် ဆိုထိုက်၍ ဆိုခြင်းသာ ဖြစ်၏။ အတိဿယဝုတ္တိ အလင်္ကာမြောက်အောင် ပြောဆိုနေခြင်းမျိုး မဟုတ်ပေ။

လူတို့က လူ့ကာမဂုဏ် လူ့အာရုံတို့၌ နစ်မြုပ်နေကြချိန် နတ်တို့က နတ်ကာမဂုဏ် နတ်အာရုံတို့၌ နစ်မြုပ်နေကြ၏။

လူတို့က လူ့ကာမဂုဏ် လူ့အာရုံတို့မှ တခဏမျှ ရှောင်ခွာပြီး မနေလိုကြသကဲ့သို့ လူ့ကာမဂုဏ် လူ့အာရုံတို့ထက် သာလွန်သော နတ်ကာမဂုဏ် နတ်အာရုံတို့မှ နတ်တို့လည်း တခဏမျှ ရှောင်ခွာပြီး မနေနိုင်ကြ မနေလိုကြ။ ကာမောဃ ရေအယဉ်၌ နစ်မြုပ်မြဲ နစ်မြုပ်ခွင့် ပေးကြပါဟု ထိုထို သတ္တဝါတို့၏ အပြုအမူ အသွင်အပြင် အပြောအဆိုတို့က အနက်အဓိပ္ပါယ် ဖွင့်ပေးနေကြ၏။ နစ်မြုပ်မြဲ နစ်မြုပ်ခွင့်ပေးကြပါဟု ဆုမတောင်းသော်လည်း ဆုတောင်းသကဲ့သို့ပင် ဖြစ်၏။

အပါယ်သတ္တဝါတို့လည်း ထိုနည်းနှင်နှင် ဖြစ်ကြ၏။

တိဟိတ်ပဋိသန္ဓေဖြင့် ဘဝရလာသူတို့ စျာန်သမာဓိဆိုက်အောင် ပွားများအားထုတ်နိုင်ကြ၏။ ထိုစျာန်သမာဓိနှင့်တကွ ထိုစျာန်ကြောင့် ရရှိ ရောက်ရှိနိုင်သည့် ဗြဟ္မာဘုံဘဝတို့ကို နှစ်သက်ခြင်း တဏှာတို့ကြောင့် ဘဝေါဃ ရေအယဉ်မှ ကျော်လွှားလွန်မြောက်ဖို့ရန်လည်း ခက်နေကြ၏။

ငါ ငါ ထောင်လွှား တက်ကြွနေသည့် လောကကြီးသည် သက္ကာယဒိဋ္ဌိ ငရဲမီး၏ နှိပ်စက်မှု ဒဏ်ချက်ကို ခံနေကြရခြင်းသာ ဖြစ်၏။ သက္ကာယဒိဋ္ဌိ ငရဲမီးကို တရှိန်ရှိန် အားကောင်းအောင် မွှေးနေကြခြင်းသာ ဖြစ်၏။ သက္ကာယဒိဋ္ဌိ ငရဲမီးကြောင့် ဒိဋ္ဌောဃ ရေအယဉ်မှ ကျော်လွှားလွန်မြောက်ဖို့ရန် ခက်နေကြသည်ပင်။ သိက္ခာသုံးရပ် အကျင့်မြတ်ကို လက်တွေ့စနစ်တကျ ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းကြောင့် ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံးဝယ် သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်တို့ ဖြစ်ပေါ်လာ၏။ ထိုအခါမှသာ သက္ကာယဒိဋ္ဌိ ငရဲမီးကို အပြီးသတ် ငြှိမ်းသတ်နိုင်မည် ဖြစ်ပေ၏။

အဝိဇ္ဇောဃရေအယဉ်မှ ကူးခတ် လွန်မြောက်ဖို့ရန် ခက်ခဲပုံကိုလည်း ဆိုခဲ့ပြီ ဖြစ်၏။

ရပ်တည်မည်ဆိုလျှင် နစ်မြုပ်ရ

ရပ်တည်မည်ဆိုလျှင် နစ်မြုပ်ရ၏ဟူသော စကားရပ်၌ ရပ်တည်ခြင်းဟူသည် အကုသိုလ်ဒုစရိုက်တရားတို့ကို လက်ရဲ ဇက်ရဲ လွန်ကျူးခြင်းကို ဆိုခြင်း ဖြစ်၏။ ကာယကံ မစင်ကြယ်မှု, ဝစီကံ မစင်ကြယ်မှု, မနောကံ မစင်ကြယ်မှု စသည့် အမှုတို့ပင် ဖြစ်ကြ၏။

သေစေလိုသော စိတ်ဖြင့် ကြီးကြီး ငယ်ငယ် သတ္တဝါတို့ကို သတ်ဖြတ်၏၊ မပေးသော ပစ္စည်းကို ယူ၏၊ ကိုယ်ပိုင် မဟုတ်သည့် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်၏။ ဤသည်တို့သည် ကာယကံ မစင်ကြယ်မှုတို့ပင် ဖြစ်ကြ၏။

မဟုတ်မမှန်သော စကားကို ဆို၏၊ ချစ်ခင်နေသူ နှစ်ဦးကြား စိတ်ဝမ်းကွဲအောင် ပြောဆို၏၊ ကြမ်းတမ်းသော စကားကို ဆို၏၊ အနှစ် မမှီး အချည်းအနှီး အကျိုးမဲ့စကားကို ပြောဆို၏။ ဤသည်တို့သည် ဝစီကံ မစင်ကြယ်မှုတို့ပင် ဖြစ်ကြပေ၏။

သူတစ်ပါးစည်းစိမ်ကို မတရားလိုချင်မှု အဘိဇ္ဈာ, သူတစ်ပါး ပျက်စီးခြင်းကို အလိုရှိမှု ဗျာပါဒနှင့် မှားယွင်းသော အမြင်ရှိမှု မိစ္ဆာဒိဋ္ဌိတို့ သည် မနောကံ မစင်ကြယ်မှုပင် ဖြစ်ကြ၏။

မှားယွင်းသော အမြင်ဟူသည် ကုသိုလ်နှင့် ကုသိုလ်၏ အကျိုးမည်သည် မရှိ၊ ကောင်းမှု ပြုသော်လည်း ကောင်းကျိုးမည်သည် မရှိ၊ မကောင်းမှု ပြုသော်လည်း မကောင်းကျိုးမည်သည် မရှိ စသည့် ကံနှင့် ကံ၏အကျိုးတရားကို ပစ်ပယ်သည့် အမြင်များပင် ဖြစ်ကြ၏။

ဤကံသုံးပါးသည်ကား သတ္တဝါတို့၌ အဖြစ်များသော ကံများသာ ဖြစ်ကြပေ၏။

ဤ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တရားတို့၏ တရားကိုယ်ကို ကောက်မည်ဆိုက လောဘ ဒေါသပြဓာန်းသည့် ယင်းဒုစရိုက်တို့ကို လွန်ကျူးကြောင်း ဖြစ်သော တရားတို့ကို ရ၏။ လောဘ ဒေါသဖြစ်က မောဟ ပါစမြဲ ဖြစ်၏။

လောဘဟု ဆိုက လောဘအသင်းဝင်များ ဖြစ်ကြသည့် မာနနှင့် ဒိဋ္ဌိကိုပါ ယူရ၏။

ဒေါသဟု ဆိုက ဒေါသအသင်းဝင်များ ဖြစ်ကြသည့် ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စတို့ကိုပါ ယူရ၏။

မောဟဟု ဆိုက မောဟအသင်းဝင်များ ဖြစ်ကြသည့် ဥဒ္ဓစ္စနှင့် ဝိစိကိစ္ဆာတို့ကိုပါ ယူရမည် ဖြစ်၏။

မွေးခြင်းနှင့် သေခြင်းကြား၌ သတ္တဝါတို့၏ ရုပ်နာမ် သန္တာန်အစဉ်ဝယ် အဖြစ်များသည့် တရားတို့သည်ကား လောဘ, ဒေါသ, မောဟ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, မာန, ဥဒ္ဓစ္စနှင့် ဝိစိကိစ္ဆာ တရားတို့ပင် ဖြစ်ကြပေ၏။

သတ္တဝါတို့သည်ကား လောဘအိမ်, ဒေါသအိမ်, မာနအိမ် စသည့် အိမ်တို့တွင် အနေများကြ၏။ ထို့ကြောင့် ထိုတရားတို့ကို သတ္တဝါတို့၏ အိမ်များဟု ခေါ်သင့် ခေါ်ထိုက်၏။ ထိုထိုအိမ်တို့၌ နေထိုင်ကြသူများကို အကုသိုလ်နှင့် နေထိုင်ကြသူများ ရပ်တည်နေသူများဟု ခေါ်ရ၏။

ထိုသို့ ရပ်တည်နေခြင်းကြောင့် အပါယ်လေးဘုံတည်းဟူသော ဒုဂ္ဂတိဘုံတို့၌ ဖြစ်ကြရ၏။ အပါယ်လေးဘုံတည်းဟူသော ကာမောဃ ရေအယဉ်၌ တစ်ဘဝပြီး တစ်ဘဝ နစ်မြုပ်ကြရခြင်း ဖြစ်၏။

ဤသည်ကိုပင် နစ်မြုပ်ခြင်းဟု ဆိုရ၏။

ဤမျှဆိုက ရပ်တည်မည်ဆိုလျှင် နစ်မြုပ်ရ၏ဟူသော စကားရပ် ၏ အဓိပ္ပါယ်မှာ ထင်ရှားပြီ ဖြစ်၏။


အားထုတ်မည်ဆိုလျှင် မျောပါရ

အားထုတ်မည်ဆိုလျှင် မျောပါရ၏ဟူသော စကားရပ်၌ အားထုတ်ခြင်း ဟူသည် ကုသိုလ်တရားတို့ဖြင့် နေထိုင်ခြင်းပင်တည်း။ ကာယကံ စင်ကြယ်မှု, ဝစီကံ စင်ကြယ်မှု, မနောကံ စင်ကြယ်မှုများပင် ဖြစ်ကြပေ၏။

ထိုသို့ ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်တို့ကို ပြုကျင့်ခြင်းကြောင့် ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်တို့ကို ပြုကျင့်သူတို့ လားရောက်ရာ ဖြစ်သော လူ့ဘုံ နတ်ဘုံတို့၌ ပဋိသန္ဓေ နေကြရ၏။ ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်ကို ပြုကျင့်ခြင်းသည် အလောဘ အဒေါသ အမောဟတရားတို့ဖြင့် နေထိုင်ကြခြင်းသာ ဖြစ်ပေ၏။

ဤကဲ့သို့ သုစရိုက်တရားတို့ကို ဖြည့်ကျင့်ပြီးနေသည့် ပုဂ္ဂိုလ်များအား အားထုတ်ပြီးနေသည့် ပုဂ္ဂိုလ်များဟု ဆိုရ၏။

ထိုသို့ ကုသိုလ်တရားတို့ကို အားထုတ်ပြီးနေခြင်းကြောင့် လူ့ဘုံ နတ်ဘုံတည်းဟူသော သုဂတိဘုံတို့၌ ဖြစ်ကြရခြင်းဟူသည် ကာမောဃ ရေအယဉ်၌ တစ်ဘဝပြီး တစ်ဘဝ မျောပါနေကြရခြင်းသာ ဖြစ်ပေ၏။

ဤသည်ကိုပင် မျောပါခြင်းဟု ဆိုရ၏။

ဤမျှဆိုက အားထုတ်မည်ဆိုလျှင် မျောပါရ၏ဟူသော စကားရပ်၏ အဓိပ္ပါယ်သည်လည်း ထင်ရှားပြီ ဖြစ်၏။

ဤနေရာ၌ တစ်ခု စဉ်းစားဖို့ လို၏။ သတ္တဝါတို့၌ မြုပ်ခွင့်နှင့် မျောခွင့်ဟူသော ချိန်ခွင်လျှာက မည်သည့်ဘက်သို့ အားသာနေပါ သနည်း။ မည်သည့်ချိန်ခွင်လျှာက အားသာနေသည်ကို စာဖတ်သူတို့ အသိ ဖြစ်၏။ ဆင်ခြင်ကြည့်က သိနိုင်သည်ပင်။


သုဂတိဘုံ၌ ဖြစ်ခွင့်ဟူသည်

ထိုသို့ပင် သိသော်လည်း ခိုင်ခံ့သည့် အသိဉာဏ်ကို ရရှိစေဖို့ မဟာဝဂ္ဂသံယုတ်ပါဠိတော် ပဉ္စဂတိပေယျာလဝဂ် မနုဿစုတိ နိရယသုတ် (သံ၊၃၊၄၁၂-၄၁၃။)၌ လာရှိသော ဘုရားရှင် ကိုယ်တော်တိုင် ဟော ကြားတော်မူခဲ့သော တရားတော်ဖြင့် တန်ဆာဆင်ရပေဦးမည်။

On one occasion, the Blessed One took up a little bit of soil on the tip of his fingernail and addressed the bhikkhus thus:

အခါတစ်ပါးဝယ် ဘုရားရှင်သည် မိမိ၏ လက်သည်းဖျား ပေါ်၌ မြေမှုန် အနည်းငယ်ကို တင်၍ ရဟန်းတော်တို့အား မေးခွန်းတစ်ခုကို မေးတော်မူ၏။

What do you think, bhikkhus, which is more: The little bit of soil on the tip of my fingernail or the great earth?

ချစ်သားရဟန်းတို့ ... ငါဘုရားရှင်၏ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော မြေမှုန်ပမာဏနှင့် ကမ္ဘာမြေကြီးကို တိုင်းတာနှိုင်းစာမည်ဆိုက အဘယ်က ပိုများ ပါသနည်းဟု မေးတော်မူခြင်း ဖြစ်သည်။

ထိုအခါ ရဟန်းတော်တို့က ---

Venerable sir, the great earth is more. The little bit of soil that the Blessed One has taken up on the tip of his fingernail is trifling. Compared to the great earth, the little bit of soil that the Blessed One has taken up on the tip of my fingernail is not calculable, does not bear comparison, does not amount even to a fraction.

ဘုန်းတော်ကြီးတော်မူပါပေသော မြတ်စွာဘုရား ... မြတ်စွာဘုရား၏ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော မြေမှုန်ပမာဏသည် အနည်းငယ်မျှသာ ဖြစ်ပေ၏။ မြတ်စွာဘုရားရှင်၏ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော မြေမှုန်ပမာဏနှင့် ကမ္ဘာမြေကြီးရှိ မြေမှုန်ပမာဏကို တိုင်းတာနှိုင်းစာဖို့ရန် အစိတ်အပိုင်းသို့ပင် မရောက်ပါ ဘုရား။ လက်သည်းဖျားပေါ်ရှိ မြေမှုန်ပမာဏသည် အလွန့် အလွန် နည်းပါးလှပါ၏ မြတ်စွာဘုရားဟူ၍ ရဟန်းတော်တို့က ပြန်လည် လျှောက်ထားကြ၏။

ထိုအခါ မြတ်စွာဘုရားက ---

So too, bhikkhus, those beings are few who, when they pass away as human beings, are reborn among human beings or the devas. But those beings are more numerous who, when they pass away as human beings, are reborn in hell, in the animal realm, in the sphere of ghosts.

ရဟန်းတို့ ... ဤဥပမာ အတူသာလျှင် လူ့ဘဝမှ စုတေ၍ လူ့ဘဝ နတ်ဘဝ၌ ပြန်ဖြစ်ကြကုန်သော သတ္တဝါ တို့သည်ကား ငါဘုရား၏ လက်သည်းဖျားပေါ်ရှိ မြေမှုန် ပမာဏလောက် နည်းပါးလှ၏။ လူ့ဘဝမှ စုတေ၍ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ များပြားလှ၏။

So too, bhikkhus, those beings are few who, when they pass away as devas, are reborn among the devas or human beings. But those beings are more numerous who, when they pass away as devas, are reborn in hell, in the animal realm, in the sphere of ghosts.

ထို့အတူသာလျှင် နတ်ဘဝမှ စုတေ၍ နတ်ဘဝ၌ ပြန်ဖြစ်သည့် ပုဂ္ဂိုလ်, နတ်ဘဝမှ စုတေ၍ လူ့ဘဝ၌ ဖြစ်ကြသည့် ပုဂ္ဂိုလ်တို့သည်လည်း အလွန့်အလွန် နည်းလှ၏။ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါ တို့သည်သာ အလွန့် အလွန် များပြားလှ၏။

So too, bhikkhus, those beings are few who, when they pass away from the animal realm, are reborn among human beings or the devas. But those beings are more numerous who, when they pass away from the animal realm, are reborn in hell, in the animal realm, in the sphere of ghosts.

ထို့အတူပင် တိရစ္ဆာန်ဘဝမှ စုတေ၍ လူ့ဘဝ နတ်ဘဝ တို့၌ ဖြစ်ကုန်သည့် သတ္တဝါတို့သည်လည်း အလွန့်အလွန် နည်းပါးလှ၏။ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ အလွန့် အလွန် များပြားလှ၏ဟု

မိန့်တော်မူခဲ့သော ဤစကားတော်တို့သည် လေးလေးနက်နက် စဉ်းစားရမည့် စကားတော်များပင် ဖြစ်ကြပေ၏။

ပါပသ္မိံ ရမတိ မနောဟု ဆိုသည့်အတိုင်း

စိတ်သည် မကောင်းမှု၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက် ၏။

ထိုသို့ မကောင်းမှု၌ မွေ့လျော်, မကောင်းမှု၌ ပျော်ပိုက်, မကောင်း မှု၌ နှစ်ခြိုက်တတ်သည့် ဤစိတ်ကြောင့် မကောင်းသော ကာယကံ, မကောင်းသော ဝစီကံတို့ ဖြစ်ပေါ် လာကြ၏။


ဖွားဘက်တော် တရားဆိုးတို့ကြောင့်

ထိုကြောင့်ပင် သတ္တဝါတို့သည် ကုသိုလ်ဖြင့် အနေနည်းလျက် အကုသိုလ်ဖြင့် အနေများနေကြ၏။ ကုသိုလ်ဖြင့် မပျော်မွေ့နိုင်ပဲ အကုသိုလ်ဖြင့်သာ ပျော်မွေ့နေကြ၏။ ထိုသို့ ဖြစ်ရခြင်းသည် ဖွားဘက် တော် တရားဆိုးတို့ကြောင့်ပင် ဖြစ်၏။

လောဘ, ဒေါသ, မောဟ, ဣဿာ, မစ္ဆရိယ, မာန်မာနတရားတို့သည် မိမိတို့နှင့် အတူ မွေးဖွားလာသည့် သံသရာ့ ဖွားဘက်တော်များ သာ ဖြစ်ကြပေ၏။ ထိုဖွားဘက်တော်တို့ကြောင့် ကုသိုလ်တရားတို့၌ မွေ့လျော်ခွင့် မရကြဘဲ အကုသိုလ်တရားတို့၌သာ မွေ့လျော်ခွင့် ရကြ၏။ ကုသိုလ်တရားတို့ဖြင့် ရေရှည် မပျော်နိုင်ကြပဲ အကုသိုလ်တရားတို့ဖြင့်သာ ရေရှည် ပျော်နိုင်ကြ၏။ ကုသိုလ်တရားတို့၌ ရေရှည် မနှစ်ခြိုက်နိုင်ကြဘဲ အကုသိုလ်တရားတို့၌သာ နှစ်ခြိုက်နေကြ၏။ ဤစကား မှန်၏။ လူ့ဘုံ လူ့နန်း လူ့ကြငှန်း၌ နေထိုင်ကြသူ လူသားတို့သည်ကား အများအားဖြင့် အကုသိုလ်ဖြင့် ပျော်နေကြသူများသာ ဖြစ်ကြပေ၏။ အကုသိုလ်ဖြင့် အဘယ်သို့ ပျော်နိုင်ပါမည်နည်းဟု မေးမြန်းဖွယ် ရှိ၏။ နံနက်မိုးလင်းမှ ညနေမိုးချုပ် အိပ်ချိန်တိုင်အောင် ပြုနေကြသည့် အလုပ်တို့သည်ကား မိမိတို့ မွေ့လျော် ပျော်ပိုက်နှစ်ခြိုက်၍ လုပ်နေကြ သည့် အလုပ်များပင် မဟုတ်လော။ ထိုအလုပ်တို့ကို ကြည့်က ရလိုမှု လောဘကို အခြေခံထားရသည်လည်း ရှိ၏။ တပ်မက်မှု တဏှာလောဘဖြင့် ပြုနေကြသည်လည်း ရှိ၏။ အာရုံထိုထို၌ ဆာလောင်မွတ်သိပ်နေသည့် တဏှာလောဘဖြင့် တုန်တုန်ရီရီ ဖြစ်နေကြသည်လည်း ရှိ၏။ မကျေနပ်မှု ဒေါသတရား၏ လောင်မြိုက်မှုဖြင့် ပူလောင် နေသည့် စိတ်နှလုံးတို့ကို အဖော်ပြုလျက် တစ်နေ့တာပေါင်း များစွာကို ကုန်လွန်နေကြရသူများထဲ စာဖတ်သူတို့လည်း ပါဝင်နေမည်သာ ဖြစ်၏။ မာနဖြင့် ပြိုင်, ဣဿာ မစ္ဆရိယတရားတို့ဖြင့် ရင်ဆိုင်နေကြသည့် ဤလောကကြီးသည် အကုသိုလ်ဖြင့် ပျော်နေသည့် လောကကြီးပင် ဖြစ်တော့၏။

အလုပ်နား၍ အပန်းဖြေကြပါသည်ဟူသည့် အပန်းဖြေနည်းတို့ကိုလည်း ဉာဏ်ဖြင့် ဆင်ခြင်ဖူးကြပါ၏လောဟု မေးလို၏။ ဖျော်ဖြေ မှု အမျိုးမျိုးကို ကြည့်ရှု ခံစားလျက်နေသူ လောကလူသားတို့သည်ကား ဖျော်ဖြေနေသူတို့ ရီက လိုက်ရီကြ၏၊ ငိုက လိုက်ငိုကြ၏၊ ဝမ်းနည်းက လိုက်၍ ဝမ်းနည်းကြ၏။ ကိလေသာမီးတို့ကို တိုးပွားစေတတ်သည့် အာရုံတို့၏ ဖမ်းစားမှုကို ခံလျက် ဆာလောင်မှုဒဏ်ဖြင့် ပူလောင်နေသည့် မိမိတို့၏ ဘဝကို မသိ မမြင်ကြ။ ပျော်ဖို့ကြိုးစားရင်း မပျော်နိုင်သည့် လူသားများကို ပြပါဆိုက တစ်လောကလုံးရှိ လူသားများကိုပင် ပြရတော့မလို ဖြစ်နေ၏။ ဗဟိဒ္ဓလောက၌ ပျော်ရွှင်မှု အစစ်, ချမ်းသာစစ်ကို ရှာဖွေ၍ ရနိုင်သည် မဟုတ်။ ပျော်ရွှင်မှု အစစ်, ချမ်းသာ အစစ်သည်ကား အဇ္ဈတ္တသန္တာန်တွင်းမှ ထုတ်ယူမှသာ ရနိုင် ခံစားနိုင်သည့် အရာ ဖြစ်၏။ မိမိကိုယ်တိုင် ပွားများအားထုတ်မှုမှတစ်ပါး တခြားတစ်ပါးသော နည်းတို့ဖြင့် ရနိုင် ခံစားနိုင်သည့် အရာ မဟုတ်ပေ။

အကုသိုလ်နှင့် ပျော်နိုင်ကြသည့် လူသားတို့ကို ကုသိုလ်နှင့် အကုသိုလ်ကို သိပါသလောဟု မေးရမလို ဖြစ်၏။ သိပါသည်ဟု ဆိုက တကယ်သိပါသလောဟု ထပ်ဆင့် မေးရပေမည်။ လူသားတို့ နေ့စဉ် ပြုအပ်သော ကံတို့သည် အကုသိုလ်ဟု သိ၍ ပြုနေကြသလော မသိ၍ ပြုနေကြသလောဟူ၍ စဉ်းစားဖွယ်ပင် ဖြစ်နေ၏။ ထိုအချက်ကို ဘုရားဟော သုတ္တန်တစ်ခုဖြင့် မီးမောင်းထိုးပြဖို့ လိုလာ၏။ ထိုသုတ္တန် သည်ကား သဠာယတနဝဂ္ဂသံယုတ် ဂါမဏိသံယုတ်၌ လာရှိသော တာလပုဋသုတ်ပင် ဖြစ်၏။

ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာဖြစ်သော ဝေဠုဝန်ကျောင်းတိုက်တော်ကြီး၌ မြတ်စွာဘုရားရှင် သီတင်းသုံး စံနေတော်မူခိုက် တာလပုဋ အမည်ရှိသော ဇာတ်ဆရာကြီးသည် ဘုရားရှင်ထံသို့ ချဉ်းကပ် ဆည်းကပ်လျက် မေးခွန်းတစ်ခုကို မေးလျှောက်၏။

မြတ်စွာဘုရား ...ပွဲသဘင်၌ မှန် မမှန်ရောထွေးလျက် လူအပေါင်းကို ရွှင်ပြစေကာ ကပြအသုံးတော်ခံနေသော ကချေသည်တို့သည် သေလွန်သည်မှ နောက်ကာလ၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် ဖြစ်ရ၏ဟု ရှေးဆရာ့ဆရာ ကချေသည်တို့က ဆိုခဲ့ကြပါ၏။ မြတ်စွာဘုရား...မြတ်စွာဘုရားအနေဖြင့် အဘယ်သို့ ဆိုလိုတော်မူပါသနည်းဟု မေးလျှောက်၏။ ထိုသို့ မေးသည်ရှိသော် ထိုစကားကို မမေးဖို့ရန် ဘုရားရှင်က တားမြစ်တော်မူ၏။ ထိုသို့ပင် တားမြစ်သော်လည်း သုံးကြိမ် တိုင်တိုင် မေးခဲ့သည်သာ။ ထိုအခါ ဘုရားရှင်က အသင် ဇာတ်ဆရာ...သတ္တဝါတို့မည်သည် သံသရာ အဆက်ဆက်မှ စ၍ မကင်းသော စွဲမက်မှု ရာဂ ရှိသူများ, ထို စွဲမက်မှု ရာဂ နှောင်ကြိုးဖြင့် အနှောင်အဖွဲ့ ခံထားကြရသူများသာ ဖြစ်ကြ၏။ ထို့အပြင် သတ္တဝါတို့မည်သည် သံသရာ အဆက်ဆက်မှ စ၍ မကင်းသော အမျက် ဒေါသရှိသူများ, ထို အမျက် ဒေါသနှောင်ကြိုးဖြင့် အနှောင်အဖွဲ့ ခံထားကြရသူများသာ ဖြစ်ကြ၏။ ထိုအပြင် သတ္တဝါတို့မည်သည် သံသရာ အဆက်ဆက်မှ စ၍ မကင်းသော တွေဝေခြင်း မောဟရှိသူများ, ထို တွေဝေမှု မောဟနှောင်ကြိုးဖြင့် အနှောင်အဖွဲ့ ခံထားကြရသူများသာ ဖြစ်ကြ၏။ ထိုသို့ စွဲမက်မှု ရာဂ, အမျက်ထွက်မှု ဒေါသ, တွေဝေမှု မောဟ နှောင်ကြိုးတို့ဖြင့် အနှောင်အဖွဲ့ ခံထားရသူ ထိုသူတို့အား ကချေသည် သရုပ်ဆောင်တို့သည် စွဲမက်မှု ရာဂ, အမျက်ထွက်မှု ဒေါသ, တွေဝေမှု မောဟတရားတို့ အတိုင်းအထက်အလွန် တိုးပွားလာအောင် ပြုကြ၏။ ကြီးထွားလာအောင် ရှေးရှုဆောင်ကြ၏။ ထိုကချေသည်တို့သည်ကား မိမိတို့ကိုယ်တိုင် ကာမဂုဏ်၌ ယစ်မူးမေ့လျော့နေကြသည် မဟုတ်, သူတစ်ပါးတို့ကို ယစ်မူးမေ့လျော့အောင်လည်း ပြုနေ၏။ ထိုသို့ ပြုခြင်းကြောင့် ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်ကာလ၌ ပဟာသအမည်ရှိသော ငရဲသို့ ကျရောက်ရ၏။

ပွဲသဘင်၌ မှန် မမှန်ရောထွေးလျက် လူအပေါင်းကို ရွှင်ပြစေကာ ကပြအသုံးတော်ခံနေသော ကချေသည် တို့သည် သေလွန်သည်မှ နောက်ကာလ၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် ဖြစ်ရ၏ဟု ရှေးဆရာ့ဆရာ ကချေသည်တို့က ဆိုခဲ့ကြသော အယူသည် မှားသော အယူသာလျှင် ဖြစ်၏။ အသင် ဇာတ်ဆရာ ... မှားသောအယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား ငရဲ တိရစ္ဆာန်ဟူသော လားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာဂတိကို ငါဘုရား ဟောတော်မူ၏ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် ရှေးဆရာ့ဆရာ ကချေသည်တို့၏ ပြောဆိုချက်သည် လှည့်ပတ် ဖြားယောင်းမှုများသာ ဖြစ်ကြောင်း သိရပြီဖြစ်သော တာလပုဋ ဆရာကြီး သည်ကား ဝမ်းနည်းခြင်းကြောင့် ငိုပွဲဆင်တော့၏၊ မျက်ရည်တို့ ဖြိုင်ဖြိုင် ကျလာတော့၏။ (သံ၊၂၊၄၉၄-၄၉၅။)

ဤမျှဆိုက အကုသိုလ်နှင့် ပျော်နေကြခြင်းသည် ကုသိုလ်နှင့် အကုသိုလ်ကို ကောင်းစွာ မသိကြ၍သော်လည်း ဖြစ်နိုင်၏။ ဗဟုဿုတ နည်းကြခြင်း ဉာဏ်ယှဉ်မှု အားနည်းကြခြင်းကြောင့်သော်လည်း ဖြစ်နိုင်၏။ မီးသည် ပူ၏၊ ထိုသို့ ပူကြောင်းကို တကယ် သိသူဟူက မိမိ ပူလောင်စေဖို့ ရည်ရွယ်ချက်ဖြင့် မီးကို ကိုင်တွယ်မည်ကား မဟုတ်ပေ။ သတိလက်လွတ်၍ ကိုင်တွယ်မိသည်တော့ ရှိပေမည်။

ဤသုတ္တန်ကို ဖတ်ရှုရခြင်းကြောင့် အသင်သူတော်ကောင်းတို့လည်း ငိုနေကြပြီလော၊ မျက်ရည်တို့ ဖြိုင်ဖြိုင် ကျလာကြပြီလောဟု မေးရတော့မလို ဖြစ်၏။

သံသရာခရီးတစ်လျှောက် တစ်တွဲတွဲ ဖြစ်ခဲ့ကြသည့် ကိလေသာနှင့် ငါတို့၏ စည်းလုံးမှုကြောင့် ငိုဖို့ပင် မစွမ်းနိုင် ဖြစ်နေကြမည် ထင်၏။ ကုသိုလ်လော အကုသိုလ်လောဟု သိဖို့ ပဓာနပြုခြင်းထက် တဏှာနှင့် ငါကြောင့် ပျော်ရဖို့သာ ပဓာန ဖြစ်နေကြ၏။

ကိလေသာနှင့် ငါ မကွဲသည့်အတွက် ပျော်ခွင့် ရနေကြ၏။ ငါစွဲ သက္ကာယဒိဋ္ဌိ ငရဲမီး၏ နှိပ်စက်မှု ဒဏ်ချက်ကို ဟန်မပျက် ခံလျက် နေကြခြင်းသာ ဖြစ်၏။ ထိုသို့ နေနိုင်ကြခြင်းသည် ငါစွဲကြောင့်ပင် ဖြစ်၏။ ငါစွဲ သက္ကာယဒိဋ္ဌိ မရှိတော့သည့်အခါ ထိုသို့ ပျော်ခွင့် မရကြတော့။ ငါကြောင့်သာ ပျော်နိုင်ကြတာပါဟု ဆိုရ၏။ ငါမရှိတော့သည့် အခါ ငါနှင့် ပျော်သူတို့ကဲ့သို့ လောကသည် ပျော်စရာ မဟုတ်တော့။

ငါကြောင့်ပင် တဏှာအတွက် အသက်ရှင် တဏှာအတွက် အကွက်ဆင်ခွင့် ရကြခြင်း ဖြစ်၏။

မိမိအကျိုး မိမိ ဆောင်ရွက်လိုသော်လည်း မကောင်းမှု၌ မွေ့လျော်, မကောင်းမှု၌ ပျော်ပိုက်, မကောင်းမှု၌ နှစ်ခြိုက်နေသည့် ဤစိတ်ကြောင့် အကျိုးဆောင်ခွင့် မရကြ။

သုဂတိဘုံဘဝကို အလိုရှိသော်လည်း မကောင်းမှု၌ မွေ့လျော်, မကောင်းမှု၌ ပျော်ပိုက်, မကောင်းမှု၌ နှစ်ခြိုက်နေသည့် ဤစိတ်ကြောင့် အလိုရှိသည့် သုဂတိဘုံဘဝကို ရဖို့ ခက်နေကြ၏။

ဒုဂ္ဂတိဘုံဘဝကို အလိုမရှိသော်လည်း မကောင်းမှု၌ မွေ့လျော်, မကောင်းမှု၌ ပျော်ပိုက်, မကောင်းမှု၌ နှစ်ခြိုက်နေသည့် ဤစိတ်ကြောင့် အလိုမရှိသည့် ဒုဂ္ဂတိဘုံဘဝကို လက်ခံကြရပြန်၏။

ထိုကြောင့်ပင် ---

ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟာသဒိသာဟု (ဓမ္မပဒ၊ဋ္ဌ၊၁၊၆။)၌ ဆိုခဲ့ပေ၏။

မေ့လျော့သော ပုဂ္ဂိုလ် မည်သည်ကား အပါယ်လေးဘုံ တို့သည် မိမိအမြဲတည်ရာ နေအိမ်နှင့် တူကြကုန်၏ဟု ဆိုခြင်း ဖြစ်၏။

ဖွားဘက်တော် အကုသိုလ်တရားတို့နှင့် အနေများကြသည့် အတွက် အပါယ်လေးဘုံသည် သတ္တဝါတို့၏ အမြဲတည်ရာ နေအိမ်နှင့် တူရ၏။

ထိုဖွားဘက်တော်တို့ကြောင့် ---

အပါယ်လေးဘုံသို့ ရောက်ရပါလို၏ဟု ဆုမတောင်းသော်လည်း ဆုတောင်းသကဲ့သို့ပင် ထိုထိုကံတို့က အပါယ်လေးဘုံသို့ ဦးလှည့်ပေးနေကြ၏။

တစ်နေရာရာ အလည်သွားကြသည့် အခါ ရေရှည် မနေနိုင်ကြပဲ မိမိနေထိုင်ရာအိမ်ကို ပြန်ဖို့သာ စိတ်စောနေကြသကဲ့သို့ ဖွားဘက်တော် အကုသိုလ်တရားတို့ကြောင့် လူ့ဘုံ လူ့နန်း လူ့ကြငန်း၌ ရေရှည် မနေနိုင်ကြပဲ အပါယ်လေးဘုံသို့ ပြန်သွားဖို့သာ စိတ်စောနေကြ၏။ လူ့ဘုံ နတ်ဘုံဟူသည် ခဏမျှ အလည်လာသည့် ဘုံများသာ ဖြစ်ကြပေ၏။ အလည်သွားသည့်အခါ ကိုယ့်အိမ် ကိုယ်ပြန်ကြသကဲ့သို့ မိမိတို့၏ အမြဲတည်ရာ နေအိမ်ဖြစ်သည့် အပါယ်လေးဘုံသို့ ပြန်ကြမည်သာ ဖြစ်၏။

လိပ်ကန်း ထမ်းပိုးဥပမာ

အပါယ်လေးဘုံ၌ နစ်မြုပ်သွားသူ အပါယ်လေးဘုံ၌ ပဋိသန္ဓေ နေရသူတို့၏ ဘဝကံကြမ္မာကို သိဖို့ လိုလာ၏။ ထိုကံကြမ္မာကို သိဖို့ မဟာဝဂ္ဂသံယုတ်ပါဠိတော် ပပါတဝဂ် ပဌမ ဆိဂ္ဂဠယုဂသုတ် (သံ၊၃၊ ၃၉၇။)ဝယ် ဘုရားရှင် ဟောကြားတော်မူခဲ့သည်ပင်။ အဘယ်သို့ ဟောကြားတော်မူခဲ့သနည်းဟူမူကား ---

Bhikkhus, suppose a man would throw a yoke with a single hole into the great ocean, and there was a blind turtle which would come to the surface once every hundred years.

ချစ်သားရဟန်းတို့ ...ပုဂ္ဂိုလ်တစ်ဦးသည် အပေါက် တစ်ခုသာ ပါသည့် ထမ်းပိုးတစ်ခုကို မဟာသမုဒ္ဒရာ အတွင်းသို့ ပစ်ချလေရာ၏။ ထိုသမုဒ္ဒရာ၌လည်း လိပ်ကန်း တစ်ကောင်သည် ရှိလေရာ၏။ ထိုလိပ်ကန်းသည်ကား နှစ်တစ်ရာတစ်ရာ ကုန်လွန်သောအခါ တစ်ကြိမ် တစ်ကြိမ် သာလျှင် ရေပြင်ထက်သို့ ဦးခေါင်းပေါ်ရာ၏။

What do you think, bhikkhus, would that blind turtle, coming to the surface once every hundred years, insert its neck into that yoke with a single hole?

ချစ်သားရဟန်းတို့ ...ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း။ နှစ်တစ်ရာတစ်ရာကြာမှ ရေပြင်ထက်သို့ တစ်ကြိမ် တစ်ကြိမ် ပေါ်သော လိပ်ကန်း၏ ဦးခေါင်းနှင့် ထမ်းပိုး၏ အပေါက်တို့ စွပ်နိုင်ရာသော အကြောင်းသည် ရှိရာပါသလောဟု မိန့်တော်မူ၏။

ထိုအခါ ရဟန်းတော်တို့က ---

If it would ever do so, venerable sir, it would be only after a very long time.

ဘုန်းတော်ကြီးတော်မူပါပေသော မြတ်စွာဘုရား ... ရှည်ကြာသောကာလ ကုန်လွန်သည် ရှိသော် တခါတရံ စွပ်နိုင်တန်ကောင်းပါသည် မြတ်စွာဘုရားဟု ပြန်လည် လျှောက်ထားကြ၏။

ထိုအခါ ဘုရားရှင်က ---

Sooner, I say, would that blind turtle, coming to the surface once every hundred years, insert its neck into that yoke with a single hole than the fool who has gone once to the nether world would regain the human state.

ချစ်သားရဟန်းတို့ ...နှစ်တစ်ရာတစ်ရာကြာမှ ရေပြင်ထက်သို့ တစ်ကြိမ်တစ်ကြိမ် ပေါ်သော လိပ်ကန်း၏ ဦးခေါင်းနှင့် ထမ်းပိုး၏ အပေါက်တို့ စွပ်နိုင်ရာသော အကြောင်းသည် ပို၍ မြန်ရာသေး၏။ တစ်ကြိမ်မျှ အပါယ် သို့ ပျက်စီးကျရောက်သွားသော လူမိုက်၏ လူအဖြစ်ကို ရဖို့ရန်သည် နှစ်တစ်ရာတစ်ရာကြာမှ ရေပြင်ထက်သို့ တစ်ကြိမ်တစ်ကြိမ် ပေါ်သော လိပ်ကန်း၏ ဦးခေါင်းနှင့် ထမ်းပိုး၏ အပေါက်တို့ စွပ်နိုင်ရာသော အခွင့်ထက်ပင် မလွယ်ကူတော့ချေဟု ငါဘုရား ဆို၏။

For what reason?

ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း။

Because in the nether world there is no conduct guided by the Dhamma, no righteous conduct, no wholesome activity, no meritorious activity. The more powerful ones are eating the weaker ones.

အပါယ်သတ္တဝါတို့ မည်သည် တရားနှင့် အညီ ကျင့်ခြင်း, မျှမျှတတ ကျင့်ခြင်း, ကုသိုလ်ကောင်းမှု ပြုခြင်း မရှိပေ။ နိုင်ရာစားလျက် အကုသိုလ်တရားတို့ကို လက်ရဲ ဇက်ရဲ ပြုလုပ် အားထုတ်နေသည့် ဘုံဘဝနေသူများသာ ဖြစ်ကြပေ၏ဟု

မိန့်တော်မူခဲ့သည့် ဘုရားရှင်၏ စကားတော်တို့သည်ကား အဝိဇ္ဇာအမှောင်ထု ဖုံးလွှမ်း ခံထားရခြင်းကြောင့် သိမြင်ဖို့ရန် မလွယ်သည့် လောကသားတို့အတွက် အဖိုးမဖြတ်နိုင်သော စကားတော်များပင် ဖြစ်ပေ၏။


မြုပ်လမ်းနှင့် မျောလမ်းအတွက်သာ

လောကသားတို့မည်သည် အကုသိုလ်ကံနှင့် ကုသိုလ်ကံဟူသော ကံနှစ်ခုကို ပြုလုပ်နေကြသူများသာ ဖြစ်ကြ၏။ ထို့ကြောင့် မြုပ်လမ်းနှင့် မျောလမ်းကို ရှာမှီးနေကြသူများဟု ခေါ်ရ၏။ မြုပ်လမ်းနှင့် မျောလမ်း အတွက် အသက်ရှင် ရပ်တည်နေသူများဟုလည်း ခေါ်နိုင်၏။

ဘဝစည်းစိမ် ရိပ်ငြိမ်ချမ်းသာကို လိုချင်တောင့်တသည့် စိတ်ဖြင့် ပြုအပ်သော လောကီကုသိုလ်တို့ကြောင့် မြစ်ကို အလျားကူးသူပမာ လူ့ပြည် နတ်ပြည်၌ စုန်ဆန်ပြေးလွှား သံသရာ၌ မျောပါးနေကြရမည် ဖြစ်၏။ မြုပ်တာနှင့် နှိုင်းစာလျှင် မျောတာက သင့်တော်သလို ရှိသော် လည်း မျောဖန်များ၍ ချေကုန်လက်ပန်းကျသည့်အခါ မြုပ်ရဦးမည် ဖြစ်၏။

မြုပ်ခြင်းသည်လည်း ဘဝသစ်တစ်ခုကို ရရှိခြင်းသာ ဖြစ်သကဲ့သို့ မျောခြင်းသည်လည်း ဘဝသစ်တစ်ခုကို ရရှိခြင်းသာ ဖြစ်၏။

ဘဝရှိက အိုရသည့် ဒုက္ခ, နာရသည့် ဒုက္ခ, သေရသည့် ဒုက္ခတို့ကို ရကြ၏။ ပူဆွေးရသည့် ဒုက္ခ, ငိုကြွေးရသည့် ဒုက္ခ, ကိုယ်ဆင်းရဲရသည့် ဒုက္ခတို့ဖြင့် ဆက်ဆံကြရမည်သာ ဖြစ်သကဲ့သို့ စိတ်ဆင်းရဲရသည့် ဒုက္ခ, ပြင်းစွာပူပန်ရသည့် ဒုက္ခတရားတို့၏ ဝှေ့ရမ်းနှုတ်ဆက်မှုကိုလည်း အလိုမရှိပါပဲ လက်ခံကြရမည်သာ ဖြစ်ပေ၏။

ဤနေရာ၌ အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် အဘယသုတ္တန်လာ သတ္တဝါတို့ မလွဲမသွေ ရင်ဆိုင်ကြရမည့် သေခြင်း (၄)မျိုးကို ဖော်ပြလို၏။

မိမိတို့ ရှာဖွေစုဆောင်း သိုမှီးသိမ်းဆည်းထားသည့် သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့သည် ရှိကြကုန်၏။ ဇနီးဟူသော ကာမဂုဏ်, ခင်ပွန်းဟူသော ကာမဂုဏ်, သား သမီးဟူသော ကာမဂုဏ်နှင့် အိုးအိမ် တိုက်တာ အစရှိသည့် ကာမဂုဏ်တို့ပင်တည်း။ ထိုသက်ရှိ သက်မဲ့ ကာမဂုဏ်တို့သည်ကား မိမိတို့ လိုချင်တောင့်တ နှစ်သက်ကြသည့် အတွက် ရှာဖွေထားကြ စုဆောင်းသိမ်းပိုက်ထားကြသည့် အရာများ သာ ဖြစ်ကြပေ၏။


အဘယသုတ္တန်လာ တွေတွေဝေဝေ သေရခြင်း

ဣဓ ဗြာဟ္မဏ ဧကစ္စော ကာမေသု အဝီတရာဂေါ ဟောတိ အဝိဂတစ္ဆန္ဒော အဝိဂတပေမော အဝိဂတပိပါသော အဝိဂတပရိဠာဟော အဝိဂတတဏှော။ တမေနံ အညတရော ဂါဠှော ရောဂါတင်္ကေါ ဖုသတိ။ တဿ အညတရေန ဂါဠှေန ရောဂါတင်္ကေန ဖုဋ္ဌဿ ဧဝံ ဟောတိ ပိယာ ဝတ မံ ကာမာ ဇဟိဿန္တိ၊ ပိယေ စာဟံ ကာမေ ဇဟိဿာမီတိ။ သော သောစတိ ကိလမတိ ပရိဒေဝတိ၊ ဥရတ္တာဠိံ ကန္ဒတိ၊ သမ္မောဟံ အာပဇ္ဇတိ။ အယံ ခေါ ဗြာဟ္မဏ မရဏဓမ္မော သမာနော ဘာယတိ၊ သန္တာသံ အာပဇ္ဇတိ မရဏဿ။ (အံ၊၁၊၄၉၃။)

There is, brahmin, a person who is not free from lust for sensual pleasures, not free from the desire and affection for them, not free from thirsting and fevering after them, not free from craving for sensual pleasures. Then it happens that a grave illness befalls him. Thus afflicted by a grave illness, he thinks: 'Oh, those beloved sensual pleasures will leave me, and I shall have to leave them! Thereupon he grieves, moans, laments, weeps, beating his breast and becomes bewildered. This mortal is one who fears death, who is afraid of death.

ထိုရှာဖွေ စုဆောင်းထားကြသည့် သက်ရှိ သက်မဲ့ ကာမဂုဏ်တို့အပေါ်၌ မကင်းသော ရာဂ, မကင်းသော ဆန္ဒ, မကင်းသော ချစ်မြတ်နိုးခြင်း ရှိသော၊ မကင်းသော မွတ်သိပ်ခြင်း, မကင်းသော ပူပန်ခြင်း, မကင်းသော တဏှာ ရှိကြကုန်သော သူတို့ထံသို့ ပြင်းထန်သော ရောဂါဝေဒနာ တစ်မျိုးမျိုးသည် ကျရောက်လာ၏။

ထိုသို့ ပြင်းထန်သော ရောဂါ တစ်မျိုးမျိုး ကျရောက်ခြင်းကြောင့် ရှောင်လွဲမရသည့် သေခြင်းတရားကို ရင်ဆိုင်ရသည့် အချိန်ဝယ် ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကလည်း မိမိကို စွန့်ခွါသွားကြတော့မည်၊ မိမိကလည်း ထိုချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကို နောင်တစ်ဖန် မတွေ့သော စွန့်ခွါ ခြင်းဖြင့် စွန့်ခွါရတော့မည်ကို သိနေသည့် ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် စိုးရိမ် ပင်ပန်း ငိုကြွေး မြည်တမ်းခြင်း, ပြင်းစွာ တွေဝေခြင်း တရားတို့သည် ဖြစ်ပေါ်လာကြပေတော့၏။ ထိုသို့သော စိတ်ဖြင့် သေဆုံးရခြင်းကို တွေတွေဝေဝေ သေရခြင်း သမ္မောဟမရဏဟု ခေါ်၏။ သေခြင်းသဘော ရှိသည် ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူပင်တည်း။

ထိုသို့ ထိတ်ထိတ်လန့်လန့် တွေတွေဝေဝေဖြင့် သေဆုံးသွားရသူ တို့၏ လားရာဂတိသည်ကား အဘယ်သို့လျှင် ကောင်းနိုင်ပါတော့အံ့နည်း။

ပုန စပရံ ဗြာဟ္မဏ ဣဓေကစ္စော ကာယေ အဝီတရာဂေါ ဟောတိ အဝိဂတစ္ဆန္ဒော အဝိဂတပေမော အဝိဂတပိပါသော အဝိဂတပရိဠာဟော အဝိဂတတဏှော။ တမေနံ အညတရော ဂါဠှော ရောဂါတင်္ကေါ ဖုသတိ။ တဿ အညတရေန ဂါဠှေန ရောဂါတင်္ကေန ဖုဋ္ဌဿ ဧဝံ ဟောတိ ပိယော ဝတ မံ ကာယော ဇဟိဿတိ၊ ပိယဉ္စာဟံ ကာယံ ဇဟိဿာမီတိ။ သော သောစတိ ကိလမတိ ပရိဒေဝတိ၊ ဥရတ္တာဠိံ ကန္ဒတိ၊ သမ္မောဟံ အာပဇ္ဇတိ။ အယမ္ပိ ခေါ ဗြာဟ္မဏ မရဏဓမ္မော သမာနော ဘာယတိ၊ သန္တာသံ အာပဇ္ဇတိ မရဏဿ။ (အံ၊၁၊၄၉၃-၄၉၄။)

Further, brahmin, there is a person who is not free from lust for this body, not free from the desire and affection for it, not free from thirsting and fevering after it, not free from craving for the body. Then it happens that a grave illness befalls him. Thus afflicted by a grave illness, he thinks: 'Oh, this beloved body will leave me, and I shall have to leave it! Thereupon he grieves, moans, laments, weeps, beating his breast and becomes bewildered. This mortal is one who fears death, who is afraid of death.

နောက်တစ်မျိုးသော်ကား ---

မိမိထက် ချစ်မြတ်နိုးအပ်သူ မရှိသည်၏ အဖြစ်ကို သိခဲ့ကြပြီ ဖြစ်၏။ မိမိကိုယ်ကို လွန်စွာ ချစ်မြတ်နိုး အပ်သည့်အတွက် ဘဝတစ်လျှောက် ယုယခင်မင် စိန်ရွှေ ဆင်၍ ပြုစု စောင့်ရှောက် ကျွေးမွေး လာခဲ့ရသည့် ခန္ဓာကိုယ်ကြီးသည် ရှိ၏။ ထိုခန္ဓာကိုယ်ကြီး အပေါ်၌ မကင်းသော ရာဂ, မကင်းသော ဆန္ဒ, မကင်းသော ချစ်မြတ်နိုးခြင်း ရှိသော၊ မကင်းသော မွတ်သိပ်ခြင်း, မကင်း သော ပူပန်ခြင်း, မကင်းသော တဏှာ ရှိကြကုန်သော သူတို့ထံသို့ ပြင်းထန်သော ရောဂါဝေဒနာ တစ်မျိုးမျိုးသည် ကျရောက်လာ၏။

ထိုသို့ ပြင်းထန်သော ရောဂါ တစ်မျိုးမျိုး ကျရောက်လာခြင်းကြောင့် ရှောင်လွဲမရသည့် သေခြင်းတရားကို ရင်ဆိုင်ရသည့် အချိန်ဝယ် ချစ်မြတ်နိုးအပ်သော ဤခန္ဓာကိုယ်ကြီးသည်လည်း မိမိကို စွန့်ခွါသွားတော့မည်၊ ထိုချစ်မြတ်နိုးအပ်သော ခန္ဓာကိုယ်ကြီးကိုလည်း မိမိက စွန့်ခွါသွားရတော့မည်ကို သိနေသည့် ထိုပုဂ္ဂိုလ်၏ သန္တာန် ဝယ် စိုးရိမ် ပင်ပန်း ငိုကြွေး မြည်တမ်းခြင်း, ပြင်းစွာတွေဝေခြင်း တရားတို့သည် ဖြစ်ပေါ်လာကြပေတော့၏။ ထိုသို့သော စိတ်ဖြင့် သေဆုံးရခြင်းကို တွေတွေဝေဝေ သေရခြင်း သမ္မောဟမရဏဟု ခေါ်၏။ သေခြင်းသဘော ရှိသည် ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူပင်တည်း။

ထိုသို့ ထိတ်ထိတ်လန့်လန့် တွေတွေဝေဝေဖြင့် သေဆုံးသွားရသူ တို့၏ လားရာဂတိသည်ကား အဘယ်သို့လျှင် ကောင်းနိုင်ပါတော့အံ့နည်း။

ပုန စပရံ ဗြာဟ္မဏ ဣဓေကစ္စော အကတကလျာဏော ဟောတိ အကတကုသလော အကတဘီရုတ္တာဏော ကတပါပေါ ကတလုဒ္ဒေါ ကတကိဗ္ဗိသော။ တမေနံ အညတရော ဂါဠှော ရောဂါတင်္ကေါ ဖုသတိ။ တဿ အညတရေန ဂါဠှေန ရောဂါတင်္ကေန ဖုဋ္ဌဿ ဧဝံ ဟောတိ အကတံ ဝတ မေ ကလျာဏံ၊ အကတံ ကုသလံ၊ အကတံ ဘီရုတ္တာဏံ၊ ကတံ ပါပံ၊ ကတံ လုဒ္ဒံ၊ ကတံ ကိဗ္ဗိသံ။ ယာဝတာ၊ ဘော၊ အကတကလျာဏာနံ အကတကုသလာနံ အကတဘီရုတ္တာဏာနံ ကတပါပါနံ ကတလုဒ္ဒါနံ ကတကိဗ္ဗိသာနံ ဂတိ တံ ဂတိံ ပေစ္စ ဂစ္ဆာမီတိ။ သော သောစတိ ကိလမတိ ပရိဒေဝတိ၊ ဥရတ္တာဠိံ ကန္ဒတိ၊ သမ္မောဟံ အာပဇ္ဇတိ။ အယမ္ပိ ခေါ ဗြာဟ္မဏ မရဏဓမ္မော သမာနော ဘာယတိ၊ သန္တာသံ အာပဇ္ဇတိ မရဏဿ။ (အံ၊၁၊၄၉၄။)

Further, brahmin, there is a person who has not done anything good and wholesome, who has not made a shelter for himself; but he has done what is evil, cruel and wicked. Then it happens that a grave illness befalls him. Thus afflicted by a grave illness, he thinks: 'Oh, I have not done anything good and wholesome, I have not made a shelter for himself; but I have done what is evil, cruel and wicked. I shall go hereafter to the destiny of those who do such deeds." Thereupon he grieves, moans, laments, weeps, beating his breast and becomes bewildered. This mortal is one who fears death, who is afraid of death.

နောက်တစ်မျိုးသော်ကား ---

အချို့သော သူတို့သည် ကောင်းမှုကုသိုလ်နှင့် ကြောက် မက်ဖွယ် ဘေးတို့မှ တားမြစ်ရေးကို မပြုရသေးပေ။ ထိုသို့ပင် မပြုရသေးသော်လည်း မကောင်းမှုကို ပြုပြီး ဖြစ်နေ၏၊ ကြမ်းကြုတ်မှုကို ပြုပြီး ဖြစ်နေ၏၊ ညစ်နွမ်းမှု အကုသိုလ်ကို ပြုပြီး ဖြစ်နေ၏။

ထိုသို့ ကောင်းမှုကို မပြုရသေးသော မကောင်းမှုကို ပြုအပ်ပြီးသော သူတို့၏အထံသို့ ပြင်းထန်သော ရောဂါဝေဒနာ တစ်မျိုးမျိုးသည် ကျရောက်လာ၏။

ထိုသို့ ပြင်းထန်သော ရောဂါ တစ်မျိုးမျိုး ကျရောက်လာခြင်းကြောင့် ရှောင်လွဲမရသည့် သေခြင်းတရားကို ရင်ဆိုင်ရသည့် အချိန်ဝယ် ညနေ နေဝင်ရီအချိန်၌ တောင်၏ အရိပ်သည် အရှေ့ဘက် အရပ်၌ တွဲလွဲခိုပြီး ကျနေသကဲ့သို့ ထိုသို့ ကောင်းမှုကို မပြုရသေးသော မကောင်းမှုကို ပြုအပ်ပြီးသော ထိုသူ၏ ရုပ်နာမ်သန္တာန် အစဉ်ဝယ် အကုသိုလ်ကံ အာရုံတို့သည် အစီအရီ ပေါ်လာကြ၏။ ထိုအခါမှ ငါသည် ကောင်းမှုကုသိုလ်တို့ကို မပြုခဲ့မိလေစွ, ကြောက်မက်ဖွယ် ဘေးတို့မှ တားမြစ်ရေးကို မပြုခဲ့မိလေစွ, မကောင်းမှုကို ပြုခဲ့မိလေစွ, ကြမ်းကြုတ်မှု ညစ်နွမ်းမှု အကုသိုလ်ကို ပြုခဲ့မိလေစွဟူ၍ စိတ်အကြံ ဖြစ်ပေါ်လာ၏။

ထိုသို့ ကောင်းမှုကုသိုလ်ကို မပြုရသေးသော, ကြောက်မက်ဖွယ် ဘေးတို့မှ တားမြစ်ရေးကို မပြုရသေးသော၊ မကောင်းမှု ကြမ်းကြုတ်မှု ညစ်နွမ်းမှု အကုသိုလ်တို့ကို ပြုခဲ့မိပြီဖြစ်သော ပုဂ္ဂိုလ်တို့၏ လားရောက်ရာဂတိသည်ကား မကောင်းသော လားရာဂတိသာ ဖြစ်ပေ၏။ ထိုမကောင်းသော လားရာဂတိသို့ ငါ လားရောက်ရပေတော့လတ္တံ့ဟု သိရှိနေသည့် ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် စိုးရိမ် ပင်ပန်း ငိုကြွေး မြည်တမ်းခြင်း, ပြင်းစွာတွေဝေခြင်း တရားတို့သည် ဖြစ်ပေါ်လာကြပေတော့၏။ ထိုသို့သော စိတ်ဖြင့် သေဆုံးရခြင်းကို တွေတွေ ဝေဝေ သေရခြင်း သမ္မောဟမရဏဟု ခေါ်၏။ သေခြင်းသဘော ရှိသည် ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူပင်တည်း။

ထိုသို့ ထိတ်ထိတ်လန့်လန့် တွေတွေဝေဝေဖြင့် သေဆုံးသွားရသူ တို့၏ လားရာဂတိသည်ကား အဘယ်သို့လျှင် ကောင်းနိုင်ပါတော့အံ့နည်း။

ပုန စပရံ ဗြာဟ္မဏ ဣဓေကစ္စော ကင်္ခီ ဟောတိ ဝိစိကိစ္ဆီ အနိဋ္ဌင်္ဂတော သဒ္ဓမ္မေ။ တမေနံ အညတရော ဂါဠှော ရောဂါတင်္ကေါ ဖုသတိ။ တဿ အညတရေန ဂါဠှေန ရောဂါတင်္ကေန ဖုဋ္ဌဿ ဧဝံ ဟောတိ ကင်္ခီ ဝတမှိ ဝိစိကိစ္ဆီ အနိဋ္ဌင်္ဂတော သဒ္ဓမ္မေတိ။ သော သောစတိ ကိလမတိ ပရိဒေဝတိ၊ ဥရတ္တာဠိံ ကန္ဒတိ၊ သမ္မောဟံ အာပဇ္ဇတိ။ အယမ္ပိ ခေါ ဗြာဟ္မဏ မရဏဓမ္မော သမာနော ဘာယတိ၊ သန္တာသံ အာပဇ္ဇတိ မရဏဿ။ (အံ၊၁၊၄၉၄။)

Further, brahmin, there is a person who has doubts and perplexity about good Dhamma and has not come to certainty in it. Then it happens that a grave illness befalls him. Thus afflicted by a grave illness, he thinks: 'Oh, I am full of doubts and perplexity about good Dhamma and have not come to certainty in it. I shall go hereafter to the destiny of those who do such deeds." Thereupon he grieves, moans, laments, weeps, beating his breast and becomes bewildered. This mortal is one who fears death, who is afraid of death.

နောက်တစ်မျိုးသော်ကား ---

အချို့သောသူတို့သည် အရာဌာန (၈)ခုတို့၌ ယုံမှား မကင်း ရှိကြ၏။ ထိုအရာဌာနတို့သည်ကား ---

- ဘုရားအပေါ်

- တရားတော်အပေါ်

- သံဃာတော်အပေါ်

- သိက္ခာသုံးရပ် အကျင့်မြတ်တို့ အပေါ်၌ ယုံမှားခြင်း

- အတိတ်ဘဝ အတိတ်ခန္ဓာဟူသည် တကယ်ပင် ရှိပါသလော

- အနာဂတ်ဘဝ အနာဂတ်ခန္ဓာဟူသည် တကယ်ပင် ရှိပါသလော

- အတိတ်ဘဝ အတိတ်ခန္ဓာ, အနာဂတ်ဘဝ အနာ ဂတ်ခန္ဓာ နှစ်မျိုးစလုံး တကယ်ပင်ရှိပါသလောဟု ယုံမှားခြင်းနှင့်

- အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်၏။ သင်္ခါရကြောင့် ဝိ- ညာဏ် ဖြစ်၏ဟူသော ကြောင်း-ကျိုးဆက် ပဋိစ္စ- သမုပ္ပါဒ်သဘောတရား အပေါ်၌ ယုံမှားခြင်းဟု ဆိုအပ်သော အရာဌာန (၈)ခုတို့၌ ယုံမှား မကင်း ရှိ၏။ ထိုသို့ ယုံမှားခြင်း ရှိသော ဝေခွဲနိုင်စွမ်းမရှိသော ပုဂ္ဂိုလ်သည်ကား သဒ္ဓမ္မသုံးဖြာ သာသနာဟု ခေါ်ဆိုအပ်သော သူတော်ကောင်းတရား၌လည်း ဆုံးဖြတ်နိုင်စွမ်း မရှိပေ။

ထိုသို့သော ပုဂ္ဂိုလ်၏အထံသို့ ပြင်းထန်သော ရောဂါဝေဒနာ တစ်မျိုးမျိုးသည် ကျရောက်လာ၏။

ထိုသို့ ပြင်းထန်သော ရောဂါ တစ်မျိုးမျိုး ကျရောက်လာခြင်းကြောင့် ရှောင်လွဲမရသည့် သေခြင်းတရားကို ရင်ဆိုင် ရသည့် အချိန်ဝယ် ငါသည် သူတော်ကောင်းတရား၌ ယုံမှားခဲ့လေစွ, မဝေခွဲနိုင်ခဲ့လေစွ, မဆုံးဖြတ်နိုင်ခဲ့လေစွ ဟူ၍ အကြံ ဖြစ်၏။ ထိုသို့ အကြံဖြစ်သော ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် စိုးရိမ် ပင်ပန်း ငိုကြွေး မြည်တမ်းခြင်း, ပြင်းစွာတွေဝေခြင်း တရားတို့သည် ဖြစ်ပေါ်လာကြပေတော့၏။ ထိုသို့သော စိတ်ဖြင့် သေဆုံးရခြင်းကို တွေတွေဝေဝေ သေရခြင်း သမ္မောဟမရဏဟု ခေါ်၏။ သေခြင်းသဘော ရှိသည်ဖြစ်လျက် သေခြင်းမှ ကြောက်သော ထိတ်လန့်ခြင်းသို့ ရောက်သော သူပင်တည်း။

ထိုသို့ တွေတွေဝေဝေဖြင့် သေရမည့် ပုဂ္ဂိုလ်လေးမျိုးထဲ၌သာ အကျုံးဝင်နေသည့် မိမိတို့၏ ဘဝကို ဂုဏ်ယူဝင့်ကြွားဖို့ရန် ကောင်းပါမည်လော။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆဖြင့် မိမိတို့၏ ရခဲသည့်ဘဝကို အဆုံးသတ်ခွင့် ပေးကြမည်လော။ ကျကျနန စဉ်းစားဖို့ကား လို၏။ မည်သို့ပင် ဖြစ်စေ ဒုက္ခဟူသမျှ ဘဝရရှိခြင်းကြောင့် ရလာကြခြင်းသာ ဖြစ်ပေ၏။

ထို့ကြောင့်ပင် ---

Just as even a trifling bit of dung has an ill smell, so likewise do I not favour becoming even for a trifling time.

မစင်ဟူသမျှ အနည်းငယ်ပင် ဖြစ်ပါစေ မကောင်း သောအနံ့ ရှိသကဲ့သို့ ဘဝဟူသမျှ အနည်းငယ်ပင် ဖြစ်ပါစေ ဘယ်ဘဝကိုမျှ ငါ ဘုရား မချီးမွမ်းပါဘူး ဟု

(အံ၊၁၊၃၆။) ၌ မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်၏။

ဤမျှဆိုက မိမိတို့ ဘာလုပ်နေကြသည်ကို သိကြပြီဟု နားလည်မိ၏။

မိမိတို့ ပြုသမျှ မြုပ်လမ်းနှင့် မျောလမ်းအတွက်သာ ဖြစ်၏။ ထပ်၍ ဆိုရပါမူ ---

မြုပ်လမ်းဟူသည် အပါယ်လေးဘုံသို့ ဦးတည်နေသည့် လမ်းကို ခေါ်ခြင်း ဖြစ်ပြီး မျောလမ်းဟူသည်ကား လူ့ဘုံ နတ်ဘုံသို့ ဦးတည်နေသည့် လမ်းကို ခေါ်ခြင်းသာ ဖြစ်၏။

လူတို့ ပြုသမျှ အကုသိုလ် သို့မဟုတ် ကုသိုလ်ကံသာ ဖြစ်၏။ အကုသိုလ်လည်း မဟုတ် ကုသိုလ်လည်း မဟုတ်သော ကံကို ပြုနိုင်ကြသည် မဟုတ်ပေ။

အကုသိုလ်ကံကို အားထုတ်ခြင်းကို ရပ်တည်ခြင်းဟု ခေါ်ပြီး ကုသိုလ်ကံကို အားထုတ်ခြင်းကို အားထုတ်ခြင်းဟု ခေါ်၏။

အကုသိုလ်ကံ၌ ရပ်တည်ပြီး နေခြင်းကြောင့် ထိုကံတို့ အကျိုးပေးက အပါယ်လေးဘုံ တစ်ဘုံဘုံ၌ နစ်မြုပ်ရမည် ဖြစ်၏။

ကုသိုလ်ကံကို အားထုတ်ပြီး နေခြင်းကြောင့် ထိုကံတို့ အကျိုးပေးက လူ့ဘုံ နတ်ဘုံ တစ်ဘုံဘုံ၌ မျောပါရမည် ဖြစ်ပေ၏။

မိမိတို့ ဘာလုပ်နေကြသည်ကို သိပြီးဖြစ်သည့် ပုဂ္ဂိုလ်တို့ အနေဖြင့် မိမိတို့ ဘာလုပ်ရဦးမည်ကိုလည်း သိဖို့ လိုလာ၏။


မိမိတို့ ဘာလုပ်ရဦးမည်နည်း

ဩဃတရဏသုတ္တန်၌ ဘုရားရှင် ဖြေကြားတော်မူခဲ့သော စကား တော်တို့သည်ကား မိမိတို့ ဘာလုပ်ရဦးမည်ကို ညွှန်ပြနေသည့် စကားတော်များသာ ဖြစ်ကြပေ၏။

အမောင်နတ်သား ...အကြင်အခါ၌ ငါသည် ရပ်တည်၍ နေ၏၊ ရပ်တည်၍နေသော ထိုအခါ၌ နစ်မြုပ်သွား၏။ အကြင်အခါ၌ ငါသည် အားထုတ်၏၊ အားထုတ်သော ထိုအခါ၌ မျောပါ၍သွား၏။ ထိုသို့သော အကြောင်း ကြောင့် မရပ်တည်ဘဲ အားမထုတ်ဘဲ ကူးခတ် လွန်မြောက် ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်တော်မူခဲ့လေ၏ဟု

ဖြေဆိုလိုက်သည့် စကားရပ်ဝယ် မရပ်တည်ဘဲ အားမထုတ်ဘဲ ကူးခတ် လွန်မြောက်တော်မူခဲ့လေ၏ဟူသော စကားရပ်သည်ကား မိမိတို့ ဘာလုပ်ရဦးမည်ကို ညွှန်ပြနေသည့် စကားရပ်သာ ဖြစ်ပေ၏။

ဆိုလိုသည်ကား ငြိမ်လျှင် မြုပ်, လှုပ်လျှင် မျောသည့် ဘဝနေထိုင်မှု လမ်းကြောင်းကို ရှောင်ခွာ၍ မငြိမ် မလှုပ်ဘဲ ကူးခတ်လွန်မြောက်တော်မူခဲ့ပါ၏ဟု ဆိုခြင်း ဖြစ်၏။ ထိုစကားတော်၏ နောက်သို့ ဉာဏ်ကို အစဉ်လိုက်၍ ရှုပွား သုံးသပ်နိုင်သည့် ထိုနတ်သားသည်ကား ထိုစကားတော်၏ အဆုံးဝယ် သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်၌ တည်ခဲ့လေ၏။

တရား၌ ရပ်တည်လျက်နေသော ထိုနတ်သားသည်ကား အလွန် အားရကျေနပ်လှသဖြင့် ဂါထာတစ်ပုဒ် ရွတ်ဆိုလျက် ပူဇော်ခဲ့လေ၏။ စာရေးသူနှင့် စာဖတ်သူတို့လည်း ထိုဂါထာဖြင့် ပူဇော်ကန်တော့ကြစို့။

စိရဿံ ဝတ ပဿာမိ၊ ဗြာဟ္မဏံ ပရိနိဗ္ဗုတံ။

အပ္ပတိဋ္ဌံ အနာယူဟံ၊ တိဏ္ဏံ လောကေ ဝိသတ္တိကံ။ (သံ၊၁၊၁။)

After a long time at last I see

A brahmin (A Buddha) who is fully quenched,

Who by not stopping, not struggling,

Has crossed over attachment to the world.

လောကေ = လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းဟူသော လောက၌၊ အပ္ပတိဋ္ဌံ = မရပ်တည်မူ၍၊ အနာယူဟံ = အားမထုတ်မူ၍၊ ဝိသတ္တိကံ = ငါးဖြာအာရုံ ကာမဂုဏ်၌ ငြိကပ်တပ်မက်တတ်သော တဏှာကို၊ တိဏ္ဏံ = ပယ်ခွါလွန်မြောက် သံသရာသမုဒ္ဒရာ၏ တစ်ဖက်ကမ်းသို့ ရောက်တော်မူပြီးသော၊ ဗြာဟ္မဏံ = မကောင်းမှုကို အပပြုတော်မူပြီးသော၊ ပရိနိဗ္ဗုတံ = ကိလေသာအပူခပ်သိမ်း အေးငြိမ်းတော်မူပြီးသော မြတ်စွာဘုရားကို၊ စိရဿံ = ကဿပထွတ်တင် ဘုရားရှင်၏ စံဝင် နိဗ္ဗူယူပြီးမှနောက် အထောက်လှမ်းကွာ ကြာမြင့်စွာသော ယခုအခါမှ၊ ပဿာမိ ဝတာတိ = ကောင်းစွာ အသင့် ဖူးမြင်ခွင့် ရလေစွတကားဟူ၍၊ အညတရာ ဒေဝတာ = အမျိုးအနွယ် မထင်ရှားသော နတ်သားသည်၊ ဘဂဝန္တံ = ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားကို၊ အဝေါစ = ကြည်ညိုသောအားဖြင့် ပူဇော်သောအားဖြင့် ရွှေနားတော် ပေါက်ကြားအောင် လျှောက်ထားရှာလေတော့သတည်း။

လောကလူသားတို့အနေဖြင့် ပင်လယ်သမုဒ္ဒရာကြီးကို လှေ သင်္ဘောဖြင့် ကူးခတ်လွန်မြောက်ဖို့ရန် ကြိုးစားကြ၏။ ထိုသို့ ကြိုးစားသည့်အခါ ရပ်တည်သင့်သည့်အခါ၌ ရပ်တည်ရ၏။ အားထုတ်သင့်သည့်အခါ၌ အားထုတ်ရ၏။ မရပ်တည်ပဲ အားမထုတ်ပဲ ကူးခတ်လွန်မြောက်နိုင်သည်ကား မဟုတ်ပေ။

သို့သော် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့တွင် ဘုရားရှင်သည် ကား မရပ်တည်ပဲ အားမထုတ်ပဲ ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာတစ်ဖက်ကမ်းသို့ ကူးခတ်လွန်မြောက်တော်မူခဲ့သူ ဖြစ်၏။ ထိုသို့ ကူးခတ်လွန်မြောက်တော်မူပြီးသော ဂေါတမ မြတ်စွာဘုရားရှင်အား အလွန်ကြာမြင့်စွာသော ယခုအခါမှသာလျှင် ကောင်းစွာအသင့် ဖူးမြင်ခွင့်ရပေတော့၏ဟူ၍ လျှောက်ထားနေသော စကားများသာ ဖြစ်ကြပေ၏။

မငြိမ် မလှုပ်ဘဲကူးခတ်လွန်မြောက်တော်မူခဲ့ပါ၏ဟူသော စကားသည်ကား ကူးခတ်ပုံ ကူးခတ်နည်းကို ဖော်ပြနေသော နည်းလမ်းပင် ဖြစ်၏။ ထိုလမ်းသည်ကား အကူးလမ်း သာတည်း။

အကူးလမ်းဟူသည် မဇ္ဈိမပဋိပဒါဟု ခေါ်ဆိုအပ်သည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဆိုခြင်း ဖြစ်၏။ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟုလည်း အကျဉ်းရုံး၍ ဆိုနိုင်၏။

ဘုရားအလောင်းတော်နှင့်တကွ ရှေးပညာရှိသူတော်ကောင်း အပေါင်းတို့သည်လည်း ဤကျင့်စဉ် ဤလမ်းစဉ်ဖြင့် ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်တော်မူခဲ့ကြပြီ ဖြစ်၏။ အသင်သူတော်ကောင်းတို့သည်လည်းပဲ ---

အကူးလမ်းဟု ခေါ်ဆိုအပ်သည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားဖြင့် ကူးခတ်လွန်မြောက်ဖို့ရန် ခက်ခဲသည့် ဩဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာ တစ်ဖက်ကမ်းသို့ ကူးခတ် လွန်မြောက်နိုင်ကြပါစေ၊ မြုပ်လမ်းနှင့် မျောလမ်းမှ လွတ်မြောက်နိုင်ကြပါစေဟု ဆန္ဒပြုလျက် ...။

ဆန္ဒမွန်ဖြင့်

အရှင်ရေဝတ

စိတ္တလတောင်ကျောင်း-ဖားအောက်တောရ၊

သာသနာတော်သက္ကရာဇ် ၂၅၄၉-ခု၊

ကောဇာသက္ကရာဇ် ၁၃၆၇-ခု၊ ပြာသိုလပြည့်ကျော် ၃-ရက်၊ (၁၆.၁.၂၀၀၆) တနင်္ဂနွေနေ့။

Comments

Popular posts from this blog

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

သာရတ္ထဒီပနီ-ဋီကာ (တတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါစိတ္တိယ-အဋ္ဌကထာ +နိဿယ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...