Skip to main content

နိဗ္ဗာနဒီပနီ

နိဗ္ဗာနဒီပနီ

အဘိယာစကနှင့် ပဋိညာဉ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သက္ကရာဇ် ၁၂၆၀-ခု၊ တော်သလင်းလဆန်း ၆-ရက်နေ့တွင် ပုသိမ်မြို့ ရုံးအင်စပက်တော် မောင်ကျော်စံ ကိုယ်တိုင်လာရောက် လျှောက်ထားတောင်းပန်သည် တတန်။

၎င်းတော်သလင်း လပြည့်ကျော် ၆-ရက်နေ့တွင် မုံရွာမြို့ အခွန်ဝန် မောင်လူကလေး၊ မုံရွာမြို့အုပ် မောင်ထွေး၊ မုံရွာမြို့ အမိန့်တော်ရ ရှေ့နေ မောင်ကြော့တို့ လျှောက်လွှာစေလွှတ် လျှောက်ထား တောင်းပန် ကြသည် တတန်။

၎င်း တော်သလင်းလပြည့်ကျော် ၁၂-ရက်နေ့တွင် ၎င်းအခွန်ဝန်၊ မြို့အုပ် အမိန့်တော်ရတို့နှင့်တကွ ဘုတလင်ဝန်ထောက် မောင်ရွှေ၊ ပန်းချီတိုက် ပုလဲဝန်ထောက် မောင်ဘေ၊ ဆားလင်းကြီးမြို့အုပ်တို့ လျှောက်လွှာစေလွှတ် လျှောက်ထား တောင်းပန်ကြသည် တတန်သို့လျှင် နိဗ္ဗာနဒီပနီကို စီရင်ရေးသား သနားချီးမြှင့်ပါမည့် အကြောင်းနှင့် ၃-ကြိမ် ၃-တန် တောင်းပန် တိုက်တွန်းအပ်သည်ဖြစ်၍ ၁၂၆၁-ခုနှစ်အတွင်း မုံရွာမြို့အနီး လယ်စည်ရွာ တိုက်သူကြီး တည်ထောင် ဆောက်လုပ် တင်လှူ အပ်သော ၎င်းလယ်စည်ရွာ ဓမ္မနန္ဒကျောင်းတွင် စာသင်သံဃာ ပရိသတ်အများ နှင့်တကွ သီတင်းဝါကပ်ဆို နေထိုင် ခိုက်ဖြစ်သော မုံရွာမြို့ လယ်တီတောရကျောင်း ဆရာငါသည် ပါဠိ, အဋ္ဌကထာ, ဋီကာ-ကျမ်းဂန်တို့မှ မှန်းဆ၍ ရအပ်, သိအပ်သော သဘောယုတ္တိကို ထင်စွာပြလျက် နိဗ္ဗာနဒီပနီကို စီရင်ရေးသားပေအံ့ သတည်း။

၁။ သင်္ခေပကဏ္ဍ။
၂။ ဝိတ္ထာရကဏ္ဍ။
၃။ နာနာဂန္တ နာနာဝါဒဝိသောဓနကဏ္ဍ။

ဤသို့ ၃-ကဏ္ဍ လာလတ္တံ့။ ထို ၃-ကဏ္ဍတွင်

၁။ သင်္ခေပကဏ္ဍမှာ ပါဠိပါဌ်သား အကိုးအကား မပါစေဘဲ သင်္ဂြီုဟ်ကျမ်းမှာ လာရှိသည့်အတိုင်း မြန်မာသက်သက် နှင့် ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာ သိသာထင်ရှား ရုံမျှ ပြဆိုမည်။

၂။ ဝတ္ထာရကဏ္ဍ-မှာ ပါဠိတော်ရင်း သက်သက်ကို အနက် အဓိပ္ပါယ်နှင့်တကွ ပြဆိုမည်။

၃။ တတိယကဏ္ဍ-မှာ ကျမ်းဂန်ဝါဒ အထူးထူး, ယခု နောက်ဖြစ် အာစရိယဝါဒ အထူးထူးကို ပြဆိုရှင်းလင်း မည်။

အဘိယာစကနှင့် ပဋိညာဉ်ပြီး၏။

*****

---

သင်္ခေပ ကဏ္ဍ

၃-ပုဒ်ထွက် အနက်အဓိပ္ပါယ်

သင်္ခေပကဏ္ဍ၌ သင်္ဂြီုဟ်ကျမ်းမှာ

၁။ လောကုတ္တရသင်္ခါတံ = လောကုတ္တရာဟူ၍ ဟော်တော်မူအပ်ထ သော။
၂။ စတုမဂ္ဂဉာဏေန = ၄-ပါးသော မဂ်ဉာဏ်ဖြင့်၊ သစ္ဆိကာတဗ္ဗံ = မျက်မှောက်ပြုအပ်ထသော။
၃။ မဂ္ဂဖလာနံ = မဂ်ဖိုလ်တို့၏၊ အာလမ္ဗနဘူတံ = မှီရာ,တွယ်ရာ အာရုံ ဖြစ်၍ ဖြစ်အပ်ထသော။

နိဗ္ဗာနံပန = နိဗ္ဗာန်ကိုကား၊ ဝါနသင်္ခါတာယ = ဝါန ဟုဆိုအပ်သော၊ တဏှာယ = တဏှာ ၃-ပါး၏နယ်မှ၊ နိက္ခန္တတ္တာ = ထွက်မြောက် ကျွတ်လွတ် ပေသည်၏အဖြစ်ကြောင့်၊ နိဗ္ဗာနန္တိ = နိဗ္ဗာန်ဟူ၍၊ ဝုစ္စတိ = ဆိုအပ်၏။ ဤသို့

၁။ “လောကုတ္တရသင်္ခါတံ” ဟူသော ပါဌ်ဖြင့် နိဗ္ဗာန်သည် ပညတ်မဟုတ်၊ ပရမတ် အစစ်အမှန် ဖြစ်ကြောင်း ကို ပြဆိုတော်မူပေ သည်။

ပြဆိုပုံကား...လောကုတ္တရံ = လောကကိုလွန်သော နိဗ္ဗာန်ဆိုလို သည်၊ ပညတ်မည်သည် လူတို့၏ ခေါ်ဝေါ်သမုတ်မှုနှင့် ဖြစ်ရသော ကြောင့် လောကကို လွန်ခြင်းငှါ မထိုက်လေ။ ထို့ကြောင့် လောကုတ္တရာ ဆိုလျှင် ပညတ် မဟုတ်၊ ပရမတ်သာဖြစ်သည်ဟု သိအပ်ပေသတည်း။ ။ ပရမတ် အစစ်အမှန် ဖြစ်ပုံကား နောက်၌ ထင်ရှားလတ္တံ့။

[ဤကား ပဌမပါဌ်ဖြင့် ပြဆိုချက်တည်း။]

၂။ “စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ”ဟူသော ပါဌ်ဖြင့် နိဗ္ဗာန်သည် မဂ်ဉာဏ်နှင့် ကွာလှသော ဗာလပုထုဇဉ် သတ္တဝါတို့၏ အရာပင် မဟုတ်၊ မဂ်ဉာဏ်ကိုရသော ပုဂ္ဂိုလ်တို့၏သာ အရာဖြစ်ကြောင်းကို ပြဆိုတော် မူပေသည်။ ဗာလပုထုဇဉ်သတ္တဝါတို့၏ အရာမဟုတ်ပုံကား လောက၌ နေ, လ, နက္ခတ် တာရာတို့၏ ရှိ, မရှိကို ပြောဆိုရာ ဆိုစကားသည် သူကန်းတို့၏ အရာမဟုတ်၊ သူကန်းတို့ မမြင်အပ်သည့်အတွက်နှင့် နေ, လ, နက္ခတ်, တာရာတို့ကို မရှိ ဟူ၍ မယူအပ်ကုန်။

နေ၏ သဏ္ဌာန်ကား- ဤသို့တည်း။
လ၏ သဏ္ဌာန်ကား- ဤသို့တည်း။
နေ၏အရောင်အဝါကား- ဤသို့တည်း။
လ၏အရောင်အဝါကား- ဤသို့တည်း။
ဟု သူကန်းတို့က ပြောဆိုကြသော်လည်း ထိုစကားသည် ရယ်ဘွယ်သာဖြစ်၏၊ ထို့အတူ ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်တို့၌ ဉာဏ်အမြင်မရှိသော ပုထုဇဉ်သည် ဗာလပုထုဇဉ် မည်၏၊။ နိဗ္ဗာန်သည် ဗာလပုထုဇဉ် တို့၏အရာ မဟုတ်။

[အထက်အတိုင်း အကျယ်ဆိုလေ။]
[ဤကား နိဗ္ဗာန်၏ ဗာလာပုထုဇဉ်တို့၏အရာ မဟုတ်ပုံ တည်း။ ထိုသို့ အရာ မဟုတ်သည်ကို “စတုမဂ္ဂဉာဏေန” ဟူသော ပါဌ်ဖြင့် ပြဆို တော်မူပေသည်။]

သစ္ဆိကာတဗ္ဗံ” ဟူသောပါဌ်ဖြင့် ကလျာဏပုထုဇဉ်တို့အား အနုမာန အားဖြင့်နိဗ္ဗာန်တရား ထင်ရှားရှိကြောင်းကို ပြဆိုတော်မူ ပေသည်။

ပြဆိုပုံကား- ဤသို့သော တရားသည် ဧကန္တရှိ၏ဟု ရှေးအဖို့၌ အနုမာန အားဖြင့် သိရမှသာ ထိုတရားကို မျက်မှောက်ပြုခြင်းငှါ အားထုတ်ကြကုန်သည်၊ အားထုတ်ကြကုန်မှသာ မျက်မှောက်ပြုကြရ ကုန်သည်။။ ထို့ကြောင့် အရိယာမဖြစ်မီ ရှေးအဖို့၌ နိဗ္ဗာန်၏ အခြင်း အရာကို အနုမာနအားဖြင့် သိခြင်းအမှုရှိပြီဟု သိအပ်လေသတည်း။။ ရှေးအဖို့၌ အနုမာနမျှသော်မှ မသိရသည်ရှိသော် မျက်မှောက်ပြုခြင်းငှါ အဘယ်သူအားထုတ်ချိမ့်နည်း၊ အားမထုတ်ခဲ့လျှင် မျက်မှောက်ပြုမှု ဟူ၍ အဘယ်မှာ ရှိချိမ့်နည်း၊ မျက်မှောက် ပြုမှုရှိခဲ့လျှင် ရှေးအဖို့၌ အနုမာန အားဖြင့် ထိုတရားကို သိမှုဧကန်ရှိတော့သည်သာတည်း ဟူလိုသည်။ [ဤကား ဒုတိယပါဌ်ဖြင့် ပြဆိုချက်တည်း။]

၃။ “ မဂ္ဂဖလာန မာလမ္ဗန ဘူတံ' မဂ္ဂဖလာန မာလမ္ဗန ဘူတံ” ဟူသောပါဌ်ဖြင့် နိဗ္ဗာန်သည် ပရမတ္ထအားဖြင့် ထင်ရှားရှိကာမျှမဟုတ်၊ အတုမရှိသော တန်ခိုး အာနုဘော်ရှိကြောင်းကို ပြဆိုတော်မူပေသည်။

ပြဆိုပုံကား- အလွန်တန်ခိုးအာနုဘော်ကြီးလှသော နိဗ္ဗာန်ကို အာရုံပြုရ, မှီတွယ်ရသောကြောင့်သာ မဂ်တို့သည် မဂ်ကိစ္စကို ပြီးစေနိုင် ကုန်သည်၊ ဖိုလ်တို့သည် ဖိုလ်ကိစ္စကို ပြီးစေနိုင်ကုန်သည်။

ဥပမာကား ...တစ်ခုသောရွာ၌ ရွာသူကြီးသည် ရှိ၏၊ ခိုးမှူးကြီး တစ်ယောက်လည်းရှိ၏၊ ထိုခိုးမှူးကြီးသည် ခိုးသားအများနှင့်တကွ ထိုရွာနေ လူတို့ကို အနိုင်အထက်လုယက်ဖျက်ဆီး၏၊ ရွာလူကြီးလည်း မိမိ အသက်ကိုပင် ကြောင့်ကြလျက် နေရ၏၊ တစ်ရံရောအခါ ရွာသူကြီး သည် ပြည့်ရှင်မင်းကြီးအား ခစားလေ၏၊ မကြာမီ မြို့ဝန်အရာကို ရလေ၏၊ ခိုးသားအများနှင့်တကွ ခိုးမှူးကြီးကို အဆုံးစီရင်လေ၏။

- ရွာနှင့်တစ်ယောက်သောသူ၏ ခန္ဓာကိုယ်တူ၏။
- ရွာသူကြီးနှင့် ပညာစေတသိတ်တူ၏။
- ခိုးမှူးကြီးနှင့် ဝိဇ္ဇာ-မောဟ တူ၏။
- ခိုးသားအများနှင့်တကွ တစ်ထောင့်ငါးရာ ကိလေသာစုတူ၏။
- ပြည့်ရှင်မင်းကြီးနှင့် အသင်္ခတ မဟာနိဗ္ဗာန် တူ၏။
- ပြည့်ရှင်မင်းကြီးထံ မရောက်သေးသော ရွာသူကြီးနှင့် ပုထုဇဉ် သန္တာန်မှာရှိသော ပညာစေတသိတ် တူ၏။
- ပြည့်ရှင်မင်းကြီးထံသို့ရောက်၍ ခစား၍ မြို့ဝန်အရာကို ရသော ရွာသူကြီးနှင့် လောကုတ္တရာ မဂ်ပညာတူ၏။
- ခိုးသား အများနှင့်တကွ ခိုးမှူးကြီးကို အဆုံးတိုင် သတ်လေ သည်နှင့် မဂ်ဉာဏ်၏ အဝိဇ္ဇာနှင့်တကွသော ကိလေသာတို့ကို ပယ်ရှားမှု တူ၏။

[ဤကား တတိယပါဌ်ဖြင့် ပြဆိုချက်တည်း။]

၁။ လောကုတ္တရသင်္ခါတံ။
၂။ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ။
၃။ မဂ္ဂဖလာနမာလမ္ဗနဘူတံ။

ဤ ၃-ပုဒ်မှထွက်သော အနက်အဓိပ္ပါယ်ကို ပြဆိုချက် ပြီး၏၊

*****

---

သဥပါဒိသေသ, အနုပါဒိသေသ နိဗ္ဗာန်

သင်္ဂြီုဟ်ကျမ်းမှာ

တဒေဝ = ထိုနိဗ္ဗာန်သည်ပင်လျှင်၊ သဘာဝတော = သန္တိလက္ခဏာ ဟုဆိုအပ်သော သဘောအားဖြင့်၊ ဧကဝိဓမ္မိ = တစ်ပါးအဖို့ ရှိငြားသော် လည်း၊ ကာရဏပရိယာယေန = ၂-ပါးဆိုရန် အကြောင်းအမြွက်အားဖြင့်၊ သဥပါဒိ သေသနိဗ္ဗာန ဓာတုစ = သဥပါဒိသေသ နိဗ္ဗာနဓာတ်လည်း ကောင်း၊ အနုပါဒိသေ သနိဗ္ဗာနဓာတုစ = အနုပါဒိသေသ နိဗ္ဗာနဓာတ် လည်းကောင်း၊ ဣတိ = ဤသို့၊ ဒုဝိဒံ = ၂-ပါးအပြားရှိသည်၊ ဟောတိ = ဖြစ်၏၊ ဟူသောစကား၌

သန္တိလက္ခဏာ ဟုဆိုအပ်သော သဘောအားဖြင့် တစ်ပါးသာ ဟူရာ၌ ကိလေသာတို့၏လည်းကောင်း, ခန္ဓာတို့၏လည်းကောင်း နောင် တစ်ဖန် ဖြစ်ပေါ်ခြင်း မရှိသောအားဖြင့် အကြွင်းအကျန်မရှိ ပျောက် ကွယ်ချုပ်ငြိမ်းခြင်း သဘောသည် သန္တိလက္ခဏာလည်း မည်၏၊ သန္တိ သဘောလည်း မည်၏။

ဤစကား၌ အကြွင်းအကျန်မရှိ ဆိုသည်ကား သောတာပတ္တိ မဂ်မှာချုပ်သော သက္ကာယဒိဋ္ဌိသည် အကြွင်းအကျန်မရှိ ချုပ်၏၊ ထိုစိတ် သန္တာန်ဝယ် သက္ကာယဒိဋ္ဌိ ဆို၍ နောင်ဖြစ်ပေါ်လာရန် အကြွင်းအကျန် မရှိပြီ ဆိုလိုသည်။

[ဝိစိကိစ္ဆာ ချုပ်မှုမှာလည်း ဤနည်းတူ။]

ဤသို့လျှင် နောင်ဖြစ်ပေါ်လာရန် အကြွင်းအကျန်မရှိသော အားဖြင့် တစ်ခုတစ်ခုသော တရား၏ ချုပ်ငြိမ်းမှုကို အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်း ဆိုသည်။

ချုပ်ဆိုသည်မှလည်း ဘင်ချုပ်, မရဏချုပ်, အနိစ္စချုပ်တို့ကို ဆိုသည်မဟုတ်၊ ဖြစ်ပေါ်မှုတူသော “ဥပါဒ်ဇာတိ” ကင်းလွတ်၍ သွား သည်ကို ဆိုသတည်း။

ဘင်ချုပ်, မရဏချုပ်, အနိစ္စချုပ်တို့နှင့် နိဗ္ဗာန်ချုပ်ကို ခြားနား၍ထား။ ချုပ်ဆိုသည်နှင့် ငြိမ်းဆိုသည်ကား- အတူတူ။။ ထိုအသင်္ခတ ဓာတ် မြတ်သော “သန္တိလက္ခဏာ” မဟာနိဗ္ဗာန် ကြီးတစ်ခုတည်းကို ပင်လျှင်

၁။ သဥပါဒိသေသ - ဟူသောအမည်,
၂။ အနုပါဒိသေသ - ဟူသောအမည်၂- ပါးနှင့် ခေါ်ဝေါ်ရသည်။

မေး။။ အဘယ့်ကြောင့် ထိုသင်္ခတဓာတ် မြတ်သော သန္တိလက္ခဏာ မဟာနိဗ္ဗာန်ကြီးကို သဥပါဒိသေသ အမည်နှင့် ခေါ်ဝေါ် ရလေသနည်း ဆိုငြားအံ့။

ဖြေ။။ ဤလောက၌ တစ်ယောက်သောသူ၏ ကိုယ်မှာ အမြစ်နာ ပေါင်းလုံးရေ တစ်ထောင့်ငါးရာ တစ်ပြိုင်နက် ပေါက်လေ၏။

ဝိဇ္ဇာမယ ဓာတ်ဆေးနှင့် တစ်ကြိမ် သုတ်လိမ်းလေရာ ၄-စု ၁-စု မျှသော အနာတို့သည် အမြစ်နှင့်တကွ ပျောက်ငြိမ်းလေကုန်၏၊ ဒုတိယ တစ်ကြိမ် သုတ်လိမ်းပြန်ရာ ထိုအတူ တစ်စုတစ်ပုံသော အနာတို့သည် ပျောက်ငြိမ်း ကုန်၏၊ စတုတ္ထအကြိမ် သုတ်လိမ်းပြန်ရာ အကုန်အစင်ပျောက်ငြိမ်းလေ ကုန်၏၊ အမာရွတ်တစ်ခုမျှမရှိ၊ မိမွေးတိုင်း ဘမွေးတိုင်း တည်လေ၏။

(ဥပမာ) ဤဥပမာ၌

အနာမှာ ဤကား တစ်လုံး, ဤကာ တစ်လုံးဆိုရန် ဒြဗ်သဏ္ဌာန် အသီး အသီးခြားနားလျက် ရှိကြသည်ဖြစ်၍ အနာလုံးရေပေါင်း တစ် ထောင့်ငါးရာ အရေအတွက်အများအပြား ဆိုရသည်။

အနာပျောက်ငြိမ်းမှုမှာ ဤကား ...တစ်ခု, ဤကား .. တစ်ခုဆိုရန် ဒြဗ်သဏ္ဌာန်မရှိပြီ၊ ထို့ကြောင့် ဒြဗ် သဏ္ဌာန်ရှိသော အနာလုံးသာ ၁- ခု၊ ၂- ခု၊ ၃ -ခုစသည်ဖြင့် တစ်ထောင့်ငါးရာတိုင်အောင် အရေအတွက် အများအပြား ရှိလေသည်။

ဒြဗ်သဏ္ဌာန်မရှိသော ပျောက်ငြိမ်းမှုမှာ အနာလုံး တစ်ထောင့် ငါးရာတို့၏ ပျောက်ငြိမ်းမှုသည် တစ်ခုသာ ဖြစ်၏။

မေး။ အနာဒြဗ် အသီးသီးများပြားလျက်ရှိသောကြောင့် ပျောက် ငြိမ်းမှုလည်း အသီးအသီး များပြားပါ၏ ဆိုငြားအံ့။

ဖြေ။ အနာမှာ တစ်လုံးတစ်လုံးခြားနားရန် အနာစွန်း, အနာစ အသီး အသီး တင်းလင်းရှိသည်ဖြစ်၍ ၁-လုံး၊ ၂-လုံး၊ ၃-လုံး စသည် များပြား ရန်ရှိသကဲ့သို့ ပျောက်ငြိမ်းမှုမှာ အစွန်း, အစ, တင်းလင်းရှိ ပါသလော၊ ပျောက်ငြိမ်းမှုအများ အပြားဖြစ်ရလေအောင် အသီး အသီးသောပျောက်ငြိမ်းမှု, အစွန်းအမြိတ်, တင်းလင်းကို ပြဆိုနိုင် မည်လော။ အနာလုံးတို့၏ အစွန်း, အမြိတ်တို့သည် ပျောက် ငြိမ်းမှု၏ အစွန်း အမြိတ်မဟုတ်ကြပေကုန်၊ အနာနှင့် အနာပျောက် ငြိမ်းမှုသည် စကားမူသာ ရောနှော၍ ပြောကြရသည်၊ သဘောမှာ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ကြီး ဖြစ်ကြ၏။

စကား အပြောမှာ ရောနှော ဖက်စပ်၍နေသည့်အတွက် ဉာဏ် ယောင်၍ နေတတ်၏၊ ထိုအနာရှိနေသမျှကို ထိုအနာပျောက်ငြိမ်းမှု မရှိနိုင်၊ ထိုအနာ ပျောက်ငြိမ်းမှုပေါ်ရောက်လျှင် ထိုအနာမရှိနိုင်။ သဘောချင်းကွာလှမ်းကြပုံ ခြားနား၍ မြင်နိုင်ခဲစွ။

အနာကား “သနိမိတ္တ” ပေတည်း။ [သဏ္ဌာန်, နိမိတ်, အစွန်း ရှိသော တရားဆိုလိုသည်။]

အနာပျောက်ငြိမ်းမှုကား “အနိမိတ္တ” တရားပေတည်း။ [သဏ္ဌာန်, နိမိတ်, အမြိတ်, အစွန်းမရှိသော တရား ဆိုလိုသည်။]

ထို့ကြောင့် အနာလုံးမှာသာ အရေအတွက် များပြားသည်၊ ပျောက်ငြိမ်းမှုမှာ တစ်ခုသာဟု မှတ်ရမည်။

ထိုသူ၏ကိုယ်မှာ ထိုအခါ တစ်ပြိုင်နက် ပေါက်ကြသော အနာ တို့၏ ပျောက်ငြိမ်းမှုသည်သာ တစ်ခုသက်သက် မဟုတ်သေး၊ ထိုသူ၏ ကိုယ်မှာ ယခုဘဝတွင်ပေါက်ပြီးသော အနာ, ပေါက်လတ္တံ့သော အနာတို့၏ ပျောက်ငြိမ်း မှုသည်လည်း တစ်ခုတည်းသာတည်း၊ ထိုသူအား အနမတဂ္ဂ ဘဝအဆက်ဆက်တို့၌ ပေါက်ပြီး, ပေါက်ဆဲ, ပေါက်လတ္တံ့ သော အနာတို့၏ ပျောက်ငြိမ်းမှုသည်လည်း တစ်ခုတည်းသာတည်း၊ ထိုသူ၌ ပေါက်သော အနာတို့၏ ပျောက် ငြိမ်းမှုသည်သာ တစ်ခုတည်း မဟုတ်သေး၊ တစ်ရာသောသူတို့၏ တစ်ထောင်သောသူတို့၌, တစ်သောင်း, တစ်သိန်း, တစ်ကုဋေ အသင်္ချေသော သူတို့၌ ပေါက်သော အနာတို့၏ ပျောက်ငြိမ်းမှုသည်လည်း တစ်ခုတည်းသာတည်း။ လူဒြဗ် သဏ္ဌာန်, အနာဒြဗ် သဏ္ဌာန်တို့ကား “သနိမိတ္တ” တရားတို့ ပေတည်း။ [၂ -ခု၊ ၃ -ခု၊ ၄- ခု စသည် အရေအတွက် များပြားရန် သဏ္ဌာန်, နိမိတ်, အမြိတ်, အစွန်းရှိသော တရားတို့ ဆိုလိုသည်။]

ပျောက်ငြိမ်းမှုကား “အနမိတ္တ“တရားပေတည်း။ [၂ -ခု၊ ၃ -ခု စသည် ဆိုရန်၊ သဏ္ဌာန်, နိမိတ်, အစွန်း ရှိသော တရားမဟုတ် ဆိုလိုသည်။]

လောက၌ အနာတို့၏ ပျောက်ငြိမ်းမှုဟူသော သက်သာရာကြီး တစ်ခုသည် ဧကန္တရှိ၏၊။ လောက၌ အနာပေါက်၍ ဆင်းရဲဒုက္ခ ရောက်ကြကုန်သော သူတို့သည် ထိုသက်သာရာကြီးကို အားကိုး၍ ထိုသက်သာရာကြီးသို့ ရောက်တည့်ပါစေခြင်းငှါ ဆေးဝါးကို မှီဝဲကြကုန်၏၊ ပျောက်ချိန်ကြလျှင် ထိုသက်သာရာကြီးသို့ ရောက်ကြကုန်၏၊ ပျောက် ငြိမ်းကြကုန်၏၊ ထို့ကြောင့်လောက၌ အနာတို့၏ ပျောက်ငြိမ်း မှုဟူသော ခိုရာ, ကိုးရာ သက်သာရာကြီး တစ်ခုသည် ဧကန္တရှိ၏ဟူ၍သာ မှတ်ရ မည်၊ “အနိမိတ္တဓမ္မ” ဖြစ်ပေ၍ ထိုအနာပျောက်ငြိမ်း မှုကို ၂-ခု၊ ၃-ခု စသည် အများအပြား မမှတ်အပ်၊ အနာရှိသူ လူဒြဗ်များပြားတိုင်း၊ အနာဒြဗ်များပြားတိုင်း ပျောက်ငြိမ်းမှုကိုလည်း အများအပြား ထင်မိ တတ်သည်၊ အနာဒြဗ်နှင့် အနာပျောက်ငြိမ်းမှုသည် အလွန် ဆန့်ကျင် ဘက်ကြီးဖြစ်ကြ၏၊ ရောနှော၍ ရကောင်းသော တရားချင်း မဟုတ်ကြ၊ စကားမှာသာ ရောနှောဖက်စပ်၍ ပြောကြရသည်။

မီးဘေးနှင့် မီးဘေး၏ငြိမ်းမှု ရေဘေးနှင့် ရေဘေး၏ငြိမ်းမှု အစရှိသည်တို့၌ လည်း ဤနည်းအတိုင်း ရှင်းကြလေ။။ အနာရောဂါနှင့် အနာရောဂါ၏ ပျောက်ငြိမ်းမှုးကိုမှ ခြားနား၍ မမြင်နိုင်သောသူသည် နိဗ္ဗာန်စကားမှာ ဝေးကွာလှ၏။

[ဤကား “သဥပါဒိသေသနိဗ္ဗာန်” ကို ပြဆိုလို၍ ထုတ် လိုက်သော ဥပမာစကားတည်း။]

(၁) သောတာပတ္တိမဂ်သို့ အဆိုက်တွင် ၂၀-သော သက္ကယဒိဋ္ဌိ, ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ, ၁၀-ပါးသော အန္တဂ္ဂါဟိကဒိဋ္ဌိ, ၃- ပါးသော နိယတမိစ္ဆာဒိဋ္ဌိကြီး, ၈-ပါးသော ဝိစိကိစ္ဆာ, ၁၆- ပါးသော ဝိစိကိစ္ဆာ တို့သည် တစ်ပြိုင်နက် တစ်ချက်တည်း အကြွင်းအကျန်မရှိ ချုပ်ငြိမ်း ကြလေကုန်၏။

(၂) သကဒါဂါမိမဂ်သို့ အဆိုက်တွင် ရုန့်ရင်းသော ကာမရာဂ, ဗျာပါဒ တရားတို့သည် တစ်ပြိုင်နက် တစ်ချက်တည်း အကြွင်းမဲ့ ချုပ်ငြိမ်းကြလေကုန်၏။

(၃) အနာဂါမိမဂ်သို့ အဆိုက်တွင် သိမ်မွေ့သော ကာမရာဂ, ဗျာပါဒ တရားတို့သည် တစ်ပြိုင်နက် တစ်ချက်တည်း အကြွင်းမဲ့ ချုပ်ငြိမ်းကြလေကုန်၏။

(၄) အရစတ္တမဂ်သို့ အဆိုက်တွင် ရူပရာဂ, အရူပရာဂ, မာန, အဝိဇ္ဇာ အစရှိသော အလုံးစုံသော ကိလေသာတို့သည် တစ်ပြိုင်နက် တစ်ချက်တည်း အကြွင်းအကျန်မရှိ ချုပ်ငြိမ်း ကြလေကုန်၏။

[ဤကား ကိလေသာတို့၏ ချုပ်ငြိမ်းပုံတည်း။]

(၁) သောတာပတ္တမဂ်သို့ အဆိုက်တွင် နောင်ဖြစ်လတ္တံ့သော အပါယ် ဇာတိမျိုး အကြွင်းအကျန်မရှိ ချုပ်ငြိမ်းလေ၏၊ ကာမသုဂတိ ၇-ဘုံမှာလည်း ၇-ဘဝမှ နောင်ဖြစ်လတ္တံ့ သော ကာမဇာတိမျိုး အကြွင်းအကျန်မရှိ ချုပ် ငြိမ်းလေ၏။

(၂) သကဒါဂါမိမဂ်သို့ အဆိုက်တွင် ကာမသုဂတိ ၇-ဘုံမှာ ၂-ဘဝမှ နောက်ဖြစ်လတ္တံ့သော ကာမဇာတိမျိုး အကြွင်း အကျန်မရှိ ချုပ် ငြိမ်းလေ၏။

(၃) အနာဂါမိမဂ်သို့ အဆိုက်တွင် ကာမဇာတိ အကုန်ချုပ် ငြိမ်းလေ၏။

(၄) အရဟတ္တမဂ်သို့ အဆိုက်တွင် ယခုဘဝ ခန္ဓာသာ ကျန်ရှိ လေ၏၊ ရူပဇာတိ, အရူပဇာတိ အကုန်ချုပ်ငြိမ်းလေ၏။

[ဤကား မဂ် ၄-ကြိမ်အဆိုက်တွင် ကိလေသာတို့၏ ၄-ကြိမ် ၄- ခါ ချုပ်ငြိမ်းပုံ, ဇာတိခန္ဓာတို့၏ ၄-ကြိမ် ၄-ခါ ချုပ်ငြိမ်း ပုံကို ပြဆိုသော အခန်းတည်း။]

အထက်၌ ထုတ်ပြခဲ့ပြီးသော အမြစ်နာလုံးရေ တစ်ထောင့်ငါးရာ တို့ကို ၄-ပုံ ၄-စုပြု၍ ၄-ကြိမ် ၄-ခါ အနာပျောက်ငြိမ်းမှုနှင့် မဂ် ၄- ကြိမ်အဆိုက်မှာ တစ်ထောင့်ငါးရာ ကိလေသာတို့ကို ၄-ပုံ ၄-စုပြု၍ ၄- ကြိမ် ၄-ခါ ကိလေသာ ချုပ်ငြိမ်းပုံများကို စေ့စုံစွာ စပ်ဟပ်နှီးနှော၍ သိလေ။

၁။ ပထမအကြိမ်တွင် ကိလေသာတို့၏ အကြွင်းမဲ့ ချုပ်ငြိမ်းမှု။
၂။ ဒုတိယအကြိမ်တွင် ... ချုပ်ငြိမ်းမှု။
၃။ တတိယအကြိမ်တွင် ... ချုပ်ငြိမ်းမှု။
၄။ စတုတ္ထအကြိမ်တွင် ... အချုပ်ငြိမ်းမှု။
၅။ ထို့အတူ ဇာတိခန္ဓာတို့၏ ၄-ကြိမ် ၄-ခါ ချုပ်ငြိမ်းမှု။

ဤချုပ်ငြိမ်းမှု အလုံးစုံသည် တစ်ခုသော “အသင်္ခတ မဟာနိဗ္ဗာန် ကြီး” တစ်ပါးတည်းသာတည်း၊ ကိလေသာ, ခန္ဓာတို့ကား အများအပြားတို့ ပေတည်း၊ ကိလေသာ, ခန္ဓာတို့မှာ သဏ္ဌာန်, နိမိတ်, အမြိတ်, အစွန်း အသီးသီးရှိကြကုန်သော “နိမိတ္တ” တရားတို့ ဖြစ်ကြကုန်၍ ၁-ခု, ၂-ခု, ၃-ခု, ၄-ခု, ၅-ခု စသည် အရေအတွက် များပြားကြကုန်၏၊ ထိုတရားတို့၏ ချုပ်ငြိမ်းမှုမှာ သဏ္ဌာန်, နိမိတ်, အမြိတ်, အစွန်းမရှိသော “အနိမိတ္တ” တရားမျိုးဖြစ်ပေ၍ ၂-ခု ၃-ခု ပြားမှု မရှိပေ၊ ထိုကိလေသာ, ခန္ဓာတို့နှင့် ထိုကိလေသာ, ခန္ဓာတို့၏ ချုပ်ငြိမ်းမှုသည် ဆန့်ကျင်ဘက်ကြီး ဖြစ် ကြသည်။

မီးနှင့်ရေသည် ရောနှောနိုင်ရာသေး၏၊ ကိလေသာ, ခန္ဓာတို့နှင့် ချုပ်ငြိမ်း မှုသည် ရောနှောနိုင်သော အခွင့် မရှိ၊ ကိလေသာ, ခန္ဓာတင်း လင်းရှိလျှင် ထို ကိလေသာ, ခန္ဓာတို့၏ ချုပ်ငြိမ်းမှု မရှိနိုင်၊ ထိုကိလေသာ, ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ဆိုက်ရောက်လျှင် ထိုကိလေခန္ဓာတို့ မလာနိုင်ကြ ကုန်ပြီ။

ဤသို့ အနာတို့နှင့် အနာပျောက်ငြိမ်းမှုကဲ့သို့ ကိလေသာ ခန္ဓာ တို့နှင့် ကိလေသာ, ခန္ဓာချုပ်ငြိမ်းမှုကို ကွဲပြားခြားနားအောင် ကြံကြလေ။ အနမတဂ္ဂ သံသရာနှင့်အမျှ ထိုကိလေသာ, ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ဟု ဆိုအပ်သော ခိုရာ, ကိုးရာ, သက်သာရာ စခန်းကြီးတစ်ပါးသည် ဧကန္တရှိ၏၊ သောတာပတ္တိမဂ်သို့ဆိုက်လျှင် အချို့သောကိလေသာ, အချို့သောခန္ဓာတို့ ၏ ချုပ်ငြိမ်းမှုသို့ ဧကန္တဆိုက်ရောက်လေ၏၊ ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏ ချုပ်ငြိမ်းမှု, အပါယ်ခန္ဓာတို့၏ ချုပ်ငြိမ်းမှုကို ဧကန္တ ရလေ၏၊ တစ်ကြိမ် ရောက်ပြီး, ရပြီးသော ထိုဒိဋ္ဌိ ဝိစိကိစ္ဆာတို့၏ ချုပ်ငြိမ်းမှု, အပါယ်ဇာတိတို့၏ ချုပ်ငြိမ်းမှုသည် နောင်တဖန် သွေလှန်ဖောက်ပြန်ခြင်း မရှိပြီ၊ ချုပ်ငြိမ်းမြဲအတိုင်း နိစ္စ ဓုဝ ထာဝရ တည်လေတော့သည်၊ နောက်နောက် မဂ်တို့မှာ ချုပ်ငြိမ်းရာတို့၌လည်း ဤနည်းအတိုင်း သိလေ။ ကိလေသာ, ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ဟူသော စကားတွင် ပါဝင်သော ကိလေသာ, ခန္ဓာတို့သည်ကား နောင်ဖြစ်ပေါ်ခြင်းမရှိကြ၊ ဖြစ်ပေါ်လာကြ တော့မည် မဟုတ်သော အနာဂတ် ကိလေသာ၊ ခန္ဓာတို့ပေတည်း၊ ဥပါဒ် ဇာတိနှင့် ပေါ်ရှိကြလတ္တံသော ကိလေသာ, ခန္ဓာစု မဟုတ်ပေကုန်၊ မဂ် ၄-ကြိမ်ပယ်မှု, ၄-ကြိမ်ချုပ်မှု ၄-ကြိမ်ရှိသည် အားလျော်စွာ စကားကြိယာ၌သာ ကိလေသာ အထွေထွေ အလာလာ, ခန္ဓာ အထွေထွေ အလာလာ ဖန်တီး၍ ပြောကြရသည်၊ နောင်မဖြစ်လတ္တံ့သောကိလေသာ, နောင်မဖြစ်လတ္တံသော ခန္ဓာတို့ကို ပြောဆိုသော အရာဖြစ်၍ သဏ္ဌာန်, နိမိတ်, အမြိတ်, အစွန်းနှင့်တကွ ဧကန္တ ရှိကြသော ကိလေသာ, ခန္ဓာစု မဟုတ်ကြလေပြီ။။မြင်နိုင်ခဲစွ။

ဤမျှသော စကားရပ်တို့ဖြင့် မဂ် ၄-ကြိမ်အဆိုက်တွင် ၄-ကြိမ်ဆိုက် ရောက်ရသော ချုပ်ငြိမ်းမှုဟူသော နိဗ္ဗာန်သည် ဧကန္တအားဖြင့် တစ်ပါး တည်းသာတည်း၊ ပရိနိဗ္ဗာနစုတိ ကမ္မဇရုပ် ချုပ်လေပြီးနောက် ဆိုက် ရောက်သော နိဗ္ဗာန်နှင့်လည်းတစ်ခုတည်း တစ်သားတည်း တစ်ပါးတည်း သာတည်းဟူသော အနက်သွားကိုထင်ရှာအောင် ပြလိုရင်းတည်း။ သဥပါဒိသေသ။။ ဤသို့လျှင် ခန္ဓပရိနိဗ္ဗာန်နှင့်တကွ ၅-ထွေ, ၅-လီခွဲ၍ ၅-ကြိမ်, ၅-ခါ ချုပ်ငြိမ်းမှု အပြားထင်ရှားနေသည်တွင် ရှေ့ ၃-ကြိမ်မှာ ကိလေသာ အချို့, ခန္ဓာအချို့ အကြွင်းအကျန်ရှိ၏၊ စတုတ္ထ အကြိမ်မှာ ကိလေသာ အကျန်မရှိ၊ ယခု ပစ္စုပ္ပန်ခန္ဓာ အကျန်ရှိ၏၊ ပဉ္စမအကြိမ်မှာ ယခုပစ္စုပ္ပန်ခန္ဓာပင် အကျန်မရှိပြီ၊ ရှေ့ ၄-ကြိမ်မှာ ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် ကိလေသာအကျန်, ခန္ဓာအကျန် ရှိသေးသည်ကို အစွဲပြု၍ ထိုအခါကိလေသာတို့၏ ချုပ်ငြိမ်းမှု, အနာဂတ်ခန္ဓာတို့၏ ချုပ်ငြိမ်းမှုဟု ဆိုအပ်သော အသင်္ခတ မဟာနိဗ္ဗာန်ကြီးကို “သဥပါဒိ သေသ” ဟု ခေါ်ဆိုရလေသည်။

အနုပါဒိသေသ။ ။ ပဉ္စမအကြိမ်မှာ ထိုပုဂ္ဂိုလ်၏ သန္တာန် အကျန် အကြွင်းမရှိသည်ကို အစွဲပြု၍ ထိုအခါ အနာဂတ် ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ဟုဆို အပ်သောထိုအသင်္ခတမဟာနိဗ္ဗာန်ကြီးကိုပင်လျှင် “အနုပါဒိသေသ” ဟု ခေါ်ဆိုရ လေသည်။

ဥပမာကား- တစ်ယောက်သောသူသည် တစ်ခုသော ဝဋ်ဝိပါက် ကြောင့် မြေကြီး၏အတွင်းမှာ ဖြစ်ရလေ၏၊ ဝဋ်ဝိပါက် ကျွတ်လွတ်လို လတ်သော် ရှေးဦးစွာလည်ပင်းမှအထက် ဦးခေါင်းလုံးလုံး မြေတွင်းမှ ပေါ်၍ကောင်းကင် အလင်းမှာတည်လေ၏၊ ဒုတိယအကြိမ်မှာ ခါးမှ အထက်ပိုင်းလုံးလုံးပေါ်၍ ကောင်းကင် အလင်းမှာတည်လေ၏၊ တတိယအကြိမ်မှာ ပူဆစ်ဒူးဝန်းမှ အထက်ပိုင်းလုံးလုံးပေါ်၍ ကောင်း ကင်အလင်းမှာ တည်လေ၏၊ စတုတ္ထအကြိမ်မှာ ခြေချင်းဝတ်မှ အထက် ပိုင်းလုံးလုံးပေါ်၍ ကောင်းကင်အလင်းမှာ တည်လေ၏၊ ပဉ္စမအကြိမ်မှာ ခြေဖဝါးမှစ၍ လုံးလုံးကျွတ်လွတ်၍ မြေမျက်နှာပြင် ကောင်းကင် ဟင်း လင်းမှာ တည်လေ၏။

ဤဥပမာ၌ ကောင်းကင်အလင်းသည် စကားတြိယာ၌ ၅- ကြိမ်, ၅-ခါပါရှိသော်လည်း တစ်ခုတည်းသာတည်း။

ဤအတူ သောတာပတ္တိမဂ်ခဏ၌ အချို့သော ကိလေသာ, အချို့သော အနာဂတ်ခန္ဓာတို့၏ ချုပ်ငြိမ်းမှုသို့ ပေါက်ရောက်မှုသည် ထိုအခါမှ စ၍နိဗ္ဗာန်သို့ ရောက်မှုပင်တည်း၊ ထိုအခါမှစ၍ နိဗ္ဗာန်ထဲသို့ တစ်ပိုင်း တစ်စိတ် အားဖြင့်ဝင်ပြီး, ပေါက်ပြီး, ရောက်ပြီး ဖြစ်သတည်း။ သောတာပတ္တိမဂ်ခဏ၌ ထိုပုဂ္ဂိုလ်သည်မိမိသန္တာန်မှာ ကိလေသာ တို့၏ ချုပ်ငြိမ်းမှု, ခန္ဓာတို့၏ ချုပ်ငြိမ်းမှုကို ဧကန္တရ၏၊ ဧကန္တရောက်၏၊ ထိုကိလေသာ, ထိုခန္ဓာတို့၏ ချုပ်ငြိမ်းမှုသည် ထိုပုဂ္ဂိုလ်၏ သန္တာန်မှာ ဧကန္တရှိ၏ဟု မှတ်အပ်၏။

ဒိဋ္ဌိ, ဝိစိကိစ္ဆာ ကိလေသာ ၂-ခုတို့၏ ချုပ်ငြိမ်းခြင်းမျှကို နိဗ္ဗာန် မဆိုရသေး၊ အပါယ်ဇာတိ၏ ချုပ်ငြိမ်းခြင်းမျှကို နိဗ္ဗာန်မဆိုရသေး၊ ၇- ဘဝမှအထက်၌ အနာဂတ်ဇာတိတို့၏ ချုပ်ငြိမ်းခြင်းမျှကို နိဗ္ဗာန် မဆိုရသေး၊ ကိလေသာ အကုန်, ခန္ဓာအကုန် ချုပ်ငြိမ်းမှသာ နိဗ္ဗာန် ဆိုရသည် ဟုမှတ်ထင်၍နေတတ်ကြ၏၊ မဟုတ်။

ထို ၂-ပါးသောကိလေသာ, ထိုအနာဂတ်ခန္ဓာတို့၏ ချုပ်ငြိမ်းမှုသည် ပရိနိဗ္ဗာန်စံသည်တိုင်အောင် ထိုပုဂ္ဂိုလ်၏ သန္တာန်မှာ ဒိဋ္ဌိပေါ်လာ ပြန်သည်။ ဝိစိကိစ္ဆာပေါ်လာပြန်သည်၊ အပါယ်သို့ကျမည်ကို ကြောက်ရ ပြန်သည်ဟု မရှိပြီ။

သောတာပတ္တိမဂ် ခဏမှစ၍ ပယ်ပြီး, ချုပ်ငြိမ်းပြီးသော ကိလေသာ, ခန္ဓာတို့သည် တစ်ဖန်ပြန်ခြင်း မရှိကြကုန်ပြီ၊ ထိုချုပ်ငြိမ်း မှုသည် အမြဲ နိစ္စထာဝရ တည်လေတော့သည်၊ နောက်နောက်မဂ်တို့၌ ချုပ်ငြိမ်းမှု, ခန္ဓပရိနိဗ္ဗာန်စံရာ၌ ချုပ်ငြိမ်းမှုတို့နှင့် တစ်ဆက်တည်း တစ်စပ်တည်း တစ်ပြင်တည်း တစ်ခုတည်း သာဖြစ်လေသည်၊ အနမတဂ္ဂ သံသရာ၌ မဂ်, ဖိုလ်သို့ရောက်၍ ချုပ်ငြိမ်းကြကုန်သော ကိလေသာ, ခန္ဓာတို့၏ ချုပ်ငြိမ်းမှုတို့နှင့်လည်း တစ်ခုတည်းသာတည်း၊ အသီးအသီး ဆိုခဲ့ပါလျှင် အမြိတ်, အစွန်းကိုယ်စီနှင့်ချည်းနား၍ ပြပါလေ။ ဒီပင်္ကရာ ဘုရားသာသနာ၌ မဂ်, ဖိုလ်ကိုရကြကုန်သော သူတို့၏ ကိလေသာ, ခန္ဓာတို့၏ ချုပ်ငြိမ်းမှုသည် ချုပ်ငြိမ်းမှုအနေအတိုင်း အစဉ်ထာဝရမြဲ၍ နေသောကြောင့် နောက်အမြိတ်, အစွန်းသာမရှိပါ၊ ရှေ့အမြိတ်, အစွန်းမှာ မူကားရှိပါ၏၊ ဒီပင်္ကရာ ဘုရားသာသနာတွင် ထိုကိလေသာ, ခန္ဓာတို့၏ချုပ်ငြိမ်းရာ ကာလမှ အစဖြစ်ပါသည်ဆိုခဲ့အံ့။ ရောက်သောသူ, ရသောသူတို့၏ရောက်မှု, ရမှုမှာသာ အစအစွန်းရှိသည်၊ ချုပ်ငြိမ်းခြင်းဟူသော နိဗ္ဗာန်မှာ အစ အစွန်း ဟူ၍မရှိ။

မရှိပုံကား--- တစ်ခုသောအရပ်၌ အဆိပ်ပင်တစ်မျိုးသည် ရှိ၏၊ တစ်ပင်တစ်ပင်လျှင် အနှစ်တစ်ရာ တစ်ရာသာ အသက်ရှည်၏၊ တစ်ပင် သေမှ တစ်ပင်ပေါက်၏၊ အတိတ်ကာလ၌ နှစ်ပေါင်းလည်း မရေ တွက်နိုင်ပြီ၊ အပင်သေမှ တစ်ပင်ပေါက်၏၊ အတိတ်ကာလ၌ နှစ်ပေါင်း လည်း မရေတွက်နိုင်ပြီ၊ အပင် အဆက်ဆက်ပေါင်းလည်း မရေတွက် နိုင်ပြီ၊ အနောက်အနာဂတ်ကာလ၌လည်း နှစ်ပေါင်း အပင်အဆက်ဆက် ပေါင်းမရေတွက်နိုင်အောင် သွားလတ္တံ့သောအခွင့်၌ တည်လေ၏၊ တစ်ဦးသော ယောက်ျားသည် အဆိပ်ပင်၏ ဘေးအန္တရာယ် ကိုမြင်၍ အဆိပ်ပင်မျိုးပြတ်စေခြင်းငှါ ထိုအခါ အနှစ် ၅၀-ရှိသော အဆိပ်ပင်မှာ တစ်ခုသော အဆိပ်စွယ်ကို ရိုက်နှက်လေ၏၊ ထိုနှစ်ဖြစ်လတ္တံ့သော အပွင့်အသီး တို့သည် မဖြစ်ကြပြီ၊ ပွင့်မှု, သီးမှု ချုပ်ငြိမ်းလေ၏၊ အပွင့်, အသီး ချုပ်ငြိမ်းလေ၏၊ အသီးမျိုးပြတ်လေ၏၊ ပွင့်မှု, သီးမှု မရှိမူ၍ အနှစ် ၅၀-နေ၍ သေဆုံးလေရာ ထိုအရပ်တွင် ထိုအဆိပ်ပင်မျိုး ပြတ်လေ၏၊ နောက် အဆက်ဆက် မရေမတွက် နိုင်ဖြစ်လတ္တံ့သော အခွင့်သို့ရောက် ကြလေကုန်၏။

ဤဥပမာ၌ ထိုနှစ်တွင် ဖြစ်လတ္တံ့သော အပွင့်, အသီးတို့၏ အဖြစ်ငြိမ်းခြင်း, နောင်အဆက်ဆက် မရေတွက်နိုင် ဖြစ်လတ္တံ့သော အပင်တို့၏ အဖြစ်ငြိမ်းခြင်း တို့သည်ကား အပွင်သစ်, အပင်သစ် အဆက်ဆက်တို့၏ ဖြစ်ပေါ်လာခြင်း မရှိသည်ကို ဆိုသတည်း၊ ဖြစ်ပေါ် လာခြင်းမရှိကလည်း ထိုအပွင့် ထိုအသီး ထိုအပင်တို့သည် အကယ်ရှိကြ သော အပွင့်, အသီး, အပင်တို့ မဟုတ်ကြကုန်ပြီ၊ စကားကြိယာ၌ အသံမျှ သာ ပါရှိကြလေကုန်သည်။

အဆိပ်စွယ် ရိုက်နှက်သောအခါ အပွင့်, အသီးကို ဖြစ်စေနိုင်သော အစေး အဆီ ခန်းခြောက်ကုန်ဆုံးရာတွင် ထိုအပွင့်သစ်, အသီးသစ်, အပင်သစ် အဆက်ဆက်တို့လည်း တစ်ချက်တည်း တစ်လုံးတည်း ကုန်ဆုံး ချုပ်ငြိမ်းကြလေကုန်၏၊ ထိုအပွင့်, ထိုအသီး, ထိုအပင် အဆက် ဆက်တို့နှင့်စပ်သော အပွင့်, အသီး, အပင်တို့ ကုန်ဆုံး ချုပ်ရာတွင် တစ်ချက်တည်း, တစ်လုံးတည်း ကွယ်ပျေက်ကြလေကုန်၏၊ ချုပ်ငြိမ်း ကွယ်လွန်ပြီးကို အစွဲပြု၍ အတိတ်သံနှင့်သာ ပြောဆိုခွင့်ရှိ ကုန်၏၊ ထို့အတူ ဒီပင်္ကရာဘုရားသာသနာ၌ မဂ်, ဖိုလ်ကို မရခဲ့လျှင် နောက်၌ဖြစ် လတ္တံ့ ဟုဆိုအပ်သော ထိုကိလေသာ ထိုခန္ဓာ အဆက်ဆက် တို့သည်လည်း မဂ်ကိုရသည်နှင့်တစ်ပြိုင်နက် တစ်ချက်တည်း တစ်လုံး တည်း ချုပ်ဆုံး ကွယ်ပျောက်ကြလေကုန်၏၊ ဖြစ်ပေါ်မှုငြိမ်းကြလေ ကုန်၏၊ ထိုကိလေသာ ထိုခန္ဓာတို့ကို အစွဲပြု၍ ဖြစ်ကြကုန်သော ပုဂ္ဂိုလ် ဟူသော ပညတ်, သတ္တဝါဟူသော ပညတ်, ကိလေသာဟူသော ပညတ်, ခန္ဓာဟူသော ပညတ်တို့သည်လည်း ထိုကိလေသာ, ထိုခန္ဓာတို့ချုပ်ဆုံးရာ တွင် တစ်လုံးတည်း ကွယ်ပျောက်ကြလေကုန်၏။

ချုပ်ငြိမ်း ကွယ်ပျောက်ပြီးကို အစွဲပြု၍ အတိတ်သံနှင့်သာ ပြော ဆိုခွင့် ရှိကြကုန်၏၊ ထိုကိလေသာ ထိုခန္ဓာတို့ကား ဓာတ်တစ်မျိုး၊ အဖြစ်ငြိမ်း၍ ချုပ်ငြိမ်းမှုကား ဓာတ်တစ်မျိုး၊ ပူလေင်မှုဟူသေဝာ မီးဓာတ်နှင့် ချုပ်မှုဟူသော အငြိမ်းဓာတ်သည် အလွန်ဆန့်ကျင်ဘက် ဖြစ်ကြသကဲ့သို့ ကိလေသာဓာတ်, ခန္ဓာဓာတ်တို့နှင့် အဖြစ်ရုပ်သိမ်းမှု ဟူသော အငြိမ်းဓာတ်သည် အလွန်လျှင် ဆန့်ကျင်ဘက်ကြီး ဖြစ်ကြ၏၊ ဓာတ်ချင်းချင်း ရောနှော၍မရ၊ နယ်ချင်းချင်း ရောနှော၍မရ၊ ကိလေသာ နယ်, ခန္ဓာနယ်မှာ အငြိမ်းဓာတ်မရှိ၊ အငြိမးဓာတ်နယ်မှာ ကိလေသာ, ခန္ဓာမရှိ၊ ကိလေသာ, ခန္ဓာနှင့်စပ်သော ပညတ်တို့သည်လည်း အငြိမ်း ဓာတ်သို့ မကူးကုန်။

အနမတဂ္ဂသံသရာဝယ် တစ်ဆူတစ်ဆူသော ဘုရားလက်ထက်၌ ၂၄-သင်္ချေနှင့် ကုဋေခြောက်ဆယ် ဗိုလ်ခြေတစ်သိန်းမျှ အကျွတ်ရကြ ကုန်၏၊ တစ်သုတ်တစ်သုတ်လျှင် ၂၄-သင်္ချေနှင့်ကုဋေ ၆၀-ဗိုလ်ခြေ တစ်သိန်းမျှ ချုပ်ငြိမ်းကြကုန်၏၊ ကာမ, ရူပ, အရူပ ဟူသော လောက ၃-ပါးမှ အမည်ပညတ်နှင့်တကွ ကျွတ်လွတ် ကွယ်ဆုံးကြလေကုန်၏၊ အနမတဂ္ဂသံသရာ၌ တစ်သုတ်တစ်သုတ်လျှင် ၂၄-သင်္ချေနှင့် ကုဋေ ၆၀- ဗိုလ်ခြေတစ်သိန်းမျှ ချုပ်ငြိမ်းကြကုန်သော အသုတ်ပေါင်း, အကြိမ်ပေါင်း အသင်္ချေယျအနန္တ ရှိလေပြီ၊ ဤအနမတဂ္ဂ သံသရာ၌ ကျွတ်လွတ်ကြသူ အနန္တတို့၏ ဘဝဇာတိချုပ်ငြိမ်းမှု, သင်္ခတဓာတ် ရုပ်သိမ်းမှုသည် တစ်ခု သော အသင်္ခတဓမ္မနယ်ကြီး, အသီးအခြားသော ပရမတ္ထမဟာနိဗ္ဗာန ဓာတ်ကြီးပေတည်း။

တေဘုမ္မက ဘဝခန္ဓာတို့၌ အဝိဇ္ဇာ မောဟမှောင်ကြီးလှ၍ ဘဝ ရာဂ, ဘဝတဏှာ အားကြီးစွာသော သတ္တဝါတို့သည် ထိုအသင်္ခတ ဓမ္မနယ်ကြီးကို ကြားနာရသည်ရှိသော် အသူတရာနက်လှစွာသော ချောက်ကြီး၌ ကျအံ့သော အခါကဲ့သို့ ထိတ်လန့်ဖွယ်ကြီး ထင်တတ်သည် ဟုဟောတော်မူသော ဒေသနာ ရှိသည်။

သီဟိုကျွန်းမှာ မိစ္ဆာဒိဋ္ဌိ ပုဏ္ဏားတစ်ယောက်သည် ရဟန်းတော် တစ်ပါး ဟော၍နေသော သုညတဓမ္မဒေသနာကို နားထောင်၍ နေလေ ရာ ထောက်ရာ, တည်ရာ မရှိသော အနန္တချောက်ကြီး၌ ကျ၍ သွား အံ့သောအလား ထင်မြင်၍ ရုတ်တရက်ထ၍ပြေးလေ၏၊ မိမိအိမ်တိုက် ခန်းသို့ဝင်၍ မျက်နှာကို လက်နှစ်ဘက်နှင့် ဖုံးအုပ်၍ တုန်တုန် ခိုက်ခိုက် နေလေ၏၊ ထိုအခါသားဖြစ်သူ ပုဏ္ဏားငယ်က မေးမြန်းလေရာအလုံးစုံကို ပြန်ပြော၍ ငါ့မှာပြေးနိုင်၍ အနိုင်လွတ်သည်ဟု ဆိုပေ၏၊ အဝိဇ္ဇာ မောဟနည်းပါး၍ သံသရာရေး အပါယ်ဘေးတို့ကို ကောင်းစွာ ထင်မြင်၍ ဘဝရာဂ, ဘဝတဏှာ နည်းပါးသောသူတို့မှာ ထိုအသင်္ခတဓမ္မ နယ်ကြီးသည် ကိုးကွယ်ရာစင်စစ်ဖြစ်၏၊ ဤအသင်္ခတ ဓမ္မဓာတ်ကြီးသည် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်, သတ္တဝါ, ခန္ဓာဓမ္မနှင့် ထိခြင်း, ငြိခြင်း စပ်ယှက်ခြင်း မရှိ၊ ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့ ခန္ဓာဓမ္မချုပ်စဲလျှင် ထိုအသင်္ခတဓမ္မနယ်ကြီးသို့ ဆိုက်သည် ရောက်သည် ဟူ၍သာ ဆိုရသည်၊ ထိုအသင်္ခတ ဓမ္မဓာတ်ကြီးသည် “အနိမိတ္တဓမ္မ” ကြီးဖြစ်ခဲ့၍ ဘယ်မှစသည်ဟု ညွှန်ပြရာ ညွှန်ပြရန် ဘင်ဟူသော နောက် အစွန်းလည်း မရှိ၊ အရပ် ၁၀-မျက်နှာတွင် ဘယ်မှာသာရှိသည်၊ ဘယ်မှာ မရှိ ဟုညွှန်ပြရန်အမြိတ်, အစွန်းလည်းမရှိ၊ အနမတဂ္ဂ သံသရာကာလ၌ ဘယ်ဘုရား လက်ထက်ဖြစ်တစ်ပါး, ဘယ်ဘုရားလက်ထက်ဖြစ် တစ်ပါး ဟုခြားနား၍ ပြောဆိုရန် ရှေ့အစ နောက်အစွန်း ဟူ၍မရှိ၊ အနမတဂ္ဂ သံသရာနှင့်အမျှ တစ်ပါးတည်း, တစ်ခုတည်း အမြဲတည်၍နေသော အသင်္ခတဓမ္မနယ်ပယ်ကြီးပေတည်း။

ဒီပင်္ကရာ ဘုရားသာသနာ၌ ချုပ်ငြိမ်းကြသော နိဗ္ဗာန်နှင့် ငါတို့ ဘုရား သာသနာ၌ ချုပ်ငြိမ်းကြသော နိဗ္ဗာန်သည် ၂-ထွေ ၂-ပါးအခြားမရှိ၊ ငါတို့ဘုရား သာသနာ၌ ၂၄-သင်္ချေနှင့် ကုဋေ ၆၀-ဗိုလ်ခြေတစ်သိန်း ငြိမ်းသည့်အတွက်နှင့် အစွန်းအစ တိုးပွားခြင်းမရှိ။

ဤကား ပရိနိဗ္ဗာန်စံကြသူ အသီးသီးရှိနေကြသည့်အတွက် နိဗ္ဗာန်လည်း အသီးသီး ဖြစ်ရာသည်ဟု မှတ်ထင် ယောင်မှားဖွယ်ရှိသော အရာဌာနဖြစ်ခဲ့၍ ယုတ္တိအားဖြင့် ထင်ရှားအောင် ပြဆိုလိုက်သော အချက်ပေတည်း။

ဤတွင်ရွေ့ကား
သဥပါဒိသေသနိဗ္ဗာန်, အနုပါဒိသေသနိဗ္ဗာန် ၂ ပါးကို ထင်ရှားစွာပြဆိုသော အခန်းပြီး၏။

**********

သုညတ, အနိမိတ္တ, အပ္ပဏိဟိတနိဗ္ဗာန်

သုညတဉ္စ=ပလိဗောဓ ခပ်သိမ်းတို့မှ ကင်းငြိမ်းဆိတ်ငြိမ်သော သုညတနိဗ္ဗာန် လည်းကောင်း၊ အနိမိတ္တဉ္စ=သဏ္ဌာန်, နိမိတ်, အရိပ်, အသွင် ထင်မှုခပ်းမှ ကင်းရှင်းသော အနိမိတ္တနိဗ္ဗာန်လည်းကောင်း၊ အပ္ပဏိဟိတဉ္စ=တောင့်တခြင်း ခပ်သိမ်းမှ ကင်းငြိမ်းရာဖြစ်သော အပ္ပဏိဟိတ နိဗ္ဗာန်လည်းကောင်း၊ ဣတိ=ဤသို့၊ အာကာရ ဘေဒေန= ဆိတ်ငြိမ်ခြင်း အစရှိသော အခြင်းအရာ အပြားအားဖြင့်၊ တိဝိဓံ=၃- ပါးအပြားရှိသည်၊ ဟောတိ=ဖြစ်၏၊ ဟူသော သင်္ဂြီုဟ်ကျမ်း စကား၌

သုညတနိဗ္ဗာန်။။ငြိမ်သက်ချမ်းသာသော သန္တိသုခကို နှေင့်ယှက် ဖျက်စီးမှုသည် “ပလိဗောဓိ” မည်၏၊ သင်္ခတတရားဟူသမျှ သည် အရဟတ္တဖိုလ်တရားပင် ဖြစ်သော်လည်း “ပလိဗောဓ” မှု ထင်ရှားရှိ သည်သာဖြစ်၏။

ရှိပုံကား....မိမိသန္တာန်မှာ အရဟတ္တဖိုလ်ဇော ဖြစ်ပေါ်စေလို သည်ရှိသော် ထိုအားလျော်သောခဏ, ထိုအားလျော်သော သမယ, ထိုအားလျော်သော မနသိကာရကို ကြောင့်ကြစိုက်မှ ဖြစ်ပေါ်သည်၊ ဖြစ်ပေါ် ပြီးနောက်လည်း အနိစ္စဓမ္မ, ဝိပရဏာမဓမ္မ ဖြစ်သည်နှင့် ခဏချင်း, ခဏချင်း ကုန်ဆုံးကွယ် ပျောက်ပြန်၏၊ တစ်နေ့တစ်နေ့ကို အကြိမ်တစ်ရာ ဝင်စားလိုလျှင် အကြိမ် တစ်ရာပင် ကြောင့်ကြစိုက်ရ ပြန်၏၊ အကြိမ်တစ်ရာပင် ကြောင့်ကြစိုက်၍ ဖြစ်ပေါ်သော်လည်း အဆုံး ကျလျှင် ကွယ်ပျောက်ပျက်ဆုံးသည်သာတည်း၊ အလိုဆန္ဒရှိတိုင်း အမြဲ တည်၍နေနိုင်သော တရားမဟုတ်။

ထိုကြောင့် အရဟတ္တဖိုလ်သည် မိမိသန္တာန်မှာ ဖြစ်ပေါ်လာ စေခြင်းငှါ အဖန်ဖန် ကြောင့်ကြစိုက်မှုဟူသော “ပလိဗေဓဒုက္ခ” အနှောင့် အယှက်ကို ဖြစ်စေတတ်သော တရားမျိုးပေတည်း၊ ထိုမှ ကြွင်းသော သင်္ခတတရားတို့၌ကား ဆိုဖွယ်ပင်မရှိ။

နိဗ္ဗာန်သည်မူကား ဖြစ်ပေါ်ခြင်းရှိသောတရား မဟုတ်သော ကြောင့်အစ၌ ဖြစ်ပေါ်စေခြင်းငှါ ကြောင့်ကြစိုက်ရသော “ပလိဗောဓ ဒုက္ခ” အနှောင့်အယှက်လည်း မရှိပေ၊ မမြဲသော အနိစ္စတရားမျိုး မဟုတ် သောကြောင့် အဖန်ဖန် ထပ်မံ၍ ထူထောင်မှုဟူသော “ပလိဗောဓဒုက္ခ” အနှောင့်အယှက်လည်း မရှိပေ။

၁။ ထိုနိဗ္ဗာန်သို့ ရောက်ရလေအောင် ဒါန, သီလ အစရှိ သော ပါရမီ တရားတို့ကို ဘဝများစွာ ဖြည့်ကျင့်မှု ဟူ သော “ပလိဗောဓဒုက္ခ” အနှောက်အယှက်ကြီး ၁- ပါး။

၂။ အဆုံးဘဝ၌ သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ အစရှိသော ဝိသုဒ္ဓိ တရား ၇-ပါးတို့ကို ပွားများအားထုတ်ရခြင်းဟူသော “ပလိဗောဓဒုက္ခ” အနှောင့်အယှက်ကြီး ၁-ပါး။

ဤ ၂-ပါးသော ပလိဗောဓဒုက္ခမှုများသည် နိဗ္ဗာန်၏ ပလိဗောဓမှု မဟုတ်ပေ၊ နိဗ္ဗာန်သို့ ရောက်လိုသောသူ၏ သန္တာန်၌ ခုခံနှောင့်ယှက်၍ နေသော ကိလေသာတို့ကို တွန်းလှန် ပယ်ရှားခြင်းငှါ ကြောင့်ကြစိုက်ရ သော ပလိဗောဓ ဒုက္ခမှုများသာ တည်း။

မျက်စိမှာ တိမ်သလာ ထူထပ်စွာ စွဲကပ်၍နေသော သူကန်းသည် နေ, လကို မြင်လို၍ ဆေးဝါးမှီဝဲမှုဟူသော “ပလိဗောဓဒုက္ခ“ကို ကြောင့်ကြ စိုက်ရလေ၏၊ ထို “ပလိဗောဓဒုက္ခ” မူသည် နေ, လ တို့ကပြုသော “ပလိဗောဓ ဒုက္ခ” မှု မဟုတ်ပေ၊ တိမ်သလာတို့က ပြုသော “ပလိဗောဓ ဒုက္ခ” မှုပေတည်း။။ ဤနည်းတူသိလေ။

[ဤကား သုညတနိဗ္ဗာန်တည်း]

အနိမိတ္တနိဗ္ဗာန်။။အနိမိတ္တနိဗ္ဗာန်၌ သင်္ခတတရားတို့မှာ သဏ္ဌာန်, နိမိတ်အရိပ်, အသွင် ထင်ရှားရှိကြကုန်၏၊ ထိုသို့ရှိကြခြင်း ကြောင့် အရဟတ္တ ဖိုလ်စိတ်တစ်ခုသည်ပင်လျှင် ချုပ်လေပြီးသော အတိတ်တခြား၊ ခဏတ္တယ သို့ရောက်ဆဲသော ပစ္စုပ္ပန်တစ်ခြား၊ ဥပါဒ်မှု မရှိသေးသော အနာဂတ်တစ်ခြား၊ ဤပုဂ္ဂိုလ်သန္တာန်မှာ တစ်ခြား၊ ထို ပုဂ္ဂိုလ်သန္တာန်မှာ တစ်ခြား၊ အလွန်ကြီးမြတ်သော အရဟတ္တဖိုလ်၊ အလယ် အလတ်သော အရဟတ္တဖိုလ်၊ ယုတ်ညံ့သော အရဟတ္တ ဖိုလ် စသည်ဖြင့် ၂-ခု, ၃-ခု, အသိန်း, အသန်း အသင်္ချေယျ, အနန္တများပြားလေ၏၊ ထိုမှ ကြွင်းသော သင်္ခတတရားတို့မှာ ဆိုဖွယ်မရှိ။

နိဗ္ဗာန်သည်မူကား သဏ္ဌာန်, နိမိတ်, အရိပ်အသွင်ရှိသော တရားမဟုတ်ပေသောကြောင့် အနမတဂ္ဂသံသရာ၌ ဤနိဗ္ဗာန်ကား အဟောင်းတည်း၊ ဤနိဗ္ဗာန်ကား အသစ်တည်း ဟု၂-ခုခြားနားဖွယ်မရှိ၊ ပရိနိဗ္ဗာန်စံ ပုဂ္ဂိုလ် ခန္ဓာ အသီးသီးတို့ လိုက်နာ၍လည်း ၂-ခု, ၃-ခု စသည့် ခြားနားဖွယ်မရှိ အရှေ့အရပ်မှာ ပရိနိဗ္ဗာန်စံလွန်ကြသော ပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ကား အရှေ့အရပ်မှာ ရှိနေသည်၊ အနောက်အရပ်မှာ ပရိနိဗ္ဗာန်စံလွန်ကြသော ပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ကား အနောက်အရပ်မှာ ရှိနေသည်၊ ဤသို့စသည်ဖြင့် အရပ်ဒေသအပြားသို့ လိုက်၍ ခြားနား ဖွယ်မရှိ၊ သဗ္ဗညုဘုရားတို့၏ နိဗ္ဗာန်ကား မြတ်သည်၊ အိမ်ကျွန်မ ရသော နိဗ္ဗာန်ကား ယုတ်ညံ့သည် ဟူ၍လည်းခြားနားဖွယ်မရှိ၊ လောကဓာတ် အလယ်မှာ သံသရာရုပ်သိမ်းမှု, ချုပ်ငြိမ်းမှု, ဇာတိချုပ်ငြိမ်းမှု, ခန္ဓာ ဇာတ်သိမ်းမှုဟုဆိုအပ်သော အသင်္ခတဓမ္မဓာတ်ကြီး တစ်ခုရှိ၏ ဟူ၍သာ သိခွင့်, ဆိုခွင့်ရှိသတည်း။

ယခင် သဥပါဒိသေသနိဗ္ဗာန်, အနုပါဒိသ နိဗ္ဗာန်အခန်းမှာ ဤအနိမိတ္တ၏ အခြင်းအရာကို အကျယ်ကြီး ပြဆိုခဲ့ပြီ။ [ဤကား အနိမိတ္တနိဗ္ဗာန်တည်း။]

အပ္ပဏိဟိတနိဗ္ဗာန်။။အပ္ပဏိဟိတနိဗ္ဗာန်၌ သင်္ခတတရား တို့သည် တောင့်တ မြော်တမ်းခြင်းနှင့်တကွသာ ဖြစ်ကြကုန်၏။

ဖြစ်ပုံကား လူ့ချမ်းသာသည် အယုတ်, အလတ်, အမြတ်, အမြတ်ထက်အမြတ် အဆင့်ဆင့်ရှိ၏၊ ထို့အတူ နတ်ချမ်းသာ, ဗြဟ္မာ့ ချမ်းသာတို့သည်လည်း အယုတ်, အလတ်, အမြတ်, အမြတ်ထက်အမြတ် အဆင့်ဆင့် ရှိကုန်၏၊ အယုတ်အညံ့ကို ရရှိလျှင် အလတ်, အမြတ်ကို ရလို, ယူလို, ရောက်လိုသော အာသာဆန္ဒ, တဏှာဆန္ဒ တင်းလင်းရှိ၏၊ အလတ်ကိုရရလျှင် အမြတ်ကို တောင့်တ၏၊ အမြတ်ကိုရရှိလျှင် အမြတ် အဆင့်ဆင့်ကို တောင့်တ၏၊ အမြတ်ဆုံးကို ရသော်လည်း အနိစ္စဓမ္မချည်း ဖြစ်ခဲ့၍ မကြာမကြာ ဟောင်းနွမ်းခြင်းသို့ ရောက်သည်၊ ကုန်ခန်း ကွယ် ပြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ အသစ်သစ်ကို တစ်ဖန်တောင့်တရ၏၊ လူမှာ စကြာမန္ဓာတ်မင်း စည်းစိမ်, နတ်မှာ စတုမဟာရာဇ် နတ်မင်း, သိကြားမင်း, သုယာမနတ်မင်း, သန္တုသိတနတ်မင်း, သုနိမ္မိတ နတ်မင်း, ဝသဝတ္တီ နတ်မင်း, ဗြဟ္မာမှာ ပဌမစျာန် ဗြဟ္မာမင်းစည်းစိမ်, ဘုန်းတန်ခိုးတို့သည် အနိစ္စဓမ္မ, ဘိဇ္ဇနဓမ္မ, ဝိပရိဏာမဓမ္မ တွေသာ ဖြစ်ကြကုန်၏၊ ကံအခွင့်သာသမျှ တစ်သုတ်သာ ခံစားကုန်၏၊ ကုန်ချိန် တိုင်ရောက်လျှင် အသက်ခန္ဓာနှင့်တကွ ကုန်ဆုံးကွယ် ပျောက်လေ ကုန်၏။

တစ်ယောက်သောသူသည် အနမတဂ္ဂဘဝတို့၌ စကြာမင်း အဖြစ်ပေါင်း အနန္တ, သိကြားမင်း အဖြစ်ပေါင်း အနန္တ ဖြစ်ခဲ့လှလေပြီ၊ ထိုအဖြစ်တို့သည် ယခုအခါ အိပ်မက်တွင်မျှ မထင်လာကုန်ပြီ၊ ယခုလည်း စကြာမင်းဖြစ်လိုသော ဆန္ဒ တဏှာ အာသာ အပူအလောင် တန်းလန်းပင် ရှိနေကြကုန်သည်၊ ထိုလူမင်း, နတ်မင်း, ဗြဟ္မာမင်း တို့၏စည်းစိမ်ချမ်းသာ တို့မည်သည် အလွန်ငန်လှစွာသော သမုဒ္ဒရာရေနှင့် တူကုန်၏။

တစ်ယောက်သောသူသည် သမုဒ္ဒရာရေ၌ လျှာအရသာ ပေါက် လေ၍ နေ့ရှိသမျှ သောက်လေ၏၊ သောက်လေလေ ငတ်လေလေ, အသည်နှလုံး ပူဆာ လေလေသာ ဖြစ်၏၊ ဝမ်းထဲသို့ သောက်မျိုသမျှသော ရေတို့သည် ဝမ်းထဲတွင်သာ ခဏခဏ ကုန်ခန်း ကွယ်ပျောက်လေ၏၊ သမုဒ္ဒရာ ၄-စင်းရေသည် ကုန်ခြင်းသို့သာ ရောက်လေရာ၏၊ အငတ် အဆာ သည်းထန်စွာနှင့်သာ ထိုသူသေဆုံးလေရာ၏။

ဤအတူတေဘုမ္မက သုခချမ်းသာတို့မှာလည်း ကြပ်ကြပ်ခံစား လေလေ၊ တဏှာအငတ် အာသာဓာတ် ပွားလေလေ, ငတ်မွတ်ဆာ လောင်ခြင်း ပြင်းထန်လေလေသာ ဖြစ်၏၊ ခံစားတွင်း ခံစားတွင်း ပျောက်ကွယ်ကုန်ခန်း၍ သွားကုန်၏၊ အငတ်အာသာဟူသော အပူဓာတ်, အလောင်ဓာတ် တင်းလင်းနှင့်သာ သေဆုံး ကြရကုန်၏၊ အရဟတ္တဖိုလ် ချမ်းသာပင် ဖြစ်သော်လည်း ခံစားတွင်းခံစားတွင်းမှာ ပျောက်ကွယ် ချုပ်ဆုံး၍ သွားတက်သော အနိစ္စတရားဖြစ်ချေ၍ အသစ်သစ် ထူ ထောင်ပြုပြင်၍ ခံစားလိုသော ဆန္ဒ အာသာ အပူအဆာသည် ရှိသည် သာလျှင်တည်း။

အာသာဆန္ဒ တောင့်တ တမ်းယမ်းခြင်းမည်သည် အကုသိုလ် အရာမှာပင် ဖြစ်စေ, ကုသိုလ်အရာမှာပင်ဖြစ်စေ ငတ်မွတ်ဆာလောင် ခြင်း ဒုက္ခမှုချည်းသာတည်း။

တစ်နည်းကား - လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာ ဟူသော လောကီချမ်းသာစုသည် အလွန် ပျစ်ချွဲသော ပျားရည်, တင်လဲ ရည်နှင့် တူပေ၏၊ ပုထုဇဉ်ဖြစ်သော လူ, နတ် ဗြဟ္မာစုသည် ချိုသော အရသာကို ခင်တွယ်သော ပိုး, ပရွက်တို့နှင့် တူကုန်၏၊ ပျားရည်, တည်လဲ ရည်ကို တွေ့ကြသော ထိုပိုး, ပရွက်တို့သည် ပျားရည်, တင်လဲရည်မှာ နစ်လျက် အသက်ဆုံးရှုံးကြကုန်၏။

ဤအတူ အနမတဂ္ဂသံသရာ၌ လူ, နတ်, ဗြဟ္မာ သတ္တဝါ အပေါင်း တို့သည် လူ့စည်းစိမ်, နတ်စည်းစိမ်, ဗြဟ္မာ့စည်းစိမ်မှာ နစ်လျက် ဘဝ အဆက်ဆက် အသက်ဆုံးရှုံးကြကုန်၏၊ အဆာ အငတ် အာသာဓာတ် တင်းလင်းနှင့်သာ သေဆုံးကြရကုန်၏၊ အလုံးစုံသော တောင့်တခြင်း ခပ်သိမ်းတို့သည် ပရိနိဗ္ဗာန်အစံတွင် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းကြ လေကုန်၏၊ အရဟတ္တမဂ်သို့ အဆိုက်တွင် တဏှာပဏိဓိတရား အကြွင်းမဲ့ ချုပ်ငြိမ်းသည်၊ ထိုအခါမှစ၍ တဏှာနှင့်စပ်သော တေဘုမ္မကသုခ၌ တောင့်တခြင်း ခပ်သိမ်းတို့သည် ချုပ်ငြိမ်းကုန်၏၊ ပရိနိဗ္ဗာန စုတိသို့ အဆိုက်တွင် ဆန္ဒပဏိဓိတရား အကြွင်းမဲ့ ချုပ်ငြိမ်းသည်၊ ထိုအခါမှစ၍ အာသာဆန္ဒ တောင့်တခြင်းခပ်သိမ်း အကုန်ငြိမ်း၏၊ ထို့ကြောင့် အသင်္ခတ မဟာနိဗ္ဗာန်ကြီးကို “အပ္ပဏိဟိတနိဗ္ဗာန်” ဆိုရသတည်း။ [ဤကား အပ္ပဏိဟိတနိဗ္ဗာန်တည်း။]

သုညတနိဗ္ဗာန်, အနိမိတ္တနိဗ္ဗာန်, အပဏိဟိတနိဗ္ဗာန် ဟူသော အမည် ၃-ပါး သည်လည်း “အာကာရ ဘေဒေန” တူသော ပါဌ်နှင့်အညီ၁။ ပလိဗောဓ ခပ်သိမ်းမှ ကင်းငြိမ်းသော ဂုဏ် ၁-ပါး။

၂။ သဏ္ဍာန်, နိမိတ်, အရိပ်, အသွင် ခပ်သိမ်းမှ ကင်းရှင်းသော ဂုဏ် ၁-ပါး။

၃။ တောင့်တခြင်း ခပ်သိမ်းမှ ကင်းငြိမ်းခြင်း ဂုဏ် ၁-ပါး။

ဤဂုဏ် ၃ပါးကို အစွဲပြု၍ နိဗ္ဗာန် ၃-ပါးဆိုသည်၊ စင်စစ်အားဖြင့် မူကားအသင်္ခတ မဟာနိဗ္ဗာန် တစ်ခုတည်းကို ၃-ပါး ပြု၍ ဆိုခြင်းသည် သာတည်း။

ထို ၃-ပါးသော ဂုဏ်တို့တွင် အကြင်သူတို့သည် တေဘုမ္မက ဓမ္မတို့၏ အလယ်၌ ကြောင့်ကြစိုက်ဖွယ် ခပ်သိမ်းတို့ကို ဒုက္ခမှန်း သိကြ ကုန်၏၊ စက်ဆုပ်ကြကုန်၏၊ ထိုသူတို့အား နိဗ္ဗာန် သုညတဂုဏ်သည် အလွန်ကောင်းမြတ်သော ဂုဏ်ဖြစ်၏၊ အဘယ့်ကြောင့်နည်းဟူမူ နိစ္စ ထာဝရ အမြဲတည်သော နိဗ္ဗာန်တစ်ခုသည်သာလျှင် ကြောင့်ကြစိုက်ဖွယ် ခပ်သိမ်းတို့မှ ကင်းငြိမ်းသော “သုခအစစ်” ဖြစ်ပေသောကြောင့်တည်း။

အကြင်သူတို့သည် တေဘုမ္မကဓမ္မ အလယ်၌ ဘေးအမျိုးမျိုး, ရန်အမျိုးမျိုး, အန္တရာယ်အမျိုးမျိုး, ဇရာ မရဏ ဒုက္ခ အမျိုးမျိုးတို့၏ တိုးဝှေ့တိုက်ခိုက် နှိပ်စက်ညှဉ်းပန်းမှုတို့ကို ဒုက္ခမှန်း သိကြကုန်၏၊ စက်ဆုပ်ကြကုန်၏၊ ထိုသူတို့အား နိဗ္ဗာန်၏ “အနိမိတ္တ” ဂုဏ်သည် အလွန် ကောင်းမြတ်သော ဂုဏ်ဖြစ်၏၊ ထိုဘေး အပေါင်း တို့သည် သဏ္ဌာန်ကြီး, ငယ်အထည်ဝတ္ထုရှိသော “နိမိတ္တဓမ္မ” တို့၌သာ ထိခိုက်နိုင်ကြကုန်သည် အဇဋာကာသကောင်းကင်သည် တစ်စုံတစ်ခုသောဘေး ထိုခိုက်ခြင်း မရှိ၊ မိုးကြိုးလောင်မီးဘေးလည်း မထိနိုင်၊ မီးဘေး, ရေဘေး, လေဘေး, လက်နက် ဘေး, နိမိတ်, အရိပ်, အသွင် မထင်သော “အနိမိတ္တ” တရား ဖြစ်ပေ၍ ဇရာဘေး မရဏဘေးတို့သော်မှလည်း မထိနိုင်။

အကြင်သူတို့သည် တေဘုမ္မအလယ်၌ သမုဒ္ဒရာ ဆားငန်ရေ ကိုသောက်သော ယောကျ်ားကဲ့သို့ ကာမကို တောင့်တမြော်တမ်းသော ကာမတဏှာဘဝကို တောင့်တမြော်တမ်းသော ဘဝတဏှာ၊ အာသာ တင်းလင်း ဆာလောင်ခြင်း ဒုက္ခနှင့် တရံမစဲဘဲ နိဗ္ဗာန်၏ “အပ္ပဏိဟိတ ဂုဏ်“သည် အလွန်ကောင်းမြတ်သော ဂုဏ်ဖြစ်၏။

ဆိုခဲ့ပြီးသော တစ်ယောက်တစ်ယောက်သော ပုဂ္ဂိုလ်, သတ္တဝါ, ခန္ဓာဓမ္မတို့၏ အဖြစ်ငြိမ်းမှု ဟူသော အသင်္ခတနိဗ္ဗာန်၏ ပြဆိုခဲ့ပြီးသော “သုညတဂုဏ်, အနိမိတ္တဂုဏ်” ၂-ပါးသည် ဘဝတဏှာအားကြီးသော သူတို့အား အချည်းနှီး အဘာဝ တုစ္ဆ အနေထင်တတ်၏၊ “အပ္ပဏီဟိတ” ဂုဏ်သည် ကာမတဏှာ အားကြီးသော သူတို့အား အချည်းနှီး အဘာဝ တုစ္ဆ အနေထင်တတ်၏၊ ဂုဏ် ၃-ပါးကို နေရာတကျ မသိကြကုန်သော သူတို့သည် ပြဆိုခဲ့ပြီးသော အဖြစ်ငြိမ်းမှု၊ ဇာတ်သိမ်းမှုမျှကို အဘာဝ တုစ္ဆ အချည်းနှီးမျှ ထင်ကြကုန်၏။

ဤတွင်ရွေ့ကား

သုညတ, အနိမိတ္တ, အပ္ပဟိတ-နိဗ္ဗာန်၃ပါးကို ပြဆိုသော ဒုတိယအခန်း ပြီး၏။

* * * * *

ပထမပုစ္ဆာ ဖြေဆိုချက်

ပြဆိုခဲ့ပြီးသော ကိလေသာဓမ္မ, ခန္ဓာဓမ္မတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှု, ချုပ်ငြိမ်းမှုကို နိဗ္ဗာန်ဆိုခဲ့သော်

၁။ ထိုနိဗ္ဗာန်သည် အဘယ်သို့လျှင် ပရမတ္ထအားဖြင့် ထင်ရှား ရှိပါသနည်း။

၂။ အဘယ်သို့လျှင် အတုမရှိ မြင်မြတ်သော ပရမသုခ ဖြစ် ပါသနည်း။

၃။ အဘယ်သို့လျှင် ဂမ္ဘီရ သဏှာ, သုခုမ စသော အနန္တဂုဏ် နှင့် ပြည့်စုံပါသနည်း။

[အမေးပုစ္ဆာ ၃- ချက်]

အဖြေကား- ထိုကိလေသာဓမ္မ, ခန္ဓာဓမ္မတို့အား အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှု ဟူ၍ မရှိခဲ့ငြားအံ့၊ ထိုကိလေသာ ထိုခန္ဓာသည် အနမတဂ္ဂ သံသရာမှာ ရံခါမစဲတို့ တစ်ဖြစ်တည်းသာ ဖြစ်၍နေကုန်၏၊ ထိုကိလေသာ ထိုခန္ဓာတို့ကို အဖြစ်ငြိမ်း ခြင်းငှာ, ဇာတ်သိမ်းခြင်းငှာ အားထုတ်ကြ ကုန်သော ဘုရားပါရမီ, ပစ္စေကဗုဒ္ဓပါရမီ, သာဝကပါရမီတို့သည် အချည်း နှီးသက်သက်သာ ဖြစ်ကုန်ရာ၏။

ထိုသို့ကား- မဟုတ်၊ မိမိတို့ ဗောဓိအားလျော်စွာ ပါရမီတရားကို ဖြည့် ဆည်းပူးကြကုန်သော လောင်းအလျာတို့သည် မိမိတို့ ဗောဓိအား လျော်စွာ ပါရမီကာလ ပြည့်စုံကြသောအခါ၌ ကိလေသာဓမ္မ, ခန္ဓယဓမ္မ တို့၏ အဖြစ်ငြိမ်းခြင်း, ဇာတ်သိမ်းခြင်းသို့ ဧကန္တ ဆိုက်ရောက်ကြကုန်၏၊ ထိုကိလေသာ ထိုခန္တာတို့၏ အဖြစ်ငြိမ်းခြင်း, ဇာတ်သိမ်းခြင်း အမှုမည် သည် ဧကန်ရှိသော အမှုမဟုတ်၊ လူတို့၏ ပါးစပ်ကသာ ပြောဆိုကြသော ပညတ်မျှသာ ဖြစ်ခဲ့အံ့၊ ကိလေသာချုပ်ငြိမ်းသော အဟုတ်ဘုရား, အဟုတ်ရဟန္တာဟူ၍ လောကမှာ မရှိလေရာ၊ ထိုအဖြစ်ငြိမ်းမှု, ဇာတ်သိမ်း မှုသည် ဧကန်ရှိ၏၊ ထိုကြောင့် ကိလေသာကုန်ပြီးသော အဟုတ်ဘုရား, အဟုတ်ရဟန္တာတို့သည် ရှိကြကုန်၏။

လောက၌ ရောဂါဖြစ်မှုလည်း ဧကန္တရှိ၏၊ ရောဂါပျောက်ငြိမ်းမှု လည်း ဧကန္တရှိ၏၊ ပျောက်ငြိမ်းမှု ဟူ၍မရှိခဲ့အံ့၊ ကပ်ရောက်သောရောဂါ သည် ပျောက်ငြိမ်းသည်-ဟူ၍ မရှိရာ၊ ရောဂါကပ်ရောက်သော သူတို့ သည် ရောဂါမှ ထသည်ဟူ၍ မရှိကုန်ရာ။

ထိုသို့ကား- မဟုတ်၊ ရောဂါပျောက်ငြိမ်းမှုသည်လည်း ဧကန္တရှိ၏၊ ကပရောက်သောရောဂါမှ ထမြောက် လွတ်ငြိမ်းသောသူတို့လည်း ဧကန္တ ရှိကြကုန်၏၊ ထိုကြောင့် လောက၌ ရောဂါပျောက်ငြိမ်းမှုသည် ဧကန္တရှိ၏ ဟု သိအပ်လေသတည်း၊ ဤအတူ ကိလေသာချုပ်ငြိမ်းမှု, ခန္ဓာချုပ်ငြိမ်းမှု သည်လည်း အဟုတ် ဧကန် အမှန်စင်စစ်ရှိ၏ ဟု မှတ်အပ်၏။

ချုပ်ငြိမ်းမှုမှာ မရှိဘူး မဆိုပါ၊ ရှိရိုးမှန်ပါ၏၊ ရှိသော်လည်း ပရမတ် သဘောအားဖြင့် ရှိသည်မဟုတ်၊ ဘယ်ဟာတစ်ခုမှ စမ်းတမ်းရှာဖွေမရ သော အဘာဝပညတ် အနေအားဖြင့်သာ ရှိပါသည်ဆိုငြားအံ့၊ အဘယ် အနေရှိမှ ပရမတ်ရှိ၊ အဘယ်နေရှိသော် ပရမတ်ရှိမဟုတ်၊ ပညတ်ရှိ သည်ဖြစ်သည်ဟု သိစွမ်းနိုင်၍ ဆိုသလောဟု မေးလျှင် ပညတ်နှင့် ပရမတ်ခွဲနည်း, နိမိတ္တ ပရမတ်နှင့် အနိမိတ္တပရမတ်ခွဲနည်းတို့ကို ပြဆို ရာ၏။

ပရမတ္ထတို့၌သာ ရထိုက်သော သာသနာ့ကိစ္စကြီး ၄-ပါးရှိ၏။

၁။ ပရိညာကိစ္စ
၂။ ဘာဝနာကိစ္စ
၃။ ပဟာနကိစ္စ
၄။ သစ္ဆိကရဏကိစ္စ

ဤကိစ္စကြီး ၄-ပါးကို ပညတ်တရားတို့၌ မရအပ်။

ပရိညာကိစ္စ။ ။ ပရိညာကိစ္စ ဆိုသည်ကား တစ်ခုတစ်သော တရားကို သဘာဝအားဖြင့် ပိုင်းခြား၍ သိခြင်း, အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာအားဖြင့် ပိုင်းခြား၍ သိခြင်းဟူသော ပိုင်ပိုင်နိုင်နိုင် သိခြင်းကိစ္စ ၂-ပါးသည် “ပရိညာကိစ္စ” မည်၏၊ ထိုပရိညာဉာဏ်ဖြင့် သဘာဝတ္တကို အရအမိ ဖမ်းယူခဲ့သည်ရှိသော် အကြင်တရား၌ သဘာဝတ္ထ အမှန်ရ၏၊ ထိုတရားသည် ပရမတ်စစ် အမှန်ဖြစ်၏၊ အကြင်တရား၌ သဘာဝတ္ထမရ၊ ထိုတရားသည် ပညတ်မည်၏။

ဥပမာကား---မျက်လှည့်အတတ်ဖြင့် မြေစိုင်ခဲကို ရွှေခဲလုပ်၍ ပြရာ၌ မြေစိုင်ခဲအနေမြင်လျှင် သဘာဝတ္ထ အဟုတ်အမှန်ရ၏၊ ရွှေခဲ အနေမြင်လျှင် အမှန်မရ၊ မြေခဲသာ အမှန်ဖြစ်၍ မြေကိစ္စ၌သာ သုံး၍ ရသည်၊ ရွှေကိစ္စ၌ သုံး၍မရ၊ ဤအတူ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ ယောက်ျားရှိ၏၊ မိန်းမရှိ၏ဟု ထင်မြင်အပ်သော ပညတ်မည်သည် ပရိညာဉာဏ်နှင့် ကြိတ်နယ်၍ ရှာခဲ့လျှင် ပုဂ္ဂိုလ် မရှိ၊ သတ္တဝါ မရှိ၊ ယောက်ျား, မိန်းမ မရှိ ဟုဖြစ်လေ၏၊ ထိုပုဂ္ဂိုလ်, သတ္တဝါ, ယောက်ျား, မိန်းမ သန္တာန်တို့၌ ခက်မာသော အခြင်းအရာသည်ရှိ၏၊ ဖွဲ့စည်းသော အခြင်းအရာ သည်ရှိ၏၊ ပူသောအခြင်းအရာ, အေးသော အခြင်းအရာ သည်ရှိ၏ဟု ပရိညာဉာဏ်ဖြင့်ရှုခဲ့သည်ရှိသော် ပရိညာဉာဏ်အမြင် သန်လေလေ ခက်မာခြင်း, ဖွဲ့စည်းခြင်းစသောသဘောတရား ထင်ရှား ပေါ်ရှိလေလေဖြစ်၏၊ ခက်မာခြင်း, ဖွဲ့စည်းခြင်း စသော သဘောတရား ထင်ရှားပေါ်ရှိလေလေ ဣတ္ထိ, ပုရိသ၊ မိန်းမ, ယောက်ျားမရှိကြောင်း ထင်ရှားလေလေဖြစ်၏။

[ဤကား-ပရိညာကိစ္စ၌ချ၍ ပရမတ်, ပညတ် ၂-ပါးခွဲခြမ်းပုံတည်း။]

ဘာဝနာကိစ္စ။ ။ ဘာဝနာကိစ္စ ဆိုသည်ကား အဆင့်ဆင့် အားခွန်ဗလ တိုးတက်၍ ထက်မြက် ကြီးပွားအောင် ပွားများမှုပေတည်း၊ ဧကဂ္ဂတာသမာဓိ တရားကိုအဆင့်ဆင့် ထက်သန်ကြီးပွားအောင် ပွား များပါလျှင် အဘိညာ ၆-ပါးတိုင်အောင် ကြီးပွား၏၊ ပညာတရားကို အဆင့်ဆင့် ထက်သန်ကြီးပွားအောင် အရဟတ္တ မဂ်ဉာဏ်တိုင်အောင် ကြီးပွား၏။

ပရိညာဉာဏ်နှင့် ရှာကြံ၍မှ မရသော ပညတ်တရားသည် အဆင့် ဆင့် အားခွန်ဗလ တိုးပွားအောင် တန်ခိုးဣဒ္ဓိ ထက်သန်အောင် အဘယ် မှာ ပွားများခြင်းငှာ ရအပ်ပါအံ့နည်း၊ သက်သက်သော ကောင်း ကင်ပညတ်ကို အရည် အရောင် တင်ခြင်းငှာ, မြမြထက်အောင် သွေးခြင်း ငှာ, တန်ခိုးဣဒ္ဓိပါဒ်ကြီးမားအောင် ပွားများခြင်းငှာ မရအပ်သကဲ့သို့တည်း။ [ဤကား-ဘာဝနာကိစ္စ၌ချ၍ ပရမတ်,ပညတ် ၂-ပါးခွဲခြမ်းပုံတည်း။]

ပဟာနကိစ္စ။ ။ ပဟာနကိစ္စ ဆိုသည်ကား - မကောင်းသော အညစ်တရားကို ပယ်ရှား ဖြတ်တောက်မှုပေတည်း၊ စိတ်သန္တာန်ဝယ် လွန်စွာဖြစ်ပွားသော လောဘ,ဒေါသ, မောဟ- တရားတို့သည် သတ္တဝါကို အပါယ်ငရဲ၌ ချကုန်၏၊ ထိုတရားတို့ကို တဒင်္ဂအားဖြင့် ပယ်ရှားလျှင် လူ့ချမ်းသာ, နတ်ချမ်းသာကို ရ၏၊ ဝိက္ခမ္ဘနအားဖြင့် ပယ်ရှားလျှင် ရူပ, အရူပဗြဟ္မာချမ်းသာကို ရ၏၊ သမုစ္ဆေဒအားဖြင့် ပယ်ရှားလျှင် လောကုတ္တရာ မဂ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာကို ရ၏။

ပရိညာနှင့်ရှာကြံ၍မှ မရကောင်းသော ပညတ်တရားမှာ အဘယ် ပညတ် လွန်စွာပွား၍ အပါယ် ၄-ပါးသို့ ကျရောက်သည်၊ အဘယ်ပညတ် ကို ပယ်ရှား၍ နတ်ရွာနိဗ္ဗာန်ကို ရသည်ဟု မရှိ၊ ပုဂ္ဂိုလ်, သတ္တဝါ, မိန်းမ, ယောက်ျားဟုထင် မှတ်သောပညတ်တရားသည် ဧကန်ရှိသော တရား မဟုတ်၍ မပယ်ရှားသော်လည်း အပါယ်သို့ မချနိုင်၊ လူဟူသော ပညတ် ကို ပယ်ရှား၍ နတ်ဟူသော ပညတ်, ဗြဟ္မာ ဟူသောပညတ်ကို ထင်မှတ် သော်လည်း နတ်, ဗြဟ္မာ ဖြစ်၍မသွား။

[ဤကား-ပဟာနကိစ္စ၌ချ၍ ပရမတ်,ပညတ် ၂-ပါး ခွဲခြမ်းပုံတည်း။]

သစ္ဆိကရဏကိစ္စ။။ သစ္ဆိကရဏကိစ္စ ဆိုသည်ကား ကိုယ်တွေ့ ဉာဏ်မြင် ၂-ပါးကို ဆိုကတည်း။

ကာယေန အမတံ ဓာတုံ ဖုသယိတွာ နိရူပဓိံ

[ဣတိဝုတ်ပါဠိတော်]

နိရူပဓိံ=ဥပဓိ ၄-ပါးမှ ကင်းလွတ်သော၊ အမတံဓာတုံ=အမြိုက် နိဗ္ဗာန်ဓာတ်ကို၊ ကာယေန=ကိုယ်ဖြင့်၊ ဖုသတိ=ဆိုက်တွေ့၍။

ပဟိတတ္တော သမာနော ကာယေန စေဝ ပရမံ သစ္စံ သစ္ဆိကရောတိ၊ ပညာဟ စ တံ ပဋိဝိဇ္ဈ ပဿတိ

[မဇ္ဈိမပဏ္ဏာသ စင်္ကီသုတ်။]

ပဟိတတ္တော=စွန့်လွှတ်အပ်သော ကိုယ်စိတ်ရှိသည်၊ သမာနော= ဖြစ်သည်ရှိသော်၊ ကာယေနစေဝ=ခန္ဓာပဉ္စက ကာယဖြင့်လည်း၊ ဝါ= နာမကာယဖြင့်လည်း၊ ပရမံသစ္စံ=အမြတ်ဆုံးဖြစ်သော နိရောဓသစ္စာကို၊ သစ္ဆိကရောတိ=မျက်မှောက်ပြုရ၏၊ ပညာယစ=မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခနာဉာဏ်ဖြင့်လည်း၊ တံ=ထိုနိရောဓသစ္စာကို၊ ပဋိဝိဇ္ဈ=ထိုးထွင်း၍၊ ပဿတိ=မြင်ရ၏။

ဤပါဠိတော်တို့ကို ထောက်၍ ကိုယ်တွေ့ဟူသော သစ္ဆိကရဏကို သိရမည်၊ အမြိုက်နိဗ္ဗာန်ကို အဘယ်သို့ ကိုယ်ဖြင့် တွေ့လေသနည်း ဟူမူကား ဦးခေါင်း၌ လောင်မီးကျ၍ တောက်လောင်၍ ထိုလောင်မီး ငြိမ်းရာ၌ လောင်မီး လောင်မှုသည်လည်း ကိုယ်အင်္ဂါ၌ဖြစ်၍ ကိုယ်တွေ့ ပင်ဖြစ်၏၊ မီးငြိမ်းမှုသည်လည်း ကိုယ်အင်္ဂါဖြစ်၍ ကိုယ်တွေ့ပင်ဖြစ်၏၊ ကိုယ်အင်္ဂါ၌ ကြီးစွာသော မြားကြီး, ငြောင့်ကြီး, ကျွတ်မှုမြားနာ, ငြောင့် နာငြိမ်းမှုသည်လည်း ကိုယ်အင်္ဂါမှာဖြစ်၍ ကိုယ်တွေ့ပင်ဖြစ်၏၊ ကိုယ်မှာ ကျောက်နာရောဂါ ဖြစ်၍ ပျောက်ငြိမ်းရာ၌ ကျောက်နာရောဂါ ပေါ် ပေါက်မှုသည်လည်းကိုယ် ကိုယ်တွေ့ပင်ဖြစ်၏၊ ထိုကျောက်နာ ရောဂါ၏ ပျောက်ငြိမ်းမှုသည်လည်း ကိုယ်တွေ့ပင်ဖြစ်၏၊ ဝမ်းတွင်း ရင်တွင်းမှာ လေနာရောဂါရောက်၍ ပျောက်ငြိမ်းရာ၌ လေနာရောဂါရောက်မှု, ပျောက်ငြိမ်းမှု ၂-ပါးသည် ကိုယ်တွေ့ချည်းတည်း။

အနာဂတ်မှုမျိုး၌လည်း တစ်ယောက်သောသူသည် တစ်ခုသော အပြစ် ဒဏ်ကြောင့် ယခုနေ့မှ ၁၀-ရက် တိုင်လျှင် ကြိုးဒဏ်ပေးစေဟု အမိန့်ကျလေ၏၊ ကြိုးဒဏ်မှုကြီး ရောက်လေ၏၊ ငါသည် ၁၀-ရက်တိုင် လျှင် သေရတော့မည်ဟု အလွန်ပူပန်ခြင်း ဖြစ်လေ၏၊ ၅-ရက်မြောက် တွင် လွတ်ငြိမ်းစေဟူသော အမန့်ကို ရပြန်လေ၏၊ ကြိုးဒဏ်မှ လွတ်၍ အလွန်ချမ်းမြေ့ခြင်း ဖြစ်ရလေ၏၊ ကြိုးဒဏ်သည် မိမိကိုယ်၌ ဆိုက်တိုက် သော ဘေးကြီးပေတည်း၊ ကြိုးဒဏ်ကြောင့် ပူပန်ရမှု, ကြိုးဒဏ်ငြိမ်း၍ အေးချမ်ရမှုတို့သည် မိမိစိတ်ထဲမှာ ထင်ရှားစွာ တွေ့ရသော ကိုယ်တွေ့ အမှုတို့ချည်းပေတည်း။

ရှေ့သို့ ရောက်လတ္တံ့သောအနေနှင့် ပူပန်ခြင်းဖြစ်ရသော အနာဂတ် ဘေးတို့၏ ပျောက်ငြိမ်းမှု ငြိန်းပေပြီဟု အေးချမ်းမှု အလုံးစုံ တို့မှာ ဤနည်း ချည်းသိလေ။

[ဤကား လောက၌ရှိကြသော ဘေးတို့၏ ဖြစ်မှု, ငြိမ်းမှု ကိုယ်တွေ့စုတည်း။]

ဤအတူ သက္ကာယဒိဋ္ဌိသည် နှလုံးသား၌ စူးမြုပ်၍ နေသောငြောင့်ကြီး တစ်စင်းပေတည်း၊ ဝိစိကိစ္ဆာသည် နှလုံးသား၌ စူးမြုပ်၍ ငြောင့်ကြီး တစ်စင်းပေတည်း၊ ၁၅၀၀-ကိလေသာတို့သည် နှလုံးသား၌ စူးမြုပ်၍နေကုန်သော ငြေင့်ကြီးပေါင်း ၁၅၀၀-တို့တည်း၊ ခပ်သိမ်းသော သတ္တဝါတို့အား ဖြစ်လေရာရာ နှလုံးတွင်းမှာ အစဉ်ပါ၍ နေကုန်သော ငရဲမျိုးစေ့တို့ပေတည်း၊ ငရဲအိုးတို့ပေတည်း၊ ငရဲမီးတို့ပေတည်း၊ ထို ၁၅၀၀- ကိလေသာတို့မှ ကျွတ်လွတ်ကြကုန်သော သူတို့သည် ဘဝများစွာ ပါရမီ တရားတို့၌ ဖြည့်ကျင့်ကြရကုန်၏၊ အဆုံးဘဝ၌လည်း သီလဝိသုဒ္ဓိတရား တို့ကို ဖြည့်ကျင့် ကြရကုန်၏။

သောတာပတ္တိမဂ်သို့ ဆိုက်ရောက်သောအခါ အလွန်ပူလောင် ကြပ်တည်းလှစွာသော သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာဟူသော သံငြောင့်ကြီး ၂-စင်းတို့သည် နှလုံးအိမ်တွင်းမှ ကျွတ်လွတ်ကြလေကုန်၏၊ ဒိဋ္ဌိ, ဝိစိကိစ္ဆာ တည်းဟူသော ငရဲမျိုးစေ့ကြီး နှစ်ပါးတို့သည်။ ငရဲအိုးကြီး ၂-လုံးတို့သည် ငရဲမီးကြီး ၂-ပါးတို့သည် နှလုံးအိမ်တွင်းမှ ကွယ်ပျောက် ချုပ်ငြိမ်းကြလေ ကုန်၏၊ ဘဝအဆက်ဆက်တို့၌ ပြုခဲ့သော အပါယ်ပဋိသန္ဓေကို ဖြစ်စေနိုင် သော အကုဋေမကသော ဒုစ္စရိုက်ကံတို့သည် အကုန်ကွယ်ပျောက် ချုပ်ငြိမ်းကြလေကုန်၏၊ ဖြစ်လေရာဘဝတို့၌ ကြောင့်ကြဖွယ်တစ်ခု ဖြစ်သော အပါယ်ဒုက္ခသည် အပြီးကင်းလွတ်လေ၏၊ သံငြောင့်ကြီး ၂- စင်း ကျွတ်မှုသည်လည်း ထိုပုဂ္ဂိုလ်၏ နှလုံးအိမ်တွင်းမှာ ကျွတ်မှုဖြစ်ပေ၍ ကိုယ်တွင်းမှာ တွေ့ရသော ကိုယ်တွေ့ပေတည်း။

ထိုသို့ တွေ့သော ကိုယ်တွေ့မှုကို “ကာယသစ္ဆိကရဏ” ဆိုသတည်း၊ “ကာယေန အမတံ ဓာတုံ ဖုသယိတွာ နိရူပဓိံ” ဟူသော ပါဠိတော် အတိုင်း ကိုယ်တွေ့ဟူ၍ ဆိုပေသည်၊ ထိုပုဂ္ဂိုလ်သည် ငါ့အားငြောင့်ကြီး ၂-စင်း ကျွတ်ပေပြီဟု ရှုမြင်သောအခါ ဉာဏ်တွေ့ဖြစ်ကြပြန်၏။

[ကိုယ်တွေ့ ဉာဏ်တွေ့ ၂-ပါး]

အထက်ဥပမာ၌ မြားကြီး, ငြောင့်ကြီး စူးသောသူမှာ ထိုမြားငြောင့် တို့၏ စူးမှု, နာကျင်မှုတို့သည်လည်း ကိုယ်အဂ်ါမှာ တွေ့ရသော ကိုယ်တွေ့ ပင် ဖြစ်ကုန်၏၊ ထိုမြားထိုငြောင့်တို့၏ ကျွတ်မှု, အနာအကျင်ပျောက်ငြိမ်း မှုတို့သည်လည်း ကိုယ်အဂ်ါမှာတွေ့ရသော ကိုယ်တွေ့ပင်ဖြစ်ကုန်၏၊ ဤ ဥပမာ၌ ငါ၏ ကိုယ်အဂ်ါမှာ စူးသော မြှားကြီး, ငြောင့်ကြီး ကျွတ်လေပြီ၊ ငါ၏ကိုယ်အင်္ဂါမှာ မြှားနာ, ငြောင့်နာ ပျောက်ငြိမ်းပေပြီ- ဟု ရှုမြင်သော အခါ စိတ်တွေ့, ဉာဏ်တွေ့ ဖြစ်ပြန်သကဲ့သို့ မှတ်လေ။

နှလုံးတွင်းမှာ အစဉ်ပါ၍နေသော ငရဲမျိုးစေ့တို့၏ ပျက်ဆုံးမှု၊ ငရဲအိုးကြီးတို့၏ ပျောက်ကွယ်မှု၊ ငရဲမီးကြီးတို့၏ သေငြိမ်းမှု၊ အပါယ်၌ ပစ်ချနိုင်ကုန်သော ဒုစရိုက်ကံတို့၏ ချုပ်ငြိမ်းမှု, နောင်ဖြစ်လတ္တံ့သော အပါယ်ဘဝတို့၏ ချုပ်ငြိမ်းမှုတို့သည်လည်း ထိုသက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာအချုပ်တွင် တစ်ချက်တည်းပြီးကြလေကုန်၏။

[အထက်ကပြဆိုခဲ့သော ဥပမာစုနှင့်တိုက်၍သိလေ]

နောင်အပါယ်ငရဲ၌ ဖြစ်ပေါ် လတ္တံ့သော ခန္ဓာအဆက်ဆက်တို့၏ ချုပ်ငြိမ်းမှုကိုလည်း သောတာပတ္တိမဂ် အဆိုက်မှာ အပြီးအပိုင် ရလေ၏၊ ရောက်လေ၏၊ ငါ့အားအပါယ်ခန္ဓာစု အကုန်ချုပ်ငြိမ်းပေပြီ၊ အပါယ်ဘေးမှ လွတ် ငြိမ်းပေပြီဟု အပြီးစိတ်ချရလေ၏၊ ပီတိ သောမနဿအနပ္ပကန်း ဖြစ်ရလေ၏၊ နောင်အပါယ်ငရဲ၌ ဖြစ်ပေါ်လတ္တံ့ဟူသော အသံကို နား ယောင်၍ ပါယ်ခန္ဓာတို့၏ ချုပ်ငြိမ်းမှုကိုလည်း နောင်သောအခါမှ ရလတ္တံ့, ရောက်လတ္တံ့ဟု အထင်ကပ်၍နေတတ်၏။

သောတာပတ္တိမဂ်ခဏ၌ ထိုဒိဋ္ဌိ, ဝိစိကိစ္ဆာ- စသည်တို့၏ ချုပ်ငြိမ်းမှုသည် “အသင်္ခတမဟာနိဗ္ဗာန်ကြီး“ပင် တည်း၊ ထိုပုဂ္ဂိုလ်၏သန္တာန်၌ အချို့သော ကိလေသာ, အချို့သောခန္ဓာ အကြွင်းအကျန်ရှိသေးသည်ကို အကြောင်း ပြု၍ ထိုအသင်္ခတမဟာနိဗ္ဗာန်ကြီးကို “သဥပါဒိသေသနိဗ္ဗာန်” ဟုခေါ်ဆိုရလေသတည်း။

သောတာပတ္တိမဂ်ခဏ၌ ထိုဒိဋ္ဌိ, ဝိစိကိစ္ဆာ-စသည်တို့၏ချုပ်ငြိမ်းမှု သည် အစဉ်ထာဝရ အမြဲတည်သော အမှုပေတည်း၊ အနုပါဒိသေသ နိဗ္ဗာန်နှင့် တစ်ပြင်တည်း တစ်ဆက်တည်း တစ်ခုတည်းပေတည်း၊ မြားကြီး, ငြောင့် ကြီးတို့၏ ကျွတ်မှု, မြားနာ, ငြောင့်နာတို့၏ ပျောက်ငြိမ်းမှုသည် ကိုယ်တွင်းမှာ တွေ့ရ၍ ကာယသစ္ဆိကရဏ ဖြစ်ရသကဲ့သို့ ပညတ်တရား တို့မှ ကိုယ်တွင်းမှာ တွေ့ရသော “ကာယသစ္ဆိကရဏပညတ်” ဟူ၍ တစ်စုံ တစ်ခုမျှမရှိ။

ပရမတ္ထအားဖြင့် ဣတ္ထိဘာဝရှိသောသူကို ယောကျ်ား- ဟူသော သမ္မုတိ ပညတ်စွဲမှတ်တင်စား၍ ယောက်ျား ဖြစ်လာသည်ဟူ၍ မရှိ၊ ပုရိသဘာဝရှိ နေသောသူကို မိန်းမဟူသော သမ္မုတိပညတ် စွဲမှတ်တင်စား ၍ မိန်းမဖြစ်လာသည်ဟူ၍ မရှိ၊ ရှေးကုသိုလ်ကံနည်း၍ ဆင်းရဲဒုက္ခိတ ဖြစ်နေသောသူကို မောင်ချမ်းသာ, မောင်ကြွယ်ဝ, မောင်သုခ, မောင် သူဌေးဟူသော သမ္မုတိ ပညတ်စွဲမှတ်တင်စား၍ လူချမ်းသာဖြစ်လာသည်၊ လူကြွယ်ဝဖြစ်လာသည် ဟူ၍ မရှိ၊ အနာရောဂါနှိပ်စက်၍ နေသောသူကို “မောင်မာကျန်း” ဟူသော ပညတ်စွဲမှတ်ခေါ်ဝေါ်၍ အနာရောဂါ ကင်း ရှင်းသည် ဟူ၍ မရှိ၊ ဤသို့လျှင် ပညတ်တရားမည်သည် ကိုယ်သန္တာန်မှာ ကိုယ်တွေ့ဒိဋ္ဌတွေ့ကြုံရသော “ကာယသစ္ဆိကရဏ” ဧကန္တရှိ၏၊ အမြိုက်နိဗ္ဗာန်ကြီးကို မဆိုထားဘိဦး၊ လောက၌ တစ်စုံတစ်ယောက်သော သူမှာ အဖျားရောဂါ ကပ်ရောက်၍ တစ်ကိုယ်လုံး ပွပ်ပွက်ဆူ ပူလောင် လှ၍ ရပ်တည်မရ လူးလဲ၍နေလေရာ အဖျားရောဂါကို နိုင်နင်းလှသော ဝိဇ္ဇာမယ ဓာတ်ဆေးကို သောက်မျိုရ၍ ခဏချင်း ပျောက်ငြိမ်း လေရာ ထိုအဖျားရောဂါ၏ ပျောက်ငြိမ်းအေးချမ်းမှုသည် ထိုသူမှာ ကိုယ်တွေ့ဒိဋ္ဌ ဧကန္တဖြစ်၏၊ ချမ်းသာပေပြီ၊ ငြိမ်းပေပြီ၊ အေးပေပြီ ဟုပြော၍ မဆုံးနိုင်၊ ဝမ်း မြောက်ဝမ်းသာ၍ မဆုံးနိုင်ရှိ၏။

၁။ ခေါင်းခဲနာ, ခေါင်းကိုက်နာတို့၏ ခေါင်းမှာဖြစ်ပွားမှု၊ ခေါင်းမှာ ပျောက်ငြိမ်းမှု။

၂။ မျက်စိနာတို့၏ မျက်စိမှာဖြစ်ပွားမှု၊ မျက်စိမှာပျောက်ငြိမ်းမှု။

၃။ နားကိုက်နာတို့၏ နားမှာဖြစ်ပွားမှု၊ နားမှာ ပျောက်ငြိမ်းမှု။

၄။ နှာခေါင်းနာတို့၏ နှာခေါင်းမှာ ဖြစ်ပွားမှု၊ နှာခေါင်းမှာ ပျောက်ငြိမ်းမှု။

၅။ ခံတွင်းနာ, သွားနာ, လျှာနာတို့၏ ခံတွင်း, သွား, လျှာတို့မှာ ဖြစ်ပွားမှု၊ ခံတွင်း, သွား, လျှာတို့မှ ပျောက်ငြိမ်းမှု။

၆။ အဆုတ်မှာ ဖြစ်သော အနာတို့၏ အဆုတ်မှာ ပျောက်ငြိမ်း မှု။

၇။ အသည်းမှာ ဖြစ်သော အနာတို့၏ အသည်းမှာ ပျောက် ငြိမ်းမှု။

ဤသို့ အစရှိသည်ဖြင့် ထိုထို ကိုယ်တွင်းအင်္ဂါမှာ ဖြစ်ပွားကုန်၍ ထိုထို ကိုယ်တွင်းအင်္ဂါမှာ ပျောက်ငြိမ်းမှုတို့သည် ထိုသူမှာ ကိုယ်တွေ့ ဒိဋ္ဌဧကန္တဖြစ်၏၊ ချမ်းသာပေပြီ၊ ငြိမ်းပေပြီ၊ အေးပေပြီဟု ပြောမဆုံးနိုင်၊ ဝမ်းမြောက်ဝမ်းသာ၍ မဆုံးနိုင်ရှိကြရကုန်၏။

[ဤကား - ရူပကာယ၌ ဖြစ်သော အနာရောဂါတို့၏ ရူပကာယ၌ ပျောက်ငြိမ်းမှုကို ရူပကာယတည်းဟူသော ကိုယ်ဖြင့် ကိုယ်တွေ့ဒိဋ္ဌ ဖြစ်ကြပုံတည်း။]

အလွန်ချစ်ခင်လှစွာသော သား, မယားတို့၏ သေဆုံးမှုကြောင့် အပြင်း အထန်ပူပန် ပင်ပန်း၍နေသောသူတို့အား ပညာရှိတို့၏ တရား စကားကို ကြားနာရ၍ခဏချင်း အေးငြိမ်းကြရာ၌ စိတ်သန္တာန်ဟု ဆိုအပ်သော နာမကာယ၌ ဖြစ်ပွားသော သောက, ဒုက္ခနာတို့၏ နာမ ကာယ၌ ပြေပျောက်အေးငြိမ်းမှုကို နာမကာယတည်းဟူသော ကိုယ်တွေ့ ဒိဋ္ဌဖြစ်ကြရကုန်၏။

ဣဋ္ဌဝတ္ထု ပိယဝတ္ထုတို့၏ ပျောက်ပျက် ဆုံးပါးမှုကြောင့် ခပ်သိမ်း သော စိတ်၏ ပူပန်ပင်ပန်းမှု ခဏချင်း အေးငြိမ်းရာ ဟူသမျှတို့မှာ ဤနည်းတူသိလေ။

မင်းဘေးသင့်၍ ယနေ့မှ နောက် ၃-ရက်မြောက်၌ အသက်ခန္ဓာ အဆုံး စီရင်စေဟု မင်းမိန့်အာဏာကျပြီး သောသူအား အသက်ခန္ဓာကို ချွေတတ်သော လက်နက်ဒဏ်ချက်ကို ၃-ရက်မြောက်သောနေ့မှာ ရူပကာယ၌ ဆိုက်ရောက် လတ္တံ့၊ ရူပကာယဖြင့်ကိုယ်တွေ့ဒိဋ္ဌဖြစ်ရလတ္တံ့၊ ငါသည် သေရတော့မည်ဟု စိတ်နှလုံး ပူဆွေးမှုမှာမူကား အမိန့် အာဏာ စကားကို ကြားရသည်နှင့် တစ်ပြိုင်နက် စိတ်သန္တာန်ဟူသော နာမ ကာယ၌ ဆိုက်ရောက်လေ၏၊ နာမကာယဖြင့် ကိုယ်တွေ့ဒိဋ္ဌ ဖြစ်ရ လေ၏။

ထိုသူသည် အလွန်ပူဆွေး၍ နေစဉ် ကယ်ဆယ်သူရှိ၍ ဒုတိယ နေ့မှာ လွတ်ငြိမ်းစေ ဟူသော အမိန့်ကိုရလေ၏၊ တတိယနေ့သို့ဆိုက်လျှင် ရူပကာယ၌ ဆိုက်ရောက်လတ္တံ့သော သေဘေးသည် လွတ်ငြိမ်းစေ ဟူသော အမိန့်ထုတ်ပြန်သည်နှင့် တစ်ပြိုင်နက် ရူပကာယ၌ လွတ်ငြိမ်း လေ၏၊ စိတ်နှလုံး၌ ဆိုက်တိုက်၍ နေသောပူဆွေးမှု-သည်ကား လွတ် ငြိမ်းစေဟူသော အမိန့်ကို မိမိနား၌ ကြားသောအခါမှနာမကာယ၌ လွတ်ငြိမ်းလေ၏၊ စိတ်နှလုံး၏ အေးငြိမ်းမှုသည် စိတ်နှလုံးတွင် အထင် အရှား ကိုယ်တွေ့ဒိဋ္ဌ ဖြစ်ရလေ၏။

ရူပကာယ၌ ဆိုက်တွေ့သော လွတ်ငြိမ်းမှုတစ်ပါး, နာမကာယ၌ ဆိုက် တွေ့သော လွတ်ငြိမ်းမှုတစ်ပါး ဤသို့လျှင် ရှိကြသော တဒင်္ဂငြိမ်းမှု စုမှာပင် “ကာယသစ္ဆိကရဏ” ဧကန္တရှိသေး၏။

အနမတဂ္ဂသံသရာ၌ အဇ္ဈတ္တသန္တာန်၌ ဖြစ်၍လာခဲ့သော သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ-အစရှိသော အပူအလောင် တရားတို့၏ အကြွင်းမဲ့ ကွယ်ပျောက် ချုပ်ငြိမ်းခြင်းဟူသော အမြိုက်နိဗ္ဗာန်ကြီးမှာမူကား အဘယ်မှာ “ကာယသစ္ဆိ ကရဏ” ဧကန္တ မရှိဘဲ နေပါအံ့နည်း၊ ရှိသည် မှန်၏၊ သောတာပန်ပုဂ္ဂိုလ်အား ငါ၏စိတ်သန္တာန်မှာ အစဉ်ပါ၍နေသော ဒိဋ္ဌိ, ဝိစိကိစ္ဆာသည် ယခုပျောက်ငြိမ်းပေပြီ၊ ချုပ်ငြိမ်းပေပြီ၊ ကျွတ်လွတ် ပေပြီ၊ ငါ၏ကိုယ်မှာ အစဉ်ပါ၍နေသော အကုသလ ကမ္မပထတရား တို့သည် ယခုပျောက်ငြိမ်းပေကုန်ပြီ၊ ချုပ်ငြိမ်းပေကုန်ပြီ၊ ကျွတ်လွတ် ပေကုန်ပြီ၊ ရှေ့ကဆီး၍နေသော အပါယ်ဘေးတို့သည်လည်း ယခု ပျောက်ငြိမ်းပေကုန်ပြီ၊ ချုပ်ငြိမ်းပေကုန်ပြီ၊ ကျွတ်လွတ်ပေကုန်ပြီ ဟု အသက်ထက်ဆုံး ဝမ်းမြောက်၍ မဆုံးနိုင်ရှိလေ၏။

ဤမျှလောက်ကာယသစ္ဆိကရဏ, ဉာဏသစ္ဆိကရဏ ကိစ္စ ၂-ပါး တို့ဖြင့် ကိုယ်မှာ ဒိဋ္ဌတွေ့ကြုံရသော နိဗ္ဗာန်သည် အဘယ်မှာ ပရမတ္ထအား ဖြင့် ထင်ရှားရှိသော တရားမဟုတ်ဘဲ ရှိချေအံ့နည်း။

ဤတွင်ရွေ့ကား ကိလေသာဓမ္မ, ခန္ဓာဓမ္မတို့၏အဖြစ်ငြိမ်းမှု, ချုပ်ငြိမ်းမှုကို နိဗ္ဗာန်ဆိုခဲ့သော် ထိုနိဗ္ဗာန်သည် အဘယ်သို့လျှင် ပရမတ် အားဖြင့် ထင်ရှားရှိပါ သနည်းဟူသော။

ပထမပုစ္ဆာ ဖြေဆိုချက်ပြီး၏

* * * * *

ဒုတိယပုစ္ဆာဖြေဆိုချက်

အဘယ်သို့လျှင် အတုမရှိ မြင့်မြတ်သော ပရမသုခ ဖြစ်ပါသနည်း ဟူသော ဒုတိယပုစ္ဆာ၌

သုခသည်

၁။ သန္တိသုခ
၂။ ဝေဒယိသုခ

ဟူ၍ လောက၌ သုခ ၂- မျိုး ထင်ရှားရှိကြသည်။

သန္တိသုခ။။ သန္တိသုခ, ဆိုသည်ကား ဖြစ်ပွားနှိပ်စက်၍ နေသော အနိဋ္ဌဓမ္မ, ဝိပတ္တိဓမ္မတို့၏ ပျောက်ငြိမ်းမှု လွတ်ငြိမ်းမှု ဟူသော သန္တိ သုခမျိုး။

မကြာမီ ဧကန္တ တွေ့ကြုံရတော့မည်ဟု နှလုံးပူဆွေး၍ နေရသော အနိဋ္ဌဓမ္မ, ဝိပတ္တိဓမ္မတို့၏ ပျောက်ငြိမ်း မှု, လွတ်ငြိမ်းမှုဟူသော သန္တိ သုခတစ်မျိုး။

တွေ့ချိမ့်မည်လား၊ တွေ့၍ထားလျှင် ပြီးပါပြီ၊ ခက်ပါပြီ ဟုကြံ၍ ပူဆွေး ရသော အနိဋ္ဌဓမ္မ, ဝိပတ္တိဓမ္မတို့၏ ပျောက်ငြိမ်းမှု, လွတ်ငြိမ်းမှု ဟူသော သန္တိသုခတစ်မျိုး။

ဤ ၃-မျိုးသော သုခတို့သည်ခံစား စံစားရာ တစ်စုံတစ်ခုသော ဝတ္ထုကိုရ၍ ခံစား စံစားရသော သုခမျိုးမဟုတ်ကုန်၊ စင်စစ်သော်ကား ဆိုက်တိုက်၍နေသော အနိဋ္ဌဓမ္မ, ဝိပတ္တိဓမ္မတို့မှ လွတ်ငြိမ်းသော သန္တိ သုခမျိုးတို့သာတည်း၊ ဤသန္တိသုခမျိုးတို့မှာ တစ်စုံတစ်ခုသော ဝတ္ထုတို့ကို မရသည့်ပြင် မိမိတို့ကပင် ဆိုက်ရောက်သော ဥပါဒ်ဘေးရန် အားလျော်စွာ ရွှေ, ငွေ, အသပြာ, ဥစ္စာပစ္စည်း အကုန်ခံ၍ လွတ်ငြိမ်းမှုကို ရအောင် အားထုတ်ကြရကုန်၏။

တစ်မူးတန် အကုန်ခံမှ ရသော လွတ်ငြိမ်းမှု။

တစ်မတ်တန် အကုန်ခံမှ ရသော လွတ်ငြိမ်းမှု။

ငါးမူးတန်, တစ်ကျပ်တန် အကုန်ခံမှ ရသော လွတ်ငြိမ်းမှု။

တစ်ဆယ်တန် အကုန်ခံမှ ရသော လွတ်ငြိမ်းမှု။

နှစ်ဆယ်တန်, သုံးဆယ်တန်, လေးဆယ်တန် ငါးဆယ်တန်, တစ်ရာတန်, နှစ်ရာတန်, သုံးရာတန်, လေးရာတန်, ငါးရာတန်, တစ်ထောင်တန် အကုန်ခံမှ ရသော လွတ်ငြိမ်းမှု။

နှစ်ထောင်တန်, သုံးထောင်တန်, လေးထောင်တန်, ငါးထောင်တန်, တစ်သောင်းတန်, တစ်သိန်းတန်, တစ်သန်းတန် အကုန်ခံမှ ရသော လွတ်ငြိမ်းမှု။

မိမိပိုင်ထိုက်သော သက်ရှိ, သက်မဲ့ကို အကုန်စွန့်မှ ရသော လွတ်ငြိမ်းမှု။

မြို့ရွာ တိုင်းပြည်ကို စွန့်မှ ရသော လွတ်ငြိမ်းမှု။

အပါယ်ဘေး ဆိုက်ရောက်သည်ဖြစ်၍ မိမိအသက်ကိုစွန့်မှ ရသော လွတ်ငြိမ်းမှု။

ဤသို့လျှင် ဆိုက်ရောက်သော ဘေးဥပဒ်အားလျော်စွာ မိမိလက်ရှိ စည်းစိမ်တို့ကို စွန့်လွှတ်မှ အကုန်ခံရသော သုခမျိုးသည် သန္တိသုခမျိုး မည်၏။

ဇီဝက ဝတ္ထု၌ သာကေတမြို့နေ သူဌေးကတော်သည် ဦးယဉ်း ခေါင်းခဲနာ နှစ်ရှည်လများ စွဲကပ်လေရာ ဇီဝက ဆရာအား ၄-သိန်းသော အသပြာပေး၍ လွတ်ငြိမ်းမှုကို ရလေ၏။

ရာဇဂြိုဟ် သူဌေးသည် ဦးယဉ်းခေါင်းခဲနာ လွတ်ငြိမ်းမှုတစ်ခုကို ရပါမည့် အတွက်နှင့်သက်ရှိ, သက်မဲ့ အကုန်ပေးပါမည် ဟုဆိုရလေ၏။

တစ်ပါးသော မင်းသည် တစ်ယောက်သော မင်း၏ ထီးနန်းကို လုယက်သောအခါ ထီးနန်း တိုင်းပြည်နှင့်တကွ မင်း၏စည်းစိမ်ကို အကုန် ပေးမှ အသက်ဘေး လွတ်ငြိမ်းမှုတစ်ခုကို ရလေ၏။

ဤသို့လျှင် တစ်စုံတစ်ခုသော ဝတ္ထုကိုမရမူ၍ မိမိလက်ရှိ ဝတ္ထု တို့ကိုပင် ပေးစွန့်၍ယူရသော အနိဋ္ဌဘေး, ဝိပတ္တိဘေးတို့၏ လွတ်ငြိမ်း ချမ်းသာမှုသည် သန္တိသုခမျိုးမည်၏။

ဝေဒယိတသုခ။။ မိမိ၌ ရရှိသော လူ့စည်းစိမ်, နတ်စည်းစိမ် တို့ကို ခံစားမှု, စံစားမှုသည် ဝေဒယိတသုခမျိုး မည်၏၊ ဤသို့လျှင် သုခသည် သန္တိသုခ, ဝေဒယိသုခဟူ၍ လောက၌ သုခမျိုး ၂-ပါး ထင်ရှား ရှိကြလေသတည်း။

ထိုသုခမျိုး ၂-ပါးတို့တွင် သန္တိသုခမျိုးသည်သာ အကြီးအကဲ အထွတ်အမြတ်ဖြစ်ပေ၏၊ ဝေဒယိတသုခမျိုးသည်ကား အယုတ်အညံ့ သာ ဖြစ်၏။

ပြဆိုခဲ့ပြီးသော ဇီဝကဝတ္ထု၌ အကုဋေများစွာ ချမ်းသာသော ဝေဒယိတ သုခကိုစွန့်၍ ဦးယဉ်းခေါင်းခဲနာ ပျောက်ငြိမ်းခြင်းဟူသော သန္တိသုခ တစ်ခုကို ယူရ၏။

တိုင်းပြည်ထီးနန်းနှင့်တကွ အလုံးစုံသော မင်း၏စည်းစိမ် ဟုဆို အပ်သော ဝေဒယိတသုခကိုစွန့်၍ အသက်ဘေး၏ လွတ်ငြိမ်းခြင်း ဟူသော သန္တိသုခတစ်ခုကို ယူရ၏။

အဇ္ဈတ္တဘေးရန်, ဗဟိဒ္ဓဘေးရန်တို့ဖြင့် ပူပန်ပင်ပန်း၍ သန္တိသုခကို မရသောသူအားမိမိ လက်ရှိဖြစ်သော စကြာမန္ဓာတ် မင်းစည်းစိမ်သော်မှ လည်း အကျိုးမရှိ၊ အချည်းနှီးသာဖြစ်၏၊ ဤသို့သော ယုတ္တိကြောင့် ဝေဒယိတ သုခမျိုးတို့ထက် သန္တိသုခမျိုးတို့သာလျှင် သာလွန်မြင့်မြတ် ကြောင်းကို သိရာ၏။

ထိုသန္တိသုခမျိုးသည် လောက၌ ထိုထိုဒုက္ခဓမ္မတို့နှင့် တွေ့ကြုံ ရသော သူတို့၏ကိုးကွယ်ရာဖြစ်၏၊ ရှေ့သို့ တွေ့ကြုံရလတ္တံ့သည်ကို မြော်မြင်၍ စိုးရိမ်တတ်သောသူတို့၏ကိုးကွယ်ရာဖြစ်၏၊ အနာရောဂါ နှိပ်စက်သော သူတို့အား ထိုအနာရောဂါ၏ ချုပ်ငြိမ်းမှုဟူသော ဓမ္မဓာတ် တစ်ခုသည်သာ ကိုးကွယ်ရာ အစစ်ဖြစ်၏၊ အနာရောဂါ၏ ချုပ်ငြိမ်းမှု ဟူသော ဓမ္မဓာတ်တစ်ခုသည်သာ အနာရောဂါကိုနိုင်သော ဓာတ်ရှိ၏၊ ထို ဓာတ်မှတစ်ပါး အနာရောဂါကို နိုင်သော ဓာတ်ဟူ၍ တစ်စုံတစ်ခုမျှ မရှိ၊ ထိုဓာတ်ကိုရခြင်းငှာ ဆေးဝါးဓာတ်စာကို မှီဝဲရသည်၊ ဆေးဝါး ဓာတ်စာသည် အနာရောဂါကို နိုင်ရင်း ဓာတ်စစ်မဟုတ်။

ဤနည်းအတိုင်း ခပ်သိမ်းသော ဒုက္ခမျိုးတို့မှာလည်း ချုပ်ငြိမ်းမှု ဟူသော ငယ်နိုင်ဓာတ် အသီးသီးရှိကြသည်ကို သိလေ။

အကြင်သတ္တဝါတို့အား မိမိတို့၏ စိတ်သန္တာန်မှာ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ တရားပါရှိနေ၏၊ ထိုသတ္တဝါတို့အား ငရဲကြီး ၈-ထပ်သို့ ကျရောက်မှု တန်းလန်း ရှိနေ၏၊ ဘဝဂ်ဘုံ၌ဖြစ်သော်လည်း ထိုအမှုတန်း လန်းပင်တည်း၊ ထို့အတူ ဥဿဒငရဲ ၁၂၈-ထပ်သို့ ကျရောက်မှု တန်းလန်း ရှိနေ၏၊ ခပ်သိမ်းသော ပြိတ္တာမျိုး ခပ်သိမ်းသော အသုရကာယ်မျိုး, ခပ်သိမ်းသော တိရစ္ဆာန်မျိုးသို့ ကျရောက်မှု တန်းလန်းရှိနေ၏။

ထိုအတူ ခပ်သိမ်းသော အနာဆိုး, ရောဂါဆိုးတို့နှင့် တွေ့ကြုံရန် အမှု တန်းလန်း ရှိနေ၏၊ ခပ်သိမ်းသော လက်နက်မျိုး, ခပ်သိမ်းသော မီးဘေးမျိုး, ခပ်သိမ်းသော ရေဘေးမျိုး, ခပ်သိမ်းသော မင်းဘေးမျိုး, ခပ်သိမ်းသောဓားပြ ခိုးသူရန်သူဘေးမျိုးတို့နှင့် တွေ့ကြုံရန် အမှုတန်း လန်းရှိနေ၏။

ထိုအတူ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ ရှိနေသော သူတို့အား ဘဝဂ် ဘုံမှာ ဖြစ်၍ပင်နေသော်လည်း မုဆိုးဖြစ်ရန် အမှုတန်းလန်းနှင့်သာ နေရ၏၊ တံငါဖြစ်ရန်အမှုတန်းလန်းနှင့်သာ နေရ၏၊ သူခိုးဖြစ်ရန်, ဓားပြဖြစ်ရန်, အမိသတ် ယောက်ျားဖြစ်ရန်, အဘသတ် ယောက်ျားဖြစ်ရန်, ရဟန္တာသတ်ယောက်ျားဖြစ်ရန်, ဘုရားကို သွေးစိမ်းတည်အောင် ပြုရန်, သံဃာကို အသင်းခွဲရန် အမှုတန်းလန်းနှင့်သာ ဘဝဂ်ဘုံ ဖြစ်နေရ၏။

ထို့အတူ ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိဆရာကြီးဖြစ်ရန်, ကမ္ဘာပျက်၍မှ အဝီစိငရဲက မလွတ်ရသော နိယတမိစ္ဆာဒိဋ္ဌိ ဆရာကြီးဖြစ်ရန် အမှုတန်း လန်းနှင့်သာဘဝဂ်ဘုံမှာ ဖြစ်နေရ၏၊ လူ့ဘုံ, နတ်ဘုံ အောက်အောက် သော ဗြဟ္မာ့ဘုံတို့မှာ ဆိုဖွယ်ရာမရှိပြီ။

ရှေ့သို့ကိုယ်တွေ့ကြုံရန်, ကျရောက်ရန် ဆိုခဲ့ပြီးသော အမှုတန်း လန်း ပေါင်းကိုယ်တွင်းမှာ အနန္တနှင့် ခံစား, ခံစားရသော လူ့ချမ်းသာ, နတ်ချမ်းသာ,ဗြဟ္မာ့ ချမ်းသာစုသည် ထိုတန်းလန်းမှုတို့၏ အသင်းအပင်း စုသာတည်း၊ သောတာပတ္တိမဂ်ကိုရသောအခါမှ ထိုတန်းလန်းမှု အလုံးစုံ တို့သည် အကုန်ကျွတ်လွတ် ချုပ်ငြိမ်းလေကုန်၏။

ထို့ကြောင့်

ပထဗျာ ဧကရဇ္ဇေန၊ သက္ကဿ ဂမနေန ဝါ။

သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံဝရံ။

ဟူ၍ ဓမ္မပ၌ ဟောတော်မူလေ၏။

ပထဗျာ=လေးကျွန်းတစ်ခွင် မြေအပြင်၌၊ ဧကရဇ္ဇေန ဝါ=တစ် ယောက်တည်းသော စကြာမင်း၏ စည်းစိမ်ထက်လည်းကောင်း၊ သဂ္ဂဿ= နတ်ပြည် ၆-ထပ်သို့၊ ဂမနေန ဝါ=ရောက်၍ ခံစံရသော နတ်စည်းစိမ် ထက်လည်းကောင်း၊ သဗ္ဗလောကာဓိပစ္စေန ဝါ=အလုံးစုံသော လောက တို့၏ အကြီးအကဲဖြစ်သော ဗြဟ္မာမင်းကြီး၏ စည်းစိမ်ထက်လည်း ကောင်း၊ သောတာပတ္တိဖလံ=သောတာပတ္တိဖိုလ်သည်၊ ဝရံ=သာလွန် ထွတ်မြတ်၏။

သောတာပတ္တိမဂ်, သောတာပတ္တိဖိုလ်ကို ရသောအခါ ထိုပြဆိုခဲ့ ပြီးသော အမှုတန်းလန်းစုတို့၏ အကုန်အစင် လွတ်ငြိမ်းခြင်းဟူသော “သန္တိသုခ အသင်္ခတ ဓာတ်ကြီး” ကိုရလေ၏၊ ထို့ကြောင့် သောတာပတ္တိ ဖိုလ်ကို စကြာမင်းစည်း စိမ်, နတ်မင်းစည်းစိမ်, ဗြဟ္မာမင်းစည်းစိမ်တို့ထက် မြတ်သည်ဟု ဟောတော်မူပေသတည်း၊ များစွာသော အနာကြီး ရောဂါကြီးတို့၏ ချုပ်ငြိမ်းမှုဟူသော သန္တိသုခကို ပေးပေနိုင်သောကြောင့် ဆေးကို အထွက်အမြတ် ချီးအပ်သကဲ့သို့မှတ်။

ဆိုအပ်ခဲ့ပြီးသော အမှုတန်းလန်းနှင့်ခံစား စံစားရသော စကြာမင်း, နတ်မင်း, ဗြဟ္မာမင်းတို့၏ အဖြစ်ထက် သောတာပန်အဖြစ်ကိုရသော “သုပ္ပဗုဒ္ဓ” အမည်ရသော လူနူကြီး၏အဖြစ်သည် အဆများစွာ သာလွန် မြင့်မြတ်လေ၏။

ဤတွင်ရွေ့ကား-ကိလေသာဓမ္မ, ခန္ဓာဓမ္မတို့၏အဖြစ်ငြိမ်းမှု, ငြိမ်းမှုကို နိဗ္ဗာန်ဆိုခဲ့သော် ထိုနိဗ္ဗာန်သည် အဘယ်သို့လျှင် လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့ထက်အဆများစွာ သာလွန်မြင့်မြတ်သော “ပရမသုခ” ဖြစ်နိုင်ပါအံ့နည်းဟူသော ဒုတိယပုစ္ဆာ ဖြေဆိုချက်ပြီး၏၊ * * * * * * * * * *

---

တတိယပုစ္ဆာ ဖြေဆိုချက်

ကိလေသာဓမ္မ, ခန္ဓာဓမ္မတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှု, ချုပ်ငြိမ်းမှုကို နိဗ္ဗာန်ဆိုခဲ့သော် ထိုနိဗ္ဗာန်သည် အဘယ်သို့လျှင် ဂမ္ဘီရ, ဒုဒ္ဒသ,သဏှ, သုခုမစသော အနန္တဂုဏ်နှင့် ပြည့်စုံပါသနည်းဟူသော တတိယပုစ္ဆာ၌

နိဗ္ဗာန်သို့ မဆိုက်ဘဲ သံသရာ၌ တသွားတည်းသွား၍ နေခဲ့သော် သံသရာ ဘဝဒုက္ခနယ်ကြီးသည် အဘယ်မျှလောက် ကြီးကျယ် ရှည် လျားလိမ့်မည်ဟု အနမတဂ္ဂကြီးကျယ်ရှည်လျားကို မြော်လေ။

ထိုအနမတဂ္ဂ ကြီးကျယ်ရှည်လျားသော သံသရာဘဝဒုက္ခဝဋ်ကြီး၏ ချုပ်ငြိမ်းမှုသည် နိဗ္ဗာန်ဖြစ်ပေသောကြောင့် ထိုဒုက္ခဝဋ်ကြီးကျယ်သမျှ, ရှည်လျားသမျှသည် နိဗ္ဗာန်၏ အတိဂမ္ဘီရဂုဏ်ပေတည်း။

ထိုအနမတဂ္ဂ ဒုက္ခဝဋ်ခင်းကြီးမှာ ဒုက္ခပေါင်း အကပ္ပမေယျ အနန္တ များပြားမှုသည် နိဗ္ဗန်မှာ သန္တဂုဏ်ပေါင်း အနန္တ, ပဏီတဂုဏ်ပေါင်း အနန္တ, သုခဂုဏ်ပေါင်း အနန္တ ဖြစ်လေသတည်း။

အဝိဇ္ဇာ မောဟ ဟူသော ဓာတ်တစ်ခု၏ မကောင်း ဆိုးရွားသော အလားသည် အဘယ်မျှ ကြီးကျယ် ရှည်လျားသနည်း-ဟု မြော်မိလျှင် ထိုအဝိဇ္ဇာမောဟ ဟူသောဓာတ်တစ်ခု၏ ချုပ်ငြိမ်းမှုမှာ ဂုဏ်ကျက်သရေ အနန္တ ရှိကြောင်းကို မြင်လိမ့်မည်၊ ၁၅၀၀-ကိလေသာတို့၏ အသီးသီး ချုပ်ငြိမ်းမှုတို့၌ ဤနည်း အတိုင်းသိလေ။

ဤသတ္တဝါတို့အား အနမတဂ္ဂသံသရာမှာ မိမိတို့၏ ကိုယ်ခန္ဓာ အတ္တဘော ဖြစ်ပုံကိုပင်လျှင် အမှန်အကန်အားဖြင့် သိနိုင်ရန်, မြင်နိုင်ရန် အလွန်ခက်ခဲနက်နဲ၏ ဘယ်ပုံဖြစ်သည်ဟူ၍ အမှန်အကန် မသိနိုင်ကြ၊ ထိုကိုယ်ခန္ဓာ အတ္တဘော၏ ချုပ်ငြိမ်းမှု, ဇာတ်သိမ်းမှုသည်မူကား သိနိုင်ရန် အရေး အလွန်ဝေး၏၊ ချုပ်ငြိမ်းမှု, ဇာတ်သိမ်းမှုဟူသော ဓာတ်တစ်ခုရှိ သည်ဟူ၍ အိမ်မက်တွင်မျှ မမြင်ဘူးကြလေ။

ဘုရားတရားတော်ကို ကြားနာ၍ ထိုဓာတ်တစ်ခု ရှိကြောင်းကို သိကြသူတို့မှာလည်း ထိုဓာတ်သို့ ဆိုက်ရောက်အောင် လုပ်ကြံရန်အရေး အလွန်ခက်ခဲ၏၊ ဘဝများစွာ, ကမ္ဘာများစွာ ပါရမီဓမ္မတို့ကို ဖြည့်ကျင့်နိုင်မှ ဆိုက်ရောက်ရ၏။

မိမိတို့၏ ကိုယ်ခန္ဓာ ဖြစ်၍နေသော ပထဝီဓာတ်, အာပေါဓာတ် အစရှိသော ပရမတ်ကြမ်းကြီးကိုပင် လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် အားဖြင့်လည်းကောင်း၊ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာအားဖြင့်လည်း ကောင်း၊ အဟုတ်အမှန် မြင်နိုင်ရန်, ထင်နိုင်ရန်အရေး အလွန် ခက်ခဲ နက်နဲသေး၏၊ မိမိတို့၏ ကိုယ်ခန္ဓာရှိ ဓာတ်စုကို အနတ္တပိုင်ပိုင် ထင်မြင် နိုင်မှ တွေ့မြင်ရသော နိဗ္ဗာန်သည် အတိဂမ္ဘီရ, အတိဒုဒ္ဒသသာ ဖြစ်လေ တော့သတည်း။

ဤတွင် တတိယပုစ္ဆာဖြေဆိုချက် ပြီး၏။

ဤတွင်ရွေ့ကား သင်္ဂြီုဟ်ကျမ်းမှလာသော နိဗ္ဗာန်၏အပြားနှင့် ပုစ္ဆာ ၃-ပါးကို

ဖြေဆိုသော သင်္ခေပကဏ္ဌသည် ပြီး၏။

* * * * * * *

ဝိတ္ထာရကဏ္ဍ နိဗ္ဗာန်အပြား ၇-ပါး

ယခုအခါ ဝတ္ထာရကဏ္ဍဖြစ်သော ဒုတိယကဏ္ဍကို ပြဆိုအံ့။ ထိုထို ပါဠိတော်တို့၌

နိဗ္ဗုတာ, ပရိနိဗ္ဗုတာ,
နိဗ္ဗုတော, ပရိနိဗ္ဗုတော,
နိဗ္ဗုတိ, ပရိနိဗ္ဗုတိ,
နိဗ္ဗာယီ, ပရိနိဗ္ဗာယီ,
နိဗ္ဗာတိ, နိဗ္ဗာယတိ,
နိဗ္ဗန္တိ, နိဗ္ဗာယန္တိ,
စသည်ဖြင့် လာသော အရာတို့၌ ထိုပုဒ်တို့၏ အနွတ္ထသည် ငြိမ်းခြင်းဟူသော နိဗ္ဗာန်ပင်တည်း။ ထို့ကြောင့် ထိုပုဒ်တို့နှင့် လာသော နိဗ္ဗာန်၊ အရပ်ရပ်သော နိဗ္ဗာန်တို့ကို ပေါင်းစု၍ ဝိတ္ထာရကဏ္ဍ ဖြစ်သော ဤဒုတိယကဏ္ဍ၌ ပြလတ္တံ့။

နိဗ္ဗာန်သည်

၁။ မိစ္ဆာဒိဋ္ဌိဗ္ဗာန်,
၂။ သမ္မုတိနိဗ္ဗာန်,
၃။ တဒင်္ဂနိဗ္ဗာန်,
၄။ ဝိက္ခမ္ဘနနိဗ္ဗာန်,
၅။ သမုစ္ဆေဒနိဗ္ဗာန်,
၆။ ပဋိပဿဒ္ဓိနိဗ္ဗာန်,
၇။ နိဿရဏနိဗ္ဗာန်

ဟူ၍ အကျဉ်းအားဖြင့် ၇-ပါး အပြားရှိ၏၊ ထိုတွင်-

မိစ္ဆာဒိဋ္ဌိနိဗ္ဗာန်။ ။ မိစ္ဆာဒိဋ္ဌိ နိဗ္ဗာန်ဆိုသည်ကား သာသနာ တော်မှ အပဖြစ်ကုန်သော မိစ္ဆာဒိဋ္ဌိ အယူရှိကုန်သော တိတ္ထိဆရာတို့ ကြံဆစွဲလမ်းအပ်သော နိဗ္ဗာန်ကို “မိစ္ဆာဒိဋ္ဌိနိဗ္ဗာန်” ဆိုသတည်း၊ ထိုမိစ္ဆာဒိဋ္ဌိ နိဗ္ဗာန်သည် “ပဉ္စဒိဋ္ဌိနိဗ္ဗာနဝါဒါ” ဟူသော ပါဠိတော်ပုဒ်တို့၌လည်းကောင်း၊ “နိဗ္ဗာနံ နိဗ္ဗာနတော သဉ္စာတိ” အစရှိသော မူလပရိယာယသုတ် ပုဒ်တို့၌ လည်းကောင်း လာပေသည်။ ပါဠိတော် ၂-ရပ်တွင် ဣဓ ဘိက္ခဝေ ဧကစ္စော သမဏော ဝါ ဗြဟ္မာဏော ဝါ ဧဝံ ဝါဒီ ဟောတိ ဧဝံ ဒိဋ္ဌိ၊ ယ တော ခေါ ဘော အယံ အတ္တာ ပဉ္စဟိ ကာမဂုဏေဟိ သမပ္ပိတော သမင်္ဂိဘူတော ပရိစာရေတိ၊ ဧတ္တာဝတာ ခေါ ဘော အယံအတ္တာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနံ ပတ္တော ဟောတီတိ

အစရှိသည်ဖြင့် ပါဠိတော်တို့၌ တိတ္ထိဆရာတို့ ကြံဆ စွဲလမ်းအပ် သော ဒိဋ္ဌဓမ္မနိဗ္ဗာန် ၅-ပါး လာရှိသည်။

၅-ပါးဆိုသည် ၁။ အကြင်သူသည် လူ့ပြည်နတ်ပြည်တို့၌ ကာမဂုဏ် ၅-ပါးကို အလိုရှိတိုင်း ခံစားစံစားရ၏၊ ထိုသူ၏ အတ္တသည် အလွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်သို့ ရောက်သော အတ္တမည်၏၊ ထို့ထက် လွန်မြတ်သော ဒိဋ္ဌဓမ္မ နိဗ္ဗာန်ဟူ၍ မရှိ။ [ပထမနိဗ္ဗာန် ပထမဝါဒ။]

၂။ အကြင်သူသည် ကာမတရားတို့၏ ဆိတ်ကင်းရာဖြစ်သော ပထမ စျာန်ကိုရ၏၊ ပထမစျာန်ကို ဝင်စား၍နေ၏၊ ပထမစျာန်ဘုံသို့ ရောက်၏၊ ထိုသူ၏ အတ္တသည် အလွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်သို့ ရောက်သော အတ္တမည်၏၊ ထို့ထက်မြတ်သော နိဗ္ဗာန်ဟူ၍ မရှိ။

၃။ ဤနည်းအတူ ဒုတိယစျာန်သို့ ရောက်သည်ကိုသာ ပရမဒိဋ္ဌ ဓမ္မနိဗ္ဗာန်သို့ ရောက်သည်ဟု ယူဆသော ဝါဒ။ [တတိယနိဗ္ဗာန်, တတိယ ဝါဒ]

၄။ တတိယစျာန်သို့ ရောက်သည်ကိုသာ ပရမ ဒိဋ္ဌဓမ္မ နိဗ္ဗာန်သို့ ရောက်သည်ဟု ယူသောဝါဒ။ [စတုတ္ထနိဗ္ဗာန်, စတုတ္ထဝါဒ]

၅။ စတုတ္ထဓမ္မနိဗ္ဗာန်သို့ ရောက်သည်ဟု ယူသော ဝါဒ။ [ပဉ္စမနိဗ္ဗာန်, ပဉ္စမဝါဒ]

[ဤကား မိစ္ဆာဒိဋ္ဌိနိဗ္ဗာန် ၅-ပါး, မိစ္ဆာဝါဒ ၅-ပါးတည်း။]

နိဗ္ဗာနံ နိဗ္ဗနတော သဉ္ဇာနာတိ၊ နိဗ္ဗာနံ နိဗ္ဗာနတော သညတွာ နိဗ္ဗာနံ မညတိ၊ နဗ္ဗာနတော မညတိ၊ နိဗ္ဗာနံ မေတိ မညတိ၊ နိဗ္ဗာနံ အဘိနန္ဒိ၊ တံ ကိဿဟေတု၊ အပရိညာတံ တဿတိ ဝဒါမိ

[မူလပရိယာယ သုတ်ပါဠိတော်။]

ဤပါဠိတော်မှာလည်း ဒိဋ္ဌဓမ္မနိဗ္ဗာန် ၅-ပါး ကိုယူ။ [ဤကား မိစ္ဆာဒိဋ္ဌိ နိဗ္ဗာန်တည်း။]

သမ္မုတိနိဗ္ဗာန်။ ။ သမ္မုတိနိဗ္ဗာန် ဆိုသည်ကား လောက၌ ဖြစ်ပွားသော မီးဘေး၏ ငြိမ်းခြင်း, ဖြစ်ပွားသော ရေဘေး၏ ငြိမ်းခြင်း, ဖြစ်ပွားသော မင်းဘေး၏ ငြိမ်းခြင်း, ဖြစ်ပွားသော ရန်သူဘေး၏ ငြိမ်းခြင်း, ဖြစ်ပွားသော ဓားပြခိုးသူဘေး၏ ငြိမ်းခြင်း, ဖြစ်ပွားသော သတ္ထန္တရကပ် ဘေး၏ ငြိမ်းခြင်း, ဖြစ်ပွားသော ဒုဗ္ဘိက္ခိန္တရ ကပ်ဘေး၏ ငြိမ်းခြင်း, ဖြစ်ပွားသော ရောဂန္တရကပ်ဘေး၏ ငြိမ်းခြင်း- ဤသို့ အစရှိသည်ဖြင့် ဤလောက၌ ဖြစ်ပွားတွေ့ကြုံရသော ဘေးအပေါင်း, ရန်အပေါင်း, ဒဏ်အပေါင်း, အန္တရာယ်အပေါင်း, အပြစ်အပေါင်း, ဥပဒ်အပေါင်းတို့၏ ငြိမ်းခြင်း ဟူသမျှသည် “သမ္မုတိနိဗ္ဗာန်” မည်၏။

ထိုသမ္မုတိနိဗ္ဗာန်သည်
မနော နိဗ္ဗာတိ တာဝဒေ၊ ရောဂါ ဝူပသမ္မတိ၊ အန္တရာယော ဝူပသမ္မတိ

အစရှိသည်ဖြင့် လာသည်။

အလောင်းတော် သိဒ္ဓတ်မင်း၏ တင့်တယ်ခြင်း ကျက်သရေကို မြင်၍ ကိသာဂေါတမီ ရွတ်ဆို ကျူးရင့်သော “နိဗ္ဗုတာနူန သာ နာရီ” အစရှိသော ၃-ဂါထာတို့၌ နိဗ္ဗုတာပုဒ်တို့ဖြင့်လာသော နိဗ္ဗာန်သည်လည်း သမ္မုတိနိဗ္ဗာန်ပင်တည်း။

အမျိုးအနွယ်, အရွယ်, အဆင်း ဘုန်းလက်ရုံးပညာနှင့် ပြည့်စုံသော ယောကျ်ား, ယောကျ်ားမြတ်၏ ချစ်မယား ဖြစ်ရသော မိန်းမ, ထိုကဲ့သို့ သော သားကောင်း, သားမြတ်၏ အမိဖြစ်ရသော မိန်းမ, မိန်းမတို့၏ဘဝ၌ ဤကဲ့သို့သော မိန်းမဖြစ်ရ၍ အသက်ထက်ဆုံး စိတ်နှလုံးတွင်ကြည်လင် ရွင်လန်းငြိမ်းချမ်း သာယာခြင်းကိုရသဖြင့် ကာယိကဒုက္ခ, စေတသိက ဒုက္ခတို့၏ ကင်းငြိမ်းခြင်းကို “နိဗ္ဗုတာ” ဆိုသတည်း။

ချစ်ခင်လှစွာ မိဘ, ဘိုးဘွား, သား, လင်, ခင်ပွန်း စသည်တို့၏ သေဆုံးခြင်းကြောင့် အလွန် ပူပန်ပင်ပန်းမှု ဒုက္ခနှိပ်စက်၍ နေကုန်သော သူတို့အား တစ်စုံ တစ်ယောက်သော သူ၏ တရားစကားကို ကြားနာရ၍ ထိုဒုက္ခသည် ခဏချင်း ငြိမ်းလေ၏၊ ထိုအငြိမ်းသည်လည်း “သမ္မုတိ နိဗ္ဗာန်” မည်၏။

ထိုနိဗ္ဗာန်သည်
သွာဟံ အဗ္ဗုသလ္လေသ္မိ၊ သီတိဘူတောသ္မိ နိဗ္ဗုတော။ န သောစာမိ န ရောဒါမိ၊ တဝ သုတွာန မာဏဝ။”

အစရှိသော ပါဠိတော်တို့မှာ လာသည်။

ထိုသမ္မုတိနိဗ္ဗာန်သည် ငြိမ်းခြင်းဟူသော သန္တိလက္ခဏာအားဖြင့် တစ်ပါး သာဖြစ်သော်လည်း သမ္ဗန္ဓီ ဖြစ်သော ဒုက္ခဓမ္မတို့၏ အပြားအား ဖြင့် အလွန်များပြား၏။

အကျဉ်းကား။။ ကပ် ၃ ပါးကို အစွဲပြု၍ ထိုကပ် ၃-ပါး၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၃-ပါး။

- ဝိပတ္တိ ၄-ပါးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၄-ပါး။

- အပါယ် ၄-ပါးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၄-ပါး။

- ရန်သူမျိုး ၅-ပါးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၅-ပါး။

- အရပ်ပြစ် ၈-ပါးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၈-ပါး။

- အပြစ် ၈-ပါး၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၈-ပါး။

- ဒဏ် ၁၀-ပါးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၁၀-ပါး။

- ၁၆-ပါးသော ဥပဒ္ဒေဝေါတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၁၆-ပါး။

- ၂၅-ပါးသော ဘေးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၂၅- ပါး။

- ၃၂-ပါးသော ကံကြမ္မာတို့၏ ငြိမ်းမှုဟူသော သမ္မုတိဗ္ဗာန် ၃၂- ပါး။

- အနာအမျိုး ၉၆-ပါးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၉၆- ပါးအပြားရှိ၏။

အကျယ်ကား။။စကြဝဠာအနန္တ, ကမ္ဘာအနန္တ, သတ္တဝါ အနန္တတို့နှင့်အမျှ ကျယ်ပြန့်များပြား၏၊ ထိုသမ္မုတိ နိဗ္ဗာန်သည် အသင်္ခတ မဟာနိဗ္ဗာန်ကြီးသို့ မရောက်မီကာလအတွင်းမှာ ခပ်သိမ်းသော သတ္တဝါ တို့၏ ကိုးကွယ်ရာ ဖြစ်ပေ၏၊ ပုန်းအောင်းရာဖြစ်ပေ၏၊ လဲလျောင်းရာ ဖြစ်၏။

ပထမကဏ္ဍ၌ ဝေဒယိတသုခမျိုးတို့ထက် သန္တိသုခမျိုးက ကြီးကျယ်ပုံ, မြင့်မြတ်ပုံ အလုံးစုံကို ဤသမ္မုတိနိဗ္ဗာန်၌ ဆိုခွင့်ဆိုက်ပြန်၏၊ ဆရာဇီဝကဝတ္ထု ၂-ခုကိုလည်း ဤသမ္မုတိနိဗ္ဗာန်အရော၌ ပြအပ်၏၊ သာကေတ သူဌေးကတော်မှာ ဦးယဉ်းခေါင်းခဲနာ၏ ငြိမ်းမှု ဟူသော သမ္မုတိနိဗ္ဗာန်တစ်ခုကို အသပြာ ၄-သိန်း ပေး၍ယူရ၏၊ ကုဋေ များစွာကြွယ်ဝသော ရာဇဂြိုဟ်သူဌေးမှာလည်း ဦးယဉ်းခေါင်းခဲနာငြိမ်းမှု ဟူသော သမ္မုတိနိဗ္ဗာန် တစ်ခုကို သက်ရှိ, သက်မဲ့ အကုန်ပေးပါမည် ချုပ်ဆို၍ ယူရ၏၊ ထိုသူဌေးသည် ပဒေသရာဇ်မင်း ဖြစ်ခဲ့အံ့၊ ပဒေသရာဇ် မင်း၏ စည်းစိမ်ကို အကုန်ပေးလတ္တံ့၊ ဧကရာဇ်မင်း ဖြစ်ခဲ့အံ့၊ ဧကရာဇ်မင်း စည်းစိမ်ကို အကုန်ပေးလတ္တံ့၊ ၄-ကျွန်းလုံးကို အစိုးရသော စကြာမင်းကြီး ဖြစ်ခဲ့အံ့၊ ၄-ကျွန်းစည်းစိမ်ကို အကုန်ပေးလတ္တံ့၊ ဦးယဉ်းခေါင်းခဲနာ တစ်ခုသည် သို့စဉ်မျှလောက် အဖိုးထိုက်တန်လေ၏။

မျက်တောင်တစ်ခတ်မျှ သက်သာရာမရအောင် နှစ်ရှည်လများ နှိပ်စက်သော အနာမျိုး, အသက်ခန္ဓာကို ချွေတတ်သော အနာမျိုးတို့၏ ငြိမ်းမှု, ဗဟိဒ္ဓဖြစ်သော ကြီးမားစွာသော ဘေးအန္တရာယ်တို့၏ ငြိမ်းမှုတို့၌ လည်း ထိုနည်းတူ အဖိုးထိုက်တန်ကြောင်း အလွန်မြတ်ကြောင်းကို သိလေ။

ထင်ရှားရှိပုံ။။ သမ္မုတိနိဗ္ဗာန်ဆိုသည်ကား ပရမတ္တအားဖြင့် ထင်ရှားသည် မဟုတ်၊ သမ္မုတိ ပညတ်မျှသာဖြစ်ခဲ့၍ သမ္မုတိဆိုသည် မဟုတ်၊ အစဉ် ထာဝရအားဖြင့် အပြီးငြိမ်း၍ သွားသော မဟာအသင်္ခတ နိဗ္ဗာန်ကြီးကို ထောက်စာသည်ရှိသော် နိဗ္ဗာန်ဟူ၍ မဆိုလောက်ပါဘဲ လျက် နိဗ္ဗုတ သဒ္ဒါ, ဝူပသန္တ သဒ္ဒါတို့ဖြင့်လောကီ လူအပေါင်းတို့သည် ငြိမ်းမှုဟု, သမုတ်ခေါ်ဝေါ်မှုရှိလေသောကြောင့်“သမ္မုတိ နိဗ္ဗာန်“ဆိုပေ သတည်း၊ ထိုသမ္မုတိနိဗ္ဗာန်၏ ဝတ္ထုဒြဗ်အားဖြင့် ရှိသည်မဟုတ်၊ ငြိမ်းမှု ဟူသော သန္တိသဘောအားဖြင့်သာ ထင်ရှားရှိလေသတည်း။

ငြိမ်းမှုဟူသော သန္တိ အခြင်းအရာအားဖြင့် ထင်ရှားရှိသော ပရမတ္ထတရား မဟုတ်ငြားအံ့၊ ထိုငြိမ်းမှုသည် မိမိကိုယ်တွင်းမှာ ကိုယ် တွေ့ဒိဋ္ဌ “ကာယသစ္ဆိ ကရဏ” ကိစ္စအနေအားဖြင့် ဧကန်တွေ့ရသော တရားမဟုတ်လေရာ၊ ထိုသို့ မဟုတ်လည်း ထိုသူဌေးကတော်တို့သည် ထိုမျှလောက်သော ဥစ္စာဘဏ္ဍာတို့ကို ပေး၍ ထိုငြိမ်းမှုကို မယူလေရာ၊ ပေး၍ပင်ယူသော်လည်း ထိုငြိမ်းမှုသည် ပညတ်မျှဖြစ်ခဲ့အံ့၊ မိမိတို့ကိုယ်မှာ ထိုရောဂါမှ ထမြောက်ချမ်းသာမှုဟူ၍ ကိုယ်တွေ့ဒိဋ္ဌမရှိကြလေရာ၊ မိမိတို့၏ ကိုယ်တွင်းမှာ ထိုခေါင်းခဲရောဂါ၏ ပျောက်ငြိမ်းမှုသည် ကိုယ်တွေ့ဒိဋ္ဌ ဧကန္တဖြစ်၏၊ ထို့ကြောင့် ထိုသမ္မုတိ နိဗ္ဗာန်သည်လည်း လူတို့သမုတ် ခေါ်ဝေါ်ရုံမျှဖြစ်သော ပညတ်သဘောမျိုး မဟုတ်၊ ပရမတ် သဘောမျိုးပင်ဖြစ်သည် ဟုမှတ်ယူအပ်လေသတည်း။

[ဤကား - သမ္မုတိနိဗ္ဗာန်တည်း။]

တဒင်္ဂနိဗ္ဗာန်။ ။ တဒင်္ဂနိဗ္ဗာန် ဆိုသည်ကား လောက၌
ဤမည်သော ဆေးမြစ်သည် ဤမည်သော အနာကို ပယ်ဖျောက်နိုင်၏ ဟု သူ့ဆေးမြစ်နှင့် သူ့အနာ အသီးသီး ရှိကြသကဲ့သို့၊ ဤမည်သော ကုသိုလ်ဓမ္မသည် ဤမည်သော အကုသိုလ်ဓမ္မကို ပယ်ဖျောက်နိုင်၏၊ ဟု သူ့ကုသိုလ်ဓမ္မနှင့် သူ့အကုသိုလ်ဓမ္မ အသီးသီး ရှိကြ၏၊ ထိုသို့ ရှိကြရာ၌ သူ့ကုသိုလ်ဓမ္မ၏ သူ့အကုသိုလ်ဓမ္မကို ပယ်ခြင်းသည်“တဒင်္ဂပဟာန်” မည်၏၊ ထိုသို့ပယ်ခြင်းကြောင့် ထိုထို အကုသိုလ်ဓမ္မ၏ တစ်ခဏအားဖြင့် အဖြစ်ငြိမ်းခြင်းသည် “တဒင်္ဂနိဗ္ဗာန်” မည်သတည်း၊ ဤ တဒင်္ဂနိဗ္ဗာန်ကို မဇ္ဈိမနိကာယ် မူလပဏ္ဏာသသလ္လေခသုတ် ပါဠိတော်ကို အစဉ်လျှောက် သဖြင့် သိအပ်၏။

ဝိဟိံသကဿ ပုရိသပုဂ္ဂလဿ အဝိဟိံသာ ဟောတိ ပရိနိဗ္ဗာနာယ

၁။ ဝိဟိံသကဿ=သူတစ်ပါးကို ကိုယ်ဖြင့်လည်းကောင်း, နှုတ် ဖြင့်လည်းကောင်း ညှင်းပန်းနှိပ်စက်ခြင်းအလေ့ရှိသော၊ ပုရိသပုဂ္ဂဿ=ယောက်ျားပုဂ္ဂိုလ်အား၊ အဝိဟိံသာ=သူ တစ်ပါးကို ကိုယ်, နှုတ် ၂-ပါးတို့ဖြင့် မညှဉ်းဆဲလိုသော ကုသိုလ်တရားသည်၊ ပရိနိဗ္ဗာနာယ=ထိုပုဂ္ဂိုလ်မှာ ထို အကုသိုလ် အပူအလောင်၏ ငြိမ်းခြင်းငှာ၊ ဟောတိ=ဖြစ်၏။

မိမိ၏ စိတ်သန္တာန်၌ ဝိဟိံသာဟူသော အပူအလောင်အကုသိုလ် နှိပ်စက်ညှဉ်းပန်း၍နေသော ပုဂ္ဂိုလ်သည် အဝိဟိံသာဟူသော ကုသိုလ် တရားကို ပွားများ၍ ထိုဝိဟိံသာဟူသော အကုသိုလ်တရားကို ပယ်ရှား သည်ရှိသော် ထိုဝိဟိံသာဟူသော အပူအလောင် အကုသိုလ်တရားသည် အဝိဟိံသာ ကုသိုလ် ရှိနေသမျှကာလပတ်လုံး ထိုစိတ် သန္တာန်ဝယ်အဖြစ် ငြိမ်းလေ၏၊ ဤသို့ ဝိစဟိံသာ အကုသိုလ်ဓမ္မ၏ အဖြစ်ငြိမ်မှုသည် တဒင်္ဂနိဗ္ဗာန်တစ်ပါး ဖြစ်၏။

[နောက်နောက်၌လည်း ဤနည်းတူ သိလေ။]

ပါဏာတိပါတိဿ ပုရိသပုဂ္ဂလဿ ပါဏာတိပါတာ ဝေရမဏီ ဟောတိ ပရိနိဗ္ဗာနယ

[ပါဠိတော်]

၂။ စိတ်သန္တာန်ဝယ် သူ့အသက်ကို သတ်ခြင်းအလေ့ဟူသော အပူ အလောင်အကုသိုလ်ဓမ္မ နှိပ်စက်၍နေသော သူတို့ အား ပါဏာတိ ပါဝိရတိ သီလသည် ထိုအကုသိုလ် အပူ လောင်၏ ငြိမ်းခြင်းငှါ ဖြစ်၏။

၃။ အဒိန္နာဒါယိဿ=သူ့ဥစ္စာကို ခိုးယူခြင်းအလေ့ရှိသော၊ ပုရိသ ပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ အဒိန္နာဒါနာ=အဒိန္နာ ဒါန်မှုမှ၊ ဝေရမဏီ=ကြဉ်ရှောင်မှု ကုသိုလ်သည်၊ ပရိနိဗ္ဗာနာ= ထိုအဒိန္နာဒါန် အကုသိုလ်၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၄။ အဗြဟ္မစာရိဿ=မေထုန်မှု-ဟူသော အယုတ်မှုကို ပြုကျင့် ခြင်း အလေ့ရှိသော၊ ပုရိသပုဂ္ဂလဿ=ယောကျ်ားပုဂ္ဂိုလ် အား၊ အဗြဟ္မစရိယာ=ယုတ်ညံ့သော အကျင့်မှ၊ ဝေရမဏီ= ကြဉ်ရှောင်မှု ကုသိုလ်သည်၊ ပရိနိဗ္ဗာနယ=ထိုအဗြဟ္မစရိယ အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၅။ မုသာဝါဒိဿ=မုသားဆိုခြင်း အလေ့ရှိသော၊ ပုရိသ ပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ မုသာဝါဒါ=မုသား ဆိုခြင်း အမှုမှ၊ ဝေရမဏီ=ကြဉ်ရှောင်မှုကုသိုလ်သည်၊ ပရိနိဗ္ဗာနာယ=မုသားဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၆။ ပိသုဏဝါစာ=ချောပစ်ကုန်းတိုက်သော စကားကို ဆိုလေ့ ရှိသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ ပိသုဏာယဝါစာယ=ချောပစ်ကုန်းတိုက်သော စကားမှ၊ ဝေရမဏီ=ကြဉ်ရှောင်မှု ကုသိုလ်သည်၊ ပရိနိဗ္ဗာနာယ=ပိသုဏ ဝါစာဟူသော အကုသိုလ် ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ= ဖြစ်၏။

၇။ ဖရုသဝါစဿ=အကြမ်းအတမ်း ဆဲရေးသော စကားမျိုးကို ဆိုလေ့ထွက်လေ့ရှိသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျား ပုဂ္ဂိုလ်အား၊ ဖရုသာယ=ကြမ်းတမ်းသော၊ ဝါစယ=စကား မျိုးမှ၊ ဝေရမဏီ=ကြဉ်ရှောင်မှု ကုသိုလ်သည်၊ ပရိနိဗ္ဗာနာယ=ဖရုသဝါစာဟူသော ထိုအဗြဟ္မစရိယ အကုသိုလ် ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၈။ သမ္ဖပ္ပလာပဿ=အကျိုးမရှိသော အပြိန်အဖျင်း စကားကို ပြောဆိုလေ့ရှိသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျား ပုဂ္ဂိုလ် အား၊ သမ္ဖမ္ပလာပါ=အပြိန်အဖျင်း ပြောဆိုခြင်းမှ၊ ဝေရ မဏီ=ကြဉ်ရှောင်မှုကုသိုလ်သည်၊ ပရိနိဗ္ဗာနာယ= သမ္ဖပ္ပလာပဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၉။ အဘိဇ္ဈာလုဿ=အဘိဇ္ဈာ အားကြီးသော၊ ပုရိသပုဂ္ဂလဿ= ယောက်ျား ပုဂ္ဂိုလ်အား၊ အနဘိဇ္ဈာလုတာ=အဘိဇ္ဈာ များခြင်းမှ ကင်းလွတ်သော အဖြစ်သည်၊ ပရိနိဗ္ဗာနာယ= အဘိဇ္ဈာဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ= ဖြစ်၏။

၁၀။ ဗျာပန္နစိတ္တဿ=ဗျာပါဒများသော စိတ်ရှိသော၊ ပုရိသ ပုဂ္ဂလဿ= ယောက်ျား ပုဂ္ဂိုလ်အား၊ အဗျာပါဒေါ=ဗျာပါဒ ကင်းရှင်းမှုသည်၊ ပရိနိဗ္ဗာနာယ=ဗျာပါဒဟူသော အကုသိုလ် ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၁၁။ မိစ္ဆာဒိဋ္ဌိ=မိစ္ဆာဒိဋ္ဌိအယူရှိသော၊ ပုရိသပုဂ္ဂလဿ=ယောကျ်ား ပုဂ္ဂိုလ်အား၊ သမ္မာဒိဋ္ဌိ=အဟုတ်အမှန် အမြင်သန်သော ဉာဏ်သည်၊ ပရိနိဗ္ဗာနာယ=မိစ္ဆာဒိဋ္ဌိဟူသော အကုသိုလ် ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၁၂။ မိစ္ဆာသင်္ကပ္ပဿ=မကောင်းသော အကြံကို ကြံဖန်ခြင်း ရှိသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ သမ္မာ သင်္ကပ္ပေါ=ကောင်းမြတ်သော အကြံသည်၊ ပရိနိဗ္ဗာနာယ= မိစ္ဆာသင်္ကပ္ပဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၁၃။ မိစ္ဆာဝါစဿ=မကောင်းသောစကားကို ပြောဆိုလေ့ရှိသော၊ ပုရိသ ပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ သမ္မာဝါစာ= ကောင်းသော စကားကို ပြောဆိုကြောင်းဖြစ်သော သမ္မာ ဝါစာကုသိုလ်သည်၊ ပရိနိဗ္ဗာနာယ=မိစ္ဆာဝါစာဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၁၄။ မိစ္ဆာကမ္မန္တဿ=မကောင်းသော အမှုကို ပြုလေ့ရှိသော၊ ပုရိသ ပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ သမ္မာကမ္မန္တော= ကောင်းသော အမှုကို ပြုကြောင်းဖြစ်သော သမ္မကမ္မန္တ ကုသိုလ်သည်၊ ပရိနိဗ္ဗာနာယ=မိစ္ဆာကမ္မန္တဟူသော အကုသိုလ်ဓမ္မ၏ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၁၅။ မိစ္ဆာအာဇီဝဿ=မကောင်းသော အသက်မွေးခြင်းရှိသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျား ပုဂ္ဂိုလ်အား၊ သမ္မာအာဇီဝေါ= ကောင်းသော အသက်မွေးကြောင်းဖြစ်သော သမ္မာအာဇီဝ ကုသိုလ်သည်၊ ပရိနိဗ္ဗာနာယ=မိစ္ဆာအာဇီဝ ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၁၆။ မိစ္ဆာဝါယာမဿ=မကောင်းသော လုံ့လမှုရှိသော၊ ပုရိသ ပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ သမ္မာဝါယာမော= ကောင်းစွာအားထုတ်မှု သည်၊ ပရိနိဗ္ဗာနာယ=မိစ္ဆာဝါယာမ ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၁၇။ မိစ္ဆာသတိဿ=မကောင်းသည်ကိုအဖန်ဖန် အမှတ်စွဲသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျား ပုဂ္ဂိုလ်အား၊ သမ္မာသတိ= ကောင်းစွာ အားထုတ်မှုသည်၊ ပရိနိဗ္ဗာနာယ=မိစ္ဆာသတိ ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏၊

၁၈။ မိစ္ဆာသမာဓိဿ=မှောက်မှားသောအာရုံ၌ တည်တံ့ခိုင်မြဲ သော စိတ်ရှိသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ သမ္မာသမာဓိ=အမှန်အာရုံ၌ တည်တံ့ခိုင်မြဲသော သမာဓိ သည်၊ ပရိနိဗ္ဗာနာယ=မိစ္ဆာသမာဓိဟူသော အကုသိုလ် ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၁၉။ မိစ္ဆာဉာဏိဿ=မကောင်းသော အမှု၌ အဆန်းတကြယ် ကြံဖန်တတ်သော မိစ္ဆာဉာဏ်ရှိသော၊ ပုရိသပုဂ္ဂလဿ= ယောက်ျားပုဂ္ဂိုလ်အား၊ သမ္မာဉာဏံ=ကောင်းသောအမှု၌ အဆန်းတကြယ် ကြံဖန်တတ်သော သမ္မာဉာဏ်သည်၊ ပရိနိဗ္ဗာနာယ=မိစ္ဆာဉာဏ်ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၂၀။ မိစ္ဆာဝိမုတ္တိဿ=မှောက်မှားသောအယူ၌ ကျွတ်ကျွတ် လွတ်လွတ် သက်ဝင်ခြင်းရှိသော၊ ပုရိသပုဂ္ဂလဿ= ယောက်ျား ပုဂ္ဂိုလ်အား၊ သမ္မာဝိမုတ္တိ=မှန်သောအယူ၌ သက်ဝင်ယုံကြည်ခြင်းရှိသော သမ္မာဝိမုတ္တိသည်၊ ပရိနိဗ္ဗာနာယ=မိစ္ဆာဝိမုတ္တိ ဟူသော အကုသိုလ် ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၂၁။ ထိနမိဒ္ဓပရိယုဋ္ဌိတဿ=ထိန, မိဒ္ဓ ထကြွသောင်းကျန်း၍ နေသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ ဝိဂတ ထိနမိဒ္ဓတာ=ထိန, မိဒ္ဓကင်းရှင်းမှုသည်၊ ပရိနိဗ္ဗာနာယ=ထိန, မိဒ္ဓဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၂၂။ ဥဒ္ဓဋဿ=ပျံ့လွင့်သောစိတ်ရှိသော၊ ပုရိသပုဂ္ဂလဿ= ယောက်ျားပုဂ္ဂိုလ်အား၊ အနုဒ္ဓစ္စံ=ဥဒ္ဓစ္စ ကင်းရှင်းမှုသည်၊ ပရိနိဗ္ဗာနာယ=ဥဒ္ဓစ္စဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှာ၊ ဟောတိ=ဖြစ်၏။

၂၃။ ဝိစိကိစ္ဆိဿ=ယုံမှားခြင်းရှိနေသော၊ ပုရိသပုဂ္ဂလဿ= ယောကျ်ားပုဂ္ဂိုလ်အား၊ တိဏ္ဏဝိစိကိစ္ဆတာ=ဝိစိကိစ္ဆာကို လွန်မြောက်မှုသည်၊ ပရိနိဗ္ဗာနာယ=ဝိစိကိစ္ဆာဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၂၄။ ကောဓနဿ=အမျက်ထွက်ခြင်း အလေ့ရှိသော၊ ပုရိသ ပုဂ္ဂလဿ=ယောကျ်ားပုဂ္ဂိုလ်အား၊ အက္ကောဓော=အမျက် ဒေါသ ကင်းရှင်းမှုသည်၊ ပရိနိဗ္ဗာနာယ=ကောဓဟူသော အကုသိုလ် ဓမ္မ၏ ငြိမ်းမှုခြင်းငှါ၊ ဟောတိ= ဖြစ်၏။

၂၅။ ဥပနာဟိဿ=ရန်ငြိုးဖွဲ့ခြင်း အလေ့ရှိသော၊ ပုရသ ပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ အနုပနာဟော= ရန်ငြိုးဖွဲ့ခြင်း အလေ့ကင်းရှင်းမှုသည်၊ ပရိနိဗ္ဗာနာယ= ဥပနာဟဟူသော အကုသိုလ် ဓမ္မ၏ ငြိမ်းမှုခြင်းငှါ၊ ဟောတိ= ဖြစ်၏။

၂၆။ မက္ခိဿ=ကျေးဇူးကို ခြေဖျက်ခြင်းအလေ့ရှိသော၊ ပုရိသ ပုဂ္ဂလဿ=ယောကျ်ားပုဂ္ဂိုလ်အား၊ အမက္ခော=ကျေးဇူး ချေဖျက်ခြင်း အလေ့ ကင်းရှင်းမှုသည်၊ ပရိနိဗ္ဗာနာယ=မက္ခ ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၂၇။ အဠာသိဿ=သူတစ်ပါး၏ ကောင်းသောဂုဏ်ကို မကောင်း ဖြစ်လေအောင် အဖျင်းမူခြင်း အလေ့ရှိသော၊ ပုရိသ ပုဂ္ဂလဿ=ယောကျ်ားပုဂ္ဂိုလ်အား၊ အပဠာသော=အဖျင်း မူခြင်း အလေ့ကင်းရှင်းမှုသည်၊ ပရိနိဗ္ဗာနာယ=ပဠာသ ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၂၈။ ဣဿုကိဿ=သူတစ်ပါး၏ ဂုဏ်ကျက်သရေကိုငြူစူခြင်း အလေ့ ရှိသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျား ပုဂ္ဂိုလ်အား၊ အနိဿုကိတာ=ငြူစူခြင်းအလေ့ကင်းရှင်းမှုသည်၊ ပရိနိဗ္ဗာနာယ=ဣုဿုက ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၂၉။ မစ္ဆရိဿ=ဝန်တိုခြင်း အလေ့ရှိသော၊ ပုရိသပုဂ္ဂလဿ= ယောက်ျား ပုဂ္ဂိုလ်အား၊ အမစ္ဆရိယံ=ဝန်တိုခြင်းအလေ့ရှိ ကင်းရှင်းမှုသည်၊ ပရိနိဗ္ဗာနာယ=မစ္ဆရိယဟူသော အကုသိုလ် ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၃၀။ သဋ္ဌဿ=စဉ်းလဲသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျား ပုဂ္ဂိုလ်အား၊ အသာဋ္ဌေယျံ=စဉ်းလဲခြင်းကင်းရှင်း မှုသည်၊ ပရိနိဗ္ဗာနာယ=သာဌေယျဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ= ဖြစ်၏။

၃၁။ မာယာဝိဿ=လှည့်ပတ်ခြင်း အလေ့ရှိသော၊ ပုရိသ ပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ အမာယာဝိတာ= လှည့်ပတ်ခြင်းမှကင်း ရှင်းမှုသည်၊ ပရိနိဗ္ဗာနာယ=မာယာ ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ= ဖြစ်၏။

၃၂။ ထဒ္ဓဿ=အမျက်စောင်းမာန် ခက်ထန်သော၊ ပုရိသ ပုဂ္ဂလဿ=ယောကျ်ားပုဂ္ဂိုလ်အား၊ အတ္ထဒ္ဓိယံ=အမျက် စောင်းမာန် ခက်ထန်ခြင်းမှ ကင်းရှင်းမှုသည်၊ ပရိနိဗ္ဗာနာယ=ထဒ္ဓဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ= ဖြစ်၏။

၃၃။ အတိမာနိဿ=အလွန်သော မာနကြီးသော၊ ပုရိသ ပုဂ္ဂလဿ=ယောကျ်ားပုဂ္ဂိုလ်အား၊ အနတိမာနော=အလွန် သော မာနမှ ကင်းရှင်းမှုသည်၊ ပရိနိဗ္ဗာနာယ=အတိမာန ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၃၄။ ဒုဗ္ဗစဿ=ပြောဆိုဆုံးမခြင်းငှာ မကောင်းသော စကား ရှိသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ သော ဝစဿတာ=ပြောဆို ဆုံးမလွယ်သော စကားရှိသည်၏ အဖြစ်သည်၊ ပရိနိဗ္ဗာနာယ=ဒေဝါစဿတာ ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၃၅။ ပါပမိတ္တဿ=မကောင်းသော အဆွေခင်ပွန်းရှိသော၊ ပုရိသ ပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ ကလျာဏမိတ္တတာ= အဆွေ ခင်ပွန်းကောင်းရှိသည်၏ အဖြစ်သည်၊ ပရိနိဗ္ဗာနာယ=ပါပမိတ္တတာဟူသော အကု သိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၃၆။ ပမတ္တဿ=ကုသိုလ်ကောင်းမှု၌ မေ့လျော့တတ်သော၊ ပုရိသ ပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ အပ္ပ မာဒေါ= ကုသိုလ် ကောင်းမှု၌ မမေ့မလျော့ခြင်းသည်၊ ပရိနိဗ္ဗာနာယ=ပမာဒဟူ သော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၃၇။ အသဒ္ဓဿ=သဒ္ဓါတရားမရှိသော၊ ပုရိသပုဂ္ဂလဿ= ယောကျ်ားပုဂ္ဂိုလ်အား၊ သဒ္ဓါ=သဒ္ဓါတရားသည်၊ ပရိနိဗ္ဗာနာယ=အသဒ္ဓိယ ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၃၈။ အဟိရိကဿ= အရှက်မရှိသော၊ ပုရိသပုဂ္ဂလဿ= ယောက်ျားပုဂ္ဂိုလ်အား၊ ဟိရီ=အကုသိုလ်မှ ရှက်ခြင်းသည်၊ ပရိနိဗ္ဗာနာယ=အဟိရိကဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၃၉။ အနောတ္တာပိ=အပါယ်ဘေး, သံသရာဘေးတို့၌ အကြောက် အလန့် မရှိသော၊ ပုရိသပုဂ္ဂလဿ= ယောက်ျား ပုဂ္ဂိုလ်အား၊ ဩတ္တပ္ပံ=အပါယ်ဘေး, သံသရာဘေးတို့၌ ကြောက်လန့် တတ်သော ဩတ္တပ္ပသည်၊ ပရိနိဗ္ဗာနာယ=အနောတ္တပ္ပ ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၄၀။ အပ္ပဿုတသ=တရားကျမ်းဂန်အကြားအမြင် နည်းပါး လှသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ ဗာဟုဿစ္စံ=တရား ကျမ်းဂန် အကြားအမြင် များသည်၏ အဖြစ်သည်၊ ပရိနိဗ္ဗာနာယ=အပ္ပဿုတဟူသော အကုသိုလ် ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၄၁။ ကုသိတဿ=ပျင်းရိသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျား ပုဂ္ဂိုလ်အား၊ ဝီရိယာရမ္ဘော=ဝိရီယကိုအားထုတ်မှုသည်၊ ပရိနိဗ္ဗာနာယ=ကောသဇ္ဇဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၄၂။ မုဋ္ဌသတိဿ=သတိလွတ်ကင်းသော၊ ပုရိသပုဂ္ဂလဿ= ယောကျ်ား ပုဂ္ဂိုလ်အား၊ ဥပဋ္ဌိတဿတိတာ=ထင်သော သတိရှိသည်၏အဖြစ်သည်၊ ပရိနိဗ္ဗာနာယ=မုဋ္ဌသတိ ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၄၃။ ဒုပ္ပညဿ=ပညာမရှိသော၊ ပုရိသပုဂ္ဂလဿ=ယောကျ်ား ပုဂ္ဂိုလ်အား၊ ပညာသမ္ပဒါ=ပညာ၏ ပြည့်စုံခြင်းသည်၊ ပရိနိဗ္ဗာနာယ=ဒုပ္ပည ဟူသော အကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။

၄၄။ သန္ဒိဋ္ဌိပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂိဿ= မိမိ မြင်မိမြင်ရာ မိစ္ဆာအယူကိုသာ မှားသောအားဖြင့် သုံးသပ် လေ့ရှိသော, မိမိမြင် မိမြင်ရာ မိစ္ဆာအယူကိုသာ မြဲမြံစွာ ယူလေ့ရှိသော, မိမိ မြင်မိမြင်ရာ မိစ္ဆာအယူကို စွန့်လွှတ် ခြင်းငှာ အလွန်ခဲယဉ်းသော အလေ့ရှိသော၊ ပုရိသ ပုဂ္ဂလဿ=ယောကျ်ားပုဂ္ဂိုလ်အား၊ အသန္ဒိဋ္ဌိ ပရာမာသီ အနာဒါနဂ္ဂါဟီ သုပ္ပဋိနိဿဂ္ဂိတာ=မိမိမြင်မိမြင်ရာ မိစ္ဆာ အယူကို မှားသောအားဖြင့် သုံးသပ်ခြင်းမရှိမူ, မိမိမြင်မိ မြင်ရာ မိစ္ဆာအယူကို စွန့်လွှတ်လွယ်မှုသည်၊ ပရိနိဗ္ဗာနာယ= ထိုထိုအကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏၊ [ဤကား-သလ္လေခသုတ် ပါဠိတော်မှာလာသော တဒင်္ဂပရိနိဗ္ဗာန် ၄၄-တည်း၊ ဤ ၄၄-သည်လည်း ဥပလက္ခဏမျှသာတည်း။]

ဤလောက၌ အကုသိုလ် ဓမ္မတို့၏ ဖြစ်ပွားမှုတို့မည်သည် အသင်္ချေ, အသင်္ချေ မရေမတွက်နိုင် များပြားကုန်၏၊ ထိုအကုသိုလ်ဓမ္မ တို့ကို အသီးသီးပယ် ရှားရန် ကုသိုလ်ဓမ္မတို့၏ ဖြစ်ပွားမှုတို့သည်လည်း အသင်္ချေ, အသင်္ချေ မရေ တွက်နိုင် များပြားကုန်၏။

ပယ်ရှားနိုင်သဖြင့် ထုအကုသိုလ်ဓမ္မတို့၏ ဖြစ်ပွားမှု၏ တဒင်္ဂ အားဖြင့် အဖြစ်ငြိမ်းမှုဟူသော တဒင်္ဂပရိနိဗ္ဗာန်သည်လည်း အသင်္ချေ့ အသင်္ချေ မရေ မတွက်နိုင် များပြား၏။

တစ်ခုတစ်ခုသော ကုသိုလ်ဓမ္မ ဆောက်တည်သဖြင့် တစ်ခု တစ်ခု သော အကုသိုလ်ဓမ္မ၏ ငြိမ်းမှုဟူသော တဒင်္ဂနိဗ္ဗာန်သည် အသင်္ချေယျ, အပ္ပမေယျ အဖိုးထိုက်တန်၏။

ထိုတဒင်္ဂနိဗ္ဗာန်သည်လည်း ဘယ်ကုသိုလ်တရားကို ဆောက် တည်၍ ငါ၏စိတ်သန္တာန်ဝယ် ဘယ်အကုသိုလ် အပူလောင်တရားငြိမ်း ပေသည်ဟု ကိုယ်တွေ့ဒိဋ္ဌတွေ့ကြုံရသော ပရမတ္ထ တစ်မျိုးပင်တည်း။ ပြဆိုခဲ့ပြီးသော သမ္မုတိနိဗ္ဗာန်ထက် ဤတဒင်္ဂနိဗ္ဗာန်သည် အဆ ကုဋေမက သာလွန် မြင်မြတ်၏၊ ဘုရားအစရှိသော လောကီ, လောကုတ္တရာ ပညာရှိအပေါင်း သူတော်ကောင်းတို့သည် အလွန် ချီးမွမ်းအပ်၏၊ ဤတဒင်္ဂနိဗ္ဗာန်သည် မဟာနိဗ္ဗာန်ကြီး၏ အပင်း အသင်းကဲ့သို့ ဖြစ်၏။

[ဤကား-တဒင်္ဂနိဗ္ဗာန်တည်း။]

ဝိက္ခမ္ဘနနိဗ္ဗာန် ဆိုသည်ကား မဟဂ္ဂုတ်စျာန် တရားတို့သည် အကြင်တရားတို့ကို ဝေးစွာ ကွာသည်ကိုပြု၍ ပယ်ရှားအပ်ကုန်၏၊ ထိုတရားတို့၏ အရှည်အကြာအားဖြင့် အဖြစ်ငြိမ်းမှုကို “ဝိက္ခမ္ဘန နိဗ္ဗာန်“ဆိုသတည်း၊ ဤဝိက္ခမ္ဘနနိဗ္ဗာန်၏ အပြားကို နဝနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော်ကို အစဉ်လျောက်ပတ်သဖြင့် သိအပ်၏။

သန္ဒိဋ္ဌိကံ နိဗ္ဗာနံ သန္ဒိဋ္ဌိကံ နိဗ္ဗာနန္တိ အာဝုသော ဝုစ္စတိ၊ ကိတ္တာဝတာ နုခေါ အာဝုသော သန္ဒိဋ္ဌိကံ နိဗ္ဗာနံ ဝုတ္တံ ဘဂဝတာ တိ

ဣဓာဝုသော ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိသက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိ သုခံ စျာနံ ဥပသမ္ပဇ္ဇဝိဟရိတိ၊ ဧတ္တာဝတာ ပိ ခေါ အာဝုသော သန္ဒိဋ္ဌိကံ နိဗ္ဗာနံ ဝုတ္တံ ဘဂဝတာ ပရိယာယေနာတိ

အာဝုသော=ငါ့အရှင်၊ သန္ဒိဋ္ဌိကံ နိဗ္ဗာနံ သန္ဒိဋ္ဌိကံ နိဗ္ဗာနန္တိ=သန္ဒိဋ္ဌိက နိဗ္ဗာန် သန္ဒိဋ္ဌိကနိဗ္ဗာန်ဟူ၍၊ ပဏ္ဍိတေဟိ=ပညာရှိတို့သည်၊ ဝုစ္စတိ= အများပြောဆိုအပ်၏၊ အာဝသော=ငါ့ရှင်၊ ကိတ္တာဝတာ=အဘယ်မျှ လောက်သော ငြိမ်းခြင်းဖြင့်၊ ဘဂဝတာ=မြတ်စွာဘုရားသည်၊ သန္ဒိဋ္ဌိကံ နိဗ္ဗာနံ=သန္ဒိဋ္ဌိက နိဗ္ဗာန်ကို၊ ဝုတ္တံ နုခေါ=ဟောတော်မူအပ်သနည်း၊ ဣတိ=ဤသို့၊ ပုစ္ဆိ=အရှင်အာနန္ဒာ မထေရ်အား အရှင်ကာဠုဒါယီ မထေရ်က မေးလေ၏။

အာဝုသော=ငါ့ရှင်၊ ဣဓ=ဤသာသနာတော်၌၊ ဘိက္ခု=ရဟန်းသည်၊ ကာမေဟိ=ဝတ္ထုကာမ, ကိလေသာ ကာမတို့မှ၊ ဝိဝိစ္စေဝ=ဆိတ်ကင်း၍ သာလျှင်၊ အကုသလေဟိ ဓမ္မေဟိ=အကုသိုလ်ဓမ္မတို့မှ၊ ဝိဝိစ္စဧဝ= ဆိတ်ကင်း၍သာလျှင်၊ သဝိတက္ကံ=ဝိတက်နှင့်တကွသော၊ သဝိစာရံ= ဝိစာရနှင့်တကွသော၊ ဝိဝေကဇံ ပီတိသုခံ=ဝိဝေကကြောင့် ဖြစ်သော ပီတိ, သုခရှိသော၊ ပဌမံစျာနံ=ပထမစျာန်ကို၊ ဥပသမ္ပဇ္ဇ=ပြည့်စုံစေ၍၊ ဝိဟရေတိ=နေပေ၏၊ အာဝုသော=ငါ့ရှင်၊ ခေါ=စင်စစ်၊ ဧတ္တာဝတာပိ= ဤမျှလောက်သော ဝတ္ထုကာမ, ကိလေသာကာမ အကုသိုလ်ဓမ္မတို့၏ ချုပ်ငြိမ်းခြင်းဖြင့်လည်း၊ ဘဂဝတာ=မြတ်စွာဘုရားသည်၊ ပရိယာယေန= ပရိယာယ်အားဖြင့်၊ သန္ဒိဋ္ဌိကံ နိဗ္ဗာနံ=သန္ဒိဋ္ဌိက နိဗ္ဗာန်ကို၊ ဝုတ္တံ=ဟော တော်မူပေ၏၊ ဣတိ=ဤသို့ ဖြေလေ၏။

၁။ ပရိနိဗ္ဗာန်မစံမီ မိမိကိုယ်ခန္ဓာတွင် ကိုယ်တွေ့ဒိဋ္ဌ တွေ့ကြုံ ရသော နိဗ္ဗာန်ကို “သန္ဒိဋ္ဌိကနိဗ္ဗာန်” ဆိုသသည်။ နောက်နောက် စျာန်တို့၌ အဓိပ္ပါယ် မျှကိုသာ ထုတ်ပြအံ့။

၂။ ဒုတိယစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက်, ဝိစာရ တို့၏ ချုပ်ငြိမ်းမှုသည် “သန္ဒိဋ္ဌိကနိဗ္ဗာန်” မည်၏။

၃။ တတိယစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ပီတိ၏ ချုပ်ငြိမ်း မှုသည်“သန္ဒိဋ္ဌိကနိဗ္ဗာန်” မည်၏။

၄။ စတုတ္ထစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား သုခဝေဒနာ၏ ချုပ်ငြိမ်းမှုသည် “သန္ဒိဋ္ဌိကနိဗ္ဗာန်” မည်၏။

၅။ အာကာသာနဉ္စာယတနစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ပဋိဃသညာတို့၏ ချုပ်ငြိမ်းမှု, နာနတ္တသညာတို့၏ ကင်းကွာမှုသည် “သန္ဒိဋ္ဌိကနိဗ္ဗာန်” မည်၏။

၆။ ဝိညာဏဉ္စာယတနစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား အာကာသာနဉ္စယတနသညာ၏ ချုပ်ငြိမ်းမှုသည် “သန္ဒိဋ္ဌိကနိဗ္ဗာန်“မည်၏။

၇။ အာကိဉ္စညာယတနစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ဝိညာနဉ္စာယတနသညာ၏ ချုပ်ငြိမ်းမှုသည် “သန္ဒိဋ္ဌိက နိဗ္ဗာန်” မည်၏။

၈။ နေဝသညာနာသညာယတနစျာန်ကို ဝင်စားသော ပုဂ္ဂိုလ် အား အာကိဉ္စညာယတနသညာ၏ ချုပ်ငြိမ်းမှုသည် “သန္ဒိဋ္ဌိကနိဗ္ဗာန်” မည်၏။

ဤ မဟဂ္ဂုတ်သမာပတ် ၈-ပါးဖြင့် ပြီးသော နိဗ္ဗာန် ၈-ပါးမှာ အပြီးချုပ်ငြိမ်းသော မဟာနိဗ္ဗာန်ကြီးမဟုတ်၊ ကာလရှည်ကြာ ကင်းကွာ ရုံမျှသာ ချုပ်ငြိမ်းမှုဖြစ်ပေ၍ ပရိယာယ် နိဗ္ဗာန်ဆိုသတည်း။

ပုန စ ပရံ အာဝုသော ဘိက္ခု နေဝသညာနာသညာယတနံ သမတိက္ကမ္မ သညာဝေဒယိတ နိရောဓံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ပညာယဿဒိသွာ အာသဝါ ပရိက္ခီဏာ ဟောန္တိ၊ ဧတ္တာဝတာ ခေါ အာဝုသော သန္ဒိဋ္ဌိကံ နိဗ္ဗာနံ ဝုတ္တံ ဘဂဝတာ နိပ္ပရိယာယေနာတိ

[အဆုံးဝါကျ]

အာဝုသော=ငါ့ရှင်၊ ပုနစရံ=ထိုမှတစ်ပါးတုံ၊ ဘိက္ခု=ရဟန်းသည်၊ နေဝသညာနာသညာယတနံ=နေဝသညာနာသညာယတနစျာန်ကို၊ သမတိက္ကမ္မ=ကောင်းစွာလွန်၍၊ သညာဝေဒယိတနိရောဓံ=သညာ, ဝေဒနာတို့၏ ချုပ်ငြိမ်းခြင်းကို၊ ဥပသမ္ပဇ္ဇ=ပြည့်စုံစေ၍၊ ဝိဟရတိ= နေပေ၏၊ အဿ=ထိုပုဂ္ဂိုလ်အား၊ ပညာယစ=ပညာဖြင့်လည်း၊ ဒိသွာ=အလင်းကိုသိမြင်၍၊ အာသဝါ=အာသဝေါတရားတို့သည်၊ ပရိက္ခီဏာ=အကြွင်းအကျန်မရှိ ကုန်ခန်း ချုပ်ငြိမ်းကုန်သည်၊ ဟောန္တိ= ဖြစ်ကုန်၏၊ အာဝုသော=ငါ့ရှင်၊ ခေါ=စင်စစ်၊ ဧတ္တာဝတာ=ဤမျှ လောက် သော ချုပ်ငြိမ်းခြင်းအားဖြင့်၊ ဘဂဝတာ=မြတ်စွာဘုရားသည်၊ နိဖ္ပရိယာယေနူ=စင်စစ်မုချဧကန္တိအားဖြင့်၊ သန္ဒိဋ္ဌိကံနိဗ္ဗာနံ=သန္ဒိဋ္ဌိက နိဗ္ဗာန်ကို၊ ဝုတ္တံ=ဟောတော်မူအပ်ပေ၏၊ ဣတိ=ဤသို့ဖြေပေ၏၊ [အနက်။]

ဤအဆုံးဝါကျ၌ နိရောဓသမာပတ်သည်လည်း မုချသန္ဒိဋ္ဌိက နိဗ္ဗာန်တစ်ပါး၊ အရဟတ္တမဂ်သို့ ရောက်သောအခါ ကိလေသာ အာသဝေါတို့၏ အကြွင်းအကျန်မရှိ ကုန်ခန်းချုပ်ငြိမ်းခြင်းသည်လည်း မုချ သန္ဒိဋ္ဌိက နိဗ္ဗာန်တစ်ပါး၊ ဤသို့ နိဗ္ဗာန်၂-ပါး ဖြစ်ပါငြားသော်လည်း သဥပါဒိသေသ မုချနိဗ္ဗာန်အနေအားဖြင့် တစ်ခုတည်းဖြစ်သည်နှင့် သန္ဒိဋ္ဌိကနိဗ္ဗာန်တစ်ပါးထား၍ နိဗ္ဗာန်အပြား ၉-ပါးလာပေသည်။

ဒုတိယသုတ်။။ ဒုတိယသုတ်၌ သန္ဒိဋ္ဌိကသဒ္ဒါမပါဘဲ“နိဗ္ဗာနံ နိဗ္ဗာနန္တိ အာဝုသော ဝုစ္စတိ၊ ကိတ္တာဝတာ နု ခေါ အာဝုသော နိဗ္ဗာနံ ဝုတ္တံ ဘဂဝတာ တိ၊ ဣဓာဝုသော ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စအကုသလေဟိ ဓမ္မေဟိ” အစရှိသည်ဖြင့် ပထမသုတ်အတိုင်း နိဗ္ဗာန် ၉-ပါးလာ၏။

တတိယသုတ်။ ။ ထို့အတူ တတိယသုတ်၌လည်း“တဒင်္ဂနိဗ္ဗာနံ တဒင်္ဂနိဗ္ဗနန္တိ အာဝုသော ဝုစ္စတိ

အစရှိသည်ဖြင့် တဒင်္ဂနိဗ္ဗာန်ဟူသော အမည်နှင့် နိဗ္ဗာန် ၉-ပါးလာ၏။

စတုတ္ထသုတ်။။ စတုတ္ထသုတ်၌
ဒိဋ္ဌိဓမ္မနိဗ္ဗာနံ ဒိဋ္ဌိဓမ္မနိဗ္ဗနန္တိ အာဝုသော ဝုစ္စတိ

အစရှိသည်ဖြင့် ဒိဋ္ဌိဓမ္မနိဗ္ဗာန် ဟူသောအမည်နှင့် နိဗ္ဗာန် ၉-ပါး လာ၏။

ပဉ္စမသုတ်။ ။ ပဉ္စမသုတ်၌
ခေမပ္ပတ္တော ခေမပ္ပတ္တောတိ အာဝုသော ဝုစ္စတိ” အစရှိသည်ဖြင့် ခေမ ဟူသော အမည်နှင့် နိဗ္ဗာန် ၉-ပါး လာ၏။

ဆဋ္ဌသုတ်။ ။ ဆဋ္ဌသုတ်၌
ခေမပ္ပတ္တောတိ အာဝုသော ဝုစ္စတိ

အစရှိသည်ဖြင့် နိဗ္ဗာန်သို့ရောက်သော ပုဂ္ဂိုလ်ကို ပဓာနပြု၍ နိဗ္ဗာန်၉-ပါး လာ၏။

သတ္တမသုတ်။ ။ သတ္တမသုတ်၌
အမတန္တိ အာဝုသော ဝုစ္စတိ

အစရှိသည်ဖြင့် အမတ ဟူသော အမည်နှင့် နိဗ္ဗာန် ၉-ပါး လာ၏။

အဋ္ဌမသုတ်။ ။ အဋ္ဌမသုတ်၌
အမဟံ ပတ္တော အမဟံ ပတ္တောတိ အာဝုသော ဝုစ္စတိ” အစရှိသည်ဖြင့် နိဗ္ဗာန်သို့ ရောက်သော ပုဂ္ဂိုလ်ကို ပဓာန ပြု၍နိဗ္ဗာန် ၉-ပါး လာ၏။

နဝမသုတ်။ ။ နဝမသုတ်၌
အမဟံ ပတ္တော အမဟံ ပတ္တောတိ အာဝုသော ဝုစ္စတိ” အစရှိသည်ဖြင့် အဘယ ဟူသောအမည်နှင့် နိဗ္ဗာန် ၉-ပါး လာ၏။

ဒသမသုတ်။ ။ ဒသမသုတ်၌
အမဟံ ပတ္တော အမဟံ ပတ္တောတိ အာဝုသော ဝုစ္စတိ” အစရှိသည်ဖြင့် နိဗ္ဗာန်သို့ရောက်ကုန်သော ပုဂ္ဂိုလ်ကို ပဓာနပြု၍ နိဗ္ဗာန် ၉-ပါး လာ၏။

ဧကာဒသမသုတ်။ ။ ဧကာဒသမသုတ်၌
ပဿဒ္ဓိတိ အာဝုသော ဝုစ္စတိ

အစရှိသည်ဖြင့် ပဿဒ္ဓိ ဟူသောအမည်ဖြင့် နိဗ္ဗာန် ၉-ပါး လာ၏။

ဒွါဒသမသုတ်။ ။ ဒွါဒသမသုတ်၌
နိရောဓော နိရောဓောတိ အာဝုသော ဝုစ္စတိ

အစရှိသည်ဖြင့် နိရောဓ ဟူသောအမည်ဖြင့် နိဗ္ဗာန် ၉-ပါး လာ၏။

တေရသမသုတ်။။ တေရသမသုတ်၌
အနုပုဗ္ဗနိရောဓော အနုပုဗ္ဗနိရောဓောတိ အာဝုသော ဝုစ္စတိ

အစရှိသည်ဖြင့် အနုပုဗ္ဗနိရောဓ ဟူသော အမည်ဖြင့် နိဗ္ဗာန် ၉- ပါး လာ၏။

သုတ်ပေါင်း ၁၃၊ နိဗ္ဗာန်ပေါင်း ၁၁၇၊ ထို ၁၁၇-ပါးသော နိဗ္ဗာန်တို့၌
ဝိက္ခမ္ဘနနိဗ္ဗာန် ၁၀၄၊ သမုစ္ဆေဒ နိဗ္ဗာန် ၁၃။ ဝိက္ခမ္ဘန နိဗ္ဗာန် ၁၀၄-သည် ဗြဟ္မာ့ပြည်မှာ ထာဝရရှိ၏၊ လူ့ပြည်, နတ်ပြည်မှာ စျာနဘာဘီ ပုဂ္ဂိုလ် တို့၌သာရှိ၏။

[ဤကား ဝိက္ခမ္ဘနနိဗ္ဗာန်တည်း။]

သမုစ္ဆေဒနိဗ္ဗာန်။ ။ သမုစ္ဆေဒနိဗ္ဗာန်သည် လူအနာဂါမ်, ရဟန္တာ၊ နတ်အနာဂါမ်, ရဟန္တာတို့၌သာ ရှိ၏၊ သမုစ္ဆေဒနိဗ္ဗာန် ဆိုသည် လည်း သဥပါဒိသေသ နိဗ္ဗာန်ကို ဆိုသတည်း။

မဂ်ဖြင့် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်ဖြတ်ခြင်းသည် သမုစ္ဆေဒ ကိစ္စ မည်၏၊ ပယ်ဖြတ်ပြီးသော ကိလေသာတို့၏ တစ်ဖန် အဖြစ်ငြိမ်းခြင်း သည် သမုစ္ဆေဒနိဗ္ဗာန် မည်၏။

ဤပါဠိတော်၌ ဝိက္ခမ္ဘန ကိစ္စအရာဌာန ဖြစ်ပါလျက်“တဒင်္ဂနိ်ဗ္ဗာနံ တဒင်္ဂနိဗ္ဗာနန္တိ အာဝုသော ဝုစ္စတိ

အစရှိသည်ဖြင့် တဒင်္ဂနိဗ္ဗာန်ဟူ၍ လာသည်မှာ ပထမစျာန် ကုသိုလ်ဖြင့် နိဝရဏ အကုသိုလ်စုကို ပယ်သည်၊ ဒုတိယစျာန် ကုသိုလ်ဖြင့် ဝိတက်, ဝိစာရတို့ကို ပယ်သည်၊ ဤသို့ စသည်ဖြင့် ပယ်တတ်, ပယ်အပ် အသီးသီး ဖြစ်ကြသည်ကို အစွဲပြု၍ ဝိက္ခမ္ဘနကိစ္စကိုလည်း တဒင်္ဂ ဆို သင့်ပြန်၏၊ ဤဝိက္ခမ္ဘိန နိဗ္ဗာန်သည် ရှေး၌ ပြဆိုခဲ့ပြီးသော တဒင်္ဂနိဗ္ဗာန်မျိုး တို့ထက် အဆကုဋေမက သာလွန်မြင့်မြတ်၏။

ပဋိသမ္ဘိဒါမဂ် ပါဠိတော်လာသော ၁၈-ရပ်သော မဟာဝိပဿနာ ဉာဏ် တို့ဖြင့်ပြီးသော 'ဝိပဿနာသိဒ္ဓ' တဒင်္ဂ နိဗ္ဗာန်ပေါင်း ၁၈-ပါး တို့ထက်မူကား သာလွန်မြင့်မြတ်သည် ဟူ၍ မဆိုသာပေ၊ သမုစ္ဆေဒနိဗ္ဗာန် သည်သာလျှင် ထိုဝိပဿနာသိဒ္ဓ တဒင်္ဂနိဗ္ဗန်ထက် သာလွန်မြင့်မြတ်လေ သည်။

၎င်းအပြား ၇-ပါး။။ သမုစ္ဆေဒနိဗ္ဗာန်ဆိုသည်ကား သင်္ဂြီုဟ်ကျမ်း မှာလာသော သဥပါဒိသေသနိဗ္ဗာန်ကို ဆိုသတည်း၊ ကိလေသနိဗ္ဗာန် ဟူ၍လည်း ဆို၏၊ ထိုသမုစ္ဆေဒနိဗ္ဗာန်၏အပြားကို သတ္တနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော်မှာ အရှင်မောဂ္ဂလာန်မေး၍ တိဿဗြဟ္မာ၏အဖြေ, မြတ်စွာ ဘုရား၏ အဖြေတို့ကို အစဉ်လျှောက်၍ သိအပ်၏၊။ လိုရင်းအဓိပ္ပါယ် ကိုသာ ထုတ်ပြပေအံ့။

သဥပါဒိသေသ - ဟူသောပုဒ်၌ ဥပါဒိသေသ တရားသည်
၁။ ကိလေသုပါဒိသေသ ၁-ပါး,
၂။ ခန္ဓုပါဒိသေသ ၁-ပါး,
ဟူ၍ ၂-ပါး အပြားရှိ၏၊ ထို ၂-ပါးတို့တွင်

ကိလေသာ အကြွင်းအကျန်ရှိသေးသော သေက္ခပုဂ္ဂိုလ်စုသည် ကိလေသု ပါဒိသေသ၏အစွမ်းဖြင့် “သဥပါဒိသေသပုဂ္ဂိုလ်” မည်၏၊ ထိုပုဂ္ဂိုလ်ဆိုက် ရောက်သော နိဗ္ဗာန်သည်လည်း “သဥပါဒိသေသနိဗ္ဗာန်” မည်၏။

ကိလေသာ အကြွင်းအကျန်မရှိသော ရဟန္တာပုဂ္ဂိုလ်သည် “အနုပါဒိသေသပုဂ္ဂိုလ်” မည်၏၊ ထိုပုဂ္ဂိလ်သည် အရဟတ္တဖိုလ်ကို ရသည် နှင့်တစ်ပြိုင်နက် ဆိုက်ရောက်သော နိဗ္ဗာန်သည်လည်း “အနုပါဒိသေသ နိဗ္ဗာန်“မည်၏။

အရိယာပုဂ္ဂိုလ် အဖြစ်သို့ရောက်ပြီးသည့်နောက် ခန္ဓပရိနိဗ္ဗာန် မစံမီအတွင်း ခန္ဓာ ၅-ပါး အကြွင်းအကျန်ရှိသေးသော အရိယာပုဂ္ဂိုလ် ၈-ယောက်သည် ခန္ဓုပါဒိသေသ၏အစွမ်းဖြင့် “သဥပါဒိသေသပုဂ္ဂိုလ်” မည်၏၊ ထိုအရိယာ ၈-ယောက်တို့ ဆိုက်ရောက်သော နိဗ္ဗာန်သည် “သ ဥပါဒိသေသနိဗ္ဗာန်“မည်၏။

ခန္ဓပရိနိဗ္ဗာန် စံပြီး၍ ထိုပုဂ္ဂိုလ်မရှိပြီးနောက် ကွယ်လွန်လေပြီး သော ထိုပုဂ္ဂိုလ်သည် “အနုပါဒိသေသပုဂ္ဂိုလ်” မည်၏၊ ထိုပုဂ္ဂိုလ် ရောက်သော နိဗ္ဗာန်သည် “အနုပါဒိသေသနိဗ္ဗာန်“မည်၏။

ဤသို့လျှင် သဥပါဒိသေသပုဂ္ဂိုလ်, အနုပါဒိသေသပုဂ္ဂိုလ်ဟူ၍ ပုဂ္ဂိုလ် ၂-မျိုး၊ သဥပါဒိသေသနိဗ္ဗာန်, အနုပါဒိသေသနိဗ္ဗာန် ဟူ၍ နိဗ္ဗာန် ၂-မျိုးကို ကိလေသုပါဒိသေသနှင့် ခွဲခြမ်းနည်း တစ်မျိုး၊ ခန္ဓုပါဒိသေသနှင့် ခွဲခြမ်းနည်း တစ်မျိုးဟူ၍ အဋ္ဌကထာ၌ ၂-မျိုးလာ၏၊ ဥဘတော ဘာဂ ဝိမုတ္တရဟန္တာပုဂ္ဂိုလ်၏ နိဗ္ဗာန်, ပညာဝိမုတ္တရ ဟန္တာပုဂ္ဂိုလ်၏ နိဗ္ဗာန်သည် ခန္ဓုပါဒိသေသ၏အစွမ်းဖြင့် သဥပါဒိသေသ နိဗ္ဗာန်, အနုပါဒိသေသနိဗ္ဗာန် ဟူ၍ ၂-ပါးအပြားရှိ၏။

ကယသက္ခီသေက္ခပုဂ္ဂိုလ်၏ နိဗ္ဗာန်, ဒိဋ္ဌိပ္ပတ္တသေက္ခပုဂ္ဂိုလ်၏ နိဗ္ဗာန်, သဒ္ဓါဝိမုတ္တသေက္ခပုဂ္ဂိုလ်၏နိဗ္ဗာန်, သဒ္ဓါနုသာရီသေက္ခပုဂ္ဂိုလ်၏ နိဗ္ဗာန်, ဓမ္မာနုသာရီသေက္ခပုဂ္ဂိုလ်၏ နိဗ္ဗာန်စုသည် ကိလေသုပါဒိသေသ၏ အစွမ်းဖြင့် သဥပါဒိသေသနိဗ္ဗာန်, အနုပါဒိသေသနိဗ္ဗာန် ဟူ၍ ၂-ပါးစီ အပြားရှိ၏။

[ရဟန္တာအဖြစ်သို့ မရောက်မီ သဥပါဒိသေသနိဗ္ဗာန်၊ ရဟန္တာ အဖြစ်သို့ ရောက်သောအခါ အနုပါဒိသေသနိဗ္ဗာန် ဟုခွဲလေ။]

ဤသို့လျှင် တိဿဗြဟ္မာ၏ အဖြေ၌ ပုဂ္ဂိုလ် ၆-ပါး၊ သဥပါဒိသေသ နိဗ္ဗာန် ၆-ပါး၊ အနုပါဒိသေသနိဗ္ဗာန် ၆-ပါး ရ၏၊ မဂ်, ဖိုလ်ကို ယခုဘဝ ရလတ္တံ့သော ဝိပဿနာ ယောဂီပုဂ္ဂိုလ်၏ နိဗ္ဗာန်သည်လည်း ရဟန္တာ အဖြစ်သို့ မရောက်မီ သဥပါဒိသေသပုဂ္ဂိုလ်, သဥပါဒိသေသ နိဗ္ဗာန် မည်၏၊ ရဟန္တာအဖြစ်သို့ ရောက်သောခါ အနုပါဒိသေသပုဂ္ဂိုလ်, အနုပါဒိ သေသနိဗ္ဗာန်မည်၏။

ဤသို့လျှင် မြတ်စွာဘုရား၏ အဖြေ၌ ပုဂ္ဂိုလ် ၂-ပါး၊ နိဗ္ဗာန် ၂- ပါးဖြစ်၏၊ ဤ၌ သဥပါဒိသေသ နိဗ္ဗာန်ဆိုသည်ကား ၁၈-ရပ်သော မဟာ ဝိပဿနာဉာဏ်၏ အစွမ်းဖြင့်ပြီးသော တဒင်္ဂနိဗ္ဗာန် ၁၈-ပါးယူလေ၊ တဒင်္ဂနိဗ္ဗာန်ပင် ဖြစ်သော်လည်း အထက်ဖြစ်သော သမုစ္ဆဒနိဗ္ဗာန်နှင့် ဧကန် ဆက်မိလတ္တံ့သော နိဗ္ဗာန်ဖြစ်ပေ၍ သဥပါဒိသေသ နိဗ္ဗာန်ဆိုရ သတည်း။

ဤသို့လျှင် ဤပါဠိတော်၌ သဥပါသိသေသနိဗ္ဗာန် ၇-ပါး၊ အနုပါဒိ သေသနိဗ္ဗာန် ၇-ပါးအားဖြင့် ၁၄-ပါးသော နိဗ္ဗာန်တို့သည် လာကုန်၏။

ထို ၁၄-ပါး တွင် သဥပါဒိသေသနိဗ္ဗာန် ၇-ပါးမည်၏။

[ဤကား သမုစ္ဆေဒနိဗ္ဗာန် အပြားတည်း။]

ပဋိပဿဒ္ဓိနိဗ္ဗာန်။။ ပဋိဿဒ္ဓိနိဗ္ဗာန် ဆိုသည်ကား အရဟတ္တဖိုလ် ကို ဆိုသတည်း၊ ထိုအရဟတ္တဖိုလ် ဟုဆိုအပ်သော ပဋိပဿဒ္ဓိနိဗ္ဗာန်ကို “သဥပါဒိ သေသာနိဗ္ဗာနဓာတုဝဇ္ဇာ” ဟူသော နေတ္တိပါဠိတော်၊ “နိဗ္ဗာန သစ္ဆိကိရိယာ စ” ဟူသောမင်္ဂလသုတ်ပါဠိတော်တို့၌ သိအပ်၏၊ [ဤကား ပဋိပဿဒ္ဓိနိဗ္ဗာန်တည်း။]

နိဿရဏနိဗ္ဗာန်။။ နိဿရဏနိဗ္ဗာန် ဆိုသည်ကား သဥပါဒိ သေသ အမည်, အနုပါဒိသေသအမည်၂-ပါး ရသော ပရမတ္ထအသင်္ခတ မဟာနိဗ္ဗာန်ကြီးကို ဆိုသတည်း။

ထိုနိဿရဏနိဗ္ဗာန်ကိုကား
ဒွေမာ ဘိက္ခဝေ နိဗ္ဗာနဓာတုယော၊ ကတမာဒွေ၊ သဥပါဒိသေသာစ နိဗ္ဗာနဓာတု၊ အနုပါဒိသေသာ စ နိဗ္ဗာနဓာတု။”

ဟူသော ဣတိဝုတ်ပါဠိတော် အစရှိသည်တို့၌ သိအပ်၏၊ ဤဣတိဝုတ်ပါဠိတော်၌
ဧကာ ဟိ ဓာတု ဣဓ ဒိဋ္ဌဓမ္မိကာ၊ သဥပါဒိသေသာ ဘဝနေတ္တိသင်္ခယာ၊ အနုပါဒိသေသာ သမ္ပရာယိကာ၊ ယမှိ နိရုဇ္ဈန္တိဘဝါနိ သဗ္ဗသော။”

ဟု သဥပါဒိသေသနိဗ္ဗာန်ကို ဒိဋ္ဌိဓမ္မိကနိဗ္ဗာန် ဟူ၍ လာပြန်၏။

အနုပါဒိသေသနိနိဗ္ဗာန်ကို သမ္ပရာယိကနိဗ္ဗာန် ဟူ၍လာပြန်၏၊ အဋ္ဌကထာ၌လည်း
ဒိဋ္ဌိဓမ္ပိကာတိ ဣမသ္မံ အတ္တဘာဝေ ဘဝါ ဝတ္တမာန။ သမ္ပရာယိကာတိ၊ သမ္ပရာယ ခန္ဓဘဒတော ပရဘာဂေဘဝါ ဝတမာနာ”-ဟုဖွင့်၏။

ဒိဋ္ဌိဓမ္မိကာတိ=ဒိဋ္ဌိဓမ္မိက ဟူသည်ကား။ ဣမသ္မံ အတ္တဘာဝေ= ဤပစ္စုပ္ပန် အတ္တဘော၌။ ဘဝါ=ဖြစ်သည်တည်း၊ ဝတ္တမာနာ= ဖြစ်သည် တည်း။

သမ္ပရာယိကာတိ=သမ္ပရာယိက ဟူသည်ကား။ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ=ပစ္စုပ္ပန်ခန္ဓာ ပျက်ဆုံးသည်မှာ နောက်အဖို့၌၊ ဘဝါ=ဖြစ်သည်တည်း။ ဝတ္တမာနာ=ဖြစ်သည်တည်း။

ဘဝါ ၂-ပုဒ်၊ ဝတ္တမာနာ ၂-ပုဒ်။။ ဘဝါ၌ ဘူသဒ္ဒါသည် သတ္တာ၊ အနက်ကိုဟော၏၊ သတ္တာ အနက်ဆိုသည်ကား “သန္တဿ ဘာဝေါ သတ္တာ” ဟူသော ဝစနတ္တနှင့်အညီ သင်္ခတပရမတ်တရားတို့မှာ သင်္ခတပရမတ် အနေအားဖြင့် ရှိခြင်း၊ အသင်္ခတ ပရမတ်မှာလည်း အသင်္ခတ ပရမတ်အနေအားဖြင့် ရှိခြင်း၊ ပညတ်တရားတို့မှာလည်း ပညတ် အနေအားဖြင့်ရှိခြင်းအမှုကို “သတ္တာ” ဆိုသည်။ အသစ်ဖြစ်ပေါ်သည်ကို ဆိုသည်မဟုတ်။

ဟောတိ၊ ဖြစ်၏၊ ဘဝတိ၊ ဖြစ်၏၊။ဤဖြစ် ၂-လုံးကား
ပြဆိုခဲ့ပြီးသော ရှိခြင်း ၃-မျိုးကိုဆိုသော ဖြစ်၂-လုံးတည်း။ ဥပါဒ် ဇာတိနှင့် ဖြစ်ပေါ်သည်ကို ဆိုသော ဖြစ်လုံး မဟုတ်။

ဝတ္တတိ=ဖြစ်၏၊ ပဝတ္တတိ=ဖြစ်၏၊ ဝတ္တမာနံ=ဖြစ်သည်။ ပဝတ္တမာနံ= ဖြစ်သည်။ ဤဖြစ်လုံးစုကား အစဉ်အားဖြင့် တည်မှုကို ဆိုသော ဖြစ်လုံး စုတည်း။ ဥပဒ် ဇာတိနှင့် ဖြစ်ပေါ်သည်ကိုဆိုသော ဖြစ်လုံးစု မဟုတ်။ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ နိဗ္ဗတ္တတိ=ဖြစ်၏၊ ဇာယတိ=ဖြစ်၏၊ ဥပ္ပန္နော= ဖြစ်သည်၊ နိဗ္ဗတ္တော=ဖြစ်သည်။ ဇာတော=ဖြစ်သည်။ ဤဖြစ်လုံးစုကား ဥပါဒ် ဇာတိနှင့် အသစ်ဖြစ်ပေါ်မှုကို ဆိုသော ဖြစ်လုံးစုပေတည်း။ ဤသို့လျှင် ကျမ်းဂန်တို့၌လည်းကောင်း၊ ငါတို့ မြန်မာစကား၌ လည်းကောင်း ဖြစ်လုံး ၃-မျိုးရှိသတည်း။ ထို ၃-မျိုးတို့တွင် ဣတိဝုတ် အဋ္ဌကထာ၌ရှိခြင်း, အစဉ်တည်ခြင်းဟူသော ဖြစ် ၂-မျိုးကိုသာ ယူအပ်၏၊ ဖြစ်ပေါ်ခြင်းဟူသော ဖြစ်မျိုးကို မယူအပ်။ ထို့ကြောင့် ဘဝါ, ဝတ္တမာနာ ဟုဆိုလေသည်၊ ဥပ္ပန္န, နိဗ္ဗတ္တာ, ဇာတာ ဟူ၍ မဆိုလေ။

နိဗ္ဗာန်သည် နိဗ္ဗာန်အနေအားဖြင့် ထင်ရှားရှိသောကြောင့် “ဘဝါ” ဟု ဆိုသင့်၏၊ အနမတဂ္ဂသံသရာ၌ အစဉ်အမြဲတည်သောကြောင့် “ဝတ္တမာနာ” ဟုဆိုသင့်၏၊ ဥပါဒ်ဇာတိနှင့် ဖြစ်ပေါ်မှုဟူ၍ လုံးလုံး မရှိသောကြောင့် “ဇာတိ”ဟူ၍လည်းကောင်း၊ “ဥပ္ပန္န” ဟူ၍လည်း ကောင်း၊ “နိဗ္ဗတ္တာ”ဟူ၍လည်းကောင်း မဆိုသင့်။

အကြင်သူတို့သည် ဖြစ်လုံး ၃-မျိုး ခြားနားမှုကို နှလုံး မထား မိကြကုန်၊ ထိုသူတို့သည် ဤဣတိဝုတ် အဋ္ဌကထာ၌ ဘဝါ, ဝတ္တမာနာ ဟုလာသည်ကို ထောက်၍ နိဗ္ဗာန်မှ တခြားတစ်ပါးသော သင်္ခတတရား တို့ကဲ့သို့ ရုန်းရင်း ကြမ်းတမ်းသော ဇာတိနှင့် ဖြစ်ပေါ်မှုသာ မရှိသည်၊ အလွန်သိမ်မွေ့လှသော ဇာတိနှင့် ဖြစ်ပေါ်မှုကား ရှိ၏၊ သဥပါဒိသေသ နိဗ္ဗာန်သည် မဂ်,ဖိုလ် ဖြစ်ပေါ်ရာမှစ၍ ဖြစ်ပေါ်၏၊ အနုပါဒိသေသ နိဗ္ဗာန် သည် ပရိနိဗ္ဗာန စုတိကမ္မဇရုပ် ချုပ်သည်၏ အခြားမဲ့မှစ၍ ဖြစ်ပေါ်၏ ဟုယူကြကုန်၏၊ အချို့ဆရာတို့လည်း နိဗ္ဗာန်၏ အသစ် ဖြစ်ပေါ်ခြင်းကို အလိုမရှိကြကုန်၊ အဋ္ဌကထာပါဌ်၌လည်း ဘဝါ,-ဝတ္တမာနာဟု လာရှိပြန် ၏။

ထို့ကြောင့် “ဒွေမာ ဘိက္ခဝေဝ” ဟူသော ဣတိဝုတ် ပါဠိတော်မှာ လာသော သဥပါဒိသေသ နိဗ္ဗာန်, အနုပါဒိသေသ နိဗ္ဗာန်သည် ပရမတ္ထ အသင်္ခတမဟာ နိဗ္ဗာန်ကြီး မဟုတ်၊ ဤပါဠိတော်မှာ ကိလေသာတို့၏ မရှိခြင်း အဘာဝမတ္တ ဟု ဆိုအပ်သော အသင်္ခတ ပညတ်ကို် သဥပါဒိ သေသ နိဗ္ဗာန်ဆိုသည်၊ ပရိနိဗ္ဗာန်စံ၍ စုတိကမ္မဇရုပ် ချုပ်ပြီးနောက် ပဋိသန္ဓေခန္ဓာ အသစ်ဖြစ်ပေါ်ခြင်း မရှိသော အဘဝပညတ်မျှကို အနုပါဒိ သေသ နိဗ္ဗာန်ဆိုသည် ဟု ယူကြကုန်၏။

ဤပါဠိတော်မှာ ပရမတ္ထတရား ၄-ပါးတွင်အကျုံးဝင်သော အရိယသစ္စာ ထိုက်သော အသင်္ခတ မဟာနိဗ္ဗာန်ကြီး ၂-ပါးကို မဟော ပါဘဲ၊ ပရမတ် မဟုတ် အဘာဝပညတ်မျှသာဖြစ်သော နိဗ္ဗာန် ၂-ပါးကိုသာ ဟောတော်မူသည်ဟု ယူ ကြခြင်းသည် သဘောယုတ္တိ မရှိလေ။ သင်္ဂြီုဟ်ကျမ်း၌ သဥပါဒိသေသ, အနုပါဒိသေသ ဟူသော အမည် ၂-ပါး သုညတ, အနိမိတ္တ, အပ္ပဏိဟိတ ဟူသော အမည် ၃-ပါးတို့နှင့် လာသော ဤပရမတ္ထ အသင်္ခတမဟာနိဗ္ဗာန်ကြီး၏ အပြားကိုကား အဘိဓမ္မာသစ္စဝိဘင်း ပါဠိတော်ကို အစဉ်လျှောက်၍ သိအပ်၏၊ တဏှာ၏ အကြွင်းမဲ့ချုပ်ခြင်းသည် နိရောဓသစ္စာ ဟုဆိုအပ်သော နိဗ္ဗာန်မည်။ တဏှာ၏ အကြွင်းမဲ့ ချုပ်ခြင်းသည်လည်း ပါး။

၁။ စက္ခု၌ စွဲလမ်းသော တဏှာ၏ စက္ခု၌ချုပ်ခြင်း နိဗ္ဗာန် ၁-ပါး။
၂။ သောတ၌ စွဲလမ်းသော တဏှာ၏ သောတ၌ချုပ်ခြင်း နိဗ္ဗာန် ၁-ပါး။

၃။ ဃာန၌ စွဲလမ်းသော တဏှာ၏ ဃာန၌ချုပ်ခြင်း နိဗ္ဗာန် ၁- ပါး။

၄။ ဇိဝှါ၌ စွဲလမ်းသော တဏှာ၏ ဇိဝှာ၌ချုပ်ခြင်း နိဗ္ဗာန် ၁ပါး။

၅။ ကာယ၌ စွဲလမ်းသော တဏှာ၏ ကာယ၌ချုပ်ခြင်း နိဗ္ဗာန် ၁-ပါး။

၆။ မနော၌ စွဲလမ်းသော တဏှာ၏ မနော၌ချုပ်ခြင်း နိဗ္ဗာန် ၁-ပါး။

[ဤသို့လျှင် အဇ္ဈတ္တိကာယတန ၆-ပါး၌ နိဗ္ဗန် ၆-ပါး ရ၏။]

ဤနည်းအတူ
ရူပါရုံ, သဒ္ဒါရုံ အစရှိသော ဗာဟိရာယတန ၆-ပါး၌ နိဗ္ဗာန် ၆- ပါး။
စက္ခုဝိညာဉ် စသော ဝိညဉ် ၆-ပါး၌ နိဗ္ဗာန် ၆-ပါး။
စက္ခုသမ္ဖဿ စသော ဖဿ ၆-ပါး၌ နိဗ္ဗာန် ၆-ပါး။
စက္ခုသမ္ဖဿဇာဝေဒနာ စသော ဝေဒနာ ၆-ပါး၌ နိဗ္ဗာန် ၆-ပါး။
ရူပသညာ, သဒ္ဒသညာ စသော သညာ ၆-ပါး၌ နိဗ္ဗာန် ၆-ပါး။
ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာစသော စေတနာ ၆-ပါး၌ နိဗ္ဗာန် ၆-ပါး။
ရူတဏှာ, သဒ္ဒတဏှာ စသော တဏှာ ၆-ပါး၌ နိဗ္ဗာန် ၆-ပါး။
ရူပဝိတက်, သဒ္ဒဝိတက် စသော ဝိတက် ၆-ပါး၌ နိဗ္ဗာန် ၆-ပါး။
ရူပဝိစာရ, သဒ္ဒဝိစာရ စသော ဝိစာရ ၆-ပါး၌ နိဗ္ဗာန် ၆-ပါး။

[ဤသို့လျှင် အဘိဓမ္မာ၌လည်းကောင်း၊ မဟာသတိပဋ္ဌာန်နသုတ်၌ လည်းကောင်း တဏှာ၏ချုပ်ငြိမ်းရာ ဌာနပေါင်း ၆၀-ကို အစွဲပြု၍ နိရောဓသစ္စာဟုဆိုအပ်သော နိဗ္ဗာန်ပေါင်း ၆၀-လာ၏။]

သဥပါဒိသေသ အသင်္ချေယျ။ ။ တစ်ဦးသော ရဟန္တာ ပုဂ္ဂိုလ် ၏သန္တာန်မှာပင် တဏှာ၏ ချုပ်ငြိမ်းရာဌာန အပြားအားဖြင့် နိဗ္ဗာန်ပေါင်း ၆၀-ဖြစ်လေရကား ရဟန္တာပုဂ္ဂိုလ် သန္တာန်အများနှင့် ဝေဖန်သော် နိဗ္ဗာန် ပေါင်း အသင်္ချေယျ, အပ္ပမေယျ ဖြစ်လေရာ၏၊ ထိုသို့ များပြားမှုသည် လည်း ချုပ်ဆုံးသော တဏှာ၏ သချုႌင်းကျရာ ဌာန၏အပြားသို့လိုက်၍ ဆိုအပ်သော များပြားမှုသာတည်း။ အနိမိတ္တ သဘောရှိသော နိဗ္ဗာန်သည် မူကား ၂-ခု, ၃-ခု များပြားရန် သဏ္ဌာန်, နိမိတ်, အမြိတ် အစွန်း မရှိလေရ ကား သန္တိလက္ခဏာအားဖြင့် ၁-ပါးတည်းသာတည်း၊ ချုပ်ငြိမ်းသော တရားတို့၏ အပြားကို အစွဲပြု၍ ဆိုသောလည်း လောဘ၏ အကြွင်းမဲ့ ချုပ်ငြိမ်းမှု ၁-ပါး, ဒေါသ၏ အကြွင်းမဲ့ ချုပ်ငြိမ်းမှု ၁-ပါး၊ အစရှိသည်ဖြင့် တဒင်္ဂနိဗ္ဗာန်မှာကဲ့သို့ အသင်္ချေယျ, အပ္ပမေယျ ဖြစ်ရာ၏။

[ဤကား ကိလေသနိဗ္ဗာန်ဟုဆိုအပ်သော သဥပါဒိသေသ နိဗ္ဗာန်၏ အပြားတည်း။]

အနုပါဒိသေသ အသင်္ချယျ။။ဝိဘင်းပါဠိတော်၌ တိုက်ရိုက်မလာ ငြားသော်လာည်း ဒုက္ခနိရောဓပုဒ်၏ အစွမ်းအားဖြင့် စက္ခု၏ အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းဟူသော နိဗ္ဗာန် ၁-ပါး၊ သောတ၏ အကြွင်းမဲ့ ချုပ်ငြိမ်းခြင်း ဟူသော နိဗ္ဗာန် ၁-ပါး၊ ဤသို့စသည်ဖြင့် ခန္ဓပရိနိဗ္ဗာန်ဟုဆိုအပ်သော အနုပါဒိသေသနိဗ္ဗာန် အပြားသည်လည်း အသင်္ချေယျ, အပ္ပမေယျပင် ဖြစ်ရာ၏၊ ဤသို့ဖြစ်ခြင်းသည်လည်း ချုပ်ငြိမ်းသောတရားတို့၏ အပြား သို့လိုက်၍ ဆိုအပ်သော ဖြစ်ခြင်းပေတည်း။

နိဗ္ဗာန်မှာမူကား အနိမိတ္တဓမ္မ ဖြစ်ပေ၍ ၁-ပါးတည်းသာလျှင် တည်း။။“အဝိဇ္ဇာယတွေဝ အသေသဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော” အစရှိသည်ဖြင့်လာသော ပဋိစ္စသမုပ္ပါဒ်ချုပ်ပုံကို အစဉ်လျှောက်၍ဆိုခဲ့ သော် သဥပါဒိသေသ အနုပါဒိသေသ အရောအားဖြင့် နိဗ္ဗာန်ပေါင်း ၁၂-ဖြစ်၏၊ ထို ၁၂-သည်လည်း စင်စစ်အားဖြင့် ၁-ပါးတည်းသာတည်း။

နိဿရဏနိဗ္ဗာန်အပြားပြီး၏။
ဤတွင်ရွေ့ကား နိဗ္ဗာန်အပြား ၇-ပါးပြီး၏။

---

နိဿရဏနိဗ္ဗာန်သို့ ဆိုက်ရောက်ပုံ

ထိုနိဿရဏနိဗ္ဗာန် ဟုဆိုအပ်သော ပရမတ္တ အသင်္ခတနိဗ္ဗာန်သို့ ဆိုက်ရောက်ပုံ အခြင်းအရာကို ဥပမာအမျိုးမျိုးနှင့်ပြ၍ ဟောတော်မူသော ပါဠိတော် များကို အစဉ်လျှောက်၍ သိအပ်၏။

နိဒါဝဂ္ဂသံသုတ်ပါဠိတော် ဒုက္ခဝဂ်၌ ဝဋ်ဒုက္ခပွားများမှု၊ ဝဋ်ဒုက္ခ ချုပ်ငြိမ်းမှု ဥပမာ ဥပမေယျ အစုံအစုံနှင့်တကွ သုတ်ပေါင်း ၁၀-တို့၏ အဓိပ္ပါယ်လိုရင်းကို အစဉ်အတိုင်းပြဆိုပေအံ့။

ပထမသုတ်။။ ၁။ ပထမသုတ်၌ အိုးလုပ်သော ယောကျ်ားသည် များစွာ သော အိုးတို့ကို အိုးဖိုပြုလုပ်၍ မီးဖုတ်လေရာ အလွန်ပူလှစွာသော တစ်ခုသော အိုးကို ထုတ်ယူ၍ မီးနှင့်ဝေးရာ ညီမျှသော မြေအပြင်၌ ထား၏၊ ထိုအိုး၌ ထိုအပူသည် အစဉ်အတိုင်းလေချုပ်ငြိမ်းကွယ် ပျောက် လေ၏၊ အိုးသား, အိုးကင်းမျှတို့သာ ကျန်ရှိလေ၏၊ စက္ခု, သောတ အစရှိသော မိမိအဇ္ဈတ္တတရားတို့၌ ငါ၏ ဥစ္စာ, ငါ၏မျက်စိ အစရှိသည်ဖြင့် အကြင်မျှလောက်သော ဘဝသံသရာ ကာလပတ်လုံး သာယာသော တဏှာသည်ပွားစီး၏၊ ထိုမျှလောက်သော ဘဝသံရာ ကာလပတ်လုံး ဝဋ်ဒုက္ခတရားသည် တိုးပွားရှည်လျားလေ၏။

၁။ ထိုမီးပုံကြီး၌ အကြင်အခါ အသစ်ဖြစ်သော မီးစာ ထင်းတို့ ကိုလည်း မထည့်ပြီ၊ ရှိရင်း မီးစာဟောင်းတို့ကိုလည်း ရေနှင့်ဆွတ် ဖျန်း လေ၏၊ ထိုအခါမှစ၍ ထိုမီးပုံကြီးသည် အစဉ်အတိုင်း သေငြိမ်း ပျောက် ကွယ်လေ၏၊ ထို့အတူ အကြင်အခါ၌ ထိုဗာဟိရ တရား, အဇ္ဈတ္တတရား တို့၌ အသစ်အသစ် ထပ်မံ သာယာသော တဏှာအယှဉ်ကို ဖြတ်၏၊ ရှေးရှေးက အစဉ်သာယာခဲ့၍ လာခဲ့သော တဏှာနုသယဟောင်းတို့ကို လည်း ပယ်နုတ်၍ ပစ်၏၊ ထိုအခါမှစ၍ ဝဋ်ဒုက္ခတရားသည် အစဉ် အတိုင်း ချုပ်ငြိမ်းလေ၏။

ဤသုတ်၌ မီးငြိမ်းမှုမှာ မီးကြွင်းမီးကျန်မရှိ၊ အကုန်လုံး အဆုံးတိုင် ငြိမ်းလေ၏၊ အကြွင်းအကျန်မရှိ ကွယ်လေ၏၊ ပြာ, မီးသွေးမျှသာ ကျန်ရှိလေရာ၏၊ ပြာ, မီးသွေးများသည်လည်း အတန်ငယ်ကြာလျှင် အကြွင်းအကျန်မရှိ ကုန် ဆုံးကွယ်ပျောက်လတ္တံ့၊ ထို့အတူ ရဟန္တာဖြစ်၍ ခန္ဓာပရိနိဗ္ဗာန်စံသောအခါ အဇ္ဈတ္တခန္တာ ၅-ပါး ရုပ်, နာမ်တရားစုသည် အကြွင်းအကျန်မရှိ အကုန်လုံး ကွယ်ဆုံးချုပ်ငြိမ်းလေ၏၊ သတ္တဝါသန္တာန် ဖြစ်သော မဟုတ်၊ ငှက်ပျောတုံး လက်ပံတုံးနှင့်တူသော ဗဟိဒ္ဓသန္တာန်ဖြစ် သော ဥတုဇအဋ္ဌကလာပ် ရုပ်ပေါင်း အလောင်းခန္ဓာနှင့် ဓာတ်တော် တို့သည် ကြွင်းကျန်ရစ်ကုန်၏၊ ထိုခန္ဓာတော်, ဓာတ်တော်တို့လည်း မကြာ မြင့်မီပျောက်ပျက်ကွယ်ဆုံးလတ္တံ့။

ကာယဿ ဘေဒါ ဥဒ္ဓံ ဇီဝိတပရယာဒါယာဒါနာ ဣဓေဝသဗ္ဗဝေဒယိ တာနိအနဘိနန္ဒိတာနိသီတီဘဝိဿန္တိ၊ သရီရာနိအဝသိဿန္တိ။
ကာယဿ=ကိုယ်ခန္ဓာ၏၊ ဘေဒါ=ပျက်စီးခြင်းကြောင့်၊ ဇီဝိတ ပရိယာဒါနာ=အသက်ကုန်သည်မှ၊ ဥဒ္ဓံ=အထက်၌၊ ဣဓေဝ=ဤဘဝ၌ သာလျှင်၊ သဗ္ဗဝေဒယိတာနိ=အလုံးစုံသော ကောင်းသော ခံစားခြင်း, မကောင်းသော ခံစားခြင်းဟု ဆိုအပ်ကုန်သော အပူအလောင်မှုတို့သည်၊ တဏှာဖြင့် သာယာနှစ်သက်ခြင်းမှ ကင်းကုန်သည်ဖြစ်၍၊ သီတီ=ချုပ် ပျောက်အေးငြိမ်းကြကုန်သည်၊ ဘဝိဿန္တိ=ဖြစ်ကုန်လတ္တံ့၊ သရီရာနိ= အလောင်းတော် အရိုးဓာတ်တော်တို့သည်သာလျှင်၊ အဝသိဿန္တိ=ကြွင်း ကျန်ကုန်လတ္တံ့။

ဤသို့ဟောတော်မူသောဥပမာ,ဥပမေယျများကို ထောက်ထား၍ ရဟန္တာပုဂ္ဂိုလ်တို့အား စုတိကမ္မဇရုပ် ချုပ်သည်မှ နောက်၌ လူရဟန္တာဖြစ် ခဲ့လျှင် ဥတုဇအဋ္ဌကလာပ် ဓာတ်စုမျှသာ အကြွင်းအကျန် ရှိတော့သည်။ ထိုဥတုဇ အဋ္ဌကလာပ် ဓာတ်တော်စုမှတစ်ပါး ထိုရဟန္တာတို့၏ သန္တာန်မှ နိဗ္ဗာန်သို့ကူး တက်ဆက်နွယ်၍ သွားသောတရား-ဟူ၍ တစ်စုံတစ်ခု အမြွက်လေသမျှမရှိပြီဟု သိအပ်၏၊ နတ်ရဟန္တာ, ဗြဟ္မာ ဖြစ်ခဲ့အံ့၊ ဥတုဇ အဋ္ဌကလာပ်ဓာတ်တော်စုမျှပင် အကြွင်းအကျန်မရှိပြီ၊ စုတိကမ္မရုပ် ချုပ်ရာ တွင် အကုန်ချုပ်ဆုံး ကွယ်ပျောက်လေ၏ ဟုသိအပ်၏။

ပဌမသုတ်ပြီး၏။

ဒုတိယသုတ်။။ ဒုတိယသုတ်၌ များစွာသော ထင်းတို့ကို စုပုံ၍ မီးပုံကြီးကို ပြုရာ၏၊ ထိုမီးပုံကြီး၌ အကြင်မျှလောက်သော ကာလပတ်လုံး ထင်းမီးစာတို့ကို မပြတ်မလပ် ထည့်ရာ၏၊ ထိုမျှလောက် သော ကာလပတ်လုံး မီးသည်အရှည် ဖြစ်ပွား၍သာ နေရာ၏၊ ထို့အတူ အကြင် သတ္တဝါအား ဥပါဒါန်၏အစီးအပွား ဖြစ်ကုန်သော၊ မိမိ၏ကိုယ် အင်္ဂါ ဖြစ်၍နေကုန်သော၊ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနဟူသော အတွင်းအာယတန ၆-ပါး၊ အဆင်း, အသံ, အနံ, အရသာ, အတွေ့-ဟူသော ပဉ္စာရုံနှင့်တကွ ကုသိုလ်ဓမ္မ,အကုသိုလ်ဓမ္မ, အဗျာကတ ဓမ္မ-ဟူသော အပ-အာယတန ၆-ပါး၊ ဤ ၁၂-ပါးသောမိမိကိုယ်ခန္ဓာ တရားတို့၌ ငါ၏ကိုယ်-ဟူ၍လည်းကောင်း, ငါ၏ အင်္ဂါ-ဟူ၍လည်းကာင်း, ငါ-ငါဟူ၍လည်းကောင်း သာယာသော တဏှာသည်အကြင်မျှ လောက် သော ဘဝသံသရာ ကာလပတ်လုံးထင်ရှားရှိ၏၊ ထိုသတ္တဝါအား ထိုမျှလောက်သော ဘဝသံသရာ ကာလပတ်လုံး ပဋိသန္ဓေ အဆက်ဆက် ဟုဆိုအပ်သော ဝဋ်ဒုက္ခတရားသည် ဖြစ်ပွား၍သာ နေရာ၏။

အကြင်အခါ ထိုမိးပုံကြီး၌ အသစ်သော ထင်းမီးစာတို့ကိုလည်း မထည့်ပြီ၊ မီးပုံတွင်းရှိ ထင်း မီးစာဟောင်းတို့ကိုလည်း နုတ်ပယ်၍ ပစ်၏၊ ထိုအခါမှစ၍ ထိုမီးပုံကြီးသည် အစဉ်အတိုင်း ကုန်ဆုံးကွယ်ပျောက်လေ ရာ၏၊ ပြာ, မီးသွေးစုမျှသာ ကြွင်းကျန်လေရာ၏၊ ထို ပြာ, မီးသွေးစုသည် မကြာမီ ကုန်ဆုံးကွယ်ပျောက်လေရာ၏၊ ထို့အတူ မိမိ၏သန္တာန်၌ ဖြစ်၍ နေကုန်သော ထိုအာယတန တရား ၁၂-ပါးတို့ကို အနိစ္စဟုမြင်သော ဉာဏ်ကိုပွားများ အားထုတ်သဖြင့် အကြင်အခါ ထိုမိမိကိုယ်ခန္ဓာဖြစ်နေ သော အာယတနတရား ၁၂-ပါးတို့၌ အသစ်အသစ် သာယာသော တဏှာကိုလည်းပြတ်ကင်းစေ၏၊ ရှေးရှေးက သာယာ၍ လာခဲ့သော တဏှာနုသယကိုလည်း နုတ်ပယ်၍ ပစ်လေ၏၊ ထိုအခါမှ စ၍ အစဉ်အတိုင်း ကုန်ဆုံးကွယ်ပျောက်လေ၏၊ စုတိကမ္မဇရုပ်ချုပ်သည်နှင့် တစ်ပြိုင်နက် အဇ္ဈတ္တရုပ်, နာမ်စု အကြွင်းကျန်လေ၏၊ ထိုဗဟိဒ္ဓဖြစ်သော သရီရဓာတ်စုသည်လည်း မကြာမီ ကုန်ဆုံးကွယ်ပျောက်လတ္တံ့။ ဒုတိယသုတ်ပြီး၏။

တတိယသုတ်။။ တတိယသုတ်၌ ဆီမီးဥပမာလာ၏၊ ဆီနှင့်မီးစာ ကို မပြတ်မလပ် ထည့်၍နေသမျှ ကာလပတ်လုံးလည်း ဆီမီးတောက် သည်မငြိမ်းလေရာ၊ မီးနှင့်ဆီမီးစာတို့ကို မထည့်ဘဲ ပြတ်သောအခါ အစဉ်အတိုင်း ချုပ်ငြိမ်း ကွယ်ပလေ၏၊ ဟု-ဥပမာကိုဆိုလေ၊ ခန္ဓာ ချုပ်ငြိမ်းမှုများလည်းဒုတိယသုတ် အတိုင်းဆို၍ ထိုဆီမီးအလားတူ သိလေ။

တတိယသုတ်ပြီး၏။

စတုတ္ထသုတ်။။ စုတုတ္ထသုတ်၌လည်းဥပမေယျဖက်၌ တတိယ သုတ်မှာ ဥပါဒါန်၏ အစီးအပွား-ဟုလာ၏၊ စတုတ္ထသုတ်မှာ သံယောဇဉ် အစီးအပွားဟုလာ၏၊ ဤမျှသာထူးကြသည်၊ နောက်နောက် သုတ်တို့၌ လည်း ဤနည်းတူ သိလေ၊ တတိယသုတ်အတိုင်း ဆီမီးဥပမာပင်တည်း။ စတုတ္ထသုတ်ပြီး၏။

ပဉ္စမသုတ်။။ပဉ္စမသုတ်၌ သစ်ပင်ကြီးဥပမာလာ၏၊ သစ်ပင်ကြီး၌ အမြစ်ကြီး အမြစ်ငယ်တို့သည် အကြင်မျှလောက်သော ကာလပတ်လုံး အနာ ဥပဒ်ကင်းရှင်းကြကုန်သည်ဖြစ်၍ မြေဩဇာ ရေဩဇာတို့ကို သစ်ပင် အဖျားတိုင် အောင် တင်ဆောင်ဖြန့်ဖြူး၍ တည်နေကြကုန်၏၊ ထိုမျှလောက်သော ကာလ ပတ်လုံး ထိုသစ်ပင်ကြီးသည် ကာလအရှည်ဖြစ် ပွားစည်သား၍သာ နေ၏၊ အကြင်အခါ အလုံးစုံသော အမြစ်ကြီးအမြစ် ငယ်တို့ကို အကုန်အစင် တူးဖြတ်၍ ခြောက်သွေ့သောအခါမီးရှို့၍ပစ်၏၊ ထိုအခါ ထိုသစ်ပင်သည် အစဉ်အတိုင်း ခြောက်သွေ့ ဆွေးမြေ့ ကုန်ဆုံး ကွယ်ပလေ၏။

ဤဥပမာ၌ အနမတဂ္ဂ ဘဝအဆက်အဆက် ဖြစ်ပွားစည်ကား၍ လာခဲ့ သော မိမိကိုယ်ခန္ဓာ အာယတနတရား ၁၂-ပါးသည်သစ်ပင်ကြီးနှင့် တူ၏၊ အဝိဇ္ဇာ, တဏှာ-သည် ရေသောက်မြစ်ကြီးနှင့် တူ၏၊ ကြွင်းသော ကိလေသာစုသည် အမြစ်ငယ်စုနှင့်တူ၏။

တစ်နည်းကား---ကိလေသာစုသည် ရေသောက်မြစ်ကြီးစုနှင့် တူ၏၊ ကုသိုလ်ကံ, အကုသိုလ်ကံစုသည် အမြစ်ငယ်စုနှင့်တူ၏၊ မိမိ၏ကိုယ်ခန္ဓာ အာယတနတရား ၁၂-ပါးတို့ကို အနိစ္စဟုမြင်သော ဉာဏ်, ဒုက္ခ-ဟုမြင်သော ဉာဏ်,အနတ္တ-ဟုမြင်သောဉာဏ် သည် အမြစ်တို့ကို တူးဖြတ်သော ပေါက်တူး, ဓားမနှင့်တူ၏၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်သည် ခြောက်သွေ့သော အမြစ်တို့ကို ရှို့၍အကျွမ်းလောင် သော မီးနှင့်တူ၏။

ပဉ္စမသုတ်ပြီး၏။

ဆဋ္ဌမသုတ်။။ ဆဋ္ဌမသုတ်၌ ပဉ္စမသုတ်အတိုင်း သစ်ပင်ကြီး ဥပမာ ပင်တည်း။

ဆဋ္ဌမသုတ်ပြီး၏။

သတ္တမသုတ်။။ သတ္တမသုတ်၌ သစ်ပင်ငယ် ဥပမာလာ၏၊ သစ်ပင် ငယ်သည် အမြစ်ကို ကောင်းစွာ တည်စေ၍မြေတောင်မြှောက်၍ ရေမပြတ် လောင်း၍ ပေးခဲ့သော် ကြီးပွားစည်ကား၍ သွားလေရာ၏၊ အမြစ်တို့ကို တူးဖတ်၍ မီးတိုက်ပစ်ခဲ့သော် ခြောက်သွေ့သေဆုံးကွယ် ပျောက်လေရာ၏ ဟုဆိုလေ။

အဋ္ဌမသုတ်ပြီး၏။

နဝမသုတ်။။ နဝမသုတ်, ဒသမသုတ်တို့၌လည်း သစ်ပင်ကြီး ဥပမာပင်လာ၏၊ ဥပမေယျဘက်တို့၌ကား-ဥပါဒါန်၏ အစီးအပွားဖြစ် ကုန်သော မိမိကိုယ်ခန္ဓာတို့ကို သာယာဖွယ်-ဟုရှုခြင်းမကင်းသော ပုဂ္ဂိုလ်အား စုတိမှနောက်၌ ဝိညာဉ်ဖြစ်ပေါ်စေ၏၊ ဝိနာမ်,ရုပ်စသည် အဆက်ဆက်ဖြစ်ပေါ်လာလေ၏၊ မိမိကိုယ်ခန္ဓာတို့ကို သာယာဖွယ်ဟုရှုခြင်း ပြတ်ကင်းပြီးသောပုဂ္ဂိုလ်အား စုတိနောက်၌ ဝိညာဉ်စသည် ဖြစ်ပေါ်လာခြင်းမရှိပြီ။

နဝမသုတ်ပြီး၏။

ဒသမသုတ်။။ ဒသမသုတ်မှာ သံယောဇဉ်၏ အစီးအပွားဖြစ် ကုန်သော မိမိကိုယ်ခန္ဓာတို့ကို-ဆိုရုံမျှသာ ထူးသည်။

ဒသမသုတ်ပြီး၏။

ဤသို့ဟောတော်မူသော ဥပမာ, ဥပမေယျများကို ထောက်ထား၍ ရဟန္တာပုဂ္ဂိုလ်တို့အား စုတိကမ္မရုပ် ချုပ်ပြီးသည်မှနောက်၌ လူရဟန္တာဖြစ် ခဲ့လျှင် ဥတုဇရုပ်ကလာပ် သရီရဓာတ်စုမျှသာ ကြွင်းကျန်ရစ်၏၊ ထိုသရီရ ဓာတ်စုမှ တစ်ပါးနိဗ္ဗာန်သို့ကူးတက် ဆက်နွယ်၍ သွားသော တရားထူး ဟူ၍ တစ်စုံတစ်ခု အမြွက်လေသမျှမရှိပြီ၊ နတ်ရဟန္တာဖြစ်ခဲ့သော် သရီရဓာတ်စုမျှပင် အကြွင်း အကျန်မရှိပြီ-ဟုသိအပ်၏၊ [ဤကား-နိဒါနသံယုတ်သုတ်ပေါင်း ၁၀-တို့၏ အဓိပ္ပါယ်လိုရင်းကို အကျဉ်းထုတ်ပြချက်တည်း။]

ဝစ္ဆသုတ်။ ။ယခုအခါ မစ္ဈိမပဏ္ဏာသပါဠိတော်၌လာသော ဝစ္ဆသုတ်ကို ထုတ်ပြအံ့။ ။ရဟန္တာပုဂ္ဂိုလ်၏ စုတိကမ္မဇရုပ် ချုပ်ပြီးသည် နောက်အလာကို ဝစ္ဆပရိဗိုဇ်က မြတ်စွာဘုရားအား မေးလျှောက်သည်၊

မြတ်စွာဘုရားက ဖြေ တော်မူသည်။

အမေး။ ရဟန်းန္တာပုဂ္ဂိုလ်သည် စုတိပမ္မဇရုပ်ချုပ်ပြီးနောက် တစ်စုံ တစ်ရာသို့ ကပ်လေ, ရောက်လေသလောဟုမေး၏။

အဖြေ။ တစ်စုံတစ်ရာသို့ ကပ်လေ, ရောက်လေ၏- ဟူသော အရေအတွက်သို့ မရောက်လေ၏ဖြေတော်မူ၏။

အမေး။ တစ်စုံတစ်ရာသို့ မကပ်လေ, မရောက်- သလောဟု မေး၏။

အဖြေ။ မကပ်လေ, မရာက်လေ-ဟူသော အရေအတွက်သို့ လည်း မရောက်လေ- ဟုဖြေတော်မူ၏။

အမေး။ တစ်စုံတစ်ရာသို့ ကပ်လေသည်လည်းရှိ၏၊ မကပ် သည်လည်း ရှိ၏၊ နှတွေလော-ဟု မေး၏။

အဖြေ။ တစ်စုံတစ်ရာသို့ ကပ်လေ၏- ဟူ၍လည်း အရေ အတွက်သို့ မရောက်၊ မကပ်-ဟူ၍လည်း အရေ အတွက်သို့ မရောက်ဟု ဖြေတော်မူ၏။

အမေး။ တစ်စုံတစ်ရာသို့ ကပ်လေသည်လည်းမဟုတ်၊ မကပ် သည်လည်း မဟုတ်လော- ဟုမေး၏။

အဖြေ။ တစ်စုံတစ်ရာသို့ ကပ်သည်လည်း မဟုတ်၊ မကပ် သည်လည်း မဟုတ်-ဟူသော အရေအတွက်သို့ လည်း မရောက်ဟု ဖြေတော်မူ၏၊ ဝစ္ဆပရိဗိုဇ်သည် ဤအဖြေမျှနှင့် မကျေချမ်းနိုင်၍ လျှောက်ထားပြန် ရာ မီးပုံကြီး ဥပမာဖြင့် ကောင်းစွာ ကျေချမ်းစေခြင်း ငှါ ဝစ္ဆပရိဗိုဇ်ကို မေးတော်မူပြန်၏။

အမေး။ ဝစ္ဆပရိဗိုဇ်- သင်၏ရှေ့မှာ ကြီးစွာသော မီးပုံကြီးသည် ရှိလေ ရာ၏၊ သင်သည် ငါ့ရှေ့မှာ ကြီးစွာသော မီးပုံ ကြီးမီးတောက်ကြီး ရှိချေသည်-ဟု သိမည်လောဟုမေးတော်မူ၏။

အဖြေ။ သိပါလိမ့်မည်-ဟုဖြေလေ၏။

အမေး။ ထိုမီးပုံမီးတောက်ကြီးသည် မီးစာကုန်သဖြင့် သင်၏ ရှေ့မှာပင် သေငြိမ်းပျောက်ကွယ်၍ သွားလေ ရာ ငါ၏ ရှေ့မှာ မီးပုံကြီး မီးတောက်ကြီး သေငြိမ်း ကွယ်ပျောက်၍ သွားလေပြီ-ဟု သင်သိမည်လောဟုမေးတော်မူ၏။

အဖြေ။ သိပါလိမ့်မည်-ဟုဖြေ၏။

အမေး။ ထိုအခါ ထိုသေငြိမ်းလေပြီးသော ထိုမီးသည် အဘယ်အရပ်သို့ ကပ်လေရောက်လေသနည်း-ဟု မေးခဲ့သော် အဘယ်သို့ ဖြေမည်နည်း-ဟု မေးတော် မူ၏။

အဖြေ။ အဘယ်အရပ်သို့မှ ကပ်လေ ရောက်လေတော့သည် မဟုတ်၊ မီးစာသစ်လည်း မလောင်း၊ မီးစာဟောင်း လည်း ကုန်လေသဖြင့် ထိုနေရာတွင်သာ ချုပ်ငြိမ်း ခြင်းသို့ ရောက်သည်- ဟု ဖြေပါမည်လျှောက်လေ၏၊ “အနာဟာရော အနုပါဒါနော နိဗ္ဗုတောတွေဝ သချႍ ဂစ္ဆတိ”။ အနာဟာရော=အစာမရှိသည်ဖြစ်၍၊ အနုပါဒါနော= စွဲစရာ မရှိသည်ဖြစ်၍၊ နိဗ္ဗုတောတွေဝ=ငြိမ်းလေပြီ-ဟူ၍သာလျှင်၊ သချႍ=ရေ တွက်ခြင်းသို့၊ ဂစ္ဆတိ= ရောက်လေ၏၊။

ခီဏော=ကုန်လေပြီ၊ နိရုဒ္ဓေါ=ချုပ်လေပြီ၊ နိဗ္ဗုတော=ငြိမ်းလေပြီ၊ ဟူသော အတိတ်စကားနှင့်သာ ပြောခွင့်ရှိတော့သည်၊ ယခုမရှိပြီဖြစ်၍ ဥပပဇ္ဇတိ နုပပဇ္ဇတိ-ဟူသော ပစ္စုပ္ပန်စကား၏ အရာမဟုတ်ပြီ-ဟု ဟူလို သည်။

ထိုအခါမှ
ဧဝမေဝ ခေါ ဝစ္ဆ ယေန ရူပေန တထာဂတံ ပညာပယမာနော ပညာပေယျ တံ ရူပံ တထာဂတဿ ပဟီနံ ဥစ္ဆိန္နမူလံ တာလာဝတ္ထုကတံ အနဘာဝံ ကတံ အာယတိံ အနုပ္ပါဒဓမ္မံ၊ ရူပသင်္ခါဝိမုတ္တော ခေါ ဝစ္ဆတထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယော ဂေါဠှော၊ သေယျထာပိ မဟာသမုဒေါ ဥပပဇ္ဇတီတိ န ဥပေတိ၊ ဥပပဇ္ဇတိ စ နစ ဥပပဇ္ဇတီတိ နဥပေတိ၊ နေဝဥပပဇ္ဇတိ န န ဥပပဇ္ဇတီတိ နဥပေတိ။

ဟူ၍ ပထမဖြေဆိုသော စကား ၄-ချက်ကို အကြောင်း ယုတ္တိနှင့် တကွ ပြဆိုတော်မူပြန်သည်။

အကြင်ခန္ဓာ ၅-ပါး ရုပ်နာမ်တရားတို့ကို စွဲမှီ၍ ရဟန္တာပုဂ္ဂိုလ် ဟူသော ပညတ်သည် ဖြစ်၏၊ စုတိကမ္မဇရုပ် ချုပ်ပြီးသောအခါ ထိုခန္ဓာ ၅-ပါး ရုပ် နာမ်တရားတို့သည် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းကြကုန်သဖြင့် ထိုရဟန္တာပုဂ္ဂိုလ်၏ ပညတ်သည်လည်း ပျောက်ကွယ်လေ၏။

၁။ ရူပက္ခန္ဓာအစဉ်ကို မှီ၍ဖြစ်ရသော ပညတ်မျိုးသည် ရူပက္ခန္ဓာ အစဉ်ချုပ်ငြိမ်းလျှင် ကွယ်ပျောက်လေတော့ သည်။

၂။ ဝေဒနာက္ခန္ဓာအစဉ်ကို မှီ၍ ဖြစ်ရသော ပညတ်မျိုးသည် ဝေဒနာက္ခန္ဓာအစဉ်ချုပ်ငြိမ်းလျှင် ကွယ်ပျောက်လေ တော့သည်။

၃။ သညာက္ခန္ဓာအစဉ်ကို မှီ၍ဖြစ်ရသော ပညတ်မျိုးသည် သညာက္ခန္ဓာအစဉ် ချုပ်ငြိမ်းလျှင် ကွယ်ပျောက်လေ တော့သည်။

၄။ သင်္ခါရက္ခန္ဓာ အစဉ်ကိုမှီ၍ ဖြစ်ရသော ပညတ်မျိုးသည် သင်္ခါရက္ခန္ဓာအစဉ် ချုပ်ငြိမ်းလျှင် ကွယ်ပျောက်လေ တော့သည်။

၅။ ဝိညာဏက္ခန္ဓာအစဉ်ကို မှီ၍ဖြစ်ရသော ပညတ်မျိုး သည် ဝိညာဏက္ခန္ဓာအစဉ် ချုပ်ငြိမ်းလျှင် ကွယ်ပျောက် လေတော့သည်။

မီးစာကို စွဲမှီ၍ ဖြစ်ရသော မီးသည် မီးစာကုန်ဆုံးလျှင် ကုန်ဆုံး လေသကဲ့သို့တည်း။

ထိုသို့ စုတိကမ္မဇရုပ် အချုပ်တွင် ခန္ဓာ ၅-ပါး ကုန်ဆုံးသဖြင့် ခန္ဓာ ၅-ပါးမှလည်းကောင်း, ထိုခန္ဓာ ၅-ပါးကို စွဲမှီသော ဘုရားဟူသော ပညတ်, ရဟန္တာဟူသော ပညတ်, သတ္တဝါဟူသော ပညတ်မှလည်းကောင်း, ကျွတ် လွတ်လေပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မဟာသမုဒ္ဒရာကဲ့သို့ အလွန် နက်နဲ၏၊ နှိုင်းယှဉ်စရာ ဥပမာပင်မရှိ၊ ဉာဏ်ဖြင့် သက်ဝင်၍ သိမြင် စေခြင်းငှာ အလွန်ခဲယဉ်းလှ၏၊ လောကီလူတို့ ပြောဆိုကြသော ဥပ ပဇ္ဇတိ, နုပပဇ္ဇတိ-အစရှိသော ဝေါဟာရမျိုး၏ အရာမဟုတ်ပြီ ဆိုလိုသည်။ ဤကမ္ဘာမှ ပြန်၍ ရေသည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အတွင်းမှာ ပွင့်တော်မူကြကုန်သော ဘုရားတို့၏ တဏှင်္ကရာ, မေဓင်္ကရာ, သရဏင်္ကရာ, ဒီပင်္ကရာ-အစရှိသော အမည ပညတ်မျှတို့သည်သာ ယခု ရှိကြကုန်တော့သည်၊ ထိုမှ ရှေးအနမတဂ္ဂ သံသရာ၌ ပွင့်တော်မူကြ ကုန်သော ဘုရားတို့၏ ခန္ဓာအစဉ်ကို မှီ၍ဖြစ်သော ပညတ်တို့သည်ကား မရှိကြကုန်ပြီ၊ လူလောက, နတ်လောက, ဗြဟ္မာ့လောက အလယ်မှာ မပေါ်လာကြကုန်ပြီ၊ အတိတ်ဝတ္ထုအနေနှင့်မျှ ပြောဆိုစရာ မရှိကြကုန်ပြီ။ ထိုဘုရားတို့၏ တစ်ဆူတစ်ဆူ လက်ထက်တွင် ၂၄-သင်္ချေနှင့် ကုဋေ ၆၀-ဗိုလ်ခြေတစ်သိန်း တစ်သိန်းစီ ပရိနိဗ္ဗာန် စံလွန်တော်မူကြ ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့၏ အသီးသီးသော ခန္ဓာအစဉ်တို့သည် လည်းကောင်း, အသီးအသီးသော ပညတ်တို့သည်လည်းကောင်း, အကုန်လုံးကွယ်ဆုံးကြလေကုန်၏၊ လူ့လောက, နတ်လောက, ဗြဟ္မာ့ လောက အလယ်မှာ မပေါ်လာကြကုန်ပြီ။

အနမတဂ္ဂ သံသရာမှာ ပုထုဇဉ်အဖြစ်နှင့် ကျင်လည်ကြကုန်သော သတ္တဝါတို့၏ အသီးအသီးသော ခန္ဓာအစဉ် အသီးအသီးသော ပညတ် အစဉ် တို့သည်မူကား ယနေ့ထက်တိုင် လူ့အလယ်မှာ တဖွားဖွား, နတ် အလယ်မှာ တဖွားဖွား, ဗြဟ္မာ့အလယ်မှာ တဖွားဖွား, ပြိတ္တာဘုံမှာ တဖွားဖွား, အသုရကာယ် ဘုံမှာ တဖွားဖွား- ဖြစ်ပေါ်၍ နေကြကုန်၏၊ ထိုသို့ တဖွားဖွား ဖြစ်ပေါ်၍ နေကြကုန်သော သတ္တဝါတို့၏ ခန္ဓာအစဉ်, ပညတ်အစဉ်များနှင့် နှိုင်းယှဉ်ကြည့်မှသာလျှင် လွန်လေပြီးသော အနမတဂ္ဂ သံသရာ၌ ဂင်္ဂါသံလုံးမက ပွင့်တော်မူကြ, ကျွတ်တော်မူကြ, ပရိနိဗ္ဗာန်စံတော်မူကြကုန်ပြီးသော သူတို့၏ ဂမ္ဘီရဖြစ်ပုံ, အပ္ပမေယျဖြစ်ပုံ, ဒုပ္ပရိယောဂါ ဖြစ်ပုံကို မြင်နိုင်ရာသည်။

သဗ္ဗညုဘုရားရှင်တို့သည်သာလျှင် ထိုလွန်လေပြီးသော အန မတဂ္ဂသံသရာ၌ ပရိနိဗ္ဗာန်စံလွန် ကွယ်ဆုံးကြလေကုန်ပြီးသော ပုဂ္ဂိုလ်တို့၏ အသီးအသီး သော ခန္ဓာ, အသီးအသီးသော အမည်ပညတ် တို့ကို သိနိုင်ကုန်တော့သည်၊ ဘုရာရှင်တို့မှ တစ်ပါး တစ်စုံတစ်ယောက် သော ပစ္စေကဗုဒ္ဓါ, ရဟန္တာ, ဗြဟ္မာ, နတ်, လူ- သိနိုင်သူဟူ၍ မရှိပြီ။

[ဤကား-ဂမ္ဘီရ, အပ္ပမေယျ, ဒုပ္ပရိယောဂါဠှ ဖြစ်ပုံတည်း။]

ဤဝစ္ဆသုတ် ဒေသနာတော်၌ မီးဥပမာနှင့်တကွ ရဟန္တာတို့၏ အသီးအသီးသော ရုပ်, ဝေဒနာ- အစရှိသော ပရမတ္ထ ဓမ္မအစဉ်, ပညတ္တိဓမ္မ အစဉ်တို့၏ အကြွင်းအကျန်မရှိ ကွယ်လွန်ပုံကို ပြတော်မူသော ကြောင့် ပရိနိဗ္ဗာန စုတိ ကမ္မဇရုပ် ချုပ်ပြီးသော နောက်၌ ထိုရဟန္တာတို့၏ ခန္ဓာမှ နိဗ္ဗာန်သို့ ကူးတက် ဆက်နွယ်၍သွားသော ပရမတ္ထတရားဟူ၍ အမြွက်လေသမျှ မရှိပြီ၊ ပညတ်တရားဟူ၍ အမြွက်သေမျှ မရှိပြီဟု သိအပ်လေသည်။

အဘယ်ကြောင့် ထိုရဟန္တာ ပုဂ္ဂိုလ်တို့၏ ခန္ဓာမှ နိဗ္ဗာန်သို့ ကူးတက် ဆက်နွယ်၍ သွားသောတရားဟူ၍ တစ်စုံတစ်ရာ အမြွက်လေသ-မျှ မရှိလေ သနည်ဟူမူကား
ထိုရဟန္တာအဖြစ်သို့ ရောက်ကြကုန်သော ပုဂ္ဂိုလ် သတ္တဝါ ခန္ဓာအစဉ်, ပရမတ္ထ ဓမ္မအစဉ်တို့၏ အသစ်ဖြစ်ပေါ် ခြင်းဟူသော ဇာတိမှု၏ အကုန်အစင် ရုပ်သိမ်းချုပ်ငြိမ်း ကုန်ဆုံးခြင်းကိုပင် နိဗ္ဗာန်ဆို ပေသည်၊ ပရမတ္ထဓမ္မ အစဉ်တို့၏ အသစ်တစ်ဖန် ဖြစ်ပေါ်ခြင်းဟူသော ဇာတိမှု၏ အကုန်အစင် ရုပ်သိမ်းခြင်း, ချုပ်ငြိမ်းခြင်း, ကုန်ဆုံးခြင်းအမှုသို့ ဆိုက်ရောက်သည်ကိုပင် နိဗ္ဗာန်သို့ရောက်သည်ဟု ဆိုပေသည်၊ ထို့ကြောင့် ပရိနိဗ္ဗာန်စံတော်မူသည်၊ နိဗ္ဗာန်သို့ရောက်တော်မူသည်၊ နိဗ္ဗာန်သို့ ကြွသွားတော်မူသည်-ဟူသောစကားတို့မှာပင် နိဗ္ဗာန်ဘက်သို့ ကူးတက် ဆက်နွယ်၍ သွားသောတရား-ဟူ၍တစ်စုံတစ်ရာမျှ မရှိပြီ-ဟူသော အနက်သည် တစ်ချက်တည်း ပါလေသည်- ဟုသိအပ်၏။

မဇ္ဈိမပဏ္ဏာသ၌လည်းကောင်း၊ ဒိဋ္ဌိသံယုတ်၌လည်းကောင်း “ဟောတိ တထာဂတော ပရံ မရဏာ” ဟူ၍ လာသော ကောသလ မင်းကြီး အမေး, ခေမာဘိက္ခုနီအဖြေ၊ မြတ်စွာဘုရားတို့မှာလည်း ဤဝစ္ဆသုတ်နှင့် အတူတူပင်။

ဟောတိနှင့် ဥပေတိ - အတူတူ။

နဟောတိနှင့် န ဥပေတိ -အတူတူ။

ဟောတိ စ, န စ ဟောတိနှင့် ဥပေတိ စ, န စ ဥပေတိ-အတူတူ။

နေဝ ဟောတိ, န န ဟောတိနှင့် နေဝ ဥပေတိ-န န ဥပေတိ အတူတူ။

သုတ္တနိပါတ်ပါဠိတော် ပါရာယနသုတ် ဥပသိဝပုစ္ဆာ ဂါထာတို့၏ အနက်အဓိပ္ပာယ် လိုရင်းကို အကျဉ်းမျှထုတ်ပြပေအံ့

ဥပသိဝပြဿနာ။။ဥပသိဝ အမည်ရှိသော ရသေ့ပုဏ္ဏားကား အာကိဉ္စညာယတနစျာန်ကိုရသော စျာနလာဘီ ပုဏ္ဏားပေတည်း၊ ထို့ကြောင့် အာကိဉ္စညာယတနစျာန်ကို အရင်းပြု၍ ဝဋ်ဒုက္ခမှ ကျွတ်လွတ် ခွင့်ကို မြတ်စွာဘုရားအား မေးလျှောက်လေ၏၊ မြတ်စွာဘုရားလည်း ဖြေတော်မူ၏။

မေးပုံ၊ ဖြေပုံ-အမေး ၄-ဂါထာ, အဖြေ ၄-ဂါထာ လာ၏၊ နောက် အမေး ၂-ဂါထာ, အဖြေ ၂-ဂါထာကို ပြဆိုအံ့

တိဋ္ဌေ စေ သော တတ္ထ အနာနုယာယီ၊
ပူဂံပိ ဝဿာနံ သမန္တစက္ခု၊
တတ္ထေဝ သော သီတိ သိယာ ဝိမုတ္တော၊
စဝေ-ထ ဝိညာဏံ တထာဝိဓဿ။
သမန္တစက္ခု=မျက်စိအမြင် ထက်ဝန်းကျင်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ သော=ထိုအာကိဉ္စညာယတနဘုံသို့ ရောက်လေသော ဟူသည်၊ တတ္တ=ထိုဘုံ၌၊ အနာနုယာယီ=အစဉ်မပြတ်သည်ဖြစ်၍၊ ပူဂံပိဝဿနံ=များစွာသော နှစ်အစုတို့ပတ်လုံး၊ စေတိဋ္ဌေ=အကယ်၍ တည်ငြားအံ့၊ သော=ထိုပုဂ္ဂိုလ်သည်၊ တတ္တေဝ=ထိုဘုံ၌သာလျှင်၊ ဝိမုတ္တော= တစ်ဖန်ပြောင်းရွှေ့ခြင်းဟူသော စုတိမရဏ ဒုက္ခမှ လွတ်သည်ဖြစ်၍၊ သီတိ=အစဉ်အမြဲ အေးငြိမ်းခြင်းသို့ရောက်သည်၊ သိယာ=ဖြစ်ပါသလော၊ အထ=ထိုသို့မဟုတ်၊ တထာဝိဓဿ=ထိုသို့သဘောရှိသော ပုဂ္ဂိုလ်၏၊ ဝိညာဏံ=ဝိညာဉ်သည်၊ စဝေ=ရွေ့လျောပြောင်းသွား ဘုံတစ်ပါးသို့ ကျင် လည်မြဲ ကျင်လည်ရသေးသလော၊ [ဤကား အနက်။]

အစ္စိ ယထာ ဝါတဝေဂေန ခိတ္တာ၊
အတ္တံ ပလေတိ န ဥပေတိ သင်္ချံ။
ဧဝံ မုနိ နာမကာယာ ဝိမုတ္တော၊
အတ္တံ ပလောတိ န ဥပေတိ သင်္ချံ။
ဝါတဝေဂေန=လေဟုန်သည်၊ ခိတ္တာ=မြှောက်လွှင့်အပ်သော၊ အစ္စိ=မီးတောက်မီးလျှံသည်၊ အတ္ထံ=ကွယ်ပျောက်ခြင်းသို့၊ ပလေတိ ယထာ=ရောက်လေသကဲ့သို့၊ သင်္ချံ=အဘယ်အရပ်သို့ သွားလေ၏ ဟူသော အရေအတွက်သို့၊ န ဥပေတိယထာ=မရောက်လေသကဲ့သို့၊ ဧဝံ=ဤအတူ၊ နာမကာယာ=နာမ်တရား အပေါင်းမှ၊ ဝိမုတ္တော= ကျွတ် လွတ်ပြီးသော၊ မုနိ=ရဟန်းသည်၊ အတ္ထံ=ကွယ်ပျောက် ချုပ်ငြိမ်းခြင်းသို့၊ ပလေတိ=ရောက်လေ၏၊ သင်္ချံ=ပညတ်တင်၍ ခေါ်ဝေါ်စရာ တစ်စုံ တစ်ရာအဖြစ်သို့၊ န ဥပေတိ=မရောက်လေ။ [ဤကား အနက်။]

ဥပသိဝပုဏ္ဏားသည် အာကိဉ္စညာယတနစျာန်ဖြင့် ရူပကာယမှ ကျွတ်လွတ်ပြီးသောသူ ဖြစ်ပေ၏၊ မဂ်ဉာဏ်ဖြင့် နာမကာယမှ ကျွတ် လွတ်မှုကို နည်းပေးလို၍ “နာမကာယာ ဝိမုတ္တော” ဟု ဟောတော်မူသည်၊ အရူပတဏှာကို မစွန့်နိုင်၍ နာမကာယမှ မလွတ်ခဲ့လျှင် ထိုဘုံ၌ တည် နေပြီးနောက် ထိုဘုံမှ စုတေ၍ သံသရာမှာ ကျင်လည်ရလိမ့်ဦးမည်၊ အရူပတဏှာကုန်၍ နာမကာယမှ ကျွတ်လွတ်ပေမူကား လေဟုန်ဖြင့် လွင့်၍ ပါလေသော မီးတောက်သည် မကြာမီ ကွယ်ပျောက်ခြင်းသို့ ရောက်လေသကဲ့သို့ ထိုဘုံမှာပင် စိတ်အစဉ်ချုပ်ငြိမ်း ကွယ်ပျောက်ခြင်းသို့ ရောက်လေ၏၊ ဘဝ တစ်ပါးပြောင်းလဲ၍ ပညတ်တစ်ပါးနှင့် ခေါ်ဝေါ်ရန် တစ်စုံတစ်ရာသို့ မရောက်လေပြီ-ဟူလိုသည်။

ဤဂါထာမှာ “အတ္ထံ ပလေတိ” ပုဒ်၌ အတ္ထံ၊ နိဗ္ဗာန်သို့။ ပလေတိ၊ ရောက်လေ၏၊ ဟူသောအနက်မှာ လူ့ပြည်မှ ကွယ်လွန်၍ နတ်ပြည်သို့ ရောက်လေ၏ ဟူရာ၌...

၁။ ရောက်အပ်သော နတ်ပြည်။
၂။ ရောက်တတ်သော ပုဂ္ဂိုလ်။
၃။ လူ့ပြည်မှကွယ်ပျောက်၍ နတ်ပြည်မှာဖြစ်ပေါ်ခြင်း တည်းဟူသော ရောက်ခြင်းကြိယာ။

ဤသို့ ၃-ထွေ, ၃-ပါး ထင်ရှားသိမြင်ရသကဲ့သို့၊ ထို့အတူ

၁။ ရောက်အပ်သော နိဗ္ဗာန်ဌာန။
၂။ ရောက်တတ်သော ပရိနိဗ္ဗုတပုဂ္ဂိုလ်။
၃။ ခန္ဓာ ၅-ပါး အဖြစ်မှ ကွယ်ပျောက်၍ နိဗ္ဗာန် တည်း ဟူသော လောကုတ္တရာ ဘုံဌာနမှာ ထိုပုဂ္ဂိုလ်၏ ဤသို့ ၃-ထွေ, ၃-ပါး ထင်ရှားသိမြင်ရန် ကြံယူကြကုန်၏၊ ၎င်းပုဒ်ကို ဖွင့်ပြသော နိဒ္ဒေသ ပါဠိတော်၌ကား
အတ္ထံ ပလေတီတိ အတ္ထံ ပလေတိ၊ အတ္ထံ ဂမေတိ၊ အတ္ထံ ဂစ္ဆတိ၊ နိရုဇ္ဈတိ၊ ဝူပသမ္မတိ၊ ပဋိပဿမ္ဘတိ။
ဟူ၍ ဖွင့်ပြတော်မူ၏။

အတ္ထံ ပလေသီတိအတ္ထံပလေတိ=ဟူသည်ကား၊ အတ္ထံ=နိဗ္ဗာန်သို့၊ ဝါ=ကွယ်ပခြင်းသို့၊ ပလေတိ=ရောက်လေ၏၊ အတ္ထံ=နိဗ္ဗာန်သို့၊ ဂမေတိ= ရောက် လေ၏၊ အတ္ထံ=နိဗ္ဗာန်သို့၊ ဂစ္ဆတိ=ရောက်လေ၏၊ နိရုဇ္ဈတိ=ချုပ် လေ၏၊ ဝူပသမ္မတိ=ငြိမ်းလေ၏၊ ပဋိပဿမ္ဘတိ=ငြိမ်းလေ၏၊ [ဤကား အနက်။]

ဤအဖွင့် ၆-ပုဒ်တို့တွင်
ရှေ့ ၃-ပုဒ်ဖြင့် အနက်သက်သက်ကို ဖွင့်ပြတော်မူသည်၊ နိရုဇ္ဈတိအစရှိသော နောက် ၃-ပုဒ်ဖြင့် အတ္ထံ ပလေတိ-ဟူသော စကား၏ အဓိပ္ပါယ်လိုရင်းကို အကျဉ်းချုပ် အုပ်၍ ပြတော်မူသည်။ အတ္ထံ ပလေတိ- ဟု ပုဒ် ၂-ခု, အသံ ၂-ခု ဆိုသော်လည်း လိုရင်း အဓိပ္ပါယ်မှာ ခန္ဓာချုပ်မှု တစ်ခုပင်တည်း- ဟု ပြခြင်းငှာ နိရုဇ္ဈတိ- ဟု တစ်ပုဒ်တည်းနှင့် ဖွင့်ပြတော်မူသည်။

ခန္ဓာဟူသည် ပူလောင်သော ဒုက္ခတရားသာ ဖြစ်၏၊ ပူလောင် သောတရား၏ ချုပ်ခြင်းမည်သည် ငြိမ်းမှုစင်စစ် ဖြစ်၏-ဟု ပြခြင်းငှာ နိရုဇ္ဈတိပုဒ်ကို ဝူပသမ္မတိ, ပဋိဿမ္ဘတိ ဟု ဆင့်ပြန်သည်၊ ထို့ကြောင့် ကိလေသာခန္ဓာတို့၏ ချုပ်ငြိမ်းမှု တစ်ခုတည်းကိုပင်” အတ္ထံ ပလေတိ “ ဆိုသည်ဟုမှတ်ရမည်။

အတ္ထံ=နိဗ္ဗာန်သို့၊ ပလေတိ=ရောက်လေ၏-ဟူသော အနက်မှာ လည်း နိဗ္ဗာန်ဆိုသည်ကား- အပူအလောင် တရားတို့၏ ချုပ်ငြိမ်းခြင်း အမှုကိုပင် ဆိုသည်၊ ထို့ကြောင့် အတ္ထံ=နိဗ္ဗာန်သို့-ဟုဆိုသည်နှင့် အတ္ထံ= ကွယ်ပခြင်း, ချုပ်ငြိမ်းခြင်းသို့ -ဟုဆိုသောစကားသည် အတူတူပင် ဖြစ်သည်။

လောက၌ မရဏံ=သေခြင်းသို့၊ ဂစ္ဆတိ=ရောက်လေ၏-ဟူသည်နှင့် မရတိ=သေ၏-ဟူသည် အတူတူပင် ဖြစ်သကဲ့သို့တည်း။ ဘေဒံ=ပျက်စီးခြင်းသို့၊ ဂစ္ဆတိ=ရောက်လေ၏၊ ဘိဇ္ဇတိ=ပျက်စီး လေ၏၊ ဇရံ=အိုခြင်းသို့၊ ဂစ္ဆတိ=ရောက်လေ၏၊ ဇိယျတိ=အိုလေ၏၊ ပါကံ=ကျက်ခြင်းသို့၊ ဂစ္ဆတိ=ရောက်လေ၏၊ ပစ္စတိ=ကျက်လေ၏-ဟူသော စကားမျိုးတို့၌ ၂-ခွန်းနှင့် ၁-ခွန်း အဓိပ္ပါယ်တူကြသကဲ့သို့တည်း။ အတ္ထင်္ဂတော သော ဥဒ ဝါ သော နတ္ထိ၊
ဥဒါဟု ဝေ သဿတိယာ အရောဂေါ။
တံ မေ မုနိ သာဓု ဝိယာကရောဟိ၊
တထာ ဟိ တေ ဝိဒိတော ဧသ ဓမ္မော။
သော=ထိုပုဂ္ဂိုလ်သည်၊ အတ္ထင်္ဂတော=ခန္ဓာကွယ်ပခြင်းသို့ရောက် ၏ဆိုသော်၊ သော=ထိုခန္ဓာ ကွယ်ပခြင်းသို့ ရောက်သော ပုဂ္ဂိုလ်သည်၊ ဥဒ=စင်စစ်၊ နတ္ထိဝါ=မရှိခြင်းပင် ဖြစ်လေသလော၊ ဥဒါဟု=ထိုသို့မဟုတ်၊ ဝေ=စင်စစ်၊ သဿတိယာ=အမြဲနိစ္စအားဖြင့်၊ အရောဂေါ=ပျက်စီးခြင်းမရှိ တည်လေသလော၊ မုနိ=မြတ်စွာဘုရား၊ တံ=ထိုအကြောင်းကို၊ မေ= ကျွန်ုပ်အား၊ သာဓု=ကောင်းစွာ၊ ဝိယာကရောဟိ=ဖြေကြားပါလော့၊ ဟိ=လျှောက်သင့်စွ၊ တေ=အရှင်ဘုရားသည်၊ ဧသ ဓမ္မော=ဤတရားကို၊ တထာ=ဟုတ်မှန်သောအတိုင်း၊ ဝိဒိတာ=သိတော်မူအပ်၏၊ [ဤကား အနက်။]

လောက၌ ထင်ရှား၍နေသော အယူမှာ ခန္ဓာလည်းတခြား, ခန္ဓာ၏ အရှင်ဖြစ်သော အတ္တလည်းတခြား, ပုဂ္ဂိုလ်-သတ္တဝါဟူသည် ထိုအတ္တကို ဆိုလိုရင်းတည်း။

ပရိနိဗ္ဗာန်အစံ ခန္ဓာချုပ်ဆုံးရာတွင် ထိုခန္ဓာ၏ အရှင်ဖြစ်သော ပုဂ္ဂိုလ် သတ္တဝါတွင်လည်း ပြတ်တောက် လေတော့သည်-ဟူသော အယူကား“နတ္ထိ” အယူတည်း။ [ဥစ္ဆေဒဒိဋ္ဌိ-ဆိုလိုသည်။]

ဘုရားလက်ထက်တော်မှာ ယမက အမည်ရှိသော ရဟန်း၏ အယူမျိုး တည်း၊ “န ဟောတိ တထာဂတော ပရံမရဏာ”ဟူသော အယူလည်း ဤနတ္ထိ အယူပင်တည်း။

ခန္ဓာသည်သာ ချုပ်ဆုံးသည်၊ ပုဂ္ဂိုလ်, သတ္တဝါ-ဟူသော အတ္တသည်မူကား ချုပ်ဆုံးသည် ဟူ၍မရှိ- ဟူသော အယူကား “အတ္ထိ” အယူတည်း၊ [သဿတဒိဋ္ဌိ- ဆိုလိုသည်။] “ဟောတိ တထာဂတော ပရံ မရဏာ” ဟူသော အယူပင်တည်း။

ဥပသိဝ ပုဏ္ဏားသည်ကား- ရှေ့ဂါထာမှာ “အတ္ထံ ပလေတိ” ဟူသော ပါဌ်ဖြင့် ခန္ဓာ၏ ချုပ်ဆုံးခြင်းကို ဖြေကြားတော်မူသည်။။ ခန္ဓာ၏အရှင်ဖြစ်သော ပုဂ္ဂိုလ်သည်ကား ထိုခန္ဓာ ချုပ်ဆုံးရာမှာပင် ပြတ်တောက် ကွယ်ပ၍ သွားလေသလော၊ သို့မဟုတ်-ခန္ဓာမှ ကျွတ် လွတ်၍ တစ်ပုံတစ်မျိုးဖြစ်၍ အမြဲတည်နေ လေသလော-ဟု ယုံမှားရှိ၍ ဤနောက်အမေးကို မေးပြန်သည်။။ မြတ်စွာဘုရားသည်ကား ဤ“အတ္ထိ, နတ္ထိ” ဟူသော အယူနှစ်ပါးကို ပယ်တော်မူ၏။

အတ္ထီတိ ခေါ ကစ္စာန အယမေကော အန္တော၊ နတ္ထီတိ အယံ ကစ္စာန ဒုတိယော အန္တော။
[ကစ္စာနဂေါတ္တသုတ်။]

အတ္ထိ-ဟူသော အယူလည်း အယုတ်တရား ၁-ပါး၊ နတ္ထိ-ဟူသော အယူ လည်း အယုတ်တရား ၁-ပါး- ဟူလိုသည်။

ဘုရားဒေသနာတော်၌မူကား- ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ- ဟူ၍မုချ အားဖြင့်မရှိ၊ ရုပ်, နာမ်တရားသည်သာ မုချအားဖြင့်ရှိသည်၊ ထိုရုပ်, နာမ်တရားသည်လည်း အဝိဇ္ဇာ, တဏှာ-အစရှိသော အကြောင်း တရား ထင်ရှားရှိနေသမျှ ကာလပတ်လုံး နတ္ထိသဘော, ဥစ္ဆေဒသဘေသို့ ရောက်သည်-ဟူ၍ မရှိ၊ အကြောင်းတရားကို ပယ်ရှားလျှင် ချုပ်ငြိမ်းခြင်း သို့ ရောက်မြဲဖြစ်၍ သံသရာ၌ အမြဲရှိ၍ နေသော အတ္ထိသဘောလည်း မရှိ၊ ထို့ကြောင့် ထိုသို့သော အတ္ထိ သဘော, နတ္ထိသဘောနှင့် ဥပသိဝ ပုဏ္ဏား မေးလျှောက်သည်ကို အတ္ထိ, နတ္ထိ-မှ အလွတ်ဖြစ်သော တစ်ပါး သော ပရိယာယ်ဖြင့် ဖြေတော်မူပေ၏။

အတ္ထင်္ဂတဿ န ပမာဏမ-တ္ထိ၊
ယေန နံ ဝဇ္ဇုံ တံ တဿ နတ္ထိ။
သဗ္ဗေသု ဓမ္မေသု သမူဟတေသု၊
သမူဟတာ ဝါဒပထာပိ သဗ္ဗေ။
အတ္ထင်္ဂတဿ= ရုပ်, နာမ်ခန္ဓာ ကွယ်ပခြင်းသို့ ရောက်လေသော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်အား၊ ပမာဏံ=ရှိသည်, မရှိသည်-ဟူ၍ ဆိုနိုင်ရန် ပမာဏသည်၊ နအတ္ထိ=မရှိ၊ ယေန=အကြင်တစ်စုံတစ်ခုသော ပရမတ္ထ ဓမ္မဖြင့်၊ နံ=ထိုပုဂ္ဂိုလ်ကို၊ ဝဇ္ဇုံ=ပညတ်တင်၍ ခေါ်ဝေါ်ပြောဆိုကြ ကုန်ရာ၏၊ တဿ=ထိုပုဂ္ဂိုလ်အား၊ တံ=ထို တစ်စုံတစ်ခုသော တရားသည်၊ နတ္ထိ=မရှိ၊ သဗ္ဗေသု=အလုံးစုံကုန်သော၊ ဓမ္မေသု=ပရမတ္ထဓမ္မတို့သည်၊ သမူဟတေသု=ပယ်နုတ် ချုပ်ငြိမ်းကုန်ပြီးသည်ရှိသော်၊ သဗ္ဗေ=အလုံးစုံ ကုန်သော၊ ဝါဒပထာပိ=ခေါ်ဝေါ်ပြောဆိုစရာ နည်းလမ်းတို့သည်လည်း၊ သမူဟတာ=ပယ်နုတ် ချုပ်ငြိမ်းကြလေကုန်ပြီ။ [ဤကားအနက်။]

ဤဂါထာ၌ ပထမပါဒ၏ အဓိပ္ပါယ်ကို ဒုတိယပါဒနှင့် ဖွင့်ပြတော် မူသည်။ ဒုနိယပါဒ၏ အဓိပ္ပါယ်ကိုလည်း “သဗ္ဗေသု ဓမ္မေသု သမူဟတေသု၊ သမူဟတာ ဝါဒပထာပိ သဗ္ဗေ” ဟူသော တတိယ, စတုတ္ထဝါဒတို့နှင့် ဖွင့်ပြတော်မူသည်။

[အဓိပ္ပါယ်အကျယ်မှာ ပစ္ဆပရိဗိုဇ်ကို ဖြေတော်မူသော နည်းလမ်း အတိုင်းပင်။]

အကျဉ်းမှာမူကား။။ ခန္ဓာ ၅-ပါး ပရမတ္ထတရားမျိုးရှိမှသာလျှင် သတ္တဝါနှင့်စပ်သော ပညတ်ဝေါဟာရမျိုး ရှိနိုင်သည်၊ ခန္ဓာ ၅-ပါး ပရမတ္ထတရားမျိုး မရှိရာ သတ္တဝါနှင့်စပ်သော ပညတ်ဝေါဟာရမျိုး မရှိနိုင်၊ ပရိနိဗ္ဗာန်စံကြသောအခါ၌ ထိုခန္ဓာ ၅-ပါး ပရမတ္ထတရားမျိုးတို့သည် အကြွင်းအကျန်မရှိ အကုန်အစင် ကွယ်ပျောက်ချုပ်ငြိမ်းကြလေကုန်၏၊ ထိုတရားတို့ ချုပ်ငြိမ်းကြကုန်လျှင်လည်း ထိုပုဂ္ဂိုလ်တို့၏ သန္တာန်နှင့် စပ်သော ပညတ်တရားတို့သည်လည်း ကွယ်ပျောက်ကြလေကုန်၏၊ ပရိနိဗ္ဗာန်စုတိ ကမ္မဇရုပ် ချုပ်သည်မှ နောက်ကာလ၌ နိစ္စ ထာဝရဖြစ် သော အသင်္ခတနိဗ္ဗာန်ကြီးသို့ ရောက်၍နေသော တစ်စုံတစ်ခုသော ပရမတ်တရား, ပညတ်တရား-ဟူ၍ အမြွက်လေသံမျှ မရှိပြီ ဆိုလိုသည်။ ဤဂါထာ၌ “သဗ္ဗေသု ဓမ္မေသု သမူဟတေသု၊ သမူဟတာ ဝါဒထာပိ သဗ္ဗေ” ဟူသော ၂-ပါဒတို့၌
သဗ္ဗေသု ဓမ္မေသု သမူဟတေသူတိ သဗ္ဗေသု ခန္ဓေသု၊ သဗ္ဗေသု အာယတနေသု၊ သဗ္ဗာသု ဓာတူသု။
ဟူ၍ အရှင်သာရိပုတ္တရာ ဖွင့်တော်မူသောကြောင့် ပရိနိဗ္ဗာန စုတိကမ္မဇရုပ် အချုပ်တွင် ထိုပုဂ္ဂိုလ်သန္တာန်၌ ခန္ဓာ- ဟူသမျှ, အာယတနဟူသမျှ ဓာတ်ဟူသမျှ အကုန်ချုပ်ငြိမ်း ကုန်ဆုံးလေကုန်၏၊ တစ်စုံတစ်ရာ အမြွက်လေသံမျှ အကြွင်းအကျန် မရှိပြီ-ဟူသော အနက်သည် ထင် ရှားပေ၏။

သမူဟတာ ဝါဒပထာပိ သဗ္ဗေတိ ဝါဒပထာ ဝုစ္စန္တိ ကိလေသာ စခန္ဓာ စ အဘိသင်္ခါရာ စ၊ တဿ ဝါဒါစ၊ ဝါဒ ပထာ စ၊ အဓိဝစနာ စ၊ အဓိဝစနပထာ စ၊ နိရုတ္တိ စ၊ နိရုတ္တိပထာ စ၊ ပညတ္တိ စ၊ ပညတ္တိပထာ စ၊ ဦဟတာ၊ သမူဟတာ၊ ဥဒ္ဓဋာ၊ ဥပ္ပါဋိတာ၊ သမုပ္ပါဋိတာ၊ ပဟီနာ၊ သမုစ္ဆိန္နာ၊ ဝူပသန္တာ၊ ပဋိပဿဒ္ဓါ၊ အဘဗ္ဗုပ္ပတ္တိကာ၊ ဉာဏဂ္ဂိနာ၊ ဒဍ္ဎုာတိ သမူဟတာ ဝါဒပထာပိ သဗ္ဗေ။
ဟူ၍ အရှင်သာရိပုတ္တရာ ဖွင့်ပြတော်မူသောကြောင့် ပရိနိဗ္ဗာန စုတိကမ္မဇ ရုပ်ချုပ်ပြီးသည်မှ နောက်ကာလ၌ ထိုပုဂ္ဂိုလ်နှင့်စပ်သော တစ်စုံတစ်ခုသော ပရမတ်တရား, တစ်စုံတစ်ခုသော ပညတ်တရား-ဟူ၍ အမြွက်လေသမျှ မရှိပြီဟု သိသာပေ၏၊ “ပရိနိဗ္ဗာန စုတိကမ္မဇရုပ် မချုပ်မီ ရှေးအဖို့၌ ထင်ရှားရှိသော ခန္ဓာ ၅-ပါး ရုပ်, နာမ် တရားတို့ကို အတိတ် စကားဖြင့် ပြောဆိုခေါ်ဝေါ်ကြသော အရာသာတည်း။

နိဗ္ဗာန်၌ ထိုပုဂ္ဂိုလ်သန္တာန်နှင့်စပ်သော ပရမတ် အခက် အနက်, ပညတ် အခက် အနက် အမြွက်လေသ ရှိနေ၍ ထိုပရမတ်, ထိုပညတ်ကို ခေါ်ဆိုကြသော အရာမဟုတ်၊ ထို့ကြောင့် “သင်္ချံနောပေတိ”ဟူ၍လည်း ကောင်း၊ “အတ္ထံ ပလေတိ၊ န ဥပေတိ သင်္ချံ” ဟူ၍လည်းကောင်း၊ “သမူဟတာ ဝါဒ ပထာပိ သဗ္ဗေ”ဟူ၍လည်းကောင်း-ဟောတော်မူ သည်။

၁။ ဤသို့လျှင် ဤဥပသိဝပြဿနာ၌ လေထဲသို့ပြတ်၍ ပါလေသော မီးတောက်၏ ပျောက်ပျက် ကွယ်ဆုံးပုံကို ဥပမာ ပြတော်မူသည် တစ်ရပ်။

၂။ “သမူဟတာ ဝါဒပထာပိ သဗ္ဗေ” ဟု ဟောတော်မူသည် တစ်ရပ်။

ဤသို့သော အချက်များကို ထောက်ထား၍ ပရိနိဗ္ဗာန စုတိ ကမ္မဇရုပ် ချုပ်ရာ၌ ထိုပုဂ္ဂိုလ်သန္တာန်နှင့်စပ်သော ပရမတ်, ပညတ် အကုန်အစင် ချုပ်ငြိမ်း ကွယ်ပျောက်လေကြောင်း၊ လူ ရဟန္တာဖြစ်ခဲ့လျှင် သရီရဓာတ်တော်မျှသာ အကျန်ရှိကြောင်း၊ နတ်ရဟန္တာ, ဗြဟ္မာရဟန္တာဖြစ်ခဲ့လျှင် သရီရဓာတ်တော်မျှမှ အကျန်မရှိကြောင်းကို သိအပ်၏၊

ဤဥပသိဝပြဿနာ၌ အာကိဉ္စညာယတန အရူပဘုံမှ ပရိနိဗ္ဗာန်စံ မှုကို ဟောတော်မူသောကြောင့် ထိုအမှုအားလျော်စွာ လေထဲသို့ပြတ်၍ ပါလေသော မီးတောက်ကို ဥပမာပြုတော်မူလေသည်။

[ဤကား- ဥပသိဝ ပြဿနာတည်း။]

ဝေဒနာသံယုတ်လာအဓိပ္ပါယ်။။ သဠာယတန သံယုတ်ပါဠိတော် ဝေဒနာသံယုတ်၌လာသော

သော ဝေဒနာ ပရိညာယ၊ ဓိဋ္ဌေဓမ္မေ အနာသဝေါ။
ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ။
ဟူသော ဂါထာ၌လည်း “သင်္ချံနောပေတိ” ပုဒ်အရကို “အတ္ထပလေတိ န ဥပေတိ သင်္ချံ” ပုဒ်အတိုင်းသိလေ။။ထိုဂါထာ၌သော=ထိုဝေဒနာ ကမ္မဋ္ဌာန်းကို အားထုတ်သော ပုဂ္ဂိုလ်သည်၊ ဝေဒနာ=၃-ပါးသောဝေဒနာတို့ကို၊ ပရိညာယ=အပိုင်အနိုင်သိ၍၊ ဒိဋ္ဌေဓမ္မေ=မျက်မှောက် ဘဝ၌၊ အနာသဝေါ=အာသဝေါကင်းသော ရဟန္တာပုဂ္ဂိုလ်သည်၊ ဟောတိ=ဖြစ်နိုင်၏၊ ကာယဿ=ကိုယ်ခန္ဓာ၏၊ ဘေဒါ=စုတိကမ္မဇရုပ် ချုပ်သည်မှ၊ ပရံ=နောက်၌၊ ဓမ္မဋ္ဌော=နိဗ္ဗာန်၌ တည်သော၊ သော ဝေဒဂူ=ထိုရဟန္တာပုဂ္ဂိုလ်သည်၊ သင်္ချံ=ခေါ်ဝေါ်စရာ တစ်စုံတစ်ရာအဖြစ်သို့၊ နောပေတိ= မရောက်။ [ဤကား-အနက်။]

ဓမ္မဋ္ဌောတိ အသေက္ခဓမ္မေသု၊ နိဗ္ဗာနေ ဧဝ ဝါဌိတော” ဟု အဋ္ဌကထာ ဖွင့်၏၊။ဓမ္မဋ္ဌော=အသေက္ခတရားတို့၌တည်သော။

ဝါ=နိဗ္ဗာန်၌တည်သော။ [၂-နက်။]

အသေက္ခဓမ္မ။ ။ အသေက္ခဓမ္မ ဆိုသည်ကား- အရဟတ္တဖိုလ် ပေတည်း၊ အရဟတ္တဖိုလ်၌ တည်သောဟု ဆိုလိုသည်၊ အရဟတ္တဖိုလ်၌ တည်မှုသည် ကိုယ်ခန္ဓာပျက်သည်မှ နောက်၌ တည်သည်မဟုတ်၊ မပျက်မီကပင် တည်ပေသည်။ ထို့ကြောင့် “ကာယဿ=ကိုယ်ခန္ဓာ၏၊ ဘေဒါ=စုတိကမ္မဇရုပ်ချုပ်သည်မှ၊ ပရံ=နောက်၌၊ သင်္ချံ=ခေါ်ဝေါ်စရာ တစ်စုံတစ်ရာအဖြစ်သို့၊ နောပေတိ=မရောက်” ဟု စပ်၍ယူရမည်။ ဓမ္မဋ္ဌော-ပုဒ်, ဝေဒဂူ-ပုဒ်တို့ကား ပရိနိဗ္ဗာန်မစံမီရှိသော ဂုဏ်တို့ဖြင့် ချီးမွမ်းသော ပုဒ်တို့သာတည်း၊ ဓမ္မဋ္ဌော=နိဗ္ဗာန်၌ တည်သော-ဟူသော အနက်မှာမူကား “ကာယဿ=ကိုယ်ခန္ဓာ၏၊ ဘေဒါ=စုတိကမ္မဇရုပ်ချုပ် သည်မှ၊ ပရံ=နောက်၌၊ ဓမ္မဋ္ဌော=အနုပါဒိသေသ နိဗ္ဗာန်၌တည်နေသော” ဟူ၍လည်း စပ်နိုင်ပါ၏။

နိဗ္ဗာန်၌တည်သော- ဟူရာမှာလည်း ခန္ဓာချုပ်ငြိမ်းခြင်းအမှု၌ တည်သော-ဟုဆိုသည်နှင့် အတူတူပင်၊ ခန္ဓာချုပ်ငြိမ်းခြင်းအမှု၌ တည်သည်ဆိုသည်ကား- ပျောက်ငြိမ်းပြီးသော အချို့သော အနာရောဂါ သည် တစ်ဖန်လှန်၍ တစ်ဖန်မြုံ၍ ပေါ်လာပြန်သကဲ့သို့ နိဗ္ဗာန် အနေ အားဖြင့် ချုပ်ငြိမ်းပြီးသော ခန္ဓာသုခ, ခန္ဓာအနာ, ခန္ဓာရောဂါတို့သည် တစ်ဖန်လှန်၍ တစ်ဖန်မြုံ၍ပေါ်လာပြန်သည်-ဟု မရှိကြကုန်ပြီ၊ အမြဲ ထာဝရ နိစ္စဓူဝအားဖြင့် ချုပ်ငြိမ်းမှုအတိုင်း ကုန်ဆုံးမှုအတိုင်းသာ တည် လေတော့သည်၊ ထိုပုဂ္ဂိုလ်သည်လည်း ခန္ဓာတို့၏ ချုပ်ငြိမ်းကုန်ဆုံးမှု၌ ဆိုက်တည် လေတော့သည်၊ ထိုချုပ်ငြိမ်း ကုန်ဆုံးမှုမှ တစ်ဖန်ပြန်၍ လာသည်ဟု မရှိပြီ- ဆိုလိုသည်။

[ဤကား ဝေဒနာသံယုတ်လာ အဓိပ္ပါယ်တည်း။]

ဤတွင်ရွေ့ကား နိဿရဏနိဗ္ဗာန်သို့ ဆိုက်ရောက်ပုံ ပြီး၏။

---------

နိဗ္ဗာန်၏ ချမ်းသာပုံ

ယခုအခါ နိဗ္ဗာန်၏ ချမ်းသာပုံကို ဟောတော်မူသော ပါဠိများ၏ အဓိပ္ပါယ်ကို အတန်ငယ် ပြလိုက်ဦးအံ့။

ပဉ္စိမေ အာနန္ဒ ကာမဂုဏာ၊ ကတမေ ပဉ္စ၊ စက္ခုဝိညေယျာ ရူပါ” အစရှိသဖြင့် ဝေဒနာသံယုတ် ပါဠိတော်-ရဟောဂတဝဂ်- နဝမသုတ်၌ လာ၏။

ချမ်းသာ ၁၀-ပါး

၁။ ကာမဂုဏ် ချမ်းသာ ၁-ပါး။
၂။ ပထမစျာန် ချမ်းသာ ၁-ပါး။
၃။ ဒုတိယစျာန် ချမ်းသာ ၁-ပါး။
၄။ တတိယစျာန် ချမ်းသာ ၁-ပါး။
၅။ စတုတ္ထစျာန် ချမ်းသာ ၁-ပါး။
၆။ အာကာသာနဉ္စယတနစျာန် ချမ်းသာ ၁-ပါး။
၇။ ဝိညာဏဉ္စယတနစျာန် ချမ်းသာ ၁-ပါး။
၈။ အာကိဉ္စညာယတနစျာန် ချမ်းသာ ၁-ပါး။
၉။ နေဝသညာနာသညာတနစျာန် ချမ်းသာ ၁-ပါး။
၁၀။ နိရောဓသမာပတ် ချမ်းသာ ၁-ပါး။

ကာမဂုဏ် ချမ်းသာ။ ။ ကာမဂုဏ်ချမ်းသာဆိုသည်ကား လူ့ပြည်၌ သူဋ္ဌေး, သူကြွယ်, ပဒေသရာဇ်မင်း, ဧကရာဇ်မင်း, စကြာ မန္ဓတ်မင်း၊ နတ်ပြည် ခြောက်ထပ်၌ နတ်မင်း, သိကြားမင်းတို့၏ ချမ်းသာကိုဆိုသတည်း၊ ဤကာမဂုဏ် ချမ်းသာသည် အယုတ်ညံ့ဆုံး ပေတည်း၊ ထိုကာမဂုဏ်ချမ်းသာထက် တောချုံတွင်း ၌ ပထမစျာန်ကို ဝင်စား၍နေသော ရဟန်း၏ချမ်းသာသည် အဘိက္ကန္တတရ ဖြစ်၏၊ ပဏီတတရ ဖြစ်၏၊ (အဘိက္ကန္တတရံ=အလွန်နှစ်သက်ဖွယ်ရှိ၏၊ ပဏီတ တရံ=အလွန်မွန်မြတ်၏ဟု အနက်ပေး။)။။ (အထက်ကိုလည်း ဤနည်း နှင့် အစဉ်အတိုင်းဆိုလေ။)

ပရမဒိဋ္ဌဓမ္မနိဗ္ဗာန်။။ စိတ်, စေတသိက်, စိတ္တဇရုပ် အကုန်ချုပ်၍ ကမ္မဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ် သက်သက်နှင့် နေသည်ကို နိရောဓ သမာပတ္တိ ချမ်းသာဆိုသည်၊ ထိုနိရောဓသမာပတ္တိ ချမ်းသာသည် “ပရမဒိဋ္ဌဓမ္မနိဗ္ဗာန်” မည်၏။

ဤနိရောဓသမာပတ္တိ ချမ်းသာကို ဟောတော်မူသည်၏ အဆုံး၌

ဌာနံ ခေါ ပနေတံ အာနန္ဒ ဝိဇ္ဇတံ၊ ယံ အညတိတ္ထိယာ ပရိဗ္ဗာဇကာ ဧဝံ ဝဒေယျုံ၊ သညာဝေဒယိတ နိရောဓံ သမဏော ဂွေတမော အာဟ၊ တဉ္စ သုခသ္မိံ ပညပေတိ ပဏီတတရံ၊ တယိဒံ ကိံသု တယိဒံ ကထံသတိ၊ ဧဝံဝါဒိ နော အညတတ္ထိယာ ပရိဗ္ဗာဇကာ ဧဝံမဿုဝစနီယာ ယတ္တ ယတ္တ အာဝုသော ဘဂဝါ သုခညေဝ ဝေဒနံ သန္ဓယ သုခသိံ ပညပေတိ၊ တထာဂတော သုခသိံ ပညပေတိ၊ ယတ္ထ ယတ္ထ အာဝုသော သုခံ ဥပလဗ္ဘတိ၊ ယဟိံ ယဟိံ သုခံ၊ တံ တံ တထာဂတာ သုခသ္မိံ ပညပေတီ' တိ။

ဤသို့ ဟောတော်မူ၏။

အဓိပ္ပါယ်ကား။။ စိတ်, စေတသိက်တို့၏ ချုပ်ခြင်းတည်း ဟူသော နိရောဓသမာပတ်ကို ရှင်ဂေါတမသည် ဟော၏၊ ထိုနိရောဓ သမာပတ်ကိုလည်း အလွန်မွန်မြတ်သော ချမ်းသာ၌ ပညတ်၏၊ ထိုအမှုသည် အဘယ်သို့နည်း စိတ်, စေတသိက်မရှိက မခံစားနိုင်၊ မခံစားနိုင်က အဘယ်မှာ ချမ်းသာဟုတ်တော့အံ့နည်း-ဟု သာသနာမှ အပဖြစ်သော တိတ္ထိပရိဗိုဇ်တို့သည် ဆိုကြကုန်ရာ၏၊ ထိုတိတ္ထိပရိဗိုဇ်တို့ကို ဤသို့ ဆိုအပ်ကုန်၏၊ ငါတို့မြတ်စွာဘုရားသည် ခံစားခြင်းရှိသော သုခဝေဒနာကိုသာ ချမ်းသာ-ဟူ၍ပညတ်သည်မဟုတ်၊ အကြင်အကြင် တရား၌ ချမ်းသာကိုရ၏၊ ထိုထို တရားကိုလည်း ချမ်းသာသုခဟူ၍ ပညတ်တော် မူ၏၊ ဤသို့ ဆိုအပ်ကုန်၏-ဟူလိုသည်။

ဤပါဠိတော်ဖြင့် ခံစားမှု, စံစားမှုသည် ယုတ်ညံ့သော ချမ်းသာ ဖြစ်၏၊ မွန်မြတ်သော ချမ်းသာမဟုတ်၊ အဇ္ဈတ္တသန္တာန်၌ မငြိမ်သက်သော တရား, မသိမ်မွေ့သောတရား, လှုပ်ရှားသောတရား, ရုန့်ရင်းသော တရားတို့၏ ကင်းငြိမ်းခြင်းသည်သာ အထွတ်အမြတ် ချမ်းသာအစစ် ဖြစ်၏-ဟု ပြတော်မူသည်။

နဝနိပါတ်အင်္ဂုတ္တိုရ်လာ အဓိပ္ပါယ်။။ နဝနိပါတ်အင်္ဂုတ္တိုရ် ပါဠိတော်၌လည်း ဤသို့လာ၏၊ တစ်ရံသောအခါ အရှင်သာရိပုတ္တရာ သည် ရဟန်းတို့အား

သုခမိဒံ အာဝုသော နိဗ္ဗာနံ
သုခမိဒံ အာဝုသော နိဗ္ဗာနံ

ဟူသော စကားကိုဆိုပေ၏။

အာဝုသော=ငါရှင်တို့၊ ဣဒံနိဗ္ဗာနံ=ဤနိဗ္ဗာန်သည်၊ သုခံ=ချမ်းသာ ပေစွတကား။။ [နောက်ဝါကျ၌လည်း ဤနည်းတူပေးလေ။]

ထိုအခါ အရှင်မဟာကောဋ္ဌိက မထေရ်သည် အရှင်သာရိပုတ္တရာ အား

ကိံပနေတ္ထ အာဝုသော သာရိပုတ္တ သုခံ၊ ယဒေတ္ထ ဝေဒယိတံ နတ္ထိ

ဟူသော စကားကို ဆိုလေ၏။

အာဝုသော သာရိပုတ္တရ=ငါ့ရှင်သာရိပုတ္တရာ၊ ယဒေတ္ထ-ယသ္မိံ ဧတ္ထနိဗ္ဗာနေ=အကြင်နိဗ္ဗာန်၌၊ ဝေဒယိတံ=ခံစားမှု, စံစားမှုသည်၊ နတ္ထိ=မရှိ၊ ဧတ္ထ=ဤခံစားမှု, စံစားမှုမရှိသော နိဗ္ဗာန်၌၊ သုခံ=ချမ်းသာမည်သည်၊ ကိံပန= အဘယ်မှာရှိအံ့နည်း။။ (ဤကား အနက်။)

ဧတဒေဝတ္ထာဝုသော သုခံ၊ ယဒေတ္ထ နတ္ထိ ဝေဒယိတံဟူ၍ ဟောတော်မူ၏။

အာဝုသော ကောဋ္ဌိက=ငါ့ရှင်ကောဋ္ဌိက၊ ဧတ္ထ=ဤနိဗ္ဗာန်၌၊ ဝေဒယိတံ=ခံစားမှု, စံစားမှုမည်သည်၊ ယံ နတ္ထိ=အကြင်မရှိ၊ ဧတဒေဝ= ထိုခံစားမှု, စံစားမှု မရှိခြင်းသည်သာလျှင်၊ ဧတ္ထံ=ဤနိဗ္ဗာန်၌၊ သုခံ=ချမ်း သာမှုပေတည်း။ (ဤကား အနက်။)

ချမ်းသာပုံယုတ္တိ။။ ထိုနောက်မှ ချမ်းသာပုံယုတ္တိကို ဤသို့ ဟောတော်မူ၏၊ လောဘနှင့်တကွ ခံစား, စံစားအပ်သော ကာမဂုဏ် ချမ်းသာသည် ရှိ၏၊ ထိုကာမဂုဏ်ချမ်းသာသည် ပထမစျာန်ကို ပွါးများ သော ပုဂ္ဂိုလ်မှာ အနာဆိုး ရောဂါဆိုးကြီးမည်၏၊ ထိုပထမစျာန်ကို ပွါးများသော ပုဂ္ဂိုလ်ကို ဆင်းရဲဒုက္ခရောက်လေအောင် လွန်စွာနှိပ်စက် နိုင်၏-ဟူလိုသည်။

ဥပမာကား။။ အလွန်ယားယံသော နူနာမျိုးစွဲကပ် ထကြွ၍နေသော ပုဂ္ဂိုလ်သည် အလွန်ပူလှ, အိုက်လှသော နွေရာသီမှာပင် ရဲရဲညိသော ရှားမီးခဲတို့ကို ကြီးစွာသော မီးအိုးခင်း၌ ထည့်၍ တစ်ကိုယ်လုံးရွှဲရွှဲစိုသော ကိုယ်အင်္ဂါတို့ကို မီးကင်ရသည်ရှိသော် အယား အယံ ပြေပျောက်၍ အလွန်ကောင်းသော ဖောဋ္ဌဗ္ဗသုခကို ရလေ၏၊ မီးနှင့် ကင်းကွာခဲ့သည်ရှိသော် ယားယံခြင်း ပြင်းစွာနှိပ်စက်၍ ရပ်တည်မရ ဖြစ်လေ၏၊ ထိုကဲ့သို့သော အနာရောဂါ မရှိသောသူတို့မှာ ထိုကဲ့သို့ ပူလှ, အိုက်လှသောအခါ၌ မီးကို မြင်ရလျှင်ပင် ဆင်းရဲဒုက္ခ ရောက်ကြ ကုန်၏၊ မြင်ခြင်းကိုမျှ အလိုမရှိကြကုန်။

ဤဥပမာ၌ ထိုရာသီမှာ အနိဋ္ဌစင်စစ် ဖြစ်ကုန်သော ရှားမီးခဲ တို့သည် ထိုကဲ့သို့သော နူနာကြီးရှင်မှာ အနာငန်း မန်းထ၍ ရပ်တည်မရ ယားယံလှသော အတွက်ကြောင့် အလွန်ကောင်းသော ဣဋ္ဌဓမ္မ ဖောဋ္ဌဗ္ဗ ဖြစ်ရကုန်၏။

ထို့အတူ ပူပန်မှုအမျိုးမျိုးနှင့်တကွ ဖြစ်ကုန်သော လူ့ချမ်းသာ လူ့ကာမဂုဏ်, နတ်ပြည်ခြောက်ထပ် နတ်ချမ်းသာ နတ်ကာမဂုဏ်တို့ သည် ကာမတဏှာတည်းဟူသော နူနာကြီးစွဲကပ်သဖြင့် ရွှဲရွှဲစို ကျိုက် ကျိုက်ဆူ စိတ်နူနာကြီး ရှိကြကုန်သော သတ္တဝါတို့အား ကာမတဏှာ အနာငန်းမန်းထ၍ ရပ်တည်မရ ယားယံလှသည့် အတွက်ကြောင့် အကောင်းအမွန် အထွတ်အမြတ်တွေ ဖြစ်ရလေကုန်၏။

ထိုရှားမီးကျီးတို့သည် ထိုကဲ့သို့သော နူနာကြီးမျိုး ကင်းရှင်း ကုန်သော သူတို့အား အနိဋ္ဌစင်စစ် ဒုက္ခစင်စစ် ဖြစ်ကြကုန်သကဲ့သို့၊ ပထမစျာန်ကို ရ၍ ကာမတဏှာ စိတ်နူနာကြီး ကင်းရှင်းပြီးဖြစ်သော သူတို့အား ထိုလူ့ကာမဂုဏ်, နတ်ကာမဂုဏ်တို့သည် ရွံဖွယ်, ကြောက်ဖွယ်, စက်ဆုပ်ဖွယ်သော အနိဋ္ဌဓမ္မ, ဒုက္ခဓမ္မတို့သာ ဖြစ်ကြကုန်၏၊ ဤနူနာကြီး ဥပမာကို “မဇ္ဈိမပဏ္ဏာသ မာဂဏ္ဍိယ သုတ်“၌ ဟောတော်မူသည်။

ဤသို့လျှင် ထိုလူ့ကာမဂုဏ်, နတ်ကာမဂုဏ်တို့သည် ကာမတဏှာ နူနာကြီး စွဲကပ်၍ ရွှဲရွှဲစို ကျိုက်ကျိုက်ဆူ စိတ်နူနာကြီး အကြိုက်အားဖြင့် သာ ဣဋ္ဌသုခ ထင်မှရကုန်သည်၊ စင်စစ် အမှန်အားဖြင့်မူကား ပူပန်စေ တတ်, နှိပ်စက်တတ်ကုန် သော ဒုက္ခဓမ္မတို့သာတည်း။

ပထမစျာန်ကိုရ၍ ထိုကာမတဏှာ,ကာမသညာ၊ အနာဆိုး, ရောဂါဆိုးတို့၏ ကင်းငြိမ်းခြင်းသည် အလွန်အေးမြ ငြိမ်းချမ်းသော သန္ဒိဋ္ဌိက နိဗ္ဗာန် ၁-ပါးမည်၏။

(ဤကား နဝနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်လာ ပထမဝါရအဓိပ္ပါယ်တည်း။)

ဒုတိယဝါရအဓိပ္ပါယ်။။ ဝိတက်, ဝိစာရနှင့်တကွဖြစ်သော ပထမစျာန် ချမ်းသာသည်ရှိ၏၊ ထိုပထမစျာန်၌ရှိသော ဝိတက်, ဝိစာရတို့သည် ဒုတိယစျာန်ကို ပွားများသောသူမှာ အနာဆိုး, ရောဂါဆိုး ကြီးမည်ကုန်၏၊ ဒုတိယစျာန်ကို ပွားများသောသူကို ဆင်းရဲဒုက္ခ ဖြစ်လေအောင် လွန်နှိပ်စက်နိုင်ကုန်၏။

ဥပမာမှာနူနာကြီးနှင့် ဝိတက်, ဝိစာရရှိသော ပထမစျာန်သုခကို သာယာ သော စျာနနိကန္တိတဏှာသည် တူ၏၊ ရှားမီးကျီးခဲနှင့် ပထမစျာန် သုခသည် တူ၏၊ နုနာကြီးကင်းရှင်းသော သူနှင့် ပထမစျာန နိကန္တိတဏှာ ကင်းရှင်းပြီးသော ယောဂီပုဂ္ဂိုလ်သည် တူ၏၊ ထိုပုဂ္ဂိုလ်မှာ ပထမစျာန် သုခ၌ သာယာသော စျာနနိကန္တိတဏှာ၊ ကင်းငြိမ်းခြင်းသည် အလွန် အေးမြ ငြိမ်းချမ်းသော သန္ဒိဋ္ဌိက နိဗ္ဗာန်၏၁-ပါးမည်၏။

(ဤကား ဒုတိယဝါရ အဓိပ္ပါယ်တည်း။)

ဤနည်းအတိုင်း နူနာကြီးဥပမာနှင့်တကွ နေဝသညာနာသညာ ယတန စျာန်တိုင်အောင် အဆင့်ဆင့်ဆိုလေ၊ နိရောဓသမာပတ်သည်ကား နှိပ်စက် ညှဉ်းပန်းမှုကို ပြုတတ်သောတရားမဟုတ်ပေ၍ ဧကန္တစုခ ဒိဋ္ဌဓမ္မ နိဗ္ဗာန်မည်၏။

အဓိပ္ပါယ်ချုပ်။။ ဤပါဠိတော်ဝယ် အဓိပ္ပါယ်အချုပ်ကား ဆိုခဲ့ပြီးသော ကာမဂုဏ်ချမ်းသော, ပထမစျာန်ချမ်းသာ အစရှိသည်တို့ သည် အသီးသီးသူတို့ကို သာယာသော တဏှာရောဂါ ရှိခိုက်၌သာ ဧကန္တ သုခထင်ရကုန်၏၊ အထက်အထက် တရားကို ရောက်လိုသော သူတို့မှာ မူကား-ဘောက်သောက် တရားဖြစ် ပေါ်၍နေသည်ရှိသော် ဧကန္တ ဒုက္ခဖြစ်၏၊ ဘောက်သောက်တရား၏ ကင်းပြတ် ချုပ်ငြိမ်းခြင်းသည်သာ လျှင် ဧကန္တသုခဖြစ်၏။

ဘောက်သောက်တရား၏ ချုပ်ငြိမ်းခြင်းမည်သည်လည်း ထို တရားတည်းဟူသော ခံစားဖွယ်, စံစားဖွယ်၏၊ ကင်းရှင်းခြင်း, ထိုတရား ကို ခံစား,စံစားသော ပီတိသောမနဿ သုခဝေဒနာတို့၏ ကင်းရှင်းခြင်း ပင် ဖြစ်ခဲ့၍ ခံစားဖွယ်, စံစားဖွယ် ချုပ်ကွယ်ကင်းငြိမ်းမှု-ဟူသောသန္တိ သဘောမျိုးသည်လည်း ဧကန်ချမ်းသာသော သဘောမျိုးဖြစ် ပေသတည်း ဟု သိသာထင်ရှားလေသောကြောင့် ခံစား, စံစားမှု မရှိသော နိဗ္ဗာန်၏ လည်းဧကန္တသုခမျိုးမှန်ကြောင်းကို ယုံကြည် လေးမြတ်မှတ် သားအပ် သည်-ငါရှင် မဟာကောဋ္ဌိက-ဟူလိုသည်။

(ဤကား နဝက အင်္ဂုတ္တိုရ်လာ အဓိပ္ပါယ်တည်း။)

ဝေဒနာသံယုတ်လာအဓိပ္ပါယ်။။ ဝေဒနာသံယုတ် ပါဠိတော်၌ ရဟန်း ၁-ပါးသည် အကြံဖြစ်၏၊ မြတ်စွာဘုရားသည် သုခဝေဒနာ, ဒုက္ခဝေဒနာ, အဒုက္ခမသုခဝေဒနာ-ဟူ၍ ဝေဒနာ ၃-ပါးကိုလည်း ဟော တော်မူသည်။

ယံကိဉ္စိ ဝေဒယိတံ၊ သဗ္ဗံ တံ ဒုက္ခသ္မိံ

ဟူ၍လည်း ဟောတော်မူသည်။

ယံကိဉ္စိ=အလုံးစုံသော၊ ဝေဒယိတံ=ခံစားခြင်း, စံစားခြင်းအမှုသည်၊ အတ္ထိ=ရှိ၏၊ သဗ္ဗံ=အလုံးစုံသော၊ တံ=ထိုခံစားခြင်း,စံစားခြင်း-ဟူသမျှသည်၊ ဒုက္ခသ္မိံ=ဒုက္ခချည်းသာတည်း။။ (ဤကား အနက်။)

အဘယ်ကိုရည်၍ ဤ “ယံကိဉ္စိ ဝေဒယိတံ၊ သဗ္ဗံ တံ ဒုက္ခသ္မိံ” ဟူသောစကားကို ဟောတော်မူလေသနည်း-ဟုအကြံဖြစ်၏၊။ မြတ်စွာ ဘုရားကို လျှောက်ထားလေရာ

သာဓု သာဓု ဘိက္ခု တိဿော ဣမာဘိက္ခု ဝေဒနာ ဝုတ္တာမယာ သုခါ ဝေဒနာ, ဒုက္ခာ ဝေဒနာ , အဒုက္ခမသုခါ ဝေဒနာ၊ ဣမာကိဉ္စိ ဝေဒနာ ဝုတ္တာ မယာ၊ ဝုတ္တံ ခေါ ပနေ တံဘိက္ခု မယာ ယံကိဉ္စိ ဝေဒယိတံ၊ သဗ္ဗံ တံ ဒုက္ခသ္မိံန္တိ။ တံခေါပနေတံ ဘိက္ခုမယာ သင်္ခါရာယေဝ အနိစ္စတံ သန္ဓာယဘာသိတံ ယံကိဉ္စိ ဝေဒယိတံ၊ သဗ္ဗံ တံ ဒုက္ခသ္မိန္တိ။ တံ ခေါပနေတံ ဘိက္ခုမယာ သင်္ခါရာနံ ခယဓမ္မတံ, ဝယဓမ္မတံ, ဝိရာဂဓမ္မတံ, နိရောဓမ္မတံ, ဝိပရိဏာဓမ္မတံ သန္ဓာယ ဘာသိတံ ယံကိဉ္စိ ဝေဒယိတံ၊ သဗ္ဗံ တံ ဒုက္ခသ္မိန္တိ။ ဟူ၍ ဟောတော်မူသည်။

အဓိပ္ပါယ်ကား။။ ချစ်သားရဟန်း---ကောင်းစွကောင်းစွ၊ ငါဘုရားသည် ဝေဒနာ ၃-ပါးကို ဟောသည်လည်းမှန်၏၊ “ယံကိဉ္စိ ဝေဒယိတံ၊ သဗ္ဗံ တံ ဒုက္ခသ္မိံ” ဟူသောစကားကို ဟောသည်လည်းမှန်၏၊ ထို ၂-ပါးတို့တွင် ဝေဒနာကို ၃-ပါးဟူ၍ ဟောသည်မှာ ခံစားခြင်း, အနုလဝန အပြားမျှကို ရည်၍ငါဟောသည်၊ အလုံးစုံသော ခံစားခြင်း, စံစားခြင်းဟူသမျှသည် ဒုက္ခချည်းဟူ၍ဟောသည်မှာ သင်္ခါရတရားတို့၏ အနိစ္စသဘော, ဝိပရိဏာမသဘောကိုရည်၍ ငါဟောသည်-ဟူလို သတည်း။

လိုရင်းအချုပ်။ ။ လိုရင်းအချုပ်ကား-သုခဝေဒနာ, ဒုက္ခ ဝေဒနာ, ဥပေက္ခဝေဒနာ-ဟူရာ၌ ဒုက္ခချည်း မဟောမူ၍ သုခ, ဥပေက္ခာပါရှိသည်မှာ ခံစားမှု အထူးအပြားကိုရည်၍ ဟောတော်မူသည်။။ “ယံကိဉ္စိ ဝေဒယိတံ၊ သဗ္ဗံ တံ ဒုက္ခသ္မိံ” ဟူ၍ သုခ, ဥပေက္ခာ-တို့ကိုလည်း ဒုက္ခ-ဟုဟောတော်မူသည်မှာ ထိုသုခ, ဥပေက္ခာ-တို့သည် သင်္ခါရဓမ္မမျိုး ဖြစ်ကြကုန်၍ အနိစ္စသဘောရှိကြကုန်၏၊ အနိစ္စသဘော ဟူသည်လည်း သုခမဟုတ်၊ ဒုက္ခဖြစ်ခဲ့၏၊ ဤသို့သော ဒုက္ခသဘော ကိုရည်၍ ခံစားမှုဟူသည် သုခ-ဟူ၍ တစ်စုံတစ်စုံမျှမရှိ၊ ဒုက္ခချည်းသာ ဖြစ်သည်ဟုဟောတော်မူလေသည်။

မုချ ဧကန် တကယ်မှန်ကို ပြဆိုတော်မူသော သစ္စာ ၄-ပါးအရာ ၌ကား-သုခဝေဒနာ,ဥပေက္ခာဝေဒနာ-ဟူ၍မရှိ၊ ဝေဒနာ-ဟူသမျှသည် ဒုက္ခသာအမှန် စင်စစ် ဖြစ်သတည်း၊ ဒုက္ခသစ္စာ အမှန်အစစ် ဧကန်ဖြစ် သော ခံစားမှု, စံစားမှု-ဟူသော ဝေဒယိတဘော, ဝေဒနာသဘောဟူ၍အမြွက်လေသမျှ မရှိသောအတွက်ကြောင့် အသင်္ခတ မဟာနိဗ္ဗာန် ကြီးကို “ပရမသုခ”ဟူ၍ ဆိုရသည်၊ ချမ်းသာသော ခံစားမှု, စံစားမှုဟူသော ဝေဒယိတသဘော ရှိခဲ့သည်ဖြစ်အံ့၊ ထိုအသင်္ခတ မဟာနိဗ္ဗာန် ကြီးသည် ပရမသုခမျိုးသာ ဖြစ်လတ္တံ့။

နိဗ္ဗာန်စကားကို ပြောဆိုကြရာ၌ ခံစား, စံစား-ဟူသော အသံကို ထည့်၍ ပြောဆိုကြသော သူတို့သည် နိဗ္ဗာန်ကို ကဲ့ရဲ့ရှုံ့ချသည် မည် ကုန်၏၊ နိဗ္ဗာန်ဟူသည် သုခမဟုတ်၊ ဒုက္ခသာ အမှန်ဖြစ်၏-ဟု ဆိုရာ ရောက်ကြလေကုန်၏၊ အရှင်သာရိပုတ္တရာ ဟောတော်မူသော ဒေသနာ စုနှင့်တကွ ဤ “ယံကိဉ္စိ ဝေဒယိတံ၊ သဗ္ဗံ တံ ဒုက္ခသ္မိံ” ဟူ၍ ဟော တော်မူသော ဒေသနာတော်ကို မြင်ကြသဖြင့် ပထမကဏ္ဍ၌ ပြဆိုခဲ့သော ဝေဒယိတသုခ, သန္တိသုခ ၂-မျိုးတွင် ဝေဒယိတသုခမျိုး-ဟူသမျှသည် ဧကန်စင်စစ်အားဖြင့် သုခပင်မဟုတ်၊ ဒုက္ခချည်းသာ ဖြစ်သတည်း၊ သန္တိသုခမျိုးသာလျှင် ဧကန်စင်စစ်အားဖြင့် သုခမျိုးအမှန်ဖြစ်သတည်း

-ဟု ယုံကြည်လေးမြတ် မှတ်သားအပ်၏။

(ဤကား ဝေဒနာသံယုတ်လာ အဓိပ္ပါယ်တည်း) ဤတွင်ရွေ့ကား နိဗ္ဗာန်၏ ချမ်းသာပုံ ပြီး၏။

---

ပရမသုခ သဘော

ဘာဝနာ-၄၀။ ။ယခုအခါ ခံစား, စံစားမှု မရှိသော နိဗ္ဗာန်၏ ပရမ သုခသဘော ထင်ရှားစေခြင်းငှါ ဘာဝနာ ၄၀-၏ အနက်အဓိပ္ပါယ် ကို အမြွက်မျှ ပြဆိုလိုက်အံ့။

ပဉ္စက္ခန္ဓာ အနိစ္စာ ဒုက္ခာ ရောဂါ ဂဏ္ဍာ သလ္လာ အဃာ အာဗာဓာပ ရေပလောကာ ဤတီ။ (၁၀)

ဥပဒ္ဒဝါ ဘယာ ဥပသဂ္ဂါ စလာ ပဘင်္ဂူ အဓုဝါ အတာဏာ အလေဏာ အသရဏာ ရိတ္တာ။ (၂၀)

တုစ္ဆာ သုညာ အနတ္တာ အာဒီနဝါ ဝိပရိဏာမဓမ္မာ အသာရကာ အဃမူလာ ဝဓကာ ဝိဘဝါ သာသဝါ။ (၃၀)

သင်္ခတာ မာရာမိသာ ဇာတိဓမ္မာ ဇရာဓမ္မာ ဗျာဓိဓမ္မာ မရဏဓမ္မာ သောကဓမ္မာ ပရိဒေဝဓမ္မာ ဥပါယာသဓမ္မာ သံကိလေကိကဓမ္မာ။ (၄၀)

ပဉ္စက္ခန္ဓာ=ခန္ဓာ ၅-ပါးတို့သည်၊ အနိစ္စာ=အနိစ္စ တရားတို့သာတည်း၊ ဒုက္ခာ=ဒုက္ခတရားတို့သာတည်း၊ ရောဂါ=ရောဂါတို့သာတည်း၊ ဂဏ္ဍာ= အိုင်းအနာတို့သာတည်း၊ သလ္လာ=ငြောင့်တို့သာတည်း၊ အဃာ=အကျိုး မဲ့တို့သာတည်း၊ အာဗာဓာ=အနာတို့သာတည်း၊ ပရေ=အစိမ်း ပြင်ပ တို့သာတည်း၊ ပလောကာ=ဖရိုဖရဲ ပျိုကွဲပျက်ပြားမျိုးတို့သာတည်း၊ ဤတီ=ဘေးရန်တို့သာတည်း။ (၁၀)

ဥပဒ္ဒဝါ=အပြင်းအထန် နှိပ်စက်တတ်သော ဥပဒ္ဒဝေါတို့သာတည်း၊ ဘယာ=ကြောက်လန့်ဖွယ်သော ဘေးတို့သာတည်း၊ ဥပသဂ္ဂါ=တွယ်တာ ကပ်ငြိတတ်သော အန္တရာယ်တို့သာတည်း၊ စလာ=လှုပ်ရှားတတ်သော တရားတို့သာတည်း၊ ပဘင်္ဂူ=ပျက်စီးခြင်း အလေ့ရှိသော တရားတို့သာ တည်း၊ အဓုဝါ=မခိုင်မမြဲသော တရားတို့သာတည်း၊ အတာဏာ= ပန်းအောင်းရာမဟုတ်သော တရားတို့သာတည်း၊ အသရဏာ=ကိုး ကွယ်ရာမဟုတ်သော တရားတို့သာတည်း၊ ရိတ္တာ=အနှစ်သာရမှ ဆိတ်သော တရားတို့သာတည်း။ (၂၀)

တုစ္ဆာ=အချည်းအနှီးတို့သာတည်း၊ သုညာ=အသုဉ်းအသွန်း, အခွံ, အကာ တို့သာတည်း၊ အနတ္တာ=ငါ၏ကိုယ်-ဟု အတွင်းမပြုထိုက်သော တရားတို့သာ တည်း၊ အာဒီနဝါ=ကိုးကွယ်ရာမရှိသော တရားတို့သာတည်း၊ ဝိပရိဏာမဓမ္မာ=ဖောက်လဲဖောက်ပြန်ဖြစ်ခြင်း သဘောရှိသော တရား တို့သာတည်း၊ အသာရကာ=အနှစ်မရှိသော တရားတို့သာတည်း၊ အဃမူလာ=မကောင်းမှုဖြစ်ပွားရန် အကြောင်းရင်းတို့သာတည်း၊ ဝဓကာ=သူသတ်ယောကျ်ား အာဏာသားတို့သာတည်း၊ ဝိဘဝါ=ပျက်ပြုန်း ဆုံးပါးတတ်သော တရားတို့သာတည်း၊ အာသဝါ=အာသဝတရား ၄- ပါးနှင့်တကွဖြစ်သော တရားတို့သာတည်း။

စင်္ခတာ=ပြုစုပျိုးထောင်မှ ဖြစ်နိုင်သောတရားတို့သာတည်း၊ မာရာမိသာ=သူသတ်ယောကျ်ား မာရ် ၅-ပါးတို့၏ စားဖတ်, ဝါးဖတ် သုံးသပ်နင်းနယ်ရာတို့သာတည်း၊ ဇာတိဓမ္မာ=ခဏချင်းမှာပင် အကောင်း အဆိုး အမျိုးမျိုး ဖြစ်ပေါ်ခြင်း သဘောရှိသော တရားတို့သာတည်း၊ ဇရာဓမ္မာ=ဟောင်းနွမ်းရင့်ဆွေးခြင်း သဘောရှိသော တရားတို့ သာတည်း၊ ဗျာဓိဓမ္မာ=ဖျားခြင်း နာခြင်းသဘောရှိသော တရားတို့သာတည်း၊ မရဏ ဓမ္မာ=သေဆုံးခြင်းသဘောရှိ သောတရားတို့သာတည်း၊ သောကဓမ္မာ= စိုးရိမ်ပူဆွေးမှုကို ဖြစ်စေခြင်းသဘောရှိသော တရားတို့သာတည်း၊ ပရိဒေ ဝဓမ္မာ=ငိုကြွေးခြင်းဒုက္ခကို ဖြစ်စေခြင်းသဘောရှိသော တရားတို့သာ တည်း၊ ဥပါယာသဓမ္မာ=သက်ကြီးရှူရှိူက် အလှိုက်အလှဲ ပင်ပန်းခြင်း, ဒုက္ခကိုဖြစ်စေ တတ်ခြင်းသဘောရှိသော တရားတို့သာတည်း၊ သံကိလေသိကဓမ္မာ=ညစ်နွမ်းသော အကုသိုလ်တရားတို့ကို ဖြစ်ပွား စေခြင်း သဘောရှိသောတရားတို့သာတည်း။ (၄၀) (ဤကားအနက်။)

ခန္ဓာ ၅-ပါး။။ပဉ္စက္ခန္ဓာ ဟူသော ပါဌ်၌ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်-ဤ ၅-ပါးသည် ပဉ္စက္ခန္ဓာမည်၏၊။ ထိုတွင်
၁။ ရုပ်ဆိုသည်ကား ..အဝီစိငရဲမှစ၍ အကနိဋ္ဌ ဗြဟ္မာ့ဘုံ တိုင်အောင် ဤအတွင်းဝယ် ကြီးကြီးငယ်ငယ် ကိုယ်ထည် သဏ္ဍာန် ဖြစ်၍နေကုန်သော မြေ, ရေ, လေ, မီး- ဓါတ်ကြီး ၄-ခု၊ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ရူပ, သဒ္ဒ, ဂန္ဓ, ရသ-အစရှိသော ရုပ်ငယ်, ရုပ်သေးတို့ကို ရူပက္ခန္ဓာ ဆိုသည်။
၂။ ဝေဒနာ ဆိုသည်ကား...အကောင်း, အဆိုး, အမျိုးမျိုး သော ခံစားမှု, စံစားမှုကို ဆိုသည်။
၃။ သညာဆိုသည်ကား... မွေးဖွားစ ကာလမှစ၍ ဤကား အမိ, ဤကား အဘ-အစရှိသည်ဖြင့် အမှတ် သညာထားမှုကို ဆိုသည်။
၄။ သင်္ခါရဆိုသည်ကား...ကြံစည်မှု, ပြောဆိုမှု, လုပ်ဆောင်မှု အလုံးစုံကို ဆိုသည်။
၅။ ဝိညာဉ်ဆိုသည်ကား... စိတ်ကို ဆိုသည်။ (ဤကား ခန္ဓာ ၅-ပါး အကြမ်းအားဖြင့် ပိုင်းခြားချက်တည်း။)

(နောက်ခန္ဓာ ၄-ပါးတို့မှာ အဝီစိငရဲမှစ၍ နေဝသညာနာသညာဘုံတိုင်အောင်ယူလေ။)

အနိစ္စအတွက်ကြောက်မက်ဖွယ်။။ ထိုခန္ဓာ ၅-ပါးတို့သည် သေဆုံးခြင်းဟူသော အနိစ္စဘေး၊ ထက်ကြပ်မကွာ အပြီးပါ၍နေကုန် သောကြောင့် လူ့ခန္ဓာစုလည်း အနိစ္စသာတည်း၊ နတ်ခန္ဓာစုလည်း တစ်ခဏသာ၊ နတ်ဖြစ် လျှင်လည်း တစ်ခဏသာ၊ ဗြဟ္မာဖြစ်လျှင်လည်း တစ်ခဏသာ၊ သံသရာရှည် လျားပုံနှင့် နှိုင်းယှဉ်သည်ရှိသော် ကမ္ဘာ ၈- သောင်း ၄-ထောင် အသက်ရှည်သော နေဝသညာနာသညာယတနဘုံရှိ ခန္ဓာစုသည်လည်း တစ်ခဏမျှသာတည်း။

လူ့ဘဝမှာတစ်လှည့်၊ အပါယ်မှာ ဘဝအရာ, အထောင်၊ နတ် ဘဝမှာ တစ်လှည့်၊ အပါယ်မှာ ဘဝအသောင်း, အသိန်း၊ ဗြဟ္မာ့ ပြည်မှာ တစ်လှည့်၊ အပါယ်မှာ ဘဝအသိန်း, အသန်း၊ အမြဲမဟုတ်သည့် အတွက် ကြောင့် ကြောက်မက်ဖွယ် တလကြမ်း အထက်, အောက် လွင့်ပါး၍ နေကြရပုံတည်း၊ အမြဲမဟုတ်သည့်အတွက်ကြောင့် လူဖြစ်၍နေသော် လည်း အပါယ်ငရဲသို့ ရှေးရှုလျက်ပင်၊ နတ်ဖြစ်၍နေသော်လည်း အပါယ် ငရဲသို့ ရှေးရှုလျက်ပင်၊ ရူပဗြဟ္မာ, အရူပ ဗြဟ္မာဖြစ်၍နေသော်လည်း အပါယ်ငရဲသို့ ရှေးရှုလျက်ပင်၊ လူဖြစ်၍နေသော်လည်း အပါယ်ငရဲကို ကြောက်ရလျက်ပင်၊ နတ်ဖြစ်, ဗြဟ္မာဖြစ်၍နေသော်လည်း အပါယ် ငရဲဘေးကို ကြောက်ရလျက်ပင်။

(ဤကား အနိစ္စအတွက်ကြောင့် ဖြစ်ရသော ကြောက်မက်ဖွယ်မှုကြီးပေတည်း။)

ဤသို့သော အနိစ္စဘေးကြီးကို ဆင်ခြင်နိုင်ကြပါလျှင် လူ့ခန္ဓာ, လူ့ဘဝ, နတ်ခန္ဓာ, နတ်ဘဝ, ဗြဟ္မာ့ခန္ဓာ, ဗြဟ္မာ့ဘဝတို့၌ ခံစား, စံစားရ သော ဝေဒယိတ သုခမျိုးစုသည် ကြောက်ဖွယ်, လန့်ဖွယ်, ငြီးငွေ့ဖွယ်သော ဒုက္ခမျိုး အစစ်အမှန် ဖြစ်ကြောင်းကို သိမြင်နိုင်ကြရာသည်။

လူ့ဘဝကို သာယာသောတဏှာနှင့် လူ့ခန္ဓာမျိုး အဖြစ်ငြိမ်းမှ အပါယ်ငရဲ ဘေးငြိမ်းသည်၊ နတ်ဘဝကို သာယာသောတဏှာနှင့် နတ်ခန္ဓာမျိုး အဖြစ်ငြိမ်းမှ အပါယ်ငရဲဘေး ငြိမ်းသည်၊ သက္ကာယဒိဋ္ဌိနှင့် ဗြဟ္မာ့ခန္ဓာမျိုး အဖြစ်ငြိမ်းမှ အပါယ် ငရဲဘေး ငြိမ်းသည်။

ထို့ကြောင့် ထိုတဏှာ, ဒိဋ္ဌိတို့နှင့်တကွ လူ့ခန္ဓာ ၅-ပါး၊ နတ်ခန္ဓာ ၅-ပါး၊ ဗြဟ္မာခန္ဓာ ၅-ပါး၊ ၄-ပါး၊ ၁-ပါး အကုန်လုံး အဖြစ်ငြိမ်းမှု, ဇာတ် သိမ်းမှုဟူသော မဟာအသင်္ခတဓာတ် နိဗ္ဗာန်ကြီးသည် အလွန်တရာ ကြီးမြတ်လှစွာသော “ပရမသုခကြီး” ဖြစ်ပေသည်ဟု ထင်နိုင်ရာသည်၊ အဝီစိ ငရဲဘေးကြီးကို ကြောက်သောသူသည် အဝီစီငရဲဘေးကြီးမှ လွတ်ကင်းရန် ထိုအဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှု တစ်ခုသည်သာ ကိုးကွယ်ရာ ရှိတော့သည်။

ငရဲ၏အပင်းအသင်း။။ထိုလူ့ခန္ဓာ, လူ့ချမ်းသာ၊ နတ်ခန္ဓာ, နတ်ချမ်းသာ၊ ဗြဟ္မာ့ခန္ဓာ, ဗြဟ္မာ့ချမ်းသာစုသည်ကား အဝီစိငရဲကြီး၏ အပင်းအသင်းတစ်စုသာ လျှင်တည်း။

ဖြစ်ပုံကား။
၁။ လူဖြစ်သောသူသည် မိမိကိုယ်ခန္ဓာ ဖြစ်၍နေသော စက္ခုဟူ၍လည်းကောင်း, စက္ခုသည်ပင် ငါ-ဟူ၍လည်း ကောင်း, ငါမြင်သည် ဟူ၍လည်းကောင်း, တဏှာ, ဒိဋ္ဌိနှင့် သာယာခဲ့အံ့၊ ထိုသာယာမှုထဲမှာ အဝီစိငရဲအတွင်းသို့ ဝင်လေ၏။
၂။ ထို့အတူ ငါ၏သောတ ဟူ၍လည်းကောင်း, ငါကြားသည် ဟူ၍လည်းကောင်း။
၃။ ငါ၏ဃာန ဟူ၍လည်းကောင်း, ငါနံသည် ဟူ၍လည်း ကောင်း။
၄။ ငါ၏ဇိဝှါ ဟူ၍လည်းကောင်း, ချိုသည်, ချဉ်သည်ကို ငါသိ သည် ဟူ၍လည်းကောင်း။
၅။ ငါ၏ကိုယ်၊ ငါ၏အင်္ဂါ ဟူ၍လည်းကောင်း, အပူ, အချမ်း, အကြမ်းအနု စသည်ကိုတွေ့ထိ၍ သိသောအခါ ငါသိ သည်ဟူ၍လည်းကောင်း။

ဤသို့ အစရှိသဖြင့် ရူပက္ခန္ဓာကို တဏှာ, ဒိဋ္ဌိနှင့် သာယာခဲ့အံ့၊ ထိုသာယာမှုထဲမှာ ငရဲဘေးအပြီးပါဝင်လေ၏၊ အဘယ့်ကြောင့်နည်း ဟူမူ- မိမိကိုယ်ခန္ဓာကို သာယာသော တဏှာ, ဒိဋ္ဌိရှိနေခဲ့လျှင် အပါယ်ဘေး မှ မလွတ်ရသောကြောင့်တည်း။

ဝေဒနာက္ခခန္ဓာမှ မျက်စိအာရုံကို ခံစားမှု၌ ကောင်းသည်, မကောင်းသည် ဟုရှိကြရာ၌ ငါကောင်းသည်, ငါဝမ်းမြောက်သည်ဟု သာယာမှုကား စက္ခုသမ္ဖဿဇာ ဝေဒနာကို သာယာစွဲလမ်းမှုတည်း၊ ထိုသာယာစွဲလမ်းမှုထဲမှာ ငရဲဘေးကြီးအပြီးပါဝင်လေ၏၊။ (နားအာရုံ စသည်တို့၌လည်း ဤနည်းအတူ သိလေ။)

သညာက္ခန္ဓာမှာ ဘယ်သင်း, ဘယ်ဟာကို ငါသိ၏၊ ငါမှတ်မိ၏၊ ငါမမေ့ဟု သာယာစွဲလမ်းမှုသည် သညာက္ခန္ဓာ၌ သာယာစွဲလမ်းမှုတည်း၊ သင်္ခါရက္ခန္ဓာကား ထင်ရှားရာမျှကို ဆိုပေအံ့။

၁။ ငါ့စိတ်မှာတွေ့သည်။။ (ဖဿ၌သာယာမှု)
၂။ ငါ့စေ့ဆော်သည်, ငါ စေတနာရှိသည်, ငါ စေတနာမရှိ။။ (စေတနာ၌ သာယာမှု)
၃။ င့ါစိတ်ငြိမ်သက်သည်။။ (ဧကဂ္ဂတာ၌သာယာမှု)
၄။ ငါနှလုံးသွင်းသည်။။ (မနသိကာရ၌ သာယာမှု)
၅။ ငါကြံဖန်သည်, ငါဝိတက်များသည်။။ (ဝိတက်၌သာယာမှု)
၆။ မည်သည့် အာရုံ၌ ငါ၏စိတ် တစ်ရစ်ဝဲဝဲ နေသည်။။ (ဝိစာရ၌ သာယာမှု)
၇။ ငါနှစ်သက်သည်, ငါအားရသည်။။ (ပီတိ၌သာယာမှု)
၈။ ငါအားထုတ်သည်, ငါကြောင့်ကြစိုက်သည်။။ (ဝီရိယ၌သာယာမှု)
၉။ ဘယ်သင်း, ဘယ်ဟာကို ငါအလိုရှိသည်, ငါပြုလိုသည်, ငါပြောလိုဆို လိုသည်, ငါမြင်လိုသည်, ငါကြား လိုသည်, ငါသွားလိုသည် စသည်ကား- (ဆန္ဒ၌ သာယာမှု)
၁၀။ ငါလိုချင်သည်, ငါခင်မင်သည်, ငါတောင့်တသည်, စသည် ကား (လောဘ၌သာယာမှု)
၁၁။ ငါစိတ်ဆိုးသည်။။ (ဒေါသ၌သာယာမှု)
၁၂။ ငါမသိနိုင်, ငါမထင်နိုင် မမြနိုင်သည်။။ (မောဟ၌ သာယာမှု)
၁၃။ ငါကြည်ညိုသည်။။ (သဒ္ဓါ၌သာယာမှု)
၁၄။ ငါအောက်မေ့သည်။။ (သတိ၌သာယာမှု)
၁၅။ မကောင်းမှု၌ ငါရှက်သည်, ငါစက်ဆုပ်သည်, ငါရွံသည်။။ (ဟိရီ၌ သာယာမှု)
၁၆။ ငါကြောက်သည်, ငါထိတ်လန့်သည်။။ (ဩတ္တပ္ပ၌ သာယာမှု)
၁၇။ ငါလှူသည်, ငါပေးကမ်းစွန့်ကြဲသည်။။ (ဒါန၌စွဲလမ်းမှု)
၁၈။ ငါစောင့်ထိန်းသည်, ငါစောင်းစည်းသည်။။ (သီလ၌ စွဲလမ်းမှု)
၁၉။ ငါသိသည်, ငါတတ်သည်, ငါလိမ္မာသည်, ငါမြော်မြင်နိုင် သည်။။ (ပညာ၌စွဲလမ်းမှု)။

ဤစွဲလမ်းမှု အလုံးစုံသည် အပါယ်ဘေး ငရဲဘေး အပြီးပါဝင် လေ၏။

ဝိညာဏက္ခန္ဓာမှာ- (ငါကြံသည်, ငါသိသည်, ငါ၏စိတ်, ငါ့မနောဟုစွဲလမ်း သည်။)။။ဤစွဲလမ်းမှု အလုံးစုံသည် အပါယ်အတွင်းဝင်လျက် ပါလေသည်ချည်း။

နတ်ဖြစ်သောသူတို့ မိမိကိုယ်ခန္ဓာကို တဏှာ, ဒိဋ္ဌိဖြင့် စွဲလမ်းမှု, ဗြဟ္မာဖြစ် သောသူတို့ မိမိကိုယ်ခန္ဓာကို တဏှာ, ဒိဋ္ဌိဖြင့် စွဲလမ်းမှုတို့၌လည်း အပါယ်ဘေး, သံသရာဘေး အပြီးပါဝင်မှုကို သိလေ။

(ဤကား လူ့ခန္ဓာ လူ့ချမ်းသာ , နတ်ခန္ဓာ နတ်ချမ်းသာ, ဗြဟ္မာခန္ဓာ ဗြဟ္မာ ချမ်းသာစုသည် ငရဲ၏ အပင်းအသင်းသာဖြစ်သည်-ဟူသော စကား၌ အကျယ်ယုတ္တိတည်း။)

ဤသို့လျှင် အပါယ်ဘေး, သံသရာဘေးကို ကြောက်သောသူသည် လူ အဖြစ်, နတ်အဖြစ်, ဗြဟ္မာအဖြစ်ထဲမှာ ကိုးကွယ်ရာကို ရှာ၍၊ ထို လူ့ခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာ့ခန္ဓာတို့ အကုန်အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှု တစ်ခုသည်သာလျှင် ကိုးကွယ်ရာ အစစ် ဖြစ်လေသတည်း။ (ဤကား ခံစား, စံစားမှု သုခ, သောမနဿ ဝေဒနာမရှိသော သန္တိသုခမျိုးသည်သာ ဧကန္တသုခမျိုး မှန်ကြောင်းကို အနိစ္စပုဒ်နှင့်စပ်၍ ပြဆိုသောအခန်းတည်း။) “ပဉ္စက္ခန္ဓာဒုက္ခာ” ပုဒ်နှင့် နှိပ်စက်ခြင်း, ညှဉ်းပန်းခြင်းအမှုကို ဒုက္ခကိုဆိုသည်၊ ထိုခန္ဓာ ၅-ပါးသည် သတ္တဝါကို ဒုက္ခ ဒုက္ခဒဏ်ချက်နှင့် နှိပ်စက်ညှဉ်းပန်း၏၊ သင်္ခါရဒုက္ခ ဒဏ်ချက်နှင့် နှိပ်စက်ညှဉ်းပန်း၏၊ ဝိပရိဏာမအတွက်နှင့် နှိပ်စက်ညှဉ်းပန်း၏။

ဥပမာ။။ ဥပမာကား - ယခုနှစ် စပါး အသီးအဆန်, ပြောင်းအသီး အဆန်, ပဲအသီးအဆန်, နှမ်းအသီးအဆန်တို့ကို ရလိုသောသူသည် ယမန်နှစ်ကပင် မျိုးထားမှုနှင့်စပ်သော လုပ်မှု, ဆောင်မှုတွေကို များစွာ ဒုက္ခစိုက်ရ၏။

နောက်နှစ်၌ ထွန်ရန်, ယက်ရန် ကျွဲ, နွားနှင့်စပ်သော ဒုက္ခမှု, မိုးကျသောအခါ လယ်ယာလုပ်ခင်း ရှင်းလင်း သုတ်သင်မှု, ထွန်မှု, ယက်မှု, စိုက်မှု, ကြဲမှုနှင့် စပ်သော ဒုက္ခမှုစု, စောင့်ရှောက်ခြင်းနှင့်စပ်သော ဒုက္ခမှု, မိုးရေ ချောမော၍ အသီးအနှံမှည့်သောအခါ ရိတ်မှု, ကောက်မှုနှင့်စပ် သော ဒုက္ခမှုစု, နယ်မှု, နင်းမှု, လှေ့မှု, တိုက်သွင်းကျီတွင်းသွင်းမှုနှင့်စပ် သော ဒုက္ခမှုကိုများစွာ ဒုက္ခစိုက်ရ၏။

ယမန်နှစ်က မျိုးထားမှုနှင့် စပ်သော ဒုက္ခမှုတို့မှစ၍၊ တိုက်သွင်း ကျီတွင်းသို့ သွင်းထားမှုနှင့်စပ်သော ဒုက္ခမှုတို့တိုင်အောင် အလုံးစုံသော ဒုက္ခစိုက်ရမှုတို့သည် တိုက်တွင်း, ကျီတွင်းသို့ရောက်ပြီးသော စပါး, ပြောင်း, ပဲ, နှမ်းတို့၏သင်္ခါရမှုတို့ ချည်းပင်တည်း။

တစ်ဖန် တိုက်ထဲ, ကျီထဲမှထုတ်၍ နေလှမ်းမှု, ထောင်းမှု, ဖွပ်မှု, ချက်ရေး, ပြုတ်ရေးနှင့်စပ်သော ဒုက္ခမှုစု၊ ခံတွင်းထဲ, လည်ချောင်းထဲ, ဝမ်းထဲသို့ရောက် သည့်တိုင်အောင် ဒုက္ခစိုက်ရသော အမှုစုသည်လည်း ထမင်း၏ သင်္ခါရဒုက္ခမှုတို့သာတည်း။

ခံတွင်းသို့ ရောက်သော ထမင်းတို့၌ တစ်ခုတစ်ခုသော ထမင်း လုံးသည် မျိုထားမှုမှစ၍ အထောင်, အသောင်း မကသော သင်္ခါရ ဒုက္ခမှုတို့ကို လုပ်ဆောင်နိုင်မှ ထမင်းလုံးအဖြစ်သို့ ရောက်သည်၊ ထို့ကြောင့် ထိုတစ်ခုတစ်ခုသော ထမင်းလုံးသည် ထမင်းနှင့် မကင်းနိုင်သော သတ္တဝါကို အထောင်, အသောင်းမကသော သင်္ခါရဒုက္ခဒဏ်ချက်တို့နှင့် နှိပ်စက် ညှဉ်းပန်းလေ၏။

(ဤကား ထမင်း၌ သင်္ခါရဒုက္ခတည်း။)

ယမန်နှစ်၌ထားသော မျိုးမှစ၍ စပါးသီးစပါးဆန်, ပြောင်းသီး ပြောင်းဆန်, ပဲသီးပဲဆန် ဖြစ်လာရန် အလုံးစုံသော ကြိယာစု, အဆောက် အဦစုသည် ပျက်ခွင့် ဆိုက်လျှင် ပျက်စီးတတ်သော ကြိယာစု, အဆောက် အဦစု ချည်းသာတည်း။

ခံတွင်းသို့မရောက်မီ ရှေးအဖို့၌ ပျက်စီး၍သွားရန် အချက်စုသည် အထောင်, အသောင်းမက များပြား၏၊ တစ်ခုခုသော အချက်၌ မီးဘေး, ရေဘေး, ခိုးသူဘေးစသည်နှင့် တွေ့ကြုံခဲ့၍သော်လည်းကောင်း, မိုးရေး လေရေး မချော မွေ့၍သော်လည်းကောင်း တစ်ခုခုသောအချက်၌ ပျက်ကွက်၍ သွားသည်ရှိသော် များစွာသော ကာယိကဒုက္ခ, စေတသိက ဒုက္ခသည် ဖြစ်ရ၏။

(ဤသည်လည်း ထမင်းအတွက်နှင့် ခံရသော ဝိပရိဏာမ ဒုက္ခတွေ တည်း။)

မျိုးစပါးစသည်တို့၏ ပျက်စီးခွင့်ဆိုက်လျှင် ပျက်စီးတတ်သော သဘောကိုလည်းကောင်း, ပျက်စီးရန်အခွင့်အလမ်းစု, ပျက်စီးရန် အချက်စုကိုလည်းကောင်း သိရင်း မြင်ရင်းရှိသောကြောင့် မပျက်မစီးပါ စေခြင်း အကျိုးငှါ သိမ်းစည်းမှုနှင့် စပ်သော ဒုက္ခစိုက်ရမှု, စောင့်ရှောက် ထိန်းကျောင်းခြင်းနှင့်စပ်သော ဒုက္ခစိုက်ရမှု, ပျက်စီးခွင့်ဆိုက်လာအံ့ ထင်၍ ပူပန်ကြောင့်ကြ စိုးရိမ်ရသော ဒုက္ခမှု။

(ဤသည်လည်း ထမင်းအတွက်နှင့် တွေ့ကြုံရသော ဝိပရိဏာမ ဒုက္ခချည်းတည်း။)

ဒုက္ခ ဒုက္ခသည်မူကား မျိုထားမှုမှစ၍ ခံတွင်း၌ ထမင်းလုပ်ရောက် သည်တိုင်အောင် ထိုထမင်း၏ သင်္ခါရဒုက္ခမှုတို့နှင့်လည်းကောင်း ဆိုအပ်ခဲ့ပြီးသော ဝိပရိနာမဒုက္ခ ၃-မျိုးတို့နှင့်လည်းကောင်း ရောနှော လျက် ပါလေ၏။

ဤသို့လျှင် ထိုထမင်းနှင့် မကင်းနိုင်သော သတ္တဝါကို ထိုထမင်း သည် ဒုက္ခဒုက္ခဒဏ်ချက်နှင့်လည်း နှိပ်စက်ညှဉ်းပန်းလေ၏၊ သင်္ခါရဒုက္ခ ဒဏ်ချက်နှင့်လည်း နှိပ်စက် ညှဉ်းပန်းလေ၏၊ ဝိပရိနာမဒုက္ခဒဏ်ချက်နှင့် လည်း နှိပ်စက်ညှဉ်းပန်းလေ၏၊ ထမင်းနှင့် မကင်းနိုင်သမျှ ဘဝအဆက် ဆက်၌ ထိုဒုက္ခဒဏ်ချက် ၃-မျိုး ကျွတ်လွတ်လေ၏။

(ဤကား ဥပမာတည်း၊ ဥပမာဆိုသော်လည်း ရူပက္ခန္ဓယမှာ အပါ အဝင်ပင် ဖြစ်သတည်း။)

(က) ဥပမေယျမှာ သံသရာ၌ ကျင်လည်သော ပုထုဇဉ် သတ္တဝါ နှင့် တောင်သူယောကျ်ား။
(ခ) တစ်ခုတစ်ခုသော ဘဝခန္ဓာနှင့် တစ်နှစ်တစ်နှစ် လုပ်စာ စပါး, ပြောင်း, ပဲ, ထမင်း။
(ဂ) နောက်နောက်ဘဝ၌ အသစ်သစ်သော ခန္ဓာကို အလိုရှိ၍ ရှေးရှေး သောဘဝ၌ ဒါန, သီလ, ဘာဝနာ ကုသိုလ်မှုမျိုးနှင့် စပ်သောလုပ် ဆောင်မှု, ပွါးများမှု-ဟူသော သင်္ခါရဒုက္ခမှု မျိုးနှင့် ရှေးရှေးနှစ်က မျိုးထားမှုနှင့်စပ်သော ဒုက္ခမှုမျိုး။
(ဃ) နောက်နောက် ဖြစ်ရာဘဝ၌ အသက်မွေးမှု ဒုက္ခမျိုး။

၁။ အနမတဂ္ဂသံသရာတွင် တစ်ကြိမ်တစ်ကြိမ်သော လူ့ခန္ဓာ လူ့ဘဝ, တစ်ကြိမ်တစ်ကြိမ်သော နတ်ခန္ဓာ နတ်ဘဝ, တစ်ကြိမ်တစ်ကြိမ်သော ဗြဟ္မာ့ခန္ဓာ ဗြဟ္မာ့ဝနှင့် တစ်နှစ် တစ်ကြိမ်, တစ်နှစ်တစ်ကြိမ် ဖြစ်ပွားသော ကောက်ပင်, ပြောင်းပင်, ပဲပင်တူသည်။
၂။ နောက်နောက်ဘဝ၌ ထိုခန္ဓာအသစ်ကို ရလို၍ ရှေးရှေး ဘဝ၌ ဒါနကုသိုလ်ကို အားထုတ်ရမှုဟူသော သင်္ခါရဒုက္ခ, သီလကုသိုလ်ကို အားထုတ်ရမှုဟူသော သင်္ခါရဒုက္ခ, စျာန်သမာပတ်ကို ပွားများအားထုတ်ရမှုဟူသော သင်္ခါရ ဒုက္ခစုနှင့် ရှေးရှေးနှစ်၌ စပါးမျိုး, ပြောင်းမျိုး, ပဲမျိုးကို ပြုပြင်ရာမှစ၍ ထွန်မှု, ယက်မှု, မျိုးကြဲမှု တူသည်။
၃။ နောက်နောက်ဘဝ၌ လူ့ပဋိသန္ဓေ, နတ်ပဋိသန္ဓေ, ဗြဟ္မာ့ ပဋိသန္ဓေ ဖြစ်ပေါ်သည်နှင့် ကောက်ပင်, ပြောင်းပင်, ပဲပင် အညှောက်ပေါ် ပေါက်မှုတူသည်။
၄။ နောက်နောက်ဘဝ၌ ပဋိသန္ဓေခန္ဓာ ဖြစ်ပေါ်ပြီးနောက် အသက် တမ်းစေ့နေရရန် အသက်မွေးမှု-ဟူသော သင်္ခါရ ဒုက္ခကြီးနှင့် ကောက်ခင်း, ပြောင်းခင်း, ပဲခင်းမှာ ရေဥတု အပြတ်အလပ် မရှိရ အောင် ကြောင့်ကြစိုက်မှု တူသည်။
၅။ ပဝတ္တိအခါ၌ ရရှိသော စည်းစိမ်စုနှင့် ကောက်, ပြောင်း, ပဲ, အသီးအနှံ တူသည်။
၆။ ထိုဘဝ၌ ခံစား, စံစားရသော ပီတိ သောမနဿ သုခ ဝေဒနာစုနှင့် ထမင်း, ဘောဇဉ် အမြိန် အရသာစု တူသည်။
၇။ ထိုဘဝ၌ ထိုထမင်းမှု ဟူသော ဝိပရိဏာမ ဒုက္ခနှင့်ခံတွင်းမှာ ဝါး၍ အဆင်း, အနံ့, အရသာ ပျက်ပြီးသော ထမင်း, ဟင်းစု တူသည်။
၈။ သေဆုံးမှုနှင့် ကျင်ကြီး, ကျင်ငယ်မှု တူသည်။ ပဋိသန္ဓေ တည်ပြီးနောက် ပျက်ဆုံးရန် အခွင့်ဆိုက်ခဲ့လျှင် ဘယ် အခါ ဘယ်ခဏမဆို ပျက်ဆုံးတတ်သော ဝိပရိဏာမသဘော အမြဲ အကွာ အစဉ်ပါ၍ နေ၏။

ထို့ကြောင့် ပျက်ဆုံးရန် အခွင်ဆိုက်တိုက်၍ ပျက်ဆုံမှုနှင့် အနာ ရောဂါ ဖြစ်ပွားမှု ဟူသော ဝိပရိဏာမဒုက္ခ, ပျက်ဆုံးအံ့သော အရေး အခွင့်မှု ကင်းလွတ်ပါရခြင်းငှါ ကြောင့်ကြစိုက်ကြရသော ဝိပရိဏာမဒုက္ခ၊ ဤသို့စသော ဝိပရိဏာမ ဒုက္ခတို့ကိုလည်း ဥပမာနှင့်အလားတူ သိလေ။ သင်္ခါရဒုက္ခမှုတို့မှာ ထပ်ကြပ်ပါသောဒုက္ခဒုက္ခ, ဝိပရိဏာမ ဒုက္ခမှု တို့မှာ ထပ်ကြပ်ပါသော ဒုက္ခဒုက္ခ၊ ဤဒုက္ခဒုက္ခကိုလည်း သိလေ။ ထမင်းကို သာယာသောသူကို ထိုထမင်းသည် ဒုက္ခ ၃-မျိုးတို့နှင့် နှိပ်စက်ညှဉ်းပန်းသကဲ့သို့၊ ဝါ=လူ့ခန္ဓ, နတ်ခန္ဓာ, ဗြဟ္မာ့ခန္ဓာကို သာယာ သော သူကို ထိုခန္ဓာ ၅-ပါးစုသည် ဒုက္ခ ၃-မျိုးနှင့် ဘဝတိုင်း ဘဝတိုင်း နှိပ်စက်ညှဉ်းပန်း၏။

ကောက်, ပြောင်း, ပဲ, နှမ်းကို သာယာခြင်း မကင်းသောသုကို အနှစ်အသင်္ချေပင် တိုင်သော်လည်း သာယာခြင်း မကင်းသမျှ ကာလ ပတ်လုံး ထိုကောက်, ပဲ, ပြောင်း, နှမ်းသည် ဒုက္ခ ၃-မျိုးတို့ဖြင့် နှစ်စဉ် ထာဝရ နှိပ်စက်ညှဉ်းပန်း၍ သွားလေသကဲ့သို့၊ ထိုခန္ဓာစုကို သာယာသော ပုထုဇဉ်သတ္တဝါကို ကမ္ဘာဘဝ အနန္တ အနမတဂ္ဂတိုင်အေင်ပင် ထိုခန္ဓာစု သည် ဒုက္ခ ၃-မျိုးတို့ဖြင့် ဘဝတိုင်း ဘဝတိုင်း နှိပ်စက်ညှဉ်းပန်းလေ၏၊ ခန္ဓာကို သာယာခြင်း ပြတ်ကင်းသောအခါမှ ထိုဒုက္ခ ၃-မျိုး ကျွတ်လွတ် လေ၏။

ထို့ကြောင့် ထိုဒုက္ခ ၃-မျိုးကို ကြောက်သောသုအား ထိုဒုက္ခ ၃- မျိုးမှ လွတ်ကင်းစေခြင်းငှါ လူ့ဘဝ, လူ့ခန္ဓာစုထဲမှလည်း ခိုကိုးရာမရှိ၊ နတ်ဘဝ, နတ်ခန္ဓာစုထဲမှာလည်း ခိုကိုးရာမရှိ၊ ဗြဟ္မာ့ဘဝ ဗြဟ္မာ့ခန္ဓာ ထဲမှာလည်း ခိုကိုးရာမရှိ၊ ထိုလူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝ တို့၏ ချုပ်ငြိမ်းမှု, ဇာတ်သိမ်းမှုဟူသော အသင်္ခတ နိဗ္ဗာန်တစ်ခုသည်သာလျှင် ထိုဒုက္ခ ၃-မျိုးတို့မှ လွတ်လိုသောသူ၏ ခိုကိုးရာ အစစ်ဖြစ်ပေသတည်း။ (ဤကား ခံစားမှု, စံစားမှု ပီတိသောမနဿ သုခ ဝေဒနာ မရှိသော သန္တိသုခမျိုးသည်သာလျှင် ဧကန္တသုခမျိုး မှန်ကြောင်းကို ပဉ္စက္ခန္ဓာဒုက္ခာ ဟူသောပုဒ်နှင့်စပ်၍ ပြချက် တည်း။ )

နောက်နောက် ပုဒ်တို့၌လည်း ဤနည်းနှင်နှင် အကျယ်ကိုသိလေ။ ပဉ္စက္ခန္ဓာရောဂါ။။ လူ, နတ်, ဗြဟ္မာ ခန္ဓာ ၅-ပါးတို့သည် ဇရာ, မရဏတည်းဟူသော ကျင်နာကိုက်ခဲမှု တစ်ရံမစဲအမြဲ ရှိနေသော ကြောင့် ရောဂါ သည် ရောဂါဆိုးတို့သာတည်း၊ ထို့ကြောင့် ထိုခန္ဓာတို့၏ ချုပ်ငြိမ်းမှု, ဇာတ်သိမ်း မှုသည် ဧကန္တသုခမှန်ပေသတည်း။ ဇီဝကဝတ္ထုတွင် ရာဇဂြိုဟ်သူဌေး အတ္ထုပ္ပတ္တိကဲ့သို့ ရောဂါဆိုး ကပ်ရောက်သောသူသည် မိမိလက်ရှိဖြစ်သော သူဌေး သူကြွယ် စည်းစိမ်, ပဒေသရာဇ် ဧကရာဇ် စကြာမန္ဓတ်မင်းစည်းစိမ်ဟူသော ဝေဒယိတ သုခမျိုးကို စွန့်လွှတ်၍ ထိုရောဂါဆိုးပျောက်ငြိမ်းမှုဟူသော သန္တိသုခ တစ်ခုကို အရယူရသော ယုတ္တိကို ထောက်လေ။။ထို့ကြောင့်-ယံကဉ္စိ ဝေဒယိတံ၊ သဗ္ဗံ တံ ဒုက္ခသ္မိံ

ဟူ၍ ဟောတော်မူပေသည်။

ယံကိဉ္စိ=အလုံးစုံသော၊ ဝေဒယိတ= ခံစားမှု, စံစားမှုသည်၊ အတ္ထိ= ရှိ၏၊ သဗ္ဗံ=အလုံးစုံသော၊ တံ=ထိုခံစားမှု, စံစားမှုဟူသမျှသည်၊ ဒုက္ခသ္မိံ= ဒုက္ခထဲက ချည်းပေတည်း။။( ဤကား အနက်။ )

ခံစားဖွယ် စံစားဖွယ်, ခံစားမှု စံစားမှု ဟူသော ဒေယိတသဘော အမြွက် လေသမျှ မရှိခြင်းသည်သာ သုခအမှန် ဖြစ်သည် ဟူလိုသည်။ ( နောက် ၃၇-ပုဒ်တို့၌လည်း ဤနည်းနှင်နှင် သိလေ၊ နိဗ္ဗာနကထာစကား ကျယ်ပွားလွန်း မည်ကြောင့် နောက်ပုဒ်တို့ကို မဆိုလိုက်ပြီ။ ) လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝ ဟူသော ခန္ဓာ ၅-ပါး ရုပ်နာမ်တရား တို့၏ ချုပ်ငြိမ်းမှု, ဇာတ်သိမ်းမှုဟူသော နိဗ္ဗာန်၏ အနက်အဓိပ္ပါယ် အကျယ်ကိုထင်နိုင်, မြင်နိုင်အောင် အားထုတ်ကြရမည်။

လောက၌ ဣဋ္ဌသမ္ပတ္တိဓမ္မတစ်မျိုး, အနိဋ္ဌဝိပတ္တဓမ္မတစ်မျိုး ဟူ၍ ၂-မျိုးရှိကြသည်တွင် ဣဋ္ဌဓမ္မ သမ္ပတ္တိဓမ္မ မျိုးတို့မှာ ဖြစ်ထွန်းပွါးများမှုသည် အမြတ် သုခဖြစ်၏၊ ဆုတ်ယုတ်ကွယ်ပမှုသည် အယုတ်ဒုက္ခဖြစ်၏၊ အနိဋ္ဌ ဓမ္မ ဝိပတ္တိဓမ္မမျိုးတို့မှာ ဆုတ်ယုတ်ကွယ်ပမှုသည် အမြတ်သုခဖြစ်၏၊ ဖြစ်ထွန်းပွားများမှုသည် အယုတ်ဒုက္ခဖြစ်၏။

လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝ ဟူသော ခန္ဓ ၅-ပါးတို့သည် ဤ ဘာဝနာပုဒ် ၄၀-အရ အပြစ်ဒေါသ အာဒီနဝပေါင်း အကျဉ်းချုပ်အားဖြင့် ၄၀၊ အကျယ်အားဖြင့် အနန္တအပ္ပမေယျ ရှိကုန်ကြသည်ဖြစ်၍ ဧကန္တ အနဋ္ဌဓမ္မ, ဧကန္တ ဝိပတ္တိဓမ္မ တို့သည်သာ အမှန်ဖြစ်ကုန်၏၊ ထို့ကြောင့် ထိုတရားတို့၏ ရှိခြင်းသည်သာလျှင် အယုတ်ဒုက္ခဖြစ်၏၊ မရှိခြင်းသည်သာ လျှင် အမြတ်သုခဖြစ်၏၊ မရှိခြင်းထက် ပိုမို၍ အားထုတ်ဖွယ် ကိစ္စမရှိ။ ဥပမာ။။ ဥပမာကား- တစ်ယောက်သောသူသည် အနမတဂ္ဂ သံသရာတွင် တစ်နာရီ, တစ်ခဏမျှ သက်သာရာမရသော နူနာကြီး, ပန်းနာကြီး စွဲ၍ အနမတဂ္ဂ ဘဝကမ္ဘာပတ်လုံး တလူးလဲလဲ တညည်း ညူညူနှင့်သာ နေရရာ၏၊ ထိုနူနာကြီး, ပန်းနာကြီး အကုန်အစင် ပျောက် ငြိမ်းလျှင်လည်း ခန္ဓာကိုယ်လည်း အပြီးကွယ်ပျောက်တော့မည်၊ နောက်ကို တစ်စုံတစ်ရာမျှ ဖြစ်ရတော့ မည်မဟုတ်၊ ဧကန္တဥစ္ဆိန္နဖြစ်၍ ကွယ်ဆုံးလေ တော့မည် ဟူရာ၏။

၁။ ဤသူမှာ နူနာကြီး, ပန်းနာကြီး မပြတ်မစဲ အမြဲနှိပ် စက်မှုနှင့် ရက်ရှည်, လရှည်, နှစ်ရှည်, ဘဝရှည်, ကမ္ဘာရှည် တည်၍နေမှု ၁-ပါး။
၂။ နူနာကြီး, ပန်းနာကြီး ချုပ်ငြိမ်းလျှင် ချုပ်ငြိမ်းသည် နှင့်တစ်ပြိုင်နက် အပြီးပြတ်တောက် ကွယ်ပျောက်၍ ဥစ္ဆန္နဖြစ်၍ သွားမှု ၁-ပါး။

မေး။။ ဤ ၂-ပါးတါင် ထိုသူမှာ အဘယ်အမှုသည် သုခ ဖြစ်မည်နည်း၊ အဘယ်အမှုသည် ဒုက္ခဖြစ်မည်နည်း၊ ထိုသူသည် အဘယ် အမှုကို ရလိုလိမ့်မည်နည်း၊ အဘယ်အမှုကို စွန့်လိုလိမ့်မည်နည်း၊ အဘယ်အမှုကို အထွတ်အမြတ်ပြု၍ ချီးမွမ်းအပ်သနည်း။ ဖြေ။။ ဥစ္ဆိန္နဖြစ်၍ သွားရာ၌ တစ်စုံတစ်ခုသော ဒုက္ခမည်သည် အမြွက်လေသမျှ မရှိ၊ ခံစားမှု, စံစားမှုဟူ၍လည်း အမြွက်လေသမျှ မရှိ၊ ပူပန်ပင်ပန်းမှု ခပ်သိမ်းလည်းမရှိ၊ ခံစားမှု, စံစားမှု ခပ်သိမ်းလည်းမရှိ၊ ထို့ကြောင့် ထိုရောဂါကြီးသည် ဥစ္ဆိန္နအဖြစ်ကိုသာ အထွတ်အမြတ် ချီးမွမ်းအပ်သတည်း။ (ဥပမာ)

ပဋိသမ္ဘိဒါမဂ်။။ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ “ပဉ္စက္ခန္ဓေ အနိစ္စတော၊ ဒုက္ခတော်။လ။ သံကိလေသိက ဓမ္မတော” ဟူ၍လည်း ဟောတော်မူအပ်သော ၄၀-အတိုင်းအရှည်ရှိသော အကြီးအကျယ် ကြောက်ဖွယ်, လန့်ဖွယ်ဖြစ်သော အပြစ်ဒေါသ အာဒီနဝတို့သည် ရှိကုန် ၏၊ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝ-ဟုဆိုအပ်သော ထိုခန္ဓာ ၅-ပါးတို့သည် ထိုအပြစ်ဒေါသအာဒီနဝတို့နှင့် ပြည့်စုံကုန်၏၊ ထိုနူနာကြီး, ပန်းနာကြီးနှင့် နေရသောသူမှာ အနာရောဂါ ဒုက္ခ တစ်မျိုးမျှသာ ခံစားရသည်၊ သံသရာ၌ ကျင်လည်မျောပါး၍ နေကြရသော ခန္ဓာ ၅-ပါး တရားရှင်တို့မှာမူကား အနိစ္စမှုကြောင့် လူ့ဘဝတွင် အမြဲနေခွင့်မရ၊ နတ်ဘဝတွင် အမြဲနေခွင့်မရ၊ ဗြဟ္မာ့ဘဝတွင် အမြဲနေခွင့်မရ၊ အပါယ်ငရဲသို့ အဖန်တလဲလဲ ကျရောက် ရလေ၏၊ အသက်တစ်ရှူမျှ သက်သာရာမရဘဲ မီးငရဲ၌ အနှစ်တစ်သိန်း စသည်အဖန်ဖန် ခံစားရလေ၏၊ မီးငရဲမှာ တစ်နာရီနေရ သည်ထက် နူနာကြီးနှင့် လူ့ဘောင်မှာ အနှစ်တစ်ရာနေရခြင်းသည် ကောင်းမြတ် သေး၏။

တေမိဇာတ်၌ ငါတို့ဘုရားအလောင်းတော်သည် ဗာရာဏသီပြည် မှာ အနှစ် ၂၀-မျှ မင်းလုပ်ခဲ့သည့်အတွက် ဥဿငရဲမှာ အနှစ် ၈-သောင်း ခံရသည် ဟုလာ၏၊ သူသူ, ငါငါ သတ္တဝါတို့မှာ ဆိုဖွယ်ရာမရှိ၊ ဤသို့ ဖြစ်ရခြင်းသည် အနိစ္စအတွက်ပေတည်း။

ဤသို့လျှင် ထို ၄၀-သော အပြစ်ဒေါသ အာဒီဝနတို့တွင် အနိစ္စ အတွက် တစ်ခုနှင့်ပင် ထိုလူ, နတ်, ဗြဟ္မာ ခန္ဓာ ၅-ပါးသည် အလွန် ကြောက်မက်ဖွယ် ကောင်းလေစွ၊ ထိုသို့ အကြီးအကျယ် ကြောက်မက် ဖွယ်ဖြစ်သော ထိုခန္ဓာ ၅-ပါးတို့၏ ချုပ်ငြိမ်းခြင်း, ဇာတ်သိမ်းခြင်းအမှု ဟူသော မဟာအသင်္ခတ နိဗ္ဗာန်ကြီးမည်သည် ဘယ်ဟာတစ်ခုမျှ ချီးမွမ်းစရာမရှိသော အဘာဝမတ္တာမျှသာ ဖြစ်သည်ဟု မရှုံ့ချထိုက်၊ အချည်းအနှီးသာဖြစ်သည်ဟု မရှုံ့ချထိုက်၊ ထိုချုပ်ငြိမ်းမှု ဇာတ်သိမ်းမှု သည် ကျမ်းဂန်တို့၌လာသော ဂမ္ဘီရ, ဒုဒ္ဒသ, ဒူရနုဗောဓ, သန္တ, ပဏီတ, ပရမသုခ အစရှိသော နိဗ္ဗာန်၏ဂုဏ်ကျေးဇူးတို့နှင့် မထိုက်တန်ဟု မရှုံ့ချထိုက်။

အနမတဂ္ဂသံသရာဝယ် အကြင်မျှလောက် ခန္ဓာ ၅-ပါး၏ အပြစ်ဒေါသ အာဒီနဝတို့သည် ကြီးကျယ်ကုန်၏၊ ထိုမျှလောက်ချုပ်ငြိမ်း မှု၏ ဂုဏ်ကျက်သရေတို့သည် ကြီးကျယ်ကုန်၏၊ အကြင်မျှလောက် ခန္ဓာ ၅-ပါးတို့၏ ဒုက္ခနယ် သည် ကြီးကျယ်၏၊ ထိုမျှလောက် ထိုချုပ်ငြိမ်းမှု၏ သုခနယ်သည် ကြီးကျယ်၏။

(ဤကား ခံစားမှု, စံစားမှု မရှိသော သန္တိသဘော၏ ပရသုခ အမှန်ဖြစ် ကြောင်းကို ထင်ရှားသိစေခြင်းငှါ ဘာဝနာ ၄၀-နှင့် စပ်ဖပ်၍ ပြဆိုလိုက်သော အခန်းတည်း။)

ဤတွင်ရွေ့ကား ပရမသုခသဘော ပြီး၏။

ဤတွင် ဝိတ္တာရကဏ္ဍပြီး၏။

---

နာနာဂန္ထ နာနာဝါဒဝိသောဓနကဏ္ဍ

ဣတိဝုတ်ပါဠိတော်အရ-နာနာဝါဒပြဆိုပုံ

ယခုအခါ နာနာဂန္ထ နာနာဝါဒ ဝသောဓန ကဏ္ဍ ဟူသော တတိယကဏ္ဍကို ပြဆိုအံ့။။ အကြင်ပါဠိတော် ဆရာတို့သည် အထူးထူး အထွေထွေ ယူကြ ပြောဆို ရေးသားကြကုန်၏၊ ထို ပါဠိတော်တို့ကို ထုတ်ပြ၍ ဆရာတို့ ယူကြပုံကိုလည်း ပြဆိုအံ့၊ ငါတို့ ယူပုံကိုလည်း ပြဆိုအံ့၊ နှစ်သက်ရာ ယူကြလေကုန်။

ဒွေမာ ဘိက္ခဝေ နိဗ္ဗာနဓာတုယော၊ ကတမာ ဒွေ၊ သဥပါဒိသေသာ စ နိဗ္ဗာနဓာတု, အနုပါဒိသေသာ စ နိဗ္ဗာနဓာတု။
ဣဓ ဘိက္ခဝေ ဘိက္ခု အရဟံ ဟောတိ ခီဏသဝေါ၊ တဿ တိဋ္ဌန္တေဝ ပဉ္စိန္ဒြိယာနိ၊ ယေသံ အဝိဃာတတ္တာ မနာပမ္ပိ ပစ္စနုဘောတိ၊ အမနာပမ္ပိ ပစ္စနုဘောတိ၊ မနာပါမနာပမ္ပိ ပစ္စနုဘောတိ၊ တဿ ယောရာဂက္ခယော ဒေါသက္ခ ယော မောဟက္ခယော၊ အယံ ဝုစ္စတိ ဘိက္ခဝေ သဥပါဒိသေသာ နိဗ္ဗာနဓာတု။
ကတမာစ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု။ ဣဓ ဘိက္ခဝေ ဘိက္ခု အရဟံ ဟောတိ ခီဏာသဝေါ၊ တဿ ဣဓေဝ သဗ္ဗဝေဒယိတာနိ သီတီ ဘဝိဿန္တိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု။
ဒွေ ဣမာ စက္ခုမတာ ပကာသိတာ နိဗ္ဗာနဓာတု အနိဿိတေန တာဒိနာ၊ ဧကာ ဟိ ဓာတု ဣဓ ဒိဋ္ဌဓမ္မိ ကာ၊ သဥပါဒိသေသာ ဘဝနေတ္တိသင်္ခယာ၊ အနုပါဒိ သေသာ သမ္ပရာယိကာ ယမှိ နိရုဇ္ဈန္တိ ဘဝါနိ သဗ္ဗသော။

(လိုရင်း မဟုတ်သော ပုဒ်စုကိုချ၍ ထုတ်ပြအပ်သော ဣတိဝုတ်ပါဠိတော်)

(က) ယေ ရာဂက္ခယောတိ ရာဂဿ ခယော၊ ခီဏာကာရော၊ အဘာဝေါ၊ အစ္စန္တမနုပ္ပါဒေါ။
(ခ) သီတီ ဘဝိဿန္တိတိ အစ္စန္တဝူပသမေန သင်္ခါရ ဒရထ ပဋိပဿဒ္ဓိယာ သီတလီ ဘဝိဿန္တိ၊ အပ္ပဋိသန္ဓိ ကနိရောဓေန နိရုဇ္ဈဿန္တီတိ အတ္တော။
(ဂ) ဒိဋ္ဌိဓမ္မိကာတိ ဣမသ္မိံ အတ္တဘာဝေ ဘဝါ ဝတ္တအာနာ။
(ဃ) သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝါဝတ္တမာနာ။

(၎င်းအဋ္ဌကထာ လိုရင်းပါဌ်စု။)

အချို့ဆရာတို့အယူ။။ ဤပါဠိတော်၌ အချို့သော ဆရာ တို့သည်
ဧကာ ဟိ ဓာတု ဣဓဒိဋ္ဌဓမ္မိကာ သဥပါဒိသေသာ၊ အနုပါဒိ သေသာ သမ္ပရာယိကာ
ဟူသော ပါဠိတော်ပုဒ်များကို ထောက်၍လည်းကောင်း။ “ယော ရာဂက္ခယောတိ ရာဂဿ ခယော၊ ခီဏာကာရော၊ အဘာဝေါ၊ အစ္စန္တမနုပ္ပါဒေါ။။ ဒိဋ္ဌဓမ္မိကာတိ ဣမသ္မိံ အတ္ထဘာဝေ ဘဝါ ဝတ္တမာနာ။။ သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ ဝတ္တမာနာ” ဟူသော အဋ္ဌကထာပါဌ်များကို ထောက်၍လည်းကောင်း။ ဤပါဠိတော်မှာ လာသော နိဗ္ဗာန် ၂-ပါးကား အသင်္ခတ ဖြစ်သော အဘာဝ ပညတ် ၂-ပါးသာတည်း၊ ကိလေသာတို့၏ တစ်ဖန် မဖြစ်ခြင်း ဟူသော အဘာဝ ပညတ်ကို သဥပါဒိသေသနိဗ္ဗာန် ဆိုသည်၊ ခန္ဓာတို့၏ တစ်ဖန် မဖြစ်ခြင်းဟူသော အဘာဝပညတ်ကို အနုပါဒိသေသ နိဗ္ဗာန် ဆိုသည်။

သင်္ဂြိုဟ်ကျမ်းမှာကဲ့သို့ ပရမတ် အစစ်အမှန်ဖြစ်သော နိရောဓသစ္စာ ဟုဆိုအပ်သော အသင်္ခတနိဗ္ဗာန် ၂-ပါးကို ဆိုသည်မဟုတ်၊ ထိုပရမတ် အစစ် အမှန်ဖြစ်သော နိရောဓသစ္စာ ဟု ဆိုအပ်သော အသင်္ခတ နိဗ္ဗာန်သည်ကား- အစဉ်ထာဝရ တစ်ပါးတည်း အမြဲတည်နေသော တရားဖြစ်ပေ၍ “ဒိဋ္ဌဓမ္မိကာ” ဟူ၍လည်းကောင်း, “သမ္ပရာယိကာ” ဟူ၍လည်းကောင်း ဆိုထိုက်သော အခွင့်မရှိ၊ ပရမတ္ထဓမ္မ အနေအားဖြင့် ထင်ရှားရှိသော ဘာဝတရားဖြစ်ပေ၍ “ရာဂဿခယော ခီဏာကာရော အဘာဝေါ” ဟူ၍လည်း ဆိုထိုက်သော အခွင့်မရှိ။

(ဤကား ဤပါဠိတော်၌အချို့သောဆရာတို့၏ အယူပေတည်း။) အချို့သောဆရာတို့အယူတစ်မျိုး။။ အချို့သော ဆရာ တို့ကား ဤပါဠိတော်မှာ လာသော နိဗ္ဗာန် ၂-ပါးတွင် သဥပါဒိသေသ နိဗ္ဗာန်ဆိုသည်ကား-ကိလေသာတို့၏ ကုန်ခန်းခြင်း တည်းဟူသော ခီဏာကာရပညတ်မျှကိုလည်းကောင်း, ကိလေသာတို့၏ မရှိခြင်း တည်းဟူသော အဘာဝပညတ်မျှကိုလည်းကောင်း သဥပါဒိသေသ နိဗ္ဗာန် ဆိုသည်၊ ထို့ကြောင့် အဋ္ဌကထာ၌ “ရာဂဿ ခယော ခီဏာ ကာရော အဘာဝေါ” ဟူ၍ ဖွင့်တော်မူသည်။

အနုပါဒိသေသ နိဗ္ဗာန်သည်မူကား-ပရမတ္ထ အစစ်အမှန် ဖြစ်သော အသင်္ခတ နိဗ္ဗာန်ကြီးပင်တည်း၊ ထိုနိဗ္ဗာန်ကြီးကို “သမ္ပရာယိကာ” ဟူ၍ဟောတော်မူသည်။။အဋ္ဌကထာ၌လည်း
သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝါဝတ္တမာနာ” ဟုဖွင့်ဆိုသည်။

သမ္ပရာယိကာတိ=သမ္ပရာယိကာဟူသည်ကား၊ ခန္ဓဘေဒတော= ခန္ဓာချုပ်ပျက်သည်မှ၊ သမ္ပရာယေ ပရဘာဂေ=နောက်အဖို့၌၊ ဘဝါဝတ္တမာနာ=ဖြစ်သော နိဗ္ဗာန်တည်း။ (ဤကား အနက်။) ဤ ပါဠိ အဋ္ဌကထာတို့ကို ထောက်၍ ပရမတ္ထ အစစ်အမှန်ဖြစ် သော နိဗ္ဗာန်သည် ရှေးရှေးသံသရာ ကမ္ဘာ ကမ္ဘာ့က တစ်ခုတည်း တစ်ပါးတည်းဖြစ်၍ အစဉ်ထာဝရ ရှိနေသည်မဟုတ်၊ ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာပုဂ္ဂိုလ်တို့ တစ်ပါးတစ်ပါး ပရိနိဗ္ဗာန်စံရာတွင် သူ့နိဗ္ဗာန်နှင့်သူ အသီးအသီး စုတိစိတ်ချုပ်သည်မှ နောက်၌ အလွန်သိမ်မွေ့သော အခြင်း အရာအားဖြင့် ဖြစ်ပေါ်၍လာသော အသင်္ခတဓာတ်ကြီးပေတည်း၊ ဖြစ်ပေါ်သည်မှ နောက်၌အစဉ်ထာဝရမြဲ၍ နေသောကြောင့် နိစ္စဓုဝ သဿတဟူ၍ ဆိုအပ်သတည်း။

(ဤကား ပါဠိတော်၌အချို့သော ဆရာတို့၏ အယူပေတည်း။) ငါတို့အယူ။။ ငါတို့အယူကား ဤပါဠိတော်မှာ သဥပါဒိသေသ နိဗ္ဗာန်မှာလည်း “သဿယောရာဂက္ခယော” ဟူ၍လာသည်၊ အနုပါဒိ သေသ နိဗ္ဗာန်မှာလည်း “တဿယောရာဂက္ခယော” ဟူ၍လာသည်၊ ထိုသို့လာသည်တွင် အဋ္ဌကထာ၌ ရှေ့ပုဒ်ကိုသာ “ယော ရာဂက္ခယောတိ ရာဂဿ ခယော၊ ခီဏာ ကာရော၊ အဘာဝေါ၊ အစ္စန္တမနုပ္ပါဒေါ” ဟူ၍ ဖွင့်သည်၊ နောက်ပုဒ်ကို မဖွင့်ပြီ။

၁။ ရှေ့ပုဒ်, နောက်ပုဒ် အထူးရှိခဲ့လျှင် အသီးအသီး ခြားနားစွာ ဖွင့်ရာသည်၊ မဖွင့်ခဲ့ပါ၊ ဤလည်း တစ်ကြောင်း။
၂။ “ရာဂဿ ခယော၊ ခီဏာကာရော၊ အဘာဝေါ၊ အစ္စန္တ မနုပ္ပါဒေါ” ဟူရာ၌ “အစ္စန္တမနုပ္ပါဒေါ” ဟူသော နောက်ဆုံး ပုဒ်သည် ပရမတ္ထ အသင်္ခတနိဗ္ဗာန်ကြီး၏ အမည်ဖြစ်ပေ သည်တစ်ကြောင်း။
၃။ ထိုနိဗ္ဗာန်ကြီးသည် ရဟန္တာပုဂ္ဂိုလ်၏ ခန္ဓာ ၅-ပါးထင်ရှား ရှိစဉ်လည်း ရှိလျက် တည်လျက်ပင် ရှိလေသည်၊ ခန္ဓာပျက် ဆုံးသည်မှ နောက်၌လည်း ရှိလျက် တည်လျက်ပင် ရှိလေ သည်၊ ထို့ကြောင့် “ဒိဋ္ဌဓမ္မိကာ သမ္ပရာယိကာ” ဟူ၍ ဆိုထိုက်ပေသည် တစ်ကြောင်း။
၄။ အဋ္ဌကထာမှာလည်း ရှိခြင်းအနက် တည်ခြင်းအနက်တို့နှင့် ဆက်ဆံသော ဘဝသဒ္ဒါ ဝတ္တမာနာသဒ္ဒါတို့နှင့်သာ ဖွင့်ဆိုသည်၊ ဥပ္ပန္နသဒ္ဒါ ဇာတသဒ္ဒါတို့နှင့် မဖွင့်လေသည် တစ်ကြောင်း။

ဤသို့သော အကြောင်းများကြောင့် ဤပါဠိတော်မှာ လာသော နိဗ္ဗာန် ၂-ပါးသည်လည်း သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ သင်္ဂြိုဟ်ကျမ်းတို့မှာလာသော နိဗ္ဗာန် ၂-ပါးနှင့် ထပ်တူထပ်မျှ ပရမတ္ထ အသင်္ခတနိဗ္ဗာန်ကြီးပင် ဖြစ်သည်ဟု ငါတို့အယူပေတည်း။ ဆရာတို့အယူ။။ အကြင်ဆရာတို့သည် ထိုထိုရဟန္တာ ပုဂ္ဂိုလ်တို့ ခန္ဓာကမ္မဇရုပ် ချုပ်ပြီးသော နောက်မှသာ ပရမတ္ထအသင်္ခတ နိဗ္ဗာန်ကြီး၏ ဖြစ်ပေါ်ခြင်းကို အလိုရှိကြကုန်၏၊ ထိုဆရာတို့၏ အယူ၌ ရဟန္တာအဖြစ် သို့ပင် ရောက်သော်လည်း စုတိကမ္မဇရုပ် မချုပ်မီအတွင်း နိဗ္ဗာန် မရှိသေး၍ နိဗ္ဗာန်သို့ ရောက်သည် ဟူ၍ မဆိုရသေး၊ နိဗ္ဗာန်သို့ဆိုက် သည်ဟူ၍ မဆိုရသေး၊ နိဗ္ဗာန်ကိုရသောသူဟူ၍ မဆိုရသေး၊ စုတိ ကမ္မဇရုပ် ချုပ်သည်၏ အခြားမဲ့မှာ ဖြစ် ပေါ်လာလတ္တံ့သော အနာဂတ်ကို လှမ်း၍မြင်ရရုံသာ ရှိသေးသည် ဟု ဆိုလို၏။

ကိလေသာတို့၏ ချုပ်ငြိမ်းမှု, ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ၂-ပါး ရှိသည်တွင် မဂ်ခဏ, ဖိုလ်ခဏတို့၌ ကိလေသာတို့ သည်ချုပ်ငြိမ်းလေ ကုန်၏၊ ထိုအခါ ပရမတ္ထအသင်္ခတ နိဗ္ဗာန်ကြီးရှိပင် မရှိသေး၊ ထိုရဟန္တာ ပုဂ္ဂိုလ်သည် မိမိကိုယ်ခန္ဓာ မှာ ရောဂါတို့၏ ဖြစ်ပေါ်လာခြင်း, အနာတို့၏ ဖြစ်ပေါ်လာခြင်း, အထူးထူးသော အနိဋ္ဌရုပ် ဒုက္ခဝေဒနာ တရားတို့၏ ဖြစ်ပေါ်ခြင်းဟူသော ဇာတိဒုက္ခမှလည်း မလွတ်သေး၊ အိုရခြင်းတည်း ဟူသော ဇရာဒုက္ခမှလည်းမလွတ်သေး၊ သေရခြင်းတည်းဟူသော မရဏဒုက္ခမှလည်း မငြိမ်းသေး၊ ခန္ဓာကိုယ်ကြီးကို မွေးမြူမှုဒုက္ခ, ဆောင် ရွက်မှုဒုက္ခတို့မှလည်း မလွတ်သေး၊ မီးဘေး, ရေဘေး, မင်းဘေး, သူခိုး ဓားပြဘေး အစရှိသော ဘေးတို့မှလည်း မလွတ်သေး။

ပရမတ္ထ အသင်္ခတနိဗ္ဗာန်ကြီးမည်သည် တစ်စုံတစ်ခုသော ဒုက္ခ ဘယမရှိပြီ၊ ရဟန္တာပုဂ္ဂိုလ်မှာ ဆိုခဲ့ပြီးသော ဒုက္ခဘယ အနန္တတင်း လင်း၌နေ၏၊ စုတိကမ္မဇရုပ် ချုပ်၍ ထိုခန္ဓာကြီး ကွယ်ပျောက်မှ ထိုဒုက္ခ ဘယခပ်သိမ်း ကင်းငြိမ်းလေ၏၊ ထိုအခါမှ နိဗ္ဗာန်ကြီး ပေါ်လာ၍ နိဗ္ဗာန်သို့ရောက်သည်၊ နိဗ္ဗာန်ကိုရသည်ဟု ဆိုအပ်ပေသတည်း။ (ဤကား ဆရာတို့၏အယူတည်း။)

ဤတွင်ရွေ့ကား ဣတိဝုတ်ပါဠိတော်အရ နာနာဝါဒ ပြဆိုပုံ ပြီး၏။

---

ကိလေသာချုပ်ငြိမ်းမှုသာ မဓာနဖြစ်ပုံ

ကိလေသာတို့၏ ချုပ်ငြိမ်းမှု, ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ၂-ပါးရှိသည် တွင် ကိလေသာတို့၏ ချုပ်ငြိမ်းမှုသည်သာလျှင် မုချပဓာနပေတည်း၊ ခန္ဓာတို့၏ ချုပ်ငြိမ်းမှုမှာကား ကိလေသာချုပ်ငြိမ်းမှု၏ အမြဲတစ်စိုက် နောက်လိုက် နောက်ပါသာလျှင်တည်း။

အဆိပ်ပင်ကို သတ်သောသူသည် အမြစ်ကို မတူးမဖြတ်မူ၍ အပင်, အကိုင်းအခက်ကိုသာ ဖြတ်ခဲ့အံ့၊ အဆိပ် ပင်ကို သတ်သောသူ ဟူ၍ မဆိုလောက်၊ အပင်, အကိုင်းအခက်တို့ကိုမူကား မထိပါးမူ၍ အမြစ်ဟူသမျှတို့ကို တူးဖော် ဖြတ်တောက်မီးရှို့ ပြာပြု၍ ပစ်သောသူ သည်သာ အဆိပ်ပင်ကို သတ်သောသူ စင်စစ်ဖြစ်သည်၊ အမြစ်တို့၏ ပျက်ဆုံးမှုသည်သာ မဓာနဖြစ်၏၊ အပင်, အကိုင်း အခက်တို့၏ ပျက်ဆုံး မှုသည် အမြစ်ပျက်ဆုံးမှု၏ အမြဲတစ်စိုက် နောက်လိုက် နောက်ပါသည် သာ ဖြစ်၏။

ဒုတိယကဏ္ဍ၌ နိဒါနဝဂ္ဂသံယုတ် သုတ်ပေါင်း ၁၀-တို့၌ ကိလေသာဟူသော အမြစ်အရင်း ပြတ်ခြင်းသည်သာ မုချ ပဓာနဖြစ်ကြောင်းကို သစ်ပင်ဥပမာအမျိုးမျိုး, မီးပုံကြီးဥပမာ, ဆီမီးဥပမာတို့ဖြင့် ဟောတော် မူသော အရာကို ထင်ရှားစွာ ပြဆိုခဲ့ပြီ။

ထိုမှတစ်ပါး အဘိဓမ္မာသစ္စဝိဘင်းပါဠိတော် နိရောဓသစ္စာ၏ ဝိဘင်း၌လည်း
စက္ခု လောကေ ပိယရူပံ၊ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။
အစရှိသည်ဖြင့် ဝါကျ ဝါရပေါင်း ၆၀-မျှ နိရောဓသစ္စ ဝိဘင်း လာသည်မှာလည်း ကိလေသာတို့၏ ချုပ်ငြိမ်းမှုကိုသာ ပဓာနပြု၍ လာသည်။

ထို့အတူ ဒီဃနိကာယ် မဟာသတိပဋ္ဌာနသုတ်, မဇ္ဈိမနိကာယ် မဟာသတိပဋ္ဌာနသုတ်, သတိပဋ္ဌာနသံယုတ် အစရှိသည်တို့မှာလည်း ထို့အတူ ကိလေသာတို့၏ ချုပ်ငြိမ်းမှုကိုသာ ပဓာနပြု၍လာသည်။

ထိုမှတစ်ပါး ဓမ္မစကြာသုတ် နိရောဓသစ္စာ၏ နိဒ္ဒေသတို့မှာလည်း
(က) တတ္ထ ကတမံ ဒုက္ခနိရောဓော အရိယသစ္စံ၊
( ခ) ယော တဿယေဝ တဏှာယ အသေသဝိရာဂနိရောဓော၊ စာဂေါ၊ ပဋိနိဿဂ္ဂေါ၊ မုတ္တိ၊ အနာလယော။
ဟူ၍ ကိလေသာတို့၏ ချုပ်ငြိမ်းမှုကိုသာ ပဓာနပြု၍လာသည်။

ထိုထို သုတ္တန်တစ်လျှောက်တို့မှာလည်း
(က) နိဗ္ဗာနံ နိဗ္ဗာနန္တိ အာဝုသော ဝုစ္စတိ၊ ကတမံ တံ နိဗ္ဗာနန္တိ၊
(ခ) ယော ခေါ အာဝုသောရာဂက္ခယော, ဒေါသက္ခယော, မောဟက္ခယော၊ ဣဒံ ဝုစ္စတိ အာဝုသော နိဗ္ဗာနံ။
အစရှိသည်ဖြင့် နိဗ္ဗာန်ကို ဟောတော်မူရာ၌ ကိလေသာတို့၏ ချုပ်ငြိမ်းမှုကို ပဓာနပြု၍ လာသောအရာ အလွန်ပေါများလှ၏။

ထို့ကြောင့် ရဟန္တာတို့၏ စုတိခန္ဓာချုပ်ငြိမ်းမှုမှာသာ ပရမတ္ထအသင်္ခ နိရောဓသစ္စာ မဟာနိဗ္ဗာန်ကြီးကို ဧကန်စင်စစ် ရထိုက်သည်မဟုတ်၊ ကိလေသာ တို့၏ချုပ်ငြိမ်းမှုမှာလည်း ပရမတ္ထအသင်္ခတနိရောဓသစ္စာ မဟာနိဗ္ဗာန်ကြီးကို ဧကန် စင်စစ်ရထိုက်သည်သာလျှင်တည်း။

၁၅၀၀- ကိလေသာတို့၏ တစ်ခုမကျန် အကုန်ချုပ်ငြိမ်းမှုမှာသာ ရထိုက်သည် မဟုတ်သေး၊ သောတပတ္တိမဂ်ကိုရ၍ သက္ကာယဒိဋ္ဌိ အစရှိ သော အချို့သော ကိလေသာတို့၏ နောက်တစ်ဖန် ဖြစ်ပေါ်ခြင်းမရှိ၊ အကြွင်းမဲ့ ချုပ်ငြိမ်းမှုသည်လည်း ပရမတ္ထအသင်္ခတနိရောဓသစ္စာ မဟာနိဗ္ဗာန်ကြီး အဝင်အပါပင်တည်း။

သောတာပန်ပုဂ္ဂိုလ်အား အပါယ်ခန္ဓာစုနှင့်တကွ ၇-ဘဝမှ အထက်၌ အနမတဂ္ဂ ဘဝခန္ဓာ သံသရာဝဋ်ကြီး၏အပြီးချုပ်ငြိမ်းမှုသည် လည်း ထိုသက္ကာယဒိဋ္ဌိ အစရှိသော အချို့သော ကိလေသာတို့၏ ချုပ် ငြိမ်းမှုတွင် တစ်ချက်တည်း တစ်လုံးတည်း ပါလေ၏၊ ထိုအနမတဂ္ဂ ဘဝခန္ဓာ သံသရာဝဋ်ကြီး၏ အပြီးချုပ်ငြိမ်းမှုသည်လည်း ပရမတ္ထ အသင်္ခတ နိရောဓသစ္စာ မဟာနိဗ္ဗာန်ကြီးပင်တည်း။

အမေး။ ထို တစ်ချက်တည်း တစ်ကြိမ်တည်း ပြီးစီးကြသော ချုပ်ငြိမ်းမှု ၂-ပါးသည် အဘယ်ပုဂ္ဂိုလ် သန္တာန်မှာ ရောက်လေသနည်း။
အဖြေ။ သောတာပန် ပုဂ္ဂိုလ်သန္တာန်မှာ ရောက်လေသည်။
အမေး။ ထို ချုပ်ငြိမ်းမှု ၂-ပါးကို အဘယ်သူသည် ရလေသ နည်း။
အဖြေ။ သောတာပန် ပုဂ္ဂိုလ်သည် ရလေသည်။
အမေး။ ထို ချုပ်ငြိမ်းမှု ၂-ပါး ဟူသော အလွန် ခက်ခဲနက်နဲလှ စွာသော စခန်းသို့ အဘယ်သူသည် ဆိုက်ရောက် လေသနည်း။
အဖြေ။ သောတာပန် ပုဂ္ဂိုလ်သည် ဆိုက်ရောက်လေသည်။

ဤတွင်ရွေ့ကား ကိလေသာချုပ်ငြိမ်းမှုသာ ပဓာနဖြစ်ပုံပြီး၏။

---

ကြွင်းကျန်သောဒုက္ခနှင့် ချုပ်ပြီးဒုက္ခနှိုင်းယှဉ်ပုံ

သောတာပန်အဖြစ်သို့ ရောက်သောအခါ တွေ့ရန်, ကြုံရန် ကြွင်းကျန် သေးသော ဝဋ်ဒုက္ခနှင့် တွေ့ကြုံဖွယ် ကိစ္စ မရှိ၊ ချုပ်ငြိမ်းလေ ပြီးသော ဝဋ်ဒုက္ခ၏ အနည်း, အများ နှိုင်းယှဉ်ပုံကို ဤပြဆိုလတ္တံ့သော သုတ္တန်တို့ကို ထောက်၍ သိအပ်၏၊ နိဒါနဝဂ္ဂ သံယုတ်ပါဠိတော် အဘိသမယဝဂ်၌ သုတ်ပေါင်း ၁၀-လာ၏၊။ လာပုံကား
ပထမသုတ် - အမေး။။ မြတ်စွာဘုရားသည် တစ်ခုသော လက်သည်းပေါ်၌ မြေမှုန့်ကိုတင်ထားပြီးလျှင် ရဟန်းတို့ကို ဤသို့မိန့် တော်မူ၏၊ ချစ်သား ရဟန်းတို့---ငါ၏ လက်သည်းပေါ်၌ရှိသော မြေမှုန့် ဤမဟာပထဝီမြေကြီး အားလုံး၌ရှိသောမြေမှုန့်တို့သည် အဘယ်ကသာ၍ များကြကုန်သနည်း-ဟုမိန့်တော်မူ၏။
အဖြေ။။ အရှင်ဘုရား-ဤမဟာပထဝီမြေကြီး၌ရှိသော မြေ မှုန့်တို့ကို နှိုင်းယှဉ်သည်ရှိသော် လက်သည်းပေါ်မှာရှိသော မြေမှုန့်စု သည်အလွန်ပင် နည်းပါးလှပါ၏၊ နှိုင်းယှဉ်ခြင်းငှာ မထိုက်တန်ပါ ဟု လျှောက်ထားကြလေ၏။
ချစ်သားရဟန်းတို့--ဤအတူပင် သတ္တက္ခတ္တုပရမ သောတာပန် ပုဂ္ဂိုလ်အား ကျန်ရှိသေးသော ၇-ဘဝ ဝဋ်ဒုက္ခနှင့် ကုန်ငြိမ်းပြီးသော အနမတဂ္ဂအနာဂတ် ဝဋ်ဒုက္ခတို့ကို နှိုင်းယှဉ်သည်ရှိသေးသော ၇-ဘဝ ဝဋ်ဒုက္ခသည် အလွန်ပင်နည်းပါး ၏၊ နှိုင်းယှဉ်ခြင်းပင် မထိုက်တန်လေ ဟူ၍ ဟောတော်မူသည်။

ဧဝံ မဟိဒ္ဓိကော ခေါ ဘိက္ခဝေ ဓမ္မာဘိသမယော ဧဝံ မဟိဒ္ဓိကော ဓမ္မစက္ခု ပဋိလာဘော။

(ပထမသုတ် အချုပ်ပါဠိတော်။)

ဘိက္ခဝေ=ရဟန်းတို့၊ ဓမ္မာဘိသမယော=သစ္စာ ၄-ပါးကိုထိုးထွင်း၍ သိခြင်းအမှုသည်၊ ဧဝံ မဟိဒ္ဓိကော=သို့စဉ်မျှလောက် တန်ခိုးကြီးလျ၏၊ ဓမ္မစက္ခုပဋိလာဘော=သောတာပတ္တိမဂ်ဉာဏ်ဟူသော ဓမ္မစက္ခုကို ရခြင်း အမှုသည်၊ ဧဝံမဟိဒ္ဓိကော=သို့စဉ်မျှလောက်တန်ခိုးကြီးလှ၏၊ (ဤကား အနက်။)

ဤသို့လျှင် သောတာပန် ဖြစ်သည်နှင့် တစ်ပြိုင်နက် သောတာပန် ပုဂ္ဂိုလ်သည် ရအပ်သော ရောက်အပ်သော အနမတဂ္ဂ အနာဂတ်ဝဋ်ဒုက္ခ ငြိမ်းခြင်းဟူသော အကျိုးကို ဟောတော်မူ၏၊ ထိုငြိမ်းခြင်းအကျိုးသည် ပရမတ္ထ အသင်္ခတ နိရောဓသစ္စာ မဟာနိဗ္ဗာန်ကြီးပင်တည်း၊ ထိုအနမတဂ္ဂ အနာဂတ် ဝဋ်ဒုက္ခ ငြိမ်းခြင်းသည် ထိုပုဂ္ဂိုလ်မှာ ဆိုက်ရောက်လာသော ငြိမ်းခြင်းပင် ဖြစ်၏။

ဘဝများစွာ, ကမ္ဘာများစွာ ပါရမီတို့ကိုဖြည့်ကျင့်၍လာခဲ့သော သူသည် ထိုအခါမှ မိမိစိတ်သန္တာန်မှာ သက္ကာယဒိဋ္ဌိ အစရှိသော ကိလေသာအချို့တို့၏ ချုပ်ငြိမ်းခြင်းကို ရလေ၏၊ ရောက်လေ၏၊ ငါသည် ဤမည်သော ကိလေသာတို့၏ ငြိမ်းခြင်းကို ရလေ၏၊ ရောက် လေ၏၊ အနမတဂ္ဂအနာဂတ် ဝဋ်ဒုက္ခ၏ ချုပ်ငြိမ်းခြင်းကိုရပေပြီ၊ ရောက်ပေပြီ၊ ဤမျှလောက်သော ဝဋ်ဒုက္ခတို့၏ ချုပ်ငြိမ်းခြင်းကို ရပေပြီ၊ ရောက်ပြီ ဟု အတုမရှိ ကြီးမြတ်သော ပီတိသော ပီတိသောမနဿ ကို ဖြစ်စေ၍ နေရလေ၏။

ဥပမာ။ ။ ဥပမာကား - အစိုးရက တစ်ယောက်သောသူ အားထောင် တစ်သက် လွတ်မရှိ ထောင်ဒဏ် ပေးလေ၏၊ ၄-ရက်, ၅- ရက် နေမိသော် ယခုနေ့ နေထွက်မှ ၇-ရက်မျှသာ ထောင်မှာနေစေ၊ ၇-ရက်ပြည့်လျှင်လွတ်စေ ဟူသော အမိန့်ကို ရပြန်၏၊ ၇-ရက်မှအထက် အသက်ထက်ဆုံး ခံရလတ္တံ့သော ထောင်ဒဏ်သည် ထိုအမိန့်ထုတ် သည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်း ငြိမ်းလေ၏၊ ထိုသူသည် ထိုငြိမ်း ချက်ကို ရလေ၏၊ ရောက်လေ၏၊ ၇-ရက်မှအထက် ငြိမ်းချက်ကို ၇- ရက်စေ့မှရသည်မဟုတ်၊ ငါ့မှာ ၇-ရက် ဒုက္ခသာ ရှိတော့သည်၊ ၇-ရက်မှ အထက် ဒုက္ခငြိမ်းပေပြီဟု အလွန်ဝမ်းမြောက်ရ၏။

(ဤဥပမာအတိုင်း မှတ်လေ။)

ဥပမာတစ်နည်း။။ တစ်နည်း-လူတစ်ယောက်မှာ တစ်ကျပ် တန်မှုပြစ် အတွက် ၇-ရက် ထောင်ဒဏ် ပေးလေ၏၊ တစ်ဖန် ထိုနေ့မှာပင် တစ်ယောက်သော သူ၏ စွဲဆိုချက် တစ်ရာတန်ပြစ်မှုအတွက်နှင့် ၇-လ ထောင်ဒဏ်ပေးပြန်လေ၏၊ တစ်ဆန် တစ်ယောက်သောသူ၏စွဲဆိုချက် တစ်ထောင်တန်မှုပြစ်အတွက် ၇-နှစ် ထောင်ဒဏ်ပေးရပြန်လေ၏၊ ထို့နေ့မှာပင် ထောင်သို့ချလေ၏၊ ထိုနေ့မှာပင် တစ်ရာတန်မှု, တစ်ထောင် တန်မှု, လွတ်ငြိမ်းစေဟူသော စီရင်ချက်ကိုရပြန်လေ၏၊ ရသည်နှင့် တစ်ပြိုင်နက် ၇-လ, ၇-နှစ် ထောင်ဒဏ်မှု ငြိမ်းလေ၏၊ ၇-ရက် ထောင် ဒဏ်မှုသာ မငြိမ်းဘဲ ကျန်ရှိလေ၏။

ဤဥပမာ၌လည်းထို ၇-လ, ၇-နှစ်ထောင်ဒဏ်သည် လွတ်စေ အမိန့်ရသည်နှင့် တစ်ပြိုင်နက် ငြိမ်းလေ၏၊ ငြိမ်းခြင်းကို ထိုသူ ရလေ ၏၊ ရောက်လေ၏။

ဥပမာတစ်နည်း။။ တစ်နည်း - တစ်ယောက်သောသူ ကြေးငွေ တစ်သိန်း ကြွေးတင်လေ၏၊ ကြံဆန်၍ ဆပ်ပေးလေကော် ၇-ကျပ်မျှ ကျန်ရှိလေ ၏၊ ၇-ကျပ်တွက်ကာ ပူပန်ရတော့သည်၊ (၉၉၉၉၃) ကိုးသောင်း ကိုးထောင် ကိုးရာကိုးဆယ့်သုံးကျပ်တွက် အေးပြီး, ငြိမ်းပြီး ဖြစ်လေ၏၊ ထိုအေးမှု, ငြိမ်းမှုကို ရလေ၏၊ ရောက်လေ၏၊ တစ်ယောက် သောသူမှာ အနာအပေါင်းတစ်ထောင်, တစ်ကိုယ်လုံးပေါက်၍ အလူး အလဲခံနေရ၏၊ ခြေမှာကျန်ရှိသော အနာငယ်ပေါင်း ၇-လုံးအတွက်သာ ခံရတော့သည်။

ဤသို့သော ဥပမာများကဲ့သို့ သောတာပန်ပုဂ္ဂိုလ်သည်လည်း အပါယ်မှ ဒုက္ခ၏ အပြီးငြိမ်းခြင်း, ၇-ဘဝမှ အထက် အနမတဂ္ဂ ဝဋ်ဒုက္ခ၏ အပြီးငြိမ်းခြင်းဟူသော အကျိုးထူး, အခွင့်ထူးကို အပြီးရလေ၏၊ အလွန်ဝမ်းသာခြင်း ပီတိ သောမနဿနှင့် ခံစားရလေ၏၊ စံစားရလေ၏။

ဒုတိယသုတ်။။ ဒုတိယသုတ်၌ အလျား, အနံ, အစောက် ယူဇနာ ၅၀-ရှိသော အကုန်ပြည့်သော ရေရှိသော ရေအိုင်ကြီးမှာ သမန်းမြက်ဖျားဖြင့်ထုတ် ယူသော ရေပေါက်ငယ် တစ်ခုနှင့် တစ်အိုင်လုံးရှိ ရေကို နှိုင်း ယှဉ်သော ဥပမာလာ၏။
တတိယသုတ်။။ တတိယသုတ်မှာ မြစ်ကြီး ၅-သွယ်ရှိရေနှင့် ထိုမြစ်ကြီး ၅-သွယ်မှ ထုတ်ယူအပ်သော ၂-ခု, ၃-ခုသော ရေပေါက်ငယ် ဥပမာ လာ၏။
စတုတ္ထသုတ်။။ စတုတ္ထသုတ်မှာ ၂-ခု, ၃-ခုသော ရေပေါက်ငယ် ကို ချန်လှပ်၍ မြစ်ကြီး ၅-သွယ်ရှိ အကုန် ခမ်းခြောက်လေရာ ကျန်သော ရေပေါက်ငယ်၂-ခု, ၃-ခုနှင့် ကုန်ခန်းလေသော ရေစု ဥပမာလာ၏။
ပဉ္စမသုတ်။။ ပဉ္စမသုတ်မှာ ဆီးစေ့ခန့်ရှိသော မြေလုံးငယ် ၇-ခုနှင့် မဟာပထဝီမြေကြီး ဥပမာ လာ၏။
ဆဋ္ဌမသုတ်။။ ဆဋ္ဌမသုတ်မှာ ဆီးစေ့ခန့်ရှိသော မြေလုံးငယ် ၇-ခုကို ချန်လှပ်၍ မဟာပထဝီမြေ ကြီးကုန်လေရာ ကျန်သော မြေနှင့် ကုန်သော မြေဥပမာလာ၏။
သတ္တမသုတ်။။ သတ္တမသုတ်မှာ မဟာသမုဒ္ဒရာ ၄-စင်းရေနှင့် ထိုမှထုတ် ယူအပ်သော ရေပေါက်ငယ် ၂-ခု, ၃-ခု ဥပမာ လာ၏။
အဋ္ဌမသုတ်။။ အဋ္ဌမသုတ်မှာ ၂-ခု, ၃-ခုသော ရေပေါက်ငယ်ကို ချန်လှပ်၍ သမုဒ္ဒရာ ၄-စင်းရေ ကုန်ခန်းလေသော ဥပမာ လာ၏။
နဝမသုတ်။။ နဝမသုတ်မှာ မုန်ညင်းစေ့ခန့်ရှိသော ကျောက်သားငယ် ၇-ခုနှင့် ယူဇနာ ၃၀၀၀-ရှိသော ဟိမဝန္တာတောင် ဥပမာ လာ၏။

ဤဒေသနာတော်စုကား-သောတာပတ္တိမဂ်သို့ အဆိုက်တွင် အနာဂတ် သံသရာ ခန္ဓာဒုက္ခ အနမတဂ္ဂတို့၏ ချုပ်ငြိမ်းမှုကို ပဓာနပြု၍ ဟောတော်မူသော သုတ္တန်ဒေသနာ စုပေတည်း။

ဤတွင်ရွေ့ကား ကြွင်းသောဒုက္ခနှင့် ချုပ်ပြီးဒုက္ခနှင့် နှိုင်းယှဉ်ပုံပြီး၏။

---

ခန္ဓာချုပ်ငြိမ်းမှုမှာ အပဓာနဖြစ်ပုံ

ရှေး၌ပြဆိုခဲ့သော နိရောဓသစ္စာ၏ နိဒ္ဒေသတို့၌ ကိလေသာတို့၏ ချုပ်ငြိမ်းခြင်းဟူသော သဥပါဒိသေသ နိဗ္ဗာန်ကို ပဓာနပြု၍ ဟောတော်မူသည်၊ ဤနိဒါနဝဂ္ဂသံယုတ် သုတ်ပေါင်း ၁၀-တို့၌ကား အကျိုးဖြစ်သော ခန္ဓာတို့၏ ချုပ်ငြိမ်းခြင်းဟူသော အနုပါဒိသေသ နိဗ္ဗာန်ကို ပဓာနပြု၍ ဟောတော်မူသည်။

ထို ၂-ပါးတို့တွင် နိရောဓသစ္စာ၏ နိဒ္ဒေသတို့၌လာသော ကိလေသာတို့၏ ချုပ်ငြိမ်းမှုသည်သာ ပဓာနဖြစ်သည်၊ ခန္ဓာတို့၏ ချုက်ငြိမ်းမှုသည်ကား ကိလေသာတို့၏ ချုပ်ငြိမ်းမှုမှာ တစ်ချက်တည်း တစ်လုံးတည်း ပါလေတော့သည်။

ထို့ကြောင့် အဘိဓမ္မာ ပါဠိတော်တို့၌ ကိလေသာတို့ကိုသာ မဂ်ဖြင့် ပယ်ခြင်းငှါ ထိုက်သော “ပဟာတဗ္ဗဓမ္မ” တို့ ဟူ၍ ဟောတော်မူသည်၊ အကျိုးခန္ဓာတို့ကိုမူကား မဂ်ဖြင့်ပယ်ခြင်းငှါ မထိုက်သော “အပဟာတဗ္ဗ ဓမ္မ“တို့ဟူ၍ ဟောတော်မူသည်။

ထိုကြောင့် စတုသစ္စဒေသနာတို့၌ နိရောဓအရိယသစ္စာ၏ နိဒ္ဒေသတွင် ပဓာနပြု၍ ဟောတော်မူသော ကိလေသာတို့၏ ချုပ်ငြိမ်းမှု ဟူသော ကိလေသနိဗ္ဗာန်ဟုဆိုအပ်သော သဥပါဒိသေသနိဗ္ဗာန်ကို နိရောဓ အရိယသစ္စာထိုက်သော အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်ကြီး မဟုတ်ဟု မဆိုထိုက်။

သောတာပတ္တိမဂ်ခဏ၌ ချုပ်ငြိမ်းကြကုန်သော ကိလေသာတို့သည် လည်း ဘယ်အခါမှာ မြုံ၍လာလိမ့်ဦးမည်။ တစ်ဖန် ဖြစ်ပေါ်လာ လိမ့်ဦးမည်ဟု မရှိပြီ၊ အပြီးအဆုံး ချုပ်းငြိမ်းကြလေကုန်၏၊ အနုပါဒိ သေသနိဗ္ဗာန်နှင့် တစ်ဆက်တည်း တစ်ပြင်တည်း တပေါင်းတည်း တစ်ခုတည်း ဆက်လေတော့သည်၊ ချုပ်ငြိမ်းမှုအတိုင်း အနမတဂ္ဂ သံသရာနှင့်အမျှ အမြဲတည်လေတော့သည်၊ ဘယ်အခါမှ ချုပ်ငြိမ်းမှု မြုံပြန်၍ သက္ကာယဒိဋ္ဌိ ဖြစ်ပေါ်လာပြန်သည်၊ ဝိစိကိစ္ဆာဖြစ်ပေါ် လာပြန် သည်ဟု မရှိပြီ၊ ထို့အတူ သောတာပတ္တိမဂ်ခဏ၌ ချုပ်ငြိမ်းကြလေ ကုန်သော အပါယဒုက္ခ ဝဋ်ဒုက္ခသည်လည်း နောင်တစ်ဖန် ချုပ်ငြိမ်းမှု ပျက်ပြန်၍ ပေါ်လာပြန်သည်ဟု မရှိကုန်ပြီ။

ဤသို့သော ချုပ်ငြိမ်းခြင်းအခွင့်ကို ရခြင်းငှါ ရောက်ခြင်းငှာ ဘဝများစွာ ကမ္ဘာများစွာ ပါရမီတရားတို့ကို ဖြည့်ကျင့်၍လာရသည်၊ တစ်ဘဝနှင့်လည်း မရနိုင်သေး၊ မရောက်မပေါက်နိုင်သေး၊ ၂-ဘဝနှင့် လည်း မရနိုင်, မရောက် နိုင်သေး၊ ဘဝများစွာကြာလှ၍ သောတာပတ္တိ မဂ်ကိုရမှ ရနိုင်လေသည်၊ သောတာပတ္တိမဂ်သို့ရောက်မှ ရောက်နိုင် လေသည်။ ထို့ကြောင့် သောတာပန်အဖြစ်သို့ ရောက်သောအခါ အချို့သောကိလေသာတို့၏ အပြီးချုပ်ငြိမ်းမှုဟူသော သဥပါဒိသေသ အမည်ရသော အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်ကြီးသို့ တစ်စိတ် တစ်ဒေသ အားဖြင့် ဧကန္တ ရောက်သည်သာ ဖြစ်သတည်း။

တစ်ကိုယ်လုံးမှာ မီးလောင်၍ အလွန်အေးမြသော ရေရှိသော မြစ်ကြီးတွင်း, အိုင်ကြီးတွင်းသို့ ဆင်းသောသူသည် ကမ်းနားအစ လက်တစ်သစ်ခန့်ရှိ ရေသို့ရောက်သည်မှစ၍ ကိုယ်လုံးမြုပ်အောင် ဆင်းလေ, ငုပ်လေ၍ မီးပူ အကုန်လုံး ငြိမ်းလေရာ၌ ကိုယ်မှာ လက်တစ် သစ်ခန့်ကစ၍ မီးပူငြိမ်းလေ၏၊ တစ်ကိုယ်လုံးငြိမ်းသည်နှင့် တစ်ဆက် တည်း ဆက်မိ၍ အငြိမ်းတစ်ခုတည်း ဖြစ်လေသကဲ့သို့ မှတ်လေ။

(ဤကား-သဥပါဒိသေသ နိဗ္ဗာန်သည်လည်း အသင်္ခတဓာတ် ပရမတ်အစစ် အမှန်ဖြစ်၏၊ ထိုနိဗ္ဗာန်သို့လည်း သောတာပန်အဖြစ်မှ စ၍ရ၏၊ ရောက်၏ဟုဆိုလိုက်သော ငါတို့၏ အယူပေတည်း၊ နှစ်ခြိုက် ရာယူလေ။)

ခန္ဓာချုပ်ငြိမ်းမှုမှာ အပဓာနဖြစ်ပုံပြီး၏။

---

ဒွေ မာ ဘိက္ခဝေ စသောပါဠိတော်သုတ်၌ စီစစ်ပုံ

ပရိနိဗ္ဗုတ ပုဂ္ဂိုလ်အပြား။ ။ဤအရာ၌ ပရိနိဗ္ဗာန်စံပြီး, ငြိမ်းပြီး-ဟုဆိုအပ်သော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်အပြားကို ပြဆိုဦးအံ့

၁။ ကိလေသာတို့၏ အကုန်ချုပ်ငြိမ်းခြင်း-ဟူသော သ ဥပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံပြီးသော ပရိနိဗ္ဗုတ ၁-ပါး။

၂။ ခန္ဓာတို့၏ အကုန်ချုပ်ငြိမ်းခြင်း- ဟူသော အနုပါဒိ သေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံပြီးသော ပရနိဗ္ဗုတ ၁-ပါး၊ ဤသို့ အားဖြင့် ၂-ပါးရှိ၏။

ထို ၂-ပါးတို့တွင် အရဟတ္တမဂ်ကိုရ၍ သဥပါဒိသေသ နိဗ္ဗာန ဓာတ်ဖြင့် ကိလေသပရိနိဗ္ဗာန်စံပြီးသော ရဟန္တာပုဂ္ဂိုလ်ကိုလည်း ကျမ်းဂန် တို့၌ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်-ဟူ၍ လာ၏၊ အရိယာပုဂ္ဂိုလ်အဖြစ်သို့ ရောက် လျှင်ပင် နိဗ္ဗာန်ကိုရသည်၊ နိဗ္ဗာန်သို့ရောက်ပြီ၊ ရဟန္တာအဖြစ်သို့ ရောက်လျှင်ပင် နိဗ္ဗာန်၌ တည်နေပြီ။

(ဤကား-အရိယာပုဂ္ဂိုလ်အဖြစ်သို့ရောက်လျှင်ပင် နိဗ္ဗာန်ကိုရ သောသူ၊ နိဗ္ဗာန်သို့ရောက်သောသူ ဆိုရကြောင်းကို ယုတ္တိဥပမာတို့ဖြင့် ပြဆိုချက်တည်း။)

ကျမ်းဂန်တို့၌ဆိုရိုး။။ ကျမ်းဂန်တို့၌ပင် ဆိုရိုးဆိုစဉ် ထင်ရှားစွာ လာရှိသည်ကို အမြွက်ပြဆိုဦးအံ့

အနုကမ္ပကဿ၊ ဩဝါဒမှိ အဟံ ဌိတာ။
အဇ္ဈဂါ အမတံ သန္တိံ၊ နိဗ္ဗာနံ ပဒမစ္စုတံ။။

(ဝိမာနဝတ္ထု ပါဠိတော်။)

အဇ္ဈဂါ=အဓိဂစ္ဆိံ။။ ၎င်းအဋ္ဌကထာ။

အဟံ=ငါသည်၊ အနုကမ္ပကဿ=လူ ၃-ပါးကို သနားတော်မူပေ သော၊ ကုသလဿ=အရာခပ်သိမ်း၌ အတုမရှိ လိမ္မာတော်မူသော မြတ်စွာဘုရား၏၊ ဩဝါဒမှိ=ဩဝါဒ၌၊ ဌိတာ-ပတိဋ္ဌိတာ=တည်ရ သည်ဖြစ်၍၊ အစ္စုတံ=ရွေ့ခြင်း မရှိသော၊ အမတံ=သေခြင်းကင်းသော၊ သန္တိံ=ငြိမ်းသော၊ ပဒံ=ရောက်အပ်သော၊ နိဗ္ဗာနံ=နိဗ္ဗာန်ကို၊ အဇ္ဈဂါ=ရပြီ, ရောက်ပြီ။။ (ဤကား အနက်။)

(ဤကား- သောတာပန် နတ်သမီး၏ မိမိကိုယ်ကို နိဗ္ဗာန်သို့ ရောက် ကြောင်း, နိဗ္ဗာန်ကိုရကြောင်းကို အရှင်မောဂ္ဂလ္လာန်အား လျှောက်ထား သောဂါထာပေတည်း။)

အဘယ်နိဗ္ဗာန်ကို ရသနည်း-ဟူငြားအံ့၊ မိမိသန္တာန်၌ ရှိ၍နေသော သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏ မိမိသန္တာန်၌ ချုပ်ငြိမ်းခြင်းကို ကိုယ်တွေ့၊ ဉာဏ်တွေ့ အတွေ့ ၂-မျိုး ထင်ရှားရှိပေသောကြောင့် သဥပါဒိသေသ နိဗ္ဗာန်-ဟုဆိုအပ်သော ကိလေသနိဗ္ဗာန်ကိုလည်း ရ၏၊ ရောက်၏၊ အပါယ်ခန္ဓာတို့၏ ချုပ်ငြိမ်းမှု, ၇-ဘဝမှအထက် အနမတဂ္ဂ ဘဝခန္ဓာတို့၏ ချုပ်ငြိမ်းမှု၊ ဤခန္ဓာတို့၏ ချုပ်ငြိမ်းမှုသည် ကိလေသာချုပ်ငြိမ်းမှုနှင့် ၂- ထွေမပြား တစ်ပါးတည်း တစ်ခုတည်းပင် ဖြစ်လေရကား ထိုခန္ဓာတို့၏ ချုပ်ငြိမ်းမှုအတွက်နှင့် ခန္ဓနိဗ္ဗာန်ကိုလည်း ရ၏၊ ရောက်၏။

(ဤကား-သောတာပန်အဖြစ်သို့ရောက်လျှင်ပင် နိဗ္ဗာန်ရ၊ နိဗ္ဗာန် ရောက် ဆိုရသော သာဓကပါဠိတည်း။)

သကဒါဂါမ်, အနာဂါမ်တို့၌ ဆိုဖွယ်မရှိ၊ ရဟန္တာအဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်ကိုမှုကား အရဟတ္တမဂ်ခဏ၌ ပရိနိဗ္ဗာန်စံဆဲ ပုဂ္ဂိုလ်ဟူ၍ ဆိုရိုးဆိုစဉ်လာ၏၊ အရဟတ္တဖိုလ်သို့ ရောက်သောအခါ၌ ပရိနိဗ္ဗာန် စံပြီး- ပရိနိဗ္ဗုတပုဂ္ဂိုလ် ဟူ၍ ဆိုရိုး ဆိုစဉ်လာ၏။

သန္တိ ခေါ ဒေဝါနမိန္ဒ စက္ခုဝညေယျာ ရူပါ ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသဥှိတာ ရဇနနိယာ၊ တေဉ္စ ဘိက္ခု န အဘိနန္ဒတိ၊ န အဘိဝဒတိ၊ န အဇ္ဈောသာယ တိဋ္ဌတိ၊ တဿ တံ န အဘိနန္ဒတော န အဘိဝဒတော န အဇ္ဈောသာယ တိဋ္ဌတော နတံ နိဿိတံ ဝိညာဏံ ဟောတိ၊ တဒုပါဒါနံ အနုပါဒါနော ဒေဝါနမိန္ဒ ဘိက္ခု ပရိနိဗ္ဗာယတိ။

ဣဋ္ဌဖြစ်သော အဆင်း- ဟူသော ရူပါရုံကို သာယာခြင်း, စွဲလမ်း ခြင်း ရှိသောသူသည် ပရိနိဗ္ဗာန်မစံ၊ ဣဋ္ဌ ဖြစ်သော အဆင်း- ဟူသော ရူပါရုံကို သာယာခြင်း, စွဲလမ်းခြင်း ပြတ်ကင်းသောသူသည် ဤ မျက် မှောက်ဘဝ၌ပင် ပရိနိဗ္ဗာန်စံ၏၊ ရူပါရုံ၌ အပြန်အလှန် ၂-ဝါရ၊ သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ- တို့၌လည်း ၂-ဝါရစီ၊ ပေါင်း ၁၂- ဝါရ။

ဤလောက၌ အချို့သော ဆရာတို့သည် မျက်မှောက်၌ပင် ငြိမ်းကြကုန်၏၊ အချို့သောဆရာတို့သည် မငြိမ်းကြကုန်၊ အကြောင်း အဘယ်သို့နည်း-ဟု သိကြားမင်း လျှောက်ထားချက်, ပဉ္စသီခနတ်သား လျှောက်ထားချက်အရ ဟောတော်မူသော သဠာယတန သံယုတ်ပါဠိ တော်၊ (အင်္ဂုတ္တိုရ် ပါဠိတော်၌ကား- အရှင်အာနန္ဒာ ဟောသောအရာ လာ၏၊) ဤပါဠိတော်မှာ အရဟတ္တမဂ်သို့ရောက်သော် ဥပဒါန် ပြတ် ကင်းသော ပုဂ္ဂိုလ်ကို ပရိနိဗ္ဗာယတိ- ဆိုသည်။ (ပရိနိဗ္ဗာယတိ၊ ကိလေသာ မီးငြိမ်း၏၊ ဝါ၊ ကိလေသာ ပရိနိဗ္ဗာန်စံ၏၊) (ဤကား အနက်။) (ဤကား- အရဟတ္တမဂ္ဂဋ္ဌာန်ကို ပရိနိဗ္ဗာန်စံ ပုဂ္ဂိုလ်ဆိုရသော သာဓကပါဠိတော်တည်း။)

နိဗ္ဗာန်၌ တည်နေသော ပုဂ္ဂိုလ်။။ ရဟန္တာပုဂ္ဂိုလ်ကိုကား နိဗ္ဗာန်၌ တည်နေသောပုဂ္ဂိုလ်-ဟူ၍လည်းကောင်း, ကိလေသာနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်စံပြီးသော ပရိနိဗ္ဗုတပုဂ္ဂိုလ်-ဟူ၍လည်းကောင်း၊ များစွာလာရှိ၏၊ ကထဉ္စ ပုဂ္ဂလော ဥမ္မုဇ္ဇိတွာ တိဏ္ဏော ဟောတိ ပါရင်္ဂတောထလေ, တိဋ္ဌတိ ဗြာဟ္မဏော။

သောအသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌောဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ဧဝံပုဂ္ဂလော ဥမ္မုဇ္ဇိတွာ တိဏ္ဏော ဟောတိ ပါရင်္ဂတော၊ ထလေ တိဋ္ဌတိ ဗြာဟ္မဏော။

ကထဉ္စ=အဘယ်သို့လျှင်၊ ပုဂ္ဂလော=ပုဂ္ဂိုလ်သည်၊ ဥမ္မုဇ္ဇိတွာ= ဝဋ်မှပေါ်၍၊ တိဏ္ဏော=ကူးမြောက်ပြီးမည်သည်၊ ပါရင်္ဂတော=နိဗ္ဗာန်တည်း ဟူသော ကမ်းတစ်ဖက်သို့ ပေါက်ရောက်ပြီး မည်သည်၊ ထလေ=နိဗ္ဗာန် တည်းဟူသော ကြည်းသောင်ထက်၌၊ တိဋ္ဌတိ=တည်နေသော၊ ဗြာဟ္မဏော=သူမြတ်မည်သည်၊ ဟောတိ=ဖြစ်သနည်း။

သော=ထိုပုဂ္ဂိုလ်သည်၊ အာသဝါနံ=အာသဝေါတရားတို့၏၊ ခယာ=ကုန်ခြင်းကြောင့်၊ အနာသဝံ=အာသဝေါကင်းရှင်းသော၊ စေတော ဝိမုတ္တိံ=စိတ်၏ ကျွတ်လွတ်ခြင်းကိုလည်းကောင်း၊ ပညာဝိမုတ္တိံ=ပညာဖြင့် ကျွတ်လွတ်ခြင်းကိုလည်းကောင်း၊ ဒိဋ္ဌေဝဓမ္မေ=မျက်မှောက်သော ဘဝ၌သာလျှင်၊ သယံ=ကိုယ်တိုင်၊ အဘိညာ=သိ၍၊ သစ္ဆိကတွာ=မျက် မှောက်ပြု၍၊ ဥပသမ္ပဇ္ဇ=ဆိုက်ရောက်၍၊ ဝိဟရတိ=နေ၏၊ ဧဝံ=ဤသို့၊ ပုဂ္ဂလော=ပုဂ္ဂိုလ်သည်၊ ဥမ္မုဇ္ဇိတွာ=ဝဋ်မှပေါ်၍၊ တိဏ္ဏော=ကူးမြောက်ပြီး မည်သည်၊ ပါရင်္ဂတော=နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ပေါက် ရောက်ပြီးမည်သည်၊ ထလေ=နိဗ္ဗာန်တည်းဟူသော ကြည်းသောင်ထက် ၌၊ တိဋ္ဌတိ=တည်နေသော၊ ဗြာဟ္မဏော=သူမြတ် မည်သည်၊ ဟောတိ= ဖြစ်၏။

ထလေ တိဋ္ဌတိ ဗြာဟ္မဏောတိ ဗြာဟ္မဏော ထလေ တိဋ္ဌတိ၊ ဒီပေ တိဋ္ဌတိ၊ တာဏေ တိဋ္ဌတိ၊ လေဏေ တိဋ္ဌတိ၊ ပရာယနေ တိဋ္ဌတိ၊ သရဏေ တိဋ္ဌတိ နိဗ္ဗာနေ တိဋ္ဌတိ။ (မဟာနိဒ္ဒေသပါဠိတော်။)

ဤသို့လာသော အင်္ဂုတ္တိုရ် ပါဠိတော်, ပုဂ္ဂလပညတ် ပါဠိတော်, မဟာ နိဒ္ဒေသပါဠိတော်များကို ထောက်၍ အရဟတ္တဖိုလ်သို့ ရောက်ပြီး သော ရဟန္တာပုဂ္ဂိုလ်ကို နိဗ္ဗာန်-ဟူသော တစ်ဖက်ကမ်းသို့ ရောက်ပြီးသော ပုဂ္ဂိုလ်, သဥပါဒိသေသနိဗ္ဗာန်စံနေသော ပုဂ္ဂိုလ်-ဟူ၍ ကျမ်းဂန် ဆိုရိုးအစဉ်ရှိကြောင်းကို သိအပ်သည်။

ရဟန္တာပရိနိဗ္ဗုတပုဂ္ဂိုလ်။။ ထိုရဟန္တာပုဂ္ဂိုလ်ကိုပင်လျှင် သဥပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ကိလေသ ပရိနိဗ္ဗာန်စံပြီး ဖြစ်သည်ကို အစွဲပြု၍ “ပရိနိဗ္ဗုတပုဂ္ဂိုလ်” ခေါ်ဆိုသော အရိုးအစဉ်သည်ကားကျမ်းဂန်တို့၌ အလွန် များစွာလာ၏။

ဒဗ္ဗော သော ပရိနိဗ္ဗုတော ဌိတတ္တော။

ဒဗ္ဗော=ဒဗ္ဗ အမည်ရှိသော၊ ဝါ၊ ပညာနှင့် ပြည့်စုံသော၊ သော အဟံ=ထိုငါသည်၊ ပရိနိဗ္ဗုတော=ကိလေသာ မီးငြိမ်းပေပြီ၊ ဝါ= ပရိနိဗ္ဗာန် စံရပြီးပေပြီ၊ ဌိတတ္တော=မရွေ့မယိုင် ခိုင်ခံ့တည်တံ့သော သဘောသို့ ရောက်ပေပြီ၊(ဒဗ္ဗ မထေရ် မိမိကိုယ်ကို မိမိဆိုသော ပါဠိ, အနက်။) ဤ ဒဗ္ဗထေရ ဂါထာရဟန္တာပုဂ္ဂိုလ်ကို ပရိနိဗ္ဗုတပုဂ္ဂိုလ်ဆိုသည်။ ဒန္တော သော ပရိနိဗ္ဗုတော ဌိတတ္တော။

(ဘလ္လိယထေရ ဂါထာ ပါဠိတော်။)

ဝီရော သော ပရိနိဗ္ဗုတော ဌိတတ္တော။

(ဝီရထေရ ဂါထာ ပါဠိတော်။)

သီတိ ဘူတောသ္မိ နိဗ္ဗုတော။

(ရက္ခိတထေရဂါထာပါဠိတော်။)

သေသကေနမှိ နိဗ္ဗုတော။

(ခဏ္ဍသုမနထေရဂါထာ ပါဠိတော်။)

ဤသို့ အစရှိသဖြင့် ရဟန္တာအဖြစ်သို့ ရောက်ပြီးသောပုဂ္ဂိုလ်ကို သဥပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ကိလေသပရိနိဗ္ဗာန်စံပြီးဖြစ်ပေသည်နှင့် ပရိနိဗ္ဗုတ ပုဂ္ဂိုလ်ခေါ်ဆိုသော အရိုးအစဉ်သည် ကျမ်းဂန်တွင်းအထင် အရှား အများ အပြားလာရှိပါ၏၊ ထိုမှတစ်ပါးလည်း နဝနိပါတ်အင်္ဂုတ္တိုရ် ပါဠိတော်

ခေမပ္ပတ္တော ခေမပ္ပတ္တောတိ အာဝုသော ဝုစ္စတိ၊ ကိတ္တာဝတာ နုခေါ အာဝုသော ခေမပ္ပတ္တော ဝုတ္တော ဘဂ ဝတာတိ။

ဣဓာဝုသော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇဝိဟရတိ၊ ဧတ္တာဝတာပိ ခေါ အာဝုသော ခေမပ္ပတ္တော ဝုတ္တော ဘဂဝတော ပရိယာယေနာတိ။

အစရှိသည်ဖြင့် ပထမစျာန်ကိုရသော ပုဂ္ဂိုလ်မှစ၍ နိရောဓ သမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်, ရဟန္တာအဖြစ်သို့ ရောက်သော ပုဂ္ဂိုလ် တိုင်အောင် ဝါရ ပေါင်း ၉-ဝါရ၊ ခေမပ္ပတ္တပုဂ္ဂိုလ်ပေါင်း တစ်ကျိပ်လာ၏၊ (ခေမပ္ပတ္တော၊ ဘေးကင်းရာနိဗ္ဗာန်သို့ ရောက်ပေါက်ပြီးသော ပုဂ္ဂိုလ်ဆို လိုသည်။)

ထိုခေမပ္ပတ္တပုဂ္ဂိုလ် တစ်ကျိပ်တွင် ရှေ့ ၇- ယောက်ကား ဝိက္ခမ္ဘန နိဗ္ဗာန်သို့ ရောက်သည်၊ ထို့ကြောင့် 'ပရိယာယေန' ဟု ဟောတော်မူသည်၊ နောက် ၂-ယောက်ကား အနာဂါမ်ပုဂ္ဂိုလ်, ရဟန္တာပုဂ္ဂိုလ်ပေတည်း၊ နိရောဓသမာပတ်နှင့် သဥပါဒိသေသ နိဗ္ဗာန်သို့ ရောက်သည်ကို “ခေမပ္ပတ္တ” ဆိုပေသည်၊ ထို့ကြောင့် နောက်ဝါရ၌ “နိပ္ပရိယာယေန” ဟု ဟောတော်မူသည်။

ထို့အတူ “အမတပ္ပတ္တော အမတပ္ပတ္တောတိ အာဝုသော ဝုစ္စတိ” ချီ၍ ဝါရပေါင်း ၉၊ အမတပ္ပတ္တပုဂ္ဂိုလ်ပေါင်း တစ်ကျိပ်လာ၏၊။ (အမတပ္ပတ္တော၊ အမြိုက်နိဗ္ဗာန်သို့ ရောက်သောပုဂ္ဂိုလ် ဆိုလိုသည်။)

ထို့နောက် “အဘယပ္ပတ္တော အဘယပ္ပတ္တောတိ အာဝုသော ဝုစ္စတိ” ချီ၍ဝါရပေါင်း-၉၊ အဘယပ္ပတ္တပုဂ္ဂိုလ်ပေါင်း တစ်ကျိပ်လာ၏။

(အဘယပ္ပတ္တော=ဘေးကင်းရာနိဗ္ဗာန်သို့ရောက်သော ပုဂ္ဂိုလ် ဆိုလိုသည်။)

ဤသို့လျှင် ပါဠိတော်၌ နိဗ္ဗာန်ရောက် ပုဂ္ဂိုလ်ပေါင်း ၃-ကျိပ်လာ၏၊ ထို ၃-ကျိပ်တွင်လည်း ၂-ကျိပ် ၄-ယောက်မှာ ဝိက္ခမ္ဘနနိဗ္ဗာန်သို့ ရောက်သည်ကို ဆိုသည်၊ ၆-ယောက်မှာ နိရောဓသမာပတ်တည်း ဟူသော မုချနိဗ္ဗာန်, သဥပါဒိသေသနိဗ္ဗာနဓာတ်တည်းဟူသော မုချ နိဗ္ဗာန်သို့ ရောက်သည်ကို ဆိုသည်။

ဝိက္ခမ္ဘနနိဗ္ဗာန်သို့ ရောက်သည်ကိုပင် နိဗ္ဗာန်ရောက် ပုဂ္ဂိုလ်ဟု ဆိုရိုး ဆိုစဉ်ရှိပေတပြီးကား သမုစ္ဆေနိဗ္ဗာန်သို့ရောက်သော သောတာပန် ပုဂ္ဂိုလ်, သကဒါဂါမ်ပုဂ္ဂိုလ်တို့ကို နိဗ္ဗာန်ရောက်ပုဂ္ဂိုလ်ဟု မဆိုသင့်ဘဲ ရှိပါချေအံ့နည်း။

[ဤသည်ကား သဥပါဒိသေသ နိဗ္ဗာန်သည်လည်း အသင်္ခတ ဓာတ်ပရမတ် အစစ်အမှန်ဖြစ်၏ ဟူ၍လည်းကောင်း၊ ထို သဥပါဒိ သေသနိဗ္ဗာန်သို့ရောက်သော, ရသောအရိယာပုဂ္ဂိုလ်စုကိုလည်း နိဗ္ဗာန်ရ ပုဂ္ဂိုလ်, နိဗ္ဗာန်ရောက်ပုဂ္ဂိုလ်ဟူ၍ လည်းကောင်း၊ ဆိသင့်ဆိုထိုက်ကြောင်း ကျမ်းဂန်ဆိုရိုးအများအပြား ထင်ရှားရှိ ကြောင်းကို ပြဆိုလိုက်သော ငါတို့အယူပေတည်း။။ နှစ်ခြိုက်ရာ ယူကြလေ။]

ဤတွင်ရွေ့ကား“ဒွေမာ” စသော ပါဠိတော်အရ စိစစ်ပုံ ပြီး၏။

---

ဥဒါန်းပါဠိတော်အရ နာနာဝါဒ ပြဆိုပုံ

ယခုအခါ ဥဒါန်းပါဠိတော်တို့ကို ထုတ်ပြပေအံ့။

(က) အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ အကတံ အသင်္ခတံ။

(ခ) နော စေတံ ဘိက္ခဝေ အဘဝိဿ အဇာတံ အဘူတံ အကတံ အသင်္ခတံ၊ န ယိစ ဇာတဿ ဘူတဿ ကတဿ သင်္ခတဿ နိဿရဏံ ပညာယေထ။

(ဂ) ယသ္မာ စ ခေါ ဘိက္ခဝေ အတ္ထိ အဇာတံ အဘူတံ အကတံ အသင်္ခတံ၊ တသ္မာ ဇာတဿ ဘူတဿ သင်္ခတဿ နိဿရဏံ ပညာယတီတိ။

(က) ဘိက္ခဝေ=ရဟန်းတို့၊ အဇာတံ=မဖြစ်ခြင်းသည်လည်း၊ ဝါ=ဇာတိ၏ ချုပ်ငြိမ်းခြင်းသည်လည်း၊ အတ္ထိ=ရှိ၏၊ အကတံ=မပြု ရခြင်းသည်လည်း၊ ဝါ=ပြုမှုလုပ်မှု၏ ကင်းငြိမ်း ခြင်းသည်လည်း၊ အတ္ထိ=ရှိ၏၊ အသင်္ခတံ=အဖန်ဖန် မပြု ရခြင်းသည်လည်း၊ ဝါ=အဖန်ဖန်ပြုပြင်မှုဟူသော သင်္ခါရ ဒုက္ခမှ ကင်းခြင်းသည်လည်း၊ အတ္ထိ=ရှိ၏။

(ခ) ဘိက္ခဝေ=ရဟန်းတို့၊ ဧတံ အဇာတံ=ဤမဖြစ်ခြင်းသည်၊ ဧတံ အဘူတံ=ဤမဖြစ်ပေါ်ခြင်းသည်၊ ဧတံ အကတံ= ဤမပြုရခြင်းသည်၊ ဧတံ အသင်္ခတံ=ဤအဖန်ဖန် မပြုပြင်ရခြင်းသည်၊ နောစေအဘဝိဿ=အကယ်၍ မရှိ ငြားအံ့၊ ဧဝံ=ဤသို့မရှိခဲ့သည်ရှိသော်၊ ဣဓ=ဤလောက၌၊ ဇာတဿ=ဖြစ်မှု၏၊ ဘူတဿ=ပွားမှု၏၊ ကတဿ=ပြုမှု၏၊ သင်္ခတဿ=ပြုပြင်မှု၏၊ နိဿရဏံ=ကျွတ်လွတ်ခြင်း မည်သည်၊ နပညာယေထ=မထင်လေရာ။

(ဂ) ဘိက္ခဝေ=ရဟန်းတို့၊ ယသ္မာစခေါ=အကြင်ကြောင့်လျှင်၊ အဇာတံ=မဖြစ်ခြင်းသည်၊ အတ္ထိ=ရှိ၏၊ အဘူတံ=မဖြစ် ပေါ်ခြင်းသည်၊ အတ္ထိ=ရှိ၏၊ အကတံ=မပြုရခြင်းသည်၊ အတ္ထိ=ရှိ၏၊ အသင်္ခတံ=အဖန်ဖန် မပြုပြင်ရခြင်းသည်၊ အတ္ထိ=ရှိ၏၊ တသ္မာ=ထို့ကြောင့်၊ ဇာတဿ=ဖြစ်ခြင်း၏၊ ဘူတဿ=ဖြစ်ပေါ်ခြင်း၏၊ ကတဿ=ပြုရခြင်း၏၊ သင်္ခတဿ=အဖန်ဖန်ပြုပြင်ရခြင်း၏၊ နိဿရဏံ= ကျွတ် လွတ်ခြင်းသည်၊ ပညာယတိ=ထင်၏၊ (ဤကားအနက်။)

ငါတို့အယူ။။ ဤပါဠိတော်၌ ငါတို့၏အယူကို ရှေးဦးစွာ ပြဆိုအံ့- “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စ ယာ ဝိညာဏံ” အစရှိသော အနုလောမ ပဋိစ္စသမုပါဒ်ဒေသနာတော်နှင့်အညီ အဝိဇ္ဇာဟူသော အကြောင်းတရားထင် ရှားရှိခဲ့သည်ရှိသော် သင်္ခါရတို့သည် ဧကန္တဖြစ် ကုန်၏၊ သင်္ခါရတို့သည် ထင်ရှား ရှိခဲ့သည်ရှိသော် ဝိညာဉ်သည် ဧကန္တ ဖြစ်၏၊ ဝိညာဉ်သည် ထင်ရှားရှိခဲ့သည်ရှိသော် နာမ်, ရုပ်သည် ဧကန္တ ဖြစ်၏၊ ဤသို့ အစရှိသည်ဖြင့် အလုံးစုံသောတေ ဘုမ္မက ဝဋ်တရား တို့သည် မိမိတို့ကို ဖြစ်ပေါ်အောင် ကျေးဇူးပြုနိုင်သော အကြောင်းတရား ထင်ရှားရှိနေသမျှ ကာလပတ်လုံး အနမတဂ္ဂ ဘဝသံသရာ၌ ဖြစ်ပေါ်၍ သာ နေကုန်၏။

(ဤကား ဇာတ, ဘူတ, ကတ, သင်္ခတ လမ်းပေတည်း။)

အသင်္ခတလမ်း။။ “အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓာ၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော” အစရှိသော ပဋိလောမ ပဋိစ္စ သမုပါဒ်ဒေသနာတော်နှင့်အညီ အကြင်အခါ၌ ဝိဇ္ဇာဉာဏ်ကိုရအောင် အားထုတ်၍ ဝိဇ္ဇာဉာဏ်ကို ရ၏၊ ထိုအခါ၌ အဝိဇ္ဇာသည် အကြွင်းမရှိ ကုန်ဆုံးချုပ်ငြိမ်း၏၊ အဝိဇ္ဇာမရှိသည်ရှိသော် သင်္ခါရတို့သည် မဖြစ်ကုန်ပြီ၊ သင်္ခါရ မရှိသောကြောင့် ဝိညာဉ်မဖြစ်ပြီ၊ ဝိညာဉ် မရှိသောကြောင့် နာမ်, ရုပ် မဖြစ်ပြီ၊ ဤသို့ အစရှိသောဖြင့် အလုံးစုံသော တေဘုမ္မက ဝဋ်တရား တို့သည် မိမိတို့ကို ဖြစ်ပေါ်အောင် ကျေးဇူးပြုနိုင်သော အကြောင်းတရား အကြွင်းအကျန်မရှိ ချုပ်ပျောက်ကွယ်ဆုံးခဲ့သည်ရှိသော် မဖြစ်ကြကုန်ပြီ။ (ဤကား အဇာတ, အဘူတ, အကတ, အသင်္ခတ လမ်းပေတည်း။)

ဇာတ, အဇာတသဘော။။ ဤသို့လျှင် တေဘုမ္မက ဝဋ်တရားတို့အား မိမိကို ဖြစ်ပေါ်အောင် ထူထောင်၍ပေးနိုင်သော အကြောင်းတရားရှိနေခဲ့လျှင် ဧကန္တ ဖြစ်ပေါ်ခြင်းတည်းဟူသော ဇာတ သဘောလည်းရှိ၏၊ မိမိကို ဖြစ်ပေါ်အောင် ထူထောင်၍ ပေးနိုင်သော အကြောင်းတရား မရှိခဲ့လျှင် ဧကန္တမဖြစ်ဘဲ နေခြင်းဟူသော အဇာတ သဘောလည်းရှိ၏။

ဤသို့လျှင် တေဘုမ္မက ဝဋ်တရားတို့အား ဇာတ သဘော တစ်ခုသာရှိသည်မဟုတ်၊ အဇာတသဘောလည်း ဧကန်ရှိ၏ဟု ပြ တော်မူခြင်းငှာ

အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ အကတံ အသင်္ခတံ။ ဟူ၍ ဟောတော်မူသည်။

ဘိက္ခဝေ=ရဟန်းတို့၊ ဓမ္မာနံ=တေဘုမ္မက ဝဋ်တရားတို့အား၊ အဇာတံ=အဖြစ်ငြိမ်းခြင်း, ဇာတ်သိမ်းခြင်းမည်သည်၊ အတ္ထိ=ရှိသည်သာ လျှင်တည်း။။ (နောက်ပုဒ်တို့၌ ရှေးအတိုင်း အနက်ပေးလေ။) မဖြစ်ဟူသော အဇာတသဘောထားမရှိ၊ ဖြစ်ဟူသော ဇာတ သဘော တစ်ခုသည်သာ ရှိခဲ့ငြားအံ့၊ သတ္တဝါတို့၏ သန္တာန်၌ လောဘ သည် အမြဲဖြစ်၍သော နေရာ၏၊ မဖြစ်သောအခါ မဖြစ်သောအခိုက်ဟူ၍ မရှိရာ၊ ဒေါသသည် အမြဲဖြစ်၍သာ နေရာ၏၊ မဖြစ်သောအခါ မဖြစ် သောအခိုက်ဟူ၍ မရှိရာ၊ မောဟသည် အမြဲဖြစ်၍သာ နေရာ၏၊ မဖြစ်သောအခါ မဖြစ်သောခိုက်ဟူ၍ မရှိရာ။

အကယ်၍ မဖြစ်ဟူသော အဇာတသဘောမရှိ၊ ဖြစ်-ဟူသော ဇာတ သဘောတစ်ခုသာ ရှိငြားအံ့၊ အဝိဇာသည် အနမတဂ္ဂ သံသရာနှင့် အမျှ သတ္တဝါတို့သန္တာန်၌ တစ်ရံမစဲ အမြဲဖြစ်၍သာ နေလေရာ၏၊ မဖြစ်သောအခါ မဖြစ်သော အခိုက်ဟူ၍ မရှိလေရာ၊ အဝိဇာသည် တစ်ရံမစဲ အမြဲဖြစ်၍သာ နေခဲ့သော် ကုသိုလ်, အကုသိုလ် စေတနာ တည်းဟူသော သင်္ခါရတို့သည်လည်း သံသရာနှင့်အမျှ တစ်ရံမစဲ အမြဲ ဖြစ်၍သာ နေကုန်ရာ၏၊ သင်္ခါရဖြစ်၍ နေခဲ့လျှင်လည်း ဝိညာဉ်သည် သံသရာ အမြဲဖြစ်၍သာ နေလေရာ၏၊ ထိုသို့ ဖြစ်၍နေခဲ့သည်ရှိသော် တေဘုမ္မက ဝဋ်တရားတို့၏ ချုပ်ငြိမ်းခြင်း ကျွတ်လွတ်ခြင်းမည်သည် တစ်ရံတစ်ဆစ်မျှ မရှိလေရာ။

တစ်နည်း။။။ တေဘုမ္မက တရားတို့အား မဖြစ်ခြင်းဟူသော အဇာတ သဘောမရှိ၊ ဖြစ်ခြင်းဟူသော ဇာတသဘောတစ်ခုတည်းသာ ရှိငြားအံ့၊အကုသိုလ် ဒုစရိုက်တရားတို့သည် ခပ်သိမ်းသော သတ္တဝါတို့၏ သန္တာန်၌ တစ်ရံမစဲ အမြဲဖြစ်၍သာ နေကုန်ရာ၏၊ ဤသတ္တဝါတို့သည် အပါယ်၄-ပါး၌သာ အမြဲနေကြကုန်ရာ၏၊ အကုသိုလ်တရားတို့၏ ပြတ်စဲမှု, ဒုစရိုက်တရားတို့၏ ကင်းရှင်းမှု, အပါယ်ဒုက္ခမှ လွတ်ငြိမ်းမှုဟူ၍ တစ်ရံတစ်ဆယ်မျှ မရှိလေရာ။

နော စေတံ ဘိက္ခဝေ အဘဝိဿ အဇာတံ အဘူတံ အကတံ အသင်္ခတံ၊ နယိဓ ဇာတဿ ဘူတဿ တကဿ သင်္ခတဿ နိဿရဏံ ပညာယေထ။ ဟူ၍ ဟောတော်မူသည်။

တေဘူမ္မက ဝဋ်တရားတို့အားမူကား ဖြစ်ခြင်းဟူသော ဇာတ သဘော တစ်ခုသာရှိသည်မဟုတ်၊ မဖြစ်ခြင်းဟူသော အဇာတသဘော လည်း ဧကန်စင်စစ် ရှိသည်သာလျှင် ဖြစ်၏၊ သတ္တဝါ၏သန္တာန်၌ အဝိဇ္ဇာ ဉာဏ်ကို ရ၏၊ ထိုအခါ၌ အဝိဇ္ဇာသည် မဖြစ်ခြင်းဟူသော အဇာတ သဘောသို့ ရောက်လေ၏၊ ချုပ်ငြိမ်းလေ၏၊ သင်္ခါရအစရှိသော သံသရာဝဋ်တရားတို့သည် မဖြစ်ခြင်းဟူသော အဇာတသဘောသို့ ရောက်ကြလေကုန်၏၊ ချုပ်ငြိမ်းကြလေကုန်၏၊ ကျွတ်လွတ်ကြလေ ကုန်၏။

။ဤသို့ သောအနက်ကိုပြခြင်းငှါ

ယသ္မာစ ခေါ ဘိက္ခဝေ အတ္ထိ အဇာတံ အဘူတံ အကတံ အသင်္ခတံ၊ တသ္မာ ဇာတဿ ဘူတဿ ကတဿ အသင်္ခတဿ နိဿရဏံ ပညာယတိ။

အဇာတံ=အဖြစ်ငြိမ်းခြင်း, ဇာတ်သိမ်းခြင်း ဆိုသည်ကား ပရမတ္တ အင်္သခတ မဟာနိဗ္ဗာန်ကြီးပင်တည်း။ (အဘူတံ-ပုဒ်လည်း အဇာတံပုဒ်နှင့် အနက်တူ၏၊)။

အကတံ=တေဘုမ္မက ဝဋ်ဒုက္ခတို့ကို ပြုခြင်းမှ ကင်းငြိမ်းခြင်းသည်၊ အတ္ထိ=ရှိ၏၊ အသင်္ခတံ=တေဘုမ္မက ဝဋ်ဒုက္ခတို့ကို အဖန်ဖန် ပြုပြင်ရခြင်းဟူသော သင်္ခါရဒုက္ခမှ ကင်းလွတ်ခြင်းသည်၊ အတ္ထိ=ရှိ၏၊ (မဟာနိဗ္ဗာန်ကြီးဆိုသော စကားချည်းပင်။) (ဤကား အတ္ထိ ဘိက္ခဝေ အဇာတံ ဟူသော သုတ္တန်ပါဠိတော်၌ ငါတို့၏အကြိုက်ဖြစ်သော အနက်အဓိပ္ပါယ်ပေတည်း။)

ဆရာတို့အယူ။ ။ အလွန်သိမ်မွေ့သော ဇာတိဖြင့် နိဗ္ဗာန်၏ ဖြစ် ပေါ်ခြင်းကို အလိုရှိကြကုန်သော ဆရာတို့သည်ကား ထိုပါဠိတော်မှာ ထိုအနက် အဓိပ္ပါယ်မျိုးကို မယူကြကုန်၊ နိဗ္ဗာန်မှာ တေဘုမ္မက သင်္ခတ တရားတို့မှာကဲ့သို့ ရုန့်ရင့်ကြမ်းတမ်းသော ဇာတိ မရှိသည်ကို ရည်သန် တော်မူ၍ “အဇာတံ, အဘူတံ” ဟူ၍ ဟောတော်မူသည်ဟုယူကြကုန်၏။

၁။ ဝေဒနာတော ဝိယ ဟေတု ပစ္စယ သမဝါယသင်္ခါတာယ ကာရဏသာမဂ္ဗယာ န ဇယတံန နိဗ္ဗတ္တန္တိဇာတံ။

၂။ ကာရဏေန ဝိနာ သယမေဝ န ဘူတံ ပါတုဘူတံ န ဥပ္ပန္နန္တိ အဇာတံ။

ဟူသော အဋ္ဌကထာပါဌ်၌လည်း

၁။ အကြောင်းတရားတို့၏ ညီညွတ်မှုကြောင့်ဖြစ်သော တရား မဟုတ်၍ အဇာတ

၂။ အကြောင်းနှင့်ကင်း၍ မိမိအလိုအလျောက်ဖြစ်သော တရား မဟုတ်၍ အဘူတ

ဤ ၂-ရပ်တွင် အကြောင်းနှင့်ကင်း၍ဖြစ်သော တရားမဟုတ်ဟု ဖွင့်ဆိုသဖြင့် အကြောင်းနှင့် မကင်းမူ၍ ဖြစ်သော တရားသာတည်း ဟူသော အနက်ကိုယူကြကုန်၏။

ငါတို့အယူ။ ။ မြတ်စွာဘုရား အလိုတော်အားဖြင့် ဖြစ်ခြင်း ဟူသမျှသည် အကြောင်းနှင့် မကင်းရကား အကြောင်းတရားကြောင့် ဖြစ်သည်ဟူသော ဖြစ်တစ်မျိုး။

အဟေတုကဒိဋ္ဌိ, အဓိစ္စသမုပ္ပန္နိကဒိဋ္ဌိ တို့ အလိုအားဖြင့် ခပ်သိမ်း သော တရားတို့၏ ဖြစ်ခြင်းမှာ အကြောင်းဟူ၍ မရှိရကား အကြောင်း နှင့်ကင်း၍ ဖြစ်ခြင်းဟူသော ဖြစ်တစ်မျိုး၊ ဤသို့ လောက၌ ဖြစ် ၂- မျိုးရှိသည်။

ထို ၂-မျိုးတွင် နိဗ္ဗာန်မှာ အကြောင်းတရားတို့၏ ပေါင်းဆုံ ညီညွတ် ခြင်းကြောင့်ဖြစ်သော ဖြစ်မျိုးလည်း မရှိ၊ အကြောင်းတရားနှင့်ကင်း၍ အလို အလျောက်ဖြစ်သော ဖြစ်မျိုးလည်းမရှိ၊ ဤသို့ဖြစ် ဟူသမျှကို ပယ်ခြင်းငှာ “အဇာတံ, အဘူတံ” ဟုဟောတော်မူသည်။ (ဤကား ထုတ်ပြအပ်သော အဋ္ဌကထာပါဌ်စာ အဓိပ္ပါယ်တည်း။)

ဤအဋ္ဌကထာပါဌ်ဖြင့်ပင်လျှင် နိဗ္ဗာန်သည်ဖြစ်ဟူ၍ ဆိုဖွယ် အချင်းခပ်သိမ်းမှ ကင်းလွတ်၏၊ ရုန့်ရင်းသော ဖြစ်ခြင်းဟူ၍လည်း မရှိ၊ အလွန်သိမ်မွေ့သော ဖြစ်ခြင်းဟူ၍လည်း မရှိဟူသော အနက်ကို အဋ္ဌကထာ ဆရာပြဆိုတော်မူသည်။

(ဤကား ငါတို့အယူတည်း၊ နှစ်ခြိုက်ရာယူလေ။) ဥဒါန်းပါဠိတော်အတ္ထိ ဘိက္ခဝေ တဒါယတနံ” ချီသော သုတ်၌ “တဒါယတနန္တိ တံ ကာရဏံ” ဟု ဖွင့်၍ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့၏အာရုံ အကြောင်းဖြစ်သည်ကို “တဒါယတန” ဆိုသည်ဟု အဋ္ဌကထာဆရာ ပြပေ၏။

ဆရာတို့အယူ။။ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ အမြဲထာဝရတည် နေရာ လောကုတ္တရာ ဘုံဌာနအသီးကို “တဒါယတန” ဆိုသည် ဟု ယူကြကုန်၏၊ ဆရာတို့ယူသော အတိုင်းအာယတန-သဒ္ဒါသည် တည်ရာ ဌာန ဟူသောအနက် ဟောသည်ဟု ယူသော်လည်း သင့်မြတ်ပါ၏၊ တည်ရာဌာနဖြစ်ပုံ။။ အပတိဋ္ဌေ အနာလမ္ဗေ၊ ကော ဂမ္ဘီရေ နသီဒတိ။ (သံယုတ်ပါဠိတော် အမေးဂါထာ)။

အပတိဋ္ဌေ=ထောက်ရာ, တည်ရာလည်း မရှိထသော၊ အနာလမ္ဗေ= ဆွဲကိုင်တွယ်တာစရာလည်းမရှိထသော၊ ဂမ္ဘီရေ=ဘဝဂ်မှ အဝီစိကျအောင် နက်လှစွာသော သံသရာသမုဒ္ဒရာကြီး၌၊ ကော=အဘယ်သို့သော သူများသည်၊ နသီဒတိ=မနစ်လေသနည်း၊ အပတိဋ္ဌေ အနာလမွေ၊ သေက္ခော ဂမ္ဘီရေ နသီဒတိ။

သေက္ခပုဂ္ဂိုလ်များသည်သာ မနစ်လေသည်။ (အဖြေဂါထာ။)

တိဏ္ဏော ပါရင်္ဂတော၊ ထလေ တိဋ္ဌတိ ဗြာဟ္မဏော။ (ပါဠိတော်) ဤပါဠိတော်များကို ထောက်၍ တည်ရာဌာန ဖြစ်ပုံကို သိအပ်၏၊ ငါတို့အယူ။။ သက္ကာယဒိဋ္ဌိ၏ ချုပ်ငြိမ်းခြင်းသို့ မရောက်သေး သော သူသည် အထက်ကို ဘဝဂ်, အောက်ကို မဟာအဝီစိ၊ ဤမျှလောက် နက်နဲသော ချောက်ကြီး၌ အောက်သို့ မကျလေအောင် ထောက်တည်ရာ လည်းမရှိ၊ ဆွဲကိုင်တွယ်တာစရာလည်းမရှိ၊ စုတိမှ ပဋိသန္ဓေ အကူးတွင် ဝသဝတ္တီနတ်ပြည်မှ မဟာအဝီစိငရဲကြီးသို့ မျက်တောင် တစ်ခတ်အတွင်း ကျရောက်နိုင်လေ၏၊ ဘယ်နေရာ, ဘယ်ဌာနပေါ်မှာနေ၍ သေလျှင် အောက်မဟာအဝီစိသို့ ပဋိသန္ဓေ ကျရောက်၍မသွားနိုင်ဟု ထောက်ရာ, တည်ရာဌာနလည်းမရှိ။

ဘယ်ဟာကို ကိုင်ဆွဲဖက်၍ သေလျှင် အောက်မဟာအဝီစိသို့ ပဋိသန္ဓေကျရောက်၍ မသွားနိုင်ဟု ဆွဲကိုင်တွယ်တာစရာလည်း မရှိ။ တစ်ခုတစ်ခုသော ခန္ဓာပျက်ဆုံး၍ ပဋိသန္ဓေ လှမ်းကမ်းရာ အခွင့် မှာ ဘဝဂ်မှ မဟာအဝီစိတိုင်အောင် ကောင်းကင်ဟင်းလင်း ချောက်တွင်း နက်ကြီးအလား ထောက်ရာ, တည်ရာ, ကိုင်ဆွဲရာမရှိ။

ဤကဲ့သို့သော ပုထုဇဉ်အလားကို ကောင်းကောင်းကြီး မြင်၍ လွန်စွာ ကြောက်လန့်ခြင်း ဖြစ်ကြကုန်သော သူတို့မှာ အောက်သို့ ကျ၍ မသွားဘဲအမြဲ ထာဝရ စိတ်ချရသော ထောက်ရာ, တည်ရာ, ဌာန သည်ကား ဘဝဂတိအားဖြင့် တစ်စုံတစ်ခုမျှ မရှိ။

ဓမ္မဂတိအားဖြင့်ကား။။ ကိလေသာ၏ ချုပ်ငြိမ်းမှု တစ်ခုသာ ရှိ၏၊ မိမိတို့ သန္တာန်၌ အစဉ်ပါရှိနေသော ကိလေသာတို့၏ ချုပ်ငြိမ်းမှု ဟူသော အခွင့်ထူး, စခန်းထူးသို့ ဆိုက်ရောက်ကြကုန်မှသာ အောက်သို့ မကျဘဲ အမြဲထာဝရ စိတ်ချရသော အခွင့်ကို ရကြလေကုန်၏၊ ကိလေသာ တို့၏ ချုပ်ငြိမ်းခြင်း, ခန္ဓာတို့၏ ချုပ်ငြိမ်းခြင်းဟူသော အခွင့်ထူးမှ တစ်ပါးထိုကျမှ လွတ်ငြိမ်းရန်ထောက်ရာ, တည်ရာ, ကိုးကွယ်ရာဌာန ဟူ၍ တစ်စုံတစ်ခုမှ မရှိပြီ။

ကိလေသာတို့၏ ချုပ်ငြိမ်းမှု, ခန္ဓာတို့၏ ချုပ်ငြိမ်းမှုဟူသော သဘောတရား ၁-ပါးသည်သာ အောက်သို့ ကျခြင်းကို ပယ်ရှားပြတ်ကင်း စေနိုင်သော သဘော အမှန်ဖြစ်ပေ၏၊ ဤသို့သော ထောက်ရာ, တည်ရာ ဓမ္ပဂတိံ ထင်ရှားရှိသည်ကို “အတ္ထိ ဘိက္ခဝေ တဒါယတနံ” ဟူ၍ဟော တော်မူသည်။

(ဤကား ငါတို့အယူပေတည်း၊ နှစ်ခြိုက်ရာယူလေ။) ဤတွင်ရွေ့ကား ဥဒါန်းပါဠိတော်အရ နာနာဝါဒပြဆိုပုံပြီး၏။

---

ကထာဝတ္ထုပါဠိတော်အရ-နာနာဝါဒပြဆိုပုံ

ယခုအခါ အဘိဓမ္မာကထာဝတ္ထု ပါဠိတော်ကို ပြဆိုအံ့

၁။ သမ္မာဝါဒီဆရာ အမေး, မိစ္ဆာဝါဒီဆရာ အဖြေ။

၂။ မိစ္ဆာဝါဒီဆရာ အမေး, သမ္မာဝါဒီဆရာ အဖြေ-ဤသို့ သမ္မာ, မိစ္ဆာ၊ အမေး, အဖြေ အပြန်အလှန်လာသည်။

ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္ထမှိတိအာမန္တာ

ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိန ဟေဝံ ဝတ္တဗ္ဗေ

(အမေး-သမ္မာ၊ အဖြေ-မိစ္ဆာ။ )

ပရိနိဗ္ဗုတော=ကိလေသာမီး, ခန္ဓာမီးချုပ်ငြိမ်းပြီးဟူသော။ ပုဂ္ဂလော=ပုဂ္ဂိုလ်သည်၊ အတ္တမှိ=နိဗ္ဗာန်၌၊ ဝါ=ရုပ်,နာမ်ခန္ဓာကွယ်ပျောက် ရာ၌။ အတ္ထိ=ကျန်ရှိ၍ နေရစ်သလော၊ ဣတိ=ဤကားအမေး၊ အာမန္တာ= ကျန်ရှိ၍ နေရစ်သည်မှန်ပါ၏၊။ (ဤကား အဖြေ။ ) မိစ္ဆာဆရာကား- ပုဂ္ဂိုလ်မည်သည် ပရိနိဗ္ဗာန်မစံမီကပင် အစဉ် ရှိခဲ့၍ လာခဲ့သည်၊ ပရိနိဗ္ဗာန်စံသော အခါ၌လည်း ခန္ဓာ, နာမ်, ရုပ်စုသာ ချုပ်ကွယ်လေသည်၊ ပုဂ္ဂိုလ်မူကား ချုပ်ကွယ်သည်ဟူ၍မရှိ၊ နာမ်, ရုပ်တို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်မှာ တည်ရှိ၍နေသည်ဟု မိစ္ဆာဆရာအယူရှိသော ကြောင့် “အာမန္တာ” ဟု ဖြေဆိုသည်။

ပရိနိဗ္ဗုတော=ကိလေသာမီး, ခန္ဓာမီး ချုပ်ငြိမ်းပြီဟူသော၊ ပုဂ္ဂလော= ပုဂ္ဂိုလ်သည်၊ သဿတော=မြဲ၍နေသလော၊ ဣတိ=ဤကား-အမေး၊ ဧဝံ=ဤသို့ မြဲ၍နေသည်ဟူ၍ကား၊ နဝတ္တဗ္ဗေ=မဆိုအပ်။။(ဤကား အဖြေ။)

မိစ္ဆာဆရာသည် မိမိအလိုအားဖြင့် ပရိနိဗ္ဗုတပုဂ္ဂိုလ်သည် နိဗ္ဗာန်၌ မြဲ၍နေသည်ဟု ဖြေဆိုခွင့်ဆိုက်ပါလျက် သဿတဒိဋ္ဌိနှင့် ငြိသွားမည်ကို စိုး၍ “နဟေဝံ ဝတ္တဗ္ဗေ” ဟု ဖြေလေ၏။

ရှေ့အဖြေနှင့် နောက်အဖြေ မညီသောကြောင့် “အာဇာနာဟိ နိဂ္ဂဟံ” အစရှိသည်ဖြင့် သမ္မာဆရာက ကြိတ်နှိပ်သော စကားတို့သည် များစွာလာ ရှိကုန်၏၊။အဓိပ္ပါယ်မှာ အထူး မဟုတ်ပြီ။

ပရိနိဗ္ဗုတော ပုဂ္ဂလော နတ္ထတ္ထ မှိ တိအာမန္တာ

ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိနဟေဝံ ဝတ္တဗ္ဗေ

(အမေး- မိစ္ဆာ၊ အဖြေ-သမ္မာ။)

ပရိနိဗ္ဗုတော=ကိလေသာမီး, ခန္ဓာမီး ချုပ်ငြိမ်းပြီဟူသော။ ပုဂ္ဂလော=ပုဂ္ဂိုလ်သည်။ အတ္ထမှိ=နိဗ္ဗာန်၌။ ဝါ=ရုပ်ချုပ်ငြိမ်းရာ၌။ နတ္ထိ= မရှိသလော။ ဣတိ=ဤကား-အမေး။ အာမန္တာ=မရှိပေ။ ဤကား အဖြေ။ သမ္မာဆရာကား။ ။ပုဂ္ဂိုလ်မည်သည် ပရိနိဗ္ဗာန် မစံမီကပင် ရှိသည် မဟုတ်၊ ပရိနိဗ္ဗာန်စံပြီးသောခါ နိဗ္ဗာန်၌ ရှိနေသည်ဟု ယူခွင့် မရှိလေသောကြောင့် “အာမန္တာ” ဟုဖြေပေ၏။

ပရိနိဗ္ဗုတော=ကိလေသာမီး, ခန္ဓာမီး ချုပ်ငြိမ်းပြီဟူသော။ ပုဂ္ဂလော=ပုဂ္ဂိုလ်သည်။ ဥစ္ဆိန္နော=ရုပ်နာမ် ချုပ်ရာတွင် ပြတ်တောက် ကွယ်ပျောက်၍ သွားလေသလော။ ဣတိ=ဤကားအမေး။ ဧဝံ=ဤသို့ ပြတ်တောက် ကွယ်ပျောက်သွား၍ဟူ၍။ နဝတ္တဗ္ဗေ=မဆိုသင့်။ (ဤကား အဖြေ။)

နဂိုကမှ မရှိသော ပုဂ္ဂိုလ်သည် ပြတ်သည်ဟူ၍ ဆိုဘွယ်မရှိသော ကြောင့် “နဟေဝံ ဝတ္တဗ္ဗေ” ဟု ဖြေပေ၏၊ ပရိနိဗ္ဗာန်အစံတွင် ပြတ်၍ သွားပါသည်ဆိုခဲ့လျှင် ပရိနိဗ္ဗာန်မစံမီကား ပုဂ္ဂိုလ်ရှိ၏ဟု ယူရာရောက် သည်။

ရှေ့ပုစ္ဆာ၌ နိဗ္ဗာန်၌ ထိုပုဂ္ဂိုလ်မရှိဟု ဖြေသည်မှာ ပရိနိဗ္ဗာန် မစံမီ လည်းမရှိ၊ ပရိနိဗ္ဗာန်စံပြီးသောအခါ၌လည်း မရှိသောကြောင့် “အာမန္တာ” ဟုဖြေသတည်း၊ ဤသမ္မာဆရာအယူကား-နေရာကျအယူပေတည်း။

မိစ္ဆာဆရာကား။ ။ပရိနိဗ္ဗုတပုဂ္ဂိုလ်သည် နိဗ္ဗာန်၌ မရှိဘူး လောဟု မေးသော ပုစ္ဆာ၌ မရှိဘူးဟု ဖြေပြီးလျက် မရှိလျှင် ပရိနိဗ္ဗာန်စံရာ တွင် ထိုပုဂ္ဂိုလ်လည်း ပြတ်၍သွားသလော-ဟု မေးပြန်ရာ ပြတ်၍ သွား သည်ဟုမဆိုအပ် -ဟု သမ္မာဆရာ ဖြေပြန်၏။

နိဗ္ဗာန်၌ မရှိလျှင်လည်း ပြတ်ရမည်၊ မပြတ်လျှင်လည်း နိဗ္ဗာန်၌ ရှိရမည်၊ သမ္မာဆရာ အဖြေသည် ရှေ့, နောက်မညီ-ဟု သမ္မာဆရာကို ကြိတ်နှိပ်သော စကားတို့သည်များစွာ လာရှိကုန်သေး၏၊။အဓိပ္ပါယ်မှာ အထူးမဟုတ်ပြီ။

ငါတို့အယူ။။ ဤပါဠိတော်ကို ထောက်သော် ပရိနိဗ္ဗုတပုဂ္ဂိုလ် သည် ပရိနိဗ္ဗာန် စံပြီးနောက် နိဗ္ဗာန်မှာ အမြဲတည်ရှိ၍ နေသည်ဟု ယူခဲ့သော် သဿဒိဋ္ဌိ၌ သက်ဝင်သည်ဟု သိအပ်၏။

ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိနဟေဝံ ဝတ္တဗ္ဗေ”ဟု သမ္မဆရာ ဖြေချက်လာသောကြောင့် ပရိနိဗ္ဗာန်အစံတွင် ပြတ်၍သွား သည်-ဟု ယူခဲ့သော် ဥစ္ဆေဒဒိဋ္ဌိ၌ သက်ဝင်သည် မဟုတ်လော-ဟူငြားအံ့။ ပကတိကပင် ပုဂ္ဂိုလ်, သတ္တဝါ ရှိ၏-ဟု ယူသော သူတို့မှာသာ နိဗ္ဗာန် အစံတွင် ပြတ်၍သွားသည်ဟု ယူလျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သည်၊ ပြတ်၍မသွား နိဗ္ဗာန်၌ အမြဲတည်ရှိ၍ နေသည်ဟုယူလျှင် သဿတဒိဋ္ဌိ ဖြစ်သည်။

ပကတိကပင် ပုဂ္ဂိုလ်, သတ္တဝါ ဟူ၍မရှိ၊ ရုပ်, နာမ် သက်သက်သာ ရှိသည်-ဟု ယူသော သူတို့မှာ သံသရာစက်ပြတ်လေ၏၊ ရုပ်, နာမ် အဆက် ပြတ်လေ၏-ဟု ယူ၍ ဥစ္ဆေဒဒိဋ္ဌိ မဖြစ်၊ သမ္မာဒိဋ္ဌိသာ ဖြစ်သတည်း။ (ဤကား-ငါတို့၏ အယူပေတည်း။)

ဆရာတို့ကား။။ ဤပါဠိတော်ကို ထောက်လျှင်ပင် ပရိနိဗ္ဗာန် စံရာတွင် အကြွင်းအကျန် အဆက်အလက်မရှိ၊ အကုန်ပြတ်တောက် တုစ္ဆ, အဘာဝသို့ ရောက်၍ သွားသည်ဆိုခဲ့လျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သည်ဟု ယူကုန်၏၊ သင့်မြတ်ရာ ယူကြလေကုန်။

ပရိနိဗ္ဗုတပုဂ္ဂိုလ် မရှိပုံ။။ နိဗ္ဗာန်၌ နိဗ္ဗာန် သက်သက်သာရှိသည်၊ နိဗ္ဗာန်ချမ်းသာ ခံစား, စံစား၍နေရသော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်ဟူ၍ နိဗ္ဗာန်၌ မရှိကြောင်းကိုကား- ကထာဝတ္ထု ပါဠိတော်မှာပင် အထပ်ထပ် လာပါ၏။

လာပုံကား
ကလျာဏပါပကာနံ ကမ္မာနံ ဝိပါကော ဥပ လဗ္ဘတီတိ ကလျာဏ ပါပကာနံ ကမ္မာနံ ဝိပါကဿ ပဋိသံဝေဒီ ဥပလဗ္ဘတီတိအာမန္တ

နိဗ္ဗာနံ ဥပလဗ္ဘတီတိ နိဗ္ဗာနဿ ပဋိသံဝေဒီ ဥပလဗ္ဘတီနဟေဝံ ဝတ္တဗ္ဗေ

အာပါယိကံ ဒုက္ခံ ဥပလဗ္ဘတီတိ အာပါယိ-ကဿ ဒုက္ခဿ ပဋိသံဝေဒီ ဥပလဗ္ဘတီတိအာမန္တာနိဗ္ဗာနံ ဥပလဗ္ဘတီတိ နိဗ္ဗာနဿ ပဋိသံဝေဒီ ဥပလဗ္ဘတီတိနဟေဝံ ဝတ္တဗ္ဗေ

နေရယိကံ ဒုက္ခံ ဥပလဗ္ဘတီတိ နေရယိကာဿ ဒုက္ခဿ ပဋိသံဝေဒီ ဥပလဗ္ဘတီတိအာမန္တနိဗ္ဗာနံ ဥပလဗ္ဘတီတိ နိဗ္ဗာနဿ ပဋိသံဝေဒီ ဥပလဗ္ဘတီတိနဟေဝံ ဝတ္တဗ္ဗေ

ဝိပါကော အတ္ထီတိ ဝိပါကဿ ပဋိသံဝေဒီ အတ္ထီတိအာမန္တာ

နိဗ္ဗာနံ အတ္ထီတိ နိဗ္ဗာနဿ ပဋိသံဝေဒီ အတ္ထီတိနဟေဝံ ဝတ္တဗ္ဗေ

မိစ္ဆာဆရာကား။ ။ ကုသိုလ်ကံ, အကုသိုလ်ကံ-ဟူ၍ ရှိသောကြောင့် ထိုကံတို့၏ အကျိုးကို ခံစား, စံစားသော ပုဂ္ဂိုလ်သည်ရှိ၏ဟုယူသည်။

သမ္မာဆရာကား။။ နိဗ္ဗာန်သည်သာ ရှိ၍ နိဗ္ဗာန်ချမ်းသာကို ခံစား, စံစား၍နေသော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်မရှိသည်ကို ထုတ်ပြ၍ ထိုမစ္ဆာဝါဒကို ပယ်တော်မူသည်။

ကလျာဏပါပကာနံ ကမ္မာနံ= ကောင်းမှုကံ, မကောင်းမှုကံတို့၏၊ ဝိပါကော=အကျိုးကို၊ ဥပလဗ္ဘတိ=ရအပ်၏၊ ဣတိ=ထို့ကြောင့်၊ နိဗ္ဗာနဿ= နိဗ္ဗာန်ကို၊ ပဋိသံဝေဒီ=ခံစား, စံစားသော ပရိနိဗ္ဗုတပုဂ္ဂိုလ်ကိုလည်း၊ ဥပလဗ္ဘတိ= ရအပ်သလော၊ ဣတိ=ဤကား-သမ္မာအမေး။ အာမန္တာ=ရအပ်၏၊ ဣတိ=ဤကား- မိစ္ဆာအဖြေ။

နိဗ္ဗာနံ=နိဗ္ဗာန်ကို၊ ဥပလဗ္ဘတိ=ရအပ်၏၊ ဣတိ=ထို့ကြောင့်၊ နိဗ္ဗာနဿ=နိဗ္ဗာန်ကို၊ ပဋိသံဝေဒီ=ခံစား, စံစားသော ပရိနိဗ္ဗုတပုဂ္ဂိုလ် ကိုလည်း၊ ဥပလဗ္ဘတိ= ရအပ်သလော၊ ဣတိ=ဤကား-သမ္မာအမေး။ ဧဝံ=ဤသို့ ရအပ်၏-ဟူ၍၊ န ဝတ္တဗ္ဗေ=မဆိုအပ်၊ ဣတိ=ဤကားမိစ္ဆာအဖြေ။

နိဗ္ဗာန်ချမ်းသာကို ခံစား, စံစား၍နေသော ပရိနိဗ္ဗုတပုဂ္ဂိုလ်- ဟူ၍ နိဗ္ဗာန်၌ မရှိ-ဟူသော အယူကိုကား- ဤမိစ္ဆာဆရာသည် သမ္မာဆရာ နှင့်ထပ် တူယူ၏၊ (နောက်ပါဠိတို့၌လည်း ဤနည်းတူ သိလေ။) ဤတွင်ရွေ့ကား-ကထာဝတ္ထု ပါဠိတော်အရ-နာနာဝါဒပြဆိုပုံပြီး၏။

---

ခန္ဓသံယုတ်ပါဠိတော်အရ- နာနာဝါဒပြဆိုပုံ

ဤကား- ကထာဝတ္ထု ပါဠိတော်၌လာသော “ဥစ္ဆိန္နော” ဟူသော ပုဒ်နှင့် စပ်လျဉ်း၍ ခန္ဓသံယုတ် ပါဠိတော်မှာ လာသော ယမကသုတ်၏ အဓိပ္ပါယ်ကို ပြဆိုပေအံ့

ခီဏာသဝေါ ဘိက္ခု ကာယဿ ဘေဒါ ဉ္ဆိဇ္ဇတိ၊ ဝိနဿတိ၊ န ဟောတိ ပရံ မရဏာ

(ယမက ရဟန်း၏ မိစ္ဆာအယူ )

ခီဏာသဝေါ=ကုန်ခန်းပြီးဖြစ်သော အာသဝေါရှိသော၊ ဘိက္ခု= ရဟန္တာသည်၊ ကာယဿ=ကိုယ်ခန္ဓာ၏၊ ဘေဒါ=ပျက်စီးချုပ်ဆုံးသည်မှ၊ ပရံ=နောက်၌၊ ဥစ္ဆိဇ္ဇတိ=ပြတ်လေ၏၊ ဝိနဿတိ=ကွယ်ပျောက်လေ၏၊ မရဏာ=သေသည်မှ၊ ပရံ=နောက်၌၊ နဟောတိ=မဖြစ်ပြီ။ (ဤကားအနက်။)

ဤရဟန်းသည် ပုဂ္ဂိုလ်-ဟူ၍ အဟုတ်ရှိ၏၊ သတ္တဝါ-ဟူ၍ အဟုတ်ရှိ၏၊ ရဟန္တာပုဂ္ဂိုလ်-ဟူ၍ အဟုတ်ရှိ၏၊ ဟု ယူသောကြောင့် မသေမီ ထင်ရှားရှိ၍နေသော ရဟန္တာပုဂ္ဂိုလ်သည် ခန္ဓပရိနိဗ္ဗာန်စံသော အခါ ဥစ္ဆိန္နဖြစ်၍သွား၏-ဟု မိစ္ဆာအယူဖြစ်လေ၏၊ ထိုအယူကို ကျွတ်လွတ်စေခြင်းငှာ အရှင်သာရိပုတ္တရာ စစ်ဆေးတော်မူသော တရား အချက်ကို ကြပ်ကြပ် စဉ်းစားကြပါလျှင် ယမက ရဟန်းယူပုံ အခြင်းအရာ လည်း ထင်ရှားလိမ့်မည်၊ ကျွတ်လွတ်ပုံလည်း ထင်ရှားလိမ့်မည်။

အမေး။ ငါ့ရှင် ယမကရဟန်း၊ ရုပ်, ဝေဒနာ, သညာ, သင်္ခါ, ဝိညာဉ်ဟူသော ခန္ဓာ ၅-ပါးသည် နိစ္စ-လော၊ အနိစ္စ လော၊ မေးတော်မူ၏။

အဖြေ။ အနိစ္စ-ပါဟု လျှောက်၏။

အမေး။ အနိစ္စမျိုး စင်စစ်ဖြစ်သော ခန္ဓာ ၅-ပါးသည် သုခမျိုး လော၊ ဒုက္ခမျိုးလော။

အဖြေ။ ဒုက္ခမျိုးပါဟု လျှောက်၏။

အမေး။ ဒုက္ခမျိုး စင်စစ်ဖြစ်သော ခန္ဓာ ၅-ပါးသည် ငါ၏ ကိုယ်ဟု သိမ်းပိုက်ခြင်းငှာ ထိုက်သော၊ အတ္တမျိုး ဟုတ်၏ လော။

အဖြေ။ မဟုတ်ပါ-ဟု လျှောက်၏။

အမေး။ ဒုက္ခ မျိုး စင်စစ်မှန်သည်အတွက် ငါ၏ကိုယ်ဟု သိမ်း ပိုက်လိုက်သော အတ္တမျိုးမဟုတ်သော ထိုခန္ဓာ ၅-ပါးကို ပုဂ္ဂိုလ်, သတ္တဝါဟု ယူထိုက်မည်လော။

အဖြေ။ မယူထိုက်ပါ ဟု လျှောက်၏။

အမေး။ ခန္ဓာ ၅-ပါးသည် ပုဂ္ဂိုလ်, သတ္တဝါမဟုတ်၊ ပုဂ္ဂိုလ်, သတ္တဝါ တစ်ခြား၊ ခန္ဓာ ၅-ပါး တစ်ခြား၊ ထိုခန္ဓာ ၅- ပါး၌ ပုဂ္ဂိုလ်, သတ္တဝါ တည်၍ နေသည်ဟူ၍လည်း ကောင်း၊ ခန္ဓာ ၅-ပါးမှ အလွတ်၌ တည်၍ နေသည် ဟူ၍လည်းကောင်း ယူထိုက်မည်လော။

အဖြေ။ မယူထိုက်ပါ ဟု လျှောက်၏။

အမေး။ ခန္ဓာ ၅-ပါးသည်လည်း ပုဂ္ဂိုလ်, သတ္တဝါမဟုတ်၊ ခန္ဓာ ၅ ပါးမှ အလွတ်ပုဂ္ဂိုလ်, သတ္တဝါဟူ၍လည်းမရှိ၊ ထိုသို့ ပုဂ္ဂိုလ်, သတ္တဝါဟူ၍ အမှန်အားဖြင့် မရှိသည်သာ စင် စစ်ဖြစ်ပါလျှင် ရဟန္တာ ပုဂ္ဂိုလ်သေလျှင် ပြတ်၏ ဟု သင်ယူခြင်းသည် သင့်လျော်ပါမည်လော မေးတော် မူရာ

အဖြေ။ မလိမ္မာ၍ ယူမိပါသည်၊ ယခုမှာ အရှင်ဟောသော တရားကို ကြားနာရ၍ ထိုမိစ္ဆာအယူလည်း ပျောက် ကင်းပါပြီ၊ သစ္စာ ၄-ပါးတရားကိုလည်း သိပါပြီ ဟု လျှောက်လေ၏။

အမေး။ တစ်ဖန် ရဟန္တာ ပုဂ္ဂိုလ်သေလျှင် အသို့ဖြစ်သနည်း ဟု သူတစ်ပါးတို့က သင့်အားမေးခဲ့သော် အသို့ပြော မည် နည်း ဟု မေးတော်မူပြန်၏။

အဖြေ။ ခန္ဓာ ၅-ပါးသည် အနိစ္စမျိုးသာ အမှန်ဖြစ်၏၊ အနိစ္စ မျိုးဟူသမျှသည် ဒုက္ခမျိုး အမှန်ဖြစ်၏၊ ရဟန္တာပုဂ္ဂိုလ် ဟူ၍ပင် မရှိလေရကား ရဟန္တာပုဂ္ဂိုလ် သေသည်ဟူ၍ လည်း မရှိ၊ သေသည်မှ နောက်၌ ပြတ်သည်ဟူ၍ လည်းကောင်း၊ မပြတ် ဟူ၍လည်းကောင်း ဆိုခွင့်မရှိ၊ ဒုက္ခမျိုးအမှန်ဖြစ်သော ခန္ဓာ ၅-ပါးသည်သာ ချုပ်လေ ၏၊ ကွယ်ပျောက်ခြင်းသို့ ရောက်လေ၏ ဟူ၍ ဖြေပါ မည်ဟု လျှောက်လေ၏။

အရှင်သာရိပုတ္တရာကား သာဓု, သာဓု ခေါ်တော်မူ၏။

လိုရင်းအဓိပ္ပါယ်။ ။ ဤသို့ စစ်တမ်းထုတ်တော်မူချက်ကို မြင်သဖြင့် ခန္ဓာ ၅-ပါး၌ အနိစ္စအချက်ကို မမြင်၍ ပုဂ္ဂိုလ်, သတ္တဝါ ဟူသော အတ္တဒိဋ္ဌိဖြစ်ရသည်၊ အတ္တဒိဋ္ဌိဖြစ်ရင်းရှိသောကြောင့် ရဟန္တာ ပုဂ္ဂိုလ်သည် သေလျှင်ပြတ်၏ဟူသော ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ရသည်။

အနိစ္စအချက်ကိုမြင်လျှင် ဒုက္ခအချက်ကို မြင်၏၊ ဒုက္ခအချက်ကို မြင်လျှင် အနတ္တအဖြစ်ကို မြင်၏၊ အနတ္တအဖြစ်ကို မြင်လျှင် အတ္တဒိဋ္ဌိ, ပုဂ္ဂဒိဋ္ဌိပျောက် ကင်း၏၊ အတ္တဒိဋ္ဌိ ပျေက်ကင်းလျှင် ရဟန္တာပုဂ္ဂိုလ်ဟူ၍ အဟုတ်အားဖြင့် မရှိကြောင်းကို မြင်၏၊ ရဟန္တာပုဂ္ဂိုလ်ဟူ၍ အဟုတ် မရှိကြောင်းကို မြင်လျှင် သေသည်မှ နောက်၌ ပြတ်၏ဟူသော ဒိဋ္ဌိသည် ပျောက်ကင်းလေ၏၊ နဂိုကပင် ရဟန္တာပုဂ္ဂိုလ်ဟူ၍ အဟုတ်ရှိမှသာ သေလျှင်ပြတ်သည်, မပြတ်သည်ဟု ဖြစ်ခွင့်ရှိသည်၊ အဟုတ်မရှိပါဘဲ အဟုတ်ရှိပြု၍ သေလျှင်ပြတ်သည်ဟု ယူလျှင် ဥစ္ဆေဒဒိဋ္ဌိ၊ မပြတ်ဟု ယူလျှင် သဿတဒိဋ္ဌိ ဖြစ်လေသည်၊ ပုဂ္ဂိုလ်, သတ္တဝါဟူသည် တစ်ဘဝ လုံးမှ တစ်ယောက်သာဟု ယူသည် ဘဝအဆက်ဆက်ကိုပင် တစ်ယောက် တည်းသာ ဟုယူသည်။

ခန္ဓာ ၅-ပါးသည်မူကား မျက်တောင်တစ်ခတ်အတွင်းမှာပင် အကြိမ် တစ်ရာမက အသစ်, အဟောင်း ပြောင်းလဲ၏၊ ထို့ကြောင့် ခန္ဓာ ၅-ပါးသည် လူတို့မှတ်ယူသော ပုဂ္ဂိုလ်သတ္တဝါ ဟူသော နိစ္စ အလား မဟုတ်၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် အကြိမ်တစ်ရာမက ပျောက် ဆုံး၍နေသော အနိစ္စတရားသာ ဖြစ်၏၊ ခန္ဓာ ၅-ပါးအပြင် တစ်စုံတစ်ခု မျှမရှိ၊ ထိုကဲ့သို့ အပျောက်အပျက် အပြောင်းအလဲမြန်လှသော ခန္ဓာ ၅-ပါးသည် မွေးမြူဆောင်ရွက်သောသူအား များစွာသော ဒုက္ခကိုပေး နိုင်၏၊ များစွာသော ဒုက္ခကိုပေးသော တရားစုကို ငါ၏အတ္တ ဟု မသိမ်း ပိုက်ထိုက်။

အတ္တဟူသည်ကား။။ စွဲလမ်းသော မိစ္ဆာစိတ်ရှိမှ အတ္တဟု ရှိသည်၊ စွဲလမ်းသော မိစ္ဆာစိတ်မရှိလျှင် အတ္တ ဟူ၍မရှိ၊ အတ္တမရှိ လျှင်လည်း ပုဂ္ဂိုလ်, သတ္တဝါဟူ၍ ထင်မှတ်ဖွယ်မရှိ၊ ပုဂ္ဂိုလ်, သတ္တဝါ ဟူ၍မရှိလျှင် ပုဂ္ဂိုလ်သေသည်, ရှင်သည်၊ သတ္တဝါသည်, ရှင်သည် ဟူ၍ပင်မရှိ၊ သေသည်, ရှင်သည်ဟူ၍ မရှိလျှင် သေလျှင်ပြတ်သည်, မပြတ်သည် ဟုမရှိ၊ ထိုသို့ မရှိ ဘဲလျက် အရှိပြု၍ ယူခဲ့လျှင် ဥစ္ဆေဒဒိဋ္ဌိ, သဿဒိဋ္ဌိဖြစ်၏၊ မဂ်လမ်းဖိုလ်လမ်းမှ ဖီလာဖြစ်၏၊ ထို အယူရှိနေလျှင် မဂ်, ဖိုလ်ကို မဆိုထားဘိ၊ ဝိပဿနာဉာဏ်မျှပင် မသိနိုင်ပြီ၊ ဘုရားနှင့် တွေ့ရသော သူ၊ တရားနှင့် တွေ့ရသောသူ, သာသနာနှင့် တွေ့ရသောသူ ဟူ၍ မဆိုထိုက်ပြီ။ [သတိရှိကြလေကုန်။]

[ဤကား - ယမကသုတ် ပါဠိတော်အရ ငါတို့၏ အယူပေတည်း။]

ဆရာတို့ကား။။ ဤ ယမကသုတ်ကို ထောက်၍ပင်လျှင် ရဟန္တာပုဂ္ဂိုလ် သေလျှင် ပြတ်၏ ဟုယူသောသူတို့အား ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ရာ၏၊ မပြတ်ဟုယူမှ ဥစ္ဆေဒဒိဋ္ဌိ လွတ်ကင်းရာသည် ဟုအယူရှိကြ ကုန်၏၊။ သင့်မြတ်ရာကိုယူကြလေကုန်။

ဤမျှလောက်သော သုတ္တန်, အဘိဓမ္မာပါဠိတော်ကြီးတို့ကို ထုတ်ပြ၍ အာစရိယဝါဒနှင့်တကွ နေရာတကျ ရှင်းလင်း၍ ပြလိုက်သဖြင့် ကြွင်းကျန်သမျှသော ပါဠိတော်အရပ်ရပ်တို့မှာလည်း နေရာတကျ သိနိုင်ကြကုန်ရာပြီ ဖြစ်၍ ရဟန္တာပုဂ္ဂိုလ်တို့၏ ခန္ဓာချုပ်ငြိမ်းမှုနှင့် စပ်လျဉ်းသော ကြွင်းကျန်သော သုတ္တန် ပါဠိတော်, အဘိဓမ္မာပါဠိတော် တို့ကို မပြမဆိုပြီ။

အဖွင့်သံဝဏ္ဏနာကို စီရင်ကြကုန်သော အဋ္ဌကထာဆရာ, အထက် ဋီကာဆရာတို့ကား အလွန်ဆန်းကြယ်သော သဘောဉာဏ် ရှိတော်မူကြ ကုန်သည်ဖြစ်၍ အလွန်ဆန်းကြယ်စွာ ဖန်တီး၍ ဖွင့်တော် မူကြကုန်၏၊ ယခုကာလ၌ အဓိပ္ပါယ်လိုရင်း အကျဉ်းချုပ်အချက်ကို သိနိုင်ရန် ဉာဏ် အနက်အနဲလိုကြ၍ ထိုအဋ္ဌကထာ, ဋီကာတို့စကား၌ အယူဝါဒ အထွေ အပြား များကြလေကုန်၏၊ နောက်ဖြစ် ဋီကာကျမ်, ဂန္တန္တရကျမ်းတို့မှာ လည်း သင့်, မသင့်ကို ချင့်ချိန်စဉ်းစားဖွယ် အလွန်များပြား၏၊ ဘုရားဟော ပါဠိတော်ရင်းများကို အနှံ့အပြား အားထုတ် ကြံဖန်၍ ဘုရားအလိုတော် ကို အတော် အလျော် ကြံမိ, သိမိ ရှိသော သူတို့မှသာ အထက် ကျမ်းတို့၌ အဆန်းတကြယ် ဖွင့်ဆိုကြရာမှာလည်း ပဓာနအကျဉ်း လိုရင်းအနက်ကို အချက်ကျ ယူနိုင်ကုန်ရာသည်၊ နောက်ဖြစ်ကျမ်းဂန်တို့မှာလည်း ယုတ္တာ ယုတ္တိရှိ, မရှိကို ရွေးကောက် နိုင်ကုန်ရာသည်။

ထို့ကြောင့် ဤနိဗ္ဗာနကထာဝယ် အဋ္ဌကထာ, ဋီကာ, ဂန္တန္တရ စကားတို့ကို များစွာမပြမူ၍ ဘုရားမုခပါဌ်, ရဟန္တာတို့၏ မုခပါဌ် ပါဠိ တော်ရင်းတို့ကိုသာ ထုတ်ဆောင်ရှင်းလင်း၍ နိဗ္ဗာန်၏ အခြင်းအရာကို ထင်လင်းစွာ ပြဆိုလိုက်ပေသည်။

ဤတွင်ရွေ့ကား
ခန္ဓသံယုတ်ပါဠိတော်အရ နာနာ ဝါဒပြဆိုပုံပြီး၏။

---

အချို့ကျမ်းအလို ထုတ်ဆိုရှင်းလင်းချက်

ယခုအခါ ထိုထို ပါဠိတော်အစိတ်၊ အဋ္ဌကထာ, ဋီကာအစိတ်၊ ဂန္တန္တရ အစိတ်တို့ကို အနည်းငယ်မျှ ထုတ်ပြ ရှင်းလင်းဦးအံ့။

ယထာပစ္စယံ ဟိ ပဝတ္တိမတ္တမေဝ ယဒိဒံ သဘာဝ ဓမ္မော နာမ။ (ဋီကာကျော်။)

ယဒိဒံ-ယောအယံ သဘာဝဓမ္မော နာမ၊ အကြင် ပရမတ္ထ သဘော တရား မည်သည်၊ အတ္ထိ=ရှိ၏၊ သော=ထိုပရမတ္ထသဘောတရားမည် သည်၊ ယထာ-ပစ္စယံ=အကြောင်းအားလျှော်စွာ၊ ပဝတ္တိမတ္တမေဝ=ဖြစ် ခြင်းအမူအရာမျှသာလျှင်တည်း။ (ဤကားအနက်။)

သဗ္ဗေပိ ဟိဓမ္မာ တံ တံ ကြိယာမတ္တာဝ ဟောန္တိ၊ န တေသု ဒဗ္ဗံ ဝါ သဏ္ဌာနံ ဝါ ဝိဂ္ဂဟော ဝါ ဥပလဗ္ဘတိ။

(သင်္ဂြီုဟ်အဖွင့် ပရမတ္ထဒီပနီဋီကာသစ်။)

ဟိ သစ္စံ=မှန်၏၊ သဗ္ဗေပိ=အလုံးစုံလည်းဖြစ်ကုန်သော၊ ဓမ္မာ= ပရမတ္ထ သဘော တရားတို့သည်၊ တံ တံ ကြိယာမတ္တာဝ=ထိုထို ကြံခြင်း, သိခြင်း, တွေ့ထိခြင်းအစရှိသော အမူအရာမျှတို့သည်သာလျှင်၊ ဟောန္တိ= ဖြစ်ကုန်၏၊ တေသု=ထိုပရမတ္ထ တရားတို့၌၊ ဒဗ္ဗံဝါ= အထည်ဒြဗ်ကိုလည်း ကောင်း၊ သဏ္ဌာနံဝါ=သဏ္ဌာန်ကိုလည်းကောင်း၊ ဝိဂ္ဂဟောဝါ= အကောင် အထည်ကိုလည်းကောင်း၊ နဥပလဗ္ဘတိ=မရအပ်။ (ဤကား-အနက်။)

အဓိပ္ပာယ်ကား။။ မှန်ထဲမှာထင်နေသော လူရိပ်, မျက်နှာ ရိပ်များသည် မျက်မြင်အားဖြင့် လူပကတိ, မျက်နှာပကတိ ထင်ရ၏၊ အသားထုတ်၍ ယူခြင်းငှာ မူကား အနုမြူမျှ ယူစရာ, ရစရာမရှိ၊ အလွန် ကြည်လှစွာသော ရေထဲမှာ ထင် သောလူရိပ်, နေရိပ်, လရိပ်, တိမ်ရိပ်, သစ်ရိပ်တို့သည် မျက်မြင်အားဖြင့် လူပကတိစသည် ထင်ရကုန်၏၊ အသားထုတ်၍ ယူခြင်းငှာမူကား အနုမြူမျှ ယူစရာ, ရစရာမရှိ။

သင်္ခတပရမတ်။။ ဤအတူ စိတ်ဟူသော ပရမတ္ထ တရားသည် လည်း ကြံမှု, သိမှု, ကြိယာ အမူအရာမျှသာတည်း၊ သတ္တဝါ အနန္တ တို့၏စိတ်ကို အကုန်လုံးကို ပေါင်းစုသော်လည်း အနုမြူမျှ အကြိတ်အခဲ ရစရာမရှိ။ (စေတသိက် ဒွေပညာသတို့ကို ဤနည်းအတိုင်းသိလေ။) ရုပ် ၂၈-ခုတို့၌ ပထဝီဟူသော မြေဓာတ်သည်လည်း ပရမတ် သဘောအားဖြင့် ခက်မာမှု, နူးညံ့မှု၊ ခက်မာခြင်းကြိယာ, နူးညံ့ခြင်း ကြိယာ၊ ခက်မာသော အမူအရာ၊ နူးညံ့သောအမူအရာမျှသာတည်း၊ အဏုမြူမျှ ယူစရာ, ရစရာ မရှိ၊ သို့သော်လည်း ရုပ်တရားမျိုးဖြစ်ပေ၍ အကုဋေမက စုပေါင်းမိကြလျှင် အနုမြူမျှ စသည် ဖြစ်လာ၏၊ ကြွင်းသော ရေဓာတ်, မီးဓာတ်, လေဓာတ်တို့ကိုလည်း ဤနည်း အတိုင်း သိလေ၊ ကြွင်းသောဥပါဒါရုပ် ၂၄-ခုတို့သည်ကား ဘယ်မျှလောက်ပင် ပေါင်းစု သောလည်း အထည် ဝတ္ထု အဏုမြူမျှ ရကောင်းသော ရုပ်မဟုတ်ကြကုန်။ ဤသို့လျှင် စိတ်, စေတသိတ် ဟူသော နာမ်တရား ၂-မျိုးသည် အကုဋေ မကပင် ပေါင်းစုသော်လည်း အထည်ဝတ္ထု ဟူ၍ အဏုမြူမျှ မရထိုက်၊ ရေ, မြေ, မီး, လေဟူသော ရုပ်ဓာတ်ကြီး ၄-ပါးတို့တွင် တစ်ပါးပါးသည်လည်း ပရမတ္ထ သဘာဝ သက်သက်အားဖြင့် အထည်ဝ တ္ထုဟူ၍ အဏုမြူမျှမရထိုက်၊ ဥပါဒါခေါ်သော ရုပ်သေးတို့မှာ ဆိုဖွယ် ရာမရှိ။

နိဗ္ဗာန်ခေါ်သော ချုပ်ငြိမ်းမှု, ချုပ်ငြိမ်းခြင်း ကြိယာ, ချုပ်ငြိမ်းခြင်း အမူအရာသည်မူကား ဖြစ်ပေါ်သော အမူအရာမျိုးပင် မဟုတ်၊ အစဉ်ဖြစ် ပေါ်၍နေသော စိတ်, စေတသိက်, ရုပ်တရားတို့၏ အဖြစ်ငြိမ်းမှု, ဇာတ် သိမ်းမှု, ပျောက်ကွယ်မှု, ချုပ်ဆုံးမှုသာ ဖြစ်ပေ၍ တလူလူ ဖြစ်ပေါ်သော စိတ်, စေတသိက် နာမ်တရားတို့ထက် အဆ အသိန်း အသန်းမက သိမ်မွေ့လှ၏၊ စိတ်, စေတသိက်, ရုပ်ဟူသော သင်္ခတ ပရမတ်မျိုးတို့မှာ တစ်လူလူ တစ်ဖွားဖွား ဖြစ်ပေါ်သော အနေအားဖြင့် ထင်ရှားရှိကြကုန်၏၊ အသင်္ခတပရမတ်။။ နိဗ္ဗာန်ဟူသော အသင်္ခတပရမတ်မျိုးမှာ ထိုသင်္ခတပရမတ်မျိုးတို့၏ အဖြစ်ငြိမ်းခြင်း, ဇာတ်သိမ်းခြင်းဟူသော သန္တိ အနေအားဖြင့် ထင်ရှားရှိပေ၏၊ ထိုအဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှုကို မရှိဟူ၍ ဆိုခဲ့ငြားအံ့၊ လောက ၃-ပါး၌ကိလေသာတို့၏ အဖြစ်ငြိ်မ်းမှု, ဇာတ်သိမ်းမှု ဟူ၍ မရှိလေရာ၊ ကိလေသာတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှုဟူ၍ မရှိက လည်း ဘုရားဟူ၍ မရှိရာ။

သင်္ခတပရမတ်ကြိယာ။။ ဤမျှသော စကားရပ်တို့ဖြင့် အလုံးစုံသော ပရမတ္ထဓမ္မမျိုး ဟူသမျှသည် အဟုတ်အမှန်အားဖြင့် အထည်ဝတ္ထု ဟူ၍ အဏုမြူမျှ မရှိကြ၊ အမှုမျှသက်သက်, ကြိယာမျှ သက်သက်, အခြင်းအရာမျှ သက်သက်သာ ဖြစ်ကြ၏၊ ထိုသို့ ကြိယာမျှ သက်သက် ဖြစ်ကြသော်လည်း သင်္ခတပရမတ် ကြိယာမျိုးတို့မှာ ဖြစ်ပေါ် သော ကြိတယာမျိုးပေတည်း။

အသင်္ခတပရမတ်ကြိယာ။။ အသင်္ခတ ပရမတ်ကြိယာမှာ ထိုသင်္ခတကြိယာတို့၏ ချုပ်ငြိမ်းမှု, ပျောက်ကွယ်မှုကို ကြိယာဆိုပေသည်၊ ထို့ကြောင့် နိဗ္ဗာန်ဟူသော အသင်္ခတ ကြိယာမျိုးသည် ပရမတ္ထသဘော အားဖြင့် ထင်ရှားရှိ၏လော၊ မရှိလောဟု ရှာကြံလိုလျှင် သင်္ခတ ကြိယာ မျိုးအနေနှင့် မရှာကြံအပ်၊ ကိလေသာအဖြစ်ငြိမ်းမှုဟူ၍ ဧကန္တရှိ၏လော၊ ခန္ဓာအဖြစ်ငြိမ်းမှု ဟူ၍ ဧကန္တရှိ၏လောဟုရှာကြံရမည်။

လောက ၃-ပါး၌ ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာဟူ၍ ရှိမှုကို ယုံကြည်ခဲ့လျှင် ကိလေသာတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှုလည်း ဧကန္တ ရှိသင့်ပေသည်၊ ရှိထိုက်ပေသည်ဟု ယုံကြည်လေးမြတ် သိမြင်အပ်၏၊ ထိုသို့ သိမြင်မှုသည်ကား ပစ္စက္ခသိ ဒိဋ္ဌသိ မျိုးမဟုတ်၊ အနုမာန သိမျှသာ တည်း၊ မိမိသန္တာန်မှာ ရှိ၍နေသော ကိလေသာတို့၏ မိမိသန္တာန်မှာ ချုပ်ငြိမ်း၍ သွားသည်ကို ကိုယ်တွေ့ဒိဋ္ဌသိမြင်ရသော သူတို့မှာသာ ပစ္စက္ခသိ, ဒိဋ္ဌသိမျိုးနှင့် သိနိုင်, မြင်နိုင်ကြကုန်သည်။

အချို့သော သူတို့သည်ကား ကိလေသာတို့၏ အဖြစ်ငြိမ်းမှု ဟူသည် ကိလေသာတို့၏ မရှိခြင်း အဘာဝမျှသာတည်း၊ ခန္ဓာတို့၏ အဖြစ်ငြိမ်းမှု ဟူသည် ခန္ဓာတို့၏ မရှိခြင်း အဘာဝမျှသာတည်း၊ အဘာဝ ဟူသည်လည်း မရှိခြင်းမျှသာဖြစ်၍ အချည်းအနှီးမျိုးသာဖြစ်၏၊ နက်နဲသော သဘောမျိုးမဟုတ်၊ သိနိုင်ခဲ, မြင်နိုင်ခဲသော သဘောမျိုး မဟုတ်၊ ဂုဏ်ကျက်သရေရှိသော သဘောမျိုးမဟုတ်၊ တစ်စုံတစ်ရာမျှ မရှိသော အဘာဝတုစ္ဆသည် အဘယ်သူ၏ ထောက်ရာ, တည်ရာ မှီခိုရာ, ပုန်းအောင်းရာ, လဲလျောင်းရာ ဖြစ်နိုင်ပေချေအံ့နည်း ဟုဆိုကြကုန်၏၊ [ဤအဆိုမျိုးကို ရှေး၌ရှင်းလင်းခဲ့ပြီ။]

အချို့သော ဋီကာဆရာတို့လည်း ထိုသို့သော ကိလေသာတို့၏ အဖြစ်ငြိမ်း မှု, ခန္ဓာတို့၏ အဖြစ်ငြိမ်းမှုကို နိဗ္ဗာန်ဟူ၍ မဆိုလိုကြကုန်။ ထိုအဖြစ်ငြိမ်းမှုအား ကျေးဇူးပြု၍တည်နေသော တစ်မျိုးသော ဓာတ် သဘာဝကြီးသည် အသီးအခြားရှိ၏၊ ထိုဓာတ်သဘာဝကြီးသည် သာ ဂမ္ဘီရ, ဒုဒ္ဒသအစရှိသော အနန္တဂုဏ်နှင့်ပြည့်စုံသော နိဗ္ဗာန်ကြီး အစစ်ပေတည်း၊ ပြဆိုခဲ့ပြီးသော အဖြစ်ငြိမ်းမှုသည်ကား ထိုနိဗ္ဗာန်ကြီး၏ အကျိုးဆက်မျှသာတည်းဟု အယူရှိကြကုန်၏။

ဆရာတို့၏အယူသည် ဒုတိယကဏ္ဍ၌ ထုတ်ပြခဲ့ပြီးသော ပါဠိတော် လာ ဥပမာအရပ်ရပ်နှင့် မညီလေ၊ ကိလေသာတရား, ခန္ဓာတရားတို့ မည်သည် အတုမရှိ၊ အလွန်ကြီးကျယ်လှသော ဒုက္ခအစု, ဘေးအစု တို့သာတည်း၊ ကိလေသဒုက္ခ, ခန္ဓဒုက္ခကြီးကျယ်သမျှသည် ထိုကိလေသာ, ခန္ဓာတို့၏ အဖြစ်ငြိမ်းမှု၌ ဂုဏ်ကျက်သရေကြီးကျယ်ဖို့ချည်းသာတည်း။ ဤသတ္တဝါတို့၏ သန္တာန်မှာ ရှိနေသော လောဘ ၁-ခု၏ အကျိုးမဲ့, အကျိုးယုတ် ဒုက္ခနယ်ကြီးသည် အဘယ်မျှလောက် ကြီးကျယ်သည် ဟု မြော်နိုင်ပါလျှင် ထိုလောဘ ၁-ခု၏ ကျွတ်လွတ်မှု, ချုပ်ငြိမ်းမှုသည် အဘယ်မျှလောက် အကျိုးကြီးမြတ်သည်ဟု မြော်နိုင်ရာသည်၊ ဒေါသ ၁-ခု၏ အကျိုးမဲ့, အကျိုးယုတ် ဒုက္ခနယ်ကြီး၊ မောဟ ၁-ခု၏ အကျိုးမဲ့, အကျိုးယုတ် ဒုက္ခနယ်ကြီး၊ ဒိဋ္ဌိ ၁-ခု၏ အကျိုးမဲ့, အကျိုးယုတ် ဒုက္ခ နယ်ကြီး စသည်ဖြင့် ၁၅၀၀-ကိလေသာတို့ကို အသီးအသီး တစ်ခုစီ, တစ်ခုစီ ထုတ်၍မြော်လေ။

ထင်းမီးစာသည် မီး၏ပွားစီးရာ အစာအာဟာရဖြစ်၏၊ ထိုအလုံး စုံသော တေဘုမ္မက ရုပ်, နာမ်ခန္ဓာ-ဟူသမျှတို့သည် ထို ၁၅၀၀- ကိလေသာမီးတို့၏ ပွားစီးရာ အစာအာဟာရတွေသာ ဖြစ်ကုန်၏၊ လတ်တလော သေစေတတ်သော အဆိပ်စေးတို့နှင့် ကိလေသာ တို့သည် တူကုန်၏၊ အဆိပ်ပင်ကြီးတို့နှင့် ထိုတေဘုမ္မကခန္ခာတို့သည် တူကုန်၏၊ အဆိပ်ပင် ကြီးတို့သည် အဆိပ်စေးတို့၏ ပွားစီးရာ ဖြစ်ကုန်၏၊ ခပ်သိမ်းသော ဘေးဘယတို့၏ ပွားစီးရာဖြစ်ကုန်၏၊ ထို့ကြောင့် လောကီစိတ် ၈၁-ခုတို့တွင် တစ်ခုတစ်ခုသောစိတ်မှာ ပွါးစီးသော ကိလေသာပေါင်း, အကျိုးမဲ့ အကျိုးယုတ် ဒုက္ခပေါင်း အဘယ်မျှကြီးကျယ် ရှည်လျားသည်ဟု မြင်နိုင်ပါလျှင် ထိုတစ်ခု တစ်ခုသော စိတ်၏ ကျွတ် လွတ်ချုပ်ငြိမ်းမှုသည် အဘယ်မျှလောက် ကောင်းကျိုးချမ်းသာကြီး မြတ်သည်ဟု မြော်နိုင်ရာသည်။

(ကြွင်းသော ရုပနာမ်တရားတို့၌လည်း ဤနည်းတူသိလေ။) ဘာဝ, အဘာဝ။။ သင်္ခတတရားတို့၏ ဖြစ်မှု, ရှိမှုကား ဘာဝတည်း၊ မရှိမှုကား အဘာဝတည်း၊ ၁၅၀၀-ကိလေသာ တရားတို့မှ ဖြစ်မှု, ရှိမှုဟူသော ဘာဝပက္ခသည် အကျိုးမဲ့ အကျိုးယုတ် ဒုက္ခနယ်ကြီး ဖြစ်၏၊ မဖြစ်မှု, မရှိမှု ဟူသော အဘာဝပက္ခသည် ကျက်သရေမင်္ဂလာ ကြီးလှစွာသော သုခနယ်ကြီးဖြစ်၏၊ အဘာဝ ဟူ၍ မထီမဲ့မြင် မမှတ်အပ်၊ ကြီးကျယ်လှစွာသော ဘေးကြီး, ရန်ကြီး, အန္တရာယ်ကြီးတို့၏ လွတ်ကင်း ခြင်း အဘာဝမည်သည် ကြီးကျယ်လှစွာသော သုခမင်္ဂလာကြီး ဖြစ်၏၊ ဘာဝ, ပင်။။ အဘာဝဆိုသော်လည်း ကိလေသာ, ခန္ဓာတို့၏ မရှိမှုကိုရည်၍ အဘာဝ ဆိုရသည်၊ ရှေး၌ပြဆိုခဲ့ပြီးသောအတိုင်း အသင်္ခတ ပရမတ္ထဓမ္မ အနေအားဖြင့်မူကား ထင်ရှားဧကန် ရှိရိုးမှန်သော ဘာဝပင်တည်း။

အကယ်၍ ထိုဘာဝသည် မရှိခဲ့သည်ဖြစ်အံ့၊ လောက ၃-ပါး၌ ဘုရား ပစ္စေကဗုဒ္ဓါ, အရိယာဟူ၍ မရှိရာပြီ၊ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာ မည်သည် ကိလေသာတင်းလင်း, ဇရာဘေးတင်းလင်း, မရဏဘေးတင်းလင်း, အပါယ်ဘေးတင်းလင်း ထက်ကြပ်ပါရှိ၍နေ၏၊ ရရှိ၍နေသော လူ့ချမ်းသာသည် မကြာမီကွယ်ပ အဘာဝသို့ရောက်၍ အပါယ်ငရဲမှာ ဆင်းရဲကြီးပင်လယ်ဝေနှင့် ခံရလေ၏။

ထို့အတူ ရရှိ၍နေသော နတ်ချမ်းသာသည် မကြမီ ကွယ်ပ အဘာဝသို့ ရောက်၍ အပါယ်ငရဲမှာ ဆင်းရဲ ကြီးပင်လယ်ဝေနှင့် ခံနေရ လေ၏၊ ရရှိ၍ နေသော ဗြဟ္မာ့ချမ်းသာသည် မကြာမီ ကွယ်ပ အဘာဝ သို့ရောက်၍ အပါယ်ငရဲမှာ ဆင်းရဲကြီး ပင်လယ်ဝေနှင့်ခံနေရ၏၊ ဤသို့လျှင် တေဘုမ္မက သုခသည် ဘာဝသုခ ဟုဆိုရသော်လည်း အနိစ္စ ဓမ္မဖြစ်၍ ခဏချင်း, ခဏချင်း ကွယ်ပသော အဘာဝ ပြဋ္ဌာန်းလျက် မျက်လှည့်သည်ပြသော ဝတ္ထုကဲ့သို့သာဖြစ်၏

ဘာဝအမှန်။။ သန္တိဘာဝတစ်ပါးသည်သာလျှင် နိစ္စထာဝရ ဖြစ်သော ဘာဝမှန်ဖြစ်၏၊ သန္တိဘာဝသည် ဘယ်အခါ ဖော်ပြန်၍ချုပ် ငြိမ်းမှု ကွယ်ပသော အဘာဝသို့ ရောက်ပြန်သဖြင့် ကိလေသဒုက္ခ ဖြစ်ပေါ်၍လာပြန်ပြီ၊ ခန္ဓဒုက္ခဖြစ် ပေါ်၍လာပြန်ပြီဟု မရှိပြီ။ ဤမျှသောစကားရပ်တို့ဖြင့် ဒုတိယကဏ္ဍ၌ထုတ်ပြခဲ့သော ပါဠိတော် အရပ်ရပ်အတိုင်း ကိလေသာခန္ဓာတို့၏ အဖြစ်ငြိမ်းမှုသည်ပင် နိဗ္ဗာန်ဖြစ်၏၊ ထိုအဖြစ်ငြိမ်းမှုမျှကိုလွန်၍ အသားထုတ်ဖွယ်, အစွန်း ထုတ်ဖွယ်မရှိပြီ၊ ထုတ်သော်လည်း အနမတဂ္ဂ ကြီးကျယ်လှသော ဝဋ်ဒုက္ခချုပ်ငြိမ်းမှုဟူသော သန္တိသုခကြီးထက် ပိုမိုလွန်ကဲသော သုခဟူ၍ မရှိပြီ၊ ထိုဝဋ်ဒုက္ခတို့၏ ချုပ်ငြိမ်းမှုဟူသော အေးငြိမ်းခြင်း, အေးချမ်းခြင်း, အေးမြခြင်းထက် ပိုမိုလွန်ကဲသော သန္တိသုခ, သီတလ သုခဟူ၍ မရှိပြီ ဟူသော အနက်ကိုပြဆိုသည်။

ဥပမာ။။ တစ်ကိုယ်လုံး၌ ကျောက်ဆိုးရောဂါ ဖြစ်ပွားနှိပ်စက်၍ နေသောသူတို့သည် ထိုရောဂါဟူသော မိမိကိုယ်ခန္ဓာတစ်စိတ် ချုပ်ငြိမ်း ကွယ် ပျောက်မှုသို့ ရောက်ကုန်မှသာလျှင် ထိုရောဂါဒုက္ခမှလွတ်နိုင် ကုန်၏၊ ထို့ကြောင့် ထိုသူတို့၏ ကိုးကွယ်ရာကား ရောဂါဟူသော မိမိ ကိုယ်ခန္ဓာတစ်စိတ်၏ ချုပ်ငြိမ်းမှုသည်သာလျှင်တည်း၊ သည်မှတစ်ပါး ကိုးကွယ်ရာ မရှိပြီ။

ထိုသူတို့ကို ထိုဒုက္ခမှ ကယ်ဆယ်နိုင်သော တရားအစစ်ကား ထိုရောဂါ၏ ချုပ်ငြိမ်းခြင်း ၁-ခုသာတည်း၊ ထိုမှတစ်ပါး ကယ်ဆယ်နိုင် သော တရားအစစ်မရှိ၊ ထို့ကြောင့် ထိုသူတို့၏ ကိုးကွယ်ရာအစစ်ကား ထိုရောဂါ၏ ချုပ်ငြိမ်းခြင်းသာ တည်း၊ သည်မှတစ်ပါး ကိုးကွယ်ရာမရှိ။ ထိုသူတို့၏ ထိုဒုက္ခဘေးမှ လွတ်ကင်းရာ တရားကားထိုရောဂါ၏ ချုပ်ငြိမ်းမှု ၁-ခုတည်းသာတည်း၊ ထို့ကြောင့် ထိုသူတို့၏ ပုန်းအောင်းရာ, လဲလျောင်းရာ, အားထားရာ, မှီခိုရာတရားကား ထိုရောဂါ၏ ပျောက်ငြိမ်း မှုသာတည်း။

ဤသို့လျှင် ရောဂါ၏ ချုပ်ငြိမ်းမှုဟူသော အဘာဝသည် ရောဂါဘေး သင့်သော သူတို့၏၊ ဒီပံ=မှီခိုရာကျွန်းကြီးသဖွယ်ဖြစ်ပေ၏၊ နာထော=ကိုးကွယ်ရာ ဖြစ်ပေ၏၊ ပတိဋ္ဌော=အားထားရာဖြစ်ပေ၏၊ တာဏံ=ကယ်တင်ရာ ဖြစ်ပေ၏၊ လေဏံ=ပုန်းအောင်းလေရာဖြစ်ပေ၏၊ ဂတိ=ထောက်ရာ, တည်ရာဖစ်ပေ၏၊ ပရာယနံ=လဲလျောင်းရာ ဖြစ်ပေ၏။

အဘာဝသာ အားထားရာ။ ။ ထို့အတူ မိမိသန္တာန်၌ ဖြစ်၍ နေသော ခန္ဓာ ၅-ပါးရုပ်, နာမ်တရားစုသည်

ပဉ္စက္ခန္ဓေ အနိစ္စတော, ဒုက္ခတော, ရောဂတော, ရဏ္ဍတော, သလ္လတော, အဃတော, အာဗာဓတော” ဟူ၍ဟောတော်မူသည်နှင့်အညီ အနာဆိုး, ရောဂါဆိုးမည်၏၊ ကိလေသာ ဟူသောငန်းမန်းထန်လှစွာသော ခန္ဓာ ၅-ပါးဟူသော ရောဂါဘေး, အနာဘေးသင့်၍နေကုန်သော သူတို့အား မိမိသန္တာန်၌ ဖြစ်၍ နေကုန်သော ထိုကိလေသာခန္ဓာတို့၏ ချုပ်ငြိမ်းမှုဟူသော အဘာဝသည် အားကိုးအားထားပြုသော အားဖြင့်ထောက်ရာ, တည်ရာ, မှီခိုရာ, ပုန်းအောင်းရာ, လဲလျောင်းရာ, စင်စစ်ဖြစ်ပေသတည်း။ (ဤကား-ကိလေသာခန္ဓာတည်းဟူသော ကြီးကျယ်လှစွာသော ဒုက္ခဘေးကြီး၏ အဖြစ်ငြိမ်းခြင်းဟူသော အဘာဝကိုပင် သန္တိအနေ အားဖြင့် ဧကန္တဘာဝ, နိစ္စဘာဝ, ဓုဝဘာဝ, ထာဝရဘာဝ, သစ္စဘာဝ နိဗ္ဗာန်အစစ်ဖြစ်၏ ဟု ယူသော ငါတို့အလိုကို ပြဆိုချက်တည်း။)

မဏိဒီပကျမ်းဆရာကား။ ။ ရဟန္တာပုဂ္ဂိုလ်သည် ခန္ဓ ပရိနိဗ္ဗာန်မစံမီ ကာလ၌လည်း ခန္ဓ ဒုက္ခတရား ထင်ရှားရှိနေသောကြောင့် နိဗ္ဗာန်သို့ရောက်သည်, နိဗ္ဗာန်ကိုရသည်ဟု မဆိုနိုင်သေး၊ ခန္ဓာချုပ်ပြီးသော နောက်၌လည်းအကြွင်း အကျန်မရှိ ချုပ်လေ၍ နိဗ္ဗာန်သို့ရောက်သည်၊ နိဗ္ဗာန်ကို ရသည်ဟုပြောဆိုရန် အခွင့်မရှိပြီ၊ ထို့ကြောင့် နိဗ္ဗာန်သို့ ရောက် သည်ဟူသော စကား၌ဉာဏ်ဖြင့် အာရုံပြုသည်ကိုပင် အရောက်ခိုရသည်၊ အာရုံပြုမှုမှ တစ်ပါးအရောက်ဟူ၍ မရှိပြီဟု ဆိုတော်မူသည်။ (မသင့်။)

ခန္ဓပရိနိဗ္ဗာန် မစံမီကာလ၌လည်း မိမိသန္တာန်မှာ အစဉ်ပါရှိ၍ နေသော ကိလေသာတို့၏ မိမိသန္တာန်မှာပင် ချုပ်ငြိမ်းမှုဟူသော ကိလေသနိဗ္ဗာန်သို့ ကာယသစ္ဆိကိရိယကိစ္စအားဖြင့် ဧကန္တရောက်၏၊ ရ၏၊ ခန္ဓပရိနိဗ္ဗာန် စံသောအခါ၌လည်း ခန္ဓာ ၅-ပါးတို့၏ ချုပ်ငြိမ်းမှု ဟူသော ခန္ဓပရိနိဗ္ဗာန်သို့ ဧကန်ဆိုက်၏၊ ရောက်၏၊ ရ၏၊ ရှေး၌လည်း ပြဆိုခဲ့လှပြီ။

မိလိန္ဒပဥှာ၌ နိဗ္ဗာန်နှင့်စပ်သော ကထာပေါင်း ၇-ဂါထာလာ၏၊ အဆုံး ဂါထာ၌

အမေး။ နိဗ္ဗာန်၏ တည်ရာအရပ်သည် ရှိပါသလော ဟု မိလိန္ဒမင်းက မေး၏။

အဖြေ။ နိဗ္ဗာန်၏ တည်ရာအရပ်မည်သည် မရှိဟု ဖြေ၏၊ အမေး။ တည်ရာအရပ် မရှိခဲ့သော် နိဗ္ဗာန်လည်းမရှိ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုသည်ဟုသော စကားသည်လည်း အမှား သာ ဖြစ်၏ ဟု မင်းကြီးက ဆိုလေ၏။

အဖြေ။ တည်ရာအရပ် မရှိလည်း နိဗ္ဗာန်သည်လည်းရှိ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုသည်ဟူသော စကားသည် လည်း အမှန်ပင်ဖြစ်၏။

ဥပမာ။ ။ ဥပမာကား မီးပွတ်သော ယောကျ်ားသည် ၂-ခုသော သစ်သားကို ပွတ်သည်ရှိသော် မီးကိုရ၏ တည်ရှိ၍နေနှင့်သော တည်ရာ အရပ်ဟူ၍ မရှိ၊ စကြာမင်း၏ အကျင့်ဝတ်တို့ကို ကျင့်သော စကြာမင်း လောင်းအား စကြာရတနာသည် ဆိုက်ရောက်လာ၏၊ စကြာရတနာ တည်ရှိ၍ နေနှင့်သော တည်ရာအရပ်ဟူ၍ မရှိ၊ ဤအတူတည်ရာအရပ် မရှိသော်လည်း နိဗ္ဗာန်သည်ရှိ၏၊ ဝိပဿနာတရားကို အားထုတ်သော သူသည် နိဗ္ဗာန်ကို မျက်မှောက်ပြုရသည် အမှန်ပင်ဖြစ်၏ ဟုဖြေပေ၏၊ ဤစကား၌ စကြာမင်းလောင်း၏ စက္ကဝတ္တိ အကျင့်ဝတ်ကို ကျင့် သောအခါ စကြာရတနာသည် ဖြစ်ပေါ် ဆိုက်လာသည်ဟူသော ဥပမာ, မီးပွတ်သော ဥပမာများကို ထောက်၍ နိဗ္ဗာန်သည်လည်း ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန် မစံမီက အမြဲထာဝရ ရှိ၍နေနှင့်သည်မဟုတ်၊ ထိုပုဂ္ဂိုလ် စံနေရန် နိဗ္ဗာန်သည် ထိုပုဂ္ဂိုလ် ပရိနိဗ္ဗာနစုတိ ချုပ်သည်၏ အခြားမဲ့၌ ဖြစ်ပေါ်၍ လာသည်ဟု ယူကြကုန်၏။

မိလိန္ဒပဥှာ ပါဠိတော်၌ကား မီးဥပမာ, စကြာရတနာဥပမာ တို့၌သာ ယခုမှဖြစ်ပေါ်လာသော အခြင်းအရာကို မဆိုပေ၊“သမ္မာ ပဋိပန္နော နိဗ္ဗာနံ သစ္ဆိကရောတိ” ဟူ၍ မျက်မှောက်ပြုရကြောင်းကိုသာ ဆိုပေသည်၊ ထို့ကြောင့် ဤမိလိန္ဒပဥှာ၌ နိဗ္ဗာန်၏ တည်ရာ ဒိသာ ဒေသာ မရှိငြား သော်လည်း နိဗ္ဗာန်သည် ဧကန်ရှိ၏၊ ကောင်းစွာကျင့်နိုင်ပါလျှင် နိဗ္ဗာန်ကို ဧကန်မျက်မှောက်ပြုရ၏၊ ဤမျှသော အနက်ကိုသာ သိရ၏၊ ဤနိဗ္ဗာန်နှင့် စပ်လျဉ်းသော အရာဌာနတို့၌ ပဋိဝေဓဉာဏ်ဖြင့် နိဗ္ဗာန်ကို ပစ္စက္ခဋ္ဌ မြင်တော်မူကြကုန်ပြီးသော အရိယာတို့၏ နှုတ်ထွက် စကားတော်များသည်သာ ပမာဏဖြစ်သည်၊ နိဗ္ဗာန်ကို ပစ္စက္ခဒိဋ္ဌ မမြင်ဘူး ကြကုန်သော ပုဂ္ဂိုလ်တို့၏ စကားဖြစ်ခဲ့လျှင် ကျမ်းရေးဆရာတို့၏ ကျမ်းဂန် စကားပင် ဖြစ်သော်လည်း စိတ်ချသာသည် မဟုတ်သေး၊ သို့သော်လည်း နိဗ္ဗာန်စကားမှာ မှားမည်, တိမ်မည်ကို အလွန်ကြီး ကြောင့်ကြစိုးရိမ်ဖွယ် မရှိ။

ဗောဓိပက္ခိယတရား ၃၇-ပါးတို့မှာသာ မှားမည်, တိမ်းမည်က်ို အလွန် ကြောင့်ကြစိုးရိမ်ခွင့်ရှိသည်၊ ဗောဓိပက္ခယတရား ၃၇-ပါးတို့ကိ်ု အားထုတ်ခြင်းမှ ကင်းလွတ်သော သူတို့သည် နိဗ္ဗာန်စကား၌ ဘယ်ကို အမှန်ကိုပင် ပြောဆို၍ နေကြကုန်သော်လည်း ထိုနိဗ္ဗာန်နှင့် အလွန်ဝေး ကွာကြကုန်၏။

ဥပမာအား။ ။ ခိုင်မြဲစွာသော ကြိုးလွန်တို့ဖြင့် ခြေ, လက်တို့ကို အကြပ်အတည်း တုပ်ချည်၍ သစ်ဖေါင်ကြီးပေါ်တင်၍ မြစ်ပြင်၌ မျှော အပ်ကုန်သောသူတို့သည် မျက်တောင်တစ်ခတ်မျှ မရပ်မနားကြကုန်မူ၍ အောက်တစ်ခွင် ပင်လယ်ရှိရာ ရေကြောင်းအလိုက်သာ မျောကြလေ ကုန်ရာ၏၊ ထိုသူတို့သည် အညာစကားကို အမှန်အကန် ပြောဆိုကြ ကုန်သော်လည်း သူတို့ပြောဆိုရာ အညာအရပ်နှင့်မူကား ကြာလေ ဝေးလေသာ ဖြစ်ကြကုန်၏။

ဤအတူ ဗောဓိပက္ခိယတရား ၃၇-ပါးတို့ကို အားမထုတ်ကြ ကုန်မူ၍ အစားကာမဂုဏ်၊ အဝတ်အရုံ ကာမဂုဏ်၊ နေရာ, ထိုင်ရာ, အိမ်ရာ, ကျောင်း, ကန်, အရိပ်အာဝါသ ကာမဂုဏ် ကြုးလွန်တို့ဖြင့် အကြပ်အတည်း တုပ်ချည်၍ အဝိဇ္ဇာတရား၏ ပွားများရာ, ပွားများ ကြောင်း ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ တရားတို့ကိုသာ နေ့စဉ် လိုက်စား အားထုတ်ကြကုန်သဖြင့် အပါယ် ၄-ပါးတည်းဟူသော အောက်တစ်ခွင် ဝဋ် ၃-ပါးတည်းဟူသော ပင်လယ်ရှိရာသို့သာ ရေ ကြောင်းလိုက် နေ့စဉ်မျောပါး၍ နေကြကုန်သော သူတို့သည် နိဗ္ဗာန် စကားကို အမှန်အကန် ရံဖန်ရံခါ ပြောဆိုကုန်ငြားသော်လည်း သူတို့ ပြောဆိုရာ အညာ နိဗ္ဗာန်နှင့်မူကား ကြာလေဝေးလေသာ ဖြစ်ကြကုန် သည်။

နိဗ္ဗာန်စကားကို အမှားအတိမ်း ပြောဆိုကြကုန်ငြားသော်လည်း ဗောဓိပက္ခိယတရားတို့ကို အမှန်အကန်သိ၍ နေရာတကျ အားထုတ် ကြကုန်၍ မိမိကိုယ်ခန္ဓာ၌ ကြီးကျယ်စွာ ဖုံးလွှမ်းမိုက်မဲ၍ နေသော အဝိဇ္ဇာ မှောင်တိုက်ကြီး၏ ပြယ်ပျောက်ရာ, ပြယ်ပျောက်ကြောင်း အပါယ်ဗီဇ ဝဋဗီဇ, ဒုက္ခဗီဇ, ဘဝဗီဇ, သံသရာဗီဇ ဖြစ်ကြကုန်သော ကုသိုလ်, အကုသိုလ် ကံဟောင်း, ကံသစ်တို့၏ ဆုတ်နစ်ရာ, ဆုတ်နစ်ကြောင်း ကိုသာ နေ့စဉ်လိုက်စား အားထုတ်ကြကုန်သဖြင့် ဝိသုဒ္ဓိ ၇-ပါးတည်း ဟူသော အထက်တစ်ခွင် နိဗ္ဗာန်တည်းဟူသော ဝိဝဋ္ဋဓမ္မရှိရာသို့သာ ပဋိပတ္တိအစဉ်လိုက် လှော်ခတ် ဆန်တက်၍ နေကြကုန်သောသူတို့သည် နိဗ္ဗာန်စကားကို အတိမ်းအမှား ပြောဆိုမိကြကုန်ငြားသော်လည်း စင်စစ် ဧကန် တကယ်မှန်သော နိဗ္ဗာန်သို့သာ ရောက်ကြပေကုန်လတ္တံ့။ သံသရာတည်းဟူသော အနမတဂ္ဂ မဟာဩဃကြီးသည်ရှိ၏၊ ထိုသံသရာ မဟာဩဃကြီး၌ ကမ်းရှိရာသို့ ဆန်တက်သော လမ်းလည်း ရှိ၏၊ ကမ်းမရှိရာ မဟာဩဃအလယ်သို့စုန်မျောသော လမ်းလည်းရှိ၏။

ဩဃ ၆-ပါး။ ။ မိမိယခုရှိနေသော ကိုယ်ခန္ဓာ၌ စက္ခုသည် အနမတဂ္ဂသံသရာ မဟာဩဃကြီး ၁-ပါး၊ သောတ, ဃာန, ဇိဝှါ, ကာယ, မနော တို့သည်လည်း အနမတဂ္ဂ သံသရာ မဟာဩဃကြီး ၁-ပါး, ၁- ပါးစီ၊ ဤသို့လျှင် အဇ္ဈတ္တိကာယတနတရား ၆-ပါးသည် အနမတဂ္ဂ သံသရာ မဟာဩဃကြီး ၆-ပါးဖြစ်၏။

ထို ၆-ပါးတို့တွင် မိမိ၏ အဇ္ဈတ္တသန္တာန်၌ဖြစ်သော စက္ခုသည် အနမတဂ္ဂ သံသရာတွင် အဘယ်အခါက စ၍ဖြစ်သည်-ဟု အစဖြစ်ရာ ကာလပင်မရှိ၊ အလွန်ရှည်လျား၏၊ အနက်အားဖြင့် စက္ခု၏ ဖြစ်ရာနယ် သည် မဟာအဝီစိသို့ ဆိုက်လေ၏၊ အကျယ်အားဖြင့် ဤစက္ခု၏ ဖြစ်ရာနယ်သည် အရှေ, အနောက်, တောင်, မြောက် အဆုံးမရှိ၊ စကြဝဠာ အနန္တ နှံ့ပြားနို်င်၏။

မိမိ၏ အဇ္ဈတ္တဖြစ်သော စက္ခု၌ ငါ၏စက္ခု-ဟု ထင်မှတ်စွဲလမ်းမှု, ငါမြင်သည်ဟု ထင်မှတ်စွဲလမ်းမှု, ငါ၏ကိုယ်-ဟုထင်မှတ်စွဲလမ်းမှုသည် စက္ခု သံသရာ မဟာဩဃကြီး၌ နစ်မှုမြုပ်မှုပေတည်း။ မိမိ၏ အဇ္ဈတ္တ စက္ခုဖြင့် မြင်ရသော အာရုံဝတ္တုတို့ကို သာယာမှု, လိုက်စားမှုတို့သည် ကမ်းမရှိရာ မဟာဩဃကြီး အလယ်၌ စုန်မျောနေခြင်းပေတည်း။ ဤသတ္တဝါအပေါင်းတို့သည် အသီးအသီး မိမိမိမိတို့၏ စက္ခု သံသရာ မဟာဩဃကြီး၌ အနမတဂ္ဂ သံသရာ ကာလပတ်လုံး နစ်မြုပ်၍ ကမ်းမရှိရာ မဟာဩဃကြီး၏ အလယ်၌သာ ယနေ့ထက်တိုင် အတွင်စုန် မျော၍ နေကြကုန်၏။

ယခုမိမိ၏ အဇ္ဈတ္တအင်္ဂါဖြစ်၍နေသော စက္ခု၌ ငါ၏စက္ခု-ဟု ထင်မှတ်စွဲ လမ်းမှု, ငါမြင်သည်ဟု ထင်မှတ် စွဲလမ်းမှု, ငါ၏ကိုယ်ဟု ထင်မှတ်စွဲလမ်းမှု သည်ရှိ၏၊ ထိုစွဲလမ်းမှု၏ ပျောက်ကင်း ချုပ်ငြိမ်းခြင်း သည် စက္ခုသံသရာ မဟာဩဃကြီး၏ တစ်ဖက်ကမ်းပေတည်း။ မိမိ၏ကိုယ်အင်္ဂါဖြစ်သော စက္ခုသမုဒ္ဒရာ၌ နစ်မြုပ်မျောပါ၍ နေရသော သူသည် မိမိ၏စက္ခု၌ မိမိ၏စွဲလမ်းခြင်း ပြတ်ကင်းသောအခါ စက္ခုသံသရာ မဟာဩဃကြီး၏ကမ်းသို့ ဆိုက်လေ၏။

မျက်စိဖြင့်မြင်ရသော အာရုံဝတ္တုသာယာမှု, လိုက်စားမှုတို့ကို ရုပ်သိမ်း ပယ်ရှာ၍ ယခုရှိနေသော မိမိစက္ခု၌ တွယ်တာစွဲလမ်းခြင်းကို ပြတ်ကင်းစေခြင်းငှာ ထိုစက္ခုမှာ ဖုံးလွှမ်း၍နေသော အဝိဇ္ဇာမှောင်လုံးကြီ, မှောင်မဲကြီး, မှောင်တိုက်ကြီးကို ပယ်ရှား မှုတ်လွှင့်ခြင်း ပယောဂကို ပြုကြကုန်ရာ၏၊ ထိုပယောဂမှုသည် မိမိစက္ခုသံသရာ မဟာဩဃကြီး၏ တစ်ဘက်ကမ်းရှိရာ အညာသို့ ဆန်တက် လှော်ခတ်သော အမှုစုပေ တည်း။

[ဤကား-ဘာဝ, အဘာဝနှင့်စပ်သော စကားစုတည်း။]

ပယောဂသမ္ပတ္တိ။။ မိမိ၏ စက္ခု၌ ရှိနေသော အဝိဇ္ဇာ မှောင်တိုက်ကြီးကို ပယ်ရှား မှုတ်လွှင့်ခြင်း ပယောဂမှုဆိုသည်ကားမိမိစက္ခု၏ အနိစ္စအဖြစ်,ဒုက္ခအဖြစ်, ရောဂအဖြစ်, ဂဏ္ဍအဖြစ်-အစရှိ သော၊ ဘာဝနာ ၄၀-မှာ လာသောအပြစ်ဒေါသ အာဒီနဝတို့ကို အတပ် မြင်နိုင်, ထင်နိုင်အောင် ကြည့်ရှုပွားများခြင်းပယောဂမှုကို ဆိုသတည်း၊ စက္ခု၌ အနိစ္စဝိဇ္ဇာဉာဏ်, ဒုက္ခဝိဇ္ဇာဉာဏ်, အနတ္တဝိဇ္ဇာဉာဏ်-ကိုရအောင် အားထုတ်မှုပေတည်း။

ဥပမာ။။ ဥပမာကား-မိမိ၏ကိုယ်အင်္ဂါမှာ အနာတစ်ခုသည် ရှိရာ၏၊ ထိုအနာမှာ အလွန်သိမ်မွေ့ သေးငယ်လှစွာသော သံသေဒဇ ပိုးလောက်ငယ်တို့သည် ကျ၍ တရွရွ နေကုန်၏၊ ထိုသူသည်မူကား မျက်စိမှာ ပါဒရက်အခိုးကြီးလှ၍ ပကတိမျက်စိနှင့် ကြည့်ရှုလေရာ ထိုပိုးလောက်ငယ်တို့ကို မိမိကိုယ် အသားကောင်းပင် ထင်လေ၍ ထိုအသား၏ ပွားပြည့်ဖြိုးခြင်းကိုသာ အလိုရှိ၏၊ အသားနုတက်ပေပြီဟုဝမ်းမြောက် ဝမ်းသာရှိ၏၊ ပိုးလောက်ငယ်တို့ ကိုက်၍ ယားယံသည်ကို အသားနုတက်၍ ယားယံသည်-ဟု ထင်လေ၏။

တစ်ရံသောအခါ ကြည်လှစွာသော မှန်ဘီလူးနှင့်ကြည့်လေရာ ပိုးလောက်တို့ကို အကုန်မြင်လေ၏၊ ထိုအခါမှ သဲတုန်, အူတုန် ကြောက် ရွံ့ခြင်း ပြင်းစွာဖြစ်လေ၏၊ စိတ်ချ၍ မအိပ်နိုင်, မစားနိုင် ရှိလေ၏၊ ထိုပိုးလောက်တို့ မပျောက်ဘဲ တာရှည်နေခဲ့လျှင် အတွင်းရေ အတွင်း သားတို့ကို အတွင်စား၍ အထဲသို့အသည်းနှလုံးတိုင် မကြာမီပေါ်၍ သွားအံ့သောအခွင့်ကို မြော်မြင်၍ အလွန်လျှင် စိုးရိမ်ခြင်း ဖြစ်လေ၏။

ဤဥပမာ၌

၁။ အနာနှင့် ဤကိုယ်ခန္ဓာတူ၏၊

၂။ ပိုးလောက်ငယ်တို့နှင့် စက္ခုပသာဒရုပ်စုတူ၏၊

၃။ ပါဒရက်မျက်စိနှင့် ပကတိသော ပုထုဇဉ်၏ ဉာဏ်မျက်စိ တူ၏၊

၄။ အဝိဇ္ဇာနှင့် ပါဒရက်ခိုးစုတူ၏၊

၅။ မှန်ဘီးလူးကို စီရင်သောဆရာနှင့်ဘာဝနာ ၄၀-ကို ဟော တော်မူသော အရှင်သာရိပုတ္တရာ မဟာထေရ်ကြီး တူ၏၊

၆။ မှန်ဘီးလူးကြီးနှင့် အနိစ္စဝိဇ္ဇာဉာဏ်, ဒုက္ခဝိဇ္ဇာဉာဏ်, အနတ္တဝိဇ္ဇာ ဉာဏ်တူ၏၊

၇။ ပိုးလောက်တို့ကို မိမိ၏ကိုယ်သွေး, ကိုယ်သားကောင်း ထင်မှတ်သည်နှင့် မိမိကိုယ်အင်္ဂါ ဖြစ်၍နေသော စက္ခုကို ငါ၏စက္ခု-ဟုထင်မှတ်စွဲလမ်းမှု, ထိုထိုဝတ္ထုကို မြင်သော အခါ ငါမြင်သည်ဟု ထင်မှတ်စွဲလမ်းမှု, စက္ခုကိုပင် အသက် ရှင်သော အတ္တဇီဝဟု စွဲလမ်းမှုတူ၏၊

၈။ မှန်ဘီလူးနှင့် ကြည့်သောအခါမှ မိမိ၏ အသားမဟုတ်၊ အသက်၏ အန္တရာယ်ကို ပြုနိုင်သော ပိုးလောက်တွေ တရွရွ မြင်ရလေသည်နှင့် ဗောဓိပက္ခိယတရားကို ပွားများသဖြင့် အနိစ္စဝိဇ္ဇာဉာဏ်, ဒုက္ခဝိဇ္ဇာဉာဏ်, အနတ္တဝိဇ္ဇာဉာဏ်နှင့် မိမိ၏စက္ခုကို ကြည့်ရှုသောအခါမှ မိမိကိုယ်ဟုမှတ် ထင်စွဲလမ်း စရာမရှိသော ခဏချင်း, ခဏချင်း ဖြစ်မှု, ပျက်မှု တရွရွနေသော စက္ခုဓာတ်ငယ်တို့ကို မြင်ရမှုတူ၏၊

၉။ ပိုးလောက်တို့ကို မြင်ရ၍ ပိုးလောက်မှန်း သိသည်နှင့် တစ်ပြိုင်နက် ထိုပိုးလောက်တို့လောက်တို့အတွက် ဖြစ်ပွား၍ သွားရန် အမျိုးမျိုးသော ဒုက္ခကြီး,ငယ် ကြောက်မက်ဖွယ် တွေကို မြင်၍သွားသည်နှင့် ထိုစက္ခု၌ရှိသော ၄၀-သော ကြောက်မက်ဖွယ်တွေကို မြင်၍ သွားမှု တူ၏၊

အလွန်သိမ်မွေ့သော ပိုးလောက်ငယ်တို့မှာလည်း ရွရွရွရွခဏချင်း ခဏချင်း ဖြစ်မှု, ပျက်မှုဟူသော ဥဒယဗ္ဗယမှုတို့ကို မြင်မှသာ စက္ခုသည် ပုဂ္ဂိုလ် မဟုတ်၊ စက္ခုသည် သတ္တဝါ မဟုတ်၊ စက္ခုသည် ငါမဟုတ်၊ ဒုက္ခ အစုမျှသာ ဖြစ်သည်-ဟု ထင်ရှားလေသည်။

(ဤကား-အနာမတဂ္ဂ သံသရာနှင့်အမျှ အနိစ္စဝိဇ္ဇာဉာဏ်, ဒုက္ခ ဝိဇ္ဇာဉာဏ်, အနတ္တဝိဇ္ဇာဉာဏ်-ဟူသော မှန်ဘီလူးကို မရသည့်အတွက် ယနေ့ထက်တိုင် မိမိနစ်မွန်းမျောပါ၍လာခဲ့သော မိမိ၏ စက္ခုသံသရာ မဟာဩကြီး၏ ကမ်းတစ်ဘက်သို့ မိမိဆန်တက်ရာသော ပယောဂသမ္ပတ္တိကို ပြဆိုသော စကားရပ်တည်း။)

မိမိ၏ အဇ္ဈတ္တအင်္ဂါဖြစ်၍နေသော သောတသံသရာ မဟာဩဃ, ဃာနသံသရာ မဟာဩဃ, ဇိဝှါသံသရာ မဟာဩဃ, ကာယသံသရာ မဟာဩဃ, မနသံသရာ မဟာဩဃ-တို့၌လည်း စက္ခုသံသရာ မဟာ ဩဃ၌ကဲ့သို့ ရှည်လျားပုံ, နက်ရှိုင်းပုံ, ကျယ်ဝှမ်းပုံ စသည်များကို စေ့စုံစွာ ဝေဖန်၍ သိလေ။

အထူးကား

၁။ မိမိ၏ သောတ၌ ငါ၏ နားဟူ၍လည်းကောင်း၊ တစ်စုံ တစ်ခုသော အသံကိုကြားသောအခါ ငါကြားသည်ဟူ၍ လည်းကောင်း၊ ငါ၏ နားသည် ကြားတတ်သော ငါ့ အတ္တပေတည်း၊ အရှင်ဖြစ်သော ဇီဝပေတည်း ဟူ၍ လည်းကောင်း၊ တွယ်တာစွဲလမ်းခြင်းသည် မိမိ၏ သောတ သံသရာ မဟာဩဃ၌မိမိ နစ်မွန်းမျောပါခြင်းမည်၏၊ ထို တွယ်တာ စွဲလမ်းခြင်း၏ ပြတ်ကင်း ချုပ်ငြိမ်းခြင်းသည် ထိုသောတ သံသရာ မဟာသမုဒ္ဒရာကြီး၏ တစ်ဘက်ကမ်း ပေတည်း။

၂။ မိမိ၏ ဃာန၌ ငါ၏နှာခေါင်းဟူ၍လည်းကောင်း၊ တစ်စုံ တစ်ခုသော အနံ့ကို နံသောအခါ ငါနံသည်ဟူ၍လည်း ကောင်း၊ ငါ၏ဃာနသည် နံတတ်သော ငါအတ္တပေတည်း၊ အရှင်ဖြစ်သော ဇီဝပေတည်း- ဟူ၍လည်းကောင်း၊ တွယ်တာ စွဲလမ်းခြင်းသည် မိမိ၏ဃာနသံသရာ မဟာ ဩဃ၌ မိမိနစ်မွန်းမျောပါခြင်းသည် ထိုဃာနသံသရာ မဟာ သမုဒ္ဒရာကြီ၏ တစ်ဘက်ကမ်းပေတည်း။

၃။ မိမိ၏ဇိဝှါ၌ ငါ၏လျှာဟူ၍လည်းကောင်း၊ တစ်စုံတစ်ခု သော ရသာရုံကို သုံးဆောင်၍ အချို, အချဉ်စသည်ကို သိသောအခါ ငါသိသည်ဟူ၍လည်းကောင်း၊ ငါ၏ လျှာသည် အရသာကို သိတတ် သော ငါ့အတ္တပေတည်း၊ အရှင်ဖြစ်သော ဇီဝပေတည်းဟူ၍လည်းကောင်း၊ တွယ် တာ စွဲလမ်းခြင်းသည် မိမိ၏ ဇိဝှါသံသရာ မဟာဩဃ၌ မိမိနစ်မွန်းမျောပါခြင်းမည်၏၊ ထိုတွယ်တာစွဲလမ်းခြင်း ၏ ပြတ်ကင်းချုပ်ငြိမ်းခြင်းသည် ထိုဇိဝှါသံသရာ မဟာ သမုဒ္ဒရာကြီး၏ တစ်ဘက်ကမ်းပေတည်း။

၄။ မိမိ၏ ကိုယ်အင်္ဂါကာယ၌ ငါ၏ကိုယ်အင်္ဂါဟူ၍လည်း ကောင်း၊ တစ်စုံတစ်ခုသော ဝတ္ထုအာရုံကို ထိ၍ သိသော အခါ ငါထိသည်, ငါသိသည်ဟူ၍လည်းကောင်း, ငါ၏ ကိုယ်အင်္ဂါကြီး, ငယ်သည် ထိ၍ သိတတ်သော ငါ့အတ္တ ပေတည်း၊ အရှင်ဖြစ်သော ဇီဝပေတည်းဟူ၍လည်း ကောင်း, တွယ်တာ စွဲလမ်းခြင်းသည် မိမိ၏ ကာယ သံသရာ မဟာဩဃ၌ မိမိနစ်မွန်းမျောပါခြင်းမည်၏၊ ထိုတွယ်တာစွဲလမ်းခြင်း၏ ပြတ်ကင်ချုပ်ငြိမ်းခြင်းသည် ထို ကာယသံသရာ မဟာသမုဒ္ဒရာကြီး၏ တစ်ဘက်ကမ်း ပေတည်း။

၅။ မိမိမနော၌ ငါ၏စိတ် ငါ၏မနောဟူ၍လည်းကောင်း, မိမိကြံသမျှ, သိသမျှကို ငါကြံသည်, ငါသိသည် ဟူ၍လည်း ကောင်း, ငါ၏စိတ်, ငါ၏မနောသည် ကြံတတ်, သိတတ် သော ငါ့အတ္တပေတည်း၊ အရှင်ဖြစ်သော ဇီဝပေတည်း ဟူ၍လည်းကောင်း, တွယ်တာ စွဲလမ်းခြင်းသည် မိမိ၏ စိတ်-ဟူသော မန-ဟူသော အနမတဂ္ဂ သံသရာမဟာ ဩဃ၌ မိမိနစ်မွန်းမျောပါခြင်းမည်၏၊ ထိုတွယ်တာ စွဲလမ်းခြင်း၏ ပြတ်ကင်းချုပ်ငြိမ်းခြင်းသည် ထို မနသံသရာ မဟာသမုဒ္ဒရာကြီး၏ တစ်ဘက်ကမ်းပေတည်း။ ဤသို့ သံသရာ ဝဲဩဃကိုလည်းကောင်း, သံသရာဝဲဩဃ၏ တစ်ဘက် ကမ်းဖြစ်သော နိဗ္ဗာန်ကိုလည်းကောင်း, မိမိ၏ ဝဲဩဃ၏ တစ်ဘက်ကမ်းဖြစ်သော နိဗ္ဗာန်ကိုလည်းကောင်း, မိမိ၏ ဝဲဩဃ၌ မိမိနစ်မွန်း၍ နေကြပုံကိုလည်းကောင်း, မိမိ၏ ဝဲဩဃမှ ကျွတ်လွတ်၍ ကမးတစ်ဘက်သို့ ရောက်ကြပုံကိုလည်းကောင်း, အသေအချာ နေရာ တကျ သိမှတ်အပ်၏။

(ကြွင်းသော အချက်စုကိုကား စက္ခု၌ ဆိုခဲ့ပြီးသောအတိုင်း စေ့စုံစွာသိလေ။)

(က) သမုဒ္ဒေါ, သမုဒ္ဒေါတိ ဘိက္ခဝေ အဿုတဝါ ပုထုဇ္ဇနော ဘာသတိ၊ နေသော ဘိက္ခဝေ အရိယဿ ဝိနယေ သမုဒ္ဒေါ၊ မဟာ ဧသော ဘိက္ခဝေ ဥဒကရာသိ မဟာ ဥဒကဏ္ဏဝေါ။

(ခ) စက္ခု ဘိက္ခဝေ ပုရိသဿ သမုဒ္ဒေါ၊ တဿ ရူပမယော ဝေဂေါ၊ ယော တံ ရူပမယံ ဝေဂံ သဟတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အတ္တနိ စက္ခုသမုဒ္ဒံ သဦမိံ သာဝဋ္ဋ သဂါဟံ သရက္ခသံ တိဏ္ဏော ပါရင်္ဂတော ထလေ တိဋ္ဌတိ ဗြာဟ္မဏော။

(ဂ) သောတံ ဘိက္ခဝေ ပုရိသဿ သမုဒ္ဒေါ၊ တဿ သဒ္ဒမယော ဝေဂေါ၊ ယော တံ သဒ္ဒမယံ ဝေဂံ သဟတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အတ္တနိ သောတသမုဒ္ဒံ သဦမိံ သဝဋ္ဋံ သဂါဟံ သရက္ခသံ တိဏ္ဏော ပါရင်္ဂတော ထလေ တိဋ္ဌတိ ဗြာဟ္မဏော။

(ဃ) ဃာနံ ဘိက္ခဝေ ပုရိသဿ သမုဒ္ဒေါ၊ တဿ ဂန္ဓမယော ဝေဂေါ၊ ယော တံ ဂန္ဓမယံ ဝေဂံ သဟတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အတ္တနိ ဃာနသမုဒ္ဒံ သဦမိံ သဝဋ္ဋံ သဂါဟံ သရက္ခသံ တိဏ္ဏော ပါရင်္ဂတော ထလေ တိဋ္ဌတိ ဗြာဟ္မဏော။

(င ) ဇိဝှါ ဘိက္ခဝေ ပုရိသဿ သမုဒ္ဒေါ၊ တဿ ရသမယော ဝေဂေါ၊ ယော တံ ရသမယံ ဝေဂံ သဟတိ၊ အယံဝုစ္စတိ ဘိက္ခဝေ အတ္တနိ ဇိဝှါသမုဒ္ဒံ သဦမိံ သာဝဋ္ဋံ သဂါဟံ သရက္ခသံ တိဏ္ဏော ပါရင်္ဂတော ထလေ တိဋ္ဌတိ ဗြာဟ္မဏော။

(စ ) ကာယော ဘိက္ခဝေ ပုရိသဿ သမုဒ္ဒေါ၊ တဿ ဖောဋ္ဌဗ္ဗမယော ဝေဂေါ၊ ယော တံ ဖောဋ္ဌဗ္ဗမယံ ဝေဂံ သဟတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အတ္တနိ ကာယသမုဒ္ဒံ သဦမိံ သာဝဋ္ဋံ သဂါဟံ သရက္ခသံ တိဏ္ဏော ပါရင်္ဂတော ထလေ တိဋ္ဌတိ ဗြာဟ္မဏော။

(ဆ) မနော ဘိက္ခဝေ ပုရိသဿ သမုဒ္ဒေါ၊ တဿ ဓမ္မမယော ဝေဂေါ၊ ယော တံ ဓမ္မမယံ ဝေဂံ သဟတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အတ္တနိ မနောသမုဒ္ဒံ သဦမိံ သာဝဋ္ဋံ သဂါဟံ သရက္ခသံ တိဏ္ဏော ပါရင်္ဂ-တော ထလေ တိဋ္ဌတိ ဗြာဟ္မဏော။

(သဠာယတနသံယုတ် ပါဠိတော်။) (က) ဘိက္ခဝေ=ရဟန်းတို့၊ အဿုတဝါ=ငါဘုရား၏ တရားကို မကြားဘူးသော၊ ပုထုဇ္ဇနော=ပုထုဇဉ်အပေါင်းသည်၊ သမုဒ္ဒေါ, သမုဒ္ဒေါတိ=သမုဒ္ဒရာ, သမုဒ္ဒရာ-ဟူ၍၊ ဘာသတိ=ပြောဆိုကြ၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အရိယဿ= မြတ်သောအကျင့်ရှိသော ငါဘုရား၏၊ ဝိနေယ=အဆုံး အမဖြစ်သော သာသနာ၌၊ ဧသော=ဤပုထုဇဉ်တို့ခေါ် ဝေါ်ကြသော သမုဒ္ဒရာသည်၊ နသမုဒ္ဒေါ=သမုဒ္ဒရာ အစစ်မဟုတ်၊ ဘိက္ခဝေ=ရဟန်းတို့၊ ဧသော=ဤပုထုဇဉ်တို့ ခေါ်ဝေါ်ကြသော သမုဒ္ဒရာသည်၊ မဟာဥဒကရာသိ= များစွာသောရေအစုသာတည်း၊ မဟာဥဒကဏ္ဏဝေါ= များစွာသော ရေအဏ္ဏဝါ သာတည်း။

(ခ) ဘိက္ခဝေ=ရဟန်းတို့၊ ပုရိသဿ=တစ်ယောက် တစ် ယောက်သော သတ္တဝါ၏၊ စက္ခု=မျက်စိဟူသော စက္ခုဓာတ် ၁- ခုသည်၊ သမုဒ္ဒေါ=သမုဒ္ဒရာ အစစ်ပေတည်း၊ တဿ= ထိုစက္ခုသမုဒ္ဒရာအား၊ ရူပမယော=ရူပါရုံ၏ထင်ခြင်း ကြောင့်ဖြစ်သော၊ ဝေဂေါ=လှိုင်းဟုန်သည်၊ အတ္ထိ= ရှိ၏၊ ယော=အကြင်သူသည်၊ ရူပမယံ= ရူပါရုံ၏ထင်ခြင်းကြောင့် ဖြစ်သော၊ တံဝေဂံ=ထိုလှိုင်းဟုန်ကို၊ သဟတိ=နှိပ်နင်း ပယ်ရှားနိုင်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤသူကို၊ သဦမိံ=လှိုင်းတံပိုးနှင့်တကွသော၊ သာဝဋ္ဋံ=ဗလဝါမုခ ဝဲကြီးနှင့်တကွသော၊ သဂါဟံ=အတင်းဖမ်း တတ်သော ငါးမန်း, ငါးဆင်နှင့်တကွသော၊ သရက္ခသံ=ရောဘီလူးနှင့် တကွသော၊ အတ္တနိ=မိမိကိုယ်၌၊ စက္ခုသမုဒ္ဒံ=စက္ခုသံသရာ မဟာသမုဒ္ဒရာကြီးကို၊ တိဏ္ဏော=ကူးမြောက်ပြီးသော သူဟူ၍၊ ပါရင်္ဂတော=နိဗ္ဗာန်တည်းဟူသော ကမ်းတစ် ဘက်သို့ရောက်ပြီးသောသူ-ဟူ၍၊ ထလေ=နိဗ္ဗာန်တည်း ဟူသော ကြည်းကုန်းထက်၌၊ တိဋ္ဌတိ=တည်ပေသော၊ ဗြာဟ္မဏော=သူမြတ်ဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။

(ဂ) ဘိက္ခဝေ=ရဟန်းတို့၊ ပုရိသဿ=တစ်ယော်သော သတ္တဝါ၏၊ သောတံ=နားဟူသောသောတဓာတ် ၁-ခုသည်၊ သမုဒ္ဒေါ= သမုဒ္ဒရာအစစ်ပေတည်း၊ တဿ=ထိုသောတသမုဒ္ဒရာ အား၊ သဒ္ဒမယော=သဒ္ဒါရုံ၏ထင်ခြင်းကြောင့်ဖြစ်သော၊ ဝေဂေါ=လှိုင်းဟုန်သည်၊ အတ္ထိ=ရှိ၏၊ ယော=အကြင် သူသည်၊ သဒ္ဒမယံ=သဒ္ဒါရုံ၏ ထင်ခြင်းကြောင့်ဖြစ်သော၊ တိဝေဂံ=ထိုလှိုင်းဟုန်ကို၊ သဟတိ= နှိပ်နှင်းပယ်ရှားနိုင်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤသိုကို၊ သဦမိံ=လှိုင်းတံပိုးနှင့် တကွသော၊ သာဝဋ္ဋံ=ဗလဝါမုခ ဝဲကြီးနှင့်တကွသော၊ သဂါဟံ=အတင်းဖမ်းတတ်သော ငါးမန်း, ငါးဆင်နှင့်တကွ သော၊ သရက္ခသံ=ရေဘီလူးနှင့်တကွသော၊ အတ္တနိ= မိမိကိုယ်၌၊ သောတသမုဒ္ဒံ=သောတသံသရာ မဟာ သမုဒ္ဒရာကြီးကို၊ တိဏ္ဏော=နိဗ္ဗာန်တည်းဟူသော ကမ်း တစ်ဘက်သို့ ရောက်ပြီးသောသူ-ဟူ၍၊ ထလေ= နိဗ္ဗာန် တည်းဟူသော ကြည်းကုန်းထက်၌၊ တိဋ္ဌတိ=တည်ပေသော၊ ဗြာဟ္မဏော=သူမြတ်-ဟူ၍၊ ဝုစ္စတိ= ဆိုအပ်၏။

(ဃ) ဘိက္ခဝေ=ရဟန်းတို့၊ ပုရိသဿ=တစ်ယောက်သော သတ္တဝါ၏၊ ဃာနံ=နှာခေါင်း-ဟူသော ဃာနဓာတ် ၁- ခုသည်၊ သမုဒ္ဒေါ=သမုဒ္ဒရာ အစစ်ပေတည်း၊ တဿ= ထိုဃာနသမုဒ္ဒရာအား၊ ဂန္ဓမယော=ဂန္ဓာရုံ၏ထင်ခြင်း ကြောင့်ဖြစ်သော၊ ဝေဂေါ= လှိုင်းဟုန်သည်၊ အတ္ထိ=ရှိ၏၊ ယော=အကြင်သူသည်၊ ဂန္ဓမယံ=ဂန္ဓာရုံ၏ထင်ခြင်း ကြောင့်ဖြစ်သော၊ တံဝေဂံ=ထိုလှိုင်းဟုန်ကို၊ သဟတိ= နှိမ်နှင်းပယ်ရှားနိုင်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤ သူကို၊ သဦမိံ=လှိုင်းတံပိုးနှင့်တကွသော၊ သာဝဋ္ဋံ=ဗလဝါ မုခဝဲကြီးနှင့်တကွသော၊ သဂါဟံ=အတင်းဖမ်းတတ်သော ငါးမန်း, ငါးဆင်နှင့်တကွသော၊ သရက္ခသံ=ရေဘီလူးနှင့် တကွသော၊ အတ္တနိ=မိမိကိုယ်၌၊ ဃာနသမုဒ္ဒံ=ဃာန သံသရာ မဟာသမုဒ္ဒရာကြီးကို၊ တိဏ္ဏော=ကူးမြောက် ပြီးသောသူဟူ၍၊ ပါရင်္ဂတော=နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဘက်သို့ ရောက်ပြီးသောသူ-ဟူ၍၊ ထလေ= နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌၊ တိဋ္ဌတိ= တည်ပေသော၊ ဗြာဟ္မဏော=သူမြတ်-ဟူ၍၊ ဝုစ္စတိ= ဆိုအပ်၏။

(င ) ဘိက္ခဝေ=ရဟန်းတို့၊ ပုရိသဿ=တစ်ယောက်သော သတ္တဝါ၏၊ ဇိဝှါ=လျှာ-ဟူသော ဇိဝှါဓာတ် ၁-ခုသည်၊ သမုဒ္ဒေါ=သမုဒ္ဒရာအစစ်ပေတည်း၊ တဿ=ထိုဇိဝှါ သမုဒ္ဒရာအား၊ ရသမယော=ရသာရုံ ၏ထင်ခြင်းကြောင့် ဖြစ်သော၊ ဝေဂေါ= လှိုင်းဟုန်သည်၊ အတ္ထိ= ရှိ၏၊ ယော= အကြင်သူသည်၊ ရသမယံ=ရသာရုံ၏ထင်ခြင်းကြောင့် ဖြစ်သော၊ တံဝေဂံ=ထိုလှိုင်းဟုန်ကို၊ သဟတိ=နှိမ်နှင်းပယ် ရှားနိုင်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤသူကို၊ သဦမိံ= လှိုင်းတံပိုးနှင့်တကွသော၊ သာဝဋ္ဋံ=ဗလဝါမုခ ဝဲကြီးနှင့် တကွသော၊ သဂါဟံ=အတင်းဖမ်းတတ်သော ငါးမန်း, ငါးဆင်နှင့်တကွသော၊ သရက္ခသံ=ရေဘီလူးနှင့်တကွ သော၊ အတ္တနိ=မိမိကိုယ်၌၊ ဇိဝှါသမုဒ္ဒံ=ဇိဝှါ-သံသရာ မဟာသမုဒ္ဒ ရာကြီးကို၊ တိဏ္ဏော=ကူးမြောက်ပြီးသောသူဟူ၍၊ ပါရင်္ဂတော=နိဗ္ဗာန်တည်းဟူသော ကမ်းတစ် ဘက်သို့ ရောက်ပြီးသောသူ-ဟူ၍၊ ထလေ=နိဗ္ဗာန်တည်း ဟူသော ကြည်းကုန်းထက်၌၊ တိဋ္ဌတိ=တည်ပေသော၊ ဗြာဟ္မဏော=သူမြတ်ဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။

(စ ) ဘိက္ခဝေ=ရဟန်းတို့၊ ပုရိသဿ=တစ်ယောက်သော သတ္တဝါ၏၊ ကာယော=ကိုယ်-ဟူသော ကာယဓာတ် ၁- ခုသည်၊ သမုဒ္ဒေါ=သမုဒ္ဒရာ အစစ်ပေတည်း၊ တဿ= ထိုကာယသမုဒ္ဒရာအား၊ ဖောဋ္ဌဗ္ဗမယော=ဖောဋ္ဌဗ္ဗာရုံ၏ ထင်ခြင်းကြောင့်ဖြစ်သော၊ ဝေဂေါ=လှိုင်းဟုန်သည်၊ အတ္ထိ= ရှိ၏၊ ယော= အကြင်သူသည်၊ ဖောဋ္ဌဗ္ဗမယံ=ဖောဋ္ဌဗ္ဗာရုံ၏ ထင်ခြင်းကြောင့်ဖြစ်သော၊ တံဝေဂံ=ထိုလှိုင်းဟုန်ကို၊ သဟတိ=နှိမ်နှင်းပယ်ရှားနိုင်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤသူကို၊ သဦမိံ=လှိုင်းတံပိုးနှင့်တကွသော၊ သာဝဋ္ဋံ= ဗလဝါမုခဝဲကြီးနှင့်တကွသော၊ သဂါဟံ=အတင်းဖမ်း တတ်သော ငါးမန်း, ငါးဆင်နှင့်တကွသော၊ သရက္ခသံ= ရေဘီလူးနှင့်တကွသော၊ အတ္တနိ=မိမိကိုယ်၌၊ ကာယသမုဒ္ဒံ= ကာယသံသရာ မဟာသမုဒ္ဒရာကြီးကို၊ တိဏ္ဏော= ကူးမြောက်ပြီးသောသူ-ဟူ၍၊ ပါရင်္ဂတော=နိဗ္ဗာန်တည်း ဟူသောကမ်းတစ်ဘက်သို့ ရောက်ပြီးသောသူ-ဟူ၍၊ ထလေ=နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌၊ တိဋ္ဌတိ= တည်ပေသော၊ ဗြာဟ္မဏော=သူမြတ်ဟူ၍၊ ဝုစ္စတိ= ဆိုအပ်၏။

(ဆ) ဘိက္ခဝေ=ရဟန်းတို့၊ ပုရိသဿ=တစ်ယောက်သော သတ္တဝါ၏၊ မနော=စိတ်ဟူသော မနောဓာတ် ၁-ခုသည်၊ သမုဒ္ဒေါ=သမုဒ္ဒရာအစစ်ပေတည်း၊ တဿ=ထိုမနော သမုဒ္ဒရာအား၊ ဓမ္မမယော=ဓမ္မာရုံ၏ ထင်ခြင်းကြောင့်ဖြစ် သော၊ ဝေဂေါ=လှိုင်းဟုန်သည်၊ အတ္ထိ=ရှိ၏၊ ယော= အကြင်သူသည်၊ ဓမ္မမယံ=ဓမ္မာရုံ၏ ထင်ခြင်းကြောင့်ဖြစ် သော၊ တံဝေဂံ=ထိုလှိုင်းဟုန်ကို၊ သဟတိ=နှိမ်နှင်းပယ်ရှား နိုင်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤသူကို၊ သဦမိံ= လှိုင်းတံပိုးနှင့်တကွသော၊ သာဝဋ္ဋံ=ဗလဝါ မုခဝဲကြီးနှင့် တကွသော၊ သဂါဟံ=အတင်းဖမ်းတတ်သော ငါးမန်း, ငါးဆင်တို့နှင့်တကွသော၊ သရက္ခသံ=ရေဘီလူးနှင့်တကွ သော၊ အတ္တနိ=မိမိကိုယ်၌၊ မနောသမုဒ္ဒံ=မနော သံသရာ မဟာသမုဒ္ဒရာကြီးကို၊ တိဏ္ဏော=ကူးမြောက်ပြီးသောသူဟူ၍၊ ပါရင်္ဂတော=နိဗ္ဗာန်တည်းဟူသော ကမ်းတစ် ဘက်သို့ ရောက်ပြီးသောသူ-ဟူ၍၊ ထလေ=နိဗ္ဗာန်တည်း ဟူသော ကြည်းကုန်းထက်၌၊ တိဋ္ဌတိ=တည်ပေသော၊ ဗြာဟ္မဏော=သူမြတ်-ဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။

(ဤကား-အနက်။) အဓိပ္ပါယ်။။ အဓိပ္ပါယ်ကား-အကြီးအကျယ်ဆုံးဖြစ်သော ရေအစုကို လောက၌ သမုဒ္ဒရာဟူ၍ခေါ် ဆိုကြ၏၊ ထိုသမုဒ္ဒရာသည် အကျယ်အနက်ယူဇနာ ၈-သောင်း, ၄-ထောင်မျှသာရှိ၏၊ အလျားမှာ လည်း စကြာဝဠာ အဝန်းယူဇနာမျှသာရှိ၏၊ စက္ခု၏အနက်ကား အောက်ကို မဟာအဝီစိ၊ အထက်ကို အကနိဋ္ဌတိုင်အောင် နက်၏၊ အနံမှာ စကြာဝဠာအနန္တ၊ အလျားမှာ အနမတဂ္ဂသံသရာ။

ကောဓ, ဥပနာဟ- တည်းဟူသော လှိုင်းတံပိုး၊ ရူပတဏှာတည်း ဟူသော ဗလဝါမုခဝဲကြီး၊ ဥပါဒါန်တရား ၄-ပါးတည်းဟူသော ဂါဟ၊ ဇရာ, မရဏ တည်းဟူသော ရက္ခိုသ်ဘီလူး၊ ဤမျှသော ဘေးရန်တို့သည် စက္ခုသမုဒ္ဒရာ၌ တည်ရှိကုန်၏။

အကြင်မျှလောက်သော ဘဝသံသရာကာလပတ်လုံး ငါ၏စက္ခုဟု စွဲလမ်းခြင်းရှိ၏၊ ထိုမျှလောက်သော ဘဝ သံသရာ ကာလပတ်လုံး ထိုစက္ခု သမုဒ္ဒရာ၌နစ်လေ၏၊ စက္ခု-ဟု စွဲလမ်းခြင်း ပြတ်ကင်းသောအခါ စက္ခုသမုဒ္ဒရာမှ ကူးတတ်၍ ဤနိဗ္ဗာန်တည်းဟူသော ကမ်းပေါ်၌တည် လေ၏၊။

(သောတာသမုဒ္ဒရာ စသည်တို့၌လည်း ဤနည်းတူ သိလေ။) ဤသို့လျှင်“စက္ခု လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ ပဟီယမာနာ ပဟီယတိ နိရုဇ္ဈမာနာ နိရုဇ္ဈတိ” အစရှိသော နိရောဓသစ္စ ဝိဘင်းပါဠိတော်နှင့်အညီ “မိမိ၏ အဇ္ဈတ္တ အင်္ဂါဖြစ်၍နေသော စက္ခုမှာ တွယ်တာသောတဏှာ ၏ပြတ် ကင်းခြင်းသည် မိမိ၏စက္ခု၌ရအပ်သော နိဗ္ဗာန်မည်၏၊”

“မိမိ၏အဇ္ဈတ္တအင်္ဂါဖြစ်၍နေသော မနောမှာ တွယ်တာသော တဏှာ၏ ပြတ်ကင်းခြင်းသည် မိမိ၏မနော၌ ရအပ်သော နိဗ္ဗာန်မည်၏“၊ ဤသို့သော အဓိပ္ပာယ်ကို ရည်တော်မူ၍

ဣမသ္မိံ ယေဝ ဗျာမမတ္တေ ကဠေဝရေ သသညမှိ သမနကေ လောကဉ္စပညပေမိ လောကသမုဒယဉ္စ လော ကနိရောဓဂါမိနိဉ္စ ပဋိပဒံ

ဟူ၍ ဟောတော်မူသည်။

ဗျာမမတ္တေ=တစ်လံမျှလောက်သော၊ သသညမှိ=သညာရှိသော၊ သမနကေ=စိတ်နှင့်တကွသော၊ ဣမသ္မိံ ယေဝကဠေဝရေ=ဤအကောင် ပုပ်၌သာလျှင်၊ လောကဉ္စ=ဒုက္ခသစ္စာ-ဟူသော လောကကိုလည်း၊ ပညပေမိ=ငါဘုရားပညတ်တော်မူ၏၊ လောသမုဒ္ဒယဉ္စ=ဒုက္ခသစ္စာဟုဆိုအပ်သော လောက၏ ဖြစ်ပွားကြောင်းကိုလည်း၊ ပညပေမိ=ငါဘုရား ပညတ်တော်မူ၏၊ လောကနိရောဓဉ္စ=ဒုက္ခသစ္စာ-ဟုဆိုအပ်သော လောက၏ ချုပ်ဆုံးရာ နိဗ္ဗာန်ကိုလည်း၊ ပညပေမိ=ငါဘုရားပညတ် တော်မူ၏၊ လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ=ဒုက္ခသစ္စာ- ဟုဆိုအပ်သော လောက၏ချုပ် ဆုံးရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကို လည်း၊ ပညပေမိ=ငါဘုရားပညတ်တော်မူ၏၊ (ဤကား-အနက်။)

အဓိပ္ပါယ်။။ ဒုက္ခသစ္စာကိုလည်း ဤကိုယ်ခန္ဓာမှာပင် ငါဘုရား ပညတ်တော်မူ၏၊ သမုဒယသစ္စာကိုလည်း ဤကိုယ်ခန္ဓာမှာပင်၊ နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကိုလည်း ဤခန္ဓာမှာပင်၊ မဂ္ဂသစ္စာ ကိုလည်း ဤကိုယ်ခန္ဓာ မှာပင်ငါဘုရား ပညတ်တော်မူ၏- ဟူလိုသည်။

- ဒုက္ခသစ္စာ-ဟူသည် ပြဆိုခဲ့ပြီးသော စက္ခုစသော ကိုယ် အင်္ဂါစုပင် တည်း။

- သမုဒယသစ္စာ-ဟူသည် ကိုယ်အင်္ဂါတွင် ပါဝင်သော တဏှာပင် တည်း။

- မဂ္ဂသစ္စာ-ဟူသည်ကား ကိုယ်အင်္ဂါတွင် ပါဝင်သော သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင် ၈-ပါးပင်တည်း၊ ထို့ကြောင့် ဤကိုယ်ခန္ဓာမှာပင် ထိုသစ္စာ ၃-ပါးကိုမုချအားဖြင့်ရ၏။

နိရောဓသစ္စာ-သည်ကား ချုပ်ငြိမ်းမှုဖြစ်၍ ကိုယ်အင်္ဂါမှာ ပါဝင်သောအားဖြင့် ကိုယ်ခန္ဓာ၌ ရထိုက်သည် မဟုတ်၊ ကိုယ်အင်္ဂါနှင့် စပ်နွယ်၍ သိအပ်သည်ကို အကြောင်းပြု၍သာ ကိုယ်အင်္ဂါ၌ ပညတ် တော်မူသည်ဟု ဟောတော်မူသည်။

ဆရာတို့ကား။။ ဤပါဠိတော်ကို ထောက်၍ နိဗ္ဗာန်သည် ပရိနိဗ္ဗာန်စံသော ပုဂ္ဂိုလ်၏ခန္ဓာအသီးသီးကိုအစွဲပြု၍ နိဗ္ဗာန်အသီး အသီးဖြစ်ကြောင်းကို အယူရှိကြကုန်၏။

ဤမျှသော စကားရပ်တို့ဖြင့် စက္ခုစသော မိမိကိုယ်အင်္ဂါ၌ သာယာ စွဲလမ်းမှုကို သံသရာ၌ နစ်မွန်းမှုဆိုသည်၊ ထိုစွဲလမ်းမှု ပြတ်ကင်းသည်ကို သံသရာ၏ ကမ်းတစ်ဘက်သို့ ကူးမြောက်သည်-ဟုဆိုသည်၊ စက္ခုစသည် တို့၏ အလိုသို့ လိုက်စား၍နေသောသူကို ထိုကမ်းတစ်ဘက်နှင့် ဝေးကွာ သောသူ-ဟု ဆိုလိုသည်၊ စက္ခုစသည်တို့၌ သာယာစွဲလမ်းမှုကို ပြတ်ကင်း ရန် အလုပ်ကို အားထုတ်ကြိုးစား၍ နေသောသူကိုသာ ထိုကမ်းတစ် ဘက်နှင့် နီးသောသူ-ဟုဆိုသည်။

နိဗ္ဗာန်နှင့်နီးသူ။။ နိဗ္ဗာန်စကားကို ပြောဆိုကြသောအခါ၌ အမှန်ကို ပြောဆိုမိကြသည်ဖြစ်စေ၊ မမှန်ကို ပြောဆိုမိကြသည်ဖြစ်စေ၊ ထိုအလုပ်ကို အားထုတ်ကြိုးစားသောသူဖြစ်ပေလျှင် ဟုတ်မှန်သော နိဗ္ဗာန်နှင့် တစ်နေ့တစ်ခြား နီး၍ သွားသောသူ မည်၏၊ သာသနာတော် တွင်း၌ လူ့အဖြစ်ကိုရနေသော ယခုဘဝသည် နိဗ္ဗာန်၏ အနီးအပါးသို့ ဆိုက်၍နေသော ဘဝပေတည်း။

နိဗ္ဗာန်နှင့်ဝေးသူ။။ သေလွန်၍ သာသနာမရှိသော လူမျိုး၌ ဖြစ်ခဲ့သော်လည်းကောင်း, အပါယ်၌ ဖြစ်ခဲ့သော်လည်းကောင်း, ယခုဆိုက် တိုက်နီးပါး၍နေသော နိဗ္ဗာန်နှင့် ကြာလေ, ကြာလေ ကွာလှမ်း၍ သွား ပြန်လေ၏၊ ထို့ကြောင့် မိမိ၏ကိုယ်အင်္ဂါ ဖြစ်၍နေသော စက္ခုစသည်တို့၌ သာယာစွဲလမ်း မြဲအတိုင်းနှင့်နေ၍ သေကြလတ္တံ့သော သူတို့သည် ယခုအခါ အမှန်နိဗ္ဗာန်ကိုပင် ပြောဆို၍နေကြသော်လည်း နိဗ္ဗာန်နှင့် တစ်နေ့တစ်ခြား ကွားဝေး၍ သွားသောသူတို့ မည်ကုန်၏-ဟူသော အဓိပ္ပါယ်ကို ပြဆိုလိုက်သည်။

(ဤကား- ပယောဂ သမ္ပတ္တိနှင့် စပ်နွယ်၍ ပြချက်တည်း။) ဤတွင် ရွေ့ကား- အချို့ကျမ်းအလို ထုတ်ဆိုရှင်းလင်းချက်ပြီး၏၊ ဤတွင် နာနာဂန္တန ဝါဒ ဝိသောဓနကဏ္ဍ ပြီး၏။

---

နိဂုံး

ဧတ္တာဝတာ စ

(က) ခေတ္တပါဠိဂါမေ သန္နေကာရိတော ဂါမဘောဇိနာ

သုဝိဘတ္တေ သုဝီသာလေဓမ္မိကာရာမနာမကေ

(ခ) ဓမ္မနန္ဒေ ဝိဟာရမှိသုဝိစိတ္တေ မနောရမေ

ဝသတာ မဟတော ဘိက္ခုဂဏဿ ဓမ္မဝါစိနာ

(ဂ) ဓမ္မစ္ဆန္ဒေဟိ သာဓူဟိယာစိတေန မယာ ကတာ

နိဗ္ဗာနဒီပနီ ဧသာနေကသုတ္တသမောသဋာ။။

(ဃ) ပုညေနေ တေန နိဗ္ဗာနံလဒ္ဓါ သန္ဒိဋ္ဌိကံ ဣဓ

ပရမတ္ထံ အာရာဓေန္တုဇနာ သဗ္ဗေပိ သုဗ္ဗတာတိ

စ= ဆက်၍ဆိုဦးအံ့၊ ဧတ္တဝတာ=ဤမျှအတိုင်းအရှည်ရှိသော စကား အစဉ်ဖြင့်

(က) ခေတ္တပါဠိဂါမေ=မုံရွာမြို့နယ် “လယ်စဉ်“အမည်ရှိသော ရွာ၌၊ ဧသန္နေ=အရှေ့မြောက်စပ် ထောင့်အရပ်၌၊ ဂါမ ဘောဇိနာ=လယ်စဉ်ရွာစား တရားပျော်မှီး တိုက်သူကြီး သည်၊ ကာရိတေ=၁၂၆၀-ပြည့်နှစ် သက္ကရာဇ်တွင် အသစ် တည်ထောင်အပ်သော၊ သုဝိဘတ္တေ=ပရိဝုဏ်မျဉ်းတား ဘုရားသိမ် ကျောင်း အပေါင်းသစ်ပင် ဥယျာဉ်ရေတွင်း နတ်ဖန်ဆင်းသကဲ့သို့ ခင်းကျင်းဖွယ်ရာ ကောင်းစွာဝေဖန် အပ်သော၊ သုဝီသာလေ=ကျယ်ဝန်းပျံ့ပျူးစွာထသော၊ ဓမ္မိကာရာမနာမကေ=ဓမ္မိကာရုံအမည်ရှိသော ကျောင်း တိုက်၌။

(ခ) သုဝိစိတ္တေ=ဟမ္မယ်ယွန်းထပ် ခြယ်မွှမ်းလတ်၍ နတ်ဝိသုကံ စီမံခံ့ယမ်း ပျံဘနန်းလျှင် ဆန်းကြယ်ထူးမြတ်သော အပြောက် အပြိန်းလည်းရှိထသော၊ မနောရမေ=ရှုသူ မြင်သူ အများလူတို့ ကြည်ဖြူ ရွှင်ပြုံး နှလုံးမွေ့လျော်ရာ လည်းဖြစ်ထသော၊ ဓမ္မနန္ဒေ ဝိဟာရမှီ=“ဓမ္မနန္န“အမည် ရှိသော ကျောင်းကြီး၌၊ ဝသတာ=သီတင်းသုံးနေထသော၊ မဟတော=များစွာသော၊ ဘိက္ခုဂဏဿ=ရဟန်းသင်္ဃာ အပေါင်းအား၊

(ဃ) ဧတေန ပုညေန=နိဗ္ဗာန်ကျမ်းပြု ဤကောင်းမှုကြောင့်၊ သဗ္ဗေပိ=အလုံးစုံလည်းဖြစ်ကုန်သော၊ ဇနာ=သတ္တဝါ အပေါင်းတို့သည်၊ သုဗ္ဗတာ=ကောင်းသောအကျင့် ရှိကုန် သည်ဖြစ်၍၊ ဣဓ=ယခုဘဝပစ္စက္ခ၌၊ သန္ဒိဋ္ဌိကံ=မျက်မှောက် ဒိဋ္ဌ တွေ့ကြုံရသော၊ နိဗ္ဗာနံ=သမ္မုတိနိဗ္ဗာန်, တဒင်္ဂ နိဗ္ဗာန်ကို၊ လဒ္ဓါ=ရကြကုန်သည်ဖြစ်၍၊ ပရမတ္ထံ=အတုမရှိ ကြီးမြတ်လှသော ပရမတ္ထနိဗ္ဗာန်ကို၊ အာရာမေန္တု=ဆော လျင်ထုတ်ခြောက် ရောက်ပေါက်ပြီး စီးကြပါစေကုန်သ တည်း၊ ဣတိ=ဤတွင်ရွေ့ နိဗ္ဗာနဒီပနီ စကားရပ် အပြီး သတ်၏။

နိဂုံး ပြီး၏။

ဤတွင်ရွေ့- နိဗ္ဗာနဒီပနီ ပြီး၏။

---

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...