Skip to main content

ဂမ္ဘီရကဗျာကျမ်း

ဂမ္ဘီရကဗျာကျမ်း

နိဒါန်း

မာတွံစုတိံ အတိက္ကန္တော၊ မာတု ထညရသံ ပိဝ” သင်သည် သေလွန်ပြီးနောက်အဖို့ အမိနို့ကို မစို့ချင်နှင့်

အမိနို့မစို့နဲ့

မာတွံစုတိံ အတိက္ကန္တော၊ မာတုထညရသံပိဝ- ဟူသော ပါဠိအလာကိုမြန်မာဘာသာပြန်ဆိုပါသော် “သင်သည် သေလွန် ပြီးနောက်အဘို့၌ အမိနို့ရည်ကို မသောက်စို့ပါနှင့်” ဟုဆိုလိုရာ အဓိပ္ပါယ် အကျယ်မှာမူ သင်သည် ဤဘဝသံသရာ၌သာ ကျင်လည် ပါစေ၊ နောက်ဘဝသံသရာ ဆက်လက်၍ မကျင်လည်ပါစေနှင့်၊ ဤ ဘဝသံသရာမှာပင် နောင်သံသရာ၌ ကျင်လည်စေကြောင်း အဝိဇ္ဇာ စသော တရားအပေါင်းကို ကောင်းကောင်းကြီးရှင်းလင်း၍ အလင်း ဉာဏ်ပေါက် အောင်အားထုတ်လိုက်ပါဟု ဆိုလိုပေကြောင်း။

မထင်မမြင်

ဤစကားတော်အရ အမိနို့ရည်ကို စို့ရသမျှသည် သံသ ရာ၌ ကျင်လည်ရသည်သာဖြစ်ရာ --- သို့ကျင်လည်ရ ခြင်း, အမိနို့ရည်ကို စို့ရခြင်းတို့မှာလည်း စင်စစ် သံသရာ၏ အပြစ်ကို မမြင်နိုင်ခြင်း, အမိနို့ရည်စို့ရခြင်းတို့၌ဆက်နွယ်သော သံသရာ့ဒုက္ခတို့ကို မထင်နိုင်ခြင်းတို့ကြောင့်ပင်ဖြစ်ပေကြောင်း။

အမှောင်ခွင်းအလင်းဉာဏ်

ထိုသို့မမြင်နိုင်, မထင် နိုင်ခြင်း၏ အ ကြောင်းရင်းမှာကား အဝိဇ္ဇာတည်း ဟူသော အမိုက်တိုက်ကြီးဖုံးလွှမ်း နေမှုကြောင့်သာဖြစ်ပေရာ ----အမိ နို့ရည်ကို မစို့ရတော့ဘို့ သံသရာ၌ မကျင်လည်ရတော့ဘို့မှာ ထို အဝိဇ္ဇာ မှောင်မိုက်ကြီးကို တိုက်ခွဲဖြိုခွင်းဘို့, တိုက်ခွဲဖြိုခွင်း၍ အလင်းဉာဏ် ရောင်ရဘို့သာ အရေးကြီးလှပါသည်။

သို့ဖြစ်ပါ၍ မဟာတမ မှောင်လှ အမိုက်ဖျက်တိုက်ဘို့ ပုံနှိပ်ထုတ်ဝေ ရာ အလင်းရောင်ဓာတ်မဟာသည်ဘယ်နှစ်ဖြာ ဘယ်နှစ်ပါး, အမိုက်ကား ဘယ်နှစ်ပုံ, အဓိပ္ပါယ်အစုံစုံကို အကုန်အစင် ထင်ထင်ရှားရှား ပြတ်သားလှစွာ ညွှန်ပြပါသော လယ်တီဆရာတော် ဘုရားကြီး၏ အလင်းကျမ်းအလင်းကျမ်း ဤစာကို သံသရာ၌ ကျင်လည်ခြင်းမှ ရပ်စဲလိုသူ, အမိနို့ဆက်လက် မစို့လိုသူတို့အကျိုးငှာ

ဘဒ္ဒန္တကေလာသ-နဝမ ပဓာန နာယကဆရာတော ကြီးမှူးသော ဦးဗိုလ်မောင် (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ဦးမောင်မောင်ဦး ( M.Aအငြိမ်းစား ကျောင်းအုပ် ) တို့က တည်းဖြတ် သုတ်သင် ပြင်ဆင်လျက် အရှင်နန္ဒိသေန ဦးစီးသော မုံရွာမြို့ မဟာ လယ်တီတိုက် လယ်တီရောင်ခြည်ကွန်ပျူတာအဖွဲ့မှ အက္ခရာပုဒ်ရင်း မချွတ်ယွင်းစေရအောင် ဤ အလင်းကျမ်းအလင်းကျမ်းကို စာစီပြုလုပ်ကာ ထုတ်ဝေ ဖြန့်ချိအပ်ပါသတည်း။

လယ်တီအရှင်ကေလာသ နဝမ ပဓာန နာယက ဆရာတော် မဟာလယ်တီတိုက်

မုံရွာမြို့။


ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုး

ဂမ္ဘီရကဗျာကျမ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဖွားတော်မူသောနေ့ စသော ခုနစ်နေ့တို့အားရည်စူး၍ ချီးကျူး ဖွဲ့ဆိုအပ်သော

ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုး

ကြာသပတေးနေ့ ပဋိသန္ဓေယူ

၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်။။သောင်းခွင်စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့် ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ ကြည်ဖြူ၊ သန္ဓေယူသည်။။နတ်လူငြိမ်းဘို့ ကိန်းပါကို။။

သောကြာနေ့ ဖွားမြင်

၂။ သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက် ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်။။ နတ်လူအောင်မြို့ လမ်းပါကို။။

တနင်္လာနေ့ တောထွက်

၃။ ဖွားမြင်မြောက်သော်၊ ဆဲ့ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ် ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆဲ့သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆဲ့ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်။။ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။။

ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်

၄။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဘွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံး ကျော်သည်။။ သုံးဘော်လူတို့ ငြမ်းပါကို။။

စနေနေ့ ဓမ္မစကြာဟော

၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွတ် ထွေပြား၊ ဟောဖော်ကြားသည်။။ တရားနတ်စည် ရွမ်းတယ်ကို။။

အင်္ဂါနေ့ ပရိနိဗ္ဗာန်စံ

၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်း တိုက်ဝယ်၊ ကျွတ်ထိုက်သ သူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါ-လေးဆဲ့ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေး ဆဲ့ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ် မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်။။ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။။

တနင်္ဂနွေနေ့ တေဇောဓာတ်လောင်

၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂိရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့ မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန် ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်။။ မွေ တော်ရှစ်စိတ် ကြွင်းတယ်ကို။။

ဆုတောင်း

* ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမွန်စွာ၊ ဝန္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်။။ကောင်းကျိုးခပ်သိမ်း ကြွယ် စေသောဝ်။

* အဆုံးဘဝ၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေညာကျော်ကြား၊ လူအများကို၊ တရားစည်ကြီး၊ ခြိမ့်ခြိမ့်တီး၍၊ မီးဆဲ့တစ်တန်၊ ငြိမ်းရာမှန်သည်။။ နိဗ္ဗာန်အောင်မြို့ ရောက်စေသောဝ်။

* သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ ရတနာကို၊ သဒ္ဓါရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပါရ၊ ဤ ပုညကြောင့်၊ ဒိဋ္ဌမျက်မြင်၊ ဘဝတွင်လည်း၊ ကင်းစင် အန္တရာယ်၊ ကောင်းကျိုးကြွယ်လျက်၊ ဆယ်ဖြာအညီ၊ ပါရမီနှင့်၊ ဆယ်လီပုည၊ မြတ် ဓမ္မလည်း၊ နိစ္စရွှင်ဖြိုး၊ နေ့စဉ်တိုးသည်။။သက်ဇိုဝ်းကြာမြင့် ရှည်စေသောဝ်။

* ဘဝတစ်ဖန်၊ ဖြစ်တုံပြန်လည်း၊ လေးတန်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ကင်းတုံလစ်၍၊ ရှင်ချစ်မြတ်စွာ၊ သာသနာလျှင်၊ ရောင်ဝါထိန်ဝင်း၊ လင်းရာတမူ၊ လူကောင်းနတ်ကောင်း၊ ဘဝကောင်း၌၊ ညွှတ် ညောင်းသန္ဓေ၊ တိဟိတ်နေ၍၊ ဆွေလယ် မျိုးလယ်၊ တန်ခိုးကြွယ်သည်။။ လယ နှယ် ထွန်းတင့် ပါစေသောဝ်။

* အသိအလိမ္မာ၊ ဉာဏ်ပညာနှင့်၊ သဒ္ဓါသီလ၊ သုတ ပြည့်ဖြိုး၊ ဂုဏ်တန်ခိုးလည်း၊ အမျိုး လေးဘော်၊ သတင်းကျော်လျက်၊ သူတော်တို့ထုံး၊ ကျင့်သုံးတရား၊ အမှားမလိုက်၊ စရိုက်စင်ဖြူ၊ အလှူရေစက်၊ လက်နှင့် မကွာ၊ ရှစ်ဖြာဥပုသ်၊ မယုတ်ကြိုးစား၊ လေးပါးဗြဟ္မစိုရ်၊ ရွှန်းရွှန်း စိုသည်။။ကုသိုလ်ကိုယ်လုံး ထုံစေသောဝ်။

* ပတ္တမြားပလ္လင်၊ ကံ့ကော်ပင်ဝယ်၊ ငါးအင် မာရ်စစ်၊ အောင်ပွဲလှစ်၍၊ ခေတ်ဇာတိလုံး၊ သိမ့်သိမ့် ချုံးလျက်၊ ရွှေဘုန်းစိုက်ထူ၊ ပွင့်တော်မူသား၊ သုံးလူ့သခင်၊ မိတေးရှင်ကို၊ မျက်မြင်ဖူး၍၊ အထူးကြည်ညို၊ ဘုန်းရိပ်ခိုသည်။။မဂ်-ဖိုလ်-နိဗ္ဗာန် ရောက်စေ သောဝ်။။

အမျှဝေ

* သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ အရိယာအား၊ ရတနာမိုး၊ ရွာသွန်းဖြိုးသို့၊ ကိုးပါး ခြောက်စုံ၊ ကိုးရပ်ဂုဏ်ကို၊ အာဂုံချီးကျူး၊ နှုတ်လျှာမြူး၍၊ ကြည်နူးဆွဆွ၊ ရှိခိုးရသည့်၊ ပုညကုသိုလ်၊ အဖို့ကိုလျှင်၊ မွေးမိခင်နှင့်၊ ဖခင် ဆရာ၊ ဉာတကာက၊ သတ္တဝါအများ၊ နတ်တို့ အားလည်း၊ ရငြားပါစေ၊ မျှပေးဝေသည်။။ ကောင်းထွေသာဓု ခေါ်စေသောဝ်။။

ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့် ဆုတောင်းများပြီး၏။


သတ္တဋ္ဌာန ဘုရားရှိခိုး

ပလ္လင်္က သတ္တာဟ စံနေတော်မူပုံ

၁။ ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်။။ ပညိန္ဒြေ၊ ချွေရာမှန်ဘိ၊ ဗောဓိ ကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်းအံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစမ္ပယ်သည်။။ဘုန်းကြွယ် လက်ဦး ဘွယ်ပေကို။

အနိမိသ သတ္တာဟ စံနေတော်မူပုံ

၂။ နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူ ငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တမ်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံ ရွှင်သည်။။ကြည်လင်ညွတ်နူး ဘွယ်ပေကို။

စင်္ကမ သတ္တာဟ စံနေတော်မူပုံ

၃။ သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ မြောက် ခွင်ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလာတုံ့ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတောက်ဘုရား၊ ပျော်စံစားသည်။။ တရား ဆင်ခြင် လျက်ပေကို။

ရတနာဃရ သတ္တာဟ စံနေတော်မူပုံ

၄။ လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့်၊ ပလ္လင် ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက်ဘွယ်ရာ၊ ရတနာ ရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဘန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည်။။ ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။

အဇပါလ သတ္တဟ စံနေတော်မူပုံ

၅။ ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ ရှေ့ခွင် ပြုဗ္ဗာ၊ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်းညောင်၌၊ ဘုန်းခေါင်ပရမေ၊ စမ္ပာယ်နေသည်။။ ရိုသေမြတ်နိုး ဘွယ်ပေကို။

မုဉ္စလိန္ဒ သတ္တာဟ စံနေတော်မူပုံ

၆။ ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညိုပြည့်လျှမ်း၊ ကြာပန်း ညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စမ္ပယ်နေသော်၊ မိုးလေ ထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်း ဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာမိုးသည်။။ ရှေးရိုး သမ္ဘာတော် ကြောင့်ကို။

ရာဇာယတန သတ္တာဟ စံနေတော်မူပုံ

၇။။ ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ျာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်။။ ကြီးမားဉာဏ်တော် ဘွင့်လို့ကို။

* ထိုခုနစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်။ ကောင်းကျိုးခပ်သိမ်း ပြည့်စေသောဝ်။။

သတ္တဋ္ဌာန ဘုရားရှိခိုး ပြီးပြီ။


ဒေးဒရဲမေတ္တာစာ

၁၂၆၀-ပြည်နှစ်၊ တပေါင်းလအတွင်း ဒေးဒရဲမြို့ မြို့အုပ်မင်း- ဦးဘဘွားက သီဟိုဠ်ကျွန်းသို့ ဘုရားဖူးရန်ကြွတော်မူပါဟု လျှောက်ထားသောကြောင့် မကြွနိုင်သေးကြောင်းနှင့် ပြန်ကြားသော မေတ္တာစာ

မုံရွာမြို့၊ လယ်တီတောကျောင်းဆရာ မှာကြား အမိန့်ရှိလိုက် သည် ဒါယကာ ဒေးဒရဲမြို့အုပ်.....။

အနုတ္တရ၊ ဘဝပါရဂူ၊ ကူးလိုသူတို့၊ အဆူအဆူ၊ အယူ အသိ၊ သဘောဉာဏ် မိကြသည်မှာ

* တြိစလုပ်၊ ဝဋ်သမုဒ်ဝယ်၊ တငုတ်မဲမဲ၊ တဝဲလည်လည်၊ ရှည်ကြီး ရှည်၍၊ အတည်မကျ၊ ဘဝဘဝ၊ အစ မဆုံး၊ အများထုံး၊ အနှုန်းမပျက်၊ သေမင်းလက်၌၊ ကြွက် ကိုကြောင်ပါး၊ အစိမ်း ဝါးသို့၊ တိမ်းပါးစမြဲ၊ မစဲခုခု၊ သေမှုတင်းလင်း၊ တစ်စင်းစင်း၊ သင်းချိုင်းရာချင်း ထပ်ခဲ့ပြီ။

* သန္ဓေဆွေ့ဆွေ့၊ ကပ်သည့်နေ့မှ၊ ရွေ့ရွေ့ ရွေ့ရွေ့၊ တမြေ့မြေ့လျှင်၊ နေ့တွေရက်တွေ၊ အသက်ကြွေ လျက်၊ မနေမနား၊ သေချိန်ရောက်အောင်၊ အလျောက်သွား၊ စားမှုဝတ်မှု၊ တစ်ခုခု၊ အတုအပ၊ အကြွအမြူး၊ မေ့မေ့မူး၍၊ အရူးလေ့နှင့်၊ သေနေ့ ဆိုက်ဖို့၊ အမြိုက်မချွေ၊ အလိုက်နေ၊ အသေအဆုံး၊ အချေတုံး၊ အရှုံးတက်တက် စင်ခဲ့ပြီ။

* လူလူနတ်နတ်၊ အရပ်ရပ်လည်း၊ ထပ်ထပ်စတေ၊ ပတ်ပတ်မွှေ၊ လပ်လေမရှိ၊ အကြိုက်အကြိုက်၊ အာရုံသိုက်၊ လိုက်စားဘိ၍၊ လောကီ့ရသ၊ ဟူသမျှ၊ တစ်စမကြွင်း၊ ခံစံခြင်းဖြင့်၊ တျင်းတျင်းအကုန်၊ လိုက်ခဲ့တုံလည်း၊ အထုံလူးလဲ၊ အထူးစွဲ၍၊ အသဲသွေ့ခြောက်၊ စိတ်ဗွက် ပေါက်လျက် “သောက်လေ သောက်လေ၊ ငတ်မပြေသည်၊ ရေငန်ဆားကျင်း၊ နွားတစ်သင်းသို့” အလင်းဝေး၍၊ အမျှေးရစ်ပတ်၊ အညစ်ထပ်၊ အငတ်နယ်ကြီး ရှည်ခဲ့ပြီ။

ဓမ္မတာတမ်း၊ ဤသည့်လမ်းကို၊ စခန်းစီစဉ်၊ ကြောင်ကြောင် ကြီးမြင်ကြ၍၊ သင်္ခါရဝတ်၊ သေမှုငတ်မှု၊ အကြပ်မှုမှ၊ တစ်စု တည်း လွတ်ရန်ဖို့၊ အကျွတ်တော်ရှိမ်းဆေး၊ ဒေသနာ ငြိမ်းရေးကို၊ ပေးနိုင် သူတစ်ပါး၊ သဗ္ဗညုဘုရားကို၊ လှလှသားဆွယ်၊ မလွှတ်တန်း တွယ်မည်ဟု၊ အကျယ်အကျယ်၊ မငြိမ်းဖွယ်တွေကို၊ သိမ်းဖယ် ရှောင်ကွင်း၊ ဦးတို ခေါင်းပြတ်၊ အတောင်းတတ်၊ တစ်ဇာတ်သွင်း၍၊ အတင်းမယုတ်၊ ဘုရားရှာအလုပ်နှင့်သာ၊ စုတ်စုတ် ပြတ်ပြတ်၊ ငတ်ငတ်တေတေ၊ သေဝံ့ ရှင်ဝံ့၊ ဦးမတွန့်၊ စွန့်နိုင်ပေအောင်၊ အခြေတစ်ပါး၊ အနေထား၊ အများကိုယ်စီ ကြံကြသည်။

သို့စဉ်တစ်ခု၊ ကြံပေမှုလည်း၊ အနုအကင်း၊ အပြင်းအထန်၊ ပုထုဇ္ဇန်တဲ့၊ တစ်ဖန်တစ်လှဲ့၊ အကြံငဲ့၍၊ အရွဲ့အမဲ့၊ မတဲ့မဖြောင့်၊ အမှောင့်အမှား၊ အထောင့်တွေ များခဲ့၍၊ ဘုရားသခင်၊ ရှိစဉ်အခိုက်၊ မကြုံကြိုက်ဘဲ၊ အမိုက်သန်သန်၊ မထိုက်တန်၊ ရှစ်တန်ရပ်ပြစ်၊ ဘဝ ညစ်၌သာ၊ အသစ်အသစ်၊ အမြစ်တွယ်လျက်၊ အနွယ်ရှည်လျား၊ အသွားနှောင့်ရောင့်၊ ခရီးထောင့်၍၊ သကောင့်သားစု

* ယခုမျက်မြင်၊ လူရှင်သတ္တဝါ၊ သေမင်းစာတို့မှာ၊ သာသနာ သက်၊ ကုန်လုလျက်မှ “ကြက်ကန်းဆန်အိုး၊ ဝက်သိုး ပတ္တမြား“၊ ဆိုရိုးများနှင့်၊ အလားတူမျှ၊ လူ့ဘဝ၊ ခုမှ စွပ်မိကြလေသည်။

ဘုရားအခိုက်၊ လူ့အခိုက်နှင့်၊ ဆိုက်တိုက်တော်တန်၊ ကြုံခဲ ဟန်မှာ၊ ယူဇနာလေးပြန်၊ လျားနံမြင့်မှု၊ သဲပုံစုဝယ်၊ တစ်ခု တစ်ခု၊ သဲနုအမှုံ၊ ရာထောင်နှစ်မှ၊ ပစ်ခဲ့တုံလည်း၊ သဲပုံသာ ပြုန်း၊ နှစ်မဆုံး၊ အနှုန်းရှည်ကြာ၊ တစ်ကမ္ဘာ၊ ထိုကမ္ဘာပေါင်း၊ ထောင်သောင်းကုဋေ၊ တွက်ရေမရ၊ အနန္တလျှင်၊ သုညမှောင်ကြီး၊ မြောတုံပြီးမှ၊ အသီးတစ်ခေတ်၊ လျှပ်တစ်လှစ်မျှ

* ရှင်ချစ်သာသနာ၊ တစ်ခါတစ်ခါ၊ ပေါ်တုံလာလည်း၊ သာသနာနှစ်ပေါင်း၊ ထောင်သောင်း၌တွင်၊ တစ်ကြိမ် တွင်မျှ၊ လူစင်ဘဝ၊ ကြုံခဲစွ။ ကမ္မသကာ၊ ကြုံပြန် ပါလည်း၊ တဏှာဘီးလူး၊ အမှောင့်ပူး၍၊ အရူးတစ်ပိုင်း၊ အရိုင်း တစ်ခြမ်း၊ အနှမ်းထက်ဝက်၊ ရမ္မက် ရတက်၊ အမက်အမော၊ စောမိစောရာ၊ အသာငင်ဆွဲ၊ အခင်မြဲ၍၊ အစွဲ မပြုတ်၊ ရှုပ်မြဲရှုပ်၊ အတုပ် အချည်၊ မပြီမပြတ်၊ ကြပ်မြဲ ကြပ်သဖြင့်၊ အမြတ်တရား၊ ဟောတုံငြားလည်း၊ ဘုရားအကြိုက်၊ မလိုက်သာဘဲ၊ “ဘာကြောင့် ဘယ့်ကြောင့်၊ အမယ့် ကြောင့်ဟု“၊ အနှောင့် အရောင့်၊ အထောင့်ဆင်ခြေ၊ အသင်္ချေနှင့်၊ နေသာထိုင်သာ၊ တစ်ခါခါ၊ သဒ္ဓါသမျှ၊ ဒါနယသီလ၊ လက်စ ဖွားဖွား

* နောက်ဘုရားမှ၊ အများငါတို့၊ ပါကြစို့ဟု၊ “နောက်ဖို့ နောက်ဖို့၊ နောက်လို့မဆုံး“၊ အများထုံးလျှင်၊ အနှုန်း မရွေ့၊ အရှုံးလေ့ဖြင့်၊ နေ့ပုပ်ယ လပုပ်၊ ဘဝပုပ်လျက်၊ မြုပ်မြဲမျောမြဲ၊ တလဲလဲ၊ မကွဲခုတိုင် လာကြသည်။

ကြမ္မာတော်ငြား၊ နောက်ဘုရားနှင့်၊ အလားသင့်ကာ၊ အခွင့်သာလည်း၊ တဏှာသခင်၊ အရှင်တင်းလင်း၊ သူ့လက်တွင်းက၊ အခင်းဖက်ပြိုင်၊ မထွက်နိုင်၍၊ ရွှေ့မြဲရွှေ့လျက်၊ ရှေ့သို့အလား၊ နောင်ဘုရားဟု၊ ဘုရားမဆုံး၊ နောက်မဆုံးလျှင်၊ တလုံးထွေးထွေး၊ အရှည်သွေး၍၊ အရေးမပြု၊ အမှုမစိုက်၊ လူ့စရိုက်၊ အမိုက်အမော၊ အလိုက်မျော၊ ပေါလောယခုတိုင် ရှိကြသည်။

သို့စဉ်ညစ်စုပ်၊ အတွင်းရှုပ်၍၊ မဟုတ်ပြောသူ၊ မနော ဆူသည်၊ လောကူမြားမြောင်၊ ဘုရားရှောင်တို့ကို၊ ငါးထောင်တွင်းမှ၊ ကွင်း မရအောင်၊ ကျင်းပလိုက်ပြီး၊ တစ်စိုက်ဆီး၊ ပိုက်ကြီးငါးတန့်၊ အကန့်အကန့်၊ ဖြန့်ခါခံသို့၊ သမန္တဓာတ်၊ သုံးလူ့နတ်သည်၊ မုက္ခပါဌ်ရွှေစာ၊ ဒေသနာနှင့်၊ မဟာဗောဓိ၊ အရိယာဓာတ်၊ ရုပ်ရှင်နတ်၊ အမြတ်လေးပါး၊ ကိုယ်တော် စားတို့ကို၊ ငါးထောင်အနှစ်၊ မဂ်လမ်းလှစ်၍၊ ခေတ်ပရမေ၊ နိဗ္ဗာန်တံခါး၊ ဟင်းလင်းသာ ထားခဲ့ပေ၊ မဇ္ဈေဝမ်းလှိုင် ဆိုက်ခဲ့ပြီ။

ရုပ်ရှင်တော်မြတ်၊ ပိဋကတ်မှာ၊ အရပ်အများ၊ အနှံ့ပြား လျက်၊ ဘုရားကိစ္စ၊ မဆိတ်ရအောင်၊ နိစ္စဆောင်၊ အပြောင်ဣဒ္ဓိ လင်းပေပြီ။ ရွှေကိုယ်တော်စစ်၊ မွေတော်နှစ်မှာ၊ တခေတ်တမြေ၊ သီဟိုဠ် ပြေ၌၊ အနေကျကြောင်း၊ အပေါင်းများစွာ၊ ကျမ်းတကာက၊ မိန့်မှာ ဖြောင့်စင်း၊ အမှောင့်ကင်း၊ အလင်းဥဒါန်း တွင်ပေသည်။

ပွင့်တော်မူရာ၊ ဗောဓိမှာလည်း၊ ရာဇဂြိုလ်စီရင်စု၊ ဥရုဝေဠ၊ သေနရွာကြီး၊ အနီးတစ်ခို၊ မြေဗဟို၌၊ ရွှေကိုယ်ဖွားဘက်၊ ထင်ရှား လျက်ဟု၊ ကျမ်းထွက်လူတွေ့၊ မူမရွေ့၊ ယနေ့တိုင်ပင် ရှိလေသည်။

မြန်မာတလိုင်း၊ နှစ်တိုင်းနှစ်ပြေ၊ ဤဘက်မြေ၌၊ စေတီ အမျိုးမျိုး၊ ပုထိုးအဆူဆူ၊ ရှိပါမူလည်း၊ အစူအစဉ်၊ ရာဇဝင်တို့၊ အတင်အစား၊ ရုဠှီများ၍၊ အကြွားအပို၊ အဆိုပရိယာယ်၊ သရုပ်ခြယ်၊ ဟုတ်ဖွယ်ကုံင၊ မယုံရဘိ၊ မဟုတ်စလိ၊ ဟုတ်စလိနှင့်၊ အမိဖမ်းလျက်၊ အမှန်းအတန်း၊ တရမ်းဆဆ၊ တဖွဖွနှင့်၊ ဘဝတစ်သက်၊ ဆုံးရ ချက်လည်း၊ မရှက် စတောင်း၊ ရှက်ဖွယ်ကောင်း၊ အကြောင်းရှိမဲ့၊ အသိချဲ့၍၊ ဖွဲ့နွဲ့ကြည်ဖြူ၊ မျှော်ရန်မူကား၊ အယူမိစ္ဆာ၊ အဝိဇ္ဇာနှင့်၊ တဏှာမှောင်ဘမ်း၊ ကြောင် တောင်ကန်း၍၊ စမ်းတဝါးဝါး၊ အမှားမှားလျှင်၊ တရားသီးသီး၊ ငရဲမီးကို၊ ဆည်းဆည်းပူးပူး၊ အစွဲကျူးလျက်၊ တူးတူးချစ်ချစ်၊ စုန်းစုန်းနစ်တို့၊ အညစ်အတေ၊ အပြစ်တွေကို၊ နေ့ရှေစုဆောင်း၊ လူအပေါင်း၊ တစ် သောင်းမြေပြင် အပြည့်ပင်။

မြိုင်ခွင်တောလုံး၊ ရွက်ရော်တုန်းဝယ်၊ လေပုန်းသုတ်သုတ်၊ ဆော်ဝှေ့ လှုပ်က၊ ဖြုတ်ဖြုတ်ရှဲရှဲ၊ တဖွဲဖွဲလျှင်၊ အမြဲစတေ၊ မစဲကျွေ၊ မြေဝယ်စုသို့၊ ဇမ္ဗူ့တကြော၊ မိစ္ဆာတောလည်း၊ ရောဂါဇရာ၊ နှစ်ဖြာလေဝှေ့၊ တမြေ့မြေ့၊ ညဉ့်နေ့မစဲ၊ တဖွဲဖွဲ၊ ငရဲပြည်မှာ စုကြသည်။

သို့စဉ်ခါမှ၊ ငါတို့အများ၊ အမျိုးသားဝယ်၊ ဘုရားရှင်ပင်၊ မြတ်သခင်က၊ အမြင်ထက်သန်၊ ဘဝဂ်လျှံ၊ မျက်မှန်သမှု၊ ဉာဏ် စက္ခုကို၊ စေ့ငုနှံ့ပြား၊ ပေးပေငြား၍၊ ကြီးမားမှောင်လုံး၊ ဘုံသုံးဆယ့်တစ်၊ ခေတ်အနန္တ၊ မကျန်ရအောင်၊ ဓမ္မအားလုံး၊ ဖွားဖွား ကျုံးလျက်၊ အနှုန်းဇယား၊ အဆုံးထားသော်၊ ငါးပါးခန္ဓာ၊ ငါးဖြာဂတိ၊ ဌိတိဝိဉာဏ၊ သတ္တဝါသကိုး၊ အမျိုးလေးသင်း၊ အရင်း နှစ်သွယ်၊ အနွယ်သုံးခု၊ အစုလေးဖြာ၊ ခြင်းရာဝီသ၊ ဤမျှဓါတ်ပေါင်း၊ အကြောင်းပစ္စယ၊ ဖလဝိပါက်၊ ဆံတစ်ရွက်မျှ၊ သက်သက်မကြွင်း၊ အကုန်လင်း၍၊ တျင်း တျင်းလွှင့်စင်၊ မြင်ကြီးမြင်၊ ချစ်ရှင်ကျေးဇူး မဟုတ်လား။

ဤသည့်စက္ခု၊ အမြင်မှုနှင့်၊ ယခုဘဝ၊ ကြိမ်ကြိုက်ရက၊ ဘဝသုံးတန်၊ အနှုန်းသန်၍၊ ဘုန်းကံအခွင့်၊ တစ်ဆင့်တစ်ဆင့်၊ ရင့် ထက်ရင့်၊ အမြင့်အမြတ်၊ ကမ်းဆုံးခပ်လျက်၊ ဓာတ်သမ္ဘာဟုန်၊ အခြေစုံ၊ ရွှေဘုံမကိုဋ်၊ လိုခါဆိုက်ဖို့၊ အမြိုက်လက်ရှိ၊ ပါတုံဘိ၊ မုနိကျေးဇူး မဟုတ်လား။

ငါတို့တစ်စု၊ ဤစက္ခုကို၊ ရမှုအချက်၊ ထို့အတွက်နှင့်၊ အဆက် ရှည်ကြာ၊ သံသရာ၌၊ ခန္ဓာအစု၊ ကိုယ်တစ်ခုကို၊ အဏုမြူရေး၊ မနှောင့် နှေးဘဲ၊ သွေးရှင်ဒီးဒီး၊ ပွက်ပွက်စီးလည်း၊ မငြီးမတွန့်၊ အသက်စွန့်၊ အဓွန့်သင်္ချေ၊ ရှည်ခဲ့ပေ၊ တွက်ချေတို့ဘို့ မဟုတ်လား။

အမိုက်ထူပြော၊ မိစ္ဆာတောဝယ်၊ ရှင်စောမျက်စိ၊ တို့၌ရှိ၍၊ အသိရှင်းရှင်း၊ အညှိကင်းလျက်၊ အလင်းအနန္တ၊ ခံစံကြ၊ အများ့ စက္ခု၊ သဗ္ဗညုကား၊ အစုသီဟိုဠ်၊ မြေဗဟို၌၊ ရွှေကိုယ်မုနိ၊ အတုရှိဟု၊ သိကြသားနှင့်၊ အားပါးသန်သန်၊ သွားဘို့ရန်၊ အကြံမဖြစ်၊ အခံညစ်၍၊ အမြစ်တွယ်တွယ်၊ ပင်လယ်ပြိတ္တာ၊ မညိတ်သာသို့၊ စိတ်မှာကြပ်တဲ၊ ဓာတ်မရဲဘဲ၊ အသဲပွေရှုပ်၊ အနေကုပ်လျက်၊ ခြေချုပ်နှောင်ဖွဲ့၊ လှောင် သကဲ့သို့၊ အငဲ့အတိန်း၊ ချဲ့မငြိမ်း၊ အပြိန်းတို့ပြင် ရှိမလား။

အချို့လူကား၊ သွားဘို့အရေး၊ ကြံမည်ဝေးစွ၊ အလေးတမူ၊ သွားမည်သူကို၊ မဖြူမုန်းထား၊ နှလုံးခါးလျက်၊ တရားတော်သံ၊ အပေါ်ရံနှင့်၊ အကြံစွက်ဘိ၊ အချက်ငြိအောင်၊ ဝက္ကလိသုတ်၊ ကျမ်းထုတ် စကား၊ အသံကြားဖြင့်၊ “တရားသည်လို လာရင်းပါ ဘဇာသွားဘို့ ရှိမလဲ”။

“ဘုရားတရား၊ ဤနှစ်ပါးတွင်၊ တရားမြင်၊ ချစ်ရှင်ကိုလည်း၊ တွေ့သတည်း၊ တရားမမြင်၊ ဘုရားဝင်၊ ချစ်ရှင်မတွေ့၊ ယောင် ဝေ့ဝေ့” ဟူ၍ဆိုကွက်၊ သည်တစ်ချက်။

* န ခေါ အာနန္ဒ ဧတ္တာဝတာ တထာဂတော သက္ကတောဝါ ဟောတိ ဂရုကတောဝါ မာနိ-တောဝါ ပူဇိတောဝါ အပစိတောဝါ။ ယော ခေါ အာနန္ဒ ဘိက္ခုဝါ ဘိက္ခုနီဝါ ဥပါသကော ဝါ ဥပသိကာဝါ ဓမ္မာနုဓမ္မ ပဋိပ္ပန္နော ဟောတိ သာမိစိပ္ပဋိပန္နော အနုဓမ္မစာရီ။ သော တထာ-ဂတံ သက္ကရောတိ ဂရုံကရောတိ မာနေတိ ပူဇေတိ အပစိယတိ၊ ပရမာယ ပူဇာယ။

ဟောပြပါဠိ၊ လာရှိစကား၊ အသံကြားနှင့်၊ “တရားအကျင့်၊ ဟုတ် သဖြင့်သာ၊ လိုရင်းပါ၊ ဘဇာသွားဘို့ ရှိမလဲ”။

သီလသိက္ခာ၊ ဘာဝနာဟု၊ ဓမ္မာနုဓမ္မ၊ ဘုရာ့းအကြိုက်၊ ဓမ္မာသိုက်၊ ကိုယ်၌လက်ရှိ၊ ကျင့်ဆောင်ဘိက၊ မုနိကျေးဇူး၊ အသိနူး၊ အထူးခံယူ၊ ပူဇော်သူ၊ သုံးလူခြေဖြား၊ ဦးဆံထားလျက်၊ ဘုရား ဘုရား၊ တဖွားဖွားနှင့်၊ မနားမနေ၊ ပူဇော်ပေလည်း၊ လေးထွေသီလ၊ ဝိဝေကကို၊ အရစွဲငြိ၊ မခဲမိက၊ မုနိကိုမူ၊ ပူဇော်သူဟု၊ လူတွင် တစ်ယောက်၊ မပြောလောက်၊ အထောက်ဆိုကွက်၊ သည်တစ် ချက်။

* အဗျာဝတာ တုမှေ အာနန္ဒ ယော တထာ-ဂတဿ သရီရပူဇာယ၊ ဣဓ တုမှေ အာနန္ဒ သဒတ္ထေ ဃဋေထ၊ သဒတ္ထေ အနုယုဉ္စထ၊ သဒတ္ထေ အပ္ပမတ္တာ အာတာပိ နော ပဟိတတ္တာ ဝိဟရထ၊ သန္တာနန္ဒ ခတ္တိယ ပဏ္ဍိတာပိ၊ ဂဟပတိပဏ္ဍိတာပိ၊ တထာဂတေ အဘိပ္ပသန္နာ၊ တေ တထာဂတ သရီရပူဇံ ကရိဿန္တိ။

မိန့်ရှိဗျာဒိတ်၊ အလာရိပ်နှင့်

* “သိက္ခာသုံးပါး အကျင့်အားသာ၊ ရဟန်းမှာ၊ ပူဇာဒါန၊ လူ့ကိစ္စ”။ သိက္ခာပွါးမှု၊ အားမပြုဘဲ၊ လူမှုသက်သက်၊ ပူဇော်ဖက်၍၊ ဝိတက်ရှုပ်စွာ၊ အလုပ်ရှာ၊ အခါနေ့ဖြုန်း၊ အမေ့တုံးဟု၊ လုံးလုံး ဆိုကွက်သည်တစ်ချက်။

* “နှုတ်သွက်၊ လျှာသွက်၊ နာနာကျက်၍၊ စာထွက် အလို၊ သူတစ်ထူး၊ ဦးအောင်ဆို၊ သူ့ကိုယ်မူကား၊ အဖြူမကွက် ထယ်လုံးနက်”။

ကျမ်းထွက်ပါဠိ၊ အလာရှိလည်း၊ မိမိအဆင်၊ သူ့ အဆင်နှင့်၊ အမြင်လောက၊ အများအမှု၊ အနုအရင့်၊ အဆင့်ဆင့်ကို၊ အခွင့် မြော်တတ်၊ အတောသတ်၍၊ အရပ်ဌာန၊ ကာလ စရိုက်၊ အများ ကြိုက်နှင့်၊ အလိုက်အလျော၊ တိုင်း၍ပြောမှ၊ သဘောပါရာ၊ သဒ္ဓါတိုးပွါး၊ အကျိုးများ၊ ဘုရားသော်မှ၊ အလျော် တိုင်းထွာ၊ အနှိုင်းစာလျက်၊ သတ္တဝါအများ၊ အစားစားဘို့၊ တရားအကျင့်၊ အဆင့်ဆင့်၊ အသင့်ဖန်၍ ဟောပေသည်။

ဟောကြောင်းဒေသနာ၊ ပါဠိမှာကား

* အာဂမိဿန္တိ ခေါ အာနန္ဒ သဒ္ဓါ ဘိက္ခူ ဘိက္ခုနိယော ဥပါသကာ ဥပါသိကာယော၊
၁။ ဣဓ တထာဂတော ဇာတောတိပိ၊
၂။ ဣဓ တထာဂတော အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ၊
၃။ ဣဓ တထာဂတေန အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတန္တိပိ၊
၄။ ဣဓ တထာဂတော အနုပါဒိသေသာယ နိဗ္ဗာန ဓါတုယာ ပရိနိဗ္ဗူတောတိပိ။

ဤပါဠိကို မသိကြ၍၊ တစ်ခုတွေ့နှင့်၊ ဟူ၍ဟုတ်စိတ်၊ နှုတ် မဆိတ်၊ လိပ်လိပ်လဲလဲ၊ သဒ္ဓါမွဲ၊ ပြာလှဲဖွတ်ကျော၊ ဇွတ် အပြောနှင့်၊ သွတ်ဖောယောင်ဝါး၊ ကြောင်တောင်မှား၊ အများလူတွင် ရှိကြသည်။

ဤပါဠိ၏၊ သိရန်ထင်ရှား၊ ဓိပ္ပါယ်သွားကား
၁။ ဖွားတော်မူလတ်၊ ပြည်တော်မြတ်နှင့်၊
၂။ ငါးရပ်မာရ်အောင်၊ အခေါင်ဘွေချာ၊ ဇေယျာ အပြင်၊ ပလ္လင်ဗောဓိ၊
၃။ မိဂဒါယ၊ ဓမ္မစကြာ၊ ဟောရာအမှန်၊

၄။ မလ္လာပြည်တိုင်း၊ သင်းချိုင်းစေတီ၊ လေးလီအပြား၊ ဤရပ်များကား၊ ဘုရားငါ့ကိုယ်၊ ရှိ သလိုလျှင်၊ ထိုထိုရပ်ဌာန်၊ နိုင်ငံတကျေး၊ နီးဝေးဒေသ၊ ရှိနေကြ၍၊ ဘုရာ့ဂုဏ်ထူး၊ ငါ့ကျေးဇူး၊ နူးနူးနပ်နပ်၊ သိတတ်သယသူ၊ ရှင်လူ အများ၊ သွားကြရောက်ကြ၊ ပူဇော်ကြသား၊ ထင်ရှားအတိတ်၊ သောင်းလုံးငြိတ် မဆိတ်စည်ရစ် ပေလိမ့်မည် ဤသည်ပါဠိ၊ ပါဌ်အရှိနှင့်။

* ပရိယတ်၊ ပဋိပတ်၊ အမြတ်နှစ်ဆူ၊ လက်ရှိ သူအား၊ ပူဇာဝိတက်၊ ရန်မာန်ဖက်လည်း၊ လက်ရှိအနေ မပျက်ပေ။

* ဓမ္မနှစ်ပါး၊ မဆောင်အားသူ၊ အများမူကား၊ ပူဇာ ဒါန၊ အလုပ်မျှလျှင် အမြတ်ပင်။

သို့စဉ်အမှု၊ အကျဉ်းလုမှ “သူ့အတွက်နှင့်၊ ငဝက်ကျမ်းစူး” လွတ်ပေဦး၍၊ အထူးကိုယ်၌၊ အကျိုးဆိုက်လျက်၊ အမြိုက်တရား၊ နှစ်ပါးတည်တွင်၊ ထေရ်အရှင်တို့၊ အစဉ်အဆက်၊ ယခုထက်ပင်၊ အသက်မညှာ၊ အကွက်ရှာ၍၊ သကျာမျိုးမြတ်၊ သတိုးနတ်၏၊ ရိုးဓာတ်လျှံဝါ၊ စံသမ္ဘာနှင့်၊ ခန္ဓာအသက်၊ ပဏ္ဏာဆက်ဖို့၊ တဖက်ဒီပ၊ သီဟဠသို့၊ ချီကြွသည် ရှေးနဲနှင့်၊ ဒေးဒရဲမြို့အုပ်က၊ အားထုတ်၍ ပင့်ပေသည်မှာ၊ ကာလဒေသ၊ ဌာနအခွင့်၊ အဆင့်ဆင့်ကို၊ အချင့်အစား၊ တရားသမ္ပဇဉ်၊ အများယှဉ်၍၊ အမြင်ကို ရှုကြသော်၊ ယခုဆောင်းနှောင်း၊ တပေါင်းရာသီ၊ အခါချီက၊ ဝါယီမုန်တိုင်း၊ အဟုန်ပြိုင်း၍၊ လှိုင်းဗလဝါ၊ တောင်ရှိဖြာလျက်၊ ကမ္ဘာပျက်နှယ်၊ သွက် သွက်လယ်၊ ခက်ဘွယ်အခွင့် ဆိုက်တော့မည်။

လေမှု-ရေမှု၊ အစုစုလည်း၊ ရတုနီးစပ်၊ ခရီးကြပ်၍၊ မရပ်မနား၊ အလျှောက်သွား၊ ကုလားခြေကျင်၊ ခရီးနှင်သို့၊ အသွင် လွင့်လွင့်၊ ဗျာပါ သင့်လျက်၊ အခွင့်မကျေ၊ စိတ်မပြေဘဲ၊ တမြေဒီပ၊ သီဟဠမှ၊ မြန်မာ့ ရပ်ဌာန်၊ တောဗိမာန်သို့၊ ပြန်ရရန် အလားနှင့်၊ အများက လျှောက် သောကြောင့်၊ မထွက်မြောက်နိုင်ရှိကြောင်းများကို မှာကြားအမိန့်ရှိ လိုက်သည် တကာတော် မြို့အုပ်။

ဒေးဒရဲမေတ္တာစာပြီး၏။


စိုင်ပြင် သေရည်သေရက် မေတ္တာစာ

၁၂၄၈-ခုနှစ်တွင် စိုင်ပြင်ရွာ ကျောင်းဒကာ သူကြီး ဦးဆိုင်းသို့ ရေးသားဆုံးမတော်မူသော မေတ္တာစာ

လှေကူးမုံရွာ အရညဝါသီ လယ်တီဆရာ ဩဝါဒပေါင်း ခုပါနောင်ပါ သံသရာ၌ နှစ်ဖြာလုံးကောင်းစေဖို့ လမ်းကြောင်း စင်းစင်း မရှုတ်မချ ဟုတ်သမျှ ထုတ်ပြကာ လင်းလိုက်မည် စဉ်းစား၍နာပါ ကျောင်းမတိုက် ကျောင်းဒကာ စိုင်ပြင်ရွာသူကြီး ဦးဆိုင်း--။

“အရိုင်းတွင် သေရက်, အခက်တွင် ပိဋကတ်, အမြတ် တွင်နိဗ္ဗာန်, အမြန်တွင်သိန္ဓော” ခေါင်းကောက်၍ ဟောရိုးတွင် စကားမျိုးတစ်ခွန်း ထွက်ရသော သေအရက် ငရဲမီးတွေကို ကြီးလျက်နှင့်အငယ်လုပ်၍ မဟုတ်သည့်ကာလ အဓမ္မခေတ် အတွင်းပေမို့ မငြင်းသာမဖယ်သာ စိတ်ကပင် မပါသော်လည်း မိစ္ဆာတို့ စရိုက်အားကို လိုက်စားကာဇွတ်တိုး၍ ရွာကျိုးကို ရွက်ဆောင်ရသည်ဟု ငါဆရာ့ နှစ်ဘက်နား ဆတ်ဆတ်ကြီး ကြားရလျှင် လားလားဟဲ့လေ သည်လူ့ပြေနှယ်ကော အထွေတရာ မနေသာအောင် ပွေဗျာပါရှုပ် အယုတ်တမူ မဟုတ်တွေ ထူလှ ချည့်နော် လူတွင်လူတတ် လူသမတ်ဟု လူမြတ်တစ်ယောက် ပြောစလောက် ပါလျက် မခေါက်မရက် သည်ကာလမွဲ သင်း မိုက်မဲလှ၍ အလွဲသို့ သက်ရောက် ရှာရချေသည်။

အထောက်မတန် အနွယ်အရိုး ဘေးနှင့်ဘိုးက အမျိုး မှန်သည့် အဖိုးတန် ကျောင်းဒကာ လူသမာ သူတော်စင်များကို နင်ဖျက်သည် သာပဟု ကာလကို စိတ်ဆိုး၍ ညှိုးသံနှင့် ဆရာမဲမိ၏။

ဝမ်းထဲအကြံ မညှိနှိုင်းဘု ရှိတိုင်းပြန်လိုက်မည် ယမန်အခါ စိုင်ပြင်ရွာသို့ ဆရာတစ်ထောက် လေးငါးရက်ကြာ ကိစ္စတာနှင့် လာစဉ်ခေါက်က သောက်မှု, စားမှု, ကစားမှုများကို ဘယ်သူ ဟုမရွေး တို့တိုက်တို့ကန် တို့အရာမ်နှင့် ဆက်ဆံသူအပေါင်းကို ကောင်းကောင်းကြီး ဩဝါဒပေးမည်ဟု အရေးတစ်ခု အကြံကြီး ပြုပြီးမှ အနုအရင့် အမှုကိုချင့်ပြန်သော် ဩော်- တို့ကျောင်းဒကာ နဂိုရင်းက မဖျင်းဘူးပါပဲနှင့် ခုခါမှလျောက်လျား လူ့စာဂ ဖေါက် ပြား၍ မှောက်မှားသည့် အချက်ကို အရှက်ကြီးတမင်ခွဲသလို လူထဲတွင် မတော်တတ်ပေဟု ပရိသတ်မပါ နှစ်ကိုယ်ကောင်း တွေ့ကာမှ သာယာချောမော အဆိုးအကောင်း ကျိုးအကြောင်း ကောင်းကောင်းကြီး ဟောရလျှင် ချောပေမည်ဧကန်ဟု အကြံနှင့် ချောင်းပါသည်ကို နှစ်ကိုယ်ကောင်းသက်သက် မတွေ့သည့် အတွက်ကြောင့် လက်လွတ်စားစား အနိုင်သာထားခဲ့ရ လားလားမှ စိတ်မပြေ နေနှင့်ဦးသူ့ကလား လိမ္မာဉာဏ်အနင့်သားနှင့် မှားရှာသည့် အရေးကို အဝေးကစာမျှော၍ ဟောလျှင်လည်း ဖြစ်မည်ဟု လူ့ သနစ်အတွင်းကို သိရင်းနှင့်အားကိုး၍ အညှိုးနှင့် လာခဲ့ပေသည်။ ယခုခါမှ ဆရာလည်းအား လူကြုံလမ်းကြုံ စခန်းကြုံနှင့် ဆုံခိုက်ငြားသောကြောင့် တရားကျမ်းဂန် ဟုတ်တိုင်းကို ပြန် လိုက်မည်

သုရာပါနံ ဘိက္ခဝေ အာသေဝိတံ နိသေဝိတံ နိရယ သံဝတ္တနိကံ။
ဘိက္ခဝေ=ချစ်သားရဟန်းတို့၊ သုရာပါနံ=သေရည် သေရက် သောက်စားခြင်းအမှုသည်၊ အာသေဝိတံ=ကြိမ်ဖန်များစွာ မှီဝဲသည် ရှိသော်၊ နိသေဝိတံ=မရှောင်ကြဉ်ပဲ အမြဲမှီဝဲသည်ရှိသော်၊ နိရယ သံဝတ္တနိကံ=သေသည်၏ အခြားမဲ့ငရဲ၌ ဖြစ်စေတတ်၏။

ပါဠိတော်အရ အဓိပ္ပါယ်အကျမှာ “လူ့ဗာလကလည်း တက် တက်မိုက်, ခုကာလကလည်း သက်သက်ဆိုက်, ဓာတ်ခိုက်နှင့် နတ်ကြိုက်” ဆိုက်ထိုက်သည့်အခါ သံသရာစျေးကြောင်းပေါက် မှောက်လိုမှောက် မှားလိုမှား ငါ့လမ်းနှင့်ငါသွားမည်ဟု တရားကို လုံးလုံးပစ်၍ ခေတ်ကာလ စရိုက်တွင်းမှာ အမိုက်သင်းဖက်ပါလျက် ဝါသနာတစ်ခု သေသောက် သည့်အမှုမှာ အကုသိုလ်ကံ တစ်ပါးတို့ထက် အားကြီးသည့်ကိစ္စကြောင့် ပါယ်လေးဝခန္ဓာတွင် အောက်ဆုံးရွာ မီးငရဲသို့ ဇွတ်ဆွဲ၍ချသည်ဟု မြတ်ဘုရား့ဒေသနာ အဓိပ္ပါယ်လာချေသည်။

ဟိရီဩတ္တပ္ပ သမ္ပန္နာ၊ သုက္ကဓမ္မာ သမာဟိတာ။
သန္တော သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ။။

ဒေဝဓမ္မဇာတ်လာ ဤဂါထာကို ကျောင်းဒကာဖတ်ပေ၍ ဆတ်ဆတ်ကြီး ငါတို့နား ငယ်ငယ်ကကြားဖူးပေသည်၊ ကြီးမား သည့်ကျေးဇူး ခုထက်တိုင် နူးသေး၏၊ ထူးမြတ်သည့် ဤဂါထာကို နက်မြန်မာဆောင်ရန် ဆရာကတဘန် အကျဉ်းအား ပြန်လိုက်မည်။ လောကေ=လောက၌၊ ဟိရီဩတ္တပ္ပသမ္ပန္နာ=ဟိရီ ဩတ္တပ္ပ တရား နှစ်ပါးနှင့်ပြည့်စုံပေကုန်ထသော၊ သုက္ကဓမ္မာ=ဖြူစင်သော အကျင့်သီလ ရှိပေကုန်ထသော၊ သမာဟိ-တာ=တည်ကြည် သော သမာဓိရှိပေကုန်ထသော၊ သန္တော=ချီးမွမ်းထိုက် ပေကုန်ထသော၊ သပ္ပုရိသာ=သူတော်ကောင်းတို့ကို၊ ဒေဝ ဓမ္မာတိ=ဒေဝဓမ္မ တရား နှစ်ပါးနှင့် ပြည့်စုံသောသူတို့ပေဟူ၍၊ ဝုစ္စရေ=ဟော တော်မူအပ်ပေကုန်၏။

ဒေဝဓမ်စကား ဆရာတို့ငယ်ခါက ကျောင်းဒကာ ဟော ဘူးသည့် တရားထူးနှစ်ပါးကို လူအများမှတ်ရန် အဓိပ္ပါယ် ပြန်လိုက်မည်ဒေဝဓမ်ဟူသည်မှာ ဟိရီ ဩတ္တပ္ပ သည်နှစ်သွယ် ဓမ္မနှင့် ပြည့်စုံမှလူစင်စစ် ခရုသင်း ပွတ်သစ် ငွေကျူနှစ်ပုလဲသွင် ဆွတ်ဆွတ်ကြီးဖြူစင်သည့် ပဉ္စင်္ဂသီလကို သက်မက,ခင်တွယ် လောကဓမ်ရှစ်သွယ်ကြောင့် အလွယ်နှင့်မရွေ့ရှား၊ ဤကဲ့သို့ ယောကျ်ားကို နတ်တရားဒေဝဓမ် လူ့အသွင် သန်သောကြောင့် နတ်ဌာန်ရောက်လူပေကို မြတ်စိန္တေရှင် စောတို့ ဟောကြသည်အမှန် ဒေဝဓမ်စင်စစ် မပြည့်စုံဖြစ်ချေက လူစင်စစ် မခေါ်ငြား တိရစ္ဆာန် ကျွဲ-နွားနှင့် အလားတူ မိုက်မဲသည့် လူ့ငရဲလူ့ပြိတ္တာ မိစ္ဆာကောင် စင်းစင်း အပါယ်တွင်း နရက်ချောက်မှာ အထက်အောက် ပြန်လှန်၍ အဖန်ဖန်မောပြီးလျှင်

* ပဉ္စသတံ ယက္ခော=ဘီလူးအဖြစ် အဖန်ငါးရာ။

* ပဉ္စသတံ သောဏော=ခွေးရူးအဖြစ်အဖန် ငါးရာ။

* ပဉ္စသတံ သုကရော=ဝက်ရူးအဖြစ် အဖန်ငါးရာ။

* ပဉ္စသတံ မနုေဿာ=လူရူးအဖြစ် အဖန်ငါးရာ။

* ဧလမုဂေါ=လူရုပ်မပေါ် လူစော်မနံ လူဟန်မရ လူစတိတုံး လူတိုင်းမုန်းစရာ လူယုတ်မာ အဖြစ်မှာမူကား၊ အသင်္ချေယျော=မရေတွက်နိုင်ဟု သေသောက်သူ့ဖြစ်ပုံကို သနစ်ကုန်ဖြတ်ပိုင်း၍ သည် အတိုင်း လာချေသည်။

တသ္မာ=ထို့ကြောင့်၊ တွံပိ=သင်ကျောင်းဒကာ စိုင်ပြင်ရွာ သူကြီးမှာလည်း အမျိုးမှန်သည့် အဖိုးတန်ဖြစ်ပါလျက် ကံစုတ် ဉာဏ်ယုတ် ဘာမဟုတ်သည့် လူနုပ်လူမွဲ လူ့ဆန်ခွဲ လူ့ဘလချာ လူရာမရောက် လူ့ဘောက်သောက်တို့ သောက်ကြစားကြ မှောက်မှားကြ၍ အဓမ္မညစ်တီ အလဇ္ဇီ အကျင့်ဆိုးများကို အမျိုးနှင့်ချင့်ချိန် ဂုဏ်သိရ်နှင့်ချင့်နွယ် အရွယ်နှင့်ချင့်စား တရားနှင့် ချင့်မြှော်၍ ပြီပြီသားမလျော် မတော် သည့်အမှုများကို စဉ်းစားကြီးဖြစ်ဘိ၍ ပဝတ္တိပဋိသန် “အသိဉာဏ် အကြွယ်သားနှင့် အပါယ်လား မခံပါလင့်” ဒေဝဓမ်နှစ်ပါး ကျောင်း ဒကာတရားပါဘဲ အများကိုလည်းရှက်ပါ သံသရာကိုလည်းကြောက်နော် သို့မှသာ တော်နိုင်မည်။

ဩော်-ပညာရှိ မှန်ပါဘိလျက် သတိတခု မရှိမှုကြောင့် သူ့ အခြေနှင့် အနေနှစ်ပါး ယင်းတရားကို အစဉ်းစားလွတ်ကင်း၍ ယွင်းမှားခြင်း နာရရှာချေသည်ဟု ဆရာက သဘောရ၍ မနောဇ ကျောက်မြတ်ကယ် ရောက်တတ်ရာ ညွန်ညစ်၌ ကျွံနစ်ခါ မနေ ကောင်းပြီဟု အကြောင်းကို မြှော်ခေါ်၍ တော်လျော်ရုံ သတိပေး လိုက်သည် အသိရေး မနှောင်းစေနှင့် ကျောင်းဒကာ။

စိုင်ပြင် သေရည်သေရက် မေတ္တာစာပြီး၏။


ဒီပရင်း သေရည်သေရက် မေတ္တာစာ

၁၂၄၉-ခုနှစ်တွင် ဒီပရင်းမြို့နယ်ရှိ ဒါယကာတို့က လျှောက်ထားချက်အရ ရေးသားဆုံးမတော်မူအပ်သော သေရည်သေရက် မေတ္တာစာ တစ်မျိုး

သံဃိန္ဒာဓိပတိ တုမရှိသည့် မုနိပုင်္ဂဝ အာဒိစ္စဗန္ဓု သဗ္ဗညု အဖြာဖြာ ဂင်္ဂါဝါလု နှိုင်းတုပုံယူ သမ္ဗုဒ္ဓ အဆူဆူတို့သည်၊ စင်ဖြူပွင့်လန်း လေးသစ္စာ ခိုင်ပန်းကို ဆွတ်လှမ်းတော်မူပြီးခါ မဟာပထ ထာဝရငြမ်း နည်းလမ်းတူမျှ ပဉ္စင်္ဂငါး လူ့တရားကို၊ ခါးဝတ်မညှိုး ပုဆိုးအသွင် ဆင်ယင် ခြုံစေတော်မူရာ သိက္ခာအပြား ဝတ်တရားတွင် ငါးပါးသောသူရာကို ကြူးလွန်ကာ သောက် စားမှု၏ ခြောက်ခုသောအပြစ်ကို ရှင်ချစ်ဂေါတမ လောက ထွတ်ထား မြတ်ဘုရားသည် တပါးသောကာလ သာဝတ္ထိပြည်မ ဝယ် သိင်္ဂါလ သေဋ္ဌေးသားအား

ဆ ခေါ မေ ဂဟပတိပုတ္တ အာဒီနဝါ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာနုယောဂေ၊ သန္ဒိဋ္ဌိကာ ဓနဇာနီ ကလဟပ္ပဝဍ္ဎုနီ ရောဂါနံ အာယတနံ အကိတ္တိသဉ္ဇနနီ ကောပိနံ နိဒံသနီ ပညာယ ဒုဗ္ဗလီ ကရဏီ။
ဟူ၍ မြွက်ချီဟောကြားတော်မူလေသည်။ ထိုပါဠိ သုတ္တန်၏ မြန်မာပြန် အတ္ထကား

ဂဟပတိပုတ္တ=သိင်္ဂါလဟု နာမထင်ရှား သေဋ္ဌေးသား၊ သုရာမေရ ယမဇ္ဇ ပမာဒဋ္ဌာနာ နုယောဂေ=သေရည်သေရက်ကို သောက်လျက် မူးမေ့အောင် ညဉ့်နေ့စဉ်ဆက် မပျက်လိုက်စားမှု၌၊ အာဒီနဝါ=အပြစ် ဘေးတို့သည်၊ ဣမေ ခေါ ဆ=ဤခြောက်ပါးတို့သာတည်း၊ ကတမေ ဆ=အဘယ်ခြောက်ပါးတို့နည်းဟူမူကား။

၁။ သန္ဒိဋ္ဌိကာဓနဇာနီ=မျက်မှောက်ထင်စွာ ဥစ္စာစည်းစိမ် ပျက် စီးတတ်ခြင်း တစ်ပါး။

၂။ ကလဟပ္ပဝဍ္ဎုနီ=ခိုက်ရန်ဖြစ်ပွါး အချင်းများတတ်ခြင်း တစ်ပါး။

၃။ ရောဂါနံအာယတနံ=ရောဂါအမျိုးမျိုး ပွါးတိုးကျ ရောက် တတ်ခြင်းတစ်ပါး။

၄။ အကိတ္တိသဉ္ဇနနီ=ဂုဏ်သိရ်ကင်းခဲ့ သတင်းမဲ့၍ အရွဲ့ တစောင်း သူမကောင်း ပြောဆိုတတ်ခြင်းတစ်ပါး။

၅။ ကောပိနံနိဒံသနီ=ပုဆိုးအဝတ် ယွင်းချွတ်ကင်းကွာ ရှက် စရာကို ဖော်ပြတတ်ခြင်းတစ်ပါး။

၆။ ပညာယဒုဗ္ဗလီကရဏီ=ပညာသေးနုပ် အလိမ္မာ သေး နုပ်အောင် ပြုလုပ်တတ်ခြင်း တစ်ပါး။

ဣမေ ဆ=ဤခြောက်ပါးတို့တည်း။

ထိုသုတ္တန်ပါဠိကို အဓိပ္ပါယ်ညှိလိုက်သော် သိလေမယုတ် မုချမှန်စွာ သူရာငါးဝ မေရယငါးထွေ ထန်းရေချဉ်ခါး နေ့ညမသွေ မေ့လျော့စေပေလှအောင် သောက်စားက

၁။ ကိုယ့်စီးပွား ကိုယ့်ဥစ္စာတို့သည် မျက်မှောက်မှာ နွမ်းညှိုး ထပ်ဆင့်ကာ မဖွံ့ဖြိုးဘဲ၊ အကျိုးမဲ့ကုန်ဆုံးလျက် ပျက်ပြုန်း သည်တစ်ခြား၊

၂။ တရားနှင့်မဖက် စကားဆိုးထွက်ပြီးလျှင် တဖက်သား မနာလိုအောင် ပြောဆိုမိ အတန်တန်ကြောင့် ခိုက်ရန်ကြီး ဖြစ်ပွား၍ အချင်းများတတ်သည်တစ်ခု၊

၃။ စားသောက်မှုအရေးဝယ် သတိဝေးကင်းကွာ၍ ပညာ ဖြင့်မချင့်နှိုင်း စားခြင်တိုင်းသောက်စား၍ နာဖျားခြင်း ဗျာဓိနှင့် တိုင်းမသိရောဂါကို ငြိုငြင်စွာ ခံစားရခြင်း တစ်ခြား၊

၄။ မည်သူ၏ သတို့သားသည် တရား၌မကပ် မျိုးဇာတ် ကိုမညှာ ရပ်ရွာကိုမငဲ့ဟု ချိုးဖဲ့သော သတင်းနှင့် ကျော်ဇောခြင်း ပျောက်ကွယ်၍ ကဲ့ရဲ့ဖွယ်ဖြစ်တတ်သည်တစ်ဖြာ၊

၅။ သုရာတန်ခိုးဖြင့် ပုဆိုးကိုယ်ဝတ် ယွင်းချွတ်ကင်းကွာ အင်္ဂါကြီးငယ် မတင့်တယ်တို့နှင့် ပွဲလယ်မှာ ရူးသော ကြောင့် သူတထူး မြင်ရပြန်လည်း ကိုယ့်ပုံဟန် မတင့်တယ် မျက်နှာ လွှဲဖယ်ကြ၍ မဘွယ်ရာလုံးလုံး၊ ကိုယ့်ဘဝ ကိုယ်ဖြုန်းလျက် သက်ဆုံးကျိုးနည်း ရှက်အိုးကြီးကွဲရသည်တစ်ဌာန၊

၆။ သောက်ဝမူးဝေ သူရာယစ်က တခေတ္တ သေသော ကြောင့် ဉာဏ်ပေတုံးတာ မှေးပညာနှင့် ပေစာမတတ် မမှတ်သတိ ဒိဋ္ဌိ မိစ္ဆာ ပြိတ္တာသမုတ် လူယုတ်လူန လူ့ဗာလဖြစ်ရသည် တစ်ခန်း။

ဤခြောက်ရပ်နည်းလမ်းကို စည်းကမ်းသတ် ဥပဒေဖြင့်၊ မြတ်စိန္တေ ရွှေအာလုပ်မှ မိန့်ထုတ်၍ ဟောတော်မူခဲ့ပေသည်။ ထိုမှတဖြာ “မင်္ဂလာ” သမုတ် မြတ်သောသုတ်၏ ဖွင့်ထုတ်သော အဋ္ဌကထာတွင်

မဇ္ဇပါယီ အတ္ထံ နဇာနာတိ၊ ဓမ္မံ နဇာနာတိ၊ မာတာပိတု အန္တရာယံကရောတိ၊ဗုဒ္ဓပစ္စေကဗုဒ္ဓ တထာဂတ သာဝကာနံ ပိ အန္တရာယံကရောတိ၊ ဒိဋ္ဌေဝဓမ္မေ ဂရဟံ သမ္ပရာယေ ဒုဂ္ဂတိံ အပရာ ပရိယာ ယေ ဥမ္မာဒဉ္စ ပါပုဏာတိ။
ဟူ၍ ဗုဒ္ဓမတညူ သယမ္ဘူအလိုကျ ဖွင့်ပြတော်မူလေ သည်”

ဤ ပါဠိအတ္ထ နိဿယ မြန်မာပြန်မှာ

မဇ္ဇပါယီ=သေရည်သေရက် သောက်သောသူသည်၊ အတ္ထံ= အကျိုးကို၊ နဇာနာတိ=မသိနိုင်၊ ဓမ္မံ=အကြောင်း တရားကို၊ နဇာနာတိ= မသိနိုင်၊ မာတာမိတု အန္တရာယံ=မိခင်-ဘခင်တို့၏ ဘေးအန္တရာယ်ကို၊ ကရောတိ=ရက်စက်စွာ ပြုဝံ့၏၊ ဗုဒ္ဓ ပစ္စေကဗုဒ္ဓ တထာဂတသာဝကာနံ= ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ သာဝကတို့၏၊ အန္တရာယံပိ=ဘေးအန္တရာယ် ကိုလည်း၊ ကရောတိ=ရက်စက်စွာ ပြုဝံ့၏၊ ဒိဋ္ဌေဝဓမ္မေ=မျက်မှောက်ဘဝ၌၊ ဂရဟံ=ကဲ့ရဲ့ဘွယ်သို့၊ ပါပုဏာတိ=ရောက်၏၊ သမ္ပရာယေ=စုတေသေ လွန်သောအခါ၌၊ ဒုဂ္ဂတိံ=အပါယ်လေးပါးသို့၊ ပါပုဏာတိ=ရောက်၏၊ အပရာ ပရိယာယေ=နောင်သံသရာ ဘဝအဆက်ဆက်၌၊ ဥမ္မာဒဉ္စ= ရူးသွပ်ခြင်းသို့လည်း၊ ပါပုဏာတိ=ရောက်၏။

အဋ္ဌကထာဖွင့်ချက်၏ အဓိပ္ပါယ်အနက်အလိုမှာ သူရာကို လိုက်စားက မှန်မှားကြောင်းကျိုး ကောင်းဆိုးမသိ ဘမိနှစ်ပါး ဘုရားပစ္စေကာ ရဟန္တာတို့အား သဒ္ဓါဖြင့် မဆည်းကပ်ဘဲ ကျွတ် ဆတ်ကြမ်းတမ်း သေအရက် ဘမ်းသောကြောင့်၊ မချမ်းသာဘွယ် အန္တရာယ်ဘေးဘယကို၊ ပြုတတ်သည် ဧကန္တ ခုလောက၌ ကဲ့ရဲ့ဘွယ် သေပြန်ခါဝယ် အပါယ်လား ကျယ်များသော သံသရာတွင် သင်္ချာနှင့် သင်္ချေ သန်းကုဋေမမှတ် ရူးသွပ်မည်မမှားဟု နှလုံးထား စင်ဖြူစွာနှင့် စွဲယူကာ သတိထားရမည်။

ဝတ္ထုသွားနိပါတ်မှာ လူနတ်တို့ဆရာ မြတ်ဘုရား လက် ထက်ခါတွင် သာဂတ မထေရ်ရှင်သည် မြေတွင်ငုပ်လျိုး၊ မိုး အာကာယံ ပျံလိုပျံ သက်လိုသက် မာန်ခက်သည့်နဂါးကို ချေဖျား ဖြင့်နှိမ်ချိုး၍ တန်ခိုးဖြင့်ဆုံးမရာ ဒကာတို့သဒ္ဓါ၍ ကြည်ညိုစွာ လှူဒါန်းသော သေရက်ကြမ်းသူရာကို ဘုဉ်းပေးကာ အသောက် ကြူးသောကြောင့် နောက်မူးမေ့ချောက်ချား ရှေးမူရာ ဖေါက်ပြားလျက် ဘုရားရှင် မျက်မှောက်ဝယ် တရားစဉ် ပျက်ပြောက်၍ ရူးခြင်းသို့ ရောက်လေသည် တစ်ကြောင်း၊ ရှေးမူရာ ဖေါက် ပြားလျက် ဘုရားရှင်မျက်မှောက်ဝယ် တရားစဉ် ပျက်ပြောက်၍ ရူးခြင်းသို့ ရောက်လေသည်တစ်ကြောင်း။

၎င်းပြင်တစ်ခြား တာဝတိံဘုံဖျားဝယ် သိကြားဟောင်း မလိမ္မာ သည် သေသူရာချစ်သောကြောင့်၊ သိကြားသစ် ခုဣန္ဒာတို့က၊ စုနှိမ်ကာ ခြေကို ကိုင်၍ အစိုးပိုင် ပစ်ခါချသောကြောင့် မေရုရ ဟေဋ္ဌာ သခွတ်နန်း ရိပ်သာတွင် အသူရာ ဖြစ်ကြကြောင်း။

၎င်းပြင်တစ်ဝ သာဝတ္ထိပြည်နဂရတွင် မည်နာမ ထွန်းထိန် သော နာထပိဏ် သေဋ္ဌေးတူသည် မိဘမွေခံယူ၍ တလူလူ ရှုမညောင်း သေဋ္ဌေး ထီးဆောင်းပြီးမှ မကောင်းသော သေရက်ကို၊ နေ့စဉ်ဆက် သုံးလေက ပျက်ပြုန်းခါ ဥစ္စာကုန်သဖြင့် ဂုဏ်မရှိ သိရ်မတက် အိုးနား တို ထမင်းခွက်နှင့် မရှက်နိုင် လျှောက်သွား၍ တောင်းစားရဖူးသည် တစ်တန်။

တစ်ဖန်ထိုမှ ဓမ္မဓဇနိပါတ် ဇာတ်ပါဠိကျမ်းလာ ရှင် သာရိပုတ္တရာ၏ အလောင်းသည် မင်္ဂလာမောင်းတီး၍ ရိပ်ထီးဖြူ၊ တလျှပ်လျှပ်နှင့် ဘုရင်မြတ်ပြုလေရာ သေစာကိုစုံမက် သောက် ကြူးသည့်အတွက်ကြောင့် အသက်နှင့်ထပ်တူ ချစ်ခင်တော် မူလှသော သားသည်းအူ ရင်သွေးကို မထွေးနိုင်မချစ်အား သတ်ညှစ်၍ စားပြီးမှ တအောင့်နား အမူးပြေသော် သားသက်ဝေ ပုလဲခိုင်ကြောင့် မဖြေနိုင် ဗျာပါပွားလျက် မင်းမတရား သေငယ်သေ၍ နောင်တ,ထွေပိတ်ဖုံး ခန္ဓာတော်တုံးတောင်မှ၊ မဆုံးနိုင် မီးမကဘဲ ကြီးဒုက္ခတွေ့ဖူးကြောင်း။

၎င်းပြင်တစ်ဖြာ ကောသလရာဇာသည် ညဉ့်အခါ သလွန် ညောင်၌ တကြောင်ကြောင်နိုးကြားစဉ် ငရဲသားလေးကောင်တို့ ဆိုတမ်းယောင်မြည်ကြသော ဒု, သ, န, သော, အသံကို စောဘုန်း လျှံကြားလေက ကြောက်အားတော်လွန်မင်း မစက်နိုင်မိုးလင်းမှ၊ ညာနှင်းသူ မဟေမှန်နှင့် ဇေတဝန်ကျောင်းမြတ်သို့ ဆည်းကပ် ရန် လိုက်သွား၍ မြတ်ဘုရားရှင်တော်ထံဝယ် အကြောင်းခံ ဖော်ပြလျက် ဒု, သ, နှင့် န, သောကို ဟောဆိုရန် လျှောက်လေရာ မြတ်ဘုရား စိန္တေယျာသည် ရှေးအခါ လက်ထက်၊ သေအရက် လိုက်စားသော သေဋ္ဌေးသား လေးဦးသည် ယစ်မူးတိုင်း မကောင်းကျင့်၍ သေသည်နှင့် အပါယ်လား ကြေးနီအိုး သမားတို့၊ ပူအားနှင့် ယောင်ယမ်းလျက် ဆိုတမ်းကာ မြွက်ထုတ်သော စကားပုဒ်လေးခုဟု သဗ္ဗညု မိန့်တော်မူ သည်တစ်ကြောင်း။

၎င်းပြင်တစ်ရပ် ဝိသာခါမိန်းမမြတ်အား သိမှတ်ဘို့ ဟောကြားရာ သေသူရာ ပထမ ဟေမဝန္တာမြိုင်ဝမှာ သူရာနှင့် ဝရုဏတို့သည် ဆောင်အစပျိုးလာ၍ များပြည်ရွာပျက်ဖူးကြောင်း။

၎င်းမှပြန့်ပွား သကောင့်သားရသေ့တွက်ကြောင့် မုဆိုး ပျက် ဝရုဏလည်း မျက်ရှသော ရာဇမာန်ကြောင့် သေဘေးဒဏ် ထိဖူးကြောင်း။

၎င်းမှတစ်လီ တိုင်းကေတုမတီဟု တောင်ငူပြည်ဌာနတွင် တေဇတော်လွန်ကြီးသော မင်းတပင်ရွှေထီးသည် ပျက်စီး ရန်အကြောင်း မကောင်းမှုရောယှက် မိတ်ဆိုးနှင့် နှောဘက်၍ သေအရက်သုံးလေရာ သံလျင်စား နော်ရထာက ဖော်ပြကာ ဆုံးမလည်း မူးရစ်ဝ အခက်ပျံ ကြောင့် လက်မခံ နားမကျ အကြိမ် ကြိမ်များလှသော် ရိုင်းပြသည့်အတွက် မြို့ရွှေနန်း ပျက်မည်ကြောင့် ဖွားဘက်တော် သံလျင်စားသည် ရွှေဓား နှင့်သုတ်သင်၍ တပင်ခေါ် ရွှေထီးမှာ ပျက်ခြင်းကြီး ပျက်ပြုန်း၍ သေဆုံးရသည် တစ်ချက်။

အဝမြို့ နန်းကနက်တွင် အာဏာစက် လျှံညီးသော မင်းကြီးစွာ မြေးကျော် မင်းခေါင်၏သားတော် မင်းရဲခေါ် ကျော်စွာသည် သူရာနှင့် ပျော်သောကြောင့် တပ်မတော် ရဲအောင် လှေနှင့် ရံချွေရွေ ချီစုံရာ ပြည်မြို့ အောက်ရောက်ကာ ပန်းကျော် ချောင်း ရပ်သာတွင် မင်းရာဇာ ဓိရာဇ်သည် ရန်လှစ်သော ဆင် ပြောင်နှင့် အန်ထောင်ကာချီတက် စစ်နှစ်ဘက် အဆိုင်တွင် နှစ်မင်းပြိုင်အားစိုက် စီးချင်းထိုးတိုက်ကြရာ အရက်ကြိုက် ကျော်စွာသည် သေသုရာယစ်မူး၍ လှံစူးကာဆုံးရကြောင်း။

ပေါင်းဆိုပြီးအရပ်ရပ် ဇာတ်နိပါတ်ရာဇဝင် ထုံးပုံပြင် အဖြာဖြာ ရှိလေသည့်တွက်တာကြောင့် သေသူရာ သုံးစားက တရားသို့မယှဉ်ကပ် အမိုက်ဉာဏ် ပိုတတ်၍ အမြတ်နှင့်ဝေးရသည် သောက်ကြူးသူတသင်း ပုလင်း ကြိုက်လူ့ဗာလ၏ ဖြစ်နေကြ ဓလေ့မှာ ရှိသရွေ့ဥစ္စာ စုပါသော် လည်း ဖတ်မတင် အိုးပေါက် တွင်ရေလောင်းသို့ ဆင်းရဲကြောင်းစင်းစင်း မွဲပြာကျ ပြောင် တလင်းနှင့် ဖွတ်မင်းကြီးပြာထိုင်သော် ဥစ္စာပိုင်ဘာမရှိ မိတ်ဆွေ ကောင်းနတ္ထိ ဖေါ်ကြင်ရာအိမ်သူမိက မချိအောင်ကြိမ်ဆဲ အိမ်ထဲ တွင်ထပ်မနား အရပ်ကြားဟစ်အော် လူစော်မှလည်း မနံဘိ ဓာတ်မသိ သူကြီးခေါင်းက တောင်းလိုက်သည့် မင်းမှုငွေ မြီကြွေး တွေဗလဘွာ လာလိုက်သည့် အချေးတောင်း မပေးလျှင် ထောင်းမည်ဟု ရွဲ့စောင်းလျက် ထပ်ထပ်ငြိုး ငွေညွန့်တိုးများလည်း ထမ်းပိုးတွေဆယ် ဆပွား “ဝန်ဆောင်သည့်နွားလား ညွန် ပျောင်း ၌တွား” သကဲ့သို့ ခါးချဲ့ရင်ပွ ဆင်မလှ မြင်သမျှ မကောင်း ကြုံ၍ ပေါင်းဆုံသော ဝေဒနာ ဖျားနာက နှိပ်စက် စိတ်လက်က မသာ ဆေးကုစရာလည်း ငွေမရှိ ရောဂါကြီး ဘိသောခါ အင်မတိ အင်မတန် ဇောငါးချက် အပြန်တွင် ကိုးကွယ်ရန် ရှာမရ ငရဲ ကောင်နိမိတ်ပြ၍ အနိစ္စ အရက်အိုးမှာ သေခြင်းဆိုး သေရလေ သတည်း။

သေလျှင်သေခြင်း ယမမင်းငယ်သား အပါယ်ဘုံ ပုလိပ်များက ခါးကြိုးနှင့် နားကြိုး သံတံကျင်ထိုးပြီးလျှင် ဓားမိုးကာ တလက်လက် လှံတံဖြင့်ရိုက်နှက်၍ သေအရက် သကောင့်သားကို သံပြားကြီးဝင်းဝင်း သံပူရေအိုးတွင်းသို့ ဆင်းဟဲ့ဟုပစ်ချ မဆင်း ဘဲနေကလျှင် ဧရကြိမ်လုံး လှံမ ချွန်းတောင်း ခက်ရင်း ကောင်းဖြင့် ကြောင်းမတန်မှုန်းလေသည် မဆုံးနိုင် အဘန်ဘန် သံနှုတ်သီး တဝင်းဝင်း ကျီး ဠင်းတ တသင်းက အတင်းဝင် ထိုးဆွ ကြောက် စရာ့ ခွေးဘီလူး အစွယ်ကြီး ငှက်ပြောဖူးနှင့် ပြူးတူးတူး ကြောင် ကြားကြား ကိုက်ခဲ၍ ဝါးပြန်သော် ပြေးအားလည်း ဘာမရှိ သင်ဓုန်းစက် မိပြန်လျှင် မချိနိုင်တဖြန်းဖြန်း ဥက္ခောင်းမှ သွေးပန်း၍ တစခန်း ဒုက္ခတွေ့ ငရဲမီး အငွေ့ကြောင့် တဆွေ့ဆွေ့တခုံခုံ တတုန်တုန် တဟိုက်ဟိုက် သံပူရေ ကျိုက်ကျိုက်မှာ ဆင်းလိုက်ချည် တက်လိုက်ချည် မြင့်ကြာရှည် နှစ်ပေါင်း လွန်မင်းစွာ ရှည်ညောင်း၍ ကံကောင်းကြောင့် လွတ်ပြန်လည်း ကြမ္မာကံ ရှေးအဟုန် အကျိုး ပေး မကုန်၍ ပြိတ္တာဘုံ ဌာနဝယ် သီသဉ္စ နဝယောဇနံ ဇိဝှဉ္စ သတ္တယောဇနံ ကျမ်းဂန်အရှိ ပြိတ္တာရုပ် ဇာတိနှင့် ဖြစ်ရချည့် ဖန်တခါ ကိုးယူဇနာဦးခေါင်း တောင်စောင်းကြီးတမျှ လျှာထုတ်က ခုနစ်ယူဇနာ ကိုယ်ထည်မှာနှစ်ဆဲ့ငါး ယူဇနာကြီးမား၍ အမြီးဖြား အစ ဦးခေါင်း သို့ကျလေအောင် အမြဲပင်မီးလောင်လျက် ပြိတ္တာ ကောင် ပြောက်ကျားမှာ သောက်စားရန် ရှာမရ ဒုက္ခတွေ အနန္တနှင့် ပုနပုနံ အကြိမ်ကြိမ်ခံပြီးမှ ကံကြမ္မာလျောက် ပြိတ္တာက လွတ်မြောက်လည်း နောက်နောက်က သေအရက်အကျိုးပေး ဆက်ပြန်၍ ရှက်စရာအထူးထူး ခွေးရူးနှင့်ဝက်ရူး ဖန်ငါးရာ ရူးပြီးသော် လူရူးလည်းဖန်ငါးရာ လူဖြစ်ပါလည်းသုံးမကျ လူအ, လူနုံ လူ အင်္ဂါမစုံသော ဘဝမှာ အနန္တသင်္ချေယျော မရေနိုင် ပေါသည်ဟု ဘုရားဟောဒေသနာ ထင်အလင်းလာချေသည်။

သို့ပါသော်မူ အချို့လူက အပူကြွ၍ ကြောမမျိုးမျက် ညောင်း ညာတက်လျှင် သေရက်တကျိုက် သောက်မျိုလိုက်က ပြိုက်ပြိုက် ကျလျှော ရောဂါတွေမျောသောကြောင့် ဆေးသဘော ဝါးသဘော အမှတ် အတန်ငယ် သုံးလတ်မူ ကျမ်းဂန်တတ် ဝိနည်းရှောင် အကျိုးပေး မရှိပေါင်ဟု သီလကြောင်ဆင်ချေနှင့် အထွေထွေ ပြောကြားလည်း မြတ်တရား ဒေသနာတွင် ရောဂါ၏ဖြစ်ကြောင်း ဟု နည်းလမ်းဟောင်း အရှိသားမို့ သတိထားဆိတ်ဆိတ်နေ ဉာဏ်တမျိုး မပွေနှင့် လွန့်လေလေ မှောက်မှားသော သောက်စားမှု စရိုက်ဆိုးကို တိုက်ချိုးကာနှိမ်နင်း၍ ကွင်းနိုင်သမျှရှောင်သွေ အနံ့မှ မခံလေဘဲ စိတ်သံဝေဝိရတီဖြင့် မနသီဖြောင့်စင်းအောင် နှလုံးသွင်းထားကြစေလိုကြောင်းများနှင့် သေရည်သေရက်တရား ဟောကြား လိုက်ပေသည် ဒါယကာအပေါင်း သူတော်ကောင်းတို့---။

၁၂၅၅-ခုနှစ်တွင်၊ ဒီပရင်းနယ်ရှိ ဒါယကာတို့အား ရေးသားဆုံးမတော်မူအပ်သော သေရည်သေရက် မေတ္တာစာပြီး၏။

--------*-------


ထီမေတ္တာစာ

၁၂၅၀-ပြည့်နှစ်အတွင်း မုံရွာမြို့၌ ထီပွဲမှစ၍ အလောင်းအစား အားကြီးလှသဖြင့် လှေသူင်္ကြီး ဦးထွန်းသာ လျှောက်ထားချက်အရ ထိုကစားပွဲများကို ကွယ်ပျောက်စေရန် ရေးသားဆုံးမတော်မူအပ်သော မေတ္တာစာ

ထိယန္တိ ဝိနာသံ ဂစ္ဆန္တိ ဧတေနာတိ ထီ။ ဧတေန=ဤကစားမှုဖြင့်၊ ဝိနာသံ=ဥစ္စာကုန်ဆုံး ပျက်ပြုန်း နွမ်းပါးခြင်းသို့၊ ထိယန္တိ ဂစ္ဆန္တိ=ရောက်တတ်ကြကုန်၏၊ ဣတိ တသ္မာ=ထိုသို့ပြုန်းတီး ပျက်စီးခြင်း နိမိတ်ကြောင့်၊ ထီ=ထီမည်၏။

ဤဝိဂြိုဟ်စကား အဓိပ္ပါယ်အသွားကို အများတို့နာရန် ရှိသလောက် ပြန်လိုက်မည် တိုင်းနိုင်ငံအလုံး ထီးစည်ပါအဆုံး သဒ္ဒါ လှန်ပျက်ပြုန်း သွက်သွက် လယ်မှုန်းပြီးလျင် လမ်းဆုံးတိုင် အပြီး တစ်ပြည်လုံး အမိုက်သီး တွေကို မြေကြီးပါ အောက်စောင်း အပါယ်သို့ မှောက်လောင်းမည်ဟု အပေါက်ကောင်းချက်ရှာ၍ မက်တဏှာမှောင် လှိုင်း ဒလက်ချာ ဒေါင်စိုင်းအောင် မှိုင်းတိုက်ခါ တဆွေ့ဆွေ့ သဝေချာမွှေ့ နိုင်သော အမွဲဆေးကမ်းကုန် ငရဲဘေး လမ်းဆုံအောင် မယုံလျှင် မလွှတ်ဘဲ ဇွတ်ခဲ၍ ထိုးစမ်းတော့ တကယ်တမ်းတက်တက်ချော ရှိသမျှဥစ္စာ မျောသည့်ပြင် မောရုံ နှင့်ဆုံးမသတ် အရူးတွင်ဗြုံးဆတ်အောင် မှုန်းတတ်သည် စင်းစင်းဟု ထင်အလင်း ကြေညာလျက် ရောက်လေ ရာရပ် ခပင်းကို ပြောင်တလင်း အကုန်လျော် မဇ္ဈိမတိုင်းတဖော်က ဝိုင်းကျော်၍ ထွက်ခဲ့သော ထီသဘက်မြန်မာမီး ငရဲမင်း လောင်တိုက် ကြီးတဲ့ အပြီးတိုင်မှတ်ထား သူနှင့်များ ညားရလျှင် သေဋ္ဌေးလား သူကြွယ် လား ထင်မှားအစ သွေးမြောက်အောင် ဆွပြီးမှ တစ်စချင်းချူမျှား အတန်လောက်သွားလျှင်ပင် စားမသိ အိပ်မသိ ဇောရတက်မှိုင်းမိ၍ သတိလွတ် အမှိုင်တွင် ခွင်လုံးပိုင် ဝှမ်းလောက်က စင်လုံးယိုင် ဂျွမ်းထောက်အောင် တွန်းမှောက်ခါ ခဝါချ ရွေးပိန်ပိန် မကျန်ရ အောင် ရှိသမျှအဖြူ ထီကြွေးတွေအပူ အသက်ပင့် အရှူဝယ် ဆူမတတ်နှလုံး သားမယား အမုန်းတွင် တအုန်းအုန်း တကြွက်ကြွက် လူကြားမည် ရှင်ကြားမည် ပြီပြီသား မရှက် တကျက်ကျက် ရန်စည် စိတ်ကြည်ခွင့်မရ ဒါနမှု သီလမှု အတုနှင့်အယောင် အနိုင်သာဟန်ဆောင် အများနှင့် ပေါင် မြှောင်၍ အယောင်သာ ပြုရသည် ကုသိုလ်စိတ်ထိုသူမှာ မြူ လောက် မျှမဝင်ဘဲ ရှိရင်းစွဲ တရားလည်း ဝေးခြောက်ပါးလွင့်စင်၍ ငိုချင်လျှင် အရယ်ဖြစ်အောင် အောင့်ညှစ်ခါရွဲ့ရုန်း မဲ့ပြုံးသာ ပြုံးရသည် နှလုံးက မအေး ကုန်သမျှရှုံးကြေးကြောင့် မဆွေးဟန် မပူဟန် လူစွမ်းနှင့်ကြံ လိုက်လျှင် နက်ဖြန်နှယ် သဘက်နှယ် ဘဏ္ဍာစား တယ်မလို ရှက်ဆေး ချယ်စကားပြောင် သရေသာ ဆောင်ရသည် နောင်ဘို့ ရေး ခုဘို့ရေး သားမယားကျွေးမှုနှင့် တွေးမိတိုင်း နှလုံးနောက် သို့ကလောက် ဒုက္ခတွင်းသို့ ဇွတ်နင်းကာ ချနိုင်သော ထီဓားပြ မှောင်ကြီး တိုက်ဖျက်သည့် လောင်တိုက်မီးကို ရီးရားမျှမရှိ ထင်အလင်းသိရအောင်၊ ပါဠိတော် ထုတ်လိုက်မည်။

ဣတ္တိဓုတ္တော သုရာဓုတ္တော၊ အက္ခဓုတ္တောစ ယော နရော။

လဒ္ဓံ လဒ္ဓံ ဝိနာသေတိ၊ တံ ပရာဘဝတော မုခံ။

သန်းခေါင်ယံအခါ သုံးလူ့ဘမြတ်စွာကို နတ်လာ၍ အမေး တွင် မထွေးအောင်ဖြေကြားသော ထီတရားဒေသနာ ယင်း ဂါထာအနက်ကားယောနရော=အကြင်သူသည်၊ ဣတ္တိဓုတ္တော=ပျော်ပျော် ပါးပါး မိန်းမများနှင့် လိုက်စားလွန်ကြူး အကျင့်ထူး၏၊ သုရာ ဓုတ္တော=သောက်စား ယစ်မူး သေရက်ကြူး၏၊ အက္ခဓုတ္တော=ကြွေ, ဖဲ, ထီရူး ကစားကြူး၏၊ သောနရော=ထိုသူသည်၊ လဒ္ဓံ လဒ္ဓံ=ရရသမျှသော ဥစ္စာစုကို၊ ဝိနာသေတိ= နေ့မြင်ညပျောက် မဖြုန်း လောက်ဘဲ ဖျောက်ဖျက်ဖြုန်းတီး၍ ပစ်တတ်၏၊ တံ=ထိုမိန်းမ သေရည် ကြွေထီလောင်းစား ကြူးမှုများသည်၊ ပရာဘဝ တော=ဆုံးရှုံးပျက်စီးခြင်း၏၊ မုခံ=အကြောင်းပေတည်း။

ဒေသနာအရ အဓိပ္ပါယ်အကျမှာ မိန်းမကြူး သေရည် ကြိုက် ထီလိုက်သူတစ်သင်း သုံးဦးသားအဖျင်းသည် နေ့မလင်း ညဉ့်မလင်း အမိုက်ခင်းပင်လယ် အဘိဇ္ဈာပြင်ကျယ်နှင့် မဆယ်သာ မကပ်သာ ငါဘုရား မြတ်စွာမှ ဩချကာ လွှတ်ရသော မချွတ်နိုင် ပလပေ သံသရာ့တစ္ဆေ ငရဲမင်းမိတ်ဆွေ မာရ်နတ် နှယ်တစ်တွေမှာ အသေခက် အရှင်ခက် ရှေးကုသိုလ်မျိုးဆက်ကြောင့် တိုးတက် သည့်ဓန လက်ထက်ပွါး အမွေရ တရားနှင့်ရှိကြသော ဓမ္မိယ ပစ္စည်းများကို သိပ်သည်းအောင်မသုံး လိပ်လည်းအောင် ဖြုန်း ပြီးလျှင် အဆိပ်တုံးပမာ ဧရာမအဘိဇ္ဈာနှင့် သက်ခန္ဓာ မွေးမှုကို ရှေးရှုသည့် အနေကြောင့်“သေလျှင်လည်း အပါယ် ဘောင်၊ ရှင်လျှင် လည်း သီလကြောင်” နောင်ကိုလည်း စရိုက်မွဲ ဘဝတိုင်း လိုက်စွဲ၍ အမိုက်ခဲတန်းလမ်း သံသရာစခန်းဝယ် အပန်းနှယ်ရှည်ရှည်နှင့် အလီလီမောရအောင် မျောကြမည့် လူစုဟု သဗ္ဗညုဒေသနာ အဓိပ္ပါယ် လာချေသည်။

ပါရမီသမ္ဘာ ဖြည့်ပြီးသူမှန်လှ၍ တစ်ဆံမျှမလို ပစ္ဆိမ ပုဂ္ဂိုလ်ဟု ဆိုရပြီးယောကျ်ား ဗာရာဏသေဋ္ဌေးသားသော်မှ၊ ထိုသုံးပါးအလေ့အမွဲ လက်ဦးစွာစွဲရှိ၍ မဂ်နှင့်လွဲဖိုလ်နှင့်ကွာ ကုဋေပေါင်းဥစ္စာ လေးဆယ်လုံး ဖြူးခါလျက် ယာစကာဖုန်းတောင်း သက်မွေးကြောင်းအပြုတွင် သဗ္ဗညုမြင်တော်မူ၍။

အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။

ဇိဏ္ဏကောဉ္စာဝ စျာယန္တိ၊ ခီဏမစ္ဆေဝ ပလ္လလေ။

ဒေသနာဓမ္မကို မြတ်ညီလှအာနန် အားထုတ်ပြန်ကာ ဟောကြား တော်မူလေသတည်း။။

(အနက်ကား၊အနက်ကား၊) ယောဗ္ဗနေ=အားအင်ကျယ်၍ အရွယ် ကောင်းတုန်းအခါ၌၊ ဗြဟ္မစရိယံ=သူတော်ကျင့်ဝတ် တရားမြတ်ကို၊ အစရိတွာ=မကျင့် မိလိုက်လေဘဲ၊ ဓနဉ္စ=ဥစ္စာအင်အား ကိုယ့် စီးပွါးက သော်လည်း၊ ဓမ္မေန=တရားသဖြင့်၊ အလဒ္ဓါ=ရအောင်မရှာ လိုက်မိလေဘဲ၊ ဗာလာ=မောဟပြော ထူမိုက်သောသူတို့သည်၊ ခီဏမစ္ဆေ=ငါးကုန်သော၊ ပလ္လလေ=ရွံ့ညွန်အိုင်ဗွက်ထဲ၌၊ ဇိဏ္ဏ ကောဉ္စာဝ=အင်အားယွင်းယို ကြိုးကြာ အိုကြီးကဲ့သို့၊ စျာယန္တိ= နှလုံးပူဆွေး တရေးရေးဖြင့် မအေးအောင် စိုးရိမ်ကြရကုန်၏။

ဤဒေသနာ အဓိပ္ပါယ်အလာကို ပညာနှင့်ချင့်စာ၍ ဘုရား ရှင့်သာသနာ ထွန်းလင်းသည့်အခါကို လူမှာလည်း လူ့အလိုက် ရှင်မှာလည်း ရှင့်အလိုက် ဘုရားရှင် မကြိုက်သော ဒုစရိုက်ဆယ်ပါး ယုတ်မာသည့်တရားကို လက်လွတ်သား ရှောင်ကွင်း၍ နှလုံး သွင်းဖြူဖြူ သူတော်မျိုးပြီပြီ ဇောသဒ္ဓါ မွန်ရည်လျက် ကြည်ကြည်ကြီးအသက် မွေးရပါမည်ကို နောက်ရေးကို မထောက် နှလုံးသွေးဗွက်ပေါက်အောင် နောက်ချင်တိုင်း နောက်ကြ၍ ရောက်တတ်ရာမရွေး အသက်မွေး သပွတ်အူ သူတော်ကောင်း စိမ်းဆတ် အုပ်မနပ်ငှက်ပျောလို“မနောက ကလိမ်ချုံ အပြောက ဝတိန်ဘုံ ယုံလောက်အောင်ဖွဲ့နွဲ့ကုန်မှောက်အောင်ဉာဏ်ချဲ့၍ အရွဲ့နှင့်အကဲဆစ် အထဲညစ်အပေါ်ပြောင် မတွေ့မှ အနိုင်ရှောင် သူတော်ယောင်တဖက်လှ ပါးစပ်ပြောက ပျားသကာ ဓာတ်သဘောက ခါးတမာ မပြုသာလျှင် ငရဲကြောက် ပြုသာလျှင် အလဲမှောက်” သံသရာမှာ စျေးကြောင်းပေါက် အပါယ်ဘေး ရွေးမျှ မကြောက် ခုမျက်မှောက်ဒိဋ္ဌကိုသာ နိဗ္ဗာန်လောက်စိတ်ချ၍ အနိစ္စသဘောမျိုးမှာ ပြောရိုးမို့ ပြောကြသည် မနောက မျောက်လေပွေ သတိနှင့်သံဝေမှာ ဟန်သရေ လုပ်ဆောင်လျက် အဟုတ် ယောင်ထင်မှားအောင် ခင်ဗျားတို့ ကျွန်တော်တို့ သေရမည်မချို့ပြီ နောက်အဖို့ပါကြအောင် ဒါနမျိုး သီလမျိုး ဘာဝနာမျိုးများကို ကြိုးစားမှ တော်တန်မည်ဟု အပေါ်ယံ တသောသော တွေ့သူနှင့် လိုက်လျောအောင် အပြောမှာ နောက်မကျ ရောင်းဝယ်ရေး ကိစ္စ ပစ္စည်းရေးကျခဲ့လျှင် အနိစ္စ, ဒုက္ခ အနတ္တ မြိုင်မြိုင်နှင့် ကိုင်လိုက်ချည့် ဗိုင်းဗိုင်းလဲ

“ဆီထဲမှာရေနွေး ဆေးထဲမှာရွက်ချပ် ဗျပ်ထဲမှာ မုရင်းဆန် ရေနံမှာ ရေစွက် လက်ဖက်မှာရေကူ ဘယ်ကုန်မျိုးမဟူပြီ တူသာတူပလေစေ ညစ်နည်းတွေ ကိုယ်စီနှင့်” ပလီဉာဏ်လောဘ ဝစီကံစောရကို မနောဇပတ္တမြားကဲ့သို့ အားကိုးဖွယ်အတတ် အလိမ္မာကောင်းထင်မှတ်၍ ဂုဏ်ဒြဗ် ဟိတ် တွေနှင့် စိတ်အနေမြင့်ကြသည် မရဏသူ့စက်ကွင်းဝယ် မှုလက် ငင်းဧရာနှင့် မနေသာကြပ် တည်းလျက် လျှပ်စည်းရောင် တပြက်စာမျှ မသက်သာ ရှိသည်ကို သတိပင်မရဘဲ တဏှာ့ကျွန် ငါသူရဲ ပေဟု လူထဲမှာဖော်၍ ပြသည့်နှယ် ဗာလကင်း တထောင်ထောင် သူ့ပစ္စည်း အကြောင်နှင့် ခေါင်ဆိုသည့် ဆုတောင်းကို ကောင်းကောင်းကြီး ကျက်ထား၍ ဘုရားရှင့်ရှေ့တော်ဝယ် တအော်အော် ရွတ်ကြသည် သုံးလူ့ထွတ်အမော် ရွှေရုပ်ပွါး ကိုယ်တော်လည်း မတော်ဘူးနင်တို့မှု နင့်လှူဘွယ်ဝတ္ထုမှာ မုသားက ဘယ့်လောက်ပါ အဝါက ဘယ့်လောက်ကဲ အစဉ်းလဲက ဘယ့်လောက်ဝင် မစင်သည့် ဝတ္ထုများကို ငါဘုရား မခံထိုက်ဟု လှန်လိုက်တော် မမူဘဲ မသူတော်စရိုက် ထွန်းကားသည့် အခိုက်ပေကို အလိုက်သာ ကောင်းသေးသည်ဟု ယဉ်ကျေးသည့်နှလုံးနှင့် ပြုံး၍သာ နေတော် မူလေသည်။

ဆိုခဲ့ပြီးသရုပ် လောက၏အရှုပ်ကို ဟုတ်သလောက် မြင်ပါလျက် သင်္ဃာတော် အများမှာလည်း ဘုရားရှင့် ရိပ်အကဲကို စိတ်ထဲကချင့်မြော်၍ သင့်လျော်အောင် သုံးတော်မူကြရပေသည် အာဇီဝငဲ့ညှာ ရောင်းချစဉ် အခါက ဗလချာ လူးလဲသော ပစ္စည်း မွဲဝတ္ထုကံ မသန့်ရိုးမှန်သော်လည်း အလှူခံမြတ်ပေက အလတ် လောက် အကျိုးထူး ပေးဘူးသောသက် သေလည်း ထွက်ပေ၏ ဇိုးဇင်း ရောင်းဝယ်စဉ်အရင်းက စဉ်းလဲခြင်းမ ရောဖက် လောင်းစားမှု မနှောရက်ဘဲ သက်သက်သား နှလုံးကောင်းနှင့် ရောင်းဝယ် သူအများကို နတ်သိကြားဦးခိုက် အပူဇော်ခံထိုက်ကြောင်းမှာ။

ဓမ္မေန ဒါရံ ပေါသေန္တိ၊ တေ နမဿာမိ မာတလိ။

ဒေသနာရှိပေသည်။

မာတလိ=မာတလိနတ်သား၊ ယေ=အကြင်သူတို့သည်၊ ဓမ္မေန= တရားသဖြင့်ရသော ဥစ္စာဖြင့်၊ ဒါရံ=သားမယားကို၊ ပေါသေန္တိ=ကျွေးမွေး ကြကုန်၏၊ တေ=ထိုသူတို့ကို၊ အဟံ=ငါ သိကြားသည်၊ နမဿာမိ=ရှိခိုးပေ သတည်း။

ဆန်းပွေမှု ပယောဂ ဝိသမလောဘကြောင့် ဘောဂတွေ များကြွယ်၍ ဘုရားတယ်ကျောင်းဆောက် ကြက်သရေ ဂုဏ်ရောက် လျက် တစ်ရာလောက် အသက်ရှည် လူလုပ်ကာ နေသည်ထက် ဓမ္မေန သမေန အာဇီဝဖြူဖြူနှင့် လူကြည်ညို- နတ်ကြည်ညို အသက်ပင်တိုသော် လည်း ထိုသူသာအမြတ်ဟု သုံးလူ့နတ် သယမ္ဘူ မိန့်ခွန်းတော် ကြူသောကြောင့် လူမိစ္ဆာ သက်သက် နှလုံးသွေး အနက်တွေကို တုဖက်၍ အားကျလျှင် မှားရမည် တန္တိဟု ဉာဏ်ရှိလျှင် သတိထားရန်ဖို့ ထီတရား ဟောလိုက်ပေသည် ဒါယကာ လှေသူကြီး---။

ထီမေတ္တာစာပြီး၏။

------*------


နွားမေတ္တာစာ

၁၂၄၇-ခု၊ အင်္ဂလိပ်မင်း ဝင်စတွင်

မုံရွာမြို့-လူကြီး-လူကောင်းအပေါင်းတို့ တောင်းပန်ချက်အရ ရေးသားတော်မူအပ်သော မေတ္တာစာ

စက်လေးစုံလွင်သာ မင်္ဂလာသမိုက် အလုံမြို့အောက် တိုက်ဝယ် သိုက်မြိုက်သည့်ဌာန မုံရွာမြို့ဒေသဟု ပါကဋကြေညာ သော ရွာမဟေရပ်ကြီးက နတ်တီးသည့်စည်မုရိုးကဲ့သို့ ရှည် အကျိုးဖြစ်ပွါးရန် တရားရင်းသုတ္တန်ကို ထုတ်ပြန်ကာ လင်းလိုက်မည် နားသွင်း၍ ထောင်ကြပါ။

ခေတ်ကာလယခု ဖြစ်လာရအမှုမှာ ဘယ်သူ့ကိုကိုးစား ဘယ်သူ့ကို ငြိုးထားမည် ရိုးမှားလို့မသင့် စဉ်းစားဘို့ အခွင့်မှာ ချိန်သင့်ခါမှုန်းမည်ဟု တစ်တိုင်းလုံးကြမ္မာ ဝိပါက်ရင်းပါသော ကြောင့် သာကီနွယ်သိန်းခြောက်သောင်း ဆွေတော်များ အပေါင်းတို့ သူမကောင်း မိစ္ဆာဉာဏ် ဝိဋဋူဘေးရန်ကြောင့် ဂျွမ်းပြန်အောင် ပျက်ပြားရာ မြတ်ဘုရားဘုန်းလှိုင်လည်း ကိုယ်တော်တိုင်မားမား သုံးကြိမ်တိုင်ကြွ သွား၍ တားသော်လည်းမရ မ,သော်လည်း မတတ်သာ နတ်, သိကြား, ဗြဟ္မာတို့ နေအားသည့် တွက်တာဟု ဆိုစရာမရှိပြီ။

ဝိဋဋူဘုရင် သာဝတ္တိပြည့်ရှင်လည်း သာကီဝင် တစ်ပြည်လုံးကို ဖျက်မှုန်းသည့် ကံသစ်ကြောင့် စစ်ရဲမက်ဗိုလ်ပါနှင့် မြစ်ဂင်္ဂါရေစခန်းတွင် ပရမ်းပတာပျက်ပြား၍ ငါးလိပ်တို့အစာ ဖြစ်ဖူးသည့်ကျမ်းလာ ဒေသနာ အထွက်နှင့် ချိန်စက်ကာ ယူရလျှင် “ပျက်သူမှာဖြစ်လမ်း ဖျက်သူမှာ နစ်မွန်းဘို့” စခန်းလမ်းဆိုက် လေသည်။

ထိုက်သက်ရင်းတရား ခုဖြစ်ပုံအလားကို ဘုရားဟော ကျမ်း ထွက်နှင့် အချက်ကျ ညှိလိုက်သော်

၁။ ဘာရံ ဝဟတိ ယော ယဿ၊

နိဗန္ဓော အတ္ထသော သဒါ။

မာတာပိတာစ ဘာတာစ၊

ဉာတိမိတ္တာစ တဿ သော။

၂။ ယေ တာဒိသေ နုကမ္ပန္တိ၊

ကတညူ ကတဝေဒိနော။

ဝဍ္ဎုန္တိ ယသဘောဂေဟိ၊

သုက္ကပက္ခေဝ စန္ဒိမာ။

၃။ ယေစ တေ နာနုကမ္ပန္တိ၊

သံမုဠှာ မိတ္တဒုဗ္ဘိနော။

ဟာယန္တိ ယသဘောဂေဟိ၊

ကာဠပက္ခေဝ စန္ဒိမာ။

ဤပါဠိပဒ အဓိပ္ပါယ်ကျသည်မှာ မိဘနှင့်ဆရာ ဉာတကာ တစ်စု ကျေးဇူးပြုစီးပွါးဖက် ခြောက်ဦးသားအနက်ဝယ် တစ်သက် နှင့်တစ်ကိုယ် မပျက်ဘူးအလိုနှင့် ဗြဟ္မစိုရ်တရား လက်မကွာ ထားနိုင်မှ စီးပွါးဟောင်း မပျက် စီးပွါးသစ် တိုးတက်၍ ချမ်းသာသက် ရှည်ရာသည်။

ခြောက်ဦးသားထိုသူကို မကြည်ဖြူမသနား အလေးမဲ့ ပေါ့စားလျှင် စီးပွါးသစ်မတိုး စီးပွါးဟောင်းညှိုးသည့်ပြင် ဘေးမျိုး စုံသောကနှင့် မောရမည်တကယ်ဟု အဓိပ္ပါယ်အပြ အနက်သွား ကျချေသည်။

မြန်မာ့နယ်တစ်ရိုး အကျွန်ုပ်တို့လူမျိုးမှာ ရှေးအရိုးဗြဟ္မစိုရ် ကမ္ဘာစောင့် တရားကိုယ် ယွင်းယိုသည့်အမှု သည်အချက် တစ်ခု နှင့်ပင် ယခုလိုဖြစ်ရေး တစ်တိုင်းလုံး ခေတ်ဘေးကို နှစ်မဝေး ဆက်လက်ကာ တွေ့ကြလျက်နေပါသည် မိတ်သဟာ ပျံ့ပျူး ဆိုခဲ့သည့်ခြောက်ဦးတွင် အထူးပင်ကွက်ခြား၍ တရားပျက်နာ သည်မှာ ကမ္ဘာနှင့်အမျှ မြန်မာတို့ ဒေသသည် ဇင်္ဂလပြီပြီ နွား-ကျွဲကို အားမှီလျက် ဘိုး-ဘေး-ဘီ-အစဉ် သက်မွေးမှုတွင်သည်ကို မျက်မြင် ပင်ဖြစ်ပါသည်။

သို့သနစ်ကြောင်းရင်း သိကြလျက်အခင်းပါကို သနားခြင်း ကွာ ဝေးသည့် ငရဲခွေးအစာ လူဒုဿီပြိတ္တာတို့ မာရ်မိစ္ဆာ ယှဉ်ပူး၍ ကျေးဇူးပြု စီးပွါးဖက် မြန်မာနွယ်အဆက် ကမ္ဘာက ဖက်ခဲ့၍ အသက်၏သဏ္ဌာန် မိတ်ရင်းစစ် မှန်လှသော တိရစ္ဆာန် ကျွဲ-နွားကို သားမယားမွေးမှုနှင့် ကရုဏာမကပ်ဘဲ သတ်ဖြတ်၍ ရောင်းသူမှာ လမ်းနှစ်ကြောင်းမရှိ အဝီစိအောက်ရွာမှာ ကမ္ဘာကို ရက်တွက်၍ ထောင့်တသက် သွား တော့မည်။

တရားကိုယ်ထင်လင်းမို့ စဉ်းစားခွင့်မလိုပြီ ဝယ်ကြသူ တစ်ခို ကိုသာ တရားကိုယ် ထင်လင်းအောင် သတင်းစာ ကမ်းလိုက်ပါသည်။ ကျမ်းဝိဘင်း ဋ္ဌကထာ တိုက်ရိုက်ကြီးအလာမှာ ပါဏာတိပါတ ပြုလုပ် သည့်ဌာနဝယ်

- ကာယကံရှင် တစ်ခန်း

- ချီးမွမ်းသူ တစ်ယောက်

- ဝမ်းမြောက်သူ တစ်ဖက်

- သုံးဦးသားအနက် အကျိုးဆက်မတူကြ

- ကာယကံရှင်ဗာလမှာ နိရယ တာလမ်း

- ချီးမွမ်းသူ ပြိတ္တာရောက်

- ဝမ်းမြောက်သူအနေမှာ တိရစ္ဆာန်ဖြစ်စေဟု ဝေပုံကျအပြီး ဆုံးဖြတ်ချက်သင်းသီးတွင် ပစ္စည်းရှင် ဝယ်လူစုမှာ ချီးမွမ်းမှု တစ်စိတ်ပါ ဝမ်းသာမှုတစ်သွယ်ထွက် နှစ်ပါးစုံ ရောယှက်သော် လက်သည်ထက် အပြစ်ကြီးမည်ဟု ယူမှီးရန် ကျသော်လည်း ကာယကံ အရှင်နှင့် တူလျှင်ပင်မနဲပြီ နောက်ဆွဲက လို

ယုတ္တိနှင့်စဉ်းစားလျှင် ရောင်းသမား ဝယ်သမား နှစ်ဦးသား သဘောတူ

- ဝယ်သူက မူလ

- ရောင်းသူမှာ ဘူတ

- ဝယ်သူပေါမှ ရောင်းသူရွှင်

- ရောင်းသူရွှင်မှ တွင်တွင်သတ်

- နဘေထပ် လွန်းပေါင်းတင် သည်အတိုင်းမြင်ကြလျက် ဇွတ်ငင်သည့်တဏှာကြောင့် ဟင်းလျာသည် ဆိုလျင်ပင် ခိုပြိုသည့်အတိုင်း

- ဝိုင်းကြသည် ကြွက်ကြွက်ဆူ

- သူမရ ငါမရ

- ငွေစကို တပြင်ပြင်

- ချိန်ခွင်ကို တခါခါ

- နက်ဖြန်လည်း လာပါနော်

- သံဘက်လည်း မျှော်ပါမည်

- ခေါ်လိုက်သူ အချို့

- လက်တို့၍ မှာသူမှာ

- ဟင်းလျာသည် လာခဲဟု

- စိတ်ထဲက တ, သူတ

သို့ဖြစ်၍နေကြလျက် ပါးစပ်ကပရိယာယ် “ရောင်းလာလို့ ဝယ်ပါသည် ဘယ်အပြစ်မရှိပေါင်”ဟု ရောင်လို့များ မဟနှင့် ဝမ်းထဲက သဘောကို မပြောဘဲ ကုန်စင်အောင် မြင်ရင်းစွဲ ဖြစ်ကြသည်။

ပစ္စည်းရှင် ဝယ်သူတို့ ကူပံ့သည့်အလား ပေးလိုက်သည့် ဒင်္ဂါးလည်း နွားရှာ၍သွင်းသူနှင့် စီးပွါးတူလုပ်ဖက် ငွေမြင်သည့် အတွက်ကြောင့် သွက်သွက်လည် အတွင်ခိုး လှည်းတောင်သူ တရိုးမှာ နွားမျိုးများ ပြတ်မတတ် သားမယား အငတ်တွင် မတ်တတ်မှိုင် ကြံမရ၍ ဓားပြသို့ ဝင်သူဝင် သို့ဖြစ်အင် မူလမှာ ဝယ်သူကအခြေရင်း ဟုတ်မဟုတ် မငြင်းနှင့် ထင်အလင်းဒိဋ္ဌ မျက်မြင်ပင် ဖြစ်ကြသည်။

သည်ရသတဏှာမွဲ သူအတင့်ရဲတိုင်းကို အကဲက မသန် ဇွတ်လှဲ၍ ခံကြလျှင် ပါယ်လေးတန်ဒုက္ခမှာ မြုပ်ကြမည်စင်းစင်း သည်တဏှာ ကင်းလျှင်ပင် တစ်တောလင်းအမိုက် သည်လောဘ စရိုက်ကို အမြိုက်သီး အလားအလိုက်ကြီး မှားကြလျှင် ပါယ်လေးပါး ယမ, ဘုံတွင် အိမ်ထောင်စုံ ဆေးတော်ထိုး ရိုးအမျိုး စာရင်းမှန် ရွှေတိုက်တော် လက်ခံနှင့် မပြန်တမ်း အဟုတ် ကမ္ဘာနှင့်စာချုပ်၍ စုံးစုံးကြီး မြုပ်ကြမည် မဟုတ်ဘူး မထင်နှင့် မယုံလျှင် ကိုယ်တွေ့မှ ဆိုသရွေ့ မကဟု လှလှကြီးသိလိမ့်မည်။

ဇာတ်နိပါတ် သက်သေကို ရှာဖွေကာ ထုတ်ဆိုလျှင် ပိုအမို များမည်ကြောင့် တရားသားသက်သက် စကားသွားညက်ညက်နှင့် နား, မျက်စိ မခိုသာအောင် လိုရာတွင်ဖြောင့်လိုက်သည်။

ရောင့်တက်သည့်လောဘ မနောကံဇောကြွ၍ ဂေါမံသ ဟင်းလျာကို မြိန်ရှက်စွာစားရမှ ဆီအသားဖွံ့ဖြိုး ဉာဏ်ပညာ တိုးသည်ဟု နှလုံးဆိုးစကားတတ် ကပ်လျှင်သာကပ်ရမည် သုတ်နိပါတ်ကျမ်းဂန်တွင် နာဖျားရန် အကြောင်းဟု ထုံးဟောင်းကို တွေ့ရသည်။

အလေ့ဆိုး ဝသီဉာဉ်၊ သည်တဏှာ သူငင်၍၊ လူအရှင် ငုတ်တုတ်နှင့်၊ ပြိတ္တာရုပ် ဇာတ်ပေါ်၍၊ တအော်အော် နေရကြောင်း၊ ၎င်းပြင်အပါယ်ကျ၊ ဇာတ်ဝတ္ထု သာဓကမှာ၊ ကျောင်းတကာ့ ကျောင်းတိုင်းတွင်၊ ကိုးကြောင်းရေး ဆယ်ကြောင်းရေး၊ စာတိုက် ချင်း ယှက်ထွေး၍၊ မကွေးသာ မဆန့်သာ၊ ပေါများလှပါတော့သည်။

သည်တဏှာ စရိုက်ကို၊ အလိုလိုက် မှားကြလျှင်၊ နွားသတ် တို့သွားရာ၊ နောက်တော်က လိုက်ပါပြီးလျှင်၊ နွားရုပ်သွင် အထူးနှင့်၊ တဘူးဘူး တဘဲဘဲ၊ မစဲအောင် တွန်မြည်၍၊ နှစ်အရှည် မောကြမည်။

သို့သဘောတန္တိ အမှန်ကို သိကြ၍ ပကတိအရိုး ဟင်းသီးမျိုး ဟင်းရွက်မျိုး ကောင်းနိုးရာ ရှာကြံ၍ ဆီအတန် ဆားအထိုက် မွမ်းမံဖွယ် အလိုက်နှင့် သိုက်မြိုက်အောင်စီရင်၍ သူတော်စင်အနှုန်း စိတ်သတ်၍ သုံးပါလျှင် အဆုံးတိုင် မြိန်ရှက် ဘေးရောဂါ မဖက် ဆီအသား ပွါးတက်၍ အသက်လည်း ရှည်ပါ သည်။

သန္တုဋ္ဌီအချက်မှာ စက္ကဝါက်ငှက်မင်း အလောင်းတော် ကျေး သင်းတို့ ခင်းခဲ့သည့်စံထုံးနှင့် လုံးလုံးကြီးမထပ်ငြားသော်လည်း တတ် အားသမျှ ခြိုးခြံလျှင်ပင် အကျိုးတန် ပေးပါသည်။

ကျေးသူတော် ထုံးဟောင်းကို ကောင်းကောင်းကြီး အားပြု ၍ သည်ဝတ္ထု အသားထူးကို မစားဘူးဧကန်ဟု ဓိဋ္ဌာန်၍ ပြီပြီ သည်အတိုင်း ညီပါလျှင် ပါရမီ ဆယ်ဖြာလည်း အလွယ်သာရမှု အကုန်လုံးစုပါသည်။

ယခုခါ ခေတ်အတွင်းမှာ နွားသားဟင်း ကျွဲသားဟင်း အသန့်ပင် လွတ်ကင်းအောင် ရှင်းရှင်းကြီးစင်ပြောင် ကျွန်ုပ်တို့ ရှောင်ပါသည် နောင်လာရန်အဖို့ ကြားသမျှ ဟရို့ရယ် ကျွန်ုပ်တို့ ထပ်တူ သဘောထား ဖြူကြပါ။

လူတို့လို တီတီတာတာ မပြောတတ်ရှာကြလို့ ငုတ်တုတ်သာ မပြန်လှန် ပြုသမျှခံရသည် ဌာန်ကရိုဏ်းပြတ်သား နှုတ်လျာများ တတ်အားလျှင် နွားတို့ကဆိုရန် ခွင့်ရှိသည်အမှန်မှာ မြန်မာ နှင့်ကုလား နှစ်ပြည်ထောင် တိုင်းသားတို့ ဖြစ်ပွါးသည့် တွက်တာသည် ငါတို့မှာ သေတ္တု အကုန်လုံး စုချေသည်။

- သူတို့ဘေး သူတို့ဘိုး သူတို့နွယ်တစ်ရိုး

- တစ်မျိုးလုံး တစ်ဆွေလုံး သူတို့တိုင်မဆုံး၊

- တို့တတွေ ပခုံးမှာ မီးဟုန်းဟုန်း ထ မတတ်၊

- တို့လုံ့လ တို့စွမ်းအန် တို့အပန်းခံနိုင်လို့၊

- ဆန်စပါး ပြောင်းနှမ်း ဗူး ခရမ်း ပဲ အမျိုး

- မြေပြင်လုံး မောက်ဖြိုးအောင် တိုးတက်သည့် ဘဏ္ဍာနှင့်၊

- လိုရာတိုင်းပြည့်စုံ ကုံလုံကြအသီးသီး၊

- ကျောင်းကြီးဆောက် ဘုရားတယ်၊ တစ်တိုင်းလုံး ကြွယ် သည်မှာ၊

ဘယ်သူက အရင်းဟု စဉ်းစားဖွယ်မရှိ ထင်အလင်း သိပါ လျက် သတိပင်မပေါ် ကျေးဇူးကိုမမျှော်၊ စိတ်အချော် တိမ်းပါး မိတ်မတော် စိမ်းကားလျက်

- တို့အသား တို့အသဲ၊ တို့အဆီ ရွှဲရွှဲကို၊

- ထမင်းပွဲအလယ်၊ အနင့်သား တယ်ပြီးလျှင်၊

- ရယ်ကာနှင့် ပြုံးကာ၊ အရသာ ခံစား၍၊

- လင်မယားတတွေ၊ မြုံ့ကြသည့် အနေမှာ၊

- မြိန်နိုင်ပေ့ သူတို့ကိုယ်၊ မျိုရက်ပေ့ သူ့ခံတွင်း၊

- တို့လုပ်သည့် ထမင်းကို၊ တို့ဟင်းလျာ အသားနှင့်၊

- စားကြသည့် ဖြစ်နဲကို၊ တို့အသဲ နာလိုက်ကဲ့။

ကမ္ဘာဦးစတင် ထက်ကာရီ ယခင်က ချေ-သမင်တောသား အများတို့ ထုံးစံ တိရစ္ဆာန်စရိုက် တို့ဘာသာ တစ်သိုက် အလိုက် များနေခဲ့ကြလျှင်၊ မသေမီ စပ်ကြား၊ အိပ်ချင်အိပ် စားချင်စား၊ သွားချင်သွား လာချင်လာ၊ အပုံကြီး ချမ်းသာမည်။

- ယခုမှာ လားလား၊ အဓမ္မ လူသားနှင့်၊

- စီးပွါးတူ ချမ်းသာဖက်၊ ခိုမိသည့်အတွက်ကြောင့်၊

- တက်တက်ကြီး အကုန်မှား၊

- ငါးပါးမှောက် ခြောက်ပါးမှောက်၊

- မှားသလောက်မပြောသာ၊

- သက်ခန္ဓာ ရှိစဉ်လည်း၊ မချိအောင်စေစား၊

- တို့ကိုယ်ကောင့်အသားကို၊ ဟင်းတစ်ပါးသတ်၍ လုပ်၊

- ဘယ်သင်းက ဟုတ်သေးတုန်း၊ ယုတ်မာသည့် အဖြစ်လား၊

- သည့်လောက်တောင် ရိုင်းငြားသည့်၊ လူသားတို့ လက်ထဲ တွင်၊

- ဖွဲ, ပြောင်း ရိုး မြက် ရေ၊ သုံးစား၍ နေရသည်ထက်၊

- တောကျားတွေ ပါးစပ်မှာ၊ ခေါင်းပြတ်၍ သေရခြင်း သည်၊

- လွန်အမင်း မြတ်သေး၏။

ရှေးအထက်ကာရီ၊ ပဝေဏီအခြေက၊ ရေလိုက်ကြီး မှောက် မှား၍၊ တို့နောက်သား တစ်စုမှာ

- လူ့ဘီလူးအစာ၊ ဟင်းလျာဖို့ အပြီး၊

- ဗူးသီးနှင့် ကြုံလိုကြုံ၊ ဖရုံနှင့် ငြားလိုငြား၊

- သခွားနှင့် တွဲလိုတွဲ၊ ချိုတနဲ ချဉ်တထွေ၊

- တို့ဖြစ်ပုံ အနေနှယ်၊

- သေလျှင်လည်း လက်တလော၊ ရှင်စဉ်လည်း ဖတ် ဖတ်မော၊

- အဟောဒုက္ခ ဘယ်အခါတွင်မှ၊

- သက်သာရာ မရအောင်၊ တို့ကြမ္မာပြုနဲကို၊

- အသဲထိ နာလိုက်ပါဘိ၊

- ဉာတကာတစ်သင်း မိတ်ဆွေရင်းတို့-ဟု၊

- နွားချင်းချင်း ဆိုကြရန် ခွင့်ရှိသည်အမှန်ပင်။

သနားရန် တာလမ်း၊ ရှိသမျှ စခန်းကို၊ ဆုံးကမ်းရောက် မျှော်ခေါ်၍၊ မသူတော်စရိုက်၊ ထွန်းကားသည့်အခိုက်ကို အလိုက် သင့် အရှောင်ကောင်းနိုင်မှ၊ နောင်နှောင်းကို ချမ်းသာ၍၊ နတ်ရွာမှာ အတူတွေ့ကြရအောင်၊ အလေ့ကောင်းရှင်းရှင်း၊ ဇောသဒ္ဓါ စင်းစင်းနှင့်၊ သတင်းစာ ပါးလိုက်ပါသည် ကြားကြားသမျှ မိတ်ဆွေအပေါင်း သူတော်ကောင်း ပညာရှိတို့---။

နွားမေတ္တာစာပြီး၏၊

ဤနွားမေတ္တာစာကို အကြိမ်ကြိမ်ရိုက်နှိပ်၍ ထက်အောက် နှစ်ဖြာ မြန်မာနိုင်ငံတော်၌ ကမ်းလှမ်းဖြန့်ဖြူးစေတော်မူရာ များစွာသော သူတော် ကောင်း အပေါင်းတို့သည် နွားသား ကျွဲသားများကို မစားဘဲ ရှောင်ကြည် ကြကုန်သည် အချို့သော ပုဂ္ဂိုလ်များကလည်း ဤနွားမေတ္တာစာကို အရကျက် ဆောင်၍ တစ်ဆင့်ဟောပြောကြရာ များစွာသော သူတော်ကောင်း အပေါင်း တို့သည် နွားသားကျွဲသားများကို မစားဘဲ ရှောင်ကြည်ကြလေသည်။

--------------------

မီးပွဲမေတ္တာစာ

၁၂၅၂-ခုနှစ်တွင်

လယ်တီတိုက်ကြီးအတွင်း၌ မဟာဗောဓိပင်စိုက်ပျိုး၍ အမျိုးမျိုးသော မီးပွဲများကို ပြုလုပ်ရန် နှိုးဆော်သော မေတ္တာစာ

လယ်တီတောကျောင်းဆရာ မိန့်မှာညွှန်ကြား၍ မီးပွဲ တရား ဟောလိုက်သည်၊ ဒါယကာ အပေါင်းတို့---။

သုံးလောက ဓိပတိ၊ တုမရှိ၊ မုနိညီဖွား၊ အနုရုဒ္ဓါ မင်းသား သည်၊ ဘုရားလက်ရုံး၊ ဘုန်းနေတစ်ဆူ၊ သမ္ဘာတော်ဖြူလှ၍၊ လူကျော်-ရှင်ကျော်၊ အမော်အမောက်၊ တစ်မိုးအောက်တွင်၊ တစ်ယောက်မဆန်၊ ဉာဏ် ဒိဗ္ဗစက်၊ ဧတဒဂ်ဗျာဒိတ်၊ အမိန့်တော် ရွှေတံဆိပ်နှင့်၊ စက်ရိပ်တော်ရင်း၊ တန်ခိုးတော်လင်းမှုကို၊ အရင်းမူလ၊ အစအဦး၊ ပကတူးကပင်၊ ကံထူး ဉာဏ်ထူး၊ အကြံထူး၍၊ အမှူးအချုပ်၊ ဖြစ်ဖို့ရန် အလုပ်ကို၊ အဟုတ်ကြီး ရွယ်မှန်းလျက်၊ တကယ်တမ်း ပြုခဲ့သည်မှာ။

- ပဒုမုတ္တရ၊ ဘုရာ့မွေဓာတ်၊ စေတီမြတ်ဝယ်၊ သဟဿ ဒီပံ၊ အလျှံပြောင်ညီး၊ တစ်ထောင်မီးနှင့်၊ မီးရှူး ပဒေသာ၊ ထွေလာမီးပန်း၊ သိန်းသန်းရံဝန်း၊ ထိန်ထိန် ရွှန်းအောင်၊ ညှိထွန်းဖွဲ့နွဲ့၊ ပူဇော်ခဲ့သည်လည်း တစ်ဌာန။

- ထိုမှစ၍၊ ဘဝဘဝ၊ ဆန္ဒအသီး၊ မီးဝါသနာ၊ အစဉ်ပါ လျက်၊

- ကမ္ဘာဘဒ္ဒ၊ အမြတ်ကျလည်း၊ ကဿပဘုရား၊ စေတီ အားကို၊ အများသသူ၊ မီးအလှူ၊ မတူနှိုင်းတန်၊ အလှိုင်းကြီး ကြံပြီးလျှင်၊ တစ်ဖန်ထပ်ဖွဲ့၊ ပူဇော်ခဲ့သည် တစ်သိုက်။

အမိုက်ကင်းပျောက်၊ အလင်းရောက်၊ ဝင်းတောက်ထိန်ဝါ၊ အရှိန်ဖြာ၊ အင်္ဂါစုံလှ၊ ဤပုညနှင့်ပဲ၊ သဟဿအက္ခိ၊ လက်လက်ညိ မျက်စိတစ်ထောင်၊ အမြင်ဆောင်၊ အခေါင်စိုးငြား၊ တန်ခိုးကြွား သည့်၊ မိုးသိကြား အဖြစ်နှင့်သာ၊ အန္တရ ဤခေတ်တွင်၊ အသစ် အသစ် ခံစံစား၍၊ ဘုရား၏ညီတော်၊ အကျော်ဧတဒဂ်၊ ဒိဗ္ဗ စက်ဗျာဒိတ်၊ လွှာတံဆိပ်နှင့်၊ ညာရိပ်တော်ရင်း၊ ဖော်တစ်သင်း ဝယ်၊ သတင်းအသီး၊ ထူထောင်ပြီး၍၊ ထေရ်ကြီးမဟာ၊ နုရုဒ္ဓါဟု၊ ကြေညာတန်ခိုး၊ ဖြန်းဖြန်းကျိုး၊ မြေမိုးသိမ့်သိမ့် ထင်ရှားသည်။

သို့အရာကို၊ ပညာမျက်စိ၊ အချက်သိသဖြင့်၊ အရိမေတ္တေ-ယျ၊ လောကထွတ်ထား၊ မပွင့်မီအကြားဝယ်၊ သိကြားဟူက၊ မည်သူမျှမဆိုင်၊ ခရိုင်သိမ်းကြုံး၊ ငါတို့ပိုင်လုံးလုံးဟု၊ အဆုံး စွန်စိတ်စွဲ၊ မေတ္တေယျ သခင့်ပွဲမှာလည်း၊ ရွှေခွက်ဆွဲ ဧတဒဂ်၊ ဉာဏ်အမြင် ထက်မြက်၍၊ ဒိဗ္ဗစက်အရာထူး၊ သူတစ်ပါး မဦးရအောင်၊ အထူးထူးကြံသာသည်၊ ခေတ်အခါ ကာလတွင်၊ မြတ်ဘုရာ့ သရီဓာတ်၊ စေတီတော်အရပ်ရပ်ကို၊ လျောက်ပတ်စွာ ခင်းကျင်း၍၊ သီတင်းကျွတ်သမယ၊ ပဒီပပူဇာ၊ မင်္ဂလာအပွါးဝယ်၊ ပျား ဖယောင်း၊ ကျောက်ဖယောင်း၊ တစ်တိုင်ကောင်း နှစ်တိုင်စ၊ စွမ်းသမျှများစွာ၊ မပါရ၊ မသိရ၊ မရှိကြရအောင်၊ ဝီရိယအထူး၊ စောစောက တင်ကူး၍၊ အနှူးစာ ကမ်းလှမ်းလိုက်ပေသည်၊ ဒါယကာ အပေါင်းတို့---။

မီးပွဲမေတ္တာစာ ပြီး၏။

[ဤမီးပွဲမေတ္တာစာကိုရေးသား၍၊ ကမ်းလှမ်းဝေငှတော်မူရာ သဒ္ဓါတရား အထူးထက်ကြ၍၊ ကိုယ်စီကိုယ်ငှ လှူဒါန်းပူဇော်ကြရာ၊ လယ်တီတိုက်ကြီး အတွင်းဝယ် အသိန်းမကသောမီးတို့ကို ထွန်းညှိ၍၊ ကြီးစွာသော မီးပွဲကြီးကို ပြုလုပ်ကျင်းပ တော်မူလေသည်။]


ဆုတောင်းပြည့် မေတ္တာစာ

၁၂၅၄-ခုနှစ်အတွင်း

မုံရွာမြို့တွင် ပြိုပျက်လျက်ရှိသော ပွဲတော်ရ ဆုတောင်းပြည့်ဘုရားကြီးကို ပြင်ဆင်စေရန် ရေးသားတော်မူသော မေတ္တာစာ

မဟာ အတုလ၊ သမ္ဗုဒ္ဓဟု၊ လောကမှန်ကူ၊ သယမ္ဘူအစစ်၊ တရားမင်းဖြစ်တော်မူသော၊ သုံးလောကထွဋ်ထား သဗ္ဗညု မြတ်စွာ ဘုရားသည်

၁။ ကိုယ်တော်တိုင်ချွတ်မှသာ၊ ကျွတ်အံ့သော ဗုဒ္ဓ ဝေနေယျ လည်း တစ်မျိုး၊

၂။ သာဝကတို့ချွတ်လျှင်ပင်၊ ကျွတ်အံ့သော သာဝက ဝေနေယျ လည်းတစ်မျိုး။

ပါရမီ မပြည့်ကြ၍၊ ဤဘဝ ကျွတ်ပွဲတွင်၊ တစ်ခါထဲ မပါမှုကြောင့်၊ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ၊ ဤစေတီလေးပါးကို၊ တည်ထားမှု၊ ကိုးကွယ်မှု၊ ပါရမီပေါင်းစု၍၊ လူ့ဘဝ နတ်ဘဝ၊ အတန် လောက် မျောရမှ၊ ကျွတ်ကြမည့်ဓာတုဝေနေယျလည်း တစ်မျိုး။

ဝေနေယျသတ္တဝါ၊ ဤသုံးဖြာ အစုတွင်၊ ဓာတုဝေနေယျ တို့၏အကျိုးငှါ

၁။ ဝိနည်း သုတ္တန် အဘိဓမ္မာတည်းဟူသော ဓမ္မစေတီ တော်၊

၂။ သွားတော် စွယ်တော် အံတော် ဆံတော် ညှပ်ရိုးတော် သင်းကျစ်တော်တို့နှင့်တကွ ရှစ်စရွတ်မျှလောက် သော ဓာတုစေတီတော်၊

၃။ ရုပ်ပွါးဆင်းတုတည်းဟူသော ဥဒ္ဒိဿစေတီတော်၊

၄။ ကိုယ်တော်မြတ်သုံးဆောင်တော်မူသည့် ရွှေညောင် ဗောဓိနှင့်တကွ သပိတ်တော် သင်္ကန်းတော်စသော ပရိဘောဂ စေတီတော်၊

ဤစေတီတော် လေးပါးကို ကိုယ်တော်စား ကိုယ်တော်ပွါး ကိုယ်တော်နှင့် မခြားဘဲ နှစ်ငါးထောင်အတွင်းဝယ် ထင်လင်းစွာ တည်စေ၍။ ဝေနေယျအားသေး၊ သတ္တဝါ အနုလေးတွေကို၊ တဖြေးဖြေးရင့်မာ၊ တအိအိပါ လာ၍၊ ငါကိုယ်တော် စံမြန်းသည့်၊ နိဗ္ဗူနန်းဆိုက်ရောက်အောင်၊ စခန်းထောက် ကူးတို့ခံ၊ အဆင့်ဆင့် အတန်တန်၊ အခဲသား စီမံပြီးမှ၊ ပြည်နိဗ္ဗာန် မော်ရပ်သို့၊ ကိုယ် တော်မြတ် ဝင်တော်မူနှင့်ပေသတည်း။

ပရိနိဗ္ဗာန်၊ ဝင်စံချုပ်ဆုံးတော်မူသည့်နောက်၊ သာသနာနှစ်၊ သက္ကရာဇ် နှစ်ရာကျော်တွင်၊ သမ္ဘာတော်ဆူလှိုက်လျက်၊ ဇမ္ဗူတိုက် တစ်သောင်း၊ ထီးတစ်ရာ ညောင်းရသော၊ မင်းအပေါင်းတို့သခင်၊ အသောကဘုရင်သည်၊ သုံးလူ့ရှင်မြတ်စွာ၏ ခန္ဓာတော်မွေ ဓာတ်ကို၊ သပြေရပ်သောင်းအငူ၊ ဖြန့်ဖြူးတော်မူပေ၍၊ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးဝယ်၊ သုံးလူ့ထွဋ်အရိုး၊ ဓာတ်မွေတော် ပြည့်ဖြိုးလျက်၊ ပုထိုးပေါင်း အသင်္ချေ၊ စေတီပေါင်းအနန္တ၊ ဖြစ်ထွန်းကာ လာကြသဖြင့်၊ ဤဂါမမြေအထူး၊ မြို့မုံရွာလှေကူးတွင်၊ လက်ဦးစွာ တည်ဟောင်း၊ နှစ်အရှည် ကြာ ညောင်းသော၊ ဆုတောင်းပြည့် စေတီကြီးသည်၊ ဧရာဝတီ ဝဲယာ၊ သုနာပရန်၊ တမ္ပဒီပ၊ ကမ္ဗောဇနှင့်၊ ရာမညသမိုက်၊ ဤလေးတိုက် အပေါ်တွင်၊ အကျော်အမော်၊ အဟော်ဝတ၊ တန်းခိုးတော်ကြီးလှ၍၊ ရပ်ဒေသအများက၊ တတ်အားသမျှ လှူဖွယ်နှင့်၊ နှစ်စဉ်ပင်ဆိုက်ရောက် လာကြသည်။

လှေကူးနှင့်မုံရွာ၊ နှစ်ဂါမမြေဝယ်၊ နေပျော်သူအများ၊ သည်ရပ်သူ သည်ရပ်သားတို့မှာလည်း၊ ဘုရားနှင့်ဘုံအသီး၊ နှစ် အရှည်မှီးရသော၊ ပွဲတော်ကြီးအခါ၊ ဘယ်ရာသီ မဟူ၊ ဘုရားဖူး လာသူတို့၊ ပြောထူသည့် အခိုက်ဝယ်၊ ဘုန်းခေါင်နှင့် ဘဝကြိုက်၊ သိန်းထီမှာ တိုက်သကဲ့သို့၊ ထိုက်သည့် အားလျော်စွာ၊ ရောင်းဝယ်မှု လမ်းတာနှင့်၊ ချမ်းသာ သည့်အခွင့်မှာ၊ ဘုရားရှင့် ဘုန်းတန်ခိုး ပစ္စက္ခအကျိုးပင်။

မိုးသောက်ထ အရုဏ်မြင်လျှင်၊ ဆွမ်းသင်ပုတ်ရေချမ်း၊ ညနေဆီ တစ်ခန်းမှာ၊ ပန်းပေါက်ပေါက် ဆီမီး၊ ထီးတံခွန် ကြာယပ်နှင့်၊ တစ်ရာလုံး တစ်ထောင်လုံး၊ တအုံးအုံး တကျွက်ကျွက်၊ နေ့စဉ်တိုင်း မပျက်အောင်၊ ဝတ်တက်သည့်ကိစ္စ၊ ကုသိုလ်ထူး ဖြစ်ကြသည်မှာ၊ နောက်ဘဝ စံစားဖို့၊ ဘုရားရှင့် သမ္ဘာဘုန်းကြောင့်၊ တစ်ရွာလုံးကြည်ကြရပေသည်။

နယ်အတွင်းရှိ သင်္ဃာ၊ ထေရ်မဟာအများတို့မှာလည်း၊ ဘုရားရှင့် ဘုန်းကြောင့်၊ နှစ်စဉ်တိုင်း ထာဝရ၊ စာရေးတံ ဆွမ်းချ၍၊ ကပ္ပိယပရိက္ခရာ၊ သီးမျိုးစုံဝေဆာသည့်၊ ပဒေသာမဲပေါက်က၊ ဌေးလောက်အောင်အကျိုး၊ ဘုရားရှင့် ဘုန်းတန်ခိုးကို၊ အမျိုးမျိုး ခံစားကြရပေသည်။

ရေလမ်းနှင့်ကုန်းလမ်း၊ ရှစ်မျက်နှာ အဝန်းက၊ စခန်းစဉ် လာခဲ့၍၊ နှစ်တိုင်ကွာ၊ သုံးတိုင်ကွာ၊ ဆိုက်ရောက်သည့်နေရာက၊ ရွာစဉ်ကို မျှော်တမ်းလျက်၊ ရော်ရမ်းကာ မော့လိုက်လျှင်၊ ရွှေဘုန်းတော့ တရထည်၊ မိုးခုလပ် တိမ်ဆီမှာ၊ သိင်္ဂိလျှံ ရောင် လွှတ်လျက်၊ ရွှေတောင်ထွဋ် ဝင့်သလို၊ စွင့်စွင့်ကြီး မြင်ရလျှင်၊ ပင်ပန်းတွေ ပြယ်ပျောက်လျက်၊ ဘယ်ကလောက် ဇောသစ်၍၊ စောရှင်ချစ် အာရုံမှာ၊ သဒ္ဓါဟုန်စည်စည်နှင့်၊ ကြည်ကြည်ကြီး လာကြရပေသည်။

သို့စဉ်သီကုံး၊ ပြောမဆုံးနိုင်သည့်၊ တစ်မြို့လုံးမင်္ဂလာ၊ တစ်ရွာလုံး ကျက်သရေ၊ တစ်ပြေလုံး မကိုဋ်မှာ၊ ခိုက်အခါသမယ၊ မိုးနှောင်းသို့ အကျတွင်၊ အဓမ္မစွေသွန်သော၊ မေဃဝန်မိုးနတ်ကြောင့်၊ ရိုးတော် ဓာတ်မဟေသီ၊ ကိန်းဝပ်ရာ စေတီသည်၊ ကေသရီ ပျော်မှတ်သည့်၊ ရှေ့တောင်ရပ်ဌာနီသို့၊ ယာယီတော်ချွေညွတ်၊ ရွှေတောင်ကြီး ကြွေလွတ် သို့၊ မြေတမွတ် သိန်းရပ်ဝယ်၊ ကိန်းဝပ်တော်မူရရှာလေသတည်း။

ဝိပ္ပတ္တိတရားတဲ့၊ ဘုရားကိုမညှာ၊ ငါကဲ့သို့သတ္တဝါကို၊ ဘဇာ ကြောင့် မှုလောက်ကဲ့ဟု၊ ကြောက်လန့်ဖွယ့် အကြောင်းကို၊ ကောင်း ကောင်းကြီး သဘောမိကြ၍၊ ဘုံလောကီ့ ဝဋ်နယ်မှ၊ ကျွတ်လွယ်ရန် အခင်းကိုသာ၊ တစ်စင်းတည်း ကြံထိုက်လှတော့သည်။ ဝိပ္ပတ္တိမာန်ခ၍၊ အနန္တကျက်သရေ၊ ပြိုပျက်၍နေသည်ကို၊ နေ့အရှေ ငင်သွေးလျက်၊ ပြင်ဆင်ရေးအမှုကို၊ ဂရုပင်မထား၊ ကိုယ့်လောဘ ကိုယ့်စီးပွါးကိုသာ၊ နေမနားအရေးယူကြသည်။။ သယမ္ဘူရှင်စောလည်း၊ လောကဓမ် ဘုံဓလေ့နှင့်၊ ကြုံတွေ့သည့် အတွက်မှာ၊ ဝိပါက်တော် မကုန်သေး၍၊ ရှေးပြုရင်း အတိုင်း နှင့်သာ၊ ဆိုင်းလင့်တော်မူရသည်မှာ၊ လများစွာ လွန်လေပြီ။

ရွာအားနှင့်အမှုဝန်၊ မတန်၍လွန်သည်ဟု၊ ဆိုရန်လည်းမရှိ၊ ဤလူစု အများကို၊ စဉ်းစား၍ကြည့်လိုက်လျှင်၊ မြတ်မုနိကျေးဇူးကို၊ ကြည်နူးသည့် သဒ္ဓါက၊ လွန်တရာအားပျော့၍၊ လောဘဇော တန်ခိုးက၊ မိုးလောက်ကြီး မောက်မာလျက်၊ ကြောက်စရာနေပြီမို့၊ စေတီတော် မထသည်ဟု၊ သူတစ်ပါး ကျေးရွာက၊ တွေးစရာ ဆိုစရာ၊ ထိုနှစ်ရွာ ရပ်သူသည်၊ စာဖြူနှင့် ရောကြ၍၊ ဂေါတမ မဟေသီ၏၊ စေတီတော် ပျက်ပြားသည်ကို၊ သက်သက်သား ပြန်မကြည့်၊ မျက်နှာမှ မလှည့်ဘဲ၊ နေနိုင်ကြလေဘိသည်ဟု၊ ထိလောက်အောင် ဖွဲ့နွဲ့၍၊ ကဲ့ရဲ့ရန်တစ်ခြား။ မြင်ကြားသူ ထိုထိုတို့၊ ဆိုဖွယ် ရန်များသည်ကို၊ ဉာဏ်သွားနှင့်မျှော်ရှု၍၊ ကိုယ့်အမှု ကိုယ့်ဝန်တာကဲ့သို့၊ သဒ္ဓါဟုန်ရဲရဲ၊ ဖြစ်သလောက်ခဲကြမှ၊ တရှိန်ထဲ ထမြောက်၍၊ အံ့လောက် အောင်ရှိကြမည်။

လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော

ယော ဓမ္မ သမူဟော=အကြင်တရားအပေါင်းသည်၊ လုဇ္ဇတိ ပလုဇ္ဇတိ=ဖရိုဖရဲ ပြိုကွဲတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သော ဓမ္မသမူ ဟော=ထိုတရားအပေါင်းသည်၊ လောကော=လောက မည်၏။

ဤဝိဂြိုဟ်သဘောသွားနှင့်၊ ဤလူများအဖြစ်ကို၊ ဓာတ် သနစ်ထင်လင်းအောင်၊ စဉ်းစားကာ အရှုနဲကြ၍၊ အမှုလွဲ လမ်းမှား နှင့်သာ၊ အလကားနေ့မောလျက်၊ မေ့မျောကာ နေကြသည်။ အာသန္နမရဏ၊ သေခါနီးကာလတွင်
* ဒါနကလည်း မပြောင်၊
* သီလကလည်း အကြောင်၊
* ဘာဝနာကလည်း အယောင်ဆောင်။
ခပ်ချောင်ချောင်မှတ်တမဲ့၊ တော်အောင်သာနေခဲ့၍၊ သေတော့မဲ့ အခိုက်၊ ဇောငါးတန်အဆိုက်နှင့်၊ အရှိုက်သို့ ထိကာမှ၊ ကျိတိကြောင် တောင်၊ နားရောင် ပက်ကား၊ မြွေမိဖားကဲ့သို့၊ သွားရမဲ့ ရှေ့ဘဝ၊ တွေ့ရမဲ့အခင်းတွေနှင့်၊ ပက်ပင်းပါ ဆုံမိမှ၊ သတိကြီး ရကြ၍* ဒါနကိုပြန်၍ ရှုသော်လည်း၊ ပြုဖူးသည့်ဒါနက၊ ကာလနှင့် ခပ်ရောရော၊ လောကနှင့် ခပ်ဖက် ဖက်၊ ထွေးယှက်လူးလဲ၊ အစင်ကြယ်နဲခဲ့၍၊ စိတ်ထဲမှာ မကြည်လာ။

* သီလကိုရှာပြန်သော်၊ လောကဓမ် ခုခေတ်က၊ လူ့အဖြစ် ကြပ်လှ၍၊ တတ်သမျှ ဝစီကံ၊ အနင့်သား ဖန်နိုင်မှ၊ တော်တန်ရုံ ရှိကြသည်။

ဓမ္မိက ကျီးပလီးကဲ့သို့၊ တီတီတာတာ၊ ခရာဆန်းပြား၊ အတန်ကြီးများနိုင်မှ၊ စားရန်ဖို့ဝတ်ရန်ဖို့၊ တစ်ချို့ပေး တစ်ချို့ကမ်း၊ လူတန်းစေ့ကာ၊ အနိုင်သာရှိကြ၍၊ သိလျက်နှင့်မှိတ်ရသော၊ အတိတ်ရ ခေတ်ပေမို့၊ ဖြစ်သမျှ ကိုယ်နှုတ်က၊ ဗြုပ်အတိ ပေါလှ၍၊ မနောက မကြည်သာ

* ဘာဝနာဆိုသည်မှာ၊ မြည်ရိုးမို့ မြည်ကြသည်၊ သမထ မနော ဝိပဿနာ ဇောများနှင့်၊ ပကောဋိ အသင်္ချာ၊ တစ်သက်လုံး စင်ကွာ၏၊ ထင်စရာ ဝေးလေစွ။

ဘုရားဂုဏ် တရားဂုဏ် သံဃာတော့်ဂုဏ်များကို၊ အာရုံခံ အောက်မေ့ဟု၊ တထေ့ထေ့ဆိုပါသော်လည်း၊ နဂိုရင်း ပကတိ၊ လေ့ ကျက်ခြင်းမရှိ၍၊ မိအောင်ပင် မထင်လေ။။ ဝေပါ၏အမျှ၊ တဖွဖွဆိုသော်လည်း၊ ထိုသူ၏ ဓာတ်နရတ်ကို၊ တတ်အကြပ် သိပြီးမို့၊ နားညီးရုံသာရှိရှာသည်။ ကိုးကွယ်ရာမရ၊ များသည်ထက် များလှအောင်၊ အားကျခါဖန်တီး၍၊ အိမ်ကြီးနှင့်တခုနေသော၊ ဥစ္စာတွေခပင်း၊ သားမယား တစ်သင်းတို့ကို၊ ငြိတွယ်ခြင်းပြုမိက၊ ယခုပင် အပါယ်အိုးသို့၊ ကျွမ်းထိုး ကြီးသွားသည်ဟု၊ တရားတော်ရှိသောကြောင့်၊ ကွက်မိသည့်ကိစ္စကို၊ ထိတ်ရမည်တစ်ခု။။လောကီမှုဝိတက်နှင့်၊ နေ့ရက်တွေ ကုန်ငြား၍၊ တရားကို မလေ့၊ မသိ၍လည်း မကြောက်လှ၊ နောက်ကြွကြွ ယောင် ရောလျက်၊ ပြောင်ချောချော နေကြသည်၊ လူတတွေအားလုံးကို မုန်းလျက်နှင့် မပြုသာ၊ အညှိုးနှင့်လာပြီးလျှင်၊ သည်တစ်ခါလှောင်မိ၍၊ တောင်ဖိ သည့်အလား၊ နှလုံးသား အသည်းတွေမှာ၊ လောင်မီးတွေကျ သကဲ့သို့၊ သောကမီးတရှိန်းရှိန်းနှင့်၊ မိန်းမောကာ နေရရှာတော့သည်။

မိန်းမောကာအနေတွင်။။ တာနိဿ တသ္မံ သမယေ အဇ္ဈောတ္ထရန္တိ၊ ဟူသော ဒေသနာပါဠိနှင့်အညီ၊ ရှေးကမ္ဘာ ရှေးဘဝ၊ ရှေးရှေးသော ကာလက၊ အဓမ္မအမှုနှိုက်၊ ဘဝတိုင်း ပြုလိုက်သော၊ ဒုစရိုက် အသင်္ချေတို့သည်၊ ထင်စေရန် မြင်စေရန်၊ အတန်တန် အနဲနဲ၊ ရှစ်ပြည် ထောင်ငရဲလည်း၊ တကတဲဟင်းလင်း၊ ဘယ်မကြွင်း ပြိတ္တာနယ်၊ သူရကာယ် တိရစ္ဆာန်၊ နိမိတ်တွေ ဆော်ဖန်လျက်၊ တော်လှန်ခွင့်မပေးဘဲ၊ အရေးကုန် ထင်လာကြသတည်း။

ငရဲရွာတစ်သင်းတွင်၊ ငရဲမင်းလူစုကလည်း၊ ထိုသူ့အိမ် ဝင်းခြံ၊ အတွင်းပြင် ဝန်းရံ၍၊ လှံတံကိုယ်စီ-ဓားကိုယ်စီ၊ ချည်လဟဲ့ တုပ်လဟဲ့၊ ဆွဲမယောင်ငင်မယောင်၊ အကောင်တွေ လန့်ခမန်း၊ သည်စခန်း အဆိုက်တွင်၊ ကြောက်လိုက်သည် ဖြစ်နဲမှာ၊ အူအသဲ ဆတ်ဆတ်တုံ၊ သို့ဖြစ်ပုံ သဘောမှန်ကို၊ မနောဉာဏ်ယူဆ၍၊ လှူဒါနဟူသည်မှာ၊ လှူကြစဉ်အခါကပင်၊ သဒ္ဓါဇော လျှမ်းလျှမ်း တောက်၍၊ ဝမ်းမြောက်ခြင်း ကြီးကြမှ၊ သေခါနီး အချက်ကောင်းတွင်၊ အောက်မေ့၍ ကြည်နိုင်သည်။

မကြည်လျှင်ထိုဒါန၊ ထိုအခါခဏမှာ၊ ဘာမျှပင်မကယ်နိုင်၊ ကယ်နိုင်ရန် အမှုမှာ
* ဝတ္ထုလည်းဖွယ်ရာ၊
* သဒ္ဓါလည်း စင်ဖြူ၊
* အလှူခံ လည်းမြင့်မြတ်၊
သည်အင်္ဂါ သုံးရပ်နှင့်၊ ထုံးသမတ် ညီညာမှ၊ ကြည်လာမည့်အကြောင်း၊ အလှူခံ အပေါင်းတွင်၊ ဆုတောင်းပြည့်မြတ်ဘုရားထက်၊ အားကိုးရန်မရှိပြီဟု၊ အသိဉာဏ်ဝင်စားလျက်၊ ထင်ရှားအောင် ပြုကြမှ၊ ကိုယ့်အမှု ဗန်းလှ၍၊ ယမ မင်း လူများကို အမှုမထားဘဲ ခုခံနိုင်မည်။

ကိုယ့်အမှု ဗန်းမလှလျှင်၊ ယမမင်း လူစုက၊ မြူနုလောက် မထင်၊ ဇွတ်တရွတ် ဆွဲငင်၍၊ ငရဲပြင် ကုန်းဘက်၌၊ ရုံးတက်ခါ မေးစစ်သော၊ ယမရာဇ်မင်းထံသို့၊ အမြန်ပင် ပို့ဆောင်ကြ လေသည်။

ယမမင်း သူမြတ်က၊ ငါးရပ်သော စစ်ချက်ဖြင့်၊ လွှတ်ကွက် ကို ရှာပါသော်လည်း၊ သတ္တဝါ ဗာလ၊ လူဖြစ်စဉ် ဘဝက၊ ဓမ္မဂုဏ် မဟုတ်၊ ဓနဂုဏ် အစုတ်နှင့်သာ၊ လူလုပ်ခါလာခဲ့၍၊ ပမာဒအမှု ပွေတွေကသာ၊ ရှုလေလေ ထူထပ်လျက်၊ သူမြတ်တို့ အလေ့မျိုးကို၊ တွေ့နိုးနိုး ပြန်ခါ ကြည့်သော်လည်း၊ မိမိကြီး မထင်လာ၍၊ ငါးခါတိုင် စစ်မေးလျှင်
* ဘန္တေ=အရှင်ယမမင်းကြီး၊ ပမာဒေါ=ကျွန်ုပ်မေ့လျော့ ယောင်တောင်၊ ခပ်ချောင်ချောင်နေခဲ့မိသည်၊ အဿံ= ဖြစ်ပါပေ၏။
ဟူ၍သာ ဆိုနိုင်ရှာတော့သည်။ ထိုအခါကာလ၌ ယမမင်း မကယ်သာ၍၊ မျက်နှာကို လွှဲလိုက်ရလေသတည်း။

ယမမင်း မျက်နှာလွှဲလျှင်ပင်၊ ငရဲထိန်း အပေါင်းက၊ ကြွက်ငယ် လောင်း တစ်ကောင်ကို၊ ကြောင်တစ်ထောင် လုသလ၊ို အမှုအားလျော်စွာ၊ စီရင်ရာ ငရဲထဲသို့၊ ဇွတ်ဆွဲ၍ သွားပြီးလျှင်၊ ငါးပါးသော ဗန္ဓန၊ သုံး ဆယ့်နှစ်ပါးသော ကမ္မကရဏတို့ကို၊ ပြုကြလေကုန်သည်။

သို့ဖြစ်ပုံ ကြောင်းအခြင်းကြောင့်၊ ယမမင်းမျက်နှာ လွှဲရသော၊ လူထဲတွင် မပါရအောင်၊ ပမာဒ အမှုအသွမ်းတွေကို၊ စခန်းရှည် မလိုက်ကြဘဲ၊ ထိုက်သမျှ ပရိကံနှင့်သာ၊ အသိဉာဏ် သိမ်းပိုက်၊ ကိန်း ဆိုက်ရန်အရေးကို၊ မြော်တွေးကာ အမြင်ဦးလျက်၊ တင်ကူးကာ ကြံလင့်မှ၊ အရံသင့် ပေါ်နိုင်ကြမည်။

ကိုယ့်အမှု ဗန်းလှလျှင်၊ ယမမင်း လူစုကို၊ မြူနုလောက် သူမဖြုန်၊ မေ့လျော့၍ ကုန်စင်ခါ၊ အပါးသို့ လာပြီးလျှင်၊ တစ်ရာလုံး တစ်ထောင်လုံး၊ တရုံးရုံး အုံသော်လည်း၊ ဘုံသုံးရွာ ဌာနတွင်၊ ပမာဏ တုမရှိ၊ ရွှေဘုန်းတော် ကြီးဘိသော၊ ဆုတောင်းပြည့် မြတ်ဘုရားကို၊ အများတို့ ညီညာ၍၊ ဒါယကာ ခံသူထဲတွင်၊ ငါလဲဘဲ တစ်ဦးဟု၊ စိတ်ကူးနှင့် တင်းလိုက်လျှင် ခဏချင်း ပျောက်ကုန်၍၊ ခြောက်ဘုံဗွေ ရပ်ခြားက၊ နတ်ရထား ဆူရေခြောက်၊ ခဏချင်း ရောက်ရသည်။

မြောက်လွန်းသည် မထင်နှင့်၊ သီဟိုဠ်တွင် တုမရှိ၊ စေတီ ကြီး ဒါယကာ၊ မဟာဒုဋ္ဌ ဂါမဏိ၊ ထိုမင်းကို ကြည့်ကြတော့။။ ဓိပတိမဟာ၊ ထိုမင်းမြတ် ရာဇာသည်၊ သေခါနီး ကာလ၌၊ ယမမင်း လူတွေ၊ ဝိုင်းအုံ၍ နေသည်ကို၊ စေတီကြီး တည်မှုနှင့်၊ အစုစု အရပ်ရပ်၊ စာရင်းကို ဖတ်ခါမှ၊ နတ်ရက္ခိုသ် ငရဲထိန်း၊ ခဏချင်း ပျောက်ငြိမ်း၍၊ နတ်သိန္ဓော အများ၊ တစ်ထောင် ကငြားသော၊ နတ်ရထား ခြောက်ဆူ၊ ခြောက်ရွာသို့ ယူမည်ဟု၊ ရွှေချူသံ တသိမ့်သိမ့်၊ နတ်စည်စောင်း တညိမ့်ညိမ့်နှင့်၊ ချိမ့်လှအောင် လာကြ၍၊ အာကာသဗွေငူမှာ၊ နေခြောက်ဆူ လင်းသကဲ့သို့၊ မင်းကြီးကိုပြရာတွင်၊ နတ်ရွာက ရထား၊ ဆိုက်ကြောင်းကို ပြော ကြားလည်း၊ အများကမယုံကြသည်နှင့်၊ ထုံလှသည့်ပန်း တစ်သွယ်ကို၊ သူ့လက်ဝယ် သုံးသပ်၍၊ ဘယ်နတ်ပြည်သာလို့ ကောင်းမည်ဟု၊ အကြောင်းကို မေးလေရာ၊ မေတ္တေယျ လောင်းလျာ၊ စံမြန်းတော် မူပါသည့်၊ တုသိတာ ကောင်းကြောင်းကို၊ မတ်ပေါင်းက တင်ရုံး၍၊ ပန်းကုံးကို မြှောက်ချီလျှင်၊ တုသိတာ ရထားသည်၊ ထံပါးသို့ ညွတ်လာ၍၊ စွတ်လိုက်သည့်အခါတွင်၊ ရထားမှာ မမြင်ရ၊ သို့မမြင် ဖြစ်ကလည်း၊ အာကာသ လွင်တီးတွင်၊ ပန်းကုံးကြီး တွဲရရွဲ့၊ လေခပ်တိုင်း တနွဲ့နွဲ့နှင့်၊ တသွဲ့သွဲ့ နေသည်များကို၊ လူအားလုံး မြင်ကြမှ၊ စိတ်ချကာ ယုံကြည် နိုင်ကြသတည်း။

ထိုမင်းမြတ် ရာဇာမူ၊ တုသိတာ ရထား၌၊ ထင်ရှားစွာ ဥပပတ်၊ စွဲသန္ဓေ ယူကပ်၍ နတ်ပြည်သို့ပါလေ၏၊။ လကျ်ာရံ ဆုများကို၊ ခုလားလား မယောင်ကြနှင့်၊ ထိုမင်းခေါင် ရာဇာသည်၊ လကျ်ာရံ အလောင်းပေဟု၊ ဆယ်ကြောင်းရေး မဟာဝင်၌၊ စာအထင် ရှိပေသည်။

စေတီကြီး တည်ခါ၌၊ ထိုရာဇာ မင်းတရားသည်၊ တစ် ယောက်အား မဝင်ကြနှင့်၊ ငါ့ကုသိုလ် အသီး၊ ဘယ်သူနှင့် မနှီးဘူး၊ တစ်ကိုယ်တည်း ခံစံမည်ဟု၊ အကြံနှင့်အားထုတ်၍၊ အုဌ်တစ်ချပ် ထုံးတစ်ခဲ၊ သဲတစ်ဆုပ် မဝင်ရအောင်၊ ပြင်ပက အစောင့်ထားသတဲ့။ တိုင်းပြည်သူ တိုင်းပြည်သား၊ သဒ္ဓါသူ အများကလည်း၊ မင်းတရား ပြုချက်ကို၊ မသက်သာရှိကြ၍၊ သုံးလောက ဘုရင်၊ ပြည်နိဗ္ဗာန် အဝင်၊ ရိုးတော်ဓာတ် ရွှေစင်ကို၊ ရေမြေ့ရှင် မင်းဖို့သာ၊ ထားခဲ့ရင်း မဟုတ်ချေ၊ မထည့်ရ မနေဟု၊ စေတီတော် ကြီးအကြပ်တို့နှင့်၊ အရပ်ရပ် ပူးပေါင်း လျက်၊ တစ်သောင်းတန်၊ တစ်သိန်းတန်၊ ကြံဖန်၍ ထည့်ဝင်ကြသတဲ့။

စေတီတော် တည်စဉ်လည်း၊ ကိုယ့်အိမ်တွင်း အမှုရှုပ် တွေကို၊ သိမ်းဖြုတ်ခါ လွှတ်ထား၍၊ ဘုရားနှင့် စပ်လျဉ်းသည့်၊ ကျဉ်းဆောင်ရန် ဟူသမျှကို၊ သူမရ ငါမရ၊ သူ့ထက်ငါ အားကျလျက်၊ ကိုယ့်ကာယ ရင်းနှီး၍၊ များများကြီး ပါလေအောင်၊ ဝေယျာဝစ္စ အမှုမျိုးကို၊ သည်ပိုး ရွက်ဆောင်ကြသတဲ့။

စေတီတော့် ဒါယကာ၊ မင်းဒုဋ္ဌ မဟာလည်း၊ လုပ် ဆောင်ရာ ကိစ္စ၊ ပြုလုပ်သူ ဟူသမျှတို့ကို၊ ကူလီခ အတင်းပေး၊ မယူလျှင် မင်းဘေးဟု၊ ကြိမ်းဝါးရေး ရောဖက်၊ ချောက်ခြိမ်းသည့် အတွက်ကြောင့်၊ ကိုယ်လက်ရှိ ယူထားသော၊ ကူလီခ ငွေများကို၊ တစ်ခြားမှာ မဖြုန်း၊ ဘုရားမှာ သုံးမည်ဟု၊ လုံးလုံးကြီးပါလေအောင်၊ ဉာဏ်ရှာ၍ ထည့်ကြသတဲ့။

ထိုမဟာစေတီ၊ မပြီးမီ ကာလတွင်၊ သေသမျှ လူအပေါင်း တို့သည်၊ ဂတိကောင်း ရကြ၍၊ ဆ-ကာမ နတ်ရွာ၌၊ ထင်ရှားစွာ ဖြစ်ကြလေကုန်သတည်း။

သို့လာသည့် ကျမ်းအထွက်ကို၊ အချက်ကျ နားစိုက်၍၊ အား တိုက်ကြီး ပြုကြမှ၊ မြတ်မုနိ စေတီသည်၊ မေဒနီ ကမ္ဗလာ၊ မြေမဟီ စံရာမှ၊ မြန်မကြာ စျာန်ကြွ၍၊ နဘန္တ မိုးယံဝယ်၊ ဖြိုးလျှံ့ဝေ ရောင်ညီးလျက်၊ ရွှေတောင်ကြီး ကြွားသလို၊ မားမားကြီး ဖူးမျှော် တဲ့ကြရမည်။

ကိုယ့်အသက် ကိုယ့်ဝိညာဉ်သည်၊ တည်သမျှ အစဉ်တွင်လည်း၊ ကြည်ရွှင်မှု မဆုံး၊ မြင်မိတိုင်း ပြုံးရ၍၊ ထုံးဥဒါန်း ထူပဝင်၊ သိုက်သမိုင်း တမူတွင်သဖြင့်၊ သားအစဉ် မြေးအဆက်၊ သာသနာ တော် တစ်သက်၊ သမ္ဘာတော် တိုးတက်လျက်၊ မိုးအထက် တိမ်ယံက၊ ထိန်အလျှံ ရွှေဘုန်း ဖြင့်၊ တစ်မြေလုံး သတ္တဝါတို့၊ ပူဇာစ တရား၊ မင်္ဂလာ ပွါးများအောင်၊ အားကျ၍ ခဲကြစေလိုသည် ဒါယကာအပေါင်းတို့။

ဆုတောင်းပြည့် မေတ္တာစာ ပြီး၏၊ [ဤမေတ္တာစာကို ရေးသားဝေငှတော်မူရာ သဒ္ဓါတရားများစွာ ထက်သန် ကြသည်နှင့် ဆုတောင်းပြည့်စေတီတော်ကြီးကို အသစ်ပြင်ဆင်ကြလေသည်။ ထိုစေတီ တော်ကြီးသည် မုံရွာမြို့နယ်တွင် ပွဲတော်ရဖြစ်၍ အလွန်ထင်ရှား ကျော်စောတော် မူသည်]


ပတ္တမြား မေတ္တာစာ

၁၂၅၅-ခုနှစ် အတွင်း မိုးကုတ်မြို့၊ ပတ္တမြားသေဋ္ဌေး ဦးမှတ်သို့ပေးသော မေတ္တာစာ

မုံရွာမြို့၊ သာဓုဇနပါသာဒိကာရာမမည်သော လယ်တီ တော ကျောင်းတိုက်နေ သံဃာတော် လေးကျိပ်ကျော်တို့နှင့် ၎င်းတိုက် ဆရာတော် မေတ္တာရပ်ခံအပ်သည်။

ဇမ္ဗူပတ်ကုန်း၊ မြေအလုံးတွင်၊ စံနှုန်းမဖက်၊ ဝင်းထိန်လက်၊ အမျက်ရတနာ၊ နီလာမျိုးမှန်၊ အဖိုးတန် ပတ္တမြား၊ ဖြစ်ပွါး ပေါ်ထွန်းရာ၊ မဟာကမ္ဗောဇ၊ တိုင်းများအချုပ်၊ မိုးကုတ်မြို့ဇာတိ၊ မဏိသေဋ္ဌေးကြီး တစ်ဦးဟု၊ အထူးပွင့်လင်း၊ သတင်းကြီးစွာ၊ တစ်တိုင်းလုံး သာပေသော၊ ဒါယကာမောင်မှတ်---။

ဒူရေသန္တော ပကာသေန္တိ၊
ဟိမဝန္တောဝ ပဗ္ဗတော

မိန့်ဟော ဓမ္မစက်၊ ရွှေကျမ်းထွက်အရ၊ ဒါနပါရမီ၊ စာဂီအမှု၊ အလှူ အစွန့်၊ ဝံ့ဝံ့စားစား၊ ရက်ရောသူ အများတွင်၊ ဘုရားဟော ကျမ်းလာ၊ ရာဇဝင်အတိတ်၊ အရိပ်က လွန်ပြီး၊ ဟောရိုးကြီးများကို၊ နားညီးဖွယ်မှု၊ လွှတ်ထားပြု၍၊ ယခုနောက်ဖြစ်၊ ဝတ္ထုသစ်၊ ထုတ်ဆောင်ခါ၊ ယပ်ထောင် ယပ်လှဲ၊ ဟောပြောပွဲတွင်၊ အလှူရဲ အတွက်နှင့်၊ သက်သေခံ ထုတ်ဖို့မှာ၊ မိုးကုတ်သား မောင်မှတ်ဟု၊ တိုင်းလေးရပ် ဆယ်မျက်နှာ၊ လွှမ်းမိုး၍ လာပေသော၊ ဒါယကာ သတင်းကို၊ နားတွင်းမှာ ပြည့်နှက်၊ ကြားရသည့် အတွက်ကြောင့်၊ အချက်ကောင်း ပေါ်ပြီဟု၊ သံဃာတော်အများတို့၊ အားတက် ခြင်းဖြစ်ကြ၍၊ ဒါယကာ့ထံ၊ တမန် ဩဇာကို၊ အမှာစာ လက်မှတ်နှင့်၊ မေတ္တာရပ် စေလွှတ်လိုက်ပေသည်။

အကြောင်းမှာ၊ အလောင်းစည်သူ၊ တည်တော်မူသည်ဟု၊ အယူ ဝေါဟာ၊ ကျောက်စာသံပိုင်း၊ အလှိုင်းတကြီး၊ တသံတည်း ထွက်လင်းသော၊ ဒီပရင်းမြို့မ၏၊ ရပ်ပြုဗ္ဗဒိသာ၊ ရှေ့မျက်နှာ မြို့ဦးဝယ်၊ ပကတူးအစ၊ အဝမြို့နန်းရိုး၊ မင်းရာဇာ နှစ်ကျိပ်ကိုးတွင်၊ မိုးညှင်းဆက် ပဉ္စမ၊ ဒုတိယ မင်းခေါင်၊ ဇမ္မူဒိပ် လင်းပြောင်သည့်၊ ရွှေဘုန်းရောင် ဖွင့်လှစ်၊ သင်းကျစ်ရှင် ငါးဆဲ့ငါး၊ သားတော်ချစ် ဥပရာ၊ မြတ်ရွှေဂူ ဒါယကာ၊ သပြေညာ ပွင့်လင်းသည့်၊ အိမ်ရှေ့မင်း ကုသိုလ်ဟု၊ ဥဒဟိုထင်ရှား၊ ရွှေသိမ်တော်မြတ်ဘုရားသည်၊ ကုလားမင်းဝင်စ၊ သမယအခိုက်၊ ဝိပ္ပတ္တိ အဆိုက်တွင်၊ သိုက်လိုက် သူအပေါင်းတို့၊ ထောင်းထောင်းချေ တူးဖော်ရာ၊ ဌာပနာ ကျောက်တိုက်နှင့်၊ ဓာတ် တော်သိုက် ပေါ်လာ၍၊ ရောင်ခြောက်ဖြာ ထိန်လင်း၊ ရွှေအဆင်း ငွေအဆင်း၊ မင်းစံမှီပုလဲ၊ ရဲရဲရင့်မုလေးပန်း၊ အမှန်းအားဆူရေမှာ၊ အကုဋေမက၊ အချင့်ကိုဆိုရလျှင်၊ သပိတ်မျှနီးနီး၊ ကြီး-ငယ်-လတ် သုံးစား၊ မြတ်ရှင်တော် ရုပ်ပွါးမှာ၊ ငါးရာခန့်အကယ်၊ သို့ကလောက် ကြီးကျယ်၍၊ အံ့ဩဖွယ် ထိုက်လှသော၊ ဓာတ်တော်သိုက် ပေါ်လာသည်ကို၊ ခေတ်ကာလ အတွင်း၊ ဝိပ္ပတ္တိစက်နင်း၍၊ ပျက်ယွင်းသည့်အမှု၊ ထိုက်သလောက် ပြုနိုင်သော၊ လူ့ဘုန်းရှိန် အမော်၊ ဒါယကာ မပေါ်ဘဲ၊ သမ္ဘာ တော်မှိန်နွမ်း၍၊ ကျောက်တိုက်ခန်း ငူအကွေ့တွင်၊ လူတွေ့ပင် မခံဘဲ၊ ဆိတ်ငြိမ်စွာစံနေတော်မူရလေသည်။

ကိုးကွယ်ရင်းဒါယကာ၊ ဥပရာဇ်ရာဇာလည်း၊ ထက်နတ် ရွာဘူမိက၊ သတိတော်မရ၊ သာသနာ့ဒါယကာ၊ တစ်ကျွန်းစံ ဆွေမဟာ လည်း၊ ရွှေသမ္ဘာလင့်နှေး၊ ဇာတာတော်မှေးခိုက်မို့၊ အရေးတော်မယူအား၊ သဗ္ဗညုဘုရား၊ ပြည်နိဗ္ဗာန် အလားတွင်၊ မိုးသိကြားဣန္ဒာလည်း၊ သာသနာကိစ္စကို၊ စိတ်ချတော်မူပါဟု၊ ပဋိညာခံကြောင်းနှင့်၊ ကျမ်း ဟောင်းက ထွက်ပါလျက်၊ သက်သက်မဲ့ နေသည်ကို၊ စိတ်ကြေဘို့မရှိ၊ မြတ်မုနိမွေရှင်သည်၊ ရွှေပလ္လင် ဇေယျာ၌၊ တေဇာတော်ဖွင့်လှစ်၊ ရွှေကိုယ်တော် တစ်ဖန်ဖြစ်ခါမှ၊ ဒေဝရာဇ်သိကြား၊ နေနိုင်သည့်ဖြစ် လားကို၊ ဇယားပုံလွှာသ၍၊ မြတ်ဘုရာ့ ရှေ့တော်ပြင်ဝယ်၊ ကိုယ်ပင်နှင့် အတင်း၊ မညှာတန်း ငြင်းရန်ဖို့၊ အခင်းသာလိုတော့သည်။

မြတ်ရွှေကိုယ် အရဟံမှာ၊ လောကဓမ် ဘုံဓလေ့နှင့်၊ ကြုံ တွေ့တော်မူမှုကို၊ မရှုဝံ့ မမြင်ကောင်း၊ မကြုံတောင်း ကြုံရသည့်၊ ကာလပျက်သည်ခေတ်ကြောင့်၊ စောရှင်ချစ် ကျက်သရေ၊ နွမ်း နယ်၍နေသည်ကို၊ စိတ်မပြေရတက်၊ တမျှော်မျှော်၊ တမက် မက်နှင့်သာ၊ ယနေ့ထက်တိုင်ရောက်အောင်၊ စောင့်ရှောက်၍ နေကြရပေသည်။

အသောကဓမ္မာလို၊ ဘုန်းသမ္ဘာရှိသူမှ၊ သရီရဓာတ် မွေမှန်ကို၊ အပူဇော်ခံထိုက်သည်ဟု၊ အကြံနှင့်စောင့်စား၊ နှစ်တွေသာများတော့ သည်။

ကိုးစားရင်းအခြေက၊ ကြာလေလေငြိမ်ဆိတ်၍၊ အရိပ် တော်ထောင့်သောကြောင့်၊ ဓာတ်တော်စောင့် ထေရ်တစ်စုတို့၊ ယခုမှ အကြံသစ်ကြသည်မှာ၊ မဖြစ်ဘူးငါ့ရှင်တို့၊ အထင်နှင့် နေ့မျောက၊ မြတ်ရှင်စောသမ္ဘာဟုန်၊ နောက်ကျ၍ကုန်တော့သည်။

ဤလူ့ဘုံခုခေတ်တွင်၊ လူ့အဖြစ်ပျံ့ပျူး၊ ပါရမီစိုက်စူး၍၊ ကံထူးသည့် ယောကျ်ားကို၊ မြတ်ဘုရားဓာတ်မွေ၊ ဒါယကာခံစေမှ၊ မြတ်စိန္တေခါမလင့်၊ သမ္ဘာတော်ပွင့်တော့မည်ဟု ထောက်ခြင့် ခါမျှော် ညောင်း၍၊ သတင်းကောင်းနာကြရာ၊ ဒါယကာ မောင်မှတ်သည်၊ သမ္ပတ္တိအကျိုး၊ ကံကုသိုလ်တန်ခိုးကြောင့်၊ သူ့လက်ညှိုး ညွှန်ပြရာ၊ သဲမြေထု ပထဗျာသော်မှ၊ ရတနာ အတိဖြစ်၍၊ မဏိစစ် ပတ္တမြားကို၊ စပါးလိုသုံးနှိုင်သည်ဟု၊ အားလုံးတို့ တသောသော၊ စပ်မိတိုင်း ပြောကြ သည်။

ရက်ရောပုံ လှူမှုမှာလည်း၊ ခုလောက မျက်မြင်တွင်၊ ဘက်ယှဉ်ခါ စံတွဲဖို့၊ အနဲငယ် မှီသသ၊ူ တလူမျှမရှိ၊ မြတ်ဘုရားမုနိ၊ ခုနှယ်များရှိခဲ့လျှင်၊ မဏိသေဋ္ဌိက၊ ပတ္တမြား သေဋ္ဌေး၊ မောင်မှတ်၏ အကျိုးပေးကို၊ ရှေး အတိတ် ဘယ်သို့၊ နောင်ဖို့မှာ ဘယ့်နှယ်ဟု၊ အကျယ်အပွါး၊ နိဒါန်း တော်ထားပြီလျှင်၊ တရားသမုဋ္ဌာန်၊ အဟုတ်ဉာဏ်ဖြင့်၊တစ်သုတ္တန် ထွက်လောက်ပေပြီ။

ဘောဂသဒ္ဓါ၊ နှစ်ဖြာစွယ်စုံ၊ တကယ် လုံပေသဖြင့်၊ ဒုလ္လဘ ခုခေတ်တွင်၊ လူ့အဖြစ်လွန်ပေသော မိုးကုတ်နေ မောင်မှတ်၏၊ အရပ်ရပ်သတင်းကို၊ တသင်းသင်း ကြားရသဖြင့်၊ ဘုရားရှင့် မွေတော် ဓာတ်၊ မောင်မင်းကို အပ်ရလျှင်၊ ကပ်ဝိပ္ပတ် လွန်မြောက်၍၊ ထွက် သလောက် အခင်း၊ အဖိုးတန် တိုက်တွင်းဝယ်၊ သတင်းတော် အသစ်၊ သမ္ပတ္တိ ဖြစ်မည်ဟု၊ အကြံသစ် မနောနှင့်၊ ဩဇာဆိုသူကို၊ သဘောတူ စေဆင့်၍၊ မောင်မင့်ထံ လွှတ်လိုက်ရပေသည်။

ရခဲသည်အချက်၊ ဤကဲ့သို့ ဇာတ်ကွက်ကို၊ ကာလ ပျက်ကယ် ပေ၍၊ ငါ့ထံဝယ် ရောက်ပေသည်ဟု၊ ဝမ်းမြောက်ကာ အားတက်၊ သဒ္ဓါဇော ထက်ထက်နှင့်၊ ခုမျက်မှောက် အတွင်းတွင်၊ မောင်မင်းပင် ဓမ္မာသောက၊ ဒေဝါနံပီယနှင့်၊ မင်းဒုဋ္ဌဂါမဏီ မောင်မင်းပြင် မရှိပြီ၊ ဇောပီတိ ရွှင်ရွှင်၊ စေတနာကြည်လင်လျက်၊ ရေမြေ့ရှင် မင်းတို့သာ၊ ထိုက်တန်ရင်း အလုပ်ကို၊ ရှေးပုဗ္ဗေ ပကတူ၊ ကာလပျက် ကူပေ၍၊ ငါလိုလူ အခွင့်ရပေသည်ဟု၊ အားကျခါ ရွှင်မြူး၍၊ လှေကူးမြို့ အပေါ်တွင်၊ သမိုင်းတော် ထင်ရှား၊ ပွဲတော်ရ ဘုရား၊ ပြိုပျက်သည့်အလားကို၊ အများတို့ စုဆောင်း၍၊ အုပ်ဖို ပေါင်း တစ်ရာကျော်၊ ထပ်မံမည့် အပေါ်တွင်၊ ဓာတ်တော်တိုက် လုပ်ခင်းမှာ၊ မောင်မင်းနှင့် လျော်သည်ဟု၊ သံဃာတော် အများတို့၊ သဘောထား ညီကြသည်။

မြတ်ဘုရား သာသနာ၊ နှစ်ငါးထောင် အကြာတွင်၊ ဝဇီရာ သန၊ ပလ္လင်ဗွေဌာန၌၊ ရှိသမျှအားလုံး၊ ဓာတ်မွေကုန် စုရုံး၍၊ သုံးလူ့ထွတ်အစစ်၊ ရွှေကိုယ်တော် ဖြစ်ပြီးလျှင်၊ ခေတ်ဇာတိ သောင်း လုံးကို၊ ရွှေဘုန်းရောင် ကျင်းပ၊ ကိုယ်တော်တိုင် အလင်းပြသဖြင့်၊ သောင်းလောက ဗိုလ်လူတို့၊ သိမ့်သိမ့်ဆူ တသောသော၊ ရှိလက်စုံ ဩဆဲတွင်၊ မီးတေဇောလျှံထ၊ ပြည်နိဗ္ဗာန် မကြွမှီ၊ ခေတ်ကာလ အပျက်၊ ဝိပ္ပတ္တိ သည်စက်နှင့်၊ ဝိပါက်တော် ကံငွေ့၊ ဒုက္ခတော် တွေ့ခိုက်တွင်၊ ချမ်းမြေ့ရာ အခင်းကို၊ မောင်မင်းမှ မကြံလျှင်၊ အနန္တသဗ္ဗညု၊ ဓာတ်မွေတော်အစုမှာ၊ ကံတစ်ခု ဖြစ်ရရှာချေ တော့မည်။

သို့ဖြစ်ပါ၍၊ ဘဂဝါ သုံးလူ့၏၊ ဓာတ်မွေတော်အစုမှာ၊ မြတ်ဓာတု ပရိနိဗ္ဗာန်၊ မစံမှီအတွင်း၊ ဝိပ္ပတ္တိလွတ်ကင်း၍၊ မောင် မင်း၏ လက်ထဲဝယ်၊ အမြဲအတည် ကိန်းမွေ့၍၊ ချမ်းမြေ့စွာ စံနေတော်မူပါစေလိုကြောင်းကို၊ သတင်းကောင်းအလွှာနှင့်၊ မေတ္တာရပ် စေလွှတ်လိုက်ပေသည်၊ မိုးကုတ် မြို့နေ၊ ဒါယကာ မောင်မှတ်---။

ပတ္တမြား မေတ္တာစာပြီး၏။

[ဤမေတ္တာစာကို ဆရာတော်ဘုရားကြီး၏တပည့် စိုင်ပြင်ရွာသား မောင်ဩဇာ ဆိုသူကိုစေလွှတ်၍ မိုးကုတ်မြို့ ဘုရားဒါယကာဦးမှတ်ထံသို့ ပေးပို့တော်မူစေသည်။။ မောင်ဩဇာသည် ဆရာတော်ဘုရားအမိန့်နှင့် သွားရောက်၍ ဘုရားဒါယကာ ဦးမှတ်အား ကောင်းမွန်ပြတ်သားစွာ ဖတ်ကြား၍ပြရာ၊ စေတနာ သဒ္ဓါထက်သန်သဖြင့် ငွေ တစ်ထောင့်ငါးရာ အလှူဝင်လိုက်သည်။။၎င်းပြင် ထိုအသစ်ပြင်သော စေတီကြီးပြီးလျှင် ထီးတင်ပါမည်ဟူ၍လည်း အာမခံလိုက်သည်။။တစ်ဖန်မောင်ဩဇာကိုလည်း ငွေတစ်ရာ နှင့်ဝတ်စုံတစ်စုံ ဆုချလိုက်လေသည်။]


သီဟတော ဘုရားကျောက်စာ

မိုးကုတ်မြို့၊ ဘုရားတကာ-ဦးမှတ် တောင်းပန်ချက်အရ ၁၂၆၅-ခု၊ ဝါဆိုလအတွင်း ရေးသားတော်မူသော ကျောက်စာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

(၁) ဥဒယာ ယဿ ဧကဿ၊
သဒ္ဓမ္မရံသိ ဇာလိနော
ပဗုဇ္ဈိံသု ဇနမ္ဗုဇာ၊
ဇာတိခေတ္တေ မဟာသရေ

(၂) ဝန္ဒာမိ တံ မဟာ သူရံ၊
မဟာမောဟ တမောနုဒံ၊
သဉ္ဇာတံ သော ဟဒယေ မယှံ၊
တမော ခန္ဓံ ပနူဒတံ

(အာသီသ နှစ်ဂါထာ)

(၁) သဒ္ဓမ္မရံသိ ဇာလိနော=ဓမ္မက္ခန္ဓာ ဒေသနာပေါင်း ရှစ်သောင်း လေးထောင် တရားရောင်တည်းဟူသော ရောင်ခြည် ကွန်ရက်ကိုလည်း ဖြန့်ကြက်လင်းပြောင် ဆောင်တော်မူပေထသော၊ ဧကဿ=ဝီစိဘဝဂ် နယ်အချက်တွင် ပြိုင်ဖက်မပြူ တစ်ဆူတည်းသာ ဖြစ်တော်မူပေထသော၊ ယဿ မဟာသူရဿ=အကြင်သဗ္ဗညုမြတ်စွာဘုရားတည်းဟူသော နေမင်းကြီး၏၊ ဥဒယာ=သဗ္ဗညုတဉာဏ်တော်တည်းဟူသော ယုဂန္ဓိုရ် တောင် စွန်းမှ ပေါ်ထွန်းထွက်ပြူ ဥဒည်တော်မူခြင်းတည်းဟူသော အကြောင်းကြောင့်၊ ဇာတိခေတ္တေ မဟာသရေ=လေးကျွန်း တစ်မြင့်မိုရ် ထိုထိုများစွာ စကြဝဠာပေါင်း တိုက်တစ်သောင်း တည်းဟူသော ဇာတိ ခေတ် စကြဝဠာ ပဒုမ္မာကြာအိုင်ကြီး၌၊ ဇနမ္ဗုဇာ=ပါရမီမြင့် သမ္ဘာရင့်၍ အခွင့်ဆုံကြိုက် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါတည်းဟူသော ကြာအပေါင်းတို့သည်၊ ပဗုဇ္ဈိံသု=သစ္စာလေးဆင့် ဖွားဖွားစွင့်လျက် ပွင့်ကြလေကုန်ပြီ။

(၂) မဟာမောဟ တမောနုဒံ=စကြဝဠာပေါင်း တစ်သောင်း တိုက်နေ ဗိုလ်ခြေများစွာ သတ္တဝါတို့၏ သန္တာန်ဝယ် တရံမစဲ အမြဲဖုံးပိတ် အဝိဇ္ဇာတည်းဟူသော ကြီးစွာသော အမိုက်မှောင် ကြီးကိုလည်း တရားဒေသနာ ဉာဏ်ရောင်ဝါဖြင့် ကောင်းစွာပယ်ဖျောက် အလင်း ရောက်တော်မူထသော၊ တံမဟာသူရံ=ထိုသဗ္ဗညုမြတ်စွာဘုရား တည်းဟူသော နေမင်းကြီးကို၊ အဟံ=အကျွန်ုပ်သည်၊ ဝန္ဒာမိ=သဒ္ဓါဖြိုးဖြိုး ဦးညွတ်ကျိုးလျက်ရှိခိုးပါ၏၊ သော မဟာသူရော=ထိုသဗ္ဗညု မြတ်စွာ ဘုရားတည်းဟူသော နေမင်းကြီးသည်၊ မယှံ=အကျွန်ုပ်၏၊ ဟဒယေ= စိတ်နှလုံး၌၊ သဉ္ဇာတံ=ဘဝများစွာ ကမ္ဘာဘာက မကွာထက်ကြပ် အထပ်ထပ်လျှင် ကိန်းဝပ်ဖြစ်ပွါးကာ ပါရှိ၍နေသော၊ တမောခန္ဓံ=အဝိဇ္ဇာ တုံး မှောင်အလုံးကို၊ ပနူဒတံ-ပနူဒတု=ဤသည့်ကျောက်စာ ရေးစပ်ခါ၌ ဝေးစွာပယ်ရှားတော်မူပါစေသတည်း။

(၁) နရသီဟော နရာသဘော
ဇိနသီဟ ဝိဇမ္ဘနော
သမုန္နဒိ မဟာနာဒံ၊
တိဘူမိကေ မဟာဝနေ။။

(၂) ဓာတုနိဓာနံ ယံ စေတျံ၊
တဿ နာထ ကေသရိနော
တဿ သီဟတောနာမဿ
နမတ္ထု သဗ္ဗဒါ မမ။။

(သီဟတော စေတီတော် ရှိခိုးနှစ်ဂါထာ)

(၁) နရာသဘော=လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ထက် ဆတက် သင်္ချေကြီးမြတ်တော်မူပေထသော၊ ယော နရသီဟော= စကြဝဠာပေါင်း တစ်သောင်းတိုက်သူ နတ်လူဗြဟ္မာ သတ္တဝါ တည်းဟူ သော သားအပေါင်းတို့၏အရှင် အကြင်မြတ်စွာဘုရား တည်းဟူသော ကေသရရာဇာခြင်္သေ့မင်းကြီးသည်၊ ဇိနသီဟ ဝိဇမ္ဘနော=ခပ်သိမ်းကုန် သော ဘုရားသခင် အရှင်ခြင်္သေ့မင်း ကြီးတို့၏ ကွန့်မြူးတင့်တယ် စမ္ပယ်ခြင်းတည်းဟူသော အကုဋေမက များမြတ်လှသော တန်ခိုးရှိန်ဝါ ပြာဋီဟာအထူး ကွန့်မြူးတင့်တယ် စမ္ပယ်ခြင်းနှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ တိဘူမိကေ မဟာဝနေ=ဘုံသုံးပါး တည်းဟူသော ဟေမဝန္တာ မဟာဂနိုင် မြိုင်ရဂုံကြော တောကြီးသုံးထောင်အတွင်း၌၊ မဟာနာဒံ= အတုမရ ကြီးမြတ်လှသည့် ဓမ္မဒေသနာသံတည်းဟူသော ခြင်္သေ့မင်း၏ ဟိန်းခြင်း အသံကို၊ သမုန္နဒိ=လေးဆဲ့ငါးဝါ အကြာနှစ်ပေါင်း ကောင်းစွာ ကျော်ခြိမ်း ဟိန်းတော်မူပြီ။

(၂) တဿ နာထကေသရိနော=ထိုမြတ်စွာဘုရား တည်း ဟူသော သီဟရာဇာ မဟာခြင်္သေ့မင်းကြီး၏၊ ဓာတုနိဓာနံ= သရိရဓာတ် မွေတော်မြတ်၏ ကိန်းဝပ်တည်ထားရာဖြစ်ပေသော၊ ယံ စေတျံ=အကြင် သီဟတော စေတီတော်မြတ်သည်၊ အတ္ထိ=ရှိ၏၊ တဿ သီဟတော နာမဿ=ထိုသုနာပရန် တမ္ပဒီပကမ္ဗောဇနှင့် ရာမညတွင် လေးခွင်တိုင်း လုံး မိုးသို့ချုန်းအောင် ရွှေဘုန်းတောက်ပ ကျော်စောလှသော သီဟတော စေတီတော်မြတ်အား၊ သဗ္ဗဒါ= သာသနာငါးထောင် ဆုံးအောင်စေ့မြေ့ ညဉ့်နေ့မစဲ အမြဲနိစ္စ ကာလခပ်သိမ်း၌၊ မမ=အကျွန်ုပ်၏၊ နမော=ရှိခိုးခြင်းသည်၊ အတ္ထု= ဖြစ်ပါစေသတည်း။

ဘဒ္ဒကပ်မည်သာ၊ ဤကမ္ဘာမှ၊ ပြန်ကာတွက်ရေ၊ သင်္ချေ လေးကိန်း၊ တစ်သိန်းစေ့ရာ၊ သာရမဏ်ကမ္ဘာ၌၊ ငါတို့ဘုရား အလောင်း တော်သူမြတ်သည်၊ သောင်းဇမ္ဗူရပ် နှံ့စပ်ကြေညာ၊ ပွင့်လင်းသာသော၊ ရမ္မာဝတီ၊ ရာဇဌာနီ၊ ရွှေပြည်တော်ကြီးအတွင်း၊ သတင်းထွန်းပ၊ ထင်ရှား လှသော၊ ဗြဟ္မဏ မဟာသာလအမျိုး၌ ဖြစ်တော်မူ၍၊ သုမေဓာဟု၊ သညာအမော်၊ အမည်တော်ဖြင့်၊ ထင်ပေါ်ကျော်စောတော်မူလေသ တည်း။

* ယင်းသည့်အခါ၊ သုမေဓာ၏၊ နှစ်ဖြာမိဘ၊ သေလွန် ကြ၍၊ ဓနဥစ္စာ၊ ရတနာရွှေငွေ၊ စည်းစိမ်တွေကို၊ မြင်ချေလတ်သော်၊ အကြံပေါ်သည်ကား- စီးပွါး လမ်း မည်သည်၊ ဥစ္စာဓန စီးပွါးလမ်း၊ သပ္ပုရိသ စီးပွါးလမ်းဟူ၍ နှစ်လမ်းရှိ၏။

* မရသေးသောပစ္စည်းဥစ္စာ၊ ဌာနန္တရတို့ကို၊ ရအောင် ပြုလုပ် အားထုတ်ခြင်း၊ ရရှိပြီးသော ပစ္စည်းဥစ္စာ၊ ဌာနန္တရတို့ကို၊ သိမ်းပိုက်ခံစား၊ ပွါးများတိုးတက် အောင်၊ ပြုလုပ်အားထုတ် ခြင်းသည်၊ ဥစ္စာဓနစီးပွါး လမ်းမည်၏။

* မရရှိသေးသော၊ အဆင့်ဆင့် မြင့်မြတ်သော၊ သီလ အမျိုးမျိုး၊ သမာဓိအမျိုးမျိုး၊ ပညာအမျိုးမျိုးတို့ကို၊ ရရှိအောင် မနေမနား၊ အားထုတ်ခြင်း၊ ရရှိပြီးသော သီလ သမာဓိ ပညာတို့ကို၊ တစ်နေ့တစ်ခြား စည်ကား ပွါးများအောင်၊ အားထုတ်ခြင်းသည်၊ သပ္ပုရိသဓမ္မ စီးပွါးလမ်းမည်၏၊။

* ဥစ္စာဓန စီးပွါးလမ်းသည်၊ သံသရာ၌ စုံလမ်းမျော လမ်း ဖြစ်၏။

* သပ္ပုရိသ စီးပွါးလမ်းသည် သံသရာမှ ဆန်တက် လမ်း ဖြစ်၏၊

တစ်လမ်းကိုလွတ်မှ တစ်လမ်းကိုလိုက်နိုင်၏ သံသရာမှ ဆန်တက်လမ်းမည်သည် လူ့ဘုံလူ့ဘဝ၌သာ ရှိချေ၏၊ တစ်ပါးသော ဘုံဘဝတို့၌ မရှိချေ။ လူ့ဘုံလူ့ဘဝ မည်သည်၊ အလွန်ကြုံ ကြိုက်ခဲ၏၊ ဘဝတစ်သိန်း တစ်သန်းတွင်၊ တစ်ကြိမ်တစ်ခါမျှ ရခဲလှ၏၊ လူ့ဘဝကို ရသောနာရီမှစ၍၊ တစ်နာရီကိုမျှ ကိလေသာ ဓမ္မ လောကစီးပွါးနှင့် ကုန်စေခြင်းငှာ မထိုက်ချေ။ မိမွေ ဖမွေ ကုဋေရှစ်ဆယ်မျှသော၊ ဤရွှေငွေ ရတနာ ဥစ္စာစီးပွါးတွေကို ငါ့ဥစ္စာဟု တွယ်တာမိသည်ရှိသော် တွယ် တာမိသည့် နာရီမှစ၍ စုံလမ်းမျော လမ်းသို့ ပါရချေတော့မည်။။ ငါသည်မတွယ်တာမှီ အမြန်မနှေး စွန့်၍ပြေးမှ အရေးလှချေမည်ဟု ကြံစည်တော်မူပြီးလျှင် ရမ္မာဝတီ ပြည်သူပြည်သားတို့ကို ဖိတ်ကြား ကြော်ငြာ၍ စွန့်ကြဲလေ၏၊ ခုနစ်ရက်စွန့်ကြဲ၍ မကုန်နိုင်ရှိပြန်သော် သီလ သမာဓိ ပညာမှုမျိုးမဟုတ်ပဲ စွန့်ကြဲမှု ဒါနကုသိုလ်အတွက်နှင့် နေ့ရက် နာရီတွေ မျော၍ကုန်ရသည်ကို မခံနိုင်ရှိပြန်၍၊ ခုနှစ်ရက် မြောက်သော နေ့၌ အကုန်ပစ်စွန့်ပြီးလျှင် ဓမ္မိကတောင်သို့ ထွက်တော်မူ၍ ရသေ့ရဟန်း ပြုတော်မူသဖြင့်၊ ခုနှစ်ရက်အတွင်း စျာန်အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ကောင်းကင်မြေမိုး ပျံလျိုးသွားလာကာ၊ ချမ်းသာစွာ နေတော် မူစဉ် ဒီပင်္ကရာ မြတ်စွာဘုရားကို ဖူးမြင်ရ၍ နိယတဗျာဒိတ် တံဆိပ် အောင်ပန်းကို ဆင်မြန်းတော်မူရလေသတည်း။

သာရမဏ္ဍကမ္ဘာ ထိုအခါမှစ၍ လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း အတွင်း၌ နှစ်ကျိပ်သုံးဆူသော ရှင်တော်မြတ်ဘုရား တို့အထံ ခံယူအပ် သော နိယတဗျာဒိတ် ရှိတော်မူသဖြင့် အဆုံးဘဝ ပစ္ဆိမသို့ ကျရောက် တော်မူရာတွင် ရာဇဂြိုလ်စီရင်စု ဥရုဝေဠ သေနနိဂုံး ရွာကြီးအနီး တစ်ရာသံတောင် အမြင့်ဆောင်သည့် ရွှေညောင်ရိပ်သာ အပရာဇိတ ရွှေပလ္လင်ထက်၊ အင်္ဂါလေးပါး နှင့်ပြည့်စုံသော ဝီရိယတော်မြတ်ကို ကြပ်မတ်ဆောက်တည်၍ ချမ်းမြေ့စွာ နေတော်မူစဉ်။

နေမဝင်မှီ မာရ်စစ်သည်ကို အောင်မြင်တော်မူ၏၊ သန်းခေါင် ယံ၌ ဒိဗ္ဗစက္ခုဉာဏ်ကိုရတော်မူ၏၊ မိုးသောက်ယံ၌ ခပ်သိမ်းသော ဘုရားရှင်တို့၏ဓမ္မတာ အင်္ဂါတစ်ဆဲ့နှစ်ပါး နှင့်ပြည့်စုံသော ပဋိစ္စသမုပ္ပါဒ်ကို သုံးသပ်တော်မူ၍ သောင်းတိုက် စကြဝဠာ မဟာပထဝီ မဟီဝသုံ သိမ့်သိမ့်တုံလျှင် အကုန်လှုပ်ရှား လူသုံးပါး၌ ဘုရားအဖြစ်သို့ ရောက်တော် မူသတည်း။

ဘုရားဖြစ်ပြီး ဘုန်းမီးတောက်ထိန် အစိန္တေယျ အနန္တစုံ ကျေးဇူးဂုဏ်ဖြင့် ဘုံဘဝဂ်ဆိုက် ဆူလိုက်ခြိမ့်အုံး သောင်းတိုက်လုံးကို၊ ဝိုက်ချုံးပြည့်ဖြိုး အမြိုက်မိုးကြီး ရွာစေပြီး၍ ပြည်ကြီး နိဗ္ဗာန်စံတော်မူ သတည်း။

နိဗ္ဗာန်စံတော်၊ မူသရော်တည့်၊ ရွှေကိုယ်တော်မြတ်၊ ရိုးတော် ဓာတ်ကို၊ လူနတ်အများ၊ ကုသိုလ်ပွါး၍၊ သုံးပါးချမ်းသာ၊ ရဘို့ငှါဟု၊ သင်္ချာတွက်ရေ၊ အကုဋေမျှ၊ မကဖြာစိတ်၊ ဇမ္ဗူဒိပ်ဝယ်၊ အဓိဋ္ဌာန်ကြီး၊ အသီးသီးနှင့်၊ ဘုန်းမီးတောက်ရစ်စေသတည်း။

ပရိနိဗ္ဗာန်၊ စံပြီးတုံလစ်၊ အနှစ်နှစ်ရာကျော်၊ ရှိလတ် သော်တည့်၊ ထိုရော်အခါ၊ သီရိဓမ္မာသောကမင်းကြီး၊ ဘုန်းမီးနေလ၊ ထွန်းပလတ်သော်၊ ဓာတ်မွေတော်တို့ကို၊ သောင်းမော်ဇမ္ဗူ၊ ဖြန့်ဖြူးတော်မူသဖြင့် အဆူရေပေါင်း၊ ရှစ်သောင်းလေးထောင်၊ တည်ထောင်စေပြီး၊ စေတီတော်များ၊ ဘုရားတန်ခိုးကြီး၊ အသီးသီးတို့တွင်၊ တိုင်းကြီးလေးရပ်၊ စိုးကွပ်ပိုင်နင်း၊ မင်း အဆက်ဆက်၊ မပျက်စဉ်လာ၊ ကိုးကွယ်ရာဟု၊ ရာဇဝင်အခန်းခန်း၊ ဥဒါန်းအဆိုင်းဆိုင်း၊ သမိုင်းအဖြာဖြာ၊ ကျောက်စာ အမျိုးမျိုး၊ မရိုးမတိန်၊ တန်ခိုးမမှိန်၊ ဂုဏ်သိရ်ထင်ရှား၊ ဤသီဟတော ဘုရားသည်၊ တစ်ပါးအဝင် ဖြစ်ပေသတည်း။

သိရိဓမ္မာသောက ပထမတည်ရင်း ယိုယွင်းပျက်ပြား ရှိပြန်ရာ ပေါက္ကံရာဇာ မဟာစည်သူမင်းကြီးသည် သရက္ခန်ရုပ်ပွါး စကားကိုးပိုင်း မှဖြစ်သော နံ့သာနှစ်စေတီများကို ထည့်သွင်းထပ်မံ တစ်ဖန်ပြင်ဆင် တော်မူသည်။

၎င်းနောက် ရတနာပူရ အဝပြည်ကြီးမှ အတုလသီရိ မဟာ ရာဇိန္ဒာဒေဝီ ဘွဲ့တံဆိပ်ခံ တောင်ညာစံမိဖုရားကြီးသည် စေတီမြတ် ကိုလည်း ထပ်မံပြင်ဆင်သည် ကျောက်စာမော်ကွန်း ထိုးမှတ်၍ ဝတ္တကံ မိုးမြေများကိုလည်း လှူဒါန်းသည်။

၎င်းနောက်အမရပူရ မြို့တည်နန်းတည် ဘိုးတော်မင်း တရား ကြီးသည် တောင်တော်တစ်ပြင်လုံးကို ကျောက်အုတ်တို့ဖြင့် စီမံခင်း ကျင်းတော်မူသည်၊ စေတီတော်ကိုလည်း ကျောက်အုတ်တို့ဖြင့် ထပ်မံ ပြင်တော်မူသည်၊ နဝရတ်စီခြယ်သော ရွှေထီးကိုလည်း တင်လှူတော် မူသည်။

၎င်းနောက်မန္တလေးရတနာပုံ ပဌမမြို့တည်နန်းတည် ပဉ္စမ သင်္ဂါယနာတင် ခမည်းတော် နတ်ပြည်စံ မင်းတရားကြီးသည် စေတီ တော်မြတ်၏ရှေ့ ဘုံခုနှစ်ဆင့်ရှိသော အာရုံခံပြာသာဒ်ကို ဆောက်လုပ် တော်မူ၍ မြန်မာသက္ကရာဇ် ၁၂၃၄-ခု၊ တပို့တွဲ လဆုတ် ၁၄-ရက်နေ့တွင် ရေစက်သွန်းချ လှူဒါန်းတော်မူသည်။

သုနန္ဒာဘိဓဇ မဟာရာဇာဓိရာဇဂုရု တံဆိပ်နာမံ ရှိတော် မူသော မအူဆရာတော်ကြီး မေတ္တာရပ်ခံချက်နှင့် စေတီတော်မြတ် ပတ်လည် ဝန်းကျင် ကုလလေးတာ ငါးရာအတွင်း နယ်လေးရပ် သတ်မှတ်ပိုင်း ခြားလျက်၊ ကျေးငှက်သားငါး တိရစ္ဆာန်သတ္တဝါ အပေါင်းတို့အားလည်း အဘယဒါန, ဇိဝိတဒါန ပေးလှူတော်မူသည်။

ဤသို့လျှင်တည့်၊ ရာဇဝင် မဟာဝင်၊ မင်းစဉ် မင်းဆက်၊ မပျက် စဉ်လာ၊ တေဇာတန်ခိုး၊ မညှိုးမတိမ်၊ ဂုဏ်သိရ်ထွန်းပ၊ ရွှေဘုန်းတော် ကြီးလှသော၊ ဤသီဟတော စေတီတော်မြတ်သည်၊ ယခုအခါ၊ ဗုဒ္ဓဘာသာ၊ သာသနာပြုမင်းတို့ ပ,လပ်ခိုက်ကြုံသည်နှင့်၊ ဂုဏ်သိရ်တန်ခိုး၊ ညှိုးရန်အခွင့်၊ ဆိုက်လင့်လေရာ၊ သာသနာတော်မြတ်ကို၊ စောင့်ကြပ် ကြည့်ရှု၊ ကြောင့်ကြပြုကြပေကုန်သော၊ သမ္မာဒေဝ နတ်မင်းတို့သည်၊ အခင်းမြင်မြော်၊ နှိုးဆော်တိုက်တွန်း၊ ပြညွန်းကူညီကြသည့်အလား။

ဘုရားသာသနာတော်မြတ်၌၊ အလွန်သက်ဝင် ယုံကြည် ခြင်းရှိသဖြင့်၊ နှစ်စဉ်ထာဝရ၊ တစ်ထောင်ကုန် နှစ်ထောင်ကုန်၊ တစ် သိန်းကုန် နှစ်သိန်းကုန်၊ ဗုဒ္ဓမြတ်စွာ သာသနာ၌၊ ရတနာ ရွှေငွေတို့ကို စွန့်ကြဲ၍၊ ပျက်ပြို ယိုယွင်းသော၊ ဘုရားဂူကျောင်း၊ တန်ဆောင်း ပြာသာဒ်တို့ကို၊ ထပ်မံပြင်ဆင်ခြင်း၊ အသစ် အသစ်သော ဘုရားဂူကျောင်း၊ တန်ဆောင်းပြာသာဒ်တို့ကို၊ တည်ထောင် ဆောက်လုပ်ခြင်းတို့ဖြင့်၊ ကုသိုလ်ရေစက်၊ လက်နှင့်မကွာ၊ ဘောဂသဒ္ဓါ၊ နှစ်ဖြာစွယ်စုံ၊ လောက်လုံပွါးတိုး၊ ပင်လယ်ချဉ်းအောင်၊ သတင်းဂုဏ်ဖြိုးပေသော၊ မိုးကုတ်မြို့နေ ဘုရားဒါယကာ ဦးမှတဦးမှတ်၊ ဘုရားအမ မယ်ငြိမ်းမယ်ငြိမ်း၊ သားကြီး မောင်ဘိုးကြယ်၊ သားလတ် မောင်ဘိုးသွယ်မောင်ဘိုးသွယ်၊ ၎င်းအငယ် မောင် ဘိုးနွယ်၊ သားငယ် မောင်ဘိုးမြို့မောင်ဘိုးမြို့ သ္မီးငယ် မအိမမအိမ်တို့သည်၊ သဒ္ဓါဟုန် ဗလဝ၊ ထက်သန်ကြသဖြင့်၊ ဝေါဟာရကောဇာ၊ မြန်မာသက္ကရာဇ် ၁၂၇၅- ခုနှစ်တွင်၊ အသစ်တစ်ဖန်၊ ထပ်မံကြရာ၊ စေတီတော်မြတ်ကို၊ ဘိနပ်တော် ရွှေအတိ မွန်းမံသည်၊ အာရုံခံ လိုဏ်မုခ်ကိုလည်း၊ ဖလ်မှန်အတိ မွန်းမံခြယ်လှယ်သည်၊ အာရုံခံ တန်ဆောင်း ပြာသာဒ် အတွင်းမှာလည်း၊ ကျောက် အင်္ဂတေတို့ဖြင့်၊ ပြေပြစ် ချောမောစွာ၊ သမံတလင်း စီခင်းသည်။

သာသနာတော်ထမ်း၊ ရဟန်းသင်္ဃာတော်မြတ်တို့၊ ကိန်းဝပ် မှီတင်း သီတင်းသုံးတော်မူကြရန်၊ စေတီတော်မြတ် အရံ ကျောင်းကန် တိုက်တာကိုလည်း၊ တည်ထောင်ဆောက်လုပ်၍၊ ပရိယတ္တိဓရ၊ လဇ္ဇီပေသလ၊ သိက္ခာကာမ ဖြစ်တော်မူကုန်သော၊ သံဃာတော်တို့ကို၊ ပင့်ဖိတ်တင်လှူ၍၊ ဖြူစင်လှစွာသော၊ စေတနာ အစုဖြင့်၊ စတုပစ္စယ ဒါယကာခံပေသည်။

ဤသို့လျှင်တည့်၊ လေးခွင်တိုင်းလုံး၊ မိုးသို့ချုန်း၍၊ ရွှေဘုန်း တော်ကြီးလှသော၊ သီဟတော စေတီတော်မြတ်အား၊ ငါးကြိမ် မြောက်၊ ထပ်မံပြုစု ပြီးစီးရှိလေရာ၊ ပတ္ထနာဆုတောင်းကား။

မယံ=မိုးကုတ်မြို့နေ၊ ဆွေဉာတစ်သင်း၊ သီတင်းမယုတ်၊ အကျွန်ုပ်တို့သည်၊ ဣမိနာ ပုညေန=ဤသီဟတော ရှင်ပင်မြတ်အား ငါးကြိမ်မြောက်၊ ထောက်ပံ့ ထပ်မံပြုစု လှူဒါန်းရသော ကောင်းမှုကြောင့်၊ ဣမံ စေတိယံ=ဤသီဟတော ရှင်ပင်ဘုရားသည်၊ စီရကာလံ=သာသနာ တော် ငါးထောင်ကျော်အောင်၊ ဝိဇ္ဇောတတု=တိုင်းကြီးလေးပေါ် ဟိုးဟိုးကျော်လျှင် ဘုန်းတော်တောက်ထွန်းပါစေသတည်း၊ အသုညံ= ထွက်သူဝင်သူ ပူဇော်သူနှင့်လှူသူ ဒါန်းသူ ရှင်လူအပေါင်း သောင်း သောင်းဆူညံ တရံမဆိတ် တိုင်းလုံးညိတ်သည်၊ ဟောတု=ဖြစ်ပါစေ သတည်း၊ ဣမံ စေတိယံ=ဤသီဟတော ရှင်ပင်ဘုရားကို၊ ပူဇေန္တာ= ရှိခိုးပူဇော် ဖူးမြှော် လှူဒါန်းကြကုန်သော လူရှင်အပေါင်း၊ သူတော်ကောင်း တို့သည်၊ နိဗ္ဘယာ=အန္တရာယ်ခပ်သိမ်း ဘေးခပ်သိမ်းတို့မှ ကင်းငြိမ်းကြ ကုန်သည်၊ ဟောန္တု=ဖြစ်ကြပါစေကုန်သတည်း။ သမ္ပတ္တိယော= တောင့်တသမျှ ကြီးမြတ်လှသော လောကီလောကုတ္တရာ ချမ်းသာ ခပ်သိမ်းတို့ကို၊ လဘန္တု=တောင်းတိုင်းပြည့်ဝ ရကြပါစေကုန်သတည်း။

ဒေဝေါ=မိုးမင်းသည်၊ သမံ=ညီညွတ်စွာ၊ ဝဿတု=နှစ်စဉ် မပြတ် ဖြောင့်မတ်ကြေညာ ရွာပါစေသတည်း၊ ရာဇာနော=တိုင်းရှင်ပြည်ရှင် ဘုရင်ထီးဆောင်း မင်းအပေါင်းတို့သည်၊ ဓမ္မေန=တရားသဖြင့်၊ ရဋ္ဌံ=တိုင်းနိုင်ငံသူ ဗိုလ်လူအပေါင်းကို၊ ရက္ခန္တု= စောင့်ရှောက်ကြပါစေ ကုန်သတည်း၊ ဒေဝါ=သာသနာ စောင့်နတ် အပေါင်းတို့သည်၊ သာသနံ= သာသနာတော်ကို၊ ရက္ခန္တု=ကြပ်ကြပ် တဲတဲ၊ အမြဲစောင့်ရှောက်ကြပါစေ ကုန်သတည်း၊ ဘိက္ခူ=သာသနာတော်ထမ်း၊ ရဟန်းတော် သံဃာတော် အပေါင်းတို့သည်၊ သာသနံ=ပရိယတ္တိသာသနာ ပဋိပတ္တိသာသနာ ပဋိဝေဓ သာသနာဟူသော၊ သာသနာတော်မြတ်သုံးပါးကို၊ ဓာရေန္တု= ကိုယ်စိတ်နှစ်ဖြာ သာယာ ချမ်းမြေ့ တစ်နေ့တစ်ခြား တိုးပွါးလေအောင် ဆောင်တော်မူနိုင်ကြပါစေကုန်သတည်း။

မယံပိ=အကျွန်ုပ်တို့သည်လည်း၊ ဣမိနာပုညေန=ဤ သီဟတော ရှင်ပင်အား ငါးကြိမ်မြောက် မွန်းမံပြုပြင်ရသော ဤကောင်းမှုကြောင့်၊ ဣမသ္မံ ဘဝေ=ဤဘဝ၌၊ ယာဝဇီဝံ= အသက်ရှည်သမျှ ကာလပတ်လုံး၊ သာသနံ=သာသနာတော် မြတ်ကို၊ စတူဟိ ပစ္စယေဟိ=ပစ္စည်းလေးပါး တို့ဖြင့်၊ အနုဂ္ဂဏှေ-ယျာမ=နေ့စဉ်လစဉ် နှစ်စဉ်မစဲ အမြဲချီးမြှောက် ထောက်ပံ့လှူဒါန်း နိုင်ကြရပါလိုကုန်၏။

ဘဝေ-ဘဝေ=ဘဝအဆက်ဆက်၌လည်း၊ အသောက ရာဇာ ဝိယ=သီရိဓမ္မာသောက မင်းကြီးကဲ့သို့၊ သာသနဟိတံ=သာသနာ တော်မြတ် အကျိုးစီးပွါးကို၊ ကရေယျာမ=ပစ္စယဓမ္မာ နှစ်ဖြာသော အနုဂ္ဂဟတရားတို့ဖြင့် တစ်နေ့တစ်ခြား စည်ပင်ထွန်းကားအောင် ရွက်ဆောင်ပြုစုနိုင်ရပါလိုကုန်၏။

ပစ္ဆာကာလေ=သာသနာပ နောက်ကာလ၌လည်း၊ သပ္ပုရိသေ=အလုံးစုံသော ဘုရားအလောင်း ပစ္စေကဗုဒ္ဓါ အလောင်း အရိယာ သာဝကအလောင်း ရသေ့သူတော်ကောင်း ရဟန်း သူတော်ကောင်း လူသူတော်ကောင်း ရှင်သူတော်ကောင်း အပေါင်းတို့ကို၊ စတူဟိ ပစ္စယေဟိ=ပစ္စည်းလေးပါးတို့ဖြင့်၊ အနုဂ္ဂဏှေယျာမ=လိုလိုသမျှ မရမရှိ ကြည်ဘိသဒ္ဓါ စေတနာဖြင့် ကောင်းစွာချီး မြှောက်ရပါလိုကုန်၏၊ မေတ္တေယျကာလေ=အရှင်မေတ္တေယျဘုရား လူသုံးပါးဝယ် ထင်ရှားပွင့် တော်မူသောအခါ၌၊ သာသနံ=သာသနာတော်မြတ်ကို၊ စတူဟိ ပစ္စယေဟိ=ပစ္စည်း လေးပါးတို့ဖြင့်၊ အနုဂ္ဂဏှိတွာ=အနာထပိဏ်သေဋ္ဌေး ကြီး သားသမီးတို့နှင့် ဇနီး မောင်နှံတစ်စုကဲ့သို့ ချီးမြှောက် ထောက်ပံ့ခြင်း ကိုပြု၍၊ ဗုဇ္ဈေယျာမ=သစ္စာလေးပါး တရားသိမြင် ကျွတ်တန်းဝင်ကြရပါ လိုကုန်၏။

ဣမံ ပုညဘာဂံ=ဤကောင်းမှု ဤကုသိုလ်၏အဖို့ကို၊ မာတာ ပီတုနဉ္စ=မိခင်-ဖခင်တို့အားလည်းကောင်း၊ ဉာတကာနဉ္စ= ဆွေမျိုး အပေါင်းတို့အားလည်းကောင်း၊ အာစရိယာနဉ္စ=ဆရာ သူမြတ်တို့အား လည်းကောင်း၊ ရာဇာနဉ္စ=တိုင်းပေါင် ပြည်ပေါင် အုပ်စိုးခေါင်းဆောင် အခေါင်သေဌ်နင်း ပြည့်ရှင်မင်းတို့အားလည်းကောင်း၊ ဒေဝတာနဉ္စ= လောကပါလနတ် သာသနာစောင့် နတ်အပေါင်းတို့အားလည်းကောင်း၊ ယမရာဇာနဉ္စ=ငရဲသဌ်နင်း ယမမင်းတို့အားလည်းကောင်း၊ သဗ္ဗ သတ္တာနဉ္စ=သုံးဆဲ့တစ်ဘုံ အလုံးစုံ၌ ကျင်လည်ကုန်သော သတ္တဝါအပေါင်း တို့အားလည်းကောင်း၊ ဘာဇေမ=အမျှပေးဝေပါကုန်၏၊ သဗ္ဗသတ္တာ= ခပ်သိမ်းကုန်သော သတ္တဝါအပေါင်းတို့သည်၊ နိစ္စသုခိနော=အမြဲလျှင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းနှင့် ပြည့်စုံကြကုန်သည်ဖြစ်၍၊ သဒ္ဓမ္မ ဂရုနော=သူတော်ကောင်းတရားကို အသက်မက လေးမြတ်ကြကုန်သည်၊ ဟောန္တု=ဖြစ်ကြပါစေကုန်သတည်း။

သံပိုင်းလင်္ကာ

အောင်ပွဲ မင်္ဂလာ၊ နိဒါန်းသာပိမ့်၊ ခြောက်ဖြာဘုန်းပွင့်၊ ဘဝဂ် မြင့်အောင်၊ ဖွင့်တော်မူပြီး၊ လူ့ဆီမီးလျှင်၊ ပြည်ကြီးနိဗ္ဗူ၊ စံတော်မူက၊ ဆူဆူဓာတ်ပေါင်း၊ အသောင်းသောင်းကို၊ မင်းကောင်း ဓမ္မာ၊ သောကရာလျှင်၊ စုလ္လာသီတိ၊ သဟဿိတည့်၊ စေတီများစွာ၊ တည်ထားရာတွင်၊ အပါအဝင် တစ်ဆူပင်ဟု၊ လူရှင်သောသော၊ ခုတိုင်ပြောသား၊ သီဟတောခေါ်၊ ပုထိုးတော်ကို၊ မင်းကျော်ရာဇိန်၊ နရာသိဟ်တို့၊ အကြိမ်လေးလီ၊ ပြင်ဆင်ပြီတည့်၊ ပဉ္စမီကြုံ၊ ယခုတုံမူ၊ မြန်ဘုံဌာန၊ ကမ္ဘောဇအချုပ်၊ မိုးကုတ်ဇာတိ၊ မဏိသေဋ္ဌေး၊ သတင်း မွှေးလျက်၊ လှူပေးဒါန၊ သီလဖြူစွာ၊ ဒါယကာဦးမှတ်၊ မေတ္တာဓာတ်ဖြင့်၊ ချစ်မြတ်ရင်နှီး၊ ဇနီးမယ်ငြိမ်း၊ စောင့်ထိန်းယုယ၊ ပုတ္တဓီတာ၊ ပေါင်း ကလျာတို့၊ ကောင်းစွာကြည်လင်၊ စေတီယင်ဝယ်၊ ပြုပြင်တလင်း၊ သမံခင်း၏၊ လိုဏ်တွင်းမုခ်ပျံ၊ အာရုံခံတွင်၊ စီမံဆန်းကြယ်၊ ဖလ်မှန်ခြယ်၍၊ သပ္ပါယ်လှထွဋ်၊ စေတီမြတ်ကို၊ ရွှေဓာတ်လျှံဝါ၊ မွန်းမံကာလျှင်၊ သောဏ္ဏာအတိ၊ ထိန်စေဘိ၏၊ ရရှိကုသိုလ်၊ အဖို့ကိုမူ၊ ထိုထိုစက္ကဝါ၊ ဘုံများစွာ၌၊ သတ္တာနန္တ၊ ရှိသမျှလုံး၊ သိမ်းကြုံးပိုက်ချုံ၊ ဝေငှတုံသည်။။ ရွှေဘုံသီဝ လက်ဆောင်တည်း။

သီဟတောဘုရား ကျောက်စာ သံပိုင်းပြီး၏။

--------*-------

သာသနာလျှောက် နှစ်မျိုး

မုံရွာမြို့၊ မဟာလယ်တီတိုက်ကြီးအတွင်း ညဉ့်အခါ သံဃာတော်များ ဝတ်တက်အပြီးတွင် သတိသံဝေဂ ရကြရန်အနေနှင့် အမြဲလျှောက်ဆိုရန် ရေးသားတော်မူသည်

သတ္တဝါအများ၊ သောင်းတိုက်သားတို့၏၊ ပတ္တမြားသရဖူ၊ ဖြစ်တော်မူသော၊ သဗ္ဗညု ရှင်စောသည်၊ သုံးလောက အချက်၊ သံသရာ ဂယက်မှ၊ မထွက်နိုင်နစ်မျော၍၊ တမောမောနေကြသော၊ ဝေနေယျ အထု၊ သတ္တဝါအနုတွေကို၊ ကရုဏာဗလဝ၊ သနားတော်မူလှ၍၊ အမတအမြိုက်၊ ရွှေလက်တော်ဆိုက်ပြီးကို၊ သိမ်းပိုက်တော်မမူပဲ၊ ပါရဂူထဲနှီး၊ သယမ္ဘူ ဝှဲချီးလျက်၊ ပွဲအသီး ငါခံမည်ဟု၊ အကြံတော် ဧရာနှင့်၊ ရွှေဗျာဒိတ် ဇင်ပန်းကို၊ ဆင်မြန်းတော်မူပြီး၍၊ အသင်္ချေ့အသင်္ချေ၊ လေးကြိမ်တိုင် လွန်စေလျက်၊ သိန်းကပ္ပေအပြည့်၊ ဘဒ္ဒကပ်အလည့်တွင်၊ ဖြည့်ပြီး သည့် ပါရမီကြောင့်၊ သာကီနွယ် နေညွှန့်ဝယ်၊ ဆွေအဓွန့် ဆက်မှီး လျက်၊ မဂ်ခရီးချွေ လှစ်သည့်၊ သပြေခေတ် ဗွေငူ၊ ပလ္လင်ကြော့ ရွေတမူဝယ်၊ နေတစ်ဆူ ရောင်တောက်သို့၊ ပြောင်မြောက် တော်မူပြီးမှ၊ ကောဏ္ဍည အစ၊ သုဘဒ္ဒအဆုံး၊ ကျွက်ထိုက်သူ အားလုံးကို၊ တရားဗုံး လွှတ်ကြဲ၍၊ ကျွတ်ပွဲကြီး ခံပြီးနောက်၊ ခရီးထောက် တစ်စခန်း၊ ပြည်နိဗ္ဗူ အမြန်းတွင်၊ ပန်းမဉ္ဇူလျှာညိတ်၍၊ ဗျာဒိတ်တော် သခဲ့သည်၊ သဒ္ဓမ္မသုံးဖြာ၊ သာသနာနှစ်ပေါင်းကား၊ ငါးထောင်ဖြစ်ပါသည်ဘုရား၊ ထိုသာသနာ ငါးထောင်အနက်၊ လွန်ခဲ့ပြီးသော၊ အတိတ်သာသနာတော် မြတ် သည်ကား(---------)နှစ်၊ ဖြစ်ပါသည်ဘုရား။ ဝေနေယျ အကျိုးကို၊ သည်ပိုးရွက်ဆောင်ခါ နောင်လာလတ္တံ့သော အနာဂတ် သာသနာ သည်ကား (-------) ဖြစ်ပါသည်ဘုရား။ ယခုဝေါဟာ၊ ကောဇာတွက်စစ်၊ သက္ကရာဇ် ကား (--------)ခုနှစ်၊ ဥတုဂိမှန္တ တပေါင်းလပြည့်ကျော် (- ---) ရက် (-------)နေ့ ဖြစ်ပါ သည်ဘုရား။

ယင်းသို့လျှင်၊ သာသနာနှစ်အကြွင်း၊ အားနည်းသည် ဖြစ် ခြင်းကို၊ သစ်လင်းစွာ မျှော်ရှုလျက်၊ ခုသန္တာန် ခုဘဝလို၊ ဟန်ရ သည့်အချက်ကို၊ ဆက်လက်ရန်အရေး မျှော်လေလေ ဝေးသော ကြောင့်၊ တေဘုမ္မိ ဝဋ်နွယ်မှ၊ ကျွတ်လွယ်ရန်အမှုကို၊ ယခုမှ ရဲရဲ၊ လွတ်လွတ်ကြီး မခဲပဲ၊ ကျိချွဲချွဲ ယောင်တောင်တောင်၊ အသည်းတော် ကြောင်ကြလျှင်၊ နောင်တ, တွေပွေရှုပ်၊ ကိလေသာ ငုတ်တုတ်နှင့်၊ မြုပ်မြဲမြုပ် မျောမြဲမျော၊ ဝဋ်ပင်လယ် တစ်ကြောမှာ၊ တဖေါဖေါ နေကြရတော့မည်။

သို့ဖြစ်ပါ၍၊ သည်ခန္ဓာ သည်အသက်၊ သည်ကိုယ်ကောင် အတွက်နှင့်၊ သက်သာခွင့်မခို၊ ပရိယာယ် မပိုဘဲ၊ ထေရ်ပုဂ္ဂိုလ် သူတော်ကောင်းတို့၊ မူဟောင်းကို စံယူလျက်၊ သယမ္ဘူသက်နှင်း၊ သည်သခင့် လက်တွင်းမှ၊ ထွက်ငြင်းကာ သွေဖီဘို့၊ ပွေပလီ ဉာဏ် စုတ်နှင့်၊ ဟန်လုပ်တော် မမူကြပဲ၊ တစ်ဖြူထဲ တစ်ဖြောင့်ထဲ၊ သူ့ထက်ငါ ခဲမည်ဟု၊ ရဲရဲကြီး ကြံကြ၍၊ ဟန်ရသည့်အချက်၊ သည်ဘဝတစ်သက်၊ ဤခန္ဓာ အတွက်ကို၊ မျက်တစ်ပင်အလေးမျှ၊ အရေးတော် မယူကြဘဲ၊ သဗ္ဗညု ဘုရား၏၊ ဘက်တော်သားလုံးလုံး၊ မဖြစ်လျှင်အဆုံးဟု၊ စိတ်တုံးတုံး ချပြီးလျှင်၊ သင်္ခါရအစစ်၊ ဤခန္ဓာအဖြစ်ကို၊ သနစ်ကုန် လှန်လှောလျက်၊ ဉာဏ်သဘော နယ်ချဲ့၍၊ ရွယ်ခဲ့ရင်းတစ်ခု၊ ဘက်တော်ပါအမှုကို၊ ခုဘဝ နောက် ဘဝ၊ လွယ်ကူစွာရစိမ့်ဟု၊ လှလှကြီးတင်စား၊ စွမ်းသလောက် ကြိုးစား၍၊ အားတိုက်ကြီး ခဲတော်မူကြပါမည့်အကြောင်းကို၊ ဖေါ့ ဖယောင်းတူလျော်၊ လက်ဆယ်ပွင့် ထူမော်လျက်၊ ပူဇော်ကာ လျှောက် ဝန့်ပါသည်ဘုရား။

[ဤသာသနာလျှောက်ကို၊သာမဏေတို့က ညဉ့်စဉ် ဝတ်တက်အပြီးတိုင်း လျှောက်ကြရသည်။]

သာသနာလျှောက် တစ်မျိုးပြီး၏။

--------*-------

သာသနာလျှောက် တစ်မျိုး

လူမင်းတကာတို့၏ ဥက္ကဌ်၊ နတ်မင်းတကာတို့၏ ခေါင် ဖျား၊ သိကြားတကာတို့၏ ရာဇာ၊ ဗြဟ္မာတကာတို့၏ မကိုဋ်၊ သောင်း တိုက်ရပ်ငူ၊ ဝေနေယျဗိုလ်လူဝယ်၊ တစ်ဆူတည်း ပေါ်ထွန်း၍၊ နေဝန်းကြီး သဖွယ်၊ ဖြစ်တော်မူသော မြတ်စွာဘုရားသခင်သည်၊ ဆင်းရဲခပ်သိမ်း လွတ်ငြိမ်း ချမ်းသာ၊ နန်းညာအဘယ၊ သီဝ ပြည်ကြီး၊ ဝင်ခါနီးအခါတွင်၊ မကွာထက်ကြပ်၊ ကိုယ်တော်မြတ်နှင့်၊ နောက် ထပ်လက်ငင်း၊ မပါလျှင်းဘဲ၊ ကြွင်းလေသမျှ၊ ဝေနေယျ တို့ကို၊ အမတသီဝေ၊ မြို့အောင်မြေသို့၊ မျက်ခြေမပျောက်၊ စခန်းထောက်လျက်၊ နောက်တဖြေးဖြေး၊ လိုက် လာခွင့်ပေးသဖြင့်၊ ယဉ်ကျေးမိန့်ကြူ၊ ထားတော်မူခဲ့သော သာသနာ တော်မြတ်သည်ကား၊ ငါးထောင် ဖြစ်ပါသည်ဘုရား။

ထိုငါးထောင်အနက်တွင်၊ လွန်ခဲ့ပြီးသော အတိတ် သာသနာ တော်မြတ်သည်ကား (---------)နှစ် ဖြစ်ပါသည်ဘုရား။ သတ္တဝါ တို့၏အကျိုးကို၊ သည်ပိုးရွက်ဆောင်ခါ နောင်လာလတ္တံ့သော အနာဂတ်သာသနာတော်မြတ်သည်ကား (-------) နှစ် ဖြစ်ပါ သည်ဘုရား။ ယခုဝေါဟာ၊ ကောဇာတွက်စစ်၊ ရောက်ဆဲဖြစ်သော သက္ကရာဇ်ကား (----------)ခုနှစ်၊ ဥတုဂိမှန္တ တပေါင်းလပြည့်ကျော် ( -------)ရက်၊ (---------) နေ့ ဖြစ်ပါသည်ဘုရား။

ဤသို့လျှင်တည့်၊ လောကလုံးဓိပတိ၊ တုမရှိသည့်၊ မုနိထွဋ် ထား၊ သဗ္ဗညုမြတ်ဘုရားသော်မှ၊ ဝဋ်တရားသင်္ခါရ သူ့နယ်တွင်း ကျသော ကြောင့် အနိစ္စလက်နက်နှင့်၊ တစ်ချက်တည်း ခွင်းသောကြောင့်၊ ဆုံးပါးခြင်းပရိနိဗ္ဗာန်၊ စံလွန်တော်မူရချေသေး သည်များကို၊ သတိ ရှေ့သွား၊ သံဝေဂအရင်းထားပြီးလျှင်၊ မတရား အဓမ္မ၊ ဆိုးသွမ်းလှသော၊ မရဏသည်နိုင်ငံမှ၊ အမြန်လွတ်ထွက်ကြရအောင်၊ မြတ်ဘုရားသာသနာ၊ ရောင်ဝါထွန်းလင်းသည့် အခါတွင်းများမှာ၊ စားခြင်းအိပ်မှု၊ ပစ္စည်းစု၍၊ ဗဟုကမ္မ၊ မောဃဝါစာ၊ ဗာဟီရအလေ့အကျက်များနှင့်၊ နေ့ရက်တွေ မျောပါးသည်ကို သဘောမထား၊ စိတ်ပျော်ပါး၍၊ တရားမှ လွတ်ကင်း သော၊ ရဟန်းဖျင်း ရဟန်းယုတ်၊ ရဟန်းစုတ် ရဟန်းနုပ်၊ ရဟန်းတု ရဟန်းယောင်၊ ရဟန်းကြောင်အနေများနှင့်၊ သေအောင်ပင်လုံးလုံး၊ တစ်ဘဝ မဆုံးကြရအောင်၊ နှလုံးသွင်းကိုယ်စီယှဉ်၍၊ နေ့ညဉ့်စဉ်မပြတ်၊ တစ်ပဟိုရ် မလပ်ရအောင်၊ ပရိယတ်လက်ကိုင် ထားပြီးလျှင်၊ လေးပါး သော မြတ်သီလကို သက်မက ခင်မင်လျက်၊ ကိုယ့်စွမ်းအင် ကိုယ့်လုလ္လ၊ ကိုယ့်သဒ္ဒါ ဆန္ဒကို၊ မြမြကြီးထက်စေ၍၊ သကျဝံသ သုံးလောက ဘုရင့်သား၊ ယောကျ်ားကောင်းပြီပြီ၊ ဇောဝသီသန်သန်၊ ဉာဏ်သဘော စင်းစင်း၊ နှလုံးသွင်းဖြူဖြူနှင့်၊ လူကြည်ညို နတ်ကြည်ညို၊ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်၊ ပုဂ္ဂိုလ်တတ် တစ်ဦးဟု၊ ထူးလောက်အောင်ကျော်ကြား၍၊ ဝဋ်သုံးပါး သံသရာမှ၊ တစ်ခါတည်းထပြီးလျှင်၊ အမတဆိတ်ငြိမ်၊ ဝိသုဒ္ဓိ စံအိမ်သို့၊ တစ်ရှိန်တည်း ကပ်ကြရအောင်၊ ထူးမြတ်သည့်အခါတွင်၊ အပ္ပမာဒ သမဏကိစ္စ နှစ်သာရအမှုကိုသာ၊ တစ်ခုကောင်းကိုးစား၍၊ တိုးပွါးအောင် အားထုတ်တော်မူကြပါဘုရား။

သာသနာလျှောက် တစ်မျိုးပြီး၏။

--------*------

တပည့်မောင်ဩဇာကို ဆိုဆုံးမသော သံဝေဂ တေးထပ်

* ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့်နေ့ကုန်၊

နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း၊

ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။

* အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတန်း၊

နှစ်အရှည် နစ်မည် လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊

ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။

* သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊

နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဘို့အစဉ်၊

* ခွင့်သာခိုက်ကမှမလိုက်ချင်လျှင်၊

အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

* ခွင့်သာဆဲကမှ မခဲချင်လျှင်၊

အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

* ခွင့်သာတုန်းကမှ မရုန်းချင်လျှင်၊

အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။

ဇာတ်တော်၌လာသော

လက်ပန်မြိုင်ငှက်နှင့် ရှားတောငှက်

ဥပမာတင်၍

မတူတန်သောသူများကို မတုပထိုက်ကြောင်းနှင့် မောင်ဩဇာ-အား ဆုံးမသော ဩဝါဒတေးထပ်

* မတူတန် တုဖက်က၊ မှုအချက် မှားရန်၊

လက်ပန်မြိုင့် ဌာနစံငယ်၊ အာဂမာန် ပိတ်ဖုံး၊

ရှားတောငှက် ဂနိုင်စံကို၊ မပြိုင်တန် သင်းပြိုင်လို့ရှုံး။

* ခုလောက လူရှင်၊ မူအစဉ် လက်သုံး၊

ငလက်ပန် ငှက်ထုံး၊ တသက်လုံး စွဲမှီ၊

ဆရာကို အခွာစော၊ ငါတကော ကောကြရမည်။

* မိသော ဖသော နားမလည်သည်၊

အသားအရည် သူက ကြီးလို့၊

အိုးသီး အိမ်သီး တဂုဏ်တသိရ်၊

ခွဲတဲ့ရမှ မြိန်၊ ကိုယ့်ပမာဏ နှိုင်းမချိန်တယ်၊

အနက်အတိမ် ထောက်ထားပြီဘူ့လေး။။

-------*-------

အသက်မွေးဝမ်းကျောင်း

အရွယ်နှောင်းသောအခါ တိုင်အောင်ပင် စီးပွါးရှာ အလုပ်နှင့်၊ နေ့ပုပ်ရက်မျောခံနေသည်ကို သတိရစေရန်

မောင်ဩဇာ-အား ဆုံးမသော ဩဝါဒတေးထပ်

* ပစ္စည်းရှာ အလုပ်နှင့်၊ နေ့ပုပ်လို့ ရက်ဟုန်၊

နစ်မျောလို့ အသက်ကုန်တယ်၊

တွက်ပုံဖြင့် မကောင်း၊ ခုလိုနှင့် သံသာဗွေမှာ၊

ခန္ဓာတွေ များခဲ့စတောင်း။

* သက်မွေးမှု စခန်းပိုအောင်၊ ဝမ်းကိုသာ နင်ကျောင်း၊

လေးဆယ်ကျော် အရွယ်နှောင်းခါမှ၊

သူကြွယ်လောင်း လုပ်ချင်၊

မိုးကုန်ပြီ ထွန်မချချင်နှင့်၊ ရွံစရာ့ မှားဘို့ဖြစ်အင်။

* နွားအိုကြီး အမော့သင်သလို၊

မလျှော့လျှင် ဘဝဆုံးရှာတော့၊

အစတုံး နင့်အဆင်၊ လွဲဘို့သာပြင်၊

တရားသို့ မသက်ဝင်လျှင်၊ အခက်နင် ကြုံတွေ့ဘို့လေး။

---------*---------

ကွမ်းခြံကုန်းမြို့နေ တပည့်-ဦးသူရိန္ဒအား၊ ရေးသားဆုံးမအပ်သော ဩဝါဒ တေးထပ်

* မျက်မြင်မှာ ဉာဏ်တွဲလို့၊ အနဲနဲရှုပါ၊

ငရဲနှင့် လူ့ရွာမှာ၊ ခုအခါ မခြား၊

မီးသုံးရပ် ဗလောင်ဆူ၊ အကောင်ပူ သင်းတို့ဖြစ်လား။

* စိတ်ရတက် အညစ်ထူ၊ အပြစ်မူထွေပြား၊

တတွေတွေ သေလို့သွား ရင်လ၊ တဖွားဖွား အောက်မှာ၊

ယမနယ် ဘုံအနှုန်း၊ အကုန်လုံးစုကြမည်သာ။

* သို့ကလောက် လူ့ငြမ်းဟာကို၊ ရှုစမ်းပါ ညီလှရဲ့၊

မှီသမျှ ဉာဏ်ကုန်မြော်နော်၊ ရောလို့မတော်၊

အလိုလိုက်လို့ အငိုက်ချော်လျှင်၊

တဟိုက်ဟော်ဟော် ညီမောရှာလိမ့်လေး။

-------*------

၁၂၆၄-ခု၊ အလုံမြို့အနောက်ဘက် ရွှေတောင်ဦးတောင်တွင် သီတင်းသုံး နေတော်မူစဉ် တပည့်ပဏ္ဍိတ-အား ရေးသားဆုံးမတော်မူအပ်သော

အနုသာသနီ တေးထပ်

* ပါရမီ သမ္ဘာရှိပါဘိ၊ တစ်သာကိ ဘုန်းဝေ၊

စာမရီ့ ထုံးအနေလို၊ သုံးမသွေ သီလ၊

ပရိယတ် စံမဟေမှာ၊ ဉာဏ်ကဝေ ချီးလောက်သူပ။

* စိတ္တနှင့် ပညာ၊ သာသနာ မှန်လှ၊

ဘာဝနာ ဉာဏ်အစမှာတော့၊ အနန္တ ဝေးပယ်၊

သမ္ပဇဉ် ဆိုခွင့်များမှာတော့၊ ချိုနှင့်လား မေးမဲ့သူကွယ်။

* လက္ခဏ မြင်နှုန်းကျယ်သည်၊ ယာဉ်သုံးသွယ် နေရာကျ

ကိုဖြင့်၊ ပေယျာလ နာနာသူကန်၊ ရွေးမျှမကြံ၊

ပိဋကတ် ၁ ကလေး ဉာဏ်မှာသာ“၊

အရေးသန်သန် သူစွဲရှာထင့်လေး။။

မှတ်ချက်။။ “ကဗျာမှု ကလေးဉာဏ်မှာသာ” ဟု ဆရာတော်ဘုရားကြီး ရေးခဲ့ရင်းဖြစ်သည်၊ သို့သော် ဂမ္ဘီရကဗျာကျမ်းကို ပထမဆုံး ကြီးကြပ်ရိုက်နှိပ်သော လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက “ပိဋကတ်ကလေး ဉာဏ်မှာသာ” ဟူ၍ ပြင်ဆင်ရိုက်နှိပ်ခဲ့ခြင်းဖြစ်သည်။။

[ဤကား လယ်တီဦးဝဏ္ဏိတ “လယ်တီဦးလှတင်” ၏ မိန့်ကြားချက်ပေတည်း။]

----------*---------

၁၂၆၄-ခုနှစ်၊ ရွှေတောင်ဦးတောရပ်တွင် သီတင်းသုံးနေတော်မူစဉ်အခါ

အလုံမြို့နေ အဘိဓမ္မာဆရာ ဦးထွန်းဦးနှင့် ဦးထွန်းလှတို့သည် စာပေအဟောအပြောကိုသာ အားကျ၍ ကမ္မဋ္ဌာန်းဘာဝနာ ဝိပဿနာအလုပ်ကို အားမထုတ်ကြသည့်အတွက်နှင့် ရေးသားဆုံးမတော်မူအပ်သော

ဩဝါဒတေးထပ်

* ထွန်းဦးနှင့် ထွန်းလှ၊ လွမ်းစရာ့ နှစ်လူ၊

ကျမ်းဓမ္မ အဆူဆူမှာ၊ သူမတူ ဉာဏ်သွား၊

ဟောပြောမှု ထွေအလာ၊ ပဒေသာ နှုတ်လျှာကပါး။

* အလုပ်နှင့် အဟုတ်တယ်လျှင်၊ ဆုတ်ပြယ်ပြယ်လူစား၊

တကယ်ဆို ရှောင်သမား၊ ပြောင်ကြွားကြွား ဟန်ပို၊

ဟောပြောဉာဏ် စာအရေးမှာတော့၊

လျှာကလေး သွက်ကြ သကို။

* သိလျက်သားနှင့် အမှားခို၊ စကားထိုထို ယမယ်ဖွဲ့လို့၊

ဘယ်တဲ့ညာတဲ့ ယောင်ယောင်ပေါင်ပေါင်၊ ပြောကြ

ဟန်ဆောင်၊ နစ်မြဲနစ်ဖို့ အလွတ်ရှောင်လျှင်၊ အကျွတ်

ဟိုနောင် ကွာလမ်းရှာလိမ့်လေး။။

----------*--------

နိဗ္ဗိန္ဒတေးထပ်များ

* အဝိဇ္ဇာ ပိတ်ကာဆို့၊ မိစ္ဆာမြို့ ပြင်ပြင်၊

ဣဋ္ဌာလို့ ခင်မင်လျှင်၊ လွင့်စင်မည် မလွဲ၊

အရွတ်စု အပုပ်ကောင်ကို၊

အဟုတ်ယောင် မှားဘို့ဖန်နဲ။

* အသုဘ ရုပ်တစ္ဆေငယ်၊ မဟုတ်လေ ကိုယ်ထဲ၊

အပုပ်ရေ စိုတရွှဲဟာမို့၊ ယိုမစဲ သူ့မှာ၊

သွေး သည်းခြေ ပြည် သလိပ်တွေက၊

တည်မဆိတ် လျှမ်းပြည့်သည်သာ။

* သို့ကလောက် ရွံစရာပါကို၊ လွန်တဏှာ မက်စွဲလို့၊

စက်ဝဲမှာ တပေပေ၊ မွန်းနစ်ကြပလေ၊

တဏှာဖမ်းတဲ့ အကန်းတွေမှာ၊

အပန်းမပြေ ဟိုက်မောရှာကြလေး။

* တဏှာပူးတဲ့ အရူးတွေမှာ၊

အမူးမပြေ မိုက်မောရှာကြလေး။

* တဏှာလိုက်တဲ့ အမိုက်တွေမှာ၊

အဟိုက်မပြေ ပင်ပန်းရှာကြလေး။

------*----

* ကိုယ်ခန္ဓာ ကောင်ရုပ်က၊ ဟောင်ပုပ်ပုပ် နံညှီ၊

ကိုးဒွါရ ပြွန်နဒီမှာ၊ ရွံစလီပါဘဲ၊

ဤကာယ ရုပ်အရှင်ကို၊ အဟုတ်ပင် မှတ်ကြမစဲ။

* သုသာန်နှင့် တစပြင်မှာ၊ သူသေသွင် မလွဲ၊

ချွေး မျက်ရေ နှပ်ချွဲက၊ ပြတ်မစဲ စီးယို၊

အိုင်းအနာ နူအရွှဲငယ်နှင့်၊

တူတူဘဲ မှတ်ကြကိုယ့်ကိုယ်။

* များတစု လူဗိုလ်မှာ၊ အဟုတ်လို ထင်စွဲလို့၊

စက်ဝဲသံသရာ၊ မွန်းနစ်ကြရှာ၊

ကမ်းတစ်ဖက်ခေမာကို၊ ရောက်နိုင်ပါပြီ ဘူးကွဲ့လေး။

-------*--------

* နှစ်မပါ ဗလာသုံး၊ အကာဖြုန်း စင်စင်၊

မသာတုံး ပြင်ပြင်၊ ထင်မြင်ဘွယ် မှန်စွ၊

အနတ္တ ဤရုပ်ကောင်ငယ်၊

ညှီပုပ်ဟောင် ဆိုးညစ်တန်လှ။

* ခြောက်ဝတ္ထု အသားဆိုင်မှာ၊ အများပိုင်ခိုကြ၊

နာမ်ဝိညာဏ် ထိုမျှက၊ အိုဇရာ့ ဖြစ်ပုံ၊ ထောင့်ငါးရာ

ညစ်အကြေးတွေက၊ ရစ်အမြှေး လွှမ်းအုပ်လို့ခြုံ။

* စိုးမရ တရားစုံကို၊ ဇယားပုံ တင်ဖွဲ့လို့၊

မြင်တဲ့အောင် မတွယ်တာ၊ ခဲသင့်လှပါ၊

ရှင်သေမင်းက အတင်းလာလျှင်၊

မငြင်းသာ ပါရချေ လိမ့်လေး။

-------*------

မုံရွာမြို့အနီး ဆားထုံးရွာနေ တပည့်မောင်ရောင်နီ-သို့ ရေးပေးသော ပိဋကတ်အစွယ်ချိုး တေးထပ်

* တစ်ပိုင်းကြောင် ကျက်စာရရုံနှင့်၊

ခက်ပါလှ သဘောဉာဏ်၊

ထက်မာန အပြောသန်တယ်၊

ဒေါသမာန် ထူပွါး၊

စောဒက တုဖက်လာလျှင်၊

သူ့ထက်ငါ ငြင်းတဲ့လူစား။

* ဘုရားဟောမြတ်ဓမ္မခန်ကို၊

တတ်လေဟန်ယောင်ဝါး၊

ပရမတ်ပြန် အကြောင်သမားတွေတို့၊

ထောင်လွှားကြသူ့ထက်ငါ၊

အသိဉာဏ် တစ်ထွာလောက်ကယ်နှင့်၊

ညှာမထောက် ဟောတတ်လှပါ။

* ပရိသတ် ထောမနာအောင်၊

စောဒနာဉာဏ်အကောက်တွေနှင့်၊

ကန်အကြောက် အတင်းမရှောင်၊

ငြင်းကြလူ့ဘောင်၊

ပိဋကတ် အစွယ်ထောင်လျှင်၊

အပါယ်ဘောင် ဆင်းရလိမ့်လေး။

၁၂၅၃-ခုနှစ်အတွင်း၊ အဘိဓမ္မာတရားအရာတို့၌ အထူးထူးအထွေထွေ ကြံစည်၍ ပြောဟောငြင်းခုံကြသည်နှင့် ဆရာတော်ဘုရား၏ တပည့်ဖြစ်သူ အဘိဓမ္မာဆရာကြီး ဦးတောက်-အား ရေးသားဆုံးမတော်မူသော

ဧကပိုဒ် လင်္ကာ

၁။ ဆိုပိမ့်ဟုတ်ရာ၊ စေ့စေ့နာလော့၊ သဒ္ဒါ, ပရမတ်၊ မနူးနပ်ပဲ၊ လူတတ် တစ်ဆူ၊ ငါကောဟူ၍၊ အယူထွေဆန်း၊ မရဲ လွန်းနှင့်၊ ကျမ်းတဲ့ဂန်တဲ့၊ မရွဲ့စသာ၊ လေးမြတ်ပါမှ၊ ပညာတိုးပွါး၊ အကျိုးများလိမ့်၊ လေးပါးပင်လယ်၊ နက်ဝှမ်းကျယ်ကို၊ ယုန်ငယ်သေးကွေး၊ မလောက်လေးမူ၊ သေ ဘေး မနှောင်း၊ မြဲစတောင်းတည့်၊ ခါကောင်းသမယ၊ နဝမတဲ့၊ ဘဝအခိုက်၊ မကြိုက်စသာ၊ ကြိုက်ခဲ့ပါလည်း၊ သမ္မာမဝင်၊ မိစ္ဆာယှဉ်က၊ လူတွင်လုံးလုံး၊ အဖြစ်ရှုံး၏၊ ထုံးဟောင်းတန္တီ၊ ကျမ်းအညီနှင့်၊ ဂမ္ဘီရဓာတ်၊ ပရမတ်ကို၊ အတတ် တွေးတော၊ မဟောပြောနှင့်။ ။ သဘောသကံ၊ မိမိဉာဏ်နှင့်၊ မတန်မရာ၊ နက်နဲစွာကို၊ အရာ မသိ၊ မရိပ်မိဘဲ၊ ဟုတ်လိနိုးနိုး ဆင်ကန်းတိုးသို့၊ ကြိုးကြိုးပမ်းပမ်း၊ အကြံဆန်းမူ၊ ဗရမ်းဗဒါ၊ စိတ်သညာဖြင့်၊ ထင်ရာထင်မိ၊ မှားခေါင်ထိ၍၊ ဒိဋ္ဌိဒီမြစ်၊ စုံးစုံးနစ်သည်။။ လူဖြစ်ဤတွင် ဆုံးသတည်း။

ပရမတ်သမား ဆုံးမစာပြီး၏၊

ဆိုပိမ့်မညှာ ဆုံးမစာ

၂။ ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန် ကြသား၊ ဘုရားသာသနာ၊ ခေတ်အခါဝယ်၊ လူ့ရွာ နတ်နှိုက်၊ နင်ကြုံ ကြိုက်လည်း၊ အမိုက်မချွေ၊ အလိုက်နေ၍၊ အခြေမကြီး၊ အချည်းနှီးလျှင်၊ ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်။

* သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည်၊ မိုးလုံး တိမ်တိုက်၊ လျှပ်မကြိုက်သား၊ အမိုက် အပြား၊ အင်လေးပါးထက်၊ နင်ကားရာထောင်၊ မကမှောင်၏။

* လူ့ဘောင်လူ့ရွာ၊ သာသနာ၌၊ ကြမ္မာတော်၍၊ ယခု တွေ့ လည်း၊ အလေ့မလွဲ၊ အများနဲလျှင်၊ မိုက်မြဲနှင်နှင်၊ မိုက်စရွှင်၏၊ မျက်မြင်လောက၊ ဤဘဝကား၊ ဒုက္ခစင်းစင်း၊ ချမ်းသာ ကင်း၏၊။

* သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့် ပူး၍၊ အရူးပြင်ပြင်၊ နင့်ကိုယ်ထင်၏၊။

* နင်နှင့်မဆိုင်၊ နင်ပိုင်မဟုတ်၊ နင့်ရုပ်နင့်နာမ်၊ နင့် သန္တာန်ကို၊ နင့်ဉာဏ် မစူး၊ အပေါ်ဖြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်အပုံ၊ လွန်ခဲ့ တုံပြီ၊ အာရုံဝတ္ထု၊ မီးစာစုကို၊ မှုမှုရရ၊ နင်အားကျလည်း၊ ဓားပြသေမင်း၊ သူ့တပ်နင်းက၊ မငြင်း ဆန်သာ၊ နင့်ခန္ဓာသည်၊ ပြာပုံအပြီး၊ ဖြစ်လုနီးပြီ။

* ယီးတီးယားတား၊ သေ၍သွားလည်း၊ တရားမကြွယ်၊ အထုပ်ငယ်လျက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ တပန်း ဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊ တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊ ထိုထိုဘဝ၊ အနန္တလျှင်၊ အစမဆုံး၊ အများ ထုံးတည့်၊ အနှုန်းမပျက်၊ အောက်နရက်ဝယ်၊ တသက်နွယ်နွယ်၊ အမြစ်တွယ်သို့၊ အပါယ်ထိုထို၊ ဥဒဟိုသည်။ နင်လိုလူမိုက် သွားလမ်းတည်း။ ။

ဆိုပိမ့်မညှာ ဆုံးမစာပြီး၏။

-------------*-----------

ပဋိစ္စသမုပ္ပါဒ်လင်္ကာ

မုံရွာမြို့၊ လယ်တီတောရကျောင်းဆရာတော် မဟာဗောဓိသို့ကြွရာ

မန္တလေးမြို့တော်မှ ၁၂၅၇-ခု၊ တပို့တွဲလပြည့်ကျော် ၃-ရက် ရန်ကုန်ထွက် မီးရထားပေါ်တွင် စီစဉ်ရေးသားသော ပဋိစ္စသမုပ္ပါဒ် အကျဉ်းလင်္ကာ-၁၃-ပုဒ်

အဝိဇ္ဇာပစ္စယာ သင်္ခါရာ

ဗောဓိရတနာ၊ ယာဉ်စကြာဖြင့်၊ သစ္စာလေးရပ်၊ လေးကျွန်း ပတ်သား၊ နတ်ဝိသုဒ္ဓိ၊ တုမရှိအား၊ တြိဒွါရ၊ ရှိဦးခလျက်။။ ဘဝသုံးပါး၊ ဟုန်းဟုန်း သွားသည်၊ ရထားသံသရာ၊ ယာဉ်စကြာ၏၊ ခြင်းရာထုပ္ပတ်၊ သမုပ္ပါဒ်ကို၊ အတတ်သိရန်၊ နိဒါန်းပြန်ပိမ့်။။ အမှန် လေးချက်၊ သဘော နက်ကို၊ ဖုံးဝှက်ကွယ်ကာ၊ အဝိဇ္ဇာဟု၊ မဟာတမ၊ မှောင်ကြီးကျလျက်။ ။ ဘဝမြုံသိုက်၊ ရှိန်ရှိန်အိုက်သား၊ အမှိုက်မီးစာ၊ ဤခန္ဓာကို၊ တွယ်တာသမှု၊ အကြောင်းပြု၍၊ အကုသလ၊ ဓမ္မညစ်ဆိုး၊ အပြစ်မျိုးကို၊ ကြိုးကြိုးပမ်းပမ်း၊ နေ့စဉ် ထမ်းသည်၊ ပါယ်လမ်းဗီဇ၊ အပုညနှင့်။။ဘဝနောင်ခါ၊ သံသရာ ဝယ်၊ လူ့ရွာနတ်ငြမ်း၊ စည်းစိမ်သွမ်းကို၊ ချမ်းသာအတိ၊ အထင်ငြိလျက်၊ ဂတိ နောင်ကို၊ ကောင်းစေလို၍၊ ကုသိုလ်အရိုး၊ အမျိုးမျိုးကို၊ ကြိုးကြိုးစားစား၊ ပြုတုံငြားက၊ ဆယ်ပါးပုည။။ အာနေဉ္ဇဟု၊ ဘဝနှီးရင်း၊ ပွါးတုံလျှင်းသည်။။ဝဋ်ခင်းဝဋ်နွယ် ရှည်သတည်း။။

သင်္ခါရပစ္စယာ ဝိညာဏံ

ဝဋ်ခင်းဝဋ်နွယ်၊ ရှည်ကြောင်း ရွယ်သား၊ ဆယ်ဖြာပုည၊ အပုညနှင့်၊ ဘဝနှီးရင်း၊ ပွါးတုံ လျင်းသော်၊ လေးသင်းပါယ်ရွာ၊ အဖြာဖြာလျှင်၊ ဗြဟ္မာလူနတ်၊ ဘုံသုံးရပ်နှိုက်၊ ဓာတ်ပဓာန၊ ပြဋ္ဌာန်းလှသား၊ ဒွါရသခင်၊ ခြောက်ဝိညာဉ်ဟု၊ အရှင်ဓာတ်မင်း၊ ပေါ်တုံလျင်း၍၊ ကိုယ်တွင်းကိုယ်ပြင်၊ ထွက် ဝင်တံခါး၊ အင်ခြောက်ပါးနှိုက်၊ အများရုပ်နာမ်၊ အတန်တန်လျှင်၊ ဝန်းရံဖြိုးဖြိုး၊ အမျိူးမျိူးကို၊ အုပ်စိုးဆောင်ရွက်၊ လျှမ်းလျှမ်းတက်လျှင်၊ ထက်မြက်တေဇာ၊ သူ့ရှိန်ဝါကြောင့်၊ ငါငါသူသူ၊ လူဘဲနတ်ဘဲ၊ အထင်လွဲလျက်၊ ငရဲအပါယ်၊ အသွယ်သွယ်လျှင်၊ ဝဋ်နွယ်ရှည်လျား၊ တမားမားသည်။။ခြောက်ပါးဝိညာဉ် စွမ်းရည်တည်း။ ။

ဝိညာဏပစ္စယာ နာမရူပံ

ခြောက်ပါးဝိညာဉ်၊ စွမ်းရည်အင် ကြောင့်၊ မီးတွင်ရှိန်ဝါ၊ ထက် ကြပ်ပါသို့၊ မကွာတူကွ၊ ဖြစ်ပေါ် ကြသား၊ ဖဿ ဝေဒနာ၊ စေတနာနှင့်၊ သညာဝိတက်၊ ရောင်စုံယှက်သည်၊ အမျက်ကြောင်ဝယ်၊ ကြိုးစုံခြယ်သို့၊ အသွယ်အသွယ်၊ အနွယ်နွယ်လျှင်၊ ဆန်းကြယ်စွာလှ၊ နာမ် ကာယနှင့်၊ ဘူတဟူပေ၊ မြေ, ရေ, လေ,မီး၊ ဓာတ်ကြီးလေးတန်၊ အမာခံလျက်၊ အရံရုပ်သေး၊ နှစ်ဆယ့် လေးတည့်၊ ပေါင်းထွေးမျှညီ၊ အဋ္ဌဝီသ၊ ရုပ်ကာယဟု။။နာမရူပ၊ ဓမ္မအပြား၊ ဤနှစ်ပါးလည်း၊ ထင်ရှားစုံစွာ၊ ပေါ်တုံလာ၍၊ နာနာ ကာယ၊ အနန္တလျှင်၊ ရူပရုပ်ဟန်၊ သဏ္ဌာန်အမူ၊ ဇာတ်မတူသည်၊ လူအရပ်ရပ်၊ နတ်အထွေထွေ၊ ရေမျိူး ကုန်းမျိူး၊ ကောင်းဆိုး ယုတ်ညံ့၊ အကန့်ကန့်လျှင်၊ ခြားသန့်ပေါယယ်၊ သောသော ကြွယ်သည်။။နှစ်သွယ်နာမ်ရုပ် စွမ်းရည်တည်း။။

နာမရူပပစ္စယာ သဠာယတနံ

ထင်ရှားစေ့စုံ၊ အပုံပုံလျှင်၊ တည် တုံ နာမ်ရုပ်၊ ကိုယ်သမုတ်သား၊ အထုပ်အထယ်၊ ကြီးငယ်ကာယ၊ ပေါ်ပြန် ကလည်း။။ဒွါရတွင်မည်၊ ဖိတ်ဖိတ်လည်သည်၊ အကြည် ခြောက်မျိူး၊ ကိုယ်လုံးဖြိုးလျက်၊ အရိုးစီစဉ်။ ။အမြင် စက္ခု။။ကြားမှု သောတ။။ဃာနအနံ။။လျှက်ရန် ဇိဝှါ။။ ကာယာ တွေ့ထိ။။အသိမနော၊ မရောမယှက်၊ တလက်လက်လျှင်၊ အမျက်စိန်ရည်၊ လဲ့လဲ့ကြည်သို့၊ ခြောက်မည်အာရုံ၊ အလုံးစုံလည်း၊ ပုံသဏ္ဌာန်ရိပ်၊ နိမိတ်အသွင်၊ အကုန်ထင်၍။။ဤရှင်ဤလူ၊ ဤမူနေလ၊ ရူပသဏ္ဌာန်၊ အသံ အမျိုး၊ အခိုးလှိုင်ပျံ့၊ ရနံ့ ထိုထို၊ အချို အချဉ်၊ ဤလျှင် အပူ၊ ဤမူ အအေး၊ အတွေးအသိ၊ ပြည့်စုံဘိ၍၊ ငါ၏ ဤကိုယ်၊ ငါမင်းပျိုဟု၊ အဆိုအထင်၊ အမြင်မှောက်မှား၊ စိတ်နေ ကြွားဖို့၊ တံခါးခြောက်သင်း၊ ကိုယ်လုံးလင်းသည်။။ခြောက်သင်း ဓာတ်မှန် စွမ်းရည်တည်း။။

သဠာယတနပစ္စယာ ဖေဿာ

ဓာတ်မှန်အကြည်၊ ခြောက်မျိုး တည်က၊ ခြောက်မည်အာရုံ၊ အလုံးစုံလည်း၊ ပုံသဏ္ဌာန်ရိပ်၊ နိမိတ်အသွင်၊ ကိုယ်လုံး ထင်၍၊ ဝိညာဉ်ခြောက်ဆင့်၊ ဖွားဖွားပွင့်က၊ နှိုင်းသင့်တူမျှ၊ ပမာပြမူ၊ သိကြာ့းစက်ရှိန်၊ လက်လက်ထိန်သား၊ ဝရဇိန်သွား၊ ရွပ်ရွပ်ဝါးသို့၊ ခြောက်ပါးဖဿ၊ ဖြန်းဖြန်း ထ၍၊ရသခြောက်မည်၊ အာရုံရည်ကို၊ ကြိတ်နည်သောအား၊ တွေ့ထိငြားက၊ ဤကားဣဋ္ဌ၊ အနိဋ္ဌနှင့်၊ ဤမျှမကောင်း၊ ဤမျှကောင်းဟု၊ အကြောင်းသွေးဆော်၊ အရေး ပေါ်လျက်၊ ခြောက်ဖော်အာရုံ၊ ရသဂုဏ်ကို၊ အကုန်ပေါ် ထွက်၊ ရွှန်းရွှန်း တက်၍၊ မက်ဖွယ်မုန်းဖွယ်၊ အနှုန်းခြယ်သည်။။ခြောက် သွယ်ဖဿ စွမ်းရည်တည်း။

ဖဿပစ္စယာ ဝေဒနာ

ဖဿခြောက်မည်၊ သူ့စွမ်းရည်ဖြင့်၊ ကြိတ်နည်သောအား၊ စက်ရှိန်ဝါးက၊ ခြောက်ပါးအာရုံ၊ မြေ့မြေ့တုံလျက်၊ ခြောက်စုံရသ၊ အနိဋ္ဌနှင့်၊ ဣဋ္ဌဟူသည်၊ အရည်ဒီးဒီး၊ ယိုထွက် စီးသော်၊ ဓာတ်သီး ခြောက်ဖြာ၊ ဝေဒနာဟု၊ ထွေလာအထူး၊ ထွက်ပေါ်မြူး၍၊ ခြောက်ဦး ရွှန်းစည်၊ အာရုံရည်ကို၊ မည်မည်ရရ၊ ခံစံကြမှ၊ သုဘသုဘာ၊ သာ,မသာနှင့်၊ ထွေလာ များတောင်း၊ ကောင်းမကောင်းလည်း၊ ထောင်းထောင်းငေါ်ငေါ်၊ သိထင်ပေါ်၍၊ ကောင်းသော်စိတ်ဝမ်း၊ ဖိတ်ဖိတ်လျှမ်းလျှင်၊ ရွှင်လန်းနှလုံး၊ စွင့်စွင့်ပြုံး၏၊ မုန်းဖွယ်တွေ့က၊ ခြောက်သွေ့နွမ်းညှိုး၊ နှလုံးဆိုး၍၊ အခိုးလူလူ၊ ပွက်ပွက်ဆူမျှ၊ ပူပူပင်ပင်၊ မရွှင်မလန်း၊ စိတ်ကုန်ခန်း၏၊ ချမ်းသာသုခ၊ တစ်ခုမျှ၌၊ လောကအထု၊ အကုန်စု၏၊။ ပုပု ရွရွ၊ မြင်သမျှလည်း၊ သုခဘို့ချည်း၊ လုံ့လသည်း၏၊ အရည်းသူမြတ်၊ ပရမတ်ကို၊ ချန်လှပ်ထား၍၊ အများလောက၊ ရှိသမျှကား၊ ဒုက္ခပွါးမှု၊ များစွာပြုသည်။ ။သုခဝေဒနာ စွမ်းရည်တည်း။။

ဝေဒနာပစ္စယာ တဏှာ

သုခဝေဒနာ၊ စွမ်းရည်ဖြာ၍၊ ရသာ မြိန်ရွှန်း၊ အစိမ့်မွှမ်းက၊ သွန်းသွန်း ဆူကြွ၊ ထိုသုခ၌၊ ပိယဟူသား၊ အချစ် ပွါး၍၊ ခြောက်ပါး ဝေဒနာ၊ မြိန်ရှက်စွာကို၊ လွယ်ကာမနှေး၊ လိုတိုင်း ပေးသည်၊ သေဋ္ဌေးရတနာ၊ ပမာအလား၊ ကြင်မယားနှင့်၊ ဝတ်စား ရွှေငွေ၊ လယ်မြေလုပ်ခင်း၊ ထမင်းဘောဇဉ်၊ သဘင်ပွဲလမ်း၊ အဆန်း ဆန်းတည့်၊ ပန်းမျိုးနံ့သာ၊ အဖြာဖြာလျှင်၊ ရူပါရမ္မဏ၊ စသည်အပုံ၊ ပဉ္စာရုံနှင့်၊ ခြောက်စုံဖဿ၊ စက္ခုစသား၊ ဒွါရခြောက်မည်၊ အကြည် အလင်း၊ ကိုယ်တွင်းဓာတ်နု၊ အစုစုလျှင်၊ ဗဟုဘေဒါ၊ များပြား စွာသည်၊ ဓမ္မာရမ္မဏ၊ ကာမဝတ္ထု၊ အစုအပုံ၊ ခြောက်အာရုံ၌၊ ခုံတမင်မင်၊ ခင်တများများ၊ နေ့စဉ်ပွါး၍၊ တရားအချက်၊ သဘော နက်ကို၊ အိပ်မက်တွင်မျှ၊ မမြင်ကြဘဲ၊ ကာမထောင်တွင်း၊ ခန္ဓာ ကင်းသည်။ ။ခြောက်သင်းတဏှာ စွမ်းရည်တည်း။။

တဏှာပစ္စယာ ဥပါဒါနံ

တဏှာခြောက်မည်၊ အရင်းတည် လျက်၊ အရှည်များလျား၊ အစဉ်ပွါးက၊ လေးပါးအမှန်၊ ဥပါဒါန်လည်း၊ ခန္ဓာ ကာယ၊ အဇ္ဈတ္တနှင့်၊ ကာမအာရုံ၊ အလုံးစုံ၌၊ အကုန်နှီးရင်း၊ အစွဲပြင်း၏၊ အသင်းပွါးများ၊ သားမယားက၊ စသည်ဖြာဖြာ၊ မဆုံးရာသား၊ ကာမဝတ္ထု၊ စွဲလမ်းပြုသည်၊ ကာမုပါဒါန်။။တဖန်ထို့ပြင်၊ မိစ္ဆာဉာဉ်ဖြင့်၊ အမြင်ယွင်းဖောက်၊ အယူ မှောက်သည်၊ ခြောက်ဆဲ့နှစ်ပါး၊ ပြားသည်ဒိဋ္ဌိ။။တစိထိုမှ၊ ဂေါသီလကို၊ ဝဋ်မှ ထုတ်တတ်၊ စွဲထင်မှတ်သည်၊ သီလဗ္ဗတုပါဒါန်။။ခန္ဓာငါးပါး၊ တရားအစု၊ ဓာတ်အနုကို၊ ကိုယ်ဟုစွဲကပ်၊ အမြဲမှတ်သည်၊ အတ္တဝါဒု ပါဒါန်။။အထန်အပြင်း၊ အစွဲတင်း၍၊ ဝဋ်ခင်းဝဋ်နွယ်၊ ဝဋ်ပင်လယ်မှ၊ လွတ်ဖွယ်မအား၊ တမားမားသည်။။ လေးပါးဥပါဒါန် စွမ်းရည်တည်း။

ဥပါဒါနပစ္စယာ ဘဝေါ

စွမ်းရည်ပြင်းထန်၊ ဥပါဒါန်ဖြင့်၊ ခန္ဓာ ဓမ္မ၊ ကိုယ်ကာယ၌၊ အတ္တအစွဲ၊ မြဲကြီး မြဲ၍၊ ရဲရဲရက်ရက်၊ ကိုယ့်အတွက် ကြောင့်၊ သက်သတ်ခိုးမှု၊ စသည်ပြုလျက်၊ အကုသလ၊ ကမ္မ ဆယ်တန်၊ အပြစ်လျှံ၏၊။ တဖန်နောက်နှောင်း၊ ငါလျှင် ကောင်းစိမ့်၊ အကြောင်းရည်ရော်၊ အရှည်မြော်လျက်၊ သူတော် ဓလေ့၊ ရသေ့ရဟန်း၊ လှူဒါန်းဝေငှ၊ ပဉ္စင်္ဂနှင့်၊ အဋ္ဌအင်္ဂိ၊ ဒသင်္ဂိတည့်၊ လေးလီဗြဟ္မာ့၊ ဝိဟာရစျာန်၊ ဆယ်တန် ကသိုဏ်း၊ အလှိုင်းများစွာ၊ ဘာဝနာဟု၊ ဆယ်ဖြာပုည၊ ကုသလကို၊ လုံ့လကြိုးစား၊ ကောင်းမှု ပွါး၏၊။နှစ်ပါးကုသိုလ်၊ အကုသိုလ်ဟု၊ ထိုထိုဘဝ၊ ဖြစ်သမျှ၌၊ ဗီဇပြည့်ဖြိုး၊ အမျိုးမျိုးကြောင့်၊ အကျိုးတရား၊ အရှည်ပွါးသည်။။ နှစ်ပါးဘဝ စွမ်းရည်တည်း။။

ဘဝပစ္စယာ ဇာတိ

ဘဝစွမ်းရေ၊ ကံနှစ်ထွေကြောင့်၊ သဗ္ဗေ သတ္တာ၊ သတ္တဝါတို့၊ ဖြစ်ရာဘဝ၊ ဆုံးပြန် ကလျှင်၊ ဧကစတု၊ ငါးခုခန္ဓာ၊ ကံချ ရာ၌၊ ဓမ္မတာစစ်၊ သစ်တလဲလဲ၊ အနဲနဲလျှင်၊ ဖြစ်မြဲဇာတိ၊ သန္ဓေငြိ၍၊ တြိဘုံပြင်၊ နယ် တစ်ခွင်၌၊ အစဉ်ပြည့်ပွါး၊ အစားစားလျှင်၊ မားမားမတ်မတ်၊ ဇာတ် အမျိုးမျိုး၊ တန်ခိုးထင်တိမ်၊ ဂုဏ်သိရ် နိမ့်,မြင့်၊ အကျင့်ဆိုးကောင်း၊ အပေါင်း များစွာ၊ သတ္တဝါဟု၊ နာနာကာယ၊ ဖြစ်ပြန်ကြသည်။။လေးဝ ဇာတိ စွမ်းရည်တည်း။

ဇာတိပစ္စယာ ဇရာမရဏံ

သန္ဓေဇာတိ၊ တဖန်ငြိ၍၊ တြိဘုံသူ၊ အဆူဆူလျှင်၊ လူလူနတ်နတ်၊ အရပ် ရပ်တည့်၊ မတ်မတ်မားမား၊ ဖြစ်ပြန် ငြားသော်၊ သုံးပါးအရွယ်၊ စ, လယ်, အဆုံး၊ ရှိမြဲထုံးဖြင့်၊ အနှုန်းစဉ်စီ၊ သန္ဓေချီက၊ နာရီစဉ်သင့်၊ အဆင့်ဆင့်လျှင်၊ ရင့်မြဲရော်မြဲ၊ တသဲ သဲတည့်၊ မစဲနေ့ည၊ တရွရွလျှင်၊ ခဏသန္တတိ၊ အဂ္ဂိဇရာ၊ နှစ်ဖြာလောင်မီး၊ ရှိန်ရှိန်ညီး၍၊ အကြီးအငယ်၊ အရွယ်ခြားနား၊ အစားစားလျှင်၊ အသွားတွင်တွင်၊ မစဲနှင်၏၊ လေးအင်သေမှု၊ တစ်ခုခုလည်း၊ ဗဟုအန္တရာယ်၊ အသွယ်သွယ်နှင့်၊ နှီးနွယ်ရုံးစည်း၊ တစ်လုံးတည်းလျှင်၊ ကြီးကြီး ငယ်ငယ်၊ အရွယ် မထောက်၊ သေချိန်ရောက်က၊ ချုပ်ပျောက်ခန္ဓာ၊ မငြင်းသာသည်။။ ဇရာ မရဏ စွမ်းရည်တည်း။။

သောက ပရိဒေဝ၊ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ

သန္ဓေဇာတိ၊ ခန္ဓာရှိက၊ ဉာတိ ဘောဂ၊ စသည် သင်းပင်း၊ ကွေကွင်းခြင်း နှင့်၊ မကင်းစသာ၊ ကြုံကြိုက်လာသော်၊ ပူဆာသောက၊ ယူ,တ, ငိုကြွေး၊ သက်မွေး ဝန်ထမ်း၊ ပူချမ်းဒုက္ခ၊ အနိဋ္ဌကြောင့်၊ စိတ်က မကြည်၊ မဆည်ငင်ရှိုက်၊ အလှိုက်အလှဲ၊ ဆင်းရဲငါးပါး၊ အကျဉ်း အားတည့်၊ ကျယ်ပွါးအနန္တ၊တွေ့ကြုံရသည်။။မူလဇာတိ အနှုန်းတည်း။

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ

ဝဋ်သံသရာ၊ ရှည်မင်းစွာ ၌၊ သူငါက စ၊ ဖြစ်သမျှ ကား၊ သတ္တမဟုတ်၊ ဓာတ်မှန်ထုတ်သော်၊ နာမ် ရုပ်နှစ်သင်း၊ အမြင်လင်းလော့၊ အရင်းအဝိဇ္ဇာ၊ ထိုမှဖြာ၍၊ ဇရာ မရဏ၊ အဆုံးကျသည်၊ ဓမ္မအပြား၊ ဆယ့်နှစ်ပါးကို၊ ဤကားလူပင်၊ ဤလျှင်နတ်ပဲ၊ အထင်လွဲလျက်၊ တဝဲလည်လည်၊ ဝဋ်နွယ်စည်၏၊ ရှည်လေသမျှ၊ အနန္တကား၊ သုခဟူသည်၊ မြူမျှမကွက်၊ အဆက် ဆက်လျှင်၊ သက်သက်ဒုက္ခ၊ ဓာတ်မှန်ရသည်။ ။ဘဝဤကိုယ် ဖြစ်ထုံးတည်း။။

ပဋိစ္စသမုပ္ပါဒ် အကျဉ်းလင်္ကာ ပြီး၏။

-------*-----

၁၂၅၆-ခုနှစ်အတွင်း ကင်းဝန်မင်းကြီးထံပေးပို့သော သံဝေဂလေးချိုးကြီး

၁။ မိုက်မလင်းနိုင်လို့၊ မြိုက်ခင်းညာဆီမှာ၊ ခါတော်မှီ သီ မဝေ့နိုင်ဘု၊ ဒီကွေ့တွင် နေ့ကုန်မျောပြန်ရ၊ အတော ဘယ်မသတ်နိုင်တဲ့၊ ရဟတ်ဗွေ။။

၂။ ငါးရပ်ကယ်စုံညီ၊ ဒုလ္လဘီငယ်၊ ကြုံမှီခုခေတ်၊ မြန်ခင်းဇမ္ဗူ၊ မှန်ကင်း ငယ်ထူ၊ လူ့ထက်လူဖြစ်ပါလျက်၊ အနှစ်ကယ် မနွယ်၊ အကာတောမှာ၊ ဗျာမောကျယ်လို့၊ အကယ် ယောင်ယောင်၊ အမြင်မဖြောင့်၊ အဉာဉ်ထောင့်၊ မှောင့်ထက်မှောင်၊ သန်းခေါင် လမိုက်၊ မိုးတိမ်မြှေးတဲ့၊ မီးသွေး တိုက်မှာ၊ အလိုက်ကယ် ဘာသာ၊ အမြင်မငွေ့၊ အထင်ရွေ့နှင့်သာ၊ အလေ့ရှာလျက်၊ အခါနာရီ၊ ရွေ့ရွေ့ငယ်ချီ၊ တိထီဆန်းဆုတ်၊ ရတုအစဉ်၊ လုလုငယ်နှင်၊ အတွင်ချုပ်လို့၊ သုတ်သုတ်ကယ် ရက်ရေ၊ ဇရာလက်မှာ၊ အသက်သာ ကြွေတော့တယ်၊ အသေသတ် လက်မရွံကို၊ အသက်ခွန် ပဏ္ဏာသွင်းရန်ဖို့၊ ထမင်းအစာစုံနှင့်၊ ခန္ဓာရုံ မြုံပြတီးဆီက၊ အငြီးဖြေကာ စောင့်ရှာကြ၊ စိုးနှောင့်သင်္ချေ။

၃။ သို့ပါမူလဲ၊ ပူနွယ်ဆွေးနွယ်၊ အရေးကျယ်တွေကို၊ အေး ဖွယ် ထင်မှတ်၊ အစမမြင် ဘဝလျဉ်၊ အစဉ်ငတ်ဟာမို့၊ မသတ်ကယ် အာသာ၊ အာရုံဓမ္မ ပြာပုံမွမှာ၊ ရသရှာလျက်၊ ငါတလူလူ ပမာမူ၊ ရွာသူတို့ဝက်၊ အစာများထူ၊ အသားလူ၊ ဆူလေလေ ခက်ပါ လျက်၊ ရမ္မက်ကယ်မာန်ဝင်၊ သူ့အသင်းမှာ၊ သူမင်းဘဲ ထင် လိုက်လို့၊ ရွှင်နိုင်မျှ ဝက်သဏ္ဌာန်လို၊ အချက်မှန် ပေါ်မလင်း စေဘို့၊ ဖော်သင်းရွေ၊ မိတ်သင် ယှက်သည့်ပြင်၊ ခင်မက်ဘွယ် အရံစုံပ၊ မာန်တဂုဏ်၊ ဟန်ပုံနှင့်ဖုံးရှာကြ၊ ရှုံးပလေ၊ ထုံးမြေပြာစု မိတ်တွေမို့။

၄။ ငါတစ်လုံးနယ်၊ အနှုန်းငယ်ကျယ်၊ သုံးသွယ်မြုံသိုက်၊ ဘုံ တလှိုက်မှာ၊ တုန်ရိုက်ကယ်ဆူညံ၊ မြူမချန်-ပူလျှံ တောက်ညီး၊ အမြဲစတေ မစဲချွေ၊ အသေမီးတဲ့၊ အပြီးငယ် ကုန်စင်၊ ဘုံတခွင် ကို၊ အတွင်လောင်မြိုက်၊ အပြောင်တိုက်လို့၊ အမိုက်ကယ် ဝဋ်နွယ်၊ အဖြစ်မစဲ၊ သစ်သစ်လဲ၊ သဲသဲကြွယ်လည်း၊ အကယ်မ လောက်၊ သူကသာ မောက်တော့၊ နောက်နောက်ကမ္ဘာ၊ ဖန်ဖန်လာလဲ၊ အစာသူ့တွင်၊ တစ်ခုသာ ဝင်ကြရ၊ သင်္ခတ ရုပ်နာမ်ငယ်၊ အဟုတ်ဉာဏ် မတင်စီးနိုင်ရ၊ သည်မီးတာ ဘယ်တစ်ကိန်းမှာမှ၊ ငြိမ်း ပါ့မယ်လို့။။

---------*-------

လေးချိုးကြီးအဖြေ

၁။ ။ “မိုက်မလင်း” ဆိုသည်ကား ...သစ္စာလေးတန် အမှန် လေးချက်ကို သက်သက်မမြင်အောင် ဖုံးပိတ်သော အဝိဇ္ဇာလေးပါး သည်ရှိ၏၊ ထိုအဝိဇ္ဇာလေးပါးကို အမိုက်ဆိုပေသည်။ အမှန် လေးချက်ကိုသိသော သစ္စာဉာဏ်လေးပါးကို မရ၍၊ ထိုအဝိဇ္ဇာ လေးပါး ထင်ရှားရှိနေသည်ကို မိုက်မလင်းဆိုသည်။ ။

အမှန်လေးချက်ဟူသည်ကား
၁။ ခန္ဓာငါးပါး ရုပ်,နာမ်တရားသည် ဒုက္ခမျိုး အမှန်ဖြစ် သည်တစ်ချက်။
၂။ လောဘသည်ဒုက္ခမျိုးစေ့သာ အမှန်ဖြစ်သည် တစ်ချက်။
၃။ နိဗ္ဗာန်သည်သာ ငြိမ်းရာအမှန်ဖြစ်သည်တစ်ချက်။
၄။ သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်လမ်း ကြောင်း မှန်သည်တစ်ချက်။

ဤကား-အမှန်လေးချက်တည်း။

* ဤအမှန်လေးချက်ကို ဖုံးလွှမ်းသော အဝိဇ္ဇာလည်း လေးပါးရှိသည်။

* ဖွင့်လှစ်သော ဝိဇ္ဇာလည်းလေးပါးရှိသည်။

မြိုက်ခင်းညာ” ဆိုသည်ကား-နိဗ္ဗာန်သည် သေဘေးမှ ကင်းလွတ်ရာ ဖြစ်၍အမြိုက်မည်၏၊ ထိုအမြိုက်သည်ပင် သင်္ခါရဓမ္မတို့နှင့်၊ မရောမယှက် တကွက်တကွင်းဖြစ်၍ အမြိုက်ခင်း မည်၏၊ ထိုအမြိုက်ခင်းသည်ပင် သံသရာရေလျဉ်မှ ဆန်တက် ရာဖြစ်၍ ခင်းညာမည်၏။

ခါတော်မသညိမှီသီမဝေ့“ဆိုသည်ကား- နိဗ္ဗာန်ဆိုက် ကြောင်း လမ်းကောင်းလမ်းမြတ် ပဋိပတ်ကို မကျင့်နိုင်ဆိုလိုသည်။ “ဒီကွေ့” ဆိုသည်ကား- သံသရာဝဲဩဃကို ဆိုလိုသည်။

ရဟတ်ဗွေ” ဆိုသည်ကား- ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်, ဤဝဋ်သုံးပါး လည်၍နေသော သံသရာစက် ဝဲအချက် ဟုဆိုလိုသည်။ ။ အဝိဇ္ဇာ အစရှိသော ကိလေသာရှိ၍ ဒါနစသော ကံဖြစ်သည်။ ဒါနစသော ကံဖြစ်၍ လူ့ဘဝစသော ဝိပါက်ဖြစ် ရသည်။ လူ့ဘဝစသော ဝိပါက်ရှိပြန်၍ အဝိဇ္ဇာစသော ကိလေသာ ရှိပြန်ရသည်။ ကိလေသာ ရှိပြန်လျှင် ကံဖြစ်လာမြဲ၊ ကံရှိပြန်လျှင် ဝိပါက်ဖြစ်လာမြဲ၊ ဝိပါက်ရှိပြန်လျှင် ကိလေသာဖြစ်လာမြဲ၊ ဤသို့ အဆုံးမသတ် ချားရဟတ်ကဲ့သို့ တပတ်လည်လည် နေကြရသည်ကို ရဟတ် ဗွေဆိုလိုသည်။

ပဌမပိုဒ်ပြီး၏။

----------------

၂။ ။“ဒုလ္လဘီ” “ဒုလ္လဘီ” အရ ဒုလ္လဘတရားငါးပါး ပြောရိုးဆိုရိုး ထင်ရှားပြီ။

အနှစ်မနွယ်၊ အကာတောမှာ၊ ဗျာမောကျယ်” ဆိုသည်ကား-လောကရေး လောကမှု၊ မင်းရေး မင်းမှုများသည် သာသနာရေး သာသနာမှု သီလ သမာဓိ ပညာမှု မဟုတ်သော ကြောင့် အနှစ်နှင့် မနှောသော အကာတော သက်သက်ဖြစ်၏၊ ဝန့်ရှင်တော် ကင်းဝန်မင်းကြီးသည် ထိုအကာတောဝယ် အသက် အရွယ် ကြီးရင့်သည့်တိုင်အောင် အချည်းနှီးသော ဗျာပါဒ၊ မောဟ၊ ဥဒ္ဓစ္စတွေနှင့်သာ နှစ်ကာလ ကျယ်ပွါး၍ လာခဲ့သည် ဆိုလိုသည်။

အကယ်ယောင်ယောင်” ဆိုသည်ကား-အနှစ်မပါ အကာထီးထီး အချည်းနှီးသော ကိစ္စတွေကိုပင် အကယ်စင်စစ် အနှစ် သာရမှုတွေယောင်ယောင် စိတ်ရောကိုယ်ပါ မဲမဲသဲသဲ အားထုတ် သည်ဆိုလိုသည်။

အမြင်မဖြောင့်၊ အဉာဉ်ထောင့်”ဟူသည်ကား-ခန္ဓာငါးပါး ရုပ်နာမ် တရားသည်
* မိမိကိုယ်ပိုင်မဟုတ်ဟုမြင်လျှင် အဖြောင့်၊
* မိမိကိုယ်ပိုင် ဟုတ်သည်ဟုမြင်လျှင် မဖြောင့်၊
* မိမိဆိုင်ပိုင်သော ဥစ္စာမဟုတ်ဟုမြင်လျှင် အဖြောင့်၊
* မိမိဆိုင်ပိုင်သော ဥစ္စာဟုမြင်လျှင် မဖြောင့်၊
* အဖြောင့်မှာ ယထာဘူတဉာဏ်တည်း။
* မဖြောင့်မှာ သက္ကာယဒိဋ္ဌိတည်း။

အမြင်မဖြောင့်သည်ကို မြင်ရအောင်မလိုက်စားပဲ မဖြောင့် ဘက်၌သာ လိုက်စားစွဲမြဲကာနေခြင်းကြောင့်၊ ရှေးရှေး၌ ရှိခဲ့ ဘူးသော ဝိဝဋ္ဋပါရမီ ဉာဏ်ဝသီဟောင်းတို့လည်း၊ ပွင့်ခွင့်မရ, ပေါ်ခွင့်မရ, ရွှံ့စိုဖုံး၍ထားသော မီးကျီးကဲ့သို့ မှိန်မှေး ငုတ်မြှုပ်၍သာ နေရကုန် တော့သည်။ ထိုသို့နေသည်ကို အမြင်မဖြောင့် အဉာဉ်ထောင့်ဆိုသည်။

မှောင့်ထက်မှောင်” ဆိုသည်ကား- ငယ်ရွယ်စဉ်၌ ပလိ ဗောဓ နည်းပါးသေးသည်နှင့် ဘုရားသံ-တရားသံကို ကြားခဲ့လျှင်၊ သဒ္ဓါတရား ကြည်ကာ-ကြည်ကာ တက်လာသည်။ ကြီးသောအခါ စည်းစိမ်ဥစ္စာ အခြေအနေ ကြီးလျှင်ကြီးလိုက် ငယ်လျှင် ငယ်လိုက် ပလိဗောဓ ကျယ်ဝန်း၍လာသည်။ ဘုရားသံ-တရားသံသည်လည်း အထပ်ထပ်အခါခါ ကြားဖန်-နာဖန်များလှ၍ ဟောင်း၍ကုန် သည်နှင့် ဘုရားသံ-တရားသံကို ကြားနာရသော်လည်း သဒ္ဓါ ပြောင်ပြောင် မလာပြီ၊ အများရိုသေအောင်ပြုရသော ဟန်မှုသာ ရှိတော့သည်၊ ကြီးလေကြီးလေ သဒ္ဓါအစွယ် တုံးလေလေ၊ သဒ္ဓါ အရောင်မှေးလေလေဖြစ်၏၊ ထိုကြောင့် မှောင့်ထက်မှောင် ဆိုသည်။

မီးသွေးတိုက်” ဟူသည်ကား၊ လောကစီးပွါး သား မယားမှု တွေသည်၊ မှောင့်ထက်မှောင်တို့သာဖြစ်သော၊ မီးသွေး ဥမင်ကြီးတွေ သာဖြစ်သည်။

အလိုက်ကယ်ဘာသာ အမြင်မငွေ့၊ အထင်ရွေ့ နှင့်သာ၊ အလေ့ရှာ” ဆိုသည်ကား-ကြီး၍လာသောအခါ လောကီစီးပွါး သားမယားမှုတွေ တည်းဟူသော မီးသွေးဥမင် တွင်းကြီး၌ အကျဉ်းအကျပ် လှောင်မိပြီးဖြစ်၍ ငါ၏ရှေးကံ ပါရမီကား- ဤမျှသာဟု မိမိကိုယ်ကို အဆုံးချကာ ဘာသာအလိုက် ဖြစ်ထိုက်သမျှသော သဒ္ဓါမွဲမွဲနှင့်သာ ရံခါ အနိစ္စ၊ ရံခါ ဒုက္ခ၊ ရံခါ အနတ္တ၊ ရံခါ ဘုရားဂုဏ်၊ ရံခါ တရားဂုဏ်၊ ရံခါ သံဃာ့ဂုဏ်၊ ယောင်မှု ယမ်းမှု အတုအပ ရသေ့စိတ်ဖြေသာ ဖြစ်ရတော့ သည်။ အကြည်အလင် အမြင်အတွေ့ဆို၍ ငွေ့ရုံမျှ ငွေ့ဘူးသည်မရှိ၊ စိတ်ထင် ရာရာနှင့်သာ ဝါသနာ ဘာဂီဖြစ်ရုံမျှ အလေ့အလာ ပြုတော့သည် ဆိုလိုသည်။

အခါနာရီ” စသည်ချီသော မရဏဿတိအခန်း၌ ဖွားမြင်စ အခါတွင် အနှစ်တစ်ရာနေရမည့် သတ္တဝါ၏ အသက် သည် နှစ်ပေါင်း တစ်ရာပြည့် ရှည်သေး၏၊ ဥတုပေါင်းသုံးရာ, ရတုပေါင်း ခြောက်ရာ, ပက္ခပေါင်း နှစ်ထောင့်လေးရာ, ရက်ပေါင်း သုံးသောင်း ခြောက်ထောင်, နာရီပေါင်း တစ်သန်းကိုးသိန်း ခြောက်သောင်းပြည့် ရှည်သေး၏၊ မီးရထား သွားရာ လမ်းအနီးရှိ သစ်ပင်တောချုံတို့သည် ချာချာ-ချာချာလည်၍ နေရစ်သကဲ့သို့ အဆုံးဖြစ်သော သေနေ့သေရက် သေနာရီသို့အဆိုက် အတွင် နှင်၍သွားသော အာယုသင်္ခါရ၏ သွားရာလမ်းစဉ်၌ နာရီအစဉ်, နေ့ရက်အစဉ်, ပက္ခအစဉ်, မာသအစဉ်, ရတုအစဉ်, ဥတုအစဉ်, နှစ်အစဉ်တို့သည်လည်း ချာချာ-ချာချာလည်၍ နေရစ်ကုန်၏၊ လွန်တိုင်းလွန်တိုင်း အသက်တို့သည် အပိုင်းအပိုင်းပြတ်၍ နေရစ် ကုန်၏၊ သည်ကိုရည်၍ “အခါနာရီ ရွေ့ရွေ့ငယ်ချီ၊ တိထီ ဆန်းဆုတ်၊ ရတုအစဉ်၊ လုလုငယ်နှင်၊ အတွင်ချုပ်လို့၊ သုတ်သုတ်ကယ် ရက်ရေ၊ ဇရာလက်မှာ အသက်သာ ကြွေတော့တယ်” ဟုဆိုသည်။

အသေသတ် လက်မရွံ” ဆိုသည်ကား- သူသတ် သေ မင်းပေတည်း၊ အနမတဂ္ဂသံသရာနှင့်တစ်ခု စကြဝဠာအနန္တတွင် ဘုံသုံးပါးအတွင်း၌ ကျင်လည်ကြသော သတ္တဝါခန္ဓာစုသည် ထိုသေမင်း ၏အစာ ထမင်း-ဟင်းလျာ စမဲစုသာဖြစ်၏၊ ထို့ကြောင့် သေမင်းအခွန် သိမ်းပိုက်လာလျှင် မိမိအသက်ခန္ဓာကို ဆူဆူဖြိုး ဖြိုးနှင့် အရံသင့် အခန့်သင့် ဆက်သွင်းပါရခြင်းအကျိုးငှါ အိမ်ယာ ဝင်းခြံဟူသော ခန္ဓာရုံ ခန္ဓာမြုံ အိပ်ခင်းပလ္လင် ခုတင် ညောင်စောင်းဟူသော ပြတီးတို့၌ လှောင် သွင်း၍ အစာရေစာ ဝစွာ ကျွေးမွေးကာ နေကြရသည်။ သည်ကိုရည်၍ “အသေသတ် လက်မရွံကို၊ အသက်ခွန် ပဏ္ဏာသွင်းရန်ဖို့၊ ထမင်း အစာစုံနှင့်၊ ခန္ဓာရုံ မြုံပြတီးဆီက၊ အငြီးဖြေကာ စောင့်ရှာကြ၊ စိုးနှောင့်သင်္ချေ” ဟုဆိုသည်။

[ဤစကား၌ “ပြတီး” ဆိုသည်ကား- အိပ်ရာတိုက်ခန်းကိုဆိုသည်။ အိပ်ရာပလ္လင် ခုတင်ညောင်စောင်းကိုလည်း “ပြတီး““ပြတီး”ဟူ၍ ရေးကြ၏၊ ရှေးဝေါဟာရတည်း။ ယခုကာလ၌ကား- ပြတင်းဟူ၍ ခေါ်ကြ၏၊]

အငြီးဖြေကာ စောင့်ရှာကြ” ဟူသည်မှာ- သေမင်း မရောက်လာမီအတွင်းမှာ ကိလေသာစိုးမင်းတို့၏ ကံကြွေးကူလီ အလုပ်နှင့်နေရသည်ဖြစ်ပြန်၍ ကိလေသာအစိုးရကြီးတို့ မငြီး ငွေ့အောင် ကောင်းနိုးရာရာ အာရုံဝတ္ထုနှင့် ပြုစုလုပ်ကျွေး၍ ဖြေဖျော်ကာ စောင့်စားကြရသည်။ သေမင်း၏အမှုမှာ အသက် ခန္ဓာမညိုးမနွမ်းရှိ နေလျှင်ပင် အခွင့်ကုန်ပါ၏၊ ကိလေသာ မင်းမှုမှာ အကောင်းထက် အကောင်း လိုက်စားမှုဖြစ်ချေ၍ အခွင့်ကြေကုန်သည်ဟူ၍မရှိ၊ အန္ဓပုထုဇ္ဇန်တို့မှာ ဤအမှုကြီးနှစ်မှုနှင့်သာ ဘဝ ဘဝလာခဲ့ကြရသည်၊ ကိုယ့်စီးပွါးဟူ၍ မရှိပြီ၊ ကလျာဏပုထုဇ္ဇန်တို့မှာ ကိလေသာမင်းမှုကို အလွတ်ရှောင်၍ သေမင်းမှုကိုလည်း အခွင့်ကုန်ကာမျှ ဆောင်ရွက်၍ မိမိစီးပွါးမှုကို အတွင်ခဲကြပေသည်၊ မိမိစီးပွါးမှုဟူသည်ကား သေမင်း လက်မှ လွတ်ထည့်ရန် အမှုပေတည်း။

ဒုတိယပိုဒ်ပြီး၏။

-------

၃။ ။“ပူနွယ်ဆွေးနွယ် အရေးကျယ်” ဆိုသည်ကား- လောကီ မှု, စီးပွါးမှု, သားမယားမှုကို မဆိုထားလင့်ဦး၊ နောက် နောက်ဘဝတို့၌ ခံစံဖို့ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိများကို အာသာစွဲလမ်း၍ ပြုကြသော ဒါနမှု, သီလမှုများသည်လည်း ပူနွယ်ဆွေးနွယ် အရေးကျယ်ပင်တည်း။

* ထိုဒါနမှု, သီလမှုများသည် ကိလေသာ အစီး အပွါးသာ ဖြစ်ချေ၍ ပူနွယ်မည်၏။
* သောကဒုက္ခတို့၏ အစီးအပွါးဖြစ်၍ ဆွေးနွယ် မည်၏။
* ဝိပတ္တိ၏အဆောက်အဦးဖြစ်သော သမ္ပတ္တိ အမျိုး မျိုးတို့ကို အဆင့်ဆင့်ပေးတတ်သည်ဖြစ်၍ သံသရာ အရေးကျယ် မည်၏၊။
* တစ်နည်း။ လိုချင်မှု, ဖြစ်ချင်မှု, ဟူသော သမုဒယသစ္စာ သည် ပူနွယ်မည်၏။
* ရမှု, ဖြစ်မှု ဟူသော ဒုက္ခသစ္စာသည် ဆွေးနွယ် မည်၏။
* ဤသစ္စာနှစ်ပါးသည် သံသရာပင်ကိုယ်ရင်းဖြစ်၍ အရေးကျယ်မည်၏၊။
* တစ်နည်း။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဟူသော ကိလေသာ ဝဋ်အစုသည် ပူနွယ်မည်၏။
* ထိုကိလေသာဝဋ်ရှိ၍ ဖြစ်ပွါးရသော သုစရိုက် ဆယ်ပါး ဒုစရိုက် ဆယ်ပါးဟူသော ကမ္မဝဋ်သည် အရေးကျယ် မည်၏။
* ထိုထိုကမ္မဝဋ်ကြောင့် ဖြစ်ပေါ်ရသောလူ့အဖြစ်, နတ် အဖြစ်ဟူသော ဝိပါကဝဋ်သည် ဆွေးမြေ့ ပျက်ပြုန်းဖို့ သာဖြစ်ခဲ့၍ ဆွေးနွယ်မည်၏။
* တစ်နည်း။ အတ္တဘော၌ အကျုံးဝင်သော စက္ခုဟူသော အမြင်ဓာတ်စုသည် ကိလေသာတို့၏ အစီးအပွါးသာ ဖြစ်၍ ပူနွယ်မည်၏။
* ဇရာမီး မရဏမီးတို့၏ လောင်ရာအစစ်ဖြစ်၍ ဆွေးနွယ် မည်၏။
* လောကီနယ်ကို အကျယ်ချဲ့သမားဖြစ်သော တဏှာပပဉ္စ တရား, မာနပပဉ္စတရား, ဒိဋ္ဌိပပဉ္စ တရား သုံးပါးတို့ အသိုက် အအုံသာဖြစ်၍ အရေးကျယ် မည်၏။
* အတ္တဘော၌ အကျုံးဝင်သော သောတဟူသော အကြား ဓာတ်အစု၊ ဃာနဟူသော အနံဓာတ်အစု၊ ဇိဝှါဟူသော အရသာယူဓာတ်အစု၊ ကာယဟူသော အတွေ့အထိ အသိယူဓာတ်အစု၊ မနဟူသော အကြံအဖန် ဓာတ်အစု သည် ကိလေသာတို့၏ အစီးအပွါးသာဖြစ်၍ ပူနွယ် မည်၏။
* ဇရာမီး မရဏမီးတို့၏ လောင်စာသာဖြစ်၍ ဆွေးနွယ် မည်၏။
* လောကီမှု လောကီနယ်ကို အကျယ်ချဲ့သမား ဖြစ်သော တဏှာ, မာန, ဒိဋ္ဌိဟူသော ပပဉ္စတရား သုံးပါးတို့၏ အသိုက်အအုံသာဖြစ်၍ အရေးကျယ် မည်၏။

အစမမြင်၊ ဘဝလျဉ်”ဟူသည်ကား- အနမတဂ္ဂဘဝ အဆက် ဆက်ကို ဆိုလိုသည်။

အစဉ်ငတ်” ဆိုသည်ကား- လိုချင်သည်၊ ရချင်သည်၊ ဖြစ်ချင် သည်၊ ကြားချင်သည်စသော တဏှာ အာသာမပြေ မငြိမ်း သမျှသည် စကြာမန္ဓာတ်မင်း, သိကြားမင်း, နတ်မင်းပင်ဖြစ်သော်လည်း၊ ငတ်မွတ် ခြင်းဒုက္ခ အမြဲနှိပ်စက်သော ပြိတ္တာနှင့် အလားတူ အစဉ်ထာဝရ အငတ်မျိုးသာတည်း။

မသတ်ကယ်အာသာ“ဆိုသည်ကား- ထိုအစဉ်ငတ် အမြဲငတ် ထာဝရငတ်ဖြစ်သော ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓ တဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာဟူသော တဏှာ ခြောက်ပါးသည် အာသာ မည်၏၊ ထိုအာသာကို မဖြတ်နိုင် မသတ်နိုင် ဆိုလိုသည်။

ပြာပုံမွမှာ၊ ရသရှာ” ' ဆိုသည်ကား- လူ့ခန္ဓာ လူ့ဘောဂ၊ နတ်ခန္ဓာ နတ်ဘောဂ၊ ဗြဟ္မာ့ခန္ဓာ ဗြဟ္မာ့ဘောဂ ဟူသမျှသည်၊ တစ်ဆဲ့ တစ်ပါးသော မီးတို့၏၊ မပြတ်မစဲ အမြဲလောင်ရာဖြစ်၍ ပြာပုံပြာစုဖြစ်၏၊ အနှစ်သာရဟူ၍ အဏုမြူမျှ မရှိခြင်းကြောင့်၊ အမွအရွလည်းမည်၏။

အရူးသည် ရွာတံခါးဝတွင် ရွာသူတို့ ထာဝရစွန့်ပစ် ထားသော အမှိုက်ပုံကြီးကိုတွေ့လေရာ သူနှစ်သက်ရာများကို ရှာဖွေကောက် ယူလေ၏၊ ထိုအမှိုက်ပုံကြီးမှပင်၊ များစွာသော အကောင်းအမွန် ခံစားဖွယ် စံစားဖွယ်များကို တွေ့ရှိသိမ်းယူ သကဲ့သို့၊ ထိုအတူ လူနတ်ဗြဟ္မာ စည်း စိမ်ချမ်းသာဟူသော အရိယာတို့ စွန့်ပစ်အပ်သော အမှိုက်ပြာပုံရွတို့၌ အကောင်းအမွန် ခံစားဖွယ်စံစားဖွယ် ရသမျှကို ရှာဖွေလိုက်စား၍ နေကြသည် ဟူလိုသည်။

ရွာဝက်ဥပမာ၌ ထိုဝက်သည် အစာရေစာပေါများ၍ တစ်နေ့ တစ်ခြား အသားအဆီ ထူထပ်ပွါးတိုး၍ ဆူဖြိုးလေလေ ဝက်ထိုးသမား မြို့သူရွာသူတို့ မျက်စောင်းထိုးလေလေသာဖြစ်၏၊ သို့သော်လည်း နက်ဖြန် နံနက်စာမီ စျေးရုံသို့ထွက်၍ စားပွဲခုံ တက်ရမည်ကို မသိရှာ၊ ယနေ့ထက် တိုင်ပင် မိမိနိုင်ရာ အတူနေ ဝက်အသင်းမှာ တစ်မင်းတစ်စိုး စိတ်ဝင်၍ ပျော်ရွင်နိုင်သေးသည်။

ထို့အတူ ပစ္စည်းဥစ္စာ အသင်းအပင်းများသော သူတို့ သည်လည်း သမ္ပတ္တိများလေလေ သေမင်း၏အစာဖြစ်ရန် အကြောင်း ဝိပတ္တိမျက် စောင်း သန်လေလေသာဖြစ်၏၊ သို့သော် လည်း အနှစ်တစ်ရာမပြည့်မီ နက်ဖြန်သံဘက် တစ်ရက်ရက်တွင် နံနက်စာမီ ညစာမီ သုသာန်စျေး ရုံကြီးသို့ထွက်၍ သင်းချိုင်းမြေပုံ စားပွဲခုံ တက်ရမည်ကို မမြင်ကြကုန်၍ ယနေ့တိုင်ပင် မိမိနိုင်ရာ အသင်းမှာ တစ်မင်းတစ်စိုး စိတ်ဝင်၍ ပျော် ရွှင်နိုင်ကြကုန်သည်။

ပျော်ရွှင်နိုင်သော အကြောင်းမှာလည်း မြန်မာစစ်သူကြီး ဗန္ဓုလသည် အင်္ဂလိပ်စစ်ဗိုလ်တို့ “ကညင်ပင်ဘက်ကကညင်ပင်ဘက်က” ချိန်ထား သော ဗုံးလက်နက်ကို မသိသကဲ့သို့၊ သေမင်းချိန်ထားသော ဝိပတ္တိ လက်နက်ကို မမြင်၍ ပျော်ရွှင်နိုင်ကြသည်။

မှတ်ချက်။။ ဤနေရာတွင် အချို့စာမူတို့တွင် “တညင်ဘက်က” ဟု မှားယွင်း စွာပါရှိနေပေသည်။ထိုမှဆင့်ပွါး၍ “တညင်(သံလျင်) ဘက်က” ဟု မှားပြန်ကြသည်။

ထိုခေတ်အခါ ထိုစစ်ပွဲတွင် အင်္ဂလိပ်တို့ ပစ်ခတ်သော အမြောက် လက်နက် ဗုံးလက်နက်သည် တညင်-ခေါ်သံလျင်မှ ဓနုဖြူမြို့သို့ ရောက်နိုင် မရောက်နိုင် စဉ်းစားဖွယ်ရှိပေသည်။

သတင်းစာဆရာ ဦးသိန်းမောင်၏ “မြန်မာသူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလ” စာအုပ် နှာ-၈၇-တွင်

အင်္ဂလိပ်တို့၏ ရေတပ်များသည် ဆန်တက်၍ သာပေါင်းဆိပ်၌ လည်းကောင်း၊ တစ်ဖက်ကမ်းရှိ ရွှေကညင်ပင် နတ်စင်အရပ်၌ လည်းကောင်း၊ တပ်စွဲပြီး ဖြစ်ကြလေ၏၊

ဟုဆိုခဲ့ရကား အမှန်စင်စစ်မှာ ဓနုဖြူမြို့၏ တစ်ဖက်ကမ်း ရွှေကညင်ပင် နတ်စင်အရပ်က ချိန်ရွယ်ထားသော အမြောက် လက်နက် ဗုံးလက်နက်ကို ဆိုလိုသည် မှတ်ပါ။ သို့ဖြစ်၍ “ကညင်ပင် အရပ်က” သို့မဟုတ် “ရွှေကညင်ပင်အရပ်က” သို့မဟုတ် “ရွှေ ကညင်ပင် နတ်စင် အရပ်က” ဟု ဆိုမှသာ အမှန်ဖြစ်သည်ဟု မှတ်ပါလေ။။

မမြင်ကြောင်းမှာလည်း-အပေါင်းအဖော် အသင်းအပင်း တို့က ထိုလက်နက် ချိန်ရွယ်ချက်ကို မမြင်နိုင်အောင် ဖုံးနိုင်ကုန်သည်၊ ခင်ဖွယ် မက်ဖွယ် ဝတ္ထုအာရုံ တိုက်တာ-အိမ်ယာ-ဝင်းခြံစု လည်းဖုံးနိုင်သည်၊ ကားတိုင်၌ချည်၍ အဝေးမှ ပစ်သတ်မည် ရွယ်သည်ကို မမြင်ဝံ့၍ မမြင်ဘဲ သေရခြင်းသည်သာ ကောင်းသည်ဟု မျက်နှာကို လုံစွာဖုံးသကဲ့သို့ အသီးအသီး မိမိကို ချိန်ရွယ်၍နေသော ဝိပတ္တိ လက်နက်ကို မမြင်ဝံ့၍ မမြင်ဘဲ အမှတ်မဲ့သေရခြင်းသည်သာ ကောင်း၏ဟု အကြံပြု၍ လုံစွာ ဖုံးသည့် နည်းအားဖြင့်၊ သတိသံဝေဂ ဝင်ခွင့်မရအောင် မသေမီ အတွင်း မိတ်သယာယ ကာမဝတ္ထုအာရုံစုကို စုဆောင်း ဆည်းပူး ပြီးလျှင်၊ ထို အာရုံစုဖြင့် မိမိစိတ်ကို လုံစွာဖုံးလွှမ်းကြသည်၊ အဖုံးလုံလှ၍လည်း နောက်နောက်အခါများစွာ သေရန်အမှုတင်း လင်းကြီးကို ငြီးငွေ့နိုင်မည် ဝေးစွ။ ယခုဘဝ သေရမည်ကိုမျှလည်း ကြောက်ခြင်းတရား မပွါးကြဘဲ အများဓမ္မတာပေဟု အဖြေ တရားနှင့်ပင် ပြေငြိမ်းနိုင်ကြလေသည်။

အကြင်မျှလောက် နောက်နောင်သေရရန်၊ အခွင့်စုကို ယခုသေရ မည်နှင့်အတူ မကြောက်နိုင်သေး၊ ထိုမျှလောက် ကာလပတ်လုံး သံသရာမှ မထနိုင်သေး၊ လုံစွာဖုံးလွှမ်းမှုကို မလွတ်နိုင်သေးသမျှလည်းကြောက်ခြင်း မသန်နိုင်သေး၊ ကြောက်ခြင်းမသန်လျှင်လည်း၊ ထွက် မြောက်ရန်ကို လွတ်လွတ်ကျွတ်ကျွတ် မကြံသေး၊ ဤအနက်ကိုရည်၍ “ငါတလူလူ၊ ပမာမူ၊ (လ) မာန်တဂုဏ်၊ ဟန်ပုံနှင့် ဖုံးရှာကြ” ဆိုသည်။

ဤစကား၌“အချက်မှန်“ဟူသည်ကား-သေမြဲဓမ္မတာမှု ပျက်မြဲ ဓမ္မတာမှုတည်း။

မိတ်သင်ယှက်” ဆိုသည်ကား- ဉာတိမိတ္တသင်္ဂဟတို့နှင့် ရောယှက်သည်ကို ဆိုလိုသည်။

အရံစုံ” ဆိုသည်ကား- လယ်ယာ, ဥယျာဉ်, ခြံဝင်း, အိမ်ယာ, ဥစ္စာ, ဘောဂကို ဆိုသည်။

မာန်တဂုဏ်” ဆိုသည်ကား- မာန်အမျိုးမျိုးလည်း ဖုံးမှုပင်၊ ဂုဏ်အမျိုးမျိုး ကျက်သရေ အမျိုးမျိုးတို့လည်း ဖုံးမှုတို့ပင် ဖြစ်ကုန်၏ ဆိုလိုသည်။

ဟန်ပုံ” ဆိုသည်ကား- လူ့အလယ်၊ ရှင်အလယ်၌၊ အ တင့်အတယ် ဖွယ်ရာမှု ပြုပုံ မူပုံ အလုံးစုံသည်လည်း ဖုံးမှုပင် ဖြစ်၏-ဆိုလိုသည်၊ တန်ခိုးရှိသော နတ်တို့မှာ မသေမီ ၇-ရက်ကပင် သေနိမိတ် ၅-ပါး ထင်ရှားပေါ်သည်၊ ထိုအခါ လွန်စွာ ကြောက်လန့် ပူပန်ကုန်သည်၊ ထိုအခါ တစ်ပါးသောနတ်တို့က ထိုနတ်သားကိုခေါ်၍ နန္ဒဝန်ဥယျာဉ်၏ ကျက်သရေဖုံး၍ အကြောက်အပူ ပျောက်လေ၏၊ နတ်ဗြဟ္မာတို့၌ ဖုံးမှုသာ၍ အားကြီးသည်။

ရှုံးပလေ” ဆိုသည်ကား- အနမတဂ္ဂသံသရာနှင့်တစ်ခု ဖုံးမှုကိုသာ အားစိုက်၍ လာခဲ့ကြသည်၊ ဖုံးမှုသည် ကုသိုလ်တရား၌ မေ့လျော့ဖို့သာ ဖြစ်သည်၊ ကုသိုလ်တရား၌ မေ့လျော့၍သာ လာခဲ့ကြသဖြင့်၊ ယနေ့ထက်ထိ သေခြင်းမှကင်းလွတ်အောင် ကြံဝံ့သော စိတ်မရှိဘဲ၊ ဖုံးမြဲဖုံးကြသည်၊ ဖုံးမှုနှင့် ကုန်ရသော နှစ်-လ-ရက် အသက် အရွယ်စုသည် တွက်ခြေတုံးသော အရှုံးသက်သက်သာ ဖြစ်သည်ဟု ဆိုလိုသည်။

ထုံးမြေ ပြာစုမိတ်” ဆိုသည်ကား-ကာမတစ်ဆဲ့တစ်ဘုံ သားတို့၏ ကိုယ်ခန္ဓာ၊ ရူပတစ်ဆဲ့ခြောက်ဘုံသားတို့၏ ကိုယ်ခန္ဓာတို့သည် အညက်ကျိတ်လျှင်ရသော ထုံးမြေခဲမျိုးတွေသာ ဖြစ်ကုန်၏၊ အထူးကားကမ္မဇမြေမှုန့်လွန်ကဲသော နတ်ခန္ဓာ ဗြဟ္မာခန္ဓာစုသည် အလွန်သိမ် မွေ့သော ယမ်းမြေခဲစုမျိုးတည်း၊ ကိုယ်စောင့်ဓာတ်မီးလည်း အလွန် ထက်သည်၊ စုတိစိတ်ကျ၍ စိတ္တဇမြေ အာဟာရဇမြေကုန်ဆုံးလျှင် မီးတောက်ကြီး ကွယ်ပျောက်သကဲ့သို့ အကုန်ချုပ်ပျောက်လေသည်၊ အလောင်းကောင် ကောက်ယူဖို့မရပြီ၊ ထို့ကြောင့် ဥပပတ် နတ်ဗြဟ္မာတို့၏ သေခြင်းသည် ကျန်ရှိသောသူတို့ စိတ်ကြေလက်ကြေရှိအောင် ပြုစုခွင့်မျှ မရသော သေခြင်းဖြစ်ခဲ့၍ အစိမ်းသေ သေခြင်းမျိုးဟု ဆိုခွင့် ရှိသည်၊ လူစသော သတ္တဝါတို့၏ ကိုယ်ထည်ဖြစ်သော ထုံးမြေ အစုမှာမူကားကမ္မဇမြေ ကုန်ဆုံး၍သေသည့်နောက်, ချရာ သင်းချိုင်းမြေ သင်းချိုင်း ပြာတို့၌ ဇာတ်တူပေါင်းရလေ၏၊ သင်းချိုင်းမြေ သင်းချိုင်းပြာတို့နှင့် ဖြစ်အတူ ပျက်အတူ မိတ်သဟာယ ဖြစ်ကြလေ၏၊ ထို့ကြောင့် ယခုငုတ် တုတ်ရှိကြသော ကိုယ်ထည်အထု ဓာတ်မြေစုကို “ထုံးမြေပြာစုမိတ်” ဆိုပေသည်။

တတိယပိုင်းပြီး၏။

-------*-------

(၄) “ငါတစ်လုံးနယ်” ဆိုသည်ကား- ငါ-ဟူသော အက္ခရာတစ်လုံး၏ ကျင်လည်ရာနယ် ဆိုလိုသည်၊ ထိုငါအက္ခရာ သည် ကား သမုဒယသစ္စာ တဏှာမှထွက်လာသော တဏှာ၏ တံခွန်ပေတည်း၊ မီးမှထွက်သော မီးခိုးကို မီး၏တံခွန် ဆိုသကဲ့သို့ တည်း။

* ကာမတစ်ဆဲ့တစ်ဘုံတွင်းရှိ ခန္ဓာစုသည် ကာမ တဏှာ ဖန်ဆင်းအုပ်စိုးသော ခန္ဓာစုပေတည်း။
* ရူပတစ်ဆဲ့ခြောက်ဘုံတွင်းရှိ ခန္ဓစုကို ရူပတဏှာ ဖန်ဆင်း အုပ်စိုးမှုပေတည်း။
* အရူပလေးဘုံရှိ ခန္ဓာစုကို အရူပတဏှာ ဖန်ဆင်း အုပ်စိုးမှု ပေတည်း။

အုပ်စိုးကြောင်းကိုလည်း မခံချင်တတ်သော သူတစ်ယောက်ကို ခြေနှင့်တို့၍စမ်း၊ ငါ့ကို ခြေနှင့်တို့ရာသလောဟု တို့ရာတိုင်းက ငါအက္ခရာ ပေါ်လတ္တံ၊ မင်းစိုးရာဇာတို့မှာ မိမိတို့ အုပ်စိုးရာ နိုင်ငံအတွင်းဝယ်၊ ဘယ်နေရာကိုမဆို နိုင်ငံခြား မင်းတစ်ပါးတို့က ထိပါးလာငြားအံ့၊ ရာဇမာန် ငါအက္ခရာပေါ်လတ္တံ့၊ ထို့ကြောင့် သုံးဆဲ့တစ်ဘုံကို ငါတစ်လုံးနယ် ဆိုပေသည်။

သုံးသွယ်မြုံသိုက်” ဆိုသည်ကား- ကာမဘုံတစ်သွယ်၊ ရူပဘုံတစ်သွယ်၊ အရူပဘုံတစ်သွယ်ပေတည်း။

မြူမချန်” ဆိုသည်ကား- ဖြစ်ဖက် ပျက်ဖက် စကြဝဠာ ကုဋေတစ်သိန်းကို အစုစုထား၍ရှု။။ တည်ဆဲကမ္ဘာမှ ရှေးအနမတဂ္ဂ အတိတ်ကမ္ဘာစုတွင် တစ်ခုခုသောကမ္ဘာ၌ စကြဝဠာ ကုဋေတစ်သိန်း ရှိသော ရေ, မြေ, တော,တောင်စသော အဝိညာဏက ခန္ဓာခဲစုနှင့် လူကောင် နတ်ကောင် နွားကောင် ကျွဲကောင် ဆင်ကောင် မြင်းကောင် စသော သဝိညာဏက ခန္ဓာခဲစုသည် ယခုမြူမျှ မရှိပြီ၊ ဤကမ္ဘာတွင်လည်း ဤအန္တရကပ်တွင်လည်း အာယုကပ်ဟူသော အသက်တမ်းချင်းပိုင်း၍ရှု၊ အသက်တမ်းတွင်လည်း တစ်ရာတမ်းဖြစ်လျှင် ရှေ့တစ်ရာ နောက်တစ်ရာ ပိုင်း၍ရှု၊ ရှေ့ရှေ့တစ်ရာတွင် အစစွာရှိနေသော ခန္ဓာစုသည် နောက် နောက် တစ်ရာတို့၌ မြူမျှအကြွင်းအကျန်မရှိပြီ။

အမြဲစတေ၊ မစဲချွှေ” ဆိုသည်ကား- ဘယ်အရပ်မျက်နှာ ကိုမဆို ဘယ်အချိန်မှာမဆို လက်ညှိုးထိုးလိုက်လျှင် ထိုးရာတိုင်း ထိုးရာတိုင်းမှာပင် လက်ညှိုးတဲ့ရာ အရပ်မျက်နှာ သေဆဲသတ္တဝါ အနန္တအနန္တ ထိုးမိသည်ချည်း မည်၏။

အပြောင်တိုက်” ဆိုသည်ကား- “မြူမချန်၌ “ဆိုခဲ့ပြီးသော အတိုင်းဆိုလေ။

အမှိုက်ကယ် ဝဋ်နွယ်” ဆိုသည်ကား- ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ သောကမီး၊ ပရိဒေဝမီး၊ ဒုက္ခမီး၊ ဒေါမနဿမီး၊ ဥပါယာသမီးဟူသော တစ်ဆဲ့တစ်ပါးသော မီးတို့၏ လောင်စာလောင်သင်း မြက် ထင်း အမှိုက်တွေသာ ဖြစ်ချေ၍ သုံးဆဲ့ တစ်ဘုံတွင် သက်ရှိသက်မဲ့ အလုံးစုံ အကုန်ကို အမှိုက်စု အမှိုက်ခဲတွေ ဆိုပေသတည်း။

အသက်ရှိဖြစ်သော အမှိုက်စုကို ကိလေသာတစ်စု၊ ကံ တစ်စု၊ ဝိပါက်တစ်စု၊ သုံးစုခွဲ

* အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဤသုံးပါးသည် ကိလေသာ စုတည်း။
* သင်္ခါရ ကမ္မဘဝ ဤနှစ်ပါးသည် ကံစုတည်း။
* ဝိညာဏ်၊ နာမ်-ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဤငါးပါးသည် ဝိပါက်စုတည်း။

အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ရှိလျှင် သင်္ခါရ၊ ကမ္မဘဝ ဟုဆိုအပ်သော သုစရိုက် ဒုစ္စရိုက် ဖြစ်ပေါ်မြဲ၊ သုစရိုက် ဒုစ္စရိုက် ကံမှုရှိလျှင် ဘဝသစ် ခေါ်ရသော ဝိပါက်အစု ဧကန်ဖြစ်ပေါ်မြဲ၊ ဝိပါက်အစုဖြစ်ပြန်၍ လူကောင် နတ်ကောင်ဖြစ်ပြန်လျှင် ထိုလူကောင် နတ်ကောင်ကို အစွဲပြု၍ ကိလေသာ အစုဖြစ်ပေါ်မြဲ၊ ငါ-ငါဟူ၍၎င်း၊ ငါ့ဟာ-ငါ့ဟာဟူ၍၎င်း၊ ငါ့အတ္တ ငါ့အတ္တဟူ၍၎င်း၊ ငါမင်း ငါပုဏ္ဏား ငါသေဋ္ဌေး ငါသူကြွယ် ဟူ၍၎င်း၊ ငါနတ် ငါသိကြား ငါဗြဟ္မာ ငါဣတ္ထိ ငါပုရိသဟူ၍၎င်း၊ ဤသို့စသည်ဖြင့် စွဲလမ်းသော ကိလေသာတို့သည် ဗာလပုထုဇ္ဇန်တို့မှာ ဧကန်ဖြစ်ပေါ်မြဲ ဆိုလိုသည်။ ကိလေသာ ရှိပြန်လျှင်လည်း ကံအစု ဧကန်ဖြစ်ပွါးမြဲ၊ ကံအစုဖြစ်ပွါး၍ ထင်ရှား ရှိပြန်လျှင်လည်း ဘဝသစ် ခန္ဓာသစ်ဟူသော ဝိပါက်ကောင် ဧကန်ဖြစ် ပေါ်မြဲ၊ ဝိပါက်ကောင် ပေါ်ပြန်လျှင်လည်း၊ သာယာစွဲလမ်းသော ကိလေသာအစု ဧကန္တဖြစ် ပေါ်လာမြဲ၊ ဤသို့အမှန်လေးချက်ကို အပိုင်သိသော ယထာဘူတဉာဏ်ကို မရသမျှကာလပတ်လုံး မရပ်မတည် ဟူးဟူးလည်၍နေသောကြောင့် အစုကြီးသုံးပါးကို ဝဋ်နွယ်ဆိုသည်။

အဖြစ်မစဲ၊ အသစ်လဲ သဲသဲကြွယ်” ဟူသည်ကား- အသေ မီးက မြူမျှမကျန်အောင် အတွင်လောင်၍ လိုက်ငြားသော်လည်း၊ စကြဝဠာအနန္တနှင့် အပြည့်အပြည့်ပင် မစဲမပြတ် အသစ်အသစ် ဖြစ် ပေါ်ပြောင်းလဲ၍ စကြဝဠာအားလုံး အုန်းအုန်း သဲသဲ အမြဲစည်ပင် ပြည့်ကြွယ်သည်သာ ဖြစ်၏ဟူလိုသည်။

အကယ်မလောက်၊ သူကသာမောက်တော့” ဆိုသည် ကားထိုကဲ့သို့ စကြဝဠာအနန္တလုံးပြည့်အောင် အသစ်အသစ် မစဲအောင်ဖြစ် ပွါး၍နေသော်လည်း၊ သင်္ခါရတို့က ပို၍သွား နိုင်သည်မရှိ၊ အသေမီး ကသာ ပိုမောက်လျက်ရှိတော့သည် ဟူလို၊ ဖြစ်သမျှသော သင်္ခါရတို့မည် သည် ပျက်ခြင်းလျှင် အဆုံးရှိကြကုန်၏၊ ပျက်ခြင်းကိုလွန်၍ အမြဲတည် နေနိုင်သော သင်္ခါရတရားဟူ၍ တစ်စုံတစ်ခုမျှမရှိ။

နောက်နောက်ကမ္ဘာ၊ ဖန်ဖန်လာလဲ၊ အစာသူ့တွင်၊ တစ်ခုသာ ဝင်ကြရ” ဆိုသည်ကား- နောက်နောက်ကမ္ဘာသစ် ကမ္ဘာ သစ်ဆက်၍ စကြဝဠာအနန္တနှင့် အပြည့်ဖြစ်လာသော သင်္ခါရဓမ္မတို့သည် မရဏမီး၏ အစီးအပွါးသာဖြစ်ကုန်၍ သူ့လက်တွင်း၌ မီးစာထင်းမှိုက် အဖြစ်နှင့်သာ တစ်ခုမကျန် တစ်လုံးတစ်စုတည်း ဝင်ကြရကုန်၏ ဆိုလိုသည်။

အဟုတ်ဉာဏ် မတင်စီးနိုင်ရ” ဆိုသည်ကား- တစ် ယောက်သော ပြည့်ရှင်မင်းသည် အတုမရှိလှပသော မင်းသမီး ယောင် ဆောင်၍နေသော ဘီလူးမကို တောင်ညာတင်လေ၏၊ ထိုမင်းသည် ဘီလူးမ၏ ကြောက်ဖွယ်ဆိုးရွားသော ဇာတိ ရုပ်သွင်ကို မြင်နိုင်သော ဒိဗ္ဗစက္ခုနတ်ဆေးကို မရသေးသမျှ ကာလပတ်လုံး ထိုဘီလူးမ၏ နတ်သမီးအသွင် ထင်မြင်အောင် ဖန်ဆင်း၍ မာယာပရိယာယ်ဖြင့် ပြုသမျှသော အတင်စီးတို့ကို ခံရလေ၏၊ ဒိဗ္ဗစက္ခု နတ်ဆေးကိုရ၍ မျက်စိ၌ကွင်း၍ ကြည့်သောအခါမှ ဇာတိရုပ်သွင်ကို ဟုတ်တိုင်းမြင် ရသဖြင့် ချည်နှောင် ရိုက်ခတ် အသေသတ်၍ ထိုမင်းက တင်စီးနိုင် လေ၏။

ထို့အတူ ဤသတ္တဝါအပေါင်းတို့သည် ယထာဘူတ ဉာဏ်ကို မရကြသေးသမျှ ကာလပတ်လုံး သင်္ခတနာမ်-ရုပ်တရားတို့၏ အတင်စီးကို ခံနေကြရကုန်၏၊ တင်စီးပုံကား- ပုဂ္ဂိုလ် သတ္တဝါ ယောကျ်ား မိန်းမ မဟုတ်ကြကုန်သော ရုပ်-နာမ်တရားတို့သည် ပုထုဇ္ဇန် သတ္တဝါ တို့အား ပုဂ္ဂိုလ် သတ္တဝါ ယောကျ်ား မိန်းမထင် အောင်ပြ၏၊ ပုဂ္ဂိုလ် ထင်အောင်ပြ၏၊ ပုဂ္ဂိုလ်ထင်ကြရ၏၊ သတ္တဝါ ထင်ကြရ၏၊ ယောကျ်ား မိန်းမထင်ကြရ၏၊ ပုဂ္ဂိုလ် သတ္တဝါ ယောကျ်ား မိန်းမ အလှအယဉ် ထင်မြင်စွဲလမ်းကြ၍ ချစ်ကြ ခင်ကြကုန်၏၊ ချစ်မှု ခင်မှုသည် သံသရာ၌ မာရ်မင်း ငရဲမင်း ကြီးတို့၏ သံကြိုး သံလွန်ပေတည်း၊ ထိုသံကြိုး သံလွန်တို့ဖြင့် အသဲနှလုံးတို့၌ အတင်းအကြပ် ချည်တုပ်မိလျက် ရှိနေကြကုန် သော အန္ဓပုထုဇ္ဇန် သတ္တဝါတို့သည် မာရ်မင်း ငရဲမင်းတို့၏ လက်မှ မလွတ်နိုင်ကြကုန်ပြီ၊ ဤကား- သင်္ခတရုပ်နာမ်တို့၏ တင်စီး ချက်တည်း။

အကြင်အခါ၌ သင်္ခတရုပ်-နာမ်တို့၏ ဇာတိအသွင်ကို ထင်မြင် နိုင်သော ယထာဘူတဉာဏ်ကိုရ၏၊ ထိုအခါမှစ၍ ကလျာဏပုထုဇ္ဇန် စူဠသောတာပန်အဖြစ်သို့ ရောက်ကြကုန်၍ ရုပ်နာမ်တရားတို့၏ တင်စီးချက်မှ လွတ်စပြု၏၊ ရုပ်-နာမ်တရားတို့ကို မိမိတို့က အနိစ္စဟူ၍ တင်စီးနိုင်ကြကုန်၏၊ ဒုက္ခဟူ၍၊ အနတ္တဟူ၍၊ ပုဂ္ဂိုလ်မဟုတ်ဟူ၍၊ သတ္တဝါ မဟုတ်ဟူ၍၊ ယောကျ်ား မိန်းမ မဟုတ်ဟူ၍၊ သူမဟုတ်ဟူ၍၊ ငါ မဟုတ်ဟူ၍၊ တင်စီး နိုင်ကြကုန်၏၊ အဟုတ်အမှန် အမြင်သန်သော ယထာဘူတဉာဏ်ဖြင့် နာမ်-ရုပ်တရားတို့ကို အပြစ်ဒေါသ ဘေးဘယ တို့နှင့် ရှုတ်ချဖိစီးနိုင်ကုန်၏။

ဤကား- ကလျာဏပုထုဇ္ဇန် စူဠသောတာပန်တို့က ရုပ် နာမ် တရားတို့ကို တင်စီးပုံတည်း။။ဤကဲ့သို့ ယထာဘူတ ခေါ်သော အဟုတ်ဉာဏ်ဖြင့် သင်္ခတ ရုပ်-နာမ်တို့ကို မတင်စီးနိုင်ရ၊ မဖိစီးနိုင်ရ ဆိုလိုသည်။ ။

သည်မီးတာ ဘယ်တစ်ကိန်းမှာမှ ငြိမ်းပမယ်လို့” ဆိုသည်ကား- ဘုံတစ်ခွင်ကို အတွင်လောင်မြိုက် အပြောင်တိုက် ၍နေ သော အသေမီးနှင့်တကွ တစ်ဆယ့်တစ်ပါးသောမီးတို့၏ တာဝန်မှ လွတ်ငြိမ်းခွင့်ကို ဘယ်တစ်ကိန်းမှာ ရပါအံ့နည်း ဆိုလိုသည်၊ 'တစ်ကိန်း'တစ်ကိန်း' ဆိုသည်ကား- တစ်ဆူတစ်ဆူသော မြတ်စွာဘုရား၏ ဖြစ်ပွင့်တော်မူရာ သာသနာကျွတ်ကိန်းကြီးကို သာသနာ ကျွတ်ပွဲကြီးကိုဆိုသည်။

လေးချိုးကြီးအဖြေပြီး၏။

-----------

သံဝေဂလေးချိုးကြီး

၁၂၄၉-ခုနှစ်၊ အတွင်း မုံရွာမြို့ တရုပ်တန်းရပ် ကျောင်းတကာကြီး ဦးကျော်အေး-အား ရေးပေးတော်မူအပ်သော

၁။ ဖြစ်မဆုံးနိုင်ဘု ခေတ်သုံးနှောင်ဗွေမှာ ယောင်ပေပေ မှောင်မိတဲ့ အကောင်ကြီးနှယ်။

၂။ အမှားငယ်ပြင်ပြင် အသွားငယ်တွင် ဉာဉ်မသန်းငွေ့၊ စခန်းဖြင့်တွေ့ပြီဘူး့၊ တဝေ့လည်လည်၊ ပါယ်ငရဲမှာ ထယ်လဲသာ စည်တော့ ရှည်ပါဘိ ဝဋ်နွယ်ရယ်၊ ကျွတ် လွယ်ရန် မသီသေး ရော့ထင့်၊ ရီမှေးမှောင် မိုက်တောင် ထုတွေက၊ လင်းမှုမခြယ်။

၃။ ထုံဂနိုင်ငယ် စုံမြိုင်ရွက်စိပ် လူမသန်းတဲ့ ဂူနန်းရိပ်မှာ စိတ်တဖြူဖြူ နိမိတ်ယူလို့ နိဗ္ဗူပရမေ့ အမြန်တွေ့ရအောင်၊ စျာန်လေ့ကာ မနေစမ်းလေရ၊ ညစ်ညမ်းတဲ့ သည်ဝသီကို မကြည်ပြီ ကြာလေမုန်းလှပေါ့၊ ဆုံးမမြင် သုံးခွင်ဘုံထုက ကျယ်သနှင့်။

၄။ သည်ရုပ်ကယ် သည်နာမ် သည်သန္တာန်နှင့် သည်ဟန်အမူ သည်အယူလဲ မဖြူသေးလို မြူကြေးဘဲ ပိုလွန်းလို့ တစ်ကိုယ် ကောင်းတန် တစ်စောင်းနော်ကြံလိုက်ရ နောက်ဆံထွေးယှက် ရေးနှယ်ခက်ပါဘိ၊ မသက်သာလေ ထောင်တစ်မျိုးဟာမို့ နှောင်ကြိုးပွေလွန်းလို့ ခေပါဘိ ဖြစ်ပုံကို စနစ်ကုန်မှန်သဘော ရယ်နှင့် ပြောဘို့မသင့်။။

---

လေးချိုးကြီးအဖြေ

၁။ “ဖြစ်မဆုံးနိုင်ဘူ့၊ ခေတ်သုံးနှောင်ဗွေမှာယောင်ပေပေမှောင်မိတဲ့၊ အကောင်ကြီးနှယ်” ဟူသော ပထမပိုဒ်၌ ဖြစ်မဆုံးနိုင်ဘူ့ဆိုသည်မှာ-ရုပ်-နာမ် ခန္ဓာတို့ စပ်ဆက်၍ဖြစ်နေ သော သံသရာကြီးတစ်ခွင်၌ အမျိုးမျိုးဇာတ်တွေ လဲ၍ အနဲနဲအဖုံဖုံ ဖြစ်၍နေသော်လည်း မဆုံးနိုင်ဟူ၍ ဆိုလိုသည်။

ထိုစကားမှန်၏၊ ယခုရှိရှိသမျှသော သူသူငါငါ သတ္တဝါ ဟူသမျှတို့သည် ဘယ်ကမ္ဘာကစ၍ ဘယ်တော့ဆုံးလိမ့်မည်ဟု မသိနိုင် ကြကုန်၊ ဖြစ်၍လာခဲ့ပြီးသော ခန္ဓာအစဉ်တွေသည်လည်း အနန္တ အပ္ပမေယျ မဆုံးနိုင်အောင် များလှလေပြီ၊ နောင်အနာဂတ်အတွက် ဘယ်မျှလောက်များလိမ့်မည်၊ ဘယ်လို ဇာတ်တွေထွက်၍ ပြရလိမ့်ဦး မည်ဟူ၍ အဆုံးအဆမရှိ၊ မသိ မထင်နိုင်ကြကုန်၊ ဘယ့်ကြောင့်ဖြစ်၍ မဆုံးနိုင်သနည်းဆိုလျှင် သတ္တဝါတို့သည် ယထာဘူတဉာဏ်ဖြင့် မှန်သောအတိုင်း သစ္စာတရားကို မသိနိုင်ကြကုန်။

* ဒုက္ခ၏အနက်, အချက်လေးပါး တရားမှန်ကို မသိနိုင် ကြကုန်။

* သမုဒယ၏အနက်, အချက်လေးပါး တရားမှန်ကို မသိနိုင်ကြကုန်။

* နိရောဓ၏ အနက်, အချက်လေးပါး တရားမှန်ကို မသိနိုင်ကြကုန်။

* မဂ္ဂ၏အနက်, အချက်လေးပါး တရားမှန်ကို မသိနိုင် ကြကုန်။

ထို့ကြောင့် အဖြစ်မဆုံးနိုင်ဘဲ၊ လုံးလယ်လိုက်၍ နေကြ ကုန်သည်။

အဓိပ္ပါယ် တစ်နည်းအားဖြင့် ပဋိစ္စသမုပ္ပါဒ်တရား အချက်ကို မသိမမြင်ခြင်းကြောင့် ယုံမှားခြင်းအထွေထွေ ဖြစ်ပြီးလျှင် သံသရာ ဝဋ်ဘုံကြီး တစ်ခွင်ဝယ် ခန္ဓာအစဉ်ဆက်လက်၍ အဖြစ် မဆုံးနိုင်ဘဲ အမြစ်မပြတ်နိုင်ဘဲ ရှိကြကုန်သည်၊ ပဋိစ္စသမုပ္ပါဒ် တရားတော်သည် သံသရာစက်ကြီး၏မူလအမြစ် ပင်ကိုယ် တရားကြီးပေတည်း။ ထိုတရား ကြီးဖြစ်ပုံကို မသိမမြင်လျှင် သံသရာစက် ပွေရှုတ်၍ ဝဋ်ဇာတ် မပြုတ် နိုင်ဘဲရှိသည်။

ဥပမာအားဖြင့် သင်္ဘောစက် မီးရထားစက် ယက္ကန်းစက် ရေနံဆီစက် အစရှိသော စက်ရုံတို့၌ ဆင်ထားသောစက်တို့ကို နား မလည်လျှင် ဘယ်နေရာက ဖြုတ်၍ ဘယ်နေရာကတပ်ရမည်၊ ဘယ်ခလုတ်ကိုကိုင်လျှင် ဘယ်စက်လည်၍ ဘယ်စက်ရပ်သည်ဟု မသိသော လူပြိန်းတစ်ယောက်ကို စက်မောင်းခိုင်းသော်၎င်း၊ စက်ရပ်ခိုင်း သော်၎င်း၊ စက်တို့ကိုဖြုတ်၍ ဖျက်ထားလိုက်ရန် စေခိုင်းသော်၎င်း၊ တစ်စုံတစ်ရာမျှ နားမလည်ဘဲ စက်ရုံထဲမှာ စက်သွားဝါးမိ၍ သေရ မည်သာ ဖြစ်သကဲ့သို့၊ ပဋိစ္စသမုပ္ပါဒ် စက် ရဟတ်ဖြစ်ပုံကို အမြစ်နှင့်တကွ နားမလည်ပါလျှင် ဘယ်ခါမှ သံသရာစက်ကို မဖြတ်နိုင်၊ ပဋိစ္စသမုပ္ပါဒ် စက်သွား ၁၂-ရပ်တို့၏ ရွတ်ရွတ်ဝါးမှုကိုသာခံရ၍၊ ဆင်းရဲခြင်းကို ကြုံတွေ့ရမည်သာ ဖြစ်၏။

စက်အမျိုးမျိုးအတတ်ပညာကို နားလည်သော အင်ဂျင် နီယာ ဆရာကြီးကို မီးရထားစက်, မီးသင်္ဘောစက်, စက်ရုံကြီး တို့၌ထားသော စက်တို့ကိုမောင်းနှင်ရန် စေခိုင်းသော်၎င်း၊ စက်တို့ ကိုဖြုတ်ဖျက်ရန် စေခိုင်းသော်၎င်း၊ တစ်စုံတစ်ရာမှ ဝန်လေး ပင်ပန်းခြင်းမရှိဘဲ ရုတ်တရက် ပြီးစီးအောင် ရွက်ဆောင်နိုင်သကဲ့သို့၊ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ ဖြစ်ပုံကို အရင်းမူလနှင့်တကွ ကောင်းစွာသိမြင်လျှင် ထိုပဋိစ္စသမုပ္ပါဒ် စက် ရဟတ်ကြီးကို ဖျက်ခြင်းငှာ စွမ်းနိုင်လေသည်။။ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်တရားကို မထင်မမြင်နိုင်ဘဲ သံသရာစက်ထဲ၌ ဇာတ်လဲ၍ အဖြစ်မဆုံးဟု ဆိုလေသည်။

“ခေတ်သုံး နှောင်ဗွေမှာ” ဆိုသည်ကား- ဇာတိခေတ်, အာဏာခေတ်, ဝိသယခေတ်ဟုဆိုအပ်သော ခေတ်သုံးရပ်ကို နှောင် ဗွေကြီးဟူ၍ ဆိုလိုသည်၊ နှောင်ဗွေဆိုသည်မှာ သတ္တဝါကို မပြေး မထွက်နိုင်အောင် ချည်နှောင်၍ထားသည့် ထောင်ကြီးတွေနှင့် တူသည်ဟုဆိုလိုသည်။။တစ်နည်းအားဖြင့် ကာမဘုံ, ရူပဘုံ အရူပဘုံဟုဆိုအပ်သော ဘုံသုံးပါးကို ခေတ်သုံးပါးဆိုလိုသည်။။ ခေတ်ဆိုသော စကားမှာ ခေတ္တ-ဟူသော ပါဠိဘာသာမှ ဖြစ်သော စကားဖြစ်သည်၊ မျိုးစေ့တို့၏ စိုက်ပျိုးရာလယ်ကို ခေတ်ဟူ၍ဆိုသည်၊ ထို့အတူ သတ္တဝါအမျိုးမျိုးတို့၏ ဖြစ်ပွါးရာ လောကကြီးကို ခေတ်ဟူ၍ ဆိုသည်။။ထိုစကားမှန်၏၊ ဖြစ် ဖြစ်သမျှ သတ္တဝါဟူသမျှတို့သည် ထိုခေတ်သုံးပါး၏ ပြင်ဘက်မှာ ထွက်၍ မဖြစ်နိုင်ကြကုန်၊ ခေတ်သုံးပါးကို မလွန်နိုင်ကြကုန်၊ အကယ်၍ ခေတ်သုံးပါးကို လွန်မြောက်နိုင်လျှင် လောကကြီးမှ ထွက်၍ လောကုတ္တရာဘက်သို့ကူးပြီးလျှင် နိဗ္ဗာန်သို့ ရောက်ကြ လေကုန်သည်။

“ယောင်ပေပေမှောင်မိတဲ့ အကောင်ကြီးနှယ်” ဆို သည်ကား-ပြဆိုအပ်ပြီးသော ခေတ်ကြီးသုံးပါးအတွင်း၌ ယောင် တီး ယောင်န, ပေတီးပေတ, နဝေနဝါနှင့် တောင်မှန်းမသိ မြောက် မှန်းမသိ မှောင်အတိကျနေသော တွင်းထဲမှာမိ၍နေသော သတ္တဝါ ကောင်ကြီး ဆိုလိုသည်။။ ယောင်ပေပေဆိုသော စကားသည် ပမာဒတရားဖြင့် မေ့မေ့လျော့လျော့နေမှုကို ဆိုသည်။ မှောင်ဆိုသည်ကား-အဝိဇ္ဇာမှောင် တိုက်ကြီးကို ဆိုလိုသည်၊ ဆိုလိုရင်းအဓိပ္ပါယ်မှာ ပမာဒတရားဖြင့် ယောင်ပေပေ ပုတ်သင်မေ့မေ့၍ မောဟတိုက်မှာ လှောင်မိသော အမိုက်ကောင် သတ္တဝါကြီး ဆိုလိုသည်။။ယောင်ပေပေနိုင်သော ပမာဒတရားသည် အပ္ပမာဒတရားနှင့် ဆန့်ကျင်ဘက် ဖြစ်၏။

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနောပဒံ။

[ဓမ္မပဒပါဠိတော်]

အပ္ပမာဒေါ=မမေ့မလျော့ခြင်းသည်၊ အမတံပဒံ=အမြိုက် နိဗ္ဗာန်၏အကြောင်းတည်း၊ ပမာဒေါ=ယောင်ပေပေ မေ့လျော့မှုသည်၊ မစ္စုနောပဒံ=သေခြင်း၏အကြောင်း သူသေလောင်းတည်း။။

ဥပမာအားဖြင့် မီးဘေး ကျားဘေး၊ ဆင်ရိုင်းဘေး၊ ဓားပြ ဘေးများနှင့် တွေ့ကြုံနေဆဲအခါ ပုတ်သင်ညိုကဲ့သို့မေ့၍ ယောင် ပေပေနေသောသူသည် မီးဘေးစသည်နှင့်တွေ့၍ သေရမည် သာဖြစ်၏၊ ထို့အတူ သံသရာဘေးကြီး နေ့စဉ်ဖိစီး၍ နေပါလျက် ပုတ်သင်လို ခေါင်းညိမ့်၍ တအိမ့်အိမ့်မေ့မော ယောင်ပေနိုင်သောသူသည် သေမင်း ၏လက်တွင်းက မထွက်မလွတ်ရဘဲ အမြဲအသေကောင် အလောင်း ကောင်ကြီးဖြစ်၍နေ၏။

ပြဆိုအပ်ခဲ့ပြီးသောအတိုင်း မီးဘေးစသည်တို့နှင့် တွေ့ကြုံ လျှင် ယောင်ပေပေ မေ့၍မနေဘဲ ဖြတ်ဖြတ်လတ်လတ် သွက် သွက်လက်လက် သတိထား၍ ရှောင်ရှားလျှင် ဘေးအန္တရာယ်တို့မှ လွတ်ကင်း၍ ချမ်းသာခြင်းကို ရနိုင်သကဲ့သို့ ထို့အတူ သံသရာ ဘေးကြီး ဖိစီးနှိပ်စက်မှုကို တွေးတောမြော်မြင်သဖြင့် ယောင်ပေပေမနေဘဲ မမေ့မလျော့ မပေါ့မတန် မြန်မြန်သုတ်သုတ် အားအင်ထုတ်ကြိုးစားသောသူသည် သေမင်းမမြင်နိုင်သော နိုင်ငံတော်သို့ရောက်၍ ချမ်းသာအမျိုးမျိုးကို အငြိမ်းခံစားရလေ၏၊။ဤကား-ယောင်ပေပေနေမှုနှင့်စပ်၍ ဆိုသောစကားတည်း။

မှောင်ဓာတ်ခေါ်သော မောဟကြီးသည် အလင်းဓာတ် ဖြစ် သော အမောဟနှင့် ဆန့်ကျင်ဖက်ဖြစ်၏၊ ပညာ၏ရန်သူဖြစ်သည်။။ မှောင်တကာတို့တွင် အဝိဇ္ဇာမှောင်သည် အကြီးဆုံးဖြစ်သည်၊ ယခု လောက၌ရှိသော သန်းခေါင်လကွယ် မှောင်ကြီး များမှာ ဓာတ်မီး အလင်းကို ထွန်းလိုက်လျှင် လင်းနိုင်သေး၏၊ အဝိဇ္ဇာမှောင်ကို ဓာတ်မီး ပေါင်း ထောင်သောင်းဖြင့် ထွန်းညှိသော်လည်း အလင်းရောင်မပေါ်နိုင်၊ ထို့ကြောင့် ခေတ်သုံးပါး တည်းဟူသော လောကဓာတ် တိုက်ဘောင် ဌာနကြီးသည် မောဟတည်းဟူသော မိုက်ခြင်းဖြင့် အတင်းမိုက်၍ နေသည် မည်၏။

ပဋိသန္ဓေတည်နေသည်ကစ၍ ကန်းလာသော သူကန်း သည် တစ်စုံတစ်ခုသောဝတ္ထုကိုမျှ မမြင်နိုင်သကဲ့သို့၊ အဝိဇ္ဇာမှောင်မိ၍နေသော သတ္တဝါများသည်လည်း တရားမှန်ကို တစ်ရံတစ်ခါမျှ မမြင်နိုင်ကြ လေကုန်။။ “မျက်စိကန်း တစ္ဆေ မကြောကမျက်စိကန်း တစ္ဆေ မကြောက်” ဆိုသော စကားပုံကဲ့သို့ တရားမှန်ကို မသိနိုင်လျှင် သံသရာဘေးကို မမြင်လျှင် ကြောက်စိတ်မရှိ မကြောက်လျှင် အတင်းပြုချင်ရာကို ပြုနိုင်၏၊ ထိုသို့မောဟမှောင် တိုက်ဖိစီး၍ ပညာမျက်စိကန်းကြကုန်သောကြောင့်သာလျှင် မျက်စိကန်း တစ္ဆေမကြောက်သကဲ့သို့ ဘယ်တစ်စုံတစ်ရာကိုမျှ မကြောက်ဘဲ ဒုစရိုက် ဒုရာဇီဝတို့ကို အားမရဘဲ ပြုနိုင်ကြကုန်သည်။။ ဤကား- မှောင်မိ၍ နေပုံကို ဆိုသောစကားရပ်တည်း။

ပထမပိုဒ် အဖြေပြီး၏။

---

၂။ “အမှားငယ်ပြင်ပြင်၊ အသွားငယ်တွင်၊ ဉာဉ် မသန်းငွေ့၊ စခန်းဖြင့် တွေ့နိုင်ဘူ့” ဆိုသည်ကား- ပြဆိုအပ်ပြီး သော သံသရာဝဋ်ကြီးထဲ၌ တဝဲလည်လည် ကျင်လည်သွားလာ နေရမှုသည် မြတ်စွာဘုရား၏ တရားတော်အလိုအားဖြင့် ဘယ်ခါမှ မှန်သည်ဟူ၍မရှိ တစ်မှားထဲမှား၍ နေကြသည်သာဖြစ်၏၊။ သံသရာကြီးဆိုသည်ကား-“မှားသောသတ္တဝါ ဟူသမျှတို့၏ ကျင် လည်ရာ ဘုံကြီးဖြစ်၏” သံသရာသမား ဆိုလျှင် အမှားကောင် တွေဖြစ်၏၊ ဗြဟ္မာကြီးဖြစ်၍နေသော်လည်း အမှန်မဟုတ် အမှားကောင် ကြီးသာဖြစ်၏၊ မူလဇာတ်ရင်းကပင်လျှင် “အဝိဇ္ဇာနှင့် တဏှာ လောဘ-ဒွေမူလ“တို့ဖြင့် ထူထောင်၍ လာရသည်၊ မှန်သော လောကုတ္တရာတရားများနှင့် ထူထောင်၍ လာရသော သံသရာဇာတ်ကြီး မဟုတ်၊ ညစ်စုတ်နွမ်းနယ် မဖွယ်ရာသော အဝိဇ္ဇာတဏှာတို့ဖြင့် ထူထောင်၍ လာရသော ဇာတ်မှားကြီးသည် ဘယ်တော့ကောင်းနိုင် လိမ့်မည် ဟူ၍ မြော်လင့်ဖွယ် မရှိ၊ ဖြစ်မိ လို့ရှိသောကြောင့်သာ သံသရာ ဇာတ်ကြီးမှာ ကောင်းသည် သုခရှိသည် ချမ်းသာသည်ဟူ၍ စိတ်ပြေ လက်ပြေပြောဆို မှတ်ထင်ကြရသည်။။ဤနေရာ၌ သံသရာဇာတ် တည်လွဲ၍ မူလကတဲက မှားပုံကို ဥဒါဟရုဏ် ဝတ္ထုတစ်ခု ထုတ်ပြဦးအံ့။ ပဉ္စမသင်္ဂါယနာတင် ဘုရင်မင်းတုန်းမင်းတရားကြီး လက်ထက် ဇာတ်ရုပ်သေး သဘင်သည်တို့ကို အုပ်ချုပ်ရသော- သဘင်ဝန်ကြီး ဦးသော် ဆိုသူသည် ဇာတ်ထိုးပုံ- ဇာတ်သွားပုံများ၌ အလွန်နည်းကောင်း လှ၏၊ စာရေးလင်္ကာရေးများလည်း ကောင်းလှ၏၊ နန်းတော်၌သာ အမြဲက,ပြရ၏၊ က,ပြတိုင်းလည်း ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီး စသော နန်းသူ-နန်းသားတို့ ကြိုက်နှစ်သက်ကြလေအောင် မင်္ဂလာ ရှိသော ဇာတ်များကိုသာ ကပြရ၏၊။ ဘုရင်မင်းမြတ် မနှစ်သက်သော ဇာတ်သွား ဇာတ်လာများကို ပြမိသော်၎င်း၊ ပွဲဦးထွက်စအခါက က,ပြသော အရုပ်၏ ချွတ်ယွင်းစွာဖြစ်၍ မင်္ဂလာမရှိခဲ့သော်၎င်း၊ ဘုရင်မင်းမြတ် နှစ်သက်တော်မမူ၍ ရာဇဝတ်ပြစ်ဒဏ်များကို ပေးတတ်သော အလေ့ရှိ၏။

တစ်ရံရောအခါ မင်းညီ မင်းသားအစုံနှင့် ဘုရင်မင်းမြတ် ကြည့်ရှုတော်မူသော မင်းပွဲသဘင်ကြီးတွင် ဇာတ်ပြရာ ပထမပွဲဦး ထွက်လာသော နတ်ကတော်ရုပ်သည် ကြိုးမခိုင်သဖြင့် ခေါင်းပြတ်၍ ကျလေ၏၊ ပွဲဦးထွက်တွင် အရုပ်ခေါင်းပြတ်၍ ကျမှုသည်လည်း နန်း တွင်း၌ က,ပြသော စင်တော်ကြီးများမှာ အမင်္ဂလာကြီးတစ်ခု ဖြစ်၏၊ ။ အရုပ်ခေါင်း ပြတ်ကျသွားသည်ကို ဘုရင်မင်းမြတ် မြင်တော်မူလေလျှင် စိတ်နှလုံးမသက်သာဘဲ ရာဇဝတ်ပြစ်ဒဏ်ပေးရန် ကြံစည်တော်မူလေ၏။

နတ်ကတော်ရုပ် ခေါင်းပြတ်ကျသည်ကို ဇာတ်သားတစ်စု တို့ တွေ့သိလေလျှင် ရာဇဝတ်ပြစ်ဒဏ်ဖြစ်မည်ကို အလန့်တကြား အား ကြီးစွာ ကြောက်လန့်တုန်လှုပ်ကြသဖြင့် သဘင်ဝန်ဦးသော် အထံသို့ ကပ်ပြီးလျှင် အကြောင်းမျိုးစုံကို ပြောကြားကြကုန်၏။

ထိုအခါ သဘင်ဝန်ဦးသော်သည် ရုတ်တရက် ဉာဏ်ပေါ် ပြီးလျှင် နတ်ကတော် ခေါင်းပြတ်ကို ပြန်၍မဆက်စေဘဲ ရာဇဝတ် မှုပြစ်မှလည်း လွတ်ကင်းအောင် အိမ့်တလိမ့်စုန်းမဇာတ်ကို ရုတ်တရက် ထိုးလေ၏၊ နတ်ကတော်ရုပ်သည် နတ်ကတော် စကားကို မပြောဘဲ အိမ့်တလိမ့် စုန်းမစကားကို ပြောဆိုလေ၏၊ အိမ့်တလိမ့် စုန်းမျိုးသည်ကားခေါင်းပြတ်သောအတတ်ကို တတ်သော စုန်းမမျိုးပေတည်း။

ပထမပွဲဦးကစ၍ နံနက်လင်းသည်တိုင်အောင် သဘင်ဝန် ဦးသော်လည်း ဒဏ္ဍာရီဖြစ်သော အိမ့်တလိမ့်စုန်းဇာတ်ကို ညတွင်းချင်း က,ပြရင်း ရေးပြီးလျှင် ချောမောစွာ က,ပြစေ၏၊။ မိမိတို့ က,ပြရန် ရည်မှန်းထားသော- ရာမ-အီနောင် ဇာတ်သွားကို မပြရဘဲ ပထမ လက်ဦးမှားလေသည်က အစွဲပြု၍ အိမ့်တလိမ့်စုန်း ဇာတ်မှားကြီးကိုသာ အတွင်မှိတ်၍ က,ပြရလေသည်။။ ဘုရင်မင်းမြတ်သည်လည်း သူ့ဇာတ် ကြောင်းအားလျော်စွာ ခေါင်းပြတ်သောကြောင့် ရာဇဝတ်ပြစ်မှုမပေးဘဲ ဇာတ်ပြပုံ ထူးဆန်းပေသည်ဟု ဆုလာဘ်များကိုသာ ပေးတော်မူရလေ သည်။

ဤအိမ့်တလိမ့်စုန်းမဇာတ်ကြောင်း ဇာတ်သွားကဲ့သို့ သံသရာ ဇာတ်သမားတို့သည်လည်း မူလပထမရင်းကပင် အဝိဇ္ဇာနှင့် တဏှာ ထူထောင်အပ်သော ဇာတ်မှားကြီးကို စ,မိကြကုန်သော ကြောင့် မိမိတို့ ဇာတ်ကို မှန်သည်ဟူ၍၎င်း, မမှန်သည် ဟူ၍၎င်း, မစီစစ်နိုင်ကြကုန်ဘဲ အနဲနဲဇာတ်မှားတွေကို ထွက်၍နေကြကုန်သည်။။ သံသရာ ဇာတ်ခွင်ကြီး တစ်ခုလုံး၌ အထည်ခံ အမာခံပြုလုပ်၍နေကြကုန်သော ရုပ်ခန္ဓာ-နာမ်ခန္ဓာတို့သည်လည်း မှန်သည် ဟူ၍မရှိ အမှားတရား တို့သာဖြစ်ကုန်၏၊ အမှားတွေကို ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာပြုကြကုန်သော သံသရာဇာတ်သမား သတ္တဝါများတို့သည်လည်း အမှားတွေသာ ဖြစ်ကြကုန်၏။

နိဗ္ဗာန်တရားကို မရသမျှတွင် ဘယ်ကာလမှ မှန်သည် ဟူ၍ မရှိကြလေကုန်။။ ယခုရရှိသော ဒုက္ခဇာတ် အမှားဇာတ် ကြီးကိုသိမ်း၍ ခန္ဓာဝန်ငြိမ်းမှသာလျှင် ဇာတ်မှန်သို့ရောက်နိုင်ကြကုန်သည်၊ ထိုသို့ ဇာတ်သိမ်းမှုကိုပင် နိဗ္ဗာန်ဟူ၍ ဆိုရလေသည်။။ ပြဆိုအပ်ပြီးသော အတိုင်း အမှားပြင်ပြင်ကြီးနှင့်သာလျှင် တွင်တွင်ကြီး သံသရာစခန်း၌ ပင်ပန်းသော်လည်း ပင်ပန်းမှန်း မသိဘဲ တစ်သွားထဲသွား နေကြကုန် သည်။ ထိုသို့သွားလေသမျှ သံသရာခရီးတွင်လေသမျှကာလပတ်လုံး မိမိတို့ အားကိုးလောက် သော ချမ်းသာစခန်းကြီးနှင့် ဘယ်တော့မှ မတွေ့ဘူးကြကုန်၊ ထို့ကြောင့် မှန်မှန်ကန်ကန်ဖြစ်သော သစ္စာဉာဏ် အချက်ကို လျှပ်တစ်ပြက်လောက်မျှ သိမြင်သောအားဖြင့် မကြုံကြိုက်ဘူး ကြကုန်၊ ထို့ကြောင့် “အမှားငယ်ပြင်ပြင် အသွားငယ်တွင်၊ ဉာဉ် မသန်းငွေ့၊ စခန်းဖြင့် တွေ့ပြီဘူး့” ဟူ၍ဆိုသည်။

“ဉာဉ်” ဆိုသည်ကား- ဝိညာဏကို ဝိညာဉ်ဆိုဘိသကဲ့သို့ ဉာဏကို ဉာဉ်ဟုဆိုသည်- သိမြင်မှုကိုဆိုလိုသည်။။ ထိုသိမြင်မှု သည်ကား- သစ္စာလေးချက် သဘောနက်တို့၌ ကွက်ကွက်ကွင်း ကွင်း ထင်လင်းမှုပေတည်း၊ ထိုထင်လင်းစွာ သိမြင်မှုကို သံသရာ အမှား နယ်ကြီး၌ တစ်ရံတစ်ခါမျှ မတွေ့ မကြုံစဘူးကြကုန်၊ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ ခေတ်ကောင်း စခန်းကောင်းကြီးနှင့် မတွေ့မကြုံစဘူးကြဘဲ စခန်းတွေ ဖောက်လွဲ ဖောက်ပြန်ဖြစ်၍နေသည်ဟု ဆိုလိုသည်။

ထိုစကားမှန်၏၊ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘခေတ်ကြီး စခန်းထောက်ကြီးနှင့် တွေ့ကြုံမှသာလျှင် သစ္စာလေးပါးတို့၌ ပေါက်ရောက်သော ဉာဏ်ကို ရနိုင်ကြကုန်သည်၊ ဗုဒ္ဓုပ္ပါဒခေတ်ကောင်းနှင့် မကြုံ ကြိုက်ကြပါလျှင် သစ္စာလေးပါး၌ အသိဉာဏ် ပေါက်ခွင့်ကို မရနိုင် ကြကုန်၊ ထိုဗုဒ္ဓုပ္ပါဒ ခေတ်ကောင်းကြီးကိုလည်း လွန်စွာကြုံကြိုက် နိုင်ခဲသည်၊ ထိုဗုဒ္ဓုပ္ပါဒကို ဒုလ္လဘကြီးတစ်ခု ဆိုရသည်။ ဗုဒ္ဓုပ္ပါဒစခန်းနှင့် တစ်လွဲထဲလွဲ၍သာ လာကြကုန်သောကြောင့်သာလျှင် ယခုတိုင်အောင် အမှားကောင် တွေဖြစ်၍ နစ်မြဲနစ်-မျောမြဲမျော သံသရာတစ်ကြောမှာ တပေါလော လောကြီး နေကြကုန်သည်။

ဗုဒ္ဓုပ္ပါဒ စခန်းကြီးတွေနှင့် လွဲလာပုံကို ဥပမာဖြင့် ပြဆိုဦးအံ့။ ဧရာဝတီ အထက်မြစ်ညာဖြစ်သော ဗန်းမော်မြို့မှ ကုန်စည် အမျိုးမျိုးကို တင်ဆောင်၍ ရန်ကုန်သို့ရောင်းချရန် ပိန်းကော လှေကြီးတစ်စင်းနှင့် ကုန်သည်ဖျင်း တစ်ယောက်သည် စုံ၍လာ သတတ်၊ ထိုကုန်သည်သည် ရေမှု၌လည်း နားမလည်၊ လှေပဲ့မှု, လှေခတ်မှု, ထိုးဝါးထိုးမှုများ၌လည်း နားမလည် ရေစီး ရေဆန်, ရေဝဲ, ရေတိမ်, စည်းတိမ်, သောင်စ, သဲပွက်, ဝဲမှော် များကိုလည်း မသိဘဲရှိ၏၊ ထိုကုန်သည် ယောကျ်ားသည် နားမလည်သော လှေသားတို့ကို ငှါးရမ်း၍ ဗန်းမော်မြို့မှ စုံလာ၏။

လမ်းစဉ်တစ်လျောက်မှာရှိသော ကသာမြို့, ရွှေကူမြို့, ကျောက် မြောင်းမြို့, မန္တလေးမြို့စသည်များသို့လည်း ဝင်ရောက်၍ ရောင်းချ သင့်သောကုန်ကို ရောင်းချပြီးလျှင် ဝယ်ယူသင့်သော ကုန်များကို ဝယ်ယူရန် အကြံရှိ၏၊။ မိမိဆိုက်ရပ်လိုသော မြို့နားသို့နီးကပ်သဖြင့် ဆိုက်ရပ်မည်ပြုရာ ရေမှု၌နားမလည် လှေပဲ့မှု၌လည်း နားမလည် သောကြောင့် အလိုရှိသောမြို့၌ မဆိုက်နိုင်ဘဲ လွဲချော်၍ စုံရပြန်၏၊ ။ အချို့ မြို့နားသို့ ရောက်ရာ ဝဲတွေ, သောင်တွေ, ရေစီး, ရေမှော်တွေ များလှသဖြင့် မဆိုက် ကပ်နိုင်ဘဲ လွဲ၍စုံရပြန်၏၊ အချို့မြို့ရွာများသို့လည်း ညဉ့် အခါရောက်၍ မှောင်မိုက်သဖြင့် ရောက်မှန်းမသိဘဲ လွှဲ၍ မျော ပြန်၏။

မန္တလေးမြို့ကြီးမှာ မဆိုက်ကပ်နိုင်ဘဲ လွဲသွားပြန်သဖြင့် အောက် ၌ရှိသော မြင်းခြံ, ပခုက္ကူ, ညောင်ဦး, စလေ, ရေနံချောင်း, မင်းဘူးစသော မြို့ကြီးများသို့ ဝင်ရောက်ဆိုက်ကပ်မည် ကြံပါ သော်လည်း ယခင်ကနည်း အတိုင်းပင် အမျိုးမျိုးသော လွဲချော်မှု တွေနှင့်ကြုံ၍ မဆိုက်ကပ်နိုင်ဘဲ လွဲမြဲလွဲ၍စုံရပြန်၏။

ဟင်္သာတမြို့၏အောက်သို့ ကျရောက်သောကာလ ချောင်း ပေါက်တွေလည်း အထွေထွေအလွန်များပြားသည်က တစ်ကြောင်း, သင်္ဘောကြီး ငယ်နှင့် တုန်ကင်းတို့၏ အသွားအလာ အလွန်များပြားရှုပ်ပွေ သည်က တစ်ကြောင်း, အညာက လှေသူကြီးဖြစ်၍ ရေတက်ရေကျ နားမလည်သည်က တစ်ကြောင်း, ဤအကြောင်းများကြောင့် ထိုလှေ သူကြီး ကုန်သည်ယောကျ်ားသည် မိမိရည်ရွယ်ရင်းအတိုင်း ရန်ကုန်မြို့သို့ မရောက်ဘဲ ဒီရေအကျ ပင်လယ်ဝသို့ မျောပါ၍ လှိုင်းလေမိပြီးလျှင် ပျက်စီးခြင်းကြီးသို့သာ ရောက်ရလေတော့၏။

ဤလှေသူကြီးပုံကဲ့သို့ သူငါကအစ ရှိရှိသမျှ ပုပုရွရွ သတ္တဝါ အနန္တတို့သည် အစမထင်သော သံသရာရေကြော အပြင်ဝယ် အစဉ် မပြတ်မျောပါ၍လာကြရာ ဗုဒ္ဓုပ္ပါဒစခန်း ကောင်းကြီးတွေနှင့် လွဲချော် တိမ်းပါး၍သာ လာကြကုန်၏၊ ယခုတိုင်အောင် စခန်းကောင်းကို မတွေ့ရကုန်သေး။

လွဲချော်၍ လာကြပုံကား

* “ရံခါရံဖန်” မြတ်စွာဘုရားတစ်ဆူ ပွင့်တော်မူ နေစဉ် အပါယ်လေးပါးမှာ အဟိတ်ပုဂ္ဂိုလ်ဖြစ်၍ လွဲချော်ကြ ရသည်။

* “ရံခါရံဖန်” မိစ္ဆာဒိဋ္ဌိလူမျိုးဖြစ်၍ ဘုရားကို ပြစ်မှား လျက် လွဲချော်ကြရသည်၊

* “ရံခါရံဖန်” နာမ်မရှိသော အသညသတ် ဗြဟ္မာကြီး ဖြစ်၍ လွဲချော်ကြရသည်၊

* “ရံခါရံဖန်” ရုပ်-မရှိသော အရူပဗြဟ္မာကြီး ဖြစ်၍လွဲ ချော်ကြရသည်၊

* “ရံခါရံဖန်” ဇမ္ဗူဒီပါကျွန်းနှင့်ဝေးသော စကြဝဠာ တစ်ပါးမှာဖြစ်၍ လွဲချော်ကြရသည်၊

* “ရံခါရံဖန်“ဒေဝဒတ်, စိဉ္စမာဏ, မာဂဏ္ဍီတို့ကဲ့သို့ ဘုရား၏ ရန်သူကြီးတွေဖြစ်၍ လွဲချော် ကြရသည်။

* “ရံခါရံဖန်” မြတ်စွာဘုရားနှင့်တွေ့ကြုံ၍ နှီးနှီး ရင်းရင်း ဖြစ်ရပါသော်လည်း မေ့မေ့လျော့လျော့ နေမိ ခြင်း ကာမဂုဏ်နောက်သို့ လိုက်စားအားကြီးမိခြင်း များကြောင့် လွဲချော်ရပြန်သည်။

[ကောသလမင်းကြီး စသည်ကို ထောက်လေ။]

ဤသို့စသည်ဖြင့် အမျိုးမျိုးသော လွဲချော်မှုတွေနှင့်သာ တွေ့ကြုံလာရသည့်အတွက်ကြောင့် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြ ကုန်သော ဘုရားရှင်တို့၏ သာသနာတော်စခန်းကောင်းကြီးများနှင့် မကြုံကြိုက်ရဘဲ အကျွတ်တရား မရလိုက်ဘဲ လွဲနိုင်အောင်လွဲ၍ လာကြကုန်သည်။

ယခုအခါ ဗုဒ္ဓဘာသာတိုင်းလိုပင် မြှော်လင့်အားကိုးချက် ကိုယ်စီနှင့် ဆုတောင်းတတ်ကြသည်မှာ မကြာမှီ ပွင့်တော်မူ လတ္တံ့သော အရိမေတ္တေယျ ဘုရားလက်ထက်တော်တွင် လက်ဦးစွာဖူးတွေ့ရ၍ နိဗ္ဗာန်ရလိုကြောင်းနှင့် ကုသိုလ်ပြုတိုင်းပင် ဆုတောင်းတတ်ကြကုန်၏၊ နှုတ်ဖြင့်ဆုတောင်းချက် အတိုင်း မြောက်မမြောက် စဉ်းစားဆင်ခြင်ရန်မှာ လွန်လေပြီးသော အနန္တအသင်္ချေယျ ဘုရားတွေကိုပင် ရှောင်နိုင်အောင် လက်လွတ် ရှောင်ရှားကြ၍ လူစွမ်းကောင်းကြီးတွေ လုပ်ခဲ့ကြဘူးသည့် အချက်နှင့်တွေးလျှင် အရိမေတ္တေယျ ဘုရားကိုယ်တော် တစ်ဆူမှာ မူလက်ဦးဖူးတွေ့ရ၍ အကျွတ်တရားရရန်အချက်သည် သက်သက် ခဲယဉ်းလှသော အချက်ကြီးတစ်ခု ဖြစ်ချေသည်၊ အကယ်၍ ဆုတောင်း ကြသောသူတိုင်းပင် “ဆုတောင်းချက်” ပြည့်စုံကြပါ မူကား သူ့ထက်ငါ ရှေးဦးစွာ ဖူးလိုသောသူ များသည့်အတွက် အရိမေတ္တယျဘုရား ကိုယ် တော်ကြီးသည်ပင် ရှေးဦးစွာ အဖူးခံတော်မူရန် တော်တော်ပင် ခက်ခဲတော်မူရှာလိမ့်မည်။

စင်စစ်လိုရင်းမှာမူကား ယခုလက်တွေ့ဖြစ်၍နေသော သာသနာ တော်ကြီး အထင်အရှားရှိနေပါလျက် စခန်းထောက် တစ်ဆင့်ရွေ့၍ နောက်ဘုရားကို မျှော်လင့်ရန်မလို၊ ယခုမြတ်စွာဘုရားဟောကြားတော် မူသော ဒေသနာတော် တစ်လျောက်မှာလည်း အရဟတ္တဖိုလ်သို့ ပေါက်ရောက်အောင်လုပ်နည်းကိုင်နည်း အမျိုးမျိုးတို့သည် အထင် အရှားပင် ရှိကုန်၏၊ နည်းလမ်းမစုံ၍ အားမထုတ်ချင်ဘူးဟူ၍ ဆင်ခြေ တက်ဖွယ်မရှိ၊ ပျင်းရိသောအတွက် ကာမဂုဏ်ထောင်ထဲမှ မထွက်နိုင် သည့်အတွက်နှင့် ဆင်ခြေကန်လျှင်သာ ကန်ဘို့ရှိသည်။

သူတော်ကောင်းတို့၏ တရားတော်ထွန်းကားရာဖြစ်သော ဗုဒ္ဓုပ္ပါဒ-သဒ္ဓမ္မ စခန်းကောင်းကြီးကို လွဲချော်ခဲ့လျှင် နောင်ထိုကဲ့သို့သော စခန်းကောင်း ခေတ်ကောင်းနှင့် မတွေ့နိုင်ဘဲ ဆင်းရဲကြီးစွာ စိုးရိမ်ရ တတ်ကြောင်းနှင့် ဧကနိပါတ်ဇာတ်တော်တွင် သေရိဝဇာတ်ကိုလည်း ဟောကြားတော်မူသည်။

သေရိဝဇာတ်၏ အဓိပ္ပါယ်အကျဉ်းမှာ

သေရိဝဇာတ်၏ အဓိပ္ပါယ်အကျဉ်းမှာ။။ ရှေးအခါ မြတ်စွာဘုရား အလောင်းသည် ရွဲကုန်သည်ကြီး ဖြစ်တော်မူ၏၊ ဒေဝဒတ် အလောင်းသည်လည်း ဘုရားအလောင်းနှင့်အတူတူ ရွဲကုန်သည်ပင် ဖြစ်၏၊ အမည်မှာ သေရိဝမည်၏၊ အရိဋ္ဌမြို့တွင် လှည့်လည်၍ ရွဲရောင်း ကြရာ စည်းစိမ်ပျက်စီး၍ ဆင်းရဲစွာသော မုဆိုးမ မြေးအဖွားအိမ်သို့ ဒေဝဒတ်အလောင်း ရွဲကုန်သည် ယောကျ်ားသည် ရှေးဦးစွာရောက် လေ၏။

ထိုမုဆိုးမ မြေးအဖွားအိမ်တွင် အဘိုးတစ်သိန်း ထိုက်တန်သော ရွှေဖလားကြီးတစ်လုံးရှိ၏၊ ထိုရွှေဖလားမှာ- အညစ်အကြေး မြူတင်၍နေ သဖြင့် ရွှေဖလားမှန်းမသိဘဲ ကြေးဖလားဟု မုဆိုးမ မြေးအဖွား ထင်မှတ်မှားရှာကြ၏၊ မုဆိုးမ၏မြေးသည် ရွဲကုန် သည်လာရောက်ရာ ရောင်းလာသောရွဲများကို ဝတ်ဆင်လိုသဖြင့် အဖွားကိုဝယ်ပေးရန် အတန်တန်ပူဆာ၏၊ အဖွားကလည်း ဆင်းရဲလှ၍ ဝယ်စရာငွေမရှိသဖြင့် မဝယ်နိုင်ကြောင်းကို ချော့မော့ ကာပြောဆို၏၊။ သို့ရာတွင် မြေးငယ် သည် မဆင်ခြင်နိုင်သော အရွယ်ဖြစ်၍ အတင်းပူဆာ၏၊။ ထိုအခါ အဖွားသည် ရွဲ ဝယ်စရာငွေမရှိ အိမ်မှာရှိနေသော ကြေးဖလားအိုနှင့်ရွဲကို လဲ လှယ်အံ့ဟု ကြံပြီးလျှင် ရွှေဖလားကြီးကို အိမ်ထဲကထုတ်လာ၏။

ဒေဝဒတ်အလောင်းကမြင်လျှင် ကုန်သည်လူပါးဖြစ်၍ ရွှေဖလား ကြီးမှန်း သိ၏၊။ မုဆိုးမကြီးက ဤဖလားနှင့် ရွဲတစ်ကုံးကို လဲလှယ်ပါဟု တောင်းတောင်းပန်ပန်ဆိုလျှင် ကောက်ကျစ်သော ဒေဝဒတ်အလောင်း ရွဲကုန်သည်သည် ခင်ဗျား၏ ကြေးဖလားအိုကြီးနှင့် ရွဲတစ်ကုံးမပေးနိုင်ဟု မြေမှာပစ်ချ၍ စျေးကိုင်ဟန် ပြုလုပ်ကာနေ၏၊ ထိုရွှေဖလားကြီးကိုလည်း နှလုံးတွင်းက လှိုက်၍ပင် လိုချင်သော လောဘဇောသည် အလုံးတက်၍ နေ၏၊ သို့ရာတွင် မတန်ရည်-တန်ရည်နှင့် အလကားလိုလိုသာရအောင် အကြံဆိုးဖြင့် ကြံနေ၏။

မုဆိုးမကြီးသည် ရွဲတစ်ကုံးမှ မရလျှင် မဝတ်ဆင်လောက်သဖြင့် မလဲခြင်လျှင်နေပါတော့ဟု အားလျှော့၍ မဝယ်ဘဲ နေလေ၏၊။ ဒေဝဒတ်အလောင်းသည် ယခုတစ်ခေါက် မဝယ်သော်လည်း နောက် တစ်ခေါက် လှည့်၍လာက ရွဲကလေးတစ်လုံး နှစ်လုံးလောက်ပေးလျှင် ဝယ်လိမ့်မည်ဟု အတွင်းကြိတ် ကြံပြီးမှ ကုန်သည်တို့၏ ဟန်ကိုလုပ်၍ ထိုအိမ်မှ ခွါဆုတ်ခဲ့လေ၏။

ထိုအခါ ဘုရားအလောင်း ရွဲကုန်သည်လည်း အိမ်စဉ်အတိုင်း လည်၍ရောင်းလာရာ ယခင်မုဆိုးမကြီးအိမ်သို့ ရောက်လာ၏၊

မုဆိုးမ မြေးအဖွားတို့လည်း ပဌမလာသော ရွဲကုန်သည်နှင့် စျေးမတဲ့သဖြင့် ဒုတိယလာသော အလောင်းတော် ရွဲကုန်သည်ကို ခေါ်ပြီးလျှင် ယခင်က ရွှေဖလားကြီးကိုပြ၍ ရွဲတစ်ကုံးနှင့်လဲလှယ်ပါဟု တောင်းတောင်းပန်ပန် ဆိုပြန်ရာ အလောင်းတော်သည် ရွှေဖလားမှန်း သိသဖြင့် စိတ်နေစိတ်ထားကောင်းသူ ဖြစ်၍ ဤသို့ဆို၏။

အို----မိခင် ဤဖလားသည် အဖိုးများစွာ ထိုက်တန်သော ရွှေဖလားဖြစ်ပါသည်၊ ရွဲတစ်ကုံးကို မဆိုထားဘိ ကျွန်ုပ်မှာ ပါရှိသော ရွဲတွေကို အကုန်ပေးသော်လည်း ခင်ဗျား၏ ရွှေဖလား ဖိုးလောက် မရှိပါ၊ အလိုရှိသလောက်သာယူပါတော့-ဟု မှန်သောအတိုင်း ဖွင့်ပြောလေ၏၊ မုဆိုးမ အမယ်ကြီးလည်း ရွဲအတော်များများရလျှင်ပင် ဝမ်းသာလှသဖြင့် အလိုရှိသမျှ ရွဲများနှင့်ပါလာသော အသပြာငါးရာတို့ကို ယူပြီးလျှင် ရွှေဖလားကို ဘုရားအလောင်းအား ပေးလိုက်လေ၏။

ဒေဝဒတ်အလောင်းသည် အတော်သွားမိလျှင် အခြား သော ရွဲကုန်သည်များနှင့် စျေးတဲ့သွားမည်ကို စိုးရိမ်သောကြောင့် ယခင် မုဆိုးမကြီး အိမ်သို့ ပြန်လာ၏၊။ ခင်ဗျားအလိုရှိသောအတိုင်း ရောင်းပါတော့မည် ယခင်က ဖလားကိုသာ ထုတ်ခဲ့ပါတော့၊ ခင်ဗျား မြေးငယ်ကလေးကို သနားသည့်အတွက်နှင့် သက်သက်အနာခံ၍ လဲရတော့မည်ဟု ပြောဆိုရာ မုဆိုးမကြီးက

အို----အမောင် ရွဲကုန်သည် အမောင်က စျေးကိုင်လှသဖြင့် မလဲလှယ်သောကြောင့် ယခုတင်ကပင် ရွဲကုန်သည် တစ်ယောက်လာ၍ ဖလားနှင့် ရွဲ-လဲလိုက်ပြီ၊ အမေကြီးတို့ အလိုရှိသလောက် ရွဲကုံးတွေမက အသပြာငါးရာတောင် ရလိုက်ပါ၏၊ အမောင် “နောက်ကျပြီ” သွားပါလေ တော့-ဟုဆို၍ အိမ်က မောင်းနှင်လိုက်၏။

ထိုအခါမှ ဒေဝဒတ်အလောင်းသည် နောင်တကြီးစွာရ၍ မှားခြင်းကြီး မှားလေစွ၊ ပဌမငါနှင့် စျေးတဲ့လောက်လျက်သားနှင့် သကောင့်သား ရွဲကုန်သည် တစ်ယောက်အတွက်ကြောင့် ငါမရဘဲ ရွှေဖလားလာဘ်ကြီး လွဲလေပြီဟု လွန်စွာပူဆွေးခြင်းကြီးဖြစ်ရ၏၊ ဘုရားအလောင်း ရွဲကုန်သည်ကိုလည်း ကြီးစွာရန်ညိုးထားလေ၏၊ ထိုအခါကစ၍လာခဲ့သော ရန်ညိုးသည် အန္တိမဘဝိက ဘုရားဖြစ်သည် တိုင်အောင် ဘဝတိုင်းလိုက်ပါ၍ ဘုရားနှင့်ရန်သူကြီး ဖြစ်လေ၏၊ နောက်ဆုံးမှာ ရွဲကုန်သည်ဘဝက လက်စသည် ဒေဝဒတ်မှာသတ္တုကျ၍ သံဃာ့ဘေဒက ကံကြီးထိုက်ပြီးလျှင် ယခုအခါ အဝီစိငရဲမှာ ကြီးကျယ် နစ်နာစွာ ခံရလေ၏။

ဤဇာတ်၌ ဒေဝဒတ်အလောင်း သေရိဝမည်သော ရွဲကုန် သည်သည် ရွှေဖလားတည်းဟူသော လာဘ်မှလွဲ၍ ဆင်းရဲစွာ စိုးရိမ် ပူဆွေးရလေဘိသကဲ့သို့ သာသနာတော်ခေတ်ခါ သဒ္ဓမ္မဒေသနာ စခန်းကောင်းကြီးနှင့်တွေ့ပါလျက် ကုန်သည်ဖျင်းကဲ့သို့ ဟန်လုပ်၍ လွဲချော်ပါလျှင် ကြာမြင့်စွာပင်ပန်းလျက် သံသရာ စခန်းဝယ် တပန်း ဟိုက်ဟိုက် နေရမည်အကြောင်းနှင့် အောက်၌ပါသော ဂါထာကို ဟောတော်မူ၏။

ဣဓ စေ နံ ဝိရာဓေတိ၊
သဒ္ဓမ္မဿ နိယာမတံ။
စိရံ တွံ အနုတပ္ပေဿတိ၊
သေရိဝါယံဝ ဝါဏိဇ္ဇော။

အနက်ကား--ပထဗျာ=မြေအပြင်၌၊ ဧကရဇ္ဇေန=ဧကရာဇ် မင်းကြီး၏ စည်းစိမ်ထက်၎င်း၊ သဂ္ဂဿ ဂမနေ ဝါ=နတ်ပြည် ဗြဟ္မာပြည်သို့ လားရလေသည်ထက်၎င်း၊ သဗ္ဗလောကာ ဓိပစ္စေန=အလုံးစုံသော လောကဓာတ် စကြဝဠာကမ္ဘာ အနန္တရှိရှိ သမျှတွေကို ပိုင်နိုင်အစိုးရခြင်း ထက်၎င်း၊ သောတာပတ္တိဖလံ=သောတာပတ္တိမဂ်၏အကျိုးသည်၊ ဝရံ=မြတ်လှစွာ၏။

သက္ကာယဒိဋ္ဌိတန်းလန်းနှင့် စခန်းကောင်းမတွေ့သမျှတွင် ဧကရာဇ် မင်းကြီး, မန္ဓာတ်မင်းကြီးဖြစ်သော်၎င်း၊ နတ်ပြည် ဗြဟ္မာပြည်၌ နတ်မင်းကြီး, ဗြဟ္မာမင်းကြီးဖြစ်သော်၎င်း၊ စိတ်ချရသည် မဟုတ်သေး အပါယ်ဘေးတန်းလန်းရှိသေးသည်၊ ထို့ကြောင့် အပါယ်ဘေးအတွက်နှင့် သက်သက်စိုးရိမ် ကြောက်လန့်ဖွယ် မရှိသော ပထမမဂ်ကို ထွတ်မြတ် သည်ဟူ၍ ဆိုရလေသည်။။ ဤကား “အမှားငယ်ပြင်ပြင်၊ အသွား ငယ်တွင်၊ ဉာဉ်မသန်းငွေ့ စခန်းဖြင့် တွေ့ပြီဘူ့' ဆိုသောဝါကျ၏ အဓိပ္ပါယ်ပေတည်း။

“တဝေ့လည်လည်၊ ပါယ်ငရဲမှာ၊ ထယ်လဲသာ စည်တော့” ဆိုသည်ကား- သံသရာအပြင်မှာ အမှားသက်သက်အားဖြင့် ကျင် လည်ကြကုန်သော သတ္တဝါတို့သည် များသောအားဖြင့် အပါယ်ဘုံတို့၌ သာ အသွင်အပြင် အထည်သဏ္ဌာန် အမျိုးမျိုးလဲပြီးလျှင် တဝဲဝဲလည် လည်ဖြစ်၍ နေရသည်ဟု ဆိုလိုသည်။

ထိုစကား-မှန်၏၊ သတ္တဝါတို့၏ စိတ်ဓာတ်သည် မကောင်း မှု၌သာလျှင် မွေ့လျော်ခြင်းရှိ၏၊ ကုသိုလ်ကောင်းမှု၌ မွေ့လျော်စေရန် လွန်စွာခဲယဉ်းလှ၏၊ မကောင်းမှု၌ မွေ့လျော်သည်ဟု ဆိုသော စကားသည် အခြားမဟုတ် မကောင်းမှုကိုပြုချင်သည်၊ မကောင်းမှုကို ပြုနေရလျှင် ပျင်းရိခြင်းမရှိ အလွန်ပျော်ပါးသည်၊ မကောင်းမှုပြုရန် အချက်ကိုသာ ချောင်း၍နေသည်ဟူ၍ ဆိုလိုသည်၊ မကောင်းမှုတွေကို ပြုလျှင်လည်း အပါယ်ဘုံ ဘဝများကို သွားရန်မခဲယဉ်းဘဲ လွန်စွာပင် လွယ်ကူတော့သည် ဖြစ်၏၊ အပါယ် ဘုံ၌ ဖြစ်ရမည်ဆိုလျှင် ဝန်မလေး လျင်လျင်မြန်မြန် ဖြစ်နိုင်၏၊ အပါယ်ဘုံဆီသို့သာ မျက်နှာမူ၍နေ၏။

ထို့ကြောင့် သတ္တဝါတို့သည် အပါယ်လေးပါး၌သာလျှင် အဖြစ် များကြကုန်သည်၊ အပါယ်ဘုံသို့သာ ဝေ့လည်ဝေ့လည်နှင့် ဦးခေါင်း စိုက်လျက်နေကြကုန်သည်၊ အပါယ်ဘုံ၌ သတ္တဝါတို့ အဖြစ်များပုံတို့ကို ရှုလျှင် ထင်ရှားစွာပေါ်ပေါက်၍လာလိမ့်မည်၊ ဤကမ္ဘာလောကကြီး တစ်ဝန်းလုံး၌ လူသတ္တဝါတွေကို လူကောင်စာရင်းကောက်ယူလျှင် မည်ရွေ့မည်မျှဟူ၍ ရေတွက်နိုင်၏၊ တိရစ္ဆာန်ကောင်တွေကို စာရင်းယူ၍ မရနိုင်၊ ရေတွက် ရန်ဂဏန်း မလောက်နိုင်၊ ကမ္ဘာကြီးတစ်ဝန်းလုံး၌ရှိသော လူများသည် ပုရွက်ဆိတ်တွင်းကြီးတစ်ခုမှာရှိသော ပုရွက်ဆိတ်သတ္တဝါ၊ ခြတောင်ပို့တစ်ခုမှာရှိသော ခြသတ္တဝါတွေလောက်မျှ ရှိမည်မဟုတ်၊ ပုရွက်ဆိတ်သတ္တဝါ၊ ခြသတ္တဝါတို့ကဲ့သို့ တစ်စုတစ်အုံလျှင် အနန္တ များပြားလှသော သတ္တဝါမျိုးတွေသည် လွန်စွာပင် ပေါများကြ ကုန်၏။

ရေသတ္တဝါတို့တွင် ငါးသလောက်ခေါ်သော ငါးမတစ်ကောင် ၏ ဝမ်းဗိုက်ထဲမှာရှိသော ဥတောင့်ကြီးတစ်ခုမှာပင် ဘယ်ရွေ့ဘယ်မျှ သတ္တဝါမျိုးစေ့တွေများသည်ဟု မရေတွက်နိုင်အောင်ပင် ရှိကုန်၏၊ ထိုကဲ့သို့ ဥသောငါးမျိုးတွေ ရေသတ္တဝါမျိုး တွေသည်လည်း အများပင် ရှိကြကုန်၏။

ပြခဲ့သော သတ္တဝါများသည် တိရစ္ဆာန်သတ္တဝါအတွက် အမြွက်မျှသာ ဖြစ်သည်၊ လူတို့၏ မျက်စိဖြင့်မတွေ့ မမြင်နိုင်သော ငရဲသတ္တဝါ ပြိတ္တာ သတ္တဝါ အသူရကာယ်သတ္တဝါတို့သည်လည်း အနန္တ အပ္ပမေယျပင် ရှိကြကုန်သည်၊ ထို့ကြောင့် အပါယ်လေးဘုံ၌သာ သတ္တဝါတို့ အဖြစ်များကြောင်းကို ထင်ရှားစွာ သိနိုင်သည်။။ဤ အဓိပ္ပါယ်နှင့် ထောက်စာလျှင် အပါယ်လေးဘုံကြီးတို့သည် သတ္တဝါတို့ အမြဲနေရာ အိမ်ကြီးနှင့်တူ၏၊ အပါယ်လေးပါးမှ အခြားသောဘုံများ သည်ကား- ခေတ္တခဏ သွားရင်းလာရင်း တည်းရန် ဆောက်ထားသော တည်းအိမ်နှင့်တူ၏။

ထို့ကြောင့် ဓမ္မပဒ အဋ္ဌကထာ၌

ပမတ္တဿ စ နာမ စတ္တာရော အပါယာ သက ဂေဟသဒိသာ။

ဟူ၍ဆိုသည်။

ပမတ္တဿ စ နာမ=မေ့လျော့သော သတ္တဝါအား၊ စတ္တာရော အပါယာ=အပါယ်လေးဘုံတို့သည်၊ သကဂေဟသဒိသာ=မိမိတို့ အမြဲ နေထိုင်သော အိမ်ပိုင်တိုက်ပိုင်ကြီးတွေနှင့် တူကုန်၏။

အပါယ်ဘုံတို့သည်မိမိတို့အိမ်ပိုင် တိုက်ပိုင်ကြီးတွေနှင့် တူသော ကြောင့်သာလျှင် ကံအားလျော်စွာ အထက်ဘုံသို့ အလည်အပတ် သွားကြကုန်သော သတ္တဝါတို့သည် တော်တော်ကြာလျှင် မိမိနေရင်း အိမ်ပိုင် တိုက်ပိုင်ဖြစ်သော အပါယ်ဘုံသို့သာ ပြန်လာကြကုန်၏။

အပါယ်ငရဲမှာ အထည်လဲ၍ ကျင်လည်နေရပုံကား- ရံခါရံဖန် အခြေလေးချောင်း သတ္တဝါဖြစ်ရသည်၊ ရံခါရံဖန် အခြေနှစ်ချောင်း သတ္တဝါဖြစ်ရသည်၊ ရံခါရံဖန် အခြေမရှိသော သတ္တဝါဖြစ်ရသည်၊ ရံခါရံဖန် အခြေများလှစွာသော သတ္တဝါ ဖြစ်ရသည်၊ ရံခါရံဖန် အမွေးအတောင်ရှိသော သတ္တဝါဖြစ်ရသည်၊ ရံခါရံဖန် ဦးချိုပါသော သတ္တဝါဖြစ်ရသည်၊ ရံခါရံဖန် ဦးချိုမပါသော သတ္တဝါဖြစ်ရသည်၊ ရံခါရံဖန် အလွန်ကြီးသော ကိုယ်ကာယနှင့် ဖြစ်ရသည်၊ ရံခါရံဖန် သေးငယ်လှ စွာသော ကိုယ်ကာယနှင့် ဖြစ် လာရသည်၊ ဤသို့စသည်ဖြင့် အမျိုးမျိုး ပုံသဏ္ဌာန် ပြောင်းလဲပြီးလျှင် အနဲနဲအဖုံဖုံဖြစ်၍ နေရချေသည်။

“ရှည်ပါဘိ ဝဋ်နွယ်ငယ်၊ ကျွတ်လွယ်ရန် မသီသေးရော့ ထင့်၊ ရည်မှေးမှောင် မိုက်တောင်ထုတွေက၊ လင်းမှု မခြယ်” ဆိုသည်ကား- ပြဆိုခဲ့ပြီးသောအတိုင်း သံသရာ ဇာတ်မှားကြီး တစ်ခွင်ဝယ် အစဉ်ရှည်လျားစွာ ဆက်လက်၍နေသော ဝဋ်ခင်း ဝဋ်နွယ် ဝဋ်ပင် လယ်ကြီးထဲမှ ကျွတ်လွတ်ရန် သီသီကလေးမျှ မထင်သေးဘဲ၊ သံသရာ တိုး၍ ရှည်လျားစေရန် အဝိဇ္ဇာတည်းဟူသော မှောင်တိုက်ကြီးတွေက သာလျှင် အဆင့်ဆင့်ထူထပ်၍ ဖိစီးပြန်သည်၊ အထုအထယ် ကြီးကျယ် လှစွာသော တောင်ကြီး တွေကာဆီးဘိသကဲ့သို့ ဝိပဿနာဉာဏ် ပညာ အလင်းကို ဟန့်တား ကာဆီးကြကုန်သည်၊ ထိုသို့ အဝိဇ္ဇာတောင်ထုကြီး တွေ ကာဆီးဟန့်တားမှုကြောင့် စတုသစ္စဉာဏ် မပေါ်ပေါက်နိုင်ဘဲ တမိုက်ထဲ မိုက်၍သာနေ၏ဟု ဆိုလိုသည်။

ဒုတိယပိုဒ်အဖြေပြီး၏။

---

၃။ ။ “ထုံဂနိုင်ငယ်၊ စုံမြိုင်ရွက်စိပ်၊ လူမသန်းတဲ့၊ ဂူနန်းရိပ်မှာ၊ စိတ်တဖြူဖြူ၊ နိမိတ်ယူလို့၊ နိဗ္ဗူပရမေ့၊ အမြန် တွေ့ရအောင်၊ စျာန်လေ့ကာ မနေစမ်းလေရ” ဆိုသော စကားသည် သံသရာဝဋ်နွယ်ကြီးမှ ထွက်မြောက်လို၍ တောခိုရန် အကြံရှိသော နိက္ခမဇ္ဈာသယဖြင့်ဆိုသော စကားဖြစ်သည်။။ မြို့ရွာနိဂုံးများသည် ကာမဂုဏ်ထူပြောသော အရပ်ဌာနများဖြစ်၍ ဝိဝေကကို ရနိုင်ရန် လွန်စွာခဲယဉ်းစွာ၏၊ ဝိဝေကကို မရနိုင်သော ဌာန၌ ရပ်တည်၍ စျာန်, မဂ်, ဖိုလ် တရားများကို အားထုတ်သော်လည်း ရနိုင်ရန် ခဲယဉ်းချေသည်၊ ထိုကြောင့် မြို့ရွာနိဂုံးများသည် သူတော်ကောင်းတို့၏ နက်နဲသော တရားတော်ကြီးများကို အားထုတ်ရန် ဌာနများမဟုတ်။။ ထိုစကားမှန်၏၊ လူတို့ပျော်နေကြရာဖြစ်သော မြို့ရွာ နိဂုံးများသည် ကာမဂုဏ် တရားနှင့် ကာမတဏှာများကို ကြီးပွါးအောင် မွေးမြူရာ မြုံကြီးတွေ ချူံကြီး တွေမည်၏၊ အိမ်ရာထောင်မှု သားမွေးမှု လက်ထပ်မင်္ဂလာ ပြုမှုများသည် လူမရှိသော တောထဲမှာ မဖြစ်နိုင်၊ မြို့တွင်းရွာတွင်းမှာသာ ဖြစ်ကြ ကုန်သည်။

ထိုမှတစ်ပါး မြို့ရွာနိဂုံးများသည် ကိလေသာတည်း ဟူသော ဓားပြသူခိုးကြီးတို့၏ တိုက်ခိုက်ရာဌာနများဖြစ်၏၊ ရူပါရုံအစရှိသော ဗာဟိရာယတနတရားတို့၏ သောင်းကြမ်းရာ ဌာနလည်းဖြစ်၏၊ ထို စကားမှန်၏၊ မိန်းမဖြစ်သော သတ္တဝါတို့သည် မိမိတို့၏ ကိုယ်မှာရှိသော ရူပါရုံစသော ကာမဂုဏ်ငါးပါးတို့ကို အမွှမ်းတင်နိုင်သမျှ တသသ ပြုပြင်၍ ဗန်းတင်ပြီးလျှင် ယောကျ်ားဖြစ်သော သတ္တဝါတို့၏ စိတ်နှလုံးကို ပျက်ပြုန်းလုမတတ် နှိပ်စက် တိုက်ဖျက်ကြကုန်၏၊ ယောကျ်ားသတ္တဝါ တို့သည်လည်း မိမိတို့၏ ကိုယ်မှာရှိသော ရူပါရုံစသော ကာမဂုဏ် ငါးပါးတို့ကို အမွှမ်းတင်နိုင်သမျှ တသသပြုပြင်၍ ဗန်းတင်ပြီးလျှင် မိန်းမဖြစ်သော သတ္တဝါတို့၏စိတ်ကို နှိပ်စက်တိုက်ဖျက်ကြကုန်၏၊ မိန်းမကို အာရုံပြု၍ ယောကျ်ားသဏ္ဌာန်မှာရှိသော ကိလေသာတို့သည် လွန်စွာ သောင်းကြမ်း ထကြွကြကုန်၏၊ ယောကျ်ားကို အာရုံပြု၍ မိန်းမ တို့သဏ္ဌာန်မှာရှိသော ကိလေသာတို့သည်လည်း လွန်စွာသောင်း ကြမ်း ထကြွကြကုန်၏၊ ထိုသို့အချင်းချင်း အပူတိုက်လျက် ကိလေသာ မီးမြှိုက်သော အမှုများသည် လူမရှိသော တော တောင်များနှင့် မဆိုင်၊ မြို့ရွာနိဂုံးများနှင့်သာ ဆိုင်ချေသည်၊ ထို့ကြောင့် ထိုကဲ့သို့သော အမှုမျိုး တွေကို ဂါမ္မဓမ္မ=ရွာသူ မြို့သူတို့၏ အကျင့်တရားဟူ၍ မြတ်စွာဘုရား ဟောတော်မူသည်။

ဟီနော ဂါမ္မော ပေါထုဇ္ဇနိကော၊
အနရိယော အနတ္ထသံဟိတော။

ဟီနော=ယုတ်သောတရား၊ ဂါမ္မော=မြို့ရွာနေသူ လူတို့၏ တရား၊ ပေါထုဇ္ဇနိကော=ပုထုဇန်တို့သာ ကျင့်ဝံ့သောတရား၊ အနရိယော= အရိယာပုဂ္ဂိုလ်တို့နှင့် မဆိုင်သောတရား၊ အနတ္ထ သံဟိတော=အကျိုး မဲ့ကြီးနှင့်စပ်ဆိုင်သောတရား။

တစ်နည်း။ အဓိပ္ပါယ်အားဖြင့် မြို့ရွာနိဂုံးများသည် ကိလေသာ တည်းဟူသော ကပ်ဆိုးကြီးတို့၏ ကပ်တိုက်ရာ အရပ်ပေတည်း။။ ယခု လောက၌ ပလိပ်ကပ်ရောဂါ၊ ဝမ်းကပ်ရောဂါ၊ ကျောက်ကြီး ကပ်ရောဂါများသည် မြို့တွင်းရွာတွင်းသို့ အတင်းဝင်၍ တိုက်ကြကုန်လျှင် တစ်ရွာလုံး တစ်မြို့လုံး ဆူဆူညံညံ ငိုသံ အော်သံတို့ဖြင့် အလန့်တကြား ဖြစ်ကုန်၏၊ အိုးအိမ်များကိုပင် စွန့်ပစ်၍ ပြေးကြရကုန်၏၊ လူသူမရှိသော တောထဲ တောင်ထဲမှာ ကပ်တိုက်သည် ကပ်ရောဂါ ကျရောက်သည် ဟူ၍မရှိ၊ ထို့ကြောင့် မြို့ရွာနိဂုံးများသည် ကပ်တိုက်ရာဌာနကြီး တွေဖြစ်၏၊။ ဤရောဂါ ကပ်တိုက်သကဲ့သို့ ကိလေသာတည်းဟူသော ကပ်ကြီးတို့သည်လည်း မြို့တွင်းရွာတွင်းမှာ အတင်းတိုက်ကြကုန်၏။

လောဘ, ဒေါသ, မောဟဟုဆိုအပ်သော ကိလေသာ ကပ်ကြီး သုံးပါးတို့သည် မြို့ရွာ နိဂုံးတွေကို တဖြုန်းဖြုန်း တိုက်၍သာနေကုန်၏၊ ထိုကိလေသာ ကပ်ကြီးသုံးပါးတို့၏ တိုက်ခိုက်မှုကြောင့် ကိုယ်အမူအရာ အထူးထူးဖောက်ပြန်ခြင်း၊ နှုတ်အမူအရာ အထူးထူးဖောက်ပြန်ခြင်း တို့သည် တစ်မြို့လုံး တစ်ရွာလုံး အုန်းအုန်းကျွက်ကျွက် ပေါ်ထွက်ဖြစ်ပွါး ကြကုန်၏၊ ထိုသို့ ကိလေသာဓားပြဘေးထိခိုက်၍ ကိလေသာ ကပ် တိုက်သော မြို့တွင်း ရွာတွင်းမှာ သံသရာမှ ကျွတ်လွတ်ကြောင်း တရား ကောင်းများကို အားထုတ်ရန် အခွင့်ကို အလွန်တရာ ရနိုင်ခဲလေသည်။

တော-တောင် အရပ်တို့မှာမူကား မြို့တွင်း ရွာတွင်းမှာ ကဲ့သို့ ကာမဂုဏ်များလည်း သာယာလောက်ဖွယ်မရှိ ဆိတ်ငြိမ်မှု ဝိဝေက တရား ကိုလည်း ရနိုင်သည်၊ ဝိဝေကကိုရသောဌာန၌သာလျှင် သူတော်ကောင်း တရား အလုပ်တို့ကို ကောင်းမွန် တွင်ကျယ်စွာ လုပ်နိုင်သည့်အတွက် ကြောင့် ဘုရားအလောင်းတော်ကြီးများ အပေါင်းတို့သည် တိုင်းကြီး ပြည်ကြီးတွေကို စွန့်၍ တောထွက်တော်မူကြကုန်သည်။။ တောတောင်သို့ထွက်၍ ကသိုဏ်းစျာန်ကို ပွါးများမှုဟုဆိုအပ်သော သမထ လမ်း၊ ရုပ်-နာမ်ကို ရှုဆင်ခြင်မှု ဟုဆိုအပ်သော ဝိပဿနာလမ်းများကို လိုက်စား၍ အားထုတ်နေစဉ် ဘာဝနာအာရုံ ထင်မြင်လာသောအခါ ယောဂီပုဂ္ဂိုလ်၏ စိတ်နှလုံးသည် ဝိဝေကဇ ပီတိဖြင့်ပြည့်၍ လွန်စွာနှစ် သက်ခြင်း ဖြစ်လာသည်။

ထိုသို့ တောတောင်အရပ်၌ ဘာဝနာအလုပ်ကို လုပ်၍ ရရှိသော ဝိဝေကဇ ပီတိသည် မြို့တွင်းရွာတွင်းမှာဖြစ်သော ကာမ ပီတိထက် အဆပေါင်းများစွာ သာလွန်၍ ကောင်းမြတ်လေသည်။ နတ်ပြည်ခြောက် ထပ်မှာရှိသော ကာမသုခ ကာမရတိတို့ထက်ပင် သာလွန်လေသည်။

ထိုသို့ တောတောင်တွင်းမှာမှ ရအပ်သော ဝိဝေကဇ ပီတိ၏ အရသာရှိကြောင်းကို သိမြင်တော်မူကြကုန်သော သူတော်ကောင်း သူမြတ်လောင်းတို့သည်ကား ယုတ်ညံ့သော ကာမချမ်းသာကို စွန့်ခွါတော် မူနိုင်ကြကုန်သည်။

ဤအဓိပ္ပါယ်ကိုရည်၍ “ထုံဂနိုင်ငယ် စုံမြိုင်ရွက်စိပ်” အစရှိသော စကားကို ဆိုလိုသည်။။ ၎င်းဝါကျ၏ ပိဏ္ဍတ္ထ ဆိုလိုရင်း အဓိပ္ပါယ်မှာ ငါသည် ပန်းမျိုးစုံတို့ဖြင့် တထုံထုံကြိုင် လှိုင်လျက် အမျိုးမျိုးသော သစ်ပင်တို့ဖြင့် အရွက်စိပ်စိပ် နေရိပ် နေပြောက် နေရောင်ခြည် မကျောက်သော လူသူမနီး တောမြိုင်ကြီးအတွင်းမှာ သန့်ရှင်းစင်ကြယ် မွေ့လျော်ဖွယ်ကောင်းသော ဂူလိုဏ်များသို့ကပ်၍ ဖြူဖြောင့်သော စိတ်ကောင်းစိတ်ကြည်တို့ကို မွေးမြူပြီးလျှင် သမထနိမိတ် ဝိပဿနာ နိမိတ်များကို အာရုံပြုလျက် နိဗ္ဗာန်ချမ်းသာနှင့် မြန်စွာနီးရလေ အောင် ဝသီမြောက်သော စျာန် ချမ်းသာဖြင့် ပျော်ပါးစွာ မနေစမ်းပါလေရ စျာန်ချမ်းသာဖြင့် ပျော်ပါးကာ နေစမ်းချင်ပါဘိသည်ဟူ၍ ဆိုလိုသည်။

“ညစ်ညမ်းတဲ့ ဝသီကို၊ မကြည်ပြီ ကြာလေမုန်းလှပေါ့၊

ဆုံးမမြင် သုံးခွင်ဘုံထုက ကျယ်သနှင့်” ဆိုသော ဝါကျ၏ အဓိပ္ပါယ် မှာ ပြဆိုခဲ့ပြီးသောအတိုင်း ကာမဂုဏ်ပေါသော မြို့ရွာ နိဂုံးတို့အတွင်းမှ အရှင်းမထွက် မသွားနိုင်ဘဲ ယခုလောက်တိုင်အောင်ပင် တရစ်ပတ်ပတ် အထပ်တလဲလဲ ကာမဂုဏ်ဝဲ တွင်းမှာပင် မခွဲနိုင် မခွါနိုင် ပျော်ပါးနိုင်သော ဝသီဝါသနာ စရိုက်သည် ညစ်ညမ်းသော ဝသီစရိုက်မည်၏၊ ဤဝသီဆိုး ဝသီညစ်ကြီးကိုလည်း တွေးမိတိုင်းမုန်းလှ၏၊ တွေးမိတိုင်း စိတ် မကြည် မသာကြီးသာဖြစ်ရ၏၊။ ထိုဝသီဆိုး ဝသီညစ်ကြီးအတွက် ကြောင့်ပင် လျှင် သံသရာလည်း အစမတုံးနိုင်၊ ကာမ, ရူပ, အရူပ ဟုဆိုအပ်သော ဘုံသုံးပါးကလည်း စည်းကမ်းကလနား မသတ်နိုင်အောင် ကျယ်၍သာ နေတုန်းပင် ရှိသေးသည်ဟူ၍ ဆိုလိုသည်။

ဝသီ-ဆိုသောစကားသည် အလေ့ဝါသနာ အထုံပါသော စရိုက်များကို ဆိုသည်။

စရိုက်အပြားသည်ကား

၁။ ရာဂစရိုက်၊

၂။ ဒေါသစရိုက်၊

၃။ မောဟစရိုက်၊

၄။ ဝိတက်စရိုက်၊

၅။ သဒ္ဓါစရိုက်၊

၆။ ဗုဒ္ဓိစရိုက်၊

အားဖြင့် ခြောက်ပါးရှိသည်။။

* ဤခြောက်ပါးသော စရိုက်တို့တွင်-ရာဂစရိုက်၊ ဒေါသ စရိုက်၊ မောဟစရိုက်များကို ညစ်ညမ်းသော စရိုက် ဟူ၍၎င်း, ဝသီဆိုး ဝါသနာဆိုး ကြီးတွေဟူ၍၎င်း ဆိုရသည်၊ ထိုဝသီဝါသနာ စရိုက်ဆိုးကြီး တွေရှိနေ သည့်အတွက်ကြောင့် ပစ္စုပ္ပန်ဘဝမှာရရှိသော ကာမ ဂုဏ်များကို စွန့်၍ တောမထွက်နိုင်ဘဲရှိကြကုန်သည်၊ တော-တောင်သို့ ထွက်ခြင်းတည်းဟူသော နိက္ခမ ပါရမီကို မဖြည့်မဆည်းပူးလျှင်လည်း သံသရာမှ ထွက် မြောက်ရန် လွန်စွာခဲယဉ်းကြကုန်သည်။ ထို့ ကြောင့် ပြဆိုအပ်ပြီးသောအတိုင်း စရိုက်ဆိုး ဝသီ ဝါသနာ ဆိုးကြီးတွေကို ကြာလေလေ တွေးမိတိုင်း မုန်းစရာ ကောင်းသည်ဟုဆိုသည်။။

* သဒ္ဓါစရိုက် ပညာစရိုက် နှစ်ပါးသည်ကား- ကောင်း မြတ်သော စရိုက်ဝသီများပေတည်း။ သဒ္ဓါရှိသော သူသည် ဘုရား၌ မြဲမြဲစွဲစွဲ သက်ဝင် ယုံကြည်၏၊ တရားတော်၌လည်း ထို့အတူ သက်ဝင်ယုံကြည်၏၊ သံဃာတော်၌လည်း သက်ဝင်ယုံကြည်၏၊ ဘုရား အစရှိသော သူတော် သူမြတ်တို့ နှစ်သက်အပ်သော သီလများကိုလည်း ရိုသေစွာ ဖြည့်ဆည်းပူးလေ၏။

* ပညာစရိုက်ရှိသောသူသည်ကမ္မဿကတာ သမ္မာ ဒိဋ္ဌိဉာဏ် အမြင်မှစ၍ မဂ်ဉာဏ်သို့တိုင်အောင် ပညာ နှင့်ဆိုင်ရာဌာန ဟူသမျှတို့မှာ ကျကျနန ပေါက်ရောက် သိမြင်နိုင်၏၊ သံသရာဝဋ်မှ ထွက်မြောက်ပြီးလျှင် နိဗ္ဗာန်သို့ဆိုက်ရောက်နိုင်၏။

ထို့ကြောင့်စရိုက်ခြောက်ပါးတို့တွင် သဒ္ဓါစရိုက်နှင့် ပညာ စရိုက် နှစ်ပါးသည် မုန်းစရာကောင်းသော စရိုက်ဝသီများ မဟုတ်၊ သတ္တဝါတို့ ချစ်ခင်နှစ်သက်အပ်သော စရိုက်ကောင်း ဝသီဝါသနာ ကောင်းဟူ၍ ဆိုထိုက်ချေသည်၊ ဤစရိုက် နှစ်ပါးနှင့် ပြည့်စုံသော သူဖြစ်ပါမှ ပြဆိုအပ်ပြီးသောအတိုင်း တောတောင်သို့ ထွက်ပြီးလျှင် သမထဝိပဿနာ ဘာဝနာအစုံကို အားထုတ်၍ ဝိဝေကဇပီတိဖြင့် ပျော်မွေ့နိုင်သည်။

ဝိဝေကဇပီတိဖြင့် ပျော်မွေ့နိုင်ပါမှ ကာမဂုဏ်၌ သာယာ ဖွယ်ဟု မှတ်ထင်မှုများကို ပယ်ရှား၍ စျာန် မဂ် ဖိုလ် တရားများကို အား ထုတ်ခြင်း၏ အကျိုးထူးများကို ထင်မြင်နိုင်သည်။။ စရိုက်ကောင်း ဝသီဝါသနာကောင်းများကို မိမိတို့သန္တာန်မှာ ကြီးပွါးအောင် အမြဲ မွေးမြူပါမူကား၊ ဘယ်လောက်ပင် ရှည်လျားလှစွာသော သံသရာ ကြီးပင်ဖြစ်စေ၊ ထိုသံသရာရှည်ကြီးကို မကြာခင် ရုတ်တရက်တိုအောင် ဖြတ်တောက်နိုင်သည်။

“ဆုံးမမြင်၊ သုံးခွင်ဘုံထုက ကျယ်သနှင့်” ဟူ၍ စပ်ဆို ချက်မှာ ဝသီဆိုး ဝါသနာဆိုးရှိသော သူများအတွက်သာ ရည်ရွယ်၍ ထိုသူတို့ သံဝေဂစိတ်ဖြင့် ထိတ်လန့်ကြစေရန် ဆိုချက် ဖြစ်သည်။။ ဝသီကောင်း ဝါသနာကောင်း စရိုက်ကောင်း ဉာဉ်ကောင်းရှိသော သူတို့မှာမူကား လျင်မြန်စွာပင် ရှည်ဝေးလှစွာသော သံသရာကြီးကို ဖြတ်တောက်နိုင်ကြကုန်သည်။

ဤနေရာ၌ သံသရာကို လွယ်ကူစွာနှင့် ဖြတ်တောက်နိုင် ကြောင်း ဝသီကောင်း ဝါသနာကောင်း ဓာတ်ကောင်း စရိုက် ကောင်းဆိုသည်မှာ ပဓာနိယင်္ဂတရားငါးပါးကိုလည်း ဆိုအပ်၏။

ပဓာနိယင်္ဂတရား ငါးပါးကား

၁။ သဒ္ဓါ-ယုံကြည်မှု၊

၂။ အပ္ပါဗာဓတာ- အနာရောဂါ ကင်းရှင်းမှု၊

၃။ အသဋ္ဌတာ-မကောက် မကျစ် ဖြောင့်စင်းမှု၊

၄။ အာရဒ္ဓဝီရိယတာ-ကြိုးကြိုးပမ်းပမ်း အားထုတ်မှု၊

၅။ ဥဒယတ္ထဂါမိနီပညာ-ဖြစ်မှုပျက်မှုသို့ ဆိုက် အောင် မြင်နိုင်သော အသိဉာဏ်။

* ယုံကြည်ကျန်းမာ၊ ဖြောင့်စင်းစွာနှင့်၊ ဥဿာဟမှု၊ ပညာရှုသည်၊ ငါးခု ပဓာနိယင်္ဂတည်း

[ဆောင်ပုဒ်လင်္ကာ]

ဤငါးပါးသော ပဓာနိယင်္ဂတရားတို့တွင်

၁။ ရတနာသုံးပါး၌မဆုတ်မနစ် ကြည်ညိုယုံကြည်မှုကို သဒ္ဓါ ဆိုသည်။

၂။ ကမ္မဋ္ဌာန်းဘာဝနာကို အားထုတ်စဉ် အလုပ်လစ် ဟင်းခြင်း မရှိရအောင် အထူးကျန်းမာခြင်း စား သောက် မျိုသုံးသမျှတို့ကို အညီအညွတ် ချက်ပြုတ် နိုင်သော ပါစကတေဇောနှင့် ပြည့်စုံမှုကို အပ္ပါဗာဓတာ ဆိုသည်။

၃။ မိမိ၌အပြစ်ရှိလျှင် အပြစ်အားလျော်စွာ မကွယ် မထောင့် ဖြောင့်ချက်ပေး၍ ထင်စွာပြောမှုကို အသဋ္ဌတာဆိုသည်။

၄။ ပဓာန အလုပ်နှင့်ကြုံလျှင် အသွေးအသား ကုန်ခန်း ပစေ အသက်သေပစေ မပေါက်ရောက်သမျှ မနေ ဟု စတုရင်္ဂ ဝီရိယဖြင့် ထက်သန်စွာ ကြိုးစား အားထုတ်မှုကို အာရဒ္ဓ ဝီရိယတာ ဟူ၍ ဆိုသည်။

၅။ ဆရာကဟောပြလျှင် ဟောပြသောအတိုင်း ဉာဏ်စူး၍ ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ဥပ္ပါဒ, ဘင်္ဂ, ခယ, ဝယသို့တိုင် အောင် ထိထိခိုက်ခိုက်မြင်နိုင်သော တိဟိတ်ဉာဏ်ကို ဥဒယတ္ထဂါမိနီပညာဆိုသည်။

ဤတရားငါးပါးကို ပဓာနအလုပ်ဟုဆိုအပ်သော သမထ စခန်း ဝိပဿနာလမ်းတို့၌ ကြိုးပမ်းပြုလုပ်သော ယောဂီပုဂ္ဂိုလ်၏ ပြည့်စုံရန် အင်္ဂါဖြစ်၍ ပဓာနိယင်္ဂဆိုသည်။။

ပဓာနိယင်္ဂ တရားငါးပါးတို့သည်ကား- ဤသာသနာ တော်ကြီး အတွင်းဝယ် မြတ်စွာဘုရား၏ လိုရင်းပဓာန အလုပ် ကြီးများကို လုပ်နိုင်ရန် သက်သေခံ လက်မှတ်ကြီးတွေဖြစ်ကုန်၏၊။ ယခု ခေတ်ကာလ၌ အစိုးရမင်းကြီးတို့၏ အလုပ်ကြီး အကိုင်ကြီး များကို လုပ်ကိုင်လိုသော သူတို့သည် မိမိ၏ ပညာတတ်မြောက်ကြောင်း, ရိုးသားကြောင်း, ကျန်းမာကြောင်း, အမျိုးကောင်းကြောင်းစသော လက်မှတ်များကို တင်ပြရကုန်၏၊ ဤသက်သေခံ လက်မှတ်ကြီးတွေကဲ့သို့ မြတ်စွာဘုရား၏ သာသနာတော်ဘက် ဆိုင်ရာ အလုပ်ကြီးများကို လုပ်လိုလျှင် သဒ္ဓါကောင်းကြောင်း, ကျန်းမာကြောင်း, ရိုးသားကြောင်း, ဝီရိယကောင်းကြောင်း, ပညာရှိကြောင်း လက်မှတ်များနှင့် ပြည့်စုံကြ ရသည်။

ဝသီကောင်း ငါးပါးနှင့်ပြည့်စုံပါလျှင် မိမိတို့အလိုရှိသော အတိုင်း သာသနာတော်နှင့်ဆိုင်သော ရာထူးဌာနန္တရကြီးများကို ရနိုင်ကြကုန်သည်၊ သာသနာတော်နှင့်ဆိုင်သော ရာထူး ဌာနန္တရ ဆိုသည်ကား- ပထမစျာန်ရာထူးမှစ၍ အရဟတ္တဖိုလ်တိုင်အောင် အဆင့်ဆင့် ဌာနကြီးများပေတည်း။။ အစိုးရ အမှုထမ်းအလုပ်ကို ကောင်းစွာလုပ်ကိုင်သောသူတို့သည် နောင်အခါ အလုပ်မလုပ်ရဘဲ ပင်စင်အငြိမ်းစားရဘိသကဲ့သို့ အရဟတ္တဖိုလ်တိုင်အောင် သာသနာ တော်၏ အလုပ်ကြီးများကို လုပ်ကိုင်သော ပုဂ္ဂိုလ်တို့သည်လည်း တစ်စုံတစ်ရာ သင်္ခါရဒုက္ခ လောကိယ ကိစ္စအဝဝ တွေကို မလုပ်ရဘဲ နိဗ္ဗာန်ချမ်းသာဖြင့် ပင်စင်အငြိမ်းစား ရတော်မူကြလေကုန်သည်၊ နိဗ္ဗာန်တည်းဟူသော ပင်စင်အငြိမ်းစားမှု သုခကြီးကို သန္တိသုခဆိုသည်၊ အငြိမ်းစား သုခကြီးဆိုလိုသည်၊ အနမတဂ္ဂ သံသရာတစ်ပြင်လုံးဝယ် ဘယ်အခါမှ သင်္ခါရဒုက္ခ တည်းဟူသော ကိစ္စလုပ်ငန်းတွေနှင့် ခဏ ခေတ္တမျှ မအားသော သူတို့သည် သန္တိသုခကိုရလျှင် သက်သက်ငြိမ်း ချမ်း၍ သင်္ခါရလုပ် ငန်းမရှိဘဲ ပကတိချမ်းသာကြလေကုန်သည်။

တတိယပိုဒ် အဖြေပြီး၏။


၄။ “သည်ရုပ်ကယ် သည်နာမ်၊ သည်သဏ္ဌာန်နှင့်၊ သည်ဟန်အမူ၊ သည်အယူလဲ၊ မဖြူသေးလို၊ မြူ ကြေးဘဲ ပိုလွန်း လို့”

ဟူသောအပိုဒ်၌ အဓိပ္ပါယ်ဖြောင့်ချက်ကား။ ယခုရှိ၍နေသော ရုပ်တရားစု, နာမ်တရားစု, အထည်ဒြဗ် သဏ္ဌာန်စု, ဟန်ပန်အမူ အရာစု မှတ်ယူသော အယူစုများသည် ဖြူစင်သောတရားစု မဟုတ်၊ ကိလေသာ တရားမှကင်း၍ သန့်ရှင်းစင်ကြယ်သော တရားစု မဟုတ်ချေ၊ ကိလေသာ မြူတို့ဖြင့် အမျိုးမျိုး လိမ်းကျံလျက် နွမ်းညစ်ယုတ်မာသော တရားတို့သာ ဖြစ်ချေသည်ဟု ဆိုလိုသည်။

ဤနေရာ၌ အောက်၌ပါသော တရားငါးမျိုးတို့၏ အညစ် အကြေး ထူပုံကို သိရုံပြောဆိုဦးအံ့။

၁။ ရုပ်

၂။ နာမ်

၃။ သဏ္ဌာန်

၄။ ဟန်ပန်အပြုအမူ

၅။ အယူဝါဒ

ဤငါးပါးတို့တွင်

၁။ “ရုပ်တရား“ဆိုသည်ကား- အထည်ခံ အမာခံ ဖြစ် သော မဟာဘုတ် ရုပ်ဓာတ်ကြီးလေးပါးနှင့် ဥပါဒါရုပ် နှစ်ဆယ့် လေးပါး။ ဤ ၂၈-ပါးကို ရုပ်ဟူ ၍ဆိုသည်။

ဤတရားတို့ကိုသာလျှင် သတ္တဝါတို့က ကိုယ်ကောင်ကြီး ဟူ၍ စွဲလမ်းကြကုန်သည်။။ အသက်မရှိသော အဝိညာဏက ဝတ္ထုတွေကိုလည်း တိုက်ကြီး, အိမ်ကြီး, သင်္ဘောကြီး, မီးရထားကြီး, တောကြီး, တောင်ကြီး, သစ်ပင်ကြီး စသည်ဖြင့် စွဲလမ်း၍သာ နေကြ ကုန်သည်၊ အထည်ကိုယ်အနေအားဖြင့် စွဲလမ်းထင်မြင်သမျှသည် ရုပ်ပေါ်၌ကျနေသော စွဲလမ်းမှုများပေတည်း။

သတ္တဝါတို့၏ အထင်အမြင်သည်ကား- မူလတရား ကိုယ်ရင်းသို့ မဆိုက်ဘဲ အလုံးအခဲဖြစ်၍နေသော နိမိတ် သဏ္ဌာန်တွေကိုသာ မြင်၍နေသည်၊ အပေါ်ယံကိုသာ မြင်၍နေသည်။။ စင်စစ်မှာ လောကကြီး တစ်ခုလုံး၌ အစိုင်အခဲ လုံးလုံး လျောင်း လျောင်း မြင်သမျှ တွေ့ရသမျှစုသည် ရုပ်တရားတို့သာတည်း။ ထိုရုပ်တရားတို့သည် ဖြူစင်သော တရားလော၊ အညစ်အကြေး ပေါများသော တရားလော ဟူ၍ စီစစ်လျှင် ဖြူစင်သောတရား အဖွဲ့တွင် မပါဝင်၊ အညစ်အကြေး တို့ဖြင့် လိမ်းကျံသော တရားအဖွဲ့ သို့သာ ပါဝင်လေသည်။ ပါဝင်ပုံကားထိုရုပ်တရားတို့သည် ညစ်နွမ်းပေကျံ စေတတ်သော အာသဝနယ်, ကိလေသာနယ်, ဥပါဒါန်နယ်မှ ထွက်မြောက်နိုင်သော တရားတွေ မဟုတ်ကုန်။ အာသဝနယ်တွင်း ကိလေသာနယ်တွင်း ဥပါဒါန်နယ်တွင်း မှာ အကျဉ်းခံရနေသော တရားတို့သာတည်း။

* ယောကျ်ားတည်းဟူသော ရုပ်ကောင် အထည် ကိုယ်ကြီး သည် မိန်းမမှာရှိသော အာသဝေါတရား ကိလေသာ တရား ဥပါဒါန်တရားတို့ဖြင့် လိမ်းကျံလျက်သာ တပေ ပေနေ၏။

* မိန်းမတည်းဟူသော ရုပ်ကောင်ကြီးသည်လည်း ယောကျ်ားမှာရှိသော အာသဝေါတရား ကိလေသာ တရား ဥပါဒါန်တရားတို့ဖြင့် လိမ်းကျံလျက် တပေပေသာ နေ၏။

အဝိညာဏကဖြစ်သော တိုက်တာ အိမ်ရာ လယ်မြေ ယာမြေ ရွှေငွေဘဏ္ဍာ ရတနာစိန်ကျောက်စသော ရုပ်လုံး ရုပ်ခဲတို့သည်လည်း ဝိညာဏ်ရှိသော ယောကျ်ားသတ္တဝါ မိန်းမ သတ္တဝါတို့၏ အာသဝေါတရား ကိလေသာတရား ဥပါဒါန်တရား တို့ဖြင့် လိမ်းကျံလျက် တပေပေသာ နေကုန်၏။

ထိုသို့ အာသဝေါစသောတရား အရိအရွဲတို့ဖြင့် စိုရွှဲ ညစ်ပေ၍ နေသော ရုပ်တရားစုကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဟူ၍ စွဲလမ်းသာယာ တွယ်တာခင်မင်သော သတ္တဝါဟူသမျှတို့ကို သန့်ပြန့်စင်ကြယ်သော သူတို့ဟူ၍ မဆိုထိုက်၊ အညစ်အကြေး ထူပြော ရွံရှာဖွယ်ပေါသောသူတို့ ဟူ၍သာလျှင် ဆိုထိုက်ချေသည်။

ဤကား-ရုပ်တရားစု၏ မြူအညစ်အကြေး ထူထပ်ပေါများ ပုံကို ဆိုသော စကားရပ်ပေတည်း။

၂။ “နာမ်တရား” ဆိုသည်ကား- စိတ်တစ်ခုယုတ် ကိုး ဆယ်နှင့် စေတသိက်ဒွေပညာသတို့ပေတည်း၊ ထိုစိတ် စေတသိက် တို့ကို အပေါင်းအားဖြင့် နာမက္ခန္ဓာဟူ၍ ဆိုသည်၊ အစိတ်အစိတ် အားဖြင့် ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ဟူ၍ ခန္ဓာလေးပါးရှိသည်။

ထိုနာမ်တရားစုကို သတ္တဝါတို့က အသက်ဟူ၍ မှတ်ထင် စွဲလမ်းကြကုန်သည်၊ ထိုနာမ်တရားရှိမှုအတွက်ကြောင့် သတ္တဝါ ဟူသမျှတို့သည် အမျိုးမျိုးသော အားအင်ကိုရကုန်သည်၊ အသ္မိမာနကြီး တစ်လုံးနှင့် တဟုန်းဟုန်း မာန်ယစ်နိုင်ကြကုန်သည်၊ ငါသိသည်၊ ငါကြံသည်၊ ငါခံစားသည်၊ ငါဝမ်းမြောက်သည်၊ ငါစိတ်ဆိုးသည် စသော အားဖြင့် များလှစွာသော စွဲလမ်းမှုတို့သည် အစဉ်မပြတ် ပေါ်ပေါက် လာကြကုန်သည်။။ နာမ်တရား၏ အမူအရာကြိယာတို့ကို သတ္တဝါတို့၏ အမူအရာပြုလုပ်၍ အထင်အမှတ်လွဲကြကုန်၏။

ထိုနာမ်တရားတို့တွင် လောကုတ္တရာတရားများမူကား၊ စင်စစ် အားဖြင့် အညစ်အကြေးကင်း၍ ဖြူစင်ကြကုန်၏၊ ကြွင်း သောတရား တို့သည်မူကား-သင်္ခါရနယ်တွင်း တေဘုမ္မက ဝဋ်တွင်းမှ လွတ်ထွက် နိုင်သော တရားတွေ မဟုတ်သောကြောင့် အညစ်အကြေး တရားတို့ပင် မည်ကုန်၏၊ စိတ်, စေတသိက်တို့တွင် သောဘဏ စေတသိက်များနှင့် ကုသိုလ်စိတ်များမူကား၊ အခြားသောတရားတို့နှင့် ထောက်စာလျှင် တော်တော်သန့်ရှင်းဖြူစင် သောတရားတို့ ဖြစ်ကုန်၏၊ ထိုတရားတို့ကို မွေးမြူလျှင် မိမိသန္တာန်၌ ဖြူစင်သောတရားများ၏ ဖြစ်ပွါးခွင့်ကိုရကုန်၏၊ ထိုတရားများကို အရင်းခံပြီးလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို တက်နိုင် ပေါက်ရောက် နိုင်ကြကုန်၏၊ ဆိုအပ်ပြီးသော တရားစုကို ဖြူစင် ကောင်း မြတ်သော တရားဟုဆိုရသော်လည်း အလွန်ညစ်နွမ်းလှသော အကုသိုလ် တရားများကို ထောက်၍သာ ဆိုရသည်၊ စင်စစ်မှာမူကား- တေဘုမ္မက ဝဋ်ဒုက္ခနယ်တွင်းမှ မလွတ်ထွက်နိုင်သောကြောင့် ဝဋ်ဆင်းရဲ၏ အညစ် အကြေးတို့ပင် မည်ကုန်၏၊ အလုံးစုံသော ဝဋ်ဆင်းရဲတရားတို့ ကင်းပြတ်၍ အသင်္ခတဓာတ် အစစ်ဖြစ်သော နိဗ္ဗာန်တရားကိုသာလျှင် မဖောက်မပြန် အမှန်ဖြူစင်သော တရားဟူ၍ ဆိုရသည်။

ဤကား-နာမ်တရားစု၏ မြူအညစ်အကြေး ထူထပ် ပေါများ ပုံပေတည်း။

ဆိုအပ်ပြီးသော ရုပ်-နာမ်-နှစ်ပါးတို့၏ မြူအညစ်အကြေး ထူထပ်ပုံကို ပေါင်း၍ ပြဆိုဦးမည်။။ လောကဓာတ် စကြဝဠာ ကမ္ဘာအနန္တ သံသရာအနန္တတွေကို သတ္တုချ၍ ကြည့်လိုက်လျှင် ရုပ်နာမ်တရား နှစ်ပါးမျှသာရှိသည်၊ ထိုမှတစ်ပါး ဘယ်တရား တစ်ခုမျှ မုချမရှိ၊ ထိုတရားနှစ်ပါး စုပေါင်း၍ဖြစ်နေသော အကောင် အထည်စုကို သတ္တဝါ ကောင်ဟု ဆိုရသည်၊ ရံခါရံဖန် အသညသတ်ဘုံ၌ နာမ်မရှိသော သတ္တဝါ, ရံခါရံဖန် အရူပလေးဘုံ၌ ရုပ်မရှိသော သတ္တဝါများလည်း ရှိသေး၏။

နာမ်ဝိညာဏ်မပါဘဲ သမုဒ္ဒရာ တော တောင်စသည်ဖြစ်၍ နေသော တရားစုသည်ကား- ရုပ်လုံး ရုပ်ခဲတွေသာတည်း၊ ထိုရုပ်နာမ်နှစ်ပါးတို့၏ အမျိုးမျိုးဖြစ်နေမှုကိုသာ သံသရာကြီးဟူ၍ ဆိုရသည်၊ ထိုမှတစ်ပါး သံသရာ ဟူ၍မရှိ၊ သံသရာကြီး ဖြစ်၍ နေသော ရုပ်ကလာပ် နာမ်ကလာပ်စုကို မှန်သောသစ္စာ ဒေသနာဖြင့် စိစစ်လျှင် ဒုက္ခသစ္စာ၌ ပါဝင်၍ စင်စစ် ဆင်းရဲကြီးတွေ ဖြစ်သောကြောင့် သုခမဖက် သက်သက် ဒုက္ခတုံး ဒုက္ခခဲကြီးတွေ ဟူ၍ ဆိုရ၏၊ “ဒုက္ခမှန်လျှင်လည်း ကောင်း သည်ဟူ၍ မဆိုနိုင်” ဆိုးဝါးသော တရားဟူ၍သာ ဆိုရသည်၊ ဆိုးဝါး ရုံမျှသာ မဟုတ်သေး၊ အညစ်အကြေးတို့ဖြင့် ဆေးလျော်၍ မရနိုင်အောင် ထူထဲ ညစ်ပေ၍နေပြန်၏၊ အညစ်အကြေးတို့ဖြင့် ညစ်ပေလိမ်းကျံ ရုံမျှသာ မကသေး၊ သတ္တဝါလုပ်၍နေသော အကောင်ကြီးတွေကို ယုန်ထင်ကြောင်ထင်အောင် အမျိုးမျိုးလိမ်လည် လှည့်ဖြားတတ်သော မျက်လှည့်သမားကြီး နှစ်ယောက်လည်း ဖြစ်၏။

ထိုစကားမှန်စွ၊ ရုပ်နာမ် တရားနှစ်ပါးစုဝေး၍ ဣတ္ထိဘော ပြဋ္ဌာန်းသော အကောင်ကြီးကို မိန်းမ မဟုတ်ဘဲ မိန်းမဟူ၍ ထင်ကြရ သည်၊ ယောကျ်ားဖြစ်သောသူ၏စိတ်ကို မိန်းမ စင်စစ် ချစ်ခင်စရာ ကောင်းအောင် လိမ်လည်လှည့်ဖြားနိုင်သည်၊ ယောကျ်ားဖြစ်သော သူကလည်း ဧကန်စင်စစ် မိန်းမပင်ဟု အထင်မှောက်မှားလျက် အားကျ ပါးကျ တွယ်တာလိုက်စားမှုကို ပြုလုပ်ရလေသည်။

ထိုမှတစ်ပါး ရုပ်နာမ် နှစ်ပါးစုဝေး၍ ပုမ္ဘာဝပြဋ္ဌာန်းသော အကောင်ကြီးကို ယောကျ်ားမဟုတ်ဘဲ ယောကျ်ားဟူ၍ ထင်ကြရသည်၊ မိန်းမဖြစ်သော သူ၏စိတ်ကို ယောကျ်ားစင်စစ် ချစ်စရာ ခင်စရာ စုံမက်စရာဟု လိမ်လည်လှည့်ဖြားနိုင်သည်၊ မိန်းမ ဖြစ်သောသူကလည်း ဧကန်စင်စစ် ယောကျ်ားပင်ဟု အားကျ-ပါးကျ တွယ်တာလိုက်စားမှုကို ပြုရလေသည်။ ဆိုအပ်ပြီးသော အတိုင်း ဒုက္ခစင်စစ် အညစ်အကြေး ထူပြော၍ လိမ်လည်ခြင်း သဘောရှိသော ရုပ်တရား နာမ်တရားတွေကို ကောင်းသည်ဟု သာယာ တွယ်တာလျှင်မူကား- ဒုက္ခတွေကို သိမ်းပိုက် သည် မည်၏၊ အညစ် အကြေးတို့ကို မိမိဆီသိ့ုယူဆောင်၍ လိမ်းကျံသည် မည်၏၊ ဤ အပြစ်တွေကို မြင်၍ ဒုက္ခမရောက်ရလေအောင် အညစ် အကြေး မလိမ်းကျံရလေအောင် အလိမ်းမခံရလေအောင် ရုပ်, နာမ်, တရားနှစ်ပါးတို့၏ အဖြစ်သနစ်ကို တစ်-နှစ်အန်ကျ ရှုဆင်ခြင်ကြ၍ ရုပ်, နာမ်တရားနှစ်ပါးတို့ကို မုန်းနိုင်ကြကုန်ရာ၏။

၃။ “သဏ္ဌာန်တရား“၏ မြူအညစ်အကြေး ထူထပ် ပုံကား။။ ပုံပန်းအမျိုးမျိုးကို သဏ္ဌာန်ဆိုသည်၊ နာမ်တရားတို့၌ သဏ္ဌာန်ကိုမရအပ်၊ ရုပ်တရားတို့၌သာလျှင် သဏ္ဌာန်ကိုရအပ် သည်။ ။ သမူဟပညတ်မှ တစ်ဆင့် သဏ္ဌာနပညတ်ဖြစ်လာသည်။။ရုပ်တရား တို့သည် ကလာပ်အဆက်ဆက်အားဖြင့် ကုဋေသိန်းသန်းမက မရေ မတွက်နိုင်အောင် ပေါင်း၍ ဖြစ်နေမှုကိုစွဲ၍ သမူဟပညတ်ဖြစ်လာ ရသည်။။ ထိုသမူဟပညတ်ရှိလျှင် သဏ္ဌာနပညတ် ပေါ်လာရ၏၊ သက်ရှိ သက်မဲ့ဖြစ်သော ရုပ်လုံး ရုပ်ခဲတွေ၌ လေးထောင့်, ရှစ်ထောင့်, အမြှောင့်, အလုံး,အပြား, အချိုင့်,အမောက်,အကောက်,အကွေ့ စသော ပုံပန်းများကို သဏ္ဌာန်ဆိုသည်၊ လှသည်၊ ယဉ်သည်၊ ရှုစချင်ဘွယ် ရှိသည်ဟု ပြောဆိုသော အရာများသည်လည်း သဏ္ဌာနပညတ်ကိုစွဲ၍ ဖြစ် သော စကားများပေတည်း။။

ထိုစကားကို ထင်ရှားစေအံ့။“သဝိညာဏက” သတ္တဝါ တို့၌ ဣတ္ထိသဏ္ဌာန=မိန်းမသဏ္ဌာန်၊ ပုရိသသဏ္ဌာန=ယောကျ်ား သဏ္ဌာန်ဟူ၍ ရှိသည်။ ဣတ္ထိသဏ္ဌာန်ဆိုသည်ကား=ခြေ, လက်, အင်္ဂါ, နား, နှာခေါင်း မှစ၍ မျက်နှာပုံပန်း ကိုယ်နေကိုယ်ဟန် ပုံပန်းများသည် ယောကျ်ားနှင့် မတူဘဲ မူယူနွဲ့လျသော အခြင်းအရာဖြင့် ဖြစ်နေသည်ကို မိန်းမ သဏ္ဌာန်ဆိုသည်။ ထို့အတူ ခြေ လက်အင်္ဂါ နားနှာခေါင်းမှစ၍ မိန်းမနှင့် မတူဘဲ ဖွံ့ဖွံ့ ထွားထွား သားသားနားနား ယောကျ်ားရုပ်ပြီသသော အခြင်းအရာအားဖြင့် ဖြစ်နေသည်ကို ယောကျ်ားသဏ္ဌာန်ဆိုသည်။ သဏ္ဌာန်တရား၏ကိလေသာ မြူအညစ်အကြေး ထူထပ်ပုံကား

* မိန်းမ ပုံပန်းတည်းဟူသော သဏ္ဌာန်တရားသည် ယောကျ်ားတို့၏ စိတ်နှလုံးကို ဖြူစင်စွာ ကုသိုလ် စိတ်ဖြစ်လေအောင် အခွင့်မပေးဘဲ ညစ်ကြေး သော ကိလေသာဖြစ်ရန်ကိုသာ အတင်းဆော်နိုး လျက်ရှိ၏။

* ယောကျ်ားပုံပန်းတည်းဟူသော သဏ္ဌာန် တရား သည်လည်း မိန်းမများ၏ စိတ်နှလုံးကို ဖြူစင်စွာသော ကုသိုလ်စိတ် ဖြစ်လေအောင် အခွင့်မပေးဘဲ အညစ် အကြေးကိုသာ ဖြစ်စေ၏။

* ဓာတ်စရိုက်အားဖြင့် ယောကျ်ားတို့၏ စိတ်သည် မိန်းမသဏ္ဌာန်ကိုကြိုက်၏၊ မိန်းမသဏ္ဌာန် တည်း ဟူသော အာရုံထဲ၌ မွေ့လျော်၏။

* မိန်းမတို့၏စိတ်သည်လည်း ယောကျ်ားတို့၏ ပုံပန်း သဏ္ဌာန်ကို ကြိုက်၏၊ ယောကျ်ားပုံပန်း သဏ္ဌာန်တည်း ဟူသော အာရုံထဲ၌ မွေ့လျော်၏။

ထိုသဏ္ဌာန် တရားအတွက်ကြောင့် ယောကျ်ားမိန်းမတို့မှာ အပြင်းအထန် အစွဲသန်သော ဥပါဒါန်တရား ဖြစ်ရကုန်၏၊

* ပဘာဝတီ၏ ပုံပန်းသဏ္ဌာန်သည် ကုသမင်းကြီး ၏ စိတ်ဓာတ်မှာ စွဲ၍ အမြဲဥပါဒါန် တွယ်သော ကြောင့် နန်းစည်းစိမ်ကို စွန့်လွှတ်ပြီးလျှင် ပဘာဝတီ၏ နေ ပြည်သို့ လိုက်ရ၏၊ မရှက်နိုင် မကြောက်နိုင်ဘဲ မင်းနှင့် မလျော်သော အိုးလုပ် ဖျာယက် ပွဲတော်ဆက် အမှုများ ကို ပြုရ၏။

* ဥမ္မာဒန္တီ၏ရုပ်သွင် ပုံပန်းသဏ္ဌာန်သည် “သိဝိ ရာဇ် မင်းကြီး၏ စိတ်အကြည်မှာ” ထိခိုက် ဓာတ်ပုံရိုက်သလို ဖြစ်သောကြောင့် နန်းတော်ပေါ်တွင် တလိမ်လိမ် တလွန့်လွန့်နှင့် ယောင်ယမ်းလျက် ရူးနှမ်းတော်မူရ၏။

အဝိညာဏက ဝတ္ထုတို့၌ရှိသော သဏ္ဌာန်“သည် လည်း ကိလေသာ အညစ်အကြေးကို ထူထပ်စေနိုင်၏၊ ယခု လောက၌ ဝတ် ဆင်ကြသောအရာတွင် နားတောင်း နားကပ်တို့၏ ပုံပန်း သဏ္ဌာန် ဆန်းကြယ်ပုံ, လက်ကောက် လက်စွပ် လည်ကပ် ဆံထိုးတို့၏ ပုံပန်း သဏ္ဌာန် ဆန်းကြယ်ပုံ များကိုကြည့်လျှင် သိသာ၏၊ လှပယဉ်ကျေးစွာ တစ်မျိုးဆန်း၍ လုပ်လာသော နားတောင်း လက်ကောက် စသည်ကို မြင်လျှင် ခင်မင်သာယာ၏ ထိုပုံပန်းကို လိုချင်ပြန်၏၊ မိမိတွင်ရှိရင်း ဖြစ်သော လက်စွပ် လက်ကောက် များကိုပင် ပုံသဏ္ဌာန် မကောင်းဘူး ထင်၍ တစ်မျိုးပြင်ကာ လုပ်ရပြန်၏၊ အပိုစရိတ်ကုန်ခံရ၏၊ ဤသို့စ သည်ဖြင့် ပုံသဏ္ဌာန် အမျိုး မျိုးတို့ကို သက်ရှိသက်မဲ့ ဉာဏ်ရှိတိုင်း ကြည့်ရှု ဆင်ခြင်လေ။

ပြအပ်ပြီးသော သဏ္ဌာန်စုကား လောဘကိလေသာ ဖြစ်မှု နှင့်စပ်၍သာ ဆိုသည်၊ ဒေါသကိလေသာဖြစ်သော သဏ္ဌာန်များ လည်း ရှိသေး၏၊ မကောင်းသော ပုံသဏ္ဌာန်များ ကြောက်ဖွယ် ကောင်းသော ပုံသဏ္ဌာန်များပေတည်း။ ထိုဆိုးဝါး ယုတ်မာသော သဏ္ဌာန်ကို တွေ့မြင်ကြကုန်လျှင် တစ်ရံတစ်ခါမုန်း၏၊ တစ်ရံတစ်ခါ စိတ်ဆိုး၏၊ တစ်ရံတစ်ခါ ကြောက်၏၊ တစ်ရံတစ်ခါ ကဲ့ရဲ့ပြစ်တင်တတ်၏၊ ဤ သဏ္ဌာန်တရားဖြင့် သံသရာ သမားလုပ်၍နေရသမျှ ကာလပတ်လုံး ကိလေသာ အမိုက်တောမှ မထွက်နိုင်ဘဲ တစ်ညစ်နွမ်းထဲ ညစ်နွမ်း၍ နေဖို့စခန်းသာရှိသည်ဟု ဆိုလိုရင်း ဖြစ်သည်။

“သံသရာသမားအနေနှင့် နေရသမျှ ကာလ ပတ်လုံး လည်း” ထိုသမူဟပညတ် သဏ္ဌာနပညတ်ကို မလွန်မြောက်နိုင် ကုန်၊ ထိုသဏ္ဌာန်တို့ဖြင့်သာလျှင် ငါယောကျ်ားဖြစ်သည်၊ ငါမိန်းမ ဖြစ်သည်၊ ဤသူငါ့သားဖြစ်သည်၊ ငါ့သမီးဖြစ်သည်ဟူ၍ ငါ တစ်လူလူနှင့် တစ်ဆူဆူ တစ်ညံညံ နေကြကုန်သည်။။ ဤကား သဏ္ဌာန်နှင့်စပ်၍ဆိုသော စကားရပ်တည်း။

၄။ “သည်ဟန်အမူ“အကြောင်းကိုဆိုအံ့။။ သတ္တဝါ တို့၏ အပြုအမူ ကြိယာစုကို ဟန်အမူဆိုသည်။ ယခုရရှိနေသော ဟန်အမူများသည် များသောအားဖြင့် ဖြူစင်သန့်ရှင်းသည်မဟုတ်၊ အညစ်အကြေး ထူထပ်လျက်သာ ရှိသည်ဟု ဆိုလိုသည်။။ ဟန်အမူ များ၏ အညစ်အကြေး ထူထပ်ပုံကား-ယခုရှိနေသော ပုထုဇ္ဇန်သတ္တဝါ ဟူသမျှတို့၏ စိတ်သဘောကို ကြည်ဖြူ သန့်ရှင်းသော အမူအကျင့်က များပါသလော၊ မဖြူ မဖြောင့် ကွယ်ထောင့် တစ်မျိုး တိတ်တိတ်ခိုးကျင့် လိုသော အမူအကျင့်ဆိုးက များပါသလောဟု ဆင်ခြင်လျှင် မဖြူမဖြောင့် သော သဘောတွေကသာ ထမ်းပိုးဆယ်ဆ မကအောင် များလိမ့်မည်ဟု သိကြလိမ့်မည်။

သတ္တဝါတစ်ယောက်တစ်ယောက်၌ ကာယကံ, ဝစီကံ, မနောကံ သုံးမျိုး ပိုင်းခြား၍ ကြည့်လေဦး၊ ဤကံသုံးပါးကိုပင် ဟန်အမူဟု ဆိုရ သည်။။ ခြေ-လက် အင်္ဂါစသော ကိုယ်အမူ အရာလှုပ်ရှားလေသမျှ ကာယကံစုသည် အကုသိုလ်ဖြစ်ရန်များပါသလော၊ ကုသိုလ်ဖြစ်ရန် များပါသလောဟု ဆင်ခြင်လျှင် အကုသိုလ်ဖြစ်ရန်သာ များလိမ့်မည်ဟု ဧကန်သိကြလိမ့်မည်။

ထိုစကားမှန်စွ။ ရှိရှိသမျှသော သတ္တဝါအပေါင်းတို့သည် နေ့မီးမအား-ညဉ့်မီးမအားရအောင် ကာယကံမှုများကို ပြုလုပ် ကြကုန်၏၊ ပြုပြုသမျှကို စာရင်းချလိုက်လျှင် မိမိတို့ကိုယ်တိုင် စားသောက်ဖို့ အတွက်သော်၎င်း, မိမိ၏ သားမယားများ စား သောက်ဖို့အတွက်သော် ၎င်း ဖြစ်သည်၊ ဘယ်လိုပင် နေ့စဉ် ပြုလုပ်ပါသော်လည်း ကိစ္စ မပြီးမဆုံး နိုင် မအားမလပ်နိုင်ပဲသာ ရှိကြကုန်၏၊ သေသောအခါတိုင်အောင်ပင် မိမိတို့အလုပ်လက်စ မသတ်နိုင်ဘဲ အလုပ်တန်းလန်းနှင့် သေကြရကုန်၏၊ တစ်သက်လုံး ပြုလုပ်လေသမျှ ကာယကံအမူအရာစုသည် သေလျှင် ဘာတစ်စုံ တစ်ခုမျှ အကျိုးမရှိလေကုန်၊ ဝိတိက္ကမစေတနာနှင့် ပြုလျှင် အကုသိုလ်ကမ္မပထ မြောက်၍ အပါယ်ငရဲသို့ပင် ရောက်စေနိုင်သေး သည်။

မိမိအတွက် သားမယားအတွက်နှင့် ပြုလုပ်ရမည်ဆိုလျှင် ယခု မအားသေးပါဘူး၊ ယခုမလုပ်တဲ့နိုင်သေးပါဘူးဟူ၍ ဆင်ခြေ ကန်၍ ငြင်းပယ်ခြင်း မရှိကြကုန်ဘဲ ရွှင်လန်းဝမ်းမြောက်စွာ ပြုလုပ် နိုင်ကြကုန် သည်။။ ရံခါရံဖန် ဘုရားကိစ္စ တရားကိစ္စနှင့် ပြုလုပ်ဆောင်ရွက်ရန် ကိစ္စပေါ် ပေါက်လာလျှင် အားတက်သရော မဆောင်ရွက်ချင်ကြကုန် ဘာလုပ်စရာ ကိစ္စရှိသေးသည်၊ ဘယ်သို့ သွားရန်အမှုရှိသေးသည်၊ ခေါင်းပူသည်၊ ကျောပူသည်၊ ရင်အောင့်သည်၊ ဝမ်းနာသည် စသော အားဖြင့် ဆင်ခြေများ၍ ရှောင်လွှဲ တတ်ကြကုန်၏။

ထို့ကြောင့်ယခုရှိနေကြသော ဟန်အမူများသည်လည်း မြူ အညစ်အကြေး ထူထပ်ပေါများသည်ဟူ၍ဆိုသည်။ မြူအညစ် အကြေး ထူထပ်သော အမှုရှုပ်တွေကို ပြုလုပ်ပါသော်လည်း သေ သည်၏ အခြားမဲ့၌ တစ်စုံတစ်ရာမျှ မိမိမှာအားကိုးစရာ မရချေ။ “ငါမွေးသည့် မျောက် ငါ့ကိုခြောက်“ဆိုသော စကားပုံကဲ့သို့ ကိုယ်တိုင်ပြုခဲ့သော အမှုများသည် မိမိကိုယ်တိုင် ပြန်၍နှိပ်စက်ပြန်သည်။

ဝစီကံ၏ အညစ်အကြေးထူပြောပုံကိုဆိုအံ့။။ နေ့ညဉ့် မဟူ သူသူငါငါ ပြောဆိုသမျှသော စကားတို့သည် လွန်စွာများ၏၊ ထိုသို့ နှုတ်ဖြင့် ပြောဆိုအပ်သော စကားတို့တွင် အကုသိုလ်နှင့် ယှဉ်သော စကားက များပါသလော၊ ကုသိုလ်နှင့်စပ်ယှဉ်သော စကားက များပါ သလောဟု ဆင်ခြင်လျှင် ကုသိုလ်နှင့် မစပ်မဆိုင်သော အလေဏတော စကားတို့သာလျှင် များကုန်လိမ့်မည်၊ မိမိအပြစ်ကို ဘယ်အခါမှပြော လေ့မရှိပဲ သူတစ်ပါးတို့၏ အပြစ်စကားကို ပြောကြားရမည်ဆိုလျှင် ရှုံ့မဲ့၍ မေးငေါ့၍ မေးထိုး၍ လက်တခါခါ ခြေတလှုပ်လှုပ် ပြုလုပ်၍ ပြော တတ်ကြကုန်၏၊ ထိုသို့ အသုံးမကျသော စကားလေ စကားလွင့် စကားလိမ်တို့ကို ပြောဆိုရလျှင် အလွန်တရာ နှုတ်တက်ကြကုန်၏၊ အလွန်တရာ နှုတ်လျှာ သွက်သွက်လက်လက် ရှိကြကုန်၏။

* အယုတ်တမာစကားများကို ပြောဆိုသော သူများ သည် နောင်တစ်မလွန်ဘဝ၌ မိမိတို့ ဝစီကံသည် မိမိတို့ကို စီမံ၍ ခံတွင်းပုပ်ခြင်း၊ နှုတ်ခမ်းပဲ့ခြင်း၊ မြင်မကောင်း အောင် သွားခေါခြင်း သွားကျိုး လွယ်ခြင်း၊ သွားမ လှခြင်း၊ စကားထစ်အ,ခြင်း၊ စကားမပြီသခြင်း၊ နှုတ် ဆွံ့ခြင်း၊ အပြင်းအထန် ဟောက်ခြင်း၊ ပါးစပ်မှ အမြှုပ် ထွက်ခြင်း စသော မကောင်းကျိုးတို့ကို ရရှိခံစားရ ကုန်၏။

* အညစ်အကြေးထူထပ်သောစကားသည် မသန့်ရှင်း သော အကျိုးပေး၏။

* အကျိုးရှိသောစကား, တရားနှင့် စပ်ဆိုင်သော စကားများကို ပြောရလျှင် သန့်ရှင်းစင်ကြယ်သော အကျိုးများကို ပေး၏၊။

မိမိက, တတ်စွမ်းနိုင်လျှင် ပါးစပ်ကိုအသုံးချ၍ သူတစ်ပါး တို့အား တရားနှင့်စပ်သော စကားကိုပြောဆိုရမည်၊ ယဉ်ကျေး အောင်ဆုံးမရမည်၊ ရတနာသုံးပါး၌ ကြည်ညို၍လာအောင် ဟောပြောရမည်။။ အကယ်၍ မိမိက မစွမ်းနိုင်လျှင် မဟော တတ်လျှင် သူတစ်ပါးတို့၏ ဟောပြောသော တရားစကားများကို ကောင်းမွန် ရိုသေစွာ လိုက်နာ၍ ကောင်းချီးပေး ရမည်၊ သာဓုခေါ်ရမည်။။မိမိက ဟောပြောရသောအကျိုးကို မဆို ထားနှင့်ဦး သူတစ်ပါးတို့၏ တရားစကားကို ကြားရ၍ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရ သောကြောင့် ခံတွင်းမှ ကြာညိုနံ့ သင်းပျံ့ကြိုင်လှိုင်သည်ဟု ကျမ်းဂန်၌ ဆို၏။

မနောကံ၏ အညစ်အကြေးထူပြောပုံ“ကိုဆိုအံ့။ မနောကံ ၏ အညစ်အကြေး ဆိုသည်ကား-အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ များ ပေတည်း။

* သူတစ်ပါးတို့၏ စီးပွါးဥစ္စာကို ငါ့ဟာဖြစ်လျှင် ကောင်း လေစွာ့ဟု မကောင်းသဖြင့် ကြံစည်မှုကို အဘိဇ္ဈာ ဆိုသည်။

* မိမိနှင့် မသင့်မတင့်သောသူ ငြိုးသူရန်ဘက် ဖြစ်သော သူများကို သေပါစေ ပျက်စီးပါစေဟု မကောင်းသော အားဖြင့် ကြံစည်မှုကို ဗျာပါဒ ဆိုသည်။

* ဗုဒ္ဓဘာသာမှတစ်ပါး အယူလွဲမှုကို မိစ္ဆာဒိဋ္ဌိ ဆိုသည်။

ရှေးကုသိုလ်ကံကောင်း၍ ချမ်းချမ်းသာသာ ကြီးကြီး ကျယ် ကျယ် ခံစားစံစားရသော သူများကိုမြင်လျှင် မရှုစိမ့်ပဲ ရှိတတ် ကြကုန်၏၊ ဤစည်းစိမ် ဥစ္စာသည် ငါ့ဟာဖြစ်ပါမူကား-ကောင်း လေစွဟု အကြံဆိုး ဖြင့် ကြံစည်တတ်ကုန်၏၊ လှပသောသူ မြင်လျှင်လည်း စိတ်မသက်မသာ ရှိတတ်၏၊ ကောင်းကောင်းမွန်မွန် ဝတ်ဆင်၍လာသည်ကို တွေ့မြင် လျှင်လည်း စိတ်မသက်မသာ ရှိတတ်၏၊ တစ်နည်းနည်းဖြင့် ပျက်စီး အောင် တတ်စွမ်းနိုင်လျှင် ကြံ၍ ဖျက်ဆီးချင်၏၊ ကောင်းစားသောသူ ကြီးပွါးသောသူတို့နှင့် စပ်လျဉ်းလာလျှင် ကောင်းစွာ မပြောဆိုချင်ပဲ ရှိတတ်၏၊ ကဲ့ရဲ့တတ်၏၊ ဥစ္စာစည်းစိမ် ပျက်စီးသွားသည်ဟု ကြားသိရ လျှင် ဝမ်းသာချင်တတ်၏၊ ဤသို့ဖြစ်မှုများသည် အဘိဇ္ဈာ၏ အခိုး အကင်းတို့ ပေတည်း။

* အဘိဇ္ဈာအခိုးအကင်းကို မသတ်နိုင်လျှင် ဖြစ်လေရာ ဘဝ၌ ချမ်းသာခြင်းမှ ကင်းတတ်၏၊ ဆင်းရဲတတ်၏၊ မိမိစည်းစိမ်ကို သူတစ်ပါးတို့ ဖျက်ဆီးလွယ်၏၊ မီးဒဏ်, ရေဒဏ်, မင်းဒဏ် သင့်၍ ပျက်စီးတတ်၏၊ အဆင်းကို အဘိဇ္ဈာ ဖြစ်လျှင် ဖြစ်လေရာဘဝတို့၌ အဆင်းမလှ တတ်၊ အရုပ်ဆိုးတတ်၏၊ အင်္ဂါချို့တဲ့တတ်၏၊ မွေး စဉ်က လှပသော်လည်း ကြီးသောအခါ မျက် စေ့ပျက် ခြင်း၊ ခြေကျိုးခြင်း၊ လက်ကောက်ခြင်း၊ နှာခေါင်း ပိပြားခြင်း၊ နူနာရောဂါကို ရခြင်းများ ဖြစ်တတ်၏။

* အဘိဇ္ဈာတရားကို ပယ်နိုင်မှ ချမ်းသာစွာ သံ သရာ၌ လှလှပပ အကျိုးပေးသည်၊ အဘိဇ္ဈာ တရားကို ပယ်ရှားရန် မုဒိတာတရားများကို ပွါးများရသည်၊ မုဒိတာဆိုသည်ကား- သူတစ်ပါးတို့၏ စည်းစိမ် ချမ်း သာကို မြင်ရ-ကြားရလျှင် ဝမ်းမြောက်ခြင်း အားရခြင်း နှစ်သက်ရွှင်လန်းခြင်းများပေတည်း။

မေတ္တာပို့၌ “ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု” ဆိုသော စကားသည် မုဒိတာပွါးရန်ဖြစ်၏၊ မုဒိတာပို့ ဆိုလိုသည်။။ ရှိရှိသမျှသော သတ္တဝါအပေါင်းတို့သည် မိမိတို့၏ လက်ရှိဖြစ်သော စည်းစိမ်ချမ်းသာတို့မှ မဆုတ်ပဲ အမြဲတည်ကြပါစေကုန်သတည်း၊ လက်ရှိစည်းစိမ်တို့သည် ခိုင်မြဲစွာ တည်တံ့ပါစေသတည်းဟု စိတ်၌ ဖြစ်မှုသည် မုဒိတာပို့ သည်မည်၏။

* သူတစ်ပါး စည်းစိမ်ချမ်းသာကို မြင်လျှင် ဝမ်းသာ ၏၊ သာဓုခေါ်၏၊ မုဒိတာတရားရှိသော သူသည် နောင်ဖြစ် လေရာ ဘဝတိုင်းချမ်းသာ၏၊ မြဲသော စည်းစိမ်ချမ်း သာရှိ၏၊ ရန်သူမျိုး ငါးပါးနှင့် ကင်း၏၊ အရုပ်အဆင်း လှ၏။

ဤကား- မုဒိတာနှင့်စပ်၍ ဆိုသောစကားရပ်တည်း။

ဗျာပါဒဆိုသည်ကား- သူတစ်ပါးတို့၏ အသက် ဝိညာဏ်ကို ထိခိုက်၍ ပျက်စီးအောင်ကြံမှုတည်း၊ သေစေလိုမှုတည်း၊ မိမိနှင့် ရန်ဖက်ဖြစ်သောသူကို သေစေချင်တတ်၏၊ သေသည်ဟု ကြားလျှင် ဝမ်းသာ၏၊ သေပါစေဟု ဆုတောင်း၏

* ထိုဗျာပါဒ အကုသိုလ်ရှိသောသူသည် ဖြစ်လေ ရာရာ သံသရာဘဝ၌ အသက်တို၏၊ ဘေး အန္တရာယ်များ၏၊ မိမိအပေါ်၌ မုန်းသူများ၏၊ ရန်ငြှိုးထားခံရ၏။

* ထိုဗျာပါဒတရားကို ပယ်ရှားနိုင်မှ သံသရာ၌ အသက် ရှည်ခြင်း၊ အန္တရာယ်ကင်းခြင်း၊ ကပ်ရောဂါနှင့် မတွေ့ မကြုံခြင်း၊ အကျိုးကို ပေး၏။

* ဗျာပါဒတရားကို ပယ်ရှားရန် မေတ္တာတရားကို ပွါး များရာသည်၊

မေတ္တာပွါးများမှု ဆိုသည်ကား

အလုံးစုံသောသတ္တဝါတို့သည်ရန်ကင်းကြပါစေ၊ ကြောင့် ကြစိုးရိမ်မှု ကင်းကြပါစေ၊ ဆင်းရဲမှုကင်းကြပါစေ၊ ချမ်းချမ်းသာသာ အတ္တဘောကို ဆောင်ရွက်နိုင်ကြပါစေ၊ ဒုက္ခမှ လွတ်ကြပါစေဟူ၍ စိတ်ထား ကောင်းမြတ်မှုပေတည်း။

ဤကား- ဗျာပါဒနှင့်စပ်၍ဆိုသော စကားရပ်တည်း။

မိစ္ဆာဒိဋ္ဌိ မနောကံဆိုသည်ကား=မြတ်စွာဘုရား အလို တော် အယူမှတစ်ပါး အခြားသော အယူ ဝါဒဘာသာ အမျိုးမျိုး မှောက်မှောက်မှားမှား မတရားသော အယူ တို့ကို ဆိုသည်။

ထိုမိစ္ဆာဒိဋ္ဌိ မနောကံဆိုသည်ကား- အကုသိုလ်ကံ တကာ တို့ထက် နက်နဲရင့်သီးစွာ၏၊ အညစ်အကြေး ထူထပ်ပေါများစွာ၏၊ မိစ္ဆာဒိဋ္ဌိတို့ကို ကမ္မဿကတာ သမ္မာဒိဋ္ဌိ အစရှိသော ဉာဏ်ပညာ တို့ဖြင့်သာလျှင် ရှင်းကွာစင်ကြယ်အောင် တတ်နိုင်သည်။ ဤဆို အပ်ပြီးသော စကားရပ်ကား-“သည်ဟန်အမူ“ဆိုသောပုဒ်၏ အဓိပ္ပါယ် ဖော်ပြချက်ပေတည်း။

အဓိပ္ပါယ်တစ်နည်းအားဖြင့် “သည်ဟန်အမူ” ဆိုသည် ကား ယခုအခါ သူသူငါငါ ပြုလုပ်ကြသော ကုသိုလ်နှင့် ဆိုင်ရာဟူသမျှသည် ယေဘုယျအားဖြင့် ဟန်ပန်လုပ်၍ ပြုလုပ်သော အမှုများသာ ဖြစ်ချေသည်၊ တကယ်စင်စစ်အားဖြင့် စိတ်ရော ကိုယ်ပါ ပြုလုပ်သော အမူ အရာများ မဟုတ်ဟုဆိုလိုသည်၊ အိမ်နီးချင်း ရိုသေအောင် ဝတ်တက် ဆိုသော စကားပုံကဲ့သို့ လူရိုသေအောင် ရှင်ရိုသေအောင် လူချီးမွမ်း အောင် ရှင်ချီးမွမ်းအောင်ပြု လုပ်သော ဟန်များသာ ဖြစ်ချေသည်။ ဇာတ်တော်၌လာသော ကျားတစ်ကောင်၏ ဟန်လုပ်၍ ဥပုသ် စောင့်ပုံကဲ့သို့တည်း။

ယခုအခါ များသောအားဖြင့် သူသူ-ငါငါ ပြုလုပ်ကြသော ဒါန, သီလ, ဘာဝနာစသော အလုပ်များသည် ဟန်အမှုသာ များတတ်၏၊ တကယ့်သဘောရိုး သက်သက်ရှားပါး၏။

  • ဒါနပြုလုပ်သောအခါ၌လည်း သူတစ်ပါးတို့ ချီးမွမ်း အောင်၊ ဂုဏ်ရှိအောင် ပြုသည်လည်း ရှိတတ်၏၊ မလွဲသာ၍ပြုသည်လည်း ရှိတတ်၏၊ ဤဒါနမျိုးကို ဟန်ဒါန မျိုးခေါ်သည်။

  • သီလ ဆောက်တည်သော အခါ၌လည်း လူ ရိုသေ အောင် လူချီးမွမ်းအောင် ဆောက်တည် သည်လည်း ရှိ၏၊ လပြည့်လကွယ် ရှစ်ရက်သီတင်းနေ့ ကြုံလျှင် အခြားလူများတို့ အုတ်အော် သောင်းတင်းထွက်၍ ဥပုသ်စောင့်ကြသောကြောင့် ယောင်၍စောင့်သည် လည်း ရှိတတ်၏၊ ထိုသီလမျိုးကို ဟန်သီလခေါ်သည်၊ သီလ ယောင် ဟူ၍၎င်း၊ သီလကြောင် ဟူ၍၎င်း ခေါ် သေးသည်။

  • ဘာဝနာပွါးများသောအခါ၌လည်း ထိုသူသည် အလွန်တရားကို အားထုတ်ပေ၏၊ “ကမ္မဋ္ဌာန်း ဘာဝနာ များနှင့် မွေ့လျော်ပေ၏” ဟူ၍ ကျော်စောသတင်း ကိုလို၍လည်း ပြုလုပ်တတ်၏၊ သူများ ဘာဝနပွါးနေ သည်ကို မြင်ဖူးသဖြင့် ဣန္ဒြေရစွာ ဟန်ပန်ကောင်း ကောင်းနှင့် ထိုင်ပြီးလျှင် ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်း ဟန်လည်း ပြုတတ်၏၊ မိမိစိတ်ကဖြင့် ဘယ်သို့လေလွင့် သည်ဟု မဆိုနိုင်၊ ဤသို့ပွါးများသော ဘာဝနာ များသည် ဟန်ဘာဝနာမည်၏၊ ဤ အဓိပ္ပါယ်စုကို ယူ၍ “သည်ဟန်အမူ” “သည်ဟန်အမူ” ဟူ၍ဆိုသည်။ ဤကားအဓိပ္ပါယ်တစ်မျိုးတည်း။

၅။ “သည်အယူ” ဟူသော စကားရပ်၌ သက္ကာယဒိဋ္ဌိအယူကို ဤနေရာ၌ လိုအပ်သည်၊ ထိုစကားမှန်၏၊ ဗုဒ္ဓဘာသာ မှန်သမျှသော ပုဂ္ဂိုလ်တိုင်းမှာပင် နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ စသော ဒိဋ္ဌိဆိုး ဒိဋ္ဌိကြမ်းကြီးတွေအတွက် စိုးရိမ်စရာ မရှိ၊ ထိုဒိဋ္ဌိကြမ်းကြီးတို့မှ စင်ကြယ်သောကြောင့်သာလျှင် ဗုဒ္ဓဘာသာ ဖြစ်နိုင်သည်၊ ခြောက်ဆယ့် နှစ်ပါးသော ဒိဋ္ဌိများသည်လည်း ကျကျနန ဗုဒ္ဓဘာသာဖြစ်သောသူမှာ မရှိနိုင်၊ သက္ကာယဒိဋ္ဌိသည်သာလျှင် သောတာပတ္တိမဂ်သို့ မရောက်သေး သမျှသော သူတွေမှာ အတင်းပူးဝင်စွဲကပ်၍နေသည်၊ သက္ကာယဒိဋ္ဌိကို ဒိဋ္ဌိ ဟူသမျှတို့၏ မူလဗီဇဟူ၍ ဆိုနိုင်၏။

ထိုစကားမှန်၏၊ သက္ကာယဒိဋ္ဌိ ရှိနေသည့်အတွက်ကြောင့် သံသရာ ဇာတ်မသိမ်းနိုင်ပဲ ရှည်ကြာ၍ နေကြရကုန်သည်၊ သံသရာ ရှည်ကြာ၍ ဇာတ်အမျိုးမျိုး ဖြစ်နေရမှုကြောင့် အမှောက်အမှား တွေနှင့်တွေ့ကြုံ၍ ဒိဋ္ဌိအမျိုးမျိုး ဆိုးဆိုးဝါးဝါးကြီးတွေ ဖြစ်ကြရကုန်သည်၊ ကြောက်မက်ဖွယ်ကောင်းသော ဒုက္ခမှာ အပါယ်ဘေးဒုက္ခကြီး ဖြစ်ရသည်၊ ထိုအပါယ်ဒုက္ခကိုလည်း သက္ကာယဒိဋ္ဌိရှိသော သူတို့သာလျှင် ခံရကုန်သည်၊ သက္ကာယဒိဋ္ဌိ ကင်းပြီးသော သောတာပန်ပုဂ္ဂိုလ်တို့မှာ သံသရာဇာတ် မပြတ်သေးသော်လည်း အပါယ်ငရဲသို့ ကျနိုင်တော့ သည်မဟုတ်၊ လူ့ရွာနတ်ရပ် ကောင်းမြတ်သော သုဂတိဘုံတို့၌သာ ကျင်လည် ဖြစ်ပွါးရလေတော့သည်။

သက္ကာယဒိဋ္ဌိတင်းလင်းရှိနေပါမူကား- ဗြဟ္မာကြီးပင်ဖြစ်၍ နေပါသော်လည်း အခွင့်သင့်သောအခါ တိရစ္ဆာန်လည်း ဖြစ်ရ လိမ့်မည်၊ ငရဲသို့လည်း ကျရလိမ့်မည်၊ ပြိတ္တာ အသူရကာယ် များလည်း ဖြစ်ရလိမ့် မည်၊ ထိုမှတစ်ပါး သက္ကာယဒိဋ္ဌိရှိသော သတ္တဝါသည် နာနာသတ္ထာရ ဥလ္လောကနဘေးကြီးနှင့် တွေ့ကြုံရတတ်၏၊ ကိုးကွယ်ရာဘုရား အမြဲမရှိနိုင်ဘဲ ဆရာအမျိုးမျိုး ဘုရားအမျိုးမျိုးတို့၏ မျက်နှာကို မော်၍ ကြည့်နေမှု၊ ဘုရားဆိုလျှင် မှားမှားယွင်းယွင်း အတင်းဆည်းကပ်မှုကို နာနာသတ္ထာရ ဥလ္လောကန ဘေးဆိုသည်။

  • သက္ကာယဒိဋ္ဌိကိုမပယ်နိုင်သေးလျှင်” ယခုဘဝမှာ ဂေါတမ မြတ်စွာဘုရား၏ တပည့်ဖြစ်၍ နေသော်လည်း နောက်ဘဝသို့ ကျရောက်လျှင် ခရစ်ယာန်ဘာသာဖြစ်၍ ထာဝရဘုရားကို ကြည်ညို၏၊ ထာဝရဘုရား၏ တပည့်ဖြစ်ပြန်၏၊ မဟာမက်ဘာသာ ကိုဝင်၍ ခိုဒါအရှင်၏ တပည့်ဖြစ်ပြန်၏။

  • ဘဝတစ်ခုထဲမှာပင်သော်လည်း ရှေ့နှစ်က ဗုဒ္ဓ ဘာသာ ဖြစ်၍ နောက်နှစ်မှာ ခရစ်ယာန်ဘာသာ ဖြစ်ပြန်၏၊ ထိုနောက်နှစ်မှာ မဟာမက်ဘာသာ ဖြစ်ပြန်၏။

ဤသို့ ဘာသာအမျိုးမျိုး 'ဘုရားအမျိုးမျိုး“ဘုရားအမျိုးမျိုး' ပြောင်းနေမှု သဒ္ဓါတရား မမြဲမှုကို နာနာသတ္ထာရ ဥလ္လောကနဘေး ဆိုသည်။

ဆရာအမျိုးမျိုး ဘုရားအမျိုးမျိုးတို့၏ မျက်နှာကိုလည်း တမျှော်မျှော် မော်၍ကြည့်တတ်ကုန်သော သဒ္ဓါလှုပ်ရှား သက္ကာယ ဒိဋ္ဌိသမားတို့ကို ပုထုဇဉ်ခေါ်သည်။ မြတ်စွာဘုရားလက်ထက်တော် အခါ နောက်တော်ကပါသော သုနက္ခတ္တရဟန်းကို ထောက်၍ သိရာ၏၊ ထိုရဟန်းသည် ဘုရားမှန် တရားမှန်နှင့် တွေ့ကြုံ၍ အတုမရှိဘုန်း ခြောက်ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ အပါးတော်သို့ကပ်၍ အလုပ်အကျွေးဖြစ်ပါသော်လည်း

  • ပြာလူး၍ကျင့်သော ဒိဋ္ဌိ,
  • မီးလှုံ၍ ပဉ္စာတပအကျင့်ကိုကျင့်သော ဒိဋ္ဌိ,
  • နွားကဲ့သို့ ကျင့်သော ဂေါဝတိကဒိဋ္ဌိ,
  • ခွေးကဲ့သို့ကျင့်သော ကုက္ကုရဝတိကဒိဋ္ဌိ,
  • အဝတ် မဝတ်ပဲကျင့်သော အစေလကဒိဋ္ဌိ တို့ကိုမြင်လျှင် မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးထက်ပင် ကြည်ညို၍ ထိုမိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်တွေကိုမှ ဘုရားအစစ် ထင်မြင်လေသည်၊ နောက်အခါ မြတ်စွာဘုရားထံမှ ခွါထွက်၍ ဒိဋ္ဌိဘက်သို့ ပြေးဝင်လေ သည်။

သက္ကာယဒိဋ္ဌိ ကင်းရှင်းပြီးသော ပုဂ္ဂိုလ်တို့သည်ကား- ရတနာ သုံးပါးတို့၌ သက်ဝင်စွဲမြဲသော သဒ္ဓါတရားဖြင့် ကြည်ညို၏၊ သဒ္ဓါတရား မလှုပ်မရှားနိုင်ပြီ၊ ဘုရားမပြောင်းတော့ပြီ၊ မြတ်စွာဘုရားကို ဘုရားမဟုတ်, တရားတော်မြတ်ကို တရားတော်မဟုတ်, သံဃာတော်မြတ်ကို သံဃာ တော်မဟုတ်ဆိုလျှင် သတ်၍ ပစ်မည် ပြောသော်လည်း အသေခံလိမ့် မည်၊ ဘုရားမဟုတ်, တရားမဟုတ်, သံဃာ မဟုတ်ဟူ၍ မပြောတော့ပြီ။ ဤသို့ပြဆိုအပ်ပြီးသော ဒုက္ခအမျိုးမျိုးတို့ကို ဖြစ်ပွါးစေနိုင်သော သက္ကာယဒိဋ္ဌိတရား ဆိုးကြီးကို ပယ်သတ်နှိမ်ချိုးနိုင်မှသာလျှင် ချမ်းသာ သုခကိုရနိုင်မည်။ ထိုသက္ကာယဒိဋ္ဌိကို ပယ်သတ်ရန် အခါကာလသည် လွန်စွာနည်းပါးလှ၏၊ မြတ်စွာဘုရားပွင့်တော်မူသော ခေတ် အခါ၌သာ ဤသက္ကာယဒိဋ္ဌိကို ပယ်သတ်နိုင်သည်၊ မြတ်စွာဘုရားတို့ မပွင့် မပေါ်လာလျှင် တစ်စုံတစ်ရာ အမွေအစမျှ သက္ကာယဒိဋ္ဌိကို ပယ် သတ်ရန် နည်းလမ်းမရကြကုန်ဘဲ သက္ကာယဒိဋ္ဌိနယ်ထဲ တွင်သာ စက် ကွင်းမိ၍ နေကြကုန်သည်။

သက္ကာယဒိဋ္ဌိ ဆိုသည်လည်း

  • ခန္ဓာငါးပါး၌ “ငါငါဟု စွဲလမ်းမှုပေတည်း၊ ထို စွဲလမ်းမှု အမှားကြီးကို ဝိပဿနာတရားဖြင့်သာလျှင် ပယ်သတ် နိုင်သည်၊ ဝိပဿနာ လက္ခဏာရေး သုံးချက်သည် သက္ကာယ ဒိဋ္ဌိကိုသတ်ရန် လက်နက်ကြီးတို့ပေတည်း။

ယခုအခါ ဗုဒ္ဓဘာသာ သာသနာတော်စက်တွင်း၌ ကြုံ ကြိုက် ကြသော သူတော်ကောင်းအပေါင်းတို့သည် သက္ကာယဒိဋ္ဌိကို ပယ်သတ်ချိုး ဖျက်ရန်အခါကောင်းကြီးကို လှလှရရှိနေကြကုန်၏၊ “သက္ကာယဒိဋ္ဌိ ဖြိုဖျက်ကြောင်း လက်နက်ကောင်းကြီး“တို့ကိုလည်း ရရှိနေ သည်မည်၏၊ ရန်သူတကာတို့ကို တိုက်ဖျက်ရန် လက်နက် ပြည့်စုံသော ခံတပ်ကြီးကို အပြီးရရှိနေသော စစ်ဗိုလ်ချုပ် ကြီးများနှင့်တူ၏။

ထိုကဲ့သို့ အရတော်လှသော ဘဝကိုရခဲလှသည်။ ဤသို့ အချိန်ကာလကောင်းနှင့်တွေ့ကြုံ လက်နက်အင်အား ပြည့်စုံသော အခါတွင်းမှာမှ သက္ကာယဒိဋ္ဌိကို မဖြိုဖျက်နိုင်ပဲ လွဲချော်၍သွားပြန်လျှင် သံသရာ၌ အမှားကြီးမှားသော သူနှင့်တူ၏၊ အနမတဂ္ဂ သံသရာဘဝ အဆက်ဆက်တို့၌ သက္ကာယဒိဋ္ဌိကို ပယ်သတ်မှု ကိစ္စမှတစ်ပါး အခြား ကိစ္စကြီးများကို ကြီးမားစွာထူထောင်၍ လုပ်ကိုင်ဖူးကြလှကုန်ပြီ၊ လူ့ပြည်လောက၌ အကြီးဆုံးသော စကြဝတေးမင်းကြီး အလုပ်ကိုလည်း လုပ်ဖူးကြကုန်ပြီ။ နတ်ပြည်လောက၌ သိကြားမင်းကြီးအလုပ် နတ်မင်းကြီးများ အလုပ်ကို လည်း လုပ်ဖူးကြကုန်ပြီ။ ဗြဟ္မာပြည်လောက၌ ပုထုဇဉ် ဗြဟ္မာမင်းကြီး အလုပ်ကိုလည်း လုပ်ကိုင်ဖူးကြကုန်ပြီ။

ထိုသို့လောကီအလုပ်ကြီးတွေကို လုပ်ကိုင်ဖူးသော်လည်း လောကုတ္တရာနှင့်ဆိုင်သော သက္ကာယဒိဋ္ဌိပယ်သတ်မှု အလုပ်ကြီး များကို လုပ်ကိုင်ဖူးကြမည် မဟုတ်ကုန်။ ယခုလို ကာလကောင်း ခေတ် ကောင်း ဝိပဿနာ လက်နက်ကောင်းကြီးတွေများနှင့်လည်း လှလှတွေ့ ဖူးခဲ့ကြမည်မဟုတ်ကုန်၊ ထို့ကြောင့် ယခုခေတ်အခါ လွန်စွာအခွင့် သင့်လှသောကြောင့် သံသရာတစ်ခွင်မှာ ကျင်လည်သမျှ ဘဝတိုင်းလုပ် ကိုင်နေ ကြမြဲဖြစ်သော လောကီအမှု တာဝန် များကို မလုပ်မကိုင်ကြ ကုန်ဘဲ သက္ကာယဒိဋ္ဌိပယ်သတ်ရန် အလုပ်ကောင်းကြီးကိုသာ အပူတပြင်း အတင်းလုပ်ကိုင်ဖို့ ကောင်းပေသည်။

ဤသို့သောစကားအစဉ်ဖြင့် “သည်ရုပ်ကယ်, သည်နာမ်၊ သည်သဏ္ဌာန်နှင့်, သည်ဟန်အမူ၊ သည်အယူလဲ၊ မဖြူ သေးလို၊ မြူကြေးတွေ ပိုလွန်းလို့” ဟူသောဝါကျ၏ အဖွင့် စကားရပ် အပြီးသတ်သတည်း။

တစ်ကိုယ်ကောင်းတန်၊ တစ်စောင်းနော်ကြံလိုက်ရ၊ နောက်ဆံထွေးယှက်၊ အရေးနှယ်ခက်ပါဘိ ဟူသောဝါကျ၌ အဓိပ္ပါယ်လိုရင်းကား ပြဆိုအပ်ပြီးသောအတိုင်း မိမိခန္ဓာကိုယ်၌ ရရှိ၍နေသော ရုပ်တွေ, နာမ်တွေ, သဏ္ဌာန် ပုံပန်းတွေ, ဟန်အမူ အရာတွေ, အယူဝါဒ သက္ကာယဒိဋ္ဌိတွေသည်ကား-ဖြူစင်ဖြောင့် မတ် မြတ်သောတရားစု မဟုတ်လေကုန်၊ ထို့ကြောင့် ထိုတရား တို့နှင့် မဆက်မဆံ တစ်ကိုယ်ကောင်းကြံဖို့သာ သင့်ချေသည်၊ ထိုသို့ တစ်ကိုယ်ကောင်း သက်သက်ရှောင်ထွက်ရန် တစ်စောင်း ကြံလိုက် ပြန်သော်လည်း နောက်ဆံတငင်ငင်၊ နောက်ဆံ တထွေးယှက်ယှက် ရှိပြန်သောကြောင့် တစ်ကိုယ်ကောင်း ကြံစည်၍ ထွက်ဖို့ရန်အချက် သည်လည်း အလွန်ပင်ခက်ခဲလှသည် ဟူ၍ ဆိုလိုရင်းဖြစ်သည်။

တစ်ကိုယ်ကောင်းကြံ၍ ရှောင်ထွက်မည် ကြံပါသော်လည်း နောက်ဆံတင်းသည့်ပမာဖြစ်၍နေသော တရားစုကား အခြား မဟုတ်၊ လူဖြစ်လျှင် လူ့အလျောက် လူ့ကာမဂုဏ်များပေတည်း၊ ရဟန်းဖြစ်လျင် ရဟန်းအလျောက် ရဟန်းကာမဂုဏ်များပေတည်း၊ ရဟန်းကာမဂုဏ် ဆိုသည်ကား-ကျောင်းထိုင်ပုဂ္ဂိုလ်ဖြစ်လျှင် မိမိနေရာတိုက်တာ ကြီးနှင့်တကွသော ကျောင်းအရိပ် အာဝါသကြီးသည်လည်း ရဟန်း ကာမဂုဏ်ပင် မည်၏၊ ထိ့ုပြင် မိမိနှင့်စပ်နွှယ် ရင်းနှီးကြကုန်သော ဥပါသကာ ဒါယကာ ယောကျ်ား၊ ဥပါသိကာ ဒါယိကာမိန်းမများ သည်လည်း ရဟန်း၏ ကာမဂုဏ်ပင်မည်၏၊ ထို့ပြင် မိမိပို့ချ သင်ကြား၍ ထားအပ်သော စာသင်တပည့်များ သည်လည်း ရဟန်း၏ ကာမဂုဏ်ပင် မည်၏၊ အကယ်၍ အရညကင် ဓူတင် ဆောက်တည်၍ တောထွက်ရန် ကြံစည်သောအခါ ထွက်ခါနီးဆဲဆဲတွင် ကျောင်းသံယောဇဉ်က ဆွဲ၊ မိမိနှင့်စပ်သောတပည့်-ဒါယကာ စာသင်ပရိသတ်တည်းဟူသော သံယောဇဉ်တွေက ဆွဲနှင့် မထွက်ဖြစ်နိုင်ပဲ နောက်ဆံ တငင်ငင် နောက်ဆံတထွေး ယှက်ယှက်နှင့်သာ နေရလေသည်။

လူဖြစ်လျှင် မိမိ၏ သားမယား အိုး-အိမ်ထောင်များသည် အကြီးအကျယ်ဆုံးသော “ကာမဂုဏ်ထောင်““ကာမဂုဏ်ထောင်” သံယောဇဉ် နှောင် ကြိုးကြီးမည်၏၊ ထို့ပြင် ဆွေမျိုးရင်းချာတို့သည်လည်း သံယောဇဉ် ပင်ဖြစ်၏၊ ထို့ပြင်ဆွေမျိုး မတော်သော မိတ်ဆွေများသည်လည်း သံယောဇဉ်ပင်မည်၏၊ မိမိလက်ရှိဖြစ်သော လယ်ယာ, မိုးမြေ, ရွှေ, ငွေ, ဘဏ္ဍာ, ရတနာ, စိန်ကျောက်များသည်၎င်း, မွေးမြူ၍ထားအပ်သော ဆင်, မြင်း, ကျွဲ, နွားစသော အာရုံများသည်၎င်း၊ ကာမဂုဏ်ကြိုး သံယောဇဉ်ကြိုးတွေပင် မည်၏၊ ထိုမှတစ်ပါး အိမ်ထောင်မှု ပရိဘောဂ များသည်၎င်း၊ မိမိ၏ရာထူး အလုပ်အကိုင်များသည်၎င်း၊ ကာမဂုဏ် ထောင် သံယောဇဉ် နှောင်ကြိုးတွေမည်၏၊ အကယ်၍ သံဝေဂဉာဏ် ထက်သန်လာသဖြင့် တစ်ကိုယ်ကောင်းကြံ၍ ထွက်မည်ပြုရာ ဆိုအပ်ပြီးသော ကာမဂုဏ်နှောင်ကြိုးတို့က အတင်း, အကြပ် တုပ်နှောင် ကြကုန်၏၊ မျက်စိကတုပ် နားကတုပ် စသည်ဖြင့် တစ်ကိုယ်လုံး မကျန်အောင် ထန်းပူးစည်းတုပ်နှောင်ကြကုန်၏။

ထိုစကားမှန်၏၊ သံဝေဂဉာဏ်ဖြင့် ထွက်မည်ရှိရာ ဆဲဆဲ တွင် သားသမီးငယ်ကလေးတို့၏ မျက်နှာသည် ရှေ့တဲ့တဲ့မှာ ကသိုဏ်းကဲ့သို့ ဖွားကနဲပေါ်လာ၏၊ မယား၏မျက်နှာသည် ဖွားကနဲပေါ်လာ၏၊ ထိုသားမျက်နှာ မယားမျက်နှာတို့က မထွက်ပါနှင့်ဟူ၍ မူမူရာရာ မဆိုသော်လည်း ဆိုသောအသွင်ဖြစ်ကုန်၏၊ ထိုအခါ ထွက်တော့ မည်ကြံသော ဆရာကြီးသည် ပျာယီးပျာ ယာနှင့် အံ့အားသင့်၍ ကျော့ ကွင်းမိသော သမင်ကဲ့သို့ မရုန်း မထွက်နိုင်ရှိလေ၏။

သံယောဇဉ်အာရုံ, ကာမဂုဏ်နှောင်ကြိုးတို့သည် အမှတ်မဲ့ သာမညနေသောအခါ မိမိကိုယ်၌ ဖွဲ့နှောင်မှန်းကို ကောင်းကောင်း မသိသာစေကုန်၊ တရားသဘောကလေးများ သက်ဝင်၍ သံဝေဂ စိတ်ယှဉ်လာသောကြောင့် တောထွက်တော့မည်ဟု ကြံစည်သော အခါသို့ကျလျှင် အတင်းတုပ်နှောင် လာကြကုန်သည်၊ စဉ်းစား၍ ကြည့်ကြကုန်။

  • “နုသေးသော အခြားသူများကို မဆိုထား နှင့်ဦး” အန္တိမဘဝိကဖြစ်၍ ဘုရားဖြစ်ရလတ္တံ့ သော ဘဝမှာပင် အလောင်းတော်သိဒ္ဓတ္ထကုမာရ မင်းသားသည် နိမိတ် ကြီးလေးပါးကိုမြင်၍ သံဝေဂ ကြီးစွာရသဖြင့် တော ထွက်တော့မည့် ဆဲဆဲကြီးမှာပင် ယသော်ဓရာ၏ မျက်နှာနှင့် သားတော် ရာဟုလာ၏ မျက်နှာကို ဖွားကနဲ မြင်လာ ထင်လာသဖြင့် နောက်ဆံတငင်ငင် ဖြစ်ပြီးလျှင် အောင့်၍မှ မနေနိုင်ရှာသောကြောင့် ညဉ့်သန်းခေါင်အခါ ကိုယ်တော်တစ်ပါးတည်း ယသော်ဓရာ၏ အဆောင် တော်သို့ ကူးတော်မူသည်။ အခန်းပေါက်ဝကနေပြီးလျှင် ယသော်ဓရာနှင့် ရာဟုလာကို ရှုတော်မူရာ ကြည့်ရှုရရုံ မျှနှင့် အားမရနိုင်သောကြောင့် သားတော် ရာဟုလာ ကိုပင် ယူငင် ပိုက်ဖက်၍ နမ်းရှုပ်တော်မူမည်ဟု ကြံစည် တော်မူ မိလေသေးသည်၊ နောက်မှအတင်း စိတ်ကိုချုပ် တီးပြီးလျှင် ဆုတ်ခွါတော်မူခဲ့ရရှာလေသတည်း။

ပုထုဇန် သာမန်ဖြစ်သော သူသူငါငါ သတ္တဝါ အစားမျိုး တို့ကိုမူကား-အထူးပြောဆိုဖွယ် မရှိချေ၊ အန္တိမဘဝိက ဘုရားအလောင်း တော်ကြီးပင် ကာမအာရုံအတွက်ကြောင့် တောထွက်တော်မူခါနီးတွင် နောက်ဆံတငင်ငင် ဖြစ်တော်မူရရှာသေးသည်၊ တစ်ကိုယ်ကောင်းတန် တစ်စောင်းကြံ၍ ထွက်မြောက်မည်ရှိရာ နောက်ဆံတငင်ငင်နေ၍ အထွက်ခက်သည်ဟု ဆိုသော်လည်း ပုဂ္ဂိုလ်တိုင်းကို ဆိုသည်မဟုတ်ပေ၊ ယေဘုယျနည်းအားဖြင့် အဖြစ်များသည်ကိုသာ ဆိုရသည်။

ထို့ကြောင့် အချို့သော ပုဂ္ဂိုလ်များသည် နောက်ဆံတင်း ခြင်းမရှိဘဲ လွယ်လွယ်ကြီး ထွက်မြောက်နိုင်ကြကုန်သည်လည်း ရှိသေး၏၊ ဇာတ် နိပါတ်တော်များ၌လည်း တိုင်းပြည် စည်းစိမ်နှင့်တကွ စွန့်ပစ်၍ မငဲ့ကွက် တစ်ကိုယ်ကောင်း ထွက်မြောက်ကြပုံတို့သည်လည်း အလွန်ပင် များကုန်၏။

ဤစကားရပ်ကား- “တစ်ကိုယ်ကောင်းတန်၊ တစ်စောင်း နော် ကြံလိုက်ရ၊ နောက်ဆံထွေးယှက်၊ အရေးနှယ် ခက်ပါဘိ”။ ဟူသော စကားဝါကျ၏ အဓိပ္ပါယ်ပေတည်း။

“မသက်သာလေ၊ ထောင်တစ်မျိုးဟာမို့၊ နှောင်ကြိုး တွေ ပွေလွန်းလို့၊ ခေပါဘိ ဖြစ်ပုံကို၊ သနစ်ကုန် မှန် သဘောရယ်နှင့် ပြောဖို့မသင့်” ဟူသောဝါကျ၌ အဓိပ္ပါယ် အဖြောင့်ကား- ပြဆိုအပ်ပြီး သောအတိုင်း တစ်ကိုယ်ကောင်း ထွက်သွားမည်ကြံပါသော်လည်း နောက်ဆံတတင်းတင်း ဖြစ်နေသည့်အတွက်ကြောင့် စိတ်လက်များလည်း သက်သာချမ်းမြေ့ခြင်း မရှိချေ၊ ဤကာမဂုဏ်တို့၏ ပြိုးပြွမ်းရှုပ် ထွေးရာဖြစ်သော လူ၏ အဖြစ်သည်လည်း ထောင်ကြီးတစ်မျိုးပင်မည်၏၊ ထိုလူ၏ ထောင်တည်းဟူသော ကာမဂုဏ်ထောင်ကြီးထဲ၌ နှောင်ကြိုး တို့သည် အပွေပွေ အရှုပ်ရှုပ်ဖြစ်၍ မထွက်နိုင်အောင် ချည်နှောင်ကြ ကုန်၏၊ ဤသို့သော ကာမဂုဏ်ထောင် လူ၏ဘောင်မှာ နှောင်ကြိုးတွေ အမျိုးမျိုး ချည်တုပ်မှုကိုခံလျက် နေရခြင်းသည်လည်း ယုတ်ညံ့ သိမ်ငယ် လျက်သာရှိချေ၏၊ ကံခေသောအဖြစ် ကံဆိုး ကြမ္မာဆိုး အကျိုးပေးသော အဖြစ်နှင့်သာ နေရသည်မည်၏၊ ဤသို့ကြမ္မာဆိုး နှိပ်စက်သဖြင့် အရှုပ်ရှုပ်အပွေပွေ နှောင်ကြိုးတွေ အလယ်တွင် အကျဉ်းအကျပ် ခံနေရပုံ၏ အဖြစ်သနစ်များကို အစွမ်းကုန် ထုတ်ဖော်၍ ပြောဆိုရန်ပင် မသင့်တော့ပြီဟူ၍ ဆိုလိုသည်။

ဤစကားရပ်၌ ထောင်တစ်မျိုးဆိုသည်ကား- အိမ်ရာ ထောင်သော လူ့ဘောင်တို့ကို ဆိုလိုသည်၊ ထိုစကားမှန်၏၊ အိမ်ရာ ထောင်သော လူ၏ဘောင်သည် နှောင်အိမ်တွင်းဝယ် သံခြေ ကျဉ်းခပ်၍ လှောင်အပ်သော အကျဉ်းသားတွေနှင့် တူ၏၊ နေထိုင် ရပုံ ကျပ်တည်း ကျဉ်းမြောင်းလှသောကြောင့် ထောင်တစ်မျိုးပင်မည်၏။

အနေအထိုင် ကျပ်တည်းကျဉ်းမြောင်းပုံကား-လူဖြစ်သော သူတို့မှာ နေ့စဉ်မပြတ် စားသောက်ရန် အာဟာရ ပရိယေသန တာဝန်ကို ရှာမှီးခြင်းဖြင့်လည်း ကျဉ်းကျပ်ကုန်သည်၊ ထို့ပြင် နိုင်ငံကိုအစိုးရသော မင်းတို့၏ အာဏာအောက်မှာ နေကြရကုန်သောကြောင့် မင်းနှင့်စပ် ဆိုင်သော တာဝန်များကို ပြေကုန်အောင် ဆောင်ရွက်ရမှု ရာဇဝတ်မှု ပြစ်များကို ဝေးနိုင်သမျှ ဝေးအောင် ရှောင်ရှားမှုအားဖြင့်လည်း ကျပ်တည်းကျဉ်းမြောင်းကြကုန်သည်၊ မိမိတို့မှာရှိသော ပစ္စည်းဘဏ္ဍာ ရတနာရွှေငွေ ဆန်ရေစပါးစသည်များကို တစ်ပါးသော ရန်သူတို့နှင့် မဆက်ဆံ ရလေအောင် နေ့စဉ်စောင့်ရှောက်ရမှု တာဝန်အားဖြင့်လည်း ကျပ်တည်းကျဉ်းမြောင်းကြကုန်သည်၊ မိမိ၏သားမယား သား သမီးတို့ကို ထမင်းဝစွာ ရှာကြံ၍ကျွေးမွေးရမှု အဝတ်အစား အနေအထိုင် အိုးအိမ် ထူထောင်ရမှု လူချင်းတူအောင် ဆောင်ရွက်ရမှုအားဖြင့်လည်း ကျပ်တည်း ကျဉ်းမြောင်းကြကုန်သည်၊ ဆွေမျိုးဉာတကာ သင်္ဂဟတစ်စုတို့၏ သာမှု နာမှုစသော ကိစ္စများကို ပြေကုန်အောင် ကူညီလိုက်ပါ ဆောင်ရွက်မှု အားဖြင့်လည်း ကျပ်တည်းကျဉ်းမြောင်းကြကုန်သည်။

အထူးအားဖြင့် အိမ်ရာထောင်သောလူတို့သည် မိမိဝမ်းစာ အတွက် သားမယားကျွေးမှုအတွက်နှင့် အကုသိုလ်ဘက်သိ့ုသာ တိမ်းလဲ၍ သွားတတ်ခြင်းကြောင့် ထိုထိုအကုသိုလ် ဒုစရိုက်တို့နှင့် လွှတ်အောင် ရှောင်မှု အရေးအားဖြင့်လည်း များစွာပင် ကျပ်တည်းကျဉ်းမြောင်းရ ကုန်၏၊ အကုသိုလ်အဖို့မှ ရှောင်ကြဉ်၍ လူတို့နှင့်စပ်ဆိုင်သော ပုညကိရိယာများကို ဖြစ်ပွါးအောင် ပြုစုကြိုးစားကြရန်အချက်လည်း ခက်ခဲစွာ ကျဉ်းမြောင်း ကျပ်တည်းကြပြန်ကုန်၏။

အခက်ဆုံးကား- အလွန်တရာ ရှုပ်ထွေးကျဉ်းမြောင်းလှ စွာသော လူ့ဘောင် လူ့ဘဝ ဓနဥစ္စာ ရတနာရွှေငွေ လယ်ယာ မိုးမြေ ဆန်ရေစပါး စသည်များကို လွတ်လွတ်စွန့်ပယ် ခွါရှောင်၍ သာသနာ့ဘောင်မှာ ရဟန်းပြုကျင့်ရန် အချက်အားဖြင့် အခက်အခဲကြီး ကျဉ်းမြောင်းကျပ် တည်းကြကုန်၏။ ဤသို့ ကျပ်တည်း ကျဉ်းမြောင်းမှုကြောင့် လူ့ဘောင်ကို ထောင်တစ်မျိုးဟူ၍ ဆိုရလေသည်၊ သာမယား ယူသော အခါမှစ၍ ထိုသူကို အိမ်ထောင်ကျသည်ဟု ဆိုရလေသည်၊ အဓိပ္ပါယ်မှာ အိမ်တည်းဟူသော ထောင်ကြီးထဲမှာကျ၍ အကျဉ်းသား အနေအားဖြင့် နေရသည်ဟူ၍ ဆိုလိုသည်။

ဤသို့ ကျပ်တည်းမှုကိုရည်၍

သမ္ဗာဓေါ ဃရာဝါသော ရဇပထော
ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။

ဘိက္ခဝေ=ရဟန်းတို့၊ ဃရာဝါသော=အိမ်ရာထောင်သော လူ့ဘောင် လူ့ဘဝ၌ အိမ်ထောင်ကျကာနေရမှုသည်၊ သမ္ဗာဓော= အလွန်တရာ ကျဉ်းမြောင်းလှစွာ၏၊ ရဇပထော=ကိလေသာတည်း ဟူသော ဖုံမြူအညစ်အကြေးတို့၏ ပြိုးပြွမ်းထူပြော ကိလေသာ တောလမ်းခရီးမည်၏။

နှောင်ကြိုးတွေ ပွေလွန်းလို့” ဆိုသောစကား၌ နှောင်ကြိုး ဆိုသည်ကား-သတ္တဝါတို့၏ စိတ်နှလုံးကို မရုန်း မထွက်နိုင်အောင် ချည်နှောင်ဖွဲ့စိုက်၍ ထားအပ်သောအာရုံများကို နှောင်ကြိုးတွေဆိုသည်။

  • သုတ္တန်နည်းအားဖြင့် သားအာရုံ, သမီးအာရုံ, လယ်ယာ မိုးမြေ ရွှေငွေရတနာ တည်းဟူသော အာရုံ, အိုးအိမ် တည်းဟူသော အာရုံ,ဆွေမျိုး ဉာတကာတည်းဟူသော အာရုံများသည် ဗဟိဒ္ဓ နှောင်ကြိုးတွေမည်၏။

  • အဘိဓမ္မာနည်းအားဖြင့် ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံများသည် ဗဟိဒ္ဓနှောင်ကြိုး တွေမည်၏။

  • ထိုသားသမီးစသော အာရုံတို့၌ သာယာ ငြိကပ် ၍နေသော ဥပါဒါန်တရား ကိလေသာတရားများသည် အတွင်းအဇ္ဈတ္တသန္တာန်မှာရှိသော နှောင်ကြိုးတွေ မည်၏။

“ကြိုးချင်းထားလျှင် ကြိုးချင်းငြိ” ဆိုသောစကားအရ အပ၌ရှိသော အာရုံနှောင်ကြိုးတွေနှင့် အတွင်း၌ရှိသော ကိလေသာ နှောင်ကြိုးတွေ ငြိတွယ်ကြသောအခါ ဖြေရှင်း၍ မရနိုင်အောင် ရှုပ်ထွေး ကြကုန်၏၊ ရုန်းထွက်၍ မရနိုင်အောင် ခိုင်မြဲစွာ ချည်နှောင်ကြကုန်၏၊ “မစွမ်းရင်းကလဲ ရှိ၊ ကန်စွန်းခင်းကလဲ ငြိ၊ နတ်တိုက်ကလဲ ရှိ၊ ဓာတ်ခိုက်ကလဲ မိ” ဆိုသော စကားပုံများအရ သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်အတွင်းမှာ ရှုပ်ထွေးစွာ ချည်နှောင်တတ်သော နှောင်ကြိုးတွေသည် ဗဟိဒ္ဓ၌ရှိသော ကာမဂုဏ်နှောင်ကြိုးနှင့် ပေါင်းဖက်မိသော အခါ ခိုင်မြဲစွာ အချင်းချင်း ဖွဲ့နှောင်ကြလေကုန်သည်။

သဂါထာဝဂ္ဂသံယုတ် ပါဠိတော်၌

အန္တော ဇဋာ ဗဟိဇဋာ၊
ဇဋာယ ဇဋိတာ ပဇာ။

ဟူ၍ ဟောတော်မူချက်ရှိ၏။

အနက်ကား။ ။ပဇာ=သတ္တဝါများအပေါင်းတို့သည်၊ အန္တောဇဋာ=အတွင်း၌ရှိသော နှောင်ကြိုးအရှုပ် တရားတို့ဖြင့်လည်း များစွာရှုပ်ထွေးကြကုန်၏၊ ဗဟိဇဋာ=အပ၌ရှိသော နှောင်ကြိုး အရှုပ် တရားတို့ဖြင့်လည်း များစွာရှုပ်ထွေးကြကုန်၏၊ ဇဋာယ=အတွင်းအပ အရှုပ်အထွေးတရား နှစ်ပါးကြောင့်၊ ဇဋိတာ=ဖြေရှင်း၍ မရနိုင်အောင် တလိမ်လိမ်တထွေးထွေး ချည်နှောင် ရှုပ်ထွေးကြကုန်၏။

ကြခတ်ဝါးရုံသည် အခက်အလက်တို့ဖြင့် ဖြေရှင်း၍ မရ နိုင်အောင် ပွေလိမ်ရှုပ်ထွေးသကဲ့သို့ ထို့အတူ သတ္တဝါအများ ကြခတ်ဝါးရုံ တို့သည်လည်း အတွင်း၌ရှိသော ကိလေသာကြိုးထွေး ဗဟိဒ္ဓအပ သန္တာန်၌ရှိသော ကာမဂုဏ်ကြိုးထွေးတို့ဖြင့် တထွေးထွေးတလုံးလုံး ရှုပ်ထွေးလျက်သာ ရှိကြကုန်၏၊ လောကုတ္တရာဖက်သို့ မသက်မဝင် သေးသမျှ ဖြေရှင်း၍မရနိုင်ကုန်ဟူ၍ ဆိုလိုသည်။ ထိုသို့ရှုပ်ထွေးစွာ ချည်နှောင်အပ်သော နှောင်ကြိုးတို့၏ မလှုပ်မယှက်နိုင်အောင် ချည် နှောင်မှုကြောင့် မလွတ် မထွက်နိုင်ဘဲ တဝဲလည်လည် နေကြရကုန်သည်။

ဤသို့အတွင်းအပ နှောင်ကြိုးတို့ဖြင့် မလှုပ်မရှားနိုင်အောင် တုပ်နှောင်ခြင်းကို ခံရသည့်အတွက်ကြောင့် ရှက်ဖွယ်ရာဖြစ်၍နေသော မိမိအဖြစ်သနစ်ကို အကုန်အစင် ထုတ်ဖော်၍ မပြောဝံ့အောင် ရှိလေ တော့သတည်း။

သံဝေဂလေးချိုးကြီး အဖြေပြီး၏။

---

သံဝေဂ လင်္ကာ-ရှစ်ပိုဒ်

၁။ နုနယ်ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကား၊ အိုမင်းနောက်ဆုံးရှိချေ၏၊

၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံးရှိချေ၏၊

၃။ ဝိညာဏ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏၊

၄။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏၊

၅။ တက်ကြွားကြွကြွ၊ မြင့်သမျှကား၊ လျှောကျနောက်ဆုံး ရှိချေ၏၊

၆။ ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံးရှိချေ၏၊

၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံးရှိချေ၏၊

၈။ ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံးရှိချေ၏၊

သံဝေဂ လင်္ကာ-ရှစ်ပိုဒ်ပြီး၏။

---

ကျမ်းပြီးနိဂုံး

အေးကြည်သံချို၊ နိဂုံးဆိုပိမ့်၊ မြင့်မိုရ်မေရု၊ ကတညုတည့်၊ ဗဟု ပကား၊ ကျေးဇူးများသား၊ ထွတ်ဖျားမွန်စွာ၊ ကျွန့်ဆရာ၏၊ လင်္ကာနဲနက်၊ အချက်ချက်တို့၊ ပျောက်ပျက်တိမ်ကော၊ ကွယ်လိမ့်လောဟု၊ မနောဒွိဟ၊ စိုးကြောင့်ကြဖြင့်၊ အရစုဆောင်း၊ လင်္ကာ ပေါင်းကို၊ ကျိုးကြောင်းစုံစွာ၊ လက်တွေ့ရှာလျက်၊ ကဗျာဂမ္ဘီ၊ သညာချီပြီး၊ နာရဏီဝယ်၊ စိန်မြခြယ်သို့၊ ဓိပ္ပါယ်ရှေ့နောက်၊ ကွေ့ မကောက်လျှင်၊ သင့်လျောက်တန်အောင်၊ ကုံးဖွဲ့နှောင်ရှင့်၊ မြားမြောင်ထွေထွေ၊ လူဗိုလ်ခြေတို့၊ မျက်ဖြေသိရီ၊ ကျမ်းဂမ္ဘီကို၊ ထို ဤအစ၊ အဆုံးကျအောင်၊ မဝနိုင်ငြား၊ ရှုသောအားဖြင့်၊ တိုးပွါး သညာ၊ ရစိမ့်ငှါလျှင်၊ ကောင်းစွာစုရုံး၊ ပန်းနှယ်ကုံးသည်။ ရွှင်ပြုံးပန်ဆင်ကြရာသောဝ်။

ဂမ္ဘီရကဗျာကျမ်း ပြီး၏။

---

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...