ဝိပဿနာဒီပနီ
မူလနိဒါန်း
ဗောဓနေယျံ ဇနံ ဒိသွာ၊
သတသဟေဿပိ ယောဇနေ။
ခဏေန ဥပဂန္တွာန၊
ဗောဓေတိ တံ မဟာမုနိ။
(အပဒါန-ဋ္ဌ-ပ-၃၆)
မဟာမုနိ=မုနိငါးမျိုး အစိုးရတော်မူသော မြတ်စွာဘုရားသခင်သည်၊ ဗောဓနေယျံ=ကျွတ်ထိုက်သော၊ ဇနံ=သတ္တဝါကို၊ ဒိသွာ=မြင်တော်မူသည်ရှိသော်၊ သတသဟေဿပိ ယောဇနေ=ယူဇနာတစ်သိန်း ခရီး၌လည်း၊ ခဏေန=ခဏချင်းဖြင့်၊ ဥပဂန္တွာန=ကရုဏာရှေ့ထား ကြွသွားတော်မူ၍၊ တံ=ထိုကျွတ်ထိုက်သော သတ္တဝါကို၊ ဗောဓေတိ=ကျွတ်စေတော်မူ၏။
ဝေနေယျသတ္တဝါအပေါင်းတို့အား သနားတော်မူသော သဗ္ဗညုမြတ်စွာဘုရားသည် ကျွတ်ထိုက်သော သတ္တဝါရှိက ခရီးယူဇနာ တစ်သိန်းပင် ဝေးကွာသော်လည်း ခဏချင်းကြွသွားတော်မူ၍ သတ္တဝါတို့အား သစ္စာလေးပါးကိုပြ၍ ကိလေသာထောင်နှောင်အိမ် အတွင်းမှ ကျွတ်လွတ်စေတော်မူသကဲ့သို့ မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီးသည် တိုင်းရင်းသား ရဟန်း, ရှင်, လူ ခပ်သိမ်းသူတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူလျက် မဂ်ဖိုလ် လိုလား အမျိုးသားတို့ ပွါးများရန် ဝိပဿနာဉာဏ်ကို နည်းမှန် ကျန ယထာဘူတ အနိစ္စသဘာဝ ဒုက္ခသဘာဝ အနတ္တသဘာဝ သင်္ခါရတို့ကို ညာတပရိညာဉ် တိရဏပရိညာဏ် ပဟာနပရိညာဉ် အစီအရင်တို့ဖြင့် အသိဉာဏ် ပွင့်လင်းကြစေခြင်းငှါ ဤဝိပဿနာဒီပနီကျမ်းကို စီရင်အားထုတ်တော်မူသတည်း။
ယင်း ဝိပဿနာဒီပနီကျမ်းကို မဂ်ဖိုလ်လိုလား သပ္ပုရိသအပေါင်း သူတော်ကောင်းတို့အား ဤဘုရားသာသနာတော်တွင်း၌ပင် ကိလေသာ ၁၀-ပါးတို့တွင် အဆိုးဝါးဆုံးဖြစ်သော ဒိဋ္ဌိကိလေသာ လျင်စွာကွာချုပ် လောကုတ္တရာဘုံသား ဖြစ်ကြစေရန် ထက်သန်သော စိတ်ဆန္ဒဖြင့် နေ့နေ့ညည ဝိရိယသမ္မပ္ပဓာန် လေးတန်သောအင်္ဂါနှင့် ဝိပဿနာမချွတ် ထွဋ်မြတ်သောတရားကို ပွါးများရွက်ဆောင်နိုင်ကြပါစေကုန်သတည်း။
၎င်း ဝိပဿနာဒီပနီကျမ်းကို သမာဓိမျက်မှန်ဖြင့် ထက်သန်စွာ ကြည့်ရှုသွားပါလျှင် ဓမ္မရသ ဝိပဿနာတရား အဝါးဝပြီးလျှင် ဗောဓိပက္ခိယ ဓမ္မသောတ အထက်သို့ ဆန်လို, တက်လိုသော စိတ်ထူး စိတ်မြတ်များ ပေါ်ပေါက်လာလိမ့်မည်၊ ထိုအခါ ဗုဒ္ဓဘာသာခေါ်ဆိုလောက်၍ လူဖြစ်ကျိုးနပ်ပြီဟု မိမိကိုယ်ကို မိမိဝမ်းမြောက်နိုင်ရန် အချက်ကြီးတစ်ခုဖြစ်ပါကြောင်း။
ထို့ကြောင့် ဤဝိပဿနာဒီပနီကျမ်းကို ဝမ်းပန်းတသာ ပီတိဖြာ၍ မကွာနေ့ည စွဲလုလ္လဖြင့် အဖန်ဖန်အထပ်ထပ် မပြတ်ကြည့်ရှု သတိပြုတော်မူနိုင်ကြပါစေကုန်သတည်း။
မူလနိဒါန်း ပြီး၏။
ထိုသုံးပါးတို့တွင်
၁။ သညာဝိပလ္လာသ၌ တောသမင်ဥပမာ ဆိုသည်ကား တစ်ခုသော တောကြီးအလယ်၌ စပါးခင်း လုပ်ကိုင်၍ထား၏၊ တောသမင်တို့သည် လယ်ရှင်ယောက်ျား မရှိစဉ် ထိုစပါးခင်းသို့လာ၍ အသီးအနှံတို့ကို စားတတ်ကြ၏၊ လယ်ရှင်သည် တောသမင်တို့ကို ကြောက်လန့်စေခြင်းငှါ မြက်ခြောက်တို့ကို လူရုပ်သဏ္ဌာန်ပြုလုပ်၍ စပါးခင်းအလယ်၌ စိုက်ထား၏၊ ထိုလူရုပ်၌ မြက်ခြောက်တို့ကို လျှော်ဖြင့်ဖွဲ့စည်း၍ ကိုယ်သဏ္ဌာန်, ဦးခေါင်းသဏ္ဌာန်, လက်ခြေသဏ္ဌာန်လုပ်၏၊ အိုးငယ်ကို ထုံးဖြူဖြင့် မျက်နှာသဏ္ဌာန်ရေး၍ ဦးခေါင်း၌ စွပ်ထား၏၊ အဝတ်ဟောင်း၊ အင်္ကျိဟောင်းတို့ကို ဝတ်စွပ်၍ထား၏၊ လက်တို့၌ လေးမြှားတို့ကို ကိုင်စွဲ၍ထား၏၊ တောသမင်တို့သည် ထိုစပါးခင်းသို့ စားအံ့သောငှါ လာကြကုန်ရာ ထိုလူရုပ်ကိုမြင်ကြလျှင် လူမဟုတ်သည်၌ လူအဟုတ်ထင်မှတ် ကြောက်လန့်၍ ပြေးကြကုန်၏။
ဤဥပမာတွင် တောသမင်တို့၌ ပကတိသော လူ၏အသွင်ကို ရှေး၌ မှတ်ရင်းရှိ၏၊ ထိုအမှတ်အတိုင်း မြက်ရုပ်ကို လူဟူ၍မှတ်ပြန်၏၊ အမှတ်မှား၏၊ သညာဝိပလ္လာသသည် ဤတောသမင်ဥပမာနှင့်တူ၏၊ အလွန်တိမ်ကော၏၊ မျက်စိလည်သောသူသည် နေထွက်နေဝင် ကြောင်ကြောင်မြင်လျက်နှင့် မှားသကဲ့သို့ ကြောင်ကြောင်မြင်လျက်နှင့် မှားတတ်၏၊ မှားမိပြန်လျှင် အလွန်ခိုင်မြဲတတ်၏၊ ပြောင်းလွဲ၍ မရနိုင်ရှိတတ်၏။
---၁-ဝိပလ္လာသ ကထာ
ဝိပဿနာဒီပနီ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဝိပလ္လာသတရား ၃-ပါး
ဝိပလ္လာသဆိုသည်ကား ဖောက်ပြန်မှားယွင်းခြင်းတည်း၊ ဟုတ်သည်, မှန်သည်၌ မဟုတ်မမှန်ဟု မှားယွင်းခြင်း, မဟုတ်မမှန်သည်၌ ဟုတ်သည်, မှန်သည်ဟု မှားယွင်းခြင်းတည်း။
ဝိပလ္လာသသည်
(၁) သညာဝိပလ္လာသ တစ်ပါး,
(၂) စိတ္တဝိပလ္လာသ တစ်ပါး
(၃) ဒိဋ္ဌိဝိပလ္လာသ တစ်ပါး
ဟူ၍ သုံးပါးရှိ၏။
ထိုသုံးပါးတို့တွင်
(၁) သညာဝိပလ္လာသ ဆိုသည်ကား အမှတ်မှားခြင်းတည်း။ ထိုအမှတ်မှားခြင်းသည် လေးပါးရှိ၏။
က။ အနိစ္စ၌ နိစ္စဟု အမှတ်မှားခြင်းတစ်ပါး
ခ။ အသုဘ၌ သုဘဟု အမှတ်မှားခြင်းတစ်ပါး
ဂ။ ဒုက္ခ၌ သုခဟု အမှတ်မှားခြင်းတစ်ပါး
ဃ။ အနတ္တ၌ အတ္တဟု အမှတ်မှားခြင်းတစ်ပါး။
ထိုသုံးပါးတို့တွင်
၁။ သညာဝိပလ္လာသ၌ တောသမင်ဥပမာ ဆိုသည်ကား တစ်ခုသော တောကြီးအလယ်၌ စပါးခင်း လုပ်ကိုင်၍ထား၏၊ တောသမင်တို့သည် လယ်ရှင်ယောက်ျားမရှိစဉ် ထိုစပါးခင်းသို့လာ၍ အသီးအနှံတို့ကို စားတတ်ကြ၏၊ လယ်ရှင်သည် တောသမင်တို့ကို ကြောက်လန့်စေခြင်းငှါ မြက်ခြောက်တို့ကို လူရုပ်သဏ္ဌာန်ပြုလုပ်၍ စပါးခင်းအလယ်၌ စိုက်ထား၏၊ ထိုလူရုပ်၌ မြက်ခြောက်တို့ကို လျှော်ဖြင့်ဖွဲ့စည်း၍ ကိုယ်သဏ္ဌာန်, ဦးခေါင်းသဏ္ဌာန်, လက်ခြေသဏ္ဌာန်လုပ်၏၊ အိုးငယ်ကို ထုံးဖြူဖြင့် မျက်နှာသဏ္ဌာန်ရေး၍ ဦးခေါင်း၌ စွပ်ထား၏၊ အဝတ်ဟောင်း၊ အင်္ကျိဟောင်းတို့ကို ဝတ်စွပ်၍ထား၏၊ လက်တို့၌ လေးမြှားတို့ကိုကိုင်စွဲ၍ထား၏၊ တောသမင်တို့သည် ထိုစပါးခင်းသို့ စားအံ့သောငှါ လာကြကုန်ရာ ထိုလူရုပ်ကိုမြင်ကြလျှင် လူမဟုတ်သည်၌ လူအဟုတ်ထင်မှတ် ကြောက်လန့်၍ ပြေးကြကုန်၏။
ဤဥပမာတွင် တောသမင်တို့၌ ပကတိသော လူ၏အသွင်ကို ရှေး၌ မှတ်ရင်းရှိ၏၊ ထိုအမှတ်အတိုင်း မြက်ရုပ်ကို လူဟူ၍မှတ်ပြန်၏၊ အမှတ်မှား၏၊ သညာဝိပလ္လာသသည် ဤတောသမင်ဥပမာနှင့်တူ၏၊ အလွန်တိမ်ကော၏၊ မျက်စိလည်သောသူသည် နေထွက်နေဝင် ကြောင်ကြောင်မြင်လျက်နှင့် မှားသကဲ့သို့ ကြောင်ကြောင်မြင်လျက်နှင့် မှားတတ်၏၊ မှားမိပြန်လျှင် အလွန်ခိုင်မြဲတတ်၏၊ ပြောင်းလွဲ၍ မရနိုင်ရှိတတ်၏။
ကိုယ်ခန္ဓာတို့၌ အသုဘအချက်, အနိစ္စ, ဒုက္ခ, အနတ္တ အချက်များသည် ကိုယ်တွေ့မျက်မြင်ထင်ရှားသည်လည်း အလွန်များ၏၊ ကြောင်ကြောင်မြင်မျိုးပင်ဖြစ်၏၊ သညာဝိပလ္လာသသည် တောသမင်ကဲ့သို့ ကြောင်ကြောင်မြင်လျက်နှင့် မှားတတ်၏။
၂။ စိတ္တဝိပလ္လာသ၌ မျက်လှည့်ကြီး ဥပမာဆိုသည်ကား မျက်လှည့်ကြီး ပညာမျိုးသည်ရှိ၏၊ ထိုပညာဖြင့် ပြုလုပ်၍ ပြသည်ရှိသော် ကြည့်မြင်သူ လူအများတို့သည် မြေစိုင်ခဲ စသည်ကို ရွှေခဲ ငွေခဲ စသည်ထင်မြင်ကြကုန်၏၊ မျက်လှည့်ပညာ၏အစွမ်းသည် လူတို့၏ ပကတိသော မျက်စိမြင်မှုကို ဖျက်၍ မျက်စိမြင်မှုတစ်မျိုး ပြောင်းလဲစေနိုင်၏၊ တစ်ခဏအားဖြင့် စိတ်ကို ဖောက်ပြန်စေနိုင်၏၊ ပကတိအခါ၌ မြေစိုင်ခဲကို မြေစိုင်ခဲအတိုင်း မြင်ကြကုန်၏၊ ထိုအခါ မြေစိုင်ခဲကို ဝါဝါဝင်းဝင်း ရွှေအဆင်း၊ ဖြူဖြူလင်းလင်း ငွေအဆင်းအနေနှင့် မြင်ကြကုန်၏၊ ရွှေဟူ၍ ငွေဟူ၍ ယုံကြည်ခြင်း မှားယွင်းကြကုန်၏။
ဤဥပမာနှင့်တူစွာ စိတ်သည် မဟုတ်သည်ကိုအဟုတ်လုပ်ကြံ၍ လှည့်စားတတ်၏၊ ညဉ့်အခါ သစ်ငုတ်ကိုမြင်လေရာ လူဟူ၍ လှည့်စား၏၊ တောချုံကိုမြင်လေရာ တောဆင်ဟူ၍ လှည့်စား၏၊ တောဆင်ကိုမြင်လေရာ တောချုံဟူ၍လှည့်စား၏၊ လောက၌ ဒိဋ္ဌမျက်မြင်ထဲတွင် အထင်မှားသမျှသည် စိတ်၏လှည့်စားမှုချည်းမှတ်၊ စိတ္တဝိပလ္လာသသည် မဟုတ်သည်ကိုအဟုတ် လုပ်ကြံ၍ လှည့်စားတတ်သောကြောင့် သညာဝိပလ္လာသထက် နက်နဲ၏၊ သို့ရာတွင် အကြောင်းယုတ္တိနှင့် ဖြေဖျောက်လျှင် ပြေပျောက်လွယ်၏၊ သညာကဲ့သို့ မခိုင်မြဲတတ်။
၃။ ဒိဋ္ဌိဝိပလ္လာသ၌ လမ်းမှားကြီး ဥပမာဆိုသည်ကား တစ်ခုသော တောကြီးသည်ရှိ၏၊ ထိုတောကြီး၌ ဘီလူးခေါ်သော နတ်ဆိုးတို့သည် မြို့ရွာတည်ထောင်၍နေကြကုန်၏၊ လမ်းခရီး၌ မကျွမ်းကျင်သော ခရီးသည်တို့သည် ထိုတောကြီးသို့ ရောက်ကြကုန်၏၊ နတ်ဆိုးတို့သည် မိမိတို့ မြို့ရွာကို နတ်မြို့ နတ်ရွာကဲ့သို့လည်းကောင်း, မိမိတို့ကိုယ်ကိုလည်း နတ်သမီး နတ်သားတို့ကဲ့သို့လည်းကောင်း, ဖန်ဆင်းကြကုန်ပြီးလျှင် လမ်းကိုလည်း နတ်လမ်းကဲ့သို့ သာယာစွာ ဖန်ဆင်းကြကုန်၏၊ ခရီးသည်တို့သည် ထိုလမ်းကို တွေ့မြင်ကြရာ မြို့ကြီးရွာကြီးသို့ သွားသောလမ်းဟု ယုံကြည်ကြကုန်သဖြင့် လမ်းရိုးလမ်းမှန်ကို စွန့်လွှတ်ကြကုန်ပြီးလျှင် ထိုလမ်းဆိုး လမ်းမှားကြီးသို့ လိုက်သွားကြလေကုန်၏၊ နတ်ဆိုးတို့၏ မြို့ရွာသို့ ရောက်ကြကုန်သောအခါ လူကောင်းသူကောင်းတို့၏ မြို့ရွာဟု ထင်မှတ်ကြကုန်၍ ယုံကြည်စိတ်ချ အိပ်နေကြကုန်၏၊ နတ်ဆိုးတို့သည် ညဉ့်အခါ၌ ထိုသူတို့၏ ကိုယ်ခန္ဓာအတွင်းသို့ ပူးဝင်ကြကုန်ပြီးလျှင် အသည်း, အဆုပ်, နှလုံးသည်းပွတ်တို့၌ ကိုက်၍ တစ်ကိုယ်လုံးမှ အသွေးအဆီတို့ကို စုတ်ယူ မျိုသောက်ကြကုန်၏၊ ထိုခရီးသည်တို့သည် သေဆုံးကြလေကုန်၏။
ဤဥပမာ၌ ကာမဘုံ, ရူပဘုံ, အရူပဘုံဟူသော ဘုံသုံးပါးသည် ၎င်းတောကြီးနှင့်တူ၏၊ ဤသတ္တဝါတို့သည် ၎င်းခရီးသည်တို့နှင့် တူကုန်၏၊ သမ္မာဒိဋ္ဌိအယူသည် လမ်းရိုးလမ်းမှန်နှင့်တူ၏၊ မိစ္ဆာဒိဋ္ဌိအယူမျိုးသည် လမ်းဆိုးလမ်းမှားကြီးနှင့်တူ၏။
ဤစကား၌ သမ္မာဒိဋ္ဌိသည်
(က) လောကီသမ္မာဒိဋ္ဌိ၊
(ခ) ဗောဓိပက္ခိယသမ္မာဒိဋ္ဌိ၊
ဟူ၍ နှစ်ပါးရှိ၏။
ထိုနှစ်ပါးတို့တွင်
မိမိပြုသော ကုသိုလ်ကံ, အကုသိုလ်ကံသည်သာလျှင် ဘဝသံသရာ၌ အစဉ်ပါသော ကိုယ်ပိုင်ဥစ္စာ မှန်ချေသည်ဟု ယူသော ကမ္မဿကတာ သမ္မာဒိဋ္ဌိသည် လောကီသမ္မာဒိဋ္ဌိ မည်၏၊ ပဋိစ္စသမုပ္ပါဒ်နှင့်တကွ ခန္ဓာ အာယတန အနတ္တတို့ကို သိမြင်သောဉာဏ်သည် ဗောဓိပက္ခိယ သမ္မာဒိဋ္ဌိ မည်၏။
ထိုနှစ်ပါးတို့တွင် ဝဋ္ဋပက္ခ၌ ကမ္မဿကတာ သမ္မာဒိဋ္ဌိသည် လမ်းရိုးလမ်းမှန်ကြီးနှင့်တူ၏၊ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ဟူသော သုဂတိဘုံများသည် လူကောင်းသူကောင်းတို့၏ မြို့ရွာနှင့်တူ၏။
ကုသိုလ်ကံ, အကုသိုလ်ကံကိုလည်းကောင်း, ကုသိုလ်ကံ, အကုသိုလ်ကံ၏ အကျိုးကိုလည်းကောင်း, ပစ်ပယ်သော နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကိရိယဒိဋ္ဌိ များသည် လမ်းဆိုးလမ်းမှားကြီးနှင့်တူ၏၊ ငရဲပြည်, တိရစ္ဆာန်ပြည်, ပြိတ္တာပြည်, အသုရကာယ်ပြည်ဟူသော ဒုဂ္ဂတိဘုံများသည် နတ်ဆိုးတို့၏ မြို့ရွာနှင့်တူ၏။
ဝိဝဋ္ဋပက္ခ၌မူကား ဗောဓိပက္ခိယသမ္မာဒိဋ္ဌိသည် လမ်းရိုးလမ်းမှန်ကြီးနှင့်တူ၏၊ နိဗ္ဗာန်သည် လူကောင်းသူကောင်းတို့၏ မြို့ရွာနှင့်တူ၏၊ မိမိခန္ဓာကိုယ်ကို ငါ၏အတ္တဟု စွဲလမ်းသော အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိသည် လမ်းဆိုးလမ်းမှားကြီးနှင့်တူ၏၊ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်နှင့်တကွသော သံသရာလောကကြီးသည် နတ်ဆိုးတို့၏ မြို့ရွာနှင့်တူ၏။
ဤ ဝိဝဋ္ဋပက္ခ၌ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိကိုပင် ဒိဋ္ဌိဝိပလ္လာသ ဆို၏၊ ဤဒိဋ္ဌိဝိပလ္လာသသည် စိတ္တဝိပလ္လာသထက် နက်နဲ၏၊ အလွန်လည်း ခိုင်မြဲ၏။
ဝိပလ္လာသကထာပြီး၏။
---၂-မညနာကထာ
မညနာတရား ၃-ပါး
မညနာဆိုသည်ကား အထင်ကြီးခြင်းတည်း၊ ဟုတ်မှန်သည်ထက် ပိုလွန်၍ ထင်ခြင်းတည်း၊ အဝိဇ္ဇာအတွက်ကြောင့် ဝိပလ္လာသတရား ဖြစ်ပွါး၏၊ ဝိပလ္လာသတရားအတွက်ကြောင့် အထင်ကြီးခြင်း ဖြစ်ပွါး၏။
ထိုမညနာသည် –
(၁) တဏှာမညနာတစ်ပါး၊
(၂) မာနမညနာတစ်ပါး၊
(၃) ဒိဋ္ဌိမညနာ တစ်ပါး၊
ဟူ၍ သုံးပါးရှိ၏။
ထိုသုံးပါးတွင်
(၁) တဏှာမညနာ ဆိုသည်ကား ငါ၏ပိုင်ရာဆိုင်ရာ မဟုတ်သည်၌ ငါ၏ပိုင်ရာဆိုင်ရာဟုတ်၏ဟု ခင်တွယ်မှုနှင့် အထင်ကြီးခြင်းတည်း၊ အမှန်အားဖြင့် ငါဟူ၍ပင် မရှိ၊ ငါဟူ၍ မရှိလျှင် ငါ၏ပိုင်ရာဆိုင်ရာဟူ၍ မရှိ၊ ထိုသို့မရှိပါဘဲလျက် အဇ္ဈတ္တဝတ္ထုတို့၌လည်းကောင်း, ဗဟိဒ္ဓဝတ္ထုတို့၌လည်းကောင်း “ဤသည်ကား ငါ၏ပိုင်ရာတည်း၊ ဤသည်ကား ငါ၏ပိုင်ရာမဟုတ်၊ ဤသည်ကား ငါ၏ဆိုင်ရာတည်း၊ ဤသည်ကား ငါ၏ဆိုင်ရာမဟုတ်” ဟူ၍ ငါ၏ပိုင်ရာဆိုင်ရာအနေနှင့် စိတ်ထဲတွင် ကွက်ခြားမှုကြီး အထင်အစွဲရှိနေခြင်းသည် တဏှာမညနာမည်၏။
အဇ္ဈတ္တဝတ္ထုဆိုသည်ကား မိမိ၏ကိုယ်ခန္ဓာ, မိမိ၏ဦးခေါင်း, ခြေ, လက်, မိမိ၏ စက္ခု သောတ စသည်တို့ပေတည်း၊ ဗဟိဒ္ဓဝတ္ထုဆိုသည်ကား မိမိ၏ အမိ, အဘ, ဆွေမျိုး စသည် မိမိ၏ နွား, ကျွဲ, ဆင်, မြင်း စသည် မိမိ၏အိမ်ရာ, ဝင်းခြံ, လယ်ယာ ဥယျာဉ်, သစ်ပင်, ချုံနွယ်, မိမိ၏ ဝတ်စားတန်ဆာ, ရတနာ, ရွှေ, ငွေ စသည်တည်း။
(၂) မာနမညနာ ဆိုသည်ကား အဇ္ဈတ္တဝတ္ထုတို့ကို ငါငါဟူ၍ စိတ်ထဲတွင် အထင်ကြီးနေမှုတည်း၊ ထိုငါဟူသော အထင်ကြီးမှုသည် အဇ္ဈတ္တဝတ္ထု ဗဟိဒ္ဓဝတ္ထုတို့က အားပေးအားမြှောက် အထောက်အကူ ရှိခဲ့သော် လွန်စွာမောက်မာ မော်ကြွား ထောင်လွှား တက်ကြွတတ်၏။
အဇ္ဈတ္တဝတ္ထု ဆိုသည်ကား မျက်စိအား, နားအား, လက်အား, ခြေအား, သီလအား, သုတအား, ပညာအား, တန်ခိုးအား စသည်တည်း။
ဗဟိဒ္ဓဝတ္ထု ဆိုသည်ကား ဆွေအား, မျိုးအား, ရပ်အား, ရွာအား, ဥစ္စာဓနအား, လက်နက်အား စသည်တည်း၊ မျက်စိကောင်းလျှင် မျက်စိအတွက် ငါအားတက်၏၊ မျက်စိကန်းသူမှာ ထိုအားယုတ်လျော့၏၊ ဤသို့ စသည်ဖြင့် မြော်လေ။
(၃) ဒိဋ္ဌိမညနာ ဆိုသည်ကား အဇ္ဈတ္တဝတ္ထုတို့ကို “ငါ၏ အမာခံ, အထည်ခံ, အနှစ်အသား, အတ္တသာရပေတည်း” ဟူ၍ စိတ်ထဲတွင် အထင်ကြီးမှုပေတည်း၊ မြေအိုး မြေခွက်ဆိုလျှင် မြေသည် ထိုအိုး ထိုခွက်မှာ အမာခံ အထည်ခံဖြစ်၏၊ ထိုမြေကိုပင် အိုးခွက်ခေါ်ဆိုကြ၏၊ သံအိုး သံခွက်ဆိုလျှင် သံသည် ထိုအိုးထိုခွက်မှာ အမာခံ အထည်ခံဖြစ်၏၊ ထိုသံကိုပင် အိုးခွက်ခေါ်ဆိုကြ၏။
ဤဥပမာကဲ့သို့ အဇ္ဈတ္တဝတ္ထုဖြစ်သော ပထဝီဓာတ်ကို သတ္တဝါ၏ အမာခံ အထည်ခံပြု၍ ငါ၏ အမာခံ အထည်ခံပြုသော ထိုပထဝီဓာတ်ကိုပင် သတ္တဝါဟူ၍ ငါဟူ၍ အထင်ကြီးမှုသည် ဖြစ်၏၊ အာပေါဓာတ်, တေဇောဓာတ် စသည်တို့၌လည်း ထိုအတူတည်း၊ ဤအထင်ကြီးမှု, အထင်လွဲမှုသည် နောက်၌ထင်ရှားလတ္တံ့။
ဤမညနာတရား သုံးပါးကိုပင် အခိုင်အမြဲ စွဲလမ်းခြင်းအနက်ကြောင့် ဂါဟတရားသုံးပါးလည်းခေါ်၏၊ အကျယ်အကျယ် မငြိမ်းဖွယ်သော အမှုလွဲ အမှုမှားတို့ကို အဆင့်ဆင့်အဆက်ဆက် ပွါးများစေတတ်သော အနက်ကြောင့် ပပဉ္စတရား သုံးပါးလည်း ခေါ်၏။
မညနာကထာ ပြီး၏။
---၃-အဘိနိဝေသကထာ
အဘိနိဝေသတရား ၂-ပါး
အဘိနိဝေသ ဆိုသည်ကား တံခါးတိုင် ကျောက်စာတိုင် မော်ကွန်းတိုင်များကဲ့သို့ မည်သည့်အကြောင်းနှင့်မျှ မလှုပ်မရှားနိုင်၊ မရွေ့မယိုင်နိုင်အောင် ခိုင်မြဲစွာ စိုက်မြှုပ်တည်ထောင်ခြင်းကို ဆိုသတည်း။
ထို အဘိနိဝေသသည်
(၁) တဏှာဘိနိဝေသတစ်ပါး၊
(၂) ဒိဋ္ဌာဘိနိဝေသတစ်ပါး၊
ဟူ၍နှစ်ပါးရှိ၏။
ထိုနှစ်ပါးတို့တွင်
(၁) တဏှာဘိနိဝေသ ဆိုသည်ကား မိမိကိုယ်ခန္ဓာကိုလည်းကောင်း, ကိုယ်ခန္ဓာ၏ အစိတ်ဖြစ်သော ဦးခေါင်း, လက်ခြေစသော အင်္ဂါကြီးစု မျက်စိ, နား, နှာခေါင်းစသော အင်္ဂါငယ်စုကိုလည်းကောင်း ငါ၏ကိုယ်, ငါ၏လက်, ငါ၏ခြေ, ငါ၏မျက်စိ, ငါ၏နား အစရှိသည်ဖြင့် ဘဝအဆက်ဆက် မရွေ့မယိုင် အခိုင်အမြဲ သိမ်းပိုက်စွဲလမ်းမှုကြီးသည် တဏှာဘိနိဝေသမည်၏။
(၂) ဒိဋ္ဌာဘိနိဝေသဆိုသည်ကား သတ္တဝါတို့၏ကိုယ်ခန္ဓာမှာ ပုဂ္ဂိုလ်သတ္တဝါ၏ အမာခံ အထည်ခံဖြစ်၍ အစဉ်အမြဲ ခိုင်မြဲသော အတ္တဟူသော အကြီးအမှူးသည် ရှိ၏၊ ဇီဝဟူသော အချုပ်အထိန်းသည် ရှိ၏ဟု ဘဝအဆက်ဆက် မရွေ့မယိုင် အခိုင်အမြဲ မှတ်ယူစွဲလမ်းမှုကြီးသည် ဒိဋ္ဌာဘိနိဝေသ မည်၏။
တဏှာဘိနိဝေသကို တဏှာနိဿယ, ဒိဋ္ဌာဘိနိဝေသကို ဒိဋ္ဌိနိဿယ ဟူ၍လည်း ခေါ်၏။
ခန္ဓာငါးပါး, ရုပ်နာမ်တရားတို့၏ မှီခြင်းနှစ်ပါးဟူ၍လည်းကောင်း, ပုထုဇ္ဇန်သတ္တဝါတို့၏ မှီရာဌာနကြီး နှစ်ပါးဟူ၍လည်းကောင်း ဆိုလိုသည်။
အဘိနိဝေသကထာ ပြီး၏။
---၄-ဘူမိကထာ
ဘူမိအပြား ၂-ပါး
ဘူမိ ဆိုသည်ကား သတ္တဝါတို့၏ တည်ရာ မှီရာ ဖြစ်ပွါးရာကို ဆိုသတည်း။
(၁) ပုထုဇ္ဇနဘူမိတစ်ပါး
(၂) အရိယဘူမိတစ်ပါး
ဟူ၍ နှစ်ပါး ရှိ၏။
ထိုနှစ်ပါးတို့တွင်
(၁) ပုထုဇ္ဇနဘူမိ ဆိုသည်ကား ပုထုဇ္ဇနဘာဝကို ဆိုသည်၊ ပုထုဇ္ဇနဘာဝဆိုသည်ကား ဝိပလ္လာသတရား သုံးပါးတို့တွင် ဒိဋ္ဌိဝိပလ္လာသတရားကို ဆိုသည်၊ ခပ်သိမ်းသော လောကီဘုံသားတို့သည် ငါ၏ကိုယ်ခန္ဓာအတွင်း၌ နိစ္စမျိုးရှိ၏၊ သုခမျိုးရှိ၏၊ အတ္တမျိုးရှိ၏ဟု အမြင်မှားခြင်း, အယူမှားခြင်းဟူသော ဒိဋ္ဌိဝိပလ္လာသတရားကို တည်ရာမှီရာပြု၍ နေကြကုန်၏၊ ဒိဋ္ဌိမညနာတရား, ဒိဋ္ဌိဂါဟတရား, ဒိဋ္ဌိပပဉ္စတရား, ဒိဋ္ဌာဘိနိဝေသတရားကို အချုပ်အချာ တည်ရာ မှီရာပြု၍ နေကြကုန်၏၊ ထို့ကြောင့် ထိုဒိဋ္ဌိဝိပလ္လာသတရားသည် ပုထုဇ္ဇနဘူမိ မည်၏။
(၂) အရိယဘူမိ ဆိုသည်ကား အရိယဘာဝကို ဆိုသည်၊ အရိယဘာဝဆိုသည်ကား ထိုဒိဋ္ဌိဝိပလ္လာသတရား အမြစ်အရင်းပါပြတ်ကင်း၍ ကိုယ်ခန္ဓာတွင်း၌ နိစ္စမျိုးမရှိ၊ သုခမျိုးမရှိ၊ အတ္တမျိုးမရှိဟု အမြင်အယူ ဖြောင့်မှန်သော သမ္မာဒိဋ္ဌိဉာဏ်ကို ဆိုသည်။ အရိယာပုဂ္ဂိုလ်တို့သည် ထိုအမြင် ထိုအယူကို တည်ရာမှီရာပြု၍ နေကြကုန်၏၊ ထို့ကြောင့် ထိုသမ္မာဒိဋ္ဌိတရားသည် အရိယဘူမိ မည်၏၊ အနမတဂ္ဂသံသရာကာလ၌ ပုထုဇ္ဇနဘူမိတွင် ကျင်လည်ရှည်လျား၍ နေကြကုန်သော ပုထုဇ္ဇန်သတ္တဝါအနန္တတို့တွင် အကြင်ပုဂ္ဂိုလ်သည် တစ်ခုသော နေ့ရက်၌ ထိုသမ္မာဒိဋ္ဌိဉာဏ်ကို ပိုင်နိုင်စွာ ရသဖြင့် ထိုဒိဋ္ဌိဝိပလ္လာသတရား အမြစ်အရင်းပါပြတ်ကင်း၏၊ ထိုပုဂ္ဂိုလ်သည် ထိုနေ့ ထိုရက်မှစ၍ အရိယဘူမိသို့ ရောက်လေ၏၊ ပရမတ္ထအရိယာမျိုး ဖြစ်လေ၏။
အချို့သော အရိယာပုဂ္ဂိုလ်များမှာ သညာဝိပလ္လာသ, စိတ္တဝိပလ္လာသများ ကျန်ရှိသေးသော်လည်း ဒိဋ္ဌိဝိပလ္လာသကြီး ပြတ်ကင်းပြီး၍ သမ္မာဒိဋ္ဌိဉာဏ်ကြီးကို အတည်ရသဖြင့် ကျန်ရှိသော ဝိပလ္လာသများသည် ဒုစရိုက်မြောက်အောင် မမိုက်မဲနိုင်ကြလေပြီ၊ တရားသဖြင့်ရရှိသော စည်းစိမ်ချမ်းသာများကို ခံစားစံစားဘို့မျှသာ ရှိတော့၏၊ ဘူမိကထာပြီး၏။
---၅-ဂတိကထာ
ဂတိအပြား ၂-ပါး
ဂတိ ဆိုသည်ကား-ဘဝအလားတည်း၊ တစ်ဘဝမှ တစ်ဘဝသို့ အဆက်ဆက် ပြောင်းလဲကျင်လည်မှုပေတည်း။
ထိုဂတိသည်
(၁) ပုထုဇ္ဇနဂတိတစ်ပါး၊
(၂) အရိယဂတိတစ်ပါး၊
ဟု ဂတိအပြား နှစ်ပါးရှိ၏။
ထိုနှစ်ပါးတို့တွင်
(၁) ပုထုဇ္ဇနဂတိဆိုသည်ကား ဝိနိပါတအလားကို ဆိုသတည်း၊ ဝိနိပါတအလား ဆိုသည်ကား ပရမ်းပတာ ကျခြင်းတည်း၊ ပရမ်းပတာ ကျရောက်ခြင်းဆိုသည်ကား အလိုရှိရာဘဝကို ရည်ရွယ်၍ ကျရောက်နိုင်ကြသည်မဟုတ်၊ အမှတ်မရှိ တစ်ခုခုသောကံ၏ ပစ်ချခြင်းဖြင့် ရောက်တတ်ရာရာ ကျရောက်ခြင်းကို ဆိုသတည်း။
ထန်းပင်ပေါ်က ထန်းသီးတို့၏ ကြွေကျခြင်းကဲ့သို့ အုန်းပင်ပေါ်က အုန်းသီးတို့၏ ကြွေကျခြင်းကဲ့သို့ ပုထုဇ္ဇန်သဘာဝတို့မှာ သေသည်၏အခြားမဲ့၌ ပေါက်လွှတ်ကျခြင်းကို ဆိုသတည်း။
ခပ်သိမ်းသော သတ္တဝါတို့မှာ တစ်ဘဝလျှင် တစ်ခါသေရခြင်းဘေးသည် မြဲ၏၊ သေပြန်လျှင် ပုထုဇ္ဇန်သတ္တဝါတို့မှာ သေသည်၏အခြားမဲ့၌ ပရမ်းပတာကျရောက်ခြင်းဘေးကြီးသည်လည်းမြဲ၏၊ သေခြင်းဘေးကြီးနှင့် ပရမ်းပတာကျခြင်းဘေးကြီးသည် အစဉ်အမြဲ ဖက်တွဲလျက်ရှိ၏၊ သေရခြင်းဘေးထက် ပရမ်းပတာကျရောက်ခြင်းဘေးသည် အလွန်ကြီးကျယ်၏။
လူ့ပြည်မှ သေလွန်ကြသော ပုထုဇ္ဇန်သတ္တဝါတို့မှာ အောက်မဟာအဝီစိငရဲကြီးတိုင်အောင် အလုံးစုံသော အပါယ်လေးဘုံတို့သည် အဆီးအတားမရှိ ကောင်းကင်ကြီးအသွင် ဟာလာဟင်းလင်း အပြင်ကြီးအလားရှိ၏၊ လူ၏အသက် ဝိညာဏ်ချုပ်ဆုံးသည်နှင့် တစ်ပြိုင်နက် ဘယ်ငရဲဘုံသို့မဆို ကျရောက်နိုင်၏၊ ဝေးသည် နီးသည်ဟု အထူးမရှိ၊ ဘယ်တိရစ္ဆာန်မျိုးမဆို, ဘယ်ပြိတ္တာမျိုးမဆို, ဘယ်အသုရကာယ်မျိုးမဆို, မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်း ခဏချင်းဖြစ်နိုင်၏၊ အထက်နတ်ပြည်ခြောက်ထပ်တို့မှ သေလွန်ကြရာ၌လည်း ထို့အတူပင်တည်း၊ အထက်ရူပ, အရူပဗြဟ္မာ့ပြည်တို့မှ သေလွန်ကြရာ၌မူကား အဖြောင့်အပါယ်လေးဘုံသို့ ဦးတိုက်မကျမူ၍ နတ်ပြည် လူ့ပြည်၌ တစ်ဖန် ရပ်တန့်ပြီးမှ အပါယ်လေးဘုံသို့ ကျရောက်နိုင်ကြကုန်၏။
ခပ်သိမ်းသော သတ္တဝါတို့သည် သေခြင်းဘေးကို ကြောက်လန့်ကြကုန်မြဲဆိုရာ၌ သေခြင်းဘေးမှာ ဤပရမ်းပတာကျရောက်ခြင်းဘေးကြီးအပြီးပါရှိ၍ နေသည့်အတွက်ကြောင့် သေခြင်းဘေးကြီးမှ အထူးအချွန် အလွန်ကြောက်ကြရကုန်၏။
ပရမ်းပတာကျရောက်ခြင်းဘေးကြီး မရှိကြကုန်သည်ဖြစ်၍ သေသည့်နောက်၌ မိမိတို့အလိုရှိရာ ရည်ရွယ်ရာဘုံဘဝသို့ ရည်ရွယ်တိုင်း ရောက်နိုင်ကြပါကုန်မူကား သေခြင်းဘေးကို ဤမျှလောက် လန့်ကြကုန်လိမ့်မည်မဟုတ်၊ တစ်ဘုံ၌ ကာလကြာညောင်းလျှင် ဘုံအသစ်ပြောင်းလိုသော စိတ်ဖြစ်လာတတ်သော် သေခြင်းကို အလိုရှိကြသောအခါပင် ရှိတန်ရာသေး၏။
ဤဝိနိပါတအလားဟုဆိုအပ်သော ပုထုဇ္ဇနဂတိသည် အဘယ်မျှလောက် ကြီးကျယ်လေသနည်းဟူမူ
ဤအရာ၌
၁။ နခသိခသုတ်,
၂။ ကာဏကစ္ဆပသုတ်
ဤသုတ်နှစ်ပါးကို ပြဆိုရာ၏။
၁။ နခသိခသုတ်၏ လိုရင်းအနက်ကား -တရံသောအခါ မြတ်စွာဘုရားသည် လက်သည်းတော်ဖျား၌ မြေမှုန့်ငယ်တို့ကို တင်ထားပြီးလျှင် ရဟန်းတို့ကို ခေါ်၍ ဤသို့ မိန့်တော်မူ၏။
ရဟန်းများတို့-ငါ၏လက်သည်းတော်ဖျားတွင် တင်ထားသော မြေမှုန့်စုနှင့် မဟာပထဝီ တစ်ပြင်လုံးတွင် ရှိနေသော မြေမှုန့်တို့ကို အနည်းအများအားဖြင့် နှိုင်းယှဉ်သည်ရှိသော် အဘယ်မြေမှုန့်စုက နည်းပါး၍ အဘယ်မြေမှုန့်စုက များပြားမည်နည်းဟု မေးတော်မူ၏။
ထိုအခါ ရဟန်းတို့က လက်သည်းတော်ဖျား၌ တင်ထားသော မြေမှုန့်စုက အလွန်ပင်နည်းပါးပါကြောင်း၊ မဟာပထဝီတစ်ပြင်လုံးမှာ ရှိနေသော မြေမှုန့်စုက အလွန်ပင်များပြားပါကြောင်း ၎င်းမဟာပထဝီမြေမှုန့်နှင့်အနည်းအများအားဖြင့် နှိုင်းယှဉ်သည်ရှိသော် အရှင်ဘုရား လက်သည်းတော်ဖျား၌ တင်ထားသော မြေမှုန့်စုသည် ရှိသည်ဟူ၍ မပြောဆိုလောက်ပါကြောင်း ဖြေကြားကြကုန်၏။
ထိုအခါ မြတ်စွာဘုရားက ရဟန်းတို့-ဤဥပမာနှင့်တူစွာ ဤလူ့ပြည်မှ သေလွန်ကြကုန်သော သူအပေါင်းတို့တွင် လူ့ပြည်နတ်ပြည်တို့မှာ ဖြစ်ရသောသူ, နတ်ပြည်တို့မှ သေလွန်ကြသော သူအပေါင်းတို့တွင် နတ်ပြည်, လူ့ပြည်တို့မှာ ဖြစ်ရသောသူများသည် ငါ၏လက်သည်းတော်ဖျား၌ တင်ထားသော မြေမှုန့်စုကဲ့သို့ အလွန်ပင်နည်းပါး၏၊ အပါယ်လေးဘုံတို့၌ ဖြစ်ရသောသူတို့သည်မူကား မဟာပထဝီမြေမှုန့်ကဲ့သို့ အလွန်ပင် များပြားကုန်၏ဟူ၍လည်းကောင်း, တစ်ဖန် အပါယ်လေးဘုံတို့မှ သေလွန်ကြကုန်သော သူအပေါင်းတို့တွင် လူ့ပြည်နတ်ပြည်တို့မှာ ဖြစ်ရသောသူများသည် ငါ၏လက်သည်းတော်ဖျား၌ တင်ထားသော မြေမှုန့်ကဲ့သို့ အလွန်နည်းပါး၏၊ အပါယ်လေးပါးတို့၌ အဖန်တလဲလဲဖြစ်နေကြရကုန်သော သတ္တဝါတို့သည်သာလျှင် အလွန်များပြားကုန်၏ဟူ၍လည်းကောင်း မိန့်တော်မူ၏၊ ဤကား နခသိခသုတ်၏ အနက်အဓိပ္ပါယ်တည်း။
မဟာသမုဒ္ဒရာလေးစင်း၌ ရှိသော ရေသတ္တဝါမျိုးတို့နှင့်တကွ အပါယ်လေးဘုံအသိုက်အအုံ ကြီးကျယ်ပုံကို စေ့စုံစွာမြှော်ရှုပြီးလျှင် ယခုပြဆိုခဲ့ပြီးသော နခသိခသုတ်အထွက် အနက်အဓိပ္ပါယ်အတိုင်း အပါယ်ရောက် အပါယ်ကျဝိနိပါတအလားကြီးသည် ဘယ်မျှလောက် ကြီးကျယ်ကြောင်းကို မြော်မြင်သိရှိနိုင်ရာ၏။
၂။ ကာဏကစ္ဆပသုတ်၏ လိုရင်းအနက်ကား တစ်ရံသောအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်၍ ဤသို့မိန့်တော်မူ၏။
ရဟန်းတို့-မဟာသမုဒ္ဒရာကြီး၌ မျက်စိနှစ်ဘက်ပျက်ကွယ်သော လိပ်ကာဏ်းငယ်တစ်ခုသည် ရှိရာ၏၊ ထိုလိပ်ကာဏ်းငယ်သည် နက်လှစွာသော ရေ၏အတွင်း၌ ဦးခေါင်းလှည့်မိလှည့်ရာ မရပ်မနား သွား၍နေ၏၊ အနှစ်တစ်ရာ, အနှစ်တစ်ရာရှိမှ ရောက်လေရာရာ၌ တစ်ကြိမ်တစ်ကြိမ်သာ အထက်ရေပေါ်သို့ ဦးခေါင်းပေါ်၏၊ တစ်ဖန် မဟာသမုဒ္ဒရာကြီး၌ပင်လျှင် တစ်ခုသောအရပ်၌ ရထားထမ်းပိုးတုံးတစ်ခုသည် ကျရောက်နေရာ၏၊ ထိုထမ်းပိုးတုံးသည် အပေါက်တစ်ခုသာရှိ၏၊ လေလိုက်, လှိုင်းလိုက်, ရေကြောင်းလိုက် မရပ်မနား လွင့်မျောခါနေ၏၊ ထိုသို့နေကြရာတွင် အကြင်အခါ၌ လိပ်ကာဏ်းငယ်၏ ဦးခေါင်းပေါ်ရာအရပ်သို့ ထမ်းပိုးတုံးသည် ရောက်လေ၍ လိပ်၏ဦးခေါင်းသည် ထမ်းပိုးပေါက်၌ လျှိုမိစွပ်မိလေရာ၏၊ ထိုသို့ လျှိုမိစွပ်မိသော အခါအခွင့်သည် ကြုံကြိုက်နိုင်မည်လောဟု မေးတော်မူ၏။
ထိုအခါ ရဟန်းတို့က ကြုံကြိုက်နိုင်ရာ မရှိပါကြောင်း၊ သို့ရာတွင် မြတ်စွာဘုရား...ကမ္ဘာမည်သည် အလွန်ကြာရှည်လှသည်ဖြစ်၍ လိပ်ငယ်သည်လည်း မသေမပျောက် ထမ်းပိုးသည်လည်း မပုပ်မဆွေး ကာလအရှည်တည်နေပါကုန်မူကား တစ်ကြိမ်တစ်ခါ ကြုံကြိုက်သော် ကြုံကြိုက်ရန်ရှိပါကြောင်း ဖြေကြားကြကုန်၏။
ထိုအခါ မြတ်စွာဘုရားက ရဟန်းတို့-ဤအရေးအခွင့်သည် ခဲယဉ်းသည်ဟု မဆိုလိုလောက်သေး၊ ဤအရေးအခွင့်ထက် အဆအရာမက အဆအထောင်မက ခဲယဉ်းလှသော အရာသည်ရှိသေး၏၊ အဘယ်အရာနည်းဟူမူ ဤလူ့ဘဝမှ သေလွန်၍ အပါယ်လေးဘုံသို့ တစ်ကြိမ်ကျရောက်သောသူသည် လူ့ဘုံလူ့ဘဝသို့ တစ်ဖန်ပြန်ရောက်နိုင်ရန် အခွင့်အရေးပေတည်း။
ဤအခွင့်အရေးသည် လိပ်ကာဏ်းထမ်းပိုးတို့၏ အခွင့်အရေးထက် အဆအရာမက အဆအထောင်မက သာလွန်၍ ခဲယဉ်းချေသည်၊ အဘယ်ကြောင့်နည်းဟူမူ လူ့ဘဝ နတ်ဘဝမည်သည် အကုသိုလ်ဒုစ္စရိုက်မှုတို့ကို ရှောင်ကြဉ်၍ ကုသိုလ်ကောင်းမှုကို ပြုကျင့်သောသူများမှ လူဖြစ်နိုင်သည် နတ်ဖြစ်နိုင်သည်။
အပါယ်ဘုံ၌မူကား အကုသိုလ်မှန်း ကုသိုလ်မှန်း ကောင်းမှုမှန်း မကောင်းမှုမှန်း သုစရိုက်မှန်း ဒုစရိုက်မှန်း မသိကြကုန်ပြီ၊ နိုင်ရာနိုင်ရာ သတ်မှုစားမှုအစရှိသော အကုသိုလ်ဒုစရိုက်တို့နှင့်သာ နေကြရကုန်တော့သည်၊ ငရဲဘုံ, ပြိတ္တာဘုံတို့မှာလည်း ခံနေရသော ဒုက္ခအတွက် စိတ်ပူ စိတ်လောင် စိတ်ဆိုး စိတ်ညစ်တွေနှင့်သာ နေကြရကုန်တော့သည်။
ထို့ကြောင့် လူ့ဘုံလူ့ဘဝသို့ တစ်ဖန်ပြန်ရောက်ရန် အခွင့်အရေးသည် လိပ်ကာဏ်းထမ်းပိုးအရေးထက် အဆရာထောင်မက သာလွန်ခဲယဉ်းလေသည်ဟု ဟောတော်မူသည်။ ဤကား ကာဏကစ္ဆပသုတ်ထွက် အနက်အဓိပ္ပါယ်ပေတည်း။
ဤသုတ္တန်အတိုင်း အပါယ်ဘုံဘဝသို့ ရောက်လေသမျှသော သူအပေါင်းတို့သည် လူ့ဘုံလူ့ဘဝသို့ ရောက်လာမည့်အရေး အလွန်ဝေးရသည်မှာ အပါယ်ဘုံသားတို့မည်သည် အထက်သို့ဦးခေါင်းမပြု အောက်သို့သာ ဦးခေါင်းပြုကြကုန်၏။
အောက်သို့သာ ဦးခေါင်းပြုခြင်းဆိုသည်ကား တစ်ဘဝထက် တစ်ဘဝ အမိုက်တရား တိုးပွား၍သွားကြသဖြင့် မြစ်ရေတို့သည် နိမ့်ရာသို့သာ စီးဆင်းကြကုန်သကဲ့သို့ တစ်ဘဝထက်တစ်ဘဝ ယုတ်နိမ့်ရာသို့သာ ရှေ့ရှုကြကုန်ရကား အထက်လမ်းပိတ်၍ အောက်ထက်အောက် နစ်မြုပ်လမ်း ဟင်းလင်းကြီးပွင့်၍ နေခြင်းကို အောက်သို့ဦးခေါင်းပြုခြင်းဆိုသည်။
ဤကာဏကစ္ဆပသုတ်အရကို မြော်မြင်ကြသဖြင့်လည်း ပုထုဇ္ဇန်သတ္တဝါတို့၏ ဝိနိပါတအလားကြီး ဝိနိပါတဘေးကြီးသည် ပရမ်းပတာကျရောက်မှုကြီးသည် ဘယ်မျှလောက် ကြောက်မက်ဘွယ် လန့်ဘွယ်ကြီးကျယ်ကြောင်းကိုလည်း သိရှိနိုင်ကြကုန်ရာသည်။ ဤကား ပုထုဇ္ဇနဂတိတည်း။
(၂) အရိယဂတိဆိုသည်ကား အဝိနိပါတဂတိတည်း၊ အဝိနိပါတဂတိဆိုသည်ကား သေသည်၏နောက်၌ ပရမ်းပတာကျရောက်ခြင်းမှ ကင်းလွတ်ခြင်းတည်း။
တစ်ဘဝလျှင် တစ်ခါသေရခြင်း ဓမ္မတာနှင့်တွဲလျက် အမြဲပါရှိ၍ နေသော ပရမ်းပတာကျရောက်ခြင်းဘေးကြီးသည် အကုန်အရှင်း ကင်းပ၍ တစ်ဘဝလျှင် တစ်ခါသေမြဲဓမ္မတာ၏နောက်၌ မိမိမိမိတို့ အလိုရှိရာဘုံဘဝသို့, သို့မဟုတ် ကောင်းမြတ်ရာဘုံဘဝသို့သာ ရောက်နိုင်ခြင်းတည်း။
ထန်းပင်ပေါ်အုံးပင်ပေါ်တို့မှ ထန်းသီးခိုင် အုန်းသီးခိုင်များ ကျသကဲ့သို့ ပရမ်းပတာကျရောက်ခြင်းမှ ကင်းလွတ်၍ ထန်းပင်ပေါ် အုန်းပင်ပေါ်တို့မှ ကျေးငှက်တို့သည် အလိုရှိရာသစ်ပင်တို့သို့ ကောင်းကင်ခရီးဖြင့် ပျံသန်းကူးပြောင်းကြကုန်သကဲ့သို့ ပရမတ္ထအရိယာမျိုး ဖြစ်ကြကုန်သော လူ နတ်ဗြဟ္မာတို့သည် မိမိမိမိတို့ ဖြစ်ရာဘုံဘဝမှ သေလွန်ကြကုန်၍ ဘဝတစ်ပါးသို့ ပြောင်းသွားကြကုန်သောအခါ ကောင်းမြတ်သော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝတို့တွင် မိမိမိမိတို့ ရောက်လိုရာဘုံဘဝတို့သို့ ရောက်နိုင်ကြကုန်၏။
ဘယ်ဘုံဘဝသို့ ရောက်လိုသည်ဟုရည်ရွယ်ခြင်းမရှိဘဲ အမှတ်မဲ့ သေလွန်ခဲ့သော်လည်း ကောင်းမြတ်သော ဘုံဘဝသို့သာ ရောက်ကြလေကုန်၏၊ အပါယ်လေးပါးသို့ ကျရောက်ခြင်းမှ အရှင်းကင်းလွတ်ကြလေကုန်၏၊ သည်သာမကသေး၊ လူ့ဘုံလူ့ဘဝသို့ ရောက်ကြရာ၌လည်း အမျိုးစည်းစိမ်ယုတ်ညံ့သော ဒုက္ခိတလူမျိုး, မသူတော်လူမျိုး, မိစ္ဆာဒိဋ္ဌိလူမျိုးတို့၌ ဖြစ်ရခြင်းမှ အရှင်းကင်းလွတ်၍ အမျိုးစည်းစိမ်မြင့်မြတ်သော လူမျိုး, သပ္ပုရိသလူမျိုး, သမ္မာဒိဋ္ဌိလူမျိုးတို့၌သာ ဖြစ်ကြရကုန်၏။
နတ်ဘုံ, နတ်ဘဝသို့ ရောက်ကြရာ ဗြဟ္မာ့ဘုံ, ဗြဟ္မာ့ဘဝသို့ ရောက်ကြရာ၌လည်း ဘုန်းတန်ခိုးယုတ်သော နတ်မျိုး, ဗြဟ္မာမျိုး, မိစ္ဆာအယူရှိကြသော နတ်မျိုး, ဗြဟ္မာမျိုးတို့၌ ဖြစ်ကြရခြင်းမှ အရှင်းကင်းလွတ်ကြကုန်၏၊ ဘုန်းတန်ခိုးကြီးမြတ်သော နတ်မျိုး, ဗြဟ္မာမျိုး, သမ္မာအယူဖြူစင်သော နတ်မျိုး, ဗြဟ္မာမျိုးတို့၌သာ ဖြစ်ကြရကုန်၏။
နခသိခသုတ်၌လာသော ပုထုဇ္ဇနဂတိ, ကာဏကစ္ဆပသုတ်၌လာသော ပုထုဇ္ဇနဂတိ, ဝိနိပါတဘေးကြီးမှ အရှင်းကင်းလွတ်ကြကုန်၏၊ ဤကား အရိယဂတိ အရိယာတို့၏ အလားကို ပြဆိုချက်တည်း။
ဤစကား၌ လူဖြစ်သောသူတို့သည် သစ်ပင်ပေါ်မှကျခဲ့လျှင် ထန်းသီးခိုင် အုန်းသီးခိုင်တို့ကျသကဲ့သို့ ပရမ်းပတာကျကြကုန်၏၊ အဘယ်ကြောင့်နည်းဟူမူ ကောင်းကင်သို့ ပျံသန်းနိုင်သောအတောင် မရှိသည့်အတွက်ကြောင့်တည်း။
ထို့အတူ ပုထုဇ္ဇန်မျိုးဖြစ်ကြသော နတ်, လူ, ဗြဟ္မာ, သတ္တဝါတို့မှာ ဘဝခန္ဓာတစ်ခု ပျက်ဆုံး၍ ဘဝခန္ဓာတစ်ခုသို့ ပြောင်းရွေ့ကြရာ၌ ဒိဋ္ဌိဝိပလ္လာသကြီး ရှိနေကြသည့်အတွက် မဂ္ဂင်ရှစ်ပါးဟူသော အတောင်မရှိကြသည်ဖြစ်၍ ဝိနိပါတဘေးကြီး၏ ကင်းငြိမ်းခြင်းတည်းဟူသော ဟင်းလင်းအပြင် ကောင်းကင်ကြီးကို အမှီအတွယ် မပြုဖြစ်ကြကုန်သော နတ်, လူ, ဗြဟ္မာသတ္တဝါတို့မှာ မိမိတို့ကိုယ်ခန္ဓာ ပျက်ဆုံး၍ ဘဝတစ်ပါးသို့ ပြောင်းရွေ့ကြသောအခါ ဝိနိပါတဘေးကြီး ပရမ်းပတာကျကြကုန်၏။
ဤစကား၌ ပကတိသော လူတို့သည် မြင့်စွာသော သစ်ပင်ထက်သို့ တက်ကြကုန်ရာ မှီတွယ်ရာဖြစ်သော သစ်ကိုင်းတို့ ကျိုးပြတ်ခဲ့သော် သစ်ကိုင်းနှင့်တကွ အောက်မြေအရပ်သို့ ပရမ်းပတာကျခြင်းဖြင့် ကျကြလေကုန်၍ သေသော်လည်းသေ၊ မသေသော်လည်း မလှမပ ဒုက္ခကြီးစွာရောက်ကြကုန်၏၊ အဘယ်ကြောင့်ဆိုသော် ထိုလူတို့မှာ သစ်ကိုင်းတို့သည်သာလျှင် မှီတွယ်ရာရှိကြကုန်၏၊ သစ်ကိုင်းမှတစ်ပါး မှီတွယ်ရာ မရှိကြကုန်၊ ကောင်းကင်သို့ ပျံသွားရန် အတောင်လည်း မရှိကြလေကုန်။
ထို့အတူ ဒိဋ္ဌိဝိပလ္လာသ ရှိနေကြကုန်သော လူ, နတ်, ဗြဟ္မာ သတ္တဝါတို့မှာလည်း အတ္တဒိဋ္ဌိဖြင့် မိမိ, မိမိတို့၏ ကိုယ်ခန္ဓာတို့ကို မှီတွယ်ကြကုန်သည်ဖြစ်၍ မှီတွယ်ရာဖြစ်သော ကိုယ်ခန္ဓာချုပ်ဆုံးခဲ့သော် ပရမ်းပတာကျခြင်းသို့သာ ရောက်ကြလေကုန်၏။
အဘယ့်ကြောင့်နည်းဆိုသော် ထိုလူတို့မှာ မိမိတို့၏ ကိုယ်ခန္ဓာတို့သည်သာလျှင် မှီတွယ်ရာရှိကြကုန်၏၊ ကိုယ်ခန္ဓာတို့မှတစ်ပါး ဝိနိပါတဂတိမှ လွတ်ငြိမ်းခြင်းဟုဆိုအပ်သော နိဗ္ဗာန်တည်းဟူသော နိစ္စထာဝရခိုင်မြဲသော မှီတွယ်ရာကြီးလည်း လက်ကိုင်လက်စွဲ အမြဲရှိကြကုန်၏၊ ကောင်းမြတ်ရာ ဘုံဘဝသို့သာလျှင် ရောက်နိုင်ကြရန် ကံနှင့်အမြဲဖက်တွဲပါရှိသော အလွန်သန်စွမ်းလှစွာသော မဂ္ဂင်ရှစ်ပါးတည်းဟူသော အလွန်သန်စွမ်းလှစွာသော အတောင်လည်း မရှိကြလေကုန်။
အတောင်ရှိကြသော ကျေးငှက်တို့သည် မြင့်စွာသော သစ်ပင်တို့၌ နားနေကြကုန်ရာ နားနေရာဖြစ်သော သစ်ကိုင်းတို့ ကျိုးပြတ်ခဲ့သော်လည်း အောက်သို့ကျခြင်းမရှိကုန်၊ တစ်ပါးသော သစ်ပင်သို့ ကောင်းကင်ခရီးဖြင့် ပျံကြလေကုန်၏၊ အဘယ့်ကြောင့်နည်းဆိုသော် ထိုကျေးငှက်တို့မှာ သစ်ကိုင်းကို မိမိကိုယ်ပြု၍ မှီတွယ်ကြသည်မဟုတ်ကုန်၊ ခဏခေတ္တ နားနေရုံမျှ ဖြစ်ကြကုန်၏၊ ကောင်းကင်နှင့် အတောင်တို့ကိုသာ အမှီကြီးမှီကြကုန်၏။
ထို့အတူ ဒိဋ္ဌိဝိပလ္လာသမှ ကင်းလွတ်ကြကုန်ပြီးသော အရိယာမျိုးဖြစ်သော လူ, နတ်, ဗြဟ္မာသတ္တဝါတို့မှာ မိမိ, မိမိတို့၏ ကိုယ်ခန္ဓာတို့ကို ငါ၏အတ္တဟု မှီတွယ်ခြင်းမရှိကြကုန်၊ ကိုယ်ခန္ဓာတို့မှတစ်ပါး ဝိနိပါတဂတိမှ လွတ်ငြိမ်းခြင်းဟုဆိုအပ်သော နိဗ္ဗာန်တည်းဟူသော နိစ္စထာဝရခိုင်မြဲသော မှီတွယ်ရာကြီးလည်း လက်ကိုင်လက်စွဲအမြဲရှိကြကုန်၏၊ ကောင်းမြတ်ရာ ဘုံဘဝသို့သာလျှင် ရောက်နိုင်ကြရန် ကံနှင့်အမြဲဖက်တွဲပါရှိသော အလွန်သန်စွမ်းလှစွာသော မဂ္ဂင်ရှစ်ပါးတည်းဟူသော အတောင်အားနှင့်လည်း အလွန်ပြည့်စုံလုံလောက်ကြကုန်၏၊ ဤကား ပုထုဇ္ဇနဂတိနှင့် အရိယဂတိ နှစ်ပါးတို့၏ အထူးပေတည်း။ ဂတိကထာပြီး၏။
---၆-သစ္စကထာ သစ္စာတရား ၂-ပါး
သစ္စာဆိုသည်ကား သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ် ထာဝရ ညီညွတ်ဖြောင့်မှန်သည်ကို ဆိုသတည်း။
ထိုသစ္စာသည်
(၁) သမုတိသစ္စာတစ်ပါး၊
(၂) ပရမတ္ထသစ္စာ တစ်ပါး၊
ဟူ၍ နှစ်ပါးအပြားရှိကုန်၏၊ ထိုနှစ်ပါးတို့တွင်
(၁) သမုတိသစ္စာ ဆိုသည်ကား လောကီဘုံသား လူအများ တို့၏ ခေါ်ရိုးပြောရိုးဖြစ်သော သမုတိပညတ်တို့၏ အလယ်၌ အဖြောင့် အမှန်မျိုးသည် သမုတိသစ္စာမည်၏။
အတ္တရှိ၏၊ ဇီဝရှိ၏၊ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ လူရှိ၏၊ နတ်ရှိ၏၊ သိကြားရှိ၏၊ ဗြဟ္မာရှိ၏၊ ဆင် မြင်း ကျွဲ နွား ရှိ၏၊ ဦးခေါင်း, လက်, ခြေစသော အင်္ဂါကြီးငယ်ရှိ၏၊ ဆံပင်, အမွေး, ခြေသည်း, လက်သည်းရှိ၏ စသည်တို့ပေတည်း။
ဤသမုတိသစ္စာသည် မုသာဝါဒ၏ ဆန့်ကျင်ဘက်ပေတည်း၊ မုသာဝါဒကို ပယ်နိုင်၏၊ တစ်ဘဝအတွင်းတွင် အခါခါဖြစ်ခြင်း, အခါခါ ချုပ်ခြင်းဟူ၍ မရှိဘဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြဲ၍နေသော အတ္တမည်သည် ဧကန်အမှန်ရှိ၏၊ ဇီဝမည်သည် ဧကန်အမှန်ရှိ၏ဟု ပြောဆိုကြသော စကားမျိုးတို့သည် လောကီဘုံသား လူအများတို့၏ ပြောရိုးဆိုရိုးအတိုင်း ပြောဆိုကြသော စကားဖြစ်၍ ပြောဆိုသောသူမှာ မုသာဝါဒမဖြစ်၊ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ လှည့်စားခြင်းမဖြစ်။
ပရမတ္ထသစ္စာ အလိုအားဖြင့်မူကား ထိုစကားမျိုးသည် အနိစ္စ၌ နိစ္စဟူ၍ဖောက်ပြန်ခြင်း, အနတ္တ၌အတ္တဟူ၍ ဖောက်ပြန်ခြင်းတည်း ဟူသော ဝိပလ္လာသအမှန်ဖြစ်၏၊ ထိုဝိပလ္လာသတရားကို မပယ်နိုင် သမျှကာလပတ်လုံး သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်။ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါ ရှိ၏၊ ဆံပင်, အမွေး, ခြေသည်း, လက်သည်းရှိ၏ ဟူရာတို့၌လည်း ထိုနည်းအတူ ဆိုလေ။
ပရမတ္ထသစ္စာ
(၂) ပရမတ္ထသစ္စာ ဆိုသည်ကား ဓာတ်သဘာဝ ဓမ္မသဘာဝ အလိုအားဖြင့် အလွန်ဟုတ်မှန်လှသော ရှိ, မရှိစကားမျိုး တရားမျိုးသည် ပရမတ္ထသစ္စာမည်၏။
ရှိ, မရှိ နှစ်ပါးတို့တွင် ရှိ ဆိုသည်ကား ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ရှိ၏၊ စိတ်ဝိညာဏ်ရှိ၏၊ ဖဿ, ဝေဒနာ, သညာ, စေတနာရှိ၏၊ ရုပ်ခန္ဓာရှိ၏၊ နာမ်ခန္ဓာရှိ၏ စသည်တို့ပေတည်း။
မရှိ ဆိုသည်ကား အတ္တမရှိ၊ ဇီဝမရှိ၊ ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ၊ လူမရှိ၊ နတ်မရှိ၊ သိကြားမရှိ၊ ဗြဟ္မာမရှိ၊ ဆင်, မြင်း,ကျွဲ, နွား မရှိ၊ ဦးခေါင်း ဟူ၍ မရှိ၊ လက်, ခြေစသော အင်္ဂါကြီးငယ်ဟူ၍ မရှိ၊ ဆံပင်, အမွေး, ခြေသည်း, လက်သည်းဟူ၍ မရှိ စသည်တို့ပေတည်း။
အတ္တမရှိ၊ ဇီဝမရှိဆိုသည်ကား တစ်ဘဝအတွင်းတွင် အခါခါ ဖြစ်ခြင်း, ချုပ်ခြင်းဟူ၍မရှိဘဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြဲ၍ နေသော အတ္တ, ဇီဝဟူ၍ မရှိဆိုလိုသည်။
ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ စသည်တို့၌လည်း ရုပ်ဓာတ်, နာမ်ဓာတ် တို့သည်သာ ရှိကုန်၏၊ ထိုရုပ်ဓာတ်, နာမ်ဓာတ်တို့သည်လည်း ပုဂ္ဂိုလ် မဟုတ်၊ သတ္တဝါမဟုတ်၊ နတ်, ဗြဟ္မာစသည်မဟုတ်၊ ထိုရုပ်ဓာတ်, နာမ် ဓာတ်တို့မှ တစ်ပါး ပုဂ္ဂိုလ် သတ္တဝါဟူ၍ အသီးအခြား မရှိ၊ လူ, နတ်, ဗြဟ္မာစသည်လည်း မရှိဟု ဆိုလေ။
ဤပရမတ္ထသစ္စာသည် ဝိပလ္လာသတရား၏ ဆန့်ကျင်ဘက် ပေတည်း၊ ဤပရမတ္ထသစ္စာတရားမှသာလျှင် ဝိပလ္လာသတရားကို ပယ်နိုင်၏၊ ဝိပလ္လာသ တရားကို ပယ်နိုင်မှသာလျှင် သံသရာဝဋ်ဒုက္ခမှ ထွက်မြောက်နိုင်၏။
သမုတိသစ္စာ အလိုအားဖြင့် ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ ပုဂ္ဂိုလ် သတ္တဝါတို့သည် သံသရာ၌ တစ်ဘဝမှတစ်ဘဝသို့ ကျင်လည် ပြောင်း သွား၍ နေကြ၏၊ ပရမတ္ထသစ္စာ အလိုအားဖြင့် ပုဂ္ဂိုလ် မရှိ၊ သတ္တဝါမရှိ၊ တစ်ဘဝမှ တစ်ဘဝသို့ ကျင်လည်ပြောင်းသွားသည်ဟူ၍မရှိ၊ သို့သော် ဤသစ္စာနှစ်ပါးသည် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်နေဘိ၏ တကားဟု ဆိုရန်ရှိ၏၊ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် မဖြစ်ကြစေရန် အဖြေမှာမူကား
သမုတိသစ္စာအလိုအားဖြင့် ပရမတ္ထသစ္စာအလိုအားဖြင့် အလို နှစ်ပါး သီးသန့်ခြားလျက် ရှိလေပြီ။
သမုတိသစ္စာအလိုနှင့် ပုဂ္ဂိုလ်သတ္တဝါရှိ၏ဟု ပြောဆိုခဲ့သော် သမုတိသစ္စာ အလိုဆိုသောကြောင့် ပရမတ္ထသစ္စာ ဆရာက မငြင်း ပယ်ရ၊ ပုဂ္ဂိုလ် သတ္တဝါဟု သမုတိပညတ်ရှိသည်ကား အမှန်ပင်ဖြစ်၏၊ ပရမတ္ထသစ္စာ အလိုအားဖြင့် ပုဂ္ဂိုလ်သတ္တဝါမရှိဟူ၍ ပြော ဆိုခဲ့သော် ပရမတ္ထသစ္စာအလို ဆိုသောကြောင့် သမုတိသစ္စာ ဆရာက မငြင်းပယ်ရ၊ ပရမတ္ထသစ္စာဟူသည် ရုပ်တရား, နာမ်တရားသည်သာ အမှန်ဖြစ်၏၊ ပရမတ္ထသစ္စာမှာ ပုဂ္ဂိုလ်ဟူ၍ မရှိ၊ သတ္တဝါဟူ၍ မရှိ။ ဥပမာကား တစ်ခုသော မြေအရပ်မှ မြေစိုင်ခဲတို့ကို တူးယူ၍ အမှုန့်ပြုပြီး လျှင် အိုးအမျိုးမျိုး, ခွက်အမျိုးမျိုး ပြုလုပ်သုံးဆောင်ကြသဖြင့် လောကကြီး၌ မြေအိုးအမျိုးမျိုး, မြေခွက်အမျိုးမျိုးရှိကြ၏၊ တရားစကား ပြောဆိုကြရာ၌ ဤလောကမှာ မြေအိုး, မြေခွက်မည်သည် ရှိ၏လောဟု မေးခဲ့သော် သမုတိသစ္စာအလိုအားဖြင့် မြေအိုး, မြေခွက်မည်သည် ဧကန်အမှန်ပင်ရှိ၏ ဟူ၍ ဖြေဆိုရမည်၊ ပရမတ္ထသစ္စာ အလိုအားဖြင့် မြေသည်သာရှိသည်၊ အိုး, ခွက်ဟူ၍ မရှိဟု ဖြေဆိုရမည်၊ ထိုနှစ်ပါးတို့တွင် သမုတိသစ္စာအလိုမှာ လောကီဘုံသား လူအများတို့၏ ပြောရိုးဆိုရိုး ထင်ရှားရှိသည့်အတိုင်းပင် ဖြေဆိုသည် ဖြစ်၍ ရှင်းလင်းဖွယ်မရှိ၊ ပရမတ္ထ သစ္စာ အလို၌မူကား ရှင်းလင်းဖွယ်ရှိချေ၏။
ပရမတ္ထသစ္စာအလိုအားဖြင့် မြေအိုး, မြေခွက်ဟူသော စကား၌ မြေသည်သာရှိ၏၊ အိုးဟူ၍ ခွက်ဟူ၍ မရှိ၊ အကြောင်းမူကား မြေဟူသော အမည်သည် အိုး, ခွက်၏ အမည်မဟုတ်၊ မြေမျိုးမြေစစ်၏ အမည် သည်သာ ဖြစ်၏၊ အကြောင်းမူကား သံအိုး, သံခွက်, ကြေးအိုး, ကြေးခွက်, ရွှေအိုး, ရွှေခွက်, ငွေအိုး, ငွေခွက်များလည်းရှိ၏၊ ထိုအိုး, ထိုခွက်များကို မြေအိုး, မြေခွက်ဟူ၍ မခေါ်ရ၊ အဘယ်ကြောင့်နည်း၊ မြေမဟုတ်သော ကြောင့်တည်း။
အိုးခွက်ဟူသော အမည်သည်လည်း မြေ၏အမည်မဟုတ်၊ အိုးသဏ္ဌာန် ခွက်သဏ္ဌာန်ဟူသော အဝန်း အဝိုင်းစသော သဏ္ဌာန် ပညတ်၏ အမည်သည်သာဖြစ်၏။
အကြောင်းမူကား အိုးခွက်သဏ္ဌာန် မရှိကြသော မြေစိုင်ခဲစ သည်ကို အိုး, ခွက်ဟူ၍ မခေါ်ရ၊ ထို့ကြောင့် မြေဟူသော အမည်သည် အိုးခွက်၏ အမည်မဟုတ်၊ မြေဇာတိ၏ အမည်သည်သာဖြစ်၏၊ အိုး, ခွက်ဟူသော အမည်သည် ထိုမြေ၏အမည်မဟုတ်၊ သဏ္ဌာန်ပညတ်၏ အမည်သည်သာ ဖြစ်၏၊ သဏ္ဌာန်ပညတ်ဟူသည် မြေမှုန့်တို့မှ အသီးအခြား ဓာတ်သားဝတ္ထု ရှိသည်မဟုတ်၊ မြေမှုန့်တို့၏ ပေါင်းဖွဲ့ တည်နေပုံ အထူးကို အမှီပြု၍ စိတ်ထဲတွင် ထင်မြင်ရသော သဏ္ဌာန် နိမိတ် အရိပ်အသွင်မျိုးမျှသာ ဖြစ်၏၊ ထို့ကြောင့် ပရမတ္ထအလိုအားဖြင့် မြေသည်သာ ရှိသည်၊ အိုး, ခွက် ဟူ၍မရှိ ဟု ဖြေဆိုပေသည်။ ရှင်းလင်း ချက်။
သမုတိသစ္စာပြီး၏။
---ရုပ်တရား နှစ်ဆယ့်ရှစ်ပါး
ပရမတ္ထသစ္စာမျိုး ဆိုသည်ကား
(၁) ရုပ်တရား၊
(၂) နာမ်တရား၊
ဟူ၍ နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင်
၁။ ရုပ်တရားသည် နှစ်ဆယ့်ရှစ်ပါးရှိ၏၊ နှစ်ဆယ့်ရှစ်ပါး ဟူသည်ကား
- ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟူသော မဟာဘုတ်ကြီးလေးပါး၊
- စက္ခုဝတ္ထု, သောတဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထုဟူသော ဝတ္ထုရုပ်ခြောက်ပါး၊
- ဣတ္ထိဘာဝရုပ်, ပုမ္ဘာဝရုပ်ဟူသော ဘာဝရုပ်နှစ်ပါး၊
- ဇီဝိတရုပ်တစ်ပါး၊
- အာဟာရရုပ်တစ်ပါး၊
- ရူပါရုံ, သဒ္ဒါရုံ ဂန္ဓာရုံ, ရသာရုံဟူသော ဂေါစရရုပ် လေးပါး။
ဤတစ်ဆယ့်ရှစ်ပါးတို့သည် ဖြစ်ပေါ်မှုဟူသော ဇာတိတရား ထင်ရှား ရှိကြခြင်းကြောင့် ဇာတရုပ် မည်ကုန်၏။
- အာကာသဓာတ်ဟူသော ပရိစ္ဆေဒရုပ်တစ်ပါး၊
- ကာယဝိညတ်, ဝစီဝိညတ်ဟူသော ဝိညတ်ရုပ် နှစ်ပါး၊
- လဟုတာ, မုဒုတာ, ကမ္မညတာဟူသော ဝိကာရရုပ် သုံးပါး၊
- ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာဟူသော လက္ခဏရုပ် လေးပါး။
ဤဆယ်ပါးသော ရုပ်တို့သည် ဖြစ်ပေါ်မှုဟူသော ဇာတိတရား ထင်ရှား မရှိကြခြင်းကြောင့် အဇာတရုပ် မည်ကုန်၏၊
ဇာတရုပ် ၁၈-ပါး
မဟာဘုတ်ကြီး ၄-ပါး
မဟာဘုတ်ကြီးဆိုသည်ကား အလွန်ကြီးပွားတတ်သည်ကို ဆိုသည်။
၁။ ပထဝီဓာတ် ဆိုသည်ကား မြေဓာတ်တည်း၊ မြေဓာတ် ဆိုသည်ကား ရုပ်တရားတို့၏ တည်ရန်မှီရန် အမာခံသဘောတည်း၊ ထိုမြေဓာတ်သည် ခက်မာမျိုး, ခက်မာသည်ထက် ခက်မာမျိုး, နူးညံ့မျိုး, နူးညံ့သည်ထက် နူးညံ့မျိုးဟူ၍ အဆင့်ဆင့်ရှိ၏။
၂။ အာပေါဓာတ် ဆိုသည်ကား ရေဓာတ်တည်း၊ ရေဓာတ် ဆိုသည်ကား ရုပ်တရားတို့ကို အတုံးအခဲ ဖြစ်စေရန် ဖွဲ့စည်းမှုတည်း၊ ထိုရေဓာတ်သည် ဖွဲ့စည်းမှု အတင်းအလျော့ အမျိုးမျိုးရှိ၏။
၃။ တေဇောဓာတ် ဆိုသည်ကား မီးဓာတ်တည်း၊ မီးဓာတ် ဆိုသည်ကား ရုပ်တရားတို့ကို လောင်မှု, မြိုက်မှု, ရင့်စေမှုပေတည်း၊ ထိုလောင်မြိုက်မှုသည် ပူ၍လောင်မှု, အေး၍လောင်မှုဟု နှစ်မျိုးရှိ၏။
၄။ ဝါယောဓာတ် ဆိုသည်ကား လေဓာတ်တည်း၊ လေဓာတ် ဆိုသည်ကား ထောက်ကန်မှုတည်း၊ ထိုလေဓာတ်သည် ထောက်ကန်လေ, ထမ်းဆောင်လေ, တွန်းဝှေ့လေ, တိုက်လွှင့်လေ စသည်ဖြင့် အမျိုးမျိုးရှိ၏။
ဤဓာတ်ကြီးလေးပါးတို့မှ အလုံးစုံသော ရုပ်တရားတို့သည် ပေါက်ဖွားကြကုန်၏၊
ဝတ္ထုရုပ်ခြောက်ပါး
ဝတ္ထုရုပ် ဆိုသည်ကား စိတ်၏ ဖြစ်ရာ, တည်ရာ, မှီရာ, ပွားစည်း ရာပေတည်း။
၅။ စက္ခုဝတ္ထုရုပ် ဆိုသည်ကား မျက်လုံးအိမ်တွင်းမှာ ပေါ်ရှိ သော အကြည်ဓာတ်မျိုးပေတည်း၊ ၎င်း စက္ခုဝတ္ထုရုပ်မှ စက္ခု ဝိညာဏ်စိတ် ပေါက်ဖွား ၏၊ စက္ခုဝိညာဏ်စိတ်ဆိုသည်ကား အဆင်းသဏ္ဌာန် အမျိုး မျိုးတို့ကို မြင်မှုပေတည်း။
၆။ သောတဝတ္ထုရုပ် ဆိုသည်ကား နားအိမ်တွင်းမှာပေါ်ရှိသော အကြည်ဓာတ်မျိုးပေတည်း၊ ၎င်း သောတဝတ္ထုရုပ်မှ သောတဝိညာဏ်စိတ် ပေါက်ဖွား၏၊ သောတဝိညာဏ်စိတ်ဆိုသည်ကား အသံအမျိုးမျိုးတို့ကို ကြားမှုပေတည်း။
၇။ ဃာနဝတ္ထုရုပ် ဆိုသည်ကား နှာခေါင်းအိမ်တွင်းမှာ ပေါ်ရှိသော အကြည်ဓာတ်မျိုးပေတည်း၊ ၎င်းဃာနဝတ္ထုရုပ်မှ ဃာန ဝိညာဏ်စိတ် ပေါက်ဖွား၏၊ ဃာနဝိညာဏ်စိတ်ဆိုသည်ကား အနံ့အမျိုး မျိုးတို့ကို နံမှုပေတည်း။
၈။ ဇိဝှါဝတ္ထုရုပ် ဆိုသည်ကား လျှာအပြင်မှာ ပေါ်ရှိသော အကြည် ဓာတ်မျိုးပေတည်း၊ ၎င်းဇိဝှါဝတ္ထုရုပ်မှ ဇိဝှါဝိညာဏ်စိတ် ပေါက် ဖွား၏၊ ဇိဝှါဝိညာဏ် စိတ်ဆိုသည်ကား အချို,အချဉ်စသော အရသာ အမျိုးမျိုးတို့ကို သိမှုပေတည်း။
၉။ ကာယဝတ္ထုရုပ် ဆိုသည်ကား ခြေဖဝါးအပြင်မှစ၍ အတွင်း အပြင် တစ်ကိုယ်လုံးမှာပေါ်ရှိသော အကြည်ဓာတ်မျိုးပေတည်း၊ ၎င်း ကာယဝတ္ထုရုပ်မှ ကာယဝိညာဏ်စိတ် ပေါက်ဖွား၏၊ ကာယဝိညာဏ် စိတ်ဆိုသည်ကား အတွေ့အထိတို့ကို သိမှုပေတည်း။
၁၀။ ဟဒယဝတ္ထုရုပ် ဆိုသည်ကား နှလုံးအိမ်တွင်းမှာ ပေါ်ရှိ သော အလွန်နူးညံ့ထွန်းပလှသော ရုပ်အထူးပေတည်း။ ၎င်းဟဒယ ဝတ္ထုရုပ်မှ မနောဝိညာဏ်စိတ်မျိုး ၇၅-ပါးတို့ ပေါက်ဖွားပေကုန်၏၊ ဤဝတ္ထုရုပ် ခြောက်ပါးတို့မှ အလုံးစုံသော စိတ်ဝိညာဏ်တရား တို့သည် ပေါက်ဖွားကြကုန်၏။
ဘာဝရုပ် ၂-ပါး
ဘာဝရုပ် ဆိုသည်ကား ဖြစ်ကြောင်းတရား တစ်မျိုးပေတည်း။
၁၁။ ဣတ္ထိဘာဝရုပ် ဆိုသည်ကား ဣတ္ထိသဏ္ဌာန်အမျိုးမျိုး, ဣတ္ထိ အမူအရာအမျိုးမျိုးတို့၏ ဖြစ်ပွါးရန် အကြောင်းဗီဇဖြစ်သော ရုပ်အထူးပေတည်း။
၁၂။ ပုမ္ဘာဝရုပ် ဆိုသည်ကား ပုရိသသဏ္ဌာန်အမျိုးမျိုး, ပုရိသ အမူအရာ အမျိုးမျိုးတို့၏ ဖြစ်ပွါးရန် အကြောင်းဗီဇဖြစ်သော ရုပ် အထူးပေတည်း။
ဤဘာဝရုပ်တို့သည် ဣတ္ထိသဏ္ဌာန်, ပုရိသသဏ္ဌာန်တို့၌ အသီးအသီး ကာယဝတ္ထုရုပ်ကဲ့သို့ ခြေဖဝါး အပြင်မှစ၍ အတွင်းအပြင် တစ်ကိုယ်လုံးမှာ ပေါ်ရှိကြကုန်၏၊ ဤဘာဝရုပ်တို့၏ အုပ်စိုးမှုကြောင့် မိန်းမနှင့်ယောက်ျား ခြားနားမှုတို့သည် ရှိနေကြကုန်၏၊
ဇီဝိတရုပ်
၁၃။ ဇီဝိတရုပ် ဆိုသည်ကား အသက်ပေတည်း၊ အသက်ဆို သည်ကား ကြာအိုင်၌ရှိသောရေသည် ကြာပင်ကြာရိုးတို့ကို မသေ မခြောက်စေရန် စောင့် ရှောက်ပေသကဲ့သို့ ကမ္မဇရုပ်တရားတို့ကို အစဉ် သဖြင့် စိမ်းစိမ်း ရှင်ရှင် ရွှင်ရွှင်လန်းလန်း ရှိနေကြစေရန် စောင့်ချုပ် အုပ်ထိန်းသော ရုပ်ရှင်ရုပ်နှစ် အထူးပေတည်း။
လောကတွင် သတ္တဝါသေသည် ရှင်သည်ဟူသော အချက်ကြီး သည် ဤဇီဝိတရုပ်၏ အချက်ပေတည်း၊ ဇီဝိတရုပ် အပြီးချုပ်သည်ကို သတ္တဝါသေသည်ဟု ဆို၏၊ ဇီဝိတရုပ် အစဉ်ရှိနေသည်ကို သတ္တဝါအရှင် ဟုဆို၏၊ ဤရုပ်သည်လည်း တစ်ကိုယ်လုံး၌ တည်၏၊
အာဟာရရုပ်
၁၄။ အာဟာရရုပ် ဆိုသည်ကား အလွန်ဆောင်စွမ်းနိုင်သော ရုပ်ဆီရုပ်နှစ် ဓာတ်ဆီဓာတ်နှစ်ပေတည်း။ မြေ၏အတွင်း၌ တည်ရှိသော ရေဓာတ်, ကောင်းကင်မှ အစဉ်မပြတ်ရွာသော မိုးရေတို့သည် သစ်ပင် ချုံမြက်တို့ကို ပေါက်ပွားကြစေခြင်း, ကြီးပွားကြစေခြင်း, တည်ခိုင်ကြ စေခြင်းငှါ အလွန်ဆောင်စွမ်း နိုင်သကဲ့သို့ ကမ္မဇကာယ, စိတ္တဇကာယ, ဥတုဇကာယ, အာဟာရဇကာယ ဟုဆိုအပ်သော ကာယကြီးလေးပါး ရုပ်တရားတို့ကို ပေါက်ပွါးကြစေခြင်း, ကြီးပွားကြစေခြင်း, တည်ခိုင်ကြ စေခြင်းငှါ လွန်စွာချီးမြှောက် ထောက်ပံ့ ဆောက်ရွက်နိုင်သော မြေဆီ မြေဩဇာပေတည်း။
ဤအာဟာရရုပ်သည် ဇီဝိတရုပ်၏အထောက်အပံ့ကြီးပေတည်း၊ ထို့ကြောင့် လောက၌ အစားအစာ အာဟာရဝတ္ထု ရှာမှီးမှု အချက်ကြီးကို အသက်မွေးမှုကြီး ခေါ်ကြလေသည်။
ဂေါစရရုပ် ၄-ပါး
ဂေါစရရုပ်-ဆိုသည်ကား စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ် တို့၏ ကျက်စားရာ အာရုံမျိုး ဆိုလိုသည်။
၁၅။ ရူပါရုံ ဆိုသည်ကား အဆင်းမျိုးတည်း။
၁၆။ သဒ္ဒါရုံ ဆိုသည်ကား အသံမျိုးတည်း။
၁၇။ ဂန္ဓာရုံ ဆိုသည်ကား အနံ့မျိုးတည်း။
၁၈။ ရသာရုံ ဆိုသည်ကား အချို, အချဉ်စသော အရသာမျိုး တည်း။
ဖောဋ္ဌဗ္ဗာရုံ ကျန်ရှိသည်မှာ မဟာဘုတ်ကြီးလေးပါးတွင် ပါဝင်ပြီး ဖြစ်၍ ကျန်ရှိလေသည်၊ ပထဝီဖောဋ္ဌဗ္ဗ, တေဇောဖောဋ္ဌဗ္ဗ, ဝါယော ဖောဋ္ဌဗ္ဗဟူ၍ ဖောဋ္ဌဗ္ဗာရုံ သုံးပါးပင်ရှိ၏၊ ဤဖောဋ္ဌဗ္ဗာရုံကိုထည့်လျှင် ဂေါစရရုပ် ငါးပါးဖြစ်၏။
ထိုငါးပါးတို့တွင်
- ရူပါရုံသည် စက္ခု၏အာရုံပေတည်း၊
- သဒ္ဒါရုံသည် သောတ၏အာရုံပေတည်း၊
- ဂန္ဓာရုံသည် ဃာန၏ အာရုံပေတည်း၊
- ရသာရုံသည် ဇိဝှါ၏ အာရုံပေတည်း၊
- ဖောဋ္ဌဗ္ဗာရုံသည် ကာယ၏ အာရုံပေတည်း။
ဇာတရုပ် ၁၈-ပါးပြီး၏။
---အဇာတရုပ် ၁၀-ပါး
အာကာသဓာတ်
၁၉။ အာကာသဓာတ်ဆိုသည်ကား ကောင်းကင်သဘော ပေတည်း၊ သဲမှုန့်တို့ကို စုပုံ၍ထားရာ၌ သဲမှုန့်ငယ် တစ်ခုနှင့် သဲမှုန့်ငယ် တစ်ခု၏ အကြားသည် ရှိသည်သာဖြစ်၏၊ သဲမှုန့်နှင့် အညီအမျှ အာကာသဓာတ်သည်လည်း အပြည့်ရှိ၏၊ အပြည့်ရှိသည့်အတွက်ကြောင့် ဤကားတစ်ခု၊ ဤကားတစ်ခုဟု သဲမှုန့်တို့ကို ခြားနားနိုင်ကြကုန်၏၊ ပြိုပျက်ချိန် ဆိုက်ခဲ့သော် ထိုအာကာသတို့မှပင် သဲမှုန့်အချင်းချင်း ကွဲပြား ၍ သဲပုံသည် ပြိုပျက်လေ၏။
ထို့အတူ အလွန်ခက်မာလှစွာသော ကျောက်တုံး ကျောက်ခဲ သံတုံး သံခဲတို့၌လည်း သဲမှုန့်ငယ်တစ်ခု ခုနှင့်တူသော ရုပ်ငယ်ကလေးတွေ အသင်္ချေယျ အနန္တရှိကြ၏၊ တစ်ခုတစ်ခုသော ရုပ်စုရုပ်ခဲကို ရုပ်ကလာပ် တစ်ခုတစ်ခု ခေါ်ကြ၏။
ထိုရုပ်ကလာပ်တို့၏ တစ်ခုနှင့်တစ်ခု၏အကြားသည် ရှိသည်သာ ဖြစ်၏၊ ကျောက်တုံး သံတုံးတို့နှင့် အညီအမျှ အာကာသဟူသော ပရိစ္ဆေဒ ရုပ်သည်လည်း အပြည့်ရှိ၏၊ ထိုပရိစ္ဆေဒအာကာသရှိသည့်အတွက် ကြောင့် ထိုကျောက်တုံး သံတုံးတို့ကို ဖြတ်နိုင်ကြ၏၊ ခွဲနိုင်ကြ၏၊ စိတ်နိုင် ကြ၏၊ အမှုန့်ပြုနိုင်ကြ၏၊ အရည်ပြုနိုင်ကြ၏၊
ဝိညတ်ရုပ် ၂ - ပါး
ဝိညတ် ဆိုသည်ကား တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့် တစ်ယောက် စိတ်အလိုကို သိကြစေရန်ဖြစ်သော အမူအရာမျိုးပေတည်း။
၂၀။ ကာယဝိညတ်ရုပ် ဆိုသည်ကား မိမိစိတ်အလိုကို သူတစ်ပါးသိဖို့ရန် ကိုယ်အင်္ဂါ၏ လှုပ်ရှားခြင်း အမူအရာ အထူးမျိုးပေ တည်း။
၂၁။ ဝစီဝိညတ်ရုပ် ဆိုသည်ကား မိမိစိတ်အလိုကို သူတစ်ပါး သိဖို့ရန်စကားသံ၏ ထိုထိုအက္ခရာ အမူအရာအထူးပေတည်း။ သူတစ်ပါး၏ စိတ်သက်သက်ကို မသိနိုင်ကြ မမြင်နိုင်ကြသူတို့မှာ ထိုထိုစိတ်အလိုကိုလည်းကောင်း, ထိုထိုအနက်အဓိပ္ပါယ်ကိုလည်းကောင်း, ဤ ဝိညတ်ရုပ်နှစ်ပါးတို့ဖြင့် သိအောင်ပြုလုပ်၍ အချင်းချင်း၏ စိတ် အလိုကို သိကြရကုန်၏၊ သိစေလိုသော အနက်အဓိပ္ပါယ်ကို သိကြရ ကုန်၏၊ သူတစ်ပါးအား မိမိအလိုကိုသိစေမှုမျိုး မဟုတ်ရာတို့၌လည်း စိတ်အလိုနှင့် ကိုယ်အင်္ဂါ လှုပ်ရှား သွားလာမှု, စိတ်အလိုနှင့် စာပေကျမ်းဂန် ရွတ်အံမှုတို့၌ ဤဝိညတ်ရုပ် နှစ်ပါး၏ ကိစ္စပေတည်း။
ဝိကာရရုပ် ၃-ပါး
ဝိကာရ ဆိုသည်ကား ဇာတရုပ်တို့၏ အမူထူး အရာထူး ပေတည်း။
၂၂။ လဟုတာ ဆိုသည်ကား ပေါ့ပါးမှုပေတည်း။
၂၃။ မုဒုတာ ဆိုသည်ကား နူးညံ့မှုပေတည်း။
၂၄။ ကမ္မညတာ ဆိုသည်ကား ကိုယ်အမှု နှုတ်အမှုတို့၌ အသုံးပြု၍ ကောင်းခြင်းတည်း။
ကိုယ်အင်္ဂါတို့၌ ဓာတ်ကြီးလေးပါးတွင် တစ်ပါးပါး ဖောက်ပြန် မှုနှင့် မညီမညွတ်ရှိနေသောအခါ ထိုကိုယ်အင်္ဂါသည် အလိုရှိရာ ပြု ပြင်ခြင်းအမှု၌ ပကတိအခါမှာကဲသို့ ပေါ့ပါးခြင်းမရှိ၊ လေး၏၊ ဒုက္ခဖြစ် ၏၊ ပကတိအခါမှာကဲ့သို့ နူးညံ့ခြင်းမရှိ၊ တောင့်တင်း၏၊ ဒုက္ခ ဖြစ်၏၊ ပကတိအခါမှာကဲ့သို့ လိုတိုင်းမရ၊ လှုပ်တိုင်းကျင်နာ၏၊ စကား ပြော ဆိုကြရာ နှုတ်လျှာ လှုပ်ရှားမှုတို့၌လည်း ဓာတ်မညီမညွတ်ရှိသည့် အခါတို့၌ နှုတ်လျှာလေးမှု တောင့်တင်းမှု လိုတိုင်းမရမှုရှိကြ၏၊ ညီညွတ်၍ ကိုယ်အင်္ဂါ နှုတ်အင်္ဂါ ကျန်းမာပကတိ ရှိသောအခါတို့၌မူကား ဤ လဟုတာ, မုဒုတာ, ကမ္မညတာဟူသော ဂုဏ်သုံးပါးနှင့် ပြည့်စုံကြ၏၊ ဤဂုဏ်သုံးပါးကို ဝိကာရရုပ် သုံးပါးဟု ခေါ်၏၊
လက္ခဏရုပ် ၄-ပါး
လက္ခဏ ဆိုသည်ကား ဤတရားတို့ကား အနိစ္စမျိုးတို့သာ တည်းဟု သန္နိဋ္ဌာန်ကျ သိမှတ်နိုင်ကြရန် အမူအရာမျိုးပေတည်း။
၂၅။ ဥပစယရုပ် ဆိုသည်ကား ရှေးဦးစွာ ဖြစ်ပေါ်ခြင်း, ဖြစ်ပေါ် ပြီးနောက် အဆင့်ဆင့် တိုးပွားခြင်းများပေတည်း၊ ထိုတွင် ရှေးဦးစွာ ဖြစ်ပေါ် ခြင်းကို အာစယဟုဆိုရ၏၊ အာစယ, ဥပစယမျိုးခေါ် ရ၏။
၂၆။ သန္တတိရုပ် ဆိုသည်ကား အဆင့်ဆင့် တိုးပွားမှု ပြီးဆုံးသည်နောက် မတိုးမဆုတ် တည်၍နေခြင်း ပေတည်း။ ၎င်းသန္တတိ ကို ပဝတ္တိဟူ၍ ခေါ်ရ၏၊ ရုပ်ကလာပ်တို့၏ ဖြစ်ပေါ်ခြင်းဟူသော ဇာတိ တရား တစ်ပါးတည်းသည်ပင်လျှင် အာစယ, ဥပစယ, သန္တတိဟူ၍ အခိုက်အတန့်အားဖြင့် အမည်သုံးပါးဖြစ်၏။
၂၇။ ဇရတာ ဆိုသည်ကား အိုမှု, ကျမှု, ရင့်ရော် မှည့်ရွမ်း ဟောင်းနွမ်း ဆွေးပုပ် ဆုတ်ယုတ်လျော့ပါးမှုပေတည်း။
၂၈။ အနိစ္စတာ ဆိုသည်ကား သေဆုံးချုပ်ပျက်မှု ကုန်ခန်း ပျောက်ကွယ်မှုပေတည်း။
သစ်ပင်ငယ်တစ်ခု၌ အာစယအခိုက်, ဥပစယအခိုက်, သန္တတိ အခိုက်, ဇရတာအခိုက်, အနိစ္စတာအခိုက်ဟူ၍ အခိုက်အလှည့် အခါ အခွင့် ငါးပါးရှိ၏။
ထိုသစ်ပင်ငယ်သည် ရှေးဦးစွာ ပေါ်ပေါက်လာ၏၊ ပေါ်ပေါက် ပြီးနောက် တစ်နေ့တစ်ခြား တိုးပွါးပေ၏၊ တိုးပွါးပြီးနောက် အတိုးအပွါး ရပ်၍ ကာလမြင့်ရှည် တည်နေ၏၊ တည်နေပြီးနောက် ဆုတ်ယုတ် လျော့ပါး၍ သွား၏၊ လျော့ပါး၍ သွားရာအဆုံး၌ သေလေ၏၊ သေပြီး နောက် ပျက်ပြားကုန်ဆုံးလေ၏။
ပေါ်ပေါက်စဉ်အခါ ရုပ်တို့၏ဥပါဒ်သည် အာစယမည်၏၊ တိုးပွါး စဉ်အခါ ရုပ်တို့၏ဥပါဒ်သည် ဥပစယ မည်၏၊ တည်နေစဉ်အခါ ရုပ်တို့၏ ဥပါဒ်သည် သန္တတိမည်၏။
ဤအခါသုံးပါး၏အတွင်း၌ ရုပ်တို့၏ခဏိကဇရတာ, ခဏိက အနိစ္စတာတို့သည် ရှိကြကုန်သော်လည်း မထင်ရှားကြလေကုန်၊ ထိုသစ်ပင်ငယ်၏ ဆုတ်ယုတ်လျော့ပါးစဉ်အခါ ရုပ်တို့၏ ဌီခဏ၌ ရင့် ရော်မှုသည် ဇရတာ မည်၏၊ ဤဆုတ်ယုတ်လျော့ပါးစဉ် အခါတွင်း၌ လည်း ရုပ်တို့၏ ခဏိကဇာတိ, ခဏိကမရဏတို့သည်ရှိကြကုန်၏၊ ထိုသစ်ပင်ငယ်ဆုတ်ယုတ် လျော့ပါး၍သွားလေရာ အဆုံး၌ သေလေ၏၊ သေသည်မှစ၍ ထိုသစ်ပင်ငယ်၏ အစအန အလုံးစုံ ကုန်ဆုံး ကွယ်ပျောက်သည်တိုင်အောင် ထိုအခါတွင်း၌ ရုပ်တို့၏ ခဏိကမရဏ သည် အနိစ္စတာ မည်၏၊ အနိစ္စတာ၏ အခိုက်အခါတွင်း၌လည်း ရုပ်တို့၏ ခဏိကဇာတိ, ခဏိက ဇရတာတို့သည် ရှိကြကုန်၏၊ သို့ရာတွင် ထင် ပေါ်ထင်ရှားရာကိုသာ ထုတ်ဖော်၍ အခိုက်အခါငါးပါး ခြားနားချက် ဖြစ်သတည်း။
ဤသစ်ပင်ငယ်နှင့်တူစွာ သစ်ကိုင်း, သစ်ခက်, သစ်ရွက်, သစ် ညွန့်, သစ်ပွင့်, သစ်သီးတို့၌လည်း အသီးအသီး အခိုက်အတန့် ငါးပါးစီ ရှိကြ၏။
သစ်သီးတစ်ခုမှာ ရှေးဦးစွာပေါ်မှု, နောက်၌ တိုးပွါးမှု, နောက်၌ တည်နေမှု, နောက်၌ မှည့်ရွမ်းမှု, နောက်၌ အညှာပြတ်ကြွေသေမှု, နောက်၌ ပျက်ပြား ကုန်ဆုံးကွယ်ပမှုတို့သည် ရှိကြကုန်၏၊ သစ်ပင်တို့နှင့်တူစွာ သတ္တဝါတို့၌လည်းကောင်း, သတ္တဝါတို့၏ အင်္ဂါ ကြီးငယ်တို့၌လည်းကောင်း, အစမှစ၍ ပေါ်ပေါက်မှု စသည်တို့ကို ထိုက်သည် အားလျော်စွာ ရအပ်ကုန်၏။
သွားခြင်း လာခြင်း ရပ်ခြင်း ထိုင်ခြင်း ပြောဆိုခြင်း စသော ကိုယ် အမူအရာ နှုတ်အမူအရာ စိတ်အမူအရာတို့၌လည်း အစ, အလယ်, အဆုံးရှိကြကုန်ရာ ထိုအမူအရာ ငါးချက်တို့ကိုလည်း ထိုက်သည်အား လျော်စွာ ရအပ်ကုန်၏။
အိမ် တိုက် ဗိမာန် ဇရပ် တန်ဆောင်း ညောင်စောင်း အင်းပျဉ် အဝတ် ပုဆိုး အိုး အင် ခွက်တို့ အလျောက် စသည်တို့၌လည်း အစ, အလယ်, အဆုံး ရှိကြကုန်သည်သာတည်း။
အဇာတရုပ် ၁၀-ပါး ပြီး၏။
---ရူပသမုဋ္ဌာန
ရုပ်ဖြစ်ကြောင်းတရား ၄-ပါး
ရုပ်ကို ဖြစ်စေတတ်သော အကြောင်းတရားသည် ကံ, စိတ်, ဥတု, အာဟာရဟူ၍ လေးပါးရှိ၏။
၁။ ကံ ဆိုသည်ကား ရှေးဘဝတို့၌ ပြုလုပ်ခဲ့သော ကုသိုလ် မှု, အကုသိုလ်မှုများပေတည်း။
၂။ စိတ် ဆိုသည်ကား ယခုရှိနေဆဲဖြစ်သော စိတ်, စေတသိက်များပေတည်း။
၃။ ဥတု ဆိုသည်ကား သီတတေဇော, ဥဏှတေဇော ဟူသော မီးဓာတ် နှစ်ပါးပေတည်း။
၄။ အာဟာရ ဆိုသည်ကား ပဋိသန္ဓေမှစ၍ပါသော အဇ္ဈတ္တ ဩဇာတစ်ပါး, မျိုအပ်သော အစာရေစာ တို့မှပါသော ဗဟိဒ္ဓ ဩဇာတစ်ပါးဟူသော ဓာတ်ဆီ နှစ်ပါးပေတည်း။
ရုပ် ၂၈-ပါးတို့တွင် ဝတ္ထုရုပ်ခြောက်ပါး, ဘာဝရုပ်နှစ်ပါး, ဇီဝိတ ရုပ်တစ်ပါး ဤကိုးပါးတို့သည် ကံကြောင့်သာ ဖြစ်ကုန်၏၊ ဝိညတ်ဒွေးသည် စိတ်ကြောင့်သာ ဖြစ်၏၊ သဒ္ဒါရုံသည် စိတ် ကြောင့်ဖြစ်သော အသံမျိုး, ဥတုကြောင့်ဖြစ်သော အသံမျိုးဟူ၍ နှစ်မျိုးရှိ၏၊ ဝိကာရရုပ်သုံးပါးသည် စိတ်ကြောင့်လည်းဖြစ်၏၊ ဥတု ကြောင့်လည်းဖြစ်၏၊ အာဟာရကြောင့်လည်း ဖြစ်၏။
ကျန်ရှိသော ရုပ်ပေါင်း ၁၃-ပါးတို့တွင် ဇရတာရုပ်, အနိစ္စတာရုပ် နှစ်ပါးကို ချန်လှပ်၍ ဓာတ်ကြီးလေးပါး, အာဟာရရုပ်, ရူပါရုံ, ဂန္ဓာရုံ, ရသာရုံ, အာကာသဓာတ်, ဥပစယရုပ်, သန္တတိရုပ်ဟူသော ရုပ်တစ်ဆယ့် တစ်ပါးတို့သည် အကြောင်းလေးပါးတို့ကြောင့် ဖြစ်ကုန်၏၊ ကံကြောင့် ဖြစ်ရာမှာလည်း သူတို့ပါကြကုန်တော့သည်၊ စိတ်ကြောင့် ဖြစ်ရာ, ဥတု ကြောင့်ဖြစ်ရာ, အာဟာရကြောင့် ဖြစ်ရာမှာလည်း သူတို့ပါကြကုန်တော့ သည်၊ သူတို့နှင့် ကင်းသောရုပ်ဟူ၍ တစ်စုံတစ်ခုမျှ မရှိပေ၊ သူတို့နှင့်တကွ ရှစ်ပါး, ကိုးပါး စသည် အစုအခဲအနေနှင့် ဖြစ်ကြကုန်၏၊ ရုပ်စု ရုပ်ခဲတစ်ခု ကို ရုပ်ကလာပ် တစ်ခုဟု ခေါ်၏။
ဇရတာရုပ်, အနိစ္စတာရုပ်တို့မှာမူကား ဖြစ်မှုမျိုး မဟုတ်၊ ဖြစ်ပြီး သည့် နောက် ဓမ္မတာအလျောက် ရင့်မြဲ ပျက်မြဲဖြစ်ကြကုန်၏၊ အကြောင်း တရားလေးပါးကြောင့် ဖြစ်မှုမှ အလွတ်ဖြစ်ကြကုန်၏။
ရုပ် ၂၈-ပါးပြီး၏။
---နာမ်တရား ၅၄-ပါး
(၁) စိတ်တစ်ပါး၊
(၂) စေတသိက် ငါးဆယ့်နှစ်ပါး၊
(၃) နိဗ္ဗာန် တစ်ပါး။
- စိတ်ဆိုသည်ကား အာရုံကိုရှာကြံမှု၊ အာရုံကိုရမှု၊ သိမှုပေ တည်း၊
- စေတသိက်ဆိုသည်ကား စိတ်မှပေါက်ပွားသော နာမ် အမူအရာ များပေတည်း၊
- နိဗ္ဗာန် ဆိုသည်ကား ဒုက္ခအမျိုးမျိုးတို့မှ လွတ်ငြိမ်းမှု ပေတည်း။
စိတ် ၆-ပါး
၁။ စိတ်သည်- စက္ခုဝိညာဏ်စိတ်၊ သောတဝိညာဏ်စိတ်၊ ဃာနဝိညာဏ်စိတ်၊ ဇိဝှါဝိညာဏ်စိတ်၊ ကာယဝိညာဏ်စိတ်၊ မနောဝိညာဏ်စိတ်ဟူ၍ ခြောက်ပါးရှိ၏။
- စက္ခုဝတ္ထုရုပ်၌ ဖြစ်ပေါ်သောစိတ်ကို စက္ခုဝိညာဏ်စိတ်ခေါ်၏၊ အဆင်းကိုမြင်မှုပေတည်း။
- သောတဝတ္ထုရုပ်၌ ဖြစ်ပေါ်သောစိတ်ကို သောတဝိညာဏ်စိတ် ခေါ်၏၊ အသံကိုကြားမှုပေတည်း၊
- ဃာနဝတ္ထုရုပ်၌ ဖြစ်ပေါ်သောစိတ်ကို ဃာနဝိညာဏ်စိတ် ခေါ်၏၊ အနံ့ကိုနံမှုပေတည်း၊
- ဇိဝှါဝတ္ထုရုပ်၌ဖြစ်ပေါ်သောစိတ်ကို ဇိဝှါဝိညာဏ်စိတ်ခေါ် ၏၊ အရသာကို သိမှုပေတည်း၊
- ကာယဝတ္ထုရုပ်၌ ဖြစ်ပေါ်သောစိတ်ကို ကာယဝိညာဏ် စိတ်ခေါ်၏၊ အတွေ့အထိကို သိမှုပေတည်း၊
- ဟဒယဝတ္ထုရုပ်၌ ဖြစ်ပေါ်သော စိတ်ကို မနောဝိညာဏ် စိတ်ခေါ်၏၊ အရူပဘုံ၌ဖြစ်သောအခါ ဟဒယဝတ္ထုနှင့်ကင်း ၍လည်း ဖြစ်၏။
ထိုမနောဝိညာဏ်စိတ်သည် ကာမမျိုး၊ ရူပမျိုး၊ အရူပမျိုး၊ လောကုတ္တရာမျိုးဟူ၍ လေးမျိုးရှိ၏။
ထိုတွင် ကာမမျိုး ဆိုသည်ကား ကာမတဏှာ၏ သိမ်းပိုက်ရာ ဖြစ်သော စိတ်ကြမ်းမျိုးတည်း၊ ထိုကာမမျိုးသည် အကုသိုလ်စိတ်မျိုး၊ ကုသိုလ်စိတ်မျိုး၊ ဝိပါက်စိတ်မျိုး၊ ကြိယာစိတ်မျိုးဟူ၍ လေးမျိုးရှိ၏၊ ရူပမျိုး ဆိုသည်ကား ကာမတဏှာမှ ကျွတ်လွတ်၍ ရူပတဏှာ၏ သိမ်းပိုက်ရာဖြစ်သော စျာန်စိတ်မျိုးတည်း၊ ထိုရူပမျိုးသည် ကုသိုလ်စျာန်စိတ်မျိုး၊ ဝိပါက်စျာန်စိတ်မျိုး၊ ကြိယာစျာန်စိတ်မျိုးဟူ၍ သုံးမျိုးရှိ၏။
အရူပမျိုး ဆိုသည်ကား ရူပတဏှာမှ ကျွတ်လွတ်၍ အရူပ တဏှာ၏ သိမ်းပိုက်ရာဖြစ်သော စျာန်စိတ်မျိုးတည်း၊ ထိုအရူပမျိုး သည်လည်း ကုသိုလ်စျာန် စိတ်မျိုး၊ ဝိပါက်စျာန်စိတ်မျိုး၊ ကြိယာစျာန် စိတ်မျိုးဟူ၍ သုံးမျိုးရှိ၏။
လောကုတ္တရာမျိုး ဆိုသည်ကား တဏှာသုံးပါးမှ ကျွတ်လွတ်၍ ကာမလောက၊ ရူပလောက၊ အရူပလောက ဟူသော လောကသုံးပါးကို လွန်မြောက်သော အရိယစိတ်မျိုးတည်း၊ ထိုလောကုတ္တရာစိတ်သည် မူကား အရိယမဂ် စိတ်မျိုး၊ အရိယဖိုလ်စိတ်မျိုးဟူ၍ နှစ်မျိုးရှိ၏။
---စေတသိက်-၅၂
၂။ စေတသိက်သည်- ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ၊ ဤ ၇-ပါးတို့သည် သဗ္ဗစိတ္တက မည်ကုန်၏၊ စိတ်တိုင်းနှင့် ယှဉ်ကုန်၏။
ဝိတက္က၊ ဝိစာရ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ၊ အဓိမောက္ခ၊ ဤ ၆-ပါး တို့သည် ပကိဏ်းမည်ကုန်၏၊ ပြိုးပြွမ်း၍သာ ယှဉ်ကုန်၏။
ဤ ၁၃-ပါးတို့သည် ဝိမိဿက မည်ကုန်၏၊ ကောင်း၊ မကောင်း နှင့် ဆက်ဆံကုန်၏။
လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ထိန၊ မိဒ္ဓ၊ ဝိစိကိစ္ဆာ၊ ဤ ၁၄-ပါးတို့သည် ပါပဇာတိ မည်ကုန်၏၊ မကောင်းမျိုးအစစ် ဖြစ်ကုန်၏။
အလောဘ၊ အဒေါသ၊ အမောဟ၊ သဒ္ဓါ၊ သတိ၊ ဟိရီ၊ ဩတ္တပ္ပ၊ တတြမဇ္ဈတ္တတာ၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တုဇုကတာဟူ၍ သောဘဏ ၂၀၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဟူ၍ ဝိရတီသုံးပါး၊ ကရုဏာ၊ မုဒိတာဟူ၍ အပ္ပမညာနှစ်ပါး၊ ဤ ၂၅-ပါးတို့သည် ကလျာဏဇာတိ မည်ကုန်၏၊ အကောင်းမျိုး အစစ် ဖြစ်ကုန်၏။
ဝိမိဿက - ၁၃-ပါး၊
ပါပဇာတိ - ၁၄-ပါး၊
ကလျာဏဇာတိ ၂၅-ပါး၊
- ပေါင်း ၅၂-ပါး ဖြစ်၏၊
---သဗ္ဗစိတ္တက ၇-ပါး
၁။ ဖဿ ဆိုသည်ကား တွေ့ထိခြင်းတည်း၊ တွေ့ထိခြင်း ဆိုသည်ကား ဣဋ္ဌရသ၊ အနိဋ္ဌရသ ပေါ်ထွက်စေရန် အာရုံကို ကြိတ်နှိပ် ခြင်းတည်း၊ ထိုဖဿသည် အာရုံ၏ရသကို ထုတ်ဖော်သောတရား ဖြစ် ပေ၍ ခပ်သိမ်းသော စေတသိက် နာမ်တို့၏ ဖြစ်ပွားရန် အမှုရင်း ဖြစ်ပေ၏၊ ရသမပေါ်ခဲ့လျှင် အာရုံဟူသမျှသည် အသုံးကျမည်မဟုတ်။
၂။ ဝေဒနာ ဆိုသည်ကား ထိုရသကို ခံစားမှုပေတည်း၊ ခပ်သိမ်း သော သတ္တဝါတို့သည် ဤခံစားမှု၌ ခေါင်းစိုက်၍ နေကြကုန်၏၊ နစ်မြုပ်၍ နေကြကုန်၏။
၃။ သညာ ဆိုသည်ကား အမှတ်ပြုမှုပေတည်း၊ ခပ်သိမ်းသော သတ္တဝါတို့သည် အမျိုးလိုက် အရိုးလိုက် အမှတ်မျိုးမှတ်မှုစုံလင်က ဤသညာဖြင့်ပင် အလိမ္မာပြည့်စုံလုံလောက် ရှိနေကြကုန်၏။
၄။ စေတနာ ဆိုသည်ကား စေ့ဆော်မှုပေတည်း၊ နာမ်တရား တို့ကို အမှုကိစ္စ၌ ညီညာဖြဖြ ထကြွကြစေရန် နှိုးဆော်မှု စီရင်ကြီးကြပ် မှုပေတည်း၊ ထို့ကြောင့် လောကမှာ ထိုထိုအရေးကိစ္စတို့၌ နှိုးဆော်သူ စီရင်ကြီးကြပ်သူကိုသာ အရေးကိစ္စ၏ အရှင်ပြု၍ ခေါ်ဆိုကြမြဲဖြစ်၏၊ ဘယ်အရေး ကိစ္စကြီးကို ဘယ်သူပြုလုပ်သည်၊ ဘယ်သူအမှုသည်ဖြစ် သည်ဟု ပြောကြရိုးဖြစ်၏။
ထို့အတူ ဓမ္မမှာလည်း ထိုထိုကာယကံကိစ္စ၊ ဝစီကံကိစ္စ၊ မနောကံကိစ္စတို့၌ နှိုးဆော်သူ စီရင်ကြီးကြပ်သူ ဖြစ်ပေသော ဤစေတနာကိုသာ အရှင်ပြု၍ စေတနာကိုသာ အမှုသည်ပြု၍ စေတနာကိုသာ ကံဟူ၍ ဆိုရသည်။
လောက၌ ခပ်သိမ်းသော ဥစ္စာအစီးအပွား ပညာအစီးအပွား တို့သည် ယခုပစ္စုပ္ပန် ဘဝတွင် ကြောင့်ကြ စိုက်ထုတ် ပြုလုပ်ပြီးစီးကြသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုမှ ဖြစ်ပွားကြကုန်သကဲ့သို့ ထို့အတူ သေလွန်သည်မှ နောက်ကာလ၌ အသစ်အသစ်သော ဘဝအစီးအပွား တို့သည်လည်း ရှေးရှေးသော ဘဝတို့က ကြောင့်ကြစိုက်ထုတ် ပြုလုပ် ပြီးစီးခဲ့ကြသော ဤစေတနာဟူသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့မှ ဖြစ်ပွားကြကုန်၏။
မြေ ရေ တော တောင် သစ်ပင် နွယ်မြက် အစဉ်အဆက်တို့သည် ဥတုဟူသော မီးဓာတ်မှ ဖြစ်ပွားကြသည်ဖြစ်၍ မီးဓာတ်၏ သားမြေး တို့ချည်း ဖြစ်ကြကုန်သကဲ့သို့ ခပ်သိမ်းသော သတ္တဝါ အစဉ်အဆက် တို့သည် ဤ စေတနာ ဟူသော ကံဓာတ်မှ ဖြစ်ပွားကြကုန်သည်ဖြစ်၍ ကံဓာတ်၏ သားမြေးတို့ချည်း ဖြစ်ကြကုန်၏။
၅။ ဧကဂ္ဂတာ ဆိုသည်ကား စိတ်၏ တည်ကြည်ခြင်းတည်း၊ သမာဓိလည်း ခေါ်၏၊ စျာန်အဘိညာဏ် သမာပတ်တို့၌ အကြီးအချုပ် ပေတည်း။
၆။ ဇီဝိတ ဆိုသည်ကား နာမ်တရားတို့၏ အသက်ပေတည်း၊ နာမ် အစဉ်၏ ကာလမြင့်ရှည် တည်နေမှု၌ အကြီးအချုပ်ပေတည်။
၇။ မနသိကာရ ဆိုသည်ကား နှလုံးသွင်းမှုပေတည်း၊ အလိုရှိရာ အာရုံကို စိတ်၌ အဖန်ဖန် ဆောင်သွင်း ပေးခြင်းတည်း။
ဤ ၇-ပါးတို့သည် အလုံးစုံသော စိတ်တို့၌ အမြဲယှဉ်သည်ဖြစ်၍ သဗ္ဗစိတ္တကစေတသိက်တို့ မည်ကုန်၏။
---ပကိဏ်း ၆-ပါး
၈။ ဝိတက္က ဆိုသည်ကား စိတ်၏ ထွေထွေပြားပြား အကြံပွား ခြင်းတည်း၊ သင်္ကပ္ပလည်းခေါ်၏၊ သမ္မာသင်္ကပ္ပ၊ မိစ္ဆာသင်္ကပ္ပ နှစ်ပါးရှိ၏။
၉။ ဝိစာရ ဆိုသည်ကား အာရုံ၌ စိတ်၏ တစ်ရစ်ဝဲဝဲ နေခြင်း တည်း။
၁၀။ ဝီရိယ ဆိုသည်ကား အမှုကိစ္စတို့၌ စိတ်၏အထအကြွ ပေါ့ပါးခြင်းတည်း၊ သမ္မာဝါယာမ၊ မိစ္ဆာဝါယာမ နှစ်ပါးရှိ၏။
၁၁။ ပီတိ ဆိုသည်ကား စိတ်၏နှစ်သက်ခြင်းတည်း၊ စိတ်လုံး ကြီးထွားခြင်းတည်း၊ စိတ်၏ ရွှင်လန်းတက်ကြွ တစ်ဟုန်တည်း မြောက် ကြွခြင်းတည်း။
၁၂။ ဆန္ဒ ဆိုသည်ကား အလိုရှိခြင်းတည်း၊ သွားလိုသည်၊ လာလို သည်၊ ပြောလိုသည်၊ ဆိုလိုသည် အစရှိသည်တည်း။
၁၃။ အဓိမောက္ခ ဆိုသည်ကား အာရုံ၌ ကျွတ်လွတ်ခြင်းတည်း၊ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သည်လိုလား ဟိုလိုလားဟု နှစ်ခွမရှိ၊ အငြိအတွယ်မှ စိတ်၏ကျွတ်လွတ်ခြင်းတည်း။
ဤခြောက်ပါးတို့သည် အလုံးစုံသော စိတ်တို့၌မယှဉ်၊ အချို့အချို့ သော စိတ်တို့၌သာ ယှဉ်သည်ဖြစ်၍ ပကိဏ်းစေတသိက် မည်ကုန်၏၊ သဗ္ဗစိတ္တက ခုနစ်ပါးနှင့် ပေါင်းသည်ရှိသော် တစ်ဆယ့်သုံးပါး ဖြစ်၏၊ ဤတစ်ဆယ့်သုံးပါးတို့သည် ကောင်း မကောင်း နှစ်ဘက် ရော ယှက်ခြင်းကြောင့် ဝိမိဿကမည်ကုန်၏၊ စိတ်သည်လည်းကောင်း မကောင်း နှစ်ဘက်နှင့် ရောယှက်သည်သာဖြစ်၏၊
---အကုသိုလ်စေတသိက် ၁၄-ပါး
၁၄။ လောဘ ဆိုသည်ကား အာရုံ၌စိတ်၏ ငြိတွယ် စေး ကပ်ခြင်းတည်း၊ ဤလောဘကို တဏှာလည်းခေါ်၏၊ အဘိဇ္ဈာလည်း ခေါ်၏၊ ကာမလည်းခေါ်၏၊ ရာဂလည်း ခေါ်၏။
၁၅။ ဒေါသ ဆိုသည်ကား အာရုံ၌ စိတ်၏ ကြမ်းတမ်းစွာ ထိခိုက်ခြင်းတည်း၊ ဤဒေါသကို ပဋိဃလည်းခေါ်၏၊ ဗျာပါဒလည်း ခေါ်၏။
၁၆။ မောဟ ဆိုသည်ကား တရားဓမ္မအရာ၌ အလွန်မသိ ခြင်းတည်း၊ ဤမောဟကို အဝိဇ္ဇာလည်းခေါ်၏၊ အညာဏလည်း ခေါ်၏၊ အဒဿနလည်း ခေါ်၏။
ဤတရားသုံးပါးသည် အလုံးစုံသော အကုသလပါပဓမ္မတို့၏ အရင်းအမြစ် အခြေခံဖြစ်သောကြောင့် အကုသလမူလတရားသုံးပါး မည်၏။
၁၇။ ဒိဋ္ဌိ ဆိုသည်ကား တရားဓမ္မအရာ၌ အမြင်မှားခြင်းတည်း၊ အယူမှားခြင်းတည်း၊ အနိစ္စကို နိစ္စဟုယူခြင်း၊ ဒုက္ခကို သုခဟုယူခြင်း၊ အနတ္တကို အတ္တဟုယူခြင်း၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပယ်ခြင်း၊ ကံ၏အကျိုးကိုပယ်ခြင်း စသည်တည်း။
၁၈။ မာန ဆိုသည်ကား အထင်မှားခြင်းတည်း၊ ငါမဟုတ်သော နာမ်ရုပ်ကို ငါဟုထင်ခြင်း၊ ထိုငါကိုပင် အမျိုးကိုစွဲ၍ ယုတ်သည် မြတ် သည်ဟု ထင်ခြင်း၊ အနွယ်ကိုစွဲ၍ ယုတ်သည် မြတ်သည်ဟုထင်ခြင်း စသည်တည်း။
၁၉။ ဣဿာ ဆိုသည်ကား ငြူစူခြင်းတည်း၊ သူတစ်ပါး ကောင်းစားသည်ကို မနာလိုခြင်း၊ ဝမ်းမမြောက် နိုင်ခြင်း၊ မချီးမွမ်းနိုင်ခြင်း၊ အကောင်း မပြောနိုင်ခြင်း၊ မကောင်းပြောရန်ကိုသာ ရှာကြံခြင်းတည်း။
၂၀။ မစ္ဆရိယ ဆိုသည်ကား ဝန်တိုခြင်းတည်း၊ မိမိကောင်းစား သည်ကို သူတစ်ပါးအား မမျှတလိုခြင်း၊ ဝန်တိုခြင်း၊ နှမြောခြင်း၊ စေးနဲ ခြင်းတည်း။
၂၁။ ကုက္ကုစ္စ ဆိုသည်ကား နောင်တတစ်ဖန် ပူပန်ခြင်းတည်း၊ ကျွန်လွန်ပြီးသောအခါမှ ငါမေ့ခဲ့မိလေခြင်း၊ ငါမိုက်ခဲ့မိလေခြင်း၊ ငါမှားခဲ့မိ လေခြင်းဟု တစ်အုံနွေးနွေး ပူဆွေးခြင်းတည်း။
လောက၌ အမှားနှစ်ပါးရှိ၏၊ ဒုစရိုက်မှုကို ပြုခြင်းသည်လည်း အမှား တစ်ပါး၊ သုစရိုက်မှုကို မပြုခြင်းသည်လည်း အမှားတစ်ပါး၊ နောင် တဖြစ်ရလေခြင်းလည်း နှစ်ပါးရှိ၏၊ ဒုစရိုက်မှုကို ငါပြုခဲ့မိလေခြင်းဟု နောင်တဖြစ်ရခြင်း တစ်ပါး၊ ဒါနသီလစသော သုစရိုက်မှုကို ငါမပြုခဲ့မိ လေခြင်းဟု နောင်တဖြစ်ရခြင်း တစ်ပါး၊ လောက၌ လူမိုက်နောက်မှ အကြံရ ဟုဆိုကြသော အမေ့အမိုက် အမှားနှစ်မျိုး ရှိကြသည့်အတွက် ကုက္ကုစ္စဟုဆိုအပ်သော နောင်တပူပန်မှု နှစ်ပါးရှိ၏။
၂၂။ အဟိရိကဆိုသည်ကား အရှက်မရှိခြင်းတည်း၊ မကောင်း မှုဒုစရိုက်ကို ပြုခွင့်ဆိုက်ခဲ့သော် မိမိ၌ အမိုက်မှု ငြိစွန်းညစ်နွမ်း လူးလဲချေတော့မည်ဟူ၍လည်း စိုးရွံ့ခြင်းမရှိ၊ လူသိမည် နတ်သိမည်ကို လည်း မရှက်ခြင်းတည်း။
၂၃။ အနောတ္တပ္ပ ဆိုသည်ကား အကြောက်မရှိခြင်းတည်း၊ နောက်၌ ငါမိုက်ခဲ့မိလေခြင်း၊ ငါမှားခဲ့မိ လေခြင်းဟူ၍ မိမိကိုယ်ကို မိမိစွပ်စွဲ ဆဲရေးခြင်းဟူသော အတ္တာနုဝါဒဘေး သင့်ရောက်မည်ကိုလည်း မကြောက်၊ လူသူတော်ကောင်း နတ်သူတော်ကောင်းတို့၏ ကဲ့ရဲ့ခြင်းဟူ သော ပရာနုဝါဒဘေး သင့်ရောက်မည်ကိုလည်း မကြောက်၊ အပါယ်ဘေး သင့်ရောက်မည်ကိုလည်း မကြောက်မရွံ့ မထိတ်မလန့်ခြင်းတည်း။
၂၄။ ဥဒ္ဓစ္စ ဆိုသည်ကား အာရုံတစ်ခုခု၌ စိတ်၏ရပ်တည်မှု မရရှိခြင်းတည်း။
၂၅။ ထိနဆိုသည်ကား စိတ်၏ ထိုင်းမှိုင်းခြင်းတည်း၊ အာရုံကို သိ၏၊ မပွင့်မလင်း မှေးမှိန်ခြင်းတည်း။
၂၆။ မိဒ္ဓ ဆိုသည်ကား စေတသိက်တို့၏ ထိုင်းမှိုင်းခြင်းတည်း၊ အာရုံကိုတွေ့မှု ခံစားမှု စသည်တို့၏ မပွင့်မလင်း မှေးမှိန်ခြင်းတည်း။
၂၇။ ဝိစိကိစ္ဆာ ဆိုသည်ကား ယုံကြည်ထိုက်သည်၌ မယုံကြည် ခြင်းတည်း။
ဤတစ်ဆယ့် လေးပါးသော စေတသိက်တို့သည် မကောင်းမှုမျိုး စင်စစ်ဖြစ်၍ ပါပဇာတိ မည်ကုန်၏၊ အကုသလဓမ္မအစစ် မည်ကုန်၏၊
---ကုသိုလ်စေတသိက် ၂၅-ပါး
၂၈။ အလောဘ ဆိုသည်ကား အာရုံ၌ စိတ်၏အငြိအတွယ် မရှိခြင်းတည်း၊ ဤအလောဘကို နေက္ခမဓာတ်လည်းခေါ်၏၊ အနဘိဇ္ဈာ လည်း ခေါ်၏။
၂၉။ အဒေါသ ဆိုသည်ကား အာရုံ၌စိတ်ညွတ်နူးခြင်းတည်း၊ ဤ အဒေါသကို အဗျာပါဒလည်း ခေါ်၏၊ မေတ္တာလည်းခေါ်၏။
၃၀။ အမောဟ ဆိုသည်ကား အမှန်ကိုသိခြင်းတည်း၊ ဤ အမောဟကို ဉာဏ်လည်းခေါ်၏၊ ပညာလည်း ခေါ်၏၊ ဝိဇ္ဇာလည်း ခေါ်၏၊ သမ္မာဒိဋ္ဌိလည်း ခေါ်၏။
ဤတရားသုံးပါးတို့သည် အလုံးစုံသော ကလျာဏဓမ္မတို့၏ အရင်းအမြစ် အခြေခံဖြစ်သောကြောင့် ကလျာဏမူလတရားသုံးပါး မည်ကုန်၏။
၃၁။ သဒ္ဓါ ဆိုသည်ကား ယုံကြည်ထိုက်သောအမှန်တရားတို့၌ ယုံကြည်ခြင်းတည်း၊ ဤသဒ္ဓါကို ပသာဒလည်း ခေါ်၏၊ အဓိမောက္ခလည်း ခေါ်၏။
၃၂။ သတိ ဆိုသည်ကား ကောင်းမြတ်သောအရာတို့၌ မမေ့ မလျော့ မပျောက်မကွယ်နိုင်ရန် အဖန်ဖန် အာရုံပြုခြင်းတည်း၊ သရဏ လည်း ခေါ်၏၊ ဥပဋ္ဌာနလည်းခေါ်၏။
၃၃။ ဟိရီ ဆိုသည်ကား ရှက်ခြင်းတည်း၊ ရှက်ခြင်းဆိုသည်ကား ရှက်သဖြင့် မကောင်းမှုသို့ မတိုးဝံ့ခြင်းတည်း။
၃၄။ ဩတ္တပ္ပ ဆိုသည်ကား ကြောက်ခြင်း လန့်ခြင်းတည်း၊ အတ္တာနုဝါဒဘေး၊ ပရာနုဝါဒဘေး အပါယ်ဘေးတို့မှ ကြောက်လန့်သဖြင့် မကောင်းမှုသို့ မတိုးဝံ့ခြင်းတည်း။
၃၅။ တတြမဇ္ဈတ္တတာ ဆိုသည်ကား ထိုထိုအာရုံ၌ ငြိတွယ်ခြင်း၊ ဆန့်ကျင်ခြင်း အစွန်းတို့မှ ကင်းလွတ်သဖြင့် လျစ်လျူအနေ၌ တည်ခြင်း တည်း၊ ဤတတြမဇ္ဈတ္တတာကို ဗြဟ္မဝိဟာရအရာ၌ ဥပေက္ခာဗြဟ္မဝိဟာရ ခေါ်၏၊ ဗောဇ္ဈင်္ဂအရာ၌ ဥပေက္ခာသမ္ဗောဇ္ဈင်ခေါ်၏။
၃၆။ ကာယပဿဒ္ဓိ ဆိုသည်ကား စေတသိက်အပေါင်းဟူသော နာမကာယ၏ ငြိမ်းချမ်းခြင်းတည်း။
၃၇။ စိတ္တပဿဒ္ဓိ ဆိုသည်ကား စိတ်၏ ငြိမ်းချမ်းခြင်းတည်း၊ ငြိမ်းချမ်းခြင်းဆိုသည်ကား ကုသိုလ်မှုတို့၌ မငြိမ်းမချမ်းခြင်းကို ပြုတတ် ကုန်သော ပါပဓမ္မတို့နှင့်မယှဉ်သဖြင့် သမ္ပယုတ်တရားတို့၏ ကြည်လင် ချမ်းမြခြင်းတည်း။
၃၈။ ကာယလဟုတာ ဆိုသည်ကား နာမကာယ၏ ပေါ့ပါးခြင်း တည်း။
၃၉။ စိတ္တလဟုတာ ဆိုသည်ကား စိတ်၏ ပေါ့ပါးခြင်းတည်း၊ ပေါ့ ပါးခြင်းဆိုသည်ကား ကုသိုလ်မှုတို့၌ လေးလံခြင်းကို ပြုတတ်ကုန် သော ပါပဓမ္မတို့နှင့်မယှဉ်သဖြင့် သမ္ပယုတ်တရားတို့၏ ပေါ့ပါးခြင်း တည်း။
၄၀။ ကာယမုဒုတာ ဆိုသည်ကား နာမကာယ၏ နူးညံ့ခြင်း တည်း။
၄၁။ စိတ္တမုဒုတာ ဆိုသည်ကား စိတ်၏နူးညံ့ခြင်းတည်း၊ နူးညံ့ခြင်းဆိုသည်ကား ကုသိုလ်မှုတို့၌ စိတ်၏ ခက်ထန်ကြမ်းတမ်းခြင်းကို ပြုတတ်ကုန်သော ပါပဓမ္မတို့နှင့် မယှဉ်သဖြင့် သမ္ပယုတ်တရားတို့၏ နူးညံ့ပျော့ပျောင်း ခြင်းကို ဆိုသည်။
၄၂။ ကာယကမ္မညတာဆိုသည်ကား နာမကာယ၏ အမှု၌ ကောင်းခြင်းတည်း။
၄၃။ စိတ္တကမ္မညတာ ဆိုသည်ကား စိတ်၏ အမှု၌ ကောင်း ခြင်းတည်း၊ အမှု၌ကောင်းခြင်း ဆိုသည်ကား ကုသိုလ်တို့၌ စိတ်၏ မကောင်းမွန် မခံ့ညားခြင်းကို ပြုတတ်ကုန်သော ပါပဓမ္မတို့နှင့် မယှဉ် သဖြင့် သမ္ပယုတ်တရားတို့၏ ကောင်းမြတ်သော ခံ့ညားခြင်းကိုဆိုသည်၊ ကုသိုလ်မှု၌ မငြင်းဆန်ခြင်းကို ဆိုသည်။
၄၄။ ကာယပါဂုညတာ ဆိုသည်ကား နာမကာယ၏ လေ့ လာခြင်းတည်း။
၄၅။ စိတ္တပါဂုညတာ ဆိုသည်ကား စိတ်၏ လေ့လာခြင်းတည်း၊ လေ့လာခြင်းဆိုသည်ကား ကြေလယ်ခြင်းတည်း၊ ကုသိုလ်မှုတို့၌ စိတ်၏ ထစ်ထစ် ငေါ့ငေါ့ ရှိခြင်းကို ပြုတတ်ကုန်သော ပါပဓမ္မတို့နှင့် မယှဉ်သဖြင့် သမ္ပယုတ်တရားတို့၏ သွက်လက်ကျေမွန်ခြင်းကို ဆိုသည်။
၄၆။ ကာယုဇုကတာ ဆိုသည်ကား နာမကာယ၏ ဖြောင့် မတ်ခြင်းတည်း။
၄၇။ စိတ္တုဇုကတာ ဆိုသည်ကား စိတ်၏ ဖြောင့်မတ်ခြင်းတည်း၊ ဖြောင့်မတ်ခြင်း ဆိုသည်ကား ကုသိုလ်မှုတို့၌ စိတ်၏ ကောက်ကျစ်ခြင်းကို ပြုတတ်ကုန်သော ပါပဓမ္မတို့နှင့် မယှဉ်သဖြင့် သမ္ပယုတ်တရားတို့၏ ကောက်ကျစ် စဉ်းလဲမှုမရှိခြင်းကို ဆိုလိုသည်။
သောဘဏ ဆိုသည်ကား တင့်တယ်ကောင်းမြတ်သည်ကို ဆိုသည်။
၄၈။ သမ္မာဝါစာဆိုသည်ကား မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပတည်းဟူသော ဝစီဒုစရိုက်လေးပါးတို့မှ ကြဉ် ရှောင်ခြင်းတည်း။
၄၉။ သမ္မာကမ္မန္တ ဆိုသည်ကား ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ တည်းဟူသော ကာယဒုစရိုက်သုံးပါးတို့မှ ကြဉ် ရှောင်ခြင်းတည်း။
၅၀။ သမ္မာအာဇီဝ ဆိုသည်ကား မကောင်းသော အသက် မွေးမှုတို့မှ ကြဉ်ရှောင်ခြင်းတည်း။
ဝိရတီ ဆိုသည်ကား ဒုစရိုက်တို့မှ ကြဉ်ရှောင်ခြင်းကို ဆိုသည်။
၅၁။ ကရုဏာ ဆိုသည်ကား ဆင်းရဲ၍နေသော သတ္တဝါကို တွေ့မြင်လျှင် သနားခြင်း ကြင်နာခြင်း ညှာတာခြင်း ထိုဆင်းရဲမှ ကယ် ဆယ်လိုခြင်းတည်း။
၅၂။ မုဒိတာ ဆိုသည်ကား ချမ်းသာသော သတ္တဝါကို တွေ့မြင် လျှင် ဝမ်းမြောက်ခြင်း ဝမ်းသာခြင်းတည်း။
ဤတရားနှစ်ပါးကို အသီးအသီး ကရုဏာဗြဟ္မဝိဟာရ၊ မုဒိတာဗြဟ္မဝိဟာရတို့ဟူ၍လည်း ဆိုသည်။
အပ္ပမညာ ဆိုသည်ကား လူသတ္တဝါ တိရစ္ဆာန် သတ္တဝါတို့မှစ၍ ခပ်သိမ်းသော သတ္တဝါတို့ကို အာရုံပြု၍ ဆင်းရဲသော သတ္တဝါတို့ကို သနားခြင်း၊ ချမ်းသာသော သတ္တဝါတို့ကို ဝမ်းမြောက်ခြင်းအားဖြင့် ပွါးများစေအပ်သော တရားမျိုးဖြစ်သောကြောင့် “အပ္ပမာနေသု သတ္တေသု ဘဝါတိ အပ္ပမညာ” ဟူသည်နှင့်အညီ အပ္ပမညာမည်၏၊ စေတသိက် ၅၂-ပါးပြီး၏။
————*—————
---နိဗ္ဗာန် ၃-ပါး
၃။ နိဗ္ဗာန်သည်
၁။ ပဌမနိဗ္ဗာန်၊
၂။ ဒုတိယနိဗ္ဗာန်၊
၃။ တတိယနိဗ္ဗာန်
ဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင်- အပါယ်ဘဝတို့မှ လွတ်ငြိမ်းခြင်းသည် ပဌမနိဗ္ဗာန်မည်၏။
- တစ်ဖန် ကာမဘဝတို့မှ လွတ်ငြိမ်းခြင်းသည် ဒုတိယနိဗ္ဗာန်မည်၏။
- တစ်ဖန် ရူပ အရူပ ဗြဟ္မာဘဝတို့မှ လွတ်ငြိမ်းခြင်းသည်တတိယ နိဗ္ဗာန်မည်၏။
စိတ် ၁-ပါး၊ စေတသိက် ၅၂-ပါး၊ နိဗ္ဗာန် ၁-ပါးဟူ၍ နာမ်တရား ၅၄-ပါးဖြစ်၏။
ရုပ်တရား ၂၈-ပါး၊ နာမ်တရား ၅၄-ပါးဟူ၍ ပရမတ္ထတရား ၈၂-ပါးဖြစ်၏၊ ဤပရမတ္ထတရား ၈၂-ပါးကို ပရမတ္ထသစ္စာတရားဟု ဆို၏၊ ပရမတ္ထသစ္စာမျိုး မဟုတ်သော သတ္တဇီဝ သတ္တပုဂ္ဂလစသည်ကို သမုတိသစ္စာ ဟုဆို၏။
ပရမတ္ထသစ္စကထာပြီး၏၊
————*———
---၇-ပစ္စယကထာ
ထို ၈၂-ပါးသော ပရမတ္ထဓမ္မတို့တွင် နိဗ္ဗာန်သည် ဖြစ်ပေါ်ခြင်း ဟူသော ဇာတိ၏နယ်မှ အလွတ်ဖြစ်၍ ဖြစ်ပေါ်စေရန် အကြောင်းလည်း မလို၊ ဇရာမရဏတို့၏ နယ်မှအလွတ်ဖြစ်၍ စောင့်ရှောက်ရန် ထောက်ပံ့ ရန် အကြောင်းလည်း မလို၊ ထို့ကြောင့် နိဗ္ဗာန်သည် အပစ္စယတရား၊ အသင်္ခတတရားမည်၏။
နိဗ္ဗာန်မှကြွင်းသော ၈၁-ပါးသောရုပ်တရား၊ နာမ်တရားများ သည်မူကား ဇာတိ၊ ဇရာ၊ မရဏတို့နှင့် ဖြစ်ရ ပျက်ရသည်ဖြစ်၍ သပစ္စယတရားများ၊ သင်္ခတတရားများဖြစ်ကြကုန်၏၊ ထိုရုပ်တရား နာမ်တရား နှစ်ပါးတို့တွင် ရုပ် ၂၈-ပါးတို့၌ ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူ၍ အကြောင်း တရားလေးပါးကို ပြဆိုခဲ့ပြီ။
ထိုအကြောင်းလေးပါးတို့တွင် ကံဟူသောအကြောင်းသည် ဦးတည်မူလ အကြောင်းမျှသာဖြစ်၏၊ စိတ်ဟူသော အကြောင်းသည် လည်း အချယ်အလယ် အကြောင်းမျှသာဖြစ်၏၊ ရူပကာယခန္ဓာကိုယ် သည် ဥတုဟူသော ဓာတ်မီးနှင့် အာဟာရဟူသော ဓာတ်ဆီတို့၏ အစွမ်းဖြင့် ကြီးပွားရ၏၊ ကာလမြင့်ရှည် တည်နေရ၏၊ ဓာတ်မီး၊ ဓာတ်ဆီ အခြေအနေ ပျက်ခဲ့လျှင် ကံ၏အစွမ်း၊ စိတ်၏အစွမ်းတို့လည်း ပျက်ရ ကုန်လေတော့သည်။
ဥပမာကား-သစ်ပင်တို့မှာ မျိုးစေ့သည် ဦးတည်မူလ အကြောင်း မျှ သာဖြစ်၏၊ သစ်ပင်တို့သည်မူကား မြေဥတု၊ ရေဥတုတို့၏အစွမ်းဖြင့် ကြီးပွားရကုန်၏၊ ကာလမြင့်ရှည် တည်နေရကုန်၏၊ မြေဥတု၊ ရေဥတု အခြေအနေပျက်ကြီး ပျက်ခဲ့သော် မျိုးစေ့၏အစွမ်းသည် ပျက်ရလေ တော့သည်။ ဤဥပမာကဲ့သို့မှတ်။
- ရူပကာယသည် သစ်ပင်နှင့်တူ၏။
- ကံသည်မျိုးစေ့နှင့်တူ၏။
- ဥတု ဟူသော ဓာတ်မီးသည်မြေ ကြီးနှင့်တူ၏။
- အာဟာရဟူသော ဓာတ်ဆီသည် အခါ၊ အခါ၌ မပြတ်ရွာ သော မိုးရေနှင့်တူ၏။
- စိတ်သည် သစ်ပင်ကို ပြင်ပမှ ကျေးဇူးပြုသော နေဥတု၊ လေဥတုနှင့်တူ၏။
စိတ်၊ စေတသိက်တို့၏ ဖြစ်ကြောင်းသည်ကားဝိပါက်တရားတို့မှာ ရှေးကံဟောင်းသည်အကြောင်းတစ်ပါး၊ မှီရာဝတ္ထုရုပ်သည် အကြောင်းတစ်ပါး၊ အာရုံသည်အကြောင်း တစ်ပါး။
ထိုသုံးပါးတို့တွင်
- ရှေးကံဟောင်းသည် သစ်ပင်တို့မှာ မျိုးစေ့နှင့် တူ၏။
- ဝတ္ထုရုပ်သည် မြေနှင့်တူ၏။
- အာရုံသည် မိုးရေ၊ မိုးပေါက်နှင့် တူ၏။
ကုသိုလ်၊ အကုသိုလ်၊ ကြိယာ၊ စိတ်၊ စေတသိက်တို့မှာလည်း မှီရာဝတ္ထုရုပ်နှင့်အာရုံဟူသော အကြောင်း နှစ်ပါးစီ ရှိကြ၏၊ အကြောင်းထူးမှာမူကား - ကုသိုလ် စိတ်စေတသိက်တို့မှာ ယောနိသောမနသိကာရအကြောင်း၊ အကုသိုလ် စိတ်စေတသိက်တို့မှာ အယောနိသောမနသိကာရအကြောင်း၊ ဇဝနကိစ္စရှိသော ကြိယာစိတ် စေတသိက်တို့မှာ ကုသိုလ်၌ကဲ့သို့ ယောနိသောမနသိကာရသည်ပင် အကြောင်း ဖြစ်သည်၊ အာဝဇ္ဇန်းဒွေတို့မှာ ကုသိုလ်၏ ရှေ့သွားဖြစ်ခိုက် ကုသိုလ်နှင့်တူ၏၊ အကုသိုလ်၏ ရှေ့သွားဖြစ်ခိုက် အကုသိုလ်နှင့်တူ၏၊ ယောနိသောမနသိကာရ ဆိုသည်ကား သင့်မြတ်သော နှလုံး သွင်းတည်း၊ အယောနိသောမနသိကာရ ဆိုသည်ကား မသင့်မြတ်သော နှလုံးသွင်းတည်း၊ အာဝဇ္ဇန်း၏ ကိစ္စနှစ်ပါးပေတည်း။
တစ်ယောက်သောသူကို တွေ့မြင်ရာ၌ နှလုံးသွင်းလိမ္မာလျှင် ထိုသူကို တွေ့မြင်ကြရသည့်အတွက် ကုသိုလ် ဖြစ်ရ၏၊ နှလုံးသွင်း မလိမ္မာ လျှင် ထိုသူကို တွေ့မြင်ကြရသည့်အတွက် အကုသိုလ် ဖြစ်ရ၏၊ အဘယ် အာရုံမျိုးကား ကုသိုလ်ဖြစ်ရန်မြဲ၏၊ အဘယ်အာရုံမျိုးကား အကုသိုလ် ဖြစ်ရန် မြဲ၏ဟုမရှိ။
- စိတ်၏အစဉ်သည် လှေနှင့်တူ၏။
- အာဝဇ္ဇန်းသည် ပဲ့သမားနှင့် တူ၏။
ပဲ့သမား ဦးလှည့်၍ပေးရာသို့ လှေသည် သွားရသကဲ့သို့ အာဝဇ္ဇန်း ဦးလှည့်၍ပေးရာသို့ ကုသိုလ်လမ်း အကုသိုလ်လမ်း ပွင့်ကြ ရာ၏။
သစ်ပင်တို့မှာ မျိုးစေ့တို့ကဲ့သို့ မနသိကာရသည် ကုသိုလ်၊ အကုသိုလ်တို့ဖြစ်ရန် အရင်းမူလ အကြောင်းပေတည်း၊ ဝတ္ထုရုပ်သည် သစ်ပင်တို့မှာ မြေကြီးနှင့်တူ၏၊ အာရုံသည် သစ်ပင်တို့မှာ မိုးရေ၊ မိုးပေါက်နှင့်တူ၏။
တစ်နည်းကား။။ဝိညာဏ်ခြောက်ပါးတို့တွင် တစ်ပါးပါး၌ အကြောင်းတရား လေးပါး လေးပါးစီ ရှိကြ၏။
၁။ စက္ခုဝတ္ထုရုပ်၊ ရူပါရုံ၊ အာလောက၊ မနသိကာရ၊ ဤကား စက္ခုဝိညာဏ်ဖြစ်ပေါ်ရန် အကြောင်းတရား လေးပါးတည်း။ ထိုလေးပါးတို့တွင်
မနသိကာရ ဆိုသည်ကား ထိုရူပါရုံသို့ရှေ့ရှုသော အာဝဇ္ဇန်း ပေတည်း၊ အာလောကဆိုသည်ကား အရောင်အလင်းတည်း၊ အရောင် အလင်းရှိပါမှ စက္ခုဝိညာဏ်ဟူသော မြင်မှုကြိယာဖြစ်နိုင်၏၊ စက္ခုဝိညာဏ် ဖြစ်နိုင်မှသာ စက္ခုဒွါရဝီထိစိတ်များ ဖြစ်နိုင်၏။
၂။ သောတဝတ္ထုရုပ်၊ သဒ္ဒါရုံ၊ အာကာသ၊ မနသိကာရ၊ ဤကား သောတဝိညာဏ်ဖြစ်ပေါ်ရန် အကြောင်းတရားလေးပါးတို့တည်း။ ထိုလေးပါးတို့တွင်
အာကာသ ဆိုသည်ကား အပေါက်ဟင်းလင်းတည်း၊ နားနှင့် အသံ ဆက်ဆံကြရန် ထိုအာကာသရှိပါမှ သောတဝိညာဏ်ဟူသော ကြား မှုကြိယာ ဖြစ်ပေါ်နိုင်၏၊ သောတဝိညာဏ်ဖြစ်ပေါ်နိုင်မှသာ သောတဒွါရဝီထိစိတ်များ ဖြစ်နိုင်ကြ၏။
၃။ ဃာနဝတ္ထုရုပ်၊ ဂန္ဓာရုံ၊ ဝါတ၊ မနသိကာရ၊ ဤကား ဃာနဝိညာဏ်ဖြစ်ပေါ်ရန် အကြောင်းတရား လေးပါးတည်း။
ထိုလေးပါးတို့တွင်
ဝါတ ဆိုသည်ကား နှာခေါင်းလေပေတည်း၊ ရှူလေ၊ ရှိုက်လေ ပေတည်း၊ ထိုလေမရှိခဲ့လျှင် ဂန္ဓာရုံသည် ဃာနဝတ္ထုရုပ်၌ မထိခိုက်နိုင်၊ မထိခိုက်လျှင်လည်း နံမှုဟူသော ဃာနဝိညာဏ် မဖြစ်နိုင်၊ ဃာနဒွါရ ဝီထိစိတ်များ မဖြစ်နိုင်။
၄။ ဇိဝှါဝတ္ထုရုပ်၊ ရသာရုံ၊ အာပ၊ မနသိကာရ၊ ဤကား ဇိဝှါဝိညာဏ် ဖြစ်ပေါ်ရန် အကြောင်းတရား လေးပါးတည်း။ ထိုလေးပါးတို့တွင်
အာပ ဆိုသည်ကား လျှာ၏စိုစွတ်ခြင်းတည်း၊ လျှာခြောက် သွေ့ခဲ့လျှင် ရသာရုံသည် ဇိဝှါဝတ္ထုရုပ်၌ မထိ မခိုက်နိုင်၊ မထိခိုက်လျှင် လည်း အရသာကို သိမှုဟူသော ဇိဝှါဝိညာဏ် မဖြစ်နိုင်၊ ဇိဝှါဒွါရ ဝီထိစိတ်များ မဖြစ်နိုင်။
၅။ ကာယဝတ္ထုရုပ်၊ ဖောဋ္ဌဗ္ဗ၊ ထဒ္ဓ၊ မနသိကာရ၊ ဤကား ကာယဝိညာဏ် ဖြစ်ပေါ်ရန် အကြောင်းတရား လေးပါးတည်း။ ထိုလေးပါးတို့တွင်
ထဒ္ဓ ဆိုသည်ကား အတန်အရာခက်ထန်သော ဖောဋ္ဌဗ္ဗသဘော တည်း၊ ထိုသဘော အခြံအရံရှိသော ဖောဋ္ဌဗ္ဗာရုံမှသာလျှင် ကာယဝတ္ထုရုပ်၌ ထိခိုက်နိုင်၏၊ အလွန်သိမ်မွေ့လှသော ဖောဋ္ဌဗ္ဗာရုံသည် ကာယဝတ္ထုရုပ်၌ မထိခိုက်နိုင်၊ မထိခိုက်နိုင်လျှင် အတွေ့အထိကို သိမှု ဟူသော ကာယဝိညာဏ် မဖြစ်နိုင်၊ ကာယဒွါရဝီထိစိတ်များလည်း မဖြစ်နိုင်။
၆။ ဟဒယဝတ္ထုရုပ်၊ ဓမ္မာရုံ၊ မနောဒွါရ၊ မနသိကာရ၊ ဤကား မနောဝိညာဏ်ဖြစ်ပေါ်ရန်အကြောင်းတရား လေးပါးတည်း။ ထိုလေးပါးတို့တွင်
ဓမ္မာရုံ ဆိုသည်ကား ပဉ္စာရုံမှတစ်ပါး ကျန်ရှိသမျှသော ရုပ်တရား၊ နာမ်တရား၊ ပညတ်တရား၊ နိဗ္ဗာန်တရားများပေတည်း။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံဟူသော ပဉ္စာရုံများ သည်လည်း မနောဝိညာဏ်၏ အာရုံဖြစ်၏၊ သို့ရာတွင် ပဉ္စဒွါရနှင့် မဆိုင်ရာကို ထုတ်ဖော်လို၍ ဓမ္မာရုံကိုသာ ပြဆိုလေသည်။ မနောဒွါရ ဆိုသည်ကား ဘဝင်စိတ် အစဉ်ပေတည်း၊ ဟဒယဝတ္တုရုပ်သည် မနောဝိညာဏ်၏ တည်ရာမှီရာ ဖြစ်ပွါးရာ မှန်ငြားသော် လည်း အကြည်အလင်ပသာဒမျိုး မဟုတ်သောကြောင့် အာရုံ၏ အရိပ် အသွင်များသည် ဟဒယဝတ္ထုရုပ်၌ မထင်နိုင်၊ မနောဒွါရ၌သာ ထင်နိုင်၏၊ ပစ္စယကထာ ပြီး၏။
————*———-—
၈-အဘိညာကထာ
အဘိညာဏ် ၂-ပါး
အဘိညာဏ် ဆိုသည်ကား ပကတိသော လူအပေါင်းတို့၏ ဉာဏ်ကို လွန်၍ အထူးကြီး အချွန်ကြီးဖြစ်သော ဉာဏ်၏ကိစ္စကို ဆိုသည်။ ထိုအဘိညာဏ်သည်
(၁) သမထအဘိညာ၊
(၂) ဓမ္မအဘိညာ
ဟူ၍ နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင်
၁။ သမထအဘိညာ
သမထအဘိညာ ဆိုသည်ကား သမထကမ္မဋ္ဌာန်းလမ်းမှ ပေါက်ရောက်သော ဣဒ္ဓိဝိဓဉာဏ်, ဒိဗ္ဗသောတဉာဏ်, စေတောပရိယ ဉာဏ်, ပုဗ္ဗေနိဝါသဉာဏ်, ယထာကမ္မုပဂဉာဏ်တို့ကို ဆိုလိုသတည်း။
ထိုအဘိညာဏ် တို့တွင်
ဣဒ္ဓိဝိဓအဘိညာဏ် ဆိုသည်ကား ကောင်းကင်ပျံခြင်း, မြေလျိုး ခြင်း, တန်ခိုးအထူးထူး အထွေထွေ ဖန်ဆင်းခြင်းပေတည်း။
ဒိဗ္ဗသောတအဘိညာဏ် ဆိုသည်ကား နတ်တို့၏နားကဲ့သို့ ကြားနိုင်ခြင်းတည်း။
စေတောပရိယအဘိညာဏ် ဆိုသည်ကား သူတစ်ပါးတို့၏ စိတ်အကြံ အမျိုးမျိုးကို သိနိုင်ခြင်းတည်း။
ပုဗ္ဗေနိဝါသအဘိညာဏ် ဆိုသည်ကား ရှေးရှေးသော ဘဝ တို့ကို သိနိုင်ခြင်းတည်း။
ယထာကမ္မုပဂအဘိညာဏ် ဆိုသည်ကား နတ်မျက်စိကဲ့သို့ မိမိတို့ ကံပစ်ချရာ ထိုထိုဘဝသို့ ကျရောက်ကြကုန်သော သတ္တဝါတို့ကို ဒိဋ္ဌမြင်နိုင်ခြင်း, ပစ်ချသော ကံတို့ကို သိနိုင်ခြင်းတည်း။
၂။ ဓမ္မအဘိညာဏ်
ဓမ္မအဘိညာဏ် ဆိုသည်ကား သစ္စကထာတွင် ပြဆိုခဲ့သည့် အတိုင်း သမုတိသစ္စာမျိုးကိုလွန်၍ ပရမတ္ထသစ္စာတရားမျိုးတို့ကို ပိုင်း ပိုင်းခြားခြား သိနိုင်ခြင်းတည်း။
ထိုဓမ္မအဘိညာဏ်သည်လည်း
(၁) သုတမယဉာဏ်၊
(၂) စိန္တာ မယဉာဏ်၊
(၃) ဘာဝနာမယဉာဏ်
ဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင်
ဘာဝနာမယဉာဏ်သည်လည်း
(၁) အနုဗောဓဉာဏ်
(၂) ပဋိဝေဓဉာဏ်
ဟူ၍ နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင်
အနိစ္စာနုပဿနာဉာဏ်၊ ဒုက္ခာနုပဿနာဉာဏ်၊ အနတ္တာနုပဿနာ ဉာဏ်ဟူသော ဝိပဿနာဉာဏ်သုံးပါးသည် အနုဗောဓဉာဏ် မည်၏၊ ဟုတ်မှန်သော ဓမ္မသဘောအားလျော်စွာ ပွင့်ပွင့်လင်းလင်း သိမြင်ခြင်းတည်း။
လောကုတ္တရာ မဂ်ဉာဏ်လေးပါးသည် ပဋိဝေဓဉာဏ် မည်၏၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ အစရှိသော ကိလေသာ အမိုက်တရားတို့ကို အမြစ်အရင်း ပါ ပယ်နိုင်သဖြင့် ထိုပုဂ္ဂိုလ် အလင်းပေါက်ရောက်၍ သွားခြင်းတည်း။
အဘိညာကထာ ပြီး၏။
————*————
၉-ပရိညာကထာ
ပရိညာ ၃-ပါး
ပရိညာ ဆိုသည်ကား ဉာဏ်၏ပိုင်နိုင်ခြင်းတည်း။
ထိုပရိညာသည်
(၁) ဉာတပရိညာ၊
(၂) တီရဏပရိညာ၊
(၃) ပဟာနပရိညာ၊
ဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင်
၁။ ဉာတပရိညာ
ဉာတပရိညာ ဆိုသည်ကား ပရမတ္ထသစ္စကထာ, ပစ္စယ ကထာတို့တွင် ပြဆိုခဲ့ပြီးသော အကြောင်းနှင့်တကွသော ရုပ်တရား, နာမ်တရား, နိဗ္ဗာန်တရား တို့ကို သဘောကျနစွာ တတ်သိလိမ္မာခြင်းတည်း၊ အဘိညာဏ်၌ ဆံပင်, မွေးညင်းစသော သဏ္ဌာနပညတ်မျိုး ပျောက် ကွယ်၍ ဓမ္မအဘိညာဏ်ဖြင့် ပရမတ္ထဓမ္မ သက်သက်သာရှိသည်ဟု ပိုင်နိုင်စွာ သိခြင်းတည်း၊ အကုန်လုံးကိုပင် မသိသော်လည်း ရုပ် ၂၈- ပါးတွင် ဓာတ်ကြီးလေးပါးကို ပိုင်ပိုင်နိုင်နိုင် သိနိုင်ပေလျှင်ပင် ရုပ်၌ ဉာတပရိညာ ကိစ္စပြီးနိုင်၏။
နာမ်၌လည်း ဝိညာဏ်တစ်ပါး, ဝေဒနာတစ်ပါး, သညာတစ်ပါး, စေတနာတစ်ပါး, ဤလေးပါးတို့ကို ပိုင်ပိုင်နိုင်နိုင် သိနိုင်ပေလျှင် နာမ်၌ ဉာတပရိညာကိစ္စပြီးနိုင်၏၊ နိဗ္ဗာန်မှာလည်း ပြဆိုခဲ့ပြီးသည့်အတိုင်း သဘော ကျနိုင်ပေလျှင် ဉာတပရိညာကိစ္စ ပြီးနိုင်၏၊ အကြောင်း တရားမှာလည်း ပစ္စယကထာတွင် ပြဆိုခဲ့သမျှအတိုင်း သဘောကျနစွာ သိနိုင်ပေလျှင် ပစ္စယ၌ ဉာတပရိညာကိစ္စ ပြီးနိုင်၏။
၂။ တီရဏပရိညာ
တီရဏပရိညာ ဆိုသည်ကား ထိုရုပ်တရား, နာမ်တရားတို့ကို ခဏိကဓမ္မ ဖြစ်ကြသည့်အတိုင်း ခဏခဏ ဖြစ်မှုပျက်မှုကို ရှုသောအားဖြင့် ဉာဏ်ဖြင့် အပိုင်းပိုင်းဖြတ်တောက်ခုတ်စဉ်းခြင်းသည် တီရဏမည်၏၊ ထိုဖြတ်တောက် ခုတ်စဉ်းမှု၏ ပိုင်နိုင်ခြင်းသည် တီရဏပရိညာ မည်၏။
ထိုတီရဏပရိညာသည်
(၁) အနိစ္စပရိညာ၊
(၂) ဒုက္ခပရိညာ၊
(၃) အနတ္တပရိညာ၊
ဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင်
၁။ အနိစ္စပရိညာ
အနိစ္စပရိညာ ဆိုသည်ကား မရဏတရား၌ ဉာဏ်အမြင် ပိုင်နိုင်ခြင်းတည်း၊ ဤစကား၌ မရဏတရားသည် သမုတိမရဏ၊ ပရမတ္ထ မရဏ ဟူ၍ နှစ်ပါးရှိ၏။
ထိုနှစ်ပါးတို့တွင်
သမုတိမရဏ ဆိုသည်ကား သမုတိသစ္စာဘက်၌ ပုဂ္ဂိုလ် သတ္တဝါတို့၏ တစ်သက်တွင်တစ်ခါ သေမြဲ ဓမ္မတာဟူ၍ ဆိုကြသော မရဏတရားသည် သမုတိမရဏမည်၏၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့၏ တစ်နေ့တစ်ရက် အတွင်းမှာပင် အကြိမ်ပေါင်း အရာအထောင်မက ချုပ်ပျက် သေဆုံးခြင်းသည် ပရမတ္ထမရဏ မည်၏။
ထိုနှစ်ပါးတို့တွင် သမုတိမရဏသည် အနိစ္စလက္ခဏာ အစစ် မဟုတ်၊ အနိစ္စပရိညာ၏ အရာအချက်မဟုတ်၊ အနုဿတိဆယ်ပါးတွင် မရဏာနုဿတိ၏ အရာမျှသာဖြစ်၏၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့၏ သေခြင်း, ချုပ်ပျောက် ပျက်ဆုံးခြင်းဟူသော ပရမတ္ထမရဏသည်သာ လျှင် အနိစ္စလက္ခဏာအစစ် ဖြစ်၏၊ အနိစ္စပရိညာ ၏ အချက်ဖြစ်၏။
၂။ ဒုက္ခပရိညာ
ဒုက္ခပရိညာ ဆိုသည်ကား ဒုက္ခသဘော၌ ဉာဏ်အမြင် ပိုင်နိုင်ခြင်းတည်း၊ ဤစကား၌ ဒုက္ခသည်
(၁) ဝေဒယိတဒုက္ခ၊
(၂) ဘယဋ္ဌဒုက္ခ၊
ဟူ၍ နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင်
ဝေဒယိတဒုက္ခ ဆိုသည်ကား ကာယိကဒုက္ခ, စေတသိကဒုက္ခ တို့ကိုဆိုသတည်း။ ကာယိကဒုက္ခဆိုသည်ကား ကိုယ်အင်္ဂါတို့၌ ပေါ်ပေါက် ကျရောက်သော မခံသာသော ဒုက္ခဝေဒနာမျိုးကို ဆိုသတည်း၊ စေတသိကဒုက္ခ ဆိုသည်ကား စိတ်သန္တာန်၌ ပေါ်ပေါက်ကျရောက်သော သောက, ပရိဒေဝ, ဒေါမနဿ, ဥပါယာသ ဒုက္ခမျိုးတို့ကို ဆိုသတည်း။
ဘယဋ္ဌဒုက္ခ ဆိုသည်ကား ဘယဉာဏ်, အာဒီနဝဉာဏ်တို့၏ အရာဖြစ်သော ဒုက္ခမျိုးတို့ကို ဆိုသတည်း၊ ဘယဉာဏ်, အာဒီနဝ ဉာဏ်တို့၏ အရာဆိုသည်ကား ဇာတိဒုက္ခ, ဇရာဒုက္ခ, မရဏဒုက္ခ, သင်္ခါရ ဒုက္ခ, ဝိပရိဏာမ ဒုက္ခတို့ပေတည်း၊ ဤဒုက္ခတို့ကို နောက်၌ပြဆိုလတ္တံ့။ ဝေဒယိတဒုက္ခနှင့် ဘယဋ္ဌဒုက္ခ နှစ်ပါးအထူး၌ ဥပမာကား လူတစ်ယောက်မှာ ရောဂါဆိုး, အနာဆိုးကြီး တစ်ခုရှိ၏၊ ကြမ်းတမ်းသော အစာအာဟာရတို့ကို စားသောက်၍နေမှ ပကတိလူမာကဲ့သို့ ချမ်းသာရ၏၊ ဝက်သား, ကြက်သား, ငါး, အမဲ အစရှိသော ကောင်းမွန်သော အစာ အာဟာရတို့ကို စားခဲ့မိလျှင် စားဆဲအခါ၌ အလွန်ကောင်း၏၊ စားပြီး သည်မှ နောက်ကာလ၌ တစ်ရက်လုံးလုံး သေလုနီးပါး ဒုက္ခကြီးစွာ ခံရသောအခါလည်း ရှိ၏၊ နှစ်ရက်, သုံးရက်, လေးရက်စသည် ရက်ရှည် နေ့များ ဒုက္ခကြီးစွာ ခံရသောအခါလည်း ရှိ၏၊ အစာအာဟာရက အလွန်ကောင်းလေလေ ဒုက္ခခံရက် ရှည်လျားလေလေ ဖြစ်၏၊ တစ်ယောက်သောသူသည် ကုသိုလ်ကောင်းမှုကို လိုလားသည် ဖြစ်၍ ဝက်သား, ကြက်သား, ငါး, အမဲတို့နှင့်တကွ ထောပတ် ထမင်းကို အလွန်ကောင်း မွန်စွာချက်ပြီးလျှင် ထိုသူနာအား သဒ္ဓါတရားနှင့် သွား၍ကျွေး၏၊ ထိုသူနာသည် အလွန်စားလိုပါသော်လည်း စားပြီး သည်မှ နောက်ကာလ၌ ခံရလတ္တံ့သော မိမိဒုက္ခကို ကြောက်ရသည့် အတွက် ဤကဲ့သို့ကောင်းမွန်လှသော အစာအာဟာရ မျိုးကို ကျွန်ုပ် မစားဝံ့ပါဟု ငြင်းပယ်ရလေ၏၊ စားမိလျှင်လည်း နေ့ရှည်ရက်များ ဗိုင်းဗိုင်း လဲ၍ သွားရမည် အမှန်ဖြစ်၏။
ဤဝတ္ထု၌ စားဆဲအခါမှာ အလွန်ကောင်းသည့်အတွက် ထိုအစာ အာဟာရသည် ထိုသူမှာ ဝေဒယိတ သုခဝတ္ထုမျိုး အမှန်ဖြစ်၏၊ လျှာ အတွေ့၌ အလွန်ကောင်းခြင်းသည် ဝေဒယိတသုခ မည်၏၊ ဘယဋ္ဌ အလိုအားဖြင့်မူကား ထိုအစာအာဟာရများသည် ထိုသူမှာ ကြောက်မက် ဖွယ်ကောင်းလှသော ဒုက္ခဝတ္ထုမျိုး အမှန်ဖြစ်၏၊ လျှာအတွေ့၌ အလွန် ကောင်းခြင်းသည် ကြောက်မက်ဖွယ်ကောင်းလှသော ဘယဋ္ဌဒုက္ခကြီး မည်၏၊ အဘယ့်ကြောင့်ဆိုသော် လျှာအတွေ့၌ အလွန်ကောင်းလေလေ နောက်၌ ဗိုင်းဗိုင်းလဲ၍ အသဲအသန်ခံစားရန် ဒုက္ခကြီးမား ရှည်လျား လေလေ ဖြစ်သောကြောင့်တည်း။
ဤလောက၌ သက္ကာယဒိဋ္ဌိနှင့် ဝိနိပါတဘေး တင်းလင်းရှိ နေသော သူသည် ထိုသူနာနှင့်တူ၏၊ လူ့ဘဝ လူ့ချမ်းသာ, နတ်ဘဝ နတ်ချမ်းသာ, ဗြဟ္မာ့ဘဝ ဗြဟ္မာ့ချမ်းသာများသည် ထိုသူနာမှာ အလွန် ကောင်းမွန်သော ကြက်သား ဝက်သား ငါး အမဲဟင်း ထောပတ် ထမင်း တို့နှင့်လည်းကောင်း, ထိုသူနာမှာ လျှာအတွေ့ အလွန်ကောင်းခြင်း သုခ ဝေဒနာနှင့်လည်းကောင်း တူလှ၏၊ သေလွန်ကြသည်မှ နောက်ကာလ၌ ဝိနိပါတဘေးကြီး သင့်ရောက်ကြမှုသည် ထိုသူနာမှာ စားပြီးသည်မှ နောက်ကာလ၌ ဗိုင်းဗိုင်းလဲ၍ အသဲအသန်ခံစားရသော ဒုက္ခမှုကြီး နှင့်တူ၏။
ဤ၌ ဝေဒယိတဒုက္ခသည် သုခဝေဒနာ, ဒုက္ခဝေဒနာ, အဒုက္ခ မသုခ ဝေဒနာဟူ၍လာသော ဝေဒနာတိက် အရာများ၌ ဒုက္ခသဒ္ဒါ၏ အနက်ဖြစ်၏၊ ဘယဋ္ဌဒုက္ခသည် ဒုက္ခသစ္စာအရာ၌ အနိစ္စ, ဒုက္ခ, အနတ္တ ဟူသော ဝိပဿနာ အရာများ၌ ဒုက္ခသဒ္ဒါ၏ အနက်ဖြစ်၏၊ ထိုလူ့ဘဝ လူ့ချမ်းသာ, နတ်ဘဝ နတ်ချမ်းသာ, ဗြဟ္မာ့ဘဝ ဗြဟ္မာ့ချမ်းသာတို့၌ ဘယဋ္ဌဒုက္ခဉာဏ်အမြင် ပိုင်နိုင်ခြင်းသည် ဒုက္ခပရိညာ မည်၏။
၃။ အနတ္တပရိညာ
အနတ္တပရိညာ ဆိုသည်ကား ရုပ်နာမ်တရားတို့၌ အနတ္တဉာဏ် အမြင်၏ ပိုင်နိုင်ခြင်းတည်း။ အနတ္တဉာဏ်အမြင် ဆိုသည်ကား ပရမတ္ထသစ္စာမျိုးဖြစ်သော ရုပ်တရား, နာမ်တရားများသည် သမုတိသစ္စာမျိုးဖြစ်သော ပုဂ္ဂိုလ်၏ အတ္တမဟုတ်, ဇီဝမဟုတ်, သတ္တဝါ၏ အတ္တမဟုတ်, ဇီဝမဟုတ်, ပုဂ္ဂိုလ် သတ္တဝါများသည်လည်း ရုပ်တရား, နာမ်တရားများ၏ အတ္တမဟုတ်, ဇီဝမဟုတ်, ရုပ်တရား, နာမ်တရားမှလည်းကောင်း, ပုဂ္ဂိုလ်သတ္တဝါမှ လည်းကောင်း အလွတ်အသီးအခြားဖြစ်၍ ချုပ်သည် ပျက်သည်ဟူ၍ မရှိဘဲ တစ်ဘဝမှတစ်ဘဝသို့ ကံပစ်ချရာ ပြောင်းသွား၍နေသော အတ္တ ဟူ၍လည်းမရှိ, ဇီဝဟူ၍လည်း မရှိဟုမြင်နိုင်သော ဉာဏ်သည် အနတ္တဉာဏ် မည်၏၊ ထိုအနတ္တဉာဏ်၏ ပိုင်နိုင်ခြင်းသည် အနတ္တပရိညာ မည်၏၊ ဤအနိစ္စပရိညာ, ဒုက္ခပရိညာ, အနတ္တပရိညာ သုံးပါးကို တီရဏ ပရိညာ ဆိုသတည်း။
ပဟာနပရိညာ ဆိုသည်ကား ဝိပလ္လာသတရားတို့ကို ပယ်ရှား မှု၏ ပိုင်နိုင်ခြင်းတည်း၊ အနိစ္စာနုပဿနာ ဉာဏ်ဖြင့် နိစ္စဝိပလ္လာသ တရားသုံးပါးတို့ကို ပိုင်ပိုင်နိုင်နိုင် ပယ်ရှားခြင်း, ဒုက္ခာနုပဿနာဉာဏ်ဖြင့် သုခဝိပလ္လာသ တရားသုံးပါး, သုဘဝိပလ္လာသတရား သုံးပါးတို့ကို ပိုင်ပိုင် နိုင်နိုင် ပယ်ရှားခြင်း, အနတ္တာနုပဿနာဉာဏ်ဖြင့် အတ္တဝိပလ္လာသ တရား သုံးပါးတို့ကို ပိုင်ပိုင်နိုင်နိုင် ပယ်ရှားခြင်းတည်း။
-ဇီဝ ဆိုသည်ကား သန္တတိပညတ်၏ အမာခံအနှစ်သာရ တည်း၊
-အတ္တ ဆိုသည်ကား သဏ္ဌာနပညတ်၏ အမာခံအနှစ် သာရတည်း၊
အမာခံအနှစ် သာရမျိုးချည်းဖြစ်သောကြောင့် ဇီဝသည်လည်း အတ္တမျိုးပင်တည်း၊ ထိုနှစ်ပါးတို့တွင် သဏ္ဌာနပညတ်၏အမာခံဖြစ်သော အတ္တကို သစ္စာနှစ်ပါးခွဲခန်းနှင့်ပင် ပယ်နိုင်ရန်ရှိပြီ၊ သန္တတိပညတ်၏ အမာခံဖြစ်သော ဇီဝကိုမူကား အနိစ္စပရိညာ အထမြောက်မှ ပယ်နိုင်၏၊ ဤစကား၌ သန္တတိဆိုသည်ကား တစ်မျိုးတည်းသော တရား၏ ဖြစ်စဉ်ကို ဆိုသတည်း၊ တရားအမျိုးမျိုး အထွေထွေ ပြောင်းလဲသည်ကို နာနာသန္တတိဆို၏၊ ထိုသန္တတိသည် ရုပ်သန္တတိ, နာမ်သန္တတိဟူ၍ နှစ် ပါးရှိ၏။
ရုပ်သန္တတိသည်လည်း
(၁) ကမ္မဇရုပ်သန္တတိ၊
(၂) စိတ္တဇရုပ် သန္တတိ၊
(၃) ဥတုဇရုပ်သန္တတိ၊
(၄) အာဟာရဇရုပ်သန္တတိ၊
ဟူ၍ လေးပါး ရှိ၏၊ ထိုလေးပါးတို့တွင်
ကမ္မဇရုပ် သန္တတိသည် ကံအထွေထွေပြောင်းလဲလျှင် ပြောင်းလဲ ၏၊ စိတ္တဇရုပ်, အာဟာရဇရုပ်, ဥတုဇရုပ် သန္တတိတို့မှာလည်း စိတ်အထွေ ထွေ, အာဟာရအထွေထွေ, ဥတုအထွေထွေ ပြောင်းလဲလျှင် အသီးသီး ပြောင်းလဲကြ၏။
ထိုလေးပါးတို့တွင် ကမ္မဇရုပ်သန္တတိသည်ကား ပြောင်းလဲမှု မထင်ရှား၊ စိတ္တဇရုပ်သန္တတိသည်ကား ပြောင်းလဲမှု အလွန်ထင်ရှား၏၊ တစ်ထိုင်တွင်းမှာပင် ကိုယ်အင်္ဂါအထွေထွေ လှုပ်ရှားခြင်းဖြစ်၏၊ သန္တတိ အထွေထွေ ပြောင်းလဲခြင်းပေတည်း၊ အမူအရာကြိယာ အထွေထွေ ဖြစ်၏၊ ရုပ်အသင်း,အသင်း ပြောင်းလဲမှုပေတည်း၊ တစ်သင်း တစ်သင်းမှာ လည်း အသင်း၏ဖြစ်ပေါ်ခြင်း, အသင်း၏ ကြာညောင်းခြင်း, အသင်း၏ သေဆုံးခြင်းဟူ၍ သုံးပါး သုံးပါးစီ ရှိကြ၏၊ ဖြစ်ပေါ်ခြင်းသည် ဇာတိတည်း၊ ကြာညောင်းခြင်းသည် ဇရာတည်း၊ သေဆုံးခြင်းသည် မရဏတည်း။ သွားခြင်း ဣရိယာပုထ်၌ ခြေတစ်လှမ်း တစ်လှမ်းမှာပင် အစ, အလယ်, အဆုံး သုံးပါးရှိ၏၊ ခြေလှမ်း၏ ဖြစ်ပေါ်မှု ခြေလှမ်း၏ ကြာ ညောင်းမှု ခြေလှမ်း၏ သေဆုံးမှုများပေတည်း၊ တစ်လှမ်းဆိုလျှင် တစ်ကိုယ်လုံးပါ၏၊ တစ်ကိုယ်လုံး၏ တစ်မျိုးအသစ် ဖြစ်ပေါ်မှုပင် ဖြစ်၏၊ တစ်ကိုယ်လုံး၏ ကြာညောင်းမှုပင်ဖြစ်၏၊ တစ်ကိုယ်လုံးရှိ ဓာတ်တို့၏ သေဆုံးမှုပင်ဖြစ်၏၊ ခြေလှမ်းတစ်ရာရှိလျှင် တစ်ကိုယ်လုံး သေဆုံးခြင်း တစ်ရာဖြစ်၏၊ ခြေလှမ်း တစ်ထောင်ရှိလျှင် တစ်ကိုယ်လုံး သေဆုံးခြင်း တစ်ထောင်ဖြစ်၏၊ ခြေတစ်လှမ်းမှာလည်း ချီရုပ်တစ်သင်း ချရုပ်တစ်သင်း ဟူ၍ ရုပ်နှစ်သင်းခွဲရန် ရှိသေး၏၊ ချီရုပ် အသင်းဖြစ်ပေါ်မှု, ချီရုပ် အသင်းကြာညောင်းမှု, ချီရုပ်အသင်းသေဆုံးမှု, ဟူ၍လည်း ရှိ၏၊ ချရုပ်အသင်းမှာလည်း ထို့အတ၊ူ ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်းတို့၌ လည်း အသီးအသီး အစ, အလယ်, အဆုံး သုံးပါးစီ ရှိကြ၏၊ ဒုက္ခဝေဒနာ နှင့်တကွသော ရပ်ညောင်း, ထိုင်ညောင်း, အိပ်ညောင်းဟူ၍လည်း ကြာညောင်းမှု အထင်း အရှားရှိကြ၏၊ ညောင်းမှုဟူသမျှသည် သန္တတိ ဇရာချည်းပေတည်း၊ ကွေးခြင်း, ဆန့်ခြင်း စသည်တို့၌လည်း ထို့အတူ အထူးမှတ်ရန်မူကား ညောင်းရုပ်, ညာရုပ်, နာရုပ်, ကျင်ရုပ်, ထုံကျင်, ကိုက်ခဲရုပ်, ယားရုပ်, ယံရုပ် စသည်တို့သည် ဥတုဇရုပ်တို့၏ ဖောက်ပြန်မှု ပေတည်း။
ထွက်သက် ရှူမှုမှာလည်း ထွက်သက်စလာပြီ၊ ထွက်သက် ရှည်လာပြီ၊ ထွက်သက်ဆုံးပြီဟု ထင်ရှား၏၊ ရှည်မှု, ကြာမှုဆိုလျှင် ညောင်းမှုဟူသော သန္တတိဇရာ အပြီးပါ၏၊ ရှည်ညောင်းသည် ကြာ ညောင်းသည် ဟူ၍လည်း ခေါ်ကြ၏၊ ထိုညောင်းမှု ဖြစ်ရခြင်းသည်ကား ပူလောင်သော ရုပ်တို့၏ ဖြစ်ပွားလာခြင်းကြောင့်ဖြစ်ရ၏၊ ထိုရုပ်တို့၏ ဖြစ်ပွားလာသည့်အတွက် မခံသာသော ဒုက္ခဝေဒနာတွေသည်လည်းဖြစ် ပွားလာ၏၊ ထိုဒုက္ခဝေဒနာကို အမှတ်ပြု၍ ညောင်းမှုဖြစ်၏ဟု သိကြ၏၊ ထိုညောင်းမှုမှာ ဒုက္ခဝေဒနာ အချက်ကိုသာ သိကြ၏၊ သန္တတိဇရာ အချက်ကို မသိကြ၊ ညောင်းမှုဟူသည်ကား အစ၌သန်သန်စွမ်းစွမ်း ရွှင်ရွှင် လန်းလန်း ဖြစ်ပွား၍လာကြကုန်သော ထိုထိုရုပ်အသင်းတို့၏ လျောကျမှု ဆုတ်ယုတ်မှုဟူသော သန္တတိဇရာ၏ အမည်ရင်းပေတည်း၊ ထိုထိုရုပ် အသင်းတို့၏ ရင့်ရော် အိုမင်း ဟောင်းနွမ်း ဆွေးမြေ့ခြင်းဟူသော သန္တတိ ဇရာ၏ အမည်ရင်း ပေတည်း၊ ထိုထိုရုပ်အသင်းတို့၏ အဆုံးအဆုံး ဟူသမျှသည် သန္တတိမရဏ ပေတည်း၊ ထိုထိုရုပ်အသင်းတို့၏ သေဆုံး ခြင်းပေတည်း၊ ဝင်သက်မှာလည်း ထို့အတူပေတည်း။
ရယ်ရုပ်အသင်း, ပြုံးရုပ်အသင်း, ရွှင်ရုပ်အသင်း, ပျော်ရုပ်အသင်း, ပူရုပ်အသင်း, ဆွေးရုပ်အသင်း, ငိုရုပ်အသင်း, မဲ့ရုပ်အသင်း စသည်တို့၌ လည်းကောင်း, လောဘရုပ်အသင်း, ဒေါသရုပ်အသင်း, သဒ္ဓါရုပ်အသင်း စသည်တို့၌လည်းကောင်း, ရယ်ရုပ်၏ သေခြင်း, ပြုံးရုပ်၏ သေခြင်း စသည်ဖြင့် အသီးအသီး ရှိကြ၏၊ ဝစီကံမှုတို့မှာလည်း စကားတစ်လုံး တစ်လုံးတို့၏ အဆုံးသည် ထင်ရှား၏၊ စကားရုပ်အသင်းအသင်းတို့၏ သေဆုံးမှုပေတည်း။
ထိုဥတုဇရုပ်တို့၌ ပူအိုက်လှသည့်အခါ ယပ်လေခပ်ရာ၌ ယပ် ခပ်ချက် တစ်ခုတစ်ခုလျှင် ကိုယ်အင်္ဂါ၌ ရုပ်အသင်းအသင်း ဖြစ်ပေါ် ၏၊ သေဆုံး၏။
ရေချိုးရာ၌ ရေတစ်ခါတစ်ခါ သွန်းလောင်းလျှင် ကိုယ်ခန္ဓာမှာ အေးရုပ် အသင်းအသင်း ဖြစ်ပေါ်၍ သေဆုံး၏၊ ညောင်းမှု, ညာမှု, နာမှု စသည်တို့သည်လည်း ဥတုဇရုပ်အသင်းတို့၏ ဖောက်ပြန်မှုသည် သာများ၏၊ အာဟာရဇရုပ်တို့၌လည်း ပူသောအာဟာရကို မျိုမှု, အေး သော အာဟာရကို မျိုမှုတို့ကြောင့် ကိုယ်ခန္ဓာ၌ အထူးထူးအထွေထွေ ဖြစ်ပေါ်မှုများသည် အာဟာရထဲမှာ ပါရှိသော ဥတု၏ အစွမ်းလည်းရှိ၏၊ မသင့်သောအစာကို စားမှု ဆေးဝါးဓာတ်စာကို စားမှုကြောင့် ရောဂါဖြစ် ပွားမှု တိုးပွားမှု ပျောက်ငြိမ်းမှုတို့၌လည်း ထို့အတူ ဥတု၏အစွမ်းပေတည်း။ ရှေ့၌ပြဆိုခဲ့ပြီးသော စိတ္တဇရုပ်အတွင်းမှာလည်း ဥတု၏အစွမ်း များစွားပါရှိသည်သာတည်း၊ အာဟာရ ဓာတ်ဆီအတွက်နှင့် အနာရောဂါ ဖြစ်ပွားမှု အနာရောဂါ ပျောက်ငြိမ်းမှုဆိုသည်မှာ ကိုယ်၌ရှိသော ဥတု ဓာတ်ဆီတို့ကို ပွားစီးစေမှုအတွက်ပေတည်း၊ သက်သက်သော အာဟာရ ဓာတ်ဆီ အစွမ်းမှာမူကား အဆီအသား တောင့်တင်းမှုပေတည်း၊ အဆီ အသားတောင့်တင်းမှု ဆိုသည်ကား မျိုလိုက်သော အာဟာရသည် ဝမ်းတွင်းသို့ ရောက်ခဲ့လျှင် ရောက်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးကို ထောက်ပံ့နိုင်၏၊ တစ်ကိုယ်လုံးမှာရှိကြသော အဆီအသားတို့သည် အားအင် တိုးတက်ကြကုန်၏၊ တောင့်တင်းကြကုန်၏၊ ဤအချက်သည် သတ္တဝါအပေါင်းတို့မှာ အရေးအကြီးဆုံးသော အချက်ဖြစ်၏၊ ဤ အာဟာရ၏ အရေးကို လောက၌ အသက်မွေးမှုခေါ်ကြ၏၊ အသက်မွေး မှုသည် လောက၌ အဘယ်မျှလောက် အရေးကြီးကြပါသနည်းဟု မြော်မြင်မိကြပါလျှင် ဤအာဟာရ ထောက်ပံ့မှု ကြီးကျယ်ပုံသည် ထင်ရှား လတ္တံ့၊ အသွေးအသားကို ပွားစေမှုထက်ပင် ဤထောက်ပံ့မှုသည် သာ၍အရေးကြီး၏၊ ဝမ်းတွင်း၌ ထောက်ပံ့သော အာဟာရ လျော့ပါးခဲ့ လျှင် တစ်ကိုယ်လုံးမှာရှိကြသော အသွေး အသားတို့သည် လျော့ပါးကြ ရကုန်၏၊ အလွန်သိမ်မွေ့ကြသော စက္ခုသောတ အစရှိသော ကမ္မဇရုပ် တို့၏ အသက်သည်ကား ဇီဝိတရုပ်ပေတည်း၊ ဇီဝိတရုပ်၏ ကိုးကွယ်ရာ ကား အာဟာရထောက်ပံ့မှုပေတည်း၊ အာဟာရ ထောက်ပံ့မှု လျော့ပါး၍ သွားခဲ့လျှင် ဇီဝိတရုပ်နှင့်တကွ တစ်ကိုယ်လုံးသည် စင်လုံး ယိုင်ရလေ တော့သည်။
ခြောက်ရက် ခုနစ်ရက်တိုင်တိုင် အစာအာဟာရ အသစ် မထောက်ပံ့ဘဲ ပစ်ထားခဲ့လျှင် ဇီဝိတရုပ်နှင့်တကွ ကမ္မဇရုပ်စု အကုန်ချုပ် ဆုံးကြရကုန်၏၊ ဤကမ္မဇရုပ် ချုပ်ဆုံးသည်ကိုပင် သတ္တဝါသေပြီဟု ဆိုကြရကုန်၏၊ ဤအာဟာရ ဓာတ်ဆီအတွက်နှင့် ဖြစ်ကြရကုန်သော အာဟာရဇရူပသန္တတိ အထွေအထူး, ထိုသန္တတိ အထွေအထူး တို့၏ ဖြစ်ပေါ်မှု၊ လျော့ပါးမှု၊ သေဆုံးမှုဟုဆိုအပ်သော သန္တတိဇာတိ, သန္တတိ ဇရာ, သန္တတိမရဏမှုများသည် ထုတ်ဖော်ပြောဆိုဘွယ် မလိုလှ၊ ကိုယ် တွေ့ဒိဋ္ဌ ဖြစ်ကြလေပြီ၊ ဤကား ရုပ်တရားတို့၏ သန္တတိဇရာ, သန္တတိ မရဏတို့ကို ပြဆိုခြင်းပေတည်း။
နာမ်တရားတို့၏ သန္တတိသည် အလွန်များပြား၏၊ မိမိတို့စိတ်ကို မိမိတို့သိကြ၏၊ မောဟသန္တတိ အမျိုးမျိုး ရှိကြ၏၊ လောဘသန္တတိ အမျိုးမျိုး ရှိကြ၏၊ ဒေါသသန္တတိ အမျိုးမျိုးရှိကြ၏၊ သဒ္ဓါသန္တတိ အမျိုးမျိုးရှိကြ၏၊ မေတ္တာသန္တတိ အမျိုးမျိုးရှိကြ၏၊ တစ်ထိုင်တွင်းမှာပင် မိမိစိတ်အကြံအစည်သည် အထွေထွေအပြားပြား အလွန်များသည်ကို လူတိုင်းလိုပင်သိကြ၏၊ စိတ်အကြံအစည် တစ်သင်းတစ်သင်းမှာလည်း အကြံဖြစ်ပေါ်မှု, အကြံလျော့ပါးမှု, အကြံသေဆုံးမှု အသီးအသီးရှိကြ၏၊ ငါ့မှာလောဘဖြစ်ပွား၍နေသည်ဟု သိကြ၏၊ ငါ့မှာ လောဘ ပျောက်ငြိမ်း သွားပြီဟု သိကြ၏၊ ထိုလောဘသေဆုံးသွားပြီ ဟုမခေါ်ကြ၊ ငါ့မှာ ဒေါသဖြစ်ပွား၍ နေသည်ဟုသိကြ၏၊ ငါ့မှာ ထိုဒေါသ ပျောက်ငြိမ်းသွား ပြီဟုသိကြ၏၊ ထိုဒေါသ သေဆုံးသွားလေပြီဟူ၍ကား မခေါ်ကြ၊ မခေါ်ကြသော်လည်း လောဘ, ဒေါသပျောက်ငြိမ်းမှုဆိုသည်ကား လောဘ၏ သေဆုံးမှု ဒေါသ၏ သေဆုံးမှုပင်တည်း။ သန္တတိမရဏပင် တည်း။
သန္တတိမရဏ ဖြစ်သောကြောင့် လောဘဖြစ်ခွင့်ဆိုက်ပြန်လျှင် ခဏချင်းပင် ဖြစ်ပေါ်နိုင်ပြန်၏၊ ဒေါသဖြစ်ခွင့် ဆိုက်ပြန်လျှင် ခဏချင်းပင် ဖြစ်ပေါ်နိုင်ပြန်၏၊ ဤကား နာမ်တရားတို့၏ သန္တတိဇရာ, သန္တတိမရဏ တို့ကို ပြဆိုခြင်းပေတည်း။
ဉာတပရိညာသည် တီရဏပရိညာ၏ အကျိုးငှါဖြစ်၏၊ တီရဏ ပရိညာသည် ပဟာနပရိညာ၏အကျိုးငှာ ဖြစ်၏၊ ပဟာနပရိညာ သည်သာ လိုရင်းပဓာနဖြစ်၏။
ပဟာနပရိညာ ပြီး၏။
ပရိညာသုံးပါး အကျဉ်း ပြီး၏။
——————*—————
တီရဏပရိညာအကျယ်
လက္ခဏာ ၃-ပါး
(၁) အနိစ္စလက္ခဏာတစ်ပါး၊
(၂) ဒုက္ခလက္ခဏာတစ်ပါး၊
(၃) အနတ္တလက္ခဏာတစ်ပါး၊
ဤကား လက္ခဏာသုံးပါးတည်း။
၁။ အနိစ္စလက္ခဏာ
အနိစ္စလက္ခဏာ ဆိုသည်ကား ဝိပရိဏာမ အချက်, အညထာဘာဝ အချက်တည်း။
-ဝိပရိဏာမ ဆိုသည်ကား ပကတိအနေအတိုင်း မဟုတ် ဘဲ ဖောက်လဲဖောက်ပြန် ဖြစ်ခြင်းတည်း။
-အညထာဘာဝ ဆိုသည်ကား ရှေ့နောက်မတူ အမူ အရာ ပြောင်းလဲခြင်းတည်း။
ဤဝိပရိဏာမ, အညထာဘာဝ အချက်ကို မြင်လျှင် ဤအချက် ရှိနေကြသော ရုပ်တရား, နာမ်တရားများကို အနိစ္စမျိုး အမှန် ဖြစ်သည်ဟု သိနိုင် မှတ်နိုင် ဆုံးဖြတ်နိုင်ကြ၏၊ ထို့ကြောင့် ထိုအချက်ကို အနိစ္စ လက္ခဏာ ဆိုရ၏၊ ညဉ့်အခါ ညှိထွန်း၍ထားသော မီးတောက်ကို ကြည့်ရှု၍နေရာ ထိုမီးတောက်မှာ-အာစယရုပ်, ဥပစယရုပ်, သန္တတိရုပ်, ဇရတာရုပ်, အနိစ္စတာရုပ်ဟူ၍ လက္ခဏရုပ်ငါးပါးကို သိမြင်ရ၏၊ မီး တောက်၌ အသစ်အသစ် ဖြစ်ပေါ် ပေါက်ပွားမှုသည် ထင်မြင်ရ၏၊ ထိုအမှုသည် အာစယရုပ်ပေတည်း၊ မီးရုပ် မဟုတ်၊ ဖြစ်ပေါ်ပြီးလျှင် တိုးပွားမှုသည် ထင်မြင်ရ၏၊ ထိုအမှုသည် ဥပစယရုပ်ပေတည်း၊ မီးရုပ် မဟုတ်, မတိုးမယုတ် အစဉ်တည်နေမှုသည်လည်း ထင်မြင်ရ၏၊ ထိုအမှု သည်လည်း သန္တတိရုပ်ပေတည်း၊ မီးရုပ်မဟုတ်၊ မီးတောက်၏ ဆုတ် ယုတ်မှုသည်လည်း ထင်မြင်ရ၏၊ ထိုအမှုသည် ဇရတာရုပ်ပေတည်း၊ မီးရုပ်မဟုတ်၊ ချုပ်ကွယ်မှုသည်လည်းထင်မြင်ရ၏၊ ထိုအမှုသည် အနိစ္စတာ ရုပ်ပေတည်း၊ မီးရုပ်မဟုတ်၊ ပူမှုသည်သာလျှင် မီးရုပ်အမှန်ဖြစ်၏၊ ထိုလက္ခဏရုပ် ငါးချက်အတွက်ကြောင့် တစ်လှုပ်လှုပ်နေ၏၊ တည်ရာဌာန ရွေ့ရှားမှုကြောင့် လှုပ်သည်လည်း ရှိ၏၊ ဝါယော အလှုပ်ပေတည်း။ ထိုလက္ခဏာငါးချက်သည် မီး၏ အညထာဘာဝဟု ဆိုအပ်သော အနိစ္စလက္ခဏာပေတည်း၊ ထိုလက္ခဏာ ငါးချက်ကိုမြင်၍ မီးသည် အနိစ္စ မျိုးဟု သိနိုင်၏၊ လှုပ်လှုပ်ရွရွ ထင်မြင်သမျှမှာ ဤနည်းချည်းမှတ်။ ပကတိမျက်စိဖြင့် မမြင်ကောင်း, ဒိဗ္ဗစက္ခုမှန်ပြောင်းဖြင့် ကြည့်ရှု မှသာ မြင်ရသော ပရမာဏုမြူမျှသော ရုပ်သဏ္ဌာန်များမှာလည်း လှုပ် လှုပ်ရွရွ ထင်မြင်ရ၏၊ လှုပ်လှုပ်ရွရွ ထင်မြင်ရသည့်အတွက် ပိုးသတ္တဝါ မျိုးဟူ၍ပင် မှတ်ထင်ကြကုန်၏၊ ပိုးသတ္တဝါမျိုးမဟုတ်ပေ၊ ဥတု ဟူသော မီးဓာတ်၏အစွမ်းဖြင့် ဥတုဇရုပ်တရားပေါက်ပွားမှုပေတည်း၊ အာစယရုပ် ကို ပေါက်ပွားမှုဆိုသည် အချို့ဝတ္ထုတို့မှာ ပိုးသတ္တဝါများလည်း ပါရှိပေရာ ၏၊ စီး၍နေသောမြစ်ရေ, ချောင်းရေတို့၌လည်းကောင်း, ဆူပွက်၍ နေသော ရေတို့၌လည်းကောင်း လှုပ်လှုပ်ရွရွ ထင်မြင်ရ၏၊ ဥတုဇရုပ် တရား ပေါက်ပွားမှုပေတည်း၊ ပကတိမျက်စိအမြင်တွင် တည်ငြိမ်၍ နေသော ရေတို့၌လည်း မှန်ပြောင်း အမြင်မှာ ပေါက်ပွား၍ လှုပ်ရှား လျက်ပင် ထင်မြင်ရ၏၊ ဥတုဇရုပ်တရား ပေါက်ပွားမှုပေတည်း။ ပေါက်ပွားမှု ဆိုသည်ကား အသစ်အသစ် အဆင့်အဆင့် ဖြစ်ပေါ်ခြင်းဟူသော အာစယရုပ်၏ အခြင်းအရာ ပေတည်း၊ ထိုအသစ် အသစ် အဆင့်အဆင့် ဖြစ်ပေါ်မှုကို ထင်မြင်ရသဖြင့် အဟောင်း အဟောင်း၏ အဆင့်ဆင့် ပျောက်ကွယ်မှုဟူသော အနိစ္စတာရုပ်သည် လည်း ထင်ရှားလှလေ၏။
ရုပ်သစ်ဖြစ်ပေါ်မှုနှင့် ရုပ်ဟောင်း ပျောက်ကွယ်မှုသည် အနည်း အများ တူမျှကြသည်လည်းရှိ၏၊ သန္တတိရုပ်၏ အချက်ပေတည်း၊ ရုပ်သစ် ဖြစ်ပေါ်မှုက အဆင့်ဆင့် တိုးတက်ပွားများ၍ လာသည်လည်း ရှိ၏၊ ဥပစယရုပ်၏ အချက်ပေတည်း၊ ရုပ်သစ် ဖြစ်ပေါ်မှုက အဆင့်ဆင့် ဆုတ် ယုတ်လျော့ပါး၍ လာသည်လည်းရှိ၏၊ ဇရတာရုပ်၏ အချက်ပေတည်း။ သစ်မြစ် သစ်ပင် သစ်ကိုင်း သစ်ခက် သစ်ရွက် သစ်ညွန့် သစ်ပွင့် သစ်သီးတို့၌ အသီးအသီး လက္ခဏာအချက် ငါးပါး ငါးပါးစီ ရှိကြသည်ကို လက္ခဏရုပ်ခဏ်းတွင် ပြဆိုခဲ့ပြီ၊ ထိုလက္ခဏာအချက် ငါးပါး ငါးပါးစီ ရှိကြသည့် အတွက်ကြောင့် သစ်မြစ် သစ်ပင် စသည်တို့ကို ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုခဲ့သော် အလွန်သေးငယ်လှသော ပိုးသတ္တဝါ တွေအပြည့် လှုပ် လှုပ်ရွရွ ရှိနေကြသကဲ့သို့ ထင်မြင်ကြရကုန်၏၊ ဥတုဇရုပ်တို့၏ ပေါက် ပွားမှုတို့ပေတည်း။
ပုဂ္ဂိုလ်သတ္တဝါတို့၏ ရုပ်ခန္ဓာတို့မှာလည်း ဆံပင်တို့၌ လက္ခဏာ အချက်ငါးခု, မွေးညှင်းတို့၌, ခြေသည်း လက်သည်းတို့၌, သွားရိုးတို့၌, အရေထူ အရေပါးတို့၌, အသားလွှာ အသားခဲ အသားတုံးတို့၌, အကြော ကြီး အကြောငယ်တို့၌, အရိုးကြီး အရိုးငယ်တို့၌, ခြင်ဆီခဲတို့၌, အညှို့ခဲ တို့၌, နှလုံးခဲ, အသည်းခဲ, အမြှေးလွှာ, အဆုတ်ခဲ, အူမကြိီး, အူသိမ်ငယ်, အစာသစ်, အစာဟောင်း, ဦးနှောက်ခဲတို့၌, အသီးအသီး လက္ခဏာ အချက် ငါးခုငါးခဲစီ ရှိကြ၏၊ ထိုလက္ခဏာအချက်ငါးခု ငါးခုစီရှိကြသည့် အတွက်ကြောင့် ဆံပင် မွေးညင်း စသည်တို့ကို ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုခဲ့သော် အလွန်သေးငယ်လှသော ပိုးသတ္တဝါတွေအပြည့် လှုပ်လှုပ်ရွရွ ရှိနေကြ သကဲ့သို့ ထင်မြင်ကြကုန်ရာ၏၊ ဤသို့ ထင်မြင်ကြရသည်ကား ကမ္မဇရုပ်, စိတ္တဇရုပ်, အာဟာရဇရုပ်တို့နှင့်တကွ ဥတုဇရုပ်တို့၏ ပေါက်ပွါးမှုတို့ပေ တည်း။ ပိုးသတ္တဝါတို့လည်း ပါရှိကြပေရာ၏၊ ဤသို့လျှင် လက္ခဏာ အချက်ငါးခုတို့ကို ဉာဏ်ပညာစက္ခုဖြင့် ကြည့်ရှုတတ်ကြပါကုန်မူကား တစ်ကိုယ်လုံး တစ်ကောင်လုံး၌ရှိသော ရုပ်တရားတို့၏ အနိစ္စလက္ခဏာ သည် ထင်ရှားကြလေရာ၏၊ ဤကား ရုပ်တရားစု၏ အနိစ္စလက္ခဏာ ကိုပြဆိုခြင်းတည်း။
စိတ်စေတသိက်ဟူသော နာမ်တရားတို့၌လည်း ဝိပရိဏာမ, အညထာဘာဝဟူသော အနိစ္စလက္ခဏာသည် ထင်ရှားရှိသည်သာ ဖြစ်၏၊ လောက၌ ရုပ်ဓာတ်, နာမ်ဓာတ်တို့၏ ဖြစ်ပုံပျက်ပုံ အထူးအပြားတွေကို အစွဲပြု၍ ဖြစ်နေကြသော ဝေါဟာရစကား အထူးအပြားတွေကို သိတတ်ကြရာ၏၊ မျက်စိမြင်မှု၌ မြင်, မမြင်ဟူ၍ စကားနှစ်ခွန်းရှိ၏၊ ထိုတွင် မြင်ဆိုသည်ကား စက္ခုဝိညာဏဓာတ်၏ အမည်ပေတည်း၊ စက္ခု ဝတ္ထုရုပ်, ရူပါရုံ, အာလောက, မနသိကာရ ဟူသောအကြောင်း တရား လေးပါး ပေါင်းဆုံမိ၍ စက္ခုဝိညာဏဓာတ်ဖြစ်ပေါ်မှုကို မြင်သည်ဟု ခေါ်ကြ၏၊ မမြင်ဆိုသည်ကား စက္ခုဝိညာဏဓာတ် ချုပ်ကင်း၍ နေသည် ကို ဆို၏၊ ညဉ့်မှောင်တွင်း၌ အာလောက အကြောင်း မရှိသည့်အခါ မျက်စိ၌ စက္ခုဝိညာဏဓာတ်မရှိ၊ ချုပ်ကင်း၍နေ၏၊ မီးအလင်းရှိပြန်လျှင် စက္ခုဝိညာဏဓာတ် ရှိပြန်၏၊ ပေါ်ပြန်၏၊ မြင်ပြန်၏၊ မီးအလင်းကွယ် ပြန်လျှင် စက္ခုဝိညာဏဓာတ် ချုပ်ကွယ်ပြန်၏၊ ဤ၌ မီးတောက်မှာ အချက်ငါးပါးရှိသည့်အတိုင်း မီးအလင်းဖြစ်ပေါ်လျှင် အမြင်ဖြစ်ပေါ်၏၊ မီးအလင်းပွားလျှင် အမြင်ပွား၏၊ မီးအလင်း တည်နေလျှင် အမြင် တည်နေ၏၊ မီးအလင်းဆုတ်ယုတ်လျှင် အမြင်ဆုတ်ယုတ်၏၊ မီးအလင်း ချုပ်ကွယ်လျှင် အမြင်ချုပ်ကွယ်၏၊ နေ့အခါ၌လည်း မြင်, မမြင်ဟူ၍ စကားနှစ်ခွန်း ရှိ၏၊ အကွယ်အကာမရှိလျှင် မြင်၏၊ အကွယ်အကာရှိလျှင် မမြင်၊ မျက်တောင်ခတ်မှု၌ မျက်ခွံဖွင့်ခိုက် မြင်၏၊ မျက်ခွံဖုံးခိုက်မမြင်၊ ဤကား အာလောကဟူသော အကြောင်းအတွက် စက္ခုဝိညာဏ်၏ ဝိပရိဏာမ, အညာထာဘာဝ ဖြစ်ပုံတည်း။
ပဋိသန္ဓေမှ နောက်၌ ဘယ်အခါမှာမဆို စက္ခုဝတ္ထုရုပ် ပျက်ဆုံးခဲ့ လျှင် စက္ခုဝိညာဏ်လည်း ကွယ်ဆုံးလေတော့သည်၊ အကြင်အဆင်းကို မြင်၏၊ ထိုအဆင်း ကွယ်ဆုံးလျှင် ထိုအမြင် ကွယ်ဆုံးလေတော့သည်၊ အိပ်ပျော်၍ နေစဉ်အခါ မနသိကာရ ကွယ်ပျောက်၍နေသည့်အတွက် စက္ခုဝိညာဏ်လည်း ကွယ်ပျောက်၍နေလေတော့သည်၊ မြင်ဆိုလျှင် စက္ခုဒွါရ ဝီထိစိတ်အားလုံး၌ ဖြစ်ပေါ်သည်ကိုယူ၊ မမြင်ဆိုလျှင် ထိုဝီထိ စိတ်အားလုံး၌ ချုပ်ကွယ်သည်ကိုယူ၊ နားကြားမှု၌လည်း ကြား, မကြား စကားနှစ်ခွန်းရှိ၏၊ နှာခေါင်းနံမှု၌လည်း နံ, မနံ စကားနှစ်ခွန်းရှိ၏၊ လျှာသိမှု၌လည်း အရသာ ခံစားမှု ရှိ, မရှိ စကားနှစ်ခွန်းရှိ၏၊ ခြေဖဝါး အပြင်မှစ၍ အတွင်းအပြင် တစ်ကိုယ်လုံးမှာ ထိုထိုနေရာတွင် ကိုယ် အတွေ့အထိ သိမှုတို့၌လည်း ထိမှန်း သိမှု, မသိမှု, နာသည်, အနာပျောက် သည်, ကျင်သည်, အကျင်ပျောက်သည်, ပူသည်, အပူပျောက်သည် အစရှိသည်ဖြင့် စကားနှစ်ခွန်းစီ ရှိကြ၏။
စက္ခုဝိညာဏ်နည်းအတိုင်း အကြောင်းတရား လေးပါးစီ ထုတ်ဖော်၍ ဝိပရိဏာမ, အညာထာဘာဝ ဖြစ်ပုံကို ဝေဖန်လေ။ မနောဝိညာဏ်၌မူကား အကြံမျိုးတွေ အလွန်တရာ များပြား သည်ဖြစ်၍ တစ်ခုတစ်ခုသော ကြံမှု၏ ဖြစ်ပေါ်မှု, ပျောက်ပျက်မှုဟူသော ဝိပရိဏာမ, အညာထာဘာဝဖြစ်ပုံသည် အလွန်များပြား ထင်ရှား၏၊ စေတသိက်တို့တွင်လည်း ဝေဒနာစေတသိက်၌ သုခဝေဒနာ, ဒုက္ခဝေဒနာ, သောမနဿဝေဒနာ, ဒေါမနဿ ဝေဒနာ, ဥပေက္ခာ ဝေဒနာတို့၏ ပြောင်းလဲမှုများသည် ထင်ရှား၏။
ကောင်းသောသညာ, မကောင်းသောသညာ, ကောင်းသော စေတနာ, မကောင်းသော စေတနာတို့၏ ပြောင်းလဲမှု, ကောင်းသော ဝိတက်, မကောင်းသောဝိတက်, ကောင်းသောဝိစာရ, မကောင်းသော ဝိစာရတို့၏ ပြောင်းလဲမှုတို့သည်လည်း ထင်ရှားကုန်၏။
တစ်ထိုင်တွင်းမှာပင် လောဘဖြစ်ထည့်ချည်, အလောဘ ဖြစ် ထည့်ချည်, ဒေါသဖြစ်ထည့်ချည်, အဒေါသ ဖြစ်ထည့်ချည်, ထွေထွေ လာလာပြောင်းလဲမှု အလွန်ထင်ရှား၏၊ ဤကား နာမ်တရားတို့၏ အနိစ္စ လက္ခဏာကို ပြဆိုခြင်းတည်း။
အနိစ္စလက္ခဏာပြီး၏။
————*————
၂။ ဒုက္ခလက္ခဏာ
ဒုက္ခလက္ခဏာ ဆိုသည်ကား ပြဆိုခဲ့ပြီးသော အနိစ္စ လက္ခဏာများသည်လည်း သံသရာ၌ ပညာရှိတို့ ကြောက်လန့်ဖို့ ကောင်း လှသောကြောင့် အကျဉ်းအားဖြင့် ဒုက္ခလက္ခဏာမည်ပါ၏၊ ဝိပရိဏာမ အချက်, အညထာဘာဝ အချက်များပေတည်း၊ ထိုအချက်များသည် အဘယ့်ကြောင့် ပညာရှိတို့ကြောက်လန့်ဖို့ ကောင်းသနည်းဟူမူကား လောက၌ ဇရာဘေး၊ မရဏဘေးများသည် အကြီးဆုံးသော ဘေး များဖြစ်ကြ၏၊ ဝိပရိဏာမ ဆိုသည်လည်း ခဏိကဇရာဘေး ခဏိက မရဏဘေးများ ဖြစ်ကြ၏၊ သေပေါက် သေလမ်း ပွင့်မှုချည်းပင် ဖြစ်ကြ၏၊ ဝိနိပါတလမ်း ပွင့်မှုချည်းပင်ဖြစ်ကြ၏၊ ပြုစုမှုတို့နှင့် အစဉ်မပျက် အလျင်ဆက်နိုင်လှ၍သာလျှင် ဘဝမပြောင်းရဘဲ ရှိနေကြ၏၊ ထို့အတူ လောက၌ မိမိတို့ ကိုယ်သန္တာန်မှာ ထိုထိုအကျိုးမဲ့များ ဖြစ်ပေါ်ပေါက်ပွါး တည်နေမည်များကိုလည်း ကြောက်ကြရ၏၊ အညထာဘာဝ၌ အာစယ ဥပစယ သန္တတိများသည် ကိုယ်သန္တာန်မှာ ထိုထိုအကျိုးမဲ့များကိုလည်း ဖွင့်လှစ်တည်ထောင်တတ်ကြ၏။
ရုပ်သန္တာန်မှာ ရောဂါအမျိုးမျိုး,အနာအမျိုးမျိုး, အကျိုးမဲ့များကို လည်း ဖွင့်လှစ်တည်ထောင်တတ်ကြ၏၊ စိတ်သန္တာန်မှာ ကိလေသာ အမျိုးမျိုး, ဝိပလ္လာသအမျိုးမျိုး အကျိုးမဲ့များကိုလည်း ဖွင့်လှစ်တည် ထောင်တတ်ကြ၏၊ ရုပ်ဟူသမျှသည်လည်း ထိုအနိစ္စလက္ခဏာ နှစ်ပါး ရှိကြ၏၊ ကာမနာမ်, ရူပနာမ်, အရူပနာမ်ဟူသမျှသည်လည်း အနိစ္စ လက္ခဏာ နှစ်ပါးရှိကြ၏၊ ထို့ကြောင့် လူ့ဘဝ, လူ့ခန္ဓာ, နတ်ဘဝ, နတ်ခန္ဓာ, ဗြဟ္မာ့ဘဝ ဗြဟ္မာ့ခန္ဓာများသည် ဒုက္ခမျိုးသာ အမှန်ဖြစ်ကြ၏၊ ထို အနိစ္စ လက္ခဏာ နှစ်ပါးနှင့် အမြဲယှဉ်ခြင်းကြောင့် အလဲအလှယ်အားဖြင့် ဒုက္ခ လက္ခဏာ သုံးပါးရှိ၏။
(၁) ဒုက္ခဒုက္ခတာ တစ်ပါး၊
(၂) သင်္ခါရဒုက္ခတာတစ်ပါး၊
(၃) ဝိပရိဏာမဒုက္ခတာတစ်ပါး။
၁။ ဒုက္ခဒုက္ခတာ
ဒုက္ခဒုက္ခတာ ဆိုသည်ကား ကိုယ်သန္တာန်၌ ဖြစ်ပေါ် တတ် သော ကာယိကဒုက္ခဝေဒနာမျိုး, စိတ်သန္တာန်၌ ဖြစ်ပေါ်တတ်သော စေတသိကဒုက္ခ ဝေဒနာမျိုးတို့ကို ဆိုသတည်း။
၂။ သင်္ခါရဒုက္ခတာ
သင်္ခါရဒုက္ခတာ ဆိုသည်ကား ဘဝတိုင်းဘဝတိုင်း အမြဲ မပြတ် ကြောင့်ကြစိုက်ထုတ်၍ ပြုစုနိုင်မှ တည်နေနိုင်ကြသော ရုပ်တရား, နာမ်တရားမျိုးတို့၏ သင်္ခါရသဘောကို ဆိုသတည်း။
ဗြဟ္မာ့ဘဝ ဗြဟ္မာ့ခန္ဓာများသည် သင်္ခါရဒုက္ခကြီးလှ၏၊ ကာမ တရားတို့ကို စွန့်ပြီးလျှင် တောထွက်၍ အသက်ခန္ဓာကိုပင် မညှာမတာဘဲ ခြိုးခြံစွာ ကျင့်ဆောင်နိုင်ပါမှ တစ်ရာတွင် တစ်ယောက်မျှ အလွန်ခဲ နိုင်ခဲလှ၏၊ အလွန်ကောင်းမှန်းသိကြလျက်နှင့်ပင် မကျင့်နိုင်ကြ၊ ဒုက္ခ ကြီးစွာ ထင်ကြရ၏၊ ဝိပရိဏာမဒုက္ခဘေးလည်း အလွန်ကြီးလှ၏၊ ဇျာန်, အဘိညာဏ်တို့မည်သည် ရရှိပြီးနောက် စောက်ရှောက်မှုဒုက္ခ ကြီးလှ၏၊ အနည်းငယ်မျှသော အကြောင်းနှင့်ပင် ခဏချင်းပျက်စီးတတ်ကြကုန်၏၊ ၃။ ဝိပရိဏာမဒုက္ခတာ
ဝိပရိဏာမဒုက္ခတာ ဆိုသည်ကား ပဋိသန္ဓေနေပြီးသည်မှ နောက်ကာလ၌ ဘယ်အခါမှာမဆို, ဘယ်နေ့ရက်မှာမဆို, ဘယ်နာရီမှာ မဆို, ပျက်ခွင့်ဆိုက်လျှင် ပျက်တတ်ခြင်း, သေခွင့်ဆိုက်လျှင် သေတတ်ခြင်း ကို ဆိုသတည်း၊ လူ့ဘဝ လူ့ခန္ဓာ, နတ်ဘဝ နတ်ခန္ဓာ, ဗြဟ္မာ့ဘဝ ဗြဟ္မာ့ ခန္ဓာများသည် ထိုဒုက္ခလက္ခဏာသုံးပါးနှင့် ထိုက်သည့်အားလျော်စွာ ယှဉ်ခြင်းကြောင့် ဒုက္ခမျိုးသာအမှန်ဖြစ်၏၊ အကျယ်အားဖြင့်မူကား ဇာတိဒုက္ခတစ်ပါး, ဇရာဒုက္ခတစ်ပါး, မရဏဒုက္ခတစ်ပါး, သောက ဒုက္ခတစ်ပါး, ပရိဒေဝဒုက္ခတစ်ပါး, ကာယိကဒုက္ခတစ်ပါး, စေတသိက ဒုက္ခတစ်ပါး, ဥပါယာသဒုက္ခတစ်ပါး, အပိယသမ္ပယောဂဒုက္ခတစ်ပါး, ပိယဝိပ္ပယောဂဒုက္ခတစ်ပါး, ဣစ္ဆာဝိဃာတ ဒုက္ခတစ်ပါး ဟူ၍ ဒုက္ခ လက္ခဏာ (၁၁)ပါးရှိ၏။
ထို ၁၁-ပါးတို့တွင် ဇာတိဆိုသည်ကား ဖြစ်ပေါ်မှု, ပွားများမှု ပေတည်း။ ထိုဇာတိသည်
(၁) ကိလေသာဇာတိ
(၂) ကမ္မဇာတိ
(၃) ဝိပါက ဇာတိ
ဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင်
၁။ ကိလေသာဇာတိ
ကိလေသာဇာတိ ဆိုသည်ကား လောဘ, ဒေါသ, မောဟ, ဒိဋ္ဌိ, မာနအစရှိကုန်သော ကိလေသာ တရား တို့၏ ဖြစ်ပေါ်မှု, ပွားများမှုသည် ကိလေသာဇာတိ မည်၏။
၂။ ကမ္မဇာတိ
ကမ္မဇာတိ ဆိုသည်ကား ဒုစ္စရိုက်ကံတရား၏ ဖြစ်ပေါ်မှု, ပွားများမှုသည် ကမ္မဇာတိမည်၏။
၃။ ဝိပါကဇာတိ
ဝိပါကဇာတိ ဆိုသည်ကား ကိုယ်ခန္ဓာတွင် ရောဂါမျိုး အနာမျိုး ဒုက္ခဝေဒနာမျိုးတို့၏ ဖြစ်ပေါ်မှု, ပွားများမှု ယုတ်ညံ့လှသော ဘဝခန္ဓာတို့၏ ဖြစ်ပေါ်မှု, ပွားများမှု တို့ကို ဝိပါကဇာတိ ဆိုသတည်း။
ထိုသုံးပါးတို့တွင်
ကိလေသာဇာတိ၌ လောဘဟူသော ကိလေသာတို့သည် အလွန်သောင်းကျန်း၏၊ ဘယ်အခါမဆို ဖြစ်ပေါ်ခွင့်ဆိုက်ခဲ့လျှင် ယမ်းပုံ၌ မီးကျသကဲ့သို့ တားဆီးမရ ဖြစ်ပေါ်တတ်၏၊ ပွားများခွင့် ရှိခဲ့လျှင် မပယ်နိုင် မရှားနိုင် ပွားများတတ်၏၊ ထို့ကြောင့် ထိုလောဘ၏ဇာတိသည် အရိယာ ပညာရှိတို့ အလွန်ကြောက်လန့်ဘို့ ကောင်းလှသည်ဖြစ်၍ ဒုက္ခမည်၏၊ ဒေါသကိလေသာ မောဟကိလေသာ အစရှိကုန်သော တစ်ထောင့်ငါးရာ ကိလေသာတို့၏ ဇာတိတို့၌လည်း ထို့အတူတည်း။
အဆိပ်ထန်သော မြွေနဂါးတို့၏ နေရာဌာနဖြစ်သော တောင်ပို့ များသည် အနီးအနားသို့ မချဉ်းဝံ့ မကပ်ဝံ့ ကြောက်ရွံ့ဖွယ်တွေ ဖြစ်ကြလေ သကဲ့သို့ လူဘဝ လူ့ခန္ဓာ, နတ်ဘဝ နတ်ခန္ဓာ, ဗြဟ္မာ့ဘဝ ဗြဟ္မာ့ ခန္ဓာများ သည်လည်း ထိုကိလေသာဇာတိတို့၏ ဖြစ်ပွါးရာ တည်နေရာဌာနများ ဖြစ်ကြ၍ ငါ၏ကိုယ် ငါ၏ခန္ဓာဟု အရိယာပညာရှိတို့ မချဉ်းဝံ့ မကပ်ဝံ့ ကြောက်ရွံ့ဖွယ်တွေ ဖြစ်သောကြောင့် ဒုက္ခမျိုးသာ အမှန်ဖြစ်၏၊ ကမ္မဇာတိ၌ ပါဏာတိပါတ အစရှိသော ကာယဒုစရိုက်, ဝစီ ဒုစရိုက်, မနောဒုစရိုက် အမိုက်အမှား ကံတရားတို့သည် ကိလေသာ တရားတို့၏ အပွါးအစီးတို့သည်သာဖြစ်ကြ၏၊ ထို့ကြောင့် ကိလေသာ ဇာတိ ဇာတိသောင်းကျန်းတိုင်း ဒုစရိုက်တို့၏ ဖြစ်မှုဟူသော ကမ္မဇာတိ သည်လည်း သောင်းကျန်းမြဲဖြစ်လေရကား ထိုကမ္မဇာတိသည်လည်း အရိယာပညာရှိတို့ အလွန်ကြောက်လန့်ဖို့ ကောင်းလှသည်ဖြစ်၍ ဒုက္ခ မည်၏၊ သူခိုး ဓားပြတို့၏ နေရာဖြစ်သော ရွာများသည် အနားအနီးသို့ မကပ်ဝံ့ မချဉ်းဝံ့ ကြောက်ရွံ့ ဘွယ်တွေ ဖြစ်လေသကဲ့သို့ ထိုလူ့ဘဝ လူခန္ဓာစသည်များသည်လည်း ထိုကမ္မဇာတိ၏ ဖြစ်ပွါးရာ တည်နေရာ ဌာနများ ဖြစ်ကြ၏၊ ငါ၏ကိုယ် ငါ၏ခန္ဓာဟု အရိယာပညာရှိတို့ မချဉ်းဝံ့ မကပ်ဝံ့ ကြောက်ရွံ့ဘွယ်တွေ ဖြစ်သောကြောင့် ဒုက္ခမျိုးသာ အမှန်ဖြစ်၏။
ဝိပါကဇာတိ၌ ကိလေသာဇာတိ ကမ္မဇာတိတို့ သောင်းကျန်း ကြသည့်အတွက် အပါယ်သို့ ကျရောက်ခြင်းဟူသော ဝိနိပါတ ဝိပါက ဇာတိသည်လည်း ဘဝသံသရာတွင် အစဉ်ထာဝရ သောင်းကျန်းလျက် ရှိကြ၏။
ထို့ကြောင့် ကိလေသာဇာတိ ကမ္မဇာတိတို့နှင့်အတူတကွ ထိုဝိပါကဇာတိ အစဉ်ပါရှိ၍နေသော လူ့ဘဝ လူ့ခန္ဓာ စသည်များ သည်လည်း ဒုက္ခမျိုးသာ အမှန်ဖြစ်ကြ၏၊ သုစရိုက်တရားများ သုဂတိဘဝ များသည် ကိလေသာ ဘေးတို့၏ အစာအာဟာရများဖြစ်ကြကုန်၏၊ ကိလေသာမီးတို့ကို ပွါးစီးစေတတ်ကြကုန်၏၊ ထို့ကြောင့် ထိုဒုစရိုက်တို့၏ ဇာတိ, သုဂတိဘဝတို့၏ ဝိပါကဇာတိများသည် ကိလေသာဇာတိတို့၌ ပါဝင်လေ၏။
ဇာတိဒုက္ခ ပြီး၏။
————*————
ဇရာဒုက္ခ, မရဏဒုက္ခတို့သည်မူကား ထိုထိုဘဝတို့၌ ပဋိသန္ဓေ တည်နေပြီးသည်မှ နောက်ကာလ၌ အဘယ်အခါမှာမဆို, ဘယ်နာရီမှာ မဆို, ယိုယွင်းခွင့် ဆိုက်ခဲ့လျှင် ယိုယွင်းတဲ့စေရန် သေခွင့်ဆိုက်ခဲ့လျှင် သေတဲ့စေရန် အပါယ်ကျခွင့်ဆိုက်ခဲ့လျှင် အပါယ်ကျတဲ့စေရန် အသင့် ရံကာ အမြဲပါရှိ၍ နေသောခဏိကဇရာ, ခဏိကမရဏများပင် ဖြစ်ကြ၍ ဝိပရိဏာမဒုက္ခ အဆိုမှာ ပါဝင်ကြလေပြီ၊ ဤဇရာဒုက္ခ, မရဏဒုက္ခ ဘဝမကွာ အမြဲပါရှိ၍နေသည့်အတွက် လူ့ဘဝ နတ်ဘဝ ဗြဟ္မာ့ဘဝများ သည် ဒုက္ခမျိုးသာအမှန်ဖြစ်ကြ၏။
ဇရာဒုက္ခ, မရဏဒုက္ခ ပြီး၏။
—————*————
သောကဒုက္ခ, ပရိဒေဝဒုက္ခ, ကာယိကဒုက္ခ, စေတသိကဒုက္ခ, ဥပါယာသဒုက္ခတို့သည် လူ့ဘဝ လူ့ခန္ဓာ, နတ်ဘဝ နတ်ခန္ဓာတို့မှာ သွား လေရာ နေလေရာဖြစ်ခွင့်ဆိုက်လျှင် ဖြစ်ကြဘို့ရာ ဝိုင်းအုံခြံရံကာ ပါရှိ၍နေကြကုန်၏၊ ငရဲဘုံ, ပြိတ္တာဘုံတို့သည်မူကား သောကဘုံကြီးတွေ ဖြစ်ကြကုန်၏၊ ပရိဒေဝဘုံကြီးတွေ ဒုက္ခဘုံကြီးတွေ ဒေါမနဿဘုံကြီးတွေ ဥပါယာသဘုံကြီးတွေ ဖြစ်ကြကုန်၏။
သောကာဒိဒုက္ခငါးပါး ပြီး၏။
————*———
မတွေ့ချင် မမြင်ချင်သော ပုဂ္ဂိုလ်သတ္တဝါ ဝတ္ထုအာရုံတို့နှင့် တွေ့မြင်ပေါင်းဘက် ဆက်ဆံရခြင်းသည် အပိယသမ္ပယောဂဒုက္ခမည်၏၊ အမြဲလျှင် တွေ့ချင်မြင်ချင် မကွဲမကွာချင်သော ပုဂ္ဂိုလ်သတ္တဝါ ဝတ္ထုအာရုံ တို့နှင့် သေကွဲကွဲရခြင်း ရှင်ကွဲကွဲရခြင်းသည် ပိယဝိပ္ပယောဂဒုက္ခ မည်၏၊ ရလိုလှ၍ တောင့်တတမ်းရမ်း ကြိုးပမ်းအားထုတ် လုပ်ဆောင်ရှာမှီး ပါလျက် မရလေဘဲ လွဲချော်ပျက်စီး အချည်းနှီး အကျိုးမဲ့ ဖြစ်ရခြင်းသည် ဣစ္ဆာဝိဃာတဒုက္ခ မည်၏၊ ဤဒုက္ခများသည်လည်း လောကမှာ အလွန် များပြားထင်ရှားလျက်ရှိကြ၏၊ ထို့ကြောင့် လူ့ဘဝ လူ့ခန္ဓာ, နတ်ဘဝ နတ်ခန္ဓာ, ဗြဟ္မာ့ဘဝ ဗြဟ္မာ့ခန္ဓာများသည် ဒုက္ခမျိုးသာ အမှန်ဖြစ်၏၊ ဤဒုက္ခလက္ခဏာ တစ်ဆယ့်တစ်ချက်တို့တွင် ဇာတိ, ဇရာ, မရဏဒုက္ခ အချက်သုံးပါးသည် အရေးအကြီးဆုံးဖြစ်၏။
ဒုက္ခလက္ခဏာ ပြီး၏။
————*———
အနတ္တလက္ခဏာ
အနတ္တလက္ခဏာ ဆိုသည်ကား ရုပ်တရား နာမ်တရားတို့ကို အနတ္တဟူ၍ သိရာသိကြောင်းဖြစ်သော အချက်အရာကို အနတ္တ လက္ခဏာ ဆိုသည်။
အနတ္တ၌ အတ္တဟူသောစကား၏ အနက်သွားကို ရှေးဦးစွာ သိထိုက်၏၊ အတ္တဆိုသည်ကား သတ္တဝါ၏ အနှစ်အသားဟု ဆိုလိုသည်၊ အနှစ်အသား ဆိုသည်ကား သစ္စကထာ၌ ပြဆိုခဲ့သည့်အတိုင်း မြေအိုး ဟူသောစကား၌ မြေသည် အိုး၏အနှစ်အသားဖြစ်၏၊ အိုး၏အနှစ် အသားဆိုသည်ကား အိုးဟူသောစကားသည် သဏ္ဌာနပညတ်၏ အမည် တည်း၊ မြေ၏အမည်မဟုတ်၊ သဏ္ဌာနပညတ်သည်လည်း ပရမတ္ထတရား ကဲ့သို့ ဓာတ်နှစ်ဓာတ်သားရှိသည် မဟုတ်၊ မြေသည်သာလျှင် ပရမတ္ထ တရားဖြစ်၍ ဓာတ်နှစ်ဓာတ်သားရှိ၏၊ လောက၌ အိုးဟူ၍ ရှိ၏လောဟု ဆိုခဲ့သော် ပရမတ်နှင့်ပညတ်ခြားနားမှုကို မသိကြသောသူတို့က အိုးဟူ၍ ရှိ၏ဟု ပြောကြကုန်လတ္တံ့၊ အိုးဟူ၍ရှိ၏ ဟုဆိုလျှင် ထိုအိုးကိုပြစမ်းပါဟု မေးရာ၏၊ ထိုအခါ အနီး၌ရှိသော မြေအိုးကို လက်ညှိုးထိုး၍ ဤသည် ကား အိုးမဟုတ်လောဟု ပြကြကုန်လတ္တံ့၊ ထိုသို့ပြခြင်းသည် အိုးမဟုတ် သောမြေကို အိုးဟူ၍ စွပ်စွဲခြင်းဖြစ်၏၊ အစွပ်စွဲမှား၏၊ မှားပုံကား မြေဟူသည် ပရမတ္ထမျိုးဖြစ်၍ အနှစ်အသားရှိ၏၊ အိုးဟူသည် ပညတ် မျိုးဖြစ်၍ အနှစ်အသားမရှိ၊ ကောင်းကင်ကဲ့သို့ အချည်းအနှီးသာတည်း၊ မြေကိုအိုးဟူ၍ စွပ်စွဲခြင်းသည် မြေကို အိုး၏ အတ္တပြုခြင်းဖြစ်၏၊ အနှစ် အသားရှိသော မြေကို အနှစ်အသားမရှိသော အိုး၏အထည်ခံ အမာခံ အနှစ်အသားပြုခြင်းဖြစ်၏၊ မရှိသောအိုးသည် ရှိသော အိုးဖြစ်လေ၏၊ မြေသည် အိုး၏အတ္တဖြစ်လေ၏၊ အတ္တဖြစ်ခဲ့သော် မြေသည်ပင်လျှင် အိုး, အိုးသည်ပင်လျှင် မြေဟူ၍ မြေနှင့်အိုး တစ်ခုတည်းဖြစ်လေ၏၊ ဤသို့ဖြစ်သည်ကို အစွပ်အစွဲမှားခြင်း ဆိုသတည်း။
---
- ခန္ဓာငါးပါး ရုပ်နာမ်တရားသည် မြေနှင့်တူ၏။
- ပုဂ္ဂိုလ်သတ္တဝါသည် အိုးနှင့်တူ၏။
မြေကိုအိုးဟု ဆိုခဲ့လျှင် မြေသည် အိုး၏ အတ္တဖြစ်လေသကဲ့သို့ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပုဂ္ဂိုလ်သတ္တဝါ ဟူ၍ဆိုခဲ့လျှင် ရုပ်နာမ် တရားသည် ပုဂ္ဂိုလ်သတ္တဝါ၏ အတ္တဖြစ်ရလေ၏၊ ပုဂ္ဂိုလ်သတ္တဝါ၏ အနှစ်သာရ ဖြစ်လေ၏၊ ဤကား အတ္တဟူသော စကား၏ အနက်သွား ပေတည်း။ စွပ်စွဲခြင်းမှားပုံပေတည်း။
---
အနတ္တဟူသောစကား၏ အနက်သွားပုံကား မြေအိုးဟူသော စကား၌မြေကား တစ်ခြား, အိုးကားတစ်ခြား, မြေသည် ပရမတ္ထမျိုး တည်း၊ အိုးသဏ္ဍာန်သည် ပညတ်မျိုးတည်း၊ ထို့ကြောင့် မြေသည် အိုးမဟုတ်၊ အိုးသည်မြေ မဟုတ်၊ မြေကို အိုးဆိုလျှင် မှား၏၊ အိုးကို မြေဆိုလျှင် မှား၏၊ ဤသို့မြင်နိုင်မူကား မြေသည် အိုး၏ အတ္တမဟုတ်ပြီ၊ အနတ္တဖြစ်လေ၏၊ အိုးသည်လည်း သဏ္ဌာနပညတ် မျှဖြစ်၍ ကောင်းကင်ပညတ်များကဲ့သို့ အချည်းနှီးထင်ရှားလေ၏၊ ထို့အတူ ခန္ဓာငါးပါး ရုပ်နာမ်တရားသည် တစ်ခြား, ပုဂ္ဂိုလ် သတ္တဝါသည် တစ်ခြား, ခန္ဓာငါးပါး ရုပ်နာမ် တရားများသည် ပရမတ္ထမျိုး ပေတည်း၊ ထို့ကြောင့် ရုပ်တရား နာမ်တရားတို့သည် ပုဂ္ဂိုလ်သတ္တဝါ မဟုတ်၊ ပုဂ္ဂိုလ် သတ္တဝါသည် ရုပ်တရား, နာမ်တရား မဟုတ်၊ ရုပ်တရား, နာမ်တရားကို ပုဂ္ဂိုလ်သတ္တဝါ ဟုဆိုလျှင် မှား၏၊ ပုဂ္ဂိုလ်သတ္တဝါကို ရုပ်တရား, နာမ်တရားဟု ဆိုခဲ့လျှင်မှား၏၊ ဤသို့မြင်နိုင်မူကား ရုပ်တရား, နာမ်တရားသည် ပုဂ္ဂိုလ် သတ္တဝါ၏ အတ္တမဟုတ်ပြီ၊ အနတ္တဖြစ်လေ၏၊ ပုဂ္ဂိုလ် သတ္တဝါသည်လည်း သဏ္ဌာနပညတ်, သန္တတိပညတ်မျှသာဖြစ်၍ အချည်းနှီး ထင်ရှားလေ၏၊ ဤကား အနတ္တအနက်သွားပုံတည်း။ အနတ္တလက္ခဏာ ဆိုသည်ကား ပြဆိုခဲ့ပြီးသော အနိစ္စ လက္ခဏာသည်လည်း အနတ္တလက္ခဏာပင်တည်း၊ ပြဆိုခဲ့ပြီးသော ဒုက္ခ လက္ခဏာစုသည်လည်း အနတ္တလက္ခဏာပင်တည်း။
ပြဆိုခဲ့ပြီးသော အနိစ္စလက္ခဏာသည် အဘယ်သို့လျှင် အနတ္တ လက္ခဏာဖြစ်နိုင်ပါသနည်းဟူမူကား ပုဂ္ဂိုလ်သတ္တဝါသည် ပညတ်မျိုးဖြစ်၍ တစ်ဘဝလုံးမြဲ၏ ဟူ၍လည်းကောင်း, ဘဝအဆက်ဆက် မြဲ၏ဟူ၍ လည်းကောင်း ယူကြရင်းဖြစ်၏။
ရုပ်တရား, နာမ်တရားတို့၌မူကား ခဏိကဇရာ, ခဏိကမရဏ ဟူသော အနိစ္စလက္ခဏာသည် ရှိ၏၊ ထိုဇရာမရဏနှင့်တကွ တစ်နေ့ တစ်ရက် အတွင်းမှာပင် အကြိမ်ရာထောင်မက ရုပ်ဟောင်း၊ နာမ်ဟောင်း အမျိုးမျိုး ကွယ်ပျောက်ခြင်း အသစ်အသစ် အမျိုးမျိုးဖြစ်ပေါ်ခြင်း, ပွားများ ခြင်းဟူသော အညထာဘာဝ အနိစ္စလက္ခဏာ သည်ရှိ၏၊ တစ်ဘဝလုံးမှာ မှ တစ်ဦးတစ်ယောက်တည်းဟူ၍ယူကြသော ပုဂ္ဂိုလ်သတ္တဝါမှာ ထိုကဲ့သို့ သော ဝိပရိဏာမမှု, အညာထာဘာဝမှု မရှိသင့်၊ ရှိခဲ့လျှင် တစ်ဘဝလုံးမှာ တစ်ဦးတစ်ယောက်တည်း မဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါသည်လည်း တစ်နေ့ တစ်ရက်အတွင်းမှာပင် အကြိမ်ပေါင်းရာထောင်မက အိုရ၏၊ သေရ၏၊ အကြိမ်ပေါင်း ရာထောင်မက အသစ်အသစ် ဖြစ်ရ၏၊ ဘဝပြောင်းလဲ ရ၏ဟု ရှိနေလိမ့်မည်၊ ထိုသို့ကားမရှိ၊ ထို့ကြောင့် ရုပ်တရား, နာမ် တရားတို့၌ ထိုအနိစ္စလက္ခဏာများကို ထင်မြင်ကြရသဖြင့် ရုပ်, နာမ်တရား တို့သည် ပုဂ္ဂိုလ်သတ္တဝါ၏ အတ္တမဟုတ်ဟု သိနိုင်မြင်နိုင်လေသတည်း၊ ဤကား အသာရကဋ္ဌေန အနတ္တာဟူသော ပါဌ်နှင့်အညီ အနိစ္စလက္ခဏာ သည်ပင်လျှင် အနတ္တလက္ခဏာ ဖြစ်ပုံတည်း။
ဒုက္ခလက္ခဏာစုသည် အဘယ်သို့လျှင် အနတ္တလက္ခဏာ ဖြစ်နိုင်ပါသနည်းဟူမူကား ဒုက္ခလက္ခဏာစု မည်သည် မကောင်းလှသော အကျိုးယုတ် အကျိုးမဲ့များဖြစ်ကြ၏၊ ပုဂ္ဂိုလ်သတ္တဝါတို့ မည်သည် မိမိတို့၏ ကောင်းခြင်း မြတ်ခြင်းတို့ကိုသာ အလိုရှိကြ၏၊ ရုပ်, နာမ်တရားစုသည် ပုဂ္ဂိုလ် သတ္တဝါ၏ အတ္တမှန်ခဲ့သော် ရုပ်,နာမ်တရားနှင့် ပုဂ္ဂိုလ် သတ္တဝါ သည် တစ်ခုတည်းပင်ဖြစ်ရာ၏၊ တစ်ခုတည်းပင်ဖြစ်ခဲ့သော် အလိုသည် လည်း တစ်ခုတည်းပင်ဖြစ်ရာ၏၊ ပုဂ္ဂိုလ်၏ အလိုသည်ပင်လျှင် ရုပ်, နာမ်၏အလို ဖြစ်ရာ၏၊ ရုပ်,နာမ်၏ အလိုသည်ပင်လျှင် ပုဂ္ဂိုလ်၏ အလို ဖြစ်ရာ၏၊ ထိုသို့ကား မဖြစ်၊ ပုဂ္ဂိုလ်သတ္တဝါ၏အလိုကား တစ်ခြား, ရုပ် နာမ်တရားတို့၏ အလိုကား တစ်ခြား။
- ပုဂ္ဂိုလ်သတ္တဝါ၏ အလိုဆိုသည်ကား လောဘတရား, ဆန္ဒတရားများပေတည်း။
- ရုပ် နာမ်တို့၏ အလိုဆိုသည်ကား အကြောင်းအားလျော် စွာ ဖြစ်ခြင်းတည်း။
- ပုဂ္ဂိုလ်သတ္တဝါ၏ အလိုမူကား အခါခပ်သိမ်း မိမိ ကိုယ် စိတ်နှစ်ဖြာ ချမ်းသာခြင်းကိုသာ အမြဲလိုလား၏။
- ရုပ်နာမ်တို့သည်မူကား မိမိတို့၏ဆိုင်ရာဆိုင်ရာ အ ကြောင်းတရား၏ အလားလျှင် အလားရှိကြ၏၊ ရုပ်, နာမ်တို့၏ ဖြစ်ခြင်းပျက်ခြင်းတို့သည် အကြောင်းတရား နှင့်သာ စပ်ဆိုင်ကုန်၏၊ အကြောင်းတရားကို လွှတ်၍ ပုဂ္ဂိုလ်၏ အလို သက်သက်နှင့် စပ်ဆိုင်သည်မဟုတ်ကုန်၊ အပူကို အလိုရှိလျှင် ပူစေတတ် သော အကြောင်းကို ရှာကြံအားထုတ်ကြရကုန်၏၊ အအေးကို အလိုရှိ လျှင် အေးစေတတ်သော အကြောင်းကို ရှာကြံအားထုတ်ကြ ကုန်၏၊ အသက်ရှည်ခြင်းကို အလိုရှိကြသည့်အတွက် အသက်မွေးမှု အစာ အာဟာရမှီဝဲမှုကြီးကို အမြဲအားထုတ် ကြရကုန်၏၊ အလိုဆန္ဒသက် သက်နှင့် အသက်ရှည်အောင် မတတ်နိုင်ကြ၊ သုဂတိဘဝကို အလိုရှိကြ သည့်အတွက် ကုသိုလ်ကောင်းမှုကို အားထုတ်ကြရကုန်၏၊ အလိုဆန္ဒ သက်သက်နှင့် သုဂတိဘဝကို ရအောင် မတတ်နိုင်ကြ၊ သတ္တဝါတို့သည် မူကား ရှေ့အဖို့၌ အကြောင်းကို ရှာကြံအားထုတ်သည့်အတွက် နောက် အဖို့၌ ထိုအကြောင်း အားလျော်စွာ အလိုရှိရာ ရောက်ပေါက်ကြရ သည်ကိုပင် မိမိကိုယ်ကို မိမိအလိုရှိတိုင်း ဖြစ်စေနိုင်သည်ဟု အထင် အယူ မှားကြကုန်၏၊ ရှေ့ရှေ့သောနေ့၌ အစာအာဟာရ မှီဝဲခြင်းဟူသော အကြောင်းတရားကို ရှာကြံအားထုတ်သည့်အတွက် နောက်နောက်သော နေ့မှာ ဣရိယာပုထ်လေးပါးတို့၌ မတ်မတ်မားမား လိုက်စားကြင်လည်၍ တည်စေနိုင်သည်ကိုပင် မိမိကိုယ်ကို မိမိအလိုရှိတိုင်း ဖြစ်စေနိုင်သည်ဟု အထင်အယူ မှားကြကုန်၏၊ ရှေ့အဖို့၌ ပြုလုပ်၍ ထားကြကုန်သော အိမ်ယာ တိုက်တာ အရိပ်အာဝါသ ရှိနေသည့်အတွက် နောက်အဖို့၌ အလိုရှိတိုင်း ကြည်လင်ချမ်းမြေ့ နေနိုင်ကြသည်ကိုပင် မိမိကိုယ်ကို မိမိ အလိုရှိတိုင်း ပြည့်စုံ၍နေကြရသကဲ့သို့ အထင်အယူ မှားကြကုန်၏၊ အကျဉ်းအားဖြင့် လောက၌ သတ္တဝါတို့၏ အရေးကိစ္စ အမှုကြီး ငယ်တို့သည် အဘယ်မျှ လောက်ကြီးကျယ်ကြကုန်သနည်းဟု စေ့စုံစွာ မြှော်ရှုကြသည်ရှိသော် သင်္ခါရဒုက္ခမှုတို့၏ အနန္တ ကြီးကျယ်များပြားပုံကို ဉာဏ်မျက်စိတွင် တွေ့မြင်နိုင်ကြကုန်ရာ၏၊ ထိုသင်္ခါရဒုက္ခ အနန္တကြီးကျယ် များပြားရသည်မှာလည်း ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် သတ္တဝါတို့၏ အလိုဣစ္ဆာအတိုင်း အာဏာဝိဓိနှင့် ပြီးစီးခြင်းမရှိကြကုန်သည့်အတွက် ကြောင့် မိမိ မိမိတို့၏ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို အထိုက်အလျောက် မိမိမိမိတို့ အလိုရှိရာသို့ ပါရာပေါက်ရောက် ပြီးမြောက်နိုင်ကြစေရန် အကြောင်းတရားတို့ကို ပြုစု ပျိုးထောင်မှုတို့ချည်းပေတည်း။ ဤကား အလတ်ဖြစ်သော ဒုက္ခလက္ခဏာသုံးပါးတို့တွင် သင်္ခါရဒုက္ခတာ ဟူသော ဒုက္ခလက္ခဏာကို တွေ့မြင်ကြကုန်သဖြင့် ခန္ဓာငါးပါး, ရုပ်နာမ် တရား တို့သည် ပုဂ္ဂိုလ်သတ္တဝါ၏ အလိုသို့လိုက်ခြင်းမရှိမှု အလွန်ထင်ရှားလေရ ကား ပုဂ္ဂိုလ်သတ္တဝါ၏ အတ္တ မဟုတ်ပုံကို ပြဆိုချက်တည်း။ ထိုမှတစ်ပါးလည်း ဒုက္ခဒုက္ခတာ, ဝိပရိဏာမဒုက္ခတာတို့၏ အတွက်နှင့်အတ္တမဟုတ်ချက်များထင်ရှားပုံ, ဇာတိဒုက္ခ, ဇရာဒုက္ခ, မရဏဒုက္ခ စသည်တို့၏အတွက်နှင့် အတ္တမဟုတ်ချက်များ ထင်ရှားပုံ တို့ကိုလည်း အကုန်သိ မြင်ကြကုန်ရာ၏၊ ဤကား ဒုက္ခလက္ခဏာသည် ပင်လျှင် အနတ္တလက္ခဏာ ဖြစ်ပုံကို ပြဆိုချက်တည်း။
ထိုလက္ခဏာသုံးပါးတို့ကို ပိုင်နိုင်စွာထင်မြင်သော ဝိပဿနာ ဉာဏ်သုံးပါးသည် တီရဏပရိညာဏ်မည်၏။
ဝိပဿနာဉာဏ်သုံးပါး ဆိုသည်ကား
(၁) အနိစ္စဝိပဿနာဉာဏ်တစ်ပါး၊
(၂) ဒုက္ခဝိပဿနာဉာဏ်တစ်ပါး၊
(၃) အနတ္တဝိပဿနာ ဉာဏ်တစ်ပါး-တို့ပေတည်း။
ထိုသုံးပါးတို့တွင်
ရှေးဦးစွာ အတ္တဒိဋ္ဌိကို ပယ်သတ်ခြင်းငှါ အနတ္တဝိပဿနာ ဉာဏ်သည်သာလျှင် ပိုင်နိုင်ရန် အရေးအကြီးဆုံး ဖြစ်၏၊ အနတ္တ ဝိပဿနာဉာဏ် ပိုင်နိုင်ရန်မှာလည်း အနိစ္စဝိပဿနာဉာဏ်သည် လိုရင်း ဖြစ်၏၊ အနိစ္စဝိပဿနာဉာဏ် ပိုင်နိုင်ပါလျှင် အနတ္တဝိပဿနာဉာဏ် ပိုင်နိုင်လွယ်တော့သည်သာတည်း။
ဒုက္ခဝိပဿနာဉာဏ်မှာမူကား ဤအနိစ္စဝိပဿနာ ပိုင်နိုင်ရုံမျှနှင့် မပြီးနိုင်သေး၊ လောကုတ္တရာမဂ်သည် လေးဆင့်တိုင်တိုင် ရှိနေရသည်မှာ ဒုက္ခဝိပဿနာဉာဏ် အပြီးတိုင် မပိုင်နိုင်သေးသဖြင့် တဏှာ, မာန မကုန် မဆုံးနိုင် ရှိနေသည့်အတွက်ပေတည်း၊ ထို့ကြောင့် ယခုအခါကာလ၌ ဗုဒ္ဓဘာသာ ဖြစ်သူတို့မှာ အပါယဒုက္ခမှ အပြီးတိုင် ကျွတ်လွတ်ကြရန် အရေးသည် အကြီးဆုံးဖြစ်၏၊ ဗုဒ္ဓဘာသာ သာသနာအပသို့ ရောက်၍ သွားကြလျှင် အပါယဒုက္ခမှ ကျွတ်လွတ်ကြရန် နည်းလမ်းပင် မရှိလေပြီ၊ အပါယဒုက္ခမှ ကျွတ်လွတ်ရန်ကိစ္စမှာလည်း ဒုစ္စရိုက်တရား, မိစ္ဆာဒိဋ္ဌိ တရားတို့ကို အကုန်အစင် ပယ်သတ်ရန်ကိစ္စမှာလည်း အတ္တဒိဋ္ဌိကို အကုန်အစင် ပယ်သတ်ခြင်းပေတည်း၊ ထို့ကြောင့် ဗုဒ္ဓဘာသာ သာသနာ တော်နှင့် တွေ့ကြုံကြသည့်ဘဝတွင် အနတ္တဝိပဿနာဉာဏ်ကို ပိုင်နိုင် တဲ့ခြင်းငှါ အနိစ္စဝိပဿနာ တရားကိုသာ အရေးကြီးစွာ အားထုတ်ကြ ကုန်ရာသတည်း။
“အနိစ္စဝိပဿနာဉာဏ် ပိုင်နိုင်လျှင် အနတ္တဝိပဿနာဉာဏ် ပိုင်နိုင်ခြင်း ကိစ္စပြီးစီးသည်” ဟူရာ၌ သာဓကပါဠိတော်ကား အနိစ္စသညိနော မေဃိယ အနတ္တသညာ သဏ္ဌာတိ၊ အနတ္တသညိနော အသ္မိမာနောသမုဂ္ဃါတံ ပါပုဏာတိ၊ ဒိဋ္ဌေဝ ဓမ္မေ နိဗ္ဗာနံ။
အနက်ကား။။ မေဃိယ=မေဃိယရဟန်း၊ အနိစ္စသညိနော= အနိစ္စသညာ ပိုင်နိုင်သောသူအား၊ အနတ္တသညာ=အနတ္တသညာသည်၊ သဏ္ဌာတိ=အလိုလိုတည်လာ၏၊ အနတ္တသညိနော=အနတ္တသညာ ပိုင်နိုင် သော သူအား၊ အသ္မိမာနော=ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ငါငါဟူ၍ အထင်ကြီးခြင်းသည်၊ သမုဂ္ဃါတံ=ပျက်စီးခြင်းသို့၊ ပါပုဏာတိ=ရောက်၏၊ ဒိဋ္ဌေဝဓမ္မေ=ယခု မျက်မှောက်ဘဝ၌ပင်လျှင်၊ နိဗ္ဗာနံ=စိတ်ဒုက္ခခပ်သိမ်း အကုန်ငြိမ်းခြင်းသို့၊ ပါပုဏာတိ=ရောက်၏။
အတ္ထယုတ္တိမှာမူကား အနိစ္စလက္ခဏာသည်ပင်လျှင် အနတ္တ လက္ခဏာ ဖြစ်နိုင်ကြောင်းကိုအကျယ် ပြဆိုခဲ့ပြီ။
ဤဝိပဿနာအလုပ်သည် သမထအလုပ်ကဲ့သို့ ပလိဗောဓ ဆိတ်ငြိမ်ရာကြီးကို ရမှသာ ပြီးစီးနိုင်သည်မဟုတ်၊ ပါရမီဉာဏ်သည်သာ ပဓာနတည်း။ ပါရမီဉာဏ်ရှိခဲ့ပါမူ တရားနာရင်းနှင့်ပင် ပေါက်ရောက်၍ သွားတတ်၏၊ ဃရာဝါသကိစ္စအတွင်းမှာပင် ပေါက်ရောက်နိုင်၏၊ အကြောင်းမူကား ဉာဏ်ရှိသူတို့မှာ ကိုယ်တွင်းကိုယ်ပြင်, အိမ်တွင်း အိမ်ပြင်, ရွာတွင်းရွာပြင် တွေ့မြင်သမျှသည် အနိစ္စဉာဏ် ပွားစီးဖို့ချည်း သာတည်း။
ပါရမီဉာဏ်နုကြသူများမှာမူကား သမထအလုပ်ကဲ့သို့ပင် အထူး အားထုတ်မှ ပေါက်ရောက်နိုင်ကြ၏၊ အားထုတ်ကြရာမှာလည်း ဝိပရိဏာမ, အညထာဘာဝဟူသော အနိစ္စလက္ခဏာတွင် မျက်တောင် တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာပင် အကြိမ်များစွာ ဖြစ်နိုင်သော ခဏိကအနိစ္စအချက်များသည် အဘိဓမ္မာစကား ပြောကြရာ၌သာ လို၏၊ ဝိပဿနာအရာ၌မူကား ကိုယ်တွေ့မျက်မြင်မျိုးတွင် ထင်ရှားလျက်ရှိကြ သော သန္တတိဝိပရိဏာမ, သန္တတိ အညထာဘာဝသည်သာ လိုရင်း ဖြစ်၏။
သန္တတိ ဝိပရိဏာမ ဆိုသည်ကား လောက၌ ကိုယ်တွေ့ မျက်မြင်တွင် အသီးအသီး စကားဝေါဟာရနှင့်တကွ ထင်ရှားလျက် ရှိကြသော ပရမတ္ထဇရာအချက်, ပရမတ္ထမရဏအချက်များပေတည်း၊ အညထာဘာဝမှာလည်း ထို့အတူတည်း၊ ဝိပဿနာတင်ရှုရန် တရားမှာ လည်း ရုပ်တရားစုတွင် ဓာတ်ကြီးလေးပါးသည်သာ လိုရင်းဖြစ်၏၊ ဓာတ်ကြီးလေးပါး၏ တစ်နေ့တစ်ရက်အတွင်းမှာပင် အခါတစ်ရာမက ဖြစ်ပျက် ပြောင်းလဲမှုကို ထင်မြင်နိုင်ပါလျှင် ထို၌မှီကြသော ဥပါဒါရုပ်တို့၏ ဖြစ်ပျက်ပြောင်းလဲမှုသည် ပါဝင်လေတော့သည်၊ နာမ်တရားစုမှာလည်း ဝိညာဏ် ခြောက်ပါးဟူသော စိတ်သည်သာ လိုရင်းဖြစ်၏၊ စိတ်၏ဖြစ် ပျက် ပြောင်းလဲမှုကို ထင်မြင်နိုင်ပါလျှင် ထိုစိတ်၌ မှီကြရသော စေတသိက် တို့၏ ဖြစ်ပျက် ပြောင်းလဲမှုသည် ပါဝင်လေတော့သည်၊ ဝေဒနာအထူး အပြား, သညာ အထူးအပြား, စေတနာ အထူးအပြား စသည်များ သည်လည်း အနိစ္စလက္ခဏာ ထင်လွယ်တဲ့ရန်ဖြစ်ပေ၏၊ ရုပ်တရားစုမှာ လည်း ဝဏ္ဏအထူးအပြား, ဂန္ဓအထူးအပြား စသည်များသည် ထို့အတူ တည်း၊ လိုရင်းမှာမူကား သတ္တ, ပုဂ္ဂလ, အတ္တ, ဇီဝ, နိစ္စ, သုခဝိပလ္လာသ ဓမ္မတို့၏ ပျောက်ကင်းခြင်းသည်သာလျှင် လိုရင်းတည်း၊ ဤဝိပဿနာ ဉာဏ်တို့၏ ရှုမြင်ပွင့်လင်းရန် အချက်မှာမူကား လက္ခဏာသုံးပါး ပေတည်း။
ထိုလက္ခဏာ သုံးပါးကိုလည်း လက္ခဏာခန်းမှာ သိသာထင်ရှား ရှိရုံမျှ ပြဆိုခဲ့ပြီ။
တီရဏပရိညာအကျယ် ပြီး၏၊
ပဟာန ပရိညာအကျယ်ကား
ဗုဒ္ဓဘာသာ သာသနာ၌ လိုရင်းပဓာနဖြစ်သော ပဟာနတရား သည် ငါးပါးရှိ၏။
(၁) တဒင်္ဂပဟာနတစ်ပါး၊
(၂) ဝိက္ခမ္ဘနပဟာနတစ်ပါး၊
(၃) သမုစ္ဆေဒပဟာနတစ်ပါး၊
(၄) ပဋိပဿဒ္ဓိပဟာနတစ်ပါး၊
(၅) နိဿရဏပဟာန တစ်ပါး၊
ဤငါးပါးတည်း။
ထိုငါးပါးတို့ကို ထင်ရှားစေခြင်းငှါ ကိလေသာတို့၏ အခိုက် အတန့်ဟူသော ဘူမိအပြားသုံးပါးတို့ကို ပြဆိုရာ၏။
ဘူမိအပြားသုံးပါး ဆိုသည်ကား
(၁) အနုသယဘူမိတစ်ပါး၊
(၂) ပရိယုဋ္ဌာန ဘူမိတစ်ပါး၊
(၃) ဝီတိက္ကမ ဘူမိတစ်ပါး၊
ဤသုံးပါးတည်း။ ထိုသုံးပါးတို့တွင်
အနုသယဘူမိ ဆိုသည်ကား ဥပါဒ်, ဌီ, ဘင်အားဖြင့် အသီး အခြား စေတသိက်တစ်ပါးအနေနှင့် ဖြစ်ပေါ်ခြင်း မရှိကြကုန်မူ၍ စိတ်သန္တာန်၌သာ အစဉ်စွဲကပ်ငုပ်ဓာတ်, ဝပ်ဓာတ်, အိပ်ဓာတ်, ကိန်း ဓာတ်ဖြစ်၍ နေကြကုန်သော ကိလေသာတို့၏ ကိန်းဝပ်မှု အခိုက်အခွင့် ကြီးသည် အနုသယဘူမိ မည်၏။
ခြောက်ဒွါရတွင် တစ်ခုတစ်ခုသောဒွါရ၌ ကိလေသာဓမ္မ ထကြွ ဖြစ်ပေါ်ရန် အာရုံတိုက်ဆိုက်လာသဖြင့် မနောဒွါရတွင်မျှ ထကြွ၍လာ ကြသော ကိလေသာတို့၏ ကိန်းဝပ်ရာမှ ထကြွဖြစ်ပေါ်၍လာခြင်း အခိုက် အခွင့်ကြီးသည် ပရိယုဋ္ဌာနဘူမိ မည်၏။
မနောဒွါရတွင်မျှ မတန့်မရပ်ကြကုန်မူ၍ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ လှုပ်ရှားမှုတိုင် ရောက်အောင် ကျူးလွန်၍ လာကြကုန်သော ကိလေသာ တို့၏ ကျူးလွန်ခြင်း အခိုက်အခွင့်ကြီးသည် ဝီတိက္ကမဘူမိ မည်၏။
လောဘကိလေသာသည် အနမတဂ္ဂသံသရာတွင် သတ္တဝါ တစ်ယောက်၏ စိတ်သန္တာန်၌ လောဘကိလေသာ တစ်ခုမှာပင် ဘုံသုံး ဆင့် ရှိ၏၊ ထို့အတူ ဒေါသကိလေသာမှာလည်း ဘုံသုံးဆင့်, မောဟ ကိလေသာ, ဒိဋ္ဌိကိလေသာ, မာနကိလေသာ စသည်တို့မှာ အသီးအသီး ဘုံသုံးဆင့်စီ ရှိကြ၏။
ဗုဒ္ဓဘာသာ၌ သီလ, သမာဓိ, ပညာဟူသော သိက္ခာသုံးပါး တို့တွင် သီလဟူသော ပဌမသိက္ခာသည် ကိလေသာ တို့၏ ဝီတိက္ကမဘူမိ ဟူသော တတိယဘုံမျှသာ ပယ်နိုင်၏၊ တတိယဘုံမျှကိုသာ ပယ်နိုင်သည့် အတွက် ဒုတိယဘုံ, ပဌမဘုံရှိနေကြသေးသောကြောင့် သီလဖြင့်ပယ် အပ်သော ကိလေသာတို့မည်သည် မကြာခဏဖြစ်ပေါ်၍ ထကြွသဖြင့် ဝီတိက္ကမဘုံတိုင်အောင် ပြည့်မြဲပြည့်နိုင်ကြပြန်၏၊ ထို့ကြောင့် သီလဖြင့် ပယ်ခြင်းကို တဒင်္ဂပဟာန် ခေါ်သတည်း၊ ထိုထို သီလအင်္ဂါဖြင့် ထိုထို ကိလေသာ အစိတ်မျှကို ပယ်ခြင်း ဆိုလိုသည်။
ပဌမစျာန်, ဒုတိယစျာန် အစရှိသော စျာန်သမာဓိဟူသော သမာဓိ သိက္ခာသည် သီလပယ်ချက်မှ ကျန်ရှိသော ဘူမိနှစ်ပါးတို့တွင် ပရိယုဋ္ဌာနဘူမိဟူသော ဒုတိယဘုံမျှကို ပယ်နိုင်၏၊ အနုသယဘူမိ ကျန်ရှိသည့်အတွက် စျာန်သမာပတ်တို့ဖြင့် ပယ်အပ်သော ကိလေသာ များသည်လည်း စျာန်၏ဆန့်ကျင်ဘက်တရားနှင့် တွေ့ကြုံလာခဲ့လျှင် စျာန်ကိုပင် ဖျက်ဆီး၍ ဝီတိက္ကမဘုံတိုင်အောင် ပြည့်မြဲပြည့်နိုင်ပြန်၏၊ ဝိက္ခမ္ဘနပဟာန် ခေါ်၏၊ စျာန်သမာဓိ မည်သည် အပ္ပနာဘာဝနာ ကုသိုလ် မျိုးဖြစ်ပေ၍ သီလကုသိုလ်ထက် အာနုဘော်ကြီးမားလျက်ရှိသောကြောင့် ကိလေသာတို့ကို ရုတ်တရက်ထကြွ သောင်းကျန်းခြင်းငှါ မတတ်သာ အောင် ဝေးစွာ ခွါပစ်ခြင်း ဆိုလိုသည်။
ဝိပဿနာပညာ, လောကုတ္တရာမဂ်ပညာဟူသော တတိယ သိက္ခာသည်မူကား သီလ, သမာဓိတို့ မပယ်နိုင်ကြသော အနုသယ ဘူမိဟူသော ပဌမဘုံကိုပယ်နိုင်၏၊ ဤပဌမဘုံကို ပယ်ခြင်းသည်ကား အကြွင်းအကျန် မရှိသော ပယ်ခြင်းမည်၏၊ ထိုပညာဖြင့် ပဌမဘုံပါ ကျွတ်လွတ်အောင် ပယ်အပ်သော ကိလေသာတို့သည် ထိုပုဂ္ဂိုလ် သန္တာန် မှာ ဘယ်အခါမှ တစ်ဖန် ဖြစ်ပေါ်လာခြင်း မရှိလေပြီ၊ ဤပယ်ခြင်းကို သမုစ္ဆေဒပဟာန်ခေါ်၏၊ အမြစ်အရင်းနှင့်တကွ အကြွင်းအကျန် မရှိ အောင် ပယ်ဖြတ်ခြင်းဆိုလိုသည်၊ လောကုတ္တရာ မဂ်ပညာတို့၏ ပယ်ခြင်း ကိုပင်လျှင် လောကုတ္တရာဖိုလ် ပညာတို့က အရှိန်အငွေ့မျှ မကျန်ရအောင် ထပ်မံ၍ တစ်ဖန်ငြိမ်းစေခြင်းသည် ပဋိပဿဒ္ဓိပဟာန် မည်၏၊ နိဗ္ဗာန်ဖြင့် ပယ်ခြင်းသည် နိဿရဏပဟာန် မည်၏၊ ထိုသန္တာန်နှင့်မျှ မစပ်မနီးရ အောင် အပြီးကျွတ်လွတ်၍ သွားစေခြင်း ဆိုလိုသည်၊ ထိုပညာသည် ဝိပဿနာပညာ, မဂ်ပညာ, ဖိုလ်ပညာဟူ၍ သုံးပါးရှိသည်တွင် ပြဆိုခဲ့ပြီး သော တီရဏပရိညာပညာသည် အနုသယဘူမိကို ပယ်ငြားသော်လည်း အကုန်အစင် မပယ်နိုင်သေး၊ မဂ်ပညာတို့သည်သာလျှင် မိမိတို့၏ဆိုင်ရာ ကိလေသာတို့ကို အကြွင်းမရှိ အကုန်အစင် ပယ်နိုင်ကြကုန်၏။
သောတာပတ္တိမဂ်ပညာသည် ဒိဋ္ဌိဟူသမျှ ဝိစိကိစ္ဆာ ဟူသမျှ တို့ကို အမြစ်အရင်း အကြွင်းအကျန်မရှိ ပယ်ပေ၏၊ အပါယဂါမိ ဒုစ္စရိုက် တရားတို့နှင့် အပါယ်ဘဝတို့ကိုလည်း ထိုသန္တာန်မှာ နောင်တစ်ဖန် ဖြစ် ပေါ်ရန် အကြွင်းအကျန်မရှိ ပယ်ပေ၏။
သကဒါဂါမိမဂ်ပညာ သည် ရုန့်ရင်းသော ကာမရာဂ, ဗျာပါဒ တို့ကို အကြွင်းမရှိ ပယ်ပေ၏။
အနာဂါမိမဂ်ပညာ သည် ထိုသန္တာန်တွင် ကျန်ရှိသေးသော သိမ်မွေ့ သေးဖွဲသော ကာမရာဂ, ဗျာပါဒတို့ကို အကြွင်းမရှိ ပယ်ပေ၏၊ ထိုပုဂ္ဂိုလ်သည် ကာမနွယ်ပြတ်လေ၏၊ ဗြဟ္မာ့ဘုံလျှင် လားရာဂတိ ရှိလေ၏။
အရဟတ္တမဂ်ပညာသည် ထိုသန္တာန်တွင် ကျန်ရှိသမျှသော ကိလေသာတို့ကို အကုန်အစင်ပယ်ပေ၏၊ ထိုပုဂ္ဂိုလ်သည် ကိလေသာကုန်ငြိမ်းသော ရဟန္တာဖြစ်လေ၏၊ ဘုံသုံးပါးမှ ကျွတ် လွတ်လေ၏၊ ဗုဒ္ဓဘာသာ သာသနာမှာ သမုစ္ဆေဒပဟာန်သည် သာ လိုရင်းပဓာနဖြစ်၏။
ပဟာနပရိညာအကျယ် ပြီး၏။
ပရိညာကထာ ပြီး၏။
---ဝိပဿနာလုပ်ငန်း
ဝိပဿနာကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ကြသော ပုဂ္ဂိုလ်တို့၏ လိုရင်းအချက်ကို ပြပေအံ့။ ဝိပဿနာ ဉာဏ်သုံးပါးတွင် ရှေးဦးစွာ အနိစ္စ ထင်မြင်မှုသည် အရေးအကြီးဆုံးဖြစ်၏၊ အဘယ်သို့ ထင်မြင်နိုင်ရ မည်နည်းဟူမူ အရိပ်ပွဲပြရာ၌ တစ်ခုသောအရိပ်မှာ တစ်ခဏအတွင်း၌ ပင်လျှင် လှုပ်ရှားမှုတွေ၊ အဆက်ဆက် အဆင့်ဆင့် ပြောင်းလဲမှုတွေ အဘယ်မျှ လျင်မြန်လေသနည်း၊ အဘယ်မျှ အထွေထွေအပြားပြား များလေသနည်းဟု ဓာတ်ရိပ်ကြီး ငယ်တစ်ခုကို စေ့စုံစွာစဉ်းစား၍ ကြည့်ရှုကြပါလျှင် ဓာတ်ရိပ်၌ ဝိပရိဏာမ, အညထာဘာဝ အချက်တို့သည် တစ်မိနစ် တစ်စက္ကန့်အတွင်းမှာပင် ရာထောင်မက ရှိနေကြသည်ကို တွေ့မြင်ကြကုန်ရာ၏၊ တွေ့မြင်သမျှသော ထိုဝိပရိဏာမ, အညထာ ဘာဝမှုတို့သည် ထိုဓာတ်ရိပ်မှာ အနိစ္စချည်းပေတည်း၊ မရဏမှုကြီး ပေတည်း၊ ဓာတ်၏ သေဆုံးမှုချည်းပေတည်း။
ထိုဓာတ်ရိပ်ကို သွားခြင်း အခိုက်အတန့်, ရပ်ခြင်းအခိုက်အတန့်, ထိုင်ခြင်း အခိုက်အတန့်, အိပ်ခြင်း အခိုက်အတန့်, ကွေးခြင်း အခိုက် အတန့်, ဆန့်ခြင်း အခိုက်အတန့်, ထိုထိုကိုယ်အင်္ဂါ အစိတ်တို့၏ အထွေထွေ ပြောင်းလဲခြင်း အခိုက်အတန့်တို့ကို လုပ်ကြံ၍ စေ့စုံစွာ ကြည့်ရှုကြပါလျှင် ထိုအရိပ်မှာ ထိုထိုအခိုက်အတန့်အတွင်း၌ ဓာတ်တို့၏ အနိစ္စမှုတွေ, မရဏမှုတွေ ပြည့်လျက်နေသည်ကိုသိမြင်ကြကုန်လတ္တံ့၊ သွားခြင်း အခိုက်အတန့်တွင် တစ်ခုတစ်ခုသော ခြေလှမ်းအတွင်း၌ ဓာတ်တို့၏ အနိစ္စတွေ, မရဏတွေ ပြည့်လျက်နေသည်ကို သိမြင်ကြ ကုန်လတ္တံ့၊ ကြွင်းကျန်သော အခိုက်အတန့်တို့၌လည်း ထိုနည်းတူ အသီးအသီး အနိစ္စအမှုတွေ, မရဏအမှုတွေ ပြည့်လျက် နေကြကုန် သည်သာတည်း။
ဤဓာတ်ရိပ် ဥပမာအတိုင်း မိမိမိမိတို့၏ ကိုယ်ခန္ဓာမှာလည်း ဘယ်အခါမှာမဆို ရုပ်ဓာတ် နာမ်ဓာတ်တို့၏ အနိစ္စမှုတွေ, မရဏမှုတွေ ကိုယ်နှင့်အပြည့် ခေါင်းနှင့်အပြည့် ထိုထိုအင်္ဂါကြီးငယ်တို့နှင့် အပြည့်ရှိ လျက်နေကြကုန်၏၊ ထိုကဲ့သို့ ဘယ်အခါမဆို တစ်ကိုယ်လုံး တစ်ကောင် လုံး ပြည့်လျက်ရှိနေကြကုန်သော အနိစ္စအချက်, မရဏအချက်တို့ကို ဉာဏ်ဖြင့် ပေါင်းရုံး၍ ကြည့်ရှုတတ်ကြပါကုန်မူကား မိမိမိမိတို့၏ ကိုယ်ခန္ဓာ ကိုယ်အင်္ဂါတို့သည် တစ်စက္ကန့် တစ်မိနစ် အတွင်းမှာပင် အခါများစွာ ပျက်ဆုံး ပြိုကွဲ ပြောင်းလဲ၍နေကြသည်ကိုလည်း သိမြင်နိုင် ကြကုန်လတ္တံ့၊ တစ်စက္ကန့် တစ်မိနစ်အတွင်းမှာပင် ကိုယ်ခန္ဓာကြီး အခါခါ ပြောင်းလဲမှု, ဦးခေါင်းအင်္ဂါ အခါခါပြောင်းလဲမှု, ခြေအင်္ဂါ, လက်အင်္ဂါ အခါခါပြောင်းလဲမှု, ကျောအင်္ဂါ, ဝမ်းအင်္ဂါ အခါခါပြောင်းလဲမှု, အသည်း အင်္ဂါ, အဆုတ်အင်္ဂါ အခါခါပြောင်းလဲမှု တို့ကိုလည်း သိမြင်ကြကုန်လတ္တံ့။
ဤသို့ သိကြ မြင်ကြ ထင်ကြကုန်သည်ရှိသော် အနိစ္စာနုပဿနာ အလုပ်တွေ နေရာကျပြီဟုမှတ်၊ အနိစ္စာနုပဿနာ အလုပ်နေရာကျ လျှင်လည်း အနတ္တာနုပဿနာအလုပ်လည်း နေရာကျလေတော့သည်။
နေရာကျဆိုသည်ကား တစ်သက်လုံး စွဲမြဲကြရန် အချက်ကျ သည်ကို ဆိုသည်၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ ပေါက်ရောက်သည်ကို ဆိုသည် မဟုတ်၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ ပေါက်ရောက်မှုမှာမူကား ပါရမီဣန္ဒြေ အရင့်အနုသို့ လိုက်၍ အမြန်အနှေး ရှိပြန်၏၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ ပေါက်ရောက်မှုမည်သည် အမှန်အားဖြင့် အလွန်သိနိုင်ခဲ၏။
သောတာပန်ဖြစ်၍နေသော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ငါ သော တာပန်ဖြစ်ပြီဟု အမှန်အားဖြင့် သိနိုင်ခဲ၏၊ အဘယ့်ကြောင့်နည်းဟူမူ ကိလေသာတို့၏ အနုသယ အခိုက်အတန့် နက်နဲလှသော ကြောင့်တည်း၊ ကိလေသာတို့၏ အနုသယအခိုက်အတန့် နက်နဲပုံကို မသိကြကုန်သော ယောဂီပုဂ္ဂိုလ်တို့သည် ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏ ဝိက္ခမ္ဘန ကိစ္စနှင့် ကင်းကွာ၍ နေရုံမျှကိုပင် ငါသောတာပန်ဖြစ်ပြီဟု ထင်တတ်ကြ၏။
ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏ သမုစ္ဆေဒကိစ္စနှင့် အနုသယဘုံကြီးပါ ကင်းပြတ်၍ သွားမှသာလျှင် သောတာပန် အစစ်အမှန်ဖြစ်ပေသည်၊ ဝိပဿနာ ယောဂီပုဂ္ဂိုလ်တို့မှာမူကား အထင်အမြင် နေရာကျသော အနိစ္စာနုပဿနာ ဉာဏ်ကိုရ၍ နေရလျှင်ပင် ကောင်းမြတ်လှပြီဟု ဝမ်းမြောက်၍သာ ထိုအလုပ်ကို တစ်သက်လုံး စွဲမြဲကြကုန်ရမည်၊ ရဟန္တာဖြစ်ပြီးသော ပုဂ္ဂိုလ်တို့မှာသော်လည်း စိတ္တသုခ အကျိုးငှါ ထိုအလုပ်ကို မလွှတ်ကြပေကုန်၊ ယောဂီပုဂ္ဂိုလ် တို့မှာလည်း ထိုအလုပ်ကို အသက်ထက်ဆုံး စွဲမြဲကြသည်ရှိသော် ဉာဏ်ပညာအဆင့်ဆင့် ရင့်သန်၍ သွားကြသဖြင့် ယခုဘဝတွင်ပင် မသေမီ အကြား၌သော်လည်းကောင်း, သေခါနီးအခါ၌သော်လည်းကောင်း, ပုထုဇ္ဇနဘူမိ, ပုထုဇ္ဇနဂတိတို့ကို လွန်မြောက်၍ အရိယဘူမိ, အရိယဂတိသို့ ပေါက်ရောက်ကြကုန်လတ္တံ့၊ ယခုဘဝ၌ပင် မပေါက်ရောက်ရှိကြသော်လည်း နောက်ဘဝ၌ နတ်ပြည်သို့ ရောက်ကြ၍ ပေါက်ရောက်ကြကုန်လတ္တံ့။
ဝိပဿနာအလုပ်ပြီး၏။
ဝိပဿနာဒီပနီ ပြီး၏။
---နိဂုံး
ဤတွင်ရွေ့ကား ဥရောပတိုက်သား ဗုဒ္ဓဘာသာ လူအများတို့၏ အကျိုးငှါ ဝိပဿနာကမ္မဋ္ဌာန်းအလုပ်ကို အကျဉ်းချုပ် စီရင်ချက်ပြီး၏၊ အကျယ်မူကား ပါဠိဘာသာဖြင့် အကျယ်ရေးသားပြီးရှိသော်လည်း အချောမတင်ရသေးသည့်အတွက် နောက်မှပေးပို့ရန် ကြံရွယ်လျက် ရှိပေသတည်း။
မန္တလေးမြို့ အနောက်ပြင် စင်ရှင်လမ်း ကျုံးထိပ်တွင် နိုင်ငံခြား ဗုဒ္ဓဘာသာသာသနာပြုအသင်းကြီး နှစ်စဉ် စည်းဝေးရာဌာန ရတနာ သိရီကျောင်းတိုက်ကြီး၌ ၎င်းအသင်းကြီး အစည်းအဝေးကိစ္စနှင့် ကြွ ရောက်နေထိုင်စဉ် စီရင်အပ်သော “ဝိပဿနာဒီပနီကျမ်း” သည် မြန်မာသက္ကရာဇ် ၁၂၇၆-ခု၊ တပေါင်းလဆန်း ၁၄-ရက်နေ့တွင် ပြီးစီး ပေသတည်း။
နိဂုံးပြီး၏။
---
Comments
Post a Comment