Skip to main content

ထေရဂါထာပါဠိတော်

ခုဒ္ဒကနိကာယ်

ထေရဂါထာပါဠိတော်

မြန်မာပြန်

........

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နိဒါနဂါထာ

'တောင်ခေါင်းလိုဏ်ဂူ၌ နေကြကုန်သော အစွယ်ရှိသော ခြင်္သေ့တို့၏ ကျုံးဝါးသံကဲ့သို့' (မဂ်လေးပါးတည်းဟူသော) အစွယ်ရှိကုန်သော ပွါးများအပ်ပြီးသည့် စိတ်ရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၏ ကျုံးဝါးသံဖြစ်ကုန်သော အကျိုးကို ဆောင်တတ်ကုန်သော ဂါထာတို့ကို နာကြကုန်။ အကြင်အကြင် (သုဘူတိ, မဟာကောဋ္ဌိကစသော ထင်ရှားသော) အမည်ရှိကုန်သော၊ အကြင်အကြင် (ဂေါတမ, ကဿပစသော ထင်ရှားသော) အနွယ်ရှိကုန်သော၊ အကြင်သို့ သဘောရှိသော တရားဖြင့်နေလေ့ရှိကုန်သော၊ အကြင်အကြင်သို့သော နှလုံးသွင်းခြင်း 'အဓိမုတ္တိ' ရှိကုန်သော၊ (တိဟိတ်ပဋိသန္ဓေပညာ, ပါရိဟာရိကပညာ, ဘာဝနာပညာဖြင့်) ပညာရှိကုန်သော မထေရ်တို့သည် မပျင်းမရိ လုံ့လရှိကုန်လျက် နေတော်မူကြကုန်၏၊ ထိုမထေရ်တို့သည် ထိုထို (သစ်ပင်ရင်း, တော, တောင်စသော ဆိတ်ငြိမ်ရာ) အရပ်တို့၌ (သမထ, ဝိပဿနာ ဘာဝနာဖြင့်) ကောင်းစွာရှု၍ ရွေ့လျောခြင်းမရှိသော နိဗ္ဗာန်ကို မျက်မှောက်ပြုကာ မဂ်၏အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ဆင်ခြင်ကုန်လျက် ဤဂါထာ အနက်အဓိပ္ပါယ်ကို မြွက်ဆိုတော်မူကြကုန်၏၊

........

၁-ဧကကနိပါတ်

၁-ပဌမဝဂ်

၁-သုဘူတိတ္ထေရဂါထာ

သုဘူတိမထေရ်သည် ကျောင်းမရှိ၍ လွင်တီးခေါင်၌နေရာ မထေရ်တန်ခိုးကြောင့် မိုးမရွာဘဲ နေ၏၊ ထိုအကြောင်းကို မင်းနှင့် တိုင်းသူပြည်သားတို့သိ၍ သစ်ရွက်မိုးကျောင်း ဆောက်ပေးသဖြင့် ကျောင်းအတွင်းသို့ဝင်စဉ် မိုးရွာလာသောအခါ သုဘူတိမထေရ် ရွတ်ဆိုသော ဂါထာ

֍ ။ မိုးနတ်သား ငါ၏ ကျောင်းသည် မိုးထားပြီး ဖြစ်၍ ချမ်းသာကို ဆောင်နိုင်၏၊ လေတည်းဟူသော ဘေးရန်မှ ကင်း၏၊ မိုးနတ်သား အလိုရှိတိုင်း ရွာသွန်းလိုက်ပါလော့၊ ငါ၏ စိတ်သည် ကောင်းစွာတည်ကြည်သည်ဖြစ်၍ သံယောဇဉ်တို့မှ လွတ်မြောက်၏၊ ငါသည် ပြင်းထန်စွာ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ နေပါ၏၊ မိုးနတ်သား အလိုရှိတိုင်း ရွာသွန်းလိုက်ပါလော့။

ဤသို့လျှင် အသျှင်သုဘူတိမထေရ်သည် ဂါထာကို ရွတ်ဆို၏၊

........

၂-မဟာကောဋ္ဌိကတ္ထေရဂါထာ

ပဋိသမ္ဘိဒါပတ္တဧတဒဂ်ရ မဟာကောဋ္ဌိက မထေရ်သည် နောက်အဖို့၌ ဝိမုတ္တိချမ်းသာကို ခံစားလျက်ဥဒါန်းကျူးသော အစွမ်းဖြင့် ရွတ်ဆိုသော ဂါထာ

֍ ။ ငြိမ်သက်သော ဣန္ဒြေရှိသော၊ အကုသိုလ်အားလုံးကို ပြုခြင်းမှလည်း ကြဉ်ရှောင်သော၊ ပညာဖြင့် ဆင်ခြင်၍ ဆိုလေ့ရှိသော၊ တုန်လှုပ်မှု မရှိသော ရဟန်းသည် 'လေသည် သစ်ရွက်ကို တိုက်ဖျက်ချွေလွှင့်သကဲ့သို့' ယုတ်မာသော အကုသိုလ်တရားတို့ကို လွှင့်နိုင် ပယ်နိုင်၏၊

ဤသို့လျှင် အသျှင်မဟာကောဋ္ဌိကမထေရ်သည် ဂါထာကို ရွတ်ဆို၏၊

........

၃-ကင်္ခါရေဝတတ္ထေရဂါထာ

ကင်္ခါရေဝတထေရ်သည် ရဟန္တာဖြစ်ပြီးနောက် မြတ်စွာဘုရား၏ ဒေသနာတော်အစွမ်းကို ချီးကျူးသောအားဖြင့် ဝမ်းမြောက်ဝမ်းသာ ရွတ်ဆိုသော ဂါထာ

֍ ။ အကြင် မြတ်စွာဘုရားတို့သည် မိမိထံမှောက် ရောက်လာကုန်သော (ငါကဲ့သို့ ယုံမှားခြင်းရှိကုန်သော ) သူတို့၏ ယုံမှားမှုကို ဖျောက်တတ်ကုန်၏၊ 'ညဉ့်သန်းခေါင်အခါ တောက်ပထွန်းလင်းသော မီးကဲ့သို့' (တရား) အလင်းရောင်ကို ပေးတတ်ကုန်၏၊ ပညာမျက်စိကို ပေးတတ်ကုန်၏၊ 'ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့' လာခြင်းကောင်းတော်မူသော ထို မြတ်စွာဘုရားတို့၏ ဤ (ဒေသနာဉာဏ်) ပညာတော်ကို ရှုလိုက်စမ်းပါလော့။

ဤသို့လျှင် အသျှင်ကင်္ခါရေဝတမထေရ်သည် ဂါထာကို ရွတ်ဆို၏၊

........

၄-ပုဏ္ဏတ္ထေရဂါထာ

ဓမ္မကထိကဧတဒဂ်ရ မန္တာနီပုဏ္ဏေးမ၏သား အသျှင်ပုဏ္ဏမထေရ်သည် မြတ်စွာဘုရားကို မှီ၍ ငါနှင့်သတ္တဝါများစွာ သံသရာဒုက္ခမှ ကင်းငြိမ်းရ၏၊ သူတော်ကောင်းတို့နှင့် ပေါင်းသင်းရခြင်းကား ကျေးဇူးများစွတကားဟု ဥဒါန်းကျူးသော ဂါထာ

֍ ။ ပညာရှိကုန်သော မိမိအကျိုးစီးပွါး စသည်ကို မြင်နိုင်ကုန်သော သူတော်ကောင်းတို့နှင့် သာလျှင် ပေါင်းဖော်ရာ၏၊ မမေ့မလျော့ကြကုန်မူ၍ အထူးသဖြင့် မြင်စွမ်းနိုင်ကုန်သော ပညာရှိ တို့သည် ကြီးမြတ်နက်နဲ၍ သိနိုင်ခဲသော သိမ်မွေ့သော နိဗ္ဗာန်ဟူသော အကျိုးကို ရနိုင်ကြကုန်၏၊

ဤသို့လျှင် မန္တာဏိပုဏ္ဏေးမ၏သား အသျှင်ပုဏ္ဏမထေရ်သည် ဂါထာကို ရွတ်ဆို၏၊

........

၅-ဒဗ္ဗတ္ထေရဂါထာ

မလ္လာမင်းသား ဒဗ္ဗမထေရ်သည် မေတ္တိယဘူမဇကရဟန်းတို့ စွပ်စွဲသော အမူလက ပါရာဇိကအဓိကရုဏ်းကိစ္စ ပြီးငြိမ်းသောအခါလောကကို သနားသောအားဖြင့် မိမိဂုဏ်ကို ထင်စွာပြ၍ ရွတ်ဆိုသော ဂါထာ

֍ ။ အကြင်ဒဗ္ဗသည် (ရှေးအခါက ) အဆုံးအမ ခက်၏၊ ယခုအခါ မြတ်သော ဆုံးမခြင်းဖြင့် ဆုံးမအပ်ပြီးသည်ဖြစ်၍ ယဉ်ကျေး၏၊ ပညာရှိ၏၊ ပစ္စည်းလေးပါးတို့၌ ရောင့်ရဲခြင်းစသည်ဖြင့် ရောင့်ရဲ၏၊ ယုံမှားမှုကို လွန်မြောက်ပြီး ဖြစ်၏၊ ကိလေသာအသင်းအပင်းကို အောင်ပြီး ဖြစ်၏၊ ဘေးဘျမ်းတို့မှ ကင်းပြီး ဖြစ်၏၊ ထိုဒဗ္ဗသည် ကိလေသာ ငြိမ်းအေးပြီးဖြစ်ရကား မတုန်မလှုပ် တည်တံ့သော သဘောရှိ၏၊

ဤသို့လျှင် အသျှင်ဒဗ္ဗမထေရ်သည် ဂါထာကို ရွတ်ဆို၏၊

........

၆-သီတဝနိယတ္ထေရဂါထာ

သီတဝနိယမည်သော သမ္ဘူတမထေရ်သည် မြတ်စွာဘုရားကို ဖူးမြင်ရန် လာစဉ် ရဟန်းတို့ကို မြင်၍ ဤသို့ မြတ်စွာဘုရားကို လျှောက်ထားပါဟု ပြောဆို မြွက်ကြားသော ဂါထာ

֍ ။ အကြင် ရဟန်းသည် တစ်ပါးတည်း ကြောက်မက်ဖွယ် သုသာန်တောသို့ ကပ်၏၊ ထိုပညာရှိရဟန်းသည် (ဆံအစရှိသော သုံးဆယ့်နှစ်ပါးသောအစုလျှင် အာရုံရှိသော) ကာယဂတာသတိကမ္မဋ္ဌာန်းကို စောင့်ရှောက်ပွါးများလျက် ပစ္စည်းလေးပါးတို့၌ ရောင့်ရဲသည်ဖြစ်၍ အရဟတ္တမဂ်သမာဓိဖြင့် တည်ကြည်သော စိတ်ရှိကာ (ကိလေသာအသင်းအပင်းကို) အောင်မြင်ပြီးဖြစ်ရကား ကြက်သီးမွေးညင်း ထခြင်းမှ ကင်းရှင်းလေတော့၏၊

ဤသို့လျှင် အသျှင်သီတဝနိယမထေရ်သည် ဂါထာကို ရွတ်ဆို၏၊

........

၇-ဘလ္လိယတ္ထေရဂါထာ

မာရ်နတ်သည် ဘလ္လိယမထေရ်ကို ချောက်လှန့်ရန် ကြောက်ဖွယ်သောအဆင်းဖြင့် လာသောအခါ ဘလ္လိယမထေရ်က ငါသည် ကြောက်လန့်ခြင်းအားလုံးမှ လွန်ခဲ့ပြီဟု ရွတ်ဆို ပြောကြားသော ဂါထာ

֍ ။ ကြီးစွာသော ရေအလျဉ်သည် အလွန် အားနည်းသော ကျူရိုးတံတားကို ဖျက်ဆီး သကဲ့သို့ အကြင်ရဟန်းသည် သေမင်း၏ (အိုခြင်း, နာခြင်းစသည့်) စစ်သည်ကို ဖျက်ဆီး၏၊ (ကိလေသာအသင်းအပင်းကို) အောင်ပြီးဖြစ်၏၊ ဘေးဘျမ်းတို့မှ ကင်းပြီးဖြစ်၏၊ ယဉ်ကျေး၏၊ ထိုရဟန်းသည် ကိလေသာ ငြိမ်းအေးပြီး ဖြစ်ရကား မတုန်မလှုပ် တည်တံ့သော သဘောရှိ၏၊

ဤသို့လျှင် အသျှင်ဘလ္လိယမထေရ်သည် ဂါထာကို ရွတ်ဆို၏၊

........

၈-ဝီရတ္ထေရဂါထာ

မယားဟောင်းက လူထွက်ရန် အမျိုးမျိုးသော အမူအရာဖြင့် ဖြားယောင်း သွေးဆောင် သောအခါ ငါ့ကိုဖြားယောင်းသူသည် မြင့်မိုရ်တောင်ကို မှက်တောင်ပံလေဖြင့် လှုပ်ရှားစေ လိုသူနှင့်သာ တူ၏ဟုဆို၍ ဝီရမထေရ်က မြွက်ကြားသော ဂါထာ

֍ ။ အကြင်ဝီရရဟန်းသည် (ရှေးအခါက ) အဆုံးအမ ခက်၏၊ ယခုအခါ မြတ်သော ဆုံးမခြင်းဖြင့် ဆုံးမအပ်ပြီးသည်ဖြစ်၍ ယဉ်ကျေး၏၊ လုံ့လရှိ၏၊ ပစ္စည်းလေးပါးတို့၌ ရောင့်ရဲခြင်း စသည်ဖြင့်ရောင့်ရဲ၏၊ ယုံမှားမှုကို လွန်မြောက်ပြီးဖြစ်၏၊ ကိလေသာအသင်းအပင်းကို အောင် ပြီးဖြစ်၏၊ ကြက်သီးမွေးညင်းထခြင်းမှ ကင်း၏၊ ထိုဝီရရဟန်းသည် ကိလေသာငြိမ်းအေးပြီး ဖြစ်ရကား မတုန်မလှုပ် တည်တံ့သော သဘောရှိ၏၊

ဤသို့လျှင် အသျှင်ဝီရမထေရ်သည် ဂါထာကို ရွတ်ဆို၏၊

........

၉-ပိလိန္ဒဝစ္ဆတ္ထေရဂါထာ

နတ်တို့ ချစ်မြတ်နိုးခြင်း၌ ဧတဒဂ်ရသော ပိလိန္ဒဝစ္ဆမထေရ်သည် လူ့ဘဝက ဂန္ဓာရီ အတတ်နှင့်ပတ်သက်၍ စုံစမ်းရန် ဘုရားထံလာမိသည်ကို ဆင်ခြင်၍ ဝမ်းမြောက်ဝမ်းသာ မြွက်ဆိုသော ဂါထာ

֍ ။ မြတ်စွာဘုရားအထံသို့ ငါ၏ ဤလာခြင်းသည် ကောင်းသော လာခြင်းပါပေတည်း၊ မကောင်းသောလာခြင်း မဟုတ်ပါ၁၊ ငါ၏ ဤစုံစမ်းခြင်းသည် မကောင်းသော စုံစမ်းခြင်း မဟုတ်၊ အပြားအားဖြင့် ဝေဖန်အပ်ကုန်သော တရားတို့တွင် အကြင် မြတ်သော သစ္စာလေးပါး တရားသည် ရှိ၏၊ ထိုသစ္စာလေးပါးတရားသို့ ကိုယ်တိုင် မျက်မှောက်ပြုသောအားဖြင့် ကပ်ရောက်ပြီ။

ဤသို့လျှင် အသျှင်ပိလိန္ဒဝစ္ဆမထေရ်သည် ဂါထာကို ရွတ်ဆို၏၊

........

֍ ။ အဋ္ဌကထာ၌ နာဂပတံ ရှိ၏၊ အစီးအပွါး တိုးတက်ခြင်းမှ မယုတ်ပါဟု ပြန်လေ။

........

၁၀-ပုဏ္ဏမာသတ္ထေရဂါထာ

မယားဟောင်းက လူထွက်ရန် သွေးဆောင် ဖြားယောင်းလို၍ သားငယ်ကို တန်ဆာ ဆင်လျက်လာရောက်ရာတွင် ပုဏ္ဏမာသမာထေရ်က မိမိကပ်ငြိတွယ်တာမှုကင်းပြီဟု ပြော ဆိုဟောကြားသော ဂါထာ

֍ ၁၀။ အကြင် ရဟန်းသည် (အလုံးစုံသော ခန္ဓာစသော)လောက၏ ဖြစ်ခြင်း ပျက်ခြင်းကို သိ၍ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ ရောက်၏၊ သစ္စာလေးပါးတို့ကို သိလျက် တည်၏၁၊ (မဂ် အစောင့်အရှောက်ဖြင့်) စောင့်ရှောက်ခြင်းသဘောရှိ၏၊ ခပ်သိမ်းသော အာရုံတရားတို့၌ တဏှာ ဒိဋ္ဌိတို့ဖြင့် မလိမ်းကျံ မကပ်ငြိ၊ ထိုရဟန်းသည် ဤပစ္စုပ္ပန်လောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ငဲ့ကွက်မှုတဏှာကို ပယ်ပြီးပြီ။

ဤသို့လျှင် အသျှင်ပုဏ္ဏမာသမထေရ်သည် ဂါထာကို ရွတ်ဆို၏၊

ပဌမဝဂ် ပြီး၏၊

........

֍ ။ အဋ္ဌကထာ၌ ဝေဒဂူ ပုဒ်၏ အဖွင့် တစ်နည်းထား၍ စတ္တာရိ ဝါ သစ္စာနိ စသည်ဖြင့် ဖွင့်ဆို၏၊ စင်စစ်မှာ ဝေဒဂူ၏ အဖွင့် တစ်နည်း မဟုတ်၊ သမိတောပုဒ်၏ အဖွင့်သာတည်း၊ အဋ္ဌကထာ၌ သမိတောတိ စတ္တာရိ သစ္စာနိ။ပ။ အဘိသမေစ္စ ဌိတောဟု ရှိရမည်၊ ဤသို့ ရှိသင့်ပုံကို ယူ၍ ဤ၌ မြန်မာပြန်လိုက်၏၊

........

၂-ဒုတိယဝဂ်

၁-စူဠဝစ္ဆတ္ထေရဂါထာ

စူဠဝစ္ဆမထေရ်သည် ရဟန္တာဖြစ်ပြီးနောက် ရဟန်းတို့အား ငြင်းခုံခြင်း၌ မွေ့လျော်လျှင် အကျိုးပျက်စီးပုံကို မြင်၍ မိမိ၏ တရားထူးရပုံကို ဆင်ခြင်ကာ နှစ်သက်ဝမ်းမြောက်စွာ ရွတ်ဆိုသော ဂါထာ

֍ ၁၁။ မြတ်စွာဘုရား ဟောကြား သိစေတော်မူအပ်သော ဗောဓိပက္ခိယတရား၌ ဝမ်းမြောက်ခြင်းများသော ရဟန်းသည် သင်္ခါရတရားတို့၏ ငြိမ်းရာဖြစ်၍ ငြိမ်သက်ချမ်းသာသော နိဗ္ဗာန်ကို ရနိုင်ရာ၏၊

ဤသို့လျှင် စူဠဝစ္ဆမထေရ်သည် ရွတ်ဆို၏၊

........

၂-မဟာဝစ္ဆတ္ထေရဂါထာ

မဟာဝစ္ဆမထေရ်သည် အရဟတ္တဖိုလ်သို့ရောက်၍ ဝိမုတ္တိချမ်းသာကို ခံစားလျက် သာသနာတော်၏ နိယျာနိကအဖြစ်ကို ထင်စွာပြ၍ သီတင်းသုံးတော်တို့ အားတက်စေရန် ရွတ်ဆိုသော ဂါထာ

֍ ၁၂။ ဤလောက၌ အကြင်ရဟန်းသည် လွန်ကဲသော ပညာအားနှင့် ပြည့်စုံ၏၊ လွန်ကဲသော သီလအကျင့်နှင့် ပြည့်စုံ၏၊ (ဥပစာရသမာဓိ, အပ္ပနာသမာဓိဖြင့်) ကောင်းစွာ တည် ကြည်သည်ဖြစ်၍ စျာန်၌ မွေ့လျော်၏၊ သတိရှိ၏၊ ထိုရဟန်းသည် ရာဂကင်းပြီး ဖြစ်၍ (သာမိပရိဘောဂဖြင့်) အကျိုးရှိသော ဘောဇဉ်ကို သုံးဆောင်လျက် ပရိနိဗ္ဗာန်ပြုရမည့် အချိန် ကာလကို ငံ့လင့်နေ၏၊

ဤသို့လျှင် မဟာဝစ္ဆမထေရ်သည် ရွတ်ဆို၏၊

........

၃-ဝနဝစ္ဆတ္ထေရဂါထာ

ဝနဝစ္ဆမထေရ်သည် ရဟန္တာ ဖြစ်ပြီးနောက် ကပ္ပိလဝတ်၌ သီတင်း သုံးတော်မူသော မြတ်စွာဘုရားထံသို့လာစဉ် ရဟန်းတို့က တော၌ ချမ်းသာသုခ ရ၏လောဟု မေး၍ မိမိနေသော တော၏ဂုဏ်ကို ချီးကျူး ရွတ်ဆိုသော ဂါထာ

֍ ၁၃။ အကြင် ကျောက်တောင်တို့သည် မိုးတိမ်ညိုအဆင်း ရှိကုန်၏၊ အရောင်ပြိုးပြိုးပြက် ထွက်ကုန်၏၊ အေးမြကြည်လင်သောရေလည်း ရှိကုန်၏၊ စင်ကြယ်သောမြေအဖို့လည်း ရှိကုန်၏၊ သန္တာအဆင်းနှင့်တူသော နီသောအဆင်းရှိသော သိကြားကွမ်းသွေးကောင် (ဣန္ဒဂုပ်ကောင်ဟု အမည်ရသော ) ပိုးပရန်တို့ဖြင့် ဖုံးလွှမ်းထားကုန်၏၊ ထိုကျောက်တောင်တို့သည် ငါ့ကို မွေ့လျော်စေကုန်၏၊

ဤသို့လျှင် ဝနဝစ္ဆမထေရ်သည် ရွတ်ဆို၏၊

........

၄-သိဝကသာမဏေရဂါထာ

ဝနဝစ္ဆမထေရ်၏တူ သိဝကသာမဏေသည် တော၌မထေရ်အား လုပ်ကျွေးစဉ်တစ်နေ့ ရွာသို့ သွားရာရွာ၌ သာမဏေအား ရောဂါဆိုးကပ်ရောက်၏၊ ဦးရီးတော် မထေရ် သိ၍ လာရောက်ပြုစုရာ ညဉ့်အချိန်၌ ရွာထဲ၌ မနေလို၍ မထေရ်က တောသို့ သွားအံ့ဟု ပြောကာ သာမဏေအား ပွေ့ချီ၍ ခေါ်၏၊ ဦးရီးတော်၏ လက်ပေါ်၌ အရဟတ္တဖိုလ်ရောက်၍ ဦးရီးတော်၏ စကားနှင့်ပေါင်း၍ မိမိ၏ အလိုကိုမြွက်ဆိုသော ဂါထာ

֍ ၁၄။ ''သိဝက ဤရွာနီးကျောင်းမှ (တောအရပ်သို့သာ) သွားကြကုန်အံ့''ဟု ဥပဇ္ဈာယ် ဆရာက အကျွန်ုပ်ကို ပြောဆို၏၊ အကျွန်ုပ်၏ ကိုယ်သည် ရွာအနီး၌ နေရ၏၊ အကျွန်ုပ်၏ စိတ်သော်ကား တောသို့ ရောက်နေပါ၏၊ လျောင်း၍ နေရပါသော်လည်း (ထိုလျောင်းသော ကိုယ်ဖြင့်ပင် တွားလျက် တောသို့) သွားပါအံ့၊ (ကာမဂုဏ်တို့နှင့် သံသရာ၌ အပြစ်ကို လည်းကောင်း၊ ကာမဂုဏ်မှထွက်မြောက်ခြင်းနှင့် နိဗ္ဗာန်၌ အကျိုးအာနိသင်ကိုလည်းကောင်း) သိသောသူတို့အား ငြိတွယ်မှုမရှိတော့ပေ။

ဤသို့လျှင် ဝနဝစ္ဆမထေရ်၏ (တူဖြစ်သော) သိဝကသာမဏေသည် ရွတ်ဆို၏၊

........

၅-ကုဏ္ဍဓာနတ္ထေရဂါထာ

ရှေးကုသိုလ်ကြောင့် အမျိုးမျိုးအစွပ်စွဲခံရသော ကုဏ္ဍဓာမနထေရ်သည် ရဟန္တာ ဖြစ်၍ တစ်ခုသောစာရေးတံကို ရှေးဦးစွာ ခံယူရာ ပုထုဇဉ်တို့ အထင်လွဲသဖြင့် ထိုသူတို့၏ အယူမှားကို ပယ်ဖျောက်ရန် ကောင်းကင်မှ တန်ခိုးဖြင့် ဟောကြားသော ဂါထာ

֍ ၁၅။ အောက်ပိုင်း သံယောဇဉ် ငါးပါးတို့ကို (အောက်မဂ်ဖြင့်) ဖြတ်တောက်ရာ၏၊ (အထက်ပိုင်းသံယောဇဉ်) ငါးပါးတို့ကို (အရဟတ္တမဂ်ဖြင့်) ပယ်စွန့်ရာ၏၊ (အထက်ပိုင်း သံယောဇဉ် ငါးပါးတို့ကို ပယ်ခြင်းငှါ) သဒ္ဓါစသော ဣန္ဒြေ ငါးပါးတို့ကိုလည်း လွန်စွာ ပွါးစေ ရာ၏၊ (ဤသို့ ပွါးများသော) ရဟန်းကို (ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိ)ဟူသော ငြိတွယ်မှု ငါးမျိုးတို့ကို လွန်မြောက်နိုင်၍ သြဃလေးပါးမှ ကူးမြောက်ပြီးသူဟူ၍ ဆိုအပ်၏၊

ဤသို့လျှင် ကုဏ္ဍဓာနမထေရ်သည် ရွတ်ဆို၏၊

........

၆-ဗေလဋ္ဌသီသတ္ထေရဂါထာ

ဥရုဝေလကဿပ၏ ရသေ့အသင်းဝင်ဖြစ်ခဲ့ဖူး၍ အသျှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဖြစ်သော ဗေလဋ္ဌသီသမထေရ်သည် တစ်နေ့သ၌ ဖလသမာပတ်မှ ထ၍ ထိုချမ်းသာကို ဆင်ခြင်လျက် ဥဒါန်းကျူးသော ဂါထာ

֍ ၁၆။ ငါ့သျှင်တို့ ဦးချိုရှိသော ကောင်းမြတ်သော အာဇာနည် နွားလားဥသဘသည် ထွန်ကြောင်း ခရီးပေါ်၌ မပင်မပန်း သွားနိုင်သကဲ့သို့ ထို့အတူ အာမိသတို့နှင့် မရောသော မြတ်သော (ဖလသမာပတ်) ချမ်းသာကို ရသည်ဖြစ်၍ ညဉ့်နေ့တို့သည် မပင်မပန်းသဖြင့် ငါ့ကို လွန်သွားကြကုန်၏၊

ဤသို့လျှင် ဗေလဋ္ဌသီသမထေရ်သည် ရွတ်ဆို၏၊

........

၇-ဒါသကတ္ထေရဂါထာ

ဒါသမထေရ်သည် အစားကြီး အအိပ်ကြီး၍ ပျင်းရိသူဖြစ်ရာ တစ်နေ့၌ ပြင်းစွာ ဟောက်၍ အိပ်ပျော်နေစဉ် ဘုရားရှင်က ဂါထာဖြင့် ဖိနှိပ်၍ ဟောကြား၏၊ ထိုနောက် မြတ်စွာဘုရား ဖိနှိပ် ဟောကြားသော ဂါထာကို မိမိအတွက် အလွန်အကျိုးဖြစ်ထွန်းသည်ဟု ရွတ်ဆိုကျူးရင့်၏၊ ထိုသို့ ဘုရားရှင်ဟောသည့်အတိုင်း ဒါသကမထေရ် ကျူးရင့်သော ဂါထာ

֍ ၁၇။ အကြင်အခါ ပညာနည်းသူသည် အစားကြီးသည်ဖြစ်၍ လေးလံထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'ဖြင့် နှိပ်စက်ခံရကာ အစာပြည့်နေသော ဝက်ကြီးကဲ့သို့ တပြောင်းပြန်ပြန် လူးလိမ့်လျက် အအိပ်ကြူး၏၊ ထိုအခါ အဖန်တလဲလဲ ပဋိသန္ဓေနေခြင်းသို့ ရောက်ရ၏၊

ဤသို့လျှင် ဒါသကမထေရ်သည် ရွတ်ဆို၏၊

........

၈-သိင်္ဂါလပိတုတ္ထေရဂါထာ

သိင်္ဂါလပိတုထေရ်သည် မြတ်စွာဘုရားထံမှ အဋ္ဌိကကမ္မဋ္ဌာန်းကိုယူ၍ ဘေသကဠတော၌ နေစဉ် တောစောင့်နတ်က ဂါထာရွတ်၍ အားပေး၏၊ ထိုဂါထာကို အကြောင်းပြု၍ ရဟန္တာဖြစ်ရာ ထိုဂါထာကို တစ်ဆင့်ရွတ်ဆိုလေ့ရှိ၏၊ ထိုသို့ တောစောင့်နတ် ရွတ်ဆိုသည့်အတိုင်း တဆင့် ရွတ်ဆိုသော ဂါထာ

֍ ၁၈။ အကြင်ရဟန်းသည် ဘေသကလမည်သော တော၌ (နေလျက်) သဗ္ဗညုမြတ်စွာဘုရား၏ တရားအမွေခံဖြစ်၍ အလုံးစုံသော အတ္တဘောတည်းဟူသော မြေကြီးကို အဋ္ဌိကသညာဖြင့် အရိုးစုဟု နှလုံးသွင်းသည်၏ အစွမ်းဖြင့် ပျံ့နှံ့ပြီ၊ ထိုရဟန်းသည် ကာမရာဂကို လျင်စွာသာလျှင် ပယ်နိုင်လိမ့်မည်ဟု အကျွန်ုပ် ထင်၏၊

ဤသို့လျှင် သိင်္ဂါလပိတုမထေရ်သည် ရွတ်ဆို၏၊

........

၉-ကုလတ္ထေရဂါထာ

ဘုရားသာသနာ၌ ရဟန်းအဖြစ်ကို ရရှိသော်လည်း တရားထူးကို မရနိုင်ဘဲရှိနေသော ကုလမထေရ်သည်တစ်နေ့သ၌ ဆွမ်းခံသွားစဉ် မြှားဖြောင့်နေသော မြှားသမား၊ သစ်တုံးကို ရွေ (ခွဲ) နေသော သစ်ရွေသမားတို့ကို မြင်ရ၍ အသက်မဲ့ မြှားနှင့် သစ်များကိုပင် ပြုပြင်၍ ရသေး၏၊ အဘယ့်ကြောင့် စိတ်ကို မပြုပြင်နိုင်အံ့နည်းဟု ဥပမာဆင်ခြင်ကာ တရားအားထုတ်သည်တွင် မကြာခင် အရဟတ္တဖိုလ်သို့ရောက်၍ ဝမ်းမြောက်စွာရွတ်ဆို ပြောကြားသော ဂါထာ

֍ ၁၉။ ရေကို ဆောင်သောသူတို့သည် ရေကို (မိမိလိုရာ အရပ်သို့) ဆောင်ကုန်၏၊ လေး သမားတို့သည် မြားကို (မီးကင်၍) ဖြောင့်အောင် ပြုကုန်၏၊ တစည်းသစ်ရွေသမားတို့သည် သစ်ကို (မိမိအလိုရှိသလို) ရွေကုန်၏၊ ဤအတူ ကောင်းသော အကျင့်ရှိကုန်သော ပညာရှိတို့ သည် (သောတာပတ္တိမဂ် စသည်ကို ဖြစ်စေလျက်) မိမိကိုယ်ကို ဆုံးမကုန်၏၊

ဤသို့လျှင် ကုလမထေရ်သည် ရွတ်ဆို၏၊

........

၁၀-အဇိတတ္ထေရဂါထာ

ဗာဝရီရသေ့၏တပည့် အဇိတရသေ့သည် ဘုရားထံသို့ စုံစမ်းရန်အလာတွင် သူ၏ စိတ်ပြဿနာများကို မြတ်စွာဘုရားက နှုတ်ဖြင့် ဖြေကြားတော်မူသည်ကို ကြည်ညိုလျက် ရဟန်းပြုကာ ဝိပဿနာကို ပွါး၍ ရဟန္တာဖြစ်လျှင် ရဲရင့်စွာ ရွတ်ဆိုသော ဂါထာ

֍ ၂၀။ ငါ့အား သေရလိမ့်မည်ဟူသော အကြောင်းကြောင့် ထိတ်လန့်ကြောက်ရွံ့မှု (ဘေး) မရှိ၊ ငါ့အား အသက် 'ဇီဝိတိန္ဒြေ' ၌ ငဲ့ကွက်မှု 'တဏှာ'လည်း မရှိ၊ ငါသည် ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ပြန့်ပြောသော သတိရှိလျက် မိမိကိုယ်ကို စွန့်လိုက်တော့အံ့။

ဤသို့လျှင် အဇိတမထေရ်သည် ရွတ်ဆို၏၊

ဒုတိယဝဂ် ပြီး၏၊

........

၃-တတိယဝဂ်

၁-နိဂြောဓတ္ထေရဂါထာ

နိဂြောဓလုလင်သည် မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်ကို အလှူခံသောနေ့၌ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကို မြင်ရသဖြင့် ရွှင်ပျအားရမ်း ရဟန်းပြုကာ အားထုတ်၍ မကြာခင် ရဟန္တာဖြစ်ကာ အဘိညာဉ်ရဖလသမာပတ်ဖြင့် အချိန်ကို လွန်စေလျက် သာသနာတော်၏ ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်ပုံကို ထင်ရှားစေခြင်းငှါ ရွတ်ဆို ဖော်ပြ သော ဂါထာ

֍ ၂၁။ ငါသည် (ပဋိသန္ဓေနေမှု, အိုမှုစသော) ဘေးကို မကြောက်တော့ပါ၊ နိဗ္ဗာန်သို့ (ပို့ဆောင်ခြင်း) ၌ လိမ္မာတော်မူသော ငါတို့၏ ဆရာ မြတ်စွာဘုရားသည် (ပဋိသန္ဓေနေခြင်း, အိုခြင်းစသော) ဘေးတို့ မတည်မရှိရာ နိဗ္ဗာန်သို့ အရိယမဂ်တည်းဟူသော အကြင် ခရီးလမ်း ကြောင်းဖြင့် ကြွသွားတော်မူ၏၊ ရဟန်းတို့သည် ထိုမြတ်စွာဘုရား ကြွသွားရာ ခရီးလမ်း ကြောင်းဖြင့်ပင် သွားကုန်၏၊

ဤသို့လျှင် နိဂြောဓမထေရ်သည် ရွတ်ဆို၏၊

........

၂-စိတ္တကတ္ထေရဂါထာ

ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်း၌ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ် တရားတော်ကို နာယူ ကြည်ဖြူနှစ်သက် ရဟန်းဘက်သို့ ကူးသော စိတ္တကမထေရ်သည် စျာန်အခြေခံသော ဝိပဿနာကို ပွါး၍ မကြာခင် ရဟန္တာဖြစ်ပြီးနောက် မမေ့လျော့ခြင်းနှင့်ပတ်သက်၍ ရဟန်းတို့အား ဖြေကြားသော ဂါထာ

֍ ၂၂။ စိမ်းညိုသော လည်ရေးရှိသည်၏အဖြစ်ကြောင့် ကောင်းသော လည်ပင်းနှင့် ပြည့်စုံကုန်သော၊ အမောက်ဦးစွန်းရှိကုန်သော ဥဒေါင်းငှက်တို့သည် ကာရမ္ဘမည်သော တောအုပ်၌ သာယာစွာတွန်မြူးကြကုန်၏၊

ထိုဥဒေါင်းငှက်တို့သည် အေးသော မိုးသက်လေဖြင့် ကောင်းစွာ မြူးတူးကစားခြင်း ရှိကုန်သည်ဖြစ်၍ (ကျိန်းစက်ခွင့်ပြုသော အချိန်၌) ကျိန်းစက်နေသော (သမထဝိပဿနာ) စျာန်ရယောဂီရဟန်းကို နှိုးကုန်၏၊

ဤသို့လျှင် စိတ္တကမထေရ်သည် ရွတ်ဆို၏၊

........

၃-ဂေါသာလတ္ထေရဂါထာ

ဂေါသာလထေရ်သည် အရဟတ္တဖိုလ်ကို ရပြီး၍ ဒိဋ္ဌဓမ္မချမ်းသာစွာ နေရခြင်းငှာ တောင်စဉ်တောင်ဝှမ်းသို့သာ သွားလိုကြောင်း မိမိ၏ ပဋိပတ်ကို ပြောကြားရင်း ရွတ်ဆိုသော ဂါထာ

֍ ၂၃။ ငါသည် ဝါးချုံရိပ်၌ ချိုမြိန်သော ဃနာနို့ဆွမ်းကို သုံးဆောင်ပြီးလျှင် (မြတ်စွာဘုရားအဆုံးအမတော်ကို) ကောင်းစွာ ခံလင့်သဖြင့် ဥပါဒါနက္ခန္ဓာတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ကြည့်ရှု သုံးသပ်လျက် ပဋိပဿဒ္ဓိဝိဝေက, ဖလသမာပတ္တိဝိဝေကကို ပွါးလိုသောကြောင့် (ရှေး၌နေဖူးသော) တောင်စဉ်တောင်ဝှမ်းသို့ ပြန်သွားပေတော့အံ့။

ဤသို့လျှင် ဂေါသာလမထေရ်သည် ရွတ်ဆို၏၊

........

၄-သုဂန္ဓတ္ထေရဂါထာ

မဟာသလမထေရ်ထံ၌ တရားနာရ၍ ရဟန်းပြုသော သုဂန္ဓမထေရ်သည် တရားကို အားထုတ်ရာ ခုနစ်ရက်အတွင်း၌ ရဟန္တာဖြစ်၍ ထိုအကြောင်းကို ဖော်ပြသော ဂါထာ

֍ ၂၄။ ရဟန်းအဖြစ်သို့ ရောက်၍ တစ်ဝါသာ ရသေးသော (သင်) သုဂန္ဓသည် သင့်ဆရာ မြတ်စွာဘုရား တရားတော်၏ တရားကောင်း ဖြစ်သည်ကို ရှုပါလော့၊ သင်သည် ဝိဇ္ဇာသုံးပါး တို့သို့ အစဉ်ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း ပြုအပ်ပြီ။

ဤသို့လျှင် သုဂန္ဓမထေရ်သည် ရွတ်ဆို၏၊

........

၅-နန္ဒိယတ္ထေရဂါထာ

သာကီဝင်မင်းသား နန္ဒိယမထေရ်သည် ဘုရားထံ၌ ရဟန်းပြုပြီးလျှင် ဝိပဿနာကို အားထုတ်ရာ ရှေးဆုတောင်းအတိုင်း မကြာခင် အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် မိဂဒါဝုန်တောအရောက် မာရ်နတ်ချောက်လှန့်သည်တွင် ရဲရင့်စွာ ပြန်ကြား ရွတ်ဆိုသော ဂါထာ

֍ ၂၅။ မာရ်နတ် အကြင် ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် (အရဟတ္တမဂ်ဉာဏ်ရောင်အားဖြင့်) အရောင်အလင်းရှိသည်ဖြစ်၍ မပြတ်မလပ်ပင် အရဟတ္တဖိုလ်ဉာဏ်နှင့်တကွဖြစ်၏၊ ထိုသို့သဘောရှိသော အရဟတ္တဖိုလ်ဉာဏ်နှင့် ပြည့်စုံသော ရဟန်းကို နှိပ်စက်သည်ရှိသော် ဆင်းရဲဒုက္ခသို့ (သင်) ရောက်ရလတ္တံ့။

ဤသို့လျှင် နန္ဒိယမထေရ်သည် ရွတ်ဆို၏၊

........

၆-အဘယတ္ထေရဂါထာ

ဗိမ္ဗိသာရမင်းကြီး၏ သားတော် အဘယမင်းသားသည် အဖနတ်ရွာစံသောအခါ သံဝေဂရကာ ရဟန်းပြုရှေးဦးစွာ သောတာပန်တည် မကြာမီ အရဟတ္တဖိုလ်ရောက်၍ မိမိ၏ ပဋိပတ်ကို ပြောကြားခြင်းဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၂၆။ နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား၏ ကောင်းစွာ ဟောအပ်သော တရားစကားတော်ကို ကြားနာရသောကြောင့် '(ကောင်းစွာ သင်ကြားထား၍ ကျွမ်းကျင်လိမ္မာ သောလေးသမားသည်) ခုနစ်စိတ်ခွဲထားသော သားမြီးဖျားကို မြားဖြင့် မချွတ်မယွင်းစေမူ၍ ဖောက်ထွင်းအောင် ပစ်ရာသကဲ့သို့' သိမ်မွေ့သော (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိပြီ။

ဤသို့လျှင် အဘယမထေရ်သည် ရွတ်ဆို၏၊

........

၇-လောမသကင်္ဂီယတ္ထေရဂါထာ

နူးညံ့လှသောလောမသကင်္ဂီယမထေရ်သည် တောတွင်းသို့အရောက် ဆူးငြောင့် ခလုတ်ကို သည်းခံနိုင်ပါမည်လားဟု ရဟန်းများက ဆိုရာတွင် သည်းခံနိုင်ကြောင်းဖြင့် ရဟန္တာဖြစ်ပြီး နောက်လည်း ဤနည်းအတိုင်း ရွတ်ဆိုပြောပြသော ဂါထာ

֍ ၂၇။ ငါသည် ဆိတ်ငြိမ်မှု 'ဝိဝေက'ကို ပွါးစေလိုသည်ဖြစ်၍ မြေဇာမြက်ကိုလည်းကောင်း၊ သမန်းမြက်ကိုလည်းကောင်း၊ ဆူးချုံကိုလည်းကောင်း၊ ပန်းရင်းမြက်ကိုလည်းကောင်း၊ ဖြူဆန် မြက် ပြိတ်မြက်ကိုလည်းကောင်း ရင်ဖြင့် ဖယ်ရှား၍ သွားပါအံ့။

ဤသို့လျှင်လောမသကင်္ဂီယမထေရ်သည် ရွတ်ဆို၏၊

........

၈-ဇမ္ဗုဂါမိကပုတ္တတ္ထေရဂါထာ

ဇမ္ဗုဂါမိယပုတ္တမထေရ်သည် ရဟန္တာမဖြစ်မီ ဖခင် စုံစမ်းလိုသဖြင့် ရေးပေးဖူးသော ဂါထာကိုပင် ရဟန္တာဖြစ်ပြီးနောက် လည်း ဖခင်ကို ပူဇော်လိုသဖြင့် ရွတ်ဆိုဖော်ပြသည်၊ ဖခင်၏ ဂါထာဖြစ်သော်လည်း သားရဟန္တာ၏ ဂါထာဟု ဆိုရသော ဂါထာ

֍ ၂၈။ အသို့နည်း၊ အဝတ်သင်္ကန်းကို တန်ဆာဆင်မှု၌ မွေ့လျော်ခြင်း ကင်းပါ၏လော။ အသို့နည်း၊ အတ္တဘောကို တန်ဆာဆင်မှု၌ မွေ့လျော်ခြင်း ကင်းပါ၏လော။ အသို့နည်း၊ (သင့်အား) သီလဖြင့်ပြီးသော အနံ့ လှိုင်ပါ၏လော။ သင်သည် (သီလနှင့် ပြည့်စုံခြင်းကြောင့် ဖြစ်သော ကျော်စောသံကို) ပျံ့နှံ့စေနိုင်ပါ၏လော၊ 'တစ်ပါးသော ဒုဿီလပုဂ္ဂိုလ်သည် သီလ ဖြင့်ပြီးသော အနံ့ မပျံ့မလှိုင်စေနိုင်သကဲ့သို့' သီလဖြင့်ပြီးသော အနံ့ မပျံ့မလှိုင်စေနိုင်ဘဲ ရှိနေ ပါသလော။

ဤသို့လျှင် ဇမ္ဗုဂါမိကပုတ္တမထေရ်သည် ရွတ်ဆို၏၊

........

၉-ဟာရိတတ္ထေရဂါထာ

ဟာရိတမထေရ်သည် မြှားသမားဥပမာဖြင့် မိမိစိတ်ကို တည်ကြည်ဖြောင့်မတ်အောင် အားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်ရကြောင်းကို ပြောကြား ရွတ်ဆိုသော ဂါထာ

֍ ၂၉။ ဟာရိတ လေးသမားသည် မြားကို ဖြောင့်စွာ ပြုသကဲ့သို့ စိတ်ကို တက်ကြွစေလျက် (ဝီရိယနှင့် သမာဓိကို မျှစေကာ) စိတ်ကို ဖြောင့်စွာ ပြုပြီးလျှင် အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ခွဲလေလော့။

ဤသို့လျှင် ဟာရိတမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ဥတ္တိယတ္ထေရဂါထာ

ဥတ္တိယမထေရ်သည် ဝိပဿနာအားထုတ်စဉ် ရောဂါဝင်သဖြင့် သံဝေဂဖြစ်ပွါး ဝီရိယအားတက်၍ ကြိုးစားရာ အရတ္တဖိုလ်သို့ရောက်ရသည်တွင် မိမိ၏ ကျင့်စဉ် ပြည့်စုံပုံ အခြင်းအရာကို အဦးထား၍ ပြောကြား ရွတ်ဆိုသော ဂါထာ

֍ ၃၀။ ငါ့အား အနာရောဂါ ဖြစ်လတ်သော် ငါ့အား အနာရောဂါ ဖြစ်ချေပြီ၊ ငါ့အား (ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၌) မမေ့မလျော့ရန် အခါတန်ပြီဟု ငါ့အား အောက်မေ့မှု 'သတိ' ဖြစ်ပေါ် လာပြီ။

ဤသို့လျှင် ဥတ္တိယမထေရ်သည် ရွတ်ဆို၏၊

တတိယဝဂ် ပြီး၏၊

........

၄-စတုတ္ထဝဂ်

၁-ဂဟွရတီရိယတ္ထေရဂါထာ

မြတ်စွာဘုရား၏ ယမိုက်ပြာဋိဟာကို မြင်၍ ကြည်ညိုသဖြင့် ရဟန်းအဖြစ်သို့ ရောက်လာသော ဂဟွရတီရိယမထရ်သည် ဝိပဿနာကိုပွါးများရင်း ရဟန္တာအဖြစ်သို့ ရောက်ပြီးနောက် တောအရပ်၌ နေခြင်းကိုသာ ငါနှစ်သက်၏ဟု ပြောကြား ရွတ်ဆိုသော ဂါထာ

֍ ၃၁။ တောအုပ်ကြီး၌ မှက် ခြင်တို့ တွေ့ထိကိုက်ခဲခံရသည်ရှိသော် စစ်မြေဦး၌ ကျက်စားသော ဆင်ပြောင်ကြီးကဲ့သို့ ထိုတောအုပ်ကြီး၌ သတိရှိသည်ဖြစ်၍ သည်းခံနေရ၏၊

ဤသို့လျှင် ဂဟွရတီရိယထေရ်သည် ရွတ်ဆို၏၊

........

၂-သုပ္ပိယတ္ထေရဂါထာ

မိတ်ဆွေဖြစ်သော သောပါကမထေရ်ထံမှ တရားနာရ၍ သံဝေဂရကာ ရဟန်းပြု ပဋိပတ်ကို ကြိုးစား၍ ရဟန္တာအဖြစ်သို့ရောက်သော သုပ္ပိယမထေရ် ရွတ်ဆိုသော ဂါထာ

֍ ၃၂။ ငါသည် (ခဏတိုင်း ခဏတိုင်း) အိုမင်းခြင်းသို့ ရောက်နေရသော ခန္ဓာကိုယ်ကြီးဖြင့် အိုခြင်းကင်းရာ နိဗ္ဗာန်ကို လဲလှယ်ဖလှယ် ဝယ်ယူပါအံ့၊ (တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့်)လောင်ကျွမ်းခံနေရသော ခန္ဓာကိုယ်ကြီးဖြင့် မီးတစ်ဆယ့်တစ်တန် ငြိမ်းရာမှန်သော နိဗ္ဗာန် တရားကို လဲလှယ်ဖလှယ် ဝယ်ယူပါအံ့။ (ဤသို့လျှင်) ယောဂတို့၏ကုန်ရာဖြစ်သော မိမိထက် လွန်မြတ်သောတရား မရှိသော ထူးကဲလွန်မြတ်သော သန္တိသုခ နိဗ္ဗာနဓာတ်ကို ငါသည် လဲလှယ်ဖလှယ် ဝယ်ယူပါတော့အံ့။

ဤသို့လျှင် သုပ္ပိယမထေရ်သည် ရွတ်ဆို၏၊

........

၃-သောပါကတ္ထေရဂါထာ

မေတ္တာကမ္မဋ္ဌာန်းကို ယူ၍ သုသာန်၌ နေကာ မေတ္တာအခြေခံ ဝိပဿနာကို ပွါးလျက် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရသော သောပါကမထေရ်သည် မေတ္တာအကျိုးပြ ရွတ်ဆိုသော ဂါထာ

֍ ၃၃။ (အမိသည်) ချစ်ခင်အပ်သော တစ်ယောက်တည်းသော သား၌ အကျိုးစီးပွါးကို လိုလားသူဖြစ်သကဲ့သို့၊ ထို့အတူ (သုသာန်၌နေသော ရဟန်းသည်) အလုံးစုံသော အရပ်တို့ဝယ် အလုံးစုံသော သတ္တဝါတို့၌ အကျိုးစီးပွါးကို လိုလားသူ ဖြစ်ရာ၏၊

ဤသို့လျှင် သောပါကမထေရ်သည် ရွတ်ဆို၏၊

........

၄-ပေါသိယတ္ထေရဂါထာ

သားတစ်ယောက်ရပြီးမှ သံဝေဂရ ရဟန်းပြုကာ တောသို့ ဝင်လျက် သစ္စာလေးပါး ကမ္မဋ္ဌာန်းကို ပွါးများသဖြင့် မကြာမြင့်မီ ရဟန္တာဖြစ်သော ပေါသိယမထေရ်သည် 'တောသည်သာ ကျောင်းဖြစ်၏'ဟူသော သဘောဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၃၄။ ပေါသိယသည် တောမှ ရွာသို့ လာလတ်ပြီးသော် ထို့နောက် အိမ်သို့ ဝင်ခဲ့ပြီ၊ ထို မိန်းမတို့သည် အခါခပ်သိမ်း အနီး၌ မရှိကြကုန်သော်သာ မြတ်ကုန်၏ဟု သိသဖြင့် စကား မပြောမဆိုမူ၍ ထိုအိမ်မှထလျက် ဖဲသွား၏၊

ဤသို့လျှင် ပေါသိယမထေရ်သည် ရွတ်ဆို၏၊

........

၅-သာမညကာနိတ္ထေရဂါထာ

မြတ်စွာဘုရား၏ ယမိုက်ပြာဋိဟာကိုမြင်၍ ကြည်ညိုသဖြင့် ရဟန်းပြုကာ စရိုက်အား လျော်သော ကမ္မဋ္ဌာန်းကို ပွါးများ စျာန်အခြေခံသော ဝိပဿနာကို ကြိုးစား၍ အရဟတ္တဖိုလ်ရောက်သော သာမညကာနိမထေရ်သည် မိမိ၏ ပဋိပတ်အားလျော်စွာ မဂ်ဖိုလ် ရလာပုံကို ဖော်ပြ ရွတ်ဆိုသော ဂါထာ

֍ ၃၅။ အကြင်ပုဂ္ဂိုလ်သည် အမြိုက်နိဗ္ဗာန်သို့ ရောက်ခြင်းငှါ မြတ်သော အင်္ဂါရှစ်ပါးရှိသော မကောက်မကွေ့ ဖြောင့်မတ်သော ခရီးလမ်းဟူသော မဂ္ဂင်ရှစ်ပါးကို ပွါးများ၏၊ ချမ်းသာကို အလိုရှိသော ထိုပုဂ္ဂိုလ်သည်ထိုချမ်းသာအကျိုးငှါ ကျင့်သည်ရှိသော် နိဗ္ဗာန်ဟူသော ချမ်းသာကို ရ၏၊ ကျေးဇူးသတင်း ကျော်စောခြင်းသို့လည်း ရောက်၏၊ ထိုပုဂ္ဂိုလ်အား အခြံအရံသည်လည်း တိုးပွါး၏၊

ဤသို့လျှင် သာမညကာနိမထေရ်သည် ရွတ်ဆို၏၊

........

၆-ကုမာပုတ္တတ္ထေရဂါထာ

အသျှင်သာရိပုတြာထံ ရဟန်းပြုကာ တရားအားထုတ်ပါလျက် တရားထူးကို မရ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ် တရားကို ကြားနာလျက် သင့်လျော်သော နေရာ၌ ဝိပဿနာကို ပွါးများသဖြင့် ရဟန္တာအဖြစ်သို့ ရောက်သော ကုမာရပုတ္တမထေရ်သည် သာသနာတော်၏ ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်ပုံကို ပြလျက် ရွတ်ဆိုသော ဂါထာ

֍ ၃၆။ ငါ့သျှင်တို့ (အလိုနည်းခြင်း အစရှိသည်တို့နှင့် စပ်ယှဉ်သော တရားကို) ကြားနာရခြင်းသည် ကောင်းမြတ်လှပေ၏၊ (ထိုအလိုနည်းခြင်းစသော) အကျင့်ကို ကျင့်ရခြင်းသည် ကောင်းမြတ်လှပေ၏၊ အခါခပ်သိမ်း ကာမဂုဏ်ငါးပါးတို့ကို ပယ်ခြင်းငှါ ကျင့်ခြင်းသည် ကောင်းမြတ်လှပေ၏၊ (ဒိဋ္ဌဓမ္မိကစသည်, ကုသိုလ်စသည် အပြားရှိသော) သဘောတရားကို မေးမြန်းရခြင်းသည် ကောင်းမြတ်လှပေ၏၊ ဆုံးမသည့်အတိုင်း အရိုအသေ လိုက်နာကျင့်သုံးရခြင်းသည် ကောင်းမြတ်လှပေ၏၊ ဤဆိုပြီးသော ကြားနာခြင်း စသည်သည် ကြောင့်ကြမရှိသောသူ၏ ရဟန်းကျေးဇူးတရားပင်တည်း။

ဤသို့လျှင် ကုမာပုတ္တထေရ်သည် ရွတ်ဆို၏၊

........

၇-ကုမာပုတ္တသဟာယကတ္ထေရဂါထာ

ကုမာရပုတ္တမထေရ်၏ အဆွေတော်ဖြစ်သော ကုမာရပုတ္တသဟာယမထေရ်သည် နေရာ ဇနပုဒ်နှင့်ပတ်သက်၍ သံဝေဂဖြစ်ကာ စိတ်ကို နိုင်အောင် ဆုံးမလျက် ဝိပဿနာကို ပွါး ရဟန္တာအဖြစ်သို့ရောက်သောအခါ စိတ်ကို ဆုံးမပုံနှင့် စပ်လျဉ်း၍ ရွတ်ဆိုသော ဂါထာ

֍ ၃၇။ ခရီးဒေသစာရီ လှည့်လည် သွားလာကြကုန်သော ရဟန်းတို့သည် စိတ်ကို မစောင့် စည်းကုန်သည်ဖြစ်၍ တိုင်းပြည်အသီးသီးသို့ သွားကြကုန်၏၊ ထိုရဟန်းတို့သည် သမာဓိကို သော်လည်းချွတ်ယွင်းစေကြကုန်၏၊ ထိုရဟန်းတို့၏ တိုင်းပြည်လှည့်လည်ခြင်းသည် အဘယ် အကျိုးကိုပြုလုပ်ပြီးစီးစေနိုင်အံ့နည်း၊ ထို့ကြောင့် စိတ်ညစ်ညူးခြင်းကို ပယ်ဖျောက်ရာ၏၊ မမွေ့လျော်သည်၏အစွမ်းအားဖြင့် ဖြစ်သော စိတ်ညစ်ညူးမှုကို ပယ်ဖျောက်၍ တဏှာ ရှေ့သွားမပြုဘဲ သမထ, ဝိပဿနာဘာဝနာဖြင့် ကောင်းစွာ ရှုရာ၏၊

ဤသို့လျှင် ကုမာပုတ္တသဟာယကမထေရ်သည် ရွတ်ဆို၏၊

........

၈-ဂဝံပတိတ္ထေရဂါထာ

ယသမထေရ်၏ မိတ်ဆွေ ဂဝမ္ပတိသည် ယသမထေရ်ထံတွင် ရဟန်းပြု၍ မြတ်စွာဘုရားထံ ရောက်လျှင်ဘုရားတရားတော်ကို နာယူ ရသည်တွင် အရဟတ္ထဖိုလ်သို့ ရောက်ပြီးနောက် မြတ်စွာဘုရားအား ပူဇော်သောအားဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၃၈။ အကြငဂ် ဝပံ တမိ ထေရသ် ည် တနခ်းို အဘိညာဉ်ဖြင့် သရဘူမြစ်ကို တန့်စေ၏၊ ထိုဂဝံပတိမထေရ်သည် (တဏာှ , ဒိဋ္ဌိတည်း ဟူသော) မှီရာကင်း၏၊ တဏှာ ဟူသော မြူမရှိ၊ ငြိတွယ်မှုအားလုံးကို လွန်၍ တည်သော ဘဝသုံးပါး၏ ကမ်းတစ်ဖက်သို့ ရောက်ပြီးသောထိုရဟန်းမြတ် (ဂဝံပတိမထေရ်) ကို နတ်တို့သည်လည်း ရှိခိုးကြကုန်၏၊

ဤသို့လျှင် ဂဝံပတိမထေရ်သည် ရွတ်ဆို၏၊

........

၉-တိဿတ္ထေရဂါထာ

မြတ်စွာဘုရား၏ ဘထွေးတော်သား တိဿမထေရ်သည် ဇာတိမာနအလျောက် တရား အားမထုတ်ဘဲနေရာ မြတ်စွာဘုရားက သတိရလောက်အောင် ဆုံးမတော်မူသဖြင့် သံဝေဂ ဖြစ်ပွါးကာ ဝိပဿနာကို အားထုတ်သဖြင့် ရဟန္တာအဖြစ်သို့ ရောက်၍ မြတ်စွာဘုရားအား ပူဇော်ခြင်းငှာ ရွတ်ဆိုသော ဂါထာ

֍ ၃၉။ လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း၊ ဦးခေါင်းမီးလောင်ခံရသူကဲ့သို့လည်းကောင်း ထို့အတူ ရဟန်းသည် ကာမရာဂကို ပယ်ခြင်းငှါ သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏၊

ဤသို့လျှင် တိဿမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ဝဍ္ဎမာနတ္ထေရဂါထာ

ဝေသာလီမင်းသားဖြစ်သော ဝဍ္ဎမာနမထေရ်သည် သပိတ်မှောက်ကံကြောင့် သံဝေဂရ၍ ရဟန်းပြုပြီးနောက် တရားကို အားမထုတ် ထိနမိဒ္ဓနှိပ်စက်ခြင်းကို ခံ၍နေရင်း သံဝေဂ ရလောက်အောင် မြတ်စွာဘုရား၏ ဆုံးမတော်မူချက်ကြောင့် တရားထူးရကာ မြတ်စွာဘုရားအား ပူဇော်ခြင်းငှါ ရွတ်ဆိုသော ဂါထာ

֍ ၄၀။ လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း၊ ဦးခေါင်းမီးလောင်ခံရသူကဲ့သို့လည်းကောင်း ထို့အတူ ရဟန်းသည် ဘဝရာဂကို ပယ်ခြင်းငှါ သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏၊

ဤသို့လျှင် ဝဍ္ဎမာနမထေရ်သည် ရွတ်ဆို၏၊

စတုတ္ထဝဂ် ပြီး၏၊

........

၅-ပဉ္စမဝဂ်

၁-သိရိဝဍ္ဎတ္ထေရဂါထာ

ဝေဘာရ, ပဏ္ဍဝတောင်တို့၏ မနီးမဝေးတောအတွင်း၌ တရားအားထုတ်နေဆဲ, အခါမဲ့မိုးရွာသဖြင့် ပူအိုက်ခြင်းပြေပျောက် ဥတုသပ္ပါယလျောက်ပတ်ခြင်းကို ရ၍ တည်ကြည် ငြိမ်သက် တိုးတက်ပွါးများကာ ရဟန္တာအဖြစ်သို့ ရောက်သော သိရဝိဍ္ဎမထေရ်သည် မိမိ၏ ဥပနိဿယကို ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၄၁။ လျှပ်စစ်နွယ်တို့သည် ဝေဘာရတောင် ပဏ္ဍဝတောင်တို့၏ အလယ်၌ ကျရောက် တောက်ပကုန်ဘိသကဲ့သို့၊ အတုမရှိမူ၍ သည်းခံခြင်းစသော ဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ သားတော်သည် တောင်၏ အကြား ဥမင်လိုဏ်ဂူသို့ ကပ်ရောက်သည်ဖြစ်၍ သမထ, ဝိပဿနာဘာဝနာဖြင့် ကောင်းစွာရှု၏၊

ဤသို့လျှင် သိရိဝဍ္ဎမထေရ်သည် ရွတ်ဆို၏၊

........

၂-ခဒိရဝနိယတ္ထေရဂါထာ

အသျှင်သာရိပုတြာ၏ညီ ခဒိရဝနိယမထေရ်သည် ရှားတောအတွင်း တရားအားထုတ်ရင်း ရဟန္တာအဖြစ်ဖြင့် ဘုရားနှင့် နောင်တော်ကြီးကို ဖူးမြင်မည်ဟု ကြိုးစား၍ မကြာမီ ရဟန္တာအဖြစ်သို့ ရောက်ပြီးနောက် မကျန်းမမာဖြစ်နေစဉ် သျှင်သာရိပုတြာကြွလာသည်ကို မြင်၍ သာမဏေတို့အား ဆုံးမသောအားဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၄၂။ စာလာ, ဥပစာလာ, သိသူပစာလာတို့ သင်တို့သည် သတိချပ်ကုန်လျက်သာလျှင် နေကြကုန်လော့၊ သားမြီးကို ပစ်နိုင်သည့် လေးသမားနှင့် တူသော (သင်တို့၏ ဦးရီးတော်) အသျှင်သာရိပုတြာသည် ကြွလာတော်မူ၏၊

ဤသို့လျှင် ခဒိရဝနိယမထေရ်သည် ရွတ်ဆို၏၊

........

၃-သုမင်္ဂလတ္ထေရဂါထာ

လယ်သမားဘဝမှ သံဝေဂရ၍ ရဟန်းပြုလာသော သုမင်္ဂလမထေရ်သည် သစ်ပင်ရင်းသို့ ကပ်ကာ စိတ်ငြိမ်ရာရသည့်အတိုင်း ဝိပဿနာပွါးများ အားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ရောက်၍ မိမိ၏ ဒုက္ခမှ လွတ်မြောက်လာခြင်းကို ပြောကြား ဥဒါန်းကျူးသော ဂါထာ

֍ ၄၃။ ငါသည် ဘဝသစ်မှ လွတ်ခြင်းရှိသူ ဖြစ်၏၊ ငါသည် ဘဝသစ်မှ ကောင်းစွာ လွတ်ခြင်းရှိသူ ဖြစ်၏၊

သုံးပါးသောကုန်ခြင်းတို့မှ အလွန်လျှင် ကောင်းစွာ လွတ်ခြင်းရှိသူ ဖြစ်၏၊ ငါသည် ကုန်း၍ ရိတ်ဖြတ်ရခြင်းတို့မှလည်း လွတ်သူ ဖြစ်၏၊ ငါသည် ကုန်း၍ ထွန်ယက် ရခြင်းတို့မှလည်း လွတ်သူဖြစ်၏၊ ငါသည် ကုန်း၍ ပေါက်တူးပေါက်ရခြင်းတို့မှလည်း လွတ်သူ ဖြစ်၏၊ (တံစဉ်, ထွန်သွား, ပေါက်တူးတို့သည်) ငါ၏ အနီး၌ပင် ရှိသည်ဖြစ်ကုန်သော်လည်း (ထိုတံစဉ်, ထွန်သွား, ပေါက်တူးတို့ကို စွန့်လွှတ်ရန်) စွမ်းနိုင်သည်သာလျှင်တည်း၊ စွမ်းနိုင်သည်သာလျှင်တည်း။ သုမင်္ဂလ သမထ ဝိပဿနာ ဘာဝနာဖြင့် ကောင်းစွာ ရှုဆင်ခြင်လော့၊ သုမင်္ဂလ မမေ့မလျော့မူ၍ နေလော့။

ဤသို့လျှင် သုမင်္ဂလမထေရ်သည် ရွတ်ဆို၏၊

........

၄-သာနုတ္ထေရဂါထာ

ခုနစ်နှစ်အရွယ် သာမဏေငယ်ဖြစ်သော သာနုသည် အမိဖြစ်သူ၏ လူမထွက်စေလိုသော ပြောစကားအရ သံဝေဂဖြစ်ပွါး တရားကို အားထုတ်သဖြင့် မကြာမီ ရဟန္တာဖြစ်၍ ဥဒါန်းကျူး သောအားဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၄၄။ မိခင် လူတို့သည် သေသူကိုသော်လည်း (ရည်စူး၍) ငိုကြွေးကြကုန်၏၊ အသက် ရှင်လျက် (အရပ်တစ်ပါးသို့ သွားသဖြင့်) မတွေ့မမြင်ရသူကိုသော်လည်း (ရည်စူး၍) ငိုကြွေး ကြကုန်၏၊ မိခင် အသက်ရှင်လျက် ထင်ရှားရှိနေသော ငါ့ကို တွေ့မြင်နေရပါလျက် အဘယ့် ကြောင့် ငါ့ကို (ရည်စူး၍) ငိုကြွေးရဘိသနည်း။

ဤသို့လျှင် သာနုမထေရ်သည် ရွတ်ဆို၏၊

........

၅-ရမဏီယဝိဟာရိတ္ထေရဂါထာ

သူဌေးသားဘဝတွင် မင်းပြစ်မင်းဒဏ် ခံရသူကို မြင်ရ၍ သံဝေဂရကာ ရဟန်းပြု သျှင်ဥပါလိထံတွင် သီလစင်ကြည်အောင် သုတ်သင်လျက် ဝိပဿနာ ပွါးများသဖြင့် မကြာမီ ရဟန္တာဖြစ်ရသော ရမဏီယဝိဟာရီမထေရ်သည် ဝိမုတ္တိချမ်းသာကို ခံစားရင်း ရွတ်ဆိုသော ဂါထာ

֍ ၄၅။ ကောင်းမြတ်သော အာဇာနည် နွားလားဥသဘသည် ချွတ်ချော်တိမ်းပါးပြီးမှ တစ်ဖန် ရပ်တည်မြဲ ရပ်တည်သကဲ့သို့ ထို့အတူ အမြော်အမြင်နှင့် ပြည့်စုံသော, မြတ်စွာဘုရား၏ တပည့်သားဖြစ်သော ငါ့ကို (ကိလေသာဟူသော ပင်ပန်းခြင်းကြောင့် ပြစ်မှား၍ ပြုမိသော အားဖြင့်) ချွတ်ချော်တိမ်းပါးသော်လည်း တစ်ဖန် ရပ်တည်မြဲ ရပ်တည်သူ အာဇာနည် ယောက်ျားကောင်းဟူ၍ သိမှတ်လေလော့။

ဤသို့လျှင် ရမဏီယဝိဟာရိမထေရ်သည် ရွတ်ဆို၏၊

........

၆-သမိဒ္ဓိတ္ထေရဂါထာ

စည်းစိမ်ဂုဏ်သိရ် ပြည့်စုံသော သမိဒ္ဓိသည် ရဟန်းပြုပြီးနောက် တပေါဒါရုံကျောင်း၌ နေစဉ် ဘုရား တရား သံဃာ၌ သက်ဝင်လေးစား ဝိပဿနာပွါး၍ မကြာခင် ရဟန္တာ ဖြစ်သည်ကို မာရ်နတ်က လာရောက်ခြိမ်းချောက်သော်လည်း မကြောက်ရွံ့ကြောင်း ဖော်ပြ ရွတ်ဆိုသော ဂါထာ

֍ ၄၆။ ငါသည် ယုံကြည်မှု 'သဒ္ဓါ'တရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ ငါသည် အောက်မေ့မှု 'သတိ'ကိုလည်းကောင်း သိမှု 'ပညာ'ကိုလည်းကောင်း ပွါးများအပ်ပြီ၊ ငါ၏စိတ်သည်လည်း ကောင်းစွာ တည်ကြည်ပြီ၊ သင် မာရ်နတ်သည် (ဖောက်ပြန်သော) အဆင်းတို့ကို အလိုရှိတိုင်း ပြုလေလော့၊ ထိုအဆင်းတို့ဖြင့် ငါ့ကို နှိပ်စက်နိုင်လိမ့်မည် မဟုတ် သည်သာတည်း။

ဤသို့လျှင် သမိဒ္ဓိမထေရ်သည် ရွတ်ဆို၏၊

........

၇-ဥဇ္ဇယတ္ထေရဂါထာ

ဗေဒင်၌ အနှစ်သာရကို မမြင်၍ မြတ်စွာဘုရားထံ ရဟန်းပြုလာသော ဥဇ္ဇယ မထေရ်သည် စရိုက်အားလျော်စွာ ကမ္မဋ္ဌာန်းယူ အားထုတ်၍ မကြာခင် ရဟန္တာဖြစ် ဘုရားထံ သွားရောက်လျက် ဘုရားရှင်အား ချီးမွမ်းထောမနာသော အခြင်းအရာဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၄၇။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးခြင်း ဖြစ်ပါစေသတည်း။ (အရှင်ဘုရားသည် ) ခပ်သိမ်းသော ကိလေသာတို့မှ လွတ်ကင်းတော်မူပါပေ၏၊ အရှင်ဘုရား၏ အဆုံးအမသွားရာလမ်းကြောင်း၌ လိုက်နာနေထိုင်သော အကျွန်ုပ်သည် အာသဝေါကင်းသည်ဖြစ်၍ နေထိုင်ရပါ၏၊

ဤသို့လျှင် ဥဇ္ဇယမထေရ်သည် ရွတ်ဆို၏၊

........

၈-သဉ္ဇယတ္ထေရဂါထာ

ထင်ရှားသော ဗြဟ္မာယုပုဏ္ဏားဆရာကြီးများ သာသနာတော်၌ ကြည်ညိုကြသည်ကို မြင်ရလျှင် ရွှင်ပျသဒ္ဓါဘုရားရှင်ထံသို့ ကပ်ရောက်တရားတော်ကို နာယူသဖြင့် သောတာပန် တည်ပြီးနောက် ရဟန်းအဖြစ်သို့ရောက်သော သဉ္ဇယမထေရ်သည် ရဟန်းပြုမည်ဟု ဆံရိတ်အပြီးတွင် ရဟန္တာအဖြစ်သို့ရောက်ရ၍ ထိုအကြောင်းကို ပြောကြားသော ဂါထာ

֍ ၄၈။ အကြင်အခါမှ စ၍ ငါသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြု၏၊ ထိုရဟန်းပြုသောအခါမှ စ၍ အရိယာတို့၏ ဥစ္စာမဟုတ်သော ရာဂစသော အပြစ်နှင့်တကွ ဖြစ်သောကာမဂုဏ်နှင့် စပ်သော အကြံအစည်ကို ကြံစည်ဖူး၏ဟု မသိစဖူး။

ဤသို့လျှင် သဉ္ဇယမထေရ်သည် ရွတ်ဆို၏၊

........

၉-ရာမဏေယျကတ္ထေရဂါထာ

ဇေတဝန်ကျောင်းတော်လှူပွဲတွင် ကြည်ညိုစိတ်ဖြစ်ကာ ရဟန်းပြုလာသော ရာမဏေယျကမထေရ်သည် တစ်နေ့သ၌ မာရ်နတ်က ချောက်လှန့်သော်လည်း မကြောက်မလန့် မာရ်နတ်လက်ချက်ဟု သိသဖြင့် ဂရုမစိုက်ကြောင်းကိုပြကာ ရွတ်ဆိုသော ဂါထာ

֍ ၄၉။ မာရ်နတ် ငါ၏ စိတ်သည် အာရုံတစ်ခုတည်း၌ မွေ့လျော်သည်ဖြစ်၍ ငုံးတို့၏ စိန်စိန် 'စိဟ စိဟ' မြည်ကျူးသံတို့ကြောင့်လည်းကောင်း၊ မျောက်တို့၏ မြည်သံတို့ကြောင့်လည်းကောင်း ငါ၏စိတ်မတုန်လှုပ်ပေ။

ဤသို့လျှင် ရာမဏေယျကမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ဝိမလတ္ထေရဂါထာ

မြတ်စွာဘုရား၏ အာနုဘော်ကို ကြည်ညိုသဖြင့် ရဟန်းပြုလာသော ဝိမလထေရ်သည် တောင်ဝှမ်း၌ တရားအားထုတ်နေစဉ် မိုးကြီးရွာ၍ ဥတုသပ္ပါယဖြစ်ကာ ဝိပဿနာ ပွါးများလျက် ရဟန္တာအဖြစ်သို့ရောက်လျင် ရဟန်းကိစ္စပြီးစီး၍ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးသော ဂါထာ

֍ ၅၀။ မြေအပြင်ဝယ် (မိုးရေအလျဉ်တို့ဖြင့်) သွန်လောင်းနေ၏၊ (မိုးရေပေါက်တို့နှင့် ရောနှောသဖြင့်) အေးမြသောလေသည် တိုက်ခတ်နေ၏၊ ကောင်းကင်၌ လျှပ်စစ်နွယ်တို့သည် ယှက်သန်းကုန်၏၊ ငါ၏ (သန္တာန်ဝယ်) အကုသလဝိတက်တို့သည် (အရိယမဂ်ကို ရသဖြင့်) အကြွင်းမဲ့ ငြိမ်းကုန်၏၊ ငါ၏ စိတ်သည် (လောကုတ္တရာသမာဓိဖြင့်) ကောင်းစွာ တည်ကြည်၏၊

ဤသို့လျှင် ဝိမလမထေရ်သည် ရွတ်ဆို၏၊

ပဉ္စမဝဂ် ပြီး၏၊

........

၆-ဆဋ္ဌဝဂ်

၁-ဂေါဓိကတ္ထေရဂါထာ

ဂေါဓိကမထေရ်သည် သဒ္ဓါတရားဖြင့် ရဟန်းပြုလာသည့်အလျောက် ဝိပဿနာကို ပွါးများရာ မကြာမီ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်၍ မိုးကို ရွာချင်သလို ရွာစေဟူသော အဓိပါယ်ဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၅၁။ မိုးသည် ကောင်းစွာ သီဆိုအပ်သော သီချင်းသံကဲ့သို့ ထစ်ချုန်းလျက် ရွာ၏၊ ငါ၏ ကုဋိ (ကျောင်းငယ်) သည် မိုးထားပြီးဖြစ်၍ ချမ်းသာကို ဆောင်နိုင်၏၊ လေတည်းဟူသော ဘေးရန်မှ ကင်း၏၊ ငါ၏ စိတ်သည်လည်း (လောကုတ္တရာသမာဓိဖြင့်) ကောင်းစွာ တည်ကြည်၏၊ မိုးနတ်သား အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလော့။

ဤသို့လျှင် ဂေါဓိကမထေရ်သည် ရွတ်ဆို၏၊

........

၂-သုဗာဟုတ္ထေရဂါထာ

သုဗာဟု မထေရ်သည် သဒ္ဓါတရားဖြင့် ရဟန်းပြုလာသည့်အလျောက် ဝိပဿနာကို ပွါးများရာ မကြာမီ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်၍ မိုးကို ရွာချင်သလို ရွာစေဟူသော အဓိပ္ပါယ်ဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၅၂။ မိုးသည် ကောင်းစွာ သီဆိုအပ်သော သီချင်းသံကဲ့သို့ ထစ်ချုန်းလျက် ရွာ၏၊ ငါ၏ကုဋိ (ကျောင်းငယ်) သည် မိုးထားပြီးဖြစ်၍ ချမ်းသာကို ဆောင်နိုင်၏၊ လေတည်းဟူသော ဘေးရန်မှကင်း၏၊ ငါ၏ စိတ်သည်လည်း ကရဇကာယ၌ (ကာယဂတာသတိ ဘာဝနာ၏ အစွမ်းဖြင့်) ကောင်းစွာတည်ကြည်၏၊ မိုးနတ်သား အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလော့။

ဤသို့လျှင် သုဗာဟုမထေရ်သည် ရွတ်ဆို၏၊

........

၃-ဝလ္လိယတ္ထေရဂါထာ

ဝလ္လိယမထေရ်သည် သဒ္ဓါတရားဖြင့် ရဟန်းပြုလာသည့်အလျောက် ဝိပဿနာကို ပွါးများရာ မကြာမီ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်၍ မိုးကို ရွာချင်သလို ရွာစေဟူသော အဓိပ္ပါယ်ဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၅၃။ မိုးသည် ကောင်းစွာ သီဆိုအပ်သော သီချင်းသံကဲ့သို့ ထစ်ချုန်းလျက် ရွာ၏၊ ငါ၏ကုဋိ (ကျောင်းငယ်) သည် မိုးထားပြီးဖြစ်၍ ချမ်းသာကို ဆောင်နိုင်၏၊ လေတည်းဟူသော ဘေးရန်မှ ကင်း၏၊ ထို (ကျောင်းငယ်) ၌ မမေ့မလျော့သည်ဖြစ်၍ ငါ နေ၏၊ မိုးနတ်သား အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလော့။

ဤသို့လျှင် ဝလ္လိယမထေရ်သည် ရွတ်ဆို၏၊

........

၄-ဥတ္တိယတ္ထေရဂါထာ

ဥတ္တိယ မထေရ်သည် သဒ္ဓါတရားဖြင့် ရဟန်းပြုလာသည့်အလျောက် ဝိပဿနာကို ပွါးများရာ မကြာမီ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်၍ မိုးကို ရွာချင်သလို ရွာစေဟူသော အဓိပ္ပါယ်ဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၅၄။ မိုးသည် ကောင်းစွာ သီဆိုအပ်သော သီချင်းသံကဲ့သို့ ထစ်ချုန်းလျက် ရွာ၏၊ ငါ၏ကုဋိ (ကျောင်းငယ်) သည် မိုးထားပြီးဖြစ်၍ ချမ်းသာကို ဆောင်နိုင်၏၊ လေတည်းဟူသော ဘေးရန်မှကင်း၏၊ ထို (ကျောင်း) ၌ အဖော်မရှိသည်ဖြစ်၍ ငါ နေ၏၊ မိုးနတ်သား အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလော့။

ဤသို့လျှင် ဥတ္တိယမထေရ်သည် ရွတ်ဆို၏၊

........

၅-အဉ္ဇနဝနိယတ္ထေရဂါထာ

လေးထောင့်အင်းပျဉ်ကို ကျောင်းပြုနေရင်း အရဟတ္တဖိုလ်သို့ရောက်သော အဉ္ဇနဝနိယ မထေရ်သည် မိမိကဲ့သို့ ဖြစ်စေလိုသဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၅၅။ အဉ္ဇနမည်သော တောသို့ သက်ဝင်ကာ အခြေရှည်သော လေးထောင့်အင်းပျဉ်ကို ကျောင်းပြု၍ (နေသော ငါသည် ) ဝိဇ္ဇာသုံးပါးတို့သို့ အစဉ်ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း ပြုအပ်ပြီ။

ဤသို့လျှင် အဉ္ဇနဝနိယမထေရ်သည် ရွတ်ဆို၏၊

........

၆-ကုဋိဝိဟာရိတ္ထေရဂါထာ

လယ်သမား၏ မျက်မိုးတည်းကျောင်း၌နေလျက် တရားအားထုတ်ကာ အရဟတ္တဖိုလ် ရရှိသော ကုဋိဝိဟာရီမထေရ်သည် လယ်သမားအား အကျိုးမဲ့မဟုတ်ကြောင်း မိန့်ကြားသော ဂါထာ

֍ ၅၆။ ငါ၏ ကျောင်း၌ နေသူကား အဘယ်သူနည်းဟု (လယ်စောင့်က မေးသော်) သင်၏ ကျောင်း၌နေသူကား ရာဂကင်းပြီးသူ, ကောင်းစွာ တည်ကြည်သော စိတ်ရှိသူ ရဟန်းတည်း၊ လယ်စောင့်သမား ဤအတိုင်း သိလော့၊ သင် ပြုလုပ်အပ်သော ကုဋိ (ကျောင်းငယ်) သည် အချည်းနှီး အကျိုးမရှိသည်မဟုတ်။

ဤသို့လျှင် ကုဋိဝိဟာရိမထေရ်သည် ရွတ်ဆို၏၊

........

၇-ဒုတိယကုဋိဝိဟာရိတ္ထေရဂါထာ

နတ်သား၏ စကားကို ကြားရ၍ သံဝေဂဖြစ်ကာ ဝိပဿနာပွါး ရဟန္တာအဖြစ်သို့ ရောက်ရသော ဒုတိယကုဋိဝိဟာရီမထေရ်သည် ကျောင်းသစ်ကို မတောင့်တသင့်ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၅၇။ ရဟန်း သင်သည် ဤကျောင်းကား ကျောင်းဟောင်းတည်းဟု အခြားတစ်ပါးသော ကျောင်းသစ်ကိုတောင့်တဘိ၏၊ ရဟန်း အသစ်ဖြစ်သော ကျောင်းသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သောကြောင့် အသစ်ဖြစ်သော ကျောင်း၌ တောင့်တမှုတဏှာကို ကင်းစင်ပါစေလော့။

ဤသို့လျှင် ဒုတိယကုဋိဝိဟာရိမထေရ်သည် ရွတ်ဆို၏၊

........

၈-ရမဏီယကုဋိကတ္ထေရဂါထာ

အရွယ်ရှိ မိန်းမတို့က ဖြားယောင်းကြရာ မိမိ၌ ရာဂမရှိကြောင်း ဖော်ပြလိုသောရမဏီယကုဋိကမထေရ်သည် ကာမဂုဏ်ကို အလိုမရှိကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၅၈။ ငါ့၏ ကျောင်းသည် မွေ့လျော်ဖွယ် ရှိ၏၊ ယုံကြည်မှု 'သဒ္ဓါ'တရားဖြင့် လှူအပ်သော ကြောင့် စိတ်နှစ်ခြိုက်မွေ့လျော်ဖွယ် ရှိ၏၊ ငါ့အား သတို့သမီးတို့ဖြင့် အလို မရှိ၊ သတို့ သမီးတို့ မိန်းမတို့ဖြင့်အလိုရှိသူတို့၏ အထံသို့သာ သင်တို့ သွားကြကုန်လော့။

ဤသို့လျှင် ရမဏီယကုဋိကမထေရ်သည် ရွတ်ဆို၏၊

........

၉-ကောသလဝိဟာရိတ္ထေရဂါထာ

နေရာအာဝါသလျောက်ပတ်သဖြင့် သမာဓိကို ရကာ ဝိပဿနာပွါးများ၍ ရဟန္တာဖြစ်ရ သောကောသလဝိဟာရီမထေရ်သည် ဝိမုတ္တိချမ်းသာကို ခံစားရင်းဖြစ်ပေါ်သော ပီတိအဟုန်ဖြင့် ဥဒါန်းကျူးသော ဂါထာ

֍ ၅၉။ ငါသည် ယုံကြည်မှု 'သဒ္ဓါ' တရားဖြင့် ရဟန်း ပြုခဲ့၏၊ တော၌ နေသော ငါသည် ကျောင်းကိုလည်း ဆောက်လုပ်အပ်ပြီးပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာ အားထုတ်အပ်သည်ဖြစ်၍ ပညာအဆင်အခြင်နှင့် ပြည့်စုံလျက် အောက်မေ့မှု 'သတိ'ရှိကာ နေ၏၊

ဤသို့လျှင် ကောသလဝိဟာရိမထေရ်သည် ရွတ်ဆို၏၊

........

၁၀-သီဝလိတ္ထေရဂါထာ

လာဘ်ပေါများသော သီ ဝလိမထေရ်သည် မိမိ၌ မာနာနုသယမရှိ အရဟတ္တဖိုလ်ထိ ရရှိ၍ အကြံဟူသမျှပြီးစီးကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၆၀။ ငါသည် အကြင်နိဗ္ဗာန်ဟူသော အကျိုးကို အလိုရှိသည်ဖြစ်၍ ဝိဇ္ဇာသုံးပါးနှင့် ကိလေသာတို့မှလွတ်မြောက်မှု 'ဖလဝိမုတ္တိ'ကို တောင့်တရှာမှီးလျက် ဆိတ်ငြိမ်ရာ ကျောင်းသို့ ပုန်းအောင်းခိုဝင်ခဲ့ပြီ၊ ငါသည် ထောင်လွှားတက်ကြွမှု 'မာနာနုသယ'ကို စွန့်ပြီးဖြစ်ရကား ငါ လိုလားကြံစည်ခဲ့သောထိုအကျိုးတို့သည် ယခုအခါ ငါ့အား ပြည့်စုံကုန်ပြီ။

ဤသို့လျှင် သီဝလိမထေရ်သည် ရွတ်ဆို၏၊

ဆဋ္ဌဝဂ် ပြီး၏၊

........

၇-သတ္တမဝဂ်

၁-ဝပ္ပတ္ထေရဂါထာ

ပဉ္စဝဂ္ဂီငါးဦးတွင် ပါဝင်သော ဝပ္ပမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်၍ မိမိရရှိသော တရားထူးကိုဆင်ခြင်ရင်း ဘုရာရှင်၏ ဂုဏ်ကြီးပုံကို ဆင်ခြင်ကာ ပုထုဇဉ်နှင့် အရိယာတို့၏ အမြင်မရှိခြင်း ရှိခြင်းကိုပြသောအားဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၆၁။ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် မဖောက်မပြန် သိမြင်သူ အရိယာပုဂ္ဂိုလ်သည် မဖောက်မပြန် အမှန်သိမြင်သူအရိယာပုဂ္ဂိုလ်ကို (ပညာမျက်စိဖြင့်) အဟုတ်အမှန် သိမြင်နိုင်၏၊ မဖောက် မပြန် အမှန်မသိမြင်နိုင်သူ (ပုထုဇဉ်ပုဂ္ဂိုလ်) ကိုလည်း (ပညာမျက်စိဖြင့်) အဟုတ်အမှန် သိမြင် နိုင်၏၊ (ပညာမျက်စိ) ကင်း၍မဖောက်မပြန် အမှန်မသိမြင်နိုင်သူ ဗာလပုထုဇဉ်ပုဂ္ဂိုလ်သည် မဖောက်မပြန် အမှန်မသိမြင်နိုင်သူပုထုဇဉ်ပုဂ္ဂိုလ်ကိုလည်းကောင်း၊ မဖောက်မပြန် အမှန် သိမြင်နိုင်သူ အရိယာပုဂ္ဂိုလ်ကိုလည်းကောင်း (မိမိပညာမျက်စိဖြင့်) မသိမမြင်နိုင်။

ဤသို့လျှင် ဝပ္ပမထေရ်သည် ရွတ်ဆို၏၊

........

၂-ဝဇ္ဇိပုတ္တတ္ထေရဂါထာ

အမတ်မျိုးဖြစ်သော ဝဇ္ဇိပုတ္တမထေရ်သည် တောအတွင်း၌ တရားအားထုတ်နေစဉ် တောစောင့်နတ်၏သံဝေဂရရေး သတိပေးချက်အရ တရားကို ကြိုးစား၍ အရဟတ္တဖိုလ်သို့ ရောက်ရာ တောစောင့်နတ်သတိပေးသောအတိုင်း ရွတ်ဆိုသော ဂါထာ

֍ ၆၂။ ငါတို့သည် တောအုပ်အတွင်းဝယ် စွန့်ပစ်အပ်သော သစ်တုံးကဲ့သို့ တစ်ယောက် ထီးတည်းတောအုပ်ကြီး၌ နေကြရပါကုန်၏၊ ဤသို့ပင် တစ်ယောက်ထီးတည်း နေကြရကုန် သော်လည်း ငရဲသူသတ္တဝါတို့သည် နတ်ရွာသုဂတိသို့ လားရောက်ကြသူတို့ကို တောင့်တကြကုန်ဘိသကဲ့သို့အကျိုးစီးပွါးကို လိုလားတောင့်တကြကုန်သော လူအများတို့သည် ထိုတော၌ နေသော ငါ့ကိုလိုလားတောင့်တကြကုန်၏၊

ဤသို့လျှင် ဝဇ္ဇိပုတ္တမထေရ်သည် ရွတ်ဆို၏၊

........

၃-ပက္ခတ္ထေရဂါထာ

သားတစ်ကို လုယက်ကြသော ကျီးငှက်တို့ကို မြင်ရ၍ သတိအထူးရသော ပက္ခ မထေရ်သည် ကာမမှထွက်မြောက်ခြင်း အကျိုးကို ဆင်ခြင်ဝိပဿနာတင် ပွါးများလျက် ရဟန္တာဖြစ်လျှင်ယခင်ထိတ်လန့်ခဲ့သော အကြောင်းကို ပြောကြား ရွတ်ဆိုသော ဂါထာ

֍ ၆၃။ (ဤလောက၌ စွန်ရဲတစ်ကောင်၏ နှုတ်သီးမှ) လျှောကျသော သားတစ်သည် (အခြားစွန်ရဲနှုတ်သီးသို့ ရောက်၍) တစ်ဖန် လျှောကျရပြန်၏၊ မြေကြီးသို့ပင် ကျသော်လည်း ယင်းသားတစ်၌တပ်မက်ကုန်သော စွန်ရဲအားလုံးတို့သည် တစ်ဖန် ပြန်လာ၍ ထိုးဆိတ်ကြကုန်၏၊ (ဤစွန်ရဲတို့ကဲ့သို့သံသရာ၌ ကျင်လည်ရကုန်သော သတ္တဝါတို့သည်) ကုသိုလ်ဓမ္မမှ လျှောကျကုန်သည်ရှိသော် (ငရဲစသည်တို့၌) ကျရောက်ကြရကုန်၏၊ ဤသို့ ငရဲစသည်တို့၌ ကျရောက်ကြရကုန်သော်လည်းဘဝသုံးပါးတို့၌ တပ်မက်သူတို့သည် ထိုထို ဘဝသို့ လားရောက်စေတတ်သော ကံဖြင့် တစ်ဖန်လားရောက်ကြရကုန်၏၊ ငါသည် မူကား မဂ်ကိစ္စကို ပြုပြီးပြီ၊ မွေ့လျော်ဖွယ်နိဗ္ဗာန်၌ မွေ့လျော်ရပြီ၊ ဖလသမာပတ်ချမ်းသာဖြင့် စင်စစ် ချမ်းသာ သော နိဗ္ဗာန်သို့ ကပ်ရောက်ရပြီ။

ဤသို့လျှင် ပက္ခမထေရ်သည် ရွတ်ဆို၏၊

........

၄-ဝိမလကောဏ္ဍညတ္ထေရဂါထာ

ဗိမ္ဗိသာရမင်း၏ သားတော် ဝိမလကောဏ္ဍညသည် မြတ်စွာဘုရား၏ အာနုဘော်ကို မြင်၍ကြည်ညိုရွှင်လန်း ရဟန်းပြုလျှင် ဝိပဿနာကို ပွါး၍ မကြာမီ အရဟတ္တဖိုလ်သို့ ရောက်သောအခါမာနကို ပညာဖြင့် ပယ်ရှားကြောင်းကို ဖော်ပြ ရွတ်ဆိုသော ဂါထာ

֍ ၆၄။ သရက်ပင်အမည်ဖြင့် ခေါ်ဝေါ်အပ်သော အမ္ဗပါလိပြည့်တန်ဆာမ၏ (ဝမ်း၌) ပဏ္ဍရကေတုအမည်ရသော ဗိမ္ဗိသာရမင်းကြောင့်ဖြစ်၍ မွေးဖွားသော ငါသည် ပညာတံခွန်ဖြင့်သာလျှင် မာနတံခွန်ကို ပယ်ပြီးပြီ။

မဟာကေတုအမည်ရသော ကိလေသာမာန် ကိုယ်တွင်းရန်ကိုလွှမ်းမိုးဖျက်ဆီးလိုက်ပြီ။

ဤသို့လျှင် ဝိမလကောဏ္ဍညမထေရ်သည် ရွတ်ဆို၏၊

........

၅-ဥက္ခေပကတဝစ္ဆတ္ထေရဂါထာ

ဘုရားအထံတော်၌ တရားနာ၍ ရဟန်းများထံ၌ စာပေသင်ကြားလျက် ရုပ်နာမ်ကို ပိုင်းခြား ဝိပဿနာကိုပွါးကာ ရဟန္တာဖြစ်ရသော ဥက္ခေပကတဝစ္ဆမထေရ်သည် ပိဋကတ် ဒေသနာကို ဟောကြား ရွတ်ဆိုသော ဂါထာ

֍ ၆၅။ ဥက္ခေပကတဝစ္ဆရဟန်းသည် အကြင်ပိဋကတ်သုံးပုံကို နှစ်ပေါင်းများစွာ စုပေါင်း သည်၏ အစွမ်းဖြင့်စိတ်နှလုံး၌ ထားအပ်ပြီ၊ ထိုဥက္ခေပကတဝစ္ဆရဟန်းသည် ထိုပိဋကတ် သုံးပုံဟူသော ပရိယတ္တိဓမ္မကိုပြန့်ပြောများမြတ်သော နှစ်သက်ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ ကောင်းစွာ ထိုင်လျက် လူတို့အားဟောကြား၏၊

ဤသို့လျှင် ဥက္ခေပကတဝစ္ဆမထေရ်သည် ရွတ်ဆို၏၊

........

၆-မေဃိယတ္ထေရဂါထာ

မြတ်စွာဘုရားကို စွန့်ခွာ၍ တစ်ကိုယ်တည်းနေရာ သမာဓိမရသဖြင့် မြတ်စွာဘုရား ထံသို့ ပြန်လာကာဘုရားရှင်၏ သြဝါဒအတိုင်း ဝိပဿနာပွါး၍ ရဟန္တာဖြစ်သော မေဃိယမထေရ်သည် အရဟတ္တဖိုလ်သို့ရောက်ရကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၆၆။ ကြီးမြတ်သော လုံ့လရှိတော်မူသော ခပ်သိမ်းသော ဉေ ယျတရားတို့၏ အဆုံးသို့ရောက်တော်မူသော မြတ်စွာဘုရားသည် ငါ့ကို ဆုံးမတော်မူ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရသောကြောင့် အောက်မေ့မှု 'သတိ'ရှိသည်ဖြစ်၍ မြတ်စွာဘုရားအနီး၌ နေခဲ့ပြီ၊ ငါသည် သုံးပါးသော ဝိဇ္ဇာတို့သို့ အစဉ်ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမ တော်မူသောအတိုင်း လိုက်နာကျင့်အပ်ပြီ။

ဤသို့လျှင် မေဃိယမထေရ်သည် ရွတ်ဆို၏၊

........

၇-ဧကဓမ္မသဝနီယတ္ထေရဂါထာ

အနိစ္စာဝတသင်္ခါရာဟူသော ဂါထာကို ကြားရသဖြင့် အနိစ္စသညာထင်ကာ ရဟန်းပြု လာသောဧကဓမ္မသဝနီယမထေရ်သည် တရားတစ်ပုဒ်ဖြင့် ကိလေသာတို့ကို ရှို့မြှိုက်နိုင် ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၆၇။ ငါသည် ရာဂစသော ကိလေသာတို့ကို (အရိယမဂ်ဉာဏ်တည်းဟူသော မီးဖြင့်) ရှို့မြှိုက်အပ်ကုန်ပြီ၊ ကာမဘဝစသော အလုံးစုံသော ဘဝတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ဇာတိ အစရှိသော သံသရာသည်ကုန်ပြီ၊ (ထို့ကြောင့်) ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ရခြင်း မရှိ တော့ပြီ။

ဤသို့လျှင် ဧကဓမ္မသဝနီယမထေရ်သည် ရွတ်ဆို၏၊

........

၈-ဧကုဒါနိယတ္ထရဂါထာ

ဇေတဝန်ကျောင်းတော် ခံယူ ပွဲတွင် ဘုရားရှင်၏ အာနုဘော်ကို ကြည်ညိုသဖြင့် ရဟန်းပြုလာသောဧကုဒါနိယမထေရ်သည် စိတ်တည်ကြည်ခြင်းကို ရ၍ ဝိပဿနာပွါးကာ ရဟန္တာဖြစ်ပြီးနောက် သောကမရှိကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၆၈။ စိတ်အားလုံးတို့ထက် လွန်သော အရဟတ္တဖိုလ်စိတ်နှင့် ပြည့်စုံသူ, မမေ့မလျော့သူ, အရဟတ္တဖိုလ်ဉာဏ်ဟု ဆိုအပ်သော မောန၏အကြောင်း ဗောဓိပက္ခိယတရားတို့၌ ကျင့်သုံး ပြီးသူ, ငြိမ်သက်သော ကိုယ်စိတ်ရှိသူ, အခါခပ်သိမ်း သတိရှိသူ, တာဒိဂုဏ်နှင့် ပြည့်စုံသူ ရဟန္တာပုဂ္ဂိုလ်အားစိုးရိမ်မှု 'သောက'တို့ မဖြစ်ကုန်။

ဤသို့လျှင် ဧကုဒါနိယမထေရ်သည် ရွတ်ဆို၏၊

........

၉-ဆန္နတ္ထေရဂါထာ

ဖွားဘက်တော်ဖြစ်၍ ဆွေတော်မျိုးတော်တို့ တွေ့ဆုံပွဲ၌ ရဟန်းပြုလာသော ဆန္နမထေရ် သည်ဘုရားပရိနိဗ္ဗာန်စံပြီးနောက် မှ ရဟန္တာဖြစ်ရ၍ မြတ်စွာဘုရားကို ချီးကျူး ရွတ်ဆိုသော ဂါထာ

֍ ၆၉။ သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ဟောတော်မူအပ်သော၊ ဝိမုတ္တိရသကို ပေးတတ်သောကြောင့် မြတ်သော အရသာရှိသော တရားတော်ကို နတ်လူအပေါင်းတို့ ပူဇော်အပ်သော မြတ်စွာဘုရားအထံမှကြားနာရသောကြောင့် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ခြင်း၏ အကြောင်းဖြစ်သော၊ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကျင့်သုံးခဲ့ပြီးပြီ။

ထိုမြတ်စွာဘုရားသည် ယောဂလေးပါးတို့ဖြင့်မနှိပ်စက်အပ်သော နိဗ္ဗာန်ခရီး၌ လိမ္မာကျွမ်းကျင်တော်မူပေစွတကား။

ဤသို့လျှင် ဆန္နမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ပုဏ္ဏတ္ထေရဂါထာ

သုနာပရန္တတိုင်းသား အသျှင်ပုဏ္ဏသည် ဘုရားရှင်၏ သြဝါဒအတိုင်း မိမိဖွားရာတိုင်းသို့ ပြန်လာ၍သမထဝိပဿနာကိုပွါးများလျက် ရဟန္တာဖြစ်ပြီးနောက် သီလပညာ၏ ဂုဏ်ကို ချီးကျူး ရွတ်ဆိုသော ဂါထာ

֍ ၇၀။ သီလသည်သာလျှင် မြတ်သည်သာတည်း၊ ထို့ပြင် ပညာရှိသော သူသည် မြတ်လှ၏၊ လူတို့၌လည်းကောင်း၊ နတ်တို့၌လည်းကောင်း သီလ, ပညာဟူသော အကြောင်းကြောင့် ဆန့်ကျင်ဘက်ကိလေသာကာမတို့ကို အောင်မြင်နိုင်၏၊

ဤသို့လျှင် ပုဏ္ဏမထေရ်သည် ရွတ်ဆို၏၊

သတ္တမဝဂ် ပြီး၏၊

........

၈-အဋ္ဌမဝဂ်

၁-ဝစ္ဆပါလတ္ထေရဂါထာ

ဥရုဝေလကဿပနှင့် မြတ်စွာဘုရား တန်ခိုးပြာဋိဟာ ပြပွဲတွင် ဘုရားရှင်ကို ကြည်ညို၍ရဟန်းပြုလာသော ဝစ္ဆမထေရ်သည် ခုနစ်ရက်အတွင်း ရဟန္တာဖြစ်ပြီးနောက် နူးညံ့သိမ် မွေ့သူသက်ရွယ်ကြီးရင့်သူတို့အား မှီဝဲဆည်းကပ်ရခြင်း၏ အကျိုးရှိပုံကို ရွတ်ဆိုသော ဂါထာ

֍ ၇၁။ အလွန့်အလွန် နူးညံ့သိမ်မွေ့သော (သစ္စတ္ထပဋိစ္စသမုပ္ပါဒ်စသော) အနက်တို့ကို ရှုမြင် တတ်၍ပညာအရာ၌ လိမ္မာသော (သီတင်းသုံးဖေါ်တို့၌ ကိုယ်နှုတ်နှလုံးကို) နှိမ့်ချလေ့ရှိသော၊ အသက်ကြီးသောသူတို့အား ကောင်းစွာ မှီဝဲဆည်းကပ်လေ့ရှိသော ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကို ရရန် ခဲယဉ်းလှသည် မဟုတ်။

ဤသို့လျှင် ဝစ္ဆပါလမထေရ်သည် ရွတ်ဆို၏၊

........

၂-အာတုမတ္ထေရဂါထာ

သူဌေးသားဖြစ်၍ မိဖတို့က အိမ်ထောင်ချထားသည်ကို မလိုက်နာဘဲ ရဟန်းပြုလာ သောအာတုမမထေရ်သည် ရဟန္တာဖြစ်ပြီးနောက် မယားမပေးစားမီ ရဟန်းပြုခဲ့ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၇၂။ 'နုနယ်လှသော ပွါးစီးသော အခက်အညွန့်ရှိသော ဝါးညွန့်သည် အခက်အလက် ဖြာထွက်လာခဲ့သော် (ဝါးချုံမှ) ထုတ်ယူရန် ခဲယဉ်းသကဲ့သို့' မယားပေးစား ဆောင်နှင်းခဲ့သော် ငါသည် မယားတည်းဟူသောအနှောင်အဖွဲ့မှ လွတ်ထွက်ရန် ခဲယဉ်း၏၊ ထို့ကြောင့် မယား မပေးစားမီ အခါက ပင် ငါ့ကို ခွင့်ပြုစေ၍ရဟန်းပြုခဲ့သူ ဖြစ်ခဲ့၏၊

ဤသို့လျှင် အာတုမမထေရ်သည် ရွတ်ဆို၏၊

........

၃-မာဏဝတ္ထေရဂါထာ

သူအို သူနာ သူသေကို မြင်၍ သံဝေဂရကာ ရဟန်းပြုလာသော မာဏဝမထေရ်သည် ရဟန္တာဖြစ်၍ ဝတ္ထုကာမကို စွန့်ခဲ့ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၇၃။ ငါသည် ဇရာ အနှိပ်စက်ခံရသည့် သူအိုကိုလည်းကောင်း၊ ဆင်းရဲခြင်းသို့ ရောက်နေ သောသူနာကိုလည်းကောင်း၊ အသက်ကုန်ခြင်းသို့ ရောက်ပြီးသော သူသေကိုလည်းကောင်း မြင်ပြီးနောက် အိမ်မှ ထွက်ခဲ့၍ ရာဂမကင်းသူတို့၏ စိတ်နှလုံးကို မွေ့လျော်စေတတ်ကုန်သော ဝတ္ထုကာမတို့ကို ပယ်စွန့်ကာ မြတ်စွာဘုရားသာသနာ၌ ရဟန်းပြုခဲ့၏၊

ဤသို့လျှင် မာဏဝမထေရ်သည် ရွတ်ဆို၏၊

........

၄-သုယာမနတ္ထေရဂါထာ

ဗေဒင်ပါရဂူဖြစ်၍ ကာမဂုဏ်ကို စက်ဆုပ်ကာ ဘုရားရှင် ဝေသာလီပြည်အရောက်တွင် သဒ္ဓါပွါး၍ရဟန်းပြုပြီးနောက် ခေါင်းရိတ်အပြီး၌ ရဟန္တာဖြစ်သော သုယာမနမထေရ်သည် နီဝရဏတို့ကို ပယ်ခြင်းနှင့် စပ်လျဉ်း၍ ရွတ်ဆိုသော ဂါထာ

֍ ၇၄။ အကြင်ရဟန်းအား ကာမဂုဏ်တို့၌ လိုလားတပ်မက်မှု 'ကာမစ္ဆန္ဒ'သည်လည်းကောင်း၊ သူတစ်ပါးပျက်စီးစေလိုမှု 'ဗျာပါဒ'သည်လည်းကောင်း၊ လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'သည်လည်းကောင်း၊ ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'သည်လည်းကောင်း၊ မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ'သည်လည်းကောင်း အချင်း ခပ်သိမ်း မရှိတော့ချေ။ (ထိုရဟန်းအား တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စသည်လည်းကောင်း၊ ပြုပြီး သော တရားကိုပွါးစေခြင်းသည်လည်းကောင်း မရှိတော့ချေ)။

ဤသို့လျှင် သုယာမနမထေရ်သည် ရွတ်ဆို၏

........

၅-သုသာရဒတ္ထေရဂါထာ

ဓမ္မသေနာပတိ အသျှင်သာရိပုတြာ၏ ထံတွင် ရဟန်းပြုကာ ဝိပဿနာပွါးသဖြင့် ရဟန္တာဖြစ်သောသုသာရဒမထေရ်သည် သူတော်ကောင်းကို မှီဝဲရခြင်း၏ အကျိုးရှိပုံကို ပြောကြားသောအားဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၇၅။ ကောင်းစွာ စီရင်အပ်သော တရားဒေသနာရှိကုန်သော အရိယာပုဂ္ဂိုလ်တို့အား ဖူးမြော်ရခြင်းသည် ကောင်းမြတ်လှ၏၊ ထိုအရိယာသူတော်ကောင်းတို့သို့ ချဉ်းကပ်၍ ပြဿနာ မေးမြန်းခြင်းဖြင့် ယုံမှားခြင်းကင်းပြတ်နိုင်၏၊ ပညာသည်လည်း ပွါး၏၊ (ထိုအရိယာ သူတော်ကောင်းတို့သည်) လူမိုက်ကိုလည်းပညာရှိ ဖြစ်အောင် ပြုကုန်၏၊ ထို့ကြောင့် သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်းသည် ကောင်းမြတ်လှ၏၊

ဤသို့လျှင် သုသာရဒမထေရ်သည် ရွတ်ဆို၏၊

........

၆-ပိယဉ္ဇဟတ္ထေရဂါထာ

ဝေသာလီပြည်သို့ ဘုရားရှင်၏ ရောက်တော်မူသောအခါ ရဟန်းပြု၍ တောရဆောက် တည်ကာဝိပဿနာပွါးသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရသော ပိယဉ္ဇဟမထေရ်သည် သတ္တဝါတို့နှင့် ခြားနားသောနေထိုင်မှုရှိစေရန် ပြောကြား ရွတ်ဆိုသော ဂါထာ

֍ ၇၆။ ရဟန်းသည် သတ္တဝါတို့က မာနဥဒ္ဓစ္စစသည်တို့ဖြင့် တက်ကြွထောင်လွှားကုန် သည်ရှိသော် မိမိက (ထိုမာနဥဒ္ဓစ္စစသည်တို့ကို ရှောင်ကြဉ်သဖြင့်) မိမိကိုယ်ကို နှိမ့်ချရာ၏၊ သတ္တဝါတို့က ယုတ်နိမ့်သောနှလုံးသွင်းမှု, ပျင်းရိမှုတို့ဖြင့် ယုတ်နိမ့်လျော့ကျကုန်သည်ရှိသော် (မိမိက) မြင့်မြတ်သော နှလုံးသွင်းမှု, အားထုတ်မှု 'ဝီရိယ'တို့ဖြင့် မိမိကိုယ်ကို မြှင့်တင်အား ထုတ်ရာ၏၊ (သတ္တဝါတို့သည် မဂ်တည်းဟူသောမြတ်သော အကျင့်ဖြင့် နေခြင်း, အရိယာ တို့၏ နေခြင်းဖြင့်) မနေကြကုန်သည်ရှိသော် (မိမိသည်ထိုနေခြင်းဖြင့်) နေရာ၏၊ (သတ္တဝါ တို့သည် ကိလေသာကာမဂုဏ်၌ မွေ့လျော်ခြင်းဖြင့်) မွေ့လျော်ကုန်သည်ရှိသော် (မိမိသည်) ကာမဂုဏ်၌ မွေ့လျော်ခြင်းဖြင့် မမွေ့လျော်ရာ။

ဤသို့လျှင် ပိယဉ္ဇဟမထေရ်သည် ရွတ်ဆို၏၊

........

၇-ဟတ္တာရောဟပုတ္တတ္ထေရဂါထာ

ဆင်ဆရာ့သားဖြစ်လျက် ဆင်ကို ဆုံးမခြင်းထက် မိမိစိတ်ကို ဆုံးမခြင်းက မြတ်သည်ဟု ကြံစည်၍ရဟန်းပြုသော ဟတ္ထောရောဟပုတ္တမထေရ်သည် စိတ်ကို ဆုံးမရာ၌ ဆင်ကို ဆုံးမသကဲ့သို့ဖြစ်သင့်ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၇၇။ ဤစိတ်သည် မနှိမ်နင်းမီ ရှေးအခါက အလိုရှိတိုင်းသော အာရုံနှင့် အလိုရှိရာအရပ်သို့ချမ်းသာသည့်အတိုင်း လှည့်လည်ချင်သလို လှည့်လည်ခဲ့ပြီ၊ ချွန်းစွဲဦးစီး ဆင်ထိန်းကြီးသည်အမုန်ယစ်သော ဆင်ကို နှိပ်ကွပ်ဆုံးမသကဲ့သို့ ငါသည် ထိုစိတ်ကို သင့်သော အကြောင်း အားဖြင့်ယနေ့ပင် နှိပ်ကွပ်ဆုံးမတော့အံ့။

ဤသို့လျှင် ဟတ္တာရောဟပုတ္တမထေရ်သည် ရွတ်ဆို၏၊

........

၈-မေဏ္ဍသိရတ္ထေရဂါထာ

ဘုရားရှင် သာကေတမြို့ အဉ္ဇနတော၌ သီတင်းသုံးစဉ် ရဟန်းပြုသော မေဏ္ဍသိရ မထေရ်သည်ရဟန္တာဖြစ်သောအခါ ဆင်းရဲအစုကို ဖျက်ဆီးပြီးဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၇၈။ ငါသည် အကြင် အရဟတ္တမဂ်ဉာဏ်ကို ရသည်ရှိသော် သံသရာဝဋ်မှ ဆုတ်နစ်နိုင် ရာ၏၊ ထိုအရဟတ္တမဂ်ဉာဏ်ကို မရသောကြောင့် ဘဝများစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ ရလှလေပြီ၊ ဆင်းရဲခြင်းသဘောရှိသော ထိုငါသည် ဆင်းရဲအစုကို (အရဟတ္တမဂ်ဉာဏ်ဖြင့်) ဖျက်ဆီးအပ်ပြီ။

ဤသို့လျှင် မေဏ္ဍသိရမထေရ်သည် ရွတ်ဆို၏၊

........

၉-ရက္ခိတတ္ထေရဂါထာ

သာကီဝင်မင်းသား ရဟန်းငါးရာတွင် ပါဝင်၍ ကာမဂုဏ်အပြစ်ကို မြင်ရသဖြင့် ဝိပဿနာပွါးများ၍ရဟန္တာဖြစ်သော ရက္ခိတမထေရ်သည် မိမိ၌ ကိလေသာမီး ငြိမ်းအေး ပြီးဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၇၉။ ငါသည် ကာမရာဂစသော အလုံးစုံသော ရာဂကို (သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့်) ပယ်အပ်ပြီ၊ အလုံးစုံသော ဒေါသကို (မဂ်ဖြင့်) ပယ်နုတ်အပ်ပြီ၊ ငါ့အား အလုံးစုံသော မောဟ ကင်းပျောက်ပြီ၊ ထို့ကြောင့် ငါသည် ကိလေသာမီး ချုပ်ငြိမ်းပြီး ဖြစ်၏၊ ငြိမ်းအေးခြင်းသို့ ရောက်ရသူ ဖြစ်၏၊

ဤသို့လျှင် ရက္ခိတမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ဥဂ္ဂတ္ထေရဂါထာ

ဥဂ္ဂနိဂုံးသို့ ဘုရားရှင်ရောက်တော်မူသောအခါ ဘုရားရှင်ထံ ရဟန်းပြုပြီးလျှင် ကမ္မဋ္ဌာန်းကို ကြိုးစား၍မကြာမီ ရဟန္တာဖြစ်သော ဥဂ္ဂမထေရ်သည် အားရှိ မရှိ ကံဟူသမျှကုန်ခမ်းကြောင်းပြောကြား ရွတ်ဆိုသော ဂါထာ

֍ ၈၀။ အားနည်းသည်လည်းဖြစ်သော ထိုမှတစ်ပါး အားကြီးသည်လည်းဖြစ်သော အကြင် ကံကို ငါသည် ပြုလုပ်ဆည်းပူးအပ်ပြီ၊ ဤအလုံးစုံသော ကံသည် (အရဟတ္တမဂ်ကို ရခြင်း ကြောင့်) ကုန်ခန်းပြီ၊ (သို့ကြောင့်) ယခုအခါဝယ် တစ်ဖန်ဘဝသစ်၌ ဖြစ်ရခြင်း မရှိတော့ပြီ။

ဤသို့လျှင် ဥဂ္ဂမထေရ်သည် ရွတ်ဆို၏၊

အဋ္ဌမဝဂ် ပြီး၏၊

........

၉-နဝမဝဂ်

၁-သမိတိဂုတ္တတ္ထေရဂါထာ

ကုဋ္ဌရောဂါ စွဲကပ်သော သမိတိဂုတ္တမထေရ်သည် သျှင်သာရိပုတြာ၏ တရားကို နာရ သဖြင့် ဝိပဿနာပွါးကာ ရဟန္တာဖြစ်၍ ပြုခဲ့သော အကုသိုလ်ကံကို အောက်မေ့လျက် ယခုအကုသိုလ်ကံဟူသမျှကို ပယ်ပြီးဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၈၁။ ငါသည် ဤဘဝမှ တစ်ပါးသော ရှေးဘဝတို့၌ အကြင် မကောင်းမှုကံကို ပြုလုပ် ဆည်းပူးအပ်ပြီ၊ ထိုမကောင်းမှုကံသည် ဤပစ္စုပ္ပန်အတ္တဘော၌သာလျှင် ခံစားအပ်သော အကျိုး ရှိ၏၊ ထိုကံ၏အကျိုးပေးရာ ဌာနဖြစ်သော တစ်ပါးသော ခန္ဓာအစဉ် မရှိတော့ပြီ။

ဤသို့လျှင် သမိတိဂုတ္တမထေရ်သည် ရွတ်ဆို၏၊

........

၂-ကဿပတ္ထေရဂါထာ

ဥဒိစ္စပုဏ္ဏားသား ကဿပသည် ဘုရားရှင်၏ တရားတော်ကို နာရ၍ သောတာပန် တည်ကာရဟန်းဖြစ်ပြီးနောက် မြတ်စွာဘုရား ဒေသစာရီ လှည့်လည်ရာသို့ လိုက်ပါ လိုကြောင်း မိခင်ထံခွင့်တောင်းစဉ် အမိ၏ ဆုံးမစကားအတိုင်း ရဟန္တာဖြစ်သောအခါ အမိ၏ စကားကိုထပ်မံ ရွတ်ဆိုသောဂါတာ

֍ ၈၂။ သားငယ် အကြင် အကြင်အရပ်၌ ဆွမ်းရလွယ်ကုန်၏၊ အနာရောဂါ မရှိကုန်၊ ခိုးသူ ဘေးစသောဘေးရန် မရှိကုန်၊ ထိုထိုအရပ်သို့ သွားပါလေလော့၊ ပူဆွေးမှု 'သောက'ဖြင့် အနှိပ်စက်ခံရသူမဖြစ်ပါစေလင့်။

ဤသို့လျှင် ကဿပမထေရ်သည် ရွတ်ဆို၏၊

........

၃-သီဟတ္ထေရဂါထာ

မြတ်စွာဘုရား တရားတော်ကို ကြားနာရ၍ သဒ္ဓါပေါ်ပေါက် ရဟန်းအဖြစ်သို့ ရောက်သောသီဟမထေရ်သည် တောအတွင်းတရားအားထုတ်စဉ် တရားထူးကို မရဘဲ ရှိရာ ဘုရားရှင်ကိုယ်တော်တိုင်ကောင်းကင်က ရပ်လျက် ဆုံးမတော်မူမှ အရဟတ္တဖိုလ်ကို ရ၍ ဘုရားသြဝါဒအတိုင်း ရွတ်ဆိုသော ဂါထာ

֍ ၈၃။ သီဟ သင်သည် နေ့ညဉ့်ပတ်လုံး မပျင်းမရိသည်ဖြစ်၍ မမေ့မလျော့ နေပါလော့၊ အပြစ်ကင်းသော (သမထဝိပဿနာ) တရားကို ပွါးများပါလေလော့၊ ဤသို့ ပွါးများလျက် အတ္တဘောကို (စွဲမက်မှု 'ဆန္ဒရာဂ'ကို ပယ်သောအားဖြင့်) လျင်မြန်စွာ စွန့်ခွါလေလော့။

ဤသို့လျှင် သီဟမထေရ်သည် ရွတ်ဆို၏၊

........

၄-နီတတ္ထေရဂါထာ

ရဟန်း ဖြစ်လျက် အိပ်ကာ စားကာ တိရစ္ဆာနကထာပြောကာဖြင့် အချိန်ကုန်သည်ကို ဘုရားရှင်မြင်တော်မူ၍ ဆုံးမဟောကြားမှ သံဝေဂရ ဝိပဿနာ ပွါးများ ရဟန္တာဖြစ်၍ သော နီတမထေရ်သည်ဘုရားသြဝါဒအတိုင်း ရွတ်ဆိုသော ဂါထာ

֍ ၈၄။ အကြင်ရဟန်းသည် တစ်ညဉ့်ပတ်လုံး အိပ်၍ တစ်နေ့ပတ်လုံး အပေါင်းအဖော်၌ မွေ့လျော်၏၊ ပညာမဲ့သော ထိုရဟန်းသည် အဘယ်အခါ၌ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုနိုင် လတ္တံ့နည်း။

ဤသို့လျှင် နီတမထေရ်သည် ရွတ်ဆို၏၊

........

၅-သုနာဂတ္ထေရဂါထာ

သျှင်သာရိပုတြာထံ ရဟန်းပြုကာ ဝိပဿနာပွါးများ၍ ရဟန္တာဖြစ်သော သုနာဂမထေရ် သည်ရဟန်းတို့အား တရားဟောသည့် အနေဖြင့် ရွတ်ဆိုသော ဂါထာ့၈၅။ ဘာဝနာစိတ်၏ အကြောင်းနိမိတ်ကို ယူခြင်း၌ လိမ္မာသူ, ကမ္မဋ္ဌာန်းကို ဆောင်ခြင်း၌ လိမ္မာသူ, ထင်သော သတိရှိသူ, သမထဝိပဿနာဘာဝနာဖြင့် ရှုဆင်ခြင်သူ ရဟန်းသည် ဆိတ်ငြိမ်မှု 'ဝိဝေက'၏အရသာကို သိ၍ ကာမာမိသ, ဝဋ္ဋာမိသတို့နှင့် မရောနှောသော ချမ်းသာကို ရရာ၏၊

ဤသို့လျှင် သုနာဂမထေရ်သည် ရွတ်ဆို၏၊

........

၆-နာဂိတတ္ထေရဂါထာ

မဓုပိဏ္ဍိကသုတ်ကို ကြားနာရ၍ သဒ္ဓါအလျောက် ရဟန်းအဖြစ်သို့ ရောက်လာသော သာကီဝင်မင်းသားနာဂိတမထေရ်သည် မြတ်စွာဘုရားဂုဏ်ကို ချီးကျူး ရွတ်ဆိုသော ဂါထာ

֍ ၈၆။ နိဗ္ဗာန်သို့ လားရောက်စေတတ်သော အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည် ငါဘုရားသာသနာတော်၌ ရှိသကဲ့သို့ သာသနာ့ပြင်ပဖြစ်သော အမျိုးမျိုးသော တိတ္ထိတို့အယူ၌ နိဗ္ဗာန်သို့လားရောက်စေတတ်သော မဂ်မည်သည် မရှိဟု (မကြောက်မရွံ့ ရဲဝံ့သော အသံကို မိန့်မြွတ်တော်မူသော) ငါတို့၏ ဆရာ မြတ်စွာဘုရားသည် ကိုယ်တိုင်သာလျှင် သယမ္ဘူဉာဏ်ဖြင့် သိတော်မူအပ်သော တရားတော်ကို လက်ဝါးပြင်၌ (တင်ထားသော သျှိသျှားသီးကဲ့သို့) ပြတော် မူလျက် ရဟန်းအပေါင်းကိုဆုံးမတော်မူ၏၊

ဤသို့လျှင် နာဂိတမထေရ်သည် ရွတ်ဆို၏၊

........

၇-ပဝိဋ္ဌတ္ထေရဂါထာ

ပရိဗိုဇ်တို့ထံတွင် ရဟန်းပြုပြီးမှ ဘုရားရှင်ထံသို့ရောက်ကာ သာသနာတွင် ရဟန်း ဖြစ်လာသောပဝိဋ္ဌမထေရ်သည် ဘဝအသစ်အဖြစ်ရန် မရှိတော့ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၈၇။ ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့ကို (ဝိပဿနာပညာနှင့်တကွဖြစ်သော မဂ်ပညာဖြင့်) မဖောက်မပြန် မြင်အပ်ကုန်ပြီ၊ အလုံးစုံသော ဘဝတို့ကို ခွဲဖောက်ဖျက်ဆီး အပ်ကုန်ပြီ၊ ဇာတိလျှင်အကြောင်းရှိသော သံသရာသည်ကုန်ပြီ၊ ယခုအခါ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းသဘောမရှိတော့ပြီ။

ဤသို့လျှင် ပဝိဋ္ဌမထေရ်သည် ရွတ်ဆို၏၊

........

၈-အဇ္ဈူနတ္ထေရဂါထာ

နိဂဏ္ဌတို့ထံတွင် ရဟန်းပြုပြီးမှ ဘုရားရှင့် ယမိုက်ပြာဋိဟာကိုမြင်ရ၍ သာသနာတော်၌ ရဟန်းပြုသော အဇ္ဇုနမထေရ်သည် ဝိပဿနာကို ပွါး၍ မကြာမီ ရဟန္တာဖြစ်ကာ ပီတိအဟုန်ဖြင့်ဥဒါန်းကျူးသော ဂါထာ

֍ ၈၈။ ကြီးမြတ်သော ရေအလျဉ်၌ (အဟုန်ဖြင့်) မျောလာသော သူသည် (ခိုင်မာသော လှေကို ရ၍) ထိုရေအလျဉ်မှ ကြည်းကုန်ထက်သို့ မိမိကိုယ်ကို ထုတ်ဆောင်ခြင်းငှါ (စွမ်းနိုင် သကဲ့သို့ ဤအတူ) သံသရာတည်းဟူသော များစွာသော ရေအလျဉ်၌ (ကိလေသာအဟုန်ဖြင့်) မျောလာသော ငါသည် သစ္စာလေးပါး မြတ်တရားတို့ကို အရိယမဂ်ဉာဏ်ဖြင့် သိပြီးဖြစ်သောကြောင့် (အရိယမဂ်တည်းဟူသောလှေကို ရ၍) ထိုသံသရာတည်းဟူသော များစွာသော ရေအလျဉ်မှ နိဗ္ဗာန်တည်းဟူသောကြည်းကုန်ထက်သို့ မိမိကိုယ်ကို ထုတ်ဆောင်ခြင်းငှါ စွမ်းနိုင်ခဲ့ပြီတကား။

ဤသို့လျှင် အဇ္ဈူနမထေရ်သည် ရွတ်ဆို၏၊

........

၉- (ပဌမ) ဒေဝသဘတ္ထေရဂါထာ

မြတ်စွာဘုရား တရားကို နာရ၍ မင်းအဖြစ်ကို စွန့် ရဟန်းပြုလာသော ဒေဝသဘ မထေရ်သည်ဝိပဿနာကို ပွါးများ၍ ရဟန္တာဖြစ်သောအခါ ပယ်ပြီးသော ကိလေသာတို့ကို ဆင်ခြင်လျက်ဥဒါန်းကျူးသော ဂါထာ

֍ ၈၉။ ငါသည် ပကတိညွန်နှင့် တူသော ကာမရာဂ, နက်စောက်ပြန့်ကျယ်သော ညွန်နှင့် တူသောဆန္ဒရာဂတို့ကို အနာဂါမိမဂ်ဖြင့် လွန်မြောက်ပြီးပြီ၊ ကူးခပ် လွန်မြောက်နိုင်ခဲသောကြောင့် အလွန်နက်ရှိုင်းရာ သမုဒ္ဒရာနှင့် တူသော မိစ္ဆာအယူတို့ကို (သောတာပတ္တိမဂ်ဖြင့်ပင်) ပယ်ဖြတ်အပ်ကုန်ပြီ။ ကာမောဃစသော သြဃမှလည်းကောင်း၊ အဘိဇ္ဈာကာယဂန္ထ အစ ရှိသော ဂန္ထမှလည်းကောင်း (ထိုထိုမဂ်ဖြင့်) လွတ်မြောက်ခဲ့ပြီ၊ မာန်မာနအားလုံးတို့ကို (အရဟတ္တမဂ်ဖြင့်) ဖျက်ဆီးခဲ့ပြီ။

ဤသို့လျှင် ဒေဝသဘမထေရ်သည် ရွတ်ဆို၏၊

........

၁၀-သာမိဒတ္တတ္ထေရဂါထာ

လောကကို ထိတ်လန့်ကာ သာသနာကိုကြည်ညို၍ ရဟန်းပြုလာသော သာမိဒတ္တမထေရ်သည်တရားကို အားထုတ်၍ မကြာမီ ရဟန္တာဖြစ်သောအခါ မိမိ၏ ပဋိပတ်ကို ပြောကြားရင်း ရွတ်ဆိုသော ဂါထာ

֍ ၉၀။ ငါသည် (ဥပါဒါန်၏ အာရုံဖြစ်သော) ခန္ဓာငါးပါးတို့ကို (ပရိညာသုံးပါးတို့ဖြင့်) ပိုင်းခြား၍သိအပ်ကုန်ပြီ၊ (ယင်းသို့ ပိုင်းခြား၍ သိပြီးဖြစ်သောကြောင့် ထိုဥပါဒါနက္ခန္ဓာတို့ သည် သမုဒယကိုပယ်သဖြင့်) အမြစ်အရင်း ပြတ်သည်ဖြစ်၍ တည်ကုန်၏၊ ဇာတိလျှင် အကြောင်းရှိသော သံသရာသည်ကုန်ပြီ၊ ယခုအခါဝယ် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း သဘော မရှိတော့ပြီ။

ဤသို့လျှင် သာမိဒတ္တမထေရ်သည် ရွတ်ဆို၏၊

နဝမဝဂ် ပြီး၏၊

........

၁၀-ဒသမဝဂ်

၁-ပရိပုဏ္ဏကတ္ထေရဂါထာ

နိဗ္ဗာန်ချမ်းသာကိုသာ ရှာမှီးမည်ဟူသော ရည်ရွယ်ချက်ဖြင့် ရဟန်းပြုလာသော သာကီဝင် မင်းသားပရိပုဏ္ဏကမထေရ်သည် ဝိပဿနာကို ပွါးများ၍ အရဟတ္တဖိုလ်သို့ ရောက်လျှင်နိဗ္ဗာန်အရသာကိုခံစားရကြောင်း ဥဒါန်းကျူးသော ဂါထာ

֍ ၉၁။ ယနေ့ နိရောဓသမာပတ်ကို ဝင်စားသည်၏ အစွမ်းဖြင့်လည်းကောင်း၊ ဖလ သမာပတ်ကိုဝင်စားသည်၏အစွမ်းဖြင့်လည်းကောင်း ငါသုံးဆောင်အပ်သော နိဗ္ဗာန်ဟူသော အမြိုက်သုဒ္ဓါသည်အလိုရှိအပ် ချီးမွမ်းအပ်သော အမြိုက်သုဒ္ဓါ ဖြစ်သကဲ့သို့ ထို့အတူ မင်းဖြစ် စဉ်အခါက ငါသုံးဆောင်အပ်သော အရသာအမျိုးမျိုးရှိသော ဘောဇဉ်သည်လည်းကောင်း၊ နတ်ဖြစ်စဉ်အခါက ငါသုံးဆောင်အပ်သော နတ်သုဒ္ဓါဘုတ်သည်လည်းကောင်း အလိုရှိအပ် ချီးမွမ်းအပ်သော ဘောဇဉ်မဟုတ်ချေ။ အပိုင်းအခြား မရှိသော ဉေယျတရားကို မြင်တော် မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရား ဟောတော်မူအပ်သော အမြိုက်နိဗ္ဗာန်တရားကို (ယခုအခါ) ငါ သုံးဆောင်ရပြီ။

ဤသို့လျှင် ပရိပုဏ္ဏကမထေရ်သည် ရွတ်ဆို၏၊

........

၂-ဝိဇယတ္ထေရဂါထာ

ရှေးဦးစွာ ရသေ့ပြု နောက်မှ သာသနာတွင်း ရဟန်းဖြစ်လာသော ဝိဇယမထေရ်သည် တရားကိုအားထုတ်၍ မကြာမီ ရဟန္တာဖြစ်လာသောအခါ နိဗ္ဗာန်ကို အာရုံပြုသော ရဟန်း၏သွားရာလမ်းကြောင်းနှင့် စပ်လျဉ်း၍ ရွတ်ဆိုသော ဂါထာ

֍ ၉၂။ အကြင်မြတ်သော ပုဂ္ဂိုလ်အား ကာမာသဝစသော အာသဝတို့သည် (အကြွင်းမဲ့) ကုန်ခန်းပြီ၊ ပစ္စည်းလေးပါး၌လည်း တဏှာဒိဋ္ဌိနိဿယတို့ဖြင့် မမှီတွယ် မမက်မော၊ အကြင် ပုဂ္ဂိုလ်အား သုညတ, အနိမိတ္တ, အပဏိဟိတအမည်ရသော ဝိမောက္ခနိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိ၏၊ ကောင်းကင်၌ပျံသောငှက်တို့၏ သွားရာလမ်းကြောင်းကို သိရန်ခဲယဉ်းသကဲ့သို့ ဤအတူသာလျှင် နိဗ္ဗာန်ကိုအာရုံပြုသော ထိုရဟန်း၏ ငရဲစသည်သို့ သွားရာလမ်းကြောင်းကို သိရန်ခဲယဉ်း၏၊

ဤသို့လျှင် ဝိဇယမထေရ်သည် ရွတ်ဆို၏၊

........

၃-ဧရကတ္ထေရဂါထာ

မိစ္ဆာဝိတက်အားကြီး၍ ရဟန်းအဖြစ်၌ ငြီးငွေ့နေသော ဧရကမထေရ်သည် ဘုရားရှင် တရားကိုကြားနာရလျှင် သံဝေဂဖြစ်ကာ ဝိပဿနာအားထုတ်၍ မကြာခင် ရဟန္တာ ဖြစ်သောအခါ မြတ်စွာဘုရားကိုချီးမွမ်းသောအားဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၉၃။ ဧရက ဝတ္ထုကာမ, ကိလေသာကာမတို့သည် (ဒုက္ခ၏ တည်ရာဖြစ်သောကြောင့် ) ဆင်းရဲကုန်၏၊ ဧရက (ကာမတို့သည် သဘောမှန်ကို မသိသူအား ချမ်းသာဟု ထင်ရသော်လည်း သဘောမှန်ကိုသိသူအား) ချမ်းသာ မဟုတ်ကုန်။ ဧရက အကြင်သူသည် ကိလေသာ ကာမဖြင့် ဝတ္ထုကာမတို့ကို အလိုရှိ၏၊ ထိုသူသည် ဆင်းရဲကို အလိုရှိသူ မည်၏၊ ဧရက အကြင်သူသည် ကိလေသာကာမဖြင့်ဝတ္ထုကာမတို့ကို အလိုမရှိ၊ ထိုသူသည် ဆင်းရဲကို အလိုမရှိသူ မည်၏၊

ဤသို့လျှင် ဧရကမထေရ်သည် ရွတ်ဆို၏၊

........

၄-မေတ္တဇိတ္ထေရဂါထာ

ရှေးဦးစွာ ရသေ့ပြု၍ နောက်မှ သာသနာတွင်း ရဟန်းဖြစ်လာသော မေတ္တဇိမထေရ်သည်ဝိပဿနာကိုပွါးများ၍ ရဟန္တာဖြစ်သောအခါ မြတ်စွာဘုရားကို ချီးမွမ်းသောအားဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၉၄။ သာကီဝင်မင်းသားဖြစ်တော်မူသော, ဘုန်းကျက်သရေရှိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊ မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူပြီးသော ထိုမြတ်စွာဘုရားသည် ဤမြတ်သောလောကုတ္တရာတရားကိုးပါးကို ကောင်းစွာ ဟောတော်မူပေ၏၊

ဤသို့လျှင် မေတ္တဇိမထေရ်သည် ရွတ်ဆို၏၊

........

၅-စက္ခုပါလတ္ထေရဂါထာ

မျက်စိကွယ်လျက် ရဟန္တာဖြစ်ရသော သူဌေးသား စက္ခုပါလမထေရ်သည် မိမိအား လာရောက်ခေါ်သောတူ သာမဏေ သီလပျက်သဖြင့် အတူမသွားလို လူမိုက်နှင့် မပေါင်းနိုင်၊ အဖော်မလုပ်နိုင်ကြောင်းရွတ်ဆိုသော ဂါထာ

֍ ၉၅။ ငါသည် မျက်စိနှစ်ကွင်း အလင်းမရသူ, ပျက်စီးသော မျက်စိရှိသည်ဖြစ်၍ ကန်းသူ ဖြစ်ခဲ့၏၊ ရှည်လျားစွာသော ခရီးခဲကို သွားနေသော ငါသည် မြေ၌ လူးလျက်သော်လည်း သွားအံ့၊ ယုတ်မာသောအပေါင်းအဖော်နှင်ကား သွားမည် မဟုတ်။

ဤသို့လျှင် စက္ခုပါလမထေရ်သည် ရွတ်ဆို၏၊

........

၆-ခဏ္ဍသုမနတ္ထေရဂါထာ

ဘုရားရှင်ပါဝါပြည် သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူစဉ် သဒ္ဓါအလျောက် ရဟန်းပြု လာသောခဏ္ဍသုမနမထေရ်သည် ဝိပဿနာ ပွါးများ၍ အဘိညာဉ်ရ ရဟန္တာ ဖြစ်လာသောအခါ မြတ်လေးပန်းတစ်ပွင့်အကျိုးကို ဖော်ပြ ရွတ်ဆိုသော ဂါထာ

֍ ၉၆။ ငါသည် (မြတ်လေး) ပန်းတစ်ပွင့်ကို (မြတ်စွာဘုရားစေတီတော်အား) စွန့်လွှတ်ပူဇော်ခြင်းကြောင့် (လူတို့အရေအတွက်အားဖြင့်) အနှစ်ကုဋေရှစ်ဆယ်တို့ပတ်လုံး နတ်ပြည်တို့၌ ချမ်းသာကို ခံစားပြီးနောက် (ထိုကံ၏) အကျိုးကြွင်းဖြင့် ကိလေသာမှ ငြိမ်းပြီးသူ ဖြစ်ရ၏၊

ဤသို့လျှင် ခဏ္ဍသုမနမထေရ်သည် ရွတ်ဆို၏၊

........

၇-တိဿတ္ထေရဂါထာ

ပုက္ကုသာတိမင်းကဲ့သို့ ဘုရားရှင်ကို ရည်မှန်း၍ ရဟန်းပြုလာသော တိဿမထေရ်သည်ဝိပဿနာအားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်လျှင် နှစ်ကြိမ်မြောက် ဘိသိက်သွန်းခြင်း ဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၉၇။ ငါသည် ပိုလ်ချိန် တစ်ရာရှိသော ရွှေဖြင့်ပြီးသော အနားရေး များစွာရှိသော ရွှေခွက်ကို စွန့်ပယ်၍မြေသပိတ်ကို စွဲယူပြီး ဤမြေသပိတ်ကို စွဲလျက် ရဟန်းအဖြစ်သို့ ကပ်ရောက်ရခြင်းသည် နှစ်ကြိမ်မြောက်သော အဘိသိက်သွန်းခြင်းပေတည်း။

ဤသို့လျှင် တိဿမထေရ်သည် ရွတ်ဆို၏၊

........

၈-အဘယတ္ထေရဂါထာ

တန်ဆာဆင်ထားသော မိန်းမကိုမြင်၍ ကိလေသာဝင်ပြီးနောက် သတိတရားရလာသောအဘယမထေရ်သည် စိတ်ကို နှိပ်ကာ ဝိပဿနာကို ပွါးလျက် ရဟန္တာဖြစ်သောအခါ ရူပါရုံ၏ အပြစ်ကိုဖော်ပြ ရွတ်ဆိုသော ဂါထာ

֍ ၉၈။ (မိန်းမ၏ အဆင်း) ရူပါရုံကို မြင်ခြင်းကြောင့် သုဘ, သုခစသည်ဖြင့် ချစ်ခင်ဖွယ်ဟု အမှတ်နိမိတ်ပြု၍နှလုံးသွင်းသူအား (အသုဘဟု ဖြစ်သော) သတိသည် ပျောက်ကွယ်ခဲ့၏၊ ထိုသူသည် ပြင်းစွာတပ်မက်သော စိတ်ရှိသည်ဖြစ်၍ (ထိုအဆင်းရူပါရုံကို) ခံစား၏၊ ထို အာရုံကို သိမ်းကျုံးလွှမ်းမိုးလျက်တည်၏၊ (ဤသို့ဖြစ်သော်) ထိုသူအား သံသရာဘဝ၏ အကြောင်းမူလအဖြစ်သို့ ကပ်ရောက်ခြင်း သဘောရှိကုန်သော အာသဝတို့သည် အဆင့်ဆင့် တိုးပွါးကုန်၏၊

ဤသို့လျှင် အဘယမထေရ်သည် ရွတ်ဆို၏၊

........

၉-ဥတ္တိယတ္ထေရဂါထာ

သဒ္ဓါတရားဖြင့် ရဟန်းပြုလာပါလျက် ဆွမ်းခံသွားရင်း မာတုဂါမ၏ သီချင်းသံကြောင့်ဆန္ဇရာဂဖြစ်ပေါ်လာသော ဥတ္တိယမထေရ်သည် ဆန္ဇရာဂကို ပယ်ခွာ ဝိပဿနာကို ပွါးများလျက်ရဟန္တာအဖြစ်သို့ ရောက်လျှင် မိန်းမအသံ၏ အပြစ်ကို ဖော်ပြရွတ်ဆိုသော ဂါထာ

֍ ၉၉။ (မိန်းမအသံ) သဒ္ဒါရုံကို ကြားခြင်းကြောင့် သုဘ, သုခစသည်ဖြင့် ချစ်ခင်ဖွယ်ဟု အမှတ်နိမိတ်ပြု၍နှလုံးသွင်းသူအား (အသုဘဟုဖြစ်သော) သတိသည် ပျောက်ကွယ်ခဲ့၏၊ ထိုသူသည် ပြင်းစွာတပ်မက်သော စိတ်ရှိသည်ဖြစ်၍ (ထိုအသံသဒ္ဒါရုံကို) ခံစား၏၊ ထိုအာရုံကို သိမ်းကျုံးလွှမ်းမိုးလျက်တည်၏၊ (ဤသို့ဖြစ်သော်) ထိုသူအား သံသရာသို့ ကပ်ရောက် ကြောင်း သဘောရှိကုန်သော အာသဝတို့သည် အဆင့်ဆင့် တိုးပွါးကုန်၏၊

ဤသို့လျှင် ဥတ္တိယမထေရ်သည် ရွတ်ဆို၏၊

........

၁၀- (ဒုတိယ) ဒေဝသဘတ္ထေရဂါထာ

နိဂြောဓာရုံကျောင်း၌ ဘုရားရှင် သီတင်းသုံးစဉ် သဒ္ဓါ၍ ရဟန်းဖြစ်လာသော ဒေဝသဘ မထေရ်သည်ဝိပဿနာကိုပွါး၍ မကြာခင် ရဟန္တာဖြစ်လာသောအခါ ဝိမုတ္တိပန်းကို ပန်ဆင်သော ရဟန်းအကြောင်းဖော်ပြ ရွတ်ဆိုသော ဂါထာ

֍ ၁၀၀။ သမ္မပ္ပဓာန်လေးပါနှင့် ပြည့်စုံသော ကာယာနုပဿနာစသော သတိပဋ္ဌာန်လျှင်ကျက်စားရာအာရုံရှိသော ဝိမုတ္တိပန်းတို့ဖြင့် တန်ဆာဆင်အပ်သော ရဟန်းသည် အာသဝကင်း သည်ဖြစ်၍ ပရိနိဗ္ဗာန် ပြုလတ္တံ့။

ဤသို့လျှင် ဒေဝသဘမထေရ်သည် ရွတ်ဆို၏၊

ဒသမဝဂ် ပြီး၏၊

........

၁၁-ဧကာဒသမဝဂ်

၁-ဗေလဋ္ဌာနိကတ္ထေရဂါထာ

သဒ္ဓါ၍ ရဟန်းပြုကာ တောရဆောက်တည်နေပါလျက် ပျင်းရိခြင်း ကြမ်းတမ်းသော စကားကိုပြောဆိုခြင်းဖြင့် နေထိုင်သော ဗေလဋ္ဌာနိကမထေရ်သည် ဘုရားရှင်၏ သြဝါဒ ကြောင့် သံဝေဂရဝိပဿနာကို ပွါး၍ မကြာခင် ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာ

֍ ၁၀၁။ လူ့အဖြစ်ကို စွန့်ခဲ့သော်လည်း ရဟန်းကိစ္စ မပြီးဆုံးသေးသော၊ (ရုန့်ရင်း ကြမ်း တမ်းသောစကားကို ပြောဆိုခြင်းဖြင့်) ပါးစပ်တည်းဟူသော ထွန်သွားရှိသော၊ ဝမ်းကိုသာ မွေးမြူတတ်သော၊ ပျင်းရိသော သူသည် အစာပြည့်သော ဝက်ကြီးကဲ့သို့ ပညာနုံ့သည်ဖြစ်၍ အဖန်တလဲလဲပဋိသန္ဓေနေခြင်းသို့ ကပ်ရလိမ့်သတည်း။

ဤသို့လျှင် ဗေလဋ္ဌာနိကမထေရ်သည် ရွတ်ဆို၏၊

........

၂-သေတုစ္ဆတ္ထေရဂါထာ

မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုလာသော သေတုစ္ဆမထေရ်သည် ဘုရားရှင့် တရားတော်ကိုနာယူရသည့်အတိုင်း ပရိကမ်ကို အားထုတ်သဖြင့် ရဟန္တာဖြစ်သောအခါလောကဓံကို သည်းမခံနိုင်သူတို့သမာဓိ မရနိုင်ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၁၀၂။ ထောင်လွှားမှု 'မာန်မာန'သည် လှည့်ပတ်အပ်ကုန်သည်ဖြစ်၍ အတွင်းအပဖြစ်ကုန် သောသင်္ခါရတရားတို့၌ ညစ်နွမ်းခြင်းသို့ ရောက်ကုန်သော လာဘ်ရခြင်း, မရခြင်းကြောင့် ဖြစ်သော (ချစ်ခြင်း, မုန်းခြင်းတို့) နှိပ်စက်ဖိစီးအပ်ကုန်သော သူတို့သည် (သမထ ဝိပဿနာ၏ အစွမ်းဖြင့်) စိတ်တည်ကြည်မှုကို မရနိုင်ကုန်။

ဤသို့လျှင် သေတုစ္ဆမထေရ်သည် ရွတ်ဆို၏၊

........

၃-ဗန္ဓုရတ္ထေရဂါထာ

ကိစ္စတစ်ခုကြောင့်အခြားသူများနှင့်အတူ ဘုရားရှင့်ထံရောက်၍ တရားကို နာရသဖြင့် ရဟန်းပြုသောသူဌေးသား ဗန္ဓုရမထေရ်သည် ဉာဏ်ရင့်သည့်အလျောက် တရားအား ထုတ်ကာ ရဟန္တာဖြစ်သောအခါတရားအရသာအကြောင်း ဖော်ပြ ရွတ်ဆိုသော ဂါထာ

֍ ၁၀၃။ ငါသည် ဤပစ္စည်းလာဘ်လာဘဖြင့် အလို မရှိ၊ (လောကုတ္တရာ) တရားအရသာဖြင့်ရောင့်ရဲသည်ဖြစ်၍ (မြတ်သော ချမ်းသာဖြင့်) ချမ်းသာခြင်းသို့ ရောက်၏၊ အရသာအားလုံး တို့ထက်အမြတ်ဆုံးဖြစ်သော (ဓမ္မ) အရသာကို သောက်လျက် တည်၏၊ အဆိပ်နှင့် တူသော အာမိသအရသာနှင့်ရောနှောခြင်းကို ငါ ပြုတော့မည် မဟုတ်။

ဤသို့လျှင် ဗန္ဓုရမထေရ်သည် ရွတ်ဆို၏၊

........

၄-ခိတကတ္ထေရဂါထာ

အသျှင်မဟာမောဂ္ဂလ္လာန်၏ တန်ခိုးကြီးပုံကို ကြားရ၍ ဘုရားရှင့်ထံ ရဟန်းပြုလာသောခိတကမထေရ်သည် ကမ္မဋ္ဌာန်းယူကာ အားထုတ်သဖြင့် မကြာခင် ရဟန္တာဖြစ်သောအခါ ရူပကာယ၏ပေါ့ပါးပုံကို ဖော်ပြ ရွတ်ဆိုသော ဂါထာ

֍ ၁၀၄။ ငါ၏ ရူပကာယသည် ပေါ့ပါးသည်ဖြစ်၍ သာလျှင် ပြန့်ပြောသော ပီတိနှင့်တကွ ဖြစ်သောချမ်းသာ'သုခ'ဖြင့် တွေ့ထိသည်သာလျှင်တည်း၊ လေသည် လွှင့်တင်အပ်သော ဝါဂွမ်းကဲ့သို့ ငါ၏ရူပကာယသည် (ကောင်းကင်သို့) လွင့်တက်သွားသည်သာလျှင်တည်း။

ဤသို့လျှင် ခိတကမထေရ်သည် ရွတ်ဆို၏၊

........

၅-မလိတဝမ္ဘတ္ထေရဂါထာ

ပစ္ဆာဘူတမထေရ်ထံတွင် တရားနာ ရဟန်းပြု ဝိပဿနာ ပွါးများ၍ ရဟန္တာဖြစ်သောမလိတဝမ္ဘမထေရ်သည် လေကုတ္တရာ အကျိုးစီးပွါးနှင့် မဆက်သော နေခြင်းဖြင့် မနေသင့်ကြောင်းရွတ်ဆိုသော ဂါထာ

֍ ၁၀၅။ (အကြင်ကျောင်း၌ နေသော ငါ့အား အစားအသောက် မျှတမှုကို မရသဖြင့် မမွေ့လျော်ခြင်းဖြစ်၏၊ ထိုကျောင်း၌ ရဟန်းတရား ပြည့်စုံမှု ရခဲ့လျှင်) ပျင်းရိသော်လည်း ငါနေ၏၊ မဖဲသွား။ (အကြင်ကျောင်း၌ နေသော ငါ့အား ပစ္စည်းချို့တဲ့မှု မရှိသဖြင့် ပျင်းရိခြင်း မရှိ၊ မွေ့လျော်၏၊ ထိုကျောင်း၌) မွေ့လျော်သော်လည်း (ရဟန်းတရား ပြည့်စုံမှုကို မရခဲ့သော် ထိုကျောင်းမှ) ဖဲသွား၏၊ ပညာရှိသည်လောကုတ္တရာအကျိုးစီးပွါးနှင့် မစပ်သော နေခြင်းဖြင့် မနေရာ။

ဤသို့လျှင် မလိတဝမ္ဘမထေရ်သည် ရွတ်ဆို၏၊

........

၆-သုဟေမန္တတ္ထေရဂါထာ

သင်္ကဿနဂိုရ်ပြည်၌ သီတင်းသုံးသော ဘုရားရှင့်ထံတွင် တရားနာ ရဟန်းပြုလာသောသုဟေမန္တမထေရ်သည် ပိဋကတ် ၃ ပုံ ဆောင်ခြင်း ဝိပဿနာပွါးခြင်းဖြင့် အဘိညာဉ်ရ ပဋိသမ္ဘိဒါရောက်ရဟန္တာဖြစ်သောအခါ ပညာရှိသူသာ များစွာမြင်သိနိုင်ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၁၀၆။ ပညာနည်းသောသူသည် များပြားသော သဒ္ဒါဖြစ်ကြောင်း 'သဒ္ဒပဝတ္တိနိမိတ်'ရှိသော များပြားသောမှတ်ကြောင်း'လက္ခဏာ'ရှိသော အနက်သဘော၏ တစ်ခုသော ပဝတ္တိနိမိတ်, တစ်ခုသောလက္ခဏာကိုသာလျှင် မြင်လေ့ရှိ၏၊ ပညာရှိသည်ကား များပြားသော သဒ္ဒပဝတ္တိ နိမိတ်, များပြားသောလက္ခဏာတို့ကို (ပညာစက္ခုဖြင့်) မြင်နိုင်၏၊

ဤသို့လျှင် သုဟေမန္တမထေရ်သည် ရွတ်ဆို၏၊

........

၇-ဓမ္မသဝတ္ထေရဂါထာ

အိမ်ရာထောင်ခြင်း၏ အပြစ်, ရဟန်းပြုခြင်း၏ အကျိုးကို မြင်၍ ဘုရားရှင့်ထံ တရားနာယူ ရဟန်းပြုသော ဓမ္မသဝမထေရ်သည် ဝိပဿနာကို ပွါး၍ မကြာခင် ရဟန္တာ ဖြစ်သောအခါ ရွတ်ဆိုသော ဂါထာ

֍ ၁၀၇။ (ငါသည် ကာမဂုဏ်တို့၌ အပြစ်ကိုလည်းကောင်း၊ ကာမဂုဏ်တို့မှ ထွက်မြောက်မှု၌အကျိုးကိုလည်းကောင်း) ပညာဖြင့် နှိုင်းချိန်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြု၏၊ ထို့ကြောင့် ငါသည် သုံးပါးသော အသိဉာဏ်'ဝိဇ္ဇာ'တို့သို့ အစဉ်ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရားဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်အပ်ပြီ။

ဤသို့လျှင် ဓမ္မသဝမထေရ်သည် ရွတ်ဆို၏၊

........

၈-ဓမ္မသဝပိတုတ္ထေရဂါထာ

သားရဟန်းပြုသည်ကို အားကျ သံဝေဂဉာဏ်ထင် ဘုရားရှင့်ထံ ရဟန်းပြုသော ဓမ္မသဝပိတုမထေရ်သည်ဝိပဿနာကိုပွါး၍ မကြာခင် ရဟန္တာဖြစ်လျှင် အသက်၁၂၀ ရှိမှ ရဟန်းပြုကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၁၀၈။ ထိုငါသည် (မွေးဖွားသည်မှ) အသက်တစ်ရာ့နှစ်ဆယ်ရှိသည်ဖြစ်၍ ရဟန်းဘဝသို့ ကပ်ရောက်ခဲ့၏၊ (သို့ဖြစ်ပါလျက်) ငါသည် သုံးပါးသော အသိဉာဏ်'ဝိဇ္ဇာ'တို့သို့ အစဉ်ရောက် အပ်ကုန်ပြီ၊ မြတ်စွာဘုရားဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်အပ်ပြီ။

ဤသို့လျှင် ဓမ္မသဝပိတုမထေရ်သည် ရွတ်ဆို၏၊

........

၉-သံဃရက္ခိတတ္ထေရဂါထာ

သဒ္ဓါ၍ ရဟန်းပြုလာသော သံဃရက္ခိတမထေရ်သည် သားငယ်ကို မစွန့်ခွာနိုင်သော သမင်မကိုမြင်ရာတွင် သံဝေဂရကာ ဝိပဿနာကိုပွါးများ၍ ရဟန္တာဖြစ်လျှင် သမင်မ ဥပမာတင်၍ ရွတ်ဆိုသော ဂါထာ

֍ ၁၀၉။ ဤရဟန်းသည် လွန်ကဲသော အကျိုးစီးပွါးဖြင့် သတ္တဝါတို့ကို အစဉ်သနားလေ့ ရှိတော်မူသောမြတ်စွာဘုရား၏ ပဋိပတ္တိသာသနာတော်ကို ဆိတ်ငြိမ်ရာသို့ ကပ်လျက် အား မထုတ်လေယောင်တကား၊ ထိုသို့ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း မကျင့်သောကြောင့် သာလျှင် တောသမင်မငယ်သည် (သား၌ ချစ်ခြင်း မကင်းပြတ်သဖြင့် ဆင်းရဲကို) ခံစား ရသကဲ့သို့ ဤအတူ ရဟန်းသည် (သံဃာ၌့ချစ်ခြင်း မကင်းပြတ်သဖြင့်) ဣန္ဒြေတို့ကို မစောင့်စည်းသည်ဖြစ်၍ နေဘိ၏၊

ဤသို့လျှင် သံဃရက္ခိတမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ဥသဘတ္ထေရဂါထာ

သူကြွယ်မျိုးမှ ရဟန်းပြုလာသော ဥသဘမထေရ်သည် တနေ့သ၌ လှိုင်ဂူမှ အထွက် မိုးဥတုကြောင့်အခက်အလက်စည်ကားနေသောတောကို မြင်ရလျင် ငါလည်း ဥတူသပ္ပါယ ကောင်းခိုက်အားထုတ်မည်ဟူသော ဇွဲဖြင့် အားထုတ်ရာ ရဟန္တာဖြစ်လေသဖြင့် မိမိ၏ ဥတုသပ္ပါယအခြေခံကို ဖော်ပြ ရွတ်ဆိုသော ဂါထာ

֍ ၁၁၀။ တောင်ထိပ်တို့၌ မိုးကြီးသည် ရှေးဦးစွာ ရွာသွန် သွန်းလောင်းအပ်ကုန်သော သစ်ပင်တို့သည် ကောင်းစွာ စည်ပင်ပွါးများခြင်း ဖြစ်ကုန်သကဲ့သို့ ထို့အတူ ဆိတ်ငြိမ်မှုကို အလိုရှိသော တောကျောင်းဟုအမှတ်ရှိသော ဥသဘ (အမည်ရှိသော) ငါ့အား စိတ်၏ ဘာဝနာ အမှု၌ ပွါးများရန် လျောက်ပတ်ကောင်းမြတ်သည်၏ အဖြစ်ကို အဆင့်ဆင့် ဖြစ်စေ၏၊

ဤသို့လျှင် ဥသဘမထေရ်သည် ရွတ်ဆို၏၊

ဧကာဒသမဝဂ် ပြီး၏၊

........

၁၂-ဒွါဒသမဝဂ်

၁-ဇေန္တတ္ထေရဂါထာ

ဘုရားရှင့်ထံ ရဟန်းပြု၍ ဘုရားရှင့်ထံမှ ကမ္မဋ္ဌာန်းကိုယူ ဝိပဿနာကို ပွါးများသဖြင့် ခိပ္ပါဘိညအဖြစ်အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရသော ဇေန္တမထေရ်သည် ရဟန်းအဖြစ် ခဲယဉ်းပုံ စသည်ကို ရွတ်ဆိုသော ဂါထာ

֍ ၁၁၁။ ရဟန်းအဖြစ်မည်သည် ပြုလုပ်ရန် ခဲယဉ်းလှ၏၊ အိမ်တို့မည်သည် စိုးအုပ်၍ နေရန် ခဲယဉ်းလှ၏၊ (ရဟန်းဖြစ်သောသူတို့ ထိုးထွင်းသိရမည့်) တရားသည် နက်နဲလှ၏၊ စည်းစိမ်ဥစ္စာတို့မည်သည် ရရန်ခဲယဉ်းလှ၏၊ (ဤသာသနာတော်၌) ရတတ်သမျှဖြင့်သာလျှင် အသက်မွေးခြင်းသည် ငါတို့အားငြိုငြင်ဆင်းရဲလှ၏၊ သင်္ခါရတရားတို့၏ မမြဲသော သဘောကို အခါခပ်သိမ်း ရှုခြင်းငှါ သင့်လှ၏၊

ဤသို့လျှင် ဇေန္တမထေရ်သည် ရွတ်ဆို၏၊

........

၂-ဝစ္ဆဂေါတ္တတ္ထေရဂါထာ

ဗေဒင်၌ အနှစ်သာရကို မမြင်၍ ဘုရားရှင့်ထံ ရဟန်းပြုကာ ဝိပဿနာပွါးများ၍ ရဟန္တာဖြစ်လာသောဝစ္ဆဂေါတ္တမထေရ်သည် ဝိဇ္ဇာသုံးပါးသို့ ရောက်ရကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၁၁၂။ ငါသည် ဝိဇ္ဇာသုံးပါးကို ရပြီ၊ (မြတ်သော မဂ်ဖိုလ်စျာန်ဖြင့်) မြတ်သော နိဗ္ဗာန်ကို ရှုလေ့ရှိ၏၊ စိတ်ကို ကောင်းစွာ ထားခြင်း၌ လိမ္မာ၏၊ ငါသည် မိမိအကျိုးတည်းဟူသော အရဟတ္တဖိုလ်သို့အစဉ်ရောက်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း ပြုအပ်ပြီ။

ဤသို့လျှင် ဝစ္ဆဂေါတ္တမထေရ်သည် ရွတ်ဆို၏၊

........

၃-ဝနဝစ္ဆတ္ထေရဂါထာ

ဗိမ္ဗိသာရမင်းကြီး၏တရားပွဲ၌ သဒ္ဓါတရားဖြစ်ပေါ်၍ ရဟန်းပြုလာသော ဝနဝစ္ဆမထေရ် သည်အရဟတ္တဖိုလ်သို့ ရောက်သောအခါ ကျောက်တောင်၏ မွေ့လျော်ဖွယ် ကောင်းပုံကို ရွတ်ဆိုသော ဂါထာ

֍ ၁၁၃။ ကြည်လင်သော ရေရှိကုန်သော၊ ကျယ်ပြန့်၍ နူးညံ့သည့် ကျောက်ရှိကုန်သော၊ မျောက် ချေ (ဂျီ)့သမင်စသော သားကောင်တို့ဖြင့် ရောပြွမ်းကုန်သော၊ (ထိုထိုအရပ်၌) ရေမှော်တို့ဖြင့်ဖုံးလွှမ်းအပ်ကုန်သော ထိုကျောက်တောင်တို့သည် ငါ့ကို မွေ့လျော်စေကုန်၏၊

ဤသို့လျှင် ဝနဝစ္ဆမထေရ်သည် ရွတ်ဆို၏၊

........

၄-အဓိမုတ္တတ္ထေရဂါထာ

နောက်ဆုံးဘဝဖြစ်၍ ဝဋ်မှထွက်ကြောင်းကို ရှာရင်း ဘုရားရှင့်ထံတွင် ရဟန်းပြု လာသောအဓိမုတ္တမထေရ်သည် ဝိပဿနာကို ပွါးများ၍ မကြာမီ ရဟန္တာဖြစ်သောအခါ ခန္ဓာကိုယ်ကို မွေးမြူခြင်း၏အပြစ်ကို ဖော်ပြ ရွတ်ဆိုသော ဂါထာ

֍ ၁၁၄။ ခန္ဓာကိုယ်ကို မွေးမြူမှု၌သာ အလေးပြုနေသော (မွန်မြတ်သော အာဟာရစသည် တို့ဖြင့်) မိမိကိုယ်၏ ချမ်းသာမှု၌ တပ်မက်နေသော ရဟန်းအား (ဤအတိုင်း) အသက်အပိုင်း အခြားနည်းပါးကုန်ခန်းသည်ရှိသော် ရဟန်းကောင်းအဖြစ် အဘယ်ကြောင့် ဖြစ်နိုင်ပါအံ့နည်း။

ဤသို့လျှင် အဓိမုတ္တမထေရ်သည် ရွတ်ဆို၏၊

........

၅-မဟာနာမတ္ထေရဂါထာ

ဘုရားရှင့်ထံ ရဟန်းပြု၍ တရားအားထုတ်သော်လည်း တရားမရ၊ တောင်ထိပ်သို့ တက်ကာ''တရားမရလျှင် တောင်ပေါ်က တွန်းချမည်''ဟု ကိုယ့်ကိုယ်ကို ခြိမ်းချောက် အားထုတ်မှအရဟတ္တဖိုလ်ရသော မဟာနာမမထေရ်သည် မိမိကိုယ်ကို ခြိမ်းချောက်ရ ကြောင်း ရွတ်ဆိုသော ဂါထာ

֍ ၁၁၅။ မဟာနာမ် ထိုသင်သည် (ကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ ကြံစည်မ 'ဝိတက်' များနေခဲ့မူ) များစွာသောတောင်ထွတ်တို့၌ ပေါက်ရောက်သော နဘဲပင်တို့နှင့် ပြည့်စုံသော အလုံးစုံသော ဂုဏ်တို့ဖြင့်ထင်ရှားသော (အထူး ထူး အပြားပြားသော သစပ် င,် ချုနံ ယွ တ်ိြ့ုဖင့်) ထက်ဝန်း ကျင် ဖုံးလွှမ်းနေသော (လျောက်ပတ်သော)

ဤနေသာဒကမည်သော ကျောက်တောင်မှ ဆုတ် ယုတ်ရတော့လတ္တံ့။

ဤသို့လျှင် မဟာနာမ်မထေရ်သည် ရွတ်ဆို၏၊

........

၆-ပါရာပရိယတ္ထေရဂါထာ

ရာဇဂြိုဟ်ပြည်သို့ ဘုရားရှင် ကြွလာစဉ် ဘုရားအာနုဘော်ကို မြင်၍ ရဟန်းပြုသော ဗေဒပါရဂူ ပါရာပရိယမထေရ်သည် မိမိ၏ ပဋိပတ်ကို ဆင်ခြင်၍ ရွတ်ဆိုသော ဂါထာ

֍ ၁၁၆။ ငါသည် (စက္ခုသမ္ဖဿစသည်တို့၏ ဖြစ်ရာ) ဖဿာယတနအမည်ရသော အဇ္ဈတ္တိကာယတနခြောက်ပါးတို့ကို (ကိလေသာကို ပယ်သည်၏ အစွမ်းအားဖြင့်) ပယ်စွန့်သောကြောင့် လုံခြုံသော တံခါးရှိသူ၊ (ကာယဒုစရိုက်စသည်တို့မှ) ကောင်းစွာ စောင့်စည်းပြီးသူ ဖြစ်၏၊ ထို့ကြောင့် ငါသည် ဝဋ်ဆင်းရဲ၏ မူလဘူတဖြစ်သော အဝိဇ္ဇာ, တဏှာဟူသော အပြစ် ဒေါသကို ထွေးအန်ပြီးဖြစ်ရကား အာသဝေါတရားတို့ကုန်ရာ အရဟတ္တဖိုလ်နိဗ္ဗာန်ကို ရအပ်ပြီ။

ဤသို့လျှင် ပါရာပရိယမထေရ်သည် ရွတ်ဆို၏၊

........

၇-ယသတ္ထေရဂါထာ

ကာမဂုဏ်ကို ထိတ်လန့်ကာ ဘုရားရှင့်ထံ ရောက်လာ၍ သစ္စာဒေသနာ နာရသဖြင့် သောတာပန်တည်၊ ဖခင်လိုက်လာသောအခါ ရဟန္တာဖြစ်သော သူဌေးသား ယသမထေရ်သည် ဧဟိဘိက္ခုရဟန်းအဖြစ်ဖြင့် ရွတ်ဆိုသော ဂါထာ

֍ ၁၁၇။ ငါသည် ကောင်းသော စန္ဒကူးနံ့သာတို့ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိသည်ဖြစ်၍ ကောင်းသော အဝတ်တို့ကို ဝတ်ဆင်ကာ အလုံးစုံသော အဆင်တန်ဆာတို့ဖြင့် တန်ဆာဆင် လျက်ပင် ဝိဇ္ဇာသုံးပါးတို့ကို ရပြီ၊ (ထို့ကြောင့် ငါသည် ) မြတ်စွာဘုရား ဆုံးမတော်မူသော အတိုင်း ပြုလုပ်အပ်ပြီ။

ဤသို့လျှင် ယသမထေရ်သည် ရွတ်ဆို၏၊

........

၈-ကိမိလတ္ထေရဂါထာ

လှပတင့်တယ်သော မိန်းမငယ်အသွင်ကို ရှေးဦးပြ၊ နောက်မှ အိုရုပ် နာရုပ် ဖန်ဆင်းပြ တော်မူ သဖြင့် အလွန်ထိတ်လန့်၍ ရဟန်းပြု ဝိပဿနာပွါးများ မကြာမီ ရဟန္တာ ဖြစ်သော ကိမိလမထေရ်သည်မိမိထင်မြင်ခဲ့ပုံကို ရွတ်ဆိုသော ဂါထာ

֍ ၁၁၈။ ပျိုမျစ်နုနယ်ခြင်းစသော ခန္ဓာကိုယ်၏ အခိုက်အတန့်ကို စွဲ၍ ဖြစ်သော အရွယ် သည် (သင်ကားလျင်စွာ ပြေးသွားလော့၊ ရပ်တည် မနေလင့်ဟု) နတ်တို့က စေခိုင်းအပ် သကဲ့သို့ မရပ်မနားပြေးသွားနေ၏၊ ဤခန္ဓာကိုယ်သည် မူလသဘောအတိုင်းပင် ထင်ရှားရှိ နေပါလျက် အသီးအခြားတစ်ပါးဖြစ်နေဘိ သကဲ့သို့ ငါ့အား ထင်နေ၏၊ (ရှည်ကြာမြင့်စွာ ကွေကွင်းနေရသူကိုတစ်ပါးမဟုတ်သော်လည်း တစ်ပါးကဲ့သို့ မှတ်ထင်တတ်၏၊ ယခုမူ) ကွေကွင်းနေခြင်း မရှိဘဲလျက်တစ်ပါးမဟုတ်မူ၍ ဖြစ်နေသော ထိုငါ၏ အတ္တဘောကို တစ်ပါး သော သတ္တဝါ၏ အတ္တဘောကဲ့သို့အောက်မေ့မှတ်ထင်နေ၏၊

ဤသို့လျှင် ကိမိလမထေရ်သည် ရွတ်ဆို၏၊

........

၉-ဝဇ္ဇိပုတ္တတ္ထေရဂါထာ

ဆင်ဆရာဖြစ်ရာမှ တရားတော်ကို နာရသဖြင့် ရဟန်းပြုလာသော ဝဇ္ဇိပုတ္တမထေရ်သည် ဝိပဿနာပွါး၍အဘိညာဉ်ရ၊ ရဟန္တာဖြစ်သောအခါ အာနန္ဇာမထေရ်အား ပြောကြားသော ဂါထာ

֍ ၁၁၉။ ဂေါတမနွယ်ဖြစ်သော အာနန္ဒာ သစ်ပင်ရင်းတည်းဟူသော တောအုပ်သို့ ချဉ်းကပ် ပြီးလျှင်ငါသည် ဤသို့ ကျင့်၍ နိဗ္ဗာန်ကို ရယူထိုက်၏ဟု နိဗ္ဗာန်ကို စိတ်နှလုံး၌ သွင်း ထားပြီးလျှင်သမထ ဝိပဿနာ ဘာဝနာနှင့်တကွဖြစ်သော မဂ္ဂဘာဝနာကို ပွါးများလော့၊ (လွန်ကဲသောကုသိုလ်တရားတို့၌) မမေ့လျော့လင့်၊ ဗလစ် ဗလစ် ပြောဆိုနေခြင်းသည် သင့်အား အဘယ်အကျိုးကိုပြီးစေနိုင်အံ့နည်း။

ဤသို့လျှင် ဝဇ္ဇိပုတ္တမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ဣသိဒတ္တတ္ထေရဂါထာ

စိတ္တသူကြွယ် အဒိဋ္ဌသဟာယဖြစ်၍ သတင်းကြားဖြင့် သျှင်မဟာကစ္စည်းထံ ရဟန်းပြု လာသောဣသိဒတ္တမထေရ်သည် ဝိပဿနာပွါးများ၍ အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ မိမိရရှိသောအရဟတ္တဖိုလ်ကို ဖော်ပြ ရွတ်ဆိုသော ဂါထာ

֍ ၁၂၀။ ငါသည် ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့ကို ပိုင်းခြား၍ သိအပ်ကုန်ပြီ၊ ထိုဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဝဋ်မြစ်ပြတ်ကုန်သည်ဖြစ်၍ တည်ကုန်၏၊ ငါသည် ဆင်းရဲ၏ကုန်ရာ 'နိဗ္ဗာန်'သို့ရောက်ပြီဖြစ်၍ အာသဝေါတရားတို့ကုန်ရာ အရဟတ္တဖိုလ်ကို ရအပ်ပြီ။

ဤသို့လျှင် ဣသိဒတ္တမထေရ်သည် ရွတ်ဆို၏၊

ဒွါဒသမဝဂ် ပြီး၏၊

........

၂-ဒုကနိပါတ်

၁-ပဌမဝဂ်

၁-ဥတ္တရတ္တေရဂါထာ

သူခိုးဟု အထင်မှားကာ ဖမ်းဆီးချုပ်နှောင် သံတံကျင်အလျှိုခံရသော ဥတ္တရသာမဏေ သည်ဘုရားရှင်ကိုယ်တော်တိုင် ကြွလာ၍ တရားပြ ဆုံးမသည့်အတိုင်း ဝိပဿနာပွါးများ အဘိညာဉ်ရ၊ ရဟန္တာဖြစ်သောအခါ ဘဝဟူသမျှ အမြဲမရှိကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၁၂၁။ မြဲသော တစ်စုံတစ်ခုသော ဘဝမည်သည် မရှိ၊ မြဲသော သင်္ခါရတို့သည်လည်း မရှိကုန်၊ ထိုခန္ဓာငါးပါးတို့သည် အဆက်ဆက် ဖြစ်လည်း ဖြစ်ကုန်၏၊ ရွေ့လည်း ရွေ့လျောကုန်၏၊

֍ ၁၂၂။ ငါသည် ဤသို့သော အပြစ်ကို (ဝိပဿနာပညာဖြင့်) သိ၍ ဘဝဖြင့် အလိုမရှိသူ၊ အလုံးစုံသောကာမတို့မှ ထွက်မြောက်ပြီးသူ ဖြစ်၏၊ ထို့ကြောင့် အာသဝကုန်ရာ အရဟတ္တဖိုလ်နိဗ္ဗာန်သို့ ရအပ်ရောက်အပ်ပြီ။

ဤသို့လျှင် အသျှင်ဥတ္တရမထေရ်သည် ဂါထာတို့ကို ရွတ်ဆို၏၊

........

၂-ပိဏ္ဍောလဘာရဒွါဇတ္ထေရဂါထာ

ဥတေနမင်း၏ ပုရောဟိတ်သား ဘာရဒွါဇသည် ဘုရားရှင့်တံ ရဟန်းပြု ဝိပဿနာ ပွါး၍ မကြာမီ ရဟန္တာဖြစ်သောအခါ သီဟနာဒဧတဒဂ်ရ ပုဂ္ဂိုလ်ဖြစ်ပြီးနောက် အာဟာရနှင့် စပ်လျဉ်း၍ ရွတ်ဆိုသော ဂါထာများ

֍ ၁၂၃။ ဤငါ၏ အသက်ရှည်ခြင်းသည် မသင့်သော ရှာမှီးခြင်းဖြင့် အသက်ရှည်သည် မဟုတ်၊ စားမျိုအပ်သော အစာသည် (မဂ်ဉာဏ် ဖိုလ်ဉာဏ်ကဲ့သို့) စိတ်၏ ငြိမ်သက်ခြင်းကို ပြုတတ်သည် မဟုတ်၊ ကိုယ်သည် စားမျိုဖွယ် 'အာဟာရ'လျှင် တည်ရာရှိ၏၊ ဤသို့ သိမြင်၍ ဆွမ်းခံလှည့်လည်သွားလာ၏၊

֍ ၁၂၄။ ဒါယကာအိမ်တို့၌ အကြင်ရှိခိုးပူဇော်ခြင်းမည်သည် ရှိ၏၊ ထိုရှိခိုးပူဇော်ခြင်းကို ညွန်နှင့် တူ၏ဟူ၍ (ပညာရှိတို့သည်) ပြောဆိုကြကုန်၏၊ သိမ်မွေ့သော ငြောင့်နှင့် တူသော တဏှာကို လွန်စွာနုတ်နိုင်ခဲသည် ဖြစ်သောကြောင့် ယုတ်မာသော ယောကျ်ားသည် ပူဇော် သကာကို စွန့်နိုင်ခဲ၏၊

ဤသို့လျှင် အသျှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် ဂါထာတို့ကို ရွတ်ဆို၏၊

........

၃-ဝလ္လိယတ္ထေရဂါထာ

မိတ်ဆွေကောင်း၏ ကျေးဇူးဖြင့် ဘုရားရှင့်ထံတွင် တရားနာယူကာ သဒ္ဓါ၍ ရဟန်းပြု လာသောဝလ္လိယမထေရ်သည် တရားကို အားထုတ်၍ မကြာမီ ရဟန္တာဖြစ်သောအခါ စိတ်သည် မျောက်နှင့်တူကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၁၂၅။ မျောက်နှင့် တူသော စိတ်သည် တံခါးငါးပေါက်ရှိသော ခန္ဓာကိုယ်တဲကုပ်၌ ဝင်ရောက်၍ လျင်စွာလျင်စွာ ထိခိုက်လှုပ်ရှားစေလျက် စက္ခုစသော ဒွါရဖြင့် လှည့်လည်၏၊

֍ ၁၂၆။ မျောက်နှင့် တူသောစိတ် သင် ရပ်နေလိုက်လော့၊ မပြေးပါလင့်။ (ယခုအခါ တံခါး ပိတ်လိုက်ပြီဖြစ်သောကြောင့် ) ထိုအတ္တဘောတည်းဟူသော အိမ်ကို ရှေးကကဲ့သို့ သင် မမှီဝဲ နိုင်တော့ပြီ၊ သင့်ကိုမဂ်ပညာဖြင့် နှိပ်အပ်ပြီးဖြစ်သောကြောင့် (ဒုတိယအတ္တဘောစသော) ဝေးလံရာသို့ သင်မသွားရတော့လတ္တံ့။

ဤသို့လျှင် ဝလ္လိယမထေရ်သည် ရွတ်ဆို၏၊

........

၄-ဂင်္ဂါတီရိယတ္ထေရဂါထာ

အမိနှင့် နှစ်မအား မယားကြီး မယားငယ် ပြုခဲ့မိသည်ကို သိ၍ သံဝေဂရလျက် ရဟန်းပြုပြီးနောက့်အရဟတ္တဖိုလ်ကို မရမချင်း စကားမပြောဆောက်တည်လျက် နေခဲ့ရာ သူအ,ဟူ ၍အထင်ခံရသော ဂင်္ဂါတီရယမထေရ်သည် သုံးနှစ်မြောက်တွင် အရဟတ္တဖိုလ်ရ၍ မိမိရဟန္တာဖြစ်ရပုံကို ရွတ်ဆိုသော ဂါထာများ

֍ ၁၂၇။ ငါသည် ဂင်္ဂါမြစ်ကမ်းနား၌ ထန်းရွက် သုံးရွက်တို့ဖြင့် နေရာ (ကုဋိ) ကျောင်းငယ် ကိုပြုလုပ်အပ်ပြီ၊ ငါ၏ သပိတ်သည် သေသောသူကို နို့ရည်သွန်းလောင်းသော ကရားနှင့် တူ၏၊ သင်္ကန်းသည်လည်း မြေမှုန့်အလိမ်းလိမ်းကပ်သော ပံ့သကူအဝတ်သာလျှင်တည်း။

֍ ၁၂၈။ ငါသည် ရဟန်းပြုသောနှစ်မှ အရဟတ္တဖိုလ်သို့ မရောက်မီ နှစ်နှစ်တို့အတွင်း၌ (နှစ်မတော်လောက်ပြီဟု နို့ရည်ကို မြစ်ပယ်သော) စကားတစ်ခွန်းမျှကိုသာလျှင် ဆိုဖူး၏၊ သုံးခုမြောက်နှစ်အတွင်း၌ (အရဟတ္တမဂ်ဖြင့်) အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ကို ဖောက်ခွဲဖျက်ဆီးအပ်ပြီ။

ဤသို့လျှင် ဂင်္ဂါတီရိယမထေရ်သည် ရွတ်ဆို၏၊

........

၅-အဇိနတ္ထရဂါထာ

ဆင်းရဲနွမ်းပါးသဖြင့် လှည့်လည်သွားလာရင်း ဘုရားရှင့်ထံ ရောက်ကာ ရဟန်း ပြု၍လာသောအဇိနမထေရ်သည် ဝိပဿနာအားထုတ် မကြာမီ ရဟန္တာဖြစ်သော အခါ ပညာနည်းသူတို့ မထီမဲ့မြင်ပြုတတ်ကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၁၂၉။ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံလျက် အာသဝေါကင်းပြီး ဖြစ်၍ သေခြင်းကို စွန့်ပြီးသူ ဖြစ်ငြားသော်လည်းထိုသူကို မထင်ရှားသောသူဟူ၍ ပညာနည်းသူ လူမိုက်တို့သည် (ထို အရှင်မြတ်တို့ဂုဏ်ကို) မသိသဖြင့် မထီမဲ့မြင် ပြုကုန်၏၊

֍ ၁၃၀။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည်ကား ထမင်းအဖျော်ကိုသာလျှင် ရခြင်းရှိသူ ဖြစ်၏၊ (စျာန်စသည်ကို ရခြင်းမရှိ) ထိုပုဂ္ဂိုလ်သည် (သီလ မရှိသည်၏ အဖြစ်ဖြင့်) ယုတ်မာ သောသဘောပင်ရှိသော်လည်း လူမိုက်တို့ အရိုအသေပြုအပ်သူ ဖြစ်၏၊

ဤသို့လျှင် အဇိနမထေရ်သည် ရွတ်ဆို၏၊

........

၆-မေဠဇိနတ္ထေရဂါထာ

ဝိဇ္ဇာသိပ္ပတို့၌ အပြီးသို့ရောက် တတ်မြောက်ပြီးနောက် မိဂဒါဝုန်တော ဘုရားရှင့်ထံ ရောက်လာ၍ရဟန်းပြု ဝိပဿနာကို ပွါးများကာ ရဟန္တာဖြစ်သည်တွင် ဥတ္တရိ မနုဿဓမ္မကို မေးသဖြင့် ရဲရင့်စွာဖြေဆိုပြောကြားသော ဂါထာများ

֍ ၁၃၁-၂။ ငါသည် အကြင်အခါ၌ သစ္စာလေးပါးတရားကို ဟောကြားတော်မူသော မြတ်စွာဘုရား၏ သစ္စာလေးပါးတရားကို ကြားနာရပြီ၊ (ထိုအခါ မှ စ၍) မာရ်တို့သည် မအောင်အပ် သည်ဖြစ်၍ ခပ်သိမ်းသော တရားကို သိတော်မူသော၊ လှည်းမှူးသဖွယ် ဖြစ်တော်မူသော၊ ကြီးသော လုံ့လလည်းရှိတော်မူသော၊ မယဉ်ကျေးသော သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမတတ်သူတို့ထက် အလွန်အကဲမြင့်မြတ်တော်မူသော မြတ်စွာဘုရား၌ ယုံမှားခြင်း ဖြစ်မိ၏ဟု မသိစဖူး။ (ဟောတော်မူအပ်သော ) အရိယမဂ်၌လည်းကောင်း၊ (ထိုမဂ်၏ အကြောင်းဖြစ် သော သီလစသော) အကျင့်၌လည်းကောင်းယုံမှားခြင်းသည်လည်း ငါ့အား မရှိ။

ဤသို့လျှင် မေဠဇိနမထေရ်သည် ရွတ်ဆို၏၊

........

၇-ရာဓတ္ထေရဂါထာ

အိုကြီးအိုမှ သျှင်သာရိပုတြာထံတွင် ရဟန်းပြု၍ ဝိပဿနာ ပွါးများကာ ရဟန္တာ ဖြစ်လာသော ရာဓမထေရ်သည် အမိုးမရှိသော အိမ်ဥပမာဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၁၃၃။ မကောင်းသဖြင့် မိုးအပ်သော အိမ်ကို မိုးရေမိုးပေါက်သည် ထိုးဖောက်စီးကျ သကဲ့သို့ ထို့အတူ သမထဝိပဿနာဘာဝနာတို့ဖြင့် မပွါးများအပ်သော စိတ်ကို ရာဂစသော ကိလေသာတို့သည် ထိုးဖောက်ယိုစီးကုန်၏၊

֍ ၁၃၄။ ကောင်းစွာ မိုးအပ်သော အိမ်ကို မိုးရေမိုးပေါက်သည် မထိုးဖောက် မစီးကျနိုင် သကဲ့သို့ ထို့အတူ သမထဝိပဿနာဘာဝနာတို့ဖြင့် ကောင်းစွာ ပွါးများအပ်သော စိတ်ကို ရာဂစသော ကိလေသာတို့သည် မထိုးဖောက် မယိုစီးနိုင်ကုန်။

ဤသို့လျှင် ရာဓမထေရ်သည် ရွတ်ဆို၏၊

........

၈-သုရာဓတ္ထေရဂါထာ

ရဓမထေရ်၏ ညီ ဖြစ်သော သုရာဓမထေရ်သည် အစ်ကိုကြီး၏ အတုကို ယူကာ ရဟန်းပြုတရားအားထုတ်၍ အရတ္တဖိုလ်ကို ရရှိသောအခါ တဏှာကုန်ကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၁၃၅။ ငါ့အား ဘဝသုံးပါး၌ ဖြစ်မှုသည်ကုန်ခြင်းသို့ ရောက်ပြီ၊ မြတ်စွာဘုရား အဆုံး အမဟူသောမဂ်တည်းဟူသော မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ကွန်ရက်ဟု အမည် ရသော ဒိဋ္ဌိအဝိဇ္ဇာကိုပယ်အပ်ပြီ၊ ဘဝသုံးပါးသို့ ပို့ဆောင်တတ်သော တဏှာတည်းဟူသော ကြိုးကို ဖြတ်တောက်အပ်ပြီ။

֍ ၁၃၆။ ငါသည် အကြင် အရဟတ္တဖိုလ်နိဗ္ဗာန်ဟူသော အကျိုးငှါ လူ့ဘောင်မှ ရဟန်း ဘောင်သို့ဝင်ရောက် ရဟန်းပြုခဲ့၏၊ အလုံးစုံသော သံယောဇဉ်တို့၏ကုန်ရာဖြစ်သော ထိုအရဟတ္တဖိုလ်နိဗ္ဗာန်ဟူသော အကျိုးကို ငါ ရပြီ။

ဤသို့လျှင် သုရာဓမထေရ်သည် ရွတ်ဆို၏၊

........

၉-ဂေါတမတ္ထေရဂါထာ

မသူတော်တို့နှင့် ပေါင်းမိ၍ အကျင့်ပျက်စီးပြီးနောက် သံဝေဂရလာခိုက် ဘုရားရှင် ကြွလာသည်ကိုမြင်ကာ တရားတော်ကို နာယူကြည်ဖြူသဖြင့် ရဟန်းပြုလာသော ဂေါတမ မထေရ်သည်ဝိပဿနာပွါးများ သင်ဓုန်းသွားအဆုံး (ခေါင်းရိတ်အပြီး) တွင် ရဟန္တာဖြစ်၍ မိန်းမတို့အပြစ်ကို ရွတ်ဆိုသော ဂါထာများ

֍ ၁၃၇။ အကြင်ရဟန်းတို့သည် မိန်းမတို့၌ ရာဂတည်းဟူသော အနှောင်အဖွဲ့ဖြင့် မနှောင် ဖွဲ့ကုန်၊ စင်စစ်အားဖြင့် အခါခပ်သိမ်း စောင့်ရှောက်ထိန်းသိမ်းအပ်ကုန်သော ယင်းမိန်းမတို့၌ မှန်သောစကားကိုရခြင်းငှါ မတတ်ကောင်း၊

ဤသို့သဘောရှိသော မိန်းမတို့ကို ရှောင်ကြဉ်၍ တည်ကုန်သော ထိုရဟန်းတို့သည် ချမ်းသာစွာ အိပ်ရ နေရကုန်၏၊

֍ ၁၃၈။ ဟယ် ကာမ သင့်အား (အရိယမဂ်ဖြင့်) သတ်ဖြတ်ဖျက်ဆီးခြင်းကို ပြုကျင့်ခဲ့ပြီ၊ ယခုအခါငါတို့သည် ထိုကာမဂုဏ်တို့ကို ပယ်ပြီးလေသောကြောင့် ကိလေသာတည်းဟူသော ကြွေးမြီ ကင်းကုန်ပြီ၊ အကြင်နိဗ္ဗာန်အရပ်သို့ မဂ်ဟူသော ခရီးအစွမ်းဖြင့် ရောက်၍ မစိုး ရိမ်ရ၊ ယခုအခါ ထိုနိဗ္ဗာန်သို့ ငါတို့သွားရောက်ကုန်အံ့။

ဤသို့လျှင် ဂေါတမမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ဝသဘတ္ထေရဂါထာ

လိစ္ဆေဝီမင်းသားဝသဘမထေရ်သည် ဝိပဿနာပွါးများသဖြင့် မကြာမီ ရဟန္တာဖြစ်လာ သောအခါလူအပေါင်းကို လှည့်စားသော ရဟန်းအကြောင်းနှင့် စပ်လျဉ်း၍ သိကြား မင်းအား ဖြေကြားသော ဂါထာများ

֍ ၁၃၉။ (ပလွှားတတ်သူသည် ပလွှားသော အသက်မွေးခြင်းဖြင့် လူအပေါင်းကို လှည့်ပတ် လျက်ယုတ်မာသော အလိုဆိုးရှိသည်၏အဖြစ်စသော တရားတို့ဖြင့်) ရှေးဦးစွာသာလျှင် မိမိ ကိုယ်ကို သတ်၏၊ နောက်ကာလ၌ ထိုပလွှားတတ်သူသည် (ဤရဟန်းသည် သီလကို ချစ်သော ရဟန်းတည်းဟုချီးမွမ်းကုန်သော ) သူတို့ကို (အကျိုးမများသည်တို့ကို ပြု၍ ပစ္စည်းကို ဖျက်ဆီးခြင်းဖြင့်) သတ်၏၊ ငှက်မုဆိုးသည် တိမ်ညင်ငှက်ဖြင့် အခြားသော ငှက်အပေါင်းကို လှည့်စား၍ သတ်သကဲ့သို့ထိုပလွှားတတ်သူသည် မိမိကိုယ်ကို အသေသတ်သည်ကို ပြု၍ ဖျက်ဆီး၏၊

֍ ၁၄၀။ သိကြားမင်း ဣရိယာပုထ်ကို ပြုပြင်ခြင်းစသည့် ပြင်ပဖြစ်သော အသွင်အပြင် ပြည့်စုံကာမျှဖြင့်ဗြာဟ္မဏ မဟုတ်၊ အတွင်း၌ သီလစသည်နှင့် ပြည့်စုံခြင်းဖြင့် သာ ဗြာဟ္မဏ မည်၏၊ ထို့ကြောင့်အကြင်ပုဂ္ဂိုလ်၌ ယုတ်ညံ့သော အမှုတို့သည် ရှိကုန်၏၊ ထိုပုဂ္ဂိုလ်ကို စင်စစ် ယုတ်ညံ့သော ပုဂ္ဂိုလ်ဟုသိလေလော။

ဤသို့လျှင် ဝသဘမထေရ်သည် ရွတ်ဆို၏၊

ပဌမဝဂ် ပြီး၏၊

........

၂-ဒုတိယဝဂ်

၁-မဟာစုန္ဒတ္ထေရဂါထာ

သျှင်သာရိပုတြာ၏ ညီ ငယ် စုန္ဇသည် အရွယ်ရောက်သောအခါ နောင်တော့်ထံတွင် ရှင်ရဟန်းပြု၍ဝိပဿနာကို အားထုတ်ခြင်းဖြင့် မကြာမီ အဘိညာဉ်ရ အရတ္တဖိုလ်ရောက် ပုဂ္ဂိုလ်ဖြစ်၍ မိမိ၏ ရရှိသောတရားပြည့်စုံခြင်း အကြောင်းကို ရွတ်ဆိုသော ဂါထာများ

֍ ၁၄၁။ ကောင်းစွာ သင်ကြားနာယူခြင်းသည် (သစ္စာလေးပါး, ပဋိစ္စသမုပ္ပါဒ်တရားနှင့် စပ် သော) အကြားအမြင်ကို ပွါးစေတတ်၏၊ အကြားအမြင်သည် (အကုသိုလ်ကို ပယ်ခြင်း, ကုသိုလ် ရခြင်း၏အကြောင်းဖြစ်သော) ပညာကို ပွါးစေ၏၊ ပညာဖြင့် (ဒိဋ္ဌဓမ္မစသည်ကို ဝေဖန်ခြင်း, ဒုက္ခစသည်ကိုဝေဖန်ခြင်းဟူသော) အနက်ကို (ဟုတ်မှန်စွာ) သိ၏၊ သိအပ်သော အနက်သည် (လောကီ,လောကုတ္တရာ) ချမ်းသာကို ဆောင်တတ်၏၊

֍ ၁၄၂။ ဆိတ်ငြိမ်သော ကျောင်းတို့ကို မှီဝဲရာ၏၊ သံယောဇဉ်တရားတို့မှ လွတ်ကြောင်း ဖြစ်သောဝိပဿနာဘာဝနာ, မဂ္ဂဘာဝနာကို ပွါးများ ကျင့်သုံးရာ၏၊ ထို (ဆိတ်ငြိမ်သော) ကျောင်း, (ရပြီးသောလွန်ကဲသော ကုသိုလ်) တရားတို့၌ မွေ့လျော်မှုကို မရခဲ့မူ စိတ်ကို စောင့်ရှောက်လျက် ထင်သောသတိရှိသည်ဖြစ်၍ သံဃာ့ဘောင်၌ နေရာ၏၊

ဤသို့လျှင် မဟာစုန္ဒမထေရ်သည် ရွတ်ဆို၏၊

........

၂-ဇောတိဒါသတ္ထေရဂါထာ

သျှင်မဟာကဿပထံတွင် တရားနာ သဒ္ဓါ၍ ရဟန်းပြုလာသော ဇောတိဒါသမထေရ် သည်ဝိပဿနာပွါးများ၍ မကြာမီ ရဟန္တာအဘိညာဉ်ရဖြစ်သောအခါ ပုဏ္ဏားတို့၏ ပဉ္စာတပအကျင့်ကိုနှိပ်နင်း၍ ထိုပုဏ္ဏားတို့အား ရဟန်းပြုစေပြီးနောက် ဘုရားရှင့်ထံ လာရောက်ဖူးမြော်ပြီး မိမိ၏မွေးဖွားရာသို့ သွားကာ ကံအကျိုးပေးပုံနှင့် စပ်လျဉ်း၍ ရွတ်ဆိုသော ဂါထာများ

֍ ၁၄၃-၄။ ကြမ်းတမ်းသော အမှုရှိကုန်သော အကြင်ပုဂ္ဂိုလ်တို့သည် သားရေလွန်ကြိုး ပိုင်းစသည်ဖြင့် (ဦးခေါင်းစသည်တို့၌) ရစ်ပတ်သဖြင့် လည်းကောင်း၊ သူတစ်ပါးတို့အား သတ် ဖြတ်မှုအမျိုးမျိုးဖြင့်လည်းကောင်း လူတို့ကို ညှဉ်းဆဲနှိပ်စက်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် အကြင်ညှဉ်းဆဲမှု့ (ကမ္မကရဏ) တို့ဖြင့် သူတစ်ပါးတို့ကို ညှဉ်းဆဲနှိပ်စက်ကုန်၏၊ ထိုညှဉ်းဆဲမှု (ကမ္မကရဏ) တို့၌သာလျှင် (ကိုယ်တိုင် ထိုသို့သော ဆင်းရဲကို) ခံစားကြရကုန်၏၊ သတ္တဝါ သည် အကြင် ကောင်းသောကံကိုလည်းကောင်း၊ မကောင်းသော ကံကိုလည်းကောင်း ပြုလုပ် မိ၏၊ ထိုကံသည် အကျိုးမပေးဘဲမပျောက်ပျက်နိုင်သည် သာလျှင်တည်း။ အကြင်သတ္တဝါ သည် အကြင်အကြင် ကံကိုအကျိုးပေးစွမ်းနိုင်သော အခြင်းအရာအားဖြင့် ပြုလုပ်ဆည်းပူး၏၊ ထိုသတ္တဝါသည် ထိုထို ကံ၏သာလျှင် အမွေခံသူ ဖြစ်၏၊

ဤသို့လျှင် ဇောတိဒါသမထေရ်သည် ရွတ်ဆို၏၊

........

၃-ဟေရညကာနိတ္ထေရဂါထာ

ကောသလမင်း၏ ရွာသူကြီးသား ဟေရညကာနိသည် ဇေတဝန်ကျောင်းတော် ခံယူပွဲတွင် ဘုရားရှင့်တန်ခိုးတော်ကို ကြည်ညိုသဖြင့် ရဟန်းပြု ဝိပဿနာပွါးများ မကြာမီ ရဟန္တာဖြစ်သောအခါအလုပ်အကိုင်၌သာ မွေ့လျော်သော မိမိညီအား ဆုံးမ ရွတ်ဆိုသော ဂါထာများ

֍ ၁၄၅။ နေ့ညဉ့်တို့သည် (လျင်လျင်မြန်မြန် ကွယ်ပျောက်သောအားဖြင့်) လွန်သွားကုန်၏၊ အသက်ဇီဝိတိန္ဒြေသည် (ခဏိကနိရောဓ၏ အစွမ်းဖြင့်) ချုပ်ပျောက်ရ၏၊ တောင်ကျ (ယမား) ချောင်းတို့၏ရေသည် ကြာမြင့်စွာ မတည်နိုင်သကဲ့သို့ ထို့အတူ သတ္တဝါတို့၏ အသက်သည်ကုန်ခန်းခြင်းသို့ရောက်၏၊

֍ ၁၄၆။ သို့ဖြစ်လျက် လူမိုက်သည် မကောင်းမှုကံတို့ကို ပြုလုပ်ပြီးလျှင် နောင်အခါ ခံရမည့်ဆင်းရဲခြင်းတည်းဟူသော အကျိုးကို မသိရှာလေ၊ ပြုပြီးသည်မှ နောက်ကာလ၌ ထိုလူမိုက်အားအလိုမရှိအပ်သော ဆင်းရဲသည်သာ ဖြစ်ရ၏၊ မှန်၏၊ ထိုမကောင်းမှုကံ၏ အကျိုးသည် ယုတ်ညံ့သောအကျိုးသာ ဖြစ်၏၊

ဤသို့လျှင် ဟေရညကာနိမထေရ်သည် ရွတ်ဆို၏၊

........

၄-သောမမိတ္တတ္ထေရဂါထာ

ဗေဒပါရဂူ ဖြစ်၍ ဝိမလမထေရ်ထံ တရားနာ ရဟန်းပြုပြီးလျှင် သျှင်မဟာကဿပ၏ အဆုံးအမ၌တည်လျက် ဝိပဿနာပွါးများခြင်းဖြင့် အရဟတ္တဖိုလ်ရောက်သော သောမ မိတ္တမထေရ်သည် ပျင်းရိသောဝိမလမထေရ်ကို ဆုံးမခြိမ်းချောက် ရွတ်ဆိုသော ဂါထာများ

֍ ၁၄၇။ သမုဒ္ဒရာ၏ တစ်ဖက်ကမ်းသို့ ကူးမြောက်လိုသူသည် သေးငယ်သော သစ်သား ဖောင်ကိုတက်စီး၍ ကူးသည်ရှိသော် မဟာသမုဒ္ဒရာ၌ နစ်မြုပ်ရသကဲ့သို့ ဤအတူ ပျင်းရိသူ ကို အကြောင်းပြု၍ကောင်းသော အသက်မွေးခြင်းရှိသူသည်လည်း (သံသရာ၌) နစ်မြုပ်ရ၏၊ ထို့ကြောင့် ပျင်းရိ၍ဝီရိယယုတ်လျော့သော ထိုသူကို ရှောင်ကြဉ်ရာ၏၊

֍ ၁၄၈။ ကာယဝိဝေကစသည်ဖြင့် ကင်းဆိတ်ကြသူ၊ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိကြသူ၊ သမထဝိပဿနာဖြင့် ရှုလေ့ရှိကြသူ၊ အမြဲ ထက်သန်သော လုံ့လရှိကြသူ အရိယာပညာရှိတို့နှင့်အတူတကွ နေထိုင်မှီဝဲရာ၏၊

ဤသို့လျှင် သောမမိတ္တမထေရ်သည် ရွတ်ဆို၏၊

........

၅-သဗ္ဗမိတ္တတ္ထေရဂါထာ

သဒ္ဓါသဖြင့် ရဟန်းပြုလာသော သဗ္ဗမိတ္တမထေရ်သည် တောကျောင်းမှ ဘုရားရှင့်ထံသို့ လာရာလမ်းတွင်မုဆိုးတို့ထောင်ထားသော ကျော့ကွင်း၌ မိနေသော သမင်ကလေးအတွက် သမင်မကြီး မခွာနိုင်ပုံနှင့်ယောက်ျားတစ်ဦး မီးရှို့ခံရ၍ မြည်တမ်းပုံတို့ကို တွေ့မြင် ထိတ်လန့်ကာ ဝိပဿနာပွါးများရဟန္တာဖြစ်သောအခါ အချင်းချင်း နှိပ်စက်ကြပုံကို ရွတ်ဆိုသော ဂါထာများ

֍ ၁၄၉။ (မိုက်မဲလှသော) လူသည် (ငါ့သား, ငါ့အမိစသည်ဖြင့်) အခြားလူအပေါ်၌ (တဏှာအနှောင်အဖွဲ့ဖြင့်) နှောင်ဖွဲ့၏၊ (မိုက်မဲလှသော) လူသည် (ငါ့သား, ငါ့သမီးစသည်ဖြင့်) အခြားလူကိုသာလျှင် (တဏှာဖြင့် ကပ်ငြိသိမ်းဆည်း၍) တည်၏၊ (မိုက်မဲလှသော) လူသည် အခြားလူကို (ဒေါသ၏ အစွမ်းဖြင့်) ညှဉ်းပန်းနှိပ်စက်အပ်၏၊ (ထိုအမှုသည် အကျိုး၏ အစွမ်းဖြင့် ငါ့အပေါ်သို့ ကျရောက်လိမ့်မည်ဟုမသိသော) လူသည်လည်း အခြားတစ်ပါးသော လူကို နှိပ်စက်၏၊

֍ ၁၅၀။ အခြားတစ်ပါးသော လူသည် အခြားတစ်ပါးသော လူအား (တဏှာ၏ အစွမ်းဖြင့် ကပ်ငြိခြင်းဒေါသ၏ အစွမ်းဖြင့် နှိပ်စက်ခြင်းဖြင့်) အဘယ်အကျိုးရှိအံ့နည်း။ အမိအဖပင် ဖြစ်၍ လည်းအခြားတစ်ပါးသော အမိအဖဖြင့်လည်းကောင်း၊ အခြားတစ်ပါးသော သားသမီး ဖြင့်လည်းကောင်းအဘယ်အကျိုးရှိအံ့နည်း။ ထို့ကြောင့် ငါသည် (အမိအဖ, သားသမီး စသော) ထိုလူများအပေါင်းကိုလည်းကောင်း၊ ထိုလူများအပေါင်းကို နှိပ်စက်၍ တည်သော တဏှာ, ဒေါသကိုလည်းကောင်း ပယ်စွန့်၍ (မနှိပ်စက်နိုင်ရာ ဌာနသို့) သွားရောက်လို၏၊

ဤသို့လျှင် သဗ္ဗမိတ္တမထေရ်သည် ရွတ်ဆို၏၊

........

၆-မဟာကာဠတ္ထေရဂါထာ

သုသာန်ဓုတင်ဆောင် မဟာကာဠမထေရ်သည် ကမ္မဌာန်းရှုရန် ထားလာသောသူသေကောင်အစိတ်အပိုင်းတို့ကို တွေ့မြင်၍ ကိလေသာ ဥပဓိမဖြစ်စေသင့်ကြောင်း မိမိကိုယ်ကိုဆုံးမ ရွတ်ဆိုသော ဂါထာများ

֍ ၁၅၁။ ကိုယ်လုံးကိုယ်ထည် ကြီးမား၍ ကျီးနှင့်တူသည့် အဆင်းရှိသော ဤကာဠီမည်သော (သုသာန်စောင့်) မိန်းမကြီးသည် (လူသေကောင်၏) ပေါင်နှစ်ဖက်ကိုလည်းကောင်း၊ လက်မောင်းနှစ်ဖက်ကိုလည်းကောင်း ဖြတ်ပြီးလျှင် လူသေကောင်၏ ဦးခေါင်းကိုလည်း နို့ဓမ်းအိုးကဲ့သို့ရိုက်ခွဲကာ ဦးနှောက်ယိုစီးသည်ကို ပြုလျက် (လူသေကောင်၏ အစိတ်အပိုင်းတို့ကို မူလအတိုင်းထားခြင်းဖြင့်) ဆက်စပ်ပြီးသော် (အသားစျေး ဖြန့်ခင်းသကဲ့သို့) ထိုင်နေ၏၊

֍ ၁၅၂။ အကြင်ပုဂ္ဂိုလ်သည် စင်စစ်အားဖြင့် (ကမ္မဋ္ဌာန်းကောင်ကို မြင်သော်လည်း) မလိမ္မာ သည်ဖြစ်၍ (ကမ္မဋ္ဌာန်းကို စွန့်ကာ မသင့်မတင့် နှလုံးသွင်းခြင်းဖြင့်) ကိလေသာတည်းဟူ သော ဥပဓိကို ဖြစ်စေ၏၊ ပညာနုံ့သော ထိုပုဂ္ဂိုလ်သည် အဖန်ဖန် (ငရဲစသည်တို့၌ ဖြစ် သော) ဆင်းရဲသို့ ကပ်ရောက်ရ၏၊ ထို့ကြောင့် ဤကိလေသာဟူသော ဥပဓိကား ဆင်းရဲ ဖြစ်ကြောင်းတည်းဟူ၍ သိသော သူသည်ဤသူသေကောင်ကဲ့သို့ ဦးခေါင်းကွဲသူဖြစ်၍ တစ်ဖန် ငါ မအိပ်တော့အံ့ဟု အသင့်အတင့် နှလုံးသွင်းလျက်ကိလေသာတည်းဟူသော ဥပဓိကို မဖြစ် စေရာ။

ဤသို့လျှင် မဟာကာဠမထေရ်သည် ရွတ်ဆို၏၊

........

၇-တိဿတ္ထေရဂါထာ

ဗေဒပါရဂူဖြစ်၍ လူငယ်ငါးရာတို့ကို ပညာသင်ကြားပေးနေရာမှ ဘုရားရှင်နှင့် တွေ့ကာ သဒ္ဓါသဖြင့် ရဟန်းပြုလာသော တိဿမထေရ်သည် တရားအားထုတ်၍ မကြာမီ အရဟတ္တဖိုလ်သို့ရောက်လျှင်လာဘ်ပူဇော်သကာ၏ ရန်သူဖြစ်ပုံကို ရွတ်ဆိုသော ဂါထာများ

֍ ၁၅၃။ ဒုကုဋ်သင်္ကန်းကို ရုံသော ဦးပြည်းရဟန်းသည် ထမင်း အဖျော် အဝတ် သင်္ကန်း ကျောင်းအိပ်ရာနေရာတို့ဖြင့် လာဘ်ရသူ ဖြစ်ခဲ့ပါမူ ထိုလာဘ်ရသော ရဟန်းသည် များစွာ သော ရန်သူတို့ကို ရသူမည်၏၊

֍ ၁၅၄။ ထို့ကြောင့် ရဟန်းသည် (လာဘ်) ပူဇော်သကာတို့၌ ဤသို့သဘောရှိသော ကြီး ကျယ်သောဘေးဟူသော အပြစ်ဒေါသကို သိမြင်၍ (အလိုနည်းမှု, ရောင့်ရဲလွယ်မှုကို) စိတ်နှလုံး၌ ထားပြီးလျှင် (ဖြစ်ပေါ်လာသော အပြစ်မရှိသော လာဘ်ကို ရှောင်ကြဉ်ခြင်းဖြင့်) လာဘ်သပ်ပကာနည်းသူ၊ (လာဘ်၌တပ်မက်မှု) တဏှာမိုး မစွတ်သူ၊ သတိရှိသူ ဖြစ်၍ ကျင့်ရာ၏၊

ဤသို့လျှင် တိဿမထေရ်သည် ရွတ်ဆို၏၊

........

၈-ကိမိလတ္ထေရဂါထာ

သျှင်အနုရုပဒ္ဓါ သျှင်နန္ဒိယတို့နှင့်အတူ ပေါင်းဖော်ဘက်ဖြစ်သော အသျှင်ကိမိလသည်ရဟန္တာဖြစ်သောအခါ ရူပါရုံစသည်၌ မွေ့လျော်မှုကို စွန့်၍ တရား၌ မွေ့လျော်ပုံကို ရွတ်ဆိုသော ဂါထာများ

֍ ၁၅၅-၆။ များစွာသော စည်းစိမ်ချမ်းသာတို့ကို စွန့်ကုန်၍ သပိတ်လက်စွဲလျက် ဆွမ်းခံ သဖြင့် ရသော ဆွမ်း၌ မွေ့လျော်ကြကုန်သော၊ ထက်သန်သော လုံ့လရှိကုန်သည်ဖြစ်၍ နိဗ္ဗာန် သို့ စိတ်ကိုစေလွှတ်ထားကုန်သော၊ အခါခပ်သိမ်း မြဲမြံခိုင်ခံ့သော လုံ့လရှိကုန်သော သာကီဝင်မင်းသားဖြစ်ကြသည့်သူငယ်ချင်းရဟန်း သုံးယောက်တို့သည် ပါစိနဝံသ အမည်ရ သော တောအုပ်ဝယ်လောက၌အကျုံးဝင်သော ရူပါရုံစသည်တို့၌ မွေ့လျော်မှုကို (မဂ်ပညာဖြင့်) ပယ်စွန့်၍ (အရဟတ္တမဂ်, အရဟတ္တဖိုလ်, နိဗ္ဗာန်) တရား၌ မွေ့လျော်ခြင်းဖြင့် မွေ့လျော်ကြကုန်၏၊

ဤသို့လျှင် ကိမိလမထေရ်သည် ရွတ်ဆို၏၊

........

၉-နန္ဒတ္ထေရဂါထာ

ဘုရားရှင့် ညီတော် နန္ဇမထေရ်သည် ဇနပဒကလျာနဏီ အတွက် ရမက်များသော်လည်း ဘုရားရှင်၏ ဥပါယ်တမျဉ်ဖြင့် ဝိပဿနာပွါးများ၍ မကြာမီ ရဟန္တာဖြစ်သောအခါ ဘုရားရှင်ကြောင့်လမ်းမှန်ရောက်ပုံကို ရွတ်ဆိုသော ဂါထာများ

֍ ၁၅၇။ ငါသည် မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် (အတ္တဘော၌) တန်ဆာ ဆင်ခြင်းကိုသာအားထုတ်ခဲ့သူ၊ (ဇာတိမာန်စသည်တို့ဖြင့်) စိတ်မငြိမ်သက်သူ၊ လျှပ်ပေါ်သူ ဖြစ်ခဲ့၏၊ ဝတ္ထုကာမတို့၌တပ်မက်မှု 'ဆန္ဒရာဂ' အနှိပ်စက်ခံရသူ ဖြစ်ခဲ့၏၊

֍ ၁၅၈။ ငါသည် ဆုံးမခြင်းအကြောင်း၌ လိမ္မာတော်မူသော နေမင်းအဆွေဖြစ်တော်မူသောမြတ်စွာဘုရားကြောင့် သင့်သော အကြောင်းအားဖြင့် (သမထဝိပဿနာ စင်ကြယ်သော အကျင့်ကို) ကျင့်၍ ဘဝ (သံသရာညွန်ပြောင်း) ၌ (နစ်မြုပ်နေသော ငါ၏) စိတ်ကို (အရိယမဂ်တည်းဟူသောလက်ဖြင့် နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌) ထုတ်ဆောင် တည်စေ ခဲ့ပြီ။

ဤသို့လျှင် နန္ဒမထေရ်သည် ရွတ်ဆို၏၊

........

၁၀-သိရိမတ္ထေရဂါထာ

မွေးကတည်းက ကြက်သရေတိုးပွါးခဲ့သော သိရိမထေရ်သည် ဘုရားရှင်၏ အာနုဘော်ကို ကြည်ညို၍ရဟန်းပြုပြီးလျှင် လာဘ်ပူဇော်မှုကို မငဲ့ကွက် ဝိပဿနာကိုသာ ကြိုးစားသဖြင့် မကြာမီ အဘိညာဉ်ရရဟန္တာဖြစ်၏၊ ထိုအခါ ပညာမဲ့သူတို့ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းနှင့် စပ်လျဉ်း၍ ရွတ်ဆိုသော ဂါထာများ

֍ ၁၅၉။ (ပညာရှိသူမှ) တစ်ပါးသော လူမိုက်တို့သည် ထိုပုဂ္ဂိုလ်ကို ချီးမွမ်းကုန်၏၊ (အချီး မွမ်းခံရသော ထိုသူသည်) မိမိက မတည်ကြည်သူ ဖြစ်ပါမူ မိမိက ဥပစာရသမာဓိမျှဖြင့်သော်လည်းမတည်ကြည်သောကြောင့် (ပညာရှိသူမှ) တစ်ပါးသော လူမိုက်တို့သည် အချည်းနှီး အကြောင်းမဲ့ချီးမွမ်းသည် မည်ကုန်၏၊

֍ ၁၆၀။ (ပညာရှိသူမှ) တစ်ပါးသော လူမိုက်တို့သည် ထိုပုဂ္ဂိုလ်ကို ကဲ့ရဲ့ကုန်၏၊ (အကဲ့ရဲ့ ခံရသော ထိုသူသည်) မိမိက ကောင်းစွာ တည်ကြည်သူ ဖြစ်ပါမူ မိမိက (မဂ် ဖိုလ် သမာဓိ ဖြင့်) ကောင်းစွာတည်ကြည်ပြီးဖြစ်သောကြောင့် (ပညာရှိသူမှ) တစ်ပါးသော လူမိုက်တို့ သည် အချည်းနှီး အကြောင်းမဲ့ကဲ့ရဲ့သည် မည်ကုန်၏၊

ဤသို့လျှင် သိရိမ မထေရ်သည် ရွတ်ဆို၏၊

ဒုတိယဝဂ် ပြီး၏၊

........

၃-တတိယဝဂ်

၁-ဥတ္တရတ္ထေရဂါထာ

ကာဠကာရာမသုတ္တန်ကို ဟောရာ၌ သဒ္ဓါပွါးကာ ရဟန်းပြုလာသော ဥတ္တရမထေရ်သည်ဘုရားရှင်နှင့်အတူ ရာဇဂြိုဟ်မြို့၌နေစဉ် ဝိပဿနာပွါးများ၍ အဘိညာဉ်ရ ရဟန္တာဖြစ်ပြီး နောက်သာဝတ္ထိပြည်အရောက်တွင် ရဟန်းများက မေးသဖြင့် ဖြေကြားသော ဂါထာများ

֍ ၁၆၁။ ငါသည် ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏၊ ငါသည် တဏှာကို ကောင်းစွာ ပယ်နုတ်အပ်ပြီ၊ ငါသည် ဗောဇ္ဈင်တရားတို့ကို ပွါးများအပ်ကုန်ပြီ၊ ငါသည် အာသဝေါတရားတို့ကုန်ရာ နိဗ္ဗာန်ကို ရအပ်ပြီ။

֍ ၁၆၂။ ထိုငါသည် (ဆိုခဲ့ပြီးသည့်အတိုင်း) ခန္ဓာတို့ကို ပိုင်းခြားသိပြီး၍ (တစ်ဘဝနှင့် တစ်ဘဝကိုဖွဲ့စပ်မြှေးယှက်တတ်သော ကွန်ရက်ရှိသောကြောင့် ) ဇာလိနီမည်သော တဏှာကို (ငါ၏ စိတ်သန္တာန်မှ) ထုတ်နုတ်ပြီးလျှင် ဗောဇ္ဈင်ခုနစ်ပါးတရားတို့ကို ပွါးများပြီးဖြစ်ရကား အာသဝေါကင်းပြီး ဖြစ်၍ ပရိနိဗ္ဗာန်ပြုရတော့အံ့။

ဤသို့လျှင် ဥတ္တရမထေရ်သည် ရွတ်ဆို၏၊

........

၂-ဘဒ္ဒဇိတ္ထေရဂါထာ

ကုဋေရှစ်ဆယ်ကြွယ်ဝ ဘဒ္ဒိယဌေး၏ တစ်ဦးတည်းသောသား ဘဒ္ဒဇိသည် အခြံအရံ များနှင့်အတူ ဘုရားရှင့်ထံ တရားနာယူစဉ် အဆင်တန်ဆာ ဝတ်ဆင်ထားလျက်ပင် ရဟန္တာဖြစ်သွား၏၊ အကယ်၍ရဟန်းမပြုလျှင် အသက်ဆုံးရန် (နိဗ္ဗာန်စံရန်) ဖြစ်သောကြောင့် ရဟန်းပြု မဟာပနာဒဇာတ်ကို ဟောကာရှေးအဖြစ်ကို ရွတ်ဆိုသော ဂါထာများ

֍ ၁၆၃-၄။ အကြင်မင်း၏ ပြာသာဒ်သည် ရွှေဖြင့်ပြီး၏၊ အကျယ်အားဖြင့် မြှားတဆယ့်ခြောက်ပြန်ကျ (ယူဇနာခွဲ) ပမာဏရှိ၏၊ အမြင့်ကား မြှားအပြန်တထောင်ကျ (နှစ်ဆယ့်ငါးယူဇနာပမာဏ ရှိ၏)၊ (ထိုပြာသာဒ်သည်ကား) ဘုံဆင့်တထောင်ရှိ၏၊ အရာမကများစွာသော တံခါးရှိ၏၊ (ထိုထိုအရပ်ဌာနတို့၌) တပ်ထားသော တံခွန်ကုက္ကားတို့နှင့်ပြည့်စုံ၏၊ ရွှေစင်သိင်္ဂနိက်ဖြင့် ပြီး၏၊ ထိုပြာသာဒ်ဝယ် ခုနစ်နေရာတို့၌ကချေသည် ခြောက်ထောင်တို့သည် မင်းကြီးပြုံးရယ်စေခြင်းငှါ ကကြကုန်၏၊ (ထိုမင်းသည်ကားမဟာပနာဒအမည်ရသော မင်းဖြစ်၏)။

ဤသို့လျှင် ဘဒ္ဒဇိမထေရ်သည် ရွတ်ဆို၏၊

........

၃-သောဘိတတ္ထေရဂါထာ

ဘုရားရှင်တရားကို နာရ၍ ရဟန်းပြုသော သောဘိတမထေရ်သည် ဝိပဿနာ ပွါးများသဖြင့့်အဘိညာဉ်ရ ရဟန္တာဖြစ်လျှင် ပုဗ္ဗေနိဝါသဉာဏ်အရာ၌ ဧတဒဂ်ရ၍ ယင်းဉာဏ်၏ အကြောင်း ပဋိပတ်ကိုဆင်ခြင်၍ ရွတ်ဆိုသော ဂါထာများ

֍ ၁၆၅။ သတိရှိသော၊ ပညာရှိသော၊ ထက်သန်သော (သဒ္ဓါစသော) ဗိုလ်, (ထက်သန်သော သမ္မပ္ပဓာန်ဝီရိယ) လုံ့လရှိသော ရဟန်းဖြစ်သော ငါသည် ကမ္ဘာငါးရာတို့ကို တစ်ညဉ့်တည်းကဲ့သို့ အောက်မေ့နိုင်၏၊

֍ ၁၆၆။ ငါသည် သတိပဋ္ဌာန် လေးပါးတို့ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း၊ မဂ္ဂင်ရှစ်ပါးတို့ကိုလည်းကောင်း ပွါးများခြင်းကြောင့် ကမ္ဘာငါးရာတို့ကို တစ်ညဉ့်တည်းကဲ့သို့အောက်မေ့နိုင်၏၊

ဤသို့လျှင် သောဘိတမထေရ်သည် ရွတ်ဆို၏၊

........

၄-ဝလ္လိယတ္ထေရဂါထာ

သျှင်မဟာကစ္စည်းထံတွင် ရဟန်းပြုခဲ့သော ငယ်မည်ကဏှမိတ္တအမည်ရှိခဲ့၍ ပညာနုန့် သူဖြစ်ကာသူတစ်ပါးကိုသာ မှီခိုရသောကြောင့် နွယ်နှင့်တူသူ ဝလ္လိယဟူ၍ ထင်ရှားသော မထေရ်သည် နောင်ဉာဏ်ရင့်လျက် ဝိပဿနာ ပွါးသောအခါ ရဟန္တာ ဖြစ်လေ၏၊ တရားတောင်းစဉ်ကလျှောက်ထားသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ

֍ ၁၆၇။ အကြင်ကိစ္စကို မြဲမြံခိုင်ခံ့သော လုံ့လဝီရိယဖြင့် ပြုသင့်ပြုထိုက်၏၊ အကြင်ကိစ္စကို သစ္စာလေးပါးကိုသိလိုသောသူသည် ပြုသင့်ပြုထိုက်၏၊ (ထိုကိစ္စနှစ်မျိုးလုံးကို အကျွန်ုပ်သည် ယခု) ပြုလုပ်အံ့၊ မချွတ်ယွင်းစေအံ့၊ (အဆင့်အဆင့် အားထုတ်သဖြင့်) ပရက္ကမဟု အမည်ရ သော ကောင်းစွာ အားထုတ်မှုဝီရိယကို ရှုတော်မူပါလော့။

֍ ၁၆၈။ အရှင်ဘုရားသည် အကျွန်ုပ်အား အမြိုက်နိဗ္ဗာန်ကို (ရောက်စေတတ်သည့် အဖြစ် ဖြင့်တည်သောကြောင့် ) အမတောဂဓ အမည်ရသော ဖြောင့်မတ်သော မဂ်ခရီးကို ဟောကြား တော်မူပါလော့၊ ဂင်္ဂါရေအလျဉ်သည် သမုဒ္ဒရာသို့ (မချွတ်မယွင်း) စီးဝင်သကဲ့သို့ ထို့အတူ အကျွန်ုပ်သည် ကမ္မဋ္ဌာန်းကိုအားထုတ်လျက် မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ သွားရောက်ပါအံ့။

ဤသို့လျှင် ဝလ္လိယမထေရ်သည် ရွတ်ဆို၏၊

........

၅-ဝီတသောကတ္ထေရဂါထာ

ဝိဇ္ဇာသိပ္ပတို့၌ တတ်မြောက်ပြီးနောက် ဂိရိဒတ္တမထေရ်ထံမှ သုတ် အဘိဓမ္မာတို့ကို နိုင်နင်းသော (အသောကမင်း၏ ညီငယ်) ဝီတသောကမင်းသားသည် မှန်ကြည့်ရင်း တရားရ သံဝေဂဖြစ်တရားနှလုံးသွင်းရာ ချက်ချင်း သောတာပန်တည်၊ ရဟန်းပြု မကြာခင် ရဟန္တာ ဖြစ်သောအခါမိမိဖြစ်ရပုံကို ရွတ်ဆိုသော ဂါထာများ

֍ ၁၆၉။ (ရှေးလူဖြစ်စဉ် အခါက ) ဆတ္တာသည်သည် 'ငါ၏ ဆံပင်တို့ကို ရိတ်ဖြတ်အံ့'ဟု ငါ့ထံသို့ချဉ်းကပ်လာ၏၊ (ငါသည် ) ထိုဆတ္တာသည်ထံမှ မှန်ကြေးမုံကို ယူ၍ (မိမိ၏) ကိုယ်ကို ကြည့်ရှုဆင်ခြင်ခဲ့၏၊

֍ ၁၇၀။ (ဤသို့ ကြည့်ရှု ဆင်ခြင်သည်ရှိသော်) ငါ၏ ကိုယ်သည် နိစ္စ, သုခစသည်တို့မှ အချည်းနှီးဖြစ်၍ ဉာဏ်၌ ထင်လာ၏၊ ခန္ဓာကိုယ်၌ အမှန်ကို မမြင်နိုင်အောင် ကန်းသည်ကို ပြုတတ်သော အဝိဇ္ဇာဟူသောအမိုက်မှောင်သည် ကင်းပျောက်ခြင်းသို့ ရောက်ခဲ့ပြီ၊ (ထို့ ကြောင့်) 'အမှိုက်ပုံးစသည်တို့၌စွန့်ပစ်အပ်သော စက်ဆုပ်ရွံရှာဖွယ် ပုဆိုးပိုင်းနှင့် တူသည့်' ကိလေသာအားလုံးတို့ကို (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

ဤသို့လျှင် ဝီတသောကမထေရ်သည် ရွတ်ဆို၏၊

........

၆-ပုဏ္ဏမာသတ္ထေရဂါထာ

မွေးဖွားချိန်၌ အိမ်ရှိခွက်ဟူ သမျှ ရတနာတို့ဖြင့် ပြည့်သောကြောင့် ပုဏ္ဏမာသ အမည်ရသော သူဌေးသားသည် သားတစ်ယောက်ရပြီးမှ စွန့်ခွာ ရဟန်းပြု၍ တရား အားထုတ်ရာ အဘိညာဉ်ရရဟန္တာဖြစ်ပြီးနောက် ကျန်ရစ်သောသား သေဆုံး၍ မယား ဟောင်းက ဖြားယောင်းသော်လည်းလူမထွက်နိုင်ကြောင်း ရွတ်ဆိုဟောကြားသော ဂါထာများ

֍ ၁၇၁-၂။ ငါသည် နီဝရဏငါးပါးတို့ကို ပယ်စွန့်ဖျက်ဆီး၍ (ကာမယောဂစသော) ယောဂလေးပါးတို့သည် မနှိပ်စက်အပ်သော နိဗ္ဗာန်ကို ရခြင်းရောက်ခြင်းငှါ မိမိ၏ ဉာဏ်အမြင်ဖြစ် သောတရားတည်းဟူသော မှန်ကြေးမုံကို ယူ၍ အဇ္ဈတ္တိကာယတန, ဗာဟိရာယတနနှင့်တကွ ဖြစ်သောဤကိုယ်အားလုံးကို (အနိစ္စ, ဒုက္ခ, အနတ္တဟု) ဉာဏ်ဖြင့် ရှုဆင်ခြင်ခဲ့ပြီ၊ ဤသို့ ရှုဆင်ခြင်သော ငါ့အားမိမိသန္တာန်၌လည်းကောင်း၊ သူတစ်ပါးသန္တာန်၌လည်းကောင်း ဖြစ် သော ခန္ဓာငါးပါးဟူသောအတ္တဘောသည် နိစ္စ, သုခစသည်တို့မှ အချည်းနှီး ဖြစ်၍ ဉာဏ်၌ ထင်လာ၏၊

ဤသို့လျှင် ပုဏ္ဏမာသမထေရ်သည် ရွတ်ဆို၏၊

........

၇-နန္ဒကတ္ထေရဂါထာ

သောဏကောဠိဝိသ ရဟန်းပြုသည်ကို အားကျ၍ ရဟန်းပြုသော နန္ဇသည် ကိလေသာ အားကြီး၍တရားအားမထုတ်နိုင်၊ နောက်မှ ဝန်ရုံးသော နွားကို ပြကာ ဆုံးမသော ဘရတမထေရ်၏ စကားအရဝိပဿနာကို ပွါးများသည်တွင် မကြာခင် ရဟန္တာဖြစ်၍ အာဇာနည် နွားလားဥသဘပမာထား၍ ရွတ်ဆိုသော ဂါထာများ

֍ ၁၇၃-၄။ ကောင်းမြတ်သော အာဇာနည် နွားလားဥသဘသည် ချွတ်ချော်တိမ်းပါးပြီးမှ တစ်ဖန် ရပ်တည်မြဲရပ်တည်သကဲ့သို့ ရောက်လာသော တာဝန်ကို ဆောင်ခြင်းသည် လျောက် ပတ်၏ဟု လွန်စွာထိတ်လန့်ခြင်းကို ရ၍ တွန့်တိုစိတ် မရှိဘဲ ဝန်ကို ဆောင်သကဲ့သို့ ဤ အတူ မဂ်ဉာဏ်အမြင်နှင့်ပြည့်စုံသော, မြတ်စွာဘုရား တပည့်ဖြစ်သော, မြတ်စွာဘုရား၏ ရင်၌ ဖြစ်သော, သားဖြစ်သော ငါ့ကိုနွားလားဥသဘ အာဇာနည်နှင့် တူ၏ဟု မှတ်ကြကုန်လော့။

ဤသို့လျှင် နန္ဒကမထေရ်သည် ရွတ်ဆို၏၊

........

၈-ဘရတတ္ထေရဂါထာ

နန္ဇကထေရ်၏ နောင်တော် ဘရတမထေရ်သည် သောဏမထေရ်ထံမှ တရားနာ၍ရဟန်းပြုခဲ့သည့်အတိုင်း တရားအားထုတ်သဖြင့် မကြာခင် အဘိညာဉ်ရ ရဟန္တာဖြစ်၏၊ ထိုအခါညီ တော်ကို ခေါ်သောအားဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၁၇၅။ နန္ဒက လာလှည့်၊ အပြစ်ကြီးငယ်ကို ရှုကြည့်၍ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား၏ အထံသို့ (ငါတို့) သွားကြကုန်အံ့၊ ဘုရားမြတ်၏ မျက်မှောက်၌ ခြင်္သေ့ကဲ့သို့ ရဲရင့် သော စကားသံကိုကြုံးဝါး လျှောက်ဆိုကြကုန်အံ့။

֍ ၁၇၆။ အကြင်အကျိုးငှါ မြတ်စွာဘုရားသည် ငါတို့ကို သနားစောင့်ရှောက် ချီးမြှောက် သဖြင့် ရှင်ရဟန်းပြုပေးတော်မူ၏၊ ငါတို့သည် သံယောဇဉ်အားလုံးတို့ကုန်ရာ အရဟတ္တဖိုလ်ဟူသောထိုအကျိုးကို ရအပ်ပြီ။

ဤသို့လျှင် ဘရတမထေရ်သည် ရွတ်ဆို၏၊

........

၉-ဘာရဒွါဇတ္ထေရဂါထာ

ဘာရဒ္ဇါဇအိမ်ထောင်ကျ၍ သားတစ်ယောက်ရရာ ကဏှဒိန္နအမည်ပေး၊ တက္ကသိုလ်သို့ ပညာသင်လွှတ်သည်တွင် မဟာထေရ်တစ်ပါးထံတွင် ရဟန်းပြု မကြာမီ ရဟန်းန္တာဖြစ်၏၊ အဖလည်း ဘုရားရှင်ထံရဟန်းပြု ရဟန္တာဖြစ် သားရဟန္တာက ဘုရားထံ အဖူးလာရာ တွင် အဖရဟန္တာကို မြင်၍ရဟန်းကိစ္စပြီးမပြီးမေးရာ အဖရဟန္တာက ပြန်ပြောသော ဂါထာများ

֍ ၁၇၇။ စစ်သည်နှင့်တကွသော မာရ်ကို အောင်ပြီးသောကြောင့် ဤသို့ အောင်ပြီးသော စစ်မြေပြင်ရှိသောရဲရင့်သော ပညာရှိတို့သည် တောင်စောင်းလိုဏ်ဂူ၌ နေကုန်သော ခြင်္သေ့ တို့ကဲ့သို့ မကြောက်မရွံ့ရဲရင့်သော စကားကို မြွတ်ဆို ကြုံးဝါးကုန်၏၊

֍ ၁၇၈။ ငါသည် ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို ဆုံးမတော်မူသည့်အတိုင်း လိုက်နာပြုကျင့်ခြင်းဖြင့် ဆည်းကပ်အပ်ပြီ၊လောကုတ္တရာတရားကိုးပါးကိုလည်းကောင်း၊ အရိယာသံဃာကိုလည်းကောင်း ပူဇော်အပ်ပြီ၊ အာသဝေါကင်းပြီးသော (ငါ၏) သားရဟန်းကို မြင်ရ သောကြောင့် ငါသည်လည်း နှစ်သက်၏၊ ဝမ်းမြောက်လည်း ဝမ်းမြောက်၏၊

ဤသို့လျှင် ဘာရဒွါဇမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ကဏှဒိန္နတ္ထေရဂါထာ

ဘာရဒွါဇ၏သား ကဏှဒိန္နသည် သျှင်သာရိပုတြာထံ တရားနာ ရဟန်းပြု ဝိပဿနာပွါးရဟန္တာဖြစ်သောအခါ အရိယမဂ်ခရီးသို့ ဆိုက်ရောက်ကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၁၇၉။ ငါသည် အရိယာသူတော်ကောင်းတို့ကို မပြတ်ဆည်းကပ်အပ်ကုန်ပြီ၊ (သစ္စာ, ပဋိစ္စ သမုပ္ပါဒ်နှင့်စပ်သော) တရားတို့ကိုလည်း မပြတ် ကြားနာအပ်ကုန်ပြီ၊ ကြားနာပြီးနောက် အမြိုက်နိဗ္ဗာန်သို့ရောက်စေတတ်သည် အဖြစ်ဖြင့် တည်သောကြောင့် 'အမတောဂဓ'အမည်ရ သော မဂ်ခရီးသို့ ရောက်ခဲ့ပြီ။

֍ ၁၈၀။ ဘဝ၌ တပ်စွန်းမှု 'ဘဝရာဂ'ဖြင့် အနှိပ်စက်ခံနေရသူဖြစ်သော ငါ့အား ယခုအခါ နောက်ထပ်တစ်ဖန် ဘဝရာဂ မရှိပေ၊ ရှေးပုထုဇဉ်သေက္ခ ဖြစ်စဉ်က ဘဝရာဂ ဖြစ်ခဲ့ဖူးသော်လည်း အရဟတ္တမဂ်ဖြစ်သောအခါမှ စ၍ ဘဝရာဂ မဖြစ်ဖူးပြီ၊ နောင်လည်း မဖြစ်တော့ လတ္တံ့၊ ယခုအခါ၌လည်း ဘဝရာဂမရှိတော့ပေ။

ဤသို့လျှင် ကဏှဒိန္နမထေရ်သည် ရွတ်ဆို၏၊

တတိယဝဂ် ပြီး၏၊

........

၄-စတုတ္ထဝဂ်

၁-မိဂသိရတ္ထေရဂါထာ

လူသေ၏ ဦးခေါင်းရိုးကို တီးခေါက်ခြင်းဖြင့် လားရာ ဘဝကို သိနိုင်သော မန္တံရသူ မိဟသိရသည်သာဝတ္ထိပြည် ဘုရားရှင့်ထံ ရောက်လျှင် ပရိနိဗ္ဗာန်ပြုသူ၏ ဦးခေါင်းရိုးကို ခေါက်စေရာတွင် မသိနိုင်၍ဘုရားရှင့်ထံရဟန်းပြုကာ ဝိပဿနာပွါးများသဖြင့် ရဟန္တာ ဖြစ်သောအခါ မဂ်အစဉ်ဖြင့်အရဟတ္တဖိုလ်ရရှိကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၁၈၁။ ငါသည် အကြင်အခါမှ စ၍ မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြု၏၊ ထို ရဟန်းပြုသောအခါမှ စ၍ (သမထဝိပဿနာဖြင့် သံကိလေသအဖို့မှ) လွတ်မြောက်သည်ဖြစ်၍ (ဖြူစင်သောတရားနာခြင်းဖြင့် မဂ်ခရီးစဉ်အတိုင်း) တက်ရောက်ပြီးသော် (အနာဂါမိမဂ် ဖြင့်) ကာမဓာတ်ကိုလွန်မြောက်ပြီ။

֍ ၁၈၂။ မြတ်စွာဘုရား ကြည့်ရှုတော်မူစဉ် ထိုအနာဂါမိမဂ်ကို ရပြီးသည့်နောက် (အရဟတ္တမဂ်ကိုရခြင်းဖြင့် ငါ၏) စိတ်သည် ကိလေသာအားလုံးမှ လွတ်ပြီ၊ သံယောဇဉ်အားလုံးတို့ကုန်ခြင်းကြောင့် ငါ၏့အရဟတ္တဖိုလ်သည် မပျက်စီးနိုင်တော့ပေ။

ဤသို့လျှင် မိဂသိရမထေရ်သည် ရွတ်ဆို၏၊

........

၂-သိဝကတ္ထေရဂါထာ

ဝိဇ္ဇာသိပ္ပပြည့်စုံပြီးမှ ကာမဂုဏ်ကို စွန့်၍ ပရိဗိုဇ်ရဟန်းပြုကာ လှည့်လည်ရင်း ဘုရားရှင့်ထံရဟန်းပြုလျက် ဝိပဿနာပွါးများသဖြင့် ရဟန္တာဖြစ်သော သိဝကမထေရ် သည်တဏှာယောက်ျားလက်သမားကို မြင်ပြီးဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၁၈၃။ ထိုထိုဘုံဘဝ၌ အဖန်တလဲလဲ ဖြစ်ကုန်သော အတ္တဘောတည်းဟူသော အိမ်တို့ သည် အမြဲမတည်ကုန်၊ ငါသည် အတ္တဘောတည်းဟူသော အိမ်ကို ဆောက်လုပ်တတ်သော တဏှာယောကျ်ားလက်သမားကို ရှာဖွေလျက် (ဤမျှလောက်သော ကာလပတ်လုံး အဖန်ဖန် ကျင်လည်ခဲ့ရပြီ)၊ အဖန်တလဲလဲ ပဋိသန္ဓေနေခြင်းသည် ဆင်းရဲလှ၏၊

֍ ၁၈၄။ အတ္တဘောတည်းဟူသော အိမ်ကို ဆောက်တည်သော ဟယ် တဏှာယောကျ်ား လက်သမား၊ ယခုအခါ (အရိယမဂ်ဉာဏ်တည်းဟူသော မျက်စိဖြင့်) သင့်ကို ငါ မြင်အပ်ပြီ၊ သင်သည်အတ္တဘောတည်းဟူသော အိမ်ကို တစ်ဖန် မဆောက်ရတော့လတ္တံ့၊ သင်၏ ကိလေသာဟူသော အိမ်၏အခြင်ရနယ် အားလုံးတို့ကို ချိုးဖဲ့ဖျက်ဆီးအပ်ကုန်ပြီ၊ (အဝိဇ္ဇာဟု ဆိုအပ်သော ) အထွတ်အချက်တို့ကိုလည်း ချိုးဖဲ့ဖျက်ဆီးအပ်ကုန်ပြီ၊ ငါ၏ စိတ်ကို နောင်အခါ မဖြစ်ခြင်းသဘောသို့ရောက်စေအပ်ပြီ၊ ထို့ကြောင့် ဤဘဝ၌သာလျှင် ပျက်စီးချုပ်ပျောက် လတ္တံ့။

ဤသို့လျှင် သိဝကမထေရ်သည် ရွတ်ဆို၏၊

........

၃-ဥပဝါဏတ္ထေရဂါထာ

ဇေတဝန်ကျောင်းတော်ခံယူပွဲ၌ ဘုရားရှင့်တန်ခိုးတော်ကို တွေ့မြင်ကြည်ညိုကာ ရဟန်း ပြုသောဥပဝါဏမထေရ်သည် ဝိပဿနာကို ပွါးများ၍ အဘိညာဉ်ရ ရဟန္တာဖြစ်ပြီးသော အခါ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်၍ မြတ်စွာဘုရား လေရောဂါဖြစ်ရာ ဒေဝဟိတ ပုဏ္ဏားအား ရေနွေးလှူရန် ရွတ်ဆိုသော ဂါထာများ

֍ ၁၈၅-၆။ ဤလောက၌ ပူဇော်ထိုက်သူ သိကြားဗြဟ္မာစသည်တို့သည် ပူဇော်အပ်သော၊ အရိုအသေပြုထိုက်သူ ဗိမ္ဗိသာရ ကောသလစသော မင်းတို့သည် အရိုအသေ ပြုအပ်သော၊ မြတ်နိုးပူဇော်ထိုက်သူရဟန္တာပုဂ္ဂိုလ်တို့သည် မြတ်နိုးပူဇော်အပ်သော၊ ပူဇော်အထူးကို ခံတော် မူထိုက်သော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို လေအနာ တို့သည် နှိပ်စက်အပ်ပါ၏၊ ပုဏ္ဏားအကယ်၍ ရေနွေးရှိပါမူ (မြတ်စွာဘုရား၏ လေရောဂါ ငြိမ်းစေခြင်းငှါ ဆောင်ယူလိုပါ၏)၊ မြတ်စွာဘုရားအား (ရေနွေးကို) ပေးလှူပါလော့။

ဤသို့လျှင် ဥပဝါဏမထေရ်သည် ရွတ်ဆို၏၊

........

၄-ဣသိဒိန္နတ္ထေရဂါထာ

သုနာပရန္တတိုင်းသား သူဌေးမျိုး ဣသိဒိန္နသည် စန္ဇကူးကျောင်းအလှူပွဲတွင် ဘုရား ရှင်၏တန်ခိုးတော်ကို တွေ့မြင်ကြည်ညို၍ တရားနာသောတာပန်ဖြစ်ပြီး လူ့ဘောင်၌ နေရာ နတ်သားတစ်ဦးက၄င်းကို ဂါထာဖြင့် စောဒနာ၏၊ ထိုအခါ ရဟန်းပြုပြီးလျှင် မကြာခင် ရဟန္တာဖြစ်၍ နတ်သားစောဒနာသည့်အတိုင်း တဖန် ရွတ်ဆိုသော ဂါထာများ

֍ ၁၈၇။ ငါသည် ဤသာသနာတော်၌ ပရိယတ္တိကို ဆောင်ကုန်သော ဥပါသကာအချို့တို့ကို တွေ့မြင်အပ်ကုန်ပြီ၊ ထိုဥပါသကာတို့သည် (ပရိယတ္တိကို ဆောင်ထားခြင်းကြောင့်သာလျှင် ) 'ကာမတို့သည် အမြဲ မရှိကုန်'ဟု ပြောဆိုကုန်လျက် (မိမိတို့ကို ယ်တိုင်ကမူ) အားကြီးသော ရာဂဖြင့်တပ်မက်ကုန်သောကြောင့် ပတ္တမြားနားဍောင်းတို့၌လည်းကောင်း၊ သားသမီးတို့၌လည်းကောင်း၊ မယားတို့၌လည်းကောင်း ငဲ့ကွက်ခြင်း ရှိကုန်၏၊

֍ ၁၈၈။ (ထိုဥပါသကာတို့သည် ပတ္တမြားနားဍောင်း သားမယားတို့၌ ငဲ့ကွက်ခြင်း ရှိကုန် သောကြောင့် )

ဤသာသနာတော်၌ တရားတော်ကို မချွတ်ဧကန် မသိကြကုန်၊ (ဤသို့ မသိကြကုန်သော်လည်း) 'ကာမတို့သည် အမြဲမရှိကုန်'ဟူ၍ကား ပြောဆိုနေကြကုန်၏၊ ထိုဥပါသကာ တို့အား ရာဂကိုဖြတ်အံ့သောငှါ ဉာဏ်အားအစွမ်းသည် မရှိ၊ ထို့ကြောင့် (တဏှာ၏ အစွမ်း ဖြင့်) မှီကုန်သည်ဖြစ်၍ သားမယားကိုလည်းကောင်း၊ ဥစ္စာကိုလည်းကောင်း မစွန့်လွှတ်နိုင်ကြကုန်။

ဤသို့လျှင် ဣသိဒိန္နမထေရ်သည် ရွတ်ဆို၏၊

........

၅-သမ္ဗုလကစ္စာနတ္ထေရဂါထာ

ကြောက်မက်ဖွယ် မိုးကြိုးထစ်ချုန်းသည်ကို ဂရုမစိုက် ပမာမထား ကြောက်မက်ဖွယ် ကောင်းသောလိုဏ်ဂူတွင်း၌ တည်ကြည်သော စိတ်ဖြင့် တရားအားထုတ်ကာ အဘိညာဉ်ရ ရဟန္တာဖြစ်ရသော သမ္ဗုလကစ္စနမထေရ်သည် မိမိ၏ ပဋိပတ်ကို ဆင်ခြင်ကာ ဝမ်းမြောက်ခြင်းဖြင့် ဥဒါန်းကျူးသော ဂါထာများ

֍ ၁၈၉။ မိုးသည် ရွာလည်း ရွာ၏၊ မိုးသည် ချုန်းလည်း ချုန်း၏၊ ငါသည်လည်း တစ်ယောက်တည်းကြောက်မက်ဖွယ်ကောင်းသော တောင်ခေါင်း၌ နေ၏၊ ကြောက်မက်ဖွယ် ကောင်းသော တောင်ခေါင်း၌တစ်ယောက်တည်းနေသော ထိုငါ့အား ကြောက်ခြင်းသည်လည်းကောင်း၊ ကိုယ်၏တုန်လှုပ်ခြင်းသည်လည်းကောင်း၊ ကြက်သီးမွေးညင်း ထခြင်းသည်လည်းကောင်း မရှိပေ။

֍ ၁၉၀။ ကြောက်မက်ဖွယ် ကောင်းသော တောင်ခေါင်း၌ တစ်ယောက်တည်း နေသော ငါ့အားကြောက်ခြင်းသည်လည်းကောင်း၊ ကိုယ်၏ တုန်လှုပ်ခြင်းသည်လည်းကောင်း၊ ကြက်သီးမွေးညင်းထခြင်းသည်လည်းကောင်း မရှိဟူသော ထိုသဘောသည် ငါ၏ ဓမ္မတာသဘောပင်တည်း။

ဤသို့လျှင် သမ္ဗုလကစ္စာနမထေရ်သည် ရွတ်ဆို၏၊

........

၆-နိတကတ္ထေရဂါထာ

ကောသလတိုင်းသား နိတကသည် ဘုရားရှင့်ထံ၌ တရားနာရ၍ သဒ္ဓါပေါက် ရဟန်းအဖြစ်သို့ရောက်ပြီးလျှင် တောဝင် တရားအားထုတ်သဖြင့် ရဟန္တာဖြစ်သောအခါ မိမိ၏ မတုန်လှုပ်ကြောင်းကိုဖော်ပြ ရွတ်ဆိုသော ဂါထာများ

֍ ၁၉၁။ အဘယ်သူ၏ စိတ်သည် ကျောက်တောင်နှင့် တူစွာ တည်သည်ဖြစ်၍ (လောကဓံတရားတို့ကြောင့်) မတုန်လှုပ်သနည်း၊ အဘယ်သူ၏ စိတ်သည် တပ်မက်ဖွယ်ဖြစ်သောတေဘုမ္မကတရားတို့၌ (အရိယမဂ်ဖြင့်) တပ်မက်ခြင်း ကင်းသနည်း၊ အဘယ်သူ၏ စိတ်သည်အမျက်ထွက်ကြောင်း တရားအပေါင်း၌ အမျက်မထွက်သနည်း၊ အကြင်ပုဂ္ဂိုလ်၏ စိတ်သည်ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း ပွါးများထားပြီး ဖြစ်၏၊ ထိုပုဂ္ဂိုလ်သို့ အဘယ်သတ္တဝါ သင်္ခါရ ကြောင့်ဆင်းရဲကပ်ရောက်လိမ့်မည်နည်း။

֍ ၁၉၂။ ငါ၏ စိတ်သည် ကျောက်တောင်နှင့် တူစွာ တည်သည်ဖြစ်၍ (လောကဓံတရားတို့ ကြောင့်) မတုန်လှုပ်၊ ငါ၏ စိတ်သည် တပ်မက်ဖွယ်ဖြစ်သော တေဘုမ္မကတရားတို့၌ (အရိယ မဂ်ဖြင့်) တပ်မက်ခြင်း ကင်း၏၊ ငါ၏ စိတ်သည် အမျက်ထွက်ကြောင်း တရားအပေါင်း၌ အမျက်မထွက်၊ ငါ၏့စိတ်သည် ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း ပွါးများထားပြီး ဖြစ်၏၊ ငါ့ထံသို့ အဘယ်သတ္တဝါသင်္ခါရကြောင့်ဆင်းရဲသည် ကပ်ရောက်လိမ့်မည်နည်း။

ဤသို့လျှင် နိတကမထေရ်သည် ရွတ်ဆို၏၊

........

၇-သောဏပေါဋိရိယတ္ထေရဂါထာ

ဘဒ္ဒိယမင်းသား ရဟန်းပြုသောအခါ စစ်သူကြီးဖြစ်သော ငါသည် အဘယ်ကြောင့်ရဟန်းမပြုနိုင်အံ့နည်းဟု အားကျကာ ရဟန်းပြုသော သောဏမထေရ်သည် အိပ်ကျူးခြင်းကြောင့်တရားထူးမရ ဘုရားရှင်၏ သြဝါဒကို ကြားရမှ အရှုံးမပေးသောစိတ်ဖြင့် ပွါးများမှအရဟတ္တဖိုလ်သို့ရောက်သောအခါ မိမိ၏ စိတ်နေစိတ်ထားကို ဖော်ပြ ရွတ်ဆိုသော ဂါထာများ

֍ ၁၉၃။ အရဟတ္တဖိုလ်ကို မရသေးသမျှ နက္ခတ်တည်းဟူသော ပန်းအစဉ်ရှိသော ဤညဉ့် အချနိ က်ာလသညအ် ပိ စ် က်ရနအ် တကွ် မဟတု်ပေ၊ ဤညဉ့်အချနိ်ကာလသည်ကား အမှန် စင်စစ် လူသံ, ငှက်သံတို့မှကင်းဆိတ်သဖြင့် ရဟန်းတရား အားထုတ်ရန်အတွက်သာ ပညာ ရှိတို့ အလိုရှိအပ်သော အခါကာလပေတည်း။

֍ ၁၉၄။ (အကြင်အခါ ငါသည် ဆင်စီး၍ စစ်မြေပြင်သို့ ဝင်သည်ရှိသော်) ဆင်ကျောက်ကုန်းမှစောက်ထိုးမိုးမျှော် ကျရာ၏၊ (ထိုအခါ ) ငါ့ကို ဆင်ပြောင်ကြီးသည် အကယ်၍ နင်းသတ်ခဲ့ ပါမူစစ်မြေပြင်၌ (ဆင်နင်း၍) သေရခြင်းသည် ငါ့အား မြတ်ပါသေး၏၊ (ကိလေသာတို့မှ) ရှုံးသည်ဖြစ်၍ အသက်ရှည်နေရခြင်းသည် မမြတ်သည်သာတည်း။

ဤသို့လျှင် သောဏပေါဋိရိယမထေရ်သည် ရွတ်ဆို၏၊

........

၈-နိသဘတ္ထေရဂါထာ

သာကီဝင်မင်းတို့၏ စစ်ပွဲတွင် ဘုရားရှင့်အာနုဘော်ကို မြင်၍ ရဟန်းပြုကာ ထိုနေ့မှာပင်အရဟတ္တဖိုလ်ကို ရရှိသော နိသဘမထေရ်သည် ခန္ဓပရိနိဗ္ဗာန်ပြုခြင်းကိုသာ မြော်လင့်ကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၁၉၅။ ချစ်အပ်သော သဘောရှိကုန်သော နှလုံးမွေ့လျော်ဖွယ် ဖြစ်ကုန်သော ကာမဂုဏ် ငါးပါးတို့ကို ပယ်စွန့်၍ (ကံ, ကံ၏အကျိုး, ရတနာသုံးပါးကို) ယုံကြည်မှု 'သဒ္ဓါ'၏ အစွမ်း ဖြင့် အိမ်အနှောင်အဖွဲ့မှထွက်လျက် (ရဟန်းပြုသူသည်) ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုနိုင်ရာ၏၊

֍ ၁၉၆။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ ထင်သောသတိရှိကာ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ခန္ဓပရိနိဗ္ဗာန်ပြုချိန်ကိုသာ မျှော် လင့်လျက်နေ၏၊

ဤသို့လျှင် နိသဘမထေရ်သည် ရွတ်ဆို၏၊

........

၉-ဥသဘတ္ထေရဂါထာ

ဘုရားရှင့်အာနုဘော်ကို မြင်၍ ရဟန်းပြုပြီးနောက် သတိမေ့လျော့ပေါ့တန်စွာ နေမိ၍ မကောင်းသောအိပ်မက်မက်သည်တွင် သံဝေဂရကာ ဝိပဿနာပွါးများသဖြင့် မကြာမီ ရဟန္တာဖြစ်သောဥသဘမထေရ်သည် မိမိ၏ အဖြစ်ကို ရွတ်ဆိုသော ဂါထာများ

֍ ၁၉၇။ ငါသည် အိပ်မက်ထဲ၌ သရက်ညွန့်အဆင်းနှင့် တူသော သင်္ကန်းကို ပခုံး၌ပင့်၍ ဆင်ကျောက်ကုန်း၌ထိုင်နေလျက် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊

֍ ၁၉၈။ (ရွာတွင်းသို့ ဝင်ကာမျှ ဖြစ်သော ငါ့ကိုသာလျှင် လူအများက ကြည့်ရှုကြသည်ဖြစ်၍) ဆင်ကျောက်ကုန်းမှ သက်ဆင်း၍ (ရပ်နေ၏ဟု အိပ်မက်ပြီးနောက် အိပ်ရာမှ နိုးလာ၏)၊ ထိုအခါ ၌့ငါသည် (မင်းဖြစ်စဉ်က ဇာတိမာန်စသည်ဖြင့်) မာန်ယစ်သူဖြစ်လျက်လည်း ထိတ်လန့်ခြင်း သံဝေဂကိုရ၏၊ ယခုအခါ ငါသည် အာသဝေါတရားကုန်ရာ နိဗ္ဗာန်သို့ ရောက်ပြီ။

ဤသို့လျှင် ဥသဘမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ကပ္ပဋကုရတ္ထေရဂါထာ

မြက်ရောင်းသမားဘဝမှ ရဟန္တာတစ်ပါးကို တွေ့မြင်၍ တရားနာယူသံဝေဂဖြစ်ပွါးကာ ရဟန်းပြုပြီးမှ

၇ ကြိမ်လူထွက်၊ ရဟန်းပြန်ဝတ်နှင့် နောက်ဆုံးတွင် တရားသဘင်၌ အိပ်ငိုက် နေရာ ဘုရားရှင်ကဖိနှိပ်ဆုံးမမှ ဝိပဿနာပွါးသဖြင့် ရဟန္တာဖြစ်သော ကပ္ပဋကုရ မထေရ်သည် ဘုရားရှင်ဆုံးမတော်မူတိုင်း ရွတ်ဆိုသော ဂါထာများ

֍ ၁၉၉။ ကြည်လင်ပြည့်လျှံနေသော အမြိုက်တရားဟူသော ရေအိုးသည် ထိုထိုအရပ်ဝယ်ထင်ရှားရှိနေပါလျက် ကပ္ပဋကုရမည်သော ရဟန်းသည် ဤကား ငါ၏ အဝတ်စုတ် ပုဆိုးပိုင်းတည်း၊ (ဤအဝတ်စုတ် ပုဆိုးပိုင်းကို ဝတ်၍ ဖြစ်သလိုပင် အသက်မွေးအံ့ဟု ဖြစ်ပေါ်လာသော မိစ္ဆာဝိတက်ရှိသည်ဖြစ်၍)လောကီ,လောကုတ္တရာစျာန်တို့ကို ပွါးများရန် ဘာဝနာလမ်းစဉ်ကို ဆန့်ကျင်သော စိတ်ရှိသူဖြစ်ခဲ့၏၊

֍ ၂၀၀။ ကပ္ပဋကုရ ရဟန်း (ငါ့တရားကို နာမည်ဟု ထိုင်လျက်) အိပ်ငိုက်ခြင်းသို့ မရောက် လင့်၊ (အိပ်ငိုက်ခြင်းသို့ ရောက်သော) သင့်ကို နားအနီး၌ (ဤအခါမှ စ၍ ကိလေသာတို့ကို ပယ်ခြင်းငှါ) ငါဆုံးမတော့မည် မဟုတ်၊ ကပ္ပဋကုရ သင်သည် သံဃာ့အလယ်၌ တဆတ်ဆတ် ငိုက်မျဉ်းလျက် (ရခဲသောဒုလ္လဘခဏဟူသော) အတိုင်းအရှည်ကို မသိမမြင်လေစွတကား။

ဤသို့လျှင် ကပ္ပဋကုရမထေရ်သည် ရွတ်ဆို၏၊

စတုတ္ထဝဂ် ပြီး၏၊

........

၅-ပဉ္စမဝဂ်

၁-ကုမာရကဿပတ္ထေရဂါထာ

ဘိက္ခုနီမ၏သား ကုမာရကဿပသည် ရဟန်းပြုသည်မှစ၍ ဝိပဿနာပွါး စာပေ သင်ကြားပြီးနောက် မဟာဗြဟ္မာ၏ ပြဿနာတို့ကို ယူကာ ဘုရားရှင့်ထံ လျှောက်ထား၍ အဖြေကို မှတ်သားကာတရားအားထုတ်သဖြင့် ရဟန္တာဖြစ်သောအခါ ဘုရားရှင်၏ အံ့ဘွယ်ရှိပုံကို ရွတ်ဆိုသော ဂါထာများ

֍ ၂၀၁။ သဗ္ဗညုတဘုရားရှင်တို့သည် သြော် အံ့ဖွယ်ရှိပေကုန်စွတကား၊လောကုတ္တရာတရားကိုးပါးတို့သည် သြော် အံ့ဖွယ်ရှိပေကုန်စွတကား၊ ငါတို့၏ဆရာ မြတ်စွာဘုရား၏ ပြည့်စုံခြင်းတို့သည် သြော် အံ့ဖွယ်ရှိပေကုန်စွတကား၊ ယင်းသို့သော ဆရာထံ၌ အကျင့်မြတ်ကိုကျင့်သုံးရသဖြင့် ဤသို့ မွန်မြတ်သော သဘောရှိသောလောကုတ္တရာတရားကို ငါကဲ့သို့တပည့်သား သာဝကသော်မှလည်း မျက်မှောက်ပြုနိုင်တုံဘိသေး၏၊

֍ ၂၀၂။ မရေတွက်နိုင်သော မဟာကပ်တို့၌ သက္ကာယဟုဆိုအပ်သော ဥပါဒါနက္ခန္ဓာငါးပါးကို ရခဲ့ကြရကုန်ပြီ၊ ထိုဥပါဒါနက္ခန္ဓာကို ရသော ဘဝတို့တွင် ဤဘဝသည် နောက်ဆုံး ဖြစ်၏၊ ဤခန္ဓာကိုယ်သည်အဆုံးစွန်တည်း၊ ထို့ကြောင့် ယခုအခါ ပဋိသနေေ္ဓ နမ,ှု သေမနှု ငှ တ့် ကြွဖစ် သော ခန္ဓာအစဉ်ဖြင့်မှတ်အပ်သည့် သံသရာဟူသော ဘဝသစ် မရေှိ တာြ့ပ။ီ

ဤသို့လျှင် ကုမာရကဿပမထေရ်သည် ရွတ်ဆို၏၊

........

၂-ဓမ္မပါလတ္ထေရဂါထာ

ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် အဝန္တိတိုင်း၌ ဖွားမြင်လာသော ဓမ္မပါလသည် တက္ကသိုလ်ပြည်မှအပြန်မထေရ်တစ်ပါးကို တွေ့မြင် တရားနာသဖြင့် ရဟန်းပြုကာ ဝိပဿနာပွါး၍ အဘိညာဉ်ရရဟန္တာဖြစ်သောအခါ တစ်နေ့တွင် သာမဏေနှစ်ပါး ပန်းခူးရင်း လိမ့်ကျ၍ တန်ခိုးဖြင့် ခံယူပြီးနောက်

၎င်းတို့အား ဆုံးမ ရွတ်ဆိုသော ဂါထာများ

֍ ၂၀၃။ အကြင်ရဟန်းသည် ငယ်သေးသည် ဖြစ်ပါလျက် မြတ်စွာဘုရား သာသနာတော်၌ (သမထဝိပဿနာကို) အားထုတ်၏၊ ထိုရဟန်းသည် အိပ်ပျော်သော သူတို့တွင် နိုးကြားသူ ဖြစ်၏၊ ထိုရဟန်း၏ အသက်ရှင်နေရခြင်းသည် အချည်းနှီး မဟုတ်။

֍ ၂၀၄။ ထို့ကြောင့် ပညာရှိသည် မြတ်စွာဘုရား အဆုံးအမတော်ကို မပြတ် အောက်မေ့ သတိရလျက်ယုံကြည်မှု 'သဒ္ဓါ'တရားကိုလည်းကောင်း၊ စောင့်ထိန်းမှု 'သီလ'ကိုလည်းကောင်း၊ ကြည်ညိုမှု 'ပသာဒ'ကိုလည်းကောင်း၊ သစ္စာလေးပါးတရားကို သိမြင်မှုကိုလည်းကောင်း အားထုတ်ရာ၏၊

ဤသို့လျှင် ဓမ္မပါလမထေရ်သည် ရွတ်ဆို၏၊

........

၃-ဗြဟ္မာလိတ္ထေရဂါထာ

ကောသလတိုင်းသား ဗြဟ္မာလိသည် လိမ်မာသောအရွယ်သို့ရောက်လျှင် သံဝေဂဉာဏ် ဖြင့်ရဟန်းပြုကာ ကမ္မဋ္ဌာန်းယူလျက် တောရဆောက်တည်၍ ဝိပဿနာပွါးသည်တွင် ရဟန္တာဖြစ်အဘိညာဉ်ရလျှင် ဣန္ဇြေစောင့်ထိန်းပုံကို ရွတ်ဆိုသော ဂါထာများ

֍ ၂၀၅။ အဘယ်ရဟန်း၏ ဣန္ဒြေတို့သည် ရထားထိန်း ကောင်းစွာ ဆုံးမထားသည်ဖြစ်၍ ယဉ်ကျေးပြီးသောမြင်းတို့ကဲ့သို့ ငြိမ်သက်ခြင်းသို့ ရောက်ကုန်သနည်း၊ မာနကို ပယ်ပြီး အာသဝေါကင်းပြီး ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံသော အဘယ်ရဟန်းအား နတ်တို့ ချစ်မြတ်နိုးကုန်သနည်း။

֍ ၂၀၆။ ငါ၏ ဣန္ဒြေတို့သည် ရထားထိန်း ကောင်းစွာ ဆုံးမထားသည်ဖြစ်၍ ယဉ်ကျေးပြီး သောမြင်းတို့ကဲ့သို့ ငြိမ်သက်ခြင်းသို့ ရောက်ကုန်၏၊ မာနကို ပယ်ပြီး အာသဝေါကင်းပြီး ဖြစ်၍ တာဒိဂုဏ်နှင့်ပြည့်စုံသော ငါ့အား နတ်တို့ ချစ်မြတ်နိုးကုန်၏၊

ဤသို့လျှင် ဗြဟ္မာလိမထေရ်သည် ရွတ်ဆို၏၊

........

၄-မောဃရာဇတ္ထေရဂါထာ

ဗာဝရီပုဏ္ဏား၏ တပည့်ရသေ့ဖြစ်၍ အခြားရသေ့များနှင့်အတူ ဘုရားရှင့်ထံ ရောက်လာ ကာပြဿနာကို လျှောက်ထားဖြေကြားတော်မူချက်ဆုံးသောအခါ အရဟတ္တဖိုလ် ရရှိသောမောဃရာဇမထေရ်သည် အကုသိုလ်ကံကြောင့် ယားနာဖြစ်၍ ကျောင်း၌ မနေ လယ်ထဲ၌ နေရာမြတ်စွာဘုရားက မေး၍ ၄င်းကဖြေသော ဂါထာများ

֍ ၂၀၇။ ကိုယ်ရေကား မကောင်း, စိတ်နေစိတ်ထားကောင်းသော မောဃရာဇ သင်သည် အမြဲမပြတ်အရဟတ္တဖိုလ်သမာဓိဖြင့် တည်ကြည်သော စိတ်ရှိ၏၊ သင်သည် ရဟန်း ဖြစ်ခဲ့၏၊ သူတစ်ပါးတို့ကသင့်ကို ကျောင်းဆောက်လုပ်၍ မလှူ၊ သံဃိကကျောင်းသို့လည်း မဝင်သည် ရှိသော် ဆောင်းဥတုချမ်းအေးသော ညဉ့်အချိန်ကာလတို့ပတ်လုံး အဘယ်သို့ ပြုလုပ်နေ ထိုင်လတ္တံ့နည်းဟု (မြတ်စွာဘုရားကမေးတော်မူ၏)။

֍ ၂၀၈။ အလုံးစုံသော မဂဓတိုင်းတို့သည် ကောက်စပါးနှင့် ပြည့်စုံကုန်၏ဟု အကျွန်ုပ် ကြားဖူးပါ၏၊ အခြားတစ်ပါးသော ချမ်းသာစွာ အသက်မွေးခြင်း ရှိကုန်သော ရဟန်းတို့သည် အိပ်ရကုန်သကဲ့သို့ အကျွန်ုပ်သည်လည်း ကောက်ရိုးကိုသာ အခင်းအရုံ ပြု၍ အိပ်ခဲ့ပါပြီ။

ဤသို့လျှင် မောဃရာဇမထေရ်သည် ရွတ်ဆို၏၊

........

၅-ဝိသာခပဉ္စာလပုတ္တတ္ထေရဂါထာ

ပဉ္စာလမင်းသမီး၏သား ဝိသာခသည် မိမိရွာအနီးသို့ ဘုရားရှင်ကြွအလာတွင် တရား နာရ၍ ရဟန်းပြုကာ ဘုရားရှင်နှင့်အတူ သာဝတ္ထိပြည်ရောက်သောအခါ ဝိပဿနာပွါး သဖြင့် မကြာမီ အဘိညာဉ်ရ ရဟန္တာဖြစ်၍ မိမိအရပ်သို့ ပြန်လာရာ၌ ဓမ္မကထိကအင်္ဂါကို မေးလျောက်သဖြင့် ဖြေကြား ရွတ်ဆိုသော ဂါထာများ

֍ ၂၀၉။ (မိမိကိုယ်ကို) မပလွှားရာ၊ သူတစ်ပါးတို့ကိုလည်း မရှုတ်ချရာ၊ အထင်အမြင်လည်း မသေးရာ၊ အဘိညာဉ်၏ တစ်ဖက်ကမ်းသို့ ရောက်သူ (ရဟန္တာ) ကို ထိခိုက်မပြောဆိုရာ၊ မိမိ၏ ဂုဏ်ကျေးဇူးကိုမင်းပရိသတ်စသည်တို့ အလယ်၌ မထုတ်ဖော် မပြောဆိုရာ၊ ပျံ့လွင့်ခြင်းကင်းသူ, ကောင်းစွာ နှိုင်းချိန်၍ပြောဆိုသူ, ကောင်းသော အကျင့်သီလနှင့် ပြည့်စုံသူ ဖြစ်ရာ၏၊

֍ ၂၁၀။ အလွန့်အလွန် နူးညံ့သိမ်မွေ့သော (သစ္စာ ပဋိစ္စသမုပ္ပါဒ်စသော) အနက်တို့ကို ရှုမြင်၍ပညာ့အရာ၌ လိမ္မာသော (သီတင်းသုံးဖော်တို့၌ ကိုယ်နှုတ်နှလုံးကို) နှိမ်ချလေ့ရှိသော ကောင်းစွာမှီဝဲအပ်သည့် ပွါးစီးသော သီလရှိသော ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကို ရရန် ခဲယဉ်း လှသည် မဟုတ်။

ဤသို့လျှင် ဝိသာခပဉ္စာလပုတ္တမထေရ်သည် ရွတ်ဆို၏၊

........

၆-စူဠကတ္ထေရဂါထာ

ဓနပါလဆင်ကို ဆုံးမပွဲ၌ ဘုရားရှင့်အပေါ်၌ ကြည်ညို၍ ရဟန်းပြုကာ ဣန္ဇသာလဂူ၌ နေစဉ်မိုးဥတုအကျ ဥဒေါင်းတို့ တွန်ကျူးခြင်း ဥတုသပ္ပါယမျှခြင်းကို အကြောင်းပြု၍ ဝိပဿနာပွါးများသဖြင့် ရဟန္တာဖြစ်သော စူဠကမထေရ်သည် အကျင့်ကောင်းသဖြင့် နိဗ္ဗာန် ရောက်နိုင်ကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၂၁၁။ (ဤတောအုပ်ဝယ်) ကောင်းသော ဦးစွန်းရှိကုန်သော လှပသော အမြီးအတောင်ရှိကုန်သော ကောင်းစွာ စိမ်းညိုသော လည်ပင်းလည်းရှိကုန်သော ကောင်းသော မျက်နှာလည်း ရှိကုန်သော နှစ်လိုဖွယ်သော တွန်သံနှင့်လည်း ပြည့်စုံကုန်သော ဥဒေါင်းတို့သည် တွန်ကျူးကြကုန်၏၊ ဤမြေကြီးသည်လည်းကောင်းစွာ စိမ်းညိုသော မြက်ရှိ၏၊ ကောင်းစွာ ပျံ့နှံ့သော ရေပေါက်လည်း ရှိ၏၊ ကောင်းကင်သည်လည်းကောင်းသော မိုးတိမ်လွှာ ရှိ၏၊

֍ ၂၁၂။ မြတ်စွာဘုရားသာသနာတော်၌ ကောင်းစွာ အားထုတ်ခြင်းသည် ကောင်း၏၊ (ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၌) ခန့်သော သဘောရှိသော သင်သည် ယောဂီပုဂ္ဂိုလ်တို့ ရှုသင့်ရှုထိုက် သောစျာန်ကို ရှုပါလေလော့၊ အလွန့်အလွန် ဖြူစင် နူးညံ့ သိမ်မွေ့၍ အလွန်မြင်နိုင်ခဲသော မြင့်မြတ်သောရွေ့လျောခြင်း မရှိသည့် ထိုနိဗ္ဗာန်ကို (ကောင်းသော အကျင့်ဖြင့်) တွေ့ထိ မျက်မှောက်ပြုလေလော့။

ဤသို့လျှင် စူဠကမထေရ်သည် ရွတ်ဆို၏၊

........

၇-အနူပမတ္ထေရဂါထာ

အဆင်းလှသဖြင့် အနုပမအမည်ရသော သူကြွယ်သားသည် ကာမဂုဏ်ကိုစွန့်ကာ သာသနာ၌ ရဟန်းပြုတောရဆောက်တည်သော်လည်း စိတ်ကို မနိုင်ဘဲ ရှိနေရာ ဒုလ္လဘ တရားဖြင့် စိတ်ကို ဆုံးမ၍ဝိပဿနာပွါးများမှ အရတ္တဖိုလ်သို့ရောက်သဖြင့် စိတ် အကြောင်းကို ရွတ်ဆိုသော ဂါထာများ

֍ ၂၁၃။ ကံ ကိလေသာတို့သည် တံကျင်နှင့် တူသော ထိုထိုဘဝသို့ တင်အပ်သော , အလွန်နှစ်သက်သောစိတ်သည် ဖြစ်ပေါ်လာ၏၊ ဟယ် ယုတ်မာသောစိတ် အကြင်အကြင် အရပ်၌ တံကျင်နှင့် တူသော ဘဝ, ဖွဲနှင့် တူသော ကာမဂုဏ်တို့သည် ရှိကုန်၏၊ သင်သည် ထိုထိုအရပ်သို့သာလျှင် သွားဘိ၏၊

֍ ၂၁၄။ ထို့ကြောင့် ထိုစိတ်ကို စိတ်ယုတ်မာဟူ၍ ငါ ဆို၏၊ အကျိုးမဲ့ကို ဆောင်တတ်သော စိတ်ဟု ငါထပ်၍ ဆို၏၊ ရနိုင်ခဲသော ဆရာကို သင် ရအပ်၏၊ ယင်းသို့ ဆရာကောင်းကို ရအပ်ပါလျက် အကျိုးမဲ့ပို့ဆောင်တတ်သော အကုသိုလ်၌ ငါ့ကို မတိုက်တွန်းလင့်။

ဤသို့လျှင် အနူပမ မထေရ်သည် ရွတ်ဆို၏၊

........

၈-ဝဇ္ဇိတတ္ထေရဂါထာ

မိန်းမအတွေ့ကို မခံနိုင်၍ စွန့်ပစ်ကာ ရဟန်းပြုလာသော ဝဇ္ဇိတမထေရ်သည် ဝိပဿနာပွါးများသဖြင့် နေ့ချင်းရဟန္တာဖြစ်သောအခါ မိမိကိုယ်တိုင် နောင်တဖန်ဖြစ်ဖို့ မရှိတော့ကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၂၁၅။ အကန်းဖြစ်သော ပုထုဇဉ်သည် အရိယသစ္စာတို့ကို မမြင်သောကြောင့် ရှည်စွာ သောကာလပတ်လုံး သုဂတိဘဝ, ဒုဂ္ဂတိဘဝတို့၌ ကျင်လည်လျက် တပြောင်းပြန်ပြန် ဖြစ်ခဲ့ရ ပေပြီ။

֍ ၂၁၆။ မမေ့မလျော့သော ထိုငါ့အား (ကျင်လည်ကြောင်း ဖြစ်သောကြောင့် ) သံသရာဟု အမည်ရသော ကံကိလေသာတို့ကို (အရဟတ္တမဂ်ဖြင့်) ခြေမွဖျက်ဆီးအပ်ကုန်ပြီ၊ အလုံးစုံ သော လားရာဂတိတို့ကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ ယခုအခါ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

ဤသို့လျှင် ဝဇ္ဇိတမထေရ်သည် ရွတ်ဆို၏၊

........

၉-သန္ဓိတတ္ထေရဂါထာ

သူကြွယ်သား သန္ဓိတသည် အနိစ္စနှင့်စပ်သော ဒေသနာကို ကြားနာရ၍ ရဟန်းပြုကာဝိပဿနာပွါးများသဖြင့် အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ ရှေးဘဝက ဘုရား၌ အမှတ် ရပုံကို ရွတ်ဆိုသော ဂါထာများ

֍ ၂၁၇။ ငါသည် ထင်သော သတိရှိသည်ဖြစ်၍ စိမ်းညိုသော အရောင်ရှိသော တစ်ခဲနက် သော အရွက်အခက် အညွန့်တို့ဖြင့် စည်ပင်သော ဗောဓိညောင်ပင်ဝယ် ဘုရား၌ ရောက် သော တစ်ခုတည်းသောအမှတ်သညာကို ရခဲ့၏၊

֍ ၂၁၈။ ဤကမ္ဘာမှ (ပြန်၍ ရေသော်) သုံးဆယ့်တစ်ကမ္ဘာထက်၌ (အကြင်ဘုရား၌ ရောက် သောတစ်ခုတည်းသော အမှတ်သညာကို ရခဲ့၏၊ ထိုအခါ က ) ထိုဆိုအပ်ပြီးသော သညာ၏ အားအစွမ်းဖြင့်ငါသည် အာသဝေါတရားတို့၏ကုန်ရာ နိဗ္ဗာန်ကို ရအပ်ပြီ။

ဤသို့လျှင် သန္ဓိတမထေရ်သည် ရွတ်ဆို၏၊

ပဉ္စမဝဂ် ပြီး၏၊

........

၃-တိကနိပါတ်

၁-အင်္ဂဏိကဘာရဒွါဇတ္တေရဂါထာ

ဝိဇ္ဇာသိပ္ပတို့၌ တတ်မြောက်ပြီးသော အင်္ဂဏိကဘာရဒွါဇသည် ပရိဗိုဇ်ရဟန်းအဖြစ်မှ ဘုရားရှင်ကိုကြည်ညို၍ ရဟန်းပြုပြီးလျှင် ဝိပဿနာပွါးများသဖြင့် မကြာခင် ရဟန္တာ ဖြစ်သော အခါ ယခုမှဗြဟ္မဏအစစ် ဖြစ်ရကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၂၁၉။ မသင့်သော အကြောင်းဖြင့် သံသရာစင်ကြယ်မှု (ဘဝနိဿရဏ) ကို ရှာမှီးလျက် တော၌ မီးကိုပူဇော်ခဲ့ပြီ၊ စင်ကြယ်ကြောင်း လမ်းစဉ်ကို မသိသည်ဖြစ်၍ ပဉ္စာတပအစရှိသောအတ္တကိလမထာနုယောဂအကျင့်ကို ပြုကျင့်ခဲ့ပြီ။

֍ ၂၂၀။ ထိုနိဗ္ဗာန်ချမ်းသာကို သုခပဋိပဒါအကျင့်ဖြင့် ငါ ရအပ်ပြီ၊ (မြတ်စွာဘုရား) တရား တော်၏ကောင်းသော တရား၏ အဖြစ်ကို ရှုပါလော့၊ ငါသည် ဝိဇ္ဇာသုံးပါးတို့သို့ ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလည်း လိုက်နာ ပြုကျင့်ပြီးပြီ။

֍ ၂၂၁။ ရှေးအခါက (ပုဏ္ဏားတို့ သမုတ်သဖြင့်) ဗြဟ္မာမင်း၏ အဆွေဖြစ်သော ဗြာဟ္မဏ ဇာတ်ရှိသူဖြစ်ခဲ့၏၊ ယခုသော်ကား (မကောင်းမှုကို အပပြုပြီးသော) ဗြာဟ္မဏအစစ် ဖြစ်ခဲ့၏၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသူ၊ ကိလေသာအညစ်အကြေးတို့ကို ဆေးကြောပြီးသူ၊ (ပရမတ္ထ အားဖြင့်) ချမ်းသာခြင်းရှိသူ၊ ဝေဒဟုဆိုအပ်သော မဂ်ဉာဏ်ဖြင့် (သံသရာရေအလျဉ်၏ တစ်ဖက်ကမ်းသို့) ရောက်ပြီးသူ ဖြစ်၏၊

ဤသို့လျှင် အင်္ဂဏိကဘာရဒွါဇမထေရ်သည် ရွတ်ဆို၏၊

........

၂-ပစ္စယတ္ထေရဂါထာ

ပစ္စယမည်သော မင်းသားသည် ဘုရားရှင့်တရားကိုနာရ၍ ရဟန်းပြုကာ ရှေးကဿပဘုရားလက်ထက်ကကဲ့သို့ ဝိပဿနာပွါများသဖြင့် ထိုခဏချင်း ဉာဏ်ရင့်ကျက်သည့် အလျောက်အရဟတ္တဖိုလ်သို့ ရောက်၍ လွန်ကဲသော လုံ့လအကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၂၂၂။ ငါသည် ရဟန်းပြုသော နေ့မှ ငါးရက်မြောက်အတွင်း၌ အရဟတ္တဖိုလ်သို့ မရောက်သေးဘဲကျင့်ဆဲ 'သေက္ခ' သာ ဖြစ်သေး၏၊ ငါသည် ကျောင်းတွင်းသို့ ဝင်နေစဉ် စိတ်၏ တောင့်တခြင်းသည် ဖြစ်ပေါ်လာ၏၊

֍ ၂၂၃။ ငါသည် တဏှာတည်းဟူသော ငြောင့်ကို မနုတ်ရသေးသမျှ မည်သည့် ဘောဇဉ် ကိုမျှမသုံးဆောင်တော့အံ့၊ မည်သည့် သောက်ဖွယ်ကိုမျှ မသောက်တော့အံ့၊ ကျောင်းအခန်းမှလည်းမထွက်တော့အံ့၊ မည်သည့် နံပါးဖြင့်မျှ မအိပ်စက်တော့အံ့။

֍ ၂၂၄။ ဤသို့ နေသော ထိုငါ၏ လွန်ကဲသော လုံ့လကို ရှုပါလော့ (ယင်းလုံ့လ၏ တန်ခိုး ကြောင့်) ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာ ပြုကျင့်ပြီးပြီ။

ဤသို့လျှင် ပစ္စယမထေရ်သည် ရွတ်ဆို၏၊

........

၃-ဗာကုလတ္ထေရဂါထာ

သူဌေးနှစ်ဦး၏ အမွေခံ နှစ်ပေါင်း ရှစ်ဆယ်မျှ လူ့ဘဝ၌နေခဲ့သော ဗာကုလသည် ဘုရားရှင့်ထံရဟန်းပြု၍တရားအားထုတ်ရာ ရှစ်ရက်မြောက်တွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၍ အနာကင်းရာ၌ဧတဒဂ်ရပြီးနောက် ပရိနိဗ္ဗာန်ပြုကာနီးတွင် သံဃာ့အလယ်၌ အဆုံးအမပေးကာ ရွတ်ဆိုသော ဂါထာများ

֍ ၂၂၅။ အကြင်ပုဂ္ဂိုလ်သည် ငယ်စဉ်အခါက ပြုသင့်ပြုထိုက်သော အမှုကိစ္စတို့ကို နောင် အိုမင်းသောအခါမှ ပြုလုပ်ရန် အလိုရှိ၏၊ ထိုပုဂ္ဂိုလ်သည် ချမ်းသာတည်ရာ အဖြာဖြာမှ ဆုတ်ယုတ်ရ၏၊ နောင်တတစ်ဖန်လည်း ပူပန်ရ၏၊

֍ ၂၂၆။ အကြင်အမှုကို ပြုလုပ်၏၊ ထိုပြုလုပ်သော အမှုကိုသာ ပြောဆိုရာ၏၊ အကြင် အမှုကို မပြုလုပ်၊ ထိုမပြုလုပ်သော အမှုကို မပြောဆိုရာ၊ မပြုလုပ်ဘဲ ပြောဆိုသော သူကို ပညာရှိတို့ သိကြကုန်၏ (အထင်မကြီးကြကုန်)။

֍ ၂၂၇။ အကြင်နိဗ္ဗာန်၌ ဆင်းရဲအားလုံး ချုပ်ငြိမ်း၏၊ မြတ်စွာဘုရား ဟောတော်မူသော ပူဆွေးခြင်းကင်းသော, ရာဂစသော မြူကင်းသော, ဘေးကင်းသော ထိုနိဗ္ဗာန်သည် အလွန် ချမ်းသာလေစွတကား။

ဤသို့လျှင် ဗာကုလမထေရ်သည် ရွတ်ဆို၏၊

........

၄-ဓနိယတ္ထေရဂါထာ

အိုးထိမ်းသည်သား ဓနိယသည် ပုက္ကုသာတိမင်း ပရိနိဗ္ဗာန်ပြုကြောင်းကြားရလျှင် သဒ္ဓါတရားဖြစ်ကာရဟန်းပြုပြီးနောက် ကျောင်းအတွက် ဘုရားရှင်ကဲ့ရဲ့တော်မူသည်တွင် သံဃိကကျောင်း၌ နေလျက့်ဝိပဿနာပွါးများသဖြင့် အရဟတ္တဖိုလ်သို့ ရောက်၍ တရားတစ်ခုကိုသာ ပွါးများသင့်ကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၂၂၈။ ရဟန်းအဖြစ်၌ ငဲ့ကွက်မှု ရှိသူသည် ချမ်သာစွာ အသက်မွေးရန် အလိုရှိပါမူ သံဃိကဥစ္စာဖြစ်သောသင်္ကန်း အဖျော် ခဲဖွယ်ဘောဇဉ်ကို မထီမဲ့မြင် မပြုရာ။

֍ ၂၂၉။ ရဟန်းအဖြစ်၌ ငဲ့ကွယ်မှု ရှိသူသည် ချမ်းသာစွာ အသက်မွေးရန် အလိုရှိပါမူ ကြွက်တွင်းကိုမှီဝဲနေထိုင်သော မြွေကဲ့သို့ ကျောင်း အိပ်ရာ နေရာကို မှီဝဲနေထိုင်ရာ၏၊

֍ ၂၃၀။ ရဟန်းအဖြစ်၌ ငဲ့ကွက်မှု ရှိသူသည် ချမ်းသာစွာ အသက်မွေးရန် အလိုရှိပါမူ (ကောင်း, ဆိုး, ယုတ်, မြတ် မသတ်မှတ်ဘဲ) ရတတ်သမျှသော ပစ္စည်းဖြင့် ရောင့်ရဲရာ၏၊ (မမေ့မလျော့မှု) တရားတစ်ခုကိုသာလျှင် ပွါးများရာ၏၊

ဤသို့လျှင် ဓနိယမထေရ်သည် ရွတ်ဆို၏၊

........

၅-မာတင်္ဂပုတ္တတ္ထေရဂါထာ

မာတင်္ဂသူကြွယ်၏သား မာတင်္ဂပုတ္တသည် ပျင်းရိလှသဖြင့် ချမ်းသာလို၍ ဘုရားရှင့်ထံ ရဟန်းပြုကာကမ္မဌာန်းယူ၍ ဘာဝနာကို အားထုတ်သောအခါ အဘိညာဉ်အရ ရဟန္တာ ဖြစ်လျှင် ပျင်းရိခြင်းကို ကဲ့ရဲ့၊ လုံ့လရှိခြင်းကို ချီးကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၂၃၁။ ဤအခါသည် အလွန် ချမ်းအေး၏၊ ဤအခါသည် အလွန် ပူပြင်း၏၊ (ဤအခါ သည် အလွန်စောသေး၏)

ဤအခါသည် အလွန် ညဉ့်နက် (နောက်ကျ)၏၊ ဤသို့ အလုပ် ကိစ္စကို စွန့်လွှတ်ကုန်သော သတ္တဝါတို့ကို ဗုဒ္ဓုပ္ပါဒစသော အခါကောင်း အခွင့်ကောင်းတို့သည် လွန်သွားကုန်၏၊

֍ ၂၃၂။ အကြင်သူသည် အချမ်းကိုလည်းကောင်း၊ အပူကိုလည်းကောင်း မြက်မှိုက်ထက် ပိုလွန်၍မထင်မှတ်၊ မအောက်မေ့။ ထိုသူသည် ယောကျ်ားတို့ ပြုအပ်သော အမှုကိစ္စတို့ကို ပြုလုပ်သည်ဖြစ်၍ နိဗ္ဗာန်ချမ်းသာမှ မဆုတ်ယုတ်။

֍ ၂၃၃။ ငါသည် ဆိတ်ငြိမ်မှု 'ဝိဝေက'ကို ပွါးလိုသည်ဖြစ်၍ မြေဇာမြက်ကိုလည်းကောင်း၊ သမန်းမြက်ကိုလည်းကောင်း၊ ဆူးရှိသော ချုံကိုလည်းကောင်း၊ ပန်းရင်းကိုလည်းကောင်း၊ ဖြူဆန်မြက်ပြိတ်မြက်ကိုလည်းကောင်း ရင်ဖြင့် ပယ်ရှား၍ သွားပါအံ့။

ဤသို့လျှင် မာတင်္ဂပုတ္တမထေရ်သည် ရွတ်ဆို၏၊

........

၆-ခုဇ္ဇသောဘိတတ္ထေရဂါထာ

ခါးအနည်းငယ်ကုန်းသော ခုဇ္ဇသောဘိတသည် အရွယ်ရောက်သောအခါ သျှင်အာနန္ဒာ ထံတွင် ရဟန်းပြု၍အားထုတ်သဖြင့် အဘိညာဉ်ရ ရဟန္တာဖြစ်လျှင် စရည်းပင်စောင့်နတ် လျှောက်သည့်အတိုင်း ရွတ်ဆိုသော ဂါထာများ

֍ ၂၃၄။ ပါဋလိပုတ်ပြည်၌ နေလေ့ရှိကုန်သော ဆန်းကြယ်သော တရားစကားကို ဟောတတ်ကုန်သော များသော အကြားအမြင်ရှိကုန်သော ရဟန်းတို့တွင် တစ်ပါးအပါအဝင်ဖြစ်သောခုဇ္ဇသောဘိတအမည်ရသော ဤအရှင်သည် စရည်းပင်ရောက်ရာ လိုဏ်တံခါး၌ ရပ်နေ၏၊

֍ ၂၃၅။ ပါဋလိပုတ်ပြည်၌ နေလေ့ရှိကုန်သော ဆန်းကြယ်သော တရားစကားကို ဟောတတ်ကုန်သော များသော အကြားအမြင်ရှိကုန်သော ရဟန်းတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော ခုဇ္ဇသောဘိတ အမည်ရသော ဤအရှင်သည် လေဖြင့် ကြွလာသည်ဖြစ်၍ စရည်းပင်ရောက်ရာ လိုဏ်တံခါး၌ ရပ်နေ၏၊

֍ ၂၃၆။ ဤခုဇ္ဇသောဘိတမထေရ်သည် (ကိလေသာတို့ကို) ကောင်းစွာ စစ်တိုက်ခြင်းဖြင့် လည်းကောင်း၊ အဆွေခင်ပွန်းကောင်းတို့ပေးအပ်သည့် လျောက်ပတ်သော ဓမ္မဒါနဖြင့်လည်းကောင်း၊ (အလုံးစုံသော ကိလေသမာရ် အဘိသင်္ခါရမာရ်ကို နှိမ်နင်းရာ) စစ်မြေပြင်ဝယ် အောင်ပွဲရသဖြင့် လည်းကောင်း၊ အရဟတ္တမဂ်တည်းဟူသော အကျင့်မြတ်ကို ကျင့်ခြင်းဖြင့် လည်းကောင်း ဤဆိုခဲ့ပြီးသော အပြားအားဖြင့်ချမ်းသာကို ခံစားရ၏၊

ဤသို့လျှင် ခုဇ္ဇသောဘိတမထေရ်သည် ရွတ်ဆို၏၊

........

၇-ဝါရဏတ္ထေရဂါထာ

တောကျောင်းမထေရ်တစ်ပါးထံ၌ တရားနာ၍ သဒ္ဓါဖြစ်ကာ ရဟန်းပြုလာသော ဝါရဏ မထေရ်သည်ဘုရားရှင့်ထံသို့ လာရာလမ်းတွင် မြွေနှင့်မြွေပါတို့ အချင်းချင်းကိုက်သတ် ကြသည်ကို မြင်ကာသံဝေဂဖြစ်နေစဉ် ဘုရားရှင်၏ သြဝါဒကို ကြားရပြန်သဖြင့် ဝိပဿနာ ပွါးများ ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ

֍ ၂၃၇။ ဤလောက၌ လူတို့တွင် မည်သူမဆို တစ်စုံတစ်ယောက်သော သူသည် အခြား တစ်ပါးသောသတ္တဝါတို့ကို ညှဉ်းဆဲ၏၊ ထိုသူသည် ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ချမ်းသာမှ ဆုတ်ယုတ်၏၊

֍ ၂၃၈။ အကြင်သူသည်ကား မေတ္တာစိတ်ဖြင့် ခပ်သိမ်းသော သတ္တဝါတို့ကို သနားစောင့် ရှောက်တတ်၏၊ ထိုသို့သဘောရှိသော မေတ္တာဖြင့် နေလေ့ရှိသောသူသည် များစွာသော ကုသိုလ်တရားကိုပွါးစည်းစေနိုင်၏၊

֍ ၂၃၉။ ကောင်းစွာ ဟောအပ်သော ပရိယတ္တိတရားကို သင်ယူရာ၏၊ ကိလေသာတို့ကို ငြိမ်းစေပြီးသောရဟန်း (အဆွေခင်ပွန်း ဒါယကာ) တို့သို့ ရံခါရံခါ ဆည်းကပ်ခြင်းကိုလည်း ပြုကျင့်ရာ၏၊ ဆိတ်ငြိမ်ရာ၌တစ်ယောက်တည်း နေခြင်းကိုလည်းကောင်း၊ စိတ်၏ ငြိမ်းချမ်းခြင်းကိုလည်းကောင်း ပြုကျင့်ရာ၏၊

ဤသို့လျှင် ဝါရဏမထေရ်သည် ရွတ်ဆို၏၊

........

၈-ဝဿိကတ္ထေရဂါထာ

ဘုရားရှင်၏ ယမိုက်ပြာဋိဟာကိုမြင်၍ သဒ္ဓါဖြစ်ကာ ရဟန်းပြုလာသော ဝဿိကမထေရ် သည်ရောဂါဖြစ်နေရာ ဆေးဆရာကုစားသဖြင့် ရောဂါမှ အထတွင် သံဝေဂဖြစ်၊ ဝိပဿနာကို ပွါး၍အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ

֍ ၂၄၀။ ဤလောက၌ ယုံကြည်မှု 'သဒ္ဓါ'တရားနှင့်ပြည့်စုံသော၊ ပညာရှိသော၊လောကုတ္တရာတရားကိုးပါး၌ တည်သော၊ သီလနှင့်ပြည့်စုံသော သူသည် တစ်ယောက်တည်းပင် ဖြစ်သော်လည်းသဒ္ဓါတရား မရှိကုန်သော မိမိနှင့် ဆွေမျိုးတော်စပ်သောသူ၊ ချစ်ကျွမ်းဝင်သူ၊ အဆွေ ခင်ပွန်းတို့၏ အကျိုးစီးပွါးအလို့ငှါ ဖြစ်၏၊

֍ ၂၄၁-၂။ ငါသည် သနားငဲ့ညှာသောအားဖြင့် (ထိုထိုတရားစကားကို ပြောဟောကာ) ဖိနှိပ် ဆုံးမပြီးလျှင်ဆွေမျိုးတို့ကို တိုက်တွန်းနိုးဆော်အပ်ကုန်ပြီ၊ (ထိုဆွေမျိုးတို့သည်) အဆွေ အမျိုးဟူသော ချစ်ခြင်း, အဆွေခင်ပွန်းဟူသော ချစ်ခြင်းဖြင့် ရဟန်းတို့၌ ကြည်ညိုသော စိတ်ရှိကာ အရိုအသေပြုကုန်သောကြောင့် ထိုအဆွေအမျိုး အဆွေခင်ပွန်းတို့သည် ကွယ်လွန် သေဆုံးကုန်သည်ရှိသော် ချမ်းသာတည်ရာ တာဝတိံသာနတ်ပြည်သို့ ရောက်ကြရကုန်၏၊ ငါ၏ညီအစ်ကိုမောင်နှမ မိဘဆွေမျိုးတို့သည် အလိုရှိတိုင်းသော ဝတ္ထုကာမတို့နှင့် ပြည့်စုံကုန်၍ မွေ့လျော်စံပျော်ရကုန်၏၊

ဤသို့လျှင် ဝဿိကမထေရ်သည် ရွတ်ဆို၏၊

........

၉-ယသောဇတ္ထေရဂါထာ

တံငါသည် သား ယသောဇသည် တံငါသည် တို့နှင့် အတူအစိရဝတီမြစ်၌ ကွန်ပစ်ရာ ရွှေအဆင်းရှိသောငါးကြီးကို ရလျှင် ကောသလမင်းထံပို့ ထိုမှတစ်ဆင့် ဘုရားရှင်ထံ ရောက်လျှင် ကပိလရဟန်းဖြစ်ခဲ့သောရွှေငါးကြီးအကြောင်းကို ကြားရသဖြင့် ရဟန်းပြုကာ ဝိပဿနာပွါး၍ အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ

֍ ၂၄၃။ မည်းနက်သည်ဖြစ်၍ ကိုင်းသော ကိုယ်အင်္ဂါရှိသော ကြုံလှီ၍ အကြောပြိုင်းပြိုင်း ထသည့်ကိုယ်ရှိလျက် မပျင်းရိသော စိတ်ရှိသူသည် ထမင်းအဖျော်၌ အတိုင်း အရှည်ကို သိ၏၊

֍ ၂၄၄။ ဆင်ပြောင်ကြီးသည် စစ်မြေဦး၌ (လက်နက်တို့ဖြင့် ပုတ်ခတ်မှုကို သည်းခံ၍ သူတစ်ပါးစစ်သည်ကို ဖျက်ဆီးသကဲ့သို့ ထို့အတူ ရဟန်းသည်) တောနက်ကြီးအတွင်းဝယ် သတိနှင့် ပြည့်စုံသည်ဖြစ်၍ ခြင် မှက်တို့ တွေ့ထိကိုက်ခဲမှုကို သည်းခံလျက် (မာရ်စစ်သည်ကို ဖျက်ဆီးရာ၏)။

֍ ၂၄၅။ တစ်ယောက်တည်းနေသော ရဟန်းသည် ဗြဟ္မာကဲ့သို့ (ဝိဝေကသုခကို ပွါးလျက် နေနိုင်၏)၊ နှစ်ယောက်နေမူ နတ်နှစ်ယောက်တို့ကဲ့သို့ (အချင်းချင်း ထိပါးသဖြင့် အမျက်ဒေါသ ဖြစ်ရာ၏)၊ သုံးယောက်တို့ နေကြကုန်မူ ရွာ၌နေသော သူတို့ကဲ့သို့ (ဆိတ်ငြိမ်မှု 'ဝိဝေက' မဖြစ်နိုင်)၊ ထို့ထက်အလွန်များစွာ နေကြကုန်မူ အုတ်အုတ်ကျက်ကျက် ဖြစ်ကြရကုန်၏၊

ဤသို့လျှင် ယသောဇမထေရ်သည် ရွတ်ဆို၏၊

........

၁၀-သာဋိမတ္တိယတ္ထေရဂါထာ

တောကျောင်း ရဟန်းတို့ထံတွင် ရဟန်းပြုကာ ဝိပဿနာပွါးသဖြင့် အဘိညာဉ်ရ ရဟန္တာဖြစ်သောသာဋိမတ္တိယမထေရ်သည် မာရ်နတ်လှည့်စားခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ရွတ်ဆိုသော ဂါထာများ

֍ ၂၄၆။ (ဥပါသကာ) သင့်အား ရှေးအခါက (ငါ့အပေါ်၌) ယုံကြည်မှု 'သဒ္ဓါ'တရား ရှိ၏၊ ထိုသဒ္ဓါတရားသည်ယခုအခါ သင့်မှာ မရှိတော့ပြီ၊ (ထို့ကြောင့်) သင်၏ ဤပစ္စည်းလေးပါး သည် သင် (ဥပါသကာ) အားသာလျှင် ဖြစ်ပါစေ၊ ငါ့အား မကောင်းသော အကျင့် 'ဒုစရိုက်' သည် မရှိ။

֍ ၂၄၇။ အကြင်ကြောင့် (ပုထုဇဉ်တို့သန္တာန်၌ ဖြစ်သော) သဒ္ဓါတရားသည် အမြဲ မတည်၊ တုန်လှုပ်၏၊ ဤသို့ ဖြစ်သော ထိုသဒ္ဓါတရားကို ငါ တွေ့မြင်အပ်ပြီ။ ထို့ကြောင့်ပင် ဤ သတ္တဝါတို့သည် ရံခါအဆွေခင်ပွန်း၏ အစွမ်းဖြင့် ချစ်ခင်ကြ၍ (ရံခါ) မုန်းတီးကြကုန်၏၊ ထိုပုထုဇဉ်တို့ ချစ်ခြင်း, မုန်းခြင်းဖြစ်ရာ၌ ရဟန်းသည် အဘယ်အကျိုး ဆုတ်ယုတ်ပါ သနည်း။

֍ ၂၄၈။ ရဟန်းအတွက် ဆွမ်းမည်သည် အိမ်တိုင်း အိမ်တိုင်း၌ အနည်းငယ်စီ အနည်းငယ် စီချက်ထား၏၊ ငါ ဆွမ်းခံစားတော့အံ့၊ ငါ့အား (ဆွမ်းခံသွားစွမ်းနိုင်သော) ခြေသလုံးစွမ်းအား သည် ရှိပါသေး၏၊

ဤသို့လျှင် သာဋိမတ္တိယမထေရ်သည် ရွတ်ဆို၏၊

........

၁၁-ဥပါလိတ္ထေရဂါထာ

ဝိနယဧတဒဂ်ရ ဥပါလိမထေရ်သည် ဘုရားရှင့်စကားတော်ကို ခံယူ၍ ဝိပဿနာ ပွါးများလျှင် မကြာမီ ရဟန္တာဖြစ်သောအခါ ဥပုသ်ပြုရာဝယ် သြဝါဒပေးသော အနေဖြင့် ရဟန်းကောင်းဖြစ်သူတိုင်းပစ္စညးလေးပါးတို့၌ တောင့်တမှုကင်းသင့်ကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၂၄၉။ ယုံကြည်မှု 'သဒ္ဓါ'ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ငယ်ရွယ်စဉ်ကပင် ရဟန်းပြုသော ရဟန်းငယ်သည်စင်ကြယ်သော အသက်မွေးခြင်းရှိကုန်သော ပျင်းရိခြင်းမှ ကင်းကုန်သော အဆွေခင်ပွန်းကောင်းတို့ကို မှီဝဲရာ၏၊

֍ ၂၅၀။ (ဂုဏ်ကို) ယုံကြည်မှု 'သဒ္ဓါ'ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ငယ်ရွယ်စဉ်ကပင် ရဟန်းပြုသောပညာရှိ ရဟန်းငယ်သည် သံဃာ့ဘောင်၌ နေလျက် ဝတ်ကြီး, ဝတ်ငယ်ကို ဖြည့်သည်၏ အစွမ်းဖြင့်ဝိနည်း (ပရိယတ်) ကို သင်ရာ၏၊

֍ ၂၅၁။ ယုံကြည်မှု 'သဒ္ဓါ'ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ငယ်ရွယ်စဉ်ကပင် ရဟန်းပြုသော ရဟန်းငယ်သည်အပ်သည်, မအပ်သည်တို့၌ လိမ္မာသည်ဖြစ်၍ (ပစ္စည်းလေးပါးတို့၌) တောင့်တမှု ကင်းလျက် ကျင့်ရာ၏၊

ဤသို့လျှင် ဥပါလိမထေရ်သည် ရွတ်ဆို၏၊

........

၁၂-ဥတ္တရပါလတ္ထေရဂါထာ

ဘုရားရှင်၏ ယမိုက်ပြာဋိဟာကိုမြင်၍ သဒ္ဓါတရားဖြင့် ရဟန်းပြုသော ဥတ္တရပါလမထေရ် သည်နှလုံးသွင်း ချွတ်ချော်၍ ကာမရာဂ ဖြစ်သည်ကို နှိပ်ကွပ်ဆုံးမကာ သံဝေဂဖြစ်ပွါး ဝိပဿနာအားထုတ်၍အရဟတ္တဖိုလ် သို့ရောက်သည်တွင် မိမိ၏ ပဋိပတ်ကို ဆင်ခြင်၍ ရဲရင့်စွာ ရွတ်ဆိုသော ဂါထာများ

֍ ၂၅၂။ ပညာနှင့် ပြည့်စုံ၍ အကျိုးစီးပွါးကို ကြံစည်ခြင်းငှါ စွမ်းနိုင်သူ ဖြစ်ပါလျက် တွေဝေခြင်းကိုပြုတတ်ကုန်သော ရူပါရုံစသော ကာမဂုဏ်ငါးပါးတို့သည်လောကမှ ထွက် မြောက်လိုသော ငါ့ကိုလောကအတွင်း၌ ကျရောက်စေကုန်၏၊

֍ ၂၅၃။ ငါသည် ကိလေသာမာရ်၏ နိုင်ငံသို့ ပြေးဝင်ကာ မြဲမြံသော ကိလေသာဟူသော ငြောင့်စူးဝင်နေသူဖြစ်လျက် သေမင်း၏ ကျော့ကွင်းမှ လွတ်ခြင်းငှါ စွမ်းနိုင်ခဲ့၏၊

֍ ၂၅၄။ ငါသည် အလုံးစုံသော ကိလေသာကာမတို့ကို (အရဟတ္တမဂ်ဖြင့်) ပယ်အပ်ပြီ၊ ငါသည် အလုံးစုံသော ကိလေသာကာမတို့ကို (အရဟတ္တမဂ်ဖြင့်) ဖျက်ဆီးအပ်ကုန်ပြီ၊ ပဋိသန္ဓေနေခြင်းလျှင်အကြောင်းရှိသော သံသရာဝဋ်သည်ကုန်ပြီ၊ ယခုအခါ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိပြီ။

ဤသို့လျှင် ဥတ္တရပါလမထေရ်သည် ရွတ်ဆို၏၊

........

၁၃-အဘိဘူတတ္ထေရဂါထာ

ဝေဌပုရပြည့်ရှင် ဘုရင်အဘိဘူတသည် မိမိပြည်သို့ ကြွရောက်လာသော ဘုရားရှင်ကို ဖူးမြင်ကာတရားနာယူအလှူကြီးပေးပြီးလျှင် အနုမောဒနာတရားအကျယ်ကို နာရသဖြင့် ရဟန်းပြု၍ နိဗ္ဗာန်ကိုမျက်မှောက်ပြုသော အခါ မိမိ၏ ရဟန်းဖြစ်ပုံကို ထင်ရှားဖော်ပြ ရွတ်ဆိုသော ဂါထာများ

֍ ၂၅၅။ ဤအရပ်သို့ အညီအညွတ် စည်းဝေးရောက်လာကြသမျှသော ဆွေမျိုးအားလုံးတို့ (သင်တို့) နားထောင်ကြကုန်လော၊ သင်တို့အား (ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာ) တရားကို ဟောကြားပေအံ့၊ အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှ၏၊

֍ ၂၅၆။ မြတ်စွာဘုရား သာသနာတော်အတွင်း၌ အားထုတ်ကြကုန်လော့၊ ကြိုးစားကြကုန်လော့၊ လုံ့လပြုကြကုန်လော့။ 'ဆင်ပြောင်ကြီးသည် ကျူအိမ်ကို ဖျက်ဆီးသကဲ့သို့' (သင်တို့ သည်) သေမင်း၏ (ကိလေသာ) စစ်သည်ကို ချေမှုန်းဖျက်ဆီးကြကုန်လော့။

֍ ၂၅၇။ အကြင်သူသည် ဓမ္မဝိနယ သာသနာတော်၌ မမေ့မလျော့ဘဲ နေအံ့၊ ထိုသူသည်ပဋိသန္ဓေနေခြင်းလျှင် အကြောင်းရှိသော သံသရာဝဋ်ကို ပယ်၍ ဆင်းရဲ၏ အဆုံးကို ပြုနိုင် လတ္တံ့။

ဤသို့လျှင် အဘိဘူတမထေရ်သည် ရွတ်ဆို၏၊

........

၁၄-ဂေါတမတ္ထေရဂါထာ

သာကီဝင်မင်းသား ဂေါတမသည် ဆွေတော် မျိုးတော်တို့ အစည်းအဝေးတွင် ရဟန်း ပြုကာဝိပဿနာပွါးများသဖြင့် အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ နိဗ္ဗာန်ချမ်းသာကို ရရှိပြီဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၂၅၈။ ငါသည် (အစမထင်သော သံသရာ၌) ကျင်လည်ရသည်ဖြစ်၍ ငရဲသို့လည်း အဖန်ဖန့်ကျရောက်ခဲ့ရပြီ၊ ပြိတ္တာဘုံသို့လည်း အဖန်ဖန် ကပ်ရောက်ခဲ့ရလေပြီ၊ ဆင်းရဲ အမျိုးမျိုးတို့ကြောင့်အခံခက်သော တိရစ္ဆာန်မျိုး၌လည်း ဘဝဇာတ်အမျိုးမျိုးဖြင့် ကာလ ရှည်စွာ နေခဲ့ရ၏၊

֍ ၂၅၉။ လူ့ဘဝကိုလည်း ရခဲ့၏၊ ကာမာဝစရနတ်ပြည်သို့လည်း (ပဋိသန္ဓေအားဖြင့်) ရံဖန် ရံခါရောက်ခဲ့ရ၏၊ ရူပဘဝတို့၌လည်းကောင်း၊ အရူပဘဝတို့၌လည်းကောင်း၊ နေဝသညာနာသညာယတနဘုံတို့၌လည်းကောင်း၊ အသညသတ်ဘုံတို့၌လည်းကောင်း (ပဋိသန္ဓေအားဖြင့်) ငါသည် နေခဲ့ရဖူး၏၊

֍ ၂၆၀။ ကာမဘဝစသော ဘဝတို့ကို ''အနှစ်မှ ကင်းကုန်၏၊ အကြောင်းတရားတို့ ပေါင်းဆုံ၍ ပြုအပ်ကုန်၏၊ တုန်လှုပ်ခြင်း ရှိကုန်၏၊ အခါခပ်သိမ်း ပျက်စီးခြင်းသို့ ရောက်ကုန်၏''ဟု ကောင်းစွာသိအပ်ကုန်၏၊ ထိုဆိုအပ်ခဲ့ပြီးသော များစွာဖြစ်သော အတ္တဘောကို သိပြီး၍ သတိရှိသော ငါသည် နိဗ္ဗာန်သို့သာလျှင် ကောင်းစွာ ရောက်ရပြီ။

ဤသို့လျှင် ဂေါတမ မထေရ်သည် ရွတ်ဆို၏၊

........

၁၅-ဟာရိတတ္ထေရဂါထာ

ဇာတိမာနဖြင့် သူတပါးကို လူယုတ်များဟူ၍ ခေါ်လေ့ရှိသော ဟာရိတသည် ရဟန်းတို့ထံတွင် တရားနာရ၍ ရဟန်းပြုသော်လည်း လူယုတ်ခေါ်ခြင်းဝါဒ မပျောက်၊ ဘုရားရှင်ထံရောက်မှလျော်သောတရားကို နာရ၍ ဝိပဿနာပွါးများကာ အရဟတ္တဖိုလ် ရောက်သည်တွင် ငယ်စဉ်ကပြုသင့်သောကိစ္စကို နောက်မှပြုမိခြင်းအပြစ်ကို ပြကာ ရွတ်ဆိုသော ဂါထာများ

֍ ၂၆၁။ အကြင်ပုဂ္ဂိုလ်သည် ငယ်ရွယ်စဉ် ရှေးအခါက ပြုသင့် ပြုထိုက်သော အမှုကိစ္စတို့ကို နောင်အိုမင်းသော အခါမှ ပြုလုပ်ရန် အလိုရှိ၏၊ ထိုပုဂ္ဂိုလ်သည် ချမ်းသာတည်ရာ အဖြာဖြာမှဆုတ်ယုတ်ရ၏၊ နောင်တတစ်ဖန်လည်း ပူပန်ရ၏၊

֍ ၂၆၂။ အကြင်အမှုကို ပြုလုပ်၏၊ ထိုပြုလုပ်သော အမှုကိုသာ ပြောဆိုရာ၏၊ အကြင်အမှုကို မပြု လုပ်၊ ထိုမပြုလုပ်သော အမှုကို မပြောဆိုရာ၊ မပြုလုပ်ဘဲ ပြောဆိုသူကို ပညာရှိတို့ သိကြကုန်၏ (အထင်မကြီးကြကုန်)။

֍ ၂၆၃။ အကြင်နိဗ္ဗာန်၌ ဆင်းရဲအားလုံး ချုပ်ငြိမ်း၏၊ မြတ်စွာဘုရား ဟောတော်မူသော ပူဆွေးခြင်းကင်းသော ရာဂစသော မြူကင်းသော ဘေးကင်းသော ထိုနိဗ္ဗာန်သည် အလွန် ချမ်းသာလေစွတကား။

ဤသို့လျှင် ဟာရိတမထေရ်သည် ရွတ်ဆို၏၊

........

၁၆-ဝိမလတ္ထေရဂါထာ

သောမမိတ္တမထေရ်ကိုအမှီပြု၍ ရဟန်းပြုသော ဝိမလမထေရ်သည် ဆရာ၏ တိုက်တွန်း ချက်အရဝိပဿနာကိုဖြစ်စေရာ မကြာခင် ရဟန္တာဖြစ်၍ မိမိ၏ အဆွေတော် ရဟန်းအား ဆုံးမသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၂၆၄။ မတုန်မလှုပ်သော ချမ်းသာကို တောင့်တသော သူသည် ယုတ်မာသော အဆွေ ခင်ပွန်းတို့ကို ဝေးစွာ ကြဉ်ရှောင်၍ သူတော်ကောင်းဖြစ်သော အဆွေခင်ပွန်းသို့ ဆည်းကပ် ရာ၏၊ ထိုအဆွေခင်ပွန်းကောင်း၏ အဆုံးအမ၌ တည်ရာ၏၊

֍ ၂၆၅။ သမုဒ္ဒရာ၏ တစ်ဖက်ကမ်းသို့ ကူးမြောက်လိုသူသည် သေးငယ်သော သစ်သား ဖောင်ကိုတက်စီး၍ ကူးသည်ရှိသော် မဟာသမုဒ္ဒရာ၌ နစ်မြုပ်ရသကဲ့သို့ ဤအတူ ပျင်းရိသူ ကို အကြောင်းပြု၍ကောင်းသော အသက်မွေးခြင်းရှိသူသည်လည်း (သံသရာ၌) နစ်မြုပ်ရ၏၊ ထို့ကြောင့် ပျင်းရိ၍ဝီရိယယုတ်လျော့သော ထိုသူကို ရှောင်ကြဉ်ရာ၏၊

֍ ၂၆၆။ ကာယဝိဝေကစသည်ဖြင့် ကင်းဆိတ်ကြသူ, နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိ ကြသူ, သမထဝိပဿနာဖြင့် ရှုလေ့ရှိကြသူ, အမြဲ ထက်သန်သော လုံ့လရှိကြသူ အရိယာ ပညာရှိတို့နှင့်အတူတကွ နေထိုင်မှီဝဲရာ၏၊

ဤသို့လျှင် ဝိမလမထေရ်သည် ရွတ်ဆို၏၊

တိကနိပါတ် ပြီး၏၊

........

၄-စတုက္ကနိပါတ်

၁-နာဂသမာလတ္ထေရဂါထာ

သာကီဝင်မင်းသား နာဂသမာလသည် ဘုရားရှင်ထံ ရဟန်းပြုပြီး တခါတရံ ဘုရားရှင်၏ အလုပ်အကျွေးဖြစ်ကာ တနေ့တွင် ဆွမ်းခံသွားစဉ် လမ်းမ၌ ကပွဲကို မြင်ရ၍ စိတ္တဇလေကြောင့်လှုပ်ရှားနေကြသည်ဟု အမှန်ကို မြင်ပြီးတရားကို ဆင်ခြင်သည်တွင် အရတ္တဖိုလ်သို့ ရောက်လေရာ မိမိ၏ပဋိပတ်ကို ပြောကြားသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၂၆၇။ တူရိယာကို တီးမှုတ်လိုက်သည်ရှိသော် (လက်ဝတ်တန်ဆာတို့ဖြင့်) တန်ဆာဆင် ထားသော၊ တင့်တယ်သော အဝတ်တို့ကို ဝတ်လျက် ပန်းကို ပန်ဆင်ထားသော၊ စန္ဒကူး နံ့သာရည်ဖြင့်လိမ်းကျံထားသော ကချေသည်မိန်းမ တစ်ယောက်သည် ခရီးလမ်းမအလယ်၌ ကခုန်နေ၏၊

֍ ၂၆၈။ ငါသည် ဆွမ်းအလို့ငှါ ရွာအတွင်းသို့ ဝင်သွားစဉ် (လက်ဝတ်တန်ဆာတို့ဖြင့်) တန်ဆာဆင်ထားသော၊ တင့်တယ်သော အဝတ်တို့ကို ဝတ်ထားသော ထိုကချေသည်မိန်းမကိုသေမင်းထောင်ထားသော ကျော့ကွင်းကဲ့သို့ တွေ့မြင်ရ၏၊

֍ ၂၆၉။ ထို့ကြောင့် ငါ့အား (စက်ဆုပ်ရွံရှာဖွယ်ဟု) အသင့်အားဖြင့် နှလုံးသွင်းမှု ဖြစ်ပေါ် လာ၏၊ အပြစ်ဟု ထင်မြင်သော အာဒီနဝဉာဏ်သည် ထင်ရှားဖြစ်ပေါ်၏၊ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ် သည် (ငါ၏နှလုံး၌) ကောင်းစွာ တည်၏၊

֍ ၂၇၀။ ထိုနိဗ္ဗိဒါဉာဏ် ဖြစ်သည်မှ နောက်၌ ငါ၏ စိတ်သည် (ကိလေသာတို့မှ) လွတ် မြောက်ပြီ၊ မြတ်စွာဘုရား တရားတော်၏ ကောင်းမြတ်သော တရားတော်၏ အဖြစ်ကို ရှုပါလော့၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရအပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသော အတိုင်း လိုက်နာပြုကျင့်အပ်ပြီ။

ဤသို့လျှင် နာဂသမာလမထေရ်သည် ရွတ်ဆို၏၊

........

၂-ဘဂုတ္ထေရဂါထာ

အနုရုဒ္ဓါ ကိမိလတို့နှင့်အတူ ရဟန်ပြုလာသော သာကီဝင်မင်းသား ဘဂုသည် တနေ့တွင် ထိနမိဒ္ဓနှိပ်စက်သဖြင့် စင်္ကြံတွင်လဲကျရာမှ စိတ်ကို ဆွဲဆောင်၍ ဝိပဿနာ ပွါးများသည်တွင် ရဟန္တာဖြစ်လေလျှင် အပ္ပမာဒဖြင့် နေခြင်းကို ဖြေကြား ရွတ်ဆိုသော ဂါထာများ

֍ ၂၇၁။ ငါသည် ကိုယ်၏ ထိုင်းမှိုင်းမှု 'မိဒ္ဓ' နှိပ်စက်သည်ဖြစ်၍ နေရာကျောင်းမှ (စင်္ကြံ သွားအံ့သောငှါ) ထွက်ခဲ့၏၊ အကျွန်ုပ်သည် စင်္ကြံလျှောက်နေစဉ် ထိုစင်္ကြံစောင်းတန်းဝယ် (ငိုက်မျဉ်းမှု 'မိဒ္ဓ'နှိပ်စက်သောကြောင့် ) မြေ၌ လဲကျခဲ့ပါ၏၊

֍ ၂၇၂။ ထိုငါသည် (မြေမှုန့်လိမ်းကပ်သော) ကိုယ်တို့ကို သုတ်ခါ၍ စင်္ကြံသို့ တစ်ဖန် တက်ပြီးလျှင် ကမ္မဋ္ဌာန်းအာရုံ၌ ကောင်းစွာ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ စင်္ကြံ စောင်းတန်း၌ စင်္ကြံသွားခဲ့ပါ၏၊

֍ ၂၇၃။ ထိုသို့စင်္ကြံသွားပြီးနောက် ငါ့အား စက်ဆုပ်ရွံရှာဖွယ်ဟု အသင့်အားဖြင့် နှလုံး သွင်းမှုဖြစ်ပေါ်လာ၏၊ အပြစ်ဟု မြင်သော 'အာဒီနဝ'ဉာဏ်သည် ထင်ရှားဖြစ်ပေါ်ပါ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ်သည် (ငါ၏ နှလုံး၌) ကောင်းစွာ တည်၏၊

֍ ၂၇၄။ ထိုနိဗ္ဗိဒါဉာဏ် ဖြစ်သည်မှ နောက်၌ ငါ၏ စိတ်သည် (ကိလေသာတို့မှ) လွတ်မြောက်ပြီ၊ မြတ်စွာဘုရား တရားတော်၏ ကောင်းမြတ်သော တရားတော်၏အဖြစ်ကို ရှုပါလော့၊ ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရအပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသော အတိုင်း လိုက်နာပြုကျင့်အပ်ပြီ။

ဤသို့လျှင် ဘဂုမထေရ်သည် ရွတ်ဆို၏၊

........

၃-သဘိယတ္ထေရဂါထာ

ဝါဒပေါင်းများစွာ တတ်မြောက်၍ အရပ်တကာသို့ လှည့်လည်နေသော သဘိယပရိဗိုဇ် သည်ရာဇဂြိုဟ်ပြည် ဘုရားရှင့်ထံရောက်သောအခါ ပြဿနာမေးလျှောက်လျင် ဖြေကြား တော်မူသည်ကိုကြည်ညို၍ ရဟန်းပြုကာ ဝိပဿနာပွါးများသည်တွင် အရဟတ္တဖိုဟ်သို့ ရောက်၏၊ ထို့နောက်ဒေဝဒတ်အသင်းသား ရဟန်းများအား ဆုံးမသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၂၇၅။ (ပညာရှိမှ) တစ်ပါးသော သူတို့သည် ဤငြင်းခုံရာ၌ ငါတို့သည် သေမင်းနိုင်ငံသို့သွားကြရကုန်အံ့ဟူ၍ မသိကုန်၊ အကြင်ပညာရှိတို့သည်ကား ထိုငြင်းခုံရာ၌ (ငါတို့သည် သေမင်းနိုင်ငံသို့သွားရောက်ရကုန်အံ့ဟု) သိကုန်၏၊ ထိုသို့ သိသောကြောင့် ငြင်းခုံမှုတို့သည် ငြိမ်းကုန်၏၊

֍ ၂၇၆။ အကြင်အခါ၌ (ငြင်းခုံမှု ငြိမ်းကြောင်းကို) မသိကုန်သော သူတို့သည် မအိုမသေအမြဲနေကြရမည့်သူတို့ကဲ့သို့ လှည့်လည်သွားလာကြကုန်၏၊ (ထိုအခါ ငြင်းခုံမှု မငြိမ်းကုန်သည်သာတည်း)။ အကြင် ပညာရှိတို့သည်ကား မြတ်စွာဘုရား အဆုံးအမတရားတော်ကို သိကုန်၏၊ ထိုသူတို့သည် (ကိလေသာရောဂါဖြင့်) နာကျင်မှုရှိသော သတ္တဝါတို့တွင် (ကိလေသာ အားဖြင့်) နာကျင်မှုမရှိကုန်သည်ဖြစ်၍ နေကြရကုန်၏၊

֍ ၂၇၇။ လျော့လျော့ပြုအပ်သော ကုသိုလ်ကံဟူသမျှသည်လည်းကောင်း၊ ညစ်နွမ်းစွာ ဆောက်တည်မှုအကျင့်သည်လည်းကောင်း၊ မိမိသူတစ်ပါး နှစ်ပါးစုံကပင် ယုံမှားအပ်သော ရဟန်းတရားကိုပြုခြင်းသည်လည်းကောင်း ထိုဆိုအပ်ပြီးသော ကမ္မဝတ ဗြဟ္မစရိယမျိုးသည် များမြတ်သောအကျိုးရှိသည် မဟုတ်။

֍ ၂၇၈။ အကြင် သူသည် သီတင်းသုံးဖော်တို့ အပေါ်၌ ရိုသေလေးမြတ်မှု မရှိ၊ 'ကောင်းကင်သည် မြေကြီးမှ ဝေးသကဲ့သို့' ထိုသူသည် သူတော်ကောင်းတရားမှ ဝေး၏၊

ဤသို့လျှင် သဘိယမထေရ်သည် ရွတ်ဆို၏၊

........

၄-နန္ဒကတ္ထေရဂါထာ

သာဝတ္ထိပြည်သား နန္ဒကသည် ဘုရားရှင်ထံ ရဟန်းပြု၍ ဝိပဿနာပွါးများရာတွင် ရဟန္တာဖြစ်ပြီးနောက် ဘိက္ခုနောဝါဒကဧတဒဂ်ရလျက် သာဝတ္ထိပြည်၌ ဆွမ်ခံစဉ် မယား ဟောင်းက ပြုံးရယ်ပြရာ၌ ခန္ဓာကိုယ်၏စက်ဆုပ်ဖွယ်ဖြစ်ပုံကို ရွတ်ဆိုသော ဂါထာများ

֍ ၂၇၉။ (စက်ဆုပ်ရွံရှာဖွယ်ဝတ္ထု အမျိုးမျိုးတို့ဖြင့်) ပြည့်၍ မကောင်းသော အနံ့ရှိသော၊ ကိလေသာမာရ်၏ အသင်းအပင်း၌ ဖြစ်သော၊ (ကိလေသာမိုးရည်) စိုစွတ်သော သင်၏ ကိုယ်၌ အခါခပ်သိမ်းကိုးဒွါရတို့မှ (ယိုစီးနေသော) ကိုးခုသော အလျဉ်တို့သည် စက်ဆုပ် ဖွယ် ဖြစ်လေစွတကား။

֍ ၂၈၀။ အဟောင်းဖြစ်သော အမူအရာကို မအောက်မေ့လင့်၊ (ယခုလည်း ရှေးကအတိုင်း ပြုကျင့်လိမ့်မည်ဟု မကြံစည်လင့်)၊ အရိယာသာဝကအပေါင်း၌ မထီမဲ့မြင် မအောက်မေ့လင့်၊ ထိုအရိယာပုဂ္ဂိုလ်တို့သည် နတ်ပြည်ချမ်းသာ၌သော်လည်း မတပ်မက်ကြကုန်၊ (မစင်စုနှင့် တူသော) လူတို့ကာမဂုဏ်ချမ်းသာ၌ကား အဘယ်မှာ တပ်မက်ပါတော့အံ့နည်း။

֍ ၂၈၁။ အကြင်သူတို့သည်ကား မိုက်ကုန်၏၊ ပညာ မရှိကုန်၊ (အသုဘကို သုဘဟု ရှုခြင်းဖြင့်) မကောင်းသော အကြံကို ကြံစည်ကုန်၏၊ မသိမှု 'မောဟ'ဖြင့် ထက်ဝန်ကျင် ဖုံးလွှမ်း အပ်သော စိတ်ရှိကုန်၏၊ ထိုသို့သဘောရှိသော (အန္ဓပုထုဇဉ်) လူမိုက်တို့သည် မာရ်မင်း ထောင်ထားအပ်သော ထိုမိန်းမဟူသော အနှောင်အဖွဲ့ (ကျော့ကွင်း) ၌ တပ်မက်သောအားဖြင့် တည်ကုန်၏၊

֍ ၂၈၂။ အကြင်ပုဂ္ဂိုလ်သည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ အဝိဇ္ဇာ'မောဟ'ကိုလည်းကောင်း (အရိယမဂ်ဖြင့်) ပယ်ဖြတ်ပြီး ဖြစ်ကုန်၏၊ တဏှာတည်းဟူသော ကြိုးကို ပယ်ဖြတ်ပြီး ဖြစ်ကုန်၍ တဏှာတည်းဟူသော အနှောင်အဖွဲ့မှ ကင်းကုန်သော ထိုသို့ သဘောရှိသောပုဂ္ဂိုလ်တို့သည် ထိုဆိုအပ်ပြီးသော မာရ်မင်း၏ ကျော့ကွင်း၌ မတပ်မက်သော အားဖြင့် တည်ကုန်၏၊

ဤသို့လျှင် နန္ဒကမထေရ်သည် ရွတ်ဆို၏၊

........

၅-ဇမ္ဗုကတ္ထေရဂါထာ

ဘဝဝဋ်ဟောင်းကြောင့် မစင်ကို စား၍ ကျင်ငယ်ရေကို သောက်နေရသော ဇမ္ဗုကသည်အရတ္တဖိုဟ်ရနိုင်သော အခြေခံရှိသည့်အတွက် ဘုရားရှင်ကိုယ်တိုင် ကြွလာ၍ တရားဟော သည်တွင် သောတာပန်တည်ပြီးနောက် ဝိပဿနာကို ပွါးများသောအခါ ရဟန္တာဖြစ်၍ မိမိအဖြစ်ကိုပြောကြား ရွတ်ဆိုသော ဂါထာများ

֍ ၂၈၃။ ငါသည် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး (ရေချိုးခြင်းကို ပယ်သောအားဖြင့် ကိုယ်၌ ကင်းသော) မြူအညစ်အကြေးတို့ကို ဆောင်ခဲ့ပြီ၊ (ကောင်းမှုကို လိုလားသူတို့ လှူအပ်သော ) ဆွမ်းကိုတစ်လတစ်ကြိမ် (လျှာဖျား၌ တင်ထားသဖြင့်) စားလျက် ဆံမုတ်ဆိတ်ကို (လက်ဖြင့်) နုတ်စေခဲ့၏၊

֍ ၂၈၄။ ခြေတစ်ဖက်တည်းဖြင့် ရပ်ခဲ့ပြီ၊ ထိုင်ခြင်းကို (အခါခပ်သိမ်း) ရှောင်ကြဉ်ခဲ့ပြီ၊ မစင်ခြောက်တို့ကိုလည်း ခဲစားခဲ့၏၊ ဒါယကာတို့ ပင့်ဖိတ်သော ဆွမ်းကိုလည်း မသာယာခဲ့။

֍ ၂၈၅။ ဒုဂ္ဂတိ လားကြောင်းဖြစ်သော ဤသို့သော မကောင်းမှုများစွာကို ပြုလုပ်ခဲ့၍ (ကာမောဃစသော) ကြီးစွာသော ရေအလျဉ်ဖြင့် မျောပါနေရစဉ် (လူဘဝကို ရ၍ ယခုအခါ၌ ကောင်းမှု၏ အကျိုးကြောင့်) မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်ခြင်းသို့ ရောက်ခဲ့၏၊

֍ ၂၈၆။ (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ငါ့ကို ရှုပါလော့၊ မြတ်စွာဘုရားတရားတော်၏ ကောင်းမြတ်သော တရားတော်၏ အဖြစ်ကို ရှုပါလော့၊ ဝိဇ္ဇာ သုံးပါးတို့ကို အစဉ်အတိုင်း ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာ ပြုကျင့်အပ်ပြီ။

ဤသို့လျှင် ဇမ္ဗုကမထေရ်သည် ရွတ်ဆို၏၊

........

၆-သေနကတ္ထေရဂါထာ

ဥရုဝေလကဿပ၏တူ သေနကသည် တပေါင်းလနက္ခတ်ပွဲတွင် ဂယာဆိပ်၌ ဘိတ်သိက်သွန်းလောင်းနေရာ ထိုအနီးတွင် သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံ ရောက်ကာ တရားတော်ကိုနာရ၍ ရဟန်ပြုဝိပဿနာပွါးများလျင် မကြာခင် ရဟန္တာဖြစ်၍ မိမိ၏ ပဋိပတ်ကို ဆင်ခြင်လျက်ဝမ်းမြောက်ဝမ်းသာ ဥဒါန်ကျူးသော ဂါထာများ

֍ ၂၈၇။ ဂယာဖဂ္ဂုမည်သော ဥတ္တရဖဂ္ဂုနိနက္ခတ်ပွဲ၌ ဂယာမည်သော ရေဆိပ်အနီးတွင် မြတ်သော တရားကို ဟောတော်မူသော-

֍ ၂၈၈။ များစွာသော ကိုယ်ရောင် ဉာဏ်ရောင်နှင့် ပြည့်စုံတော်မူသော၊ ဂိုဏ်းတို့၏ ဆရာဖြစ်တော်မူသော၊ အထွတ်အထိပ်သို့ ရောက်တော်မူသော၊ နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော၊ မာရ်ငါးပါးကို အောင်တော်မူပြီးသော၊ အတုမဲ့ ဉာဏ်အမြင် ရှိတော် မူသော-

֍ ၂၈၉။ မြတ်သော ရဟန္တာဖြစ်တော်မူသော၊ ကြီးမြတ်သော လုံ့လရှိတော်မူသော၊ များ သောတန်ခိုးရှိတော်မူသော၊ အာသဝအားလုံးကုန်ပြီးဖြစ်၍ အာသဝ ကင်းစင်တော်မူသော၊ (ဝေနယျသတ္တဝါတို့၏) ဆရာဖြစ်တော်မူသော၊ မည်သည့် အရပ်ကမျှ ဘေးမရှိသော မြတ်စွာဘုရားကို ဖူးမြော်ရပြီး ဖြစ်သောကြောင့် ငါ၏ လာခြင်းသည် ကောင်းသော လာခြင်းဖြစ်ပါပေ၏၊

֍ ၂၉၀။ ထိုမြတ်စွာဘုရားသည် သက္ကာယဟူသော တိုင်၌ ဒိဋ္ဌိဟူသော ကြိုးဖြင့်ဖွဲ့ချည် အပ်သည်ဖြစ်၍ ရှည်မြင့်စွာသော ကာလပတ်လုံး ညစ်နွမ်းနေရသော သေနကမည်သော ငါ့ကို ခပ်သိမ်းသော အထုံးအဖွဲ့'ဂန္ထ'တရားတို့မှ (အရိယမဂ်တည်းဟူသော လက်ဖြင့်) လွတ်စေ တော်မူပေစွတကား။

ဤသို့လျှင် သေနကမထေရ်သည် ရွတ်ဆို၏၊

........

၇-သမ္ဘူတတ္ထေရဂါထာ

ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် အသျှင်အာနန္ဒာထံတွင် တရားနာကာ ရဟန်းပြုသော သမ္ဘူတမထေရ်သည်ဝိပဿနာကို ပွါးများသဖြင့် ရဟန္တာဖြစ်လေရာ ဓမ္မသံဝေဂဖြစ်၍ ရွတ်ဆိုသော ဂါထာများ

֍ ၂၉၁။ အကြင်ပုဂ္ဂိုလ်သည် နှေးကွေးစွာ ပြုသင့်သော အခါ၌ ဆောလျင်စွာ ပြု၏၊ ဆော လျင်စွာပြုသင့်သော အခါ၌ နှေးကွေးစွာ ပြု၏၊ မသိမလိမ္မာသော ထိုပုဂ္ဂိုလ်သည် မသင့် လျော်သောအစီအရင်ကြောင့် ဆင်းရဲသို့ ရောက်ရ၏၊

֍ ၂၉၂။ ထိုပုဂ္ဂိုလ်၏ အကျိုးစီးပွါးတို့သည် 'လဆုတ်ပက္ခ၌ လကဲ့သို့' တစ်နေ့တခြား ဆုတ်ယုတ်ကုန်၏၊ အကျော်အစော မရှိသည်၏အဖြစ်သို့လည်း ရောက်ရ၏၊ အဆွေခင်ပွန်း တို့နှင့်လည်း ဆန့်ကျင်ဘက်ဖြစ်ရ၏၊

֍ ၂၉၃။ အကြင်ပုဂ္ဂိုလ်သည် နှေးကွေးစွာ ပြုသင့်သော အခါ၌ နှေးကွေးစွာ ပြု၏၊ ဆောလျင်စွာပြုသင့်သော အခါ၌လည်း ဆောလျင်စွာ ပြု၏၊ ပညာရှိသော ထိုပုဂ္ဂိုလ်သည် သင့်လျော်သောအစီအရင်ကြောင့် ချမ်းသာခြင်းသို့ ရောက်ရ၏၊

֍ ၂၉၄။ ထိုပုဂ္ဂိုလ်၏ အကျိုးစီးပွါးတို့သည် 'လဆန်းပက္ခ၌ လကဲ့သို့' တစ်နေ့တခြား ပြည့်ဝကုန်၏၊ အခြံအရံများ၍ ကျော်စောခြင်းသို့လည်း ရောက်ရ၏၊ အဆွေခင်ပွန်းတို့နှင့်လည်း ဆန့်ကျင်ဘက် မဖြစ်။

ဤသို့လျှင် သမ္ဘူတမထေရ်သည် ရွတ်ဆို၏၊

........

၈-ရာဟုလတ္ထေရဂါထာ

သားတော်ရာဟုလာသည် ဘုရားရှင်ထံတွင် ရဟန်ဖြစ်ကာ သုတ်ပေါင်များစွာကို နာယူရသည့်အတိုင်း ဉာဏ်ရင့်လျက် ဝိပဿနာကို ပွါးများသည်တွင် အရဟတ္တဖိုဟ်သို့ ရောက်သောအခါ မိမိ၏ ပဋိပတ်ကိုဆင်ခြင်၍ ရွတ်ဆိုသော ဂါထာများ

֍ ၂၉၅။ မြတ်စွာဘုရား၏ သားတော်အစစ် ဖြစ်သောကြောင့် လည်းကောင်း၊ သစ္စာလေးပါး တရားတို့၌မဂ်ပညာမျက်စိရှိသောကြောင့် လည်းကောင်း (အမျိုးအကျင့်) နှစ်မျိုးနှင့် ပြည့်စုံ သော ရာဟုလာဘဒ္ဒဟူ၍ငါ့ကို ပညာရှိတို့ သိကြကုန်၏၊

֍ ၂၉၆။ ငါ့အား အာသဝတရားတို့ကုန်ပြီ၊ ဘဝသစ်၌ တစ်ဖန်ဖြစ်ခြင်း မရှိပြီ။ ထို့ကြောင့် ငါသည် သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတတ်သူ၊ မြတ်သော အလှူကို ခံထိုက်သူ၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသူ၊ နိဗ္ဗာန်ကို မြင်သူ ဖြစ်၏၊

֍ ၂၉၇။ (ဤသတဝ္တါအပေါင်း တို့သည်) ကာမတို့၌ ကန်းကုန်၏၊ တဏာှ ကွန်ရက်ဖြင့် အဖုံး လွှမ်းခံရကုန်၏၊ တဏာှ အမိးု ဖြင့် မိးု ထားခရံ ကနု ၏်၊ 'မြုှံးဝ၌ ဖွဲ့အပ်သော ငါးကဲ့သို့' မာရ်၏ အနှောင်အဖွဲ့ဖြင့်နှောင်ဖွဲ့ခံရကုန်၏၊

֍ ၂၉၈။ ငါသည်ကား ထိုကာမအနှောင်အဖွဲ့ကို ပယ်ကာ ကိသေသာမာရ် အနှောင်အဖွဲ့ကို (အရဟတ္တမဂ်ဓားသန်လျှက်ဖြင့် အကြွင်းမဲ့) ဖြတ်ပြီးလျှင် (အဝိဇ္ဇာဟုအိုအပ်သော ) အမြစ်နှင့်တကွသော တဏာှ ကပို ယန် တု လ်ျက် ငြမိ်း အေးပြီး သူ (သဥပါဒိသေသနိဗ္ဗာနဓာတ်ဖြင့်) ပရိနိဗ္ဗာန်ပြုပြီးသူ ဖြစ်၏၊

ဤသို့လျှင် ရာဟုလမထေရ်သည် ရွတ်ဆို၏၊

........

၉-စန္ဒနတ္ထေရဂါထာ

ဘုရားရှင်ထံတွင် ရဟန်းပြုသောအခါ သားတယောက်ရပြီးဖြစ်သော်လည်း သံယောဇဉ် ကိုဖြတ်တောက်လျက် သောတာပန်အဖြစ်မှဆက်လက်၊ ကိးစား၍ ရဟန္တာဖြစ်လာသော စန္ဒန မထေရ်သည်အဖေါ်ရဟန်းတို့က သစ္စာလေးပါး ထိုးထွင်းသိပုံကို မေးမြန်းသည့် အတိုင်း ဖြေကြား ရွတ်ဆိုသော ဂါထာများ

֍ ၂၉၉။ ရွှေဖြင့် ပြုအပ်သော တန်ဆာဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိသော မယားဟောင်း သည်ကျွန်မအပေါင်း ခြံရံလျက် သားကို ရင်ခွင်ပိုက်၍ ငါ့ထံသို့ ချဉ်းကပ်လာ၏၊

֍ ၃၀၀။ တန်ဆာဆင်လျက် (အဝတ်တို့ကို) ကောင်းစွာ ဝတ်ဆင်ကာ လာနေသော ငါ့သား၏ မိခင်ကိုတွေ့မြင်လတ်သော် သေမင်းထောင်ထားသော ကျော့ကွင်းကဲ့သို့ ထင်မိ၏၊

֍ ၃၀၁။ ထို့ကြောင့် ငါ့အား (စက်ဆုပ်ရွံရှာဖွယ်ဟု) အသင့်အားဖြင့် နှလုံးသွင်းမှု ဖြစ်ပေါ် လာ၏၊ အပြစ်ဟု ထင်မြင်သော 'အာဒီနဝ' ဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ် သည် (ငါ၏နှလုံး၌) ကောင်းစွာ တည်၏၊

֍ ၃၀၂။ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ် ဖြစ်သည်မှ နောက်၌ ငါ၏ စိတ်သည် (ကိလေသာတို့မှ) လွတ်မြောက်ပြီ၊ မြတ်စွာဘုရား တရားတော်၏ ကောင်းမြတ်သော တရားတော်၏ အဖြစ်ကို ရှုပါလော့၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရအပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော် မူသောအတိုင်း လိုက်နာပြုကျင့်အပ်ပြီ။

ဤသို့လျှင် စန္ဒနမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ဓမ္မိကတ္ထေရဂါထာ

ဇေတဝန်ကျောင်းတော်ခံယူပွဲတွင် ကြည်ညို၍ ရဟန်းပြုသော ဓမ္မိကမထေရ်သည် ရုက္ခဓမ္မဇာတ်ကိုနာကြားပြီးနောက် မြတ်စွာဘုရား၏ သြဝါဒဒေသနာကို အစဉ်လျှောက်၍ တထိုင်ချင်းပင်အရဟတ္တဖိုဟ်ရောက်သောအခါ မြတ်စွာဘုရား ဟောကြားသည့်အတိုင်း ပြန်လည် ရွတ်ဆိုသော ဂါထာများ

֍ ၃၀၃။လောကီလောကုတ္တရာ နှစ်ဖြာသော သုစရိုက်တရားသည် တရားကျင့်သူကို အမှန် စင်စစ် (ဆင်းရဲမှ) စောင့်ရှောက်တတ်၏၊ ကေင်းစွာ ဆည်းပူးအပ်သော တရားသည် (လောကီ,လောကုတ္တရာ) ချမ်းသာကို ရွက်ဆောင်တတ်၏၊ တရားကို ကျင့်သော ပုဂ္ဂိုလ်သည် မကောင်းသော လားရာဒုဂ္ဂတိဘဝသို့ မလားရောက်ရ၊

ဤဖြစ်ခြင်းသည် ကောင်းစွာ ကျင့်သော တရားတော်၏အကျိုးဆက်တည်း။

֍ ၃၀၄။ ကုသိုလ်တရား, အကုသိုလ်တရားအားဖြင့် နှစ်ပါးသော တရားတို့သည် တူမျှသော အကျိုးရှိကြသည်မဟုတ်ကုန်၊ အကုသိုလ်တရားသည် ငရဲသို့ ဆောင်တတ်၏၊ ကုသိုလ်တရား သည် ကောင်းသောလားရာသုဂတိဘဝသို့ ရောက်စေတတ်၏၊

֍ ၃၀၅။ ထို့ကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံသော မြတ်စွာဘုရား ပေးအပ်သော အဆုံးအမဖြင့် ဝမ်းမြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ ပြုလုပ်လိုမှု 'ဆန္ဒ'ကို ဖြစ်စေရာ၏၊ မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်ကုန်သော ကိုးစားရာ အမြတ်ဆုံး နိဗ္ဗာန်သို့ ရောက်လိုသူ ပညာရှိတို့သည် တရား၌တည်ကုန်လျက် အလုံးစုံသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြကုန်၏၊

֍ ၃၀၆။ ငါသည် ဂဏ္ဍအမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး၏ အကြောင်းမူလကို ခွာချအပ်ပြီ၊ တဏှာဟုဆိုအပ်သော ကွန်ရက်ကို (မဂ်ဖြင့်) ဖျက်ဆီးအပ်ပြီ၊ ထိုငါသည် သံသရာကုန်ပြီးသူ ဖြစ်၏၊ လပြည့်နေ့အခါဝယ် 'အပြစ်ငါးပါး ကင်းစင်သော လမင်းကဲ့သို့' ငါ့အား ရာဂစသောကြောင့် ကြမှု (အပြစ်) မရှိတော့သည်သာတည်း။

ဤသို့လျှင် ဓမ္မိကမထေရ်သည် ရွတ်ဆို၏၊

........

၁၁-သပ္ပကတ္ထေရဂါထာ

သဒ္ဒါတရားအလျောက် ဘုရားရှင်ထံတွင် ရဟန်းပြုလာသော သပ္ပကမထေရ်သည် ဘုရားရှင်ထံမှကမ္မဋ္ဌာန်းယူ၍ အဇကရဏီယမြစ်ကမ်း သေလာဂီရိကျောင်း၌ နေထိုင်ရင်း တရားအားထုတ်၍ရဟန်းန္တာဖြစ်လာသောအခါ ဆွေမျိုးတို့အား မိမိနေရာကို ညွှန်ကြား သောအားဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၃၀၇။ အကြင်အခါ အလွန်စင်ကြယ်ဖြူဖွေးသော အတောင်ရှိသော ဥဗျိုင်းငှက်တို့သည် မည်းညိုသောမိုးတိမ်၏ ဘေးဖြင့် ခြိမ်းခြောက်ခြင်း ခံရသောကြောင့် မိမိနေရာ အသိုက်၌ ခိုအောင်းလိုသည်ဖြစ်၍ အသိုက်သို့ ပျံသွားလတ္တံ့၊ ထိုအခါဝယ် အဇကရဏီမြစ်သည် ငါ့ကို မွေ့လျော်စေ၏၊

֍ ၃၀၈။ အကြင်အခါ၌ အလွန့်အလွန် စင်ကြယ်ဖြူဖွေးသော ဥဗျိုင်းငှက်တို့သည် မည်းညို သော မိုးတိမ်၏ဘေးဖြင့် ခြိမ်းခြောက်ခံရသည်ဖြစ်၍ ခိုအောင်းရာကို မမြင်သောကြောင့် အသိုက်ကို ရှာလင့်၏၊ ထိုအခါဝယ် အဇကရဏီမြစ်သည် ငါ့ကို မွေ့လျော်စေ၏၊

֍ ၃၀၉။ ငါနေသော လိုဏ်ဂူ၏ နောက်ကျောဘက် ထိုထိုအရပ်၌ ပေါက်ရောက်ကုန်သော ကမ်းနှစ်ဖက်ရှိသပြေပင်တို့သည် အဇကရဏီမြစ်ကမ်း နှစ်ဖက်လုံးကို တင့်တယ်စေကုန်၏၊ ယင်းသပြေပင်တို့သည် ထိုအရပ်၌ နေသော အဘယ်မည်သော သူကို မမွေ့လျော်စေဘဲ ရှိနိုင် အံ့နည်း။

֍ ၃၁၀။ မြွေအပေါင်းတို့မှ ကောင်းစွာ ကင်းဝေးကုန်သော၊ ငြိမ့်ညောင်းသော အသံရှိကုန် သောထိုဖားတို့သည် (ချိုမြိန်သော အသံဖြင့်) အော်မြည်ကြကုန်၏၊ ယခုအခါ တောင်ကျစမ်း ချောင်းတို့နှင့်ကင်းကွာသော အခါသမယ မဟုတ်၊ အဇကရဏီမြစ်သည် ဘေးကင်း၏၊ အေးချမ်း၏၊ မွေ့လျော်ဖွယ်လည်းကောင်း၏၊

ဤသို့လျှင် သပ္ပကမထေရ်သည် ရွတ်ဆို၏၊

........

၁၂-မုဒိတတ္ထေရဂါထာ

မင်းဘေးကို ကြောက်၍ ပြေးလာပြီးလျှင် ရဟန္တာတပါးထံတွင် နေရင်း ရဟန်းပြုကာကမ္မဋ္ဌာန်းအားထုတ်သဖြင့် အရဟတ္တဖိုဟ်သို့ ရောက်ရသော မုဒိတမထေရ်သည် ရဟန်း အဖေါ်တို့ကမေးမြန်း၍ မိမိ၏ ပဋိပတ်အခြင်းအရာကို ပြောကြာ ရွတ်ဆိုသော ဂါထာများ

֍ ၃၁၁။ ငါသည် အသက်ရှည်ခြင်းကို အလိုရှိသည်ဖြစ်၍ ရှင်ရဟန်း ပြုခဲ့ပြီ၊ ရှင်ရဟန်း အဖြစ်ကိုရပြီးနောက် ယုံကြည်မှု 'သဒ္ဓါ'တရားကို ရခဲ့၏၊ မြဲမြံသော လုံ့လရှိသည်ဖြစ်၍ ပြင်းစွာ အားထုတ်ခဲ့ပြီ။

֍ ၃၁၂။ (ဤလုံ့လဖြင့်) ငါ၏ ဤခန္ဓာကိုယ်သည် ပြိုကွဲမူလည်း ပြိုကွဲပစေ၊ အသားတုံးအသားတစ်တို့သည် ကြေမွမူလည်း ကြေမွပစေ၊ သလုံးမြင်းခေါင်း နှစ်ခုတို့သည် ငါ၏ပုဆစ်ဒူးအဆက်တို့မှ ပြုတ်ကျမူလည်း ပြုတ်ကျပစေကုန်။

֍ ၃၁၃။ ငါသည် တဏှာတည်းဟူသော ငြောင့်ကို မနုတ်ရသေးသမျှ မည်သည့် ဘောဇဉ် ကိုမျှမသုံးဆောင်တော့အံ့၊ မည်သည့် သောက်ဖွယ်ကိုမျှ မသောက်တော့အံ့၊ ကျောင်းအခန်းမှလည်းမထွက်တော့အံ့၊ မည်သည့် နံပါးဖြင့်မျှ မအိပ်စက်တော့အံ့။

֍ ၃၁၄။ ဤသို့နေသော ထိုငါ၏ လွန်ကဲသော လုံ့လကို ရှုပါလော့၊ (ယင်းလုံ့လ၏ တန်ခိုး ကြောင့်) ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာ ပြုကျင့်အပ်ပြီ။

ဤသို့လျှင် မုဒိတမထေရ်သည် ရွတ်ဆို၏၊

စတုက္ကနိပါတ် ပြီး၏၊

........

၅-ပဉ္စကနိပါတ်

၁-ရာဇဒတ္တတ္ထေရဂါထာ

ပြည့်တန်ဆာမနှင့် ပျော်ပါးသဖြင့် ဆင်းရဲနွမ်းပါးပြီးနောက် ဘုရားရှင်ထံရောက်ကာ တရားတော်ကိုနာယူ၍ ရဟန်းပြုပြီးလျှင် သုသာန်ဓုတင်ဆောက်တည်နေရာ သုသာန်သို့ ပစ်လာသောပြည့်တန်ဆာမရုပ်အလောင်၌ အသုဘရှုလျက် အရဟတ္တဖိုဟ်ရရှိသော ရာဇဒတ္တမထေရ်သည် မိမိ၏ပဋိပတ်ကို ဆင်ခြင်၍ ဝမ်းမြောက်စွာ ရွတ်ဆိုသော ဂါထာများ

֍ ၃၁၅။ ရဟန်းသည် သင်္ချိုင်းသို့ သွား၍ သုသာန်၌ မငဲ့မကွက် စွန့်ပစ်ထားခဲ့သော ပိုးလောက်တို့ဖြင့်ပြည့်သည်ဖြစ်၍ ခဲစားထားသော မိန်းမအသေကောင်ကို မြင်ရ၏၊

֍ ၃၁၆။ အသက်ဝိညာဉ်မှ ကင်းသော အကြင်အသေကောင်ယုတ်ကို မြင်ရသောကြောင့် အချို့သောသူတို့သည် စက်ဆုပ်ရွံရှာကြကုန်၏၊ ငါ့မူကား ကာမရာဂသည် ထင်ရှားဖြစ်ပေါ်၏၊ (ထိုအကောင်ပုပ်၌ ကိုးဒွါရတို့မှ မစင်ကြယ်သော အရာသည် ယိုစီး၏၊ မစင်ကြယ်သော အဖြစ်ကိုမမြင်ခြင်းကြောင့်) ငါသည် 'သူကန်းကဲ့သို့' ဖြစ်ခဲ့၏၊

֍ ၃၁၇။ ထမင်းအိုးတစ်လုံးချက်ခန့်မျှ အချိန်အတွင်း (ရာဂကို ပယ်ဖျောက်လျက်) ထိုအရပ်မှ ဖဲသွားခဲ့၏၊ (ဖဲသွားပြီးနောက် ငါသည် ) သတိနှင့် ပြည့်စုံသည်ဖြစ်၍ ပညာအဆင်အခြင်နှင့် ပြည့်စုံလျက်သင့်တော်သော နေရာသို့ ဝင်ခဲ့၏၊

֍ ၃၁၈။ ထို့ကြောင့် ငါ့အား (စက်ဆုပ်ရွံရှာဖွယ်ဟု) အသင့်အားဖြင့် နှလုံးသွင်းမှု ဖြစ်ပေါ် လာ၏၊ အပြစ်ဟု ထင်မြင်သော 'အာဒီနဝ'ဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ် သည် (ငါ၏ နှလုံး၌) ကောင်းစွာ တည်၏၊

֍ ၃၁၉။ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ် ဖြစ်သည်မှ နောက်၌ ငါ၏ စိတ်သည် (ကိလေသာတို့မှ) လွတ်မြောက်ပြီ၊ မြတ်စွာဘုရားတရားတော်၏ ကောင်းမြတ်သော တရားတော်၏ အဖြစ်ကို ရှုပါလော့၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရအပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူ သောအတိုင်း ပြုကျင့်အပ်ပြီ။

ဤသို့လျှင် ရာဇဒတ္တမထေရ်သည် ရွတ်ဆို၏၊

........

၂-သုဘူတတ္ထေရဂါထာ

သူကြွယ့်သားသုဘူတသည် အရွယ်ရောက်လျင် လူ့အဖြစ်ကိုပယ်ခွါ တိတ္တိတို့သာသနာ၌ ရဟန်းပြုပြီးမှအနှစ်သာရမရှိကြောင်းသိ၍ သျှင်သာရိပုတြာ သျှင်မောဂ္ဂလ္လာန်စသည်တို့ ရဟန်းပြုပုံကို မြင်ကာသဒ္ဓါဖြင့်ရဟန်းပြုပြီးလျှင် ဆိတ်ငြိမ်ရာ၌ ဝိပဿနာပွါးများ၍ ရဟန္တာဖြစ်သောအခါ မိမိ၏ သဋိပတ်ကိုဆင်ခြင်လျက် ရွတ်ဆိုသော ဂါထာများ

֍ ၃၂၀။ အားမထုတ်အပ်သည့် (အယုတ်တရားနှစ်ပါး) ၌ မိမိကိုယ်ကို အားထုတ်လိုသော ယောက်ျားသည်နှစ်ပါးသော အစီးအပွါးကို ဆောင်တတ်သော ကိစ္စကို အလိုရှိလျက် ကျင့်ခဲ့ ပါမူ (အလိုရှိအပ်သော စီးပွါးချမ်းသာသို့) မရောက်ရာ၊ ငါသည် ထိုဘုန်းကျက်သရေ မရှိ သော သဘောကို အားထုတ်မိခဲ့၏၊

֍ ၃၂၁။ နှိပ်စက်တတ်သော သဘောရှိသည်၏အဖြစ်ကြောင့် အဃမည်သော ရာဂစသော ကိလေသာတို့ကို မနုတ်ပယ်မူ၍ တစ်ခုတည်းသော (အပ္ပမာဒ) တရားကို အကယ်၍ စွန့်လွှတ်မူ သူယုတ်မာကဲ့သို့ ဖြစ်ရာ၏၊ သဒ္ဓါစသော တရားအားလုံးတို့ကို စွန့်လွှတ်ပါမူ ညီညွတ် သည်, မညီညွတ်သည်ကို မမြင်သောကြောင့် 'သူကန်းကဲ့သို့' ဖြစ်ရာ၏၊

֍ ၃၂၂။ အကြင်အမှုကို ပြုလုပ်၏၊ ထိုပြုလုပ်သော အမှုကိုသာ ပြောဆိုရာ၏၊ အကြင်အမှု ကို မပြုလုပ်၊ ထိုမပြုလုပ်သော အမှုကို မပြောဆိုရာ၊ မပြုလုပ်ဘဲ ပြောဆိုသူကို ပညာရှိတို့ သိကြကုန်၏ (အထင်မကြီးကြကုန်)။

֍ ၃၂၃။ အဆင်းသာရှိ၍ အနံ့မရှိသည့် တင့်တယ်လှပသော ပန်းကို ပန်ဆင်သူကဲ့သို့ ထို့အတူ ကောင်းစွာ့ဟောတော်မူသော (ပိဋကတ်သုံးပုံတည်းဟူသော) စကားတော်သည် (တရားတော်လာတိုင်း) မပြုကျင့်သောသူအား နတ်ရွာနိဗ္ဗာန်ဟူသော အကျိုး မရှိနိုင်။

֍ ၃၂၄။ အဆင်းလည်းရှိ ကောင်းသော ရနံ့လည်းရှိ၍ တင့်တယ်လှပသော ပန်းကို ပန်ဆင် သူကဲ့သို့ထို့အတူ ကောင်းစွာ ဟောတော်မူသော (ပိဋကတ်သုံးပုံတည်းဟူသော) စကားတော် သည် (တရားတော်လာတိုင်း) ကောင်းစွာ ကျင့်သူအား (နတ်ရွာနိဗ္ဗာန်ဟူသော) အကျိုးရှိ၏၊

ဤသို့လျှင် သုဘူတထေရ်သည် ရွတ်ဆို၏၊

........

၃-ဂရိမာနန္ဒတ္ထေရဂါထာ

ဗိမ္ဗိသာရမင်း၏ ပုရောဟိတ်သား ဂိရိမာနန္ဒသည် ဘုရားရှင်တန်ခိုးတော်ကို မြင်၍ ကြည်ညိုသမှုရဟန်းပြုပြီးလျှင် ဘုရားရှင်ကိုဖူးမြင်ရန် ရာဇဂြိုလ်ပြည်သို့ ရောက်လာ ဗိမ္ဗိသာရမင်းကြီးကပစ္စည်းလေပါးဖြင့် ဘိတ်ကြားသည်ကို ကိစ္စများ၍ မေ့လျော့လျက် အဗ္ဘောကာသိကလွင်ပြင်၌ နေထိုင်စဉ်ဗိမ္ဗိသာရမင်းက ကျောင်းဆောက်လှုမှ အာဝါသ လျောက်ပတ်သဖြင့် အရဟတ္တဖိုဟ်သို့ ရောက်၍ဝမ်းမြောက်ဝမ်းသာ ရွတ်ဆိုသော ဂါထာများ

֍ ၃၂၅။ မိုးသည် ကောင်းစွာ သီဆိုအပ်သော သီချင်းသံကဲ့သို့ ထစ်ချုန်းလျက် ရွာ၏၊ ငါ၏ကုဋီ (ကျောင်းငယ်) သည် မိုးထားပြီးဖြစ်၍ ချမ်းသာကို ဆောင်နိုင်၏၊ လေတည်းဟူသော ဘေးမှ ကင်း၏၊ ငါသည် ထိုကုဋီ (ကျောင်းငယ်) ၌ (အရဟတ္တဖိုလ်သမာဓိဖြင့် ကောင်းစွာ) ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ နေ၏၊ မိုးနတ်သား အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလော့။

֍ ၃၂၆။ မိုးသည် ကောင်းစွာ သီဆိုအပ်သော သီချင်းသံကဲ့သို့ ထစ်ချုန်းလျက် ရွာ၏၊ ငါ၏ကုဋီ (ကျောင်းငယ်) သည် မိုးထားပြီးဖြစ်၍ ချမ်းသာကို ဆောင်နိုင်၏၊ လေတည်းဟူသော ဘေးရန်မှကင်း၏၊ ငါသည် ထိုကုဋီ (ကျောင်းငယ်) ၌ (အရဟတ္တဖိုလ်သမာဓိဖြင့် ကောင်းစွာ) ငြိမ်သက်သောစိတ်ရှိသည်ဖြစ်၍ နေ၏၊ မိုးနတ်သား အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလော့။

֍ ၃၂၇။ မိုးသည် ရွာ၏၊ လ။ ငါသည် ထိုကုဋီ (ကျောင်းငယ်) ၌ ရာဂကင်းသည်ဖြစ်၍ နေ၏၊

֍ ၃၂၈။ မိုးသည် ရွာ၏၊ လ။ ငါသည် ထိုကုဋီ (ကျောင်းငယ်) ၌ ဒေါသကင်းသည်ဖြစ်၍ နေ၏၊

֍ ၃၂၉။ မိုးသည် ရွာ၏၊ လ။ ငါသည် ထိုကုဋီ (ကျောင်းငယ်) ၌ မောဟကင်းသည်ဖြစ်၍ နေ၏၊ မိုးနတ်သား အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလော့။

ဤသို့လျှင် ဂရိမာနန္ဒမထေရ်သည် ရွတ်ဆို၏၊

........

၄-သုမနတ္ထေရဂါထာ

သူကြွယ့်သား သုမနသည် အရွယ်ရောက်သောအခါ ဦးရီးဖြစ်သူ ရဟန္တာက ရဟန်းပြု စေကာစရိုက်အားလျော်သော ကမ္မဋ္ဌာန်းကို ပေး၍ အားထုတ်သည်တွင် စျာန်လေးပါးနှင့် အဘိညာဉ်ငါးပါးကိုရပြီးနောက် ဝိပဿနာသို့ တက်၍ အားထုတ်စေသဖြင့် အရဟတ္တဖိုဟ်သို့ ရောက်ရာ တနေ့သ၌ဦးရီးရဟန္တာထံအရောက် ရရှိသော မဂ်ဖိုဟ်ကို မေး၍ ဖြေကြားလျှောက်ထားသော ဂါထာများ

֍ ၃၃၀။ ဥပဇ္ဈာယ်ဆရာသည် (သမထဝိပဿနာစသော အပြစ်ကင်းသော) တရားတို့တွင် အကြင်နိဗ္ဗာန်တရားကို အကျွန်ုပ်အတွက် လိုလားတောင့်တလျက် အမြိုက်နိဗ္ဗာန်ကို အလိုရှိပါ၏၊ ဥပဇ္ဈာယ်ဆရာသည် ထိုနိဗ္ဗာန်တရားကို လိုလားတောင့်တသော (ငါ့ကို အဆုံးအမ ပေးသည်၏အစွမ်းဖြင့်) ချီးမြှောက်ပါ၏၊ (ထိုနိဗ္ဗာန်ကို ရခြင်းငှါ) ပြုသင့်သော (တစ်ဆယ့်ခြောက်ပါးသော မဂ်) ကိစ္စကိုပြုအပ်ပြီးပါပြီ။

֍ ၃၃၁။ (ထို့ကြောင့်သာလျှင် အကျွန်ုပ်သည် မဂ်လေးပါးသို့) အစဉ်ရောက်ပြီးသူ၊ (မဂ်လေး ပါးကို)့မျက်မှောက်ပြုပြီးသူ၊ ကိုယ်တိုင် အမြင်ရသော နိဗ္ဗာန်တရားရှိသူ၊ တစ်ဆင့်ကြား မဟုတ် ကိုယ်တိုင်သိပြီးသူ၊ (ကိလေသာအားလုံးတို့မှ) စင်ကြယ်သော ဉာဏ်ရှိသူ၊ (တစ်ဆယ့် ခြောက်ပါးသော) ယုံမှားခြင်းကင်းပြီးသူ ဖြစ်ပါ၏ဟု အရှင်ဘုရားအထံ၌ ပြောကြား လျှောက်ထားပါ၏၊

֍ ၃၃၂။ အကျွန်ုပ်သည် ရှေးက နေဖူးသော ခန္ဓာအစဉ်ကို သိပါ၏၊ နတ်မျက်စိနှင့် တူသော မျက်စိ'ဒိဗ္ဗစက္ခု'ကို စင်ကြယ်ကြည်လင်စေအပ်ပါပြီ၊ အကျွန်ုပ်သည် မိမိအကျိုးဖြစ်သော (အရဟတ္တဖိုလ်) ကိုရပါပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီးပါပြီ။

֍ ၃၃၃။ အရှင်ဘုရား၏ အဆုံးအမတော်၌ မမေ့မလျော့သော အကျွန်ုပ်သည် သိက္ခာသုံးပါး တို့ကို ကောင်းစွာ သင်ကြားအပ်ပါကုန်ပြီ၊ အကျွန်ုပ်အား အာသဝတရားအားလုံးတို့ကုန်ပါကုန်ပြီ၊ ယခုအခါတစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပါ။

֍ ၃၃၄။ အရှင်ဘုရားသည် အရိယာတို့၏ အကျင့်ဖြင့် အကျွန်ုပ်ကို ဆုံးမတော်မူပါပေ၏၊ အစဉ်သနားစောင့်ရှောက်တော်မူပါပေ၏၊ ချီးမြှောက်တော်မူပါပေ၏၊ အရှင်ဘုရား၏ အဆုံးအမ သည်အချည်းနှီးမရှိပါ၊ အကျွန်ုပ်သည် အရှင်ဘုရား၏ အဆုံးအမကို (လိုက်နာသည်ဖြစ်၍) အနီးနေတပည့်ဖြစ်ပါ၏၊

ဤသို့လျှင် သုမနမထေရ်သည် ရွတ်ဆို၏၊

........

၅-ဝဍ္ဎတ္ထေရဂါထာ

သူကြွယ့်သားဝဍ္ဎသည် အမိဖြစ်သူကရှေးဦး ဘိက္ခုနီမပြု ရဟန္တာဖြစ်ပြီးမှ သားဖြစ်သူကိုလည်းရဟန်းပြုစေရာ ဗဟုဿုတ ဓမ္မကထိကဖြစ်လျင် မယ်တော်ကိုတွေ့မြင်ရန်သင်းပိုင်ကိုယ်ရုံမျှဖြင့်သွားသည်ကို မယ်တော်ကစောဒနာသဖြင့် သံဝေဂရရှိကာ ဝိပဿနာကို ပွါးများ၍ရဟန္တာဖြစ်သည်တွင် မယ်တော်၏သြဝါဒပြည့်စုံခြင်းကိုအရင်းပြုကာ ရွတ်ဆိုသော ဂါထာများ

֍ ၃၃၅။ ငါ၏ အမိသည် (အဆုံးအမဟု ဆိုအပ်သော ) တုတ်နှင်တံကို ပြပေသည် ဖြစ်ရ ကားကောင်းမြတ်လှပါပေစွ၊ ငါသည် မွေးသမိခင်က ဆုံးမအပ်သည်ဖြစ်၍ ယင်းအမိ၏ စကားကိုကြားနာရသောကြောင့် ထက်သန်သော လုံ့လရှိသူ၊ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူ၊ မြတ်သောအရဟတ္တဖိုလ်သို့ ရောက်သူ ဖြစ်ရပါ၏၊

֍ ၃၃၆။ ငါသည် ပူဇော်အထူးကို ခံထိုက်သူ၊ မြတ်သော အလှူကို ခံထိုက်သူ၊ ဝိဇ္ဇာသုံးပါး နှင့် ပြည့်စုံသူ၊ အမြိုက်နိဗ္ဗာန်ကို မြင်ပြီးသူ ပုဂ္ဂိုလ်ဖြစ်ရပေ၏၊ မာရ်မင်း၏ (ကိလေသာတည်းဟူသော) စစ်သည်ကိုအောင်မြင်၍ အာသဝေါ မရှိသူဖြစ်၍ နေရပါ၏၊

֍ ၃၃၇။ ရှေးအခါက ငါ၏ အတွင်း 'အဇ္ဈတ္တ'သန္တာန်၌လည်းကောင်း၊ အပ 'ဗဟိဒ္ဓ'သန္တာန်၌ လည်းကောင်း၊ အကြင်အာသဝေါတရားတို့ ရှိကုန်၏၊ ထိုအာသဝေါအားလုံးတို့သည် (ယခု အခါ) အကြွင်းမဲ့ ဖြတ်အပ်ပြီး ဖြစ်၍ နောင်တစ်ဖန် မဖြစ်ကြကုန်လတ္တံ့။

֍ ၃၃၈။ နှမ၁ထိုအကြောင်းကို ရဲရဲရင့်ရင့် ဆုံးမပါပေ၏၊ (သင်၏ သားဖြစ်သော) ငါ၌သော်လည်း အဆွေခင်ပွန်း မဖွဲ့လေို ယာငတ် ကား၊ သင်၏ သဏာ္ဌ န၌် (အဝဇ္ဇာ အစရှိသော) တောအုပ်သည် မရှိတော့ယောင်ကား။

֍ ၃၃၉။ ငါသည် ဆင်းရဲကို အဆုံးပြုပြီးပြီ၊ ဤခန္ဓာကိုယ်သည် အဆုံးဖြစ်သော ခန္ဓာကိုယ်တည်း၊ ယခုအခါ ပဋိသန္ဓေနေမှု, သေမှုနှင့်တကွဖြစ်သော ခန္ဓာအစဉ်ဖြင့် မှတ်အပ်သည့် သံသရာဟူသောဘဝသစ် မရှိတော့ပြီ။

ဤသို့လျှင် ဝဍ္ဎမထေရ်သည် ရွတ်ဆို၏၊

........

֍ ။ မိခင်နှင့် မိမိ နှစ်ဦးစလုံးပင် အရဟတ္တဖိုလ်ကို ရခြင်းဖြင့် မြတ်စွာဘုရား၏ သမီးတော် သားတော် အဖြစ်ကို ပြလို၍ အမိကိုပင် နှမဟု ခေါ်သည်။ (အဋ္ဌကထာ)

........

၆-နဒီကဿပတ္ထေရဂါထာ

နေရဉ္ဇရာမြစ်ကမ်းအနီးတွင် သင်ခမ်းဆောက်လုပ်နေထိုင်သော နဒီကဿပသည် ဘုရားရှင် ကြွလာ၍ပရိသတ်နှင့်တကွ ဧဟိဘိက္ခုရဟန်းဖြစ်ပြီးနောက် အာဒိတ္တပရိယာယ သုတ်ကို နာကြားရသည်တွင် ရဟန္တာဖြစ်လေ၏၊ နောက်အခါ မိမိ၏ ပဋိပတ်ကိုဆင်ခြင်လျက် အယူမှားကို ပယ်ခွာပြီးကြောင်းပြောကြား ရွတ်ဆိုသော ဂါထာများ

֍ ၃၄၀။ မြတ်စွာဘုရားသည် ငါ၏ အကျိုးစီးပွါးအလို့ငှါသာလျှင် နေရဉ္ဇရာမြစ်အနီးသို့ကြွလာတော်မူပါပေ၏၊ ငါသည် ယင်းမြတ်စွာဘုရား၏ (သစ္စာလေးပါးနှင့်စပ်သော) တရား တော်ကိုကြားနာမှတ်သား ရသောကြောင့် (ယဇ်ပူဇော်ခြင်းစသော) မှားသော အယူကိုစွန့်ပြီ။

֍ ၃၄၁။ ငါသည် အမျိုးမျိုးသော ယဇ် (ပူဇော်ခြင်း) တို့ကို ပူဇော်ခဲ့ပြီ၊ ဤယဇ်ပူဇော်သော အကျင့်သည်သံသရာမှ စင်ကြယ်ကြောင်း အကျင့်ဟု အမှတ်ရှိ၍ မီးကို လုပ်ကျွေးခြင်းကို လုပ်ကျွေးပူဇော်ခဲ့၏၊ ပုထုဇဉ်သည် (မောဟတည်းဟူသော အမိုက်တိုက်ဖြင့်) အလွန်မိုက်စွတ ကား။

֍ ၃၄၂။ ငါသည် မိစ္ဆာအယူဟူသော တောအုပ်သို့ ပြေးဝင်ကာ မှားသော နှလုံးသွင်းခြင်းဖြင့် တွေဝေသောအဖြစ်သို့ ရောက်လျက် အဝိဇ္ဇာဖြင့် ကန်းသည်ဖြစ်၍ (တရားဟုတ်သည်, မဟုတ် သည်ကို) မသိမှုကြောင့် မစင်ကြယ်သော အကျင့်လမ်းစဉ်ကို စင်ကြယ်သော အကျင့်လမ်းစဉ်ဟူ၍ မှတ်ထင်ခဲ့၏၊

֍ ၃၄၃။ ငါသည် မိစ္ဆာအယူကို ပယ်အပ်ပြီ၊ ဘဝအားလုံးတို့ကို အကြွင့်မဲ့ ဖျက်ဆီးအပ်ကုန် ပြီ၊ မကောင်းမှုအားလုံးကိုလောင်ကျွမ်းစေ၍ အမြတ်ဆုံးမီး 'ဒက္ခိနေယျဂ္ဂိ'ဖြစ်သော မြတ်စွာဘုရားကိုပူဇော်ပါ၏၊ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏၊

֍ ၃၄၄။ ငါသည် အလုံးစုံသော မောဟတို့ကို ပယ်အပ်ကုန်ပြီ၊ ဘဝ၌ တပ်မက်တတ်သော 'ဘဝတဏှာ'ကိုဖျက်ဆီးအပ်ပြီ၊ ပဋိသန္ဓေနေခြင်းလျှင် အကြောင်းရှိသော သံသရာဝဋ်ကုန်ပြီ၊ ယခုအခါ နောင်တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း မရှိပြီ။

ဤသို့လျှင် နဒီကဿပမထေရ်သည် ရွတ်ဆို၏၊

........

၇-ဂယာကဿပတ္ထေရဂါထာ

ဂယာအရပ်၌နေသော ဂယာကဿပသည် ဘုရားရှင်ကြွလာ၍ ပရိတ်သတ်နှင့်တကွဧဟိဘိက္ခုဖြစ်ပြီးနောက် အာဒိတ္တပရိယာယသုတ်ကို နာကြားသည်တွင် ရဟန္တာဖြစ်၍ မိမိ၏ ပဋိပတ်ကိုဆင်ခြင်ကာ မကောင်းမှုမျှောပစ်ခြင်းကို ပြောကြားသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၃၄၅။ ငါသည် နံနက်တစ်ကြိမ်, မွန်းတည့်တစ်ကြိမ်, ညနေချမ်းတစ်ကြိမ်အားဖြင့် တစ်နေ့သုံးကြိမ် ရေသို့ဆင်းသက်ခဲ့၏၊ (ယင်းသို့ ဆင်းသက်ရာဝယ်) ထိုငါသည် ဂယာဖဂ္ဂု မည်သော ဥတ္တရဖဂ္ဂုနိနက္ခတ်ပွဲအခါ၌ ဂယာရေဆိပ်၌သာ ရေသို့ ဆင်းသက်ခဲ့၏၊

֍ ၃၄၆။ ငါသည် ရှေးအခါ ကာလက တစ်ပါးသော ဘဝတို့၌ ပြုလုပ်ဆည်းပူးခဲ့သော ယုတ် ညံ့သောမကောင်းမှုကံကို ယခုအခါ ဤဂယာဆိပ်၌ မျှောတော့အံ့ဟု မြတ်စွာဘုရားထံ မရောက်မီ ဤသို့အယူရှိခဲ့၏၊

֍ ၃၄၇။ ငါသည် အကြောင်းအကျိုးနှင့် စပ်သော ပုဒ်ဗျည်းရှိသော၊ ကောင်းစွာ ဟောတော်မူ အပ်သော မြတ်စွာဘုရား စကားတော်ကို ကြားနာရသောကြောင့် (ပရမတ္တသဘောဖြင့်) မှန်ကန်သော၊ဟုတ်မှန်တိုင်းသော ဒုက္ခစသော အနက်သဘောကို အသင့်အားဖြင့် ဆင်ခြင်ခဲ့ပြီ။

֍ ၃၄၈။ ထို့ကြောင့် ငါသည် မကောင်းမှုအားလုံးကို ဆေးလျှော်ပြီးသူ၊ (ရာဂစသော) အညစ်အကြေးမရှိသူ၊ ကိုယ်အမူအရာ ဖြူစင်သူ၊ နှုတ်အမူအရာ သန့်ရှင်းသူ၊ စိတ်အမူအရာ စင်ကြယ်သူ ဖြစ်၏၊ စင်ကြယ်သော မြတ်စွာဘုရား၏ တရားအမွေခံ ဖြစ်၏၊ ဘုရားရှင်၏ ရင်တော်အနှစ် သားတော်စစ် ဖြစ်၏၊

֍ ၃၄၉။ ငါသည် (သမ္မာဒိဋ္ဌိစသော) အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော (မဂ်ဟူသော) အယဉ်သို့ သက်ဝင်၍မကောင်းမှုအားလုံးကို မျှောခဲ့ပြီ၊ ဝိဇ္ဇာသုံးပါးတို့ကို ရပြီ၊ မြတ်စွာဘုရား ဆုံးမ တော်မူသောအတိုင်းလိုက်နာပြုကျင့်ပြီးပြီ။

ဤသို့လျှင် ဂယာကဿပမထေရ်သည် ရွတ်ဆို၏၊

........

၈-ဝက္ကလိတ္ထေရဂါထာ

ပုဏ္ဏားမျိုးဝက္ကလိသည် အရွယ်ရောက်၍ ဘုရားရှင်ကို ဖူးမြင်ရသည်တွင် အမြဲဖူးမြင် ရအောင်ရဟန်းပြုကာ ဘုရားရှင်ကို အမြဲကြည့်ရှုနေလေရာ ဘုရားရှင်က တရားကို မြင်မှ ငါဘုရားကိုမြင်နိုင်ကြောင်း ဟောပြမှ သဘောကျလျက် ဝိပဿနာကို အဆင့်ဆင့်၊ ကိးစား၍ ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ

֍ ၃၅၀။ ရဟန်း သင်သည် လေနာ နှိပ်စက်ခံနေရလျက် လူတို့ ကျက်စားသွားလာရာ မဟုတ်သောပစ္စည်းလေးပါး ရခဲသော တောကြီးမျက်မည်း၌ နေသည်ရှိသော် အဘယ်သို့ ပြုလုပ်နေထိုင်လတ္တံ့နည်း။

֍ ၃၅၁။ အကျွန်ုပ်သည် ပြန့်ပြောများမြတ်သော နှစ်သိမ့်မှု 'ပီတိ' ချမ်းသာမှု 'သုခ' ဖြင့် ခန္ဓာကိုယ်ကိုပျံ့နှံ့စေလျက် (ပစ္စည်းလေးပါး ခေါင်းပါးရခဲခြင်း) ကိုလည်း သည်းခံကာ တောကြီးမျက်မည်း၌ နေပါအံ့။

֍ ၃၅၂။ (မဂ်၌ အကျုံးဝင်သော) သတိပဋ္ဌာန်တို့ကို ပွါးစေလျက် (သဒ္ဓါစသော) ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်တို့ကိုလည်း ပွါးစေကာ တောကြီးမျက်မည်း၌ နေပါအံ့။

֍ ၃၅၃။ ထက်သန်သော လုံ့လရှိကုန်သော၊ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိကုန်သော၊ အခါခပ်သိမ်းမြဲမြံခိုင်ခံ့သော လုံ့လရှိကုန်သော၊ အညီအညွတ်ဖြစ်ကုန်သော သီတင်းသုံးဖော်တို့ ကို ရှုကြည့်၍တောကြီးမျက်မည်း၌ နေပါအံ့။

֍ ၃၅၄။ သတ္တဝါအားလုံးတို့ထက် မြတ်တော်မူသော၊ မြတ်သော ဆုံးမခြင်းဖြင့် ယဉ်ကျေး တော်မူသော၊ အတုမရှိသော သမာဓိဖြင့် တည်ကြည်တော်မူသော မြတ်စွာဘုရားကို နေ့ရော ညဉ့်ပါ မပျင်းမရိဘဲအဖန်ဖန် အောက်မေ့လျက် တောကြီးမျက်မည်း၌ နေပါအံ့။

ဤသို့လျှင် ဝက္ကလိမထေရ်သည် ရွတ်ဆို၏၊

........

၉-ဝိဇိတသေနတ္ထေရဂါထာ

ဆင့်ဆရာ့သား ဝိဇိတသေနသည် ဦးရီးတော်နှစ်ယောက် ရဟန်းပြုသကဲ့သို့ ဘုရားရှင် ကို ကြည်ညိုလျက်ဦးရီးတော်တို့ထံတွင် ရဟန်းပြုကာ ဆုံးမတော်မူသည့်အတိုင်း ဝိပဿနာ ပွါးများ၍အရဟတ္တဖိုဟ်သို့ရောက်သောအခါ စိတ်ယုတ်ကိုဖိနှိ်ပ်ထားပုံ အခြင်းအရာဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၃၅၅။ ကာမဂုဏ်ကွန်ရက်သဖွယ် ဖြစ်၍ ခန္ဓာကိုယ်၌ ဖြစ်သော ဟယ် စိတ် (တံတိုင်းဖြင့် ဖွဲ့အပ်သော မြို့၏) 'ကန့်လန့်ကျင် ထိုးထားသော မလွယ်ပေါက် တံခါးငယ်၌ ဆင်တို့၏ ထွက်သွားခြင်းကိုတားမြစ်သကဲ့သို့' သင့်ကို တားမြစ်ထားအံ့၊ သင့်ကို မကောင်းမှု၌ မယှဉ် စေသောအားဖြင့် တားမြစ်အံ့။

֍ ၃၅၆။ 'တံခါးဖွင့်ခြင်းကို မရသော ဆင်ကဲ့သို့' သင် စိတ်မိုက်သည် ယခုအခါ တားမြစ် ထားသည်ဖြစ်၍ အလိုရှိတိုင်း မသွားရလတ္တံ့၊ ဟယ် စိတ်ယုတ် အဖန်ဖန် ထိုထိုအာရုံ၌ ပြောင်းရွှေ့ ပြေးသွားသည်၏အစွမ်းဖြင့် မကောင်းမှု၌ မွေ့လျော်လျက် သင် လှည့်လည်ရတော့ မည် မဟုတ်။

֍ ၃၅၇။ အားကောင်းသော ဆင်ဆရာသည် ဖမ်းပြီးစဖြစ်၍ မယဉ်ကျေးသေးသော ဆင်ပြောင်ကိုဆင်အလိုအတိုင်း မဟုတ်ဘဲ ပြန်လည် ဆုတ်နစ်လာစေသကဲ့သို့ ထို့အတူ သင်စိတ်ယုတ်ကိုသင့်အလိုအတိုင်း မဟုတ်ဘဲ ပြန်လည် ဆုတ်နစ်လာစေအံ့။

֍ ၃၅၈။ မြတ်သော မြင်းကို ဆုံးမခြင်း၌ လိမ္မာသော မြတ်သော ရထားထိန်းသည် အာဇာနည်မြင်းကိုဆုံးမသကဲ့သို့ ထို့အတူ ငါသည် (သဒ္ဓါစသော) ဗိုလ်ငါးပါးတို့၌ တည် လျက် သင်စိတ်ယုတ်ကိုဆုံးမတော့အံ့။

֍ ၃၅၉။ ငါသည် သင် စိတ်ယုတ်ကို သတိတည်းဟူသော ကြိုးဖြင့် (ကမ္မဋ္ဌာန်းဟူသော တိုင်၌) ချည်ထားအံ့၊ (ကမ္မဋ္ဌာန်း၌) အားစိုက်သည်ဖြစ်၍ သင် စိတ်ယုတ်ကို ဆုံးမအံ့၊ ဟယ် စိတ်ယုတ် (သင်သည်လည်း) ဝီရိယဟူသော ရထားဦးဖြင့် ဖိနှိပ်ထားခံရသည်ဖြစ်၍ ဤ (ကမ္မဋ္ဌာန်းအာရုံ) မှဝေးရာသို့ မသွားရလတ္တံ့။

ဤသို့လျှင် ဝိဇိတသေနမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ယသဒတ္တတ္ထေရဂါထာ

မလ္လမင်းသား ယသဒတ္တသည် သဘိယပရိဗိုဇ်နှင့်အတူ ခရီးလှည့်လည်ရင်း ဘုရားရှင် ထံသို့ ရောက်လျှင်သဘိယပရိဗိုဇ်က မေးလျှောက်ပြစ်တင်မည်ဟူသော စိတ်အကြံကို ဘုရားရှင် သိတော်မူသဖြင့် သဘိယသုတ္တန်ကို ဟောပြဆုံးမတော်မူသည်တွင် သံဝေဂရ ရှိလျက် ရဟန်းပြု၍အရဟတ္တဖိုဟ်သို့ရောက်သောအခါ ပညာမဲ့သူတို့ သူတော်ကောင်း တရားမှ ဝေးပုံကို ရွတ်ဆိုသော ဂါထာများ

֍ ၃၆၀။ အပြစ်တင် ခြုတ်ခြယ်လိုသော စိတ်ရှိသည့် ပညာမဲ့ပုဂ္ဂိုလ်သည် မြတ်စွာဘုရား အဆုံးအမပရိယတ္တိသာသနာတော်ကို နာကြားသင်ယူ၏၊ (ထိုပုဂ္ဂိုလ်သည်) ကောင်းကင်မှ မြေကြီး ဝေးသကဲ့သို့ပဋိပတ်ဟူသော သူတော်ကောင်းတရားမှ ဝေး၏၊

֍ ၃၆၁။ အပြစ်တင် ခြုတ်ခြယ်လိုသော စိတ်ရှိသည့် ပညာမဲ့ပုဂ္ဂိုလ်သည် မြတ်စွာဘုရား အဆုံးအမပရိယတ္တိသာသနာတော်ကို နာကြားသင်ယူ၏၊ (ထိုပုဂ္ဂိုလ်သည်) လဆုတ်ပက္ခ၌ လကဲ့သို့လောကုတ္တရာတရား ကိုးပါးမှ ဆုတ်ယုတ်၏၊

֍ ၃၆၂။ အပြစ်တင် ခြုတ်ခြယ်လိုသော စိတ်ရှိသည့် ပညာမဲ့ပုဂ္ဂိုလ်သည် မြတ်စွာဘုရား အဆုံးအမပရိယတ္တိသာသနာတော်ကို နာကြားသင်ယူ၏၊ (ထိုပုဂ္ဂိုလ်သည်) ရေနည်းငါးကဲ့သို့ သူတော်ကောင်းတရားမှခြောက်သွေ့လေတော့၏၊

֍ ၃၆၃။ အပြစ်တင် ခြုတ်ခြယ်လိုသော စိတ်ရှိသည့် ပညာမဲ့ပုဂ္ဂိုလ်သည် မြတ်စွာဘုရား အဆုံးအမပရိယတ္တိသာသနာတော်ကို နာကြားသင်ယူ၏၊ (ထိုပုဂ္ဂိုလ်သည်) 'လယ်၌ (မျိုးစေ့ ပုပ်ကဲ့သို့)'သူတော်ကောင်းတရား၌ ပေါက်ပွါးစည်ပင်ခြင်းသို့ မရောက်။

֍ ၃၆၄။ အကြင် ပုဂ္ဂိုလ်သည်ကား နှစ်သက် ဝမ်းမြောက်သော စိတ်ဖြင့် မြတ်စွာဘုရား အဆုံးအမပရိယတ္တိသာသနာတော်ကို နာကြားသင်ယူလို၏၊ (ထိုပုဂ္ဂိုလ်သည်) အာသဝေါ တရားအားလုံးတို့ကို ကုန်စေပြီးလျှင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ လွန်မြတ် ငြိမ်သက် သော နိဗ္ဗာန်သို့ ရောက်၍အာသဝေါတရား ကင်းလျက် (အနုပါဒိသေသနိဗ္ဗာန်ဖြင့်) ပရိနိဗ္ဗာန် ပြုရ၏၊

ဤသို့လျှင် ယသဒတ္တမထေရ်သည် ရွတ်ဆို၏၊

........

၁၁-သောဏကုဋိကဏ္ဏတ္ထေရဂါထာ

တစ်ကုဋေတန် နားတောင်းကို ဝတ်ဆင်သဖြင့် ကုဋိကဏ္ဏသောဏမည်သော သူဌေးသား သည်ရဟန်းအဖြစ်သို့ ရောက်ပြီးနောက် ဂန္ဓကုဋိတစ်ခုအတွင်း ဘုရားရှင်နှင့်အတူ နေခွင့်ရရှိလျက်ဘုရားရှင်တိုက်တွန်းချက်အရ အဋ္ဌကဝဂ်၁၆ သုတ်ကို ရွတ်ပြခြင်းဖြင့် သာဓုခေါ်တော်မူကာဥဒါန်းဂါထာအဆုံးတွင် ရဟန္တာဖြစ်လေ၏၊ နောက်အခါ မိမိပဋိပတ်ကို ဆင်ခြင်လျက်ဥဒါန်းကျူးရင့်သော ဂါထာများ

֍ ၃၆၅။ ငါသည် ပဉ္စင်းအဖြစ်ကို ဆင်းရဲငြိုငြင်သဖြင့် ရအပ်ပြီ၊ အရဟတ္တမဂ်ဖြင့် ကိလေသာ အားလုံးတို့မှလွတ်မြောက်သည်ဖြစ်၍ အာသဝေါကင်းသူ ဖြစ်၏၊ ငါသည် ရှေးက မမြင် ဖူးသောထိုမြတ်စွာဘုရားကိုလည်း ဖူးမြင်ရ၏၊ ဂန္ဓကုဋိတိုက်တော်၌လည်း (မြတ်စွာဘုရားနှင့်) အတူတကွ နေရ၏၊

֍ ၃၆၆။ မြတ်စွာဘုရားသည် များစွာသော ညဉ့်ပတ်လုံး လွင်တီးခေါင်၌ အချိန်အခါကို လွန်စေ၏၊ လွန်ပြီးသည့် နောက်အခါဝယ် (ဒိဗ္ဗ, ဗြဟ္မ, အာနေဉ္ဇ, အရိယ) ဝိဟာရတို့၌ လိမ္မာ တော်မူသောမြတ်စွာဘုရားသည် ကျောင်းတော်တွင်းသို့ ဝင်တော်မူ၏၊

֍ ၃၆၇။ ခြင်္သေ့မင်းသည် ကျောက်လိုဏ်ဂူ၌ ကြောက်ရွံ့ထိတ်လန့်မှုဘေးရန် မရှိဘဲ အိပ်စက်သကဲ့သို့ထို့အတူ ဂေါတမနွယ်ဖွား မြတ်စွာဘုရားသည်လည်း ကြောက်ရွံ့ထိတ်လန့်မှု စိတ္တုတြာသ မရှိဘဲဒုကုဋ်သင်္ကန်းကြီးကို ခင်း၍ ကျိန်းစက်တော်မူ၏၊

֍ ၃၆၈။ ထို့နောက် မြတ်စွာဘုရား၏ တပည့်သားတော်ဖြစ်သော ကောင်းသော စကား အစဉ်ရှိသောသောဏ (ကုဋိကဏ္ဏ) ရဟန်းငယ်သည် မြတ်စွာဘုရား၏ မျက်မှောက်တော်၌ အဋ္ဌကဝဂ် တစ်ဆယ့်ခြောက်သုတ်ဟု ဆိုအပ်သော တရားတော်ကို ရွတ်ဆို၏၊

֍ ၃၆၉။ သောဏကုဋိကဏ္ဏ ရဟန်းငယ်သည် ဥပါဒါနက္ခန္ဓာတရား ငါးပါးတို့ကို ပိုင်းခြား သိပြီး၍နိဗ္ဗာန်ရောက်ကြောင်း ခရီးလမ်းကောင်းဖြစ်သော မဂ္ဂင်ရှစ်ပါးကို ပွါးများပြီးလျှင် လွန်မြတ်ငြိမ်သက်သောနိဗ္ဗာန်သို့ ရောက်၍ အာသဝေါကင်းလျက် (အနုပါဒိသေသနိဗ္ဗာန ဓာတ်ဖြင့်) ပရိနိဗ္ဗာန်ပြုရလတ္တံ့။

ဤသို့လျှင် သောဏကုဋိကဏ္ဏမထေရ်သည် ရွတ်ဆို၏၊

........

၁၂-ကောသိယတ္ထေရဂါထာ

ပုဏ္ဏားမျိုးကောသိယသည် သျှင်သာရိပုတြာထံ မပြတ်ဆည်းကပ်လျက် တရားနာ၍ ရဟန်းပြုကာကမ္မဋ္ဌာန်းအားထုတ်သည်တွင် မကြာမီ ရဟန္တာဖြစ်လေလျှင် မိမိ၏ ပဋိပတ်ကို ဆင်ခြင်၍ သူတော်ကောင်းကိုမှီဝဲခြင်း၏အကျိုးကို ချီးမွမ်းသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၃၇၀။ ဆရာတို့၏ ဆုံးမစကားကို သိသော အကြင်ပညာရှိသည် ထိုပညာရှိတို့၏ အဆုံး အမစကား၌လိုက်နာပြုကျင့် နေထိုင်ရာ၏၊ ထိုဆရာ၌ ချစ်ခြင်းကို ဖြစ်စေရာ၏၊ ထိုသူသည် (ဆုံးမတိုင်း ကျင့်သဖြင့်) ဆည်းကပ်သူလည်း မည်၏၊ ပညာရှိသူလည်း မည်၏၊ (သစ္စာ လေးပါးတရားတို့ကို) သိခြင်းကြောင့်လောကီ,လောကုတ္တရာ တရားထူးရှိသူလည်း ဖြစ်၏၊

֍ ၃၇၁။ ဆင်ခြင်မှု 'ပဋိသင်္ခါန'ဉာဏ်အား၌ တည်သော အကြင်ပုဂ္ဂိုလ်ကို ဖြစ်ပေါ်လာသောထူပြောအားကြီးသော ဘေးရန်တို့သည် အနည်းငယ်မျှ မတုန်လှုပ်စေနိုင်ကုန်၊ ထိုပုဂ္ဂိုလ်သည်အားရှိသူလည်း မည်၏၊ ပညာရှိသူလည်း မည်၏၊ (သစ္စာလေးပါးတရားတို့ကို) သိခြင်း ကြောင့်လောကီ,လောကုတ္တရာ တရားထူးရှိသူလည်း ဖြစ်၏၊

֍ ၃၇၂။ 'မြင်းမိုရ်တောင်၏ အနီး၌ မဟာသမုဒ္ဒရာသည် အရပ်ရှစ်မျက်နှာတို့မှ တိုက်သော လေတို့ကြောင့်မတုန်လှုပ်မူ၍ တည်သကဲ့သို့' အကြင်သူသည် (ကိလေသာတည်းဟူသော လေ, တိတ္ထိတို့၏အယူဝါဒတည်းဟူသော လေတို့ကြောင့်) မတုန်မလှုပ် တည်၏၊ နက်နဲသော ပညာလည်း ရှိ၏၊ သိမ်မွေ့သော အနက်ကိုလည်း မြင်နိုင်၏၊ ထိုသူသည် (ကိလေသာတို့) မလှုပ်မရှားစေနိုင်သော (အသံဟာရိယ) ပုဂ္ဂိုလ်လည်း မည်၏၊ ပညာရှိသူလည်း မည်၏၊ (သစ္စာလေးပါးတရားတို့ကို) သိခြင်းကြောင့် (လောကီ,လောကုတ္တရာ) တရားထူးရှိသူလည်း ဖြစ်၏၊

֍ ၃၇၃။ အကြင်သူသည် အကြင်ဆရာကို အမှီပြု၍ အကြားအမြင် များသူလည်း ဖြစ်၏၊ တရားကိုဆောင်နိုင်သူလည်း ဖြစ်၏၊ သင်ကြားထားသော တရား၏ (ပါဌ်အနက်ကို သိ၍)လောကုတ္တရာကိုးပါးအားလျော်သော အကျင့်ရှိသူလည်း ဖြစ်၏၊ ထိုသူသည် ထိုဆရာနှင့် တူသော သဘောရှိသောပညာရှိသူလည်း ဖြစ်၏၊ (သစ္စာလေးပါးတရားတို့ကို) သိခြင်း ကြောင့် (လောကီ,လောကုတ္တရာ) တရားထူး ရှိသူလည်း ဖြစ်၏၊

֍ ၃၇၄။ အကြင်ပုဂ္ဂိုလ်သည် မြတ်စွာဘုရား ဟောကြားတော်မူသော ပရိယတ္တိတရားတော်၏အနက်ကိုလည်း သိ၏၊ အနက်ကို သိပြီးလျှင် သိသည့်အတိုင်းလည်း ကျင့်၏၊ ထိုပုဂ္ဂိုလ်သည်အနက်အထူးကို သိသော ပညာရှိလည်း မည်၏၊ (သစ္စာလေးပါးတရားတို့ကို) သိခြင်းကြောင့် (လောကီ,လောကုတ္တရာ) တရားထူးရှိသူလည်း ဖြစ်၏၊

ဤသို့လျှင် ကောသိယမထေရ်သည် ရွတ်ဆို၏၊

ပဉ္စကနိပါတ် ပြီး၏၊

........

၆-ဆက္ကနိပါတ်

၁-ဥရုဝေဠကဿပတ္ထေရဂါထာ

ဥရုဝေလကဿပသည် ဥရုဝေလတော၌ တပည့်ရသေ့ငါးရာနှင့်နေစဉ် ဘုရာရှင်ကြွလာ ဆုံးမ၍တပည့်များနှင့်အတူ ဧဟိဘိက္ခုရဟန်းဖြစ်လျက် အာဒိတ္တသရိယာယသုတ်ကို နာကြားပြီးလျင်အရဟတ္တဖိုဟ်သို့ ရောက်ပြီးနောက် မိမိပဋိပတ်ကို ဆင်ခြင်၍ ရဲရင့်စွာ ရွတ်ဆိုသော ဂါထာများ

֍ ၃၇၅။ ငါသည် ကျော်စောခြင်းရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တန်ခိုးပြာဋိဟာတို့ ကိုမြင်သော်လည်း မြတ်စွာဘုရားက မခြိမ်းချောက်သေးသမျှ ကာလပတ်လုံး ငြူစူမှု 'ဣဿာ', ထောင်လွှားမှု 'မာန' လှည့်ပတ်ခံရသောကြောင့် အရိုအသေ ကိုးကွယ်ခြင်းကို မပြု။

֍ ၃၇၆။ လူနတ်တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ငါ၏ မှားယွင်းသောအကြံကို သိတော်မူ၍ လှုံ့ဆော်တိုက်တွန်းတော်မူ၏၊ ထို့ကြောင့် ရှေးက မဖြစ်ဖူးသေးသောထိတ်လန့်မှု 'သံဝေဂ'တရားသည်လည်းကောင်း၊ ရှေးက မဖြစ်ဖူးသေး သော ကြက်သီးမွေးညင်းထခြင်းသည်လည်းကောင်း ငါ့အား ဖြစ်ပေါ်လာ၏၊

֍ ၃၇၇။ ထိုအခါ ရှေးက ရသေ့ဖြစ်ဖူးသော ငါ့အား ရှိပြီးဖြစ်သော အနည်းငယ်မျှသော လာဘ်ပူဇော်သကာပြည့်စုံမှုကို ပယ်စွန့်၍ မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုခဲ့၏၊

֍ ၃၇၈။ ငါသည် ရှေးအခါက ကာမလောကကို ရှေးရှုတည်ကာ ယဇ်ပူဇော်ခြင်းဖြင့် နှစ်သက် ရောင့်ရဲခဲ့၍နောက်အခါ၌မူ တပ်မက်မှု 'ရာဂ'ကိုလည်းကောင်း၊ အမျက်ထွက်မှု 'ဒေါသ'ကိုလည်းကောင်း၊ တွေဝေမှု 'မောဟ' ကိုလည်းကောင်း အကြွင်းမဲ့ ပယ်နုတ်ဖျက်ဆီးခဲ့ပြီ။

֍ ၃၇၉။ ငါသည် ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို သိ၏၊ နတ်မျက်စိနှင့် တူသော မျက်စိ'ဒိဗ္ဗစက္ခုအဘိညာဉ်'ကို စင်ကြယ်ကြည်လင်စေအပ်ပြီ၊ တန်ခိုးဖန်ဆင်းခြင်း 'ဣဒ္ဓိဝိဓအဘိညာဉ်' ကို ရပြီ၊ သူတစ်ပါးစိတ်ကို ပိုင်းခြား၍ သိသော 'စေတောပရိယ' ဉာဏ်ကို ရပြီ၊ နတ်တို့၏ နားနှင့် တူသောနား'ဒိဗ္ဗသောတအဘိညာဉ်'သို့လည်း ရောက်ပြီ။

֍ ၃၈၀။ အကြင် အရဟတ္တဖိုလ်အကျိုးငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်း ပြု)၏၊ ငါသည် အလုံးစုံသော နှောင်ကြိုး (သံယောဇဉ်) တို့၏ကုန်ရာ အရဟတ္တဖိုလ်ဖြစ် သောထိုအကျိုးကိုလည်း ရပြီ။

ဤသို့လျှင် ဥရုဝေလကဿပမထေရ်သည် ရွတ်ဆို၏၊

........

၂-တေကိစ္စကာရိတ္ထေရဂါထာ

အဖဖြစ်သူကို စန္ဒဂုတ်မင်းက အချုပ်ထောင်ချထားရာတွင် တိမ်းရှောင်ကာ သာဏဝါသီ မထေရ်ထံတွင် ရဟန်းပြုသော ပုဏ္ဏားသား တေကိစ္ဆကာရီသည် ကမ္မဋ္ဌာန်းအားထုတ်နေစဉ် မာရ်နတ်လာရောက်ဖျက်ဆီးသော်လည်း ဂုဏ်တော်ကို ဆင်ခြင် ဝိပဿနာတင်၍ အားထုတ်သဖြင့် အရဟတ္တဖိုဟ်ကိုမျက်မှောက်ပြုသောအခါ မာရ်နတ်နှင့် အပြန်အလှန် ပြောဆိုပုံ ဖော်ပြသော ဂါထာများ

֍ ၃၈၁။ ရဟန်း ကောက်လတ်စပါးတို့သည် ကျီ၌ သွင်းထားပြီး ဖြစ်ကုန်၏၊ ကောက်ကြီးသလေးစပါးတို့သည်လည်း တလင်း၌ တည်ရှိနေကုန်သေး၏၊ (သို့ဖြစ်ပါလျက်) ထမင်း တစ်ခဲမျှကိုလည်းငါ မရ၊ ယခုအခါ၌ ငါ အဘယ်သို့ ပြုရပါအံ့နည်း (ဟု မာရ်နတ်က ပြက်ရယ်ပြောဆို၏)။

֍ ၃၈၂။ သင်ကား မနှိုင်းယှဉ်အပ်သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဂုဏ်ကိုအဖန်ဖန် အောက်မေ့ကာ ကြည်ညိုနှစ်သက်မှု 'ပီတိ'ဖြင့် တစ်ကိုယ်လုံး တွေ့ထိ သည်ဖြစ်၍ အခါခပ်သိမ်း (ဥဗ္ဗေဂါပီတိဖြင့်) တက်ကြွသူ ဖြစ်လတ္တံ့။

֍ ၃၈၃။ သင်ကား မနှိုင်းယှဉ်အပ်သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော တရားတော်၏ ဂုဏ်ကိုအဖန်ဖန် အောက်မေ့ကာ ကြည်ညိုနှစ်သက်မှု 'ပီတိ'ဖြင့် တစ်ကိုယ်လုံး တွေ့ထိသည်ဖြစ်၍ အခါခပ်သိမ်း (ဥဗ္ဗေဂါပီတိဖြင့်) တက်ကြွသူ ဖြစ်လတ္တံ့။

֍ ၃၈၄။ သင်ကား မနှိုင်းယှဉ်အပ်သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော သံဃာတော်၏ ဂုဏ်ကိုအဖန်ဖန် အောက်မေ့ကာ ကြည်ညိုနှစ်သက်မှု 'ပီတိ'ဖြင့် တစ်ကိုယ်လုံး တွေ့ထိသည်ဖြစ်၍ အခါခပ်သိမ်း (ဥဗ္ဗေဂါပီတိဖြင့်) တက်ကြွသူ ဖြစ်လတ္တံ့၊ (သုံးဂါထာကို တေကိစ္စကာရိ မထေရ်သည် ရွတ်ဆို၏)။

֍ ၃၈၅။ (ရဟန်း သင်သည်) အမိုးမရှိ ဟင်းလင်းပြင် (လွင်တီးခေါင်) ၌ နေဘိ၏၊ ဤ ညဉ့်တို့သည် ဆောင်းတွင်း အခါကာလ ဖြစ်၍ ချမ်းအေးကုန်၏၊ (ထို့ကြောင့်) အအေး နှိပ် စက်သဖြင့် မပင်ပန်းပါစေလင့်၊ တံခါးပိတ်ထားသော ကျောင်းတွင်းသို့ ဝင်ပါလော့၊ (ဤသို့ နေသည်ရှိသော်သင်ရဟန်းအား ချမ်းသာစွာ နေရလတ္တံ့ဟု မာရ်နတ်သည် ဆို၏)။

֍ ၃၈၆။ ငါသည် အပ္ပမညာဟုခေါ်ရသော ဗြဟ္မဝိဟာရတရားလေးပါးတို့ကို တွေ့ထိဝင်စား နေအံ့၊ ထိုဗြဟ္မဝိဟာရတရားတို့ဖြင့် ချမ်းသာခြင်းရှိသည်ဖြစ်၍ နေပါအံ့၊ ငါသည် တုန်လှုပ်ခြင်း မရှိမူ၍နေသည်ရှိသော် အအေးဖြင့် ပင်ပန်းလိမ့်မည် မဟုတ်။

ဤသို့လျှင် တေကိစ္စကာရိမထေရ်သည် ရွတ်ဆို၏၊

........

၃-မဟာနာဂတ္ထေရဂါထာ

ပျားရည်ကုန်သည့်သား မဟာနာဂသည် အရွယ်ရောက်သောအခါ ဘုရားရှင် အဉ္ဇနတော၌ သီတင်းသုံးစဉ်ဂဝမ္ပတိမထေရ်၏ တန်ခိုးတော်မြင်၍ ကြည်ညိုကာ ရဟန်းပြု လျက် ထိုမထေရ် အဆုံးအမ၌ တည်ပြီးလျှင့်ဝိပဿနာပွါးများသည်တွင် အရဟတ္တဖိုဟ်သို့ ရောက်သောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့ကို ဆုံးမသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၃၈၇။ အကြင်ရဟန်းအား သီတင်းသုံးဖော်တို့၌ ရိုသေလေးမြတ်မှု မရှိ၊ ထိုရဟန်းသည် ရေနည်းငါးကဲ့သို့ သူတော်ကောင်းတရားမှ ဆုတ်ယုတ်၏၊

֍ ၃၈၈။ အကြင်ရဟန်းအား သီတင်းသုံးဖော်တို့၌ ရိုသေလေးမြတ်မှု မရှိ၊ ထိုရဟန်းသည် လယ်၌စိုက်ပျိုးကြဲချသော မျိုးစေ့ပုပ်ကဲ့သို့ သူတော်ကောင်းတရား၌ စည်ပင်ခြင်းသို့ မရောက်နိုင်။

֍ ၃၈၉။ အကြင်ရဟန်းအား သီတင်းသုံးဖော်တို့၌ ရိုသေလေးမြတ်မှု မရှိ၊ ထိုရဟန်းသည် တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ ကိလေသာငြိမ်းခြင်းမှ ဝေး၏၊

֍ ၃၉၀။ အကြင်ရဟန်းအား သီတင်းသုံးဖော်တို့၌ ရိုသေလေးမြတ်မှု ရှိ၏၊ ထိုရဟန်းသည် ရေများသောအိုင်၌ ငါးကဲ့သို့ သူတော်ကောင်းတရားမှ မဆုတ်ယုတ်။

֍ ၃၉၁။ အကြင်ရဟန်းအား သီတင်းသုံးဖော်တို့၌ ရိုသေလေးမြတ်မှု ရှိ၏၊ ထိုရဟန်းသည် လယ်၌စိုက်ပျိုးကြဲချသော မျိုးစေ့ကောင်းကဲ့သို့ သူတော်ကောင်းတရား၌ စည်ပင်ခြင်းသို့ ရောက်၏၊

֍ ၃၉၂။ အကြင်ရဟန်းအား သီတင်းသုံးဖော်တို့၌ ရိုသေလေးမြတ်မှု ရှိ၏၊ ထိုရဟန်းသည်တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ နိဗ္ဗာန်နှင့် နီး၏၊

ဤသို့လျှင် မဟာနာဂမထေရ်သည် ရွတ်ဆို၏၊

........

၄-ကုလ္လတ္ထေရဂါထာ

ရာဂစရိုက်အားကြီးသော ကုလ္လမထေရ်သည် သုသာန်၌ အမြဲလှည့်လည်ရန် ဘုရားရှင်ညွှန်ကြားတော်မူသည့်အတိုင်း လိုက်မာကျင့်ကြံသော်လည်း ရာဂမငြိမ်းဖြစ်နေသဖြင့် ဘုရားရှင်ကအသုဘရုပ်အသွင် ဖန်ဆင်း၍ ပြတော်မူမှ ရာဂကင်းကွာ၍ ရဟန္တာဖြစ်လေ၏၊ ထိုအခါ မိမိ၏ ပဋိပတ်ကိုဆင်ခြင် ရွတ်ဆိုသော ဂါထာများ

֍ ၃၉၃။ ကုလ္လရဟန်းသည် သင်္ချိုင်းသို့ သွား၍ သုသာန်၌ မငဲ့မကွက် စွန့်ပစ်ထားခဲ့သော ပိုးလောက်တို့ဖြင့်ပြည့်သည်ဖြစ်၍ ခဲစားထားသော မိန်းမ (အသေကောင်) ကို မြင်ခဲ့ရ၏၊

֍ ၃၉၄။ ကုလ္လရဟန်း ဆင်းရဲအမျိုးမျိုးတို့ဖြင့် မပြတ်နှိပ်စက်အပ်သော မစင်ကြယ်သောပုပ်သောအနံ့ရှိသော အထက်သို့လည်းလျှံ အောက်သို့လည်း စီးဆင်းယိုကျ၍ နေသောပုထုဇဉ်လူမိုက်တို့သာ အလွန်နှစ်သက်အပ်သော

ဤခန္ဓာကိုယ်ကြီးကို သဘောအားဖြင့် ကြည့်ရှု ပါလော့။

֍ ၃၉၅။ ငါသည် ဝိပဿနာဉာဏ်တည်းဟူသော တရားကြေးမုံကို ယူ၍ မဂ်ဉာဏ်ဟု ဆိုအပ်သော ဉာဏ်အမြင်ကို ရခြင်းငှါ အတွင်းရော အပြင်ပါ အချည်းနှီးဖြစ်သော ဤကိုယ်ကို (ဉာဏ်မျက်စိဖြင့်) ရှုဆင်ခြင်ပြီ။

֍ ၃၉၆။ ဤငါ၏ ကိုယ်သည် မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ ထိုအသေကောင်သည်လည်းမတင့်မတယ် စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊ ထိုအသေကောင်သည် မတင့်မတယ်စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ဤငါ၏ ကိုယ်သည်လည်း မတင့်မတယ် စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊ ဤခန္ဓာကိုယ် သည် အောက်ပိုင်း၌မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ အထက်ပိုင်း၌လည်း မတင့် မတယ် စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊ အထက်ပိုင်၌ မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ အောက်ပိုင်း၌လည်း မတင့်မတယ်စက်ဆုပ်ဖွယ်ပင်ဖြစ်၏၊

֍ ၃၉၇။ ဤခန္ဓာကိုယ်သည် နေ့အခါ၌ မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ ညဉ့် အခါ၌လည်းမတင့်မတယ် စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊ ညဉ့်အခါ၌ မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ် သကဲ့သို့နေ့အခါ၌လည်း မတင့်မတယ်စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊ ဤခန္ဓာကိုယ်သည် ရှေးငယ် ရွယ်စဉ်အခါ၌မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ နောက်အိုမင်းသော အခါ၌လည်း မတင့်မတယ် စက်ဆုပ်ဖွယ်ပင်ဖြစ်၏၊ အိုမင်းသော အခါ၌ မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ ရှေးငယ်ရွယ်စဉ်အခါ၌လည်းမတင့်မတယ်စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊

֍ ၃၉၈။ တည်ကြည်သော စိတ်ရှိ၍ ခန္ဓာတို့၏ သဘောတရားကို ရှုသော ယောဂါဝစရ ပုဂ္ဂိုလ်အားတရား၌ မွေ့လျော်မှုဖြစ်သကဲ့သို့ အင်္ဂါငါးပါးနှင့် ပြည့်စုံသော တူရိယာဖြင့် ကာမဂုဏ်ငါးပါးခံစားသောသူအား ထိုသို့သဘောရှိသော မွေ့လျော်မှုမျိုး မဖြစ်နိုင်။

ဤသို့လျှင် ကုလ္လမထေရ်သည် ရွတ်ဆို၏၊

........

၅-မာလုကျပုတ္တတ္ထေရဂါထာ

မာလုကျပုတ္တသည် ပရိဗိုဇ်တို့ထံတွင် ရှေးဦးရဟန်းပြု၍ ဘုရားရှင့်တရားကို နာရမှ သာသနာတွင်းရဟန်းပြုလျက် ဝိပဿနာပွါးများရာ မကြာခင် အဘိညာဉ်ရ ရဟန္တာ ဖြစ်ပြီးနောက် ဆွေမျိုးတို့၍လူထွက်ရန်ဥစ္စာဖြင့် ဖြားယောင်းကြသည်တွင် ကောင်းကင်၌ ရပ်တည်၍ ရွတ်ဆိုသော ဂါထာများ

֍ ၃၉၉။ မာလောနွယ်သည် (မှီရာ သစ်ပင်ကို လွှမ်းမိုး၍) ကြီးပွါးသကဲ့သို့ တဏှာသည် မေ့မေ့လျော့လျော့လှည့်လည်နေထိုင်လေ့ရှိသော သတ္တဝါကို လွှမ်မိုး၍ ကြီးပွါး၏၊ 'သစ်သီးကို အလိုရှိသော မျောက်သည်တောထဲ၌ တစ်ပင်မှ တစ်ပင် တစ်ကိုင်းမှ တစ်ကိုင်းသို့ ကူးပြောင်း ပြေးသွားသကဲ့သို့' တဏှာတိုးပွါးနေသော ထိုပုဂ္ဂိုလ်သည် တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်း ကျင်လည်နေရ၏၊

֍ ၄၀၀။လောက၌ ကပ်ငြိတွယ်တာတတ်သောကြောင့် 'ဝိသတ္တိက'အမည်ရသော ဤတဏှာ ယုတ်သည်အကြင်ပုဂ္ဂိုလ်ကို လွှမ်းမိုးနှိပ်စက်၏၊ 'အကြိမ်ကြိမ် မိုးစွတ်ထားသော ပြိတ်မြက် သည် တိုးပွါးသကဲ့သို့'ထို့အတူ (ဝဋ်ဆင်းရဲလျှင် အကြောင်းရှိကုန်သော ) ပူဆွေးမှု 'သောက' တို့သည် ထိုပုဂ္ဂိုလ်အားတိုးပွါးကုန်၏၊

֍ ၄၀၁။ အကြင်ပုဂ္ဂိုလ်သည်ကားလောက၌ လွန်မြောက်နိုင်ခဲသော ဤတဏှာယုတ်ကို လွှမ်းမိုးနှိပ်စက်နိုင်၏၊ 'ပဒုမ္မာကြာဖက်ပေါ်၌ ကျသော ရေပေါက်သည် (ကြာဖက်မှ) လျှောကျသကဲ့ သို့'ဝဋ်ဆင်းရဲလျှင် အကြောင်းရှိကုန်သော ပူဆွေးမှု 'သောက'တို့သည် ထိုပုဂ္ဂိုလ်မှ လျှောကျကုန်၏၊

֍ ၄၀၂။ ထို့ကြောင့် ဤအရပ်၌ အညီအညွတ် စည်းဝေးလာရောက်ကြကုန်သော အရှင် ဘုရားတို့ကို ပြောဆိုလိုပါ၏၊ အရှင်ဘုရားတို့အား ကောင်းခြင်းမင်္ဂလာ ဖြစ်ပါစေသတည်း၊ 'ပန်းရင်းကို အလိုရှိသောသူသည် ပြိတ်မြက်တောကို တူးဖြိုရသကဲ့သို့' (နိဗ္ဗာန်ကို အလိုရှိ သော အရှင်ဘုရားတို့သည်) တဏှာ၏အမြစ်အရင်းဖြစ်သော (အဝိဇ္ဇာစသော ကိလေသာ) တောချုံကို တူးပစ်ကြကုန်လော့၊ 'ရေအလျဉ်သည်ကျူပင်ကို ဖျက်ဆီးသကဲ့သို့' ကိလေသာ မာရ်သည် အရှင်ဘုရားတို့ကို မဖျက်ဆီးပါစေလင့်။

֍ ၄၀၃။ (ထို့ကြောင့်) မြတ်စွာဘုရား အဆုံးအမစကားတော်ကို (ဆုံးမတော်မူတိုင်း) လိုက်နာပြုကျင့်ကြကုန်လော့၊ (ဗုဒ္ဓုပ္ပါဒခဏစသော) ခဏသည် အရှင်ဘုရားတို့ကို ကျော်လွန်၍မသွားပါစေလင့်၊ ထိုစကား မှန်၏၊ (ဗုဒ္ဓုပ္ပါဒခဏစသော) ခဏကို လွန်ကုန်သော ပုဂ္ဂိုလ်တို့ သည် ငရဲ၌ဖြစ်ကြကုန်၍ စိုးရိမ်ကြရကုန်၏၊

֍ ၄၀၄။ သတိမေ့လျော့မှု 'ပမာဒ'သည် မြူအညစ်အကြေး မည်၏၊ မေ့လျော့မှု 'ပမာဒ' ကြောင့်ဖြစ်သောမေ့လျော့မှု 'ပမာဒ'သို့ အစဉ်လိုက်သော ရာဂစသော အကုသိုလ်တရား အပေါင်းသည်လည်းမြူအညစ်အကြေးပင် မည်၏၊ မမေ့မလျော့မှု 'အပ္ပမာဒ'ဖြင့်လည်းကောင်း၊ အရဟတ္တမဂ်ဉာဏ် 'ဝိဇ္ဇာ'ဖြင့်လည်းကောင်း မိမိ၏ (နှလုံး၌ မှီသော ရာဂစသော) ငြောင့်ကို နုတ်ရာ၏၊

ဤသို့လျှင် မာလုကျပုတ္တမထေရ်သည် ရွတ်ဆို၏၊

........

၆-သပ္ပဒါသတ္ထေရဂါထာ

သုဒ္ဓေါဒနမင်းကြီး၏ ပုရောဟိတ်သား သပ္ပဒါသသည် ဆွေတော်မျိုးတော်တို့ အစည်း အဝေး၌သဒ္ဓါတရားဖြစ်ကာ ရဟန်းပြု၍ တရားအားထုတ်သော်လည်း သမာဓိမရနိုင်၍ သင်ဓုန်းဓားဖြင့်လည်ပင်းလှီးရန်ကြံရွယ်ခဲ့ပြီးမှ အရဟတ္တဖိုဟ်သို့ ရောက်သည်တွင် ပြန်ကြား ရွတ်ဆိုသော ဂါထာများ

֍ ၄၀၅။ ငါသည် ရဟန်းပြုသော အခါမှ စ၍ နှစ်ဆယ့်ငါးဝါတို့ပတ်လုံး မြတ်သော အကျင့်ကို ကျင့်ပါလျက်လက်ဖျစ်တစ်တွက်မျှလည်း စိတ်တည်ငြိမ်မှုကို မရခဲ့ပေ။

֍ ၄၀၆-၇။ ငါသည် ရာဂနှိပ်စက်အပ်သည်ဖြစ်၍ စိတ်တည်ငြိမ်မှုကို မရသောကြောင့် ဓားလက်နက်ဖြင့်မူလည်း သတ်၍ သေတော့အံ့၊ ငါ့အား အသက်ရှည်ခြင်းဖြင့် အဘယ်အကျိုးရှိ အံ့နည်း၊ ငါကဲ့သို့သော ရဟန်းသည် သိက္ခာကို စွန့်လျက် (လူထွက်သော) သေခြင်းမျိုး အဘယ့်ကြောင့်ပြုရအံ့နည်းဟု နှလုံးပိုက်၍ လက်နှစ်ဖက်တို့ကို မြှောက်ချီကာ ငိုကြွေးလျက် ကျောင်းမှ ထွက်လာခဲ့ပြီ။

֍ ၄၀၈။ ထိုအခါ ၌ ငါသည် သင်တုန်းဓားငယ်ကို ယူ၍ (အခန်းတစ်ခုသို့) ဝင်ပြီးလျှင် ညောင်စောင်းငယ်၌ထိုင်နေလျက် မိမိ လည်ကြောကို် ဖြတ်ရန် သင်တုန်းဓားငယ်ကို (လည်ပင်း) ဆီသို့ ရှေ့ရှုဆောင်၏၊

֍ ၄၀၉။ ထိုနောက် ငါ့အား (စက်ဆုပ်ရွံရှာဖွယ်ဟု) အသင့်အားဖြင့် နှလုံးသွင်းမှု ဖြစ်လတ်၏၊ အပြစ်ဟုထင်မြင်သော 'အာဒီနဝ'ဉာဏ် ဖြစ်ပေါ်လာ၏၊ ငြီးငွေ့မှု 'နိဗ္ဗဒါ'ဉာဏ်သည် (ငါ၏ နှလုံး၌) ကောင်းစွာတည်၏၊

֍ ၄၁၀။ ငြီးငွေ့မှု 'နိဗ္ဗဒါ'ဉာဏ် ဖြစ်သည်မှ နောက်၌ ငါ၏ စိတ်သည် (ကိလေသာတို့မှ) လွတ်မြောက်ပြီ၊ တရားတော်၏ ကောင်းသော တရားတော်၏ အဖြစ်ကို ရှုပါလော့၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့် အပ်ပြီ။

ဤသို့လျှင် သပ္ပဒါသမထေရ်သည် ရွတ်ဆို၏၊

........

၇-ကာတိယာနတ္ထေရဂါထာ

ကာသိယာနမထေရ်သည် ရဟန်းတရားကို အားထုတ်ရင်း အိပ်ငိုက်သဖြင့် မြေပေါ်သို့ လဲကျသည်ကိုဘုရားရှင်သိ၍ ကြွလာပြီး ကောင်းကင်မှ သတိပေးတော်မူသည်တွင် သံဝေဂဖြစ်ပွါးအရဟတ္တဖိုဟ်ကိုရရှိသောအခါ ဘုရားရှင်ဟောတော်မူသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ

֍ ၄၁၁။ ကာတိယာန (အိပ်ခြင်းမှ) ထလိုက်ပါလော့၊ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလိုက်ပါလော့၊ အအိပ်များသူမဖြစ်မူ၍ နိုးကြားသူ ဖြစ်ပါလော့၊ မာရ်မင်း၏ ကျော့ကွင်းဖြင့် သေမင်းသည် ပျင်းရိသော သင့်ကိုအောင်နိုင်ခြင်း မဖြစ်ပါစေလင့်။

֍ ၄၁၂။ မဟာသမုဒ္ဒရာ လှိုင်းတံပိုးအဟုန်သည် အားနည်းသော ယောကျ်ားကို လွှမ်းမိုး သကဲ့သို့ ထို့အတူ ဇာတိဇရာတည်းဟူသော လှိုင်းတံပိုးအဟုန်သည်လည်း သင့်ကို လွှမ်းမိုး၏၊ ထိုသင်သည် မိမိအတွက်မှီခိုရာ ကျွန်းသဖွယ်ဖြစ်သော အရဟတ္တဖိုလ်ကို ဖြစ်ပါစေလော့၊ အရဟတ္တဖိုလ်မှ တစ်ပါးသောကိုးကွယ်ရာသည် သင့်အား မရှိတော့သည်သာတည်း။

֍ ၄၁၃။ မြတ်စွာဘုရားသည် ကပ်ငြိမှုငါးမျိုးမှလည်းကောင်း၊ ပဋိသန္ဓေနေမှု, အိုမှုဘေး မှလည်းကောင်းလွန်မြောက်ကြောင်းဖြစ်သော ထိုအရိယမဂ်ကို ပြီးစေတော်မူ၏၊ (ထို့ကြောင့် အရဟတ္တဖိုလ်ကို ရခြင်းငှါ) ပုရိမယာမ် ပစ္ဆိမယာမ်ပတ်လုံး မမေ့မလျော့ဘဲ အားထုတ်လော့၊ ပွါးများခြင်းကို မြဲမြံစွာ ပြုလော့။

֍ ၄၁၄။ ကာတိယာန ရှေးလူဖြစ်စဉ်အခါက ဖြစ်ကုန်သော (ကာမဂုဏ်) အနှောင်အဖွဲ့တို့ကို ဖြေလွှတ်လိုက်ပါလော့၊ (သင်သည်) ဒုကုဋ်ကို ဆောင်ကာ သင်တုန်းဖြင့် ခေါင်းတုံးလျက် ဆွမ်းခံမှုဖြင့်အသက်မွေးသူ ဖြစ်ရကား မြူးတူးခြင်း မွေ့လျော်ခြင်းကိုလည်း မဖြစ်စေလင့်၊ အိပ်စက်မှုကိုလည်းအားမထုတ်လင့်၊ အာရုံသို့ ကပ်၍ရှုမှု 'အာရမ္မဏူပနိဇ္ဈာန်'ကို အားထုတ်လော့။

֍ ၄၁၅။ ကာတိယာန လက္ခဏာသို့ ကပ်၍ရှုမှု 'လက္ခဏူပနိဇ္ဈာန်'ကို ဝင်စားလော့၊ (ကိလေသာတို့ကို) အောင်စေလော့၊ ယောဂလေးပါးတို့မှ ဘေးကင်းရာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သော (ဗောဓိပက္ခိယ) တရားတို့၌ လိမ္မာလော့၊ (ယင်းသို့အားထုတ်သည်ရှိသော်) အတု မရှိ၍ အထူးသဖြင့် စင်ကြယ်သောအရိယမဂ်မိုးရေကျသဖြင့် ကိလေသာမီး ငြိမ်းအေးရ လတ္တံ့။

֍ ၄၁၆။ သိကြားမင်းနှင့် အနွယ်တူဖြစ်သော ကာတိယာန လေသည် မီးတောက်မီးလျှံ အားနည်းသောဆီမီးကိုလည်းကောင်း၊ အားနည်းသော နွယ်ပင်ကိုလည်းကောင်း ဖျက်ဆီးပစ် သကဲ့သို့ ထို့အတူ သင်သည်လည်း မာရ်၏ အလိုသို့ မလိုက်မူ၍ မာရ်ကို ဖျက်ဆီးလော့။ (ဤသို့ ဖျက်ဆီးသည်ရှိသော်) သင်သည် ခံစားအပ်သော ဝေဒနာတို့၌ စွဲမက်မှုကင်းသည်ဖြစ်၍ ဤဘဝ၌သာလျှင် ကိလေသာငြိမ်းအေးသည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုရအံ့သော အခါကို ငံ့လင့်လေလော့။

ဤသို့လျှင် ကာတိယာနမထေရ်သည် ရွတ်ဆို၏၊

........

၈-မိဂဇာလတ္ထေရဂါထာ

ဝိသာခါကျောင်းအမကြီး၏သား မိဂဇာလသည် ကျောင်းသို့အစဉ်မပျက်သွား၍ တရား နာရသဖြင့် ရဟန်းပြုကာ ဝိပဿနာပွါးသည်တွင် အရဟတ္တဖိုဟ်သို့ရောက်၍ ရွတ်ဆိုသော ဂါထာများ

֍ ၄၁၇။ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား ကောင်းစွာဟောတော်မူအပ်သော တရားတော်သည် သံယောဇဉ်အားလုံးတို့ကို လွန်စေနိုင်၏၊ ဝဋ်အားလုံးတို့ကို ဖျက်ဆီးတတ်၏၊

֍ ၄၁၈။ သံသရာနှောင်အိမ်မှ ထွက်မြောက်စေတတ်၏၊ (သံသရာရေအလျဉ်မှ) ထုတ်ဆောင် တတ်၏၊ တဏှာတို့၏ အကြောင်း'မူလ'ကို သွေ့ခြောက်စေတတ်၏၊ ဆင်းရဲကြောင်း ဖြစ်၍ လူသတ်ရာအိမ်နှင့်တူသော ကံ ကိလေသာကို ဖြတ်၍ နိဗ္ဗာန်သို့ ရောက်စေတတ်၏၊

֍ ၄၁၉။ မသိမှု 'အဝိဇ္ဇာ'၏ အကြောင်းဖြစ်သော အာသဝတို့ကို ဖျက်ဆီးခြင်းငှါ ဖြစ်၏၊ ကံသည်ဆက်စပ်အပ်သော အတ္တဘောတည်းဟူသော ယန္တရားကို ဖျက်ဆီးတတ်၏၊ ဝိညာဉ် တို့ကို သိမ်းဆည်းရာ၌ ဉာဏ်တည်းဟူသော ဝရဇိန်ကို ကျစေတတ်၏၊

֍ ၄၂၀။ ဝေဒနာသုံးပါးတို့ကို ဟုတ်တိုင်းမှန်စွာ သိစေတတ်၏၊ ဥပါဒါန်တို့မှ လွတ်စေတတ်၏၊ ဘဝကြီးကိုးပါးကို 'ရဲရဲတောက်သော မီးကျီစုကဲ့သို့' (မဂ်) ဉာဏ်ဖြင့် ကပ်၍ ရှုတတ်၏၊

֍ ၄၂၁။ မြတ်သော အရသာနှင့် တူ၏၊ အလွန်နက်နဲ၏၊ အိုခြင်း, သေခြင်းကိုလည်း တား မြစ်တတ်၏၊ မြတ်သော အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်လည်း ဖြစ်၏၊ အလုံးစုံသော ဝဋ်ဆင်းရဲ ကို ငြိမ်းစေတတ်၏၊ ဘေးကင်း၏၊

֍ ၄၂၂။ အကြောင်းကို စွဲ၍ဖြစ်သော တရားတို့၌ အကြောင်းကံကို အကြောင်းကံဟူ၍လည်းကောင်း၊ အကျိုးဝိပါက်ကို အကျိုးဝိပါက်ဟူ၍လည်းကောင်း သိ၍ဟုတ်မှန်တိုင်းသောလောကုတ္တရာ (ဉာဏ်) အလင်းရောင်ကို ပြတတ်၏၊

ဘေးကင်းရာ မြတ်သော နိဗ္ဗာန်ကို ရောက်စေတတ်၏၊ ကိလေသာပူလောင်မှုတို့မှ ငြိမ်းအေး၏၊ အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ရောက်စေသဖြင့် အဆုံး၏ ကောင်းခြင်း ရှိ၏၊

ဤသို့လျှင် မိဂဇာလမထေရ်သည် ရွတ်ဆို၏၊။

........

၉-ပုရောဟိတပုတ္တဇေန္တတ္ထေရဂါထာ

မာနကြီးသော ပုရောဟိတ်သားဇေန္တသည် ''ဘုရားရှင်က စကားပြောမှ ငါပြောမည်''ဟုစိတ်ဖြစ်နေသည်ကို ဘုရားရှင်သိရှိ၍ မာနမကောင်းကြောင်း မိန့်တော်မူသည်တွင် သတိတရားရမာနကျကာ တရားတော်ကို နာယူပြီး ရဟန်းပြု၍ ရဟန္တာဖြစ်သောအခါ မိမိ၏ပဋိပတ်ကိုပြောကြာသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

֍ ၄၂၃။ ဇာတိမာန်ဖြင့် မာန်ယစ်၍ နေသော ငါသည် စည်းစိမ်ချမ်းသာကို စွဲ၍ ဖြစ်သော ဘောဂမာန်အစိုးရခြင်းကို စွဲ၍ ဖြစ်သော ဣဿရိယမာန်ဖြင့်လည်းကောင်း၊ လုံးရပ်သဏ္ဌာန် ကြန်အင်အဆင်းကို စွဲ၍ဖြစ်သော ရူပမာန်ဖြင့်လည်းကောင်း မာန်ယစ်သည်ဖြစ်၍ လှည့် လည်သွားလာခဲ့၏၊

֍ ၄၂၄။ လွန်ကဲသောမာန ဖျက်ဆီးခံရသည်ဖြစ်၍ မိုက်မဲခက်ထန်သော မာနတံခွန်စိုက်ထူကာ မိမိနှင့် တူသူတစ်စုံတစ်ယောက်ကိုလည်းကောင်း၊ မိမိထက် သာလွန်သူ တစ်စုံတစ်ယောက်ကိုလည်းကောင်း ရှိ၏ဟုငါ မထင်မှတ်ခဲ့။

֍ ၄၂၅။ ငါသည် မာနခက်ထန်သည်ဖြစ်၍ ရိုသေမှု ကင်းမဲ့လျက် အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း၊ အလေးအမြတ် ပြုသင့်သူဟု သမုတ်အပ်ကုန်သော အခြားသူတို့ကိုလည်းကောင်းတစ်စုံတစ်ယောက်ကိုမျှ မရှိခိုးခဲ့ချေ။

֍ ၄၂၆-၇။ (ဤသို့ မာန်ခက်ထန်သည်ဖြစ်၍ လှည့်လည်သွားလာနေစဉ်) ရဟန်းအပေါင်း ခြံရံလျက်'နေမင်းကဲ့သို့' ထွန်းလင်းတောက်ပတော်မူသော, ဆုံးမတတ်သော ဆရာတို့ထက် သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားကို မြင်ရသောကြောင့် မာနကိုလည်းကောင်း၊ မာန်ယစ်ခြင်းကိုလည်းကောင်း စွန့်ပယ်၍ အလွန်ကြည်လင်သော စိတ်ဖြင့် သတ္တဝါခပ်သိမ်းတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို ဦးညွတ်ရှိခိုးခဲ့ပြီ။

֍ ၄၂၈။ ငါသည် လွန်ကဲသော မာန်ကိုလည်းကောင်း၊ ယုတ်သော မာန်ကိုလည်းကောင်း ပယ်အပ်ကုန်ပြီ။ ကောင်းစွာ ဖျက်ဆီးပယ်နုတ်အပ်ကုန်ပြီ၊ ငါဟူသော မာန်ကို အကြွင်းမဲ့ ဖြတ် အပ်ပြီ၊ အလုံးစုံသောမာန်အဖို့အစုတို့ကို သတ်ဖြတ်အပ်ကုန်ပြီ။

ဤသို့လျှင် ပုရောဟိတ်ပုဏ္ဏားသားဖြစ်သော ဇေန္တမထေရ်သည် ရွတ်ဆို၏၊

........

၁၀-သုမနတ္ထေရဂါထာ

အနောတတ်အိုင်နေ မိစ္ဆာဒိဋ္ဌိ နဂါးကို ဆုံးမနို်င်သော ခုနစ်နှစ်ရွယ် သုမနသာမဏေသည် ၄င်းအားဘုရားရှင်ချီးကျူး မိန့်ကြားတော်မူသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ

֍ ၄၂၉။ အကြင်အခါ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်မျှသာ ရှိသေး၍ သာမဏေ ပြုသစ်စသာ ဖြစ်လျက်တန်ခိုးကြီးသော နဂါးမင်းကို တန်ခိုးဖြင့် နှိမ်နင်းပြီးလျှင်-

֍ ၄၃၀။ အနောတတ္တအိုင်ကြီးမှ ရေကို ဥပဇ္ဈာယ်ဆရာ (အနုရုဒ္ဓါ)၏ အလို့ငှါ ဆောင်ယူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ငါ့ကို မြင်တော်မူ၍ ဤစကားကို မိန့်တော်မူ၏၊

֍ ၄၃၁။ သာရိပုတ္တရာ ရေအိုးကို ယူ၍ လာနေသော (အရဟတ္တဖိုလ်) သမာဓိဖြင့် ကောင်းစွာတည်ကြည်သော

ဤသာမဏေငယ်ကို ကြည့်ရှုစမ်းပါလော့။

֍ ၄၃၂။ အနုရုဒ္ဓါ၏ တပည့်ဖြစ်သော သာမဏေသည် ကြည်ညိုဖွယ်ကို ဆောင်သော ကျင့် ဝတ်နှင့် ပြည့်စုံ၍ ကောင်းမြတ်သော ဣရိယာပုထ် ရှိ၏၊ တန်ခိုးအရာ၌လည်း လိမ္မာရဲရင့်လှ ပေ၏၊

֍ ၄၃၃။ အကြင်သာမဏေကို ယောကျ်ားအာဇာနည်ဖြစ်သော အနုရုဒ္ဓါသည် အာဇာနည်ဖြစ် ရန်ပြုလုပ်ထားအပ်၏၊ သူတော်ကောင်းဖြစ်သော အနုရုဒ္ဓါသည် သူတော်ကောင်းဖြစ်ရန် ပြုလုပ်ထားအပ်၏၊ ရဟန်းကိစ္စ ပြီးဆုံးပြီး ဖြစ်သော အနုရုဒ္ဓါသည် ဆုံးမသင်ကြားထား အပ်၏၊

֍ ၄၃၄။ ထိုသာမဏေသည် မြတ်သော ငြိမ်းအေးသော နိဗ္ဗာန်သို့ ရောက်၍ ကိလေသာတို့မဖျက်ဆီးနိုင်သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုပြီး ဖြစ်သော်လည်း ငါ့ကို ထိုသာမဏေ သည်သုမနသာမဏေတည်းဟု တစ်စုံတစ်ယောက်က မသိပါစေနှင့်ဟု လိုလားတောင့်တ၏၊

ဤသို့လျှင် သုမနမထေရ်သည် ရွတ်ဆို၏၊

........

၁၁-နှာတကမုနိတ္ထေရဂါထာ

ပုဏ္ဏားမျိုးနှာတကသည် ရှေးဦးစွာ ရသေ့ပြုကာ တောအရပ်၌ ကြိတ်ဆန်ကို စား မီးကို လုပ်ကျွေးနေစဉ်သူ၏ ဥပနိဿယကို ဘုရားရှင်မြင်တော်မူသဖြင့် ကြွလာ၍ တရား ဟောတော်မူသည်တွင် ရဟန်းပြု၍ရဟန္တာဖြစ်၏၊ နောက်အခါ လေရောဂါနှိပ်စက်ခြင်းကို ခံနေရဆဲ ဘုရားရှင်ကြွလာကာမေးမြန်းတော်မူသဖြင့် ဖြေကြားလျောက်ထားသော ဂါထာများ

֍ ၄၃၅။ ရဟန်း သင်သည် လေနာ နှိပ်စက်ခံနေရလျက် (လူတို့) ကျက်စားသွားလာရာ မဟုတ်သော (ပစ္စည်းလေးပါး) ရခဲသော တောကြီးမျက်မည်း၌ နေသည်ရှိသော် အဘယ်သို့ ပြုလုပ်နေထိုင်လတ္တံ့နည်း။

֍ ၄၃၆။ မြတ်စွာဘုရား အကျွန်ုပ်သည် ပြန့်ပြောများမြတ်သော နှစ်သိမ့်မှု 'ပီတိ' ချမ်းသာမှု 'သုခ'ဖြင့်ခန္ဓာကိုယ်ကို ပျံ့နှံ့စေလျက် (ပစ္စည်းလေးပါး) ခေါင်းပါးရခဲခြင်းကိုလည်း သည်းခံ ကာတောကြီးမျက်မည်း၌ နေပါအံ့။

֍ ၄၃၇။ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း၊ ဣန္ဒြေငါးပါးတို့ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း ပွါးစေလျက် သိမ်မွေ့သော (အရူပ) စျာန်နှင့် ပြည့်စုံလျက် အာသဝကင်း သည်ဖြစ်၍ နေပါအံ့။

֍ ၄၃၈။ ကိလေသာအားလုံးတို့မှ လွတ်မြောက်သော, စင်ကြယ်သော စိတ်ရှိသော, မနောက်ကျုသောအရဟတ္တဖိုလ်ကို မပြတ်ဆင်ခြင်လျက် အာသဝကင်းသည်ဖြစ်၍ နေပါအံ့။

֍ ၄၃၉။ ရှေးအခါက ငါ၏ အတွင်း 'အဇ္ဈတ္တ'သန္တာန်၌လည်းကောင်း၊ အပ 'ဗဟိဒ္ဓ'သန္တာန်၌လည်းကောင်းအကြင် အာသဝတရားတို့ ရှိကုန်၏၊ ထိုအာသဝ အားလုံးတို့သည် (ယခု အခါ) အကြွင်းမဲ့ဖြတ်အပ်ပြီးဖြစ်၍ နောက်တစ်ဖန် မဖြစ်ကြကုန်လတ္တံ့။

֍ ၄၄၀။ ငါသည် ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့ကို ပိုင်းခြား၍ သိအပ်ကုန်ပြီ၊ ထိုဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဝဋ်မြစ် ပြတ်ကုန်သည်ဖြစ်၍ တည်ကုန်၏၊ ငါသည် ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ရောက်ပြီ၊ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

ဤသို့လျှင် နှာတကမုနိမထေရ်သည် ရွတ်ဆို၏၊

........

၁၂-ဗြဟ္မဒတ္တတ္ထေရဂါထာ

ကောသလမင်း၏သားတော် ဗြဟ္မဒတ္တသည် ဇေတဝန်ကျောင်းပူဇော်ပွဲတွင် ဘုရားရှင့်တန်ခိုးတော်ကိုမြင်၍ ကြည်ညိုကာ ရဟန်းပြုပြီးနောက် ဝိပဿနာပွါးသဖြင့် ပဋိသမ္ဘိဒါတို့နှင့်တကွအဘိညာဉ်ရ၏၊ သူတပါးကမည်သို့ပင် ဆဲရေးသော်လည်း သည်းခံလျက် လူများအား ဆုံးမ၍နောက်ဂါထာနှစ်ပုဒ်ဖြင့် မိမိကိုယ်ကို ဆုံးမကာ ရဟန္တာဖြစ်သည်တွင် ပြန်လည် ရွတ်ဆိုသော ဂါထာများ။

֍ ၄၄၁။ အမျက်ကင်း၍ ယဉ်ကျေးပြီးသော၊ ညီမျှသည့် အသက်မွေးမှုရှိသော၊ ကောင်းစွာ သိ၍ကိလေသာမှ လွတ်မြောက်ပြီးသော၊ (ပူပန်မှု) ငြိမ်းအေးပြီးသော၊ တာဒိဂုဏ်နှင့် ပြည့်စုံ သောရဟန္တာပုဂ္ဂိုလ်အား အဘယ့်ကြောင့် အမျက်ထွက်မှု ဖြစ်နိုင်ပါတော့အံ့နည်း။

֍ ၄၄၂။ အကြင်ပုဂ္ဂိုလ်သည် (မိမိအပေါ်၌) အမျက်ထွက်သူကို တုန့်ပြန်၍ အမျက်ထွက်၏၊ ထိုတုန့်ပြန်၍အမျက်ထွက်သော ပုဂ္ဂိုလ်အားသာလျှင် ထိုအမျက်ထွက်မှုကြောင့် သာလွန်၍ ယုတ်မာသော ပုဂ္ဂိုလ်မည်၏၊

အကြင်ပုဂ္ဂိုလ်သည် အမျက်ထွက်သူကို တုန့်ပြန်၍ အမျက် မထွက်၊ ထိုတုန့်ပြန်၍ အမျက်မထွက်သောပုဂ္ဂိုလ်သည် အောင်နိုင်ခဲသော (ကိလေသာတည်းဟူသော) စစ်သည်ဗိုလ်ပါကို အောင်မြင်နိုင်သူ မည်၏၊

֍ ၄၄၃။ အကြင်ပုဂ္ဂိုလ်သည် အမျက်ထွက်သော တစ်ပါးသော သူကို သိလတ်၍ ထိုအမျက် ထွက်သူကိုသတိရှိသည်ဖြစ်၍ သည်းခံ၏၊ ထိုပုဂ္ဂိုလ်သည် မိမိသူတစ်ပါး နှစ်ပါးစုံသော ပုဂ္ဂိုလ်၏ အကျိုးစီးပွါးကိုကျင့်သည် မည်၏၊

֍ ၄၄၄။ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အမျက်ဒေါသကို ကုစားနိုင်သော ပုဂ္ဂိုလ်ကိုအရိယာသူတော်ကောင်းတို့၏ အကျင့်တရား၌ မလိမ္မာသူတို့က သူမိုက်ဟု ထင်မှတ်ကြကုန်၏၊

֍ ၄၄၅။ သင့်အား အကယ်၍ အမျက်'ဒေါသ' ဖြစ်ပေါ်လာမူ လွှဥပမာ (ရှိသောတရား) ကို ဆင်ခြင်လော့၊ (အချိုအချဉ်စသော) အရသာ၌ တပ်မက်မှု 'တဏှာ' ဖြစ်ပေါ်လာမူ မိမိရင်သွေး၏ အသားစားခြင်းဥပမာ (ရှိသောတရား) ကို အောက်မေ့လေလော့။

֍ ၄၄၆။ သင်၏ စိတ်သည် ကာမဂုဏ်တို့၌လည်းကောင်း၊ ဘဝတို့၌လည်းကောင်း ပြေး သွားနေခဲ့မူကောက်ခင်းကို ဝင်ရောက်မွှေနှောက်စားသော နွားဆိုးကို (ကြိုးဖြင့် တိုင်၌ ဖွဲ့ချည်၍) နှိပ်နင်းရာသကဲ့သို့ထို့အတူ သင်၏ စိတ်ကို သတိ (ဟူသော ကြိုး) ဖြင့် (သမာဓိဟူသော တိုင်၌ ဖွဲ့ချည်၍) လျင်မြန်စွာနှိပ်နင်းဆုံးမလော့။

ဤသို့လျှင် ဗြဟ္မဒတ္တမထေရ်သည် ရွတ်ဆို၏၊

........

၁၃-သိရိမဏ္ဍတ္ထေရဂါထာ

သိရိမဏ္ဍမထေရ်သည် ဥပုသ်နေ့၌ ဥပုသ်ပြုပါတိမောက်ပြစဉ် တရားအတိုင်း ပြုလုပ်ခြင်း၏ချမ်းသာနိုင်ပုံကို ဆင်ခြင်လျက် သာသနာတော်၏စင်ကြယ်ခြင်၌ ကြည်ညို စိတ်ထား ဝိပဿနာပွါးသည်တွင် အရဟတ္တဖိုဟ်သို့ရောက်လေလျှင် မိမိ၏ပဋိပတ်ကို ဆင်ခြင်လျက် ကြည်လင်သောစိတ်ထားဖြင့်ရဟန်းတို့အား ဆုံးမသော ဂါထာများ

֍ ၄၄၇။ မိမိအပြစ်ကို ဖုံးဖိထားသူကို အလွန် (ကိလေသာမိုး) စိုစွတ်၏၊ မိမိအပြစ် ဖွင့်လှစ် ထားသူကိုကိလေသာမိုး မစိုစွတ်၊ ထို့ကြောင့် ဖုံးကွယ်ထားသော မိမိအပြစ်ကို ဖွင့်လှစ်ရာ၏၊ ဤသို့ အပြစ်ကိုဖွင့်လှစ်သည်ရှိသော် ထိုဖွင့်လှစ်ထားသူကို ကိလေသာမိုး မစိုစွတ်နိုင်။

֍ ၄၄၈။လောကကြီးကို သေမင်းသည် အလွန်နှိပ်စက်အပ်၏၊ အိုခြင်း 'ဇရာ'တရားသည်ခြံရံလွှမ်းမိုးအပ်၏၊ တဏာှ ငြောငသ့် ည် (နလှးုံ တငွ်း ၌) စူး ဝငေ် န၏၊ (အာရုံကို တောင့်တမှုလက္ခဏာရှိသော) အလိုသည် အခါခပ်သမိ်း ပူလောင်စေအပ်၏၊

֍ ၄၄၉။လောကကြီးကို သေမင်းသည် အလွန်နှိပ်စက်အပ်၏၊ အိုခြင်း 'ဇရာ'တရားသည်ခြံရံလွှမ်းမိုးအပ်၏၊ ပြစ်မှုကျူးလွန်၍ အပြစ်ဒဏ်ရောက်သူသည် ကိုးကွယ်ရာမဲ့ ဖြစ်၍ ညှဉ်းဆဲနှိပ်စက်ခံရသကဲ့သို့လောကကြီးသည် ကိုးကွယ်ရာမဲ့ ဖြစ်၍ အမြဲမပြတ် (ဇရာမရဏတို့) ညှဉ်းဆဲနှိပ်စက် ခံနေရ၏၊

֍ ၄၅၀။ အိုခြင်း, နာခြင်း, သေခြင်း တရားသုံးပါးတို့သည် မီးပုံကြီးတို့ကဲ့သို့ (ဤ သတ္တလောကကို နှိပ်စက်ကုန်လျက်) ရှေးရှုရောက်လာကုန်၏၊ (ထိုအိုခြင်း, နာခြင်း, သေခြင်း တို့ကို) ပြန်လည်တွန်းလှန်ဖို့ရန် အားစွမ်းလည်း မရှိ၊ ထွက်ပြေးရန် လျင်မြန်မှု အဟုန်လည်း မရှိ။

֍ ၄၅၁။ အချိန်ကာလ အနည်းငယ်ဖြစ်စေ၊ များစွာဖြစ်စေ ဝိပဿနာ မနသိကာရဖြင့် နေ့ရက်ကိုအချည်းနှီးမဖြစ်အောင် ပြုလုပ်ရာ၏၊ အကြင်သူသည် အကြင်အကြင်ညဉ့်ကို (အချည်းနှီး) ကုန်စေ၏၊ ထိုသူ၏ အသက်ရှည်ခြင်းသည် ထိုထိုကုန်သော ညဉ့်မှ လျော့နည်း သွား၏၊

֍ ၄၅၂။ သေရမည့် နေ့ညဉ့်အချိန်သည် သွားသော သူအားလည်းကောင်း၊ ရပ်သော သူအားလည်းကောင်း၊ ထိုင်နေသော သူအားလည်းကောင်း၊ အိပ်သော သူအားလည်းကောင်း ကပ် ရောက်၏၊ (ထို့ကြောင့်) သေရမည့်အချိန် မသိသော သင့်အား မေ့လျော့နေရန် အချိန်အခါ မဟုတ်။

ဤသို့လျှင် သိရိမဏ္ဍမထေရ်သည် ရွတ်ဆို၏၊

........

၁၄-သဗ္ဗကာမိတ္ထေရဂါထာ

ဝေသာလီမင်းမျိုး သဗ္ဗကာမိသည် အိမ်ယာကိုစွန့်ခွာ၍ သျှင်အာနန္ဒာထံတွင် ရဟန်းပြု၏၊ သျှင်အာနန္ဒာနှင့်အတူ ဝေသာလီပြည် ဆွေမျိုးအိမ်သို့ရောက်သောအခါ မယားဟောင်းက ဖြားယောင်း၍ကိလေသာဖြစ်ပေါ်လာသော်လည်း တရားဖြင့် ဆုံးမ သုသာန်သို့ သွားကာ ဝိပဿနာပွါးသည်တွင် ရဟန္တာဖြစ်လေ၏၊ ယောက္ခမဖြစ်သူက သမီးကလေးကိုပြ၍ လူထွက်ရန်အကြောင်းပြသော်လည်းကာမဂုဏ်၌ တပ်မက်မှုမရှိကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၄၅၃။ အခြေနှစ်ချောင်းရှိသော ဤကိုယ်သည် မစင်ကြယ်၍ မကောင်းသော အနံ့ရှိ သည့်အပြင်ပိုးအမျိုးမျိုးတို့ဖြင့် ပြည့်ကာ ထိုထိုဒွါရ ကိုးပေါက်တို့မှ ယိုစီးနေသည် ဖြစ်ပါ လျက်ပန်းနံ့သာစသည်တို့ဖြင့် ပြုပြင်၍ ဆောင်ထား၏၊

֍ ၄၅၄။ (မုဆိုးသည်) ပုန်းအောင်းလျက် သမင်ကို ကျော့ကွင်းဖြင့် ဖမ်းယူသတ်ဖြတ်သကဲ့ သို့လည်းကောင်း၊ (တံငါသည် သည်) ငါးကို သံမျှားချိတ်ဖြင့် ဖမ်းယူနှိပ်စက်သကဲ့သို့လည်းကောင်း၊ (မုဆိုးသည်) မျောက်ကိုမျောက်နှဲစေးဖြင့် ဖမ်းယူ နှိပ်စက်သကဲ့သို့လည်းကောင်း (ထို့အတူ မိန်းမတို့သည် ရူပါရုံစသည်တို့ဖြင့်) အန္ဓပုထုဇဉ်ကို ဖမ်းယူနှိပ်စက်ကုန်၏၊

֍ ၄၅၅။ နှလုံးမွေ့လျော်ဖွယ် ဖြစ်ကုန်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတည်းဟူသောထိုကာမဂုဏ်ငါးပါးတို့သည် မိန်းမ၏ ကိုယ်သဏ္ဌာန်၌ တွေ့မြင်သိရှိကြရကုန်၏၊

֍ ၄၅၆။ အကြင် ပုထုဇဉ်တို့သည် ထိုမိန်းမတို့ကို ပြင်းစွာ တပ်သော ရာဂစိတ်ရှိကုန်သည်ဖြစ်၍ ပေါင်းသင်းဆက်ဆံကြကုန်၏၊ ထိုပုထုဇဉ်တို့သည် ကြောက်မက်ဖွယ်ဖြစ်သော သင်္ချိုင်း မြေကိုတိုးပွါးစေကုန်၏၊ ဘဝသစ်၌ ဆည်းပူးကုန်၏၊

֍ ၄၅၇။လောက၌ အကြင်ပုဂ္ဂိုလ်သည် မြွေဦးခေါင်းကို မိမိခြေထောက်ဖြင့် (မထိခိုက်ရန်) ရှောင်လွှဲသကဲ့သို့ထိုမိန်းမတို့ကို ရှောင်ကြဉ်၏၊ ထိုပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ တဏှာကို လွန်မြောက် နိုင်၏၊

֍ ၄၅၈။ ငါသည် ဝတ္ထုကာမ, ကိလေသာကာမတို့၌ အပြစ်ကို မြင်၍ (ကာမဂုဏ်တို့မှ) လွတ်မြောက်ရာနိဗ္ဗာန်ကို ဘေးမရှိသောအားဖြင့် ရှုမြင်လျက် အလုံးစုံသော ကာမ, တေဘူမကတရားတို့မှ ကျွတ်လွတ်ပြီးဖြစ်၍ အာသဝကုန်ရာ အရဟတ္တဖိုလ်ကို ရအပ်ပြီ။

ဤသို့လျှင် သဗ္ဗကာမိမထေရ်သည် ရွတ်ဆို၏၊

ဆက္ကနိပါတ် ပြီး၏၊

........

၇-သတ္တကနိပါတ်

၁-သုန္ဒရသမုဒ္ဒတ္ထေရဂါထာ

သူဌေးသားသုန္ဒရသမုဒ္ဒသည် ရဟန်းပြုပြီးနောက် ဝိပဿနာပွါးလျက်နေစဉ် အမိဖြစ်သူ ကလူထွက်စေလိုသဖြင့် ပြည့်တန်ဆာမတစ်ဦးကိုလွှတ်၍ ဖြားယောင်းစေ၏၊ သို့ရာတွင် ကိလေသာကိုအလိုမလိုက် ဂရုစိုက်ကာ ဘာဝနာကို ကြိုးစားသည်တွင် အဘိညာဉ်ရ ရဟန္တာဖြစ်၍ ပြည့်တန်ဆာမနှင့်အပြန်အလှန် ပြောကြားဟန် ရွတ်ဆိုသော ဂါထာများ

֍ ၄၅၉။ တန်ဆာဆင်လျက် တင့်တယ်သော အဝတ်ကို ဝတ်သော ပြည့်တန်ဆာမသည် ပန်းတို့ကို ပန်ဆင်ကာ အလှပြင်လျက် ခြေတို့ကို ချိပ်ရည်ဆိုးပြီးလျှင် ခြေနင်းကို စီး၍ ရပ်နေ၏၊

֍ ၄၆၀။ ထိုပြည့်တန်ဆာမသည် ခြေနင်းတို့ကို ချွတ်၍ ရှေ့မှ လက်အုပ်ချီလျက် ပြေပြစ် နူးညံ့သောစကားဖြင့် ငါ့ကို ပြုံးရယ်လျက် ပြောဆိုလေ၏၊

֍ ၄၆၁။ အရှင်သည် ပျိုမျစ်နုနယ် ငယ်ရွယ်သေးသည် ဖြစ်ပါလျက် ရဟန်းပြုဘိ၏၊ အကျွန်ုပ် စကား၌တည်စေချင်၏၊ လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားသုံးဆောင်ပါဦးလော့၊ အကျွန်ုပ်သည် အရှင့်အားစည်းစိမ်ဥစ္စာကို ပေးပါအံ့၊ အမှန်ကိုသာလျှင် ဝန်ခံပါ၏၊ (အကယ်၍ မယုံကြည်ပါမူ) သင့်ထံသို့ မီးကိုဆောင်၍ အကျွန်ုပ် (ကျိန်စာ) ဆိုပါအံ့။

֍ ၄၆၂။ အကျွန်ုပ်တို့နှစ်ဦး အိုမင်း၍ တောင်ဝှေး စွဲကိုင်ရသော အခါ၌ နှစ်ဦးစလုံး ရဟန်း ပြုကြပါကုန်အံ့၊ (ဤသို့ ဖြစ်သော်) ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌ အောင်ဆု ယူခြင်းပါတည်း။

֍ ၄၆၃။ တန်ဆာဆင်လျက် (အဝတ်တို့ကို) ကောင်းစွာ ဝတ်ဆင်ကာ လက်အုပ်ချီ၍ တောင်းပန်လာသောထိုပြည့်တန်ဆာမကို တွေ့မြင်လတ်သော် သေမင်း ထောင်ထားသော ကျော့ကွင်းကဲ့သို့ ထင်မိ၏၊

֍ ၄၆၄။ ထို့ကြောင့် ငါ့အား (စက်ဆုပ်ရွံရှာဖွယ်ဟု) အသင့်အားဖြင့် နှလုံးသွင်းမှု ဖြစ်လတ်၏၊ အပြစ်ဟုထင်မြင်သော'အာဒီနဝ'ဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ်သည် (ငါ၏ နှလုံး၌) ကောင်းစွာတည်၏၊

֍ ၄၆၅။ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ် ဖြစ်သည်မှ နောက်၌ ငါ၏ စိတ်သည် (ကိလေသာတို့မှ) လွတ်မြောက်ပြီ၊ တရားတော်၏ ကောင်းသော တရားတော်အဖြစ်ကို ရှုပါလော့၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့် အပ်ပြီ။

ဤသို့လျှင် သုန္ဒရသမုဒ္ဒမထေရ်သည် ရွတ်ဆို၏၊

........

၂-လကုဏ္ဍကဘဒ္ဒိယတ္ထေရဂါထာ

လကုဏ္ဍကဘဒ္ဒိယ (အရပ်ပုကွသောဘဒ္ဒိယ) မထေရ်သည် ဗဟုဿုတ ဓမ္မကထိက ဖြစ်လျက်သာယာသော အသံဖြင့် တရားဟောနိုင်၏၊ တစ်နေ့သ၌ လမ်းသွားရင်း ပြည့်တန်ဆာမ တစ်ယောက်ကပြုံးရယ်သည်တွင် သွားရိုးကိုကြည့်ကာ ဝိပဿနာပွါး၍ အနာဂါမ်တည်၏၊ နောက် ကာယဂတာသတိကိုပွါးများ သျှင်သာရိပုတြာ၏ သြဝါဒတရား အတိုင်း အားထုတ်ရာ အရဟတ္တဖိုလ်သို့ ရောက်သဖြင့် မိမိ၏ပဋိပတ်ကို ဖေါ်ပြရွတ် ဆိုသော ဂါထာများ

֍ ၄၆၆။ သီလစသည်တို့ဖြင့် ကောင်းမြတ်သော ဘဒ္ဒိယမထေရ်သည် အမ္ဗာဋက အမည်ရှိ သော မြတ်သောတောအုပ်၌ တဏာှ ကို အမြစပ်ါ နတု်၍ ထေို တာအပု ၌် ပင် (အရဟတ္တဖိုလ် စျာန်ဖြင့်) စျာန်ဝင်စားနေ၏၊

֍ ၄၆၇။ (ကာမဂုဏ်ခံစားသူ) အချို့လူတို့သည် မုရိုးစည်တို့ဖြင့်လည်းကောင်း၊ စောင်းတို့ဖြင့်လည်းကောင်း၊ ထက်စည်တို့ဖြင့်လည်းကောင်း မွေ့လျော်ကုန်၏၊ ငါတမူကား မြတ်စွာဘုရားသာသနာတော်ဝယ် သစ်ပင်ရင်း၌ (တစ်ယောက်တည်း) မွေ့လျော်၏၊

֍ ၄၆၈။ မြတ်စွာဘုရားသည် ငါ့အား အကယ်၍ ဆုကို ပေးခဲ့မူ ထိုဆိုလတ္တံ့သော ဆုကို ရယူလို၏၊ လူခပ်သိမ်း၏ အမြဲမပြတ် ကာယဂတာသတိ ပွါးများနေခြင်းဟူသော ဆုကို ငါ ယူလို၏၊

֍ ၄၆၉။ အကြင်သူတို့သည် ငါ့ကို အဆင်းအားဖြင့် (ကဲ့ရဲ့ဖွယ်ဟု) အထင်အမြင် သေးကြကုန်၏၊ အကြင်သူတို့သည်ကား အသံကို ကြားရသော အားဖြင့် ချီးမွမ်းထောမနာ ချဉ်းကပ် လာကုန်၏၊ ထိုသူနှစ်မျိုးလုံးတို့ပင် ပြင်းစွာတပ်သော ဆန္ဒရာဂအလိုသို့ လိုက်ကုန်သည်ဖြစ်၍ ငါ့ကိုဟုတ်တိုင်းမှန်စွာမသိနိုင်ကြလေကုန်။

֍ ၄၇၀။ (အကြင်သူသည်) မိမိသန္တာန်၌ဖြစ်သော (ခန္ဓာအာယတန) တရားကိုလည်း မသိ၊ သူတစ်ပါးသန္တာန်၌ဖြစ်သော (ခန္ဓာအာယတန) တရားကိုလည်း မမြင်၊ ထိုသူမိုက်သည် ထက်ဝန်းကျင်မှ (ဉာဏ်အမြင်) ပိတ်ပင်သူဖြစ်၍ စင်စစ်သဖြင့် သူတစ်ပါးတို့ စကားသံဖြင့် မျောပါနေရ၏၊

֍ ၄၇၁။ (အကြင်သူသည်) မိမိသန္တာန်၌ ဖြစ်သော (ခန္ဓာအာယတန) တရားကိုလည်း မသိ၊ သူတစ်ပါးသန္တာန်၌ဖြစ်သော (ခန္ဓာအာယတန) တရားကိုကား (သူတစ်ပါး စကားသံဖြင့်လည်းကောင်း၊ အသွင်အပြင်ကို မှတ်သောအားဖြင့်လည်းကောင်း) သိမြင်၏၊ ထိုသူသည် သူတစ်ပါး သန္တာန်၌ ဖြစ်သောတရားကို နည်းယူသဖြင့် အကျိုးမျှကို ယူသည်ဖြစ်၍ သူတစ်ပါးတို့ ဆိုသော စကားသံဖြင့် မျောပါနေရ၏၊

֍ ၄၇၂။ (အကြင်သူသည်ကား ရဟန္တာပုဂ္ဂိုလ်၏) အတွင်းသန္တာန်၌ ဖြစ်သော တရားကိုလည်းအပြားအားဖြင့် သိ၏၊ အပသန္တာန်၌ ဖြစ်သော (ရဟန္တာပုဂ္ဂိုလ်၏ အကျင့်ကို မှတ် သဖြင့် ဂုဏ်အထူးနှင့်ယှဉ်ခြင်းကို) အထူးအားဖြင့် မြင်၏၊ ထိုသူသည် (တစ်စုံတစ်ယောက် က) မပိတ်ပင်နိုင်မူ၍ (အရိယာတို့၏ ဂုဏ်ကို) မြင်လေ့ရှိသည်ဖြစ်၍ သူတစ်ပါးတို့ ဆိုသော စကားသံဖြင့် မမျောပါနိုင်တော့ပေ။

ဤသို့လျှင် လကုဏ္ဍကဘဒ္ဒိယမထေရ်သည် ရွတ်ဆို၏၊

........

၃-ဘဒ္ဒတ္ထေရဂါထာ

သိကြားမင်း၏ အမိန့်အရ လူ့ပြည်၌ ဖြစ်လာသော ဘဒ္ဒသည် ရနှစ်အရွယ်တွင် မိဘများကတန်ဆာဆင်၍ ဘုရားရှင့်ထံ အပ်နှံလျင် သျှင်အာနန္ဒာအားလွှဲအပ်၍ ရှင်ပြုစေရာ အကျဉ်းမျှသင်ကြားပေးသော ဝိပဿနာဖြင့်၊ ကိးစား၍ နေမဝင်မီပင် အဘိညာဉ်ရ ရဟန္တာဖြစ်သဖြင့် မိမိ၏အကြောင်းအရာကို ရွတ်ဆိုသော ဂါထာများ

֍ ၄၇၃။ ငါသည် (မိဘတို့၏) များစွာသော ဝတ်အကျင့်တို့ဖြင့်လည်းကောင်း၊ (နတ်တို့နှင့်ဘုရားအား) တောင်းပန်ခြင်းတို့ဖြင့်လည်းကောင်း ရအပ်သည်ဖြစ်၍ အမိလည်းချစ်, အဖလည်း ချစ်သောတစ်ဦးတည်းသောသား ဖြစ်ခဲ့ပါ၏၊

֍ ၄၇၄။ ငါ့အကျိုးကို အလိုရှိကြကုန်သည်ဖြစ်၍ အစီးအပွါးကို ရှာမှီးလေ့ရှိကုန်သော ထိုအမိအဖနှစ်ပါးစုံတို့သည် ငါ့ကို အစဉ်သနားသဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်စေကြကုန်၏၊

֍ ၄၇၅။ လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရား ဆင်းရဲငြိုငြင်စွာ ရအပ်သော ဤသားသည် နူးညံ့သိမ်မွေ့၏၊ ချမ်းသာဖြင့် ကြီးပွါး၏၊ မြတ်စွာဘုရား၏ အလုပ်အကျွေး အကျိုးငှါဤသားငယ်ကို မြတ်စွာဘုရားအား ပေးလှူပါကုန်၏၊

֍ ၄၇၆။ မြတ်စွာဘုရားသည်လည်း ငါ့ကို အလှူခံတော်မူ၍ အာနန္ဒာ ဤသူငယ်ကို လျင်စွာ ရဟန်းပြုလော့၊

ဤသူငယ်သည် ယောကျ်ားအာဇာနည် (ရဟန္တာ) ဖြစ်တ္တံ့ဟု အသျှင်အာနန္ဒာ အား ဤစကားကိုမိန့်ဆိုတော်မူ၏၊

֍ ၄၇၇။ မာရ်ငါးပါးကို အောင်တော်မူပြီးသော လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ငါ့ကို ရှင်သာမဏေ ပြုစေပြီး၍ ဂန္ဓကုဋီကျောင်းတော်သို့ ဝင်တော်မူ၏၊ ရှင်သာမဏေပြုပြီးနောက့်နေမဝင်မီပင် ငါ၏ စိတ်သည် (အလုံးစုံသော အာသဝတရားတို့မှ) လွတ်မြောက်၏၊

֍ ၄၇၈။ ထိုအာသဝေါတရားကုန်ခန်းပြီးနောက် မြတ်စွာဘုရားသည် (မိမိဝင်စားမြဲ) (ဖလသမာပတ်ကို) ဝင်စားတော်မူ၍ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထပြီးလျှင် ''ဘဒ္ဒ လာလှည့်''ဟု ငါ့ကိုမိန့်တော်မူ၏၊ ထိုစကားသည်ပင် ငါ့အား ပဉ္စင်းအဖြစ်ကို ပြီးစေတော့၏၊

֍ ၄၇၉။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိသေးလျက် ပဉ္စင်းအဖြစ်ကို ရခဲ့ပြီ၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပြီ၊ တရားတော်၏ ကောင်းသော တရားတော်အဖြစ်သည် သြော် အံ့ဖွယ်ရှိပါပေစွ။

ဤသို့လျှင် ဘဒ္ဒမထေရ်သည် ရွတ်ဆို၏၊

........

၄-သောပါကတ္ထေရဂါထာ

နိ်မ့်ကျသော အမျိုး၌ဖြစ်ရသော သောပါကသည် လေးနှစ်အရွယ်က အဖဆုံး၍ ဘထွေးဖြစ်သူ၏လက်တွင်ကြီးပွါးရ၏၊

ရနှစ်အရွယ်တွင် ဘထွေးက ၄င်းသားနှင့် မတည့်၍ သုသာန်တွင်ပစ်ထားရာ ဘုရားရှင်ကကြွရောက်တရားပြသဖြင့် သောတာပန်ဖြစ်၊ ဇေတဝန်ကျောင်းတော်ရောက် နောက်တနေ့မိခင်အရင်းလိုက်လာသည်တွင် တရားဟောပြ ဆုံးမသည်ကို ကြားနာရလျင် အရဟတ္တဖိုဟ်သို့ ရောက်ကာပုစ္ဆာအမေးဖြင့် ရဟန်း အဖြစ်သို့ ရောက်ရ၍ မိမိ၏အဖြစ်ကိုဖေါ်ပြ ရွတ်ဆိုသော ဂါထာများ

֍ ၄၈၀။ ပြာသာဒ်ဆောင် ကျောင်းရိပ်၌ စင်္ကြံကြွတော်မူသော လူသုံးပါးတို့ထက် မြတ်တော်မူ သောမြတ်စွာဘုရားကို မြင်၍ ထိုကျောင်းရိပ်၌ ယောကျ်ားမြတ် ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသို့ချဉ်းကပ်၍ ရှိခိုးခဲ့ပြီ။

֍ ၄၈၁။ သင်္ကန်းကို ပခုံးတစ်ဖက်၌ တင်၍ လက်တို့ကို ပူးယှက် ရှိခိုးပြီးလျှင် ကိလေသာ မြူ ကင်း၍သတ္တဝါခပ်သိမ်းတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား၏ နောက်မှ လိုက်၍ စင်္ကြံသွားနေခဲ့ပါ၏၊

֍ ၄၈၂။ ထို့နောက် ပြဿနာတို့၌ လိမ္မာတော်မူသော မြတ်စွာဘုရားသည် ငါ့အား ကုမာရ ပြဿနာတို့ကို မေးတော်မူ၏၊ ငါသည် တုန်လှုပ်ခြင်း မရှိဘဲ ကြောက်ရွံ့ခြင်း ကင်းစွာဖြင့် မြတ်စွာဘုရား၏ ကုမာရပြဿနာတို့ကို ဖြေကြားခဲ့၏၊

֍ ၄၈၃။ ကုမာရပြဿနာတို့ကို ဖြေဆိုသည်ရှိသော် မြတ်စွာဘုရားသည် ဝမ်းမြောက် တော်မူ၏၊ (ထို့နောက်) ရဟန်းသံဃာကို စောင့်ငဲ့ကြည့်ရှုတော်မူ၍ ဤအနက်သဘောကို မိန့် တော်မူ၏၊

֍ ၄၈၄။ အင်္ဂတိုင်း မဂဓတိုင်းသားတို့အား အရတော်လေစွ၊ ဤသောပါက သာမဏေသည် အကြင်အင်္ဂတိုင်း မဂဓတိုင်းသားတို့၏ သင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ သူနာ၏ အထောက်အပံ့ဆေးကိုလည်းကောင်း၊ ကျောင်း အိပ်ရာ နေရာကိုလည်းကောင်း ခံယူ၏၊ ခရီးဦးကြိုဆိုခြင်း အရိုအသေပြုခြင်းကိုလည်း ခံယူ၏၊ ထိုအင်္ဂတိုင်း မဂဓတိုင်းသား တို့အား အရတော်လေစွတကား၊ ဤသို့လည်းမိန့်တော်မူ၏၊

֍ ၄၈၅။ သောပါက ယနေ့မှ အစပြု၍ ငါဘုရားကို ဖူးမြင်ခြင်းငှါ ချဉ်းကပ်လော့၊ သောပါကဤပြဿနာကို ဖြေခြင်းသည် ပင်လျှင် သင့်အား ပဉ္စင်းအဖြစ် ပြီးစေလော့၊ (ဤသို့လည်းမိန့်ဆိုတော်မူ၏)။

֍ ၄၈၆။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိသေးလျက် ပဉ္စင်းအဖြစ်ကို ရပြီးလျှင် အဆုံးစွန်သောခန္ဓာကိုယ်ကို ဆောင်ရ၏၊ တရားတော်၏ ကောင်းသော တရားတော်၏ အဖြစ်သည် သြော် အံ့သြဖွယ်ရှိပါပေစွတကား။

ဤသို့လျှင် သောပါကမထေရ်သည် ရွတ်ဆို၏၊

........

၅-သရဘင်္ဂတ္တေရဂါထာ

မြှားမြက်များကို နှုတ်ယူ၍ ကျောင်းသင်ခမ်းလုပ်သောကြောင့် သရဘင်္ဂအမည်ရသော အနဘိလက္ခိတရသေ့ထံသို့ ဘုရားရှင်ကြွလာ၍ တရားဟောသည်တွင် ရဟန်းပြု၊ ဝိပဿနာ ပွါး၍မကြာခင် ရဟန္တာဖြစ်လေ၏၊ ထိုအခါ လူအများက ''ရသေ့ဖြစ်တုံးကကဲ့သို့ ကျောင်းကိုပြုပြင်ဦးမည်လား''ဟု မေးကြသည်တွင် ထိုသို့ မပြုပြင်တော့ကြောင်း သစ္စာ လေးပါးကိုမြင်ပြီးဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာများ

֍ ၄၈၇။ (ရှေးရသေ့ ဖြစ်စဉ်အခါက ) အိုင်၌ (ပေါက်သော) မြက်တို့ကို လက်တို့ဖြင့် ချိုးနုတ်ပြီးလျှင်မြက်မိုးကျောင်း ပြုလုပ်နေခဲ့၏၊ ထို့ကြောင့် ငါ့အား အနွတ္ထသမုတိအားဖြင့် သရဘင်္ဂဟူသော အမည်သည်ဖြစ်၏၊

֍ ၄၈၈။ ယခုအခါ ငါ့အား အိုင်၌ (ပေါက်သော) မြက်တို့ကို လက်ဖြင့် ချိုးနုတ်ခြင်းငှါ မအပ်၊ များသောအခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရားသည် ငါတို့အား သိက္ခာပုဒ်တို့ကို ပညတ်တော်မူကုန်၏၊

֍ ၄၈၉။ သရဘင်္ဂ အမည်ရသော ငါသည် မြတ်စွာဘုရား သြဝါဒကို မရသေးမီ ရှေးအခါက ဥပါဒါနက္ခန္ဓာငါးပါးဟူသော အနာရောဂါကို အလုံးစုံ ပြည့်စုံစွာ မသိမမြင်နိုင်ခဲ့ပါ၊ (ယခုအခါ) လွန်ကဲသောနတ်ဖြစ်တော်မူသော မြတ်စွာဘုရား၏ သြဝါဒစကားကို လိုက်နာပြုကျင့်ခြင်း ကြောင့် ဥပါဒါနက္ခန္ဓာငါးပါးဟူသော ထိုအနာရောဂါကို မဂ်ပညာဖြင့် မြင်ရပြီ။

֍ ၄၉၀။ အကြင်မဂ်ခရီးဖြင့်သာလျှင် ဝိပဿီမြတ်စွာဘုရားသည် (နိဗ္ဗာန်သို့) ကြွတော်မူ၏၊ အကြင်မဂ်ခရီးဖြင့်သာလျှင် သိခီမြတ်စွာဘုရားသည်လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရား သည်လည်းကောင်း၊ ကကုသန်မြတ်စွာဘုရားသည်လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရား သည်လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည်လည်းကောင်း (နိဗ္ဗာန်သို့) ကြွတော်မူ၏၊ ထိုမဂ်ခရီးဖြင့်ပင်ဂေါတမဘုရားရှင်သည် (နိဗ္ဗာန်သို့) ကြွတော်မူ၏၊

֍ ၄၉၁။ တဏှာကင်းတော်မူကုန်ပြီးသော တစ်ဖန်ပဋိသန္ဓေ မယူကုန်သော ကိလေသာကုန်ရာ နိဗ္ဗာန်၌သက်ဝင်ကုန်သော ဘုရားရှင် ခုနစ်ဆူတို့သည် ရှိကုန်၏၊လောကုတ္တရာတရား ကိုးပါးကြောင့်ဖြစ်ကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ယင်းမြတ်စွာဘုရားတို့သည် ဤဆိုလတ္တံ့သောတရားတော်မြတ်ကို ဟောတော်မူအပ်၏၊

֍ ၄၉၂။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာဟူသော ဤအရိယသစ္စာ လေးပါးတရားတော်မြတ်တို့ကို သတ္တဝါတို့အား သနားတော်မူသဖြင့် ဟောတော်မူကုန်၏၊

֍ ၄၉၃။ အကြင်နိဗ္ဗာန်ကို ရသည်ရှိသော် သံသရာ၌ (ဖြစ်သည့်) အဆုံးအပိုင်းအခြား မရှိ သော ဒုက္ခသည်ဆုတ်နစ်ရပ်တန့်၏၊ (ထိုနိဗ္ဗာန်ကို ငါ ရအပ်ပြီ) ဤခန္ဓာကိုယ် ပျက်စီး၍ အသက်ကုန်သည်မှ နောက်၌ငါ့အား အခြားတစ်ပါးသော ဘဝသစ် မရှိတော့ပြီ၊ ခပ်သိမ်းသော ဘဝတို့မှ ငါသည် ကောင်းစွာလွတ်မြောက်ပြီ။

ဤသို့လျှင် သရဘင်္ဂမထေရ်သည် ရွတ်ဆို၏၊

သတ္တကနိပါတ် ပြီး၏၊

........

၈-အဋ္ဌကနိပါတ်

၁-မဟာကစ္စာယနတ္ထေရဂါထာ

စဏ္ဍပဇ္ဇောတမင်း၏ ပုရောဟိတ်သား ကစ္စာယနသည် အဖကွယ်လွန်သောအခါ ပုရောဟိ်တ်ရာထူးကိုရ၏၊ ဘုရင်က ဘုရားပွင့်တော်မူကြောင်းကြားရ၍ ဘုရားထံသွားရောက် ပင့်ဆောင်ရန် ပုရောဟိတ်ကိုလွှတ်လေရာ ဘုရားရှင်၏ တရားတော်ကို နာရ၍ တရားအဆုံး တွင် အဖော်ခုနစ်ဦးနှင့်တကွပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ

֍ ၄၉၄။ (ရဟန်းတရား အားထုတ်မှု၏ ဘေးရန်ဖြစ်သော) အမှုကြီးငယ် အသွယ်သွယ်ကို မပြုရာ၊ ကလျာဏမိတ္တမဟုတ်သောသူကို ကြဉ်ရှောင်ရာ၏၊ (လူဒါယကာတို့အတွက်) ကြောင့်ကြ မစိုက်ရာ၊ မိမိချမ်းသာကို ဆောင်ရွက်နိုင်သော အကြင်ရဟန်းသည် အရသာ၌ တပ်မက်မောသည်ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်ခြင်း၌ ကြောင့်ကြစိုက်သူ ဖြစ်၏၊ ထိုရဟန်း သည် သီလစသော အကျိုးကိုဆိတ်သုဉ်း စေ၏၊

֍ ၄၉၅။ ဒါယကာတို့၏ ရှိခိုးပူဇော်မှုကို ရွှံ့ညွန်ဟူ၍လည်းကောင်း၊ သိမ်မွေ့၍ အနုတ်ခက် သောဆူးငြောင့်တံသင်းဟူ၍လည်းကောင်း ဘုရားစသော အရိယာသူတော်ကောင်းတို့ ပြော ကြားကုန်၏၊ ထိုပူဇော်သက္ကာရမျိုးကို စိတ်နေစိတ်ထား ယုတ်ညံ့သူသည် စွန့်နိုင်ခဲ၏၊

֍ ၄၉၆။ သူတစ်ပါးကို အထောက်အထားပြု၍ သတ္တဝါအား သတ်ဖြတ်ခြင်းစသော မကောင်း မှုကံကိုသူတစ်ပါးကို မမှီဝဲမပြုလုပ်စေရာ၊ မိမိလည်း ထိုမကောင်းမှုကံကို မမှီဝဲမပြုလုပ်ရာ၊ အဘယ်ကြောင့်နည်းဟူမူ သတ္တဝါတို့သည် ကံသာလျှင် အဆွေအမျိုး ရှိကြသောကြောင့်တည်း။

֍ ၄၉၇။ သူတစ်ပါးတို့၏ စကားကြောင့် ခိုးသူ မဖြစ်နိုင်၊ သူတစ်ပါးတို့၏ စကားကြောင့်သူတော်ကောင်းလည်း မဖြစ်နိုင်၊ ထိုသူတော်ကောင်းဟုတ်သည်, မဟုတ်သည်ကို မိမိကိုယ်တိုင်သိသကဲ့သို့ ထို့အတူ နတ်တို့လည်း သိကြကုန်၏၊

֍ ၄၉၈။ (ပညာရှိမှ) တစ်ပါးသော သူတို့သည် 'ဤဇီဝလောက၌ ငါတို့သည် သေမင်း နိုင်ငံသို့ သွားရကုန်အံ့'ဟု မသိကုန်၊ အကြင်ပညာရှိတို့သည်ကား 'ဤဇီဝလောက၌ ငါတို့ သည် သေမင်းနိုင်ငံသို့သွားရောက်ရကုန်အံ့'ဟု သိကုန်၏၊ ထိုသို့ သိသောကြောင့် သူတစ်ပါး တို့အား ညှဉ်းဆဲခြင်းတို့သည် ငြိမ်းကုန်၏၊

֍ ၄၉၉။ ပညာရှိသော သူသည် ဥစ္စာပစ္စည်းကုန်ခန်းသော်လည်း (အပြစ်မရှိသော အသက် မွေးခြင်းဖြင့်) အသက်မွေးနိုင်သည်သာတည်း၊ (ပညာမဲ့သော ပုဂ္ဂိုလ်သည်ကား ပညာကို မရ သောကြောင့် ) ဥစ္စာပစ္စည်းရှိငြားသော်လည်း အသက်မမွေးနိုင်။

֍ ၅၀၀။ (နားမပင်းသူသည်) အသံအားလုံးကို နားဖြင့် ကြားရ၏၊ (မကန်းသူသည်) အဆင်းအားလုံးကိုမျက်စိဖြင့် မြင်ရ၏၊ ပညာရှိသည် မြင်အပ် ကြားအပ်သော အာရုံ အလုံးစုံကို စွန့်ပယ်ခြင်းငှါလည်းမထိုက်၊ (သိမ်းယူထားခြင်းငှါလည်း မထိုက်)။

֍ ၅၀၁။ (ထို့ကြောင့်) မျက်စိအမြင်နှင့် ပြည့်စုံသော်လည်း သူကန်းကဲ့သို့ ဖြစ်ရာ၏၊ နားအကြားနှင့်ပြည့်စုံသော်လည်း နားပင်းသူကဲ့သို့ ဖြစ်ရာ၏၊ ပညာရှိသော်လည်း သူအကဲ့သို့ ဖြစ်ရာ၏၊ အားအစွမ်းနှင့်ပြည့်စုံသော်လည်း အားနည်းသူကဲ့သို့ ဖြစ်ရာ၏၊ ထိုမှ တစ်ပါး (မလိုလားအပ်သော ) အကြောင်းကိစ္စဖြစ်ပေါ်လတ်သော် သူသေအိပ်သကဲ့သို့ အိပ်နေရာ၏၊

ဤသို့လျှင် မဟာကစ္စာယနမထေရ်သည် ရွတ်ဆို၏၊

........

၂-သိရိမိတ္တတ္ထေရဂါထာ

သူကြွယ်သား သိရိမိတ္တသည် အရွယ်ရောက်သောအခါ ဓနပါလဆင်ကို ဆုံးမတော်မူရာ၌ ကြည်ညိုသဖြင့် ရဟန်းပြုကာ ဝိပဿနာပွါးသည်တွင် မကြာခင်ရဟန္တာဖြစ်၏၊ တနေ့သ၌ ပါတိမောက်ပြခြင်းငှါ နေရာသို့တက်၍ ယပ်ကို ကိုင်ကာ ရဟန်းတို့ကို မြင့်မြတ်သော ဂုဏ်များကို ဝေဘန်ဖော်ပြ ရွတ်ဆိုသော ဂါထာများ

֍ ၅၀၂။ (အကြင်ရဟန်းသည်) အမျက်ထွက်လေ့ မရှိ၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ လှည့်ပတ်မှု 'မာယာ' မရှိ၊ ချောပစ်ကုန်းတိုက်မှုမှ ကင်း၏၊ ထိုသို့သဘောရှိသော ထိုရဟန်းသည် ဤသို့ ကျင့်သည်ရှိသော် တမလွန်ဘဝ၌ အမှန်စင်စစ် မပူဆွေးရတော့ပေ။

֍ ၅၀၃။ (အကြင်ရဟန်းသည်) အမျက်ထွက်လေ့ မရှိ၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ လှည့်ပတ်မှု 'မာယာ' မရှိ၊ ချောပစ်ကုန်းတိုက်မှုမှ ကင်း၏၊ အခါခပ်သိမ်း စက္ခုအစရှိသော ဒွါရတို့ကို စောင့်ရှောက်၏၊ ထိုရဟန်းသည် ဤသို့ ကျင့်သည်ရှိသော် တမလွန်ဘဝ၌ မပူဆွေးရတော့ပေ။

֍ ၅၀၄။ အကြင်ရဟန်းသည် အမျက်ထွက်လေ့ မရှိ၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ လှည့်ပတ်မှု 'မာယာ' မရှိ၊ ချောပစ်ကုန်းတိုက်မှုမှ ကင်း၏၊ ကောင်းသော အဆွေခင်ပွန်း ရှိ၏၊ ထိုရဟန်းသည်ဤသို့ကျင့်သည်ရှိသော် တမလွန်ဘဝ၌ မပူဆွေးရတော့ပေ။

֍ ၅၀၅။ (အကြင်ရဟန်းသည်) အမျက်ထွက်လေ့ မရှိ၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ လှည့်ပတ်မှု 'မာယာ' မရှိ၊ ချောပစ်ကုန်းတိုက်မှုမှ ကင်း၏၊ ကောင်းသော အဆွေခင်ပွန်း ရှိ၏၊ ထိုရဟန်း သည်ဤသို့ကျင့်သည်ရှိသော် တမလွန်ဘဝ၌ မပူဆွေးရတော့ပေ။

֍ ၅၀၆။ (အကြင်ရဟန်းသည်) အမျက်ထွက်လေ့ မရှိ၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ လှည့်ပတ်မှု 'မာယာ' မရှိ၊ ချောပစ်ကုန်းတိုက်မှုမှ ကင်း၏၊ (ဝဋ်မှ လွတ်မြောက်ကြောင်း) ကောင်းသော ပညာရှိ၏၊ ထိုရဟန်းသည်ဤသို့ ကျင့်သည်ရှိသော် တမလွန်ဘဝ၌ မပူဆွေးရတော့ပေ။

֍ ၅၀၇။ အကြင်ပုဂ္ဂိုလ်အား မြတ်စွာဘုရား၌ ယုံကြည်မှု 'သဒ္ဓါ'တရား ရှိ၏၊ တုန်လှုပ်ခြင်း မရှိ၊ ကောင်းစွာ တည်၏၊ အကြင်ပုဂ္ဂိုလ်အား အရိယာသူတော်ကောင်းတို့ နှစ်သက်အပ်သော (ဘုရားအစရှိသည်တို့) ချီးမွမ်းအပ်သော ကောင်းသော သီလရှိ၏၊

֍ ၅၀၈။ အကြင်ပုဂ္ဂိုလ်အား အရိယာသံဃာတော်၌ ယုံကြည်မှု 'သဒ္ဓါ'တရား ရှိ၏၊ ဖြောင့် မတ်သောကမ္မသကတဉာဏ်အမြင်လည်း ရှိ၏၊ (တုန်လှုပ်ခြင်း မရှိ၊ ကောင်းစွာ တည်၏)၊ ထိုသူကို (သဒ္ဓါသီလစသော စင်ကြယ်သော ဥစ္စာရှိသောကြောင့် ) မဆင်းရဲသောသူဟူ၍ ဘုရား အစရှိသောအရိယာတို့ ဆိုကုန်၏၊ ထိုပုဂ္ဂိုလ်၏ အသက်ရှည်ခြင်းကို အချည်းနှီး မဟုတ်သော အသက်ရှည်ခြင်းဟူ၍ဆိုကုန်၏၊

֍ ၅၀၉။ ထို့ကြောင့် မြတ်စွာဘုရား၏ အဆုံးအမတော်ကို အောက်မေ့သော အမျိုးကောင်း သားသည်သဒ္ဓါကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊ တရားတော်တို့၌ ဆုံးဖြတ်သိမြင်မှုဟူသောကြည်ညိုခြင်းကိုလည်းကောင်း အားထုတ်ပွါးများရာ၏၊

ဤသို့လျှင် သိရိမိတ္တမထေရ်သည် ရွတ်ဆို၏၊

........

၃-မဟာပန္ထကတ္ထေရဂါထာ

မဟာပန္ထကမထေရ်သည် ယောနိသောမနသိကာရဖြင့် တရားအားထုတ်ကာ အရူပစျာန် လေးပါးကိုရလျက်ဝိပဿနာပွါး၍ အရဟတ္တဖိုဟ်သို့ရောက်ပြီးနောက် စျာန်ချမ်းသာ ဖိုဟ်ချမ်းသာဖြင့် အချိန်ကုန်လွန်စေလျက်မိမိ၏ပဋိပတ်ကိုဆင်ခြင်၍ ဝမ်းမြောက်ဝမ်းသာ ရဲရင့်စွာ ရွတ်ဆိုသော ဂါထာများ

֍ ၅၁၀။ အကြင်အခါ၌ ဘေးမရှိသော လူ နတ်တို့၏ ဆရာဖြစ်သော မြတ်စွာဘုရားကို ရှေးဦးစွာဖူးမြင်ရ၏၊ ယောကျ်ားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ပြီး၍ ထို ဖူးမြင်ပြီးသည်မှ နောက်၌ငါ့အား ထိတ်လန့်မှု 'သံဝေဂ' ဖြစ်ခဲ့၏၊

֍ ၅၁၁။ အကြင်သူသည် (မိမိထံသို့) ရောက်လာသော ကျက်သရေကို လက်တို့ဖြင့်သော်လည်းကောင်း၊ ခြေတို့ဖြင့်သော်လည်းကောင်း ရိုက်နှက်ပုတ်ခတ်၍ နှင်ထုတ်ပစ်ရာ၏၊ ထို ကျက်သရေမဲ့သူသည် ထိုသို့သဘောရှိသော ဆရာမြတ်စွာဘုရားကို ဆည်းကပ်ပူဇော်ရ၍ လည်း (အဆုံးအမကို မလိုက်နာသောအားဖြင့် ထိုအခွင့်ကောင်းကိုလည်း) ချွတ်ယွင်းစေရာ၏၊ ငါသည်ကား ထိုသူကဲ့သို့ မပြုပါအံ့)။

֍ ၅၁၂။ ထိုအခါ ၌ ငါသည် သားမယားကိုလည်းကောင်း၊ ဥစ္စာစပါးကိုလည်းကောင်း စွန့် လျက်ဆံမုတ်ဆိတ်တို့ကို ရိတ်ဖြတ်၍ အိမ်ရာမထောင်သော ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏၊

֍ ၅၁၃။ ငါသည် အကျင့်'သိက္ခာ'တူမျှသော အသက်မွေးမှု 'သာဇီဝ'နှင့် ပြည့်စုံသည်ဖြစ်၍ ဣန္ဒြေတို့ကို ကောင်းစွာ စောင့်ရှောက်လျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် (ကိလေသာမာရ်စ သည်တို့မှ) အရှုံးမခံမူ၍ နေ၏၊

֍ ၅၁၄။ ထို့ကြောင့် (ငါ့၏ စိတ်နှလုံးမှ) တဏှာတည်းဟူသော ငြောင့်ကို မနုတ်ပယ်ရသေးမီတစ်ခဏမျှလည်း မထိုင်တော့အံ့ဟု ငါ၏ စိတ်ဖြင့် လိုလားတောင့်တအပ်သော စိတ်ဆောက် တည်မှုဖြစ်ပေါ်လာ၏၊

֍ ၅၁၅။ ဤသို့ နေသော ထိုငါ၏ လွန်ကဲသော လုံ့လကို ရှုပါလော့၊ ယင်းလုံ့လ၏ အကျိုးကြောင့်ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့်အတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

֍ ၅၁၆။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို သိပြီ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို သုတ်သင်ပြီးပြီ၊ ငါသည် ပူဇော်အထူးကို ခံထိုက်သူ မြတ်သော အလှူကို ခံထိုက်သူဖြစ်၏၊ (ကိလေသုပဓိစ သော) ဥပဓိ မရှိသည်ဖြစ်၍ ကိလေသာတို့မှ လွတ်မြောက်ပြီ။

֍ ၅၁၇။ ထို့နောက် ညဉ့်၏ အဆုံး နေထွက်သော အခါကို အမှတ်ပြု၍ (ကာမတဏှာ စသော) တဏှာအားလုံးကို (အရဟတ္တမဂ်ဖြင့်) ခြောက်သွေ့ကုန်ခန်းစေပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏၊

ဤသို့လျှင် မဟာပန္ထကမထေရ်သည် ရွတ်ဆို၏၊

အဋ္ဌကနိပါတ် ပြီး၏၊

........

၉-နဝကနိပါတ်

၁-ဘူတတ္ထေရဂါထာ

သာကေတမြို့တံခါးရွာ သူဌေးကြီး၏ သားဘူတသည် သာကေတမြို့ ကျောင်းတွင်သီတင်းသုံးတော်မူသော ဘုရားရှင့်ထံ သွားရောက်ကာ တရားနာရ၍ ရဟန်းပြုပြီးနောက် အဇကရဏီမြစ်ကမ်းရှိ လိုဏ်၌ နေထိုင်လျှက် ဝိပဿနာပွါးသည်တွင် မကြာခင် ရဟန္တာဖြစ်၍ ဆွေမျိုးများက သာကေတမြို့၌နေရန် တောင်းပန်သောအခါ မိမိ၏ဆိပ်ငြိမ်ရာ၌ မွေ့လျော်ကြောင်းဖော်ပြ ရွတ်ဆိုသော ဂါထာ

֍ ၅၁၈။ ဇရာမရဏသည် ဒုက္ခသာတည်းဟု မသိကုန်သော ပုထုဇဉ်တို့သည် အကြင် ဥပါဒါနက္ခန္ဓာငါးပါးအပေါင်း၌ မှီတွယ်ကပ်ငြိကုန်၏၊ အကြင်အခါ ပညာရှိသည် ဤဇရာမရဏ ကား ဒုက္ခသာတည်းဟုထိုဒုက္ခကို ပိုင်းခြားသိလျက် သတိရှိသည်ဖြစ်၍ သမထဝိပဿနာဖြင့် ကပ်၍ ရှု၏၊ ထိုအခါထိုပညာရှိသည် ယင်းသို့ မွေ့လျော်ခြင်းထက် လွန်မြတ်သော မွေ့ လျော်မှုကို မရနိုင်။

֍ ၅၁၉။ အကြင်အခါ ရဟန်းသည် ဆင်းရဲကို ဖြစ်စေတတ်သော အလုံးစုံ ပျံ့နှံ့သော သံသရာကို ချဲတတ်၍ပဝတ္တိဒုက္ခကို အားထုတ်တတ်သော ဆင်းရဲကို ဆောင်ကြဉ်းတတ်သော တပ်မက်မှု 'တဏှာ'ကိုပယ်ဖြတ်ကာ သတိရှိသည်ဖြစ်၍ သမထဝိပဿနာဖြင့် ကပ်၍ ရှု၏၊ ထိုအခါ ထိုရဟန်းသည် ယင်းသို့မွေ့လျော်ခြင်းထက် မွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

֍ ၅၂၀။ အကြင်အခါ ရဟန်းသည် ချမ်းမြေ့၍ လေးခုနှစ်လီအင်္ဂါရှိသော ကိလေသာ အားလုံးတို့ကို စင်ကြယ်စေတတ်သော မြတ်သော မဂ်ကို ပညာဖြင့် ရှုကာ သတိရှိသည်ဖြစ်၍ သာလျှင့်သမထဝိပဿနာဖြင့် ကပ်၍ ရှု၏၊ ထိုအခါ ထိုရဟန်းသည် ယင်းသို့ မွေ့လျော်ခြင်းထက် မွန်မြတ်သောမွေ့လျော်မှုကို မရနိုင်။

֍ ၅၂၁။ အကြင်အခါ ရဟန်းသည် ပူဆွေးမှု ကင်းရာ ကိလေသာမြူ ကင်းရာ အကြောင်း တစ်စုံတစ်ခုမပြုပြင်အပ်ရာ ကိလေသာအားလုံးတို့ စင်ကြယ်ရာ သံယောဇဉ်အနှောင်အဖွဲ့ တို့၏ကင်းပြတ်ငြိမ်းအေးရာ ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုသောအားဖြင့် ပွါးများ၏၊ ထိုအခါ ထိုရဟန်းသည် ယင်းသို့ မွေ့လျော်မှုထက် လွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

֍ ၅၂၂။ အကြင်အခါ ငှက်တို့၏ သွားလာပျံသန်းရာဖြစ်သော ကောင်းကင်ဝယ် မိုးစည်သံ ထစ်ချုန်း၏၊ ထက်ဝန်းကျင်မှ မိုးရေအလျဉ်တို့ဖြင့် ပြွမ်းကုန်၏၊ ထိုအခါ ရဟန်းသည် တောင်ခေါင်း လိုဏ်ဂူစသည်သို့ကပ်၍သာလျှင် သမထဝိပဿနာဖြင့် ကပ်၍ ရှု၏၊ ထိုအခါ ထိုရဟန်းသည် ယင်းသို့ မွေ့လျော်မှုထက်မွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

֍ ၅၂၃။ အကြင်အခါ ရဟန်းသည် (သစ်ပင်တို့မှ ကိုင်းညွတ်ကျသော) ပန်းတို့ဖြင့် ရော ပြွမ်းလျက်ဆန်းကြယ်စွာ တော၌ ပေါက်သော ဦးဆောက်ပန်းရှိကုန်သော မြစ်တို့၏ ကမ်းနား၌ ထိုင်နေလျက်ကောင်းသော စိတ်ရှိသည်ဖြစ်၍ သာလျှင် သမထဝိပဿနာဖြင့် ကပ်၍ ရှု၏၊ ထိုအခါ ထိုရဟန်းသည်ယင်းသို့မွေ့လျော်မှုထက် မွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

֍ ၅၂၄။ အကြင်အခါ ညဉ့်အချိန်ဝယ် (လူတို့ဖြင့် ကျဉ်းမြောင်းခြင်းမှ) ကင်းသော တောအုပ်၌မိုးရွာသည်ရှိသော် အစွယ်ရှိသော (ခြင်္သေ့ သစ် ကျားစသော) သတ္တဝါတို့သည် ဟောက်ကုန် ဟိန်းကုန်၏၊ ထိုအခါ ရဟန်းသည် တောင်ခေါင်းလိုဏ်ဂူစသည်သို့ ကပ်လျက်သာလျှင် သမထ ဝိပဿနာဖြင့် ကပ်၍ရှု၏၊ ထိုအခါ ထိုရဟန်းသည် ယင်းသို့မွေ့လျော်မှုထက် မွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

֍ ၅၂၅။ အကြင်အခါ ရဟန်းသည် မိမိ၏ မိစ္ဆာဝိတက်တို့ကို ပိတ်ဆို့တားမြစ်၍ တောင်တို့၏ အကြားဝယ်တောင်ခေါင်းလိုဏ်ဂူကို မှီလျက် (ကိလေသာဟူသော) ပူလောင်ခြင်း ကင်းပြီး ငြောင့်တံသင်းကင်းပြီးဖြစ်၍ သာလျှင် သမထဝိပဿနာဖြင့် ကပ်၍သာလျှင် ရှု၏၊ ထိုအခါ ထို ရဟန်းသည် ယင်းသို့မွေ့လျော်မှုထက် မွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

֍ ၅၂၆။ အကြင်အခါ ရဟန်းသည် (စျာန်စသော) ချမ်းသာခြင်းရှိသည်ဖြစ်၍ (ရာဂစသော) အညစ်အကြေးငြောင့်တံသင်း (ဆွေမျိုးတို့နှင့် ကွေကွင်းခြင်းစသော အကြောင်းကြောင့် ဖြစ် သော) ပူဆွေးမှုကိုဖျက်ဆီးလျက် (အဝိဇ္ဇာဟူသော) တံခါးကျည်မင်းတုပ် ကင်းသည် တဏှာ မရှိသည် (ရာဂစသော) ငြောင့်ကင်းသည်ဖြစ်၍ အာသဝတရား အားလုံးတို့ကို ပျက်စီး အောင် ပြုပြီး၍သာလျှင် သမထဝိပဿနာဖြင့်ကပ်၍ ရှု၏၊ ထိုအခါ ထိုရဟန်းသည် ယင်းသို့ မွေ့လျော်မှုထက် မွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

ဤသို့လျှင် ဘူတမထေရ်သည် ရွတ်ဆို၏၊

နဝကနိပါတ် ပြီး၏၊

........

၁၀-ဒသကနိပါတ်

၁-ကာဠုဒါယိတ္ထေရဂါထာ

ဘုရားရှင့်ဖွားဖက်တော် ကာဠုဒါယီသည် ဘုရားရှင်ကိုရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည် သို့ရောက်အောင် အပင့်သွားရာတွင် တရားဟောချိန်၌ ရောက်သွား၍ ပရိသတ်အစွန်က တရားနာရင်းမိမိပရိသတ်နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ဧဟိဘိက္ခု ရဟန်း အဖြစ်သို့ ရောက်ပြီးနောက် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူရန် အရီးလမ်းဖော်ပြကာ ချီးကျူး ရွတ်ဆိုသော ဂါထာများ

֍ ၅၂၇။ အရှင်ဘုရား ယခုအခါ သစ်ပင်တို့သည် ပွင့်သီးလိုကြကုန်သည်ဖြစ်၍ ရော်ရွက်ဝါ တို့ကို့ချွေချကုန်လျက် မီးကျီးအသွေးနီတွေးသော ဖူးညွန့်ရှိနေကြပါကုန်၏၊ ထိုသစ်ပင်တို့ သည် မီးလျှံကဲ့သို့ (အရပ်လေးမျက်နှာတို့၌) ထွန်းတောက်ပြောင်ပါကုန်၏၊ အတ္ထရသစသည် တို့၏ စုဝေးပေါင်းဆုံရာဖြစ်တော်မူသော ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရား (နေပြည်တော်သို့ ကြွတော်မူရန်) အချနိ်တန်ပါပြီ။

֍ ၅၂၈။ သစ်ပင်တို့သည် ပင်လုံးကျွတ် ပွင့်ကြကုန်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိကြ ပါကုန်၏၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့သည်လည်း (ရနံ့တို့ဖြင့်) သင်းပျံ့ကြိုင်လှိုင် ကြပါကုန်၏၊ ထိုသစ်ပင်တို့သည် အရွက်ဟောင်းကို ပယ်စွန့်၍ အသီးသီးရန် တောင့်တကြပါကုန်၏၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား ဤရာဇဂြိုဟ်ပြည်မှ ထွက်ကြွတော်မူရန် အချိန် တန်ပါပြီ။

֍ ၅၂၉။ အရှင်ဘုရား ယခုရာ သီဥတုသည် အေးလည်း မအေးလွန်း ပူလည်း မပူလွန်း လှပါ၊ ချမ်းသာစွာခရီးရှည်သွားခြင်းငှါ သင့်လျော်လှပါ၏၊ အနောက်ကို မျက်နှာမူ၍ ရောဟနီ မြစ်ကို ကူးတော်မူသောအရှင်ဘုရားကို သာကီဝင်မင်းမျိုးတို့သည်လည်းကောင်း၊ ကောလိယ မင်းမျိုးတို့သည်လည်းကောင်းဖူးမြော်ကြပါစေကုန်လော့။

֍ ၅၃၀။ (လယ်သမားသည်) စပါးကို လိုလားတောင့်တသဖြင့် လယ်ထွန်ပါ၏၊ အသီးကိုလိုလားတောင့်တသဖြင့် သာလျှင် မျိုးစေ့ကို စိုက်ပျိုးပါ၏၊ ပစ္စည်းဥစ္စာ စုဆောင်းလိုကုန်သော ကုန်သည်တို့သည် (အမြတ်အစွန်းကို) လိုလားတောင့်တကြသဖြင့် သမုဒ္ဒရာကို ကူးကြပါကုန်၏၊ (ထို့အတူ) အကျွန်ုပ်သည်လည်း (မြတ်စွာဘုရား ကပိလဝတ်ပြည်သို့ ကြွတော်မူလိမ့် မည်ဟူသော) အကြင်လိုလားတောင့်တချက်ဖြင့် (ဤအရပ်၌) ရပ်တည်နေပါ၏၊ တပည့်တော်၏ထိုလိုလားတောင့်တချက်သည် ပြီးပြည့်စုံပါစေသတည်း။

֍ ၅၃၁။ လယ်သမားတို့သည် အကြိမ်ကြိမ်သာလျှင် မျိုးစေ့ကို စိုက်ပျိုးပါကုန်၏၊ မိုးသည်လည်းအကြိမ်ကြိမ်ပင် ရွာသွန်းပါ၏၊ လယ်သမားတို့သည် အကြိမ်ကြိမ် လယ်ကို ထွန်ယက် ကြပါကုန်၏၊ စပါးသည်လည်း အကြိမ်ကြိမ်ပင် တိုင်းနိုင်ငံသို့ ရောက်ပါ၏၊

֍ ၅၃၂။ သူတောင်းစားတို့သည် အကြိမ်ကြိမ် လှည့်လည်ပါကုန်၏၊ အလှူရှင်တို့သည် အကြိမ်ကြိမ်ပေးလှူကြပါကုန်၏၊ အလှူရှင်တို့သည် အကြိမ်ကြိမ် ပေးလှူ၍ အကြိမ်ကြိမ် နတ်ပြည်သို့ကပ်ရောက်ကြရပါကုန်၏၊

֍ ၅၃၃။ ကြီးသော လုံ့လရှိတော်မူသော မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော ယောကျ်ားသည်အကြင်အမျိုး၌ ဖြစ်၏၊ ထိုအမျိုး၌ စင်စစ်သဖြင့် အမျိုးခုနစ်ဆက်တိုင်အောင် ဖြူစင်စေပါ၏၊ နတ်ထက်နတ်မြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် (ထို့ထက်အလွန်) ဖြူစင်စေရန် စွမ်းနိုင်တော်မူပါပေ၏ဟုအကျွန်ုပ် မှတ်ထင်ပါ၏၊ အရှင်ဘုရားမှ (အရိယာဇာတ် အားဖြင့်) ဖြစ်သော မုနိဟူသောအမည်တော်သည် အမည်မှန် ဖြစ်ပါပေ၏၊

֍ ၅၃၄။ သီလက္ခန္ဓစသော မြတ်သော တရားအပေါင်းကို ရှာတော်မူပြီးသော မြတ်စွာဘုရား၏ ခမည်းတော်ကား သုဒ္ဓေါဒန အမည်ရှိပါ၏၊ မြတ်စွာဘုရား၏ မယ်တော်ကား မာယာ အမည်ရှိပါ၏၊ အကြင် မယ်တော်မာယာသည် ဘုရားလောင်းကို ဝမ်းဖြင့် လွယ်ပြီး၍ (မီးရှူး သန့်စင် ဖွားမြင်ပြီးသော်) ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်၌ တုသိတာနတ်ပြည်ဝယ် မွေ့လျော်စံပျော်ရပါ၏၊

֍ ၅၃၅။ ကွယ်လွန်လေပြီးသော ဂေါတမအနွယ်ဖြစ်သော ထိုမာယာဒေဝီသည် ဤလူ့ပြည်မှရွေ့လျောလတ်သော် နတ်၌ဖြစ်သော ကာမဂုဏ်တို့ဖြင့် ပြည့်စုံလျက် ထိုတုသိတာနတ်တို့ဖြင့် ခြံရံကာကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်ရပါ၏၊

֍ ၅၃၆။ ငါသည် သူတစ်ပါးတို့ သည်းမခံနိုင်သည်ကို သည်ခံတော်မူနိုင်သော ပြိုးပြိုးပြက် ပြက်အရောင်ရှိတော်မူသော နှိုင်းခိုင်းစရာဥပမာ ရှိတော်မမူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ သော သဗ္ဗညုမြတ်စွာဘုရား၏ သားတော်စစ် ဖြစ်ပါ၏၊ သာကီဝင်မင်းမျိုးဖြစ်သော မင်းကြီး သင်မင်းကြီးသည်ငါ၏ အဖ မြတ်စွာဘုရား၏ ခမည်းတော်ပေတည်း၊ ဂေါတမအနွယ် ဖြစ် တော်မူသော မင်းကြီးသင်မင်းကြီးသည် သဘောအားဖြင့် ငါ၏ ဘိုးတော်ပင် ဖြစ်၏၊ ဤသို့ဖြင့် ကာဠုဒါယီမထေရ်သည် ရွတ်ဆို၏၊

........

၂-ဧကဝိဟာရိယတ္ထေရဂါထာ

အသောကမင်းကြီး၏ညီငယ် အိမ်ရှေ့မင်းတိဿသည် တောလည်သွားစဉ် ယောနကမဟာဓမ္မရက္ခိတမထေရ်ကို ဖူးမြင်ရ၍ အားကျကြည်ညိုလျက် ရဟန်းပြုရန် နောင်တော်ထံ ခွင့်တောင်းကာရဟန်းချမ်းသာကို တောင့်တခဲ့၏၊ မကြာမီ ယောနကမဟာဓမ္မရက္ခိတမထေရ် ထံတွင် ရဟန်းပြု၍တောသို့ဝင်ကာ ရဟန်းတရားအားထုတ်သည်တွင် မကြာခင် ရဟန္တာ ဖြစ်၍ မိမိသဘောထားကိုပြောကြား ရွတ်ဆိုသော ဂါထာများ

֍ ၅၃၇။ မိမိ၏ ပတ်ဝန်းကျင် ရှေ့နောက်ဝဲယာ အရပ်လေးမျက်နှာ၌ အခြားတစ်ပါးသောသူ မရှိခဲ့ပါမူတော၌ တစ်ယောက်ထီးတည်း နေသော ငါ့အား အလွန်ပင် ချမ်းသာလှ၏၊

֍ ၅၃၈။ ယခုအခါ မြတ်စွာဘုရား ချီးမွမ်းတော်မူအပ်သော တောသို့ တစ်ယောက်ထီးတည်း သွားတော့အံ့၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ တစ်ယောက်ထီးတည်း နေလေ့ ရှိသော ရဟန်းအားချမ်းသာ၏၊

֍ ၅၃၉။ တရားအားထုတ်သူ'ယောဂီ'တို့၏ နှစ်သိမ့်မှု 'ပီတိ'ကို ပြုတတ်သော, အမုန်ယစ် သော ဆင်တို့၏သွားလာမှီဝဲရာ ဖြစ်သော, နှလုံးမွေ့လျော်ဖွယ်ရှိသော တောအရပ်သို့ တစ်ယောက်ထီးတည်းရဟန်းတရားကို အလေ့အလာ ပြုလိုသည်ဖြစ်၍ လျင်စွာ ဝင်ပေ တော့အံ့။

֍ ၅၄၀။ ကောင်းစွာ ပွင့်သော အေးမြသော တောအုပ်၌ အလွန်အေးမြသော တောင်မြောင်ချောက်ကြားဝယ် ကိုယ်လက်အင်္ဂါတို့ကို ရေဖြင့် သွန်းလောင်းပြီးလျှင် တစ်ယောက်ထီးတည်းစင်္ကြံသွားပေအံ့။

֍ ၅၄၁။ ငါသည် အဖော်မမှီး တစ်ယောက်ထီးတည်း ဖြစ်လျက် နှလုံးမွေ့လျော်ဖွယ်ရှိသောတောအုပ်ကြီးဝယ် ရဟန်းကိစ္စ ပြီး၍ အာသဝေါကင်းကာ အဘယ်အခါ၌ နေရပါအံ့နည်း။

֍ ၅၄၂။ ဤသို့ ပြုလုပ်နေထိုင်လိုသော ငါ၏ အလိုသည် ပြီးပြည့်စုံပါစေသတည်း၊ တစ်ယောက်သောသူကတစ်ယောက်သောသူ၏ အကျိုးစီးပွါးကို ပြုလုပ်မပေးနိုင်၊ ထို့ကြောင့် ငါ၏ အကျိုးစီးပွါးကိုငါကိုယ်တိုင်သာလျှင် ပြီးစေတော့အံ့။

֍ ၅၄၃။ ထိုငါသည် ဝီရိယဟု ဆိုအပ်သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ တောအုပ်သို့ ဝင်ပေတော့အံ့၊ အာသဝကုန်ရာ (အရဟတ္တမဂ်) သို့ မရောက်သေးသမျှ ထိုတောအုပ်မှ မထွက် တော့အံ့။

֍ ၅၄၄။ အေးမြသော လေပြည်လေညင်းသည် ကောင်းသော အနံ့ကို ဆောင်လျက်တိုက်ခတ်လာသည်ရှိသော် (ငါသည် ) တောင်ထိပ်၌ နေလျက် မသိမှု 'အဝိဇ္ဇာ'ကို ဖောက်ခွဲပေအံ့။

֍ ၅၄၅။ ပန်းတို့ဖြင့် ဖုံးလွှမ်း၍ အလွန်အေးမြသော ချိုင့်ဝှမ်း လျှိုမြောင် တောတောင် အတွင်း၌ကိလေသာမှ လွတ်မြောက်မှု 'အရဟတ္တဖိုလ်'ချမ်းသာဖြင့် ချမ်းသာခြင်းသို့ ရောက် သည်ဖြစ်၍ မွေ့လျော်ရလိမ့်မည်ဟု ငါ ထင်မိ၏၊

֍ ၅၄၆။ ထိုငါသည် လဆန်း တစ်ဆယ့်ငါးရက် လပြည့်ကဲ့သို့ အကြံအစည် ပြည့်ဝသည်ဖြစ်၍ အာသဝေါတရား အားလုံးတို့မှကုန်ပြီးသူ ဖြစ်၏၊ ငါ့အား ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

ဤသို့လျှင် ဧကဝိဟာရိယမထေရ်သည် ရွတ်ဆို၏၊

........

၃-မဟာကပ္ပိနတ္ထေရဂါထာ

မဟာကပ္ပိနမင်းသည်လောက၌ ဘုရားပွင့်ကြောင်း သတင်းကောင်းကို ကြားရသဖြင့် ဘုရားရှင်ရှိရာသို့သွားရောက်ကာ စန္ဒဘာဂါမြစ်ကမ်းအနီးတွင် ဘုရားရှင်ကိုဖူးတွေ့လျက် တရားတော်ကို နာရသော အခါအမတ်တထောင်နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်လေ၏၊ ဧဟိဘိက္ခုရဟန်းချည်းဖြစ်ကြရာတွင်မဟာကပ္ပိနမထေရ်ကို ဘိက္ခုသြဝါဒဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးတော်မူရာ တနေ့သ၌ ဘိက္ခုနီမတို့အားဆုံးမဟောကြားသော ဂါထာများ

֍ ၅၄၇။ အကြင်ပုဂ္ဂိုလ်သည် အကျိုးရှိသော ကိစ္စ၊ အကျိုးမရှိသော ကိစ္စဟူသော ကိစ္စ နှစ်ပါးကိုမရောက်မီ ရှေးဦးကပင် (ဆင်ခြင်) ကြည့်ရှု၏၊ ထိုသူ၏ (အကျိုးစီးပွါးကို အလို မရှိသူ) ရန်သူတို့သည်လည်းကောင်း၊ (အကျိုးစီးပွါးကို အလိုရှိသူ) အဆွေခင်ပွန်းတို့သည်လည်းကောင်း (အကျိုးရှိ အကျိုးမဲ့ကို ပြုလုပ်ရန်) လမ်းပေါက်ကို ရှာကုန်သော်လည်း မတွေ့ မြင်နိုင်ကြကုန်။

֍ ၅၄၈။ အကြင်ပုဂ္ဂိုလ်သည် ထွက်သက်ဝင်သက်လျှင် အာရုံရှိသော သတိကို အပြည့်အစုံ ကောင်းစွာပွါးအပ်၏၊ မြတ်စွာဘုရား ဟောတော်မူသည့် နည်းလမ်းစဉ်အတိုင်း လေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်သည်'တိမ်တိုက်မှ လွတ်သော လကဲ့သို့'

ဤလောကကို (ဉာဏ်ဟူသော) အလင်းဖြင့်ထွန်းလင်း တောက်ပစေနိုင်၏၊

֍ ၅၄၉။ ငါသည် စိတ်၏ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်မှ ကင်းစင်သည့် တိုင်အောင်ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်၍ ဖြူစင်ပေစွတကား၊ (ထို့ကြောင့်သာလျှင် သစ္စာလေးပါးတို့ကို ) ထိုးထွင်း၍ သိနိုင်၏၊ (အလုံးစုံသော ကိလေသာအဖို့မှ) ပယ်နုတ် ထားပြီးဖြစ်၍ အလုံးစုံသောယုံမှားမှုဟူသော အရပ်မျက်နှာတို့ကို ထွန်းလင်းတောက်ပ စေနိုင်၏၊

֍ ၅၅၀။ ပညာရှိသော သူသည် ဥစ္စာပစ္စည်းကုန်ခန်းသော်လည်း (အပြစ်မရှိသော အသက် မွေးခြင်းဖြင့်) အသက်မွေးနိုင်သည်သာတည်း၊ (ပညာမဲ့သော သူသည်ကား) ပညာကို မရသောကြောင့် ဥစ္စာပစ္စည်းရှိသော်ငြားလည်း အသက်မမွေးနိုင်။

֍ ၅၅၁။ ပညာမည်သည်ကား ကြားမြင်တိုင်းသော အရာကို ဆုံးဖြတ်နိုင်ခြင်းသဘောရှိ၏၊ ပညာသည်မျက်မှောက်မျက်ကွယ် ကျော်စောသတင်းပျံ့နှံ့ခြင်းကို ပွါးစေနိုင်၏၊ ဤလောက၌ ပညာရှိသော သူသည်ဆင်းရဲဒုက္ခထဲမှသော်လည်း ချမ်းသာကို ရနိုင်၏၊

֍ ၅၅၂။ သဘောတရားသည် ယခုအခါ၌သာ ဖြစ်သည် မဟုတ်၊ အံ့ဖွယ်သရဲလည်း မရှိ၊ အထူးအဆန်းဖြစ်သည်လည်း မဟုတ်၊ အကြင်သင်္ခါရလောက၌ ဖြစ်လည်း ဖြစ်ဖူးရာ၏၊ သေလည်းသေရာ၏၊ ထိုဖြစ်ခြင်း သေခြင်းသဘောရှိသော သင်္ခါရလောက၌ အဘယ်ကြောင့်လျှင် အထူးအဆန်း ဖြစ်ရာအံ့နည်း။

֍ ၅၅၃။ မွေးဖွားလာသော သတ္တဝါ၏ အသက်ရှင်သည်မှ အခြားမဲ့၌ သေခြင်းသည် မြဲ၏၊ ဤလောက၌ဖြစ်တိုင်း ဖြစ်တိုင်းသော သတ္တဝါတို့သည် သေကြရကုန်၏၊ သတ္တဝါတို့သည် စင်စစ် ဤသို့သဘောရှိကုန်၏၊

֍ ၅၅၄။ (သေသူ၏ အသက်ဟူသော အကြောင်းကြောင့် အခြားတစ်ပါးသော ပုဂ္ဂိုလ်တို့၏ ဤငိုကြွေးခြင်းသည်) သေသူ အသက်ရှင်ခြင်းဟူသော အကျိုးငှါ မဖြစ်နိုင်၊ သေသူကို (အကြောင်းပြု၍) ငိုကြွေးခြင်းသည် အကျော်အစောကိုလည်း မဆောင်တတ်၊ စင်ကြယ်မှုကိုလည်း မဆောင်တတ်၊ သမဏဗြာဟ္မဏတို့သည်လည်း မချီးမွမ်းကြကုန်။

֍ ၅၅၅။ (ငိုကြွေးခြင်းသည် ငိုကြွေးသောသူ၏) မျက်စိကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်းညှဉ်းဆဲတတ်ကုန်၏၊

ထိုငိုကြွေးခြင်းကြောင့် အဆင်းသည်လည်းကောင်း၊ ခွန်အား သည်လည်းကောင်း၊ ပညာသည်လည်းကောင်း ဆုတ်ယုတ်၏၊

ထိုငိုကြွေးသော ပုဂ္ဂိုလ်၏ ရန်သူတို့သည် ဝမ်းမြောက်ကြကုန်၏၊ ထိုငိုကြွေးသော ပုဂ္ဂိုလ်၏ အဆွေခင်ပွန်းကောင်းတို့ သည် ကိုယ်စိတ်ချမ်းသာခြင်း မရှိကြကုန်။

֍ ၅၅၆။ ထို့ကြောင့် ပညာရှိတို့ကိုလည်းကောင်း၊ အကြားအမြင်များသူတို့ကိုလည်းကောင်း မိမိအမျိုး၌နေခြင်းတို့ကို လိုလားရာ၏၊ မှန်၏၊ 'အမျိုးကောင်းသားတို့သည် ရေပြည့်သော မြစ်ကို လှေဖြင့်ကူးကုန်သကဲ့သို့' ယင်းပညာရှိတို့၏ ပညာအစွမ်းအားဖြင့် (မိမိ၏) ကိစ္စကို ပြီးမြောက်စေကုန်ရာ၏၊

ဤသို့လျှင် မဟာကပ္ပိနမထေရ်သည် ရွတ်ဆို၏၊

........

၄-စူဠပန္ထကတ္ထေရဂါထာ

မဟာပန္ထက၏ညီ စူဠပန္ထကသည် ဂါထာတပုဒ်ကို လေးလသင်ကြားသော်လည်း မရနိုင်၍ နောင်တော်ကနှင်ထုတ်ရာ ငိုကြွေးနေဆဲ ဘုရားရှင်နှင့် တွေ့၍ ရဇောဟရဏံ ရွတ်ဆိုစေခြင်းဖြင့် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် တန်ခိုးဖန်ဆင်းအရာ၌ဧတဒဂ်ထားခြင်းခံရ၏၊ တနေ့သ၌ ရဟန်းတို့က အဘယ်သို့ သစ္စာလေးပါးကို ထိုးထွင်းသိပါသနည်းဟုမေးသည်တွင် ဖြေဆိုသော ဂါထာများ

֍ ၅၅၇။ ရှေးပုထုဇဉ် ဖြစ်စဉ်အခါက ငါ၏ ဉာဏ်သည် နုံ့နှေးအားနည်းလှ၏၊ ကဲ့ရဲ့ ရှုတ်ချနှိပ်စက်ပြောဆိုခြင်း ခံရ၏၊ အစ်ကိုကလည်း သင်သည် ယခု အိမ်သို့ သွားလေလော့ဟု ငါ့ကိုနှင်ထုတ်၏၊

֍ ၅၅၈။ ထိုငါသည် နှင်ထုတ်ခံရသောကြောင့် သာသနာ၌ ငဲ့ကွက် (လူမထွက်လို) မှုရှိသည်ဖြစ်၍ သံဃာ့အရံ၏ တံခါမုခ်အနီး၌ နှလုံးမသာဘဲ ရပ်နေခဲ့၏၊

֍ ၅၅၉။ မြတ်စွာဘုရားသည် ထိုငါနေရာ တံခါးမုခ်အနီးသို့ ကြွလာတော်မူပြီးလျှင် ငါ၏ ဦးခေါင်းကိုသုံးသပ်တော်မူ၏၊ ငါ၏ လက်မောင်းကို ကိုင်တော်မူ၍ သံဃာ့အရံသို့ ဝင်စေ တော်မူ၏၊

֍ ၅၆၀။ မြတ်စွာဘုရားသည် အစဉ်သနားတော်မူသဖြင့် ဤစင်ကြယ်သော ခြေသုတ်ပုဆိုး ပိုင်းကို (ရဇောဟရဏံဟု နှလုံးသွင်းခြင်းဖြင့်) တစ်ခုသော နေရာ၌ ထိုင်ကာ အဓိဋ္ဌာန် ပြုလျက်ဆောက်တည်လေလော့ဟု မိန့်တော်မူပြီးလျှင် ခြေသုတ်ပုဆိုးပိုင်းကို ငါ့အား ပေးတော်မူ၏၊

֍ ၅၆၁။ ငါသည် ထိုမြတ်စွာဘုရား၏ စကားတော်ကို ကြားနာရသော် သာသနာတော်၌ မွေ့လျော်သည်ဖြစ်၍ နေခဲ့၏၊ မြတ်သော အရဟတ္တဖိုလ်ကို ရခြင်းငှါ သမာဓိကို ပြီးစေခဲ့ပြီ။

֍ ၅၆၂။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို သိပြီ၊ နတ်မျက်စိနှင့် တူသောမျက်စိ 'ဒိဗ္ဗစက္ခု'ကိုစင်ကြယ်ကြည်လင်စေအပ်ပြီ၊ ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့်အတိုင်း လိုက်နာပြုကျင့်အပ်ပြီးပြီ။

֍ ၅၆၃။ ပန္ထက (မည်သော ငါ) သည် မိမိကိုယ်ကို (စိတ်ဖြင့် ပြီးသော ကိုယ်ပေါင်း) တစ်ထောင်ဖန်ဆင်း၍ ဆွမ်းစားပင့်လာသည့်တိုင်အောင် မွေ့လျော်ဖွယ်ရှိသော သရက်ဥယျာဉ်၌ ထိုင်နေ၏၊

֍ ၅၆၄။ ထိုနောက်မှ မြတ်စွာဘုရားသည် ငါ့ထံသို့ ဆွမ်းစားပင့်သူ တမန်ကို စေလွှတ် တော်မူ၏၊ ဆွမ်စားသွားရန် အချိန်ကို ပြောကြားလျှောက်ထားသည်ရှိသော် ငါသည် ဆွမ်း ဘုဉ်းပေးရာအရပ်သို့ကောင်းကင်ခရီးဖြင့် ချဉ်းကပ်၏၊

֍ ၅၆၅။ ငါသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို (ဦးတိုက်) ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ မြတ်စွာဘုရားသည် ငါ ထိုင်နေသည်ကို သိတော်မူသောအခါ (ဆွမ်း စသည်ကို) အကပ်ခံတော်မူ၏၊

֍ ၅၆၆။ အလုံစုံသောလောက၏ မြတ်သော အလှူကို ခံတော်မူထိုက်သော အဝေးမှ ဆောင်၍လှူအပ်သော အလှူဝတ္ထုတို့ကို ခံတော်မူထိုက်သော လူတို့၏ ကောင်းမှုတည်းဟူ သော မျိုးစေ့တို့၏့စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် (ဇီဝကလှူဒါန်းသော) အလှူဝတ္ထုကို ခံတော်မူ၏၊

ဤသို့လျှင် စူဠပန္ထကမထေရ်သည် ရွတ်ဆို၏၊

........

၅-ကပ္ပတ္ထေရဂါထာ

မဂဓတိုင်းပဒေသရာဇ်မင်း ကပ္ပသည် ကာမဂုဏ်တို့၌ အလွန်တပ်မက်နေရာ ဘုရားရှင်ကအသုဘကမ္မဋ္ဌာန်းဖြင့် ကျွတ်တမ်းဝင်မည်ကို မြင်တော်မူ၍ ကြွလာလျက် ကောင်းကင်မှ အသုဘကထာကို ဟောပြသည်တွင် အသုဘထင်မြင်သဖြင့် ရဟန်းပြုရန် တောင်းပန်သည့်အတိုင်း ခေါင်းရိတ်စေရာသင်ဓုန်းအဆုံး၌ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ပြီးနောက် ဘုရားရှင်ဟောတော်မူသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ

֍ ၅၆၇။ (ဤကိုယ်သည်) အမျိုးမျိုးရောပြွမ်းသော မစင်ကြယ်သော အရာတို့ဖြင့် ပြည့်၏၊ ကြီးစွာသောမစင်တွင်းနှင့် တူသော အမိဝမ်းတိုက်လျှင် ဖြစ်ရာရှိ၏၊ (အပုပ်အစပ်ရေတို့ဖြင့် ပြည့်၍) ကြာမြင့်စွာဟောင်းနွမ်းခဲ့သော တံစည်းတွင်းကဲ့သို့ ဖြစ်၏၊ ပြည်မှည့်နေသော အိုင်းအမာဖုကြီးနှင့်လည်း တူ၏၊ ပြည်တစိုစို ယိုစီးနေသော အနာပျက်ကြီးနှင့်လည်း တူ၏၊

֍ ၅၆၈။ ဤခန္ဓာကိုယ်သည် ပြည်ပုပ်သွေးပုပ်တို့ဖြင့် ပြည့်၏၊ မစင်တို့ဖြင့်လည်း ပြည့်ကျပ် နေ၏၊ အခါခပ်သိမ်း အရည်ယိုစီးရာ ဖြစ်၏၊ ယင်းသို့ ယိုစီးသော် (သလိပ် ချွေး ကျင်ငယ် စသော) ပုပ်သောအရာဝတ္ထုသည်သာ အခါခပ်သိမ်း ယိုစီး၏၊

֍ ၅၆၉။ ဤကိုယ်ကောင်ပုပ်သည် ခြောက်ဆယ်သော အကြောမတို့ဖြင့် ဖွဲ့ထား၏၊ အသားတည်းဟူသောသရွတ်ဖြင့် လိမ်းကျံထား၏၊ အရေဟူသော သင်တိုင်းဖြင့် ဖုံးအုပ်ထား၏၊ အကျိုးမပြီး အချည်းနှီးသာဖြစ်၏တကား။

֍ ၅၇၀။ (သုံးရာကျော်သော) အရိုးဆက်တို့ဖြင့် ဆက်စပ်ထား၏၊ (ကိုးရာသော) အကြောတည်းဟူသောကြိုးတို့ဖြင့် အမြဲဖွဲ့ထား၏၊ များစွာသော (မဟာဘုတ်လေးပါး ဇီဝိတိန္ဒြေ ထွက်သက် ဝင်သက်ဝိညာဉ်အစရှိသော) တရားတို့၏ အညီအညွတ် ဆက်စပ်သောကြောင့် သာလျှင် ယန္တရားစက်ကဲ့သို့ဣရိယာပုထ်ကို ပြုပြင်တတ်၏၊

֍ ၅၇၁။ ဤသတ္တဝါသည် သေခြင်း၏ အကျိုးငှါ အမြဲသွားခြင်း ရှိသည်ဖြစ်၍ သေမင်း၏ အနီး၌ တည်၏၊

ဤပစ္စုပ္ပန်လောက၌သာလျှင် (ကိုယ်ကို) စွန့်၍ အလိုရှိတိုင်းသော အရပ်သို့ သွားတတ်၏၊

֍ ၅၇၂။ ဤခန္ဓာကိုယ်ကို အဝိဇ္ဇာနီဝရဏဖြင့် ဖုံးလွှမ်းထားအပ်၏၊ ဂန္ထတရားလေးပါးဖြင့် ထုံးဖွဲ့ထားအပ်၏၊

ဤခန္ဓာကိုယ်သည် သြဃလေးပါးတို့၌ နစ်မြုပ်တတ်၏၊ အနုသယတည်းဟူသော ကွန်ရက်ဖြင့်လွှမ်းမိုးနှိပ်စက်ခံနေရ၏၊

֍ ၅၇၃။ ဤခန္ဓာကိုယ်သည် နီဝရဏငါးပါးနှင့် ယှဉ်၏၊ (ကာမဝိတက်စသော မိစ္ဆာ) ဝိတက် ဖြင့်ပြည့်လျှံလျက် တဏာှ ဟဆု အို ပေ် သာ ဘဝမလူ ဖြင့် အစဥဖ့်ွဲလျက် နေ၏၊ (ပြင်းစွာ တွေဝေမှုဟုဆိုအပ်သော ) မောဟတည်းဟေူ သာ အမိုးဖြင့် ပိတ်ဖုံးထား၏၊

֍ ၅၇၄။ ဤသို့ ဆိုအပ်ပြီးသော အပြားဖြင့် ဤခန္ဓာကိုယ်သည် ကောင်းမှုကံ မကောင်းမှုကံဟူသောယန္တရားဖြင့် သုဂတိဘဝဒုဂ္ဂတိဘဝတို့၌ လည်လျက် ဖြစ်၏၊ (ဤသို့ ဖြစ်ရာ၌) ပြည့်စုံခြင်းသည်လည်းပျက်စီးခြင်း အဆုံးရှိကာ အသီးအသီး ဖြစ်လျက် အထူးထူး ကွဲပြားခြင်းသို့ ရောက်ရ၏၊

֍ ၅၇၅။ ဉာဏ်မျက်စိကန်း၍ မိုက်မဲကုန်သော အကြင်ပုထုဇဉ်တို့သည် ဤခန္ဓာကိုယ်ကို (ငါဟု စွဲယူ) မြတ်နိုးကုန်ကြ၏၊ ထိုအန္ဓဗာလပုထုဇဉ်တို့သည် ကြောက်မက်ဖွယ်ဖြစ်ကုန်သော သင်္ချိုင်းမြေဟု ဆိုအပ်သော သံသရာကို ပွါးစေကုန်၏၊ တစ်ဖန် ဘဝသစ်ကို စွဲယူကြကုန်၏၊

֍ ၅၇၆။ အသက်ရှည်လိုသော ယောကျ်ားသည် မစင်လိမ်းကျံနေသော မြွေကို ရှောင်ကြဉ် သကဲ့သို့ အကြင်ပညာရှိတို့သည် ဤခန္ဓာကိုယ်ကို (ဆန္ဒရာဂကို ပယ်သောအားဖြင့်) ရှောင် ကြဉ်ကုန်၏၊ ထိုပညာရှိတို့သည် ဘဝ၏ အကြောင်းဖြစ်သော (အဝိဇ္ဇာ ဘဝတဏှာ) ကို သတ်ဖြတ်စွန့်ပယ်ကာအာသဝေါကင်းသည်ဖြစ်၍ (ကိလေသာခန္ဓာ) ပရိနိဗ္ဗာန်ပြုလတ္တံ့။

ဤသို့လျှင် ကပ္ပမထေရ်သည် ရွတ်ဆို၏၊

........

၆-ဝင်္ကန္တပုတ္တဥပသေနတ္ထေရဂါထာ

နာလကရွာသား ဥပသေနသည် ဗေဒင်ကျမ်းကို သင်ယူပြီးနောက် ဘုရားရှင်ထံရောက် ရဟန်းပြုကာတဝါမျှမရသေးပဲ ဆရာပြုသည်ကို ဘုရားရှင်ကဲ့ရဲ့တော်မူသဖြင့် ပရိသတ်ကို မှီ၍ ချီးမွမ်းခံရအောင်ကျင့်မည်ဟူသော ကြံရွယ်ချက်ဖြင့် ဝိပဿနာပွါးများရာ မကြာခင် ရဟန္တာဖြစ်လေ၏၊ သမန္တပါသာဒိကအရာ၌ ဧတဒဂ်ရပြီးနောက် အခါတပါး ကောသမ္ဗီ ရဟန်းများ ကွဲပြားရာ ရဟန်းတစ်ပါးကဤအကွဲကို မည်သို့ ပြုရပါမည်နည်းဟု မေးလျှောက်သည်တွင် မိမိ၏ ပဋိပတ်အစဉ်ကိုပြောပြသော ဂါထာများ

֍ ၅၇၇။ ရဟန်းသည် (လူတို့မှ) ကင်းဆိတ်၍ ကြွေးကြော်သံ မရှိသော (ခြင်္သေ့ သစ်ကျား စသော) သားရဲတို့၏ မှီဝဲရာဖြစ်သည့် တောကျောင်းကို တစ်ယောက်တည်း ကိန်းအောင်းရန် မှီဝဲဆည်းကပ်ရာ၏၊

֍ ၅၇၈။ (ရဟန်းသည်) တံမြက်ချေးစွန့်ရာအရပ် သုသာန်ခရီးလမ်းမတို့မှ ဆောင်ယူခဲ့၍ ယင်းသို့ဆောင်ယူခဲ့သော အဝတ်ပိုင်းတို့ဖြင့် ဆက်စပ်ချုပ်ဆိုးခြင်းကို ပြုပြီးလျှင် ခေါင်းပါး သော သင်္ကန်းကိုဆောင်ရာ၏၊

֍ ၅၇၉။ ရဟန်းသည် စိတ်ကို နှိမ့်ချ၍ စက္ခုစသောတံခါးတို့ကို လုံခြုံစေလျက် ကောင်းစွာ စောင့်ရှောက်၍အစဉ်အတိုင်း တစ်အိမ်မှ တစ်အိမ်သို့ ဆွမ်းအလို့ငှါ သွားရာ၏၊

֍ ၅၈၀။ ကြမ်းတမ်းသော ဆွမ်းဖြင့်လည်း ရောင့်ရဲ နှစ်သက်ရာ၏၊ (ရအပ်သော ပစ္စည်းမှ) အခြားတစ်ပါးသော အချိုစသော အရသာကိုလည်းကောင်း၊ များစွာကိုလည်းကောင်း မတောင့် တရာ။ အရသာတို့၌ တပ်မက်သော ရဟန်း၏ စိတ်သည် သမာဓိစျာန်၌ မမွေ့လျော်နိုင်။

֍ ၅၈၁။ ရဟန်းသည် အလိုနည်းသည်ဖြစ်၍ လည်းကောင်း၊ ရောင့်ရဲလွယ်သည်ဖြစ်၍ လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်သည်ဖြစ်၍ လည်းကောင်း နေရာ၏၊ အိမ်ရာ ထောင်သောလူတို့နှင့်လည်းကောင်း၊ အိမ်ရာမထောင်သော ရဟန်းတို့နှင့်လည်းကောင်း နှစ်ပါးစုံတို့နှင့် မရောနှောဘဲနေရာ၏၊

֍ ၅၈၂။ ပညာရှိရဟန်းသည် (ပညာမမဲ့သော်လည်း) ပညာမဲ့သော သူကဲ့သို့လည်းကောင်း၊ (မအသော်လည်း) အသောသူကဲ့သို့လည်းကောင်း မိမိကိုယ်ကို ပြရာ၏၊ သံဃာ့အလယ်၌ ပြောဆိုသော် အချိန်ကြာမြင့်စွာမပြောမဆိုရာ။

֍ ၅၈၃။ ထို (ဆိုအပ်ပြီးသော အကျင့်ရှိသော) ရဟန်းသည် တစ်စုံတစ်ယောက်သော သူကို (နှုတ်ဖြင့်) မစွပ်စွဲရာ၊ (ကိုယ်ဖြင့်) ညှဉ်းဆဲနှိပ်စက်ခြင်းကို ရှောင်ကြဉ်ရာ၏၊ ပါတိမောက္ခသံဝရ သီလ၌ ကောင်းစွာစောင့်ရှောက်ရာ၏၊ စားဖွယ်ဘောဇဉ်၌ အတိုင်း အရှည်ကို သိရာ၏၊

֍ ၅၈၄။ ကောင်းစွာ ယူအပ်သော သမာဓိနိမိတ်ရှိသူ ဖြစ်ရာ၏၊ တွန့်ဆုတ်ပျံ့လွင့်သော စိတ်ဖြစ်ခြင်းအကြောင်း၌ လိမ္မာသူ ဖြစ်ရာ၏၊ သမထဘာဝနာကို ပွါးများအားထုတ်ရာ၏၊ လျောက်ပတ်သောကာလ၌ ဝိပဿနာကိုလည်း အားထုတ်ရာ၏၊

֍ ၅၈၅။ ပညာရှိရဟန်းသည် အမြဲမပြတ် အားထုတ်ခြင်းနှင့် ပြည့်စုံသူ အခါခပ်သိမ်း ဘာဝနာ၌ အမြဲယှဉ်သူဖြစ်ရာ၏၊ ဆင်းရဲခြင်း၏ အဆုံးဖြစ်သော နိဗ္ဗာန်သို့ မရောက်သေး သမျှ ဝီရိယကို မစွန့်လွှတ်ရာ။

֍ ၅၈၆။ ဤသို့သော အစီအရင်ဖြင့် နေသော (စင်စစ်) စင်ကြယ်မှု (နိဗ္ဗာန်) ကို အလိုရှိ သော ရဟန်းအားအာသဝေါတရား အားလုံးတို့သည် ကုန်ခန်းချုပ်ပျောက်ကုန်၏၊ နိဗ္ဗာန်သို့လည်း ရောက်၏၊

ဤသို့လျှင် ဝင်္ကန္တပုဏ္ဏားသားဖြစ်သော ဥပသေနမထေရ်သည် ရွတ်ဆို၏၊

........

၇- (အပရ) ဂေါတမတ္ထေရဂဂါထာ

ဥဒိစ္စပုဏ္ဏားမျိုး ဂေါတမသည် ဘုရားမပွင့်မီကပင် ဗေဒပါရဂူဖြစ်လျက် ဝါဒစစ်ထိုးရန် လှည့်လည်နေဆဲဘုရားပွင့်လာရာ အခါတပါ ဇေတဝန်ကျောင်းတော် ပူဇော်ပွဲတွင် ဘုရားထံချဉ်းကပ်၍ရဟန်းပြုရန်ခွင့်တောင်းရာ ပိဏ္ဍာစာရိကရဟန်းတပါးအား ရဟန်းပြု ပေးရန် လွှဲအပ်သဖြင့် ခေါင်းရိပ်အပြီးတွင် အရဟတ္တဖိုလ်သို့ရောက်၏၊ ဆွေမျိုးတို့က ''လောက၌ အဘယ်ဝါဒသည် သံသရာမှထွက်မြောက်ကြောင်း ဖြစ်ပါသနည်း''ဟု မေးလျှေက်သောအခါ ပြန်ကြား ရွတ်ဆိုသော ဂါထာများ

֍ ၅၈၇။ ပညာရှိသည် မိမိအကျိုးကို (ဟုတ်တိုင်းမှန်စွာ) သိရာ၏၊ အယူဝါဒအားလုံးကို အမှားအမှန်ဝေဖန်စိစစ်ရာ၏၊ ရဟန်းအဖြစ်သို့ ကပ်ရောက်သော ထိုသူအား ဤရှင်ရဟန်း အဖြစ်၌သင့်တင့်လျောက်ပတ်သော အပြုအမူကိုလည်း (ကြည့်ရှုဆင်ခြင်ရာ၏)။

֍ ၅၈၈။ ဤသာသနာတော်၌ အဆွေခင်ပွန်းကောင်းကို မှီဝဲခြင်း၊ ပြန့်ပြောသော အဓိသီလစ သောသိက္ခာကို ဆောက်တည်ခြင်း၊ အလေးအမြတ်ပြုအပ်ကုန်သော ဆရာဥပဇ္ဈာယ်တို့၏ အဆုံးအမကိုနာယူလိုခြင်းဟူသော

ဤအရာအားလုံးသည် ရဟန်း၏ သင့်တင့်လျောက်ပတ် သော အပြုအမူပင်တည်း။

֍ ၅၈၉။ မြတ်စွာဘုရားတို့၌ ရိုသေခြင်းနှင့်တကွ ဖြစ်ခြင်း၊ (အရိယာ) တရား၌ဟုတ်မှန် သောအတိုင်း ရိုသေသဖြင့် ပူဇော်ခြင်း၊ (အရိယာ) သံဃာ၌ ရိုသေမြတ်နိုးခြင်းဟူသော ဤအရာ အားလုံးသည် ရဟန်း၏သင့်တင့်လျောက်ပတ်သော အပြုအမူပင်တည်း။

֍ ၅၉၀။ ကိုယ်နှုတ်ဖြင့် မလွန်ကျူးမှု 'အာစာရ' သင့်တင့်လျောက်ပတ်သောအရပ်'ဂေါစရ'နှင့် ယှဉ်ခြင်း၊ ပညာရှိတို့ မကဲ့ရဲ့အပ်သည့် သုတ်သင်ပြီးသော အသက်မွေးခြင်း၊ စိတ်ကို ကောင်း စွာ ထားခြင်းဟူသောဤအရာအားလုံးသည် ရဟန်း၏ သင့်တင့်လျောက်ပတ်သော အပြု အမူပင်တည်း။

֍ ၅၉၁။ ပြုကျင့်ဆည်းပူးအပ်သော 'စာရိတ္တ'သီလ၊ တားမြစ်ထား၍ ရှောင်ကြဉ်အပ်သော 'ဝါရိတ္တ'သီလ၊ သူတစ်ပါးတို့ ကြည်ညိုခြင်းကို ဖြစ်စေတတ်သော ဣရိယာပုထ်ကို မှီသော ဆင်ခြင်ဉာဏ်'သမ္ပဇဉ်'၊ သမထဝိပဿနာ စသည်တို့၌ အဖန်တလဲလဲ အားထုတ် ပွါးများခြင်းဟူသော ဤအရာအားလုံးသည်ရဟန်း၏ သင့်တင့်လျောက်ပတ်သော အပြုအမူပင်တည်း။

֍ ၅၉၂။ လူတို့၏ ကြွေးကြော်သံမှ ကင်း၍ ဆိတ်ငြိမ်ရာ တောကျောင်းတို့ကို မှီဝဲခြင်းဟူ သောဤအရာအားလုံးသည် ရဟန်း၏ သင့်တင့်လျောက်ပတ်သော အပြုအမူပင်တည်း။

֍ ၅၉၃။ စတုပါရိသုဒ္ဓိသီလ၊ အကြားအမြင်များခြင်း'ဗာဟုသစ္စ'၊ (ရုပ်နာမ်) တရားတို့ကို မဖောက်မပြန်စုံစမ်းဆင်ခြင်ခြင်း၊ အရိယသစ္စာတို့ကို ထိုးထွင်း၍ သိခြင်းဟူသော ဤအရာ အားလုံးသည် ရဟန်း၏သင့်တင့်လျောက်ပတ်သော အပြုအမူပင်တည်း။

֍ ၅၉၄။ သင်္ခါရအားလုံးတို့၌ အနိစ္စသညာကို ပွါးများခြင်း၊ အနတ္တသညာကို ပွါးများခြင်း၊ အသုဘသညာကိုပွါးများခြင်း၊ တေဘူမကသင်္ခါရတို့၌ မွေ့လျော်ဖွယ် မရှိဟု ဖြစ်သော 'အနဘိရတိ'သညာကိုပွါးများခြင်းဟူသော ဤအရာအားလုံးသည် ရဟန်း၏ သင့်တင့် လျောက်ပတ်သော အပြုအမူပင်တည်း။

֍ ၅၉၅။ ဗောဇ္ဈင်တို့ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်တို့ကိုလည်းကောင်း၊ ဣန္ဒြေတို့ကိုလည်းကောင်း၊ ဗိုလ်တို့ကိုလည်းကောင်း၊ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကိုလည်းကောင်း ပွါးများခြင်းဟူသောဤအရာအားလုံးသည် ရဟန်း၏ သင့်တင့်လျောက်ပတ်သော အပြုအမူပင်တည်း။

֍ ၅၉၆။ တဏှာကို ပယ်စွန့်ခြင်း၊ အာသဝတရားတို့ကို အမြစ်'မူလ'နှင့်တကွ ဖောက်ခွဲ ဖျက်ဆီးခြင်း၊ (အလုံးစုံသော ဥပဓိမှ) လွတ်မြောက်ရာ နိဗ္ဗာန်ကို (မျက်မှောက်ပြု၍) နေခြင်းဟူသောဤအရာအားလုံးသည် ရဟန်၏ သင့်တင့်လျောက်ပတ်သော အပြုအမူပင်တည်း။

ဤသို့လျှင် ဂေါတမ မထေရ်သည် ရွတ်ဆို၏၊

ဒသကနိပါတ် ပြီး၏၊

........

၁၁-ဧကာဒသနိပါတ်

၁-သံကိစ္စတ္ထေရဂါထာ

အမိအလောင်းကို မီးသင်္ဂြီုဟ်ရာမှ အသက်မသေပဲ ကျန်ရစ်ခဲ့သော သံကိစ္စသည် ခုနစ်နှစ်အရွယ်သို့ရောက်သောအခါ ဖြစ်ခဲ့ရပုံကို သံဝေဂရ၍ သျှင်သာရိပုတြာထံ၌ ရှင်ပြု တစပဉ္စက ကမ္မဋ္ဌာန်းကိုပေးကာ ခေါင်းရိပ်အပြီးတွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်၏၊ ခိုးသားငါးရာတို့ လက်ထည်းရောက်သော်လည်း အသက်မသေကျန်ရစ်ရပြန်၏၊ အခါတပါး ဥပါသကာတယောက်က အသျှင်၏အနီးတွင် ပြုစုလုပ်ကျွေးနေထိုင်လိုပါကြောင်း တောင်းပန်သည်တွင် ပြန်ကြား ရွတ်ဆိုသော ဂါထာများ

֍ ၅၉၇။ ချစ်သားသာမဏေ တော၌ သင့်အတွက် အဘယ်မှာ အကျိုးရှိအံ့နည်း၊ မိုးအခါ၌ ဥဇ္ဇုဟာနတောင်သည်လည်း သင့်အတွက် အဘယ်မှာ အကျိုးရှိအံ့နည်း၊ ဝေရမ္ဘမည်သော လေတို့သည် အဘယ်မှာမွေ့လျော်ဖွယ် ရှိကုန်အံ့နည်း၊ စျာန်ဝင်စားကုန်သော သူတို့အား (မည်သည့်အရပ်၌မဆို) ဆိတ်ငြိမ်မှုကိုသာအလိုရှိအပ်၏၊

֍ ၅၉၈။ ဒါယကာ မိုးအခါ၌ ဝေရမ္ဘမည်သော လေသည် တိမ်တိုက်တို့ကို ပယ်ဖျောက် သကဲ့သို့ ဤအတူဆိတ်ငြိမ်မှု 'ဝိဝေက'နှင့် ယှဉ်သော သညာတို့သည် ငါ့အား ဆိတ်ငြိမ်ရာ အရပ်သို့သာလျှင် ဆွဲဆောင်ကုန်၏၊

֍ ၅၉၉။ မည်းနက်၍ ဥ၌ ဖြစ်သော ကျီးသည် သင်္ချိုင်းအရပ်၌ နေရာဌာနပြု၍ ကျက်စား သွားလာ၏၊ ငါ၏ ကိုယ်၌ ရာဂကင်းခြင်းကို မှီသော ကာယဂတာသတိကို ဖြစ်စေနိုင်သည်သာ လျှင်တည်း။

֍ ၆၀၀။ အခြားသော သူတို့၏ အစောင့်အရှောက်ကိုလည်း မခံရ၊ မိမိကလည်း အခြား သူတို့ကို မစောင့်ရှောက်ရသော ရဟန်းသည် ဝတ္ထုကာမတို့၌ ငဲ့ကွက်မှု ကင်းသည်ဖြစ်၍ စင်စစ် ချမ်းသာစွာနေရ၏၊

֍ ၆၀၁။ ကြည်လင်သော ရေရှိကုန်သော၊ ကျယ်ပြန့်၍ နူးညံ့သည့် ကျောက်ရှိကုန်သော၊ မျောက်, ချေ (ဂျီ), သမင်စသော သားကောင်တို့ဖြင့် ရောပြွမ်းကုန်သော၊ (ထိုထိုအရပ်၌) ရေမှော်တို့ဖြင့်ဖုံးလွှမ်းအပ်ကုန်သော ထိုကျောက်တောင်တို့သည် ငါ့ကို မွေ့လျော်စေကုန်၏၊

֍ ၆၀၂။ ငါသည် တောအရပ်၌ ဖြစ်ကုန်သော ချောက်တို့၌လည်းကောင်း၊ ဂူလိုဏ်တောင်ခေါင်းတို့၌လည်းကောင်း၊ အစွန်အဖျားကျသော ကျောင်းတို့၌လည်းကောင်း၊ (ခြင်္သေ့ ကျားစသော) သားရဲသမင်တို့ မှီဝဲအပ်သော တော၌လည်းကောင်း နေခဲ့ဖူးပြီ။

֍ ၆၀၃။ ဤသတ္တဝါတို့ သေကြစေကုန်သတည်း၊ ထိုးပစ်နှိပ်စက်ခံကြရစေကုန်သတည်း၊ ဆင်းရဲခြင်းသို့ရောက်ကြစေကုန်သတည်း၊ (ဤသို့ ဒေါသနှင့်တကွဖြစ်သော မမြတ်သော အကြံဖြစ်ခဲ့ဖူးသည်ကို) ငါမသိစဖူး။

֍ ၆၀၄။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့် အတိုင်းလိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝသုံးပါးသို့ ဆောင်တတ်သောတဏှာကို နုတ်အပ်ပြီ။

֍ ၆၀၅။ အကြင် အရဟတ္တဖိုလ်အကျိုးငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်း ပြု၏၊ အလုံးစုံသော နှောင်ကြိုးသံယောဇဉ်တို့၏ကုန်ရာ အရဟတ္တဖိုလ်ဖြစ်သော အကျိုးကိုလည်း ငါ ရပြီ။

֍ ၆၀၆။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ 'သူရင်းငှါးသည်လုပ်ခရရန်အတွက် နေ့ကုန်မည့် အချိန်ကိုသာ ငံ့လင့်စောင့်မျှော်သကဲ့သို့' ငါသည် ပရိနိဗ္ဗာန်ပြုရမည့်အချိန်ကိုသာ ငံ့လင့်စောင့်မျှော်၏၊

֍ ၆၀၇။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ ထင်သောသတိရှိကာ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ခန္ဓပရိနိဗ္ဗာန်ပြုချိန်ကိုသာ ငံ့လင့်စောင့်မျှော်နေ၏၊

ဤသို့လျှင် သံကိစ္စမထေရ်သည် ရွတ်ဆို၏၊

ဧကာဒသနိပါတ် ပြီး၏၊

........

၁၂-ဒွါဒသကနိပါတ်

၁-သီလဝတ္ထေရဂါထာ

ဗိမ္ဗိသာရမင်းကြီး၏သားတော် သီလဝသည် နောင်တော်အဇာတသတ်က သတ်လိုသဖြင့် အမုန်ယစ်သောဆင်ပေါ်တင်၍ သတ်စေသော်လည်း မသေ၊ ထိုအခြင်းအရာကို ဘုရားရှင် မြင်တော်မူ၍သျှင်မောဂ္ဂလ္လာန်ကို ခေါ်ယူစေရာ ဆင်နှင့်တကွ မင်းသားရောက်လာ၍ ဆင်ပေါ်မှဆင်းကာ ဘုရားရှင်ကိုရှိခိုးလျက် တရားတော်ကို နာရလျှင် ရဟန်းပြု ဝိပဿနာပွါးများလျှင် မကြာမီ ရဟန္တာဖြစ်၏၊ ထို့နောင်ကောသလတိုင်း၌ နေစဉ် အဇာတသတ်က အာဏာသားတို့ကို လွှတ်၍ သတ်စေပြန်ရာအာဏာသားတို့လည်း မထေရ်၏ တရားကို နာရ၍ အားလုံး ရဟန်းပြုကြသည်တွင် ထိုရဟန်းတို့အားဟောကြား သော ဂါထာများ

֍ ၆၀၈။ ဤလောက၌ (အကျိုးစီးပွါးကို အလိုရှိသော အမျိုးသားသည်) စာရိတ္တ, ဝါရိတ္တသီလ ကိုသာလျှင် ကောင်းစွာ စင်ကြယ်သည်ကို ပြု၍ ကျင့်ရာ၏၊ မှီဝဲအပ်သော (စာရိတ္တ, ဝါရိတ္တ) သီလသည်စည်းစိမ်ချမ်းသာအားလုံးကို ဆောင်တတ်၏၊

֍ ၆၀၉။ ချမ်းသာသုံးမျိုးတို့ကို အလိုရှိသော ပညာရှိသည် သီလကို စောင့်ရာ၏၊ (သီလရှိ သောသူအားဤပစ္စုပ္ပန်လောက၌) ပညာရှိတို့ ချီးမွမ်းခြင်း, ဝမ်းမြောက်နှစ်သက်ရခြင်း, သေဆုံးပြီးနောက် နတ်ပြည်၌မွေ့လျော်ရခြင်းဟူသော အကျိုးကို ရနိုင်၏၊

֍ ၆၁၀။ သီလရှိသူသည် (ကိုယ်နှုတ်ကို) စောင့်စည်းခြင်းဖြင့် များစွာသော အဆွေခင်ပွန်း တို့ကို ရနိုင်၏၊ သီလမရှိသော ပုဂ္ဂိုလ်သည်ကား မကောင်းမှုကို ပြုကျင့်သည်ဖြစ်၍ အဆွေ ခင်ပွန်းတို့ကို ဖျက်ဆီး၏၊

֍ ၆၁၁။ သီလမရှိသူသည် (မျက်မှောက်၌) ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊ အကျော်အစောမဲ့ခြင်းကိုလည်းကောင်း ရ၏၊

သီလရှိသူသည် ဂုဏ်ကျေးဇူးကိုလည်းကောင်း၊ ကျော်စောခြင်းကိုလည်းကောင်း၊ (မျက်မှောက်) ချီးမွမ်းခြင်းကိုလည်းကောင်း အခါခပ်သိမ်း ရ၏၊

֍ ၆၁၂။ သီလသည် (ကုသိုလ်တရားတို့၏) အစ'မူလ' ဖြစ်၏၊ (စျာန်မဂ်ဖိုလ်တရားတို့၏) တည်ရာဖြစ်၏၊ သီလသည် (သမထ ဝိပဿနာစသော) ကောင်းသော တရားတို့၏ အမိ သဖွယ် ဖြစ်၏၊ အလုံးစုံသောတရားတို့၏ အကြီးအမှူး ဖြစ်၏၊ ထို့ကြောင့် သီလကို စင်ကြယ်စေရာ၏၊

֍ ၆၁၃။ သီလသည် ဒုဿီလျမှုကို ဖျက်ဆီးတတ်၏၊ ကာယဒုစရိုက်စသည်တို့၏ ဖြစ်ရာ ဒွါရကို ပိတ်ဆို့တတ်၏၊ စိတ်ကို နှစ်သက်ရွှင်ပျစေတတ်၏၊ ခပ်သိမ်းသော ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့၏နိဗ္ဗာန်တည်းဟူသော မဟာသမုဒ္ဒရာသို့ သက်ဆင်းရာ ဆိပ်ကမ်းလည်း ဖြစ်၏၊ ထို့ကြောင့် သီလကိုစင်ကြယ်စေရာ၏၊

֍ ၆၁၄။ သီလသည် မာရ်ကို နှိမ်နင်းဖျက်ဆီးခြင်း၌ အတုမရှိသော ခွန်အား မည်၏၊ သီလသည် မြတ်သောလက်နက်လည်း မည်၏၊ သီလသည် မြတ်သော အဆင်တန်ဆာလည်း မည်၏၊ သီလသည် အံ့သြဖွယ်ရာချပ်ဝတ်တန်ဆာလည်း မည်၏၊

֍ ၆၁၅။ သီလသည် တောင့်တင်းခိုင်မြဲသော တံတားသဖွယ် ဖြစ်၏၊ သီလသည် အတုမရှိ သောနံ့သာလည်း မည်၏၊ သီလသည် မြတ်သော နံ့သာပျောင်းနှင့်လည်း တူ၏၊ ယင်း သီလတည်းဟူသောရနံ့ဖြင့် အရပ်ဆယ်မျက်နှာတိုင်အောင် တကြိုင်ကြိုင် ပျံ့လှိုင်၏၊

֍ ၆၁၆။ သီလသည် မြတ်သော စမြိန်စာ ထမင်းထုပ်နှင့် တူ၏၊ သီလသည် မြတ်သော ခရီးရိက္ခာထုပ်နှင့်တူ၏၊ သီလသည် မြတ်သော ရှေ့ဆောင်လမ်းပြနှင့် တူ၏၊ ယင်းရှေ့ဆောင် လမ်းပြဖြင့် အရပ်မျက်နှာ (ထိုထိုဂတိကြီးငယ်) သို့ ချမ်းသာစွာ သွားရောက်ရ၏၊

֍ ၆၁၇။ စိတ်ဆိုး စိတ်ယုတ်ရှိသူသည် ပစ္စုပ္ပန်လောက၌ ပညာရှိတို့ ကဲ့ရဲ့ခြင်းကို ခံရ၏၊ တမလွန်ဘဝ၌လည်း အပါယ်ဘုံ၌ (ယမမင်းတမန်တို့၏) ပြစ်တင် ရှုတ်ချ ကဲ့ရဲ့ခြင်းကို ခံရ၏၊ သီလတို့၌မဆောက်တည် မစောင့်စည်းသော လူမိုက်သည် အလုံးစုံသော ပစ္စုပ္ပန်လောက, တမလွန်လောက၌ပူဆွေးဝမ်းနည်းရ၏၊

֍ ၆၁၈။ စိတ်ကောင်း စိတ်မြတ်ရှိသူသည် ပစ္စုပ္ပန်လောက၌ ပညာရှိတို့ ချီးမွမ်းခြင်းကို ခံရ၏၊ တမလွန်ဘဝ၌လည်း နတ်ပြည်၌ (ပညာရှိနတ်တို့၏) ချီးမွမ်းခြင်းကို ခံရ၏၊ သီလတို့ ၌ ကောင်းစွာဆောက်တည် စောင့်စည်းသော ပညာရှိသည် အလုံးစုံသော ပစ္စုပ္ပန်လောက, လမလွန်လောက၌ရွှင်လန်းဝမ်းမြောက်ရ၏၊

֍ ၆၁၉။ ဤလောက၌ သီလသည် မြတ်သည်သာလျှင်တည်း၊ ပညာရှိသူသည် ချီးမွမ်းအပ်မြတ်သည်ပင်တည်း။ လူတို့၌လည်းကောင်း၊ နတ်တို့၌လည်းကောင်း သီလပညာအားဖြင့် (ဆန့်ကျင်ဘက်တရားတို့ကို) အောင်နိုင်ကြကုန်၏၊

ဤသို့လျှင် သီလဝ မထေရ်သည် ရွတ်ဆို၏၊

........

၂-သုနီတတ္ထေရဂါထာ

ရှေးဘဝ ဝစီကံကြောင့် သူတပါး၏ အညစ်အကြေးကို စွန့်ရသော အမျိုး၌ ဖြစ်ရသော သုနီတသည်အရဟတ္တဖိုလ် ဥပနိဿယရှိသူဖြစ်၍ အမှိုက်ကျုံးနေဆဲဘုရားရှင်ကြွလာ၍ ခေါ်တော်မူလျင်ဝမ်းမြောက်ဝမ်းသာ ရဟန်းပြုသည်တွင် ဧဟိဘိက္ခုရဟန်းအဖြစ် ခံယူလျက် ကမ္မဌာန်းကို အားထုတ်ရာသမာပတ်ရှစ်ပါး အဘိညာဉ်ခြောက်ပါးတို့နှင့်တကွ ရဟန္တာ ဖြစ်လေ၏၊ ထိုအသျှင့်ထံသို့ သိကြားဗြဟ္မာတို့ချဉ်းကပ်ရှိခိုးကြ၏၊ အခါတပါး ရဟန်းများ က ''အဘယ်အမျိုးမှ အဘယ်သို့ရဟန်းပြု၍ အဘယ်သို့သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိသနည်း''ဟု မေးကြရာ ပြန်ကြားဖြေဆိုသော ဂါထာများ

֍ ၆၂၀။ ငါသည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်ခဲ့၏၊ အစားအစာ ရှားပါးသူ, ဆင်းရဲသူ ဖြစ်ခဲ့၏၊ အောက်ကျယုတ်နိမ့်သော အလုပ်ကိစ္စကို ပြုလုပ်ရသူ, ပန်းမှိုက်သွန် ဘင်ကျုံးသူ ဖြစ်ခဲ့ရ၏၊

֍ ၆၂၁။ ငါသည် လူတို့ စက်ဆုပ်အပ်သူ, အနှိမ်ခံရသူ, ရှုတ်ချခံရသူ ဖြစ်၍ စိတ်ကို နှိမ့်ချ လျက်များစွာသော လူအပေါင်းကို ရှိခိုးခဲ့ရပါ၏၊

֍ ၆၂၂။ အခါတစ်ပါး၌ ရဟန်းသံဃာတို့ဖြင့် ခြံရံလျက် မဂဓတိုင်း ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူသော ကြီးသောလုံ့လရှိသော မြတ်စွာဘုရားကို ဖူးမြော်ရ၏၊

֍ ၆၂၃။ (ထိုအခါ ) ငါသည် ထမ်းပိုးကို ချ၍ ရှိခိုးရန် ချဉ်းကပ်ခဲ့၏၊ ယောကျ်ားမြတ် ဖြစ်တော်မူသောမြတ်စွာဘုရားသည် ငါ့ကို သနားတော်မူသဖြင့် သာလျှင် ရပ်နေတော်မူ၏၊

֍ ၆၂၄။ ထိုအခါ ငါသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးဦးတိုက်၍ သင့်တင့်လျောက် ပတ်သောနေရာ၌ တည်နေပြီးလျှင် သတ္တဝါခပ်သိမ်းတို့ထက် မြတ်တော်မူသော ဘုရားသခင် အား ရဟန်းပြုခွင့်တောင်းခဲ့ပါ၏၊

֍ ၆၂၅။ ထို့နောက် ကြီးမြတ်သော ကရုဏာရှိတော်မူသော, အလုံးစုံသော လူတို့၏ အကျိုးစီးပွါးကိုစောင့်ရှောက်တော်မူတတ်သော မြတ်စွာဘုရားသည် ''ရဟန်း လာလှည့်''ဟု ငါ့ကို မိန့်တော်မူ၏၊ ''ရဟန်း လာလှည့်''ဟူသော ထိုစကားမျှသည်ပင် ငါ၏ (ဧဟိဘိက္ခု) ရဟန်းပဉ္ဇင်း ဖြစ်ခြင်းတည်း။

֍ ၆၂၆။ ထိုငါသည် တော၌ တစ်ယောက်ထီးတည်း မပျင်းမရိ နေလျက် မြတ်စွာဘုရားဆုံးမတော်မူသောအတိုင်း မြတ်စွာဘုရား စကားတော်ကို လိုက်နာပြုကျင့်၏၊

֍ ၆၂၇။ ညဉ့်၏ ပဌမယာမ်ပတ်လုံး ရှေး၌ နေဖူးသော ခန္ဓာကို အစဉ်အတိုင်း အောက် မေ့ခဲ့၏၊ ညဉ့်၏မဇ္ဈိမယာမ်ပတ်လုံး နတ်မျက်စိနှင့် တူသော မျက်စိ (ဒိဗ္ဗစက္ခုအဘိညာဉ်) ကို စင်ကြယ်ကြည်လင်စေခဲ့၏၊ ညဉ့်၏ ပစ္ဆိမယာမ်၌ မောဟအစုကို (အာသဝက္ခယဉာဏ်ဖြင့်) ဖျက် ဆီးခဲ့၏၊

֍ ၆၂၈-၉။ ထိုနောက် ညဉ့်၏ အဆုံး နေထွက်ခြင်းကို အမှတ်ပြု၍ သိကြားမင်းသည်လည်းကောင်း၊ ဗြဟ္မာမင်းသည်လည်းကောင်း လာကြကုန်လျက် လက်အုပ်ချီကာ ''ယောကျ်ား ဇာနည်ဖြစ်တော်မူသောအရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောကျ်ားမြတ်ဖြစ်တော်မူ သော အရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရားအား အာသဝေါတရားတို့သည် ကုန်ပါကုန်ပြီ၊ ဆင်းရဲကင်းသော အရှင်ဘုရားအရှင်ဘုရားသည် မြတ်သော အလှူကို ခံတော် မူထိုက်ပါ၏''ဟု ဆို၍ ရှိခိုးကြကုန်၏၊

֍ ၆၃၀။ ထိုနောက် မြတ်စွာဘုရားသည် နတ်အပေါင်းတို့ဖြင့် ခြံရံအပ်သော ငါ့ကို မြင်တော် မူ၍ပြုံးတော်မူလျက်

ဤဆိုလတ္တံ့သော အနက်သဘောကို မိန့်တော်မူ၏၊

֍ ၆၃၁။ (ဣန္ဒြေကို စောင့်စည်းခြင်းဟူသော) အကျင့်ဖြင့်လည်းကောင်း၊ (ကိုယ်, နှုတ် နှစ်ပါးကိုစောင့်စည်းခြင်းဟူသော) သီလဖြင့်လည်းကောင်း၊ (ကိလေသာတို့ကို ပယ်စွန့် ကြောင်း) ပညာဖြင့်လည်းကောင်း၊ မြတ်သော အကျင့်ဖြင့်လည်းကောင်း ဤဆိုအပ်ခဲ့ပြီးသော အကျင့်ဖြင့် (မကောင်းမှုကို အပပြုပြီးသော) ဗြာဟ္မဏမည်၏၊

ဤအကျင့်မြတ်ရှိသော သူကို အလုံးစုံသောဗြာဟ္မဏတို့ထက် မြတ်သော ဗြာဟ္မဏဟူ၍ ဆိုကုန်၏၊

ဤသို့လျှင် သုနီတမထေရ်သည် ရွတ်ဆို၏၊

ဒွါဒသကနိပါတ် ပြီး၏၊

........

၁၃-တေရသနိပါတ်

၁-သောဏကောဠိဝိသတ္ထေရဂါထာ

စမ္ပာမြို့ဥသဘသူဌေးသား သောဏသည် အလွန်နူးညံ့၍ ပြုဒေ် ၃-ဆောင်၌ နတ်သားကဲ့သို့စည်းစိမ်ခံစားနေရာမှ ဗိမ္ဗိသာရမင်း၏ အမိန့်ဖြင့် ရာဇဂြိုလ်ပြည်သို့ လာရာတွင် ဘုရားရှင်ထံရောက်တရားတော်နာယူ၍ ရဟန်းပြုပြီးလျှင် တမာပင်တော၌ တရားကို အပြင်းအထန်အားထုတ်သော်လည်းတရားမရနိုင် လူထွက်တော့မည်ဟု အကြံ ပြုနေ၊ ဆဲဘုရားရှင်ကြွလာ၍ စောင်းဥပမာဖြင့် အညီအမျှကျင့်ရမည့်အကြောင်း ဟောတော်မူမှ အားထုတ်သည်တွင် ရဟန္တာဖြစ်လေ၏၊ ထိုအခါ မိမိ၏ ပဋိပတ်ကိုဆင်ခြင်လျက် ဥဒါန်းကျူးသော ဂါထာများ

֍ ၆၃၂။ အကြင်သောဏသည် အင်္ဂတိုင်း၌ အင်္ဂတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်း၏ အလွန်မြတ် သော အခြံအရံသူကြွယ်ဖြစ်ခဲ့၏၊ ထိုသောဏသည် ယခုအခါလောကုတ္တရာတရားကိုးပါးတို့၌ အလွန်မြတ်သည်ဖြစ်၍ ဝဋ်ဆင်းရဲ၏ အဆုံးသို့ ရောက်ပြီ။

֍ ၆၃၃။ အောက်ပိုင်းသံယောဇဉ် ငါးပါးတို့ကို (အောက်မဂ်သုံးပါးဖြင့်) ဖြတ်တောက်ရာ၏၊ (အထက်ပိုင်းသံယောဇဉ်) ငါးပါးတို့ကို (အရဟတ္တမဂ်ဖြင့်) ပယ်စွန့်ရာ၏၊ (အထက်ပိုင်း သံယောဇဉ် ငါးပါးတို့ကို ပယ်ရန်အလို့ငှါ) သဒ္ဓါစသော ဣန္ဒြေငါးပါးတို့ကိုလည်း လွန်စွာပွါး စေရာ၏၊ (ဤသို့ပွါးများသော) ရဟန်းကို (ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ)ဟူသော ငြိတွယ်မှု ငါးပါးတို့ကို လွန်မြောက်နိုင်၍သြဃလေးပါးမှ ကူးမြောက်ပြီးသူဟူ၍ ဆိုအပ်၏၊

֍ ၆၃၄။ 'ကျူပင်ကဲ့သို့' အချည်းနှီး တက်ကြွသော မာနရှိ၍ မေ့လျော့ခြင်းသို့ ရောက်သောဗာဟိရာယတနတို့၌ တပ်မက်မှု မကင်းသော ရဟန်းအား သီလ သမာဓိ ပညာသည် ပြည့်စုံခြင်းသို့မရောက်နိုင်။

֍ ၆၃၅။ အကြင်ရဟန်းသည် ရဟန်းတို့ ပြုသင့်သော အမှုကိစ္စကို စွန့်ပယ်၍ ရဟန်းတို့ မပြုသင့်သောအမှုကိစ္စကိုမူကား ပြုလုပ်၏၊ 'ကျူပင်ကဲ့သို့' အချည်းနှီး တက်ကြွသော မာန ရှိ၍ မေ့လျော့ခြင်းသို့ရောက်ကုန်သော ထိုရဟန်းတို့၏ သန္တာန်၌ အာသဝတရားတို့ တိုးပွါးကုန်၏၊

֍ ၆၃၆။ အကြင်ရဟန်းတို့သည် ကာယဂတာသတိကို အမြဲမပြတ် ကောင်းစွာ အားထုတ် အပ်ကုန်၏၊ ထိုရဟန်းတို့သည် မပြုသင့်သော ကိစ္စကို မပြုလုပ်မမှီဝဲကုန်၊ ပြုသင့်သော ကိစ္စ၌ အမြဲပြုလေ့ရှိကုန်၏၊ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'နှင့် ပြည့်စုံကုန်သော ထိုရဟန်းတို့၏ သန္တာန်၌အာသဝတရားတို့သည် ပျက်စီးချုပ်ပျောက်ခြင်းသို့ ရောက်ကုန်၏၊

֍ ၆၃၇။ ဖြောင့်မတ်သော အရိယမဂ်တရားကို (မြတ်စွာဘုရား) ဟောကြား ညွှန်ပြတော်မူ အပ်သည်ရှိသော်ကျင့်ကြကုန်လော့၊ မဆုတ်နစ်ကြကုန်လင့်၊ အမျိုးကောင်းသားသည် မိမိ ကိုယ်တိုင်သာလျှင် မိမိကိုယ်ကိုတိုက်တွန်းလျက် နိဗ္ဗာန်သို့ ရှေးရှုဆောင်ရာ၏၊

֍ ၆၃၈။လောကသုံးပါး၌ အတုမရှိမူ၍ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား သည်အားထုတ်လွန်းသော ဝီရိယနှင့် စပ်လျဉ်း၍ 'စောင်းတီးခြင်း ဥပမာ'ကို ပြုတော်မူ၍ ငါ့အားတရားဟောတော်မူ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ တရားစကားကို ကြားနာရသည် ရှိသော်သာသနာတော်၌ မွေ့လျော်သည်ဖြစ်၍ နေခဲ့၏၊

֍ ၆၃၉။ မြတ်သော (အရဟတ္တဖိုလ်) အကျိုးကို ရခြင်းငှါ ဝိပဿနာသမာဓိကို ပြီးစေခဲ့၏၊ ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြု ကျင့်ပြီးပြီ။

֍ ၆၄၀-၁။ ကာမဂုဏ်မှ လွတ်မြောက်မှု၌ နှလုံးသွင်းသူ၊ စိတ်၏ ဆိတ်ငြိမ်မှုကို နှလုံး သွင်းသူ၊ ကြောင့်ကြကင်းရာ (သမာဓိသုခ) ၌ နှလုံးသွင်းသူ၊ ဥပါဒါန်တို့၏ကုန်ရာ (အရဟတ္တဖိုလ်) ၌ နှလုံးသွင်းသူ၊ တဏှာကုန်ရာ (နိဗ္ဗာန်) ၌ နှလုံးသွင်းသူ၊ စိတ်၏ မတွေဝေမှု (အရိယမဂ်) ကို နှလုံးသွင်းသူ ရဟန်း၏စိတ်သည် အာယတနတို့၏ ဖြစ်ခြင်း, (ချုပ်ခြင်း) ကို (မဂ်ပညာဖြင့်) မြင်သောကြောင့် အာသဝတရားအားလုံးမှ ကောင်းစွာ လွတ်၏၊

֍ ၆၄၂။ (ကိလေသာ အားလုံးတို့မှ) ကောင်းစွာ လွတ်ပြီးသော၊ ငြိမ်သက်သော စိတ်ရှိ သောထိုရဟန္တာပုဂ္ဂိုလ်အား ပြုအပ်ပြီးသော ကုသိုလ်, အကုသိုလ်၏ ပွါးစီးခြင်း မရှိတော့ပြီ၊ ပြုဖွယ် (မဂ်) ကိစ္စလည်း မရှိတော့ပြီ။

֍ ၆၄၃-၄။ တစ်ခဲနက် ကျောက်အတိပြီးသော တောင်သည် ပြကတေ့သော လေကြောင့်မတုန်လှုပ်နိုင်သကဲ့သို့ ထို့အတူ အလုံးစုံသော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူ သောဣဋ္ဌာရုံတရားတို့သည်လည်းကောင်း၊ အနိဋ္ဌာရုံတရားတို့သည်လည်းကောင်း တာဒိဂုဏ် နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်၏ တဏှာနှင့် မယှဉ်မူ၍ တည်သော စိတ်ကို မလှုပ်ရှားစေ နိုင်ကုန်၊ ထိုအာရုံတရား၏ချုပ်ခြင်း ပျက်ခြင်းကိုလည်း ရှုမြင်၏၊

ဤသို့လျှင် သောဏကောဠိဝိသမထေရ်သည် ရွတ်ဆို၏၊

တေရသနိပါတ် ပြီး၏၊

........

၁၄-စုဒ္ဒသကနိပါတ်

၁-ခဒိရဝနိယ ရေဝတတ္ထေရဂါထာ

ရှားတောနေ သျှင်ရေဝတသည် ရဟန္တာပြစ်ပြီးနောက် မကြာမကြာ ဘုရားရှင်နှင့် သာဝကကြီးတို့ထံလာရောက်ဆည်းကပ်လေ့ရှိရာ အရွယ်ကြီးရင့်သောအခါလည်း လာလေ့ ရှိသည့်အတိုင်း တနေ့သ၌သာဝတြိ္ထပည်သို့အလာ မြို့နှင့်မနီးမဝေးတောအုပ်၌ နေထိုင်ဆဲ မြို့တွင်းမှ ခိုးယူလာသော သူခိုးကိုလိုက်လံဖမ်းဆီးကြသူတို့သည် မထေရ်အနီး၌ ပစ်ချခဲ့သော ဥစ္စာထုပ်ကို တွေ့၍ မထေရ်ကို ဖမ်းဆီးကာဘုရင့်ရှေ့မှောက်သို့ ပို့ကြ သည်တွင် မထေရ်ကို လွှတ်စေ၍ စစ်ဆေးသောအခါ ပြန်လည်ဖြေဆိုသော ဂါထာများ

֍ ၆၄၅။ အကြင်အခါ၌ ငါသည် (လူ့ဘောင်မှ ရဟန်းဘောင်သို့) ဝင်ရောက် ရဟန်းပြု၏၊ ထိုအခါ မှစ၍အဘိဇ္ဈာ, ဗျာပါဒ၏ အစွမ်းဖြင့် (မမြတ်သော ဒေါသနှင့် စပ်ယှဉ်သော အကြံကို) ကြံစည်ဖူး၏ဟု မသိစဖူး။

֍ ၆၄၆။ ဤရှည်စွာသော ကာလအတွင်း၌ ဤသတ္တဝါတို့သည် သေကြစေကုန်သတည်း၊ ပုတ်ခတ်ညှဉ်းဆဲခံကြရစေကုန်သတည်း၊ ဆင်းရဲသို့ ရောက်ကြစေကုန်သတည်း (ဟူသော မမြတ်သော ဒေါသနှင့်စပ်ယှဉ်သော) အကြံကို ကြံစည်ဖူး၏ဟု မသိစဖူး။

֍ ၆၄၇။ အတိုင်းမသိသော သတ္တဝါပညတ်လျှင် အာရုံရှိသော ကောင်းစွာ ပွါးစေအပ်သော မေတ္တာနှင့်ယှဉ်သော စိတ်ကို မြတ်စွာဘုရား ဟောကြးတော်မူသည့်အတိုင်း အစဉ်အားဖြင့်လေ့လာဆည်းပူးအပ်သည်ကိုသာ သိဖူး၏၊

֍ ၆၄၈။ ငါသည် သတ္တဝါအားလုံးတို့၏ မိတ်ဆွေ သတ္တဝါအားလုံးတို့၏ ခင်ပွန်း ဖြစ်၍ သတ္တဝါအားလုံးတို့ကို ချီးမြှောက်ကာ သတ္တဝါတို့၏ စီးပွါးချမ်းသာကို ဆောင်ခြင်း၌ မွေ့လျော် သည်ဖြစ်၍ အခါခပ်သိမ်း မေတ္တာနှင့် ယှဉ်သော စိတ်ကို ပွါးများ၏၊

֍ ၆၄၉။ ငါသည် မေတ္တာနှင့် ယှဉ်သော မိမိစိတ်ကို ရာဂ မဆွဲဆောင်အပ်သည်ကိုလည်းကောင်း၊ ဒေါသမဖျက်ဆီးအပ်သည်ကိုလည်းကောင်း ပြု၍ ဝမ်းမြောက်စေပြီးလျှင် အောက် တန်းစားပုဂ္ဂိုလ်တို့မမှီဝဲနိုင်သော ဗြဟ္မဝိဟာတရားလေးပါးကို ပွါးများနေ၏၊

֍ ၆၅၀။ (ဝိတက်, ဝိစာရကင်းသော) ဒုတိယစျာန်စသည်ကို ဝင်စားသော ဘုရားရှင် တပည့်သားသာဝကသည် ထိုဝင်စားသော အခိုက်၌ မြတ်သော ဆိတ်ဆိတ်နေခြင်းနှင့် ပြည့်စုံ၏၊

֍ ၆၅၁။ ကျောက်တောင်သည် (ပကတိလေတို့ဖြင့်) မတုန်မလှုပ်မူ၍ ကောင်းစွာ တည်သကဲ့ သို့ ထို့အတူ ရဟန်းသည် မောဟကုန်ခြင်းကြောင့် တောင်ကဲ့သို့ မတုန်မလှုပ် ကောင်းစွာ တည်၏၊

֍ ၆၅၂။ (ရာဂစသောကိလေသာ) အညစ်အကြေး ကင်းပြီးသော စင်ကြယ်၍ အပြစ်ကင်း သော တရားကိုရှာမှီးလေ့ရှိသော ယောကျ်ားအား သားမြီးဖျားမျှလောက်သော မကောင်းမှုကို တိမ်တိုက်ကြီးမျှလောက်ပင်အမြဲ ထင်နေ၏၊

֍ ၆၅၃။ (မြို့နေလူတို့သည်) အစွန်အဖျားကျသော မိမိမြို့ကို အတွင်းရောအပြင်ပါ စောင့်ရှောက်လုံခြုံစေသကဲ့သို့ ထို့အတူ မိမိကိုယ်ကို စောင့်ရှောက်လုံခြုံစေရာ၏၊ ဗုဒ္ဓုပ္ပါဒနဝမခဏ သည်သင်တို့ကို မလွန်စေလင့်။

֍ ၆၅၄။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ သူရင်းငှါးသည်လုပ်ခရရန်အတွက် နေ့ကုန်မည့် အချိန်ကိုသာ ငံ့လင့်စောင့်မျှော်သကဲ့သို့ ငါသည် ပရိနိဗ္ဗာန်ပြုရမည့်အချိန်ကိုသာ ငံ့လင့်စောင့်မျှော်၏၊

֍ ၆၅၅။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ ထင်သောသတိရှိကာ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ခန္ဓပရိနိဗ္ဗာန်ပြုချိန်ကိုသာ ငံ့လင့်စောင့်မျှော်နေ၏၊

֍ ၆၅၆။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးပြီ၊ မြတ်စွာဘုရား ဆုံမတော်မူသည့် အတိုင်းလိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝသုံးပါးသို့ ဆောင်တတ်သောတဏှာကို နုတ်အပ်ပြီ။

֍ ၆၅၇။ အကြင်အရဟတ္တဖိုလ်အကျိုးငှါ (လူ့ဘောင်မှ ရဟန်းဘောင်သို့) ဝင်ရောက်ရဟန်း ပြု၏၊ အလုံးစုံသော နှောင်ကြိုးသံယောဇဉ်တို့၏ကုန်ရာ အရဟတ္တဖိုလ်ဖြစ်သော အကျိုး ကိုလည်း ငါ ရပြီ။

֍ ၆၅၈။ မမေ့မလျော့မှု 'အပ္ပမာဒ'နှင့် ပြည့်စုံကြစေကုန်လော့၊ ဤသည်လျှင် ငါ၏ အဆုံးအမတည်း၊ ယခုအခါ ငါသည် ဘဝအားလုံးတို့မှ လွတ်မြောက်သူ ဖြစ်၍ ပရိနိဗ္ဗာန်ပြုတော့အံ့။

ဤသို့လျှင် ခဒိရဝနိယရေဝတမထေရ်သည် ရွတ်ဆို၏၊

........

၂-ဂေါဒတ္တတ္ထေရဂါထာ

လှည်းကုန်သည်မျိုး၌ဖြစ်ရသော ဂေါဒတ္တသည် လှည်းဖြင့်ကုန်သွယ်သွားရင်း ဝန်မရုန်းနိုင်၍ လဲကျသောနွားကို မညှာမတာ အမြီးကို ထိုးဖောက်နှိပ်စက်သည်တွင် နွားက လူ့စကားဖြင့် ''ဖြစ်လေရာဘဝ၌သင့်ကိုပြန်၍ နှိပ်စက်မည်''ဟု ပြောဆိုဆုတောင်း သည်ကိုကြား၍ သံဝေဂဖြစ်ကာ မထေရ်တပါးထံရဟန်းပြု ဝိပဿနာကိုပွါးရာ မကြာမီ ရဟန္တာဖြစ်၏၊

တနေ့သ၌ ဆည်းကပ်လာသော ရှင်ရဟန်းတို့အားလောကဓံနှင့် စပ်လျဉ်း၍ ဟောကြားသော ဂါထာများ

֍ ၆၅၉။ ဝန်ကို ဆောင်ရွက်ခြင်းငှါ စွမ်းနိုင်သည်ဖြစ်၍ ကောင်းသော အားအစွမ်းနှင့် ပြည့်စုံသောလှည်းဦး၌ တပ်ထားသော နွားလားဥသဘသည် လေးလံလွန်းသော ဝန်ဖြင့်ဖိထားရုန်းကန်စေပါသော်လည်း မိမိ (ပခုံးထက်၌ တင်ထားသော) ထမ်းပိုးကို မစွန့်သကဲ့သို့လည်းကောင်း၊

֍ ၆၆၀။ ရေပြည့်သော မဟာသမုဒ္ဒရာကဲ့သို့လည်းကောင်း ဤအတူ (လောကီ,လောကုတ္တရာ) ပညာနှင့်ပြည့်စုံသောသူတို့သည် အခြားတစ်ပါးသော ပညာမဲ့သူတို့ကို မထီမဲ့မြင် မပြု ကြကုန်၊ (ဤသို့ ပညာနှင့်ပြည့်စုံမှုကြောင့် မိမိကိုယ်ကို မပလွှားသကဲ့သို့ တစ်ပါးသော) သတ္တဝါတို့ကို (မထီမဲ့မြင် မပြုခြင်းသည်) အရိယာတို့၏ သဘောတည်း။

֍ ၆၆၁။ (လောကဓံနှင့် တွေ့ကြုံသော) အခါ၌လောကဓံအလိုသိ့ု လိုက်ကြရကုန်သော လူတိ့ုသည် (လောကဓံကြောင့် ဖြစ်ပေါ်လာသော) တိုးတက်မှု ဆုတ်ယုတ်မှုအလိုသို့ လိုက်ပါရကုန်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ကျရောက်ကြရကုန်၏၊ ထိုသတ္တဝါတို့သည် (ဝမ်းမြောက်ခြင်း ဝမ်းနည်းခြင်းသို့ရောက်ကုန်သည်ဖြစ်၍) ဤပစ္စုပ္ပန်လောက၌ စိုးရိမ်ပူပန်ကြရကုန်၏၊ (တမလွန်လောက၌လည်းဆင်းရဲခြင်းသို့ ရောက်ကြရကုန်၏)။

֍ ၆၆၂။ သတ္တဝါတို့သည် ချမ်းသာမှုဟူသော အကြောင်းကြောင့်လည်း တက်ကြွကုန်၏၊ ဆင်းရဲမှုဟူသောအကြောင်းကြောင့်လည်း နိမ့်ကျကုန်၏၊ (တရားသဘောကို)ဟုတ်တိုင်း မှန်စွာ မသိမြင်ကုန်သော လူမိုက်တို့သည် ယင်းတက်ကြွမှု နိမ့်ကျမှုနှစ်မျိုးကြောင့် ပင်ပန်း ကြရကုန်၏၊

֍ ၆၆၃။ အကြင်အရိယာပုဂ္ဂိုလ်တို့သည်ကား ဒုက္ခဝေဒနာ၌လည်းကောင်း၊ သုခဝေဒနာ၌လည်းကောင်း၊ ဥပေက္ခာဝေဒနာ၌လည်းကောင်း (ထိုဝေဒနာသုံးပါးနှင့် စပ်သော) တဏှာကို လွန်မြောက်ကုန်ပြီ၊ ထိုအရိယာပုဂ္ဂိုလ်တို့သည် တံခါးတိုင်ကဲ့သို့ ခိုင်မြဲတည်တံ့ကြကုန်၏၊ ထို အရိယာပုဂ္ဂိုလ်တို့သည် တက်ကြွမှု နိမ့်ကျမှုတို့သည်လည်း (တစ်ရံတစ်ခါမျှ) မဖြစ်ကြကုန်။

֍ ၆၆၄။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် လာဘ်ရခြင်းကြောင့်လည်းကောင်း၊ လာဘ်မရခြင်းကြောင့်လည်းကောင်း မတုန်မလှုပ်ကုန်။ အခြံအရံများခြင်းကြောင့်လည်းကောင်း၊ ကျော်စောခြင်းကြောင့်လည်းကောင်း မတုန်မလှုပ်ကုန်။ ကဲ့ရဲ့ခြင်ကြောင့်လည်းကောင်း၊ ချီးမွမ်းခြင်းကြောင့်လည်းကောင်း မတုန်မလှုပ်ကုန်။ ဆင်းရဲခြင်းကြောင့်လည်းကောင်း၊ ချမ်းသာခြင်းကြောင့်လည်းကောင်း မတုန်မလှုပ်ကုန်။

֍ ၆၆၅။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည်လောကဓံတရားအားလုံးတို့၌ 'ကြာဖက်ပေါ်၌ (ကျ သော) ရေပေါက်ကဲ့သို့' မလိမ်းကျံ မကပ်ငြိကုန်၊ ပညာရှိသော ထိုရဟန္တာပုဂ္ဂိုလ်တို့သည် အလုံးစုံသောအရပ်တို့၌ ရန်သူတို့ မအောင်နိုင်ကုန်သည်ဖြစ်၍ အလုံးစုံသော အရာဌာနတို့၌ ချမ်းသာခြင်းသို့ရောက်ကြကုန်၏၊

֍ ၆၆၆။ တရားနှင့် လျော်ညီသော လာဘ်မရခြင်းနှင့် တရားနှင့် မလျော်သော လာဘ်ရခြင်း နှစ်မျိုးတို့တွင်တရားနှင့် လျော်ညီသော လာဘ်မရခြင်းက မြတ်သေး၏၊ တရားနှင့် မလျော် သော လာဘ်ရခြင်းကားမမြတ်သည်သာတည်း။

֍ ၆၆၇။ ပညာနည်းသော ပုဂ္ဂိုလ်တို့၏ အခြံအရံအကျော်အစော များခြင်းနှင့် ပညာရှိသော ပုဂ္ဂိုလ်တို့၏အခြံအရံအကျော်အစော မရှိခြင်း (နှစ်ပါးတို့တွင်) ပညာရှိတို့၏ အခြံအရံ အကျော်အစော မရှိခြင်းသည် မြတ်သေး၏၊ ပညာနည်းသော သူတို့၏ အခြံအရံအကျော် အစောများခြင်းသည်ကားမမြတ်သည်သာတည်း။

֍ ၆၆၈။ ပညာမဲ့သူတို့ ချီးမွမ်းခြင်းနှင့် ပညာရှိတို့၏ ကဲ့ရဲ့ခြင်း (နှစ်ပါးတို့တွင်) ပညာရှိတို့ ကဲ့ရဲ့ခြင်းကမြတ်ပါသေး၏၊ ပညာမဲ့သူတို့ ချီးမွမ်းခြင်းကား မမြတ်သည်သာတည်း။

֍ ၆၆၉။ (ကာမဂုဏ်တို့ကို စွဲ၍ ဖြစ်သော) ချမ်းသာခြင်းနှင့် ကာမဂုဏ်မှ ကင်းဆိတ်ခြင်း'ဝိဝေက'ကြောင့်ဖြစ်သော ဆင်းရဲခြင်း (နှစ်ပါးတို့တွင်) ကာမဂုဏ်မှ ကင်းဆိတ်ခြင်း'ဝိဝေက'ကြောင့်ဖြစ်သော ဆင်းရဲခြင်းက မြတ်သေး၏၊ ကာမဂုဏ်တို့ကို စွဲ၍ ဖြစ်သော ချမ်းသာသည်ကား မမြတ်သည်သာတည်း။

֍ ၆၇၀။ မတရားသဖြင့် အသက်ရှင်နေခြင်းနှင့် တရားသဖြင့် သေရခြင်း (နှစ်ပါးတို့တွင်) တရားသဖြင့် သေရခြင်းက မြတ်သေး၏၊ မတရားသဖြင့် အသက်ရှင်ရခြင်းကား မမြတ်သည် သာတည်း။

֍ ၆၇၁။ အကြင်ပုဂ္ဂိုလ်တို့သည် ချစ်ခင်လိုက်လျောမှု 'ကာမ', မုန်းတီးဆန့်ကျင်မှု 'ကောဓ' တို့ကို ပယ်ထားပြီးဖြစ်ကုန်၏၊ ဘဝကြီးငယ်၌ ငြိမ်းအေးသောစိတ် ရှိကုန်၏၊ ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောက၌ (တဏှာဒိဋ္ဌိအစွမ်းဖြင့်) မမှီမူ၍ ဖြစ်ကုန်၏၊ ထိုရဟန္တာပုဂ္ဂိုလ်အား (လောကဓံတရားတို့၌) ချစ်ခြင်း, မုန်းခြင်း မရှိနိုင်တော့ပေ။

֍ ၆၇၂။ (ထိုရဟန္တာပုဂ္ဂိုလ်တို့သည်) ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း၊ ဣန္ဒြေငါးပါးတို့ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း ပွါးများပြီးလျှင် မြတ်သော နိဗ္ဗာန်သို့ ရောက်၍ အာသဝေါကင်းကုန်လျက် ပရိနိဗ္ဗာန်ပြုတော်မူကြကုန်၏၊

ဤသို့လျှင် ဂေါဒတ္တမထေရ်သည် ရွတ်ဆို၏၊

စုဒ္ဒသကနိပါတ် ပြီး၏၊

........

၁၅-သောဠသကနိပါတ်

၁-အညာသိကောဏ္ဍညတ္ထေရဂါထာ

ပဉ္စဝဂ္ဂီငါးဦးဝင် အသျှင်ကောဏ္ဍညသည် ဝါဆိုလပြည့်ကျော် ၅-ရက်တွင် အနတ္တလက္ခဏသုတ်အဆုံး၌အရဟတ္တဖိုလ်သို့ရောက်သည်၊ နောက်အခါ ရတ္တညူဧတဒဂ်ဖြင့် ချီးမြှောက်ခံရ၏၊ အခါတပါးသိကြားမင်းလာ၍ လျှောက်သည်၊ တရားဟောသဖြင့် သိကြားက ကြည်ညို၍ လျှောက်သော ဂါထာနှင့်မထေရ်ကရွတ်ဆိုသော ဂါထာများ

֍ ၆၇၃။ ခပ်သိမ်းသော အခြင်းအရာအားဖြင့် တစ်စုံတစ်ခုသော တရားကိုမျှ မစွဲလမ်းမူ၍တပ်မက်မှုကင်းကြောင်းဖြစ်သော တရားတော်ကို အရှင်ဘုရားတို့သည် ဟောကြားတော်မူအပ် ပါပေ၏၊ ထိုအကျွန်ုပ်သည် များမြတ်သော အရသာရှိသော တရားတော်ကို ကြားနာရ၍ လွန်စွာ ကြည်ညိုလှပါ၏ (ဟု သိကြားမင်းက လျှောက်၏)။

֍ ၆၇၄။ ဤမြေအပြင် လူ့ပြည်လောက၌ ဆန်းကြယ်များပြားကုန်သော အာရုံတို့သည်လည်းကောင်း၊ တင့်တယ်သော ရာဂနှင့် စပ်ယှဉ်သော ကာမဝိတက်သည်လည်းကောင်း (အချင်း ချင်း) ထွေးလုံးရစ်ပတ်ကုန်ဘိသကဲ့သို့ တည်နေကြကုန်၏၊

֍ ၆၇၅။ (နွေဥတု၏ နောက်ဆုံးလ၌) လေကြောင့် တက်လာသော မြူကို (ရွာသွန်း လိုက်သော) မိုးကြီးသည် ငြိမ်းအေးစေသကဲ့သို့ ထို့အတူ (အရိယာတပည့်သည်) အကြင်အခါ (ဆန်းကြယ်သောအာရုံတို့ကို ဟုတ်တိုင်းမှန်စွာ) ပညာဖြင့် ရှုမြင်နိုင်၏၊ (ထိုအခါ ) မိစ္ဆာ ဝိတက်တို့သည် ငြိမ်းကုန်၏၊

֍ ၆၇၆။ အကြင်အခါ အလုံးစုံသော သင်္ခါရတရားတို့သည် အမြဲ မရှိကုန်ဟု (ဝိပဿနာ) ပညာဖြင့်ရှုမြင်နိုင်၏၊ ထိုအခါ သံသရာဝဋ်ဆင်းရဲ၌ ငြီးငွေ့၏၊ ဤသို့ငြီးငွေ့ခြင်းသည် (ဉာဏ ဒဿန) ဝိသုဒ္ဓိကိုရခြင်း၏ အကြောင်းတည်း။

֍ ၆၇၇။ အကြင်အခါ အလုံးစုံသော သင်္ခါရတရားတို့သည် ဆင်းရဲကုန်၏ဟု (ဝိပဿနာ) ပညာဖြင့်ရှုမြင်နိုင်၏၊ ထိုအခါ သံသရာဝဋ်ဆင်းရဲ၌ ငြီးငွေ့၏၊ ဤသို့ ငြီးငွေ့ခြင်းသည် (ဉာဏဒဿန) ဝိသုဒ္ဓိကိုရခြင်း၏ အကြောင်းတည်း။

֍ ၆၇၈။ အကြင်အခါ အလုံးစုံသော သင်္ခါရတရားတို့သည် အတ္တမဟုတ်ကုန်ဟု (ဝိပဿနာ) ပညာဖြင့်ရှုမြင်နိုင်၏၊ ထိုအခါ သံသရာဝဋ်ဆင်းရဲ၌ ငြီးငွေ့၏၊ ဤသို့ ငြီးငွေ့ခြင်းသည် (ဉာဏဒဿန) ဝိသုဒ္ဓိကိုရခြင်း၏ အကြောင်းတည်း။

֍ ၆၇၉။ ဘုရားရှင်သို့ အတုလိုက်၍ သိတော်မူသော ထက်မြက်သော လုံ့လရှိတော်မူသောပဋိသန္ဓေနေခြင်း, သေခြင်းကို ပယ်တော်မူပြီးသော ကောဏ္ဍညမထေရ်သည် မဂ်တည်းဟူသော မြတ်သောသီတင်းသုံးခြင်းကို အကြွင်းမဲ့ ဖြည့်လေ့ရှိ၏၊

֍ ၆၈၀။ သြဃလေးပါးနှင့် ရာဂတည်းဟူသော ကျော့ကွင်းသည်လည်းကောင်း၊ မြဲမြံခိုင်ခံ့ သောငြောင့်တံသင်းငါးမျိုးသည်လည်းကောင်း၊ ဖောက်ခွဲနိုင်ခဲသော တောင်နှင့် တူသောအဝိဇ္ဇာသည်လည်းကောင်း ရှိ၏၊

အကြင်ပုဂ္ဂိုလ်သည် စိတ်၏ ငြောင့်တံသင်းငါးမျိုးကိုလည်းကောင်း၊ သြဃလေးပါးနှင့် ရာဂတည်းဟူသော ကျော့ကွင်းကိုလည်းကောင်း၊ ဖောက်ခွဲနိုင်ခဲ သောတောင်နှင့်တူသော အဝိဇ္ဇာကိုလည်းကောင်း ဖောက်ခွဲဖြိုဖျက်လျက် စျာန်ဝင်စားကာ သြဃလေးပါးတို့ကို ကူးမြောက်လျက် နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်၏၊

ထိုပုဂ္ဂိုလ်သည်မာရ်မင်းအနှောင်အဖွဲ့မှ လွတ်မြောက်တော့၏၊

֍ ၆၈၁။ တုန်လှုပ်ပျံ့လွင့်သော လျှပ်ပေါ်လော်လည်သော ရဟန်းသည် ယုတ်ညံ့သော အဆွေ ခင်ပွန်းတို့ကို အမှီပြု၍ သံသရာတည်းဟူသော ကြီးစွာသော ရေအလျဉ်၌ အမျက်ထွက်ခြင်းစ သော လှိုင်းတံပိုးတို့လွှမ်းမိုးဖိစီးခံရလျက် နစ်မြုပ်ရ၏၊

֍ ၆၈၂။ ပျံ့လွင့်တုန်လှုပ်ခြင်း မရှိ လျှပ်ပေါ်လော်လည်ခြင်းလည်း မရှိသော, မိမိအကျိုး စီးပွါးသူတစ်ပါးအကျိုးစီးပွါး၌ လိမ္မာသော, ဣန္ဒြေတို့ကို စောင့်စည်းပိတ်ဆို့ထားသောအဆွေခင်ပွန်းကောင်းရှိသော ပညာရှိရဟန်းသည် ဆင်းရဲ၏ အဆုံးကို ပြုနိုင်ရာ၏၊

֍ ၆၈၃။ မည်းနက်သည်ဖြစ်၍ ကိုင်းသော ကိုယ်အင်္ဂါရှိသော, ကြုံလှီ၍ အကြောပြိုင်းပြိုင်း ထသည့်ကိုယ်ရှိလျက် မပျင်းရိသော စိတ်ရှိသူသည် ထမင်းအဖျော်၌ အတိုင်းအရှည်ကို သိ၏၊

֍ ၆၈၄။ ဆင်ပြောင်ကြီးသည် စစ်မြေဦး၌ (လက်နက်တို့ဖြင့် ပုတ်ခတ်မှုကို သည်းခံ၍ သူတစ်ပါးစစ်သည်ကိုဖျက်ဆီးသကဲ့သို့ ထို့အတူ ရဟန်းသည်) တောနက်ကြီးအတွင်းဝယ် သတိနှင့် ပြည့်စုံသည်ဖြစ်၍ ခြင်, မှက် တို့ တွေ့ထိကိုက်ခဲမှုကို သည်းခံလျက် (မာရ်စစ်သည်ကို ဖျက်ဆီးရာ၏)။

֍ ၆၈၅။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ သူရင်းငှါးသည်လုပ်ခရရန်အတွက် နေ့ကုန်သည့် အချိန်ကိုသာ ငံ့လင့်စောင့်မျှော်သကဲ့သို့ ငါသည် ပရိနိဗ္ဗာန်ပြုရမည့်အချိန်ကိုသာ ငံ့လင့်စောင့်မျှော်၏၊

֍ ၆၈၆။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ ထင်သောသတိရှိကာ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ခန္ဓပရိနိဗ္ဗာန်ပြုချိန်ကိုသာ ငံ့လင့်စောင့်မျှော်နေ၏၊

֍ ၆၈၇။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးပြီ၊ မြတ်စွာဘုရား ဆုံမတော်မူသည့် အတိုင်းလိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝသုံးပါးသို့ ဆောင်တတ်သောတဏှာကို နုတ်အပ်ပြီ။

֍ ၆၈၈။ အကြင် အရဟတ္တဖိုလ်အကျိုးငှါ (လူ့ဘောင်မှ ရဟန်းဘောင်သို့) ဝင်ရောက်ရဟန်း ပြု၏၊ ငါသည့်ထိုအရဟတ္တဖိုလ်ဟူသော အကျိုးကို အစဉ်အတိုင်း ရအပ်ပြီ၊ ငါ့အား ဤ (ဆိုနိုင်ခက်သော) တပည့်ဖြင့်အဘယ်အကျိုးရှိအံ့နည်း၊

ဤသို့လျှင် ကောဏ္ဍညမထေရ်သည် ရွတ်ဆို၏၊

........

၂-ဥဒါယိတ္ထေရဂါထာ

ဥဒါယီသုံးမျိုးတွင် မဟာဥဒါယီမည်သော ပုဏ္ဏားမျိုး ဥဒါယီသည် ဆွေတော်မျိုးတော်အစည်းအဝေးတွင် ဘုရားရှင်ကို ကြည်ညို၍ ရဟန်းပြု ဝိပဿနာပွါးလျှင် မကြာခင် ရဟန္တာ ဖြစ်လေ၏၊ တနေ့သ၌ မြတ်စွာဘုရားက နာဂေါပမသုတ္တန် (ဆင်ဥပမာတရား) ကို ဟောကြားပြီး အဆုံးတွင် ဘုရားရှင်၏ ဂုဏ်တော်ကို နှလုံးသွင်းကာ ''ငါသည် ဘုရားတည်းဟူသော ဂန္ဓဆင်မင်းကြီး၏ ဂုဏ်များကိုထင်ရှားအောင်ပြအံ့''ဟု ချီးကျူး ရွတ်ဆိုသော ဂါထာများ

֍ ၆၈၉-၁။ ကိုယ်တော်တိုင် ယဉ်ကျေးတော်မူပြီးသော၊ (မဂ်ဖိုလ်သမာဓိဖြင့်) တည်ကြည် တော်မူသော၊ ဗြဟ္မဝိဟာရတရား လေးပါးတည်းဟူသော လမ်းခရီး၌ ကြွသွားတော်မူသော၊ စိတ်၏ ငြိမ်းအေးရာနိဗ္ဗာန်၌မွေ့လျော်တော်မူသော၊ အလုံးစုံသော တရားတို့၏ ပါရဂူဖြစ် တော်မူသော၊ အလုံးစုံသောသံယောဇဉ်တို့ကို လွန်မြောက်ပြီးသော၊ (ကိလေသာ) တောမှ (ကိလေသာတော မရှိရာ) နိဗ္ဗာန်သို့ကပ်ရောက်တော်မူပြီးသော၊ (အလုံးစုံသော) ကာမတို့မှ ထွက်မြောက်ခြင်း၌ မွေ့လျော်တော်မူသော၊ ကျောက်မှ ကင်းလွတ်သော ရွှေကဲ့သို့သော၊ လူသားဖြစ်သော မြတ်စွာဘုရားကိုလူတို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း ရှိခိုးကြကုန်၏၊ ဤသို့ ငါသည် ဘုရားအစရှိသောသူတော်ကောင်းတို့ထံမှ ကြားနာရဖူး၏၊

֍ ၆၉၂။ ဟိမဝန္တာတောင်မင်းသည် အခြားတစ်ပါးသော တောင်တို့ကို လွန်၍ တင့်တယ်ဘိ သကဲ့သို့အတုမရှိ လွန်မြတ်တော်မူသော နာဂဟူ၍ မှန်ကန်သော အမည်ကို ရတော်မူသော ထိုမြတ်စွာဘုရားသည် နာဂအမည်ရသူ အားလုံးတို့ထက် စင်စစ် လွန်၍ တင့်တယ်တော်မူ၏၊

֍ ၆၉၃။ သင်တို့အား နာဂအကြောင်းကို ငါ ပြောကြားပေအံ့၊ ထိုမြတ်စွာဘုရားသည် မကောင်းမှုကို (အချင်းခပ်သိမ်း) ပြုတော်မမူသောကြောင့် နာဂမည်တော်မူ၏၊ သောရစ္စဟူသောသီလသည်လည်းကောင်း၊ မညှဉ်းဆဲခြင်း 'ကရုဏာ'သည်လည်းကောင်း ထိုတရား နှစ်ပါးတို့သည် ဘုရားတည်းဟူသော ဆင်ပြောင်ကြီး၏ (ရှေ့) ခြေနှစ်ဖက်တို့ မည်ကုန်၏၊

֍ ၆၉၄။ သတိသည်လည်းကောင်း၊ ပညာသည်လည်းကောင်း ထိုတရားနှစ်ပါးတို့သည် ဘုရားတည်းဟူသောဆင်ပြောင်ကြီး၏ (နောက်) ခြေနှစ်ဖက်တို့ မည်ကုန်၏၊ (ဘုရားတည်းဟူသော) ဆင်ပြောင်ကြီးသည်ကား သဒ္ဓါတရားတည်းဟူသော နှာမောင်းရှိတော်မူ၏၊ ဥပေက္ခာတည်းဟူသောဖြူစင်သော အစွယ်လည်း ရှိတော်မူ၏၊၊

֍ ၆၉၅။ သတိသည် (ထိုမြတ်စွာဘုရားတည်းဟူသော ဆင်ပြောင်ကြီး၏) လည်ပင်းတော်ပေတည်း၊ တရားတို့ကို ကြံစည်စူးစမ်းတတ်သော ပညာသည် ဦးခေါင်းတော်ပေတည်း၊ (ဘုရားတည်းဟူသောဆင်ပြောင်ကြီးသည် သမထဝိပဿနာတရားတည်းဟူသော) ဝမ်းဗိုက်ရှိတော်မူ၏၊ (ဥပဓိမှ) ကင်းဆိတ်ခြင်းသည် ထိုဘုရားတည်းဟူသော ဆင်ပြောင်ကြီး၏ အမြီးပေတည်း။

֍ ၆၉၆။ ထိုဘုရားတည်းဟူသော ဆင်ပြောင်ကြီးသည် စျာန်အာရုံတို့ကို ရှုလေ့ရှိတော်မူ၏၊ မြတ်သောသက်သာရာနိဗ္ဗာန်၌ မွေ့လျော်တော်မူ၏၊ ဝိသယဇ္ဈတ္တဟု ဆိုအပ်သော ဖလ သမာပတ်၌ ကောင်းစွာတည်ကြည်သော စိတ်ရှိတော်မူ၏၊ ဘုရားတည်းဟူသော ဆင်ပြောင် ကြီးသည် ကြွသည်ရှိသော်တည်ကြည်သော စိတ်ရှိတော်မူသည်ဖြစ်၍ ကြွတော်မူ၏၊ ရပ်တော် မူသည်ရှိသော် တည်ကြည်သောစိတ်ရှိတော်မူသည်ဖြစ်၍ ရပ်တော်မူ၏၊

֍ ၆၉၇။ ကျိန်းစက်တော်မူသည်ရှိသော် တည်ကြည်သော စိတ်ရှိတော်မူသည်ဖြစ်၍ ကျိန်းစက် တော်မူ၏၊ ထိုင်တော်မူသည်ရှိသော် တည်ကြည်သော စိတ်ရှိတော်မူသည်ဖြစ်၍ ထိုင်တော်မူ၏၊ ဘုရားတည်းဟူသောဆင်ပြောင်ကြီးသည် အလုံးစုံ (အာရုံဒွါရ) တို့၌ စောင့်စည်းတော်မူ၏၊ ဤ သည်ပင် ဘုရားတည်းဟူသောဆင်ပြောင်ကြီး၏ ပြည့်စုံခြင်းပါပေတည်း။

֍ ၆၉၈။ အပြစ်မရှိသော အစာအာဟာရတို့ကို ဘုဉ်းပေးတော်မူ၏၊ အပြစ်ရှိသော အစာ အာဟာရတို့ကို ဘုဉ်းပေးတော်မမူ၊ အစားအစာကိုလည်းကောင်း၊ အဝတ်အထည်ကိုလည်းကောင်း ရသည်ရှိသော်သိုမှီးသိမ်းဆည်းခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

֍ ၆၉၉။ ငယ်ငယ်ကြီးကြီးဖြစ်သော သံယောဇဉ်အနှောင်အဖွဲ့ အားလုံးကို အကြွင်းမဲ့ ဖြတ်၍ ငဲ့ကွက်မှုမရှိဘဲသာလျှင် သွားလိုရာရာ အရပ်သို့ ကြွသွားတော်မူ၏၊

֍ ၇၀၀-၁။ ဥပမာအားဖြင့် အနံ့ကောင်း၍ နှလုံးမွေ့လျော်ဖွယ်ရှိသော ကြာပုဏ္ဍရိက်သည်လည်းကောင်း၊ ပဒုမ္မာကြာသည်လည်းကောင်း ရေ၌ ပေါက်ရောက်ကြီးပွါးသော်လည်း ရေနှင့် မူကား မလိမ်းကျံသကဲ့သို့ထို့အတူ သာလျှင် မြတ်စွာဘုရားသည် လောက၌ ဖြစ်၍လောက၌ နေတော်မူသော်လည်းလောကနှင့်လိမ်းကျံတော်မမူပေ။

֍ ၇၀၂။ အလျှံပြောင်ပြောင် တောက်လောင်သော မီးပုံကြီးသည်လောင်စာ မရှိသည်ရှိသော် ငြိမ်းအေး၏၊ မီးကျီစုတို့ ထင်ရှားရှိကုန်သေးသော်လည်း (လောင်စာ မရှိသည့်အဖြစ်ကြောင့် ထိုမီးကို) ငြိမ်းပြီးဟူ၍ဆိုရ၏၊

֍ ၇၀၃။ အနက်ကို သိစေတတ်သော ဤဥပမာကို ပညာရှိတို့ ပြောကြားအပ်ကုန်ပြီ၊ ရဟန္တာ 'နာဂ'ဖြစ်သော ငါသည် ပြောကြားအပ်သော (ဘုရားတည်းဟူသော ဆင်ပြောင်ကြီး) နာဂအကြောင်းကိုရဟန္တာမြတ် 'မဟာနာဂ'တို့သည် သိကြကုန်လတ္တံ့။

֍ ၇၀၄။ ဘုရားတည်းဟူသော နာဂသည် ရာဂလည်း ကင်း၏၊ ဒေါသလည်း ကင်း၏၊ မောဟလည်းကင်း၏၊ အာသဝေါလည်း ကင်း၏၊ ခန္ဓာကိုယ် အတ္တဘောကို စွန့်လျက် အာသဝကင်းပြီးသည်ဖြစ်၍ ခန္ဓပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့။

ဤသို့လျှင် ဥဒါယိမထေရ်သည် ရွတ်ဆို၏၊

သောဠသကနိပါတ် ပြီး၏၊

........

၁၆-ဝီသတိနိပါတ်

၁-အဓိမုတ္တတ္ထေရဂါထာ

သံကိစ္စမထေရ်၏ တူဖြစ်သော အဓိမုတ္တသည် အရွယ်ရောက်သောအခါ ဦးရီးတော် မထေရ်ထံတွင် ရှင်ပြု၍ဝိပဿနာပွါးရာ သာမဏေအဖြစ်နှင့်ပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ရှင်အဖြစ်မှ ရဟန်းပြုလို၍မယ်တော်ထံပြောကြားရန်သွားရာ လမ်းတွင် မလိပူဇော်ရန် လူသားရှာနေကြသော ခိုးသား၅၀၀- နှင့်တွေ့၍ဖမ်းဆီးလျှင် မတုန်မလှုပ် မျက်နှာကြည်လင်လျက်နေသည်ကို ခိုးသူခေါင်းဆောင်ကချီးကျူးသော ဂါထာနှင့်အဓိမုတ္တမထေရ်က ပြန်ကြားသော ဂါထာများ။

֍ ၇၀၅။ ငါတို့သည် ရှေးအခါက နတ်ပူဇော်ပသခြင်းငှါသော်လည်းကောင်း၊ ဥစ္စာနှစ်ကိုဆောင်ခြင်းငှါသော်လည်းကောင်း အကြင်သတ္တဝါတို့ကို သတ်ဖြတ်ဖူးကုန်၏၊ (ငါတို့) ဖမ်းယူအပ်ကုန်သော ထိုသတ္တဝါတို့တွင် (သင်မှ တစ်ပါး) အခြားသတ္တဝါတို့အား ကြောက်ရွံ့ထိတ် လန့်မှုဖြစ်၏၊ ထိုသတ္တဝါတို့သည် တုန်လှုပ်လည်း တုန်လှုပ်ကုန်၏၊ မြည်တမ်းလည်း မြည် တမ်းကုန်၏၊

֍ ၇၀၆။ သင့်မှာမူကား ကြောက်ရွံ့ခြင်း မရှိ၊ သင်၏ မျက်နှာအဆင်းသည် အလွန်ကြည် လင်၏၊

ဤသို့ကြီးစွာသောဘေး ရှေးရှုထင်လတ်သော အခါ၌ အဘယ့်ကြောင့် မငိုကြွေး ဘိသနည်း (ဟု ခိုးသူကြီးက့မေး၏)။

֍ ၇၀၇။ ခိုးသူကြီး ငဲ့ကွက်မှု တဏှာကင်းသော ငါ့အား စိတ်ဆင်းရဲမှု မရှိ၊ သံယောဇဉ်ကုန်ပြီးသောငါ့အား အလုံးစုံသော ဘေးတို့သည် စင်စစ် လွန်မြောက်သွားကုန်ပြီ။

֍ ၇၀၈။ သစ္စာလေးပါးတရားကိုဟုတ်တိုင်းမှန်စွာ မဂ်ပညာဖြင့် မြင်သောကြောင့် လည်းကောင်း၊ ဘဝသုံးပါးသို့ ဆွဲငင်ယူဆောင်တတ်သော တဏှာ၏ကုန်ခြင်းကြောင့်လည်းကောင်းတစ်စုံတစ်ယောက်သော သူသည် ခေါင်းပေါ်၌ တည်ရှိသော လေးလံသော ဝန်ကို ချခြင်း၌မကြောက်သကဲ့သို့ ထို့အတူ ငါ့အား သေခြင်း၌ ကြောက်ခြင်း မဖြစ်။

֍ ၇၀၉။ ငါသည် အကျင့်မြတ်ကို ကောင်းစွာ ကျင့်အပ်ပြီ၊ အရိယမဂ်ကိုလည်းကောင်းစွာ ပွါးများအပ်ပြီ၊ (ရောဂါနှိပ်စက်နေသော သူအား) အနာရောဂါ ကင်းပျောက်ခြင်းကြောင့် နှစ်သက်ဝမ်းမြောက်သကဲ့သို့ထို့အတူ သေခြင်း၌ ငါ့အား ကြောက်ခြင်းမရှိတော့ပေ။

֍ ၇၁၀။ ငါသည် အကျင့်မြတ်ကို ကျင့်အပ်ပြီ၊ အရိယမဂ်ကိုလည်းကောင်းစွာ ပွါးများအပ်ပြီ၊ ဘဝသုံးပါးတို့သည် သာယာဖွယ် ကင်းကုန်၏ဟူ၍ မြင်အပ်ကုန်ပြီ၊ 'အဆိပ်ကို သောက် ပြီး၍အန်ဆေးဖြင့် ထိုအဆိပ်ကို ထွေးအန်စွန့်ပစ်သကဲ့သို့' (ငါ့အား သေခြင်း၌ ကြောက်ခြင်း မရှိတော့ပေ)။

֍ ၇၁၁။ 'သတ်ရာဌာနမှ လွတ်မြောက်သူသည် နှစ်သက်ဝမ်းမြောက်သကဲ့သို့' နိဗ္ဗာန်ဟူသောကမ်းတစ်ဖက်သို့ ရောက်သူ၊ ဥပါဒါန်လေးပါးတို့ဖြင့် မစွဲလမ်းသူ၊ မဂ်ကိစ္စကို ပြုပြီးသူ၊ အာသဝေါကင်းပြီးသူသည် အသက်ကုန်ခြင်းဟူသော အကြောင်းကြောင့် နှစ်သက်ဝမ်း မြောက်၏၊

֍ ၇၁၂။ 'မီးလောင်နေသော အိမ်မှ လွတ်မြောက်သူသည် မစိုးရိမ်သကဲ့သို့' မြတ်သော တရားသဘောသို့ရောက်ပြီးသူသည် အလုံးစုံသောလောက၌ ငဲ့ကွက်မှု မရှိတော့ပြီဖြစ်၍ သေခြင်း၌ မစိုးရိမ်တော့ပေ။

֍ ၇၁၃။ ဤလောက၌ အကြင်တစ်စုံတစ်ခုသော သင်္ခါရတို့ ပေါင်းဆုံမှုသည် ရှိ၏၊ အကြင်သတ္တဝါအပေါင်း၌ ဥပပတ္တိဘဝကိုလည်း ရအပ်၏၊ ဤအလုံးစုံသည် မိမိအလိုသို့ မလိုက် သောကြောင့် အစိုးရခြင်းမှ ကင်း၏ဟု မြတ်စွာဘုရား ဟောကြားတော်မူ၏၊

֍ ၇၁၄။ အကြင်အရိယာသာဝကသည် မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း ထိုဘဝ သုံးပါးကို သိ၏၊ ထိုအရိယာသာဝကသည် အလွန်ပူသော သံတွေခဲကို မကိုင်ယူသကဲ့သို့ ထို့အတူ တစ်စုံတစ်ခုသော ဘဝကိုမစွဲယူ။

֍ ၇၁၅။ ငါသည် ဖြစ်ခဲ့ဖူးပြီဟူ၍ ငါ့အား ယူမှားမှု မရှိ၊ ငါသည် ဖြစ်လိမ့်ဦးမည်ဟူ၍ ငါ့အား ယူမှားမှု မရှိ၊ သင်္ခါရတရားတို့သည် ချုပ်ပျောက်ပျက်စီးကြကုန်လတ္တံ့၊ ထိုသင်္ခါရ တရားတို့ ချုပ်ပျောက်ပျက်စီးရာ၌ငိုကြွေးမှုသည် အဘယ်မှာ အကျိုးရှိပါအံ့နည်း။

֍ ၇၁၆။ ခိုးသူကြီး (အတ္တသာရနှင့် မရော) သက်သက်သော တရားတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ (အတ္တသာရနှင့် မရော) သက်သက်သော သင်္ခါရတရားတို့၏ အစဉ်ကိုလည်းကောင်း (ပညာဖြင့်)ဟုတ်တိုင်းမှန်စွာ သိမြင်သော ပုဂ္ဂိုလ်အား ထိတ်လန့်ကြောက်ရွံ့မှု မဖြစ်တော့ပေ။

֍ ၇၁၇။ (အကြင်ပုဂ္ဂိုလ်သည်) အကြင်အခါ (သင်္ခါရ)လောကကြီးကို မြက်ထင်းနှင့် တူစွာ ပညာဖြင့်သိမြင်နိုင်၏၊ (ထိုအခါ) ထိုပုဂ္ဂိုလ်သည် (ထိုသင်္ခါရလောကကြီး၌) မြတ်နိုးခြင်းကို မရသည်ဖြစ်၍ ငါ့အား (ရှေးကဖြစ်ခဲ့သော ရုပ်ဝတ္ထုစသည်လည်း) မရှိတော့ချေဟု မစိုးရိမ်။

֍ ၇၁၈။ ငါသည် (အနှစ်သာရမရှိသော) ဤကိုယ်ခန္ဓာဖြင့် ငြီးငွေ့၏၊ ငါသည် အလုံးစုံသော ဘဝဖြင့်အလိုမရှိသူ ဖြစ်၏၊ ငါ၏ ဤကိုယ်သည် ပျက်စီးတော့လတ္တံ့၊ အခြားတစ်ပါး ကိုယ် သည်လည်းမဖြစ်လတ္တံ့။

֍ ၇၁၉။ သင်တို့သည် ဤကိုယ်ဖြင့် အလိုရှိရာ ကိစ္စကို ပြု ကြကုန်လော့၊ ထိုသို့ ပြုခြင်းဟူသောအကြောင်းကြောင့် ထို (ပြုသောသူ, မပြုသောသူ) တို့၌ မုန်းခြင်းသော်လည်းကောင်း၊ ချစ်ခြင်းသော်လည်းကောင်း ငါ့အား ဖြစ်လိမ့်မည် မဟုတ် (ဟု အဓိမုတ္တမထေရ်သည် ပြောဆို၏)။

֍ ၇၂၀။ ခိုးသားလုလင်တို့သည် ထိုအဓိမုတ္တမထေရ်၏ မဖြစ်ဖူးမြဲ ကြက်သီးမွေးညင်းထဖွယ် သောထိုစကားကို ကြားရကုန်၍ လက်နက်တို့ကို ချထားပြီးလျှင် ဤစကားကို လျှောက်ဆိုကုန်၏၊

֍ ၇၂၁။ အရှင်ဘုရား အဘယ်မည်သော အမှုကို ပြုရ၍ လည်းကောင်း၊ အဘယ်သူ၏ အဆုံးအမ သြဝါဒကိုအမှီပြု၍လည်းကောင်း ထိုပူဆွေးမှု ကင်းသည့်အဖြစ်ကို ရပါသနည်း။ အရှင်ဘုရား၏ ဆရာကားအဘယ်သူပါနည်းဟု လျှောက်ကုန်၏၊

֍ ၇၂၂။ ခိုးသူတို့ ခပ်သိမ်းသောတရားကို သိတော်မူသော၊ ခပ်သိမ်းသောတရားကို မြင်တော်မူသော၊ မာရ်ငါးပါးကို အောင်တော်မူသော၊ ကြီးမြတ်သော ကရုဏာရှိတော်မူသော၊ ဝေနေယျသတ္တဝါတို့ကို ဆုံးမတော်မူတတ်သော၊လောကအားလုံး၏ ဆေးဆရာသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ငါ၏ဆရာပေတည်း။

֍ ၇၂၃။ ထိုမြတ်စွာဘုရားသည် ကိလေသာတို့၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ် သောအတုမရှိသော

ဤတရားကို ဟောတော်မူအပ်၏၊ ထိုမြတ်စွာဘုရား၏ အဆုံးအမတော်ကို အမှီပြု၍ထိုပူဆွေးခြင်းကင်းသည့်အဖြစ်ကို ရအပ်၏ဟု ဆို၏၊

֍ ၇၂၄။ ခိုးသူတို့သည် အဓိမုတ္တရဟန္တာအရှင်မြတ်၏ ကောင်းစွာ ပြောကြားချက်ကို ကြားရကုန်သောကြောင့် (ဓား, သန်လျက်စသော) လက်နက်တို့ကိုလည်းကောင်း၊ (လေး, တောင့် စသော) လက်နက်တို့ကိုလည်းကောင်း ပစ်ချစွန့်ပယ်၍ ခိုးသူ အချို့တို့သည် ထိုခိုးမှုမှ ရှောင်ကြဉ်ကုန်၏၊ ခိုးသူအချို့တို့သည်ကား ရဟန်းအဖြစ်ကို လျှောက်ကြားတောင်းပန်ကုန်၏၊

֍ ၇၂၅။ ပညာရှိကုန်သော ထိုခိုးသူတို့သည် မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြု၍ ဗောဇ္ဈင်ခုနစ်ပါး, ဗိုလ်ငါးပါးတို့ကို ပွါးများကာ တက်ကြွသော စိတ်ရှိကြကုန်သည် ဝမ်းမြောက်ကြကုန်သည်ဖြစ်၍ ပွါးအပ်ပြီးသော ဣန္ဒြေရှိကြကုန်လျက် အကြောင်းတရားတို့ မပြုပြင်အပ်သော နိဗ္ဗာန်ကို ရကြကုန်၏၊

ဤသို့လျှင် အဓိမုတ္တမထေရ်သည် ရွတ်ဆို၏၊

........

၂-ပါရာပရိယတ္ထေရဂါထာ

ပုဏ္ဏားသူကြွယ်သား ပါရာပရိယသည် ဗေဒင်သုံးပုံကို သင်ကြားပြီးမှ ဇေတဝန် ကျောင်းတော်သွား၍ပရိတ်သတ်အစွန်ကထိုင်လျက် တရားနာရာ ဣန္ဒြိယဘာဝနသုတ်ကို နာရသဖြင့် ရဟန်းပြု၏၊

နာယူထားသော ဣန္ဒြိယဘာဝနသုတ်ကို အဖန်ဖန်စဉ်းစားလျက် ဝိပဿနာပွါးသည်တွင် မကြာခင်ရဟန္တာဖြစ်လေ၏၊

နောက်အခါ မိမိကြံစည်သော အခြင်း အရာကို ထင်ရှားပြသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။

֍ ၇၂၆။ တစ်ယောက်ထီးတည်း ထိုင်နေလျက် ဆိတ်ငြိမ်မှုကို ပွါးကာ စျာန်ဝင်စားလေ့ ရှိသောသမဏအမည်ရသော ပါရာပရိယရဟန်းအား တရားတော်ကို စဉ်းစားကြံစည်မှုသည် ဖြစ်၏၊

֍ ၇၂၇။ (အကျိုးကို လိုလားသော) ယောက်ျားသည် အဘယ်သို့သော အစဉ်ဖြင့် အဘယ် သို့သော သီလ, အဘယ်သို့သော အကျင့်ကို ကျင့်သည်ရှိသော် မိမိပြုသင့်သော ကိစ္စကို ပြုလေ့ရှိသူ ဖြစ်ရာသနည်း၊ တစ်စုံတစ်ယောက်သော သတ္တဝါကို မညှဉ်းဆဲ မနှိပ်စက်ရာ ရောက်သနည်း။

֍ ၇၂၈။ (စက္ခုန္ဒြေစသော ခြောက်ပါးသော) ဣန္ဒြေတို့သည် လူတို့အား အကျိုးစီးပွါး ရှိရန်လည်းကောင်း၊ အစီးအပွါး မဲ့ရန်လည်းကောင်း ဖြစ်ကုန်၏၊ မစောင့်စည်းအပ်ကုန်သော ဣန္ဒြေတို့သည် အကျိုးစီးပွါးမဲ့ရန် ဖြစ်ကုန်၏၊ စောင့်စည်းအပ်ကုန်သော ဣန္ဒြေတို့သည်ကား အကျိုးစီးပွါးရှိရန်သာ ဖြစ်ကုန်၏၊

֍ ၇၂၉။ ဣန္ဒြေတို့ကို ကောင်းစွာ စောင့်ရှောက်သော ဣန္ဒြေတို့ကို လုံခြုံစေသော သူသည် မိမိပြုသင့်သောကိစ္စကို ပြုလေ့ရှိသူ ဖြစ်ရာ၏၊ တစ်စုံတစ်ယောက်သော သတ္တဝါကို မညှဉ်းဆဲ မနှိပ်စက်ရာ ရောက်၏၊

֍ ၇၃၀။ (အကြင်ရဟန်းသည်) ရူပါရုံတို့၌ ဖြစ်သော စက္ခုန္ဒြေကို မတားမြစ်မူ၍ ယင်းသို့ မတားမြစ်ခြင်း၌အပြစ်ကို ရှုလေ့မရှိ၊ ထိုရဟန်းသည် ဆင်းရဲမှ မလွတ်သည်သာလျှင်တည်း။

֍ ၇၃၁။ (အကြင်ရဟန်းသည်) သဒ္ဒါရုံတို့၌ ဖြစ်သော သောတိန္ဒြေကို မတားမြစ်မူ၍ ယင်းသို့ မတားမြစ်ခြင်း၌အပြစ်ကို ရှုလေ့မရှိ၊ ထိုရဟန်းသည် ဆင်းရဲမှ မလွတ်သည်သာလျှင်တည်း။

֍ ၇၃၂။ (အကြင်ရဟန်းသည် အာရုံတို့မှ) ထွက်မြောက်ကြောင်းကို ရှုမြင်လေ့မရှိဘဲ ဂန္ဓာရုံတို့ကို မှီဝဲခဲ့မူထိုရဟန်းသည် ဂန္ဓာရုံတို့၌ တွေဝေသည်ဖြစ်၍ ဆင်းရဲမှ မလွတ်နိုင်။

֍ ၇၃၃။ ချဉ်သော အရသာကိုလည်းကောင်း၊ ချိုသော အရသာကိုလည်းကောင်း၊ ခါးစပ် သောအရသာကိုလည်းကောင်း အဖန်ဖန် အောက်မေ့လျက် အရသာ၌ တပ်မက်သော တဏှာ ဖြင့်တပ်မက်သော ရဟန်းသည် (ဆင်းရဲအဆုံးကို ပြုအံ့ဟုဖြစ်သော) စိတ်ကို မသိနိုင်။

֍ ၇၃၄။ တင့်တယ် ကောင်းမြတ်ကုန်သော စက်ဆုပ်ဖွယ် မရှိကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ကို အဖန်ဖန်အောက်မေ့လျက် ဖောဋ္ဌဗ္ဗာရုံ၌ တပ်မက်သော သူသည် ရာဂဟူသော အကြောင်း ကြောင့်အထူးထူးအပြားပြားသော ဆင်းရဲကို ရ၏၊

֍ ၇၃၅။ အကြင်သူသည် စိတ်ကို ရူပါရုံစသော အာရုံငါးပါးတို့မှ စောင့်ရှောက်ခြင်းငှါ မစွမ်းနိုင်၊ ထိုသို့မစောင့်ရှောက်နိုင်သောကြောင့် ထိုပုဂ္ဂိုလ်သို့ ဆင်းရဲဒုက္ခသည် ဆိုအပ်ခဲ့ပြီး သော အလုံးစုံသောအာရုံငါးပါးတို့ဖြင့် အစဉ်လိုက်၏၊

֍ ၇၃၆။ (ဤကိုယ်ကောင်သည်ကား) ပြည် သွေးတို့ဖြင့် ပြည့်၏၊ များစွာသော အပုပ်တို့ ဖြင့်လည်းပြည့်၏၊ 'လိမ္မာသော အတတ်သည်ဆရာသည် ပြုလုပ်အပ်သော ပြေပြစ်ဆန်းကြယ် သောပန်းကလပ်ကဲ့သို့' (အပေါ်ရေမျှဖြင့်သာ) စိတ်နှလုံးကို ဆောင်၏၊

֍ ၇၃၇။ (ဤကိုယ်ကောင်သည်ကား ဆင်းရဲစသည်တို့ကြောင့်) စပ်ခါးပါလျက် ကောင်းမြတ်သာယာဖွယ်ကဲ့သို့ ထင်ရ၏၊ ထိုသို့သာယာဖွယ်ဟု ထင်သောကြောင့် ဒုက္ခအစစ် ဖြစ်ပါလျက် အချစ်နှင့်ဖွဲ့စပ်နေ၏၊ (ဤသို့သဘောရှိသော ခန္ဓာကိုယ်၌ လူအပေါင်းသည်) 'ပျားရည်ဖြင့် လိမ်းကျံထားသည့်သင်တုန်းသွားကို လျက်သော ယောက်ျားကဲ့သို့' (ဆင်းရဲခံစားရလတ္တံ့ သည်ကို) မသိနိုင်လေ။

֍ ၇၃၈။ မိန်းမ၏ အဆင်း၌လည်းကောင်း၊ မိန်းမ၏ အသံ၌လည်းကောင်း၊ မိန်းမ၏အတွေ့အထိ၌လည်းကောင်း၊ မိန်းမ၏ အနံ့တို့၌လည်းကောင်း ပြင်းစွာ တပ်မက်သော သူသည်အမျိုးမျိုးသော ဆင်းရဲကို ခံစားရ၏၊

֍ ၇၃၉။ မိန်းမ၏ (ရူပါရုံစသည်လျှင် အာရုံရှိကုန်သော ) အလုံးစုံ ငါးပါးသော (တဏှာ) ရေ အလျဉ်တို့သည် (ယောက်ျား၏ စက္ခု, သောတစသော) ငါးဒွါရတို့၌ စီးဝင်ကုန်၏၊ ဝီရိယ ရှိသော အကြင်သူသည်ထိုငါးပါးသော (တဏှာ) ရေအလျဉ်တို့ကို စောင့်စည်းပိတ်ဆို့ခြင်းငှါ စွမ်းနိုင်၏၊

֍ ၇၄၀။ ထိုသူသည် (ဤလောက၌) ပညာရှိ မည်၏၊ ထိုသူသည် တရား၌ တည်သူ မည်၏၊ ထိုသူသည်လိမ္မာသူ မည်၏၊ ထိုသူသည် မြော်မြင်ဉာဏ်ရှိသူ မည်၏၊ (အိမ်၌ မွေ့ လျော်ခြင်းဖြင့်) မွေ့လျော်ငြားသော်လည်း အကြောင်းအကျိုးနှင့် စပ်သော ကိစ္စကို ပြုနိုင် ရာ၏၊

֍ ၇၄၁။ ထိုမှတပါး မမေ့မလျော့သော ပညာရှိသည် အကယ်၍ ချမ်းသာနှင့် စပ်သောမျက်မှောက်ကျိုးလည်း နစ်မြုပ်အံ့၊ တမလွန်ကျိုး မရှိသော ကိစ္စလည်း ဖြစ်အံ့၊ ထိုကိစ္စမျိုးကို (ငါမပြုအပ်ဟု) မှတ်ထင်၍ ရှောင်ကြဉ်ရာ၏၊

֍ ၇၄၂။ ပစ္စုပ္ပန်, တမလွန်အကျိုးနှင့်စပ်သော ကိစ္စကိုလည်းကောင်း၊ တရား၌တည်သောမွေ့လျော်ခြင်းကိုလည်းကောင်း ကောင်းစွာ ဆောက်တည်၍ ကျင့်ရာ၏၊ ထိုမွေ့လျော်ခြင်းသည် စင်စစ်မြတ်သော မွေ့လျော်ခြင်းတည်း။

֍ ၇၄၃။ အကြင်ပုဂ္ဂိုလ်သည် (ကာမဟူသော အကြောင်းကြောင့်) နည်းအမျိုးမျိုးတို့ဖြင့် သူတစ်ပါးတို့၏့ဥစ္စာကို ဆောင်ယူခြင်းငှါ အလိုရှိ၏၊ သူတစ်ပါးတို့ကို သတ်ဖြတ်၍လည်းကောင်း၊ ညှဉ်းဆဲနှိပ်စက်၍လည်းကောင်း၊ စိုးရိမ်စေ၍လည်းကောင်း အနိုင်အထက် လုယက် ယူငင်၏၊ (ထိုသူ၏ထိုအမှုကိစ္စမျိုးသည် အကျိုးမဲ့ကို ဆောင်တတ်၍ စင်စစ် ယုတ်ညံ့နိမ့်ကျ သော ကိစ္စမျိုး ဖြစ်၏)။

֍ ၇၄၄။ ကိုယ်အား, ဉာဏ်အားနှင့် ပြည့်စုံသော သစ်ရွေသမားသည် (အားကြီးသော) တံသင်း (မယ်န) ဖြင့် သစ်တုံး၌ တည်သော တံသင်း (မယ်န) ကို ထုတ်နုတ်သကဲ့သို့ ထို့အတူ လိမ္မာသောရဟန်းသည် စက္ခုစသော ဣန္ဒြေတို့ကို ထုတ်နုတ်လိုသည်ရှိသော် သဒ္ဓါစသော ဣန္ဒြေတို့ဖြင့်သာလျှင် ထုတ်နုတ်၏၊

֍ ၇၄၅-၆။ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သမာဓိန္ဒြေ၊ သတိန္ဒြေ၊ ပညိန္ဒြေ (ဤဝိမုတ္တိကို ရင့်စေ တတ်သောဣန္ဒြေငါးပါးတို့) ကို ပွါးများလျက် (ဤသဒ္ဓိန္ဒြေစသော ဣန္ဒြေ) ငါးပါးတို့ဖြင့် စက္ခုစသော) ဣန္ဒြေငါးပါးတို့ကို (ချစ်ခြင်း မုန်းခြင်းစသော ကိလေသာဖြစ်ခြင်း၏ ဒွါရအဖြစ် ကို ပယ်သောအားဖြင့်) ပယ်ဖြတ်သတ်ချ၍ ဆင်းရဲကင်းသော ရဟန္တာသည် (အနုပါဒိသေသ နိဗ္ဗာန်သို့) ရောက်၏၊ ထိုသူသည်ပညာရှိ မည်၏၊ ထိုသူသည် တရား၌ တည်သူ မည်၏၊ ထိုသူသည် အချင်းခပ်သိမ်း မြတ်စွာဘုရား၏ စကားတော်ဖြစ်သော အဆုံးအမကို လိုက်နာ ပြုကျင့်သောကြောင့် နိဗ္ဗာန်ချမ်းသာကို ပွါးစေသူ မည်၏၊

ဤသို့လျှင် ပါရာပရိယမထေရ်သည် ရွတ်ဆို၏၊

........

၃-တေလကာနိတ္ထေရဂါထာ

ဘုရားမပွင့်မီကပင် ပုဏ္ဏားမျိုး၌ ဖြစ်လာသော တေလကာနိသည် အရွယ်ရောက်သောအခါ ပါရမီရှိသူဖြစ်၍ ပရိဗိုဇ်ရဟန်းပြုကာ ဝဋ်မှထွက်ကြောင်းတရားကို ရှာဖွေရင်း လှည့်လည်လျက် ပညာရှိတို့ကို ပြဿနာမေးလေ၏၊

ဘုရားပွင့်လာသောအခါ ဘုရားရှင့်ထံ ချဉ်းကပ်၍ တရားနာ ရသည်တွင် ရဟန်းပြုလျက် ဝိပဿနာကိုပွါးလျှင် မကြာခင်ရဟန္တာဖြစ်လေ၏၊ တနေ့သ၌ ရဟန်းတို့နှင့် အတူနေစဉ်မိမိ၏တရားထူးကို ဆင်ခြင်၍ မိမိ၏ ပဋိပတ်ကို အောက်မေ့ကာ ရဟန်းတို့အား ပြောကြားသော ဂါထာများ။

֍ ၇၄၇။ ငါသည် အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ ကြာမြင့်စွာသော ကာလပတ်လုံး ဝိမုတ္တိတရားကိုစူးစမ်းရှာမှီးလျက် (အထူးထူးသော အယူရှိကုန်သော ) သမဏဗြာဟ္မဏတို့ကို မေးမြန်းပါသော်လည်းစိတ်၏ ငြိမ်းကြောင်း အရိယာတရားကို မရခဲ့လေစွတကား။

֍ ၇၄၈။လောက၌ အဘယ်သူသည် (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်သို့ ရောက်သနည်း၊ အဘယ်သူသည်နိဗ္ဗာန်၌ တည်သော ဝိမောက္ခမဂ်ကို ရလေသနည်း၊ အဘယ်မည်သော သမဏဗြာဟ္မဏ၏မဖောက်မပြန်သော အနက်ကို သိစေတတ်သော (အဆုံးအမ) တရားကို ခံယူရပါအံ့နည်း။

֍ ၇၄၉။ '(သံမျှားချိတ်တပ်သော) အစာကို ဟပ်သော ငါးကဲ့သို့' စိတ်နှလုံးအတွင်း၌ ဖြစ်သောကိလေသာဟူသော ငါးမျှားချိတ်သည် (ငါ့အား) ဖြစ်ခဲ့၏၊ 'သိကြားမင်း၏ ကျော့ ကွင်းဖြင့် ဖွဲ့မိသောဝေပစိတ္တိအသူရာကဲ့သို့' (ငါသည် ရှေးက ကိလေသာကျော့ကွင်းဖြင့် အနှောင်အဖွဲ့ ခံနေခဲ့ရ၏)။

֍ ၇၅၀။ ငါသည် ဤစိုးရိမ်ခြင်းငိုကြွေးခြင်းဟူသော ဝဋ်တရားမှ ထိုကိလေသာဟူသော ကျော့ကွင်းကိုဆွဲငင်၏၊ (ယင်းသို့ ဆွဲငင်သော်လည်း မိမိကိုယ်ကို) မလွတ်စေနိုင်၊ ဤလောက၌ အဘယ်သူသည် ငါ၏ (ကိလေသာ) အနှောင်အဖွဲ့ကို ဖြေလျက် မဂ်ဉာဏ်ကို ပြော ကြားပါအံ့နည်း။

֍ ၇၅၁။ (ကိလေသာတို့ကို) ဖျက်ဆီးတတ်သော တရားကို ဟောပြညွှန်ကြားတတ်သော အဘယ်မည်သော သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း (မေးမြန်း၍) အဘယ် သမဏဗြာဟ္မဏ၏အိုခြင်း, သေခြင်းကို ပယ်တတ်သော တရားကို ခံယူရပါအံ့နည်း။

֍ ၇၅၂-၃။ မဆုံးဖြတ်နိုင်မှု 'ဝိစိကိစ္ဆာ' ယုံမှားမှု 'ကင်္ခါ' ဖြင့် ထုံးဖွဲ့အပ်သော , ချုပ်ချယ်မှု အားအစွမ်းနှင့်ယှဉ်သော, အမျက်ဒေါသနှင့် ယှဉ်သော စိတ်ဖြင့် ခက်ထန်သည့်အဖြစ်သို့ ရောက်သော, တဏှာဖြင့်သတ္တဝါတို့၏ စိတ်ကို ဖောက်ခွဲတတ်သော, တဏှာဟူသော လေးလျှင် ဖြစ်ရာရှိသော, ဆယ့်ငါးနှစ်လီအပြားရှိသော, ရင်၌ စူးဝင်သော, ပြင်းထန်စွာ စိတ်နှလုံး၌ ဖောက်ခွဲတည်နေသောမြားငြောင့် (အစင်းသုံးဆယ်) ကို ရှုပါလော့။

֍ ၇၅၄။ နောက်လိုက်ဖြစ်သော သဿတ စသော ဒိဋ္ဌိတို့ကို မပယ်နိုင်ခြင်း၏ အကြောင်းဖြစ် သောအကြင်သက္ကာယဒိဋ္ဌိဟူသော မြားငြောင့်ကို မိစ္ဆာဝိတက်ဖြင့် သူတစ်ပါးတို့ကို မှီ၍ စိုက် ထောင်အပ်၏၊ ငါသည် ထိုမိစ္ဆာဒိဋ္ဌိတည်းဟူသော မြားငြောင့်ဖြင့် နှလုံး၌ စူးဝင်အပ်သည်ဖြစ်၍ လေတိုက်သဖြင့် ကြွေကျသော သစ်ရွက်ကဲ့သို့ တုန်လှုပ်၏၊

֍ ၇၅၅။ ငါ၏ အတ္တဘော၌ ဖြစ်၍ (အတ္တဘောဟု မှတ်အပ်သော ) ခြောက်ပါးသော ဖဿာယတနအပေါင်းသည် အကြင်အတ္တဘော၌ အခါခပ်သိမ်း ဖြစ်၏၊ (မီးသည် မိမိ မှီရာကိုလောင်သကဲ့သို့) ငါ၏ ဥစ္စာဖြစ်သော ထိုအတ္တဘောကိုသာလျှင် လျင်မြန်စွာလောင်ကျွမ်း၏၊

֍ ၇၅၆။ အကြင်ဆေးဆရာသည် ငါ၏ မိစ္ဆာဒိဋ္ဌိတည်းဟူသော ငြောင့်ကို ပယ်နုတ်နိုင်ရာ၏၊ မိစ္ဆာဒိဋ္ဌိတည်းဟူသော ငြောင့်ကို ပယ်နုတ်ကုစားတတ်သော ထိုဆေးဆရာကို ငါ မမြင်။ ကြိုးနှင့်တူသောစူးချောင်းကို သွင်း၍လည်းကောင်း၊ ဓားဖြင့် ခွဲ၍လည်းကောင်း၊ အခြားသော ဆေးဝါးမန္တရားဖြင့်လည်းကောင်း ယုံမှားမှု 'ဝိစိကိစ္ဆာ'ဟူသော ငြောင့်ကို ပယ်နုတ်ခြင်းငှါ မတတ်နိုင်။

֍ ၇၅၇။ ဓားလက်နက်ကိုလည်း အသုံးမပြုဘဲ အနာဝကိုလည်း မဖြစ်စေဘဲ တစ်ကိုယ် လုံးကို မညှဉ်းဆဲမနာကျင်စေဘဲ ငါ၏ နှလုံးအတွင်း၌ တည်သော ငြောင့်အစစ် ဖြစ်၍ ဖြစ် သော ကိလေသာတည်းဟူသောငြောင့်ကို အဘယ်သူသည် နုတ်နိုင်လတ္တံ့နည်း။

֍ ၇၅၈။ ငါ၏ အဆိပ်နှင့် တူသော ကိလေသာ အပြစ်ဒေါသကို မျှောတတ်ဖြတ်တတ်သောအကြင်ပုဂ္ဂိုလ်သည် နက်စွာသော သံသရာဝဲသြဃ၌ ကျရောက်နေသော ငါ့အား (နိဗ္ဗာန်ဟူ သော) ကြည်းကုန်းကိုလည်းကောင်း၊ မဂ်ဟူသော လက်ကိုလည်းကောင်း ညွှန်ပြနိုင်ရာ၏၊ တရားအရှင်ဖြစ်သောထိုပုဂ္ဂိုလ်သည် အမြတ်ဆုံး ဖြစ်သည်သာတည်း။

֍ ၇၅၉။ ဖယ်ရှားခြင်းငှါ မတတ်ကောင်းသော (ရာဂစသော) မြူမှော် ရွှံ့ညွှန်ရှိသော လှည့် ပတ်မှု 'မာယာ'၊ ငြူစူမှု 'ဥသူယ'၊ ချုပ်ချယ်မှု 'သာရမ္ဘ'၊ စိတ်၏ မခန့်မှု 'ထိန'၊ စေတသိတ် တို့၏ မခန့်မှု 'မိဒ္ဓ' တို့ဖြင့်ပျံ့နှံ့သော (သံသရာတည်းဟူသော) အိုင်၌ ငါသည် (ဦးခေါင်း နှင့်တကွ) နစ်မြုပ်နေရသူ ဖြစ်ခဲ့၏၊

֍ ၇၆၀။ ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'တည်းဟူသော မိုးချုန်းသံရှိကုန်သော၊ သံယောဇဉ်ဆယ်ပါးတည်းဟူသောမိုးတိမ်လည်းရှိကုန်သော၊ ရာဂကို မှီကုန်သော မကောင်းသော အကြံအစည်ဟု ဆိုအပ်ကုန်သော မိုးရေအလျဉ်တို့သည် မိစ္ဆာအယူရှိသော ငါ့ကို (အပါယ်တည်းဟူသော သမုဒ္ဒရာသို့) ဆောင်ယူကုန်၏၊

֍ ၇၆၁။ (တဏှာစသော) ရေအလျဉ်တို့သည် ခပ်သိမ်းသော အာရုံတို့၌ ယိုစီးတတ်ကုန်၏၊ ထို (တဏှာစသော) ရေအလျဉ်တို့ကို အဘယ်သူသည် (မယိုစီးအောင်) တားမြစ်နိုင်ပါအံ့နည်း၊ (တဏာှ တည်းဟူသော) နွယ်သည် (ဒွါရခြောက်ပါးတို့ကို) ဖောက်ထွင်း၍ (အာရုံခြောက်ပါး တို့၌) တည်၏၊ ထို (တဏှာတည်းဟူသော) နွယ်ကို အဘယ်သူသည် ဖြတ်တောက်နိုင်ပါ အံ့နည်း။

֍ ၇၆၂။ အရှင်ကောင်းတို့ (တဏှာတည်းဟူသော) ရေအလျဉ်တို့ကို တားမြစ်တတ်သော ကံသင်းကိုပြုတော်မူကြပါကုန်လော့၊ (ရေအလျဉ်သည် ကမ်းနား၌ တည်သော) သစ်ပင်ကို လဲစေ၍ ဖျက်ဆီးသကဲ့သို့ထို့အတူ သင်၏ စိတ်၌ ဖြစ်သော (တဏှာတည်းဟူသော) ရေအလျဉ်သည် သင့်ကို မပျက်စီးပါစေလင့်။

֍ ၇၆၃။ ပညာတည်းဟူသော လက်နက်ရှိတော်မူသော၊ လူနတ်တို့၏ ဆရာဖြစ်တော်မူသော၊ အဂ္ဂသာဝကစသော အရိယာသံဃာအပေါင်းတို့ မှီဝဲရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤသို့ဆိုအပ်ပြီးသော အပြားဖြင့် ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်နေသော သံသရာဝဋ်တည်းဟူသော ဤမှာဘက်ကမ်းမှ နိဗ္ဗာန်ဟူသော ထိုမှာဘက်ကမ်းကို ရှာမှီးသော ငါ၏ ကိုးကွယ် အားထားရာဖြစ်တော်မူပေ၏၊

֍ ၇၆၄။ (ထိုမြတ်စွာဘုရားသည် ဒေသနာဉာဏ်ဖြင့်) ကောင်းစွာ ပြုအပ်သော , ညစ်ညူး ကြောင်း (ကိလေသာတို့မှ) စင်ကြယ်သော, (ပညာစသော) တရားအနှစ်ဖြင့် ပြီးသော, မြဲမြံခိုင်ခန့်သော (ဝိပဿနာ) လှေခါးကို (သြဃလေးပါးဟူသော ရေအလျဉ်၌) မျောနေသော ငါ့အားပေးတော်မူ၏၊ သင်မကြောက်လင့်ဟုလည်း မိန့်ဆိုတော်မူ၏၊

֍ ၇၆၅။ (ငါသည် ) သတိပဋ္ဌာန်လေးပါးတည်းဟူသော ပြာသာဒ်ထက်သို့ တက်၍ (သစ္စာ လေးပါးတရားကိုမဂ်ဉာဏ်ဖြင့်) ထိုးထွင်း၍ သိပြီ၊ သက္ကာယ၌ မွေ့လျော်သော တိတ္ထိအပေါင်း ကိုလည်းကောင်း၊ (ထိုတိတ္ထိအပေါင်းတို့ ကြံဆအပ်သော အတ္တကိုလည်းကောင်း) ရှေးအခါက (အနှစ်သာရအားဖြင့်) မှတ်ထင်ခဲ့ပြီ။

֍ ၇၆၆။ အကြင်အခါ ငါသည် (အရိယမဂ္ဂင် ရှစ်ပါးတည်းဟူသော) လှေထက်သို့ တက်စီး ကြောင်းဖြစ်သော (ဝိပဿနာ) လမ်းကြောင်းကို မြင်ပြီ၊ (ထိုအခါမှ စ၍ တိတ္ထိအပေါင်းကိုလည်းကောင်း)၊ တိတ္ထိအပေါင်းတို့ကြံဆအပ်သော အတ္တကိုလည်းကောင်း စိတ်၌ မထားမူ၍ ဆိပ်ကမ်းသဖွယ် ဖြစ်သော (အလုံးစုံသောကုသိုလ်တရားတို့ထက်) မြတ်သော အရိယမဂ်ကို မြင်ပြီ။

֍ ၇၆၇။ (ဒိဋ္ဌိမာနစသော) ငြောင့်သည် (အတ္တဟု အမည်ရသော ) အတ္တဘော၌ ဖြစ်၏၊ ဘဝတဏှာကြောင့်ဖြစ်၏၊ (မြတ်စွာဘုရားသည် ) ထိုဆိုအပ်ပြီးသော အကုသိုလ်တရားတို့ မဖြစ်ခြင်းငှါ မြတ်သော (အင်္ဂါရှစ်ပါးရှိသော) မဂ်ကို ဟောပြတော်မူ၏၊

֍ ၇၆၈။ ရှည်မြင့်စွာသော နေ့ညဉ့် (ကာလ) ပတ်လုံး (သတ္တဝါတို့၏ သန္တာန်၌) အဖန် တလဲလဲ ကိန်းသောကြာမြင့်စွာသော နေ့ညဉ့် (ကာလ) ပတ်လုံး (သတ္တဝါတို့သန္တာန်၌ လွှမ်းမိုး၍) တည်သော (အဘိဇ္ဈာကာယဂန္ထစသော) အထုံးအဖွဲ့ 'ဂန္ထ' ကို အဆိပ်နှင့် တူသော ကိလေသာ အပြစ်ဒေါသကိုဆေးလျှော်ပြီးသော မြတ်စွာဘုရားသည် ငါ့အား စွန့်စေတော်မူပြီ။

ဤသို့လျှင် တေလကာနိမထေရ်သည် ရွတ်ဆို၏၊

........

၄-ရဋ္ဌပါလတ္ထေရဂါထာ

ရဋ္ဌပါလသူဌေးသားသည် ရဟန်းပြုလို၍ ခုနစ်ရက်အစာငတ်ခံမှ မိဘကခွင့်ပြု၍ ရဟန်းပြုခွင့် ရခဲ့၏၊

ဘုရားရှင်အမိန့်ဖြင့် မထေရ်တပါးထံ ရဟန်းပြုပြီးလျှင် ဝိပဿနာကိုပွါးရာ မကြာခင် ရဟန္တာဖြစ်လေ၏၊ အခါတပါး မိဘရှိရာသို့ သွားလေရာ တန်ဆာဆင်ထားသော မိန်းမတို့ဖြင့် ဖြားယောင်းသွေးဆောင်လူ့ဘောင်သို့ကျအောင် ပြုမူကြသည်တွင် အနိစ္စစသည်နှင့် ယှဉ်သော တရားကို ဖော်ပြဟောကြားသော ဂါထာများ။

֍ ၇၆၉။ အဆန်းတကြယ် ပြုအပ်သော အိုင်းအမာတို့၏ စုဝေးတည်နေရာ ဖြစ်သော (သုံးရာသောအရိုးတို့ဖြင့်) စိုက်ထူ၍ ထားအပ်သော အမြဲ နာကျင်သော (လူမိုက်တို့) အထူး ထူးအထွေထွေကြံစည်အပ်သော ခန္ဓာကိုယ်'အတ္တဘော'ကို ရှုပါလော့၊ ယင်းခန္ဓာကိုယ် 'အတ္တဘော'၏ ခိုင်မြဲတည်တံ့သောအဖြစ်သည် မရှိချေ။

֍ ၇၇၀။ ကျောက်သံပတ္တမြားဖြင့်လည်းကောင်း၊ ပုတီး, နားတောင်းဖြင့်လည်းကောင်း အဆန်းတကြယ်ပြုပြင်အပ်သော ခန္ဓာကိုယ်ကြီးကိုလည်းကောင်း၊ (စိုသော) အရေဖြင့် မြှေး ယှက်ဖုံးလွှမ်းအပ်သော အရိုးစုဖြစ်သော ရုပ်ကိုယ်ကြီးကိုလည်းကောင်း ရှုပါလော့။ (ယင်းခန္ဓာ ကိုယ်သည်) အဝတ်တို့နှင့်တကွ (ဖုံးလွှမ်းမှသာ) တင့်တယ်နိုင်၏၊

֍ ၇၇၁။ ချိပ်ရည်ဖြင့် ဆိုးအပ်သော ခြေတို့သည်လည်းကောင်း၊ မျက်နှာချေမှုန့်ဖြင့် လိမ်း အပ်သော မျက်နှာသည်လည်းကောင်း အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါ စွမ်းနိုင်၏၊ (နိဗ္ဗာန်ဟူသော) တစ်ဖက်ကမ်းကို ရှာမှီးလေ့ရှိသောသူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

֍ ၇၇၂။ ရှစ်စု ခွဲ၍ ပြုပြင်အပ်သော ဆံပင်တို့သည်လည်းကောင်း၊ မျက်ကွင်းဆေးတို့ဖြင့်လိမ်းခြယ်အပ်ကုန်သော မျက်စိတို့သည်လည်းကောင်း အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါစွမ်းနိုင်ကုန်၏၊ (နိဗ္ဗာန်ဟူသော) တစ်ဖက်ကမ်းကို ရှာမှီးလေ့ရှိသောသူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

֍ ၇၇၃။ 'အသစ်ဖြစ်၍ ဆန်းကြယ်သော မျက်ကွင်းဆေးကျည်တောက်ကဲ့သို့' တန်ဆာဆင် အပ်သော အကောင်ပုပ်သည် အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါ စွမ်းနိုင်၏၊ (နိဗ္ဗာန်ဟူ သော) တစ်ဖက်ကမ်းကိုရှာမှီးလေ့ရှိသောသူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

֍ ၇၇၄။ 'မုဆိုးသည် ကျော့ကွင်းကို ထောင်၏၊ သားသမင်သည် ကျော့ကွင်းကို မတိုးမူ၍မုဆိုးမြည်တမ်းစဉ် (ပစ်ချထားသော) အစာကို စား၍ သွားသကဲ့သို့' ငါတို့ သွားပါကုန်အံ့။

֍ ၇၇၅။ 'သမင်သည် ကျော့ကွင်းကို မတိုးမူ၍ မုဆိုး၏ ကျော့ကွင်းကို ဖြတ်ပြီးလျှင် မုဆိုး ပစ်ချထားသောအစာကို စား၍ မုဆိုး စိုးရိမ်ပူဆွေးနေစဉ် (သွားသကဲ့သို့)' ငါတို့ သွားပါကုန်အံ့။

֍ ၇၇၆။ (ကောရဗျမင်းကြီး ငါသည် )လောက၌ ဥစ္စာရှိကုန်သော လူတို့ကို မြင်၏၊ (ထို သူတို့သည်) ဥစ္စာကို ရကုန်လျက် မိုက်မဲတွေဝေခြင်းကြောင့် မပေးကမ်းမလှူဒါန်းကုန်၊လောဘဖြင့်တပ်မက်ကြကုန်သည်ဖြစ်၍ ဥစ္စာကို စုဆောင်းကြကုန်၏၊ ကာမတို့ကို လွန်လွန် ကဲကဲတောင့်တကြကုန်၏၊

֍ ၇၇၇။ ပြည့်ရှင်မင်းသည် မြေအပြင်ကို အနိုင်အထက် ပြုလျက် အောင်နိုင်ပြီးလျှင် သမုဒ္ဒရာအဆုံးအပိုင်းအခြားရှိသော မြေကို စိုးအုပ်နေရလျက် သမုဒ္ဒရာ၏ ဤဖက်အဖို့ကို (ရသော်လည်း) မရောင့်ရဲနိုင်သော သဘောရှိသည် ဖြစ်ရကား သမုဒ္ဒရာ၏ ထိုမှာဖက်ကို တောင့်တရာ၏၊

֍ ၇၇၈။ မင်းသည်လည်းကောင်း၊ မင်းမှတစ်ပါး များစွာသော လူတို့သည်လည်းကောင်း (တဏှာ) မကင်းသေးသည်ဖြစ်၍ သေခြင်းသို့ ကပ်ရောက်ရကုန်၏၊ စိတ်အလို မပြည့်ကြကုန် သည်ဖြစ်၍ သာလျှင်

ဤလူ့ကိုယ်ခန္ဓာကို စွန့်လွှတ်ကြရကုန်၏၊ ဤလောက၌ ဝတ္ထုကာမတို့ဖြင့် ရောင့်ရဲမှုမည်သည်မရှိသည်သာတည်း။

֍ ၇၇၉။ အဆွေအမျိုးတို့သည် (ထိုသေသော သူကို ရည်စူး၍) ဆံပင်တို့ကို ဖြန့်ကြဲကုန် လျက်မြည်တမ်းတသလျက် ငိုကြွေးကြကုန်၏၊ ''ငါတို့၏ (ဆွေမျိုးတို့သည်) မသေကုန်လေမူ ကား သြော်ကောင်းလေစွ''ဟုလည်း ဆိုကြကုန်၏၊ အဝတ်ဖြင့် ဖုံးအုပ်ထားသော ထို သူသေကောင်ကို ထိုအိမ်မှထုတ်ဆောင်ကာ ထင်းပုံထက်သို့ တင်ပြီးလျှင် မီးတိုက်ကြကုန်၏၊

֍ ၇၈၀။ ထိုသူသေကောင်ကို တံစူးဝါးတို့ဖြင့် ထိုးဆွလျက် မီးတိုက်အပ်၏၊ ထိုသူသေကောင် သည်စည်းစိမ်ဥစ္စာတို့ကို စွန့်၍ အဝတ်တစ်ထည်တည်းဖြင့်သာ (သွားရ၏)၊ တမလွန်ဘဝ၌မိဘဆွေမျိုးတို့သည်လည်းကောင်း၊ ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်းတို့သည်လည်းကောင်း၊ ထိုမှတစ်ပါးသူငယ်ချင်းတို့သည်လည်းကောင်း သေသောသူ၏ ကိုးကွယ်မှီခိုရာတို့ မဖြစ်ကုန်။

֍ ၇၈၁။ အမွေခံတို့သည် ထိုသေသူ၏ ဥစ္စာကို သိမ်းဆည်း ယူဆောင်ကြကုန်၏၊ သေသောသတ္တဝါသည်ကား ကံအားလျော်စွာ (ထိုထိုဘဝသို့) သွားရောက်ရ၏၊ အလိုရှိအပ်သော ဝတ္ထုတစ်စုံတစ်ရာသည်လည်းကောင်း၊ သားသမီးတို့သည်လည်းကောင်း၊ မယားတို့သည်လည်းကောင်း၊ (ရွှေငွေ) ဥစ္စာသည်လည်းကောင်း၊ တိုင်းနိုင်ငံသည်လည်းကောင်း သေသောသူ နောက်သို့မလိုက်ပါတော့ချေ။

֍ ၇၈၂။ အသက်ရှည်ခြင်းကို ပစ္စည်းဥစ္စာဖြင့် မရနိုင်၊ အိုခြင်းကို စည်းစိမ်ဥစ္စာဖြင့် မပယ် ဖျောက်မတားမြစ်နိုင်။

ဤအသက်ကို အလွန့်အလွန် နည်း၏၊ အမြဲ မရှိ၊ ဖောက်ပြန်သော သဘောရှိ၏ဟု ပညာရှိတို့ ဆိုကြကုန်၏၊

֍ ၇၈၃။ ကြွယ်ဝသော သူတို့သည်လည်းကောင်း၊ ဆင်းရဲသော သူတို့သည်လည်းကောင်း (အလိုရှိအပ်, အလိုမရှိအပ်သော ) အတွေ့အထိကို တွေ့ထိကြရကုန်၏၊ ထို့အတူ ပင် သူမိုက်သည်လည်းကောင်း၊ ပညာရှိသည်လည်းကောင်း (အလိုရှိအပ်, အလိုမရှိအပ်သော ) အတွေ့ အထိကိုတွေ့ထိရ၏၊ ထူးခြားချက်ကား သူမိုက်သည် (တစ်စုံတစ်ခုသော) အတွေ့အထိဖြင့် တွေ့ထိခဲ့သော်မိုက်သည်အဖြစ်ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ သာလျှင် အိပ်ရနေရ၏၊ ပညာရှိ သည်ကား (ဆင်းရဲသော) အတွေ့အထိဖြင့် တွေ့ထိသော်လည်း မတုန်လှုပ်ချေ။

֍ ၇၈၄။ ထို့ကြောင့် ပညာသည်သာလျှင် ဥစ္စာထက် မြတ်၏၊ ဤလောက၌ ယင်း ပညာဖြင့် (ဘဝ၏) အဆုံး (နိဗ္ဗာန်) ကို ရ၏၊ ဘဝပြီးဆုံးရာ နိဗ္ဗာန်ကို မရသေးရကား မိုက်မဲတွေဝေ မှုကြောင့် သူမိုက်သည်ဘဝကြီးငယ်တို့၌ မကောင်းမှုဒုစရိုက်တို့ကို ပြု၏၊

֍ ၇၈၅။ (အကြင်သူသည် မကောင်းမှုတို့ကို ပြုလုပ်၍) အဆင့်ဆင့် ကျင်လည်ခြင်းသို့ ရောက်လျက်ပဋိသန္ဓေနေခြင်းသို့လည်းကောင်း၊ တမလွန်လောကသို့လည်းကောင်း ကပ် ရောက်ရ၏၊

ထိုမကောင်းမှုကိုပြုသောသူ၏ (အပြုအမူကို) ယုံကြည်သော ပညာနည်းသော သူသည် (ထိုသူကဲ့သို့ ကျင့်၍) ပဋိသန္ဓေနေခြင်းသို့လည်းကောင်း၊ တမလွန်လောကသို့လည်းကောင်း ကပ်ရောက်ရ၏၊

֍ ၇၈၆။ ယုတ်မာသော သဘောရှိသော ခိုးသူသည် (အိမ်ခြံစပ်ကို ဖောက်သည်ရှိသော်) အိမ်ခြံစပ်ဝ၌ (အစောင့်ယောက်ျားတို့၏) ဖမ်းဆီးခြင်းကို ခံရသည်ဖြစ်၍ (အိမ်ခြံစပ်ကို ဖောက်ခြင်းဟူသော) မိမိပြုမူမှုကြောင့် အညှဉ်းဆဲခံရသကဲ့သို့ ထို့အတူ ယုတ်မာသော သဘောရှိသော ဤသတ္တဝါအပေါင်းသည် (ဤဘဝက မကောင်းမှုတို့ကို ပြု၍) တမလွန်ဘဝသို့ နောက်ကာလ၌ မိမိ၏ မကောင်းမှုကံကြောင့် (ငရဲစသည်တို့၌ အညှဉ်းဆဲခံရ၏)။

֍ ၇၈၇။ ကောရဗျမင်းမြတ် ဝတ္ထုကာမတို့သည် ဆန်းကြယ်ကုန် သာယာဖွယ် နှလုံးမွေ့ လျော်ဖွယ်ဖြစ်ကုန်၍ အထူးထူးအပြားပြားသော သဘောဖြင့် (သာယာဖွယ်ကို ပြု၍) စိတ် နှလုံးကို မွှေနှောက်ချောက်ချားစေတတ်ကုန်၏၊ ထို့ကြောင့် ငါသည် ကာမဂုဏ်တို့၌ အပြစ်ကို ရှုမြင်၍ ရဟန်းပြုခဲ့၏၊

֍ ၇၈၈။ ကောရဗျမင်းမြတ် သစ်သီးတို့သည် (မှည့်သော အခါ၌ဖြစ်စေ၊ စိမ်းသော အခါ၌ ဖြစ်စေ) ကြွေကျသကဲ့သို့ ထို့အတူ သတ္တဝါတို့သည် ငယ်ကုန်သော်လည်းကောင်း၊ ကြီးကုန် သော်လည်းကောင်း၊ ကိုယ်ခန္ဓာပျက်စီး၍ သေကြရကုန်၏၊ ငါသည် ဤသို့ မမြဲသောအဖြစ်ကိုလည်း (ပညာမျက်စိဖြင့်) ရှုမြင်၍ ရဟန်းပြုခဲ့၏၊ မချွတ်မယွင်းသော ရဟန်း၏ အဖြစ်သည် သာလျှင် အထူးသဖြင့် ကောင်းမြတ်၏၊

֍ ၇၈၉။ ငါသည် (ကံ ကံ၏အကျိုးကို) ယုံကြည်မှု 'သဒ္ဓါတရား' ဖြင့် ရဟန်းပြု၍ မြတ်စွာဘုရားသာသနာတော်၌ (ကောင်းသော အကျင့်သို့) ကပ်ရောက်၏၊ ငါ၏ ရဟန်းအဖြစ်သည် (အရဟတ္တဖိုလ်ကိုရသောကြောင့် ) အချည်းနှီး အကျိုးမရှိသည် မဟုတ်ပေ။ (ထို့ကြောင့်သာ လျှင် ကိလေသာ) ကြွေးမြီမရှိသည်ဖြစ်၍ (တိုင်းသူပြည်သားတို့၏) ဘောဇဉ်ကို သုံးဆောင်၏၊

֍ ၇၉၀။ (ငါသည် ) ဝတ္ထုကာမ, ကိလေသာကာမတို့ကို (မီးတစ်ဆယ့်တစ်ပါးတို့ဖြင့်) တပြောင်ပြောင်တောက်လောင်သော အခြင်းအရာအားဖြင့် ရှုမြင်၍လည်းကောင်း၊ ရွှေငွေတို့ကို ဓားလက်နက်အနေအားဖြင့် ရှုမြင်၍လည်းကောင်း၊ အမိဝမ်း၌ ပဋိသန္ဓေနေသည်မှ စ၍ (အလုံးစုံသောသံသရာ၌ဖြစ်ခြင်း) ဆင်းရဲကို ရှုမြင်၍လည်းကောင်း၊ ငရဲကြီးရှစ်ထပ်တို့၌ (ခံစားရမည့်) ကြီးစွာသောဘေးကို ရှုမြင်၍လည်းကောင်း ရဟန်းပြုခဲ့၏၊

֍ ၇၉၁။ ဤသို့ဆိုခဲ့ပြီးသော အပြစ်ကို သိ၍ ထိုမြတ်စွာဘုရားထံ၌ တရားနာရသော အခါ ထိတ်လန့်မှုသံဝေဂကို ရပြီ၊ ထိုငါသည် လူဖြစ်စဉ်အခါက ရာဂဟူသော ငြောင့်တံသင်းစသည် တို့စူးဝင်အပ်သော်လည်း (ယခုအခါ) အာသဝေါတရားတို့ကုန်ခြင်းသို့ ရောက်ပြီ။

֍ ၇၉၂။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့် အတိုင်း လိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝသုံးပါးသို့ ဆောင်တတ်သောတဏှာကို နုတ်အပ်ပြီ။

֍ ၇၉၃။ အကြင်အရဟတ္တဖိုလ်အကျိုးငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်း ပြု၏၊ အလုံးစုံသော နှောင်ကြိုး'သံယောဇဉ်'တို့၏ကုန်ရာ အရဟတ္တဖိုလ်ဖြစ်သော ထိုအကျိုး ကိုလည်း ငါ ရပြီ။

ဤသို့လျှင် ရဋ္ဌပါလမထေရ်သည် ရွတ်ဆို၏၊

........

၅-မာလုကျပုတ္တတ္ထေရဂါထာ

ဆက္ကနိပါတ်၌ မာလုကျပုတ္တမထေရ် ရဟန္တာအဖြစ်ဖြင့် ရွတ်ဆိုသော ဂါထာများကို ပြခဲ့၏၊ ဤ၌ကားပုထုဇဉ်အဖြစ်ဖြင့် မြတ်စွာဘုရားအား တရားအကျဉ်း ဟောတော်မူပါဟု တောင်းပန်သည်တွင် အကျဉ်းအားဖြင့် ဟောတော်မူရာ ထိုအကျဉ်းကိုဆောင်ယူသင်ကြား ထားကြောင်း ဖော်ပြသော ဂါထာများ။

֍ ၇၉၄။ ရူပါရုံကို မြင်၍ ချစ်မြတ်နိုးဖွယ်ဟု သုဘနိမိတ်ကို နှလုံးသွင်းသူအား အောက်မေ့မှု 'သတိ'လွတ်ကင်း၏၊ (သတိလွတ်ကင်းသူသည် ရူပါရုံ၌) တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ခံစား၏၊ ထိုရူပါရုံကိုလည်း (ကောင်း၏ ကောင်း၏ဟု) လွှမ်းမိုးသိမ်းပိုက်၍ တည်၏၊

֍ ၇၉၅။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ရူပါရုံလျှင် ဖြစ်ကြောင်းရှိကုန်သော များစွာကုန် သော (သုခစသော) ဝေဒနာတို့သည် ပွါးကုန်၏၊ (ချစ်အပ်သော ရူပါရုံတို့၌) ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ ညှဉ်းဆဲမှု 'ဝိဟိံသာ'သည်လည်းကောင်း ထိုပုဂ္ဂိုလ်၏ စိတ်ကိုညှဉ်းဆဲနှိပ်စက်၏၊ ဤသို့ (ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဘဝါဘိသင်္ခါရကို) ဆည်းပူး သောသူအားဆင်းရဲမှု ဝဋ်ဒုက္ခ ဖြစ်၏၊ (ထိုသူကို) နိဗ္ဗာန်နှင့် ဝေး၏ဟု ဆိုအပ်၏၊

֍ ၇၉၆။ သဒ္ဒါရုံကို ကြား၍ ချစ်မြတ်နိုးဖွယ်ဟု သုဘနိမိတ်ကို နှလုံးသွင်းသူအား အောက် မေ့မှု 'သတိ'သည်လွတ်ကင်း၏၊ (သတိလွတ်ကင်းသူသည် သဒ္ဒါရုံ၌) တပ်စွန်းသော စိတ်ရှိ သည်ဖြစ်၍ ခံစား၏၊ ထိုသဒ္ဒါရုံကိုလည်း (ကောင်း၏ ကောင်း၏ဟု) လွှမ်းမိုးသိမ်းပိုက်၍ တည်၏၊

֍ ၇၉၇။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား သဒ္ဒါရုံလျှင် ဖြစ်ကြောင်းရှိကုန်သော များစွာကုန်သော (သုခစသော) ဝေဒနာတို့သည် ပွါးကုန်၏၊ (ချစ်အပ်သော သဒ္ဒါရုံတို့၌) ရှေးရှု ကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ ညှဉ်းဆဲမှု 'ဝိဟိံသာ'သည်လည်းကောင်း ထိုပုဂ္ဂိုလ်၏ စိတ်ကိုညှဉ်းဆဲနှိပ်စက်၏၊ ဤသို့ (ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဘဝါဘိသင်္ခါရကို) ဆည်းပူးသောသူအားဆင်းရဲမှု ဝဋ်ဒုက္ခ ဖြစ်၏၊ (ထိုသူကို) နိဗ္ဗာန်နှင့် ဝေး၏ဟု ဆိုအပ်၏၊

֍ ၇၉၈။ ဂန္ဓာရုံကို နမ်းရှူ၍ ချစ်မြတ်နိုးဖွယ်ဟု သုဘနိမိတ်ကို နှလုံးသွင်းသူအား အောက် မေ့မှု 'သတိ' သည် လွတ်ကင်း၏၊ (သတိလွတ်ကင်းသူသည် ဂန္ဓာရုံ၌) တပ်စွန်းသော စိတ်ရှိ သည်ဖြစ်၍ ခံစား၏၊ ထိုဂန္ဓာရုံကိုလည်း (ကောင်း၏ ကောင်း၏ဟု) လွှမ်းမိုးသိမ်းပိုက်၍ တည်၏၊

֍ ၇၉၉။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ဂန္ဓာရုံလျှင် ဖြစ်ကြောင်းရှိကုန်သော များစွာကုန် သော (သုခစသော) ဝေဒနာတို့သည် ပွါးကုန်၏၊ (ချစ်အပ်သော ဂန္ဓာရုံတို့၌) ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ ညှဉ်းဆဲမှု 'ဝိဟိံသာ' သည်လည်းကောင်း ထိုပုဂ္ဂိုလ်၏ စိတ်ကိုညှဉ်းဆဲနှိပ်စက်၏၊ ဤသို့ (ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဘဝါဘိသင်္ခါရကို) ဆည်းပူး သောသူအားဆင်းရဲမှု ဝဋ်ဒုက္ခ ဖြစ်၏၊ (ထိုသူကို) နိဗ္ဗာန်နှင့် ဝေး၏ဟု ဆိုအပ်၏၊

֍ ၈၀၀။ ရသာရုံကို လျက်၍ ချစ်မြတ်နိုးဖွယ်ဟု သုဘနိမိတ်ကို နှလုံးသွင်းသူအား အောက် မေ့မှု 'သတိ'သည် လွတ်ကင်း၏၊ (သတိလွတ်ကင်းသူသည် ရသာရုံ၌) တပ်စွန်းသော စိတ်ရှိ သည်ဖြစ်၍ ခံစား၏၊ ထိုရသာရုံကိုလည်း (ကောင်း၏ ကောင်း၏ဟု) လွှမ်းမိုးသိမ်းပိုက်၍ တည်၏၊

֍ ၈၀၁။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ရသာရုံလျှင် ဖြစ်ကြောင်းရှိကုန်သော များစွာကုန်သော (သုခစသော) ဝေဒနာတို့သည် ပွါးကုန်၏၊ (ချစ်အပ်သော ရသာရုံတို့၌) ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ ညှဉ်းဆဲမှု 'ဝိဟိံသာ' သည်လည်းကောင်း ထိုပုဂ္ဂိုလ်၏ စိတ်ကိုညှဉ်းဆဲနှိပ်စက်၏၊ ဤသို့ (ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဘဝါဘိသင်္ခါရကို) ဆည်းပူးသောသူအားဆင်းရဲမှု ဝဋ်ဒုက္ခ ဖြစ်၏၊ (ထိုသူကို) နိဗ္ဗာန်နှင့် ဝေး၏ဟု ဆိုအပ်၏၊

֍ ၈၀၂။ ဖောဋ္ဌဗ္ဗာရုံကို တွေ့၍ ချစ်မြတ်နိုးဖွယ်ဟု သုဘနိမိတ်ကို နှလုံးသွင်းသောသူအား အောက်မေ့မှု 'သတိ' သည် လွတ်ကင်း၏၊ (သတိလွတ်ကင်းသူသည် ဖောဋ္ဌဗ္ဗာရုံ၌) တပ်စွန်း သော စိတ်ရှိသည်ဖြစ်၍ ခံစား၏၊ ထိုဖောဋ္ဌဗ္ဗာရုံကိုလည်း (ကောင်း၏ ကောင်း၏ဟု) လွှမ်းမိုး သိမ်းပိုက်၍ တည်၏၊

֍ ၈၀၃။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ဖောဋ္ဌဗ္ဗာရုံလျှင် ဖြစ်ကြောင်းရှိကုန်သော များစွာကုန်သော (သုခစသော) ဝေဒနာတို့သည် ပွါးကုန်၏၊ (ချစ်အပ်သော ဖောဋ္ဌဗ္ဗာရုံတို့၌) ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ ညှဉ်းဆဲမှု 'ဝိဟိံသာ' သည်လည်းကောင်း ထိုပုဂ္ဂိုလ်၏ စိတ်ကိုညှဉ်းဆဲနှိပ်စက်၏၊ ဤသို့ (ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဘဝါဘိသင်္ခါရကို) ဆည်းပူးသောသူအားဆင်းရဲမှု ဝဋ်ဒုက္ခ ဖြစ်၏၊ (ထိုသူကို) နိဗ္ဗာန်နှင့် ဝေး၏ဟု ဆိုအပ်၏၊

֍ ၈၀၄။ ဓမ္မာရုံကို သိ၍ ချစ်မြတ်နိုးဖွယ်ဟု သုဘနိမိတ်ကို နှလုံးသွင်းသူသောအား အောက် မေ့မှု 'သတိ' သည် လွတ်ကင်း၏၊ (သတိလွတ်ကင်းသူသည် ဓမ္မာရုံ၌) တပ်စွန်းသော စိတ်ရှိ သည်ဖြစ်၍ ခံစား၏၊ ထိုဓမ္မာရုံကိုလည်း (ကောင်း၏ ကောင်း၏ဟု) လွှမ်းမိုးသိမ်းပိုက်၍ တည်၏၊

֍ ၈၀၅။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ဓမ္မာရုံလျှင် ဖြစ်ကြောင်းရှိကုန်သော များစွာကုန် သော (သုခစသော) ဝေဒနာတို့သည် ပွါးကုန်၏၊ (ချစ်အပ်သော ဓမ္မာရုံတို့၌) ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ ညှဉ်းဆဲမှု 'ဝိဟိံသာ' သည်လည်းကောင်း ထိုပုဂ္ဂိုလ်၏ စိတ်ကိုညှဉ်းဆဲနှိပ်စက်၏၊ ဤသို့ (ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဘဝါဘိသင်္ခါရကို) ဆည်းပူး သောသူအားဆင်းရဲမှု ဝဋ်ဒုက္ခ ဖြစ်၏၊ (ထိုသူကို) နိဗ္ဗာန်နှင့် ဝေး၏ဟု ဆိုအပ်၏၊

֍ ၈၀၆။ ရူပါရုံကို မြင်လတ်သော် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည် ရူပါရုံတို့၌ မတပ် မက်၊ (ရူပါရုံ၌) တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ အာရုံကို ခံစား၏၊ ထိုရူပါရုံကိုလည်း လွှမ်းမိုးသိမ်းပိုက်၍ မတည်။

֍ ၈၀၇။ ရူပါရုံကို အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်လောက်အောင် ရှုသော ယောဂီပုဂ္ဂိုလ်အားလည်းကောင်း၊ (ထိုရူပါရုံကို အာရုံပြု၍ ဖြစ်သော) ဝေဒနာကို (ဂေါစရာသေဝနဖြင့်) မှီဝဲသော သူအားလည်းကောင်း (ကိလေသာဝဋ်အားလုံး) ကုန်ခြင်းသို့ ရောက်၏၊ ပွါးစီးခြင်းသို့ မရောက်။ ဤသို့သော အကျင့်ဖြင့်ထိုယောဂီပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ နေ၏၊

ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့် ဝဋ်ဆင်းရဲကိုမဂ်ပညာဖြင့် ဖျက်ဆီးသော ပုဂ္ဂိုလ်အား နိဗ္ဗာန်နှင့် နီး၏ဟူ၍ ဆိုအပ်၏၊

֍ ၈၀၈။ သဒ္ဒါရုံကို ကြားလတ်သော် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည် သဒ္ဒါရုံတို့၌ မတပ်မက်၊ (သဒ္ဒါရုံ၌) တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ အာရုံကို ခံစား၏၊ ထို သဒ္ဒါရုံကိုလည်းလွှမ်းမိုးသိမ်းပိုက်၍ မတည်။

֍ ၈၀၉။ သဒ္ဒါရုံကို အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်လောက်အောင် နားထောင်သော ယောဂီပုဂ္ဂိုလ်အားလည်းကောင်း၊ (ထိုသဒ္ဒါရုံကို အာရုံပြု၍ ဖြစ်သော) ဝေဒနာကို (ဂေါစရာသေဝန ဖြင့်) မှီဝဲသောသူအားလည်းကောင်း (ကိလေသာဝဋ်အားလုံး) ကုန်ခြင်းသို့ ရောက်၏၊ ပွါးစီးခြင်းသို့မရောက်။ ဤသို့သော အကျင့်ဖြင့် ထိုယောဂီပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ နေ၏၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် ဝဋ်ဆင်းရဲကို မဂ်ပညာဖြင့် ဖျက်ဆီးသော ပုဂ္ဂိုလ်အား နိဗ္ဗာန်နှင့် နီး၏ဟုဆိုအပ်၏၊

֍ ၈၁၀။ ဂန္ဓာရုံကို နမ်းရှူလတ်သော် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည် ဂန္ဓာရုံတို့၌ မတပ်မက်၊ (ဂန္ဓာရုံ၌) တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ အာရုံကို ခံစား၏၊ ထိုဂန္ဓာရုံ ကိုလည်း လွှမ်းမိုးသိမ်းပိုက်၍ မတည်။

֍ ၈၁၁။ ဂန္ဓာရုံကို အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်လောက်အောင် နမ်းရှူသော ယောဂီပုဂ္ဂိုလ်အားလည်းကောင်း၊ (ထိုဂန္ဓာရုံကို အာရုံပြု၍ ဖြစ်သော) ဝေဒနာကို (ဂေါစရာသေဝနဖြင့်) မှီဝဲ သောသူအားလည်းကောင်း (ကိလေသာဝဋ်အားလုံး) ကုန်ခြင်းသို့ ရောက်၏၊ ပွါးစီးခြင်းသို့ မရောက်။ ဤသို့သော အကျင့်ဖြင့် ထိုယောဂီပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ နေ၏၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် ဝဋ်ဆင်းရဲကို မဂ်ပညာဖြင့် ဖျက်ဆီးသော ပုဂ္ဂိုလ်အား နိဗ္ဗာန်နှင့် နီး၏ဟုဆိုအပ်၏၊

֍ ၈၁၂။ ရသာရုံကို လျက်လတ်သော် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည် ရသာရုံတို့၌ မတပ်မက်၊ (ရသာရုံ၌) တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ အာရုံကို ခံစား၏၊ ထိုရသာရုံ ကိုလည်းလွှမ်းမိုးသိမ်းပိုက်၍ မတည်။

֍ ၈၁၃။ ရသာရုံကို အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်လောက်အောင် လျက်သော ယောဂီပုဂ္ဂိုလ်အားလည်းကောင်း၊ (ထိုရသာရုံကို အာရုံပြု၍ ဖြစ်သော) ဝေဒနာကို (ဂေါစရာသေဝနဖြင့်) မှီဝဲသောသူအားလည်းကောင်း (ကိလေသာဝဋ်အားလုံး) ကုန်ခြင်းသို့ ရောက်၏၊ ပွါးစီးခြင်း သို့မရောက်။ ဤသို့သော အကျင့်ဖြင့် ထိုယောဂီပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ နေ၏၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် ဝဋ်ဆင်းရဲကို မဂ်ပညာဖြင့် ဖျက်ဆီးသော ပုဂ္ဂိုလ်အား နိဗ္ဗာန် နှင့် နီး၏ဟုဆိုအပ်၏၊

֍ ၈၁၄။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိလတ်သော် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည် ဖောဋ္ဌဗ္ဗာရုံ တို့၌မတပ်မက်၊ (ဖောဋ္ဌဗ္ဗာရုံ၌) တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ အာရုံကို ခံစား၏၊ ထိုဖောဋ္ဌဗ္ဗာရုံကိုလည်း လွှမ်းမိုးသိမ်းပိုက်၍ မတည်။

֍ ၈၁၅။ ဖောဋ္ဌဗ္ဗာရုံကို အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်လောက်အောင် တွေ့ထိသော ယောဂီပုဂ္ဂိုလ်အားလည်းကောင်း၊ (ထိုဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်သော) ဝေဒနာကို (ဂေါစရာ သေဝနဖြင့်) မှီဝဲသော သူအားလည်းကောင်း (ကိလေသာဝဋ်အားလုံး) ကုန်ခြင်းသို့ ရောက်၏၊ ပွါးစီးခြင်းသို့မရောက်။ ဤသို့သော အကျင့်ဖြင့် ထိုယောဂီပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ နေ၏၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် ဝဋ်ဆင်းရဲကို မဂ်ပညာဖြင့် ဖျက်ဆီးသောပုဂ္ဂိုလ်အား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏၊

֍ ၈၁၆။ ဓမ္မာရုံကို သိလတ်သော် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည် ဓမ္မာရုံတို့၌ မတပ် မက်၊ (ဓမ္မာရုံ၌) တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ အာရုံကို ခံစား၏၊ ထိုဓမ္မာရုံကိုလည်း လွှမ်းမိုးသိမ်းပိုက်၍မတည်။

֍ ၈၁၇။ ဓမ္မာရုံကို အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်လောက်အောင် သိသော ထိုယောဂီပုဂ္ဂိုလ်အားလည်းကောင်း၊ (ထိုဓမ္မာရုံကို အာရုံပြု၍ ဖြစ်သော) ဝေဒနာကို (ဂေါစရာသေဝနဖြင့်) မှီဝဲသောသူအားလည်းကောင်း (ကိလေသာဝဋ်အားလုံး) ကုန်ခြင်းသို့ ရောက်၏၊ ပွါးစီးခြင်း သို့မရောက်။ ဤသို့သော အကျင့်ဖြင့် ထိုယောဂီပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ နေ၏၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် ဝဋ်ဆင်းရဲကို မဂ်ပညာဖြင့် ဖျက်ဆီးသောပုဂ္ဂိုလ်အား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏၊

ဤသို့လျှင် မာလုကျပုတ္တမထေရ်သည် ရွတ်ဆို၏၊

........

၆-သေလတ္ထေရဂါထာ

လုလင်သုံးရာတို့၏ဆရာ ဗေဒင်သုံးပုံဆောင် သေလပုဏ္ဏားကြီးသည် ဘုရားရှင်ထံ ရောက်လာကာလက္ခဏာတော်များကို စုံစမ်းရင်း ချီးကျူးလျှောက်ထား၍ ဘုရားရှင်၌ အကြွင်းမရှိ ယုံကြည်ကြည်ညိုလျက့်လုလင်သုံးရာနှင့်တကွ ဧဟိဘိက္ခုရဟန်းအဖြစ်ကို ခံယူကြ၏၊ ဤသို့ရဟန်းဖြစ်ကြပြီးနောက် ဝိပဿနာပွါးများကြသည်တွင် အရဟတ္တဖိုလ်သို့ ရောက်ကြ၏၊ ထိုအခြင်းအရာနှင့်စပ်လျဉ်းသော ဂါထာများ။

֍ ၈၁၈။ ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် မဟာပုရိသ လက္ခဏာတို့နှင့်တင်းတင်းပြည့်ညီသော ကိုယ်ရှိတော်မူပါပေ၏၊ ကောင်းသော ကိုယ်တော် ရောင် ရှိတော်မူပါပေ၏၊ လုံးရပ်သဏ္ဌာန်တို့ဖြင့် ကောင်းစွာ ဖြစ်တော်မူပါပေ၏၊ ကြည့်ရှုသူတို့ နှစ်သက်စဖွယ် တင့်တယ်သောအဆင်းရှိတော်မူပါပေ၏၊ ရွှေအဆင်းနှင့် တူသော အဆင်း ရှိတော်မူပါပေ၏၊ ဖွေးဖွေးဖြူစင်သောစွယ်တော်ရှိတော်မူပါပေ၏၊

֍ ၈၁၉။ 'လုံးရပ်သဏ္ဌာန်တို့ဖြင့် ကောင်းစွာ ဖြစ်သော ယောက်ျားမြတ်၏ ကိုယ်၌ မဟာပုရိသလက္ခဏာတို့သည် ထင်ရှားပြလျက် ဖြစ်ပေါ်နေကုန်သကဲ့သို့' အရှင်ဘုရား၏ ကိုယ် တော်၌လည်းမဟာပုရိသလက္ခဏာ အားလုံးတို့သည် ထင်ရှားပြလျက် ဖြစ်ပေါ်နေပါကုန်၏၊

֍ ၈၂၀။ မြတ်စွာဘုရား အရှင်ဘုရားသည် ကြည်လင်သော မျက်လုံးရှိတော်မူသည် (လပြည့် ဝန်းကဲ့သို့) တင့်တယ်သော မျက်နှာရှိတော်မူသည် (လုံးရပ်သဏ္ဌာန်ပြည့်စုံသဖြင့်) ကျယ်ပြန့် တော်မူ၍ (ဗြဟ္မာမင်း၏ကိုယ်ကဲ့သို့) ဖြောင့်မတ်သော ကိုယ်ရှိတော်မူသည် တောက်ပသော အရောင်ရှိတော်မူသည်ဖြစ်၍ ရဟန်းအပေါင်း၏ အလယ်၌ 'နေမင်းကဲ့သို့' တင့်တယ်တော်မူပါ ပေ၏၊

֍ ၈၂၁။ ရဟန်း (အရှင်ရဟန်းသည်) ကြည့်ရှုသူတို့၏ မျက်စိ၌ ကောင်းသော အမြင် ရှိတော်မူပါပေ၏၊ ရွှေနှင့်တူသော ကိုယ်ရေအဆင်း ရှိတော်မူပါပေ၏၊ ဤသို့လျှင် မြတ်သော အဆင်းနှင့် ပြည့်စုံတော်မူသောအရှင်ဘုရားအား ရဟန်း၏ အဖြစ်ဖြင့် အဘယ်အကျိုးရှိပါ အံ့နည်း။

֍ ၈၂၂။ (အရှင်ရဟန်းသည်) သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် မြေကို အစိုးရသော ရန်အပေါင်းကိုအောင်မြင်သော ဇမ္ဗူဒိပ်နှင့်တကွ လေးကျွန်းလုံးကို အစိုးရသော ရထားစီးချင်း မင်းတကာတို့ထက် မြတ်သော စကြဝတေးမင်း ဖြစ်ရန် ထိုက်တန်တော်မူပါပေ၏၊

֍ ၈၂၃။ မင်းမျိုးမင်းနွယ်တို့သည်လည်းကောင်း၊ မြို့စားရွာစားမင်းတို့သည်လည်းကောင်း၊ ဘိသိက်ခံပြီးမင်းတို့သည်လည်းကောင်း အရှင်၏ နောက်လိုက် အရံမင်းတို့ ဖြစ်ကြပါစေ။ ဂေါတမနွယ်ဖွားမြတ်စွာဘုရား (အရှင်ဘုရားသည် ) လူတို့ကို အစိုးရသော မင်းတကာတို့ ပူဇော်ထိုက်သော စကြာမင်းပြုတော်မူပါလော့ (ဟု သေလပုဏ္ဏားက လျှောက်၏)။

֍ ၈၂၄။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏)၊ သေလ ငါသည် မင်း ဖြစ်၏၊ အတုမရှိသောတရားမင်း ဖြစ်၏၊ (ထိုငါသည် ) တရားဖြင့် အာဏာစက်ကို လည်စေပြီ၊ တစ်ဦးတစ်ယောက်မျှမလည်စေနိုင်သော ဓမ္မစက်ကို လည်စေတော်မူ၏ (ဟု မြတ်စွာဘုရား မိန့်တော်မူ၏)။

֍ ၈၂၅။ (သေလပုဏ္ဏားသည် ဤသို့ လျှောက်၏)၊ ဂေါတမနွယ်ဖွား မြတ်စွာဘုရား အရှင် သည်ဘုရားဟူ၍ ဝန်ခံတော်မူပါ၏၊ အတုမရှိသော တရားမင်း ဖြစ်၏၊ တရားဖြင့် အာဏာ စက်ကိုလည်စေ၏ဟု မိန့်ဆိုတော်မူပါပေ၏၊

֍ ၈၂၆။ ဆရာ့အလိုသို့ လိုက်၍ အရှင်၏ စကားကို နာယူသော စစ်သူကြီးကား အဘယ်သူ ပါနည်း၊ အရှင်သခင် လည်စေနိုင်သော ဓမ္မစက်ကို အဘယ်သူသည် အတုလိုက်၍ လည်စေနိုင် ပါသနည်း။

֍ ၈၂၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏)၊ သေလ ငါသည် ဓမ္မစက်ကို လည်စေအပ်ပြီ၊ မြတ်စွာဘုရား၏ အနုဇာတသားဖြစ်သော သာရိပုတြာသည် အတုမရှိ မြတ် သော ဓမ္မစက်ကိုအတုလိုက်၍ လည်စေ၏၊

֍ ၈၂၈။ ပုဏ္ဏား ငါသည်ကား ထူးသောဉာဏ်ဖြင့် သိထိုက်သော ဝိဇ္ဇာနှင့် ဝိမုတ္တိကို ထူးသောဉာဏ်ဖြင့်သိသူ၊ ပွါးများထိုက်သော မဂ္ဂသစ္စာတရားကို ပွါးများပြီးသူ၊ ပယ်ထိုက် သော သမုဒယသစ္စာကို ပယ်ပြီးသူ ဖြစ်သောကြောင့် သစ္စာလေးပါးကို သိပြီးသူ 'ဗုဒ္ဓ'ဖြစ်၏၊

֍ ၈၂၉။ ပုဏ္ဏား ငါ့အပေါ်၌ ယုံမှားမှု 'ကင်္ခါ' ကို ပယ်ဖျောက်လော့၊ အတိအကျ ဆုံးဖြတ်လော့၊ မြတ်စွာဘုရားတို့အား ဖူးမြင်ရခြင်းသည် အလွန်ပင် ရခဲလှ၏၊

֍ ၈၃၀။ ပုဏ္ဏားလောက၌ သမ္ဗုဒ္ဓဘုရားတို့၏ ထင်ရှားဖြစ်ပေါ်မှုသည် အလွန်ပင် ရခဲလှ၏၊ ငါသည် (ရာဂစသော) မြားငြောင့်တို့ကို ပယ်နုတ်ပြီးသူဖြစ်၍ မိမိထက် လွန်မြတ်သူ မရှိသော'သမ္ဗုဒ္ဓ'ဘုရားပင်တည်း။

֍ ၈၃၁။ ဗြဟ္မာမင်းသဖွယ် ဖြစ်သော နှိုင်းယှဉ်မှု အတုကို လွန်ပြီးသော မာရ်စစ်သည် အပေါင်းကိုနှိမ်နင်းပြီးသော ငါသည် ရန်သူအားလုံးကို အလိုသို့ လိုက်ပါစေ၍ တစ်စုံတစ်ခုမျှ ဘေးမခဘဲဝမ်းမြောက်ရ၏၊

֍ ၈၃၂။ (သေလပုဏ္ဏားသည် တပည့်တို့အား ဤသို့ ပြောဆို၏)၊ အမောင်လုလင်တို့ ငါးပါးသောမျက်စိအမြင်ရှိသည်ဖြစ်၍ (ရာဂစသော) မြားငြောင့်ကို ပယ်နုတ်ပြီးသော ကြီးမြတ် သောဝီရိယရှိတော်မူသော မြတ်စွာဘုရားသည် 'တော (အတွင်း) ဝယ် ခြင်္သေ့မင်း ဟောက် သကဲ့သို့'ဟောတော်မူအပ်သော စကားကို နာယူမှတ်သားကြကုန်လော့။

֍ ၈၃၃။ ဗြဟ္မာမင်းသဖွယ် ဖြစ်တော်မူသော နှိုင်းယှဉ်မှု အတုကို လွန်တော်မူပြီးသော မာရ်စစ်သည်အပေါင်းကို နှိမ်နင်းတော်မူပြီးသော မြတ်စွာဘုရားကို ဖူးမြင်ရမူ အမျိုးဇာတ် ယုတ်နိမ့်သူပင်ဖြစ်ငြားသော်လည်း အဘယ်သူသည် မကြည်ညိုဘဲ ရှိအံ့နည်း။

֍ ၈၃၄။ ငါသည် ဤအရပ်၌ မြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရား၏ အထံတော်၌ရဟန်းပြုတော့အံ့၊ ရဟန်းပြုလိုသူသည် ငါ့ကို အတုလိုက်၍ ရဟန်းပြုလော့၊ ရဟန်း မပြုလိုသူသည်အလိုရှိရာသို့ သွားပါလေလော့။

֍ ၈၃၅။ အရှင်၏ စိတ်သည် မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြုရန် အကယ်၍ နှစ်သက်ခဲ့ပါမူအကျွန်ုပ်တို့သည်လည်း မြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရား၏ အထံတော်၌ရဟန်းပြုကြပါကုန်အံ့ (ဟု တပည့်တို့က ဆို၏)။

֍ ၈၃၆။ မြတ်စွာဘုရား သုံးရာကုန်သော ဤပုဏ္ဏားတို့သည် လက်အုပ် ချီကြကုန်လျက် (ရဟန်းပြုရန်) တောင်းပန်ကြပါကုန်၏၊ အကျွန်ုပ်တို့သည် အရှင်ဘုရား၏ အထံတော်၌ မြတ်သော အကျင့်ကို ကျင့်သုံးလိုပါကုန်၏ (ဟု လျှောက်ထားတောင်းပန်၏)။

֍ ၈၃၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏)၊ သေလ အကြင်အကျင့်ကို ကျင့်သည် ရှိသော်မမေ့မလျော့မူ၍ ကျင့်သော အမျိုးကောင်းသား၏ ရဟန်းအဖြစ်သည် အချည်းနှီး မဖြစ်နိုင်၊ ကောင်းစွာဟောအပ်သော မျက်မှောက်ထင်ထင် ကိုယ်တိုင် သိမြင်နိုင်သော အခါ မလင့် အကျိုးပေးနိုင်သောထိုအကျင့်မြတ်ကို ကျင့်ကြကုန်လော့။

֍ ၈၃၈။ ငါးပါးသော မျက်စိအမြင်ရှိတော်မူသော မြတ်စွာဘုရား (အကျွန်ုပ်တို့သည်) ဤနေ့မှ စ၍ရေတွက်သော် ရှစ်ရက်မြောက်သော နေ့၌ အရှင်ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြပါကုန်၏၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် ခုနစ်ညဉ့်မျှဖြင့် အရှင်ဘုရား၏ သာသနာတော်၌ ယဉ်ကျေးသူတို့ ဖြစ်ကြရပါကုန်၏၊

֍ ၈၃၉။ မြတ်စွာဘုရား အရှင်ဘုရားသည် သစ္စာလေးပါးကို သိပြီးသော ဘုရားဖြစ်တော်မူ ပါပေ၏၊ အရှင်ဘုရားသည် လူ နတ်တို့၏ ဆရာဖြစ်တော်မူပါပေ၏၊ အရှင်ဘုရားသည် မာရ် ငါးပါးကိုနှိမ်နင်းနိုင်သော ဘုရားဖြစ်တော်မူပါပေ၏၊ အရှင်ဘုရားသည် အနုသယတို့ကို ဖြတ်တောက်လျက် (သံသရာဝဲမှ) ကူးမြောက်ပြီး၍ ဤသတ္တဝါအပေါင်းကို သံသရာမှ ကယ် တင်တော်မူပါပေ၏၊

֍ ၈၄၀။ အရှင်ဘုရားသည် ဥပဓိလေးပါးတို့ကို ကောင်းစွာ လွန်မြောက်တော်မူပါပြီ၊ အာသဝတရားတို့ကို (မဂ်ဖြင့်) ဖောက်ခွဲဖျက်ဆီးအပ်ပါကုန်ပြီ၊ အရှင်ဘုရားသည် ခြင်္သေ့သဖွယ် ဖြစ်တော်မူပါပေ၏၊ တစ်စုံတစ်ရာ စွဲလမ်းမှု မရှိသူ၊ ကြောက်ခြင်း, ထိတ်လန့်ခြင်းတို့ကို ပယ် ပြီးသူ ဖြစ်တော်မူပါပေ၏၊

֍ ၈၄၁။ သုံးရာသော ဤရဟန်းတို့သည် လက်အုပ်ချီလျက် တည်နေကြပါကုန်၏၊ လုံ့လ ရှိတော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏ ခြေတော်တို့ကို ဆန့်တန်းတော်မူပါလော့၊ ရဟန္တာတို့သည် မြတ်စွာဘုရားအား ရှိခိုးကြပါစေကုန်သတည်း။

ဤသို့လျှင် သေလမထေရ်သည် ရွတ်ဆို၏၊

........

၇-ကာဠိဂေါဓာပုတ္တဘဒ္ဒိယတ္ထေရဂါထာ

သာကီဝင်မင်းသား ဘဒ္ဒိယသည် အနုရုဒ္ဓါစသော မင်းသားငါးဦးတို့နှင့်အတူ အနုပိယ သရက်ဥယျာဉ်၌သီတင်းသုံးတော်မူသော ဘုရားရှင့်ထံ ရောက်လာရဟန်းပြုကြ၍ ရဟန္တာ ဖြစ်ကြ၏၊

ဥစ္စာကုလိကဧတဒဂ်ရဖြစ်၏၊ အစဉ်မပြတ် ''ချမ်းသာလေစွ၊ ချမ်းသာလေစွ''ဟု ဥဒါန်းကျူးနေသည်ကိုရဟန်းများကအထင်မှား၍ ဘုရားထံလျှောက်သဖြင့် ခေါ်ယူမေးစစ်ရာ ရှေးအခါမင်းဖြစ်စဉ်ကအစောင့်အရှောက်တွေ ရှိပါလျက် ထိတ်လန့်နေရ၏၊ ယခုအခါ ရဟန်းဖြစ်၍

ဤသို့မထိ်တ်လန့်ရကြောင်းဘုရားရှင်မျက်မှောက်တွင် ရဲရင့်စွာ ရွတ်ဆိုသော ဂါထာများ။

֍ ၈၄၂။ (မြတ်စွာဘုရား အကျွန်ုပ်သည် ရှေးအခါက ) ဆင်ဦးကင်း၌ ထိုင်၍ သွားလာခဲ့ပါ၏၊ နူးညံ့သောအဝတ်ပုဆိုးတို့ကို သာ ဝတ်ခဲ့ပါ၏၊ စင်ကြယ်သော သားပြွမ်းသလေးထမင်းကိုသာ စားခဲ့ပါ၏၊

֍ ၈၄၃။ ယခုအခါ (ရဟန်းအဖြစ်၌ တည်သော) ကောင်းမြတ်သော (မျက်မှောက်ဘဝဝယ် ချမ်းသာစွာနေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည် သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် သပိတ်၌ရောက်လာသော ဆွမ်းဖြင့်သာ မွေ့လျော်ရောင့်ရဲပါ၏၊ (ကာဠိ) ဂေါဓာ (မည်သော မင်းသမီး)၏သားဖြစ်သော ဘဒ္ဒိယသည် (တဏှာဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ (ဖလသမာပတ်စျာန်ဖြင့်) စျာန်ဝင်စား၏၊

֍ ၈၄၄။ ပံ့သကူဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည် သပိတ် လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် သပိတ်၌ရောက်လာသော ဆွမ်းဖြင့်သာ မွေ့လျော်ရောင့်ရဲပါ၏၊ (ကာဠိ) ဂေါဓာ (မည်သော မင်းသမီး)၏သားဖြစ်သော ဘဒ္ဒိယသည် (တဏှာဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ (ဖလသမာပတ် စျာန်ဖြင့်) စျာန်ဝင်စား၏၊

֍ ၈၄၅။ ပိဏ္ဍပါတ်ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၄၆။ တိစီဝရိက်ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၄၇။ အိမ်စဉ်မပြတ် ဆွမ်းရပ်ခြင်း'သပဒါန'ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက် မှောက်ဘဝဝယ်ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၄၈။ ဧကာသနိက်ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၄၉။ ပတ္တပိုဏ်ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၅၀။ အတိရိက်ဝိနည်းကံ ပြု၍ ဘောဇဉ်ကို ဘုဉ်းပေးခြင်းကို ပယ်သော 'ခလုပစ္ဆာဘတ္တိက'ဓူတင်ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း ၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သောအကျွန်ုပ်သည်။ပ။

֍ ၈၅၁။ အရညကင်ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌)့မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၅၂။ ရုက္ခမူဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၅၃။ အဗ္ဘောကာသိကဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၅၄။ သုသာန်ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၅၅။ ရှေးဦးစွာ ညွှန်သော နေရာ၌ နေလေ့ရှိသော ယထာသန္တတိကဓူတင် ဆောက် တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၅၆။ နေသဇ္ဇိကဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၅၇။ ပစ္စည်းလေးပါး၌ အလိုနည်းသည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၅၈။ ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၅၉။ ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၆၀။ လူတို့နှင့် ရောနှောခြင်း မရှိသည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၆၁။ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

֍ ၈၆၂။ ပိုလ်အချိန်တစ်ရာရှိသော အနားရေးတစ်ရာရှိသော ရွှေလင်ပန်းကို ပယ်စွန့်၍ မြေသပိတ်ကိုစွဲကိုင်ခဲ့ပြီ၊

ဤရွှေလင်ပန်းကို ပယ်စွန့်၍ မြေသပိတ်ကို စွဲကိုင်ခြင်းသည် နှစ်ကြိမ်မြောက်သောအဘိသိက်သွန်းခြင်းပါတည်း။

֍ ၈၆၃။ ငါသည် မင်းဖြစ်စဉ် ရှေးအခါက တံတိုင်းဝန်းတို့ဖြင့် ခြံရံအပ်သော ခိုင်မြဲသော ပြအိုးပစ္စင်တံခါးမုခ်တို့နှင့်ပြည့်စုံသော မြို့၌ မြင့်သောပြာသာဒ်ထက်ဝယ် သန်လျက်လက်စွဲကုန်သော ယောကျ်ားတို့စောင့်ရှောက်အပ်သည်ဖြစ်လျက် ထိတ်ထိတ်လန့်လန့် နေခဲ့ရ၏၊

֍ ၈၆၄။ ယခုအခါ (ရဟန်းအဖြစ်၌ တည်သော) ကောင်းမြတ်သော ငါသည် မထိတ်မလန့် ရတော့ဘဲပယ်အပ်ပြီးသော ဘေးဘျမ်းရှိသည်ဖြစ်၍ (နေရပြီ)၊ (ကာဠိ) ဂေါဓာ (မည်သော မင်းသမီး)၏သားဖြစ်သော ဘဒ္ဒိယသည် တောသို့ သက်ဝင်၍ (ဖလသမာပတ်စျာန်ဖြင့်) စျာန်ဝင်စား၏၊

֍ ၈၆၅။ သီလကျေးဇူး၌ တည်၍ သတိကိုလည်းကောင်း၊ ပညာကိုလည်းကောင်း ပွါးစေ လျက်အစဉ်သဖြင့် သံယောဇဉ်အားလုံးတို့၏ကုန်ခြင်းသို့ ရောက်ပြီ။

ဤသို့လျှင် ကာဠိဂေါဓာ (မည်သော မင်းသမီး)၏ သားဖြစ်သော ဘဒ္ဒိယမထေရ်သည် ရွတ်ဆို၏၊

........

၈-အင်္ဂုလိမာလတ္ထေရဂါထာ

ကောသလမင်းကြီး၏ ပရောဟိတ်သား အင်္ဂုလိမာလသည် ဆင်ပြောင်ခုနစ်စီးအားကို ဆောင်နိုင်၏၊ တက္ကသိုလ်ပြည် ဆရာ့ထံတွင် ပညာသင်ကြားစဉ် မလိုသူတို့၏ ပြောစကားကြောင့် လူသတ်သမားဖြစ်ရ၏၊ အမိကိုပင် သတ်ရန်လိုက်နေဆဲ ဘုရားရှင် ကြွလာရာ ဘုရားကို ဆက်၍လိုက်ပြန်၏၊ မမှီနိုင်၍့ရပ်လော့ဟုဆိုသည်တွင် ''သင်သာ မရပ်၊ ငါကားရပ်၏''ဟု မိန့်တော်မူသော စကားအရဖြေရှင်းဟောပြသည်ကို သဘောကျ၍ ဧဟိဘိက္ခုရဟန်းအဖြစ်ကို ခံယူပြီးနောက် ဝိပဿနာကို ပွါးများရာအရဟတ္တဖိုလ်သို့ ရောက်၏၊ ထိုအခါ ဝိမုတ္တိချမ်းသာကို ခံစားရင်း ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးသော ဂါထာများ။

֍ ၈၆၆။ ရှင်ရဟန်း သင်သည် သွားနေသည်သာ ဖြစ်ပါလျှက် ငါ ရပ်နေသူ ဖြစ်၏ဟု ဆိုဘိ၏၊ ရပ်နေသောအကျွန်ုပ်ကိုမူကား မရပ်ဟု ဆိုဘိ၏၊ ရှင်ရဟန်း ရှင်ရဟန်းအား ထို အကြောင်းကို မေးပါ၏၊ အဘယ်အကြောင်းကြောင့် ရှင်ရဟန်းသည် ရပ်နေသူဖြစ်၍ အကျွန်ုပ် ကား ရပ်နေသူ မဟုတ် (ပြေးသွားနေသူ) ဖြစ်ရပါသနည်း (ဟု အင်္ဂုလိမာလက လျှောက်၏)။

֍ ၈၆၇။ အင်္ဂုလိမာလ ငါသည် အခါခပ်သိမ်း သတ္တဝါအားလုံးတို့၌ တုတ်လက်နက်ကို စွန့်ပယ်ချထား၍ရပ်တည်၏၊ သင် (အင်္ဂုလိမာလ) မူကား သတ္တဝါတို့၌ (ကိုယ်နှုတ်ဖြင့်) စောင့်စည်းမှုမှ ကင်းသူဖြစ်၏၊ ထို့ကြောင့် ငါသည် (ဘဝထိုထို၌ မသွားတော့ဘဲ) ရပ်တည် နေသူမည်၏၊ သင်သည်မူကား မရပ်မတည် (ဘဝထိုထို၌) သွားနေသူဖြစ်၏ (ဟု မြတ်စွာဘုရား မိန့်တော်မူ၏)။

֍ ၈၆၈။ ပူဇော်အပ်သော သီလက္ခန္ဓစသည့် မြတ်သော တရားကို ရှာပြီးသော ကိလေသာ တို့ကို ငြိမ်းစေအပ်ပြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်အား (ချီးမြှောက်တော်မူခြင်းငှါ) တောအုပ်ကြီးသို့ကြာမြင့်မှပင် ကြွလာတော်မူပေစွတကား၊ အကျွန်ုပ်သည် အရှင်ဘုရား၏ တရားနှင့် စပ်သော ဂါထာကိုကြားနာရသောကြောင့် အထောင်မက များပြားသော မကောင်း မှုကို စွန့်ပါတော့အံ့။၊

֍ ၈၆၉။ ဤသို့ ဆိုပြီးသည့် အခြားမဲ့၌လျှင် (အင်္ဂုလိမာလ) ခိုးသူသည် သန်လျက်ကိုလည်းကောင်း၊ (ကြွင်းသော လေး, လှံစသော) လက်နက်ကိုလည်းကောင်း တောင်ကြားချောက် ကမ်းပါး၌ ပစ်စွန့်လေ၏၊ (ထိုလက်နက်တို့ကို စွန့်ပြီးလျှင်) (အင်္ဂုလိမာလ) ခိုးသူသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ထိုအရပ်၌ပင်လျှင် မြတ်စွာဘုရားအား ရဟန်းအဖြစ် ကို တောင်းပန်၏၊

֍ ၈၇၀။ ထိုအခါ စင်စစ် သနားခြင်း 'ကရုဏာ'ရှိတော်မူသော၊ မြတ်သော သီလက္ခန္ဓစသောတရားအပေါင်းကို ရှာတော်မူပြီးသော၊ နတ်နှင့်တကွသော သတ္တလောက၏ ဆရာဖြစ်တော်မူ သောမြတ်စွာဘုရားသည် ထိုအင်္ဂုလိမာလကို ''ရဟန်း လာလှည့် (ဧဟိဘိက္ခု)''ဟူ၍ မိန့်တော်မူ၏၊ ဤသို့''ဧဟိဘိက္ခု''ဟု မိန့်တော်မူခြင်းသည် ပင်လျှင် ထိုအင်္ဂုလိမာလ၏ ရဟန်း အဖြစ် ဖြစ်လေ၏၊

֍ ၈၇၁။ အကြင်သူသည် ရှေးအခါက မေ့လျော့ခဲ့၍ နောက်အခါ၌ မမေ့မလျော့၊ ထိုသူသည် တိမ်တိုက်မှလွတ်သောလကဲ့သို့ ဤ (သြကာသ)လောကကို ထွန်းလင်းစေ၏၊

֍ ၈၇၂။ အကြင်သူသည် ပြုအပ်ပြီးသော မကောင်းမှုကံကို ကုသိုလ်ကံဖြင့် ပိတ်ပင်အပ်၏၊ ထိုသူသည်တိမ်တိုက်မှ လွတ်သော လကဲ့သို့ ဤ (သြကာသ)လောကကို ထွန်းလင်းစေ၏၊

֍ ၈၇၃။ ပျိုမျစ်နုနယ်သော ရဟန်းသည် ဘုရားရှင်သာသနာတော်၌ စင်စစ် လုံ့လကြိုး ကုတ် အားထုတ်၏၊ ထိုပျိုမျစ်နုနယ်သော ရဟန်းသည် 'တိမ်တိုက်မှ လွတ်သော လကဲ့သို့' ဤ (သြကာသ)လောကကိုထွန်းလင်းစေ၏၊

֍ ၈၇၄။ (ငါ၏) ရန်သူတို့သည်လည်း ငါ၏ တရားစကားကို နာစေကုန်သတည်း၊ ငါ၏ ရန်သူတို့သည် မြတ်စွာဘုရားသာသနာတော်၌ ကျင့်စေကုန်သတည်း၊ အကြင်သူတော်ကောင်း တို့သည် ကုသိုလ်တရားကိုသာလျှင် ယူစေကုန်၏၊ ငါ၏ ရန်သူဖြစ်ကုန်သော ထိုသူတို့သည် ထိုသူတော်ကောင်းတို့သို့ ဆည်းကပ်စေကုန်သတည်း။

֍ ၈၇၅။ ငါ၏ ရန်သူတို့သည် သည်းခံမှုကျေးဇူးကို ဆိုတတ်ကုန်သော (တစ်စုံတစ်ယောက် သောသူနှင့်) မဆန့်ကျင်သည့် မေတ္တာဖြင့်သာ ချီးမွမ်းလေ့ရှိကုန်သော သူတို့၏ တရားကို လျောက်ပတ်သော အခါဝယ်နာစေကုန်သတည်း၊ ထိုတရားကိုလည်း (ကောင်းစွာ သင်ယူ၍) အတုလိုက်၍ ကျင့်စေကုန်သတည်း။

֍ ၈၇၆။ (ငါ၏) ထိုရန်သူသည် စင်စစ်သဖြင့် ငါ့ကို မညှဉ်းဆဲစေသတည်း၊ အခြားတစ်ပါး သောတစ်စုံတစ်ယောက်သော သတ္တဝါကိုလည်း မညှဉ်းဆဲစေသတည်း၊ မြတ်သော နိဗ္ဗာန်သို့ ရောက်ပြီးလျှင်အလုံးစုံသော သတ္တဝါတို့ကို (မြတ်သော စောင့်ရှောက်ခြင်းဖြင့်) စောင့်ရှောက် စေသတည်း။

֍ ၈၇၇။ ရေကို ဆောင်သော သူတို့သည် (မိမိလိုရာ အရပ်သို့) ရေကို ဆောင်ကုန်၏၊ လေးသမားတို့သည် မြားကို (မီးကင်၍) ဖြောင့်အောင် ပြုကုန်၏၊ တစည်းသစ်ရွေသမား တို့သည် သစ်ကို (အလိုရှိသလို) ရွေကုန်၏၊ ဤအတူ ကောင်းသော အကျင့်ရှိကုန်သော ပညာရှိတို့သည် (သောတာပတ္တိမဂ် စသည်ကိုဖြစ်စေကုန်လျက်) မိမိကိုယ်ကို ဆုံးမကုန်၏၊

֍ ၈၇၈။ (မင်းစသော) အချို့သော သူတို့သည် တုတ်လှံကန်ဖြင့်လည်းကောင်း၊ (ဆင်ဆရာ သည်) ချွန်းတောင်းတို့ဖြင့်လည်းကောင်း၊ (မြင်းဆရာသည်) ကြိမ်လုံးတို့ဖြင့်လည်းကောင်း ဆုံးမကုန်၏၊ ငါ့ကိုမူကား တုတ်လှံကန်မရှိဘဲ လက်နက်မရှိဘဲလျက် တာဒိဂုဏ်နှင့် ပြည့်စုံ တော်မူသောမြတ်စွာဘုရားသည် ဆုံးမတော်မူပြီ။

֍ ၈၇၉။ (မြတ်စွာဘုရားနှင့် မတွေ့ဆုံမီ) ရှေးအခါက ငါ၏ အမည်သည် ညှဉ်းဆဲတတ်သူ 'ဟိံသက'ဖြစ်ပါလျက် မညှဉ်းဆဲတတ်သူ 'အဟိံသက'ဟူ၍ အမည်ရှိ၏၊ ယခု မညှဉ်းဆဲ တတ်သူ 'အဟိံသက'ဟုမှန်သော အမည်ရှိပြီ၊ (ထို့ကြောင့်) တစ်စုံတစ်ယောက်သော သတ္တဝါ ကို ငါ မညှဉ်းဆဲ။

֍ ၈၈၀။ ငါသည် ရှေးအခါက အင်္ဂုလိမာလဟူ၍ ထင်ရှားကျော်စောသော ခိုးသူဖြစ်ခဲ့ပါ၏၊ (ကာမောဃစသော) ကြီးပွါးသော သြဃဖြင့် မျောနေစဉ် မြတ်စွာဘုရားကို ဆည်းကပ် ကိုးကွယ်ခြင်းသို့ ရောက်ခဲ့ပါ၏၊

֍ ၈၈၁။ (ငါသည် ) ရှေးအခါက အင်္ဂုလိမာလဟူ၍ ထင်ရှားကျော်စောလျက် (သူတစ်ပါးတို့၏) သွေးဖြင့်စွန်းပေသော လက်ရှိခဲ့၏၊ (မြတ်စွာဘုရားအား) ကိုးကွယ်ရာဟု ဆည်းကပ်သည်ကို ရှုပါလော့၊ ငါသည် ဘဝသုံးပါးသို့ ဆောင်တတ်သော တဏာှ ကို ကောင်း စာွ ပယ် နတု ြ်ပီး ပြ။ီ

֍ ၈၈၂။ (ငါသည် ) များစွာသော ဒုဂ္ဂတိသို့ လားရောက်ကြောင်း ဖြစ်သော ထိုသို့သဘော ရှိသော (အကုသိုလ်) ကံကို ပြုခဲ့၍ အကုသိုလ်ကံ၏ အကျိုးဖြင့် တွေ့ထိခံစားရသော်လည်း (ကိလေသာကြွေးမြီ) ကင်းလျက် တိုင်းသူပြည်သားတို့၏ ဘောဇဉ်ကို သုံးဆောင်ရ၏၊

֍ ၈၈၃။ ပညာမဲ့ကုန်သော လူမိုက်တို့သည် မေ့လျော့ခြင်းကို အဖန်ဖန် အားထုတ်ကုန်၏၊ ပညာရှိသည်သာမမေ့မလျော့မှုကို 'မြတ်သော ဥစ္စာပစ္စည်းကဲ့သို့' စောင့်ရှောက်၏၊

֍ ၈၈၄။ (ငါ့ရှင်တို့ သင်တို့သည်) ကုသိုလ်ကောင်းမှု၌ မေ့လျော့မှုကို အားမထုတ်ကြကုန်လင့်၊ (ဝတ္ထုကာမ, ကိလေသာ) ကာမတို့၌ မွေ့လျော်မှု 'တဏှာ'ဟူသော ပေါင်းဖော်ခြင်းကို အားမထုတ်ကြကုန်လင့်၊ မမေ့မလျော့သော သူသည် ကိလေသာတို့ကို ရှို့မြှိုက်လျက် မြတ်သော နိဗ္ဗာန်ချမ်းသာသို့ ရောက်၏၊

֍ ၈၈၅။ (မြတ်စွာဘုရားထံတော်သို့ ငါ၏ လာခြင်း၊ ငါ့ထံသို့ မြတ်စွာဘုရား ကြွလာ တော်မူခြင်းသည်) ကောင်းသော လာခြင်းပါတည်း၊ အကျိုးစီးပွါးမှ ကင်းသော လာခြင်း မဟုတ်ပါ၊ (မြတ်စွာဘုရားထံတော်၌ ရဟန်းပြုအံ့ဟု) ငါ၏

ဤတိုင်ပင်ပြောဆိုခြင်းသည် မကောင်းသောတိုင်ပင်ပြောဆိုခြင်း မဟုတ်ပါ၊ (အဘယ့်ကြောင့်နည်းဟူမူ) ဝေဖန်အပ်ကုန်သော တရားတို့တွင်အကြင်တရားသည် မြတ်၏၊ ထိုမြတ်သော တရားသို့သာလျှင် ငါ ကပ်ရောက်ပြီ။

֍ ၈၈၆။ (မြတ်စွာဘုရားထံတော်သို့ ငါ၏ လာခြင်း၊ ငါ့ထံသို့ မြတ်စွာဘုရား ကြွလာတော် မူခြင်းသည်) ကောင်းသော လာခြင်းပါတည်း၊ အကျိုးစီးပွါးမှ ကင်းသော လာခြင်း မဟုတ် ပါ၊ (မြတ်စွာဘုရားထံတော်၌ ရဟန်းပြုအံ့ဟု) ငါ၏

ဤတိုင်ပင်ပြောဆိုခြင်းသည် မကောင်း သောတိုင်ပင်ပြောဆိုခြင်း မဟုတ်ပါ၊ (အဘယ့်ကြောင့်နည်းဟူမူ) ငါသည် ဝိဇ္ဇာသုံးပါးတို့သို့ ရောက်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

֍ ၈၈၇။ ထိုလူဖြစ်စဉ် ရှေးအခါက တော၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ တောင်ခေါင်းလိုဏ်ဂူတို့၌လည်းကောင်း ထိုထိုသို့သော အရပ်၌သာလျှင် ထိတ်လန့်သော စိတ်ရှိ လျက်ရပ်တည်ခဲ့ရ၏၊

֍ ၈၈၈။ (ယခု ရဟန်းဖြစ်သော အခါ၌မူကား) ချမ်းသာစွာ အိပ်ရ၏၊ ချမ်းသာစွာ ရပ်တည် ရ၏၊ ချမ်းသာစွာ အသက်မွေးရ၏၊ မာရ်မင်း၏ အနီးအပါး စားကျက်တွင်း၌ မရှိတော့ပြီ၊ မြတ်စွာဘုရား၏ သတ္တဝါတို့၌ သနားတော်မူသော အဖြစ်သည် သြော် အံ့ဖွယ်ရှိပါပေစွ။

֍ ၈၈၉။ ငါသည် ရှေးအခါက (အမျိုးဇာတ်အားဖြင့်) ဗြာဟ္မဏဇာတ် ဖြစ်၏၊ အမိအဖ နှစ်ပါးစုံအားဖြင့်မြတ်သော အမျိုး၌ ဖြစ်၏၊ ထိုငါသည် ယခု ရဟန်းဖြစ်သော အခါ၌မူကား ကောင်းသော စကားကိုဆိုတော်မူတတ်သော တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သားတော်ဖြစ်၏၊

֍ ၈၉၀။ (ငါသည် ယခုအခါ) တဏှာကင်းပြီ၊ စွဲယူမှု မရှိတော့ပြီ၊ စက္ခုဒွါရစသည်၌ လုံခြုံစွာစောင့်ရှောက်ပြီးသော တံခါးရှိပြီ၊ ကောင်းစွာ စောင့်စည်းအပ်ပြီ၊ ငါသည် အိုခြင်း သေခြင်းဆင်းရဲ၏အရင်းမူလဖြစ်သော အဝိဇ္ဇာစသော အမြစ်ကို နုတ်ပယ်သတ်ဖြတ်ပြီး၍ အာသဝေါတရားတို့၏ကုန်ရာနိဗ္ဗာန်သို့ ရောက်ပြီ။

֍ ၈၉၁။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးပြီ၊ မြတ်စွာဘုရား၏ ဆုံးမတော်မူသော အတိုင်းလိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝသုံးပါးသို့ ဆောင်တတ်သောတဏှာကို အကြွင်းမဲ့ ပယ်နုတ်ပြီးပြီ။

ဤသို့လျှင် အင်္ဂုလိမာလမထေရ်သည် ရွတ်ဆို၏၊

........

၉-အနုရုဒ္ဓတ္ထေရဂါထာ

မဟာနာမ်မင်း၏ညီ အနုရုဒ္ဓါသည် ကြီးကျယ်သော စည်းစိမ်ကို ခံစားနေရာမှ ဘုရားရှင်ထံရောက်၍ရဟန်းပြု တစ်ဝါတွင်း၌ပင် ဒိဗ္ဗစက္ခုအဘိဉာဏ်ကို ဖြစ်စေလျက် တဖန် ရှင်သာရိပတြာထံမှကမ္မဋ္ဌာန်းယူကာ စေတိယတိုင်း အရှေ့တော၌ တရားအားထုတ် နေစဉ် မဟာပုရိသဝိတက်နှင့် စပ်လျှဉ်း၍မဟာအရိယဝံသပဋိပဒါကို ဘုရားရှင်ဟော တော်မူသော အခါ ဝိပဿနာပွါးလျက် ပဋိသမ္ဘိဒါဖြင့် ခြံရံသောအရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ဒိဗ္ဗစက္ခုဧတဒဂ်ဖြင့် ချီးကျူးခံရ၏၊ ထိုအရှင်နှင့် စပ်လျဉ်း၍ ဘုရားဟောသော ဂါထာများ ပါဝင်သော်လည်း ထိုအရှင်ဟောဟူ၍သာ ဆိုရသော ဂါထာများ။

֍ ၈၉၂။ အသျှင်အနုရုဒ္ဓါသည် အမိ အဖတို့ကိုလည်းကောင်း၊ အစ်မ နှမ ဆွေမျိုး အစ်ကိုတို့ကိုလည်းကောင်း ပယ်စွန့်၍ ကာမဂုဏ်ငါးပါးတို့ကို စွန့်ပြီး၍သာလျှင် စျာန်ဝင်စားနေ၏၊

֍ ၈၉၃။ ကခြင်း, သီခြင်းတို့ဖြင့် အပြည့်အစုံ စည်းစိမ်ခံစားလျက် ကြေးနင်းခွက်ခွင်းသံ တို့ဖြင့် (နံနက်အခါတိုင်း၌) နိုးကြားစေအပ်သော ငါသည် ကိလေသာမာရ်၏ အာရုံ (ဖြစ်သော ကာမဂုဏ်) ၌မွေ့လျော်နေသည် ဖြစ်ရကား ထိုကာမဂုဏ်ကို ခံစားခြင်းဖြင့် သံသရာမှ စင်ကြယ်မှုကို မရနိုင်လေ။

֍ ၈၉၄။ အသျှင်အနုရုဒ္ဓါသည် ဤကာမဂုဏ်ငါးပါးကိုလည်း ကျော်လွန်၍ မြတ်စွာဘုရား သာသနာတော်၌သြဃအားလုံးကို လွန်မြောက်ပြီး၍သာလျှင် စျာန်ဝင်စားနေ၏၊

֍ ၈၉၅။ အသျှင်အနုရုဒ္ဓါသည် နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော

ဤကာမဂုဏ်ငါးပါးတို့ကိုလည်း လွန်မြောက်ပြီး၍သာလျှင် စျာန်ဝင်စားနေ၏၊

֍ ၈၉၆။ အာသဝေါကင်းပြီးသော အနုရုဒ္ဓါရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့သည်ရှိသော် တစ်ယောက်ထီးတည်းအပေါင်းအဖော် မရှိမူ၍ ပံ့သကူသင်္ကန်းတို့ကို ရှာမှီး၏၊

֍ ၈၉၇။ ပညာရှိသော အာသဝေါကင်းပြီးသည့် အနုရုဒ္ဓါရဟန်းသည် ရွေးချယ်စိစစ်၍ ကောက်ယူကာဖွပ်လျှော်ချုပ်ဆိုးပြီးလျှင် ပံ့သကူသင်္ကန်းတို့ကို ဆောင်၏၊

֍ ၈၉၈။ အကြင်ပုဂ္ဂိုလ်သည် အလိုလည်း ကြီး၏၊ ရောင့်ရဲခြင်းမှလည်း ကင်း၏၊ လူ, ရဟန်းတို့နှင့် (မလျော်သော) ရောနှောခြင်းဖြင့် ရောနှောလျက် ပျံ့လွင့်သော စိတ်ရှိသည်ဖြစ်၍ နေ၏၊ ထိုပုဂ္ဂိုလ်အား (စိတ်၏ ) ညစ်နွမ်းခြင်းကို ပြုတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ ဖြစ်ကုန်၏၊

֍ ၈၉၉။ (အကြင်အခါ၌ ဤပုဂ္ဂိုလ်သည်) သတိနှင့်လည်း ပြည့်စုံ၏၊ (ပစ္စည်းလေးပါးတို့၌) အလိုနည်း၏၊ (ရရသမျှသော ပစ္စည်းဖြင့်) ရောင့်ရဲလွယ်၏၊ စိတ်ပျံ့လွင့်ခြင်းမှ ကင်း၏၊ ဝဋ်ကို ငြီးငွေ့သော တရား၌မွေ့လျော်သည်ဖြစ်၍ နှစ်လိုဝမ်းမြောက်၏၊ အမြဲ အားထုတ်အပ်သော လုံ့လရှိ၏၊

֍ ၉၀၀။ ထိုပုဂ္ဂိုလ်အား ကုသိုလ်ဖြစ်ကုန်သော သစ္စာလေးပါးကို သိခြင်းအဖို့၌ ဖြစ်ကုန် သောဤ (သတိပဋ္ဌာန်စသော) တရားတို့ ဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်သည် အာသဝေါ ကင်း၏၊ ဤသို့မြတ်စွာဘုရားသည် ဟောတော်မူအပ်၏၊

֍ ၉၀၁-၂။ အကြင်အခါ၌ (ရှစ်ခုမြောက်သော မဟာပုရိသဝိတက်ဟူသော) အကြံအစည်သည် ငါ့အားဖြစ်၏၊ ထိုအခါလောကသုံးပါး၌ အတုမရှိသော မြတ်စွာဘုရားသည် ငါ၏ အကြံကို သိတော်မူလျက်စိတ်ဖြင့် ဖန်ဆင်းအပ်သော ကိုယ်ရှိသည်ဖြစ်၍ တန်ခိုးတော်ဖြင့် ချဉ်းကပ် တော်မူလာပြီးလျှင်ထိုကြံစည်ထားပြီးသော မဟာပုရိသဝိတက်ခုနစ်မျိုးထက် အလွန် ရှစ်ခု မြောက်သော မဟာပုရိသဝိတက်ကို ဟောတော်မူ၏၊ သံသရာချဲ့တတ်သော ပပဉ္စတရားမှ ကင်းသည့် (လောကုတ္တရာ) တရား၌မွေ့လျော်တော်မူသော မြတ်စွာဘုရားသည် သံသရာဝဋ်ကို မချဲ့ထွင်သောလောကုတ္တရာတရားကို ဟောကြားတော်မူ၏၊

֍ ၉၀၃။ ငါသည် ထိုမြတ်စွာဘုရား၏ တရားကို သိ၍ သာသနာတော်၌ မွေ့လျော်နေပြီ၊ ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

֍ ၉၀၄။ ငါသည် အကြင်အခါမှစ၍ နေသဇ္ဇိကဓူတင်ကို ဆောက်တည်ကျင့်သုံး၏၊ ထို နေသဇ္ဇိကဓူတင်ဆောက်တည်ကျင့်သုံးသော နှစ်တို့သည် ငါးဆယ့်ငါးနှစ်တို့ ဖြစ်ကုန်၏၊ အကြင်အခါမှစ၍ငိုက်မျဉ်းခြင်း'မိဒ္ဓ'ကို ပယ်စွန့်အပ်၏၊ ထိုမိဒ္ဓကို ပယ်စွန့်သော နှစ်တို့သည် နှစ်ဆယ့်ငါးနှစ်တို့ ဖြစ်ကုန်၏၊

֍ ၉၀၅။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူ၍ တဏှာကင်းတော်မူသော မြတ်စွာဘုရားသည် (ငြိမ်းအေးသော) နိဗ္ဗာန်ကို (ကြွရန်) ရည်စူးလျက် ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ (ထို့ကြောင့်) စိတ်ဓာတ်ကြံ့ခိုင်၍ ကောင်းဆိုးနှစ်ပါးကို အတူထားလျက် ရှုတော်မူနိုင်သော မြတ်စွာဘုရာ၏ ထွက်လေဝင်လေတို့သည် မရှိတော့ပြီ။

֍ ၉၀၆။ (မြတ်စွာဘုရားသည် ) ညှိုးငယ်ခြင်း မရှိသော စိတ်ဖြင့် ဝေဒနာကို သည်းခံတော်မူ လေပြီ၊ ထိုမြတ်စွာဘုရား၏ စိတ်တော်သည် ဆီမီးလျှံငြိမ်းသကဲ့သို့ (ချုပ်ငြိမ်း) လွတ်မြောက် တော်မူလေပြီတကား။

֍ ၉၀၇။ ယခုအခါဝယ် မြတ်စွာဘုရားအား ဖဿလျှင် ငါးခုမြောက်ရှိကုန်သော ထိုတရား တို့သည် နောက်ဆုံးဖြစ်ကုန်၏၊ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပြီးသည်ရှိသော် တစ်ပါးသောစိတ်စေတသိက်တရားတို့သည် မဖြစ်ကုန်လတ္တံ့။

֍ ၉၀၈။ ဇာလိနီနတ်သမီး နတ်အပေါင်း၌ (ပဋိသန္ဓေအစွမ်းဖြင့်) ဖြစ်နေရခြင်းသည် ယခု အခါ၌ ငါ့အားမရှိတော့ပြီ၊ ပဋိသန္ဓေနေရခြင်းဟူသော သံသရာဝဋ်ဆင်းရဲကုန်ပြီ၊ နောင် တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီ။

֍ ၉၀၉။ အကြင်ရဟန္တာပုဂ္ဂိုလ်သည် တစ်ခဏချင်းဖြင့်သာလျှင် ဗြဟ္မာ့ပြည်နှင့်တကွသော အထောင်မကအပြားရှိသော သြကာသလောကကို (မျက်မှောက်ပြုသောအားဖြင့်) သိအပ်၏၊ တန်ခိုးအရာ၌လည်းကောင်း၊ (သတ္တဝါတို့၏) စုတိပဋိသန္ဓေ၌လည်းကောင်း သိသော ဒိဗ္ဗစက္ခုအဘိညာဉ်၌ လေ့လာခြင်းသို့ ရောက်၏၊ ထိုရဟန္တာပုဂ္ဂိုလ်သည် နတ်တို့ ကပ်ရောက်လာဆဲ သောကာလ၌ နတ်တို့ကို မြင်နိုင်၏၊

֍ ၉၁၀။ ရှေးဘဝ၌ (ငါသည် ) စားရရုံမျှအကျိုးငှါ အခယူ၍ အသက်မွေးရသော အန္နဘာရ မည်သော သူဆင်းရဲ ဖြစ်ခဲ့ဖူး၏၊ ကျော်စောခြင်းရှိသော ဥပရိဋ္ဌမည်သော ပစ္စေကဗုဒ္ဓါအား အာဟာရအလှူကို လှူခဲ့၏၊

֍ ၉၁၁။ ထိုငါသည် သာကီဝင်မင်းမျိုး၌ ဖြစ်လာ၍ ကခြင်း သီဆိုခြင်းတို့ဖြင့် အပြည့်အစုံစည်းစိမ်ခံစားလျက် ကြေးနင်းခွက်ခွင်းသံတို့ဖြင့် (နံနက်အခါ၌) နိုးကြားစေအပ်သူ 'အနုရုဒ္ဓါ'ဟူ၍ ငါ့ကိုသိကြကုန်၏၊

֍ ၉၁၂။ ထိုအခါ ၌ တစ်စုံတစ်ခုမျှ ဘေးမရှိသော လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကိုဖူးမြင်ရပြီ၊ ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေ၍ လူ့ဘောင်မှ ရဟန်း ဘောင်၌ဝင်ရောက် (ရဟန်းပြု) ပြီ။

֍ ၉၁၃။ ရှေးဘဝက အကြင်အရပ်၌ ငါ နေခဲ့ဖူး၏၊ ထိုရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို သိ၏၊ တာဝတိံသာနတ်ပြည်ဝယ် သိကြားမင်းအဖြစ်ဖြင့် တည်နေခဲ့ပြီ။

֍ ၉၁၄။ ငါသည် သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသော မြေအပြင်ကို အောင်နိုင်ရသော လူတို့ကို အစိုးရသော စကြာမင်းအဖြစ်ကို ခုနစ်ကြိမ် ပြုခဲ့ဖူးပြီ၊ ဇမ္ဗူဒိပ်ကျွန်းကို အစိုးရသော မင်းဖြစ်၍ တုတ်, လှန်ကန်ဖြင့် မရိုက်မပုတ်ရဘဲ ဓားလှံလက်နက်ဖြင့် မညှဉ်းဆဲမနှိပ်စက်ရဘဲ တရားသဖြင့် ဆုံးမခဲ့ဖူး၏၊

֍ ၉၁၅။ ဤလူ့ပြည်မှ (စုတေ၍ နတ်ပြည်၌ သိကြားမင်းအဖြစ်ဖြင့်) ခုနစ်ကြိမ် ထိုနတ် ပြည်မှ (စုတေ၍လူ့ပြည်၌ စကြာမင်းအဖြစ်ဖြင့်) ခုနစ်ကြိမ် ဤသို့ တစ်ဆယ့်လေးကြိမ်တို့ ပတ်လုံး ကျင်လည်ခဲ့ရကုန်၏၊ ထိုအခါ နတ်ပြည်၌ တည်လျက် နေဖူးသည်ကို သိဖူးပြီ။

֍ ၉၁၆။ ငါသည် အင်္ဂါငါးပါးရှိသော (အဘိညာဉ်၏ အခြေဖြစ်သော စတုတ္ထစျာန်) သမာဓိ သည်ငြိမ်သက်သည်ဖြစ်၍ သမာဓိ၏ ပွါးခြင်းသို့ ရောက်လတ်သော် ငြိမ်းခြင်းကို ရသည်ရှိ သော် ငါ၏ဒိဗ္ဗစက္ခုအဘိညာဉ်သည် စင်ကြယ်၏၊

֍ ၉၁၇။ ငါသည် အင်္ဂါငါးပါးရှိသော စျာန်၌ တည်၍ သတ္တဝါတို့၏ (ထိုလောကမှ) လာခြင်း (ဤလောကမှ) သွားခြင်းဟူသော စုတိပဋိသန္ဓေကို သိ၏၊ (ယင်းသို့ သိလတ်သော်) ဤလူ့ အဖြစ်ကိုလည်းကောင်း၊ တစ်ပါးသော တိရစ္ဆာန်အဖြစ်ကိုလည်းကောင်း သိ၏၊

֍ ၉၁၈။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ခဲ့ပြီ။ပ။ ဘဝသုံးပါးသို့ ဆောင်တတ်သော တဏှာကိုစွန့်ပယ်အပ်ပြီ။

֍ ၉၁၉။ ငါသည် ဝဇ္ဇီတိုင်းသားတို့၏ ဝါးတောရွာ ဝါးချုံအောက်၌ အသက်ကုန်ခြင်းကြောင့်အာသဝကင်းသည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုလတ္တံ့။

ဤသို့လျှင် အနုရုဒ္ဓါမထေရ်သည် ရွတ်ဆို၏၊

........

၁၀-ပါရာပရိယတ္ထေရဂါထာ

ပါရာပရိယမထေရ်၏ ဂါထာများကို အောက်ကပြဆိုခဲ့ပြီးဖြစ်၏၊ ဤ၌ကား ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် တွင် ထိုအရှင် ပရိနိဗ္ဗာန်စံခါနီး၌ အနာဂတ်သာသနာတွင် ဖြစ်ပေါ် လာမည့်ရဟန်းတို့၏ အကျင့်ပျက်စီးပုံကို ပြသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။

֍ ၉၂၀။ (ပင်လုံးကျွတ်) ပွင့်လျက် တည်ရှိနေသော အင်ကြင်းတောကြီး၌ တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ဆိတ်ငြိမ်မှု 'ဝိဝေက'ကို ပွါးလျက် စျာန်ဝင်းစားကာ နေတော်မူသော (ပါရာပရိယ) ရဟန်းအားကြံစည်မှု ဖြစ်ပေါ်လာ၏၊

֍ ၉၂၁။ ယောကျ်ားတကာတို့ထက် မြတ်တော်မူသော လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော် မူသောမြတ်စွာဘုရားသည် သက်တော်ထင်ရှားရှိတော်မူစဉ်က ရဟန်းတို့၏ အကျင့်သည် တစ်မျိုးဖြစ်၏၊ ယခုအခါ၌မူကား ရဟန်းတို့၏အကျင့် တစ်မျိုးတစ်ဖုံ ဖြစ်လာသည်ကို တွေ့ မြင်ရ၏၊

֍ ၉၂၂။ ရှေးအခါက ရဟန်းတို့သည် ချမ်းအေးသော လေကို တားမြစ်၍ အရှက်အကြောက် ကို ဖျက်ဆီးတတ်သည့် အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းရုံ မျှတရုံမျှသာ အကျိုးရှိသော သင်္ကန်းကို ရတတ်သမျှဖြင့်ရောင့်ရဲကြကုန်လျက် သုံးဆောင်ကြကုန်၏၊

֍ ၉၂၃။ မွန်မြတ်သော အစာကိုသော်လည်းကောင်း၊ ထိုမှတစ်ပါး ကြမ်းတမ်းသော အစာကိုသော်လည်းကောင်း၊ အနည်းငယ်သော အစာကိုသော်လည်းကောင်း၊ ထိုမှတစ်ပါး များစွာ သောအစာကိုသော်လည်းကောင်း မမက်မောကုန်ဘဲ တဏာှ ဖြင့် တောငတ့် မှု ကင်း ကနု သ် ညြ်ဖစ၍် မျှတရုံမျှအကျိုးငှါ သုံးဆောင်ကြကုန်၏၊

֍ ၉၂၄။ (ရှေးအခါက ) ထိုရဟန်းတို့သည် အာသဝေါတရားတို့ကုန်ခြင်း၌ လုံ့လပြုကုန် သကဲ့သို့ ထို့အတူ (ရောဂါနှိပ်စက်ကုန်သော်လည်း) အသက်၏ အရံအတားဖြစ်သော ဆေး၌လည်းကောင်း၊ ထိုမှတစ်ပါး (အသက်၏) အထောက်အပံ့ဖြစ်သော ပစ္စည်း၌လည်းကောင်း အလွန်လုံ့လပြုကြကုန်သည် မဟုတ်ကုန်။

֍ ၉၂၅။ (ထိုရဟန်းတို့သည်) တော၌လည်းကောင်း၊ သစ်ပင်ရင်းတို့၌လည်းကောင်း၊ တောင်ခေါင်း, လိုဏ်ဂူတို့၌လညးကောင်း ဝိဝေကကို ပွါးစေကုန်လျက် ထိုဝိဝေကလျှင် လဲလျောင်းရာရှိကုန်သည်ဖြစ်၍ နေကြကုန်၏၊

֍ ၉၂၆။ (ထိုရဟန်းတို့သည် မိမိကိုယ်ကို ပလွှားမှု, သူတစ်ပါးအား ရှုတ်ချမှုကို မပြုမူ၍) နှိမ့်ချသောအကျင့်ရှိကုန်၏၊ (သာသနာ၌) သက်ဝင်၍ တည်သော သဒ္ဓါတရား ရှိကုန်၏၊ (အလိုနည်းသည်၏အဖြစ်စသောအားဖြင့်) မွေးမြူလွယ်ကုန်၏၊ (ဝတ်ကြီး ဝတ်ငယ်၌လည်းကောင်း၊ အလုံးစုံမြတ်သောအကျင့်၌လည်းကောင်း) နူးညံ့ကုန်၏၊ မကြမ်းတမ်းသော စိတ်ရှိကုန်၏၊ (ကိလေသာတို့နှင့်) ရောယှက်မှုကင်းကုန်၏၊ နှုတ်လည်း မကြမ်းကုန်၊ အကျိုး စီးပွါးကို ကြံစည်ခြင်းသို့သာ အစဉ်လိုက်ကုန်၏၊

֍ ၉၂၇။ ထို့ကြောင့် (ရှေ့သို့ တက်ခြင်း, နောက်သို့ ဆုတ်ခြင်းစသော) သွားခြင်းသည်လည်းကောင်း၊ (ပစ္စည်းလေးပါးကို) သုံးဆောင်ခြင်းသည်လည်းကောင်း၊ (ကျက်စားရာအာရုံကို) မှီဝဲခြင်းသည်လည်းကောင်း ကြည်ညိုဖွယ်ကို ဆောင်နိုင်၏၊

(ကျွမ်းကျင်သူသည် သွန်းလောင်း အပ်သော ) ဆီအလျဉ်သည် ပြေပြစ်သကဲ့သို့ (ထို့အတူ ထိုရဟန်းတို့၏) ဣရိယာပုထ်သည် ပြေပြစ်၏၊ ကြည်ညိုဖွယ်ကို ဆောင်နိုင်၏၊

֍ ၉၂၈။ အာသဝတရားအားလုံးကုန်ပြီးကုန်သော၊ များစွာစျာန်ဝင်စားလေ့ရှိကုန်သော၊ များမြတ်သောအကျိုးစီးပွါးတို့နှင့် ပြည့်စုံကုန်သော ထိုမထေရ်တို့သည် ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူကြကုန်ပြီ၊ ယခုလက်ရှိကာလ၌ကား ထိုသို့သဘောရှိကုန်သော မထေရ်တို့သည် အနည်းငယ်မျှသာ ကြွင်းကျန်ကုန်၏၊

֍ ၉၂၉။ (ဝဋ်မှ ထွက်မြောက်ခြင်း၏ အားကြီးသော မှီရာအကြောင်းဖြစ်ကုန်သော ) ကုသိုလ်တရားတို့၏လည်းကောင်း၊ (ဝဋ်မှ ထွက်မြောက်ကြောင်း) ပညာ၏လည်းကောင်းကုန်ခြင်း ကြောင့်အလုံးစုံသော အခြင်းအရာအထူးတို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသာသနာတော် သည် ပျက်ဆီးရချေ၏၊

֍ ၉၃၀။ (ဤလောကကြီးသည်) ယုတ်ညံ့သော ဒုစရိုက်တို့၏လည်းကောင်း၊ (လောဘ စသော) ကိလေသာတရားတို့၏လည်းကောင်း ဖြစ်ပေါ်လာရာ ကာလကြီးပေတည်း။ အကြင် သူတို့သည်ကား (ဤသို့သဘောရှိသော ကာလ၌) (ကာယ, စိတ္တ, ဥပဓိဟူသော) ဝိဝေက အကျိုးငှါ လုံ့လကြိုးကုတ်အားထုတ်ကုန်၏၊ (ထိုသူတို့သည်) (ပဋိဝေဓမှ) ကြွင်းကျန်သော ကျင့်ဝတ်ပဋိပတ် သူတော်ကောင်းတရားသာ ရှိကုန်၏၊

֍ ၉၃၁။ ထိုကိလေသာတို့သည် (ယခုအခါ အခွင့်ရကုန်သည်ဖြစ်၍ ရဟန်းတို့၌) ပွါးကုန် သည်ရှိသော် (ကလျဏမိတ္တကင်းသော) များစွာသော လူအပေါင်းကို ပူးဝင်နိုင်ကုန်၏၊ ရက္ခိုက်ဘီလူးတို့သည် သူရူးတို့ကို (ပူးဝင်) ကစားကုန်သကဲ့သို့ (ထို့အတူ ရဟန်းမိုက်တို့ကို ပူးဝင်၍) ကစားကြကုန်ယောင်တကား။

֍ ၉၃၂။ စစ်မြေပြင်၌ (စစ်ရှုံးပြီဟု) ကြွေးကြော်သည်ရှိသော် စစ်သားတို့သည် ထိုထို အရပ်သို့ပြေးသွားကြကုန်သကဲ့သို့ ကိလေသာ၏တည်ရာ စစ်မြေပြင်၌ စစ်ထိုးကြကုန်သော ထိုသတ္တဝါတို့သည် ကိလေသာ နှိပ်စက်အပ်ကုန်သည်ဖြစ်၍ ထိုထိုဘဝသို့ ပြေးသွားကြရကုန်၏၊

֍ ၉၃၃။ (ဤသို့ ပြေးသွားကြကုန်သော ထိုသူတို့သည်) သူတော်ကောင်းတရားကို စွန့်၍ အချင်းချင်းငြင်းခုံကြကုန်၏၊ မိစ္ဆာအယူတို့သို့ အစဉ်လိုက်ကြကုန်လျက် ဤအယူသည်သာ မြတ်၏ဟုလည်းမှတ်ထင်ကြကုန်၏၊

֍ ၉၃၄။ ရဟန်းတို့သည် ဥစ္စာကိုလည်းကောင်း၊ သားသမီးကိုလည်းကောင်း၊ မယားကိုလည်းကောင်းစွန့်ပစ်ကြကုန်၍ အိမ်မှ ထွက်လာကြကုန်လျက် တစ်ဇွန်းတစ်ယောက်မမျှသော ဆွမ်းဟူသောအကြောင်းကြောင့်လည်း ရဟန်းတို့ မပြုအပ်သော အမှုတို့ကို ပြုလုပ်မှီဝဲကုန်၏၊

֍ ၉၃၅။ (ထိုရဟန်းတို့သည်) ဝမ်းဝဗိုက်ကား ဝအောင်စား၍ ပက်လက် အိပ်ကြကုန်ပြီးလျှင် အိပ်ရာမှနိုးကြကုန်သော် မြတ်စွာဘုရား ကဲ့ရဲ့ဖွယ်ဖြစ်သော စကားကိုသာ ပြောဆိုကြကုန်၏၊

֍ ၉၃၆။ ထိုရဟန်းတို့သည် အဇ္ဈတ္တသန္တာန်၌ မငြိမ်းသော စိတ်ရှိကြကုန်သည်ဖြစ်၍ အတတ်ပညာသည်တို့ပြုလုပ်အပ်သော အတတ်ပညာမျိုးစုံတို့ကို စိတ်ဝင်စားကုန်လျက် သင်ကြားကြကုန်၏၊ ရဟန်းတရားသည်ကား (ထိုရဟန်းတို့နှင့်) သီးခြား ဖြစ်နေတော့၏၊

֍ ၉၃၇။ အလွန့်အလွန် များစွာ အလိုရှိကုန်သည်ဖြစ်၍ မြေညက်, ခြေနယ်ဆီ, ကသယ် မှုန့်, ရေ, နေရာ, စားဖွယ်တို့ကို လူတို့အား ပေးကမ်းဆောင်နှင်းကြကုန်၏၊

֍ ၉၃၈။ တံပူကိုလည်းကောင်း၊ သီးသီးကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ ခဲဖွယ်အထူးတို့ကိုလည်းကောင်း၊ (အဆင်းအရသာနှင့် ပြည့်စုံသော) ဆွမ်းအထူးတို့ကိုလည်းကောင်း၊ သရက်သီးတို့ကိုလည်းကောင်း၊ သျှစ်သျှားသီးတို့ကိုလည်းကောင်း လူတို့အား ပေးကမ်းဆောင်နှင်းကုန်၏၊

֍ ၉၃၉။ ဆေးနှင့် သက်ဆိုင်ရာတို့၌ ဆေးဆရာတို့ကဲ့သို့လည်းကောင်း၊ ကိစ္စကြီးငယ် ပြုလုပ်ဖွယ်တို့၌လူတို့ကဲ့သို့လည်းကောင်း၊ (မိမိကိုယ်ကို) တန်ဆာဆင်ရာ၌ ပြည့်တန်ဆာမကဲ့ သို့လည်းကောင်း၊ အုပ်ချုပ်စိုးမိုးရာ၌ မင်းတို့ကဲ့သို့လည်းကောင်း ပြုမူကြကုန်၏၊

֍ ၉၄၀။ စဉ်းလဲကြကုန်သည်ဖြစ်၍ လည်းကောင်း၊ လှည့်ပတ်ကြကုန်သည်ဖြစ်၍ လည်းကောင်း၊ မုသားသက်သေ ဖြစ်ကြကုန်၍ လည်းကောင်း၊ မစောင့်စည်းသော အသက်မွေးမှုရှိကြကုန်သည်ဖြစ်၍ လည်းကောင်း ဤသို့များစွာသော မိစ္ဆာဇီဝစသော အသက်မွေးမှုတို့ဖြင့် (ဆွမ်းပစ္စည်းစသော) အာမိသကို သုံးဆောင်ကြကုန်၏၊

֍ ၉၄၁။ အပ်၏ဟူသော အမြွက်ထောင်ခြင်း၌လည်းကောင်း၊ (ပစ္စည်းတို့၌) ပရိယာယ် တစ်ပါးနှင့်ယှဉ်ရာ၌လည်းကောင်း၊ (ကြီးပွါးရေးစသည်ကို) ကြံစည်ရာ၌လည်းကောင်း (ယုတ် မာသောတရားတို့ဖြင့်) အစဉ်ပြေးကုန်သည်ဖြစ်၍ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ပစ္စည်းဖြစ်မည့် နည်းလမ်းဖြင့်များစွာသော ဥစ္စာကို စုဆောင်းကြကုန်၏၊

֍ ၉၄၂။ မိမိအမှုကြီးငယ်ဟူသော အကြောင်းကြောင့် ပရိသတ်ကို မိမိအား လုပ်ကျွေးစေကုန်၏၊ ဓမ္မဟူသော အကြောင်းကြောင့် လုပ်ကျွေးစေသည် မဟုတ်ကုန်၊ လာဘ်ဟူသော အကြောင်းကြောင့်သူတစ်ပါးတို့အား တရားဟောကုန်၏၊ အကျိုးစီးပွါးဟူသော အကြောင်း ကြောင့် တရားဟောသည်မဟုတ်ကုန်။

֍ ၉၄၃။ အရိယာသံဃာမှ အပဖြစ်သော ရဟန်းတို့သည် သံဃာ့လာဘ်ဟူသော အကြောင်း ကြောင့်ငြင်းခုံကြကုန်၏၊ တစ်ပါးသူတို့၏ လာဘ်ကို မှီ၍ အသက်မွေးကုန်သော ရဟန်းတို့ သည် မကောင်းမှုကိုစက်ဆုပ်ခြင်း မရှိသောကြောင့် မရှက်ကုန်။

֍ ၉၄၄။ အချို့သူတို့သည် ထို့အတူ ပင် တရားတို့နှင့် မယှဉ်ကုန်သည်ဖြစ်၍ ဦးပြည်းကြကာ သင်္ကန်းကိုဝတ်ရုံကြကုန်လျက် လာဘ်ပူဇော်သကာ၌ တွေဝေကုန်သည်ဖြစ်၍ ချီးမွမ်း မြှောက်စားခြင်းကိုသာလျှင့်အလိုရှိကုန်၏၊

֍ ၉၄၅။ ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့် အထူးထူးအပြားပြားသော အခြင်းအရာဖြင့် ကိလေသာဖြစ်စိမ့်သောငှါ အားထုတ်အပ်သည်ရှိသော် ယခုအခါ၌ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါကကဲ့သို့ စောင့်စည်ခြင်းငှါ ပြုလျက် မရအပ်သေးသော (စျာန်ဝိပဿနာ) တရားကိုရခြင်းငှါလည်းကောင်း၊ ရပြီးသော (စျာန်ဝိပဿနာ) တရားတို့ကို ကောင်းစွာစောင့်ရှောက်ခြင်းငှါလည်းကောင်း မလွယ်ကူတော့ချေ။

֍ ၉၄၆။ (ယောကျ်ားသည်) ဆူးရှိရာ အရပ်၌ ဖိနပ်မစီးဘဲ (လှည့်လည်သည်ရှိသော်) (ငါ့ကို ဆူးမစူးစေလင့်ဟု သတိထား၍) လှည့်လည်သွားလာသကဲ့သို့ ထို့အတူ (ကိလေသာဆူးရှိရာ) ရွာ၌ (လှည့်လည်သော) ရဟန်းသည် သတိကို ဖြစ်စေလျက် လှည့်လည်သွားလာရာ၏၊

֍ ၉၄၇။ (အားထုတ်အပ်သော ဝိပဿနာရှိသော) ရှေးယောဂီတို့ကို အောက်မေ့၍ ထိုယောဂီ တို့၏ကျင့်ဝတ်ဘာဝနာအစီအရင်ကို အစဉ်အောက်မေ့လျက် မြတ်စွာဘုရားကွယ်လွန်၍ နောက် ဆုံးအခါကာလဖြစ်စေကာမူ (တရားတော်အား လျော်စွာသာလျှင် ကျင့်သည်ရှိသော်) သေခြင်း ကင်းရာ နိဗ္ဗာန်ကိုရနိုင်ရာ၏၊

֍ ၉၄၈။ ဤအကျင့်ပဋိပတ်အစီအရင်ကို ဆိုပြီး၍ အင်ကြင်းတော၌ (သဒ္ဓါစသော) ဣန္ဒြေကို ပွါးစေပြီးသောမကောင်းမှုကို အပပြုပြီးသော တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း ကင်းပြီးသော သီလက္ခန္ဓစသောတရားအပေါင်းကို ရှာမှီးပြီးသော (ပါရာပရိယမည်သော ) ရဟန်းသည် ပရိနိဗ္ဗာန်ပြုတော်မူ၏၊

ဤသို့လျှင် ပါရာပရိယမထေရ်သည် ရွတ်ဆို၏၊

ဝီသတိနိပါတ် ပြီး၏၊

........

၁၇-တိံသနိပါတ်

၁-ဖုဿတ္ထေရဂါထာ

ပဒေသရာဇ်မင်းသားဖုဿသည် မင်းသားတို့တတ်အပ်သော အတတ်များကို သင်ကြား ပြီးနောက် တရားရ၍ မဟာထေရ်တပါးထံ တရားနာယူကာ ရဟန်းပြု၏၊ စရိုက်အားလျော် သော ကမ္မဋ္ဌာန်းကိုအားထုတ်ရာ စျာန်အသိညာဉ်ရ ပုဂ္ဂိုလ်ဖြစ်လေ၏၊ တနေ့သ၌ ပဏ္ဍရဂေါတ္တရသေ့က ဖုဿမထေရ်ထံတွင် တရားနာစဉ် ဣန္ဒြေငြိမ်သက်သော ရဟန်း များကို မြင်ရ၍ ''ဤသို့သော အကျင့်မျိုး ကြာရှည်တည်ပါမူကောင်းလေစွ''ဟု ကြံစည်ကာ ''အနာဂတ်ရဟန်းတို့၏ ပဋိပတ်သည် မည်သို့ ဖြစ်လိမ့်မည်နည်း''ဟုလျှောက်သဖြင့် ဖြေဆိုသော ဂါထာများ။

֍ ၉၄၉။ (မိမိအကျင့်ဖြင့်) ကြည်ညိုထိုက်ကုန်သော ပွါးများပြီးသော စိတ်ရှိကုန်သော (စက္ခု စသောဣန္ဒြေကို) ကောင်းစွာ စောင့်စည်းကုန်သော များစွာသော ရဟန်းတို့ကို မြင်၍ ပဏ္ဍရ ရသေ့နှင့်အနွယ်တူ ဖြစ်သော ရသေ့သည် ဖုဿအမည်ရှိသော ရဟန်းကို မေးလျှောက်၏၊

֍ ၉၅၀။ (ဤသာသနာတော်၌) အနာဂတ်ကာလ၌ (ရဟန်းတို့သည်) အဘယ်သို့သော အာသာဆန္ဒ, အဘယ်သို့သော အလိုအဇ္ဈာသယ, အဘယ်သို့သော အသွင်အပြင် ရှိကြကုန် လတ္တံ့နည်း၊ အရှင်ဘုရားအရှင်သည် အကျွန်ုပ် မေးအပ်သည်ဖြစ်၍ ထိုအကြောင်းကို ဖြေကြားတော်မူပါလော့။

֍ ၉၅၁။ ပဏ္ဍရမည်သော ရသေ့ သင်သည် ငါ၏ စကားကို နားထောင်လော့၊ ရိုသေစွာ မှတ်သားလော့၊ အနာဂတ်သာသနာ အကြောင်းအရာကို ပြောကြားပေအံ့။

֍ ၉၅၂။ နောင်အခါ၌ များစွာသော ရဟန်းတို့သည် အမျက်ထွက်ကြကုန်လတ္တံ့၊ ရန်ငြိုးဖွဲ့ ကြကုန်လတ္တံ့၊ ဂုဏ်ကျေးဇူးကို ချေဖျက်ကြကုန်လတ္တံ့၊ ခက်ထန် (မာန်မူ) ကြကုန်လတ္တံ့၊ ကောက်ကျစ်စဉ်းလဲကြကုန်လတ္တံ့၊ ငြူစူကြကုန်လတ္တံ့၊ ဝါဒအမျိုးမျိုး ရှိကြကုန်လတ္တံ့။

֍ ၉၅၃။ နက်နဲသော (သူတော်ကောင်း) တရား၌ (မိမိကိုယ်ကို မိမိ) အထင်ကြီးကုန်လျက် (သူတော်ကောင်းတရား၏)

ဤမှာဘက်ကမ်း၌ ကျက်စားကုန်လတ္တံ့၊ သူတော်ကောင်းတရား၌ပေါ့လျော့ကုန်လတ္တံ့၊ မလေးစားကြကုန်လတ္တံ့၊ အချင်းချင်း ရိုသေမှု ကင်းကြကုန်လတ္တံ့။

֍ ၉၅၄။ အနာဂတ်ကာလ၌ သတ္တလောကဝယ် များစွာသော အပြစ်ဒေါသတို့ ဖြစ်ကုန်လတ္တံ့၊ ပညာမဲ့သောရဟန်းတို့သည် (မြတ်စွာဘုရား) ကောင်းစွာ ဟောတော်မူအပ်သော ဤတရား တော်ကိုညစ်နွမ်းစေကြကုန်လတ္တံ့။

֍ ၉၅၅။ နှုတ်ကြမ်းကုန်သော အကြားအမြင်မရှိကုန်သော အလဇ္ဇီဒုဿီလရဟန်းတို့သည် (သီလစသော) ဂုဏ်မှ ယုတ်လျော့ကုန်သော်လည်း သံဃာ့အလယ်၌ ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်သည်ဖြစ်၍ နောက်လိုက်အင်အားကြီးမားကြကုန်လတ္တံ့။

֍ ၉၅၆။ လဇ္ဇီသီလဝန္တ ရဟန်းတို့သည် (သီလစသော) ဂုဏ်ရှိကြကုန်သော်လည်း သံဃာ့ အလယ်၌ဟုတ်မှန်သောအားဖြင့် ပြောဆိုကြကုန်သော် ရှက်သော စိတ်ရှိကြကုန်သည်ဖြစ်၍ ဆန့်ကျင်ဘက်မပြုလိုကြကုန်သောကြောင့် နောက်လိုက်အင်အား နည်းပါးကြကုန်လတ္တံ့။

֍ ၉၅၇။ အနာဂတ်အခါ၌ ပညာမဲ့ရဟန်းတို့သည် ငွေကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း၊ လယ်ကိုလည်းကောင်း၊ ယာကိုလည်းကောင်း၊ သိုး, ဆိတ်စသည်ကိုလည်းကောင်း၊ ကျွန်ထီး, ကျွန်မကိုလည်းကောင်း လက်ခံသာယာကြကုန်လတ္တံ့။

֍ ၉၅၈။ သူတစ်ပါးကို ကဲ့ရဲ့လိုစိတ်ရှိကုန်သော မသိမလိမ္မာကုန်သော ရဟန်းတို့သည် စတုပါရိသုဒ္ဓိသီလတို့၌ မတည်ကြကုန်ဘဲ ကျူပင်အလား ထောင်လွှားမော်မောက်ကြကုန်သည်ဖြစ်၍ ငြင်းခုံမှု၌သာမွေ့လျော်ကြကာ သားတိရစ္ဆာန်တို့ကဲ့သို့ သွားလာလှည့်ပတ်ကြကုန် လတ္တံ့။

֍ ၉၅၉။ အနာဂတ်ကာလ၌ ရဟန်းဆိုးတို့သည် ပျံ့လွင့်သောစိတ် ရှိကြကုန်လတ္တံ့၊ (မအပ် သောဆိုးရည်ဖြင့် ဆိုးအပ်သည့်) ညိုမှိုင်းသော သင်္ကန်းကို ဝတ်ရုံကြကုန်လတ္တံ့၊ ကြည်ညိုစေမှုဟန်ဆောင်ပြုကြကုန်လျက် ခက်ထန်ကြမ်းကြုတ်သော စိတ်နှလုံးရှိကြကုန်လျက် ဒါယကာ တို့အားမြှောက်ပင့်ပြောဆိုကြကုန်သည်ဖြစ်၍ ကိလေသာအများ ထင်ရှားရှိကြကုန်လျက် အရိယာတို့အယောင်ဟန်ဆောင်လှည့်လည်ကြကုန်လတ္တံ့။

֍ ၉၆၀။ ဆံပင်တို့ကို ဖယောင်းဆီဖြင့် လိမ်းသပ်ကြကုန်လျက် (တန်ဆာဆင်ခြင်းစသည်ဖြင့်) လျှပ်ပေါ်လော်လည်ကြကုန်လျက် မျက်ကွင်းဆေး ရေးခြယ်ကြကုန်လျက် ဆင်စွယ်ရောင်သင်္ကန်း ကိုဝတ်ရုံကြကုန်လျက် မြို့ရွာခရီး လမ်းမကြီး၌ လှည့်လည်သွားလာကြကုန်လတ္တံ့။

֍ ၉၆၁။ အဝတ်ဖြူတို့၌ တပ်မက်မောကြကုန်သော ရဟန်းတို့သည် အရိယာတို့ မစက်ဆုပ် အပ်သော ကောင်းစွာ ဆိုးအပ်သော ဘုရားရဟန္တာတို့၏ တံခွန်ဖြစ်သော သင်္ကန်းကို စက်ဆုပ်ကြကုန်လတ္တံ့။

֍ ၉၆၂။ လာဘ်လာဘကို နှစ်သက်မက်မောကြကုန်လတ္တံ့၊ ပျင်းရိကြကုန်သည်ဖြစ်၍ ရော့ရဲသောလုံ့လရှိကုန်သည်ဖြစ်၍ တောကျောင်းတို့ကို (သီတင်းသုံးခြင်းငှါ) စိတ်ငြိုငြင်ကြကုန်သည်ဖြစ်၍ ရွာနီးကျောင်းတို့၌သာ နေကြကုန်လတ္တံ့။

֍ ၉၆၃။ အကြင်အကြင် ရဟန်းတို့သည် အခါခပ်သိမ်း မှားသော အသက်မွေးခြင်း၌မွေ့လျော်ကြကုန်သည်ဖြစ်၍ ပစ္စည်းလာဘ်လာဘကို ရကြကုန်လတ္တံ့၊ မစောင့်စည်းကုန်သော ရဟန်းငယ်တို့သည် ထိုထိုရဟန်းဆိုးတို့သို့ အတုယူကာ ကျင့်ကြကုန်သည်ဖြစ်၍ မင်းအိမ် စသည်တို့ကို ချဉ်းကပ်ခိုမှီကြကုန်လတ္တံ့။

֍ ၉၆၄။ အကြင်အကြင် ရဟန်းတို့သည် (မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်း, ဘုန်းကံနည်းခြင်း ကြောင့်) လာဘ်လာဘကို မရကြကုန်၊ ထိုထို ရဟန်းတို့သည် အနာဂတ်ကာလ၌ အပူဇော်ခံရ သူတို့မဖြစ်နိုင်ကြကုန်လတ္တံ့၊ တည်ကြည်မှု 'သမာဓိ'နှင့် ပြည့်စုံကြ၍ သီလကို အလွန်ချစ်ခင် ကြကုန်သော်လည်း ထိုရဟန်းတို့ကို မမှီဝဲကုန်လတ္တံ့။

֍ ၉၆၅။ အချို့သော ရဟန်းတို့သည် ညောင်ခေါက်ဆိုးရည်ဖြင့် ဆိုးအပ်သော မိမိတံခွန် အောင်လံဖြစ်သောသင်္ကန်းကို ကဲ့ရဲ့ရှုတ်ချ စက်ဆုပ်ကြကုန်သည်ဖြစ်၍ တိတ္ထိတို့၏ အလံ တံခွန်ဖြစ်သော အဝတ်ဖြူကိုဝတ်ရုံကြကုန်လတ္တံ့။

֍ ၉၆၆။ နောင်အနာဂတ်ကာလ၌ ထိုရဟန်းတို့အား (အရဟဒ္ဓဇဖြစ်သော) သင်္ကန်း၌ ရိုသေမှုမရှိကုန်လတ္တံ့၊ (အရဟဒ္ဓဇဖြစ်သော) သင်္ကန်း၌ (ပစ္စဝေက္ခဏာ) ဆင်ခြင်ကာမျှသည်လည်း မဖြစ်လတ္တံ့။

֍ ၉၆၇။ (ကြီးစွာသော ဆိပ်လူးမြားဖြင့် ပစ်အပ်သော ကြောင့် ) ကြီးစွာသော ဒုက္ခဖြင့်လွှမ်းမိုးနှိပ်စက်အပ်သည်ဖြစ်၍ ကိုယ်၏ ဖောက်ပြန်ခြင်းသို့ ရောက်နေသော ဆဒ္ဒန်ဆင်မင်း အားအကြီးအကျယ် ကြောက်မက်ဖွယ်သော (သူတစ်ပါးတို့) ကြံစည်ရုံမျှ မကြံစည်နိုင်သော ဆင်ခြင်ဉာဏ်ဖြစ်ဖူးလေပြီ။

֍ ၉၆၈။ ထိုစဉ်အခါက ဆဒ္ဒန်ဆင်မင်းသည် ကောင်းစွာ ဆိုးအပ်သော အရိယာတို့ အောင်လံတံခွန်ဖြစ်သောသင်္ကန်းကို မြင်ရ၍ သင်္ကန်းကို မြင်ရသော ထိုခဏ၌ပင်လျှင် အကျိုး စီးပွါးနှင့်စပ်သော ဂါထာတို့ကို မိန့်ဆိုတော်မူ၏၊

֍ ၉၆၉။ ''အကြင်သူသည် ကိလေသာတည်းဟူသော ဖန်ရည်တို့ဖြင့် မကင်းသည်ဖြစ်၍ ဣန္ဒြေကို ဆုံးမမှုမှန်ကန်စွာ ဆိုမှု သစ္စာနှင့် ကင်းကွာနေပါလျက် ဖန်ရည်စွန်းသော အဝတ် သင်္ကန်းကိုဝတ်ရုံသုံးဆောင်လတ္တံ့၊ ထိုသို့သောသူသည် စင်စစ် ဖန်ရည်ဆိုးသော အဝတ် သင်္ကန်းကို (ဝတ်ရုံရန်) မထိုက်တန်။

֍ ၉၇၀။ အကြင်သူသည်ကား ထွေးအန်, စွန့်ပယ်ပြီးသော ကိလေသာဖန်ရည် ရှိ၏၊ (စတုပါရိသုဒ္ဓိ) သီလတို့၌ ကောင်းစွာ တည်၏၊ ဣန္ဒြေကို ဆုံးမမှု မှန်ကန်စွာ ဆိုမှု သစ္စာနှင့် ပြည့်စုံ၏၊ ထိုသူသည်သာ စင်စစ် ဖန်ရည်စွန်းသော အဝတ်သင်္ကန်းကို (ဝတ်ရုံရန်) ထိုက် တန်၏'' (ဟုဆဒ္ဒန်ဆင်မင်း ဆိုခဲ့၏)။

֍ ၉၇၁။ အကြင်သူသည် သီလ ပျက်စီး၏၊ ပညာ မရှိ၊ ဒုဿီလဟု ထင်ရှား၏၊ ပြုလိုရာ ပြုလုပ်နေ၏၊ ပျံ့လွင့်တတ်သော စိတ်ရှိ၏၊ ဖြူစင်သော ကုသိုလ်ဓမ္မမှ ကင်း၏၊ ထိုသို့သော သူသည် ဖန်ရည်စွန်းသောအဝတ်သင်္ကန်းကို (ဝတ်ရုံရန်) မထိုက်တန်။

֍ ၉၇၂။ အကြင်သူသည်ကား (စတုပါရိသုဒ္ဓိ) သီလနှင့် ပြည့်စုံ၏၊ ဆန္ဒရာဂ ကင်း၏၊ တည် ကြည်၏၊ စင်ကြယ်သန့်ရှင်းသော စိတ်အကြံရှိ၏၊ ထိုသူသည် ဖန်ရည်စွန်းသော အဝတ် သင်္ကန်းကို (ဝတ်ရုံရန်) ထိုက်တန်၏၊

֍ ၉၇၃။ အကြင်သူသည်ကား (စတုပါရိသုဒ္ဓိ) သီလ မရှိ၊ ပျံ့လွင့်သော စိတ်ရှိ၏၊ ကျူပင် အလားထောင်လွှားမောက်မာ၏၊ မိုက်မဲ၏၊ ထိုသူသည် အဝတ်ဖြူနှင့်သာ ထိုက်တန်၏၊ ဖန်ရည်စွန်းသောအဝတ်သင်္ကန်းကို အဘယ်သို့ ပြုလုပ်လိမ့်မည်နည်း။

֍ ၉၇၄။ အနာဂတ်ကာလ၌ ရဟန်းယောကျ်ားတို့သည်လည်းကောင်း၊ ရဟန်းမိန်းမတို့သည်လည်းကောင်း (ရာဂစသည်) ဖျက်ဆီးအပ်သော စိတ်ရှိကုန်သည်ဖြစ်၍ (ဘုရားစသည်၌) ရိုသေခြင်းကင်းကုန်သည်ဖြစ်၍ မေတ္တာဘာဝနာနှင့် ယှဉ်သော စိတ်ရှိကုန်သော (တာဒိ) ဂုဏ်နှင့် ပြည့်စုံကုန်သော သူတော်ကောင်းတို့ကို ညှဉ်းဆဲဖိနှိပ်ကုန်လိမ့်သတည်း။

֍ ၉၇၅။ မိုက်မဲကုန်သော ဒုဿီလဟု ထင်ရှားကုန်သော ပြုလိုရာ ပြုလုပ်နေကြကုန်သော ပညာမဲ့သောရဟန်းတို့သည် မထေရ်ကြီးတို့က (သင်္ကန်းဝတ်ရုံခြင်းစသည်ကို) သင်ပေးကြကုန် သော်လည်းနားမထောင်ကြကုန်လတ္တံ့။

֍ ၉၇၆။ မြင်းယုတ်မြင်းကြမ်းသည် ဆုံးမတတ်သော မြင်းဆရာ့ (စကား) ကို မနာယူ သကဲ့သို့ ထို့အတူ့အချင်းချင်း ရိုသေမှု ကင်းကုန်သော မိုက်မဲသော ရဟန်းတို့သည် ဆုံးမ သင်ပြပါကုန်လျက်ဆရာဥပဇ္ဈာယ်တို့ (စကား) ကို မနာယူကြကုန်လတ္တံ့။

֍ ၉၇၇။ ဤသို့ဆိုအပ်ပြီးသော အပြားအားဖြင့် အနာဂတ်ကာလ၌ နောက်ပိုင်းကာလသို့ ရောက်လတ်သော်ရဟန်းယောကျ်ားတို့၏လည်းကောင်း၊ ရဟန်းမိန်းမတို့၏လည်းကောင်း (ဖောက်ပြန်ချွတ်ယွင်းသော) အကျင့် ဖြစ်လတ္တံ့။

֍ ၉၇၈။ ထိုအနာဂတ်ဘေးကြီး မရောက်လာမီ (သင်တို့သည်) ဆိုဆုံးမလွယ်သူ၊ စိတ်နှလုံး နူးညံ့သူ၊ အချင်းချင်း ရိုသေခြင်းရှိကြသူ ဖြစ်ကြပါကုန်လော့။

֍ ၉၇၉။ (အလုံးစုံသော သတ္တဝါတို့၌) မေတ္တာစိတ်ရှိသူ၊ သနားခြင်းကရုဏာနှင့် ပြည့်စုံသူ၊ (စတုပါရိသုဒ္ဓိ) သီလတို့၌ စောင့်စည်းသူ၊ အားထုတ်သော လုံ့လရှိသူ၊ နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိသူ၊ အမြဲမပြတ် ခိုင်ခံ့သော လုံ့လရှိသူတို့ ဖြစ်ကြပါကုန်လော့။

֍ ၉၈၀။ ငါ့ရှင်တို့ မေ့လျော့ခြင်းကို ဘေးကြီးဟူ၍ မမေ့မလျော့ခြင်ကိုလည်း ဘေးကင်း ကြောင်းဟူ၍ရှုမြင်ကုန်သည်ဖြစ်၍ အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများကြပါကုန်လော့၊ သေခြင်းကင်းသော နိဗ္ဗာန်ကိုမျက်မှောက်ပြုကုန်လျက် (မိမိသန္တာန်၌ ဖြစ်စေကြကုန်လော့)။

ဤသို့လျှင် ဖုဿမထေရ်သည် ရွတ်ဆို၏၊

........

၂-သာရိပုတ္တတ္ထေရဂါထာ

အရှင်သာရိပုတြာသည် ရဟန်းပြုပြီးနောက် ၁၅-ရက် (လခွဲ) လွန်မှ ဘုရားရှင်နှင့်အတူ ရာဇဂဂြိုဟ်ပြည်သူကရခတ (ဝက်တူး) လိုဏ်၌ နေစဉ် တူတော်သူ ဒီဃနခပရိဗိုဇ်အား ဟောကြားသောဝေဒနာပရိဂ္ဂဟသုတ္တန်ကို နာယူရသဖြင့် သူတပါးချက်ပြီးထမင်းကို စားရ သကဲ့သို့ အရဟတ္တဖိုလ်ရရှိ၍ပါရမီဉာဏ် အထွတ်အထိပ်သို့ ရောက်ရ၏၊ မဟာပညာ ဧတဒဂ်လည်း ရရှိ၏၊ တနေ့သ၌သီတင်းသုံးဖော်ရဟန်းတို့အား မိမိ၏ အကျင့်ကို ဖွင့်ပြသောအားဖြင့် ဟောကြားသော ဂါထာများ။

֍ ၉၈၁။ အကြင်သူသည် ကာယစသည်တို့ဖြင့် စောင့်စည်းသည်ဖြစ်၍ နေ၏၊ အရိယာသူတော်ကောင်းတို့နှင့် မကွဲမပြားတစ်သားတည်း ဖြစ်နေ၏၊ လွန်ကဲသော သတိရှိ၏၊ မိစ္ဆာ သင်္ကပ္ပကိုပယ်ကာ (သမ္မာသင်္ကပ္ပ၏ အစွမ်းဖြင့်) ကောင်းသော အကြံရှိသည်ဖြစ်၍ စျာန် ဝင်စားလေ့ရှိ၏၊ မမေ့မလျော့မူ၍ ဂေါစရဇ္ဈတ္တဟူသော ကမ္မဋ္ဌာန်းဘာဝနာ၌ မွေ့လျော်၏၊ တည်ကြည်သော စိတ်ရှိ၏၊ တစ်ယောက်ထီးတည်း ကောင်းစွာ ရောင့်ရဲ၏၊ ထိုသို့သဘောရှိ သောသူကို ရဟန်းဟူ၍ ဆိုကုန်၏၊

֍ ၉၈၂။ ရဟန်းသည် စိုစွတ်သိမ်မွေ့သော အစာကိုလည်းကောင်း၊ ခြောက်သွေ့ကြမ်းတမ်း သောအစာကိုလည်းကောင်း အလွန်ဝမ်းဝအောင် မစားရာ။ လျော့သော ဝမ်းရှိသည်ဖြစ်၍ နှိုင်းချိန်သော စားမျိုခြင်းရှိလျက် သတိပြုကာ နေရာ၏၊

֍ ၉၈၃။ နောက်ဆုံးဖြစ်သော လေးလုတ်ငါးလုတ်တို့ကို မသုံးဆောင်မူ၍ ရေကို သောက် ရာ၏၊ (ဤသို့လေးလုတ်ငါးလုတ် လျှော့စား၍ ရေသောက်ခြင်းသည်) နိဗ္ဗာန်သို့ စေလွှတ် ထားသော စိတ်ရှိသောရဟန်းအား ချမ်းသာစွာ နေခြင်းငှါ စွမ်းနိုင်၏၊

֍ ၉၈၄။ ဤ (အချမ်းအပူစသည်ကို တားမြစ်ရုံမျှ) အကျိုးရှိသော အပ်သော သင်္ကန်းကို ဖုံးလွှမ်းဝတ်ရုံခဲ့မူနိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသော ရဟန်းအား ချမ်းသာစွာ နေခြင်းငှါ စွမ်းနိုင်၏၊

֍ ၉၈၅။ (အကြင်ကျောင်း၌) ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော ရဟန်း၏ ပဆစ်ဒူး နှစ်ဖက် တို့ကို မိုးရေမစွတ်၊ (ထိုသို့သဘောရှိသော ကျောင်း၌ နေသည်ရှိသော်) နိဗ္ဗာန်သို့ စေလွှတ် ထားသော စိတ်ရှိသောရဟန်းအား ချမ်းသာစွာ နေခြင်းငှါ စွမ်းနိုင်၏၊

֍ ၉၈၆။ အကြင် ရဟန်းသည် သုခဝေဒနာကို ဝိပရိဏာမဒုက္ခအားဖြင့် မြင်၏၊ ဒုက္ခဝေဒနာ ကို ငြောင့်တံသင်းအားဖြင့် မြင်၏၊ (သုခဝေဒနာ, ဒုက္ခဝေဒနာ) နှစ်ပါးတို့၏ အလယ်ဖြစ်သော အဒုက္ခမသုခဝေဒနာ၌ (အတ္တ, အတ္တနိယဟု မှားသော နှလုံးသွင်းခြင်း) မဖြစ်၊ ထိုရဟန်း သည်လောက၌အဘယ်မည်သော ကိလေသာဖြင့် အဘယ်သို့ ဖြစ်ရာပါတော့အံ့နည်း။

֍ ၉၈၇။ ယုတ်မာသော အလိုရှိသော, ပျင်းရိသော, လုံ့လဝီရိယ ဆုတ်ယုတ်သော, အကြားအမြင်နည်းသော, (အဆုံးအမသြဝါဒ၌) ရိုသေခြင်း ကင်းသော သူသည် ငါ၏ (အထံ၌) တစ်ရံတစ်ခါမျှ (မရှိပါစေသတည်း)၊ (အကြောင်းမူကား)လောက၌ ထိုသို့သဘော ရှိသော ပုဂ္ဂိုလ်အား အဘယ်မည်သော အဆုံးအမသြဝါဒဖြင့် အဘယ်သို့ ဖြစ်ရာပါတော့ အံ့နည်း။

֍ ၉၈၈။ (အကြင်ပုဂ္ဂိုလ်သည်) များသော အကြားအမြင်လည်း ရှိ၏၊ ပညာလည်း ရှိ၏၊ (စတုပါရိသုဒ္ဓိ) သီလတို့၌ ကောင်းစွာ တည်၏၊ စိတ်ကို ကောင်းစွာ ထားခြင်းနှင့် ယှဉ်၏၊ ထိုသို့သော ပုဂ္ဂိုလ်သည်ငါ၏ ဦးထိပ်၌သော်လည်း တည်ပါစေသတည်း။

֍ ၉၈၉။ အကြင်ပုဂ္ဂိုလ်သည်ကား သံသရာကို ချဲ့ထွင်တတ်သော (ပပဉ္စ) တရားနှင့် ယှဉ်၏၊ သံသရာကိုချဲ့ထွင်တတ်သော (ပပဉ္စ) တရား၌ (အပြစ်ကို မမြင်သဖြင့်) မွေ့လျော်၏၊ သားတိရစ္ဆာန်နှင့် တူ၏၊ ထိုပုဂ္ဂိုလ်သည် ယောဂလေးပါးတို့ကုန်ရာ အတုမရှိသော နိဗ္ဗာန်ကို ချွတ်ယွင်းစေ၏၊

֍ ၉၉၀။ အကြင်ပုဂ္ဂိုလ်သည်ကား သံသရာကို ချဲ့ထွင်တတ်သော (ပပဉ္စ) တရားကို ပယ်၍ သံသရာကိုချဲ့ထွင်တတ်သော (ပပဉ္စ) တရား မရှိရာ နိဗ္ဗာန်ကို ရခြင်း၏ အကြောင်းဖြစ်သော အရိယမဂ်၌မွေ့လျော်၏၊ ထိုပုဂ္ဂိုလ်သည် ယောဂလေးပါးတို့ကုန်ရာ အတုမရှိသော နိဗ္ဗာန် ကို ပြီးစေနိုင်၏၊

֍ ၉၉၁။ ရွာ၌သော်လည်းကောင်း၊ တော၌သော်လည်းကောင်း၊ ချိုင့်ဝှမ်းရာအရပ်၌သော်လည်းကောင်း၊ မြင့်မောက်ရာအရပ်၌သော်လည်းကောင်း အကြင်အရပ်၌ ရဟန္တာတို့သည် နေကုန်၏၊

ထိုမြေအရပ်သည်နှလုံးမွေ့လျော်ဖွယ် ရှိသည်သာလျှင်တည်း။

֍ ၉၉၂။ တောကျောင်းတို့သည် မွေ့လျော်ဖွယ်ရှိကုန်၏၊ ယင်းတောကျောင်းတို့၌ (ကာမဂုဏ် ကိုရှာမှီးသော) လူသည် မမွေ့လျော်နိုင်၊ ရာဂကင်းသော ထိုရဟန္တာပုဂ္ဂိုလ်တို့သည်ကား ကာမဂုဏ်ကိုရှာမှီးလေ့မရှိသောကြောင့် မွေ့လျော်ကုန်လတ္တံ့။

֍ ၉၉၃။ အပြစ်မြင်လေ့ရှိသော, နှိပ်၍ ပြောဆိုလေ့ရှိသော, ဓမ္မောဇပညာနှင့် ပြည့်စုံသော အကြင်ပုဂ္ဂိုလ်ကိုတွေ့မြင်ငြားအံ့၊ ထိုသို့သဘောရှိသော ပညာရှိကို 'ရွှေအိုးတို့ တည်ရာ အရပ်ကို ပြောကြားလာသူကဲ့သို့'ဆည်းကပ်ရာ၏၊ ထိုသို့သဘောရှိသော ပညာရှိကို ဆည်း ကပ်သောသူအား ကောင်းမြတ်၏၊ မယုတ်ညံ့။

֍ ၉၉၄။ သွန်သင်ရာ၏၊ ဆုံးမရာ၏၊ အကုသိုလ်တရားမှလည်း တားမြစ်ရာ၏၊ သူတော်ကောင်းတို့သည် သာလျှင် ထို (ဆိုခဲ့ပြီးသောဂုဏ်နှင့် ပြည့်စုံသော) ပုဂ္ဂိုလ်ကို ချစ်ခင်၏၊ သူတော်မဟုတ်သူယုတ်တို့သည် ထို (ဆိုခဲ့ပြီးသောဂုဏ်နှင့် ပြည့်စုံသော) ပုဂ္ဂိုလ်ကို မချစ်ခင်။

֍ ၉၉၅။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူ၍ ဘုန်းတော်ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူသောမြတ်စွာဘုရားသည် (ဒီဃနခပရိဗိုဇ်စသော) တစ်ပါးသော သူအား တရားကို ဟောတော်မူ၏၊ တရားကို ဟောတော်မူအပ်သည်ရှိသော် ငါသည် အလိုရှိသည်ဖြစ်၍ နာကြား၏၊ ထိုတရား တော်ကိုနာကြားခြင်းသည် ငါ့အား အချည်းနှီး မဖြစ်၊ အာသဝေါမရှိသည်ဖြစ်၍ ကိလေသာမှ လွတ်၏၊

֍ ၉၉၆။ ပုဗ္ဗေနိဝါသအဘိညာဉ်အကျိုးငှါ ငါ့အား တောင့်တမှု မရှိ၊ ဒိဗ္ဗစက္ခုအဘိညာဉ် အကျိုးငှါလည်းငါ့အား တောင့်တမှု မရှိ၊ စုတိပဋိသန္ဓေအနီးကို မြင်တတ်သော စေတောပရိယ အဘိညာဉ်အကျိုးငှါလည်းငါ့အား တောင့်တမှု မရှိ၊ ဒိဗ္ဗသောတအဘိညာဉ်အကျိုးငှါလည်း ငါ့အား တောင့်တမှု မရှိ။

֍ ၉၉၇။ သစ်ပင်ရင်းကို မှီ၍သာလျှင် ခေါင်းရိတ်ပြီးခါစဖြစ်သော ဒုကုဋ်သင်္ကန်းကို ရုံလျက် နေသောပညာဖြင့် မြတ်သော ဥပတိဿမထေရ်သည် စတုတ္ထစျာန် အခြေရှိသော ဖလ သမာပတ်ကို ဝင်စား၏၊

֍ ၉၉၈။ ဝိတက်မရှိသော စတုတ္ထစျာန် အခြေရှိသော ဖလသမာပတ်ကို ဝင်စားသော ဘုရား တပည့်ဖြစ်သော ဥပတိဿထေရ်သည် (ဘီလူးက ဦးခေါင်းကို ရိုက်သော) ထိုခဏ၌ ဖလ သမာပတ်ကိုဝင်စားသည်ဖြစ်၍ မြတ်သော ဆိတ်ဆိတ် နေခြင်းနှင့် ပြည့်စုံခဲ့ပြီ။

֍ ၉၉၉။ ကျောက်တောင်သည် (ပကတိလေတို့ဖြင့်) မတုန်မလှုပ်မူ၍ ကောင်းစွာ တည် သကဲ့သို့ ထို့အတူ ရဟန်းသည် မောဟကုန်ခြင်းကြောင့် 'တောင်ကဲ့သို့' မတုန်မလှုပ် ကောင်းစွာ တည်၏၊

֍ ၁၀၀၀။ ရာဂစသော (ကိလေသာ) အညစ်အကြေး ကင်းပြီးသော စင်ကြယ်၍ အပြစ်ကင်း သောတရားကို ရှာမှီးလေ့ရှိသော ယောက်ျားအား သားမြီးဖျားမျှလောက်သော မကောင်းမှုကိုတိမ်တိုက်ကြီးမျှလောက်ပင် အမြဲ ထင်နေ၏၊

֍ ၁၀၀၁။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ ထင်သောသတိရှိကာ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ခန္ဓပရိနိဗ္ဗာန်ပြုချိန်ကိုသာ ငံ့လင့်စောင့်မျှော်၏၊

֍ ၁၀၀၂။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ သူရင်းငှါးသည်လုပ်ခရရန်အတွက် နေကုန်မည့် အချိန်ကိုသာ ငံ့လင့်စောင့်မျှော်သကဲ့သို့ ငါသည် ပရိနိဗ္ဗာန်ပြုရမည့်အချိန်ကိုသာ ငံ့လင့်စောင့်မျှော်၏၊

֍ ၁၀၀၃။ သေခြင်းသဘောသည် ရှေးငယ်ရွယ်စဉ်အခါ၌လည်းကောင်း၊ နောက် (အိုမင်းသောအခါ) ၌လည်းကောင်း မရှိသည် မဟုတ်၊ နှစ်ပါးစုံသော အခါတို့၌ပင် ဤသေခြင်းသဘောရှိသည်သာတည်း။ (ထို့ကြောင့်) ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ကြကုန်လော့၊ အပါယ်ဘုံတို့သို့ ရောက်၍မပျက်စီးကြစေကုန်လင့်၊ စင်စစ်အားဖြင့် ဗုဒ္ဓုပ္ပါဒနဝမခဏသည် သင်တို့ကို ကျော် လွန် မသွားစေလင့်။

֍ ၁၀၀၄။ (မြို့နေလူတို့သည်) အစွန်အဖျားကျသော မိမိမြို့ကို အတွင်းရောအပြင်ပါ စောင့် ရှောက်လုံခြုံစေသကဲ့သို့ ထို့အတူ မိမိကိုယ်ကို စောင့်ရှောက်လုံခြုံစေရာ၏၊ ဗုဒ္ဓုပ္ပါဒနဝ မခဏသည် သင်တို့ကို မလွန်စေလင့်။

֍ ၁၀၀၅။ ငြိမ်သက်သော ဣန္ဒြေရှိသော၊ အကုသိုလ်အားလုံးကို ပြုခြင်းမှ ကြဉ်ရှောင်သော၊ ပညာဖြင့်ဆင်ခြင်၍ ဆိုလေ့ရှိသော၊ တုန်လှုပ်မှု မရှိသော ရဟန်းသည် 'လေသည် သစ်ရွက်ကိုတိုက်ဖျက်ချွေလွှင့်သကဲ့သို့' ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို လွှင့်နိုင် ပယ်နိုင်၏၊

֍ ၁၀၀၆။ ငြိမ်သက်သော ဣန္ဒြေရှိသော၊ အကုသိုလ်အားလုံးကို ပြုခြင်းမှ ကြဉ်ရှောင်သော၊ ပညာဖြင့်ဆင်ခြင်၍ ဆိုလေ့ရှိသော၊ တုန်လှုပ်မှု မရှိသော ရဟန်းသည် 'လေသည် သစ်ရွက် ကို ဖျက်ဆီးသကဲ့သို့'ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို ပယ်ပြီ။

֍ ၁၀၀၇။ ငြိမ်သက်သော ဣန္ဒြေရှိသော၊ (ကိလေသာဟူသော) ဆင်းရဲမှ ကင်းသော၊ ကောင်းစွာကြည်လင်သော စိတ်ရှိသော၊ ကောင်းသော အကျင့်သီလရှိသော ပညာရှိသည် ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုရာ၏၊

֍ ၁၀၀၈။ မတည်သော သဘောရှိသော အချို့ပုထုဇဉ်တို့၌ အကျွမ်းမဝင်ရာ၊ ထို့အတူ အိမ်ရာထောင်သောလူတို့၌လည်းကောင်း၊ ရဟန်းတို့၌လည်းကောင်း အကျွမ်းမဝင်ရာ။ (အစ၌) သူတော်ကောင်းဖြစ်၍ တည်ကုန်သော်လည်း (နောက်၌) သူတော်မဟုတ် သူယုတ် ဖြစ်တတ်ကုန်၏၊ (အစ၌) သူတော်မဟုတ်သူယုတ်မာဖြစ်သော်လည်း (နောက်၌) တစ်ဖန် သူတော်ကောင်း ဖြစ်တတ်ကုန်၏၊

֍ ၁၀၀၉။ ကာမဂုဏ်တို့ကို လိုလားမှု 'ကာမစ္ဆန္ဒ'၊ စီးပွါးချမ်းသာကို ဖျက်ဆီးလိုမှု 'ဗျာပါဒ'၊ စိတ်စေတသိက်တို့၏ မခံ့မှု 'ထိနမိဒ္ဓ'၊ စိတ်မငြိမ်သက်မှု ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ အာရုံကို မဆုံးဖြတ်နိုင်မှု 'ဝိစိကိစ္ဆာ'ဟူသော ထိုတရားငါးပါးတို့သည် ရဟန်း၏ စိတ်ကို ညစ်ညူးစေတတ်ကုန်၏၊

֍ ၁၀၁၀။ မမေ့မလျော့ နေလေ့ရှိသော၊ အပူဇော်ခံရသော အကြင်ပုဂ္ဂိုလ်၏ သမာဓိသည် အရိုအသေပြုခြင်းကြောင့်လည်းကောင်း၊ အရိုအသေ မပြုခြင်းကြောင့်လည်းကောင်း နှစ်ပါးစုံ တို့ကြောင့် မတုန်လှုပ်။

֍ ၁၀၁၁။ အမြဲ စျာန်ဝင်စားလေ့ရှိသော၊ သိမ်မွေ့သော ပညာဖြင့် ရှုတတ်သော၊ ဥပါဒါန့်တရားတို့၏ကုန်ရာ (အရဟတ္တဖိုလ် နိဗ္ဗာန်) ၌ မွေ့လျော်ခြင်းရှိသော ထိုသူကို သူတော်ကောင်းဟူ၍ဆိုကြကုန်၏၊

֍ ၁၀၁၂။ (စေတနာ မရှိ၍သာ ဣဋ္ဌ အနိဋ္ဌတို့၌ သည်းခံနိုင်သော) မဟာသမုဒ္ဒရာ, မြေကြီး, ကျောက်တောင်, လေတို့သည် (စေတနာရှိလျက် ဣဋ္ဌအနိဋ္ဌတို့၌ သည်းခံနိုင်သော) မြတ်စွာဘုရား၏ အရဟတ္တဖိုလ်ဟူသော ဝိမုတ္တိနှင့် ဥပမာအဖြစ်ဖြင့် နှိုင်းယှဉ်ခြင်းငှါ မသင့်တော်ကုန်သည်သာတည်း။

֍ ၁၀၁၃။ ဥပတိဿမထေရ်သည် တရားတည်းဟူသော စကြာရတနာကို အတုလိုက်၍ လည်စေနိုင်၏၊ ကြီးမြတ်သော ပညာရှိ၏၊ တည်ကြည်၏၊ မြေ, ရေ, မီးနှင့် တူသည်ဖြစ်၍ တပ်မက်ခြင်း မရှိ၊ ပြစ်မှားခြင်းမရှိ။

֍ ၁၀၁၄။ (ဥပတိဿမထေရ်သည်) သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်ပြီဖြစ်၍ ကြီးမြတ်သောပညာရှိ၏၊ (ပညာအားဖြင့်) မထိုင်းမှိုင်း မအသည် ဖြစ်လျက် ထိုင်းမှိုင်းသူ အသူကဲ့သို့ ဖြစ်၏၊ အခါခပ်သိမ်း ကိလေသာငြိမ်း၍ လှည့်လည်နေထိုင်၏၊

֍ ၁၀၁၅။ ငါသည် မြတ်စွာဘုရားကို ဆည်းကပ်ပြီးပြီ။ပ။ ဘဝသုံးပါးသို့ ဆောင်တတ်သော တဏှာကိုစွန့်ပယ်အပ်ပြီ။

֍ ၁၀၁၆။ မမေ့မလျော့ခြင်းနှင့် ပြည့်စုံစေကြကုန်လော့၊ ဤသည်လျှင် ငါ၏ အဆုံးအမတည်း၊ ယခုအခါငါသည် ပရိနိဗ္ဗာန်ပြုတော့အံ့၊ ငါသည် အလုံစုံသော ပြည့်စုံမှု၏ တည်ရာ 'ဥပဓိ'မှ လွတ်မြောက်၏၊

ဤသို့လျှင် သာရိပုတ္တရာမထေရ်သည် ရွတ်ဆို၏၊

........

၃-အာနန္ဒတ္ထေရဂါထာ

ဘုရားရှင့်ဘထွေးတော် အမိတ္တောဒနမင်း၏သား အာနန္ဒာသည် ဘဒ္ဒိယမင်းသားတို့ နှင့်အတူဘုရားရှင့်ထံရဟန်းပြု၍ မကြာခင် ရှင်ပုဏ္ဏမထေရ်၏ တရားကိုနာရသဖြင့် သောတာပန်ဖြစ်၏၊ ဧတဒဂ်ငါးချက်ကိုလည်း ရရှိ၏၊

ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် ပဌမ သင်္ဂါယနာတင်ခါနီးမှ အဘိဉာဏ်ရရဟန္တာဖြစ်၍ သင်္ဂါယနာပွဲသို့ ဝင်ရ၏၊

သင်္ဂါယနာ တင်ပွဲတွင် ထိုထိုရဟန်းတို့အားသြဝါဒပေးသောအားဖြင့် မိမိ၏ ပဋိပတ်ကို ဖွင့်ပြရွတ်ဆို သော ဂါထာများ။

֍ ၁၀၁၇။ ပညာရှိသည် ချောပစ်ကုန်းတိုက်တတ်သူနှင့်လည်းကောင်း၊ အမျက်ထွက်လေ့ရှိသူနှင့်လည်းကောင်း၊ ဝန်တိုသူနှင့်လည်းကောင်း၊ (သတ္တဝါတို့) ပျက်စီးခြင်းကို လိုလားနှစ်သက်သူနှင့်လည်းကောင်း ပေါင်းဖော်ခြင်းကို မပြုရာ။ သူယုတ်မာနှင့် ပေါင်းဖော်ရခြင်းသည် ယုတ် မာ၏၊

֍ ၁၀၁၈။ ပညာရှိသူသည် (ကံ, ကံ၏ အကျိုးကို) ယုံကြည်မှု 'သဒ္ဓါ' ရှိသူနှင့်လည်းကောင်း၊ သီလကိုချစ်မြတ်နိုးသူနှင့်လည်းကောင်း၊ ဉာဏ်ပညာပြည့်စုံသူနှင့်လည်းကောင်း၊ အကြားအမြင်များသူနှင့်လည်းကောင်း ပေါင်းဖော်ခြင်းကို ပြုရာ၏၊ ပညာရှိသူတော်ကောင်းနှင့် ပေါင်းဖော်ရခြင်းသည် ကောင်းမြတ်လှ၏၊

֍ ၁၀၁၉။ အဆန်းတကြယ် ပြုအပ်သော၊ အိုင်းအမာတို့၏ စုဝေးတည်နေရာဖြစ်သော၊ (သုံးရာသောအရိုးတို့ဖြင့်) စိုက်ထူ၍ ထားအပ်သော၊ အမြဲနာကျင်သော၊ (လူမိုက်တို့) အထူးထူးအထွေထွေကြံစည်အပ်သော ခန္ဓာကိုယ် 'အတ္တဘော' ကို ရှုပါလော့၊ ယင်းခန္ဓာကိုယ် 'အတ္တဘော'၏ခိုင်မြဲတည်တံ့သော အဖြစ်သည် မရှိချေ။

֍ ၁၀၂၀။ ကျောက်သံပတ္တမြားဖြင့်လည်းကောင်း၊ ပုတီးနားတောင်းဖြင့်လည်းကောင်း၊ အဆန်းတကြယ်ပြုပြင်အပ်သော ခန္ဓာကိုယ်ကြီးကိုလည်းကောင်း၊ (စိုသော) အရေဖြင့် မြှေး ယှက်ဖုံးလွှမ်းအပ်သော အရိုးစုဖြစ်သော ရုပ်ကိုယ်ကြီးကိုလည်းကောင်း ရှုပါလော့။ (ယင်းခန္ဓာ ကိုယ်သည်) အဝတ်တို့နှင့်တကွ့ (ဖုံးလွှမ်းမှသာ) တင့်တယ်နိုင်၏၊

֍ ၁၀၂၁။ ချိပ်ရည်ဖြင့် ဆိုးအပ်သော ခြေတို့သည်လည်းကောင်း၊ မျက်နှာချေမှုန့်ဖြင့် လိမ်း အပ်သော မျက်နှာသည်လည်းကောင်း အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါ စွမ်းနိုင်၏၊ (နိဗ္ဗာန်ဟူသော) တစ်ဖက်ကမ်းကို ရှာမှီးလေ့ရှိသော သူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

֍ ၁၀၂၂။ ရှစ်စုခွဲ၍ ပြု ပြင်အပ်သော ဆံပင်တို့သည်လည်းကောင်း၊ မျက်ကွင်းဆေးတို့ဖြင့်လိမ်းခြယ်အပ်ကုန်သော မျက်စိတို့သည်လည်းကောင်း အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါစွမ်းနိုင်ကုန်၏၊ (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်ကို ရှာမှီးလေ့ရှိသော သူအား (တွေဝေစေခြင်း ငှါ) မစွမ်းနိုင်။

֍ ၁၀၂၃။ 'အသစ်ဖြစ်၍ ဆန်းကြယ်သော မျက်ကွင်းဆေးကျည်တောက်ကဲ့သို့' တန်ဆာ ဆင်အပ်သော အကောင်ပုပ်သည် အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါ စွမ်းနိုင်၏၊ (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်ကိုရှာမှီးလေ့ရှိသော သူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

֍ ၁၀၂၄။ များသော အကြားအမြင်ရှိသော၊ ဆန်းကြယ်သော တရားစကားကို ဟောတတ် သော၊ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော၊ ဂေါတမအနွယ်ဖြစ်သော အသျှင်အာနန္ဒာ သည် ချအပ်သော ခန္ဓာဝန်ရှိသည်ဖြစ်၍ (သြဃလေးပါးနှင့်) မယှဉ်မူ၍ အိပ်ခြင်းကို ပြု၏၊

֍ ၁၀၂၅။ အာသဝေါကုန်ပြီးသော၊ (သြဃလေးပါးနှင့်) မယှဉ်သော၊ (ရာဂအစရှိသော) ငြိတွယ်တတ်သောတရားကို လွန်ပြီးသော၊ (ကိလေသာပူလောင်ခြင်းမှ) ကောင်းစွာ ငြိမ်းပြီး သော (အာနန္ဒာသည်) ပဋိသန္ဓေနေခြင်း, သေခြင်းတို့၏ ကမ်းတစ်ဖက် (နိဗ္ဗာန်) သို့ ရောက် သည်ဖြစ်၍ အဆုံးစွန်သောခန္ဓာကိုယ်ကို ဆောင်၏၊

֍ ၁၀၂၆။ အကြင်ပုဂ္ဂိုလ်ထူး၌ နေမင်းအဆွေ ဖြစ်တော်မူသော မြတ်စွာဘုရား၏ တရားတို့ သည်တည်ကုန်၏၊ ဂေါတမအနွယ်ဖြစ်သော ထိုအသျှင်အာနန္ဒာသည် (သဥပါဒိသေသနိဗ္ဗာန်ကိုရပြီးဖြစ်သောကြောင့် အနုပါဒိသေသ) နိဗ္ဗာန်သို့ သွားရောက်ရာ လမ်းခရီး၌ တည်၏၊

֍ ၁၀၂၇။ (ဂေါပကပုဏ္ဏား ငါသည် ) မြတ်စွာဘုရား အထံတော်မှ ရှစ်သောင်းနှစ်ထောင်ကုန် သောဓမ္မက္ခန္ဓာတို့ကို သင်ယူခဲ့၏၊ (အသျှင်သာရိပုတ္တရာအစရှိသော သာဝက) ရဟန်းတို့ထံမှ နှစ်ထောင်သောဓမ္မက္ခန္ဓာတို့ကို သင်ယူခဲ့၏၊ ရှစ်သောင်းလေးထောင် အတိုင်း အရှည်ရှိကုန် သော ယင်းတရားတို့ကို (ငါ၏နှုတ်၌) လေ့လာအပ်ကုန်၏၊

֍ ၁၀၂၈။ အကြားအမြင်နည်းပါးသော ဤယောက်ျားသည် 'နွားလားကြီးကဲ့သို့' ကြီးပွါး၏၊ ထိုသူအားအသားတို့သာ တိုးပွါးကုန်၏၊ ပညာသည်ကား မတိုးပွါး။

֍ ၁၀၂၉။ အကြားအမြင်များသော အကြင်သူသည် အကြားအမြင်နည်းသူကို အကြားအမြင် ဖြင့် မထီမဲ့မြင်ပြု၏၊ သူကန်းသည် (အမိုက်တိုက်၌) ဆီမီးအိမ်ကို ဆောင်သကဲ့သို့ ထို့အတူ (သူကန်းကဲ့သို့) ငါ၏ဉာဏ်၌ ထင်လာ၏၊

֍ ၁၀၃၀။ အကြားအမြင်များသူကို မှီဝဲဆည်းကပ်ရာ၏၊ (မှီဝဲဆည်းကပ်၍ ရအပ်သော ) အကြားအမြင်ကိုလည်း မပျောက်မပျက်စေရာ၊ ထိုအကြားအမြင်သည် (မဂ်ဟူသော) မြတ် သောအကျင့်၏ ပြဋ္ဌာန်းသော အကြောင်းအရင်း မူလဖြစ်၏၊ ထို့ကြောင့် (ရှေးဦးစွာ) ပရိယတ္တိဓမ္မကိုဆောင်ရာ၏၊

֍ ၁၀၃၁။ (တစ်ခုသော ဂါထာ၏) ရှေ့အဖို့ နောက်အဖို့ကို သိ၍လည်းကောင်း၊ အနက်ကိုသိ၍လည်းကောင်း၊ သဒ္ဒါပုဒ်တို့၌ လိမ္မာ၍လည်းကောင်း တရားကို ကောင်းစွာ သင်ယူအပ် သည်ကိုပြု၍ မှတ်ယူ၏၊ (ကြားအပ် သင်ယူအပ်သော ) တရား၏ အနက်ကိုလည်း အဖန်ဖန် ရှု၏၊

֍ ၁၀၃၂။ (စိတ်ဖြင့် အဖန်ဖန်ရှုအပ်သော ထိုတရားတို့၌) အယူကို လက်ခံကျေနပ်ခြင်းဖြင့့်အလိုဆန္ဒရှိသည်ကို ပြုအပ်၏၊ (ဝိပဿနာမှု ပြုလုပ်သူသည် နာမ်ရုပ်ကို ရှုသည်၏အစွမ်း ဖြင့်) အားထုတ်၍ (အနိစ္စ ဒုက္ခ အနတ္တဟူ၍လည်း) ထိုနာမ်ရုပ်ကို ကြည့်ရှုနှိုင်းချိန်၏၊ (ဤသို့ကြည့်ရှုနှိုင်းချိန်သော) ထိုပုဂ္ဂိုလ်သည် ကောင်းစွာ တည်ကြည်သည်ဖြစ်၍ စိတ်ကို ချီးမြှောက် သင့်သောအခါစသည်၌ (ချီးမြှောက်ခြင်းစသည်ဖြင့်) အားထုတ်၏၊

֍ ၁၀၃၃။ (ဆိုအပ်ခဲ့ပြီးသော ဂုဏ်ကျေးဇူးသည်) အကြားအမြင်များသော ပရိယတ္တိဓမ္မကို ဆောင်သောမဂ်ပညာနှင့် ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သာဝကကို (ဆည်းကပ်သော သူအားသာ ဖြစ်၏)၊ သစ္စာလေးပါးတို့၌ ပိုင်းခြားသိတတ်သော ဓမ္မဉာဏ်ကို လိုလားတောင့်တ သူသည် ထိုသို့ဆိုအပ်ပြီးသောအပြားရှိသော ထိုမိတ်ဆွေကောင်းကို မှီဝဲဆည်းကပ်ရာ၏၊

֍ ၁၀၃၄။ အကြားအမြင်များသော ပရိယတ္တိဓမ္မကို ဆောင်သည်ဖြစ်၍ မြတ်စွာဘုရား၏ (တရားတည်းဟူသော) ဘဏ္ဍာတိုက်ကို စောင့်နိုင်သော ပုဂ္ဂိုလ်သည် (နတ်နှင့်တကွသော)လောကအားလုံး၏ မျက်စိသဖွယ် ဖြစ်၏၊ (ထို့ကြောင့်) အကြားအမြင်များသော သူကို ပူဇော် ထိုက်၏၊

֍ ၁၀၃၅။ တရားလျှင် မွေ့လျော်ရာရှိသော တရား၌ မွေ့လျော်သော တရားကို အဖန်ဖန်ဆင်ခြင်သောတရားကို အဖန်ဖန်အောက်မေ့သော ရဟန်းသည် သူတော်ကောင်းတို့၏ တရားမှမဆုတ်ယုတ်။

֍ ၁၀၃၆။ အကြင်ရဟန်းသည် (ခဏတိုင်းခဏတိုင်း) အသက်အပိုင်းအခြား နည်းပါးကုန် ခန်းနေသည်ဖြစ်ပါလျက် (ရဟန်းတရားကို) အားမထုတ်ငြားအံ့၊ ခန္ဓာကိုယ်ကို မြတ်နိုးမှု၌သာ အလေးပြုနေသော (မွန်မြတ်သော အာဟာရစသည်ဖြင့်) မိမိကိုယ်၏ ချမ်းသာမှု၌ တပ်မက် နေသော ထိုရဟန်းအားရဟန်းအဖြစ်ဖြင့် ချမ်းသာစွာ နေရခြင်းသည် အဘယ်မှာ ရှိပါအံ့ နည်း။

֍ ၁၀၃၇။ အဆွေခင်ပွန်းကောင်း (အသျှင်သာရိပုတြာ) သည် အနုပါဒိသေသပရိနိဗ္ဗာန်စံလွန်တော်မူသည်ရှိသော် အရပ်မျက်နှာအားလုံးတို့သည် ငါ့အား မထင်မရှား ဝိုးဝါး ဖြစ်နေ၏၊ (ကောင်းစွာလေ့လာထားသော) ပရိယတ္တိတရားတို့သည်လည်း ငါ၏ ဉာဏ်၌ မထင်လာကုန်၊ ဤလောကအားလုံးသည် 'အမိုက်တိုက်ကဲ့သို့' ထင်၏၊

֍ ၁၀၃၈။ မြတ်စွာဘုရားတည်းဟူသော ဆရာကွယ်လွန်ခြင်းကြောင့် အဆွေခင်ပွန်းကောင်းမှကင်းကွာရသော ငါ့အား 'ကာယဂတာသတိကဲ့သို့' အကျိုးစီးပွါးကို ဆောင်တတ်သောအဆွေခင်ပွန်းကောင်း မရှိတော့ချေ။

֍ ၁၀၃၉။ (အသျှင်သာရိပုတ္တရာစသော) အဆွေခင်ပွန်းဟောင်းတို့သည် ကွယ်လွန်ကုန်ပြီ၊ ငါ၏ (စိတ်သည်) သီတင်းငယ်တို့နှင့် မညီညွတ်၊ ထိုငါသည် ယခုအခါ (မိုးကာလ၌ အသိုက် သို့ နေခြင်းငှါ) 'ကပ်သောငှက်ကဲ့သို့' တစ်ယောက်ထီးတည်းသာလျှင် စျာန်ဝင်စားရတော့အံ့။

֍ ၁၀၄၀။ (အာနန္ဒာ ငါ့အား) ဖူးမြော်ရန် လာကြကုန်သော အထူးထူးသော တိုင်းနိုင်ငံသား များစွာသောလူတို့ကို မတားမြစ်လင့်၊ (ထိုသူတို့သည်) တရားနာလိုကုန်၏၊ ငါ့အား ဖူးမြင် စေကုန်လော့၊ (ဤအခါသည် တရားဟောအံ့သော) အခါတည်း (ဟု မြတ်စွာဘုရား မိန့်တော် မူ၏)။

֍ ၁၀၄၁။ (မြတ်စွာဘုရားအား) ဖူးမြော်ရန် လာရောက်ကြကုန်သော အထူးထူးသော တိုင်းနိုင်ငံသားများစွာသော လူတို့ကို မြတ်စွာဘုရားသည် အခွင့်ပြုတော်မူ၏၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားသည် တားမြစ်တော်မမူ။

֍ ၁၀၄၂။ နှစ်ဆယ့်ငါးနှစ်တို့ပတ်လုံး သေက္ခမျှသာ ဖြစ်သေးသော ငါ့အား ကာမဂုဏ်၌ ဖြစ်သောအမှတ်သညာ မဖြစ်စဖူး၊ တရားတော်၏ ကောင်းသော တရားတော်၏ အဖြစ်ကို ရှုပါလော့။

֍ ၁၀၄၃။ နှစ်ဆယ့်ငါးနှစ်တို့ပတ်လုံး သေက္ခမျှသာ ဖြစ်သေးသော ငါ့အား ဒေါသနှင့် ယှဉ်သောအမှတ်သညာ မဖြစ်စဖူး၊ တရားတော်၏ ကောင်းသော တရား၏ အဖြစ်ကို ရှုပါလော့။

֍ ၁၀၄၄။ ငါသည် 'သွားသူနောက်သို့ အစဉ်လိုက်သော အရိပ်ကဲ့သို့ နှစ်ဆယ့်ငါးနှစ်တို့ ပတ်လုံး ကာယကံမေတ္တာဖြင့် မြတ်စွာဘုရားသို့ အစဉ်လိုက်ကာ လုပ်ကျွေးခဲ့ပါ၏၊

֍ ၁၀၄၅။ ငါသည် 'သွားသူနောက်သို့ အစဉ်လိုက်သော အရိပ်ကဲ့သို့' နှစ်ဆယ့်ငါးနှစ်တို့ ပတ်လုံး ဝစီကံမေတ္တာဖြင့် မြတ်စွာဘုရားသို့ အစဉ်လိုက်ကာ လုပ်ကျွေးခဲ့ပါ၏၊

֍ ၁၀၄၆။ ငါသည် 'သွားသူနောက်သို့ အစဉ်လိုက်သော အရိပ်ကဲ့သို့' နှစ်ဆယ့်ငါးနှစ်တို့ ပတ်လုံး မနောကံမေတ္တာဖြင့် မြတ်စွာဘုရားသို့ အစဉ်လိုက်ကာ လုပ်ကျွေးခဲ့ပါ၏၊

֍ ၁၀၄၇။ (ငါသည် ) မြတ်စွာဘုရား စင်္ကြံကြွတော်မူသည်ရှိသော် မြတ်စွာဘုရား၏ နောက် တော်ကလိုက်၍စင်္ကြံသွားခဲ့ပါ၏၊ မြတ်စွာဘုရား တရားဟောတော်မူသည်ရှိသော် ငါ့အား (တရားကို သိသောသောတာပတ္တိမဂ်) ဉာဏ် ဖြစ်ခဲ့ပါ၏၊

֍ ၁၀၄၈။ ငါသည် (အထက်မဂ်သုံးခုအလို့ငှါ) ပြုဖွယ်ကိစ္စ ရှိနေသေး၏၊ အရဟတ္တဖိုလ်သို့ မရောက်သေးမူ၍သေက္ခမျှသာ ဖြစ်နေသေး၏၊ ငါ့အား သနားစောင့်ရှောက်တော်မူသော မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည်လည်း နီးကပ်ခဲ့လေပြီတကား။

֍ ၁၀၄၉။ မွန်မြတ်သော ဂုဏ်တော်အားလုံးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူလတ်သော် ထိုအခါဝယ် (မြေငလျင်လှုပ်ခြင်း, တော်လဲခြင်းစသော) ကြောက်မက်ဖွယ်သည်ဖြစ်လေပြီတကား၊ ထိုအခါ ကြက်သီးမွေးညင်းထခြင်းသည် ဖြစ်လေ ပြီတကား။

֍ ၁၀၅၀။ အကြားအမြင်များသော ပရိယတ္တိဓမ္မကို ဆောင်နိုင်သည်ဖြစ်၍ မြတ်စွာဘုရား၏ (တရားတည်းဟူသော) ဘဏ္ဍာတိုက်ကို စောင့်နိုင်သော (နတ်နှင့်တကွသော)လောကအားလုံး၏မျက်စိသဖွယ် ဖြစ်၍ ဖြစ်သော အာနန္ဒာမထေရ်သည် ပရိနိဗ္ဗာန်ပြုတော်မူ၏၊

֍ ၁၀၅၁။ အကြားအမြင်များသော ပရိယတ္တိဓမ္မကို ဆောင်နိုင်သည်ဖြစ်၍ မြတ်စွာဘုရား၏ (တရားတည်းဟူသော) ဘဏ္ဍာတိုက်ကို စောင့်နိုင်သော (နတ်နှင့်တကွသော)လောကအားလုံး၏မျက်စိသဖွယ် ဖြစ်၍ ဖြစ်သော အာနန္ဒာမထေရ်သည် (အဝိဇ္ဇာတည်းဟူသော) အမိုက်တိုက်၌ (အဝိဇ္ဇာဟူသော) အမိုက်ကို ပယ်ဖျောက်တော်မူပေ၏၊

֍ ၁၀၅၂။ မြတ်သော သီလက္ခန္ဓစသည်ကို ရှာမှီးလေ့ရှိသော အာနန္ဒာမထေရ်သည် (အတုမရှိ သော) ဉာဏဂတိနှင့် ပြည့်စုံ၏၊ မြတ်သော သတိ၏ ရင့်ကျက်ခြင်းနှင့် ပြည့်စုံ၏၊ (သဒ္ဒါအနက် ကိုပိုင်းခြားသတ်မှတ်ခြင်းငှါ စွမ်းနိုင်သော) တည်ကြည်မှုနှင့် ပြည့်စုံ၏၊ ပရိယတ်, ပဋိပတ်, ပဋိဝေဓဟုဆိုအပ်သော သူတော်ကောင်းတရားကို ဆောင်၏၊ တရားရတနာတို့၏ တည်ရာ ဖြစ်၏၊

֍ ၁၀၅၃။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီး မြတ်စွာဘုရား ဆုံးမတော်မူသော အတိုင်း လိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌မဖြစ်ရတော့ပြီ။

ဤသို့လျှင် အာနန္ဒာမထေရ်သည် ရွတ်ဆို၏၊

တိံသနိပါတ် ပြီး၏၊

........

၁၈-စတ္တာလီသနိပါတ်

၁-မဟာကဿပတ္ထေရဂါထာ

ပိပ္ပလုလင်ဟု အမည်ရခဲ့သော သျှင်မဟာကဿပသည် တောထွက်လာစဉ်ကလည်း မြေလှုပ်ခဲ့၏၊ ဘုရားသျှင်နှင့် သင်္ကန်းလဲသောအခါလည်း မြေလှုပ်ခဲ့၏၊ ဘုရားရှင်၏ သင်္ကန်းတော်ကိုဝတ်ရုံရသော်လည်း စိတ်ထားတက်ကြွခြင်းမရှိ၊ ဘုရားရှင့်ထံ၌ ဓုတင် တစ်ဆယ့်သုံးပါးတို့ကို ဆောင်တော်မူသဖြင့် ဧတဒဂ်ရ ဖြစ်တော်မူ၏၊ ရဟန်းပြုပြီးနောက် ခုနစ်ရက်မျှသာ ပုထုဇဉ်အဖြစ်တည်၍့ရှစ်ရက်မြောက်၌ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်လေ၏၊ ထိုအရှင်မြတ်၏ ဆိတ်ငြိမ်ရာ၌မွေ့လျော်ခြင်းကို အဦးပြုသောအားဖြင့် ရဟန်း တို့အား ဆုံးမသော ဂါထာများ။

֍ ၁၀၅၄။ ပရိသတ်အပေါင်း ခြံရံလျက် မနေရာ၊ ပရိသတ်အပေါင်း အခြံအရံဖြင့် နေသည်ရှိ သော်စိတ်အနှောင့်အယှက် ရှိသည်ဖြစ်၍ အလိုဆန္ဒ အမျိုးမျိုးရှိသော လူအပေါင်းကို ချီးမြှောက်ရခြင်းသည် ဆင်းရဲ၏၊ ဤသို့ (အပြစ်ကို) မြင်၍ ဂိုဏ်းဂဏအသင်းအပင်းကို အလို မရှိရာ။

֍ ၁၀၅၅။ (ဤသာသနာတော်၌) ရဟန်းသည် (မင်းမျိုးစသော) အမျိုးတို့သို့ နီးနီးစပ်စပ် မချဉ်းကပ်ရာ၊ စိတ်အနှောင့်အယှက် ရှိသူသည် တည်ကြည်မှု 'သမာဓိ'ကို ရခဲ၏၊ မိမိ၏ ချမ်းသာကို ဆောင်ရွက်နိုင်သောအကြင်ရဟန်းသည် အရသာ၌ တပ်မက်မောသည်ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်ခြင်း၌ကြောင့်ကြစိုက်သူ ဖြစ်၏၊ ထိုရဟန်းသည် (သီလစသော) အကျိုးကို ဆိတ်သုဉ်းစေ၏၊

֍ ၁၀၅၆။ ဒါယကာတို့၏ ရှိခိုးပူဇော်မှုကို ရွှံ့ညွန်ဟူ၍လည်းကောင်း၊ သိမ်မွေ့၍ အနုတ်ခက် သောဆူးငြောင့်တံသင်းဟူ၍လည်းကောင်း ဘုရားစသော အရိယာသူတော်ကောင်းတို့ ပြော ကြားကုန်၏၊

ထိုပူဇော်သက္ကာရမျိုးကို စိတ်နေစိတ်ထား ယုတ်ညံ့သူသည် စွန့်နိုင်ခဲ၏၊

֍ ၁၀၅၇။ ငါသည် တောင်ပေါ်ကျောင်းမှ ဆင်းသက်၍ မြို့တွင်းသို့ ဆွမ်းခံ ဝင်ခဲ့၏၊ ထမင်း စားနေဆဲဖြစ်သော နူနာစွဲကပ်သူ ယောက်ျားထံသို့ လေးလေးစားစား ဆွမ်းရပ်ခဲ့ပြီ။

֍ ၁၀၅၈။ ထိုနူနာစွဲသူသည် (အရိုးခိုက်သော နူနာရောဂါရှိသည်၏ အဖြစ်ကြောင့်) ပြတ်လု နီးပါးသွေးပြည်စားထားသော လက်ဖြင့် တလုတ်စာ ဆွမ်းကို ငါ့အားလောင်းလှူလိုက်၏၊ ဆွမ်းကို (သပိတ်တွင်းသို့)လောင်းထည့်လိုက်စဉ် နူနာစွဲသူ၏ လက်ချောင်းသည်လည်း ဤ သပိတ်၌ (ဆွမ်းနှင့်အတူ) ပြတ်ကျ၏၊

֍ ၁၀၅၉။ ငါသည် အိမ်နံရံအနီးအပါး၌ ထိုင်၍ ပြတ်ကျသော လက်ချောင်းနှင့်တကွသော ဆွမ်းကို စားပြီ၊ ဆွမ်းစားဆဲ၌လည်းကောင်း၊ ဆွမ်းစားပြီး၌လည်းကောင်း ငါ့အား စက်ဆုပ် ရွံ့ရှာခြင်း မဖြစ်။

֍ ၁၀၆၀။ (သူတစ်ပါးတို့၏ အိမ်တံခါး၌) ရပ်၍ ခံယူရသော ဆွမ်းသည် (ငါ၏) စားမျို အပ်သော အာဟာရတည်း၊ နွားကျင်ငယ်ပုပ်သည်လည်း ငါသုံးဆောင်အပ်သော ဆေးတည်း၊ သစ်ပင်ရင်းသည် (ငါ၏) နေရာကျောင်းတည်း၊ မြေမှုန့်အလိမ်းလိမ်းကပ်သော (ပံ့သကူ) အဝတ် သည် (ငါ၏) သင်္ကန်းတည်း၊ အကြင်ရဟန်းသည် ထိုပစ္စည်းလေးပါးတို့ကို နှစ်နှစ်ခြိုက်ခြိုက် သုံးဆောင်၏၊ ထိုရဟန်းသည် စင်စစ်အရပ်လေးမျက်နှာ သွားလိုရာ သွားနိုင်သူ (စတုဒ္ဒိသာ) ရဟန်းမည်၏၊

֍ ၁၀၆၁။ အကြင်ပစ္ဆိမအရွယ်၌ အချို့သူတို့သည် တောင်ကို တက်ကုန်လတ်သော် ပင်ပန်းခြင်းသို့ရောက်ကုန်၏၊ ထိုပစ္ဆိမအရွယ်၌ မြတ်စွာဘုရား၏ အမွေခံဖြစ်သော ကဿပသည် ပညာအဆင်အခြင်နှင့်ပြည့်စုံကာ ထင်သော သတိရှိသည် ဖြစ်လျက် တန်ခိုးအစွမ်းဖြင့် ထောက်ပံ့ထားသည်ဖြစ်၍ (တောင်သို့) တက်နိုင်၏၊

֍ ၁၀၆၂။ ကဿပသည် ဆွမ်းခံရွာမှ ပြန်ခဲ့ပြီးသော် တောင်ပေါ်သို့ တက်၍ စွဲလန်းမှု 'ဥပါဒါန်' မရှိဘဲကြောက်မက်ဖွယ်ဘေးရန်ကို ပယ်ဖျောက်လျက် စျာန်ဝင်စားကာ နေ၏၊

֍ ၁၀၆၃။ ကဿပသည် ဆွမ်းခံရွာမှ ပြန်ခဲ့ပြီးသော် တောင်ပေါ်သို့ တက်၍ စွဲလန်းမှု 'ဥပါဒါန်' မရှိဘဲ (ရာဂမီးစသော တစ်ဆယ့်တစ်ပါးသော) မီးတို့သည် သတ္တဝါတို့ကိုလောင် မြိုက်နေကုန်စဉ်ကိလေသာအပူ မရှိသည်၏ အဖြစ်ဖြင့် ငြိမ်းသည်ဖြစ်၍ စျာန်ဝင်စားကာ နေ၏၊

֍ ၁၀၆၄။ ကဿပသည် ဆွမ်းခံရွာမှ ပြန်ခဲ့ပြီးသော် စွဲလန်းမှု 'ဥပါဒါန်' မရှိဘဲ (မဂ်) ကိစ္စကို ပြုပြီးသည်ဖြစ်၍ အာသဝေါကင်းလျက် တောင်ပေါ်သို့ တက်၍ စျာန်ဝင်စား၏၊

֍ ၁၀၆၅။ ရေခတက်ပင်အစဉ်တို့ဖြင့် ကောင်းစွာ ရောက်ကုန်သော နှလုံးမွေ့လျော်ဖွယ်မြေအဖို့လည်းရှိကုန်သော ဆင်အော်သံတို့ဖြင့်လည်း မွေ့လျော်ဖွယ်ရှိကုန်သော ထိုတောင်တို့ သည် ငါ့ကို မွေ့လျော်စေကုန်၏၊

֍ ၁၀၆၆။ မိုးတိမ်ညိုအဆင်းနှင့် တူသော နှစ်လိုဖွယ်ရှိကုန်သော၊ အေးမြသော ရေလည်းရှိကုန်သော၊ စင်ကြယ်သော မြေအဖို့ကို ဆောင်ကုန်သော၊ (သန္တာအဆင်းနှင့် တူသော နီသော အဆင်းရှိသောသိကြားကွမ်းသွေးကောင် ဣန္ဒဂုပ်ကောင်ဟု အမည်ရသော ) ပိုးပရန်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော ထိုတောင်တို့သည် ငါ့ကို မွေ့လျော်စေကုန်၏၊

֍ ၁၀၆၇။ မိုးတိမ်ညို၏ အထွတ်နှင့် တူသော အထွတ်လည်းရှိကုန်သော၊ မြတ်သောပြာသာဒ်ဆောင်နှင့်လည်း တူကုန်သော၊ ဆင်အော်သံတို့ဖြင့်လည်း မွေ့လျော်ဖွယ်ရှိကုန်သော ထိုတောင်တို့သည် ငါ့ကို မွေ့လျော်စေကုန်၏၊

֍ ၁၀၆၈။ မိုးရွာခြင်းကြောင့် (မြူစသည်ကင်းသဖြင့်) မွေ့လျော်ဖွယ်သော အပြင်ရှိကုန်သော၊ ရသေ့ရဟန်းတို့ မှီဝဲအပ်ကုန်သော၊ ဥဒေါင်းတွန်သံတို့ဖြင့် ပဲ့တင်ထပ်ကုန်သော ထိုတောင်တို့ သည် ငါ့ကိုမွေ့လျော်စေကုန်၏၊

֍ ၁၀၆၉။ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ စျာန်ဝင်စားလိုသော သတိရှိ သော ငါ့အား (ထိုတောင်တို့သည် ချမ်းသာစွာ နေခြင်းငှါ) လျောက်ပတ်၏၊ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ ကိလေသာကို ဖျက်ဆီးပြီးသော အကျိုးကို အလိုရှိသော ငါ့အား (ထိုတောင်တို့သည် ချမ်းသာစွာနေခြင်းငှါ) လျောက်ပတ်၏၊

֍ ၁၀၇၀။ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ ကိလေသာကို ဖျက်ဆီးပြီးသော၊ ချမ်းသာစွာနေခြင်းကို အလိုရှိသော ငါ့အား (ထိုတောင်တို့သည် ချမ်းသာစွာ နေခြင်းငှါ) လျောက်ပတ်၏၊ (ကမ္မဋ္ဌာန်းကို ပွါးစေခြင်၌) အားထုတ်လိုသော နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ ဣဋ္ဌာရုံအနိဋ္ဌာရုံစသည်တို့၌ တုန်လှုပ်ခြင်း မရှိသော ကျေးဇူးနှင့် ပြည့်စုံ သော ငါ့အား (ထိုတောင်တို့သည် မွေ့လျော်ခြင်းငှါ) လျောက်ပတ်၏၊

֍ ၁၀၇၁။ အောင်မဲညိုပွင့်နှင့် တူသည်ဖြစ်၍ မိုးတိမ်ပြာတို့ ဖုံးလွှမ်းအပ်သည်ဖြစ်၍ (တန်ဆောင်မုန်းလ) ကောင်းကင်နှင့်တူသော အမျိုးမျိုးသော ငှက်အပေါင်းတို့ဖြင့် ပြွမ်းကုန် သော ထိုတောင်တို့သည် ငါ့ကိုမွေ့လျော်စေကုန်၏၊

֍ ၁၀၇၂။ လူတို့နှင့်လည်း မရောပြွမ်းကုန်သော၊ သားကောင်အပေါင်းတို့ မှီဝဲရာလည်း ဖြစ်ကုန်သော၊ အမျိုးမျိုးသော ငှက်အပေါင်းတို့ဖြင့် ပြွမ်းကုန်သော ထိုတောင်တို့သည် ငါ့ကို မွေ့လျော်စေကုန်၏၊

֍ ၁၀၇၃။ ကြည်လင်သော ရေရှိကုန်သော၊ ကျယ်ပြန့်၍ နူးညံ့သည့် ကျောက်ရှိကုန်သော၊ မျောက်, ချေ (ဂျီ), သမင်စသော သားကောင်တို့ဖြင့် ရောပြွမ်းကုန်သော၊ (ထိုထိုအရပ်၌) ရေမှော်တို့ဖြင့်ဖုံးလွှမ်းအပ်ကုန်သော ထိုတောင်တို့သည် ငါ့ကို မွေ့လျော်စေကုန်၏၊

֍ ၁၀၇၄။ တည်ကြည်သော စိတ်ရှိ၍ ခန္ဓာတို့၏ သဘောတရားကို ရှုသော ယောဂါဝစရ ပုဂ္ဂိုလ်အားတရား၌ မွေ့လျော်မှုဖြစ်သကဲ့သို့ အင်္ဂါငါးပါးနှင့် ပြည့်စုံသော တူရိယာဖြင့် ကာမဂုဏ်ငါးပါးခံစားသောသူအား ထိုသို့သဘောရှိသော မွေ့လျော်မှုမျိုး မဖြစ်နိုင်။

֍ ၁၀၇၅။ (ရဟန်းတရား အားထုတ်မှု၏ ဘေးရန်ဖြစ်သော) အမှုကြီးငယ် အသွယ်သွယ်ကို မပြုရာ၊ ကလျာဏမိတ္တမဟုတ်သူကို ရှောင်ကြဉ်ရာ၏၊ လူဒါယကာတို့အတွက် ကြောင့်ကြ မစိုက်ရာ၊ မိမိချမ်းသာကို ဆောင်ရွက်နိုင်သော အကြင်ရဟန်းသည် အရသာ၌ တပ်မက်မော သည်ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်ခြင်း၌ ကြောင့်ကြစိုက်သူ ဖြစ်၏၊ ထိုရဟန်းသည် သီလစသော အကျိုးကိုဆိတ်သုဉ်းစေ၏၊

֍ ၁၀၇၆။ (ရဟန်းတရား အားထုတ်မှု၏ ဘေးရန်ဖြစ်သော) အမှုကြီးငယ် အသွယ်သွယ်ကို မပြုရာ၊ မိမိအကျိုးကို မဆောင်နိုင်သော ဤအမှုကြီးငယ်ပြုခြင်းစသည်ကို ရှောင်ကြဉ်ရာ၏၊ (အမှုသစ်ကို ဆောင်ရွက်ရသော ပုဂ္ဂိုလ်၏) ကိုယ်သည် ငြိုငြင်ဆင်းရဲရ၏၊ ပင်ပန်းရ၏၊ ငြိုငြင်ပင်ပန်းသောထိုပုဂ္ဂိုလ်သည် စိတ်တည်ကြည်ခြင်းကို မရနိုင်။

֍ ၁၀၇၇။ နှုတ်ခမ်းလှုပ်၍ ရွတ်ဖတ်သရဇ္ဈာယ်ကာမျှဖြင့်လည်း မိမိ၏ အကျိုးကို မသိမမြင်၊ (ဦးခေါင်းမော့ကာ) ခိုင်မာသော လည်ပင်းရှိသည်ဖြစ်၍ လှည့်လည်သွားလာလျက် ငါသည် သာ လျှင်မြတ်၏ဟု အောက်မေ့မှတ်ထင်၏၊

֍ ၁၀၇၈။ မသိမလိမ္မာသူသည် မမြင့်မြတ်သူ ဖြစ်ပါလျက် မြင့်မြတ်သူနှင့် ထပ်တူပြု၍ မိမိ ကိုယ်ကိုအောက်မေ့မှတ်ထင်၏၊ ထိုသို့သဘောရှိသော ခက်မာတောင့်တင်းသော စိတ်ရှိသူကို ပညာရှိတို့မချီးမွမ်းကုန်။

֍ ၁၀၇၉။ အကြင်ပညာရှိသည်ကား ငါသည် မြင့်မြတ်သူဟူ၍လည်းကောင်း၊ ငါသည် မြင့်မြတ်သူမဟုတ်ယုတ်ညံ့သူဟူ၍လည်းကောင်း၊ ငါသည် ထိုမြင့်မြတ်သူနှင့် တူသူဟူ၍လည်းကောင်း မာန်ကိုးပါးတို့တွင်တစ်ခုခုသော မာန်ကြောင့် မတုန်လှုပ်။

֍ ၁၀၈၀။ (အရဟတ္တဖိုလ်ပညာ၏ အစွမ်းဖြင့်) ပညာရှိသော ထိုမှတစ်ပါး ဣဋ္ဌာရုံစသည် တို့၌ သည်းခံခြင်းတာဒိဂုဏ်နှင့် ပြည့်စုံသော သီလတို့၌ ကောင်းစွာ တည်သော စိတ်၏ တည်ကြည်မှုနှင့် ယှဉ်သောထိုပုဂ္ဂိုလ်ကို ပညာရှိတို့ ချီးမွမ်းကုန်၏၊

֍ ၁၀၈၁။ အကြင် သူသည် သီတင်းသုံးဖော်တို့အပေါ်၌ ရိုသေလေးမြတ်မှု မရှိ၊ မြေကြီး သည်ကောင်းကင်မှ ဝေးသကဲ့သို့ ထိုသူသည် သူတော်ကောင်းတရားမှ ဝေး၏၊

֍ ၁၀၈၂။ အကြင်ပုဂ္ဂိုလ်တို့အား အခါခပ်သိမ်း (မကောင်းမှုမှ) ရှက်ခြင်း'ဟိရီ' ကြောက်ခြင်း 'သြတ္တပ္ပ'သည်ကောင်းစွာ တည်၏၊ ထိုပုဂ္ဂိုလ်အား စည်ပင်သော အကျင့်မြတ်ရှိကုန်သည်ဖြစ်၍ ဘဝသစ်၌ဖြစ်ခြင်းကုန်ပြီ။

֍ ၁၀၈၃။ အကြင်ရဟန်းသည် ပံ့သကူသင်္ကန်းကို ဝတ်ရုံလျက် တုန်လှုပ်ပျံ့လွင့်၏၊ လျှပ်ပေါ်လော်လည်၏၊ ထိုရဟန်းသည် 'ခြင်္သေ့ရေခြုံသော မျောက်ကဲ့သို့' (အရိယာတို့၏ တံခွန် ဖြစ်သော) ထိုပံ့သကူသင်္ကန်းဖြင့် မတင့်တယ်။

֍ ၁၀၈၄။ အကြင်ရဟန်းသည် (ပံ့သကူသင်္ကန်းကိုဝတ်ရုံကာ) တုန်လှုပ်ပျံ့လွင့်ခြင်း ကင်း သော စိတ်ရှိ၏၊ လျှပ်ပေါ်လော်လည်ခြင်းလည်း မရှိ၊ ရင့်ကျက်သော ပညာလည်း ရှိ၏၊ ဣန္ဒြေတို့ကို စောင့်စည်း၏၊ ထိုရဟန်းသည် 'တောင်ခေါင်းတောင်ဝှမ်း၌ အောင်းသော ခြင်္သေ့ကဲ့သို့' ပံ့သကူသင်္ကန်းဖြင့် တင့်တယ်၏၊

֍ ၁၀၈၅-၆။ တန်ခိုးကြီးကုန်သော များသော အခြံအရံရှိကုန်သော များစွာကုန်သော ထို ဗြဟ္မာတို့သည် တစ်သောင်းနှင်နှင် ရှိကုန်၏၊ ခပ်သိမ်းကုန်သော ထိုဗြဟ္မာအပေါင်းတို့သည် လုံ့လရှိ၍ မြတ်သောစျာန်ဝင်စားမှုရှိသော တည်ကြည်သော သမာဓိရှိသော တရားစစ်သူ ကြီးဖြစ်သည့် သာရိပုတ္တရာမထေရ်ကိုလက်အုပ်ချီမိုး ရှိခိုးလျက် ရပ်တည်ကုန်၏၊

֍ ၁၀၈၇။ ယောက်ျားအာဇာနည်ဖြစ်တော်မူသော အရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောက်ျားမြတ်ဖြစ်တော်မူသော အရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရားသည် အကြင်အာရုံကို အမှီပြု၍ စျာန်ဝင်စား၏၊ ထိုအရှင်ဘုရား ဝင်စားနေသော စျာန်၏ အာရုံကို အကျွန်ုပ်တို့မသိပါကုန်။

֍ ၁၀၈၈။ ဘုရားရှင်တို့၏ ကျက်စားရာ အာရုံဖြစ်၍ အလွန်နက်နဲသော ကိုယ်ပိုင်တရား တော်သည်အံ့သြဖွယ် ရှိပါပေစွတကား၊ အကျွန်ုပ်တို့သည် သားမြီးဖျားကို မှန်အောင်ပစ်နိုင် သည့်လေးသမားနှင့်တူသော ပညာရှိဖြစ်ပါကုန်လျက်လည်း ယင်းတရားတော်ကို မသိနိုင်ကြပါကုန်။

֍ ၁၀၈၉။ ထိုအခါ ပူဇော်ခြင်းငှါ ထိုက်သော ထိုအသျှင်သာရိပုတ္တရာကို နတ်ဗြဟ္မာအပေါင်း တို့သည် ယင်းသို့ ပူဇော်နေသည်ကို မြင်ရ၍ အသျှင်မဟာကပ္ပိနအား ပြုံးခြင်းသည် ဖြစ်လေ၏၊

֍ ၁၀၉၀။ (စကြဝဠာကုဋေတစ်သိန်းဟူသော) ဗုဒ္ဓခေတ်ရှိသမျှ အတွင်း၌ မြတ်စွာဘုရားကို ထား၍ဓုတင်အရာဝယ် ငါသည် ထူးချွန်၏၊ (ဓုတင်ကို ဆောင်ရာ၌) ငါနှင့် တူသူ မရှိ။

֍ ၁၀၉၁။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့် အတိုင်း လိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ် မရှိတော့ပြီ။

֍ ၁၀၉၂။ သင်္ကန်း၌ (တဏှာဟူသော) လိမ်းကျံမှု မရှိ၊ ကျောင်းအိပ်ရာနေရာ၌ (တဏှာဟူ သော) လိမ်းကျံမှု မရှိ၊ အစာဘောဇဉ်၌ (တဏှာဟူသော) လိမ်းကျံမှု မရှိ၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သောကိလေသာကင်းပြီးသော ဂေါတမအနွယ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် အညစ်အကြေးကင်းသောကြာပွင့်သည် ရေဖြင့် မလိမ်းကျံသကဲ့သို့ ထို့အတူ (တဏှာလိမ်း ကျံခြင်းစသည်ဖြင့်) လိမ်းကျံတော် မမူ၊ တဏှာမှ ထွက်ခြင်း၌ ညွတ်တော်မူသည်ဖြစ်၍ ဘဝသုံးပါးမှ ကျွတ်လွတ်တော်မူ၏၊

֍ ၁၀၉၃။ ထိုမြတ်စွာဘုရားသည် သတိပဋ္ဌာန်တည်းဟူသော လည်ပင်း ရှိတော်မူ၏၊ သဒ္ဓါတည်းဟူသောလက်ရှိတော်မူ၏၊ ပညာတည်းဟူသော ဦးခေါင်းရှိတော်မူ၏၊ မြတ်သော (သဗ္ဗညုတ) ဉာဏ်ရှိတော်မူ၏၊ အခါခပ်သိမ်း ငြိမ်းအေးခြင်းသို့ ရောက်၍ လှည့်လည် တော်မူ၏၊

ဤသို့လျှင် မဟာကဿပမထေရ်သည် ရွတ်ဆို၏၊

စတ္တာလီသနိပါတ် ပြီး၏၊

........

၁၉-ပညာသနိပါတ်

၁-တာလပုဋတ္ထေရဂါထာ

ကချေသည် ဘဝတွင် ကြီးပွါး တိုးတက်ခဲ့သော တာလပုဋ သဘင်ဆရာကြီးသည် ဘုရားရှင့်ထံရောက်သောအခါ သဘင်သည်များ အပါယ်လားရကြောင်း ဟောတော်မူသည်တွင် သံဝေဂရ သဒ္ဓါတရားဖြစ်၍ ရဟန်းပြုကာ ဝိပဿနာပွါးရာ မကြာမီ အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် ရှေးအခါက မိမိ၏ ယောနိသောမနသိကာရနှင့် ယှဉ်သောစိတ်ကို အမျိုးမျိုးခွဲခြား၍ အနီးရှိရဟန်းတို့အား သြဝါဒပေးသောအားဖြင့် ဟောကြားသော ဂါထာများ။

֍ ၁၀၉၄။ ငါသည် အဘယ်အခါ တောင်မြောင်ချောက်ကြားတိ့ု၌ တစ်ယောက်ထီးတည်း တဏာှ အဖော်မရှိဘဲ အလုံးစုံသော ဘဝကို အနိစ္စဟု ရှုလျက် နေရပါအံ့နည်း၊ ငါ့အား ထိုသို့ သော အကြံထမြောက်အောင်မြင်မှုသည် အဘယ်အခါ၌ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၀၉၅။ ငါသည် အဘယ်အခါ၌ ဆိုးရည်ဖြင့် အဆင်းကို ဖျက်၍ ဓားငယ်ဖြင့် အပိုင်းပိုင်း ဖြတ်အပ်သော သင်္ကန်းကို ဆောင်သော ဖန်ရည်စွန်းသော အဝတ်သင်္ကန်းကို ဝတ်သော မြတ်နိုးမှုမှ ကင်းသော (တစ်စုံတစ်ခုသော အာရုံ၌) တောင့်တမှုမရှိသော ရဟန်းဖြစ်၍ စွဲမက်မှု 'ရာဂ'ကိုလည်းကောင်း၊ အမျက်ထွက်မှု 'ဒေါသ'ကိုလည်းကောင်း၊ တွေဝေမှု 'မောဟ' ကိုလည်းကောင်း (အရိယမဂ်ဖြင့်) ဖြတ်တောက်ပြီးလျှင် တောအုပ်ကြီးသို့ ချဉ်းကပ်ကာ ချမ်းသာစွာ နေရပါအံ့နည်း။

֍ ၁၀၉၆။ ငါသည် အဘယ်အခါ၌ သေခြင်း နာခြင်းတို့၏ အသိုက်သဖွယ်ဖြစ်သော သေခြင်း အိုခြင်းတို့ဖြင့် နှိပ်စက်အပ်သော ဤ (ခန္ဓာ) ကိုယ်ကို အနိစ္စဟု အထူးရှုလျက် ကြောက်ရွံ့ခြင်း ကင်းကာ တော၌ တစ်ယောက်ထီးတည်း နေရပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင် မြင်မှုသည် အဘယ်အခါ၌ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၀၉၇။ ငါသည် အဘယ်အခါ၌ (နှစ်ဆယ့်ငါးပါးသော) ဘေးတို့၏ ဖြစ်ကြောင်း ဖြစ်၍ ဆင်းရဲခြင်းကိုဆောင်တတ်သော များစွာသော အာရုံ များစွာသော ဘဝသို့ အစဉ်လိုက် တတ်သော တဏှာဟုဆိုအပ်သော နွယ်ကို (ပညာဖြင့် ပြီးသော) ထက်လှစွာသော သန်လျက်ကို စွဲကိုင်၍ ဖြတ်တောက်ခုတ်စဉ်းကာ နေရပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၀၉၈။ ငါသည် အဘယ်အခါ၌ ထက်သော တန်ခိုးရှိသော (ဘုရား, ပစ္စေကဗုဒ္ဓါ အရိယာ သာဝက) ဣသိတို့၏ (မဂ်ပညာဟူသော) ဓားလက်နက်ကို အဆောတလျင် ဆွဲယူ၍ (ကိလေ သာ) စစ်သည်နှင့်တကွသော မာန်ကို သီဟာသနပလ္လင်ထက်၌ အလျင်အမြန် ဖျက်ဆီးရပါ အံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၀၉၉။ ငါသည် အဘယ်အခါ၌ တရားကို အလေးပြုကုန်သော , တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော , မဖောက်မပြန် မြင်စွမ်းနိုင်ကုန်သော ဣန္ဒြေတို့ကို အောင်ပြီးကုန်သော ဘုရားအစ ရှိသောသူတော်ကောင်းတို့ အစုအဝေးတို့၌ တရားအားထုတ်ကာ တွေ့မြင်ရသူ ဖြစ်ပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၁၀၀။ ပျင်းရိခြင်းသည်လည်းကောင်း၊ ဆာလောင်ခြင်းသည်လည်းကောင်း၊ ရေမွတ်သိပ်ခြင်းသည်လည်းကောင်း၊ လေ, နေပူ, တံလျှပ်တို့သည်လည်းကောင်း၊ ပေါက်ဖတ်, ကင်း, သန်းတို့သည်လည်းကောင်း တောင်မြောင်ချောက်ကြား၌ အကျိုးစီးပွါးကို အလိုရှိသည်ဖြစ်၍ နေသော ငါ့ကို အဘယ်အခါ မနှိပ်စက်နိုင်ပါလတ္တံ့နည်း။ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၁၀၁။ ငါသည် အဘယ်အခါ ကောင်းစွာ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ သတိနှင့် ပြည့်စုံလျက် မြတ်စွာဘုရားသည် သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်သော မြင်နိုင်ခဲသော သစ္စာလေးပါးတို့ကို အရိယမဂ်ပညာဖြင့် ထိုးထွင်း၍ သိရပါလတ္တံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၁၀၂။ ငါသည် အဘယ်အခါ စျာန်, ဝိပဿနာ, မဂ်သမာဓိနှင့် ပြည့်စုံလျက် ဉာဏ်ဖြင့်မပိုင်းခြားနိုင်သော ရူပါရုံတို့ကိုလည်းကောင်း၊ သဒ္ဒါရုံတို့ကိုလည်းကောင်း၊ ဂန္ဓာရုံတို့ကိုလည်းကောင်း၊ ရသာရုံတို့ကိုလည်းကောင်း၊ ဖောဋ္ဌဗ္ဗာရုံတို့ကိုလည်းကောင်း၊ ဓမ္မာရုံတို့ကိုလည်းကောင်း (မီးတစ်ဆယ့်တစ်ပါးတို့ဖြင့်) တောက်လောင်နေ၏ဟူ၍ ဝိပဿနာပညာနှင့်တကွသော မဂ်ပညာဖြင့်ရှုမြင်နိုင်ပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၁၀၃။ ငါသည် အဘယ်အခါ၌ ရင့်သီးသော စကားဖြင့် (ထိခိုက်ချုပ်ချယ်၍) ပြောဆိုခံရ သော် ထိုပြောဆိုခြင်းဟူသော အကြောင်းကြောင့် စိတ်အနှောင့်အယှက်ရှိသူ မဖြစ်ဘဲ ရှိပါအံ့ နည်း၊ ထို့ပြင် တစ်စုံတစ်ယောက်သောသူက ချီးမွမ်းအပ်သော်လည်း ထိုချီးမွမ်းခြင်းဟူသော အကြောင်းကြောင့် နှစ်လိုဝမ်းမြောက်သူ မဖြစ်ဘဲ ရှိပါအံ့နည်း၊ ထိုအကြံအစည် ထမြောက် အောင်မြင်မှုသည် အဘယ်အခါဖြစ်ပါလတ္တံ့နည်း။

֍ ၁၁၀၄။ ငါသည် အဘယ်အခါ၌ ထင်းတုံးတို့ကိုလည်းကောင်း၊ မြက်စည်းတို့ကို လည်းကောင်း၊ နွယ်ပင်တို့ကိုလည်းကောင်း၊ (ငါ၏ သန္တာန်၌ အကျုံးဝင်ကုန်သော ) ဤခန္ဓာငါးပါး တို့ကိုလည်းကောင်း၊ မရေတွက်နိုင်အောင် များပြားသော အနိန္ဒြိယဗဒ္ဓရုပ်တရားတို့ကို လည်းကောင်း၊ အဇ္ဈတ္တတရားတို့ကိုလည်းကောင်း၊ ဗာဟိရတရားတို့ကိုလည်းကောင်း (အနိစ္စစသည်တို့၏ အစွမ်း အသာရ အစရှိသည်တို့၏ အစွမ်းအားဖြင့်) ထပ်တူထပ်မျှ ပြု၍ နှိုင်းချိန်နိုင်ပါအံ့နည်း။ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၁၀၅။ အဘယ်အခါ၌ တောအုပ်ကြီးအတွင်းဝယ် မိုးတွင်းအခါ ရွာသွန်းသော မိုးကြီးသည် ဘုရားအစရှိသော သူတော်ကောင်းတို့ သွားလာရာ သမထဝိပဿနာလမ်းခရီး၌ သွားလာလှည့်လည်နေသော ငါ့ကို သင်္ကန်းနှင့်တကွ မိုးရေဖြင့် စိုစွတ်စေလတ္တံ့နည်း၊ ထိုအကြံ အစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၁၀၆။ ငါသည် အဘယ်အခါ၌ တောအုပ်အတွင်း တောင်မြောင်ချောက်ကြားဝယ် ဦးစွန်းအမောက်ရှိသော ဥဒေါင်းငှက်တွန်သံကို ကြားရသော် (အခါကို မှတ်၍) အိပ်ရာမှ ထလျက် နိဗ္ဗာန်ကိုရခြင်းငှါ (အနိစ္စ အစရှိသောအားဖြင့်) ကြံစည်နှလုံးသွင်းရပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၁၀၇။ ငါသည် အဘယ်အခါ၌ ဂင်္ဂါမြစ်သို့လည်းကောင်း၊ ယမုံနာမြစ်သို့လည်းကောင်း၊ သရဿတိမြစ်သို့လည်းကောင်း၊ ကြောက်မက်ဖွယ်ကောင်းသော သမုဒ္ဒရာအတွင်း နက်ရှိုင်းစွာ တည်သော ဝဲသို့လည်းကောင်း၊ မဟာသမုဒ္ဒရာ၌ ကြီးစွာလည်သော ဗလဝါမုခဝဲအဝတွင်း သို့လည်းကောင်း တန်ခိုးဖြင့် မငြိမတွယ်ဘဲ ဆင်းနိုင်ရပါအံ့နည်း။ ထိုအကြံအစည် ထမြောက် အောင်မြင်မှုသည် အဘယအ် ခါ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၁၀၈။ ဆင်ပြောင်ကြီးသည် မငြိမကပ်မူ၍ သွားလာလှည့်လည်သကဲ့သို့ ထို့အတူ ငါသည် အဘယ်အခါ၌ တင့်တယ်၏ဟု နှလုံးသွင်းသော သုဘနိမိတ်အားလုံးကို အကြွင်းမဲ့ ရှောင်ကြဉ် သည်ဖြစ်၍ စျာန်၌အားထုတ်ကာ ကာမဂုဏ်တို့၌ အလိုဆန္ဒကို ဖောက်ခွဲဖျက်ဆီးရပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်နိုင်ပါအံ့နည်း။

֍ ၁၁၀၉။ ကြွေးမြီရှင်တို့က နှိပ်စက်အပ်သည်ဖြစ်၍ ကြွေးမြီ အနှိပ်စက်ခံနေရသော သူဆင်းရဲသည် ရွှေအိုးကို ရသဖြင့် (တင်သောကြွေးကို ပေးဆပ်၍) နှစ်သက်ခြင်း ဖြစ်သကဲ့သို့ ထို့အတူ ကာမစ္ဆန္ဒကြွေးမြီဖြင့် အနှိပ်စက်ခံနေရသော ငါသည် အဘယ်အခါ မြတ်စွာဘုရား၏ (ရွှေအိုးနှင့်တူသော) သာသနာကို (လက်ဆုပ်လက်ကိုင်) ရရှိ၍ နှစ်သက်ခြင်း ဖြစ်ရပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

֍ ၁၁၁၀။ ဟယ်စိတ် အိမ်၌ နေခြင်းဖြင့် သင့်အား အကျိုးမရှိဟူသော ဤစကားဖြင့် သင်သည် နှစ်ပေါင်းများစွာတို့ပတ်လုံး ငါ့ကို တောင်းပန်တိုက်တွန်းဘိ၏၊ ယခုအခါ သင်တောင်းပန် တိုက်တွန်းချက်အရ ရဟန်းပြုပြီးသည် ဖြစ်ပါလျက် သင်စိတ်သည် အဘယ်ကြောင့် တရား အားမထုတ်ဘိသနည်း။

֍ ၁၁၁၁။ မိုးချုန်းသံကြောင့် တွန်ကျူးကြွေးကြော်လေ့ရှိကြကုန်သော ဆန်းကြယ်သော အတောင်ရှိကုန်သော ဥဒေါင်းငှက် စသော ထိုငှက်အပေါင်းတို့သည် တောင်တို့ခြံရံသော တော၌ စျာန်ဝင်စားသော သင့်ကို မွေ့လျော်စေပါကုန်လတ္တံ့ (ဟု သင်သည် ငါ့ကို တောင်းပန်ခဲ့သည် မဟုတ်ပါလော)၊ (ဟယ်စိတ် ယခုအခါတောင်းပန်သည်နှင့် လျော်ညီစွာ အဘယ်ကြောင့် မကျင့်ပါသနည်း)။

֍ ၁၁၁၂။လောကဝယ် မျိုးရိုးဇာတ်အတွင်း၌ အဆွေခင်ပွန်းကောင်းတို့ကိုလည်းကောင်း၊ ချစ်ခင်မြတ်နိုးအပ်သော သားမယားတကိ့ု လို ည်း ကောင်း၊ အဆေအွ မျိုး တကိ့ုိုလည်းကောင်း၊ ရငွှ်မြူးမွေ့လျော်ခံစားအပ်သော ကာမဂုဏ်ကိုလည်းကောင်း (ဆိုအပ်ပြီး) အလုံးစုံကို စွန့်လွှတ် ပယ်ရှား၍ ဤတောအရပ်သို့ ကပ်ရောက်ခဲ့၏၊ ယင်းသို့ ဖြစ်ပါလျက် သင့်အလိုသို့ လိုက်၍ တည်သော ငါ့ကိုအဘယ်ကြောင့် နှစ်သက်အောင် မပြုဘိသနည်း။

֍ ၁၁၁၃။ ထိုစိတ်သည် ငါ၏ စိတ်သာလျှင် ဖြစ်ခဲ့၏၊ သူတစ်ပါးတို့၏ စိတ် မဟုတ်၊ ဟယ် စိတ်သင်သည်မူကား (သူတစ်ပါးတို့၏ စိတ်ကဲ့သို့ပြု၍) ဘာဝနာဖြင့် ဖွဲ့ချည်သောအခါ ငိုကြွေးမြည်တမ်းဘိ၏၊ ထိုသို့ ငိုကြွေးခြင်းဖြင့် အဘယ်အကျိုး ရှိပါအံ့နည်း။ ဤစိတ်သည်လည်းကောင်း၊ တေဘူမကသင်္ခါရတရားအားလုံးသည်လည်းကောင်း အမြဲမတည် တုန်လှုပ်သော တရားမည်၏၊ ဤသို့ (ပညာမျက်စိဖြင့်) ရှုသည်ဖြစ်၍ သေခြင်းကင်းရာ နိဗ္ဗာန်ကိုသာလျှင် ရှာမှီးလျက် ကာမဂုဏ်တို့မှ ငါထွက်မြောက်ခဲ့ပြီ။

֍ ၁၁၁၄။ ရာဂမကင်းသဖြင့် အလွန်တားမြစ်နိုင်ခဲသော တုန်လှုပ်သော စိတ်သည် တော မျောက်နှင့်တူ၏ဟူ၍ အသင့်ယုတ္တိရှိသော စကားကို ကောင်းစွာ ဆိုတော်မူတတ်သော, အခြေ နှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်တော်မူသော, မြတ်သော ဆေးသမားသဖွယ် ဖြစ် တော်မူသော, လူနတ်တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏၊

֍ ၁၁၁၅။ ကာမတို့သည် ဆန်းကြယ်ကုန်၏၊ သာယာဖွယ်ဖြစ်ကုန်၏၊ နှလုံးမွေ့လျော်ဖွယ် ဖြစ်ကုန်၏၊ ပညာမဲ့ကုန်သော ထိုဗာလပုထုဇဉ်တို့သည် ယင်းကာမတို့၌ ကပ်မှီတွယ်တာကုန် သည်ဖြစ်၍ ဘဝသစ်၌ တစ်ဖန်ဖြစ်မှုကို ရှာမှီးကုန်လျက် ဆင်းရဲဒုက္ခကို လိုလားကြကုန်၏၊ ယင်းသို့ လိုလားသူ ဗာလပုထုဇဉ်တို့သည် မိမိစိတ်သည်ပင် ငရဲသို့ ဆောင်အပ်ကုန်သည်ဖြစ်၍ (ချမ်းသာသုခမှ) ကင်းကွာကြကုန်၏၊

֍ ၁၁၁၆။ ဥဒေါင်း ကြိုးကြာတို့ တွန်ကျူးရာဖြစ်သော တော၌ သစ်ကျားတို့ဖြင့် ခြံရံအပ် သည်ဖြစ်၍ နေသော သင်သည် ခန္ဓာကိုယ်၌ ငဲ့ကွက်မှုကို စွန့်လော့၊ ဟယ်စိတ် ဤ (ဗုဒ္ဓုပ္ပါဒနဝမခဏကို) မလွဲချော်ပါစေလင့်၊ ဟယ်စိတ်

ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်းခဲ့ဖူး၏၊

֍ ၁၁၁၇။ စျာန်တို့ကိုလည်းကောင်း၊ ဣန္ဒြေတို့ကိုလည်းကောင်း၊ ဗိုလ်တို့ကိုလည်းကောင်း၊ ဗောဇ္ဈင် သမာဓိ ဘာဝနာကိုလည်းကောင်း ပွါးများပါလေလော့။ မြတ်စွာဘုရားသာသနာတော်၌ ဝိဇ္ဇာသုံးပါးတို့သို့ ရောက်ပါလေလော့၊ ဟယ်စိတ် ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်းခဲ့ဖူး၏၊

֍ ၁၁၁၈။ အမြိုက်နိဗ္ဗာန်သို့ ရောက်ခြင်း၏ အကြောင်းဖြစ်သော, (ဝဋ်ဆင်းရဲမှ) ထွက်မြောက်စေတတ်သော, ခပ်သိမ်းသော ဝဋ်ဆင်းရဲတို့၏ကုန်ရာ (နိဗ္ဗာန်) လျှင် အာရုံရှိသော, ကိလေသာ အညစ်အကြေးအားလုံးကို သုတ်သင်တတ်သော, အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ပွါးများပါလေလော့၊ ဟယ်စိတ် ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်း ခဲ့ဖူး၏၊

֍ ၁၁၁၉။ သင့်သောအကြောင်းအားဖြင့် ဥပါဒါနက္ခန္ဓာတို့ကို ဒုက္ခဟူ၍ ရှုလော့၊ အကြင် တရားကြောင့် ဒုက္ခသည် ဖြစ်ပေါ်၏၊ ထိုဒုက္ခဖြစ်ပေါ်ကြောင်းတရားကို စွန့်လေလော့၊ ဤ အတ္တဘော၌သာလျှင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုလော့၊ ဟယ်စိတ် ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်းခဲ့ဖူး၏၊

֍ ၁၁၂၀။ သင့်သောအကြောင်းအားဖြင့် (ဥပါဒါနက္ခန္ဓာတို့ကို) အနိစ္စဟူ၍လည်းကောင်း၊ ဒုက္ခဟူ၍လည်းကောင်း၊ (အတ္တမှ) ဆိတ်သုဉ်း၏ဟူ၍လည်းကောင်း၊ အနှစ်သာရမှ ကင်း၏ဟူ၍လည်းကောင်း၊ ဆင်းရဲဟူ၍လည်းကောင်း၊ သူသတ်နှင့် တူ၏ဟူ၍လည်းကောင်း ရှုလေလော့။ စိတ်၏ လေ့လာကျက်စားရာ ကာမဂုဏ်ကို မှီသော ဝမ်းမြောက်မှု၌ စိတ်ကို တားမြစ်ပိတ်ပင်လေလော့၊ ဟယ်စိတ် ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော် တိုက်တွန်းခဲ့ဖူး၏၊

֍ ၁၁၂၁။ ဦးပြည်းခေါင်းတုံးရိတ်ပြီးလျှင် ဖောက်ပြန်သော အဆင်းရှိသည်ဖြစ်၍ သပိတ် လက်စွဲလျက် ဒါယကာအိမ်တို့၌ ဆွမ်းကို ရှာမှီးလေလော့၊ မြတ်သော သီလကျေးဇူးစသည်ကို ရှာတော်မူပြီးသော မြတ်စွာဘုရား၏ စကားတော်၌ အားထုတ်လော့၊ ဟယ်စိတ် ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်းခဲ့ဖူး၏၊

֍ ၁၁၂၂။ သင်သည် (ကိုယ်နှုတ်စိတ်တို့ကို) ကောင်းစွာ စောင့်စည်းခြင်းသဘောရှိသည်ဖြစ်၍ ဆွမ်းခံရန် လမ်းကြိုလမ်းကြား၌ ကြွသွားသည်ရှိသော် အညစ်အကြေးကင်းသော လပြည့်နေ့ည လပြည့်ဝန်းကဲ့သို့ ဒါယကာ ဒါယိကာမတို့အပေါ်၌လည်းကောင်း၊ ကာမဂုဏ်တို့၌လည်းကောင်း ကပ်ငြိသော စိတ်မရှိဘဲ လှည့်လည်သွားလာလေလော့။

ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်းခဲ့ဖူး၏၊

֍ ၁၁၂၃။ သင်သည် အရညကင်ဓူတင် ဆောက်တည်သူ ဖြစ်ပါလော့။ ပိဏ္ဍပါတ်ဓူတင် ဆောက်တည်သူဖြစ်ပါလော့၊ သုသာန်ဓူတင် ဆောက်တည်သူ ဖြစ်ပါလော့၊ ပံ့သကူဓူတင် ဆောက်တည်သူ ဖြစ်ပါလော့၊ နိသဇ်ဓူတင် ဆောက်တည်သူ ဖြစ်ပါလော့၊ ဓူတင်၌ အခါခပ်သိမ်း မွေ့လျော်သူ ဖြစ်ပါလော့။ ဟယ်စိတ် ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော် တိုက်တွန်းခဲ့ဖူး၏၊

֍ ၁၁၂၄။ အသီးတို့ကို အလိုရှိသော ယောကျ်ားသည် သစ်ပင်တို့ကို စိုက်ပျိုးပြီး၍ (အသီး မရှိလတ်သော်) ထိုသစ်ပင်ကို အမြစ်မှ ဖြတ်ခြင်းငှာ အလိုရှိသကဲ့သို့ သင်အလိုရှိဘိ၏၊ ဟယ် စိတ် ဤဥပမာနှင့် တူသောဤအမှုကို သင် ပြုဘိ၏၊ အမြဲမရှိသော တုန်လှုပ်ခြင်းရှိသော သံသရာ၌ ငါ့ကို တိုက်တွန်းဘိ၏၊

֍ ၁၁၂၅။ အဆင်းရုပ်မရှိသော အဝေးသို့ သွားတတ်သော တစ်ခုတည်းသာ ဖြစ်လေ့ရှိသော ဟယ်စိတ် (မြတ်စွာဘုရား အဆုံးအမကို ရသော ) ယခုအခါ၌ ငါသည် သင်၏ စကားကို မလိုက်နာတော့အံ့၊ ကာမတို့သည် (ရှေးအတိတ်ကလည်း) ဆင်းရဲသော သဘောရှိကုန်၏၊ (နောင်အခါလည်း) စပ်ခါးသော အကျိုးရှိကုန်၏၊ (အတ္တာနုဝါဒဘေးစသော) များသော ဘေး ရန်ရှိကုန်၏၊ (ထို့ကြောင့်) နိဗ္ဗာန်ကိုသာလျှင် ရှေးရှုသော စိတ်ရှိသည်ဖြစ်၍ လှည့်လည် သွားလာနေတော့အံ့။

֍ ၁၁၂၆။ ငါသည် ကျက်သရေ မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အရှက်မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း အိမ်မှ ထွက်ခဲ့သည် မဟုတ်။ စိတ်ဟူသော အကြောင်းကြောင့် အိမ်မှထွက်ခဲ့သည် မဟုတ်၊ မင်းဘေးဒဏ်ကြောင့် အိမ်မှ ထွက်ခဲ့သည် မဟုတ်၊ ဟယ်စိတ် (ရဟန်းပြုသောကာလမှ စ၍ သင့်အလိုကို ငါမလိုက်တော့အံ့)ဟု သင့်အား ဝန်ခံခြင်းကို ငါပြုခဲ့သည် မဟုတ်ပါလော။

֍ ၁၁၂၇။ ဘုရားစသော သူတော်ကောင်းတို့သည် (ပစ္စည်းလေးပါးတို့၌) အလိုနည်းခြင်းကို ချီးမွမ်းအပ်၏၊ သူတစ်ပါးတို့၏ ကျေးဇူးချေဖျက်ခြင်းကို ပယ်ခြင်းကို ချီးမွမ်းအပ်၏၊ ဆင်းရဲ၏ ငြိမ်းအေးရာကို ချီးမွမ်းအပ်၏၊ ဟယ်စိတ်

ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်းခဲ့ဖူး၏၊ ယခုအခါ၌မူကား သင်သည် ရှေး၌ ဖြစ်သော အလေ့အကျင့်ကို ကျင့်သုံးနေပြန်ဘိ၏၊

֍ ၁၁၂၈။ (ပစ္စည်းလေးပါးတို့၌) တပ်မက်မှု ''တဏှာ'', မသိမှု ''အဝိဇ္ဇာ'', (သားမယား စသည်တို့၌) ချစ်ခင်မှုနှင့် (ကုသိုလ်တရားတို့၌ မမွေ့လျော်ခြင်းဟူသော) မချစ်ခင်မှုကိုလည်းကောင်း၊ တင့်တယ်သောရူပါရုံတို့ကိုလည်းကောင်း၊ ဣဋ္ဌာရုံကို စွဲ၍ ဖြစ်သော သုခဝေဒနာ ကိုလည်းကောင်း၊ ချစ်မြတ်နိုးအပ်ကုန်သော (ကြွင်းသော) ကာမဂုဏ်အစုတို့ကိုလည်းကောင်း ငါ ထွေးအန်စွန့်ပစ်အပ်ကုန်ပြီ။ ထွေးအန်စွန့်ပစ်အပ်ပြီးသော တရားတို့ကို ငါသည် နောက်ထပ် အန်ထုတ်ခြင်းငှါ မစွမ်းနိုင်တော့ပြီ။

֍ ၁၁၂၉။ ဟယ်စိတ် အလုံးစုံသော ဘဝယောနိ စသည်တို့၌ သင့်စကားကို ငါ လိုက်နာ ပြုလုပ်ခဲ့မိပြီ၊ (ပြုသော်လည်း) များစွာသော ဘဝတို့၌ ငါသည် သင့်ကို အမျက် မထွက်နိုင်ခဲ့၊ အတွင်း ''အဇ္ဈတ္တ'' ၌ ကောင်းစွာ ဖြစ်သော်လည်း သင်၏ သူ့ကျေးဇူးကို မသိသည်၏ အဖြစ် ကြောင့် သင်ပြုလုပ်ဖြစ်စေအပ်သော သံသရာဆင်းရဲ၌ ကြာမြင့်စွာသော ကာလပတ်လုံး ငါ ကျင်လည်ခဲ့ရလှလေပြီ။

֍ ၁၁၃၀။ ဟယ်စိတ် သင်သည်သာလျှင် ငါတို့အား ပုဏ္ဏားဖြစ်လော့ဟူ၍လည်း ပြုစီရင်ဘိ၏၊ ခတ္တိယဇာတ် မင်းမြတ်ဖြစ်လော့ဟူ၍လည်း ပြုစီရင်ဘိ၏၊ ငါတို့သည် သင်၏ အစွမ်းကြောင့်ပင် တစ်ရံတစ်ခါ ကုန်သည်တို့သည်လည်းကောင်း၊ သူဆင်းရဲတို့သည်လည်းကောင်း ဖြစ်ကြရကုန်၏၊ တစ်ရံတစ်ခါ၌ နတ်အဖြစ်သည်လည်း ဖြစ်ကြရကုန်၏၊

֍ ၁၁၃၁။ သင်စိတ်ဟူသော အကြောင်းကြောင့်သာလျှင် (ငါတို့သည်) အသုရာ ဖြစ်ကြရကုန်၏၊ သင်ဟူသော အကြောင်းကြောင့်ပင်လျှင် ငရဲသူတို့ ဖြစ်ကြရကုန်၏၊ ထိုမှတစ်ပါး တစ်ရံတစ်ခါ သင်၏အစွမ်းကြောင့်ပင် တိရစ္ဆာန်တို့သည်လည်းကောင်း၊ ပြိတ္တာတို့သည်လည်းကောင်း ဖြစ်ကြကုန်၏၊

֍ ၁၁၃၂။ ဟယ်စိတ် အဖန်တလဲလဲ ငါ့ကို ဖျက်ဆီးခဲ့သည် မဟုတ်ပါလော၊ ယခုအခါ မပြတ်လှည့်လည်ခြင်းငှါ ထိုက်သကဲ့သို့ ပြုလျက် သူရူးသဖွယ်ဖြစ်သော ငါ့အား ဖြားယောင်း ဘိ၏၊ ဟယ်စိတ် သင်သည် ငါ့ကို အဘယ်ကြောင့် ချွတ်ယွင်းစေဘိသနည်း။

֍ ၁၁၃၃။ ဤစိတ်သည် ရှေးအခါက အလိုရှိရာ အာရုံတို့၌ အလိုရှိတိုင်းသော အခြင်းအရာ အားဖြင့် ချမ်းသာသည်အားလျော်စွာ လှည့်လည်ကျက်စားခြင်းကို ပြု၍ လှည့်လည်သွားလာခဲ့၏၊ 'ဆင်ဦးစီးသည် အမုန်ယစ်သော ဆင်ကို နှိပ်ကွပ်သကဲ့သို့' သင့်လျော်သော အကြောင်းအားဖြင့် သင့်ကို ငါနှိပ်ကွပ်တော့အံ့။

֍ ၁၁၃၄။ ငါ၏ ဆရာ မြတ်စွာဘုရားသည် ဤ (ခန္ဓာဟူသော)လောကကို အမြဲ မရှိသောအားဖြင့်လည်းကောင်း၊ အမြဲ မတည်သောအားဖြင့်လည်းကောင်း၊ အနှစ်သာရ မရှိသောအားဖြင့်လည်းကောင်း (ဉာဏ်ဖြင့်) ဆောက်တည်တော်မူ၏၊

ဟယ်စိတ် မြတ်စွာဘုရား၏ အဆုံးအမတော်၌ (အဟုတ်အမှန် သိခြင်းငှါ) ငါ့ကို ပြေးဝင်စေလော့၊ အလွန်ကူးမြောက်နိုင် ခဲသော ကြီးစွာသော သံသရာဝဲသြဃမှ ငါ့ကို ကူးမြောက်စေလော့။

֍ ၁၁၃၅။ ဟယ်စိတ် ဤအတ္တဘောဟူသော အိမ်သည် သင်၏ ရှေးအိမ်ဟောင်းကဲ့သို့ မဖြစ်၊ ငါသည် သင့်အလိုသို့ ပြန်လည် ဆုတ်နစ်ခြင်းငှါ မသင့်၊ ငါသည် မြတ်စွာဘုရား၏ သာသနာ တော်၌ ရဟန်းပြုပြီးဖြစ်၏၊ ငါကဲ့သို့သော သူတို့သည် ပျက်စီးခြင်းကို ဆောင်သူတို့ မဖြစ်နိုင် တော့ကုန်။

֍ ၁၁၃၆။ တောင်တို့သည်လည်းကောင်း၊ သမုဒ္ဒရာတို့သည်လည်းကောင်း၊ မြစ်တို့သည်လည်းကောင်း၊ မြေကြီးတို့သည်လည်းကောင်း၊ အရပ်လေးမျက်နှာတို့သည်လည်းကောင်း၊ အထောင့်အရပ်တို့သည်လည်းကောင်း၊ အောက်အရပ်သည်လည်းကောင်း၊ နတ်ပြည်လောက စသောသတ္တဝါသင်္ခါရတို့သည်လည်းကောင်း၊ ဘဝသုံးပါးတို့သည်လည်းကောင်း ဤအလုံးစုံ တို့သည် အမြဲမရှိကုန်၊ နှိပ်စက်ကုန်၏၊ ဟယ်စိတ် သင်သည် အဘယ်အရပ်သို့ သွား၍ ချမ်းသာစွာ မွေ့လျော်လတ္တံ့နည်း။

֍ ၁၁၃၇။ ဟယ်စိတ် သင်သည် လွန်စွာ တည်ကြည်သော ငါ့ကို အသို့ပြုနိုင်အံ့နည်း၊ ဟယ် စိတ် သင်၏အလိုသို့ လိုက်သူ ဖြစ်ရန် မသင့်၊ အဝနှစ်ဖက်ရှိသော (မစင်ဖြင့်ပြည့်သော) အိတ်ကို စင်စစ် (ခြေဖြင့်သော်လည်း) မထိရသကဲ့သို့ ထို့အတူ မစင်ဖြင့် ပြည့်သော အမာဝ ကိုးပေါက်တို့မှ ယိုစီးသော ကိုယ်ကို တွေ့ထိရခြင်းသည် စက်ဆုပ်ရွံရှာဖွယ် ဖြစ်ပေစွတကား။

֍ ၁၁၃၈။ တောဝက်, ဧဏီမည်သော သားတို့ သက်ဝင်မှီဝဲရာ ဖြစ်သော ပြကတေ့အားဖြင့် သာလျှင် ကောင်းသော ချိုင့်ဝှမ်းရာ အရပ်နှင့် တောင်ထွတ်တောင်ဖျား၌ ရွာသော မိုးရေအသစ် ဖြင့် သွန်းဖျန်းအပ်သော တောတောင်အတွင်းဝယ် လိုဏ်ဂူဟုဆိုအပ်သော ကျောင်းသို့ ကပ်လျက် ထိုလိုဏ်ဂူကျောင်း၌ (ဘာဝနာဖြင့်) သင် မွေ့လျော်ရလိမ့်မည်။

֍ ၁၁၃၉။ ကောင်းစွာ စိမ်းညိုသော လည်ရှိကုန်သော ကောင်းသော အမောက် (ဦးစွန်း) လည်းရှိကုန်သော ကောင်းသော အမြီးဖြန်းလည်းရှိကုန်သော ကောင်းစွာ ဖုံးအုပ်ထားသော လွန်စွာဆန်းကြယ်သည့် အတောင်လည်းရှိကုန်သော ကောင်းစွာ သာယာသော အသံအပေါင်း ဖြင့် တွန်ကျူးကြွေးကြော်လေ့လည်းရှိကုန်သော (ဥဒေါင်းအစရှိကုန်သော ) ထိုငှက်အပေါင်းတို့ သည် တော၌စျာန်ဝင်စားလေ့ရှိသော သင့်ကို မွေ့လျော်စေပါကုန်လတ္တံ့။

֍ ၁၁၄၀။ မိုးရွာသည်ဖြစ်၍ (ထိုထိုအရပ်၌) ပေါက်သော မြက်သည် လက်လေးသစ် ရှိလတ်သော် မိုးတိမ်ညိုအဆင်းနှင့်တူသော ကောင်းစွာ ပွင့်သော တောအုပ်ကြီး၌ တောင်ကြား အတွင်းဝယ် သစ်ပင်နှင့်တူသည်ဖြစ်၍ (သိမ်းဆည်းခြင်း မရှိဘဲ) အိပ်စက်အံ့၊ ထိုမြက်အခင်း သည် ငါ့အတွက် နူးညံ့သော အတွေ့ရှိသည်ဖြစ်၍ လဲဝါဂွမ်းနှင့်တူစွာ ဖြစ်လိမ့်မည်။

֍ ၁၁၄၁။ အရှင်သခင်သည် (မိမိစကားကို လိုက်နာသော ကျွန်စသည်ကို) အလိုသို့ လိုက် စေသကဲ့သို့ ဟယ်စိတ် ထို့အတူ အလိုသို့ လိုက်သည်ကို ငါပြုလုပ်တော့အံ့၊ (ပစ္စည်းလေးပါး တို့တွင်) ရရသမျှသော ပစ္စည်းဖြင့်ပင် ငါ့အား သင့်လျော်လျောက်ပတ်သည် ဖြစ်စေလော့၊ (ဘာဝနာ) ၌ မပျင်းမရိသူသည် (မိမိစိတ်ကို ကမ္မဋ္ဌာန်း စီးဖြန်းခြင်းအမှု၌ ခံ့သည်ကို) ပြုသကဲ့သို့ ဟယ်စိတ် ထို့အတူ ငါသည် သင့်ကို 'ကောင်းစွာ နယ်အပ်သော ကြောင်သားရေအိတ်ကဲ့သို့' အမှု၌ ခန့်သည်ကို ပြုအံ့။

֍ ၁၁၄၂။ အရှင်သခင်သည် (မိမိစကားကို လိုက်နာသော ကျွန်စသည်ကို) အလိုသို့ လိုက် စေသကဲ့သို့ ဟယ်စိတ် ထို့အတူ အလိုသို့ လိုက်သည်ကို ငါပြုလုပ်တော့အံ့၊ (ပစ္စည်းလေးပါး တို့တွင်) ရရသမျှသော ပစ္စည်းဖြင့်ပင် ငါ့အား သင့်လျော်လျောက်ပတ်သည် ဖြစ်စေလော့၊ လိမ္မာသော ဆင်ဦးစီးသည် အမုန်ယစ်သော ဆင်ကို မိမိအလိုသို့ ဆောင်သကဲ့သို့ ဟယ်စိတ် သင့်ကို မိမိ၏ ဝီရိယဖြင့် ဘာဝနာဗိုလ်ကို ဖြစ်စေ၍ ငါ၏ အလိုသို့ ဆွဲဆောင်တော့အံ့။

֍ ၁၁၄၃။ ဟယ်စိတ် မြင်းထိန်းသည် ကောင်းစွာ ဆုံးမထားသော ဖြောင့်ဖြောင့်သွားသော မြင်းဖြင့် ဘေးကင်းရာအရပ်သို့ သွားခြင်းငှါ စွမ်းနိုင်သကဲ့သို့ ထို့အတူ (သမထ, ဝိပဿနာ ဘာဝနာတို့ဖြင့်) ကောင်းစွာ ယဉ်ကျေးပြီးသော တည်ကြည်သော သင် စိတ်ဖြင့်ပင် စိတ်ကို အစဉ်စောင့်ရှောက်သော ဘုရားအစရှိသည်တို့ အခါခပ်သိမ်း မှီဝဲအပ်သော အေးမြသော အရိယမဂ်ခရီးကို ငါသည် လျှောက်သွားခြင်းငှါ စွမ်းနိုင်၏၊

֍ ၁၁၄၄။ ဆင်ထိန်းသည် ဆင်ပြောင်ကြီးကို ဆင်ချည်တိုင်၌ မြဲမြံလှသော ကြိုးဖြင့် ဖွဲ့ချည် သကဲ့သို့ ထို့အတူ ငါသည် သင်စိတ်ကို ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာ၏ အစွမ်းဖြင့် ချည်အံ့၊ ဟယ်စိတ် သင်သည်ငါ၏ သတိဖြင့် ကောင်းစွာ လုံခြုံစေအပ် ကောင်းစွာ ပွါးများအပ်သည်ဖြစ်၍ အလုံးစုံသော ဘဝတို့၌ (တဏှာစသော မှီရာတို့ဖြင့်) မမှီရသည် ဖြစ်လတ္တံ့။

֍ ၁၁၄၅။ ခရီးမဟုတ်သည်ကို သွားသော စိတ်ကို ပညာဖြင့် ဖြတ်တောက်၍ (ဝိပဿနာဟူသော) အားထုတ်ခြင်း လုံ့လဖြင့် နှိပ်ကွပ်၍ (ဝိပဿနာ) ခရီး၌ တည်စေ၍ အာယတနဖြစ်ကြောင်းတရားကိုလည်းကောင်း၊ ကင်းခြင်းကိုလည်းကောင်း၊ ဖြစ်ခြင်းကိုလည်းကောင်း (မတွေဝေသောအားဖြင့်) သိမြင်၍ သင်သည် မြတ်သော နိဗ္ဗာန်ကို ဟောကြားတော်မူတတ်သော မြတ်စွာဘုရား၏ အမွေခံဖြစ်ပေလတ္တံ့။

֍ ၁၁၄၆။ ဟယ်စိတ် သင်သည် (အနိစ္စ၌ နိစ္စ၊ အသုဘ၌ သုဘ၊ ဒုက္ခ၌ သုခ၊ အနတ္တ၌ အတ္တဟု) လေးပါးသော ဖောက်ပြန်မှု 'ဝိပလ္လာသ'တို့၏ အလိုသို့ လိုက်လျက် တည်သော ငါ့ကို ရွာသူသားငယ်များကဲ့သို့ ထိုမှ ဤမှ ဆွဲဆောင်ဘိ၏၊ သံယောဇဉ်အနှောင်အဖွဲ့တို့ကို ဖြစ်စေ တတ်သော သနားခြင်းကရုဏာရှိတော်မူသော မြတ်စွာဘုရားကို မှီဝဲဆည်းကပ်သင့်သည် မဟုတ်တုံလော။

֍ ၁၁၄၇။ သမင်သည် (သစ်ပင်ချုံနွယ်တို့ဖြင့်) ကောင်းစွာ ဆန်းကြယ်အပ်သော တော၌ မိမိအလိုရှိသည့်အတိုင်း မွေ့လျော်သကဲ့သို့ ထို့အတူ မိုးကာလ၌ မိုးတိမ်တည်းဟူသော ပန်းကုံးရှိ၍ နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်ကို (အမှီရ၍) အနှောက်အယှက် မရှိသော ထိုတောင်၌ ငါမွေ့လျော်လတ္တံ့၊ ဟယ်စိတ် သင်သည် မချွတ် ပျက်စီးရလတ္တံ့။

֍ ၁၁၄၈။ ဟယ်စိတ် အကြင်ယောကျ်ားတို့သည်လည်းကောင်း၊ အကြင်မိန်းမတို့သည်လည်းကောင်း သင်၏အလိုဆန္ဒဖြင့် ဖြစ်ကြရကုန်၍ အကြင်ကာမဂုဏ်ကို မှီသော ချမ်းသာကို ခံစားကြကုန်၏၊ ပညာမဲ့ကုန်သော မာရ်၏ အလိုသို့ အစဉ်လိုက်ကုန်သော ကာမဘဝစသည်ကို နှစ်သက်ကုန်သော သင်၏တပည့်ဖြစ်ကုန်သော ထိုလူမိုက်တို့သည် သင်၏ အဆုံးအမအတိုင်း ပြုကြကုန်၏၊

ဤသို့လျှင် တာလပုဋမထေရ်သည် ရွတ်ဆို၏၊

ပညာသနိပါတ် ပြီး၏၊

........

၂၀-သဋ္ဌိနိပါတ်

၁-မဟာမောဂ္ဂလ္လာနတ္ထေရဂါထာ

သျှင်သာရိပုတြာနှင့်အတူ ရဟန်းပြုခဲ့သော သျှင်မောဂ္ဂလ္လာန်သည် ရဟန်းပြုသည်မှ ခုနစ်ရက်မြောက်နေ့၌မဂဓတိုင်း ကလ္လဝါလရွာကို အမှီပြု၍ တရားအားထုတ်နေစဉ် ထိနမိဒ္ဓဝင်နေသည်ကို ဘုရားရှင်က့တရားဖြင့်ထိတ်လန့်စေတော်မူမှ ထိနမိဒ္ဓကိုပယ်ရှားကာ ဓာတုကမ္မဋ္ဌာန်းကို ကြားနာလျက် ဝိပဿနာကိုပွါးသည်တွင် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊

တန်ခိုးအရာ၌ ဧတဒဂ်ရဖြစ်တော်မူ၏၊ သာဝကပါရမီအထွတ်အထိပ်သို့ ရောက်သော ထိုအသျှင်သည် ထိုထိုအကြောင်းကိုစွဲ၍ ထိုထိုအရပ်၌ဟောကြားရွတ်ဆိုသော ဂါထာများ။

֍ ၁၁၄၉။ (ငါတို့သည်) အရညကင်ဓုတင် ဆောက်တည်ကြသူ ပိဏ္ဍပါတ်ဓုတင်ကို ဆောက် တည်ကြသူဆွမ်းခံလှည့်လည်ခြင်းဖြင့် သပိတ်သို့ ရောက်လာသော ဆွမ်း၌ မွေ့လျော်ကြသူ ကမ္မဋ္ဌာန်းအာရုံ၌ကောင်းစွာ တည်ကြည်သူတို့ ဖြစ်ကြကုန်၍ သေမင်း၏ (ကိလေသာ) စစ်သည်ကိုဖြိုခွဲဖျက်ဆီးကြကုန်အံ့။

֍ ၁၁၅၀။ (ငါတို့သည်) အရညကင်ဓုတင် ဆောက်တည်ကြသူ ပိဏ္ဍပါတ်ဓုတင်ကို ဆောက် တည်ကြသူဆွမ်းခံလှည့်လည်ခြင်းဖြင့် သပိတ်သို့ ရောက်လာသော ဆွမ်း၌ မွေ့လျော်ကြသူတို့ ဖြစ်ကုန်၍ ဆင်ပြောင်ကြီးသည် ကျူအိမ်ကို ဖျက်ဆီးသကဲ့သို့ သေမင်း၏ (ကိလေသာ) စစ်သည်ကိုဖြိုခွဲဖျက်ဆီးကြကုန်အံ့။

֍ ၁၁၅၁။ (ငါတို့သည်) (ဘာဝနာဖြင့်) အမြဲဖြစ်သော လုံ့လရှိကုန်၍ ရုက္ခမူဓုတင် ဆောက် တည်ကြသူဆွမ်းခံလှည့်လည်ခြင်းဖြင့် သပိတ်သို့ ရောက်လာသော ဆွမ်း၌ မွေ့လျော်ကြသူ ကမ္မဋ္ဌာန်းအာရုံ၌ကောင်းစွာ တည်ကြည်ကြသူတို့ ဖြစ်ကြကုန်၍ သေမင်း၏ (ကိလေသာ) စစ်သည်ကိုဖြိုခွဲဖျက်ဆီးကြကုန်အံ့။

֍ ၁၁၅၂။ (ငါတို့သည်) (ဘာဝနာဖြင့်) အမြဲဖြစ်သော လုံ့လရှိကုန်၍ ရုက္ခမူဓုတင် ဆောက် တည်ကြသူဆွမ်းခံလှည့်လည်ခြင်းဖြင့် သပိတ်သို့ ရောက်လာသော ဆွမ်း၌ မွေ့လျော်ကြသူတို့ ဖြစ်ကုန်၍ ဆင်ပြောင်ကြီးသည် ကျူအိမ်ကို ဖျက်ဆီးသကဲ့သို့ သေမင်း၏ (ကိလေသာ) စစ်သည်ကိုဖြိုခွဲဖျက်ဆီးကြကုန်အံ့။

֍ ၁၁၅၃။ အရိုးအဆက်ဖြင့် ပြီးသော အိမ်ရှိသော အသားအကြောတို့ဖြင့် (ထက်ဝန်းကျင်မှ) ချုပ်စပ်ဖွဲ့ချည်အပ်သော မစင်မကြယ် စက်ဆုပ်ဖွယ်တို့ဖြင့် ပြည့်သော မကောင်းသော အနံ့ ရှိသော (ခန္ဓာကိုယ်၌) စက်ဆုပ်ဖွယ်ဟု ဖြစ်စေလော့၊ (သင်သည်ကား) သူတစ်ပါးတို့၏ ခန္ဓာ ကိုယ်၌မြတ်နိုးဘိ၏၊

֍ ၁၁၅၄။ မစင်ဖြင့် ပြည့်သော သားရေအိတ်နှင့် တူသော အရေဖြင့် ဖွဲ့အပ်သော ရင်၌ အိုင်းအမာနှင့်တူသော သားမြတ်နှစ်ခု ရှိသည်ဖြစ်၍ (အကျိုးမဲ့ကို ဆောင်တတ်သည်၏ အဖြစ် ကြောင့်) မြေဘုတ်ဘီလူးနှင့်လည်း တူသော သင်၏ ကိုယ်၌ အကြင်ကိုးမျိုးသော အလျဉ်တို့ သည် (ကိုးပေါက်သောအမာဝတို့မှ) အခါခပ်သိမ်း ယိုစီးကုန်၏၊

֍ ၁၁၅၅။ ကိုးမျိုးသော အလျဉ်ရှိသော သင်၏ ကိုယ်သည် (သင်၏) မကောင်းသော အနံ့ကို ပြုတတ်၏၊ (ကောင်းသော အကျင့်၏) ဘေးရန်ဖြစ်၏၊ စင်ကြယ်ခြင်းကို အလိုရှိသော သူသည် မစင်ကိုရှောင်ကြဉ်သကဲ့သို့ ထို့အတူ ရဟန်းတို့သည် ထိုကိုယ်ကို (အဝေးမှ) ရှောင် ကြဉ်ရာ၏၊

֍ ၁၁၅၆။ ဤသို့လျှင် ကိုယ်ဟု မှတ်အပ်သော ဤမစင်ကြယ်သော အစုကို ငါသည် (ဟုတ်မှန်သည့်အတိုင်း) သိသကဲ့သို့ ထို့အတူ လူများအပေါင်းသည် ထိုကိုယ်ကို သိရာ၏၊ (စင် ကြယ်ခြင်းကို အလိုရှိသူသည်) 'မိုးကာလအခါ၌ စိုစွတ်သော မစင်ရှိရာအရပ်ကို (အဝေးမှ) ရှောင်ကြဉ်သကဲ့သို့' ဝေးစွာရှောင်ကြဉ်ရာ၏ (ဟု ဖြားယောင်းလာသော ပြည့်တန်ဆာမကို မထေရ်က ဆို၏)။

֍ ၁၁၅၇။ ကြီးသော လုံ့လရှိသော ရှင်ရဟန်း ရှင်ရဟန်းပြောဆိုသော စကားသည် ဤသို့ ရှင်ရဟန်းပြောဆိုတိုင်း မှန်၏၊ အချို့သော သတ္တဝါတို့သည် (စက်ဆုပ်ရွံရှာဖွယ် သဘောရှိ သော) ဤကိုယ်၌'နွားအိုကြီးသည် ညွန်၌ နစ်မြုပ်သကဲ့သို့' နစ်မြုပ်ကြကုန်၏ (ဟု ပြည့် တန်ဆာမက ဆို၏)။

֍ ၁၁၅၈။ အကြင်ပုဂ္ဂိုလ်သည် နနွင်းဖြင့်လည်းကောင်း၊ တစ်ပါးသော ဆိုးရေဖြင့်လည်းကောင်းကောင်းကင်ကို ဆိုးခြင်းငှါ တတ်ကောင်း၏ဟု မှတ်ထင်အံ့။ ထိုပုဂ္ဂိုလ်၏ မှတ်ထင်ခြင်းသည် စိတ်ပင်ပန်းခြင်းသာလျှင် ဖြစ်ရာ၏၊

֍ ၁၁၅၉။ ထိုငါ၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကောင်းစွာ တည်သည်ဖြစ်၍ ကောင်းကင်နှင့် တူ၏၊ ထို့ကြောင့် 'ပိုးဖလံသည် မီးပုံကို ထိပါးမိသကဲ့သို့' ယုတ်မာသော စိတ်ဖြင့် ငါကဲ့ သို့သော သူတို့ကို မထိပါးမိစေလင့်။

֍ ၁၁၆၀။ အဆန်းတကြယ် ပြုအပ်သော အိုင်းအမာတို့၏ စုဝေးတည်နေရာ ဖြစ်သော (သုံးရာသောအရိုးတို့ဖြင့်) စိုက်ထူထားအပ်သော အမြဲနာကျင်သော (လူမိုက်တို့) အထူးထူး အထွေထွေကြံစည်အပ်သော ခန္ဓာကိုယ်အတ္တဘောကို ရှုပါလော့၊ ယင်းခန္ဓာကိုယ်အတ္တဘော၏ ခိုင်မြဲတည်တံ့သောအဖြစ်သည် မရှိချေ။

֍ ၁၁၆၁။ ကျောက်သံပတ္တမြားဖြင့်လည်းကောင်း၊ ပုတီးနားတောင်းတို့ဖြင့်လည်းကောင်း အဆန်းတကြယ်ပြုပြင်အပ်သော ခန္ဓာကိုယ်ကြီးကိုလည်းကောင်း၊ (စိုသော) အရေဖြင့် မြှေး ယှက်ဖုံးလွှမ်းအပ်သော အရိုးစုဖြစ်သော ရုပ်ကိုယ်ကြီးကိုလည်းကောင်း ရှုပါလော့။ (ယင်းခန္ဓာ ကိုယ်သည်) အဝတ်တို့နှင့်တကွဖုံးလွှမ်းမှသာ တင့်တယ်နိုင်၏၊

֍ ၁၁၆၂။ ချိပ်ရည်ဖြင့် ဆိုးအပ်သော ခြေတို့သည်လည်းကောင်း၊ မျက်နှာချေမှုန့်ဖြင့် လိမ်း အပ်သော မျက်နှာသည်လည်းကောင်း အန္ဓပုထုဇဉ်အားသာ (တွေဝေစေခြင်းငှါ) စွမ်းနိုင်၏၊ (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်ကို ရှာမှီးလေ့ရှိသောသူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

֍ ၁၁၆၃။ ရှစ်စုခွဲ၍ ပြုပြင်အပ်သော ဆံပင်တို့သည်လည်းကောင်း၊ မျက်ကွင်းဆေးတို့ဖြင့်လိမ်းခြယ်အပ်ကုန်သော မျက်စိတို့သည်လည်းကောင်း အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါစွမ်းနိုင်ကုန်၏၊ (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်ကို ရှာမှီးလေ့ရှိသောသူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

֍ ၁၁၆၄။ 'အသစ်ဖြစ်၍ ဆန်းကြယ်သော မျက်ကွင်းဆေးကျည်တောက်ကဲ့သို့' တန်ဆာ ဆင်အပ်သော အကောင်ပုပ်သည် အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါ စွမ်းနိုင်၏၊ (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်ကိုရှာမှီးလေ့ရှိသောသူအား (တွေဝေစေခြင်ငှါ) မစွမ်းနိုင်။

֍ ၁၁၆၅။ 'မုဆိုးသည် ကျော့ကွင်းကို ထောင်၏၊ သားသမင်သည် ကျော့ကွင်းကို မတိုးမူ၍မုဆိုးမြည်တမ်းစဉ် (ပစ်ချထားသော) အစာကို စား၍ သွားသကဲ့သို့' ငါတို့ သွားပါကုန်အံ့။

֍ ၁၁၆၆။ 'သမင်သည် ကျော့ကွင်းကို မတိုးမူ၍ မုဆိုး၏ ကျော့ကွင်းကို ဖြတ်ပြီးလျှင် မုဆိုးပစ်ချထားသော အစာကို စား၍ မုဆိုး စိုးရိမ်ပူဆွေးနေစဉ် (သွားသကဲ့သို့)' ငါတို့ သွားကုန်အံ့။

֍ ၁၁၆၇။ များစွာသော (သီလသံဝရစသော) အပြားတို့နှင့် ပြည့်စုံတော်မူသော အသျှင်သာရိပုတ္တရာပရိနိဗ္ဗာန်ပြုတော်မူသော် ထိုအခိုက်ဝယ် ကြောက်မက်ဖွယ် မြေငလျင်လှုပ်ခြင်း သည် ဖြစ်လေပြီတကား၊ ကြက်သီးမွေးညင်းထဖွယ် (မြေငလျင်လှုပ်ခြင်း) သည် ဖြစ်လေပြီ တကား။

֍ ၁၁၆၈။ ဖြစ်ခြင်းပျက်ခြင်းသဘောရှိ၍ ပြုပြင်ရသော ''သင်္ခါရ''တရားတို့သည် မမြဲလေကုန်စွ တကား၊ ဖြစ်ပေါ်ပြီးနောက် ချုပ်ပျောက်လေကုန်စွတကား၊ ထို (သင်္ခါရတရား) တို့၏ ငြိမ်းခြင်း သည်သာလျှင် ချမ်းသာပေလိမ့်မည်တကား။

֍ ၁၁၆၉။ အကြင်ယောဂီပုဂ္ဂိုလ်တို့သည် ခန္ဓာငါးပါးတို့ကို အနတ္တအားဖြင့် မြင်ကုန်၏၊ အတ္တအားဖြင့်မမြင်ကုန်၊ ထိုယောဂီပုဂ္ဂိုလ်တို့သည် (အစိတ်တစ်ရာစိတ်၍ တစ်စိတ်မျှသော) သားမြီးဖျားကို မြားဖြင့် (မှန်အောင်) ပစ်နိုင်သကဲ့သို့ ထို့အတူ အလွန်သိမ်မွေ့သော အနက် အဓိပ္ပာယ်ကို ထိုးထွင်း၍ သိကုန်၏၊

֍ ၁၁၇၀။ အကြင်ယောဂီပုဂ္ဂိုလ်တို့သည် သင်္ခါရတရားတို့ကို အနတ္တအားဖြင့် မြင်ကုန်၏၊ အတ္တအားဖြင့်မရှုမြင်ကုန်၊ (ထိုယောဂီပုဂ္ဂိုလ်တို့သည်) (အစိတ်တစ်ရာစိတ်၍ တစ်စိတ်မျှ သော) သားမြီးဖျားကို မြားဖြင့် (မှန်အောင်) ပစ်နိုင်သကဲ့သို့ ထို့အတူ သိမ်မွေ့သော တရား ကို ထိုးထွင်း၍ သိကြကုန်၏၊

֍ ၁၁၇၁။ လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း ဦးခေါင်းမီးလောင်ခံရသူကဲ့သို့လည်းကောင်း ထို့အတူ ရဟန်းသည် ကာမရာဂကို ပယ်ခြင်းငှာ သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏၊

֍ ၁၁၇၂။ လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း၊ ဦးခေါင်း မီးလောင်ခံရသူကဲ့သို့လည်းကောင်း ထို့အတူ ရဟန်းသည် ဘဝရာဂကို ပယ်ခြင်းငှါ သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏၊

֍ ၁၁၇၃။ (အသျှင်မဟာမောဂ္ဂလ္လာန်သည်) ပွါးများစေအပ်ပြီးသော စိတ်ရှိတော်မူသော အဆုံးစွန်သောကိုယ်တော်ကို ဆောင်တော်မူသော မြတ်စွာဘုရားက တိုက်တွန်းတော်မူအပ် သည်ဖြစ်၍ မိဂါရမာတာ (ဝိသာခါ)၏ ပြာသာဒ်ကို ခြေမဖြင့် တုန်လှုပ်စေပြီ။

֍ ၁၁၇၄။ အလုံးစုံသော ဂန္ထတရားတို့မှ လွတ်မြောက်ရာ ဤနိဗ္ဗာန်ကို ပေါ့ပေါ့လျော့လျော့ အားထုတ်၍မရနိုင်၊

ဤနိဗ္ဗာန်ကို အနည်းငယ်သော ဝီရိယအားအစွမ်းဖြင့် မရနိုင်။

֍ ၁၁၇၅။ ဤရဟန်းသည်ကား ငယ်သေး၏၊ ယောကျ်ားမြတ်ဖြစ်သော ဤရဟန်းငယ်သည်စစ်သည်ဗိုလ်ပါနှင့်တကွသော (ဒေဝပုတ္တစသော) မာရ်ကို အောင်ပြီး၍ အဆုံးစွန်သော ကိုယ် ကိုဆောင်၏၊

֍ ၁၁၇၆။ လျှပ်စစ်တို့သည် ဝေဘာရတောင် ပဏ္ဍဝတောင်တို့၏ အကြား၌ ယှက်သန်းကုန်၏၊ အတုမရှိမူ၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ သားတော် (အသျှင်မဟာမောဂ္ဂလ္လာန်) သည် (ဝေဘာရတောင် ပဏ္ဍဝ) တောင်တို့၏ အကြားသို့ ကပ်လျက် စျာန် ဝင်စား၏၊

֍ ၁၁၇၇။ ငြိမ်သက်သော ဣန္ဒြေရှိသော စျာန်ဖြင့် မွေ့လျော်သော ဆိတ်ငြိမ်ရာ အစွန်ဖြစ် သော ကျောင်း၌နေလေ့ရှိသည့်ပြင် ဘုရားမြတ်၏ တရားအမွေခံလည်း ဖြစ်သော ရဟန်းမြတ် အသျှင်မဟာမောဂ္ဂလ္လာန်ကိုမဟာဗြဟ္မာမင်းသည် ရှိခိုးအပ်၏၊

֍ ၁၁၇၈။ ပုဏ္ဏား၁ ငြိမ်သက်သော ဣန္ဒြေရှိသော စျာန်ဖြင့် မွေ့လျော်သော ဆိတ်ငြိမ်ရာ အစွန်ဖြစ်သောကျောင်း၌ နေလေ့ရှိသည့်ပြင် ဘုရားမြတ်၏ တရားအမွေခံလည်းဖြစ်သော ရဟန်းမြတ်ဖြစ်သော အသျှင်မဟာကဿပကို ရှိခိုးလော့။

֍ ၁၁၇၉-၈၀။ အကြင်သူသည်ကား ဗေဒင်ကို သင်ယူသူ ဗေဒင်ပညာနှင့် ပြည့်စုံသူဖြစ်၍ လူ့ပြည်တို့၌အဖန်ဖန် ဘဝတစ်ရာပတ်လုံး အားလုံးသော ဗြာဟ္မဏဇာတ်တို့သို့ ကပ်ရောက် စေကာမူ ဗေဒင်ကိုရွတ်ဖတ်သရဇ္ဈာယ်၍ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ ရောက်စေကာမူ ထိုသူ၏ ဗေဒင်စသည်ကိုအားထုတ်မှုသည် ထိုအသျှင်မဟာကဿပမထေရ်အား ရှိခိုးခြင်း ကောင်းမှု၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍တစ်စိတ်မျှ မမီနိုင်။

֍ ၁၁၈၁။ ပုဏ္ဏား အကြင်ရဟန်းသည် ဆွမ်းမစားမီ ရူပစျာန်စသော ရှစ်ပါးသော ဝိမောက္ခ တို့ကို အနုလုံ ပဋိလုံ (အကြိမ်များစွာ) ဝင်စား၏၊ ထိုသမာပတ်ဝင်စားပြီးသည်မှ နောက်၌ ဆွမ်းခံလှည့်လည်၏၊

֍ ၁၁၈၂။ ထိုသို့သဘောရှိသော (ရဟန္တာဖြစ်သော) ရဟန်းကို မထိပါး မခြုတ်ခြယ်လင့်၊ ပုဏ္ဏားမိမိကိုယ်ကို မတူးမဖြိုလင့်၊ သည်းခံခြင်းကျေးဇူးနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်၌ (သင်၏) စိတ်ကိုအလွန် ကြည်လင်စေလော့၊ လျင်မြန်စွာ လက်အုပ်ချီလျက် ရှိခိုးလေလော့၊ သင်၏ ဦးခေါင်းကို (မကွဲစေလင့်)။

֍ ၁၁၈၃။ ဤပေါဋ္ဌိလရဟန်းသည် သူတော်ကောင်းတရားကို မမြင်၊ သံသရာအနှောင်အဖွဲ့ ဖြစ်သောအဝိဇ္ဇာစသည်ဖြင့် ခြံရံလျက် အောက်အပါယ်ဘုံတို့၌ ဖြစ်စေတတ်သော လမ်း ကောက်လမ်းမှားသို့ပြေးဝင်နေ၏၊

֍ ၁၁၈၄။ ဤပေါဋ္ဌိလရဟန်းသည် 'မစင်လိမ်းကျံသော ပိုးလောက်ကဲ့သို့' (ကိလေသာအညစ်အကြေးရောသော) သင်္ခါရတရား၌ နစ်မျောလျက် လာဘ်ပူဇော်သကာ၌ (တဏှာ၏ အစွမ်းဖြင့်)့အပြားအားဖြင့် သက်ဝင်လျက် အချည်းနှီးသာ ဖြစ်၏၊

֍ ၁၁၈၅-၈၆။ ကောင်းသော ဉာဏ်အမြင်ရှိသော နှစ်ဖက်သော အဖို့တို့ဖြင့် (ကိလေသာတို့ မှ) လွတ်ပြီးသော ကမ္မဋ္ဌာန်းအာရုံ၌ ကောင်းစွာ တည်ကြည်သော စိတ်ရှိသော ရာဂစသောငြောင့်တံသင်းတို့မှ ကင်းပြီးသော ယောဂလေးပါးကုန်ပြီးသော ဝိဇ္ဇာသုံးပါးရှိသော သေခြင်း တရားကိုစွန့်တော်မူပြီးသော မြတ်သောအလှူကို ခံတော်မူထိုက်သော လူတို့၏ အတုမရှိသောကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်လည်းဖြစ်သော ဤအသျှင်သာရိပုတ္တရာ ကြွလာတော်မူသည်ကို ရှုလော့။

֍ ၁၁၈၇။ တန်ခိုးကြီးမားကုန်သော များသော အခြံအရံရှိကုန်သော များစွာကုန်သော ထို ဗြဟ္မာတို့သည် တစ်သောင်းနှင်နှင် ရှိကုန်၏၊ ခပ်သိမ်းကုန်သော ဗြဟ္မပုရောဟိတာဗြဟ္မာတို့ သည်အသျှင်မဟာမောဂ္ဂလ္လာန်ကို လက်အုပ်ချီမိုး ရှိခိုးလျက် ရပ်တည်ကုန်၏၊

֍ ၁၁၈၈။ ယောကျ်ားအာဇာနည်ဖြစ်တော်မူသော အရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောကျ်ားမြတ်ဖြစ်တော်မူသော အရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရားအား အာသဝေါတရားတို့သည် ကုန်ပါပြီ၊ အရှင်ဘုရား အရှင်ဘုရားသည် မြတ်သော အလှူကို ခံတော်မူထိုက်ပါ၏၊

֍ ၁၁၈၉။ လူနတ်အပေါင်းသည် (မြတ်သော ပူဇော်ခြင်းဖြင့်) ပူဇော်အပ်သော အသျှင်မဟာမောဂ္ဂလ္လာန်သည် (လောကထဲ၌ ဖြစ်လျက်) သေခြင်းကို နှိမ်နင်းလွှမ်းမိုး၍ တည်၏၊ 'ကြာပုဏ္ဍရိတ်သည်ရေနှင့် မလိမ်းကျံ မကပ်ငြိသကဲ့သို့' သင်္ခါရတရားအပေါင်း၌ (တဏှာဒိဋ္ဌိဟူသော လိမ်းကျံခြင်းဖြင့်) လိမ်းကျံ ကပ်ငြိတော်မမူ။

֍ ၁၁၉၀။ (တန်ခိုးကြီးသော) အကြင်အသျှင်မဟာမောဂ္ဂလ္လာန်သည် တစ်ခဏချင်းအားဖြင့် သာလျှင် ဗြဟ္မာနှင့်တကွသော အထောင်မက အပြားရှိသော သြကာသလောကကို (မျက်မှောက် ပြုသောအားဖြင့်) သိအပ်၏၊ တန်ခိုးအရာ၌လည်းကောင်း၊ (သတ္တဝါတို့၏) စုတိပဋိသန္ဓေ၌လည်းကောင်း သိသောဒိဗ္ဗစက္ခုအဘိညာဉ်၌ လေ့လာခြင်းသို့ ရောက်၏၊ ထိုအသျှင်မဟာ မောဂ္ဂလ္လာန်သည် နတ်တို့ကပ်ရောက်ဆဲသောကာလ၌ နတ်တို့ကို မြင်နိုင်၏၊

֍ ၁၁၉၁။ အကြင်ရဟန်းသည် ပညာပြည့်စုံခြင်းဖြင့် လည်းကောင်း၊ သီလပြည့်စုံခြင်းဖြင့် လည်းကောင်း၊ ကိလေသာငြိမ်းခြင်းဖြင့် လည်းကောင်း 'အသျှင်သာရိပုတ္တရာကဲ့သို့' ကမ်းတစ်ဖက်သို့ ရောက်၏၊ ထိုရဟန်းသည် ထိုအသျှင်သာရိပုတ္တရာအတိုင်းသာလျှင် ဖြစ်ရာ၏၊

֍ ၁၁၉၂။ ငါသည် ကုဋေတစ်သိန်း အရေအတွက်ရှိသော အတ္တဘောကို ခဏချင်းဖြင့် ဖန် ဆင်းနိုင်၏၊ တန်ခိုးအထူး ဖန်ဆင်းခြင်းတို့၌ လိမ္မာ၏၊ (အလုံးစုံသော) တန်ခိုး၌ လေ့လာခြင်း သို့ ရောက်ပြီးသူဖြစ်၏၊

֍ ၁၁၉၃။ မောဂ္ဂလ္လာနပုဏ္ဏားအနွယ်ဖြစ်သော အသျှင်မဟာမောဂ္ဂလ္လာန်သည် တဏှာဟူသောမှီရာကင်းတော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ (သဝိတက္က သဝိစာရစသော) သမာဓိ (ချမ်းသာ) (ပုဗ္ဗေနိဝါသဉာဏ်စသော) ဝိဇ္ဇာတို့၌ လေ့လာသည်၏အဖြစ်ဖြင့် အပြီး အဆုံးသို့ ရောက်၏၊ မြဲမြံတည်ကြည်သော သမာဓိရှိ၏၊ ကောင်းစွာ တည်ကြည်သော ဣန္ဒြေလည်းရှိ၏၊ ဆင်ပြောင်ကြီးသည်မိမိအား နှောင်ဖွဲ့ထားသော ပုပ်ပွဆွေးမြေ့နေသည့် နွယ်ကြိုးကို (လွယ်ကူစွာ) ဖြတ်သကဲ့သို့ (ထို့အတူ အလုံးစုံသော ကိလေသာဟူသော အနှောင်အဖွဲ့ကို) အကြွင်းမဲ့ ဖြတ်အပ်ပြီ။

֍ ၁၁၉၄။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်အပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့် အတိုင်းလိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝသုံးပါးသို့ ဆောင်တတ်သော တဏှာကိုအကြွင်းမဲ့ ပယ်နုတ်အပ်ပြီ။

֍ ၁၁၉၅။ အကြင်အရဟတ္တဖိုလ်အကျိုးငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု)၏၊ အလုံးစုံသော နှောင်ကြိုးသံယောဇဉ်တို့၏ကုန်ရာ အရဟတ္တဖိုလ်ဖြစ်သော ထို အကျိုးကိုလည်း ငါရပြီ။

֍ ၁၁၉၆။ ဒုဿီမာရ်နတ်သည် ဝိဓုရမည်သော (ကကုသန်မြတ်စွာဘုရား၏) အဂ္ဂသာဝကကိုလည်းကောင်း၊ ကကုသန်မြတ်စွာဘုရာကိုလည်းကောင်း ထိပါးပုတ်ခတ်၍ အကြင်ငရဲ၌ ကျက် ရ၏၊ ထိုငရဲသည် အဘယ်သို့ သဘောရှိသနည်း။

֍ ၁၁၉၇။ ဒုဿီမာရ်နတ်သည် ဝိဓုရမည်သော (ကကုသန်မြတ်စွာဘုရား၏) အဂ္ဂသာဝကကိုလည်းကောင်းကကုသန်မြတ်စွာဘုရားကိုလည်းကောင်း ထိပါးပုတ်ခတ်၍ အကြင်ငရဲ၌ ကျက်ရ၏၊ ထိုငရဲ၌ (ငရဲထိန်းများကိုင်သော) တစ်ရာသော သံချောင်းရှိ၏၊ ငရဲသူသတ္တဝါအားလုံးတို့ သည် အသီးအသီးဝေဒနာခံစားကြရကုန်၏၊ ထိုငရဲသည် ဤသို့ သဘောရှိ၏၊

֍ ၁၁၉၈။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော အကြင်ရဟန်းသည် ဤကံ ကံ၏အကျိုးကို ရှေးရှုမျက်မှောက်သိ၏၊ မာရ်နတ် သင်သည် ထိုသို့သဘောရှိသော အဂ္ဂသာဝကရဟန်းကိုထိပါးပုတ်ခတ်သောကြောင့် (ဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော) ဆင်းရဲကို ရလတ္တံ့သတည်း။

֍ ၁၁၉၉။ မဟာသမုဒ္ဒရာအလယ်၌ (ရေကို အမှီပြု၍ ဖြစ်သော) ဗိမာန်တို့သည် ကပ္ပဋ္ဌိတိ ဖြစ်၍ တည်ကုန်၏၊ (ထိုဗိမာန်တို့၏ အရောင်အဆင်းတို့သည်) ကြောင်မျက်ရွဲအဆင်း ရှိကုန်၏၊ နှစ်သက်စဖွယ်တင့်တယ်ကုန်၏၊ အလျှံရှိကုန်၏၊ ပြိုးပြိုးပြက်သော အရောင်နှင့် ပြည့်စုံကုန်၏၊ ထိုဗိမာန်တို့၌အဆင်းအမျိုးမျိုးရှိကုန်သော များစွာသော နတ်သမီးတို့သည် ကကြကုန်၏၊

֍ ၁၂၀၀။ မြတ်စွာဘုရား၏ တပည့် အကြင်ရဟန်းသည် ဤဝိမာနဝတ္ထုကို ရှေးရှု မျက်မှောက် သိ၏၊ပ။ မာရ်နတ် သင်သည် ဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော ဆင်းရဲကို ရလတ္တံ့သတည်း။

֍ ၁၂၀၁။ အသျှင်မဟာမောဂ္ဂလ္လာန်သည် မြတ်စွာဘုရား တိုက်တွန်းတော်မူအပ်သည်ဖြစ်၍ ရဟန်းသံဃာတို့ကြည့်ရှုစဉ် မိဂါရမာတာဝိသာခါ ပြာသာဒ်ကျောင်းကို ခြေမဖျားဖြင့် တုန်လှုပ် စေ၏၊

֍ ၁၂၀၂။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော အကြင်ရဟန်းသည် ဤတန်ခိုးဖြင့် တုန်လှုပ် စေခြင်းကို ရှေးရှု (မျက်မှောက်) သိ၏၊ပ။ မာရ်နတ် (ထိုဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော) ဆင်းရဲ ကို ရလတ္တံ့သတည်း။

֍ ၁၂၀၃။ အသျှင်မဟာမောဂ္ဂလ္လာန်သည် တန်ခိုးအစွမ်းဖြင့် ထောက်ပံ့အပ်သည်ဖြစ်၍ ဝေဇယန္တာပြာသာဒ်ကိုခြေမဖျားဖြင့် တုန်လှုပ်စေ၏၊ နတ်အပေါင်းတို့ကိုလည်း ထိတ်လန့် စေ၏၊

֍ ၁၂၀၄။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော အကြင်ရဟန်းသည် ဤတန်ခိုးဖြင့် တုန်လှုပ် စေခြင်းကို ရှေးရှု (မျက်မှောက်) သိ၏၊ပ။ မာရ်နတ် (ထိုဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော) ဆင်းရဲ ကို ရလတ္တံ့သတည်း။

֍ ၁၂၀၅။ အကြင်ရဟန်းသည် ဝေဇယန္တာပြာသာဒ်၌ တည်သော သိကြားမင်းအား သိကြား မင်းတဏှာကုန်ခြင်း ကိလေသာမှ လွတ်မြောက်ခြင်း ''ဝိမုတ္တိ''တို့ကို (မြတ်စွာဘုရားဟောတော်မူသည့်အတိုင်း ) သိပါ၏လောဟု မေး၏၊ ပြဿနာအမေးခံရသော သိကြားမင်းသည်ထိုအသျှင်မဟာမောဂ္ဂလ္လာန်အား မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း ဖြေကြား၏၊

֍ ၁၂၀၆။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော အကြင်ရဟန်းသည် ဤမေးအပ်သော အနက် အဓိပ္ပါယ်ကိုမျာက်မှောက်သိ၏၊ပ။ မာရ်နတ် (ဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော) ဆင်းရဲကို ရလတ္တံ့သတည်း။

֍ ၁၂၀၇။ အကြင်ရဟန်းသည် မဟာဗြဟ္မာတို့၏ သုဓမ္မာသဘင်၌ တည်လျက် (အမေးပုစ္ဆာ ပြဿနာ) ကိုမေး၏၊ အချင်းဗြဟ္မာ (ဘုရားမကြွလာမီ) ရှေးအခါက (ဗြဟ္မာ့ပြည်သို့ လာနိုင် သောတစ်စုံတစ်ယောက်သော သမဏဗြာဟ္မဏဟု သင့်အား ဖြစ်ပေါ်ဖူးသော အယူသည် ယခုလည်းရှိပါသေးသလော၊ ဗြဟ္မာ့ဘုံ၌ ထိုမှ ဤမှ လှည့်လည်လျက် ပြိုးပြိုးပြက်ထွက်သော အရောင်ကိုမြင်၏လော (ဟု မေး၏)။

֍ ၁၂၀၈။ အရှင်ဘုရား (ဤဗြဟ္မာ့ပြည်သို့ ဘုရားကြွမလာမီ) ရှေးအခါက (ဗြဟ္မာ့ပြည်သို့ လာနိုင်သောတစ်စုံတစ်ယောက်သော သမဏဗြာဟ္မဏ မရှိဟု) အကျွန်ုပ်အား ဖြစ်ပေါ်ဖူးသော အယူသည် ယခုအခါ့မရှိတော့ပါဟု အမေးခံရသော ဗြဟ္မာသည် ထိုရဟန်း (အသျှင်မဟာ မောဂ္ဂလ္လာန်) အား အမှန်အတိုင်းဖြေကြား၏၊

֍ ၁၂၀၉။ ဗြဟ္မာ့ဘုံ၌ ထိုမှ ဤမှ လှည့်လည်လျက် ပြိုးပြိုးပြက်ထွက်သော မြတ်စွာဘုရား၏ အရောင်ကိုမြင်ရပါ၏၊ ထိုအကျွန်ုပ်သည် ယခုအခါ ငါသည် (မသေခြင်းအားဖြင့်) မြဲ၏၊ (လနေမြင့်မိုရ်သမုဒ္ဒရာကဲ့သို့) အမြဲတည်၏ဟူ၍ အသို့ ဆိုနိုင်ပါတော့အံ့နည်း။

֍ ၁၂၁၀။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော အကြင်ရဟန်းသည် ဤဗြဟ္မာတို့၏ အသံကို မျက်မှောက်သိ၏၊ပ။ မာရ်နတ် (ဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော) ဆင်းရဲကို ရလတ္တံ့သတည်း။

֍ ၁၂၁၁။ အကြင်ရဟန်းသည် မြင်းမိုရ်တောင်မင်း၏ အထွတ်ကို စျာနဝိမောက္ခဟူသော မှီရာရှိသောအဘိညာဉ်ဖြင့် တွေ့ထိ (သိမြင်) နိုင်၏၊ ဇမ္ဗူဒိပ်ကျွန်းကိုလည်းကောင်း၊ အရှေ့ ကျွန်းကိုလည်းကောင်း၊ မြေလျှင် အိပ်ရာရှိကုန်သော အနောက်ကျွန်း မြောက်ကျွန်းသားတို့ကိုလည်းကောင်း တွေ့ထိ (သိမြင်) နိုင်၏၊

֍ ၁၂၁၂။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော အကြင်ရဟန်းသည် ထိုအခြင်းအရာကို (မျက် မှောက်) သိ၏၊ မာရ်နတ် သင်သည် ထိုသို့သဘောရှိသော အဂ္ဂသာဝကရဟန်းကို ထိပါး ပုတ်ခတ်သောကြောင့် (ဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော) ဆင်းရဲကို ရလတ္တံ့သတည်း။

֍ ၁၂၁၃။ ငါသည် မိုက်သောသူကိုလောင်စေအံ့ဟု မီးက (လောင်ခြင်းငှါ) လုံ့လမပြု၊ သူမိုက်ကအလျှံပြောင်ပြောင် တောက်သော မီးကို ထိခိုက်သောကြောင့် သာ ထိုလူမိုက်ကိုလောင်စေ၏၊

֍ ၁၂၁၄။ မာရ်နတ် ဤအတူသာလျှင် (ငါတို့သည် မထိခိုက် မညှဉ်းဆဲလိုကုန်)၊ သင်သည် သာ 'မီးကိုထိပါးမိသော လူမိုက်ကဲ့သို့' အရိယာတပည့်ရဟန်းကို ထိခိုက်၍ မိမိကိုယ်တိုင်လောင်စေလတ္တံ့။

֍ ၁၂၁၅။ မာရ်နတ်သည် မီးနှင့်တူသော အရိယာတပည့်ရဟန်းကို ထိပါးမိသောကြောင့် မကောင်းမှုကို ရ၏၊ မာရ်နတ် မကောင်းမှုသည် ငါ့အား အကျိုးမပေးဟု သင် ထင်မှတ် သလော။

֍ ၁၂၁၆။ မာရ်နတ် မကောင်းမှုကို ပြုသော သင်သည် မကောင်းမှုကို ကြာမြင့်စွာသော ကာလပတ်လုံး ပွါးစေအပ်၏၊ မာရ်နတ် သစ္စာလေးပါးကို သိသော ရဟန်းထံမှ ထွက်ခွာ ရှောင်လွဲလေလော့၊ ရဟန်းတို့ကို (ခြုတ်ခြယ်အံ့ ညှဉ်းဆဲအံ့ဟူသော) အလိုအာသာကို မပြု လေလင့်။

֍ ၁၂၁၇။ ဤသို့ (အသျှင်မဟာမောဂ္ဂလ္လာန်) ရဟန်းသည် ဘေသကဠာမည်သော တော၌ မာရ်နတ်ကိုခြိမ်းခြောက်၏၊ ယင်းသို့ ခြိမ်းခြောက်ခြင်းကြောင့် ထိုမာရ်နတ်သည် နှးလုံး မသာယာသည်ဖြစ်၍ ထိုအရပ်၌သာ ကွယ်ပျောက်လေ၏၊

ဤသို့လျှင် အသျှင်မဟာမောဂ္ဂလ္လာန်မထေရ်သည် ရွတ်ဆို၏၊

သဋ္ဌိနိပါတ် ပြီး၏၊

........

֍ ။ အသျှင်သာရိပုတ္တရာ၏တူ မိစ္ဆာတိတ္ထိဖြစ်သော ပုဏ္ဏား။

........

၂၁-မဟာနိပါတ်

၁-ဝင်္ဂိသတ္ထေရဂါထာ

ဝင်္ဂိသကပုဏ္ဏားသည် ဆဝသီသမန္တံဖြင့် သုံးနှစ်ပြည့်ကြာပြီးသော လူ့ခေါင်းရိုးကို ခေါက်၍ လားရာဂတိကိုပြောနိုင်၏၊

ဤနည်းဖြင့် လှည့်လည်ဟောပြောနေစဉ် ဘုရားရှင်ထံ ရောက်၍ ပရိနိဗ္ဗာန်စံသွားသူ၏ ခေါင်းရိုးကို မန္တံဖြင့်ခေါက်၍ မသိနိုင်မှ ထိုပညာကို စွန့်ကာ ဘုရားရှင်ထံတွင် ရဟန်းပြု၏၊ ဝင်္ဂိသမထေရ်သည် ဝိပဿနာပွါး၍ အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် ဘုရားရှင်အား ဥပမာအမျိုးမျိုးဖြင့် ချီးကျူးရွတ်ဆိုသော ဂါထာများ, ထိုမထေရ်၏ အရဟတ္တဖိုလ်ရပြီးမှရှေ့နောက်အခါတို့၌ ထိုထိုစိတ်ဖြစ်ပုံကို အစွဲပြု၍ မထေရ်ကို ရည်စူးလျက် သျှင်အာနန္ဒာ အစရှိသောမထေရ်တို့ ရွတ်ဆိုသော ဂါထာများ။

֍ ၁၂၁၈။ လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုသော ငါ့ကို (ကာမဝိတက်စသော ယုတ်မာသော) ဝိတက်တို့သည် ကပ်ရောက်ကုန်၏၊ မည်းညစ်သောအားဖြင့် ကြမ်းတမ်းကုန် သောဤကာမဝိတက်တို့သည် (အရှက်မရှိလေကုန်စွတကား)။

֍ ၁၂၁၉။ (ဆရာအထံ၌) သင်အပ်ပြီးသော လေးအတတ်ရှိကုန်သော၊ အတင်ခက်သော၊ ဗိုလ်ချိန်နှစ်ထောင်အားကို ဆောင်သည့် လေးကို တင်နိုင်ကုန်သော၊ စစ်မြေပြင်ဝယ် ထွက် ပြေးလေ့မရှိကုန်သော ထင်ရှားသော လေးသမားအထောင်တို့သည် ငါ့ကို ထက်ဝန်းကျင်မှ မြားတို့ဖြင့် ပစ်ကုန်ရာ၏၊

֍ ၁၂၂၀။ ဤမျှအတိုင်း အရှည်ရှိကုန်သော ထို့ထက် အပိုလွန်သော်လည်းဖြစ်ကုန်သော မိန်းမတို့သည် အကယ်လာကြလိမ့်မည် ဖြစ်စေကာမူ ငါ့ကို ညှဉ်းဆဲနိုင်ကြလိမ့်မည် မဟုတ်ကုန်၊ ငါသည်ကား မိမိဥစ္စာဖြစ်သော မဂ်ဖိုလ်တရား၌ တည်ပြီးသူ ဖြစ်၏၊

֍ ၁၂၂၁။ ငါသည် နေမင်း၏ အဆွေတော်ဖြစ်တော်မူသော မြတ်စွာဘုရား၏ မျက်မှောက် တော်မှနိဗ္ဗာန်ရောက်ကြောင်းဖြစ်သော (ဝိပဿနာ) ဤခရီးကို ကြားနာရဖူး၏၊ ထိုနိဗ္ဗာန် ရောက်ကြောင်း (ဝိပဿနာ) ခရီး၌ ငါ၏ စိတ်သည် မွေ့လျော်ပျော်ပိုက်၏၊

֍ ၁၂၂၂။ မာရ်ယုတ် ဤဆိုခဲ့ပြီးသော (ဝိပဿနာ) ခရီးဖြင့်သာလျှင် နေသော ငါ့ကို အကယ် ၍ သင်ချဉ်းကပ်ခဲ့မူ (ငါ၏) ခရီးကို အကြင်အခြင်းအရာအားဖြင့် (ပြုလုပ်သည်ရှိသော်) သင် မမြင်နိုင်၊ ထိုအခြင်းအရာအားဖြင့် သေခြင်းအဆုံးကို ငါ ပြုအံ့။

֍ ၁၂၂၃။ မမွေ့လျော်ခြင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းကိုလည်းကောင်း ပယ်စွန့်၍သားမယားစသည်နှင့် စပ်ယှဉ်သော မိစ္ဆာဝိတက်ကို အကြွင်းမဲ့ ပယ်စွန့်ပြီးလျှင် တစ်စုံတစ်ခု သောအာရုံ၌ တပ်မက်မှု တဏှာကို မပြုရာ။ အကြင်သူသည် တပ်မက်မှု မရှိ၊ နှစ်သက်မှု မရှိ၊ ထိုသူသည်ဘိက္ခုမည်၏၊

֍ ၁၂၂၄။ ဤလောက၌ အလုံးစုံသော မြေ၌တည်သော အရာဝတ္ထုသည်လည်းကောင်း၊ ကောင်းကင်၌တည်သော အရာဝတ္ထုသည်လည်းကောင်း၊ ရုပ်သဘောသည်လည်းကောင်း၊ ဘဝ သုံးပါး၌အကျုံးဝင်သော သင်္ခတတရားသည်လည်းကောင်း ဆွေးမြေ့တတ်၏၊ ထိုဆွေးမြေ့ တတ်သောသဘောတရား အားလုံးသည် အမြဲ မရှိ၊

ဤသို့သိတတ်သော သဘောရှိသော ပညာရှိတို့သည် မဂ်ပညာဖြင့် ပိုင်းခြားသိကြကုန်၍ နေကြကုန်၏၊

֍ ၁၂၂၅။ အန္ဓပုထုဇဉ်တို့သည် (ခန္ဓုပဓိစသော) ဥပဓိတို့၌ တပ်မက်သော စိတ်ရှိကုန်၏၊ မြင်အပ်သော ရူပါရုံ၌လည်းကောင်း၊ ကြားအပ်သော သဒ္ဒါရုံ၌လည်းကောင်း၊ တွေ့ထိအပ်သော ဖောဋ္ဌဗ္ဗာရုံ၌လည်းကောင်း၊ နမ်းအပ်သော ဂန္ဓာရုံ၌လည်းကောင်း၊ လျက်အပ်သော ရသာရုံ၌လည်းကောင်း (အထူအားဖြင့်) ဤ (ကာမဂုဏူပဓိ) ၌ အလိုဆန္ဒကို ပယ်ဖျောက်သော တဏှာတည်းဟူသော မြူကင်းသူဖြစ်ပါလော့။ အကြင်သူသည် ဤကာမဂုဏ်ငါးပါး၌ (တဏာှ ဟူ သော လမိ်း ကျြံခင်း ဖြင)့် လမိ်း ကျြံခင်း မရှိ၊ ထိုပုဂ္ဂိုလ်ကို မုနိဟူ၍ (ပညာရှိတိ့ု) ဆိုကုန်၏၊

֍ ၁၂၂၆။ မိစ္ဆာဝိတက်ရှိသူ အချို့တို့သည် ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာအယူကို မှီကုန် လျက်ဓမ္မသဘောမှ ကင်းကုန်သည်ဖြစ်၍ ပုထုဇဉ်အဖြစ်၌ သက်ဝင်တည်ကုန်၏၊ အကြင်သူ သည်တစ်စုံတစ်ခုသောဝတ္ထု၌ (သဿတစသော) မိစ္ဆာအစုသို့ ရောက်သော အယူရှိသူ မဖြစ် ရာ၊ ရုန့်ရင်းကုန်သော မိစ္ဆာဝါဒတို့ကို ယူလေ့ရှိသူလည်း မဖြစ်ရာ၊ ထိုသူသည် ဘိက္ခုမည်၏၊

֍ ၁၂၂၇။ ပညာရှိသော ကြာမြင့်စွာသော ကာလပတ်လုံး တည်ကြည်သော မာန်ထောင်မှု မရှိသော ရင့်ကျက်သော ပညာရှိသော တပ်မက်မှု 'တဏှာ' ကင်းသော ရဟန်းသည် ငြိမ်းအေး သော နိဗ္ဗာန်ကိုရ၏၊ (အာရုံပြုသည်၏ အစွမ်းဖြင့်) နိဗ္ဗာန်ကို စွဲ၍ (သဥပါဒိသေသနိဗ္ဗာန ဓာတ်ဖြင့်) ပရိနိဗ္ဗာန်ပြု၏၊ ထိုရဟန်းသည် (အနုပါဒိသေသနိဗ္ဗာန်အလို့ငှါ) အခါကာလကို ငံ့လင့်၏၊

֍ ၁၂၂၈။ ဂေါတမ၁ (သေယျမာန်စသော ကိုးပါးသော) မာန်မာနကို ပယ်စွန့်လော့၊ မာန် မာန၏ဖြစ်ရာဌာနဖြစ်သော (အယောနိသောမနသိကာရ ခြံရံအပ်သော ) ဇာတ်စသည်ကို အကြွင်းမဲ့စွန့်လော့၊ ထိုသင်သည် မာန်မာန၏ အကြောင်း၌ တွေဝေခြင်းသို့ မရောက်သည်ဖြစ်၍ ကြာမြင့်စွာသောကာလပတ်လုံး နှလုံးမသာယာမှု ဖြစ်ခဲ့ရလေပြီ။

֍ ၁၂၂၉။ သူတစ်ပါးကျေးဇူးကို ချေဖျက်ခြင်းဖြင့် ချေဖျက်တတ်ကုန်သော သတ္တဝါတို့သည် မာန်မာနကဖျက်ဆီးအပ်သော ကြောင့် ငရဲသို့ ကျရောက်ကြရကုန်၏၊ မာန်မာန ဖျက်ဆီးအပ်ကုန်သည်ဖြစ်၍ ငရဲ၌ဖြစ်ကြရကုန်သော် လူတို့သည် ရှည်မြင့်စွာသော ကာလပတ်လုံး စိုးရိမ်ကြရကုန်၏၊

֍ ၁၂၃၀။ မဂ်ဖြင့်အောင်အပ်ပြီးသော ကိလေသာရှိသော ကောင်းသော အကျင့်ရှိသော ရဟန်းသည်တစ်ရံတစ်ခါမျှ မပူဆွေးရ၊ (ပညာရှိတို့၏) ချီးမွမ်းခြင်းကိုလည်းကောင်း၊ (ကိုယ် စိတ်၌ဖြစ်သော) ချမ်းသာခြင်းကိုလည်းကောင်း ရရှိခံစားနိုင်၏၊ မှန်သော သဘောရှိသော ထို သူကို တရားကိုမြင်သောသူဟူ၍ (ပညာရှိတို့) ဆိုကုန်၏၊

֍ ၁၂၃၁။ ထို့ကြောင့် ဤလောက၌ ငြောင့်တံသင်းငါးပါးမှ ကင်းပြီးသော သမ္မပ္ပဓာန်လုံ့လ နှင့် ပြည့်စုံသောအထူးသဖြင့် စင်ကြယ်သော စိတ်ရှိသော ရဟန်းသည် နီဝရဏတရားတို့ကို ပယ်စွန့်၍ ကိုးပါးသောမာန်မာနကိုလည်း အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်စွန့်၍ အကြွင်းမဲ့ ငြိမ်းပြီးသောကိလေသာရှိသည်ဖြစ်၍ ဝိဇ္ဇာသုံးပါးဖြင့် ဘဝအဆုံးကို ပြုတတ်၏ (ဟု မိမိကိုယ် ကို ဆုံးမ၏)။

֍ ၁၂၃၂။ (အရှင်ဘုရား အာနန္ဒာ တပည့်တော်သည်) ကာမရာဂဖြင့် ပူလောင်နေပါ၏၊ အကျွန်ုပ်၏စိတ်သည် ကာမရာဂဖြင့် အဖန်တလဲလဲလောင်မြိုက်နေပါ၏၊ ဂေါတမအနွယ်ဖြစ် သော အရှင်ဘုရားတောင်းပန်ပါ၏၊ အကျွန်ုပ်အား သနားသဖြင့် (ရာဂအပူ) ငြိမ်းအေး ကြောင်းဖြစ်သော အဆုံးအမသြဝါဒကိုဟောကြားတော်မူပါလော့ (ဟု ဝင်္ဂိသက လျှောက်၏)။

֍ ၁၂၃၃။ (အသုဘ၌ သုဘဟုဖြစ်သော ဖောက်ပြန်စွာ စွဲယူမှု) အမှတ်သညာ၏ ဖောက်ပြန်ခြင်းကြောင့်သင်၏ စိတ်သည် ပူလောင်နေ၏၊ ရာဂပွါးကြောင်းဖြစ်သော သုဘနိမိတ်ကို ပယ် စွန့်လော့။

֍ ၁၂၃၄။ အသုဘကို အဖန်တလဲလဲ ရှုခြင်းဖြင့် စိတ်ကို တစ်ခုတည်းသော အာရုံရှိအောင် ကောင်းစွာတည်ကြည်သည်ကို ပြု၍ ပွါးများလေလော့၊ သင့်အား သုံးဆယ့်နှစ်ကောဋ္ဌာသ ကိုယ်အစု၌သတိဖြစ်လေလော့၊ အလုံးစုံသော အတ္တဘော၌ ငြီးငွေ့မှုတရား များပြားသည် ဖြစ်ပါစေလော့။

֍ ၁၂၃၅။ အကြောင်းနိမိတ်ကင်းမှု (အနိမိတ္တာနုပဿနာ) ကိုလည်း ပွါးများလေလော့၊ မာနာနုသယကိုပယ်စွန်လော့၊ ယင်းသို့ မာနကို ပယ်ခြင်းကြောင့် (ရာဂစသည်တို့) ငြိမ်း သည်ဖြစ်၍ နေရလတ္တံ့ (ဟုအသျှင်အာနန္ဒာက မိန့်၏)။

֍ ၁၂၃၆။ အကြင်စကားဖြင့် မိမိကိုယ်ကို မပူပန် မနှိပ်စက်ရာ၊ သူတစ်ပါးတို့ကိုလည်း မညှဉ်းဆဲမနှိပ်စက်ရာ၊ ထိုစကားသည်သာ ကောင်းစွာ ဆိုအပ်သော စကားမည်၏၊ ထို စကားကိုသာပြောဆိုရာ၏၊

֍ ၁၂၃၇။ ချစ်ဖွယ်သော စကားကိုသာလျှင် ဆိုရာ၏၊ အကြင်စကားသည် နှစ်လိုဖွယ် ဖြစ်၏၊ ထိုစကားကိုသာ ဆိုရာ၏၊ သူတစ်ပါးတို့အား ပြောဆိုသည်ရှိသော် သူ မနှစ်မြို့ဖွယ် ယုတ်ညံ့သောစကားတို့ကို မယူမူ၍ ချစ်ဖွယ်သော စကားကို ပြောဆိုရာ၏၊

֍ ၁၂၃၈။ မှန်သော စကားသည် စင်စစ် အမြိုက်သုဓာဘုတ်နှင့် တူ၏၊ ဤမှန်သော စကား ကိုပြောဆိုခြင်းသဘောသည် ရှေးသူဟောင်းတို့ ထုံးဟောင်းတံထွာ ဖြစ်၏၊ သူတော်ကောင်း တို့သည့်မှန်သော စကား၌လည်းကောင်း၊ အကျိုးတရား၌လည်းကောင်း၊ အကြောင်းတရား၌လည်းကောင်းတည်ကုန်၏ဟု ဆိုကြကုန်ပြီ။

֍ ၁၂၃၉။ မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ဝဋ်ဆင်းရဲအဆုံးကို ပြုခြင်းငှါ ဘေး မရှိသောအကြင်စကားကို ဆိုတော်မူ၏၊ ထိုစကားသည် စကားတကာတို့ထက် လွန်မြတ်၏၊

֍ ၁၂၄၀။ နက်နဲသော ပညာလည်းရှိတော်မူသော, အကျိုးအကြောင်းကို သိသော ပညာရှိ သော, အကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ္မာတော်မူသော, (သာဝကပါရမီဉာဏ်တို့၏ အထွတ်အထိပ်သို့ရောက်သဖြင့်) ကြီးမြတ်သော ပညာလည်းရှိသော အသျှင်သာရိပုတ္တရာသည် ရဟန်းတို့အားတရားဟောတော်မူ၏၊

֍ ၁၂၄၁။ (ထိုအသျှင်သာရိပုတ္တရာသည်) တရားကို အကျဉ်းအားဖြင့်လည်း ဟောတော်မူ၏၊ အကျယ်အားဖြင့်လည်း ဟောတော်မူ၏၊ 'သာလိကာ၏ သာယာစွာ ကြွေးကြော်သံကဲ့သို့'အသျှင်သာရိပုတ္တရာ၏ (သာယာသော) အသံသည် ဖြစ်ပေါ်လာ၏၊ (သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့) အဆင့်ဆင့်အဆုံးမရှိသော ဉာဏ်ပဋိဘာန်ထင်လာ၏၊

֍ ၁၂၄၂။ ရဟန်းတို့သည် ထိုတရားကို ဟောသော ထိုအသျှင်သာရိပုတ္တရာ၏ သာယာ စွာသော အသံကိုနာကြားရကုန်၏၊ တပ်နှစ်သက်ဖွယ်ရှိသော နာပျော်ဖွယ်ရှိသော သာယာ သော အသံကြောင့်တက်ကြွသော စိတ်ရှိကုန်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်လျက် နားထောင်ကြကုန်၏၊

֍ ၁၂၄၃။ ယနေ့ တစ်ဆယ့်ငါးရက်မြောက်သော ဥပုသ်နေ့၌ သံယောဇဉ်အနှောင်အဖွဲ့ကို ဖြတ်၍တည်ကုန်သော ဆင်းရဲမရှိကုန်သော တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိကုန်သော ရဟန္တာတို့ချည်းဖြစ်ကုန်သော ရဟန်းငါးရာတို့သည် စင်ကြယ်သော ဝိသုဒ္ဓိပဝါရဏာ ပြုခြင်း အကျိုးငှါ အညီအညွတ်စည်းဝေးရောက်လာကြကုန်၏၊

֍ ၁၂၄၄-၄၅။ စကြဝတေးမင်းသည် အမတ်အပေါင်း ခြံရံလျက် ပတ်ဝန်းကျင် သမုဒ္ဒရာ အဆုံးရှိသောဤမြေပြင်ကို အစဉ်လှည့်လည်သကဲ့သို့ ထိုအတူ ကိလေသာဟူသော စစ်မြေ အရပ်ကို အောင်ပြီးသောယာဉ်မှူးသဖွယ် ဖြစ်တော်မူသော အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရားကို သေခြင်းတရားပယ်ကုန်ပြီးသော ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံကုန်သော တပည့် သာဝကတို့သည် ဆည်းကပ်ကြကုန်၏၊

֍ ၁၂၄၆။ အလုံးစုံသော ရဟန္တာငါးရာတို့သည် မြတ်စွာဘုရား၏ သားတော်များ ဖြစ်ကြကုန်၏၊

ဤရဟန္တာငါးရာအပေါင်း၌ အချည်းနှီး (သီလကင်းသော) ရဟန်းမရှိ၊ တဏှာတည်းဟူသော ငြောင့်ကိုနုတ်ပယ်တော်မူတတ်သော နေမင်းအဆွေ ဖြစ်တော်မူသော မြတ်စွာဘုရား ကို အကျွန်ုပ် ရှိခိုးပါ၏၊

֍ ၁၂၄၇။ တစ်ထောင်မကသော ရဟန်းတို့သည် ကိလေသာမြူ ကင်းသည်ဖြစ်၍ တစ်စုံ တစ်ခုမျှဘေးမခသည့် နိဗ္ဗာန်နှင့် စပ်သောတရားကို ဟောတော်မူသော မြတ်စွာဘုရားကို ဆည်းကပ်ကြကုန်၏၊

֍ ၁၂၄၈။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော အညစ်အကြေး ကင်းသောတရားတော်ကို နာကြကုန်၏၊ ရဟန်းအပေါင်း ခြံရံအပ်သော မြတ်စွာဘုရားသည် တင့်တယ်ပါပေစွတကား။

֍ ၁၂၄၉။ မြတ်စွာဘုရား အရှင်ဘုရားသည် (မကောင်းမှုကို ပြုတော်မမူတတ်သောကြောင့် ) နာဂအမည်ရှိတော်မူပါ၏၊ ဝိပဿီစသောဘုရား (ဣသိ) တို့၏ ခုနစ်ဆူမြောက်ဘုရား (ဣသိ) ဖြစ်တော်မူသော အရှင်ဘုရားသည် မိုးကြီးကဲ့သို့ ဖြစ်၍ တပည့်သာဝကတို့အား (တရားတည်းဟူသောမိုးကို) ရွာသွန်းတော်မူ၏၊

֍ ၁၂၅၀။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ တပည့်သာဝက ဝင်္ဂိသသည်မြတ်စွာဘုရားကို ဖူးမြင်လိုသောကြောင့် နေ့သန့်စင်ရာမှ ထွက်ခဲ့၍ အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏၊

֍ ၁၂၅၁။ (အကြင်မြတ်စွာဘုရားသည် ) မာရ်မင်း၏ ကိလေသာဖြစ်ခြင်း၏ အကြောင်းကို လွှမ်းမိုး၍ (ရာဂအစရှိသော) တံသင်းတို့ကို ဖျက်ဆီးလျက် ကြွသွားတော်မူ၏၊ အနှောင်အဖွဲ့မှ လွတ်ခြင်းကို ပြုတော်မူတတ်သော ရာဂစသည်ကို မမှီဘဲ (သတိပဋ္ဌာန်စသော) အဖို့အစုအား ဖြင့် ခွဲခြမ်းဝေဖန်၍ (ဟောတော်မူသော) ထိုမြတ်စွာဘုရားကို ရှုကြပါကုန်လော့။

֍ ၁၂၅၂။ မြတ်စွာဘုရားသည် သြဃလေးပါးမှ ထွက်မြောက်ခြင်းအကျိုးငှါ (သတိပဋ္ဌာန် စသည်တို့၏အစွမ်းဖြင့်) များသော အပြားရှိသော အကြောင်း (မဂ်) တရားကို ဟောတော်မူ၏၊ မြတ်စွာဘုရားဟောကြားတော်မူအပ်သော ထိုအမြိုက်နိဗ္ဗာန်၌ တရားကို ရှုမြင်လေ့ရှိကုန်သော သူတို့သည် တွန့်တိုခြင်းမရှိကုန်မူ၍ တည်ကုန်၏၊

֍ ၁၂၅၃။ ထွန်းလင်းတောက်ပခြင်းကို ပြုတော်မူတတ်သော မြတ်စွာဘုရားသည် ထိုးထွင်း၍ သိတော်မူပြီး၍အလုံးစုံသော ဒိဋ္ဌိဌာနတို့ကို လွန်မြောက်ရာ နိဗ္ဗာန်ကို မြင်တော်မူပြီ။ ထို မြတ်စွာဘုရားသည် မြတ်သောတရားကို သိမြင်ပြီး၍လည်းကောင်း၊ မျက်မှောက်ပြုပြီး၍လည်းကောင်း ပဉ္စဝဂ္ဂီတို့အားဟောကြားတော်မူ၏၊

֍ ၁၂၅၄။ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် (မြတ်စွာဘုရားသည် ) တရားကို ကောင်းစွာဟောတော်မူသည်ရှိသော် တရားကို သိသော သူတို့အား အဘယ်မေ့လျော့ခြင်း ဖြစ်နိုင်ပါအံ့ နည်း၊ ထို့ကြောင့်ပင် ထိုမြတ်စွာဘုရား သာသနာတော်၌ ရှိခိုးလျက် အခါခပ်သိမ်း မမေ့ မလျော့ ကျင့်ရာ၏၊

֍ ၁၂၅၅။ မြဲမြံသော လုံ့လရှိသော အကြင်ကောဏ္ဍညမထေရ်သည် ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဝိဝေကသုံးပါးတို့ကို အမြဲမပြတ် ရခြင်းရှိ၏၊ ထိုကောဏ္ဍညမထေရ်သည် (သာဝကအားလုံးတို့၏ရှေးဦးစွာ) မြတ်စွာဘုရားသို့ အတုလိုက်၍ သစ္စာလေးပါးကို သိတော် မူ၏၊

֍ ၁၂၅၆။ မမေ့မလျော့ ကျင့်သော ထိုကောဏ္ဍညမထေရ်သည် မြတ်စွာဘုရား အဆုံးအမ အတိုင်းလိုက်နာပြုကျင့်လေ့ရှိသော တပည့်သာဝကတို့ ရောက်သင့် ရောက်ထိုက်သော တရား အားလုံးသို့အစဉ်ရောက်အပ်ပြီ။

֍ ၁၂၅၇။ ကြီးသော တန်ခိုးအာနုဘော်ရှိသော ဝိဇ္ဇာသုံးပါးနှင့်လည်း ပြည့်စုံသော စေတောပရိယအဘိညာဉ်၌လည်း လိမ္မာသော မြတ်စွာဘုရား၏ အမွေခံဖြစ်သော ကောဏ္ဍညမထေရ် သည်မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၏၊

֍ ၁၂၅၈။ သေခြင်းကို ပယ်စွန့်ကုန်ပြီးသော ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံကုန်သော တပည့် သာဝကတို့သည် ဣသိဂိလိတောင်နံပါး (ကျောက်ညိုအပြင်) ၌ နေတော်မူသော ဝဋ်ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) သို့ရောက်တော်မူသော မြတ်စွာဘုရားကို ဆည်းကပ်ကြကုန်၏၊

֍ ၁၂၅၉။ တန်ခိုးကြီးသော အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုရဟန်းတို့၏ စိတ်ကို စုံစမ်းဆင်ခြင်သည်ရှိသော် (စေတောပရိယအဘိညာဉ်) ဖြင့် ဥပဓိအားလုံးတို့၏ ကင်းခြင်း ကိလေသာ မှလွတ်မြောက်ခြင်းကို အစဉ်အတိုင်း ပိုင်းခြား၍ သိ၏၊

֍ ၁၂၆၀။ ဤသို့ဆိုအပ်ပြီးသည့်အတိုင်း အလုံးစုံသော အင်္ဂါတို့နှင့် ပြည့်စုံသော ဝဋ်ဆင်းရဲ အပေါင်း၏အဆုံး (နိဗ္ဗာန်) သို့ ရောက်တော်မူပြီးသော များသော ဂုဏ်အပေါင်းနှင့် ပြည့်စုံ တော်မူသောဂေါတမမြတ်စွာဘုရားကို (တပည့်သာဝကအပေါင်းတို့သည်) ဆည်းကပ်ကြကုန်၏၊

֍ ၁၂၆၁။ တိမ်တိုက်ကင်းသော ကောင်းကင်၌ လပြည့်ဝန်းသည် တင့်တယ်သကဲ့သို့လည်းကောင်း၊ (တိမ်တိုက်စသော) အညစ်အကြေးကင်းသော နေမင်းသည် တင့်တယ်သကဲ့သို့လည်းကောင်းထို့အတူ သာလျှင် ကိုယ်တော်မှ ပြိုးပြိုးပြက်ထွက်သော အရောင်ရှိတော်မူသော မြတ်စွာဘုရားအရှင်ဘုရားသည် အခြံအရံဖြင့် အလုံးစုံသောလောကကို လွန်၍ တင့်တယ် တော်မူပါပေ၏၊

֍ ၁၂၆၂။ ငါတို့သည် ရှေးအခါက ကဗျာဖွဲ့ခြင်းမျှ ရှိကုန်သည်ဖြစ်၍ တစ်ရွာမှ တစ်ရွာ တစ်မြို့မှ့တစ်မြို့သို့ သွားလာလှည့်လည်ကြရပါကုန်၏၊ ထိုစဉ်အခါဝယ် ခပ်သိမ်းသော တရားတို့၏အဆုံးတိုင်အောင် သိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပါကုန်ပြီ။

֍ ၁၂၆၃။ ဝဋ်ဆင်းရဲအပေါင်း၏ အဆုံးသို့ ရောက်တော်မူပြီးသော ထိုမြတ်စွာဘုရားသည် အကျွန်ုပ်အားတရားကို ဟောတော်မူပါ၏၊ (ဟောတော်မူသော) တရားတော်ကို ကြားနာရ သောကြောင့် (ရတနာသုံးပါးအပေါင်း၌) အကျွန်ုပ်တို့ ကြည်ညိုကြရပါကုန်၏၊

֍ ၁၂၆၄။ အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၏ တရားစကားကို ကြားနာရ၍ ခန္ဓာငါးပါးတို့ ကိုလည်းကောင်း၊ အာယတနတစ်ဆယ့်နှစ်ပါးတို့ကိုလည်းကောင်း၊ ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ကိုလည်းကောင်း၊ သိ၍အိမ်ရာမထောင် ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏၊

֍ ၁၂၆၅။ အကြင်သတ္တဝါတို့သည် မြတ်စွာဘုရား အဆုံးအမတော်အတိုင်း လိုက်နာပြုကျင့် ကြကုန်၏၊ ထိုမိန်းမယောကျ်ား သတ္တဝါအများတို့၏ အကျိုးငှါ ဘုရားရှင်တို့ ပွင့်တော်မူကြပေကုန်စွတကား။

֍ ၁၂၆၆။ အကြင်ရဟန်းယောကျ်ား ရဟန်းမိန်းမတို့သည် မဖောက်ပြန်သော သဘောရှိ သည်ဖြစ်၍ မိမိ၏အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော မဂ်လေးပါးကို ရကုန်၏၊ ထိုရဟန်းယောကျ်ားရဟန်းမိန်းမတို့၏ အကျိုးငှါ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ် ကို ရတော်မူပါပေသည်တကား။

֍ ၁၂၆၇-၈။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော နေမင်း၏ အဆွေတော်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သတ္တဝါတို့အား အစဉ်သနားတော်မူသဖြင့် ဒုက္ခသစ္စာ, ဒုက္ခ၏ဖြစ်ကြောင်း သမုဒယသစ္စာ, ဒုက္ခကိုလွန်မြောက်ရာ နိရောဓသစ္စာ, ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက် ကြောင်းဖြစ်သော မြတ်သောအင်္ဂါရှစ်ပါးရှိသော မဂ္ဂသစ္စာဟူသော

ဤလေးပါးသော အရိယ သစ္စာတို့ကို ဟောတော်မူအပ်ကုန်၏၊

֍ ၁၂၆၉။ ဤဒုက္ခသစ္စာစသော အရိယသစ္စာတို့သည် ဤသို့ ဒုက္ခစသော အပြားအားဖြင့်မဖောက်မပြန်ကုန်၊ ထိုအရိယသစ္စာတို့ကို မြတ်စွာဘုရားသည် အကြင်အခြင်းအရာအားဖြင့်ဟောတော်မူအပ်ကုန်၏၊ ထိုအခြင်းအရာအားဖြင့် ငါသည် မြင်အပ်ကုန်၏၊ ငါသည် အရဟတ္တဖိုလ်ဟူသော မိမိအကျိုးကို အစဉ်ရအပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

֍ ၁၂၇၀။ မြတ်စွာဘုရား၏ အထံသို့ ငါ၏ လာခြင်းသည် ကောင်းသော လာခြင်း ဖြစ်လေ စွတကား၊ ခွဲခြမ်းစိတ်ဖြာ၍ ဟောတော်မူအပ်ကုန်သော တရားတို့တွင် အကြင်တရားသည် အထူးသဖြင့် ချီးမွမ်းအပ်၏၊ ထိုအထူးသဖြင့် ချီးမွမ်းအပ်သော မဂ်ဖိုလ်တရားသို့ ငါ ကပ်ရောက်ရပြီ။

֍ ၁၂၇၁။ ငါသည် အဘိညာဉ်တို့၏ အထွတ်အထိပ်သို့ ရောက်ပြီ၊ ဒိဗ္ဗသောတအဘိညာဉ်ကိုသုတ်သင်ပြီးပြီ၊ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံပြီ၊ ဣဒ္ဓိဝိဓအဘိညာဉ်သို့ ရောက်ပြီ၊ စေတောပရိယ အဘိညာဉ်၌လိမ္မာပြီ။

֍ ၁၂၇၂။ မယုတ်လျော့သော ပညာရှိတော်မူသော မြတ်စွာဘုရားကို မေးလျှောက်ပါ၏၊ ယခု ဘဝ၌ပင်တွေးတောမှု ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ပယ်ဖြတ်သူ ထင်ရှားသူ အခြံအရံများသူ ငြိမ်း အေးပြီးသော စိတ်ရှိသူအကြင်ရဟန်းသည် အဂ္ဂါဠဝစေတီ၌ စုတေရွေ့လျောခဲ့ပါပြီ။

֍ ၁၂၇၃။ မြတ်စွာဘုရား ဗြာဟ္မဏဖြစ်သော ထိုရဟန်း၏ အမည်ကို နိဂြောဓကပ္ပဟူ၍ အရှင်ဘုရားမှည့်ခေါ်ပါ၏၊ မြဲမြံသော သဘောရှိသော နိဗ္ဗာန်ကို မြင်တော်မူသော မြတ်စွာဘုရား နိဗ္ဗာန်ဝိမုတ္တိကိုတောင့်တ၍ ထက်သန်သော လုံ့လရှိသော ထိုနိဂြောဓကပ္ပရဟန်းသည် အရှင်ဘုရားကို ရှိခိုးလျက်လှည့်လည် သွားလာနေပါ၏၊

֍ ၁၂၇၄။ သာကီဝင်မင်းမျိုးဖြစ်တော်မူသော ထက်ဝန်းကျင် မြင်နိုင်စွမ်းသော သဗ္ဗညုတဉာဏ်ရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့ အားလုံးသည်လည်း ထို (နိဂြောဓကပ္ပအမည် ရှိသော) သာဝကကို သိလိုပါကုန်၏၊ အကျွန်ုပ်တို့၏ နားတို့သည် နာကြားရန် ကောင်းစွာ တည်ပါကုန်၏၊ အရှင်ဘုရားသည် အကျွန်ုပ်တို့၏ ဆရာပါတည်း၊ အရှင်ဘုရားသည် အတုမရှိ မြတ်တော်မူပါပေ၏၊

֍ ၁၂၇၅။ မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့၏ ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ဖြတ်တော်မူပါ၊ ထိုနိဂြောဓကပ္ပ ပရိနိဗ္ဗာန်ပြုသည်ကို ဟောကြားသိစေ တော်မူဘိလော၊ ထက်ဝန်းကျင် မြင်နိုင်စွမ်းသော သဗ္ဗညုတဉာဏ်ရှိတော်မူသော မြတ်စွာဘုရား 'မျက်စိတစ်ထောင်ရှိသောသိကြားမင်းသည် နတ်တို့ အလယ်၌ ပြောဆိုဘိသကဲ့သို့' အကျွန်ုပ်တို့ အလယ်၌ဟောကြားတော်မူပါလော့။

֍ ၁၂၇၆။ ဤခန္ဓာငါးပါးတည်းဟူသောလောက၌ တွေဝေမှု 'မောဟ'၏ လမ်းကြောင်း, မသိမှု 'အဝိဇ္ဇာ'၏အသင်းအပင်း, တွေးတောမှု 'ဝိစိကိစ္ဆာ'၏ တည်ရာ ဖြစ်ကြသည့် အထုံး အဖွဲ့'ဂန္ထ'ဟူသမျှအားလုံးတို့သည် မြတ်စွာဘုရားထံမှောက် ရောက်ကြကုန်သော် မဖြစ်ပေါ် တော့ကုန်၊ ဤဘုရားတည်းဟူသော စက္ခုသည် သတ္တဝါတို့၏ အမြတ်ဆုံး စက္ခုပါတည်း။

֍ ၁၂၇၇။ 'လေသည် တိမ်စိုင်တိမ်ခဲကို မဖျောက်လွှင့်နိုင်ခဲ့မူလောကအားလုံးသည် တိမ်တိုက်လွှမ်းသည်ဖြစ်၍ အမိုက်တိုက်သာလျှင် ဖြစ်ရာသကဲ့သို့' ယောကျ်ားမြတ် ဖြစ်တော်မူသောမြတ်စွာဘုရားသည် ကိလေသာတို့ကို မဖြတ်ခဲ့မူလောကအားလုံးသည် စင်စစ် အမိုက်တုံးကြီး သာလျှင် ဖြစ်ရာ၏၊ ပညာရောင် ထွန်းပကုန်သော သူတို့သော်လည်း မထွန်းပနိုင်ကုန်ရာ။

֍ ၁၂၇၈။ ပညာရှိတို့သည် သာ ပညာအရောင်ကို ပြုတတ်သူတို့ ဖြစ်ပါကုန်၏၊ လုံ့လရှိတော် မူသောမြတ်စွာဘုရား အကျွန်ုပ်သည် အရှင်ဘုရားကို ပညာအရောင်ပြုတတ်သူ ပုဂ္ဂိုလ်ဟူ၍ သာလျှင် အောက်မေ့ပါ၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို အထူးမြင်တတ်သူဟူ၍ သိကြကုန်သည်ဖြစ်၍ သာလျှင် ချဉ်းကပ်လာရောက်ကြပါကုန်၏၊ ထို့ကြောင့် ပရိသတ်အလယ်၌ အကျွန်ုပ်တို့အားနိဂြောဓကပ္ပမထေရ်ကို ထင်ရှားအောင် ပြတော်မူပါလော့။

֍ ၁၂၇၉။ သာယာဖွယ် အသံရှိတော်မူသော မြတ်စွာဘုရား သာယာဖွယ်ရှိသော စကားကို လျင်မြန်စွာမြွက်ဆိုတော်မူပါလော့၊ 'ဟင်္သာသည် လည်ကို မြှောက်၍ ဖြည်းညှင်းစွာ ကျူးရင့် သကဲ့သို့' ကောင်းစွာပြုပြင်အပ်သော လုံးသောအသံတော်ဖြင့် ကျူးရင့်တော်မူပါလော့၊ အလုံး စုံသော ထိုတပည့်တော်တို့သည် မပျံ့လွင့်သော စိတ်ရှိလျက် နာကြားပါကုန်အံ့။

֍ ၁၂၈၀။ ပဋိသန္ဓေနေမှု သေမှုကို အကြွင်းမဲ့ ပယ်တော်မူပြီးသော မြတ်စွာဘုရားကိုလျှောက်ထားတောင်းပန်ပြီးလျှင် (ကိလေသာကို) ဆေးကြောတတ်သော တရားကို ဟောကြား စေအံ့၊ ပုထုဇဉ်, သေက္ခ, အသေက္ခတို့သည် အလိုရှိရာကို ပြုလုပ်ပေးစွမ်းနိုင်မှု မရှိ၊ မြတ်စွာဘုရားတို့မူကားပညာဖြင့် နှိုင်းချိန်၍ ပြုနိုင်သည်သာ ဖြစ်၏၊

֍ ၁၂၈၁။ မယုတ်လျော့သော ပညာရှိတော်မူသော မြတ်စွာဘုရား ကောင်းစွာ ဖြောင့်မတ် သောပညာရှိတော်မူသော မြတ်စွာဘုရားသည် (ကောင်းစွာ ဖြစ်စေအပ်သော ) အပြည့်အစုံဖြေကြားတော်မူအပ်သော ဤစကားတော်ကို ကောင်းစွာ သင်ယူအပ်ဖူးပါပြီ၊ နောက်တစ်ဖန်ဤလက်အုပ်ကို ကောင်းစွာ ညွတ်ကာ ရှိခိုးပါ၏၊ (နိဂြောဓကပ္ပ၏ လားရာဂတိကို) သိတော်မူ သောမြတ်စွာဘုရားသည် အကျွန်ုပ်တို့အား မတွေဝေပါစေလင့်။

֍ ၁၂၈၂။ မယုတ်လျော့သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား (လောကီလောကုတ္တရာ အားဖြင့်) မြတ်ထက် မြတ်ဖြစ်သော အရိယသစ္စာတရားကို ထိုးထွင်သိတော်မူပြီး၍ (ဉေ ယျဓံတရားအားလုံးကိုသိတော်မူသော) မြတ်စွာဘုရားသည် အကျွန်ုပ်တို့အား မတွေဝေပါစေ လင့်၊ 'နွေအခါ၌နေပူနှိပ်စက်ခံရသော ယောကျ်ားသည် ရေကို အလိုရှိသကဲ့သို့' အရှင် ဘုရား၏ စကားတော်ကိုအလိုရှိပါ၏၊ အကြားအမြင်သုတတည်းဟူသော ဒေသနာမိုးကို ရွာသွန်းတော်မူပါလော့။

֍ ၁၂၈၃။ အကြင်အကျင့်မြတ်ကို နိဂြောဓကပ္ပသည် လိုလိုချင်ချင် ကျင့်ပါ၏၊ ထို နိဂြောဓကပ္ပ၏ အကျင့်မြတ်သည် အချည်းနှီး မဖြစ်ဘဲ ရှိပါ၏လော၊ ထိုနိဂြောဓကပ္ပသည် ကိလေသာ အကြွင်းရှိသေးသည်ဖြစ်၍ ခန္ဓာချုပ်ငြိမ်းလေသလော၊ သို့မဟုတ် 'အချင်းခပ် သိမ်း ကိလေသာမှ လွတ်မြောက်ပြီးသူရဟန္တာကဲ့သို့' ပရိနိဗ္ဗာန်ပြုပါလေသလော၊ ထို နိဂြောဓကပ္ပ၏ အကြောင်းကို နာကြားလိုပါကုန်၏၊

֍ ၁၂၈၄။ မြတ်စွာဘုရားသည် ဤသို့ဟောတော်မူ၏၊ ဤနာမ်ရုပ်နှစ်ပါး၌ ကဏှအမည်ရ သော မာရ်၏အလျဉ်ဖြစ်သော ကြာမြင့်စွာသော နေ့ညဉ့်ပတ်လုံး အစဉ်မပြတ် ကိန်းအောင်း နေသော တဏှာကိုကပ္ပရဟန်းသည် အကြွင်းမဲ့ ဖြတ်ပြီ၊ ပဋိသန္ဓေနေခြင်း သေခြင်းမှ အကြွင်းမဲ့ ကူးမြောက်ပြီဟုပဉ္စဝဂ္ဂီတို့ထက် မြတ်သော မြတ်စွာဘုရား ဟောတော်မူ၏၊

֍ ၁၂၈၅။ (ဝိပဿီအစရှိသော ဘုရားရှင်တို့တွင်) ခုနစ်ဆူမြောက် ဣသိဖြစ်တော်မူသော မြတ်စွာဘုရားအရှင်ဘုရား၏

ဤစကားတော်ကို ကြားနာရသောကြောင့် အရှင်ဘုရားအား အကျွန်ုပ် ကြည်ညိုလှပါ၏၊ စင်စစ် အကျွန်ုပ် မေးအပ်သော ပြဿနာသည် အချည်းနှီး မဟုတ်ပါ (အကျိုးရှိပါ၏)၊ ပုဏ္ဏားမျိုးကပ္ပသည် အကျွန်ုပ် အလိုကို မချွတ်ယွင်းစေပါ။

֍ ၁၂၈၆။ မြတ်စွာဘုရား၏ တပည့်သာဝကသည် ပြောဆိုသည့်အတိုင်း ပြုလုပ်လေ့ရှိသူ ဖြစ်ပါ၏၊ မာယာများသော သေမင်း၏ ဝဋ်ဆင်းရဲကို ချဲ့တတ်သော မြဲမြံသော တဏှာကွန်ရက် ကိုဖြတ်တောက်လေပြီ။

֍ ၁၂၈၇။ မြတ်စွာဘုရား နိဂြောဓကပ္ပသည် ကံ ကိလေသာတို့ စွဲလမ်းအပ်သော ဝဋ်၏ အစကို မြင်လေပြီ၊ ကပ္ပမထေရ်သည် အလွန်ကူးမြောက်နိုင်ခဲသော သေခြင်း၏ တည်ရာဝဋ်ကို စင်စစ်လွန်မြောက်လေပြီတကား။

֍ ၁၂၈၈။ နတ်တကာတို့ထက် လွန်သော နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ် ရှိခိုးပါ၏၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားသို့ အတုလိုက်၍ဖြစ်သော ကြီးသော လုံ့လရှိသော နာဂမည်တော်မူသော ဘုရား ရှင်၏ ရွှေရင်တော်နှစ် သားတော်စစ်ဖြစ်၍ နာဂမည်သော ထိုနိဂြောဓကပ္ပကို ရှိခိုးပါ၏၊

ဤသို့လျှင် အရှင်ဝင်္ဂိသမထေရ်သည် ဤဂါထာတို့ကို ရွတ်ဆို၏၊

မဟာနိပါတ် ပြီး၏၊

ထေရဂါထာပါဠိတော် မြန်မာပြန် ပြီး၏၊

........

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ