Skip to main content

ဘာသာရေးပြဿနာပေါင်းချုပ်

ဘာသာရေးပြဿနာပေါင်းချုပ်

ရုပ်နာမ် အနိစ္စ

(မေး) (ရုပ်နာမ် အနိစ္စ)

အရှင်ဘုရား၊ တပည့်တော်တို့၏ ရူပက္ခန္ဓာ (ဝါ) ရုပ်တရား အပေါင်းအစုသည် မျက်စိတမှိတ်လျှပ်တပြက် အချိန်တိုင်းမှာ ဖြစ်ပျက်နေသည်ဟု ဆိုပါသည်။ ထိုတွင် ပျက်သွားသော အဏုမြူရုပ်ကလေးများသည် လုံးဝ ဘာမျှ မကျန်ရှိအောင် သေဆုံးပျောက်ပျက်သွားပါသလား။ သို့မဟုတ် အဏုမြူရုပ်ကလးများသည် မသေဆုံးနိုင်သည့်သတ္တိဖြင့် အပေါင်းအစု ခန္ဓာအဖြစ်မှ တခုချင်းခွဲထွက်၍ အကန့်အသတ်မဲ့ အလွန်ကျယ်ပြန့်စွာ လွင့်မျောသွားပါသလား။ ၄င်းနှင့်စပ်၍ အနိစ္စတရားကို ဘယ်လို မှတ်ယူရပါ့မလဲဘုရား။ နာမ်တရား၏ အနိစ္စကိုလည်း သိချင်ပါသည်ဘုရား။

(မောင်ထွန်းမြင့်နိုင်)

(ဖြေ)

နာမ်တရားတို့သည် မျက်စိတမှိတ် လျှပ်တပြက်အတွင်း၌ ကုဋေတသိန်း(မက) ပျက်ကြသည်ဟု ဆိုပါသည်။ ပျက်ရာ၌ ဥပါဒ် ဌီ ဘင် ဟု ခဏငယ်သုံးချက်ရှိရာ ခဏငယ်သုံးချက်ပြည့်တိုင်း နာမ်တရားတခု ပျက်ပါသည်။ နောက်ကံအားလျော်စွာ ပြန်ဖြစ်ပါသည်။ ဤသို့ ဖြစ်လိုက် ပျက်လိုက်ဖြင့် နာမ်တရားသည် မျက်စိတမှိတ်အတွင်း ကုဋေတသိန်း(မက) ပျက်သည်။

ပျက်ရာ၌ အကြွင်းအကျန်မရှိ ပျက်၍ အသစ်ပြန်ဖြစ်ကြသည်။ ရုပ်တရားမှာ နာမ်တရား ၁၇-ချက် ပျက်လျှင် ရုပ်တကြိမ် ပျက်သည်။ ခဏငယ် ၅၁-ချက် တကြိမ်ပျက်သည်။ ၄င်းအပျက်မှာလည်း အကြွင်းအကျန်မရှိ ပျက်ခြင်းသာဖြစ်သည်။ ထို့နောက် ရုပ်နာမ်တို့၏ ခဏိကမရဏ ပျက်စီးနေခြင်းကို မှတ်ရပါမည်။ ထိုရုပ်တရားများကို အဏုမြူ ရုပ်ကလေးများဟု မဆိုပါ။

အဏုပြူတခုလျှင် ပရမာဏုပြူ ၁၆-ခုရှိပြီး

ထိုပရမာဏုမြူတခု တခုမှာလည်း အဝိနိဗ္ဘောဂရုပ် ၈-ခုစီ ရှိပါသေးသည်။ ထိုမျှ သိမ်မွေ့လှပါသည်။

အဘိဓမ္မာရုပ်ပိုင်းကို လေ့လာသင့်ကြောင်း ပြောကြားလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရုပ်ရှင်တော်

(မေး) (ရုပ်ရှင်တော်)

ဆရာတော် အရှင်မြတ်ဘုရား၊ အချို့ ဗုဒ္ဓရုပ်ပွားတော်များကို ရုပ်ရှင်တော်မြတ်-ဟူသော ဝေါဟာရဖြင့် ဖော်ပြထားသည်ကို တွေ့ရပါသည်၊ ရုပ်ရှင်တော်-၏ အဓိပ္ပါယ်ကို သိလိုပါသည်ဘုရား။

(သန်းလွင်-ပြွန်တန်ဆာမြို့)

(ဖြေ)

အလွန်သပ္ပါယ်တော်မူသော ရုပ်ပွားတော်များသည် မျက်နှာတော်က လှုပ်ရှားနေသယောင်၊ ဖူးမြော်သူတို့ အမြင်တွင် အမျိုးမျိုး ထင်မြင်ကြရပါသည်။

ဥပမာ-ခြောက်ထပ်ကြီး လျောင်းတော်မူကြီးသည် မျက်လုံးတော် ကြည်လင်လှသဖြင့် မျက်တောင်ပင် ခတ်နေသကဲ့သို့ ထင်ရသည်။

ရခိုင်ပြည် ကျောက်တော်မြို့ မဟာမုနိရုပ်ပွားတော်မှာ မျက်နှာတော်ပုံ အမျိုးမျိုး ပြောင်းနေသကဲ့သို့ ထင်ရသည်။

မဟာဿွံသာရ ရုပ်ပွားတော်သည်လည်း တခါဖူး တမျိုး၊ တပုံတော် ဖြစ်နေတတ်သည်-ဟု ဆိုပါသည်။

ကျိုက်ထိုမြို့ ကျိုက်ပေါလော ရုပ်ပွားတော်၏ ညာဘက်နားထင်တော်ရှိ မှည့်ရှင်တော်မှာ နေရာရွှေ့ပြောင်းနေတတ်သည်-ဟု ကြားသိရပါသည်။

ထိုကဲ့သို့ ထူးထူးခြားခြား သပ္ပါယ်တော်မူသော ရုပ်ပွားတော်များကို ရုပ်ရှင်တော်-ဟု ဝေါဟာရ ပြုကြပါသည်၊ ထိုကဲ့သို့ ရုပ်ရှင်တော်ဟု အမည်တော်ရသော ရုပ်ပွားဆင်းတု ဥဒ္ဒိဿစေတီတော်များ မြန်မာနိုင်ငံတွင် တော်တော်များများ ရှိနေကြကြောင်း သိရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကံ စိတ် ဥတု အာဟာရနှင့် သုံးဆဲ့နှစ်ကောဋ္ဌာသ

(မေး) (ကံ စိတ် ဥတု အာဟာရနှင့် သုံးဆဲ့နှစ်ကောဋ္ဌာသ)

အရှင်ဘုရား၊ ဆံပင်း၊ မွေးညှင်း၊ စသော ၃၂-ကောဋ္ဌာသတို့ကို ပထဝီဓာတ် ၂၀၊ အာပေါဓာတ် ၁၂-ပါးဟု ခွဲထားသည်ကို သိရပါသည်။ တခါက အရှင်ဘုရားသည် ၄င်း ၃၂-ကောဋ္ဌာသကို ကံ စိတ် ဥတု အာဟာရ ၄-ပါးနှင့်ခွဲပုံကို ရေးသားသည်ဟု သိရပါသည်။ ထိုခွဲပုံကို တပည့်တော်အား အကျဉ်းမျှ ဖြေစေလိုပါသည်ဘုရား။

(သိလိုသူ-စောမြမောင်၊ ဘားအံ)

(ဖြေ)

ဆံပင်၊ မွေးညှင်း စသော ၃၂-ကောဋ္ဌာသတွင် ပြည်၊ အစာသစ်၊ အစာဟောင်း၊ ကျင်ငယ်၊ ဥတုကြောင့်ဖြစ်သည့် ၄-ပါး။

နှပ်၊ တံတွေး၊ ချွေး၊ မျက်ရည်၊ ဥတု-စိတ် ၂-ပါးကြောင့်ဖြစ်သည့် ၄-ပါး။

၄င်း ၈-ပါးမှ ကြွင်း ၂၄-ပါးမှာ ကံ စိတ် ဥတု အာဟာရကြောင့် ဖြစ်သည်ဟု မှတ်သားသင့်ပါသည်။

၄င်းအကြောင်းမှတ်ဖွယ် ကဗျာတပုဒ် ကင်းဝန်မင်းကြီး ကဗျာစာအုပ်တွင် ဤသို့တွေ့ရသည်။

ဥတုဖြစ်မှာဖြင့်၊ ပြည်-စာသစ်၊ ကျင် နှစ်တန်။

နှပ်-တံတွေး၊ ချွေး-မျက်ရည် လေးပုံစုမှာ၊

ဥတု-စိတ် နှစ်ပါးငယ်ကြောင့်၊ ပွားဘိအမှန်။

နှစ်ဆယ့်လေး၊ စုဝေးကြ ကြွင်းအကျန်၊

စိတ်-ကံ-ဥ-အာ-လေး။

သမုဋ္ဌာန်၊ ဟုတ်မှန်အောင် မှတ်ယူသိလေဟု၊ ညွှန်းဘိလတ်သေး။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကံ

(မေး) (ကံ)

ဆရာတော်ဘုရား။ လူတွေဟာ ကံစီမံရာအတိုင်းပဲ တကယ်ဖြစ်ကြရတာလား ဘုရား၊

သူ့ရဲ့လုပ်ဆောင်မှု တခုတခုကြောင့် ကံဟာ ပြောင်းလဲသွားနိုင်ပါသလား ဘုရား။

ဒါမမဟုတ် မွေးဖွားရာမှ စ၍ ယခုအချိန်အထိ ဒီလိုဖြစ်ရမယ့် ကံပါလို့သာ ဖြစ်နေကြရတာပါလား၊

လူတွေရဲ့စိတ်တွေဟာ ကံနှင့်သက်ဆိုင်ပါသလားဘုရား၊ လုပ်ငန်းတခုဟာ မိမိရဲ့စိတ်ဓာတ်ပျော့ညံ့မှု ကျဆင်းမှုကြောင့် မအောင်မြင်ဘဲဖြစ်လာတဲ့အခါ ဒီလိုမအောင်မြင်ရမယ့်ကံ ပါနေလို့သာ စိတ်ဓာတ်ပျော့ညံ့မှု ကျဆင်းမှုတွေ ကြံဖန်ပြီး ဖြစ်ပေါ်နေရတာပါလားဘုရား၊

ဒါမမဟုတ် မိမိရဲ့ ညံ့ဖျင်းမှုကြောင့် အောင်မြင်ရမယ့်ကံဟာ ပြောင်းလဲပြီး မအောင်မမြင် ဖြစ်သွားတာလား၊ ဖြေကြားပေးတော်မူပါဘုရား။

(သင်းသင်းခိုင်-အမှတ် ၂၊ ဘူတာရပ် မတ္တရာမြို့)

(ဖြေ)

ဤသို့ ဘာကိစ္စဖြစ်ဖြစ် ကံ-ကြောင့်ဖြစ်ရသည်ဆိုလျှင် မမှန်ပါ။

ဤစွဲလမ်းမှုမျိုးကို ပုဗ္ဗေကတဟေတု ဒိဋ္ဌိ-ဟု ဒိဋ္ဌိအယူတမျိုးဟူ၍ ဆိုပါသည်၊

ကံကို လုံးဝစွန့်ပစ်ရမည်ကား မဟုတ်၊ ကုသိုလ်ကံကြောင့် လူ့ဘဝဟူသော သုဂတိဘုံဘဝသို့ ရောက်လာရသည်၊

တနည်းဆိုသော်-ကံက ဘဝလမ်းကြောင်းပေါ်သို့ အရောက်ပို့ပေးလိုက်သည်။ ဤဘဝလမ်းကြောင်းပေါ်သို့ ရောက်လာရသည့်အခါ မိမိ၏ ဉာဏ်၊ ဝီရိယတို့ဖြင့် သွားလာလုပ်ကိုင် ရှာဖွေပြုလုပ်မှုတို့ဖြင့် လူချင်းတူ၊ သူချင်းမျှအောင် လုပ်ကိုင်ရှာဖွေကြရမည် ဖြစ်ပါသည်။

ဥပမာ-မိမိအမှီပြုရာ အားထားရာ ပုဂ္ဂိုလ်ကြီးတဦးက ရာထူးနေရာ တခုရရန် အကူအညီပေး၍ ရာထူးနေရာ ရလာခြင်းမှာ ကံ၏စီမံပေးမှုနှင့် တူသည်။ ထိုရာထူးနေရာ၌ မြဲရန်၊ တိုးတက်ရန်၊ စာဝတ်နေရေး ဖူလုံရန်၊ ရာသက်ပန် လူချင်းသူချင်း တူညီရန်၊ စီးပွားဥစ္စာပြည့်စုံရန် စသည်တို့ကား မိမိ၏ကြံဖန် ကြိုးစားမှု၊ ဉာဏ်၊ ဝီရိယတို့ပေါ်မှာသာ တည်ပါသည်။

မြတ်စွာဘုရားလက်ထက်တော်က မဟာဓနသူဋ္ဌေးသည် ပထမအရွယ်၌ ကြိုးစားလျှင် ပထမတန်းသူဋ္ဌေး၊

ရဟန်းဝတ်၍ ကြိုးစားလျှင် ရဟန္တာဖြစ်နိုင်သော ကံ ပါလာသော်လည်း ငါ့တသက် စားမကုန်ဟုဆိုကာ ဘာမျှမလုပ်ဘဲ သုံးဖြုန်းပစ်လိုက်သည်။ နောက်ဆုံးတောင်းရမ်း စားသောက်ရကာ ဇရပ်တွင် သေရလေ၏၊

ထို့ကြောင့် နေရာတကာ အဖြစ်အပျက်အားလုံးတွင် ကံကို မစွဲလမ်းမိရန် အရေးကြီးလှပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကံကြမ္မာဝါဒ

(မေး) (ကံကြမ္မာဝါဒ)

အရှင်ဘုရား၊ တပည့်တော်တို့၏ ပတ်ဝန်းကျင်တွင် လူ့ဘဝဆိုတာ ရေးပြီးသား ဝတ္ထုစာအုပ်တအုပ်လိုပဲ ဘယ်နေ့ ဘာဖြစ်မယ်၊ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ကံကြမ္မာက သူ့အလိုလို သတ်မှတ်ပြီးသား-လို့ ပြောတတ်ကြ သည်ကို တပည့်တော် ဘဝင်မကျလှပါ။ အယူအဆ လွဲမှားနေမှန်းသိသော်လည်း မည်သူ၏ အယူအဆနှင့် လွဲမှားနေသည့်အကြောင်းတို့ကို ရှင်းပြပေးပါဘုရား။

(သိန်းဇော်ဦး-လောင်းလုံမြို့)

(ဖြေ) ဘာပဲဖြစ်ဖြစ် ကံကြမ္မာအလျောက် ဖြစ်တာပဲ-ဟူသော အယူမှာ ပုဗ္ဗေကမ္မဟေတု ဒိဋ္ဌိဝါဒ-တမျိုး ဖြစ်ပါသည်။ လူတိုင်းအဖို့ ရှေးကပြုခဲ့သော ကုသိုလ် ပုဗ္ဗေစ ကတပုညတာ ရှိသလို ယင်းရှေးကံကလည်း ဤယခု ပစ္စုပ္ပန်ပြုသောကံနှင့် တွေ့ကြုံ၍ ဥပထမ္ဘက အထောက်အပံ့ရမှသာ အကျိုးပေးပါသည်။

ကံသာမဟုတ် ဆိုင်ရာ ဉာဏ် ဝီရိယတို့ကလည်း အထောက်အပံ့ပြုပါသည်။ ကံ ဉာဏ် ဝီရိယ သုံးဌာန စုံလင်မှ ထိထိရောက်ရောက် အကျိုးပေးနိုင်သဖြင့် ရှေးကံတခုတည်းသာ ယုံကြည်စွဲမြဲထားမှုမှာ ဗုဒ္ဓဝါဒ မဟုတ်ကြောင်း သတိပြုသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကထိန်ဒါယကာ နှစ်ဦးရှိနေလျှင်

(မေး) (ကထိန်ဒါယကာ နှစ်ဦးရှိနေလျှင်)

အရှင်ဘုရား၊ ကထိန်သင်္ကန်း ကပ်လှူရာတွင် ရှေးဦးစွာ ကထိန်လာရောက်လျှောက်ထားသူနှင့် နောက်မှ လာရောက်လျှောက်ထားသူ ဤနှစ်ဦးတို့အား မည်သူ၏ ကထိန်အလှူကို လက်ခံရပါမည်နည်း။ နောက်မှ လာရောက်လျှောက်သူ၏ ပစ္စည်းတန်ဖိုးသည် ဦးစွာလျှောက်သူ၏ ပစ္စည်းတန်ဖိုးထက် များနေလျှင် တန်ဖိုးနည်းသော ပထမလျှောက်ထားသူ၏ ကထိန်ကို လက်မခံဘဲ တန်ဖိုးများသော နောက်မှလျှောက်ထားသူ၏ ကထိန်ကိုသာ လက်ခံရမည်ဟု ကြားဖူးပါသည်။ အဘယ်ကြောင့် ပထမ လာရောက်လျှောက်ထားသည့် ကထိန်ကို လက်မခံရပါသနည်း။ ရှင်းလင်းစွာ ဖြေကြားပေးတော်မူပါဘုရား။

(ဦးသိန်းဆောင်-လယ်ကြီးရွာ၊ စစ်ကိုင်းမြို့နယ်)

(ဖြေ)

ရှေးဦးစွာ လျှောက်ထားလာသူထက် နောက်မှ လာရောက် လျှောက်ထားသူက သံဃာအား လာဘ်လာဘ ပိုမိုများပြားစွာ လှူဒါန်းနိုင်လျှင် နောက်လျှောက်ထားသူ၏ ကထိန်ကို အလှူခံနိုင်ကြောင်း အဋ္ဌကထာက ညွှန်ပါသည်။

သို့သော် ဦးစွာလျှောက်ထားသူအား ခေါ်ယူညှိနိုင်း၍ ပူးပေါင်းပေးခြင်း၊ ကထိန်သင်္ကန်းအဖြစ် မဟုတ်သော်လည်း ရိုးရိုးသင်္ကန်းအလှူဖြစ်စေခြင်း စသည်ဖြင့် ကျေနပ်စေသင့်သည်ဟု ဆိုပါသည်။ သစေ တသ္မိံ အနတ္ထတေယေဝ အညံ ကထိနဒုဿံ အာဟရတိ။ ပ။ ဣတရော ယထာ ယထာ ဩဝဒိတွာ သညာပေတဗ္ဗော။(ဝိ၊ဋ္ဌ၊၃၊၃၈၉)

ဆိုလိုသည်မှာ ကထိန်မခင်းမီ အခြားတဦးက လာ၍လျှောက်ထားလာလျှင် ထိုလျှောက်ထားလာသူက အာနိသင်များလျှင် ထိုနောက်လျှောက်ထားသူ၏ သင်္ကန်းဖြင့် ကထိန်ခင်းရမည်။

အာနိသင်လာဘ်နည်းသော ပထမဒါယကာကို ကထိန်မခင်းရသော်လည်း သံဃိကသင်္ကန်းလှူမှု အကျိုးကြီးလှပါသည်-ဟု ဆုံးမ သိစေအပ်ပါသည်-ဟု အဓိပ္ပါယ်ဖွင့်ဆိုထားလေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကထိန်နုတ်ခြင်း

(မေး) (ကထိန်နုတ်ခြင်း)

အရှင်ဘုရား၊ ကျောင်းတိုက်တတိုက်မှာ ကထိန်တကြိမ်သာ ခင်းရမည်ဆိုပေမယ့်လို့ သံဃာအား အကျိုးများမည်ဆိုလျှင် ပထမခင်းသော ကထိန်ကို နုတ်ပယ်၍ နောက်တကြိမ် ခင်းထိုက်သည်ဟု ကြားဖူးပါသည်။ အဲသည်လို နုတ်ပယ်လျှင် ပထမခင်းတဲ့ ဒါယကာမှာ အကျိုးအာနိသင် ရရှိနိုင်ပါသလား၊

ကထိန်မြောက်တယ်ဆိုလျှင် ကျောင်းတိုက်တတိုက်မှာ နှစ်ကြိမ်၊ သုံးကြိမ် ကထိန်ခင်းရာ မရောက်ဘူးလား ဘုရား၊ အဲဒါတွေ ဘုရားတပည့်တော်များ ရှင်းလင်းကွဲပြားစွာ သိပါရစေ။ ဒွိဟဖြစ်ပွား တပည့်များအား ကရုဏာရှေ့ထား မိန့်ကြားပေးတော်မူပါ အရှင်ဘုရား။

(ဦးမျိုးညွန့်-မိုးဗြဲမြို့)

(ဖြေ)

ကထိန်ကို ကျောင်းတိုက် တတိုက်တွင် တနှစ်လျှင် တကြိမ်သာ ခင်းအပ်ပါသည်။

ကထိန်နုတ်ခြင်းဟူသည်မှာ နောက်တကြိမ် ကထိန်ခင်းရန် နုတ်ရခြင်း မဟုတ်ပါ။

ဥပမာ-ကျောင်းတိုက်တတိုက်တွင် ဝါကျွတ်သံဃာ ၁၀၀-ရှိ၍ ကထိန်ခင်းရာတွင် ထိုဝါကျွတ်သံဃာ ၁၀၀-သာလျှင် ကထိန်အာနိသင်ရပြီး သင်္ကန်းစသည်တို့ကို ဝေစုရနိုင်ပါသည်။ နောက်မှရောက်လာသော သံဃာများ ရနိုင်ခွင့်မရှိပါ။ ကထိန်ခေတ်ကုန်ဆုံး၍ တပေါင်းလပြည့်အတွင်း ရသမျှ သင်္ကန်းအားလုံးကို ကထိန်သံဃာများသာ ရနိုင်ပါသည်။ ထိုကျောင်းတိုက်သို့ ကထိန်ခေတ်နောက်ပိုင်းမှ သံဃာများ တိုးတက်ရောက်ရှိလာ၍ နတ်တော်၊ ပြာသိုလ် စသော အချိန်များတွင် သံဃာတထောင်ခန့် ရှိနေပြီဆိုပါစို့၊ ဒါယကာတဦးက ထိုသံဃာတထောင် အားလုံးအား သင်္ကန်း အစေ့အငရရှိအောင် သင်္ကန်းအစုံတထောင် လှူဒါန်းလာလျှင် မူလခင်းပြီး ကထိန်ကို ကမ္မဝါစာဖြင့် နုတ်၍ ပယ်ဖျောက်ပြီး လှူမှသာ နောက်ရောက်လာသော သံဃာများ သင်္ကန်းရနိ်ုင်ခွင့် ရှိပါသည်။ ထိုကိစ္စမျိုးမှာသာ ကထိန်နုတ်ခြင်းကိစ္စ ရှိအပ်ပါသည်။ ထပ်မံခင်းရန် ကထိန်နုတ်ရခြင်း မဟုတ်ကြောင်းလည်း မှတ်သားထိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကန်တော့ခန်း-ဆုတောင်း

(မေး) (ကန်တော့ခန်း-ဆုတောင်း)

ဆရာတော်ဘုရား၊ ဩကာသကန်တော့ချိုး ဆိုရာတွင် ဆုပေးမည့်ရဟန်းတော်ရှိလျှင် ဆုတောင်း ဆက်ဆိုရန် မလိုအပ်-ဟု ယူရပါမည်လားဘုရား။

ဆုတောင်း ဆက်မဆိုရသော ရှေးအစဉ်အလာ ဩကာသကန်တော့ချိုးထက် ပိုကောင်း ပိုမှန်ကန်ပါသလား၊ ခြေကြားပေးတော်မူပါဘုရား။

(ပြည်သိမ်း-အငြိမ်းစားဆေးမှူး၊ အင်းရွာ-သာယာဝတီ)

(ဖြေ)

ဆုတောင်းခြင်းမှာ ကန်တော့သူ၏ ပြင်းပြစွာ ရလိုသောဆန္ဒကို ထုတ်ဖော်ခြင်းဖြစ်၍ ကိုယ်တိုင်နှုတ်မြွက် ဆုတောင်းခြင်းသာ မှန်ကန်ပါသည်။

အပါယ်လေးပါး စသော ပယ်ဆု၊ မဂ်တရား စသော လိုဆုများကို ပြည့်ပြည့်စုံစုံ ရှေးသရောအခါကပင် စီစဉ်ပေးထားသော ဆုတောင်းဖြစ်၍ ကိုယ်တိုင် စနစ်တကျ ဆုတောင်းရပါမည်၊

ဆုပေးမည့်ရဟန်းဟူသည်မှာ သင်ဆုတောင်းသည့်အတိုင်း ဖြစ်ပါစေ-ဟု ပံ့ပိုးပေးရုံမှတပါး ဆုတောင်းဆုမြတ်များကို ပေးစွမ်းနိုင်သူများ မဟုတ်ပါ၊

ဆုပေးတိုင်း ရစေနိုင်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ များပင်

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။

သင်အလိုရှိ၍ တောင့်တတဲ့ဆုအတိုင်း လျင်မြန်စွာပြည့်ပါစေ-ဟု ဆုပေးကြပါသည်။

ထို့ကြောင့် ရှေးအစဉ်အလာ ကန်တော့ချိုး အပြည့်အစုံ အမှန်ကန်ဆုံးဖြစ်၍ မူအတိုင်းသာ ကန်တော့ဆုတောင်း ကြရန် ဖြေကြားလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကန်တော့ခြင်း နှင့် အခြင်းအရာ

(မေး) (ကန်တော့ခြင်း နှင့် အခြင်းအရာ)

ဇဋိလသူဋ္ဌေးသည် ပန်းတိမ်သည်ဘဝက ဘုရားကို ပြစ်မှားပြောဆိုမိ၍ ရေမျှောခံရသည်-ဟု ဆိုပါသည်၊ ထိုပြစ်မှားမှုကို ရွှေပန်းခိုင်ပြုလုပ်၍ ကန်တော့သည်ဟုလည်း ဆိုပါသည်၊ သို့ပါလျက် ခုနစ်ဘဝတိုင် ရေမျှောခံရသည်မှာ ကန်တော့လျက် မကြေ၊ မပြေ ဖြစ်ခြင်းပါလားဘုရား၊

ကန်တော့ရာ၌ စိုသောအဝတ်ဆံပင်တို့ဖြင့် ကန်တော့သည်ဟု ဆိုခြင်းမှာ အဘယ့်ကြောင့်ပါနည်းဘုရား၊

ထို့ပြင် ယခုခေတ်၌ မိဘဆရာသမားတို့အား ပြစ်မှားမိက ဓာတ်ပုံများကို ကန်တော့ခြင်းဖြင့် ပျောက်ကင်းနိုင်ပါသလားဘုရား။

(မာလာ-ရန်ကုန်)

(ဖြေ)

ဇဋိလသူဋ္ဌေးသည် ပန်းတိမ်သည်ဘဝက ကဿပမြတ်စွာဘုရား ဓာတ်တော်စေတီတည်ရာ၌ ဇနီးနှင့်စိတ်ဆိုးခိုက် အလှူခံလာသော ရဟန္တာမြတ်အား သည်ဘုရားကို ရေမှာသာ မျှောပစ်လိုက်ပါ-ဟု ဝစီကံဖြင့် ပြစ်မှားပြောဆိုမိသည်၊ ထိုအတွက် သတိရ၍ ရွှေပန်းခိုင်ပြုလုပ်၍ ကန်တော့သည်။ ကန်တော့၍ အပါယ်ဒုဂ္ဂတိဘေးမှ လွတ်ကင်းရလေသည်၊ သို့သော် မြွက်မိသော ဝစီကံပြစ်မှုကြောင့် ခုနစ်ဘဝတိုင်အောင် မွေးစ၌ ရေမျှောခံရသည်။

ကန်တော့ရာ၌ စိုသောအဝတ်၊ စိုသော ဆံပင်တို့ဖြင့် ကန်တော့သည်ဆိုရာ၌ တန်းတူအနေဖြင့် မဟုတ်ဘဲ အလွန်နိမ့်ချသော နိဝါတတရားကို သရုပ်ဖော်၍ ကန်တော့ခြင်းမျိုး ဖြစ်ကြောင်း မှတ်သားရဖူးပါသည်။

မိဘဆရာသမားတို့အား ပြစ်မှားမိလျှင် သက်ရှိထင်ရှားရှိက မိဘ ဆရာသမားတို့အား သွားရောက်ရှိခိုး၍ မိမိပြုမိ၊ ပြောမိသည်တို့ကို ကျေနပ်ရန် နှုတ်မြွက်ခွင့်ပန် ကန်တော့ရမည်ဖြစ်ပြီး သက်ရှိထင်ရှား မရှိတော့က မြေပုံ သချႋုင်း အရိုးဂူစသည်တို့၌ ကန်တော့ရမည်ဖြစ်ကြောင်း ဆိုပါသည်၊ ခေတ်အားလျော်စွာ ဆရာမိဘ ဓာတ်ပုံတို့ကို ကန်တော့ခြင်းမှာလည်း အပြစ်ကင်းစင်ကြောင်း ကောင်းသောအပြုအမူပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကန်တော့ခြင်း

(မေး) (ကန်တော့ခြင်း)

အရှင်ဘုရား၊ အချို့သောဆရာတော်များ၏ သီလပေး ကန်တော့ခန်း ဘုရားရှိခိုးစာအုပ်များတွင် ရတနာသုံးပါးကိုသာ ရှိခိုး၍ အနန္တောအနန္တငါးပါး အပါအဝင် မိဘဆရာသမားတို့အား အဘယ့်ကြောင့် ရှိခိုးကန်တော့ခြင်း မပါပါသလဲဘုရား။

(ဗိုလ်ဟိန်း-အင်းဝမြို့)

(ဖြေ)

ဩကာသ ဩကာသ ဩကာသ ကာယကံ ဝစီကံ မနောကံ ရတနာသုံးပါးတို့အား အရိုအသေ အလေးအမြတ်-စသည့် ဩကာသ ကန်တော့ခန်းတွင် ရတနသုံးပါးသာ ပါသည်။ မိဘ၊ ဆရာသမား စသည် မပါသည်မှာ ရတနာသုံးပါးအား ကန်တော့လျှင် မိဘ၊ ဆရာသမား၊ အဘိုး၊ အဘွား၊ အကို၊ အမ၊ ကြီးသူမြတ်သူတို့အား ပြစ်မှားမိသမျှ အပြစ်တို့ပါ ကျေပျောက်နိုင်သည်။ ထို့ကြောင့် ရတနာသုံးပါးကိုသာ ထည့်ထားခြင်း ဖြစ်ပါသည်။

မိမိသည် အိမ်၌ မိဘများ၊ မိမိထက် ကြီးသူ အကို၊ အမ စသည်များ၊ ရပ်ထဲ၊ ရွာထဲရှိ ကြီးသူများကို ကာယကံ၊ ဝစီကံ၊ မနောကံ တပါးပါးဖြင့် တနေ့မဟုတ် တနေ့ စိတ်ဆိုးခြင်း၊ စိတ်ကောက်ခြင်း၊ ဒေါသထွက်ခြင်းတို့ဖြင့် မပြစ်မှားမိသောနေ့ မရှိ။ ပြစ်မှားမိမည်။ ထိုအခါ ထိုပြစ်မှားမိသမျှတို့ကို ထုတ်ဖော်၍ နှုတ်မြွက်ထည့်ဆို မနေနိုင်။ စိတ်ထဲမှ သတိရ၍ ရတနာသုံးပါး ကန်တော့ရာ၌ ထည့်သွင်းကန်တော့မိရန် အရေးကြီးလှပါသည်။ ထို့ကြောင့် ရှေးဆရာတို့သည် လိုရင်းကိုသာ ထည့်ထားရခြင်းဖြစ်ကြောင်း သတိပြုစရာပင်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကမ္ဘာပျက်ခြင်း

(မေး) (ကမ္ဘာပျက်ခြင်း)

အရှင်ဘုရား၊ သာသနာကုန်၍ ကမ္ဘာလဲသောအခါ လူနတ်ဗြဟ္မာ သုံးဘုံစလုံး လဲပါသလားဘုရား၊ လူ့ဘုံတခုသာ လဲပြီး ကျန်နတ်ဗြဟ္မာဘုံတို့ မူလအတိုင်း တည်နေပါသလားဘုရား။

တပည့်တော်မနှင့် အခြားမသိသေးသူများ နားလည်အောင် ရှင်းပြပေးတော်မူပါဘုရား၊

တဆက်တည်း မေးလိုသည်မှာ တော်လဲ-သည်ဆိုသည်မှာ မည်သည်ကိုခေါ်ဆိုပါသနည်း ဘုရား။

လူကြီးသူမများကို မေးကြည့်ရာ ကောင်းကောင်း မပြောနိုင်ပါ၍ မေးရခြင်းဖြစ်ပါသည်ဘုရား။

(မအေးဝင့်ဖြူ-တန်ဆည်မြို့၊ စစ်ကိုင်းတိုင်း)

(ဖြေ)

သာသနာကုန်သော်လည်း ကမ္ဘာလဲ (ကမ္ဘာအသစ်လဲ ကမ္ဘာပျက်) ခြင်း မရှိနိုင်သေး။

ကမ္ဘာသက်တမ်းမှာ အန္တရကပ် (တက်ကပ်-ဆုပ်ကပ်-တစုံ) ပေါင်း ၆၄-ကပ်ရှိရာ ၁-မှ ၇-ကပ်အထိ ဘုရားတဆူမျှ မပွင့်သေး။

၈-ကပ်မြောက်ကျမှ ကကုသန် ပထမဆုံး ဘုရားပွင့်၍

၉-ကပ်တွင် ကောဏာဂုံဘုရား။

၁၀-ကပ်တွင် ကဿပဘုရားပွင့်ပြီးနောက်

၁၁-ကပ်မြောက်ကျမှ ဂေါတမမြတ်စွာဘုရား ပွင့်ကာ

၁၂-ကပ်မြောက်တွင် အရိမေတ္တေယျ မြတ်စွာဘုရား ပွင့်တော်မူမည်ဖြစ်ပေသည်။

၁၃-ကပ်မြောက်မှ ၆၄-ကပ်အထိ ဘုရားတဆူမျှ ပွင့်တော်မမူတော့ဘဲ ၆၄-ကပ် ကုန်ဆုံးပြီးလျှင်

မီးဖျက်သောကမ္ဘာ၌ ၃၁-ဘုံတွင် ကာမဘုံအားလုံးနှင့် အာဘဿရ ရူပဘုံအောက်။

ရေဖျက်သောကမ္ဘာတွင် သုဘကိဏှာဘုံအောက်၊

လေဖျက်သောကမ္ဘာတွင် ဝေဟပ္ဖိုလ်ဘုံအောက် ရူပဗြဟ္မာဘုံများပါ ပျက်ပါသည်။

ထိုအချိန်တွင် သတ္တဝါအားလုံး ယင်းတို့၏ အထက်အထက်ဘုံများမှာ ဖြစ်ကြရပါသည်၊

အကျယ်မရေးသာပါ၊ နီးစပ်ရာ ဆရာတော်များကို လျှောက်ထားမှတ်သားစေလိုပါသည်။

တော်လဲ-(တော်လည်း)သည် ဟူသည်မှာ မြေကြီးမြည်ဟည်းခြင်းကို ခေါ်သည်၊ များသောအားဖြင့် ငလျင်ပြင်းစွာ လှုပ်လျှင် တော်လဲခြင်းလည်း ဖြစ်တတ်လေသည်၊ ရံဖန်ရံခါ ငလျင်လှုပ်ခါနီးတွင် မြေကြီးကသာမဟုတ် ကောင်းကင်ကလည်း မြည်ဟည်းတတ်သည်ဟု ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကမ္ဘာနှင့် ဗုဒ္ဓဘာသာဝင်များ

(မေး) (ကမ္ဘာနှင့် ဗုဒ္ဓဘာသာဝင်များ)

အရှင်ဘုရား၊ ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်သောနိုင်ငံပေါင်း မည်မျှရှိပါသနည်း။ ထိုနိုင်ငံအမည်များကို သိလိုပါသည်ဘုရား။ ထို့ပြင် မဟာယာနဗုဒ္ဓဘာသာဝင် နိုင်ငံများကိ်ုလည်း သိလိုပါသည်ဘုရား။ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၀၀၀(ခြောက်ထောင်) ကျော်ရှိရာတွင် ခန့်မှန်းခြေအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဦးရေ မည်မျှရှိသည်ကို သိလိုပါသည်။

(ဦးအောင်-တောင်ကြီး)

(ဖြေ)

ထေရဝါဒဗုဒ္ဓဘာသာဝင်နိုင်ငံများမှာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို တို့ဖြစ်ရာ စုစုပေါင်း ၅-နို်င်ငံဖြစ်ပါသည်။ အခြားနိုင်ငံများတွင်လည်း ယခုအခါ ထေရဝါဒဗုဒ္ဓဘာသာ ပျံ့နှံ့လျက်ရှိပါသည်။ ထေရဝါဒ လူဦးရေမှာ ဖော်ပြပါ ၅-နိုင်ငံတွင် လူဦးရေ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းကြပါသည်။

မဟာယာန ဗုဒ္ဓဘာသာနိုင်ငံများမှာ ဗီယက်နမ်၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယား၊ နီပေါ၊ တရုတ်-တိုင်ပေ၊ ပါကစ္စတန်၊ တိဗက်ဒေသ၊ ရုရှ၊ အိန္ဒိယပြည်တို့၏ အချို့အပိုင်းတို့ ဖြစ်ကြပါသည်။

နိုင်ငံအလိုက်မဟုတ်ဘဲ အစိတ်အပိုင်းအနေဖြင့် ဟောင်ကောင်၊ တရုတ်-တိုင်ပေ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် မဟာယာန ဗုဒ္ဓဘာသာဝင်များ အများအပြား ရှိကြပါသည်။

ယခင် စောစောပိုင်း မှတ်တမ်းများအရ ထေရဝါဒ+မဟာယာန အားလုံး ကမ္ဘာ့လူဦးရေ သန်း ၆၀၀၀ (ခြောက်ထောင်) တွင် သန်း ၅၀၀ (ငါးရာ) ခန့်ရှိသည်ဟု မှတ်တမ်းပြုကြပါသည်။ (ယခုအခါ ထိုထက်ပိုမို များပြားနိုင်ပါသည်)။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ကမ္မဋ္ဌာနာစရိယဘွဲ့ အသုံးပြုခြင်း

(မေး) (ကမ္မဋ္ဌာနာစရိယဘွဲ့ အသုံးပြုခြင်း)

အရှင်ဘုရား၊ တပည့်တော်တို့ရွာမှ ရိပ်သာဆရာတော်တပါးသည် မိမိကိုယ်ကို ကမ္မဋ္ဌာနာစရိယဆရာတော်ဟု နိုင်ငံတော်က ဆက်ကပ်ထားသောဘွဲ့ ရရှိထားခြင်းမဟုတ်ဘဲ တံဆိပ်တုံးလုပ်၍ အသုံးပြုနေပါသည်။ နိုင်ငံတော်က ဆက်ကပ်ထားခြင်းမဟုတ်ဘဲ ဘွဲ့ကို အသုံးချသောကြောင့် မည်သည့်အပြစ်များ ကျရောက်နိုင်ပါသလဲဘုရား။ အသုံးပြုနေသည်မှာ ၁၆-နှစ်ခန့် ရှိပါပြီဘုရား။

(မောင်တေဇော)

(ဖြေ)

ကမ္မဋ္ဌာနာစရိယ-ကမ္မဋ္ဌာန်းအားထုတ်ပုံ၊ အားထုတ်နည်းကို ပြသပေးသောဆရာ ဟူသော နာမည်သည် ကမ္မဋ္ဌာန်းကို အမှန်တကယ်ပြသပေးနေလျှင် မည်သည့်အသင်းအဖွဲ့ အစိုးရကမှ ဆက်ကပ်စရာမလိုဘဲ ကမ္မဋ္ဌာနာစရိယ ဖြစ်၍နေပါသည်။ အသင်းအဖွဲ့ အစိုးရတို့က တိုး၍ ပူဇော်လို၍သာ ဘွဲ့ဆက်ကပ်ခြင်း ဖြစ်ပါသည်။ အမှန်တကယ် ကမ္မဋ္ဌာန်းပြသပေးနေလျှင် အသုံးပြုကောင်းပါသည်။ မသုံးသင့်သည်မှာ စာပေပရိယတ်များ ဖြေဆိုအောင်မြင်ခြင်းမရှိဘဲ ဖြေဆိုအောင်မြင်ထားသယောင် ဘွဲတံဆိပ်များကိုသာ အတုအပပြုလုပ်လျှင် မိစ္ဆာဇီဝဖြစ်၍ အပြစ်ဖြစ်နိုင်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ကမ္မဋ္ဌာန်းတရား၏ လောကီကျိုး

(မေး) (ကမ္မဋ္ဌာန်းတရား၏ လောကီကျိုး)

အရှင်ဘုရား၊ ဝိပဿတရား အားထုတ်ခြင်းဖြင့် လောကုတ္တရာကောင်းကျိုးချမ်းသာ-သာမက လောကီကောင်းကျိုးချမ်းသာပါ ရရှိပုံကို သိလိုပါသဖြင့် အထောက်အထားသာဓကတို့ဖြင့် ဖြေကြားစေလိုပါသည်ဘုရား။

(မသက်ဝေဦး-သုဝဏ္ဏမြို့)

(ဖြေ)

ဝိပဿနာတရား အားထုတ်ခြင်းဖြင့် လောကုတ္တရာကောင်းကျိုးချမ်းသာ ရပုံများကို အထူးဆိုဖွယ်မလိုပါ။ ကြိုးစားသလောက် ပေါက်မြောက်အောင်မြင်နိုင်ကြပါသည်။ အချို့ ကြိုးစားရင်း သက်တမ်းကုန်ဆုံးသွားသူများမှာ ဝိပဿနာဘာဝနာ၏ အကျိုးကြောင့် ထူးထူးခြားခြား လောကီအကျိုးပေးသွားပုံများကို စူဠရထနတ်သား၊ မဟာရထနတ်သား၊ အနေကဝဏ္ဏနတ်သားတို့ ဝတ္ထုဖြင့် ထင်ရှားပါသည်။ ထိုနတ်သားများသည် တရားအားထုတ်ရင်း ကွယ်လွန်၍ တာဝတိံသာနတ်ပြည်တွင် နတ်သားများဖြစ်ကြရာ သိကြားမင်းစသော နတ်မင်းများထက်ပင် တန်ခိုးကြီးနေပါသည်။ ၄င်းနတ်သားများ အခမ်းအနားဖြင့် ထွက်ချီလာလျှင် ခမ်းနားကြီးကျယ်လွန်းသဖြင့် သိကြားမင်းပင် မထွက်ဝံ့ပဲ ရှိနေကြောင်း ဆိုပါသည်။ ၄င်းနတ်သားများသည် ဝဋ္ဋာဘိရတ ဘုံစဉ်စံ သောတာပန်နတ်သားများဖြစ်ကြောင်း ကျမ်းဂန်များက ပြဆိုထားပါသည်။

သမဏနတ်သားသည်လည်း ရဟန်းဘဝဖြင့် တရားအားထုတ်နေရင်း ကွယ်လွန်သွားရာ တာဝတိံသာနတ်ပြည်မှာပင် နတ်သားဖြစ်ကြောင်း၊ နတ်သားဖြစ်နေသော်လည်း ဖြစ်နေမှန်းမသိ၊ ထိုင်၍ တရားအားထုတ်မြဲ အားထုတ်နေသဖြင့် နတ်သမီးများက ကြေးမုံ (မှန်) ကြီးများကိုထောင်ကာ နတ်သားဖြစ်နေကြောင်းသိရန် ပြရကြောင်း၊ ထိုနတ်သားသည်လည်း တရားတန်ခိုးကြောင့် အလွန်တန်ခိုးကြီးကြောင်း၊ ဘုရားရှင်ထံ ချက်ချင်းသွား၍ တရားနာရာ မဂ်ဖိုလ်ရရှိကြောင်း လာရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကမ္မဝါစာ တကြိမ်

(မေး) (ကမ္မဝါစာ တကြိမ်)

အရှင်ဘုရား၊ ရဟန်းခံသောအခါ ကမ္မဝါစာတကြိမ်ဖတ်ရုံဖြင့် ရဟန်းဖြစ်ပါသလား၊ နှစ်ကြိမ် သုံးကြိမ်ဖတ်မှ ဖြစ်ပါသလား၊ ဖြေကြားတော်မူပါဘုရား။

(မောင်ဝံသ-မြေပုံမြို့၊ ရခိုင်ပြည်နယ်)

(ဖြေ)

ကမ္မဝါစာကို ဖတ်သော ရဟန်းသည် ကမ္မဝါစာ၌ပါရှိသော စာလုံး (အက္ခရာ)တိုင်းကို ဌာန်၊ ကရိုဏ်း၊ နိဂ္ဂဟိတ၊ နိဂ္ဂဟိတဝိမုတ် စသည်များ ပီပီသသ မှန်မှန်ကန်ကန် ရွတ်ဖတ်နိုင်ရပါမည်။ ထိုသို့ အက္ခရာမှန်စွာ ရွတ်ဖတ်လျှင် တပါးတည်း၊ တခေါက် တကြိမ်တည်းဖြင့်ပင် ရဟန်းလောင်း ရဟန်းဖြစ်ပါသည်။

ပိုပြီး သေချာစိတ်ချရအောင်သာ သုံးပါးတတွဲပြိုင်၍ တကြိမ် နှစ်ကြိမ်မက သုံးကြိမ် လေးကြိမ် အထပ်ထပ် ရွတ်ဖတ်ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကမ္မဝါစာကို ရွတ်ဖတ်ကြသော ရဟန်းတော်များသည် ကံဆောင်ကြရာ၌ ပေါ့ပေါ့ဆဆ မရွတ်ဖတ်ကြဘဲ စာလုံး (အက္ခရာ) မမှားရအောင် ဂရုပြု၍ လေးလေးနက်နက် ဌာန်၊ ကရိုဏ်း၊ ပယတ် စသည် မှန်ကန်အောင် ရွတ်ဖတ်ကြရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကမ္မဝါစာကို ကြည့်၍ဖတ်ခြင်း

(မေး) (ကမ္မဝါစာကို ကြည့်၍ဖတ်ခြင်း)

အရှင်ဘုရား၊ ရဟန်းသံဃာတော် အရှင်သူမြတ်များသည် ပိဋကတ်သုံးပုံကိုသော်မှ အာဂုံဆောင်နိုင်သူများ ဖြစ်ကြပါလျက် ကမ္မဝါစာ ရွတ်ဆိုရာတွင် ကမ္မဝါစာကြီးများ ကိုင်ဆောင်၍ ဖတ်ကြားနေကြသည်မှာ မစဉ်းစားတတ်ပါသဖြင့် သနားသည်းခံ၍ ဖြေကြားပေးတော်မူပါဘုရား။

(ဦးစိန်မှို-ဆင်တဲကျေးရွာ၊ ပန်းတောင်းမြို့နယ်)

(ဖြေ)

ရဟန်းသံဃာတော်အရှင်မြတ်များသည် ကမ္မဝါစာကို ရွတ်ဖတ်ရာတွင် ကမ္မဝါစာကို ကိုင်ငင်ကြည့်ရှု၍ ဖတ်ကြခြင်းမှာ အာဂုံမရ၍မဟုတ်၊ စာလုံးအက္ခရာတိုင်း၏ ဌာန်ကရိုဏ်း၊ ပယတ်၊ နိဂ္ဂဟိတ်၊ နိဂ္ဂဟိတဝိမုတ် စသည် အသံလွဲမှား မသွားရန်အတွက် ဖြစ်ပါသည်။

တစုံတရာလွဲမှားသွားလျှင် ပြုလုပ်နေသော ဝိနည်းကံ ပျက်စီးသွားနိုင်ပါသည်။

ဥပမာ-တနှင့်ဋ၊ ထနှင့်ဋ္ဌ၊ မတူပါ။

တ-ကိုဖတ်လျှင် ဒန္တဇအက္ခရာဖြစ်၍ လျှာက သွားကို ထိရပါမည်။

ဋ-ကိုဖတ်လျှင် မုဒ္ဓဇအက္ခရာဖြစ်၍ လျှာက လျှာထိပ် (အာခေါင်) ကို ထိရပါမည်။

သံဃံ-က သံနှင့် သမ္မတိ-က သမ်သည် အသံချင်းတူသော်လည်း နိဂ္ဂဟိတနှင့် နိဂ္ဂဟိတ ဝိမုတ္တ ဖြစ်၍ ရွတ်ဆိုပုံ ကွဲပြားပါသည်။ ထို့အတူ အက္ခရာတိုင်းကို မမှားမယွင်းရအောင် ကြည့်ရှု၍ ဂရုတစိုက် ရွတ်ဆိုဖတ်ကြားရသဖြင့် အလွတ်မရွတ်ဘဲ ကမ္မဝါစာကို ကြည့်ရှု၍ ရွတ်ဆိုရသည်ကို မှတ်သားကြည်ညိုရမည် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကမ္မဝါဖတ်ခြင်း ဆိုင်ရာ

(မေး) ကမ္မဝါဖတ်ခြင်း ဆိုင်ရာ

အိမ်ခြံမြေတို့၌ အန္တရာယ်ကင်း ကမ္မဝါစာ ဖတ်သည့်အခါတွင် အချို့ဆရာတော် သံဃာတော်တို့က ဆောင့်ကြောင့်ထိုင်၍ ဖတ်ကြပါသည်။

အချို့က တင်ပလ္လင်ခွေထိုင်၍ ဖတ်ကြပါသည်။

တခါတလေ သာမဏေများပင် ဝင်၍ဖတ်သည်ကို တွေ့ရပါသည်၊ ထို့ကြောင့် ကမ္မဝါစာဖတ်ရာ၌ ထိုင်ပုံထိုင်နည်း သာမဏေများ ဖတ်အပ်-မဖတ်အပ် နှင့် အနည်းဆုံး သံဃာအပါးရေ မည်မျှရှိမှ ဖတ်ရကြောင်း ဖြေကြားပေးတော်မူပါဘုရား။

(အရှင်စန္ဒိမာ-ဂုဏဝတီကျောင်းတိုက်၊ အေးစေတီရပ်၊ ချောက်မြို့)

ဖြေ။ ကမ္မဝါစာသည် ကံဆောင်ကမ္မဝါစာနှင့် အန္တရာယ်ကင်း ကမ္မဝါစာ ဟူ၍ နှစ်မျိုးရှိပါသည်၊ ရဟန်းခံခြင်း ကထိန်ခင်းခြင်း စသည် ကံကြီါ်ကံငယ် ကိစ္စများနှင့် စပ်သော ကံဆောင်ကမ္မဝါစာများကို ရွတ်ဖတ်ကြရာ၌ သိမ်အတွင်းတွင် ရဟန်းသံဃာဂိုဏ်ဒပြည့်ဖြစ်စေ၍ ဥက္ကုဋိက-ပါဠိအရ ဖဆာင့်ကြောင့်ထိုင်ကာ ဌာန်ကရိုဏ်း စသည် ညီညွတ်မှန်ကန်စွာ ရွတ်ဆိုဖတ်ကြားကြရပါသညါ။

အန္တရာယ်ကင်း ကမ္မဝါစာ၌မူ ဤကံသို့ရွတ်ဆိုရမည်ဟု မဆိုသာပါ၊ ကမ္မဝါစာကို ပရိတ်တော်များ ရွတ်ဆိုသကဲ့သို့ ရွတ်ဆိုလိုလျှင်လည်း ရွတ်ဆိုနိုင်ပါသည်၊ ကံဆောင်မဟုတ်၍ ကံပျက်ခြင်းစသည် အပြစ်မရှိ၊ အန္တရာယ် ကင်းခြင်းသာ လိုအပ်ပါသည်။

အန္တရာယ်ကင်း ပဗ္ဗာဇနိယ ကမ္မဝါစာတွင် ၁၂၇၃-ခုနှစ် ဝါဆိုလအတွင်း ပဲခူးမြို့ တာဝဘူတာရုံရွာ၌ ဘွားရွှေငုံသည် ဖျားနာ အသည်းအသန် ရှိနေ၍ သံဃာတော်များကို လွယ်လင့်တကူ ပင့်မရသည့်အတွက် မရွှေမြ၊ မသိန်းမေ၊ မရွှေမေ၊ ဒေါ်ငြိမ်းအေးတို့ လေးယောက် ကမ္မဝါစာပါသောနည်းများကို ကြည့်၍ အမိန်ေ့တော်ပြန်ခြင်း၊ ကမ္မဝါစာဖတ်ခြင်း စသည်ကိုပြုပြီး ပရိတ်ရေတိုက်ခြင်း ဖျန်ူခြင်း၊ ပရိတ်ကြိုးကို လက်မှာချည်ခြင်း၊ စသည်ကိုပြုသဖြင့် ချက်ခြင်းကျန်းမာသွားကြောင်း-စသည် ယင်း ကံသာမူ ပဗ္ဗာဇနိယ ကမ္မဝါစာ အုပ် ၁၆-၌ ဖော်ပြပါရှိသဖြင့် ရဟန်းများသာမဟုတ် သာမဏေများ လူများလည်း ဖတ်နိုင်ကြောင်း ထင်ရှားပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကွန့်-ဆွံ့-တွန့်-ပြန့်

(မေး) (ကွန့်-ဆွံ့-တွန့်-ပြန့်)

အရှင်ဘုရား၊ သဒ္ဓါလွန်လျှင် ကွန့်သည်၊ ပညာလွန်လျှင် ဆွံ့သည်၊

သမာဓိလွန်လျှင် တွန့်သည်၊ ဝီရိယလွန်လျှင် ပြန့်သည်-ဟု ဆိုရာဝယ်

ယင်းကွန့်-ဆွံ့-တွန့်-ပြန့်-တို့၏ အဓိပ္ပါယ်ကို ကောင်းစွာနားမလည်သဖြင့် ရှင်းပြပေးတော်မူပါဘုရား။

(ရှင်ဝိစာရိန္ဒ-ဥဿာ)

(ဖြေ)

ကွန့်-သည်ဟူသည်မှာ ဖြစ်သင့်သည်ထက် ပိုလွန်ပြုလုပ်မှုကို ဆိုပါသည်။

ဆွံ့-သည်ဟုဆိုရာ၌ ပညာလွန်နှင့်စပ်လျှင် ဆွံ့ဟုဖြစ်သင့်သည်။

ဆွံ့မှာ သဒ္ဓါနုံ့ ဆွန့်၊ တွန့်၍ ဉာဏ်ကွန်၊ ပညာလွန်သော်၊ (မဃဒေဝ-၁၃၉)

အကြောင်းမဖန့်၊ ဆွန့်ဆွန့်ရှားရှား၊ ချမ်းသာပါး၏၊ (၄င်း-၁၉၃) တို့အရ ဖြစ်သင့်သလို မဖြစ်ဘဲ ဆုံးရှုံးပျက်စီးတတ်သည်ဟု ဆိုလို၏၊

တွန့်သည် ဟူသည်မှာ တွန့်လိပ်သည်၊ တွန့်လိမ်သည် ဆိုသကဲ့သို့ နောက်တွန့်တိမ်းဖည်တတ်ခြင်းကို ဆိုလို၏၊

မတင်မြူခန့်၊ ဘုန်းတော်ကန့်သည်၊ နောက်တွန့်ရန်မျိုး၊ ခွါရှောင်တည်း။ (နာရဒ-၁၀)

ပြန့်ဟူသည်မှာ ပျံ့လွင့်သည်၊ ပြန့်ကားသည် ဟူသကဲ့သို့ စည်းစည်းရုံးရုံး တလုံးတခဲတည်း မဖြစ်ဘဲ တဖျင့်တပါး ပြန့်ကားပျက်စီး၍ သွားတတ်သည်ဟု ဆိုလိုပါသည်။ ထို့ကြောင့် သဒ္ဓါ-ပညာ-သမာဓိ-ဝီရိယတို့ကို မပိုမလွန်စေရဟု ရှေးပညာရှိများက သတိပေးတော်မူကြလေ့ရှိသည်။

(သဒ္ဓါ-ပညာ၊ သမာ-ဝီရိ၊ စောင်းနှယ်ညှိ)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကွမ်းတောင် ပန်းတောင်

(မေး) (ကွမ်းတောင် ပန်းတောင်)

ရှင်ပြုပွဲ အလှူကြီးတွင် ရှင်လောင်းလှည့် (ဝင်းလှည့်)ရာ၌ ကွမ်းတောင် ပန်းတောင် တို့သည် မည်သည့်အဓိပ္ပါယ်ဖြစ်၍ မည်သည့်အကြောင်းကြောင့် ပါဝင်ရကြောင်း ရှင်းပြစေလိုပါသည်ဘုရား။

(မဆွေ-အညာမြေ၊ မြစ်ငယ်-စက်ကွေ့)

(ဖြေ)

ရှင်လောင်းလှည့်ခြင်းဟူသည်မှာ ယခုခေတ်တွင် အရပ်သားများဖြစ်သော်လည်း ရှေးရှေးရာဇဝင်လာ မင်းညီမင်းသားများ ထွက်တော်မူသည့် အခမ်းအနားကို တုပ၍ ရှေ့ဝင်းနောက်ဝင်းတို့ဖြင့် ခင်းကျင်းလေ့ရှိပါသည်။

မင်းညီမင်းသားများ ထွက်တော်မူရာတွင် ကွမ်းတော် ရေတော်များကို အလိုရှိက အဆင်သင့်ဖြစ်စေရန် အခြွေအရံ အပျိုတော်များက အသင့်ကိုင်ဆောင်၍ လိုက်ရသည်၊ ကွမ်းခွက်၊ ပန်းတောင်း၊ တကောင်း၊ မြူတာ စသည့် မင်းခန်းဝင်အချို့ အသုံးအဆောင်များကို တုပ၍ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် အမျိုးသမီးများက ရှင်လောင်းကိုခြံရံ၍ လိုက်ပါလျက် တခမ်းတနား ဆင်ယင်ခင်းကျင်း ဂုဏ်ပြုရခြင်းပင် ဖြစ်ဟန်တူပါသည်။

ယခုခေတ်တွင် ဒေဝါဝင်း၊ ရာဇာဝင်းဟူ၍ နှစ်မျိုးရှိရာ ရှင်လောင်းလှည့်ခြင်း စသည့် လူမှုကိစ္စများ၌ ရာဇာဝင်းလောက်သာ ခင်း၍ ဘုရားပင့်ခြင်းစသည့် သာသနာနှင့် ဆိုင်ရာတို့တွင် ဒေဝါဝင်းပါ နှစ်မျိုးလုံး ခင်းလေ့ရှိပါသည်၊ ထို့ပြင် ရှင်လောင်းလှည့်ရာ၌ ရွှေထီးမျှသာ ဆောင်းမိုးစေပြီး ဘုရားစသည်၌ ကနက္ကဒဏ်ထီး စသော ထီးဖြူများကို ဆောင်းမိုးစေရပါသည်၊ သတိပြုရန်ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကွယ်လွန်သူများကို ကန်တော့ခြင်းနှင့် သီလ

(မေး) (ကွယ်လွန်သူများကို ကန်တော့ခြင်းနှင့် သီလ)

၁။ ကွယ်လွန်ပြီးသော ဘိုးဘွားမိဘများနှင့် အသက်ကြီးသူ ရပ်ဆွေရပ်မျိုးတို့အား နေ့စဉ်ကန်တော့ခြင်းမှာ

ကုသိုလ်ရပါသလား၊ သို့မဟုတ်-အကျိုးမရှိ ဖြစ်ပါသလား။

၂။ ရှစ်ပါးသီလ ဥပုသ်စောင့်ပြီး မိမိအိပ်နေကျ ခုတင်ပေါ်တွင် ဇနီးခင်ပွန်းအတူ အိပ်ကောင်းပါသလား။

၃။ ၄င်းဥပုသ်သည်သည် တတောင့်ထွာထက် မမြင့်သော ခုတင် ကုလားထိုင်ပေါ်၌ အိပ်ခွင့် ထိုင်ခွင့် ရှိပါသလား။

(ခင်ဖုန်းတင့်-မော်လမြိုင်မြို့)

(ဖြေ)

၁။ ကွယ်လွန်ပြီးသော ဘိုးဘွားမိဘ စသည်တို့အား ရည်မှန်း၍ ကန်တော့ခြင်းမှာ ဂုဏ်ကိုရည်မှန်း၍ ကန်တော့ပါက ကုသိုလ်ဖြစ်ပါ၏၊

သို့သော် ထိုသို့ ကန်တော့ခြင်းထက် ကုသိုလ်ပြု၍ အမျှဝေခြင်းကသာလျှင် သာလွန်၍ အကျိုးရှိပါသည်။

၂။ ရှစ်ပါးသီလ ဥပုသ်စောင့်သူသည် ဗြဟ္မစရိယ အကျင့်မြတ်ကြီး မညစ်နွမ်းစေရန် ဇနီးခင်ပွန်း တအိပ်ရာတည်းအတူ မအိပ်သင့်ပါ၊ တအိပ်ရာစီသာ ခွဲ၍ အိပ်သင့်ပါသည်။

ရှေးခေတ်က ဥပုသ်သည်တို့မှာ အမျိုးသမီးများသာ အိမ်ပြန်ကြ၍ အမျိုးသားများမှာ ကျောင်းကန်ဘုရား ဥပုသ်ဇရပ်တို့တွင် အိပ်ကြပါသည်။

၃။ ဥပုသ်သီလ ခံယူထားသူသည် တတောင့်ထွာထက် မမြင့်သော ခုတင် (မိမိအိပ်နေကျအိပ်ရာ) ပေါ်၌ နူးညံ့သော လဲမှို့ဝါဂွမ်းသွတ်သော ဘုံလျှို (မွေ့ရာ) အခင်းတို့ကို ဖယ်ရှား၍ အိပ်သင့်ပါသည်။

မြင့်သောနေရာအဖြစ် တရားအင်းပျဉ်၊ ပလ္လင်၊ သဉ္ဇာလီတို့ကို ယူ၍

မြတ်သောနေရာအဖြစ် လဲဝါဂွမ်း သွတ်သော အခင်း၊ နူးညံ့သော မွေးရှည် ကော်ဇော်ကြီး စသည်တို့ကို

ယူနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကားပေါ် ရထားပေါ်ဝယ်

(မေး) (ကားပေါ် ရထားပေါ်ဝယ်)

အရှင်ဘုရား၊ တပည့်တော်တို့သည် ကားပေါ် ရထားပေါ်တို့တွင် ရဟန်းသံဃာများနှင့် တခုံတည်းတွဲ၍ စီးကြရသည့်အခါမျိုးရှိပါသည်။ ရဟန်းသံဃာများသည် မိမိထက် သုံးဝါကြီးသော ရဟန်းနှင့်ပင် တခုံတည်း မထိုင်ရ-ဟု ကြားဘူးပါသည်၊ လူနှင့် ရဟန်း ဤသို့ တွဲ၍ထိုင်သဖြင့် ရဟန်းမှာ အပြစ်ရှိလျှင် လူမှာလည်း အပြစ်ရှိနိုင်ပါသည်။ မည်သို့အပြစ်ရှိ၍ မည်သို့ ဖြေဖျောက်သင့်ကြောင်း ရှင်းလင်းဖြေကြားတော်မူပါဘုရား။

(ဒကာတင်လှ-ဘုန်းကြီးလမ်း၊ ရန်ကုန်)

(ဖြေ)

ရဟန်းအချင်းချင်း နေရာတူ ထိုင်နိုင်ခွင့်ရှိသည့် သုံးနှစ်သုံးဝါအတွင်းရှိသူ (နှစ်နှစ်နှင့် ဆယ်လ၊ ဆယ့်တလကွာ ကြီးသူ၊ ငယ်သူ) သာ တခုံတည်း ထိုင်နိုင်သည်ဟု ခွင့်ပြုချက်ရှိသည်မှာ မှန်ပါသည်။ သို့သော် တခုံတည်း ဟူသည်မှာ ရွှေ့နိုင်၊ ပြောင်းနိုင်သော ခုံမျိုး (သံဟာရိမ) မျိုးကိုသာ ဆိုပါသည်။

မြေစိုက်ခုံမျိုး၊ အသေရိုက်ထားသော ကား-ရထား ခုံမျိုး (အသံဟာရိမ) ကို မဆို။ ထိုအသေရိုက် တပ်ဆင်သော (အသံဟာရိမ) ခုံမျိုးမှာ ကျောက်တုံး၊ ကျောက်ဖျာ၊ သစ်ပင်အောက်များတွင် တိုင်စိုက်၍ ပြုလုပ်ထားသော ကွပ်ပျစ်၊ အိမ်ကြမ်းပြင်၊ ဇရပ်ကတုံးများနှင့် အလားတူသဖြင့် တထာရူပေ အပိ ဖလကက္ခဏ္ဍေ အနုပသမ္ပန္နေနာပိ သဒ္ဓိံ နိသီဒိတုံ ဝဋ္ဋတိ (ဝိနယသင်္ဂဟ၊ဋ္ဌ၊၄၂၆) အခြေအနေအရ (သွားရင်း လာရင်း) ရဟန်းနှင့် လူတကာတို့မှာ အာပတ်မသင့်ပါ။ မာတုဂါမများနှင့်သာ အတူမထိုင်ကောင်းသဖြင့် ရှောင်ကြဉ်သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကာရက သံဃာနှင့် ထဘီ နေကထိုင်

(မေး) (ကာရက သံဃာနှင့် ထဘီ နေကထိုင်)

အရှင်ဘုရား၊

(၁) ရဟန်းခံရာတွင် ကာရကသံဃာ ရေတွက်ရာ၌ ဥပဇ္ဈာယ်ဆရာ၊ ကမ္မဝါစာဆရာများ ထည့်သွင်း၍ ရေတွက်ရ-မရေတွက်ရ။

(၂) အမျိုးသမီးများ ဝတ်ဆင်သော ထဘီများသည် ရဟန်းတော်များ၌ အမျိုးသမီး အသက်ရှင်စဉ် မအပ်စပ်ဘဲ အဘယ့်ကြောင့် အသက်သေသွားချိန်မှာ နေကထိုင်-စသည် ချုပ်လှူက အပ်စပ်ပါသလဲဘုရား။

(အရှင်ဝိဇယ-စွယ်ကွေ့ကျေးရွာ၊ စစ်ကိုင်းတိုင်း)

(ဖြေ)

(၁) ကာရကသံဃာဟူသည်မှာ ဥပသမ္ပဒကံ ဆောင်ရာ၌ ပါဝင်သော ရဟန်းအားလုံးကိုပင် ခေါ်ပါသည်။

ကာရက-ရဟန်းဖြစ်အောင် ပြုလုပ်ဆောင်ရွက်ပေးသော။

သံဃာ-သံဃာတော်အပေါင်း ဖြစ်ပါသည်။

သို့သော် ရဟန်းခံရက်ချုပ် ရေးရာ၌ ဥပဇ္ဈာယ်အမည်၊ ကမ္မဝါစာဆရာ အမည်များကို ဖော်ပြပြီး ဖြစ်နေ၍ ကျန်သံဃာများကိုသာ ကာရကသံဃာ-ဟု ရေးသားလေ့ရှိနေကြပါသည်။

(၂) အမျိုးသမီး ထဘီများကို ကွယ်လွန်မှသာ နေကထိုင်၊ ကန့်လန့်ကာ စသည် ချုပ်လှူလေ့ရှိသဖြင့် ကွယ်လွန်မှ ကိုင်ကောင်း၊ အလှူခံကောင်းသကဲ့သို့ ထင်မှတ်နေကြပါသည်။

အမှန်မှာ အသက်ထင်ရှားရှိစဉ်ကပင် ချုပ်လုပ်လှူဒါန်းလျှင်လည်း အလှူခံကောင်းပါသည်။ အမျိုးသမီးကိုယ်၌ ဝတ်ဆင်ထားစဉ်သာ ထိုဘမီ (အဝတ်) ကို မကိုင်ကောင်းပါ။ အကယ်၍ ခရီးသွားစဉ် ရဟန်း၏ သင်္ကန်းတို့ကို ခိုးသူလုယက်သွားလျှင် ရဟန်းသည် ဝတ်လစ်စလစ် မနေကောင်း၊ တွေ့ရာဘမီကိုသော်၄င်း၊ ဝတ်ဆင်ရမည်။ သို့မဟုတ်-သစ်ကိုင်း၊ သစ်ခက်တို့ကို ကိုယ်တိုင်ချိုး၍သော်၄င်း၊ ဝတ်ဆင်ရမည်-ဟု စာရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကာလနဂါး အအိပ်ကြီးသလား

(မေး) (ကာလနဂါး အအိပ်ကြီးသလား)

အရှင်ဘုရား၊ အအိပ်ကြီးလိုက်တာ၊ ကာလနဂါးကျနေတာပဲ-ဟု လူတို့ပြောလေ့ပြောထ ရှိပါသည်။ ဘုရားတဆူနှင့်တဆူအကြား ကာလပတ်လု့း အိပ်ပျော်နေသည်ဟုလည်း ကြားဖူးပါသည်။ ကာလနဂါး တကယ်ပဲ အအိပ်ကြီးပါသလား ဘုရား။ ဖြေကြားတော်မူပါရန် တောင်းပန်ပါသည်ဘုရား။

(ဦးထွန်းထွန်းလွင်-သံဖြူဇရပ်မြို့)

(ဖြေ)

ကာလနဂါးသည် အအိပ်ကြီးသည်မဟုတ်။ ၄င်းမှာ တကမ္ဘာပတ်လုံး အသက်ရှည်သောနဂါးဖြစ်၍ ယခင်ဘုရားသုံးဆူ ပွင့်ခဲ့သည်ကိုလည်း သိသည်။ ယခု ဂေါတမမြတ်စွာဘုရား ပွင့်သည်ကိုလည်း ရွှေခွက်ရောက်လာ၍ သိသည်။ နောက်ပွင့်လတံ့သော အရိမေတ္တေယျဘုရား ပွင့်လျှင်လည်း သိဦးမည်။

ဘုရား တဆူနှင့်တဆူအကြား (ဗုဒ္ဓန္တရခေတ်တခု) သည် မြေကြီး တယူဇနာနှင့် သုံးဂါဝုတ် (၁၅မိုင်နီးပါး) တက်သည့်တိုင်အောင် ကာလခြားကွာလျက်ရှိရာ ယမန်နေ့ကပင် ဘုရားတဆူပွင့်ခဲ့၍ ယနေ့ တဆူပွင့်ပြန်ပြီ-ဟု ကာလနဂါးကြီး ဆိုခြင်းမှာ အိပ်ရာမှနိုး၍ တနေ့ကူးသောကြောင့် ဆိုခြင်း မဟုတ်။ တကမ္ဘာပတ်လုံး ၄င်း၏ကုသိုလ်ကံကြောင့် ရရှိသော ကာမဂုဏ်စည်းစိမ်တို့ကို ခံစားမွေ့လျော်၍ နေသောကြောင့် အိပ်ပျော်နေခြင်းနှင့် တူသဖြင့် ရွှေခွက်ချင်း ထိခိုက်သံကြားမှ သတိရ၍ဆိုခြင်းဖြစ်သည်။ မြတ်စွာဘုရားအထံ နတ်ဗြဟ္မာများနှင့် အတူ လာရောက်၍ ဂါထာများရွတ်ဆိုလျက် ချီးကျူးကြောင်း၊ အသောကမင်း လက်ထက်၌ လာရောက်၍ ဘုရားအသွင် ဖန်ဆင်းပြကြောင်းများကို ထောက်၍ အိပ်ပျော်မနေကြောင်း သိနိုင်ပါသည်။

(သာရတ္ထသင်္ဂဟ၊ဋ္ဌ၊၂၂၇)။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကာမေသု အမျိုးဆက်လား

(မေး) အရှင်ဘုရား၊ အချို့သော ယောကျ်ားလေးများသည် ကျားကျားလျားလျား မရှိဘဲ မိန်းမစိတ်ပေါက်ကာ မိန်းမလျာ ဖြစ်နေကြပါသည်။ သနပ်ခါးလိမ်း၊ နှုတ်ခမ်းနီ၊ ပါးနီ မိတ်ကပ်ခြယ်သကာ မိန်းမကဲ့သို့ ဝတ်စားပြင်ဆင်၍ သူတို့၏ လက်ရှိဘဝနှင့် အံမဝင်ခွင်မကျ ဖြစ်နေရခြင်းမှာ-

(၁) ရှေးရှေးဘဝက အကုသိုလ်၏အကျိုးဆက်ကြောင့် ဟူသည် မှန်ပါသလား။

(၂) လူအများ ပြောကြသကဲ့သို့ ၄င်းတို့သည် ယခင်ဘဝများက ကာမေသုမိစ္ဆာစာရကံကို ပြုခဲ့၍ ဟူသည် မှန်ပါသလား။

ဖြေကြားပေးပါရန် လျှောက်ထားပါသည် အရှင်ဘုရား။

(သိန်းလွင်၊ ရေပြားကျေးရွာ-ဖြူးမြို့နယ်)

(ဖြေ)

ယောကျ်ားဘဝ၊ ယောကျ်ားစစ်စစ် ဖြစ်လျက် ယောကျ်ားစိတ်မရှိ၊ မိန်းမစိတ်ပေါက်လျက် စိတ်မမှန်သူ မိန်းမလျာများမှာပြဿနာရှင် ဆိုလိုသကဲ့သို့ ကာမေသုမိစ္ဆာစာရကံ အကုသိုလ် အကျိုးဆက်ကြောင့် ဖြစ်ရသည်ဟု ဆိုလျှင် မမှားပါ။

အရှင်အာနန္ဒာလောင်းသည် ပါရမီပြည့်စုံသော ယောကျ်ားစင်စစ် ရွှေပန်းတိမ်သည်သား ဖြစ်ရာမှ လူပေါင်းမှား၍ ကာမေသုမိစ္ဆာစာရကံ (အကုသိုလ်)ကို ပြုမှားမိပြီး ထိုဘဝမှနောက် မဟာရောရုဝငရဲ၌ ကာလနှစ်ပေါင်း သိန်းသောင်းသင်္ချေ အကုဋေမက ခံရပြီးမှ ဆိတ်၊ မျောက်၊ နွားဘဝတို့၌ ဖြစ်၍ အသင်းခံရ၏၊ ထို့နောက် ကျား-မ မဟုတ်၊ ပဏ္ဍုတ် မိန်းမလျာ ဘဝတို့၌ ဖြစ်ပြန်ရလျက် ယောကျ်ားဘဝကို ကမ္ဘာများစွာပင် ပြန်မရဘဲ ရှိနေရကြောင်း သံဝေဂဝတ္ထုဒီပနီ စသည်တို့၌ ပါရှိလေသည်။ ထို့ကြောင့် မိန်းမလျာတို့သည် ကာမေသုမိစ္ဆာစာရကံ၏ အကျိုးဆက် အကျိုးဖျားကို ခံစားနေရသူများ ဖြစ်သည်ဟု ဆိုထိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကာမေသုမိစ္ဆာစာရ အကုသိုလ် ကျေပျောက်ရန်

(မေး) (ကာမေသုမိစ္ဆာစာရ အကုသိုလ် ကျေပျောက်ရန်)

အရှင်ဘုရား၊ ကဿပဘုရားရှင် ပွင့်တော်မူစဉ်အခါက သူတပါးမယား၌ ပြစ်မှားကျူးလွန်သော သူဌေးသား လေးယောက်တို့သည် လောဟကုမ္ဘီငရဲ၌ အနှစ်တသောင်းခြောက်ထောင် ခံရသည်ဟု ကြားဖူးပါသည်။ ထိုသို့ ပြစ်မှားလွန်ကျူးမိသောအခါ၌ ၄င်းအကုသိုလ်ကံကို ပြေပျောက်နိုင်ရန် အခြား ကုသိုလ်ကံများနှင့် အစားထိုးကုစား၍ ရ-မရ သိသာအောင် ဖြေကြားပေးတော်မူပါဘုရား။

(မောင်ဇာနည်ထွန်း-ပျဉ်းမနား)

(ဖြေ)

ကာမေသုမိစ္ဆာစာရနှင့် ငါးပါးသီလပါ ဒုစရိုက်များ ကင်းပျောက်၍ ငရဲသို့ မကျရောက်နိုင်ရန် တရားနာခြင်း၊ တရားအားထုတ်ခြင်းဖြင့် တမဂ် တဖိုလ်ရအောင် အားဖုတ်နိုင်ဖို့ အရေးကြီးပါသည်။ အနည်းဆုံး သောတာပတ္တိမဂ်ဖိုလ်ကို ရမှသာ အပါယ်ဘေးမှ စိတ်ချရပါသည်။ သို့မဟုတ်က စိတ်မချရပါ။ အနည်းဆုံး မိမိလွန်ကျူးမိသည်တို့ကို နောင်တရ၍ ငါးပါးသီလကို ထပ်မံခံယူပါ။

ထို့နောက် ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိကို ထပ်ခါထပ်ခါ ဆိုပါ။ နောင်တွင် ဤကိစ္စမျိုး လုံးဝမဖြစ်စေရဟု အဓိဋ္ဌာန်ပြုကာ ကုသိုလ်ကောင်းမှုများကို အဆက်မပြတ် ပြုလုပ်ပါ။ ထိုသို့ ပြုလုပ်နေလျှင် ထိုကာမေသုမိစ္ဆာစာရကံ တဖြည်းဖြည်း အားသေး၍ ကုသိုလ်ကံ အကျိုးပေးတို့၏ ကြားတွင် မြှုပ်ကွယ်သွား နိုင်စရာရှိကြောင်း ရှေးရှေးဆရာတော်ကြီးများ ဟောပြတော်မူကြသည်ကို ကြားရဖူးပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကာမေသုမိစ္ဆာစာရ နှင့် အမျိုးသမီး

(မေး) (ကာမေသုမိစ္ဆာစာရ နှင့် အမျိုးသမီး)

အရှင်ဘုရား၊ အမျိုးသမီးမများ ကာမေသုမိစ္ဆာစာရကံထိုက်လျှင် ငရဲတွင် မည်သို့ ခံစားရပါသလဲဘုရား၊ နောက်ဘဝတွင် မည်သို့ဖြစ်သည်ကို သိလိုပါသည်ဘုရား၊ ဇာတ်နိပါတ်တော်များနှင့် ဥပမာပေး၍ ဖြေကြားတော်မူပါဘုရား။

(ဇော်လင်းထွန်း-ရန်ကုန်)

(ဖြေ)

ကာမေသုမိစ္ဆာစာရကံကြောင့် အမျိုးသမီးများ ငရဲခံရပုံကို နေမိဇာတ် (ဇာတကဋ္ဌကထာ ၆-၁၄၂) ၌ ပါဠိဘာသာဖြင့် ရှိသည်၊ ယင်းကို ဦးဩဘာသက နေမိဇာတ်တော်ကြီး ဝတ္ထုတွင် နတ်၏ ရထားမှူးဖြစ်သော မာတလိနတ်သား၊ ကြောက်မက်ဖွယ်ရှိသော ဤငရဲ၌လည်း တကွဲတပြားပင် ယောကျ်ားတယောက်မျှ မခံရ၊

ဤမိန်းမအများတို့သည် နွားသတ်ရာအရပ်တို့၌ ခေါင်းပြတ်၍ သွေးလိမ်းကျံသော နွားတို့ကဲ့သို့

အချို့သော် ကိုယ်လည်း အပြတ်ပြတ် အပိုင်းပိုင်း၊ အချို့လည်း အယွင်းယွင်း၊ အပေါက်ပေါက်၊ ခါးအောက်ကိုယ်အနေလည်း သံမြေထဲသို့ မြှုပ်သိပ်လျက် ခြေထိတ်ခတ်သောအတူ၊ ပူပြင်းကျင်နာ ဝေဒနာအဟုန်တို့ကြောင့် လက်စုံထိပ်ပြင်တင်ထား၍ ဟစ်အော်ကာ ကိုးကွယ်ရာမသိ ရှိစဉ်တုန်းတွင်ပင် တောင်လုံး၊ ကမ်းလုံးလိမ့်သကဲ့သို့ သိမ့်သိမ့်သဲသဲ ရဲရဲတောက်သော သံလုံးကြီးများစွာ လေးဖြာသောအရပ်က အထပ်ထပ် အဖန်ဖန် အလှည်းခံရ၍ သံမြေပြင်သို့ လိမ့်လာတတ်သဖြင့် ခြောက်တပ်သော မုန်ညင်းစေ့ကို မွှေနင်း၍ ကြိတ်သကဲ့သို့ အစိတ်စိတ်အမှုန့်မှုန့် ကြေရှာကြပါပြီ။

မသေဘဲတဖန် ရှင်ပြန်တုံတလဲလဲ ခံမြဲကို မစွန့်ရ၊ ထိုမိန်းမ ငရဲသူအပေါင်းတို့၌ မကောင်းသော ဒုက္ခဝေဒနာ ပြင်းစွာလှ၏တကား-ဟု အမြင်ကို မိန့်ကြား၍

အဘယ်ကြောင့် ဤသို့ ငရဲခံနေရသနည်းဟု နေမိမင်းကြီးက မေး၍ မာတလိ နတ်သားက ဤမိန်းမတို့သည် လူ့ဘဝက မိမိလင်မှတပါး အခြားယောက်ျားတို့နှင့် မှားယွင်းသော အကျင့်ကို ကျင့်မိခြင်းကြောင့် ဤသို့ ငရဲခံနေရကြောင်း လျှောက်ထားသည်၊ ထိုငရဲ၌ နှစ်ပေါင်း သိန်းပေါင်းများစွာ ငရဲခံရ၍ ငရဲမှလွတ်သော် အရေပြားမရှိ၊ အသားအတိ သွေးသံရဲရဲကိုယ်ဖြင့် ပြိတ္တာမများဖြစ်၍ ဆူးတောထဲတွင်နေရပုံ၊ မှက်ခြင်ရဲတို့ ကိုက်ခဲ၍ လွန်ကဲပြင်းပြစွာ ဒုက္ခခံရပုံ စသည် ရှိသေးသည်၊ ထိုထိုစာများ အထူးအားဖြင့် နရသာသနကျမ်း၊ သံဝေဂဝတ္ထု ဒီပနီနှင့် ပေတဝတ္ထု စသည်တို့ကို ရှာဖွေ ဖတ်ရှုနိုင်ပါသေးသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကာမေသုမိစ္ဆာစာရ

(မေး) (ကာမေသုမိစ္ဆာစာရ)

ဆရာတော်ဘုရား၊ လင်ရှိမယားအား အမှောင်ခန်းထဲတွင် မိမိမယားထင်မှတ်၍ လွန်ကျူးမိသူအား ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသလားဘုရား။ သို့မဟုတ်ပါက မည်သည့်ကံမျိုး ထိုက်ပါသလဲ၊ ဖြေကြားပေးတော်မူပါရန် တောင်းပန်အပ်ပါသည်ဘုရား။

(မောင်ဇော်မင်းထိုက်-တောင်သာမြို့နယ်)

(ဖြေ)

ကာမေသုမိစ္ဆာစာရကံဆိုင်ရာ၌ ကံအထမြောက်ကြောင်း အင်္ဂါ လေးပါးရှိရာ-

၁။ မသွားလာအပ်သော အဂမနိယဝတ္ထု ဖြစ်ခြင်း။

၂။ သွားလာလိုသောစိတ် ရှိခြင်း။

၃။ လုံ့လပြုလုပ်ခြင်း။

၄။ သွားလာခြင်း။ ဟူ၍ အင်္ဂါလေးပါး ပြည့်ညီလျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်သဖြင့် မောင်ဇော်မင်းထိုက် မေးလျှောက်သော ပြဿနာ၌ အင်္ဂါ ၄-ပါးလုံး ပြည့်ညီနေသဖြင့် ကာမေသုမိစ္ဆာစာရကံထိုက်ကြောင်း မှတ်သား သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကာမေသုမိစ္ဆာစာရကံ ထိုက်-မထိုက်

(မေး) (ကာမေသုမိစ္ဆာစာရကံ ထိုက်-မထိုက်)

အရှင်ဘုရား၊ (၁) အိမ်ထောင်ရှိ အမျိုးသား တဦးနှင့် အိမ်ထောင်ရှိ အမျိုးသမီးတဦးတို့သည် ပိုင်ရှင်ရှိလျက်နှင့် ရုပ်ရှင်ထဲမှ အချစ်ဇာတ်လမ်းများနည်းတူ ဆိတ်ကွယ်ရာ၌ ချစ်ကြိုက်နေကြပါလျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသလား ဘုရား။ (ဧဝရဇ်-ရေးမြို့)

(၂) အိမ်ထောင်ရှိပြီးသား အမျိုးသားနှင့် အမျိုးသမီးတို့သည် ငြိတွယ်မိကြပြီး ဖုန်းဆက်၊ စာရေး၊ လူချင်းလည်း တွေ့ကြပြီး လက်ဆောင်များလည်း ပေးကြပါသည်။ လွန်လွန်ကျူးကျူးတော့ မရှိပါ။ ထိုသူ ၂-ဦးတို့ ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသလား။ ၄င်းတို့ ၂-ဦး ဆက်သွယ်နိုင်အောင် အကူအညီပေးသူများရော အပြစ် ရှိပါသလားဘုရား။ ဖြေကြားပေးတော်မူပါဘုရား။

(မသက်စု၊ ဗိုလ်ချုပ်လမ်း၊ ဟင်္သာတ)

(ဖြေ)

ကာမေသုမိစ္ဆာစာရကံ ထိုက်ဖို့ရန် အင်္ဂါ ၄-ချက် စုံရပါမည်။

၁။ မေထုန်အမှု မလွန်ကျူး၊ မသွားလာထိုက်သောသူများ ဖြစ်ရမည်။

၂။ မေထုန်အမှု မှီဝဲကျူးလွန်လိုသောစိတ်လည်း ရှိရမည်။

၃။ မေထုန်အမှု ကျူးလွန်ရန် လုံ့လအားထုတ်ခြင်းလည်း ရှိရမည်။

၄။ အမျိုသား+အမျိုးသမီး ၂-ဦးတို့ စပ်ယှက်ခြင်း သာယာမှုလည်း ရှိရမည်။

ဤ ၄-ချက်နှင့် ပြည့်စုံလျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသည်။

ဧဝရဇ်၏စာ၌ အိမ်ထောင်ရှိပြီးသားများ ဖြစ်၍ မကျူးလွန်ထိုက်သူများ ဖြစ်သည်။ ရုပ်ရှင်ထဲကလို ချစ်ကြိုက်နေ၍ နံပါတ် ၂၊ ၃ အင်္ဂါများလည်း ညီညွတ်နေမည်။

နံပါတ် ၄-အနေဖြင့် မေထုန်အမှုကို အောင်အောင်မြင်မြင် ကျူးလွန်ကြလျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါမည်။

ကာမေသုမိစြ္ဆာစာရကံ ထိုက်ခြင်းမှာ နံပါတ် ၁-၄ အင်္ဂါများသာ လိုရင်းဖြစ်ပါသည်။

နံပါတ် ၄-အင်္ဂါအဖြစ် မေထုန်အမှုကို အောင်အောင်မြင်မြင် မကျူးလွန်ကြသော်လည်း မေထုန်ငယ်များအဖြစ် တဦးနှင့်တဦး ပွေ့ဖက် ပွတ်သပ် သာယာခြင်း၊ တခစ်ခစ် ရယ်မော၍ ကိုယ်လက် ထိပါးပြက်ရယ် ရွှင်မြူးကစားခြင်း၊ မျက်စိဖြင့် တစိမ့်စိမ့်ကြည့်၍ သာယာခြင်း၊ အပြန်အလှန် သာယာဖွယ်အသံလေးများ ပြောဆိုနားထောင်နေရသည်ကို သာယာခြင်း၊ ရှေးက ချစ်ရည်လူး၍ ချစ်တင်းနှောခဲ့သည်များကို ပြန်တွေး၍ တစိမ့်စိမ့် ကြည်နူးနေခြင်း၊ ချစ်ရည်လူး၍ ချစ်တင်းနှောနေသော စုံတွဲများကိုကြည့်၍ သာယာနေခြင်း တို့သည်လည်း မေထုန်ငယ်များဖြစ်၍ ဆိုင်ရာဆိုင်ရာ အပြစ်ကြီးငယ်အလိုက် အပြစ်ရှိသည်သာ ဖြစ်ပါသည်။ မေထုန်ငယ်များမှာ အပါယ်ငရဲသို့ ပို့စေနိုင်သော ကာမေသုမိစ္ဆာစာရကံ အဖြစ်သို့ကား မရောက်ပါ။

ဒုစရိုက်ကို ကူညီအားပေးလျှင် ကိုယ်တိုင် တိုက်တွက်၊ ချီးမွမ်း စိတ်တူ-ဆိုသည့်အတိုင်း ကိုယ်တိုင်ပြုသလောက် အပြစ်မကြီးသော်လည်း တိုက်တွန်းခြင်း၊ ချီးမွမ်းခြင်း၊ အလိုတူအလိုပါ ဖြစ်ခြင်းတို့အတွက် ထိုက်သင့်သောအပြစ် ကျရောက်မည် ဧကန်ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ကာမေသုမိစ္ဆာစာရနှင့် ဒု သ န သော

(မေး) အမျိုးသားများသည် လင်ရှိမယားကို ကျူးလွန်၍ ကာမေသုမိစ္ဆာစာရထိုက်သကဲ့သို့

အမျိုးသမီးများသည် မယားရှိလင်နှင့် ကျူးလွန်က ကာမေသုမိစ္ဆာစာရ ထိုက်ပါသလားဘုရား။

ကာမေသုမိစ္ဆာစာရနှင့် ဒု သ န သော မည်သို့ထူးပါသလဲဘုရား။

ဒု သ န သော အဓိပ္ပါယ်ကိုလည်း သိလိုပါသည်ဘုရား။

(မောင်လေးမြင့်-ဥက္ကံမြို့)။ ဦးဝင်းဆွေ-ညောင်ရွှေမြို့)။ ဦးစောထွန်း-တောင်သာမြို့)။

(ဖြေ) အမျိုးသားများဆိုင်ရာ ကာမေသုမိစ္ဆာစာရနှင့် အမျိုးသမီးများဆိုင်ရာ ကာမေသုမိစ္ဆာစာရကို ရှင်းလင်းသိသာရန် ဖော်ပြလတံ့ပါ မိန်းမနှစ်ကျိပ်ကို လေ့လာမှတ်သားထားပါ။

၁။ မာတုရက္ခိတာ-အမိစောင့်ရှောက်သော မိန်းမ။

၂။ ပိတုရက္ခိတာ-အဖစောင့်ရှောက်သော မိန်းမ။

၃။ မာတာပိတုရက္ခိတာ-မိဘနှစ်ပါး စောင့်ရှောက်သော မိန်းမ။

၄။ ဘာတုရက္ခိတာ-မောင်ကြီး မောင်ငယ် စောင့်ရှောက်သော မိန်းမ။

၅။ ဘဂိနိရက္ခိတာ-အမ ညီမ စောင့်ရှောက်သော မိန်းမ။

၆။ ဉာတိရက္ခိတာ-ဆွေမျိုး စောင့်ရှောက်သော မိန်းမ။

၇။ ဂေါတ္တရက္ခိတာ-အနွယ်တူ စောင့်ရှောက်သော မိန်းမ။

၈။ ဓမ္မရက္ခိတာ-တရားကျင့်သုံးဖက် စောင့်ရှောက်သော မိန်းမ။

(ဤမိန်းမ ရှစ်ယောက်မှာ ကာမပိုင်သူ မရှိ၊ မိမိကာမ မိမိပိုင်သူတို့သာဖြစ်၍ အထူးမှတ်သားထားပါ)

၉။ သာရက္ခာ-ထိမ်းမြားထိုက်သူ အစောင့်ရှိသော (ကြောင်းလမ်းပြီး) မိန်းမ။

၁၀။ သပရိဒဏ္ဍာ-မင်းတို့ ဒဏ်ထားအပ်သော မိန်းမ။ (အခြားသူနှင့် လက်မထပ်ရန် မင်းမိန့်အာဏာဖြင့် တားမြစ်ထားသော မိန်းမ။)

၁၁။ ဓနက္ကိတာ-ယောကျ်ားတဦးဦးက ဥစ္စာဖြင့်ဝယ်ထားသော မိန်းမ။

၁၂။ ဆန္ဒဝါသိနီ-ယောကျ်ားတဦးဦးနှင့် အလိုတူ၍ အတူနေသော မိန်းမ။

၁၃။ ဘောဂဝါသိနီ-ယောကျ်ားတဦးဦးက စည်းစိမ်ပေး၍ မယားပြုထားသော မိန်းမ။

၁၄။ ပဋဝါသိနီ-ယောကျ်ားတဦးဦးက အဝတ်ပုဆိုးပေး၍ မယားပြုထားသော မိန်းမ။

၁၅။ ဩဒပတ္တကိနီ-ရေခွက်၌ ခက်စုံချေ၍ ယောကျ်ားတဦးဦးနှင့် ထိမ်းမြားထာေးသာ မိန်းမ။

၁၆။ ဩဘဋစုမ္ဗဋာ-ယောကျ်ားတဦးဦးက ခေါင်းခုကိုချစေ၍ သိမ်းယူထားသော မိန်းမ။

(အလွန်ဆင်းရဲ၍ ခေါင်းရွက် လုပ်ကိုင်စားရသော မိန်းမကို မရွက်စေရဘဲ သိမ်းယူထားသည်ဟု ဆိုလိုသည်။)

၁၇။ ဒါသီ စ ဘရိယာ-ကျွန်လည်းဖြစ်, မယားလည်းဖြစ်နေသော မိန်းမ။

၁၈။ ကမ္မာကာရီ စ ဘရိယာ-အမှုလုပ်လည်း ဖြစ်, မယားလည်းဖြစ်နေသာ မိန်းမ။

၁၉။ ဓဇာဟဋာ-စစ်မြေမှ ဆောင်ခဲ့သော (သုံ့ပန်း) မိန်းမ။

၂၀။ မုဟုတ္တိကာ-တဦးဦး၏ ခေတ္တမယားဖြစ်နေသာ မိန်းမ။

ထိုမိန်းမ နှစ်ကျိပ်လုံးပင် အမျိုးသားတို့အဖို့ ကာမေသုမိစ္ဆာစာရထိုက်သဖြင့် လုံးဝကျူးလွန်ခြင်း မပြုရပေ။

၁-မှ ၈-အထိမှာ ကာမပိုင် မရှိ၊ အပျိုစင်များဖြစ်၍ အမျိုးသမီးတို့အဖို့ အခြားယောကျ်ားတပါးနှင့် ကျူးလွန်မိသည့်တိုင် ကာမေသုမိစ္ဆာစာရ မဖြစ်။

၉-မှ ၂၀-အထိ မိန်းမတိုပမှာ ကာမပိုင်ရှိသူများဖြစ်၍ မိမိ ကာပိုင်ယောကျ်ားမှတပါး မည်သည့် ယောကျ်ားနှင့်မျှ ကာမကျူးလွန်မှု မပြုရတော့ပေ။

ဒု သ န သော-ဟူသည်မှာ ကဿပဘုရား လက်ထက်က သူဌေးသား လေးဦး ကာမေသုမိစ္ဆာစာရကြာင့် လောဟကုမ္ဘီခေါ်သော ငရဲသို့ ကျသွားရာ ငရဲသက် အနှစ်သုံးသောင်း နစ်၍ ငရဲအိုးမှ တကြိမ်ပေါ်လာစဉ် ဟစ်အော်ပြောဆိုသော စကားများ၏ အစ စကားလုံးများဖြစ်သည်။

စကားလုံး တလုံးစီသာ အော်ဟစ်နိုင်ခဲ့ပြီး ပြန်နစ်သွားသည်၊ ထိုအသံကို လင်ရှိမယားတဦးအား မတရားသိမ်းပိုက်ရန် ကြံစည်နေသော ပသေနဒီကောသလမင်းကြီး ကံအားလျှော်စွာ ကြားရသည်၊ ဘုရားရှင်အား မေးလျှောက်သဖြင့် ဘုရားရှင်က ဟောပြ၍ ထင်ရှားလာရခြင်းဖြစ်သည်။ယင်း ဒု သ န သော-မှာ သူဌေးသားလေးယောက် (ငရဲသား လေးဦး) ရွတ်ဆိုပြောကြားသော ပါဠိဂါထာတို့၏ အစ,စကားလုံးများ ဖြစ်သည်၊ နောင်တရ၍ နောင် ဤအဖြစ်မျိုး မဖြစ်စေရဘဲ ကုသိုလ်တရားများကို ပွားများပါတော့မည် စသော အဓိပ္ပါယ်များပင်တည်း။

ဘဒ္ဒန္တ တိလောကသာရ ဖြေသည်။

(သုဘဒ္ဒ ပရိဗိုဇ်)

ကိုးပါးသီလ ဝိဝါဒ

(မေး) (ကိုးပါးသီလ ဝိဝါဒ)

ကျမ်းဂန်များ၌ လူတို့ ခံယူဆောက်တည်အပ်သော သီလသည် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလသာ ရှိသည်ဟု သိရပါသည် အရှင်ဘုရား၊ ယခု ကိုးပါးသီလဟု ထင်ရှားလျက် ရှိပါသည်၊ နဝင်္ဂုပေါသထသုတ်တော်၌ ကိုးခုမြောက် မေတ္တာသဟဂတေန စေတသာ-စသော အဆုံးအင်္ဂါကို ခံယူဆောက်တည်ရမည်မဟုတ်၊ ပွားများရမည်ဟုသာ ဆိုပါသည်၊ ထို့ကြောင့် တပည့်တော်တို့ မှတ်သားနိုင်အောင် ရှင်းလင်းဖြေကြားတော်မူပါ ဘုရား။

(ဖေမောင်တင်-အောင်သိဒ္ဓိ၊ သမိုင်း)

(ဖြေ)

ဤနဝင်္ဂ ဥပုသ်သည် (ရဟန်းတို့ အင်္ဂါကိုးပါးနှင့် ပြည့်စုံသည်ဖြစ်၍ ကျင့်သုံးအပ်သော ဥပုသ်သည် ကြီးမြတ်သော အကျိုးရှိ၏) -စသည်ဖြင့် အင်္ဂုတ္တရနိကာယ နဝကနိပါတ်၌ လာ၏၊ အဋ္ဌကထာ၌လည်း ဝေနေယျတို့ အလိုဆန္ဒ၏ အစွမ်းဖြင့် မေတ္တာဘာဝနာကိုထည့်၍ အင်္ဂါကိုးပါးနှင့် ပြည့်စုံသည်ဟူ၍ ဟောတော်မူ၏ ဟူ၍လာသည်။

ထိုမေတ္တာဘာဝနာကို အသီးအခြား ဆောက်တည်ရခြင်းမရှိ၊ ထိုမေတ္တာဘာဝနာကို တခုသော အစိတ်အင်္ဂါပြု၍ ဝေနေယျတို့ အလိုဆန္ဒ၏အစွမ်းဖြင့် နဝင်္ဂဥပုသ်ဟူ၍ ဟောတော်မူသကဲ့သို့ ဗုဒ္ဓါနုဿတိ စသည်တို့တွင်လည်း တပါးပါးကို အစိတ်အင်္ဂါပြု၍ ဗုဒ္ဓါနုဿတိဖြင့် မှတ်သားအပ်သော နဝင်္ဂဥပုသ် စသည်ကိုလည်း ဆိုသင့်၏၊

ထိုကိုပင် ရည်ရွယ်၍ အဋ္ဌကထာ၌ ဝေနေယျတို့ အလိုဆန္ဒ၏ အစွမ်းဖြင့် မေတ္တာဘာဝနာကိုထည့်၍-ဟု မိန့်ဆို၏၊ မေတ္တာသည် အဗျာပါဒ မနောကံ ဖြစ်သည့် ဝိရတီမဟုတ်သော (စေတသိက) သီလတည်း။ ထို့ကြောင့် ဆောက်တည်ခြင်းကို မပြုမူ၍လည်း မေတ္တာဘာဝနာဖြင့် တန်ဆာဆင်အပ်သော ဥပုသ်ကို နဝင်္ဂဥပုသ်ဟူ၍ ဆိုသင့်သည်သာဟု မှတ်အပ်၏၊ အကယ်၍ ရိုသေလေးစားခြင်းငှါ အလေးအမြတ်ပြုအပ်သောသူ၏ အထံ၌ နှုတ်ဖြင့် ဝန်ခံလိုသည်ဖြစ်အံ့ (သဗ္ဗသတ္တေသု ယထာဗလံ မေတ္တာသဟဂတေန စေတသာ ဖရိတွာ ဝိဟရာမိ) -အလုံးသောသတ္တဝါတို့၌ အစွမ်းသတ္တိအားလျော်စွာ မေတ္တာနှင့်တကွ ဖြစ်သောစိတ်ဖြင့် ဖြန့်၍နေပါအံ့-ဟုဆိုလျှင် အပြစ်တစုံတရာမရှိ၊ စင်စစ်သော်ကား ချီးမွမ်းသင့်သည်သာတည်း။

(အဘယာရာမ ဆရာတော်ဘုရားကြီး၏ အဆုံးအဖြတ်မှ လိုရင်းကောက်နုတ် ဖော်ပြချက်)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကိုယ့်ကိုယ်ကို သတ်ခြင်း

(မေး) (ကိုယ့်ကိုယ်ကို သတ်ခြင်း)

အရှင်ဘုရား၊ ကိုယ့်ကိုယ်ကို သေအောင်သတ်၊ ပါဏာတိပါတ် အကုသိုလ်၊

သင့်မသင့်၊ ဖော်ဖွင့်သာဓကရယ်နှင့်၊ စာပြဆရာမြတ်၊ ပုဒ်ပါဌ်ဖွင့်ဆို။

သိလိုပါ ထိုထိုပ စကား၊ အဖန်ဖန် ငါးရာမှန် ကမ္ဘာကျအောင်၊ ပါဏကိုယ်တိုင်သတ်ပါသတဲ့၊

မှတ်လာသည်ကို ထိုအကြောင်းကို ပေါင်းဖြေပါဘုရား။

(ကဗျာဆို သာချို၊ ဗဟန်းမြို့နယ်)

(ဖြေ)

ကိုယ့်ကိုယ်ကို ဖယ်ကာထား၊ တပါးသောသတ္တဝါ၊

ပါဏေန ပါဏသညီပြ၊ မှတ်ကြစရာ။

ပရပါဏာမှ (ကိုယ်မှတပါး အခြားသတ္တဝါမှ) သင့်ပါရ မှန်စွာ၊ ကိုယ့်ဟာကိုယ် မသင့်။

ဖန်ငါးရာ ဘယ်စာမှာ ဆိုမရှိပါဘူး၊ ရေးသိပါလင့်။

အတ္တာနံ မုဉ္စိတွာ ပရပါဏမှိ ပါဏသညိတာ လက္ခဏဿ အင်္ဂဿ အဘာဝတော၊ နေဝတ္ထိ ပါဏာတိပါတော။

အတ္ထတော ပန ပါဏေ-ပါဏသညိနော ပရသ ဇီဝိတိန္ဒြိယုပစ္ဆေဒက ပယောဂသမုဋ္ဌာပိကာ ကာယဝစီဒွါရာနံ အညတရ ဒွါရပ္ပဝတ္တာ ဝဓက စေတနာ။ (သာရတ္ထ ဋီ ၁-၃၄၂)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကိုယ်စောင့်နတ်

(မေး) (ကိုယ်စောင့်နတ်)

အရှင်ဘုရား၊ လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား၊ ရှိသည်ဆိုလျှင် နတ်ပြည်ခြောက်ထပ်တွင် မည်သည့်ဘုံ၌ ပါဝင်ပါသလဲ၊ လူတဦး မွေးဖွားလာလျှင် ကိုယ်စောင့်နတ် တပါတည်း ရောက်လာပါသလား၊ ကိုယ်စောင့်နတ်က မည်သို့ကူညီစောင့်ရှောက်နိုင်ပါသလဲ၊ မေတ္တာရှေ့ထား ဖြေကြားပေးတော်မူပါဘုရား။

(ဝင်းဝင်းအေး-ပျဉ်းမနား)

(ဖြေ)

ဘုန်းကံကြီးမားသူတို့၌သာ ကိုယ်စောင့်နတ်ဟူ၍ ရှိပါသည်။ ကိုယ်စောင့်နတ်ဟူသည် နတ်ပြည်ခြောက်ထပ် နတ်များမှတပါး အခြားအမျိုးအစား သီးခြားမရှိ။ ဘုန်းကံကြီးသူတို့အား စတုမဟာရာဇ် အပါအဝင် တန်ခိုးကြီးသော နတ်များက ကြည့်ရှုစောင်မခြင်းမျိုးသာ ဖြစ်ပါသည်။

လူတဦးတယောက် အတွက် အမြဲကြည့်ရှု စောင့်ရှောက်နေသော-နတ် မရှိ။ သူတော်ကောင်း နတ်ကောင်းမ ဆိုသကဲ့သို့ အကြောင်းအားလျော်စွာ စောင့်ရှောက်ခြင်းမျိုးဟူ၍သာ မှတ်သားသင့်ပါသည်။

ကိုယ်စောင့်နတ်ဆို၍ လူ၏ကိုယ်၌ အမြဲကပ်မှီ၍ နေသည်ဟု မမှတ်သင့်။ သူ့ကံအားလျော်စွာ ဗိမာန်သီခြား ရှိနေသည်သာ ဖြစ်ပါသည်။ ရုက္ခစိုးနတ် စသည်တို့သည်လည်း သစ်ပင်ထက်၌ နေသည်မဟုတ်။ သစ်ပင်အနီးအပါး၌ ဗိမာန်သီခြားရှိနေကြပါသည်။ သို့သော် ဗိမာန်မှာလည်း သစ်ပင်ကို အမှီပြု၍ ဖြစ်ရသဖြင့် သစ်ပင်ပျက်စီးသွားလျှင် ဗိမာန်လည်း ပျက်စီး၍သွားရသည်ဟု ဆိုပါသည်။ ကိုယ်စောင့်နတ်တို့သည်လည်း မိမိစောင့်ရှောက်အပ်သူ ပျက်စီးသွားလျှင် အခြားဘုန်းကံရှင် စောင့်ရှောက်အပ်သူအား ရွှေ့ပြောင်း၍ စောင့်ရှောက်ရသည်ဟု မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကိုယ်စောင့်နတ်နှင့် သာဝက ဆုရှင်များ

(မေး)။ ၁။ ကုသိုလ်အဖို့ဘာဂကို အမျှဝေရာတွင် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်မှ အရင်းစ၍- စသည်ဖြင့် ပေးပို့လေ့ရှိကြရာ ခန္ဓာကိုယ်ကို စောင့်ကြပ်သော ကိုယ်စောင့်နတ် တကယ် ရှိ-မရှိ သိလိုပါသည်ဘုရား။

၂။ အဂ္ဂသာဝက၊ မဟာသာဝက၊ ဧတဒဂ်ရ ရဟန္တာအရှင်၊ အရှင်မ အလောင်းများသည် မိမိတိုပတောင့်တသော ဆုကို ဘဝတိုင်း သတိရနိုင်ကြပါသလား ဖြေကြားတော်မူပါရန်။

(မမီးမီး-ဗိုလ်တထောင်မြို့နယ်)

(ဖြေ)။ ၁။ အရက္ခဒေဝတာ-ဟူသော ကိုယ်စောင့်နတ်ရှီကြောင်း ဗုဒ္ဓစာပေတွင် အထင်အရှားရှိသည်။

သို့သော် ကိုယ်စောင့်နတ်ဆို၍ စောင့်ရှောက်အပ်သောသူ၏ ကိုယ်တွင် အမြဲကပ်မှီ၍နေသည်-ဟု မမှတ်ရာ၊ အခြေအနေအရ ကြည့်ရှုစောင့်ရှောက်ခြင်းမျိုးသာဖြစ်၍ ယင်းတို့ကုသိုလ်အားလျော်စွာ ဘုမ္မဋ္ဌ၊ ရုက္ခဋ္ဌ စသည်ဖြင့် ဘုံဗိမာန်များ၌ နေကြသော နတ်များသည်ဖြစ်သည်၊

ဥပမာ-ရုက္ခစိုး ဆိုပါစို့၊ ၄င်းတို့မှာ သစ်ပင်ပေါ် သစ်ကိုင်းပေါ် ခွဆုံ စသည်၌ နေသည်မဟုတ်၊

သစ်ပင်၏ထိပ်ဖျား၌ဖြစ်စေ၊ အနီးအပါး၌ဖြစ်စေ၊ ကုသိုလ်အားလျော်စွာ ဖြစ်လာသော ဘုံဗိမာန်ရှိလေသည်။

ယင်းဘုံဗိမာန်၌ နေကြ၏၊ သစ်ပင်ပျက်စီးလျှင် ဘုံဗိမာန်လည်း ပျက်စီးတော့သည်၊

ကိုယ်စောင့်နတ်မှာ မိမိဆိုင်ရာ လူ ကွယ်လွန်လျှင် အခြားတဦးသို့ ပြောင်းရွှေ့သွားရတတ်လေသည်၊ သို့သော် လူတိုင်းတွင် ကိုယ်စောင့်နတ် ရှိသည်မဟုတ်၊ ကုသိုလ်ရှိသူ ကောင်းမှုရှင် ဘုန်းကံရှင်များ၌သာ ရှိနိုင်ကြောင်း သတိပြုပါလေ။

၂။ အလွန်လေးနက်သော ဧတဒဂ်ဆုကဲ့သို့ အဓိကရကိစ္စကြီးကို မဆိုထားဘိ၊ မိမိ၏ စွဲလမ်းမှု ဝါသနာသည်ပင် တဘဝနှင့် တဘဝ လိုက်ပါစွဲထင်လေ့ရှိသည်၊

အရှင်ပိလိန္ဒဝစ္ဆသည် ဘဝများစွာ ဇာတ်မြင့်ပုဏ္ဏားမျိုးဖြစ်ပြီး မိမိအောက်လူများကို သူယုတ်-ဟု ခေါ်လေ့ရှိကြောင်း နောက်ဆုံးဘဝ ရဟန္တာဖြစ်သည့်တိုင်အောင် လူများအား သူယုတ်-ဟု ခေါ်လေ့ရှိကြောင်း၊ မျောက်ဘဝနှင့်နီးစပ်သော ရဟန္တာတပါးမှာ မြောင်း-စသည်ကို ခုန်၍သွားတတ်ကြောင်း၊

ဗြဟ္မာပြည်မှ လာသူများမှာ ကာမကို ရွံရှာ စက်ဆုပ်၍ ဝိသဘာဂအာရုံများကို ရှောင်ရှားတတ်ကြကြောင်း ဆိုပါသည်။

ဧတဒဂ်ဆုရှင်များကား ယင်းဆုကို အလွန့်အလွန် မြတ်နိုးလှသည်၊ သမုဒ္ဒရာ လက်တကမ်းသို့ အရောက်သွားနိုင်လျှင် ယင်းဆုကို ရမည်ဆိုလျှင်ပင် သမုဒ္ဒရာကို လက်ပစ်ကူး၍ သွားနိုင်သော ဆန္ဒရှိသည်။

ဤမြေအောက် ရောက်အောင်သွားနိုင်လျှင် ဤဆုကို ရမည်ဆိုပါက မြေကြီးကိုယက်၍ အရောက်သွားနိုင်သည့် ဆန္ဒရှိသည်။ ဤမျှ လိုအင်ဆန္ဒကို လွန်လွန်မင်းမင်း စွဲပိုက်ထားသူများဖြစ်၍ ဘဝပေါင်းမည်မျှ ကွာခြားလင့်ကစား မိမိတောင်းထားသောဆုကို သတိရနိုင်ပေသည်။

ရှင်သီဝလိအလောင်း သတို့သားသည် ကမ္ဘာတသိန်းထက်က လာဘ်လာဘ ပေါများရာတွင် အမြတ်ဆုံး ဧတဒဂ်ဆုကို တောင်းထားကြောင်း၊ ၉၁-ကမ္ဘာထက် ဝိပဿီမြတ်စွာဘုရားလက်ထက် လှူဒါန်းရာတွင်လည်း ထိုဆုကိုပင် ထပ်၍တောင်းကြောင်း ထို့အတူ ဘဝတိုင်းပင် ဤဆုကိုသာ တောင်းဆိုခဲ့ကြောင်း အပါဒါန်တွင် ပါရှိပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကိုရင်အချင်းချင်း သီလပေး

(မေး) (ကိုရင်အချင်းချင်း သီလပေး)

အရှင်ဘုရား၊ တပည့်တော်တို့ တောကျောင်း၌ ဆရာတော်မရှိခိုက် ဥပုသ်နေ့ကျရောက်လျှင် သာမဏေများ သီလယူရန် အခက်အခဲရှိနေပါ၍ အကြီးဆုံး သာမဏေထံ ၁၀-ပါးသီလယူလျှင် ဖြစ်ပါသလားဘုရား။

ထို့ပြင် ဥစ္စာသယန သိက္ခာပုဒ်အရာ၌ ကိုရင်အချင်းချင်း ဝါဖြင့်ယူရပါသလား၊ အသက်ဖြင့် ယူရပါသလား သိလိုပါသည်ဘုရား။

(ကိုဇော-ပုသိမ်)

(ဖြေ)

ဒသပိ စေ တာနိ သာမဏေရေန ဘိက္ခုသန္တိကေ သမ္မာဒိန္နမေဝ သမ္မာဒိန္နာနိ ဟောန္တိ-ဟူသော အဋ္ဌကထာအရ သာမဏေချင်း သီလမပေးနိုင်။ ရဟန်း (ဆရာ) ကသာ သီလပေးနိုင်ပါသည်။

ဥပုသ်နေ့ကျရောက်လျှင်-ဆိုသဖြင့် ဥပုသ်နေ့တိုင်း သီလယူရမည် မဟုတ်ပါ။ အခြေအနေအရ သင့်လျော်သောနေ့များ၌သာ သီလယူသင့်ပါသည်။

ဥစ္စာသယန အမြင့်နေရာ၌ သာမဏေတို့မှာ အသက်သာလျှင် ပဓာနဖြစ်၍ အသက်ကြီးသော သာမဏေကို နေရာပေးရပါမည်။ သာမဏေတို့တွင် သိက္ခာဝါ သတ်မှတ်ချက် မထားရကြောင်းကို သတိပြုရပါမည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကိလေသာ ဆယ်ပါး

(မေး) (ကိလေသာ ဆယ်ပါး)

အရှင်ဘုရား ကိလေသာ ၁၀-ပါးကို နှစ်မျိုးတွေ့ရပါသဖြင့် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

တွေ့ရပုံမှာ

(က) လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ=၁၀ ပါး။

(ခ) အနာဂါမ်ပယ်သတ်သည့် ကိလေသာ=ကာမ၊ ရာဂ၊ ဗျာပါဒ၊ ၃-ပါး။

ရဟန္တာပယ်သတ်သည့် ကိလေသာ=ကြွင်းသော လောဘ၊ မောဟ၊ မာန၊ ထိန၊ မိဒ္ဓ၊ အဟိရိက၊ အနောတ္တပ္ပ=ရပါး အမျိုးမျိုးတွေ့နေရ၍ နားမရှင်းပါဘုရား။

(မအေး-ရန်ကုန်)

(ဖြေ) ကိလေသာ ၁၀-ပါးအမှန်မှာ

(က) စာရင်းအတိုင်း တမျိုးသာရှိပါသည်။ ဒကာမလေး မအေးမှာ အဘိဓမ္မာကို အနည်းအကျဉ်းမျှ သင်ကြားလေ့လာဖူးခြင်း မရှိသည့်အတွက် နားမရှင်းခြင်းဖြစ်ပါသည်။

(ခ) စာရင်းမှာ ဒကာမလေး မအေး ယူဆသလို ကိလေသာ ၁၀-ပါး မပြည့်ပါ။ ကာမနှင့် ရာဂကို တခုစီ မယူရ။ တခုတည်းသာ ဖြစ်၏၊ ကာမအာရုံကို နှစ်သက်သည့် (လောဘ) ကိုသာ ကောက်ယူရသည်။

ဗျာပါဒမှာ ဒေါသ၏ မူရင်းအမည်သာ ဖြစ်သည်။ ပရိယာယ်တမျိုးဖြင့် ဟောပြောခြင်းဖြစ်ပါသည်။ ကိလေသာစာရင်း ထိန မပါဝင်ပါ။

(ခ) စာရင်း ကိလေသာပယ်စဉ်အရ မှတ်မည်ဆိုလျှင်-

(၁) သောတာပန်၊ သကဒါဂါမ်သည် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ ကိလေသာ ၂-ပါးကို ပယ်၏၊

(၂) အနာဂါမ်သည်-ကာမဘုံက (လောဘ) နှင့် ဒေါသကိလေသာ ၂-ပါးကို အပြီးပယ်သည်။

(၃) ရဟန္တာသည် ရူပ-အရူပဘုံက (လောဘ)နှင့် မောဟ၊ မာန၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ကိလေသာ ၇-ပါး။ စုစုပေါင်း လောဘနှစ်မျိုးကို တမျိုးသာယူ၍ ၁၀-ပါးဖြစ်၏၊

အဘိဓမ္မာ သဘာဝတွေကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင် ကမ္ဘာအေး သာသနာရေးဦးစီးဌာန သင်တန်းများနှင့် မင်္ဂလာဗျူဟာစသည့် နီးစပ်ရာ အဘိဓမ္မာသင်တန်းများသို့ အားလပ်လျှင် သင်ကြားနာယူရန် တိုက်တွန်းပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ကုသလာ ကုသလံ ဇဟံ

(မေး) (ကုသလာ ကုသလံ ဇဟံ)

အရှင်ဘုရား၊ ကုသလာ ကုသလံ ဇဟံ-ဘုရား ရဟန္တာတို့သည် ကုသိုလ် အကုသိုလ်ကံတို့ကို စွန့်၏၊ မပြုလုပ်တော့ဟု ဆိုကြပါသည်။ ကုသိုလ်မပြုလုပ်တော့-ဟူသော အဆိုကို တပည်တော် မရှင်းလင်းပါဘုရား။

ဗုဒ္ဓသည် လောကတခွင် မည်သူမျှမရှည်နိုင်သည့် ကောင်းမှုကြီးကို ၄၅-ဝါပတ်လုံး ဆောင်ရွက်ခဲ့ပါသည်။ သို့သော် ယင်းကောင်းမှု ကုသိုလ်၏ အကျိုးကိုကား တဏှာကင်းသော အတ္တမရှိတော့သော ဗုဒ္ဓအတွက် အကျိုးပေးရန် နေရာနှင့် အချိန်တို့သည် မရှိတော့ပါ။ ထို့ကြောင့် ထိုကံတို့သည် စွန့်ပစ်ခြင်းခံရသည်ဟု ယူဆမိပါသည်။ တပည့်တော် ဉာဏ်မမီ၍ အယူအဆ မှားယွင်းနေပါလျှင် သနားသောအားဖြင့် ပြုပြင်ပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား။

(ဦးဆိုင်မြင့်-လယ်ဦးစုရွာ၊ လေးမျက်နှာမြို့)

(ဖြေ)

ကုသလာ ကုသလံ ဇဟံ-ဝဋ်ဆင်းရဲ၏ မူလဖြစ်သည့် အဝိဇ္ဇာ တဏှာ စသော ကိလေသာတို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် စွန့်ပယ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ စွန့်ပယ်လိုက်သဖြင့် လောကီကုသိုလ်ဖြစ်ခြင်း၏ မူလဖြစ်သော အဝိဇ္ဇာ၊ တဏှာတို့ ကင်းရှင်းသွားသည်။ ထို့ကြောင့် ပုညာဘိသင်္ခါရသည် သံသရာ၌ တဖန် ပဋိသန္ဓေဖြစ်ခြင်းကို မစွမ်းနိုင်။ ထိုသို့ ဝဋ်ဆင်းရဲ၏ မူလဖြစ်သော ကိလေသာတို့ကို စွန့်ခြင်းသည်ပင် ဖလူပစာရ (အကျိုး၏အမည်ကို အကြောင်း၌ တင်စား၍) ကုသိုလ်ကို စွန့်သည် မည်၏၊(နမက္ကာရ ဋီ-၇) ဟု ဋီကာတို့က ဖွင့်ဆို၏၊

ဘုရား ရဟန္တာတို့သည် အဘိသမာစာရိကဝတ် အကျင့်တို့ကို ပြုခြင်းဖြင့် ကောင်းမှုတို့ကို အမြဲပင် ပြုပါ၏၊ သို့သော် ဝဋ်မြစ်ပြတ်ပြီးဖြစ်၍ ကောင်းကျိုးပေးဖွယ် မလိုအပ်တော့၍ ကုသိုလ်ကို စွန့်ပယ်သည်ဟု ဆိုရပါသည်။ အကုသိုလ်ကိုကား အထူးဆိုဖွယ် မလိုတော့ချေ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကုသိုလ် ရ-မရ

(မေး) (ကုသိုလ် ရ-မရ)

အရှင်ဘုရား၊ သံဃာဒိသိသ်သင့်သော ရဟန်းသည် မကုစားဘဲ သာသနာ့ဘောင်၌ စာပေသင်ကြားပို့ချခြင်း၊ ဘုရားရှိခိုးခြင်း အစရှိသော ကုသိုလ်အမျိုးမျိုး ကြိုးစားလုပ်သော်လည်း ထိုက်တန်သော ကုသိုလ် ရ-မရနှင့် သံသရာ၌လည်း ၄င်းကုသိုလ်ကျိုးတရားတို့ကို ရရှိခံစားနိုင်-မခံစားနိုင်ကို ဖြေကြားပေးတော်မူပါဘုရား။

(အရှင်ဉာဏဝံသ-မိတ္ထီလာ)

(ဖြေ)

ရရှိနိုင်ပါသည်။ ခံစားနိုင်ပါသည်။ သို့သော် သံဃာဒိသိသ်အာပတ်များသည် ဂရုကအာပတ်များဖြစ်၍ အခွင့်ရလျှင် ရသလို ကုစားမည်ဟူသောစိတ်ကို အမြဲရှိစေ၍ ကုစားဖို့ ကြိုးစားရန် ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ကုသိုလ်၏ တူသောအကျိုးပေး

(မေး) (ကုသိုလ်၏ တူသောအကျိုးပေး)

အရှင်ဘုရား၊ အချို့သော လူသားများ၏ ပါးစပ်ဖျားတွင် မကောင်းသောအကုသိုလ်လုပ်လျှင် တူသောအကျိုးကို ပေးတတ်သည်-ဟု ဆိုနေကြပါသည်။ ကောင်းသောကုသိုလ်အလုပ်က တူသောအကျိုးကို မပေးနိုင်ဘူးလားဘုရား။ ကုသိုလ်အလုပ်၏ တူသောအကျိုးပေးပုံကို သာဓကဆောင်၍ ဖြေကြားပေးစေလိုပါသည်ဘုရား။

(အရှင်ဝါယမ-တပ်ကုန်း)

(ဖြေ)

ဆွမ်းဆက်ကပ်ရာ၌ သက်ရှည်, ဆင်းလှ, ချမ်းသာရ, ဗလ, ဉာဏ်ပညာ-ဟူသော သံဃာတော်များရသည့် ဆွမ်းအကျိုး ငါးပါးမှာ အလားတူ ဆွမ်းဒကာများလည်း ရကြောင်း ဆိုပါသည်။ ထို့အတူ ကထိန်သင်္ကန်းလှူရာ၌ အနာမန္တစာရ-စသော သံဃာတော်များရသော ကထိန်အကျိုး ငါးပါးနှင့်အလားတူ (သွားလေရာရာ၊ နှောင့်ယှက်ကွာ၍၊ ဥစ္စာထားသွား၊ မပျက်ပြားနှင့်၊ သောက်စားအစာ၊ ဘေးကင်းကာပြင်၊ ဥစ္စာများလျက်၊ သူမဖျက်ဘဲ၊ သူ့ထက်ထူးကာ၊ ရရှိလာသည်၊ ဒကာအကျိုးပေးပုံတည်း-) ဟူသည်တို့မှာ ကုသိုလ်အလုပ်၏ တူသောအကျိုးပေးပုံများပင်ဟု မှတ်ရပါမည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကုသိုလ်ကံ အကုသိုလ်ကံ

(မေး) (ကုသိုလ်ကံ အကုသိုလ်ကံ)

အရှင်ဘုရား၊ ငယ်ရွယ်စဉ်အခါက အကုသိုလ်အလုပ်များ ပြုခဲ့မိပါသည်။ အသက်အရွယ် ကြီးရင့်လာသောအခါ အကုသိုလ်အလုပ်များ မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပါသည်။ အတတ်နိုင်ဆုံး ကောင်းမှုများ ပြုပါသည်။ ဤကဲ့သို့ ကောင်းမှုများများပြုလျှင် ယခင်ပြုမိခဲ့သော အကုသိုလ်ကံများ အကျိုးပေးခွင့်မရတော့ဘဲ အဟောသိကံ ဖြစ်သွားနိုင်ပါသလား။ အပြစ်များကျေအောင် မည်သို့လုပ်ရမည်ကို ရှင်းလင်းစွာ ဖြေကြားပေးတော်မူပါဘုရား။

(ဦးအောင်သန်း။ ဒေါ်တင်စိန်-မြောက်ဥက္ကလာ)

(ဖြေ)

ကုသိုလ်ကို လှေနဲ့နှိုင်းပြီး အကုသိုလ်ကို လှေပေါ်ပါသည့် ပစ္စည်းနှင့် နှိုင်းပါသည်။ ပုထုဇဉ်လူသားများဖြစ်၍ ကုသိုလ် အကုသိုလ် အစုံဖြစ်နေ ရှိနေကြပါသည်။

ကုသိုလ်လှေက တောင့်တင်းခိုင်မာ အားကောင်းလျှင် အကုသိုလ်ဝန်ထုပ်ဝန်ပိုးတွေ ရှိနေလင့်ကစား အလွယ်တကူ သယ်ဆောင်၍ သံသရာခရီးတွင် မပင်မပန်း သွားနို်င်မည်။

အကုသိုလ်ဝန်ထုပ်ဝန်ပိုးတွေက များလျှင် ကုသိုလ်လှေ မနိုင်၍ မြုပ်သွားမည်။ အပါယ်လေးပါးတွင် မြုပ်သွားမည်။ ကုသိုလ်လှေကို အားကောင်းတောင့်တင်းခိုင်မာအောင် လုပ်ထားလျှင် အပါယ်လေးပါး၌ မမြုပ်နိုင်ပါ။ ထို့ကြောင့် ကုသိုလ်များများ လုပ်ရပါမည်။

ပို၍စိတ်ချရအောင် အရိယာသောတာပန်အဖြစ် ရောက်အောင် တရားဘာဝနာ အားထုတ်ရမည်။ သောတာပန်ဖြစ်လျှင် အပါယ်လေးဘုံသို့ မရောက်တော့ပြီ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ကုသို်လ်ဖြစ်ရန် လိမ်လည် လှည့်စားခြင်း

(မေး)။ ၁။ လူတဦးတယောက်အား ကုသိုလ်ရပါစေခြင်းအကျိုးငှါ လိမ်လည်လှည့်ဖြားမိသည်ဆိုလျှင် ထိုလိမ်သူမှာ မုသာဝါဒကံ ထိုက်ပါသလား။

၂။ သာသနာတော် စည်ပင်စေရန် လူငယ်လူရွယ်တို့အား လောကုတ္တရာဘက်သို့ အာရုံစိုက်လာစေရန် ၄င်းတို့အကြိုက် (ဥပမာ-နစ္စ၊ ဂီတ၊ စသည်တို့နှင့်) ဖြားယောင်းသွေးဆောင်၍ စည်းရုံးလှုံ့ဆော်ခြင်းသည် အပြစ်ရှိပါသလား ဘုရား။

(မောင်ဆွေတင့်-မြို့နယ်ပညာရေးမှူးရုံး၊ ရွှေတောင်မြို့)

(ဖြေ)။ လိမ်လည်လှည့်ဖြားခြင်း မုသာဝါဒကံမှာ

၁-မဟုတ်မမှန်သော ဝတ္ထုလည်းဖြစ်စေ၊

၂-ချွတ်ယွင်းစေလိုသော စိတ်ရှိသည်လည်းဖြစ်စေ၊

၃-ကိုယ်နှုတ်နှစ်ပါးတွင် တပါးပါးဖြင့် သိအောင်လည်းပြုစေ၊

၄-တပါးသူက ပြုသည့်အတိုင်း သိလည်းသိစေ-

ဤအင်္ဂါလေးပါးနှင့်ညီလျှင် မုသာဝါဒဖြစ်ပါသည်။

သို့သော် သူတပါးအကျိုးပျက်စီးမှု အကြီးအသေးပေါ် မူတည်၍ အပြစ်အကြီးအသေး ကွားခြားနိုင်ပါသည်။

လူတဦးတယောက်အား ကုသိုလ်ရပါစေခြင်းငှါ-ဟု ရည်ရွယ်ချက်ရှိ၍ ပြောဆိုခြင်းမှာ အပြစ်မကြီးဟု ဆိုနိုင်သည်။

သို့သော် လိမ်လည်မှုအစား ပရိယာယ်ပြုခြင်းမျိုးကို ပြုလုပ်သင့်ပါသည်။

သာဓကမှာ-တမ္ဗဒါဌိက ခိုးသားကြီးသည် အရှင်သာရိပုတ္တရာအား တပည့်တော် ငါးဆယ့်ငါးနှစ်ပတ်လုံး လူသတ် ခဲ့သည်မှာ ကိုယ်သတ်ချင်၍ သတ်သည်မဟုတ်၊ ရှင်ဘုရင် သတ်ခိုင်း၍ သတ်ရပါသည်၊ တပည့်တော်မှာ အပြစ်ရှိပါသလား-ဟု ဆိုသည်၊

ဤတွင် အပြစ်ရှိသည်ဟု ပြောလျှင် ၄င်းခိုးသားကြီး စိတ်လှုပ်ရှား၍ တရားမနာနိုင်ဖြစ်ကာ ကောင်းကျိုးမရဖြစ်မည်ကြောင့် ရှင်ဘုရင် သတ်ခိုင်း၍ သတ်ခြင်း၌ သင့်မှာ အပြစ်ရှိနိုင်ပါ့မလား-ဟူ၍ ရှိသည်ဟုလည်းမဆို၊ မရှိသည်ဟုလည်းမဆို၊ ပရိယာယ်အမေးစကားဖြင့် ဖြေလိုက်သည်၊ ပညာနည်းသော ခိုးသားကြီးစိတ်တွင် ငါ့မှာ အပြစ်မရှိဘူး-တဲ့ ဟု သိမြင်သွားကာ ကောင်းစွာ တရားနာနိုင်၍ တမလွန်ဘဝတွင် တုသိတာနတ်ပြည်သို့ ရောက်သွာရပေသည်။

၂။ ဇနပဒကလျာဏီအား စွဲလမ်း၍ ရဟန်းတရား အားမထုတ်နိုင်သော ညီတော် နန္ဒ-ရဟန်းအား မြတ်စွာဘုရားက နတ်ပြည်ခေါ်သွားကာ နတ်သမီးများကိုပြရာ ဇနပဒကလျာဏီ အစွဲပျောက်ပြီး နတ်သမီးများအား စွဲလမ်းသွားသည်၊ ဤတွင် ရဟန်းတရားအားထုတ်လျှင် ဤနတ်သမီးများကို ရနိုင်ကြောင်း မြတ်စွာဘုရားက နတ်သမီးဖြင့် သွေးဆောင်၍ တရားအားထုတ်စေသည်၊ ညီတော်နန္ဒလည်း တရားအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်သွားပါသည်၊ ဤသို့ ဆူးတချောင်းစူးသည်ကို ဆူးတချောင်းဖြင့် ထွင်သည့်သဖွယ် ပရိယာယ်ဖြင့် ဖြားယောင်းသွေးဆောင်၍ လောကုတ္တရာဘက်သို့ ရောက်စေသည်မှာ အပြစ်ရှိသည်ဟု မဆိုနိုင်ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကုဋေကိုးထောင်ကျော်

(မေး) (ကုဋေကိုးထောင်ကျော်)

အရှင်ဘုရား၊ သိက္ခာပုဒ် ကုဋေကိုးထောင်ကျော်ဟု ပြောဆိုသောစကား ရှိပါသည်။ ၄င်းကုဋေကိုးထောင်ကျော် ဆိုရာ၌ မည်မျှ ကျော်သည်ကို အတိအကျ ဖော်ပြဖြေကြားစေလိုပါသည် အရှင်ဘုရား။

(ရှင်သာဂရဉာဏ-မုံရွာ)

(ဖြေ)

ကုဋေကိုးထောင်ကျော် ဟူသောစကားမှာ ကုဋေ ကိုးထောင် တရာ့ ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင် (၉,၁၈၀,၅၀၃၆၀၀၀) ဖြစ်ပါသည်။ ပါဠိဂါထာမှာ

နဝကောဋိသဟဿာနိ၊ အသီတိ သဟကောဋိယော။

ပညာသ သတ သဟဿာနိ၊ ဆတ္တိံသာစ ပုန ပရေ။

ဧတေ သံဝရဝိနယာ၊ သမ္ဗုဒ္ဓေန ပကာသိတာ။

ပေယျာလ မုခေနိန္ဒိဋ္ဌာ၊ သိက္ခာဝိနယ သံဝရေ။ (ဝိသုဒ္ဓိ)

ယင်းကိုရှေးဆရာတို့သည် (နေနတ်နီးတိုင်း၊ ဂနိုင်းမိုးနန်၊ ဟုန်ယာဉ်စျာန်) ဟု ပိဋကတ်သင်္ချာနည်းဖြင့် ဖွဲ့ဆိုထားခဲ့ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကျန်းမာသူနှင့် မကျန်းမာသူ

(မေး) (ကျန်းမာသူနှင့် မကျန်းမာသူ)

လောက၌ အချို့သူများ ဒေါင်ဒေါင်မြည် ကျန်းမာကြပါသည်။ အချို့မှာ တရှောင်ရှောင်နှင့် လူမမာ ဖြစ်နေရပါသည်။ အဘယ့်ကြောင့် ကွဲပြားခြားနားနေရပါသနည်း။ ဖြေကြားပေးတော်မူပါဘုရား။

(မရှင်မင်း၊ မရှင်နှင်း၊ မဂြူးဂြူး-ကန္တာရဝတီ)

(ဖြေ)

ဘဝအဆက်ဆက် သူတပါးအသက်ကို သတ်ဖြတ်ညှဉ်းဆဲခြင်း မပြုဘဲ ရှောင်ရှားခဲ့သူ၊ အသက်ရှည်ကြောင်း ဆွမ်း-ဆေး-ကျောင်း-ကောင်းမှုအမျိုးမျိုး ပြုခဲ့သူများ အသက်ရှည် ကျန်းမာကြပြီး

ပါဏာတိပါတ တည်းဟူသော သူတပါးအသက်ကို သတ်ဖြတ်ညှဉ်းဆဲခဲ့သူများ အသက်တိုကြပါသည်။

ယခုဘဝမှာပင် အသက်ရှည်ကြောင်း ကျန်းမာကြောင်း ကောင်းမှုအမျိုးမျိုး ပြုလုပ်နိုင်ပါသည်။

အရှင်အနုရုဒ္ဓါ၏ ညီမတော် (ရောဟိနီ) မင်းသမီးကလေးသည် ရောဂါဝေဒနာ နှိပ်စက်ခံရသောအခါ အနုရုဒ္ဓါ မထေရ်က ဇရပ်တဆောင်ဆောက်၍ တံမြက်လှည်းခြင်း၊ ကြမ်းတိုက်ခြင်း၊ သောက်ရေ၊ သုံးရေ အမျိုးမျိုးထည့်ခြင်း၊ သံဃာ့ဝေယျာဝစ္စ၊ ဘုရားဝေယျာဝစ္စ အမျိုးမျိုး ပြုလုပ်ခြင်းဖြင့် ယခုဘဝမှာပင် ရောဂါပျောက်ကင်းခြင်း အကျိုးများ ရရှိပါသည်။

သီဟိုဠ် (သီရိလင်္ကာ) ဘုရင် ဝသဘမင်းကြီးသည်လည်း ရေစစ်၊ ဆေးဝါးများ လှူဒါန်းခြင်း၊ စေတီဟောင်း၊ ကျောင်းဟောင်းများ ပြုပြင်ခြင်း၊ သီလများ စောင့်ထိန်းခြင်းကြောင့် ပုဏ္ဏားပညာရှင်များက နန်စံသက် ၁၂-နှစ်မျှသာ အသက်ရှည်မည်ဟု ဟောထားသော်လည်း နန်းစံသက် ၄၄-နှစ်ထိ ယခုဘဝမှာပင် ရှည်ခဲ့ကြောင်း သိရှိရပါသည်။

အတိတ်က ကံကောင်းခဲ့သည်-မကောင်းခဲ့သည်ကို မသိနိုင်သော်လည်း ပစ္စုပ္ပန်မှာပင် အသက်ရှည်ကြောင်း ကောင်းမှုအမျိုးမျိုး ပြုလုပ်နိုင်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ကျားမခွဲခြားသလား

(မေး) (ကျားမခွဲခြားသလား)

အမေး။ ။အရှင်ဘုရား….ဓမ္မမိတ်ဆွေအမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။ သူဟာ မြတ်စွာဘုရားကိုတော့ ကြည်ညိုပါတယ်။ဒါပေမဲ့ ဘိက္ခုနီမ တွေမှာ ပါရာဇိက (၈)ပါးအထိ ပညတ်ထားခြင်း၊ ဂရုဒဏ်တရား(၈)ပါးလိုက်နာနိုင်မှ ဘိက္ခုနီမပြုလုပ်ရခြင်း၊ အခုအခါ ဗမာပြည်က ဘုရားအချို့ပေါ်မှာ မိန်းမမတက်ရခြင်း၊ နိယတဗျာဒိတ်ကို မိန်းမမခံရခြင်း စတာတွေဟာ အမျိုးသမီးများကို ဖိနှိပ်ထားတဲ့သဘောဖြစ်နေပါတယ်။ ဒါတွေကို ထောက်ပြီး မြတ်စွာဘုရားဟာ (discrimination) ကျားမခွဲခြားတယ်လို့ မြင်နိုင်ပါသလား။ တကယ်လို့ ဘုရားရှင်ဟာ အင်္ဂလန်မှပွင့်ခဲ့မယ် ဆိုရင် ဒီစည်းကမ်းတွေမထားဘဲ ကျားမ တန်းတူထားနိုင်မှာလား လို့ မေးလာပါတယ်။ တပည့်တော်က အရှင်ဘုရားဖြေပါလိမ့်မယ်လို့ပဲ အာမခံခဲ့ပါတယ်ဘုရာ။ ဒါကြောင့် ကမ္ဘာ့အမျိုးသမီးထုကြီးတစ်ရပ်လုံးအတွက် ဖြေကြားပေးတော်မူပါဘုရား။

Dr. တင့်ဇင်ဦး

မန်းစဖီးလ်၊ အင်္ဂလန်

အဖြေ။ ။အမျိုးသမီးများကို ခွဲခြားပြီး တန်းတူအခွင့်အရေးမပေးလို့ဆိုပြီး မကျေနပ်မှုများ ရှိနေတယ်ထင်ပါတယ်။ ဒီအတွက် စိတ်အနှောက်အယှက်မဖြစ်ရအောင် ရှင်းလင်းဖြေကြားပေးပါ့မယ်။

ဘိက္ခုနီမများကို ဂရုဓမ်တရား (၈)ပါး

ထားရခြင်းအကြောင်း နောင်အခါမှာ သဒ္ဓါ ပညာ ဝီရိယနည်းပါးတဲ့အမျိုးသမီးများဟာ သာသနာတော်အတွင်း ဝင်ရောက်လာခဲ့ကြလိမ့်မယ်။ တကယ်လို့ ဂရုဓမ်တရား (၈)ပါး မထားခဲ့၊ မပညတ်ခဲ့ဘူးဆိုရင် ဘိက္ခုနီမများဟာ ရဟန်းတော်ယောင်္ကျားများနဲ့ ရောယှက်ရှုပ်ထွေးလာလိမ့်မယ်။ အဲဒီအခါ သာသနာတော်ကြီး တစ်ဝက်လောက်လျော့ပါးကာ ခပ်မြန်မြန် ကွယ်ပျောက်သွားဖွယ်ရာရှိပါတယ်။ အခုအခါ ဂရုဓမ်(၈ပါး ပညတ်တော်များကြောင့် သာသနာတည်တံ့ချိန် မလျော့ပါးဘဲ နဂိုအတိုင်း အချိန်ပြည့် တည်တံ့နိုင်ဖွယ်ရှိပါတယ်။ဒါကြောင့် ဂရုဓမ်(၈)ပါး လိုက်နာနိုင်မှ ဘိက္ခုနီမပြုခွင့်ပေး ရခြင်းဖြစ်ပါတယ်။

သိက္ခာပုဒ်တိုးလာရခြင်းအကြောင်း

ဂရုဓမ်ပညတ်တော်များဖြင့် လာမဲ့ဘေးကို ကြိုတင်တားဆီးထားပါသော်လဲ အတော်ကြာတဲ့အခါ ထူးထူးခြားခြားပေါက်ကြားမှုများလဲ ပေါ်ပေါက်လာ လိမ့်မယ်။ ဒါကြောင့် ရဟန်းယောင်္ကျားများအားပညတ်ထားတဲ့ (မေထုန်မမှီဝဲရ၊ သူ့ဥစ္စာမခိုးရ၊ သူ့အသက်မသတ်ရ၊ စျာန်မဂ်ဖိုလ်မရဘဲ ရတယ်လို့ မလိမ်ရ စတဲ့ သိက္ခာပုဒ်အချို့ကို ဘိက္ခုနီမများအတွက် သက်ဆိုင်စေပြီး၊ ရဟန်းယောင်္ကျားများနဲ့ အပြစ်ပြုပုံခြင်း မတူတဲ့ကိစ္စများအတွက် သီးခြားထပ်ပြီး ပညတ်တော်မူရပြန်ပါတယ်။ (ဘုရားဥပဒေတော်ကြီး၊ နှာ-၃၁၂) သာသနာတော်မှာ ဘဝပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရဟန်းယောင်္ကျားများသာမဟုတ် ရဟန်းမိန်းမများလဲ ရပိုင်ခွင့်တွေရှိနေကြ တဲ့အပြင် အဂ္ဂသာဝက၊ မဟာသာဝကရာထူးတွေကိုလဲ ရရှိနေကြပါတယ်။ ရဟန်းယောင်္ကျားများကိုပေးတဲ့ ဧတဒဂ်ဘွဲ့ထူးတွေကိုလဲ ရဟန်းမိန်းမ များသာမက ဥပါသိကာမိန်းမများ(ဥပမာ-ခုဇုတ္တရာ)ကိုလဲ ဧတဒဂ်ဘွဲ့ထူးကို ပေးပါသေးတယ်။ ဒါဟာ သတ္တဝါတွေအပေါ် ကျားမ မခွဲခြားဘဲ တန်းတူ အခွင့်အရေးပေးထားတယ်ဆိုတာ သိသာနေပါတယ်။

ဗမာပြည်က အချို့ဘုရားအပေါ် မိန်းမ မတက်ရ

ဘုရားဆိုလို့ ကျိုက်ထီးရိုးဘုရားမှာလဲ တံတားလေးကနေ စေတီတော်ဘက်သို့ မသွားရတာကတော့ စေတီတော်ရဲ့ဝန်းကျင်က ကျဉ်းတယ်။ အကာအရံလဲမရှိတဲ့အတွက် အားငယ်ပြီးကြောက်တတ်တဲ့ အမျိုးသမီးများနဲ့မသင့်လျော်ဘူး၊ မူးမော်ပြီး လိမ့်ကျမှစိုးတဲ့အတွက် အန္တရာယ်များလှတဲ့ အတွက်ကြောင့် တားမြစ်ထားတာဖြစ်တယ်၊ အမျိုးသမီးများစေတီတော်ရင်ပြင်နားအထိ လာရောက်ရှိခိုးတာကို နတ်များက မကြိုက်လို့ တားမြစ်တာ မဟုတ်ပါဘူးလို့ ၁၂၇၇ ခုနှစ်က ကျိုက်ထီးရိုးစေတီတော်မှာ အုပ်ချူပ်တဲ့ ဆရာတော်ဦးအာဒိစ္စက ပြောပါတယ်။ ဒါဆိုရင် သတ္တိရှိတဲ့ အမျိုးသမီးများက စေတီတော်အနီးအထိသွားမယ်ဆိုရင် သွားရောက်ဖူးမျှော်နိုင်ပါတယ်။

တကယ်တော့ အမျိုးသမီးများမတက်ရ၊ ဘုရားနားအထိမသွားကောင်းဘူးဆိုတဲ့ ဒိဋ္ဌိဆန်ဆန် အယူသည်းနေတဲ့ သမိုင်းဆရာကြီးတစ် ချို့ရဲ့ သမိုင်းစာမျက်နှာအမှားတွေပါ။ အမှားကြာတော့ အမှန်ဖြစ်ဆိုတာလို အခုတော့ ဘုရားပေါ်အထိ အမျိုးသမီးများ မသွားဝံ့တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ လောကမှာ ဘယ်သူမဆို ကောင်းမှုကုသိုလ်လုပ်ရင် ကောင်းကျိုးချမ်းသာရကြမှာ အမှန်ပါ။ အမျိုးသမီးများ ဘုရားအနီးသွားပြီး ဘုရားရှိခိုးတော့ ကုသိုလ်ရတာပေါ့။ ကုသိုလ်ရရင် ကောင်းကျိုးချမ်းသာကတော့ ရကြမှာပါ။ ထိတ်လန့်ဖွယ်ရာတွေနဲ့ခြောက်လန့်ထားပေမဲ့ ဘာမှမဖြစ်ပါဘူး။ ရဲရဲကြီးသာသွားကြဖို့ တိုက်တွန်းပါတယ်။ ကျိုက္ခမီရေလည်ဘုရားလဲ ထိုနည်းအတူပါပဲ။ အမျိုးသမီးများ ဝင်ရောက်မဖူးရ အဝေးကဖူးရမယ်၊ သတ်မှတ်ထားတဲ့နေရာက ဖူးရမယ်၊ တကယ်လို့ ဝင်ဖူးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာတွေဟာ အလကားပါ။ သမိုင်းဆရာတွေရဲ့ အဓိပ္ပါယ်မဲ့ တဲ့လုပ်ရပ်တွေပါ။ ပြောလိုတာကတော့ သာသနာတော်ကိုကြည်ညိုရင်းစွဲရှိတဲ့ သဒ္ဓါတရားကောင်းတဲ့အမျီုးသမီးများ ဘယ်ဘုရားမဆို အနီးသို့ ဝင်ရောက်ဖူးမျှော်နိုင်ပါတယ်။ ဘာအန္တရာယ်မှမဖြစ်တဲ့အပြင် ကုသို်လ်ရပြီး ကောင်းကျိုးချမ်းသာများ ရရှိနိုင်ပါတယ်။

(သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်း၊ နှာ-၂၇၅-၂၇၆)

အမျိုးသမီးများ နိယတဗျာဒိတ်မခံရ

နိယတဗျာဒိတ်ဆိုတာ ဘုရားဧကန်ဖြစ်မယ်ဆိုမှသာ နိယတဗျာဒိတ်ပေးတော်မူကြတာပါ။ ဘယ်အမျိုးသမီးကမှ ဘုရားမဖြစ်ပါဘူး။ လောကမှာ ယောင်္ကျားကသာ ဘုရားဖြစ်ရတာပါ။ ဒါကြောင့် အမျိုးသမီးကို နိယတဗျာဒိတ်ပေးလို့မရပါဘူး။ တကယ်လို့ နိယတဗျာဒိတ်ခံချင် သပဆိုရင်တော့ ပထမ မိမိကိုယ်ကို ယောင်္ကျားဖြစ်အောင် ကျင့်သုံးရပါအုံးမယ်။ အဆူဆူဘုရားရှင်တို့ ပွင့်တော်မူမြဲနေရာဒေသဟာ မဇ္ဈိမဒေသဖြစ်တဲ့အတွက် ဘယ်နည်းနဲ့မှ အင်္ဂလန်မှာ ပွင့်ရိုးထုံးစံမရှိပါဘူး။ တကယ်လို့ပွင့်မယ်ဆိုရင်တောင်မှ စည်းကမ်းဥပဒေသကတော့ နေရာဒေလိုက်ပြီး ပြောင်းလဲမှာမဟုတ်ပါ။ အရင်ကလဲဒီဥပဒေသ အခုလဲဒီဥပဒေသ နောင်လဲ ဒီဥပဒေသပဲဖြစ်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။ ။

ဦးကောဝိဒ(မြိတ်)

ဦးကောဝိဒ(မြိတ်) ဖြေသည်)

************************************************************

ကျိုး, ပေါက်, ပြောက်, ကျား

(မေး) (ကျိုး, ပေါက်, ပြောက်, ကျား)

အရှင်ဘုရား၊ တပည့်တော်တို့ သီလခံယူရာ၌ မကျိုး, မပေါက်, မပြောက်, မကျားရအောင် အထူးသတိထား၍ စောင့်ရှောက်ကြပါကုန်လော့-ဟု သတိပေးကြပါသည်၊ ထိုသီလ ကျိုး, ပေါက်, ပြောက်, ကျား၏ အဓိပ္ပါယ်ကို ရှင်းလင်း မိန့်ကြားတော်မူပါဘုရား။

(ဦးထွန်းရွှေ-သထုံ)

(ဖြေ)

ကျိုး၊ ပေါက်၊ ပြောက်၊ ကျားကို ပါဠိလို ခဏ္ဍံ၊ ဆိဒ္ဒံ၊ သဗလံ၊ ကမ္မာသံ-ဟု ဆိုပါသည်။

(ဝိသုဒ္ဓိမဂ် ၁-၄၈)တွင် ယင်းအဓိပ္ပါယ်များကို အကျယ်ရှင်းပြထားပါသည်၊

ရှစ်ပါးသီလ ဆိုကြပါစို့ အစသီလ ပါဏာတိပါတ ဖြစ်စေ၊ အဆုံးသီလ ဥစ္စာသယန မဟာသယန ဖြစ်စေ၊ သိက္ခာပုဒ် တပါးပါး ပျက်သွားက တုတ်တောင်ဝှေးတွင် အဖျားပိုင်းက၄င်း၊ အဆုံးပိုင်းက၄င်း၊ ကျိုးသွားသကဲ့သို့ ဖြစ်၍ ကျိုးသည်-ဟု ဆိုပါသည်။

အလယ်မှ သိက္ခာပုဒ်တပါး ပျက်သွားက (ဥပမာ-အဒိန္နာဒါန)။

ဝတ်ထားသောပုဆိုး၌ အပေါက်တပေါက် ပေါက်သွားသကဲ့သို့ဖြစ်၍ ပေါက်သည်ဟု ဆိုပါသည်။

အလယ်မှပင် တပါးကျော်၊ နှစ်ပါးကျော် နှစ်ခု၊ သုံးခု (ဥပမာ-အဒိန္နာဒါန၊ မုသာဝါဒ၊ ဝိကာလဘောဇန) ပျက်သွားလျှင် နွားမပြောက်၏ ခန္ဓာကိုယ်မှ အပြောက်ပြောက်များကဲ့သို့ဖြစ်၍ ပြောက်သည်ဟု ဆိုပါသည်။

အလယ်မှ နှစ်ပါးစီ သုံးပါးစီ ဆက်တိုက် (ဥပမာ-အဒိန္နာဒါန-ကာမေသုမိစ္ဆာစာရ။

သုရာမေရယ-ဝိကာလဘောဇန) ပျက်လျှင် ကျား၏ ခန္ဓာကိုယ်၌ အစင်းကြောင်းကြီးပမာ ဖြစ်၍ ကျားသည်ဟု ဆိုပါသည်။

ဤသို့လျှင် ကျိုး၊ ပေါက်၊ ပြောက်၊ ကျား၏ အဓိပ္ပါယ်ကို မှတ်သား၍ သီလကို မကျိုး၊ မပေါက်၊ မပြောက်၊ မကျားအောင်၊ ဝါ-တပါးမှ ညှိုးနွမ်းကျိုးပျက်ခြင်း မရှိအောင် စောင့်ရှောက်ရန် သတိပြုရပါမည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကျွတ်လွတ်ခြင်း

(မေး) (ကျွတ်လွတ်ခြင်း)

လူတယောက် သေဆုံးသွားသောအခါ ကျွတ် မကျွတ် မည်ကဲ့သို့ သိနိုင်ပသနည်း အရှင်ဘုရား။

(မိုးမမ-အင်းစိန်မြို့သစ်)

(ဖြေ)

လူသေတိုင်း ပြိတ္တာဘဝ ကဲ့သို့သော ဘဝသို့ ရောက်ရသည်-ဟု ယူဆ၍ မေးဟန်တူ၏၊

လူ သို့မဟုတ် သတ္တဝါတဦးဦး သေဆုံးတိုင်းပင်

၁-နိရယဂတိ-ငရဲဘဝ။

၂-တိရစ္ဆာနဂတိ-တိရစ္ဆာန်ဘဝ။

၃-ပေတဂတိ-ပြိတ္တာဘဝ။

၄-မနုဿဂတိ-လူ့ဘဝ။

၅-ဒေဝဂတိ-နတ်ဗြဟ္မာဘဝ။

ဤငါးမျိုးတွင် တမျိုးမျိုးသို့ မိမိပြုသော ကံအားလျှော်စွာ လာရောက်ရပေသည်။

ပေတဂတိ ပြိတ္တာဘဝမှလွဲ၍ အခြားဘုံဘဝ ဆိုင်ရာတို့၌ ကျွတ် မကျွတ်ပြဿနာ ဆိုဖွယ်ရာလိုမည် မဟုတ်ပါ၊

ပေတဂတိ-ပြိတ္တာဘဝ ဟူသည်မှာ ဝေမာနိက ပရဒတ္တူပဇီဝိက ပြိတ္တာဆိုလျှင် ဒုဂ္ဂတိဘဝတို့တွင် သက်သာသောဘဝ-ဟု ဆိုရပါမည်။

အကုသိုလ်နှင့် ကုသိုလ် အနည်းအပါးစီ ရှိသူတို့ ရောက်ရာဘုံဘဝဖြစ်၍ ရံခါ ကုသိုလ်အကျိုးကို ခံစားရပြီး

အချို့ တိဟိတ်ပဋိသန္ဓေနေ၍ မဂ်တရား ဖိုလ်တရားများပင် ရနိုင်သေးသည်၊ ယင်းဘဝတို့မှာလည်း လူတို့ထင်သလို ရုပ်မရှိ၊ နာမ်တရား (ဝိညာဉ်)သာ လွင့်ပျံသွားလာနေရသည် မဟုတ်ပါ။

လူ့ဘဝက ကွယ်လွန်သည်နှင့် တပြိုင်နက် ကံအားလျော်စွာ ယင်းဘဝတွင် ပဋိသန္ဓေတွယ်၍ ရုပ်တရား နာမ်တရားများ တပြိုင်နက် ဖြစ်ပေါ်ရသည်၊ တန်ခိုးဖြင့်၄င်း၊ ဆေးဝါးဆေးမြစ်တို့ဖြင့်၄င်း၊ ရုပ်အသွင်ကို ကွယ်ထားကြလေ့ရှိသည်။

အချို့ပြိတ္တာတို့သည် ဆာလောင်မွတ်သိပ်လွန်း၍ မိမိဆွေမျိုး မိသားစုတို့အား တနည်းနည်းဖြင့် အသိပေး၍ ကုသိုလ်ပြုစေကာ သာဓုခေါ်လျက် ချမ်းသာမှုကို ရယူတတ်ကြသည်၊ ထိုသို့ အသိပေးကုသိုလ် ပြုစေ၍ သာဓုခေါ်ကြသော ဝေမာနိက ပရဒတ္တူပပြိတ္တာတို့သာ မိမိတို့ချမ်းသာသွားလျှင် ချမ်းသာသွားကြောင်း၊

အကြောင်းတစုံတရာကြောင့် သာဓုမခေါ်နိုင်၍ ဆင်းရဲမှ မလွတ်သေးလျှင် မလွတ်သေးကြောင်း အိပ်မက်စသည်ဖြင့် အသိပေးတတ်ကြသည်ဟု ကြားသိရဖူးသည်။

ပြဿနာရှင် ဆိုလိုသော ကျွတ် မကျွတ်ဆိုသည်မှာ ထိုကိစ္စမျိုးပင် ဖြစ်စရာ ရှိပါသည်၊ အခြားနည်းဖြင့် သိနိုင်သော အကြောင်းမျိုး ဗုဒ္ဓစာပေတွင် မရှိပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကဿပမြတ်စွာဘုရားနှင့် ဃဋိကာရ အိုးထိန်းသည်

(မေး) (ကဿပမြတ်စွာဘုရားနှင့် ဃဋိကာရ အိုးထိန်းသည်)

အရှင်ဘုရား၊ ဘာသာရေးစာစောင် တခုတွင် ဃဋိကာရ အိုးထိန်းသည်အကြောင်း အောက်ပါအတိုင်း ဖတ်ရှုရပါသည်။

(၁) ဃဋိကာရ အိုးထိန်းသည်အိမ်သို့ ကဿပမြတ်စွာဘုရားရှင် ဆွမ်းခံကြွသောအခါ ဃဋိကာရအား မတွေ့သဖြင့် အိုးထဲမှ ဆွမ်းခဲဖွယ် ဟင်းလျာများကို မြတ်စွာဘုရားကိုယ်တော်တိုင် ယူ၍ ဘုဉ်းပေးသုံးဆောင်တော် မူကြောင်း၊ ဃဋိကာရ ပြန်ရောက်သောအခါ အလွန်ပီတိဖြစ်ကြောင်း။

(၂) တကြိမ်တွင် မြတ်စွာဘုရား ကျောင်းတော်၌ မိုးယိုသဖြင့် ဃဋိကာရအိမ်သို့ ရဟန်းတို့အား အမိုးအလှူခံခိုင်းရာ ဃဋိကာရအား မတွေ့ရသဖြင့် ရဟန်းတို့ကိုယ်တိုင် ဃဋိကာရ၏ အိမ်အမိုးကို ဖျက်ယူကြကြောင်း၊ ဃဋိကာရ ပြန်ရောက်သောအခါ အလွန်ပီတိဖြစ်ကြောင်း ရေးသားထားပါသည်။

ဤတွင် ရဟန်းသံဃာတော်များအနေဖြင့် ဆွမ်းအစရှိသော ပစ္စည်းလေးပါးတို့ကို အလှူရှင်ကိုယ်တိုင် ကိုယ်ထိလက်ရောက် ပေးလှူပါမှ၊ သို့မဟုတ်-အကပ်မြောက်ခြင်းအင်္ဂါ ၅-ပါးနှင့် ကိုက်ညီပါမှ သုံးဆောင်ကောင်းကြောင်း ဝိနည်းဒေသနာနှင့် (၁)အချက်သည် ကိုက်ညီခြင်း မရှိဟု ယူဆမိပါသည်။

(၂)အချက်တွင်လည်း အလှူရှင်ကိုမတွေ့သဖြင့် အလှူရှင့်အိမ်မှ အမိုးတို့ကို ရဟန်းတို့ကိုယ်တိုင် ဖျက်ယူသည် ဆိုသည်မှာလည်း ဝိနည်းတော်နှင့် မကိုက်ညီရုံမျှမက လောကအမြင်နှင့်လည်း မတင့်တယ်သောကိစ္စ ဖြစ်နေသည်ဟု ယူဆမိပါသည်။

ထို့ကြောင့် ဤအရေးအသားများသည် အမှန်တကယ် အဖြစ်မှန်များမဟုတ်ဘဲ ဃဋိကာရအိုးထိနိးသည်၏ သဒ္ဓါစေတနာကို ပေါ်လွင်ထင်ရှားစေရန် အလွန်အကျူး ဖွဲ့ဆိုထားခြင်းများလော-ဟု သံသယစိတ် ဖြစ်မိပါသဖြင့် သံသယပျောက်၍ ရှင်းလင်းနားလည်မှုရှိရန် မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။

(မောင်ခင်မောင်စိုး-ဂွမြို့)

(ဖြေ)

ထိုအကြောင်းအရာမှာ မဇ္ဈိမနိကာယ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဃဋိကာရသုတ်တွင် ပါရှိပါသည်။ ယင်း၏အဖွင့် အဋ္ဌကထာ (မ၊ဋ္ဌ၊၃၊၁၉၇)တွင်

(၁)အချက်ကို ဃဋိကာရသည် အပြင်ထွက်ခါနီး၌ ထမင်းဟင်းချက်ပြီး မိဘတို့အား ကျွေးမွေးသည်။ ထို့နောက် မိမိလည်းစားကာ မြတ်စွာဘုရားအတွက် နေရာခင်း၊ သောက်ရေ၊ သုံးရေတည်ထားပြီး၊ ဆွမ်းဟင်းတို့ကို အသင့်ထားခဲ့၍ သွားကြောင်း ဖွင့်ဆိုပါသည်။

ကဿပမြတ်စွာဘုရားရှင်ကလည်း အလွန်အကျွမ်းဝင်သော ဒါယကာဖြစ်၍ ဤသို့ခူးခပ်ယူ၍ ဘုဉ်းပေးကြောင်း၊ လှူဖွယ်ပစ္စည်းမှာ အလွန်စင်ကြယ်၍ ရဟန်းတို့ သပိတ်တွင်းမှ ဆွမ်းကဲ့သို့ဖြစ်ကြောင်း ဖွင့်ဆိုပါသည်။ ကိုယ်တိုင်ယူ၍ အာပတ် သင့်-မသင့်မှာ သိက္ခာပုဒ်ပညတ်ခြင်းသည် ရဟန်းတို့အဖို့သာဖြစ်၍ မြတ်စွာဘုရား၌ အာပတ်မရှိကြောင်း စသည် ဖွင့်ဆိုသည်။

(၂) ဒုတိယအချက်တွင် ဃဋိကာရ၏ မိဘ မျက်မမြင်နှစ်ဦးတို့သည် မြတ်စွာဘုရား ကျောင်းတော်အတွက်ဆိုလျှင် တအိမ်လုံး ယူသွားပါစေ-ဟူသော စိတ်စေတနာ ရှိသည်။ ဖျက်ယူနေစဉ် ကြည်နူး ဝမ်းမြောက်နေမှုတို့အပြင် ဤစေတနာ ကြည်နူးဝမ်းမြောက်မှုတို့ကြောင့် ဤနေရာသည် ထိုအချိန်မှစ၍ ကမ္ဘာပျက်သည်အထိ မိုးလေမထိ ပကတိလုံခြုံနေမည့် ကပ္ပဋ္ဌိတိ ဖြစ်နေမည်ကို သိတော်မူသဖြင့် ဤသို့ပြုမူခြင်း ဖြစ်ပါသည်။

ဘုရားရှင်ကိုယ်တော်တိုင် ဖျက်၍ယူခဲ့-ဟူသော အမိန့်တော်ကြောင့် ဖျက်ယူသောရဟန်းတော်များမှာလည်း အာပတ်သင့်ဖွယ်မရှိပါ။ နောင်အခါ အမိုးအကာ မရှိသည့်တိုင် မိုးလေမနှိပ်စက် လုံခြုံလျက် ရှိနေသည်ကို တွေ့မြင်ရသည်။ မည်သူမျှလည်း ကဲ့ရဲ့မည့်ကိစ္စ မဟုတ်သည့်ပြင် ဃဋိကာရ၏ မိဘမျက်မမြင် နှစ်ဦး၏ စိတ်စေတနာတန်ခိုးကို ပေါ်လွင်စေသောကိစ္စလည်း ဖြစ်သည်။ ထို့ကြောင့် ကဿပမြတ်စွာဘုရား ကိုယ်တော်တိုင် ပြုစေခြင်း ဖြစ်ပါသည်။

မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာတွင် အထင်အရှား ဖွင့်ဆိုဖော်ပြထားသော အရာဖြစ်သည်။ ဤဖွင့်ဆိုချက်သည် အမှန်တကယ် အဖြစ်မှန်များသာဖြစ်ကြောင်း ယုံမှားမဲ့ မှတ်သားထားစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ချင်ခြင်း

(မေး) (ချင်ခြင်း)

အရှင်ဘုရား၊ ရှေးက သားသမီးများ ကိုယ်ဝန်ရှိသည့်အခါ ချင်ခြင်းဖြစ်သည်ဟု ကြားဖူးပါသည်။ ဗုဒ္ဓစာပေများမှာ ရှိပါသလား၊ ထိုချင်ခြင်း ဖြစ်သည့်အတိုင်း ပြုလုပ်မပေးပါလျှင် မည်ကဲ့သို့အပြစ်များရှိ၍ ပြုလုပ်ပေးပါလျှင် မည်ကဲ့သို့အကျိုးရှိပါသနည်း။ ဖြေကြားတော်မူပါဘုရား။

(ဒေါ်တင်မြ-မန္တလေး)

(ဖြေ)

တဿာ ဧဝရူပေါ ဒေါဟဠော ဟောတိ-စသည်ဖြင့် ဝိနည်းမဟာဝါပါဠိတော် (ဝိ-၃-၄၈၇) ဒီဃာဝုဝတ္ထု၌ ဟောတော်မူသဖြင့် ဘုန်းရှိသောသား ကိုယ်ဝန်ရှိလျှင် ချင်ခြင်းဖြစ်ကြောင်း ဘုရားဟောပါဠိတော်များ၌ပင် လာရှိပါသည်။

၄င်းဒီဃာဝုမင်းသားဝတ္ထု၊ ဗန္ဓုလစစ်သူကြီးဝတ္ထု၊ တိဿသာမဏေဝတ္ထု စသည်များစွာ ရှိပါသည်။ ချင်ခြင်းအတိုင်း ပြုလုပ်မပေးလျှင် မလှပဘဲ မျက်စိစွေစောင်းသော လက်ခြေကောက်ကွေ့၍ ပုကွသော၊ ကိုယ်လက်အင်္ဂါ မပြည့်စုံသောသား စသည် မွေးဖွားတတ်ပါသည်။

ချင်ခြင်းအတိုင်း ပြုလုပ်ပေးက လှပတင့်တယ်၊ ကျက်သရေ အသွယ်သွယ်တို့ဖြင့် ပြည့်ကြွယ်စုံလင်သော ဘုန်းရှင် ကံရှင် သားကောင်း ရတနာများ ရတတ်ကြောင်း လောကီကျမ်းမျးက အကျယ်တဝင့် ပြဆိုထားကြပါသည်။

(ဓမ္မစကြာ မဟာဋီကာကျမ်းကြီး-၂၈၁)။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

ချမ်းသာ ခုနစ်ဝ

(မေး) (ချမ်းသာ ခုနစ်ဝ)

အရှင်ဘုရား၊ ဆွမ်းအလှူရှင်တို့အား ဆရာတော်များက-ယခုကပင်၊ နိဗ္ဗာန်ဝင်အောင်၊ ကျိုးအင်ငါးချက်၊ နေ့စဉ်တက်ပြီး၊ ဆက်ဆက်မြင့်ရာ၊ ချမ်းသာခုနစ်ဝ၊ ကိုယ်ပိုင်ရ၍၊ ဘဝဆုံးခန်း၊ နိဗ္ဗာန်နန်းကို၊ စံမြန်ကြရပါစေသော်-ဟု ဆုပေးလေ့ရှိကြပါသည်။ ယင်း၌ ချမ်းသာခုနစ်ဝ ဆိုသောစကားကို တပည့်တော်များ နားမလည်ပါ၍ ရှင်းပြတော်မူပါဘုရား။

(အရှင်ပညာသီရိ-မိတ္ထီလာ)

(ဖြေ)

ဆွမ်းအကျိုး ငါးပါးမှာ-သက်ရှည်, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဉာဏ်ပညာ၊ ဖြစ်၍ ၄င်းအကျိုးငါးပါး ဤဘဝတွင် ရရှိလျက် နောင် လူ့ဘဝ၊ နတ်ပြည် (ခြောက်ထပ်နှင့် ခုနစ်ဘဝပါ) ချမ်းသာခုနစ်ဝ ရ၍ နိဗ္ဗာန်အထိ အကျိုးပြုပါစေ-ဟု ဆိုလိုပါသဖြင့် လူနှင့် နတ်ပြည်ခြောက်ထပ်ကို ချမ်းသာခုနစ်ဝ-ဟု ယူလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ခန္ဓာ နှင့် ဥပါဒါနက္ခန္ဓာ

(မေး) (ခန္ဓာ နှင့် ဥပါဒါနက္ခန္ဓာ)

ဆရာတော်အရှင်သူမြတ်ဘုရား၊ ခန္ဓာ ငါးပါးနှင့် ဥပါဒါနက္ခန္ဓာ ငါးပါး မြတ်စွာဘုရား ခွဲခြားဟောထားပါသဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါးမှာ ပုဂ္ဂိုလ်တိုင်းမှာ ရနိုင်ပါသလားဘုရား၊ ဘယ်ပုဂ္ဂိုလ်မှာ ရနိုင်၍ ဘယ်ပုဂ္ဂိုလ်မှာ မရနိုင်ကြောင်း သိလိုပါသည်ဘုရား။

(အရှင်ကောဝိဒ-အောင်ခဲ့စဉ်ကျောင်း၊ ပုဏ္ဏားကာအုပ်စု၊ ရေဦးမြို့နယ်)

(ဖြေ)

ခန္ဓာငါးပါးနှင့် ဥပါဒါနက္ခန္ဓာ ငါးပါးကို အများသိရန် ဖော်ပြလိုက်ပါသည်။

ခန္ဓာငါးပါးမှာ ရုပ်အစု ရူပက္ခန္ဓာ၊

ခံစားမှု ဝေဒနာက္ခန္ဓာ၊

မှတ်သားမှု သညာက္ခန္ဓာ၊

ပြုပြင်မှု သင်္ခါရက္ခန္ဓာ၊

သိမှု ဝိညာဏက္ခန္ဓာ ဟူ၍ ငါးပါးပြား၏၊

ထိုတွင် မဟာဘုတ်လေးပါး၊ ဥပါဒါရုပ် ၂၄-ပါး ဟူသော များစွာသောရုပ်တို့ကို စုပေါင်း၍ ရူပက္ခန္ဓာ ရုပ်အစုဟု ခေါ်ဝေါ်ခြင်းသည် သင့်တန်စေ။

သညာစေတသိက် တခုတည်းကို အဘယ်ကဲ့သို့ သညာအစု သညာက္ခန္ဓာ-ဟု ခေါ်မည်နည်းဟု မေးငြားအံ့၊

တခုတည်းသော သညာစေတသိက်သည်လည်း အတိတ် အနာဂတ် ပစ္စုပ္ပန် စသည် ၁၁-ပါး ကွဲပြားသောကြောင့် သညာအစု သညာက္ခန္ဓာဟု ခေါ်သင့်ပေသည်ဟု ဖြေရာ၏၊

ခန္ဓာဟူ၍ သာမညအားဖြင့် ခေါ်ဝေါ်သုံးစွဲလျှင် နိဗ္ဗာန်မှ တပါးသော လောကီ လောကုတ္တရာ တရားအားလုံးကို ယူရမည်။

ခန္ဓာပုဒ်ရှေ့၌ ဥပါဒါနသဒ္ဒါ တွဲဖက်၍ ဥပါဒါနက္ခန္ဓာ-ဟု ဆိုလျှင် လောကီ ရုပ်နာမ် တရားများကို ယူလေ။

အကြောင်းမူ လောကီရုပ်တရား နာမ်တရားများသည် လောဘ ဒိဋ္ဌိဟူသော ဥပါဒါန်တရားတို့၏ ကျက်စားရာ အာရုံဖြစ်သောကြောင့် ဥပါဒါနက္ခန္ဓာမည်၏၊

ထို့ကြောင့် လုံးဝ ဥပါဒါနက္ခန္ဓာ ကင်းနိုင်သော ပုဂ္ဂိုလ်မရှိ၊ ရဟန္တာပုဂ္ဂိုလ်များ၌ အဇ္ဈတ္တဥပါဒါန် ကင်းသော်လည်း အရှင်အနုရုဒ္ဓါ စသည်၌ ချစ်ခင်စွဲလမ်းသော အမျိုးသမီးများ ရှိခဲ့သည်ကို ထောက်၍ ဗဟိဒ္ဓဥပါဒါန်တရားများ ရှိနေကြာင်း သိသာ၏၊

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ခန္တီ-သည်းခံခြင်း

(မေး) (ခန္တီ-သည်းခံခြင်း)

အရှင်ဘုရား၊ ခန္တီပါရမီ (သည်းခံခြင်း) ၏ ဆိုလိုရင်းတွင် သည်းခံခြင်းသည် မြတ်၏-ဟုဆိုရာ သည်းခံခြင်းဖြင့် မည်ကဲ့သို့ မြတ်သည်ကို ဖြေကြားတော်မူပါဘုရား။

(မောင်ကျော်ဆန်း-ထားဝယ်)

(ဖြေ)

ခန္တျာ ဘိယျော န ဝိဇ္ဇတိ-ခန္တီပါရမီထက် လွန်ကဲသော ပါရမီ မရှိ။

ခန္တီ ပရမံ တပေါ တိတိက္ခာ-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း-ဟူသော ဆိုရိုးစကားများ အရ ပါရမီဆယ်ပါးတွင် ခန္တီပါရမီမှာ အခက်ခဲဆုံးနှင့် အဖြစ်နိုင်ခဲဆုံးသော တရားဖြစ်သည်။

ဒါနစသော ပါရမီဆယ်ပါးလုံးတွင် ခန္တီပါရမီ ပါရသည်။

တနည်းအားဖြင့် ခန္တီပါရမီ သည်းခံနိုင်မှ ကျန်ပါရမီအားလုံးကို ဖြည့်ကျင့်နိုင်သည်။

ဒါန သီလစသော ပါရမီတို့တွင် ပါရမီမြောက်အောင် စိတ်ကို နှိပ်ကွပ်၊ ထိန်းသိမ်းနိုင်မှုမှာ ခန္တီဖြစ်သည်။ ကုသိုလ်အားလုံး၏ အခြေခံတရားမှာလည်း သည်းခံနိုင်မှုသာ ဖြစ်သည်။

ခန္တီပါရမီရှင်သည် မေတ္တာတရား အားကြီးသူသာ ဖြစ်သဖြင့် မေတ္တာရှင်လည်း ဖြစ်ပေရာ အမျက်ဒေါသ၊ အပြစ်ဟူသမျှကို ချေဖျက်နိုင်၍ အလွန်တရာ မြင့်မြတ်လှပေသည်။ ထို့ကြောင့် အောင်နိုင်ခက်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်-စသည်ဖြင့် ခန္တီပါရမီရှင်သည် စစ်ပွဲတကာတွင် အောင်မြင်နေကျ စစ်သူကြီး သဖွယ်ဖြစ်ကြောင်း ဆိုပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဂင်္ဂါဝါဠု သဲစုမက

(မေး) (ဂင်္ဂါဝါဠု သဲစုမက)

အရှင်ဘုရား၊ ဗုဒ္ဓမြတ်စွာတို့သည် ဂင်္ဂါမြစ်အတွင်းရှိ သဲပွင့် အရေအတွက်မျှ ရှိသည်-ဟု အချို့က ပြောကြပါသည်။

အချို့ကမူ ဘုရားများမှာ ၂၈-ဆူသာရှိကြောင်း ဂင်္ဂါမြစ်ထဲရှိ သဲပွင့်တို့သည် ရဟန္တာများ၏ အရေအတွက်သာဖြစ်ကြောင်း ပြောပါသည်။ အဘယ်စကားကို မှတ်သားရမည်နည်း ဖြေကြားတော်မူပါဘုရား။

(မောင်တိုး-မြောက်ဥက္ကလာပမြို့နယ်)

(ဖြေ)

၂၈-(နှစ်ကျိပ် ရှစ်ဆူ) မှာ ဂေါတမမြတ်စွာဘုရား အလောင်းတော် နိယတဗျာဒိတ်ရသည့် ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တသိန်း အတွင်း၌ ပွင့်တော်မူသော မြတ်စွာဘုရား အရေအတွက်ကို ဆိုခြင်းဖြစ်ပါသည်။

သံသရာသည် အစမထင် ရှည်လျားခဲ့သဖြင့် ထိုရှည်လျားခဲ့သော အတိတ်သံသရာအတွင်း၌ ပွင့်တော်မူခဲ့သော ဘုရားများမှာ လွန်စွာများပြားလှပြီဖြစ်ကြောင်း၊ မည်မျှများပြားခဲ့သည်ကို ဥပမာ ပြဆိုရလျှင် ဂင်္ဂါမြစ်အတွင်း၌ရှိသော သဲပွင့်များပမာ အသင်္ချေ အသင်္ချာ မရေတွက်နိုင်စရာပင် ဖြစ်ကြောင်း ပြောဆိုလိုရင်းပင် ဖြစ်ပါသည်။

သမ္ဗုဒ္ဓေ ဂါထာလာ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ-ဆိုသည်မှာ ယင်းအဓိပ္ပါယ်ပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဂတိငါးပါးနှင့် အမျှဝေမှု

(မေး) (ဂတိငါးပါးနှင့် အမျှဝေမှု)

လူတဦးတယောက် ဘဝတပါးသို့ ပြောင်းသွားသည့်အခါ ဂတိငါးပါးရှိသည့်အနက် ပေတဂတိရောက်မှ ကောင်းမှုကုသိုလ်၏ အဖို့ဘာဂကို အမျှပေးဝေ၍ ရရှိပြီး အခြားဂတိသို့ရောက်လျှင် အမျှပေးဝေ၍ မရဟု သိရပါသည် ဘုရား၊ အမျှဝေစာတမ်း ဆိုသည့်အခါမှာမူ သုံးဆယ့်တဘုံအတွင်းမှာရှိသော သတ္တဝါတို့အား အမျှပေးဝေပါ၏-ဟု ဆိုပါသည်၊

ပေတဂတိမှတပါး သုံးဆယ့်တဘုံသားများလည်း အမျှရနိုင်သည်ဟု သက်ရောက်နေပါသည်၊ စကားနှစ်ရပ် ဆန့်ကျင်နေပါသဖြင့် အဆင်ချောအောင် ဖြေကြားပေးတော်မူပါဘုရား။

(စောဖော့ထူး-ကရင်ပြည်နယ်)

(ဖြေ)

သတ္တဝါတဦး (လူတဦးတယောက်) ကွယ်လွန်သည့်အခါ ၄င်းအားရည်ညွန်း၍ လှူဒါန်း အမျှဝေရာ၌ ကွယ်လွန်သူ ပေတဂတိ (ပရဒတ္တူပ ဇီဝိတပေတဘဝ) သို့ ရောက်နေမှသာ အမျှဝေသည်ကို သာဓုခေါ်နိုင်၍ အလှူအဖို့ကို ရနိုင်သည်မှာ မှန်ပါသည်၊ သို့သော် အမျှဝေခြင်း (ပတ္တိဒါနကုသိုလ်) ကို မည်သူမဆို သာဓုခေါ်ခြင်း (ပတ္တာနုမောဒန ကုသိုလ်) ဖြင့် ထပ်တူ ရနိုင်ပါသည်။

ဥပမာ-ကွယ်လွန်သူအတွက် ဆွမ်းသွတ်၍ အမျှဝေရာ ကွယ်လွန်သူမှာ သာဓုမခေါ်နိုင်သောဂတိ (နိရယဂတိစသည်) သို့ ရောက်နေ၍ သာဓုမခေါ်နိုင်သဖြင့် ကုသိုလ်အဖို့ကို မရနိုင်ပါ၊

သို့သော်လည်း သာဓုခေါ်နိုင်သော လူနတ်များ အမျှဝေသံကြား၍ သာဓုခေါ်လျှင် ကုသိုလ်အဖို့ကို ရပါသည်၊ ထို့ကြောင့် ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်-ဟု ဆိုပါသည်၊

ကြေးစည်ခေါင်းလောင်း ထိုး၍လည်း အဝေးမှကြားသိ၍ သာဓုခေါ်နိုင်ရန် အမျှဝေကြရပါသည်၊ အမျှဝေခြင်းမှာ ဘဝတပါးသို့ ပြောင်းသွားသူ တဦးအတွက်သာ မဟုတ်၊ သုံးဆယ့်တဘုံ၌ ရှိသမျှ ကြားသမျှ သတ္တဝါမှန်သမျှအား ရည်ရွယ်ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဂါထာကို ဥုံခံ၍ ရွတ်ခြင်း

(မေး) (ဂါထာကို ဥုံခံ၍ ရွတ်ခြင်း)

အရှင်ဘုရား တပည့်တော်သည် ဘုရားရှိခိုးပြီးတိုင်း ဂါထာတော်များကို ရွတ်ဖတ်လေ့ရှိပါသည်။ ရွတ်ဖတ်သည့်အခါတိုင်း စ ဓ ဗ ဝ ဂါထာကို ဥုံခံပြီး ရွတ်ဖတ်ပါသည်။ ဆရာကြီး ဓမ္မာစရိယ ဦးအေးနိုင် (ဘီအေ) ၏ ဆောင်းပါးတွင် ဥုံဩောင်းတို့ ပါဝင်သော ဂါထာများကို ထေရဝါဒ ဗုဒ္ဓဘာသာတိုင်း မရွတ်ဆိုကောင်း၊ ရွတ်ဆိုလျှင် ထေရဝါဒနှင့် ဆန့်ကျင်၏ဟု ဖတ်ရပါသည်။ တပည့်တော်အနေဖြင့် ဥုံခံ၍ ရွတ်ဖတ်သော စ ဓ ဗ ဝ ဂါထာကို ဆက်လက်၍ ရွတ်ဖတ်သင့်-မသင့် ဖြေကြားပေးပါဘုရား။

(ဦးမြင့်စိုး-မူပြ၊ တောင်ဘက်ကမ်း-မြစ်သားမြို့)

(ဖြေ)

စ ဓ ဗ ဝ ဂါထာမှာ ငါးမြီးတွင် စ၊ ဒေါင်းမြီးတွင် ဓ၊ ပုစွန်ကိုယ်တွင် ဗနှင့် ဝံ၏ချက်တွင် ဝ-ရှိသည်ဟု ကမ္ဘာဦးသတ္တဝါ ၄-မျိုးပါ အက္ခရာ ၄-လုံးကို

စ-စက္ခုမာစရ မာစိဏ္ဏော၊

ဓ-ဓမ္မညူ ဓမ္မသာမိကော၊

ဗ-ဗလူပေတော ဗလဒ္ဓရော၊

ဝ-ဝရဒေါ ဒေတု မေ ဝရံ-ဟု

အက္ခရာ တလုံးတပါဒပြု၍ ရှေးဆရာများ ဂါထာဖွဲ့ဆိုကာ ဘုရားရှိခိုးဆုတောင်း ပြုလုပ်ထားခဲ့သည်။ ထေရဝါဒဆိုင်ရာ ဂါထာဖြစ်၍ ဥုံခံ၍ မရွတ်ဆိုရပါ။ ရွတ်ဆို၍ အပြစ်ရှိသည်ဟု မဆိုသာသော်လည်း ထေရဝါဒ ဗုဒ္ဓဘာသာပီပီ ဥုံမခံဘဲသာ ရွတ်ဆိုဆုတောင်းသင့်ပါကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဂါထာပရိတ်ရွတ်ခြင်း

(မေး) (ဂါထာပရိတ်ရွတ်ခြင်း)

အရှင်ဘုရား၊ တပည့်တော်မသည် နေ့စဉ် ဘုရားရှိခိုး ဝတ်ပြုပြီးတိုင်း ဂါထာ ၆-ပုဒ်လောက်ကို ရွတ်ဆိုလေ့ရှိပါသည်၊ နေ့စဉ် အားလပ်ချိန်များတွင်လည်း အမြဲရွတ်ဆိုနေပါသည်၊ အချို့က ဂါထာကို မိမိအနှစ်သက်ဆုံး တပုဒ်သာ ရွေးချယ်ရွတ်ဖတ်သင့်သည်၊ သို့သော် ဓာတ်တွေရော၍ အစွမ်းမထက်ဟု ဆိုပါသည်၊ ထိုစကား မှန်မမှန်ဖြေကြားပေးပါ အရှင်ဘုရား။

(နန်းမေဖဲ-ကျောက်မဲမြို့၊ ရှမ်းပြည်မြောက်ပိုင်း)

(ဖြေ)

ဂါထာတော် ပရိတ်တော်များကို ရလေကောင်းလေ၊ များများရွတ်လေ များများအကျိုးရှိလေ-ဟု မှတ်သင့်ပါသည်၊ ပရိတ်တော်အားလုံးပင် အန္တရာယ်ကင်းသည်ချည်း ဖြစ်သော်လည်း

ကျက်သရေမင်္ဂလာ တိုးပွားရန်အတွက် မင်္ဂလသုတ်၊

ရောဂါကင်းရန်အတွက် ရတနသုတ်၊

အချောက်အလှန့်ကင်းရန်အတွက် မေတ္တသုတ်၊

မြွေဘေးကင်းရန်အတွက် မောရသုတ်၊

မီးဘေးကင်းရန်အတွက် ဝဋ္ဋသုတ်၊ စသည်ဖြင့် သူ့ဆိုင်ရာဆိုင်ရာ ပိုမိုအစွမ်းထက်ရာများ ရှိသကဲ့သို့ ဂါထာများမှာလည်း ထို့အတူ ပိုမိုအစွမ်းထက်ရာ သတ္တိထူးများ ရှိကြပါသည်။

(မောရသုတ်တော်တွင် ဗြဟ္မမန္တန္တိ-ထူးမြတ်သော မန္တန်တော်ဟူ၍-ပင် ပရိတ်တော် ဂါထာမန္တန်တော်များကို အတူထား၍ ဆိုပါသည်) ထို့ကြောင့် ရတနာသုံးပါးနှင့်ဆိုင်ရာ ဂါထာများကို ကြိုးစားကျက်မှတ်၍ မပြတ်မစဲ အမြဲရွတ်ဖတ်သင့်ကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဂိလာနအရ လူပုဂ္ဂိုလ် လူမမာ ပါ-မပါ

(မေး) (ဂိလာနအရ လူပုဂ္ဂိုလ် လူမမာ ပါ-မပါ)

အရှင်ဘုရား၊ ယော ဘိက္ခဝေ၊ မံ ဥပဋ္ဌဟေယျ၊ သော ဂိလာနံ ဥပဋ္ဌဟေယျ-ချစ်သားတို့ ငါ့ကိုလုပ်ကျွေးလိုသူသည် ဂိလာနပုဂ္ဂိုလ်ကို လုပ်ကျွေးရာ၏-ဟု ဘုရားဟော ရှိသည်ဟုဆိုပါသည်။ ထိုတွင် ဂိလာနပုဂ္ဂိုလ် ဟူသည်မှာ ရဟန်းဂိလာနကိုသာ ဆိုပါသလော၊ လူဂိလာနများလည်း ပါပါသလော။ သိလို၍ ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

(ဆရာဝန်တဦး)

(ဖြေ)

ထို ယော ဘိက္ခဝေ-စသော ပါဠိတော်မှာ ဝိနည်းမဟာဝါ ပါဠိတော် ဂိလာနဝတ္ထုကထာ (ဝိ ၃၊ ၄၁၇) လာ စကားရပ်ဖြစ်ရာ သစေ ဥပဇ္ဈာယော ဟောတိ၊ ဥပဇ္ဈာယေန ယာဝဇီဝံ ဥပဋ္ဌာပေတဗ္ဗော (ဥပဇ္ဈာယ်ဆရာ ရှိလျှင် ဥပဇ္ဈာယ်ဆရာက တသက်လုံး လုပ်ကျွေးရမည်) စသည် ဆက်၍ ဟောထားသဖြင့်၄င်း။ အဋ္ဌကထာတွင် သော သံဃဿဘာရော (ဝိဋ္ဌ ၃၊ ၄၁၄) စသည်ဖြင့်၄င်း။ ဖွင့်ဆိုထား၍ ဂိလာနအရမှာ လူပုဂ္ဂိုလ်များနှင့် မဆိုင်၊ သံဃာ (ရဟန်း) ဂိလာနများကိုသာ ဆိုလိုကြောင်း ထင်ရှားပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဂုဏ်တော် ပရိတ်တော် ပွားများမှု

(မေး) (ဂုဏ်တော် ပရိတ်တော် ပွားများမှု)

အရှင်ဘုရား၊ ဘုရားရှင်၏ ဂုဏ်တော်၊ ပရိတ်တော်နှင့် မေတ္တာပွားများခြင်းတို့ကို အချိန်အခါအားလျော်စွာ အသံမထွက်ရဘဲ နှုတ်ခမ်းလှုပ်ရုံ၊ စိတ်အာရုံဖြင့် ရွတ်ဆိုပွားများခြင်းအတွက် အကျိုး ရှိ-မရှိနှင့် စေတီပုထိုးများရှေ့တွင် သီလခံယူခြင်းအတွက် ရ-မရ တို့ကို သိလိုလှပါသည်ဘုရား။

(ငှက်ပြာ-ချောက်)

(ဖြေ)

မြတ်စွာဘုရား၏ ဂုဏ်တော်နှင့် မေတ္တာဘာဝနာတို့မှာ သမထကမ္မဋ္ဌာန်းများ၌ ပါဝင်သဖြင့် စိတ်နှလုံးထဲ၌ အဖန်ဖန်ပွားများ စီးဖြန်းသင့်သော တရားများ ဖြစ်ပါသည်။

ပရိတ်တော်များကား ပွားများစီးဖြန်းရသော ဘာဝနာကမ္မဋ္ဌာန်းမျိုး မဟုတ်ဘဲ ရွတ်ဆိုသရဇ္ဈာယ်ရသော တရားမျိုး ဖြစ်ပါသည်။ ထို့ကြောင့် ပရိတ်တော်၊ ဂါထာတော်များကို ပုဒ် ပါဌ် မှန်ကန်အောင် သင်ယူလေ့လာ၍ အသံထွက်ကာ ရွတ်ဆိုရပါကြောင်းနှင့် ငါးပါးသီလ ရှစ်ပါးသီလ တို့ကိုလည်း ဘုရားရှေ့တော်၌ အသံထွက်၍ မိမိကိုယ်တိုင် ရွတ်ဆိုခံယူမှသာ ရနိုင်ပါကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဂုဏ်တော်စသည် ရွတ်ဆိုခြင်း

(မေး) (ဂုဏ်တော်စသည် ရွတ်ဆိုခြင်း)

ဆရာတော်ဘုရား၊ ဘုရားရှိခိုးဂါထာတော်၊ ဂုဏ်တော်၊ ပရိတ်တော်၊ ပဋ္ဌာန်းတရားတော်များကို အိပ်ရာ၌ လျောင်းစက်ရင်း၊ လမ်းသွားရင်း၊ အိမ်သာတက်ရင်း၊ ရွတ်ဆို၍ ရပါသလား။

အသံမထွက်ဘဲ စိတ်ထဲက ရွတ်ဆို၍ကော ရပါသလား၊

ထို့အတူ ပုတီးကောစိပ်၍ ရပါသလား၊

အချိန်မရ၍ အိမ်မှ သီလမယူဖြစ်ဘဲ လမ်းသွားရင်း သီလယူ၍ကော ရပါသလား ဘုရား၊

(ဒေါ်ခင်ဝင်းကြည်-ချစ်ကြည်ရေး စာရေးတန်း-ချောက်မြို့)

(ဦးကံထွန်း-တံခွန်တိုင်ရွာအနောက်စု၊ နတ်တလင်းမြို့)

(ဖြိုး-ဒါးကရွာ၊ ပုသိမ်အရှေ့မြို့နယ်)

(ဦးထွေး-အမှတ် ၃-ပေါက်ခေါင်းမြို့)

မစန်းစန်းညွန့်-သံဖြူဇရပ်မြို့)

(ဖြေ)

မြတ်စွာဘုရား၏ တရားတော်ကို အားထုတ်ရာ၌ မဟာသတိပဋ္ဌာနသုတ်တော်တွင်

အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊

အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊

သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊

သင်္ဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ၊

အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ၊

ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ၊ စသည်ဖြင့် ဟောထားတော်မူချက်အရ တရားတော်ကို ကြည်ညိုသောစိတ် ရိုသေသောစိတ်ဖြင့် ပွားများပါက သွားဆဲ လာဆဲ စားဆဲ သောက်ဆဲ ထိုင်ဆဲ အိပ်ဆဲသာမက ကျင်ကြီးကျင်ငယ် သွားလာဆဲမှာပင် အားထုတ်နိုင်ကြောင်း သိရသဖြင့် ဘုရားရှိခိုးခြင်းကို အခြေအနေအရ အသံထွက်၍ဖြစ်စေ၊ အသံမထွက်ဘဲ တိုးတိုးတိတ်တိတ် ရွတ်ဆိုပွားများ၍ဖြစ်စေ နေရာမရွေး ပြုလုပ်နိုင်ပါသည်။

သင်္ဘောနစ်နေစဉ်မှာပင် သရဏဂုံနှင့် ငါးပါးသီလကို ခံယူစေသော ဘုရားလောင်း သင်္ဘောသူကြီးဇာတ်ကို ထောက်၍ ငါးပါးသီလကို လမ်းသွားရင်းလည်း ခံယူနိုင်ကြောင်း သိသာပါသည်။ မည်သို့ပင်ဖြစ်စေ မိမိ၏ ယောနိသောမနသိကာရ မှန်ကန်ကောင်းမွန်သော စိတ်ထား စေတနာသာ ပဓာနဖြစ်ကြောင်း ဖြေဆိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဂုဏ်တော်အဆုံး တိ-စာလုံး

(မေး) ဣတိပိ သော-စသော ဂုဏ်တော်တို့ကို ရွတ်ဆိုဘုရားရှိခိုးရာ၌ ဘုရားဂုဏ်တော်, တရားဂုဏ်တော်, သံဃာဂုဏ်တော် အဆုံးတို့တွင် အချို့က တိ-ထည့်၍ ရွတ်ဆိုကြပါသည်။ အချို့က မထည့်ပါ၊ ဘယ်ဟာက မှန်ပါသလဲဘုရား။

(၁) အရှင်ထေရဝံသ-ဒီပဲရင်း။ (၂) ဦးမုန်း-မြောက်ဥကကလာပမြို့)

(ဖြေ)

တိ-ဟူသည်မှာ ဣတိ-သဒ္ဒါဖြစ်ပါသည်၊

ဂုဏ်တော်ကိုဆို၍ ဘုရားရှိခိုးရာ၌ ထည့်၍ဆိုရန် လိုအပ်ပါသည်။

ဣတိ-ဤသို့ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ အဟံ-အကျွန်ုပ်သည်၊ ဝန္ဒာမိ-ရှိခိုးပါ၏၊ ဟု ဆက်ရမည်ဖြစ်ပါသည်။

တရားဂုဏ်တော် သံဃာ့ဂုဏ်တော်တို့မှာလည်း အလားတူ သင့်လျော်သလို ဆိုရန်ဖြစ်ပါ၏၊

ရိုးရိုးဂုဏ်တော်ကို ရွတ်ဆို ပွားများရာ၌ကား ပါရန်မလိုပါ၊ ထို့ကြောင့် နှစ်မျိုးစလုံးပင် မှန်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငရဲ အသညသတ်နှင့် အရူပဘုံ

(မေး) (ငရဲ အသညသတ်နှင့် အရူပဘုံ)

ဆရာတော်ဘုရား

၁။ လူများသေလွန်တဲ့အခါ ယမမင်းကြီးက စစ်တယ်ဆိုတာ ဟုတ်ပါသလားဘုရား။

ဟုတ်ပါလျှင် စစ်နေတဲ့အခိုက်အတန့် ဘဝလေးကို ဘယ်ဘဝရောက်နေတယ်လိ်ု့ ခေါ်ဆိုရမှာပါလဲ ဘုရား။

၂။ အရူပလေးဘုံနှင့် အသည်သတ်ဘုံသို့ ရောက်နေတဲ့ ဗြဟ္မာများဟာ အဘယ်တရားများ အကျင့်လွန်လို့ ရောက်နေပါသလဲ ဘုရား။

(မောင်ပန်းမွှေး-ဝက်လက်မြို့)

(ဖြေ)

လူများသေလွန်တိုင်း ယမမင်းကြီး ရှေ့မှောက်သို့ ရောက်ရသည်မဟုတ်၊

အကုသိုလ်ကံနည်းပါး ကုသိုလ်ကံ များပြားသူ တယောက် သေခါနီးတွင် အကုသိုလ် အာသန္နကံကြောင့် ငရဲသို့ ပဋိသန္ဓေအကျိုးပေး၍ ရောက်သွားလျှင် ချက်ချင်း ငရဲမခံရသေးဘဲ ငရဲကြီးများ၏ အရံငရဲငယ် တခုခု (ဥဿဒငရဲ) သို့ ရောက်၍ ယင်းငရဲရှိ ယမမင်းကြီးထံ ရောက်ရှိ အစစ်ခံရသည်။

ထိုအချိန်တွင် ပြုခဲ့သောကုသိုလ်တမျိုးမျိုးကို တဖန်အမှတ်ရခြင်း၊ အာသေဝနသတ္တိ အကူအညီရလျှင် ထိုကုသိုလ်ကောင်းမှု အားကောင်းလာက ထိကုသိုလ်အကျိုးကြောင့် ငရဲမှလွတ်၍ သုဂတိဘဝ တခုခုသို့ ရောက်ရသည်ဟု ဆိုသဖြင့် ယမမင်းကြီးထံ ရောက်သွားရသော ဘဝသည် ငရဲဘုံ ငရဲဘဝပင် ဖြစ်သည်ဟု ဆိုရပါမည်။

အကုသိုလ်အားကြီး ကုသိုလ်အားသေးသူတို့ ယမမင်းကြီးရှေ့သို့ပင် မရောက်ရ၊

ငရဲသို့ပင် ချက်ချင်းရောက်သွားရသည်ဟု မှတ်သားသင့်ပါသည်။

၂။ အသညသတ်ဘုံ အရူပဘုံတို့မှာ ရုပ်သက်သက်၊ နာမ်သက်သက်ဘုံများဖြစ်၍ တရားမနာနိုင်၊ ဘုရားမဖူးနိုင် သဖြင့် ရပ်ပြစ်ရှစ်ပါး၌ ထည့်သွင်းထားသော်လည်း အညံ့စားဘုံများ မဟုတ်ကြ။

အလွန်အဆင့်မြင့်သော သုဂတိဘုံကြီးများ ဖြစ်ပါသည်၊

အသညသတ်ဘုံသို့ ရောက်ရန် ရူပစျာန်ငါးဆင့် အဘိညာဉ်သမာပတ်များရပြီးမှ နာမ်ကြောင့် ဒုက္ခခံရသည်ဟု နာမ်ကို အပြစ်မြင် အားထုတ်၍ ရုပ်တုံးရုပ်ခဲ သက်သက်ဘုံဖြစ်သည့် အသညသတ်ဘုံ၌ ကမ္ဘာပေါင်းများစွာ နာမ်တရားကင်းမဲ့သော ကိုယ်ဖြင့် ချမ်းသာစွာဖြစ်နေရပေသည်။

အရူပဘုံမှာလည်း ရူပစျာန်အားလုံး ရရှိပြီးမှ ပညတ်အာရုံများကို ရှုပွား၍ တဆင့်တက်ကာ အရူပစျာန်ကို အဆင့်ဆင့်ရယူပြီး ရုပ်တရားကင်းရာ အရူပဘုံသို့ ရောက်ရ၍ ကမ္ဘာပေါင်း မြောက်မြားစွာ နာမ်တရားသက်သက်ဖြင့် ချမ်းသာစွာ နေရပေသည်။

အရူပစျာန် ရရှိထားပြီးသော ဒေဝီလရသေ့ကြီးသည် မုချ ဘုရားဖြစ်တော့မည့် ဘုရားလောင်း သိဒ္ဓတ္ထ မင်းသားအား တွေ့ရသော်လည်း သူ-ရထားသော အရူပစျာန်ကို မလျောချနိုင်လောက်အောင် ရှိသည်ကို ထောက်၍ မည်မျှလောက် ရရှိရန် ကြိုးစားထားရသည်ကို သိသာနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငရဲ နှင့် ဝဋ်

(မေး)။ ငရဲမှာ အပ ဝဋ်မှာအမြဲ-ဟူသော ဆိုရိုးစကားရှိပါသည်၊ မည်သည့်အတွက်ကြောင့် ငရဲမှာ ကုသိုလ်ဖြင့် ဆေးကြောလို့ရပြီး ဝဋ်ကျတော့ မရပါသလဲဘုရား၊ ရှင်းလင်း မိန့်ကြားပေးပါရန်။

(မနိုင်နိုင်မော်-ပုလောမြို့)

(ဖြေ)။ ငရဲဟူသည်မှာ အကုသိုလ်၏ ပဋိသန္ဓေကျိုးဖြစ်၍

ဝဋ်ဟူသည်မှာ အကုသိုလ်၏ ပဝတ္တိအကျိုး ဖြစ်ပါသည်။

ကုသိုလ်ကောင်းမှုများကို စဉ်ဆက်မပြတ် ပြုလုပ်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများက သုဂတိဘဝများ၌ ပဋိသန္ဓေ အကျိုးများ ဆက်ကာဆက်ကာ ပေးသွားလျှင် ငရဲပဋိသန္ဓေများ ကြားမဝင်နိုင်ပါ၊

ဘဝတခုခု၌ မဂ်တရား ဖိုလ်တရားများကို ရရှိသွားလျှင် ငရဲဟူသော ပဋိသန္ဓေကျိုးမှာ အဟောသိကံ ဖြစ်သွားရသည်။

ဝဋ်ဟူသည်မှာ ပဋိသန္ဓေကျိုး မဟုတ်ပါ၊ သုဂတိဘဝ၌ပင် ကုသိုလ်ကျိုးများ အကြား၌ အခြားအကုသိုလ်ကံ တခုခု၏ ဥပထမ္ဘက-ထောက်ပံ့မှုကို ရလျှင် ကုသိုလ်အကျိုးပေးတို့ ကွာဟ လစ်ဟင်းနေရာ၌ အန္တရာယ်အနေဖြင့် ဝင်ရောက်၍ အကျိုးပေးနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငရဲခန်း စကားနှင့် အနန္တငါးပါး

(မေး) (ငရဲခန်း စကားနှင့် အနန္တငါးပါး)

၁။ နေမိ ငရဲခန်းပျို့ ပိုဒ်ရေ ၁၂၅-နမော က ခ၊ တည်စကျမ်းရိုး၊ ကိုးခိုး ကုံးခုံး၊ တလုံးတနာ၊ သင်ဖူးပါသား၊ ဆရာသမား-၌ ကိုးခိုး ကုံးခုံး၏ အဓိပ္ပါယ်ကို နားမလည်ပါ၍ ဖြေကြားပေးတော်မူပါဘုရား။

၂။ အနန္တောအနန္တ ငါးပါးကို မည်သည့်ပါဠိ အဋ္ဌကထာ ဋီကာတို့၌ ယှဉ်တွဲဟောကြား ဖွင့်ဆိုထားချက် ရှိပါသနည်း၊

ရှိပါက သာဓကများ ထုတ်ပြ၍ဖြေကြားပေးတော်မူပါဘုရား။

(ဦးထိန်-၄၂-သမ္မာဒိဋ္ဌိလမ်း, ဋ္ဌေးကြွယ်ရပ်ကွက် တာမွေ)

(ဖြေ)

၁။ ကိုးခိုး ကုံးခုံး-ဟူသော နေမိငရဲခန်း စကားမှာ မြန်မာစကား ပရိယာယ်တွဲယှဉ်၍ စပ်ဆိုထားခြင်း ဖြစ်ပါသည်၊

ဤငရဲခန်းပျို့တွင်-ညစ်ညောင့် ညစ်ညမ်း (ပုဒ်-၂၆)

ယုတ်မောင့် ယုတ်မာ (ပုဒ်-၂၇)

လွတ်ခေါင့် လွတ်ခဲ (ပုဒ်-၂၈) တို့၌ စပ်ဆိုထားသကဲ့သို့၄င်း၊

အခြားပျို့လင်္ကာတို့တွင် နှမိနှမြော၊ ဖြစ်ခေါင့်ဖြစ်ခဲ၊ လိမ္မောင့်လိမ္မာ-ဟူသကဲ့သို့၄င်း၊

မြတ်မာစကားတွင် ခိုးလိုး ခုလု, ကပြောင်း ကပြန်, ကိုးရိုး ကားရား, စသည်များကဲ့သို့၄င်း၊

ကိုးခိုး ကုခု-ဟု ဆိုလိုပါလျက် ကိုးခိုး ကုံးခုံး-ဟု ဆိုခြင်း ဖြစ်တန်ရာပါသည်။

နမောသိဒ္ဓံ က-ခ မှစ၍ ကိုးကွယ်မှီခို၍ တလုံးတပါဒ သင်ပေးဖူးသော ဆရာသမား-ဟု အဓိပ္ပါယ် ဖော်နိုင်ပါသည်။

၂။ ရတနာသုံးပါးနှင့် မိဘ ဆရာသမားတို့ ကျေးဇူးကို ယှဉ်တွဲဟောကြားထားသော ပါဠိတော်နှင့် ဖွင့်ဆိုချက်များ သီးခြားမတွေ့ရပါ၊ သို့သော် ပါဠိ အဋ္ဌကထာ နေရာများစွာ၌ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူး, မိဘဂုဏ်ကျေးဇူး, ဆရာသမားဂုဏ်ကျေးဇူးတို့ကို ဟောပြဖွင့်ဆိုချက်များ များပြားလှပါသည်။

ထိုအချက်တို့ကိုထောက်၍ ရှေးဆရာကြီးများက အနန္တငါးပါး ဂုဏ်ကျေးဇူးများကို ဖော်ကျူး စီကုံးထားခဲ့ခြင်း

ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငရဲပြည်နှင့် ငရဲထိန်း

(မေး) (ငရဲပြည်နှင့် ငရဲထိန်း)

ငရဲပြည်တွင် ငရဲထိန်းများက ဆီပူအိုးကြီးများနှင့် ငရဲခံရသူများအား ဒဏ်ခတ်နေခြင်းကို ဘုရားတန်ဆောင်း ပန်ချီကားများတွင် တွေ့ရပါသည်၊ ငရဲပြည်တွင် ဤပုံများအတိုင်း ငရဲခံရမည်-ဟု မြတ်စွာဘုရား ဟောတော်မူခဲ့ပါသလား၊ ငရဲခံရသူများအား ငရဲထိန်းများက ညှဉ်းဆဲသတ်ဖြတ်ရာတွင် ပါဏာတိပါတကံ ထိုက်မထိုက်နှင့် ဘဝအဆက်ဆက်က မိဘတော်စပ်ခဲ့သူများ ပါရှိပါကပဉ္စာနန္တရိယကံ ထိုက်မထိုက် သိလိုပါသည်ဘုရား။

(မျိုးဇော်အောင်-အင်းစိန်မြို့နယ်)

(ဖြေ) ငရဲသူ ငရဲသားများ ငရဲ၌ အမျိုးမျိုးခံရပုံတို့ကို နိမိဇာတက (နေမိဇာတ်)၊ ဒေဝဒူသုတ်၊ အင်္ဂုတ္တရ တိကနိပါတ စသည်တို့၌ ပါရှိပါသည်။ ပါဠိတော်များဖြစ်၍ ဘုရားဟောဟုပင် မှတ်သားရပါသည်၊ ယင်းပါဠိတော်များ၌ပင် တမေနံ ဘိက္ခဝေ နိရယပါလာ နာနာဗာဟာသု ဂဟေတွာ၊ နိရယပါလာ ပဉ္စဝိဓဗန္ဓနံ နာမ ကမ္မကရဏံ ကရောန္တိ-စသည် ဟောတော်မူချက်များရှိ၍ ငရဲထိန်းများ ရှိသည်မှာလည်း ထင်ရှားပါသည်၊ ယင်းငရဲထိန်းတို့သည် နိရယ သံဝတ္တနိက ကမ္မတော ဟိ အညေနေဝကမ္မုနာ တေ နိဗ္ဗတ္တန္တိ။ ရက္ခသဇာတိကတ္တာ- ဟု အင်္ဂုတ္တရအဋ္ဌကထာ ဒေဝဒူတသုတ် အဖွင့်တို့တွင် ဆိုသည်။

အချို့က ငရဲထိန်းဟူသည် မရှိ၊ စက်ယန္တယား ရုပ်များကဲ့သို့ ငရဲသူ ငရဲသားတို့၏ အကုသိုလ်ကံအရ နှိပ်စက်ရန် ဖြစ်နေကြကြောင်း ဆိုသော်လည်း အမှန်မှာ ငရဲထိန်းသတ္တဝါများမှာ ဘီလူး ရက္ခိုသ် အမျိုးဇာတိများဖြစ်၍ ငရဲ၌ သွားရောက်ဖြစ်စေသော ကံကြောင့် ငရဲတွင် ငရဲထိန်းဖြစ်၍ ငရဲသူ ငရဲသားများအား နှိပ်စက်နေကြကြောင်း ဖွင့်ဆိုထားသည်ကို တွေ့ရသည်။

ဤသို့ ငရဲထိန်းတို့သည် ဘီလူး ရက္ခိုသ် သတ္တဝါများဖြစ်ကလည်း ငရဲသူ ငရဲသားတို့အား နှိပ်စက်သတ်ဖြတ်မှုကြောင့် အကုသိုလ်ဖြစ်စရာလည်း ရှိကြောင်း သိသာ၏၊

သို့သော် မိဘသတ်သည့် အနန္တရိယကံဟူသည်မှာ လက်ရှိဘဝ အမိအဖတို့ကို သတ်မှသာ ဖြစ်နိုင်၍ မိဘမရှိ ဥပပတ်ဖြစ်ကြသော ငရဲထိန်းတို့ အနေဖြင့် ယင်းအနန္တရိယကံ ဖြစ်စရာရှိမည် မဟုတ်ကြောင်း တွေးခေါ်ယူဆနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငရဲသားများနှင့် မေတ္တာဘာဝနာ

(မေး) (ငရဲသားများနှင့် မေတ္တာဘာဝနာ)

အရှင်ဘုရား၊ ငရဲခံနေရသော ငရဲသားများဟာ ချမ်းသာခွင့် မရကြဘဲ သူတို့၏ ခန္ဓာဟာ သေလိုက် ပြန်ရှင်လိုက်၊ ငရဲခံရလိုက် ဖြစ်ကာ သူတို့၏ အကုသိုလ်ကံကုန်မှ ငရဲမှ လွတ်ကြရသည်ဟု မှတ်သားရပါသည်။ အရပ် ၁၀-မျက်နှာ မေတ္တာပွားများနည်းတွင် အောက်အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တငရဲသားတွေကို မေတ္တာပို့တဲ့အခါ သူတို့ချမ်းသာခွင့် ရနိုင်ပါမလားဘုရား။ ရှင်းပြပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်။

(ကိုဟန်ဝင်း-အင်းစိန်မြို့သစ်၊ ရန်ကုန်)

(ဖြေ)

မေတ္တာပို့ရာတွင် သုခိတ-ဒုက္ခိတ သတ္တဝါမှန်သမျှတို့အား ကုန်အောင် နှလုံးသွင်း၍ မေတ္တာပို့ရပါသည်။ ငရဲသား ဒုက္ခိသတ္တဝါတွေကို မေတ္တာပို့သကဲ့သို့ လူ-နတ်-ဗြဟ္မာ သုခိတသတ္တဝါတွေကိုလည်း မေတ္တာပို့ရပါသည်။ မိမိမေတ္တာပို့သဖြင့် ၄င်းတို့ ဒုက္ခမှ လွတ်မြောက်ကြလိမ့်မည်ဟု ရည်ရွယ်ချက်မထားရပါ။ သတ္တဝါမှန်သမျှအား တသဘောတည်း၊ တစားတည်း ထား၍ မေတ္တာပွားများရခြင်းသာ ဖြစ်ပါသည်။

မိမိမေတ္တာပို့သဖြင့် သူတို့ချမ်းသာသွားလိမ့်မည်ဟု သဘောမထားရပါ။ မိမိမေတ္တာရောက်ရန်သာ အာရုံပြု၍ နက်နက်နဲနဲ မေတ္တာပို့ရန်သာ လိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငရဲခွေးကြီးများ

(မေး) (ငရဲခွေးကြီးများ)

အရှင်ဘုရား၊ တပည့်တော်တို့ ငယ်ငယ်က ငိုတယ်ဆိုရင်ပဲ အမေက သားသမီးများကို ကြောက်ရွံ့ ထိတ်လန့်အောင် ငရဲပြည်က ခွေးနက်ကြီး လာပြီဟေ့-ဟု အငိုတိတ်အောင် ခြောက်လှန့်တတ်လေသည်။ ကလေးဘဝက ကြောက်ခဲ့ရသော ခွေးနက်ကြီး တကယ်ဟုတ်-မဟုတ် ဖန်ဆင်းထားသော ခွေး ဖြစ်နိုင်-မဖြစ်နိုင်ဆိုတာ သိလိုပါသည် ဖြေကြားပေးတော်မူပါဘုရား။

(ကြည်ဖြူသန့်စင်အောင်-ကုက္ကိုတန်းရွာ)

(ဖြေ)

ငရဲပြည်တွင် ငရဲထိန်း၊ ငရဲခွေး၊ ငရဲစွန်၊ ကျီး၊ လင်းတတို့သည် ငရဲသူသတ္တဝါတို့အား ညှဉ်းဆဲနှိပ်စက်ရန် ငရဲဆိုင်ရာ ယမမင်းတို့ လက်အောက်တွင် အမှန်ပင်ရှိကြောင်း ကထာဝတ္ထုပါဠိတော် အဋ္ဌကထာ ဋီကာ စသောကျမ်းများ၌ လာရှိပေသည်။ ၄င်းတို့သည် ပကတိ တိရစ္ဆာန်မျိုးများ မဟုတ်ကြ၊ ငရဲသူ ငရဲသားလည်း မဟုတ်ကြပေ။ စတုမဟာရာဇ်ဘုံ အဝင်အပါ ဝေမာနိက ပြိတ္တာမျိုးများ ဖြစ်ကြသည်ဟု ဆိုသည်။

တေ စ နေရယိကေဟိ အဓိကတရဗာလာရောဟပရိဏတာ အတိဝိယ ဘယာနက သန္တာသ ကုရုရတရပယောဂါစ ဟောန္တိ ဧတေနေဝ တတ္ထ ကာက သုနက္ခာဒီနံပိ နိဗ္ဗတ္တတိ။(ကထာဝတ္ထု အနုဋီကာ)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငါးထပ်ကြီး-ခြောက်ထပ်ကြီး

(မေး) (ငါးထပ်ကြီး-ခြောက်ထပ်ကြီး)

အရှင်ဘုရား၊ ဆရာတော်ဘုရားသည် ခြောက်ထပ်ကြီးတိုက်၌ သီတင်းသုံးသည်ဟု သိရပါသည်။ ၄င်းခြောက်ထပ်ကြီး ငါးထပ်ကြီးဟူသော အမည်များကို တပည့်တော်များသိလိုပါသည်။ ဆရာတော်သိပါက ထိုအမည်များ၏ အဓိပ္ပါယ်ကို ရေးသားမိန့်ကြားပါရန် ရိုသေစွာ တောင်းပန်ပါသည်ဘုရား။

(ဦးဝင်း-ကျောက်မြောင်း)

(ဖြေ)

ငါးထပ်ကြီးကိုစွဲ၍ ခြောက်ထပ်ကြီး ဖြစ်လာရသည်။ မူလငါးထပ်ကြီးမှာ စစ်ကိုင်းမြို့မှာရှိ၍ ရန်ကုန်ငါးထပ်ကြီးကို စစ်ကိုင်းငါးထပ်ကြီး အချိုးအစားအတိုင်းယူ၍ တည်သည်။ အင်းဝဘုရင် မင်းရဲရန္တမိတ်ခေါ် ငါးထပ်ဒါယကာ (၁၀၁၀-၁၀၂၃) ကောင်းမှုဖြစ်သည့် စစ်ကိုင်းငါးထပ်ကြီး၏ အမည်တော်မှာ ဝေဠုဝန်ဟူ၍ ဖြစ်သော်လည်း တန်ဆောင်းတော်ကြီး အမိုးငါးထပ် ရှိသည်ကိုစွဲ၍ ငါးထပ်ကြီးအမည်တွင်ပါသည်။

၄င်းငါးထပ်ကြီး အချိုးအစားအတိုင်း တည်၍ ရန်ကုန်ငါးထပ်ကြီးမှာ မဟာသကျအတုလမာရ်အောင် သမုတ်သော်လည်း ငါးထပ်ကြီးဟူ၍ပင် ခေါ်ကြပါသည်။ ငါးထပ်ကြီးဘုရား တည်သောနေရာမှာ အရှေ့တောရဖြစ်၍ ဘုရားဖူးသွားရန် မလွယ်ပါ။ ရွှေတိဂုံမှ အရှေ့မြောက် တောလမ်းအတိုင်း သွားရပါသည်။ ရွှေဂုံတိုင်လမ်းလည်း မရှိသေး။ နောက်ခြောက်ထပ်ကြီးကို လျောင်းတော်မူပုံ တည်သည်။ တောဖြစ်၍ အရောက်သွားဖူးသူနည်းသည်။ ငါးထပ်ကြီးရောက်သူတို့သည် ငါးထပ်ကြီးကုန်းပေါ်မှမျှော်၍-သည်က ငါးထပ်ကြီး ဟိုက ခြောက်ထပ်ကြီး-ဟု ဘုရားဖူးများ နာမည်ပေး၍ ခြောက်ထပ်ကြီးဟု အလိုလို တွင်သွားသည်။

ဤငါးထပ်ကြီး ခြောက်ထပ်ကြီးများကို စွဲ၍ ထိုင်တော်မူဟန် ရုပ်ပွားတော်ကြီးများ အမြို့မြို့အနယ်နယ်တွင် တည်ကြရာ ကိုးထပ်ကြီး၊ ဆယ်ထပ်ကြီး စသည့် နာမည်များတွင်နေကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငါးပါးသီလ ခံယူပုံ

(မေး) (ငါးပါးသီလ ခံယူပုံ)

ဆရာတော်ဘုရား၊ ငါးပါးသီလကို ခံယူဆောက်တည်ရာတွင် ဘုရားရှေ့၌ အာမဘန္တေခံပြီး ရွတ်ဆိုမှ ရပါသလားဘုရား။ ထိုသို့ အာမဘန္တေခံ၍ မရွတ်ဘဲ မိမိဘာသာ ငါးပါးသီလနှင့်အညီ လိုက်နာနေထိုင်လျှင်လဲ ရပါသလား၊ ရရှိသည့် အကျိုးကျေးဇူးများ မည်ကဲ့သို့ ခြားနားကြောင်း သိလိုပါသည်ဘုရား။

(မမင်းမင်းမြင့်သူ-ဗိုလ်တထောင်)

(ဖြေ)

အကုသိုလ်မှ ကြဉ်ခြင်း ဝိရတီ ၃-ပါးရှိသည်၊

၁။ သမ္ပတ္တဝိရတီ-သိက္ခာပုဒ်ကို မဆောက်တည်ဘဲ ကြုံတွေ့သောအခါ ရှောင်ကြဉ်ခြင်း။

ဥပမာ-ငါးပါးသီလကို ခံယူထားသည်မဟုတ်၊ သို့သော် သွားရင်း လာရင်း မြွေဆိုး စသည်ကို တွေ့ရသော်လည်း မသတ်ဘဲ ရှောင်ကြဉ်သည်။

၂။ သမာဒါနဝိရတီ- ငါးပါးသီလကို ခံယူထားသည်။

သို့ဖြစ်၍ မြွေဆိုးစသည်ကို မသတ်ဘဲ ရှောင်ကြဉ်သည်။

၃။ သမုစ္ဆေဒဝိရတီ-မဂ်တရား ဖိုလ်တရား ရရှိပြီးဖြစ်၍ သူ့အသက်သတ်မှု စသည်ကို လုံးဝရှောင်ကြဉ်သည်။

ဤ ၃-ပါးတွင် ပြဿနာရှင်၏ အမေး၌ ရှေ့ ၂-ပါးနှင့် သက်ဆိုင်ရာ သီလမခံယူဘဲ မိမိဘာသာ ငါးပါးသီလနှင့်အညီ လိုက်နာနေထိုင်ပါသည် ဆိုလျှင် သမ္ပတ္တဝိရတီ-သာဖြစ်၍ မိမိသဏ္ဍာန်၌

အမြဲ သီလ တည်နေခြင်း မရှိ၊ မသတ်ဘဲ ရှောင်၍ ကုသိုလ်အခိုက်အတန့် ရမှုလောက်သာဖြစ်သည်။

အမှတ် ၂-သမာဒါနဝိရတီဖြစ်အောင် သီလခံယူဆောက်တည်ကာ အာမဘန္တေ-ဟု ဝန်ခံ၍နေလျှင် သတ်အပ်သောမြွေဆိုး စသည့် ဝတ္ထုကိုတွေ့၍ ရှောင်သည်ဖြစ်စေ၊ မတွေ့ဘဲ အိမ်မှာနေနေဆဲမှာ ဖြစ်စေ၊ ငါးပါးသီလ အမြဲတည်နေပါသည်။ ထို့ကြောင့် သီလဟူသည် နှုတ်မြွက်ခံယူ ဆောက်တည်ရပါသည်၊ သို့မှ သမာဒါနဝိရတီဖြစ်၍ အမြဲနိစ္စသီလ တည်နေသူ ဖြစ်နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငါးပါးသီလ တနေ့တာကိစ္စ

(မေး) (ငါးပါးသီလ တနေ့တာကိစ္စ)

အရှင်ဘုရား၊ နံနက်အိပ်ရာထတွင် ငါးပါးသီလကို မခံယူမိ၊ သို့သော်လည်း ညအိပ်ရာဝင်သော် ငါးပါးသီလ မကျူးလွန် မဖောက်ဖျက်မိခြင်းကို စစ်ဆေးမိ၏၊ ထိုနေ့သည် ငါးပါးသီလ စောင့်ထိန်းခြင်းကိစ္စ ပြီးမြောက်ပါ သလား ဘုရား။

(ကိုလေး-ပုသိမ်)

(ဖြေ)

သရဏဂုံဖြစ်စေ, ငါးပါးသီလဖြစ်စေ, တကြိမ်ခံယူထားပြီး မပျက်စီး မကျူးလွန်ပါက အမြဲတမ်း သရဏဂုံ ငါးပါးသီလနှင့် ပြည့်စုံနေသူ ဖြစ်ပါသည်။ မပျက်စီး မလွန်ကျူးသော်လည်း ကုသိုလ်ပွားရန် အကြိမ်ကြိမ် နေ့စဉ် နေ့တိုင်း ခံယူဆောက်တည်နေခြင်းဖြစ်၍ မခံယူမိသောနေ့ပင် ဖြစ်စေကာမူ ကျူးလွန်ဖောက်ဖျက်မိခြင်း မရှိက သီလ၌ တည်သူသာဖြစ်ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငါးပါးသီလ အတိုခံယူနည်း

(မေး) (ငါးပါးသီလ အတိုခံယူနည်း)

အရှင်ဘုရား၊ ယခုအခါ အချို့ဆရာတော်များသည် ငါးပါးသီလပေးရာ၌ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ သမာဒိယာမိ-ဟုသာဆို၍ ငါးပါးသီလခံပြီးပြီဟု ဆိုပါသည်။ လူများကလည်း တိုတိုနှင့်ပြီးသဖြင့် ထိုနည်းကိုကြိုက်ကြပါသည်။ ရိုးရိုးအပြည့်အစုံဆိုတာထက် ကောင်းသည် မထင်ပါ။ ဖြေကြားရှင်းပေးစေလိုပါသည် ဘုရား။

(တိုးမောင်-မန္တလေး)

(ဖြေ)

ထိုကဲ့သို့ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ သမာဒိယာမိ-ဟု နှုတ်မြွက်ဆို၍ သီလခံယူလျှင်လည်း ငါးပါးသီလကို တပေါင်းတည်း ခံယူနည်းဖြစ်၍ သီလခံယူမှု ပြီးပါသည်။ ငါးပါးသီလရပါသည်။ သို့သော် ငါးပါးလုံးကို တခါတည်းခံယူသဖြင့် တပါးပျက်လျှင်လည်း ငါးပါးလုံးပျက်သည်။ အလွယ်ဆုံး မုသားဆိုမိသော် သီလငါးပါးလုံးပင် ပျက်ပါသည်။ သို့သော် အပြစ်ခံရသည်ကား မုသာဝါဒအပြစ်ကိုသာ ခံရသည်။ ကျန်လေးပါးကား ပျက်သာပျက်သည် အပြစ်မခံရ ဟူပါ၏၊

မည်သို့ပင်ဖြစ်စေ ရိုးရိုးအပြည့်အစုံ ခံယူခြင်းသာ ကောင်းပါသည်။ တလုံးတလုံးသော အက္ခရာကို ခုနစ်ကြိမ် ခုနစ်ကြိမ်သော ကုသိုလ်ဇော စိတ္တုပ္ပါဒ်တို့ဖြင့် ရွတ်ဆိုရသဖြင့် အက္ခရာများလျှင် ကုသိုလ်ဇောများစွာ ဖြစ်သောကြောင့် တိုသည်၊ နည်းသည်၊ အမြန်ပြီးသည်ဟူ၍ အတိုမကြိုက်သင့်။ အပြည့်အစုံဆို၍ ခံယူခြင်းကိုသာ ကြိုက်နှစ်သက်သင့် လိုက်နာသင့်ကြောင်း ဖြေဆိုလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငါးပါးသီလနှင့် သီလရှင်များ

ဆရာတော်ဘုရား ရှစ်ပါးသီလ ကိုးပါးသီလတို့ကို စောင့်ထိန်းနေသော ပုဂ္ဂိုလ်တို့သည် ရဟန်းသံဃာများက ငါးပါးသီလပေးလျှင် လိုက်မဆိုရ၊ လိုက်ဆိုလျှင် သီလပြန်ဆေးရ၏၊ သီလပြန်မဆေးလျှင် ငါးပါးသာရတော့သည်-ဟု ကြားဖူးပါသည်၊ ဟုတ်ပါသလားဘုရား ဖြေကြားတော်မူပါ ဘုရား။

(ဇေယျာဉာဏီ-မဟာလယ်တီ၊ ဓမ္မေသက-မုံရွာ)

(ဖြေ)

ငါးပါးသီလ ဆယ်ပါးသီလတို့မှာ နိစ္စသီလများ ဖြစ်ပါသည်၊ ရှစ်ပါးသီလမှာ နေ့အထူး ရက်အထူးပြု၍ ဆောက်တည်ရသော (ဥပေါသထ) ဥပုသ်သီလဖြစ်သည်၊ သီခြားနေ့အထူးဖြင့် ကျင့်သုံးဆောက်တည်ရ၍ ဥပေါသထ-ဟု ခေါ်ရပါသည်။ နိစ္စသီလမဟုတ်ပါ။ သို့သော် နေ့ရက်ပိုင်းခြား အဓိဋ္ဌာန်ထားကာ ၄၅-ရက်၊ တလ စသည်ဖြင့်လည်း ဆောက်တည်နိုင်ပါသည်။

ငါးပါးသီလသည် လူတို့အတွက် နိစ္စသီလဖြစ်၍ ဆောက်တည်သည်ဖြစ်စေ၊ မဆောက်တည်သည်ဖြစ်စေ အမြဲကျင့်သုံးရသဖြင့် အလှူဒါနပြုတိုင်းပင် ရှေ့သွားအနေဖြင့် သရဏုံဂုံနှင့် ငါးပါးသီလကို ရဟန်းသံဃာတော်တို့က ဆောက်တည်စေပါသည်၊ ဆယ်ပါးသီလ ဆောက်တည်ထားစေကာမူ ဒါန၏ရှေ့ပြေး (ဒါနပုဗ္ဗင်္ဂမ) အနေဖြင့် သရဏဂုံနှင့် ငါးပါးသီလကို ပေးကြလေ့ရှိပါသည်၊ ရှစ်ပါး, ကိုးပါး, ဥပုသ်သီလ ခံယူထားသူ ဖြစ်လင့်ကစား နိစ္စသီလ ငါးပါးသီလမှာ ခံယူခြင်း၊ ကျင့်သုံးခြင်း၊ မပျက်ပြားရသဖြင့် ငါးပါးသီလကို ထပ်မံခံယူခြင်းကြောင့် ရှိရင်းသီလ မယုတ်လျော့ပါ။

သီလသည်, သီတင်းသည် အဓိဋ္ဌာန်ဥပုသ်ဝင်သူများ အနေဖြင့် နိစ္စသီလ ငါးပါးသီလကို လိုက်ဆိုပွားများခြင်းကြောင့် သီလဆေးစရာ မလိုပါ၊ သုံးပါး ပျက်မသွားပါ၊ သီလသည် လွန်ကျူးမှသာ ပျက်ပါသည်၊ ဥပုသ်သီလသည် မိမိနေ့ရက်ပိုင်းခြား အဓိဋ္ဌာန်ထားလျှင် ယင်းအဓိဋ္ဌာန်ရက် ကုန်ဆုံးလျှင် ပျက်သည်။

သီလရှင်များမှာလည်း သီလရှင်သိက္ခာ ကိုယ်၌တည်သရွေ့ ခံယူထားခြင်းတို့ကြောင့် သီလပျက်စရာ မရှိပါ။ ငါးပါးသီလကို ဝမ်းမြောက်ဝမ်းသာပင် လိုက်၍ ဆိုကြပါ-ဟု တိုက်တွန်းလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငါးပါးသီလနှင့် နေ့လွဲညစာ စသည်

(မေး)။ ၁-ငါးပါးသီလ အကျိုးအပြစ်ကို သိလိုပါသည်ဘုရား။

၂-ဝိကာလဘောဇနာ စသော သိက္ခာပုဒ် ၃-ခု ကျိုးပျက်သော ဥပုသ်သည်၏ အပြစ်တို့ကိုလည်း သိလိုပါသည်ဘုရား။

(ဦးချစ်မောင်-ယင်းမာပင်၊ သာစည်မြို့နယ်)

(ဖြေ)။ ၁-ငါးပါးသီလကို စောင့်သုံးခြင်းကြောင့် အပါယ်ဘေးကင်း၍ သုဂတိလမ်းကြောင်းပွင့်ကာ နိဗ္ဗာန်အထိ အကျိုးရပါသည်။

ငါးပါးသီလပျက်စီးက ငါးပါးသီလစောင့်သုံးသူ၏ အကျိုးရရှိမှုနှင့် ဆန့်ကျင်ဘက် အပြစ်ရှိပါသည်-ဟု အကျဉ်းဆုံး ဖြေကြားအပ်ပါသည်။

၂-သီလသည် ဝါရိတ္တသီလ, စာရိတ္တသီလ ဟု နှစ်မျိုးရှိသည်၊ ငါးပါးသီလသည် ဝါရိတ္တသီလ၊ မစောင့်မနေရ အမြဲနိစ္စ စောင့်ရှေကြ်ရသော သီလမျိုးဖြစ်သည်။

ပျက်လျှင် အပါယ်ငရဲကျရောက်နိုင်သည်။

အဗြဟ္မစရိယ, ဝိကာလ ဘောဇန, နစ္စဂီတနှင့် ဥစ္စာသယန သိက္ခာပုဒ်တို့သည် စာရိတ္တသီလ, စောင့်နိုင်လျှင် ကုသိုလ်အထူးရရှိသည်။

ပျက်လျှင် အပါယ်ကျခြင်းစသော အပြစ်ကား မရှိပေ။

သို့သော် အပါယ်ငရဲ၌ ကျရောက်ဖြစ်ပွားရခြင်းဟူသော ပဋိသန္ဓေကျိုး မရှိ-ဟု ဆိုသော်လည်း ဥပေါသထသီလအဖြစ်ဖြင့် ခံယူဆောက်တည်ထားသဖြင့် ပဝတ္တိကျိုး အနေဖြင့်ကား မကောင်းကျိုးများ ဖြစ်နိုင်သေးသည်ဟု ဆိုပါသည်။

ထို့ကြောင့် ဥပုသ်သည် ညစာစားခြင်းကြောင့် အပြစ်မရှိဟု မှတ်ယူကာ သိက္ခာပုဒ်များကို ပျက်စီးစေရန်မသင့်။

ဥပေါသထ မြတ်သီလကို (တရက်တနေ့, ကျင့်သုံးလေ့က, မဝှေ့အာသဝေါ, ကြွေကျလျောသည်, သမ္ဗောဓိဉာဉ်, ရောက်အောင်ယှဉ်လော့) ကြောင်း ဘုရားဟောရှိပါသည်။

ဥပုသ်သီလသည် နိဗ္ဗာန်သို့ အမြန်ကူးရောက်နိုင်ကြောင်း သတိရှိကာ ကောင်းစွာဆောက်တည် စောင့်ရှောက်ကြ ပါရန် ဖြေကြားလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စံပယ်လေးရုံ ကဗျာနှင့် သင်္ကန်းပုံစံ

(မေး) ၁။ စံပယ်တဲ့ လေးရုံ၊ အပွင့်ငယ်စုံ၊ တငုံကျန်ပါသေးတယ်၊ ပန်ချင်သူ ပျို့မောင်ထွေးရယ်၊ ခေါင်းဖြီးခဲ့လေး။

ကဗျာကို ဆွေးနွေးကြရာ ဘုရားငါးဆူပွင့်မှာ တဆူကျန်သေးကြောင်း ဆိုသည့် အဓိပ္ပါယ်ဖြစ်ပါသည်။

အဘယ်ကြောင့် စံပယ်ငါးရုံ-ဟု မဆိုဘဲ လေးရုံဆိုရကြောင်း ဆွေးနွေးကြပါသည်၊ ထိုအချက်ကို ရှင်းလင်းပေးစေလိုပါသည်

ဘုရား။

၂။ သံဃာတော်များ ဝတ်ရုံသည့် သင်္ကန်းမှာ (၁) အနားလေးဘက် (၂) မျဉ်းနှစ်ပါးသွား လေးချောင်း

(၃) အခန်း ၅-ခန်းတွင် အကြီးတကန့်၊ အသေးတကန့် ပါရှိပါသည်၊

၄င်းသုံးချက်၏ရည်ရွယ်ချက်ကို ရှင်းလင်းဖြေကြားတော်မူပါဘုရား။

(ဦးဘညွှန့်-အမှတ် ၉၈၊ မြင်းကကုန်း၊ ဘိုကလေးမြို့နယ်)

(ဖြေ)

၁။ စံပယ်လေးရုံ ကဗျာ အပြည့်အစုံမှာ-

စံပယ်တဲ့ လေးရုံ၊ မလေးခင် မပန်ထိုက်၊ ပန်းပြတ်ခိုက်ကြုံ၊

အပွင့်ငယ်စုံ၊ တရုံကျန်ပါသေး၊ ပန်ချင်သူ ခင်ခင်လေးရယ်၊ ခေါင်းဖြီးခဲ့လေး။ ဟူ၍ဖြစ်သည်။

ဤကဗျာ၏ ဒုတိယပိုဒ်ကို၄င်း၊ အပွင့်ငယ်စုံ၊ တရုံကျန်ပါသေး-ဟူသည်ကို၄င်း၊ စဉ်းစားလျှင် လိုရင်းအဓိပ္ပါယ် ပြည့်စုံပါသည်။

၂။ ရဟန်းတော်တို့၏ သင်္ကန်းမှာ မဂဓပုဏ္ဏားတို့၏ လယ်ကွင်းကို ပြ၍ မြတ်စွာဘုရားက အရှင်အာနန္ဒာအား ချုပ်ခိုင်းကြောင်း

မဂဓလယ်ကွင်း၏ ရေသွင်းမြောင်း တလုပ် (တာလုပ်) မြောင်းများအတိုင်း ပုံစံယူ၍ ချုပ်လုပ်ကြောင်း ဝိနည်းပါဠိတော်တို့တွင် ပါပါသည်၊

အနားလေးဘက် ပိတ်စသီးခြားဖြင့် ထပ် ချုပ်ရသော ထပ်နားပတ် ပါရသည်၊

အတွင်း၌ ငါးစပ်ဖြတ်၍ ချုပ်ရာတွင် တစပ်နှင့်တစပ် ချုပ်ရာ၌ မျဉ်းနှစ်ကြောင်း ပါရသည်၊

မဂဓလယ်ကွင်း၌ ရေသွင်းတလုပ် မြောင်းခံ၍ အတွင်းအခန်းတို့တွင် မြောင်းတို ကန့်လန့် အတိုမြောင်း ထားသကဲ့သို့

အခန်းကြီး တခန်း၊ အခန်းငယ် တခန်းစီ ထား၍ ချုပ်ရပါသည်၊ တလုပ်မြောင်းကို ကုသိ၊ အခန်းကြီးကို မဟာမဏ္ဍလ၊ အခန်းငယ်ကို အဍ္ဎမဏ္ဍလ စသည် အမည်မှည့်ခေါ်ပါသည်။

ဤကဲ့သို့ ငါးစပ် ငါးဖြတ် ဓားလှီး ဓားဖြတ်နှင့် ထပ်နားပတ်စုံမှ သင်္ကန်းဖြစ်ပါသည်။

သင်္ကန်းဖြစ်မှသာ အဓိဋ္ဌာန်တင်ခြင်း၊ ကပ္ပဗိန္ဒု ထိုးခြင်း၊ ကထိန်သင်္ကန်း ပြုလုပ်ခြင်း၊ ဝိနည်းတိစီဝရိတ်၊

ဓုတင် တိစီဝရိတ်ဆောင်၍ ဝတ်ရုံခြင်း စသည်တို့ ပြုနိုင်သည်။

လှူဒါန်းသော ဒါယကာများကလည်း သင်္ကန်းအကြောင်း နားလည်ထားရန် လိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စရိုက်ခြောက်ပါးနှင့် ကမ္မဋ္ဌာန်း

(မေး) (စရိုက်ခြောက်ပါးနှင့် ကမ္မဋ္ဌာန်း)

စရိုက်ခြောက်ပါးနှင့် ယင်းစရိုက်ရှိသူ၏ အမူအကျင့်၊

ယင်းနှင့် သင့်လျော်ရာ ကမ္မဋ္ဌာန်းများကို ဖော်ပြပေးပါရန် လျှောက်ထားပါသည်ဘုရား၊

(ဦးသောသ်းစိန်-ကျောင်းအုပ်၊ အခြေခံပညာ မူလတန်းကျောင်း၊ ကြခတ်ရပ်၊ ပန်းတောင်းမြို့နယ်)

(ဖြေ)

၁။ ရာဂစရိုက်၊ ၂။ ဒေါသစရိုက်၊ ၃။ မောဟစရိုက်၊ ၄။ သဒ္ဓါစရိုက်၊ ၅။ ဗုဒ္ဓိစရိုက်၊ ၆။ ဝိတက်စရိုက်၊

ဟူ၍ ခြောက်မျိုးရှိသည်။

စရိုက်ဟူသည် ပုဂ္ဂိုလ်၏ လွန်ကဲသော အကျင့် အလေ့ အမူ ဖြစ်သည်။

၁။ ရာဂစရိုက် ရှိသူ၌-လှပမှုကို မြတ်နိုးခြင်း၊ ရှာမှီးခြင်း၊ ပိုင်ဆိုင်လိုခြင်း စသော အမူအကျင့်များ။

၂။ ဒေါသစရိုက် ရှိသူ၌-ကြမ်းတမ်းခြင်း၊ ခက်ထန်ခြင်း။

၃။ မောဟစရိုက် ရှိသူ၌-ထိုင်းမှိုင်းခြင်း၊ မေ့လျော့ခြင်း။

၄။ သဒ္ဓါစရိုက် ရှိသူ၌-ဘုရားတရားကြည်ညိုခြင်း။

၅။ ဗုဒ္ဓိ (ပညာ) စရိုက် ရှိသူ၌-ပညာကိုရှာမှီးခြင်း၊ သိလိုခြင်း၊ မှတ်သားခြင်းနှင့်

၆။ ဝိတက်စရိုက် ရှိသူ၌-ကြံစည်ခြင်း၊ တွေးတောခြင်း၊ စသည်များ လွန်ကဲနေတတ်ပါသည်။

စရိုက်သည် တမျိုးစီလည်း ရှိတတ်ပြီး နှစ်မျိုး သုံးမျိုးလည်း ရော၍နေတတ်သည်။

ထို့ကြောင့် စရိုက်မှာ ခြောက်ပါးသာ ရှိသော်လည်း စရိုက်အားလျော်စွာ ပုဂ္ဂိုလ် ၆၃-မျိုးပြားကြောင်း ကျမ်းဂန်များတွင် ဖော်ပြထားပါသည်။

စရိုက်နှင့်လျော်သော ကမ္မဋ္ဌာန်းကိုလည်း သမထကမ္မဋ္ဌာန်း ၄၀-နှင့် စရိုက်ခြောက်ပါးကို တွဲ၍ ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးက မနောပူရဏီတွင်-

အသုဘနှင့်၊ ကာယဂတာ၊ ဆယ့်တဖြာ၊ ရာဂကြီးသူအား။

အပ္ပမညာ၊ နီလာဒိက၊ ဤရှစ်ဝ၊ ဒေါသကြီးဖို့ထား။

အာနာပါန၊ ဤတဝ၊ မောဟ ဝိတက်များ။

ဗုဒ္ဓ ဓမ္မ၊ သံဃ,သီ,စာ၊ ဒေဝတာ၊ သဒ္ဓါထက်သူအား။

ဥပသမာ၊ မရဏာနှင့်၊ သညာ ဝဝတ္ထာန်၊ ဤလေးတန်၊ ဉာဏ်ခံကြီးသူအား။

စရိုက်ဝေငှ၊ သုံးဆယ်မျှ၊ သေသခပ်သိမ်းအား။

ဟု စပ်ဆိုဖော်ပြထားပါသည်။ လေ့လာပွားများ၍ အသိတရား တိုးတက်ပါစေသတည်း။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စက္ခု ငါးပါး ဘုရားပင့်

(မေး)။ ဒိဗ္ဗစက္ခု၊ ဓမ္မစက္ခု၊ ဉာဏစက္ခု၊ ဗုဒ္ဓစက္ခု၊ သမန္တစက္ခု၊ စက္ကန္နဖုသီသံ ဗုဒ္ဓေါ ဘဝိဿတိ။

ငယ်စဉ်က မိခင်သင်ပေးထားသော ဂါထာဖြစ်ပါသည်၊ နှုတ်တက်ရနေသည်ကို ရေးတတ်သလို မှန်းဆရေးသားခြင်း ဖြစ်ပါ၍ သည်းခံဖတ်ရှုပြီး ပြင်ဆင်လျက် အနက်ပေးပေးပါဘုရား။

(မဝင်း-မကစ (၂) မလွန်စခန်း)

(ဖြေ)။ ဂါထာမှာ မြတ်စွာဘုရား၏ စက္ခုတော်ငါးပါးကို ဖော်ဆို၍ မိမိဦးထိပ်ထက်၌ပင့်သော အဓိပ္ပါယ်ပေါ်လွင် ပါသည်၊ သို့သော် စက္ခုတော် အစဉ်မမှန်ခြင်း၊ ပါဠိမမှန်ခြင်းတို့ကြောင့် ပြင်ဆင်ရေးသား၍ အနက်ပေးလိုက်ပါသည်၊

အစားထိုး ကျက်မှတ်ရွတ်ဆို၍ နေ့စဉ် ဘုရားရှိခိုးတိုင်း ဘုရားပင့်ပါ။

မျက်စိမှုန်မွဲ၍ အမြင်အားနည်းသူများ အထူးရွတ်ဆိုသင့်ပါသည်။

ဗုဒ္ဓ ဓမ္မ သမန္တဉ္စ၊ ဒိဗ္ဗဉာဏတိ ပဉ္စဟိ။

စက္ခူဟိ မေဟိ သမ္ပန္နော၊ ဗုဒ္ဓေါ မေ ဌာတု သီသကေ။

ဗုဒ္ဓ ဓမ္မ သမန္တဉ္စ-ဗုဒ္ဓစက္ခု ဓမ္မစက္ခု သမန္တစက္ခု၄င်း၊ ဒိဗ္ဗဉာဏဉ္စ-ဒိဗ္ဗစက္ခု ဉာဏစက္ခု၄င်း၊ ဣတိ-ဤသို့၊ ပဉ္စဟိ-ငါးပါးကုန်သော၊ ဣမေဟိ စက္ခူဟိ-ဤစက္ခုတော်တို့နှင့်၊ သမ္ပန္နော-ပြည့်စုံတော်မူသော၊ ဗုဒ္ဓေါ-မြတ်စွာဘုရားသည်၊ မေ-ဘုရားတပည့်တော်၏၊ သီသကေ-ဦးခေါင်းထက်၌၊ ဌာတု-တည်တော်မူပါစေသတည်း။

ဘဒ္ဒန္တ တိလောကသာရ-ဖြေသည်။

************************************************************

စကားမပြောသောအကျင့်

(မေး) (စကားမပြောသောအကျင့်)

ဆရာတော်ဘုရား တပည့်တော်၏ ဦးကြီးသည် တခါတရံ စကားမပြောဘဲ နေတတ်ပါသည်။ စကားမပြောဘဲ နေသော အဓိဋ္ဌာန်အကျင့်သည် မည်ကဲ့သို့သော အဓိဋ္ဌာန်အကျင့်မျိုး ဖြစ်ပါသလဲဘုရား။ မည်ကဲ့သို့သော အကျိုးကျေးဇူးများ ရနိုင်ပါသလဲဘုရား။

(မဇာဇာဝင်း-ဘီလူးကျွန်း)

(ဖြေ)

ဤခေတ်တွင် စကားမပြောဘဲနေသော ဝစီပိတ်ကျင့်စဉ်ဟုဆိုသော ကျင့်စဉ်များ ရှိကြောင်း ကြားရပါသည်။ ခေတ်အားလျော်စွာ အဆန်းထွင်၍ ကျင့်ကြခြင်းများ ဖြစ်သည်။ မြတ်စွာဘုရား လက်ထက်က ထိုကဲ့သို့ ကျင့်သူများရှိရာ မြတ်စွာဘုရားက ပသုသံဝါသ-သားကောင် (ကျွဲ-နွား) တို့၏ ပေါင်းဖော်နေထိုင်ခြင်း။

မူဂဗ္ဗတ-သူအ,တို့၏ အကျင့်။ တိတ္ထိယသမာဒါန-တိတ္ထိဂိုဏ်းဝင်တို့၏ ကျင့်သုံးခြင်းဟု ပြောဆိုရှုတ်ချတော်မူကာ ရဟန်းတို့သည် အညမညာနုလောမတာ-အချင်းချင်း ပြောဆိုဆက်ဆံ ကျင့်သုံးကြခြင်းကိုသာ အလိုရှိတော်မူပါသည်။ (ဝိ၊ဋ္ဌ၊၃၊ ၃၅၆) ထို့ကြောင့် ထိုသို့စကားမပြောသော ဝစီပိတ်အကျင့်များကို အထင်ကြီးကာ အတုယူ ကျင့်သုံးခြင်း မပြုရန် လိုကြောင်း ဖြေကြားလိုပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စကျင်ကျောက်ဆင်းတု

(မေး) (စကျင်ကျောက်ဆင်းတု)

အရှင်ဘုရား၊ တပည့်တော်မအိမ်တွင် စကျင်ကျောက်ဖြင့် ထုလုပ်ကိုးကွယ်ထားသော ဘုရားဆင်းတုတော်တဆူ ရှိပါသည်။ မိဘလက်ထက်က ကိုးကွယ်ခဲ့သော ဘုရားဆင်းတုတော် ဖြစ်ပါသည်ဘုရား။

(၁) စကျင်ကျောက်ဖြင့်ထုလုပ်ထားသော ဆင်းတုတော်ကို ဆက်လက်ကိုးကွယ်ရန် သင့်-မသင့်၊ အကယ်၍ မသင့်တော်ပါက မည်ကဲ့သို့၊ မည်သည့်နေရာသို့ လှူဒါန်းရမည်ကို ဖြေကြားပေးတော်မူပါဘုရား။

(၂) စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ဆင်းတုတော်ကို အိမ်၌ကိုးကွယ်ပါက စီးပွားရေး ကျန်းမာရေး ညံ့တတ်သည်ဟု ဆိုသည်မှာ မှန်-မမှန် သိလိုပါသည်၊ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

(မခင်ဝင်းမြင့်-မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့)

(ဖြေ)

ဥဒ္ဒိဿစေတီဟူသော ရုပ်ပွားဆင်းတုတော်များကို အုတ်၊ ကျောက်၊ အင်္ဂတေ၊ သစ်သား၊ သံ၊ ကြေး၊ ပန်းပေါင်း၊ သားရိုး စသည်တို့ဖြင့် အရွယ်အစားစား ထုလုပ်ကိုးကွယ်ကြသည်မှာ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်တို့၏ ထုံးတမ်းဓလေ့ပင် ဖြစ်ပါသည်။ အိမ်ဦးဘုရားခန်း၌ ကြီးမားသော အုတ်၊ အင်္ဂတေတို့ဖြင့် မထုလုပ်၊ မတည်ထားဘဲ ကျောက် (စကျင်ကျောက်)၊ သံ၊ ကြေး၊ သစ်သား စသည်တို့ဖြင့် ကိုးကွယ်ကြမြဲဖြစ်ပါသည်။

ကျောက်ဖြင့်ထုလုပ်ကိုးကွယ်ခြင်းမှာလည်း အလွန်ရှေးကျသော ခေတ်ကပင် ကိုးကွယ်ခဲ့သော အစဉ်အလာဖြစ်ခဲ့ ပါသည်။ သာဓကအားဖြင့်-ယခု ပန်းတောင်း ပေါ်တော်မူ ရုပ်ရှင်တော်မြတ်-မှာ ကျောက်သားဆင်းတုတော် ဖြစ်၍ မူလအလောင်းစည်သူမင်းမြတ် တိုင်းခမ်းလှည့်လည်ရာ မဟာသမုဒ္ဒရာ ဇမ္ဗူ့သပြေပင်ရှိရာ အရပ်မှ ပင့်ဆောင်လာသော ရှင်ဖြူဘုရားဖြစ်၍ စစ်ကိုင်းချောက်မ အရပ်၌ ဂူတည်၍ ကိုးကွယ်ခဲ့ကြောင်း၊

နောက် မဏိပူရသို့ ရောက်သွားခဲ့ရာ အလောင်းမင်းတရားကြီး လက်ထက် ပြန်လည်ပင့်ဆောင်လာပြီး နန်းဦး၌ ကိုးကွယ်ခဲ့ရာ သားတော် ဆင်ဖြူရှင်လက်ထက်အထိ အင်းဝ နန်းဦး၌ ကိုးကွယ်ခဲ့ကြောင်း။ ၁၁၂၆-ခုနှစ်တွင် သူရဲဇီး မြို့စား ဦးငြိမ်းက တောင်းပန်၍ ပန်းတောင်းသို့ ပင့်ဆောင်လာကြောင်း စသည့်သမိုင်းကြောင်း ရှိလေသည်။

ထိုသို့ နန်းတော်အတွင်း၌ပင် ကျောက်ဆင်းတု ဥဒ္ဒိဿစေတီတော်များကို ကိုးကွယ်ခဲ့သော ထုံးတမ်းစဉ်လာကိုကြည့်၍ အိမ်၌ ကျောက်ဆင်းတု မကိုးကွယ်ကောင်း၊ ကိုးကွယ်လျှင် စီးပွားရေး ကျန်းမာရေး ညံ့တတ်သည်ဝဟု ယူဆနေသည်မှာ ဗုဒ္ဓဘာသာမပီသရာ ကျလေသည်။ ဤခေတ် လူချမ်းသာအိမ် တော်တော်များများမှာပင် ကျောက်ဆင်းတု ဥဒ္ဒိဿစေတီတော်များ ကိုးကွယ်ပူဇော်ထားသည်ကို တွေ့ရသည်။ မိမိ၏သဒ္ဓါစေတနာသာလျှင် ပဓာနဖြစ်ကြောင်း ဖြေကြားလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စတီးသပိတ်

(မေး) (စတီးသပိတ်)

အရှင်ဘုရား၊ သပိတ်အရောင်နှင့် ပတ်သက်သော ဝိနည်းပညတ်ချက် ရှိပါသလားဘုရား၊ ယခုခေတ် ပေါ်နေသော (မည်သည့်အရောင်မျှ မဆိုးသော) စတီးသပိတ်ကို ကိုင်ဆောင်သင့်ပါသလားဘုရား။

(ရှင်ဝိသုဒ္ဓ-မန္တလေး)

(ဖြေ)

ခုဒ္ဒသိက္ခာတွင် ဒါရု ရူပိယ သောဝဏ္ဏာ၊ မဏိ ဝေဠုရိယာ မယာ-စသော အကပ္ပိယ သပိတ်များဆိုင်ရာ ဂါထာရှိရာ သစ်သား၊ ငွေ၊ ရွှေ၊ ပတ္တမြား၊ ကြောင်မျက်ရွဲ၊ ကြေးဖြူ၊ စဉ့်၊ သလွဲဖြူ၊ သလွဲမည်း၊ ဖန်၊ ကြေးနီ-စသော မအပ်သော သပိတ်တို့ကို ပြထားသည်။

စားသောက်ခွက် (ထာလက) နေရာ၌ တမ္ဗာယော မတ္တိကာမယာ-စသည်ဖြင့် ကြေးနီခွက်၊ သံခွက်၊ မြေခွက်တို့ အပ်ကြောင်း ဆိုသည်။

သပိတ်၌ မြေ-သံတို့ အပ်သည်ဆိုရာ၌ မီးဖုတ်၍ သုံးဆောင်ရကြောင်း သံသပိတ်၌ပင် အနည်းဆုံး နှစ်ကြိမ် ဖုတ်ရကြောင်း ဆိုသဖြင့် မည်းနက်သော အရောင်ရှိမှ သပိတ်အင်္ဂါမြောက်သည်ဟု ဆိုသင့်ပါသည်။

အထက်ပါတို့ကို ထောက်ဆ၍ စတီးသပိတ်မှာ သံခွက်အနေဖြင့် ဆွမ်းဘောဇဉ်များထည့်၍ စားသောက်နိုင်သော်လည်း သပိတ်အဖြစ် အဓိဋ္ဌာန်တင်၍ သုံးဆောင်ခြင်း၊ ဆွမ်းခံခြင်း စသည်တို့၌ ယင်းစတီးသပိတ် ဖြစ်နိုင်-မဖြစ်နိုင် စဉ်းစားဆင်ခြင်စရာပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရဖြေသည်)

စွယ်တော်လေးဆူ

(မေး) (စွယ်တော်လေးဆူ)

အရှင်ဘုရား၊ စွယ်တော်လေးဆူအကြောင်း ဖတ်ရ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူမှ ရယူကြရကြောင်း ကြည်ညိုရပါသည်၊

ပရိနိဗ္ဗာန်စံတော်မမူမီ အခြား အံတော် သွားတော်များ ရနိုင်-မရနိုင် သိလိုပါသည်ဘုရား။

သက်တော် ၈၀-မှ ပရိနိဗ္ဗာန်ပြုသဖြင့် ရမည်ဆိုက ရနိုင်ရန်ရှိကြောင်း ကြံစည်မိ၍ မေးရပါသည်ဘုရား။

(ဦးစောဖြူ-စစ်တွေ)

(ဖြေ) မြတ်စွာဘုရားတို့သည် ပါရမီ ၁၀-ပါး၊ အပြား ၃၀-တို့ကို ကမ္ဘာပေါင်းများစွာ ဖြည့်ဆည်းဖူးခဲ့သဖြင့် ပရိနိဗ္ဗာန်စံတော်မူသည်အထိ အသားအရေ တွန့်လိပ်ခြင်း၊ ဆံတော်ဖြူခြင်း၊ သွားတော် ကျိုးခြင်း မရှိ။

သက်တမ်း၏ ငါးပုံ လေးပုံအရောက် လူအပေါင်းတို့ ချစ်ခင်မြတ်နိုးနေစဉ်မှာပင် ပရိနိဗ္ဗာန်စံတော်မူကြောင်း

ဗုဒ္ဓါနာမ ခဏ္ဍိစ္စာဒိ ဘာဝံ အပ္ပတွာဝ ပဉ္စိမေ အာယုကောဋ္ဌာသေ ဗဟုဇနဿ ပိယမနာပကာလေယေဝ ပရိနိဗ္ဗာယန္တိ။ (သံ၊ဋ္ဌ၊၃၊၂၈၃) ဟု အဋ္ဌကထာဆရာတို့ မိန့်ကြားတော်မူခဲ့ပါသည်။ (အင်္ဂုတ္တရ၊ဋ္ဌ၊ ဒီဃ၊ဋ္ဌ၊တို့တွင်လည်း အလားတူ ဆိုပါသည်။)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စာခိုးဖြေ၍ စာမေးပွဲအောင်သူ

(မေး) စာခိုးဖြေ၍ စာမေးပွဲအောင်သူ

အရှင်ဘုရား၊ စာမေးပွဲဖြေဆိုရာ၌ စာခိုး၍ဖြေသော ရဟန်း သာမဏေအား မည်သည့်အပြစ်များ သင့်ပါသလဲဘုရား။

(ပညာသီရိ-မိတ္ထီလာမြို့)

(ဖြေ) စာမေးပွဲ ခိုးဖြေမှုနှင့်စပ်၍ အဆုံးအဖြတ်အမျိုးမျိုး တွေ့ရပါသည်။

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက-မတရားသော နည်းဖြင့် စာမေးပွဲ ဖြေဆိုအောင်မြင်၍ ဆုလာဘ်ကို ခံယူသော ရဟန်းများအတွက် မိမိကိုယ်တိုင်လည်း သံသယရှိနေပါ၏၊

သို့သော် ဝိနယဂရုက-ဟု ထင်ရှားသော ဂိုဏ်းဂဏထဲမှ ပညာကိုခိုးခြင်းဖြစ်၍ ပါရာဇိကအာပတ် မသင့်-ဟု ဆုံးဖြတ်သည့် ဆရာတော်များရှိကြောင်း ကြားသိရသည်။

ထို့ကြောင့် ဒုတိယပါရာဇိက အာပတ်သင့်သည်-ဟု အတိအလင်းဆုံးဖြတ်ရန် ဝန်လေးပါသည်။ ဤမျှထက်ပို၍ မဆုံးဖြတ်နိုင်ပါ။ သံသယရှိလျှင် မိမိကိုယ်တိုင် ထိုသို့သောအပြစ်မှ ကင်းလွတ်အောင် ရှောင်ကြဉ်၍ မိမိစကားကို နားထောင်မည့်ပုဂ္ဂိုလ်တို့အားလည်း အလားတူပင် အပြစ်ကင်းအောင် နေထိုင်ကျင့်သုံးရန် ဩဝါဒပေဖို့သာ ရှိပါသည်။ ဟု အမေးတခုကို ဖြေဆိုရာ၌ မိန့်တော်မူထားပါသည်။ ထိုအတိုင်းသာ မှတ်ယူကျင့်သုံးစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စာပွဲတခုတည်း ရဟန်းနှင့်လူ အတူအသုံးပြုမှု

(မေး) (စာပွဲတခုတည်း ရဟန်းနှင့်လူ အတူအသုံးပြုမှု)

အရှင်ဘုရား၊ ရဟန်းတပါးသည် လူပုဂ္ဂိုလ်များနှင့် စားပွဲကြီးတခုတည်းတွင် အတူထိုင်၍ ဘုဉ်းပေးနေသည်ကို တွေ့ရပါသည်။ ထိုသို့ အတူဘုဉ်းပေးသုံးဆောင်ခြင်းဖြင့် ဘုန်းကြီးနှင့်လူများ မည်သည့်အပြစ် သင့်သည်ကို ဖြေကြားပေးတော်မူပါဘုရား။

(လွင်ဇော်မိုး-မြောက်ဥက္ကလာပ)

(ဖြေ)

စားပွဲတခုတည်း ဖြစ်သော်လည်း ရဟန်းအတွက် သီးသန့်ထမင်း၊ ဟင်းတို့ကို ကပ်ထားပြီး သီးသန့်ပန်းကန်ခွက်ယောက်များဖြင့် ဘုဉ်းပေးသုံးဆောင်လျှင် အကပ်မပျက်၊ အပြစ်မသင့်ပါ။ ထမင်းဟင်းခွက်များ အတူတူနှိုက်ယူစားသုံးလျှင်ကား ရဟန်းတွင် ပါစိတ်အာပတ်သင့်ပြီး လူဒါယကာများအတွက် ရဟန်းတော်များကို မရိုသေခြင်းအပြစ် ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

စာပွဲတခုတည်း ရဟန်းနှင့်လူ အတူအသုံးပြုမှု

(မေး) (စာပွဲတခုတည်း ရဟန်းနှင့်လူ အတူအသုံးပြုမှု)

အရှင်ဘုရား၊ ရဟန်းတပါးသည် လူပုဂ္ဂိုလ်များနှင့် စားပွဲကြီးတခုတည်းတွင် အတူထိုင်၍ ဘုဉ်းပေးနေသည်ကို တွေ့ရပါသည်။ ထိုသို့ အတူဘုဉ်းပေးသုံးဆောင်ခြင်းဖြင့် ဘုန်းကြီးနှင့်လူများ မည်သည့်အပြစ် သင့်သည်ကို ဖြေကြားပေးတော်မူပါဘုရား။

(လွင်ဇော်မိုး-မြောက်ဥက္ကလာပ)

(ဖြေ)

စားပွဲတခုတည်း ဖြစ်သော်လည်း ရဟန်းအတွက် သီးသန့်ထမင်း၊ ဟင်းတို့ကို ကပ်ထားပြီး သီးသန့်ပန်းကန်ခွက်ယောက်များဖြင့် ဘုဉ်းပေးသုံးဆောင်လျှင် အကပ်မပျက်၊ အပြစ်မသင့်ပါ။ ထမင်းဟင်းခွက်များ အတူတူနှိုက်ယူစားသုံးလျှင်ကား ရဟန်းတွင် ပါစိတ်အာပတ်သင့်ပြီး လူဒါယကာများအတွက် ရဟန်းတော်များကို မရိုသေခြင်းအပြစ် ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

စာမတတ်သူ

(မေး) (စာမတတ်သူ)

အရှင်ဘုရား၊ တပည့်တော်မ ရိုသေစွာ လျှောက်ထားအပ်ပါသည်။ တပည့်တော်မ အသက်ခုနစ်ဆယ်ကျော်သည် ဗုဒ္ဓဘာသာ မြန်မာစကားသာတတ်ပြီး စာအရေး အဖတ် မတတ်ပါ။ တပည့်တော်မလို လူတွေ တရားထိုင်လို့ ရပါသလား။ လူတွေ ဟောပြောနေတဲ့ ဝိပဿနာအဓိပ္ပါယ်ကို သိချင်ပါတယ်။ သာသနာတော်နဲ့ ကြုံရကျိုးနပ်ချင်ပါတယ် ဘုရား။ သနားသဖြင့် အမြန်ဆုံး ဦးစားပေးဖြေကြားပေးတော်မူပါဘုရား။

(ခုစာကို သားမှတဆင့် ရေးလျှောက်ပါသည်ဘုရား)

(ဒေါ်အေး-လွိုင်ကော်)

(ဖြေ)

စာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ ကမ္မဋ္ဌာန်းဆရာပြောသမျှ နားထောင်ပြီး ခိုင်းသမျှ လုပ်တတ်၊ ကျင့်ကြံတတ်ဖို့သာ လိုပါသည်။ အသက်ပင် သေပေ့စေ ဆရာခိုင်းတာ မှန်သမျှ လုပ်မည်ဟု သဘောထား၍ အားထုတ်ကြသူတို့မှာ ပို၍ပင် တရားအမြင် မြတ်ပါသည်။ အချို့စာတတ်၍ ငါသိလုပ်ကာ ဆရာပြောတိုင်းမလုပ်၍ ဉာဏ်အရောက်ပင် နှေးတတ်ပါသေးသည်။

ထို့ကြောင့် စာမတတ်သော်လည်း ကြုံရာတရားစခန်းတွင်ဝင်၍ အားထုတ်ကြည့်ပါ။ ပေါက်ရောက်နိုင်ပါသည်။ ဖြစ်နိုင်လျှင် ရန်ကုန်မင်္ဂလာဗျူဟာအသင်းချုပ်မှ ကြီးမှူးကျင်းပပေးနေသည့် လယ်တီဆရာတော်ဘုရားကြီး၏ နည်း အနာဂါမ်ဆရာသက်ကြီး၏ တပည့်၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဦးသန်း ဦးဆောင်ပြသနေသည့် ခုနစ်ရက် တရားစခန်းများသို့ လာရောက်၍ ဆက်သွယ်အားထုတ်သင့်ကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စာအုပ်ကို ရှိခိုးခြင်း

(မေး) (စာအုပ်ကို ရှိခိုးခြင်း)

အရှင်ဘုရား

စာအုပ်ကို ဦးနှိမ်ကျိုးလို့ ရှိခိုးကြလူရှင်၊ ဓမ္မစေတီ ရည်ရွယ်ထား၊ ဖြစ်ပွားကုသိုလ်ရသည်ဟု စိတ်ကမှတ်ထင်။

စာအုပ်တိုင်း စေတီသွင်၊ ဦးတင်ကဘယ်သို့၊ ဓမ္မံ ပူဇေမိ၊ ရရှိနိုင် ခါမရွေးတယ် အရေးဘယ့်နှယ် မှတ်ရမယ် ဆုံးဖြတ်ပါလို့။

(ရှင်မာခွေး-မကွေး)

(ဖြေ)

မြတ်ဗုဒ္ဓါ ဟောဖော်ကြား၊ တရားမြတ် ပါဠိတော်။

ရိုက်နှိပ်ထား များပြားစာပေအုပ်တို့ကို

ဒူးတုပ်ကာ ဦးနှိမ်ချ များလှသူတော်။

ဓမ္မံ ပူဇေမိ အသိစေတနာနှင့် ဝန္ဒနာ ပဏာမကြောင့်

ကုသလ ရွှင်ပျော်ပျော် ပူဇော်သင့် လူတိုင်း။

တွေ့ကရာ စာအုပ်များကို ဝပ်တွားလျှင် ကုသိုလ်မရပါဘု၊

ဓမ္မ မှန်-မမှန် တွေး၍ လေးမြတ်ညွတ်ကိုင်း။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စာမေးပွဲ ခိုးချမှု

(မေး) (စာမေးပွဲ ခိုးချမှု)

အရှင်ဘုရား၊ စာမေးပွဲတွင် မသမာ (ခိုးချ) မှုဖြင့် ဖြေဆိုသော ရဟန်းအား ထိုစာမေးပွဲအောင်မြင်၍ ကပ်လှူသောဝတ္ထုငွေနှင့် အောင်လက်မှတ်ကို ခံယူပါက ပါရာဇိက ကျ-မကျ သိလိုပါသည်ဘုရား။ ထိုဝတ္ထုငွေ တန်ဖိုးမှာ ယခုကာလအားဖြင့် ထောင့်ခြောက်ရာမှ တသောင်းကျော်ထိ ဖြစ်ပါသည်။

(သောတုဇနများ-ပုသိမ်မြို့)

ကျောင်းသားတွေ စာမေးပွဲမှာ စားခိုးချတာ ဘာသာရေး ရှုထောင့်က ကြည့်လျှင် အပြစ်ရှိပါသလား၊ အချို့က သူတပါးပစ္စည်းခိုးတာ မဟုတ်လို့ အပြစ်မရှိဟု ဆိုကြပါတယ်။ ခိုးချဖို့ စာတွေ ရောင်းချသူတွေကော အပြစ်ရှိပါသလားဘုရား။

(ဆရာလင်း-ယော)

(ဖြေ)

စာမေးပွဲ ခိုးဖြေခြင်းနှင့် ပတ်သက်၍ ရဟန်းတော်များ ပါရာဇိက ကျ-မကျ ဆုံးဖြတ်ရာဝယ် စာအောင်ဆု တန်ဖိုးဖြင့် နှိုင်းယှဉ်ကြရာ တမတ် တမတ်ထိုက်သော တန်ဖိုးကို ခိုးယူလျှင် ပါရာဇိက ကျပေသည်။ ထိုတမတ်သည် ယခုခေတ်တမတ်ကို မယူရ။ ရွှေစင်တမတ်=ရွှေကဟာပဏ ရွှေငွေကြေးသုံးမျိုး ရောသော မိဿက ကဟာပဏကို ယူရမည်ဟု ဝိနည်းအဋ္ဌကထာ၊ ဋီကာတို့၌ မိန့်ဆိုကြကုန်၏၊

ဝိမတိဋီကာ၌ ရွှေစင်တမတ်ကို ယူ၍ ဝိနစ္ဆယဋီကာနှင့် ရှေးသီဟိုဠ် (သီရိလင်္ကာ) ဆရာကြီးများက မိဿက ကဟာပဏကို ယူသည်။ ဤနှစ်မျိုးကိုသာ ရှေးကာလ၌ အယူများကြ၏၊ ရွှေစင်တမတ်နှင့် မိဿက ကဟာပဏ တမတ်တန် ဆုငွေ၊ ဝတ္ထုပစ္စည်းကို အလှူခံလျှင် ပါရာဇိက ကျပေရာ၏၊ ယခုခေတ် ရွှေတကျပ်သားသည် ၁-သိန်း ၈-သောင်းခန့် တန်ကြေးရှိရာ ရွှေတမတ်သားသည် ၄-သောင်းခွဲခန့် တန်ပေ၏၊ သို့သော် တန်ဖိုးဆိုသည် အချိန်ကာလလိုက်၍ ပြောင်းလဲတတ်ပေရာ ဒုဗ္ဘိက္ခကာလ၌ -ဒုဗ္ဘိက္ခေ အာပဏိကဿ တိလမုဋ္ဌိ ထေယျစိတ္တော အဝဟရိ အာပတ္တိ တွံ ဘိက္ခု အာပန္နော ပါရာဇိက,န္တိ-အစရှိသော ဝိနီတဝတ္ထု (ဝိ-၁၊ ၈၁) ၌ ငတ်မွတ်ခေါင်းပါးချိန်၌ နှမ်းတဆုပ်သည်ပင် နီလကဟာပဏ တမတ်၊ ရွှေငါးရွေးမတန်ဟု မဆိုင်နိုင်ပေ။ အထူးဆင်ခြင်သင့်လှပေ၏၊

ဤနေရာ၌ စာမေးပွဲဖြေဆိုခြင်းသည် လှူဖွယ်ဆု ရရှိခြင်းကို အဓိက မထားဘဲ ဂုဏ်လိုချင်မှု၊ ထင်ပေါ်ကျော်စောလိုမှုလောက်သာ ရည်မှန်း၍ ခိုးခြင်းဖြစ်လျှင် ခိုးခြင်းအင်္ဂါများနှင့် ထေယျစိတ္တပါ-မပါ ဆိုသည်ကိုကား ကာယကံရှင်များသာ သိနိုင်ပေလိမ့်မည်။

သို့သော် ရဟန်းတော်များသည် မိမိ၌ တကယ်မရှိသော ပရိယတ်ဂုဏ်များကို တကယ်ရှိသယောင် ဟန်ဆောင်ခြင်းမှာ သာဌေယျ=ကောက်ကျစ်မှု တမျိုးဖြစ်၍ ဥဇုကဂုဏ်၊ ဥဇုပ္ပဋိပန္နဂုဏ် ပျက်ယွင်းသောကြောင့် သူတော်ကောင်းရဟန်းကား မဖြစ်နိုင်။

လူပုဂ္ဂိုလ်များမှာလည်း ကာယုဇုကတာ၊ စိတ္တုဇုကတာ-ဟု ကိုယ်ရောစိတ်ပါ။

မာယာ+သာဌေယျ=မနှော ဖြောင့်မတ်ရမည်ဟု ဆိုပါသည်။

သို့မှသာ သောဘန=တင့်တယ်သော လူမွန်လူမြတ် ဖြစ်ပေမည်။

မရှိသော အရည်အချင်းဖြင့် ရှိဟန်ဆောင်ကာ ကြွားဝါဂုဏ်ယူခြင်းသည် ကောက်ကျစ်မှု=သာဌေယျသဘော ဖြစ်၍ သူတော်ကောင်း ပုဂ္ဂိုလ်ကား မဖြစ်နိုင်။

ထို့ပြင် အမှန်တကယ် အတတ်မသိသော ပညာဘွဲ့ ဒီဂရီများဖြင့် မိမိအကျိုး၊ အများအကျိုး၊ သာသနာအကျိုးကို ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်သည့် အပြင် သိသင့်သိထိုက်သော အခြေခံသင်ရိုးများ မကျေညက် မသိရှိသည့်အတွက် အထက်အထက် စာပေပညာများကို ဆင်လက်သင်ကြားရန် နားမလည်တော့ပေ။ မိမိ၏ ပညာရေးခရီးနှင့် အရာရာ တိုးတက်မှုကို မိမိကိုယ်တိုင်ပင် ဖျက်ဆီးရာရောက်ပေ၏၊ ထို့ကြောင့် ရဟန်းသူတော်ကောင်း၊ လူသူတော်ကောင်းတို့၏ အပြုအမူလည်း မဟုတ်။ မိမိ၏ ပညာရေးခရီးကို ချိုးဖဲ့ဖျက်ဆီးရာလည်း ရောက်သော စာမေးပွဲ ခိုးချဖြေဆိုခြင်းကို ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ အထူးရှောင်ရှား သင့်ကြပေသည်။

ခိုးစာ (ခိုးကူးဖို့ရန် စာ) ရောင်းသူများသည် လှပမွှေးကြိုင်ပြီး တန်ဖိုးရှိစွာ ပွင့်လန်းလာမည့် ကျောင်းသူ-ကျောင်းသားများ၊ ရှင်ရဟန်းများ၏ မြင့်မြတ်သန့်စင်သော ဘဝပန်းကလေးများကို ဖျက်ဆီးသူအဖြစ်လည်းကောင်း၊ တိုင်းပြည်နှင့် အမျိုးဘာသာ၊ သာသနာကို ဖျက်ဆီးသူအဖြစ်လည်းကောင်း၊ လောကကို အကျည်းတန် အရုပ်ဆိုးအောင်၊ လောကကို ပျက်စီးအောင်လုပ်သူများ အဖြစ်လည်းကောင် ပြုရာကျသည်။ သံသရာတွင် အပြစ်ကြီးလေးလှပေသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

စိတ်

(မေး) (စိတ်)

စိတ်ကြောင့် လူ-နတ်-ဗြဟ္မာ-ငရဲ-တိရစ္ဆာန်-ပြိတ္တာ အမျိုးမျိုးဖြစ်ရသည် ဆိုသည်မှာ မှန်ပါသလား။ ဗုဒ္ဓဘာသာတွင် စိတ်ကို မည်ကဲ့သို့ ထိန်းသိမ်းရမည်ကို ဖြေကြားပေးတော်မူပါဘုရား။

(ညီညီစိုး-ညောင်လေးပင်)

(ဖြေ)

သက်ရှိသက်မဲ့ လောကကြီးတခုလုံးကို စိတ်က ဦးဆောင်ပါသည်။ စိတ်ကြောင့်ပင် ကမ္ဘာလောကကြီး ဖြစ်ရပျက်ရသည်။ သတ္တဝါတို့သန္တာန်၌ လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်တရားတို့ များလာသောကြောင့် ကမ္ဘာကြီးပျက်စီးရသည်။ သတ္တဝါတို့သန္တာန်၌ ကမ္ဘာလောကကြီးအသစ် ပြန်ဖြစ်စေလိုသော စိတ်ကြောင့်ပင် ကမ္ဘာသစ်ကြီး ပြန်လာရ၏၊

မိမိ၏စိတ်က ငရဲ-တိရစ္ဆာန်-ပြိတ္တာ-ဘုံတို့ကို ကြိုက်နှစ်သက်သောစိတ်ကြောင့်ပင် ငရဲ-တိရစ္ဆာန်-ပြိတ္တာ-ဖြစ်ရ၏၊ လူ-နတ်-ဗြဟ္မာ-အဖြစ်ကို ကြိုက်နှစ်သက်သော စိတ်ကြောင့်ပင် လူ-နတ်-ဗြဟ္မာ အမျိုးမျိုးတို့ ဖြစ်ရ၏၊

ဤစကားရပ်၌ စောဒကတက်ဖွယ် ရှိပြန်သည်မှာ ငရဲ-တိရစ္ဆာန်-ပြိတ္တာ ဖြစ်ချင်သောစိတ်ကား လူတိုင်းတွင် မရှိသော်လည်း အဘယ်ကြောင့် ငရဲ-တိရစ္ဆာန်-ပြိတ္တာ-ဖြစ်ရပါသနည်း ဆိုသော် ငရဲ-တိရစ္ဆာန်-ပြိတ္တာကို ဖြစ်စေတတ်သော အကုသိုလ်ကံတို့ကို ပြုချင်စိတ်ရှိကြသောကြောင့်ပင် ငရဲ-တိရစ္ဆာန်-ပြိတ္တာ ဘုံသို့ရောက်စေတတ်သော အကုသိုလ်ကံတို့ကို ပြုဖြစ်ကြ၏၊ ထိုသို့ပြုဖြစ်ခြင်းသည်ပင် ငရဲ-တိရစ္ဆာန်-ပြိတ္တာဘုံကို ကြိုက်နှစ်သက်သော စိတ်ဆန္ဒကြောင့် ဖြစ်ပါသည်။

ငရဲ-တိရစ္ဆာန်-ပြိတ္တာဘုံကို မကြိုက်မနှစ်သက်သောသူသည် ငရဲ-စသောဘုံသို့ ရောက်စေတတ်သော အကုသိုလ်ကံတို့ကို ပြုချင်စိတ်ရှိမည် မဟုတ်ပါ။

လောကကြီးတွင် (စိတ်) အမျိုးမျိုး ဆန်းကြယ်၍ လိုချင်မှု (တဏှာ) အမျိုးမျိုး ဆန်းကြယ်လာ၏၊

လိုချင်မှု တဏှာအမျိုးမျိုး ဆန်းကြယ်၍ ကုသိုလ်-အကုသိုလ်(ကံ) အမျိုးမျိုး ဆန်းကြယ်လာ၏၊

ထို (ကံ) အမျိုးမျိုး ဆန်းကြယ်၍ လူ-နတ်-ဗြဟ္မာ-ငရဲ-တိရစ္ဆာန်-ပြိတ္တာ (သတ္တဝါ) အမျိုးမျိုး၊

သက်ရှိသက်မဲ့ လောကကြီး အမျိုးမျိုး အဆန်းတကြယ် ဖြစ်လာရ၏၊

တလောကလုံး ဆန်းကြယ်သမျှ စိတ်က ပြုလုပ်ခြင်း ဖြစ်ပါ၏၊

ထို့ကြောင့် ဘုရားရှင်က စိတ္တံ ဒန္တံ သုခါဝဟံ-စိတ်ကို ကောင်းကောင်းထိန်းသိမ်း၍ (ဆုံးမ၍) အသုံးချသွားနိုင်လျှင် ချမ်းသာမှာ မလွဲဧကန် ဖြစ်ပါ၏၊ စိတ်ကို ထိန်းသိမ်းရန် နည်းများမှာ သီလအကျင့် အမျိုးမျိုး၊ မေတ္တာဘာဝနာစသော သမထဘာဝနာ အမျိုးမျိုး၊ ဝိပဿနာ ဘာဝနာ အမျိုးမျိုးတို့ကို ပွားများကျင့်ကြံသောအားဖြင့် ထိန်းသိမ်းရပါမည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

စိတ်ရိုင်းကို ယဉ်ကျေးစေရန်

(မေး) (စိတ်ရိုင်းကို ယဉ်ကျေးစေရန်)

အရှင်ဘုရား၊ ရိုသေစွာ စာရေးမေးလျှောက်ပါသည်ဘုရား၊ တပည့်တော်သည် ဘုရားရှိခိုးသည့် အခါတွင် ဘုရားကို အာရုံပြု၍မရပါ။ ဇွတ်အတင်း အာရုံပြုကြည့်ပါသည်၊ ခဏသာ ရပါသည်။ စိတ်ကိုတင်းပြီး ပြုလုပ်ပါသည်။ ဘုရားစာများကို ဆိုသာဆိုသွားပါသည်။ စိတ်က ဟိုရောက်လိုက်၊ သည်ရောက်လိုက် ဖြစ်နေပါသည်။ စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားပါသည်။ ပုတီးစိပ်သည့်အခါတွင် ဘုရားကို အာရုံပြုသာ ပြုနေရသည်၊ ဂုဏ်တော်များသာ ရွတ်၍ ပြီးသွားသည်၊ ဘာမျှ သိပ်မသိလိုက်၊ တပည့်တော် ဝိပဿနာအလုပ်ကို မဝင်ဖူးပါ၊ မဝင်တာလဲ အဲသည်လိုဖြစ်မှာ စိုးရိမ်လို့ပါ၊ အရှင်ဘုရားမှ သနားကြင်နာစွာဖြင့် ဖြေကြားပေးတော်မူပါ။

(မှိုင်း-ရန်ကုန်)

(ဖြေ)

စိတ်ကို အမြဲလွှတ်ထားသဖြင့် ရိုင်းချင်တိုင်း ရိုင်းနေခြင်းဖြစ်သည်။ ထိန်းသိမ်းမရသော နွားဆိုးနွားမိုက်အား ကြိုးဖြင့် ချည်တိုင်တွင် ချည်နှောင်၍ ဆုံးမရသကဲ့သို့ ရိုင်းနေသော စိတ်ကို ဝိပဿနာဖြင့်သာ ဆုံးမပေးသင့်သည်။ ဝိပဿနာအားထုတ်လျှင် မည်မျှထိန်းသိမ်းမရသောစိတ်ပင် ဖြစ်စေ၊ သုံးလေးရက်အတွင်း ထိန်းသိမ်း၍ ရသွားသည်။ ငြိမ်သက်၍ သမာဓိရသွားသည်၊ ထိုအခါတွင် ဖြစ်မှုပျက်မှုများပါ မြင်လာသည်အထိ သူ့အလိုအလျောက် ယဉ်ကျေး၍ သွားလိမ့်မည်။ မည်သည့် ဝိပဿနာနည်းပဲဖြစ်ဖြစ် အမြန်ဝင်ရောက် အားထုတ်သင့်ကြောင်း အကြံပေး ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စိတ်တခုယုတ် ကိုးဆယ် နှင့် စိတ်ကုဋေတသိန်း

(မေး) (စိတ်တခုယုတ် ကိုးဆယ် နှင့် စိတ်ကုဋေတသိန်း)

အရှင်ဘုရား၊ စိတ် ၈၉-ပါး၊ (စိတ်တခုယုတ် ကိုးဆယ်) ရှိသည်ဟု သင်္ဂြိုဟ်တွင် ဆိုထားပါသည်၊

လက်ဖျစ်တတွက်အတွင်း စိတ်ပေါင်း ကုဋေတသိန်းဖြစ်သည်ဟုလည်း ဆိုထားပါသည်၊

ဘာကိုအမှန်ယူရပါမည်နည်း ဘုရား။

(မသင်းသင်းအေး-ဒဂုံမြို့သစ် မြောက်ပိုင်း)

(ဖြေ) စိတ် ၈၉ (စိတ်တခုယုတ် ကိုးဆယ်)ဆိုသည်မှာ စိတ်အမျိုးအမည်တို့ကို ဖော်ပြခြင်းသာ ဖြစ်သည်။

ထိုစိတ်တခုယုတ် ကိုးဆယ်ထဲမှ (ဝါ) စိတ်၈၉-ထဲမှ စိတ်တခုတခုတို့၏ ဖြစ်မှု ပျက်မှုမှာ လက်ဖျစ်တတွက်၊ လျှပ်တပြက်အတွင်းတွင် ကုဋေတသိန်း(မက) ဖြစ်ပျက်၍နေပါသည်၊

ဥပမာ-မိုးသားကင်းစင်သော ညအခါတွင် ကောင်းကင်ကိုမော့ကြည့်လျှင် ကြယ်ပေါင်းမြောက်မြားစွာကို တပြိုင်နက် မြင်ရပါလိမ့်မည်။ အမှန်မှာ ကြယ်တလုံးကို ဝီထိစိတ် ၃-၄ကြိမ် ဖြစ်ပြီးမှ မြင်ပြီး၊ နောက်တလုံးကို ပြောင်း၍ ဝီထိများကျ၍ မြင်ရပါသည်၊ ကြယ်ပေါင်းများစွာကို တလုံးပြီးတလုံး ဝီထိများကျ၍ မြင်ရသော်လည်း ဝီထိစိတ်များ ဖြစ်ပျက်မြန်လှ၍ တပြိုင်တည်း မြင်ရသကဲ့သို့ ဖြစ်နေပါသည်။

ဤသို့ဖြင့် လက်ဖျစ်တတွက် လျှပ်တပြက်အတွင်း စိတ်ပေါင်း ကုဋေတသိန်းမက ဖြစ်ပျက်နေသည်ကို သဘောပေါက်လိမ့်မည်ဟု ယူဆပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စိဉ္စမာဏ စွပ်စွဲခြင်း ဝဋ်ကြွေး

(မေး) (စိဉ္စမာဏ စွပ်စွဲခြင်း ဝဋ်ကြွေး)

အရှင်ဘုရား၊ ဘုရားအလောင်းယစ်ထုပ် (အရက်သမားကြီး) ဖြစ်စဉ်က ကောင်းမွန်စွာ ကျင့်သုံးနေသော ပရိဗိုဇ်မတပါးကို ခုနစ်ရက်အတွင်း ငါ့နောက်က အရက်အိုးရွက်ပြီး လိုက်လာစေရမည်ဟု ဆိုကာ အကျင့်ကိုဖျက်ဆီး၍ မယားပြုခဲ့သဖြင့် ၄င်းဝဋ်လည်ကာ ဘုရားဖြစ်သောဘဝတွင် စိဉ္စမာဏဝိကာ-က လင်အဖြစ်စွပ်စွဲခြင်းကို ခံရသည်ဟု ကြားဖူးပါသည်။ ထိုစကား မှန်ပါသလား၊ ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

(သိလိုသူ တပည့်တဦး-ပန်းတောင်း)

(ဖြေ) သစ္စကပါပီ ပရိဗိုဇ်မအား အရက်သမားဖျက်ဆီး၍ ပျက်စီးသောဝတ္ထုမှာ အသီတိနိပါတ် ကုဏာလဇာတ်လာ ကုဏာလဥဩငှက်မင်း ဆောင်ပြသော ဝတ္ထု ဖြစ်ပါသည်။ အရက်သမားလည်း ဘုရားလောင်းမဟုတ်ပါ။ ၄င်းဝတ္ထုပါ သစ္စကပါပီလည်း အဟုတ်အမှန် အကျင့်ကောင်း မဟုတ်ပါ။ တရားရှိဟန် ဆောင်နေသူသာဖြစ်၍ မိန်းမများတည်ကြည်မှု မရှိပုံကို ၄င်းဝတ္ထုကိုပြ၍ ဟောခြင်းသာဖြစ်ပါသည်။

မြတ်စွာဘုရားကို စိဉ္စမာဏဝိက ဖျက်ဆီးခြင်းနှင့် ထိုဝတ္ထုမဆိုင်။ ဝဋ်တော် ၁၂-ပါးဆိုင်ရာ အစွပ်စွဲခံရမှုမှာ ဘုရားလောင်းက ပစ္စေကဗုဒ္ဓါအား စွပ်စွဲခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြောင်း အပဒါန်တွင် ဆိုပါသည်။

(အပဒါနပါဠိ-၁၂၈)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စုတ်ပြဲသော သင်္ကန်းများအသုံးပြုပုံ

(မေး) (စုတ်ပြဲသော သင်္ကန်းများအသုံးပြုပုံ)

အရှင်ဘုရား၊ ရဟန်းတော်များ သင်္ကန်းကို အသုံးပြုရာတွင် အရှင်အာနန္ဒာနှင့် ကောသလမင်းကြီးတို့၏ အမေး+အဖြေကြောင့် စုတ်သွားသောသင်္ကန်းကို ကြမ်းတိုက်၊ ခြေသုတ်၊ အမှုံ့ပြု၍ လမ်းခင်း စသည်ဖြင့် အလဟဿမဖြစ်ရအောင် အသုံးပြုပုံကို သိရသဖြင့် ကြည်ညိုသဒ္ဓါ ပွားများရပါသည်။ သို့သော် တပည့်တော်သည် ဘုန်းကြီးကျောင်းသို့ မကြာခဏ သွားနေရပီး စိတ်မကြည်လင်ဖြစ်ရသည်မှာ ဘုန်းကြီးကျောင်းတွင် သင်္ကန်းအစုတ်ကို ခြေသုတ်၊ လက်သုတ်ပြုလုပ်ထားပါသည်။ လူတယောက်အနေဖြင့် အခြားခြေသုတ်လည်း မရှိ၍ ထိုသင်္ကန်းစုတ်ကိုပင် ခြေသုတ်၊ လက်သုတ် သုံးမိလျှင် အပြစ် ရှိ-မရှိ သိလိုပါသည်။

တဖန် ဘုန်းကြီးကျောင်း ကြမ်းတိုက်သည့်အခါတွင်လည်း သင်္ကန်းစုတ်ကိုပင် လက်ဖြင့်ကိုင်၍ ကြမ်းတိုက်သည်မှာ သင့်တော်သော်လည်း ခြေဖြင့်နင်း၍ ကြမ်းတိုက်လျှင် လူတဦးအနေဖြင့် အပြစ်ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။

(ဦးသာရှိ -ခ-ဦးသန်းရွှေ - ကြာပင်-တမူးမြို့)

(ဖြေ)

ရဟန်းတို့၏ အသုံးအဆောင်များသည် လူပုဂ္ဂိုလ်များအတွက် ပူဇော်ရာ စေတီထိုက်သောအရာ၌ တည်ပါသည်။

(ဘိက္ခူနံ ပရိဘောဂေါ၊ ဂိဟီနံ စေတီယဋ္ဌာနေ တိဋ္ဌတိ)။

ထို့ကြောင့်လူပုဂ္ဂိုလ်များအနေဖြင့် သင်္ကန်းဟူသော အမှတ်သညာ မပျောက်သေးလျှင် ခြေဖြင့်နင်းခြင်း၊ ခြေသုတ်ခြင်း၊ လက်သုတ်ခြင်း စသော မရိုမသေပြုမှု အမျိုးမျိုးကို ရှောင်ကြဉ်သင့်ပါသည်။ ရဟန်းသံဃာများ အနေဖြင့်လည်း လူများအကုသိုလ်အပြစ် မရောက်စေရန် လူအများ သွားလာဝင်ထွက် သုံးဆောင်ရာ၌ မထားမိဖို့ သတိပြုသင့်ပါသည်။ ရဟန်းသံဃာချည်း အသုံးပြုသည့်နေရာ၌သာ ထားသင့်ပါသည်။

သင်္ကန်းသည် အရဟဒ္ဓဇံ-အရဟတ္တဖိုလ် ရဟန္တာတို့၏ အလံတံခွန် ဖြစ်ပါသည်။ လူပုဂ္ဂိုလ်များ ရဟန္တာအဖြစ်သို့ရောက်လျှင် သင်္ကန်းမရှိက ထိုရဟန္တာဖြစ်သည့်နေ့ပင် ပရိနိဗ္ဗာန်ပြုရလေ၏၊ သင်္ကန်းဝတ်ရလျှင်ကား သက်တမ်းရှိသမျှ ရဟန္တာဘဝဖြင့် နေနိုင်ပါ၏၊ သင်္ကန်း၏ တန်ခိုး ကြီးမားလှပါ၏၊ သာသနိကပစ္စည်း အမျိုးမျိုးတို့ကို လူတို့ မရိုမသေ အသုံးမပြုမိဖို့ရန် ရဟန်းသံဃာများက အသိပေးဆုံးမကြရပါမည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

စုဆောင်းခြင်း

(မေး) (စုဆောင်းခြင်း)

အရှင်ဘုရား၊ တပည့်တော်မသည်၊ အိမ်ထောင်ရှင်တဦးဖြစ်၍ မိမိခင်ပွန်းဖြစ်သူ၏ ဝင်ငွေထဲမှ ခင်ပွန်းဖြစ်သူအား အသိမပေးဘဲ နောင်ရေးအတွက် မြော်မြင်၍ သီးသန့် ဖယ်ရှားစုဆောင်းထားကာ လက်ဝတ်ရတနာအချို့ ပြုလုပ်ထားပါသည်။ အရေးကြုံလျှင် ထုခွဲသုံးစွဲရန် ရည်ရွယ်ပါသည်။

သို့သော် ခင်ပွန်းဖြစ်သူကို အသိမပေးဘဲ ထားသဖြင့် အဒိန္နာဒါနကံ ကျူးလွန်ရာ ရောက်နေမည်လား-ဟု သံသယဖြစ်မိပါသည်။

ထို့ပြင် စုဆောင်းထားသော ငွေပိုငွေလျှံများမှ လှူဒါန်းခြင်း၊ မိဘ ဆွေမျိုးများအား ထောက်ပံ့ခြင်း၊ မရှိနွမ်းပါးသူအား ပေးကမ်းခြင်းလည်း ပြုလုပ်ပါသည်၊ မိမိလိုအပ်သော အဝတ်အစား အသုံးအဆောင်များလည်း ဝယ်ပါသည်။ ထိုကိစ္စများကို ခင်ပွန်းသည်အား အသိမပေး၍ တပည့်တော်မမှာ အဒိန္နာဒါနကံ ထိုက်မထိုက် သိလိုပါသည်ဘုရား။

(ခင်ခင်ချို-မန္တလေး)

(ဖြေ)

အိမ်ထောင်ရှင် ယောကျ်ားတဦး၏ ရှာဖွေရရှိသော ဝင်ငွေမှာ ဇနီးမောင်နှံနှစ်ဦး ပိုင်ဆိုင်သော ပစ္စည်းပင်ဖြစ်သည်၊ ၄င်းပစ္စည်းကို ဇနီးဖြစ်သူက ဖြုန်းတီးမှုမျိုး မဟုတ်ဘဲ တရားသဖြင့် သုံးစွဲလျှင် အပြစ်မရှိပါ။

ထို့ပြင် ဇနီးမယား၏ ဝတ္တရား ငါးပါးမှာ

(အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ အိမ်သူကျင်အပ်စွာ)ဟု လာရှိပါသည်။

ရှိတော့ တန်ဆာ, မရှိတော့ ဝမ်းစာ-ရည်ရွယ်ကာ လက်ဝတ်လက်စား လုပ်ထားခြင်းမှာ သုသံဝိဟိတကမ္မန္တ-ဟူသော သိင်္ဂါလသုတ်ပါဠိတော်လာ ဖော်ပြပါလင်္ကာ သိမ်းထုတ်သေချာအရ ဇနီးမယားဝတ္တရားနှင့် အညီပင် ဖြစ်ပေသည်။

ထို့ပြင် မိဘဆွေမျိုးများအား ထောက်ပံ့ခြင်းစသည်မှာလည်း (သင်္ဂဟိတ ပရိဇနာ)ပါဠိတော်လာ လျော်အောင်ဖြန့်ချိခြင်းပင်ဖြစ်၍ ဝတ္တရားအရပင် ညီညွတ်လျက် ရှိပြန်သည်။ ထို့ကြောင့် ပြဿနာရှင်၏ ပြုမူဆောင်ရွက်မှုမှာ အဒိန္နာဒါနကံ မထိုက်သည့်ပြင် စိတ်ထားတတ်က မြတ်, ဟူသော စကားအတိုင်း ကုသိုလ်ပင်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စူဠသောတာပန်

(မေး) (စူဠသောတာပန်)

အရှင်ဘုရား၊ စူဠသောတာပန်ဖြစ်လျှင် အပါယ်မလားကြောင်း ပြောကြပါသည်။ စူဠသောတာပန်သည် ဒိဋ္ဌိ ဝိစိကိစ္ဆာ မကင်းသေးဟု သိရပါသည်။ သို့ဖြစ်ပါလျက် အဘယ့်ကြောင့် အပါယ်မလားပါသနည်း။ မဟာသောတာပန် နှင့် မည်သည့်တူညီမှု ရှိနေပါသနည်း၊ တပည့်တော်များ နားလည်အောင် ဖြေကြားပြတော်မူပါဘုရား။

(ဝင်းအောင်-တောင်ကြီး)

(ဖြေ)

ဤကင်္ခါဝိတရဏ ဝိသုဒ္ဓိ-ရသော ပုဂ္ဂိုလ်သည် သီလဝိသုဒ္ဓိဖြင့် သီလစင်ကြယ်ပြီးဖြစ်ရကား အပါယ်ရောက်ကြောင်း မကောင်းမှုအကုသိုလ် အကြီးစားတွေကို မပြုတော့။ စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရပြီးဖြစ်ရကား လောကီအာရုံ ကာမဂုဏ်အကြံ၊ သူတပါးပျက်စီးကြောင်း အကြံကိုလည်း မကြံစည်တော့။ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ နှစ်ပါးကြောင့် ရုပ်နာမ်အပေါ်၌၄င်း၊ ဘုရား တရား အရိယာသံဃာတော်များ အပေါ်၌၄င်း ယုံမှားသံသယ မရှိတော့။ အဝိဇ္ဇာ၊ တဏှာ မကုန်သေးသမျှ ကံကလည်း ဘဝသစ်အကျိုးကို ပေးမည်သာဟု ယုံကြည်ပြီးဖြစ်ရကား ဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာလည်း ကင်းကွာလေတော့သည်။ ထို့ကြောင့် ရုပ်နာမ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု ဝိပဿနာမရှိသေးသောကြောင့် သောတာပန်အကြီးစား (သောတာပန်အစစ်၊ မဟာသောတာပန်) မဖြစ်သေးသော်လည်း လာမည့်ဘဝ၌ ဧကန်မုချ အပါယ်မကျဖို့ သေချာလှသောကြောင့် စူဠသောတာပန် (သောတာပန် နောင်တော်ကြီး၏ ညီငယ်၊ သောတာပန် အမတော်ကြီး၏ ညီမငယ် သောတာပန်ကား) ဧကန်ဖြစ်နေပြီ-ဟု မှတ်ပါ။

(ခုဒ္ဒသိက္ခာဘာသာဋီကာ ၆၀၂)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စျာန် အဘိညာဉ်

(မေး)။ စျာန်နှင့်အဘိညာဉ်တို့၏ အဓိပ္ပါယ်ကို ခွဲခြားသိလိုပါသည်၊

ဘုရားလောင်းသိဒ္ဓတ္ထ တောထွက်ပြီး ပထမစျာန်မှ အဋ္ဌမစျာန်အထိ စျာန်ရှစ်ဆင့် ရရှိအောင် အဆင့်ဆင့် ကျင့်ကြံအားထုတ်ပုံကို အကျဉ်းချုံး၍ ရှင်းပြပေးတော်မူပါရန်

(မောင်သန်းနိုင်-မြန်မာစာအဓိက၊ မေဓာဝီလမ်း-မြောက်ဥက္ကလာပ)

(ဖြေ)။ ကာမစ္ဆန္ဒစသော နီဝရဏတရားတို့ကို လောင်မြိုက်တတ်သော တရားကို စျာန်ဟုခေါ်သည်။

စတုက္ကနည်းအားဖြင့် ရူပစျာန်လေးပါး၊ အရူပစျာန်လေးပါး၊ ယင်း ၈-ပါးကို သမာပတ် ၈-ပါးဟုခေါ်သည်။

အဋ္ဌမစျာန်ဟု အသုံးမရှိပါ၊

ရူပါဝစရ ကုသိုလ် ကြိယာ ပဉ္စမစျာန်ကို အထူးသိတတ်သော သဘောတရားများ ဖြစ်၍ အဘိညာဉ်ဟုခေါ်သည်။

အဘိညာဉ်မှာ ဣဒ္ဓိဝိဓ-စသည်ဖြင့် ငါးပါးရှိပါသည်။

စျာန် ၈-ဆင့်ရရှိရန် အဆင့်ဆင့် အားထုတ်ပုံမှာ-ပဝထီစသော ကသိုဏ်းဝန်းကို ရှု၍ ရူပပထမစျာန် စသည်ဖြင့် ရူပစျာန် ၅-ဆင့်၊ ထို့နောက် ကောင်းကင်ပညတ် စသည် အာရုံဖြင့် အရူပစျာန် ၄-ဆင့်ကို ဆက်လက် အားထုတ်ရပါသည်၊

အားထုတ်ရပုံကို ဖော်ပြရလျှင် အလွန်ကျယ်ဝန်းလှပါသည်၊ အဘိဓမ္မာ စိတ်ပိုင်း ရူပ-အရူပ အပိုင်းအခန်းကို လေ့လာဖို့ လိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စျာန်တရား

(မေး)။ ဩကာသ ကန်တော့ခန်းအဆုံး ဆုတောင်းရာတွင် စျာန်တရား၊ မဂ်တရားဟု စျာန်တရားကို ထည့်၍ ဆုမတောင်းရဘူးလား ဘုရား။

(မျိုးမြင့်-မော်လမြိုင်မြို့)

(ဖြေ)။ ဩကာသကန်တော့ခန်း ဆုတောင်ပိုင်းတွင် ပယ်ဆု၊ လိုဆု-နှစ်မျိုးရှိသည်၊

ပယ်ဆုပိုင်းတွင် အပါယ်လေးပါး၊ ကပ်သုံးပါး စသော မလိုလားအပ် ပယ်ရှားအပ်သော ဆုများကို တောင်းရသည်။

လိုဆု-နေရာတွင် မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ် ဟူသော လောကုတ္တရာဆုကိုသာ တောင်းရပါသည်။

စျာန်တရားမှာ လောကီတရားဖြစ်၍ ယင်းကို ဆုတောင်းထဲ ထည့်ရလျှင်-လူ့စည်းစိမ် နတ်စည်းစိမ်တို့ကိုလည်း ရရှိပြီး၍, စသည့်စျာန်တရား၏ ရှေ့ကထည့်ရမလို ဖြစ်နေပါသည်၊ ထိုပကြောင့် ရှေးရှေးဆရာမြတ်တို့က ကန်တော့ခန်းတွင် လောကုတ္တရာဆုတောင်းကိုသာ ထည့်ပေးခြင်းဖြစ်ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စကြဝဠာ ကုဋေတသိန်း

(မေး) (စကြဝဠာ ကုဋေတသိန်း)

အရှင်ဘုရား၊ စကြာဝဠာ ကုဋေတသိန်းတို့သည် ဖြစ်လည်းအတူ၊ ပျက်လည်းအတူ-ဟု ဆိုပါသည်။ ထိုသို့ဆိုပါက ထိုစကြဝဠာတို့တွင်လည်း တပည့်တော်တို့ ဘဒ္ဒကမ္ဘာမှာကဲ့သို့ ဘုရားများပွင့်နိုင်-မပွင့်နိုင် ဖြေကြားရှင်းလင်းပြတော်မူပါဘုရား။

(မနှင်းသီရိ-သံတွဲ)

(ဖြေ) မြတ်စွာဘုရား၏ ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ် ဟူ၍ ခေတ်သုံးမျိုး ရှိရာ စကြဝဠာတိုက်တသောင်းသည် ဤစကြဝဠာနှင့်အတူ မြတ်စွာဘုရားအလောင်း ဖွားမြင်တော်မူသောအခါ စသည်တို့၌ အတူလှုပ်ရှားခြင်း၊ ထိုစကြဝဠာတို့မှ နတ်ဗြဟ္မာတို့ လာရောက် တရားနာယူခြင်း စသည်တို့ကြောင့် ဇာတိခေတ်ဟုဆိုရသည်။

စကြဝဠာကုဋေတသိန်းကား ဤစကြာဝဠာနှင့် ဖြစ်အတူ ပျက်အတူဖြစ်၍ မြတ်စွာဘုရားပရိတ်တော်၊ တရားတော်တို့၏ တန်ခိုးအာဏာ ပျံ့နှံ့ရာဖြစ်၍ အာဏာခေတ်ဟုဆိုရသည်။

စကြဝဠာအနန္တမှာကား မြတ်စွာဘုရား၏ ဉာဏ်တော်ကျက်စားရာဖြစ်၍ ဝိသယခေတ်ဟု ဆိုရပါသည်။ ဘုရားပွင့်တော်မူခြင်းမှာမူ ဤစကြဝဠာမှ တပါး အခြားမည်သည့်စကြဝဠာမှာမှ ပွင့်တော်မူလေ့မရှိကြောင်း မှတ်သားထားရပါမည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စကြစေတီနှင့် ကုသိုလ် အကုသိုလ်

(မေး) (စကြစေတီနှင့် ကုသိုလ် အကုသိုလ်)

၁။ စကြဝတေးမင်းကို စေတီတည်ထား ကိုးကွယ်ကြသည်ဆိုသည်မှာ ဟုတ်ပါသလား၊ ဘာကြောင့်ပါလဲဘုရား။

၂။ အကုသိုလ်တရားများကို မလွှဲမရှောင်သာ၍ ကျူးလွန်ြ့ီးနောက် ကုသိုလ်တရားများကို ပြုလုပ်ခြင်းကြောင့်

အကုသိုလ်တရားများ ပပျောက်ပါသလား၊ အဟောသိကံ ဖြစ်ပါသလား ဘုရား။

(မင်းမင်းထွန်း-သုံးဆယ်)

(ဖြေ)

၁။ လောကတွင် စေတီထိုက်သူ သုံးဦးမှာ ဘုရား၊ ရဟန္တာနှင့် စကြဝတေးမင်း-ဟု ဆိုပါသည်။

ဘုရား ရဟန္တာတို့၏ ဓာတ်တော်များကို စေတီတည်၍ ကိုးကွယ်က လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရနိုင်ပြီး စကြဝတေးမင်း၏ အရိုးဓာတ်တို့ကို စေတီတည်၍ ကိုးကွယ်က လူချမ်းသာ နတ်ချမ်းသာ နှစ်မျိုးကို ရနိုင်ကြောင်း အင်္ဂုတ္တရ ဒုကနိပါက အဋ္ဌကထာတွင် ဆိုပါသည်။

စကြဝတေးမင်းသည် လောကရှိ မင်းကျင့်တရားများ အပြင် စက္ကဝတ္တိဓမ္မတို့နှင့် ပြည့်စုံလျက် လူ့လောကအား ငါးပါးသီလမြဲအောင် အမြဲမပြတ် ဟောပြောပြသသူ ဖြစ်သည်။ ဘုရားသာသနာမရှိသော ခေတ်ကာလတွင် လူသားတို့အား မနုဿ-ဒေဝ သမ္ပတ္တိတို့ကို ဖြစ်စေ၍ အလွန်တရာ ကျေးဇူးကြီးလှသဖြင့် ၄င်းအား စေတီတည်၍ ကိုးကွယ်ထိုက်ခြင်း ဖြစ်ပါသည်။

၂။ အကုသိုလ်တရားများကို ပြုလုပ်က မကောင်းမှု အကျိုးကို ပေးမည်သာ ဖြစ်သည်။

မိမိက ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်မှုများ၍ ကုသိုလ်အကျိုးများ ဆက်ကာဆက်ကာ ပေးနေလျှင် အကုသိုလ်အကျိုးသည် ကြားမဝင်သာ၍ အကျိုးမပေးဘဲ ငုပ်နေတတ်သည်။

ကုသိုလ်ကျိုး အားနည်းလာက ကြားဝင်၍ အကျိုးပေးပေလိမ့်မည်၊ မဂ်ကုသိုလ်ဖြစ်၍ နိဗ္ဗာန်ဝင်သည့်တိုင်အောင် အကုသိုလ်က အကျိုးမပေးသာလျှင်ကား အဟောသိကံ ဖြစ်သွားနိုင်ပါသည်။

အင်္ဂုလိမာလ၏ လူပေါင်းများစွာ သတ်ခဲ့သော အကုသိုလ်ကံသည် ရဟန္တာဖြစ်သွား၍ ပဋိသန္ဓေကျိုး မပေးနိုင်သော်လည်း ပဝတ္တိ၌ ခဲမှန်၍ ထိပ်ပေါက် ခေါင်းကွဲ ဖြစ်ရသေးသည်အထိ ပဝတ္တိ၌ အကျိုးပေးသေးသည်ကို သတိပြုပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆံပင် ထပ်ရိတ်ခြင်းနှင့် သကြားလုံးစားခြင်း

(မေး) (ဆံပင် ထပ်ရိတ်ခြင်းနှင့် သကြားလုံးစားခြင်း)

အရှင်ဘုရာ၊

(က) ဘုန်းကြီးဝတ်ပြီး ကိုရင်ဝတ်ပြီး လူထွက်သည့်အခါ ဘုန်းကြီးတုန်းက၊ ကိုရင်တုန်းက ဆံပင်နှင့် မနေကောင်းဘူးဆိုကာ ခေါင်းထပ်ရိတ်ခိုင်းကြပါသည်။ ဘုန်းကြီးဆံပင်နှင့် လူဝတ် မနေကောင်းဟုလည်း ပြောကြပါသည်။ လူထွက်သည့်အခါ ခေါင်းပြန်ရိတ်ရန် လိုအပ်ပါသလား။ အကယ်၍ ပြန်မရိတ်ဘဲ နေသော် အပြစ်ရှိပါသလား။

(ခ) ဘုန်းကြီးဝတ်ခြင်း၊ ကိုရင်ဝတ်ခြင်းများ ပြုလုပ်သည့်အခါ ၁၂-နာရီကျော်လျှင် သကြားလုံးမျာ ကပ်လှူ၍ စားတာကို တွေ့ရှိရပါသည်။ သကြားလုံးကပ်ခွင့်၊ စားခွင့်ရှိပါသလား၊ သိလို၍ ဖြေကြားပေးတော်မူပါဘုရား။

(ဇော်လင်းထွန်း-ရန်ကုန်မြို့)

(ဖြေ)

(က) ရဟန်းဘဝမှ သိက္ခာချသည့်အခါ လုံးဝလူပြန်ဖြစ်သွားသဖြင့် လူ့ဘဝ၌ ရဟန်းဆံပင်ဟူ၍ မရှိတော့။ ထို့ကြောင့် လက်တသစ်၊ နှစ်သစ်ခန့်ပင် ရှည်သည့်တိုင်အောင် လူဖြစ်သောအခါ ဆံပင်ထပ်၍ရိတ်ရန် မလိုအပ်တော့ပါ။

သာမဏေ လူထွက်ရာ၌ လူဝတ် ဝတ်လိုက်လျှင် သာမဏေဘဝ ပျက်၍ လုံးဝလူပုဂ္ဂိုလ် ပြန်ဖြစ်သွားပါသည်။ ထို့ကြောင့် သာမဏေဆံပင်ဟူ၍ မရှိတော့ပါ။ ပြန်၍ ရိတ်ဖွယ်ကိစ္စလည်း မရှိနိုင်တော့ပါ။

(ခ) ရဟန်းတော်များ စားသောက်ဖွယ်ရာ တို့မှာ-

(၁) ယာဝကာလိက-နံနက်ပိုင်းသာ စားအပ်သော ဆွမ်းသစ်သီးစသည်။

(၂) ယာမကာလိက-ဤနေ့အရုဏ်တက်မှ နောက်နေ့ အရုဏ်ထိသာ အပ်သော အဖျော်ရည်စသည်။

(၃) သတ္တာဟကာလိက-၇-ရက်သာအကပ်ခံ၍ စားသောက်အပ်သော စတုမဓူ ပျားသကာ စသည်များ။

(၄) ယာဝဇီဝိက-တသက်လုံးပင် အကပ်ခံထားပြီး စားသောက်အပ်သော ဆေးဝါးများ-ဟူ၍ ၄-မျိုးရှိသည်။

ထိုတွင် သကြားလုံးမှာ ၃-နံပါတ် သတ္တာဟကာလိက၌ ပါဝင်ပါသည်။ ယနေ့အကပ်ခံထားလျှင် ၇-ရက်အထိ အကပ်မခံဘဲ စားသောက်နိုင်၏၊ စားသောက်နိုင်သည်ဆိုသော်လည်း ဆာလောင်ရုံဖြင့် မအပ်။ အားနည်းခြင်း စသော ရောဂါရှိမှသာ အရည်ကို သောက်နိုင်ပါသည်။ အရည်မဟုတ်သော သကြားခဲ၊ ထန်းလျက်ခဲ စသည်တို့ကို အရည်ဖျော်၍ သောက်ရပါသည်။

(သတ္တာဟကာလိက ဆိုသည့်အတိုင်း ၇-ရက်စေ့သွားလျှင် ထပ်မံ၍ အကပ်ခံရသည်။ ထပ်မံ၍ အကပ်မခံဘဲ စားသောက်မိလျှင်၄င်း၊ မစွန့်ပစ်လျှင်၄င်း အာပတ်သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆံပင် ဘုရားလှူ

(မေး) (ဆံပင် ဘုရားလှူ)

အရှင်ဘုရား၊ တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာလှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားပါသည်။ ယခု ဆံပင်ရှည်၍ ဖြတ်ပြီးလှူမည်လုပ်ရာ အချို့က ဆွပင်အတိုင်း မလှူကောင်း ရောင်၍၊ သို့မဟုတ်-ဘုန်းကြီးသုံး ယပ်လုပ်၍ လှူရသည်ဟု ပြောပါသည်။ မည်သို့လှူသင့်သည်ကို ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။

(အေးငြိမ်းမိုး-ပန်းတောင်းမြို့)

(ဖြေ) ဆံပင်မှာ မိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထုဖြစ်ကာ အမွေး-ခြေသည်း-လက်သည်း-သွား-အရေပြား-တို့နှင့်အတူ တစပဥစကအဝင် ဇေဂုစ္ဆ-သဘောတရားဖြစ်၍ သူတော်ကောင်းတို့ စက်ဆုပ်အပ်သော အရာဝတ္ထုပင်ဖြစ်ပါသည်။ အမျိုးသမီးတို့အဖို့ အမွန်အမြတ်ဖြစ်သော်လည်း ရတနာသုံးပါး၌ ဆံပင်အတိုင်း ဆွဲချိန်လှူဒါန်း၍လည်း တင့်တယ်မှုမရှိပါ။ လူ့ဆံပင်ကို ယပ်စသည်လုပ်၍ လှူဒါန်းရိုးလည်း မရှိပါ။ မြတ်စွာဘုရားလက်ထက်က ဆံပင်ကောင်းသော အမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ ရောင်ချရရှိသည့်ငွေဖြင့် အရှင်ကစ္စာယန-စသော ရဟန္တာရှစ်ပါးအား ဆွမ်းချက်လှူဒါန်း၍ ဒိဋ္ဌဓမ္မအကျိုးပေးသဖြင့် မိဖုရားဖြစ်သွားသော ဝတ္ထုတခုကို ထောက်၍ ဆံပင်ကို ရောင်းချလျက် အခြားအကျိုးဖြစ်မည့် အလှူတခုခု လှူဒါန်းခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆံပင် မွေးညင်း

(မေး) (ဆံပင် မွေးညင်း)

အရှင်ဘုရား၊ လူ၏ခန္ဒာကိုယ်တွင် ဆံပင် မွေးညင်း စသည်ဖြင့် ရှိရာ ဆံပင်ပေါင်းမည်မျှ၊ မွေးညင်းပေါင်းမည်မျှဟု ဟောထားသောပါဠိတော်ရှိသည်ဟု သိရပါသည်။ ထိုဆံပင် မွေးညင်းတို့၏ အရေအတွက်ကို သိလိုပါသည်ဘုရား။

(ဦးထွန်းကို-တောင်ကြီး)

(ဖြေ)

လယ်တီဘုရားတော်ဘုရားကြီး ပြုစီရင်တော်မူသော ဘာဝနာဒီပနီတွင် ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌-ကေသကာယံ၊ လောမကာယံ၊ နခကာယံ၊ ဒန္တကာယံ-အစရှိသည်ဖြင့် ဟောတော်မူသောကြောင့် တယောက်သောသူ၏ ကိုယ်သန္တာန်၌ ကေသကာယ၊ လောမကာယ၊ အစရှိသည်ဖြင့် ကာယပေါင်း ၃၂-ပါးရှိ၏၊ (ကိုယ်ခန္ဓာပေါင်း ၃၂-ပါး ရှိ၏ဟူလို)။

၁။ ဆံပင်ပေါင်း ၂-ကုဋေ ၄-သန်း ရှိသည်ဆိုသောကြောင့် ကောသကာယပေါင်း ၂-ကုဋေ ၄-သန်းရှိ၏၊

၂။ ထို့အတူ မွေးညင်းခေါ်သော ကိုယ်ခန္ဓာပေါင်း ၉-သောင်း ၄-ထောင် ရှိ၏၊

၃။ ခြေသည်း လက်သည်း ခေါ်သော ကိုယ်ခန္ဓာပေါင်း ၂၀-ရှိ၏၊

၄။ သွားခေါ်သော ကိုယ်ခန္ဓာပေါင်း ၃၂-ပါးရှိ၏၊

၅။ အရေခေါ်သော ကိုယ်ခန္ဓာပေါင်း ၂-ပါးရှိ၏၊(အရေထူ အရေပါး ဟူလို)။

၆။ အသားခေါ်သော ကိုယ်ခန္ဓာပေါင်း ၉-ရာရှိ၏၊

၇။ အကြောခေါ်သော ကိုယ်ခန္ဓာပေါင်း ၉-ရာရှိ၏၊

၈။ အရိုးခေါ်သော ကိုယ်ခန္ဓာပေါင်း ၃-ရာရှိ၏၊ စသည်ဖြင့် ဖော်ပြထားသည်။ (ယင်းကျမ်း ၃၂)။

ဆံပင် မွေးညင်းတို့ကား ယေဘုယျအားဖြင့် ဖော်ပြပါ အရေအတွက်အတိုင်း မှတ်ပါ။ လူမျိုးအလိုက် ပုဂ္ဂိုလ်အလိုက် ကွာခြားမှုကား ရှိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆံပင်ကို လှူခြင်း

(မေး) (ဆံပင်ကို လှူခြင်း)

ဆရာတော်ဘုရား၊ အမျိုးသမီးများ ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရသည်ကို သိလိုပါသည်ဘုရား၊

ထို့ပြင် ငယ်ရွယ်စဉ် လှူခြင်း၊ အရွယ်ကြီးမှ လှူခြင်းနှင့် ကျန်ရစ်သူများအား မှာကြား၍ သေခါမှလှူခြင်းတို့ မည်သို့ ကွားခြားပါသလဲဘုရား။

(တင်တင်မိုး-က-ပ-စ ကမ္ဘာအေး)

(ဖြေ)

ဆံပင်ကို လှူခြင်းဟု ဆိုရာ၌ ဆံပင်ကိုဖြတ်၍ ဘုရား၌ ဆွဲချိတ်လှူဒါန်းခြင်းလော၊ ဆံပင်ကိုဖြတ်၍ ရောင်းကာ ရလာသောငွေဖြင့် တစုံတရာ လှူဒါန်းခြင်းလော-ဟု စိစစ်ဖွယ် ရှိသည်၊

ဆံပင်ကိုဖြတ်၍ ဆွဲချိတ်လှူဒါန်းခြင်းမှာအကျိုးမများပါ။

စေတနာအလျောက် ဆုတောင်း၍ ရနိုင်စရာ ရှိသော်လည်း အလှူခံ (ဌာန) ၌ အကျိုးရှိဖို့လည်း လိုပါသည်။

ဆံပင်ကိုဖြတ်ရောင်း၍ ရသောငွေကြေးဖြင့် လိုအပ်ရာရာကို လှူခြင်းက ပို၍ အကျိုးရှိနိုင်ပါသည်။

ဘုရားလက်ထက်က ဥဇ္ဇေနီပြည်ရှိ ဆံပင်အလွတ်ကောင်းသော အမျိုးသမီးသည် သူ့ဆံပင်ကို လိုချင်သူက ငွေတထောင်ပေးသော်လည်း မရောင်းခဲ့၊ တနေ့ ရဟန္တာအရှင်မြတ်များ ဆွမ်းခံချိန်၌ ဆွမ်းမရသည်ကို တွေ့ရ၍ သူ့ဆံပင်အားလုံးကို ဖြတ်ရောင်းရာ ငွေ ၈ိ/သာရသည်၊ ထိုငွေဖြင့် ဆွမ်းဝယ်၍ ရဟန္တာများအား လှူဒါန်းသည်၊ ရဟန္တာအရှင်မြတ်များ ဆွမ်းစားပြီး အနုမောဒနာပြုစဉ် စေတနာအလျောက် သူ့ဆံပင်အားလုံး နဂိုအတိုင်း ပြန်ဖြစ်သွားသည်။

ဥဇ္ဇေနီဘုရင်သိ၍ ခေါ်ယူပြီး မိဖုရားမြောက်ရသည်အထိ ဒိဋ္ဌဓမ္မ အကျိုးပေးကာ တမလွန်၌လည်း ကောင်းရာသုဂတိဘဝ၌ ဖြစ်ရကြောင်း ဝတ္ထုရှိပါသည်။ ထို့ကြောင့် ဆံပင်ကို လှူရာ၌ ဆံပင်အတိုင်း ဘုရားရှေ့ စသည်၌ ချိတ်ဆွဲ လှူဒါန်းခြင်းကို ဆင်ခြင်သင့်ပါသည်။

အရွယ်အားလျော်စွာ လှူဒါန်းခြင်းမှာ စေတနာ ပေါ်ပေါက်ချိန် အတိုင်းအတာအရ ဖြစ်၍ ဆိုဖွယ်မရှိပါ၊

သေမှ လှူရစ်ပါ-ဟု မှာကြား၍ လှူဒါန်းမှုမှာလည်း အကျိုးများဖွယ် မရှိဟု ထင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆံတော် လက်နှစ်သစ်

(မေး) မြတ်စွာဘုရား၏ ဆံတော်သည် တောထွက်တော်မူစ အနောမာမြစ်ကမ်းတွင် ပယ်တော်မူခဲ့၍

ကျန်ရှိသော ဆံတော်အတိုင်းပင် ဖြစ်ပါသလားဘုရား၊

အခြားရဟန္တာများကဲ့သို့ ရှည်ထွက်ခြင်း ရှိပါသလားဘုရား ဖြေကြားတော်မူပါရန်။

(ကိုဟန်ဝင်း-အင်းစိန်မြို့သစ်)

(ဖြေ)

ယင်းပြဿနာ၏အဖြေကို မဟာဗုဒ္ဓဝင် ဒုတိယတွဲ ၂၀၃-လာ အောက်ပါစကားရပ်ဖြင့် ရှင်းလင်းစွာ သိနိုင်ပါသည်။

ထို့နောက် အလောင်းတော်သူမြတ်သည် ငါ၏ ဤဆံပင်တို့ကား ရဟန်းတို့နှင့် မလျောက်ပတ်ကုန်ချေ၊ ထိုဆံပင်တို့ကို သန်လျက်ဖြင့် ပယ်ဖြတ်ပေအံ့-ဟု ကြံစည်၍ လက်ယာလက်ဖြင့် သန်လျက်ကို စွဲကိုင်ကာ လက်ဝဲလက်ဖြင့် မကိုဋ်နှင့်တကွသော ဆံထုံးကိုကိုင်၍ ဖြတ်ပယ်တော်မူလေ၏၊

ဆံတော်တို့သည် လက်နှစ်သစ်ပမာဏ အညီအမျှ ကြွင်းကျန်ရစ်ကြ၍ လက်ယာရစ်လည်ကာ ဦးခေါင်းတော်မှာ

ကပ်ငြိ တည်ရှိကြကုန်၏၊ ထိုဆံတော်တို့၏ ပမာဏကားအသက်ထက်ဆုံးပင် အသစ်တဖန် မရိတ် မပယ်ရဘဲ

ထိုလက်နှစ်သစ် ပမာဏသာ ရှိပေ၏၊

ဘုရားအလောင်းတော်မှာ နောက်တဖန် ထိုဆံပင်တို့ကို ရိတ်ပယ်ဖွယ်ကိစ္စ လုံးဝမရှိတော့ပြီ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆံတော်စေတီနှင့် ဝတ်လဲတော်စေတီ

(မေး) (ဆံတော်စေတီနှင့် ဝတ်လဲတော်စေတီ)

အရှင်ဘုရား၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား၏ ဆံတော်ဖြင့် တည်ထားသော စေတီနှင့် ဝတ်လဲတော်တို့ကို ဌာပနာ၍ တည်ထားသော စေတီတို့၏ ဉာဏ်တော်အမြင့်နှင့် နေရာတို့ကို သိလိုပါသဖြင့် ဖြေကြားတော်မူပါဘုရား။

(မောင်ဆန်းဦး-သန်လျင်မြို့)

(ဖြေ)

မဟာဗုဒ္ဓဝင် ဒုတိယတွဲ ၂၀၃-တွင် ဘုရားအလောင်းတော်သည် မကိုဋ်နှင့်တကွ ဆံထုံးတော်ကို ကိုင်ကာ ငါသည် အကယ်စင်စစ် ဘုရားဖြစ်မည့်သူမှန်အံ့-ဟု အဓိဋ္ဌာန်ပြု၍ ကောင်းကင်သို့ မြှောက်ပစ်လိုက်ရာ ကောင်းကင်၌ ပန်းဆိုင်းကို ဆွဲထားသည့်အလား တည်ရှိလေ၏၊ ထိုအခါ သိကြားမင်းသည် ဆံတော်ကို ယူပြီးလျှင် တာဝတိံသာနတ်ပြည်၌ သုံးယူဇနာ ဉာဏ်တော်အမြင့်ရှိသော စူဠာမဏိစေတီကို တည်ထားလေ၏၊

ထိုအခါ ဃဋိကာရ ဗြဟ္မာကြီးသည် အလောင်းတော်၏ ဝတ်လဲတော်ကိုယူ၍ (သုဒ္ဓါဝါသ ဗြဟ္မာ့ပြည်၌) တဆယ့်နှစ်ယူဇနာရှိသော စေတီတော်ကို တည်ထား၍ ဝတ်လဲတော်ကို ဌာပနာရာ ဒုဿစေတီဟု ခေါ်ဆိုလေသည်။(ယင်း-၃၀၇)

အထက်ပါကောက်နှုတ်ချက်များကို ကြည့်၍ သိရှိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆင်းတုတော်ကို ရေသပ္ပါယ်ခြင်း

(မေး) ဆင်းတုတော်ကို ရေသပ္ပါယ်ခြင်း

အရှင်ဘုရား၊ တပည့်တော်သည် အိမ်ရှိဘုရားစင်အား သန့်ရှင်းရေးလုပ်သည့်အခါ ဘုရားဆင်းတုတော်များကို ရေသပ္ပါယ်ခြင်း၊ နံနက်အိပ်ရာထ ဘုရားရှိခိုးသည့်အခါတိုင်း သီးသန့်အဝတ်ဖြင့် မျက်နှာတော်သစ်ခြင်းအမှုတို့ကို နေ့တိုင်းလုပ်ပါသည်။ အမျိုးသမီးများအနေဖြင့် ဘုရားဆင်းတုတော်ကို ထိခြင်း၊ ကိုင်ခြင်းကို မပြု၊ မလုပ်ရ၊ ပြုလုပ်လျှင် အပြစ်ရောက်သည်ဟုဆိုပါသည် ဟုတ်ပါသလားဘုရား၊ အိမ်ရှိဘုရားစင်နှင့် ပတ်သက်၍ အမျိုးသမီးများ မပြုလုပ်အပ်သော အရာများရှိလျှင် ဖြေကြားပေးတော်မူပါဘုရား။

(ညိုမမ-ရန်ကုန်)

(ဖြေ)

အိမ်ရှိဘုရားစင်များ သန့်ရှင်းရေးလုပ်ခြင်း၊ သုတ်သင် ရှင်းလင်းခြင်း၊ ဘုရားပန်း၊ ရေ၊ ဆွမ်း၊ ဆီမီးလှူဒါန်းခြင်း၊ ဆင်းတုတော်ကို ရေသပ္ပါယ်ခြင်း၊ မျက်နှာသစ်တော်ရေ ပြုခြင်း၊ သုတ်ခြင်းအလုပ်များမှာ အိမ်ရှင်မအမျိုးသမီးတိုင်း လုပ်သင့်သောအလုပ်များ ဖြစ်ပါသည်။အချို့ အမျိုးသမီးများက ဤအလုပ်များသည် ငါတို့နှင့်မဆိုင်ဟူ၍ပင် မှတ်ထင်နေကြပါသည်။ အမှန်အားဖြင့် အမျိုးသား အမျိုးသမီးတိုင်း လုပ်သင့်သည်သာ ဖြစ်ပါသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်စ အချိန်တွင် အရှင်အာနန္ဒာက အမျိုးသမီးများတိုင်းပင် အလောင်းတော်ကို ဖူးမြော်ခွင့် ရှေးဦးစွာ ပေးတော်မူရာ အမျိုးသမီးများက ခြေတော်အား ပွေ့ပိုက်၍ ရှိခိုးကြကြောင်း၊

ဘဒ္ဒါကာပိလာနီ ဘိက္ခုနီအလောင်း အမျိုးသမီးသည် ကဿပမြတ်စွာဘုရား စေတီတော်၌ ကိုယ်တိုင်ပင် တက်၍ ရွှေချ ပူဇော်ကြောင်းတို့ကို ထောက်၍ အမျိုးသမီးများ ဆင်းတုတော်၊ ရုပ်ပွားတော်၊ စေတီတော်တို့ကို ရေသပ္ပါယ်ခြင်း၊ ပွတ်သပ်သုတ်သင်ခြင်း ပြုနိုင်ကြောင်း ထင်ရှားပါသည်။

တောရွာဒေသများတွင် သင်္ကြန်အခါ၌ ကျောင်းရှိ ရုပ်ပွားတော် (ကျောက်ဆင်းတု၊ ကြေးဆင်းတု) များကို အမျိုးသမီးကြီးငယ်တို့ ရေသပ္ပါယ်လေ့ရှိပါသည်။ ထို့ကြောင့် အိမ်ရှိဘုရားစင်နှင့်စပ်၍ အမျိုးသမီးတို့ မလုပ်သင့်-မဆောင်ရွက်သင့်သော အရာဟူ၍ မရှိ၊ မလုပ်လျှင်သာ အပြစ်ရှိသည်ဟု ဆိုထိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆည်းလည်း-ဆွဲလဲ

(မေး) အရှင်ဘုရား၊ စေတီတော်တို့၏ ထီးတော်အောက်ဆုံးအဆင့် သံခွေ၌ ချိတ်ဆွဲပူဇော်ထားသော အသံသာယာစွာ မြည်တတ်သည့် အရာဝတ္ထုများကို အချို့က ခေါင်းလောင်း၊ အချို့က ဆွဲလွဲဟု အငြင်းပွားလျက် ရှိကြပါသည်။ သို့အတွက်ကြောင့် အမည်နာမ အမှန်ကို အငြင်းပွားသူတို့ စိတ်နှလုံးအေးလောက်အောင် ဖြေကြားပေးတော်မူပါဘုရား။

(ဂေါပကအဖွဲ့၊ သမိုင်းဝင် မြစည်းခုံစေတီတော် အင်းမမြို့)

(ဖြေ)

ခေါင်းလောင်းသံညည်း၊ ရွှေဆည်းလည်း၊ ချည်းချည်းသံလွင်လွင်”ဆိုသည့်အတိုင်း ခေါင်းလောင်းနှင့် ဆည်းလည်း (ဆွဲလဲ) သည် ပုံစံတူဖြစ်လျက် အကြီး အသေးသာ ကွာခြားပါသည်။ စေတီတော်တို့၏ ထီးတော်၌ ဆွဲထားသော ခေါင်းလောင်း ငယ်ကို ခေါင်းလောင်းဟု မခေါ်၊ ဆည်းလည်းဟုသာ ခေါ်ပါသည်။ တွဲလွဲဆွဲသည် ဟူသော မြန်မာဝေါဟာရ စကားသံအတိုင်း အများအားဖြင့် ဆွဲလွဲ-ဟု ခေါ်ကြပါ၏၊ မြန်မာအဘိဓာန်တွင် ဆည်းလည်း-န/ဆွဲလဲ/။

၁။ လေတိုက်လျှင် လှုပ်ခတ်ရန် ညောင်ရွက်ဆွဲ အဆန်ထည့်ထားသည့် ခေါင်းလောင်းငယ် (စေတီ ထီးတော်တွင် ဆွဲတပ်လေ့ရှိသည်) လေညင်းလာက၊ ပဉ္စင်္ဂလည်း၊ မြမြချည်းချည်း၊ ရွှေဆည်းလည်းနှင့်၊ နရည်းစရာ၊ မနှိုင်းသာတည့်။ ဘုံ၃၃၊ ညောင်းညောင်း ချည်းချည်း၊ ရွှေဆည်းလည်းနှင့်၊ နရည်းမြူးကွန့်” ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် စေတီတော်တို့၌ ဆွဲထားသည့် ခေါင်းလောင်းငယ်ကို ခေါင်းလောင်း-ဟု မခေါ်၊ ဆည်းလည်း (စကားသံဖြင့်-ဆွဲလဲ) ဟုသာ ခေါ်ကြောင်း မှတ်သားထားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆရာ ဇီဝက၏ ဘဝ

(မေး) (ဆရာ ဇီဝက၏ ဘဝ)

ဇီဝက ဆေးသမားကြီးသည် မည်ကဲ့သို့ဘဝမျိုးကို ခံယူ၍ ကံကုန်ပါသနည်း။ မြတ်စွာဘုရား၏ ဆေးသမား ဇီဝက၏ ဘဝဇာတ်လမ်းကို သိလိုပါသည်။ နိဗ္ဗာန်ဝင်သွားပါသလား၊ နတ်ဗြဟ္မာဘဝနှင့် ရှိနေပါသလားဘုရား၊

(ဦးမောင်စောလှ-စစ်တွေမြို့)

(ဖြေ)

မြတ်စွာဘုရား၏ ဆေးဆရာကြီး ဆရာဇီဝက၏ ဘဝဇာတ်လမ်းမှာ ဝိနည်းမဟာဝါ ပါဠိတော်တွင် ပါသည့်အတိုင်း ဇိနတ္ထပကာသနီတွင် အကျယ်ရေးသားထား၏၊

မွေးဖွားစ ဘဝမှစ၍ ရဟန်းတော်တို့ ပံ့သကူသင်္ကန်းများကိုသာ ဝတ်ရုံနေကြရာမှ ပြည်သူတို့လှူဒါန်းသော ဂဟပတိ စီဝရကို ဝတ်ရုံနိုင်ခွင့် လျှောက်ထားတောင်းပန်သဖြင့် မြတ်စွာဘုရား ခွင့်ပြုတော်မူသည် အထိသာ ပါရှိပါသည်။

နောက်ပိုင်း ဇာတ်လမ်း မည်သို့ဖြစ်သည်ကို မည်သည့်ကျမ်းတွင်မျှ ဖော်ပြထားခြင်း မရှိတော့ပါ၊ သို့သော်လည်း ရှေးဘုရားတို့ လက်ထက်က မြတ်စွာဘုရား၏ သမားတော်အဖြစ် ဆုတောင်းခဲ့ခြင်း၊ မြတ်စွာဘုရားအား ပုဂ္ဂိုလ်စွဲ ကြည်ညိုမှု အရာ၌ ဧတဒဂ်ရခဲ့ခြင်းတို့ကို ထောက်က အခြားလူ ဥပါသကာ၊ ဧတဒဂ်ရ ပုဂ္ဂိုလ်တို့ ကဲ့သို့ မဂ်ဖိုလ် တဆင့်ဆင့်သို့ ရောက်စရာရှိပါသည်။

အနာထပိဏ်တို့ကဲ့သို့ သောတာပတ္တိမဂ်ဖိုလ်ကို ရခဲ့လျှင် တာဝတိံသာ စသော နတ်ပြည် တပြည်ပြည်၌၄င်း၊

စိတ္တသူကြွယ်တို့ကဲ့သို့ အနာဂါမိမဂ်ဖိုလ်ကို ရခဲ့လျှင် အကနိဋ္ဌကဲ့သို့သော ဗြဟ္မာပြည်၌၄င်း ဖြစ်နိုင်စရာရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆွံ့အ နားမကြားနှင့် ဘုရားစာ

(မေး) (ဆွံ့အ နားမကြားနှင့် ဘုရားစာ)

အရှင်ဘုရား၊ တပည့်တော်သည် အသက် ၈-နှစ်သမီး အရွယ်မှစ၍ ရောဂါတခုကြောင့် နားမကြား ဖြစ်သွားပါသည်၊ နားမကြားခြင်းကြောင့် စကားလည်း ပီသအောင် ပြောမရပါ၊ စကားမပီခြင်းကြောင့် ဘုရားစာကို ပီအောင် မဆိုတတ်ပါ၊ ဘုရားစာဆိုရာတွင် အများအားဖြင့် မှားပါသည်၊ တပည့်တော် ဤသို့ ဘုရားစာကို မှန်အောင်မဆိုတတ်ခြင်းကြောင့် ကုသိုလ်ရပါမည်လား၊

နောင်ဘဝတွင်လည်း ကောင်းသောဘဝသို့ ရောက်ပါမည်လား၊ တပည့်တော်ကဲ့သို့ ဆွံ့အ နားမကြားသူများ ဘုရားစာ မဆိုတတ်၍ ဘုရားရှိမခိုးဘဲနေလျှင် နောင်ဘဝတွင် မကောင်းသောဘဝ အပါယ်ငရဲသို့ လားမည်လား ဆိုသည်ကို ဖြေကြားတော်မူပါ အရှင်ဘုရား။

(အေးအေးမြင့်-ပေါင်းတလည်၊ ပြည်မြို့နယ်)

(ဖြေ)

ဘုရားရှိခိုးခြင်း ဟူသည်မှာ ရှေးဦးစွာ ဘုရား၌ကြည်ညိုသော စိတ်စေတနာသာ လွန်စွာအရေးကြီးလှပါသည်။ စေတနာမပါဘဲ နှုတ်က မြွက်ဆိုနေသော်လည်း ပြည့်စုံပြီဟု မဆိုနိုင်ပါ၊ သို့ဖြစ်၍ မိမိ ကိုယ်တိုင်က ဘုရားကို တကယ်ကြည်ညိုမြတ်နိုးသော စိတ်ဖြင့် နှုတ်က တတ်သမျှ ရွတ်ဆိုလျက် ရိုရိုသေသေ ရှိခိုးဦးချ၍ ပူဇော်ကြဖို့ လိုပါသည်။ မပီသ၍ ကုသိုလ်မရဟု မရှိ၊ ပကတိ ကြည်ညိုသောစိတ် ထားရှိနိုင်က ပီသသည်ဖြစ်စေ၊ မပီသသည်ဖြစ်စေ ကုသိုလ် အထူးဖြစ်ပါသည်။

မြတ်စွာဘုရား ဝေဒိဿက တောင်တွင် သီတင်းသုံးစဉ် ခင်ပုပ်ငှက်ခေါ် ဇီးကွက်တကောင်သည် မြတ်စွာဘုရားအားမြင်၍ ကြည်ညိုလှသဖြင့် ကွိကွိ ကွက်ကွက်-အော်မည်လျက် ဘုရားရှေ့တော်တွင် နှုတ်သီးမြေစိုက် ဦးခိုက်ညွတ်ပျောင်း အတောင်နှစ်ချောင်းကို ကျောတွင်ယှက်ကာ ရှိခိုးလာသည်ကို အရှင်အာနန္ဒာက မေးလျှောက်၍ မြတ်စွာဘုရားက-

ဤခင်ပုပ်ငှက်-ခေါ် ဇီးကွက်ငယ်သည် ငါဘုရားကို မြတ်နိုးစေတနာ သူတို့ဘာသာဖြင့် အော်ကာမြည်ကာ ရှိခိုးရသဖြင့် နောက်ဘဝတွင် ဒေဝရိပ်ငြိမ် နတ်နန်းအိမ်၌ အကြိမ်များစွာ စံစား၍ အဆုံးဘဝတွင် သောမနဿမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လတံ့-ဟု ဗျာဒိတ်တော်ထားကြောင်း ပိဋကတ်တော်၌ ပါရှိသည်။

ထို့ကြောင့် မပီသ၍ ရှိမခိုးဘဲ မနေသင့်၊ စေတနာထား သဒ္ဓါပွား၍ ကိုယ်နှုတ်စိတ်အားဖြင့် စွမ်းနိုင်သမျှ နေ့ညမကွာ ရှိခိုးပါရန် တိုက်တွန်းလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆွမ်းကျန် ဟင်းကျန်များ

(မေး) (ဆွမ်းကျန် ဟင်းကျန်များ)

အရှင်ဘုရား၊ တပည့်တော်မ၏အသိ ချမ်းသာသူတဦးသည် ဘုန်းကြီးကျောင်းသို့ နေ့စဉ် ဆွမ်းပို့ပါသည်။ အပြန်တွင် ဆွမ်းကျန်၊ ဟင်းကျန်များကို ပြန်၍ယူလာပါသည်။ ဘုန်းကြီးမသိအောင် ယူလာခြင်းဖြစ်ပါသည်။ အပြစ် ရှိ-မရှိနှင့် အပြစ်ရှိလျှင် မည်သို့သောအပြစ်မျိုး ရှိမည်ကို သိလိုပါသည်ဘုရား။

(မဇင်မာဝေ-ရွာသာကြီး)

(ဖြေ)

ရဟန်းသံဃာများ ကျွေးကောင်း ပေးကောင်းသော ပုဂ္ဂိုလ်များမှာ-

အန္တရာယ်ပြုနိုင်သော ခိုးသား၊ ဓားပြများ၊

အထီးကျန် ကပ်ပါးဆင်းရဲသူများ၊

မိဘရင်းများ၊

ဘုရား၊ ကျောင်းနှင့် သံဃာ့ဝေယျာဝစ္စ ပြုသူများကို ပေးကောင်း ကျွေးကောင်းပါသည်။

နေ့စဉ် ဆွမ်းဝတ်ပြု ချက်ပြုတ်၍ ပို့လှူနေခြင်းသည် သံဃာဝေယျာဝစ္စ ပြုသူစာရင်းတွင် ပါဝင်သူဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ထို့ပြင် ထမင်းကျန်၊ ဟင်းကျန် ပိုလျှံသော အကြွင်းအကျန်များကို ယူခြင်းဖြစ်လျှင် (အလဟဿ မဖြစ်စေရန်) ယူဆောင်ခြင်းမျိုးဖြစ်၍ အပြစ်မရှိဟု ပြောနိုင်ပါသည်။

မိမိက နည်းနည်းပို့ပြီး များများပြန်ယူသွားသော်၄င်း၊ မိမိက အညံ့ပို့ပြီး ကောင်းမွန်သည်ကို ပြန်ယူသွားသော်၄င်း၊ တမင်သက်သက် ပြန်ယူလိုသည့်စိတ်ဖြင့် ပြန်ယူနေသော်၄င်း အပြစ်ရှိပါသည်။

သံဃာပစ္စည်း၊ အဆိပ်သီး၊ ဘုရားပစ္စည်း ငရဲမီး-စသည်ဖြင့် ဆိုထားသည့်အတိုင်း အဆိပ်သီးနှင့် ငရဲမီးစာ - ဖြစ်ပါလိမ့်မည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဆွမ်းသွတ်ခြင်း

(မေး) (ဆွမ်းသွတ်ခြင်း)

အရှင်ဘုရား၊ လူ့ဘဝမှာ လူတယောက် ကွယ်လွန်သွားပြီဆိုလျှင် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း အသုဘကိစ္စပြုလုပ်၍ ခုနစ်ရက်လည်လျှင် ဆွမ်းသွတ် (သပိတ်သွတ်) ကြပါသည်၊ ၄င်းဆွမ်းသွတ်ခြင်း အဓိပ္ပါယ်ကို ဖြေကြားပေးတော်မူပါဘုရား။

(သီဟကိုကို-ပဲခူး)

(ဖြေ)

လူ့ဘဝမှကွယ်လွန်သူသည် အကယ်၍ ပေတလောက (ပရဒတ္တူပဇီဝိတခေါ် လူ့ဘဝက အမျှပေးဝေသည်ကို သာဓုခေါ်နိုင်သော အဆင့်မြင့်) ပြိတ္တာမျိုး ဖြစ်နေလျှင် ၄င်းအားရည်ညွန်း၍ ကျန်ရစ်သူများက ကုသိုလ်ပြု အမျှပေးဝေရပါသည်၊ သာဓုခေါ်လျှင် ၄င်းတို့ကိုယ်တိုင် ကုသိုလ်ပြုသကဲ့သို့ ကောင်းကျိုးကို ခံစားနိုင်ပါသည်၊

ဗုဒ္ဓဘာသာတို့သည် ကုသိုလ် အကုသိုလ် ရောနှောအကျိုးပေးလျှင် ထိုပေတလောကသို့ အရောက်များတတ်သည်၊ သို့ဖြစ်၍ သေပြီးနောက်

သေသောနေ့တွင် သက်ပျောက်သပိတ်ဟူ၍၄င်း၊

ချသောနေ့တွင် မြေဆင်းသပိတ်ဟူ၍၄င်း၊

ရက်လည်နေ့တွင် ရက်လည်သပိတ်ဟူ၍၄င်း၊ အရပ်ထုံးစံအားလျော်စွာ လှူဒါန်း အမျှပေးဝေမှုပြုကြလေ့ရှိပါသည်။

တချိန်ချိန်တွင် သာဓုခေါ်နိုင်က ကွယ်လွန်သူအဖို့ ကောင်းကျိုးချမ်းသာ ရရှိနိုင်ပါသည်၊ သံဃာတော်တို့၏ သပိတ်ထဲသို့ လောင်းလှူသွတ်သွင်း၍ အမျှပေးဝေကြရသဖြင့် သပိတ်သွတ်သည် (ဆွမ်းသွတ်သည်) ဟု ဝေါဟာရ ပြုထားကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆွမ်းသွပ်ခြင်း

(မေး) (ဆွမ်းသွပ်ခြင်း)

အရှင်ဘုရား၊ လူ့ဘဝမှာ လူတယောက် ကွယ်လွန်သွားပြီဆိုလျှင် ဗုဒ္ဓဘာသာထုံးစံအတိုင်း အသုဘကိစ္စ ပြုလုပ်၍ ခုနစ်ရက်လည်လျှင် ဆွမ်းသွပ် (သပိတ်သွပ်)ကြပါသည်။ ၄င်းဆွမ်းသွပ်ခြင်း အဓိပ္ပါယ်ကို ဖြေကြားပေးတော်မူပါဘုရား။

(သီဟကိုကို-ပဲခူး)

(ဖြေ)

လူ့ဘဝမှ ကွယ်လွန်သွားသူသည် အကယ်၍ ပေတလောက (ပရဒတ္တူပဇီဝိတခေါ် လူ့ဘဝက အမျှပေးဝေသည်ကို သာဓုခေါ်နိုင်သော အဆင့်မြင့်) ပြိတ္တာမျိုး ဖြစ်နေလျှင် ၄င်းအား ရည်စူး၍ ကျန်ရစ်သူများက ကုသိုလ်ပြု အမျှပေးဝေရပါသည်။ သာဓုခေါ်လျှင် ၄င်းတို့ကိုယ်တိုင် ကုသိုလ်ပြုရသကဲ့သို့ ကောင်းကျိုးကို ခံစားနိုင်ပါသည်။

ဗုဒ္ဓဘာသာတို့သည် ကုသိုလ် အကုသိုလ် ရောနှောအကျိုးပေးလျှင် ထိုပေတလောကသို့ အရောက်များတတ်သည်။ သို့ဖြစ်၍ သေပြီးနောက် သေသောနေ့တွင် သက်ပျောက်သပိတ်ဟူ၍၄င်း၊ ချသောနေ့တွင် မြေဆင်းသပိတ်ဟူ၍၄င်း။ ရက်လည်နေ့တွင် ရက်လည်သပိတ်ဟူ၍၄င်း အရပ်ထုံးစံအားလျော်စွာ လှူဒါန်း အမျှပေးမှု ပြုကြလေ့ရှိပါသည်။

တချိန်တွင် သာဓုခေါ်နိုင်က ကွယ်လွန်သူအဖို့ ကောင်းကျိုးချမ်းသာ ရရှိနိုင်ပါသည်။ သံဃာတော်တို့၏ သပိတ်ထဲသို့ လောင်းလှူသွတ်သွင်း၍ အမျှပေးဝေကြရသဖြင့် သပိတ်သွပ်သည် (ဆွမ်းသွပ်သည်) ဟု ဝေါဟာရ ပြုထားကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆွမ်းဟင်းလောင်းလှူခြင်း

(မေး) (ဆွမ်းဟင်းလောင်းလှူခြင်း)

အရှင်ဘုရား၊ အချို့အိမ်များ၌ ဆွမ်းခံသံဃာ အပါးရေ လွန်စွာများပြားသဖြင့် ဆွမ်းဟင်းလောင်းလှူရာ၌

ဥပမာ-ခရမ်းသီးနှပ်၊ ကန်ဇွန်းရွက်ကြော် စသည့် ဒုတိယတန်းစား ဟင်းများနှင့် လောင်းလှူကြပါသည်။

၄င်းတို့စားသောအခါ ဥပမာ-ကြက် ဝက် စသည့် ပထမတန်းစားဟင်းများနှင့် စားကြပါသည်၊ ဤကဲ့သို့ လောင်းလှူကြသဖြင့် မည့်သည့်အကျိုး အပြစ်များရှိသည်ကို သိလိုပါသည်အရှင်ဘုရား။

(မချို-အလုံ)

(ဖြေ)

ဆွမ်း ခဲဘွယ် ဘောဇဉ် စသည် လှူဒါန်းရာ၌

၁။ ဒါန ဒါသ-မိမိသုံးဆောင်သည်ထက် ယုတ်ညံ့သော ဝတ္ထုကို လှူဒါန်းခြင်း။

၂။ ဒါန သဟာယ-မိမိသုံးဆောင်သည်နှင့် အလားတူဝတ္ထုကို လှူဒါန်းခြင်း။

၃။ ဒါန သာမိ-မိမိသုံးဆောင်သည်ထက် ကောင်းမွန်သော ဝတ္ထုကို လှူဒါန်းခြင်း-ဟူ၍ သုံးမျိုးရှိသည်။

ထိုတွင် ၁-မှာ ကျွန်တို့ကို ကျွေးသကဲ့သို့ဖြစ်၍

၂-မှာ မိတ်ဆွေ အပေါင်းအသင်းများကို ကျွေးသကဲ့သို့ ဖြစ်သည်။

၃-မှာ အစိုးတရပုဂ္ဂိုလ် မိမိအရှင်သခင်တို့အား ကျွေးမွေးဧည့်ခံသကဲ့သို့ ဖြစ်ပါသည်။

စေတနာကိုလည်း အစဉ်အတိုင်း ဟီန၊ မဇ္ဈိမ၊ ပဏီတ-ဟု ဆိုသဖြင့် အကျိုးပေးရာတွင်လည်း အယုတ်၊ အလတ်၊ အမြတ် အကျိုးပေးနိုင်ပါသည်။

(ဘဒ္ဓန္တ တိလောကသာရ ဖြေသည်)

ဆွမ်းအကျိုး နှင် ရေအကျိုး

(မေး) (ဆွမ်းအကျိုး နှင် ရေအကျိုး)

အရှင်ဘုရား၊ တပည့်တော် ရေလှူခြင်းအကျိုး ၁၀-ပါးရှိသည်ဟု ကြားဖူးပါသည်။ အချိုရည်၊ အအေးမျိုးစုံ၊ ကော်ဖီ၊ လက်ဖက်ရည်တို့သည်လည်း အရည်ဖြစ်သောကြောင့် ထိုအရည်များလှူဒါန်းလျှင် ရေကဲ့သို့ အကျိုး ၁၀-ပါး ရရှိနိုင်ပါသလားဘုရား။ ဖြေကြားပေးပါရန်လျှောက်ထားအပ်ပါသည်ဘုရား။

(မအေးသီရိရွှေ-ရန်ကုန်မြို့)

(ဖြေ)

ရှေးက ဒါယိကာမကြီးတယောက် ဘုန်းကြီးတပါးကို ဆွမ်းကပ်သည့်အခါ မကျေနပ်သဖြင့် မေးသည့်မေးခွန်းနှင့်ပဲ ဖြေကြားပေးပါမည်။

ရှေးက ဒါယိကာမကြီးတယောက် ဆွမ်းကပ်သည့်အခါ ဘုန်းကြီးက ဆွမ်းအကျိုး ၅-ပါးရကြောင်း ဟောကြားပါသည်။ ထိုဒါယိကာမကြီး မပြန်ခင် နောက်တဦးက ရေလာလှူသည့်အခါ ရေအကျိုး ၁၀-ပါးရကြောင်း ဟောပါသည်။ သည်တွင် ဆွမ်းလှူသည့် ဒါယိကာမကြီးက ပိုက်ဆံအများကြီး ကုန်ရ၊ ချက်ရ၊ ပြုတ်ရနဲ့ အလုပ်များလှတဲ့ ဆွမ်းကျတော့ အကျိုး ၅-ပါးသာရပြီး မချက်ရ၊ မပြုတ်ရတဲ့ ရေကျတော့ အကျိုး ၁၀-ပါးတောင် ရသလားဘုရား-ဟု ဘဝင်မကျ၍ ဘုန်းကြီးကိုလျှောက်ပါသည်။ ထိုအခါ ဘုန်းကြီးက ဒါယိကာမကြီး ဆွမ်း-ဆွမ်းဟင်းတွေချက်တော့ ရေမထည့်ရဘူးလား။ ထည့်ရပါတယ်ဘုရား။ အေး ဒါဆို ဆွမ်းအကျိုး ၅-ပါးရော၊ ရေအကျိုး ၁၀-ပါးရော ပေါင်းရင် ဒါယိကာမကြီးက ၁၅-ပါးတောင် ရတာပေါ့လို့ ဟောလိုက်မှ ကျေနပ်သွားလေသတဲ့။

ထိုနည်းအတူပင် အချိုရည်၊ လက်ဖက်ရည်တို့တွင်လည်း အာဟာရဓာတ်များပါသည်။ ထို့ကြောင့် အာဟာရအလှူအကျိုး ၅-ပါးနှင့် ရေနှင့် ရောစပ်ထားသဖြင့် ရေအကျိုး ၁၀-ပါးပါ ပေါင်းလျှင် ၁၅-ပါး ရရှိ်နိုင်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဆွမ်းတော်တင် စားအပ်-မစားအပ်

(မေး) (ဆွမ်းတော်တင် စားအပ်-မစားအပ်)

အရှင်ဘုရား၊ ၂၀၀၁-ခုနှစ် ဇွန်လအမေးအဖြေတွင် ဆွမ်းတော်တင်စားခြင်းနှင့်ပတ်သက်၍ ဘုရားဝေယျာဝစ္စ ပြုသူ ဖုန်းတောင်းယာစကာများသာ စားအပ်သည်ဟု ဆိုခဲ့ပါသည်။ တပည့်တော်မသည် ဘုရားကို ဆွမ်းတော် တင်သည့်အခါ ဆွမ်း၊ ဆွမ်းဟင်းမှစ၍ ဘာပဲလှူလှူ မိမိတတ်နိုင်သည့် ပန်းကန်အနေအထားနဲ့ အလျှံပယ် လှူရ၊ တန်းရမှ စိတ်ကျေနပ်ပါသည်။ ဝမ်းသာမိပါသည်။ စွန့်ချိန်တန်လျှင် စွန့်ပြီး စားခဲ့မိပါသည်ဘုရား။ ဘာပစ္စည်းပဲ လှူလှူ စွန့်၍ စားခဲ့ခြင်းသည် ကြီးလေးသော အပြစ်၊ ဖြစ်-မဖြစ် ဖြေကြားပေးတော်မူပါဘုရား။

(မြစန္ဒာ-ရွှေပြည်သာ)

(ဖြေ)

မြန်မာရာဇဝင်၌ ပုဂံပြည် အနော်ရထာမင်းကြီးသည် သထုံပြည့်ရှင် မနူဟာမင်းကို ပုဂံပြည်သို့ ဖမ်းယူခေါ်ဆောင် လာသည်။ ထို့နောက် မနူဟာမင်းသည် စကားပြောတိုင်း ခံတွင်းမှ စက်ရောင်တပြောင်ပြောင် ထွက်နေသည်။ ထိုအခါ အနော်ရထာမင်းကြီး ထိတ်ထိတ်လန့်လန့် ဖြစ်ရသည်။ ပညာရှင်များ၏ အကြံပေးချက်အရ ဆွမ်းတော်တင်ကို စားမိမှ မနူဟာမင်း ခံတွင်းမှ စက်ရောင်ပျောက်ကွယ်ကြောင်း ဆိုပါသည်။

အမှန်မှာ ဆွမ်းတော်တင် အသန့်အပြန့် မဟုတ်၊ ဆွမ်းတော်ကိုချပြီး သင်ပုတ်စင်ပေါ် စွန့်ပြီးကာမှ ရွှေလင်ပန်းနှင့် ထည့်၍ ကျွေးခြင်း (မသန့်ပြန့်သော အာဟာရကို ကျွေးခြင်း)ကြောင့် ဖြစ်သည်။ ယင်းကိုအစွဲပြု၍ ဆွမ်းတော်တင်စားလျှင် ဘုန်းတန်ခိုးညံ့တတ်သည်ဟု အစွဲအလမ်း ဖြစ်ပေါ်လာပြီး ဆွမ်းတော်တင်ပြီးလျှင် မစားသင့်-စွန့်ပစ်ရသည်။ ဖုန်းတောင်းယာစကာတို့အား ကျွေးရသည်-စသည့် အစဉ်အလာဖြစ်နေပေသည်။

သို့သော် မြတ်စွာဘုရားသည်ပင် သောဏသူဌေးသား၏ ဆွမ်းကို ဘုဉ်းပေးပြီး ဗိမ္ဗိသာရမင်းကြီးကို စားစေခြင်း၊ ရှေးရှေးသံဃာတော်ကြီးများသည် ဆွမ်းခံပြန်တွင် သပိတ်ပါ ဘုရားကို ကပ်လှူ၍ နောက်မှချယူပြီး ဘုဉ်းပေးခြင်း ရှိကြပါသည်။ အချို့ ဘုရားအလွန်ကြည်ညိုသူတို့သည် ပြဿနာရှင် မမြစန္ဒာကဲ့သို့ တခမ်းတနား ဘုရားကို ဆွမ်းလှူပြီးမှ ချ၍ သုံးဆောင်ခြင်းလည်း ရှိပါသည်။ ထို့ကြောင့် သန့်သန့်ရှင်းရှင်း လှူဒါန်းပြီး စွန့်ယူ၍ စားသောက်ခြင်း၌ အပြစ်မရှိပါ။

ဝေယျာဝစ္စပြုသူဟု ဆိုသည်မှာ မိမိတင်လှူထားသော ဆွမ်းတော်တင် မဟုတ်။ အခြားသူ တင်လှူထားသော ဆွမ်းတော်တင်ကို စားလိုလျှင် ဗုဒ္ဓဝေယျာဝစ္စကို ရှေးဦးစွာ ပြုပြီးမှ စားသင့်ကြောင်း အဆိုရှိသည်။ ရဟန်းသာမဏေဖြစ်၍ မွန်းတည့်ခါနီးနေလျှင် ဦးစွာဆွမ်းတော်တင်ကို စားပြီးမှ ဝေယျာဝစ္စကို နောက်မှပြု၍လည်း ဖြစ်ကြောင်း၊ ဝေယျာဝစ္စမပြုလုပ်ဘဲကား မစားသင့်ကြောင်း ရှေးဆရာတော်ကြီးတို့ သွန်သင်ဆုံးမချက်ရှိလေသည်။ ဤမျှဖြင့် ဆွမ်းတော်တင် စားသင့်-မစားသင့် ဆုံးဖြတ်နိုင်လောက်ပေပြီ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆွမ်းတော်မတင်မီ စားခြင်း

(မေး) (ဆွမ်းတော်မတင်မီ စားခြင်း)

မြတ်စွာဘုရားအား ဆက်ကပ်ရန် ရည်စူးထားသော သစ်သီးဆွမ်းတို့ကို စားလျှင် မည်သည့်ကံ ထိုက်ပါသနည်း။

(မောင်ရွှေပြည်စိုး-ပန်းတနော်)

(ဖြေ)

လွန်ခဲ့သော ၉၂-ကမ္ဘာထက်၌ ပွင့်တော်မူသော ဖုဿမြတ်စွာဘုရား လက်ထက်က မြတ်စွာဘုရားအား ဆက်ကပ်ရန် စီမံထားသော ဆွမ်းဟင်း၊ သစ်သီးစသည်များကို ဦးဦးဖျားဖျား စားသောက်ကြသူများ သေပြီးသည့်နောက် ပြိတ္တာဖြစ်ကြရာ ဤကမ္ဘာအထိ မကျွတ်လွတ်ကြပေ။

ဂေါတမမြတ်စွာဘုရား လက်ထက်၌ ဗိမ္ဗိသာရမင်းကြီး ဆွမ်းလှူဒါန်း၍ အမျှဝေမှ ကျွတ်လွတ်ကြရကြောင်း တိရောကုဋ္ဋသုတ်၌ ပါရှိသည်။ ထို့ကြောင့် ဆွမ်းတော်တင်ရန် ရည်စူးထားသော ဆွမ်း၊ သစ်သီး စသည်တို့ကို ဦးဦးဖျားဖျား မစား မသောက်ရန် သတိပြကြရမည်၊ ဆွမ်းတော်စွန့်ပြီးမှ စားသောက်ကြလျှင် ဗုဒ္ဓဝေယျာဝစ္စ ပြုသူတို့အဖို့ အပြစ်မရှိပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆုတောင်းခြင်း

(မေး) (ဆုတောင်းခြင်း)

ဆရာတော်ဘုရား၊ ဆုတောင်းသော အခါမှာ မဃဒေဝ၌ ထိုထိုများစွာ၊ သတ္တဝါ၌၊ သဒ္ဓါသီလ၊ သုတစာဂါ၊ ပညာတရား၊ ဤငါးပါးနှင့်၊ ပြည့်ငြားသူသာ-ဟု ဆိုပါသည်။ သရုပ်ပြအဘိဓာန်ကျမ်း၌ ဂတိမြဲရန်၊ ပုထုဇန်၊ ခြောက်တန်ဂုဏ်အင်္ဂါ။ ၄င်း၌ သဒ္ဓါ သီလ သုတ စာဂ ပညာ ပတ္ထနာ-ဟု ဆိုကာ ခြောက်မျိုးပြပါသည်။

ငါးမျိုးက မှန်ပါသလား၊ ခြောက်မျိုးက မှန်ပါသလား၊ ကရုဏာရှေ့ထား၍ ဖြေကြားပေးပါဘုရား။

(စန္ဒိမာ-အိုင်၊ မုံရွာ)

(ဖြေ)

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ တရားငါးပါးနှင့် ပြည့်စုံသူ မည်သည့်ဆုကို တောင်းသည်ဖြစ်စေ ဆုတောင်း၍ ရနိုင်ကြောင်း ဥပရိပဏ္ဏာသ ပါဠိတော် သင်္ခါရုပ္ပတ္တိ သုတ် (မ-၃၊ ၁၄၀) တွင် ဣဓ ဘိက္ခဝေ ဘိက္ခု သဒ္ဓါယ သမန္နာဂတော၊ ပ၊ တတြုပပတ္တိယာ သံဝတ္တန္တိ-စသည်ဖြင့် ဟောပါသည်။ သရုပ်ပြအဘိဓာန်၌ ပတ္ထနာ-ဟု ထည့်၍ ပြသည်မှာ ရှေးငါးပါးနှင့် ပြည့်စုံသူသည် ဆုတောင်းရန် လိုအပ်ကြောင်း သိစေလို၍ ပတ္ထနာ-ဆုတောင်းခြင်းကို အင်္ဂါတပါးပြု၍ ခြောက်ပါး ပြလိုက်ခြင်း ဖြစ်ပါသည်။ သဘောမကွဲကြောင်း သိစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆုတောင်းခြင်း

(မေး) (ဆုတောင်းခြင်း)

အရှင်ဘုရား၊ တပည့်တော်သည် နောင်ဘဝ၌ လူဖြစ်ခြင်း၊ ယောကျ်ားဖြစ်ခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း၊ အသံသာယာခြင်း၊ အဆင်းလှခြင်း၊ မည်သူနှင့်မှ မတူ ထူးချွန်ကျော်ကြားခြင်း၊ ကျန်းမာချမ်းသာခြင်း၊ နောင်အခါ ပွင့်တော်မူမည့် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ရပါလို၏၊ အလှူရေစက် လက်နှင့်မကွာ လှူဒါန်းရပါ လို၏-ဟု ဆုတောင်းပါသည်ဘုရား။

ဆုတောင်း ပြည့်-မပြည့်၊ ဆုတောင်းပြည့်အောင် မည်သို့များပြုလုပ်ရပါမည်ကို အရှင်ဘုရား ဖြေကြားပေးတော်မူပါဘုရား။

(အောင်ဇော်မင်း-ကျိုက်ထိုမြို့)

(ဖြေ)

မောင်အောင်ဇော်မင်း၏ မေးခွန်းကို ခြုံငုံ၍ ဖြေလိုက်ပါမည်။ ဆုတောင်းရုံသက်သက်ဖြင့် ဆုတောင်းမပြည့်နိုင်ပါ။

ယဿ ပဉ္စဓမ္မာ အတ္ထိ၊ န ပတ္ထနာ၊ တဿ ဂတိ အနိဗဒ္ဓါ၊ ယဿ ပတ္ထနာ အတ္ထိ၊ န ပဉ္စ ဓမ္မာ တဿာပိ ဂတိ အနိဗဒ္ဓါ၊ ယေသံ ဥဘယံ အတ္ထိ၊ တေသံ ဂတိ နိဗဒ္ဓါ။(ဥပရိပဏ္ဏာသ အဋ္ဌကထာ)

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ။ ပညာ တရား ၅-မျိုး ပြည့်စုံမှ ဆုလည်းတောင်းမှ ရောက်လို ဖြစ်လိုသည့် ဂတိ မြဲကြောင်း ဆိုပါသည်။

နိဓိကဏ္ဍသုတ္တန်တွင်လည်း - ဧသ ဒေဝမနုဿာနံ၊ သဗ္ဗကာမ ဒဒေါ နိဓိ။

ယံ ယဒေဝါဘိပတ္ထေန္တိ၊ သဗ္ဗမေတေန လဗ္ဘတိ။

သုဝဏ္ဏတာ သုသရတာ၊ သုသဏ္ဌာနာ သုရုပတာ။

အာဓိပစ္စ ပရိဝါရော၊ သဗ္ဗမေတေန လဗ္ဘတိ။ ဟု ဆိုထားသည်။

သဒ္ဓါ၊ သီလ၊ သမာဓိ၊ ပညာ တရားများနှင့်ပြည့်စုံလျှင် တောင့်တသမျှ အလိုရှိတိုင်း ပြည့်စုံသည့်အပြင် အဆင်းလှခြင်း၊ အသံကောင်းခြင်း၊ ပုံပန်းသဏ္ဌာန် တင့်တယ်ခြင်း၊ ကြွင်းသော ကိုယ်ရေတင့်တယ်လှပခြင်း၊ အစိုးရခြင်း၊ အခြံအရံများခြင်း အမျိုးမျိုး ရရှိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆုတောင်းသင့်-မသင့်

(မေး) (ဆုတောင်းသင့်-မသင့်)

အရှင်ဘုရား ပွင့်တော်မူပြီးဖြစ်သော ဘုရားရှင်တို့သည် သတ္တဝါတို့အား ဆုတောင်းခြင်းကို ညွှန်ပြပေးတော်မူခဲ့ပါသလားဘုရား။ တပည့်တော်တို့ ဘုရားရှိခိုးအပြီးတွင် ဆုတောင်းသင့်-မသင့် သိလိုပါသည်ဘုရား။

(သား မင်းဟန်-ကော့မှူးမြို့)

(ဖြေ)

အောက်ပါဆောင်ပုဒ်ကို ကျက်မှတ်ထားပါ။

၁။ ကျွတ်ဆုမတောင်း၊ ကောင်းစွာမကျင့်၊ ကျွတ်ခွင့်မရ၊ ခါဏုက။

၂။ ကျွတ်ဆုမတောင်း၊ ကောင်းစွာကားကျင့်၊ ကျွတ်ခွင့်မရ၊ ဘိရတ။

၃။ ကျွတ်ဆုသာတောင်း၊ ကောင်းစွာမကျင့်၊ ကျွတ်ခွင့်မရ၊ နိဿိတ။

၄။ ကျွတ်ဆုလည်းတောင်း၊ ကောင်းစွာလည်းကျင့်၊ ကျွတ်ခွင့်ကိုရ၊ ဝိဝဋ္ဋနိဿိတ။

အလှူဒါနပြုပြီးတိုင်း နိဗ္ဗာန်ဆုကို တောင်းသင့်ကြောင်း သင်္ခါရုပတ္တသုတ်တွင် မြတ်စွာဘုရား ဟောကြားထား ပါသည်။ ဆုတောင်းရာ၌ ဝိဝဋ္ဋနိဿိတ ဖြစ်ရန်၊ နိဗ္ဗာန်ဆုကိုသာ တောင်းပါ။ ဩကာသကန်တော့ခန်းတွင် စျာန်တရား မဂ်တရား ဖိုလ်တရားဟုဆိုရာ၌ စျာန်တရားမှာ လောကီဆုဖြစ်သည်။

ထို့ကြောင့် မတောင်းသင့်ကြောင်း ရှေးဆရာတော်များ ဟောကြားပါသည်။ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားကို မျက်မှောက်ပြုရပါလို၏-ဟု ဘုရားရှိခိုးပြီး ဆုတောင်းရန် အထူးလိုအပ်ပါသည်။ အစတွင် ဖော်ပြပါ ပုဂ္ဂိုလ်လေးမျိုးမှာ သံသာရခါဏုက (ငရဲသစ်ငုတ်ပုဂ္ဂိုလ်)။

သံသာရဘိရတ (သံသရာပျော် ပုဂ္ဂိုလ်)။

ဝဋ္ဋနိဿိတ (ဝဋ်ဆင်းရဲမှီ ပုဂ္ဂိုလ်)။

ဝိဝဋ္ဋနိဿိတ (ဝဋ်ဆင်းရဲမှ လွတ်မြောက်မှုကို မှီသောပုဂ္ဂိုလ်) ဟု အဓိပ္ပါယ်ဖော်၍ မှတ်သားပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆုကြီးပန် ပုဂ္ဂိုလ်

(မေး) (ဆုကြီးပန် ပုဂ္ဂိုလ်)

ဆုကြီးပန်ပုဂ္ဂိုလ်ဆိုသည်မှာ မည်သည့်ဆုကို ပန်သော ပုဂ္ဂိုလ်ဖြစ်ပါသလဲဘုရား။ ဘုရားဆုပန်သူကို ဆိုလိုပါသလား၊ ဗောဓိဆုနှင့်အတူတူ ဖြစ်ပါသလားဘုရား။

(ဦးမောင်ဦး-တောင်ငူ)

(ဖြေ)

ဗောဓိဆုဟူသည် သမ္မာသမ္ဗုဒ္ဓဘုရားဆု၊ ပစ္စေကဗုဒ္ဓါဆု၊ အဂ္ဂသာဝကဆု၊ မဟာသာဝကဆု၊ ပကတိသာဝကဆု-ဟုရှိ၏၊ ဤ၌ အကြီးမြတ်ဆုံးဆုမှာ သမ္မာသမ္ဗုဒ္ဓဘုရားဆုပင် ဖြစ်ပါသည်။ ၄င်းမှာလည်း

တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်း ဆုပန်ရသော ဝီရိယာဓိကဘုရားဆု၊

ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ဆုပန်ရသော သဒ္ဓါဓိက ဘုရားဆုနှင့်

လေးသင်္ချေနှင့် ကမ္ဘာတသိန်း ဆုပန်ရသော ပညာဓိက ဘုရားဆုဟူ၍ ၃-မျိုး ရှိပါသည်။ ထိုသုံးမျိုးကို ပန်ဆင်သောပုဂ္ဂိုလ်ကို ဆုကြီးပန်သူဟု ဆိုရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဆုကြီးပန်အဖြစ်မှ

(မေး) (ဆုကြီးပန်အဖြစ်မှ)

အရှင်ဘုရား၊ တပည့်တော်မသည် ဗုဒ္ဓစာပေများကို ဖတ်ရှု၍ ငယ်စဉ်ကပင် ထူးမြတ်သောဆုကြီးကို ပန်ဆိုခဲ့ပါသည်။ အလှူဒါနပြုတိုင်းပင် ပန်ဆိုလာခဲ့ရာ ၁၇-နှစ်သမီးမှ ယခု အသက် ၆၀-ရှိခဲ့ပါပြီ၊ သို့သော် ယခု တပည့်တော်မသည် သံသရာကို ကြောက်လွန်းလှသဖြင့် ဝိပဿနရာတရားကို အားထုတ်လျက်ရှိပါသည်။ အမြန်ဆုံး ကျွတ်တမ်းဝင်လိုပါသဖြင့် ပန်ဆိုထားသောဆုကြီးကို စွန့်လွတ်လိုက်ပါပြီ၊ ဆုကြီးပန်ပြီး ထိုသို့စွန့်လွတ်လိုက်သဖြင့် ပြုခဲ့သော ကုသိုလ်များသည် အဟောသိကံ ဖြစ်သွားမည်လားဟု သိလိုပါသည်။ သနားသောအားဖြင့် ဖြေကြားရှင်းလင်းပေးတော်မူပါဘုရား။

(ဒေါ်သန်းအေး-ပုသိမ်)

(ဖြေ) သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ၌ မထေရ်ကြီးတပါးသည် အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြင်၍ နိဗ္ဗာန်ဝင်လိုသဖြင့် တရားအားထုတ်ရာ မဂ်ဖိုလ်ရသည်အထိ အားမထုတ်ဘဲ မဂ်ဖိုလ်ရလုနီးအထိသာ အားထုတ်သည်။ နှစ်ပေါင်း ခြောက်ဆယ် အားထုတ်၍ အလွန်သီလသိက္ခာနှင့်ပြည့်စုံသဖြင့် ရဟန္တာဟု ထင်မှတ်ခဲ့ပါသည်။ ပျံလွန်ခါနီးတွင် ပြည့်ရှင်မင်းတရားကြီးက ရဟန္တာမြတ်ကြီးအား ပရိနိဗ္ဗာန်မစံမီ ဖူးမြော်အံ့ဟု လာရောက်သည်။ ထိုအခါ မထေရ်ကြီး၏ တပည့်များက မထေရ်ကြီးကိုလျှောက်ထားသည်။ မထေရ်ကြီးက ငါသည် ရဟန္တာမဟုတ်။ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြင်ပြီးမှ နိဗ္ဗာန်ဝင်အံ့ဟု ဆုပန်ကျင့်သုံးခဲ့သဖြင့် ယခု ပုထုဇဉ်သာ ရှိသေးသည်ဟု ပြောသည်။

ဘုရင်ကြီးက ရဟန္တာဟုထင်နေရာ ယခု ရဟန္တာမဟုတ်ဟု ဆိုပါက အရှက်ကွဲတော့မှာပဲ-ဟု လျှောက်ထားကြသည်။ ထိုအခါ မထေရ်ကြီးက ကဲ-ဒါဖြင့် ငါ့ကို အိပ်ရာမှ ထူပေးကြ-ဟု ဆိုသဖြင့် တပည့်များက ထူပေးပြီး အပြင်သို့ ထွက်သွားကြသည်။ နှစ်ပေါင်းများစွာ အားထုတ်လာခဲ့သော ဘာဝနာအစွမ်းကြောင့် ခဏချင်းပင် ရဟန္တာဖြစ်သွားသည်။

အပြင်ထွက်သွားသော တပည့်များ တံခါးဝရောက်ချိ်န်မှာပင် လက်ဖျစ်တီး ခေါ်လိုက်ပြီး ကိစ္စပြီးပြီဟု မိန့်တော်မူသည်။ ထိုအခါ တပည့်များက မြန်လှချည်လားဘုရား-ဟုဆိုလျှင် နှစ်ပေါင်း ခြောက်ဆယ်ကျော် သတိကင်းလွတ်၍ လက်ကိုမျှပင် မလှုပ်ဖူးပေ။ ဤမျှလောက် ကျင့်သုံးခဲ့သဖြင့် လိုအပ်ချိန်တွင် တရားထူးကို ရနိုင်တော့သည်-ဟု မိန့်တော်မူပါသည်။

ဤမထေရ်ကြီးဝတ္ထုကို ထောက်ဆ၍ ဆုကြီးကိုစွန့်ကာ လိုအပ်သလို အားထုတ်နိုင်သည်။ နှစ်ပေါင်းများစွာ အားထုတ်ထားသည့် တရားအရှိန်များသည်လည်း မိမိအလိုအတိုင်း အကျိုးပြုနိုင်သည်။ ထို့ကြောင့် အဟောသိကံ မဖြစ်နိုင်ပါကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဇမ္ဗူမှာဒွေ၊ ယာမှာဧ

(မေး) (ဇမ္ဗူမှာဒွေ၊ ယာမှာဧ)

အရှင်ဘုရား၊ မြတ်စွာဘုရား၏ ခြေတော်ရာသည် မြန်မာပြည်၊ မင်းဘူးခရိုင် မန်းချောင်းအနီးတွင် အောက်စက်တော်ရာ ၁-ဆူ။ အထက်စက်တော်ရာ ၁-ဆူ ပေါင်း ၂-ဆူ၊ လင်္ကာဒီပ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) တွင် ၁-ဆူ ချထားတော်မူခဲ့သည်ဟု ဆိုပါသည်။ ၄င်းစက်တော်ရာ ၃-ဆူလုံးပင် လက်ဝဲခြေတော်ရာချည်းပင် ဖြစ်ပါသလော။ ထို့ပြင် ဇမ္ဗူမှာဒွေး၊ ယာမှာဧ ဆိုသောစကားကိုလည်း ရှင်းပြစေလိုပါသည်ဘုရား။

(ဦးဗိုလ်-လမ်းမတော်မြို့နယ်၊ ရန်ကုန်)

(ဖြေ)

စွယ်စုံကျော်ထင်ကျမ်းတွင် ယာမာနတ်ရပ်၊ ဓာတ်တော်ကွပ်၊ ကပ်၍ဘယ်တွင်တည်သနည်း-ဟူသော အမေးကို ဖြေရာ၌ တီဏိ ခေါ ပန ဘဂဝတော ပဒစေဘိယာနိ-စသော သာရတ္ထသင်္ဂဟပါဠိကိုပြ၍

မြတ်စွာဘုရား၏ ခြေတော်ရာသည် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ၌ တဆူ။

ဇမ္ဗူဒိပ်ကျွန်း သစ္စဗန္ဓတောင်၌ တဆူ။

နမ္ပဒါမြစ်နား၌ တဆူ။ ဤသုံးဆူရှိသည်ဟုသာ ဆိုသည်။

ယာမာနတ်ပြည်၌ ပါဒစေတီရှိကြောင်းကို ကျမ်းဂန်မဆို။ ထိုထိုမှတ်စုစာများ၌ ဇမ္ဗူမှာ ဒွေး၊ ယာမှာ ဧ၊ ဟူ၍ စပ်ဆိုသည်ကို တွေ့ဖူး၏၊ ပမာဏမပြုလောက်သောကြောင့် မုချရှိ၏ဟု မဆိုသာချေ။ ဟု ကျီးသဲလေးထပ်ဆရာတော် ဖြေဆိုထားသည်ကို တွေ့ရသည်။

ထိုစာအရ ယာမာ ဧ-ဆိုသည်မှာ ယာမာနတ်ပြည်၌ ပါဒစေတီတဆူ ရှိသည်ဟု ဆိုလိုကြောင်း သိသာ၏၊

ဆရာစဉ်ဆက်ပြောသည်ကို ကြားဖူးသည်မှာ ဇမ္ဗူမှာ ဒွေး၊ ယာမှာ ဧ-ဟူ၍ ဇမ္ဗူဒိပ်၌ ပါဒစေတီနှစ်ဆူရှိရာ ယင်းပါဒစေတီ ခြေတော်ရာမှာ ဧက-ဟူသော လက်ဝဲခြေတော်ရာသာဖြစ်၍ ခြေတော်ရာ တခုတည်း အရာမှာ လက်ဝဲခြေတော်ရာသာ ဖြစ်သည်ဟု ဆိုလိုကြောင်း၊

ယာမှာ ဧ-ဆိုသည်မှာ ဖော်ပြပါအတိုင်း ယာမာနတ်ပြည်မှာ တဆူရှိသေးကြောင်း ဆိုလို၍ ၄င်းယာမာနတ်ပြည်၌ ခြေတော်ရာရှိကြောင်း စာပေမလာ-ဟု ဆိုလိုပါသည်။ ထို့ကြောင့် ယာမှာ ဧ-မဟုတ်၊ ရာမှာ ဧ-ဖြစ်သည်ဟု မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဇိနံ ဝန္ဒထ ဂါထာ

(မေး)။ ဇိနံ ဝန္ဒထ ဂေါတမံ၊ ဇိနံ ဝန္ဒာမံ ဂေါတမံ၊ ဝိဇ္ဇာ စရဏသမ္ပန္နံ၊ ဗုဒ္ဓံ ဝန္ဒာမ ဂေါတမံ။

၄င်းဂါထာကို အနက်ပြန်ပေးတော်မူ၍ အဘယ်မှလာသော ဂါထာဖြစ်ပြီး ရါတ်ဆိုပါက အဘယ်အကျိုးကို ခံစားရကြောင်း ညွှန်ကြားတော်မူပါဘုရား။

(မောင်ချစ်ဝေ-ကောလင်း)

(ဖြေ)။ ဇိနံ-မာရ်ငါးပါးကို အောင်မြင်တော်မူသော၊

ဂေါတမံ-ဂေါတမမည်ငြား မြတ်စွာဘုရားကို၊ (တုမှေ-သင်တို့သည်)၊

ဝန္ဒထ-ရှိခိုးကြပါကုန်လော့။

ဇိနံ-မာရ်ငါးပါးကို အောင်မြင်တော်မူသော၊ ဂေါတမံ-ဂေါတမ မည်ငြား မြတ်စွာဘုရားကို၊ (မယံ-ငါတို့သည်)၊

ဝန္ဒာမ-ရှိခိုးကြပါကုန်၏၊

ဝိဇ္ဇာစရဏသမ္ပန္နံ-ဝိဇ္ဇာသုံးပါး စရဏတရား တဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော၊

ဂေါတမံ-ဂေါတမဟူသော အမည်တော်ရှိတော်မသည့်၊ ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ (မယံ-ငါတို့သည်)၊

ဝန္ဒာမ-ရှိခိုးပါကုန်၏၊

၄င်းဂါထာမှာ ဝေဿဝဏ် နတ်မင်းကြီးက မြတ်စွာဘုရားအား တောနေတပည့်များ ရွတ်ဆိုကြရန် လျှောက်ထား ပေးအပ်ခဲ့သည့် မဟာအာဋာနာဋိယသုတ်တော်လာ ဂါထာဖြစ်သည်၊ ရွတ်ဆိုလျှင် နတ်ဆိုး နတ်ဝါးများ မနှိပ်စက်နိုင်ဘဲ နတ်ကောင်း နတ်မြတ်များ၏ မ,စ စောင့်ရှောက်မှုကို ခံရသော အကျိုးကို ခံစားရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဇိနိ နှင့် အဇိနိ

(မေး) (ဇိနိ နှင့် အဇိနိ)

အရှင်ဘုရား၊ ဤမြတ်မင်္ဂလာစာစောင် အတွဲ (၁၁) အမှတ် (၆) ၁၉၉၅-ခုနှစ် ဒီဇင်ဘာလစာစောင်တွင် ဆောင်းပါးရှင်တဦး တင်ပြသော အောင်ခြင်းရှစ်ပါးဂါထာနှင့် အနက်ဖော်ပြထားပုံတို့ကို ဖတ်ရှုရသည်မှာ လွန်စွာနှစ်သက် ကြည်ညိုဖွယ်ပင် ဖြစ်ပါသည်ဘုရား။

သို့ရာတွင် ပါဠိဂါထာမှာ ဇိနိ-ဖြစ်ပါလျက် အနက်ဖော်ပြရာတွင် အဇိနိ-ဟု အ-သဒ္ဒါထည့်၍ အနက်ဖော်ထာခြင်းကို နားမလည်ဖြစ်ရပါသည်ဘုရား။

ဂါထာပုဒ်ရင်းတွင် ဇိနောဇိနိသည် သန္ဓိပုဒ်စပ် ပုဒ်ဖြတ် မရှိဟု မှတ်ယူပါသည်ဘုရား။ အ-သဒ္ဒါ န-သဒ္ဒါသည် ပါဠိပုဒ်၏အနက်အဓိပ္ပါယ်ကို တားမြစ်ခြင်းဟု မှတ်ယူပါသည်ဘုရား။ န သမဏော၊ အသမဏော၊ န ဗြဟ္မဏော၊ အဗြဟ္မဏော၊ ဖြစ်သလို နဇိနိ အဇိနိ ဖြစ်နိုင်သည်ဟု မှတ်ယူသဖြင့် ဖြေရှင်းပေးစေလိုပါသည်ဘုရား။

(ဦးကျော်-ဆင်တဲကုန်းရွာ၊ မင်းလှမြို့ ပဲခူးတိုင်း)

(ဖြေ)

ဇိနော ဇိနိ-မှာ ဇိနော-အဇိနိ ပုဒ်ဖြတ်ရသော သန္ဓိပုဒ်ပင် ဖြစ်ပါသည်။

ဇိနော-မြတ်စွာဘုရားသည်၊ အဇိနိ-အောင်ပြီ-ဟု အနက်ပေးရပါသည်။

ဤကဲ့သို့ ကိရိယာပုဒ်များ ပါဠိတော်၌ များပြားပါသည်။ ဓမ္မပဒပါဠိတော် ဂါထာတပုဒ်တွင်

အက္ကောစ္ဆိမံ အဝဓိမံ၊ အဇိနိမံ အဟာသိမေ။ စသည်ဖြင့်ရှိ၍ အက္ကောစ္ဆိ, အဝဓိ, အဇိနိ, အဟာသိ ဟူသော ကိရိယာပုဒ်များကို ထောက်ဆနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဇီိဝိတဒါနကုသိုလ်

(မေး) (ဇီိဝိတဒါနကုသိုလ်)

အရှင်ဘုရား၊ မီးအလင်းရောင်ဖြင့် စာကျက်နေစဉ် မီးရောင်အတွင်းသို့ ပိုးကောင်ငယ်များ လာရောက်ကြရာ ပိုးကောင်စား သတ္တဝါတကောင် စားရန်အလာ မစားရန် တားမြစ်မိပါသည်။ ထိုအတွက် အဘယ်အကုသိုလ်အပြစ် ထိုက်ပါသနည်း။ အဘယ်ကုသိုလ်အကျိုး ရရှိပါသနည်း၊ ဖြေကြားစေလိုပါသည်ဘုရား။

(ဦးပညာဒီပ-ကျောက်ပန်းတောင်းမြို့)

(ဖြေ)

ကျားစားမည့်ဆဲဆဲ သမင်အား ကယ်ဆယ်ခြင်း၊

ကြွက်ခုတ်မည့်ကြောင်အား မောင်းနှင်ပစ်ကာ ကြွက်ကို ကယ်ဆယ်ခြင်း။

မြွေကိုက်နေသော ဖားကို လွှတ်စေခြင်း၊ စသည်တို့မှာ ဇီဝိတဒါန ဖြစ်သဖြင့် လွန်စွာကုသိုလ်ဖြစ်သည်။

တောလမ်းခရီးတွင် ထောင်ထားသော ပိုက်ကွန်၊ ရေတွင်မြှုပ်ထားသော (ငါးထောင်သည့်) မြုံး၊ ငှက်မိနေသော လှောင်ချိုင့်တို့ကို တွေ့လျှင် ဖျက်ဆီး ဖော်ထုတ် ဖွင့်လွှတ်ခြင်းတို့ကို လုပ်သင့်ကြောင်း ကျမ်းစာ (အဘိ၊ဋ္ဌ၊၁၊၁၂၂) တို့တွင် ဆိုထားပေသည်။

ဇာတ်တော်တို့တွင် ဂဠုန်လိုက်၍ ပြေးလာသော နဂါးလုလင်အား၊ ဘုရားလောင်းရသေ့ ကယ်တင်ခြင်း၊ ဒုကနိပါတ ဥရဂဇာတ် (ခု ၅-၃၇) ဓမ္မပဒဝတ္ထုတွင် အဝရုဒ္ဒကဘီလူး စားတော့မည့်သူငယ်အား ဘုရားကိုယ်တိုင် ကယ်တင်သော အာယုဝဍ္ဎန သတို့သားဝတ္ထု စသည်တို့ကို သာဓကယူသင့်၏၊

ထို့ကြောင့် ပိုးကောင်တို့အား စားရန်လာသည့် အိမ်မြှောင်စသော သတ္တဝါတို့အား သင်တို့အား ပါဏာတိပါတ မဖြစ်ရန် ငါတားမြစ်သည်။ ပိုးကောင်ငယ်တို့အားလည်း သင်တို့အသက်ကို ငါကယ်ဆယ်သည်-ဟု ဆို၍ တားဖြစ်ခြင်း၊ အသက်မသေစေခြင်းတို့အတွက် အကုသိုလ်ပြစ် မဖြစ်၊ လွန်စွာ ကုသိုလ်ဖြစ်သည်ဟု မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဉ နှင့် ဧဟိ

(မေး) (ဉ နှင့် ဧဟိ)

အရှင်ဘုရား၊ တပည့်တော် ရိုသေစွာ လျှောက်ထားပန်ကြားအပ်ပါသည်ဘုရား။

(၁) အက္ခရာ ဥ နှင့် ဉ မြီးတိုကို မည်ကဲ့သို့ ခွဲခြား သိရှိရပါမည်နည်းဘုရား။ ပုံစံ-ဧသာ ဉတ္တိ-တွင် ဧသာ အုတ္တိ-ဟု ဖတ်ရမည်လား၊ ဧသာ ညတ္တိ-ဟု ဖတ်ရမည်လား ကွဲပြားအောင် မည်သို့ ရေးသင့်ပါသနည်း။

(၂) ဧဟိ-ပါသော ဂါထာများကို ညဘက်များမှာ ရွတ်ဖတ်က မကောင်းဆိုးဝါးများ လာတတ်သည်ဟု ဆိုပါသည်။ ဟုတ်ပါသလား။ ပုံစံ-ဧဟိ မိတ္တံ ဧဟိ ပုညံ၊ ယထာ ယာစိ ကတံ ဖလံ၊ ဧဟိ နန္ဒာ ပိယာ ပုတ္တာ၊ ပိယာ သိရိ ပိယာ ပိယာ။

(ဦးမြမောင်-စံပြရပ်ကွက် ကျောက်ပန်းတောင်း)

(ဖြေ)

(၁) အက္ခရာ ဥ နှင့် ဉ မြီးတိုခေါ် ဦးခေါင်းမဲ့ ပါဠိ ဥ မှာ မူအားဖြင့် ကွဲပါသည်။ ဥ -က အမြီးတို၍ ဉ-ကအမြီးရှည်ပါသည်။

စ ဆ ဇ စျ ဉ -မှ ပါဠိအက္ခရာ ဉ-မှာ ဦးခေါင်းမရှိ အမြီးအနည်းငယ် ရှည်ထားရသည်။

သို့သော် မြန်မာမင်းလက်ထက်က ဦးခေါင်းမဲ့ ဉ-ကို မင်္ဂလာမရှိဟု ယူဆကြသည်။ ထို့ကြောင့် ၄င်းရေးရမည့်နေရာတွင် ည-ဦးခေါင်းရှိ သံယုတ် (နှစ်လုံးတွဲ) ကို အစားထိုး ရေးခဲ့ကြသည်။ ထို့ကြောင့် ဦးခေါင်းမဲ့ ဉ -အရေးပျောက်ကာ မြန်မာ ဉ-စာလုံးပင် မသုံးသလောက်ဖြစ်သွားပြီး ပုံနှိပ်စာလုံးပင် ရှားပါးသွားပါသည်။ ညမှာ သံယုတ် (နှစ်လုံးတွဲ) ဖြစ်၍ ပညာ-(ပဉ်ဉာ) သညာ-(သဉ်ဉာ) စသည်တို့တွင်သာ သုံးရပါသည်။

ပဉ္စမ, သဉ္ဇာ, သိဉ္ဇီဝ, မဉ္ဇူ စသည်တို့၌ ဦးခေါင်းမဲ့ ပါဠိ ဉ ကို သုံးရပါသည်။ ထို့ကြောင့် ဧသာ ဉတ္တိ၊ ဉာဏ်၊ ဉေယျဓမ် စသည်၌ ပါဠိ ဉ စစ်စစ်ကို တွေ့နိုင်ပါသည်။

(၂) အောက်လမ်းဆိုင်ရာ ပုဂ္ဂိုလ်တို့ သူရဲ တစ္ဆေကျွေးရာ၌ ဧဟိ ဧဟိ ဘုဉ္ဇာဟိ-ဟု ခေါ်၍ ကျွေးလေ့ရှိသဖြင့် ဧဟိ-ပါလျှင် မကောင်းဆိုးဝါးများ လာသည်ဟု စွဲနေကြခြင်းသာ ဖြစ်ဟန်ရှိပါသည်။ ဖော်ပြပါ ဧဟိ မိတ္တံ ဂါထာသာမဟုတ်သေး ဧဟိ ဘိက္ခု သွာက္ခာတော ဓမ္မော စသော မြတ်စွာဘုရားက ရဟန်းတို့အား ဧဟိ ဘိက္ခု ခေါ်သော ပါဠိတို့၌ ဧဟိ ပါသော်လည်း မည်သည့်အချိန်မှာ ရွတ်ရွတ် မကောင်းဆိုးဝါးများ လာလိမ့်မည်မဟုတ်ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဉတ်သင်္ကန်းဟူသည်

(မေး) (ဉတ်သင်္ကန်းဟူသည်)

အရှင်ဘုရား၊ ကထိန်ကပ်လှူပွဲတွေမှာ ဉတ်သင်္ကန်းမပါဘဲ ကထိန်ခင်းလို့ ရပါသလား၊ ဉတ်သင်္ကန်းပါမှ ဖြစ်မြောက်တယ်လို့ ပြောကြပါတယ်။ ဟုတ်-မဟုတ် ဖြေကြားပေးတော်မူပါဘုရား။ ကထိန်ခင်းရတဲ့အကြောင်းလဲ သိချင်ပါတယ်။ ပြည့်စုံစွာ ဖြေကြားပေးတော်မူပါဘုရား။

(မကေကေ-ပုဇွန်တောင်၊ ရန်ကုန်)

(ဖြေ)

ဉတ်သင်္ကန်းဟူသည်မှာ ကထိန်ခင်းရန် သင်္ကန်းသုံးထည် (နှစ်ထပ်သင်္ကန်းကြီးခေါ် ဒုကုဋ်၊ ကိုယ်ရုံခေါ် ဧကသီ၊ ခါးဝတ်ခေါ် သင်းပိုင်း၊ ) ကို ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ဖတ်၍ ပေးရသည်။ ထို့ကြောင့် ထိုသင်္ကန်းသုံးထည် (တထည်ထည်) ကို ဉတ်သင်္ကန်းဟု ခေါ်ရခြင်းဖြစ်သည်။

ဆိုလိုသည်မှာ နှစ်ထပ်သင်္ကန်းကြီးဖြင့်လည်း ကထိန်ခင်းနိုင်သည်။ ဧကသီဖြင့်လည်း ခင်းနိုင်သည်။ သင်းပိုင်တထည်တည်းဖြင့်လည်း ခင်းနိုင်သည်။ ထို့ကြောင့် ကထိန်တွင် ဉတ်သင်္ကန်းသည် ပဓာနဖြစ်သည်။ ဉတ်သင်္ကန်းမပါဘဲ ကထိန်ခင်း၍ မရ။ ပြဿနာမေးသူအလို ဒုကုဋ်သင်္ကန်းကိုသာ ဉတ်သင်္ကန်းဟု မှတ်ထားဟန်တူပါသည်။ သင်္ကန်းသုံးထည် ဘယ်သင်္ကန်းဖြင့်မဆို ကထိန်ခင်းနိုင်၍ ဉတ်သင်္ကန်းချည်း ခေါ်နိုင်ပါသည်။

ကထိန်ခင်းရခြင်းမှာ ရဟန်းများဖော်ပြပါ သင်္ကန်းသုံးထည်တွင် တထည်ထည်ကို ထားခဲ့ပြီး တပေါင်းလပြည့်အထိ ကင်းကွာ၍ နေနိုင်၊ သွားနိုင်ခြင်းနှင့် သင်္ကန်းစသော သံဃာ့လာဘ်များ ရရှိနိုင်ခြင်းစသော အကျိုးများ ရှိပါသည်။ ကထိန်တိုင်းတွင် ဆရာတော်များ အကျယ်ဟောကြားလေ့ရှိပါသည်။ ဤတွင် အကျယ်မရေးသားတော့ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တဆယ့်လေးချက် ဓမ္မစက်

(မေး) (တဆယ့်လေးချက် ဓမ္မစက်)

တဆယ့်လေးချက် ဓမ္မစက်အရ ဓမ္မစက် တဆယ့်လေးပါးကို အမည်ဖြင့် ဖော်ပြပေးစေလိုပါသည်။

(ညိုညိုသီ-ကမ္ဘောဇလမ်း ဗဟန်း)

(ဖြေ)

တရားတော်အရမှာ ဗောဓိပ္ကခိယတရား ၃၇-ပါးပင် ဖြစ်ပါသည်၊

ဗောဓိပက္ခိယတရား ၃၇-ပါးကို တရားကိုယ်ကောက်၍ တူရာပေါင်းလျှင် အောက်ပါတရား ၁၄-ပါးသာ ရပါသည်။

၁။ ဝိတက်၊

၂။ ပဿဒ္ဓိ၊

၃။ ပီတိ၊

၄။ ဥပေက္ခာ၊

၅။ ဆန္ဒ၊

၆။ စိတ္တ၊

၇။ သမ္မာဝါစာ၊

၈။ သမ္မာကမ္မန္တ၊

၉။ သမ္မာအာဇီဝ၊

(၄င်းကိုးပါးမှာ သူ့အမည်နှင့်တူ တဌာနစီသာ ဖြစ်၏)

၁၀။ သဒ္ဓါ၊ (၄င်းမှာ နှစ်ဌာန၌ ဖြစ်၏)

၁၁။ ဧကဂ္ဂတာ၊ (၄င်းမှာ လေးဌာန၌ ဖြစ်၏)

၁၂။ ပညာ၊ (၄င်းမှာ ငါးဌာန၌ ဖြစ်၏)

၁၃။ သတိ၊ (၄င်းမှာ ရှစ်ဌာန၌ ဖြစ်၏)

၁၄။ ဝီရိယ၊ (၄င်းမှာ ကိုးဌာန၌ ဖြစ်၏)

ဤ ၁၄-ပါးသည်ပင် တဆယ့်လေးချက် ဓမ္မစက်-ဟူ၍ ဆရာတို့ ဆိုတော်မူကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တဏှင်္ကရာဘုရား၏ မိဖုရားအမည်

(မေး) (တဏှင်္ကရာဘုရား၏ မိဖုရားအမည်)

အရှင်ဘုရား၊ တပည့်တော်တို့ဆီမှ အဘိုးတဦးက သာရမဏ္ဍကမ္ဘာမှာပွင့်တဲ့ တဏှင်္ကရာမြတ်စွာဘုရား၏ အလောင်းတော်ဘဝက ကြင်ဖက်တော်ကို ဖြေဆိုနိုင်လျှင် ဆုချမည်ဟု ဆုငွေထုတ်ထားပါသည်ဘုရား။ ထို့ပြင် တဏှင်္ကရာဘုရားကို လူပျိုဘုရားဟုလည်း ထိုအဘိုးက ဆိုထားပါသည်။ ကျမ်းနှင့် စာမျက်နှာပါ ထောက်ပြ၍ ဖြေကြားပေးတော်မူပါဘုရား။

(ရှင်သုမန-လှည်းတန်း၊ မုံရွာမြို့)

(ဖြေ)

ဗုဒ္ဓဝင်တွင် ဂေါတမမြတ်စွာဘုရား ဗျာဒိတ်ခံယူခဲ့သောဘုရားမှစ၍ သာရမဏ္ဍကမ္ဘာတွင် ပွင့်သည့်ဘုရားလေးဆူ အထိ နောက်ဆုံးဖြစ်သောဘုရားမှာ ဒီပင်္ကရာမြတ်စွာဘုရား ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဗုဒ္ဓဝင်၌ ဒီပင်္ကရာဘုရားမှစ၍ ဟောထားပါသည်။ ဒီပင်္ကရာမြတ်စွာဘုရားမှအစ ဂေါတမမြတ်စွာဘုရား အဆုံး နှစ်ဆယ့်လေးဆူသော မြတ်စွာဘုရားတို့၏ ဗောဓိပင်၊ အသက်တော်၊ အမိအဖ၊ ဇနီးကြင်ယာ၊ သားတော်၊ လက်ဝဲရံ၊ လက်ယာရံ၊ သာဝက၊ သာဝိကာ၊ စသည်တို့ကို အပြည့်အစုံ ဟောထားပါသည်။

ဒီပင်္ကရာ၏ ရှေး တဏှင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ ဘုရားသုံးဆူတို့၏ ဆိုင်ရာတို့ကို မဟောခဲ့ပါ။ ထို့ကြောင့် ထိုဘုရားဆိုင်ရာ ဇနီးကြင်ယာ၊ သားတော်၊ လက်ဝဲရံ လက်ယာရံတော် စသည်တို့ကို မသိနိုင်ပါ။ သို့သော် မြတ်စွာဘုရားတိုင်းပင် ဇနီးကြင်ယာနှင့် သားတော်များ ရှိကြပါသည်။ ဘုရားတိုင်းပင် ပဉ္စပရိစ္စာဂဖြစ်သော ဇနီး၊ သား သမီး၊ တိုင်းကြီး၊ ဥစ္စာရတနာတို့ကို စွန့်၍ တောထွက်ကြရမြဲ ဖြစ်သဖြင့် လူပျိုဘုရားဟူ၍ မရှိပါ။ ထို့ကြောင့် ဗောဓိကုက္ကို ညောင်ထိုထို လူပျိုဘုရား မရှိငြား-ဟု ရှေးဆရာတို့ ဆိုထားကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တပါးသီလ

(မေး) (တပါးသီလ)

အရှင်ဘုရား၊ ၇-၇-၉၁-နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ ဘာသာယဉ်ကျေးမှုကဏ္ဍ (စာမျက်နှာ ၈-) တွင် မဟာစည်ဆရာတော်ဘုရား၏ သူတော်စင်တို့ စံအိမ်-တရားတော်ကို ဖော်ပြထားပါသည်။ ထိုတရားတော်တွင် သုတ်အကြောင်းရှင်းလင်းရင်း ငါးပါး ရှစ်ပါးသီလများကို နုတ်ပယ်၍၄င်း၊ ဖြည့်စွက်၍၄င်း မခံယူသင့်ကြောင်း-ပါရှိပါသည်။ ဆရာဦးသုခ၏ တပါးသီလနှင့် ထိုအဆိုအမိန့်နှစ်ရပ်မှာ ဒွိဟ ပွားစရာဖြစ်ပါ၍ ရှင်းလင်းဖြေကြားပေးပါဘုရား။

(သိန်းမင်းဝင်း-ရွှေပြည်သာ)

(ဖြေ)

အချို့သူများက မုသာဝါဒကိုချန်၍ ငါးပါးသီလမှ လေးပါးသီလ၊ ဥပုသ်စောင့်ရာတွင် ညစာစားလို၍ ရှစ်ပါးသီလမှ ဝိကာလဘောဇန-ကို ချန်၍ ခုစ်ပါးသီလ ခံယူကြကြောင်း ကြားသိရပါသည်။ ဘုရားဟောတရားတော်များကို ဖျက်ဆီးခြင်းပင်ဖြစ်၍ မလုပ်အပ်-မလုပ်သင့်သော အမှုများဖြစ်ပါသည်။ ထို့ကြောင့် ဆရာတော်ဘုရားကြီးများက မလုပ်ကြရန် သတိပေးခြင်း ဖြစ်ပါသည်။

တပါးသီလ-ဆိုသည်မှာ လုံးလုံးသီလမရှိသည်ထက် တပါးတလေရှိနေခြင်းက တော်သေးသည်ဟု ပုံပြင်ပမာ ပြောဆိုခြင်းသာဖြစ်၍ စာလာ ပေလာ ကျန်းဂန်လာ စကား မဟုတ်ကြောင်း သတိပြုစရာ ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တပါးသီလအကြောင်း

(မေး) (တပါးသီလအကြောင်း)

အရှင်ဘုရား၊ ဗုဒ္ဓဘာသာဝင်ပီပီ ငါးပါးသီလကို မြဲမြံစွာ မကျိုးမပေါက်အောင် စောင့်ထိန်းမှသာ အကျိုးထူးတရား ခံစားရကာ လိုရာဆန္ဒပြည့်ဝသည်ဟု ယုံကြည်ကြပါသည်။ သို့သော် တပါးသီလဖြင့် စောင့်ထိန်းရင်လည်း နတ်ဘုံ၊ နတ်ဗိမာန်စသော ကောင်းကျိုးတရားများ ခံစားရသည်ဟု အချို့ပုဂ္ဂိုလ်တွေ ပြောဆိုငြင်းခုံနေကြပါသည်။ ကျမ်းဂန်အထောက်အထား ရှိပါသလား။ သို့မဟုတ် ပေါ့ပျက်သိမ်ဖျင်း လူပျင်းလူပျက်တို့၏ စကား ဖြစ်ပါသလား။ ဖြေကြားပေးတော်မူပါဘုရား။

(မွန်းကိုကို-ရွှေကူ)

(ဖြေ)

ဗုဒ္ဓဘာသာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ လူမှန်လျှင် ငါးပါးသီလကို အပြည့်အဝစောင့်ထိန်းကြရပါသည်။ ငါးပါးသီလထဲမှ တပါးပျက်လျှင်ပင် အပြစ်ရှိပါသည်။ အပေါ့ဆုံးဟုထင်ရသော မုသာဝါဒ-လိမ်လည်ပြောဆိုတတ်သူပင် ယင်းမုသာဝါဒကို ကမ္မပထမြောက် ကျူးလွန်ခြင်းကြောင့် အခြားကံများက မကယ်နိုင်။ အပါယ်လေးပါးသို့ ကျရောက်နိုင်ပါသည်။ သီလလေးပါး မပါဘဲ တပါးသာ ဆောက်တည်ခြင်းကြောင့် နတ်ရွာသုဂတိသို့ ရောက်နိုင်သည်ဟူသော တရားသဘော ဟောထားချက်မရှိ။ တပါးသီလဝတ္ထုအကြောင်းမှာ ပုံပြင်စကားတခုသာ ဖြစ်သည်ဟု မှတ်သားစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တရားစီရင်မှု

(မေး) (တရားစီရင်မှု)

အရှင်ဘုရား၊ တပည့်တော်သည် တရားသူကြီးအလုပ်ကို ဝါသနာပါပါသည်။ တရားဥပဒေအရ တရားစီရင်ခြင်းကို ဘာသာရေးရှုထောင့်က ကြည့်လျှင် အပြစ်လွတ်-မလွတ် သိချင်ပါသည်ဘုရား။

(မီမီပြုံး-ရန်ကုန်)

(ဖြေ)

တရားသူကြီးအလုပ်သည် တရားမျှတအောင်လုပ်ဖို့ အလွန်အရေးကြီးပါသည်။

ဆန္ဒာဂတိ=ချစ်ခင် ကျွမ်းဝင် ရင်းနှီး၍ မမှန်မကန် အဂတိလိုက်မိခြင်း။

ဒေါသာဂတိ=မုန်း၍ မကျေမနပ် မနှစ်သက်၍ မမှန်မကန် အဂတိလိုက်မိခြင်း။

မောဟာဂတိ=အမှုသွား အမှုလာ သေချကျန မဆန်းစစ် မသိရှိဘဲ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်ကာ မမှန်မကန် အဂတိလိုက်မိတတ်ခြင်း။

ဘယာဂတိ=စည်းစိမ်အား၊ ဓနအား၊ ရာထူးဌာနန္တရအား၊ အာဏာအား၊ အမျိုးမျိုးတို့ကို အကြောင်းပြု၍ အမှားကိုအမှန်၊ အမှန်ကို အမှားအဖြစ် အဂတိလိုက်မိခြင်း။ ထိုသို့ဆုံးဖြတ်ခဲ့လျှင် ကြီးလေးသောအပြစ်များ ဖြစ်နိုင်ပါသည်။

သို့သော် ပိဋကတ်စာပေများတွင် အဂတိ ၄-ပါး မလိုက်စားဘဲ တရားသဖြင့် ဆုံးဖြတ်၍ သတ္တဝါအများကို ချမ်းသာအောင် စောင့်ရှောက်ခဲ့သော မင်း၊ အမတ်၊ ပုဏ္ဏား၊ ပရိဗိုဇ်တို့ အများအပြားပင် ရှိပါသည်။

မဟာဗောဓိ ပရိဗိုဇ်၊ မဟာဗန္ဓုလစစ်သူကြီးတို့မှာ အဂတိတရား မလိုက်စားဘဲ တရားဆုံးဖြတ်ကြသဖြင့် တိုင်းသူပြည်သားတို့ ဘေးကင်းကွာ ချမ်းသာ၍ ချစ်ခင်ကြည်ညိုလေးစား ခံခဲ့ရသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

တရားထူး ရနိုင်-မရနိုင်

(မေး) (တရားထူး ရနိုင်-မရနိုင်)

အရှင်ဘုရား၊ သက်တော်ထင်ရှား မြတ်စွာဘုရားကို သွေးခြည်တော်ဥအောင် ပြုမိလျှင် ပဉ္စာနန္တရိယကံထိုက်ကြောင်း၊ တရားထူးမရနိုင်ကြောင်း သိရပါသည်။ ဗုဒ္ဓရုပ်ပွားတော် စေတီတော်များကို ပျက်စီးအောင် ပြုမိသောသူများကော တရားထူး ရနိုင်-မရနိုင် ဖြေကြားပေးတော်မူပါဘုရား။

(မောင်အောင်ကျော်-သာကေတမြို့နယ်၊ ရန်ကုန်)

(ဖြေ)

သက်တော်ထင်ရှား မြတ်စွာဘုရား၌ဖြစ်စေ၊ ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသော ဘုရားရှင်တို့၌ဖြစ်စေ တူမျှသောစိတ်၊ တူမျှသော ယုံကြည်ချက်သဒ္ဓါ၊ တူမျှသော စေတနာ၊ တူမျှသော ပညာဖြင့် ဂုဏ်တော်အာရုံ ကောင်းစွာထုံလျက် ကြည်ညိုပူဇော်နိုင်မည်ဆိုလျှင် တူမျှသောအကျိုးကို ပေးနိုင်၏-ဟု ပီတဝိမာန ဝတ္ထု၌ ပါရှိသည်။(တိဋ္ဌန္တေ နိဗ္ဗူတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ၊ စေတောပဏိဓိ ဟေတုဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။)

ကောင်းကျိုးပေးရာ၌ သဒ္ဓါ၊ စေတနာ၊ ပညာ၊ ထက်သန်တာချင်း တူမျှလျှင် သက်ရှိဘုရား၊ သက်မဲ့ဘုရား အကျိုးပေးတူ၏-ဟု ဆိုထားသည်။ သက်ရှိဘုရားကဲ့သို့ စေတီရုပ်ပွားတို့ကို ဖျက်ဆီးလိုသော စေတနာ၊ ဒေါသ၊ လုံ့လပယောဂ အစရှိသည်တို့ဖြင့် ဖျက်ဆီးခြင်း၊ ပျက်စီးအောင် ပြုလုပ်ခြင်းတို့သည်လည်း မကောင်းသောအကုသိုလ်ကံ အကျိုးပေးရာ၌ အပြစ်ကြီးတာခြင်း တူနိုင်ပါသည်။ ဖျက်ဆီးလိုသောစိတ်ဖြင့် မပြုမိအောင် အထူးရှောင်ကြဉ်ရပါမည်။ (ပြန်လည်၍ တင့်တယ်အောင်၊ အသစ်ဖြစ်အောင် ပြုပြင်ပူဇော်ခြင်းတို့၌ကား အပြစ်မရောက်သည့်အပြင် ကုသိုလ်ပင် လွန်စွာတိုးပွား အကျိုးများလှပါသည်။)

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

တရားမဟောရန် စိတ်အကြံ

(မေး) (တရားမဟောရန် စိတ်အကြံ)

ဆရာတော်အရှင်ဘုရား၊ ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် သတ္တဝါများအား တရားမဟောရန် စိတ်အကြံဖြစ်ကြာင်း ဖတ်ရဖူးပါသည်၊ အဘယ်ကြောင့် ဤသို့ စိတ်အကြံဖြစ်ရပါသနည်းဘုရား၊ အတိတ်မှ ပွင့်ပြီးသောဘုရားရှင်တို့နှင့် နောင်ပွင့်လတံ့ ဘုရားရှင်တို့လည်း ထိုကဲ့သို့ စိတ်အကြံ ဖြစ်-မဖြစ် သိလိုပါသဖြင့် ဖြေကြားတော်မူပါဘုရား။

(နေထွန်းခိုင်-ပြည်)

(ဖြေ) မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူစ၌ တရားတော်ကို ဆင်ခြင်တော်မူရာ တရားတော်၏ အလွန်တရာ သိမ်မွေ့ နက်နဲ ခက်ခဲမှုကို မြင်တော်မူပြီး သတ္တဝါတို့ကို ဆင်ခြင်ကြည့်ရှုရာ၌ သတ္တဝါတို့၌ ကိလေသာမြူမြှေးများ လွန်စွာ ထူထဲနေသည်ကို မြင်တော်မူ၍ တရားတော်နှင့် သတ္တဝါတို့ အခြေအနေကို နှိုင်းယှဉ်လျက် ယခု ငါ-တရားဟောလျှင် ပင်ပန်းရုံသာဖြစ်မည်-ဟု ကြံတော်မူ၍ လောလောဆယ် တရားမဟောသေးရန် စိတ်ညွတ်တော်မူပါသည်။

ထို့ပြင် ထိုအချိန်၌ လူတို့သည် ဗြဟ္မာ၌ လေးစားမှုရှိ၍ သဟမ္ပတိ ဗြဟ္မာမင်း တရားတောင်းပန်အံ့သည်ကိုလည်း ငံ့လင့်တော်မူခဲ့သည်-ဟု ဆိုပါသည်၊ ဗြဟ္မာတောင်းပန်မှ တရားဟောတော်မူသည်မှာ ဘုရားရှင်တိုင်း၏ ဓမ္မတာဖြစ်ကြောင်း ဓမ္မတာ ၃၀-၌ ပါဝင်သဖြင့် ဗြဟ္မာတောင်းပန်သည်အထိ ငံ့လင့်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုသို့ ဘုရားတိုင်းပင် ဗြဟ္မာတောင်းပန်မှ တရားဟောတော်မူရသည့် ဓမ္မတာရှိ၍ အတိတ် အနာဂတ် မြတ်စွာဘုရားတို့သည်လည်း ဤကဲ့သို့ ရုတ်တရက်ချက်ချင်း အဆောတလျှင် တရားမဟောရန် စိတ်အကြံဖြစ်ရမြဲပင် ဖြစ်ကြောင်း သိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တရားဟောပလ္လင်ကိစ္စ

(မေး) (တရားဟောပလ္လင်ကိစ္စ)

ဆရာတော်ဘုရား၊ တပည့်တော်၏ မိတ်ဆွေတဦးသည် ကမ္မဋ္ဌာန်းဌာနတခု၌ ခြေတွင် နယားရုပ်ပါသော

တရားဟောပလ္လင် လှူပါသည်။ ဆရာတော်တပါးက နယားရုပ်ပါသော ပလ္လင်တွင် တက်ထိုင်ပြီး တရားမချီးမြှင့်ကောင်း၊ တရားချီးမြှင့်လျှင် အာပတ်သင့်သည်ဟု ဟောပါသည်၊ ထိုစကား မှန်-မမှန် ရှင်းလင်းတော်မူပါဘုရား။

(ဦးလှအောင်-ကချင်ပြည်နယ်)

(ဖြေ)

ဥစ္စာသယန မဟာသယန-ဆိုင်ရာ၌ အခြေတွင် သားရဲရုပ် (နယားရုပ်-ခြင်္သေ့ရုပ်စသည်) ရှိသော ညောင်စောင်း၊ အင်းပျဉ်၊ ဓုတင်၊ ပလ္လင်တို့တွင် မအိပ်ကောင်း၊ မထိုင်ကောင်း စသည့် ဆုံးဖြတ်ချက်များ ဝိနည်းအဋ္ဌကထာ ဋီကာ တို့တွင် များစွာ ပါရှိပါသည်။

လယ်တီဆရာတော် ဘုရားကြီးသည် မဟာသယန ဒီပနီဟူသော အမည်ဖြင့် ကျမ်းတစောင် ပြုစုထားခဲ့သေး သည်၊ ထိုကိစ္စမှာ လွန်စွာကျယ်ဝန်းသဖြင့် စုံလင်အောင် မတင်ပြနိုင်ပါ။ အမှန်အားဖြင့် ခုတင်၊ ညောင်စောင်း တို့တွင် အခြေ၌ အရုပ်ပါသော မဟာသယနများ၌ အိပ်စက်နေထိုင်ခြင်း ပြုသော်သာ အာပတ်သင့်ခြင်းဖြစ်သည်။

သို့သော်လည်း ဝေနေယျများစွာ ဒကာ ဒကာမ သာဝက ယောဂီအလီလီတို့အား ကမ္မဋ္ဌာန်းပြခြင်း၊ တရားဓမ္မ ဟောခြင်း စသည်တို့၌ကား အပြစ်မရှိနိုင်ပါ။ အရှင်အာနန္ဒာ အရှင်ကစ္စာယနတို့ ရွှေ ငွေ စိန် ကျောက် ထိန်ထိန်တောက်နေသော ရာဇပလ္လင်ပေါ်မှ ကောသလမင်းကြီး၊ ဥတေနမင်းကြီးတို့အား တရားဟောခြင်း၊ နိဂြောဓသာမဏေတို့၊ ပုဂံ ရှင်အရဟံတို့ ထိုက်တန်သော နေရာမှာ နေပါဆိုလျှင် ရာဇပလ္လင်ပေါ်သို့ တက်၍ထိုင်ကာ အသောကမင်းကြီး၊ အနောရထာမင်းကြီးတို့အား သာသနာပြုခြင်း တရားဟောခြင်းတို့ကို သာဓကမူနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တိပိဋကနှင့် ဧတဒဂ်

(မေး) တိပိဋကနှင့် ဧတဒဂ်)

အရှင်ဘုရား၊ ဘုရားရှင်လက်ထက်က ပညာဧတဒဂ်၊ တန်ခိုးဧတဒဂ် စသည်ဖြင့် သမုတ်ကြပါသည်။ ယခုခေတ်အခါမှာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပူဇော်ပွဲပြုလုပ်၍ သာသနာ့အာဇာနည် ဆရာတော်ဟု ခေါ်ဝေါ်ကြပါသည်ဘုရား၊ ထိုသို့ မပြုလုပ်ဘဲ ပညာဧတဒဂ် ဘွဲ့နှင်းသဘင် ပူဇော်ပြွဲပုလုပ်၍ ဧတဒဂ်ဆရာတော်-ဟု အဘယ်ကြောင့် မခေါ်ကြပါသနည်းဘုရား။ ခေါ်သင့်-မခေါ်သင့်ကို စိစစ်ရှာဖွေ၍ ဖြေကြားပေးတော်မူပါ ဘုရား။

(ဖြူရတနာ-ဆိပ်ဖြူ-ဖန်ခါးမြေ)

(ဖြေ)

ပညာဧတဒဂ်ရ အရှင်သာရိပုတ္တရာသည် တသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်၍ ပညာဧတဒဂ်ရ အဂ္ဂသာဝက ဖြစ်တော်မူသည်။ မြတ်စွာဘုရားမှလွဲ၍ ပညာအရာတွင် အကြီးမြတ်ဆုံးဖြစ်ပါသည်။

တနည်းအားဖြင့်-မြတ်စွာဘုရားနီးပါး ပညာတော်ကြီးမြတ်သည်။ ကမ္ဘာတခွင်လုံး အုပ်ဖုံး၍ ရွာသွန်းသော မိုးရေမိုးပေါက်တို့ကိုပင် ရေတွက်နိုင်စွမ်းရှိသော ပညာဂုဏ်နှင့် ပြည့်စုံသည်။

ပါရမီဖြည့်နေသော ဘဝပေါင်းများစွာမှာပင် ပညာကြီးကျယ်ခဲ့သော ဖြစ်စဉ်ရှိခဲ့၍လည်း ဤဘဝတွင် မြတ်စွာဘုရားက ပညာအရာတွင် အကြီးအကျယ် အမြင့်မြတ်ဆုံး ဧတဒဂ်ပေးတော်မူသည်။ ဤသို့ ဧတဒဂ်ပေးတော်မူခြင်းကိုလည်း ဘုရားမှတပါး မည်သူမျှ ပြုလုပ်ခြင်းငှါ မအပ်ပါ။

ယခုခေတ် တိပိဋကဓရမှာ သင်ရိုးပိဋက ကျမ်းပေါင်း နှစ်ဆယ်လာ ပါဠိတော်များကို ကျက်မှတ်၍ ပြန်ဆိုခြင်း၊ အဓိပ္ပါယ် ရေးဖြေခြင်းတို့ကို ၄-နှစ် ၅-နှစ်ခွဲ၍ ပြန်ဆိုဖြေကြားရပါသည်။ အရှင်သာရိပုတ္တရာတို့၏ ပါရမီဉာဏ်တွေနဲ့ များစွာ ကွာခြားလှပါသေးသည်။ ဤခေတ်တွင် တိပိဋကဓရ သာသနာ့အာဇာနည်ဘွဲ့ထူးသည်ပင် ရနိုင်ခဲမျှ လွန်စွာကြီးမြင့်လှသော ဘွဲ့ထူးဖြစ်ပါသည်။ ဤသို့ နှိုင်းယှဉ်ဝေဖန်၍ အဘယ့်ကြောင့် ဧတဒဂ်ဘွဲ့ဖြင့် မခေါ်ဝေါ်သည်ကို သိသာနိုင်လောက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တိရစ္ဆာန် နှင့် နတ်

(မေး) (တိရစ္ဆာန် နှင့် နတ်)

အရှင်ဘုရား၊ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ နတ်သား၊ သိကြား၊ ဗြဟ္မာတွေဟာ တိရစ္ဆာန်တွေဖြစ်တယ်။

ငါဘုရား၏ သာသနာတော်နှင့် မတန်ဘူး။ ဒါကြောင့် သူတို့ကို သာသနာတော်တွင်းမှာ ရှင်ရဟန်း ပြုလုပ်မပေးရဘူး။ တကယ်လို့ ပြုလုပ်ပေးခဲ့ရင် ဦးဆောင်ပြုလုပ်ပေးတဲ့ အဲဒီရဟန်းများဟာ ဒုက္ကဋ်အာပတ် သင့်စေ-လို့ ပညတ်တော်မူခဲ့တယ်-ဟု စာစောင်တခုမှာပါရှိသည်ကို ဖတ်ရပါသည်။ ထို့ကြောင့် နတ်သား၊ သိကြား၊ ဗြဟ္မာတွေသည် တိရစ္ဆာန်များ ဖြစ်ကြပါသလားဘုရား။ မရှင်းလင်း၍ ရှင်းပြပေးပါရန် လေးစားစွာ လျှောက်ထားအပ်ပါသည်။

(ဦးကျော်သိန်း-ကျိုက်ထိုမြို့)

(ဖြေ)

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က သာသနာတော်ကို ကြည်ညိုသော နတ်နဂါးတဦး လူ့အသွင်ပြုလျက် ရဟန်းများထံ တောင်းပန်၍ ရဟန်းခံခဲ့ဘူးပါသည်။ အတန်ကြာလျှင် နဂါးအသွင်ပေါ်၍ နှင်ထုတ်ခဲ့ရသည်။ ယင်းကိုအကြောင်းပြု၍ လူဇာတ်၊ လူသားစင်စစ် ဖြစ်သူမှသာ ရဟန်းခံနိုင်ရန် ပညတ်ခဲ့ရပြီး ရဟန်းခံရာ၌ မနုေဿာသိ-လူသားစင်စစ် ဟုတ်မှန်ပါ၏လော-ဟူသော မေးခွန်းကို ထည့်သွင်းမေးစေရသည်။

နဂါး ဂဠုန်တို့သည် တိရစ္ဆာန်ဇာတ်ရှိသူများဖြစ်၍ အထူးပြောစရာမလိုပါ။ သို့သော် နတ်၊ သိကြား၊ ဗြဟ္မာတို့သည်လည်း လူသားမဟုတ်၍ ရဟန်းခံခွင့်မရ။ နဂါး ဂဠုန်တို့နှင့် အလားတူပင် အပယ်ခံများဖြစ်သည်။ သာသနာတော်အလိုအရ တိရစ္ဆာန်များပင် ဖြစ်သည်ဟု ဆိုရပါသည်။ ထို့ကြောင့် ဗြဟ္မာ၊ နတ်၊ သိကြား၊ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗနှင့် ရုက္ခ-ဘုမ္မာ၊ အာကကာသစိုး တန်ခိုးကြီး-မကြီး အသီးသီးတို့သည် တိရစ္ဆာန်နှင့် အလားတူဟူ၍ မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တိရစ္ဆာန်နှင့် မာဂဓဘာသာ

(မေး) (တိရစ္ဆာန်နှင့် မာဂဓဘာသာ)

အရှင်ဘုရား၊ တိရစ္ဆာန်များအား မာဂဓဘာသာ (ပါဠိဘာသာ) ဖြင့် ပြောဆိုခေါ်ဝေါ်လျှင် နားလည်ကြောင်း ပြောကြပါသည်။ သည်လိုဆိုလျှင် ပါဠိစကား တတ်ကျွမ်းသော ဆရာတော်များ တိရစ္ဆာန်များနှင့် စကားပြောဆိုနိုင်ကြပါလိမ့်မည်။ ဤသို့ ပြောဆိုသည်ဟုလည်း မကြားဘူးပါ။ တိရစ္ဆာန်တို့ ပါဠိစကားကို ဘယ်လိုနားလည်နိုင်ပါသလဲ။

(ခေမာ-ကသာ)

(ဖြေ)

တိရစ္ဆာန်များ ပါဠိစကား နားလည်သည်ဟု မဆိုနိုင်ပါ။ နားလည်ကြောင်း မည်သည့်ကျမ်းဂန်မှာမှ အဆိုမရှိပါ။ သို့သော် တစွန်းတစ ခေါ်ဝေါ်မှုကို နားလည်ကြောင်းကား မှတ်သားရဘူးပါသည်။ (ကြောင်-မိန်၊ ဝက်-လေ့၊ သိသာရွေ့၊ စေ့ခေါ်ဆင်မှာ ဘယ့်ကြောင့်နည်း)-ဟူသော စွယ်စုံကျော်ထင် အဖြေတွင်-

ကြောင်ကို မိန်မိန် (မြီမြီ) ဟု ခေါ်ခြင်းသည် မီနသဒ္ဒါ ငါးကို ဆိုသဖြင့် ငါးငါး-ဟု အသံပေးခြင်းဖြစ်ကြောင်း ဆိုပါသည်။

ဝက်ကို လေ့လေ့-ဟု ခေါ်ခြင်းသည် ယာဂုကဲ့သို့သော လျက်ဖွယ်ကို လျက်၍စားသော သတ္တဝါဖြစ်၍ လေယျလေယျ လျက်လှည့် လျက်လှည့်-ဟု ခေါ်ခြင်းဖြစ်ကြောင်း။

ဆင်ကို စေ့စေ့-ဟု ခေါ်ခြင်းမှာ စေ့ဝု စေ့ဝု ဆန်ဆန်-ဟု အသံပြုခေါ်ဝေါ်ခြင်း ဖြစ်ကြောင်းဆိုပါသည်။

ခွေးကို အို့အို့-ဟု ခေါ်ခြင်းမှာလည်း အဝဟရ၊ အဝဟရ မျိုလှည့် မျိုလှည့်-ဟု ခေါ်ခြင်းဖြစ်ကြောင်း။

ကြက်ကို တီတီ-ဟု ခေါ်ခြင်းသည် ပိုမွှားတိရစ္ဆာန်ကို စားတတ်သော သတ္တဝါဖြစ်ခြင်းကြောင့် တီတီ ပိုးမွှား ပိုမွှား-ဟု အသံပြု ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ဆိုပါသည်။

ကျီးကို အန်း အန်း-ဟု အသံပြုခြင်းသည်လည်း အန္န အန္န-ထမင်း ထမင်း-ဟု အသံပြုခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ဖြေဆိုထားပါသည်။

ဤသို့ ကြောင်၊ ဝက်၊ ဆင်၊ ခွေး၊ ကြက်၊ ကျီးတို့အား ခေါ်ဝေါ်သော ဝေါဟာရတို့မှာ မာဂဓပါဠိစကားသက်များ ဖြစ်၍ တိရစ္ဆာန်တို့ ပါဠိနားလည်သည်ဟု ဆိုခြင်းဖြစ်ဟန် တူပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တိဟိတ်ပုဂ္ဂိုလ်-ဒွိဟိတ်ပုဂ္ဂိုလ်

(မေး) (တိဟိတ်ပုဂ္ဂိုလ်-ဒွိဟိတ်ပုဂ္ဂိုလ်)

၁။ ဝိပဿနာတရား အားထုတ်ရာတွင် တိဟိတ် ပုဂ္ဂိုလ်များသာ ယခုဘဝ၌ တမဂ်တဖိုလ်ရနိုင်၍ ဒွိဟိတ်ပုဂ္ဂိုလ်များမှာ ယခုဘဝတွင် တမဂ်တဖိုလ် မရနိုင်-ဟု ဆိုသည်မှာ ဟုတ်ပါသလားဘုရား။

၂။ ဒွိဟိတ်ပုဂ္ဂိုလ် တိဟိတ်ပုဂ္ဂိုလ် ဆိုသည်မှာ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ခေါ်ဆိုပါသနည်း။

၃။ မိမိကိုယ်ကို ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်မည်၊ တိဟိတ်ပုဂ္ဂိုလ်ဖြစ်မည်ဟု မည်ကဲ့သို့ ခွဲခြားသိရှိနိုင်ပါမည်နည်း။

(မစန္ဒာအုံး-အုံးဓာတ်ပုံတိုက်၊ ဘုန်းကြီးလမ်း-ရန်ကုန်မြို့)

(ဖြေ)

မေးခွန်းသုံးခုကို ပေါင်း၍ ဖြေဆိုလိုက်ပါသည်။

လူတိုင်းအဖို့ အကုသိုလ်ဖြစ်မှု၊ ကုသိုလ်ဖြစ်မှုနှင့် သက်ဆိုင်သော အကြောင်းစိတ် (ဟေတု-ဟိတ်) ၆-မျိုး ရှိပါသည်။

၄င်းမှာ-လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ တို့ဖြစ်သည်။

ဝိပဿနာတရား အားထုတ်မှု ဆိုင်ရာ၌ ကုသိုလ်ဟိတ် သုံးမျိုးဖြစ်သည့် အလောဘ၊ အဒေါသ၊ အမောဟတို့ကိုသာ ယူပါသည်။

မြန်မာလို လောဘနည်းပါး သဒ္ဓါပွားမှု၊ မေတ္တာတရား ပွားများမှုနှင့် ပညာကြီးမှုတို့ ဖြစ်ပေသည်၊

ဤသုံးမျိုးနှင့် ပြည့်စုံမှသာ တရားအားထုတ်၍ တမဂ်တဖိုလ် ရနိုင်သည်၊

ဤသုံးမျိုးတွင် အမောဟ ပညာ ကင်းမဲ့နေလျှင် အလောဘ၊ အဒေါသ၊ ဟိတ်နှစ်မျိုးသာရှိသော ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်၍ မဂ်ဖိုလ်ရနိုင်စွမ်း မရှိပါ၊

အမောဟဟိတ် မပါသဖြင့် ပညာသင်၍ မရခြင်း၊ အလွန်ဉာဏ်ပညာ ခေါင်းပါးခြင်း၊ အကောင်းအဆိုး ခွဲခြား၍ သိနိုင်စွမ်း မရှိခြင်း စသော အချက်များကိုကြည့်၍ ဒွိဟိတ်ပုဂ္ဂိုလ် ဖြစ်နိုင်-မဖြစ်နိုင် မှန်းဆ သိသာပါလိမ့်မည်။

ဤခေတ်တွင် ပညာသင်၍ တတ်မြောက်ခြင်း၊ ဉာဏ်ကောင်းခြင်း၊ လောကီလောကုတ္တရာ ဗဟုသုတ အဖြာဖြာတို့၌ အကင်းပါးခြင်း စသည်တို့မှာ အများအားဖြင့် ပြည့်စုံလျက် ရှိနေ၍ တိဟိတ်ပုဂ္ဂိုလ်ဖြစ်နိုင်သူ များပြားပါသည်။

ထို့ကြောင့် အလျင်အမြန် တရားအသိအလင်း မပေါက်သဖြင့် လုံ့လကိုလျှော့ကာ ငါ-ဒွိဟိတ် ပုဂ္ဂိုလ်ပဲ၊

သည်ဘဝ မဂ်တရား၊ ဖိုလ်တရား ရနိုင်မည် မဟုတ်ပါဘူး-ဟု မယူဆလိုပါ။ ဉာဏ်ပညာ အသင့်အတင့် ရှိသူတိုင်း တရားအမြင်ပေါက်အောင် ကြိုးစားအားထုတ်သင့်ကြောင်း ဖြေဆိုရပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တိဟိတ်ပုဂ္ဂိုလ်အလား

(မေး) (တိဟိတ်ပုဂ္ဂိုလ်အလား)

အရှင်ဘုရား-

၁။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်

၂။ သုဂတိအဟိတ်ပုဂ္ဂိုလ်

၃။ ဒွိဟိတ်ပုဂ္ဂိုလ်

၄။ တိဟိတ်ပုဂ္ဂိုလ်-ဟူ၍ ပုထုဇဉ်ပုဂ္ဂိုလ် လေးမျိုးရှိရာတွင် လူ့ဘုံ၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်မှတပါး ကျန်ပုဂ္ဂိုလ်သုံးယောက် ရှိသည်ဟု သိရပါသည်။

တိဟိတ်ပုဂ္ဂိုလ်သည် ဉာဏ်အထက်မြက်ဆုံးဟု ထပ်ဆင့်သိရပြန်ပါသည်ဘုရား။ ယခုဘဝတွင် သုဂတိအဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်တို့အား တိဟိတ်ပုဂ္ဂိုလ်ကဲ့သို့ ဉာဏ်ထက်မြက်မှုရရှိရန် ကြိုးစားကျင့်ဆောင်က ရနိုင်-မရနိုင်၊ ရနိုင်ရန် မည်ကဲ့သို့ ကျင့်ကြံလိုက်နာရပါမည်နည်း သိလိုပါသည်ဘုရား။

(မောင်အောင်ကျော်-လှည်းကူးမြို့)

(ဖြေ)

လူ့လောကတွင် စျာန်မဂ်ဖိုလ် မရရှိနိုင်သော အန္တရာယ်မှာ-

၁။ ကမ္မန္တရာယ်-ပဉ္စာနန္တရိယကံ ကျူးလွန်ခဲ့မှု

၂။ ကိလေသန္တရာယ်-မိစ္ဆာဒိဋ္ဌိအယူကို ယူခဲ့မှု

၃။ ဝိပါကန္တရာယ်-အဟိတ်-ဒွိဟိတ် ပဋိသန္ဓေနေခဲ့ရမှု

၄။ ဥပဝါဒန္တရာယ်-အရိယာကို ပြစ်မှားခဲ့မှု

၅။ အာဏာဝီတိက္ကမန္တရာယ်-ရဟန်းတော်များ အာပတ်တန်းလန်း ရှိနေမှု ဟူ၍ ၅-ပါးရှိရာတွင် သုဂတိအဟိတ် ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်တို့မှာ ပဋိသန္ဓေကပင် အန္တရာယ်သင့်ခဲ့သူများဖြစ်၍ ဤဘဝတွင် တိဟိတ်ပုဂ္ဂိုလ်ကဲ့သို့ စျာန် မဂ် ဖိုလ် ရနိုင်သော ဉာဏ်မျိုးကို မရနိုင်တော့ပါ။ ကြိုးစားကျင့်ဆောင်နိုင်က ကောင်းရာသုဂတိဘဝသို့ ရောက်နိုင်၍ နောက်ဘဝတွင် စျာန် မဂ် ဖိုလ် ရနိုင်သော တိဟိတ်ပုဂ္ဂိုလ် ဖြစ်နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တစ္ဆေခြောက်ခြင်း

(မေး)။ ၁-စာရေးတံ ယူသောအရာ၌ ဧတဒဂ်ရ ရဟန္တာ၏ ဘွဲ့မည်တော်အမှန်ကို သိလိုပါသည်၊

ကုဏ္ဍဓာန-ဟူ၍၄င်း၊ ကောဋဓာန-ဟူ၍၄င်း နှစ်မျိုးတွေ့နေရပါသည်ဘုရား။

၂-တစ္ဆေခြောက်သည်၊ တစ္ဆေခြောက်ခံရသည်ဆိုသော အကြောင်းခြင်းရာကို ရှင်းပြပေးတော်မူပါရန်။

(မျိုးမမ-ရန်ကုန်)

(ဖြေ)။ ၁-စာရေးတံ ယူသောအရာ၌ ဧတဒဂ်ရ (ပထမ သလာကဂါဟက ဘွဲ့ထားရ) ရဟန္တာ၏ ဘွဲ့အမည်မှာ

အရှင်ကုဏ္ဍဓာန-ဖြစ်ပါသည်၊ ကောဋဓာန-ဟူသည်မှာ ပုံနှိပ်မှု၏ အမှား ဖြစ်စရာ ရှိပါ၏၊

၂- ဝိနိပါတပေတ (ပြိတ္တာ)များမှာ အလွန်ဆိုးဝါးသော အဆင်းရှိကြသည်၊

ယင်းတို့၏ အတ္တဘောကို တန်ခိုးဖြင့်၄င်း၊ ဆေးမြစ်စသည်တို့ဖြင့်၄င်း၊ ကွယ်၍ထားကြရသည်၊

တခါတရံ မိမိ၏ဘဝဟောင်းက မိတ်ဆွေများကို တွေ့လျှင် ငတ်မွတ်လှသဖြင့် အစားအစာတောင်းလို၍ (သို့မဟုတ်) ကုသိုလ်ပြုလုပ်ပြီး အမျှဝေစေလို၍ ကိုယ်ကို ဖော်ပြမိတတ်ကြသည်၊ ထိုအခါ ဆိုးဝါးသော အတ္တဘောကို တွေ့ရ၍ ခြောက်လှန့်သည်ဟု ထင်ရသည်။

(ပါဠိလို တဇ္ဇေ-(ခြောက်လှန့်)-ဖြစ်၍ တဇ္ဖေ-တစ္ဆေ-ဟု ခေါ်ဝေါ်ကြရာမှ တစ္ဆေ-ဟူသော ဝေါဟာရ ဖြစ်လာရသည်ဟု ဆိုသည်။)

သူတို့ကိုယ်တိုင်က ခြောက်ခြင်း၊ လှန့်ခြင်းလည်း အနည်းအပါး ရှိကောင်းရှိမည်၊ သို့သော် အများအားဖြင့် ဤသို့ အကူအညီတောင်းခြင်းမျိုးသာ ဖြစ်ရာ ခြောက်လှန့်သည်ဟု ဆိုကြသည်မှာ အလွန်သနားစရာပင် ကောင်းပေသည်၊ ထိုအခါမျိုးတွင် အခြောက်ခံရသူများက ကြောက်လန့် ထွက်ပြေးခြင်းမျိုးမလုပ်ပဲ ကုသိုလ်ကောင်းမှုကို အမျှဝေကြရန်၊ သို့မဟုတ်-ကုသိုလ်တခုခု ပြုပေးကြရန်သာ သင့်ပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တထောင့်ငါးရာ ကိလေသာ နှင့် ဝိပဿနာတရား

(မေး) (တထောင့်ငါးရာ ကိလေသာ နှင့် ဝိပဿနာတရား)

ဆရာတော်ဘုရား၊ တထောင့်ငါးရာ ကိလေသာဆိုတာ ဘယ်လိုနည်းနှင့် တွက်၍ တထောင့်ငါးရာ ဖြစ်လာပါသလဲ ဘုရား။

ထို့ပြင် ဝိပဿနာ ရှုနည်း အမျိုးမျိုးဖြစ်သော ကသစ်ဝိုင်နည်း၊ မဟာစည်နည်း၊ မိုးကုတ်နည်း စသည်ရှိရာ ဘယ်နည်း အထိရောက်ဆုံးဖြစ်ကြောင်း အကြံပေးဖြေကြားတော်မူစေချင်ပါသည် ဘုရား။

(စိုးဝင်း-ကျောင်းဆရာ၊ ဘုရားပြို အ-လ-က၊ ဝေါမြို့နယ်)

(ဖြေ)

စိတ် ၁-ပါး၊ စေတသိက် ၅၂-ပါး၊ ဟူသော နာမ်တရား ၅၃-ပါး၊

ရုပ် ၂၈-ပါးမှ နိပ္ဇန္နရုပ် ၁၈-ပါးနှင့် လက္ခဏရုပ် ၄-ပါးကို ယူ၍ ရုပ် ၂၂-ပါး။

၄င်း ရုပ်နာမ်နှစ်မျိုးပေါင်း ၇၅-ပါးကိုမူတည်ကာ မိမိနှင့် သူတပါးဟူသော အဇ္ဈတ္တ-ဗဟိဒ္ဓ သန္တာန် ၂-ပါးနှင့် မြှောက်လျှင် ၁၅၀-ရသည်။

ယင်းကို ကိလေသာ ၁၀-ပါးနှင့် မြှောက်သော် ၁၅၀၀-ကိလေသာ ရလေသည်။

ယင်းကို-

နာမ်တေပညာ၊ နိပ္ဇန္နာ၊ တည်ပါလက္ခဏ။

သန္တာန် နှစ်ဖြာ၊ မြှောက်ပွားကာ၊ တရာ ငါးဆယ်ရ။

ယင်းကိုတဖြာ၊ ကိလေသာ၊ ဆယ်ဖြာ မြှောက်ပြန်က။

တထောင့်ငါးရာ၊ ကိလေသာ၊ ထိုခါ ဖြစ်သည်ပ။

တနည်း လင်္ကာ-

နာမ်တေ ပညာ၊ ရုပ်နိပ္ဇန်၊ လက္ခဏရုပ်လေး။

သန္တာန် နှစ်ဝ၊ မြှောက်ဆင့်က၊ တရာ့ငါးဆယ်ရေး။

ဆယ်ကိလေသာ၊ မြှောက်ပွားကာ၊ ငါးရာတထောင်တွေး။

ဒုတိယအမေးပြဿနာနှင့် စပ်၍ကား ဝိပဿနာကမ္မဋ္ဌာန်းတရားနည်းများမှာ သူ့နည်းနှင့်သူ ကောင်းကြသည်ချည်းဖြစ်၍ မေးမြန်းစုံစမ်းနေသည်ထက် လက်တွေ့ တနည်းနည်းကို ဝင်ရောက် အားထုတ်ခြင်းသာ နည်းမှန်လမ်းမှန်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

တထောင့်ငါးရာ ကိလေသာ

(မေး) (တထောင့်ငါးရာ ကိလေသာ)

ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာနှင့်၊ တထောင့်ငါးရာ ကိလေသာ ဆိုသည်ကို မကြာမကြာ ကြားနေရပါသည်၊

ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာကို မေတ္တာပို့ဆိုင်ရာ စာအုပ်များတွင် တွေ့ရ၊ ဖတ်ရှုမှတ်သား ရပါသည်၊

တထောင့်ငါးရာ ကိလေသာ တွက်နည်းကို အတွေ့ရ နည်းပါသဖြင့် ရှင်းလင်းဖော်ပြပေးစေလိုပါသည် ဘုရား။

(ကိုဟန်ဝင်း-၆-လမ်း၊ (ခ)ရပ်ကွက် အင်းစိန်မြို့သစ်)

(ဖြေ)

တထောင့်ငါးရာ ကိလေသာ-ဟူသည်မှာ

စိတ်တခုယုတ် ၉၀-ကို ဝိညာဏက္ခန္ဓာအရ ၁-ခုသာယူ၍

စေတသိက် ၅၂-ပါးနှင့်ပေါင်းသော် နာမ်တရား ၅၃-ပါးဖြစ်သည်။

ရုပ် ၂၈-တွင်လည်း နိပ္ဖန္နရုပ် ၁၈-ပါးနှင့် လက္ခဏရုပ် ၄-ပါးကိုယူကာ နာမ်ရုပ်တရား ၇၅-ပါးရသည်၊

၄င်း ၇၅-ပါးကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် ၂-ပါးနှင့် မြှောက်သော် ၁၅၀-ရ၏၊

ထို ၁၅၀-ကို လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ-ဟူသော ကိလေသာ ၁၀-ပါးနှင့် မြှောက်သော် တထောင့်ငါးရာ ကိလေသာ ဖြစ်ပါသည်။

ထို့ကြောင့် (ခုနစ်ဆယ့်ငါး၊ နာမ်ရုပ်ထားမှ၊ နှစ်ပါးဆယ်ထွေ၊ မြှောက်ပွားရေသော်၊ ကိလေသာစက်၊ သုံးထောင်ဝက်) ဟူ၍ ကိုးခန်းပျို့၌ စပ်ဆိုထားပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ထန်းရည်နယ် ဟင်း

(မေး) (ထန်းရည်နယ် ဟင်း)

ဆရာတော်ဘုရား၊ ထန်းရည်သောက်သူများသည် ထန်းရည်ကို သောက်၍ ထန်းရည်မှ ထိုင်ကျလာသော ထန်းရည်နယ်များကို ကြော်၍၄င်း၊ ချက်၍၄င်း၊ စားသုံးကြပါသည်။ သံဃာတော်များကိုလည်း ဆွမ်းဟင်းအဖြစ် လောင်းလှူကြပါသည်။ ထိုလောင်းလှူသည့် ထန်းရည်နယ်များကို သံဃာတော်များ စားသုံးလျှင် အပြစ် ဖြစ်-မဖြစ် ဖြေကြားတော်မူပါ အရှင်ဘုရား။

(ရှင်ပညာစက္က-ကျောက်ပန်းတောင်းမြို့)

(ဖြေ)

ထန်းရည်ဖြစ်စေ၊ အရက်ဖြစ်စေ၊ ဆေးဖော်စပ်ရာ၌၄င်း၊ ဟင်း၌ ထည့်သွင်း ချက်ပြုတ်ရာ၌၄င်း၊ ထန်းရည် အရက် (သေရည်)၏ အဆင်း အနံ့မရှိလျှင် စားသုံးသော ရဟန်းတော်၌ အပြစ်မရှိပါ။

တေလံ ပန ဝါတဘေသဇ္ဇတ္ထံ မဇ္ဇေန သဒ္ဓိံ ပစန္တိ၊ တသ္မိံပိ အနတိက္ခိတ္တမဇ္ဇေယေဝ အနာပတ္တိ။(ဝိဋ္ဌ ၃-၁၂၇)။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ထန်းလျက်

(မေး)။ သံဃာတော်များသည် မူးယစ်စေတတ်သော ထန်းရည် စသည်မှရရှိသော အရည်များကို ကျိုချက်၍ ပြုလုပ်ထားသော ထန်းလျက် စသည်များကို စားကောင်းပါသလား၊

၄င်းထန်းလျက်နှင့် ရော၍ပြုလုပ်ထားသော အုန်းသီး ဆီးသီး စသည့်ယိုများကို စားကောင်းပါသလားဘုရား။

(ရှင်ဇိနဒတ္တ-မောင်ထောင်တိုက်၊ ပုသိမ်မြို့)

(ဖြေ)။ ထန်းလျက်ပြုလုပ်သော ထန်းရည်မှာ မူးယစ်စေသော ထန်းရည်မဟုတ်၊

မူးယစ်စေသော ထန်းရည်မှာ တဆေးခေါ်သည့် အရာဝတ္ထုများ၊ မူးယစ်စေနိုင်သော ထန်းချိုးစသည်များခံ၍ မူးအောင် ပြုလုပ်ထားရသော ထန်းရည်တမျိုး (ထန်းရည်ခါး) ဖြစ်သည်။

ထန်းလျက်ချက်သော ထန်းရည်မှာ မည်သည့်အရာဝတ္ထုနှင့်မျှ ထုံစိမ်ခြင်းမရှိသော ပကတိထန်းရည် (ထန်းရည်ချို) ကို ချက်ခြင်းဖြစ်သည်။

တမျိုးတခြားစီ ဖြစ်သဖြင့် သံဃာတော်များ သံသယကင်းရှင်းစွာ သုံးဆောင်နိုင်ပါသည်၊

၄င်းထန်းလျက်နှင့်ရော၍ ပြုလုပ်ထားသော အုန်းယို၊ ဆီးယို စသည်များကိုလည်း နံနက်ပိုင်း၌ သုံးဆောင်နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ထဘီမှ နေရာထိုင်အခင်း

(မေး) (ထဘီမှ နေရာထိုင်အခင်း)

အရှင်ဘုရား၊ ယခုခေတ်တွင် ကွယ်လွန်၍သွားသော အမျိုးသမီးတို့၏ ထဘီကို နေရာထိုင်အခင်းချုပ်၍ လှူရာ ရဟန်းတော်များ သုံးဆောင်ကြပါသည်။ လှူသူ၊ သုံးသူတို့ အကျိုးအပြစ် မည်သို့ရှိပါမည်နည်း၊ ဖြေကြားတော်မူပါဘုရား။

(မစောမြ-မြဝတီ)

(ဖြေ)

ကွယ်လွန်သူ၏ ထဘီကို ထဘီအတိုင်း မဟုတ်ဘဲ ဖြတ်၍ နေရာထိုင်အခင်း၊ အချို့ အိပ်ရာခင်း၊ ခေါင်းအုံး၊ စသည်ချုပ်၍ လှူကြသည်။ ထဘီမဟုတ်တော့၊ စွန့်ပစ်အဝတ် ဖြစ်နေ၍ ရဟန်းတော်တို့ သုံးဆောင်နိုင်ကြပါသည်။

ပံ့သကူကောက်၍ သင်္ကန်းချုပ်ရာ၌လည်း ထဘီစသည်မရွေး ကောက်ယူချုပ်နိုင်ပါသည်။

သဗ္ဗံ လဗ္ဘတိစ္ဆိန္နစီဝရော-စသည်ဖြင့် ခုဒ္ဒသိက္ခာ၌ ဆိုသဖြင့် သင်္ကန်းကို ခိုးသူလုယက်သွား၍ သင်္ကန်းမရှိသော ရဟန်းသည် ရသမျှအဝတ် မိန်းမထဘီမှစ၍ ဝတ်ရုံခြင်းငှါ အပ်သည်ဟုပင် အဆိုရှိပေသည်။ လှူသူရော သုံးသူပါ အပြစ်မရှိဟု မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ထွက်သက် ဝင်သက် ရှိ - မဲ့ သတ္တဝါ

(မေး) (ထွက်သက် ဝင်သက် ရှိ - မဲ့ သတ္တဝါ)

ဆရာတော်ဘုရား၊ မေတ္တသုတ်ပရိတ်တော်တွင် ယေကေစိ ပါဏဘူတတ္တိ-အစရှိသော အပိုဒ်တွင် မြန်မာအနက်ပြန်ရာ၌ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော ထွက်သက်-ဝင်သက်ရှိ သတ္တဝါ၊ ထွက်သက်-ဝင်သက် မဲ့ သတ္တဝါ-ဟု ဖော်ပြထားရာ ထွက်သက် ဝင်သက်မဲ့ သတ္တဝါနှင့် ပတ်သက်၍ မရှင်းလင်းပါသဖြင့် ရှင်းလင်းဖြေကြား ပေးတော်မူပါဘုရား။

(မတင်မြ-မော်လမြိုင်မြို့)

(ဖြေ)

သုံးဆယ့်တဘုံရှိရာတွင် အပါယ် ၄-ဘုံနှင့် လူ့ ၁-ဘုံ၊ နတ် ၆-ဘုံ ဟူသော ကာမ ၁၁-ဘုံသားတို့သည် ထွက်သက် ဝင်သက်ရှိ သတ္တဝါတို့ဖြစ်ကြသည်။

ရူပ ၁၆-ဘုံနှင့် အရူပ ၄-ဘုံ ဟူသော ဗြဟ္မာ ၂၀-တို့သည် ထွက်သက် ဝင်သက်မဲ့ သတ္တဝါတို့ ဖြစ်ကြပါသည်။

(ရူပ ၁၆-ဘုံရှိ သတ္တဝါတို့သည် အဘယ့်ကြောင့် ထွက်သက် ဝင်သက် မရှိသနည်းဆိုသော် ကဗဠီကာရ အာဟာရ-ဟူသော အာဟာရစားသောက်ရခြင်း မရှိသောကြောင့် မရှိ-ဟု ကျမ်းဂန်တို့တွင် ဆို၏၊

အရူပ ၄-ဘုံရှိ သတ္တဝါတို့ကား ရုပ်တရားပင် လုံးဝမရှိသဖြင့် ထွက်သက် ဝင်သက် မရှိ ဖြစ်ရလေသည်။)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ထီးဖြူ ထားသင့်-မထားသင့်

(မေး) (ထီးဖြူ ထားသင့်-မထားသင့်)

အရှင်ဘုရား၊ ဘုရားတပည့်တော်၏ နေအိမ်ရှိ ဘုရားခန်းတွင် ဘုရားမျိုးစုံ ၂၅-ဆူကျော် ရှိပါသည်။ ကိုးကွယ်ထားပါသည်။ နေ့စဉ် ဆွမ်းဟင်းခွက်မျိုးစုံ ၉-ပွဲ၊ အချို့မုန့်၊ လက်ဖက်ရည်များဖြင့် ဆက်ကပ်ပူဇော်ပါသည်။

လွန်ခဲ့သော ၂-နှစ်ခန့်က မန္တလေးမှ ဆရာကြီးတယောက် ရောက်လာပြီး အိမ်မှာ ထီးဖြူမထားရ စသည်ဖြင့် ပြောဆို တားမြစ်ပါသည်။ သင့်-မသင့် ဖြေကြားတော်မူပါဘုရား။

(ဦးမျိုး-စမ်းချောင်း)

(ဖြေ)

ပူဇော်ရာတွင် ခမ်းခမ်းနားနား တင့်တင့်တယ်တယ် ပူဇော်နိုင်လေလေ အကျိုးကြီးလေလေ ဖြစ်ပါသည်။ ကျောက်ဆင်းတု ရုပ်ပွားတော်ကို အိမ်မှာ မကိုးကွယ်ရ၊ ထီးဖြူမထားရ စသော အယူအဆများမှာ ပိဋကတ်တော်လာ ဓမ္မရေးရာ အယူအဆများ မဟုတ်ပါ။ မိမိတို့သန်ရာ အမျိုးမျိုး ပြောဆိုကြခြင်းသာ ဖြစ်သည်။ ယင်းတို့ကို အဆိုအရ မဟုတ်ဘဲ ဘုရားပူဇော်ရာ၌ တင့်တယ်၊ ခမ်းနား၊ သပ္ပါယ်ဖွယ်ရာ ဖြစ်လေ၊ ပို၍ ကြည်ညို သဒ္ဓါပွားနိုင်စရာ၊ ကုသိုလ်တိုးပွားနိုင်စရာ ဖြစ်လေ ဖြစ်ပါသည်။ စိတ်ချယုံကြည်စွာ အစွမ်းရှိသလောက် ပူဇော်ကြရန် ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ထီးလှူရသောအကျိုး

(မေး) (ထီးလှူရသောအကျိုး)

အရှင်ဘုရား၊ တပည့်တော်သည် တပည့်တော်တို့မြို့ ဘုံကထိန်ပွဲကြီးတွင် နှစ်စဉ် ရဟန်းတော်ဆောင်း ထီးများ လှူဒါန်းလေ့ရှိပါသည်။ ဤသို့ ထီးလှူဒါန်းရန် ဝါသနာရှိ၍လည်း နှစ်စဉ် လှူဒါန်းခဲ့ရပါသည်။ ထိုထီးလှူရသော အကျိုးတရားကို အမြဲဆောင်ထား မှတ်သားပါရန် လင်္ကာဆောင်ပုဒ်တခု ရေးသားချီးမြှင့်တော်မူပါဘုရား။

(မောင်ငြိမ်းချမ်း-စစ်တွေမြို့)

(ဖြေ)

ထီးလှူရသောအကျိုးကို ကျမ်းဂန်များတွင် (ဆုမတောင်းဘဲရသော အကျိုးအဖြစ်ဖြင့်)

(၁) အချမ်းမရှိသည်။

(၂) အပူမရှိသည်။

(၃) အညစ်အကြေးကင်းသည်။

(၄) ဘေးရန်မရှိသည်။

(၅) စိုးရိမ်ကြောင့်ကြစိတ် မရှိသည်။

(၆) သူခပ်သိမ်းတို့ ရိုသေသည်။

(၇) နူးညံ့သောကိုယ်ရှိသည်။

(၈) နူးညံ့သောစိတ် ရှိသည်-ဟူ၍ လောကီကျိုး ၈-မျိုး ပြပါသည်။

ယင်းကိုဤသို့ မှတ်သားနိုင်ပါသည်။

ချမ်း-ပူ ကင်းဝေး၊ ညစ်ကြေး-ဘေးရန်၊ ကင်းသည်မှန်လှ၊ စိုးကြောင့်ကြငြိမ်း၊ ခပ်သိမ်းရိုသေ၊ ကိုယ်-စိတ်နေတို့၊ နှစ်ထွေမှန်စွာ၊ နူးညံ့လာသည်၊ ရှစ်ဖြာထီးလှူ အကျိုးတည်း။

၄င်းမှာ ဆုမတောင်းဘဲရသော လောကီအကျိုးဖြစ်၍ လောကုတ္တရာအကျိုးအတွက် ဤထီးလှူရသော ကောင်းမှုကြောင့် အရဟတ္တဖိုလ် ထီးဖြူတော်ကြီးကို ဆောင်းနိုင်ရပါလို၏-ဟု သီးခြားဆုတောင်းသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ထီပေါက်၍ အလှူဒါနပြုခြင်း

(မေး) ထီပေါက်၍ အလှူဒါနပြုခြင်း

အရှင်ဘုရား၊ ယခုအခါ လူများစွာသည် ထီပေါက်သောငွေဖြင့် အလှူဒါနများ ပြုလုပ်နေကြပါသည်။ ထီပေါက်သောငွေ၊ ဘောလုံးပွဲနိုင်သောငွေ၊ ကျွဲပွဲ၊ နွားပွဲနိုင်သောငွေ၊ ဖဲရိုက်၍ နိုင်သောငွေများသည် အလောင်းအစားအလုပ်ဖြင့် ရလာသောငွေများ ဖြစ်နေသောကြောင့် လှူဖွယ်ဝတ္ထုအနေဖြင့် ဓမ္မိယလဒ္ဓ စင်ကြယ်ခြင်း မရှိဟု ထင်ရပါသည်။ ဤကဲ့သို့ အလောင်းအစားပြုရာမှ နိုင်လာသော ငွေ (ဝါ) လှူဖွယ်ဝတ္ထုတို့ဖြင့် လှူဒါန်းနေခြင်းသည် ကုသိုလ်ထူး ရနိုင်ပါသလားဘုရား။

(ဦးမောင်ဝမ်-၇-လမ်း၊ နောက်လယ်ရပ်၊ မြိတ်မြို့)

(ဖြေ) အဓမ္မိယလဒ္ဓ ဟူသည်မှာ ကာယဒုစရိုက် ဝစီဒုစရိုက် အမှုများဖြင့်ရသော ပစ္စည်းမျိုးသာ ဆိုပါသည်။ အလှူဒါနပြုရာ၌ လူပုဂ္ဂိုလ်များအနေဖြင့် ရဟန်းတို့ကဲ့သို့ မိစ္ဆာဇီဝဖြင့် ရသောပစ္စည်းကို သုံးဆောင်၍ အာပတ်သင့်ခြင်းမျိုး မရှိပါ။

ထို့ကြောင့် အဓမ္မိယလဒ္ဓ ပစ္စည်းကို သုံးဆော်သော်လည်း အပြစ်မရှိပါ။ အကုသိုလ် လုပ်ဆဲခဏ၌သာ ကာယ ဝစီဆိုင်ရာ အပြစ်ဖြစ်ပါသည်။ ထိုအမှုဖြင့် ရသောပစ္စည်းကို လှူဒါန်း၍လည်း ကုသိုလ်ဖြစ်ပါသည်။

ပူတိဂတ္တ ရဟန်းလောင်း တောမုဆိုးသည် ၄င်းဖမ်းယူသတ်ဖြတ်၍ ရသည့် ငှက်သားဖြင့် ပစ္စေကဗုဒ္ဓါအား လှူ၍ အရှင်ဘုရား ရသောတရားကို ရလိုပါ၏-ဟု ဆုတောင်းသဖြင့် ဤဘုရားလက်ထက်၌ ရဟန္တာဖြစ်ရပါသည်။ အကုသိုလ်ကြောင့် ရဟန္တာဖြစ်သည့်တိုင် အရိုးကျိုးသည်အထိ အနာရောဂါ ခံစားခဲ့ရပါသည်။

ထီထိုးခြင်းစသော လောင်းကစားမှုများမှာ ကာယဒုစရိုက် ဝစီဒုစရိုက်များ မဟုတ်ကြ၊ သို့သော် ကုန်သွယ်လယ်လုပ်၍ရသော ပစ္စည်းကဲ့သို့ ဓမ္မိယလဒ္ဓ စစ်စစ်ဟုကား မဆိုနိုင်ပါ။ ဓမ္မိယလဒ္ဓ စစ်စစ်ဖြင့် ရသော ပစ္စည်းကို လိုအပ်သည်မှာ ဒိဋ္ဌဓမ္မ ဝေဒနီယကံ ဆိုင်ရာ၌သာ ဖြစ်ပါသည်။ နိရောဓ သမာပတ်မှ ထလာသော အနာဂါမ် ရဟန္တာ ပုဂ္ဂိုလ်အား ဓမ္မိယလဒ္ဓ စစ်စစ်ဖြင့် ရအပ်သော ဆွမ်း၊ ဘောဇဉ်ကို ပထမဇော စေတနာပြဋ္ဌာန်း၍ လောင်းလှူလျှင် ဤဘဝ ၇-ရက်အတွင်း အကျိုးပေးသည်ဟု စာတွင် လာရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒက္ခိဏသာခါ ဘုရား

(မေး) (ဒက္ခိဏသာခါ ဘုရား)

အရှင်ဘုရား၊ ဒက္ခိဏသာခါ ဘုရားသည် မည်သည့်အချိန်က ပွင့်တော်မူသော ဘုရားပါလဲဘုရား၊ ဤရုပ်ပွားတော်ကို ကိုးကွယ်သူများက မီးကွင်းသည်၊ လာဘ်ပေါများသည်ဟု ပြောကြပါသည်။ ဤသည်မှာ အမှန်ပါပဲလားဘုရား၊ ဘာကြောင့် ဤသို့ မီးကွင်းရပါသလဲ၊ ဂေါမတဘုရားကဲ့သို့ သဗ္ဗညုတဘုရားရှင်ကော ဟုတ်ပါသလား၊ ဤဒက္ခိဏသာခါ ရုပ်ပွားတော်များကို အိမ်အများစုမှာ ကိုးကွယ်၍စေတီပုထိုးများတွင် မတွေ့ရခြင်းမှာ ဘာကြောင့်ပါလဲဘုရား၊ ဤဒက္ခိဏသာခါ ဘုရားရုပ်ပွားတော်များကို ကိုးကွယ်သူများက တပည့်တော်မတို့၏ ဂေါတမရှင်တော်မြတ်ဘုရားက တန်ခိုးမရှိသယောင် ပြောဆို၍ ဒက္ခိဏသာခါ ရုပ်ပွားတော်များကသာ တန်ခိုးရှိကြောင်း ပြောဆိုနေပါ၍ ဤပြဿနာကို ဖြေရှင်းပေးတော်မူပါဘုရား။ ။

(မလဲ့လဲ့ဝင်း-တောင်ဥက္ကလာ)

(ဖြေ)

ဒက္ခိဏသာခါ-ဟူသည်မှာ သီးခြားဘုရာတဆူ မဟုတ်၊ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားကိုပင် ပုံတော်ရုပ်တု ပြုလုပ်၍ ကိုးကွယ်ကြခြင်းပင် ဖြစ်သည်။ ဒက္ခိဏသာခါ ဆိုသည်မှာ တောင်ဘက်အကိုင်း ဟု ဆိုလိုသည်။ ဗောဓိညောင်ပင်၏ တောင်ကိုင်းကို ဖြတ်ယူ၍ သီရိလင်္ကာ၌ စိုက်ပျိုးပူဇော်ရာ ထိုညောင်ပင်မှ အကိုင်းအခက်အလက်တို့ကို ထုလုပ်၍၄င်း၊ သားရိုးပြုလုပ်၍၄င်း၊ ဘုရားရုပ်ပွားတော်အဖြစ် ကိုးကွယ်ကြသည်ကို ဒက္ခိဏသာခါ ခေါ်သည်။

ထိုဘုရားပုံတော်များကို တု၍ နောက်ခေတ်၌ ထုလုပ်ကိုးကွယ်ကြသမျှပင် ဒက္ခိဏသာခါ ရုပ်ပွားတော်များဟု ဆိုပါသည်။ စင်စစ် ဂေါတမဗုဒ္ဓ၏ ဥဒ္ဒိဿစေတီများပင် ဖြစ်သည်။

မီးကွင်းသည် စီးပွားတက်သည် ဆိုသည်မှာလည်း ပူဇော်ကိုးကွယ်သူတို့၏ စေတနာအရ ဖြစ်သဖြင့် ရုပ်ပွားတော်၏ တန်ခိုးဣဒ္ဓိပါဒ်ဟု ဆိုရန်မသင့်ပါ။ ကိုးကွယ်သူ စေတနာကောင်း ကောင်းသလောက် အကျိုးကြီးမည်မှာ ဓမ္မတာသာ ဖြစ်ပါသည်။ အိမ်များမှာသာ ရုပ်ပွားတော်များကို တွေ့ရ၍ ဘုရားစေတီများမှာ မတွေ့ရခြင်းမှာ ရုပ်ပွားတော်များမှာ သေးငယ်၍ စေတီတော်များ၌ ပူဇော်ထားရှိခြင်း မပြုကြခြင်း-ဟု မှတ်သားသင့်ပါသည်။ အလားတူ မေးထားသော မောင်ရွှေညို (မိတ္ထီလာမြို့)လည်း ဤအဖြေအတိုင်း မှတ်သားထားစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒက္ခိဏသာခါ

(မေး) (ဒက္ခိဏသာခါ)

အရှင်ဘုရား၊ ဒက္ခိဏသာခါသည် ဘုရား။ (သို့မဟုတ်) ရဟန္တာ ဖြစ်ပါသလား။ (သို့မဟုတ်) ရဟန္တာဖြစ်လျှင် မည်သည့်မျိုးရိုးမှ ဆင်းသက်ပြီး မယ်တော်၊ ခမည်းတော်တို့သည် မည်သူတို့ဖြစ်ကြပြီး ဘုရား။ (သို့မဟုတ်) ရဟန္တာဖြစ်လာပုံကို သိလိုပါသည်ဘုရား။

ဒက္ခိဏသာခါသည် အဘယ်ကြောင့် မီးကွင်းပါသနည်း။ မိမိအိမ်၌ မြတ်စွာဘုရားနှင့် အတူယှဉ်တွဲ ကိုးကွယ်သင့်ပါသလား။ မီးကွင်းဂါထာ နှင့် ဒက္ခိဏသာခါ ထုလုပ်ကိုးကွယ်ပုံ အင်္ဂါအလုံးစုံကို သိလိုပါသည်ဘုရား။

(မောင်မင်းမင်းထွန်း-လေးမျက်နှာမြို့၊ မြစ်ကျိုးရွာ၊ ဧရာဝတီတိုင်း)

(ဖြေ)

ဒက္ခိဏသာခါ ဟူသည် ဒက္ခိဏ-လကျ်ာ (သို့မဟုတ်)တောင်ဘက်။ သာခါ-အကိုင်း။ ဗောဓိညောင်ပင်၏ တောင်ဘက်ကိုင်းကိုဖြတ်၍ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ၌ စိုက်ပျိုးထားသော ဗောဓိပင်ဖြစ်သည်။

ထိုဗောဓိပင်၏ အခက်အရွက်များကို သရိုးပြု၍ ထုလုပ်ထားသော (သို့မဟုတ်) ထိုညောင်ပင်၏ အပွား ညောင်သားများကို ထုလုပ်ထားသော (သို့မဟုတ်) ထိုထုပ်လုပ်ထားသည့် ဘုရားပုံအတိုင်း ပုံတူပြု၍ ထုလုပ်ထားသော ဘုရားရုပ်ပွားတော်ဖြစ်သည်။

ရဟန္တာပုံ မဟုတ်။ ဘုရားရုပ်ပွား ဥဒ္ဒိဿစေတီတော်ပင် ဖြစ်၍ မယ်တော် ခမည်းတော်သည် ဗုဒ္ဓဝင်ပါအတိုင်း မှတ်ပါ။ ဘုရားပုံတော်ဖြစ်၍ သီးခြားထား ကိုးကွယ်စရာ မလိုပါ။ မီးကွင်းခြင်း၊ အန္တရာယ်ကင်းခြင်းတို့မှာ ကိုးကွယ်သူတို့၏ စေတနာ သဒ္ဓါတရားပေါ်မှာ တည်ပါသည်။ ကိုးကွယ်သူတို့ စေတနာ သဒ္ဓါတရား ကောင်းမွန်လျှင် မည်သည့်ရုပ်ပွား ဥဒ္ဒိဿစေတီတော်မဆို မီး ရေ စသော ဘေးအန္တရာယ်တို့မှ ကင်းရှင်းနိုင်ပါသည်။ မီးကွင်းဂါထာဟူ၍ အထူးမရှိပါ။ ကိုးကွယ်ထုလုပ်ပုံ အင်္ဂါအလုံးစုံတို့ကို သိလိုလျှင် ဒက္ခိဏသာခါအကြောင်း စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုစေလိုပါသည်။ ဤတွင် အကျယ်မရေးသာပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒါန သုံးမျိုး

(မေး)(ဒါန သုံးမျိုး)

အရှင်ဘုရား၊ ဝိနယဒေသနာအလို၊ အဘိဓမ္မာဒေသနာအလိုနှင့် သုတ္တန်ဒေသနာအလိုအားဖြင့် မည်သို့ဒါနပြုရမည်ကို အသီးသီး ဖော်ပြပေးတော်မူပါဘုရား။ ထိုသုံးမျိုးတွင် မည်သည့် ဒေသနာအလိုအားဖြင့် အမြတ်ဆုံးဒါန ဖြစ်ပါသလဲဘုရား။

(ရွှေစင်သန်းရွှေ-ဋီကာကျော်-ကလေးမြို့)

(ဖြေ)

ဒါနသည် ဝိနည်းဒေသနာတော်အလို ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူ၍ ၄-မျိုးရှိပါသည်။

အဘိဓမ္မာဒေသနာအလို ရူပဒါန၊ သဒ္ဒဒါန၊ ဂန္ဓဒါန၊ ရသဒါန၊ နှင့် ဖောဋ္ဌဗ္ဗဒါန ဟူ၍ ၅-ပါးရှိပါသည်။

သုတ္တန်ဒေသနာအလို အန္န-ဆွမ်းအလှူ။ ပါန-အဖျော်အလှူ။ ဃရ-ကျောင်းအလှူ၊ ဝတ္ထ-အဝတ်ပုဆိုးအလှူ။ ယာန-ယာဉ် အစီးအနင်းအလှူ။ မာလာ-ပန်းအလှူ။ ဝိလေပန-နံ့သာပျောင်းအလှူ။ ဂန္ဓ-အနံ့ (အမွှေးတိုင်စသည်) အလှူ။ သေယျာ-အိပ်ရာနေရာအလှူနှင့် ပဒီပ-ဆီမီးအလှူတို့ ဖြစ်ပါသည်။

ဆွမ်းတမျိုးကိုပင် ဝိနည်းဒေသနာအလို ဆွမ်း၊ အဘိဓမ္မာ ဒေသနာအလို ရသဒါန၊ သုတ္တန်အလို အန္န ဟူ၍ဖြစ်ပါသည်။ အမျိုးအမြတ်အနေဖြင့်မူ မည်သည့်ဒေသနာအလိုပင်ဖြစ်စေ နိဗ္ဗာန်ကိုရည်စူး၍ ဝိဝဋ္ဋဒါနဖြစ်အောင် ဆုတောင်း၍ လှူဒါန်းကြရန်သာ အရေးကြီးပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒါန သီလ ဘာဝနာ အစဉ်ထားခြင်း

(မေး) (ဒါန သီလ ဘာဝနာ အစဉ်ထားခြင်း)

အရှင်ဘုရား၊ ဒါန၊ သီလ၊ ဘာဝနာဟု အစဉ်အားဖြင့် ဆိုထားခြင်းသည် အညံ့မှအကောင်းသို့ အစဉ်အားဖြင့် ဆိုထားခြင်း ဖြစ်ပါသလား။ ထိုသုံးမျိုးတွင် အမြတ်ဆုံးကုသိုလ်က အဘယ်ကုသိုလ်ဖြစ်ပါသနည်း။ ဖြေကြားပေးတော်မူပါဘုရား။

(အရှင်ဣန္ဒော-မန္တလေး)

(ဖြေ)

အညံ့မှ အကောင်းသို့ ဆိုထားသည်မှာ မှန်ပါသည်။ ဘုရားရှင် တရားဟောသော အစဉ်မှာ

(၁) ဒါနကထာ-စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း အကျိုးတရား။

(၂) သီလကထာ-အကျင့်သီလ အကျိုးအပြစ်တရား။

(၃) သဂ္ဂကထာ-ဒါနသီလကြောင့် ရရှိနိုင်မည့် နတ်ပြည်နတ်စည်းစိမ် အကြောင်း။

(၄) ကာမာနံ အာဒီနဝကထာ-လူနတ်စည်းစိမ်တို့သည် သာယာဖွယ်က နည်းနည်း၊ ဒုက္ခဆင်းရဲနှင့် ကြောင့်ကြပူပန်စရာတွေက များပုံအကြောင်း။

(၅) ထိုဆင်းရဲဒုက္ခ ပူပန်မှုအမျိုးမျိုးတို့မှ လွတ်စေရန် သမထ ဘာဝနာ ၄၀-ပွားများပုံအကြောင်း။

(၆) ဝိသုဒ္ဓိ ၇-ပါး ပွားများပုံအကြောင်း။

(၇) ဉာဏ်စဉ် ၁၀-ပါး အဆင့်ဆင့် ကျင့်ပွားပုံအကြောင်း။

(၈) မဂ်ဖိုလ်နိဗ္ဗာန်အကြောင်း (မဂ္ဂကထာ) တို့ကို အဆင့်ဆင့် မြှင့်၍မြှင့်၍ ဟောကြားတော်မူသော တရားစဉ်အတိုင်း ဖြစ်ပါသည်။

ဝိပဿနာဘာဝနာဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရောက်အောင် ပွားနိုင်ခြင်းသည် အမြတ်ဆုံးကုသိုလ် ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဒါနပျက်စီးမှု

(မေး) (ဒါနပျက်စီးမှု)

အရှင်ဘုရား။ သီလဆောက်တည်ပြီး သီလကို ကောင်းကောင်း မွန်မွန် မထိန်းနိုင်ဘဲ သီလပျက်လျှင် အပြစ်ရှိသလို ဒါနပြုလုပ်ရာ၌လည်း ဒါနပျက်စီးလျှင် အပြစ်ရှိပါသလား။ လူတို့သည် သီလခံယူပြီး သီလမပျက်အောင် ထိန်းသိမ်းရသလို ဒါနမပျက်စီးအောင် ထိန်းသိမ်းသင့်ကြောင်း ဆရာတော်များက ဟောပြောမှုမရှိပါသဖြင့် ဒါနပြုပြီး ပေါ့ပေါ့ဆဆ နေကြသူများ ရှိပါသည်။ ထို့ကြောင့် သီလကို မပျက်အောင် ထိန်းသိမ်းရသလို ဒါနကိုလည်း မည်ကဲ့သို့ ထိန်းသိမ်းရမည်၊ ပျက်လျှင် မည်သို့အပြစ်ရှိသည်ဆိုသည်ကို သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။

(မောင်ခိုင်ဝင်း-သန်လျင်)

(ဖြေ)

ဒါနသည် ဝတ္ထုဒါန၊ စေတနာဒါန ဟူ၍ ရှိရာတွင် ဝတ္ထုဒါနမှာ ပျက်စီးမှုမရှိသော်လည်း စေတနာဒါနမှာ ပျက်စီးတတ်ပါသည်။

စေတနာသည် ပုဗ္ဗစတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟူ၍ သုံးမျိုးရှိရာတွင် တခုခုပျက်စီးလျှင် အပြစ်ရှိပုံကို ဖော်ပြလတံ့ မဃဒေဝလင်္ကာပုဒ်ဖြင့် သိသာပါ၍ အကျယ်မရေးတော့ဘဲ ထိုလင်္ကာပုဒ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ အဓိပ္ပါယ် ရှင်းပြစရာမလိုအောင် ထင်ရှားလှပါသည်။

ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်၊ လှူထွေရှေ့ဖို့၊ ဉာဏ်မဲ့ချို့၍၊ တွန့်တိုတုံက၊ ပထမရွယ်၊ နောင်ခါဝယ်၌၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက္ခီယက္ခ၊ တူတမျှဖြင့်၊ ရုပလက္ခဏာ၊ ပျက်တတ်စွာ၏၊(ပုဗ္ဗစေတနာ ပျက်မှု)

နောက်မှာတွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလွဲစည်းစိမ်၊ ဂုဏ်သိန်နိမ့်ကျ၊ ဖြစ်တတ်ကြ၏၊ ပဒုမဝတီ၊ ဒေဝီနေမြတ်၊ သန္ဓေနတ်နှင့်၊ ပညတ်မည်ထုတ်၊ အပုတ္တက၊ သူဌေးစသည်၊ ထိုမျှဝတ္ထု၊ အစုစုကို၊ မျှော်ရှုနိုင်းဆ၊ ထောက်အပ်စွရှင့်။(အပရစေတနာ ပျက်မှု)

မုဉ္စအခါ၊ တွန့်တိုပါသော်၊ အင်္ဂါချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊ မပြည့်ဖြိုးသည်၊ နွမ်းညှိုးရော်ရည်မည်ကိုကား။(မုဉ္စစေတနာ ပျက်မှု)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒါနပြုခြင်းနှင့် ပြုစေခြင်း

(မေး) (ဒါနပြုခြင်းနှင့် ပြုစေခြင်း)

အရှင်ဘုရား၊ လူတဦးသည် သူပိုင်ငွေကြေးဖြင့် အခြားသူတယောက် (သက်ရှိသူတယောက်) အတွက် အဲဒီလူ၏ နာမည်ဖြင့် လှူပေးပါက နှစ်ဦးစလုံး ကုသိုလ်ရပါသလား။ လူတဦးက သူ၏ငွေကြေးဖြင့် အခြားသူအား လှူခိုင်းပါက နှစ်ဦးစလုံး ကုသိုလ်ရပါသလား။ ဘယ်လိုရပါသလဲဆိုတာ ဖြေကြားပေးတော်မူပါဘုရား။

(အိအိသွယ်-ရန်ကုန်)

(ဖြေ) ဒါနသည် စေတနာဒါန၊ ဝတ္ထုဒါန ဟူ၍ ရှိရာ အကျိုးပေးမှု၌ စေတနာသာ ပဓာနဖြစ်ပါသည်။ စေတနာမပါလျှင် မိမိငွေကြေးဖြင့် သူတပါးအား လှူခိုင်းသော်လည်း မိမိကောင်းစွာမရ။ လှူပေးသူသာ ရနိုင်ပါသည်။

ဘုရားလက်ထက်က ပါယာသိမြို့စားမင်းသည် မိမိက အကုန်ခံ၍ ကိုယ်တိုင်မလှူ။ တပည့် ဥတ္တရလုလင်ကိုသာ အလှူခိုင်းလေ့ရှိသည်။ နောင်အကျိုးပေးသောအခါ ပါယာသိမြို့စားမှာ ရုက္ခစိုးနတ်မျှသာဖြစ်၍ ဥတ္တရလုလင်က တာဝတိံသာနတ်ပြည်၌ နတ်မင်းကြီး ဖြစ်ရသည်ဟု ဆိုပါသည်။ ထိုအချက်ကို စဉ်းစား၍ အိအိသွယ်၏ ပြဿနာ၌ ရှင်းလင်းနိုင်စရာရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒါနပြုရာတွင်

(မေး) (ဒါနပြုရာတွင်)

အရှင်ဘုရား၊ ဒါနကောင်းမှု ပြုလုပ်ရာတွင် လက္ခဏာယာဉ်သုံးပါးတင်၊ ဝိပဿနာဉာဏ် ဆင်ခြင်ပြီးလှူမှ မြတ်တယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို ကျေးဇူးပြုတယ်။ အဲဒီအလှူမှ အလွန်မြတ်တာ။ ဒါကြောင့် ဝိပဿနာဉာဏ်ဆင်ခြင်၊ လက္ခဏာယာဉ်သုံးပါးတင် လှူရမယ်လို့ ဟောပြောနေတာ တွေ့မြင်ကြားသိနေရပါတယ်ဘုရား။ ဝိပဿနာ မတင်နိုင်သော အလှူများ၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ကျေးဇူးမပြုနိုင်တော့ဘူးလားဘုရား။ ကျမ်းဂန်အထောက်အထား အညွှန်းပါဠိများ ကိုးကား၍ ဖြေကြားပေးတော်မူပါဘုရား။

(အရှင်ဥက္ကံသ-စစ်တွေမြို့)

(ဖြေ)

ဒါနအရာတွင် ပုဗ္ဗစတနာ၊ မုဉ္စစေတနာ၊ အပရစေတနာ-ဟု စေတနာသုံးတန် ပြည့်စုံရမည်။ ကံ ကံ၏အကျိုးကို သိမြင်၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင်ထိ ရည်ရွယ်မှန်းထားပြီး ဉာဏ်နှင့်ယှဉ်၍ လှူဒါန်းရမည်။ ထိုကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို တကယ်လိုချင်သောစိတ်ဖြင့် ရည်ရွယ်မှန်းထား၍ လှူဒါန်းနိုင်ခြင်းသည်သာ ပဓာနဖြစ်သည်။ ထိုကုသိုလ်သည် မဂ်ဖိုလ်နိဗ္ဗာန်ကို ကျေးဇူးပြုနိုင်ပါသည်။

လက္ခဏာယာဉ်သုံးပါးတင်၍ ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်၍ လှူရမည်ဟု ဆိုရာ၌ ဒါနပြုရင်း ဝိပဿနာ ကုသိုလ်ပါ ရစေချင်၍ ပြောဆိုကြခြင်း ဖြစ်သည်။ ဝိပဿနာတင်လှူနိုင်မှ မဂ်ဖိုလ်နိဗ္ဗာန်ကို ကျေးဇူးပြုနိုင်သည်။ ဉာဏ်နှင့်ယှဉ်၍ လှူခြင်းဖြစ်သည်ဟု ဆိုလိုရင်းမဟုတ်ပါ။ ကံ ကံ၏အကျိုးတရားကို သိမြင်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို လိုချင်စိတ်ဖြင့် လှူဒါန်းလျှင်ပင် ဉာဏသမ္ပယုတ် ဉာဏ်နှင့်ယှဉ်ခြင်း ဖြစ်တော့၏၊

ဤမေးခွန်းအတွက် မှတ်ဖွယ်ကောင်း၍ မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓဝင် စာတမ်းကို ဖတ်ကြည့်ကြပါဦး-

ဤအရာ၌ ကံ ကံ၏အကျိုး စသည်တို့ကို သိမြင်နားလည်သော ဉာဏ်နှင့်ယှဉ်ခြင်းပင် ဉာဏသမ္ပယုတ် ကုသိုလ်ဒါနဖြစ်ဖို့ရန် အကြောင်း လုံလောက်ပေပြီ။ လှူဒါန်းသောအခါ မြင့်မြတ်သော ဝိပဿနာဉာဏ်နှင့် ယှဉ်ရမည်။ ယှဉ်ပုံကား-

လှူဒါန်းသော ဒါယကာ ငါသည်လည်း အနိစ္စ၊ မမြဲသောတရားပင် ဖြစ်သည်။

လှူဖွယ်ဝတ္ထု ပစ္စည်းသည်လည်း အမြဲသောအနိစ္စပင် ဖြစ်သည်။

အလှူခံပုဂ္ဂုလ်သည်လည်း မမြဲသော အနိစ္စပင် ဖြစ်သည်။

အနိစ္စဖြစ်သော ငါသည် အနိစ္စဖြစ်သော ပစ္စည်းကို အနိစ္စဖြစ်သော အလှူခံအား လှူဒါန်းနေခြင်းမျှသာ ဖြစ်သည်ဟု နှလုံးသွင်းကာ လှူဒါန်းရမည်ဟု ညွှန်ကြားပြောဆိုကြသည်ကား မြတ်သော ဝိပဿနာဉာဏ် ဖြစ်စေလိုသည့် အတွက်သာ ပြောဆိုခြင်းဖြစ်သည်။ ပြောသည့်အတိုင်း မဟုတ်လျှင် ဉာဏသမ္ပယုတ်ဒါန မဖြစ်-ဟူ၍ကား မမှတ်အပ်။

ဝိပဿနာအစစ်ကို ပွားလိုသောသူသည် ရှေးဦးစွာ ငါသူတပါး ယောကျ်ားမိန်းမ-စသော ပုဂ္ဂိုလ်စွဲ၊ အတ္တစွဲ ပယ်ဖျောက်ပြီးလျှင် ရုပ်နာမ်အစုမျှသာ ဖြစ်သည်ကို ထင်မြင်ပြီးမှ ထိုရုပ်နာမ်တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်သည်ဟု ရှုရ၏၊ ငါ အနိစ္စ၊ အလှူပစ္စည်း အနိစ္စ၊ အလှူခံ အနိစ္စ ဟူ၍ ရုပ်နာမ်သို့ မထိခိုက်ဘဲ ပညတ်တွင်ရှု၍သာ လက္ခဏာယာဉ်တင်၍ ထင်နိုင်-ရနိုင်ကြမည် မဟုတ်ပေ။ ရှင်းလောက်ပြီဟု ယူဆပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဒါနပြုရာဝယ်

(မေး) (ဒါနပြုရာဝယ်)

အရှင်ဘုရား တပည့်တော်သည် အလှူဒါနကို သူတပါးအား ပေးလှူစေရန် တိုက်တွန်းပါသည်၊ မိမိကိုယ်တိုင်လည်း ပေးလှူပါသည်၊ လှူရန်တိုက်တွန်းသူတွင် အပြစ်ရှိပါသလားဘုရား။

(မောင်မောင်-၃၆-လမ်း၊ ကျောက်တံတား)

(ဖြေ)

အလှူဒါနပြုရာ၌

၁။ မိမိကသာလျှင် အလှူကိုပေး၏၊

သူတပါးကိုလှူရန် မတိုက်တွန်းတတ်။

ထိုသူသည် နောက်နောင်ဘဝ၌ စည်းစိမ်ချမ်းသာကိုရ၏၊ အခြံအရံကို မရတတ်။

၂။ သူတပါးကိုသာ တိုက်တွန်း၏၊

မိမိကမူ မပေးလှူ။

ထိုသူသည် နောက်နောင်ဘဝ၌ အခြံအရံကိုသာ ရ၏၊ စည်းစိမ်ချမ်းသာကို မရ။

၃။ မိမိကလည်း မပေးလှူ။

သူတပါးကိုလည်း လှူရန် မတိုက်တွန်း။

ထိုသူသည် နောက်နောင်ဘဝ၌ စည်းစိမ်ချမ်းသာကိုလည်း မရ။ အခြံအရံလည်း ကင်းမဲ့၏၊

၄။ မိမိကိုယ်တိုင်လည်း ပေးလှူ၏၊

သူတပါးကိုလည်း တိုက်တွန်း၏၊

ထိုသူသည် နောက်နောင်ဘဝ၌ စည်းစိမ်ချမ်းသာကိုလည်း ရနိုင်သည်။ အခြံအရံလည်း ပေါများသည်-ဟု ဘုရားဟောရှိသည်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၅၉)

ထို့ကြောင့် မိမိကိုယ်တိုင်လည်း အလှူအတန်းပြု၍ သူတပါးအားလည်း လှူဒါန်းပေးကမ်းရန် တိုက်တွန်း နှိုးဆော်သင့်ပါသည်။

ဝိသာခါ ကျောင်းအမကြီးသည် ထိုကဲ့သို့ ကိုယ်တိုင်လည်း လှူ၊ နှိုးဆော်တိုက်တွန်းခြင်းလည်း ပြုခဲ့၍ အမိတဘောဂခေါ် ပေး၍မကုန်၊ လှူ၍ မခန်းသော စည်းစိမ်ဥစ္စာရှိ၍ သားသမီးမြေးမြစ်များစွာ၊ အခြံအရံများစွာနှင့် အကျိုးပေးကြောင်း သိသာထင်ရှားလှပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒါနသုံးမျိုး

(မေး) (ဒါနသုံးမျိုး)

အရှင်ဘုရား၊ ဝိနယဒေသနာအလို၊ အဘိဓမ္မာဒေသနာအလိုနှင့် သုတ္တန်ဒေသနာအလိုအားဖြင့် မည်သို့ ဒါနပြုရမည်ကို အသီးသီးဖော်ပြပေးတော်မူပါဘုရား။

ထိုသုံးမျိုးတွင် မည်သည့်ဒေသနာအလိုအားဖြင့် အမြတ်ဆုံး ဒါန ဖြစ်ပါသလဲဘုရား။

(ရွှေစင်သန်းရွှေ-ကလေးမြို့)

(ဖြေ)

ဒါနသည် ဝိနည်းဒေသနာအလို

၁။ ဆွမ်း ၂။သင်္ကန်း ၃။ ကျောင်း ၄။ ဆေး-ဟူ၍ ၄-ပါးရှိပါသည်။

အဘိဓမ္မာဒေသနာအလို

၁။ ရူပဒါန ၂။ သဒ္ဒဒါန ၃။ ဂန္ဓဒါန ၄။ ရသဒါန ၅။ ဖောဋ္ဌဗ္ဗဒါန-ဟူ၍ ၅-ပါးရှိပါသည်။

သုတ္တန်ဒေသနာအလို

၁။ အန္န-ဆွမ်းအလှူ ၂။ ပါန-အဖျော်အလှူ ၃။ ဃရ-ကျောင်းအလှူ ၄။ ဝတ္ထ-အဝတ်ပုဆိုးအလှူ

၅။ ယာန-ယာဉ် အစီးအနင်းအလှူ ၆။ မာလာ-ပန်းအလှူ ၇။ဝိလေပန-နံ့သာပျောင်းအလှူ

၈။ ဂန္ဓ-အနံ့အလှူ (အမွှေးတိုင်စသည်) ၉။ သေယျာ-အိပ်ရာနေရာအလှူနှင့် ၁၀။ ပဒီပ-ဆီမီးအလှူတို့ ဖြစ်ပါသည်။

ဆွမ်းတမျိုးကိုပင် ဝိနည်းဒေသနာ အလို-ဆွမ်း

အဘိဓမ္မာဒေသနာ အလို-ရသဒါန

သုတ္တန် အလို-အန္န-ဟူ၍ ဖြစ်ပါသည်။

အကျိုးအမြတ်အနေဖြင့်မူ မည်သည့်ဒေသနာအလိုပင်ဖြစ်စေ နိဗ္ဗာန်ကို ရည်စူး၍ ဝိဝဋ္ဋဒါနဖြစ်အောင် ဆုတောင်း၍ လှူဒါန်းကြရန်သာ အရေးကြီးပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒိဗ္ဗစက္ခု

(မေး) (ဒိဗ္ဗစက္ခု)

အရှင်ဘုရား၊ နတ်မျက်စိဟုဆိုအပ်သော ဒိဗ္ဗစက္ခုနှင့် ဘုရား ရဟန္တာတို့ရရှိသော ဒိဗ္ဗစက္ခုတို့ မည်သို့ထူးခြားပါသနည်း၊ အထူးသိလိုသဖြင့် မေးပါသည်။ ကျမ်းဂန်ကိုဖော်ပြ၍ ဖြေဆိုပေးပါရန် တောင်းပန်ပါသည်ဘုရား။

(ဦးပညာဗလ-တောင်ကြီး)

(ဖြေ)

နတ်မျက်စိ ဒိဗ္ဗစက္ခုဟူသည် နတ်တို့အား ကောင်းစွာကျင့်အပ်သော ကံကြောင့်ဖြစ်သော သည်းခြေ၊ သလိပ်၊ သွေး အစရှိသည်တို့ဖြင့် မလိမ်းကျံသော ညစ်ညူးခြင်းမှ လွတ်သည်အဖြစ်ကြောင့် အဝေး၌ဖြစ်သော အာရုံကိုလည်း ခံခြင်း၊ မြင်ခြင်းငှါ စွမ်းနိုင်သော ဒိဗ္ဗစက္ခု၊ ပသာဒစက္ခု ဖြစ်ပါသည်။

ဘုရား ရဟန္တာတို့၌ကား ဝီရိယဘာဝနာ၏ အစွမ်းကြောင့်ဖြစ်သော အဘိညာဉ်သည်လည်း နတ်ပြည်၌ဖြစ်သော ဒိဗ္ဗစက္ခု နတ်တို့၏ မြင်ခြင်းနှင့်အတူ မြင်တော်မူကုန်သည်။ နတ်တို့မှာ မံသစက္ခုဖြင့် မြင်သည်။ ဘုရား ရဟန္တာတို့မှာ အဘိညာဉ်ဖြင့် မြင်တော်မူကုန်သည်။

ဒေဝတာနံ ဟိ သုစရိတကမ္မံ နိဗ္ဗတ္တံ-ပ-ဣဒဉ္စာပိ ဝီရိယဘာဝနာ ဖလနိဗ္ဗတ္တံ ဉာဏစက္ခု တာဒိသမေဝ။

(ပါရာဇိကဏ် အဋ္ဌကထာ ဝိ၊ဋ္ဌ၊၁၊၁၃၂)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒိဗ္ဗသာတ ဘုရားရှိခိုး ဂါထာ

(မေး) (ဒိဗ္ဗသာတ ဘုရားရှိခိုး ဂါထာ)

အရှင်ဘုရား၊ ရောဂါပျောက်ကင်းစေရန် သွားရောဂါရှင်တို့ မြတ်စွာဘုရား၏ သွားတော်လေးဆယ်ကို ရှိခိုးသောဂါထာ၊

မျက်စိရောဂါရှင်တို့ မြတ်စွာဘုရား၏ စက္ခုတော်ငါးပါးကို ရှိခိုးသော ဂါထာများရှိသလို

နားရောဂါရှင်တို့အတွက် မြတ်စွာဘုရား၏ ဒိဗ္ဗသောတအဘိညာဉ် တန်ခိုးတော်ကို ရှိခိုးသောဂါထာများ

ရှိပါက ဖော်ထုတ်ရေးသား သနားချီးမြင့်တော်မူပါဘုရား။

(ဒေါ်ယုယုဆွေ-အ-ထ-က(၁) စမ်းချောင်း)

(ဖြေ)

ဒိဗ္ဗသောတ အဘိညာဉ် တန်ခိုးတော်ကို ရှိခိုးသောဂါထာ

ဒူရဉ္စ သုခုမံ သဒ္ဒံ၊ သောတုံ သမတ္ထ နာယကံ။

ဒိဗ္ဗသောတေန သမ္ပန္နံ၊ လောကနာထံ နမာမဟံ။

ဘန္တေ-ရှင်တော်မြတ်ဘုရား၊ ဒူရဉ္စ သဒ္ဒံ-ဒူရသဒ္ဒဉ္စ-စကြာဝဠာ လွန်ဝေးစွာမှ လာသောအသံဓာတ် အရပ်ရပ်ကို၄င်း၊ သုခုမံ သဒ္ဒံစ-ပုရွက်ပိုး၍ ငယ်စွသတ္တဝါ အဖြာဖြာတို့၏ သေးစွာလုံးစုံ သိမ်မွေ့ကုန်သော အသံမျိုးစုံကို၄င်း၊ သောတုံ-တန်ခိုးတော်အား ပကတိနားဖြင့် ကြားသိတော်မူခြင်းငှါ၊ သမတ္ထံ-စွမ်းနိုင်တော်မူသော၊ ဒိဗ္ဗသောတေန-နတ်နားအသွင် ဒိဗ္ဗသောတအဘိညာဉ်နှင့်၊ သမ္ပန္နံ-ပြည့်စုံကုံလုံတော်မူသော၊ လောကနာထံ-လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော၊ နာယကံ-လောကတံခွန် ပုဂ္ဂိုလ်မွန်ဟု လမ်းညွှန်ရှေ့သွား မြတ်စွာဘုရားကို၊ အဟံ-အရှင်ဘုရားအား အားထားကော်ရော် ဘုရားတပည့်တော်သည်၊ နမာမိ-ရိုသေညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒုစရိုက်နှင့် ကံသုံးပါး

(မေး) (ဒုစရိုက်နှင့် ကံသုံးပါး)

၁။ ဒုစရိုက် ၁၀-ပါးတွင် မည့်သည့်ဒုစရိုက်သည် ငရဲကျခြင်းကို ဖြစ်စေ၍ မည်သည့်ဒုစရိုက်သည် ဝဋ်လိုက်ခြင်းကို ဖြစ်စေပါသနည်း။

၂။ ဩကာသကန်တော့ခန်းတွင် ကာယကံ ဝစီကံ မနောကံ ---ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း-ဟု ပါရှိရာ ၄င်းကံသုံးပါးတို့မှာ ရှိခိုးကန်တော့ရုံဖြင့် ပျောက်ကင်းပါသလား ဖြေကြားပြတော်မူပါဘုရား။

(ရဲအောင်-ဆင်ရေကန်လမ်း၊ အလုံမြို့နယ်)

(ဖြေ)

၁။ ငရဲကျခြင်းဟူသည် ပဋိသန္ဓေအကျိုးဖြစ်၍ ဝဋ်လိုက်ခြင်းဟူသည်မှာ ပဝတ္တိအကျိုး ဖြစ်သည်။

ဒုစရိုက် ၁၀-ပါးလုံးပင် ပဋိသန္ဓေကျိုး ပဝတ္တိကျိုး နှစ်မျိုးလုံးကိုပင် အကြောင်းအားလျော်စွာ ဖြစ်စေနိုင်သည်။

၂။ ဩကာသကန်တော့ခန်းလာ ကာယကံ ဝစီကံ မနောကံ တို့မှာ ဒုစရိုက် ၁၀-ပါးလာ ကံ ၃-ပါးကို ဆိုလိုသည်မဟုတ်ပါ။

ရတနာသုံးပါး မိဘ ဆရာသမား စသည်တို့အား ကာယကံဖြင့် ကျူးလွန်မှု၊ ဝစီကံဖြင့် ပြောဆိုမှု၊ မနောကံဖြင့် ပြစ်မှားမှုများကိုသာ ဆိုပါသည်။

၄င်းတို့မှာ ရှိခိုးကန်တော့ခြင်းဖြင့် ပျောက်ကင်းနိုင်သော ကံများဖြစ်၍ ဒုစရိုက်လာ ကံ ၃-ပါးတို့ကား ရှိခိုးကန်တော့၍ ပျောက်နိုင်သောကံများ မဟုတ်ပါ။

ထို့ကြောင့် ကာယကံ ဝစီကံ မနောကံဟု နာမည်ခြင်းတူသော်လည်း တသီးတခြားစီဖြစ်ကြောင်း ခွဲခြားသတ်မှတ်ထားရပါမည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒုလ္လဘရဟန်း ပြုရာတွင်

(မေး) (ဒုလ္လဘရဟန်း ပြုရာတွင်)

ဆရာတော်ဘုရား ပြည့်သူ့ဝန်ထမ်းများ ဒုလ္လဘရဟန်း ပြုကြရာတွင်-

၁။ ပင်စင်လစာရှိသည့် ဝန်ထမ်းများ ရဟန်းပြုခြင်း။

၂။ ရဟန်းပြုရန် ခွင့်အမျိုးမျိုး ရယူ၍ ရဟန်းပြုခြင်း။

၃။ အခြားအကြောင်းပြု၍ ခွင့်ယူရပြီး ရဟန်းပြုခြင်း။

၄။ အထက်တာဝန်ရှိသူ အကြီးအကဲမှ ရဟန်းဝတ်ချိန်များကို တာဝန်ချိန်အဖြစ် သတ်မှတ်ပေး၍ ရဟန်းဝတ်စေခြင်း- များတွင် ဝိနည်းတော်အရ မည့်သည့်ရဟန်းပြုခြင်းသည် ထိုက်၍၊ မည်သည့်ရဟန်းပြုခြင်းသည် မထိုက်ကြောင်း ရှင်းလင်းဖြေကြားပါရန် လျှောက်ထားပါသည်ဘုရား။

(ဦးသစ်လွင်-ဒဂုံမြို့သစ်မြောက်ပိုင်း)

(ဖြေ)

ရဟန်းခံရာ၌ ရဟန်းလောင်းအား မေးစစ်ရာတွင်-

မင်းခစားယောကျ်ား မဟုတ်ဘဲ ရှိပါ၏လော-ဟူသော အချက်တချက်ပါ၏၊ ယင်းမှာ အချို့မင်းခစား ယောကျ်ားတို့သည် မည်သည့်ခွင့်မျှမယူဘဲ ကျောင်းသို့လာရောက်၍ ရဟန်းခံကြ၏၊ ရဟန်းဘဝဖြင့် တရား အားထုတ်ကြ၏၊ ထိုအချိန်မှာပင် တာဝန်မှထွက်ခွါလာသူ၊ တာဝန်ရှိလျက် လစ်ထွက်လာသူ-ဟူ၍ မင်းမိန့်ဖြင့် ၄င်းရဟန်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားမှုမျိုး ဘုရားလက်ထက်၌ ဖြစ်ပေါ်ဖူး၍ ဤသို့မေးစိစစ်ပြီး မင်းခစားမဟုတ်၊ ဟုတ်သော်လည်း တာဝန်ခံမှ အခွင့်ခံ ထွက်လာသူ ဖြစ်မှသာလျှင် ရဟန်းဝတ်ပေးကြပါသည်။ ရဟန်းခံပေးကြပါသည်၊

ပြဿနာရှင် တင်ပြထားသော အချက်လေးချက်လုံးကပင် တာဝန်မှလွတ်၍ ငြိစွန်းမှုကင်းသဖြင့် ရဟန်းခံနိုင်ခွင့်ရှိကြောင်း ရဟန်းပြုထိုက်ကြောင်း ဖြေကြားပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒုလ္လဘရဟန်းခံလျှင်

(မေး)။ ဆရာတော်များထံ၌ ကြိုတင်ဆည်းကပ် နေထိုင်ခြင်းမရှိဘဲ ဒုလ္လဘရဟန်းခံခါနီးမှ လာရောက် ရဟန်းခံသူအတွက် အကျိုးအပြစ် မည်သို့ ရှိပါသလဲဘုရား။

(ဦးအေးဖေ-အထက-၁၊ သံတွဲမြို့)

(ဖြေ)။ ရဟန်းမခံမီက သာမဏေဝတ်ရသေးရာ ဆံချခြင်း၊ သင်္ကန်းတောင်းခြင်း၊ သရဏဂုံ ခံယူခြင်းတို့အတွက် ကြိုတင်သင်ကြားရေး။

ရဟန်းဘဝ၌ နေထိုင်စဉ် ပစ္စဝေက္ခဏာ ဆင်ခြင်မှု၊ ဒေသနာခံ ဒေသနာကြားမှု စသည် ကြိုတင်သင်ကြားရေးတို့ လိုပါသည်။

ထို့အတွက် ရဟန်းမခံမီ တပတ်ခန့် သင်ကြားနိုင်ဖို့ လိုအပ်ပါသည်။

ထိုသိမှတ်လေ့လာဖွယ်တို့ကို မသိမှတ် မလေ့လာဘဲ ရဟန်းဘဝသို့ရောက်လျှင် ပစ္စဝေက္ခဏာမဆင်ခြင်နိုင်ပါ၊ ပစ္စဝေက္ခဏာမဆင်ခြင်ဘဲ သုံးဆောင်၍ ဣဏပရိဘောဂဖြစ်ခြင်း၊ သင့်သောအာပတ်ကို ဖြေကြားရန် လိုအပ်ခြင်းတို့ကြောင့် အပြစ်များဖွယ်ရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒုလ္လဘရဟန်းနှင့် သံဃာဒိသိသ်အာပတ်

(မေး) (ဒုလ္လဘရဟန်းနှင့် သံဃာဒိသိသ်အာပတ်)

အရှင်ဘုရား၊ ၇-ရက် ၉-ရက် စသည်ဖြင့် ခဏတာ ရဟန်းဝတ်သော ဒုလ္လဘရဟန်းများသည် သံဃာဒိသိသ် အာပတ်သင့်ခဲ့သော် နောက်တကြိမ် ဒုလ္လဘရဟန်းခံခွင့် ရှိ-မရှိနှင့် ၄င်းသံဃာ့ဒိသိသ်အပြစ်ကို စင်ကြယ်အောင် မည်သို့ပြုလုပ်ရမည်နည်း။

(မျိုး-ကမ္ဘာအေး)

(ဖြေ)

ရဟန်းခံခွင့် ရှိပါသည်။

သို့သော် ယခင် ရဟန်းဝတ်စဉ်က သင့်ရောက်ခဲ့သော သံဃာ့ဒိသိသ်အာပတ်သည် ရဟန်းဝတ်သည်နှင့် ပြန်၍ လိုက်ပါလာပါသည်။

ထိုသံဃာ့ဒိသိသ်အာပတ်ကို ကုစားနည်းမှာ ထိုအပြစ်ကို ဖုံးလွှမ်းထားခဲ့သမျှသော ရက်ပတ်လုံး သံဃာများနှင့်အတူ ရောနှောနေခွင့်မရှိဘဲ မိမိကျူးလွန်ခဲ့သော အပြစ်တို့ကို ရဟန်းသံဃာတို့ထံ ဝိနည်းစည်းကမ်းအတိုင်း ကြေငြာချက်၊ ဝန်ခံချက်ပြုရခြင်း။

သံဃာအားလုံးတို့၏ နောက်ဆုံး၌ နေထိုင်ရခြင်း-စသော ပရိဝတ်ကျင့်စဉ်ကို ဆောက်တည်ရမည်။

တဖန် သံဃာတော်များ၏ နှစ်သက်မှု၊ ခွင့်လွှတ်မှု၊ ကျေနပ်မှုတို့ကို ရစေရန် ၆-ရက် မာနတ်ကျင့်ရ၏၊

၆-ရက် မာနတ်ကျင့်ပြီးပါက ကျေနပ်လောက်စရာ အပြစ်ဒဏ်များ ကျေအောင်ကျင့်သုံးပြီးဖြစ်သဖြင့် သိမ်ထဲ၌ သံဃာ ၂၀-အနည်းဆုံး စည်းဝေးရပါမည်။

ထို့နောက် သံဃာပရိသတ်ဝယ် အပြစ်ကင်းစင်သော ရဟန်းအဖြစ် ပြည်လည်အသိအမှတ်ပြု ကြော်ငြာချက်ထုတ်ပြန်ခြင်းကို (အဗ္ဘာန်သွင်းခေါ်ခြင်း) ကို ပြုရပါသည်။ ထိုသို့ ပရိဝတ်ဆောက်တည်၊ မာနတ် ၆-ရက်ကျင့်၊ အဗ္ဘာန်သွင်းခေါ်ခြင်းတို့ကို ပြုမှ သံဃာဒိသိသ် အာပတ်စင်ကြယ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်

(မေး) ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်

အရှင်ဘုရား သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို ချဲ့လိုက်သော် မဂ္ဂင်ရှစ်ပါးဖြစ်၍၊ မဂ္ဂင်ရှစ်ပါးကိုချဲ့သော် ဗောဓိပက္ခိယတရား ၃၇-ပါးဖြစ်ပါသည်။ ဗောဓိပက္ခိယတရား ၃၇-ပါးကို ချဲ့လျှင် ပိဋကသုံးပုံဖြစ်ကာ ပိဋကသုံးပုံကို ချဲ့က ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ဖြစ်လာသည်ဟု ကြားဖူးပါသည်။

ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်အား ရေတွက်ပြထားသည်ကို မတွေ့ရဖူးပါ။ ရေတွက်ပြပါရန် သို့မဟုတ် ရေတွက်နည်းကို ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

(သန်းထွန်း-ဓမ္မာစရိယ၊ ရွှေမြိုင်)

(ဖြေ)

ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ရေတွက်ပြရန် မလွယ်ပါ။ ပိဋကပညာရှင် ရဟန်းတော်များ ဂိုဏ်းပေါင်းစုံ အစည်းအဝေးကဲ့သို့ သံဃာ့အစည်းအဝေးကြီး ပြုလုပ်၍ ပိဋကကျမ်းစာ ပါဠိတော်များကို ခွဲဝေတာဝန်ယူကာ ရေတွက်ကြမည်ဆိုက ၂-နှစ်လောက်အချိန်ယူ၍ ရေတွက်လျှင် ဖြစ်နိုင်ကောင်း ဖြစ်နိုင်မည်ဟု မုံရွေးဆရာတော် မိန့်တော်မူဖူးပါသည်။

ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ရေတွက်ပုံကို အမြွက်မျှ သိနိုင်လောက်သော အဋ္ဌကထာစကားမှာ တတ္ထ ဧကာနုသန္ဓိကံ သုတ္တံ ဧကောဓမ္မက္ခန္ဓော စသည်ဖြင့် (အဘိ၊ဋ္ဌ၊၁၊၂၇)ဆို၍

သုတ်၌ အနုသန္ဓေတခုသည် ဓမ္မက္ခန္ဓာ တခု။ ဂါထာတို့တွင် အမေးသည် ဓမ္မက္ခန္ဓာ တခု။ အဖြေသည် ဓမ္မက္ခန္ဓာ တခု။

အဘိဓမ္မာ၌ တခု တခုသော တိက်ဒုက် ဝေဘန်ခြင်းသည် ဓမ္မက္ခန္ဓာ တခု တခု။ စိတ်အကြိမ် တခုတခုသည် ဓမ္မက္ခန္ဓာ တခုတခု။

ဝိနည်း၌ ဝတ္ထုမာတိကာ ပဒဘာဇနီ အာပတ်၊ အနာပတ်၊ အန္တရာပတ်တို့သည် ဓမ္မက္ခန္ဓာ တခုစီ ဖြစ်လေသည်။

ဤနည်းဖြင့် ဓမ္မက္ခန္ဓာတို့၏ အဖို့အစုကို သိရမည်ဟု ဆိုပါသည်။ အမှန်အားဖြင့် ပိဋကသုံးပုံ ဗောဓိပက္ခိယတရား ၃၇-ပါး၊ မဂ္ဂင် ၈-ပါး၊ သိက္ခာ ၃-ပါး၊ ကျင့်စဉ်တရားတို့ကို သိနေက ကျင့်ရန်၊ အားထုတ်ရန် လုံလောက်နေပါပြီ။

အာရုံဝေဝါး၍ တရားပျံ့လွင့်စရာ ဓမ္မက္ခန္ဓာ အရေအတွက်ကို ရေတွက်ရှာဖွေနေစရာ မလိုတော့ပါဟု ဖြေကြားလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဓားမအလှူ

(မေး) (ဓားမအလှူ)

အရှင်ဘုရား တပည့်တော်တို့ အဒေါ်ရွာတွင် လူတဦးသည် ကထိန်ရောက်တိုင်း ပဒေသာပင်တွင် ဓားမတချောင်း လှူလေ့ရှိပါသည်။ ထိုသူကဲ့သို့ တပည့်တော်လည်း ဓားမလှူချင်ပါသည်။ ဓားမသည် လက်နက်ကိရိယာ ဖြစ်ပါသောကြောင့် သံဃာတော်တို့အား လှူဒါန်းပါလျှင် လှူဒါန်းသူတို့မှာ အပြစ်ရှိ-မရှိ သိချင်ပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။

(မောင်သန်းဇော်ဦး-ဒသမတန်း(၁) အ-ထ-က ၃၊ ရွှေပြည်သာ)

(ဖြေ)

သံဃာတော်တို့တွင် လဟုဘဏ်ပစ္စည်း၊ ဂရုဘဏ်ပစ္စည်း ဟု ၂-မျိုးရှိရာ ဓားမ၊ ပုဆိန်၊ ပေါက်ပြား၊ တူရွင်း စသည်တို့မှာ ဂရုဘဏ်ပစ္စည်း (ဂရုဘဏ္ဍ) လေးသောဥစ္စာ၊ အလေးပြုအပ်သည်ဖြစ်၍ မခွဲဝေအပ်သော ပစ္စည်းတို့သည်လည်း ဂရုဘဏ်ပစ္စည်း ဖြစ်ပါသည်။ ပုဂ္ဂိုလ်သုံး၊ ကိုယ်ပိုင်သုံးပစ္စည်းမျိုး မဟုတ်၊ ကျောင်းသုံးပစ္စည်းဖြစ်၍ ပုဂ္ဂိုလ်သုံး ထီး၊ ဖိနပ်၊ သင်္ကန်းစသည်တို့ထက်ပင် ပိုမိုလေးစားအပ်ပါသည်။

ထို့ကြောင့် ဓားမစသည်တို့ကို လှူဒါန်းခြင်းမှာ ဂရုဘဏ်ပစ္စည်းအလှူ ဖြစ်၍ ပိုမိုမွန်မြတ်ပါကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဓာတုပရိနိဗ္ဗာန် ရောင်တော်ပြန်

(မေး) (ဓာတုပရိနိဗ္ဗာန် ရောင်တော်ပြန်)

ဆရာတော်ဘုရား၊ သာသနာတော် ကုန်ဆုံးသောနေ့တွင် ဗောဓိမဏ္ဍိုင်၌ မြတ်စွာဘုရား ဓာတ်တော်များ စုပေါင်း၍ ဓာတုပရိနိဗ္ဗာန်ပွဲ ဖြစ်ပေါ်ရာတွင် နတ်ဗြဟ္မာများ ကျွတ်တမ်းဝင်ကြဦးမည် ဆိုပါသည်၊ ထိုအကြောင်းကို ကျမ်းဂန်လာအတိုင်း အထောက်အထားများနှင့် သိလိုပါသည်ဘုရား။

(ဦးအံ့ကျော်-ဘီအေ၊ ဘီအယ်လ်၊ ဗဟိုတရားရုံးရှေ့နေ)

(ဖြေ)

ထိုအကြောင်းကို အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၇၀) ဓာတုအန္တရဓာန အခန်းတွင် ပါရှိပါသည်၊ သင့်လျော်သလို မြန်မာမှုပြုရသော် ဓာတုအန္တရဓာန-ဓာတ်တော်တို့ ကွယ်ပျောက်ခြင်း (ဓာတုပရိနိဗ္ဗာန်) ကို ဤသို့မှတ်ရမည်။

မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်တို့သည် ထိုထိုအရပ်တို့၌ ကောင်းစွာပူဇော် ကိုးကွယ်မှုကို မရကြတော့လျှင် မြတ်စွာဘုရား၏ အဓိဋ္ဌာန်အစွမ်း အားလျော်စွာ ပူဇော်ကိုးကွယ်မှု ရရာအရပ်သို့ ကြွကြလိမ့်မည်။ ထို့နောက် သာသနာတော် ကုန်ဆုံးသောအခါ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) တွင် ဓာတ်တော်အားလုံး စုပေါင်းကာ မဟာစေတီကြီး၌ တည်လာလိမ့်မည်၊

ထို့နောက် နာဂဒီပကျွန်း ရာဇာယတန စေတီ၌ တည်ပြီးနောက် မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်သို့ ကြွကြကုန်လတံ့၊ နဂါးပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်တို့၌ ဓာတ်တော်တို့သည်လည်း မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်သို့သာလျှင် ကြွရောက်လာကြကုန်လတံ့၊ ဓာတ်တော် မွေတော်အားလုံးတို့သည် မုန်ညင်းစေ့မျှလောက်ပင် မကြွင်းမကျန်ဘဲ ကြွရောက်လာကုန်လတံ့။

ဓာတ်တော် မွေတော် အားလုံးတို့သည် မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်၌ စုဝေးကြပြီး မြတ်စွာဘုရားအသွင်တော်ကိုယူ၍ ဗောဓိမဏ္ဍိုင်၌ တင်ပလ္လင်ခွေထိုင်တော်မူကာ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ် တို့နှင့်တကွ ထက်ဝန်းကျင်မှ ရောင်ခြည်တော်တို့နှင့် ပြည့်စုံသော ဗုဒ္ဓအသရေတော်ကို ဆောင်တော်မူလျက် သက်တော်ထင်ရှား ရှိတော်မူစဉ်က ယမိုက်ပြာဋိဟာ ပြတော်မူသကဲ့သို့ ရေမီးအစုံစုံသော တန်ခိုးတော်များကို ပြတော်မူလတံ့။

ထိုအခါ ထိုနေရာသို့ လူသတ္တဝါတို့ မရောက်နိုင်ဘဲ စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအားလုံးတို့ စည်းဝေးရောက်လာကြကုန်လျက် ယနေ့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်တော်မူပြီ၊ ဤနေ့မှစ၍ အမှောင်တိုက်ကြီး ဖြစ်ကုန်ပြီ-ဟု ဆို၍ ငိုကြကုန်လတံ့၊ ထို့နောက် ဓာတ်တော်မွေတော် ရုပ်ပုံတော်မှ မီးအလျှံကြီး ဖြစ်ပေါ်၍လာကာ ဓာတ်တော်မွေတော် ကိုယ်တော်မကြွင်း လောင်ကျွမ်းခြင်းသို့ ရောက်ကာ မီးအလျှံကြီးသည် ဤလူ့ပြည်မှ ဗြဟ္မာ့ပြည်တိုင်အောင် တက်ရောက်သွားပေလတံ့၊ ထို့နောက် ဓာတ်တော်မွေတော်ဟူ၍ မုန်ညင်းစေ့ငယ်လောက်မျှ မကျန်တော့ဘဲ လောင်ကျွမ်း၍ သွားပေလတံ့။

ထိုအခါ စည်းဝေးရောက်လာကုန်သော နတ်ဗြဟ္မာအားလုံးတို့သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်သော နေ့၌ကဲ့သို့ နတ်ပန်းနံ့သာ တူရိယာတို့ဖြင့် ပူဇော်ကုန်လျက် သုံးကြိမ်တိုင် လက်ယာရစ်ပတ်၍ ပူဇော်ကာ နောင်ပွင့်လတံ့သော မြတ်စွာဘုရားကို ပူဇော်ခွင့်ကို ရရပါလို၏-ဟုဆုတောင်းမြွက်ဆိုကာ မိမိတို့နေရာ ထိုထိုအရပ်တို့သို့ ပြန်ကြွကုန်လတံ့သတည်း။

(ပါဠိကိုလိုလျှင် အင်္ဂုတ္တရဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၇၀) တွင် ယူပါ၊ ဤအဋ္ဌကထာပါဌ်တွင် ကျွတ်တမ်းဝင်မည်ဟူသော စကား မပါပေ၊ နောင်ပွင့်လတံ့သော ဘုရားကို ဖူးတွေ့ရန်ဆိုသဖြင့် ကျွတ်တမ်းဝင်ခွင့် မရ-ဟု သိသာနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဓာတ်ပုံဆရာနှင့် သိမ်

(မေး) (ဓာတ်ပုံဆရာနှင့် သိမ်)

အရှင်ဘုရား၊ သိမ်တခုထဲတွင် ရဟန်းလောင်းနှင့် သံဃာတော် ၁၈-ပါး ရဟန်းခံပွဲ ပြုလုပ်နေပါသည်။ ရဟန်းခံပွဲမပြီးခင် ဓာတ်ပုံဆရာက ဓာတ်ပုံဝင်ရိုက်ပါသည်။ ဓာတ်ပုံဆရာသည် ရဟန်းလောင်းကို ရပ်ပြီးဆုံးမသည့် သိမ်ထောင့်အထိ ဝင်ပါသည်။ တပည့်တော်ကြားဖူးသည်မှာ ရဟန်းခံစဉ် ရှင်သာမဏေတောင် မဝင်ရဟု ကြားဖူးပါသည်။ သိမ်ဝင်သော ရဟန်းလောင်းမှာ ရဟန်းဖြစ်-မဖြစ် သိချင်ပါသည်ဘုရား။

(ကြည်မောင်-မြောက်သားတောင်အရှေ့ရွာ၊ ပျော်ဘွယ်)

(ဖြေ)

သဒ္ဒါမှာ လိင်၊ ဝိနည်းမှာ သိမ်-ဟု အရေးကြီးသော ကိစ္စနှစ်ခုကို ပြောရိုးထုံးစံရှိပါသည်။

ဂရမ်မာ (သဒ္ဒါ) မှာ လိုင်မခွဲတတ်လျှင် ဝါကျရေးတာ မမှန်တော့ပါ။ သိမ်ဝင်၍ ကံကြီး ကံငယ်ဆောင်ရာမှာ သိမ်နှင့်ပတ်သက်၍ မကျွမ်းကျင်လျှင် ကံမမြောက်၊ ကံမအောင်တော့ပါ။ အလွန်အရေးကြီးသည့် ကိစ္စဖြစ်ပါ၏၊

မကျွမ်းကျင်လျှင် အရေးမကြီးသည်ကို အရေးကြီးသည်ဟု ထင်တတ်သည်။ အရေးကြီးသည်ကိုတော့ အရေးမကြီးဟု ထင်တတ်ကြသည်။ သိမ်ထဲရဟန်းခံခြင်းစသော ကံဆောင်ကမ္မဝါစာ ဖတ်သောအခါ ရဟန်းပုဂ္ဂိုလ်များအားလုံး တပါးနှင့်တပါး ၂-တောင့်ထွာအတွင်း မကွာစေဘဲ တစုတဝေးတည်း ရှိနေရမည်။ ရဟန်းအုပ်စုနှင့် လူ၊ ရှင်သာမဏေ စသည်တို့သည် ၂-တောင့်ထွာထက် ဝေးကွာသောနေရာမှာ ရှိရမည်။ ရဟန်းအုပ်စု ၂-တောင့်ထွာအတွင်း ရောက်နေလျှင် ရဟန်းနှင့်လူ တစပ်တည်းဖြစ်နေသောကြောင့် ကံမမြောက်ပေ။ ၂-တောင့်ထွာထက်မက ဝေးကွာနေလျှင် ကံပြု၍ ရပါသည်။

အချို့က သိမ်ထဲ မိန်းမ မဝင်ကောင်း။ လူတွေ မဝင်ကောင်းဟု တားမြစ်တတ်သည်။ အမှန်မှာ ဝင်ကောင်းပါသည်။ ၂-တောင့်ထွာ ကွာနေဖို့သာ လိုပါသည်။ သိမ်ထဲဝင်ခြင်းဖြင့် ဆုံးမပြောကြားသည်တို့ကို နာယူရသဖြင့် ဗဟုသုတပင် ရရှိနိုင်ပါသည်။

လူ-ဓာတ်ပုံဆရာသည် သိမ်ထဲဝင်၍ ရဟန်းအုပ်စုနှင့် ၂-တောင့်ထွာအကွာကသာနေ၍ ဓာတ်ပုံရိုက်နိုင်ပါသည်။ ပို၍ အရေးကြီးသည်မှာယခုခေတ် ရဟန်းပုဂ္ဂိုလ်များ ဓာတ်ပုံရိုက်တတ်ကြသည်။ ဓာတ်ပုံရိုက်သောရဟန်းသည် သိမ်ဝင်သော ရဟန်းအုပ်စုထဲမပါလျှင် သိမ်နယ်နိမိတ်အတွင်း မဝင်ရဘဲ သိမ်နယ်နိမိတ်နှင့် လွတ်ကင်းသော၊ ဝေးသောနေရာတွင် နေရမည်။ သိမ်နယ်နိမိတ်အတွင်းဝင်၍ ဓာတ်ပုံရိုက်လျှင် သံဃာအစုကွဲသွား၍ ကံပျက်ပါသည်။ ထို့ကြောင့် သိမ်ဝင်၊ ကံကြီးကံငယ်ဆောင်ရာ၌ လူဓာတ်ပုံဆရာများသာ ရိုက်စေပြီး ရဟန်းပုဂ္ဂိုလ်များ ဓာတ်ပုံရိုက်ခြင်းကို အထူးရှောင်ကြဉ်သင့်လှ၏၊

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဓာတ်တော်မွေတော်

(မေး)(ဓာတ်တော်မွေတော်)

အရှင်ဘုရား၊ ဘုရားတဆူပွင့်ပြီး ထိုဘုရားသာသနာတော် ကုန်ဆုံးသည့်အချိန်တွင် ထိုဘုရားရှင်၏ ဓာတ်တော်မွေတော်များ အားလုံး ချုပ်ငြိမ်းသွားကြောင်း သိရှိခဲ့ဖူးပါသည်။ သို့သော် ရွှေတိဂုံစေတီတော်တွင် ရှေးဘုရားသုံးဆူနှင့် ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များရှိကြောင်း သိရပါသည်။ ရှင်းလင်းမိန့်ကြားပေးပါရန် တောင်းပန်လျှောက်ထားအပ်ပါသည်။

(သိန်းလှိုင်-စမ်းချောင်း)

(ဖြေ)

ဘုရားသာသနာကုန်ဆုံးချိန်တွင် ယင်းမြတ်စွာဘုရား၏ ဓာတ်တော်မွေတော် အားလုံးပင် မုန်ညင်းစေ့ခန့်မျှ မကြွင်း ဓာတုပရိနိဗ္ဗာန်ဖြင့် ကွယ်ပျောက်ကြရမြဲပင် ဖြစ်ပါသည်။

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်၌ ဂေါတမမြတ်စွာဘုရား၏ ဆံတော်များသာ ဓာတ်တော်မွေတော်

ဖြစ်ပါသည်။ ကျန်ဘုရားသုံးဆူ ဆိုင်ရာ၌ကား ရေသနုတ်တော်၊ ရေစစ်တော်၊ တောင်ဝှေးတော် ဟူသော အသုံးအဆောင် ပရိဘောဂများသာဖြစ်ရာ ဓာတ်တော်မွေတော်မဟုတ်သဖြင့်၄င်း၊ ဘုရားရှင်များ၏ တန်ခိုးတော်၊ ကမ္ဘာစောင့် နတ်မင်းကြီးများ၏ စောင့်ရှောက်ထိန်းသိမ်းမှုတို့ကြောင့်၄င်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် တည်ရှိနေနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်အလှူ

(မေး) (ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်အလှူ)

အရှင်ဘုရား၊ ယခုအခါ ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်လှူကြသည်မှာ အလွန်များလှပါသည်။ ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်နည်းများကိုလည်း စာအုပ်ငယ်များ ထုတ်ဝေ၍ ဘုရားစာအုပ်ဆိုင်တိုင်းမှာ တွေ့ရပါသည်။ ၄င်းဆွမ်းတော်ကပ်နည်းမှာ ဘုရားဟော ဟုတ်-မဟုတ်၊ လောကီ-လောကုတ္တရာ မည်သို့ အကျိုးရှိပုံများကို သိလိုပါ၍ လျှောက်ထားအပ်ပါသည်ဘုရား။

(ဒေါ်တင်ရွှေ-ရန်ကင်း)

(ဖြေ)

ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်နည်းမှာ ဘုရားဟော မဟုတ်ပါ။ ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်ခြင်း၏ အဓိက ရည်ရွယ်ချက်ကို မေးကြည့်ရာ မိမိခန္ဓာ၌ ရှိသော ဓာတ်ကြီးလေးပါး ကျန်းမာစေရန် ရည်ရွယ်ချက်ဖြင့် ကပ်လှူခြင်း ဖြစ်ပါသည်။ ထိုကပ်လှူခြင်းမှာ-

ပထဝီဓာတ် ၂၀-ရှိ၍ အသီးမျိုးစုံ၊ မုန့်မျိုးစုံ ၂၀။

အာပေါဓာတ် ၁၂-ရှိ၍ သောက်တော်ရေနှင့် ဖျော်ရည်မျိုးစုံ ၁၂-ခွက်။

ဝါယောဓာတ် ၆-မျိုးရှိ၍ ယပ်အမျိုးမျိုး ၆-ချောင်း။

တေဇောဓာတ် ၄-ပါးရှိ၍ အလင်းတိုင် ၄-မျိုးစသည်ဖြင့် လှူဒါန်းကြသည်ဆို၏၊

ရဟန္တာအရှင်မြတ်များကိုလည်း ရွေးချယ်၍ လှူရသည်ဟု ဆိုပါသည်။ လောကီဂိုဏ်းဆရာများ၏ ကြံဆ၍ ယူသော အယူအဆများသာ ဖြစ်ပါသည်။ သို့သော် ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်များအား ရည်မှန်းလှူဒါန်းခြင်းဖြစ်၍ စေတနာဓာတ်အား ပါလျှင် ပါသလောက် ဒါနအကျိုး ရရှိနိုင်ပါသည်။

သို့သော် ကျန်းမာရေး ကောင်းလိုလျှင် မြတ်စွာဘုရားရှင် ဟောကြားထားသည့် အတိုင်း ဆေးဝါးဓာတ်စာအမျိုးမျိူးနှင့် ဂိလာနပုဂ္ဂိုလ်တို့၏ လိုအပ်ရာရာ အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းလျှင် အသက်ကိုရှည်စေ၍ ကျန်းမာရေးလည်း ကောင်းမွန်ပါမည်။

သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံတွင် ဝသဘမင်းကြီးကို ရဟန္တာအရှင်မြတ်များက ရေစစ်၊ ကျောင်း၊ ဂိလာနပုဂ္ဂိုလ်အတွက် လိုအပ်သော ဆေးဝါးဓာတ်စာ အသုံးအဆောင်အမျိုးမျိုး၊ ယိုယွင်းပျက်စီးနေသော ဘုရား၊ ကျောင်းကန်၊ ဇရပ်၊ တန်ဆောင်းများ ပြုပြင်ခြင်းနှင့် ငါးပါးသီလ၊ ရှစ်ပါးသီလများကို ဆောက်တည်ပါက အသက်ရှည် ကျန်းမာကြောင်းကို ဟောကြားပါသည်။ ထို့နောက် လိုက်နာကျင့်သုံးရာ နန်းစံသက် ၁၂-နှစ်သာ စံရမည်ဟု ဗေဒင်ဆရာများက ဟောထားသော်လည်း နန်းစံသက် ၄၄-နှစ်ထိ အသက်ရှည်၍ ကျန်းမာစွာ နေခဲ့ရသည်။ ကျန်းမာသက်ရှည်လိုပါက ဘုရားဟော ရှိသည့်အတိုင်းသာ ကျင့်ကြပါလေကုန်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဓုတင်

(မေး) (ဓုတင်)

အရှင်ဘုရား၊ တပည့်တော်သိလိုသည်မှာ ရှင်သာမဏေများ ဒုကုဋ်သင်္ကန်းကို အသုံးပြုက အပြစ် ရှိ-မရှိ။ ရှိပါက ရှင်သာမဏေများ တိစီဝရိတ်ဓုတင် ဆောက်တည်လျှင် မည်သို့ပြုလုပ်ရမည်နည်း။

တိစီဝရိတ်ဓုတင် ဆောက်တည်သော ရဟန်းသည် ရေချိုးပြီးသောအခါ မည်သို့ သင်းပိုင်းလဲရမည် စသည် ဖြေကြားပေးတော်မူပါဘုရား။

(ရှင်စန္ဒိမာ-ချောက်မြို့)

(ဖြေ) သာမဏေများ ဒုကုဋ်သင်္ကန်းကို မသုံးဆောင်ရပါ။

ထို့ကြောင့် ဓုတင် ၁၃-ပါးကို ရဟန်းတော်များသာ အပြည့်အစုံ ဆောက်တည်နိုင်ပါသည်။

သာမဏေတို့မှာ တိစီဝရိတ်ဓုတင်မှတပါး ဓုတင် ၁၂-ပါးသာ ဆောက်တည်နိုင်၏၊

အကျယ်ကို ဝိသုဒ္ဓိမဂ်တွင်ကြည့်ပါ။

ရဟန်းတော်များ ရေချိုးရာ၌ ရေချိုးအိမ် (ရေချိုးခန်း)၊ မြစ်ချောင်းရေ စသော ရေတို့ဖြင့် ညဉ့်အမှောင် ဖုံးလွှမ်းရာ၌ ရေသနုပ်မရှိဘဲ ရေချိုးနိုင်ကြောင်း၊

တိစီဝရိတ်ဓုတင်ဆောင် ပုဂ္ဂိုလ်သည် ဧကသီကို လျှော်ဖွပ်ရာ၌ ဒုကုဋ်ကို ဝတ်ရုံနိုင်ကြောင်း၊

သင်းပိုင်ကို လျှော်ဖွပ်ရာ၌ ဧကသီကို ခေါက်၍ ဝတ်ထားနိုင်ကြောင်း ထိုထိုကျမ်းဂန်တို့၌ လာရှိပါသည်။

နဂါးရုံဘုရားပုံတော် ပြုသင့်-မပြုသင့်

(မေး) (နဂါးရုံဘုရားပုံတော် ပြုသင့်-မပြုသင့်)

အရှင်ဘုရား။ နဂါးရုံဘုရားပုံတော်သည် မဟာယာနမှ ဆင်းသက်လာသော ပုံတော်ဖြစ်၍ ထိုပုံတော်များ မပြုလုပ်သင့်ကြောင်း တချို့က ပြောဆိုနေကြပါသည်။ မှန်-မမှန် ဖြေကြားပေးတော်မူပါဘုရား။

(အရှင်နန္ဒာသီရိ-ဦးလှမျိုးနိုင်-တောင်ငူ)

(ဖြေ)

နဂါးရုံဘုရား ပူဇော်ခြင်းမှာ ထေရဝါဒပိဋက ဝိနည်းမဟာဝါပါဠိတော်အစ၌ ပါဝင်သော သတ္တသတ္တာဟ စံနေသော ဇာတ်လမ်းဖြစ်ပါသည်။

ဘုရားရှင်သည် ဘုရားဖြစ်ပြီး ဗောဓိပင်အောက်မှာပင် ၇-ရက်၊ အဇပါလညောင်ပင်ရင်း၌ ၇-ရက်၊ အရဟတ္တဖိုလ်သမာပတ် ဝင်စားပြီး စံနေတော်မူသည်။ ထို့နောက် ကျည်းပင်ရင်း၌ ၇-ရက် ချဉ်းကပ်နေစဉ် ၇-ရက်ပတ်လုံး အလွန်ချမ်းအေးလှစွာသော အခါမဲ့မိုးကြီး ရွာသွန်းသည်။ ထိုအခါ မုစလိန္ဒာနဂါးမင်းသည် နဂါးဗိမာန်မှ ထွက်၍ မြတ်စွာဘုရားကို အချမ်း၊ အပူ၊ ခြင်၊ မှက်၊ လေ၊ နေ၊ မြွေ၊ ကင်း၊ သန်းတို့၏ဘေးမှ ကာကွယ်ပေးလို၍ ဘုရားရှင်၏ ကိုယ်တော်ကို ခုနစ်ခွေ ရစ်ပတ်၍ ဦးထိပ်ပေါ်တွင် ကြီးစွာသော ပါးပျဉ်းကို မိုးလျက်နေ၏၊

၇-ရက်လွန်၍ မိုးလေကင်းစင်မှ အခွေတို့ကို ဖြေ၍ နဂါးအသွင်ဖျောက်ပြီး လူ့အသွင်ဖြင့် ဘုရားကို ရှိခိုးလေ၏၊ ဘုရားရှင်လည်း တရားဥဒါန်း ကျူးရင့်ဟောကြားတော်မူ၏၊ ထိုမှတဆင့် လင်းလွန်းပင်ရင်းသို့ ၇-ရက်ကြွတော်မူ၏၊

ဖော်ပြပါ ဝိနယပိဋက၊ မဟာဝါပါဠိတော် သတ္တသတ္တာဟ စံနေတော်မူခန်းတွင် ပါဝင်သော အကြောင်းအရာဖြစ်၍ ထေရဝါဒအကြောင်းအရာစစ်စစ် ဖြစ်ပါသည်။

သို့သော် ယခု မြန်မာပြည်တွင် အလှအပအတွက် ကြည့်ကောင်းအောင် မြွေ၏အခွေများပေါ်တွင် သီတင်းသုံးပြီး ပါးပျဉ်းအုပ်ထားသောပုံကို ထုလုပ်ထားသည်မှာ မိုးဒဏ်၊ လေဒဏ် လုံခြုံသောပုံ မဟုတ်ပါ။ စာပါအကြောင်းအရာမှာ မိုးဒဏ်၊ လေဒဏ် လုံခြုံအောင် ပူဇော်သောပုံဖြစ်၍ မူရင်းအဓိပ္ပါယ်နှင့် ခြားနားနေပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

နတ် နဂါး၊ နတ် ဘီလူး

(မေး) (နတ် နဂါး၊ နတ် ဘီလူး)

အရှင်ဘုရား၊ နတ်နဂါး နတ်ဘီလူးတို့သည် နတ်စည်းစိမ်တမျှ ခံစားကြရပါသည်။ သို့သော် တိရစ္ဆာန်ဇာတ်မျိုးမကင်းပါ။ ထို့ကြောင့် ၃၁-ဘုံတွင် ၄င်းတို့ကို ဘယ်ဘုံ၌ ထည့်သွင်းရပါမည်နည်း။ မည်သည့်ကံအကျိုးပေးကြောင့် ဤဘဝမျိုးကို ရကြပါသနည်း။ နတ်နဂါးနှင့် နတ်ဘီလူး မည်သို့ ကွဲပြားခြားနားကြပါသနည်း။ ဘုံရော ခြားနားပါသလား။ မဂ်ဖိုလ်ကို ၄င်းတို့နှစ်မျိုးလုံး ရနိုင်ပါသလားဘုရား။

(ဦးမောင်ဦး-တောင်ငူ)

(ဖြေ) ဟိမဝန္တာတောင်နှင့် ပင်လယ်သမုဒ္ဒရာတို့အတွင်းရှိ နဂါးများကို ရိုးရိုးနဂါးခေါ်၍ တောင်စဉ် ၇-ထပ်အတွင်း သီဒန္တရ-သီဒါ-ရ-တန်၌ နေသော နဂါးမျိုးကို နတ်နဂါး ခေါ်သည်။

မြတ်စွာဘုရား၏ အောင်ခြင်း ၈-ပါး၌ပါသော နန္ဒောပနန္ဒနဂါးသည် ယင်းသီဒန္တရ၌နေသော နတ်နဂါးမျိုးဖြစ်သည်။

ရိုးရိုးနဂါး၊ နတ်နဂါးအားလုံးပင် တိရစ္ဆာန်ဇာတိများဖြစ်၍ မဂ်ဖိုလ်ကို မရနိုင်ကြပါ။

ဘီလူးမှာလည်း လူ့ပြည်တောတောင်တို့၌ ရှိသော လူသားစား ဘီလူးမျိုးတို့မှာ အပါယ်ဘုံဘဝ၌ ပဋိသန္ဓေနေသူများဖြစ်၍ တန်ခိုးလည်း မကြီး၊ မဂ်ဖိုလ်လည်း မရနိုင်ကြပါ။

သာတာဂီရိ၊ ဟေမဝတ၊ အာဠာဝကတို့ကဲ့သို့သော နတ်ဘီလူးများက စတုမဟာရာဇ် မျိုးနွယ်များဖြစ်၍ တန်ခိုးလည်းကြီးသည်၊ မဂ်ဖိုလ်ကိုလည်း ရနိုင်ပါသည်။ ပဋိသန္ဓေစိတ်စသည်ဖြင့် အကျယ်ဖြေကြားသင့်သော်လည်း ပြဿနာအားလျော်စွာ သိသာရုံ အဖြေပေးရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နတ်ကတော်

(မေး) (နတ်ကတော်)

ဆရာတော်ဘုရား၊ တပည့်တော်၏ ဇနီးမှာ တပည့်တော်က စားဝတ်နေမှု ဖူလုံအောင် ရှာဖွေပေးနိုင်ပါလျက် နတ်ကတော်အလုပ်ကို လုပ်ကိုင်လျက်ရှိပါသည်၊ ဘာကြောင့် သည်အလုပ်ကို လုပ်နေရသလဲ-ဟု မေးမြန်းသည့်အခါတွင် ဘဝကံအကြောင်းတရားပေါ့-ဟု ဖြေပါသည်၊ အတင်းအကျပ် မပြောလိုသဖြင့် သူတပါးအပေါ် လိမ်လည်လှညြ့်ဖြား၍ မစားရန်နှင့် ဆင်းရဲသားများအပေါ် ညှာတာရန်သာ ဆုံးမမှုပေးနိုင်ပါသည်၊ ၄င်းအလုပ်သည် အကုသိုလ်ဖြစ်စေ၍ အပါယ်ငရဲသို့ ကျနိုင်ပါသလားဘုရး၊ မလုပ်အပ်သော အလုပ် ဖြစ်ပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါရန် တောင်းပန်ပါသည်ဘုရား။

(ဦးခင်မောင်စိုး-တောင်ဥက္ကလာပ)

(ဖြေ) နတ်ကတော်အလုပ်သည် မြတ်စွာဘုရား လက်ထက်ကပင် ရှိပါသည်၊ နတ်ပူးဝင်လေ့ရှိသော မိန်းမကို ဝရုဏီ-ဟု ခေါ်သည်၊ ဗြဟ္မဇာလသုတ်တွင် ကုမာရိပဥှာ-ခေါ် မိန်းကလေးတို့ကိုယ်တွင်းသို့ နတ်ကိုပူးဝင်စေ၍ မေးမြန်းသော အတတ်တမျိုးရှိကြောင်း ဆိုပါသည်။(ဒီ၊ဋ္ဌ၊၁၊၉၁)။

သို့သော် နတ်ကောင်းနတ်မြတ်များ ဝင်လာလေ့မရှိ၊ နတ်ညံ့များသာ ဝင်လေ့ရှိကြောင်း၊ နတ်ကတော်တို့ကလည်း နတ်မဝင်သော်လည်း နတ်ဝင်ဟန် ပြုလေ့ရှိကြောင်း ဆိုပါသည်။ သံယုတ္တနိကာယ် နိဒါနဝဂ္ဂ အဋ္ဌကထာတွင် ဤမည်သော ဤမည်သော ပူဇော်မှုကိုပြုလျှင် သင်တို့အား ဤသို့ ဤသို့ ကြီးပွားချမ်းသာခြင်း ဖြစ်လတံ့-ဟု လူအပေါင်းကို လှည့်ပတ်၍ ပန်းနံ့သာစသည်ကိုယူကာ မဟုတ်မမှန်သည်ကို သိစေ၊ ကြားစေ၍ လိမ်လည်ခဲ့သဖြင့် အရုပ်ဆိုး အနံ့မကောင်း ကြောက်မက်ဖွယ်ရာ ပြိတ္တာဖြစ်တတ်ကြောင်း ဆိုပါသည်။(သံ၊ဋ္ဌ၊၂၊၂၀၄)။

ထို့ကြောင့် နတ်ကတော်အလုပ်မှာ မှန်ကန်မှု နည်းပါး၊ လည်ဆယ်မှု များပြား၍ အပါယ်ငရဲနှင့် နီးစပ်နေသဖြင့် အထူးသတိထား၍ လုပ်သင့်သောအလုပ်ဖြစ်ကြောင်း သတိပေးလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နတ်စစ်သူကြီးနှင့် နတ်တပ်သားများ

(မေး) (နတ်စစ်သူကြီးနှင့် နတ်တပ်သားများ)

အရှင်ဘုရား။ ထေရဝါဒဗုဒ္ဓဘာသာ၌ နတ်စစ်သူကြီး ၉-ပါး၊ နတ်တပ်သား ၂၈-ပါးရှိကြောင်း မှတ်သားရပါသည်။ အဆိုပါ နတ်စစ်သူကြီးများနှင့် နတ်တပ်သားများ ရှိခဲ့လျှင် မည်သည့်တန်ခိုးဝတ္တရားများ ထမ်းဆောင်ရကြောင်း ရှင်းလင်းစွာ ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

(မောင်ထွန်းထွန်း-ရန်ကုန်)

(ဖြေ)

မဟာသမယသုတ် စသော ထေရဝါဒစာပေများတွင် နတ်စစ်သူကြီး ၉-ပါးဟူ၍ မပြ။ နတ်စစ်သူကြီး ၂၈-ပါးကိုသာ ပြပါသည်။ နတ်စစ်သူကြီး ၉-ပါး။ တနည်း-နတ်ကြီး ၉-ပါးဟူသည်ကို ဘုရားကိုးဆူ စာများတွင် ပါသည်။ ၄င်းတို့မှာ ထေရဝါဒ နတ်များမဟုတ်။

ဖော်ပြပါ ထေရဝါဒစာပေလာ နတ်စစ်သူကြီး ၂၈-ပါးမှာ

ဣန္ဒော၊ သောမော၊ ဝရုဏော စ။ စသော ဂါထာများရှိ၍

မြန်မာလို ဣန္ဒနတ်။ သောမနတ်၊ ဝရုဏနတ်၊ ဘာရဒွါဇနတ်၊ ပဇာပတိနတ်၊ စန္ဒနတ်၊ ကာမသေဋ္ဌနတ်၊ ကိန္နုဃဏ္ဍုနတ်၊ နိဃဏ္ဍုနတ်၊ ပနာဒနတ်၊ (၁၀)။

ဩပမညနတ်၊ မာတလိနတ်၊ စိတ္တသေနနတ်၊ နဠောရာဇနတ်၊ ဇနေသဘနတ်၊ သာတာဂိရိနတ်၊ ဟေမဝတနတ်၊ ပုဏ္ဏကနတ်၊ ကရတိယနတ်၊ ဂုဠနတ်။(၂၀)။

သိဝကနတ်၊ မုစလိန္ဒနတ်၊ ဝေဿာမိတ္တနတ်၊ ယုဂန္ဓရနတ်၊ သုပ္ပရောဓနတ်၊ ဟိရိနတ်၊ နေတ္တိနတ်။ မန္ဒိယနတ်။(၈)။

စုစုပေါင်း ၂၈-ဟူ၍ အမည်ဖြင့် ဖော်ပြထားပါသည်။

သိကြားမင်း၌ ၄င်း ၂၈-ပါးနှင့်တကွ နတ်စစ်သူကြီးပေါင်း များစွာရှိရာ ဤ ၂၈-ပါးကိုသာ အထူးဖော်ပြထားသည်မှာ ၄င်း ၂၈-ပါးသည် လူ့ပြည်ရှိ ရုက္ခစိုးတို့အား သိကြားမင်း အမိန့်ဖြင့် အပြစ်ပေး ကွပ်ညှပ်စီရင်နိုင်သည်။ ထိုသို့ စီရင်နိုင်သဖြင့် လူတို့က သစ်ပင်များကို ခုတ်လှဲသော် နတ်တို့က လူတို့အား နှိပ်စက်ခြင်း။ ဖမ်းစားခြင်း ပြုလျှင် ထိုရုက္ခစိုးနတ်တို့အား ဒဏ်ပေးနိုင်၊ စီရင်နိုင်သူများဖြစ်၍ အထူးဖော်ပြထားခြင်း ဖြစ်ပါသည်။ ဤနတ် ၂၈-ပါးတို့အား လူတို့က ပူဇော်ပသရန် မလို၊ တတ်နိုင်လျှင် တောလမ်းခရီသွားခြင်း စသည်တို့၌ အမည်ကိုဖော်၍ မေတ္တာပို့ သွားကြရန်။ ကုသိုလ်ပြု၍ အမျှဝေရန်သာ လိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နတ်ဗိမာန်များ

(မေး) (နတ်ဗိမာန်များ)

အရှင်ဘုရား၊ ယခုခေတ် အာကာသယာဉ်များသည် လကမ္ဘာ၏ ဟိုမှာဘက် အလွန်အထိ ခရီးဆက်ကြသည်ဟု ကြားဖူး ဖတ်ဖူးပါသည်။ သို့သော် လမ်းခရီး၌ နတ်ပြည် နတ်ဗိမာန်များကို တွေ့ရကြောင်း မကြားဖူး မဖတ်ဖူးပါ။ ထို့ကြောင့် နတ်ပြည် နတ်ဗိမာန်များ တကယ်ရှိ-မရှိ မေးလျှောက်ရပါသည်၊ ဖြေကြားတော်မူပါဘုရား။

(မောင်မြင့်ကြည်-မိတ္ထီလာမြို့)

(ဖြေ)

လူတကိုယ်လုံး၌ ရုပ်တရားများသည် ဩဠာရိကရုပ်၊ သုခုမရုပ်-ဟူ၍ ရှိသည်။

ဥတုဇရုပ်မှာ ဩဠာရိကရုပ်မျိုးဖြစ်၍ မြင်ရ တွေ့ထိ၍ရသည်။

သုခုမရုပ်မှာ မမြင်ရ တွေ့ထိ၍ မရသောရုပ်ဖြစ်သည်။

ပုံစံမှာ မျက်စိတွင် မြင်ဓာတ်-စက္ခုပသာဒရုပ်၊

နားတွင် ကြားဓာတ်-သောတပသာဒရုပ် စသည် ငါးမျိုးဖြစ်သည်။

၄င်းသုခုမရုပ်များမှာ လူသေလျှင် မီးငြိမ်းသလို ကြိုတင်၍ ကွယ်ပျောက်ကုန်သည်။ ထိုလူတို့၏ သုခုမရုပ်များ သဖွယ် နတ်တို့၏ တကိုယ်လုံးရုပ်များသည် သုခုမရုပ်များပင်ဖြစ်၍ လူများက ၄င်းတို့အား မမြင်နိုင်။ ဆီများသည် ဝါဂွမ်း၌ စိမ့်၍ဝင်နိုင်သလို ဩဠာရိကရုပ်များက သုခုမရုပ်အတွင်းသို့ စိမ့်၍ဝင်နိုင်သည်။

မမြင်ရသော နတ်တို့ ကိုယ်တွင်းသို့ လူများ၊ လူ၏ ကိုယ်တွင်းသို့ နတ်များ ဆီနှင့်ဂွမ်းလို ပူးပေါင်းဝင်ရောက်နိုင်ကြသည်။ ထို့အတူ နတ်ဗိမာန်များသည် ကမ္မပစ္စယ ဥတုဇရုပ်များဖြစ်၍ သုခုမသဘောရှိလေသည်။ အာဠဝီပြည် အနီးတွင် အာဠာဝက နတ်ဘီလူး၏ ဗိမာန်ကြီး ရှိသည်။

လူများ တိရစ္ဆာန်များ မမြင်ရ။ တိုးဝင်၍ သွားနေသော်လည်း မသိကြ။ တန်ခိုးရှင် မြတ်စွာဘုရားသာ သိ၍ ဝင်ရောက်သီတင်းသုံးတော်မူသည်။

ဟေမဝတ သာတာဂိရိနတ်တို့လည်း မြင်၍ ရှောင်ကွင်း သွားနေကြရသည်။ ထို့အတူ ကောင်းကင်၌ နတ်ဗိမာန်ရှိရာ တန်ခိုးရှင်တို့နှင့် နတ်အချင်းချင်းတို့သာမြင်၍ ရှောင်ကွင်းသွားနေကြသည်။

ရုက္ခစိုး စသည်တို့မှာလည်း သစ်ပင်ပေါ်၌တက်၍ နေကြသည်မဟုတ်။ သစ်ပင်အနီး (သို့မဟုတ်) ထိပ်ဖျားစသည်၌ ဗိမာန် သီးခြားရှိပေသည်။ တန်ခိုးရှင်နှင့် သူတို့အချင်းချင်းသာ မြင်ရသည်။ လူများမမြင်ရပါ။ ထိုသဘောကို ဆင်ခြင်၍ ကောင်းကင်ရှိ နတ်ပြည်၊ နတ်ဗိမာန်တို့နှင့် အာကာသယာဉ်တို့ဆိုင်ရာ ပြဿနာကို ရှင်းလင်းနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နတ်များ စာရင်းယူခြင်း

(မေး) (နတ်များ စာရင်းယူခြင်း)

အရှင်ဘုရား၊ သိကြားနတ်များ လဆန်း ၈-ရက်၊ လဆုတ် ၈-ရက်၊ လပြည့်၊ လကွယ်နေ့တိုင်း လူ့ပြည်ဆင်း၍ စာရင်းယူကြသည်ဟု ပြောဆိုကြပါသည်။ မည်သည့် အကိုးအကားဖြင့် ပြောဆိုသည်-မည်သည့်အတွက် စာရင်းယူသည်ကို ဗဟုသုတအလို့ငှါ သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။

(မောင်ဟိဏ်းထွေး-ကယားပြည်နယ်)

(ဖြေ)

အဋ္ဌမီယံ စတုန္နံ မဟာရာဇူနံ ဒါသာ။ ပ။ စာတုဒ္ဒသီယံ ဝါ ပဉ္စဒသီယံ ဝါ စတ္တာရော လောကပါလာ-စသည်ဖြင့် ဒေဝဒူတသုတ်လာ အတိုင်း လဆန်း ၈-ရက်၊ လဆုတ် ၈-ရက် နေ့တို့၌ စတုလောကပါလ နတ်မင်းကြီး လေးယောက်တို့၏ အစေအပါးနတ်တို့ လာရောက်စာရင်းယူသည်။

လပြည့် လကွယ်နေ့တို့၌ စတုလောကပါလနတ်မင်းကြီး လေးယောက်တို့ ကိုယ်တိုင် စာရင်းယူပါသည်။ ၄င်းတို့မှ တဆင့် ပဉ္စသီခနတ်သား၊ ၄င်းမှတဆင့် မာတလိနတ်သားသို့ ပေးအပ်သည်။ မာတလိနတ်သားမှ တဆင့် သိကြားမင်းကြီးအား ဆက်သရသည်။ သိကြားမင်းကြီးက ထိုစာရင်းကို ဤသူဤသူများ ဤသို့ ကုသိုလ် ပြုကြသည်ဟု ဝမ်းမြောက်ဝမ်းသာ နတ်သဘင်၌ ဖတ်ကြားကြောင်း ဆိုသည်။ သို့သော် အမြဲတမ်းဆိုလျှင် ထိုနတ်များ စည်းစိမ်ခံစားနေရချိန်ပင် ရှိမည်မဟုတ်။ အခါအားလျော်စွာ စာရင်းယူခြင်း ဖြစ်ဖွယ် ရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နတ်ပြည် နှင့် နိဗ္ဗာန်

(မေး) (နတ်ပြည် နှင့် နိဗ္ဗာန်)

ဆရာတော်ဘုရား၊ နတ်ပြည် ဗြဟ္မာ့ပြည်များမှ နိဗ္ဗာန်သို့ တိုက်ရိုက် ရောက်နိုင်ပါသလား ဘုရား။

(ဦးသန်းလွင်-ဦးမြင့်ဟန်-အထက-ပြွန်တန်ဆာ)

(ဖြေ)

၁။ သောတာပတ္တိမဂ်

၂။ သောတာပတ္တိဖိုလ်

၃။ သကဒါဂါမိမဂ်

၄။ သကဒါဂါမိဖိုလ်

၅။ အနာဂါမိမဂ်

၆။ အနာဂါမိဖိုလ်

၇။ အရဟတ္တမဂ်

၈။ အရဟတ္တဖိုလ် ဟု နိဗ္ဗာန်ခရီးတွင် ၈-ဆင့်ရှိရာ ၁-၂-၃-၄ အဆင့်တို့မှာ နတ်ပြည်အပါအဝင် ကာမဘုံ၌ ဖြစ်နိုင်၍ ယင်း ၄-ဆင့်ဖြင့် နိဗ္ဗာန်မရနိုင်သေးသဖြင့် နတ်ပြည်မှ နိဗ္ဗာသို့ တိုက်ရိုက်မရောက်နိုင်-ဟု ဆိုရပါမည်။

၅-၆ အဆင့်သို့ရောက်လျှင် ဗြဟ္မာ့ပြည်၌ ဖြစ်သည်။ အနာဂါမ်ပုဂ္ဂိုလ်ကြီးများဖြစ်ပြီးလျှင်ကား သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံ၌ ဖြစ်ကာ ထိုဘုံမှ နိဗ္ဗာန်တရားတော်ကို မျက်မှောက်ပြုလျက် ဘဝဇာတ်သိမ်းလေတော့သည်။

ထို့ကြောင့် ဗြဟ္မာ့ပြည်သည် နိဗ္ဗာန်သို့ တိုက်ရိုက်ရောက်နိုင်ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နတ်ဗြဟ္မာနှင့် ရဟန္တာ

(မေး) (နတ်ဗြဟ္မာနှင့် ရဟန္တာ)

အရှင်ဘုရား၊ ဆောင်းပါးရှင်တဦး ရေးသားထားသည်မှာ ဗုဒ္ဓမြတ်စွာ မဟာသမယသုတ်တော်ကို ဟောကြားရာတွင် နာကြားရသော နတ်ဗြဟ္မာများ သုတ်တော်၏အဆုံး၌ ကုဋေတသိန်းခန့် ရဟန္တာဖြစ်သည်ဟု ပါရှိပါသည်။ နတ်ဗြဟ္မာများ ရဟန္တာ ဖြစ်နိုင်-မဖြစ်နိုင် ဖြေကြားပေးတော်မူပါဘုရား။

(ဦးသာဆင်-ရေကြည်မြို့၊ ဧရာဝတီတိုင်း)

(ဖြေ)

ဣတိ-ဤသို့၊ ဒေသနာပရိယောသာနေ-ဤမဟာသမယသုတ်ကို ဟောတော်မူပြီးသော အဆုံး၌၊ ကောဋိသတ သဟဿဒေဝတာ-ကုဋေတသိန်းသော နတ်ဗြဟ္မာတို့သည်။ အရတ္တံ-အရဟတ္တဖိုလ်သို့၊ ဝါ-ရဟန္တာအဖြစ်သို့။ ပတ္တာ-ရောက်ကြကုန်၏၊ သောတာပန္နာဒီနံ-သောတာပန်, သကဒါဂါမ်, အနာဂါမ်, ဖြစ်ကုန်သော နတ်ဗြဟ္မာတို့၏၊ ဂဏနာ-အရေအတွက်သည်။ နတ္ထိ-မရှိ။ ဟု ၄င်းသုတ်အဋ္ဌကထာ၌ ဆိုထားပါသည်။

နတ်ဗြဟ္မာတို့သည် ရဟန္တာ ဖြစ်နိုင်ကြပါသည်။ စတုမဟာရာဇ်မှစ၍ ဝသဝတ္တီအထိ နတ်ပြည်ခြောက်ထပ်ရှိ နတ်တို့သည် သောတာပန်, သကဒါဂါမ်, အဖြစ်ဖြင့် နေနိုင်ကြ၍ အနာဂါမ်ဖြစ်လျှင် ထိုနတ်ဘုံတို့မှ စုတေပြီး အထက်ဗြဟ္မာ့ဘုံ (သုဒ္ဓါဝါသဘုံ) တို့သို့ ရောက်ကြရပါသည်။ ထို့ကြောင့် နတ်ပြည်၌ ရဟန္တာဖြစ်လျှင် ဗြဟ္မာ့ပြည်သို့ ပြောင်းကြရကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နတ်နှင့် ပါဠိ

(မေး) (နတ်နှင့် ပါဠိ)

အရှင်ဘုရား၊ ဗုဒ္ဓဘာသာဝင်တိုင်း ဝတ်တက်ဝတ်ကပ် ပြုကြရာမှာ မကင်းနိုင်သည့် နတ်ပင့် မေတ္တာပို့ အမျှဝေစသည်တို့ကို အချို့ မြန်မာဘာသာဖြင့် ပြုလုပ်ကြပြီး အချို့ ပါဠိဘာသာဖြင့် ပြုလုပ်ကြပါသည်။ ပါဠိဘာသာဖြင့် ပြုလုပ်ကြရာတွင် လောက၌ရှိသမျှ နတ်ဗြဟ္မာအားလုံးတို့မှာ မိမိတို့ကို ပင့်ဖိတ်နေသည်၊ မေတ္တာပို့နေသည်၊ အမျှဝေနေသည်-ဟု သိရှိနိုင်ကြပါမည်လား။

ပါဠိဘာသာဖြင့် နတ်ပင့်၊ မေတ္တာပို့၊ အမျှဝေရမည့်အစား မြန်မာဘာသာဖြင့်သာ ပြုလုပ်သင့်ပါသည်-ဟု ထင်ပါသည်။ ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

(ဦးထိန်ဝင်း-မြို့မရပ်၊ ကလေးမြို့)

(ဖြေ)

ပါဠိဘာသာသည် မူလဘာသာဖြစ်၏၊

မြတ်စွာဘုရားသည် ပါဠိဘာသာဖြင့်ပင် တရားကိုဟော၏၊ ဗြဟ္မာ့ပြည် နတ်ပြည်နှင့် အားလုံးသော ဗြဟ္မာမင်းကြီးများ၊ နတ်မင်းကြီးများသည် ပါဠိဘာသာဖြင့်သာ ပြောဆိုကြသည်၊ ကမ္ဘာဦးသူ လူတို့သည်လည်း ပါဠိဘာသာဖြင့်သာ ပြောဆိုကြသည်၊ နှစ်ကာလ ကြာညောင်း၍ လူမျိုးကွဲပြားသွားခြင်း၊ အရပ်ဒေသ ကွာခြားသွားခြင်းတို့ကြောင့် လူ့ပြည်တွင် ဘာသာစကား အမျိုးမျိုးကွဲပြား၍ သွားကြသော်လည်း နတ်ပြည် ဗြဟ္မာ့ပြည်တို့တွင်ကား ယခုထက်တိုင် ပါဠိဘာသာကိုသာ သုံးနှုန်းလျက်ရှိကြသည်ဟု ဆိုပေသည်။ ထို့ကြောင့် ပါဠိ မာဂဓဘာသာကို တန္တိဘာသာ၊ ပကတိဘာသာ၊ မူလဘာသာ-ဟူ၍ ဆိုရ၏၊

မြန်မာဘာသာဖြင့်ဆိုက မြန်မာလူမျိုးက ဖြစ်သော နတ်များ နားလည်မည်ဖြစ်သော်လည်း အခြားလူမျိုးကဖြစ်သော နတ်များ နားလည်ချင်မှ နားလည်မည်။ ပါဠိဘာသာဖြင့်ဆိုက နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ နှစ်ဆယ်ရှိ နတ်ဗြဟ္မာများမှာ ၄င်းတို့၏ ဘာသာစကားဖြစ်၍ အားလုံးနားလည်နိုင်တော့သည်။ ထို့ကြောင့် နတ်ဗြဟ္မာတို့နှင့် ဆိုင်ရာ၌ ပါဠိဘာသာကိုသာ အသုံးပြုသင့်ပါသည်-ဟု မှတ်သားနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နတ်ဩဇာ

(မေး) (နတ်ဩဇာ)

အရှင်ဘုရား၊ နတ်ဩဇာခေါ်သော နတ်သုဒ္ဓါသည် နတ်တို့၏ အစာအာဟာရဖြစ်သည်ဟု သိရပါသည်၊ ၄င်းနတ်သုဒ္ဓါဆိုသည်မှာ ချက်ရ၊ ပြုတ်ရသည် ဟုတ်-မဟုတ်၊ အလိုလို ပေါ်ပေါက်လာပါသလား၊ သို့မဟုတ် တန်ခိုးဖြင့် ဖန်ဆင်း၍ စားပါသလား၊ သိလိုပါသည် ဖြေကြားတော်မူပါဘုရား။

(မောင်ဆန္ဒ-အင်းလေးဒေသ၊ ရှမ်းပြည်တောင်ပိုင်း)

(ဖြေ)

နတ်သုဒ္ဓါဟု လူတို့ခေါ်ကြ ရေးကြသော်လည်း စာအရ-သုဓာ-သုဓာဘုတ်-ဟု ဆိုပါသည်။ ၄င်းမှာ နတ်တို့၏ရှေးကောင်းမှု အားလျော်စွာ မိမိဗိမာန်အနီး၌ ပေါ်ပေါက်လာသော ဒေဝဒုမမည်သော သစ်ပင်၏ အသီးအပွင့်တို့ ဖြစ်သည်။

ထိုသစ်ပင်မှသီးသော အသီးသည် သုဓာဘုတ်ပင် ဖြစ်သည်။ အပွင့်မှဖြစ်သည့် ပျားလပို့ကဲ့သို့သော ဝတ်ရက်သည် ပီယူသမည်၏၊ ထိုသုဓာဘုတ်၊ ပီယူသ တို့ကား သိမ်မွေ့သော အတွေ့အရသာ ဩဇာကြီးလှ သောကြောင့် နတ်၏ ကိုယ်ခန္ဓာကို အထောက်အပံ့ပြုလျက်သာ ပျံ့နှံ့၏၊ ကျင်ကြီး ကျင်ငယ် မဖြစ်ပေ။ ဤသုဓာဘုတ်၊ ပီယူသတို့ကား တဘုံထက်တဘုံ သိမ်မွေ့ကောင်းမွန်သဖြင့် အထက်ဆုံးဖြစ်သော ဝသဝတ္တီ ဘုံ၌ကား အသာလွန်။ အကောင်းမွန်ဆုံးဖြစ်တော့သည်ဟု သာရသင်္ဂဟကျမ်း၌ ဆိုပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နဝမခေတ် နဝင်းကျေ

(မေး) (နဝမခေတ် နဝင်းကျေ)

ဆရာတော်ဘုရား၊ နဝမခေတ်၊ နဝင်္ဂ၊ နဝင်း၊ နဝင်းကျေ ဆိုသောစကားများကို ကြားဖူးသော်လည်း အဓိပ္ပါယ် မသိပါ၍ ရှင်းပြတော်မူပါဘုရား။

(ထက်ထက်-ကမာရွတ်)

(ဖြေ)

နဝမခေတ်ဟူသည်မှာ ကိုးခုမြောက် အခါကာလဟု ဆိုလိုသည်။ ကိုးခုမြောက်ကို သိရန် ရှေးဦးစွာ အခါကာလရှစ်ခုကို သိဖို့ လိုပါသည်။ ယင်းမှာ ရပ်ပြစ်ရှစ်ပါးဟူသော ရှစ်မျိုးသော အပြစ်ရှိသည့် အရပ်များပင် ဖြစ်သည်။

၁-ငရဲ

၂-တိရစ္ဆာန်

၃-ပြိတ္တာ

၄-နာမ်မရှိ ရုပ်သာရှိသော အသညသတ်ဘုံ

၅-သာသနာတွင်းဖြစ်သော်လည်း မျက်စိမမြင်၊ နားမကြား စသော ဣန္ဒြေချို့သူ

၆-မိစ္ဆာဒိဋ္ဌိအယူရှိသူ

၇- ပစ္စန္တရစ်အရပ်၌ ဖြစ်ရသူ

၈-တရားရနိုင်သော တိဟိတ်ပုဂ္ဂိုလ်ဖြစ်သော်လည်း သာသနာပတွင် ဖြစ်ရသူတို့ ဖြစ်သည်။

ဤရှစ်ပါးပြီးသည့်နောက် ၉-ပါးမြောက်အခါကာလဟု ဆိုရမည့် ဘုရားပွင့်သည့် သို့မဟုတ် ဘုရားသာသနာတော် ထွန်းလင်းသည့် အချိန်၊ ဗုဒ္ဓုပ္ပါဒကာလ နဝမခေတ်အချိန်၊ ဗုဒ္ဓုပ္ပါဒနဝမခဏဟုလည်း ခေါ်သည်။

နဝင်္ဂ ဆိုသည်မြှ-အင်္ဂါကိုးပါးရှိသော-ဟု ဆိုလိုသဖြင့် ကိုးပါးသီလစသည်များကို ဆိုသည်။

နဝင်း-နဝင်းကျေ-ဆိုသည်တို့ကား ဗေဒင်သုံးစကားများ ဖြစ်သည်။

နဝင်းမှာ တရာ့ရှစ်ကွက်ရှိသော ၁၂-ရာသီစက်တွင် ၁၂-စိတ် တစိတ် (ကိုးနဝင်း) ဖြစ်လေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နာကိုး-တောင်းရှစ်- ဂါထာ

(မေး) (နာကိုး-တောင်းရှစ်- ဂါထာ)

အရှင်ဘုရား၊

(၁) နဝကပ္ပံ သုတဓမ္မံ၊ အဋ္ဌကပ္ပဉ္စ ယာစိတော။

ဧကောကုပ္ပေါ နုမောဒနာ၊ ဒေသိတောစ အသင်္ချေယျော။

ဟူသောဂါထာသည် အဘယ်ကျမ်းကလာပါသနည်း။

(၂) ၄င်းဂါထာသည် ဘယ်ဒေသနာများကို ထောက်၍ ရေးထားပါသနည်း။

(၃) သဟဿနေတ္တော-မျက်စိတထောင် အမြင်ဆောင်သော၊ ဒေဝရာဇာ-သိကြားမင်းကြီး။

(၄) ရောင်ခြည်တထောင် အလင်းဆောင်သော နေမင်းကြီးတို့၌ မျက်စိတထောင်၊ ရောင်ခြည်တထောင်တို့၏ အဓိပ္ပါယ်ကို သိလိုပါသည်။

(အရှင်အဂ္ဂဝံသ-မန္တလေး)

(ဖြေ)

နဝကပ္ပံ သုတဓမ္မံ-စသော ဂါထာနှင့် နာကိုးတောင်းရှစ်၊ သာဓုတစ်၊ ဟောလစ်အသင်္ချေ-ဟူသော ဆောင်ပုဒ်တို့မှာ ဘုရားဟောကျမ်းဂန်လာ မဟုတ်ပါ။ ရှေးယပ်ထောင်တရားစာများတွင် ရေးသားပါရှိသော ဂါထာဆောင်ပုဒ်များသာ ဖြစ်ပါသည်။ ခိုင်ခံ့သော ပါဠိ အဋ္ဌကထာတို့တွင် မပါရှိသော်လည်း ဝတ္ထုကြောင်းများအရ ဋီကာစသည်များတွင် ပါကောင်းစရာရှိပါသည်။ တိုက်ရိုက်မတွေ့ဘူးပါ။

သိကြားမင်းအား သဟဿနေတ္တော-မျက်စိတထောင် အမြင်ဆောင်သည့်နေမင်းအား၊ သဟဿရံသီ-ရောင်ခြည်တထောင် အလင်းဆောင်သည် ဆိုသောစကားများမှာ တရာ၊ တထောင် (သင်္ချာမဟုတ် အနေကတ္ထ အနက်အများအဓိပ္ပါယ်ကိုယူ၍ မျက်စိတထောင် ရှိသကဲ့သို့ များပြားကျယ်ဝန်းစွာ မြင်သိနိုင်သည်။ ရောင်ခြည်ပေါင်း တထောင်ရှိသကဲ့သို့ လောကဓာတ် တခုလုံး သိမ်းကျုံး၍ လင်းစေနိုင်သည်ဟူသော အဓိပ္ပါယ်ကိုဆောင်သည့် အနေကသင်္ချာ ဥပမာန ပါဠိများဖြစ်ကြောင်း မှတ်သားနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နိဗ္ဗာန် ယာဉ်

(မေး)။ အသုဘယာဉ်ကို နိဗ္ဗာန်ယာဉ်ဟု အဘယ့်ကြောင့် ခေါ်ပါသနည်း၊ ယင်းသို့ ခေါ်ခြင်းကြောင့် ဘာသာမတူသူများက နိဗ္ဗာန်ဆုတောင်းသည်ကို တမျိုးထင်နေကြပါသည်၊ နိဗ္ဗာန်ယာဉ်ဟူသော အမည်အစား အသုဘယာဉ်ဟု ပြင်ဆင်သင့်၊ မသင့် ဖြေကြားပေးတော်မူပါရန်။

(မောင်စိုးနြင့်-လမ်းမတော်မြို့နယ်)

(ဖြေ)။ ရှေးဆရာမြတ်များက

သေခြင်းတပါး၊ ဤတရားကား၊ များပြားလူ့ဘောင်၊ အကျိုးဆောင်သည်၊ အိုအောင်အောင်းမေ့၊ စီးဖြန်းကြ-ဟု မိန့်တော်မူသည်။

သေခြင်းတရား မရဏာနုဿတိကို အခါခပ်သိမ်း ဆင်ခြင်းပွားများနေလျှင် နိဗ္ဗာန်မဂ်ဖိုလ်ကို အမြန်ဆုံး မျက်မှောက်ပြုနိုင်ကြောင်း ဟောကြပါသည်၊ အလွန်မာန်မာနကြီးသော ခေမာမိဖုရားကြီး စသည်တို့ကို သေခြင်းတရားပြ၍ တရားထူးကို ရစေပါသည်၊

သားသေ၍ သောကများနေသော ကိသာဂေါတမီအားလည်း သေခြင်းတရားကို မြင်အောင်ပြ၍ မြတ်စွာဘုရား တရားဟောပါသည်၊

ယသသူဌေးသားနှင့် အဖော် ၅၅-ဦးတို့သည် ဇရပ်တွင် အလိုလိုသေ၍ ပုပ်နေသော အသုဘအလောင်းကောင်ကို ဆောင်ယူသင်္ဂြိုဟ်ခဲ့ပါသည်၊ ထို့ကြောင့် ယသသူဌေးသားဘဝတွင် သူငယ်ချင်းတစု မဂ်ဖိုလ်နိဗ္ဗာန်တရားကို လွယ်လွယ်နှင့် ရနိုင်ခဲ့ပါသည်၊

ထိုပကြောင့် မိမိတို့အနီးတွင် တဦးဦးသေလွန်၍ အသုဘကြုံလျှင် သေခြင်းတရာကို ပွားများခြင်း၊ ရှုဆင်ခြင်ခြင်းနှင့် အသုဘကို ဝိုင်းဝန်းပို့ဆောင် သင်္ဂြိုဟ်ပေးခြင်းဖြင့် နိဗ္ဗာန်တရားကို ဤမျက်မှောက်ဘဝတွင် မြင်သိစေနိုင်အောင်၊ သို့မဟုတ် နောက်နောက်ဘဝတို့တွင် လွယ်လွယ်ကူကူ မြင်သိနိုင်အောင်၊ ပါရမီဖြစ်အောင် အားထုတ်နိုင်ရန်အတွက် လူသေ အသုဘတင် ယာဉ်ကို နိဗ္ဗာန်ယာဉ်၊ ကျန်ရစ်သူများ နိဗ္ဗာန်ရရေး အားပေးဖြစ်ပေါ်စေသော ယာဉ်-ဟု ရှေးက ဝေါဟာရပြုခဲ့ဟန် တူပါသည်။ ရှေးက အခမဲ့ကုသိုလ်ဖြစ် အသုဘပို့သောယာဉ်ကို နိဗ္ဗာန်ယာဉ်ဟု ခေါ်ခြင်းဖြစ်သောလည်း ယင်းဝေါဟာရအတိုင်း ခေါ်ဝေါ်နေခြင်းပင် ဖြစ်ပေသည်၊ သို့သော် ယခုခေတ်တွင် အသုဘယာဉ်ဟုလည်း ခေါ်ဝေါ်နေကြပါသည်၊ နိဗ္ဗာန်ယာဉ်ဟူသော ဝေါဟာရမှာ ဖော်ပြပါအတိုင်း နက်နဲသောသဘောကို ဆောင်သော်လည်း ဗုဒ္ဓဘာသာတို့အဖို့ တွေးတောစဉ်းစား သံဝေဂပွားနိုင်သဖြင့် အကျိုါ်ရှိသော ဝေါဟာရဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နိဗ္ဗာန် နှင့် ပရိနိဗ္ဗာန်

(မေး) (နိဗ္ဗာန် နှင့် ပရိနိဗ္ဗာန်)

နိဗ္ဗာန် နှင့် ပရိနိဗ္ဗာန်ကို ရှင်းလင်းဖြေကြားပေးပါဘုရား။

(ဦးသိန်းဖေ-ဗဟိုကွက်သစ်၊ ချောက်မြို့)

(ဖြေ)

နိဗ္ဗာန်ဟူသည် အမြဲနိစ္စတည်ရှိနေသော သန္တိသုခ အသင်္ခတ ဓာတ်သဘောကြီးဖြစ်သည်၊

ပရိနိဗ္ဗာန်မှာ ဘုရား ရဟန္တာ ပုဂ္ဂိုလ်တို့ ရုပ်နာမ်ခပ်သိမ်း အကြွင်းမဲ့ ချုပ်ငြိမ်းသွားခြင်းပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နိဗ္ဗာန်

(မေး) နိဗ္ဗာန်

အရှင်ဘုရား၊

၁။ နိဗ္ဗာန်ဆိုသည်မှာ ဘုံသီးခြားတခု ဖြစ်ပါသလား။

၂။ ဘုံသီးခြားမဟုတ်ပါက မည်သည့်အနေအထားဖြင့် နိဗ္ဗာန်ရှိနေပါသနည်း။

၃။ နိဗ္ဗာန်တွင် ဒုက္ခချုပ်ငြိမ်းပြီးဖြစ်၍ သုခကို မည်ကဲ့သို့ ခံစားပါသနည်း။

၄။ နိဗ္ဗာန်ရောက်ပြီးနောက် သိမှုသဘော ရှိပါသေးသလား။

၅။ နိဗ္ဗာန်ဆိုသည်မှာ ဘုံသီးခြားလည်း မဟုတ်၊ ခံစားမှုလည်း မရှိ၊ သိမှုလည်း မရှိခဲ့ပါက နိဗ္ဗာန်ကို တပည့်တော်တို့အနေဖြင့် မည်ကဲ့သို့ နားလည်ထားသင့်ပါသလဲဘုရား။

(ဦးမြင့်အောင်-သင်္ဘောအင်ဂျင်နီယာ)

(ဖြေ)

၁။ နိဗ္ဗာန်ဟူသည် ဘုံဘဝလောကမှ လွန်မြောက်နေသောတရား ဖြစ်သဖြင့် ဘုံသီးခြားတခုဟု မဆိုင်နိုင်ပါ။

၂။ ရုပ်တရား နာမ်တရားတို့ ချုပ်ငြိမ်းနေသဖြင့် အငြိမ်းဓာတ် တရားတခုသာ ဖြစ်ပါသည်။

၃။ ပဋိသန္ဓေနေမှု၊ အိုမှု၊ နာမှု၊ သေမှု ဒုက္ခတို့မှ ကင်းငြိမ်းနေသဖြင့် ဒုက္ခဟူ၍ မြူမျှမရှိ၊ အေးချမ်းသော သန္တိသုခသာ ရှိသည်။ ခံစားအပ်သော ဝေဒယိတသဘော ကင်းသဖြင့် ခံစားခြင်း လုံးဝမရှိတော့ပါ။

၄။ ရုပ်ရော နာမ်ပါ မရှိ၍ သိမှု နာမ်သဘောလည်း မရှိတော့ဟု ဆိုရပါမည်။

၅။ ထို့ကြောင့် နိဗ္ဗာန်ဟူသည် ရုပ်နာမ်ခန္ဓာ ကင်းသဖြင့် ရုပ်နာမ်ခန္ဓာနှင့်စပ်သော ဒုက္ခဟူ၍ လုံးဝမရှိ။ သန္တိ-အေးငြိမ်းသောတရားဟူ၍သာ နားလည်ထားသင့်ပါသည်။

(ရုပ်နာမ်၏ ဒုက္ခတို့ကို ထာဝရတစပ်တည်း မြင်နေသော ဘုရား ရဟန္တာတို့သာ နိဗ္ဗာန်ကို တိတိကျကျ သိရှိနိုင်၍ ပုထုဇဉ်တို့အနေဖြင့် အနုမာနအားဖြင့်သာ မြင်သိနိုင်ပါသည်။ အနာရောဂါရှိနေသောသူသည် အနာရောဂါဆိုင်ရာဒုက္ခကို သိမြင်သဖြင့် အနာရောဂါကင်းငြိမ်းနေသော သုခကို အနုမာန မှန်းဆသိမြင်နိုင်သကဲ့သို့ ဖြစ်ပါသည်။ ထိုထက်ပို၍ သိနိုင်စွမ်း မရှိပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နိဗ္ဗာန်ရောက်မည့် အချိန်ကာလ

(မေး) (နိဗ္ဗာန်ရောက်မည့် အချိန်ကာလ)

အရှင်ဘုရား နိဗ္ဗာန်ကို မသေခင်ရောက်ပါသလား၊ သေဆုံးပြီးမှ ရောက်တာလား ဆိုတာကို သိလိုပါသဖြင့် ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။

(မောင်ဆန်းဦး-သန်လျင်မြို့)

(ဖြေ)

နိဗ္ဗာန်ဟူသည်မှာ

၁။ ခန္ဓာအကြွင်းရှိသော သဥပါဒိသေသ နိဗ္ဗာန်။

၂။ ခန္ဓာအကြွင်းမရှိသော အနုပါဒိသေသ နိဗ္ဗာန်-ဟူ၍ ၂-မျိုးရှိပါသည်။

မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့တွင် ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ကိလေသာဟူသမျှကို အကြွင်းအကျန်မရှိအောင် ပယ်သတ်၍ ဘုရားအဖြစ်သို့ ရောက်ပါသည်၊

ထိုသို့ ကိလေသာဟူသမျှကို ပယ်ရှား၍ ဘုရားဖြစ်တော်မူခြင်းကို ခန္ဓာအကြွင်းရှိသော သဥပါဒိသေသနိဗ္ဗာန်သို့ ရောက်တော်မူခြင်း-ဟု ဆိုပါသည်။

သက်တော် ၈၀၊ ဝါတော် ၄၅-တွင် ကုသိနာရုံ အင်ကြင်းစုံ၌ မဟာပရိနိဗ္ဗာန် စံဝင်တော်မူခြင်းကို ခန္ဓာအကြွင်းမရှိသော အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်တော်မူသည်ဟု ဆိုပါသည်။

ရဟန္တာပုဂ္ဂိုလ်များလည်း ရဟန္တာအဖြစ်သို့ ရောက်ခြင်းကို သဥပါဒိသေသနိဗ္ဗာန်၊

ဘဝဇာတ်သိမ်း အေးငြိမ်းချုပ်ဆုံးသွားခြင်းကို အနုပါဒိသေသနိဗ္ဗာန်ဟု ဆိုပါသည်။

ထိုနိဗ္ဗာန်နှစ်မျိုးကို မှတ်သား၍ အကြောင်းအားလျော်စွာ နိဗ္ဗာန်အယူအဆ၌ ဉာဏ်အမြင် ရှင်းလင်းစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နိဗဒ္ဓကုသိုလ်ရှင်

(မေး) (နိဗဒ္ဓကုသိုလ်ရှင်)

ဆရာတော်ဘုရား၊ နိဗဒ္ဓကုသိုလ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် သောတာပန်ကဲ့သို့ပင် အပါယ်သို့ မကျနိုင်-ဟု တပည့်တာ် နာကြားရဖူးပါသည်၊ ၄င်းကုသိုလ်ရှင်များသည် သောတာပန်ကဲ့သို့ပင် ၇-ဘဝပြီးလျှင် နိဗ္ဗာန်ဝင်နိုင်ပါသလားဘုရား။

(ဒေါ်မြသွေး-ခြံနံပါတ် ၂။ ၁၀-ရပ်ကွက်၊ မရမ်းကုန်း-ရန်ကုန်မြို့)

(ဖြေ)

ယေသံ ပန ကုလာနံ တီဏိ သရဏာနိ-စသည်ဖြင့် သရဏဂုံတည်သူမှ စ၍ ဧကော အာဝါသော-ကျောင်းတဆောင် ဆောက်လုပ်လှူဒါန်းသူအထိ သူ-၇ ဦးမှာ နိဗဒ္ဓ-မြဲသောကုသိုလ်ရှင်များဖြစ်၍ အပျယ်မကျ, အပျယ်မကြောက် ၇-ယောက်ဟူ၍ အင်္ဂုတ္တရဋ္ဌကထာ (အံ၊ဋ္ဌ၊၃၊၂၆၇) တွင် ဆိုသည်မှာ ၄င်းတို့သည် အမြဲမပြတ် ကုသိုလ်စိတ္တုပ္ပါဒ် ဖြစ်နေသူများဖြစ်၍ ဤဘဝမှ ကွယ်လွန်လျှင် တမလွန်ဘဝ၌ အပျယ်မရောက်နိုင်ဟု ဆိုပါသည်၊ သောတာပန်ပုဂ္ဂိုလ်သည် ဂတိမြဲသူဖြစ်၍ ဤဘဝမှ ကွယ်လွန်လျှင် တမလွန်ဘဝ၌ သုဂတိသာ လားရာရှိပြီး ဒုဂ္ဂတိသို့ လားစရာအကြောင်း မရှိသည်နှင့် တစိတ်တူသည်ကိုသာစွဲ၍ သောတာပန်နှင့် အလားတူသည်ဟု ဆိုခြင်းဖြစ်ပါသည် သောတာပန်ပုဂ္ဂိုလ်ကဲ့သို့ ၇-ဘဝနှင့် နိဗ္ဗာန်ဝင်နိုင်ခြင်း မရှိသေးပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နိရောဓသမာပတ်၊ အာပေါဓာတ်၊ ရုပ်နာမ်တရား

(မေး) (နိရောဓသမာပတ်၊ အာပေါဓာတ်၊ ရုပ်နာမ်တရား)

အရှင်ဘုရား၊

(၁) ရဟန္တာများ နိရောဓသမာပတ် ၇-ရက်ဝင်စားသောအခါ ရဟန္တာပုဂ္ဂိုလ်များ ဘယ်သွားနေပါသနည်း။

(၂) ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဓာတ်ကြီးလေးပါးတို့အထဲမှ အာပေါဓာတ်အကြောင်း သိလိုပါသည်ဘုရား။

(၃) ရုပ်တရား နာမ်တရား ၂-ပါးအနက် နာမ်တရားသည် ၁-စက္ကန့်တွင် ကုဋေတသိန်း ပျက်ပြီး

ရုပ်တရားကတော့ ကုဋေ ငါးထောင်ရှစ်ရာ့ရှစ်ဆယ်ကျော် ပျက်တယ်-ဟု သိရပါသည်။ ဘယ်လိုကွာခြား၍ သိရပါသနည်း ဖြေကြားတော်မူပါဘုရား။

(ကိုစိုးမောင်-ချောင်းရှည်ရွာ၊ ညောင်ဦးမြို့နယ်)

(ဖြေ)

(၁) နိရောဓသမာပတ် ဝင်စားနေသော ၇-ရက်အတွင်း၌ ရဟန္တာပုဂ္ဂိုလ်တို့သည် နာမ်တရားအားလုံး ချုပ်ငြိမ်းနေသဖြင့် သမာပတ်ဝင်စားစဉ် ထိုင်လျက်ဆိုက ၇-ရက်လုံး ရုပ်တရားကြီးသာ ထိုင်လျက်ရှိနေပါသည်။

သမာပတ်ဝင်စားစဉ် ဣရိယာပုထ်အတိုင်းပင် ဝင်စားသောနေရာ၌ ရှိနေပါသည်။ ဘယ်မျှမသွားပါ။

(၂) ၃၂-ကောဋ္ဌာသတွင် အာပေါဓာတ် ၁၂-ပါး ရှိပါသည်။ ၄င်းမှာ

သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ အဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်-တို့ ဖြစ်ကြပါသည်။

(၃) နာမ်တရားသည် မျက်စိတမှိတ် လျှပ်တပြက် လက်ဖျစ်တတွက် (၁-စက္ကန့်) တွင် ကုဋေတသိန်း ပျက်သည်ဟု ဆိုသည်။ ၄င်းနာမ်တရား ၁၇-ချက်ပျက်မှ ရုပ်တရား တကြိမ် ပျက်ပါသည်။

ရုပ်တရားသည် နာမ်တရားထက် ၁၇-ဆ အပျက်နှေးသဖြင့် ဖော်ပြပါ ကွာခြားမှု ဖြစ်ရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပံ့သကူသင်္ကန်း

(မေး) (ပံ့သကူသင်္ကန်း)

ပံ့သကူလာ၊ စီဝရာ၊ ကောက်ရာပိတ်စများ။ အဖြူမဟုတ်၊ ရောင်စုံရုပ်၊ ဆိုးထုတ်မပျက်ငြား။

ကျားကျားကြောင်ကြောင်၊ စပ်ဖာရောင်၊ ပြိုးပြောင် အကွက်များ။

ချုပ်လုပ်ပြီးကာ၊ ဤတိုင်းသာ၊ သုံးပါ အပ်သလား။

(ဦးအာစိဏ္ဏ-ခင်ကြီး၊ ညောင်လေးပင်)

(ဖြေ)

ပံ့သကူမှာ၊ ရောင်စုံရာ၊ ဆိုးပါသစ်ခေါက်များ။ သစ်ခေါက်ဆိုးချက်၊ ရောင်စုံပျက်၊ ချုပ်လျက်ဝတ်ရုံထား။

ဆိုးမညီဘိ၊ နည်းငယ်ရှိ၊ ကင်း၏အပြစ်များ။ မကျားမကြောင်၊ ညိုမှိုင်းရောင်၊ သုံးဆောင်အပ်တကား။

ပံသုကူလ၊ ခုကာလ၊ ဆောင်ထ လွန်နည်းပါး။ အစုတ်အပြတ်၊ မချုပ်စပ်၊ ပစ်အပ်ကောက်ယူငြား။

သင်္ကန်းသစ်စုံ၊ ပစ်၍တုံ၊ လှူပုံအလွန်များ။ သင်္ကန်းပံသုကူ၊ ကောက်၍ဟူ၊ ဝတ်သူ နည်းအပါး။

ပံသုကူရှင်၊ ပြစ်ကင်းစင်၊ ဖူးမြင် ကြည်ညိုပွား။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဏ္ဍုကမ္ဗလာ-မြကျောက်ဖျာ

(မေး) (ပဏ္ဍုကမ္ဗလာ-မြကျောက်ဖျာ)

အရှင်ဘုရား၊

ပဏ္ဍုတဲ့ ကမ္ဗလာ၊ အဆင်းရောင် ဘယ်လိုရှိ၊ တည်သည့်နေရာ။

နံအလျား ထုထည်မှာ၊ အတိုင်းတာ ဘယ်လောက်။

ဘယ်ကုသိုလ် ဘယ်လိုပြုလို့၊ ဘယ်သူ့တွက် ပေါ်ပေါက်။

(မင်းသက်မှူး-စစ်ကိုင်း)

(ဖြေ)

ပဏ္ဍုတဲ့ ကမ္ဗလာ၊

မြကျောက်ဖြာ နီညိုရောင်ဖြစ်၊ ကသစ်ပင်တော်ရိပ်၊ ထွတ်ထိပ်နေရာ။

ဝတိံသာ ဣန္ဒာတွက် မှန်မလွဲ။

ယူဇနာ ခြောက်ဆယ်လျား၊ နံကား ငါးဆယ် ရှိသတဲ့။

မိဘကို လုပ်ကိုင်ကျွေး၊ ရှေးကုသိုလ်ပဲ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဋ္ဌာန်း ပစ္စယုဒ္ဒေသ နှင့် နိဒ္ဒေသ

(မေး) (ပဋ္ဌာန်း ပစ္စယုဒ္ဒေသ နှင့် နိဒ္ဒေသ)

ဆရာတော်ဘုရား၊ ၂၄-ပစ္စည်း ပဋ္ဌာန်းဒေသနာတော် (ပစ္စယုဒ္ဒေသနှင့်နိဒ္ဒေသ) ကို အိမ်တွင် အမြဲရွတ်ဆိုနိုင်ပါသလား၊ ၄င်းတို့ကို အမြဲရွတ်ဆိုက သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ လာရောက်နာကြားသဖြင့် အိမ်စောင့်နတ်များ အနေအထိုင်ခက်သည်ဟု ပြောဆိုကြပါသည်၊

ထိုစကား ဟုတ်မှန်ပါသလားဘုရား။

(မသိင်္ဂီ-ပွင့်ဖြူမြို့၊ မကွေးတိုင်း။ မမြတ်ဆုနှင်း-ဒဂုံမြို့သစ် မြောက်ပိုင်း။ ယုယု-သီရိမင်္ဂလာ၊ ရန်ကုန်)

(ဖြေ)

ဤပြဿနာ မေးသူများလှ၏၊ ယခင်ကလည်း ဖြေခဲ့ဖူးပေပြီ။

ပဋ္ဌာန်းဒေသနာတော် စသော ဗုဒ္ဓဘာသိတ ဒေသနာ၊ ပရိတ်ဂါထာတော်များကို ရွတ်ဆိုခြင်းကြောင့် အန္တရာယ်ကင်းရှင်းကြောင်း သာဓကများစွာ ရှိပေသည်။

နတ်ကောင်းနတ်မြတ်များလည်း လာရောက် နာကြားကြကြောင်း စာပေများတွင် လာရှိပါသည်၊ နတ်ကောင်းနတ်မြတ်များ လာရောက်ကြ၍ အန္တရာယ်ကို ပြုတတ်ကြသော နတ်ဆိုးနတ်ဝါးများ၊ တန်ခိုးငယ်သော နတ်များ၊ ရှောင်ခွါသွားခြင်းကြောင့်လည်း အန္တရာယ်ကင်းရှင်းကြခြင်းဖြစ်သည်။

အကယ်၍ အိမ်စောင့်နတ်သည် နတ်ဆိုးနတ်ဝါးဖြစ်က ၄င်းရှောင်ခွါသွားခြင်းပင်လျှင် အန္တရာယ်ကင်းခြင်းပင်ဖြစ်၍ လိုလားအပ်ပေသည်၊ သို့သော် စာပေများတွင် တန်ခိုးကြီးနတ်များ လာရောက်ခြင်းကို တန်ခိုးသေးသောနတ်များက လိုလားကြောင်း၊ သာနုသာမဏေ ဝတ္ထုတွင် သာမဏေ၏ သုံးဘဝမှ မိခင်ဖြစ်ဖူးသော နတ်ဘီလူးမသည် သာမဏေမယ်တော်-ဟူသော ဂုဏ်ဖြင့် တန်ခိုးကြီးနတ်များက လာတိုင်းနှုတ်ဆက်နေ၍ ဂုဏ်ရှိနေရာ သာမဏေ လူထွက်တော့မည်ဆိုသဖြင့် ထိုဂုဏ်ပျက်မည်စိုး၍ သာမဏေ လူမထွက်အောင် ပူးကပ်ပြောဆိုကြောင်း ဝတ္ထုရှိပါသည်။

ထိုကိုထောက်က မိမိရွတ်ဆို၍ နတ်ကောင်းနတ်မြတ်များ လာလျှင် အိမ်စောင့်နတ်များ ပို၍ပင် ဝမ်းမြောက်ဂုဏ်ယူဖွယ် ဖြစ်ပေလိမ့်မည်၊ မိမိအိမ်သို့ မင်းစိုးရာဇာများလာလျှင် ဝမ်းသာဂုဏ်ယူကြရသည်ကို သာဓကပြုသင့်ပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဋ္ဌာန်းရွတ်ဆိုပုံ မှန်-မမှန်

(မေး) (ပဋ္ဌာန်းရွတ်ဆိုပုံ မှန်-မမှန်)

တပည့်တော် နေ့စဉ်အိမ်မှထွက်တိုင်း လမ်းသွားရင်း နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊ ပဋ္ဌာန်း ၂၄-ပစ္စည်း၊ သမ္ဗုဒ္ဓေ ဂါထာတော်တို့ကို အခေါက်ရေ (၉၀) စီ ရွတ်ဆိုပူဇော်ပါသည်။ ပဋ္ဌာန်း ၂၄-ပစ္စည်းကို ၉-ခေါက်ထက်ပိုမရွတ်သင့်ဟု ပြောကြရာ မှန်-မမှန် ဖြေကြားပေးတော်မူပါဘုရား။

(ကိုကျော်ဝင်း-စမ်းချောင်း)

(ဖြေ) ဂုဏ်တော်များ၊ ပရိတ်၊ ပဋ္ဌာန်းတရားတော်များသည် များများပူဇော်နိုင်လေ ပို၍ အာနိသင်ထက်လေ ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ပဋ္ဌာန်းရွတ်ခြင်း

(မေး) (ပဋ္ဌာန်းရွတ်ခြင်း)

အရှင်ဘုရား၊ တပည့်တော်အား ဘာသာရေးလိုက်စားနေသော မိတ်ဆွေတဦးက ပဋ္ဌာန်းအကျယ် ပစ္စယနိဒ္ဒေသကို အိမ်မှာ မရွတ်ကောင်းဘူး။ ဓမ္မာရုံ(သို့) ဘုရားများမှာမှ ရွတ်ကောင်းကြောင်း။

အိမ်မှာရွတ်ရင် မနာခံဝံ့သော နတ်သေးနတ်မွှားလေးတွေက ပင်လယ်ဝသို့ ထွက်ပြေးပြီး ဆုံးမှ ပြန်လာရကြောင်း။ အဲဒီလို ခဏခဏ ထွက်ပြေးနေရတော့ စိတ်ဆိုးပြီး ရွတ်သောသူကို ဒုက္ခအမျိုးမျိုး ရောက်အောင် ကျိန်ဆဲတတ်ကြောင်း ပြောပါသည်။

အဲဒါ ဟုတ်-မဟုတ်၊ တကယ်လို့ ဟုတ်ခဲ့လျှင် မည်သို့တောင်းပန်ပြီး ရွတ်ရမည်၊ ဒါမှမဟုတ် မရွတ်ရဘူး-ဟု ကွဲပြားအောင် ဖြေရှင်းပေးပါရန် လျှောက်ထားပါသည်ဘုရား။

(သန်းသန်း-ရန်ကုန်)

(ဖြေ)

ပရိတ်ကြီး ၁၁-သုတ်၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ ပဋ္ဌာန်းစသည်တို့မှာ ဗုဒ္ဓ၏ နှုတ်တော်ထွက် ဒေသနာမြတ်များ ဖြစ်ပါသည်။ ကျက်သရေမင်္ဂလာတိုး၍ အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးအောင် အစဉ်အမြဲ ရွတ်ဆိုနေသင့်သော တရားတော်များ ဖြစ်ပါသည်။ ၄င်းတို့ကို ရွတ်ဆို၍ ထွက်ပြေးရသူတို့မှာ နတ်ကောင်း နတ်မြတ်များ မဟုတ်။ နတ်ဆိုး နတ်ဝါးများသာ ဖြစ်ပါလိမ့်မည်။

နတ်ကောင်း နတ်မြတ်တို့သည် ထိုကဲ့သို့သော ဒေသနာတော်များကို နာကြားလို၍ အစဉ်အမြဲ ရှာဖွေသွားလာ၍ နေကြကြောင်း၊ ရွတ်ဆိုသံကြားလျှင် လာရောက်နာယူ၍ ရွတ်ဆိုသူအား စောင်မစောင့်ရှောက်ကြကြောင်း ကျမ်းဂန်လာရှိပါသည်။

နတ်ဆိုး နတ်သေး နတ်မွှားများ ထွက်ပြေးရခြင်းမှာ ရွတ်ဆိုသံကြောင့်မဟုတ်။ နတ်ကောင်း နတ်မြတ်များ လာ၍ မနေဝံ့ကာ ထွက်ပြေးရခြင်း ဖြစ်ဟန်တူပါသည်။ ထိုနတ်ဆိုးများ ပြန်မလာဝံ့အောင် နေ့စဉ်ရွတ်ဆို၍ နေသင့်ပါသည်။

ပဋ္ဌာန်းဆို၍ ပြောရဦးမည်။ ပဋ္ဌာန်း ၂၄-ပစ္စည်း ပစ္စယုဒ္ဒေသကို အိမ်တနင်္ဂနွေထောင့်မှစ၍ ၃-ပစ္စည်းစီ တတန်းတည်းရေးကာ (အထက်အောက် မရေးရ) တနင်္လာ၊ အင်္ဂါ -မှ ပတ်၍ သောကြာ (မြောက်အရပ်) အထိ ၃-ပစ္စည်းစီရေး၍ ကပ်ထားလျှင် ဘေးရန်ဟူသမျှ ကင်းဝေးရကြောင်း ရှေးဆရာမြတ်တို့ မိန့်ကြားပါသည်။

ထိုသို့ရေး၍ ကပ်ထားသောအိမ်များ တိုက်များ ရှိပါသည်။ (အချို့တိုက်များတွင် ဆောက်လုပ်စကပင် လက်သမားကို စာလုံးဖော်၍ လုပ်ခိုင်းထားသည်ကို တွေ့ဖူးပါသည်) ထို့ကြောင့် ပဋ္ဌာန်းတရားတော်မှာ အန္တရာယ် ဟူသမျှကို ကင်းငြိမ်းစေနိုင်၍ အစဉ်ရွတ်ဖတ်သင့်ကြောင်း ဖြေကြားလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဋ္ဌာန်းအနက်နှင့် ဘုရားဘွဲ့တော်

(မေး) (ပဋ္ဌာန်းအနက်နှင့် ဘုရားဘွဲ့တော်)

အရှင်ဘုရား၊

၁။ ၂၄-ပစ္စည်း ပဋ္ဌာန်းဒေသနာတော်၏ အနက်အဓိပ္ပါယ်ကို စာအုပ်များ၌ ဖတ်ရှုရာတွင် သဘောမပေါက်နိုင် ဖြစ်နေပါသည်။ သို့ပါ၍ တပည့်တော်ကဲ့သို့ အလွယ်တကူ နားမလည်နိုင်သူများအတွက် အနက်အဓိပ္ပါယ်အကျဉ်းကို အချုပ်မျှ ဖော်ပြပေးပါရန် တောင်းပန် လျှောက်ထားအပ်ပါသည်ဘုရား။

၂။ ဂေါတမမြတ်စွာဘုရားဟု ခေါ်ဝေါ်နေသည်မှာ မြတ်စွာဘုရား၏ ဘွဲ့တော်၊ (သို့တည်းမဟုတ်) အမည်နာမတော်လော-ဆိုသည်ကို ဖော်ပြပေးပါရန် လျှောက်ထားအပ်ပါသည်။

အလားတူ ကကုသန်, ကောဏာဂုမ်, ကဿပ စသည်များမှာလည်း မြတ်စွာဘုရားတို့၏ ဘွဲ့တော်များလော-ဟု နားမလည်ပါသဖြင့် ဖြေကြားပေးစေလိုပါသည်ဘုရား။

(မယဉ်ယဉ်မေ-ရန်ကင်း)

(ဖြေ)

၁။ ၂၄-ပစ္စည်းပဋ္ဌာန်း ဒေသနာတော်၏ အနက်အဓိပ္ပါယ်ကို ကုသိုလ်ဖြစ်လှူဒါန်းသော စာအုပ်များ၌ အနက်ကျဉ်းဖြင့် ဖော်ပြထားသည်မှာ အလွယ်ဆုံး၊ အကျဉ်းဆုံး ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။

ပဋ္ဌာန်းပစ္စည်းများ၏ အနက်အဓိပ္ပါယ်ကို နားလည်သဘောပေါက်ရန်ကား လေ့လာသင်ကြားမှသာ ဖြစ်နိုင်ပါသဖြင့် နီးစပ်ရာ သင်တန်းတခုခုမှာ တက်ရောက်သင်ကြားရန် တိုက်တွန်းလိုပါသည်။

၂။ ဂေါတမ မြတ်စွာဘုရား ဟူသည်မှာ-အနွယ်တော်၏ အမည် ဖြစ်ပါသည်။

ငယ်မည်တော်မှာ သိဒ္ဓတ္ထဖြစ်သော်လည်း ဘုရားအဖြစ်သို့ ရောက်သောအခါ ထိုငယ်မည်အတိုင်း ခေါ်လျှင် မရိုသေရာကျသဖြင့် ဂေါတမအနွယ်တော်ဖြစ်၍ အနွယ်အမည်ဖြင့် ဂေါတမမြတ်စွာဘုရားဟု ခေါ်ရပါသည်။

ကကုသန်, ကောဏာဂုမ်, ကဿပ စသည့် မြတ်စွာဘုရားတို့၌လည်း ထိုနည်းတူပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဋ္ဌာန်းဒေသနာတော်

(မေး) (ပဋ္ဌာန်းဒေသနာတော်)

အရှင်ဘုရား၊ ဂေါတမဗုဒ္ဓရှင်၏ ပထမဦးဆုံး တရားတော်သည် ပဋ္ဌာန်းဒေသနာတော်ဖြစ်သည်ဟု သိရပါသည်။ သို့ပါ၍ ပဋ္ဌာန်းဒေသနာတော် ပေါ်ပေါက်လာပုံကို လိုရင်း တိုရှင်း ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ် ပါသည်ဘုရား။

(ရွှေဒေါင်းတောင် မောင်ထွန်းမြင့်-မဲတီး)

(ဖြေ)

မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် စတုတ္ထသတ္တာဟဖြစ်သော ရတနာဃရ ရွှေအိမ်တော်တွင် အဘိဓမ္မာတရားများကို ဆင်ခြင်တော်မူရာ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်မိသောအခါတွင် သဗ္ဗညုတဉာဏ်တော်နှင့် ကိုက်ညီ၍ အသွေးတော်၊ အသားတော်များ ကြည်လင်တော်မူကာ ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးတော်မူသည်ဟု ဆိုပါသည်။

ထို့ကြောင့် ပဋ္ဌာန်းတရားတော်မှာ နှုတ်တော်မှ ဟောတော်မမူရသေးသည့်တိုင်အောင် ဘုရားအဖြစ်သို့ ရောက်ပြီး စတုတ္ထသတ္တာဟ အတွင်း၌ ဉာဏ်တော်တွင် ပေါ်ပေါက်ခဲ့သည်ဟု ဆိုရပါမည်။ ခုနစ်ဝါမြောက် တာဝတိံသာ နတ်ပြည်တွင် ဝါဆိုတော်မူသောအခါမှ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့မှစပြီး

ဓမ္မသင်္ဂဏီ ၁၂-ရက်၊

ဝိဘင်းကျမ်း ၁၂-ရက်၊

ဓာတုကထာ ၆-ရက်၊

ပုဂ္ဂလပညတ် ၇-ရက်၊

ကထာဝတ္ထု ၈-ရက်၊

ယမိုက်ကျမ်း ၂၀-ရက်၊

ပေါင်း ၆၅-ရက် ရှေ့အဘိဓမ္မာ ၆-ကျမ်းကို ဟောတော်မူပြီးနောက် ယင်း ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၁၀-ပြည့် တော်သလင်းလဆန်းစတွင် ပဋ္ဌာန်းပါဠိတော်ကို စတင်ဟောတော်မူခဲ့ကြောင်း သိရပါသည်။

ပဋ္ဌာန်းပါဠိတော်ကို လူတို့၏ ရက်အပိုင်းအခြားဖြင့် ၂၅-ရက် ဟောတော်မူကြောင်း ဆိုသဖြင့် ထိုမဟာသက္ကရာဇ် ၁၁၀-ပြည့် တော်သလင်းလဆန်းစတွင် ပဋ္ဌာန်းဒေသနာတော် လောက၌ ပေါ်ပေါက်တော်မူလာကြောင်း မှတ်သားဖွယ်ပင်ဖြစ်သည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဋ္ဌာန်းနှင့် ပုတီးစိပ်

(မေး)။ ဓမ္မစာအုပ်အမျိုးမျိုးတွင် ပုတီးစိပ်နည်း အမျိုးမျိုးပါရှိရာ ပဋ္ဌာန်း ၂၄-ပစ္စည်း ပုတီးစိပ်နည်း မတွေ့ရပါ၊ ၄င်း ပဋ္ဌာန်း ၂၄-ပစ္စည်းကို အနုလုံ ပဋိလုံ ပုတီးစိပ်၍ အကျိုး ရှိ/မရှိ သိလိုပါသည် အရှင်ဘုရား။

(မောင်ခိုင်မြင့်-တောင်ငူ)

(ဖြေ)။ ဗုဒ္ဓါနုဿတိ-ဘုရားရှင်၏ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊

ဓမ္မာနုဿတိ-တရားတော်ကို အဖန်ဖန် အောက်မေ့ခြင်း၊

သံဃာနုဿတိ-သံဃာတော်၏ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်းဟူ၍ ပုတီးစိပ်ရာ၌ အနုဿတိ သုံးမျိုးကို အသုံးပြုကြသည်၊

ဤတွင် ပဋ္ဌာန် ၂၄-ပစ္စည်းကို အနုလုံဖြစ်စေ ပဋိလုံဖြစ်စေ ပုတီးစိပ်လျှင် ဓမ္မာနုဿတိဘဝနာ ဖြစ်နိုင်သဖြင့် လွန်စွာအကျိုးရှိပါသည်၊ ဤသို့ ဓမ္မာနုဿတိအနေဖြင့် တရားတော်ကို အထပ်ထပ်ပွားများခြင်း၊ ပုတီးစိပ်ခြင်းတို့ကြောင့် ဤဘဝမှာပင် မဂ်တရား ဖိုလ်တရားများကို မျက်မှောက်ပြုနိုင်ကြောင်း အကယ်၍ မျက်မှောက်မပြုရသည့်တိုင်အောင် လူ့ဘုံ နတ်ရပ် မြတ်သောသုဂတိဘဝသို့ လားရခြင်းအကျိုးများကို ရနိုင်ကြောင်း ဝိသုဒ္ဓိမဂ်တွင် ဆိုထားသည်ကို တွေ့ရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဋ္ဌာန်းနှင့် မကောင်းဆိုးဝါး၊ ဆရာက သောတာပန် မဟုတ်ဘဲ တပည့်က သောတာပန် ဖြစ်နိုင်ပါသလား၊ မိဘနှင့် သားသမီး စကားမပြောလျှင်

(မေး) (ပဋ္ဌာန်းနှင့် မကောင်းဆိုးဝါး၊ ဆရာက သောတာပန် မဟုတ်ဘဲ တပည့်က သောတာပန် ဖြစ်နိုင်ပါသလား၊ မိဘနှင့် သားသမီး စကားမပြောလျှင်)

အရှင်ဘုရား၊ (၁) မေတ္တသုတ်ရွတ်လျှင် မကောင်းဆိုးဝါးများက မခြောက်လှန့်ဘဲ ပဋ္ဌာန်းဒေသနာရွတ်လျှင် မကောင်းဆိုးဝါးများက ခြောက်လှန့်တတ်သည်ဟု လူအများ ပြောဆိုနေကြသည်မှာ မှန်-မမှန် ဖြေကြားပေးတော်မူပါဘုရား။

(၂) ဆရာက သောတာပန် မဖြစ်ဘဲ တပည့်က သောတာပန် ဖြစ်နိုင်ပါသလား။

(၃) မိဘနှင့် သားသမီး အဆင်မပြေ၍ စကားမပြောသည်မှာ မည်သည့်ကံ ထိုက်ပါသနည်း။

(ဒေါ်ကေတီ-နေပြည်တော်)

(ဖြေ)

(၁) မေတ္တသုတ်ရွတ်လျှင်လည်း မကောင်းဆိုးဝါးများ မခြောက်လှန့်သလို ပဋ္ဌာန်းရွတ်လျှင်လည်း မကောင်းဆိုးဝါးများ မခြောက်လှန့်နိုင်ပါ။

ပဋ္ဌာန်းတရားကို နတ်တွေကလည်း နှစ်သက်သဘောကျကြပါသည်။ ပဋ္ဌာန်းအပါအဝင် အဘိဓမ္မာတရားတွေကို နတ်ပြည်မှာ အဓိက ဟောရခြင်းဖြစ်ပါသည်။ နတ်ကောင်း နတ်မြတ်တွေ နှစ်သက်ပြီး လာနာကြလျှင် မကောင်းဆိုးဝါးနတ်များ အလိုလိုရှဲပြီးသား၊ ကင်းပြီးသား ဖြစ်ပါသည်။ များများရွတ်ဖတ်ပါလေ။

(၂) ဆရာက သောတာပန် မဖြစ်ဘဲ တပည့်က အရင်သောတာပန် ဖြစ်နိုင်ပါသည်။ ဆရာကို တပည့်ကပြန်၍ တရားထူးရစေသော ဝတ္ထုသာဓကများ ရှိပါသည်။ ဂိုဏ်းကြီး ၁၈-ဂိုဏ်းကို စာပေပို့ချနေသော မဟာသိဝမထေရ်ကို တပည့်တပါးက လာ၍ သံဝေဂရစေပြီး အရဟတ္တဖိုလ် တရားထူးရအောင် ဆောင်ရွက်ပေးခဲ့ရဖူး၏၊(အံ၊ဋ္ဌ၊၁၊၃၁)

မဟာတိဿမထေရ်ကို တပည့်ဖြစ်သူ ဓမ္မဒိန္နာမထေရ်က တရားထူးရစေသည်များ သာဓကရှိပါသည်။

(၃) မိဘနှင့် သားသမီး အဆင်မပြေ၍ စကားမပြောဘဲ နေခြင်းဖြင့် အပြစ်မဖြစ်နိုင်ပါ။ အဆင်မပြေတုန်း စကားမပြောဘဲ နေခြင်းသည် အပြစ်ထပ်၍ မဖြစ်နိုင်သဖြင့် ကောင်းပါသည်။

အဆင်မပြေတုန်း ပြောသည့်စကားများသည် ကောင်းသည့်စကားများ ဖြစ်လာဖို့ ခဲယဉ်းပါသည်။ အဆင်ပြေအောင် ပြန်၍ ဖန်တီးကြရမည်။ တဦးက မှားလျျှင် မှားသလို အပြန်အလှန် ခွင့်လွှတ်တောင်းပန် သင့်ကြ၏၊

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ပဋ္ဌာန်းနှင့် အကြားအမြင်ဆရာများ

(မေး) (ပဋ္ဌာန်းနှင့် အကြားအမြင်ဆရာများ)

အရှင်ဘုရား၊ ယခုခေတ်အခါ၌ ပေါ်ပေါက်ခေတ်စားနေသော ဗေဒင်၊ လက္ခဏာဟောသူ၊ အကြားအမြင်နှင့် နတ်ဟောစားသူတို့က နေအိမ်များတွင် ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ခြင်း မပြုရန် တိုက်တွန်းဟောပြောနေကြပါသည်ဘုရား။ တပည့်တော်တို့အနေဖြင့် ပဋ္ဌာန်းဒေသနာတော်ကို နေအိမ်တွင် ရွတ်ဖတ်ပူဇော်ရန် သင့်-မသင့်နှင့် ခရီးသွားလာသောအခါ အရေးကြီးသော အကြောင်းကိစ္စရပ်များနှင့် ရင်ဆိုင်ကြုံတွေ့ရသော အခါများတွင် ရွတ်ဖတ်ရန် သင့်-မသင့်ကို ဖြေကြားပေးတော်မူပါဘုရား။

(မောင်စိန်လှအောင်(ခ) မောင်မိုးဟိန်းကျော်၊ ပုသိမ်မြို့)

(ဖြေ)

မြတ်စွာဘုရား၏ ပရိတ်တော်များနှင့် ပဋ္ဌာန်း စသော တရားဒေသနာတော်များကို ရွတ်ပွားခြင်းဖြင့် ဗေဒင်၊ လက္ခဏာနှင့် ဆေးဝါးဓာတ်စာများ ပိုမိုထက်မြက် အစွမ်းထက်ကြသည်ဟုသာ ဆိုပါသည်။ စာပေများတွင် မြတ်စွာဘုရား ပွင့်တော်မူ၍ ဓမ္မစကြာ-စသော တရားဒေသနာများ ဟောကြားတော်မူလျှင် ထိုအချိန်က ရှိကြသော စူဠဂန္ဓာရီ ဆရာ၊ အကြားအမြင် နတ်ဆရားများ လုံးဝအစွမ်းမထက်ပဲ တန်ခိုးအာနုဘော်များ ပျောက်ပျက်ကုန်ကြောင်း ပါရှိပါသည်။

ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်များအနေဖြင့် နေအိမ်မှာ ဖြစ်စေ၊ ခရီးသွားလာသောအခါမှာဖြစ်စေ၊ အရေးကြီးသောအကြောင်းကိစ္စရပ်များနှင့် ရင်ဆိုင်တွေ့ကြုံရသောအခါများတွင် ဖြစ်စေ၊ ပဋ္ဌာန်းဒေသနာ၊ ဓမ္မစကြာနှင့် ပရိတ်တရားတော်များကို များများရွတ်ဆိုရန် သင့်ကြောင်း ပြောလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပစ္စည်းရှိလျက် မသုံးရသူ

(မေး) (ပစ္စည်းရှိလျက် မသုံးရသူ)

အရှင်ဘုရား၊ လောက၌ အချို့သူတို့သည် ပစ္စည်းကောင်းရှိလျက် မသုံးဘဲ ပစ္စည်းညံ့ကိုသာ အကြောင်းအမျိုးမျိုးပြ၍ သုံးခြင်း၊ ဤသို့ ပစ္စည်းရှိလျက်နှင့် မသုံးစွဲခြင်းတို့ကို တွေ့နေရပါသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရပါသနည်း။ ကံပိုင်းဆိုင်ရာနှင့် ဆက်စပ်မှု ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။

(မောင်ပိန်ကေ(ခ) ထွန်းထွန်း-လွိုင်ကော်)

(ဖြေ)

ပစ္စည်းကောင်းရှိလျက် အညံ့ကိုသုံးသူ။ ပစ္စည်းရှိလျက် မသုံးမစွဲ (တွန့်တို) သူ။ နှမြောစေးနှဲသူတို့သည် အတိတ်ဘဝက အလှူပေးခဲ့သော်လည်း အပရစေတနာ ပျက်ကွက်ခဲ့သူ (လှူပြီးသည့်နောက် မိမိလှူမိသည်ကို တွေး၍ နှမြောနေမိသူ) များ ဖြစ်ကြောင်း ဆိုပါသည်။

ယင်းသို့ စေတနာသုံးတန် ပျက်၍ မကောင်းကျိုးဖြစ်ရပုံကို မန်လည်ဆရာတော်က မဃဒေဝလင်္ကာ (ပိုဒ်-၂၈၅) တွင် ဤသို့စပ်ဆိုခဲ့ပါသည်။

ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနဲ့၊

လှူထွေရှေ့ဖို့၊ ဉာဏ်မဲ့ချို့၍၊ တွန့်တိုတုံက၊ ပထမအရွယ်၊ နောင်ခါဝယ်၌၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက္ခီယက္ခ၊ တူတမျှဖြင့်၊ ရူပလက္ခဏာ၊ ပျက်တတ်စွာ၏၊

နောက်မှာတွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလွဲစည်းစိမ်၊ ဂုဏ်သိရ်နိမ့်ကျ၊ ဖြစ်တတ်ကြ၏၊

ပဒုမဝတီ၊ ဒေဝီနေမြတ်၊ သန္ဓေနတ်နှင့်၊ ပညတ်မည်ထုတ်၊ အပုတ္တက၊ သူဌေးစသည်၊ ထိုမျှဝတ္ထု၊ အစုစုကို၊ မျှော်ရှုနှိုင်းဆ၊ ထောက်အပ်စွာ့ရှင့်၊

မုဉ္စအခါ၊ တွန့်တိုပါသော်၊ အင်္ဂါချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊ မပြည့်ဖြိုးသည်၊ နွမ်းညှိုးရော်ရမ်းရမည်ကိုကား။

ယင်း၌ အပုတ္တကသူဌေးဟူသည် ဘုရားရှင်လက်ထက်က သာဝတ္ထိပြည်တွင် ကုဋေပေါင်းများစွာ ချမ်းသာသော်လည်း မသုံးရက်၊ မစားရက်၊ ဆင်းဆင်းရဲရဲ နေသွားရကာ သားသမီးလည်းမရှိသဖြင့် သူသေသော် ကုဋေပေါင်းများစွာသော ဥစ္စာဘဏ္ဍာတို့သည် မင်းဘဏ္ဍာဖြစ်သွားရသည်။ ထိုအပုတ္တက သူဌေးသည် အပရစေတနာပျက်ကွက်ခဲ့၍ ဖြစ်ရကြောင်း ဘုရားဟောတော်မူသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပစ္စည်းကောက်ရလျှင်

(မေး) (ပစ္စည်းကောက်ရလျှင်)

အရှင်ဘုရား ကောက်ရသောပစ္စည်းနှင့် ပတ်သက်၍ ရဟန်းတို့ မည်သို့ဆောင်ရွက်ရမည်။ မဆောင်ရွက်ဘဲ သိမ်းပိုက်လိုက်ပါက မည်သည့်အာပတ်သင့်သည်ကို ရှင်းလင်းဖြေကြားတော်မူပါဘုရား။

(ဦးမောင်ဦး-တောင်ငူ)

(ဖြေ)

ပါတိမောက် သုဒ္ဓပါစိတ် ရတနဝဂ်တွင် ရတနသိက္ခာပုဒ်ဟူ၍ ရှိသည်။ ယင်းသိက္ခာပုဒ်တွင် ရတနာပစ္စည်းတမျိုးမျိုးကို အရာမ်တွင်း၊ အရာမ်ပ တနေရာရာတွင် တွေ့ရှိပါက ချက်ချင်း ကောက်၍ မယူသေးဘဲ စောင့်စား၍ နေရမည်။ အတန်ကြာစောင့်စား၍ ဥစ္စာရှင်မလာမှသာ သင့်လျော်သလို ပြုရမည်။ (သင့်လျော်သလို ဟူသည်မှာ ရဟန်းတို့နှင့် အပ်သောပစ္စည်း ဖြစ်လျှင် ပံ့သကူကောက်၍၄င်း၊ သိမ်းထားသင့်သော ပစ္စည်းဖြစ်လျှင် ပစ္စည်းရှင်အား ပြန်ပေးနိုင်ရန် သိမ်းထား၍၄င်း၊ ရွှေ၊ ငွေ၊ ရတနာဖြစ်လျှင် လျစ်လျှူရှု၍ ဖဲသွားခြင်းဖြင့်၄င်း ကျင့်ရာ၏၊ ထိုသိက္ခာပုဒ်အတိုင်း ကျင့်သုံးရပါသည်။(ဝိ၊ဋ္ဌ၊၃၊၁၅၂-၃)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပစ္စည်းလေးပါး တောင်းခံခြင်း

(မေး) (ပစ္စည်းလေးပါး တောင်းခံခြင်း)

အရှင်ဘုရား၊ ဆွေမျိုးလည်း မတော်၊ ဖိတ်ကြား၍လည်း မထားသော ဒါယကာ ဒါယိကာမများအား ပစ္စည်းလေးပါးကို မတောင်းကောင်းဟု သိရပါသည်။ ပစ္စည်းလေးပါးလုံးကိုပင် မတောင်းကောင်းပါသလား၊ ဆေးပစ္စည်းလည်း မတောင်းရသည့်အထဲမှာ ပါပါသလားဘုရား။

(အရှင်ကောသလ္လ-တောင်ကြီး)

(ဖြေ)

ပစ္စည်းလေးပါး တောင်းခံခြင်းတွင် ဝိညတ်၊ နိမိတ်၊ ဩဘာသ၊ ပရိကထာ ဟူ၍ လေးမျိုးရှိပါသည်။

ဝစီဝိညတ်ဖြင့် ထုတ်ဖော်၍ တောင်းခံခြင်း၊ လှူစေလိုသော နိမိတ်ပြ၍ တောင်းခံခြင်း၊ အရိပ်အရောင်ပြ၍ တောင်းခံခြင်း၊ လှည့်ပတ်ရစ်ဝဲ၍ ပြောဆိုတောင်းခံခြင်း-ဟူ၍ ဖြစ်ရာ ဆွမ်းနှင့်သင်္ကန်းကို ဤလေးမျိုးလုံးဖြင့်ပင် မတောင်းခံရပါ။

ကျောင်းမှာ ဝိညတ်တခုသာ မအပ်။ ကျန်သုံးပါးဖြင့် တောင်းခံအပ်ပါသည်။

ဆေးပစ္စည်းမှာကား လေးမျိုးလုံးဖြင့်ပင် တောင်းခံအပ်သည်ဟု ဆိုပါသည်။

၄င်းကို ပါရာဇိကဏ် အဋ္ဌကထာ ကုဋီကာရ သိက္ခာပုဒ် အဖွင့်တွင် ဆိုပါသည်။

အကျဉ်းမှတ်ရန်မှာ-

ဝိညတ်-နိမိတ်-ဩဘာ-ပရိကထာ-ဤလေးဖြာ-ပိဏ္ဍာစီဝရ-မအပ်ကြ။

ကျောင်းပစ္စည်းမှာ-ဝိညတ်သာ-မှတ်ပါ မအပ်ပြ။

ဆေးပစ္စည်းတွင်-လေးပါးပင်-ပြုလျှင်အပ်ကြောင်းပြ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဋိသမ္ဘိဒါခေတ်အကြောင်း

(မေး) (ပဋိသမ္ဘိဒါခေတ်အကြောင်း)

ဆရာတော်ဘုရား၊ အနာဂတဝင်ကျမ်း၌ သာသနာခေတ် ကွယ်ခြင်းကြီး ငါးရပ်တွင် ဘုရားပရိနိဗ္ဗာန်စံပြီး

နှစ် ၁၀၀၀-အတွင်း ပဋိသမ္ဘိဒါခေတ် ကွယ်မည်ဟု ပါရှိပါသည်၊

ပဋိသမ္ဘိဒါဆိုသည်မှာ မဂ်ဖိုလ်လေးပါးနှင့် ပြည့်စုံသော ရဟန္တာသူမြတ်များဟု ထင်မြင်မိပါသည်၊ ထိုအချိန်တွင် ရဟန္တာများ ကွယ်ပြီဟု ဆိုနိုင်ပါသလားဘုရား။

(မြသွေးခိုင်-သဲအင်းယောဂီ)

(ဖြေ)

ပဋိသမ္ဘိဒါလေးပါး ဆိုသည်မှာ မဂ်ဖိုလ်လေးပါးကို မဆိုလို။

၁။ အတ္ထ ပဋိသမ္ဘိဒါ-အနက်အဓိပ္ပါယ် အကျိုးတရားကို သိသောဉာဏ်

၂။ ဓမ္မ ပဋိသမ္ဘိဒါ-ပါဠိဓမ္မအကြောင်းကို သိသောဉာဏ်

၃။ နိရုတ္တိ ပဋိသမ္ဘိဒါ-သဒ္ဒါကို သိသောဉာဏ်

၄။ ပဋိဘာန ပဋိသမ္ဘိဒါ-နက်နဲစွာထိုးထွင်း၍ သိတတ်သောဉာဏ်-ဟူ၍ ဖြစ်သဖြင့်

ထိုဉာဏ်လေးပါးနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်များ အဆင့်အမြင့်ဆုံး၊ ပညာအထက်မြက်ဆုံး ရဟန္တာမျိုးပင် ဖြစ်သည်။ ထိုရဟန္တာမျိုးမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး အနှစ် ၁၀၀၀-အတွင်းမှာသာ ရှိ၍ ထိုနောက်၌ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ မရှိတော့ဘဲ ဆဠာဘိည-အဘိညာဉ် ၆-ပါးနှင့်ပြည့်စုံသော ရဟန္တာမျိုး၊

သုက္ခဝိပဿက-စျာန်မရသော ရဟန္တာမျိုးများသာရှိမည်-ဟု ဆိုလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဋိသန္ဓေနှင့် ရုပ်

(မေး) (ပဋိသန္ဓေနှင့် ရုပ်)

ပဋိသန္ဓေအခါ ကံ စိတ် ဥတု အာဟာရ ရုပ်တို့ဖြစ်စဉ်ကို သိလိုပါသည်ဘုရား။

(ခင်ငြိမ်းငြိမ်း-အဘိဓမ္မာသင်တန်းသူ)

(ဖြေ)

ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ကမ္မဇရုပ်ဖြစ်၍

ဌီခဏ၌ ဥတုဇရုပ် ဖြစ်ပါသည်။

ပထမဘဝင်၏ ဥပါဒ်၌ စိတ္တဇရုပ်ဖြစ်ကာ

နောက်မှ အာဟာရရုပ်ဟူ၍ ဖြစ်သည်။

ထို့ကြောင့် ဖြစ်စဉ်အတိုင်း ဆိုရပါမူ ကံ ဥတု စိတ် အာဟာရ-ဟု ဆိုရမည်ဖြစ်သော်လည်း

ဒေသနာစဉ်အားဖြင့် ကံ စိတ် ဥတု အာဟာရ-ဟူ၍ ဆိုရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဋိသန္ဓေနှင့် အနိယတ အာပတ်

(မေး) (ပဋိသန္ဓေနှင့် အနိယတ အာပတ်)

အရှင်ဘုရား၊

၁။ ဤဘဝတွင်ကွယ်လွန်၍ နောက်ဘဝတွင် လူဖြစ်ရန် ကံရှိသူသည် မည်သည့် မိခင်၏ဝမ်းတွင် ပဋိသန္ဓေနေရမည်ကို မည်သည့်အကြောင်းအရာများက စီမံပါသနည်း။

၂။ မြန်မာလူမျိုးတယောက် ကွယ်လွန်ပြီး ပြည်တွင်း သို့မဟုတ် ပြည်ပရှိ လူမျိုးခြားဝမ်းတွင် ပဋိသန္ဓေတည်နိုင်ပါသလား။

၃။ နိယတအာပတ်၊ အနိယတအာပတ်-ဟူ၍ ကြားဖူးပါသည်။ မည်သို့သောအာပတ်သည် အနိယတအာပတ် ဖြစ်ပါသနည်း။

၄။ အနိယတအာပတ်သင့်လျှင် ငရဲကျအောင် အကုသိုလ်အပြစ် ရှိပါသလား ဖြေကြားပေးတော်မူပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

(ဒကာ အေးမောင်-ရန်ကုန်မြို့)

(ဖြေ)

(၁) လူပုဂ္ဂိုလ် ၁-ဦး ကွယ်လွန်ရာ၌ လူပြန်ဖြစ်နိုင်သော ကုသိုလ်ဇနကကံကြောင့် ကွယ်လွန်ခါနီး ထင်မြင်လာသည့် ကုသိုလ်ကံ ကမ္မနိမိတ်နှင့် ဂတိနိမိတ်တို့က သူလားရောက်ရမည့် လူ့ဘဝ၊ အမိဝမ်းစသည်တို့ကို ထင်မြင်စေသည်။ သို့ထင်မြင်ရာ၌ သွားလာလှုပ်ရှားမှု၊ ပြောဆိုတောင်းပန်မှု စသည်များကို အချို့လူဝင်စားများက ပြန်လည်ပြောဆိုကြသည်။ ၄င်းကို ဝိညာဉ်သွားလာနေသည်ဟု ထင်နေကြသည်။ အမှန်မှာ ဂတိနိမိတ် ထင်မြင်နေမှုပင်ဖြစ်၏၊ ဂတိနိမိတ်နှင့် တဆက်တည်း ဘဝနိကန္တိကဇော (ဖြစ်ရမည့်ဘဝကို တွယ်တာမှု) က မိမိကျက်စားရာ ကျွမ်းဝင်ရာတို့၌သာ စွဲလမ်းတတ်သည်။ ထိုသို့စွဲလမ်းတတ်သဖြင့် ပဋိသန္ဓေ ဖြစ်ရာ၌ မိမိမြို့ရွာ ပတ်ဝန်းကျင်၊ ရောက်ဖူးရာ နီးစပ်ရာတို့၌လည်း ဖြစ်တတ်၏၊

မိမိနိုင်ငံမှတပါး နိုင်ငံရပ်ခြားတွင် ရောက်ရှိ ခင်တွယ်ရာတို့၌လည်း ဖြစ်တတ်၏၊ (နတ်ပြည် နတ်ဘဝတို့သို့ကား ထူးခြားသော ဇနကကံက ပို့ဆောင်ပေးလိမ့်မည်။)

၂။ နိယတအာပတ်ဆိုသည်မှာ ပါရာဇိက၊ သံဃာဒိသိသ်၊ ပါစိတ် စသည် မိမိပြုရာအပြစ် အားလျော်စွာ သင့်သောအာပတ်မျိုးဖြစ်သည်။ မြဲသောအာပတ်ဟု ဆိုသည်။

အနိယတအာပတ်မှာ ပါရာဇိက သံဃဒိသိသ် ပါစိတ် အမြဲမဟုတ်၊ ထိုက်သင့်သလို သင့်ရသော အာပတ်မျိုးဖြစ်သည်။

ပုံစံမှာ-(ပထမအနိယတအာပတ်)

ရဟန်းတပါးသည် မျက်စိဆိတ်ကွယ်ရာ (အခန်း)စသည်၌ မာတုဂါမနှင့် နှစ်ယောက်ချင်း နေသည်။ ထိုရဟန်းအဖို့ ပါရာဇိက သံဃာဒိသိသ် ပါစိတ် တမျိုးမျိုးသင့်နိုင်သည်။ သင့်နေပြီဟု ယူဆနိုင်သည်။

သို့သော် နာမည်တပ်၍ မဆုံးဖြတ်နိုင်၊ ထိုအခါ ယုံကြည်ထိုက်သော (ဝိသာခါကဲ့သို့) ဒကာမကြီးတဦးက ပါရာဇိကဖြစ်နေသည်ကို မြင်ပါသည်ဟု အစစ်ခံလျှင် သို့မဟုတ် သံဃဒိသိသ် ပါစိတ် အာပတ်သင့်နေသည်၊ ဖြစ်နေသည်ကို မြင်ပါသည်ဟု အစစ်ခံလျှင် ထိုအစစ်ခံချက်အတိုင်း ဆုံးဖြတ်ရသည်။ ယင်းကို အာပတ်နိယတ (အမြဲ) မရှိ၍ အနိယတအာပတ်ဟု ဆိုရသည်။

(ဒုတိယ အနိယတအာပတ်မှာ)

နားကွယ်ရာ (၁၂-တောင်ထက်ဝေးသောနေရာ) ၌ ရဟန်းနှင့် မာတုဂါမ နှစ်ယောက်ချင်း စကားပြောနေသည်ကို အဝေးက တွေ့မြင်လျှင် ကာမဂုဏ်နှင့်စပ်သော စကားစသည် ပြောကြား၍ သံဃာဒိသိသ်အာပတ်သော်၄င်း။ မာတုဂါမနှင့် နှစ်ယောက်ချင်း စကား ၃-၄ ခွန်း ပြောမှုကြောင့် ပါစိတ်အာပတ်သော်၄င်း ဖြစ်နိုင်သည်။

(မျက်စိကွယ်ရာမဟုတ်၍ ပါရာဇိကမသင့်သည်မှာ သေချာသည်။)

ဖော်ပြပါယုံကြည်ထိုက်သော ဒကာမကြီးက သံဃာဒိသိသ် ပါစိတ် တခုခုဖြင့် ပြောလျှင် ပြောတိုင်းသောအာပတ်ဖြင့် ဆုံးဖြတ်ရသည်။ ဤသို့ အနိယတ အာပတ်(သိက္ခာပုဒ်) နှစ်မျိုးရှိပါသည်။ သိသာရုံဖြေကြားပါသည်။ ပြဿနာနှစ်ရပ်လုံးပင် နက်နဲကျယ်ဝန်း၍ နီးစပ်ရာ ဆရာတော် သံဃာတော်များထံ၌ မေးမြန်း၍၄င်း၊ စာအုပ်စာတမ်းတို့ကို ကြည့်ရှု၍၄င်း၊ လေ့လာမှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပတ္တာနုမောဒနကုသိုလ်

(မေး) (ပတ္တာနုမောဒနကုသိုလ်)

အရှင်ဘုရား၊ သူတပါးပြုသော ကုသိုလ်ကောင်းမှုကို သာဓုခေါ်လျှင် ကုသိုလ်ပြုသူနှင့် ထပ်တူရနိုင်ကြောင်း သိရပါသည်။ သိန်းပေါင်းလေးငါးဆယ်ကုန် လှူသောသူ၏အလှူကို သာဓုခေါ်လျှင် ထိုလှူသူနှင့် ထပ်တူ ရနိုင်-မရနိုင်၊ ရနိုင်သည်ဆိုလျှင် မိမိက တကျပ်တပြားမျှ မလှူဘဲ အချောင်ကုသိုလ်ယူနေသည်နှင့် မတူပါလား၊ ထိုပတ္တာနုမောဒန ကုသိုလ်ဟူသည်မှာ ဘုရားဟော ဟုတ်ပါသလား၊ ဖြေကြားပေးတော်မူပါဘုရား။

(သိလိုသူ-ရွှေတောင်မြို့)

(ဖြေ)

ပတ္တာနုမောဒန ကုသိုလ်ဟူသည်မှာ ပုညကိရိယဝတ္ထုဆယ်ပါးတွင် အပါအဝင်ဖြစ်၍ ဘုရားဟောစစ်စစ်ပင် ဖြစ်ပါသည်။ ၄င်းမှာ ပုညကိရိယ ဝတ္ထုဆယ်ပါးတွင် မိမိ (ပတ္တာနုမောဒန) မှတပါး အခြားကိုးပါးသော ဒါန၊ သီလ။ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ဓမ္မသဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ တို့ကို သာဓုခေါ်ခြင်းဖြစ်၏၊

ဒါန၌ ပတ္တာနုမောဒနကုသိုလ် ဖြစ်ပုံကို ပုံစံထုတ်၍ပြရသော်-

သူတပါးလှူဒါန်းသည်ကို တွေ့ရလျှင် မိမိက ဣဿာ,မစ္ဆေရ ဟူသော ကဲ့ရဲ့ပြောဆို မနာလိုနှင့် ဝန်တိုခြင်း ကင်းရှင်းစွာဖြင့် ဝမ်းမြောက်နိုင်ဖို့ လိုပါသည်။

ထိုသို့ဝမ်းမြောက်နိုင်ရန်မှာလည်း မိမိကိုယ်တိုင်က ဒိဋ္ဌိဇုကမ္မခေါ် သမ္မာအယူ ဖြူစင်သန့်ရှင်း နှလုံးသွင်းကောင်း ရှိမှသာဖြစ်ရာ သာမန်သာဓုခေါ်ရုံဖြင့် ပတ္တာနုမောဒနခေါ် ကုသိုလ်ကို ရနိုင်မည်မဟုတ်ပေ။

လှူဒါန်းသူ၏စိတ်နှင့် ထပ်တူတပ်မျှ သဒ္ဓါတရားရှေ့သွားပြုနိုင်ရန် လွန်စွာအရေးကြီးလှသဖြင့် ဤကုသိုလ်ကို လွယ်လွယ်နှင့်မရနိုင်သည်ကို သိသင့်ပါသည်။ ကျောင်း-ဘုရားတို့တွင် ဝေယျာဝစ္စပြုနေသူကို တွေ့မြင်က တကယ်တမ်း ဣဿာ မစ္ဆေရ ကင်းကင်းဖြင့် ဝမ်းမြောက်ခြင်းဖြစ်သူ ရှားလှသည်။ နှုတ်မြွက်၍ မကဲ့ရဲ့မိသည့်တိုင်အောင် စိတ်ထဲက အပြစ်တင်လျက် ပြင်ပန်းဟန်လုပ်၍ နှုတ်ကသာဓုခေါ်သူသာ များတတ်လေသည်။

အခြားပုညကိရိယဝတ္ထုတို့တွင်လည်း ထို့အတူ နှိုင်းယှဉ်လျက် သာဓုခေါ်သူအဖို့ အချောင်ကုသိုလ်ယူခြင်း ဖြစ်-မဖြစ် စဉ်းစားနိုင်စရာ ရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပထမံဂါထာနှင့် အစိန္တေယျ လေးပါးဂါထာ

(မေး) (ပထမံဂါထာနှင့် အစိန္တေယျ လေးပါးဂါထာ)

၁။ သစ္စာအနက် ၁၆-ချက် ပထမံဂါထာတွင် အချို့ကျမ်း၌ နောက်ဆုံးပိုဒ်မှာ

(ဝိဘဇေ ကမတော ပဌမေန ဝိနာ)-ဟု တွေ့ရ၍

အချို့မှာ (ကမတော ဝိဘဇေ ပဌမေန ဝိနာ)-ဟု တွေ့ရပါသည်။

မည်သည်က အမှန်ဖြစ်သည်ကို သိလိုပါသည်ဘုရား။

၂။ အစိန္တေယျလေးပါး ဘုရားရှိခိုးဂါထာ ဝါစာ အစိန္တေယျပုဒ်တွင်

(တေနမှာ တုလဝါစကာ)-ဟု တွေ့ရ၍

အချို့တွင်-(တေနမှာ တုလဝါစကော)-ဟု တွေ့ရပါသည်။

မည်သည်က အမှန်ဖြစ်သည်ကို သိလိုပါသည်ဘုရား။

(မောင်မြင့်ထွန်း-၁၄၁-လမ်း၊ မအူကုန်း၊ ရန်ကုန်)

(ဖြေ)

၁။ သစ္စာအနက် ၁၆-ချက် ဂါထာမူရင်းမှာ အဘိဓမ္မတ္ထသင်္ဂဟအဖွင့် သင်္ခေပဝဏ္ဏနာဋီကာ (၂၉၆) လာ ဖြစ်၍

ယင်း၌ နောက်ဆုံးပိုဒ်မှာ (ကမတော ဝိဘဇေ ပထမေန ဝိနာ)-ဖြစ်ပါသည်။

သို့သော် (ဝိဘဇေ ကမတော ပထမေန ဝိနာ)-ဆိုလျှင်လည်း မမှားပါ။

ပါဒတိုင်း သဂိုဏ်းလေးခုစီရှိသော ဋောဋကဂါထာမျိုးဖြစ်၍ ကမတောလည်း သဂိုဏ်း၊

ဝိဘဇေလည်း သဂိုဏ်း ဖြစ်သည်။

မည်သည့်ပုဒ်က အစက နေနေ အဓိပ္ပါယ်လည်း မပျက်ပါ၊ နှစ်သက်သလို ရွတ်နိုင်ပါသည်။

၂။ အစိန္တေယျ ဘုရားရှိခိုး မူရင်းမှာ သုတဝန္ဒနာကျမ်းဖြစ်၍ ယင်း၌

(တေနမှာ တုလဝါစကော)-ဟု ရှိပါသည်။

လိုင်အရ ပုလ္လိင်ဖြစ်၍ တုလဝါစကော-ပင် မှန်ပါသည်။

ရူပဝါ၊ ဣဒ္ဓိမာ၊ ဉာဏဝါ-ဟုအခြားအပိုဒ်များ၌ အာကာရန္တနှင့် ရှိနေ၍ ဝါစကာ-ဟု အသံတူအောင် ဆိုနေကြခြင်း ဖြစ်ဟန်တူပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပန်းပန်ခြင်း နံ့သာလိမ်းခြင်း

(မေး) (ပန်းပန်ခြင်း နံ့သာလိမ်းခြင်း)

အရှင်ဘုရား၊ ရှစ်ပါးသီလ (ဥပုသ်) ခံယူဆောက်တည်မည့်သူသည် ပန်းပန်ခြင်း၊ နံ့သာလိမ်းကျံခြင်းများ ပြုလုပ်ပြီး ဥပုသ်စောင့်လျှင် သီလညှိုးပါသလား အရှင်ဘုရား။

(လှလှမြင့်-ကျောက်တန်း အမက-မြောင်းမြမြို့နယ်)

(ဖြေ)

ပန်းပန်ခြင်း၊ နံ့သာလိမ်းကျံခြင်းပြု၍ ရှစ်ပါးသီလ (ဥပုသ်)ခံယူဆောက်တည်က သီလ ရ-မရ ဟု မေးသင့်၏၊ ၄င်းသိက္ခာပုဒ် (မာလာဂန္ဓဝိလေပန ဓာရဏမဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ) ၌ ဌာနသဒ္ဒါပါရှိရာ ယင်းဌာနသဒ္ဒါအရ အကြောင်းတရားကို ဆိုသဖြင့် လှပခြင်း၏အကြောင်းဖြစ်သော ပန်းပန်ခြင်း၊ နံ့သာလိမ်းကျံခြင်း၊ တန်ဆာဆင်ခြင်းတို့မှ ရှောင်ကြဉ်ရာ၊ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ခံယူဆောက်တည်ပါ၏၊-ဟု ဆိုသဖြင့် အကြောင်းဖြစ်သော ပန်းနံ့သာ၊ ဝတ်စားတန်ဆာတို့ကိုသာ ရှောင်ကြဉ်ရသည်။

ပန်ထားပြီးသောပန်း၊ လိမ်းကျံထားပြီးသော နံ့သာ၊ ဆင်ယင်ထားပြီးသော ဝတ်စားတန်ဆာတို့ကို ဖယ်ရှားရန်မလို။ အိမ်မှ ပန်းပန်လာသူ၊ နံ့သာလိမ်းကျံလာသူ၊ တန်ဆာဆင်လာသူတို့အား ရှစ်ပါးသီလ (ဥပုသ် သီလ) ပေးနိုင်သည်။ ခံယူသူကလည်း ခံယူနိုင်သည်။ သီလ(ဥပုသ်) ရပါသည်။ ခံယူဆောက်တည်ပြီးမှသာလျှင် ပန်းမပန်ရ၊ နံ့သာမလိမ်းကျံရ၊ ဝတ်စားတန်ဆာ ထပ်မံ မဆင်ယင်ရပါ။ ထိုအချက်ကို ယောင်လည်လည် ဖြစ်နေတတ်သဖြင့် ပန်းပန်လာသူစသည်တို့အား ပန်းတို့ကို ချွတ်ပစ်ရမည်၊ နံ့သာလိမ်းကျံလာသူတို့အား ဖျက်ပစ်ရမည်၊ နောက်မှ သီလယူရမည်ဟု ပြောဆိုနေကြသည်ကို ကြားရသည်။ သုရာမေရယနှင့် မာလာဂန္ဓ သိက္ခာပုဒ်နှစ်ခုတွင် ဌာနသဒ္ဒါပါသည်ကို သတိပြုစေလိုကြောင်း ဖြေကြားလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပရိတ်ရွတ်၍ ကျန်းမာခြင်း

(မေး) အရှင်ဘုရား၊ လူများသည် ကံ စိတ် ဥတု အာဟာရ မညီမျှမှုကြောင့် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဓာတ်များ ဖောက်ပြန်ကြပြီး ကျန်းမာရေးချို့တဲ့ကြပါသည်။ ပရိတ်ရွတ်ခြင်းဖြင့် ကျန်းမာလာနိုင်ပါသလားဘုရား။

(မသင်းသင်းအေး၊ ဒဂုံမြို့သစ်မြောက်ပိုင်း)

(ဖြေ)

ပရိတ် မေတ္တာ ဘာဝနာ တရားတို့သည် ကံအလုပ်များ ဖြစ်ကြ၏၊ ကုသလကမ္မ-ကောင်းသောကံအလုပ်ကို လုပ်ကိုင်နေသူများအဖို့ စိတ်ကလည်း ကြည်လင်ရွှင်ပျလာသည်။ စိတ်၏ ကြည်လင်ရွှင်ပျမှုကြောင့် ပူမှု၊ အေးမှု၊ ဥတု (အထူးအားဖြင့် ခန္ဓာကိုယ်တွင်းရှိ ဥသ္မာ တေဇောဓာတ်) ညီညွတ်မျှတမှုကြောင့် စားသောက်သော အာဟာရကိုလည်း ပါစကတေဇောက ကြေကျက်စေသည်။

ကျန်သော အာပေါ ဝါယော ဓာတ်တို့ကလည်း အညီအမျှ လှုပ်ရှားကောင်းမွန်စေ၍ စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့လည်း ဖြစ်ပေါ်လာရပါသည်။ ဗောဇ္ဈင်သုတ်ကို ရွတ်ဆိုခြင်းဖြင့် ကျန်းမာသည်ဆိုရာ၌ ဗောဇ္ဈင် ၇-ပါးတရားကြောင့် ကံ-စိတ်-ဥတု-အာဟာရ နှင့် ဓာတ်ကြီးလေးပါး ညီမျှစေကြောင်း၊ ဣန္ဒြေတို့ ကြည်လင်စေကြောင်း မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောထားချက် ရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပရိတ်ရွတ်ရာ၌ နတ်ဖိတ်ခြင်း

(မေး) (ပရိတ်ရွတ်ရာ၌ နတ်ဖိတ်ခြင်း)

အရှင်ဘုရား၊ ပရိတ်မရွတ်မီ နတ်များကို ပင့်ဖိတ်ကြပါသည်၊ ပရိတ်တရား နာယူရန် နတ်များကြွရောက်ကြပါသလား၊ မမြင်ဖူး၍ ကိုယ်ထင်ပြပေးရန် တောင်းဆိုလျှင် ရပါသလား။

ပရိတ်ရွတ်ဖတ်သူတို့က မည်သည့်အင်္ဂါမျိုးနှင့် ပြည့်စုံရပါမည်နည်း။ ဖြေကြားပေးတော်မူပါဘုရား။

(မောင်ဋ္ဌေးဝင်း-မန္တလေးတိုင်း)

(ဖြေ)

လူတို့ပြည်သည် နတ်တို့အနေဖြင့် အညစ်အကြေးများ စုဝေးရာ ဌာနကဲ့သို့ ဖြစ်သည်။

လူတို့၏အနံ့သည် နတ်တို့အဖို့ မိုင်ပေါင်းများစွာ ဝေးကွာသောဌာနမှပင် မခံသာအောင် နံစော်လှသည်-ဟု ဆိုပါသည်။

သို့သော် လူတို့က ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးသီလနှင့် ပြည့်စုံလျှင်

ရဟန်းတော်များက သီလကြီး လေးပါးနှင့် ပြည့်စုံလျှင် ထိုသီလရနံ့တို့က နံစော်မှုတို့ကို ဖုံးလွှမ်း၍သွားသည်။

ထို့ကြောင့် ပရိတ်ရွတ်သူသည် ပရိတ်မရွတ်မီ ကိုယ်လက်သန့်စင်စေလျက် ဝတ်ကောင်းစားလှများကို ဝတ်ဆင်ကာ သရဏဂုံသီလတို့ကို ခံယူဆောက်တည်ပါ။ ထို့နောက် ဘုရားပုထိုး ရှိခိုးလျက် နတ်များကို ဖိတ်ပြီးလျှင် ပရိတ်တော်များကို ဌာန်ကရိုဏ်းကျနစွာ ရွတ်ဖတ်လျှင် နတ်များလာရောက်နာယူတတ်ကြပါသည်။

နတ်တို့သည် ပရိတ်တရားတော်များကို နာယူလို၍ လူ့ပြည်တွင် လာရောက်လှည့်လည်ရှာဖွေ၍ နေကြသည်-ဟု ဆိုပါသည်။ အနည်းဆုံး-ဘုမ္မစိုး၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်များ နာယူကြပါသည်။ အထူးအားဖြင့် အထက်ပါ ပရိကံများကို ပြုလုပ်၍ ပဋ္ဌာန်းပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသများကို နေ့စဉ်ရွတ်ဆိုသူများထံ နတ်များ လာရောက်နာယူကြကြောင်း ပြောကြပါသည်။

နတ်များသည် ၄င်းတို့လာသည်ကို သိရန် ထူးခြားသော အမွှေးနံ့များကို ပေးတတ်ပါသည်၊

ကြာသော် လူ့အသွင်ဖြင့် ရွတ်ဆိုသူ၏နောက်ပါးတွင် ထိုင်၍ နာယူတတ်ကြပါသည်။ ထိုကဲ့သို့ နာယူတတ်ကြောင်း ရွတ်ဆိုနေကျ ဆရာတော်ကြီးများ မိန့်တော်မူသည်ကို နာခံရဖူးပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပရိတ်ရွတ်ရာ၌

(မေး) (ပရိတ်ရွတ်ရာ၌)

အရှင်ဘုရား၊ ပရိတ်ကို အသံထွက် မရွတ်ဆိုဘဲ စိတ်ထဲက ရွတ်ဆိုခြင်းသည် အကျိုးအတူတူ ရ-မရ သိလိုပါသဖြင့် မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။

(ဦးမောင်ဦး-တောင်ငူ)

(ဖြေ)

ပရိတ်တရားတော်များသည် ရွတ်ဖတ်နာယူဖို့ရန် အဓိကဖြစ်ပါသည်။ ရွတ်ဖတ်နာယူရာ၌ပင် ရွတ်ဖတ်သူ၏အင်္ဂါနှင့် နာယူသူ၏တို့အင်္ဂါများ သတ်မှတ်ရာတွင် အင်္ဂါတခုအနေဖြင့် ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုရမည်ဟု ပါရှိသဖြင့် ရွတ်ဖတ်မှသာ ပရိတ်အကျိုးတရား အပြည့်အဝ ရနိုင်ပါသည်။ စိတ်ဖြင့် (နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့်) တရားနှလုံးသွင်း ဆင်ခြင်သော မနောကံကုသိုလ် ဖြစ်ပါသည်။ ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုပါလေ။

ရွတ်ဖတ်သူတို့၏ အင်္ဂါ ၃-ချက်ကား-

(၁) ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုခြင်း။

(၂) အနက် အဓိပ္ပါယ်ကို သိရှိနားလည်ခြင်း။

(၃) ပရိတ်နာယူသူတို့အပေါ် မေတ္တာကရုဏာရှိခြင်းတို့ ဖြစ်ပါသည်။

နာယူသူတို့၏ အင်္ဂါ ၃-ချက်ကား-

(၁) ပဉ္စာနန္တရိယကံကြီး ၅-ပါးမှ လွတ်ကင်းခြင်း။

(၂) နိယတမိစ္ဆာဒိဋ္ဌိ အယူမှား မရှိခြင်း။

(၃) ပရိတ်တရားတော်ကို အလေးအနက် ယုံကြည်ခြင်းတို့ ဖြစ်သည်။

ဤအင်္ဂါ ၆-ပါးနှင့် ပြည့်စုံမှ ပရိတ်တန်ခိုးတော် ထက်မြက်ပါသည်။

ပရိတ်တော်များ ဂုဏ်ကျေးဇူး

(မေး) (ပရိတ်တော်များ ဂုဏ်ကျေးဇူး)

အရှင်ဘုရား၊ ပရိတ်တော် ၁၁-သုတ်၏ အကျိုးကျေးဇူးများကို သိလိုပါသည်။ ဖြေကြားပေးတော်မူပါဘုရား။

(အောင်သူဆင့်-ရန်ကုန်တက္ကသိုလ်ဝင်း)

(ဖြေ)

၁။ ကျက်သရေမင်္ဂလာရှိသော အလှူမင်္ဂလာ စသည်ကို ပြုလုပ်သောအခါ၊ အိမ်တက်မင်္ဂလာ စသည်ကို ပြုလုပ်သောအခါ တို့၌ မင်္ဂလသုတ်၊ မေတ္တသုတ်ကို ရွတ်အပ်၏၊

၂။ ရောဂန္တရကပ် စသည် ဖြစ်သောအခါ ရတနသုတ်ကို ရွတ်အပ်၏၊

၃။ နတ်များ၊ မကောင်းဆိုးဝါးများ ခြောက်လှန့်ခြင်း၊ ရှိသောအခါ မေတ္တသုတ်ကို ရွတ်အပ်၏၊

၄။ မြွေ ကင်း၊ ကြွက် စသည် ထူထပ်ပေါများသောအခါ ခန္ဓသုတ်ကို ရွတ်အပ်၏၊

၅။ ရာဇဝတ်ဘေး သင့်ရောက်သောအခါ မောရသုတ်ကို ရွတ်အပ်၏၊

၆။ မီးဘေးသင့်ရောက်သောအခါ ဝဋ္ဋသုတ်ကို ရွတ်အပ်၏၊

၇။ စစ်သည်ဘေး ရောက်သောအခါ ဓဇဂ္ဂသုတ်ကို ရွတ်အပ်၏၊

၈။ ဘီလူးသဘက် နှောင်ယှက်ဖျက်ဆီးသောအခါ အာဋာနာဋိယသုတ်ကို ရွတ်အပ်၏၊

၉။ မိန်းမတို့ ကိုယ်ဝန်ရှိသောအခါ၊ မီးဖွားခက်သောအခါ အင်္ဂုလိမာလသုတ်ကို ရွတ်အပ်၏၊

၁၀။ ၉၆-ပါး ရောဂါဝေဒနာ ကပ်ရောက်သောအခါ ဗောဇ္ဈင်္ဂသုတ်ကို ရွတ်အပ်၏၊

၁၁။ အတိတ်နိမိတ် ဂြိုဟ်စီးဂြိုဟ်နင်း ကံကြမ္မာဇာတာ မကောင်းသော် ပုဗ္ဗဏှသုတ်ကို ရွတ်အပ်၏၊

ပရိတ်ကြီး ၁၁-သုတ်ကို နေ့စဉ် ရွတ်ဆိုနေသူအား ဖော်ပြပါ ဘေးဥပါဒ်တို့မှ ကာကွယ်တားဆီးနိုင်လေသည်။

ရောဂါဖြစ်မှ ဆေးကို စားသည်ထက် ရောဂါမဖြစ်မီက ဆေးကို စား၍ အကာအကွယ် ပြုထားခြင်းက ပို၍ကောင်းမွန်သကဲ့သို့ ပရိတ် ၁၁-သုတ်ကို နေ့စဉ် ရွတ်ဆိုနေလျှင် ပို၍ကောင်းပါ၏၊ ထို့ကြောင့် ရှေးဆရာတော်များက-

၁။ တနင်္ဂနွေနေ့-မင်္ဂလသုတ်

၂။ တနင်္လာနေ့-ရတနသုတ်

၃။ အင်္ဂါနေ့-မေတ္တသုတ်၊ ခန္ဓသုတ်

၄။ ဗုဒ္ဓဟူးနေ့-မောရသုတ်၊ ဝဋ္ဋသုတ်

၅။ ကြာသပတေးနေ့-ဓဇဂ္ဂသုတ်

၆။ သောကြာနေ့-အာဋာနာဋိယသုတ်

၇။ စနေနေ့-အင်္ဂုလိမာလသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ ပုဗ္ဗဏှသုတ် တို့ကို ၇-ရက်လှည့်၍ ရွတ်ဆိုမှု ပြုလေ့ရှိကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပရိတ်တော်နှင့် အမနုဿများ

(မေး) (ပရိတ်တော်နှင့် အမနုဿများ)

အရှင်ဘုရား၊ ပရိတ်တော်များကို ရွတ်ဖတ်၍၄င်း၊ ပဗ္ဗာဇနိယ ကမ္မဝါစာ ဖတ်၍၄င်း၊ အမနုဿပေတများ ဝေးရာသို့ ထွက်ပြေးခြင်း၊ ကျွတ်တမ်းဝင်ခြင်းတို့မှာ ၄င်းတို့က ပါဠိဘာသာကို နားလည်ကြလို့ပါလား၊ ဤသိုပ နှင်ထုတ်၍ ထွက်ပြေးကြခြင်းအတွက် နှင်ထုတ်သူတို့မှာ အပြစ်ရှိပါသလားဘုရား။

(မောင်တင်ကိုလွင်-အမှတ် ၃-ရပ်ကွက်၊ ရမ်းဗြဲ) (ကျော်ထူးနိုင်-ကွင်းတောင်ရပ်၊ ကျောက်တံခါး)

(ဖြေ)

ပရိတ်တော်များ ပဗ္ဗာဇနိယကမ္မဝါစာ စသည်များကို သံဃာတော်များက ပုဒ်ပါဌ်အက္ခရာ ဒီဃရသ ဂရုလဟု စသည် မှန်ကန်စွာ ရွတ်ဖတ်လျှင် ပရိတ်တော်၏ တန်ခိုး၊ ကမ္မဝါစာ၏ အစွမ်းသတ္တိကြောင့် အမနုဿ ပေတ ယက္ခ ရက္ခသ မကောင်းဆိုးဝါးများ ထွက်ပြေးကြရခြင်း၊ အန္တရာယ်မပြုနိုင်ကြခြင်း ဖြစ်ရသည်၊

၄င်းတို့က ပရိတ်တော် ကမ္မဝါစာတို့၏ အဓိပ္ပါယ်ကို နားလည်ခြင်း၊ နားမလည်ခြင်းမှာ ပဓာနမဟုတ်ပါ၊

၄င်းတို့မှာ လူတို့အား အန္တရာယ် အနှောက်အယှက်ပြုကြသူများဖြစ်၍ နှင်ထုတ်ခြင်းအတွက် အပြစ်ရှိစရာ မမြင်ပါ၊

လူတို့၏ချမ်းသာရေးအတွက် ဆောင်ရွက်ပြုလုပ်ရခြင်းသာ ဖြစ်၍ ကုသိုလ်ဖြစ်စရာသာ ရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပရိတ်နှင့် အမျှဝေ

(မေး) (ပရိတ်နှင့် အမျှဝေ)

အရှင်ဘုရား၊

၁။ ကွယ်လွန်သူများအတွက် သပိတ်သွပ်ပေးရာတွင် ပရိတ်ရွတ်ပြီးမှ အမျှဝေလျှင် ပရိတ်၏စွမ်းအားကြောင့် ကွယ်လွန်သူများ မလာရောက်နိုင်။ အမျှဝေပြီး ပရိတ်ရွတ်မှသာလျှင် တမလွန်ဘဝမှ လာရောက်နိုင်သည်ဟု ဆိုသည်မှာ ဟုတ်ပါသလား။

၂။ ဘုန်းတော်ကြီးများထံမှ ၈-ပါးသီလခံယူခြင်း မပြုဘဲ မိမိအိမ်ရှိ ဘုရားရှေ့၌ မိမိအလိုလို သီလခံယူ၍ ရနိုင်ပါသလား။ ဖြေကြားပေးတော်မူပါဘုရား။

(သေန့်ရှင်း-အ-ထ-က ကဝမြို့)

(ဖြေ)

၁။ ရက်လည်ဆွမ်းသွတ်ခြင်း စသည်၌ ငါးပါးသီလခံ၊ ပရိတ်ရွတ်ပြီးမှ ရေစက်ချ အမျှဝေရခြင်းမှာ သဘာဝပင်ဖြစ်ပါသည်။ ဆွမ်းစသည် လှူဒါန်းခြင်းသည် ဒါနဖြစ်၍ သရဏဂုံနှင့် ငါးပါးသီလ ခံယူခြင်းသည် သီလဖြစ်သည်။ ပရိတ်စသည် နာကြားခြင်းသည် ဘာဝနာဖြစ်သည်။

မိမိတို့၏ ဒါန သီလ ဘာဝနာမှုတို့ကို တမလွန်သို့ ရောက်ရှိနေသူအား အမျှဝေခြင်းဖြစ်၍ အနီးသို့လာရောက်နိုင်သည် ဖြစ်စေ၊ မလာရောက်နိုင်သည်ဖြစ်စေ၊ တမလွန်ဘဝ ရောက်နေသူ (သို့မဟုတ်) ပရဒတ္တူပဇီဝိက ပြိတ္တာဖြစ်နေသူသည် အမျှဝေသည်နှင့် တပြိုင်နက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်လျှင် ပြိတ္တာဘဝမှ ကျွတ်လွတ်နိုင်ပါသည်။

လှူဒါန်းမှု သီလခံယူမှု ပရိတ်နာယူမှုတို့သည် တမလွန်ဘဝရောက်နေသူ၏ ကိစ္စမဟုတ်၊ အိမ်ရှိလူတို့၏ ကိစ္စသာ ဖြစ်သည်။ အိမ်ရှိလူတို့က မိမိတို့၏ ကိုသိုလ်အဖို့ကို အမျှဝေ၍ တမလွန်ရောက်နေသူက သာဓုခေါ်နိုင်ဖို့သာ လိုပါသည်။

၂။ မိမိကိုယ်တိုင် သီလခံယူနိုင်ကြောင်းကို ဤကဏ္ဍတွင် ဖြေဆိုခဲ့သည်မှာ များလှပါပြီ။ သို့သော် ဘုန်းတော်ကြီးများ အနီးတွင်ရှိလျက် ဘုန်းတော်ကြီးထံ သီလမခံယူဘဲ ဘုရားထံကိုယ်တိုင် ခံယူရန်ကား မသင့်ပါ။ ကျောင်းသို့မသွားနိုင်၍ ကျောင်းဝေး၍ အကြောင်းမညီညွတ်၍ သီလခံယူခြင်းမျိုးအတွက် ဘုရားရှေ့တွင် အသံထွက်၍ သီလခံယူရန် သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပရိမိတ္တဇာလသုတ်

(မေး)။ ပရိမိတ္တဇာလသုတ်၏ ဆိုလိုရင်းကို သိလိုပါသည်၊

ဥပမာ-မင်္ဂလသုတ်တွင် မင်္ဂလာတရား ၃၈-ပါးသည်၄င်း၊

ဓမ္မစကြာတွင် သစ္စာလေးပါး တရားသည်၄င်း၊ ဆိုလိုရင်းဖြစ်ပါသည်၊

ပရိမိတ္တဇာလသုတ်၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း မသိရပါ၍ ရှင်းလင်းပေးတော်မူပါဘုရား။

(မြင့်ဆွေ-ကမာဝက်၊ မွန်ပြည်နယ်)

(ဖြေ)။ ပရိမိတ္တဇာလသုတ်တွင် နတ် ဘီလူး ၁၈-ဦး၏ အမည်တို့ကို ဖော်ပြ၍ ယင်းတို့က သတ္တဝါတို့အား နှိပ်စက်ညှင်းဆဲပုံ၊ မြတ်စွာဘုရားနှင့် ရှင်မဟာမောဂ္ဂလာန်တို့ကိုသာ ကြောက်လန့်ပုံ၊ ရတနာသုံးပါးအား ရှိခိုး၍ စောင့်ရှောက်ပါရန် တောင်းပန်ပုံနှင့် ရတနာသုံးပါး၏ တန်ခိုးကြောင့် ဘေးရန်များ ကင်းပျောက်ပါစေ-ဟု ဆိုထားပုံကို ဆိုလိုရင်းအနေဖြင့် တွေ့ရပါသည်၊

ဤသုတ်မှာ မည်သည့်ပါဠိတော်တွင်မျှ မပါရှိပါ၊ သံဂါယနာ အဆင့်ဆင့်တွင်လည်း မပါဝင်ပါ၊ ဘုရားဟော မဟုတ်သည့်ပြင် ပါဠိအနေအထား အသွားအလာလည်း မကောင်း၊ အနက်ပေးရာတွင်လည်း ပါဠသေသ (ပါဌ်ပို) များထည့်၍ ကြံကြံဖန်ဖန် အနက်ပေး အဓိပ္ပါယ်ဖော်ထားရပါသည်၊ နောက်ဆရာတို့ စီစဉ်ခဲ့ပုံ ရပါသည်၊

သို့သော် ဘုရားဟော မဟုတ်သော်လည်း သမ္ဗုဒ္ဓေရွတ်၍ အန္တရာယ်ကင်းခြင်း၊

ရှင်သီလဝိ ဆယ်ဂါထာရွတ်၍ လာဘ်ပေါများခြင်း၊ စသည်တို့ကဲ့သို့ ပရိမိတ္တဇာလသုတ် ရွတ်ဆို၍ ဘေးဥပါဒ်များ ပျောက်ငြိမ်းခြင်းတို့လည်း ရှိပါသည်၊ ဘုရားဟောမဟုတ်သည့်တိုင်အောင် ရတနာသုံးပါး ဂုဏ်ကို ယုံကြည်မှု ရှေ့ထား၍ ရါတ်ပွားသရဇ္ဈာယ်ခြင်းဖြင့် အကျိုးမယုတ်နိုင်ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပရိဝါသ် မာနတ် ညဉ့်ပြတ် ဝတ်ပျက် ကိစ္စ

(မေး) (ပရိဝါသ် မာနတ် ညဉ့်ပြတ် ဝတ်ပျက် ကိစ္စ)

အရှင်ဘုရား၊ ပရိဝါသ် မာနတ် ဆောက်တည်ပြီးသော ညဉ့်အချိန်တွင် ထိုရဟန်းတော်များ မသိဘဲ အခြားရဟန်းများ ကျောင်းအရာမ်တွင်း ဝင်ရောက်လာလျှင် ကံပျက်သည်-မပျက်သည်ကို ဖြေကြားတော်မူပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

(ဦးသူရိယ-ရပ်စောက်မြို့)

(ဖြေ)

ပရိဝါသ် မာနတ် ဆောက်တည်နေသော ကျောင်းဥပစာအာရာမ်အတွင်းသို့ အာဂန္တုရဟန်းများ ဝင်ရောက်လာလျှင် ပရိဝါသ် (သို့မဟုတ်) မာနတ်ကို ဒဏ်သားရဟန်းက ကြားလျှောက်ရမည် ဖြစ်ပါသည်။ ဝင်လာသည်ကို မသိ၍ ထွက်ခွာသွားသည့်တိုင်အောင် မကြားလျှောက်မိလျှင် ညဉ့်ပြတ်ခြင်းဖြစ်သည်။ မသိ၍ မကြားလျှောက်ရသဖြင့် ဝတ်ပျက်ခြင်း၊ ဝတ္တဘေဒဒုက္ကဋ် အာပတ်သင့်ခြင်းကား မဖြစ်ပေ။

အဇာနန္တေဿဝ ဥပစာရသီမံ ပဝိသိတွာ ဂစ္ဆန္တိ စေ၊ ရတ္တိစ္ဆေဒေါဝ ဟောတိ၊ န ဝတ္တဘေဒေါ။ (ခုဒ္ဒသိက္ခာ ဋီကာ)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပရိသတ် လေးပါး

(မေး) (ပရိသတ် လေးပါး)

အရှင်ဘုရား၊ ပရိသတ်လေးပါးဟူသည်

(က) မင်း၊ ပုဏ္ဏား၊ ရဟန်း၊ ဟူဌေး ဟူ၍၄င်း။

(ခ) မင်း၊ ပုဏ္ဏား၊ ရဟန်း၊ သူဆင်းရဲ ဟူ၍၄င်း မကွဲပြားပါ၍ ဘယ်အရာက အမှန်ဖြစ်ပါသနည်း။

ပရိသတ်လေးပါးဟူ၍ ခွဲခြားသတ်မှတ်ချက် ပေါ်ပေါက်လာရခြင်းကို ဖြေကြားပေးတော်မူပါဘုရား။

(ဦးလှမြင့်-မြန်မာ့စိုက်ပျိုးရေးဘဏ်၊ မြေပုံမြို့)

(ဖြေ)

ဦးလှမြင့်၏အမေးတွင် ပရိသတ် ၄-ပါးနှင့် အမျိုး ၄-ပါး မကွဲပြားဘဲ ဖြစ်နေသည်ကို တွေ့ရပါ၏၊

ပရိသတ်ဟု သုံးရာတွင် ဘုရား တရားဟောတော်မူသောအခါ ပါဝင်ကြသော တရားနာပရသတ်ကို ဆိုလိုသည်။

တနည်းအားဖြင့် ဘုရားရှင်၏ သာသနာတော်မြတ်ကြီး ဆက်လက်ကြာရှည်အောင် စောင့်ရှောက်ရမည့် ပုဂ္ဂိုလ်များကိုလည်း ပရိသတ်ဟု ဆိုပါသည်။ ပရိသတ်အစု ၃-မျိုး တွေ့ရပါသည်။

(၁) ပထမအစု။

ပရိသတ် ၄-ပါး

(က) ဘိက္ခု- ရဟန်း အမျိုးသား ပရိသတ်။

(ခ) ဘိက္ခုနီ- ရဟန်းအမျိုးသမီး ပရိသတ်။(ယခုခေတ်မရှိတော့ပါ)

(ဂ) ဥပါသကာ-ရတနာသုံးပါး သီလမြဲသည့် အမျိုးသား။

(ဃ) ဥပါသကီ-ရတနာသုံးပါး သီလမြဲသည့် အမျိုးသမီးပရိသတ်-ဟု အင်္ဂုတ္တိုရ်ပါဠိ အဋ္ဌကထာများတွင် လာရှိပါသည်။

(၂) ဒုတိယအစု။

တနည်း ပရိသတ် ၄-ပါး

(က) လူပရိသတ်။

(ခ) နတ်ပရိသတ်။

(ဂ) ဗြဟ္မာပရိသတ်။

(ဃ) ရဟန်းပရိသတ်-ဟုလာရှိပြန်၏၊

(၃) တတိယအစု။

တနည်း ပရိသတ် ၈-ပါး

(က) ခတ္တိယပရိသာ-မင်းပရိသတ်။

(ခ) ဗြဟ္မဏပရိသာ-ပုဏ္ဏားပရိသတ်။

(ဂ) ဂဟပတိပရိသာ-သူကြွယ် သူဌေး ပရိသတ်။

(ဃ) သမဏပရိ်သာ-ရဟန်းပရိသတ်။

(င) စတုမဟာရာဇိကပရိသာ-စတုမဟာရာဇ် နတ်ပရိသတ်။

(စ) တာဝတိံသာပရိသာ-တာဝတိံသာ နတ်ပရိသတ်။

(ဆ) မာရ ပရိသာ-မာရ်မင်းပရိသတ်။

(ဇ) ဗြဟ္မပရိသာ-ဗြဟ္မာပရိသတ်။ (အင်္ဂုတ္တိုရ်မှာပင် လာရှိပါသည်)

အမျိုး ၄-ပါးအစုလည်း ၂-စုတွေ့ရသည်။

ပထမအစု-အမျိုး ၄-ပါး၊ ကိုယ်ကျင့်တရားနှင့် အလုပ်အကိုင်အရ ကွဲပြားခြားနားသော အမျိုး ၄-ပါး

(က) ခတ္တိယ-မင်းမျိုး။

(ခ) ဗြဟ္မဏ-ကိုယ်ကျင့်သီလရှိကြသည့် ရသေ့၊ ရဟန်း၊ ပုဏ္ဏား။

(ဂ) ဝေဿ-ကုန်သည်သူကြွယ်မျိုး။

(ဃ) သုဒ္ဒ-သူဆင်းရဲမျိုး။ (နိဒါနဝဂ္ဂသံယုတ်)

တနည်း ဒုတိယအစု အမျိုး ၈-ပါး

(က) ခတ္တိယ-မင်းမျိုး။

(ခ) ဗြဟ္မဏ-သီလရှိသည့် ပုဏ္ဏားမျိုး။

(ဂ) ဝေဿ-ကုန်သည်သူကြွယ်မျိုး။

(ဃ) သုဒ္ဒ-သူဆင်းရဲမျိုး။

(င) သမဏ-ရဟန်းမျိုး။

(စ) ကုလ-အမျိုးအနွယ်ကောင်းသည့်အမျိုး။

(ဆ) ရာဇဝံသ-မှူးမတ်မျိုး။

(ဇ) အရိယဝံသ-အရိယာသူမြတ်မျိုး-ဟု မဟာနိဒ္ဒေသ တို့၌ လာရှိပြန်၏၊

(သုတေသန သရုပ်ပြအဘိဓာန်မှ ဖော်ပြခြင်း ဖြစ်ပါသည်)

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ပါဏာတိပါတကံ ထိုက်-မထိုက်

(မေး) (ပါဏာတိပါတကံ ထိုက်-မထိုက်)

ဆရာတော်ဘုရား သတ္တဝါများကို သေစေလိုသောဆန္ဒ မဖြစ်ပေါ်ဘဲ အကြောင်းတစုံတရာ ပြုလုပ်မှုကြောင့် သေဆုံးသွားသည့်အခါ (ပြုလုပ်သူမှာ) ပါဏာတိပါတကံ ထိုက်ပါသလားဘုရား၊ သို့မဟုတ်ပါက မည်သည့်ကံမျိုး ထိုက်ပါသလဲဘုရား၊ ဖြေကြားပေးတော်မူပါရန် တောင်းပန်အပ်ပါသည် ဘုရား။

(မောင်မိုးလွင်-သဲကောကြီး၊ လယ်ဝေးမြို့)

(ဖြေ)

ပါဏာတိပါတကံထိုက်ရန် အင်္ဂါ ၅-ပါးရှိပါသည်။

၁။ သတ္တဝါလည်းမှန်စေ

၂။ သတ္တဝါဟု အမှတ်ရှိသည်လည်း ဖြစ်စေ

၃။ သေစေလိုသော စေတနာလည်း ရှိစေ

၄။ သေရန် လုံ့လပြုသည်လည်း ဖြစ်စေ

၅။ သေလည်း သေစေ

ဤအင်္ဂါ ၅-ပါးပြည့်စုံမှ ပါဏာတိပါတကံ ထိုက်ပါသည်။

ပြဿနာရှင်၏အလိုအရ သေစေလိုသောဆန္ဒ မဖြစ်ပေါ်ဘဲ-ဟု ဆိုသဖြင့် အမှတ် ၃-အင်္ဂါ ချို့တဲ့၍ ပါဏာတိပါတကံ မထိုက်ပါ။

မြတ်စွာဘုရား လက်ထက်တော်ကာလက မျက်စိမမြင်သော ရဟန္တာအရှင် စက္ခုပါလမထေရ် စင်္ကြံလျှောက်ရာတွင် ပိုးပရန်များကိုနင်းမိ၍ သေကြေသည်ကို ရဟန်းများက မြတ်စွာဘုရားအား လျှောက်ထားရာ၌ (မနောပုဗ္ဗင်္ဂမာ ဓမ္မာ) စသော ဂါထာကို ဟောတော်မူသည်၊

ကံ ၃-ပါးတွင် မနောကံ အရေးကြီးကြောင်း၊ မနောကံပါမှ ကမ္မပထ မြောက်ကြောင်း ဟောကြားထားသည်မှာ ဓမ္မပဒပါဠိတော်တွင် ထင်ရှားပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပါဏာတိပါတကံမှာ စေတနာသုံးပါး ပါ-မပါ

(မေး) (ပါဏာတိပါတကံမှာ စေတနာသုံးပါး ပါ-မပါ)

အရှင်ဘုရား၊ ဒါနပြုရာ၌ ပုဗ္ဗ၊ မုဉ္စ၊ အပရ စေတနာသုံးပါး ကုသိုလ်ဖြစ်သကဲ့သို့ ပါဏာတိပါတ သူ့အသက်သတ်ရာ၌ ယင်းကဲ့သို့သော စေတနာသုံးပါးလုံး အကုသိုလ်ကမ္မပထ မြောက်ပါသလားဘုရား။ ရှင်းရှင်းဆိုသော် ပါဏာတိပါတ၌ ပုဗ္ဗ၊ မုဉ္စ၊ အပရ စေတနာသုံးပါးလုံး အကုသိုလ် ဖြစ်-မဖြစ် သိလိုပါသည်ဘုရား။

(မြတ်သူမွန်-ရွှေမြိုင်)

(ဖြေ)

သတ္တဝါကိုသတ်ရာ၌ များစွာသော ပယောဂတို့တွင် ဇီဝိတိန္ဒြေကို ဖြတ်တတ်သော နောက်ဆုံးပယောဂဖြစ်သော သိန္နိဋ္ဌာပက မည်သည့် သတ္တမဇော စေတနာ၌သာ ကံထိုက်ပါသည်။ ထိုနောက်ဆုံး ပယောဂဖြစ်သော သန္နိဋ္ဌာပက သတ္တမဇောစေတနာ ဇောသို့ မရောက်မီကာလ၌ သတ်အံ့ဟု ကြံသောစိတ်ကို၄င်း၊ သေပြီးသည့် နောက်ကာလမှဖြစ်သော စိတ်ကို၄င်း ကမ္မပထမြောက်သော ပါဏာတိပါတကံ၌ မသွင်းယူအပ်ပါ။ လွယ်လွယ်ပြောရသော် ဒါနကုသိုလ်စသည်တို့ကဲ့သို့ ပါဏာတိပါတ အကုသိုလ်နေရာ၌ ပုဗ္ဗစေတနာ၊ အပရစေတနာ အကုသိုလ်ဟူ၍မရှိ။ သတ်ဆဲ သေဆဲ၌သာ အကုသိုလ်ကမ္မပထ ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပါယ်မပြန်

(မေး) (ပါယ်မပြန်)

အရှင်ဘုရား၊ တိသရဏ၊ ငါးသီလ၊ မဲချစာရေးတံ။

ဆယ့်ငါးရက်ဆွမ်း၊ ဝါသင်္ကန်း၊ လှူဒါန်းသောက်ရေကန်။

ကျောင်းလှူတဝ၊ နိဗဒ္ဓ၊ ပုညရှိသူမှန်။

သောတာ(ပန်)လိုပဲ၊ ဂတိမြဲ၊ သူလဲပါယ်မပြန်။ ဟူသောစကားကို ကြားဖူးပါသည်။ ပါယ်မပြန်ဆိုသည်မှာ ဒုတိယ တဘဝတည်းကိုသာ ဆိုလိုပါသလား၊ သို့မဟုတ် ဘဝတိုင်းကို ဆိုလိုပါသလား ဘုရား။

(မောင်မြင့်ကြည်-မိတ္ထီလာ)

(ဖြေ)

အင်္ဂုတ္တိုရ် အဋ္ဌကထာတွင် ယေသံ ကုလာနံ-ပ-သောတာပန္နသဒိသမေဝ-ဟူသော နိဗဒ္ဓပုည ၇-ပါးပြပါဠိအရ ဖော်ပြပါ ကုသိုလ် ၇-မျိုး ပြုသူသည် သေသည့်နောက် အပါယ်မရောက်၊ ဂတိမြဲသည်၊ သုဂတိဧကန်ဖြစ်သည် ဆိုရာ၌ ပုထုဇဉ် သာမန်မျှသာဖြစ်၍ ဒုတိယဘဝတခုကိုသာ ဆိုပါသည်။ သို့သော် ဒုတိယဘဝတွင် တာဝတိံသာ-စသော နတ်ပြည်တို့၌ အရိယာနတ်သားများနှင့် ဆုံတွေ့နိုင်သော ကောင်းမှုကံရှိသူ ဥပနိဿယရှင်ဖြစ်၍ တရားများနာယူကာ မဂ်ဖိုလ်ရသွားလျှင်ကား အပါယ်သို့ လုံးဝသွားတော့်မည် မဟုတ်ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပါရမီရှင် ဟုတ်ပါ့မလား

(မေး) (ပါရမီရှင် ဟုတ်ပါ့မလား)

အရှင်ဘုရား၊ တပည့်တော် တရားအားထုတ်ဖူးပါသည်။ သို့သော် သမာဓိရသည့်အဆင့်အထိ မရောက်ခဲ့ပါ။ ထို့ကြောင့် နောက်တခါ အားထုတ်ရန်ပင် ကြောက်နေပါသည်။ တပည့်တော် တရားသိနိုင်သည့် ပါရမီရှိသူမှ ဟုတ်ပါမည်လားဟု တွေးမိပါသည်။ ပါရမီ ရှိ-မရှိ ဘယ်လို သိနိုင်ပါသလဲဘုရား။

(ဥမ္မာ-ပုသိမ်)

(ဖြေ)

မိမိတွင် ပါရမီ ရှိ-မရှိ တပ်အပ်သိနိုင်ဖွယ် မရှိသော်လည်း ခန့်မှန်းဆဝါး၍ သိနိုင်သော အနုမာနနည်း ရှိပါသည်။ ကမ္ဘာတွင် လူဦးရေ သန်းပေါင်းခြောက်ထောင်မျှ ရှိသည်ဟု ဆိုပါသည်။ ထိုတွင် ဗုဒ္ဓဘာသာ ပဋိပတ္တိသာသနာ ထွန်းကားသော မြန်မာနိုင်ငံတော်မှာ လူဦးရေ လေးဆယ့်ငါးသန်းခန့်သာရှိရာ ဗုဒ္ဓဘာသာမှာ ရာခိုင်နှုန်း ကိုးဆယ်ခန့်မျှဖြစ်ပြီး ထိုတွင်လည်း ပဋိပတ္တိသာသနာကို ကိုယ်တိုင်ချီးမြှောက် ဝင်ရောက်အားထုတ်နိုင်သူ ငါးရာခိုင်နှုန်းမျှပင် ရှိကောင်းရှိမည်။ ထိုမျှနည်းပါးလှသော အထက်ဆုံးတန်း ပဋိပတ္တိစခန်းဝင် အနည်းစုတွင် ပါဝင်နိုင်ခဲ့သူသည် ပါရမီထူးခြားသူပင်ဖြစ်ကြောင်း သိနိုင်ပါသည်။ ထို့ကြောင့် မိမိကိုယ်ကို ငါ-ပါရမီရှိသူဟု ဆုံးဖြတ်ချက်ချကာ အချိန်ရရှိသမျှ ကြိုးစား၍ ဝိပဿနာတရားကို အားထုတ်ရန် သင့်ကြောင်း အကြံပေးလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပါရာဇိက ကျခဲ့သူ

(မေး) (ပါရာဇိက ကျခဲ့သူ)

အရှင်ဘုရား၊ လူငယ်တယောက် ရဟန်းဘောင်တက်ပြီး ပါရာဇိကကျ၍ လူပြု အိမ်ထောင်ကျခဲ့ပါသည်။

လူငယ်ဟာ နောင်တရပြီး ပုတီးစိပ်၊ တရားထိုင် လုပ်ငန်းများကို အမြဲမပြတ် လုပ်နေပါသည်၊ ၄င်းလူငယ် တရားထူး ရနိုင်-မရနိုင်၊ ငရဲ လွတ်-မလွတ် ဖြေကြားပေးတော်မူပါ။

(ကိုကိုအောင်-မင်္ဂလာဒုံမြို့နယ်)

(ဖြေ)

ပါရာဇိကကျပြီး ရဟန်းဘောင်မှာ မနေဘဲ လူပြုလိုက်လျှင် ပါရာဇိကပြစ် မရှိတော့ပေ။

၄င်းမှာ နောက်တဖန် ရဟန်းဘဝကို ပြန်မရနိုင်ခြင်းသာ အပြစ်ဟူ၍ ပြောစရာ ရှိတော့သည်။

ပါရာဇိကကျသော ရဟန်းများ၏ ထွက်ရပ်လမ်း (အပြစ်ဖြေဖျောက်မှုမှာ) လူ့ဘဝသို့ ပြောင်းရွှေ့ထွက်ခွါသွားရခြင်းပင် ဖြစ်ပါသည်။

လူ့အဖြစ်နှင့် တရားအားထုတ်၍ တရားထူးများလည်း ရနိုင်ပါသည်။ ကုသိုလ်ကောင်းမှုများ ပြု၍လည်း ကုသိုလ်ရနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပါရာဇိက ရဟန်းနှင့် ဥပသမ္ပဒကံ

(မေး) (ပါရာဇိက ရဟန်းနှင့် ဥပသမ္ပဒကံ)

ဆရာတော်ဘုရား ရဟန်းခံရာသိမ်အတွင်း ပါရာဇိကကျပြီးသော ရဟန်းတပါးပါး ပါနေက ရဟန်းလောင်း ရဟန်းမဖြစ်ဟု အချို့ဆိုကြပါသည်၊ အချို့ကလည်း ကျသောရဟန်းနှင့် မကျသောရဟန်း ထက်ဝက်စီညီမျှလျှင် ရဟန်းဖြစ်၏ဟု ဆိုကြပြန်ပါသည်၊ ထိုအချက်ကို ရှင်းလင်းဖြေကြားပေးပါဘုရား။

(ရှင်ဝိစိတ္တ-ကြို့ဝန်းရွာ)

(ဖြေ)

ပါရာဇိကကျသောရဟန်း၌ သံသယမကင်းသော်လည်း ရဟန်းမဟုတ်ဟု အမှန်မဆိုနိုင်သောကြောင့်၄င်း၊

ရဟန်းမဟုတ်သော်လည်း ရဟန်းဟု ဝန်ခံချက်ရှိသောကြောင့်၄င်း၊ ရဟန်းဟူသော အမှတ်သညာဖြင့် ကံဆောင်နိုင်မူ အာပတ်လည်း မသင့်၊ ကံလည်း မပျက်၊

အထူးအားဖြင့် ဥပသမ္ပဒ ရဟန်းခံကံပြုရာ၌ ထိုပါရာဇိကကျပြီးသော ရဟန်းမှတပါး အခြားရဟန်းသံဃာသည် ငါးပါးထက်ပိုလွန်မူ ထိုတပါးတည်းသော ပါရာဇိကရဟန်းက ပြုလုပ်သောကံကို မဖျက်နိုင်ပေ။

ထို့ပြင် ပါရာဇိကကျသောရဟန်းသည် ရဟန်းအသွင်ကို မစွန့်သေးက ရဟန်းပင်ဖြစ်၍ သံဃာ့ကံများ၌ ပါဝင်ခွင့်ရှိနေသေးသည်ဟု ဆိုပါသည်၊

ထို့ကြောင့် ပါရာဇိက ရဟန်း တပါးတလေ ပါသော်လည်း ပါရာဇိက မကျသောရဟန်း ၅-ပါးအထက် အလွန်ရှိလျှင် ရဟန်းလောင်း ရဟန်းဖြစ်နိုင်ပါသည်၊ သို့ဖြစ်၍ ရဟန်းခံကံဆောင်ရာတွင် ရဟန်း ၁၀-ပါးစသည်ထက် အလွန်ပင် ဆောင်ကြသည်ကို တွေ့နိုင်ပါသည်။(ဝိမတိ-ဋီ-၁၊ ၁၅၆၊ ၁၅၇)

(ဘဒ္ဒန္တ တိလောကသာရဖြေသည်)

ပါရာဇိက အမျိုးမျိုး

(မေး) (ပါရာဇိက အမျိုးမျိုး)

အရှင်ဘုရား၊ ရဟန်းပါရာဇိက၊ ရှင်သာမဏေပါရာဇိက၊ ဘိက္ခုနီပါရာဇိက၊ သာမဏေရီပါရာဇိက နှင့် လူပါရာဇိကတို့ ဆုံးရှုံးပုံကို ရှင်းပြပေးပါဘုရား။

တဖန် ထိုပါရာဇိက ကျသူများ၊ မဂ်ဖိုလ်မှ မတားမြစ်၊ (မဆုံးရှုံးရ) အောင် မည်သို့ဆောင်ရွက်နိုင်ပုံနှင့် သီလရှင်များ ပါရာဇိက ကျနိုင်-မကျနိုင် ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

(စောရန်နိုင်ထွန်း-တာချီလိတ်)

(ဖြေ)

ပါရာဇိက ဟူသည် မဂ်ဖိုလ်မှ ဆုံးရှုံးခြင်းဖြစ်၍ ရဟန်း၏ ပါရာဇိက လေးပါးမှာ-

၁။ မေထုန်မှု ပြုခြင်း။

၂။ လူဇာတ်ရှိသူကို သတ်ခြင်း။

၃။ တမတ်နှင့် အထက် ငွေကြေး၊ ၄င်းတမတ်နှင့် အထက် ထိုက်တန်သော ဝတ္ထုကို ခိုးယူခြင်း။

၄။ မရှိသော မရသေးသော စျာန်မဂ်ဖိုလ်ကို ပြောခြင်းတို့ ဖြစ်သည်။

သာမဏေ၌ လိင်ဆယ်ပါးကို ကျူးလွန်ခြင်း ဖြစ်သည်။

ဘိက္ခုနီ၌ ရဟန်းဆိုင်ရာ ဖော်ပြပါလေးပါးနှင့် ဘိက္ခုနီဆိုင်ရာ အခြားလေးပါး ပေါင်းသော် ရှစ်ပါး ဖြစ်သည်။

သာမဏေရီ (သာမဏေမ)မှာ သာမဏေနှင့်အတူ ဖြစ်သည်။

လူတို့မှာ ပါရာဇိက-ဟု အမည်မတပ်သော်လည်း သဂ္ဂန္တရာယ် မဂ္ဂန္တရာယ်ဖြစ်သော ပဉ္စာနန္တရိယ ကံငါးပါးကို ကျူးလွန်ခြင်းတို့ ဖြစ်သည်။

(ရဟန်း) ဘိက္ခုှနှင့် ဘိက္ခုနီတို့အဖို့ ဘိက္ခု ဘိက္ခုနီဘဝတို့မှ လူထွက်၊ လူဝတ်လဲလိုက်လျှင်၄င်း။

သာမဏေ သာမဏေရီတိုျ့မှာ သရဏဂုံသီလ ထပ်မံခံယူလိုက်လျှင်၄င်း၊

စျာန်မဂ်ဖိုလ်မှ မတားမြစ်၊ (မဆုံးရှုံး) နိုင်။ ဤသည်တို့မှာ ပါရာဇိက ကုစားနည်း ဖြစ်သည်။

လူပါရာဇိက-ဟု ဆိုအပ်သော အမိ၊ အဖ သတ်ခြင်းစသော ကံကြီးများမှာမူ ဂရုကံကြီးများ ဖြစ်၍ မည်သည့်ကုသိုလ်ကောင်းမှုနှင့်မျှ အပါယ်ငရဲသို့ ကျရောက်ခြင်းမှ မတားမြစ်နိုင်တော့ပါ။

အဇာတသတ်မင်းသည် ဘုရားကို ရာသက်ပန် ကြည်ညိုလျက် မပြတ်လှူဒါန်း၍ သီလဆောက်တည်ကာ နေခဲ့သည်။ ထို့အပြင် ပထမသံဂါယနာတင်သည်အထိ သာသနာပြု လုပ်ငန်းများကိုလည်း လုပ်ခဲ့သည်။

ဤကဲ့သို့ ကုသိုလ်ကြီးများကို ပြုလုပ်ခဲ့ပါသော်လည်း ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ခဲ့မိသဖြင့် လောဟကုမ္ဘီငရဲ၌ ကျရောက်ရသေးသည်။

ယခုကာလ သီလရှင်များအတွက်ကား လူတို့ ပါရာဇိကအတိုင်းသာ မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပါရာဇိကကျလျှင်

(မေး) (ပါရာဇိကကျလျှင်)

အရှင်ဘုရား၊ ရဟန်းများသည် မေထုန်နှင့် ပတ်သက်၍ ပါရာဇိကကျပြီးလျက် ရဟန်းဝတ်နှင့် ဆက်နေလျှင် အပြစ်ပိုကြီးပါသလား။ သို့မဟုတ်-လူထွက်လိုက်ပါက ယခုဘဝရော နောင်ဘဝများပါ အပြစ် ရှိ-မရှိ၊ ငရဲ ကျနိုင်-မကျနိုင် သိလိုပါသည်။ လူမထွက်ဘဲ နေလျှင်သော်၄င်း၊ လူထွက်လျှင်သော်၄င်း အဘယ်အရာက ကောင်းသည်-မကောင်းသည်ကို ကရုဏာ ရှေ့ထား၍ ဖြေကြားတော်မူပါဘုရား။

(သိလိုသူ-စစ်ကိုင်းမြို့)

(ဖြေ)

ရဟန်းတပါးပါးသည် ပါရာဇိကကျလျှင် ရဟန်းဘဝမှ ဆုံးရှုံးသွားပြီ ဖြစ်သည်။ ထို့ကြောင့် ရဟန်းဝတ်ဖြင့် မနေရတော့ဘဲ လူထွက်နေရပါသည်။ ထို့နောက်မှ သာသနာတွင် နေလိုလျှင် ဆရာရဟန်းထံ သရဏဂုံ တောင်းခံ၍ ရှင်သာမဏေအဖြစ်ဖြင့် နေနိုင်သည်။ ရဟန်းဘဝကိုကား လုံးဝရနိုင်ခွင့် မရှိတော့ပါ။ လူမထွက်ဘဲ ပေ၍ နေသော်လည်း ရဟန်းကောင်း မဖြစ်နိုင်တော့ပါ။ ထိုရဟန်းသည် အပြစ်ကြီးလွန်းလှပြီး တမလွန်ဘဝ၌ အပါယ်လေးပါးသာလျှင် လားရာရှိတော့သည်။

ထို့ကြောင့် ပါရာဇိကကျလျှင် လူထွက်ခြင်းသည်သာ အပြစ်မှ ကုစားရာရောက်သဖြင့် လူထွက်၍ အဖြစ်နိုင်ဆုံး သာမဏေဘဝဖြင့် အားထုတ်နေထိုင်သင့်ကြပါသည်။ သာမဏေဘဝကိုလည်း ပါရာဇိကကျသည့်ရဟန်းဘဝမှ တိုက်ရိုက် မကူးနိုင်ပါ။ လူဝတ်လဲပြီးမှ သရဏဂုံသီလ ထပ်မံ တောင်းခံ၍ သာမဏေဝတ်သင့်သည်ကို သတိပြုသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပါရာဇိကရဟန်း ပေးလှူဒါန်း

(မေး) (ပါရာဇိကရဟန်း ပေးလှူဒါန်း)

ပါရာဇိကကျလျက် အာပတ်ကို ကုစားခြင်းမပြု (လူဝတ်လဲခြင်း၊ သာမဏေပြုခြင်း၊ မလုပ်) ဘဲ နေသူအား လူဒါယကာ ဒါယိကာမများက မသိ၍ဖြစ်စေ သိလျက်နှင့်ဖြစ်စေ ပေးကမ်းလှူဒါန်းနေလျှင် အကျိုးရှိမည်-အပြစ် ရှိမည်ဆိုသည်ကို သိလိုပါသည်ဘုရား။

(ဦးခင်မောင်မြင့်-ရေနံချောင်း)

(ဖြေ)

ပါရာဇိက ရဟန်းအား မသိ၍ လှူဒါန်းနေသော လူဒါယကာ ဒါယိကာမများအဖို့ ဒုဿီလရဟန်းအား ပေးကမ်းလှူဒါန်းနေသူ ရရှိသကဲ့သို့သော ကုသိုလ်ကောင်းမှုကျိုးကို ရရှိနိုင်ပါသည်။

ပါရာဇိကရဟန်းမှန်းသိလျက် ချီးမြှောက်လှူဒါန်းခြင်းကား သာသနာတော်ကို ကူညီ၍ ဖျက်ဆီးနေသကဲ့သို့ ဖြစ်သဖြင့် အဆိပ်ပင် ရေလောင်းသူပမာ အပြစ်များသာ တိုးပွားလာစရာ ရှိကြောင်း သိထားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပါရာဇိကရဟန်းအတွက် ကံပျက်-မပျက်

(မေး) (ပါရာဇိကရဟန်းအတွက် ကံပျက်-မပျက်)

အရှင်ဘုရား၊ ပါရာဇိကကျနေသော အလဇ္ဇီရဟန်းသည် ဥပသမ္ပဒကံဆောင်ရာ၌

(၁) ကာရကသံဃာ၌ ပါဝင်ခြင်း

(၂) ဥပသမ္ပဒကမ္မဝါစာ ရွတ်ဖတ်ခြင်း

(၃) အနုသာသက ပုဂ္ဂိုလ်ပြုလုပ်၍ ဆုံးမခြင်း

သိမ်သမုတ်ရာ၌-

(၁) သံဃာ၌ ပါဝင်ရောနှော၍ နေထိုင်ခြင်း

(၂) သိမ်နုတ် သိမ်သမုတ် ကမ္မဝါစာများ ရွတ်ဖတ်ခြင်း စသည်များ၌ ပါဝင်ပြုလုပ်နေခဲ့ပါလျှင်

ထိုကံများ ပျက်-မပျက် ဖြေကြားချီးမြှင့်တော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။

(အရှင်ဝိသောဓန-ကျောက်မြောင်းကျောင်းတိုက်၊ တာမွေ၊ ရန်ကုန်)

(ဖြေ)

သိမ်အတွင်း ဥပသမ္ပဒ ကံဆောင်ရာ၌ ဖြစ်စေ၊ သိမ်သမုတ်၊ သိမ်နုတ်ရာ၌ဖြစ်စေ ပါရာဇိကကျနေသော ရဟန်းမှတပါး သံဃာပြည့်လျှင် ငါးပါးထက်ပိုလျှင် ပါရာဇိကကျနေသော ရဟန်းကိုယ်တိုင် ကမ္မဝါစာဖတ်သည် ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ ကံအောင်ပါသည်။ ၄င်းအဆုံးအဖြတ်ကို ဝိနယာလင်္ကာရဋီကာ ၁-၂၇၂ ၌ ကြည့်ရှု နိုင်ပါသည်။

ထို့အတူ ဝဇိရဗုဒ္ဓိဋီကာ၌လည်း ဥပသမ္ပန္နပုဗ္ဗောဧဝ စေ ကမ္မဝါစံ သာဝေတိ၊ သံဃော စ တသ္မိံ ဥပသမ္ပန္နသညီ ဧဝေဉ္စ ကမ္မံ ရုဟတိ။ (ဝဇိရ-ဋီ ၁၀၉) စသည်ဖြင့် ဆိုပါသည်။ ပါရာဇိကကျသောရဟန်းသည် ငါ-ပါရာဇိက ကျပြီဟု ဝန်ခံ၍ လူထွက်သွားသော်မှသာ ရဟန်းကိစ္စတို့ကို မဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။ ဝန်မခံ လူမထွက်သော် ရဟန်းခံ စသော ကံများ၌ ပါဝင်နိုင်ပါသေးသည်။

(ဘဒ္ဒန္တ တိလောကသာရ ဖြေသည်

ပါရာဇိကနှင့် ကန်တော့ခြင်း

(မေး) (ပါရာဇိကနှင့် ကန်တော့ခြင်း)

အရှင်ဘုရား၊

(၁) ပထမပါရာဇိကကျပြီးသော ရဟန်းသည် သိက္ခာချရန် လို-မလို၊ အကယ်၍ တဦးဦးထံချမိပါက အကျိုးအပြစ် ဖြစ်နိုင်ပါသလား။ မဂ်ဖိုလ်၏ အန္တရာယ်ကော ဖြစ်နိုင်ပါသလား။

(၂) ဘုရားရှိခိုးတဲ့အခါမှာ ရတနာသုံးပါးနှင့် အရိယာပုဂ္ဂိုလ်များ၊ မိဘ၊ ဆရာသမားများ၊ ကျေးဇူးရှိခဲ့ဖူးသူများအပေါ် ပြစ်မှားမှုများကို ဘုရားရှေ့မှေကြ်၌ ဝန်ချတောင်းပန်ခဲ့လျှင် အပြစ်များသည် ကျေပျောက်နိုင်ပါသလား။ ဤမေးခွန်း ၂-ချက်ကို သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။

(ဦးအောင်မြင့်-ရမည်းသင်း)

(ဖြေ)

ပါရာဇိကလေးပါးလုံးမှာပင် ပါရာဇိကကျပြီးသော ရဟန်းအနေဖြင့် ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးပြီးသည်နှင့် တပြိုင်နက် သိက္ခာကျ (လူဖြစ်) သွားပြီးဖြစ်၍ သိက္ခာထပ်ချနေစရာ မလိုတော့ပါ။ လူ့ဘဝ (သ်ု့မဟုတ်-လူဖြစ်ပြီးမှ သာမဏေဝတ်၍ သာမဏေဘဝ) ရသေ့ဘဝတို့ဖြင့် တရားအားထုတ်လျှင် မဂ်ဖိုလ်အန္တရာယ်မဖြစ်ပါ။

ဘုရားရှိခိုး ကန်တော့ရာ၌ ရတနာသုံးပါးအား ကန်တော့ချိန်တွင်တခြားမိဘဆရာသမားစသည်တို့အား ပြစ်မှားများကိုပါ အမှတ်တရ ထည့်သွင်းကန်တော့ပါက ထိုပြစ်မှားခဲ့သော အပြစ်များ ကျေပျောက်နိုင်ပါသည်။ မိဘ၊ ဆရာသမား၊ ဦးကြီး၊ ဦးလေး၊ အဒေါ်၊ အကို၊ အမ၊ စသည် အထူးထည့်ဆိုရန် မလိုပါ။ စိတ်ထဲ နှလုံးထဲမှ သတိတရ နှလုံးသွင်းရန်သာ လိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပါဠိစာနှင့် မြန်မာအက္ခရာ

(မေး) (ပါဠိစာနှင့် မြန်မာအက္ခရာ)

အရှင်ဘုရား၊ မြန်မာနိုင်ငံတွင် ရှိနေသည့် ပါဠိအက္ခရာများနှင့် မြန်မာစာလုံး အက္ခရာများ ဘာကြောင့် လုံးဝတူနေပါသနည်း။

မြန်စွာဘုရားလက်ထက်က ပါဠိအက္ခရာပုံစံနှင့် အခြားနိုင်ငံများတွင် ရေးသုံးကြသည့် ပါဠိအက္ခရာပုံစံတို့သည် အဘယ်ကဲ့သို့ ရှိပါသနည်း။

မြန်မာစာသည် ပါဠိမှဆင်းသက် တီထွင်လာရပါသလား။ ယင်းသို့ဆိုလျှင် မည်သည့်ပညာရှင်တို့ တီထွင်ခဲ့ကြပါသနည်း။

မြန်မာစာက သီးခြားရှိခဲ့သည် (ပေါ်ပေါက်ခဲ့သည်) ဆိုလျှင် ယခုလက်ရှိ ပါဠိအက္ခရာစာလုံးတို့သည် မြန်မာမှုပြုထားရာရောက်ပါသည်။ ဤသို့ကော ဖြစ်နိုင်ပါသလား ဘုရား။

မြန်မာနိုင်ငံထက် စော၍ ဗုဒ္ဓဘာသာဖြစ်သော သီရိလင်္ကာနိုင်ငံမှာကော ပါဠိဘာသာနှင့် သီရိလင်္ကာစာပေ ပုံစံခြားနားမှု ရှိပါသလားဘုရား။

(ဦးခင်မောင်ဘို-ရေဦးမြို့)

(ဖြေ)

ပါဠိဘာသာသည် အလွန်ရှေးကျသည့် ကမ္ဘာဦးဘာသာ၊ မူလဘာသာဖြစ်၍ အက္ခရာမရှိ၊ ဘာသာစကားသာ ရှိသည်။ မည်သည့်လူမျိုး မည်သည့်ဘာသာအက္ခရာနှင့်ဖြစ်စေ အကျုံးဝင်သည်။ ထို့ကြောင့် ပါဠိကို ဟိန္ဒူ ဗြာဟ္မဏ အက္ခရာ၊ ရောမ၊ အင်္ဂလိပ်အက္ခရာ၊ ဂျာမန်အက္ခရာ၊ ပြင်သစ်အက္ခရာ၊ မည်သည့်အက္ခရာနှင့် ရေးရေး ရပါသည်။

မြန်မာနိုင်ငံတွင် ပါဠိကို မြန်မာအက္ခရာဖြင့် ရေးသည်။ ထို့ကြောင့် ပါဠိအက္ခရာ၊ ပါဠိစာဟူ၍ သီးခြားမရှိပေ။ ဤသို့ ပါဠိသည် စာအက္ခရာသီးခြား မရှိသဖြင့် ဂုဏ်မငယ်၊ ဘာသာတိုင်း လူမျိုးတိုင်း၏ အက္ခရာဖြင့် အသံပီသအောင် ရေးသားနိုင်ခြင်းသည်ပင် ပါဠိ၏ ဂုဏ်ရည်ပင်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ပါဠိဘာသာရောက်လာစက အိန္ဒိယနိုင်ငံ တောင်ပိုင်းသုံး ကဒမ္ဗအက္ခရာဖြင့် ရေးသားခဲ့သည်ကို သရေခေတ္တရာ မောင်းကန်ရွှေပေချပ် စသည်များဖြင့် သိရပေသည်။ ပုဂံခေတ်တွင် မွန်မြန်မာ အက္ခရာဖြင့် စတင် ရေးသားခဲ့ရာ ယခုတိုင်ပင် ဖြစ်ပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပါဠိဘာသာ စကား

(မေး) (ပါဠိဘာသာ စကား)

ဘုရားရှင်လက်ထက်တော်က သာမန်လူများ ပြောဆိုကြသော စကားရပ်သည် ပါဠိဘာသာစကားပင် ဖြစ်ပါသလား၊ ယင်းဘာသာစကားကို ယခုခေတ် ဘယ်အရပ်ဒေသတွင် ပြောပါသလဲ၊

ယခုကာလ၌ ရွတ်ဖတ်နေသော ပရိတ်ပါဠိတော်များသည် ဘုရားရှင်လက်ထက်တော်က အတိုင်းပင် ဖြစ်ပါသလား၊ ယင်းပရိတ်တော်များကို အခြားသော ထေရဝါဒ နိုင်ငံများက ရဟန်းများ ရွတ်ဖတ်ပါက မြန်မာ ရဟန်းတော်များ ရွတ်ဖတ်သည့်အတိုင်းပင် တူညီပါသလားဘုရား။

(ဦးဆွေ-အရှေ့ရန်ကင်း၊ ရန်ကုန်)

(ဖြေ)

မြတ်စွာဘုရားသည် မဇ္ဈိမဒေသ (ယခု-ဘီဟာနယ်၊ အိန္ဒိယ အရှေ့မြောက်ဒေသ) ၌ ပွင့်တော်မူသည်။

ထိုအချိန်က အိန္ဒိယတပြည်လုံးတွင်

၁။ သက္ကတဘာသာ

၂။ ပြာကရိတ်ဘာသာ

၃။ မာဂဓဘာသာ တို့သည် အရပ်သုံး ဘာသာများ ဖြစ်ကြ၏၊

၁-မှာ ထီးသုံး နန်းသုံး။

၂-မှာ အထက်တန်းလွှာသုံး ဖြစ်ပြီး

၃-မှာ လူတန်းစားအားလုံး သုံးသောဘာသာဖြစ်၍ မြတ်စွာဘုရားသည် ၄င်းအမှတ် ၃-(မာဂဓ) ဘာသာဖြင့် အများ နားလည်အောင် ဟောပြောလေ့ရှိပါသည်။

မြတ်စွာဘုရား၏ တရားတော်ကို စောင့်ရှောက်သော ဝါ-တရားတော်နှင့် ကိုက်ညီသော ဘာသာဖြစ်၍ မာဂဓဘာသာကို ပါဠိဘာသာ-ဟု ခေါ်ပါသည်၊ ထိုပါဠိဘာသာမှာ မည်သည့်အခါမှာမျှ ကွယ်ပျောက်မည်မဟုတ် နတ်ပြည် ဗြဟ္မာ့ပြည်များမှာလည်း ထိုဘာသာကိုပင် သုံးစွဲပါသည်၊ မြတ်စွာဘုရား၏ တရားဒေသနာများ ပရိတ်ပါဠိတော်ကဲ့သို့သော သုတ်တော်များမှာ မာဂဓဘာသာ (ပါဠိဘာသာ)ဖြင့်သာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့၍ အခြားဘာသာဖြင့် ပြန်ဆိုထားလျှင် ကြာရှည်လည်း မတည်နိုင်၊ မြတ်စွာဘုရား၏ အလိုတော် ဝါ-အနက်အဓိပ္ပါယ်ကိုလည်း မထိမိနိုင်၊ ပါဠိဘာသာမှသာလျှင် အလိုတော်နှင့် ကိုက်ညီ ထိမိနိုင်သည်။

ထေရဝါဒနိုင်ငံတိုင်းပင် ဤပါဠိဘာသာကိုသာ သုံးပါသည်၊ ပါဠိဘာသာတတ်လျှင် အတူတကွ ပြောဆိုနှီးနှောနိုင်သည်၊ ဒေသသံမျှသာ ကွာခြား၍ အများအားဖြင့် တူညီပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပိဋကတ်သုံးပုံ

(မေး) (ပိဋကတ်သုံးပုံ)

အရှင်ဘုရား၊ ပိဋကတ်သုံးပုံ လှူသည်ဆိုရာ၌ မည်သည့်ကျမ်းစာအုပ်များ ပါဝင်သည်ကို ကျမ်းအမည်စာရင်း ပြုစုဖော်ပြပေးတော်မူပါဘုရား။

(ဒေါ်ခင်မြ-နတ်တလင်း)

(ဖြေ)

ပိဋကတ်သုံးပုံ (ပါဠိတော်) ဆိုရာ၌ သင်ရိုးပိဋကတ်၊ နိကာယ်ငါးရပ် ပိဋကတ်ဟူ၍ နှစ်မျိုးရှိပါသည်။

၁။ သင်ရိုးပိဋကတ်၌

သုတ်သုံးကျမ်း ၃-အုပ်။

ဝိနည်းငါးကျမ်း ၅-အုပ်။ နှင့်

အဘိဓမ္မာ ၇-ကျမ်း ၁၂-အုပ် ပေါင်း အုပ်ရေ-၂၀ ရှိပါသည်။

၂။ နိကာယ်ငါးရပ် ပိဋကတ်၌

ဒီဃနိကာယ် သုံးကျမ်း ၃-အုပ်။

မဇ္ဈိမနိကာယ် သုံးကျမ်း ၃-အုပ်။

သံယုတ္တနိကာယ် ငါးကျမ်း ၃-အုပ်။

အင်္ဂုတ္တရနိကာယ် တဆယ့်တကျမ်း ၃-အုပ်။

ခုဒ္ဒကနိကာယ် (ဝိနည်း ၅-ကျမ်း၊ အဘိဓမ္မာ ၇-ကျမ်း၊ သုတ္တန် ၁၆-ကျမ်း) အုပ်ရေ ၂၈-အုပ်။

စုစုပေါင်း အုပ်ရေ ၄၀-ရှိပါသည်။

ဤကျမ်းဦးရေမှာ ပါဠိတော်ကျမ်းများကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။ အဋ္ဌကထာနှင့် ဋီကာပါဠိများ မပါသေးပါ။

(အဋ္ဌကထာကျမ်း-၄၁။ ဋီကာကျမ်း-၂၀-ခန့် ရှိသေးသည်)။

အများအားဖြင့် ပိဋကတ်သုံးပုံ လှူဒါန်းသူများမှာ သင်ရိုးပိဋကတ် အုပ် ၂၀-ကို လှူဒါန်းလေ့ရှိကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပိဋကတ်သုံးပုံ၊ ကျမ်း ၁၅-ကျမ်း

(မေး) (ပိဋကတ်သုံးပုံ၊ ကျမ်း ၁၅-ကျမ်း)

အရှင်ဘုရား၊ သုတ် ၃-ကျမ်း၊ ဝိနည်း ၅-ကျမ်း၊ အဘိဓမ္မာ ၇-ကျမ်း စုစုပေါင်း ပိဋကတ်သုံးပုံ၏ ကျမ်း ၁၅-ကျမ်းကို ကျမ်းတကျမ်းစီ၏ အမည်များ ပါဠိ-မြန်မာ နှစ်ဘာသာဖြင့် ယှဉ်တွဲ၍ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။

(မန်းစီစီထွန်း-ဝါးခယ်မမြို့)

(ဖြေ)

သုတ်သုံးကျမ်း

(၁) သီလက္ခန္ဓဝဂ်ပါဠိတော်=သီလက္ခန် ပါဠိတော် အစု။

(၂) မဟာဝဂ် ပါဠိတော်=သုတ်ကြီးအစု ပါဠိတော်။

(၃) ပါထိကဝဂ် ပါဠိတော်=ပါထိကသုတ် အစရှိသောသုတ်အစု ပါဠိတော်။

ဝိနည်း ၅-ကျမ်း

(၁) ပါရာဇိကဏ် ပါဠိတော်=ပါရာဇိက သိက္ခာပုဒ်များကိုပြသော ပါဠိတော်။

(၂) ပါစိတ်ပါဠိတော်=ပါစိတ်အာပတ်များမှစ၍ ပြသော ပါဠိတော်။

(၃) မဟာဝဂ္ဂပါဠိတော်=ဘုရားဖြစ်ခန်းမှစ၍ သိက္ခာပုဒ်ပညတ်ကြောင်း အကျယ်ပြသော ပါဠိတော်။

(၄) စူဠဝဂ် ပါဠိတော်=ထို့ထက်တိုသော ခန္ဓကပါဠိတော်များကို ပြသောပါဠိတော်။

(၅) ပရိဝါပါဠိတော်=အကြွင်းတူရာ စုပေါင်း၍ပြသော ပါဠိတော်။

အဘိဓမ္မာ ၇-ကျမ်း

(၁) ဓမ္မသင်္ဂဏီ ပါဠိတော်=ကုသိုလ် အကုသိုလ် တရားများကို ပြသော ပါဠိတော်။

(၂) ဝိဘင်္ဂ ပါဠိတော်=တရားတော်များကို တဖန်ဟောပြရာ ပါဠိတော်။

(၃) ဓာတုကထာ ပါဠိတော်=မိမိတို့ဆိုင်ရာသဘောကို ဆောင်ရွက်တတ်သော တရားကိုပြသော ပါဠိတော်။

(၄) ပုဂ္ဂလပညတ်္တိ ပါဠိတော်=တရားတော်များကို ပုဂ္ဂိုလ်နှင့်စပ်၍ ဟြေပြရာ ပါဠိတော်။

(၅) ကထာဝတ္ထု ပါဠိတော်=တရားတော်များကို အစုစုပြု၍ ပြသော ပါဠိတော်။

(၆) ယမက ပါဠိတော်=အစုံအစုံ တရားတော်တို့ကို ဖော်ပြသော ပါဠိတော်။

(၇) ပဋ္ဌာန်း ပါဠိတော်=ပစ္စည်းဆက် တရားတို့ကို ဖော်ပြဟောတော်မူသော ပါဠိတော်။

ဤသည်တို့မှာ သင်ရိုးပိဋကတ်သုံးပုံမျှသာ ဖြစ်ပါသည်။ ထို့ပြင် မဇ္ဈိမနိကာယ်၊ ခုဒ္ဒကနိကာယ်တို့ များစွာကျန်ရှိပါသေးသည်။ နီးစပ်ရာဆရာတော်တို့ထံ မေးလျှောက် မှတ်သားစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပိလိန္ဒဝစ္ဆဂါထာ

(မေး) (ပိလိန္ဒဝစ္ဆဂါထာ)

အရှင်ဘုရား၊

ပိလိန္ဒဝစ္ဆ သမဏော၊ ဒေဝတာနံ ပိယော အဟု။

ဌပိတော အဂ္ဂဋ္ဌာနမှိ၊ သေတ္တျာရောဂျံ ဒဒါတုနော။

ဂါထာကို အဓိပ္ပါယ်ပြန်ပေးစေလိုပါသည်ဘုရား

(စိုးနိုင်-ကမာရွတ်မြိုပနယ်)

(ဖြေ)

အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် နတ်တို့ချစ်အပ်၏၊ နတ်ချစ်သောသူတို့တွင် ဧတဒဂ်အရာ၌ တင်ထားအပ်၏၊

ထိုပိလိန္ဒဝစ္ဆမထေရ်သည် အကျွန်ုပ်အား စီးပွားချမ်းသာခြင်း၊ အနာကင်းခြင်း၊ (ဆု)ကို ပေးတော်မူပါဘုရား။

၄င်းဂါထာမှာ ဥပ္ပါတသန္တိကျမ်းလာ ဂါထာဖြစ်ပါသည်။ အစဉ်အမြဲရွတ်ဆိုသူအား နတ်တို့ချစ်ခြင်း၊ စီးပွားဥစ္စာ တိုးတက်ခြင်း၊ အန္တရာယ်ကင်းခြင်း စသော ကောင်းကျိုးချမ်းသာတို့ကို ရနိုင်သည်ဟု ဆရာမြတ်တို့ ဆိုကုန်၏၊

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပိသုဏဝါစာ မဂ်ပယ်ရာ

(မေး) ပိသုဏဝါစာ မဂ်ပယ်ရာ

အရှင်ဘုရား၊ ဒုစရိုက် ၁၀-ပါးကို မဂ်တရားတို့ ပယ်ရှားရာ၌ နည်းတနည်းတွင် ပိသုဏဝါစာကို သောတာပတ္တိမဂ်က ပယ်သည်ဆို၍၊ နည်းတနည်းတွင် ပိသုဏဝါစာကို အနာဂါမိမဂ်က ပယ်သည်ဟို ဆိုပါသည်။ မည်သည်က မှန်ပါသနည်း ဖြေရှင်းပေးတော်မူပါဘုရား။

(အရှင်ဝိသုတာလင်္ကာရ-မန္တလေးမြျို့)

(ဖြေ)

အင်္ဂုတ္တိုရ် အဋ္ဌကထာ၌

ကာယဒုစရိုက် ၃-ပါး၊ မုသာဝါဒ, ပိသုဏဝါစာ, ဝစီဒုစရိုက် ၂-ပါး၊ မိစ္ဆာဒိဋ္ဌိ မနောဒုစရိုက် ၁-ပါး၊ ပေါင်း ၆-ပါးကို သောတာပတ္တိမဂ်သည် ပယ်၏၊

ဖရုသဝါစာ, ဗျာပါဒ ဤ ၂-ပါးကို အနာဂါမိမဂ်သည် ပယ်၏၊

သမ္ဖပ္ပလာပ, အဘိဇ္ဈာ ဤ ၂-ပါးကို အရဟတ္တမဂ်သည် ပယ်၏၊

ဝိသုဒ္ဓိမဂ် အဋ္ဌကထာတွင်

ပိသုဏဝါစာကို အနာဂါမိမဂ်ဖြင့် ပယ်သည်ဟု ဆိုသည်။

အဋ္ဌကထာ နှစ်ကျမ်းလုံးပင် အရှင်မဟာဗုဒ္ဓဃောသ ဖွင့်ဆိုသည် ဖြစ်ပါလျက် ကွဲလွဲနေခြင်းမှာ မသင့်ပါ-ဟု ဆိုငြားအံ့၊ အပါယဂါမိ (အပါယ်လားကြောင်း) ဖြစ်သော ပိသုဏဝါစာကို သောတာပတ္တိမဂ် ပယ်၍, အပါယဂါမိ မဟုတ်သော ပိသုဏဝါစာကို အနာဂါမိမဂ် ပယ်သည်ဟု ယူသင့်ကြောင်း ဆရာအရှင်မြတ်တို့ ဆုံးဖြတ်တော်မူကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပိသုဏဝါစာ မဂ်ပယ်ရာ

(မေး) အရှင်ဘုရား၊ မနောကံ သုံးပါး၌ ပိသုဏဝါစာကို အနာဂါမိမဂ်က ပယ်ကြောင်း ”ပိသုဏဝါစာ ဖရုသဝါစာ ဗျာပါဒေါတိ တတိယဉာဏဝဇ္ဇာ”ဟု ဝိသုဒ္ဓိမဂ်၌ ဆိုပါသည်။ သို့သော်”ပါဏာတိပါတော အဒိန္နာဒါနံ မိစ္ဆာစာရော မုသာဝါဒေါ ပိသုဏဝါစာ မိစ္ဆာဒိဋ္ဌီတိ ဣမေတာဝ သောတာပတ္တိ မဂ္ဂေန ပဟိယျန္တိ”ဟူ၍ ပိသုဏဝါစာကို သောတာပတ္တိမဂ်ပယ်ကြောင်း အင်္ဂုတ္တရ အဋ္ဌကထာက ဆိုပါသည်။ ထိုအဖွင့်အဆို နှစ်မျိုးအား မည်ကဲ့သို့ ညှိယူရမည်ကို ဖြေကြားတော်မူပါဘုရား။

(အရှင်သုမင်္ဂလ-မန်း)

(ဖြေ)

ပိသုဏဝါစာကို ဝိသုဒ္ဓိမဂ်၌ အနာဂါမိမဂ်ပယ်ကြောင်း အင်္ဂုတ္တရအဋ္ဌကထာ၌ သောတာပတ္တိမဂ် ပယ်ကြောင်း အဆိုမညီ ရှိသော်လည်း ကုက္ကုစ္စကို ထို့အတူပင် အဆိုမညီရှိရာ၌ ”ကထာကတာ ကုသလာကုသလ ဝိသယံ”စသည်ဖြင့် ဝိသုဒ္ဓိမဂ် ဋီကာ ဖွင့်ဆိုကာ အပါယ်လားကြောင်း ကမ္မပထဖြစ်သော ကုက္ကုစ္စကို သောတာပတ္တိမဂ်က ပယ်၍ အပါယ်လားကြောင်း မဟုတ်သော ကုက္ကုစ္စအနံ့ကို အကြွင်းအကျန်မရှိ အကုန်အစင် အနာဂါမိမဂ်က ပယ်ကြောင်းဆိုသကဲ့သို့ပင် အပါယ်လားကြောင်း ကမ္မပထမြောက် ပိသုဏဝါစာကို သောတာပတ္တိမဂ်က ပယ်၍ အပါယ်လားကြောင်း မဟုတ်သည့် သိမ်မွေ့သော သုခုမဒေါသကို အနာဂါမိမဂ်က အကုန်အစင်ပယ်ကြောင်း ယူသင့်သည်ဟု ဆရာအရှင်သူမြတ်တို့ ဆုံးဖြတ်တော်မူကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပိုးမွှားများ ဗြဟ္မာပြည်ရောက်-မရောက်

(မေး) (ပိုးမွှားများ ဗြဟ္မာပြည်ရောက်-မရောက်)

အရှင်ဘုရား၊ လောက၌ ပိုးရွခြပုန်း၊ ပုရွက်၊ မှက်၊ ခြင်၊ ယင် စသည်တို့နှင့် ပိုးဟပ်၊ ကြမ်းပိုး၊ သီးနှံအမျိုးမျိုးတို့အပြင် ဝမ်းတွင်းရှိ ပိုးမျိုးရှစ်ဆယ် စသည်တို့သည် ကမ္ဘာပျက်လျှင် ၄င်းတို့ပါ ဗြဟ္မာ့ပြည်ရောက်ကြပါသလား။ ကမ္ဘာမပျက်မီကလည်း လူ့အဖြစ်ကို ရခွင့်ရှိပါသလား ဖြေကြားပေးတော်မူပါဘုရား။

(မောင်စိုးဝင်း-အလုံမြို့နယ်)

(ဖြေ)

စတုဂီရိ ဆရာတော်ဘုရားကြီး-ရေး စတုဂီရိ ရှုဖွယ်ကျမ်းတွင် ဥပေါသထ ရှုဖွယ်ကျမ်း (၁၂၅၉-ခုနှစ် ကျမ်းပြီး)တွင် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရိနိမ္မိတဝသဝတ္တီဟူသော နတ်ခြောက်ထပ်၌ မဖြစ်ဖူးသောသတ္တဝါမည်သည် မရှိ။ အယုတ်သဖြင့် တီ၊ မျှော့ ပက်ကျိတို့မှစ၍ သတ္တဝါဟူသမျှ နတ်ပြည်ခြောက်ထပ်၌ ကြိမ်ဖန်များစွာ ဖြစ်၍ ပျက်စီးခြင်းသို့ ရောက်ဖူးလှလေကုန်ပြီ-စသည်ဖြင့် ရေးသားထားသည်ကို တွေ့ရ၏၊ နတ်ပြည်ခြောက်ထပ်သို့ ရောက်သည်ဆိုသဖြင့် ဗြဟ္မာပြည်သို့လည်း မရောက်နိုင်စရာမရှိ။ ရောက်နိုင်ပေတော့သည်။ ကမ္ဘာပျက်ချိန်တွင် ဤကမ္ဘာရှိ သတ္တဝါမှန်သမျှ သုဘကိဏ်အထက် ဘဝဂ်အတွင်း ဖြစ်ရခြင်းကား လောကဓမ္မတာပင် ဖြစ်ပေတာ့သည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပိုးသတ်ဆေးနှင့် လယ်သမား

(မေး) (ပိုးသတ်ဆေးနှင့် လယ်သမား)

အရှင်ဘုရား၊ လယ်ယာတို့တွင် ပိုးသတ်ဆေးဖျန်းခြင်း၊ သောက်ရေတွင် ပိုးလောက်လမ်းတို့ကို ဖယ်ရှားခြင်း၊ အိပ်ရာတွင် ကြမ်းပိုးစသည်တို့ကို ရှင်းလင်းခြင်း စသည်တို့မှာ ပါဏာတိပါတကံ ဖြစ်နိုင်ပါသလား။ ဖြစ်နိုင်သည်ဆိုလျှင် တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေဖြင့် သမ္မာအာဇီဝဖြစ်ရန် ခဲယဉ်းလှပါသဖြင့် မည်သို့ကျင့်သုံးမှတ်သားရမည် ဆိုသည်ကို ဖြေကြားတော်မူပါဘုရား။

(မောင်ညီလေး-ဧရာဝတီတိုင်း)

(ဖြေ)

ပိုးမွှားမျာကို သေစေရာ၌

၁။ သတ္တဝါလည်းဖြစ်စေ

၂။ သတ္တဝါဟု မှတ်ထင်သည်လည်းဖြစ်စေ

၃။ သတ်လိုစိတ်လည်း ရှိစေ

၄။ လုံ့လလည်းပြုစေ

၅။ ထိုလုံ့လဖြင့် သေသည်လည်းဖြစ်စေ

ဤအင်္ဂါငါးချက်ညီလျှင် ပါဏာတိပါတ ဖြစ်ပါသည်။

သို့သော် သတ္တဝါ၏ ဂုဏ်ရည်ကို လိုက်၍ အပြစ်ကြီး-သေး ရှိရာတွင် အကိုက်အဖျက် အင်းဆက်ပိုးမွှားတို့မှာ မည်သည့်ဂုဏ်ရည်မျှ မရှိ။ အဖျက်သတ္တဝါများသာ ဖြစ်ရာ ၄င်းတို့ကို ဖယ်ရှားရာ၌ အကျိုးနှင့်အပြစ်ကို စိစစ်၍ ဖြစ်လာမည့်အကျိုးကို မျှော်ကိုး၍ တမျိုးတဖုံ စဉ်းစားရပါမည်။

ဂုစ်ရည်ကင်းသော ရောဂါပိုးများကို ရှင်းလင်း၍ ဂုဏ်ရည်မြင့်မားသော လူပုဂ္ဂိုလ်တို့အား ကယ်တင်သော ဆရာဝန်များကဲ့သို့ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို လုပ်ရမည်မှာ ဗုဒ္ဓဘာသာ မဟုတ်၊ လူသားတိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပု ဒိ အာ

(မေး) (ပု ဒိ အာ)

အရှင်ဘုရား၊ ကျမ်းပြီးနိဂုံးတို့တွင် ပု ဒိ အာ နှင့် ပြည့်စုံရပါလို၏ ဟူသော ဆုတောင်းကို တွေ့ရ၍ လေ့လာစုံစမ်းကြည့်ရာ ဘုရားဆုတောင်ခြင်း ဖြစ်သည်ဟု ပြောကြပါသည်။ ဘုရားဆုတောင်ခြင်း ဟုတ်-မဟုတ်နှင့် ၄င်း ပု-ဒိ-အာ၏အဓိပ္ပါယ်ကို သိလိုပါ၍ ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

(ဒေါ်ခင်မျိုးနွယ်-မွန်ပြည်နယ်)

(ဖြေ)

ပု-ဒိ-အာ ဟူသည်

(၁) ပုဗ္ဗေနိဝါသာနုဿတိဉာဏ်-ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိတတ်သောဉဏ်။

(၂) ဒိဗ္ဗစက္ခုဉာဏ်-သတ္တဝါတို့၏ စုတိ ပဋိသန္ဓေကို သိတတ်သော (နတ်မျက်စိကဲ့သို့) ဉာဏ်။

(၃) အာသဝက္ခယဉာဏ်-သစ္စာလေးပါးကို ထိုးထွင်း၍ သိတတ်သောဉာဏ်တို့ကို ဆိုလိုပါသည်။

မြတ်စါာဘုရား ဘုရားအဖြစ်သို့ရောက်သောအခါ ထိုဉာဏ်များကို ရပါသည်။

ပထမဉာဏ် ၂-ပါးမှာ ရူပါဝစရပဉ္စမစျာန်ကို ရလျှင်ရနိုင်၍ လောကီဉာဏ်များဖြစ်ကာ တတိယဉာဏ်မှာ လောကုတ္တရာဉာဏ် ဖြစ်ပါသည်။

မြတ်စွာဘုရားမျှသာ မဟုတ်၊ ပဋိသမ္ဘိဒါပတ္တ၊ ဆဠာဘိညနှင့် တေဝိဇ္ဇ ရဟန္တာအရှင်မြတ်များလည်း ဤဉာဏ် သုံးပါးကို ရနိုင်သဖြင့် ပု-ဒိ-အာ နှင့် ပြည့်စုံရပါလို၏-ဟု ဆုတောင်းသည်မှာ ဘုရားဆုကို တောင်းခြင်းမဟုတ်၊ ရဟန္တာဆုကို တောင်းခြင်းသာ ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပုဏ္ဏက နတ်ဘီလူး

(မေး) (ပုဏ္ဏက နတ်ဘီလူး)

ဆရာတော်ဘုရား၊ ပုဏ္ဏကနတ်ဘီလူးသည် ဝေဿဝဏ်နတ်မင်းကြီး၏ တူတော်သည်-ဟု ဇာတ်တော်တွင် ဆိုပါသည်။

၁။ မည်ကဲ့သို့ တူတော်စပ်ပါသနည်း။

၂။ ပုဏ္ဏကသည် အင်္ဂုလိမာလအလောင်းဟု ဆိုရာ အင်္ဂုလိမာလမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံသွားပြီးဖြစ်၍ ဆေးသမားများအလို ပုဏ္ဏက၊ ပေါရိသာဒ၊ စေးနှဲဘီလူးတို့ ယခု ရှိနိုင်-မရှိနိုင် ဖော်ပြပေးတော်မူစေလိုပါသည်

ဘုရား။

(ဦးညိုဝင်း-ကသာမြို့)

(ဖြေ)

ဝိဓုရဇာတ်တော်တွင် ပုဏ္ဏကသည် ဝေဿဝဏ်နတ်မင်းကြီး၏ ဘာဂိနေယျ-တူတော်သူ-ဟု ဆိုပါသည်။

ဘာဂိနေယျ-ဟူသည်မှာ ဘဂိနိယာ အာပစ္စံ ဘာဂိနေယျော-ဟု အဘိဓာန်ဋီကာ ဖွင့်ဆိုပြသဖြင့် နှမ၏ သား-

တူ-ဟု မှတ်သားရပါသည်။

ပုဏ္ဏကတို့သည် ဤမြတ်စွာဘုရား လက်ထက်၌ အင်္ဂုလိမာလ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံတော်မူကြပြီး ဖြစ်သဖြင့် ဤခေတ် ဆေးလောကရှိ ပုဏ္ဏက စသည်တို့မှာ ယခင် ပုဏ္ဏကတို့၏ အဆက်အနွယ် ပုဏ္ဏကများသာ ဖြစ်ဖွယ်ရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပုတီးစိပ်

(မေး) (ပုတီးစိပ်)

အရှင်ဘုရား၊ တပည့်တော် သိလိုသည်မှာ သက်စေ့ ပုတီးစိပ်ခြင်း အကြောင်းဖြစ်ပါသည်။ ဥပမာအားဖြင့်-တချို့သောသူများသည် အသက် ၃၀-ဆိုလျှင် ပုတီးစေ့ ၃၀-ကို ပုတီးကုံးလုပ်၍ ပုတီးပတ်အရေအတွက် ၃၀-ကို ရက်ပေါင်း ၃၀-စသည်ဖြင့် စိပ်ကြပါသည်။ ၁၀၈-လုံး မဟုတ်သဖြင့် ဤကဲ့သို့ စိပ်ကြသည်မှာ စိပ်ကောင်းပါသလားဘုရား။ တပည့်တော် ပုတီးစိပ်သည်မှာ စာအုပ်ထဲတွင် ဖတ်ဖူး၍ သရဏဂုံသုံးပါးနဲ့ ၂၄-ပစ္စည်း ၂-ခုပေါင်း ၂၇-မျိုးကို ၄-ကြိမ်ရွတ်၍ ပုတီးတပတ်နှုန်းဖြင့် စိပ်ပါသည်။ ဤပုတီးစိပ်နည်းမျိုးကော စိပ်ကောင်းပါသလားဘုရား။ မည်ကဲ့သို့ဆို၍ စိပ်လျှင် အကောင်းဆုံးဖြစ်ပါသနည်း။ ဖြေကြားပေးတော်မူပါဘုရား။

(မကြည်ကြည်ဝင်း-စစ်ကိုင်း)

(ဖြေ)

ပုတီးစိပ်နည်းတို့မှာ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း ဆိုသကဲ့သို့ သူ့နည်းနှင့်သူ ကောင်းသည်ချည်းပင် ဖြစ်ပါသည်။ အမှန်မှာ မည်သည့်နည်းဖြင့် စိပ်သည်ဖြစ်စေ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ်၌ သမာဓိရ၍ ကြည်ညိုနေရန်အရေးကြီးပါသည်။ သို့သော် ဗုဒ္ဓဘာသာတို့ ထုံးနည်းအရ ၁၀၈-လုံး ပုတီးတွင် ဘုရားဂုဏ်တော်ကို စိပ်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။

ပုံစံမှာ-၁၀၈-လုံး ပုတီးကိုကိုင်၍ သော ဘဂဝါ ဣတိပိ အရဟံ၊

သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊

သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊ စသည်ဖြင့် ဘဂဝါ အထိ ဂုဏ်တော်ကိုးပါးကို ၁၂-ကြိမ် (၉x၁၂ လီ=၁၀၈) လုံး သို့မဟုတ် သော ဘဂဝါ ဣတိပိ မထည့်ဘဲ အရဟံ, သမ္မာသမ္ဗုဒ္ဓေ, စသည်ဖြင့် ဘဂဝါ အထိ ဂုဏ်တော်ကိုးပါး တဆယ့်နှစ်ကြိမ်၊ တရာ့ရှစ်လုံးတပတ်, ပြု၍ တတ်နိုင်သလောက် ပုတီးပတ် သက်စေ့စသည် စိပ်ခြင်းမှာ အကောင်းဆုံးပင် ဖြစ်ပါသည်။

ဤသို့ အရဟံ စသော ဘုရားဂုဏ်တော်ကို အဖန်တလဲလဲ ဆို၍ (နှလုံးသွင်း၍) ပုတီးစိပ်ခြင်းသည် ဗုဒ္ဓါနုဿတိဘာဝနာ ဖြစ်သည်။ ပုတီးစိပ်သူသည် ဘုရားရှင်၌ ရိုသေခြင်းများ၏၊ တုပ်ဝပ်ကျိုးနွံခြင်း များ၏၊ သဒ္ဓါ သတိ ပညာ ပြန့်ပြော၏၊ ကုသိုလ်ပညာ ပြန့်ပြော၏၊ ပီတိပါမောဇ္ဇ များ၏၊ ဘေးငယ်ဘေးကြီး သည်းခံနိုင်၏၊ ဒုက္ခကို မညဉ်းတွား။ ဘုရားနှင့်အတူတကွ ငါနေရသည်ဟု အမှတ်သညာ များစွာဖြစ်၏၊ ဗုဒ္ဓါနုဿတိဘာဝနာ စွဲနေကိန်းအောင်းရာ ဤခန္ဓာကိုယ်သည် စေတီအိမ်နှင့်တူ၏၊ ပူဇော်ခြင်းငှါထိုက်၏၊ ဘုရားအဖြစ်၌ စိတ်ညွတ်ခြင်းများ၏၊ ဒုစရိုက်ဝတ္ထု ကျူးလွန်စရာကြုံလျှင် ဘုရားရှင် မြင်ရသည့်အသွင် ဟီရိ ဩတ္တပ္ပ ဝင်ပေ၏၊ ထိုဗုဒ္ဓါနုဿတိ ဥပစာရ စျာန်သမာဓိ၌ တည်၍ ဝိပဿနာပွားလျှင် မဂ်ဖိုလ်ရ၏၊ မရလျှင်လည်း သုဂတိဘဝသာ လားရာရှိ၏၊ ထို့ကြောင့် ကြိုးစား၍ ပုတီးစိပ်ပါလေ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပုတီးစိပ်ခြင်း

(မေး) (ပုတီးစိပ်ခြင်း)

အရှင်ဘုရား၊ အချို့သော ပုဂ္ဂိုလ်များသည် ပုတီးစိပ်သောအခါ ခေါင်းကိုကျော်၍ စိပ်၏၊

အချို့က ပုတီးခေါင်းမှ ပြန်၍ စိပ်ကြသည်။ မည်သူတို့မှန်သည်-မှားသည်ကို အများသိစေခြင်းငှါ ကရုဏာရှေ့ထား၍ ဖြေကြားပေးပါဘုရား။

(အရှင်ပညာသီရိ-ရန်ကုန်)

(ဖြေ)

ပုတီးစိပ်ရာ၌ မိမိတို့အားသလို စိပ်ကြပါသည်။ ပုတီးခေါင်းကို ကျော်၍၄င်း၊ မကျော်ဘဲ ပြန်လှည့်၍၄င်း၊ အချို့ လက်နှစ်ဖက်ဖြင့်၄င်း၊ အချို့ တဖက်တည်းဖြင့်၄င်း၊ အမျိုးမျိုး စိပ်ကြပါသည်။ ဘယ်က မှန်သည်-ဘယ်က မှားသည်ဟု မဆိုသာပါ။ ပုတီးတလုံးချင်း ဂုဏ်တော်ကို နှလုံးသွင်း၍ သမာဓိရနေရန် အရေးကြီးပါသည်။ မည်သို့ပင်ဖြစ်စေ တကျောင်း-တဂါထာ တရွာ-တပုဒ်ဆန်း ဆိုသလို ပုတီးစိပ်နည်း အမျိုးမျိုးရှိသလို စိပ်ပုံလည်း အမျိုးမျိုး ရှိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပုတီးစိပ်ခြင်းနှင့် တရားထိုင်ခြင်း

(မေး) (ပုတီးစိပ်ခြင်းနှင့် တရားထိုင်ခြင်း)

ပုတီးစိပ်ရာတွင် အချို့က စကားပြောရင်း လမ်းလျှောက်ရင်း အိပ်ရင်း စိပ်ကြ၍

အချို့က ဘုရားရှေ့တွင် စနစ်တကျထိုင်၍ စိပ်ကြပါသည်၊ ဘယ်အရာက မှန်ပါသလဲဘုရား။

ဘယ်လိုနှလုံးသွင်းပြီး စိပ်သင့်ပါသလဲဘုရား၊

ဥပုသ်နေ့တွေမှာ ဝင်လေ ထွက်လေမှတ်ပြီး တရားထိုင်ခြင်းနှင့် ပုတီးစိပ်ခြင်းမှာ ဘယ်အရာကို ပြုလုပ်သင့်ပါသလဲဘုရား။

(မစန်းစန်းနွယ်-ရေနံချောင်းကျေးရွာ၊ မအူပင်မြို့နယ်)

(ဖြေ)

ပုတိီးစိပ်ခြင်းမှာ စိတ်ကို ထိန်းချုပ်၍ သမာဓိရအောင် လုပ်သောအလုပ်ဖြစ်ရာ စိတ်တည်ငြိမ်ပြီး သမာဓိရနိုင်သော ဣရိယာပုထ်ဖြင့်သာ ပြုလုပ်သင့်ပါသည်။

ထိုင်၍စိပ်ခြင်း၊ လျောင်း၍စိပ်ခြင်းတို့က ပို၍ သမာဓိရစရာရှိပြီး ဘုရားရှေ့တွင် ထိုင်ကာ ဘုရားအာရုံဖြင့် စိပ်ခြင်းက ပို၍ ကောင်းမွန်ဖွယ် ရှိပါသည်။

ပုတီးစိပ်သည် ဆိုရာ၌ အများအားဖြင့် မြတ်စွာဘုရား၏ ဂုဏ်တော်ကို အာရုံပြု၍ စိပ်ရသဖြင့် မိမိနှုတ်တက်ရ၍

ကျေပွန် ပွန်းတီးလျက်ရှိသော ဂုဏ်တော်ကိုးပါးကို အာရုံယူ နှလုံးသွင်း၍ စိပ်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။

တရားမှတ်ခြင်းနှင့် ပုတီးစိပ်ခြင်းတွင် ပုတီးစိပ်ခြင်းမှာ သမထဘာဝနာ၌ အကျုံးဝင်၍ တရားမှတ်ခြင်းမှာ ဝိပဿနာ ဘာဝနာ၌ အကျုံးဝင်ပါသည်၊ ထို့ကြောင့် ထိုနှစ်မျိုးတွင် တရားမှတ်ခြင်းက ပို၍ အဆင့်မြင့်သဖြင့် ပြုလုပ်သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပုတီးစိပ်လျှင်

(မေး) (ပုတီးစိပ်လျှင်)

အရှင်ဘုရား၊ ပုတီးစိပ်လျှင် ဂုဏ်တော်များကို နှုတ်ကရွတ်ဆိုမှ အာနိသင်ထက်ပါသလား။ စိတ်ထဲမှာပင် ဆင်ခြင်၍ ရွတ်ဆိုနေလျှင်ရော အစွမ်းအာနိသင် ထက်မြက်နိုင်ပါသလား။ ဖြေကြားပေးတော်မူပါဘုရား။

(မဇင်မာဦး၊ စီးပွားရေးတက္ကသိုလ်၊ ရွာသာကြီး)

(ဖြေ)

နှုတ်ဖြင့် ရွတ်ဆိုသည်ဖြစ်စေ၊ စိတ်ဖြင့် ဆင်ခြင်၍ ရွတ်ဆိုသည်ဖြစ်စေ ဂုဏ်တော်မှာ အာရုံရောက်နေ၊ တည်နေဖို့ လိုရင်းဖြစ်ပါသည်။ ဂုဏ်တော်မှာ စိတ်အာရုံစိုက်ထားနိုင်အောင် နှလုံးသွင်း ဆင်ခြင်ပါလေ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ပုဝါတင်ခြင်းနှင့် ဆန်ပန်းပေါက်ပေါက်

(မေး) ရတနာသုံးပါးကို ပူဇော်ကန်တော့ခြင်း စသည့်ကိစ္စများတွင် အမျိုးသမီးများ ပုခုံးပေါ်တွင် ပုဝါ တဘက် စသည်တင်ကြသည်ကို တွေ့ရသည်၊ အမျိုးသားများ တင်ကြသည်ကိုမူ မတွေ့ရပါ၊ အဘယ့်ကြောင့်ပါနည်း၊

ထို့ပြင် ကန်တော့ရာ၌ ဆန်ပန်းပေါက်ပေါက်တို့ကို လက်တွင် ညှပ်ကိုင်၍ ကန်တော့ကြသည်မှာ အဘယ်အဓိပ္ပါယ်ပါနည်း၊

ဖြေကြားတော်မူပါရန်။

(ဦးကုမာရ-ရေနံ့သာ)

(ဖြေ)

ပုဝါတင်ခြင်း၊ ပုဝါပေါင်းခြင်းတို့မှာ ရှေးရိုးမြန်မာ့ ယဉ်ကျေးမှု ဖြစ်ပါသည်၊

ပွဲလမ်းသဘင် အခမ်းအနားတို့တွင် အမျိုးသားဝတ်စုံဖြင့် တက်ရောက်ရလျှင် အမျိုးသားများ ခေါင်းပေါင်းပေါင်း၍

အမျိုးသမီးများ ပုဝါတင်ရမြဲ ထုံးစံဖြစ်သည်၊ ရတနာသုံးပါး ဆိုင်ရာတို့၌ အမျိုးသမီးများသာ ပုဝါတင်၍ အမျိုးသားများ ပုဝါပေါင်းခြင်း (ခေါင်းပေါင်းခြင်း) အလေ့ ပျက်ပြယ်နေသည်မှာ ကြာလေပြီ။

ဤခေတ်တွင် အလွန်ရိုသေလေးစားရမည့် ကျောင်းကန်ဘုရား သွားလာရာတို့တွင် အမျိုးသားဝတ်စုံဖြင့် လုံခြုံပိပြားစွာ သွားလာရမည့် ယဉ်ကျေးမှုတို့ကို အထူးဂရုပြုရန် လိုအပ်လှပါသည်။

ဆန်ပန်းပေါက်ပေါက်နှင့် ပတ်သက်၍ ဒဗ္ဗတိဏ, သုဒ္ဓတဏ္ဍုလ, သိဒ္ဓတ္ထ, သုမန, မုကုလ, လာဇသင်္ခါတာနိ-ဟု ဇာတ်ဋီကာ၌ လာသော နေဇာမြက်, ဆန်ပန်း, မုန်ညင်း, မုလေး (မြတ်လေး), ငုံ, ပေါက်ပေါက်-ဟူ၍ ကြဲမြှောက်ပစ်လွင့်၍ ပူဇော်ရသော ပန်းငါးမျိုးတွင် ဆန်ပန်းပေါက်ပေါက် ပါသည်၊ ၄င်းပန်းငါးမျိုးကို ကန်တော့ပြီးလျှင် ဘုရားစသည်၌ မြှောက်ကြဲပူဇော်ရသည်၊

ထိုသို့ပူဇော်ရန် ကန်တော့စဉ် လက်အကြား၌ ညှပ်ထားကိုင်ထား၍ ကန်တော့ပြီးနောက် မြှောက်ကြဲရန် ဖြစ်သော်လည်း ဦးဆောင်သူများကလည်း ပြောမထား၊ ကန်တော့သူများကလည်း မသိသဖြင့် အဓိပ္ပါယ်ပျောက်၍နေလေသည်၊

ထို့ကြောင့် ဆန်ပန်းပေါက်ပေါက်များကို ဘုရား၌ မြှောက်ကြဲပူဇော်ကြရန် နည်းပေး သင်ကြားကြရန် လိုပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပူတိမုတ္တ ဘေသဇ္ဇ

(မေး) (ပူတိမုတ္တ ဘေသဇ္ဇ)

အရှင်ဘုရား၊ ဆီးဖြူ သျှိသျှား သဖန်းခါး၊ နွားကျင်ငယ်ရေနှင့် စား-ဟူသော စကားအရ ၄င်းအသီးများကို နွားကျင်ငယ်ရေဖြင့် ရက်ပေါင်း မည်မျှစိမ်၍ စားရပါသနည်း။ နွားကျင်ငယ်ရေ ဆိုသည်မှာ နွားထီး နွားမ မည်သည့်ကျင်ငယ်ရေဖြင့် စိမ်ရပါသနည်း။ သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။

(ဦးသာသနဝံသ-ကျောက်ဖြူမြို့နယ်)

(ဖြေ) ဆီးဖြူ သျှိသျှား သဖန်းခါးတို့ကို နွားကျင်ငယ်ရေဖြင့် စိမ်ရမည်ဆိုသည်မှာ မည်သည့် နွားကျင်ငယ် (ထီး-မ) မဟူ စိမ်နိုင်သည်ဟု ဆိုပါသည်။ အနည်းဆုံး တပတ် (ရက်သတ္တ တပတ်) မျှ စိမ်ထားပြီးမှ စားရပါသည်။ ရက်ာ့ာကြာစိမ်လေ ကောင်းလေဟု သိရပါသည်။ ဥတုဘောဇန သင်္ဂဟကျမ်းတွင် မြတ်စွာဘုရား၏ အလိုတော်အားဖြင့် နွားကျင်ငယ်သည် သည်းခြေနာမှတပါး အခြားသော အနာတို့ကို နိုင်သည်။ ထို့ကြောင့် သည်းခြေနာကို လွန်စွာနိုင်သော ကြစု (ဆီးဖြူ သျှိသျှား သဖန်းခါးသီး) ကို နွားကျင်ငယ်နှင့်စိမ်၍ ရဟန်းတို့အား မည်သည့်အချိန်မဆို စားသောက်တော့ဟု ခွင့်ပြုတော်မူသည်။ (၄င်းကျမ်း ၁၇၂) ထို့ပြင် ၄င်းကျမ်းမှာပင်-နွား၊ ဆိတ်၊ သိုး၊ ကျွဲ တို့၏ ကျင်ငယ်ဟု ဆိုလျှင် နွားမ၏ ကျင်ငယ်ကိုသာ သုံးအပ်ကုန်၏-ဟု ဆိုသဖြင့် နွားမ၏ ကျင်ငယ်နှင့်စိမ်လျှင် ပို၍ကောင်းမွန်ဖွယ် ရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဟေဠိကဗျာ

(မေး) (ပဟေဠိကဗျာ)

အရှင်ဘုရား၊ ထောင်တန်တဆယ်၊ ရာတန်တဆယ်၊ ဝယ်သူကရှား၊ ဘယ်မင်းဘုရားစျေးဆိုင်နည်း-ဟူသော ပထမ ရွှေကျင်ဆရာတော်ကြီး၏ ဩဝါဒကထာ အဓိပ္ပါယ်ကို သိလိုပါသည်။

(ဦးသိန်းမြင့်-ကျောက်ပန်းတောင်း)

(ဖြေ)

ထောင်တန်ပစ္စည်းနှင့် တူသော ဘုရား ပစ္စေကဗုဒ္ဓါဆု၊

ရာတန်ပစ္စည်းနှင့်တူသော အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကဆုတို့ကို

ပါရမီ ၁၀-ပါး တရားတော်များကို ကျင့်သုံး၍ အရယူမည်ကို ကျင့်သုံးရယူသူ ရှားသည်ဟု ဆိုလိုဟန်တူပါသည်။

ဒကာဦးသိန်းမြင့်မေးသော ပဟေဠိကဗျာကဲ့သို့ပင် ထောင်တန်တဆယ်၊ ရာတန်တဆယ်၊ တွေ့တိုင်းဝယ်သည်၊ ဘယ်ပြည်ဘယ်ရွာ၊ စျေးနှုန်းနည်း။

ထိုတဆယ်နှင့် ဝယ်သူသာရှား၊ ရောင်းသူများသည်၊ တိုင်းကားဘယ်ပြည် ဘယ်ရွာနည်း-ဟု တွေ့ဖူးပါသေးသည်။

ဖော်ပြပါ အဓိပ္ပါယ်ပင် ဖြစ်ပါသည်။ ဤခေတ် ဤပြည် ဤရွာတို့တွင် ရောင်းသူပမာ ဟောကြားပြသသော ဆရာသမားများ ပေါများသော်လည်း ဝယ်သူပမာ ကျင့်သုံးလိုက်နာသူ ရှားလှသည်ဟု ဆိုလိုရိပ်ပေါ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဉ္စမပါရာဇိက

(မေး) (ပဉ္စမပါရာဇိက)

အရှင်ဘုရား၊

မေထုန်, ခိုး, သတ်မျိုး, လိမ်-လေးဖြာရှိ၊ ပါရာဇိ ရှောင်ကြည်ဖွယ်။

နောက်တဖန် ပါရာဇိ, ရှိသင့်လျှင် ဘယ်တရား, မှတ်သားရမယ်။

ရဟန်းတို့ အကျင့်နယ်, မြင့်ထယ်(ထည်)သည့် မှတ်ရန်များ,

သိသာအောင် ရှင်ဆရာက, မြင်သာအောင် ပါဠိသွင်းလို့, ရှင်းပြစေသား။

(ဂန္ထဝါစက-မန္တလာနဂရ)

(ဖြေ)

မေထုန်, ခိုး၊ သတ်မျိုး လိမ်လေးဖြာရှိ၊ ပါရာဇိရှောင်စရာ။

နောက်တဖန် ပါရာဇိ၊ ရှိသင့်လျှင် ဤတရား၊ မှတ်သားဖို့ပါ။

ရဟန်းတို့ ကျင့်စရာ၊ မှတ်ပါကြ ထင်အရှား။

ပစ္စဝေက် မသက်မဝင်၍၊ မဆင်ခြင်သုံးဆောင်မှုကို၊ တခုပါရာဇိလို့၊ ပါဠိသည်လိုပြတယ်၊ မှတ်ကြစေသား။

သစေ ပဉ္စမပါရာဇိကံ ပညာပေတုံ သက္ကာ အဘဝိဿ၊ အပစ္စဝေက္ခိတာဟာရပရိဘောဂေါ ပဉ္စမပါရာဇိကံ ကတွာ ပညာပေတဗ္ဗော ဘဝေယျ။ (သံ၊ဋ္ဌ၊၂-၉၅)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပဉ္စာနန္တရိယကံ

(မေး) (ပဉ္စာနန္တရိယကံ)

ပဉ္စာနံ-တရိ၊ ငါးပါးရှိ ဂရုကံ။ အဝီစိ တည်ဘိဧကန်မြဲသည်ဟု၊ စွဲသိရပါ။

ထိုငါးဖြာ၊ ဘယ်ကံကလွန်သလဲ၊ ငါးပါးစုံ ပြုသူအား၊ မမှားအပါယ်ကျအောင်၊ ဘယ်က ဘယ်ကံပို့ပါလိမ့် မှတ်ဖို့ဖြေခွဲ။

(မောင်ကံကောင်း-ဗဟန်း)

(ဖြေ)

မာတုဃာ ကံအစ၊ အနန္တငါးဖြာ၊ အမှန်ပ လားစရာ-မမှားပါ ဝီစိ။

ကျဖို့မြဲ ငရဲတွင်၊ အမြဲပင် ပြုတော်သတိ။

ရှေးလေးပါး ကမ္ဘာတိုင်၊ မပါနိုင်သဘိ၊ ကပ္ပဋ္ဌီမရှိတဲ့၊ အဝီစိရောက်ရုံ။

သံဃာကို မှန်စွာခွဲသူက၊ ခန္ဓာစဲ လားဝီစိဘုံ၊ ငရဲသက်ဆုံးကုန်အောင်၊ အလုံးစုံခံရ၍၊ အန္တငါးခုမှာ၊ ခွဲကံကသာ။

ဘေဒက သံဃလာသည်၊ ကမ္မဟာ လွန်ဆုံးပလေး။

သေသာနိ စတ္တာရိ ကမ္မာနိ အနန္တရိယာဝ ဟောန္တိ န ကပ္ပဋ္ဌိကာနိ။(အဘိ၊ ဋ္ဌ၊ ၂၊ ၄၀၉)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဖားကိုမြွေကိုက်-တုတ်ဖြင့်ရိုက်

(မေး) (ဖားကိုမြွေကိုက်-တုတ်ဖြင့်ရိုက်)

အရှင်ဘုရား၊ တပည့်တော်သည် ဖားတကောင်အား မြွေကိုက်နေသည်ကို တွေ့သဖြင့် ဖားအသက်ကို ကယ်လိုသော စေတနာကြောင့် တုတ်ဖြင့် ခြောက်လှန့်လိုက်ရာ ဖားမှာ အသက်ဘေးမှ လွတ်ခဲ့ရသည် မှန်ပါသော်လည်း တပည့်တော်ကြောင့် မြွေသည် အစာငတ်ခဲ့ရပါသည်ဘုရား၊ သို့အတွက် တပည့်တော်၌ အပြစ်ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။

(သန်းဇော်-မကျည်းကုန်းရွာ၊ ဝန်းသိုမြို့နယ်)

(ဖြေ)

မြတ်စွာဘုရားလက်ထက်က ခုနစ်ရက်ကြာလျှင် အဝရုဒ္ဓကဘီလူးစား၍ သေရမည့် အာယုဝဍ္ဎန သူငယ်အား မြတ်စွာဘုရားကိုယ်တော်တိုင် စီမံ၍ ရဟန္တာ ၈-ပါးနှင့် ခုနစ်ရက်ဝန်းရံ ပရိတ်ရွတ်ပြီး ကယ်ဆယ်ခဲ့ပါသည်။

ထို့ပြင် အာရမ္မဏဒါန ခြောက်ပါးတွင် ဓမ္မဒါနအဝင်ဖြစ်သော ဇီဝိတဒါနကို ပြဆိုရာ၌ ဖာလံ ဖာလေတိ ကုမိနံ ဝိဒ္ဓံသာပေတိ သကုဏပဉ္ဇရံ ဘိံသာပေတိ ဗဒ္ဓနမောက္ခံ ကာရေတိ-စသည်ဖြင့် ပိုက်ကွန်ကို ဆုတ်ဖျက်စေ၏၊

မြုံုးကို ဖျက်ဆီးစေ၏၊ ငှက်လှောင်ချိုင့်ကို ဖျက်ဆီးစေ၏၊ အနှောင်အဖွဲ့မှ လွတ်ခြင်းကို ပြုစေ၏၊ စသည် ဓမ္မသင်္ဂဏီအဋ္ဌကထာတွင် ဖွင့်ဆို၏၊

ဝိနည်းအဋ္ဌကထာတွင် သပ္ပေန ဂီဠိတံ မဏ္ဍုကိနိံ အပရာမသေတွာ ဒဏ္ဍကေန ပိဠန္ဓေတွာ မောဓာပေတုံ ဝဋ္ဋတိ-ဟူ၍ မြွေသည် မြိုအပ်သောဖားမကို လက်ဖြင့်မထိစေမူ၍ တုတ်တံဖြင့်ညှပ်၍ လွတ်စေခြင်းငှါ အပ်၏၊ အာပတ်မသင့်။

ဖားမ,ဖြစ်၍ လက်ဖြင့်မကိုင်ကောင်းလျှင်ပင် တုတ်ဖြင့်ခြောက်လှန့်၍ လွတ်စေသင့်ကြောင်း ဆိုပါသည်။ ထို့ကြောင့် ဖားမြွေကိုက်သည်ကို တွေ့လျှင် ကယ်ဆယ်ကောင်းရုံမျှမက မြွေအား ပါဏာတိပါတကံ မသင့်ပါစေလင့်-ဟု နှလုံးသွင်း၍ ကုသိုလ်ပွားခြင်းပင် ဖြစ်ပါသေးသည်။ ကြိုးစား၍ ဇီဝိတဒါနဖြစ်ရန် ပြုလုပ်သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဖုတ် တစ္ဆေ ဘယ်ဘုံသားလဲ

(မေး) (ဖုတ် တစ္ဆေ ဘယ်ဘုံသားလဲ)

ယုတ်ကဝေ၊ ဖုတ်တစ္ဆေ သူယောင်တို့၊ လူ့ဘောင်မှီစား၊

ဘယ်ဘုံသားရယ်လို့၊ ယုံမှားစွာ မတွေရအောင်၊ ဖြေပြပါဘုရား။

(ဦးတင်မြင့်-ရေးမြို့)

(ဖြေ)

ယုတ်ကဝေ၊ ဖုတ်တစ္ဆေ သူယောင်တို့၊ လူ့ဘောင်မှီစား၊

အပါယာ၊ ပေတ သန္ဓေဟာမို့၊ ပြိတ္တာမှာ သွင်းဆိုရမယ်၊ မြဲစွာမှတ်သား။

(နေရယိကာ တိရစ္ဆာနာ၊ ပေတာ ဒေဝါ စ မာနုသာ) စသည် လာသော ဋီကာစသည်တို့နှင့်အညီ ဤဂတိငါးပါးမှ ထူးခြား၍ ဖုတ်တစ္ဆေမျိုးဟူ၍ ရှိသည်မဟုတ်-စသည်ဖြင့် ဆိုသော သတပဒိက ပုစ္ဆာနံပါတ် ၆၆-အဖြေကို မှီးသည်။

ဤ၌ ကဝေ-ဟူသောစကားကို သီးခြားဆိုလျှင် ဇော်ဂနီ၊ စုန်း-ဃရဏီ ဖြစ်၍ ပေတမဟုတ်၊ မာနုသ-ဟု ဆိုသင့်၏၊

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဖဲကစားခြင်း

(မေး) (ဖဲကစားခြင်း)

ဆရာတော်အရှင်သူမြတ်ဘုရား၊ တပည့်တော်တို့ မြို့မှ ကျောင်းဆရာတဦးမှာ ဖဲရိုက် အလွန်ဝါသနာပါပါသည်။ ဖဲကစားခြင်းသည် ဒုစရိုက် ၁၀-ပါးတွင် မပါ၊ ငါးပါးသီလတွင်လည်း မပါဘဲ ကံပြိုင်ခြင်းသာ ဖြစ်သည်-ဟု ပြောလေ့ရှိပါသည်။ ထိုအယူအဆ ဟုတ်-မဟုတ် ဖြေရှင်းပေးတော်မူပါဘုရား။

(ဖြိုး-ဒါးကမြို့၊ ပုသိမ်အရှေ့မြို့နယ်)

(ဖြေ)

လောင်းကစားခြင်းမှာ ဒုစရိုက်တွင် မပါ၊ ငါးပါးသီလတွင် မပါ-ဟု ဆိုသော်လည်း မြတ်စွာဘုရား ဟောကြားတော်မူသော ပရာဘဝသုတ်လာ ပျက်စီးကြောင်းတရား အပါအဝင်ဖြစ်ပါသည်။

ပရာဘဝဂါထာ ၈-တွင် ကာမဂုဏ်အပျော်အပါး လိုက်စားခြင်း၊ အရက်သေစာ မူးယစ် ဆေးဝါး သုံးစွဲခြင်းနှင့် လောင်းကစားခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း အကြောင်းဖြစ်သည်-ဟု ဟောတော်မူပါသည်။

သိင်္ဂါလသုတ်တွင် လောင်းကစားမှု၏ အပြစ်များကို-

အောင်သူရန်ပွား၊ ရှုံးသားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မဝင်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤခြောက်ပါးကား၊ ပျော်ပါးကြွေအန် အပြစ်တည်း။

(လောင်းကစားသူ အပြစ်တည်း)ဟု ရှေးဆရာများ ဆောင်ပုဒ် ပြုခဲ့ပါသည်။

မြတ်စွာဘုရားလက်ထက်က မဟာဓနသူဋ္ဌေးသားသည် ၁၆-ကုဋေကြွယ်ဝသည်။ မိဘများ ကွယ်လွန်သွားပြီးနောက် ဤစည်းစိမ်သည် မိမိတသက် မကုန်ခန်းနိုင်ဟု သဘောထားကာ အပေါင်းအဖော်များနှင့် မူးယစ်သောက်စား လောင်းကစား၍ ပျော်ပါးနေလေရာ ပစ္စည်းအားလုံး ကုန်ခန်း၍ တောင်းရမ်းစားရသည်အထိ ကြုံရပြီး ဇရပ်တွင် သေရကြောင်း၊ လူ့ဘဝဖြင့် အရောင်းအဝယ် ပြုလျှင် ပထမတန်း သူဌေးကြီး ဖြစ်နိုင်ပြီး၊ ရဟန်းဘဝဖြင့် တရားအားထုတ်လျှင် ရဟန္တာဖြစ်နိုင်သော ကံ ပါရမီ ရှိသော်လည်း အလောင်းအစား အပျော်အပါးနှင့် အချိန်ကုန်၍ ဘဝပျက်ရကြောင်း ထင်ရှားရှိပေသည်။ ထို့ကြောင့် မိမိက လမ်းညွှန်ရှေ့သွား ဆရာသမား ဖြစ်နေကြသူများ အဖို့ အလောင်းအစား အပျော်အပါးကို ရှေ့သွားစံပြပြုကာ ရှောင်ကြဉ်ကြရာသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဖဲကြိုးတန်း၍ လှူဒါန်းခြင်း

(မေး) (ဖဲကြိုးတန်း၍ လှူဒါန်းခြင်း)

အရှင်ဘုရား၊ တပည့်တော်တို့မြို့မှ မိသားစုတစုသည် နာမည်ကျော် ဓမ္မကထိကဆရာတော်ကြီး တပါးအား မော်တော်ယာဉ်တစီး လှူဒါန်းရာ သူတကာထက် ထူးခြားစွာ မော်တော်ယာဉ်၏ စီယာတိုင်အား ဖဲကြိုးဖြင့်ချည်၍ ထိုဖဲကြိုး တဖက်စွန်းကိုကိုင်ပြီး ဖဲကြိုးကို ဆရာတော်ကြီး၏ လက်ထဲသို့ထည့်၍ လှူပါသည်။ ထိုကဲ့သို့ လှူဒါန်းခြင်းမျိုးသည် ကျမ်းဂန်၌ ရှိပါသလား ဖြေကြားပေးစေလိုပါသည်ဘုရား။

(လူငယ်တဦး)

(ဖြေ)

ဒါနဝတ္ထုံ ဝါမဟတ္ထေန ဂဟေတွာ ဒက္ခိဏေန ဟတ္ထေန ဘိင်္ကာရံ ဂဟေတွာ-စသည်ဖြင့် အဋ္ဌကထာတို့၌ ဆိုပါသည်။ မိမိလှူမည့်ဝတ္ထုကို လက်ဝဲလက်ဖြင့်ကိုင်၍ လက်ယာလက်ဖြင့် ရေစက်ခွက်ကိုကိုင်ကာ ရေစက်ချ လှူဒါန်းခြင်းမျိုးကို ဘုရားလောင်း သူတော်ကောင်းတို့ ပြုလေ့ရှိကြပါသည်။ ရှေးရှေးက ကျောင်းစသည် ရေစက်ချရာ၌ ဤသို့ပြုလေ့ရှိကြောင်းကို-ရှေးပညာရှိတို့သည် ဇရပ်၊ တန်ဆောင်း၊ ကျောင်း၊ ကန် စသော မရွှေ့ မ,မနိုင်စကောင်းသော ထာဝရဝတ္ထုကံရပ်များကိုဖြစ်စေ၊ ဝေးသောအရပ်၌ ကိုယ်နှင့် မနီးမစပ် ထားအပ်သော ဝတ္ထုများကိုဖြစ်စေ လှူဒါန်းလိုလျှင် သာဟတ္ထိကဒါနမြောက်အောင် ကာယပဋိဗဒ္ဓဖြစ်သော အဝတ်အထည် စသည်ဖြင့် ဆက်ကပ်သွယ်တန်း၍ ရေစက်ချ လှူဒါန်းကြသည်ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြကုန်သည်-ဟု (ဂုဠှတ္ထဝိနိစ္ဆယ ပ-၂၅) သာသနာပိုင် တောင်ခွင်ဆရာတော် ရေးသားထားသည်ကို ဖတ်ရှုရပါသည်။ ကြီးသောအလှူဝတ္ထုတို့ကို ကာယင်္ဂစောပန ကာယဝိညတ်နှင့်တကွ သာဟတ္ထိကဒါနမြောက်အောင် လှူဒါန်းခြင်း ဖြစ်ပါသဖြင့် ကျမ်းဂန်နှင့်ညီညွတ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗာရဏသီမင်း အမည်နှင့် သိဒ္ဓိ

(မေး) (ဗာရဏသီမင်း အမည်နှင့် သိဒ္ဓိ)

အရှင်ဘုရား၊ သမီးတော်ငါးဦးရှိသော ဗာရာဏသီမင်း၏အမ်နှင့် မိဖုရား၏အမည်ကို သိလိုပါ၍ ဖော်ပြပေးပါရန်နှင့် သိဒ္ဓိဟူသော အကြောင်းအရာများကို ရှင်းလင်းပြီး သိဒ္ဓိအမျိုးအမည် ဘယ်မျှရှိသည်ကို ဖြေကြားပေးတော်မူပါဘုရား။

(မဥမ္မာ-ကလေး)

(ဖြေ) မှန်နန်းရာဇဝင် ပထမတွဲ မဇ္ဈိမဒေသမင်းဆက်ကို ပြဆိုရာ၌ ဗာရာဏသီပြည်၌ ဖြစ်ကုန်သော မင်းတကျိပ်ခြောက်ပါးတို့တွင် အဆုံးစွန်သော ဥက္ကာကရာဇ်မင်းနှင့် ဟတ္ထာမိဖုရားကြီးတို့ထံမှ သားတော်များမှ ပိယာ၊ သုပိယာ၊ အာနန္ဒာ၊ ဝိဇိတာ၊ ဝိဇိတသေနာတို့ ဖြစ်ကြောင်းဆိုပါသည်။

ထို့ကြောင့် သမီးတော် ငါးဦးရှီသော ဗာရာဏသီမင်းနှင့် မိဖုရားတို့ကို ဥက္ကာကမင်းနှင့် ဟတ္ထာမိဖုရားဟု မှတ်သားသင့်ပါသည်။

သိဒ္ဓိဟူသည်မှာ ပြီးစီခြင်း။ ပြီးမြောက်ခြင်းဟု ဆိုလို၍ လောကီကျမ်းများတွင် သိဒ္ဓိအမျိုးမျိုးကို ပြဆိုလျက်ရှိသည်။ အကြမ်းဖြင်းအားဖြင့် သိဒ္ဓိ ၁၀-မျိုးရှိသည်။ ၄င်းမှာ-

(၁) အာရောဂျသိဒ္ဓိ-အနာရောဂါကင်းခြင်း

(၂) ယောဗ္ဗနသိဒ္ဓိ-အရွယ်တင်ခြင်း

(၃) အာယုသိဒ္ဓိ-အသက်ရှည်ခြင်း

(၄) ကာယသိဒ္ဓိ-ဓားလှံသေနတ်ပြီးခြင်း

(၅) ပီယသိဒ္ဓိ-သူတကာချစ်ခြင်း

(၆) ဓနသိဒ္ဓိ-ရွှေငွေဖြစ်ခြင်း

(၇) ပထဝီသိဒ္ဓိ-မြေကြောရှုံ့ခြင်း

(၈) ဥဒင်္ကသိဒ္ဓိ-ရေပေါ်၌သွားနိုင်ခြင်း

(၉) အာကာသသိဒ္ဓိ-ကောင်းကင်၌ သွားနိုင်ခြင်း

(၁၀) ဣဒ္ဓိဝိဓသိဒ္ဓိ-အထူးထူးအပြားပြား တန်ခိုးပြနိုင်ခြင်း တို့ပင်ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗုဒ္ဓကိစ္စငါးမျိုး

(မေး) (ဗုဒ္ဓကိစ္စငါးမျိုး)

အရှင်ဘုရား၊ သဗ္ဗညုတဉာဏ်တော်သခင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၄၅-ဝါပတ်လုံး ကမ္ဘာသူကမ္ဘာသား သတ္တဝါများအတွက် တနေ့တာတွင် မည်မျှလောက် အပင်ပန်းခံတော်မူခဲ့ပါသနည်း။

နောက်တခုမှာ တပည့်တော်တို့ အထက်အညာမြေမှာ ဘုန်းကြီးဖြစ်စေ၊ သဗ္ဗညုတဉာဏ်တော်သခင် မြတ်စွာဘုရားရှင်ကို ဖြစ်စေ၊ ရှိခိုးကန်တော့မည်ဆိုလျှင် တဘက် (ပဝါ) စသည်တို့ ပခုံးပေါ်တင်၍ ရှိခိုးကြပါသည်။ ထိုကဲ့သို့ ရှိခိုးခြင်းသည် အဘယ်အကျိုးရှိပါသနည်း။ သိလိုလှပါသည်ဘုရား။

(ရှင်ဥတ္တမ-ပျော်ဘွယ်)

(ဖြေ)

ဘုရားရှင်သည် နေ့စဉ် ဗုဒ္ဓကိစ္စကြီး ၅-မျိုးကို မနားမနေ ကြိုးပမ်းတော်မူပါသည်။ ကိစ္စ ၅-မျိုးကို ပိုင်းခြားသော်-

(၁) ပုရေဘတ္တကိစ္စ-(ဆွမ်းမစားမီကိစ္စ)=နံနက်စောစော မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး ခေတ္တ တိတ်ဆိတ်ငြိမ်သက်သော နေရာမှာနေ၏၊ ထို့နောက် သင်္ကန်း သပိတ်ပြင်ကာ ရံခါတပါးတည်း၊ ရံခါ သံဃာအများနှင့်၊ ရံခါ တန်ခိုးပြာဋိဟာ အမျိုးမျိုးပြ၍ ရံခါတန်ခိုးဖြင့် မကြွဘဲ ရိုးရိုးကြွတော်မူပါသည်။ ဆွမ်းခံတော်မူခြင်းဖြင့် ဆွမ်းလောင်းလှူသူများအား သရဏဂုံတည်သူ၊ ငါးပါးသီလတည်သူများနှင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအရိယာ ပုဂ္ဂိုလ်များအဖြစ်သို့ ရောက်စေပါသည်။

(၂) ပစ္ဆာဘတ္တကိစ္စ-(ဆွမ်းစားပြီးကိစ္စ)=ဆွမ်းစားအပြီး ဂန္ဓကုဋိသို့ အဝင် ခြေဆေးခုံ၌ ရပ်၍ ရဟန်းတို့အား နေ့စဉ် ဒုလ္လဘတရား ၅-ပါးကို ဟောပြီး ကမ္မဋ္ဌာန်းအမျိုးမျိုး ပေးတော်မူသည်။ ထို့နောက် ဂန္ဓကုဋိသို့ ဝင်၍ ခေတ္တအနားယူသည်။ အနားယူပြီး လောကကြီးကို ကြည့်ရှုတော်မူကာ ကျွတ်ထိုက်မည့် ပုဂ္ဂိုလ်များကို သွာရောက် ချေချွတ်တော်မူခြင်း၊ ရွာနိဂုံး၊ မြို့၊ တိုင်းအသီးသီးတို့ ကြွရောက်တရားဟောတော်မူခြင်း ကိစ္စတို့ကို တနေ့လုံး ဆောင်ရွက်တော်မူပါသည်။

(၃) ပုရိမယာမကိစ္စ-(ညဉ့်ဦးယံကိစ္စ)=၆-နာရီမှ ၁၀-နာရီ ညဉ့်ဦးယံတွင် ရေချိုးပြီး ကျောင်းတော်သို့ ရောက်လာကြသော ရဟန်းအပေါင်းတို့အား တရားဟောခြင်း၊ ကမ္မဋ္ဌာန်းပေးခြင်း၊ မေးသမျှ ပုစ္ဆာအပေါင်းတို့ကို ဖြေဆိုတော်မူခြင်းဖြင့် ညဉ့်ဦးယံကို ကုန်ဆုံးစေပါသည်။

(၄) မဇ္ဈိမယာမကိစ္စ-(ညဉ့်လယ်ယံကိစ္စ)=၁၀-နာရီမှ ၂-နာရီ ညဉ့်လယ်ယံတွင် စကြာဝဠာတိုက်တသောင်းမှ ရောက်ရှိလာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား တရားဟောခြင်း၊ မေးသမျှပုစ္ဆာတို့ကို ဖြေကြားခြင်း ပြုတော်မူပါသည်။

(၅) ပစ္ဆိမယာမကိစ္စ-(မိုးသောက်ယံကိစ္စ)=နံက် ၂-နာရီမှ ၆-နာရီ မိုးသောက်ယံကို ဘုရားရှင်သည် သုံးပုံ-ပုံ၍ ပထမတပုံတွင် တနေ့တညတာ ခန္ဓာကိုယ်၏ ညောင်းညာမှုကို ပယ်ဖျောက်နိုင်ရန် စင်္ကြံ ကြွတော်မူသည်။

ဒုတိယတပုံတွင် (တနာရီကျော်ကျော်မျှ) အနားယူ ကျိန်းစက်တော်မူသည်။

တတိယ နောက်ဆုံးတပုံတွင် တနေ့တာ ကယ်ချွတ်တော်မူရည့် သတ္တဝါတို့ကို ကြည့်ရှုတော်မူသည်။

ထို့နောက် နောက်တရက်တာ ပုရေဘတ္တကိစ္စသို့ ပြန်ရောက်ကာ သတ္တဝါများအတွက် မနားမနေ ကြိုးပမ်းတော်မူပါသည်။ နေ့စဉ် ဘုရားရှင်၏ အိပ်ချိန်မှာ (၁) နာရီ ကျော်ကျော်မျှသာ ရှိပါသည်။

ဘုရားရှင်လက်ထက်၌ ရဟန်းတော်များသည် ဘုရားရှင်ကို၄င်း၊ မထေရ်ကြီးများကို၄င်း ရှိခိုးပူဇော်ရာတွင် လက်ဝဲတဖက် ပုခုံးထက်၌ သင်္ကန်းကိုတင်၍ (လက်ဝဲပုခုံးနှင့် လက်ဝဲလက်ကို သင်္ကန်းဖြင့် ဖုံးလွှမ်း၍) ရှိခိုးပူဇော်ကြကြောင်း ပိဋကတ်စာပေတွင် ပါရှိသည်။

လူပုဂ္ဂိုလ်တို့ ဘုရားရှင်ကို ရှိခိုးပူဇော်ရာ၌ ဗြဟ္မာယုပုဏ္ဏားကြီးသည် ဘုရားရှင်ကို ရှိခိုးပူဇော်ရာတွင် ရဟန်းတော်များနည်းတူ လက်ဝဲတဖက် ပခုံးထက်၌ အဝတ်ပဝါတင်၍ ရှိခိုးပူဇော်ကြောင်း လာရှိပါသည်။ (ဗုဒ္ဓဘာသာဝင် အဆက်ဆက်တို့သည်) ဘုရားလက်ထက်က ဗြဟ္မာယုပုဏ္ဏားတို့ ကဲ့သို့ လိုက်နာကျင့်သုံးခဲ့ဟန် တူကြောင်း ယူဆရပါသည်။

တဘက် (ပဝါ) တင်၍ ရှိခိုးခြင်းဖြင့် ရှိခိုးပူဇော်ရခြင်း အကျိုးအပြင်၊ သက္ကစ္စ၊ ဂရုဂါရဝ တရားကို ပို၍ ပီပြင်ထင်ရှားစွာ ဖော်ပြရာ ရောက်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဗုဒ္ဓတရားတော်နှင့် စာပေ

(မေး) (ဗုဒ္ဓတရားတော်နှင့် စာပေ)

အရှင်ဘုရား၊ ဘုရားလက်ထက်တော်မှာ စာပေ ပေါ်ပေါက်နေပြီါ်ဖြစ်ပါလျက် တရားဓမ္မများကို အဘယ်ကြောင့် စာပေဖြင့် မှတ်တမ်း မတင်ပါသနည်း။ ပထမသင်္ဂါယနာ အပါအဝင် မာဂဓပါဠိဘာသာသည် စကားသာရှိပြီး စာပေ မရှိသည်မှာ မှန်ပါသလား ဘုရား။

(ဦးမောင်ဦး-တောင်ငူ)

(ဖြေ)

ဘုရးလက်ထက်တော်၌ စာပေရှိနေကြောင်း ဗိမ္ဗိသာရမင်းကြီးထံမှ ပုက္ကုသာတိမင်းကြီးထံ ဓမ္မသဝဏ်လွှာ ပို့သခြင်း၊ ဓာတုဝိဘင်္ဂသုတ်လာ စကားနှင့် ဥတ္တရာနှင့် သီရိမာဝတ္ထု ဓမ္မပဒ အဋ္ဌကထာ စကားတို့ဖြင့် ထင်ရှားပါသည်။ သို့သော် တရားဓမ္မများကို အလွန်ရိုသေမြတ်နိုး တန်ဖိုးထားကြသဖြင့် စာပေဖြင့် ရေးသားခြင်းကို မပြုဘဲ နှုတ်ဖြင့် ရိုသေစွာ ကျက်မှတ်ရွတ်ဆိုခြင်းကိုသာ ပြုလေ့ရှိကြောင်း သိရပါသည်။

နောင် သာသနာ ၄၅၀-ကျော်တွင်မှ သဒ္ဓါ ပညာ နည်းပါး၍ တရားတော်များ ပျောက်ကွယ်သွားမည် စိုးရိမ်၍ ပေထက်အက္ခရာ တင်ကြကြောင်း အဆိုရှိပါသည်။ ဘုရားစကားတော် တည်ရာ မာဂဓဘာသာမှာ ဆိုင်ရာမာဂဓအက္ခရာ မရှိသော်လည်း မည်သည့်ဘာသာ အက္ခရာဖြင့်မဆို အသံပီသအောင် ရေးသားနိုင်ကြ ပါသည်။ ထိုသို့ ရေးသားနိုင်ကြခြင်းမှာ အတုမဲ့ ဂုဏ်မြောက်လှပါသဖြင့် မာဂဓအက္ခရာ ဟူ၍ အထူးမရှိသော်လည်း ဂုဏ်မငယ်၊ ပျောက်ကွယ်မသွား၊ တနေ့တခြား တိုးတက်ထွန်းကား၍ နေပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗုဒ္ဓပုံတော် ကိုးကွယ်ခြင်းနှင့် မွန်းတည့်ချိန်

(မေး) (ဗုဒ္ဓပုံတော် ကိုးကွယ်ခြင်းနှင့် မွန်းတည့်ချိန်)

အရှင်ဘုရား၊

၁။ မြတ်စွာဘုရားလက်ထက်က ဗုဒ္ဓဘာသာဝင် အိမ်တိုင်းတွင် ယခုကဲ့သို့ မြတ်စွာဘုရားပုံတော်များကို

ကိုးကွယ်ပါသလား။

၂။ မြတ်စွာဘုရားသည် ရဟန်းတို့အား နေ့လယ် ၁၂-နာရီကျော်လျှင် ဆွမ်းမစားရန် တားမြစ်ခဲ့ပါသလား၊ အချို့ နေ့(လ)များတွင် ၁၂-နာရီပင် ထိုးသော်လည်း မွန်းမတည့်သေးပါ၊ ထိုအခါမျိုးတွင် ဆွမ်းတော်တင်၍ ရပါသလားဘုရား။

(မသက်နွယ်နွယ်ဝင်း-ပဲခူးတိုင်း)

(ဖြေ)

၁။ သမိုင်းကြောင်းအရ ဗုဒ္ဓပုံတော်များမှာ သာသနာနှစ်ငါးရာ ပတ်ဝန်းကျင်မှာမှ ပေါ်ပေါက်လာပါသည်၊ သာသနာနှစ် နှစ်ရာကျော်ခေတ် အသောကမင်းကြီး လက်ထက်မှာပင် ဗုဒ္ဓပုံတော်များ မရှိသေး။

ဗုဒ္ဓကိုယ်စား ခြေတော်ရာ၊ ဗောဓိပင်ပုံ စသည်များကို ကိုးကွယ်ခဲ့ပါသည်။

မိလိန္ဒမင်းကြီးတို့ ခေတ်ကျမှ ဗုဒ္ဓပုံတော်များ ပေါ်စပြုလာကြောင်း သိရ၍ မြတ်စွာဘုရား လက်ထက်က ဗုဒ္ဓဘာသာအိမ်တိုင်းတွင် ပုံတော်များ ကိုးကွယ်ထားလေ့မရှိပါ။ သို့သော် ပါဠိတော်ကျမ်းစာများ အရ အချို့အိမ်များ၌ မြတ်စွာဘုရား ကြွလာလျှင် သီတင်းသုံးရန် ခေါင်းရင်းတွင် နေရာတော်များ ခင်းထားလေ့ရှိကြောင်း သိရပါသည်။

၂။ ၁၂-နာရီ ဆိုသည်မှာ ဤခေတ်တွင် မွန်းတည့်ချိန်ကို လွယ်လွယ်သိနိုင်ရန် အမှတ်အသား သဘောမျှသာ ဖြစ်ပါသည်။ ဝိကာလဘောဇနသိက္ခာပုဒ်အရ မွန်းတည့်ပြီးနောက် ဆွမ်းမစားရန် ပညတ်ထားသည်မှာ မှန်ပါသည်။ ၁၂-နာရီ ထိုးပြီးသော်လည်း နေက မွန်းမတည့်သေးလျှင် ဆွမ်းတော်ကပ်လှူနိုင်ပါသေးသည်။ နာရီက ပဓာနမဟုတ်၊ အမှန်အကန် နေမွန်းတည့်ခြင်းသာ ပဓာနဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗုဒ္ဓပ္ပမုခ သံဃိကဒါန

(မေး) (ဗုဒ္ဓပ္ပမုခ သံဃိကဒါန)

မျက်မှောက်ခေတ် သာသနာတော်၌ ဗုဒ္ဓပ္ပမုခ သံဃိကဒါန (ဘုရားအမှူးရှိသော သံဃာအား လှူဒါန်းမှု)

ဖြစ်နိုင်-မဖြစ်နိုင် ဖြေကြားတော်မူပါဘုရား။

(အရှင်ဝဏ္ဏိတ-ငပုတော, သုံးခွ ပရဟိတ)

(ဖြေ)

ဧကတော ဘိက္ခုသံဃော၊

ဧကတော ဘိက္ခုနီသံဃော၊

ဗုဒ္ဓပ္ပမုခ ဥဘတောသံဃော-စသည်ဖြင့်

ဒက္ခိဏဝိဘင်္ဂသုတ်အဖွင့် (မ၊ဋ္ဌ၊၄၊၂၂၄၊ ၂၂၅) တွင် မြတ်စွာဘုရား၏ ဓာတ်တော် ဌာပနာထားသော

ဗူဒ္ဓရုပ်ပွားတော်ကို ရှေ့၌ထားရှိ၍ ရဟန်းသံဃာအား ရေစက်ချ လှူဒါန်းခြင်းမှာ ဗုဒ္ဓပ္ပမုခ သံဃိကဒါန ဖြစ်နိုင်၍

ဘုရားပရိနိဗ္ဗာန်စံပြီးနောက် ဘိက္ခုနီ ရှိသေးသော ခေတ်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ဗဟို၌ထား၍ ဘိက္ခု ဘိက္ခုနီ သံဃာကို တဖက်စီထား၍ ရေစက်ချလှူဒါန်းသော အလှူကို ဗုဒ္ဓပ္ပမုခ ဥဘတော သံဃဒါန ဖြစ်ကြောင်း အကျယ်ဖွင့်ဆိုထားပါသည်၊

ဤခေတ်အခါတွင် ဘိက္ခုနီသံဃာ မရှိနိုင်တော့၍ ဗုဒ္ဓပ္ပမုခ ဧကတော သံဃဒါနကိုသာ ရရှိနိုင်မည်ဖြစ်ပါသည်။

အကျယ်ကို အညွှန်းပါ ဥပရိပဏ္ဏာသ အဋ္ဌကထာ ကိုရှုပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗုဒ္ဓဘာသာနှင့် ရိုးရာနတ်

(မေး) (ဗုဒ္ဓဘာသာနှင့် ရိုးရာနတ်)

ဝိပဿနာတရား အားထုတ်ခဲ့သည်အထိ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူကို ရိုးရာနတ် အန္တရာယ်ပြုနိုင်ပါသလား ဘုရား။

ကြက်ကိုသတ်၍ ရိုးရာနတ် မစားလျှင် ပါးစပ်ရွဲ့၊ နားကိုက် စသည့်ရောဂါအမျိုးမျိုး ထိခိုက်မှုအန္တရာယ်အမျိုးမျိုး ဖြစ်တတ်သည်ဟု ဆိုပါသည်၊ ကိုယ်တိုင်လည်း မြင်ဖူးပါသည်၊ ရိုးရာနတ်ကို မပုတ်ခတ်ဘဲ မေတ္တာပို့ အမျှဝေနေလျှင် အန္တရာယ်ကင်းနိုင်ပါသလားဘုရား။

(နော်အေးအေးမူ)

ကြာပန်းရွာ၊ သထုံမြို့

ဖြေ။ ရိုးရာမျှသာမဟုတ်၊ ယခင် နတ်ကိုးကွယ်သူဖြစ်ခဲ့သည့်တိုင်အောင် ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်၍ ဒါနမှုကို မပြတ်ပြုခြင်း၊ ငါးပါးသီလကို အမြဲဆောက်တည်၍ အခါအားလျှော်စွာ ရှစ်ပါးသီလ (ဥပုသ်)ကို ဆောက်တည်ခြင်း၊ ဝိပဿနာဘာဝနာ ပွားများခြင်း၊ မေတ္တာနှင့်နေခြင်း၊ ဘုရားဂုဏ်တော်ကို ပုတီးစိပ် ပွားများခြင်း။ စသည်တို့ ကျင့်သုံးနေထိုင်လျှင် မည်သည့်ရိုးရာနတ်မျှ မနှောက်ယှက်နိုင်ပါ။

ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက ရိုးရာနတ်မျှမက ဗြဟ္မာကိုးကွယ်သူများပင် ဗုဒ္ဓမြတ်စွာ သာသနာတော်တွင်းသို့ ဝင်ရောက်ခဲ့ကြပါသည်၊ သို့သော် ဗုဒ္ဓဘာသာဝင်ဖြစ်ရုံ၊ အမည်ခံရုံဖြစ်ပြီး ကိုယ်ခံဘာသာတရား ခိုင်ခိုင်ခံ့ခံ့မရှိဘဲ ရိုးရာကို ပုတ်ခတ်ဝေဖန်နေလျှင်ကား နတ်နှင့်ဆိုင်ရာတို့က အန္တရာယ်ပေးပေလိမ့်မည်၊ ထို့ကြောင့် မိမိကသာ ဗုဒ္ဓဘာသာတရားတော်ကို နှစ်နှစ်ကာကာ အားထုတ်၍ ပရိတ်တော်များကို ရွတ်ဆိုခြင်း၊ ဆိုင်ရာတို့အား မေတ္တာပို့ခြင်း၊ အမျှဝေခြင်းတို့ဖြင့် စိတ်လက်ချမ်းသာစွာ နေဖို့လိုပါသည်။

မြတ်စွာဘုရားက နာဋပုတ္တဂိုဏ်းမှ ဗုဒ္ဓသာသနာသို့ ဝင်ရောက်လာသော ဥပါလိသူကြွယ်အား ဗုဒ္ဓသာသနာသို့ ဝင်ရောက်၍ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေသည့်တိုင်အောင် သင်-ယခင်က ကိုးကွယ်ခဲ့သော နာဋပုတ္တဂိုဏ်းအား ပေးကမ်းခြင်း၊ ပူဇော်ပသခြင်းများကို မဖြတ်နဲ့၊ ပေးကမ်းမြဲ ပူဇော်ပသမြဲ ပေးကမ်းပါ၊ ပူဇော်ပသပါ-ဟု မိန့်တော်မူပါသည်၊ ထိုပကြောင့် ဗုဒ္ဓဘာသာဖြစ်သော်လည်း ရိုးရာကို လုံးလုံးမပစ်ပယ်ပဲ နတ်အတွက်ပဲ သတ်သတ်၊ ဘုရားအတွက်ပဲ သတ်သတ် သတ်ဖြတ်မှုမှန်သမျှ အပြစ်ရှိသည်သာဖြစ်၍ ကြက်ဝက်ကို သတ်ခြင်းစသော အကုသိုလ်မှုများမှတပါး အခြားပူဇော်ပသမှုကို ပြုနိုင်ပါသည်၊ ကိုးကွယ်မဟုတ်သော ပူဇော်ပသမှုမျိုးတို့ကို ဘုရားသော်မှ ခွင့်ပြုကြောင်း မှတ်သားထားစေချင်ပါသည်၊ အထူးမှဩာသနာ့ရှေ့ဆောင်ဖြစ်သော သံဃာတော်များထံ အစဉ်ချဉ်းကပ်၍ ဗုဒ္ဓဘာသာဆိုင်ရာ ကျင့်သုံးဖွယ်ရာ သုတပဒေသာများကို ဆည်းပူးလေ့လာလျက် ဗုဒ္ဓဘာသာစစ်စစ် အစဉ်ဖြစ်နေရန် အားထုတ်၍ နေပါ-ဟု တိုက်တွန်းလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗုဒ္ဓဘာသာနှင့် ၃၇-မင်း နတ်များ

(မေး) (ဗုဒ္ဓဘာသာနှင့် ၃၇-မင်း နတ်များ)

အရှင်ဘုရား၊ ဗုဒ္ဓဘာသာဝင် အမည်ခံ အတော်များများ ၃၇-မင်းနတ် ကိုးကွယ်နေကြသည်၊

လက်ရှိကောင်းကင်ယံတွင် နေထိုင်ကြကုန်သော ဝိသာခါ ကျောင်းအမ၊ အနာထပိဏ်သူဋ္ဌေးကြီးကဲ့သို့

နတ်ပြည်နေ နတ်များကိုမူ ကိုးကွယ်သည်-ဟုတော့ မကြားတွေ့ရပါ၊

စင်စစ် ၃၇-မင်းနတ်များဒသည် အစိမ်းသေများဟု စပေလာရှိထားရာ ဗုဒ္ဓဘာသာဝင် အမြတ်စားဖြစ်လိုကြသူများ အတွက် ဆုံးမ ဖြေကြားပေးတော်မူပါဘုရား။

(ဦးစောဋ္ဌေး-တောင်ကြီး)

(ဖြေ)

ဝိသာခါ အနာထပိဏ်တို့သည် နိမ္မာနရတီ နတ်ပြည်၊ တာဝတိံသာ နတ်ပြည်ဟူသော နတ်ပြည်ခြောက်ထပ် အထက်တန်းစား နတ်မိဖုရားကြီး နတ်မင်းကြီးများ ဖြစ်နေကြသည်။

၄င်းတို့သည် လူ့ပြည်သို့ လာလေ့မရှိကြ၊ လူတို့၏ အနံ့ကို မခံနိုင်ကြပါ။ ယူဇနာပေါင်းများစွာမှပင် လူတို့အနံ့ဆိုးများက လှိုင်၍နေသည်-ဟု ဆိုကြသည်။

ဘုရား ရဟန္တာ သူတော်ကောင်းတို့၏ သီလရနံ့များကြောင့်သာ တခါတရံ လာရောက်နိုင်ကြသည်၊

ယခုခေတ် လူများသည် ၄င်းနတ်ကောင်း နတ်မြတ်များကို အဆင့်မမီနိုင်ကြ၊ လူ့ရွာရှိ ဖော်ပြပါ အစိမ်းသေ နတ်များလောက်သာ အဆင့်မီကြပြီး ထိုနတ်များကလည်း နတ်ဆိုးများပီပီ ထိုသူတို့အား မှီခိုနှိပ်စက်၍ စားနေကြသည်၊ လူတို့ကလည်း သူခိုး ဓားပြများကို ရိုက်နှက်မည်ကို စိုးရိမ်၍ ရှိခိုးနေကြသကဲ့သို့ ကိုးကွယ်ပသနေကြခြင်းသာ ဖြစ်ရာ ဗုဒ္ဓဘာသာ သူတော်ကောင်းတို့ အလုပ်မဟုတ်သဖြင့် ယင်းနတ်ဆိုးများအား အဆက်အဆံမလုပ်ဘဲ ကုသိုလ်တရားသာ အားထားလုပ်ဆောင်၍ အမျှအတန်း ပေးဝေနေသင့်ပါကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗုဒ္ဓဘာသာနှင့် သုံးဆယ့်ခုနစ်မင်း နတ်များ

(မေး) (ဗုဒ္ဓဘာသာနှင့် သုံးဆယ့်ခုနစ်မင်း နတ်များ)

အရှင်ဘုရား၊ ဗုဒ္ဓဘာသာဝင် အမည်ခံ အတော်များများ ၃၇-မင်းနတ် ကိုးကွယ်နေကြသည်။ လက်ရှိကောင်းကင်ယံတွင် နေထိုင်ကြကုန်သော ဝိသာခါ ကျောင်းအမ၊ အနာထပိဏ်သူဌေးကြီးကဲ့သို့ နတ်ပြည်နေ နတ်များကိုမူ ကိုးကွယ်သည်ဟုတော့ မကြားတွေ့ရပါ။ စင်စစ် ၃၇-မင်းနတ်များသည် အစိမ်းသေများဟု စာပေလာရှိထားရာ ဗုဒ္ဓဘာသာဝင် အမြတ်စားဖြစ်လိုကြသူများအတွက် ဆုံးမဖြေကြားပေးတော်မူပါဘုရား။

(ဦးစောဌေး-တောင်ကြီး)

(ဖြေ)

ဝိသာခါ၊ အနာထပိဏ်တို့သည် နိမ္မာနရတီနတ်ပြည်၊ တာဝတိံသာ နတ်ပြည်ဟူသော နတ်ပြည်ခြောက်ထပ် အထက်တန်းစား နတ်မိဖုရားကြီး၊ နတ်မင်းကြီးများ ဖြစ်နေကြသည်။ ၄င်းတို့သည် လူ့ပြည်သို့ လာလေ့မရှိကြ။ လူတို့၏ အနံ့ကို မခံနိုင်ကြပါ။ ယူဇနာပေါင်းများစွာမှပင် လူတို့အနံ့ဆိုးများက လှိုင်၍နေသည်ဟု ဆိုကြသည်။

ဘုရား ရဟန္တာ အရိယာ သူတော်ကောင်းတို့၏ သီလရနံ့များကြောင့်သာ တခါတရံ လာရောက်နိုင်ကြသည်။ ယခုခေတ်လူများသည် ၄င်းနတ်ကောင်း နတ်မြတ်များကို အဆင့်မမီနိုင်ကြ။ လူ့ရွာရှိ ဖော်ပြပါ အစိမ်းသေ နတ်များလောက်သာ အဆင့်မီကြပြီး ထိုနတ်များကလည်း နတ်ဆိုးများပီပီ ထိုသူတို့အား မှီခိုနှိပ်စက်၍ စားနေကြသည်။ လူတို့ကလည်း သူခိုး၊ ဓားပြများကို ရိုက်နှက်မည်ကို စိုးရိမ်၍ ရှိခိုးနေကြသကဲ့သို့ ကိုးကွယ်ပသနေကြရခြင်းသာ ဖြစ်ရာ ဗုဒ္ဓဘာသာ သူတော်ကောင်းတို့ အလုပ်မဟုတ်သဖြင့် ယင်းနတ်ဆိုးများအား အဆက်အဆံမလုပ်ဘဲ ကုသိုလ်တရားသာ အားထားလုပ်ဆောင်၍ အမျှအတန်း ပေးဝေနေသင့်ကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗုဒ္ဓဝင်သီချင်း

(မေး) (ဗုဒ္ဓဝင်သီချင်း)

အရှင်ဘုရား၊ ဗုဒ္ဓဝင်သီချင်းများ၊ ဓမ္မတေးများ စသော ဘာသာရေးတေးများကို ဥပုသ်သည်များ နားဆင်ခွင့် ရှိ-မရှိ သိလိုပါသည်ဘုရား။

(မိုးညိုမြ-ကယားရိုးမ)

(ဖြေ)

ဓမ္မတေး-ဟူရာ၌ ဓမ္မဂီတ-ဂီတဓမ္မ ဟူ၍ နှစ်မျိုးရှိပါသည်။ ပြဿနာရှင် တင်ပြသော ဗုဒ္ဓဝင်သီချင်း စသည်များမှာ ဓမ္မဂီတဖြစ်၍ ရတနာသုံးပါးအကြောင်းကိုပင် သာယာနာပျော်ဖွယ်ဖြစ်အောင် ရေးစပ်သီဆိုသော သီချင်းမျိုး ဖြစ်ပါသည်။ ငြိမ့်ညောင်းသော တီးလုံးများဖြင့် ညွတ်နူးစရာ သီချင်းမျိုးဖြစ်၍ ဆိုသူကလည်း အသံကို ဆွဲဆွဲငင်ငင်ဖြင့် နားထောင်ချင်စဖွယ် သီချင်းမျိုးဖြစ်ပါသည်။ ၄င်းကို ရဟန်းသာမဏေများ၊ ဥပုသ်သည်များ သီဆိုခြင်း၊ နားထောင်ခြင်း မပြုအပ်ပါ။ အချို့ ဓမ္မကထိကများ ပါဠိဂါထာများကိုပင် သီးချင်းဖြစ်အောင် ရွတ်ဆိုကြပါသည်။

ယင်းကိုလည်း ဂီတသရဖြစ်၍ နားမထောင်အပ်ပါ။ သီဆိုခြင်း၊ နားထောင်ခြင်းအတွက် အပြစ်မလွတ်ဟု ဆိုူပါသည်။ သို့သော် တရားနှင့်စပ်သော သီချင်းမျိုးကို ဂီတသံမဖြစ်စေဘဲ ရိုးရိုးသီဆိုခြင်း၊ ဖတ်ကြားခြင်းမျိုး၌မူ သံဝေဂဖြစ်ဖွယ်ဖြစ်၍ ဂီတဓမ္မအနေဖြင့် အပြစ်မရှိဟု ဆိုပါသည်။ ဥပမာ-တေဘုမ္မာ သီချင်းကြီးကို ဂီတသံမဖြစ်စေဘဲ ရိုးရိုးဖတ်ရွတ်ခြင်းမျိုးကိုကား သံဝေဂဖြစ်ဖွယ်ရှိ၍ နားထောင်နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗုဒ္ဓကောလာဟလ

(မေး) (ဗုဒ္ဓကောလာဟလ)

အရှင်ဘုရား၊ ဘုရားပွင့်တော်မူတော့မည်ဟူသော အုတ်အုတ်ကျက်ကျက် ပြောဆိုမှု (ဗုဒ္ဓကောလာဟလ) သည် အနှစ်တထောင်လောက်က စ၍ ဖြစ်ပေါ်နေသည်ဟု ဖတ်ရ မှတ်ရပါသည်။ ထိုကောလာဟလကို မည်သူတွေက စ၍ လွှင့်ပါသနည်းဘုရား၊ စာထဲမှာပါသည်ကို ဖော်ပြပါရန်။

(ခင်သိန်းဝင်း-ခေတ္တရာမြို့သစ်)

(ဖြေ) ဝဿသဟဿစ္စယေန ပန သဗ္ဗညုဗုဒ္ဓေါ၊ လောကေ ဥပ္ပဇ္ဇိဿတီတိ လောကပါလဒေဝတာ ဥဂ္ဃေါသေန္တိ ယော အာဟိဏ္ဍန္တိ။ (အပဒါန၊ဋ္ဌ၊၅၉) ဟု ဆိုပါသည်။

ထိုသို့ဆိုသဖြင့် လူတို့ပြည်ဝယ် အလုံးစုံသော တရားတို့ကို သိတော်မူသော သဗ္ဗညုမြတ်စွာဘုရား ပွင့်တော်မူလိမ့်မည် ဟူ၍ လောကပါလနတ်သားတို့သည် အမျိုးမျိုး အသွင်အပြင် ဝတ်ဆင်ကုန်လျက် လူ့ပြည်၌ လှည့်လည်၍ ကြွေးကြော်ကြသည်ဟု အပဒါန် အဋ္ဌကထာတွင် ဖော်ပြပါသည်။ ထိုဖော်ပြချက် အရ ဘုရားမပွင့်မီ အနှစ်တထောင်ခန့် က လောကကိုစောင့်ရှောက်ကြကုန်သော နတ်တို့ ကြွေးကြော်သတင်းလွှင့်ခဲ့ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗျာဒိတ်နှင့် သဗ္ဗညုတညာဏ်

(မေး) ၁။ ဂေါတမမြတ်စွာဘုရားသည် မည်သည့်ပုဂ္ဂိုလ်ကို ဘုရားဖြစ်ရန် ဗျာဒိတ်ပေးခဲ့သည်ကို ဖြေကြားပေးတော်မူပါရန်။

၂။ ပစ္စေကဗုဒ္ဓါများသည် သဗ္ဗညုတဉာဏ်ကို ရကြပါသလားဘုရား။

၃။ ပစ္စေကဗုဒ္ဓါ အလောင်းများသည် ပါရမီဘယ်နှစ်ပါး ဖြည့်ကျင့်ရသည်ကို ဖြေကြားတော်မူပါရန်။

(ကိုအောင်သန်းဦး)

လွန်ကန်ရွာ၊ ပုသိမ်အရှေ့မြို့နယ်။

(ဖြေ) ၁။ မြတ်စွာဘုရားတဆူက ဘုရားဖြစ်ရန် ဗျာဒိတ်ပေးခြင်းကို ယင်းဗျာဒိတ်ခံရသူ ဘုရားဖြစ်ရန် ပြန်ဟောမှ သိနိုင်ပါသည်။

မြတ်စွာဘုရား ကိုယ်တော်တိုင်က မည်သူ့အား ငါ-ဗျာဒိတ်ပေးလိုက်သည်-ဟု ဟောတော်မူရိုးမရှိ၍ ဂေါတမမြတ်စွာဘုရား ဗျာဒိတ်ပေးသည်ကို မသိနိုင်ပါ၊ ဗုဒ္ဓဝံသပါဠိ (ခု-၄-၃၈၃)တွင် အဟ မေ တရဟိ သမ္ဗုဒ္ဓေါ၊ မေတ္တေယျောစာပိ ဟေဿတိ-ဟု ပါရှိ၍ နောင် အရိမေတ္တေယျ မြတ်စွာဘုရား ပွင့်တော်မူလတံ့သည်ကို ဟောထားသည်မှာမူ ထင်ရှားပါ၏၊ ဗျာဒိတ်ပေးခြင်းကား မဟုတ်ပါ။

၂။ ပစ္စေကဗုဒ္ဓါတို့ရသောဉာဏ်ကို သဗ္ဗညုတဉာဏ်-ဟု မဆိုပါ၊

ပစ္စေကဗောဓိဉာဏ်-ဟုသာ ဆိုရပါသည်၊

သဗ္ဗညုတဉာဏ်အောက် အဆင့်နိမ့်၍ အဂ္ဂသာဝက ဗောဓိဉာဏ်တို့ထက် အဆင့်မြင့်ပါသည်။

၃။ ဗုဒ္ဓအလောင်းအလျာ၊ ပစ္စေကဗောဓိအလောင်းအလျာ၊ အဂ္ဂသာဝက, မဟာသာဝက, ပကတိသာဝက အလောင်းအလျာ အားလုံးပင် ဒါနစသော ပါရမီ ၁၀-ပါးကို ဖြည့်ကျင့်ရသည်ချည်း ဖြစ်ပါသည်၊

ပါရမီအနေနှင့် အလျော့အနည်း မရှိ၊

ဗုဒ္ဓအလောင်းတော်များမှာ တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်း,

ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း,

လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၍

ပစ္စေကဗုဒ္ဓါလောင်းလျာများမှာ နှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရသဖြင့်

ပါရမီဖြည့်ရာကမ္ဘာ နည်းပါးမှုသာကွားခြားပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပြိတ္တာများ တရားထူး ရနိုင် မရနိုင်

(မေး) (ပြိတ္တာများ တရားထူး ရနိုင် မရနိုင်)

တန်ခိုးကြီးသော အဆင့်မြင့် ပြိတ္တာများ တရားအားထုတ်၊ ဥပုသ်စောင့်၊ တရားနာကြသည်ဟု ကြားဖူးပါသည်။ မဂ်ဖိုလ်ရော ရနိုင်ပါသလား။ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။

(အရှင်သုမန-ပြည်မြို့)

(ဖြေ)

ပြိတ္တာမျိုးတို့တွင် ဝိနိပါတိက အသုရာ နှင့် ဝေမာနိကပြိတ္တာ ဟူ၍ခေါ်သော စတုမဟာရာဇ် နတ်မျိုးဝင် ပြိတ္တာများသည် အချို့မှာ အပါယ်ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ မဂ်ဖိုလ်ရနိုင်ခွင့်ရှိသော ဉာဏ်နှင့်ယှဉ်သော တိဟိတ်ပဋိသန္ဓေစိတ်မျိုးဖြင့် ပဋိသန္ဓေနေကြပါသည်။

အပါယ်ပဋိသန္ဓေစိတ်နှင့် ဉာဏ်နှင့်မယှဉ်သော ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ဝိနိပါတိက အသုရာနှင့် ဝေမာနိက ပြိတ္တာတို့မှာ မဂ်ဖိုလ်တရားထူးများ မရရှိနိုင်ပါ။ ဉာဏ်နှင့်ယှဉ်သော တိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ဝိနိပါတိက အသုရာနှင့် ဝေမာနိကပြိတ္တာ တို့မှာမူ တရားနာကြားခွင့်၊ တရားနှလုံးသွင်းခွင့်များ ရခဲ့လျှင် မဂ်ဖိုလ်တရားထူးများ ရရှိနိုင်ပါသည်။

ဥပမာအားဖြင့်-ဓမ္မပဒ၌ လာသော ဝေမာနိကမျိုးဝင် ကာလယက္ခိနီ ဘီလူးမသည် ကလေးမွေးတိုင်း မွေးတိုင်း စားနေသည်။ ထို့နောက် ဘုရားရှင်၏တရား နာရ၍ သောတာပန် တည်လေ၏၊ ယက္ခသံယုတ်၌လာသော အာဠာဝက ဘီလူး၊ ပိယင်္ကရမာတာ၊ ပုနပ္ဗသု ဘီလူးများသည်လည်း တရားနာရ၍ မဂ်ဖိုလ်တရားထူးများ ရကြပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဘဘုန်း

(မေး) (ဘဘုန်း)

အရှင်ဘုရား ရဟန်းတော်များကို ထေရ်ကြီး ဝါကြီးဖြစ်လျှင် ဘုန်းဘုန်း၊ ဘဘုန်း၊ ဘဘုရား စသည်ဖြင့် မခေါ်ဝေါ် မပြောဆိုရလို့ ဆိုကြပါတယ်။ ဘဘုန်းဟု ခေါ်သူများ ရှိပါသည်။ ဤသို့ခေါ်သူသည် အပြစ် ရှိ-မရှိ ခေါ်ဝေါ်သင့်-မသင့် ကို ဖြေကြားပေးတော်မူပါဘုရား။

(မလှဥမ္မာ-ထီးချိုင့်မြို့)

(ဖြေ)

သံဃာတော်နှင့် ရင်းနှီးခင်မင်သူ ကလေးအရွယ်များက ဤသို့ခေါ်ဝေါ်တတ်ကြပါသည်။ မရိုသေမှု မဟုတ်၍ အပြစ်မရှိပါ။

မြတ်စွာဘုရားရှင်အား နကုလပိတာ နကုလမာတာတို့က အလွန်ကြည်ညိုမြတ်နိုးလှသဖြင့် သားတော်ဘုရား၊ အဖေတို့ အမေတို့ကို ခွဲခွါ၍ ဤမျှကြာအောင် အဘယ့်ကြောင့်နေပါသနည်း-စသည်ဖြင့် လျှောက်ထားသည်။

ထိုအခါ ရဟန်းများက မေးလျှောက်ရာ မြတ်စွာဘုရားက-ဤနကုလပိတာ နကုလမာတာ သီတင်းသည် ဇနီးမောင်နှံသည် ရှေးရှေးဘဝငါးရာက ငါဘုရားနှင့် မိဘတော်ခဲ့ဖူးခြင်း ဦးကြီး မိကြီးတော်ခဲ့ဖူးခြင်းတို့ကြောင့် ဤသို့ ခေါ်ဝေါ်ခြင်းဖြစ်သည်-ဟု ဟောတော်မူသည်။ ယင်းသို့ခေါ်ဝေါ်မှုကို ခွင့်ပြုတော်မူခဲ့ပါသည်။

ထို့ကြောင့် ဘဘုန်း၊ ဘဘုန်းဘုရား ဟု ခေါ်ဆိုခြင်းအတွက် အပြစ်မရှိပါ။ ထိုခေါ်ဝေါ်မှုကို ရှမ်းပြည်နယ် တနယ်လုံးပင် အလေ့အလာ ရှိကြပါသည်။ မြန်မာနိုင်ငံရှိ ငယ်ရွယ်သော ယောကျ်ားကလေး၊ မိန်းကလေးများလည်း အလေ့အလာ ရှိကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘယ-လာဘ-ကုလာစာရ

(မေး) (ဘယ-လာဘ-ကုလာစာရ)

အရှင်ဘုရား၊ ဘယ-လာဘ၊ ကုလာစာရ၊ ဤသုံးဝမှ၊ ရှင်းပကင်းကွာ၊ ရှိခိုးပါ၏-ဟူသောစကား၌ ပါဝင်သော ဘယ လာဘ ကုလာစာရ ဆိုသည်တို့ကို သိသာထင်ရှားအောင် ရှင်းပြဖြေကြားစေလိုပါသည်ဘုရား။

(ဒေါ်အေးသန်း-လှိုင်သာယာ)

(ဖြေ)

ကြောက်ရွံ့၍၊ လာဘ်ရလို၍၊ အမျိုး၏ အလေ့အကျက်ဖြစ်၍ဟု ဆိုလိုပါသည်။

သိသာအောင် ဖြေဆိုရလျှင် -

ဥပမာ-ဘုရားရှိခိုးရာ၌ မင်းကို ဘုရားရှိမခိုးလျှင် သတ်မည်ဆို၍ ကြောက်ရွံ့ပြီး ဘုရားရှိခိုးရခြင်းသည် ဘယကြောင့် ရှိခိုးခြင်းဖြစ်သည်။

မင်း နံနက်တိုင်း ဘုရားရှိခိုးလျှင် တနေ့ ငွေတဆယ်ပေးမည်ဆို၍ ငွေတဆယ် နေ့စဉ်ရအောင် ရှိခိုးခြင်းသည် လာဘကြောင့် ရှိခိုးခြင်းဖြစ်သည်။

မိဘစဉ်ဆက်က မှန်မှန် ဘုရားရှိခိုး၍ (မိရိုးဖလာထုံးစံရှိ၍) မိဘအမှုအကျင့်အတိုင်း ရှိခိုးခြင်းသည် ကုလာစာရကြောင့် ရှိခိုးခြင်း ဖြစ်သည်။

ထိုသုံးမျိုးမှ လွတ်ကင်း၍ မိမိကြည်ညိုသဒ္ဓါ စစ်မှန်စွာဖြင့် နံနက်-ည မှန်ကန်စွာ ရှိခိုးခြင်းသည်သာ ဗုဒ္ဓဘာသာတို့၏ အလေ့အကျင့် ဖြစ်သည်ဟု ဆိုပါသည်။ ထို့အတူ ဒါန၊ သီလ၊ ဘာဝနာ တို့ကို အားထုတ်ရာ၌လည်း ဘယ၊ လာဘ၊ ကုလာစာရ ကင်းစွာ သဒ္ဓါ ပညာ ရှေ့သွားပြု၍ ဂရုတစိုက် ပြုလုပ်ရန် လိုအပ်ပါကြောင်း ဖြေဆိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘရားများနှင့် မယ်တော်

(မေး) (ဘရားများနှင့် မယ်တော်)

အရှင်ဘုရား၊ ဂေါတမဘုရားရှင်သည် နတ်ပြည်တက်၍ မယ်တော်ဖြစ်ဖူးသော နတ်သားကို တရားဟောသည်ဟု စာပေများတွင် ဖတ်ရှုရပါသည်။ မယ်တော်ဖြစ်ဖူးသော နတ်သားသည် တရားနာရသော်လည်း ကျွတ်တမ်းမဝင် ဟု ထင်ပါသည်။ တပည့်တော်ကြားဖူးသည်မှာ မယ်တော်မာယာဒေဝီ မိဖုရားကြီးသည် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရာငါးဆူလုံး၏ မယ်တော်ဖြစ်ရပါလို၏ဟု ဆုတောင်းထား၍ အရိမေတ္တေယျ ဘုရားလောင်း ကို ဖွားမြင်ပြီးမှ ကျွတ်တမ်းဝင်မည်ဟု ကြားသိဖူးပါသည်။ မှန်-မမှန် ကျမ်းအကိုးအကားနှင့် ရှင်းလင်းဖြေကြား ပေးတော်မူပါဘုရား။

(ဦးမြဟန်-ရန်ကုန်မြို့)

(ဖြေ)

မမှန်ပါ၊ ဘုရားလောင်းကို မွေးဖွားပြီးသော မယ်တော်သည် ၇-ရက်မျှသာ လူ့ဘုံ၌ နေ၍ နတ်ရွာစံရသည်။ တုသိတာနတ်ပြည်၌ ဖြစ်မြဲဖြစ်သည်။ အဘယ့်ကြောင့် ၇-ရက်မျှသာ နေရသည်ဆိုသော် ဘုရားတဆူ ကိန်းပြီးသော မယ်တော်ဝမ်းတိုက်သည် စေတီကိန်းသော စေတီတိုက်နှင့်တူ၏၊ စေတီထိုက်သောနေရာသည် တပါးသောသူတို့ သန္ဓေယူ ကိန်းအောင်းခြင်းငှါ၄င်း၊ သုံးဆောင်ခြင်းငှါ၄င်း၊ မထိုက်တော့ပေ။ ထို့ကြောင့် ၇-ရက်မျှသာနေ၍ တုသိတာနတ်နန်းသို့ စံမြန်းရမြဲ ထုံးစံဖြစ်လေ၏၊

မယ်တော်မာယာ၏ ရှေးဘဝအစဉ်အဆက်ကိုကြည့်လျှင် ဝိပဿီမြတ်စွာဘုရားလက်ထက်တွင် ဗန္ဓုမမင်းကြီး၏ သမီးကြီးဖြစ်ပြီး ဘုရားရှင်အား စန္ဒကူးမှုန့်ဖြင့် ပူဇော်၏၊ ကျောင်းတော်ကိုလည်း စန္ဒကူးမှုန့်တို့ဖြင့် ကြဲ၍ ပူဇော်၏၊ နောင်အခါ မြတ်စွာဘုရားရှင်၏ မယ်တော်ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့၏၊

တဖန် ကဿပဘုရားရှင်လက်ထက၌ ကိကီမင်းကြီး၏ သမီးတော် ၇-ဖော်တွင် သုဓမ္မာ မည်သော သမီးဖြစ်၍ အသက်ထက်ဆုံး အဗြဟ္မစရိယသိက္ခာပုဒ် ထိန်းသိမ်း၍ နေသွားခဲ့၏၊ ထို့နောက် ဝေဿန္တရာဇာတ်တော်၌ မယ်တော်မာယာလောင်းသည် ဝေဿန္တရာမင်းကြီး၏ မယ်တော် ဖုဿတီ မိဖုရားကြီး ဖြစ်လာ၏၊ ငါတို့ဂေါတဘုရားလက်ထက်တွင် ဂေါတမဘုရား၏ မယ်တော်မာယာ ဖြစ်လာသည်ဟုဆိုသဖြင့် ဘုရားငါးဆူလုံး၏ မယ်တော်ဖြစ်ရမည်ဆိုလျှင် ကဿပဘုရားရှင်၏ မယ်တော်လည်း ဖြစ်ရမည်သာ။ ထိုသို့ကား မဖြစ်ခဲ့။ ကဿပဘုရားရှင်လက်ထက်တွင် ကိကီမင်းကြီး၏ သမီးတော် ၇-ဖော်တွင် သုဓမ္မာမည်သော သမီးဖြစ်၍ အသက်ထက်ဆုံး အဗြဟ္မစိရိယသိက္ခာပုဒ် ထိန်းသိမ်းသော အပျိုစင်ဘဝဖြင့် နေထိုင်သွားခဲ့၏၊ ကဿပဘုရား၏ မယ်တော်သာ ဖြစ်ရရိုးမှန်လျှင် မွေးဖွားပြီး ၇-ရက်သာနေ၍ နတ်ရွာစံရမည်သာ ဖြစ်လေသည်။ ဤအချက်ကိုထောက်၍လည်း မမှန်ကန်ကြောင်း သိသာလှပါသည်။

(သုတ်မဟာဝါ၊ဋ္ဌ၊မဟာပဒါနသုတ်နှင့် ဝေဿန္တရာဇာတ်တို့၌ ဖော်ပြချက်အရ ဖြစ်သည်)။

ထို့ပြင် ဘုရားရှင်တို့သည် သူ့ခမည်းတော်၊ မယ်တော် အသီးသီးရှိကြကုန်၏၊ ဗုဒ္ဓဝင်ပါဠိ၌-

(က) ကကုသန်-ခမည်းတော် ပုဏ္ဏားမျိုး အဂ္ဂိဒတ္တ။ မယ်တော် ဝိသာခါ။

(ခ) ကောဏာဂုံ-ခမည်းတော် ပုဏ္ဏားမျိုး ယညဒတ္တ။ မယ်တော် ဥတ္တရာ။

(၈) ကဿပ-ခမည်းတော် ပုဏ္ဏားမျိုး ဗြဟ္မဒတ္တ။ မယ်တော်-ဓနဝတီ။

(ဃ) ဂေါတမ-ခမည်းတော် မင်းမျိုး သုဒ္ဓေါဒန။ မယ်တော် မာယာဒေဝီ။

(င) အရိမေတ္တေယျ-ပုဏ္ဏားမျိုး သုဗြဟ္မာ။ မယ်တော် ဗြဟ္မဝတီ တို့ဖြစ်သည်။

အထက်လေးဆူကို ဗုဒ္ဓဝင်ပါဠိ၌ပြပြီး အရိမေတ္တေယျ အကြောင်းကိုကား ဝိသုဒ္ဓ်မဂ် ဋ္ဌ-အနာဂတံသဉာဏ် အဖွင့်တွင် အနာဂတေ မေတ္တေယျောနာမ ဘဂဝါ ဥပ္ပဇ္ဖိဿတိ၊ သုဗြဟ္မာ နာမဿ ဗြဟ္မဏော၊ ပိတော ဘဝိဿတိ။ ဗြဟ္မဝတီနာမ ဗြဟ္မဏီ မာတာတိ-ဟု မဟာဝင်၊ ထူပဝင်၊ အနာဂတဝင်ကျမ်းတို့၌လည်း သိဝုဒ္ဓိမဂ်နှင့်အတူ ပြဆိုထားသဖြင့် ခမည်းတော် မယ်တော် သီးခြားစီသာ ဖြစ်ကြကုန်၏၊

မယ်တော်တဦးတည်းဖြစ်သည်ဟု ပြဆိုထားသော ကျမ်းဂန်မရှိ၍ မမှန်ကန်ကြောင်း မှတ်ယူရာ၏၊

မယ်တော်ဖြစ်ဖူးသော သန္တုတိနတ်သားသည် အဘိဓမ္မာတရားကို နာကြား၍ သောတာပန်အဖြစ်သို့ ရောက်ရှိခဲ့သည်။ အထက်မဂ်ဖိုလ်အဆင့်ဆင့်သို့ တက်ရောက်ပြီး နိဗ္ဗာန်ဝင်မည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဘွဲ့အမည်တော်များ

(မေး) အောက်ပါ ဘွဲ့တံဆိပ်တော်နှင့် အမည်များ၏ အဓိပ္ပါယ်ကို ရှင်းလင်းပြပေးတော်မူပါဘုရား။

(၁) အဘိဓဇမဟာရဋ္ဌဂုရု

(၂) အဂ္ဂမဟာပဏ္ဍိတ

(၃) အဘိဝံသ

(၄) အလင်္ကာရ

(၅) ဘဒ္ဓန္တ

(မောင်ရွှေပြည်စိုး-၁၇၈၊ ကမ်းနားလမ်း ပန်းတနော်)

(ဖြေ)

(၁) အလွန်မြင့်မားစွာ စိုက်ထူအပ်သော တံခွန်အလံသဖွယ် ကြီးကျယ်မြင့်မြတ်တော်မူသည့် နိုင်ငံတော်၏ ဆရာသခင်

အရှင်မြတ်-ဟု ဆိုလိုပါသည်။

(၂) အလွန်မြင့်မြတ် ကြီးကျယ်သော ပညာရှိ မထေရ်မြတ်-ဟု ဆိုလိုပါသည်။

(၃) မန္တလေးမြို့ သကျသီဟစာမေးပွဲ၊ ရန်ကုန်မြို့ စေတိယင်္ဂဏ စာမေးပွဲ စသော ပရိယတ္တိစာမေးပွဲကြီးတို့မှ

အောင်မြင်တော်မူသော ရဟန်းတော်များအား ဆက်ကပ်သော ဘွဲ့-ဖြစ်သည်။

(၄) မန္တလေး၊ ပဲခူး၊ ရန်ကုန် စသည်တို့တွင် ကျင်းပသော သာမဏေကျော် စာမေးပွဲများတွင် အောင်မြင်တော်မူသော သာမဏေများအား ယင်းအသင်းအဖွဲ့များက ဆက်ကပ်သောဘွဲ့ ဖြစ်သည်။

ယင်း ၃-နှင့် ၄-ဘွဲ့များကို မူလဘွဲ့တော်နှင့် ဆက်၍ခေါ်ဝေါ်ရသဖြင့် မူလဘွဲ့ ဦးပဏ္ဍိတ, ရှင်ပဏ္ဍိတ ဖြစ်လျှင်

ဦးပဏ္ဍိတာဘိဝံသ, ရှင်ပဏ္ဍိတာလင်္ကာရ-ဟူ၍ ဖြစ်သည်။

(၅) ဘဒ္ဓန္တ-ဟူသည်မှာ ပေးအပ်သော ဘွဲ့ထူး ဂုဏ်ထူး မဟုတ်၊ လေးစားရိုသေအပ်သော ဆရာတော် သံဃာတော်တို့အား ဘွဲ့တော်၏ရှေ့မှ ဦး, အရှင်-တို့အစား ရေးသား ခေါ်ဝေါ်အပ်သော အသုံးအနှုန်း ဖြစ်ပါသည်၊

ဦးပဏ္ဍိတ-ဟုဆိုလျှင် ဘဒ္ဒန္တ ပဏ္ဍိတ-ဟု ဆိုပါသည်။

ဦး အရှင်တို့အစား ပါဠိဘာသာဖြင့် ခေါ်ဆိုခြင်းဖြစ်ပါသည်။

(ဘဒ္ဒန္တ တိလောကသာရ-ဖြေသည်)

************************************************************

ဘာလီဖျော်ရည်

(မေး) (ဘာလီဖျော်ရည်)

အရှင်ဘုရား၊ ကျောင်းတကျောင်း ရဟန်းခံသိမ်ဆင်းတွင် သံဃာတော်များအား

ဘာလီဖျော်ရည် ဆက်ကပ်ရာ၌ တကြိမ်၊

တပည့်မကိုယ်တိုင် သီလရှင်ဝတ်ရာ၌ တကြိမ်၊

ဘာလီဖျော်ရည်ကို ရဟန်းသံဃာ သီလရှင် ဥပုသ်သည်တို့ ညနေပိုင်း၌ မသောက်ကောင်း၊

အခြားအဖျော်ရည်ကိုသာ သောက်ကောင်းသည်ဟု ပြောဆိုသည်ကို ကြားရပါသည်၊ အဘယ်ကြောင့် ဘုန်းတော်ကြီးကျောင်းများမှာ အဆိုပါ (ဘာလီဖျော်ရည်) ကို မသုံးဆောင်ရန် တားမြစ်သည်ကို သိလိုပါသည်အရှင်ဘုရား။

(တင်မာဝင်း-ဒဂုံမြို့သစ် မြောက်ပိုင်း၊ ရန်ကုန်မြို့)

(ဖြေ)

ဘာလီ ဟူသည်မှာ ဘာလီဆန်စပါး၏ အမည်တမျိုးဖြစ်၍ ယင်းဘာလီဖျော်ရည်ကို ဘာလီဆန်စပါးနှင့် ဖော်စပ်ပြုလုပ်သည်ဟု ယူဆလျက် တားမြစ်ဟန်တူပါသည်၊

ဘာလီရည်ပုလင်းတွင်လည်း ယင်းစပါးနှံပုံ ပါရှိသည်ကို တွေ့ရပါသည်၊ စုံစမ်းကြည့်ရာ ဘာလီရည်ကို ဆန်စပါးတို့ဖြင့် ဖျော်စပ်ပြုလုပ်သည်မဟုတ်၊ သံပုရာရည်၊ သကြား စသည်တို့ဖြင့်သာ ဖော်စပ်ကြောင်း၊ ဘာလီမှာ ဘာလီစပါးနှံကို တံဆိပ်ပြုလုပ်သဖြင့် အမည်တွင်နေခြင်းသာဖြစ်ကြောင်း၊ သံဃာတော်များ ညနေ၌ သောက်သုံးနိုင်ကြောင်း သိရပါသည်၊ ဤခေတ် ဖျော်ရည်များမှာ အသီးစုံကို ပြုလုပ်ကြသဖြင့် အချို့တွင် (စပရိုက် စသည်) သခွားရည်ထည့်သွင်း၍ ပြုကြောင်း သိရသဖြင့် (ထန်း အုန်း နှစ်တွဲ၊ ပိန္နဲ နှစ်စုံ၊ ဘူး ဖရုံ၊ မှတ်တုံ သုံးသခွား) ဟူသော ဖျော်ရည်မအပ်သော အသီးရည်များရှိနိုင်၍ သံဃာတော်များ ဥပုသ်သည်များ ညနေပိုင်း သောက်သုံးမှုတို့တွင် စိစစ်နိုင်လေ ကောင်းလေပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘာသာ ၂-မျိုး၊ ၃-မျိုး ကိုးကွယ်လျှင်

(မေး) (ဘာသာ ၂-မျိုး၊ ၃-မျိုး ကိုးကွယ်လျှင်)

ဆရာတော်ဘုရား ဘာသာ ၂-မျိုး၊ ၃-မျိုးတွဲ၍ ကိုးကွယ်လျှင် ရနိုင်ပါသလား၊ ဤသို့ ကိုးကွယ်သူသည် ဗုဒ္ဓဘာသာအရ သရဏဂုံ တည်နိုင်ပါမည်လား ဖြေကြားတော်မူပါဘုရား။

(မစန်းစန်းမြ-ပန်းဆွဲလမ်း၊ သုံးဆယ်မြို့)

(ဖြေ)

ကိုးကွယ်မှု ဟူသည် မိမိစိတ်က အကြွင်းမဲ့ယုံကြည်မှု ရှိမှသာ အစစ်အမှန် ဖြစ်နိုင်ပါသည်။ အချို့ ဗုဒ္ဓဘာသာ အမည်ခံသူများသည် မိဘရိုးရာက ဗုဒ္ဓဘာသာဖြစ်၍သာ ဗုဒ္ဓဘာသာဖြစ်နေကြသည်၊ ရတနာသုံးပါး၌ ခိုင်မြဲသော သဒ္ဓါတရား မရှိကြပါ၊ ထိုသူတို့အဖို့ သီလစသော တရားများလည်း မစွဲမြဲနိုင်ကြဘဲ ဟိုဘာသာ သည်ဘာသာ ရောကာ ယောင်ကာနှင့် ဘာသာနှစ်မျိုး သုံးမျိုး ပြောင်းလဲ၍ နေကြသည်။

သရဏဂုံ ဟူသည်မှာ မိမိစိတ်ထဲ နှလုံးထဲမှ နှစ်နှစ်ကာကာ ယုံကြည်စွဲမြဲမှု ရှိမှသာ ဖြစ်သည်၊ ထိုသို့ ဘာသာနှစ်မျိုး သုံးမျိုး ကိုးကွယ်သူ၌ သရဏဂုံ တည်ရှိနေသည်ဟု မဆိုနိုင်ပါ၊ ထို့ပြင် ဗုဒ္ဓဘာသာ၌ သရဏဂုံ တည်တံ့သော ဥပါသကာ စစ်စစ်ဟူသည်မှာ-

(၁) ရတနာသုံးပါး၊ ကံ ကံ၏အကျိုးကိုသာ ယုံကြည်ခြင်း။

(၂) ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသော အကျင့်သီလနှင့် ပြည့်စုံခြင်း။

(၃) နတ်၊ ဂိုဏ်း၊ ဝိဇ္ဇာ၊ ဗေဒင်၊ ယတြာ စသော အယူတို့ကို မစွဲမယူခြင်း။

(၄) လောကီမင်္ဂလာတို့ကို မယုံကြည်ခြင်း။

(၅) ဗုဒ္ဓသာသနာတော်တွင်း၌သာ ကောင်းမှုကို ရှာမှီးခြင်း ဤငါးမျိုးနှင့် ပြည့်စုံရပေမည်။

ထိုမှတပါးလည်း အတ္တသန္နိယျာတန သရဏဂုံ-ရတနသုံးပါး၌ မိမိခန္ဓာကိုယ်ကို စွန့်လွှတ်အပ်နှင်း၍ ကိုးကွယ်ခြင်းစသော သရဏဂုံ ခံယူမှုမျိုးတို့ကို ထောက်ဆက ဘာသာ ၂-မျိုး၊ ၃-မျိုး ကိုးကွယ်သူဟူ၍ မရှိသင့်ကြောင်း ထင်ရှားလှပါသည်၊

အချုပ်မှာ-ဗုဒ္ဓဘာသာ ဟူသည် ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊

ဓမ္မော မေ ဥရဏံ အညံ နတ္ထိ၊

သံဃော မေ သရဏံ အညံ နတ္ထိ၊

ဘုရား တရား သံဃာ ရတနာသုံးပါးမှတပါး ကိုးကွယ်ရာမရှိ-ဟူ၍ ခံယူထားသူသာ ဖြစ်သင့်ကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘာသာရေး ပြဿနာ ၁

ဘာသာရေး ပြဿနာ (၁)

(မေး) (ကံ ကမ္မ)

၁။ သားသမီးတို့၏ ကံ ကမ္မသည် ၄င်းမိဘတို့၏ ကံ ကမ္မနှင့် တူ-မတူ၊

၂။ မိဘက နူသည်ဖြစ်စေ၊ ရောဂါဆိုး ကပ်သည်ဖြစ်စေ၊ ရူးသည်ဖြစ်စေ ထိုသူတို့မှ ပေါက်ဖွားသော သား သမီးတို့မှာ ဆေးကျမ်းပညာအရ ကူးတတ်သည်၊ ရူးတတ်သည်၊ ဆိုကြသည်၊ ကံ ကမ္မချင်း မတူကြလျှင် မည်သည့်အတွက်ကြောင့် နူနိုင် ရူးနိုင် ကူးနိုင်ကြပါသနည်း။

(ပြင်သစ် ပညာရှိများ)

(ဖြေ)

၁။ သား သမီးတို့၏ ကံ ကမ္မသည် ၄င်းမိဘတို့၏ ကံ ကမ္မ နှင့် တူသည်လည်း ရှိ၏၊ မတူသည်လည်း ရှိ၏၊

တူ မတူဆိုသည်ကား အားရှိ အားမဲ့ချင်း တူ-မတူကို ဆိုလိုသည်။

ငါတို့ဘုရားလောင်း သိဒ္ဓတ္ထမင်းသား၏ ကံ ကမ္မနှင့် အမိ မယ်တော်မာယာ၊ အဖ သုဒ္ဓေါဒနမင်းကြီးတို့၏ ကံ ကမ္မသည် မတူကြ။

သိဒ္ဓတ္ထမင်းသား၏ ကံ ကမ္မသည် အလွန်ကြီး၏၊ အလွန်အားရှိ၏၊ ၄င်းသိဒ္ဓတ္ထမင်းသား၏ ကံ ကမ္မနှင့် နှိုင်းယှဉ်သော် မယ်တော် ခမည်းတော်တို့၏ ကံ ကမ္မသည် အလွန်ငယ်၏၊ အလွန်အားမဲ့၏၊ ဤကား မတူရာ သက်သေတည်း။

တူရာ၌ သက်သေမူကား -

လောက၌ မြော်မြင်ဖွယ် အလွန်ပေါများလေပြီ၊ မျက်မြင်ဘဝ၌ အကျိုးပေးကြပုံချင်း တူ-မတူကို ထောက်မြော်၍ ကံ ကမ္မချင်း တူ-မတူကို ဆိုနိုင်ခွင့် ရှိလေသည်။

၂။ အမိ၏ ဥတုအတွက်၊ အဖ၏ ဥတုအတွက်ကြောင့် သားသမီးတို့မှာ နူနိုင်၊ ရူးနိုင်၊ ကူးနိုင်လေသည်။

ဤအရာ၌ ပန်းပင်ငယ် ဥပမာကို ထောက်ရှုရာ၏၊

အလွန်မြေဩဇာ၊ ရေဩဇာ ညံ့ဖျင်းလှသော မြေအရပ်တခု၊

အလွန်မြေဩဇာ၊ ရေဩဇာ ကောင်းမွန်လှသော မြေအရပ်တခု ရှိသည်ဆိုအံ့၊

တခုသော ပန်းမျိုးစေ့ကို ရရှိ၍ ညံ့ဖျင်းလှသော မြေအရပ်၌ စိုက်ပျိုးခဲ့ပါမူ တထွာခန့်မျှ ရှိလျှင် နာ၍၊ နူ၍ နေတတ်၏၊

ထိုမျိူးစေ့ကိုပင် ကောင်းမွန်သော မြေအရပ်၌ စိုက်ပျိုးခဲ့ပါမူ တတောင်ခန့်မျှ ကြီးပွား၍ နာမှု၊ နူမှု ကင်းရှင်းလျက် အလွန် လန်းရွှင်တတ်၏၊

မျိုးစေ့တခုတည်းဖြစ်ပါလျက် အဘယ့်ကြောင့် ပန်းပင်ချင်းမတူကြလေသနည်း၊ မြေအတွက် ရေအတွက်ကြောင့် ပန်းပင်ချင်း မတူ ရှိကြလေသည်။

အလားတူပင် ရှေးကံဟောင်းသည် ပန်းမျိုးစေ့နှင့်တူ၏၊

အမိ၏ အသွေးအသားစုသည် ပန်းမျိုးစေ့ စိုက်ပျိုးရာ မြေအရပ်နှင့်တူ၏၊

အဖ၏ သွေးသားစုသည် ထိုမြေအရပ်၌ ကျရောက်သော ရေနှင့်တူ၏၊

ပန်းမျိုးစေ့၏ အဖို့သည် ပန်းပင်ငယ်မှာ ၁၀-ဖို့တွင် ၁-ဖို့ခန့် ပါဝင်၏၊

မြေ၏အဖို့သည် ပန်းပင်ငယ်မှာ ၁၀-ဖို့တွင် ၆-ဖို့ ပါဝင်၏၊

ရေ၏အဖို့သည် ပန်းပင်ငယ်မှာ ၁၀-ဖို့တွင် ၃-ဖို့ခန့် ပါဝင်၏၊

မြေအဖို့ ရေအဖို့ ဆိုသည်ကား ပန်းပင်ငယ်တို့၌ မြေ ရေ တို့မှ လိုက်ပါကြသော အဆင်း သဏ္ဍာန် ရသ ဩဇာတို့၏ ကောင်းခြင်း-မကောင်းခြင်းတို့ ဖြစ်သည်၊ ကံ နှင့် မိဘ သားသမီးတို့မှာလည်း ထိုနည်းအတူ မှတ်ပါ။

မိဘတို့၏အဖို့ ဆိုသည်ကား မိဘတို့သည် လူဖြစ်ကုန်အံ့၊ သားသမီးတို့သည် လူသဏ္ဍာန် ဖြစ်ကြရကုန်၏၊

မိဘတို့သည် နွားဖြစ်ကြကုန်အံ့၊ သားသမီးတို့သည် နွားသဏ္ဍာန် ဖြစ်ကြရကုန်၏၊

လူတို့တွင်လည်း မိဘတို့တွင် တရုတ်လူမျိုးဖြစ်ကုန်အံ့၊ သားသမီးတို့သည် တရုတ်လူမျိုးသဏ္ဍာန် ဖြစ်ကြရကုန်၏၊

မိဘတို့သည် ကုလားလူမျိုး ဖြစ်ကြကုန်အံ့၊ သားသမီးတို့သည် ကုလားလူမျိုးသဏ္ဍာန် ဖြစ်ကြရကုန်၏၊

အနာရောဂါတို့သည်လည်း ထိုမိဘအဖို့တွင် ပါဝင်လျက်ရှိကုန်၏၊

ထို့ကြောင့် မိဘတို့၏ကံနှင့် သားသမီးတို့၏ ကံသည် မတူကြကုန်သော်လည်း အတန်ငယ်မျှ ကြီးမြတ်ကြကုန် ငြားသော်လည်း မိဘတို့၏အဖို့ကို မလွန်ဆန်နိုင်၊ မခုခံနိုင်။

မိဘနူလျှင် သားသမီး နူတတ်၏၊

မိဘရောဂါသည် ဖြစ်ခဲ့လျှင် သားသမီးလည်း ကြီးလျှင် ရောဂါသည် ဖြစ်တတ်၏၊

မိဘရူးလျှင် သားသမီးလည်း ကြီးလျှင် ရူးတတ်၏၊

မိဘတို့၏ကံထက် အလွန်အားကြီးသော ကံ ရှိမှသာလျှင် သားသမီးသဏ္ဍာန်၌ မိဘတို့မှ လိုက်ပါသော ဓာတ်ဆိုး ဓာတ်ဝါးတို့၏ ပွားစည်းခြင်းကို လွန်ဆန်နိုင်၏၊ ခုခံနိုင်၏၊

ဆေးကောင်းဝါးကောင်းတို့ဖြင့် ကိုယ်သဏ္ဍာန်၌ ဓာတ်ကောင်းဓာတ်မွန်တို့ကို ပွားစည်းလေအောင် တည်ထောင်ပြုစုနိုင်ခဲ့ပါမူကား မိဘနူသော်လည်း မနူရအောင် တတ်နိုင်လေသည်။

အမိဝမ်း၌ ပဋိသန္ဓေကိန်းရသော သတ္တဝါတို့မှာ မျိုးစေ့ ၃-ပါးနှင့် ဖြစ်ပွားရကုန်၏၊

ရှေးကံဟောင်းလည်း မျိုးစေ့ ၁-ပါး၊

အမိ၏ ရသဓာတ်လည်း မျိုးစေ့ ၁-ပါး၊

အဖ၏ ရသဓာန်လည်း မျိုးစေ့ ၁-ပါး ၏၊

ထိုတွင် အမိဓာတ်၊ အဖဓာတ် ၂-ပါးတို့သည်လည်း အားရှိ အားမဲ့ချင်း တူ-မတူ ၂-ပါးရှိပြန်၏၊

မိဘ ၂-ပါးစုံ ကျန်းမာမှု၊ ဆူဖြိုးမှု တူကြလျှင် ရသဓာတ်၂-ပါး အားရှိချင်း တူကြ၏၊

ထိုအခါ ပဋိသန္ဓေတည်နေသော သားသမီးတို့မှာ အဆင်းသဏ္ဍာန်စသည် နှစ်ဖက် မျှတလျက် ရှိတတ်ကြ၏၊ မိဘတို့မှာ ရသဓာတ်တဖက်က အားရှိ၍ တဖက်က အားနည်းသောအခါ ပဋိသန္ဓေတည်နေသော သားသမီးတို့မှာ အဆင်းသဏ္ဍာန်စသည် တဖက်ဖက်က သာလွန်တတ်ကြ၏၊

(လယ်တီဆရာတော် အရှင်ဉာဏဓဇ ဖြေသည်)

************************************************************

ဘာသာရေး ပြဿနာ ၂

ဘာသာရေး ပြဿနာ (၂)

လယ်တီဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ် ၁၉၂၀-ပြည့်နှစ်၌ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်) ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်ကြီးအချို့က လယ်တီဆရာတော်ဘုရားကြီးအား မိမိတို့ နားလည်လိုသည့် ဗုဒ္ဓတရားတော်ဆိုင်ရာ ပုစ္ဆာများကို မေးမြန်းကြပါသည်။ ယင်းပုစ္ဆာများကို ၁၉၂၀-ပြည့်နှစ် နိုဝင်ဘာလထုတ် ကိုလံဘိုမြို့ ဗုဒ္ဓဘာသာသတင်းစာတွင် ဖော်ပြထားပါသည်။

(မေး)

ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတပါး-ဟူ၍ ခွဲခြားခြင်း မရှိလျှင် ဒုစရိုက်အတွက် မည်သို့တာဝန်ရှိနိုင်ပါမည်နည်း။

ရှေးဦးစွာ ဗုဒ္ဓဘာသာ၌ ဒေသနာအပြား, သာသနာအပြားကို ပြဆိုရာ၏၊

ဒေသနာသည် ဝေါဟာရဒေသနာ၊ ပရမတ္ထဒေသနာ-ဟူ၍ နှစ်ပါးအပြားရှိ၏၊ ထိုတွင်-

၁။ ဝေါဟာရဒေသနာ-ဆိုသည်ကား လောက၌ ပုဂ္ဂိုလ်ရှိသည်၊ သတ္တဝါရှိသည်၊ အတ္တရှိသည်၊ ဇီဝ ရှိသည်-ဟု လောကီဘုံသား လူအများတို့ မှတ်ယူပြောဆိုကြသော စကားမျိုးသည် ဝေါဟာရမည်၏၊ ထိုဝေါဟာရ ရှိကြသည့်အတိုင်း ဟောတော်မူသော ဝိနည်းဒေသနာ၊ သုတ္တန်ဒေသနာများသည် ဝေါဟာရဒေသနာမည်၏၊

၂။ ပရမတ္ထ ဒေသနာ ဆိုသည်ကား-လောက၌ ပုဂ္ဂိုလ်ဟူ၍ မရှိ၊ သတ္တဝါဟူ၍ မရှိ၊ အတ္တဟူ၍ မရှိ၊ ဇီဝဟူ၍ မရှိ၊ ရုပ်ဓာတ်အစု၊ နာမ်ဓာတ်အစုမျှသာရှိသည်-ဟု ဟောတော်မူသော အဘိဓမ္မာဒေသနာတော်သည် ပရမတ္ထဒေသနာ မည်၏၊

အဓိသီလ သာသနာ, အဓိစိတ္တ သာသနာ, အဓိပညာ သာသနာ-ဟူ၍ သာသနာအပြား သုံးပါးရှိ၏၊ ထိုတွင်-

၁။ သူ၏အသက်ကို မသတ်အပ်၊ သူ၏ဥစ္စာကို မခိုးအပ်-အစရှိသည်ဖြင့် ဆုံးမတော်မူသော သာသနာသည် အဓိသီလ သာသနာမည်၏၊

၂။ သဗ္ဗေသတ္တာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အစရှိသည်ဖြင့် ပွားများကြစေရန် ဆုံးမတော်မူသော သာသနာသည် အဓိစိတ္တ သာသနာမည်၏၊

၃။ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တ၊ ဇီဝ၊ ဟူ၍ မရှိ၊ ရုပ်ဓာတ်အစု၊ နာမ်ဓာတ်အစုမျှသာ ရှိ၏၊ ထိုရုပ်ဓာတ်အစု၊ နာမ်ဓာတ်အစု သည်လည်း အနိစ္စသာဖြစ်၏၊ ဒုက္ခသာဖြစ်၏၊ အနတ္တသာဖြစ်၏၊ -ဟု ပွားများကြစေရန် ဆုံးမတော်မူသော သာသနာသည် အဓိပညာ သာသနာမည်၏၊

ထိုတွင် အဓိသီလ သာသနာ၊ အဓိစိတ္တ သာသနာ၊ နှစ်ပါးသည် ဝေါဟာရဒေသနာ၏ ဆိုင်ရာဖြစ်၏၊

အဓိပညာ သာသနာသည် ပရမတ္ထဒေသနာ၏ ဆိုင်ရာဖြစ်၏၊

(ဖြေ)

ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတပါး-ဟူ၍ ခြားနားခြင်းမရှိ-ဟူသော စကားသည် ပရမတ္ထဒေသနာ၏ ဆိုင်ရာပေတည်း။ ဒုစရိုက်အတွက် မည်သို့တာဝန်ရှိနိုင်မည်နည်း-ဟူသော စကားသည် ဝေါဟာရဒေသနာ၏ ဆိုင်ရာပေတည်း။

အဓိသီလ သာသနာ၊ အဓိစိတ္တ သာသနာ-ဟူသော သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိကို ပြဆိုရာ၌ ဝေါဟာရဒေသနာကို လွှတ်၍ဆိုခြင်းငှါ မတတ်ကောင်း၊

အဓိပညာ သာသနာဟူသော ဒိဋ္ဌိဝိသုဒ္ဓိကို ပြဆိုရာ၌ ဝေါဟာရဒေသနာနှင့် ပြဆိုခြင်းငှါ မတတ်ကောင်း၊ ပရမတ္ထဒေသနာ၏ ဆိုင်ရာသာဖြစ်၏၊

ပုစ္ဆာ၌မူကား ဝေါဟာရဒေသနာအရာနှင့် ပရမတ္ထဒေသနာအရာ ထွေးယှက်လျက်ရှိ၏၊ အထက်က ပြောဆိုခဲ့သော ဒေသနာအပြား၊ သာသနာအပြား နှင့် ထောက်ထား၍ ယူလေ။

(လယ်တီဆရာတော် အရှင်ဉာဏဓဇ ဖြေသည်)

************************************************************

(မေး)

ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတပါး-ဟူ၍ ခြားနားခြင်းရှိလျှင် ၄င်းသဘောတရားသည် အနိစ္စ သဘောတရားနှင့် ညီညွတ်ပါ၏လား။

(ဖြေ)

ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတပါး မည်သည် တဘဝမှာ တခါသာ သေမြဲဖြစ်၏၊ တဘဝမှာ အခါခါ သေသည်ဟူ၍ မရှိ။ အနိစ္စမျိုး မည်၏၊ ဗုဒ္ဓဘာသာ၌ အနိစ္စဆိုသည်ကား ရုပ်တရား၊ နာမ်တရားတို့၏ ချုပ်ခြင်းကို ဆိုလိုသည်။ ထိုရုပ်တရား နာမ်တရားတို့၏ ချုပ်ခြင်းမည်သည် မျက်တောင်တခတ်၊ လျှပ်တပြက် ခဏအတွင်းမှာ အကြိမ်များစွာ ချုပ်၏ ပျက်၏၊ ထို့ကြောင့် ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတပါး-ဟူ၍ အမှန် မရှိပါ။

ဧကန်ရှိ ယူခဲ့လျှင် အနိစ္စဝိပဿနာဉာဏ်နှင့် ဆန့်ကျင်ဘက်ဖြစ်၏၊

အနိစ္စဝိပဿနာဉာဏ်ကို ပေါက်ရောက်လျှင် ထိုအယူသည် ပျက်၏၊ ထိုအယူပျက်မှပင် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ရောက်နိုင်၏၊

(လယ်တီဆရာတော် အရှင်ဉာဏဓဇ ဖြေသည်)

************************************************************

(မေး)

နိဗ္ဗာန်သည် ဘာဝလော၊ အဘာဝလော အနက်အဓိပ္ပါယ်နှင့် တကွ ဖြေဆိုပါ။

(ဖြေ)

နိဗ္ဗာန်သည် ဘာဝလည်းဟုတ်၏၊ အဘာဝလည်း ဟုတ်၏၊

ထိုတွင် ဘာဝဟုတ်ပုံကား မဂ်ဉာဏ်လေးပါးသို့ ဆိုက်ရောက်သောအခါ ကိလေသာတရားတို့၏ ချုပ်ငြိမ်းမှု မည်သည် ဧကန်ရှိ၏၊ အမှန်ရှိ၏၊ ထိုချုပ်ငြိမ်းမှုကိုပင်လျှင် သန္တိသဘောဟု ခေါ်၏၊

ထိုချုပ်ငြိမ်းမှု ဧကန်ရှိသောကြောင့် နိဗ္ဗာန်သည် ဘာဝဟုတ်၏၊

အဘာဝဟုတ်ပုံကား-နိဗ္ဗာန်၌ ကိလေသာတို့၏ မရှိခြင်းကြောင့် အဘာဝဟုတ်၏၊

အဓိပ္ပါယ်ကား-ကိလေသာတရား၊ သင်္ခါရတရားတို့၏ မရှိခြင်းကြောင့် အဘာဝဟုတ်၏၊ ချုပ်ငြိမ်းမှု ဧကန်ရှိခြင်းကြောင့် ဘာဝဟုတ်၏-ဟူလိုသည်။

(လယ်တီဆရာတော် အရှင်ဉာဏဓဇ ဖြေသည်)

************************************************************

(မေး)

စိတ်အစဉ်တို့သည် သေသည့်အခါ၌ ကျိုးပြတ်ခြင်း ဖြစ်ပါသလား။ အနက်အဓိပ္ပါယ်နှင့်တကွ ဖြေဆိုပါ။

(ဖြေ)

အနမတဂ္ဂသံသရာ၌ ကျင်လည်၍ နေရသော သတ္တဝါ၏ စိတ်အစဉ်သည် အသညသတ်ဘုံမှာဖြစ်ခိုက် နိရောဓသမာပတ် ဝင်စားခိုက်တို့၌ စိတ်အစဉ် ရပ်တန့်၏၊ ဤမှတပါး စိတ်အစဉ်တို့သည် သေသည့်အခါ၌ုပြတ်သည်ဟူ၍ မရှိ။ စုတိနောင် ပဋိသန္ဓေဖြစ်မြဲ အစဉ်အတိုင်း ဖြစ်၏၊ ဘုရားရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံသော အခါမှသာလျှင် စိတ်အစဉ်ပြတ်၏၊

ဘာသာရေး ပြဿနာ ၇

ဘာသာရေး ပြဿနာ (၇)

(မေး)

အရှင်ဘုရား၊ သီလဆောက်တည်ရာ၌ သီလယူရိုးဖြစ်သော ပါဠိအပိုဒ်များကို ရွတ်ဆိုမှ သီလရပါသလား။

(ဖြေ)

ပါဠိအပိုဒ်ကို ရွတ်ဆိုမှ သီလရသည် မဟုတ်ပါ။ မိမိနားလည်သော ဘာသာစကားဖြင့် ရွတ်ဆိုဆောက်တည်လျှင် ဆိုလိုရင်းအကြောင်းအရာကို နားလည်သောကြောင့် သာ၍ ကောင်းပါသေး၏၊

(ယခုအခါ ပါဠိလိုဆို၍ သီလယူကြ ဆောက်တည်ကြသောကြောင့် မာလာဂန္ဓ စသည်တို့၏ အဓိပ္ပါယ်ကို နားမလည်ဘဲ ဥပုသ်စောင့်ရင်းပင် ပန်းပန်ထားကြ၊ နံ့သာလိမ်းထားကြသည်ကို တွေ့ရသည့်ပြင်၊ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်အရ လဲဝါ သွတ်ထားသော မွေ့ရာပေါ်ဝယ် မအိပ်မထိုင်ကောင်းပါဘဲလျက် အိပ်မြဲအိပ်နေကြသည်မှာ သိက္ခာပုဒ်၏အဓိပ္ပါယ်ကို နားမလည်သောကြောင့်သာ ဖြစ်လေသည်။)

************************************************************

(မေး)

အရှင်ဘုရား၊ တခါသီလယူထားလျှင် နောက်နေ့၌ သီလမယူဘဲ ဆက်၍ ဥပုသ်စောင့်နိုင်ပါသလား။

(ဖြေ)

ဆက်၍ စောင့်နိုင်ပါသည်။ သီလသည် အမြဲကျင့်ရသော နိစ္စသီလ၊ တရံတခါ ဆောက်တည်ရသော ဥပုသ်သီလ ဟု နှစ်မျိုးရှိ၏၊

ငါးပါးသီလသည် နိစ္စသီလ ဖြစ်၏၊ သီလဆောက်တည်သည် ဖြစ်စေ၊ မဆောက်တည်သည် ဖြစ်စေ ခါးဝတ်သဖွယ် အမြဲလုံခြုံစေရသည့် သီလဖြစ်၏၊

ရွတ်ဆို၍ဆောက်တည်လျှင်လည်း ဆောက်တည်မှုကုသိုလ် ပို၍ရ၏၊

ဥပုသ်သီလကား အပိုတန်ဆာဆင်သကဲ့သိ်ု့ အပိုကျင့်ရသော သီလဖြစ်၏၊

ထိုဥပုသ်သီလကို မိမိကျင့်နိုင်သလောက် ရက်ပိုင်းခြား၍ တခါဆောက်တည်ထားလျှင် ထိုရက်မကုန်မချင်း သီလတည်နေ၏၊

(မှန်းထားသောရက် မကုန်မီအကြား၌ မိမိက မစွမ်းနိုင်တော့၍ ထိုသီလအကျင့်ကို ရပ်နားဦးမည်ဆိုလျှင်လည်း ရပ်နားခွင့်ရှိပါ၏)။

ရက်အပိုင်းအခြား စေ့သောအခါ၌ကား ရှစ်ပါးသီလသိက္ခာ အလိုလိုကျ၍ ငါးပါးသီလသာ (အထူးမဆောက်တည်ရဘဲ) ကျန်ရှိပါသည်။

************************************************************

(မေး)

အရှင်ဘုရား၊ မိမိကြောင့် သုတပါးအသက်သေတိုင်း ပါဏာတိပါတကံ ထိုက်ပါသလား။

(ဖြေ)

ပါဏာတိပါတကံ မထိုက်နိုင်ပါ။ ဥပမာ-ခရီးသွားရင်း ပိုင်းကောင်များကို နင်းမိရာ၌ (မော်တော်ကားဖြင့် တိုက်မိရာ၌) မိမိကြောင့် သေသော်လည်း သေစေလိုသော စေတနာမပါ။ တချို့မှာ ထိုနင်းမိချိန်၌ အလွန်ပင် သနားကရုဏာဖြစ်သေး၏၊ တချို့က ဆိုကြသေး၏၊ လူတွေက စားသောကြောင့် သတ်သူက သတ်ရသည်။ လူတွေမစားလျှင် မသတ်နိုင်၊ ထို့ကြောင့် စားသူများလည်း ပါဏာတိပါတ အပြစ်မကင်း-ဤသို့ ဆိုကြသေး၏၊

ထိုသို့ဆိုရာ၌ စိစစ်ပြပါဦးမည်။

(က) ခွေးသည် ကြက်ကို ကိုက်သတ်၍ ချီလာ၏၊ ထိုကြက်သားကို ချက်၍ လူက စားသည်။ လူမှာ ပါဏာတိပါတကံ ထိုက်ရဦးမည်လော။ မထိုက်ပါ။

(ခ) အိမ်ရှင်တယောက်သည် သူ၏ဝမ်းရေးအတွက် ပါဏာတိပါတအမှုကို ပြု၏၊ ထိုသူက သတ်၍ ယူလာအပ်သော အစာကို တအိမ်လုံး စားကြ၏၊ သတ်သည်ကို သဘောမတူကြ။ ထိုသို့ဖြစ်လျှင် ထိုသူ၏ အိမ်သားအားလုံး ကံထိုက်မည်လော။ မထိုက်ပါ။

(ဂ) အခါတပါး မုဆိုးကြီးတေယောက်သည် အသားတချို့ကို သမာပတ်ဝင်စာေးနသော ဥပ္ပလဝဏ်ထေရ်မအား လှူလိုသောကြောင့် အနီးအပါး၌ အလိုရှိသူ ယူရစ်ပါ-ဟု ကြွေးကြော်၍ ပံ့သကူပစ်ထား၏၊ ဥပ္ပလဝဏ်ဘိက္ခုနီသည် သမာပတ်မှထစဉ် ထိုအသံကြား၍ ပံ့သကူကောက်ယူပြီးလျှင် ကောင်းမွန်စွာစီစဉ်၍ ဘုရားရှင်အား ကပ်လှူ၏၊ ဘုရားရှင် ဘုဉ်းပေးတော်မူသည်။(ဝိနည်းပါဠိတော် နိဿဂ္ဂိယပါစိတ်)

(ဃ) ကုက္ကုရမိတ္တ မည်သော အကြီးစားမုဆိုးတယောက်၏ မယားသည် အပျိုဘဝကပင် သောတာပန်ဖြစ်ခဲ့၏၊ ထိုသူမသည် လင်မုဆိုးကြီးက လေးယူခဲ့ပါ ရှင်မရေ-ဟုဆိုလျှင် လေးကို ယူပေးရ၏၊

ဓား-လှံ ယူခဲ့ပါရှင်မရေ-ဟုတောင်းလျှင်လည်း ယူပေးရ၏၊ သို့သော် သူမ၌ သတ်စေလိုသော စေတနာမရှိ။ မယားဝတ္တရားကို ဆောင်းခြင်းသာဖြစ်၏၊ ထို့ကြောင့်ပါဏာတိပါတကံ မဖြစ်ပါ။

(င) ဘုရားရှင်သည် ထိုသူမ၏ ပါဏာတိပါတကံ ထိုက်-မထိုက်ကို စဉ်းစားကြသော ရဟန်းတို့အား တရားဟောတော်မူသည်မှာ-လက်၌ အနာမရှိလျှင် ထိုလက်ဖြင့် အဆိပ်ကိုကိုင်သော်လည်း ထိုလက်ကို မပူစေနိုင်။ ထို့အတူ မကောင်းမှုကို ပြုလိုသောစိတ် မရှိသူမှာ မကောင်းမှုအဆိပ် မလောင်နိုင်ပါ-ဟု ဟောတော်မူသည်။ (ဓမ္မပဒ ပါဠိတော်၊ ကုက္ကုရမိတ္တ ဝတ္ထု)

ပါဏာတိပါတအင်္ဂါ

(၁) သက်ရှိသတ္တဝါဖြစ်ခြင်း။

(၂) သက်ရှိသတ္တဝါဟု သိခြင်း။

(၃) သတ်လိုသော စိတ် (စေတနာ) ရှိခြင်း။

(၄) သတ်ဖို့ရန် ကိုယ်မှု၊ နှုတ်မှု၊ ပယောဂတခုခုကို ပြုသောအားဖြင့် သတ်ခြင်း။

(၅) သေခြင်း။

ဤအင်္ဂါ ၅-ပါးပြည့်စုံမှ ပါဏာတိပါတကံထိုက်သည်။

ထို့ကြောင့်ဤအင်္ဂါနှင့် မညီသော်၄င်း၊ ကိုယ်တိုင်ပြုခြင်း၊ ခိုင်းခြင်း၊ ကျေးဇူးပြောခြင်း၊ သဘောတူခြင်း ၄-မျိုးတွင် တမျိုးမျှမပြုသော်၄င်း၊ ပါဏာတိပါတကံ မထိုက်-ဟု မှတ်ပါ။

************************************************************

(မေး)

အရှင်ဘုရား၊ ရဟန်းတော်များသည် မိမိ၏ပစ္စည်းလေးပါး ဒါယကာမဟုတ်သောသူ၏ အိမ်တွင်းသို့ဝင်၍ ဆွမ်းစသောပစ္စည်းကို အလှူခံနိုင်ပါသလား။

(ဖြေ)

ရဟန်းတို့နှင့်သင့်လျော်သော ပစ္စည်းကို အလှူခံနိုင်ပါ၏၊ သို့သော် (ဆွမ်းခံရပ်သလို) အိမ်အနီးအပါး၌ ရပ်၍နေရရ၏၊ ဘာအလိုရှိပါတုန်းဘုရား-ဟု မေးမှ အလိုရှိသော ပစ္စည်းကို ပြောရ၏၊ မလှူနိုင်ပါ-ဟုဆိုလျှင် ထပ်၍ လှူချင်အောင် ပြောမနေရ၊ ထပ်၍ လှူချင်အောင်ပြောမှ လှူသောပစ္စည်းသည် ထိုရဟန်းနှင့်တကွ ရဟန်းသာမဏေအားလုံး မသုံးစွဲကောင်း။(ဝိနည်းပါဠိတော် အညာတက ဝိညတ္တိသိက္ခာပုဒ်၊ သူပေါဒနသေခိယ သိက္ခာပုဒ်)။

************************************************************

(မေး)

အရှင်ဘုရား၊ မိမိအားလှူလိုက်သော ပစ္စည်းကို ဒီဟာ မကြိုက်ဘူး၊ ဟိုဟာပေးပါ-ဟူ၍ ရဟန်းတော်များ ပြောနိုင်ပါသလား။

(ဖြေ)

မပြောကောင်းပါ။ ထိုသို့ပြောလျှင် ထိုဟာကို တောင်းရာရောက်နေသည့်အတွက် ပြခဲ့သောသိက္ခာပုဒ်များအရ အပြစ်ရှိ၏၊ သို့သော် လှူလိုက်သောပစ္စည်းက တန်ဖိုးများလျှင် သို့မဟုတ် တန်ဖိုးညီမျှလျှင် ငါ့မှာ ဒီပစ္စည်းတော့ အသုံးမဝင်၊ ဟိုပစ္စည်းသာ အသုံးဝင်၏-ဟု ပြောကောင်း၏၊ ကပ္ပိယတယောက်ကို လဲပေးပါ-ဟုလည်း ခိုင်းကောင်း၏၊

************************************************************

(မေး)

အရှင်ဘုရား၊ ရဟန်းများသည် တရားသဖြင့် မိမိပိုင်သော ပစ္စည်းကို အောက်ပါပုဂ္ဂိုလ်တို့အား ပေးလှူနိုင်ပါသလား။

(က) ကျောင်းရှိသံဃာအားလုံး။

(ခ) မိမိနှစ်သက်လိုလားသော ရဟန်းသာမဏေ တပါးပါး။

(ဂ) ကျောင်းသား။

(ဃ) မိဘဆွေမျိုး။

(င) လူ့ဘဝက ဇနီး၊ သား၊ သမီး။

(စ) ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမ။

(ဆ) ပစ္စည်းလေးပါး ဒါယကာမဟုတ်သော ဒါယကာ ဒါယိကာမ။

(ဖြေ)

(က-ခ) အမှတ်တွင် ပါဝင်သူတို့အား လှူနိုင်ပါ၏၊

(ဂ) အမှတ်တွင် ပါဝင်သူတို့အားလည်း ပေးကောင်း၏၊

သို့သော် လူတို့က လှူထားသောပစ္စည်းကို ခဏမျှဖြစ်စေ၊ နည်းနည်းဖြစ်စေ မိမိသုံးပြီးမှ ပေးကောင်း၏၊

(ဃ) အမှတ်တွင် မိဘကို ပေးကောင်း၏၊ ဆွေမျိုးကိုကား အကြောင်းထူးမရှိဘဲ မပေးကောင်း၊ အကြောင်းရှိ၍ တောင်းလာလျှင် တစုံတခုကို စေခိုင်းပြီးမှ ဝေယျာဝစ္စလုပ်သူအနေဖြင့် နည်းနည်းပါးပါး ပေးရသည်။ သူတို့မှာ ဝတ်ဖို့ စားဖို့ အရင်းအနှီးလုပ်ဖို့ကား မပေးရ။

(င) လူ့ဘဝက ဇနီးမှာ ပစ္စည်းလေးပါး ဖိတ်ထားလျှင်၊

(စ) အမှတ်တွင် ပါဝင်၍ မဖိတ်လျှင်၊

(ဆ) အမှတ်တွင် ပါဝင်သွား၏၊

သားသမီးတို့ကား (ဃ) အမှတ် ဆွေမျိုးတွင် ပါဝင်သည်။

(စ) အမှတ်၊ (ဆ) အမှတ်ပါ ဒကာ ဒကာမတို့အားလည်း အကြောင်းအထူးမရှိလျှင် မပေးကောင်း။

တောင်းလာလျှင် ဝေယျာဝစ္စ အလုပ်ခိုင်း၍ ကပ္ပိယအနေအားဖြင့် သစ်သီးသစ်ရွက်စသော နည်းနည်းပါးပါးကို ပေးကောင်း၏၊

မှတ်ဖွယ်။ ဤနေရာ၌ ရဟန်း၊ သာမဏေတို့က-

(က) တောင်းသာတောင်းကောင်း၊ မပေးကောင်း။

(ခ) ပေးသာပေးကောင်း၊ မတောင်းကောင်း။

(ဂ) တောင်းလည်းတောင်း ပေးလည်းပေးကောင်း။

(ဃ) မတောင်းလည်း မတောင်းကောင်း၊ မပေးလည်း မပေးကောင်းသော လူဝတ်ကြောင် ၄-မျိုးကို မှတ်သားထိုက်၏၊ ထိုတွင်-

(က) တပည့်တော်အထံ မည်သည့်ပစ္စည်းကို (သို့မဟုတ် ပစ္စည်း ၄-ပါးကို) အလိုရှိသောအခါ တောင်းတော်မူပါ-ဟု ဖိတ်မန်ထားသူကို ပဝါရိတ-ဟုခေါ်၏၊ ထို ပဝါရိတနှင့် (မိဘမှတပါး ဆွေခုနစ်ဆက် စပ်၍ရသော) ဉာတိတို့အထံ၌ တောင်းသာတောင်းကောင်း၏၊ မိမိပိုင်ပစ္စည်းကိုကား မပေးကောင်း။

(သွေးမစပ်သော သမက်၊ ချွေးမ၊ မယားတို့သည် ဆွေမျိုးမဟုတ်ကြ)။

(ခ) ကိုးကွယ်ရာမဲ့၍ ဆင်းရဲနေသူ (သို့မဟုတ် သူတောင်းစား) စစ်ရှုံး၍ ကျောင်းသို့ပြေးဝင်လာသော အစိုးရရိက္ခာမပါသော ခရီးသွားဧည့်သည်၊ ဤသို့သော လူဝတ်ကြောင်တို့အား ပေးသာပေးကောင်း၍ မတောင်းကောင်း။

(ဂ) မိဘတို့အား တောင်းလည်းတောင်းကောင်း၊ ပေးလည်း ပေးကောင်း၏၊

(ဃ) ဉာတိပဝါရိတ မဟုတ်သောလူတို့အား တောင်းလည်းမတောင်းကောင်း၊ ပေးလည်း မပေးကောင်း၊ သူတို့ပိုင်ပြီးဖြစ်သော ရေကိုသော်မျှ မတောင်းကောင်း၊ သူတို့အထံမှ ပစ္စည်းတစုံတခုကို အလိုရှိလျှင် ဆွမ်းရပ်သလို ရပ်၍ဖြစ်စေ၊ မိမိရှိသောပစ္စည်းဖြင့် လူဝတ်ကြောင်တယောက်ကို အလဲခိုင်း၍ဖြစ်စေ ယူရသည်။

မှတ်ချက်။ ။ အချို့ပုဂ္ဂိုလ်များက ဉာတိပဝါရိ မဟုတ်သူအထံ မိမိအတွက်သာ မတောင်းကောင်း၊ သူများအတွက်ကား တောင်းကောင်း၏-ဟု ယူဆ၍ မြို့ကြီးများ၌ အခြားရဟန်း တပါးအတွက် ရဟန်းတပါးက ဆွမ်း(ဆွမ်းဟင်း) လောင်းဖို့ရန် ဖိတ်ကြ (တိုက်တွန်းကြ)၏၊ ရှင်ဒကာ ခံလိုက်ပါ၊ ရဟန်းဒကာ လုပ်လိုက်ပါ-ဟု တိုက်တွန်းကြ၏၊ ထိုကဲ့သို့လည်း မတိုက်တွန်းကောင်းပါ။ ထိုသို့ တိုက်တွန်းမှုကြောင့် အာပတ်သင့်၍ ပစ္စည်းကိုရသောအခါ ပစ္စည်းရှင်နှင့်တကွ ရဟန်းအားလုံး (သာမဏေများပါ) မသုံးထိုက်၊ သုံးတိုင်း သုံးတိုင်း အာပတ်သင့်၏၊

ဂါဒီယန်း ဦးစိန်ဝင်း မေး၍ အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။

************************************************************

ဘာသာရေး ပြဿနာ ၈

ဘာသာရေး ပြဿနာ (၈)

(မေး)

အရှင်ဘုရား၊ ရဟန်းတော်များသည် စျေးသို့သွား၍ စျေးဝယ်နိုင်ပါသလား။ ငွေမကိုင်ဘဲ မိမိက ပစ္စည်းရွေး၍ အတုပါလာသော ဒါယကာအား ငွေချေစေခြင်း၊ ငွေယူဆောင်လာခြင်း မရှိဘဲ အကြွေးဝယ်ခြင်း အစရှိသည်ကို ပြုလုပ်နိုင်ပါသလား။

(ဖြေ)

ရဟန်းတော်များသည် စျေးသို့သွားလိုလျှင် အိမ်တအိမ်သို့ သွားသောနည်းဖြင့် သင်္ကန်းရုံ စက္ခုန္ဒြေချ၍ သွားနိုင်ပါ၏၊ ကိုယ်တိုင်ကား ငွေပေး၍ မဝယ်ကောင်းပါ။ ကပ္ပိယနှင့်အတူသွား၍ မိမိအလိုရှိရာပစ္စည်းကို ရွေးချယ်ကောင်းပါ၏၊ ရွေးချယ်ပြီးသောအခါ ကပ္ပိယက ဉာတိဖြစ်လျှင် သို့မဟုတ်-ဖိတ်မန်ထားသော ပဝါရိတဖြစ်လျှင် ဒီပစ္စည်းကို အလိုရှိသည်-ဟုသာ ပြောကောင်း၏၊ ငွေပေးလိုက်-ဟု မခိုင်းကောင်းပါ။ စျေးများနေလျှင်လည်း စျေးမဆစ်ကောင်းပါ။ ဉာတိပဝါရိတမဟုတ်သော ကပ္ပိယဖြစ်လျှင် ဘာမျှမပြောကောင်းပါ။

ငွေမပါ ကပ္ပိယမပါဘဲ အကြွေးလည်း မဝယ်ကောင်းပါ။

မှတ်ချက်။

စျေးသည်က သိကျွမ်းသူဖြစ်နေလျှင် ယခု ဒီပစ္စည်းကို ယူသွားပါမည်။ ကျသင့်သောငွေကို ကပ္ပိယလာ၍ ပေးပါလိမ့်မည်-ဟု ပြော၍ကား ယူသွားကောင်းပါ၏၊ ထို့နောက် ကပ္ပိယဉာတိ (ပဝါရိတ) ဖြစ်သူကို မည်သူ့ထံမှ မည်သည့်ပစ္စည်းကို ယူခဲ့သည်။ စျေးသည်ထံ သွားလိုက်ပါ-ဟု ပြောကောင်း၏၊ ငွေသွားပေးလိုက်ပါ-ဟုကား မပြောကောင်း။

************************************************************

(မေး)

အရှင်ဘုရား၊ မိမိအား လှူချင်လာအောင် ဝါဒဖြန့်တရား ဟောနိုင်ပါသလား။

(ဖြေ)

မဟောကောင်းပါ။ ထိုသို့ဟော၍ ရသော ပစ္စည်းကို ရဟန်း၊ သာမဏေအားလုံး မသုံးကောင်းပါ။ (ပစ္စည်းနှင့်စပ်၍ ဉာတိလည်း မဟုတ်၊ အလိုရှိရာတောင်းပါ-ဟု ဖိတ်မန်ထားသူလည်း မဟုတ်သော ဒါယကာ ဒါယိကာမတို့အထံ၌ (ဆွမ်းရပ်သလို ရပ်ခြင်းမှတပါး) တိုက်ရိုက်လည်း မတောင်းကောင်း၊ အတောင်းလည်း မခိုင်းကောင်း၊ လှူချင်လာအောင် ပရိယာယ်စကား ဆွယ်စကား ဝါဒဖြန့်တရားလည်း မဟောကောင်း၊ လှူစေလိုသော အရိပ်နိမိတ်မျှကိုလည်း မပြကောင်း၊ သို့သော် မကျန်းမာ၍ ဆေးကိုကား တောင်းကောင်း၏၊ ကျောင်းကိုလည်း အရိပ်နိမိတ်ပြကောင်း၏)။

************************************************************

(မေး)

အရှင်ဘုရား၊ ရဟန်းတော်များသည် အလှူခံရရှိထားသော မိမိပိုင်ပစ္စည်းကို လူပုဂ္ဂိုလ်နှင့်၄င်း၊ ရဟန်းအချင်းချင်းထံမှ၄င်း ပစ္စည်းချင်း လဲလှယ်ယူနိုင်ပါသလား။

(ဖြေ)

ပစ္စည်းချင်း လဲကောင်း၏၊ သို့သော် လူနဲ့လဲရာ၌ ကိုယ်တိုင် မလဲကောင်း။ အခြားလူတယောက်ကိုသာ အလဲခိုင်း ရသည်။

ဥပမာ-စျေးသို့သွား၍ မိမိသင်္ကန်းဖြင့် စျေးသည်၏ သပိတ်ကို လဲလိုလျှင် စျေးသည်မှတပါး အခြားသူ တယောက်ကို ဒီသင်္ကန်းဖြင့် ဟိုသပိတ် လဲပေးပါ-ဟုပြောရသည်။ ထိုသို့ ကြားလူမှာမရလျှင်လည်း ငါ့မှာ သင်္ကန်းတော့ရှိ၏၊ သပိတ်လိုနေသည်။ သင်္ကန်းဖြင့် သပိတ်ကို အလိုရှိသည်-ဟု ပြောရမည်။ ထိုအခါ စျေးသည်က သူ့ဘာသာ သင်္ကန်းကိုယူ၍ သပိတ်ပေးလျှင်လည်း ဝိနည်းအပြစ်ကင်း၏၊ ရဟန်းသာမဏေတို့နှင့်ကား ကိုယ်တိုင်ပင် လဲကောင်းပါသည်။

************************************************************

(မေး)

အရှင်ဘုရား၊ ဆွမ်းခံလာသော ရဟန်းတော်သည် အိမ်ရှေ့၌ လူမတွေ့လျှင် လူရှိရာအိမ်အတွင်းသို့ ဝင်နိုင်ပါသလား။

(ဖြေ)

ရိုးရိုးစိတ်ဖြင့် ကောင်းမွန်စွာဝင်လျှင် ဝိနည်းတော်၌ တားမြစ်ချက်မရှိ။ သို့ရာတွင် မိမိရပ်နေကျနေရာ၌ လူမရှိလျှင် အိမ်မှထွက်သွားဖို့သာ တာဝန်ရှိပါသည်။ အတွင်းသို့ ဝင်ရမည်ဟုလည်း ခွင်ပြုချက်မရှိပါ။

(စည်းကမ်း)

ဆွမ်းခံခြင်းမှတပါး အခြားအခါမျိုး၌ဝယ် ရဟန်းတော်များ၏ လူဝတ်ကြောင် အိမ်သို့သွားရာ၌ စည်းကမ်းသတ်မှတ်ချက် ရှိ၏၊

(၁) မြတ်မြတ်နိုးနိုး ဝမ်းပန်းတသာ ခရီးဦးကြိုဆိုခြင်း။

(၂) ရိုရိုသေသေ ရှိခိုးခြင်း။

(၃) ကောင်းမွန်စွာ နေရာပေးခြင်း။

(၄) အိမ်မှာရှိသော လှူဖွယ်ကို ဝှက်၍ မထားခြင်း။

(၅) များများရှိလျှင် များများလှူလိုခြင်း။

(၆) အကောင်းရှိလျှင် အကောင်းကိုလှူလိုခြင်း။

(၇) ရိုရိုသေသေ လေးလေးစားစား လှူခြင်း၊

ဤအင်္ဂါ ၇-ပါးရှိသောအိမ်သို့သာ သွားထိုက်၏၊ ထိုသို့မဟုတ်သောအိမ်သို့ မသွားထိုက်။ ဤသို့ စည်းကမ်းရှိပါသည်။(သတ္တကအင်္ဂုတ္တိုရ် အနုသယဝဂ် ပါဠိတော်)

************************************************************

(မေး)

အရှင်ဘုရား၊ ရဟန်းတော်များက ဝိနည်းတော်အရ မပေးသင့်သောပစ္စည်းကို ပေး၍ လက်ခံရရှိသော ဒါယကာ၊ ဒါယိကာမတို့မှာ မည်သို့ အပြစ်ရှိပါသနည်း။

(ဖြေ)

ရရှိရုံဖြင့် အပြစ်မရှိပါ။ ရအောင်ကြံဆောင်မိလျှင် ထိုကြံဆောင်မှုက အပြစ်ဖြစ်ပါလိမ့်မည်။ ရအပ်ပြီးသောပစ္စည်းကို ကုသိုလ်ကိစ္စ၌ သုံးလျှင်လည်း အပြစ်မရှိပါ။ သားရေး သမီးရေး စီးပွားရေး၌ အသုံးပြုလျှင်ကား (မိဘပင်ဖြစ်စေ) အပြစ်ကင်းနိုင်စရာ မရှိပါ။ လက်တွေ့အားဖြင့်လည်း ထိုကဲ့သို့ သူတပါးတို့က လှူဒါန်းထားသော ပစ္စည်းကို သုံးစွဲသူတို့၏ သားစဉ်မြေးဆက် ကြီးပွားရစ်သည်ဟု မတွေ့ရ၊ အညွန့်တုံးသွားသည်သာ များပါသည်။

************************************************************

(မေး)

အရှင်ဘုရား၊ ရဟန်းတော်များသည် လူနေရပ်ကွက်၊ လူနေအိမ်တွင် အခန်းငှါး၍ နေနိုင်ပါသလား။

(ဖြေ)

မိမိငွေဖြင့် အခန်းငှါးခြင်းကြောင့် အပြစ်ရှိ၏၊ လူနေရပ်ကွက်၊ လူ၏အိမ်တွင် နေခြင်းကြောင်း ဖြစ်သင့်သော ဝိနည်းအပြစ် များစွာရှိ၏၊ ဗုဒ္ဓမြတ်စွာ၏ ဝိနည်းတရားတော်သည် မကြည်ညိုသေးသူကို ကြည်ညိုလာအောင် အကျိုးရစေနိုင်၏၊ ထိုကဲ့သို့ အိမ်ငှါး၍ လူ့ရပ်ကွက်၊ လူ့အိမ်တွင် နေမှုကြောင့် ထိုအကျိုး ရနိုင်-မရနိုင်ကို စဉ်းစားပါလေ။

************************************************************

(မေး)

အရှင်ဘုရား၊ ရဟန်းတော်များသည် ဒါယကာ ဒါယိကာမတို့ကိုခေါ်၍ ခရီးအတူသွားနိုင်ပါသလား။

(ဖြေ)

ဒကာကိုခေါ်ဆောင်၍ သွားနိုင်ပါ၏၊ ဒကာမကိုခေါ်ဆောင်၍ ခရီးအတူ မသွားနိုင်ပါ။ သွားလျှင် ပါစိတ်အာပတ်သင့်၏၊ (ဝိနည်းပါဠိတော် သုဒ္ဓပါစိတ်၊ သံဝိဓာနသိက္ခာပုဒ်)

ဂါဒီယန်း ဦးစိန်ဝင်း မေး၍ အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။

************************************************************

ဘာသာရေး ပြဿနာ ၉

ဘာသာရေး ပြဿနာ (၉)

ဂါဒီယန်း ဦးစိန်ဝင်း မေး၍ အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။

************************************************************

(မေး) အရှင်ဘုရား၊ ရဟန်းတော်သည် ဒကာ ဒကာမနှင့် ထိုသူများ၏ သားသမီးအိမ်ထောင်ရေးတွင် စေ့စပ်ကြောင်းလမ်းပေးခြင်း၊ အိမ်ထောင်ကွဲရာတွင် အသိသက်သေ ပါဝင်ခြင်း ပြုနိုင်ပါသလား။

(ဖြေ)

ရဟန်းတော်များသည် အိမ်ထောင်ရေးတွင် စေ့စပ်ကြောင်းလမ်းပေးခြင်း (အောင်သွယ်လုပ်ခြင်း) မပြုနိုင်ပါ။ ကွဲနေရာ၌ကား (အကယ်ကွာရှင်းပြီး မဟုတ်သေးလျှင်) စေ့စပ်ပေးနိုင်ပါ၏၊ အသိသက်သေအဖြစ် ပါဝင်မှုကား စီးပွားရေးနှင့်စပ်လျှင် မသင့်လျှော်ပါ။ နှစ်ဖက်လုံး အကျိုးရှိပါမူ ပါဝင်နိုင်ပါ၏၊

(အခါတပါး၌ ကောသလမင်းနှင့် မလ္လိကာမိဖုရားတို့ စိတ်ဝမ်းကွဲနေရာ ဘုရားရှင်ကြွတော်မူ၍ သောတ္ထိသေနသမ္ဗူလဇာတ်ကိုဟောမှ နှစ်ယောက်လုံး သင့်မြတ်သွားကြလေသည်)။

************************************************************

(မေး) အရှင်ဘုရား၊ ဝိနည်းထုံးစံအရ သိမ်တွင် ရဟန်းခံသူမဟုတ်သော အယောင်ဆောင်ရဟန်းမှာ မည်သို့အပြစ်ရှိပါသနည်း။

(ဖြေ)

ဘေးရန် တစုံတရာမရှိဘဲ မိမိဘာသာ သင်္ကန်းဝတ်သူကို လိင်္ဂထေနက-(ရဟန်းအသွင်ခိုးသူ) ဟုခေါ်၏၊ ရဟန်းအစစ်လုပ်၍ အခြားရဟန်းတို့နှင့် အတူပေါင်းနေလျှင် (ရဟန်းဝါ မည်မျှရပြီ-ဟု လိမ်၍ပြောလျှင်) သံဝါသထေနက (အပေါင်းအသင်းခိုးသူ) ဟုခေါ်၏၊

ထိုသူသည် ဤဘဝ၌ မည်သည့်နည်းနှင့်မျှ (နောက်ထပ်အစစ်ဖြစ်လိုသော်လည်း) ရဟန်းအစစ် မဆိုထားဘိ၊ သာမဏေအစစ်မျှ ဖြစ်ခွင့်မရှိတော့။ ဝိနည်းအလိုအားဖြင့် ဤမျှတိုင်အောင်အပြစ်ကြီး၏၊ အယောင်ဆောင် အရေခြုံရဟန်းသည် ဆွမ်း သင်္ကန်း စသော ပစ္စည်းများကို သုံးစွဲရာ၌ အားလုံး ခိုးရာရောက်၏၊ ထို့ကြောင့် ထိုသူသည် လူဝတ်ကြောင် ခိုးသူထက် အပြစ်ကြီး၍ သေသည့်အခြားမဲ့၌ ငရဲသို့ရောက်ဖို့သာ ရှိတော့သည်။

(အဂ္ဂိက္ခန္ဓောပမသုတ်)

************************************************************

(မေး) အရှင်ဘုရား၊ ဘုန်းကြီးကျောင်းဝင်း၊ ဘုရားရင်ပြင်တော်တို့တွင် ဖိနပ်စီးလျှင် မည်သို့အပြစ်ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း ဓားခွဲခံရခြင်းနှင့် မည်သို့ ဆက်စပ်ပါသနည်း။

(ဖြေ)

ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ ရာဇ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘဝတုန်းက စေတီရင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့။

နိသဇ္ဇနတ္တာယ ပညတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ-ရဟန်းသံဃာတို့ထိုင်ဖို့ရန် ခင်ထားအပ်သော သင်ဖြူးကိုလည်း ခြေမဆေးဘဲ နင်းဖူးသတဲ့။ တဿာယံ နိသန္ဒောတိ ဝဒန္တိ-ဤသို့ ခြေဖဝါးကို ဓားခွဲခံရခြင်းသည် ထိုအပြစ်၏ အကျိုး ဖြစ်သတဲ့။ ဤသို့ပြောကြသည်။ (ဤကား သမညဖလသုတ် အဋ္ဌကထာ စကားတည်း)။

မှတ်ချက်။ ။

ထိုအဋ္ဌကထာစကား၌ စေတိယင်္ဂဏ (စေတီရင်ပြင်တော်) ဟူသောစကားကိုယူ၍ ဘုရားဝိုင်း အတွင်းဝယ် (သံဃာများနေရာ ကျောင်းအတွင်းပါ) ဖိနပ်မစီးကောင်း-ဟု ယခုအခါ မှတ်ယူနေကြ၏၊ စေတိယင်္ဂဏ-ဟူသော အဋ္ဌကထာစကား၌ အဖွင့်ဋီကာဆရာတို့က အများထင်သလို ဘုရားဝိုင်းတပြင်လုံးကို မယူကြ။ စေတိယင်္ဂဏေတိ-ဂန္ဓပုပ္ဖါဒီဟိ ပူဇနဋ္ဌာနဘူတေ စေတိယင်္ဂဏေ-ပန်းနံ့သာ စသော ပူဇော်ဖွယ်တို့ဖြင့် ပူဇော်ရာဌာနဖြစ်သော စေတီရင်ပြင်တော်၌-ဟု သရုပ်ဖော်ကြသည်။ ထို့ကြောင့် ဗိမ္ဗိသာရမင်းသည် ဘုရားဝင်းအတွင်း သာမန်၌ ဖိနပ်စီးသည်မဟုတ်၊ ပန်းတင်ခုံဟုခေါ်ရာ စေတီတော်အောက်ခြေမှာပင် ဖိနပ်စီးခြင်းဖြစ်သည်ဟု ဋီကာဆရာတို့က ဆိုလိုကြသည်။

ထို့ပြင် ရဟန်းသံဃာတော်တို့ ထိုင်ဖို့ရာခင်ထားအပ်သော သင်ဖြူးအပေါ်၌ ခြေမဆေးဘဲ နင်းခဲ့သော အပြစ်လည်း ခြေဖဝါးကို ဓားခွဲခံရမှု၌ ပါဝင်နေ၏၊ ယခုအခါ ဘာသာရေးကို အလွန်လေးစားသော ဒါယကာ၊ ဒါယိကာမတို့တွင် အဘယ်မျှလောက်သော အရေအတွက်က ထိုနေရာမျိုးကို နင်းလိုက်သောအခါ ခြေဆေးကြပါသနည်း။

(ကောသလမင်း ကျောင်းတိုက်တွင်း ဝင်ပုံ)

အခါတပါး၌ ကောသလမဟာရာဇာသည် ဘုရားရှင်ကို ဖူးမြင်လိုသောဆန္ဒ ပြင်းပြလှသဖြင့် မိမိနေရာ မြို့ကလေးမှ ဘုရားရှင်သီတင်းတော်မူရာ (သုံးယူဇနာလောက်ဝေးသော) နိဂုံးသို့ ရောက်လာ၏၊ ထိုနိဂုံး၏ တနေရာ ခြံဥယျာဉ်၌ ဘုရားရှင် သီတင်းသုံးတော်မူ၏၊ (ထိုခြံသည် ဘုရားရှင်နှင့်တကွ ရဟန်းတော်အများ သီတင်းသုံးရာဖြစ်သောကြောင့် ကျောင်းဝိုင်းပင်ဖြစ်၏)။

မဟာရာဇာသည် ကျောင်းတိုက်သို့ဝင်၍ စင်္ကြံသွားနေသော ရဟန်းတော်များထံ ချဉ်းကပ်ပြီးလျှင် ဘုရားရှုင် ဘယ်မှာ သီတင်းသုံးပါသနည်း-ဟုမေးလေရာ ရဟန်းတော်များသည် သီတင်းသုံးတော်မူရာ ကျောင်းကို ညွှန်ပြ ကြလေ၏၊ ထိုအခါကျမှ ကျောင်းဆောင်တော်သို့ ဝင်ရမည်ဖြစ်သောကြောင့် ခြေနင်းနှင့်တကွ မင်းမြောက် တန်ဆာ ၅-ပါးတို့ကို ချွတ်ပယ်၍ စစ်သူကြီးအား ပေးလေသည်။

(မဇ္ဈိမပဏ္ဏာသ၊ ဓမ္မစေတိယသုတ် ပါဠိတော်)

မှတ်ချက်။ ။

ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ စကားသည် ယခုခေတ် မြန်မာဗုဒ္ဓဘာသာတို့၏ အယူအဆကို မထောက်ခံကြပါတကား။ သီဟိုဠ်(သီရိလင်္ကာ)၊ ယိုးဒယား၊ ကမ္ဘေဒီးယား၊ လော-ဟူသော ထေရဝါဒ ဗုဒ္ဓဘာသာ လေးနိုင်ငံတို့၌ ကျောင်းဝိုင်းအတွင်း၊ ဘုရားဝိုင်းအတွင်းတို့ဝယ် ဖိနပ်စီးသည်ချည်းသာ ဖြစ်ကြပါသတဲ့။ မြန်မာအယူအားဖြင့် ထိုသူအားလုံး ခြေဖဝါးကို ဓားခွဲခံကြရတော့မည်။ မြန်မာဗုဒ္ဓဘာသာတို့ကား ကျောင်းဝိုင်း အတွင်းသို့ စက်ဘီးစီး၍လည်း ဝင်ရဲကြ၏၊ နွားလှည်း၊ မြင်းလှည်း စီး၍လည်း ဝင်ရဲကြ၏၊ ထို့ထက် ခမ်းနားသော မော်တော်ကားကြီးကိုလည်း စီး၍ ဝင်ရဲကြ၏၊ စီးစရာယာဉ်တို့တွင် အသေးငယ်ဆုံး ဖိနပ်ယာဉ်ကိုကား မစီးဝံ့ရှာကြချေ။ ထို့ပြင် ဘုရားမြေ၊ ဘုရားဝိုင်းအတွင်း၌ ကျေကျေနပ်နပ် ခွင့်ပြုအပ်၊ ခင်းကျင်းပြသအပ်သော ဇာတ်ပွဲသဘင်များကို ကြည့်ရှုကာ နှပ်၊ တံတွေးတို့ကို ထွေးရဲကြ၏၊ ထိုပွဲစျေး၌ စားကြွင်းစားကျန်တို့ကိုလည်း ပစ်ရဲကြ၏၊ ကလေးများကိုပင် ရှူးရှူးတယ်ဝံ့ကြသေး၏၊ ဖိနပ်ကိုကား မစီးဝံ့ကြရှာချေ။ ဖိနပ်မစီးဘဲ ကျောင်းဝင်း အတွင်းဝင်၍ ဖုန်လူးနေသော ခြေဖြင့် ကျောင်းပေါ်တက်ခြင်းနှင့် ဖိနပ်စီး၍ ကျောင်းပေါ်တက်ခြင်းတို့တွင် အဘယ်သို့တက်ခြင်းက ခြေဖဝါးဓားခွဲခံရသော အမှုနှင့် နီးစပ်ပါသနည်း။

(တကယ်ရိုသေခြင်း)

ကျမ်းစာတို့၌ တကယ်ရိုသေသော အရာဝယ်-စေတီတော်၏ ထင်ရှားရာအရပ်၌သော်မှ ဖိနပ်မစီးရဟု ဆို၏၊ (သုတ်ပါထေယျ၊ သံဂီတိသုတ် အဋ္ဌကထာ)။

မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာနှင့်အတူ ဘိက္ခုနီပြုလုပ်ဖို့ရန် ကပိလဝတ်ပြည်သို့ လာရာ၌ (ယာဉ်ရထား စီး၍ သွားလျှင် ဘုရားရှင်ကို မရိုသေရာရောက်မည်စိုးသောကြောင့်) ယာဉ်ရထားမစီးဘဲ အားလုံးမင်းသမီးများ ခြေကျင်သွားကြပါသတဲ့။(ဘိက္ခုနီခန္ဓက စူဠဝါပါဠိတော်)

ထိုမျှလောက် မရိုသေနိုင်သူ့အတွက် မရိုမသေစိတ်လည်း မရှိပါမူ အကုသိုလ်အပြစ်မရှိ၊ သို့သော် ရိုသေသူအတွက် ရိုသေလေ ကောင်းလေပင် ဖြစ်ပါသည်။ သို့ရာဝယ် မိမိမှာ ရောဂါဖြစ်လောက်အောင် အရိုအသေ လွန်မသွားဖို့ သတိထားသင့်ပါသည်။

************************************************************

(မေး) အရှင်ဘုရား၊ အောက်ပါပွဲသဘင်များကို ကြည့်နိုင်ပါသလား။ မကြည့်ကောင်းဘဲ ကြည့်လျှင် မည်သို့ အပြစ်သင့်ပါသနည်း။

(က) ဘောလုံးပွဲ၊ လက်ဝှေ့ပွဲ၊ လှေပြိုင်ပွဲ၊ လှည်းပြိုင်ပွဲ၊ ကြက်ပွဲ၊ နွားပွဲ၊ အလေးမ ပြိုင်ပွဲ။

(ခ) မယ်-မောင် ရွေးပွဲ၊ ဖက်ရှင်ပြိုင်ပွဲ။

(ဂ) ပန်ချီပြပွဲ၊ စာပေပြပွဲ။

(ဃ) ရုပ်သေး၊ ဇာတ်၊ ရုပ်ရှင်။

(င) နိုင်ငံရေးတရားပွဲ။

(ဖြေ)

ဝိနည်း၌ (ဃ) နံပါတ် ပွဲသဘင်များကို အကြည့်မသွားရ-ဟု တိုက်ရိုက်လာ၏၊ အခြားပွဲများအတွက် ဘုရားလက်ထက်တော်၌ မရှိသေး၍ ဝိနည်း၌ မပါခြင်းဖြစ်ပါသည်။ ထိုသို့မပါသော်လည်း ထိုပွဲများသို့သွားလျှင် (မြို့ရွာအတွင်းဖြစ်မူ သင်္ကန်းရုံ စက္ခုန္ဒြေချ၍ သွားမှ အပြစ်လွတ်ပါသည်။ ထိုပွဲများသို့ရောက်သောအခါလည်း စက္ခုန္ဒြေချ၍ နေမှ အပြစ်လွတ်သောကြောင့် ၄-တောင်ခန့်မျှသာ ကြည့်ခွင့်ရပါသည်။ ထိုသို့ဖြစ်လျှင် မြင်အောင်ကြည့်ရတော့မည် မဟုတ်ပါ။ ထို့ကြောင့် ထိုပွဲများသို့ မသွားဖို့ရန် တိုက်ရိုက်ပညတ်တော် မရှိသော်လည်း ရှိပြီးသိက္ခာပုဒ်များကြောင့် သွား၍ မဖြစ်နိုင်တော့ပါ။

ထို့ပြင် ထိုပွဲများသို့သွား၍ ကြည့်သည့်အတွက် လူဝတ်ကြောင်တို့က အကြည်ညိုပျက်မည်သာ ဖြစ်သောကြောင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကို အသရေရှိစေလိုသော ဘုရားသားကောင်းဟူသမျှတို့ မသွားသင့်ကြပါ။ (တခါတုန်းက နိုင်ငံခြားမှ သမ္မတ ရောက်လာချိန်ဝယ် လှေပွဲကျင်းပရာသို့ ရဟန်းတော်အများအပြား သွား၍ ကြည်သဖြင့် သမ္မတက ထိုရဟန်းတော်များကို ဘယ်လိုလူတွေပါလဲ-ဟုမေးသောကြောင့် ဝန်ကြီးတွေမှာ အဖြေ ခက်၍ မျက်နှာပျက်ဖူးပါသတဲ့)။

************************************************************

(မေး) အရှင်ဘုရား၊ ရဟန်းတော်သည် လူဝတ်ကြောင်တို့၏ သားသမီးကလေးများကို ပွေ့ချီကောင်းပါသလား။

(ဖြေ)

မပွေ့ချီကောင်းပါ။

(ဤသို့ပြုမှုကို အနေသန-မအပ်သော ပစ္စည်းရှာနည်း တမျိုး-ဟုခေါ်၏၊ ငါတို့ကလေးကို ယုယရှာပေသည်-ဟု သဘေကျ၍ လူတို့က ဆွမ်း စသည်ကို လှူတတ်၏၊ ထိုလှူအပ်သော ဆွမ်း စသည်ကို ထိုရဟန်းနှင့် တကွ အခြားရဟန်းသာမဏေများ မသုံးစားကောင်းပါ။ ဤအနေသနသည် ၂၁-ပါးရှိ၏)။

အနေသန ၂၁-ပါး

(၁) ဆေးပေး၍ ဓာတ်စာပေး၍ ဆေးကုခြင်း။

(၂) လူက အဝေးသို့ခိုင်း၍ စေတမန်လုပ်ခြင်း။

(၃) ဟိုအိမ် သည်အိမ်သို့ တစံတခု စေခိုင်း၍ သွားခြင်း။

(၄) အနာကို ဓားခွဲပေးခြင်း။

(၅) အနာကို ဆေးလိမ်းပေးခြင်း။

(၆) အနာကို ဖန်ဆေးပေးခြင်း။

(၇) ဝမ်းနုတ်ဆေး ပေးခြင်း။

(၈) နှာချေဆေး ပေးခြင်း။

(၉) မျက်စဉ်းပေးခြင်း။

(၁၀) အိမ်ဆောက်ဖို့ ဝါးပေးခြင်း။

(၁၁) အိမ်မိုးဖို့ ထန်းရွက်၊ ဓနိရွက် စသည် ပေးခြင်း။

(၁၂) ပန်းပေးခြင်း။

(၁၃) ငှက်ပျောသီး၊ အုန်းသီး စသည် သစ်သီးပေးခြင်း။

(၁၄) ရေချိုးစရာ ဆပ်ပြာပေးခြင်း။

(၁၅) ဒန်ပူ (သွားပွတ်တံ) ပေးခြင်း။

(၁၆) မျက်နှာသစ်ရေ ပေးခြင်း။

(၁၇) မျက်နှာချေမှုန့် ပေးခြင်း။

(၁၈) မြေညက်ပေးခြင်း။

(၁၉) မိမိကိုယ်ကို အောက်ချကာ ဒကာ ဒကာမကိုမြှောက်၍ ပြောဆိုခြင်း။

(၂၀) အကျက်နည်းပါး မကျက်များသော ပဲနောက်ဟင်းကဲ့သို့ အမှန်နည်းပါး အမှားများသော စကားတို့ဖြင့်

ဒကာ ဒကာမ သဘောကျလောက်အောင် နည်းအမျိုးမျိုးဖြင့် ပြောဆိုခြင်း။

(၂၁) ကလေးထိန်းကဲ့သို့ ဒကာ ဒကာမတို့၏ ကလေးကို ချီပွေ့ ချော့မြူခြင်း။

(မူလဋီကာ၊ ကုသလကထာ) ပစ္စည်းလာဘ်ကိုမျှော်၍ မိမိကိုယ်ကို အထင်ကြီးအောင် ဣန္ဒြေကြီးဖြင့် ဟန်လုပ်နေခြင်း၊ ပစ္စည်းလေးပါး လှူအောင် စောင်းပါးရိပ်ခြည် ပြောခြင်း၊ အရိယာဟုထင်အောင် အရိပ်နိမိတ် ပြောခြင်းများလည်း ရှိပါသေးသည်။)

************************************************************

(မေး) အရှင်ဘုရား၊ ရဟန်းတော်များ ဖဲရိုက်ခြင်း၊ အရက်သောက်ခြင်း ပြုပါက မည်သို့ အပြစ်ရှိပါသနည်း။

(ဖြေ)

ဖဲရိုက်ခြင်းကြောင့် ဒုက္ကဋ်အာပတ်သင့်၍ သေရည်အရက်သောက်ခြင်းကြောင့် ပါစိတ်အာပတ် သင့်ပါသည်။

************************************************************

(မေး) အရှင်ဘုရား၊ ရဟန်းတော်များသည် ကျောင်းကန်ဘုရားတွင်၄င်း၊ လမ်းခရီးသွား မော်တော်ယာဉ်များကို ရပ်စေ၍၄င်း အလှူခံနိုင်ပါသလား။

(ဖြေ)

အလှူမခံနို်င်ပါ။ ငွေကို သာ၍ပင် အလှူမခံနိုင်ပါ။

(အလှူခံအစစ်မှာ (၁) နံပါတ်၌ဖြေခဲ့သည့်အတိုင်း အလှူရှင်အနီးသို့ သင်္ကန်းရုံ၍ သွားပြီးလျှင် ဆွမ်းရပ်သလို ရပ်ရပါသည်။ (၁)နံပါတ်ကို ပြန်ကြည့်ပါ။

ဂါဒီယန်း ဦးစိန်ဝင်း မေး၍ အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။

************************************************************

ဘာသာရေး အခမ်းအနား

(မေး) (ဘာသာရေး အခမ်းအနား)

အရှင်ဘုရား၊ အချို့ ဘာသာရေး အခမ်းအနားများ၌ အခမ်းအနားမှူးက-

(...............) လူကြီးမင်းက သီလရှင်ဆရာကြီးအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည် ခင်ဗျား-ဟု ပြောကြပါသည်။ မှန်ပါသလား၊ မှားသလား-ဟု မဝေခွဲတတ်၍ ဖြေကြားပေးတော်မူပါဘုရား။

(မရှီကတောင် ဂေါပကအဖွဲ့၊ ဖားကန့်မြို့)

(ဖြေ)

သီလရှင်များသည် ဘိက္ခုနီ (ရဟန်းအမျိုးသမီး) များ၏ ကိုယ်ပွား ကိုယ်စား အဖြစ် ဘိက္ခုနီနွယ်ဝင်၊ ဘိက္ခုနီအသွင်ကို ဆောင်ထားသူများ ဖြစ်ပါသည်။

ထို့ကြောင့် သီလရှင်များကို ဆက်ကပ်လှူဒါန်းပေးပါရန်-စသော အသုံးအနှုန်းများကို ပြောဆို သုံးနှုန်းခြင်းသည် မှန်ကန်ပါသည်။ သုံးကောင်းပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဘီလူးတို့၏ ပဋိသန္ဓေစိတ်

(မေး) (ဘီလူးတို့၏ ပဋိသန္ဓေစိတ်)

အရှင်ဘုရား၊ ဓမ္မပဒ ယမကဝဂ် ကာဠယက္ခိနီ ဝတ္ထုတွင် မြတ်စွာဘုရားက- န ဟိ ဝေရေန (ပ) သနန္တနော- ဂါထာကို ဟော၍ ကြားနာရပြီး သောတာပန် ဖြစ်သွားသည်ဟု ဆိုပါသည်။ ဘီလူးမ၏ ပဋိသန္ဓေစိတ်သည် အဟိတ်ဖြစ်ကြောင်း-ဒုဟေတုကာန မဟေတုကာနဉ္စ-စသည်ဖြင့် သင်္ဂဟပုဂ္ဂလဘေဒ (ဝီထိပိုင်း) မှာ ဆိုထား၍ အဟိတ်ပဋိသန္ဓေဖြစ်သောကြောင့် အရိယာမဖြစ်ထိုက်သော စာရင်းတွင် ပါပါသည်။ ထိုသို့ ပါပါလျက် အဘယ်ကြောင့် သောတာပန်ဖြစ်နိုင်ပါသလဲဘုရား။ အညံ့စား အဟိတ်ပုဂ္ဂိုလ်တောင် အရိယာဖြစ်လျှင် သုဂတိအဟိတ်၊ ဒွိဟိတ် ပုဂ္ဂိုလ်တို့အတွက် ဆိုဖွယ်ရာမရှိဟု ထင်မိပါသည်။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။

(ရှင်ပဏ္ဍိတ-မြောင်)

(ဖြေ)

အဟိတ်ပုဂ္ဂိုလ်၊ သုဂတိအဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်တို့ မဂ်ဖိုလ် မရနိုင်ကြောင်း အဘိဓမ္မာက ဆိုပါသည်။ သို့သော် ဓမ္မပဒလာ ကာဠယက္ခိနီသည် အဟိတ်ပဋိသန္ဓေနေသော ပုဂ္ဂိုလ်မဟုတ်ပါ။ အချို့ ဘီလူး၊ ပြိတ္တာ စသည့် ဝိနိပါတိက၊ ဝေမာနိက သတ္တဝါတို့သည် တိဟိတ်ပဋိသန္ဓေနေသော အထက်တန်းစားများဖြစ်၍ မဂ်ဖိုလ် ရနိုင်ကြပါသည်။

အင်္ဂုတ္တရ အဋ္ဌကထာ (အံ၊ဋ္ဌ၊၃-၁၆၃) သုတ်မဟာဝါ အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂-၁၀၀) တို့တွင် ဝိနိပါတိက အသုရာဆိုရာတွင် အပါယ်လေးဘုံမှ လွတ်သော ဥတ္တရမာတာ၊ ပိယင်္ကရမာတာ၊ ဖုဿမိတ္တာ၊ ဓမ္မဂုတ္တာ-စသော ဝေမာနိကပြိတ္တာတို့သည် အဝါ အဖြူ အညို ကြမ်းပိုးရေအဆင်း၊ ရွှေရောင်အဆင်းစသော အရောင်အဆင်းဖြင့်၄င်း။ အပိန်၊ အဝ၊ အတို၊ အရှည်၊ ကိုယ်နေ ကိုယ်ဟန်ဖြင့်၄င်း၊ ခန္ဓာကိုယ် အမျိုးမျိုးရှိသကဲ့သို့ ပဋိသန္ဓေသညာသည်လည်း ဒွိဟိတ်၊ တိဟိတ်၊ အဟိတ် တို့၏ အစွမ်းဖြင့် အမျိုးမျိုးပင် ဖြစ်ကြသည်။

ထို့ကြောင့် ထိုဝေမာနိကပြိတ္တာတို့သည် နတ်တို့ကဲ့သို့ တန်ခိုးမကြီးကုန်သော်လည်း စတုမဟာရာဇ်ဘုံ၌ အကျုံးဝင်ကုန်၏၊ မဂ်ဖိုလ် တရားထူးကို ရနိုင်ကုန်၏၊ ဓမ္မပဒလာ ကာဠီဘီလူးမ၊ အဋ္ဌကထာတို့လာ ဥတ္တရမာတာ၊ ပိယင်္ကရမာတာ၊ ဝေမာနိကပြိတ္တာမ တို့သည် တိဟိတ်ပဋိသန္ဓေ နေသူများဖြစ်ကြ၍ မဂ်ဖိုလ်ရနိုင်ကြလေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုန်းကံ

(မေး) (ဘုန်းကံ)

ဆရာတော်အရှင်ဘုရား၊ တပည့်တော် ငယ်စဉ် သိတတ်သောအရွယ်မှစ၍ ယခုအရွယ်အထိ ဘုန်းကံဟူသော စကားကို ကြားသိခဲ့ရပါသည်၊ ဘုန်း နှင့် ကံ သည် အတူတူပင်ဖြစ်ပါသလားဘုရား၊

ဘုန်းကံနိမ့်ခြင်း မြင့်ခြင်းဟူ၍ ရှိပါသလား။

တံတားအောက်စသည့် ညစ်ညမ်းနိမ့်ပါးသည့် အောက်သို့ လျှိုးခြင်း ဝင်ခြင်းတို့ကြောင့် ဘုန်းနိမ့်တတ်သည်

ဆိုသည်မှာလည်း ဟုတ်ပါသလားဘုရား။

(ခင်မောင်ဆွေ-စျေးအတွင်း၊ ထီးချိုင့်မြို့)

(ဖြေ)

မြန်မာလို ဘုန်းကံ-ဟူ၍ တွဲခေါ်သည့်အားလျော်စွာ ပါဠိဘာသာအားဖြင့် ပုညကမ္မ-ဖြစ်၍ ပြုလုပ်သော ကုသိုလ်ကောင်းမှု-ကိုပင် ဘုန်းကံ-ဟု ခေါ်ပါသည်။

သတ္တာနံ ခန္ဓသန္တာနံပုဏာတိ သောဓေတီတိ ပုဏံ-ဟု ပရိတ်ဋီကာက ဆိုသည်၊

သတ္တဝါတို့၏ ခန္ဓာအစဉ်ကို သုတ်သင်တတ်၍ ပုဏ၊ ဝါ-ပုည-ဟုဆိုသဖြင့် ယင်းပုည ခေါ်သော ကောင်းမှုကုသိုလ်ကံသည် အကျိုးပေး၍ ကောင်းကျိုးချမ်းသာများ ဖြစ်ပေါ်နေခြင်းကိုပင် ဘုန်းကံ ဘုန်းရှိသည်၊ ဘုန်းကြီးသည်ဟု ဆိုကြသည်၊ ထို့ကြောင့် ဘုန်းကံသည် မိမိပြုလုပ်သောကုသိုလ် အကျိုးပေးခြင်းသာ ဖြစ်၍ လမ်း တံတားအောက် ဝင်ခြင်း၊ အိမ်အောက်ထပ်မှာ နေခြင်း၊ မြေအောက်မြေတွင်းမှ ရေစသည်တို့ကို သုံးဆောင်ခြင်းကြောင့် နိမ့်ခြင်း၊ ပျက်ပြားခြင်း ဖြစ်နိုင်စရာ မရှိပါ။

သို့သော် ကုသိုလ်ကံ ပုည-သည် အကျိုးပေးရာ မျက်မှောက်ကောင်းမှု မကောင်းမှုများ၌လည်း အနည်းအများ အမှီပြုသေးသဖြင့် ရှေးကုသိုလ်ကံကောင်း၍ အကျိုးပေးချင်သော်လည်း မိမိက မကောင်းမှု ဒုစရိုက်များကိုသာ ပြုလုပ်နေလျှင် အကျိုးပေး ဖွံ့ဖြိုးလိမ့်မည်မဟုတ်ပါ၊ ထိုအရာကိုသာ ဘုန်းနိမ့်သည်ဟု ဆိုလိုက ဆိုနိုင်ပါသည်၊ ယခုခေတ် လမ်းများအထက်၌ တံတားများရှိ၍ ထိုလမ်းများ၌ သွားလာ၍ ဘုန်းနိမ့်ကြရမည်ဆိုလျှင် အိမ်မှ ဘယ်မျှမထွက်ဘဲ နေရတော့မလို ဖြစ်နေပါသည်၊ ထိုအယူစွဲကို ဖျောက်ပယ်သင့်လှပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုန်းကြီးရဟန်းများ မိဘအမွေ ဆိုင်သင့်-မဆိုင်သင့်

(မေး) (ဘုန်းကြီးရဟန်းများ မိဘအမွေ ဆိုင်သင့်-မဆိုင်သင့်)

အရှင်ဘုရား၊ တပည့်တော် အမြဲတမ်းကြည်ညိုကိုးကွယ် လှူဒါန်းနေသော ဘုန်းကြီးသည် ကွယ်လွန်ပြီးသော မိဘများ၏ အမွေစုကို ခံစားခွင့်ရလိုကြောင်း တောင်းဆိုလျက်ရှိပါသည်။ ထိုသို့ တောင်းဆိုခြင်းမှာ ဝိနည်းတရားနှင့် ညီ-မညီ၊ အကယ်၍ ဝိနည်းတရားနှင့်မညီသော ထိုရဟန်းကို တပည့်တော် လှူဒါန်းခြင်းဖြင့် အကျိုး ရှိ-မရှိ သိလိုပါသည်ဘုရား။

(ဦးမြလေး-ပညာရေးဝန်ထမ်းဟောင်း၊ ကံမမြို့၊ သရက်ခရိုင်)

(ဖြေ)

ပိဋကတ်တော်တွင် အမွေဆိုင်သင့်-မဆိုင်သင့် အချက်ကို အတိအကျ ပြဆိုချက် မရှိပါ။ သို့သော်လည်း မိဘအမွေ ရလိုခြင်းကြောင့် တောင်းခံခြင်းသည် ဝိနည်းပြစ်အနေဖြင့် အပြစ်မရှိနိုင်ပါ။ ရဟန်းသီလ မပျက်နိုင်ပါ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဘုန်းကြီးကျောင်းတွင် ဖိနပ်စီးခြင်း

(မေး) (ဘုန်းကြီးကျောင်းတွင် ဖိနပ်စီးခြင်း)

အရှင်ဘုရား၊ ယခုခေတ် ဘုန်းကြီးကျောင်းနှင့် ရိပ်သာတို့တွင် ဘုန်းကြီးက ခွင့်ပြုသည်ဆို၍ ဖိနပ်များ စီးနေကြပါသည်။ ဘုန်းကြီးက ခွင့်ပြု၍ ရ-မရ အပြစ် ရှိ-မရှိ သိလိုပါသည်။ တဆက်တည်း ဗိမ္ဗိသာရမင်းကြီး ခြေဖဝါး ဓားခွဲခံရခြင်းသည် မည်သည့်ကံ၏အကျိုး ဖြစ်ပါသနည်း။ ဖြေကြားပေးတော်မူပါဘုရား။

(ဦးသိန်းအောင်-သင်္ဃန်းကျွန်း)

(ဖြေ)

ဘုန်းကြီးကျောင်းဝင်းတွင် လူမှမဟုတ်၊ ရဟန်းသံဃာများပင် ကျောင်းပိုင်ဘုန်းကြီး၏ ခွင့်ပြုချက်မရလျှင် စီးခွင့်မရှိပေ။ ခွင့်ပြုမှ စီးခွင့်ရှိပေသည်။ ၄င်းပညတ်ချက်အရ လူများလည်း ခွင့်ပြုလျှင် စီးနိုင်သည်ဟု အဓိပ္ပါယ် ရပေသည်။

မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီးသည် နွေအခါ မင်းကွန်း၌ အလွန်ပူပြင်းလှသဖြင့် ကျောင်းဝိုင်း ကျယ်ကျယ်ကြီးတွင် ဖိနပ်ချွတ်၍ သွားလာရန် မသင့်သည့်အတွက် လူများကို ဖိနပ်စီးခွင့်ပြုတော်မူသည်။

အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသသည်လည်း ညစ်ပေသောခြေထောက်ဖြင့် ကျောင်းပေါ်ကိုတက်ခြင်းက ကျောင်းကိုပို၍ ညစ်ပေစေသောကြောင့် သန့်ရှင်းသောခြေဖြင့် ကျောင်းပေါ်သို့တက် နိုင်စေရန် စီးခွင့်ပြုတော်မူသည်။

ဗိမ္ဗိသာရသည် ရှေးဘဝက ညစ်ပေသောခြေတို့ဖြင့် သံဃာတော်များ သုံးဆောင်ရန် ခင်းထားသောအခင်းပေါ် ညစ်ပေအောင် နင်းခဲ့သည့်အတွက် ဓားခွဲခံရခြင်း ဖြစ်သည်။ ထို့ကြောင့် ဖိနပ်မစီးဘဲ ညစ်ပေသောခြေထောက် ဖြင့် တက်ခြင်းထက် ဖိနပ်စီး၍ သန့်စင်သော ခြေထောက်ဖြင့် တက်ခြင်းက အကျိုးပို၍ ရှိသည်ကို ရည်၍ စီးခွင့်ပြုတော်မူသည်။

မန္တလေး မစိုးရိမ်ဆရာတော်ကြီးကား-သံဃာများ သီတင်းသုံးတော်မူသော နေရာသည် လူများအတွက် စေတီထိုက်သောနေရာ ဖြစ်သည်။ ထို့ကြောင့် ရှေးထုံးစဉ်လာ သံဃာ့အာရာမ်ကို ထိနပ်မစီးဘဲ အရိုအသေ အလေးအမြတ်ပြုခြင်းဖြစ်သည်။ လူများကို စီးခွင့်ပေးရန် မဆုံးဖြတ်ရဲ။ တို့တော့ ခွင့်မပြုရဲ၊ စီးလိုက စီးနိုင်ကြသည်-ဟု မိန့်ကြောင်း ကြားဖူးပါသည်။

လိုရင်းချုပ်သော် ရိုသေသော စိတ်စေတနာနှင့် မရိုသေသော စိတ်စေတနာတို့သာ ပဓာနကျပေသည်။ ရိုသေသော စိတ်စေတနာဖြင့်ပင် ကျောင်းကို မညစ်ပေရအောင် စီးသည်ဆိုလျှင် အပြစ်မဖြစ်နိုင်ပေ။

ကျမ်းဂန်တို့၌ ရဟန်းသံဃာ ဆရားသမားများကို ၁၂-တောင်အကွာက ဖိနပ်ချွတ်၍ အရိုအသေပေးရမည်ဟု ဆိုသဖြင့် ကျောင်းအတော်များများတွင် ဖိနပ်ချွတ်နေရာနှင့် ဆရာတော် သံဃာတော်များ သီတင်းသုံးရာ နေရာသည် ၁၂-တောင်ခန့်ဝေးနေလျှင် အရိုအသေပြုရာရောက်လျက်ရှိပါသည်။

ဘုရားကိုကား မြင်လောက်ရာက စ၍ ဖိနပ်ချွတ်ကာ အရိုအသေပေးရမည်ဟု ဆိုပါသည်။ ရိုသေသော စိတ်စေတနာရှိဖို့သာ လိုရင်းဖြစ်ပါသည်။

ဤထိနပ်ချွတ်ခြင်း၊ မချွတ်ခြင်းသည် ယဉ်ကျေးမှုဓလေ့နှင့်လည်း ဆိုင်ပေသည်။ ထိုင်းနိုင်ငံ၌ တန်ခိုးကြီး မြဘုရားကို ဖိနပ်စီးလျက်ပင် ဖူးမြော်ကြသည်။ ဖိနပ်မချွတ်ဘဲ ကြည်ညိုရိုသေစိတ် ဖြစ်ပေါ်လျက်ရှိကြသည်။ သို့သော် ဘုရားကိုကား မြင်လောက်ရာအရပ်မှ ဖိနပ်ချွတ်ကြ၍ အရိုအသေပြုရမည်ဟုဆိုသဖြင့် ဘုရားဝင်း၌ မစီးခြင်းသည်သာ အပြစ်ကင်းပေ၏၊

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဘုန်းကြီးကျောင်းနှင့် ဝေယျာဝစ္စ

(မေး) (ဘုန်းကြီးကျောင်းနှင့် ဝေယျာဝစ္စ)

အရှင်ဘုရား၊ ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်များနှင့် သာမဏေများ၏ ပန်းကန်ခွက် ဆေးကြောခြင်း၊ သင်္ကန်းများ လျှော်ဖွပ်ပေးခြင်း၊ ကုဋီများ ဆေးကြောပေးခြင်း၊ သံဃာတော်တို့ သောက်သုံးရေအိုးများ ရေဖြည့်ပေးခြင်း၊ ကျောင်းဝင်းအတွင်းရှိ မြက်များ ရှင်းလင်းပေးခြင်းတို့သည် အပြစ်ရသည် အပြစ်ကြီးသည်ဟု လူတယောက်ကပြောပါသည်။ ၄င်းကဲ့သို့ ပြုခြင်းသည် အပြစ်ရ-မရ ဖြေကြားပေးပါဘုရား။

(ဒေါ်သန်းနွဲ့-မိုးကောင်းမြို့နယ်)

(ဖြေ)

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အဖို့ ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒန၊ ဓမ္မသဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ၊ ဟူသော ပုညကိရိယာဝတ္ထုများမှာ နေ့စဉ်ပြုရမည့် တရားများဖြစ်ပါသည်။

လှူဒါန်းမှု-ဒါန၊

ဆောက်တည်မှု-(အနည်းဆုံး) သီလ

လက္ခဏာရေးသုံးပါးကို ဆင်ခြင်ခြင်း-ဘာဝနာ စသည်တို့ကို နေ့စဉ်ပြုနေရသကဲ့သို့

ရိုသေထိုက်သော မိဘဆရာသမား စသည်တို့ကို ရိုသေမှု-အပစာယန

ပြဿနာရှင်ဖော်ပြသော ဘုန်းတော်ကြီးကျောင်းတို့တွင် ပန်းကန်ခွက်ယောက်များ ဆေးကြောပေးခြင်း၊ ကုဋီများ၌ သန့်ရှင်းရေး ပြုလုပ်ခြင်းစသည်တို့မှာ မုချပြုလုပ်ရမည့် ဝေယျာဝစ္စ ပုညကိရိယာ ကောင်းမှုများဖြစ်ကြပါသည်။

ရှေးက ကျောင်းကန်ဘုရားများတွင် ဥပုသ်စောင့်ကြသူတိုင်း ထိုအမှုတို့ကို မပြုမနေ ပြုမိအောင် ပြုလုပ်ကြပါသည်။ ကျောင်းကန်ဘုရားသို့ရောက်လျှင် မပြုလျှင်သာ အပြစ်ရှိ၍ ပြုလျှင်ကား လွန်စွာအကျိုးရှိလှ၊ ကုသိုလ်ဖြစ်လှပါသည်။ ရန်ကုန်တွင် ကျောင်းဆရာမလေးများစု၍ အချို့တပည့်မလေးများပါ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်များရှိ ကုဋီများကို ကျောင်းပိတ်ရက်၊ ကျောင်းအားရက်များတွင် လာ၍သန့်ရှင်းပေးနေကြသည်ကို သာဓုခေါ်ဖွယ်ရာတွေ့ရပါသည်။ ထို့ကြောင့် ထိုပုညကိရိယာဝတ္ထုတို့ကို ပြုမိအောင် ပြုလုပ်ကြစေလိုကြောင်း ပြောဆိုတိုက်တွန်းဖြေကြားပေးလိုပါသတည်း။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုန်းကြီးနှင့် အလုပ်အကိုင်

(မေး) (ဘုန်းကြီးနှင့် အလုပ်အကိုင်)

အရှင်ဘုရား၊ ကျောင်းထိုင်ရဟန်းတော်တပါးသည် ဘုန်းကြီးကျောင်း တံတားပျက်စီးရာတွင် လက်သမားအလုပ်၊ ပန်းရန်အလုပ်၊ ဝင်ရောက်လုပ်ကိုင်ရာ ဝိနည်းတော်အရ လုပ်သင့်-မလုပ်သင့် သိလိုပါသည်၊ ဖြေကြားတော်မူပါဘုရား။

(စိုးလွင်လွင်-ဝါးခယ်မမြို့)

(ဖြေ)

ရဟန်းတော်များ၌ အပ်စပ်သော နဝကမ္မ (အမှုသစ်၊ အလုပ်ကိစ္စသစ်)များ ရှိပါသည်။ ကျောင်းပြင်ခြင်း၊ ခြံစည်းရိုးကာခြင်း၊ ကျောင်းသွားတံတားခင်းခြင်း၊ ပြုပြင်ခြင်းများမှာ လုပ်သင့်သော နဝကမ္မများ ဖြစ်ပါသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးစ ရာဇဂြိုဟ်ပြည်တွင် ပထမသံဃာယနာတင်ရန် ကျောင်းကြီး ၁၈-ရပ်ကို ရဟန်းတော်များ ပြင်ဆင်ကြရကြောင်း ဝိနည်းပါဠိတော်များတွင် ပါရှိပါသည်။ ကိုယ်တိုင် ငွေကြေးအလှူခံ၍ တည်ဆောက်လုပ်ကိုင်ခြင်းမျိုးသာ ဝိနည်းတော်အရ မအပ်စပ် မလျော်ကန် ဖြစ်ရလေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရား ရဟန္တာ

(မေး) (ဘုရား ရဟန္တာ)

အရှင်ဘုရား၊ ရည်မှန်းချက် ကြီးလွန်းပြီး ဇွဲကောင်းစွာ ထားရှိနိုင်သူတို့အဖို့

(က) ယခုဘဝတွင်ပင် ရဟန္တာဖြစ်အောင် ကြိုးပမ်းခြင်းနှင့်

(ခ) သမ္မာသမ္ဗောဓိ ဘုရားဆုပန်ခြင်း နှစ်ခုတွင် မည်သည်ကို လုပ်ဆောင်သင့်ပါသနည်း ဘုရား။

(မောင်နေထွန်းခိုင်-ရွှေတောင်ကြား (၁) ရပ်ကွက်၊ ဗဟန်း)

(ဖြေ)

(က) မှာ သံသရာဘဝများစွာ ခန္ဓာဒုက္ခတို့ ခံစားမနေလိုသော ရဟန္တာ သာဝကတို့ စိတ်ဓာတ်ဖြစ်သောကြောင့် မိမိတဦးတည်း အတ္တဟိတ အနေဖြင့် အကောင်းဆုံးပင်ဖြစ်၍ ကဲ့ရဲ့စရာမရှိပေ။

(ခ) မှာ မိမိတဦးတည်း နိဗ္ဗာန်သို့ ကူး၍ ချမ်းသာသုခကို အရယူသည်ထက် သတ္တဝါအားလုံးကိုပါ ခေါ်ဆောင်လိုသော ဘုရားလောင်းတို့၏ အတ္တ-ပရ နှစ်ဝအကျိုးပြုသော စိတ်ဓာတ်ဖြစ်သဖြင့် ပိုမို၍ ကောင်းသည်ဟု ဆိုစရာပင်ဖြစ်ပါသည်။

သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ရဟန္တာဘဝဖြင့် နိဗ္ဗာန်ကူးနိုင်သော်လည်း

ကိံ မေ ဧကေန တိဏ္ဏေန ပုရိသေန ထာမဒဿိနာ-စသည်ဖြင့် ငါတဦးတည်း နိဗ္ဗာန်ကို ကူးမြောက်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ မိမိအားအစွမ်းကို သိမြင်သူပီပီ ဘုရားဖြစ်၍ သတ္တဝါအပေါင်းကို ကယ်တင်ပေအံ့-ဟု အဓိဋ္ဌာန်၍ ဘုရားဆုပန်ခဲ့ပါသည်၊ ယခုပြဿနာရှင်၏ စာတွင်လည်း ရည်မှန်းချက် ကြီးလွန်းပြီး ကောင်းစွာထားရှိနိုင်သူအဖို့-ဟု ဆိုပေရာ ဖော်ပြပါ သုမေဓာစိတ်ဓာတ်မျိုးပင် ဖြစ်သည့်အားလျှော်စွာ ဘုရားဆုပန်ခြင်းကို လုပ်ဆောင်သင့်ကြောင်း အကြံပေးလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားရုပ်ပွားတော်

(မေး) (ဘုရားရုပ်ပွားတော်)

အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးအများစုသည် မိမိ၏လည်ပင်း ပိုက်ဆံအိတ်နှင့် အကျႌအိတ်ကပ်များတွင် ဘုရားစေတီ၊ ရဟန္တာနှင့် ဆရာတော် သံဃာတော်များ၏ ပုံများကို ချိတ်ဆွဲထည့်သွင်းပူဇော်လေ့ရှိပါသည်။ ထိုကဲ့သို့ ပုံတော်များ ထည့်သွင်းပူဇော်လျက် အိမ်သာတက်ခြင်း စသည်ပြုလျှင် အပြစ်ရှိ-မရှိ သိချင်ပါသည်ဘုရား။

(မောင်သန်းဇော်ဦး-ရွှေပြည်သာမြို့နယ်)

(ဖြေ)

ဘုရားစေတီ၊ ရဟန္တာရုပ်တု စသည်များကို မိမိတို့အိမ် ဘုရားခန်း၊ ဘုရားဆောင်၌သာ တရိုတသေ ကိုးကွယ် သင့်ပါတယ်။ လည်ပင်း ပိုက်ဆံအိတ်၊ အကျႌအိတ်ကပ်များတွင် ချိတ်ဆွဲထည့်သွင်း၍ ဆောင်ယူခြင်း၊ အမြဲထည့်ထားခြင်းမျိုး မလုပ်အပ်ပါ။ အချို့ ရှင်သီဝလိပုံတော်များနှင့် ဘုရားပုံတော်ငယ်များကို လည်ပင်း၌ ချိတ်ဆွဲထားလေ့ရှိပါသည်။ မလုပ်ထိုက်ပါ။ ရိုသေမှု ဂါရဝတရားကြောင့် ကုသိုလ်တရား တိုးပွားနိုင်သည်နှင့်အမျှ မရိသေမှု အဂါရဝတရားကြောင့် အကုသိုလ်တရားများ လွန်စွာတိုးပွားနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားကိုးဆူ

(မေး) (ဘုရားကိုးဆူ)

ဘုရားကိုးဆူ သမိုင်းကြောင်းနှင့် ဘုရားကိုးဆူ နေရာချထားပုံ၊

ရွတ်ဖတ်မှုကို ရဟန်းတော်များ မလုပ်ဘဲ လူများလုပ်ခြင်းနှင့် နေ့မလုပ်ဘဲ ညလုပ်ရပုံများ သိလိုပါသည်ဘုရား။

(ထွေးလင်းထွဋ်-အင်းစိန်) (ထိုက်ထိုက်-တံတားဦး) (ဝင်းနိုင်ဦး-သံကုန်း)

(ဖြေ)

သက္ကရာဇ် ၉၂၀-ကျော် ဘုရင့်နောင်မင်းကြီး လက်ထက် ဇင်းမယ်ပြည်မှ နတ်ကြီး ၉-ပါး ပူဇော်ပွဲကို ဘုရင့်နောင်မင်းတရားကြီး သားတော် ဇင်းမယ်စား နော်ရထာစောက သာသနာပြုဆရာတော်များနှင့် တိုင်ပင်၍ ဓမ္မပဒ၊ အာယုဝဍ္ဎန သတို့သား ဝတ္ထုအရ ဘုရားကိုးဆူ ပူဇော်မှုကို စီရင်ခဲ့သည်-ဟု သမိုင်းများက ဆိုပါသည်။

အလယ်ဗဟိုမှာ မြတ်စွာဘုရား သီတင်းသုံး၍

လက်ယာဘက် တောင်အရပ်မှ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ၊

လက်ဝဲဘက် မြောက်အရပ်မှ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလ္လာန်၊

အရှေ့တော် အရှေ့အရပ်မှ သက်တော်အကြီးဆုံး အရှင်ကောဏ္ဍည၊

နောက်တော် အနောက်အရပ်မှ နောက်တော်ပါ အလုပ်အကျွေး အရှင်အာနန္ဒာ၊

(ဤလေးပါးကို လောကုတ္တရာနည်းအရ နေရာချထား၏)

တနင်္ဂနွေထောင့်မှာ ဂြိုဟ်သက်အငယ်ဆုံးဖြစ်၍ သက်တော်အငယ်ဆုံး အရှင်ရာဟုလာ၊

အင်္ဂါထောင့် အရှင်သာရိပုတ္တရာ အနီး၌ ၄င်း၏ညီအငယ် အရှင်ရေဝတ၊

စနေထောင့်၌ စနေနံသည် တရားသူကြီးဂြိုဟ်ဖြစ်၍ ဝိနယဓရ အရှင်ဥပါလိ၊

ရာဟုထောင့်၌ ပသု-ဟူသော ရာဟုဂြိုဟ်၏ ပရိယာယ်အရ (ပသု-နွားလားတို့၏၊ ပတိ-အရှင်ဖြစ်သော) အရှင်ဂဝံပတိ၊

(ဤလေးပါးကို လောကီနည်းအရ နေရာချထား၏)

ဤသို့ ရဟန္တာ ၈-ပါးကို နေရာချထားပေးသည်။

ဘုရားကိုးဆူ ပူဇော်ရာ၌ နံနက် အရုဏ်တက်ချိန်တွင် ဆွမ်းကပ်လှူရမည်ဖြစ်၍ ညပိုင်းတွင် ပြင်ဆင်ပင့်ဆောင်ထားရသည်၊ ဘုရားကိုးဆူ ဒါယကာက ဧည့်သည်များကို ညတွင်ဖိတ်ကြားကာ ဘုရားဖူးစေသဖြင့် ညမှာ ကျင်းပသကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် ညပိုင်းတွင် ဘုရားပင့်ခြင်း၊ ရွတ်ဆိုခြင်းတို့မှာ လူတို့အလုပ်ဖြစ်၍ ရဟန်းတော်များနှင့် မသက်ဆိုင်ဘဲလည်း ဖြစ်နေပေသည်။

ဘုရားကိုးဆူ ပူဇော်မှုကို အိမ်ရှင်များက ကျန်းမာ ချမ်းသာ အသက်ရှည်စွာနှင့် ဘေးအန္တရာယ် ကင်းကွာ၍ ကျက်သရေမင်္ဂလာ တိုးတက်ရန် ပြုလုပ်လေ့ရှိကြပါသည်၊ ထိုကိစ္စအားလျော်စွာ အိမ်ရှင်တို့ကိုယ်တိုင် အိမ်၌ ဘုရားကိုးဆူ ပူဇော်ထားစဉ် ဘုရားရှိခိုးခြင်း၊ ရွတ်ဆိုဆုတောင်းခြင်း၊ ဆွမ်းဘောဇဉ်ဆက်ကပ်ခြင်းတို့ကို ဘိသိက်ဆရာကို လွှဲမထားဘဲ ကိုယ်တိုင်ပြုလုပ်မှသာ အဓိပ္ပါယ်ပြည့်ဝစရာ ရှိပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားခန်းနှင့် အောက်ထပ်

(မေး)။ အောက်ထပ် အိမ်ထောင်စုများ၌ ဘုရားခန်းထား၍ ကိုးကွယ်ရာ အပေါ်ထပ် အိမ်ထောင်စုတို့၏ အောက်မှာ ဖြစ်နေတတ်၍ ဘုရားခန်း၏အပေါ်၌ သွားလာနေထိုင်သူများ၌ အပြစ်ရှိပါသလား၊

သို့မဟုတ် အောက်ထပ်၌ ဘုရားခန်း ထားသူများမှာ အပြစ်ရှိပါသလား၊

ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။

(ဒေါ်တင်တင်-ရန်ကင်း)

(ဖြေ)။ အထက်ထပ်၌ နေသည်ဖြစ်စေ၊ အောက်ထပ်၌ နေသည်ဖြစ်စေ၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား၌ ကြည်ညိုကိုးကွယ်ကြသော ဗုဒ္ဓဘာသာဝင်များပီပီ ဘုရားခန်းကို တခမ်းတနားထား၍ ကိုးကွယ်ကြခြင်းမှာ ဓမ္မတာဖြစ်ရသည်။

အောက်ထပ်ဖြစ်၍ ဘရားခန်း မထားသင့်-မကိုးကွယ်သင့်ဟူ၍ မဖြစ်သင့်ပါချေ။

မိမိတို့နေထိုင်ရာ နေရာ၌ အထွတ်မြတ်ဆုံးထား၍ ကိုးကွယ်ကြရန်သာ ဖြစ်သည်။

ဤသို့ အောက်ထပ်၌ ဘုရားထား၍ ကိုးကွယ်ခြင်းကြောင့် အထက်ထပ်၌ နေသူတို့အတွက်လည်း မရိုမသေ ပြုမူသည်မမည်။ ပကတိနေမြဲအတိုင်း နေပါ၊ အပြစ်ဖြစ်စရာ အကြောင်းမရှိပေ။

သာဓကအနေဖြင့် ဆိုရသော်

ဥတ္တရသတို့သမီးသည် မိမိခင်ပွန်းဖြစ်သူက ဗုဒ္ဓရှင်တော်မြတ်ဘုရားအား ကိုးကွယ်သူမဟုတ်၍ ခင်ပွန်းဖြစ်သူအား မိမိကိုယ်စား သီရိမာအား အထက်ထပ်၌ ပြုစုလုပ်ကျွေးစေခဲ့သည်၊ မိမိက အောက်ထပ်သို့ ဆင်းလာပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက်ပတ်လုံး ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးခဲ့လေသည်။

မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ဥတ္တရာရှိရာ ပြသာဒ်အောက်ထပ်၍ ကြွရောက်ချီးမြှောက်ခဲ့သည်။

ထို့ကြောင့် အိမ်အောက်ထပ်၌ နေထိုင်သော်လည်း ဘုရားခန်းထား၍ ကိုးကွယ်သင့်သည်သာ ဖြစ်ပါ၏၊ ဘုရားခန်းသို့ အမှုန်အမှိုက်များ မကျရောက်နိုင်ရန် အဝတ်မျက်နှာကြက်စသည် လှလှပပ ပြုလုပ်ပူဇော်ထားကြရန်ကား လိုပေလိမ့်မည်။

ဘဒ္ဒန္တ တိလောကသာရ-ဖြေသည်။

************************************************************

ဘုရားခုနစ်ဆူနှင့် အရိမေတ္တေယျ ဘုရား

(မေး) (ဘုရားခုနစ်ဆူနှင့် အရိမေတ္တေယျ ဘုရား)

(က) အရှင်ဘုရား၊ အချို့သော စာအုပ်၌ ဘဒ္ဒကမ္ဘာ၌ ဘုရားငါးဆူဟု ဆိုသော်လည်း အချို့သော စာအုပ်၌ ဝိပဿီ, သိခီ ဘုရား အပါအဝင် ခုနစ်ဆူဟု ဆိုထားပါသည် ဘဒ္ဒကမ္ဘာ၌ ဘုရားမည်မျှ ပွင့်ပါသနည်းဘုရား။

(ခ) ဂေါတမဗုဒ္ဓသည် သုမေဓာရသေ့ဘဝနှင့် ဒီပင်္ကရာ မြတ်စွာဘုရားထံ ဘုရားဖြစ်ရန် ဗျာဒိတ်ခံတော်မူပါသည်။ အရိမေတ္တေယျ ဘုရားအလောင်းတော်သည် မည်သည့်ဘဝ မည်သည့်ပွင့်တော်မူသော ဘုရားထံမှာ ဗျာဒိတ်ခ့တော်မူပါသနည်းဘုရား။

(မောင်အောင်နိုင်လင်း-ပုသိမ်)

(ဖြေ)

(က) ဘဒ္ဒကမ္ဘာ၌ ဘုရားငါးဆူသာ ပွင့်တော်မူခဲ့ပါသည်။

ဝိပဿီ မြတ်စွာဘုရားနှင့် သိခီ မြတ်စွာဘုရားတို့မှာ ဤဘဒ္ဒကမ္ဘာမတိုင်မီက

(၁) ဝိပဿီ မြတ်စွာဘုရားသည် ၉၁-ကမ္ဘာထက် သာရကမ္ဘာ၌ ပွင့်တော်မူ၍

(၂) သိခီမြတ်စွာဘုရားသည် ၃၁-ကမ္ဘာထက် မဏ္ဍကမ္ဘာ၌ ပွင့်တော်မူခဲ့သည်။

ဒီဃနိကာယ် မဟာဝဂ္ဂမဟာပဒါနသုတ် ၄၂-၌ နိဂုံးအဖြစ် သုဒ္ဓါဝါသ ခရီးစဉ်ကို ဟောရာ ထိုသုဒ္ဓါဝါသ ဘုံများသို့ ဘုရားရှင်ကြွတော်မူစဉ် ဝိပဿီ-စသော ဘုရားခုနစ်ဆူတို့၏ တပည့်သာဝက ဗြဟ္မာများက ထိုဘုရားရှင် အသီးသီးတို့၏ အကြောင်းအရာများကို လျှောက်ထားခဲ့၏၊ ထိုသုဒ္ဓါဝါသ ခရီးစဉ်ပြ ဒေသနာတွင် ပါဝင်သိမ်းသွင်းနိုင်ရန် ထိုဒေသနာနှင့် လျော်ညီစွာ ဘုရားခုနစ်ဆူတို့၏ ပုဗ္ဗေနိဝါသများကို ဟောတော်မူ၏၊

(သပြေကန် ပရိတ်ကြီး နိဿယသစ်-၅၂၂)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားတဆူ ချွတ်သောသူနှင့် ဘုရားပစ္စေကဗုဒ္ဓါတို့ စျာန်တန်ခိုး

(မေး) (ဘုရားတဆူ ချွတ်သောသူနှင့် ဘုရားပစ္စေကဗုဒ္ဓါတို့ စျာန်တန်ခိုး)

အရှင်ဘုရား၊

၁။ ဘုရားရှင်တဆူလျှင် ဘုရားရှင်နှင့်အတူ ကျွတ်တမ်းဝင်နိုင်မည့်သူ ပုဂ္ဂိုလ်အရေအတွက် ပိုင်းခြားပြီးဖြစ်သည်မှာ ဟုတ်ပါသလား၊ မည်မျှပါနည်း၊ မည်သို့သောပုဂ္ဂိုလ်များ ပါဝင်ပါသနည်း။

၂။ ဘုရားအဖြစ်သို့ ရောက်တော်မူရန် ရက်အနည်းငယ်သာ ကျင့်တော်မူသော မြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓါ တို့သည် သစ္စာလေးပါးကို သိတော်မူသည်နှင့် စျာန်တန်ခိုးများ အလိုအလျောက် ရရှိပါသလား၊ သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။

(သူရငယ်-ပွင့်ဖြူ)

(ဖြေ)

စတုဝီသတာ သင်္ချေယျော-စသော ဂါထာဖြင့် ဘုရားတဆူလျှင် ကျွတ်တမ်းဝင်မည့်သူ ၂၄-သင်္ချေနှင့် ကုဋေ ၆၀ ဗိုလ်ခြေ တသိန်း ဖြစ်ကြောင်း တထာဂတုပ္ပတ္တိကျမ်းတွင် ဆိုသည်။

ထို့အတူ ဇိနာလင်္ကာရကျမ်းကလည်း ဆိုသည်။

သို့သော် ခိုင်ခံ့သော ပါဠိအဋ္ဌကထာကျမ်းတို့တွင် မလာရှိသည့်အပြင် ဓမ္မပဒကျမ်းတို့၌ တဂါထာ တဂါထာကို ဟောတော်မူလျှင် ကျွတ်တမ်းဝင်သော သတ္တဝါဝေနေယျတို့ မရေတွက်နိုင် ဟူ၍၄င်း။

မဟာသမယသုတ်၊ မင်္ဂလသုတ်၊ စူဠရာဟုလောဝါဒသုတ်၊ သမစိတ္တပဋိပဒါသုတ်၊ ဓမ္မစက္ကသုတ်၊ ပရာဘဝသုတ်တို့ကို ဟောရာ၌ ကျွတ်တမ်းဝင်သူ အပ္ပမေယျ အသင်္ချေယျ အနန္တရှိသည်ဟု ဆိုသောကြောင့်၄င်း၊

ဘုရားတဆူ တဆူ၌ ကျွတ်တမ်းဝင်သူ မည်မျှဟု မပြောနိုင်ကြောင်း သိရပါသည်။

၂။ ပဋိသမ္ဘိဒါပတ္တ၊ ဆဠာဘိည ရဟန္တာတို့သည်ပင် ရဟန္တာဖြစ်လျှင်ဖြစ်ချင်း စျာန်အဘိညာဉ် တန်ခိုးများ ဖြစ်ပေါ်လာသဖြင့် ရဟန္တာထက် အဆင့်မြင့်သော ဘုရားပစ္စေကဗုဒ္ဓါတို့၌ သစ္စာလေးပါးကို သိလျှင်သိချင်း စျာန်တန်ခိုးများ အလိုအလျောက် ရလာနိုင်ကြောင်းကို အထူးပြောဖွယ်ပင် လိုတော့မည်မဟုတ်ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားတဆူပွင့်ဖို့

(မေး) (ဘုရားတဆူပွင့်ဖို့)

အရှင်ဘုရား၊ ဘုရားတဆူနဲ့ တဆူ ပွင့်ဖို့ ဘယ်လောက်အချိန်ကြာပါသလဲ။ နောင်ပွင့်မည့်ဘုရားက ဘယ်အချိန်မှာ ပွင့်မှာပါလဲဘုရား။ ဖြေကြားပေးတော်မူပါရန် လျှောက်ထားပါသည်ဘုရား။

(ဂျိမ်းစ်-ရွှေတောင်တန်း-လမ်းမတော်မြို့နယ်)

(ဖြေ)

ဘုရားတဆူနဲ့တဆူအကြားမှာ အန္တရကပ် တကပ်တကပ် ခြားပါသည်။ အန္တရကပ် တကပ်ဆိုသည်မှာ လူတို့၏ အသက်တမ်းသည် တက်လိုက်၊ ဆုတ်လိုက် ဖြစ်နေသည်။ သီလ၊ သမာဓိ၊ ပညာ၊ ကံ၊ ဉာဏ်၊ ဝီရိယ ကောင်းသည့်အခိုက်တွင် အသက်တမ်း မရေမတွက်နိုင်အောင် ရှည်ကြသည်။ သီလစသည် ဆုတ်ယုတ်လာသောအခါ ၁၀-နှစ်တမ်းထိ ဆုတ်သွားမည်။ ယခု ဆုတ်ကပ်နဲ့ကြုံနေကြသည်။ ၁၀-နှစ်တမ်းအထိ အသက်ဆုတ်သွားကြဦးမည်။ (သာသနာတော်နှစ်) အနှစ်တရာတွင် တနှစ်နှုန်းခန့် ဆုတ်သည်ဟု သတ်မှတ်သည်။

ဘုရားလက်ထက်က အသက်တရာတန်းဟု သတ်မှတ်ကြသည်။ ယခု ဘုရားပရိနိဗ္ဗာန်စံသည်မှာ နှစ်ပေါင်း ၂၅၅၀-ကျော်လာသဖြင့် ၂၅-နှစ်ကျော် ဆုတ်ခဲ့ပြီ။ ယခု ၇၅-နှစ် ပတ်ဝန်းကျင်တွင် လူများ ကွယ်လွန်ကုန်ကြသည်။

၁၀-နှစ်တမ်းမှ မရေမတွက်နိုင်သော အသင်္ချေယျတန်းအထိ တက်မည်။ ထိုအသင်္ချေယျတန်းမှ ၁၀-နှစ်ထိ ဆုတ်မည်။ ထိုသို့ တက်ကပ် ဆုတ်ကပ်တစုံကို အန္တရကပ် တကပ်-ဆိုသည်။ ထိုအန္တရကပ်ပေါင်း ၆၄-ကပ်ကို အသင်္ချေယျကပ် တကပ်ဟုခေါ်သည်။ အသင်္ချေယျ လေးကပ်ကို ကမ္ဘာကြီး၏ သက်တမ်းတခုဟု သတ်မှတ်သည်။ (ပို၍ သဘောပေါက်အောင် စူးစမ်းလေ့လာပါဦးလော့)။

အသင်္ချေယျကပ်၏ အရေအတွက်ကို (တစ်)နောက် သုညပေါင်း (၁၄၀)ဟု သတ်မှတ်ကြသည်။

နောင်ပွင့်မည့် အရိမေတ္တေယျဘုရားသည် ယခု ၁၀-နှစ်တန်းမှ မရေမတွက်နိုင်သော အသင်္ချေယျတန်းထိ တက်သွားပြီး၊ ပြန်၍ အသက်တမ်းဆုတ်လာသောအခါ အသက်တန်း တသိန်းသို့ရောက်မည်။ ထိုအချိန်တွင် ပွင့်မည်။ ဘုရားရှင်တို့၏ ထုံးတမ်းစဉ်လာအတိုင်း တသိန်း၏ ငါးပုံ, ပုံ-လေးပုံ အသက်ရှစ်သောင်းနေ၍ လူနတ်ဗြဟ္မာ သတ္တဝါအားလုံးကို တရားဟောချေချွတ်တော်မူပါမည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဘုရားပုံ-ဘုန်းကြီးပုံများ၊ လည်ပင်း၌ ဆွဲခြင်း

(မေး) (ဘုရားပုံ-ဘုန်းကြီးပုံများ၊ လည်ပင်း၌ ဆွဲခြင်း)

အရှင်ဘုရား၊ လူ၏လည်ပင်း၌ ဘုရားပုံ၊ ဆရာတော်ပုံများ ဆွဲခြင်းသည် အပြစ်ရှိ-မရှိ၊ ၄င်းဘုရားပုံ၊ ဆရာတော်ပုံများ ဆွဲထားသူသည် သန့်စင်ခန်းသို့ဝင်လျှင် အပြစ်ရှိ-မရှိ ပြည့်စုံစွာ ဖြေကြားပေးတော်မူပါဘုရား။

(နန္ဒာမိုးမြေ-ရန်ကုန်)

(ဖြေ)

ရိုသေပူဇော် ကိုးကွယ်လိုသောအားဖြင့် ဆွဲလျှင် အပြစ်မရှိပါ။ မရိုမသေ ညစ်ညစ်ပတ်ပတ် ဆွဲလျှင်ကား အပြစ်ရှိနိုင်သည်။ ဤခန္ဓာသည် မသန့်ရှင်းသော အနံ့မကောင်းသော ခန္ဓာဖြစ်၍ မဆွဲခြင်းကား အပြစ်မဖြစ်တော့ပါ။ ပုံကို ဆွဲထားမည့်အစား စိတ်ထဲ နှလုံးသားထဲတွင် ဘုရားပုံတော်၊ ဂုဏ်တော်များ စွဲထုံထားဖို့ ပို၍ အရေးကြီးပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဘုရားပုံတော်များ လမ်းဘေးတွင်ချ၍ ရောင်းချခြင်း

(မေး) (ဘုရားပုံတော်များ လမ်းဘေးတွင်ချ၍ ရောင်းချခြင်း)

အရှင်ဘုရား၊ ယခုခေတ်စျေးသည်များသည် တန်ခိုးကြီးဘုရား ပြက္ခဒိန်ပုံနှင့် နာမည်ကြီး ဆရာတော်ပုံတွေကို လမ်းမှာချ၍ ရောင်းခြင်းသည် အပြစ်ကြီး-မကြီး ဖြေကြားတော်မူပါဘုရား။

(လွမ်းရတနာအောင်-ယော၊ အလုံမြို့)

(ဖြေ)

တန်ခိုးကြီးဘုရား ပုံတော်များ၊ ဆရာတော်ဘုရားကြီးများ၏ ပုံတော်များကို လမ်းဘေးမှာချ၍ ရောင်းခြင်း၊ မသန့်မပြန့် အမြင်မလျော်ရာ ဌာနများတွင် ချိတ်ဆွဲ၍ ရောင်းခြင်း၊ (ထားခြင်း) တို့မှာ ရတနာသုံးပါးအား ရိုသေမှု ဂါရဝ ပျက်ပြားသဖြင့် အပြစ်ရှိပါသည်။ ဗုဒ္ဓဘာသာဝင်တို့အမြင်တွင် ဘဝင်နှလုံး တုန်လှုပ်ဖွယ် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်ကလည်း ပြက္ခဒိန်များ စာအုပ်များ အဖုံးများတွင် ဘုရားပုံတော်များနှင့် ရဟန်းသံဃာတော်တို့၏ ပုံတော်များကို မရိုက်နှိပ်ရန် တားမြစ်ထားကြောင်း သိရှိရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားပုံတော်များ

(မေး) (ဘုရားပုံတော်များ)

အရှင်ဘုရား၊ အိမ်ရှိဘုရားပုံတော်များ၊ ဘုန်းတော်ကြီးပုံတော်များ၊ ရုပ်ပွားတော်များ ဟောင်းနွမ်း၍ ဆေးများပျက်လာသဖြင့် စွန့်ပစ်လိုသော် မည်ကဲ့သို့ စွန့်ပစ်ရပါမည်နည်းဘုရား။

(မဆု-လမ်း ၅၀၊ ပုဇွန်တောင်)

(ဖြေ)

အိမ်ရှိဘုရားပုံတော်များ၊ ဘုန်းတော်ကြီးပုံတော်များကို မှန်ပေါင်သွင်း၍ ချိတ်ဆွဲကိုးကွယ်ထားရာ ဟောင်းနွမ်း ဆေးပျက် ပိုးကိုက်ရှိပါလျှင် စွန့်ပစ်ခြင်းမပြုဘဲ မှန်ပေါင်ကိုသုတ်သင်၍ မူလပုံဟောင်းပေါ်မှ ပုံသစ်တပုံ ထပ်မံထည့်သွင်း ပူဇော်သင့်ပါသည်။

ရုပ်ပွားတော်များ ဆိုပါလျှင် ကြေးချွတ်၍ ဆေးသစ်တင်ခြင်း၊ ရွှေချခြင်းစသည်တို့ဖြင့် ရောင်တော်ဖွင့် ကုသိုလ်ယူ၍ ပူဇော်ရန် သင့်ပါကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားပုံတော်နှင့် မကိုဋ်စလွယ်

(မေး) (ဘုရားပုံတော်နှင့် မကိုဋ်စလွယ်)

အရှင်ဘုရား တပည့်တော်တို့ ကိုးကွယ်နေတဲ့ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်တွေမှာ မကိုဋ်စလွယ်များ ဆင်ယင်ထားတာနဲ့ ပတ်သက်၍ မရှင်းတာကို မေးလျှောက်ပါရစေ၊ မကိုဋ်စလွယ်ဟာ ဘုရားဖြစ်ပြီးမှ ဆင်ယင်တာလား။ ဘုရားလောင်းဘဝက ဆင်ယင်တာလား၊ တချို့က ဘုရားလောင်းဘဝက ဆင်ယင်တာဖြစ်လို့ ရဟန်းတော်များ ရှိမခိုးထိုက်ဘူးလို့ ပြောကြပါတယ်။ မကိုဋ်စလွယ် ဆင်ယင်ရခြင်း အကြောင်းနှင့် ပေါ်ပေါက်လာခြင်းအကြောင်း မိန့်ကြားပေးတော်မူပါဘုရား။ အထောက်အထားရှိပါက ညွှန်ကြားပေးတော် မူပါဘုရား။

(ဦးမျိုးညွန့်-မိုးဗြဲမြို့)

(ဖြေ)

မကိုဋ်စလွယ် ဆင်ထားသော ရုပ်ပွားတော်များမှာ ဘုရားလောင်းဖြစ်ကြောင်း၊ ညောင်ချောင်းဆရာတော်၏ ဥတ္တမင်္ဂ ဝိနိစ္ဆယမှာဆိုသည်။ ရှေးဆရာတော်များက မြတ်စွာဘုရား စကြဝဠာ တပါးသို့ကြွ၍ တရားဟောတော်မူရာ၌ ဘုရင်အသွင်၊ မင်းသားအသွင်ဖြင့် သွားကြောင်း တောင်ခွင် ဂုဠှတ္ထဝိနိစ္ဆယတွင် ဆိုသည်။

သို့သော် ထိုရုပ်ပွားတော်များမှာ ရခိုင်ပြည်မင်း အဆက်ဆက်တို့ ကိုးကွယ်ရာမှ ဆင်းသက်လာကြောင်း သိရသည်။ မန္တလေး မဟာမုနိကို ထောက်။

ရခိုင်ပြည်မင်းတို့သည် အိမ်ရှေ့မင်းအဖြစ်မှ မင်းအဖြစ် ဘိသိက်ခံရာတွင် ရုပ်ပွားတော်တဆူအား မင်းဝတ်တန်ဆာ မကိုဋ်စလွယ်ဆင်ယင်၍ ဦးထိပ်၌တင်ကာ မင်းကျင့်တရားနှင့်အညီ မင်းပြုပါမည်ဟု ကျိန်ဆိုအဓိဋ္ဌာန် ပြုကြရကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်တွင် ဤသို့ မင်းဝတ်တန်ဆာ မကိုဋ်စလွယ်ဆင် ဘုရားများကို ကိုးကွယ်စမှတ် ပြုလေ့ရှိကြောင်း၊ မဟာကျိန်ဘုရားဟု ခေါ်ဝေါ်ကြောင်း သိရပါသည်။

ဇင်းမယ် ပဏ္ဏာသလာ ဇမ္ဗုပတိ ချွတ်ခန်းအဆိုမှာ ထင်ရှားသော်လည်း ယုတ္တိကင်းမဲ့လွန်း၍ ပညာရှင်များ လက်မခံကြပါ။ ရခိုင်ပြည်မှလာသော မဟာကျိန်ဘုရားများ သမိုင်းကြောင်းမှာ ယုတ္တိလည်းရှိ မျက်မြင် ထင်ရှားလည်း ဖြစ်သဖြင့် ထိုအတိုင်း မှတ်သားထားစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားပန်းများကို ပြုပြင်ပူဇော်ခြင်း

(မေး) (ဘုရားပန်းများကို ပြုပြင်ပူဇော်ခြင်း)

ဆရာတော်ဘုရား၊ ဘုရားတွင် ပန်းများဖြင့် ရှိခိုးပူဇော်၍ ၄င်းပန်းများကို တန်ဆောင်းကြီးအတွင်းက ပြည့်ကျပ်နေသော ပန်းအိုးများတွင် မထိုးဘဲ မပြည့်မကျပ်သော အခြားတန်ဆောင်းငယ်များရှိ ပန်းအိုးများသို့ သွားရောက်ထိုးထည့် ပူဇော်ခြင်းသည် အပြစ်ဖြစ်ပါသလား ဘုရား။

(မမာမာ-စံရိပ်ငြိမ်၊ ကမာရွတ်)

(ဖြေ)

ပြည့်ကျပ်ရှုပ်ထွေးနေသော ပန်းအိုးများမှ ပန်းများကို (မိမိလှူမည့်ပန်းကို ဖြစ်စေ၊ အခြားသူ လှူထားသည့် ပန်းကိုဖြစ်စေ) ကောင်းမွန်စွာ ပြုပြင်၍ ပန်းနည်းသော ပန်းအိုးများ၌ မျှ၍ပူဇော်ခြင်း၊ များပြားနေသော တန်ဆောင်းမှပန်းများကို ပန်းနည်းပါးသော တန်ဆောင်းသို့ ရွှေ့ပြောင်းပြုပြင်၍ ကြည်ညိုဖွယ်ဖြစ်အောင် လှူဒါန်းခြင်းတို့မှာ အပြစ်မဖြစ်သည့်ပြင် ကုသိုလ်ဖြစ်ပါသည်။

ဝိမာနဝတ္ထု ပါဠိတော် (သုနိက္ခိတ္တ ဝိမာနဝတ္ထု ခု-၂၊ ၁၂၄)၌ ဒါယကာတဦးသည် ကဿပမြတ်စွာဘုရား စေတီတော်၌ ပရိသတ်လေးပါးတို့ လှူထားခဲ့၍ ဖရိုဖရဲဖြစ်နေသော ပန်းများကို ကြည်ညိုဖွယ်ဖြစ်အောင် ပြုပြင်လှူဒါန်းခဲ့ဖူးသော ကောင်းမှုကံကြောင့် တာဝတိံသာ နတ်ပြည်၌ ရွှေဗိမာန်ဖြင့် အခြံအရံ၊ တန်ခိုးဂုဏ်ကြီးမားသော နတ်သားဖြစ်ရကြောင်း ဒုန္နိက္ခိတ္တံ မာလံ သုနိက္ခိပိတွာ-ပ-ဒိဗ္ဗေဟိ ကာမေဟိ သမင်္ဂီဘူတော-စသည်ဖြင့် ဟောတော်မူထားချက် ရှိပါသည်။

ထို့ကြောင့် ဘုရားတန်ဆောင်းများအတွင်းရှိ ပန်းအိုးများတွင် ပန်းများ ပြည့်ကျပ်နေခြင်း။ အနေအထား မလှပခြင်း၊ ဖရိုဖရဲဖြစ်နေခြင်းတို့ကို တွေ့လျှင် ပြင်ဆင်ပူဇော်ခြင်း၊ အခြားနေရာရှိ လွတ်နေသော ပန်းအိုးများတွင် ခွဲ၍ပူဇော်ခြင်း။ စွန့်တန်က စွန့်ပစ်ခဲ့ခြင်းတို့ကို ပြုလုပ်သင့်သည်သာ ဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားဘွဲ့မည်တော်

(မေး) (ဘုရားဘွဲ့မည်တော်)

မဟာသွံသာရ-ဘုရား၊ ဆရာတော်ဘုရား ဖော်ပြပါ ဘုရား၊ ရုပ်ပွားတော် အမည်ကို ဘယ်လိုအသံထွက် ဖတ်ရမည်လဲ၊ အဓိပ္ပါယ်ကိုလည်း သိလိုပါသဖြင့် ရှင်းလင်းမိန့်ကြားစေလိုပါသည်ဘုရား။

(မောင်မျိုးညွှန့်-မြန်မာစာ-ကန်တော်ကလေး)

(ဖြေ)

၄င်းအမည်တော်မှာ ဘုရားရုပ်ပွားတော်၏ စမ္မခဏ်တွင် ပါရှိသည့် ရှေးကသတ်ပုံပင် ဖြစ်ကြောင်း၊

မည်သည့်ခေတ်က ထုလုပ်သည်ဟု မသိနိုင်၊ အလွန်ရှေးကျလှပြီး သစ်သားဆင်းတုတော်ဖြစ်၍ ပြုပြင်စောင့်ရှောက်ထားရကြောင်း စမ္မခဏ်တွင် (မဟာသွံသာရ-ရုပ်ရှင်တော်) ဟု စာပါကြောင်း ဆိုင်ရာသို့ စုံစမ်းသိရှိရသည်၊ မဟာသွန်သာရ-ဟု အသံထွက်နိုင်ပါသည်၊

မဟာ-ကြီးမြတ်သော၊ သွံ-သုဝဏ္ဏ-ရွှေအဆင်းကဲ့သို့ တင့်တယ်သပ္ပါယ်သော အဆင်းရှိသည့်၊ သာရ-အနှစ်ဖြစ်သော ရုပ်ရှင်တော်ဘုရား-ဟု အဓိပ္ပါယ် ဖော်ဆိုနိုင်ပါသည်။

ရုပ်ရှင်တော်-ဟု ဆိုသည့်အတိုင်း ယင်းမဟာသွံသာရ မြတ်စွာဘုရား ရုပ်ပွားတော်မြတ်သည် မျက်နှာတော် အဆင်းသဏ္ဍာန် အမျိုးမျိုးပြောင်းလဲတတ်ကြောင်း

ရံခါ အိုမင်းရင့်ရော်သောအသွင်ဖြင့် ဖူးမြင်ရ၍

ရံခါနုပျိုသော အသွင်ဖြင့် ဖူးမြင်ရကြောင်း၊

ရံခါ တည်ကြည်သော အသွင်ဖြင့် ဖူးမြင်ရခြင်း၊

ရံခါ ပြုံးရွှင်နေသော အသွင်တော်ဖြင့် ဖူးမြင်ရကြောင်း

သုံးလေးကြိမ် သွားရောက်ဖူးမြင်သူတို့ အသွင်တော် သုံးလေးမျိုး ဖူးတွေ့ရကြောင်း ပြောဆိုသည်ကို ကြားသိရသည်။

ဗုဒ္ဓရုပ်ပွားတော်၏ ဓာတ်ပုံတော်၌ပင် တပုံနှင့်တပုံ မတူသည်ကို တွေ့ရသဖြင့် ဘုန်းတန်ခိုးကြီးမားသော ရှေးဟောင်း ဥဒ္ဒိဿစေတီ တဆူဖြစ်ကြောင်း သိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားမီးလှုံပွဲ

(မေး) (ဘုရားမီးလှုံပွဲ)

အရှင်ဘုရား၊ တပို့တွဲလပြည့်နေ့ကို ဘုရားမီးလှုံပွဲနေ့-ဟု ဆို၍ အချို့ဒေသတွင် နံ့သာ၊ ဒန္ဒကူး၊ မှက်၊ ဖွတ်၊ ချဉ်၊ တောင်တမာင်ပင်တို့ကို အခွံခြစ်၍ စင်ကြယ်စေပြီး ညမိုးချုပ်လျှင် ဘုရားကို မီးပူဇော်ကြပါသည်။

ဘုရားအချစ်ဆုံးနေ့ ဟူ၍လည်း ဆိုကြပါသည်။ အထောက်အထား ကျမ်းဂန်လာ မှန်ပါသလား၊ တပည့်တော်များ လေ့လာနိုင်ရန် ညွှန်ပြပေးတော်မူပါဘုရား။

(အရှင်သုခ-မန္တလေး)

(ဖြေ)

တပို့တွဲလဘွဲ့ တေးထပ်တပုဒ်တွင် ချမ်းဆိုသမျှ စံမတူသည်၊ သယမ္ဘူသော်မှ၊ မီးမယ်ဖျူး၊ ရွှေလက်ကင်သည်၊ ရေစက်သွင်အေးသည့်ကာလ-စသည် ရေးစပ်ထားသော ကဗျာမဆားအရ မြတ်စွာဘုရား မီးလှုံကြောင်းယူဆ၍ မီးပူဇော်ပွဲများ၊ မီးပုံပွဲများ အချို့ဒေသတို့တွင် ပြုလုပ်ကြောင်း ကြားသိရပါသည်။ ပါဠိ အဋ္ဌကထာတို့တွင် လာရှိသည်ဟု မသိရပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားမီးလှုံပွဲ

(မေး)(ဘုရားမီးလှုံပွဲ)

အရှင်ဘုရား၊ တပို့တွဲလပြည့်နေ့ကို ဘုရားမီးလှုံနေ့ဟု ဆို၍ အချို့ဒေသတွင် နံ့သာ၊ စန္ဒကူး၊ မှက်၊ ပွတ်၊ ချဉ်၊ တောင်တမာပင်တို့ကို အခွံခြစ်၍ စင်ကြယ်စေပြီး ည-မိုးချုပ်လျှင် ဘုရားကို မီးပူဇော်ကြပါသည်။ ဘုရားအချမ်းဆုံးနေ့-ဟူ၍လည်း ဆိုကြပါသည်။ အထောက်အထား ကျမ်းဂန်လာ မှန်ပါသလား။ တပည့်တော်များ လေ့လာနိုင်ရန် ညွှန်ပြပေးတော်မူပါဘုရား။

(အရှင်သုခ-မန္တလေး)

(ဖြေ) တပို့တွဲလဘွဲ့ တေးထပ်တပုဒ်တွင် -ချမ်းဆိုသမျှ စံမတူသည်၊ သယမ္ဘူသော်မှ၊ မီးမယ်ဖျူး ရွှေလကင်သည်၊ ရေစက်သွင် အေးသည့်သည်လ-စသည်ရေးစပ်ထားသော ကဗျာများအရ မြတ်စွာဘုရား မီးလှုံကြောင်းယူဆ၍ မီးပူဇော်ပွဲများ၊ မီးပုံပွဲများ အချို့ဒေသတို့တွင် ပြုလုပ်ကြောင်းကြားသိရပါသည်။ ပါဠိ အဋ္ဌကထာတို့တွင် လာရှိသည်ဟု မသိရပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားရှိခိုးနှင့် အိမ်စောင့်နတ်

(မေး) (ဘုရားရှိခိုးနှင့် အိမ်စောင့်နတ်)

သမ္ဗုဒ္ဓေ ဘုရားရှိခိုးဂါထာကို အိမ်အတွင်း၌ နှစ်ခေါက်ထက်ပို၍ မရွတ်ဆိုရ၊ ပိုရွတ်လျှင် အိမ်စောင့်နတ် မခံနိုင်-ဟု ဆိုသည်မှာ မှန်ပါသလား၊ ဖြေရှင်းတော်မူပေးပါဘုရား။

(ခင်ချောစု-အလုံ)

(ဖြေ)

ဂုဏ်တော်ကျေးဇူးတော်နှင့်စပ်သော မည်သည့်ဘုရားရှိခိုး ဂါထာတော်၊ ပရိတ်တော်၊ တရားတော်သံကို မဆို နတ်သူတော်ကောင်း၊ နတ်ကောင်း နတ်မြတ်တို့ နှစ်သက်မြတ်နိုး ရိုကျိုးနာယူ ကြည်ဖြူ လက်ခံလေ့ရှိပါသည်။

သူတော်ကောင်းပုဂ္ဂိုလ်တို့ နေထိုင်သော အိမ်ဂေဟာတို့တွင်လည်း နတ်ကောင်း နတ်မြတ်များသာ စောင့်ရှောက် နေထိုင်လေ့ရှိတတ်ကြပါသည်၊

ဘုရားရှိခိုးခြင်း၊ ပရိတ်တော် တရားတော်များကို ရွတ်ဆိုခြင်း၊ မိမိပြုသော ဒါန သီလ ဘာဝနာတို့ကို နတ်တို့အား အမျှဝေခြင်း၊ မေတ္တာပို့ခြင်းတို့ကို အခါမလပ် ပြုလုပ်ကြခြင်းကိုသာ နတ်ကောင်းနတ်မြတ်တို့က အလိုရှိကြောင်း၊ ယင်းတရားသံ၊ အမျှဝေသံ စသည်တို့ကို နေ့ညမပြတ် ကြားလိုသိလို၊ သာဓုခေါ်လိုကြကြောင်း ဗုဒ္ဓကျမ်းစာများ၌ အဆိုရှိပါသည်။ ထို့ကြောင့် အိမ်စောင့်နတ် မခံနိုင်၍ မရွတ်ဆိုရ-ဟူသော စကား မမှန်ဟု ယုံမှတ်စေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားလက်ထက် သိမ်

(မေး) (ဘုရားလက်ထက် သိမ်)

အရှင်ဘုရား၊ ရဟန္တာသိမ်တော်များ၊ ရှေးဟောင်း သိမ်တော်များနှင့် ယခုအခါတွင် ဘုန်းတော်ကြီးကျောင်းများ၌ သိမ်များကိုတွေ့ရပါသည်။ ဘုရား၊ ရဟန်းသံဃာတော်များလည်း သိမ်ဝင်သိက္ခာတင် ပြုလုပ်ကြပါသည် ဘုရား၊ ဘုရားလက်ထက်တော်အခါက သိမ်များ ရှိ-မရှိနှင့် သံဃာတော်များ သိမ်ဝင်ခြင်း၊ သိက္ခာတင်ခြင်း ရှိ-မရှိ သိလိုပါကြောင်း မေးလျှောက်အပ်ပါသည်။

(မောင်စိုးငြိမ်း-ငဖဲမြို့)

(ဖြေ)

မြတ်စွာဘုရား ပွင့်တော်မူစက ဧဟိဘိက္ခုအဖြစ်ဖြင့် မြတ်စွာဘုရားကိုယ်တိုင် ရဟန်းပြုပေးခဲ့ပါသည်။ ထို့နောက် ရဟန်းတော်များက အနယ်နယ်အရပ်ရပ်တွင် သရဏဂုံဖြင့် ရဟန်းပြုပေးကြရပါသည်။ ထိုအချိန်၌ သိမ်များမရှိသေးဟု မှတ်ရပါမည်။ ထိုနောက် ရာဓပုဏ္ဏားကို အရှင်သာရိပုတ္တရာ-က ရဟန်းပြုပေးရာတွင်မှ ဉတ္တစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုပေးရန် ခွင့်ပြုတော်မူသည်။ အနုဇာနာမိ ဘိက္ခဝေ သီမံ သမ္မန္နိတုံ-ဟုလည်း သိမ်သမုတ်ရန်ခွင့်ပြုတော်မူခဲ့၍ မြတ်စွာဘုရားလက်ထက်ကပင် သိမ်များရှိကြောင်းသိနိုင်ပါသည်။

သမုတ်ရသော ဗဒ္ဓသိမ်များ ရှိသကဲ့သို့ပင် နဒီဇာတဿရ စသော ဥဒကုက္ခေပ (ရေ)သိမ်များ၊ သတ္တဗ္ဘန္တရသိမ်များကိုလည်း အသုံးပြုကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ဘုရားလက်ထက်က ရဟန်းများ၊ ဘိက္ခုနီများ၊ ကံကြီးကံငယ်ဆောင်ရန် သိမ်များ ရှိကြောင်း၊ ကာလကြာမြင့်၍ အချို့သိမ်များ ပျောက်ကွယ်သွားနိုင်ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားလက်ထက် အက္ခရာစာပေ

(မေး) (ဘုရားလက်ထက် အက္ခရာစာပေ)

လောက်ထားအပ်ပါသည်ဘုရား

(က) ဃောသကသူဋ္ဌေးသား ဝတ္ထုတွင် သူဋ္ဌေးကြီးက မွေးစားသားအား သတ်ရန် မိတ်ဆွေ သူကြွယ်ထံ စာရေးပေးသည်-ဟု ဖတ်ရပါသည်။ မြတ်စွာဘုရားလက်ထက်တွင် အက္ခရာစာပေ ပေါ်ပေါက်ပြီး ဖြစ်ပါသလား ဘုရား။

(ခ) အက္ခရာစာပေ ပေါ်ပေါက်ပြီး ဖြစ်ပါလျှင် မြတ်စွာဘုရား၏ တရားတော်များကို အဘယ့်ကြောင့် ကျောက်ထက်အက္ခရာ၊ ပေထက်အက္ခရာ မတင်ထားခဲ့ဘဲ သံဃာတော်များက နှုတ်ငုံမှတ်သား လာခဲ့ရသည်ကို သိလိုပါသည်ဘုရား။

(ဒေါ်သင်းသင်း-ရန်ကုန်)

(ဖြေ)

(၁) မြတ်စွာဘုရား လက်ထက်တော်၌ အက္ခရာစာပေ ရေးသားဖတ်ကြားမှုများ ရှိနေကြောင်း၊ ၄င်းဃောသကဝတ္ထုအပြင် ဥတ္တရာသူဋ္ဌေးသမီးဝတ္ထု၊ ပုက္ကုသာတိဝတ္ထု၊ စသည်တို့တွင်လည်း ထင်ရှားရှိပါသည်။

အထူးအားဖြင့် ပုက္ကုသာတိဝတ္ထုပြရာ ဓာတုဝိဘင်္ဂသုတ်အဖွင့် (မ၊ဋ္ဌ၊၄၊ ၂၀၁)၌ ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်းထံမှ တက္ကသိုလ်ပြည် ပုက္ကုသာတိမင်းထံသို့ ဘုရား တရား သံဃာ ရတနာသုံးပါး ပေါ်ပေါက်နေကြောင်း ရွှေပြားတွင် အက္ခရာစာပေ ရေးသား၍ ပေးပို့ကြောင်း ၄င်းအက္ခရာစာပေတို့မှာ သမသီသာနိ-အက္ခရာအပေါ်ထိပ် (ခေါင်း) ညီညာ၍၊

သမပန္တီနိ-လက်ဝဲမှ လကျ်ာသို့ ညီညီညာညာ စီတန်းနေကြောင်း၊

စတုရဿာနိ-လေးထောင့်သဏ္ဍာန်ရှိကြောင်း၊ ဖော်ပြပါရှိပါသည်။

ဗြာဟ္မီအက္ခရာပုံ ဖြစ်ဟန်ရှိကြောင်း သိရပါသည်။

(၂) ရဟန်းသံဃာတော်များသည် တရားတော်များကို လေးစားရိုသေသောအားဖြင့် အက္ခရာစာပေဖြင့် ရေးသားဖတ်ကြားခြင်းထက် အဆင့်ဆင့် နှုတ်တက်အာဂုံဆောင်၍ ရွတ်ဆိုလေ့ရှိကြောင်း၊ ထို့ပြင် သဒ္ဒါ ပညာ ထက်သန်သောခေတ်ဖြစ်၍ တပါးက နှုတ်ဖြင့် ရှေ့ကရွတ်ဆိုသွားလျှင် တပါးက နောက်မှလိုက်၍ ရွတ်ဆိုခြင်းဖြင့် နှုတ်တက်ရရှိသွားကာ ဤနည်းဖြင့် အဆင့်ဆင့် သင်ကြားဆောင်ရွက်ခဲ့ကြောင်း၊ ဤခေတ်ဂိုဏ်းဂဏများပမာ ဒီဃဘာဏကဂိုဏ်းမှ ဒီဃနိကာယ်ကို၄င်း၊ မဇ္ဈိမဘာဏကဂိုဏ်းမှ မဇ္ဈိမနိကာယ်ကို၄င်း၊ ထို့အတူ အင်္ဂုတ္တရနိကာယ်၊ သံယုတ္တနိကာယ်စသည် ဂိုဏ်းအသီးသိီးခွဲ၍ သူ့တာကိုယ့်တာ ခြားပြီး ဆောင်ခြင်း၊ ရွတ်ခြင်းတို့ဖြင့် ပိဋကတ်သုံးပုံကို ဆောင်ခဲ့ကြရာ သာသနာ ၄၅၀-အထိဖြစ်သည်။

ထိုသာသနာ ၄၅၀-သီရိလင်္ကာ သီဟိုဠ်ခေတ်တွင်မှ ဒုဗ္ဘိက္ခ ကပ်ဘေးကြီးများ တွေ့ရသဖြင့် ကြာလျှင် သဒ္ဓါ ပညာ ခေါင်းပါးပြီး ပိဋကတ်တော်များ ဆောင်ခြင်း၊ ရွတ်ခြင်း တတ်နိုင်တော့မည် မဟုတ်ဟုဆိုကာ ပေထက်အက္ခရာ တင်ခဲ့သည်ဟု ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားလက်ထက်က စုန်းကဝေ

(မေး) (ဘုရားလက်ထက်က စုန်းကဝေ)

အရှင်ဘုရား-

ဗုဒ္ဓဘုရား-ပွင့်ငြားခါတွင်

စုန်းကဝေများ-ထင်ရှားရှိလျှင်

လူကိုပြုစား-တရားမဲ့အင်

သေခါကျ-ဘဝဘယ်သို့ပင်။

(သင်းသင်း-မန္တလေး)

(ဖြေ)

ဗုဒ္ဓဘုရား-ပွင့်ငြားခါသော်

စုန်းကဝေများ-ထင်ရှားသနော်

ရဟန်းတော်အား-ပြုစားခေါ်ဝေါ်

နောက်ဘဝ-ရောက်ရ ကံအားလျော်။

ဝိနည်းမဟာဝါ (ဝိ-၁-၂၉၉) တွင် ရဟန်းတပါးအား ဃရဒိန္နကာဗာဓ-ခေါ် စုန်းမက ချစ်ခင်၍ ဆေးပေးသည်ကို စားမိသဖြင့် (စုန်းပြုစားခံရသဖြင့်) မြတ်စွာဘုရားက သီတာလောဠိ (ထွန်သွားတွင်ကပ်ကျန်နေသော မြေကြီးခဲ) ကို ဖျော်၍ သောက်စေရကြောင်း ပါရှိသည်။ စုန်းများသေ၍ မည်သည့်ဘဝရောက်ကြောင်း အထူးမပါ။ လူကိုသေစေသဖြင့် အပါယ်ကျရန် သေချာပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားလက်ထက်က သိမ်

(မေး) (ဘုရားလက်ထက်က သိမ်)

အရှင်ဘုရား၊ သာသနာတော်တွင် သိမ်သည် အရေးကြီးဆုံး ဖြစ်ပါသည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က သိမ်သမုတ်ခဲ့ပါသလား၊ ပိဋကတ်တော်တွင် သိမ်သမုတ်ခဲ့ကြောင်း မထင်ရှားပါ။ ထိုအကြောင်းကို ပါဠိ အထောက် အကိုးပြ၍ ဖြေကြားပေးစေလိုပါသည်ဘုရား။

(သောမာလင်္ကာရ-မန်း)

(ဖြေ)

ဘုရားလက်ထက်က ရဟန်းတော်များကို ဉတ္တစတုတ္ထကမ္မဝါစာဖြင့် ရဟန်းခံရသည့်အချိန်မှစ၍ သိမ်ရှိရာပါသည်။ ဘုရားလက်ထက်တော်၌ ဂိဇ္ဈကုဋ်တောင်ခြေရင်းသိမ်၊ မဒ္ဒကုစ္ဆိ မိဂဒါဝုန်သိမ်တို့သည် လက်ဦးသိမ်များ ဖြစ်ကြောင်း ဆိုပါသည်။ သံဃာတော်တို့သည် တခုးသောအရပ်၌ အညီအညွတ် သံဃာတို့ ဥပုသ်ပြုရမည်ဟု ပညတ်တော်မူပြီး အဘယ်သို့သောအကြောင်းဖြင့် ဧကာဝါသ ဖြစ်ရသနည်း-ဟု အကြံဖြစ်ကြသည်။

ထို့နောက် ဘုရားရှင်အား လျှောက်ထားရာတွင်မှ အနုဇာနာမိ ဘိက္ခဝေ သီမံ သမ္မနိတုံ-စသည်ဖြင့် ပညတ်တော်မူ၍ ဖော်ပြပါသိမ်များ ဖြစ်ပေါ်လာလေသည်။ ထို့နောက် ဘဂဝတော ဓရမာနကာလေ ရာဇဂဟနဂရေ အဋ္ဌာရသ မဟာဝိဟာရာဧကသီမာဝ ဓမ္မသေနာပတိ ကာရိပုတ္တထေရေန သမ္မတာ-ရာဇဂြိုဟ်ပြည် တဆယ့်ရှစ်ကျောင်းတို့ကို ခြုံငုံ၍ အရှင်သာရိပုတ္တရာ သိမ်သမုတ်ခဲ့သည်ဟု ပါရှိလေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားလှူစရာ ပန်းမာလာ

(မေး) (ဘုရားလှူစရာ ပန်းမာလာ)

မြတ်စွာဘုရားအား ကပ်လှူရန် ဘယ်လိုပန်းများ အကောင်းဆုံးဖြစ်ပါသလဲ အရှင်ဘုရား။

(မသင်းသင်းအောင်-ဂန့်ဂေါမြို့)

(ဖြေ)

ဘုရားပန်းရွေးချယ်ရာတွင် ပထမ မွှေးကြိုင်၊ လှပ၊ လတ်ဆတ်-ဟူသော အင်္ဂါသုံးပါးညီသည့်ပန်းကို ရွေးရပါသည်၊

ဒုတိယ-လှပ၊ လတ်ဆတ်သော အင်္ဂါနှစ်ပါးနှင့်ညီသည့် ပန်းကို ရွေးရပါသည်။

မရနိုင်မှ လတ်ဆတ်သော ပန်း၊ သို့မဟုတ် သစ်ညွှန့် သစ်ကိုင်းကိုဖြစ်စေ လှူဒါန်းနိုင်ပါသည်။

မည်သည့်ပန်းမျှ မရနိုင်လျှင် ဘုရားအိုးတွင် နီးရာသစ်ပင် ပန်းပင်မှ အခက်၊ အညွှန့် ချိုး၍ လှူဒါန်းရန် ရှေးက ရဟန္တာ-ဟု ကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလ စသည်တို့ နည်းပေးဟောပြောလေ့ရှိကြောင်း မှတ်သားရပါသည်။

အရေးကြီးသည်ကား ဘုရားပန်းအိုး၌ ပန်းမညှိုးအောင် ကြံစည်လှူဒါန်း၍ သဒ္ဓါပန်းခိုင် မြိုင်ဆိုင်နေကြရန် ကြိုးစားကြစေလိုကြောင်း ဖြေကြားလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားအနေကဇာတင်ခြင်း

(မေး) (ဘုရားအနေကဇာတင်ခြင်း)

အရှင်ဘုရား၊ ဘုရားအနေကဇာတင်ခြင်းနှင့် စပ်လျဉ်း၍ ပြည့်ပြည့်စုံစုံ ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

(မလှလှမြင့်-သာကေတ)

(ဖြေ)

အနေကဇာတင်ခြင်းကိစ္စသည် မြန်မာပြည်တွင် ပုဂံခေတ်က စခဲ့သည်ဟု ဆိုကြ၏၊ ရှေးအခါက ပုဂံပြည်မှာ ဘုရားစေတီပုထိုးအများကြီး တည်ကြသည်။ တည်ပြီးသောအခါ ပူဇော်ပွဲအမျိုးမျိုး ပြုလုပ်ကြရာ၌လည်း ရွတ်ဖတ်ပူဇော်မှုပါ ထည့်သွင်း၍ ပူဇော်သမှုပြုကြသည်။

ထိုတွင် ဘုရားအသစ် ပူဇော်ခြင်းဖြစ်သော ကြောင့် ဘုရားဖြစ်စကိုမှန်း၍ စိတ်ဖြင့်၄င်း၊ နှုတ်ဖြင့်၄င်း၊ ပွားများဆင်ခြင်သောတရားတော်များကို ရွတ်ဆိုကြရန် စီမံကြခြင်းဖြစ်သည်။

ဘုရားရှင်သည် ဘုရားဖြစ်စ ပထမသတ္တာဟ ဗောဓိပင်ရင်းတွင် တဏှာကျွန်အဖြစ်မှ လွတ်ခဲ့ပုံကို အနေကဇာတိ သံသာရံ -စသော ဂါထာဖြင့် စိတ်တော်၌ ဆင်ခြင်တော်မူပါသည်။ ထို့နောက် ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ပဋိလုံတို့ကို စိတ်တော်ဖြင့်ပင် ဆက်လက် ဆင်ခြင်တော်မူပါသည်။

ထို့နောက် စိတ်တော်ဖြင့် ဆင်ခြင်ရသည်ကို အားရတော်မမူသောကြောင့် နှုတ်ဝစီဖြင့် ယဒါ ဟဝေ -စသော ဂါထာတော်များကို ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်တော်မူပါသည်။

တဖန် စတုတ္ထသတ္တာဟ၌ အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင်တော်မူရာ ပဋ္ဌာန်းကျမ်းတော်ကြီးအရောက်တွင် ရောင်ခြည်တော်များ ထွက်ပါသည်။ ၄င်းကိုရည်ရွယ်၍ ပဋ္ဌာန်း ၂၄-ပစ္စည်း ရွတ်ပါသည်။

ဆက်လက်၍ အောင်ဂါထာများပါဝင်သော ပဗ္ဗဏှသုတ်ကို ရွတ်ပွားဆုတောင်းပါသည်။ အလွန်ကောင်းမွန်သော အစီအစဉ်ဖြစ်ပါသည်။ ကြည်ညိုဖွယ်ရာ၊ စိတ်ကြည်နူးဖွယ်ရာ၊ ဝမ်းမြောက်ပီတိဖြစ်စရာ ကောင်းလှပါသည်။ ထိုရွတ်ဖတ်ပူဇော်သော တရားတော်တို့တွင် အနေကဇာတိ သံသာရံ-သည် အစဦးဆုံးရွတ်ဆိုသော တရားဖြစ်၍ အနေကဇာတင်သည်ဟု သတ်မှတ်ပြောဆိုကြခြင်း ဖြစ်သည်။

ဘုရားအဖြစ်သို့ ရောက်ချိန်မှာ မိုးသောက်ယံဖြစ်သောကြောင့် အရုဏ်တက်ချိန်မှာ ဆောင်ရွက်ခြင်းသည် သဘာဝကျသော အစီအစဉ်ဖြစ်ပါသည်။

ရှင်လူအများ ဘုရားပူဇော်ကြသည်မှာ ဗုဒ္ဓံ-သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒိဿ-ရည်မှန်း၍ -ဟုဆိုသဖြင့် အနေကဇာ မတင်သော်လည်း သက်ရှိထင်ရှား ဘုရားအဖြစ်ကို ရည်မှန်း၍ ပူဇော်လျှင် ဘုရားပူဇော်ရကျိုး ရရှိပြီးဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဘုရားအနေကဇာတင်နှင့် ဆန်ပန်းပေါက်ပေါက်

(မေး) အရှင်ဘုရား၊ ဘုရားအနေကဇာတင်သော အလေ့အကျင့်သည် မည်သည့်ခေတ်က ပေါ်ပေါက်ခဲ့ပါသလဲ ဘုရား။ အနေကဇာတင်ဂါထာများကို ရွတ်ဆို၍ ဆန်ပန်းပေါက်ပေါက်တို့ဖြင့် ဆင်းတုတော်ကို ပက်ခြင်း၏ အကျိုးအာနိသင်ကို ရှင်းပြပေးတော်မူပါဘုရား။

(ဦးထွန်းရင် ရွှေပြည်သာမြို့)

(ဖြေ)

ဘုရားအနေကဇာတင်ခြင်းကို ဗုဒ္ဓါဘိသေက မင်္ဂလာပြုခြင်း အနေဖြင့် အင်းဝခေတ်ပြု ဝိနည်းဋီကာဖြစ်သော ဝိနယာလင်္ကာရဋီကာတွင် တောင်ဖီလာဆရာတော် ရေးခဲ့သည်ကို တွေ့ရ၍ မြန်မာနိုင်ငံ သာသနာတော်တလျှောက်လုံးပင် ပြုလုပ်ခဲ့သည်ဟု ယူဆရ၏၊ ထို့ထက်စော၍ ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် ပြုလုပ်ခဲ့ကြောင်း အထောက်အထားလည်း တွေ့ရသေးသည်။

ဆန်ပန်းပေါက်ပေါက် ဆိုင်ရာမှာ ”ဒဗ္ဗတိဏ၊ သုဒ္ဓတဏ္ဍုလ၊ သိဒ္ဓတ္ထ၊ သုမနမကုလ၊ လာဇသင်္ခါတာနိ”ဟူသော ဇာတ်ဋီကာစကားအရ နေစာမြက်၊ ဆန်ပန်း၊ မုန်ညင်း၊ မလေးငုံပေါက်ပေါက် ဤငါးမျိုးမှာ ပစ်ပေါက် ပူဇော်ရသော ပန်းငါးမျိုးဟု ကျမ်းဂန်တို့တွင် ဆိုသည်။ ယင်းငါးမျိုးလုံးကိုဖြစ်စေ လေးမျိုး သုံးမျိုး နှစ်မျိုး-မရနိုင်အဆုံး တမျိုးတည်းကို ဖြစ်စေ ဘုရားစသည်၌ ပစ်ကြဲ၍ ပူဇော်ကြရကုန်၏၊ ဤခေတ်တွင် ဆန်ပန်း (အစိမ်း၊ အနီ၊ အဝါ စသည် ဆေးဆိုးထားသောဆန်)နှင့် ပေါက်ပေါက်ကို ရော၍ အသုံးပြုလေ့ရှိကြသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားလောင်းကွဲပြားပုံ စသည်

(မေး) (ဘုရားလောင်းကွဲပြားပုံ စသည်)

ဆရာတော် အရှင်သူမြတ်ဘုရား

၁။ ပညာဓိက သဒ္ဓါဓိက ဝီရိယာဓိက ဘုရားလောင်း ၃-မျိုး ကွဲပြားရခြင်းအကြောင်း

၂။ ဘုရားလောင်းများ၏ နောက်ဆုံးဘဝတွင် အဖေတူ အမေတူ ညီအကိုမောင်နှမ ရှိ-မရှိ

၃။ မြတ်စွာဘုရားသည် ပါဠိဘာသာဖြင့် တရားဟောသည်-ဟု သိရပါသည်၊ သို့သော် မာဓဂဘာသာကို ပြောဆိုသူများတွင် မြတ်စွာဘုရားလည်း ပါနေကြောင်း သိရပါသဖြင့် ရှင်းလင်းပါရန်

ဤပြဿနာများကို ဖြေကြားပါရန် တောင်းပန်အပ်ပါသည်။

(ဦးသန်းညွှွန့်-ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်း)

(ဖြေ)

၁။ ဘုရားလောင်း နိယတဗျာဒိတ် ခံယူစဉ်က ဉာဏ်အထက်မြက်ဆုံးဖြစ်လျှင် ပညာဓိက

အလတ်ဖြစ်လျှင် သဒ္ဓါဓိက

အနုံ့ဖြစ်လျှင် ဝီရိယာဓိက ဘုရားဖြစ်ကြောင်း ဆိုပါသည်။

ဥပမာ-ထိုစဉ်က ဂါထာတပုဒ်ကို ကြားနာရရုံနှင့် မဂ်ဖိုလ်ရနိုင်လောက်သော ဉာဏ်ရှိလျှင် ပညာဓိက ဘုရားလောင်းဖြစ်၍ -

ဂါထာတပုဒ်ကို အဓိပ္ပါယ်ရှင်းပြမှ မဂ်ဖိုလ်ရလောက်လျှင် သဒ္ဓါဓိက

ဂါထာတပုဒ်ကို လေ့လာကျင့်သုံးပြီးမှ မဂ်ဖိုလ်ရလောက်လျှင် ဝီရိယာဓိက ဖြစ်ကြောင်း ဆိုပါသည်။

ပညာဓိက ဖြစ်ရပါလို၏-ဟု အထူး ဆုမတောင်းရပါ။

၂။ ဘုရားလောင်းတို့၏ မယ်တော်သည် တတိယအရွယ်ရောက်မှ ဘုရားလောင်းကို ဖွားရမြဲဓမ္မတာ ရှိပါသည်။

ဖွားမြင်ပြီးနောက်လည်း ၇-ရက်ကြာလျှင် စုတေမြဲဖြစ်၏၊

ထို့ကြောင့် အမိတူ ညီအကို မောင်နှမ မရှိနိုင်ပါ။

၃။ မာဂဓဘာသာကိုပင် မြတ်စွာဘုရား၏ တရားတော်အစဉ် တည်ရာ (ပိဋကတ်တော်တည်ရာ) ဖြစ်သဖြင့် ပါဠိဟု ခေါ်ဝေါ်သည်၊ ထို့ကြောင့် ပါဠိနှင့် မာဂဓ ကွဲပြားမှုမရှိပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားလောင်းများ ငယ်မည်

(မေး) အရှင်ဘုရား၊ ပွင့်ပြီးကုန်သော နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများ၏ (ဂေါတမ မြတ်စွာဘုရား၏ သိဒ္ဓတ္တ-ဟူသော အမည်လို) ငယ်မည်များကို နှစ်ကျိပ်ရှစ်ဆူလုံး အစဉ်လိုက် ၁-ကအစ ၂၈-အဆုံး ဖြေကြားပေးတော်မူပါဘုရား။ တပည့်တော်တို့ နှစ်ကျိပ်ရှစ်ဆူ ဘုရားသမိုင်းကို ဘောချပ်တင်၍ လှူဒါန်းလို၍ ဖြစ်ပါသည်ဘုရား။

(ကိုငြိမ်း၊ ကြိမ်ခါးကုန်းရွာ၊ ကျောက်တံခါးမြို့နယ်၊ ပဲခူးတိုင်း)

(ဖြေ)

နှစ်ကျိပ်ရှစ်ဆူဘုရားများ ဗုဒ္ဓဝင်တွင် ငယ်မည်မပါကြ။ ဒီပင်္ကရာဘုရားမှစ၍ ဘုရားအမည်တော်၊ ကမ္ဘာ၊ ဗောဓိပင်၊ ခမည်းတော်၊ မယ်တော်၊ မိဖုရား၊ သားတော်၊ တောထွက်ရာ၌ ယာဉ်၊ လက်ယာရံ၊ လက်ဝဲရံ၊ ရဟန္တာ၊ ရဟန္တာမ အလုပ်အကျွေး စသည်မျှသာ ပါရှိပါသည်။ များသောအားဖြင့် ဘုရားအမည်တော်တို့မှာ အမည်ရင်း(ငယ်မည်များ) မဟုတ်၊ အနွယ်တော်ဆိုင်ရာ အမည်များသာ ဖြစ်သည်။ ငယ်မည်ကို ဖော်ပြရေးသားလျှင် မရိုသေရာကျသဖြင့် အနွယ်အမည်ကိုသာ အသုံးပြုကြရသည်။ ငါတို့ဘုရားအမည် ဂေါတမဘုရားဟူသည်မှာလည်း ဂေါတမအနွယ်က ဖြစ်လာသဖြင့် ထိုအမည်ဖြင့် ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ကဿပအနွယ်မှဖြစ်၍ ကဿပဘုရား၊ ကောဏာဂမန အနွယ်မှ ဖြစ်၍ ကောဏာဂုံဘုရား စသည်တို့ ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားနှင့် တံခွန်ကုက္ကား စသည်

(မေး) (ဘုရားနှင့် တံခွန်ကုက္ကား စသည်)

ဘုရားမှာ တံခွန်၊ ကုက္ကား၊ ထီး၊ အလံ၊ ဂြိုဟ်တိုင် စသည်များကို ဘယ်အဓိပ္ပါယ်ဖြင့် လှူကြပါသနည်း၊ ထိုသို့လှူသဖြင့် မည်သို့ အကျိုးရှိပါသနည်း အရှင်ဘုရား။

(မတင်တင်လှိုင်-ကမာရွတ်)

(ဖြေ)

တံခွန်တိုင်ဆိုသည်မှာ=ဤနေရာတွင် ဘုရားစေတီ ရှိသည်၊ လာရောက် ပူဇော်ကြပါ-ဟူသော အဓိပ္ပါယ်ဖြင့် တိုင်မြင့်မြင့်ထူ၍ အဝေးက မြင်နိုင်အောင် အဝတ်ကို အပြား၊ အလုံးရှည်ရှည် ပြုလုပ် ဆွဲလှူသည်ကို တံခွန်၊

အဝတ်စက္ကူစသည်များကို ကားကားစွင့်စွင့် ပြုလုပ် စိုက်ထူထားသည်ကို ကုက္ကားခေါ်၍

ဘုရားစေတီတို့တွင် ဝေဝေဆာဆာနှင့် ကြည်ညိုဖွယ်ဖြစ်အောင် လှူဒါန်းကြပါသည်။

တံခွန်တွင်ဆွဲသော အပြားတွင် အလွတ်မထားဘဲ ဂြိုဟ်ရုပ်များ ရေးခြယ်လှူဒါန်းခြင်း၊ ကြိုးဆွဲ၍ ကြက်လျှာ အလံများဆွဲခြင်း၊ ထီးဖြူ ရွှေထီးများ လှူဒါန်းခြင်းမှာလည်း ရှေးဟောင်းဓလေ့များပင် ဖြစ်ပါသည်။

ဘုရားကိုးဆူ ကပ်ရာ၌ကား တံခွန်ကုက္ကား အသေးစားများ ပြုလုပ်လေ့ရှိကြပါသည်၊ ဘုရားစေတီများ၌ ထင်ရှားပေါ်လွင်အောင် လှလှပပ ဆွဲချိတ်လှူဒါန်းခြင်းကြောင့် အခြံအရံများခြင်း၊ အန္တရာယ်ကင်းခြင်း စသော အကျိုးများ ဖြစ်ထွန်းနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဘုရားနှင့် ခြင်္သေ့

(မေး) (ဘုရားနှင့် ခြင်္သေ့)

ဘုရားစေတီများ၌ ခြင်္သေ့ရုပ်များ ထားရှိခြင်းကို အရှင်ဘုရား၏ အဖြေလွှာတခု၌ တွေ့ရ၍ သဘောကျပါသည်။

တပည့်တော် ဘုရားတဆူ၌ ခြင်္သေ့ရုပ် ပြုလုပ်လှူဒါန်းလိုရာ ခြင်္သေ့ရုပ်ကို ဘုရား၌ ကျောခိုင်းမထားဘဲ ဘုရားဘက်သို့ မျက်နှာလှည့်၍ ထားလိုပါသည်၊ သင့်-မသင့် အဖြေပေးသနားတော်မူပါဘုရား။

(ဦးလှမောင်-မိတ္ထီလာမြို့)

(ဖြေ)

ရှေးက ဓာတ်တော်တိုက်များ၊ အမြင့်အမြတ် ဌာနများတွင် ခြင်္သေ့၊ မြင်း၊ ဆင်၊ စသော အမြင့်အမြတ် အထိမ်းအမှတ် အရုပ်များကို အစောင့်အနေအဖြစ် ထားကြရာ မြန်မာများက ခြင်္သေ့ကို အသုံးများကြသည်။

ဤတွင် အစောင့်အနေ၊ အစောင့်အရှောက် ဟူသော စကားကို အလေးအနက် အမှတ်အသားပြုသင့်ပေသည်။

ဘုရား၌ ခြင်္သေ့ရုပ်များကို ရှေးရှေးက အစောင့်အရှောက်အဖြစ် ထားခြင်းဟု သဘောပေါက်လျှင် ခြင်္သေ့ရုပ်သည် ဘုရားရှိရာဘက်ကို လှည့်၍ နေသင့်သလော၊ ဘုရားမှ အခြားဘက်သို့ လှည့်၍ နေသင့်သလော-ဟု စဉ်းစားတွေးခေါ်နိုင်စရာ ရှိပါသည်။ ဘုရားကို ကျောခိုင်း၍ နေခြင်းမှာ ဘုရားဆီသို့ (ဝါ) ဘုရားတွင် ဌာပနာထားသော ဓာတ်တော်၊ မွေတော်များဆီသို့ လာမည့်အန္တရာယ်များကို ကာကွယ်စောင့်ရှောက်နေပုံများဟု အဓိပ္ပါယ်ဖော်နိုင်ပါလိမ့်မည်။

ဘုရားကို အရိုအသေပြုနေသော ခြင်္သေ့ပုံများ လုပ်ဆောင်လိုပါက ဘုရားတံတိုင်းလေးတောင့်ဆီမှ ဘုရားဘက်သို့ လှည့်ကာ ဝပ်၍နေသော ခြင်္သေ့ပုံများ လုပ်ဆောင်လျှင် သင့်လျော်မည် ထင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မဂ် သုံးပါး

(မေး) (မဂ် သုံးပါး)

အရှင်ဘုရား၊ တပည့်တော် ပထမကြီးတန်း သင်စဉ်က ဓမ္မာစရိယတန်း ဦးပဉ္စင်းတပါးနှင့် စာဆွေးနွေးဖူးပါသည်။ မဂ္ဂေန မဂ္ဂံ ပဝေသေတိ အာပတ္တိပါရာဇိကဿ-ဟု ဆိုသဖြင့် မဂ်က မုခ (ခံတွင်း) မဂ်။ ပဿာဝ (ကျင်ငယ်ပေါက်) မဂ်။ ဝစ္စ (ကျင်ကြီးပေါက်) မဂ်။ ဟု မဂ် သုံးမျိုးရှိရာ မဂ္ဂေန-မဂ်တခုဖြင့်၊ မဂ္ဂံ-မဂ်တခုကို၊ ပဝေသေတိ-မှီဝဲ၏၊ သွင်း၏၊ အာပတ္တိပါရာဇိကဿ-ပါရာဇိကအာပတ် အပြစ်သင့်၏ဟု ဆိုသဖြင့် မုခမဂ် ခံတွင်းအချင်းချင်း မှီဝဲလျှင် ပါရာဇိကကျသည်ဟု ထင်ပါသည်။ ဓမ္မာစရိယ ဦးပဥ္ဖင်းက မကျဟု ဖြေပါသည်။ နားမရှင်း၍ ကျမ်းဂန်အထောက်အထားနှင့် ရှင်းပြပေးတော်မူပါဘုရား။

(အနန္ဒ-စကားဝါမြေ)

(ဖြေ)

ပါရာဇိကပါဠိ နှာ၄၁၊ ဝိ၊ဋ္ဌ၊၁-၂၃၃ ၌ အမျိုးသမီး၏ မဂ်သုံးခုလုံးနှင့် အမျိုးသား၏ ဝစ္စမဂ်၊ မုခမဂ်၊ ၂-ခုတို့၌ ရဟန်း၏အင်္ဂါဇာတ်ကို ထည့်ြုခင်း သွင်းခြင်းသည် ပါရာဇိကကျ၏၊

ရဟန်း၏ အင်္ဂါဇာတ်ဟု အတိအကျဆိုပါသည်။

မုခမဂ်-အချင်းချင်းမှာ သံဃာဒိသိသ် အာပတ်မျှသာ သင့်ပါသည်။

တဖန် ပဿာဝမဂ်ဖြင့် ဝစ္စမဂ်၊ ဝစ္စမဂ်ဖြင့် ပဿာဝမဂ် အချင်းချင်း မှီဝဲသော် ပါရာဇိက ကျသည်ပင်။

မုခမဂ်ဖြင့် ပဿာဝမဂ်ကို မှီဝဲသော် ထုလ္လစ္စည်းအာပတ် သင့်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

မဏိမေခလာ နတ်သမီး

(မေး) (မဏိမေခလာ နတ်သမီး)

အရှင်ဘုရား၊ ဘုရားလောင်း ဇနကမင်းသားကို ကယ်တင်ခဲ့သော မဏိမေခလာ နတ်သမီးသည် အလောင်းတော်၏ ယခင်ဘဝများနှင့် တွေ့ဆုံ၍ ပါရမီဖြည့်ခြင်း ရှိခဲ့ပါသလား၊ အလောင်းတော် ဇနကမင်းသား ဘုရားဖြစ်ချိန်တွင် မဏိမေခလာ နတ်သမီးသည် အဘယ်သူဖြစ်ပါသနည်း၊ သမုဒ္ဒရာ၌ပင် အစောင့်အဖြစ် ရှိနေပါသလား၊ မဏိမေခလာနတ်သမီး၏ ဘဝကြောင်းရာကို သိလိုပါသည်ဘုရား။

(ကျိုက္ကဘာ စန္ဒ-ဖျာပုံမြို့)

(ဖြေ)

တဒါ သမုဒ္ဒရက္ခိတော ဒေဝဓီတာ ဥပ္ပလဝဏ္ဏော အဟောသိ-ဟု ဇာတ်အဋ္ဌကထာ (ဇာ၊ဋ္ဌ၊၆၊၈၄) ၌ ပါရှိ၍ မဏိမေခလာမည်သော သမုဒ္ဒရာစောင့်နတ် နတ်သမီးသည် ဥပ္ပလဝဏ္ဏာထေရီမ (တန်ခိုးအရာ၌ ဧတဒဂ်ရ လက်ဝဲတော်ရံ ရဟန္တာမ) ဖြစ်ပါသည်။

ဥပ္ပလဝဏ္ဏာထေရီမသည် လွန်ခဲ့သော ကမ္ဘာတသိန်းက ပဒုမုတ္တရ မြတ်စွာဘုရားအထံတွင် ဆုတောင်းခဲ့ပြီး ငါးရာ့ငါးဆယ် ဇာတ်တော်တို့တွင် ဘုရားလောင်းနှင့် ထပ်ခါတလဲလဲ တွေ့ဆုံ၍ အကူအညီပေးခဲ့ပုံတို့ကို တွေ့နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မန်ကျည်းစေ့ ကမ္မဝါစာ

(မေး) မန်ကျည်းစေ့ ကမ္မဝါစာ အစ ဂ-ငယ် သုံးခုက ဟု ဆိုကြပါသည်။

ယင်း၏အဓိပ္ပါယ်ကို ရှင်းပြ၍ မန်ကျည်းစေ့ကမ္မဝါစာအစ အကြောင်း ဖြေကြားပေးတော်မူပါရန်။

(အရှင်ဇောတိက-ပဲနွယ်ကုန်း၊ အောင်မင်္ဂလာတိုက်သစ်-အလုံ)

(ဖြေ) ဂ-ငယ် သုံးခု ဟူသည်မှာ သက္ကရာဇ် ၈၈၈-ခုကို ဆိုလိုပါသည်၊

ထိုအချိန်က မြန်မာနိုင်ငံ (အင်းဝ) တွင် သိုဟန်ဘွား မင်းလုပ်၍ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးခဲ့ပါသည်၊ စေတီပုထိုးများကို တူးဖြို ဖျက်ဆီး၍ ဌာပနာများကို ယူခြင်း၊ စစ်ကိုင်း အင်းဝ ပတ်ဝန်းကျင်မှ သံဃာတော် ၃၆၀-ကျော်တို့အား ဆွမ်းစားပင့်ဆောင်၍ လိမ်လည်ကာ သတ်ဖြတ်ခြင်း၊ ဗုဒ္ဓပိဋကတော်များကို မီးရှို့ ဖျက်ဆီးခြင်း ပြုလုပ်ခဲ့ဖူးပါသည်၊ ထိုအခါ သံဃာတော်တို့က ကမ္မဝါစာပျောက်လျှင် သာသနာ ပျက်လိမ့်မည် ဆို၍ ကမ္မဝါစာများကို ဗုဒ္ဓပိဋက စာပေအနေဖြင့် မဖျက်ဆီးနိုင်ရန် (၄င်းသိုဟန်ဘွားတို့ သုံးသောစာနှင့် တူယောင်ယောင်) မန်ကျည်းစေ့ ပုံသဏ္ဌာန်မျိုးဖြင့် ရေးသားထားကြောင်း ပြောဆိုကြပါသည်၊

ထိုစကားအရပင် မန်ကျည်းစေ့ ကမ္မဝါစာ အစ ဂ-ငယ် သုံးခုက-ဟု စကားဖြစ်လာဟန် တူပါသည်။

သိူ့သော် မမှန်ပါ-ကမ္မဝါစာသည် သာသနာတော်သုံး စာဖြစ်၍ မြန်မာနိုင်ငံတော်ကို ဗုဒ္ဓသာသနာ စတင်ထွန်းလင်းစေသော ပုဂံခေတ်၊ အနောရထာမင်းတရား လက်ထက် အရှင်အရဟံ ပုဂံပြည်သို့ သာသနာတော်ကို စတင် ပြုစုစဉ်ကပင် ရှိခဲ့ပါသည်။

ထိုစဉ်က မြန်မာအက္ခရာတို့မှာ အများအားဖြင့် လေးထောင့်ပုံသဏ္ဌာန်များဖြင့် တွေ့နိုင်ပါသည်၊

ကျောက်တွင် ထွင်းထားသော စာ၊ ဘုရားနံရံများတွင် စုတ်တံဖြင့် ရေးသားထားသော စာများမှာ

လေးထောင့်ပုံများဖြစ်၍ မန်ကျည်းစေ့နှင့် တူသဖြင့် မန်ကျည်းစေ့အက္ခရာဟု ခေါ်ပါသည်၊

ဝတ်လဲသားရိုးပြားတွင်ဖြစ်စေ, ကြေးပြား ဆင်စွယ်များနှင့် ပေတို့တွင်ဖြစ်စေ စုတ်တံဖြင့်ရေးသော ကမ္မဝါစာအက္ခရာမှာ စစ်စေးစာလုံး ထူသဖြင့် ပိုမို၍ပင် မန်ကျည်းစေ့ပုံနှင့် တူပါသည်။

ရှေးပုဂံကျောက်စာ, မင်စာ, နံရံများနှင့် ယခုရှိနေသော မန်ကျည်းစေ့ ကမ္မဝါစာတို့ကို ယှဉ်ကြည့်က အခြေခံ တူညီလျက်နေကြောင်း တွေ့ရပါလိမ့်မည်၊ မြန်မာအက္ခရာများမှာ အင်းဝခေတ် နောက်ပိုင်းနှင့် ကုန်းဘောင်ခေတ်တို့တွင် စာလုံးဝိုင်းများ ခေတ်စားလာသော်လည်း ရှေးဟောင်းကို မြတ်နိုးတော်မူကြကုန်သော ဆရာတော် သံဃာတော်များက ကျောက်စာ, မင်စာ, နံရံစာ ခေတ်က စာလုံးပုံအတိုင်း ဝတ်လဲ ကမ္မဝါစာ၊ ကြေးဆင်စွယ် ကမ္မဝါစာတို့ကို စွဲမြဲစွာ အသုံးပြုတော်မူခဲ့ခြင်းဖြင့် ဤခေတ်တွင် မန်ကျည်းစေ့ ကမ္မဝါစာများ ထင်ရှား၍ နေခြင်းဖြစ်ကြောင်း မှတ်သားတော်မူစေချင်ပါသည်။

ဘဒ္ဒန္တ တိလောကသာရ ဖြေသည်။

မယ်တော်မာယာ အသက်

(မေး) (မယ်တော်မာယာ အသက်)

မယ်တော်မာယာ အသက် ၅၀-ကျော်မှ ဘုရားလောင်းကို ဖွားသည်ဆိုသည်မှာ ဟုတ်ပါသလား၊

၅၀-မှ ဘယ်လောက် ကျော်ပါသလဲ၊ ကျမ်းဂန်သာဓကနှင့် သိလိုပါသည်ဘုရား။

(ဒေါ်ကေသာဝတီ-စစ်ကိုင်းတောင်)

(ဖြေ)

ဗောဓိသတ္တမာတာပိ ပဌမဝယေ သမ္ပတ္တိံ အနုဘဝိတွာ မဇ္ဈိမဝယေ တတိယကောဋ္ဌာသေ ဝိဇာယိတွာ ကာလံ ကရောတိ အယမေတ္ထ ဓမ္မတာ-ဟူ၍ သုတ်မဟာဝါ အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂-၂၉) စသည်၌ လာသည်။

ပါဠိကိုမြန်မာပြန်သော်-ဘုရားလောင်း မယ်တော်သည်လည်း ပထမအရွယ်၌ စည်းစိမ်ခံစား၍ မဇ္ဈိမအရွယ်၏ သုံးခုမြောက်သော အစု၌ ဘုရားလောင်းကို ဖွားမြင်ကာ (ခုနစ်ရက် နေပြီးလျှင်) သေလွန်သည်။

ဤကား ဓမ္မတာ-ဟု အဓိပ္ပါယ်ရသည်၊

ဆိုလိုသည်မှာ အသက်တရာတမ်းကို သုံးစုပြုသော် ပထမအရွယ် ၃၃-နှစ် ၄-လ၊

မဇ္ဈိမအရွယ် ၃၃-နှစ် ၄-လ၊

ပစ္ဆိမအရွယ် ၃၃-နှစ် ၄-လ ရှိသည်တွင်

ပထမအရွယ် ၃၃-နှစ် ၄-လ စည်းစ်မ်ခံစားသည်။

မဇ္ဈိမအရွယ် ၃၃-နှစ် ၄-လကို သုံးပုံပုံသော် ပထမအပုံ ၁၁-နှစ် ၁-လနှင့် ၁၀-ရက်။

ဒုတိယအပုံ ၁၁-နှစ် ၁-လနှင့် ၁၀-ရက်၊

တတိယအပုံ ၁၁-နှဏ် ၁-လနှင့် ၁၀-ရက် ရသည်။

ပထမအပုံနှင့် ဒုတိယအပုံပေါင်း ၂၂-နှစ် ၂-လနှင့် ၂၀-ရက်ကို

ပထမအရွယ် ၃၃-နှစ် ၄-လနှင့် ပေါင်းလျှင် ၅၅-နှစ်နှင့် ၆-လ အရက် ၂၀-ရ၏၊

ထိုအချိန်တွင် ဘုရားလောင်းကို ပဋိသန္ဓေယူသည်၊ ယင်း၌ ၁၀-လ ထည့်သော် ၅၆-နှစ် ၄-လ၊ ၂၀-ရက်တွင် ဘုရားလောင်းကို ဖွားတော်မူသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မယ်တော်မာယာဒေဝီ၏ ဘုရားလောင်းဖွားမြင်ခြင်း

(မေး) (မယ်တော်မာယာဒေဝီ၏ ဘုရားလောင်းဖွားမြင်ခြင်း)

အရှင်ဘုရား၊ ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်သော မယ်တော်မာယာဒေဝီသည် ဘုရားအလောင်းတော်ကို နားမှ ဖွားမြင်သည်ဟု အချို့က ဆိုသည်မှာ မှန်ပါသလား။ ဖြေကြားပေးတော်မူပါဘုရား။

(အမျိုးသမီးတဦး)

(ဖြေ)

နားမှ ဖွားခြင်းမဟုတ်ပါ။ သဘာဝအတိုင်းသာ ဖွားမြင်ခြင်း ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

မရဏာနုဿတိ

(မေး) (မရဏာနုဿတိ)

အရှင်ဘုရား မရဏာနုဿတိကို စီးဖြန်းပုံများကို ဖြေကြားပေးစေလိုပါသည်။

(သုတမောင်-ရမ်းဗြဲ)

(ဖြေ)

မရဏာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုသူသည်

၁။ ချစ်ခင်သူ၏ သေခြင်း၊ မုန်းသောသူ၏ သေခြင်းတို့ကို အောက်မေ့လျှင် သောက-ဟူသော စိုးရိမ်ပူဆွေးခြင်း၊

ပါမောဇ္ဇ-ဟူသော ဝမ်းမြောက်ခြင်းတို့ ဖြစ်တတ်သဖြင့် မချစ် မမုန်း လျစ်လျူရှုလေ့ရှိသောသူ၏ သေခြင်းကို အောက်မေ့၍ ဤသူကဲ့သို့ ငါလည်း သေရအံ့။

မရဏံ မေ ဘဝိဿတိ၊ ဇီဝိတိန္ဒြိယံ နိရုစ္ဆိဇ္ဇိဿတိ-ငါ့အား သေခြင်းသည် ဖြစ်လတံ့။

အသက်ဇိဝိတိန္ဒြေသည် ပြတ်လတံ့-ဟု အကြိမ်ကြိမ်နှလုံးသွင်း၍ မရဏာနုဿတိ ထင်သည့်တိုင်အောင် ပွားများရပါမည်။

သေခြင်းတရား၊ ဤတပါးကား၊ များပြားလူ့ဘောင်၊ အကျိုးဆောင်သည်၊ အိုအောင် အောက်မေ့ စီးဖြန်းကြ-ဟူသောစကားအတိုင်း ဤသေခြင်း မရဏာနုဿတိကို အောက်မေ့စီးဖြန်းနေသူသည် မကောင်းမှုတို့ကို ပြုလုပ်ရန် ကြောက်လန့်လာသဖြင့် အစဉ် ကုသိုလ်ဖြစ်နေသောကြောင့် သေခြင်းတရားသည် လူတို့၏ အကျိုးဆောင်တရား-ဟု အဆိုရှိပါသည်။ ထို့ကြောင့် အမြဲပွားများ၊ အားထုတ်ရန် သင့်ကြောင်း ဖြေကြားလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မရွတ်ဆိုဘဲ ကပ်လှူခြင်း

(မေး) (မရွတ်ဆိုဘဲ ကပ်လှူခြင်း)

အရှင်ဘုရား၊ မိမိနေအိမ် ဘုရားတွင် ဆွမ်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ရာ၌ ဘာမျှ ရွတ်ဆိုခြင်း မပြုဘဲ တင်ထား ပူဇော်ခြင်းမှာ ကုသိုလ်ဖြစ်-မဖြစ် သိလိုပါသည် အရှင်ဘုရား။

(ဦးစောမောင်-မကွေးမြို့)

(ဖြေ)

ဘုရား၌ ဆွမ်းစသည် ကပ်လှူပူဇော်ရာ၌ ဆွမ်းကပ်ပူဇော်စာ စသည်များကို မရရှိ၍ မရွတ်ဆိုနိုင်သည့် တိုင်အောင် ဤဆွမ်းစသော လှူဖွယ်ဝတ္ထုအစုစုကို ရွှေဘုန်းတော်သခင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား လှူဒါန်းပူဇော်ပါ၏ဘုရား။ ဤကောင်းမှုကြောင့် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ ဘုရား-ဟူ၍ ဖြစ်စေ၊ ဤအဓိပ္ပါယ်မျိုးပါဝင်သော အနက်အဓိပ္ပါယ် တမျိုးမျိုးကိုဖြစ်စေ စိတ်ထဲ၊ နှလုံးထဲမှ ရွတ်ဆိုစဉ်းစား၍ တင်လှူပူဇော်သင့်ပါသည်။ မည်သို့မျှ ဆိုလည်းမဆို၊ အာရုံလည်းမပြုဘဲ တင်ထားပူဇော်ခြင်းထက် မိမိတတ်သလို လှူဒါန်းမှုသဘောပေါ်အောင် ပြုမူခြင်းသာ သင့်လျော်ပါကြောင်း ဖြေကြားလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မသာတခေါက်ကျောင်းဆယ်ခေါက်

(မေး) (မသာတခေါက်ကျောင်းဆယ်ခေါက်)

အရှင်ဘုရား၊ ဘုန်းကြီးကျောင်း ဆယ်ခေါက်သွားရတာထက် အသုဘတခေါက် ပို့ရတာက မြတ်တယ်ဆိုတာ မှန်ပါသလားဘုရား။ အသုဘပို့ပြီး သရဏဂုံသီလ မယူဘဲ ပြန်လာခဲ့လျှင် ကုသိုလ် ရ-မရ သိလိုပါသည်ဘုရား။

(မောင်နေမင်းထွန်း-အညာကျေး)

(ဖြေ)

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ဘုန်းကြီးကျောင်းသို့ သွားသောအခါ ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ကိစ္စတို့ဖြင့်သာ ပြီးသည်။ ထို့ကြောင့် ဒါနအကျိုး၊ သီလအကျိုးတို့ကိုသာ ရရှိဖို့ဖြစ်သည်။

မသာပို့သွားသူသည် အနည်းဆုံး သေဆုံးသူအား ကြည့်ရှု၍ ငါလည်း ဤကဲ့သို့ မုချသေဆုံးရချေအံ့ဟု မရဏာနုဿတိ ကမ္မဋ္ဌာန်းတရားကို တခဏမျှပင် ဖြစ်စေ၊ နှလုံးသွင်းမိနိုင်၏၊ မရဏာနုဿတိ အာရုံဖြစ်မိသူအား သေခြင်းတရား၌ မေ့လျော့မှုမရှိခြင်း၊ ဘုံသုံးပါး၌ မွေ့လျော်မှု ကင်းခြင်း၊ အသက်၌ တွယ်တာမှု နည်းခြင်း။ မကောင်းမှုကို ရှုတ်ချနိုင်ခြင်း။ ဥစ္စာစည်းစိမ်၌ တွယ်တာမှုနည်းခြင်း။ ဝန်တိုမှုနည်းခြင်းတို့ကြောင့် ရဲရဲဝံ့ဝံ့ မတွေမဝေ သေရ၍ ဤဘဝ၌ မဂ်ဖိုလ်ကို မရသည့်တိုင်အောင် သုဂတိဘဝသို့ ရောက်၍ ဘဝတိုတိုနှင့် မဂ်တရား ဖိုလ်တရားတို့ကို ရရှိနိုင်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကျောင်းသို့ ဆယ်ခေါက် သွား၍ ဒါန သီလပြုရ၊ ဆောက်တည်ရသည်ထက် မသာတခေါက်ပို့၍ အသုဘဘာဝနာ မရဏာနုဿတိ ဘာဝနာ ကောင်းစွာ နှလုံးသွင်းရခြင်းက မြတ်သည်ဟု အမှတ်အသား ပြုထားကြခြင်း ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မဟာမြတ်မုနိနှင့် အတူ သုံးဆူ

(မေး) (မဟာမြတ်မုနိနှင့် အတူ သုံးဆူ)

အရှင်ဘုရား၊ ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်တော်အခါက ဘုရားရှင်၏ ရင်ငွေ့တော်ဖြင့် သွန်းလုပ်ပူဇော်ခဲ့သော ယခုမန္တလေးမြို့ မဟာမြတ်မုနိနှင့်အတူ သုံးဆူကို သွန်းလုပ်ခဲ့သည်ဟု ကြားသိရဖူးပါသည်။ ထိုကျန်ရှိသော သုံးဆူ၏ဘွဲ့တော်အမည်နှင့်တကွ သီတင်းသုံးရာ မြို့အမည်များကို စေတနာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။

(မောင်လင်းအောင်-မော်လမြိုင်မြို့)

(ဖြေ)

မဟာမြတ်မုနိ ဘုရားကြီးနှင့်အတူ သွန်းလုပ်ခဲ့သည်ဆိုသော ၃-ဆူမှာ သမိုင်းအရ

၁။ မဟာမုနိ။ (ယခု ရခိုင်ပြည်နယ် ကျောက်တော်မြို့ မူလ မဟာမုနိနေရာတွင် သီတင်းသုံးသည်။)

၂။ ရန်အောင်မြင် မုနိ။ (ယခု ဇလွန်မြို့တွင် သီတင်းသုံးသည်။ ပြည်တော်ပြန်ဘုရားဟု တွင်သည်။)

၃။ ရွှေဘုံသာ မုနိ။ (ယခု ပြည်မြို့ တဖက်ကမ်း ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာစေတီတော်အတွင်း၌ ဌာပနာထားသည်။) ဤသို့ မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မဟာဝင်ဝတ္ထု

(မေး) (မဟာဝင်ဝတ္ထု)

အရှင်ဘုရား၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာ)မှာ ဘီစီ ၇၇-မှ ၁၀၁-အတွင်း ဒုဋ္ဌဂါမဏိမင်းကြီးလက်ထက် ကောဋိတိမ္ဗရ အမတ်ကြီးသည် မိစ္ဆာဒိဋ္ဌိပေါင်းများစွာကို သုတ်သင်တိုက်ခိုက်ပြီး နောင်တွင် ရဟန်းပြု၍ ရဟန္တာဖြစ်သွားသည်ဟု ဆိုပါသည်။ သည်နေရာမှာ မိစ္ဆာပေါင်းများစွာကို သတ်ခဲ့သော အမတ်ကြီးမှာ အပြစ်မရှိဘူးလား။ သတ်ခဲ့သော အပြစ်များအတွက် ငရဲမကျဘူးလား။

(မောင်စန်းလင်း-သာကေတ)

(ဖြေ)

ပါဏာတိပါတအမှုကို ပြုလုပ်ရာ၌ မိဘကို သတ်ခြင်း၊ ရဟန္တာကို သတ်ခြင်း၊ စသော အနန္တရိယ ဂရုကံများကို ကျူးလွန်မိမှသာ ငရဲကျခြင်းစသည် အပြစ်ရရန် မြဲပါသည်။ အခြားသတ်မှုများမှာ ဒါန၊ သီလ၊ ဘာဝနာ၊ ဝိပဿနာတို့ဖြင့် ကာကွယ်နိုင်ပါသည်။ မပျောက်သည့်တိုင် အကုသိုလ်အကျိုးမပေးအောင် တားမြစ်နိုင်ပါသည်။ လူပေါင်းတထောင်ကျော် သတ်ခဲ့သော အင်္ဂုလိမာလ ခိုးသူကြီးသည် မြတ်စွာဘုရားနှင့် တွေ့၍ ရဟန္တာဖြစ်သွား သည်ကို ထောက်ဆနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မဟာသမယ ၇-သုတ်

(မေး) (မဟာသမယ ၇-သုတ်)

အရှင်ဘုရား၊ မဟာသမယသုတ်တော်မှာ သုတ္တန် ၇-ခုရှိသည်ဟု ကြားဖူးပါသည်။ တပည့်တော်သိသော မဟာသမယသုတ်တော်၏ အစမှာ သတေဟိ ပဉ္စမတ္တေဟိ-မှ စပါသည်။ ပြည့်စုံမှု ရှိ-မရှိ သိလိုပါသည်ဘုရား။ ပြည့်စုံမှု မရှိလျှင် ဘယ်တရားစာအုပ်အမျိုးအစားမှာ ပြည့်စုံစွာရှိနိုင်သည်ကို ညွှန်ပြမိန့်ကြားတော်မူပါဘုရား။

(မသိင်္ဂီဝင်း-ကျုံပျော်မြို့)

(ဖြေ)

မဟာသမယသုတ်မှာ ပြဿနာရှင်ဖော်ပြသော သတေဟိ ပဉ္စမတ္တေဟိ-စသောသုတ်ပင် ဖြစ်ပါသည်။ မဟာသမယသုတ်နှင့်အတူ တွဲ၍ ဟောကြားသော သမ္မာပရိဗ္ဗာဇနီယ စသော ခြောက်သုတ်လည်း ရှိသဖြင့် မဟာသမယ ၇-သုတ်ဟု ပြောဆိုကြပါသည်။

သတေဟိ ပဉ္စမတ္တေဟိ-စသော မဟာသမယတသုတ်ကို ရွတ်ဆိုလျှင်ပင် မဟာသမယသုတ် ရွတ်ဆိုခြင်း ပြည့်စုံပါပြီ။ ၇-သုတ်လုံးရွတ်ဆိုလျှင်မူ ပိုမို၍ကောင်းပါသည်။ ၄င်း ၇-သုတ် အနက်အဓိပ္ပါယ် အပြည့်အစုံကို သိလိုလျှင် ရန်ကုန်၊ ရေကျော်ရပ် ပညာအလင်းပြ ပုံနှိပ်တိုက်က ရိုက်နှိပ်ထားသော စာအုပ် ရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မဟာစေတီနှင့် ကောင်းမှုတော်

(မေး) (မဟာစေတီနှင့် ကောင်းမှုတော်)

အရှင်ဘုရား၊ သီရိလင်္ကာနိုင်ငံတွင် အကြီးဆုံးဖြစ်သော မဟာစေတီကြီးသည် တပည့်တော်တို့နိုင်ငံမှ ကောင်းမှုတော်ကြီးနှင့်စာလျှင် မည်သည်က ကြီးပါသနည်းဘုရား။ တတ်နိုင်ပါက အရွယ်ပမာဏတို့ကိုပါ နှိုင်းယှဉ်ဖော်ပြ၍ ဖြေကြားစေလိုပါသည်ဘုရား။

(ဦးတင့်ဆွေ-ညောင်ပင်သာရပ်၊ ကလေးမြို့)

(ဖြေ)

သီရိလင်္ကာနိုင်ငံရှိ မဟာစေတီကြီးမှာ အမြင့်ဉာဏ်တော် ၁၂၀၊ လုံးပတ်တော် ၃၆၀-ရှိကြောင်း

ဘော ဣမံ မဟာစေတိယံ ဝီသ ရတနေန သတာယာမံ၊ တိသတ သဋ္ဌိရတန ပရိဏာဟံ ဟောတိ-ဟု သာရတ္ထဒီပနီ ဋီကာကို ကိုး၍ သတပဒိကပုစ္ဆာကျမ်း၌ မင်းကွန်းဆရာတော် ဖြေဆိုပါသည်။

မြန်မာနိုင်ငံမှ ကောင်းမှုတော်ကြီးမှာ အမြင့်ဉာဏ်တော် ၁၀၁-တောင်၊ လုံးပတ်တော် ၅၀၂-တောင်၊ ၂-မိုက်၊ ၄-သစ် ရှိကြောင်း စွယ်စုံကျမ်း၌ ဖော်ပြထားသဖြင့် သီရိလင်္ကာ မဟာစေတီကြီးက ဉာဏ်တော်မြင့်၍ ကောင်းမှုတော်ကြီးက လုံးပတ်ကြီးကြောင်း သိရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မာတုဂါမ မောင်းသောကား

(မေး) အရှင်ဘုရား မာတုဂါမများ မောင်းသောကားကို ရဟန်း သံဃာများ စီးခွင့် ရှိ-မရှိ သိလိုပါသည်၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

(မနှင်းသီရိ၊ သံတွဲ)

(ဖြေ) ဆရာတော် အရှင်ဇနကာဘိဝံသ စီရင်သော ခုဒ္ဒသိက္ခာ ဘာသာဋီကာ ၄၄၂-၌ အောက်ပါစကားရပ်များ ပါရှိ၏၊

”အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ယာနံ ပုမယုတ္တံ” နွားထီး၊ မြင်းထီး စသည် ကအပ်သော (တပ်သော) ယာဉ်ကိုလည်းကောင်း၊ (ဟတ္ထဝဋ္ဋကံ) လက်ဖြင့် လည်စေအပ်သော (လက်ဖြင့်မောင်းသော) ယာဉ်ကိုလည်းကောင်း၊ မကျန်းမာသော ရဟန်း စီးကောင်းသည်။

ပုမယုတ္တ-နွားထီးစသည့် အထီးသတ္တဝါ ကသည့် (တပ်ထားသည့်) ယာဉ်ဖြစ်လျှင် မောင်းနှင်သူမှာ ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အပ်၏ဟု ဆိုအပ်၏၊ မိန်းမမောင်းသော မော်တော်ယာဉ် စသည်မှာ အထူးဆိုဖွယ်ပင် မလိုချေ၊ စီးကောင်း စီးခွင့်ရှိသည်ဟု သိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မာတုဂါမ

(မေး) (မာတုဂါမ)

အရှင်ဘုရား၊ ဒါယိကာ ဥပါသိကာများ၌ မ,ထည့်၍ဒါယိကာမ, ဥပါသိကာမဟု ခေါ်ဆိုသကဲ့သို့ မာတုဂါမ၌လည်း မာတုဂါသဒ္ဒါ၌ မိန်းမဖြစ်၍ မ,ထည့်ကာ မာတုဂါမ-ဟု ခေါ်ဆိုခြင်း ဖြစ်ပါသလား၊ မူလရင်းကပင် မာတုဂါမသဒ္ဒါ ဖြစ်ပါသလား၊ ဖြေကြားရှင်းလင်းစေလိုပါသည်ဘုရား။

(ရှင်သုဇာတ-လားရှိုးမြို့)

(ဖြေ)

မာတုဂါမသဒ္ဒါသည် ဒါယိကာ၊ ဥပါသိကာ သဒ္ဒါများတွင် မ,ထည့်၍ ခေါ်သကဲ့သို့ မဟုတ်၊ မူလရင်းကပင် မာတုဂါမသဒ္ဒါ ဖြစ်ပါသည်။

တီဟိ ဘိက္ခဝေ သမန္နာဂတော မာတုဂါမော-စသည်ဖြင့် မာတုဂါမသံယုတ် ပါဠိတော်၌ တိုက်ရိုက်ရှိပါသည်။

မာတုဂါမော-မာတုဂါမသည်-ဟု သဒ္ဒါအားဖြင့် ပုလ္လိင်ဖြစ်သည်။

မိခင်ကဲ့သို့ အလားတူသော မိခင်နှင့် အနွယ်တူဖြစ်သော-ဟု အဓိပ္ပါယ်ရှိသဖြင့် ရဟန်းတော်များအဖို့ မာတုဂါမ-ဟု သုံးနှုန်းခြင်းဖြင့် ဗြဟ္မစရိယ မညစ်နွမ်းသော အကျိုးရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မာတုဂါမများ သင်္ကန်းလျှော်ခြင်း

(မေး) (မာတုဂါမများ သင်္ကန်းလျှော်ခြင်း)

အရှင်ဘုရား၊ ဘာသာရေးစာစောင်တခုတွင် ရဟန်းတို့၏ သင်္ကန်းတို့ကို မာတုဂါမများ မလျှော်အပ်ကြောင်း တွေ့ရပါသည်။ ဟုတ်-မဟုတ်နှင့် အကျိုးအပြစ်တို့ကို သိလိုပါသဖြင့် မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။

(အေးမွန်ကျော်-နမ္မတီး)

(ဖြေ) မာတုဂါမများ သင်္ကန်းမလျှော်ရ-ဟု စာပေတိုက်ရိုက် မရှိပါ။ အမြင်မလျှော် မသင့်တော်၍ ပြောခြင်း ဖြစ်ဟန်တူပါသည်။ ပါတိမောက် သိက္ခာပုဒ်တွင် ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းဟောင်းကို ဖွပ်လျှော်မခိုင်းအပ်-ဟူသော သိက္ခာပုဒ်သာ ရှိပါသည်။ သာမဏေရီမ၊ လူမိန်းမ စသည်တို့နှင့် မဆိုင်။ သာမဏေရီ သိက္ခမာန် (ရဟန်းမလောင်း) အား သင်္ကန်းဟောင်းကို ဖွပ်လျှော်ခိုင်းလျှင် အပ်သေးသည်။ ၄င်းတို့ ရဟန်းမ (ဘိက္ခုနီ) ဖြစ်မှ လျှော်လျှင် မအပ်။ နိဿဂ္ဂိပါစိတ်နှင့် ဒုက္ကဋ်အာပတ်သင့်သည်ဟု ပါတိမောက်တွင် ဆိုသည်။

ကုသိုလ်လို၍ ဒကာမ (မာတုဂါမ) အမျိုးသမီးများက ရဟန်းတော်တို့၏ သင်္ကန်းတို့ကို ဖွပ်လျှော်ပေးလိုပါသည်ဆိုက မတားမြစ်ထိုက်။ လျှော်ဖွပ်ပေးခြင်းကြောင့် လျှော်ဖွပ်သူမှာလည်း ကုသိုလ်ဖြစ်ပါသည်။ သို့သော် သင်္ကန်းကို နင်း၍၊ ရိုက်၍ လျှော်ဖွပ်ရန်ကား မလုပ်အပ်ကြောင်း သတိပြုသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မာယာ သာဌေယျ ဝဉ္စနာ

(မေး) (မာယာ သာဌေယျ ဝဉ္စနာ)

မာယာ, သာဌေယျ, ဝဉ္စနာ သုံးမျိုး၏ အဓိပ္ပါယ်ကို ခြားနားသိသာအောင် ဖြေကြားတော်မူပါဘုရား။

(ဒေါ်မြင့်မြင့်-အုတ်ကျင်းဘူတာရုံလမ်း ရန်ကုန်မြို့)

(ဖြေ)

မာယာ-ဟူသည်မှာ လှည့်ပတ်ခြင်း, အယောင်ဆောင်ခြင်း, ဖြားယောင်းခြင်း, မိမိအပြစ်ကို ဖုံးလွှမ်းခြင်း, လှည့်ပတ်မှု အတတ်တို့ ဖြစ်သည်။

သာဌေယျ-ဟူသည်မှာ စဉ်းလဲသည်၏အဖြစ်, (မိမိ၏ ထင်ရှားမရှိသော ဂုဏ်ကို ထုတ်ဖော် လုပ်ဆောင်၍ ပြောဆိုခြင်း) လိမ်လည်ခြင်းတို့ ဖြစ်သည်။

ဝဉ္စနာ-ဟုသည်မှာ လှည့်စားခြင်း, လှည့်ပတ်ခြင်း, လိမ်လည်ခြင်း, တပါးသော အခြင်းအရာအားဖြင့် ပြခြင်းတို့ ဖြစ်သည်။

၄င်းသုံးမျိုးမှာ အလွန်ကြီး ထူးခြားမှု မရှိလှပါ၊ အနု အရင့် သဘောမျှသာ ဖြစ်ပါသည်။(အဘိ၊ဋ္ဌ၊၃-၉၁)။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မာယာ လေးဆယ်

(မေး) ဗုဒ္ဓစာပေများကို ဖတ်ရှုရာတွင် မိန်းမတို့ မာယာအနေအားဖြင့် ကိုယ်လက်ကို ဆန့်၏၊ ညွတ်၏၊ စံပယ်၏၊ ရှက်စနိုးကဲ့သို့ ပြု၏၊ မှစ၍ ထဘီပြင်ဝတ်ခြင်း၊ ဆံပင်ထုံးခြင်းများပါ ဖော်ပြထားရာ မိန်းမအနေဖြင့် မာယာ မများရန် လက်ကလေးမျှပင် မလှုပ်ဝံ့စရာဖြစ်နေပါသည်၊ ထို့ကြောင့် ၄င်းမာယာ လေးဆယ်ဆိုသည်မှာ ဘယ်ကဲ့သို့ မှတ်ယူရမည်ကို အရှင်ဘုရား ဖြေကြားသင့်သည်ထင်က ဖြေကြားပေးစေလိုပါသည်ဘုရား။

(ဌေးဌေးဝင်း-အထက၊ မုဒုံ)

(ဖြေ)

မာယာလေးဆယ်မှာ အသီတိ နိပါတ် မဟာကုဏာလဇာတ်လာ ဖြစ်သည်။

ဗုဒ္ဓစာပေအရပင် ဖြစ်သဖြင့် ဖြေရှင်းဟောပြသင့်သော တရားဓမ္မပင်ဖြစ်၍ ဖြေဆိုပါမည်။

မိန်းမတို့မှာ မာယာ လေးဆယ် မဖြစ်အောင် လက်ခြေမျှကိုပင် မလှုပ်ဝံ့စရာ-ဟုဆိုက ဆိုစရာပင်ဖြစ်သည်၊

မြတ်စွာဘုရား ဟောတော်မူသော အလိုမှာ အခါခပ်သိမ်း လှုပ်ရှားမှုကို မဆိုလို၊ မိမိစိတ်ဝင်စားသော ယောကျ်ားတဦးရှေ့တွင် မိန်းမတို့သည် ငြိမ်ငြိမ်သက်သက် မနေဘဲ မိမိကို စိတ်ဝင်စားစေလိုသော ဆန္ဒဖြင့် လှုပ်ရှားမှု တခုခုကို ပြုလုပ်ပြခြင်း၌ ဤလေးဆယ်မျိုးတွင် တမျိုးမျိုးကို ပြုလုပ်တတ်ကြောင်း ဟောတော်မူလိုရင်းပင် ဖြစ်သည်။

ဖြစ်နိုင် မဖြစ်နိုင် မြတ်စွာဘုရား ဟောတော်မူချက် မှန်-မမှန် မိန်းမတဦးအနေဖြင့် စဉ်းစားတွေးခေါ်ကြည့်၍ မြတ်စွာဘုရား၏ သဗ္ဗညုတရွှေဉာဏ်တော်ကို ကြည်ညိုလျက် ကုသိုလ်ပွားစေလိုကြောင်း အကြံပေးလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မာရ်နတ်

(မေး) (မာရ်နတ်)

ဘုရားလက်ထက်က မာရ်နတ် ယခုတိုင် ရှိနေပါသေးသလား၊ ယင်းသည် မည်သည့်အကျိုးကို မျှော်ကိုး၍ မြတ်စွာဘုရားကို အမြန် ပရိနိဗ္ဗာန် စံဝင်စေလိုပါသနည်း၊

အရိမေတ္တေယျဘုရား လက်ထက်တွင်လည်း မာရ်နတ် နှောင့်ယှက်နေဦးမှာလား၊ ၄င်းမာရ်နတ်သည် ဤဘုရားလက်ထက် မာရ်နတ်ပင် ဖြစ်မည်လား၊ မာရ်နတ်အသစ်လား သိလိုပါသည်။

(ဦးဘဆိုင်-အင်းစိန်)

(ဖြေ)

မာရ်နတ်အပါအဝင် ဝသဝတ္တီနတ်တို့၏ သက်တမ်းသည် လူတို့ အရေအတွက်အားဖြင့် နှစ်ပေါင်း ကုဋေ ၉၀၆-သန်း ရှည်သည်၊ ၄င်းတို့အနေဖြင့် ဘုရားပွင့်ပြီးသည်မှာ နာရီပိုင်းခန့်သာ ရှိသေးသည်ဟု ဆိုရမည်၊ မာရ်နတ်သည် ဘုရားပွင့်ပြီး နှစ် ၂၀၀-ကျော် အသောကမင်း လက်ထက်တွင်ပင် ထင်ထင်ရှားရှား လာရောက်နှောင့်ယှက်သေးကြောင်း၊ ရှင်ဥပဂုတ် ကြွရောက်နှိမ်နင်းကြောင်း စာဟောင်းရှိပါသည်။

ထို့ကြောင့် ယခုအချိန်မှာလည်း ရှိနေသေးမည်ဟု ဆိုစရာပင်၊ မာရ်နတ်က မြတ်စွာဘုရားကို ပရိနိဗ္ဗာန်စံဝင်စေလိုသည်မှာ မြတ်စွာဘုရားရှိနေလျှင် လူများ နိဗ္ဗာန်တရားရရှိကြ၍ သူ့ဆိုင်ရာနယ်ပယ်မှ လွတ်မြောက်သွားမှာ စိုးရိမ်သည်၊ မာရ်နတ်သည် ကာမ ၁၁-ဘုံတွင် အမြင့်ဆုံးဘုံတွင် နေသူ၊ ၄င်းဘုံတစိတ်တဒေသကို စိုးပိုင်သူဖြစ်၍ လူများ ကာမနယ်၌သာ မွေ့လျော်နေစေချင်သည်။ စျာန်ရ၍ ရူပ-အရူပ ဗြဟ္မာဘုံသို့ပင် မသွားစေချင်ပေ၊ ထို့ကြောင့် နိဗ္ဗာန်ဆုတောင်း၍ ကုသိုလ်ပြုသူ၊ စျာန်မဂ်ဖိုလ်ရရန် သမထ ဝိပဿနာ ပွားများသူများကို နှောင့်ယှက်တတ်သည်။

အရိမေတ္တေယျ မြတ်စွာဘုရားလက်ထက်တွင်လည်း မာရ်နတ်ဟူ၍ ရှိဦးမည်ပင်၊ ဤဘဒ္ဒကပ်ဦး ကကုသန် မြတ်စွာဘုရားလက်ထက်တွင် ဤယခုမာရ်နတ်၏ ဘကြီး ဒူသီမာရ်နတ်ဟူ၍ ရှိကြောင်း စာလာရှိသည်၊ အရိမေတ္တေယျဘုရား လက်ထက်၌လည်း ဤမာရ်နတ်၏အနွယ် မာရ်နတ်တဦး ဖြစ်လာနိုင်စရာ အကြောင်းရှိပေသည်၊ အန္တရကပ် တကပ်မျှ ကွာခြားနေသေး၍ ဤလက်ရှိ မာရ်နတ်ကား ထိုအချိန်တွင် မရှိနိုင်တော့ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မိရိုးဖလာ ဗုဒ္ဓဘာသာ

(မေး) (မိရိုးဖလာ ဗုဒ္ဓဘာသာ)

အရှင်ဘုရား၊ ဗုဒ္ဓဘာသာကို မိရိုးဖလာ သဘောထက် သာလွန်၍ သက်ဝင်ယုံကြည် ကိုးကွယ်သည်ဆိုရာ၌ -

၁။ မိရိုးဖလာသဘော သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှုဟူသည် အဘယ်ပါနည်း။

၂။ မိရိုးဖလာသဘော သက်ဝင်ယုံကြည် ကိုးကွယ်ဆည်ကပ်မှုသည် အဆင့်အတန်း နိမ့်ကျပါသလား။

၃။ သာလွန်၍ သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှု ဟူသည် အဘယ်ပါနည်း။ ဖြေကြားတော်မူပါရန် လေးစားစွာ လျှောက်ထားအပ်ပါသည်ဘုရား။

(မောင်တန်ဆောင်-ယောနယ်)

(ဖြေ)

၁။ ရိုးရိုး မိဘတို့ ကိုးကွယ်မှု ထုံးစံအတိုင်း သရဏဂုံ သီလခံယူ၍ ကျောင်းကန်ဘုရား သွားလာလှူဒါန်းခြင်း၊ ဥပုသ်စောင့်ခြင်း၊ ရှင်ပြု ရဟန်းခံခြင်းတို့ထက် မပိုသော ကိုးကွယ်မှုကို မိရိုးဖလာ ကိုးကွယ်မှုဟု ဆိုပါသည်။

၂။ ယင်းမိရိုးဖလာ ကိုးကွယ်မှုကို မပျက်မကွက် မှန်မှန်ကန်ကန် အသိဉာဏ်ရှိရှိဖြင့် ကိုးကွယ်သူအဖို့ အပါယ်လေးပါး မလားရေးတို့၌ အတော်အတန် စိတ်ချရ၍ အဆင့်အတန်း နိမ့်ကျသည်ဟု မဆိုနိုင်ပါ။

၃။ ယင်း မိရိုးဖလာ ကိုးကွယ်မှုကို အားမရ၍ ပညာရှင်ဆရာတော်၊ သံဃာတော်များထံ ချဉ်းကပ်၍ နက်နဲသော ဘာသာရေး တရားများကို လေ့လာခြင်း။ သမထဘာဝနာ၊ ဝိပဿနာဘာဝနာများကို အားထုတ်ခြင်း။ မဂ်တရား၊ ဖိုလ်တရားများကို ရအောင် ကြိုးစားခြင်း စသည် ပြုလုပ်မှုကို မိရိုးဖလာထက် သာလွန်၍ သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်သူဟု ဆိုရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မိခင်နို့ရည်

(မေး) (မိခင်နို့ရည်)

အရှင်ဘုရား၊ လူ့ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေသော သွေးသည် အမျိုးသမီး မိခင်များ၌ မိခင်မေတ္တာအဟုန်ကြောင့် အနီရောင်မှ အဖြူရောင်နို့ရည်အဖြစ် ပြောင်းလဲလာကြောင်း ရေးသားပြောဆိုသည်တို့ကို ဖတ်ရပါသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဘုရားဟော ရှိ-မရှိနှင့် ရှိပါက မည်သည့်သုတ်တော်၌ ဟောကြားတော်မူကြောင်း ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

(ဦးလှမြင့်-ရန်ကုန်)

(ဖြေ)

သွေးမှ နို့ရည်ဖြစ်ရသည်ဟူသော စကားကို ဘုရားဟောပိဋကတ် မူလပဏ္ဏာသ ပါဠိတော် မဟာတဏှာသင်္ခယ စာမျက်နှာ ၃၃၃-တွင် မာတာ နဝန္နံ ဝါ ဒသန္နံ ဝါ မာသာနံ အစ္စယေန ဝိဇာယတိ။ မဟတာ သံသယေန ဂရုဘာရံ၊ တမေနံ ဇာတံ သမာနံ သကေန လောဟိတေန ပေါသေတိ၊ လောဟိတေဥှတံ ဘိက္ခဝေ အရိယဿ ဝိနယေ၊ ယဒိဒံ မာတထညံ-ဟူ၍ ပါရှိသည်။

အနက်မှာ-အမိသည် ကိုးလဖြစ်စေ၊ ဆယ်လဖြစ်စေ လွန်သောအခါ၌ မိခင်ရော ကလေးပါ အသက်ရှင်မှ ရှင်ပါ့မလားဟု ကြီးစွာသော ယုံမှားသံသယဖြင့် လေးလံသော ကိုယ်ဝန်ကို ဖွားမြင်၏၊ မွေးဖွားပြီးသော ထိုသူငယ်ကို မိမိသွေးဖြင့် မွေးမြူ၏၊ ရဟန်းတို့ ဤအမိနို့ရည်သည် မြတ်စွာဘုရား၏ သာသနာတော်၌ သွေးမည်၏-ဟု ပါရှိသည်။

ထို့ပြင် ၄င်းအဋ္ဌကထာ ဒု-အုပ် နှာ ၂၁၀-၌လည်း လောဟိတေဥှတံ ဘိက္ခဝေ တဒါ ကိရ မာတုလောဟိတံ တံ ဌာနံ သမ္ပတ္တံ ပုတ္တသိနေဟေန ပဏ္ဍရံ ဟောတိ-ဟု ပါရှိသည်။

(သားသမီး၌ ချစ်ခြင်းမေတ္တာကြောင့် နို့အုံသို့ရောက်လာသော မိခင်၏ သွေးသည် ဖွေးဖွေးဖြူသော နို့ရည်အဖြစ်သို့ ရောက်ရသည်ဟုလည်း ပိဋကတ်တော်၌ အခိုင်အမာ ပါရှိပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

မိန်းမဘဝ

(မေး) (မိန်းမဘဝ)

အရှင်ဘုရား၊ မိန်းမဘဝ၌ ဖြစ်ရခြင်းသည် အကုသိုလ်ကြောင့်ဖြစ်ရသည်။ ကုသိုလ်မလုပ်၊ ဆုမတောင်းလျှင် မိန်းမဘဝ ဆက်တိုက်နေရတတ်သည်ဟု ပြောဆိုကြပါသည်။ ဟုတ်ပါသလား။ တပည့်တော်တို့ မိန်းမဘဝဆိုတာ အကုသိုလ်ကြောင့် ရတာ မှန်ပါသလား။ ဖြေကြားပေးတော်မူပါဘုရား။

(မမီးမီး(ခ) အပုလေး၊ ဗိုလ်တထောင်မြို့နယ်)

(ဖြေ)

မိန်းမဘဝ၌ ဖြစ်ရခြင်းသည် အကုသိုလ်ကြောင့် ဖြစ်ရသည်ဆိုသော စကားမှာ အချို့မှန်သော်လည်း အချို့ မမှန်ပါ။ ယောကျ်ားတယောက်သည် ကာမေသု မိစ္ဆာစာရကံ-ကိုလွန်ကျူးမိသော် ထိုကံကြောင့် ငရဲ၌ ကြာမြင့်စွာ ခံရ၏၊ ငရဲမှလွတ်သောအခါ နွားစသော တိရစ္ဆာန်ဘဝမျိုး၌ ဖြစ်၏၊ အသင်းခံရခြင်းမျိုး ဘဝများစွာ ဖြစ်ရသေးသည်။ ထို့နောက် လူဖြစ်သောအခါ နပုန်းပဏ္ဍုက် ဥဘတောဗျည်းစသော ဘဝဆိုးမျိုး၌ အဖန်ဖန်ဖြစ်၍ ယင်းကံကြွင်းအရ မိန်းမဘဝသို့ ရောက်ရပြန်သည်။ မိန်းမဆိုသော်လည်း အဆင့်အတန်းမီ ဘဝမျိုးမဟုတ်၊ အစော်ကားခံ အတန်းအစား၊ ပြည့်တန်ဆာဘဝများနှင့် ကုသိုလ်ကံပေး၍ မိန်းမကောင်းဖြစ်ရသော်လည်း အိမ်ထောင်ရေး အတည်မကျ လင်ပစ်ဘဝမျိုး၌ ဖြစ်ရလေသည်။ ဤသို့ ဘဝတရာမျှ ဖြစ်ရသည်ဆို၏၊

အရှင်အာနန္ဒာမထေရ်အလောင်း ဝတ္ထု၊ ဣသိဒါသီထေရီအလောင်း ဝတ္ထုတို့၌ ယင်းအကြောင်း ထင်ရှား၏၊ ယင်းကဲ့သို့သော မိန်းမဘဝမျိုးသည်သာ အကုသိုလ်ကြောင့်ဖြစ်ရသော ဘဝမျိုးများ ဖြစ်ပါသည်။ မယ်တော်မာယာ၊ မိထွေးတော် ဂေါတမီ၊ ယသော်ဓရာ၊ ဝိသာခါတို့ကဲ့သို့သော မိန်းမဘဝမျိုးကား အကုသိုလ်ကြောင့် ဖြစ်ရသည်မဟုတ်၊ ယင်းဘဝမျိုးရရန် ကုသိုလ်အထူးပြုကာ ဆုတောင်း၍ပင် ရယူရပေသေးသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မိန်းမဘဝဖြင့် နိဗ္ဗာန်ရ-မရ

(မေး) (မိန်းမဘဝဖြင့် နိဗ္ဗာန်ရ-မရ)

နိဗ္ဗာန်မျက်မှောက်ပြုရန် (မဂ်ဖိုလ်အဆင့်တခုခုရာက်ရန်) ယခု မိန်းမဘဝမှ ဘဝသစ်မဖြစ်ပဲ မိန်းမဘဝဖြင့်ပင် ကြိုးစား၍ ရောက်နိုင်ပါသလား၊ သို့မဟုတ် နောက်ဘဝတွင် ယောကျ်ားဘဝသို့ ရောက်ပြီးမှ ရနိုင်ပါသလား၊ ဖြေကြားတော်မူပ်ရန်။

(မစန်းစန်းမြ-သုံးဆယ်မြို့)

(ဖြေ)

မြတ်စွာဘုရား လက်ထက်တော်ကလည်း မိန်းမဘဝဖြင့် မဂ်တရား ဖိုလ်တရားများ ရရှိကြသည့် ရဟန္တာထေရီမယ်များ မြောက်မြားစွာရှိပါသည်၊

ခေမာမိဖုရားကြီးဆိုလျှင် လူဝတ်ဖြင့် အရဟတ္တဖိုလ်ရ၍ နေ့ချင်းပင် ဘိက္ခုနီအဖြစ် ကူးပြောင်းရသည်၊

မြတ်စွာဘုရား တရားတော်မှာ ပါရမီပြည့်ဝခဲ့သူသာ ဖြစ်က ကျား-မ မရွေး မဂ်ဖိုလ်ရနိုင်ပါသည်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိသကဲ့သို့ပင် ဤယခုခေတ်ကာလ၌လည်း မဂ်ဖိုလ်ရရေး အကျင့်တရားများ

(ဗောဓိပက္ခိယတရား ၃၇-ပါးနှင့် ကျင့်ကြံအားထုတ်နည်း သတိပဋ္ဌာန်တရားများ) ထင်ရှားရှိနေသဖြင့် ယောကျ်ား မိန်းမ မဟူ မည်သူမဆို ကြိုးစားအားထုတ်က မျက်မှောက်ဘဝမှာပင် မဂ်ဖိုလ်ရရန် အကြောင်း ရှိပါသည်၊

ဤခေတ်တွင် မည်သူ မည်သို့ တရားရရှိသွားသည်-ဟု ပြောရန်ကား မလွယ်ပါ၊ မြတ်စွာဘုရားလက်ထက်တော်က ရဟန္တာထေရီမယ်ကြီးများသည် ပရိနိဗ္ဗာန် စံဝင်ခါနီးတွင် မြတ်စွာဘုရားအား လျှောက်ထားကြသဖြင့် ယင်းတို့၏ မဂ်တရားဖိုလ်တရား ရရှိပုံများကို အပဒါန်ကျမ်းတွင် မှတ်တမ်းတင်နိုင်ခဲ့လေသည်။

ဤခေတ်၌မူ မဂ်ဖိုလ်ရသူ ကိုယ်တိုင်ကလည်း မိမိရရှိပါသည်-ဟု ထုတ်ဖော်ပြောဆိုခြင်း မပြု၊

ဆရာသမား စသည်တို့ကလည်း ထုတ်ဖော်၍ မပြောသဖြင့် မည်သူ (မည်သည့် ယောကျ်ား၊ မိန်းမ) မည်သည့် မဂ်ဖိုလ်ကို ရပါသည်ဟု မသိရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မိန်းမဘဝဖြင့်ပင် ပါရမီလည်းရှိ၊ ကြိုးစားအားထုတ်မှုလည်း ရှိလျှင် ဤဘဝမှာပင် နိဗ္ဗာန် မျက်မှောက်ပြုနိုင်ကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မိဘကို သတ်ခြင်း

(မေး) (မိဘကို သတ်ခြင်း)

အရှင်ဘုရား၊ အမိအဖကိုသတ်လျှင် ပဉ္စာနန္တရိယကံ ထိုက်သည်ဟု ကြားဖူးပါသည်။ လူသားစင်စစ်ကို ဆိုတာလားဘုရား၊ အမိအဖတို့ကို သတ်သောသူ၌ အမိအဖတို့သည် တိရစ္ဆာန်ဖြစ်ခဲ့သော် ထိုတိရစ္ဆာန် အမိအဖတို့ကို သတ်သော လူသားစင်စစ်သည် ပဉ္စာနန္တရိယကံ ထိုက်-မထိုက် နှင့် ထိုပဉ္စာနန္တရိယကံ လွန်ကျူးမိပါက မည်မျှအပြစ်ကြီးပါသလဲဘုရား။ သည်းခံ၍ ဖြေကြားပေးတော်မူပါဘုရား။

(အောင်စိုးမိုး-ပဲခူး)

(ဖြေ)

လူသားစင်စစ်ဖြစ်သော အမိအဖတို့ကို သတ်မှသာ ပဉ္စာနန္တရိယကံ ထိုက်ပါသည်။

ဇာတ်ကွဲသော (တိရစ္ဆာန်ဖြစ်သော) အမိအဖတို့ကို သတ်သော သားသမီး အနန္တရိယကံ မထိုက်။

ဤသို့ ကံမထိုက်သော်လည်း အလွန်ဝန်လေးသောကံ ဖြစ်၏၊ အနန္တရိယကံကို မမီ့တမီ (မီလုနီးပါး) စွဲ၍ တည်သည်။ ၄င်းကံနီးပါး အပြစ်ကြီးသည်ဟု ဆိုပါသည်။

ဘာရိယံ ပန ဟောတိ၊ အနန္တရိယံ အာဟစ္စေဝ တိဋ္ဌတိ။

သားသည် လူသားဖြစ်လျက် တိရစ္ဆာန်အမိအဖကို သတ်သော်၄င်း၊

သားသည် တိရစ္ဆာန်ဖြစ်လျက် လူသားဖြစ်သော အမိအဖကို သတ်သော်၄င်း၊

သားသည် တိရစ္ဆာန်ဖြစ်လျက် တိရစ္ဆာန်ဖြစ်သော အမိအဖကို သတ်သော်၄င်း၊ အနန္တရိယကံ မထိုက်။

အလွန်ဝန်လေးစွာသော အတိဘာရိယ ကံသာတည်းဟု သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ ဆိုထားချက်ရှိသည်။

လူသားမိဘကို သတ်သူသည် အနန္တရိယကံ ထိုက်၍ အဝီစိငရဲ၌ တကမ္ဘာပတ်လုံး ခံရသည်ဟုဆိုသည်။ အမိနှင့်အဖသည် အမိက အဖထက် ပို၍ကျေးဇူးကြီးသဖြင့် အဖသတ်သောကံထက် အမိသတ်သောကံက ပို၍ အပြစ်ကြီး၏၊ ထိုမိဘကိုသတ်သောကံသည် ဂရုကံတွင်ပါဝင်၍ မည်သည့်ကုသိုလ်ကိုပင် လုပ်စေကာမူ ငရဲမှ မလွတ်နိုင်တော့ပေ။

အဇာတသတ်မင်းသည် ခမည်းတော်ဗိမ္ဗိသာရမင်းကြီးအား သတ်ခဲ့သည်။ ထို့နောက် ဘုရားရှင်အား အသက်တမျှကြည်ညိုလှူဒါန်း၍ ပထမသံဂါယနာတင်သည်အထိ ကုသိုလ်ကောင်းမှုများကို လုပ်သော်လည်း သုဂတိမရောက်။ အဝီစိငရဲမှလွဲ၍ လောဟကုမ္ဘီငရဲ၌ ဖြစ်ရလေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မိဘကိုထောက်ပံ့ခြင်း

(မေး) (မိဘကိုထောက်ပံ့ခြင်း)

အရှင်ဘုရား၊ တပည့်တော်မှာ ဘွဲ့ရပြီးကတည်းက အိမ်ထောင်ကျပါသည်။ အိမ်ထောင်ကျတော့လည်း အမျိုးသမီး အိမ်မှာ လိုက်နေရပါသည်။ ယောက္ခမများနှင့်အတူ စီးပွားရေး ပေါင်းလုပ်ရပါသည်။ တပည့်တော်မှာ မိဘဆွေမျိုး တွေကို ထောက်ပံ့ချင်သော်လည်း အခွင့်မရပါ။

ထို့ကြောင့် ဇနီးနှင့် ယောက္ခမများ မသိအောင် စုဆောင်း၍ မိဘများကို ထေက်ပံ့ရပါသည်။ ထိုသို့ မသိအောင် ထောက်ပံ့ခြင်းအတွက် အဒိန္နာဒါနကံ ထိုက်-မထိုက် ဖြေကြားပေးပါဘုရား။

(ခင်မောင်သန်း-မန္တလေး)

(ဖြေ)

အဒိန္နာဒါနကံ၏ အင်္ဂါများမှာ-

(၁) သူတပါးဥစ္စာလည်း ဖြစ်ရမည်။

(၂) သူတပါးဥစ္စာဟုလည်း အသိအမှတ် ရှိရမည်။

(၃) ခိုးလိုသောစိတ်စေတနာလည်း ရှိရမည်။

(၄) ခိုးလည်း ခိုးယူသည်။(ကိုယ်စိတ် ၂-ပါး လုံ့လပြုသည်)

(၅) ခိုးယူရရှိပြီး ခိုးမှုကိစ္စ အထမြောက်ရမည်။

ဤအင်္ဂါ ၅-ပါးနှင့် ပြည့်စုံလျှင် အဒိန္နာဒါနကံ ထိုက်ပါသည်။ ဦးခင်မောင်သန်းသည် စီးပွားတူလုပ်နေသဖြင့် မိမိဥစ္စာအဖြစ်လည်း တစိတ်တပိုင်း ပြောနိုင်သည်။ မိမိ၏လုပ်အားခအဖြစ်သော်၄င်း၊ အကျိုးအမြတ် အဖြစ်သော်၄င်း မှတ်ယူနိုင်သည်။ ထိုလုပ်အားခ သဘော၊ မိမိ၏ အကျိုးအမြတ်သဘောဖြင့် သင့်တင့်လျောက်ပတ်စွာ မိဘများကို ထောက်ပံ့ခြင်းမှာ ခိုးလိုစိတ်ဖြင့် မဟုတ်သဖြင့် အပြစ်မရှိနိုင်ဟု ယူဆရပါမည်။

သို့ရာတွင် သင့်တင့်လျော်ကန်သော အချိုးအစားမဟုတ်ဘဲ အတိုင်းအဆများစွာ မသိအောင် ပေးလျှင်ကား မိမိစိတ်တွင် မည်သို့သော စိတ်စေတနာပါမည်-မပါမည်ကို အထက်ပါအင်္ဂါ ၅-ရပ်နှင့် နှိုင်းယှဉ်၍ မိမိဘာသာ ဆုံးဖြတ်နိုင်ပါလိမ့်မည်။ (လောကတွင် တရားမျှတစွာ ပြုတတ်ဖို့ လွန်စွာ အရေးကြီးပါသည်။)

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

မိဘတို့ကို ကျွေးမွေးခြင်း

(မေး) (မိဘတို့ကို ကျွေးမွေးခြင်း)

အရှင်ဘုရား၊ ဒါယကာတို့က သံဃဿ ဒေမ-ဟူ၍ လှူဒါန်းသော ပစ္စည်းလေးပါးတို့အား သံဃာတော်များက အမိအဖတို့ကို ပေးကမ်းခဲ့သော် ထိုပစ္စည်းလေးပါးကို သုံးစွဲသော အမိအဖတို့၌ အပြစ်ကျရောက်နိုင်ပါသလားဘုရား။ အပြစ်မရှိလျှင် အဘယ်ကြောင့် အပြစ်မရှိသည်ကို ဖြေကြားတော်မူပါဘုရား။

(အရှင်သုစိတ္တသာရ-ထန်းတပင်)

(ဖြေ) ရဟန်းတို့က မိမိရရှိသော ပစ္စည်းလေးပါးတို့ဖြင့် မိဘတို့ကို လုပ်ကိုင်ကျွေးနိုင်ခွင့် ရှိပါသည်။ မိဘတို့သာမက အမိအဖ၊ မိဘတို့၏ အလုပ်အကျွေး၊ ရဟန်းတို့ကို မှီခိုနေသူ၊ ရှင်လောင်း၊ ဝေယျာဝစ္စပြုသူ ဤ ၆-ယောက်ကိုလည်း ပေးကမ်းကျွေးမွေးနိုင်ပေသည်။

သင်္ကန်းဆိုင်ရာ၌ ရဟန်းတပါးသည် သင်္ကန်းများစွာရ၍ မိဘတို့ကို ပေးလို၍ မြတ်စွာဘုရားအား လျှောက်ရာ မိဘတို့ကို ပေးရန် ခွင့်ပြုတော်မူသည်။ တပါးသူတို့ကို ပေးခြင်းကိုမူ- န စ ဘိက္ခဝေ သဒ္ဓါဒေယျံ ဝိနိပါတေတဗ္ဗံ-စသည်ဖြင့် တားမြစ်ထားလေသည်။ (ဝိ၊ဋ္ဌ၊၃-၄၁၀) ထို့ကြောင့် ပေးသောရဟန်း၊ ယူသော အမိအဖတို့ အပြစ်မရှိကြောင်းကို သိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မိဘပြစ်မှား အပြစ်များ

(မေး) (မိဘပြစ်မှား အပြစ်များ)

အရှင်ဘုရား မိဘများကို ပြန်ပြောခြင်း၊ နှုတ်လှံထိုးခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းတို့အတွက် ကံကြီးထိုက်သောအခါ ၄င်းကံကြွေးများ ပြေအောင်မည်သို့ ဆောင်ရွက်သင့်ပါသလဲဘုရား။

(မဇာလီအောင်-ပုဇွန်တော်၊ ရန်ကုန်)

(ဖြေ)

မိဘဆရာသမားတို့အား ပြန်ပြောခြင်း၊ နှုတ်လှံထိုးခြင်း၊ ရိုက်ပုတ်ခြင်း၊ စသည့် ကိုယ်ထိလက်ရောက် ကျူးလွန် စော်ကားခြင်းတို့ အတွက် ခင်ပွန်းကြီး ၁၀-ပါး ပြစ်မှားခြင်းကြောင့် ဖြစ်သည့် ဒဏ် ၁၀-ပါး အပြစ်များ ဖြစ်တတ်ပါသည်။

၄င်းတို့မှာ-

၁။ ကြမ်းကြုတ်သော ဝေဒနာကို ခံရခြင်း။

၂။ ကို်ယ်ပျက်ခြင်း။

၃။ အနာရောက်ခြင်း။

၄။ ရူးသွပ်ခြင်း။

၅။ မင်းဒဏ်သင့်ခြင်း။

၆။ ကြီးစွာသော စွပ်စွဲခြင်းကို ခံရခြင်း။

၇။ အဆွေအမျိုး (ချစ်သူခင်သူ) ပျက်စီးခြင်း။

၈။ စည်းစိမ်ချမ်းသာ (လက်ရှိဥစ္စာ) ပျက်စီးခြင်း။

၉။ အိမ် (အိပ်ရာနေရာ) ကို မီးလောင်ခြင်း။

၁၀။ သေသည့်နောက် ငရဲသို့ လားရောက်ခြင်းများ ဖြစ်တတ်ကြောင်း ကျမ်းဂန်စာပေများ၌ လာရှိပါသည်။

ယင်းအပြစ်များ မဖြစ်ရန် မိမိ ကိုယ်နှုတ်စိတ်တို့ဖြင့် ပြစ်မှားမိသော မိဘစသည်များအား ရှိခိုးကန်တော့လျက် တတ်နိုင်သမျှ လုပ်ကျွေးပြုစုကြရပါသည်။ ရတနာသုံးပါးကို ကန်တော့ရာ၌လည်း မိမိပြစ်မှားမိသော မိဘစသည်တို့အားပါ ကန်တော့ပါကြောင်း ဆင်ခြင်ရည်စူး၍ ဦးနှိမ်မာန်လျှော့ ကန်တော့ရမည်-ဟု ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မိုးကြီး ၉-မျိုး

(မေး) (မိုးကြီး ၉-မျိုး)

အရှင်ဘုရား၊ မိုးကြီး ၉-မျိုးရှိသည်ဟု တပည့်တော် မှတ်သားရဖူးပါသည်။ အပြည့်အစုံ သိလိုပါသည်ဘုရား၊

တဆက်တည်းပင် မိုးကြိုးပစ်သော်လည်း မတုန်မလှုပ်သူများကိုလည်း ဖြေကြားပေးတော်မူပါဘုရား။

(မောင်အောင်သူရ-ရန်ကုန်)

(ဖြေ)

မိုးကြီး ၉-မျိုး ဟူသည်မှာ မိုးကြိုးပစ်ခြင်းမျိုး ၉-မျိုးကိုပင် ဆိုသည်။

သုတ်မဟာဝါအဋ္ဌကထာ မဟာပရိနိဗ္ဗာနသုတ် အဖွင့်၌

၁။ အသံမမြည်ဘဲ ကျသော မိုးကြိုး

၂။ ပုဆိန၊ ပဲခွပ်များကဲ့သို့ အသွားတဖက်သာရှိသော မိုးကြိုး

၃။ ရယ်သကဲ့သို့ ကျသော လျှပ်စစ်မိုးကြိုး

၄။ ဂျက်ဂျက်မြည်လျက် ကျသော မိုးကြိုး

၅။ မျောက်မျက်နှာ မျှော်သကဲ့သို့ ကျသော မိုးကြိုး

၆။ ငါးမြူသကဲ့သို့ ကျသော မိုးကြိုး

၇။ ကြက်တောင်ဖြန့်သကဲ့သို့ ကျသော မိုးကြိုး

၈။ ထွန်တုံးကဲ့သို့ ကျသော မိုးကြိုး

၉။ မိုးပင်ရွာသော်လည်း အလျှံနှင့်တကွဖြစ်၍ ရေမစွတ်သော လောင်မီးမိုးကြိုး-ဟူ၍ ၉-မျိုး ပြဆိုထားသည်။

ပါဠိအမည်များကို မထည့်လို်က်ပါ။

မိုးကြိုး အနီးတွင်ကျသော်လည်း မထိတ်လန့် မကြောက်ရွံတတ်သော အာဇာနည်များမှာ-

၁။ သီဟ-ခြင်္သေ့အာဇာနည်မျိုး

၂။ ဟတ္ထိဇာနေယျ-ဆင်အာဇာနည်မျိုး

၃။ အဿာဇာနေယျ-မြင်းအာဇာနည်မျိုး

၄။ ဥသဘာဇာနေယျ-နွားလားအာဇာနည်မျိုး

၅။ ပုရိသာဇာနေယျ-ယောကျ်ားအာဇာနည်မျိုးနှင့်

၆။ ခီဏာသဝ-ရဟန္တာပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မိကျောင်း လျှာ မရှိ

(မေး)။ ကာမဘုံသား မှန်လျှင် ဝတ္ထုရုပ် ၆-ပါးလုံး ရကောင်းပါလျက် ကာမဘုံသားဖြစ်သော မိကျောင်း၌ လျှာ-မရှိဟူသော စကားကို ရှင်းလင်းစွာ သိလိုပါသည်ဘုရား။

(ရှင်ဣန္ဒယသက္က-မဟာဂန္ဓာရုံတိုက်၊ ပလိပ်မြို့)

(ဖြေ)။ ယင်းပြဿနာကို ဖြေရာ၌ ထင်ရှားလှသော (ကျမ်းထွက်လျှာစုံ, ကာမဘုံ, ငါးဘုံ ဘယ်ကြောင့် ချို့သနည်း)ဟူသော စွယ်စုံကျော်ထင် ပုစ္ဆာအဖြေကို အောက်တွင် ဖော်ပြလိုက်ပါသည်။

(အရသာကို ခံစားတတ်သော ဇိဝှါဝိညာဉ်ရှိသော ကာမဘုံသား သတ္တဝါမျိုးဖြစ်လျှင် ဇိဝှါပသာဒ ဇိဝှါရုပ် အစုံတို့သည် ငါး (မိကျောင်းတို့)၌ အဘယ့်ကြောင့် ချို့လေသနည်း-ဟူမူ

စက္ခု၏ ချို့ခြင်း

သောတ၏ ချို့ခြင်း

ဃာန၏ ချို့ခြင်း

ဇိဝှါ၏ ချို့ခြင်းတို့သည် ရှေး မိမိပြုသော မကောင်းမှုကံကြောင့် ဖြစ်သည်ဟု သုတ်အဘိဓမ္မာ အဋ္ဌကထာတို့၌ လာသောကြောင့် ငါး မိကျောင်း သတ္တဝါတို့၌ ဇိဝှါ၏ ချို့ခြင်းသည်လည်း ရှေးက ဇိဝှါမရထိုက်အောင် ပြုခဲ့ဖူးသော မကောင်းမှုကံကြောင့် ဖြစ်သည်ဟု မှတ်အပ်၏၊

မကောင်းမှုကံကြောင့်ချို့လျှင် တဦး နှစ်ဦးသော သတ္တဝါ၌သော်၄င်း၊ အချို့အချို့သော သတ္တဝါတို့၌သော်၄င်း ချို့ရာ၏၊ အလုံးစုံသော ငါး မိကျောင်းတို့ မချို့သင့်တကား-ဟူငြားအံ့ အကြောင်းဖြစ်သော ဒုစရိုက်ပင် မတူငြားသော်လည်း အကျိုးခံ တူထိုက်သော ဂတိဖြစ်၍ အလုံးစုံ ချို့သင့်၏-ဟူပေ။

မကောင်းမှု အကုသိုလ်ကံကိုပြုမှု ဒုစရိချင်း မတူငြားသော်လည်း ပြိတ္တာဘုံ (ပေတဂတိ) သို့ ရောက်ကြရလျှင် အမြဲနိစ္စ ဆာလောင် ငတ်မွတ်ရမှုချင်း တူရသကဲ့သို့ မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မုက္ခပါဌ်-နှုက္ခပါဌ်

(မေး) (မုက္ခပါဌ်-နှုက္ခပါဌ်)

အရှု်ဘုရား၊ ဘုရားရှင်၏ မုက္ခပါဌ်တော် ဖြစ်တော်မူသော ဟူ၍၄င်း၊

နှုက္ခပါဌ်တော် ဖြစ်တော်မူသော ဟူ၍၄င်း၊ ဖတ်ရှုမိဖူးပါသည်။ ဘယ်အရာက မှန်သည်ကို သနားသဖြင့် အဓိပ္ပါယ်နှင့်တကွ ဖြေကြားပေးတော်မူပါဘုရား။

(ရှင်ဥတ္တမ-ညော်ရွှေ)

(ဖြေ)

မုက္ခပါဌ်-ဟူသည်မှာ မုခ-ပါဌ ဖြစ်၍ နှုတ်တော်ဖြင့် ရွတ်ဆိုဟောကြားခြင်းဟု အဓိပ္ပါယ်ရှိပါသည်။

မုခကို မြန်မာဘာသာ နှုတ်ဟု ပြန်သဖြင့် နှုတ်ခပါဌ်ဟု မြန်မာတဝက် ခေါ်ဆိုထားသော စကားကို မမှတ်သားထိုက်ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မုသားစကား

(မေး) မုသားစကား

အရှင်ဘုရား တပည့်တော်မသည် မုသာဝါဒကံဆိုသည်မှာ တခုခုသော အရေးမပါသည့် စကားကို လိမ်ပြောမိသည်နှင့် မုသာဝါဒကံ မြောက်သည်ဟု ယူဆမိပါသည်ဘုရား၊

အသိတယောက်က ထိုစကားကို မုသာဝါဒကံ မမြောက်ဟု ပြောပါသည်ဘုရား၊ ထို့ကြောင့် ဘုရားတပည့်တော်မအား မုသာဝါဒကံမြောက်သည့်အကြောင်း ရှင်းပြပေးပါဘုရား၊ ဘယ်စကားမျိုးသည် မုသာဝါဒကံ ထိုက်ပါသနည်း ဘုရား။

(မခိုင်-ခေတ္တ ရန်ကင်း)

(ဖြေ)

မုသာဝါဒကံ ဆိုင်ရာ၌

၁။ မဟုတ်မမှန်သော ဝတ္ထုလည်းဖြစ်စေ

၂။ ချွတ်ယွင်းစေလိုသော စိတ် ရှိသည်လည်းဖြစ်စေ

၃။ ချွတ်ယွင်းခြင်းအားလျော်သောအကြောင်းကို ကိုယ်နှုတ်နှစ်ပါးတွင် တပါးပါးဖြင့် လုံ့လပြုသည်လည်းဖြစ်စေ

၄။ နားထောင်သူကား ထိုစကား၏ အဓိပ္ပါယ်ကို သိသည်လည်းဖြစ်စေ

ဤအင်္ဂါလေးပါး စုံညီလျှင် မုသာဝါဒ ကမ္မပထမြောက်၏၊

အဒိဋ္ဌံ ဒိဋ္ဌန္တိ ဝဒတိ-စသည်ဖြင့် မမြင်သည်ကို မြင်၏၊ မကြားသည်ကို ကြား၏၊ စသည် ပြောဆိုခြင်းမျိုး ချွတ်ယွင်းစေခြင်းကို ဖြစ်စေသမျှ အရေးပါပါ၊ မပါပါ မုသာဝါဒ ဖြစ်သည်။

အပြစ်ကြီး မကြီးကား အကျိုးပျက်မှု ကြီး-မကြီးပေါ်မှာ တည်ပါသည်။

နှုတ်၌ဖြစ်သော ဝစီကံ၌ ပါဝင်သော်လည်း ခွေးကို ရိုက်တော့မည့်ဟန်ပြု၍ လှည့်စားခြောက်လှန့်ခြင်းမျိုး၊ ကျီးကို ပစ်တော့မည်ကဲ့သို့ ခဲဖြင့်ရွယ်၍ ပျံသွားစေခြင်းမျိုး၊ ကာယဝိညတ်ဖြင့် လှည့်စားခြင်းမျိုးလည်း ပါဝင်ပါသည်။

ဝိနည်းတော်၌ သင့်မှာ အပြစ်ရှိလျှင် ပြောပါ-ဟု ဆိုရာ၌ အပြစ်ရှိလျက်နှင့် မပြောဘဲ မြုံနေခြင်းမျိုးလည်း မုသာဝါဒပင် ဖြစ်ကြောင်း ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မုသာဝါဒ နှင့်သမ္ဖပ္ပလာပ

(မေး) (မုသာဝါဒ နှင့်သမ္ဖပ္ပလာပ)

အရှင်ဘုရား၊

၁။ မုသာဝါဒနှင့်ပတ်သက်၍ သူတပါးအကျိုး မပျက်စီးလျှင် ကံမမြောက်ဟု သိရပါသည်။

ဥပမာ-မိတ်ဆွေတဦးက တပည့်တော်၏ အသက်ကိုမေးရာတွင် ရှိရင်းအသက်ထက် တနှစ်လျှော့ပြောခြင်း စသောကိစ္စများ၌ မုသာဝါဒ မြောက်-မမြောက် သိလိုပါသည်။

၂။ သမ္ဖပ္ပလာဝါစာကို တိတိကျကျ သိချင်ပါသည်။ မိတ်ဆွေအပေါင်းအသင်းများနှင့် အလ္လာပသလ္လာပ စကားပြောခြင်း၊ မိမိအတွေ့အကြုံကို ရှေးဟောင်းနှောင်းဖြစ် ပြောခြင်းတို့သည်သမ္ဖပ္ပလာပ ဝါစာ မြောက်-မမြောက် သိလိုပါသည်၊ ဖြေကြားပေးတော်မူပါဘုရား။

(မောင်ဝေဟန်-ခေတ္တ စင်ကာပူ)

(ဖြေ)

၁။ မုသာဝါဒနှင့်စပ်၍ သူတပါးအကျိုး မပျက်စီးလျှင် ကံမမြောက်သည် မဟုတ်။ ပြောဆိုရာ၌-

(၁) မဟုတ်မမှန်သော ဝတ္ထုလည်းဖြစ်စေ

(၂) ချွတ်ယွင်းစေလိုသောစိတ် ရှိသည်လည်းဖြစ်စေ

(၃(ထိုစိတ်ထားဖြင့် ပြောဆိုသည်လည်းဖြစ်စေ

(၄) နားထောင်သူက နားလည်သည်လည်းဖြစ်စေ

ဤအင်္ဂါလေးပါး စုံညီလျှင် ကံမြောက်သည်။

အကျိုးမပျက်စီးက အပြစ်ပေါ့၍, အကျိုးပျက်စီးက အပြစ်ကြီးသည်။

မုသာဝါဒကို ရှောင်ကြဉ်နိုင်မှ အခြား ၄-ပါးကို လုံခြုံနိုင်သည်။

ဗုဒ္ဓမြတ်စွာ အလောင်းတော်သည် အခြား ၄-ပါးသော ကံထက် မုသာဝါဒကို လုံခြုံစေခဲ့သည်။ ထို့ကြောင့် ငါးပါးသီလတွင် မုသာဝါဒသည် အရေးအကြီးဆုံးဖြစ်သည်။

ကုသိုလ်တရားတို့တွင် သစ္စာ-မှန်ကန်ခြင်းသည် အကျိုးအကြီးဆုံး ဖြစ်သကဲ့သို့ အကုသိုလ်တရားတို့တွင် မုသာဝါဒသည် အပြစ်အကြီးဆုံး ဖြစ်ကြောင်း ဘုရားဟောတော်မူသည်။

၂။ သမ္ဖပ္ပလာပဝါစာ ဟူသည် မိတ်ဆွေတို့နှင့် ရိုးရိုး အလ္လာပသလ္လာပ ပြောဆိုခြင်း အတွေ့အကြုံကို အမှန်အတိုင်း ပြောဆိုခြင်းမျိုး မဟုတ်။

အနှစ်အသားမဖက် အနက်အဓိပ္ပါယ် ကင်း၊ ပြိန်ဖျင်း၊ မမှန်ကန်၊ ဒဏ္ဍာရီဝတ္ထုမျိုးဖြစ်သည်။

ဥပမာ-ရွှေယုန် နှင့် ရွှေကျား သက်ငယ်ရိတ်သွား၊ ဒွန်းစဏ္ဍားနှင့် မင်းသမီး ညားပုံ စသည့် အချိန်ကုန် အကျိုးမရှိ၊ ပျင်းရိ အိပ်ချင်ပြေရုံလောက်ပင် အကျိုးထင်သည့် ပုံပြင်စကားမျိုး ပြောဆိုခြင်းကို ဆိုလိုပါသည်။

စကားကို တန်ဆာဆင်၍ ဥပမာတင် ပြောဆိုမှုမျိုးကား သမ္ဖပ္ပလာပ မဟုတ်ပေ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မနောဆွမ်း အလှူ

(မေး) (မနောဆွမ်း အလှူ)

အရှင်ဘုရား၊ ယခုခေတ်အခါ၌ ပေါ်ပေါက်ခေတ်စားနေသည်မှာ မနောဆွမ်း ကပ်လှူသည်ဟုဆိုကာ နာမည်ကြီးသော ဆရာတော်တပါးကို ကိုယ်တိုင်သွားရောက် လှူဒါန်းခြင်းမပြုဘဲ မိမိအိမ်မှာ ဆွမ်းပွဲပြင်၍ စိတ်ထဲကမှန်းပြီး ကပ်လှူပါသည်။ ထိုကပ်လှူခြင်း (မနောဆွမ်း) သည် ထိုဆရာတော့်ထံ ရောက်နိုင်-မရောက်နိုင်။ အကျိုး ရ-မရ သိလိုပါသည်။

ိုမနောဆွမ်းဟူသည် မြတ်စွာဘုရားလက်ထက်က ရှိ-မရှိ သာဓကနှင့် ဖြေကြားပေးတော်မူပါဘုရား။

(မောင်လူအေး-မြန်အောင်)

(ဖြေ)

ဒါန-ဟူသည် လှူဖွယ်ဝတ္ထုကို အလှူခံပုဂ္ဂိုလ်၏ လက်ရောက် ဆက်ကပ်လှူဒါန်းမှသာ အလှူမြောက်ပါသည်။ စိတ်ထဲက လှူရုံမျှဖြင့် မရောက်။

လက်ရောက်ဆက်ကပ်လှူဒါန်းဖြင်းမပြုဘဲ လှူပါသည်ဟု နှုတ်က မြွက်ရုံဖြင့်လည်း လှူသည် မမည်။

စိတ်ဖြင့်လှူပါသည်ဟု ကြံတွေးရုံမျှဖြင့် ကုသိုလ်ဖြစ်ပါသည်- လက်ဖြင့်လှူစရာမလိုဟု တရားသဘောကို လွန်ကျူးပြေးထွက်၍ နွားတဘက်သာ က,သကဲ့သို့ သဒ္ဓါမပါ၊ ဉာဏ်ရှာပြောကြား၊ အယူမှားသူများလည်း ဘုရားလက်ထက်ကပင် ရှိခဲ့ဖူးလေသည်။

ထို့ကြောင့် စိတ္တုပ္ပါဒမတ္တေနေဝ ကုသလံ ဟောတီတိ အတိဓာဝိတွာ ဒါနာဒီနိ ပုညာနိ အကရောန္တော နိရယေ ဥပပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၂-၂၆၄)

စိတ္တုပ္ပါဒမတ္တေနေဝ -လှူလိုသောစိတ် ဖြစ်ခါမျှဖြင့်သာလျှင်။

ကုသလံ-ကုသိုလ်သည်။ ဟောတီတိ-ဖြစ်၏ဟူ၍။ အတိဓာဝိတွာ-တရားသဘောမှ လွန်ကျူးပြေးထွက်၍။ ဒါနာဒီနိ-ဒါနအစရှိကုန်သော။ ပုညာနိ-ကုသိုလ်ကောင်းမှု တို့ကို။ အကရောန္တော-မပြုသည်ဖြစ်၍။ နိရယေ-ငရဲ၌၊ ဥပပဇ္ဇတိ-ဖြစ်ပွားကျရောက်ရလေ၏၊ ဟူသော သမ္မောဟဝိနောဒနီ အဋ္ဌကထာစကားအတိုင်း မှတ်သား၍ ထိုမနောဆွမ်းလှူသမားတို့သည် ကုသိုလ်မရ၊ ငရဲကျမည့်သူများသာ ဖြစ်ကြောင်း သိထားစေလိုပါသတည်း။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မနောဒွါရ မနောကံ

(မေး) (မနောဒွါရ မနောကံ)

အရှင်ဘုရား၊ ကင်္ခါအဋ္ဌကထာ၌ မနောဒွါရေ အာပတ္တိနာမ နတ္ထိ၊ မနောဒွါရ၌ အာပတ်မသင့်-ဟု ဆိုပါသည်။ အချို့ကျမ်းစာများတွင် ကံသုံးပါးတို့တွင် မနောကံသာ အပြစ်အကြီးဆုံးဟု ဆိုပြန်ပါသည်။

ထိုနှစ်ချက်၏ ကွားခြားမှုကို ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

ထို့ပြင် သိလိုသောပြဿနာတရပ်မှာ ကမ္ဘာဦးအစက ယောကျ်ားနှင့် မိန်းမ ဘယ်သူက အစ ဖြစ်ပါသလဲဘုရား။ ဖြေကြားပေးတော်မူစေလိုပါသည်။

(အရှင်ဣန္ဒဝံသ-ကောလင်းမြို့)

(ဖြေ)

ဝိနည်း (သီလ) အရာ၌ ကာယဒွါရ၊ ဝစီဒွါရသာလျှင် ပဓာနဖြစ်သည်။

ကာယဒွါရ ဝစီဒွါရကို ထိမ်းသိန်းနိုင်လျှင် အပြစ်အာပတ် မဖြစ်နိုင်၊ မနောဖြင့် လွန်ကျူးခြင်းသည် အပြစ်မရှိ၊

ထို့ကြောင့် မနောဒွါရေ အနာပတ္တိဟု ဟောတော်မူသည်။

သို့သော် ဝိနည်းကိစ္စ သီလစောင့်ထိန်းမှုမျိုးမှတပါး ပြစ်မှားလုပ်ဆောင်မှုမျိုး၌ကား မနောကံ ပါမှသာလျှင် အပြစ်ရှိသည်။

ရဟန္တာဖြစ်သော အရှင်စက္ခုပါလမထေရ်သည် မျက်စိမမြင်၍ စင်္ကြံလျှောက်ရာ၌ ပိုးကောင်များကို နင်းမိ၍ သေကျေကြသော်လည်း သေစေလိုသောစိတ်မရှိ၊ မနောကံမပါ၍ အပြစ်မရှိ၊ သေစေလိုသောစိတ် (ဝဓက) စေတနာ မနောပါမှသာ အပြစ်ရရှိပေသည်။

ကမ္ဘာဦးအစက ယောကျ်ားနှင့် မိန်းမ ဘယ်သူက အစဖြစ်ပါသလဲ-ဟူသော အမေး၌ ဇာတက အသီတိနိပါတ် မဟာဟံသဇာတ်၌ မဟာဘူတိတ္ထိယောနာမ လောကသ္မိံ ဥဒပဇ္ဇိသုံ-ကမ္ဘာဦးအခါ၌ ဣတ္ထိလိင် (မိန်းမသွင်ပြင်)က ရှေးဦးစွာ ထင်ရှားဖြစ်ကြောင်း ထင်ထင်ရှားရှား ဟောကြားတော်မူထားချက်ရှိတယ်။(ဇာ၊ဋ္ဌ၊၅-၃၉၁)

ထို့ကြောင့် သတပဒိကပုစ္ဆာတွင် မန်လည်ဆရာတော်မေး၍ မင်းကွန်းဆရာတော် ဖြေရာ၌လည်း

ဣတ္ထိတဲ့ ပုရိသာ၊ ပေါ်စအခါက၊ မိန်းမမှာ အစထူး၊ ရှေးဦးဖြစ်လာ-ဟူ၍ ဖြေကြားတော်မူထားပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မနောဒွါရ မနောကံ

(မေး)(မနောဒွါရ မနောကံ)

အရှင်ဘုရား၊ ကင်္ခါအဋ္ဌကထာ၌ မနောဒွါရေ အာပတ္တိမာန နတ္ထိ၊ မနောဒွါရ၌ အာပတ်မသင့်ဟု ဆိုပါသည်။ အချို့ကျမ်းစာများတွင် ကံသုံးပါးတို့တွင် မနောကံသာ အပြစ်အကြီးဆုံးဟု ဆိုပြန်ပါသည်။ ထိုနှစ်ချက်၏ ကွာခြားမှုကို ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။ ထို့ပြင် သိလိုသော ပြဿနာတရပ်မှာ ကမ္ဘာဦးအစက ယောကျ်ားနှင့် မိန်းမ ဘယ်သူကအစ ဖြစ်ပါသလဲဘုရား။ ဖြေကြားပေးတော်မူစေလိုပါသည်ဘုရား။

(အရှင်ဣန္ဒဝံသ-ကောလင်းမြို့)

(ဖြေ)

ဝိနည်း (သီလ) အရာ၌ ကာယဒွါရ ဝစီဒွါရသာလျှင် ပဓာနဖြစ်သည်။ ကာယဒွါရ ဝစီဒွါရကို ထိန်းသိမ်းနိုင်လျှင် အပြစ်အာပတ် မဖြစ်နိုင်။ မနောဖြင့် လွန်ကျူးခြင်းသည် အပြစ်မရှိ။ ထို့ကြောင့် မနောဒွါရေ အနာပတ္တိ-ဟု ဟောတော်မူသည်။ သို့သော် ဝိနည်းကိစ္စ သီလ စောင့်ထိန်းသူမျိုးမှတပါး ပြစ်မှားလုပ်ဆောင်မှုမျိုး၌ကား မနောကံပါမှသာလျှင် အပြစ်ရှိသည်။

ရဟန္တာဖြစ်သော အရှင်စက္ခုပါလမထေရ်သည် မျက်စိမမြင်၍ စင်္ကြံလျှောက်ရာ၌ ပိုးကောင်များကို နင်းမိ၍ သေကျေကြသော်လည်း သေစေလိုသောစိတ် မရှိ။ မနောကံမပါ၍ အပြစ်မရှိ။ သေစေလိုသောစိတ် (ဝဓက) စေတနာ မနောပါမှသာ အပြစ်ရှိရပေသည်။

ကမ္ဘာဦးအစက ယောကျ်ားနှင့်မိန်းမ ဘယ်သူက အစဖြစ်ပါသလဲဟူသော အမေး၌ ဇာတကအသီတိနိပါတ် မဟာဟံသဇာတ်၌ မဟာဘူတိတ္ထိယောနာမ လောကသ္မိံ ဥဒပဇ္ဇိသုံ-ကမ္ဘာဦးအခါ၌ ဣတ္ထိလိင် (မိန်းမအသွင်အပြင်) က ရှေးဦးစွာ ထင်ရှားဖြစ်ကြောင်း ထင်ထင်ရှားရှား ဟောကြားတော်မူချက် ရှိသည်။ (ဇာတ် ဋ္ဌ-၅-၃၉၁) ထို့ကြောင့်သတပဒိကပုစ္ဆာတွင် မန်လည်ဆရာတော်မေး၍ မင်းကွန်းဆရာတော် ဖြေရာ၌လည်း ဣတ္ထိတဲ့ ပုရိသာ၊ ပေါ်စအခါက၊ မိန်းမမှာ အစထူး၊ ရှေးဦးဖြစ်လာ-ဟူ၍ ဖြေကြားတော်မူထားပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မဟောသဓမှ ဘူရိဒတ္တသို့

(မေး) (မဟောသဓမှ ဘူရိဒတ္တသို့)

အရှင်ဘုရား၊ ဘုရားအလောင်းတော်များသည် နုစဉ်ကာလဘဝမှ ရင့်မာသည့် ကာလဘဝသို့တိုင် ပါရမီတော်များ တဖြည်းဖြည်း တဘဝထက် တဘဝ ပြည့်စုံလာရသည်ဟု ဆိုပါသည်။

သို့သော် ဉာဏ်ပညာနှင့် လွန်စွာပြည့်စုံသည့် ပညာရှိသုခမိန် မဟောသဓာဘဝ ဖြစ်ပြီးနောက် အဘယ်ကြောင့် အဟိတ် တိရစ္ဆာန် ဘူရိဒတ်နဂါးမင်း ဖြစ်ရပါသနည်း။ ရှင်းလင်းဖြေကြားပေးတော်မူပါ အရှင်ဘုရား။

(ခင်မောင်စိုး-ရခိုင်ပြည်နယ်)

(ဖြေ)

ငါးရာ့ငါးဆယ် ဇာတ်တော်များမှာ တဘဝပြီး တဘဝ ဖြစ်စဉ်အတိုင်း စဉ်ထားသည်မဟုတ်ပါ။ မြတ်စွာဘုရား ဟောကြားစဉ်က ပါရှိသော ဂါထာအနည်းအများအလိုက် စဉ်ထားခြင်းသာ ဖြစ်ပါသည်။

တဂါထာဖြင့် ဟောကြားသော ဇာတ်တော်များကို ဧကနိပါတ်၌၄င်း။

နှစ်ဂါထာဖြင့် ဟောကြားသော ဇာတ်တော်များကို ဒုကနိပါတ်၌၄င်း။

ထိုနည်းအတိုင်း ဂါထာရှစ်ဆယ်ကို အသီတိနိပါတ်၌၄င်း။ ထားရှိ၍ အသီတိ-မှ နောက်ဂါထာ ၁၀၀-ကျော် ဇာတ်များကို မဟာနိပါတ်ဟူ၍ တေ, ဇ, သု, နေ, မ, ဘူ, စံ, နာ, ဝိ, ဝေ အစဉ်အတိုင်း ထားရှိခဲ့ပါသည်။

ထိုအစဉ်အားဖြင့် တေမိ (မူဂပက္ခ) ဇာတ် ဂါထာ ၁၂၂။

မဟာဇနကဇာတ် ဂါထာ-၁၇၄။

သုဝဏ္ဏသာမဇာတ် ဂါထာ ၂၂၅။

စသည်ဖြင့် နောက်ဆုံး ဝေဿန္တရာဇာတ်၌ ဂါထာ ၁၀၀၀-ဖြင့် ဟောကြားထားသဖြင့် ဂါထာအနည်းအများ ရှေ့နောက်စဉ်ကာ တေ, ဇ, သု, နေ, မ, ဘူ, စံ, နာ, ဝိ, ဝေ ဟူသော ဇာတ်ကြီးဆယ်ဘွဲ့ကို ရှေ့နောက်စဉ်၍ထားခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မဟောသဓာပညာရှိ် သုခမိန်ဘဝပြီးမှ ဘူရိဒတ်နဂါးမင်း ဖြစ်သည် မဟုတ်ကြောင်း မှတ်သားစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မျက်နှာမသစ်မီ

(မေး) (မျက်နှာမသစ်မီ)

အရှင်ဘုရား၊ နံနက်စောစော အိပ်ရာကထ၍ မျက်နှာမသစ်ဘဲ မင်္ဂလာရှိသော စကား ဆိုခြင်း၊ ဘုရား၌ ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူခြင်း ပြုကောင်းပါသလား။

(မဒေဝီ-မြိတ်မြို့)

(ဖြေ)

နံနက်အိပ်ရာထပြီး ကိုယ်လက်သန့်စင်၍ မျက်နှာသစ်ပြီးမှ ရတနာသုံးပါးနှင့် စပ်သော စကားကို ဆိုခြင်း၊ ဘုရားရှိခိုး ဆုတောင်းခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်း၊ ဆွမ်းများ ကပ်လှူခြင်းတို့ကို ပြုရပါမည်။ မျက်နှာမသစ်ဘဲ ညစ်ပတ်ပေရေသော မျက်စိ မျက်နှာဖြင့် မနေအပ်၊ မလုပ်အပ်ပါ။ မျက်နှာသစ်ရာ၌ မျက်နှာသစ်ရေကို ကိ်ုင်၍ ဤရေကဲ့သို့ သတ္တဝါအားလုံး အေးမြကြည်လင် သန့်စင်ကြပါစေ-ဟူ၍ ရေကို ဥပမာထားပြီး မေတ္တာပွားမိအောင် ပွားရန်လည်း လိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မနုဿီဟ ရုပ်တု

(မေး)။ စေတီ ပုထိုးများရှေ့တွင် ခြင်္သေ့ရုပ် တွေ့ရသကဲ့သို့ အချို့နေရာများတွင် မနုဿီဟ ရုပ်တုကြီးများ တွေ့ရပါသည်၊ ဘာကိုရည်ရွယ်ပါသလဲ၊ ဤကဲ့သို့ သတ္တဝါများ မည်သည့်ရာစုနှစ်က ပေါ်ပေါက်ဖူးခဲ့ပါသလဲ သိလိုပါသည်ဘုရား။

(မတင်ရီ-ချောင်းဦးမြို့)

(ဖြေ)။ သာသနာနှစ် ၂၃၅-ခုနှစ် (ဘီစီ ၃-ရာစုအတွင်း) သုဝဏ္ဏဘူမိ (မြန်မာနိုင်ငံ အောက်ပိုင်း သထုံပြည်) သို့ ရှင်သောဏ, ရှင်ဥတ္တရတို့ သာသနာပြုရောက်စဉ် သုဝဏ္ဏဘူမိ ဘုရင့်နန်းတော်၌ သားတော်တပါး ဖွားမြင်ရာ ရက္ခိုသ် (ရေဘီလူး)များ လာရောက် အန္တရာယ်ပြုသဖြင့် ရှင်သောဏ, ရှင်ဥတ္တရ ရဟန္တာအရှင်မြတ်တို့က ထိုရက္ခိုသ်တို့ထက် နှစ်ဆကြီး၍ ခေါင်းတလုံး ကိုယ်နှစ်ခု (ဘီလူးခေါင်းနှင့် ခြင်္သေ့ကိုယ်) ရှိသော သတ္တဝါပုံသဏ္ဍာန် ဖန်ဆင်း၍ ပြကြောင်း၊ ထိုအခါ ရက္ခိုသ်များ ပင်လယ်တံင်းသို့ ဆင်း၍ ထွက်ပြေးသွားကြကြောင်း ထိုမှနောက်၌ ယင်းရက္ခိုသ်များဘေးမှ ကင်းဝေရန် သုဝဏ္ဏဘူမိ တောင်ထိပ်တွင် မနုဿီဟ ရုပ်တုပြုလုပ်ထားကြောင်း သာသနာလင်္ကာရ စာတမ်းကျမ်းတွင် ပါရှိသည်၊ ထိုအချိန်မှစ၍ အန္တရာယ်ကင်းရန် ဤမနုဿီဟ ရုပ်တုများကို ခြင်္သေ့ရုပ်တုများပမာ အချို့သော ဘုရားစေတီများ၌ ထုလုပ်ထားရှိခဲ့ပါသည်။ ဤပုံမျိုး သတ္တဝါ မရှိ၊ ရဟန္တာများ ဖန်ဆင်းပြသသော ပုံများသာဖြစ်ကြောင်း မှတ်သားသင့်ပါသည်။

(စာတွင် ဘီလူးခေါင်းဟု ဆိုသော်လည်း ဤခေတ်တွင် နတ်ခေါင်းပုံလုပ်၍ ရှေ့ပိုင်း-လူ၊ နောက်ပိုင်း-ခြင်္သေ့-ဟု သမုတ်ကာ မနုသီဟ-မနုဿီဟ-ဟု ခေါ်ကြလေသည်။)

ဘဒ္ဒန္တ တိလောကသာရ-ဖြေသည်

ယခင်နှင့်ယခု ကွာခြားမှု

(မေး) (ယခင်နှင့်ယခု ကွာခြားမှု)

အရှင်ဘုရား၊ ဟိုရှေးအခါ ဗုဒ္ဓမြတ်စွာ၊ မြတ်ဓမ္မာဟောကြားလျှင်၊ နာကြားသူ မဂ်ဖိုလ်ဆိုက်၊ ထိုခေတ်၌ ဝမ်းသာဖွယ်၊ ခုကာလ ဓမ္မကထိကများတွေတို့၊ ဟောကြားသည် အခါခါပ၊ မရပါ တဖိုမဂ်၊ ဘယ်တွက်ကြောင့်ကွယ်၊ ထူးခြားမှု နှစ်ခု ထွေအပြားကို၊ ဖြေကြားပါ့ ထေရ်ရှင်ရယ်၊ အဘယ်ကြောင့်ကွာခြား၊ ကဝိဆရာက သိသာအောင် ကဗျာသွင်းလို့၊ ရှင်းပါ့ဘုရား။

(ဦးတင်သိန်း-ပလောမြို့)

(ဖြေ)

ဟိုရှေးခါ၊ ဗုဒ္ဓမြတ်စွာက၊ ကြားနာသူ အလိုသိ၊ ကိုက်ညီ၏ ချိန်အခါ။

နာသူများ၊ ရှေးဖျားအခါညီပ၊ ပါရမီပြည့်မီခြင်း၊ ယင်းကတဖြာ။

ထိုနှစ်ဖြာ ညီပါ၍-ရ-တရား၊

ဤခေတ်ခါ၊ ရည်စစ်စရာပ၊ ဟော,အနာ-လို မသိရယ်နှင့်၊ ထိုသည့်ပါရမီတို့၊ မပါပြီ ထိုအချက်ကြောင့်၊ ဖိုလ်မဂ် မသီဝေးကို၊ တွေး၍ သိထား။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ယပ်

(မေး) (ယပ်)

အရှင်ဘုရား၊ ယခုရဟန်းတော်များသည် ဆွမ်းစားဆွမ်းခံသွားရာ၌ ယပ်များကို ကိုင်ဆောင်လေ့ရှိကြပါသည်။ ထိုယပ်များကို ကိုင်ဆောင်မှုသည် ဘုရားလက်ထက်က ရှိ-မရှိနဲ့ ရှိခဲ့လျှင် မည်သို့ခွင့်ပြုထားသည်ကို သိလိုပါသဖြင့် အထောက်အထားနှင့်တကွ ဖြေကြားတော်မူပါဘုရား။

(ဖိုးဇော်-မရမ်းကုန်း)

(ဖြေ)

ဝိနည်း စူဠဝါပါဠိတော် (ဝိ-၄-၂၆၈) ခုဒ္ဒက ဝတ္ထုက္ခန္ဓကတွင် ဝိသာခါကျောင်းအမက မြတ်စွာဘုရားအား မြတ်စွာဘုရား၊ တပည့်တော်မသည် မြတ်စွာဘုရားအား ဝိဓူပနဉ္စ-လေးထောင့်ယပ်ကို၄င်း၊ တာလဝဏ္ဍဉ္စ-ထန်းရွက်ယပ်ဝန်းကို၄င်း၊ လှူချင်ပါသည်။ တပည့်တော်မအား ရှည်မြင့်စွာသောကာလပတ်လုံး အကျိုးစီးပွားဖြစ်ရန် ချမ်းသာရန် အတွက် အလှူခံတော်မူပါဟု လျှောက်ထားသဖြင့် ဘုရား အလှူခံတော်မူသည်။

ထို့အတူ သံဃာကို ခြင်နှင့်ယပ်ကို ခွင့်ပြုထားသည်။ မင်းသုံးမင်းဆောင်ဖြစ်သည့် စာမရီသားမြီးယပ်ကိုမူ ခွင့်မပြုပါ။ ဓမ္မကထိက ရဟန်းတော်များ တရားပလ္လင်ပေါ်တွင် ကိုင်ဆောင်သည့် ဆန်းကြယ်သော ဆင်စွယ်ယပ်ကိုလည်း ခွင့်ပြုပါသည်။ သို့သော် ဆွမ်းစားဆွမ်းခံတို့၌ ကိုင်သောယပ်တို့ကား ရှေးအဆက်ဆက် ထီးကိစ္စလည်းပြီးသော ပေရွက်၊ ထန်းရွက်ကြီးများကို ပြုလုပ်သည့် ယပ်ဝန်းအရိုးကောက်ကြီးများမှ ဆင်းသက်လာသည်ဟု ဆိုရပါသည်။ ထိုယပ်ဝန်းကြီးများမှာ ရှေးခေတ်က ထီးကိစ္စလည်း ပြီးပါသည်။ နေပူမိုးရွာတွင် ခေါင်းကို မိုးကာသွား၍ လုံပါသည်။ ဤခေတ်တွင် ပျောက်ကွယ်နေပါပြီ။

ထိုယပ်ကြီးများအစား ယပ်ငယ်ကလေးများ (ပေရွက်၊ ထန်းရွက်ကိုပြုသော ယပ်ကလေးများ) ပေါ်လာပြီး ခေါင်းကို နေပူလုံရုံကာ၍ ဆွမ်းစားဆွမ်းခံတို့တွင် ဆောင်ရာမှ ဤခေတ်တွင် အဝတ်ကိုသာပြုသော ယပ်ဝန်းကလေးများ အစားဝင်နေပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ယမကပြာဋိဟာ

(မေး) (ယမကပြာဋိဟာ)

အရှင်ဘုရား မြတ်စွာဘုရား တန်ခိုးပြာဋိဟာ ပြတော်မူသောအခါ ရေမီးအစုံစုံဖြင့် ပြတော်မူသည်ဟု သိရပါသည်။ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်သဖြင့် ရောင်ခြည်တော်ခြောက်ပါး ကွန့်မြူးသည့်အခါ၌လည်း ရေမီးအစုံစုံ ပါဝင်သည်ဟု သိရပါသည်။ ထို့ကြောင့် ထိုရေမီးအစုံစုံ နှစ်မျိုးတို့ တူ-မတူကို ဖြေကြားပေးတော်မူပါဘုရား။

(အရှင်ပညာသီရိ-ဓမ္မရက္ခိတကျောင်း၊ မိတ္ထီလာမြို့နယ်)

(ဖြေ)

မြတ်စွာဘုရားသည် ရေမီးအစုံစုံဖြစ်သော ယမကပြာဋိဟာကို ကပိလဝတ်ပြည် ဆွေတော်မျိုးတော်တို့အလယ်၌ တကြိမ်၊ သာဝတ္ထိပြည် ကဏ္ဍသရက်ပင်ဖြူ၌ တကြိမ် အားဖြင့် နှစ်ကြိမ် ပြတော်မူခဲ့ပါသည်။ ထိုရေမီးအစုံစုံ ယမကပြာဋိဟာကို ပြတော်မူရာ၌ ရေအစုံထွက်ရန် အာပေါကသိုဏ်းကို၄င်း။

မီးအစုံထွက်ရန် တေဇောကသိုဏ်းကို၄င်း။ တလှည့်စီ ဝင်စားရပါသည်။ ဘုရားရှင်၏စိတ်တော် မြန်ဆန်လှသဖြင့် ထိုကသိုဏ်းနှစ်မျိုးကြောင့် ဖြစ်ပေါ်လာသော ရေမီးတို့သည် တပြိုင်နက်ကဲ့သို့ ထွက်ကြွကွန့်မြူးလာကြရပါသည်။

ဘုရားဖြစ်တော်မူစ စတုတ္ထသတ္တာဟ၌ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်တော်မူသောအခါ၌ ထွက်သောအရောင်တို့ကား ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ မဟုတ်ပါ။ ရောင်ခြည်တော် ခြောက်ပါးတို့သာ ဖြစ်ပါသည်။ ထိုနီလ ပီတ လောဟိတ ဩဒါတ မဉ္ဇိဋ္ဌ ပဘဿရ ဟူသော ရောင်ခြည်တော်တို့ကား ပဋ္ဌာန်းကျမ်းတော်မြတ်ကို ဆင်ခြင်တော်မူ၍ နာမ်ဓာတ်၊ ရုပ်ဓာတ်များ ကြည်လင်လျက် အလိုလို ကွန့်မြူးလာခြင်းသာ ဖြစ်ပါသည်။ ကသိုဏ်း အထူးဝင်စားရသည် မဟုတ်ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ယမမင်းလက်နက်

(မေး) (ယမမင်းလက်နက်)

ယမဿ နယနာဝုဓံ-ဟု စာများတွင် ရှိ၍ ယမမင်းကြည့်ကာမျှဖြင့် သတ္တဝါတို့ သေကြေရပါသလား၊

ယမမင်းကြည့်၍ သေလျှင် ၄င်းယမမင်း မကြည့်အောင်၊ ကြည့်သည့်တိုင် မသေအောင် မည်သည့်ဂါထာများကို ရွတ်ရမည်နည်း၊ မည်သည့်ကောင်းမှုကုသိုလ်များဖြင့် ကာကွယ်နိုင်ပါသနည်း အရှင်ဘုရား။

(ညိုမြင့်-ဝန်းသို)

(ဖြေ)

စက္ကာဝုဓ ဟိ သက္ကဿ၊ ယမဿ နယနာဝုဓံ။

ဂဒါ ဝဿဝဏဿာပိ၊ ဒုဿံ အာဠဝကဿ စ။-ဟု ကျမ်းဂန်များတွင် လာပါသည်၊

သိကြားမင်း၏ လက်နက်မှာ-ဝရဇိန်

ယမမင်း၏ လက်နက်မှာ-မျက်စိ,

ဝေဿဝဏ်နတ်မင်း၏ လက်နက်ကား-လှံကန် (သို့မဟုတ်) ချွန်းတောင်း၊

အာဠာဝက ဘီလူး၏ လက်နက်ကား-ဘွဲ့ဖြူပုဆိုး-ဟု

လက်နက်ကြီးလေးပါးကို ဆိုသည်။

အမှတ် ၂-ဖြစ်သော ယမမင်းဟူသည်ကား ကုမ္ဘန်ဘီလူးတို့ကို အုပ်ချုပ်သော ယမနတ်မင်း ဖြစ်ပါသည်။

ငရဲပြည်က ယမမင်း မဟုတ်ပါ။

ထိုယမနတ်မင်းသည် အမျက်ထွက်၍ကြည့်လျှင် ကုမ္ဘန်ဘီလူးတို့သည် အိုးကင်းပူတွင် ထည့်သော နှမ်းတို့ကဲ့သို့ ဖျစ်ဖျစ်မြည်လျက် သေပျောက်ကြရသည်-ဟု ဆိုပါသည်။

လူတို့နှင့်မဆိုင်၍ ၄င်းအတွက် အကာအကွယ် အတားအဆီးများ လုပ်ရန် မလိုပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ခြင်္သေ့ရုပ်

(မေး) (ခြင်္သေ့ရုပ်)

အရှင်ဘုရား၊ ဘုရားစေတီ အဆူဆူများ၌ ခြင်္သေ့ရုပ်များ ပြုလုပ်ထားခြင်းအကြောင်းကို ဖြေကြားတော်မူပါဘုရား။

(သောတုဇန အရှင်ဝရသီရိ-ပုဂံ ညောင်ဦး)

(ဖြေ)

ခြင်္သေ့၊ ဆင်၊ သိန္ဓောမြင်းနှင့် နွားလားဥသဘ-ဟူ၍ တိရစ္ဆာန်အာဇာနည် ၄-မျိုးရှိပါသည်။ ၄င်းလေးမျိုးမှာ မိမိအနီး၌ကပ်၍ မိုးကြိုးကျသော်လည်း လန့်ဖျပ်ကြောက်ရွံ့မှု မရှိကြောင်း၊ မည်သည့်အန္တရာယ်ကိုမျှ မကြောက်ရွံ့ကြောင်း အဆိုရှိသည်။

မဇ္ဈိမဒေသ အသောကမင်းကြီးသည် ဓာတ်တော်တိုက်၊ ဘုရားစေတီစသည်များ၌ ထိုတိရစ္ဆာန်အာဇာနည် ၄-မျိုး ရုပ်တုများကို (တနေရာလျှင် တမျိုး၊ အချို့နေရာတွင် လေးမျိုးလုံး) အစောင့်အရှောက်အဖြစ် ထားလေ့ရှိသည်။ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာတွင် ခြင်္သေ့ရုပ်ကိုသာ အသုံးပြုလေ့ရှိပါသည်။ ထို့ကြောင့် ဘုရားအနီးတွင်၄င်း၊ ဘုရားဝင်း တန်ဆောင်းများတွင်၄င်း၊ (ဘုရားဘက်ကို မလှည့်၊ ဝင်လာသူများဘက်သို့ လှည့်၍) အစောင့်အရှောက်အဖြစ် ထားလေ့ရှိရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပြက္ခဒိန်လှလှ လှူဒါန

(မေး) (ပြက္ခဒိန်လှလှ လှူဒါန)

ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား၊ ဘုန်းတော်ကြီးကျောင်း အချို့တွင် မင်းသား မင်းသမီး ရုပ်ပုံလှလှကလေးများပါသော ပြက္ခဒိန်များ ချိတ်ဆွဲထားသည်ကို တွေ့ရပါသည်။ အချို့ပုဂ္ဂိုလ်များက ဤသို့သော ရုပ်ပုံများပါသော ပြက္ခဒိန်မျိုးကို သံဃာတော်များအား မလှူအပ်-ဟု ဆိုကြပါသည်။ လှူအပ်-မလှူအပ် ရှင်းလင်း ပေးတော်မူပါဘုရား။

(ဇေယျာနိုင်-မာန်အောင်၊ ရခိုင်ပြည်နယ်)

(ဖြေ)

အလှူဒါနဝတ္ထုခေါ် မပေးလှူကောင်းသော အလှူ ၁၀-ပါး။ ပေးလှူသော် ကုသိုလ်မရ။

အပါယ်ကျတတ်သော အလှူ ၁၀-ပါးမှာ-

၁။ သမဇ္ဇဒါန-ကချေအလှူ (အငြိမ့်ဇာတ်ပွဲ)။

၂။ မဇ္ဇဒါန-သေရည်သေရက်အလှူ။

၃။ ဣတ္ထိဒါန-မိန်းမအလှူ။

၄။ ဥသဘဒါန-နွားလား၊ မြင်းလား အလှူ။

၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။

၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ။

၇။ ဝိသဒါန-အဆိပ်အလှူ။

၈။ သင်္ခလိကဒါန-လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ဝက် သားကောင်အလှူ။

၁၀။ တုလာကူဋ မာနကူဋ-ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။

ဤမပေးလှူကောင်းသော အလှူ ၁၀-ပါးတွင် အမှတ် ၅-စိတ္တကမ္မဒါန၌ ရိုးရိုးဘုရားကျောင်းကန် ပန်းမန် တောတောင် ဆေးရောင်စုံစုံ ရုပ်ပုံကားချပ်များထက် ကာမဂုဏ်ကို နိုးကြွစေသည့် လှပသော ဝိသဘာဂ မိန်းမ ယောကျ်ား နှစ်ပါးသွားစုံတွဲ အနဲနဲသော ရုပ်ပုံကားချပ်များ လှူဒါန်းမှုမျိုးကို ဆင်ခြင်ရန် သင့်ပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗြဟ္မာဟူသည်

(မေး) (ဗြဟ္မာဟူသည်)

အရှင်ဘုရား နတ်ပြည်မှာ နတ်သား နတ်သမီးဟူ၍ နတ်ယောကျ်ား နတ်မိန်းမ ရှိသလို ဗြဟ္မာ့ပြည်မှာ ဗြဟ္မာသား ဗြဟ္မာသမီးဟူ၍ ရှိပါသလား၊ ယောကျ်ား မိန်းမ ဗြဟ္မာများကို မည်သို့ခေါ်ပါသလဲ၊ ဖြေကြားတော်မူပါဘုရား။

(မိမိမော်-ကသာ)

(ဖြေ)

ဘာဝဒွယံ ပန ဗဟလကာမရာဂူပနိဿယတ္တာ ဗြဟ္မာနဉ္စ တဒဘာဝတော တတ္ထ န ပဝတ္တတိ-ဤသို့ ဋီကာကျော်မိန့်ရကားဣတ္ထိလိင် ပုလ္လိင်ဟူ၍ မရှိပေ။ လိင်နှစ်ပါး မရှိသော် နပုန်းပဏ္ဍုက်ဟူ၍ ဆိုအပ်သလော ဟူငြားအံ့၊ ကာမရာဂ၌ တပ်မက်ခြင်းကင်းသော ဘာဝနာအဟုန်ကြောင့်သာလျှင် ဘာဝရုပ်အစုံတို့ ကင်းကွာရသည်။ သို့ဖြစ်ရကား လူ့ရွာ၌ အကုသိုလ်ကံကြောင့် ဖြစ်သော အဟိတ်ပဋိသန္ဓေနေသော ပဏ္ဍုက်ကဲ့သို့ မဟုတ်၊ ပုဂ္ဂိုလ်၏ သဏ္ဌာန်မူကား ယောကျ်ားမြတ်တို့၏ အသွင်ဖြင့်သာ ဖြစ်၏၊ ထို့ကြောင့် နပုန်းပဏ္ဍုက် ဟူ၍လည်း မဆိုအပ် (ဗြဟ္မာပြည်၌ ကျား-မ မရှိ) ဟူပေ။ (စွယ်စုံကျော်ထင်)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြင်းမိုရ်တောင် ရှိ-မရှိ

(မေး) (မြင်းမိုရ်တောင် ရှိ-မရှိ)

အရှင်ဘုရား၊ မြင်းမိုရ်တောင်သည် ယူဇနာပေါင်း ရှစ်သောင်းလေးထောင် မြင့်သည်။ မြင်းမိုရ်တောင်ခြေတွင် လူ့ပြည်ရှိသည်။ ထက်ဝက်တွင် စတုမဟာရာဇ်နတ်ပြည် ရှိသည်။ ထိပ်ဆုံးတွင် တာဝတိံသာနတ်ပြည် ရှိသည်။ နေသည် မြင်းမိုရ်တောင်ကို လှည့်၍သွားသည် စသည်ဖြင့် မြင်းမိုရ်တောင်အကြောင်း ဖတ်ရပါသည်။ သို့သော် မြင်းမိုရ်တောင်ကို မြင်ဖူးသူ မရှိကြပါ။ ဓာတ်ပုံ ပန်ချီများနှင့်သာ စိတ်ကူးဖြင့် သရုပ်ဖော်ထားသည်ကို တွေ့ရပါသည်။ သွား၍ရပါသလား၊ တကယ်ရှိပါသလား။ ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

(မောင်လင်း-မုဒုံ၊ အရှင်ပညိဿရ-နတ္တလင်း၊ အောင်မိုးရွှေ-မြောက်ဥက္ကလာ)

(ဖြေ)

မြင်းမိုရ်တောင်နှင့်ပတ်သက်၍ စာအရှိ၊ စာအသိ အမျိုးမျိုး ရှိကြ၏၊ ပြောကြ၊ ရေးကြသူများကလည်း စာအရှိ၊ စာအသိကိုပင် လိုက်ပြီး ရေးကြ၏၊ အချို့ကလည်း မိမိတို့မှတ်သားထား၊ သဘောပေါက်ထားသလို ရေးကြ ပြောကြ၏၊

မန္တလေးတဖက်ကမ်း မင်းကွန်းခေါင်းလေင်းကြီးအနီးတွင် သီတာ ၇-တန်၊ တောင်ရန် ၇-ထပ်၊ စကြာဝဠာ တံတိုင်း အထပ်ထပ်နှင့် မြင်းမိုရ်တောင်၏ တည်နေဟန်ကို သရုပ်ဖော်ထားသော မြသိန်းတန်စေတီတော်ကြီးတဆူ ရှိသည်။ စာလာ ပေလာ အရှိအတိုင်း နီးနီးစပ်စပ် သရုပ်ဖော်ထားပုံရသည်။ တဖန် ဆရာတော်ကြီးများ ယူဆကြသည်မှာ မဟာစည်ဆရာတော်ကြီးက လေးကျွန်းတမြင်းမိုရ်ကို ယခုခေတ် ဥရောပနို်င်ငံများရှိ အနောက်ကျွန်း စသည်ဖြင့် ယူဆသည်။

ကမ္ဘာ့သာသနာပြု အရှင်သေဋ္ဌိလာဘိဝံသ ဆရာတော်ကြီးလည်း ဤကမ္ဘာကြီးသည်ပင် မြင်းမိုရ်တောင်အလား ဟု ယူဆသည်။ ဤသည်တို့မှာလည်း ယူဆချက်များသာ ဖြစ်ပါသည်။

သီရိလင်္ကာဆရာတော်ကြီးတပါး၏ အယူအဆမှာ ကံအလျောက်ဖြစ်သော မြင်းမိုရ်တောင်စသည်တို့သည် သာမန်လူတို့ မမြင်နိုင်ကောင်းဟု ယူဆပါသည်။

သူ့ကျွန်းနှင့် သူ့သက်တမ်းကံအလျောက် အရှေ့ကျွန်း သက်တမ်း ၇၀၀၊

အနောက်ကျွန်း သက်တမ်း ၅၀၀၊

မြောက်ကျွန်း သက်တမ်း ၁၀၀၀၊

တောင်ကျွန်း သက်တမ်း အမြဲမရှိ-ဟု ဆို၏၊

တောင်ကျွန်းတခုသာ သက်တမ်းအတိုးအဆုတ်ရှိသည်။ ကျန် ၃-ကျွန်းမှာ သူ့သက်တမ်းနှင့် သူ့ကံနှင့် သီးသန့်ရှိပြီး နတ်သက်တမ်းများလို သတ်မှတ်ထားချက်ရှိသည်။ ကံနှင့်ဘုံကို သာမန်လူတို့ မမြင်နိုင်ခြင်းမှာ သဘာဝကျသည်။

ထို့ကြောင့်ပင် လူမရောက် မြင်းမိုရ်တောင်ဟု ဆိုစကားရှိခဲ့သည်။ လောက၌ မကြံစည်အပ်သော အရာလေးမျိုးတို့မှာ ဘုရားအရာ၊ စျာန်အရာ၊ ကံအရာ၊ လောကအရာတို့ဖြစ်သည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

မြင်းမိုရ်တောင်

(မေး) (မြင်းမိုရ်တောင်)

အရှင်ဘုရား၊ လူတိုင်း လူတိုင်းဟာ များသောအားဖြင့် မြင်းမိုရ်တောင်ကို ယူဇနာ ရှစ်သောင်းလေးထောင် ရှိ၏ဟု ပြောကြပါသည်။ သဒ္ဒါကြီး ပုဒ်စစ်စုံကျမ်း(၁၃၄)၌ ပြထားတာကတော့ ဂီရိရာဇာ-မြင်းမိုရ်တောင်မင်းသည် အဋ္ဌသဋ္ဌိသတသုဗ္ဗေဓော-ယူဇနာ တသိန်းခြောက်သောင်းအစောက်ရှိ၏-ဟု ပြဆိုထားရာ အထက်ပါစကားနှင့် ဆန့်ကျင်နေပါသဖြင့် ဘုရားတပည့်တော်အား ဖြေကြားပေးတော်မူပါဘုရား။

(အရှင်စန္ဒောဒယ-ခေတ္တ ကချင်ပြည်နယ်)

(ဖြေ)

မြင်းမိုရ်တောင်သည် သမုဒ္ဒရာ၏ အထက်တွင် အမြင့်ရှိသလိုပင် သမုဒ္ဒရာအောက် ရေထုအတွင်းတွင်လည်း ရှိသည်ဆိုပါသည်။ သမုဒ္ဒရာ၏ အထက်အောက်ယူဇနာ အတူတူပင် ဖြစ်ရာ သမုဒ္ဒရာအထက် ရေအပြင်မှ တာဝတိံသာနတ်ပြည်အထိ ယူဇနာ ရှစ်သောင်းလေးထောင် ရှိသကဲ့သို့ သမုဒ္ဒရာအတွင်း၌လည်း ရှစ်သောင်းလေးထောင်ပင် ဖြစ်သည်။

ရေပေါ်တွင် ယူဇနာ ရှစ်သောင်းလေးထောင် ရှိသကဲ့သို့ ရေအောက်တွင်လည်း ရှစ်သောင်းလေးထောင်ရှိရာ နှစ်ရပ်ပေါင်း ယူဇနာ တသိန်းခြောက်သောင်း ဖြစ်ပါသည်။

ရှစ်သောင်းလေးထောင် နှစ်ပြန်ဆောင်သော တောင်မင်းမြင်းမိုရ်ဟု အဆိုရှိပါသည်။ ထို့ကြောင့် စကားနှစ်ရပ် မဆန့်ကျင်ပါ။ သော စတုရာသီတိ ယောဇနသဟဿာနိ မဟာသမုဒ္ဒံ ဩဂါဟိတွာ အနုပဝိသိတွာ ဌိတောတတ္တကမေဝ ဥဂ္ဂတော န ကေဝလံ စေတ္ထဥဗ္ဗေဓော စ။ (ဇိနာလင်္ကာရ)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြင်းခေါင်းဖမျက်

(မေး) (မြင်းခေါင်းဖမျက်)

ဆရာတော်ဘုရား၊ ရှေးက ခေါ်ဝေါ်သော ဝေါဟာရအချို့ကို နားမလည်ပါ၍ ရှင်းပြစေလိုပါသည်၊

မြတ်စွာဘုရား၏ လက္ခဏာတော်များကို ဆိုရာ၌ ဧဏိမည်သော သား၏ မြင်းခေါင်းကဲ့သို့ မြင်းခေါင်းတော်၊

မြင့်သော ဖမျက်တော်-ဟုဆိုရာ မြင်းခေါင်း-ဖမျက် ဆိုသည်မှာ မည်သည့်အင်္ဂါ အစိတ်အပိုင်းများ ဖြစ်ပါသလဲဘုရား။

(နုနုခင်-ကရင်ပြည်နယ်)

(ဖြေ)

မြင်းခေါင်း-ဟူသည်မှာ ယခု ခြေသလုံးဟူသော အစိတ်အပိုင်းကို ဆိုပါသည်၊

ရဟန်းတော်များသည် သလုံးမြင်းခေါင်းနှင့် ရင်း၍ ဆွမ်းခံစားခြင်း-ဟု အသုံးတွင်ကျယ်စွာ သုံးနှုန်းလျက်ရှိသည်။

ဖမျက်-ဟူသည်မှာ ဖနောင့်၏အထက် ခြေမျက်စိခေါ်သော အင်္ဂါအစိတ်အပိုင်း ဖြစ်သည်၊

မြန်မာအဘိဓာန်တွင် ဖမျက်၊ န၊ ဖနောင့်အထက် ခြေမျက်စိနှစ်ခု ဝန်းကျင်နေရာ-ဟု ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြတ်စွာဘုရား သီတင်းသုံးခဲ့ရာ မြို့ရွာဒေသများ

(မေး) (မြတ်စွာဘုရား သီတင်းသုံးခဲ့ရာ မြို့ရွာဒေသများ)

ဆရာတော်ဘုရား ဗုဒ္ဓဂေါတမဘုရား ၄၅-ဝါပတ်လုံး သီတင်းသုံးတော်မူသွားတဲ့ မြို့ရွာများကို ယခုခေတ် အတိအကျ လတ္တီကျု၊ လောင်ဂျီကျုဖြင့် ရေးဆွဲထားတဲ့ မြေပုံများရှိပါသလားဘုရား၊ ယခုခေတ်တွင် မြန်မာသာမက ကမ္ဘာတဝန်းလုံးက ဗုဒ္ဓဘာသာကို စိတ်ဝင်စားနေချိန်တွင် ထိုဗုဒ္ဓသာသနာ မြေပုံများရှိလျှင် ဘာသာရေးမဂ္ဂဇင်းတွေမှာ ဖော်ပြပေးစေလိုပါသည်ဘုရား။

(ဦးမိုးသစ်-အမက၊ ဝါးတော၊ မြကန်သာရပ်၊ ဆီဆိုင်မြို့၊ ရှမ်ူပြည်တောင်ပိုင်း)

(ဖြေ)

မြတ်စွာဘုရားသည် သက်တော်ထင်ရှားရှိစဉ်က မဇ္ဈိမဒေသ (အိန္ဒိယပြည် အရှေ့မြောက်ပိုင်း) တွင် အနှံ့အပြား သီတင်းသုံးခဲ့ရာ ရာဇဂြိုဟ်ပြည်၊ သာဝတ္ထိပြည်၊ ဗာရာဏသီပြည် စသည့်မြို့များမှာ အများအားဖြင့် ယခုတိုင် ထိုနာမည်များနှင့် တည်ရှိနေကြသည်၊

အိန္ဒိယဆိုင်ရာ မြေပုံများတွင်လည်း လတ္တီကျု၊ လောင်ဂျီကျုများနှင့် ထုတ်ဝေထားကြသည်၊ ဗုဒ္ဓသာသနိက မြေပုံများလည်း မြန်မာနိုင်ငံတွင် ရောင်းချနေကြပါသည်။ အချို့ဘာသာရေး စာရေးဆရာများလည်း စာစောင်အချို့တွင် ရေးသားနေကြပါသည်၊ အထူးအားဖြင့် မော်လမြိုင်၊ တောင်ပေါက်ဆရာတော်ဘုရားကြီး ပြုစုတော်မူခဲ့သော ဗုဒ္ဓသာသနာ ပထဝီဝင် ကျမ်းကြီး၊ မိဂဒါဝုန် ဆရာတော် ဦးကိတ္တိမာ၏ အိန္ဒိယကြေးမုံ ကျမ်းကြီးများတွင် ဓာတ်ပုံ မြေပုံ များနှင့် စုံစုံလင်လင် ဖော်ပြထားသည်ကို တွေ့ရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြတ်စွာဘုရား နေ့အခါ ကျိန်းစက်ခြင်း ရှိ-မရှိ

(မေး) (မြတ်စွာဘုရား နေ့အခါ ကျိန်းစက်ခြင်း ရှိ-မရှိ)

အရှင်ဘုရား၊ မြတ်စွာဘုရားသည် နေ့အခါ၌ ကျိန်းစက်တော်မူကြောင်း ကိုယ်တော်တိုင် ဟောတော်မူသည်ဟု ဆိုပါသည်။ ဟုတ်-မဟုတ်နှင့် မည်သည့်သုတ်တော်၌ နေ့အခါ ကျိန်းစက်တော်မူကြောင်း ဟောတော်မူပါ သနည်းဘုရား။

(သန်းထွန်း-ဓမ္မာစရိယ၊ မော်လမြိုင်)

(ဖြေ)

မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မဟာသစ္စကသုတ် (မ/၁-၃၁၆) ၌ သစ္စကပရိဗိုလ်မေးသဖြင့် မြတ်စွာဘုရားက အဘိဇာနာမိ ခေါ ပနာဟံ အဂ္ဂိဝေဿန-စသည်ဖြင့် ငါဘုရားသည် နွေဥတု၏ နောက်ဆုံးလအခါတွင် နေ့အခါ၌ ကျိန်းစက်တော်မူကြောင်း ဟောတော်မူပါသည်။ အဘယ့်ကြောင့်ဆိုသော် နွေဥတု၏ နောက်ဆုံးလဖြစ်သော နယုန်လပြည့်ကျော် ၁-ရက်မှ ဝါဆိုလပြည့်အတွင်း အချိန်အခါသည် နေ့တာအရှည်ဆုံး ကာလဖြစ်သဖြင့် တကြောင်း၊ မြတ်စွာဘုရား တရားဟောတော်မူချိန်များ၌ ပင်ပန်းနွမ်းနယ်တော်မူသဖြင့် တကြောင်း၊ နေ့လယ်တွင် ခေတ္တကျိန်းစက်တော်မူသည်ဟု ဆိုပါသည်။ အခြားလတို့တွင်မူ နေ့အခါ ကျိန်းစက်တော်မူခြင်း မရှိဟု မှတ်ရပါမည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြတ်စွာဘုရား၊ ဒေဝဒတ်နှင့် ငရဲ

(မေး) (မြတ်စွာဘုရား၊ ဒေဝဒတ်နှင့် ငရဲ)

အရှင်ဘုရား၊

၁။ သက်ကြီးစကား သက်ငယ်ကြားအရ တပည့်တော်ကြားဖူးသည်မှာ ဘုရားပွင့်ရန်အတွက် ရွှေခွက်ထပ်ရသည်ဟု ကြားဖူးပါသည်။ ဂေါတမမြတ်စွာဘုရားသည် ပွင့်ရမည့်အလှည့်မကျမီ အလှည့်ကျော်သည်ဟု ပြောကြပါသည်။ ထိုအကြောင်းကို ပြည့်စုံစွာ ဖြေဆိုပေးပါရန်။

၂။ မြတ်စွာဘုရားသည် ဒေဝဒတ်အား နောင်လာမည့် ကမ္ဘာတသိန်းတွင် ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူပါသလားဘုရား။

၃။ ဤကမ္ဘာတွင် ငရဲခံရသူများ ဤကမ္ဘာသက်တမ်းကုန်သောအခါ မည်သို့ ရှိကြမည်နည်း။ ကမ္ဘာဦးအစက ငရဲခံရသူနဲ့ ကမ္ဘာသက်တမ်း ကုန်ခါနီးမှ ငရဲခံရသူ၏ ကွားခြားချက်ကို သိလိုပါသည်ဘုရား။

(စိုးသီဟ-မ/ဥက္ကလာပ မြို့နယ်)

(ဖြေ)

၁။ ထိုစကားများ စာပေကျမ်းဂန်များ၌ မရှိပါ။

၂။ ဒေဝဒတ်မြေမျိုးဆဲအခါ မြတ်စွာဘုရားကို မိမိ၏အရိုးတို့ဖြင့် ပူဇော်ပါ၏-ဟု ဝန်ချပူဇော်သွားပါသည်။ ထို့ကြောင့် ဒေဝဒတ်သည် နောင်အခါ အဋ္ဌိဿရမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်-ဟု ဗျာဒိတ်ပေးတော်မူပါသည်။

၃။ သိဉ္ဇိုဝ်းစသော ငရဲကြီး ၈-ထပ်တွင် ရိုးရိုးငရဲကျသူများသည် မူရင်းငရဲသက်အရသာ ကျခံရ၍ ပဉ္စာနန္တရိယကံ ထိုက်သူများသာ အဝီစိငရဲတွင် တကမ္ဘာပတ်လုံး ငရဲခံရပါသည်။ သို့သော် မိစ္ဆာဒိဋ္ဌိ အနန္တရိယကံမှတပါး အခြားအနန္တရိယကံ သင့်သူတို့သည် ကမ္ဘာကုန်ဆုံးခါနီးမှ ငရဲကျသော် ကမ္ဘာကုန်ဆုံးလျှင် ငရဲမှလွတ်နိုင်ကြပါသည်။ မိစ္ဆာဒိဋ္ဌိ (နိယတ မိစ္ဆာဒိဋ္ဌိ) ကံဖြင့် ငရဲကျလျှင် ဤကမ္ဘာကုန်ဆုံးသော်လည်း ကမ္ဘာသက်တမ်းအတိုင်း အခြားစကြာဝဠာရှိ ငရဲသို့ ရွှေ့ပြောင်း၍ ခံရသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြတ်စွာဘုရားတို့ သက်တမ်းနှင့် အသင်္ချေအကြောင်း

(မေး) (မြတ်စွာဘုရားတို့ သက်တမ်းနှင့် အသင်္ချေအကြောင်း)

အရှင်ဘုရား၊ မြတ်စွာဘုရားတို့၏ သက်တမ်းသည် အမြဲတမ်း တသိန်းတန်းတွင် ပွင့်ကြပါသည်။ နောင်ပွင့်မည့် အရိမေတ္တေယျ မြတ်စွာဘုရားသည် တသိန်းတန်းတွင် ပွင့်မည်ဟုသိရပါသည်။ ဂေါတမ မြတ်စွာဘုရား တဆူတည်းသာ အသက်တရာတမ်းမှာ ပွင့်တာ ဘာကြောင့်ပါလဲဆိုတာ သိလိုပါသည်ဘုရား။ ထို့ပြင် လေးသင်္ချေနှင့် ကမ္ဘာတသိန်း စသော အရေအတွက်များကို ယခုခေတ် ကွန်ပျူတာစနစ်နှင့် အတိအကျ တွက်ချက်၍ ရနိုင်-မရနိုင် သိလိုပါသည်ဘုရား။

(ဘွားဘွား-ကြည့်မြင်တိုင်)

(ဖြေ)

ပထမ ကကုသန်မြတ်စွာဘုရားသည် လေးသောင်းတမ်းတွင် ပွင့်တော်မူသည်။

ကောဏာဂုံ မြတ်စွာဘုရားသည် သုံးသောင်းတမ်းတွင် ပွင့်တော်မူသည်။

ကဿပ မြတ်စွာဘုရားသည် နှစ်သောင်းတမ်းတွင် ပွင့်တော်မူသည်။

ဂေါတမ မြတ်စွာဘုရားသည် အစဉ်အတိုင်းဆိုက တသောင်းတမ်းတွင် ပွင့်ရမည် ဖြစ်သည်။ သို့သော်လည်း လူတို့အနှစ်တသောင်းတမ်း အခါ၌ ဂေါတမမြတ်စွာဘုရား အလောင်းတော်မှာ ပါရမီပြည့်ရန် လိုသေး၍ မပွင့်နိုင်ဘဲ ရှိခဲ့သည်။ ထို့နောက် နှစ်တရာတမ်းကျမှ ပွင့်တော်မူသည်ဟု ဆိုပါသည်။

နောင်ပွင့်မည့် အရိမေတ္တေယျ ဘုရားရှင်မှာ အနှစ်ရှစ်သောင်းတမ်းတွင် ပွင့်ပါမည်။

မြတ်စွာဘုရားတို့သည် အာယုဝေမတ္တ (အသက်အယူအဆ) ရှိသဖြင့် သက်တမ်းမတူကြပါ။

လေးသင်္ချေနှင့် ကမ္ဘာတသိန်း စသည်မှာ မြတ်စွာဘုရားတို့၏ သဗ္ဗညုတဉာဏ် အရာသာ ဖြစ်ပါသည်။ အရှင်သာရိပုတ္တရာ စသည်တို့ပင် တသင်္ချေမျှသာ မြင်နိုင်ပြီး အရှင်အနုရုဒ္ဓါစသော သာဝကတို့ပင် ကမ္ဘာတသိန်းသာ မြင်နိုင်သည်။ ထို့ကြောင့် အသင်္ချေဆိုသည်ကို မည်သည့်ကွန်ပျူတာနှင့်မျှ တွက်ချက်၍ ရနိုင်ဖွယ် မရှိပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြတ်စွာဘုရားသည် ဟိန္ဒူ လူမျိုးလား

(မေး) (မြတ်စွာဘုရားသည် ဟိန္ဒူ လူမျိုးလား)

အရှင်ဘုရား၊ တပည့်တော်တို့ ဂေါတမမြတ်စွာဘုရားကို ဟိန္ဒူဘာသာဝင် တဦးက ဂေါတမဘုရားလည်း ဟိန္ဒူဘာသာမှ မွေးဖွားသည်ဟု ပြောဆိုပါသည်။ တပည့်တော်တို့ သင်ကြားနေသော အဘိဓာန်ကျမ်း၌ အမျိုးလေးမျိုးသာ ရှိ၏၊ ထိုအမျိုးလေးပါးတို့တွင် ဟိန္ဒူလူမျိုးဟု မပါပါဘုရား။

ထိုစကားနှစ်ရပ်ကို နှီးနှောပေးပါဘုရား။ ဂေါတမမြတ်စွာဘုရားသည် အဘယ်အမျိုးမှ ဆင်းသက်လာသည်ကို ဖြေကြားပေးတော်မူပါ ဘုရား။

(သောတုဇနများ-ကြာနီကန်စာသင်တိုက်-တောင်ငူမြို့)

(ဖြေ)

အဘိဓာန်ကျမ်းလာ အမျိုးလေးပါးမှာ-

(၁) ခတ္တိယမျိုး

(၂) ဗြာဟ္မဏမျိုး

(၃) ဝေဿမျိုး

(၄) သုဒ္ဒမျိုး ဟူ၍ ဖြစ်ရာ နံပါတ်(၂) ဗြာဟ္မဏမျိုးများကို နောက်တွင် ဟိန္ဒူဟူ၍၄င်း၊ ပုဏ္ဏားဟူ၍၄င်း ခေါ်ပါသည်။

အိန္ဒိယနိုင်ငံတွင် အများစုမှာ ဗြာဟ္မဏပုဏ္ဏား, ဟိန္ဒူများဖြစ်၍ ဇာတိဝါဒအရ သူတို့လူမျိုးသည် အမြတ်ဆုံး ဖြစ်သည်ဟု ယူဆကြသည်။

ခတ္တိယမျိုးများမှာ အုပ်ချုပ်သူ အတန်းအစား မင်းများဖြစ်၍ ဗြာဟ္မဏ ပုဏ္ဏားများသည် သူတို့သာ ပညာတတ်ဖြစ်ပြီး ဗြာဟ္မာမင်းနှင့် တိုက်ရိုက်ဆက်ဆံ၍ အမြတ်ဆုံး။

မင်းများမှာ အုပ်ချုပ်သူ လူတန်းစား ဖြစ်သော်လည်း သူတို့လောက် မမြတ်ဟု ယူဆခဲ့သည်။ ဒီဃနိကာယ် အမ္ဗဋ္ဌသုတ်တွင် မြတ်စွာဘုရားက ခတ္တိယမင်းမျိုးက အရှင်သခင်ဖြစ်၍ ဗြာဟ္မဏပုဏ္ဏားမျိုးက ကျွန်ဖြစ်ကြောင်း သမိုင်းကို ထုတ်ဖော်၍ ဟောကြားတော်မူမှ အရှုံးပေးသွားသည်ကို တွေ့ရသည်။

ယင်းအမ္ဗဋ္ဌသုတ်အရ ဂေါတမမြတ်စွာဘုရားသည် ဗြာဟ္မဏပုဏ္ဏား, ဟိန္ဒူလူမျိုး မဟုတ်၊ ခတ္တိယမျိုး ဖြစ်ကြောင်း ဖော်ပြထားသည်။ ၄င်းခတ္တိယမျိုးမှပင် သီးခြားထွက်၍ စင်ကြယ်သော သာကီယဇာတ် မြတ်သောအမျိုး ဖြစ်ကြောင်း ရာဇဝင်ထင်ရှားပါသည်။ ယင်းသာကီဝင် အနွယ်တွင် မြန်မာလူမျိုးများလည်း ပါဝင်ကြောင်း ဂုဏ်ယူဖွယ်ရာ မှတ်သားထားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြတ်စွာဘုရားနှင့် ကဆုန်လ၊ ဝါဆိုလ အမည်များ

(မေး) (မြတ်စွာဘုရားနှင့် ကဆုန်လ၊ ဝါဆိုလ အမည်များ)

အရှင်ဘုရား။ မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့၌ ပဋိသန္ဓေနေ၏၊ ကဆုန်လပြည့်နေ့၌ ဖွားတော်မူ၏-ဟု မြန်မာတို့ သိနေကြပါသည်။ ထိုအချိန်က ထို(မဇ္ဈိမ) ဒေသ၌ ထိုလအမည်များ ရှိမည်မဟုတ်ပါ။ သို့ပါလျက် ဝါဆိုလ၊ ကဆုန်လ-ဟု အဘယ်ကြောင့် ခေါ်ဆိုနိုင်ကြောင်း ဖြေကြားပေးတော်မူပါဘုရား။

(ဦးသင်းမောင်-မန္တလေး)

(ဖြေ) ဗုဒ္ဓဝင်တွင် မဟာပုရိသော ပန ဥတ္တရာသဠာ နက္ခတ္တေနေဝ မာတုကုစ္ဆိ ဩက္ကမိ-စသည်ဖြင့် ပါရှိပါသည်။ ထိုအချိန်က ထို(မဇ္ဈိမ) ဒေသတွင် ကဆုန်လ၊ ဝါဆိုလ စသော အမည်များကို မခေါ်သော်လည်း စန်းယှဉ်နက္ခတ္တ အမည်များဖြင့် ဘယ်နက္ခတ်စန်းယှဉ်ချိန် ပဋိသန္ဓေနေသည်။ ဘယ်နက္ခတ်စန်းယှဉ်ချိန် ဖွားတော်မူသည်-စသည်ဖြင့် မှတ်တမ်းပြုခဲ့ပါသည်။ ထို့ကြောင့် ဥတ္တရာသဠ် နက္ခတ်နှင့် စန်းယှဉ်သော ဝါဆိုလပြည့်၊ ဝိသာခါနက္ခတ်နှင့် စန်းယှဉ်သော ကဆုန်လပြည့်စသည် တိတိကျကျ သိရှိ၍ ဝါဆိုလပြည့်၊ ကဆုန်လပြည့်များ ဖြစ်ကြောင်းဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြတ်စွာဘုရားနှင့် ဆုပေးခြင်း

(မေး) (မြတ်စွာဘုရားနှင့် ဆုပေးခြင်း)

အရှင်ဘုရား၊ မြတ်စွာဘုရားတို့မည်သည် ဆုပေးခြင်းမှ လွန်မြောက်ကုန်ပြီ-ဟူ၍ ကျမ်းစာတို့၌ ဖတ်ရှုကြည်ညိုဖူးသလို အချို့ကျမ်းစာတို့၌မူ မြတ်စွာဘုရား ဆုပေးတော်မူသည်ကို ဖတ်ရှုရပြန်ပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဘုရားတပည့်တော်များ သဘောမပေါက်ပါ၍ ရှင်းပြပေးစေလိုပါသည်ဘုရား။

(မောင်မြင့်ကြည်-မိတ္ထီလာမြို့)

(ဖြေ)

လောကုတ္တရာဆိုင်ရာဆုပေးခြင်း၊ အကြောင်းအားလျော်စွာ ဆုပေးခြင်းများ ရှိပါသည်။ ထိုသို့ ရှိသော်လည်း မြတ်စွာဘုရားတို့သည် အဓိပ္ပါယ်မဲ့သော ဆုပေးခြင်းမျိုးကို ပေးတော်မူလေ့ မရှိပါ။ သာဓကအားဖြင့် တစုံတယောက် ချေဆတ်ရာ၌ ဇီဝတု-အသက်တရာ အနာမရှိ ဖြစ်ပါစေ-ဟူ၍ (ယခုအခါ၌ ကလေးများ ချေဆတ်ရာတွင် ဇိတ်ဖွား-အသက်တရာ အနာမရှိ ဖြစ်ပါစေ-ဟု ဆိုလေ့ရှိသည်။ ဇီဝတု-မှ ကာလကြာ၍ ဇိတ်ဖွား-ဆိတ်ဖွား ဖြစ်လာသည်။) ဆုပေး ဆုတောင်း ပြုလေ့ရှိသည်။

ဘုရားလက်ထက်က ပုဏ္ဏားတို့ ဤသို့ဆိုလေ့ရှိရာ မြတ်စွာဘုရားက မဆို၍ ကဲ့ရဲ့သည်ကို ငါဘုရားတို့သည် (ယင်းကဲ့သို့) အဓိပ္ပါယ်မဲ့သော ဆုပေး ဆုတောင်းမှုမျိုးမှ လွန်မြောက်ကုန်ပြီ-ဟု မိန့်တော်မူပါသည်။ ရဟန်းတို့ ဤသို့ အချင်းချင်းဆိုကာ ဆုတောင်းကြလျှင် အာပတ်ပင် သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြန်မာလူမျိုး ရဟန္တာ

(မေး) (မြန်မာလူမျိုး ရဟန္တာ)

အရှင်ဘုရား မြတ်စွာဘုရား၏ လက်ဝဲလက်ယာ ရဟန္တာသာဝကတို့တွင် မြန်မာလူမျိုး ရဟန္တာ ရှိ-မရှိ နှင့် မြန်မာလူမျိုး ရဟန္တာ ဘယ်မျှရှိကြောင်း သိလိုပါသည်။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။

(မသန်းသန်းစိုး-အထက်မင်းလှမြို့)

(ဖြေ)

ဘုရားလက်ထက်က မြန်မာနိုင်ငံကို သုနာပရန္တတိုင်းဟုခေါ်သည်။ သုနာပရန္တတိုင်း ဝါဏိဇ္ဇဂါမမှ မဟာပုဏ္ဏ၊ စူဠပုဏ္ဏ ကုန်သည်ညီနောင်တို့ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားရာမှ သာဝတ္ထိမြို့တော်သို့ ရောက်၍ မြတ်စွာဘုရား တရားကို နာရသည်။ မဟာပုဏ္ဏ ရဟန်းပြုကာ မကြာမီ ရဟန္တာဖြစ်သွားကြောင်း၊ ထို့နောက် အရှင်ပုဏ္ဏ ပင့်၍ မြတ်စွာဘုရား သုနာပရန္တတိုင်းသို့ ကြွရောက်တော်မူကာ ခြေတော်ရာနှစ်ဆူ ပူဇော်ရန် ချထားတော်မူခဲ့ကြောင်း၊ စန္ဒကူးကျောင်းတော်ရာ၌ သီတင်းသုံးတော်မူခဲ့ကြောင်း စက်တော်ရာသမိုင်းတွင် အထင်အရှား ပါရှိခဲ့ပါသည်။ ထိုအရှင်ပုဏ္ဏသည် ဘုရားလက်ထက်က မြန်မာပြည်သား ရဟန္တာဖြစ်ခဲ့ပါသည်။ ထို့နောက် ရာဇဝင် အဆက်ဆက်တွင် မြန်မာရဟန္တာပုဂ္ဂိုလ်များ များစွာ ထင်ရှားခဲ့ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြန်မာလူမျိုးနှင့် ဘုရားဆုပန်ကိစ္စ

(မေး) (မြန်မာလူမျိုးနှင့် ဘုရားဆုပန်ကိစ္စ)

ဆရာတော်ဘုရား ခတ္တိယ၊ ဗြဟ္မဏအမျိုးတွေသာ ဘုရားဖြစ်နိုင်သည်-ဟု ဆရာတော်ဘုရား ဖြေကြားသည်ကို ဖတ်ရှုရသဖြင့် တပည့်တော်တို့ မြန်မာဗုဒ္ဓဘာသာလူမျိုးများ ဘုရားဆုပန်၍ ပါရမီပြည့်စုံပါမည်လား၊ ဘုရားဖြစ်နိုင်ပါမည်လား၊ ထပ်ဖြေကြားပေးပါဘုရား။

(ဦးစိုးကြည်-သထုံမြို့)

(ဖြေ)

ခတ္တိယ-မင်းမျိုး၊ ဗြဟ္မဏ-ပုဏ္ဏားမျိုး၊ ဝဿ-ကုန်သည်မျိုး၊ သုဒ္ဒ-သူဆင်းရဲမျိုး ဟူ၍ အမျိုးလေးပါးရှိသည်။

ဗုဒ္ဓပွင့်တော်မူရာခေတ်တွင် ခတ္တိယမင်းမျိုးကို အမြတ်ထားနေက ခတ္တိယမျိုး၌၊

ဲဗြဟ္မဏပုဏ္ဏားမျိုးကို အမြတ်ထားနေက ဗြဟ္မဏမျိုး၌ ဘုရားပွင့်တော်မူခြင်း ဖြစ်ပါသည်။

မည်သည့်လူမျိုးမဆို ဘုရားဆုတောင်းနိုင်၍ ပါရမီပြည့်စုံပြီး ဘုရားဖြစ်တော်မူချိန်တန်လျှင် ဖော်ပြပါ ခတ္တိယနှင့် ဗြဟ္မဏမျိုး တမျိုးမျိုး၌ဖြစ်၍ ဘုရားဖြစ်ရပေမည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြန်မာလူမျိုးနှင့် မြတ်စွာဘုရား

(မေး) ဆရာတော်ဘုရား ဗုဒ္ဓ-အလောင်းအလျာသည် အန္တိမဘဝ နောက်ဆုံးကာလ၌ ခတ္တိယနှင့် ဗြဟ္မဏအမျိုးတို့၌သာ ဖြစ်ရသည်-ဟု စာအုပ်တအုပ်၌ တွေ့ပါသည်။

သို့ပါ၍ မြန်မာလူမျိုး ဘုရားဖြစ်နိုင်-မဖြစ်နိုင် သိလိုပါသည်ဘုရား။

(မျိုးညွှန့်-မြန်မာခရီးသွားလုပ်ငန်းဌာန၊ ရန်ကုန်)

(ဖြေ)

ဓမ္မတာအားဖြင့် ဘုရားအလောင်းတော်များ လူ့ပြည်တွင် ပဋိသန္ဓေ နေတော်မူခါနီး၌ ကြည့်ခြင်းကြီး ငါးပါးဖြင့် ကြည့်လေ့ရှိသည်။

ယင်းတို့မှာ ၁။ ကာလ-ဘုရားဖြစ်ရာ ကာလ (အသက်တသိန်းတန်းနှင့် တရာတန်း ကြားကာလ)

၂။ ဒီပ-ကျွန်းလေးကျွန်းတွင် ဇမ္ဗူဒိပ်ကျွန်း

၃။ ဒေသ-ဇမ္ဗူဒိပ်ကျွန်း၏ အချက်အချာ မဇ္ဈိမဒေသ

၄။ ကုလ-အမျိုးလေးပါးတွင် ခတ္တိယနှင့် ဗြဟ္မဏမျိုး

၅။ မာတု အာယုပရိစ္ဆေဒ-မယ်တော်၏ ဆယ်လနှင့် ခုနစ်ရက် အသက်အပိုင်းအခြား-ဟူ၍ ငါးပါးဖြစ်သည်။

မြန်မာနိုင်ငံသည် မဇ္ဈိမဒေသ၏ အပြင်ဘက်၌ ကျနေခြင်း

(ဗောဓိပင်ကို ဗဟိုထား၍ အိန္ဒိယပြည် ဗီဟာနယ်တွင် အရှေ့လားသော်-ဇင်္ဂလနိဂုံး။

အရှေ့တောင်လားသော်-သလ္လဝတီမြစ်။

အနောက်လားသော်-ထူနပုဏ္ဏားရွာ။

မြောက်လားသော်-ဥသိရဒ္ဓဇတောင်။

အတွင်း အဝန်း ယူဇနာ ကိုးရာ အတွင်း၏ အပြင်ဒေသ ဖြစ်နေခြင်း) ကြောင့် မြန်မာလူမျိုး ဘုရားဟူ၍ ဖြစ်နိုင်ဖွယ် မရှိပါ။

သို့သော် လူ့သမိုင်းအရ မြန်မာလူမျိုးတို့သည် မြတ်စွာဘုရား၏ သကျသာကီဝင်မျိုးမှ ဆင်းသက်လာကြောင်း အဆိုရှိသဖြင့် တနည်းအားဖြင့် မြန်မာတို့သည် မြတ်စွာဘုရား၏ အမျိုးအနွယ်များပင် ဖြစ်သဖြင့် ကျေနပ်အားရဖွယ်ပင် ဖြစ်ပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရတနာသုံးပါး၊ ငါးပါး

(မေး) (ရတနာသုံးပါး၊ ငါးပါး)

အရှင်ဘုရား၊ ရတနာသုံးပါးဟူ၍ ကြားဖူးပါသည်၊ ဆိုရိုးလည်း ရှိပါသည်၊ သို့သော် မိဘနှင့် ဆရာသမားတို့သည် ဘုရားနှင့်တဂိုဏ်းတည်း အနန္တဂိုဏ်းဝင် ဖြစ်သည်ဟု ဆိုသည်။ သို့ပါလျက် အဘယ်ကြောင့် ရတနာငါးပါးဟု မဆိုဘဲ ရတနာသုံးပါးဟုသာ ဆိုရပါသလဲဘုရား။

(လှတင်-ကညင်မြိုင်-ရမ်းဗြဲ)

(ဖြေ)

ရတနတ္တယံ၊ ဝတ္ထုတ္တယံ စသည်ဖြင့် ရတနာသည် ဘုရား၊ တရား၊ သံဃာ ဤသုံးဖြာသာဖြစ်သဖြင့် ရတနာသုံးပါးဟု ဆိုပါသည်။ ဤသုံးပါးမှတပါး အခြား မြတ်သောရတနာ မရှိပါ။ မိဘနှင့် ဆရာသမားတို့မှာ ဂုဏ်ကျေးဇူးကြီးမားသူများဖြစ်၍ အနန္တဂိုဏ်းဝင်အဖြစ် အမှတ်ထား၍ ဘုရားနှင့်ဂုဏ်ကျေးဇူး တူတန်ကြောင်း ဆိုပါသည်။ ရတနာအဖြစ် မဆိုပါ။ အနန္တောအနန္တ ငါးပါးဟုသာ သတ်မှတ်သည်။ ရတနာငါးပါးဟု သတ်မှတ်ချက် မရှိပါ။ ဤသို့ ခွဲခြားမှတ်သားသင့်ကြောင်း ပြောလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရန်သူမျိုး ငါးပါး ကျမ်းစကား

(မေး) (ရန်သူမျိုး ငါးပါး ကျမ်းစကား)

ဆရာတော်အရှင်သူမြတ်ဘုရား၊ ဩကာသ အစချီ ကန်တော့ခန်းတွင် ပယ်ဆုအဖြစ် ရန်သူမျိုး ငါးပါး ပါဝင်ပါသည်။ ယင်းပယ်ဆုခြောက်ပါးတွင် ရန်သူမျိုးငါးပါးမှအပ အခြားပယ်ဆုများကို ပါဠိနှင့်တကွ အနက်ပါ ကျမ်းလာနှင့်တကွ သိရပါသော်လည်း ရန်သူမျိုးငါးပါး ပါဠိ အနက်တွဲ၍ မသိရပါ၊ ၄င်းရန်သူမျိုး ငါးပါး ပါဠိတော်ကို ကျမ်းရင်းလာအတိုင်း သိလိုပါသည်ဘုရား။

(အောင်သန်း-အောင်လံမြို့)

(ဖြေ)

ရန်သူမျိုး ငါးပါးမှာ ၁။ ရေ ၂။ မီး ၃။မင်း ၄။ ခိုးသူနှင့် ၅။ အမွေခံဆိုး စသော မချစ်မနှစ်သက်သူတို့ ဖြစ်ပါသည်။

ပါဠိတော်အနေဖြင့် ထေရာပဒါန ပါဠိ ရာဇဂ္ဂိ စောရ ဥဒကပ္ပိယေဟိ၊ သာဓာရဏာ ကာမာ ဗဟုသပတ္တာ (ခု-၂၊ ၄၃၃) ဖြစ်၍ ၄င်းအဋ္ဌကထာ ရာဇူဟိ စ အဂ္ဂိ စ စောရေဟိ စ ဥဒကေန စ ဒါယာဒါဒိ အပ္ပိယေဟိ စ ရာဇဂ္ဂိ စောရ ဥဒကပ္ပိယေဟိ သာဓာရဏတော တေသွေဝေါပမာဝုတ္တာ။(ထေရီ ဋ္ဌ-၂၉၆)ဖြစ်ပါသည်။

အထူးမှတ်ရန်မှာ မချစ်မနှစ်သက်သူ၊ မုန်းသူဟုသာ မဆိုဘဲ အမွေခံဆိုး-စသည် ဟူသော ဒါယာဒါဒိ ပါဠိကို ထည့်သွင်းထားရသည်မှာ အခြားမချစ်မနှစ်သက်သူ မုန်းသူများကား အဝေးနေများဖြစ်၍ ရန်သူစာရင်းတွင် ပါဝင်သော်လည်း မိမိအား အခါခပ်သိမ်း မနှိပ်စက်နိုင်။ အမွေခံဆိုးများကား သားသမီး မောင်နှမ စသည် အနီးကပ် နေကြသူများဖြစ်၍ အမြဲ အကျိုးမဲ့ကိုသာ ပြုနေကြသူများ ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရန်သူမျိုး ငါးပါး

(မေး) (ရန်သူမျိုး ငါးပါး)

အရှင်ဘုရား၊ ရန်သူမျိုးငါးပါးတွင် နောက်ဆုံးရန်သူမျိုးကို မချစ်မနှစ်သက်သောသူ-ဟူ၍ သင်ကြားခဲ့ဖူးပါသည်။ အခြေပြုမင်္ဂလာလက်စွဲ စာအုပ်တွင် အမွေခံဆိုးဟူ၍ ပါပါသည်။ အဘယ်က မှန်ကန်ကြောင်း ဖြေကြားပေးတော်မူပါဘုရား။

(မောင်အောင်မင်း-မြောင်းမြမြို့နယ်)

(ဖြေ)

နှစ်မျိုးလုံးပင် စာရှိပါသည်။ သို့သော် မချစ်မနှစ်သက်သောသူ၊

တနည်း-မုန်းတီးရွံရှာသူ၊ မိမိ၏ မကောင်းကျိုးကိုသာ လိုလားသူမှာ ရန်သူဖြစ်သော်လည်း တရပ်တရွာ ဝေးကွာနေပါမူ မိမိ၏အကျိုးမဲ့ကို အခါခပ်သိမ်း မပြုနိုင်ပေ။ ဤရန်သူမျိုးမှာ လူတိုင်းမှာပင် မကင်းနိုင်သဖြင့် အထူးမှတ်သားထားစရာပင် မလို၊

အမွေခံဆိုး-ဟူသော သားဆိုး သမီးဆိုးများကား အနီးကပ်၍ မပြတ်ဒုက္ခပေးနေသဖြင့် အလွန်ကြောက်စရာ ကောင်းလှသည်။ အမွေခံဆိုး ရန်သူသည် မိဘ၏ အသက်အိုးအိမ် စည်းစိမ်ကို အကြိမ်ကြိမ်ဒုက္ခပေးလေ့ရှိ၍ သာမန် မချစ်မနှစ်သောသူထက် ဆိုးသဖြင့် ရန်သူမျိုးငါးပါးတွင် အဆိုးရွားဆုံး နောက်ဆုံးစာရင်း၌ သွင်းထားရကြောင်း မှတ်သားနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရွတ်ဆိုသော ပရိတ်ဂါထာများ

(မေး) (ရွတ်ဆိုသော ပရိတ်ဂါထာများ)

အရှင်ဘုရား၊ တပည့်တော်သည် သမန္တာ နိဒါန်းမှစ၍ ပုဗ္ဗဏှသုတ် နိဂုံးအထိ သုတ်ပရိတ်တော်များကို နံနက်တကြိမ် ညတကြိမ် ၂-ကြိမ် ရွတ်ဖတ်ပူဇော်ပါသည်။ ထို့ပြင် အောက်ပါ ဘုရားရှင်တို့၏ ဂုဏ်တော်များကိုလည်း သီကုံးဖွဲ့ဆိုထားသည့် ဂါထာများကို ရွတ်ဖတ်ပူဇော်ပါသည်။(ဟု ရေးသားပြီးနောက် ၄င်းရွတ်ဆိုသော ဂါထာများ၏ အစများကို တော်တော်များများ ရေးပြပြီး) အထက်ပါဂါထာများအား ရွတ်သင့်-မရွတ်သင့် မြတ်မင်္ဂလာမှ ပြန်ကြားဖြေဆိုပေးတော်မူပါဘုရား။

(မြတ်သူ-ရန်ကုန်)

(ဖြေ)

ပရိတ်ကြီး ၁၁-သုတ်ကို နံနက်-ည အမြဲရွတ်ဆို ပူဇော်နေသည်ဆို၍ သာဓုခေါ်ပါသည်။ ထို့နောက် ဆက်၍ ရွတ်ဆိုရသော ဂါထာများ၊ သုတ်များမှာ အချို့ မရွတ်ဆိုသင့်သော လောကီအစီအရင်များ ပါနေ၍ အောက်ပါတို့ကိုသာ ရွတ်ဆိုသင့်ပါသည်။

၁။ ဒိဝါတပတိ အာဒိစ္စော-စသော ဂါထာ

၂။ သိရသ္မိံ မေ ဗုဒ္ဓသေဋ္ဌော-စသော ဂါထာ

၃။ ဓာရဏ ပရိတ်

၄။ ပရိမိတ္တဇာလသုတ်

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရွတ်ဖတ်ကိစ္စ

(မေး) အရှင်ဘုရား၊ ပါဌ်နှစ်ဆင့်ရှိလျှင် (တတ္ထ) အထက်အက္ခရာသည် အသတ်ဖြစ်သည် မဟုတ်ပါလား၊ (တတ်ထ)။

ပါဠိစာတွင် တွေ့ရသော တတ္ထာနှင့် တသ္မာ ဤနှစ်ခုကို ဖတ်ရာတွင် တတ္ထာကို တတ်ထာ-ဟု ဖတ်၍၊ တသ္မာကို တသ်မာ-ဟု မဖတ်ဘဲ အဘယ်ကြောင့် တသ်သမာ-ဟုဖတ်ရပါသလဲ ခြားနားပုံ သိချင်ပါသည်။

(ခရစ်ရှာနာ-၂၅-လမ်း မန္တလေး)

(ဖြေ)

ဤပါဠိသတ်ပုံများကို ဆောင်းပါးရေးခြင်း၊ စာအုပ်ထုတ်ခြင်းများဖြင့် ပညာရှင်များ အတော်များများ ဖြန့်ဝေထားကြသည်၊

တင်ပြပုံ မှန်ကန်တိကျ နည်းပေးလှသော်လည်း အများအမြင်မရှင်းဘဲ ရှိနေကြသေးသည်၊

သို့ဖြင့် အလွယ်ကူဆုံးသော နည်းကို ညွှန်ပြပါမည်၊

ကကြီး ခကွေး ဗျည်း ၃၃-လုံးကို ၅-လုံးစီ ဇယားချ ရေးကြည့်ပါ၊

က-တန်း၊ စ-တန်း၊ ဋ-တန်း၊ တ-တန်းနှင့် ပ-တန်း အတန်း ၅-တန်းရှိ စာလုံးများ သူ့အတန်းနှင့်သူ အချင်းချင်း ဆင့်ခြင်းမှာ

ထုံးစံအတိုင်း ဆင့်ခြင်းဖြစ်၍ အဆင့်၏ အပေါ်စာလုံးမှာ အသတ်ဖြစ်သွားပြီး အသံပျောက်ရပါသည်။

(ပုံစံ-တတ္ထ-တတ်ထ။ အဆင့် တဝမ်းပူသံ ပျောက်သည်)

ယ-မှစ၍ အ-အထိ ၈-လုံးသော စာလုံးများ အဆင့်အနေနှင့်တွေ့လျှင် ထုံးစံမဟုတ်သော ဆင့်ခြင်းဖြစ်၍ အဆင့်၏အထက်စာလုံးမှာ အသတ်လည်း ဖြစ်သည်၊ အသံလည်း မပျောက်ရပါ။

(ဥပမာ-တသ္မာ-တသ်သမာ။ သ-သည် အသတ်လည်းဖြစ်သည်၊ အသံလည်း မပျောက်ရပါ)။

ထို့အတူ တမှာ-(မ နှင့် ဟ-ဆင့်) တမ်မှာ။

တတြ-(တ နှင့် ရ-ဆင့်) တတ်တရ။ (လျှာလိပ်သံ)

ဟိတွာ-(တ နှင့် ဝ-ဆင့်) ဟိတ်တဝါ။

ဒဠှံ-(ဠ နှင့် ဟ-ဆင့်) ဒဠ်ဠှံ (ဒန်လှံ)

မယှံ-(ယ နှင့် ဟ-ဆင့်) မယ်ယှံ စသည်ဖြစ်၏၊

ဗြဟ္မဏော-ဟူသော ပါဠိကို ပါဠိအသံအတိုင်းဆိုပါက ဗရာဟ်ဟမဏော-ဟု ဖတ်သင့်သော်လည်း မြန်မာသံဖြင့် ဗြန်မဏော-ဟု ဖတ်ခြင်းမှာ ခြွင်းချက်ဟု ဆိုရပေမည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်း နှင့် မာတုဂါမ အဘိဓမ္မာအမေး အဖြေ

(မေး) (ရဟန်း နှင့် မာတုဂါမ အဘိဓမ္မာအမေး အဖြေ)

အရှင်ဘုရား၊ အဘိဓမ္မာအမေး အဖြေများကို ရဟန်းငယ်နှင့် မာတုဂါမ (မိန်းမ) အမေး အဖြေ ပြုလုပ်ကောင်းပါသလား ဘုရား။

မေးမည် ဖြေမည်ဆိုပါက မည်သည့်အကျိုးအပြစ်များ ရရှိနိုင်ပါသလဲဘုရား။

မည်သို့ မေးနိုင် ဖြေနိုင်ကြောင်းကိုလည်း ဖြေကြားပေးတော်မူပါဘုရား။

(ဒေါ်ညွန့်ညွန့်မြိုင်-တရော်မြေ)

(ဖြေ)

သုတ်၊ အဘိဓမ္မာ၊ ဝိနည်း ပိဋကတ်ဆိုင်ရာများ ဗုဒ္ဓဘာသာရေးရာများကို ပညာတတ်ရဟန်းတော်များအား မာတုဂါမများအနေဖြင့် မေးမြန်းလေ့လာသင်ကြားမှု ပြုနိုင်ပါသည်။

မြတ်စွာဘုရားလက်ထက်တော်ကပင် အရှင်အာနန္ဒာသည် သာဝတ္ထိပြည် ကောသလမင်းကြီး နန်းတော်ဆောင်အတွင်း၌ မလ္လိကာ၊ ဝါသဘခတ္တိယ၊ စသော မိဖုရား မောင်းမမိဿံများအား ပိဋကတ်စာပေ သင်ကြားပေးခြင်း၊ ပြဿနာဖြေခြင်းများကို မြတ်စွာဘုရား၏ စေခိုင်းချက်ကြောင့် ပြုလုပ်ပေးခဲ့ကြောင်း ဓမ္မပ၏ အဋ္ဌကထာတွင် ပါရှိပါသည်။

ထို့အတူ ကောသမ္ဘီပြည် ဥတေနမင်းကြီး၏ နန်းတော်တွင်းမှာလည်း ပြုလုပ်သင်ကြားပေးကြောင်း တွေ့ရသည်၊

သို့သော် ဝိနည်းတော်အရ မာတုဂါမချည်းရှိသော ပရိသတ်၌ ဟောကြား ဖြေကြားလျှင် အာပတ်သင့်နိုင်သဖြင့် ယောကျ်ားကလေး တဦးတလေ အနီးတွင် ရှိသင့်သည်ကိုမူ သတိပြုသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်း နှင့် သံဃာ

(မေး) (ရဟန်း နှင့် သံဃာ)

အရှင်ဘုရား၊ ရဟန်းနှင့် သံဃာ ကွာခြားမှု ရှိပါသလားဘုရား၊

အချို့က ရဟန်းသံဃာ-ဟု တွဲခေါ်ပါသည်၊

ရဟန်းခံပွဲဟုသာ ခေါ်ကြပြီး သံဃာခံပွဲ-ဟု မခေါ်ကြပါ၊

သံဃာတော်များအား ဆွမ်းခဲဘွယ်ဘောဇဉ် ပစ္စည်းဝတ္ထု လှူသည်ဟုသာ သုံးကြပါသည်၊ ရှင်းပြတော်မူပါဘုရား။

(တင်တင်ယု-ရွှေပြည်သာမြို့နယ်)

(ဖြေ)

ပုဂ္ဂိုလ်တပါးချင်းကို ရဟန်း-ဟုခေါ်၍ လေးပါးနှင့် လေးပါးမှအထက်ကို သံဃာ-ဟု ခေါ်ပါသည်။

သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟု မှတ်သား၍ မြတ်စွာဘုရားလက်ထက်က အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပမှစ၍

သာသနာ တလျှောက်လုံးနှင့် ယခုမျက်မြင်ထင်ရှားရှိသော ရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည်။

ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟုဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ၊ သံဃဿ ဒေမ-ဟု ဆို၍ လှူလျှင် သံဃာတော်အားလုံးကို လှူရာရောက်ပါသည်။ ယင်းသို့ သံဃာတော် အားလုံးကို အာရုံပြု၍ လှူရာ၌ ဒုဿီလ၊ အလဇ္ဇီ-ဟူ၍ မရှိတော့ပါ၊ ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း သံဃာတော်အား လှူဒါန်းပူဇော်တတ်ရန်နှင့် ရဟန်းနှင့်သံဃာကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်းခံကိစ္စ

(မေး) (ရဟန်းခံကိစ္စ)

အရှင်ဘုရား-

၁။ ပရိက္ခရာ ၈-ပါး မစုံလျှင် ရဟန်းမဖြစ် ဟူသောစကား

၂။ ရဟန်းခံရာ၌ ပါရာဇိက ကျနေသောရဟန်း ပါဝင်နေလျှင် ရဟန်းမဖြစ် ဟူသောစကား

၃။ မွေးကတည်းက ကိုယ်အင်္ဂါမစုံသူ ရဟန်းခံ၍ ရဟန်းမဖြစ် ဟူသောစကားများ မှန်-မမှန် သိလိုပါသည်ဘုရား။

(ထွန်းလင်းအောင်-မြောင်းမြမြို့)

(ဖြေ)

၁။ သပိတ်တလုံး သင်္ကန်းသုံးထည် စုံလင်လျှင် ရဟန်းဖြစ်ပါသည်။

၂။ ပါရာဇိက ကျနေသောရဟန်းသည် ပါရာဇိကကျနေပါသည်ဟု ဝန်မခံလျှင် ၄င်းမှတပါး သံဃာ ၅-ပါး (ထက် မနည်း) ရှိနေပါက ရဟန်းခံသူ ရဟန်းဖြစ်ပါသည်။

၃။ မွေးကတည်းက ကိုယ်အင်္ဂါမစုံသူ ဖြစ်သော်လည်း ရဟန်းဖြစ်ပါသည်။

သို့သော် မွေးကတည်းက ဖြစ်စေ, နောက်မှဖြစ်စေ ကိုယ်အင်္ဂါမစုံလင်သူသည် ပရိသ ဒူသက (ပရိသတ်ကို ဖျက်ဆီးသူ) ၌ ပါဝင်၍ ရဟန်းခံမပေးရ။

(ရဟန်းခံပေး၍ ရဟန်းဖြစ်သော်လည်း ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးသူ ဆရာများမှာ အာပတ်သင့်နိုင်ပါသည်။)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်းခံလျှင်

(မေး) (ရဟန်းခံလျှင်)

အရှင်ဘုရား ရဟန်းအဖြစ် လွန်စွာရခဲသည်ဟု သိရပါသည်။ ရဟန်းအဖြစ်သို့ ရောက်ရန်အတွက်-

(၁) သ်ိမ်အင်္ဂါနှင့် ပြည့်စုံမှု မရှိခြင်း။

(၂) ရဟန်းလောင်းဆုံးမသော ရဟန်းသည်လည်း သူ၏ကျင့်ဝတ်အာပတ်များ ရှိနေခြင်း။

(၃) ဥပဇ္ဈာယ်ဆရာ၏ ကျင့်ဝတ်များ ကျူးလွန်မှု ရှိခြင်း-စသည်များ အရေးကြီး-မကြီး ဖြေကြားပေးတော်မူပါဘုရား။

(မောင်မျိုးမြင့်အောင်-သဲကုန်း)

(ဖြေ)

ရဟန်းခံရာတွင် အထက်ပါအချက်များမှာ-

(၁) သိမ်သည် အရေးကြီးပါသည်။

သိမ်သမုတ်စဉ်က သိမ်မအောင်ခဲ့လျှင် ထိုသိမ်၌ ရဟန်းခံသောရဟန်း၊ ရဟန်း မဖြစ်နိုင်ပါ။

ထို့ကြောင့် သိမ်မှန်-မမှန် စစ်ဆေးရန် အရေးကြီးလှပါသည်။ ကျန်သော ၂-ချက် ၃-ချက်များ၌လည်း ထိုရဟန်းလောင်း ဆုံးမသော ရဟန်းနှင့် ဥပဇ္ဈာယ်ရဟန်းများ ပါရာဇိက အာပတ်ရှိနေသည့်တိုင်အောင် ဝန်မခံပါက (အခြား ကာရကသံဃာတို့လည်း ၅-ပါး ပြည့်ပါက) ရဟန်းလောင်း ရဟန်းဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်းခံနှင့် ဒကာ ဒကာမ

(မေး) (ရဟန်းခံနှင့် ဒကာ ဒကာမ)

အရှင်ဘုရား၊ ရဟန်းခံသောအခါ သိမ်သမုတ်ထားသည့်ကျောက်တိုင် စည်းဝိုင်းအပြင်နှင့် နှစ်တောင့်ထွာ ဟတ္ထပါသ်အကွာမှာ ဒါယကာ ဒါယိကာမတွေ နေရမည်၊ သိမ်သမုတ်ထားသော ကျောက်တိုင်အတွင်းသို့ မဝင်ရဟု ရှေးဆရာတော်ကြီးများက မိန့်ကြားထားပါတယ်ဘုရား၊ အဲဒီ ဒါယကာ ဒါယိကာမတွေ နှစ်တောင့်ထွာ သိမ်အတွင်းသို့ ဝင်ပါက ဥပဇ္ဈာယ်နှင့် သံဃာတော်များ အပြစ်ရှိပါသလား၊ ရဟန်းလောင်းလည်း ရဟန်းမဖြစ်ဘဲ နေပါသလား ဖြေကြားပေးတော်မူပါဘုရား။

(မောင်ထွန်းစိုးအောင်-အ-လ-က တောင်ကုတ်)

(ဖြေ)

ရဟန်းခံခြင်းစသည့် သံဃာ့ကံအားလုံးမှာပင် သိမ်အတွင်း ကံပြုနေသော သံဃာများ၏ အစွန်းမှ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့သာ ဒါယကာ ဒါယိကာမစသော ဝဇ္ဇနီယပုဂ္ဂိုလ် ၂၁-ဦးတို့ မဝင်ရ။ မလာရပါ။ သိမ်၏ကျောက်တိုင်အတွင်း (သိမ်အတွင်း)သို့ကား ကံပြုသော ရဟန်းမှတပါး အခြားရဟန်းများသာ မဝင်ရ၊ ဒါယကာ ဒါယိကာမတို့ကား ကံပြုသံဃာ၏ ဟတ္ထပါသ်မှ လွတ်သော သိမ်အတွင်းသို့ပင် ဝင်နိုင်ပါသည်။ ယခုခေတ်တွင် ကျယ်ဝန်းသော သိမ်အတွင်း သံဃာ့ဟတ္ထပါသ် အပြင်မှနေ၍ ရဟန်းခံ ကံဆောင်နေသည်ကိုပင် ဝင်ရောက်ကြည်ညိုနိုင်ကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်းခံနှင့် ပရိက္ခရာ ၈-ပါး

(မေး) (ရဟန်းခံနှင့် ပရိက္ခရာ ၈-ပါး)

ဆရာတော်ဘုရား၊ တပည့်တော်တို့သည် အချို့သော မြို့ရွာဒေသများတွင် ရဟန်းခံ သိမ်ဝင်ရာ၌ ရဟန်းလောင်းအဖို့ ပရိက္ခရာ ၈-ပါးတို့တွင် အပ်-သည် ယခုခေတ်၌ ချုပ်စရာမလိုသောကြောင့်-ဟု ဆိုကာ

အပ်-မပါပါ၊

ထို့နောက် ရေစစ်-လည်း မပါကြတော့ပါ၊ ရဟန်းဖြစ်ဖို့ရာ အင်္ဂါ ၅-ပါးတို့တွင် ဝတ္ထု၏ပြည့်စုံခြင်း အင်္ဂါ၌ ပရိက္ခရာ ၈-ပါး ပါ-မပါ၊ ထိုတွင် အပ်-ရေစစ် မပါက ရဟန်းဖြစ်-မဖြစ် ရှင်းပြပေးတော်မူပါဘုရား။

(ရှင်ဝေရောစန-သန်လျင်မြို့)

(ဖြေ)

ရဟန်းခံရာ၌ သာမန်အားဖြင့် ပရိက္ခရာ ၈-ပါး ပြည့်စုံရမည်ဟု ဆိုသော်လည်း မရှိမဖြစ်၊ မပါမပြီးကား မဟုတ်ပါ၊

မေးစိစစ်ရာ၌ ပရိပုဏ္ဏံ တေ ပတ္တစီဝရံ=သင့်မှာ သပိတ် သင်္ကန်း ပြည့်စုံပါပြီလား-ဟုသာ မေးစိစစ်၍ သပိတ်တလုံး၊ သင်္ကန်းသုံးထည်သာ လိုရင်း ဖြစ်ပါသည်၊ ကိုယ်ပိုင် သပိတ် သင်္ကန်းဖြစ်ရန် လိုအပ်ပါသည်။

အငှါး သပိတ် သင်္ကန်းဖြင့် ရဟန်းမခံအပ်ပါ၊

ပြဿနာရှင်၏ စာတွင်ပါသော ဝတ္ထု၏ပြည့်စုံခြင်း ဝတ္ထုသမ္ပတ္တိ-ဟူသည်မှာလည်း ပရိက္ခရာ ၈-ပါးကို မဆို၊

ပဉ္စင်္ဂ-ဟူသော ပြည့်စုံခြင်း ၅-မျိုး၌ ဝတ္ထုသမ္ပတ္တိကား ရဟန်းလောင်းသည် နပုန်း, ပဏ္ဍုက်, မာတုဃာတက, ပိတုဃာတက, အစရှိသည်မှ ကင်းသော၊ သန့်ရှင်းစင်ကြယ်သော အသက်နှစ်ဆယ်ရှိ ရဟန်းလောင်း ဖြစ်ရမည်ကို ဆိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် အပ်-ရေစစ် မပါသော်လည်း ရဟန်းဖြစ်ပါကြောင်း ဖြေဆိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်းခံနှင့် သိက္ခာချ

(မေး) (ရဟန်းခံနှင့် သိက္ခာချ)

အရှင်ဘုရား၊ ရဟန်းခံရာတွင် ကာရကသံဃာထဲ၌ ပါရာဇိက ရဟန်းတပါး ပါပါက ပဉ္စင်းလောင်း ရဟန်း ဖြစ်-မဖြစ် နှင့် သိက္ခာချလိုသော ရဟန်းသည် ဘုရားရုပ်ပွားတော်ရှေ့တွင် မိမိကိုယ်ကို သိက္ခာချ၍ ရနိုင်-မရနိုင် ဖြေကြားပေးတော်မူပါဘုရား။

(အဂ္ဂဉာဏ-က-တ၊ တောင်ငူ)

(ဖြေ)

ရဟန်းခံရာ၌ ပါရာဇိက ရဟန်းအပြင် ငါးပါးရှိက ပဉ္စင်းလောင်း ရဟန်းဖြစ်ပါသည်။

(ယခင်က ကျမ်းညွှန်းပါဠိနှင့်တကွ ဖြေဆိုခဲ့ပြီး ဖြစ်သည်)။

သိက္ခာချရာ၌ စိတ်၊ ခေတ်၊ ကာလ၊ ပယောဂ၊ ပုဂ္ဂလ၊ ဝိဇာနန-အင်္ဂါ ၆-ပါးရှိရာ နားထောင်နေသော ပကတိ စိတ်မှန်ပုဂ္ဂိုလ်နှင့် သိက္ခာချသံကိုကြား၍ သိခြင်းအင်္ဂါနှင့်ပြည့်စုံရန် လိုအပ်လှသဖြင့် ဘုရားရှေ့၌ မိမိကိုယ်ကို သိက္ခာချ၍ မရပါ။

နားထောင်နေသော ပုဂ္ဂိုလ်တဦးဦး (သို့မဟုတ်) အများရှိရန် လိုအပ်လှပါသည်။

အထူးမှတ်သားရန်မှာ

ရှင်သာမဏေပြုရာ၌ ဆရာရော သာမဏေလောင်းပါ သရဏဂုံပီသခြင်း (ဥဘတောဝိသုဒ္ဓိ) အရေးကြီးသဖြင့် ရှင်ဖြစ်ရန်ခက်သော်လည်း လူထွက်ရာ၌ လူဝတ်လဲလှယ်ရုံမျှဖြင့် ပြီးသောကြောင့် အပြုခက်၍ အထွက်လွယ်ပါ

သည်။

ရဟန်းခံရာ၌ ရဟန်းလောင်း အင်္ဂါညီသူအဖို့ ကမ္မဝါဆရာများက ကမ္မဝါစာပီသစွာ ဖတ်ရွတ်နိုင်လျှင် ရဟန်းဖြစ်သည်။ လူထွက်ရာ၌မူ သိက္ခာချအင်္ဂါနှင့် ညီညွတ်ရန် ခက်လှသဖြင့် အဖြစ်လွယ်ကာ အထွက်ခက်လှသည်။ ထို့ကြောင့် လွယ်လွယ်သိက္ခာချရန် မသင့်ကြောင်း သတိပြုသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်းခံကြရာတွင်

(မေး) (ရဟန်းခံကြရာတွင်)

အရှင်ဘုရား၊ ရဟန်းခံကြရာတွင် ရှင်သာမဏေပြုပြီးမှ ရဟန်းခံပေးကြသည်ကိုသာ တွေ့ကြုံဖူးပါသည်။

ရှင်သာမဏေမဲပုဘဲနဲ့ ဦးခေါင်းရိတ် သင်္ကန်းဝတ်ရုံပေးကာ ပရိက္ခရာစုံလင်စွာဖြင့် ရဟန်းတော်များက ရဟန်းခံပေးလျှင် ရဟန်းအဖြစ်သို့ ရောက်ရှိပါမည်လား။

(ဦးကျော်ကျော်-အမှတ် ၂-ရပ်ကွက်၊ သံတွဲမြို့)

(ဖြေ)

ရဟန်းခံရာတွင် အသက် ၂၀-မရှိသေးခြင်း၊ လူသားစင်စစ် မဟုတ်ခြင်းနှင့် ယောကျ်ားစစ်စစ် မဟုတ် (ပဏ္ဍုတ်စသည်ဖြစ်) ခြင်းမျိုးမှအပ ရဟန်းဖြစ်ပါသည်။

ဥပဇ္ဈာယ်မရှိဘဲ ရဟန်းခံမပေးရ-ဟု ဆိုသော်လည်း ဥပဇ္ဈာယ်မရှိဘဲ ရဟန်းခံပေးလျှင် ရဟန်းခံပေးကြသော ရဟန်းများမှာ ဒုက္ကဋ်အာပတ်သင့်ရုံမျှသာဖြစ်၍ ရဟန်းဖြစ်သည်။

ပရိက္ခရာမစုံလင်ဘဲ ရဟန်းခံမပေးရဆိုသော်လည်း ခံပေးလျှင် ဆရာများမှာ အာပတ်သင့်ရုံဖြစ်၏၊

ရဟန်းကား ဖြစ်ပေသည်။ ရဟန်းခံရာ၌ သာမဏေဖြစ်မှ ရဟန်းခံပေးရမည်-ဟု မပါ။ အသက်ပြည့်သော လူယောကျ်ားဖြစ်လျှင် ကမ္မဝါစာဖတ်၍ ရဟန်းခံပေးကြလျှင် ရဟန်းဖြစ်ပေသည်။

သို့သော် ဥလ္လုမ္ပတု-ယုတ်နိမ့်သော သာမဏေအဖြစ်မှ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်အောင် လုယက် ကယ်တင်တော်မူပါဘုရား-ဟူသော တောင်းပန်ချက်အရ အစဉ်အလာအတိုင်း သာမဏေဝတ်၍ ရဟန်းပြုပေးရိုး ဖြစ်နေသောကြောင့်သာ သာမဏေမှ ရဟန်းခံရသည့် အစဉ်အလာ ဖြစ်နေပါသည်၊ အခြားအင်္ဂါအားလုံး ပြည့်စုံလျှင် လူ့ဘဝမှပင် တဆက်တည်း ရဟန်းခံပေးလျှင် ကံလည်းမပျက်၊ အာပတ်လည်းမသင့် မှတ်ရမည်-ဟု ဆရာမြတ်တို့ အဆုံးအဖြတ်ရှိပါသည်၊ သို့သော် အစဉ်အလာမဟုတ်သည်ကို တမင်္ဂလာလုပ်၍ အဆန်းမထွင်သင့်ဟုကား ပြောလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်းဒါယိကာမနှင့် အသက်အရွယ်

(မေး) (ရဟန်းဒါယိကာမနှင့် အသက်အရွယ်)

ဆရာတော်ဘုရား လာမည့်နှစ်တွင် ကိုရင်တပါးနှင့် မောင်လေးများကို ရဟန်းခံပေးခင်ပါသည်၊ ယခု တပည့်တော်မ အသက်မှာ ၂၈-နှစ်ပါ။ ၄၅-နှစ်မပြည့်လျှင် ရဟန်းအမ မလုပ်ရဘူး-ဟု ပြောကြပါသည်၊ အဲဒါ- ဟုတ်ပါသလား၊ တပည့်တော်မ ရဟန်းဒါယိကာမ သိပ်ဖြစ်ချင်ပါတယ်၊ ကျေးဇူးပြု၍ အမြန်ဖြေကြားပေးပါဘုရား။

(မနီနီအေး-ရွှေငါးကိတ်မုန့်တိုက်၊ ကန်ဦးရပ်-ကျောက်ဆည်)

(ဖြေ)

မည်သည့်အသက်အရွယ် ရောက်မှ ရဟန်းဒါယိကာမ၊ ကျောင်း-ဘုရား ဒါယိကာမ ဖြစ်ရမည်ဟု စာပေအထောက်အထားမရှိပါ။

ရှေးဘုရင်များသည် ပထမကျော် သာမဏေများ၊ စာပေတတ်ကျွမ်းသော ရဟန်းတော်များကို သမီးတော်လေး များအား ဒါယိကာမပြု၍ ရဟန်းခံစေ သိမ်ထပ်စေပါသည်။ ကျောင်းဆောက် လှူဒါန်းစေပါသည်၊

သာယာဝတီမင်း၏ သမီးတော်ကြီး (နောင်-မင်းတုန်းမင်း၏ မိဖုရားကြီး) စကြာဒေဝီ၊ မင်းတုန်းမင်း၏ ပင်တိုင်စံ သမီးတော် စလင်း မင်းသမီးတို့သည် မင်းသမီးငယ်ကလေး ဘဝကပင် ခမည်းတော်များက ချီးမြှောက်၍ ရဟန်းဒါယိကာမများ ဖြစ်ခဲ့ကြသည်။

သီပေါမင်း၏ မိဖုရား စုဖုရားလတ်သည်လည်း မင်းသမီးငယ်ဘဝကပင် ရဟန်းအမ ကျောင်းအမ ဖြစ်ခဲ့ပါသည်။

ဤကဲ့သို့ ငယ်စဉ်ကပင် သာသနာတော်ကို ချီးမြှောက်လိုစိတ် ပေါ်ပေါက်သည်မှာ ရှေးရှေးဘဝများစွာက အထုံပါရမီ ပါခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ အကောင်းအထည်ပေါ်အောင် ကြိုးစားင သာသနာ့မိခင်တဦး ဖြစ်လာပါစေဟု တိုက်တွန်းအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်းမိန်းမ

(မေး) (ရဟန်းမိန်းမ)

အရှင်ဘုရား၊ ဘုရားလက်ထက်တော်တွင် မိန်းမရဟန်းများ ရှိခဲ့ပြီး ယခုခေတ်တွင် မိန်းမရဟန်း မရှိတော့ပါ။ သီလရှင်တွေသာ ရှိနေပါသည်။ ဘာကြောင့် ဆိုသည်ကို ရှင်းပြတော်မူပါဘုရား။

(ဦးအုံးသောင်-ဇေယျဝတီမြို့)

(ဖြေ)

ဘိက္ခုနီ သာသနာ ကွယ်ရခြင်းမှာ အောက်ပါတို့ကြောင့် ဖြစ်ပါသည်။

၁။ သိက္ခာပုဒ်များ ကျပ်တည်းခြင်း (များပြားခြင်း)။ ဘိက္ခုက ၂၂၇-သာရှိပြီး ဘိက္ခုနီက ၃၃၁-ရှိ၍ စောင့်ထိန်းဖို့ ခဲယဉ်းခြင်း၊ ဘိက္ခုနီအဖြစ်မှ လျှောကျဖို့ လွယ်ကူခြင်း၊ ဂရုဓမ် ၈-ပါးဖြင့် စည်းကမ်း တင်းတင်းကြပ်ကြပ် သတ်မှတ်ထားခြင်း။

၂။ ဘိက္ခုနီသံဃာ၌ တကြိမ်၊ ဘိက္ခုသံဃာ၌ တကြိမ်၊ နှစ်ကြိမ်တိုင်တိုင် ရဟန်းခံမှ ရဟန်းမ အဖြစ်သို့ ရောက်နိုင်ခြင်း။

၃။ ဘိက္ခုနီလုပ်လိုသူများ ရဟန်းမခံမီ ၂-နှစ် ကြိုတင်၍ တရား ၆-မျိုးကို ကျင့်ရခြင်း။

၄။ ဘိက္ခုသံဃာနှင့် ဒကာ ဒကာမအပေါင်းတို့၏ အားပေးချီးမြှောက်မှု နည်းခြင်း။

၅။ ခေတ်ဆိုး အကြိမ်ကြိမ် ကြုံရခြင်း။ သီဟိုဠ်ခေတ်တွင် ကျေးကုလားတို့နှင့်၄င်း၊ စဏ္ဍာလတိဿ၊ ဗြဟ္မဏတိဿ၊ သူပုန်တို့နှင့်၄င်း၊ သီဟိုဠ်ဘုရင်တို့ အကြိမ်ကြိမ် စစ်ခင်းကြရခြင်း၊ ရောဂါဘယကပ်ဘေး အကြိမ်ကြိမ်ကြုံရခြင်း၊ မိုးခေါင်ရေရှား အစာရှားပါးခြင်းတို့ကြောင့် ရဟန်းတော်များပင် ပြေးလွှား ပုန်းရှောင်ကာ နေရခြင်း၊ ရဟန်းတော်များ အစာမစားရဘဲ ဝမ်းဗိုက်ပေါ် သဲများတင်၍ ပိဋကတ်တော်များ မပျောက်ရအောင် ခဲယဉ်းစွာ အသက်ရှင်၍ စောင့်ရှောက်ခဲ့ရခြင်းတို့ကြောင့် ရဟန်းများပင် ရပ်တည်ရေး မလွယ်ဘဲ ရှိခဲ့သည်။

သိမ်မွေ့ကျပ်တည်းလှသော ရဟန်းမများမှာ ဆက်လက်ရပ်တည်ရန် မလွယ်တော့ပါ။သီဟိုဠ်သာသနာ နောက်ပိုင်း သာသနာနှစ် ၅၀၀-ကျော်အချိန်တွင် ပျောက်ကွယ်ခဲ့ရသည်။ ထိုအကြောင်းကို ဘဒ္ဒန္တတိလောကသာရ ဆရာတော်ကြီးရေးသည့် ဘိက္ခုနီသာသနာနှင့် သီလရှင်သမိုင်း တွင် အကျယ်တဝင့် ဖော်ပြထားပါသည်။ အကျယ်ကိုသိလိုပါက ၄င်းစာအုပ်ကို လေ့လာရန် ဖြစ်သည်။

ထို့ကြောင့် ယခုအခါတွင် ၈-ပါးသီလ၊ ၁၀-ပါးသီလဖြင့် ထိန်းသိမ်းကြသော သီလရှင်များကိုသာ ကြည်ညိုခွင့်ရကြ ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ရဟန်းဖြစ်လိုပါသောကြောင့်

(မေး) (ရဟန်းဖြစ်လိုပါသောကြောင့်)

အရှင်ဘုရား၊ တပည့်တော်သည် ရှင်သာမဏေ နှစ်ခါပြုပြီးပါပြီဘုရား၊ အသက် ၁၇-နှစ်သာ ရှိသေးသော်လည်း ရဟန်းခံလို၍ ရဟန်းခံလို့ ရပါသလား၊ သိလိုပါသည်ဘုရား။

(မောင်ဝင်းလင်းနိုင်-ရန်ကုန်မြို့)

(ဖြေ)

အသက် ၂၀-မပြည့်ဘဲ ရဟန်းခံ၍ မရပါ။ အသက် ၂၀-ဆိုသည်မှာ ပဋိသန္ဓေနေချိန်မှစ၍ ရေတွက်နိုင်သဖြင့် သာမန်အားဖြင့် ၁၉-နှစ်နှင့် ၅-လလွန်လျှင် ရဟန်းခံနိုင်ပါသည်။

ရဟန်းခံရာ၌ သံဃာတော်များက ရဟန်းလောင်းအား ပရိပုဏ္ဏံ တေ ဝီသတိဝေဿာ-သင် ပဋိသန္ဓေမှစ၍ အသက် ၂၀, ပြည်ဖြိုးကြွယ်သူ ဖြစ်လေသလော-ဟု မေးပါသည်၊

ယင်းကို အာမ ဘန္တေ-ဖြင့် ဖြေနိုင်မှသာ ရဟန်းဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်းသံဃာထံမှ ခံယူခြင်းနှင့် ရပ်ပြစ်လွတ်ရေး

(မေး) ရဟန်းသံဃာထံမှ ခံယူခြင်းနှင့် ရပ်ပြစ်လွတ်ရေး)

အရှင်ဘုရား၊ ရဟန်းသံဃာတို့ ပေးကမ်းသော လက်ဆောင်ကို တပည့်တော်တို့ ခံယူထိုက်ပါသလား၊ ထို့ပြင် ရပ်ပြစ်ရှစ်ပါး လွတ်ကင်းအောင် မည်ကဲ့သို့ ကျင့်ကြံနေထိုင်ရပါမည်နည်း ဖြေကြားတော်မူပါရန်။

(စန္ဒာဝင်း-ရွှေဘိုမြို့)

(ဖြေ)

ရဟန်းသံဃာတော်တို့သည် စားသောက်ပြီးသော ဆွမ်းကြွင်း ဆွမ်းကျန်များနှင့် မသုံးလိုသော ပစ္စည်းများကို ကျောင်းသား၊ ကပ္ပိယ၊ အရံစောင့်နှင့် ဝေယျာဝစ္စုပြုသူများ၊ ထို့ပြင် အလုပ်အကျွေးခံ မိဘများအားသာ ပေးထိုက်ပါသည်။

အထူး စစ်မြေမှလာသောမင်း၊ အချိန်မတော် ရောက်လာသော ခိုးသားဓားပြ၊ ခရီးသွား စသည်တို့အားလည်း ပေးနိုင်ပါသည်၊ ယင်းကို ထောက်၍ လက်ဆောင်ပစ္စည်းဟူသည်ကိုမူ မပေးအပ်၊ ထို့ကြောင့် ခံယူသူကလည်း မခံယူထိုက်-ဟု ဆိုရပါမည်၊ ရှေးသူတော်ကောင်း ပုဂ္ဂိုလ်များသည် ရဟန်းတော်များထံမှ ပစ္စည်းများကို ခံယူလေ့မရှိ၊ ကျောင်းစရှောင်-ဟူ၍ပင် စကားရှိပါသည်။

ဤခေတ် မြန်မာနိုင်ငံတော်၌ ဗုဒ္ဓသာသနာတော်မြတ်ကြီးနှင့် တွေ့ကြုံ၍ မြင်ကြားသွားလာ ကောင်းစွာလူစဉ်မီသူအဖို့ ရပ်ပြစ်ရှစ်ပါး လွတ်နေပြီဖြစ်သည်၊ ဤကဲ့သို့ ရပ်ပြစ်ရှစ်ပါး အစဉ်လွတ်ကင်းနိုင်ရန် ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်များ ဖြစ်ကြပြီး သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို ကျိုးပေါက်ပြောက်ကြား မရှိအောင် စောင့်ရှောက်ထိန်းသိမ်းရန် အထူးလိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်းသံဃာများ ရေကပ်လှူခြင်းနှင့် အကပ်လှူခံရသော ပစ္စည်းများ

(မေး) (ရဟန်းသံဃာများ ရေကပ်လှူခြင်းနှင့် အကပ်လှူခံရသော ပစ္စည်းများ)

အရှင်ဘုရား၊ (၁) မြတ်စွာဘုရားအား သောက်တော်ရေ၊ မျက်နှာသစ်တော်ရေ ကပ်လှူရာတွင် ဆွမ်းတော်ကပ်သကဲ့သို့ လက်ဖြင့်မ၍ ကပ်ရပါသလား၊ လှူသူ အကျိုးရှိအောင် ကပ်လှူပုံ မှန်ကန်အောင် ညွှန်ပြပါဘုရား။

(၂) ရဟန်းသံဃာများ လှူဖွယ်ပစ္စည်းကို လက်ဖြင့်ထိ၍ အကပ်ခံရာတွင် အကပ်ခံသည့်နေ့တွင်သာ သုံးစွဲကောင်း၍ မွန်းလွဲ နေ့ကူးအထိ မထားကောင်းဟု မှတ်သားဖူးပါသည်။ ဖြေကြားရှင်းလင်းပေးပါဘုရား။

(ဗိုလ်တင့်-ပုလဲမြို့)

(ဖြေ)

(၁) ဝိနည်းတွင် ဒန္တပေါဏ သိက္ခာပုဒ်၌ ရေနှင့်ဒန်ပူ (သွားတိုက်တံ) တို့ကို လူ+သာမဏေတို့ ကပ်ဖွယ်မလိုဘဲ သုံးဆောင်နိုင်ပါသည်။ သို့သော် သက္ကစ္စဂါရဝ မြောက်အောင် ကပ်လှူခြင်းဖြင့် ဆွမ်းတော်ကပ်သကဲ့သို့ မ၍ ကပ်လှူခြင်းသည် ကောင်းပါသည်။

(၂) ရဟန်းသံဃာများ လှူဖွယ်ပစ္စည်းများကို အကပ်ခံခြင်းနှင့် ပတ်သက်၍ ကာလိက ၄-မျိုး ခွဲခြားသိမှသာ ရှင်းပါမည်။

(၁) ယာဝကာလိက=စပါးမျိုးအားလုံး၊ ပဲမျိုး၊ ထန်း၊ အုန်း၊ ပိန္နဲ၊ ဘူး၊ ဖရုံ၊ သခွား၊ သစ်သီးကြီး ၉-ပါး၊ ဆာလောင်မှုကို ဖျောက်သဖြင့် အာဟာရကိစ္စကို ပြီးစေသော သစ်ရွက်၊ သစ်သီး၊ မုန့်မျိုးစုံ တို့သည် ယာဝကာလိကခေါ်၏၊

ယနေ့နံက် အကပ်ခံပြီး မွန်းမတည့်မီအထိ သုံးဆောင်နိုင်၏၊ နောက်နေ့များ မသုံးဆောင်နိုင်တော့ပေ။

(၂) ယာမကာလိက=အဖတ်မပါသော ဖျော်ရည်အမျိုးမျိုးတို့သည် ဆာလောင် မွတ်သိပ်ခြင်းတည်းဟူသော အကြောင်းကြောင့် ယနေ့အကပ်ခံပြီး နောက်နေ့ အရုဏ်တက်သည့်တိုင်အောင် သုံးဆောင်နိုင်၏၊ အရုဏ်တက်သည်မှ နောက် မသုံးဆောင်ကောင်းတော့ပေ။

(၃) သတ္တာဟကာလိက=ထောပတ်၊ ဆီဥ၊ ဆီ၊ ပျား၊ တင်လဲ တို့သည် ကျန်းမာရေးအတွက် ယနေ့အကပ်ခံပြီး ၇-ရက်အတွင်း သုံးဆောင်နိုင်သည်။ ၇-ရက်လွန်က မသုံးဆောင်ကောင်းတော့ပေ။

(၄) ယာဝဇီဝိက=အာဟာရကိစ္စကို မပြီးစေသော ဆီးဖြူ၊ သျှိသျှား၊ ဖန်ခါး၊ ပိတ်ချင်း၊ ချင်း၊ ငရုတ်၊ လေးညှင်း၊ ဇာတိပ္ဖိုလ်၊ စမုန်နက်၊ ကြက်သွန်၊ ကွန်း၊ ဆေး၊ အစရှိသော သစ်မြစ်၊ သစ်ပွင့်၊ သစ်သီးကြီးငယ်တို့ကို ဆေးဝါးအဖြစ် ကျန်းမာရေးအတွက် ယနေ့အကပ်ခံပြီး တသက်တာလုံးပင် စားနိုင်၏၊

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ရဟန်းတော်များနှင့် နိဿဂ္ဂိပစ္စည်းအလှူ

(မေး) (ရဟန်းတော်များနှင့် နိဿဂ္ဂိပစ္စည်းအလှူ)

ရဟန်းတော်များသည် နိဿဂ္ဂိထိုက်သော ပစ္စည်းဝတ္ထုတို့ဖြင့် အလှူဒါနပြုလျှင် ကုသိုလ်ရနိုင်ပါသလား။

ဥပမာ-ကျောင်းကန် ဘုရား စေတီများ၌ ငွေလှူဒါန်းခြင်း၊ ဒုက္ခသည်တို့အား ငွေကြေး စွန့်ကြဲခြင်း၊ စသည်များကို ပြု၍ ကုသိုလ် ဖြစ်-မဖြစ် သိလိုပါသည်ဘုရား။

(အရှင်ဝရသာမိ-ပဉ္စနိကာယကောင်းတိုက်၊ ကံဘဲ့၊ ရန်ကင်း)

(ဖြေ)

ငွေကြေးစသော နိဿဂ္ဂိပစ္စည်းများမှာ ရဟန်းတော်များအဖို့ မုချစွန့်ပစ်ရမည် ဖြစ်ပါသည်။

စွန့်ပစ်ပြီးနောက် ဒေသနာကြားမှ စင်ကြယ်နိုင်ကြောင်း ဝိနည်းလမ်းကြောင်းရှိ၍ ၄င်းစွန့်ပစ်ပစ္စည်း၌

အာလယ မပြတ်ခြင်း၊ တွယ်တာခြင်း မရှိဖို့ လိုပါသည်၊ ယင်းကိစ္စမှာ ဝိနည်းကိစ္စ သက်သက်ဖြစ်သည်။

စွန့်ပစ္စည်းကို အကျိုးရှိသော ဘုရားတည်ခြင်း ဆေးရုံ စာသင်ကျောင်းနှင့် ဒုက္ခသည်တို့အား လှူဒါန်းခြင်းမှာ ဝိနည်းကိစ္စနှင့် မသက်ဆိုင်ပါ။

၄င်းစွန့်သော ငွေကြေးဖြင့် ကျောင်းဆောက်လျှင် ထိုကျောင်း၌ မိမိလည်း မနေထိုက်၊ အခြားသံဃာများအားလည်း မအပ်သဖြင့် ပစ္စည်းလေးပါးဆိုင်ရာ၌ မစွန့် မသုံးသင့်ကြောင်း ထင်ရှားပါသည်။

ဘုရားတည်ရာ၌ကား ဆရာတော် ဦးဗုဓ် ထေရုပ္ပတ္တိ၌ ငါ့ကျောင်းက ကိုရင်တွေ ဆေးလိပ်သောက်တာ သာသနာပိုင် ဘုရားတည်တာလောက် အပြစ်မကြီးပါဘူး-ဟူ၍ ဆိုကြောင်း၊ ထိုစဉ်က သာသနာပိုင် ဆရာတော်သည် မိမိဇာတိရွာ၌ ဘုရားတည်နေကြောင်း။

ထိုစကားကို ထိုခေတ်ဆရာတော်များက သာသနာပိုင်သည် ကိုယ်တိုင် ငွေအလှူခံ၍ ဘုရားတည်လျှင်

ဘုရားမှာ သာသနာပိုင်အတွက်သာ မအပ်သောဘုရားဖြစ်၍ အခြားရဟန်းရှင်လူများ အတွက်ကား ရှိခိုးပူဇော်၍ ကုသိုလ်ဖြစ်သည်-ဟု အဆုံးအဖြတ် ပေးကြောင်း ဖတ်ရှုရပါသည်။

ထို့ကြောင့် ဘုရားတည်ခြင်း၊ ဆေးရုံ စာသင်ကျောင်းနှင့် ဒုက္ခသည်တို့အား

လှူဒါန်းစွန့်ကြဲခြင်းတို့ဖြင့် ဝိနည်းကြောင်းအရ စင်ကြယ်အောင် ပြုထိုက်ပါကြောင်း၊

ဤသို့ လှူဒါန်းဖြင်းကြောင့် ဝိနည်းပြစ်လည်းလွတ်၊ ကုသိုလ်ကောင်းမှုလည်းဖြစ်၍

ပြုသင့် ပြုထိုက်သောကိစ္စ ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်းတော်များနှင့် ရွှေငွေ

(မေး) (ရဟန်းတော်များနှင့် ရွှေငွေ)

အရှင်ဘုရား၊ ရဟန်းတော်များသည် ရွှေငွေမကိုင်ရ-ဟု ဝိနည်းတရားတော်တွင် ပညတ်ထားပါသည်။ သို့သော်လည်း ယခုခေတ်တွင် ခရီးသွားရာ၌ ငွေမကို်င်၍ မဖြစ်သည့်အခြေအနေသို့ ရောက်နေပါပြီ။ အစဉ်အဆက် ဒကာ ဒကာမများကလည်း ငွေလှူဒါန်းနေကြပါသည်။

တပည့်တော်အနေဖြင့်မူ ငွေကြေးအစား သင့်တော်သောပစ္စည်းကို လှူရလျှင် ရဟန်းလည်းအာပတ်မသင့်၊ တပည့်တော်တို့လည်း ကုသိုလ်ပိုရမည်ဟု ထင်မြင်မိပါသည်။ ဗုဒ္ဓအလိုကျ ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

(ဦးမောင်ဦး-မီးရထားဆေးပေးခန်း၊ တောင်ငူ)

(ဖြေ)

ရွှေငွေကို ရဟန်းတော်များ မခံယူကောင်း၊ အနီး၌ မိမိအတွက်ချထားသည်ကို၄င်း၊ အနီး၌ ချထားသည်ကို သာယာသော်၄င်း အာပတ်အပြစ်သင့်၏၊

ဦးမောင်ဦး ပြောသလို ရဟန်းလည်းအပြစ်မဖြစ်၊ လှူသူလည်း ကုသိုလ်ပိုရအောင် အပ်စပ်သောပစ္စည်းကို လှူခြင်းသည် ကောင်းပါ၏၊

ပစ္စည်းလှူရာ၌ တကယ်လိုအပ်နေသော ပစ္စည်းဖြစ်လျှင် ပို၍ အကျိုးများနိုင်ရာ၏၊ လောလောဆယ် မလိုအပ်သေးလျှင် သိမ်းထားရဦးမယ်၊ တကယ်လိုအပ်နေသော ပစ္စည်းကို လိုအပ်ချိန်မှာ လှူဒါန်းနိုင်ဖို့ မေးလျှောက်နေရဦးမည်။ မေး၍ ဖြေလိုက်သောပစ္စည်းသည် မိမိရည်မှန်းထားသော တန်ဖိုးထက် ပိုများနေလျှင် စိတ် ကသိကအောက် ဖြစ်နိုင်သည်။

ထို့ကြောင့် ပစ္စည်းလေးဖြာ လိုအပ်ရာရာ အလိုရှိသည့်အခါ လိုသလိုသုံးနိုင်ဖို့ရန် အပ်စပ်သော လှူဒါန်းနည်းဖြင့် ကပ္ပိယကာရက ညွှန်၍ နဝကမ္မ (ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လိုအပ်ရာ အမှုသစ်၊ ကိစ္စသစ်) အတွက် လှူဒါန်းနိုင်ကြောင်း ဘုရားရှင်ဟောကြားထားပါသည်။ ထိုသို့ ရဟန်း၏ လက်ထဲသို့ တိုက်ရိုက်လှူသောစနစ် မဟုတ်ဘဲ အပ်စပ်အောင် စီမံပေးမည့် တဦးဦးထံ အပ်နှံလှူးဒါန်းခြင်းဖြင့် လိုအပ်ရာရာ လိုသလိုသုံးနိုင်အောင်၊ အပြစ်ကင်းအောင် ကုသိုလ်ပို၍ရအောင် လှူဒါန်းနိုင်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ရဟန်းနှင့် ဘွဲ့တော်

(မေး) (ရဟန်းနှင့် ဘွဲ့တော်)

အရှင်ဘုရား၊ တပည့်တော်သိလိုသည့်အချက်မှာ ဘုရားရှင် လက်ထက်တော်က သာသနာတော်သို့ ဝင်ရောက်သော ပုဂ္ဂိုလ်များကို ရဟန်းဘွဲ့တော်ပေးရာတွင် လူဝတ်ကြောင်ဘဝက အာနန္ဒာကို ရဟန်းပြုရာတွင် ရှင်အာနန္ဒာ၊ လူဝတ်ကြောင်ဘဝက ရာဟုလာကို ရှင်ရာဟုလာ-ဟု တွေ့ရပါသည်။ တပည့်တော်တို့ခေတ် ရှင်သာမဏေပြုရာတွင် ဥပမာ-လူဝတ်ကြောင်ဘဝက မောင်သန်းစိုး၊ ရှင်သာမဏေဘဝတွင် ရှင်သီလာစာရ-ဟု ဘွဲ့ပေးသည်ကိုတွေ့ရပါသည်။ ၄င်းအချက်ကို ရှင်းလင်းဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

(ကိုသန်းစိုး-ထူးကြီးမြို့)

(ဖြေ)

ရဟန်းတို့ အစဉ်အသုံးပြုရသော ဘာသာစာပေမှာ ပါဠိစာပေဖြစ်ပါသည်။ ဖြစ်နိုင်က ပါဠိလိုပြောဆို၍ ပါဠိအမည်များကို အသုံးပြုရပါသည်။ ရဟန်းခံရာ၌ မောင်ထွန်း၊ မောင်တင်-စသည် သုံး၍မရ။ တိဿဿ ဘိက္ခုနော၊ နာဂံ ဥပသမ္ပဒံ ယာစာမိ-စသည်ဖြင့် တိဿဟူ၍လည်းကောင်း။ နာဂဟူ၍လည်းကောင်း ပါဠိနာမည်များကိုသာ ကမ္မဝါစာတွင် သုံးရသဖြင့် ပါဠိအမည်ပေးထားရန် လိုအပ်ပါသည်။ မောင်သန်းစိုး ဥပသမ္ပဒံ ယာစာမိ-ဆိုလျှင် ကမ္မဝါစာ မပီသ၍ ကံပျက်နိုင်ပါသည်။ ကံမြောက်စရာ လုံးဝမရှိ။ ရှင်သီလာစာရ-ဟု အစားထိုးမှည့်ပေးမှသာလျှင် သီလာစာရံ ဥပသမ္ပဒံ ယာစာမိ-ဟု ကမ္မဝါစာ ပီပီသသ ဖတ်နိုင်သဖြင့် ကံမြောက်နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန်းနှင့် သူနာပြု ဆရာမ

(မေး) (ရဟန်းနှင့် သူနာပြု ဆရာမ)

အရှင်ဘုရား ရဟန်းတော်များ ဆေးရုံ ဆေးခန်းများသို့ တက်ရောက်ကုသရာ၌ ဆရာဝန်မ၊ သူနာပြုဆရာမများက သွေးစမ်းခြင်း၊ သွေးချိန်ခြင်း၊ ဆေးထိုးခြင်း စသည်ပြုရာ ၄င်းတို့နှင့် ရဟန်းတော်များ ထိတွေ့ကြမြဲဖြစ်ပါသည်။ ထိုကိစ္စ၌ ရဟန်းတော်များ အာပတ်သင့်-မသင့် အပြစ် ရှိ-မရှိ သံသယရှိပါသဖြင့် ဖြေရှင်းပေးတော် မူစေလိုပါသည်ဘုရား။

(တပည့်-ဃောသိတ-သံတွဲ ရခိုင်ပြည်နယ်)

(ဖြေ)

ဝန္ဒနဝတ္ထုသ္မိံ ဣတ္ထီပါဒေ သမ္ပဟိတွာ ဝန္ဒိတုကာမာ ဝါရေတဗ္ဗာ၊ ပါဒါ ဝါ ပဋိစ္ဆာဒေတဗ္ဗာ နိစ္စလေန ဝါ ဘဝိတဗ္ဗံ၊ နိစ္စလဿဟိ စိတ္တေန သာဒိယတော အနာပတ္တိ။(ဝိဋ္ဌ ၁-၁၃၂)

ရှိခိုးသောဝတ္ထု၌ မာတုဂါမ တယောက်က ရဟန်း၏ ခြေကို ဆုပ်ကိုင်၍ ရှိခိုးသည်ကို တားမြစ်ရမည်။

ရဟန်းက ခြေကိုသော်လည်း ဖုံးထားရမည်။ ဆုပ်ကိုင်ထိတွေ့၍ ရှိခိုးနေလျှင် မတုန်မလှုပ် (မလှုပ်မရှားနေ၍) သော်လည်း နေရမည်။ (ထိုအခိုက်၌) သာယာမှုရှိသော်လည်း အာပတ်မသင့်ဟု အဋ္ဌကထာ ဖွင့်ဆိုထားသဖြင့် ခြေထောက်ကို ဆုပ်နယ်၍ ရှိခိုးနေသော မာတုဂါမလက်မှလွတ်ရန် ရုန်းကန်လှုပ်ရှားသော်လည်း လွတ်မြောက်ရန်သာ လုံ့လထုတ်ခြင်းဖြစ်၍ အပြစ်မရှိဟု ဆိုပေသည်။ ထိုအချက်ကို သတိပြု၍ ဆွမ်းခံရာ၌ သပိတ်ကပ်ခြင်း၊ ပေးလှူခြင်းတို့၌ လက်ချင်းထိသောအရာ ပရိသတ်ထဲ၌ အမှတ်မဲ့လက်ကို ဆန့်တန်းရာတို့၌ မာတုဂါမ၏ ကိုယ်အင်္ဂါကို ထိသောအရာ၊ မိန်းကလေးကို ယောကျ်ားလေးမှတ်၍ ကိုင်မိသောအရာတို့၌လည်း ထိုနည်းအတူပင် ဖြစ်သည်။

ယခုခေတ် ဆေးရုံ၊ ဆေးခန်းတ်ို့၌ အမျိုးသမီးဆရာဝန်မ၊ သူနာပြုဆရာမတို့ သွေးစမ်းခြင်း၊ ဆေးထိုးခြင်း စသည်တို့၌လည်း ရဟန်းက မလှုပ်မရှား ခံယူခြင်း၊ မလှုပ်မရှား ခံယူရာ၌ စိတ်က သာယာမှု ရှိသည့်တိုင်အောင် အပြစ်အာပတ် မရှိဟု မှတ်သားရပါသည်။ သာယာသောစိတ်ဖြင့် ကိုယ်လက်လှုပ်ရှားခြင်း၊ မိမိ (လူနာရဟန်း)က သွားရောက်ထိကိုင်ခြင်းမျိုးများ မပြုမိအောင် အထူးပင် သတိပြုသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန္တာ ဓာတ်တော်

(မေး)။ စျာန်ရသော ရဟန္တာပုဂ္ဂိုလ်များ ပရိနိဗ္ဗာန်စံလျှင် မီးသင်္ဂြိုဟ်သောအခါ ဓာတ်တော်များကျသည်ဟု ဆိုကြပါသည်၊ စျာန်မရသော ရဟန္တာများလည်း ဓာတ်တော် ကျနိုင်-မကျနိုင် သိလိုပါသည်ဘုရား။

(ကိုဟန်ဝင်း-အင်းစိန်မြို့သစ်၊ ၁၈၆-၆-လမ်း၊ ခ-ရပ်ကွက်)

(ဖြေ)။ မြတ်စွာဘုရားဖြစ်စေ၊ ရဟန္တာဖြစ်စေ ပရိနိဗ္ဗာန် စံဝင်၍ တေဇောဓာတ်လောင်သောအခါ၌ ဓာတ်တော်များအနေဖြင့် အစိတ်စိတ်အမွှာမွှာ လုံးဝန်းစွာဖြင့် ကျန်ရစ်စေရန်မှာ ပရိနိဗ္ဗာန်ပြုတော်မူခါနီးတွင် အဓိဋ္ဌာန်ပြုတော်မူရပါသည်။

ဤတွင် ဤကမ္ဘာ၌ ပွင့်တော်မူသော သက်တမ်းတော်ရှည်သော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဟူသည့် မြတ်စွာဘုရားတို့ အနေဖြင့် ပရိနိဗ္ဗာန်စံဝင်ပြီး၍ တေဇောဓာတ် လောင်တော်မူသောအခါ ဓာတ်တော်များ အစိတ်စိတ်အမွှာမွှာ ကွဲပြားတော်မမူ၊ တလုံးတဆူတည်းသော ဓာတ်တော် အစုအခဲသာ ကြွင်းသည်၊ ထို့ကြောင့် စေတီတော် တဆူတည်းသာတည်၍ ပူဇော်ကြရသည်၊

အကျွန်ုပ်တို့မြတ်စွာဘုရားမှာ သက်တမ်းတော် တိုပါသည်၊ သာသနာတော်ကို ထားရစ်တော်မူပြီး ထိုသာသနာတော်တလျှောက်လုံး ကိုးကွယ်ပူဇော်၍ သတ္တဝါများ သုဂတိဘဝသို့ လားရောက်နိုင်ရန် အဓိဋ္ဌာန်ပြုသည်။ ထိုအဓိဋ္ဌာန်တော်မူချက်အရ တေဇောဓာတ်လောင်တော်မူသောအခါ ကိုယ်တော်မှ အဆင်းသုံးသွယ်၊ အရွယ်သုံးစား၊ အချင့်အားဖြင့် ၁၆-ပြည်သား ဓာတ်တော်များဖြစ်၍ ကျန်ရစ်ရပါသည်။

ရဟန္တာများလည်း ထို့အတူပင် ပရိနိဗ္ဗာန်စံခါနီး၌ ဓာတ်တော်အဆူဆူ လုံးလုံးဝန်းဝန်း အရွယ်အမျိုးမျိုးဖြစ်ရန် အဓိဋ္ဌာန်တော်မူရပါသည်။

အဓိဋ္ဌာန်တော်မမူပဲ ပရိနိဗ္ဗာန်စံလျှင် တေဇောဓာတ်လောင်တော်မူပြီးနောက် လုံးလုံးဝန်းဝန်း မဟုတ်ပဲ အရိုးတော် ပကတိအတိုင်းပင် ကျန်ပါသည်၊

သာဓကအနေအားဖြင့် ယခုဖူးမြင်နိုင်သော မဇ္ဈိမဒေသ ဆံချီစေတီတော်မှ ရသည့် အရှင်သာရိပုတ္တရာ၊

အရှင်မဟာမောဂ္ဂလ္လာန် ဓာတ်တော်များမှအြရိုးတော်ပကတိအတိုင်းပင် ဖြစ်ပါသည်၊

ရဟန္တာအနေဖြင့် စျာန်ရ စျာန်မရ မထူးပါ၊ အဓိဋ္ဌာန်မှသာ လုံး ဝန်း ရွယ်စား ဓာတ်တော်များ ဖြစ်လာရပါသည်၊ သို့သော် ရဟန္တာဓာတ်တော်များသည် မြတ်စွာဘုရား ဓာတ်တော်များလောက် သေးသေးမွှားမွှားမဖြစ်၊ မြတ်စွာဘုရား ဓာတ်တော်များမှာ အကြီးဆုံး ပဲနောက် ပမာဏမျှဖြစ်သည်၊

ရဟန္တာဓာတ်တော်များမှာ ပဲကြီးစေ့ မတ်ပဲစေ့ ရွေးကြီးစေ့နှင့် ကျောက်စရစ်ခဲပမာဏရှိကြောင်း မှတ်သားရဖူးပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန္တာ နတ်ဗြဟ္မာတို့နှင့် ဒုက္ကရစရိယာ

(မေး) (ရဟန္တာ နတ်ဗြဟ္မာတို့နှင့် ဒုက္ကရစရိယာ)

အရှင်ဘုရား ရှေးရှေး မြတ်စွာဘုရားတို့လက်ထက်က အနာဂါမ်ဖြစ်၍ သုဒ္ဓါဝါသဘုံသို့ရောက်ပြီး ရဟန္တာဖြစ်နေသော ဗြဟ္မာကြီးများ ရဟန္တာဘဝဖြင့် ဘုမ္မစိုးနတ်မင်းကြီးများဖြစ်ကာ ဤလူ့ပြည်မှာပင် တကမ္ဘာအထိ သက်တမ်းရှိကြသော ရဟန္တာနတ်မင်းကြီးများ ရှိကြသည်ဟုဆိုပါသည်။

ဘုရားသာသနာတော် အတွင်းမှာသာ မဂ်တရား ဖိုလ်တရားများကို ရရာရကြောင်း ဝိပဿနာတရားများ ရှိနိုင်သည်၊ ဘုရားသာသနာကွယ်လျှင် ထိုတရားများ မရှိတော့ဘူးဟု သိရပါသည်၊ သက်တမ်းရှည်သော ရဟန္တာ ဗြဟ္မာမင်းကြီး၊ နတ်မင်းကြီးတို့ ရှိနေလျက် သာသနာကွယ်နေသည် ဆိုသည်မှာလည်း စဉ်းစားရခက်ပါသည်။

ဘုရားအလောင်းတော်သည် ဒုက္ကရစရိယာအကျင့်ကို နိဗ္ဗာန်ရောက်ကြောင်း အကျင့်-ဟု မှားယွင်းပြီး ကျင့်နေသည့်အခါ ထိုရဟန္တာဗြဟ္မာကြီးများ၊ နတ်မင်းကြီးများက လမ်းမှားကျင့်နေမှန်း သိပါလျက် အဘယ့်ကြောင့် လမ်းမှန်းရောက်အောင် သတိမပေးဘဲ နေကြပါသနည်း၊ ဤပြဿနာ နှစ်ရပ်ကို ရှင်းပြပေးတော်မူပါဘုရား။

(ဦးတင်အုန်း-အခန်း ၃၊ တိုက် ၇၄၊ သုဝဏ္ဏမြို့)

(ဖြေ)

ရှေးရှေးဘုရားများ လက်ထက်က ရဟန္တာဖြစ်ခဲ့ကြသည့် ဗြဟ္မာကြီးများ၊ နတ်မင်းကြီးများ ဤဘုရားလက်ထက်အထိ ရှိနိုင်ကြသည်မှာ မှန်ပါသည်၊

ဘုရား တဆူနှင့်တဆူ အကြားသည် သာသနာပ ဖြစ်သည်၊ သာသနာပ အခါကာလ၌လည်း ၄င်းတို့ သက်ရှိထင်ရှား ရှိနေသည်မှာ မှန်ပါသည်၊

ဘုရားသာသနာပ အခါတွင် မဂ်ဖိုလ်တရားများ ကွယ်သွားပြီဆိုသည်မှာ ၄င်းတရားများကို ဟောပြောမှု အားထုတ်မှု ရရှိမှုများ ကွယ်သွားကြောင်းသာ ဆိုပါသည်၊ အဆိုပါ ဗြဟ္မာကြီး နတ်မင်းကြီးများက

၄င်းတရား ရရှိနေပြီး ၄င်းတို့တရားနှင့် ၄င်းတို့နေကြသည်၊

အခြားသူကို ဟောပြောခြင်း၊ အားထုတ်စေခြင်း မပြုနိုင်ပေ၊ ယင်းသို့ မဟောပြောနိုင် အားမထုတ်စေနိုင် တရားမရရှိစေနိုင်ခြင်းသည်ပင် သာသနာကွယ်နေခြင်းပင် ဖြစ်သည်၊

သာသနာပ၌ ပစ္စေကဗုဒ္ဓါများလည်း ၄င်းတို့ဘာသာ တရားရနိုင်ကြပါသည်၊ သို့သော် ဟောပြောခြင်း တရားရစေခြင်းကို မတတ်နိုင်ကြပါ။

မြတ်စွာဘုရားမဖြစ်မီ ဒုက္ကရစရိယာ ကျင့်မှုမှာ ဘုရားလောင်းတော်တိုင်း၏ သဘာဝပင်ဖြစ်သည်၊

ဘုရားမဖြစ်မီ အနည်းဆုံး ၇-ရက် အများဆုံး တလမျှ ကျင့်ဖြစ်အောင် ကျင့်ရသည်၊

(ဂေါတမမြတ်စွာဘုရား အလောင်း ခြောက်နှစ်ကျင့်ရသည်မှာ ဝစီဘေဒ ဝိပါကကြောင့်သာ ဖြစ်ပါသည်)

ဒုက္ကရစရိယာအကျင့်ကို ကျင့်ရသည်မှာ ဘုရားအလောင်းတော်များသည် အရေမျှ ကြွင်းပါစေ၊

အကြောမျှ ကျန်ပါစေ၊ အရိုးမျှ ကြွင်းပါစေ၊ အသားအသွေး ခန်းခြောက်သွားမူ သွားပါစေ-ဟူသော အင်္ဂါလေးပါးရှိသည့် မည်သူမျှမတုပနိုင်သော ဝီရိယလုံ့လတော်ဖြင့် အားထုတ်ရမြဲဖြစ်သည်၊

ပါရမီတော် ၁၀-ပါး၊ အပြား ၃၀-ပြည့်စုံ၍ ဘုရားအဖြစ်ကို လွယ်လွယ်ပင် ရနိုင်သော်လည်း မြတ်စွာဘုရားတို့သည် မည်သူမျှ အားမထုတ်နိုင်သော အားထုတ်မှုမျိုးကို အားထုတ်၍ လောကတွင်ရှိသမျှ အားထုတ်မှုအားလုံးကို အဆုံးတိုင် အားထုတ်တော်မူပြီးမှ လမ်းမှန်သို့ရောက်ရှိ၍ ဘုရားအဖြစ်ကိုရကြောင်း သိစေလိုခြင်းနှင့် အတ္တကိလမထအကျင့်သည် အမြတ်တရားရကြောင်း မဟုတ်၊ မဇ္ဈိမပဋိပဒါ အကျင့်သာ အမြတ်တရားရကြောင်း ဖြစ်ပုံကို သိစေလိုခြင်း၊ လက်တွေ့အကျင့်နှစ်မျိုးကို နှိုင်းယှဉ်ပြလိုခြင်းအားဖြင့်လည်း ဒုက္ကရစရိယာအကျင့်ကို ကျင့်ရခြင်းဖြစ်သည်၊

ထို့ပြင် လောကဥပမာအားဖြင့် ခမည်းတော် နတ်ရွာစံ၍ အလွယ်တကူ မင်းဖြစ်ရသူထက် စစ်တိုက်၍ ထီးနန်းကို ရရှိ မင်းဖြစ်ရသူက မင်းအဖြစ်ကို ပိုမို၍ ဝမ်းမြောက်ကျေနပ် နှစ်သိမ့်ရသကဲ့သို့ တိုင်းသူပြည်သားတို့၏ လေးစားမြတ်နိုးမှုကို ရသကဲ့သို့ ဘုရားအဖြစ်ကိုလည်း အလွယ်တကူ ရယူခြင်းထက် ခဲခဲယဉ်ယဉ်း ရယူခြင်းဖြင့်သာ နတ်လူသတ္တဝါတို့ လေးစားမြတ်နိုးမှု ပိုမိုလာဖွယ်ဖြစ်ရသည်၊ ထိုသို့ ဘုရားအလောင်းတော် တို့၏ ဓမ္မတာသဘာဝ ဒုက္ကရစရိယာ ကျင့်သုံးရခြင်းကို ရဟန္တာ ဗြဟ္မာကြီးများ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ လာရောက်သတိပေးခြင်း လမ်းမှန်ရောက်ရအောင် ထောက်ပြပြောဆိုခြင်း ပြုရန်ကား အရာမဟုတ်ပေ၊ သိသည့်တိုင်အောင်လည်း ဘုရားလောင်းအား စောင့်ရှောက်ပေးရန်မှတပါး မည်သို့မျှ အကူအညီမပေးနိုင်ချေ။ မြတ်စွာဘုရားတို့သည် ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် အလိုလိုသာ သစ္စာလေးပါးကို သိကြရမြဲ ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန္တာများနှင့် ဘီစီအေဒီ

(မေး) (ရဟန္တာများနှင့် ဘီစီအေဒီ)

အရှင်ဘုရား၊ ၁၉၉၃-ခု ဧပြီလထုတ် မြတ်မင်္ဂလာ စာစောင်၌ ဆရာတော်ဘုရား ဖြေကြားသော ဘာသာရေးပြဿနာ အခန်း၌

၁။ ပဋိသမ္ဘိဒါပတ္တရဟန္တာ

၂။ ဆဠဘိညရဟန္တာ

၃။ တေဝိဇ္ဇရဟန္တာ

၄။ သုက္ခဝိပဿကရဟန္တာ ဟူ၍ ၄-မျိုးရှိကြောင်း ပါရှိပါသည်။

၄င်းရဟန္တာ ၄-မျိုး၏ အဓိပ္ပါယ်ကို ထပ်ဆင့်ပြီးသိလိုပါ၍ ဖြေကြားပေးတော်မူပါရန်နှင့် အချို့ ဘာသာရေးဆောင်းပါးမျိုး၌ ပါရှိသော ဘီစီ-ဘယ်နှစ်က အေဒီ-ဘယ်နှစ်က-ဟု ရေးသားထားသည်ကို ဖတ်ရပါသည်။ ၄င်း ဘီစီ။အေဒီ ဆိုသည်များကို အဓိပ္ပါယ်ဖော်ပြ၍ ရှင်းလင်းပေးစေလိုပါသည်ဘုရား။

(သုမေတ္တာ-မန်ကျည်းသုံးပင်ရွာ)

(ဖြေ)

ရဟန္တာလေးမျိုးတို့တွင်

၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဆိုသည်မှာ-ရဟန္တာဖြစ်သည်နှင့်တပြိုင်နက် ပိဋကတ်သုံးပုံကို အလုံးစုံ ကျွမ်းကျင်တတ်သိသွားသော ရဟန္တာမျိုး ဖြစ်ပါသည်။

၂။ ဆဠဘိည ရဟန္တာဆိုသည်မှာဆိုသည်မှာ-ရဟန္တာဖြစ်လျှင်ပင် အဘိညာဉ်ခြောက်ရပ် သမာပတ်ရှစ်ဖြာကို ရရှိနိုင်သော ရဟန္တာမျိုးဖြစ်သည်။

၃။ တေဝိဇ္ဇ ရဟန္တာဆိုသည်မှာ-ပုဗ္ဗေနိဝါသဉာဉ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ်တို့ကို ရရှိသော ရဟန္တာမျိုးဖြစ်၍

၄။ သုက္ခဝိပဿက ရဟန္တာဟူသည်မှာ-ရဟန္တာဖြစ်သော်လည်း စျာန်မရသော ရဟန္တာမျိုးဖြစ်သည်။

အားလုံးရဟန္တာချည်းဖြစ်သော်လည်း

၁-မှာ အဆင့်အမြင့်ဆုံးဖြစ်၍ ၄-မှာ အဆင့်နိမ့်သည်ဟု ဆိုနိုင်ပါသည်။

ကမ္ဘာသက္ကရာဇ်ကို ပြောဆိုရာ၌ ခရာဇ်သက္ကရာဇ်ကို အသုံးပြုရသဖြင့် ခရစ်တော်မပေါ်မီက နှစ်ကို ဘီစီ-ဟုဆို၍

ခရစ်ပေါ်ပြီးမှ နောက်ဖြစ်သော သက္ကရာဇ်ကို အေဒီ-ဟု ဆိုပါသည်။

ဥပမာ-မြတ်စွာဘုရားသည် ဘီစီ-၅၄၄-တွင် ပရိနိဗ္ဗာန်ပြုသည်။

ယခုအချိန်အခါသည် အေဒီ ၂၀-ရာစု ရှိနေပြီဟူသည်တည်း။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရဟန္တာနှင့် ကာလနဂါး

(မေး) (ရဟန္တာနှင့် ကာလနဂါး)

ဆရာတော်ဘုရား၊

၁။ ရဟန္တာဖြစ်လျှင် မိမိငယ်စဉ်ကတည်းက သင်အံ ကျက်မှတ်ထားသော စာများ ရပါသလားဘုရား။

၂။ ဘုရားအဆူဆူ ပွင့်ပါလျက် ကာလနဂါးသည် အဘယ်ကြောင့် မကျွတ်ပါသလဲဘုရား။

(မသီရိမာလာ-ရန်ကုန်)

(ဖြေ)

၁။ ရဟန္တာသည်

က။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ။

ခ။ ဆဠာဘိည ရဟန္တာ။

ဂ။ တေဝိဇ္ဇ ရဟန္တာ။

ဃ။ သုက္ခဝိပဿက ရဟန္တာ ဟူ၍ ၄-မျိုးရှိသည်။

အနိမ့်ဆုံး သုက္ခဝိပဿက ရဟန္တာမှာ စျာန်မရသော ရဟန္တာမျိုး ဖြစ်သည်။

ဉာဏ်အမြင်မှာမူ ထက်မြက်ပြည့်စုံ၍ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့ထက် သာလွန်သော ပညာရှိသဖြင့် ငယ်စဉ်က သင်အံထားသောစာများထက် ပိုမို၍ပင် သိမြင်တတ်မြောက်နိုင်မည်မှာ အထူးဆိုစရာ မလိုတော့ပါ။

အထက်မြက်ဆုံး ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်လျှင်ကား မူလက စာတလုံးမှ မတတ်သူပင် ဖြစ်စေကာမူ ပိဋကတ်သုံးပုံကို အာဂုံဆောင်စွမ်းနိုင်တော့သည်။

၂။ ကာလနဂါးသည် တကမ္ဘာ အသက်ရှည်၍ ယင်းကမ္ဘာအတွင်း၌ ပွင့်သော ဘုရားများကို မီနိုင်၊ ဖူးတွေ့နိုင်လေသည်။

သို့သော် နဂါးဘဝသည် (တိရန္တိ အဓောဘာဂေန ဂစ္ဆန္တီတိ တိရစ္ဆာနာ) -ဟု ဆိုသဖြင့် အောက်အဖို့အားဖြင့်သာ လားရောက်တတ်သော တိရစ္ဆာန်မျိုး။

တနည်း-မဂ်ဖိုလ်မှ ဖီလာသွားတတ်ကုန်သော တိရစ္ဆာန်မျိုး ဖြစ်သဖြင့် နဂါးဘဝဖြင့် ကျွတ်တမ်းဝင်နိုင်ဖွယ် မရှိပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရှင်စူဠပန် ဉာဏ်ကောင်းဂါထာ

(မေး) (ရှင်စူဠပန် ဉာဏ်ကောင်းဂါထာ)

မြတ်စွာဘုရားလက်ထက်က အလွန်ဉာဏ်လေးသော စူဠပန်ထေရ်အား ဉာဏ်ကောင်းစေရန် မြတ်စွာဘုရားက ဂါထာတပုဒ်ပေးသည်ဟု သိရပါသည်၊ အရှင်စူဠပန်ထေရ်သည် ထိုဂါထာကို အကြိမ်ကြိမ်ရွတ်၍ ပုတီးစိပ်သောအခါ ဉာဏ်ကောင်းကာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်သွားသည်ဟု ဆိုပါသည် ထိုမြတ်စွာဘုရားပေးသော ဂါထာကို ကျက်မှတ်လိုပါသဖြင့် ဖော်ထုတ်ရေးသား ချီးမြှင့်တော်မူပါရန် လျှောက်ထားအပ်အပ်ပါသည် ဘုရား။

(ကိုထွဋ်-ဆေးတက္ကသိုလ်)

(ဖြေ)

စူဠပန္ထကမထေရ်သည် ဝဋ်ကြွေးကြောင့် ဂါထာတပုဒ်ကိုပင် လေးလကျက်၍ မရနိုင်လောက်အောင် ဉာဏ်လေးသဖြင့် နောင်တော် မဟာပန္ထက မထေရ်က ကျောင်းတိုက်မှ နှင်ထုတ်လိုက်ပါသည်။

ရဟန္တာဖြစ်နိုင်သည့် အကြောင်းပါရမီကို မြင်တော်မူ၍ မြတ်စွာဘုရားက ခေါ်တော်မူကာ ဖြူဖွေးသော အဝတ်စ တစကိုပေး၍ ရဇော ဟရဏံ, ရဇော ဟရဏံ-ဟု အကြိမ်ကြိမ်ရွတ်ဆိုစေခဲ့ပြီး အဝတ်ဖြူစကို ပွတ်သပ်စေ ဆုပ်နယ်စေပါသည်၊

ရဇော ဟရဏံ-ဟူသောပါဠိမှာ မြူအညစ်အကြေးကို ဆောင်သည်-ဟုဆိုလိုပြီး ဖြူစင်သောအရာဝတ္ထုမှန်သမျှ မမြဲ၊ ညစ်မည်းရမည်သာ-ဟု ထင်မြင်အောင် ကြံဆောင်တရားပြလိုက်ခြင်းပင် ဖြစ်ပါသည်။

ဂါထာပေးခြင်း ပုတီးစိပ်စေခြင်း မဟုတ်ပါ၊ သို့သော် ရဇော ဟရဏံ-ကို ပုတီးစိပ်သည့်ပမာ အထပ်ထပ် ရွတ်ဆိုနေစဉ်ပင် အဝတ်ဖြူစ ညစ်မည်း၍ ဤအဝတ်စသည် အလွန်ဖြူစင်၏၊ ဤငါ၏ အတ္တဘောခန္ဓာကိုယ်ကို မှီ၍ ရှေးသဘောကို စွန့်ကာ ဤနှယ် ညစ်နွမ်းသွားရပါတကား၊ သင်္ခါရတရားတို့ကား မမြဲပါတကား-ဟု တရားမြင်ကာ ဝိပဿနာပွား၍ ပဋိသမ္ဘိဒါပတ္တရဟန္တာအဖြစ်သို့ ရောက်သွားရပါသည်။

ထိုရဇော ဟရဏံကိုပင် ဂါထာအဖြစ် ရွတ်ဆိုလိုပါက အဝတ်ဖြူစငယ်ကို ဆုပ်နယ်သုံးသပ်၍ အထပ်ထပ် ရွတ်ပွားရန်ပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရှင်မပြုဘဲ ရဟန်းခံ၍ ရ-မရ

(မေး) (ရှင်မပြုဘဲ ရဟန်းခံ၍ ရ-မရ)

အရှင်ဘုရား၊ ရှင်သာမဏေ ပြုမနေဘဲ လူဝတ်လူစားအနေမှ သိမ်ဝင်၍ ရဟန်းခံလျှင် ရဟန်း ဖြစ်-မဖြစ် သာဓကပြ၍ ဖြေကြားပေးတော်မူစေလိုပါသည်ဘုရား။

(ဦးဝိလာသ-ကျ-ပ-ထ-အင်းစိန်မြို့နယ်)

(ဖြေ)

သာမဏေပြုရာတွင် ဆံရိတ်ခြင်း၊ သင်္ကန်းဝတ်ခြင်း၊ သရဏဂုံကို ဥဘတောသုဒ္ဓိ ပီသစေခြင်း အင်္ဂါ ၃-ပါးညီမှသာ သာမဏေဖြစ်သော်လည်း ရဟန်းခံရာ၌ကား ဆံမရိတ်ဘဲ လူဝတ်ဖြင့် သိမ်ဝင်၍ ကမ္မဝါစာဖတ်လျှင် ရဟန်းဖြစ်ပါသည်။ သာဓကမှာ- ဥပဇ္ဈာယော စေ ကေသမဿုံ ဩရောဟနာဒီနိ အကတွာ ပဗ္ဗဇ္ဇတ္တံ သရဏာနိ ဒေတိ နရုဟတိ ပဗ္ဗဇ္ဇာ၊ ကမ္မဝါစံ ဝါစာပေတွာ ဥပသမ္ပာဒေတိ ရုဟတိ ဥပသမ္ပဒါ၊ အပတ္တစီဝရာနံ ဥပသမ္ပဒါသိဒ္ဓိ ဒဿနတော။ (ဝဇိရဗုဒ္ဓိ)

ဆံမရိတ်ဘဲ လူဝတ်ဖြင့် ရဟန်းခံရာ၌ ကမ္မဝါစာ၏ သတ္တိကြောင့် ရဟန်းဖြစ်နိုင်ကြောင်း ဖော်ပြပါအတိုင်း အဆိုရှိသော်လည်း တသာသနာလုံး အစဉ်အလာ ထုံးတမ်းမရှိခဲ့သဖြင့် အဆန်းထွင်၍ မပြုလုပ်သင့်ကြောင်း ဆရာသမားတို့ ဆုံးမတော်မူခဲ့ကြသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရှင်ပြုရဟန်းခံကိစ္စ

(မေး) (ရှင်ပြုရဟန်းခံကိစ္စ)

အရှင်ဘုရား၊ မိမိရင်၌ဖြစ်သော (သကပုတ္တ)ကို သာသနာတော်တွင်းသို့ ရှင်အဖြစ်၊ ရဟန်းအဖြစ် သွင်သွင်း ချီးမြှောက်လျှင် သာသနဒါယာဒ သာသနာ့အမွေခံ ဖြစ်နိုင်သည်ဟု ဆရာတော်များ ဟောကြားသည်ကို နာကြားရပါသည်။ မိမိမှာ သားမရှိ၍ သူတပါးသား (ပရပုတ္တ) ကိုယူ၍ သာမဏေရ ရဟန်းပြုပေးပြီး ချီးမြှောက်လျှင် သာသနဒါယာဒ သာသနာ့အမွေခံ ဖြစ်နိုင်-မဖြစ်နိုင် သိလိုပါသည်ဘုရား။

(မောင်ဘဖြူ-ပဲခူး)

(ဖြေ)

သကပုတ္တ မိမိသားကိုဖြစ်စေ၊ ပရပုတ္တ သူတပါးသားကိုဖြစ်စေ ပရိက္ခရာရှစ်ပါးဖြင့် သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်၍ ရှင်ဒကာ၊ ရဟန်းဒကာပြုကာ ရဟန်းတရားကို အားထုတ်ကျင့်ဆောင်စေလျှင် သာသန ဒါယာဒ သာသနာ့အမွေခံဖြစ်၏၊ ထိုသို့ဖြစ်လျက် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ရဟန္တာအရှင်မြတ်ကြီးက အသောကမင်းကြီးအား အဒ္ဓေါ ဝါ ဒလိဒ္ဒေါ ဝါ အတ္တနော ဩရသံ ပုတ္တံ ပဗ္ဗာဇေတိ အလံ ဝုစ္စတိ ဒါယာဒေါ သာသနဿ-ဟု အဘယ်ကြောင့် မိမိသားကိုသာ အထူးဟောကြားပါသနည်းဟူမူ မဟိန္ဒမင်းသား ရဟန်းဖြစ်ရန် ရည်ရွယ်၍ ဟောတော်မူခြင်းဖြစ်သည်။

မဟိန္ဒမင်းသားသည် ရဟန်းဖြစ်၍ သီဟိုဠ် (သီရိလင်္ကာ)ကျွန်းသို့ သွားရောက်သာသနာပြုကာ သာသနာတော် လွန်စွာထွန်းလင်းမည်။ သာသနာတော်၌ လွန်စွာအကျိုးရှိမည်ကို ရည်ရွယ်၍ အတ္တနော ဩရသံ ပုတ္တံ-ဟု မိမိသားရင်းကို သာသနာတွင်း သွတ်သွင်းချီးမြှောက်ရန် ဟောကြောင်း မှတ်သားရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရှင်ရာဟုလာ

(မေး)။ မြတ်စွာဘုရား၏ သားတော် ရှင်ရာဟုလာသည် မယ်တော်က ဘုရားထံ အမွေတောင်းခိုင်း၍ အမွေတောင်းရာ သာသနာ့အမွေကို ပေးလိုက်သည်-ဟု သိရပါသည်၊ နောက် ရဟန်းဖြစ်ပါသလားဘုရား။

(ဦးကေသရ-တောရကျောင်း၊ ထုံးအိုင်)

(ဖြေ)။ ရှင်ရာဟုလာသည် ရဟန်းဖြစ်ရုံမျှမက ရဟန္တာအဖြစ်သို့ ရောက်ခဲ့ပါသည်။

သက်တော် ၄၀-မပြည့်မီ အရွယ်တော်ငယ်ငယ်ဖြင့်ပင် တာဝတိံသာနတ်ပြည်၌ ပရိနိဗ္ဗာန် ပြုတော်မူသွားကြောင်း သိရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရှင်ဥပဂုတ္တ ရဟန္တာ

(မေး) (ရှင်ဥပဂုတ္တ ရဟန္တာ)

အရှင်ဘုရား ထေရဝါဒ မြတ်ဗုဒ္ဓသာသနာ၌ တောင်သမုဒ္ဒရာ ကြေးပြာသာဒ်တွင်စံသည့် ရှင်ဥပဂုတ္တမထေရ် တကယ်ရှိ-မရှိ သိချင်ပါသည်။ အချို့သောစာစောင်မှာ ရှိသည်ဟု ဆိုသည်။ အချို့က မရှိဘူးဟုဆိုသည်။ ဘယ်ဟာက မှန်၍ ဘယ်ဟာက မှားသည်ဆိုတာ ရှင်းလင်းစွာ ဖြေကြားပေးတော်မူပါဘုရား။

(ခင်မောင်စိုး-ဂွမြို့)

(ဖြေ)

အရှင်ဥပဂုတ္တသည် သာသနာတော်နှစ် နှစ်ရာကျော်အချိန် အသောကမင်းလက်ထက်၌ ပေါ်ပေါက်ခဲ့ကြောင်း မာရ်နတ်ကို ဆုံးမနိုင်သည်အထိ တန်ခိုးကြီးမားကြောင်း စာရှိပါသည်။ အချို့က ယခုအထိပင် တောင်သမုဒ္ဒရာ၌ ရှိနေကြောင်း ယုံကြည်နေကြသည်။ သို့သော် အသက်တရာတမ်းဖြစ်သော ဤခေတ်တွင် အသက်နှစ်ရာအထိ ရှည်နိုင်သူ မရှိကြောင်း ဘုရားဟောရှိ၍ အရှင်ဥပဂုတ္တသည်လည်း ဤခေတ်အထိ သက်ရှိထင်ရှား မရှိန်ိုင်တော့ပါ။

သို့သော် မြတ်စွာဘုရား မရှိသော်လည်း မြတ်စွာဘုရား၏ တန်ခိုးတော်များ ထင်ရှားရှိနေသကဲ့သို့ အရှင်ဥပဂုတ္တမထေရ် ရဟန္တာမြတ် မရှိသော်လည်း ထိုရဟန္တာမြတ်အား ကိုးကွယ်ခြင်းဖြင့် အကျိုးထူးတရားများ ပွားများနိုင်ကြောင်း၊ ယုံမှားမရှိ သိသာထင်ရှားလှသဖြင့် ကိုးကွယ်ဆည်းကပ် လေးမြတ်ပူဇော်အပ်လှပါကြောင်း ဖြေကြားလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရှင်လေးပါး၊ သေလေးပါး

(မေး) (ရှင်လေးပါး၊ သေလေးပါး)

အရှင်ဘုရား၊ ရှင်လေးပါး၊ သေလေးပါးဆိုတာ အဘယ်ပုဂ္ဂိုလ်များဖြစ်၍ အဘယ်အရပ်မှာ သီတင်းသုံးနေတော်မူပါသနည်း ဘုရား၊ သိမှတ်လိုပါသောကြောင့် ဖြေကြားပေးတော်မူပါဘုရား။

(အရှင်သုဇာတ-မန္တလေး)

(ဖြေ)

ရှင်လေးပါး-

ရှင်ဥပဂုတ်၊ တန်ခိုးချုပ်၊ သမုဒ်တောင်မျက်နှာ။

ရှင်မေရသ၊ ပစ္ဆိမ၊ နေထ မြောက်မျက်နှာ။

ခေမာဝတ္ထ၊ နေတုံက၊ ဒေသ မြောက်မျက်နှာ။

ဓမ္မရသ၊ ထေရ်မြတ်လှ၊ နေထ ရှေ့မျက်နှာ။

ရှင်လေးပါးတွင်၊ ဤသည်ပင်၊ ဝမ်းတွင် စွဲမှတ်ပါ။

သေလေးပါး-

ဝေဘာရတောင်၊ အလယ်ခေါင်၊ ထွန်းပြောင်ကဿပ ထေရ်နေရာ။

သုဘာသာရ၊ နေတုံက၊ ဥတ္တမ တောင်၌သာ။

မကုလတောင်၊ ထွတ်မြတ်ခေါင်၊ ထွန်းပြောင် ရှင်ခေမာ။

ဓမ္မရသ၊ အမည်ရ၊ ဝေမိဿက တောင်၌သာ။

သေလေးပါးလျှင်၊ အမည်တွင်၊ ဝမ်းတွင်စွဲမှတ်ပါ။

(အမေးရှိ၍ ဖြေလိုက်သည် ကျမ်းကြီးကျမ်းခိုင် မလာ။ သုံးပုံတချူကျမ်းစာတွင် လာရှိသည်)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရှစ်ပါးသီလနှင့် တီဗွီ ဗွီဒီယို

(မေး) (ရှစ်ပါးသီလနှင့် တီဗွီ ဗွီဒီယို)

အရှင်ဘုရား သီလဆောက်တည်ရာ၌ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလများတွင် ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းနှင့် ကြည့်ရှု နားထောင်ခြင်းတို့မှ ရှောင်ကြဉ်ပါမည်-ဟု ဆိုပါသည်၊

သီလဆောက်တည်ထားသော ဥပုသ်သည်သည် ယခုခေတ် တီဗွီ၊ ဗွီဒီယိုများ ကြည့်ရှုပါက ဆောက်တည်ထားသောသီလ ကျိုးပေါက်ခြင်း ရှိ-မရှိ သိလိုပါသည်ဘုရား။

(ချိုအေး-မြို့မရပ်၊ အထက်မင်းလှ)

(ဖြေ)

ရှစ်ပါး ကိုးပါး ဆယ်ပါးသီလ ဆောက်တည်ထားသူသည် ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းတို့နှင့် ယင်းတို့အား ကြည့်ရှုနားထောင်ခြင်းတို့ကို လုံးဝရှောင်ကြဉ်ရသည်၊

အနည်းဆုံး မျောက်ကခြင်း၊ ဥဒေါင်းကခြင်း စသည်မျိုးကိုပင် ကြည့်ရှုနားထောင်ခြင်း မပြုရသဖြင့် ရေဒီယိုမှ လာသော သီချင်းသံများ၊ တီဗွီ ဗွီဒီယိုတို့မှ ပြသသော ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းများကို ကြည့်ရှုနားထောင်မှု မပြုရသည်မှာ ထင်ရှားပါသည်။

ဥပုသ်စောင့်သုံးခြင်းမှာ လောကရေးရာများဖြစ်သော ကာမဂုဏ်မှုကိစ္စတို့မှ အနားပေးကာ အရိယာပုဂ္ဂိုလ်တို့ကို တုပနည်းယူလျက် ဗုဒ္ဓဘာသာတို့၏ အနှစ်သာရ သီလတရားတို့ဖြင့် မိမိ၏စိတ်နှလုံးကို ထုံမွှမ်းပြီးလျှင် ဘာဝနာစခန်းသို့ တက်လှမ်းအားထုတ်ရန် ကြိုးစားနေခြင်းမျိုးသာဖြစ်၍ လူ့လောကဆိုင်ရာ ကာမဂုဏ်အားပေးသော အပျော်အရွှင်မျိုးတို့ကို ဖယ်ရှားနိုင်ရန်သာ အားထုတ်ရပါမည်၊

ထို့ကြောင့် ဥပုသ်သီလ စောင့်သုံးသောနေ့တို့တွင် ဇနီးမောင်နှံခွဲခြား၍ အိပ်စက်ခြင်း၊ ညစာဟူသမျှ ရှောင်ကြဉ်ခြင်း၊ အဆိုပါ ကခုန်သီဆိုမှုတို့ကို မျက်နှာလွှဲခြင်းနှင့် ကုတင်မွေ့ရာ ထည်ဝါခမ်းနားသော အသုံးအဆောင်တို့ကို ရှောင်ရှားခြင်းပြုလျက် ပုတီးစိပ် ဂုဏ်တော်ပွားများခြင်း၊ မေတ္တာပို့ခြင်း၊ ဝိပဿနာတရား ပွားများခြင်း စသော ကုသိုလ်ကောင်းမှုတို့ဖြင့် တနေ့တာကို ကုန်ဆုံးစေသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာ

(မေး) (ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာ)

အရှင်ဘုရား၊ မြတ်စွာဘုရား သီတင်းသုံးရာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်ကို ရှဉ့်နက်တို့ကို အစာပေး၍ မွေးမြူရာဖြစ်သော-ဟု ဝိသေသနတပ်၍ ဆိုသည်မှာ အဘယ်သူသည် အဘယ်အခါက ရှဉ့်နက်တို့ကို အစာပေး၍ မွေးမြူထားခြင်း ဖြစ်ပါသလဲဘုရား။

(ဦးစိန်ထွန်း-ဆင်တဲ)

(ဖြေ)

ကလန္ဒ နိဝါပ-(ကလန္ဒ-ရှဉ့်နက်တို့ကို၊ နိဝါပ-အစာပေးရာ) ရှဉ့်နက်တို့ကို အစာပေးရာဌာန။

အဋ္ဌကထာတို့တွင် ရှေးအခါက မင်းတပါးသည် ထိုဌာနဥယျာဉ်၌ ကစားရန်လာသော် သေရည်ယစ်မူး၍ သစ်ပင်ရင်းတခုဝယ် အိပ်လေ၏၊ နောက်လိုက်နောက်ပါတို့သည် ဟိုဟိုသည်သည် သွားကုန်၏၊

ထိုအခါ သေနံ့ကိုရ၍ သစ်ခေါင်းတွင်နေသော မြွေဟောက်တကောင်သည် ထွက်၍လာပြီးသော် အိပ်နေသောမင်းကြီးအထံသို့ သွားလေ၏၊

ထိုအခြင်းအရာကို ရုက္ခစိုးနတ်မြင်လျှင် မင်းကြီးအား အသက်ကိုပေးအံ့-ဟူ၍ ရှဉ့်နက်အသွင် ဖန်ဆင်းကာ မင်းကြီး၏ နားအနီး၌ မြည်လေ၏၊ မင်းကြီးနိုးလတ်သော် မြွေဟောက်သည် ဆုတ်ခွါသွားလေ၏၊ မင်းကြီးသည် ရှဉ့်နက်ကိုမြင်၍ ဤရှဉ့်နက်သည် အသက်ကိုပေး၏-ဟု ကျေးဇူးတင်လျက် ဥယျာဉ်၌ ရှဉ့်နက်တို့ကို အစာကျွေးစေလျက် ဘေးမဲ့ပေးလေ၏၊ ထိုနေရာ၌ ဝေဠုဝန်ကျောင်းတော်ဖြစ်၍ ကလန္ဒ နိဝါပ-ရှဉ့်နက်တို့ကို အစာပေးရာဌာန-ဟု ခေါ်သည်-ဟု ဖွင့်ဆိုထားသည်ကို မှတ်သားနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရှိခိုးလက်အုပ်ချီခြင်းနှင့် တရာစခန်းသို့ခေါ်ခြင်း

(မေး) (ရှိခိုးလက်အုပ်ချီခြင်းနှင့် တရာစခန်းသို့ခေါ်ခြင်း)

အရှင်ဘုရား၊ ကုသိုလ် ဒါန ရေစက်ချသည့်အခါ မေတ္တာပို့ခြင်း၊ အမျှဝေသည့်အချိန်မှာ လက်စုံမိုး၍ ရှိခိုးနေခြင်း နှင့် အချို့က လက်စုံချ၍ ထားကြခြင်းများရှိရာ မည်သည့်အပြုအမူက မှန်ကန်ကြောင်း တပည့်တော်အား ရှင်းလင်းညွှန်ပြပေးတော်မူပါဘုရား။

ထို့ပြင် ဥပုသ်ကျောင်း တရားစခန်းများသို့ မလိုက်လို၊ မသွားလိုသောသူများအား ခေါ်ခြင်း၊ မကြာခဏ တိုက်တွန်းခြင်းမျိုးသည် အပြစ်ရှိသည်ဟု ဆိုပါသည်၊ တပည့်တော်မှာ စိတ်မချမ်းမသာ ဖြစ်ရပါသဖြင့် ဖြေကြားရှင်းလင်းပြတော်မူပါဘုရား။

(ဒေါ်သိန်းခင်-လားရှိုးမြို့၊ ပညာရေး-ငြိမ်း)

(ဖြေ)

ကုသိုလ်ဒါန ရေစက်ချသည့်အခါ မေတ္တာပို့ခြင်း၊ အမျှဝေသည့်အချိန်မှာ လက်စုံမိုး၍ ရှိခိုးသာဓုခေါ်ခြင်းများ ရှိရာတွင် အလှူရှင်အား မေတ္တာပို့ခြင်းနှင့် အမျှဝေရာတွင် လက်စုံမိုး၍ ရှိခိုးသာဓုခေါ်ခြင်းတို့ မှာ အလွန်ကောင်းမွန်သော အပြုအမူများဖြစ်၍ ကြိုးစားပြုလုပ်ရန် သင့်ပါသည်။ လူတိုင်းပင် ထိုအတိုင်း ပြုမူသင့်ပါသည်။

ဥပုသ်ကျောင်း၊ တရားစခန်းများသို့ မသွားလိုသူတို့အား သွားချင်အောင်၊ သွားဖြစ်အောင် မကြာခဏ တိုက်တွန်းခြင်း၊ ဖြစ်နိုင်လျှင် အတင်းအကျပ် ခေါ်ငင်ခြင်းတို့မှာ ဗုဒ္ဓဘာသာတိုင်း၏ ဝတ္တရားပင် ဖြစ်ပါ၏၊ မိဘများ သဒ္ဓါတရားနည်းပါးလျှင် လှူချင်အောင်၊ အားထုတ်ချင်အောင် တိုက်တွန်း၍ မိဘများ လိုက်ပါလာလျှင် သားသမီး၏ ဝတ္တရားပင် ကျေပွန်ကြောင်း အဆိုရှိပါသည်။ ကြိုးစား၍ တိုက်တွန်းနှိုးဆော်ရန် သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရှိခိုးသင့် ရှိမခိုးသင့်

(မေး) (ရှိခိုးသင့် ရှိမခိုးသင့်)

အရှင်ဘုရား၊ (၁) တပည့်တော်သည် ငယ်ရွယ်သူ တူ-တူမများ၊ တပည့်တပန်းများက မေးသော်လည်း တပည့်တော် မဖြေနိုင်သောကိစ္စတခု ရှိနေပါသည်။

လူပုဂ္ဂိုလ်သည် မိမိထက် အသက်ငယ်ရွယ်သူ သီလရှင်များကို ရှိခိုးဦးချနိုင်-ဦးမချနိုင်၊ သီလရှင်သည် မိမိထက် အသက်ကြီးသော လူပုဂ္ဂိုလ် (ဥပမာ-မိဘ၊ ဦးကြီး၊ ဘကြီး၊ ဆရာသမား) ကို ရှိခိုး ဦးချနိုင်-ဦးမချနိုင် ဖြစ်ပါသည်။ ဆရာတော်ဘုရားက မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါ။

(၂) နောက်တခု တပည့်တော် သိလိုသောအချက်တချက်မှာ-ရသေ့၊ ရသေ့မတို့သည် ရှစ်ပါးသီလ မထိန်းသိမ်းဘဲ ငါးပါးသီလအဆင့်ဖြင့် နေနိုင်-မနေနိုင်ကိုလည်း ဖြေကြားပေးတော်မူပါ။

(ဦးမောင်ဦး-မီးရထားဆေးပေးခန်း တောင်ငူ)

(ဖြေ)

သီလရှင်များကို ရှိခိုးသင့်-မသင့်ကို ၂၀၀၃-ခု စကတ်ငဘာလထုတ်တွင် ဖြေဆိုပြီးဖြစ်ပါသည်။

ရသေ့-ရသေ့မ (ပရိဗိုဇ်မ) များသည် လူနှင့်မတူသော ဖန်ရည်စွန်းသော အဝတ်ကိုဝတ်သော ပုဂ္ဂိုလ်များဖြစ်၍ လူတို့၏ ဂရုဓမ္မနိစ္စသီလ ဖြစ်သော ၅-ပါးသီလနှင့် မတူသော သမဏ ပဗ္ဗဇ္ဇ သီလမျိုးဖြစ်သော ၁၀-ပါးသီလကို စောင့်ထိန်းကြမှသာ အသွင်ထူးသလို သီလအကျင့်လည်း ထူးခြားပါမည်။ ၁၀-ပါးသီလ ဆောက်တည်ကြကြောင်းကို ဒီပဝံသပါဠိ ၈၁-ဂါထာ၌ ဖော်ပြထားကြောင်း သိရသည်။

၁၀-ပါးသီလ မစောင့်ထိန်းနိုင်ပါက အနည်းဆုံး ၈-ပါးသီလမျှကို စောင့်ထိန်းမှသာ အသွင်တော်နှင့် အကျင့် သင့်လျော်ညီညွတ်ပါလိမ့်မည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

လက်ညှိုးကိုဖြတ်၍ ဘုရားလှူခြင်း

(မေး) (လက်ညှိုးကိုဖြတ်၍ ဘုရားလှူခြင်း)

အရှင်ဘုရား၊ တပည့်တော် ကျိုက်ထီးရိုး ဘုရားဖူးသွားရာ ရဟန်းတော်တပါးသည် ကျိုက်ထီးရိုးဘုရားအား လက်ညှိုးကိုဖြတ်၍ မီးပူဇော်လှူဒါန်းနေသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ လက်ညှိုးကိုဖြတ်၍ လှူဒါန်းခြင်း စသည်တို့ကို ရဟန်းတို့ ပြုလုပ်အပ်ပါသလော။ ဝိနည်းကျမ်းဂန်အရ ဖြေကြားတော်မူပါဘုရား။

(ဖြေ)

ဘုရားအား နား-နှာခေါင်း-လက်ချောင်း စသည်တို့ကို ဖြတ်၍လှူခြင်းကို မပြုအပ်ကြောင်း အဋ္ဌကထာတို့တွင် ဆိုထားပါသည်။ အညံ ပန ကဏ္ဏနာသအင်္ဂုလိအာဒိံ ယံကိဉ္စိ ဆိန္ဒန္တဿ တာဒိသံဝါ ဒုက္ခံ ဥပ္ပါဒေန္တဿ ဒုက္ကဋံ (ဝိ-ဌ ၄-၄၆) အရ နား-နှာခေါင်း-လက်ချောင်း စသည်ကို ဖြတ်၍လှူဒါန်းသော ရဟန်းအား၄င်း၊ ထိုကဲ့သို့ သဘောရှိသော ဆင်းရင်းကိုဖြစ်စေသော ရဟန်းအား၄င်း ဒုက္ကဋ်အာပတ်သင့်ပါသည်။

အချို့ ဗဟုသုတနည်းပါးသော ရဟန်းများသည် အင်္ဂါကြီးငယ်ကို လှူဒါန်းဖြင်းမှာ ဒါနဥပပါရမီ ဖြစ်သည်ဟု ဆိုကြသည်။ မိမိကိုယ်ကို ပါရမီရှင် အလောင်းတော်ဟုလည်း ဆိုကြပါသည်။ ထိုသို့ဆိုပြီး လက်ချောင်းတို့ကို ဖြတ်၍ လှူဒါန်းတတ်ကြပါသည်။ ဖော်ပြပါ ဝိနည်းအဋ္ဌကထာစကားအရ လုံးဝ မပြုလုပ်အပ်ဟူ၍ မှတ်သားစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လက်ဝတ်ရတနာ ဌာပနာသွင်းခြင်း

(မေး) ဘုရားစေတီများတွင် အဖိုးတန် လက်ဝတ်ရတနာများ ထည့်သွင်း ဌာပနာခြင်း၏ အဓိပ္ပါယ်ကို ရှင်းလင်းစွာ ဖြေကြားပေးတော်မူပါဘုရား။

(မောင်စိုးလတ်-ထားဝယ်မြို့)

(ဖြေ)

ဘုရားစေတီများတွင် အဖိုးတန် လက်ဝတ်ရတနာများကို ဌာပနာရာ၌ အဓိပ္ပါယ် ၂-မျိုးရှိပါသည်။

၁။ အဓိပ္ပါယ်တမျိုးမှာ စေတီတော်အတွင်း ဌာပနာတိုက်၌ ကိန်းအောင်း စံပယ်တော်မူကုန်သော သရီရဓာတ်တော်

မွေတော်များနှင့် ဥဒ္ဒိဿစေတီတော်များအား မိမိ၏အသုံးအဆောင် လက်ဝတ်ရတနာများဖြင့် ပူဇော်ခြင်းဖြစ်သည်။

၂။ အခြားအဓိပ္ပါယ်တမျိုးမှာ နောင် ဤဓာတုစေတီတော် ပျက်စီးသွားလျှင် မိမိဌာပနာလိုက်သော အဖိုးတန် လက်ဝတ်ရတနာများကို ထုခွဲ၍ ရရှိလာသော ငွေအသပြာတို့ဖြင့် ပြန်လည်ပြုပြင် တည်ထားရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။

ယင်းအမှတ် ၂-အဓိပ္ပါယ်ကို အသောကမင်းကြီး ဓာတ်တော် မွေတော်များကို မြှုပ်နှံဌာပနာရာ၌ ကြီးမားလှစွာသော ပတ္တမြားကြီးကို ဌာပနာသွင်းကာ နောင်သောအခါ မင်းဆင်းရဲသည် ဤပတ္တမြားကိုယူ၍ ထုခွဲရောင်ချပြီးသော် ဓာတ်တော်များအား ပူဇော်မှု ပြုစေသတည်း-ဟု ကမ္ပည်းရေးထိုးခဲ့ကြောင်းဖြင့် ထင်ရှားသည်။

ထို့ပြင် မြန်မာနိုင်ငံ အထက်ပိုင်း မြို့တမြို့တွင် ရှေးဟောင်းစေတီတဆူ ပြိုပျက်ရာတွင် ဌာပနာတိုက်မှ ၁ရိ/သားခန့်ရှိသော ငွေတုံးတတုံးကို တွေ့ရကြောင်း ထိုငွေတုံးကြီးတွင် နောင် ဤစေတီ ပြိုပျက်ပါက ဤငွေတုံးကြီးကို ထုခွဲရောင်းချ၍ ရရှိသော ငွေဖြင့် ပြန်လည်တည်ထားကြပါကုန်-ဟု ကမ္ပည်းရေးထိုးထားကြောင်း ကြားသိရဖူးပေသည်။

မည်သည့်အဓိပ္ပါယ်နှင့် ဌာပနာသွင်းသည်ဖြစ်စေ အလွန်ထက်သန် ကောင်းမွန်သော စေတနာများဖြစ်သည်၊

ကုသိုလ်အထူး ဆည်းပူးပြုလုပ်မှုမျိုးပင် ဖြစ်သည်။ အလွန်အကျိုးရှိသည်ဟူ၍သာ မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လက်အုပ် နှင့် လက်စုံ

(မေး) (လက်အုပ် နှင့် လက်စုံ)

အရှင်ဘုရား၊ ဩကာသအစချီပြီး သီလယူရာတွင်၄င်း၊ ဘုရားရှိခိုးရာတွင်၄င်း၊ အချို့က လက်အုပ်မိုး၍ ဆိုပြီး အချို့က လက်စုံမိုး၍ဟု ဆိုပါသည်။ မည်သို့ဆိုသင့်သည်ကို အမိန့်ရှိပါဘုရား။

နောက်တခု အမျှဝေပြီး သာဓုခေါ်ရာတွင် အချို့က သာဓု သာဓု သာဓု-ဟုသာ ဆို၍ အချို့က သာဓု သာဓု သာဓုပါဘုရား-ဟု ဘုရားထည့်ပြီး ဆိုပါသည်။ မည်သို့ဆိုရမည်ကိုလည်း အမိန့်ရှိတော်မူပါဘုရား။

(ဒေါ်မြင့်မြင့်သောင်း-မြောက်ဥက္ကလာပမြို့နယ်)

(ဖြေ)

လက်အုပ်၌ အုပ်ဟူသည်-လက်နှစ်ဖက်ပူးကပ်ထားသည်ကို ဆို၏၊ စာအုပ်စာရွက်များ ပူးကပ်ထားသည်ကို သတိပြုပါ။

လက်စုံ-လက်အစုံ လက်ဆယ်ချောင်းအစုံကို ဆိုသည်။

မိုးဟူသည်မှာ-လက်အုပ် လက်စုံများ မျက်နှာ, နထူးပေါ်၌ မိုးလျက် ရှိခိုးခြင်းကို ဆိုသည်။

လက်အုပ်မိုးသည် လက်စုံမိုးသည်-နှစ်မျိုး၌ လက်စုံမိုးခြင်းထက် လက်အုပ်မိုးခြင်းက ပို၍သင့်သကဲ့သို့ ရှိသည်။ ထို့ကြောင့်လည်း ဩကာသမူတိုင်း၌ လက်အုပ်မိုး၍ချည်း ရှိသည်။ ဗုဒ္ဓဘာသာလက်စွဲ ဗုဒ္ဓဘာသာကောင်းတယောက်တို့တွင် ထိုအတိုင်းပင် ရှိပါသည်။

ကဝိလက္ခဏာသတ်ပုံကျမ်း၌လည်း-လက်ဝါးရုံးရှုပ်၊ ဆယ်ချောင်းရုပ်၊ ရှိအုပ်ပန်းဆယ်ခိုင်-ဟု လက်အုပ်ကိုပင် အတည်ပြုစပ်ဆိုထားပေသည်။

သာဓုခေါ်ရာ၌ သာဓုပါဘုရား-ဟု ဘုရားထည့်၍ ဆိုသည်မှာ ဘုန်းတော်ကြီးများ တရားဟောရာ၌သာ ဘုရားဟုထည့်ရ၍ အမျှဝေ သာဓုခေါ်ရာ၌ ဘုရားထည့်စရာမလိုပါ။ သာဓု ၃-ကြိမ် ခေါ်ဆိုခြင်းသာ ဖြစ်စေရပါမည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လင် ကုသိုလ်ပြုက မယား ရ-မရ

(မေး) (လင် ကုသိုလ်ပြုက မယား ရ-မရ)

အရှင်ဘုရား၊ လင်ယောကျ်ားက တနေရာတွင် ကုသိုလ်ပြုခဲ့ပါလျှင် အိမ်မှနေသော မယား ကုသိုလ် ရ-မရ။ မယားအိမ်က လှူဒါန်းမှုပြုလျှင် ခရီးသွားနေသော လင် ကုသိုလ် ရ-မရ သိလိုပါသည်။ မယားပြုက သိသိ-မသိသိ လင်ကုသိုလ်ရသည်ဟု ပြောကြားသည်ကို ကြားရပါသည်။ ရှင်းရှင်းဖြေကြားတော်ပါမူပါဘုရား။

(ဒေါ်ညီမ-ပြည်မြို့)

(ဖြေ)

အပဒါန်ပါဠိတော်၊ အဋ္ဌကထာ၊ ထေရာ ထေရီ ပါဠိတော်၊ အဋ္ဌကထာတို့၌ ဘုရားအလောင်း၊ ပစ္စေကဗုဒ္ဓါအလောင်း၊ ရဟန္တာယောကျ်ားအလောင်း၊ ရဟန္တာမိန်းမအလောင်း တို့သည် ဆုတောင်း၍ ကုသိုလ်ပြုသဖြင့် မိမိတို့ကုသိုလ်ပါရမီအားလျော်စွာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရကြသည်။

ယောကျ်ားဆုတောင်း၍ ပြုသောကြောင့် ယောကျ်ားသာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ ဖြစ်သည်။ မိန်းမဆုတောင်း၍ပြုသောကြောင့် မိန်းမသာ ရဟန္တာ(မိန်းမ) ဖြစ်သည်ဟု လာသည်။ ဒီပင်္ကရာမြတ်စွာဘုရား လက်ထက် ယသော်ဓရာ အလောင်း သုမိတ္တာ သူဌေးသမီးဖြစ်စဉ်က ငါတို့ဘုရားလောင်း၏ ဇနီးမယားဖြစ်ရန် ဆုတောင်း၍ ဘုရားလောင်းနှင့်အတူ ဖြစ်ရသောဘဝတိုင်း၌ ကုသိုလ်ပြုဘက်ဖြစ်သော်လည်း ရဟန္တာမလောင်းအဖြစ် ပါရမီမဖြည့်နိုင်ခဲ့သေးပေ။ ဘုရားလောင်းသာ လေးသင်္ချေျနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့သည်။

ပဒုမုတ္တရဘုရားလက်ထက် (ကမ္ဘာတသိန်းအလို) ကျမှ ယသောဓရာအလောင်း ကုသိုလ်ပြု ဆုတောင်း၍ ရဟန္တာမ-ဖြစ်ရန် ပါရမီ ဖြည့်ရသည်။ ထိုအခါမှ ပါရမီရှင် စစ်စစ် ဖြစ်ရ၏၊ ဤခေတ်တွင် ပါရမီရှင်ဟု လွယ်လွယ်ခေါ်နေကြသည်။ ရှေးဦးစွာ ဗောဓိဆု တဆုဆုကို တောင်းရဦးမည်ဖြစ်၏၊ ဆုတောင်းပြီးမှ ထိုဆုပြည့်ရန် ဒါနစသည့် ပါရမီတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ ဆုမတောင်းဘဲ လှူဒါန်းခြင်းစသည်မှာ ပါရမီမဟုတ်သေးကြောင်း သတိပြုရပေမည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လဆန်း ၉-ရက် ဝါပန်ထွက်

(မေး) (လဆန်း ၉-ရက် ဝါပန်ထွက်)

အရှင်ဘုရား၊ ဝါကျွတ်ခါနီးဆိုလျှင် ရဟန်းတော်များ လက်သုံးစကား ရှိပါသည်။ လဆန်း ၉-ရက်၊ ဝါပန်ထွက်၊ ပြန်ရက် မရှိပါ-တဲ့။ အချို့ကလည်း ၁၀-ရက်နေ့ ဝါပန်ထွက်မှသာလျှင် ပြန်ရက်မရှိဟု ဆိုကြပါသည်။ ယင်းတို့အတွက် အရုဏ်အပိုင်းအခြား မည်ကဲ့သို့ယူသည်ဆိုသည်ကို ဖြေကြားရှင်းလင်းပေးတော်မူပါဘုရား။

(အရှင်နာဂ-သမ္မာရိုး ဝက်လက်)

(ဖြေ)

ဝါပန်ရာ၌ ခုနစ်ရက်အတွင်း ပြန်လာအံ့-ဟု နှလုံးသွင်းရသဖြင့် ၆-ည နေခွင့်ရှိရာ သီတင်းကျွတ်လဆန်း ၉-ရက်နေ့ ဝါပန်လျှင် သီတင်းကျွတ်လပြည့်နေ့၌ ၆-ညပြည့်သွား၍ ဝါလည်းကျွတ်သွားသဖြင့် ပြန်မလာဘဲလည်း နေနိုင်သည်။ ပြန်မလာသဖြင့် ဝါကျိုးပြတ်မှု မရှိတော့။ ရောက်ရာဌာန (ကျောင်း)တွင် ပဝါရဏာပြုလိုက်နိုင်သည်ဟု ဆိုပါသည်။ အချို့က သီတင်းကျွတ်လပြည့်နေ့တွင် ဝါမကျွတ်သေး၊ လပြည့်ကျော် ၁-ရက်မှ ဝါကျွတ်သည်ဟု အယူရှိ၍ ၉-ရက်မဟုတ်၊ ၁၀-ရက်ဟု ပြောဆိုဟန် ရှိပါသည်။ မိမိကျောင်းတိုက်တွင် နေ၍ ဝါကျွတ်ခရီးသွားလိုသော ရဟန်းသည် ပဝါရဏာပြုပြီးလျှင် သွားနိုင်သဖြင့် ပဝါရဏာပြုမှုကိုသာ ပဓာနထားသဖြင့် ၉-ရက်ဆိုသောစကားကို သဘောကျသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လယ်တီဆရာတော်နှင့် သင်္ဂါယနာ

(မေး) (လယ်တီဆရာတော်နှင့် သင်္ဂါယနာ)

အရှင်ဘုရား သရက်အောင်မင်္ဂလာ အရှင်ပညာစက္က-က မြို့ရွှေမန်း ထက်တန်းစာသင်သည်၊ သင်္ဂါယနာတွင် ကထာရွတ်ပြန်လို့-ဟု လယ်တီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ တေးထပ်တွင် ရေးသားပါသည်။ မည်သည့်သင်္ဂါယနာတွင် ရွတ်ပြန်ကြောင်း ဖြေကြားတော်မူပါဘုရား။

(မနန္ဒမာလာ-ဖောင်းပြင်)

(ဖြေ)

လယ်တီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကထာတွင် ဆရာတော်ဘုရားကြီး စာသင်သားဘဝက မန္တလေးမြို့ စံကျောင်းတိုက်တွင် နေခဲ့ကြောင်း၊ မင်းတုန်းမင်းတရားကြီး၏ ပဉ္စမ သင်္ဂါယနာသဘင်တွင် ကထာဝတ္ထုကျမ်းကို ရွှေနန်းတော်အတွင်း၌ နှုတ်တက်ရွရွ ပြန်ဆိုခဲ့ကြောင်း ပါရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လာဘမုနိ နှင့် ဝိသုဒ္ဓိ ၇-ပါး

(မေး) (လာဘမုနိ နှင့် ဝိသုဒ္ဓိ ၇-ပါး)

၁။ လာဘမုနိဘုရား ဘယ်နှစ်ဆူရှိပါသနည်း၊ ကိုးကွယ်သူ၌ အဘယ်အကျိုးများ ရနိုင်ပါသနည်း။

၂။ ဝိသုဒ္ဓိ ၇-ပါး တရားတော်သည် တခုစီ တက်ရပါသလား၊ တူရာပေါင်း၍ တက်ရပါသလား၊ ဖြေကြားပေးတော်မူပါဘုရား။

(မောင်သန်းထွန်း-သာအောင်၊ မြန်မာ့ဆက်သွယ်ရေးစခန်း၊ မအူပင်မြို့)

ဖြေ။ ၁။ ပိဋကတ်တော်တွင် လာဘမုနိဟူ၍ မရှိပါ။

အာဂါရမုနိ၊ အနာဂါရမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေကမုနိ၊ မုနိမုနိ-ဟူ၍ ၆-ပါးသာ ရှိပါသည်။(စူဃနိဒ္ဒေသ ၇၃)။

လာဘမုနိ စသည်တို့မှာ ခေတ်အားဆလျှာ်စွာ နောက်မှပေါ်ထွန်းလာသော အမည်များဖြစ်ပါသည်၊ လက်တော်၌ အမြိုက်အိုးပုံပါသော ပုံတော်များကို လာဘမုနိ-ဟု အမည်ပေးထားပြီး ကိုးကွယ်သုတို့အား လာဘ်ပေါများသည်-ဟု ဆိုပါသည်၊ ဆိုင်ရာတို့မှ စာအုပ်များထုတ်ကာ အကျယ်ရေးသားထားသည်ကို တေံ့နိုင်ပါသည်၊ ရှာဖွေ၍ ဖတ်ရှုနိုင်ပါသည်။

၂။ ဝိသုဒ္ဓိ ၇-ပါးနှင့်စပ်၍ လယ်တီဆရာတော် ဘုရားကြီးက

ကျမ်းဂန်တို့၌ သီလဝိသုဒ္ဓိ ပြည့်စုံမှ စိတ္တဝိသုဒ္ဓိကို လုပ်ရမည်၊

စိတ္တဝိသုဒ္ဓိ ပြည့်စုံမှ ဒိဋ္ဌိဝိသုဒ္ဓိကို လုပ်ရမည်၊

ဒိဋ္ဌိဝိသုဒ္ဓိ ပြည့်စုံမှ ကင်္ခါဝိတရဏ ဝိသုဒ္ဓိကို လုပ်ရမည်၊

ကင်္ခါဝိတရဏ ဝိသုဒ္ဓိ ပြည့်စုံမှ အနိစ္စ ဒုက္ခ အနတ္တ ဘာဝနာအလုပ်ကို လုပ်ရမည်-ဟု

ပဋိပတ်ကျင့်စဉ် အထင်အရှားရှီနေသည်မှာ ယခုဘဝ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အလျင်အမြန်ရရန် အားထုတ်သောသူတို့၏ ကျင့်စဉ်ပေတည်း-ဟု ဗောဓိပက္ခိယ ဒီပနီတွင် ဆိုသည်။

ပုဂ္ဂိုလ် ၆-မျိုးတို့တွင် ဥဂ္ဃဋိတညူ ပုဂ္ဂိုလ်နှင့် ဝိပဉ္စိတညူ ပုဂ္ဂိုလ်တို့မှာ ဘုရား ရဟန္တာတို့နှင့် တွေ့ကြုံနာကြားရ၍ ၄င်းတို့ကိုယ်တိုင်ကလည်း အလွန်ဉာဏ်ထက်မြက်ကြသဖြင့် ဝိသုဒ္ဓိ ၇-ပါးကို တသီးတခြား အထူးကျင့်နေဖွယ် မလိုပါ၊ သို့သော်လည်း နေယျပုဂ္ဂိုလ်အဖို့မှာ ပါဠိသင်ခြင်း၊ အဖန်ဖန်ဆွေးနွေး မေးမြန်းရခြင်း၊ လမ်းမှန်အောင် နှလုံးသွင်းရခြင်း၊ ကလျာဏမိတ္တတို့ကို ဆည်းကပ်ရခြင်း စသည်တို့ဖြင့် အချိန်ယူ၍ ကျင့်ကြံရသောကြောင့် ဝိသုဒ္ဓိ ၇-ပါးကို တခုစီတက်ရန် လိုပေလိမ့်မည်။

ဘဒ္ဒန္တ တိလောကသာရ ဖြေသည်။

(ဝေါဟာရ အထူးများ)

လိပ်ပြာကောင်လား ဝိညာဉ်လား

(မေး) (လိပ်ပြာကောင်လား ဝိညာဉ်လား)

ဆရာတော်ဘုရား အချို့စာအုပ်များတွင် တပည့်တော်ဖတ်ရသည်မှာ မိမိကိုယ်ခွဲဖြင့် သွားလိုရာသို့ သွားနိုင်ခြင်း၊ သတိမေ့မြောနေစဉ် မိမိကိုယ်ကိုမိမိ အပေါ်စီးမှ မြင်နေရပြီး အခြားသူများကိုလည်း မိမိခန္ဓာကိုယ်အနီး၌ မြင်နေရခြင်း စသည်တို့ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာအရ ဝိညာဉ်ခန္ဓာမရှိ၊ လိပ်ပြာကောင် မရှိ၊ ရုပ်သက်သက်၊ နာမ်သက်သက် မရှိ-ဟု ဆိုသဖြင့် (အထက်ပါတို့ကို) ဗုဒ္ဓဘာသာဝင် တဦးအနေဖြင့် မည်သို့ ဆင်ခြင်သုံးသပ် ရမည်ကို ဖြေကြားပေးပါဘုရား။

(နေထွန်းခိုင်-ပြည်မြို့)

(ဖြေ)

လူသတ္တဝါတို့ သေခါနီးတွင် ကံ, ကမ္မနိမတ်, ဂတိနိမိတ်ဟူ၍ နိမိတ်သုံးမျိုး ထင်မြဲဖြစ်သည်။

ကျောင်းလှူဖူးသူဆိုလျှင် ကျောင်းလှူရန် ဖြစ်ပေါ်သော စေတနာ၊ သေခါနီးတွင် ပေါ်သည်။ ၄င်းမှာ ကံနိမိတ် ဖြစ်သည်။

ကျောင်းအဆောက်အအုံ လှူဒါန်းနေပုံ စသည်တို့မှာ ကမ္မနိမိတ် ဖြစ်သည်။

ထို့နောက် လားရမည့် ဂတိနိမိတ် ပေါ်သည်။

ဂတိနိမိတ်မှာ သွားလိုရာ သွားနေပုံ မိမိကိုယ်ကို၄င်း၊ အခြားသူများကို၄င်း မြင်ရပုံ၊

လားရောက်ရမည့် ဂတိသို့ သွားလာရပုံ၊ တွေ့ရှိရပုံများကို မြင်ရသည်။

သောဏရဟန္တာမြတ်၏ ဖခင် မုဆိုးကြီးကို သားရဟန္တာက ရဟန်းဝတ်ပေးထားသည်။

ထိုမုဆိုး တောထွက်ရဟန်းကြီး သေခါနီးတွင် တသက်လုံး မုဆိုးလုပ်လာခဲ့၍ ငရဲဂတိနိမိတ်များ ထင်သည်၊ ငရဲခွေးကြီးများ ဝိုင်းလိုက်ကိုက်ခဲနေ၍ အော်ဟစ်နေသည်ကို သားရဟန္တာက သူ့ဖခင်ရဟန်းကြီး ငရဲဂတိနိမိတ် ထင်နေပြီဖြစ်ကြောင်း သိသည်။

ခုတင် ညောင်စောင်းနှင့်တကွ စေတီတော်ရှိရာသို့ ယူဆောင်လာစေပြီး သာမဏေတို့အား ပန်းများစွာစုဆောင်းစေ၍ ရဟန်းကြီးအား စေတီတော်ကို ပန်းပူဇော်လော့၊ ဘုရားရှိခိုးလော့-စသည့် ကုသိုလ်အာရုံသို့ ပြောင်းပေးလိုက်သည်။ ထိုအခါမှ ငရဲဂတိနိမိတ်များ ပျောက်ကာ ဒေဝဂတိနိမိတ်များ ဖြစ်သည့် နတ်ဗိမာန်၊ နတ်သမီး၊ နတ်သားများကို မြင်ရကြောင်း ပြောလေသည်။ ဂတိနိမိတ်ထင်ပြီး မကွယ်လွန်သေးဘဲ အတန်ကြာနေနိုင်သေးခြင်း၊ ငရဲနိမိတ်မှ သုဂတိနိမိတ်သို့ ပြောင်းလဲဖြစ်ပေါ်စေနိုင်ခြင်းတို့ကို စဉ်းစား၍ အသက်ဝိညာဉ် လိပ်ပြာကောင် ထွက်ဝင်နေသယောင်ကိစ္စမှာ ဂတိနိမိတ်ဖြစ်ကြောင်း မှတ်သားထားစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လိမ္မာကြသော်လည်း

(မေး) (လိမ္မာကြသော်လည်း)

အရှင်ဘုရား၊ တပည့်တော်တွင် အပူသောက ကြုံတွေ့နေရပါသည်၊ သားအကြီးဆုံးနှင့် အငယ်ဆုံးမှာ ၁-နှစ်နှင့် ၁-လ၊ ၁၅-ရက်ကွာ၍ ရေနစ်သေဆုံးကြရပါသည်။ အကြီးရော အငယ်ပါ ဘုရား။ နှစ်ယောက်လုံး ရတနာသုံးပါးနှင့် မိဘ ဆရာသမား ဂုဏ်ကျေးဇူးကို သိတတ်၍ လိမ္မာကြပါလျက် အဘယ်ကြောင့် ဤသို့ ဖြစ်ရသည်ကို အရှင်ဘုရား ဖြေကြားပေးစေလိုပါသည်ဘုရား။

(ဒေါ်မြကျင်-မအူပင်မြို့)

(ဖြေ)

ဤဘဝတွင် အသက်ရှည်ခြင်း၊ အသက်တိုခြင်း၊ ဘေးအမျိုးမျိုးနှင့် တွေ့ရခြင်း စသည်တို့မှာ အများအားဖြင့် ရှေးဘဝက မကောင်းမှု အကျိုးပေး၊ ဝဋ်ကြွေးများကြောင့် ဖြစ်ရတတ်ပါသည်။ ထိုမကောင်းမှု အကျိုးပေး ဝဋ်ကြွေးများကို ဘုရားသော်မှ မကယ်နိုင်ပါ။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က ဆတ္တလုလင်သည် မိမိဆရာ ပါမောက္ခကြီးအား ကန်တော့ရန် ငွေတထောင်ယူ၍ တောလမ်းခရီးဖြင့် သွားသည်။ ၄င်းအား ခိုးသူတို့သတ်၍ ငွေကိုလုယူမည့်အကြောင်းကို မြတ်စွာဘုရား သိတော်မူသဖြင့် လုလင်သွားရာလမ်းမှ စောင့်သည်။ တရားဟောပြီး ငါးပါးသီလ၌ တည်စေတော်မူပါသည်။

ဤလမ်းကို မသွားနဲ့ သွားလျှင် ခိုးသူတို့ သတ်လိမ့်မည်-ဟု သိလျက်နှင့် မြတ်စွာဘုရား မိန့်တော်မမူ။ မိန့်တော်မူ၍ လမ်းလွှဲသွားလင့်ကစား သူ့ဝဋ်ကြွေးကြောင့် တနည်းနည်းဖြင့် ခံရမည်သာဖြစ်ကြောင်း သိတော်မူ၍ ဘဝကူးကောင်းရန်သာ သီလပေးတော်မူပြီး ကြွသွားတော်မူပါသည်။

ဆတ္တလုလင်လည်း မြတ်စွာဘုရားနှင့် လမ်းခွဲ၍ သွားပြီးနောက် ခိုးသူများနှင့် တွေ့၍ အသတ်ခံရပါသည်။ ထို့ကြောင့် ရတနာသုံးပါး မိဘ ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို သိတတ်၍ လိမ္မာသူများ ဖြစ်ကြသော်လည်း သူတို့၏ ဘဝကံကြမ္မာ၊ ဝဋ်ကြွေးတို့ကိုကား မရှောင်လွှဲနိုင်ကြပါ။ ထို့ကြောင့် ဤကိစ္စမျိုးကို မြတ်စွာဘုရားသော်မှ မတားမြစ်နိုင်ကြောင်း သတိပြု၍ အပူသောကကို ဖြေဖျောက်စေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လူ့ပြည် ဗြဟ္မာပြည်

(မေး)

လူနှစ်ဦးတို့သည် ဤလူ့ပြည်က တပြိုင်နက်သေ၍ တဦးက ဗြဟ္မာ့ပြည့်၌ ဖြစ၍ တဦးက ဤလူ့ပြည်၌ ဖြစ်ကြရာ အဘယ်သူက အလျင်ဖြစ်နိုင်ပသနည်း။

(ဖြေ)

မည်သည့်ဘဝ၌ပင်ဖြစ်စေ အဘိဓမ္မာအရ စုတိစိတ် နောင်-ပဋိသန္ဓေစိတ် ဖြစ်ရ၍ ဗြဟ္မာပြည်နှင့် ဤလူ့ပြည် နှစ်ရပ်၌ တပြိုင်နက်ပင် ပဋိသန္ဓေယူနိုင် ဖြစ်နိုင်ကြပါသည်။

ရှင်းလင်းချက်။ ။ ဤအကြောင်းကို ထင်ရှားရန် မိလိန္ဒပဥှာမှ လောကနှစ်ခု ဖြစ်ရမှု၌ တူမျှပုံ ပြဿနာကို ဖော်ပြပါမည်။

မိလိန္ဒမင်းသည် -အရှင်ဘုရား နာဂသေန ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊

ဤလူ့ပြည်၌ သေလွန်၍ ကသ္မီရတိုင်း၌ ဖြစ်သောသူ

ဤသူနှစ်ဦးတို့တွင် အဘယ်သူက ကြာမြင့်၍ အဘယ်သူက လျင်မြန်ပါသနည်း-ဟု မေးလျှောက်သော်

မင်းမြတ်-ထိုသူနှစ်ယောက်တို့သည် အညီအမျျှပင် အတူတူပင် ဖြစ်ပါ၏-ဟု မိန့်တော်မူ၏၊

အရှင်ဘုရား၊ ဥပမာပြုတော်မူပါဦးလော့

မင်းမြတ်၊ သင်သည် အဘယ်မြို့၌ မွေးဖွားပါသနည်း၊

အရှင်ဘုရား၊ ကလသိမည်သော ရွာ၌ မွေးဖွားပါသည်။

မင်းမြတ်၊ ၄င်းကလသိရွာသည် ဤသာဂလမြို့မှ အဘယ်မျှလောက် ဝေးကွာပါသနည်း။

အရှင်ဘုရား၊ ယူဇနာအားဖြင့် နှစ်ရာတိုင်တိုင် ဝေးကွာပါသည်။

မင်းမြတ်၊ ကသ္မီရတိုင်းသည် ဤသာဂလပြည်မှ အဘယ်မျှလောက် ဝေးကွာပါသနည်း၊

အရှင်ဘုရား၊ တဆယ့်နှစ်ယူဇနာ ဝေးကွာပါသည်။

မင်းမြတ်၊ တိုက်တွန်းပါ၏၊ သင် မင်းမြတ်သည် ကလသိရွာကို ကြွစည်အောက်မေ့ပါလော့။

အရှင်ဘုရား၊ ကြံစည်အောက်မေ့၍ ပြီးပါပြီဘုရား။

မင်းမြတ်၊ တိုက်တွန်းပါ၏၊ သင်မင်းမြတ်သည် ကသ္မီရတိုင်းကို ကြံစည်အောက်မေ့ပါလော။

အရှင်ဘုရား၊ ကြံစည်အောက်မေ့၍ ပြီးပါပြီဘုရား။

မင်းမြတ်၊ အဘယ်အရပ်ကို ကြာမြင့်စွာ ကြံစည်အောက်မေ့ရသနည်း။

အဘယ်အရပ်ကို လျင်မြန်စွာ ကြံစည်အောက်မေ့ရသနည်း။

အရှင်ဘုရား၊ အညီအမျှပင် ကြံစည်အောက်မေ့ရပါသည်ဘုရား။

မင်းမြတ်၊ ဤအတူသာလျှင် ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊ ဤလူ့ပြည်၌ သေလွန်၍ ကသ္မီရတိုင်း၌ ဖြစ်သောသူ၊ ဤသူနှစ်ဦးတို့သည် အညီအမျှပင် (အတူတူပင်) ဖြစ်ကြရပါကုန်၏-ဟု ဖြေတော်မူလေ၏၊

ဤအမေးအဖြေ၌ မိလိန္ဒမင်းက အချို့လူများ ယူဆသကဲ့သို့ သေသူ၏အသက်ဝိညာဉ်သည် ဤဘဝက သေဆုံးပြီးလျှင် မိမိပဋိသန္ဓေတွယ်နေရမည့် ဘဝသို့ ရှာဖွေ၍ သွားနေရသည်၊ ဘဝတခုနှင့်တခု အကြား၌ ဝိညာဉ်သည် တွယ်စရာမရှိ၊ လွင့်ပါးသွားလာနေရသေးသည်-ဟု ယူဆ၍ မေးခြင်းဖြစ်သည်။

အရှင်နာဂသေန-က အဘဓမ္မာအရ စုတိစိတ် အဆုံးသတ်ချုပ်လျှင် (သေဆုံးလျှင်) ထိုစုတိစိတ်၏ အခြားမဲ့၌သာလျှင် ပဋိသန္ဓေစိတ် ဆက်ဖြစ်သည်။ မည်သည့်ဘဝ မည်မျှလောက် ဝေးသည့် ဘုံသို့ပင် ဖြစ်ရမည် ဖြစ်စေ၊ သာဂလနေပြည်တော်မှ ကလသိရွာကို စိတ်ကူး၍ ချက်ချင်းထင်မြင်ရသလိုပင် စိတ်မြန်သလောက် အမြန်ပင် ဖြစ်ရကြောင်း ဥပမာပြ၍ ဖြေဆိုတော်မူလေသည်။

ဤအမေးအဖြေကို ထောက်ဆ၍ သေလွန်သူသည် ဘဝတခုသို့ မရောက်မီ ကြားဘဝတခုရှိနေသေးသည်၊ ခုနှစ်ရက်ခန့် လွင့်ပါးနေရသေးသည်၊ အိမ်အနီးမှာပင် စောင့်ဆိုင်းနေရသေးသည်၊ ထိုအခိုက်တွင် တန်ခိုးရှင်တို့ကဲ့သို့ အရာခပ်သိမ်းကို မြင်နိုင်သည်။

မိမိအလောင်းအနီး၌ ဆွေမျိုးတို့ ငိုနေသည်ကိုပင် တွေ့နေရသည်၊ လိုရာအရပ်သို့ ခဏချင်း သွားရောက်နိုင်သည်ဟူသော ဝိညာဉ်ဝါဒ ရှိသူတို့၏ အယူကို ပယ်ဖျောက်နိုင်ပေတော့သည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လူ့အသွင်ဖြင့် ရဟန္တာဖြစ်သူများ

(မေး) (လူ့အသွင်ဖြင့် ရဟန္တာဖြစ်သူများ)

အရှင်ဘုရား၊ လူ့အသွင်ဖြင့် ရဟန္တာဖြစ်သွားသော ပုဂ္ဂိုလ် ၅-ဦး ရှိသည်-ဟု ကြားဖူးပါသည်၊ ၄င်းပုဂ္ဂိုလ်များ အကြောင်းကို သိလိုပါသည်၊ မည်သည့်ကျမ်းစာအုပ်များတွင် ရှာကြည့်ရမည်ကို ညွှန်ကြားပေးတော်မူပါဘုရား။

(ဦးကျင်စိန်)

(ဖြေ)

လူ့အသွင်ဖြင့် ရဟန္တာဖြစ်သူများမှာ-

၁။ သုဒ္ဓေါဒန မင်းကြီး။

၂။ ဥဂ္ဂသေန။

၃။ သန္တတိ အမတ်ကြီး။

၄။ ဒါရုစိရိယ ပရိဗိုလ်။

၅။ ဝီတသောက လုလင်-ဟူ၍ ဖြစ်ပါသည်။

၄င်း ၅-ဦးတွင်

၁။ သုဒ္ဓေါဒန မင်းကြီးအကြောင်းကို ဗုဒ္ဓဝင်တွင် ကြည့်နိုင်ပါသည်။

၂။ ၃။ ၄။ တို့၏အကြောင်းကို ဓမ္မပဒဝတ္ထုတွင် ကြည့်နိုင်ပါသည်။

၅။ ဝီတသောက လုလင်အကြောင်းမှာ အမည်မျှသာ တွေ့ရသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လူထွက်၍ ခေါင်းတုံးရိတ်မှု

(မေး) (လူထွက်၍ ခေါင်းတုံးရိတ်မှု)

အရှင်ဘုရား၊ ယခုအခါ ရှင်သာမဏေ၊ ရဟန်း ဦးပဥ္ဖင်းအဖြစ်ဝတ်ပြီး လူဝတ်ကြောင်ဘဝသို့ ပြောင်းသောအခါ ရဟန်း၊ သာမဏေဘဝဖြင့် ရှိခဲ့သော ဆံပင်ကို လူ့ဘဝသို့ မပါကောင်း၊ ခေါင်းတုံးပါလျှင် ငရဲကြီးသည်ဟု ဆိုပါသည်။ ထို့ကြောင့် လူထွက်လျှင် ခေါင်းတုံးပြန်ရိတ်ကြပါသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ အကျိုး ရှိ-မရှိ၊ မပြုလုပ်လျှင် ငရဲ ကြီး-မကြီး အထောက်အထားနှင့်တကွ ဖြေကြားပေးတော်မူပါဘုရား။

(ဟိန်းထက်ဝင်း-အင်းစိန်)

(ဖြေ)

အကျိုးလည်း အထူး မရှိ၊ ငရဲလည်း မကြီးပါ။ အလုပ်အပိုသာ ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

လူပုဂ္ဂိုလ်နှင့် ဥဒ္ဒိဿမံသ

(မေး) (လူပုဂ္ဂိုလ်နှင့် ဥဒ္ဒိဿမံသ)

အရှင်ဘုရား၊ တပည့်တော် မိတ်ဆွေတဦးထံ အလည်သွားရာ ထိုမိတ်ဆွေက ကြက်သားဟင်းဖြင့် ထမင်းကျွေးပါသည်။ သူက ရဲရဲသာစား သူငယ်ချင်း၊ ကြက်သားက ပံ့သကူသား ဖြစ်တယ်။ အပြစ်ကင်းပါတယ်ဟု ပြောပါသည်။ ရည်ရွယ်၍ သတ်သော အသား မဟုတ်ဟု ဆိုလိုကြောင်း နားလည်ပါသည်။ ထိုနှင့်စပ်၍ တပည့်တော်တို့ လူပုဂ္ဂိုလ်များကို ရည်၍ သတ်သောအသားကို စားလျှင် အပြစ်ရှိပါသလား။ ရဟန်းများတော့ မစားကောင်းဟု ကြားဖူးပါသည်။ ဖြေကြားပေးတော်မူပါဘုရား။

(ဦးကောင်းမြတ်-ပဲခူး)

(ဖြေ)

ရဟန်းတို့၌ ဥဒ္ဒိဿမံသ ခေါ် ရည်၍ သတ်သောအသားကို သိလျက်၊ မြင်လျက်၊ ယုံမှားလျက် စားလျှင် အပြစ်ရှိသည်။ ဥဒ္ဒိဿမံသ ဆိုသည်မှာ မိမိအတွက် ရည်ရွယ်သတ်သောအသားမျိုး ဖြစ်သည်။ ရဟန်းတော်များအဖို့ ထိုအသားကို မိမိအတွက် ရည်ရွယ်၍သတ်ကြောင်း သိလျှင်၊ မြင်လျှင်၊ ကြားသိလျှင်၊ ယုံမှားသံသယရှိလျှင် မစားရပေ။ စားလျှင် ဝိနည်းတော်အရ အာပတ်သင့်တော့သည်။

လူပုဂ္ဂိုလ်များ၌ကား ထိုကဲ့သို့ ဥဒ္ဒိဿမံသအတွက် အပြစ်မရှိပေ။ မိမိကိုယ်တိုင် သတ်ခြင်း၊ သတ်မည်ဆိုသည်ကို သဘောတူခြင်း၊ သတ်ရန် တိုက်တွန်းခြင်း၊ နှိုးဆော်ခြင်း၊ အရိပ်အမြွက်ပြခြင်းမျိုးကိုသာ မလုပ်သင့်ပေ။ ၄င်းမှလွတ်လျှင်ကား မိမိအတွက် သတ်သည်ဟု မြင်ကြားသင်္ကာ ရှိစေကာမူ စား၍ အပြစ်မရှိပါ။

ဒုကနိပါတ် ဗာလောဝါဒဇာတ် (ဇာ၊ဋ္ဌ၊၂-၂၃၉) တွင် ဘုရားလောင်းရသေ့အား စွပ်စွဲလိုသော သူဌေးတဦးက ဆွမ်းကပ်သည်။ ဆွမ်းကပ်ပြီးနောက် ယခု သင်စားသောအစားသည် သင့်အတွက် ငါကိုယ်တိုင်သတ်၍ ချက်အပ်သော ဥဒ္ဒိဿမံသ ဖြစ်သည်။ သင်သည် ထိုအသားကို စားသောကြောင့် အပြစ်ရှိသည်မဟုတ်လောဟု ဆိုသည်။ ထိုအခါ ဘုရားလောင်းက ပုတ္တဒါရမ္ပိ စေ ဟန္တာ-ဟူသော ဂါထာဖြင့် သီလမရှိသောသူသည် သားမယားကိုသော်လည် သတ်၍ (ထိုအသားဖြင့်) အလှူပေးငြားအံ့၊ ခန္တီ မေတ္တာ စသည်နှင့် ပြည့်စုံသော သူသည် ထိုကိုရည်၍ သတ်သောအသားကို သိ၊ ကြား၊ ယုံမှားလျက် စားပင် စားငြားသော်လည်း မကောင်းမှုသည် လိမ်းကျံကပ်ငြိခြင်း မရှိပေ-ဟု ဟောတော်မူထားလေသည်။ ထို့ကြောင့် လူတို့အဖို့ ဥဒ္ဒိဿမံသ (ရည်၍ သတ်သောအသား) ကို သိ၊ ကြား၊ ယုံမှားလျက် စားပင်စားသော်လည်း အပြစ်မရှိဟု မှတ်သားသင့်ပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လူဝင်စား

(မေး) (လူဝင်စား)

လစဉ်ထုတ် ဘာသာရေးမဂ္ဂဇင်း စာစောင်တွင် လူဝင်စားများအကြောင်း မကြာခဏ ဖတ်ရှုရပါသည်။ သို့ပါ၍ လူဝင်စားဆိုသည်မှာ ဟုတ်-မဟုတ် ဖြစ်နိုင်-မဖြစ်နိုင် ရှင်းလင်းဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

(မောင်ထွန်းမြင့်-မဲတီးရွာ ကျောက်ပန်းတောင်းမြို့နယ်)

(ဖြေ)

ကျမ်းဂန်များတွင် ဇာတိဿရဉာဏ်ဟု ရှိသည်။ နောက်ဘဝ အဆက်ဆက် ပြန်၍ သိနိုင်သောဉာဏ်မျိုး ဖြစ်သည်။ တဘဝသာမဟုတ်၊ ဘဝများစွာကိုပင် မြင်နိုင်သည်။ ဘုရားလောင်း တေမိမင်းသားသည် ထီးဖြူတော်အောက်တွင် အိပ်စက်နေရာမှ ထီးဖြူတော်ကိုမြင်၍ တတိယဘဝက ဤတိုင်းပြည်၌ အနှစ် ၂၀-မင်းဖြစ်ခဲ့သည်ကို၄င်း။ ထိုမှနောက် ဒုတိယ ဘဝ၌ ငရဲတွင် အနှစ် ၂၀၀၀၀-ခံခဲ့ရသည်ကို၄င်း၊ ထိုငရဲဘဝမှ ဤဘဝသို့ ရောက်လာရသည်ကို၄င်း ဇာတိဿရဉာဏ်ဖြင့် မြင်သည်။

ထိုသို့မြင်သဖြင့် မင်းဖြစ်ရန် ကြောက်ရွံ့၍ စကားမပြောဘဲ ဆွံ့အသကဲ့သို့ နေကြောင်း တေမိဇာတ်တွင် ဆိုသည်။ ၄င်းကဲ့သို့ ဇာတိဿရာဉာဏ်ရှင်များမှာ ဘုန်းတန်ခိုးကြီးသူများသာ ဖြစ်သည်။ ဤခေတ်တွင် အနည်းအပါး ရှိသည်။ နောက်ဘဝကို ပြန်၍သိသူများမှာ ယခင်ဘဝ ကွယ်လွန်ခါနီး၌ ရောဂါဝေဒနာဒဏ် အလွန်မခံရဘဲ တွေဝေမှု နည်းပါးစွာဖြင့် ကွယ်လွန်၍ လူ့ဘဝ၌ ပြန်လည်ဖြစ်လာသူများသာ ဖြစ်လေ့ရှိသည်။

ဝေဒနာဒဏ်မခံရဘဲ ရုတ်တရက် ကွယ်လွန်ကြသူများသည် လူဝင်စားခေါ် ဘဝဟောင်းကို ပြန်ပြောနိုင်ကြသည်ဟု လယ်တီဆရာတော် ရေးသားခဲ့ဖူးသည်။ လူဝင်စားအတုများလည်း ရှိသည်။ ၄င်းတို့မှာ ကိုယ်ဝန်ရှိသောမိခင်သည် မိမိရှေ့၌ ကြောက်လန့်ဖွယ်ရာ အသွင်ဖြင့် တစုံတဦး သေဆုံးသွားသည်ကို တွေ့ရ၍ စွဲစွဲလမ်းလမ်း ထင်မြင်နေစဉ် ထိုမိခင် ကလေးမွေးဖွားသော် ထိုကလေးသည် မိခင်စိတ်ဓာတ် ကူးစက်၍ စကားပြောတတ်စ၌ ထိုသေဆုံးသူပင်ဖြစ်ကြောင်း ပြောလေသည်။

သို့သော် ထိုကလေးမျိုးများမှာ ငယ်စဉ်ကသာ ပြော၍ ကြီးသောအခါ မေ့လျော့သွားလေသည်။ ၄င်းကို လူဝင်စားဟု ပြောသော်လည်း မိခင် စိတ်စွဲထင်မှုကြောင့် ဖြစ်လေရာ အစစ်မဟုတ်ပေ။ ဇာတိဿရဉာဏ် ရသူလည်း ရှိတတ်ရာ ယင်းတို့ကား လူဝင်စားအစစ်များဖြစ်၍ တသက်လုံးပင် အသေးစိတ် ပြောတတ်ကြသည်ဟု ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လူဝတ်ကြောင် နှင့် ဆယ်ပါးသီလ

(မေး) လူဝတ်ကြောင် နှင့် ဆယ်ပါးသီလ

လူဝတ်ကြောင်များ ဆယ်ပါးသီလဆောက်တည်လျှင် မည်ကဲ့သို့ ကျင့်ကြံနေထိုင်ရမည်ကို ဖြေကြားပေးတော်မူပါရန်။

(ဟင်္သာတ-ဦးအောင်ဖေ၊ ဟင်္သာတမြို့)

ဖြေ။ ဆယ်ပါးသီလသည် ခံယူ၍ ဆောက်တည်ခြင်း၊ မခံယူပဲ ဆောက်တည်ခြင်း ဟူ၍ ၂-မျိုးရှိပါသည်။ လူဝတ်ကြောင် (လူဝတ်လူစား) ဖြင့် ရဟန်းသံဃာစသည်များထံ၌ ခံယူ၍ဆောက်တည်လျှင်လည်း ဆောက်တည်နိုင်ပါသည်။

သို့မဟုတ် ရသေ့စသည်တို့ကဲ့သို့ ဖန်ရည်ဆိုးသောအဝတ်ကို ဝတ်၍လည်း ဆောက်တည်နိုင်ပါသည်။

ဖန်ရည်ဆိုးသောအဝတ်ကို ဝတ်လျှင် ဆယ်ပါးသီလ အထူးခံယူဖွယ်မလို၊ အလိုလို ခ့ယူပြီးဖြစ်၍ မဆောက်တည် မစောင့်ရှောက်ပဲ မနေရတော့ပေ၊

ရသေ့၊ ယောဂီ၊ သီလရှင် စသော ဖန်ရည်ဆိုးဝတ်ပုဂ္ဂိုလ်တိုင်းပင် ဆယ်ပါးသီလကို နိစ္စသီလအဖြစ် ဆောက်တည် ကျင့်သုံးရတော့သည်။

လူဝတ်ကြောင်ဖြင့် ခံယူဆောက်တည်မှုမှာ နိစ္စသီလမဟုတ်၊ ခံယူသော နေ့တနေ့တာ၊ သို့မဟုတ် မိမိစောင့်ရှောက်နိုင်သမျှ စောင့်ရှောက်နိုင်၏၊ သို့သော် ရှစ်ပါးသီလထက်ပို၍ ဆောက်တည်ထားသမျှ ကာလပတ်လုံး အိမ်မှုရေးရာများကို စွန့်လွှတ်ထားနိုင်ရမည်၊ ဖန်ရည်ဆိုးအဝတ် ဝတ်းထားသူကဲံသို့ ကျင့်သုံးနိုင်ရမည်။

လယ်ျတီဆရာတော်ဘုရားကြီးက ဤဆယ်ပါးသီလသည် နိစ္စ-အနိစ္စ နှစ်မျိုးရ၏၊ အိမ်မှုရေးရာကို စွန့်လွှတ်၍ အဝတ်ကြောင်ဟူသော ပကတိလူတို့အဝတ်ကို ပယ်၍ အရဟတ္တဓဇ အဝင်အပါ ညောင်ခေါက် စသည် ဆိုးအပ်သော ယောဂီအဝတ်ကို ဝတ်သူ လူသူတော်ကောင်းတို့အား ထိုဆယ်ပါးသီလသည် နိစ္စသီလမျိုး ဖြစ်၏၊

ယောဂီဝတ်ကို ဝတိမိသည်နှင့်တပြိုင်နက် ထိုသူအား ဆယ်ပါးသီလသည် တည်လေတော့၏၊ ယောဂီဝတ်ကို ဝတ်မိသည်နှင့်တပြိုင်နက် မမြတ်သောအကျင့်ကို ကျင့်ခြင်း၊ နေလွဲ ညစာ စားခြင်း၊ ရွှေငွေကိုင်ခြင်း၊ စသည်တို့ကို မပြုလုပ်ရတော့ပြီ၊ လွန်ကျူးမိလျှင် အပြစ်ရှိ၏-ဟု သီလဝိနိစ္ဆယ၌ ဆိုတော်မူထားပေသည်။

အထူးမှာ-လူဝတ်ကြောင်တိူ့သည် ဆယ်ပါးသီလကို ဆောက်တည်ထားက မိမိပိုင်ဥစ္စာဖြစ်သော အိမ်မှာရှိသည့် ရွှေငွေဘဏ္ဍာများ၌ အာလယဖြတ်ထားသင့်သည်၊ ယင်းတို့ကိစ္စကို မဆောင်ရွက်ခြင်း၊ ယင်းတို့၌ သာယာမှုကို ပယ်ရှားခြင်းနှင့် လူမှုကိစ္စများကို လုံးဝရှောင်ရှားနိုင်ရန် အရေးကြီးပေသည်၊ ထို့ကြောင့် ဆယ်ပါးသီလရှင်သည် ဝတ်ကြောင်ကိုစွန့်၍ ဖန်ရည်ဆိုးအဝတ်နှင့်သာ လျှော်သည်ဟု ရှေးဆရာတို့ ဆိုပေသည်၊ ဖြစ်နိုင်လျှင် ၄င်းသီလခံယူထားက အိမ်ကိုမပြန်ဘဲ ကျောင်းကန်တို့တွင်သာ နေထိုင်အိပ်စက်သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်မူ

(မေး) (လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်မူ)

အရှင်ဘုရား၊ ယခုခေတ်တွင် လူဝတ်ကြောင်ဖြင့် ရဟန္တာဟု၄င်း၊ တချို့က လူဝတ်ဖြင့် ရဟန္တာအဖြစ် အတော်ကြာကြာ နေပြီးမှ ရဟန်းဘဝသို့ ပြောင်းလာခဲ့သည်ဟု၄င်း ပြောဆိုနေကြသည်ကို ကြားသိနေရပါသည်။ လူဝတ်ကြောင်ဖြင့် ရဟန္တာအဖြစ် ရောက်ရှိခဲ့သော် ၁-ရက် (သို့) ၇-ရက် (သို့) မည်မျှကြာအောင် နေနိုင်သည်ကို၄င်း၊ လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်သူများကို၄င်း သာဓကအနေဖြင့် ထုတ်ပြဖြေဆို ပေးတော်မူပါဘုရား။

(ကိုခင်မောင်သက်-မကွေး)

(ဖြေ)

လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်လျှင် လူဝတ်အစားဖြင့် တရက်သာနေနိုင်ပြီး ပရိနိဗ္ဗာန်စံရပါသည်။

ရှင်ရဟန်းပြုလျှင်ကား သက်တမ်းရှိသမျှ နေနိုင်ပါသည်။

ထိုအကြောင်းကို အံ၊ဋ္ဌ၊၁-၂၆၆ ခေမာထေရီဝတ္ထုနှင့် ဇာတ်တော် အမှတ် ၂၆၄၊ မဟာပနာဒဇာတ် အဋ္ဌကထာတို့တွင် အထင်အရှား ပြဆိုပါသည်။

ပညာဧတဒဂ်ရ ခေမာထေရီသည် ဗိမ္ဗိသာရမင်း၏ အဂ္ဂမဟေသီတပါး ဖြစ်သည်။ အလှမာန်ကြီးလှသဖြင့် ရုပ်ဆင်းအင်္ဂါတို့၌ စက်ဆုပ်ဖွယ်အဖြစ် ဟောကြားသော ဘုရားရှင်ကို မဆည်းကပ်ခဲ့ပေ။ တရက်တွင် ဗိမ္ဗိသာရမင်း၏ အစီအမံဖြင့် တနေ့ ဝေဠုဝန်ဥယျာဉ်သို့ ရောက်သွားပြီး တရားနာရာ ဘုရားရှင်သည် နတ်သမီးတမျှ လှပသော အမျိုးသမီးငယ်လေး ယပ်ခတ်ပေးနေဟန်အဆင့်ဆင့် သေသည်အထိ ဖန်ဆင်းပြ၍ ဟောကြားရာ ခေမာမိဖုရားသည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအမျိုးသမီး ချက်ချင်းဖြစ်လေ၏၊

ထိုသို့ လူဝတ်အစားဖြင့် ရဟန္တာအသွင်သို့ရောက်ရှိသောသူသည် တံဒိဝသမေဝ-ထိုနေ့ချင်းပင်၊ ပနိဗ္ဗာယိတဗ္ဗံ ဝါ- ပရိနိဗ္ဗာန်သော်လည်း ပြုအပ်၏၊ ပဗ္ဗဇိတတဗ္ဗံ ဝါ-ရှင်ရဟန်းသော်လည်း ပြုအပ်၏-ဟု ဆို၏၊

ခေမာမိဖုရားသည် နန်းတော်သို့ပြန်၍ ရဟန်းပြုခွင့်တောင်းရာ ဗိမ္ဗိသာရမင်းက ရွှေထမ်းစင်ဖြင့် ဘိက္ခုနီမကျောင်းသို့ ပို့စေ၍ ရဟန်းအမျိုးသမီး ပြုစေ၏၊

မဟာပနာဒဇာတ်တွင်လည်း ဘဒ္ဒိယသူဌေး၏ သားသည် ဘုရားရှင်၏တရားကိုနာရ၍ လူဝတ်ကြောင်ဖြင့်ပင် ရဟန္တာဖြစ်လေ၏၊ ထိုအခါ ဘုရားရှင်က သူဌေးကိုခေါ်၍ သင့်သားသည် ရဟန္တာအဖြစ်သို့ရောက်ပြီး အဇ္ဇေဝ-ယနေ့ပင်လျှင်၊ ပဗ္ဗဇိတုံ ဝါ-ရဟန်းပြုခြင်းငှါ၄င်း၊ ဝဋ္ဋတိ-သင့်၏-ဟု မိန့်ကြားရာ သူဌေးကြီးက တပည့်တော်၏သား ပရိနိဗ္ဗာန်မပြုစေလို၊ ရဟန်းပြုပေးပါ။ မနက်ဖြန် တပည့်တော်၏သားကို ခေါ်၍ တပည့်တော်တို့ အိမ်သို့ ကြွပါ-ဟု လျှောက်၍ ရဟန်းပြုပေးရ၏၊

ရဟန်းပြုခွင့်မရသော သန္တတိအမတ်ကြီး၊ သုဒ္ဓေါဒနမင်းကြီး၊ ဗာဟိယဒါရုစိရိယ စသည်တို့ကား ရဟန္တာဖြစ်သောနေ့မှာပင် ပရိနိဗ္ဗာန် စံရကုန်၏၊

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

လူသုံးယောက် နွားသတ်ကြ

(မေး) (လူသုံးယောက် နွားသတ်ကြ)

အရှင်ဘုရား၊ လူသုံးယောက်သည် နွားတကောင်ကို ဝိုင်းဝန်းချည်နှောင်၍ နှစ်ယောက်က ကိုင်ပေးပြီး တယောက်က လည်လှီး၍ သတ်ရာ၌ သတ်သူသာ ပါဏာတိပါတကံ ထိုက်ပါသလော။ သုံးယောက်လုံးပင် ကံထိုက်ပါသလော ဆုံးဖြတ်ဖြေရှင်းတော်မူပါဘုရား။

(မောင်ဝ-မလှိုင်မြို့)

(ဖြေ) ပါဏာတိပါတကံအရာ၌ ကိုယ်တိုင်သတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ သေစေရန် ဦးတည်ပြုလုပ်၍ သတ္တဝါသေလျှင် သတ်သူရော ပူးတွဲလုပ်ကိုင်သူများရော ကံထိက်ပါသည်။

လူတစုသည် လာသောသတ္တဝါများ ကျ၍သေရန် တွင်းတတွင်းကို အတူတူထားကြသည်။ ထိုတွင်း၌ သတ္တဝါတကောင်ကောင် ကျ၍သေဆုံးလျှင် ထိုလူတစု အတူတူ ပါဏာတိပါတကံ ထိုက်ပေသည်။

ထို့အတူ ဟင်းစားသတ္တဝါတို့ကို မွေးမြူ၍ ရောင်းချခြင်း၊ သောက်၍ သေစေရန် အဆိပ်ကို ရောင်းချခြင်း၊ လူသတ်လက်နက်များကို ရောင်းချခြင်းတို့၌လည်း ဝဓကစေတနာဟူသော သေစေလိုသောစေတနာ၊ သေမည်ဟုသိလျက် ရောင်းဝယ်ဖောက်ကားသော စေတနာတို့ကြောင့် ပါဏာတိပါတကံ မလွတ်နိုင်ကြောင်း သဘောပေါက်ရာ၏၊

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လူနှင့်ရဟန်း ကုသိုလ် အကုသိုလ်

(မေး) (လူနှင့်ရဟန်း ကုသိုလ် အကုသိုလ်)

အရှင်ဘုရား၊ ပုထုဇဉ်လူသားများ ဘဝတပါးသို့ ကူပြောင်းသောအခါတွင် ကုသိုလ် အကုသိုလ်ပေါ် မူတည်၍ သုဂတိ ဒုဂ္ဂတိဘုံသို့ ရောက်ရသည်-ဟု သိရပါသည်။

ရဟန်းတော်များ ပျံလွန်တော်မူသောအခါတွင်လည်း သုဂတိ ဒုဂ္ဂတိဘုံ ကွဲပြားမှု ရှိပါသလားဘုရား။

ရှိလျှင် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

(မောင်တင်ကိုလွင်-ကွင်းတောင်ရပ်ကွက်၊ ကျောက်တံခါးမြို့)

(ဖြေ)

လူနှင့် ရဟန်းတော်တို့တွင် ရဟန်းတော်တို့မှာ လူတို့ထက် ဝိနည်းသိက္ခာပုဒ်များ ပိုလွန်သဖြင့် အကုသိုလ်မှု တခုကို ကျူးလွန်လျှင် လူထက် ရဟန်းတို့က သိက္ခာပုဒ်ဆိုင်ရာ (အာဏာဝီတိက္ကမန္တရာယ်) အပြစ်တခု ပိုသည်။

ပုံစံအားဖြင့်-လူက ကြက်တကောင်ကို သတ်လျှင် ပါဏာတိပါတ သူ့အသက်သတ်မှု တခုအတွက် အကုသိုလ်ဖြစ်သည်။

ရဟန်းက ကြက်သတ်လျှင် ပါဏာတိပါတ အကုသိုလ်ပြစ် အပြင် ပါစိတ်အာပတ် (အာဏာဝီတိက္ကမန္တရာယ်) အပြစ် ထပ်၍တိုးသည်။ အာပတ်မဖြေဖျောက်နိုင်က ပါဏာတိပါတပြစ် အတွက် ငရဲခံရရုံမက ပါစိတ်အာပတ်အတွက်ပါ ငရဲအပြစ် ရရှိသည်။ ငရဲက လွတ်ပြန်လျှင်လည်း သုဂတိလမ်း ပိတ်၍ ဒုဂ္ဂတိဘဝ ခရီးဆက်ရပေလိမ့်ဦးမည်။

ဘဂဝတော အာဏာဝီတိက္ကမနတော ဝတ္ထုမဟန္တတာယ မဟာသာဝဇ္ဇံ-ဟု ဝိနည်းဋီကာက သီလအမြတ်တရားကို ပျက်ပြားစေမှု ဝတ္ထုကြီးလေးသဖြင့် ပါဏာတိပါတချင်း တူသည့်တိုင်အောင် ရဟန်းကျူးလွန်သောအပြစ်က အဆပေါင်းများစွာ သာလွန်အပြစ်ကြီးကြောင်း ဆိုထားပါသည်။

အရင်းသေးသော ကုန်သည်နှင့် အရင်းကြီးသော ကုန်သည်တို့တွင် အရှုံးချင်းတူလျှင် အရင်းကြီးသော ကုန်သည်က ပို၍ နစ်နာ ဆုံးရှုံးသော ဥပမာဖြင့် ပြဆိုထားသဖြင့် လူနှင့် ရဟန်းတို့၏ အကုသိုလ်တို့ကို

ချင့်ချိန် သိရှိနိုင်ပါသည်။ ကုသိုလ်အရာ၌လည်း ဤနည်းဖြင့် နှိုင်းဆ၍ သိသာနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လျူဒါန်းချိန် သင့်-မသင့်

(မေး) (လျူဒါန်းချိန် သင့်-မသင့်)

တပည့်တော် နေ့စဉ်နံနက် ၄း၃၀ အချိန်တွင် မြတ်စွာဘုရားကို

(၁) ဆီမီး၊

(၂) မျက်နှာသစ်တော်ရေနှင့် မျက်နှာသုပ်ပဝါ၊

(၃) သောက်တော်ရေ၊

(၄) မုန့်ဆွမ်း ဆက်ကပ် လှူဒါန်းပါသည်။ ထိုသို့ ပြုခြင်းသည် သင့်-မသင့်၊ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က

ကျိန်းစက်ရာမှ ထ-မထ ဖြေကြားပေးတော်မူပါဘုရား။

(ကိုကျော်ဝင်း-စမ်းချောင်း)

(ဖြေ)

ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ်က ဗုဒ္ဓကိစ္စငါးပါးတွင် နောက်ဆုံးကိစ္စဖြစ်သော ပစ္ဆိမယာမ်

(နံက် ၂-နာရီမှ ၆-နာရီအထိ) ကို သုံးပုံပုံ၍ ပထမအချိန် (နံနက် ၂-နာရီမှ ၃-နာရီ မိနစ် ၂၀-ထိ) အချိန်ကို တနေ့တညတာ ခန္ဓာကိုယ်၏ ညောင်းညာမှုတို့ကို ပယ်ဖျောက်ရန် စင်္ကြံလျှောက်တော်မူပါသည်။

ဒုတိယအချိန် (၃-နာရီ ၂၀-မိနစ်မှ ၄-နာရီ ၄၀-မိနစ်ထိ) ခန္ဓာကိုယ် ပင်ပန်းမှု ပြေပျောက်စေရန် ကျိန်းစက်တော်မူပါသည်။

တတိယအချိန် (၄-နာရီ ၄၀-မိနစ်မှ ၆-နာရီအထိ) ကျွတ်ထိုက်သော သတ္တဝါဝေနေယျများကို ကြည့်ရှုတော်မူပါသည်။

ထို့ကြောင့် ၄-နာရီ ၄၀-မိနစ်အချိန်လောက်မှာ ဘုရားရှင် ကျိန်းစက်ရာမှ ထတော်မူပါသည်။

ဆီမီး၊ မျက်နှာသစ်တော်ရေနှင့် မျက်နှာသုတ်ပဝါ၊ သောက်တော်ရေတို့ကို ကျိန်းစက်ရာမှ ထချိန် အချိန်ကိုက် လှူဒါန်းလိုလျှင် ၄-နာရီ မိနစ် ၄၀-တွင် လှူဒါန်းနိုင်ပါသည်။

မုန့်ဆွမ်းတို့ကိုတော့ ကျိန်းစက်ရာမှ ထချိန်ကို အဓိကမထားဘဲ အရုဏ်တက်ချိန်ဇယားအတိုင်း လှူဒါန်းခြင်းက ပို၍ သဘာဝကျပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

လှည်း လှေ-စသော ယာဉ်နှင့် ရဟန်းများ

(မေး) (လှည်း လှေ-စသော ယာဉ်နှင့် ရဟန်းများ)

အရှင်ဘုရား၊ အချို့ရဟန်းသံဃာတော်များသည် တိရစ္ဆာန်နှင့်ဆွဲသော ရထား၊ လှည်း၊ ယာဉ် စသည်များကို စီး၍ ခရီးမသွားကြပါ။ အချို့ရဟန်းတော်များဆိုလျှင် လူများရုန်းကန်၍ နင်းရသော ဆိုက္ကားကိုပင် မစီးကြပါ။ ရှေးအခါက ရေလမ်းခရီးကိုသာ အားထားကြရသဖြင့် လူတို့လှော်ခတ်ရသော လှေသမ္ဗန်များကိုလည်း စီး-မစီး သိလိုပါသည်။ ထိုယာဉ်များနှင့် ပတ်သက်၍ ဝိနည်းတော် မည်သို့ရှိသည်ကို သိလိုပါသည်ဘုရား။

(ဦးဝမ်း-၃-ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူး)

(ဖြေ)

ယာနာနိ ပုမယုတ္တာနိ၊ သိဝိကံ ဟတ္ထယုတ္တကံ။

ပါဋင်္ကိဉ္စ ဂိလာနဿ၊ ကပ္ပတေ အဘိရုဟိတုံ။

ဝိနည်းပါဠိတော်အတိုင်း ဆိုထားသော ခုဒ္ဒသိက္ခာအရ နွားထီးစသည်ကသော လှည်းယာဉ်၊ လူထမ်းသော ထမ်းစင်၊ လူတို့က လက်ခြေစသည်ဖြင့် လည်စေအပ်သော လက်တွန်း လက်ဆွဲယာဉ် (ဆိုက္ကား)၊ အဝတ်ထမ်းစင် (ပုခက်)၊ တို့ကို မကျန်းမာသော ရဟန်းအား စီးရန် အပ်သည်ဟု ဝိနည်းက ဆိုပါသည်။

ခရီးဝေးဝေး လမ်းမသွားနိုင်ခြင်း စသည်မှာလည်း မကျန်းမာခြင်းပင် ဖြစ်ပါသည်။ နွားထီးကသော လှည်းတို့ကို ယောကျ်ား မိန်းမ မည်သူပင် မောင်းမောင်း မကျန်းမာသောရဟန်းနှင့် ခရီးဝေးမသွားနိုင်သော ရဟန်းများ စီးကောင်းသည်ဟု ဆိုပါသည်။

သင်္ဘော လှေတို့ကိုမူ ဂိလာနမဟုတ်သည့်တိုင် စီးကောင်းပါသည်။ မြတ်စွာဘုရားကိုယ်တော်တိုင်ပင် ရာဇဂြိုဟ်မှ ဝေသာလီပြည်သို့ ကြွရာ၌ လှေဖောင်တို့ဖြင့် ကြွတော်မူကြောင်း ရတနသုတ်အဖွင့်တွင် ပါရှိပါသည်။ မီးရထား ကား စသည်တို့မှာလည်း လူက မှန်မှန်သွားရုံလောက်သာ ကြောင့်ကြစိုက်ရ၍ ပင်ပန်းကြီးစွာ မဆွဲ မငင်ရသောကြောင့် ရဟန်းများ အခါခပ်သိမ်း စီးနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လျှပ်စစ်မီးနှင့် ဖယောင်းတိုင်

(မေး) အရှင်ဘုရား၊ ဘုရားမီးပူဇော်ခြင်းနှင့် ပတ်သက်၍ နေ့လယ်ပိုင်း အလင်းရောင်ရှိနေစဉ်နှင့် မီးချောင်း ရောင်ခြည်တော် တို့ဖြင့် ပူဇော်ထားလျှင် ထပ်မံ၍ ဖယောင်းတိုင်ဆီမီးဖြင့် ပူဇော်ခြင်း မပြုရပါ ဆိုသည်ကို ဖြေကြားပေးတော်မူပါဘုရား။

(ဒေါ်အေးအေး၊ ရန်ကုန်)

(ဖြေ)

နေ့လယ် နေရောင် ထွန်းလင်းနေချိန်၌ ဖယောင်းဆီမီး ပူဇော်ခြင်းမှာ အဓိပ္ပါယ်မရှိလှ၊ နေလွဲချိန်တွင် ဆွမ်းကပ်လှူသကဲ့သို့ အချိန်အခါနနှင့် ပူဇော်လှူဒါန်းမှု လွဲချော်နေ၍ ကုသိုလ်အထူး ဖြစ်ဖွယ်မရှိပါ။ သို့သော် ညဉ့်အခါ၌ လျှပ်စစ်မီးရောင် လင်းနေသော်လည်း ဖယောင်းဆီမီး ညှိထွန်းပူဇော်မှုကား အဓိပ္ပါယ်မရှိ မဟုတ်ပါ။

ဘုရားလက်ထက်တော်ကပင် အခြားသူများ အဖိုးတန်ပန်းများ လှူဒါန်းထားသော်လည်း (နတ်များက မန္ဒာရ နတ်ပန်းများဖြင့် ပူဇော်ထားသော်လည်း) ဆင်းရဲသူမလေးတဦးက အဖိုးမတန်သော သပွတ်ခါးပန်းကလေးဖြင့် စေတနာထက်သန်စွာ လှူဒါန်းသဖြင့် တန်ခိုးကြီးသော နတ်သမီး ဖြစ်ရကြောင်း ဝတ္ထုရှိပါသည်။ သူဌေးသူကြွယ်များ အဖိုးတန်သော ဆွမ်းများဖြင့် ပူဇော်လှူဒါန်းထားသည့်ကြားမှ မိမိတတ်အားသမျှ ဝင်ရောက်လှူဒါန်းသည်ကိုလည်း မတားမြစ်အပ်ပါ။ ထို့အတူ လျှပ်စစ်မီးများ ပူဇော်ထားသည့်ကြားမှပင် ဖယောင်းတိုင်စသည်တို့ဖြင့် ထွန်းညှိပူဇော်ခြင်းမှာ ပြုသင့်ပြုထိုက်သော လှူဒါန်းပူဇော်မှုပင် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လှူဒါန်းပြီးမှ စားသောက်သုံးဆောင်ခြင်း

(မေး) (လှူဒါန်းပြီးမှ စားသောက်သုံးဆောင်ခြင်း)

အရှင်ဘုရား၊ တပည့်တော်တို့ မိသားစုသည် နေ့စဉ် ထမင်းဟင်းနှင့် ရလာသမျှသော ခဲဘွယ်ဘောဇဉ်တို့ကို ဦးဦးဖျားဖျား ဆွမ်းတော်တင်ပြီးမှ စွန့်သည့်အခါ စားသောက်ခဲ့ကြသည်မှာ နှစ်များစွာပင်ရှိပါပြီ။ ဗုဒ္ဓဝေယျာဝစ္စ ပြုကြသူများမှာ ဇနီးနှင့်သမီးများသာ ဖြစ်ကြ၍ ကျန်လူများ အပြစ်ဖြစ်နေကြောင်း သိရှိရသဖြင့် များစွာတုန်လှုပ်မိပါသည်။ မည်သည့်အကြောင်းကြောင့် အပြစ်ဖြစ်ရသည်ကို၄င်း၊ ထိုအပြစ်များ ပပျောက်အောင် မည်သို့ဆောင်ရွက်ရမည်ကို၄င်း၊ ရှင်းလင်းညွှန်ကြားပေးပါဘုရား။

(ဦးအောင်သက်-အင်းစိန်မြို့)

(ဖြေ)

ရာဇဝင်တွင် ပုဂံပြည် အနော်ရထာမင်းက မနူဟာမင်းအား ဘုန်းကံနိမ့်စေရန် သင်ပုတ်ပလ္လင်တွင် စွန့်ပြီးသော ဆွမ်းတော်တင်ကို မနောလင်ပန်း၌ထည့်၍ ကျွေးသည်ဟူသော စကားမှစ၍ ဆွမ်းတော်တင် စားလျှင် ဘုန်းကံနိမ့်သည်ဟု ပြောစဉ် ဖြစ်နေရပါသည်။ ဝေယျာဝစ္စလုပ်သူ ဆွမ်းတော်တင် စားကောင်းသည် ဟူသော စကားမှာလည်း ဘုရားစေတီတို့တွင် တင်လှူထားသော ဆွမ်းတော်တင်ကို ခရီးသွား၊ စားရမဲ့ သောက်ရမဲ့ ပုဂ္ဂိုလ်များ စားသောက်လိုလျှင် ဤအတိုင်းစားသည်ထက် ဝေယျာဝစ္စလုပ်ကိုင်ပြီးမှ စားသင့်ကြောင်း ပြောဆိုခြင်း ဖြစ်ပါသည်။

ဦးအောင်သက်တို့လို မိမိတို့တအိမ်လုံး စားသောက်မည့် ထမင်းဟင်းကို အားလုံး ဘုရားကိုလှူပြီးမှ စားသောက်ခြင်းမျိုးကား ရှာမှရှားသောစေတနာသဒ္ဓါမျိုး ဖြစ်ပါသည်။ မည်သို့မျှ အပြစ်မရှိပါ။ အများအားဖြင့် စတိသဘောမျိုးသာ ပန်းကန်ငယ်၊ ခွက်ငယ်တို့ဖြင့် ဆွမ်းတော်တင်လေ့ရှိကြသည်။ ရှိသမျှ ထမင်းအားလုံးကို လှူဒါန်းပြီးမှ စားသောက်ကြသည်ဟု သိရသဖြင့် သာဓုခေါ်မိပါသည်။

ဘုရားလက်ထက်က ပဏ္ဍိတသာမဏေအလောင်း ပဋိသန္ဓေယူသောအခါ မိခင်က ဘုရား ရဟန္တာတို့အား လှူဒါန်းပြီးမှ ဆွမ်းကြောင်း ဆွမ်းကျန်ကို စားလိုသော ချစ်ခြင်းဖြစ်ကြောင်း၊ တန်ခိုးကြီးသော ရဟန္တာ ဖွားမြင်မည့် အတိတ်ဖြစ်၍ အလွန်ကောင်းမွန်ကြောင်း ဓမ္မပဒ အဋ္ဌကထာတွင် ပါပါသည်။ ရှေးဆရာတော်ကြီးများသည် ရသမျှ ဆွမ်းတော်တင် ဘုရားလှူပြီးမှ စားသောက်သောအလေ့ရှိပါသည်။ မန္တလေးတွင် စာသင်သားဘဝ စာသင်စဉ်က ဆွမ်းခံအပြန် သပိတ်ရော ဆွမ်းဟင်းအားလုံး မဟာမြတ်မုနိဘုရားတွင် တင်လှူပြီး အချိန်ရသမျှ တရားထိုင်ခဲ့၍ နောက်မှ သပိတ်ကို ပြန်စွန့်ယူပြီး စားသုံးခဲ့သော ဆရာတော်ကြီးများ ယခုအခါ သာသနာတော်တွင် ရှေ့တန်းရောက် ပုဂ္ဂိုလ်ကြီးများ ဖြစ်၍နေကြပေပြီ။ ထို့ကြောင့် စားသောက်ဖွယ်အားလုံး လှူဒါန်းပြီးမှ စားခြင်း၊ မွှေးကြိုင်လှပသော ပန်းများကို ဘုရားလှူပြီးမှ ပန်ဆင်ခြင်းတို့မှာ ကဲ့ရဲ့ဖွယ်မဟုတ်၊ ချီးမွမ်းဖွယ်၊ အတုယူဖွယ်သာဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လှူမည်ဟုဝန်ခံပြီး မလှူက ကုန်သွယ်ရောင်းဝယ်မှု မကောင်း

(မေး) (လှူမည်ဟုဝန်ခံပြီး မလှူက ကုန်သွယ်ရောင်းဝယ်မှု မကောင်း)

အရှင်ဘုရား၊ တချို့ ဒကာ ဒကာမများသည် ကျောင်းကန်ဘုရားနှင့်စပ်၍ လှူပါမည်ဟု ဝန်ခံသဖြင့် ဘုန်းကြီးပိုင်ငွေ၊ အသင်းအဖွဲ့များပိုင်ငွေထဲမှ စိုက်ထုတ်၍ ဆောင်ရွက်ပြီးခါမှ လှူမည်ဟု မပြောမိပါဟု၄င်း၊ မလှူနိုင်တော့ပါဟု၄င်း ငြင်းဆိုသည့်စကား ပြောကြပါသည်။ ထိုပုဂ္ဂိုလ်နှစ်မျိုးသည် မည်သို့ အကျိုးအပြစ် ရှိနိုင်ပါသနည်း။ စိုက်ထုတ်လုပ်ကိုင်ထားသော ပုဂ္ဂိုလ်သည်လည်း စိတ်မကောင်းဖြစ်ရသဖြင့် မည်သို့သော အပြစ်ရှိနိုင်ပါသနည်း။

(ဆောင်းဟေမာန်-မြတ်ကြေးမုံ)

(ဖြေ)

အလွန်သိမ်မွေ့သော ကိစ္စဖြစ်၏၊ သဒ္ဓါတရားသည် မခိုင်မြဲသောကိစ္စ ဖြစ်၏၊ ရှင်မောဂ္ဂလာန်သည်ပင် ဆွမ်းစားပင့်ထားသော သူဌေး၏ ပစ္စည်း၊ အသက်၊ သဒ္ဓါတရားတို့ကို စောင့်ရှောက်ပေးရမည်ဟု လျှောက်ထားရာတွင် ပစ္စည်း၊ အသက် တို့ကိုသာ စောင့်ရှောက်ပေးနိုင်မည်။ သဒ္ဓါတရားကိုကား မိမိကိုယ်တိုင်သာ စောင့်ရှောက်နိုင်လိမ့်မည်။ ငါမောဂ္ဂလာန်မထေရ် မစောင့်ရှောက်နိုင်ဟု ဆိုပါသည်။ မလှူချင်၊ မလှူနိုင်တော့၍ ငြင်းပယ်ခြင်းကို မည်သို့မျှ အပြစ်ယူစရာမရှိပါ။

သို့သော် လှူပါမည် ဝန်ခံပြီးပါလျက် မလှူခဲ့သော်၊ အင်္ဂုတ္တိုရ် စတုက္ကနိပါတ် ဒုတိယပဏ္ဏာသက၊ ဝဏိဇ္ဇသုတ်တော်၌ အရှင်သာရိပုတ္တရာ မေးလျှောက်သဖြင့် ဘုရားရှင် ဟောထားချက်သည် အလွန်မှတ်သားစရာ ကောင်းလှပါသည်။

လောက၌ အကျိုးစီးပွား အမြတ်အစွန်း ရလို၍ ရောင်းဝယ်ဖောက်ကားမှု၊ ကုန်သွယ်မှုအမျိုးမျိုး တူညီစွာ အားထုတ်ပြုလုပ်ကြရာတွင်-

(၁) တချို့ကား အမြတ်အစွန်း မရသည့်အပြင် အရင်းပါ ရှုံးသွား၏၊

(၂) တချို့ကား အမြတ်အစွန်း မျှော်မှန်းသလောက် မရ၊ အနည်းငယ်မျှသာ ရ၏၊

(၃) တချို့ကား မျှော်မှန်းထားသလောက် အမြတ်အစွန်းများ ရရှိ၏၊

(၄) တချို့ကား မျှော်မှန်းထားသည်ထက် ပိုလွန်သော အမြတ်အစွန်းများ ရရှိ၏၊ ရောင်းပန်း၊ ဝယ်ပန်း၊ အလွန်ပွင့်လန်း၏၊ ဤသို့ ကွာခြားရသည်မှာ အဘယ့်ကြောင့်ပါနည်းဘုရားဟု အရှင်သာရိပုတ္တရာက မေးလျှောက်ပါသည်။

ဘုရားရှင်က ငါ့ရှင်သာရိပုတ္တရာ

(၁) လောက၌ တချို့လူတို့သည် သမဏ ဗြဟ္မဏ အစရှိသော အလှူခံပုဂ္ဂိုလ်တို့အား လှူမည်ဟု ဝန်ခံပြီးမှ ကတိဖျက်၍ မလှူမတန်း မပေးကမ်းခဲ့။

ထိုသူတို့သည် အကျိုးအမြတ်မရသည့်အပြင် အရင်းပါ ဆုံးရှုံးတတ်၏၊

(၂) တချို့လူတို့သည် အလှူခံပုဂ္ဂိုလ်တို့အား ဤ၍ဤမျှ လှူပါမည်ဟု ဝန်ခံပြီးလျှက် လှူသောအခါ လျော့၍ အနည်းငယ်မျှသာ လှူ၏၊

ထိုသူတို့သည် မျှော်မှန်းသလောက် အကျိုးအမြတ်မရ၊ စျေးရောင်း၍ မကောင်း ဖြစ်တတ်၏၊

(၃) တချို့လူတို့သည် အလှူခံတို့အား ကတိပြုထားသည့်အတိုင်း လှူဒါန်း၏၊

ထိုသူတို့သည် မျှော်မှန်းထားသလောက် အကျိုးရ၏၊ ရောင်းပန်း ဝယ်ပန်း ပွင့်လန်း၏၊

(၄) တချို့လူတို့သည် အလှူခံပုဂ္ဂိုလ်တို့အား ဤရွေ့ဤမျှ လှူပါမည်ဟု ဝန်ခံထားပြီး လှူသောအခါ ဝန်ခံထားသည်ထက် အပိုအလျှံနှင့်တကွ လှူတတ်ကြ၏၊

ထိုသူတို့သည် မျှော်မှန်းထားသည်ထက်ပင် ပိုလွန်သော အကျိုးအမြတ်တို့ကို ရရှိကြကုန်၏၊ ရောင်းဝယ်ကုန်သွယ်မှု ပို၍ ပွင့်လန်းကြကုန်၏၊

ထို့ကြောင့် အလှူရှင်တို့သည် တကယ်မလှူနိုင်သေးလျှင် ကတိမပေးကြသေးဘဲ မိမိတို့၏ ရင်ထဲတွင်သာ ပုဗ္ဗစေတနာအဖြစ် တည်ထောင်ထားကြ၍ လှူနိုင်သောအခါကြမှသာ စွမ်းနိုင်သမျှ လှူဒါန်းကြကုန်ရာ၏၊ လှူဖို့တန်းဖို့ ကတိပြုပြီး လှူဒါန်းချိန်ရောက်သောအခါ အဆင်မပြေသေး၍ အဆင်ပြေသောအခါ လှူဒါန်းမည်ဟု စိတ်ကိုထားလျှင် အပြစ်မရှိပါ။ အလှူခံပုဂ္ဂိုလ်တို့မှာကား လှူသူမရှိဘဲ ဆောင်ရွက်ရမည့်ကိစ္စများ ဆောင်ရွက်ပြီးစီးသွားခြင်းအတွက် ကျေနပ်မှုဖြစ်စေပြီး အကုသိုလ်မဖြစ်အောင် ဆင်ခြင်ကြကုန်ရ၏၊

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဝင်လေ သိ၊ ထွက်လေ သိ

(မေး) (ဝင်လေ သိ၊ ထွက်လေ သိ)

အရှင်ဘုရား၊ တရားရှုမှတ်ရာတွင် ဝင်လေ သိ၊ ထွက်လေ သိ၊ စသည်ဖြင့် ဝင်လေထွက်လေတို့ကို သိနေရန် ညွှန်ပြကြပါသည်။ သို့သော် တပည့်တော်၏ စိတ်ထဲတွင် လူသည် ဝင်လေကြောင့် အသက်ရှင်ခွင့်ရပြီး ထွက်လေကြောင့် ရပ်စဲပျက်စီးသွားသည်ဖြစ်၍ ဝင်လေဖြစ်၊ ထွက်လေပျက်-ဟု ပြောင်းလဲပြီး ရှုမှတ်နေပါသည်ဘုရား။

ထိုသို့ ရှုမှတ်နေခြင်းသည် တရားဓမ္မနှင့် ဆီလှော်မှန်ကန်မှု ရှိ-မရှိ၊ လက်ခံနိုင်-မခံနိုင် သိလိုပါသည်။ ဆီလျော်ပါက ဆက်လက်မှတ်သားသွားပါမည်ဘုရား။

(အဘိုးဟန်-ယုဇနဥယျာဉ်မြို့တော်)

(ဖြေ)

မဆီလျော် မမှန်ကန်ပါ။ ဝင်လေမှာလည်း ဖြစ်၊ တည်၊ ပျက် သုံးခုလုံး ရှိပြီး ထွက်လေမှာလည်း ဖြစ်၊ တည်၊ ပျက် သုံးခုလုံး ရှိပါသည်။ ဝင်လေ၏ အစဖြစ်ရာသည် နှာသီးဖျား၊ အလယ်တည်ရာသည် ရင်ချိုင့်၊ အဆုံး ပျက်ရာသည် ချက်ဖြစ်သည်။

ထွက်လေတွင်လည်း ထွက်လေ၏ အစဖြစ်ရာသည် ချက်၊ အလယ်တည်ရာသည် ရင်ချိုင့်၊ အဆုံး ပျက်ဆုံးရာသည် နှာသီးဖျား ဖြစ်ပါသည်။ ထိုသို့ ဖြစ်ပျက်ကိုမြင်လျှင် ဝိပဿနာဉာဏ်စဉ်အစ သမ္မသနဉာဏ် ဖြစ်ပါသည်။

ဝင်လေ စဖြစ်လျှင် ထွက်လေ မရှိတော့၊ ပျက်သွားပြီး၊ ထွက်လေ စဖြစ်လျှင် ဝင်လေ မရှိတော့ ပျက်သွားပြီး အဖြစ်အပျက်ကို မြန်မြန်ကြီး သိလာလျှင် ဖြစ်တည်မှုများ မထင်ရှားတော့ဘဲ အပျက်တို့သာ ထင်ရှားလာသည်။ ထိုသို့ ဝင်လေ အနိစ္စ၊ ထွက်လေလည်း အနိစ္စဟု အပျက်ချည်းသာ မြင်လာလျှင် ဘင်္ဂဉာဏ် ဖြစ်တော့သည်။

ဝင်လေ ထွက်လေ၏ ဖြစ်ပျက်နှစ်ခုလုံး မြင်အောင်စ၍ ရှုရပါမည်။ ဝင်လေဖြစ်၊ ထွက်လေပျက်-ဟု မရှုမှတ်ရပါ။

(ဘဒ္ဒန္တ ဝါယာသာရ ဖြေသည်)

************************************************************

ဝဋ်တော် ၁၂-ပါး၊ ငရဲ လား-မလား

(မေး) ဝဋ်တော် ၁၂-ပါး၊ ငရဲ လား-မလား

အရှင်ဘုရား၊ ဝဋ်မှာ အမြဲ၊ ငရဲမှာ အပ-ဟူသော စကားအရ ဝဋ်မှာ အမြဲခံရသည်၊ ငရဲမှာ လွတ်နိုင်ခွင့်ရှိသည်ဟု သိရပါသည်။ မြတ်စွာဘုရားသည် ဝဋ်တော် ၁၂-ပါး ခံရသေးကြောင်း ကြားရဖူးပါသည်။ ၄င်းဝဋ်တော် ၁၂-ပါးကို မခံရမီ ငရဲကျရပါသေးသလား၊

ဥပမာ-ဇောတိပါလပုဏ္ဏား ဖြစ်စဉ်က ငါ ဘုရားဖြစ်မည်ဆိုလျှင် ခြောက်လမဟုတ်၊ ခြောက်နှစ် ဒုက္ကရစရိယာ ကျင့်မည်-ဟု ကဿပမြတ်စွာဘုရားအား ဝစီဒွါရဖြင့် ဆိုခဲ့၍ ဘုရားဖြစ်မည့်ဘဝတွင် ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ခဲ့ရသည်ဟု ဆိုပါသည်။ ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ရသောဝဋ်မတိုင်မီ ငရဲကျခဲ့ရပါသေးသလား၊ သိလိုပါသည် ဖြေကြားတော်မူပါဘုရား။

(ဦးသိန်းမောင်-တရားရေး၊ မရမ်းကုန်းမြို့နယ်)

(ဖြေ) ဤဝဋ်တော် ၁၂-ပါး အကျယ် (အကြောင်းနှင့်တကွ အကျိုး) မှာ အပဒါန်အဋ္ဌကထာ ဒုတိယအုပ် (အပ၊ဋ္ဌ၊၂-၂၀၀) တွင် ပါရှိပါသည်။ အကျယ်မရေးသာပါ။

ထို ၁၂-ပါးတွင် ၁၀-ပါးမှာ ပြစ်မှားခဲ့သည့်ဘဝမှ နောက်ဘဝနှင့် ဘဝပေါင်းများစွာ အပါယ်ငရဲ၌ ကျရောက်ခဲ့ရပြီး ဘုရားဖြစ်သည့်ဘဝတွင် ဖော်ပြပါဝဋ်တော်များကို ခံရကြောင်း ပါရှိသည်။ ထို့ကြောင့် ၁၁-နှင့် ၁၂ ဝဋ်တော် ၂-ပါးမှာ အပါယ်မကျ။ ဝဋ်တော်ခံရုံသာဖြစ်ကြောင်း ပါရှိပါသည်။

၄င်းဝဋ်တော် ၂-ပါးမှာ ရှေးသရောအခါ လက်ဝှေ့သမားဖြစ်စဉ် ပြိုင်ဖက်လက်ဝှေ့သမားအား မြေနှင့်ကိုင်ရိုက်၍ ခါးရိုးကို ချိုးခဲ့ဖူးသဖြင့် မြတ်စွာဘုရားဖြစ်သောအခါ ခါးတော်ကိုက်ခဲရခြင်းနှင့် ဆေးသမားဖြစ်စဉ် လူနာက ဆေးဖိုးဝါးခ မပေးသဖြင့် ဝမ်းလားဆေးကို တိုက်ကျွေးခဲ့၍ မြတ်စွာဘုရားဖြစ်သောအခါ ဝမ်းတော်လားရခြင်းတို့ ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝဋ်ကြွေး

(မေး) (ဝဋ်ကြွေး)

အရှင်ဘုရား၊ မိဘများက သားသမီးများကို ကျွေးမွေးစောင့်ရှောက်ရခြင်း၊ အလုပ်သမားက အလုပ်ရှင်ထံ အလုပ်လုပ်နေရခြင်း၊ ဦးလေး အဒေါ်များက တူ-တူမများကို ထိန်းသိမ်းစောင့်ရှောက်ရခြင်း စသည်တို့သည် တဦးနှင့်တဦး ဝဋ်ကြွေးရှိ၍ ပေးဆပ်လုပ်ကိုင်နေရခြင်း ဖြစ်သည်ဆိုသည်မှာ မှန်ပါသလား ဖြေကြားပေးတော်မူပါ။

(အေးနု-လှိုင်မြို့နယ် ရန်ကုန်)

(ဖြေ)

မိဘများက သားသမီးများကို ကျွေးမွေးစောင့်ရှောက်ရခြင်း စသည်များသည် မကင်းနိုင်သော လောကဝတ္တရားများ ဖြစ်ကြပါသည်။ လူ့လောက၌နေလျှင် သားသမီး၊ ဆွေမျိုး၊ တပည့်၊ အလုပ်သမား စသည်များနှင့် မကင်းနိုင်ပါ။ ဆိုရာဝတ္တရားများကို ဆောင်ရွက်ကြရမည်သာ ဖြစ်ပါသည်။

မြတ်စွာဘုရားကလည်း သိင်္ဂါလသုတ်တွင် ထိုသို့ မိဘ သားသမီး၊ ဆရာ တပည့်၊ အရှင်သခင် အလုပ်သမား၊ လင် မယား ဆိုင်ရာဝတ္တရားများကို ကျေပြွန်အောင်လုပ်ဆောင်ကြရန် ဟောတော်မူထားပါသည်။ ထို့ကြောင့် ဝဋ်ကြွေးမဟုတ် ဝတ္တရားဟု နားလည်ထားပြီး ကျေပြွန်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကုသိုလ်တရားများပင် ပွားများနိုင်မည် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝဋ်ကြွေးကျေအောင်

(မေး) (ဝဋ်ကြွေးကျေအောင်)

ယခင်ဘဝများက ဝဋ်ကြွေးများ ပါရှိနေလျှင် ယင်းဝဋ်ကြွေးများ ကျေအောင် မြတ်စွာဘုရားထံ၌ မည်ကဲ့သို့ ပေးဆပ်ရမည်ကို အကျယ်တဝင့် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

(မခိုင်-မရမ်းကုန်းမြို့နယ်၊ ရန်ကုန်)

(ဖြေ)

ဝဋ်ကြွေးဟူသည်မှာ မိမိပြုခဲ့သော မကောင်းမှုများမှ ငရဲစသော ပဋိသန္ဓေကျိုးပေးပြီးနောက် အကျိုးဆက်အနေဖြင့် ကျန်ရှိနေသော ကံကြွင်းဖြစ်သည်။

ထိုကံကြွင်းကြောင့် ဤဘဝ ပဝတ္တိအခါတွင် ခံစားရသော ဘေးဒုက္ခများပင် ဖြစ်သည်၊

ဥပမာ-သူတဦးတယောက်ကို ဓားဖြင့်ခုတ်သတ်ခဲ့၍ ငရဲ၌ ကျရောက် ခံစားရသည်၊

ငရဲမှလွတ်ကာ တိရစ္ဆာန် စသည်ဖြစ်ရာ ဓားခုတ်ခံရ၍ သေခြင်း၊ လူ့ဘဝရောက်သည့်တိုင်အောင် ဓားလက်နက်ဖြင့် ထိပါး၍ သေရခြင်း စသည်ဖြင့် ဝဋ်ကြွေးများကို ခံစားရတတ်ပါသည်။

သူ့အသက်ကိုသတ်ရာ၌ အသတ်ခံရသူ မသေ၍ ကမ္မပထ မမြောက်သဖြင့် ငရဲ၌ မခံရသည့်တိုင်အောင် သေလောက်သည့်လက်နက် တမျိုးမျိုး ထိခိုက်ရှနာခြင်း-စသော ဝဋ်ကြွေးများလည်း ရှိတတ်ပါသည်၊ ယင်းဝဋ်ကြွေးအန္တရာယ်မှ ကင်းလွတ်ရန်၊ သို့မဟုတ် သက်သာရန် မြတ်စွာဘုရားထံ၌ ပေးဆပ်ရန်မလို၊ ကုသိုလ်ကောင်းမှုများကို အဆက်မပြတ် ပြုလုပ်ရန်သာ လိုပါသည်၊

အကုသိုလ်အန္တရာယ်များ ကြားဖြတ် မဝင်နိုင်ရန် သရဏဂုံသီလကို မပျက်အောင် ကျိုးပေါက်ပြောက်ကျား မရှိအောင် စောင့်ရှောက် ထိန်းသိမ်းခြင်း၊ အမြဲတမ်း ဘုရားရှိခိုး၍ ပရိတ်မေတ္တာ ဘာဝနာတို့ကို ပွားများ၍နေခြင်း၊ သမထ ဝိပဿနာတို့ကို သင့်လျော်သလို အားထုတ်ခြင်း၊ ဒါနကုသိုလ်ကို သင့်လျော်သလို ပြုလုပ်ခြင်း၊ စသည်ဖြင့် ကုသိုလ်တရားဖြင့် ထုံမွမ်းနိုင်ရန်၊ ကုသိုလ်ကံ စေတနာ အားသေးမသွားရန် အရေးကြီးပါသည်၊

အဘယ့်ကြောင့်ဆိုသော် ဝဋ်ကြွေးအန္တရာယ်တို့မှာ ကုသိုလ်ကံ အားနည်းချိန်တွင် ဝင်ရောက်တတ်သော ကြောင့်ပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝဋ်နှင့် ငရဲ

(မေး) (ဝဋ်နှင့် ငရဲ)

ဆရာတော်ဘုရား၊ သတ္တဝါတဦးဦးကို အသက်မသေစေဘဲ ကျိုးအောင် ကန်းအောင် မသွားနိုင်အောင် ပြုလုပ်မိတဲ့အခါ ဒီအတိုင်းထားရင် အပြစ်ကြီးတယ်၊ ဝဋ်လိုက်တတ်တယ်၊

တခါထဲ အသေသတ်တာက ကောင်းတယ်၊ အပြစ်မကြီးဘူးလို့ ပြောကြပါတယ် အဲဒီစကား ဟုတ်နိုင် မဟုတ်နိုင် သနားသဖြင့် ဖြေကြားပေးပါဘုရား။

(ခင်မိုးဝေ-ချောင်းဆုံတောင်ရွာ-တန့်ဆည်မြို့နယ်)

(ဖြေ)

ကျိုးရုံ ကန်းရုံ ပြုလုပ်ခြင်းထက် သတ်ခြင်းက အပြစ်ကြီးပါသည်။

လူတို့သည် ဝဋ်မှာအမြဲ ငရဲမှာ အပ-ဟူသော စကားကို အားကိုး၍ ဝဋ်သည် မပျက်မကွက် အမြဲခံရ၍

ငရဲမှာ လွတ်မြောက်နိုင်သည်-ဟု ယူဆကြဟန်တူပါသည်။

သူ့အသက်သတ်၍ ခံရမည့်ငရဲကို ကျော်လွှား လွတ်မြောက်နိုင်ဖို့ အတွက် ကုသိုလ်အဆက်ဆက် ပြုလုပ်နေရန်၊ ကုသိုလ်အကျိုးချည်း ဆက်ပေးနေရန် မလွယ်ပါ၊

ဝဋ်နှင့်ငရဲ ဟူသည်မှာလည်း ဝဋ်မှာ ပဝတ္တိအကျိုးသာ ဖြစ်၍ ငရဲမှာ ပဋိသန္ဓေအကျိုး ဖြစ်သဖြင့် အကြီးအသေး ကွာခြားလှပါသည်၊ ထို့ပြင် ဝဋ်မှာ တခဏ၊ ငရဲမှာ တဘဝ-ဟု ဆိုသော်လည်း ငရဲတဘဝ ကျသွားလျှင် အကုသို်လ်အကျိုးများ ဆက်၍ သုဂတိဘဝသို့ ပြန်ရောက်ရန် မလွယ်ကူပါ။ ထို့ကြောင့် ဝဋ်ထက် ငရဲကို ပိုပြီးကြောက်သင့်ပါသည်။

မျက်မြင်မှာလည်း ကျိုးခြင်းနှင့် သေခြင်းကို နှိုင်းယှဉ်ကြည့်ပြီး ကျိုးခြင်းထက် သေခြင်းက ပို၍ဆိုးသဖြင့် သူ့အသက်သတ်ခြင်းကို လုံးဝမပြုလုပ်မိရန် လွန်စွာအရေးကြီးလှပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝါဆိုစဉ်

(မေး) (ဝါဆိုစဉ်)

်အရှင်ဘုရား၊ မြတ်စွာဘုရား၏ ၄၅-ဝါ ဝါဆိုစဉ်များကို ကျမ်းလာအတိုင်း ဖော်ပြပေးစေလိုပါသည်ဘုရား။

(အာဂမ ရှင်တိက္ခဉာဏ-အောင်လံ)

(ဖြေ)

(၁) ပထမဝါ-မိဂဒါဝုန်တော

(၂) ရာဇဂြိုဟ်ပြည်

(၃) ရာဇဂြိုဟ်ပြည်

(၄) ရာဇဂြိုဟ်ပြည်

(၅) ဝေသာလီပြည်

(၆) မကုလတောင်

(၇) တာဝတိံသာနတ်ပြည်

(၈) သံသုမာပြည်

(၉) ကောသမ္ဘီပြည်

(၁၀) ပလလေယျတော

(၁၁) နာဠပုဏ္ဏားရွာ

(၁၂) ဝေရဉ္ဇာပြည်

(၁၃) စာလိယတောင်

(၁၄) သာဝတ္ထိပြည်

(၁၅) ကပိလဝတ်ပြည်

(၁၆) အာဠဝီပြည်

(၁၇) ရာဇဂြိုဟ်ပြည်

(၁၈) စာလိယတောင်

(၁၉) စာလိယတောင်

(၂၀) ရာဇဂြိုဟ်ပြည်

(၂၁-မှ-၄၄-အထိ) သာဝတ္ထိပြည်

(၄၅) ဝေဠုဝရွာ

မှတ်ချက်။ ရာဇဂြိုဟ်ပြည်-ဟုဆိုလျှင် ဝေဠုဝန်ကျောင်း စသည် ဖြည့်စွက်မှတ်သားစေလိုပါသည်။

ဤဝါဆိုစဉ်မှာ ဗုဒ္ဓဝင် အဋ္ဌကထာအတိုင်း ဆရာတော်ဦးဗုဓ် စီကုံးထာေးသာ ဝါဆိုစဉ် ဂါထာများအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝါသနာဓလေ့

(မေး) (ဝါသနာဓလေ့)

အရှင်ဘုရား၊ ဝါသနာဓလေ့ကို ရဟန္တာပုဂ္ဂိုလ်ကြီးများတောင် မပယ်နိုင်-ဟု ဓမ္မစကား တော်တော်များများတွင် ကြားနေရပါသည်။ ထိုစကားမှန်-မမှန် ဖြေကြားပေးတော်မူပါဘုရား။

(အောင်မှူးဝေ-တမူးမြို့)

(ဖြေ)

ဘုရားရှင်၏ ကိလေသာပယ်ပုံ ပဟာနသမ္ပဒါတွင် (ဝါသနာနှင့်တကွ) အလုံးစုံသော ကိလေသာတို့ကို စင်စစ်တဖန် ပြန်မဖြစ်စေသောအားဖြင့် ပယ်သတ်ခြင်းဟု ဆိုသဖြင့် ဘုရားရှင်သာ (ဝါသနာနှင့်တကွ) ပယ်နိုင်ပြီး၊ ကျန် ရဟန္တာမထေရ်မြတ်များမှာ ကိလေသာတို့ကိုသာ ပယ်နိုင်ပြီး ဝါသနာကို မပယ်နိုင်ဟု ဆိုရာ ရောက်ပါသည်။

(သဝါသန သကလသံကိလေသာန မစ္စန္တမနုပ္ပါဒ ဓမ္မတာ ပါဒနံ=ပဟာနသမ္ပဒါ) ပညာဧတဒဂ်ရ-ရဟန္တာ သာဝကကြီး အရှင်သာရိပုတ္တရာသည်ပင်လျှင် ဝါသနာကို မပယ်နိုင်ကြောင်း အာစရိယပရမ္ပရ-ရှေးမထေရ် အဆက်ဆက်တို့ ပြောရိုးဆိုစဉ်ရှိသော ဇာတ်လမ်းလေးတခု ရှိပါသည်။

တချိန်တွင် အရှင်သာရိပုတ္တရာ မထေရ်ကြီးအား ဒါယကာတဦးက ဆွမ်းလာပင့်၍ ကြွလိုက်အသွား လမ်းခုလပ်တွင် ရေမြောင်းလေးတခုတွေ့ရာ အရှင်သာရိပုတ္တရာမထေရ်ကြီးက ခုန်ကျော်၍ သွားသောဟူ၏၊ ထိုအခါ ဒါယကာ၏စိတ်ထဲတွင် ရဟန်းကြီးနှယ် ဣန္ဒြေမရလိုက်တာ-ဟု တွေးပြီး သင်္ကန်းသုံးထည် လှူဒါန်းဖို့ စီမံထားရာ နှစ်ထည်သာလှူတော့မည်ဟု စိတ်ပြောင်းသွားလေ၏၊ နောက်တဖန် ရေမြောင်းတခုတွေ့၍ ခုန်လိုက်ပြန်ရာ (တစ်)ထည်သာ လှူတော့မည်ဟု လျော့သွားပြန်၏၊ (သုံး)ခုမြောက် ရေမြောင်းတခုတွေ့ရာတွင် မထေရ်ကြီးက မခုန်တော့ဘဲ ဆင်းသွားသောဟူ၏၊ ထိုအခါ ဒကာက အရှင်ဘုရား ရှေ့ကရေမြောင်းနှစ်ခု ခုန်ကျော်ခဲ့ပြီး ယခုရေမြောင်းကို အဘယ့်ကြောင့် မခုန်ကျော်ပါသနည်းဟု မေးရာ

ဒကာ-ငါ ဒီရေမြောင်းကို ခုန်ကျော်လိုက်လျှင် သင်္ကန်းတထည်မျှ ရမှာမဟုတ်တော့ဘူး။ ဟုဖြေရာ ထိုအခါကျမှ မထေရ်ကြီးကို ကြည်ညို၍ သုံးထည်လုံး လှူသောဟူ၏၊

ဤဇာတ်လမ်းတွင် အရှင်သာရိပုတ္တရာ မထေရ်ကြီးသည်ပင် မျောက်ဘဝတွင် အဖြစ်များခဲ့ဖူး၍ ဝါသနာအငွေ့အသက် ကျန်နေကြောင်း ပိဋကတ်တော်တွင် မပါဝင်သော်လည်း အကြောင်းအရာလည်းပေါ်လွင် ဟာသရသပါ ခံစားရသောကြောင့် မထေရ်အဆက်ဆက်တို့ ပြောရိုးဆိုစဉ်ရှိနေသော ဇာတ်လမ်းဖြစ်ပါ၏၊

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဝါသ်ဆောက်တည်မှု

(မေး) (ဝါသ်ဆောက်တည်မှု)

အရှင်ဘုရား၊ သံဃာတော်များ ဝါသ်ဆောက်တည်နေစဉ် ကာလအတွင်း၌ အခြားကျောင်းတကျောင်းမှ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သံ သဲ့သဲ့မျှကြားရုံဖြင့် ပျက်သည်ဆိုသည်မှာ ဟုတ်ပါသလား။ မည်သို့သော အကြောင်းအရာများသည် ဝါသ်ဆောက်တည်နေခြင်းကို ပျက်စေပါသနည်း ဖြေကြားတော်မူပါဘုရား။

(မဆွေကလျာ-ကူမဲမြို့)

(ဖြေ)

ဝါသ်ဆောက်တည်နေသော သံဃာများသည် ဝါသ်ဆောက်တည်နေဆဲကာလ (ပရိဝါသ် ဆောက်တည်နေချိန်၊ မာနတ်ဆောက်တည် ကျင့်သုံးနေချိန်) အတွင်း အခြားသံဃာတပါးပါး၏ အဆင်း၊ အသံ တို့ကို မြင်ရ ကြားရလျှင် မြင်ရာ ကြားရာသို့ သွားရောက်၍ ဝါသ်ကို လျှောက်ထားရသည်။ နှုတ်မြွက်သံ မဟုတ်၊ ခြေသံ၊ ထီးဖွင့်သံ၊ ဖိနပ်သံများကို ကြားလျှင်လည်း ထို့အတူပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းတကျောင်း နေရာတနေရာ၌ ဝါသ်ဆောက်တည်နေလျှင် ထိုကဲ့သို့ အသံများ မကြားရအောင် ကြိုတင်၍ လျှောက်ကြားထားရန် လိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝိကာလဘောဇန စသည် ပျက်လျှင်

(မေး) (ဝိကာလဘောဇန စသည် ပျက်လျှင်)

အရှင်ဘုရား၊ တပည့်တော်တို့ ရှစ်ပါးသီလခံယူရာတွင် ပါဏာတိပါတ သိက္ခာပုဒ်မှစ၍ သုရာမေရယအထိ ငါးပါးပျက်လျှင် အပါယ်လေးဘုံသို့ ရောက်နိုင်၍ ဝိကာလဘောဇန စသည်များပျက်လျှင် ထို့အတူ အပါယ်လေးဘုံသို့ ရောက်နိုင်ပါသလားဘုရား။ တပည့်တော်တို့ ကွဲကွဲပြားပြား သိလိုပါ၍ ဖြေကြားပေးတော် မူပါဘုရား။

(ဒေါ်သိန်းမေ-ပြည်မြို့)

(ဖြေ)

သီလသည် ဝါရိတ္တသီလ၊ စာရိတ္တသီလ ဟူ၍ နှစ်မျိုးရှိရာ ပါဏာတိပါတ စသော သီလငါးပါးသည် ခံယူသည်ဖြစ်စေ၊ မခံယူသည်ဖြစ်စေ မကျင့်မနေရ။ မကျင့်လျှင် ပျက်လျှင် အပါယ်လေးပါးသို့ ရောက်စေနိုင်သည်။ ကျင့်လျှင် အပါယ်လေးပါးမှ လွတ်ကာ နတ်ရွာသုဂတိသို့ ရောက်စေနိုင်သဖြင့် ဝါရိတ္တသီလ-ဟု ခေါ်ပါသည်။

ရှစ်ပါးသီလ၊ ဆယ်ပါးသီလ တို့တွင် ပါဝင်သော ဝိကာလဘောဇနစသော သိက္ခာပုဒ်များသည် ကျင့်လျှင် လွန်စွာအကျိုးရှိ၍ လူ့ရွာနတ်ရပ် ကောင်းမြတ်သော ဘုံဘဝတို့သို့ ရောက်စေနိုင်ပါသည်။ မကျင့်လျှင် အပါယ်သို့ရောက်စေသော အပြစ်ကားမရှိပါ။ ထိုသို့ အပါယ်လားကြောင်း မဖြစ်သော်လည်း အကုသိုလ်ဖြစ်၍ နောင်တွင် ပကတူပ ဖြစ်၏၊ ပကတူပဟူသည်မှာ အခြားအကုသိုလ် အကျိုးပေးရာ၌ ပူးပေါင်း၍ ထောက်ပံ့နိုင် ရကား ဒါနပါးရှားသူအား ဆင်းရဲသောအကျိုးပေးရာတွင် ဝင်ရောက်ထောက်ပံ့၍ အစားအစာ ငတ်မွတ်ခြင်း စသည်များ ဖြစ်စေတတ်ပေသည်။ ထို့ကြောင့် ရှစ်ပါးသီလ ဆောက်တည်ရာတွင် ရှစ်ပါးလုံး မကျိုးမပေါက် မပြောက်မကျားရအောင် ကြိုးစားစောင့်ရှောက် ဆောက်တည်ကြရာသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝိဇ္ဇာစရဏသမ္ပန္န

(မေး) (ဝိဇ္ဇာစရဏသမ္ပန္န)

ဆရာတော်ဘုရား၊ ဘုရားဂုဏ်တော် ကိုးပါးတွင်ပါသော ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော် အဓိပ္ပါယ်မှာ

ဝိဇ္ဇာ-အသိဉာဏ်၊ စရဏ-အသိဉာဏ် ဖြစ်ရန် အကျင့်တရားဖြစ်၍ စရဏ-က ပထမ၊ ဝိဇ္ဇာက-က ဒုတိယ၊

စရဏဝိဇ္ဇာသမ္ပန္န-ဟု ဆိုသင့်လျက် အဘယ်ကြောင့် ဤသို့ ဝိဇ္ဇာစရဏသမ္ပန္န-ဟု ဆိုရပါသနည်းဘုရား။

(မောင်ဉာဏ်မြင့်-ကန္နီ)

(ဖြေ)

သဘောတရားအားဖြင့် စရဏ အကျင့်က ရှေ့၊ စရဏအကျင့်ကြောင့် သိအပ်သော ဝိဇ္ဇာက နောက် ဖြစ်သော်လည်း အမည်ကိုမှည့်ခေါ်ရာ၌ သဒ္ဒါနည်း ဒွန်သမာသ်တွဲစပ်ပြုလုပ်၍ မှည့်ခေါ်ခြင်းဖြစ်ရာ ဒွန်သမာသ်တွဲစပ်ရာတွင် အက္ခရာ အနည်းအများ လိုက်၍ အက္ခရာနည်းသော ဝိဇ္ဇာပုဒ်ကို ရှေ့က ထားပြီး အက္ခရာများသော စရဏပုဒ်ကို နောက်ကထား၍ ဝိဇ္ဇာစရဏသမ္ပန္န-ဟု တွဲစပ်မှည့်ခေါ်ရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝိဇ္ဇာဓိုရ်

(မေး) (ဝိဇ္ဇာဓိုရ်)

အရှင်ဘုရား၊ ဝိဇ္ဇာဓိုရ်ဟူသည် အဘယ်လူမျိုးဖြစ်ပါသနည်း၊ ဝိဇ္ဇာဓိုရ်ဖြစ်ရန် မည်သို့အားထုတ်ရပါသနည်း။ ဝိဇ္ဇာဓိုရ်အမျိုးအစား မည်မျှရှိပါသနည်း။ ၄င်း ဝိဇ္ဇာဓိုရ်များက သာသနာတော်ကို မည်သို့ အကျိုးပြုပါသနည်း။

(မောင်သုတေသန-ရန်ကုန်)

(ဖြေ)

ဝိဇ္ဇာဓိုရ်တို့သည် အမျိုးတပါး အခြားရှိတော့သည် မဟုတ်ပြီ။ တရာ့တပါးသော လူမျိုးကပင် အတတ်ဝိဇ္ဇာကိုစွဲ၍ ဖြစ်လေသည်။ ယင်းဝိဇ္ဇာဓိုရ်တို့သည် သန်လျက်ဝိဇ္ဇာ၊ မန္တန်ဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ-ဟူ၍ သုံးမျိုးရှိရာ သန်လျက်ဝိဇ္ဇာတို့မှာ သန်လျက်၏ အာနုဘော်ကြောင့် ကောင်းကင်သို့ပျံနိုင်သည်။

မန္တန်ဝိဇ္ဇာတို့မှာ မန္တန်၏ အာနုဘော်ကြောင့် ကောင်းကင်သို့ ပျံနိုင်သည်။

ဆေးဝိဇ္ဇာဓိုရ်တို့မှာ သုံးနှစ်တိုင်အောင် တွင်းအောင်၍ ဆေးစားရသည်။

သုံးနှစ်စေ့လျှင် ဆွေမျိုးတပည့်တပန်းတို့က တွင်းမှဖော်၍ ကျွေးမွေးရသည်။ အကျွေးအမွေးကောင်းမှ အသက်ရှည်သည်။ အသက်ရှည် ကျန်းမာလျှင် ဆေးအာနုဘော်ကြောင့် ကောင်းကင်သို့ ပျံနိုင်သည်။ ထိုဝိဇ္ဇာဓိုရ်အတတ်ကို ဆရာသင်၍လည်း အချို့တတ်သည်။ နတ်ဘီလူးတို့ သင်၍လည်း တတ်နိုင်သည်ဟု ဆိုသည်။ ဝိဇ္ဇာဓိုရ်ဖြစ်လျှင် ကောင်းကင်ပျံနိုင်ရုံမက သူတပါး၏ စိတ်အကြံကိုလည်း သိ၍ ရွှေငွေစသည် တို့ကိုလည်း ဖြစ်စေနိုင်သည်ဟု ဆိုပါ၏၊

သာသနာကို မည်သို့ပြုစုသည်ဟု မတွေ့ဘူးပါ။ ဝိဇ္ဇာဓိုရ်အကြောင်း မကြာခဏမေးကြ၍ လက်ဝဲနော်ရထာ လျှောက်ထုံးကိုမှီး၍ အပြည့်အစုံ ဖြေလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝိညာဉ်

(မေး) (ဝိညာဉ်)

ဆရာတော်ဘုရား ဗုဒ္ဓဘာသာအရ ဘဝကူးဝိညာဉ် မရှိကြောင်း မှတ်ယူရပါသည်ဘုရား။

ခန္ဓာငါးပါး၌ ဝိညာဏက္ခန္ဓာ-သိမှုဝိညာဉ်အစု-ဟု၄င်း။

နာမ်တရားကို ဝိညာဉ်ဟု၄င်း မှတ်သိရပါသည်ဘုရား။

သို့သော်လည်း ပဋိစ္စသမုပ္ပါဒ်အရ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ-ဟု ပါရှိပါသည်။

ပဋိစ္စသမုပ္ပါဒ်အရ ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်ရသည်ကို မရှင်းပါသဖြင့် ဆရာတော်ဘုရားမှ ရှင်းပြပေးပါရန် ရိုသေလေးစားစွာဖြင့် လျှောက်ထားအပ်ပါသည်ဘုရား။

(မောင်အောင်မင်း-သန်လျင်မြို့)

(ဖြေ)

ခန္ဓာငါးပါး၌ ပါရှိသော ဝိညာဉ်မှာ သူ့ချည်းသက်သက် တည်ရှိနေသည် မဟုတ်။ ရုပ် ဝေဒနာ သညာ သင်္ခါရတို့နှင့် အတူ တည်ရှိနေသည်-ဟု ဆိုရပါမည်။

ဝိညာဉ်-ဟုခေါ်ဆိုရသော အသိစိတ်သည် ဆိုင်ရာဝတ္ထုရုပ်၌သာ တည်နေရသည်။

စက္ခုဝိညာဉ်ခေါ် မြင်သိစိတ်သည် စက္ခုဝတ္ထုခေါ် မိမိမှီရာ ဝတ္ထုရုပ်၌ မှီရပေသည်။

ထို့အတူ သောတဝိညာဉ်စသည် ကြားသိစိတ် စသည်တို့သည်လည်း သောတဝတ္ထု စသည်တို့၌သာ မှီကြရကုန်မြဲတည်း။

ပဋိစ္စသမုပ္ပါဒ်အရ ဝိညာဏပစ္စယာ နာမရူပံ-ဟူသည်မှာလည်း ဝိညာဉ်က ဘဝကူးသွားပြီး နာမ်ရုပ် ဖြစ်စေသည်မဟုတ်၊ ဝိညာဉ်ဟုဆိုရသော စိတ်တခုယုတ် ၉၀-(၈၉) က နာမ်ရုပ်ဟုဆိုသော စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါးတို့ကို အကြောင်းအားလျော်စွာ ဖြစ်စေခြင်းကိုသာ ဆိုပါသည်။

(မီးတွင်ရှိန်ဝါ ထက်ကြပ်ပါသို့)ဟူသော စကားအတိုင်း မီးဟုဖြစ်ပေါ်လာလျှင် ထိုမီး၏ အရှိန်အဝါသည်လည်း အတူတကွပါလာသည်။

အလားတူ ဝိညာဉ် ၆-ပါး ဖြစ်ပွားလာလျှင် ထိုဝိညာဉ်တို့၏ အစွမ်းသတ္တိကြောင့် စေတသိက်ခေါ်သော နာမ်တရားများ၊ မဟာဘုတ်ကြီးလေးပါးနှင့် ဥပါဒါရုပ် ၂၄-ပါးတည်းဟူသော ရုပ်တရားများ ထင်ရှားဖြစ်ပေါ်လာမြဲပင် ဖြစ်လေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝိညာဉ်

(မေး) (ဝိညာဉ်)

အရှင်ဘုရား၊ ဗုဒ္ဓဘာသာအလိုအရ ဝိညာဉ် (လိပ်ပြာ) မရှိဟု သိရပါသည်။ သို့သော် ဘာသာရေးစာစောင်များတွင် သေခါနီးလူ၏ ဝိညာဉ်က ငရဲပြည်သို့ရောက်သွားပြီး အချိန်မကျသေးသဖြင့် လူ့ပြည်သို့ပြန်လာ၍ မိမိတို့အကြောင်းကို ပြန်ပြောပြသည့် သေရွာပြန်များအကြောင်းကို မကြာခဏ ဖတ်ရပါသည်။ ၄င်းဝိညာဉ်ကို မည်သို့ခေါ်ဆိုပါမည်နည်း။ ၄င်းဝိညာဉ်သည် ၃၁-ဘုံတွင် မည်သည့်ဘုံ၌ ပါဝင်သည်ကို သိလိုပါသဖြင့် ဖြေကြားပေးပါရန် ရိုသေလေးစားစွာ လျှောက်ထားအပ်ပါသည်ဘုရား။

(ဦးကျော်ဇင်-သာကေတ)

(ဖြေ)

သေခါနီး ငရဲပြည်သို့ရောက်သွားပြီး မသေဘဲ ပြန်လာ၍ အဖြစ်ကို ပြောပြသူများသည် ဂတိနိမိတ်ထင်ပြီးမှ မသေဘဲ ပြန်ရှင်လာခြင်း-ဟု မှတ်သင့်ပါသည်။ မည်သူမဆို ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးမျိုးထင်မြဲတွင် ဂတိနိမိတ်က ငရဲကို မြင်ပြီးမှ အကြောင်းအားလျော်စွာ မသေဘဲ ပြန်ကောင်းလာပြီး ထိုအချိန်တွင် ကုသိုလ်ပြု၍ ဒေဝနိမိတ်ပြောင်းကာ နတ်ပြည်၌ ဖြစ်သွားခြင်းမျိုးလည်း ရှိပါသည်။

သောဏရဟန္တာ၏ ခမည်းတော် မုဆိုးကြီးကို သောဏရဟန္တာက အိုကြီးအိုမှ ရဟန်းဝတ်ပေးထားရာ သေခါနီးတွင် ငရဲခွေးကြီးများ အကိုက်ခံနေရသော ဂတိနိမိတ် ထင်လာ၍ အော်ဟစ်နေသဖြင့် သောဏရဟန္တာက ကိုရင်များကို ပန်းများခူးခိုင်းကာ ဖခင်ရဟန်းကြီးအား ဘုရားရှေ့သို့ ညောင်စောင်းနှင့်ယူလာပြီး အပူဇော်ခိုင်းလေသည်။ ထိုအခါ ငရဲဂတိ နိမိတ်များ ပျောက်ပြီး နတ်ပြည်နိမိတ်များမြင်၍ ကွယ်လွန်သော် နတ်ပြည်၌ဖြစ်ကြောင်း ဝတ္ထုရှိပါသည်။

ထိုဝတ္ထုအရ ပထမငရဲနိမိတ်ထင်၍ မသေဘဲ ပြန်ကောင်းလာပြီးနောက် ကုသိုလ်အဟုန်ကြောင့် ဒေဝနိမိတ်ပြောင်းထင်သည်ကို ထောက်၍ သေခါနီး ဂတိနိမိတ်ထင်ခြင်းကို ဝိညာဉ်ဟု ယူဆပြောဆိုကြခြင်း ဖြစ်ပါသည်။ သေ၍ လူဝင်စားဖြစ်သူများကလည်း ထိုဂတိနိမိတ်ကိုပါ ပြန်၍ မြင်ပြီး ဝိညာဉ်လွင့်ပါးသွားဟန် ပြောဆိုကြသည်လည်း ရှိပါသည်။ ဂတိနိမိတ်ကို ဝိညာဉ်ထင်နေခြင်းသာဖြစ်သည်။ တခါတရံ ပေတလောကသို့ ရောက်သွားသည်ကိုလည်း ဝိညာဉ်ဟုထင်၍ ပြောကြပါသည်။ ပေတလောက၌ ရုပ်ရော နာမ်ပါရှိသော်လည်း ရုပ်ကို လူများမမြင်ရ၍ ဝိညာဉ် နာမ် လိပ်ပြာကောင်ဟု အထင်မှား ပြောကြားကြခြင်းဖြစ်ကြောင်း မှတ်သားရန် ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝိဓူရဇာတ်လာ ပုဏ္ဏက-၏ သိန္ဓောမြင်းသည် လူ့စိတ်ထက် မြန်သည်-ဟု ဆိုပါသည်၊ နတ်မြင်းဖြစ်သော်လည်း လူ့စိတ် မြန်သည်ထက် ပို၍ မြန်နိုင်ပါမည်လော။

(မေး) ဝိဓူရဇာတ်လာ ပုဏ္ဏက-၏ သိန္ဓောမြင်းသည် လူ့စိတ်ထက် မြန်သည်-ဟု ဆိုပါသည်၊ နတ်မြင်းဖြစ်သော်လည်း လူ့စိတ် မြန်သည်ထက် ပို၍ မြန်နိုင်ပါမည်လော။

(ဖြေ)

နတ်က ဖန်ဆင်းထာေးသာ မြင်းဖြစ်၍ လူ့စိတ်ထက်မြန်အောင် သွားနိုင်သည်ဆိုသည်မှာ မှန်ပါသည်။

ရှင်းလင်းချက်။ ။ နတ်ပြည်၌ တိရစ္ဆာန်မရှိ၊

သိကြားမင်း၏ ဧရာဝဏ်ဆင်၊

မာရ်နတ်၏ မဏိမေခလာဆင်၊

ဝေဇယန္တာရထား၌ ကထားကြသော သိန္ဓောမြင်း၊

ပုဏ္ဏက-၏ မနောမယ သိန္ဓောမြင်းတို့မှာ နတ်သားများဖြစ်ကြသည်။

ဆိုင်ရာနတ်မင်းများ ဆင်မြင်းတို့နှင့် သွားလာရန်ကိစ္စပေါ်မှ ဆင်၊ မြင်း သဏ္ဍာန် ဖန်ဆင်းကြခြင်း ဖြစ်လေသည်။ ၄င်းနတ်ဆင် နတ်မြင်းတို့ သွားကြသည် ဆိုရာမှာလည်း ပကတိခြေဖြင့် သွားကြသည်မဟုတ်၊ စိတ်ဖြင့်သွား၍ စိတ်မြန်သလောက် မြန်စွာရောက်ကြသည်။

ဤ၌ စိတ်သွားသည် ဆိုရာမှာလည်း တင်စား၍ဆိုခြင်းပင် ဖြစ်သည်၊ စိတ်က သွားသည်မဟုတ်၊ အဝေး၌ရှိသော အာရုံကို ယူခြင်း၊ တွေးဆခြင်း၊ တွေးဆတိုင်း စိတ်ကရောက်ခြင်းကိုပင် စိတ်သွားသည်-ဟု ဆိုရပါသည်။

ပုဏ္ဏက-နတ်မြင်းမှာ မနောမယ သိန္ဓဝမြင်းဟု ဆိုပေရာ စိတ်ဖြင့်ပြီးသော သိန္ဓောမြင်းဟု ဆိုသဖြင့် လူ့စိတ်ထက် အဆများစွာမြန်သော နတ်တို့စိတ်ဖြင့်သွား၍ သိန္ဓောမြင်း ဖြစ်လျက် လူ့စိတ်ထက် မြန်သည်-ဟု ဆိုရခြင်း ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝိနီမုတ္တော-သဗ္ဗီတိယော

(မေး) (ဝိနီမုတ္တော-သဗ္ဗီတိယော)

အရှင်ဘုရား၊ အာဋာနာဋိယသုတ်ပုဒ် ၉-တွင် သဗ္ဗရာဂါ ဝိနိမုတ္တေဟူ၍၄င်း။ ဝိနီမုတ္တော-ဟူ၍၄င်း ရှိ၍

ပုဒ် ၂၉-တွင် သဗ္ဗိတိယော-ဟူ၍၄င်း၊ သဗ္ဗီတိယော-ဟူ၍၄င်း ရှိနေပါသည်။ ၄င်းတို့တွင် နိ-နီ၊ ဗ္ဗိ-ဗ္ဗီ မည်သည်က မှန်ပါသနည်း၊ စာလုံးအမှန်နှင့် မြန်မာလိုအဓိပ္ပါယ်ကို ရေးသားဖြေကြားပေးတော်မူပါဘုရား။

(မောင်ဆွေမင်းဦး-ခေတ္တရာမြို့သစ်၊ ပြည်မြို့)

(ဖြေ)

ဝိနိမုတ္တော-ဝိနီမုတ္တော-တွင် ဝိနီမုတ္တော မှန်၍

သဗ္ဗိတိယော-သဗ္ဗီတိယော-တွင် သဗ္ဗီတိယော မှန်ပါသည်။

မြန်မာလိုအဓိပ္ပါယ်မှာ ဝိနီမုတ္တော-မှာ အထူးလွတ်ကင်းရခြင်း ဟူ၍ဖြစ်ပြီး

သဗ္ဗီတိယော-မှာ အလုံးစုံသော ဘေးရန် (ဝါ) ဘေးရန်အားလုံး ဟူ၍ ဖြစ်ပါသည်။

အပိုဒ် စ-ဆုံး မြန်မာပြန်ရလျှင် ၁၉-မှာ

ဒုက္ခခပ်သိမ်း ငြိမ်းအေးမှုကို ပြုတတ်ကုန်သော ဘုရားရှင်တို့သည် သင့်ကို အခါခပ်သိမ်း ချမ်းသာရေးဖြင့် စောင့်ရှောက်တော်မူကြပါစေ။

ထိုဘုရားရှင်တို့ အစောင့်အရှောက်ကို ခံရသည်ဖြစ်၍ သင်သည် ဘေးရန်ခပ်သိမ်းတို့မှ လွတ်မြောက်ပါစေ။

ပိုဒ် ၂၉-မှာ

ဘေးရန်မှန်သမျှ ရှောင်ရှားကြပါစေ၊

စိုးရိမ်ပူပန်မှုနှင့် ရောဂါအမျိုးမျိုး ကင်းပျောက်ကြပါစေ၊

သင့်အား အန္တရာယ်ကင်းပါစေ၊

ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ၊

အသက်ရှည်ပါစေ-ဟူ၍ ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝိပါက်အမှန် ဇောအပြန်

(မေး) (ဝိပါက်အမှန် ဇောအပြန်)

ဆရာတော်ဘုရား ဝိပါက်မှာ အမှန်-ဇောမှာအပြန်-ဟူသော စကားကို ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

(လင်းထိုက်-လမ်းမတော် ရန်ကုန်)

(ဖြေ)

အဘိဓမ္မာသဘောအရ အလွန်လိုအပ်သော ဘုရားအစရှိသော အာရုံတို့ကို မြင်ရခြင်းသည် ကုသလဝိပါက်

(ကုသိုလ်၏ အကျိုးတရား) ပင် ဖြစ်သည်။

သူတော်ကောင်းတို့အဖို့ ထိုဘုရား အစရှိသော အာရုံတို့ကို မြင်ရလျှင် မဟာကုသိုလ် သောမနဿဇောများ ဖြစ်ပွားကြသည်။ ၄င်းမှာ ဝိပါက်အမှန် ဇောအမှန်ပင် ဖြစ်လေသည်။

သို့သော် မိစ္ဆာဒိဋ္ဌိအယူရှိသူတို့အဖို့ကား ကုသိုလ်အကျိုးကြောင့် တွေ့ကြုံဖူးတွေ့ရသော မြတ်စွာဘုရား၏ အဆင်းသဏ္ဍာန်၌ ကုသိုလ်ဇော မစောနိုင်ဘဲ အကုသိုလ် ဒေါသဇောများ စောရလေသည်။ ၄င်းမှာ ဝိပါက်အမှန် ဇောအပြန်-ဖြစ်ခြင်းပင်တည်း။

မစင်ပုပ် စသော မကောင်းသောအာရုံကို တွေ့ကြုံရခြင်းမှာ အကုသလဝိပါက်ဖြစ်၍ အကုသိုလ် ဒေါသဇော စောရမည်ဖြစ်သော်လည်း ခွေးတို့အဖို့ကား နှစ်သက်ဝမ်းသာ သာယာမက်မော သောမနဿဇော ဖြစ်လေရာ ယင်းမှာလည်း ဝိပါက်အမှန် ဇောအပြန်-ဖြစ်ခြင်းတမျိုးပင်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝိပဿနာ၊ ပုတီးနှင့် ဝဋ္ဋသုတ်ပါဠိ

(မေး) (ဝိပဿနာ၊ ပုတီးနှင့် ဝဋ္ဋသုတ်ပါဠိ)

(က) ဝိပဿနာတရားအလုပ်ကို အားထုတ်နေသူ ပုတီးစိပ်ခြင်း၊ ပရိတ်တရားတော်များ၊ ဂါထာတော်များ ရွတ်ဖတ်ခြင်း၊ စသည် ပြုလုပ်နိုင်ပါသလားဘုရား။

(ခ) ဝဋ္ဋသုတ် အပိုဒ် ၃-ပါ သစ္စကိရိယ မနုတ္တရံ-၌ သစ္စကိရိယ မုတ္တမံ-ဟူ၍လည်း ရှိရာ မည်သည်က မှန်ပါသလဲဘုရား။

(ဦးထွန်းအောင်တင်-မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း)

(ဖြေ)

(က) ဝိပဿနာတရားအလုပ်ကို အားထုတ်နေသူသည် ကမ္မဋ္ဌာနာစရိယ ဆရာတော် ညွှန်ကြားပြသသော ဝိပဿနာအလုပ်မှတပါး အခြားသော ပုတီးစိပ်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဆိုခြင်း၊ ဂါထာတော်များ ရွတ်ဆို ခြင်းတို့ကို ပြုလုပ်နေရန် မလိုပါ။

အချိန်ရှိသမျှ ဝိပဿနာတရားကိုသာ မပြတ်မလပ် အားထုတ်နေရပါမည်။ ထိုပုတီးစိပ်ခြင်း စသည်တို့သည် ကောင်းသောအလုပ်များ ဖြစ်သော်လည်း ဝိပဿနာအားထုတ်ရာ၌ သမာဓိပျက်ပြားစရာ အာရုံများဖြစ်၍ ရှောင်ကြဉ်ရပါမည်။

(ခ) အနုတ္တရံ နှင့် ဥတ္တမံ ပုဒ်တို့မှာ အလွန်မြတ်သော၊ မြတ်သော-အနက်များဖြစ်၍ မထူးခြားလှ၊

ပါဠိဂါထာ ၈-လုံးဖွဲ့၌ အနုတ္တရံ-ဆိုလျှင် ၉-လုံးဖြစ်၍ ဥတ္တမံ-၈-လုံးက သဘာဝကျပါသည်။

မူရင်း စရိယာပိဋက ပါဠိတော် (၄၁၅) ၌လည်း သစ္စကိရိယ မုတ္တမံ-ဟူ၍ပင် ရှိပါသည်။ ဆဋ္ဌမူ ပရိတ္တပါဠိတွင်လည်း ထိုအတိုင်းပင် တင်ထားသည်ကို တွေ့နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သံဃဒိသေသ် အာပတ်

(မေး) (သံဃဒိသေသ် အာပတ်)

အရှင်ဘုရား၊ သံဃဒိသေသ်အာပတ်သင့်သော ရဟန်းသည် ပရိဝါသ်မာနတ် ဆောက်တည်ခြင်း စသော ကျင့်ဝတ်တို့ကို မပြုဘဲ လူဝတ်လဲ သိက္ခာချပြီး နောက်တဖန် ရဟန်းခံသော် ပထမသင့်ခဲ့သော အာပတ်တို့ ပြန်ပြီး ပါ-မပါ၊ သင့်-မသင့် ဖြေကြားပေးတော်မူပါဘုရား။

(အရိယဝံသ-ဥတ္တမသာရ၊ ပန်းတောင်းမြို့)

(ဖြေ)

ရဟန်းခံ၍ ရဟန်းဖြစ်သောအခါ သင့်သောအာပတ်ကို မကုစားဘဲ သိက္ခာချ၍ လူထွက်ပြီးမှ တဖန် ရဟန်းပြန်ခံသော ပုဂ္ဂိုလ်မှာ ပထမရဟန်းဖြစ်စဉ်က သင့်သောအာပတ်သည် သိက္ခာချ၍ လူထွက်နေခိုက် သီလမရှိ၍ ကင်းနေပါသည်။

သို့သော်လည်း တဖန် ရဟန်းခံသဖြင့် ရဟန်းသီလ တည်သောအခါ၌ သင့်ပြီးခဲ့သော အာပတ်သည် ဒေသနာမကြားသမျှ မထဘဲ တည်မြဲတည်ပြန်သည်။ ထို့ကြောင့် ပထမရဟန်းခံတုန်းက သံဃဒိသေသ် သင့်ခဲ့လျှင် လူထွက်၍ ရဟန်းခံပြန်သောအခါ သင့်မြဲသင့်နေသဖြင့် ပရိဝါသ်မာနတ် ဝုဋ္ဌာနကံဖြင့် ကုမှ စင်ကြယ်နိုင်သည်။

ပုဗ္ဗေ အာပန္နာပတ္တိကော ဥပ္ပဗ္ဗဇ္ဖိ တဿပိ န ပဋိပ္ပဿမ္ဘန္တိ-ဟူ၍၄င်း၊

ဥပသမ္ပန္နော ဘိက္ခု အန္တမသော ဒုဗ္ဘာသိတမ္ပိ အာပဇ္ဇိတွာ အပရဘာဂေ ဝိဗ္ဘမိတွာ အာဂတော ဥပသမ္ပဇ္ဇတိ၊ တံ အာပတ္တိံ ဒေသေတွာဝ သုဇ္ဈတိ၊ နညထာတိ-ဟူ၍၄င်း၊ ဝဇီရဗုဒ္ဓိဋီကာ၌ ဆိုထားပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သံဃဒိသေသ်အာပတ်နှင့် တရားအားထုတ်ခြင်း

(မေး) (သံဃဒိသေသ်အာပတ်နှင့် တရားအားထုတ်ခြင်း)

အရှင်ဘုရား၊ တောရကျောင်း ရိပ်သာများတွင် တရားဘာဝနာအားထုတ်တော်မူလျက်ရှိကြကုန်သော သံဃာတော်များသည် ပရိဝတ်၊ မာနတ် စသော ဝတ်ဆောက်တည်မှ ကျေအေးပျောက်ကင်းနိုင်သော အပြစ်များရှိသည်ကို သိပါလျက် ဝတ်ဆောက်တည်ခြင်းမပြုဘဲ တရားဘာဝနာအားထုတ်လျှင် စျာန်မဂ်ဖိုလ် ရနိုင်-မရနိုင် ဖြေကြားပေးတော်မူပါဘုရား။

(တောရဘိက္ခု-ဘဒ္ဓန္တအာစာရာလင်္ကာရ)

(ဖြေ)

ရဟန်းတော်များအတွက် ပညတ်အပ်သော ဘိက္ခုပါတိမောက်ပါဠိတွင် မိမိတို့၌ အပြစ်များရှိက ထုတ်ဖော်ပြောကြားရန် ဥပုသ်ပြုရာသိမ်ထဲ၌ သုံးကြိမ်သုံးခါ ကြေညာရသည်။ ထိုအခါ အာပတ်ရှိလျက် ထုတ်ဖော်ကြေညာခြင်း မပြုဘဲ ဆိတ်ဆိတ်နေခြင်းသည် မုသားစကားမပြောသော်လည်း ပြောသကဲ့သို့ လိမ်ညာရာရောက်ပေသည်။ ထို့ကြောင့် သမ္ပဇာနမုသာဝါဒ-လိမ်ညာအပြစ် သင့်ရောက်ပါသည်။ (သမ္ပဇာန မုသာဝါဒေါ ခေါပနာယသ္မတော အန္တရာယိကော ဓမ္မော ဝုတ္တော ဘဂဝတာ) ထိုအပြစ်ကလေးသည်ပင် စျာန်မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်သည်ဟု ဘုရားရှင်ဟောတော်မူပါသည်။

ထို့ပြင် မိလိန္ဒပဥှာ၌ မဂ်ဖိုလ်မရနိုင်သော ပုဂ္ဂိုလ် ၁၆-ဦးတွင်လည်း ပရိဝတ်မာနတ်စသော ဝတ်ဆောက်တည်မှ ပျောက်သော သံဃာဒိသိသ် အာပတ်ရှိနေသော ပုဂ္ဂိုလ်ပါရှိသည်။ ၄င်းအာပတ်ရှိသူအား စျာန်မဂ်ဖိုလ် မရနိုင်ပါ။

မဂ်ဖိုလ်မရနိုင်သူ ၁၆-ဦးမှာ

(၁) တိရစ္ဆာန်

(၂) ပြိတ္တာ။ (ဝေမာနိကပြိတ္တာ အချို့မှတပါး။)

(၃) မိစ္ဆာဒိဋ္ဌိ

(၄) ကုဟက-အံ့ဖွယ်ပြု၍ ညာစားသူ

(၅-၆-၇-၈-၉) ပဉ္စာနန္တရိယကံ ထိုက်သူများ

(၁၀) ထေယျသံဝါသက-ထေရ်ခိုး

(၁၁) တိတ္ထိယပက္ကန္တက-တိတ္ထိအဖြစ်သို့ ပြောင်းသွားသူ

(၁၂) ဘိက္ခုနိဒူသက-ဘိက္ခုနီမကို ဖျက်ဆီးသူ

(၁၃) သံဃာဒိသိသ် အာပတ်သင့်ပြီး မကုစားရသေးသော ပုဂ္ဂိုလ်

(၁၄) ပဏ္ဍုတ် ၃-မျိုး

(၁၅) ဥဘတောဗျည်း

(၁၆) ၇-နှစ်အောက်ငယ်သော ပုဂ္ဂိုလ်။ (၅-နှစ်သားအချို့ တရားထူးရသည်များ အနည်းငယ်သာရှိသည်)။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သံဃာဂိုဏ်းကွဲခြင်း

(မေး) (သံဃာဂိုဏ်းကွဲခြင်း)

စာတအုပ်တွင် မြတ်စွာဘုရားက သံဃာသင်းကွဲခြင်းကို လုံးဝ မနှစ်သက်-ဟု ဖတ်ရပါသည်၊ ယခုခေတ် ဂိုဏ်ဂဏတွေ ကွဲနေခြင်းကို မြတ်စွာဘုရား နှစ်သက်နိုင်မည်လား ဘုရား၊ သံဃာသင်းခွဲတာ သံဃဘေဒကကံ ထိုက်သည်ဆိုသည်မှာ ဟုတ်ပါသလားဘုရား။

(မောင်စိန်ကျော်-တံငါကျင်း၊ တောင်သာ)

(ဖြေ) သံဃာသင်းခွဲခြင်းမှာ သံဃဘေဒကကံဖြစ်၍ အနန္တရိယကံပင်ဖြစ်သဖြင့် လွန်စွာအပြစ်ကြီးလှပါသည်၊ ယင်းသံဃဘေဒကကံမှာ ဒေဝဒတ်က သူကိုယ်တိုင် ဘုရားလုပ်၍ သံဃာကိုခွဲပြီး ခေါ်ဆောင်သွားခြင်းမျိုး ဖြစ်ပါသည်၊ ယခု ဂိုဏ်းဂဏများမှာ ယင်းကဲ့သို့ သံဃာသင်းကွဲမျိုး မဟုတ်၊ မြို့နယ် ဆရာသမား ပဝါရဏာဂိုဏ်း စသည်အမည်နာမ ကွဲခြင်းမျိုးသာ ဖြစ်၍ တရားဓမ္မ အယူဝါဒ ကွဲပြားမှုမျိုး မဟုတ်ပေ၊ ယခုခေတ် သုဓမ္မာ ရွှေကျင် ဒွါရ ဝေဠုဝန် စသည်တို့မှာ ထိုသဘောမျိုးသာ ဖြစ်သဖြင့် မြတ်ဗုဒ္ဓတရားတော် ဓမ္မက္ခန္ဓာ အယူအဆ သင်ကြား ကျင့်ကြံမှု အတူတူသာ ဖြစ်သည်၊

မြတ်စွာဘုရားလက်ထက်တော်မှာပင် ဒီဃဘာဏကဆောင်၊ မဇ္ဈိမဘာဏကဆောင် စသည် ကွဲလွဲမှုမျိုးရှိခဲ့ပေသည်၊ အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာဆရာ တပါးတည်းဖြစ်လျက် တခါတရံ ကွဲလွဲ၍ ဖွင့်ဆိုတတ်သည်မှာ ဤသို့ ဘာဏကဆောင်တို့ အယူအဆအလိုက် ဖွင့်ဆိုရခြင်းကြောင့် ဖြစ်ပေသည်။ သို့ သော် ယင်းအယူအဆ ကွဲပြားမှုတို့မှာ မြတ်ဗုဒ္ဓ၏ အယူဝါဒ တရားဓမ္မကိုမူ ထိခိုက်ခြင်းမရှိဟု မှတ်သားထားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သံဃာဒိသိသ်အာပတ်

(မေး) (သံဃာဒိသိသ်အာပတ်)

အရှင်ဘုရား၊ ရဟန်းတပါးသည် သံဃာဒိသိသ်အာပတ် သင့်ခဲ့သော် ဖုံးလွှမ်းထားသမျှသော ရက်တို့ပတ်လုံး ပရိဝတ်ဆောက်တည်ခြင်း၊ ခြောက်ရက် မာနတ်ကျင့်ရခြင်း၊ သံဃာ ၂၀-နှင့် အဗ္ဘာန်သွင်းရခြင်းတို့ကို ပါတိမောက်၌ တိုက်ရိုက်ဆိုထားပါလျက် သံဃာဒိသိသ်အာပတ်သင့်သောရဟန်းသည် ရက်ပေါင်း ၁၀၀-လောက် ဖုံးထားပြီး ရက်ပေါင်း ၂၀-လောက်သာ ပရိဝတ်ဆောက်တည်၍ ကုစားလျှင် ပျောက်ပါသလား ဘုရား။

(အရှင်ဉာဏဝံသ-ကန်သာ၊ မိတ္ထီလာ၊ ခေတ္တ-စိန်မမပါဠိတက္ကသိုလ်၊ မော်လမြိုင်)

(ဖြေ)

မပျောက်ပါ။ ရက်ပေါင်း ၁၀၀-ဖုံးလွှမ်းထားလျှင် ရက်ပေါင်း ၁၀၀-ပရိဝတ် နေရပါမည်။ ၁၅-ရက်၊ ရက်ပေါင်း ၂၀- ပရိဝတ်နေ၍ ကုစားကြသည်မှာ ဒေသနာမှန်မှန်ကြား၍ ဥပုသ်မှန်မှန်ပြုသော ရဟန်းတို့မှာ ၁၅-ရက်တကြိမ် ဥပုသ်ပြု ဒေသနာ ကြားတတ်ကြ၍ ဖြစ်သည်။ ဥပုသ် မှန်မှန်မပြုဖြစ်သော ရဟန်းအတွက် မသေချာသောကိစ္စ ဖြစ်သည်။

အကောင်းဆုံးမှာ မိမိ မည်မျှစင်ကြယ်ခဲ့သည်၊ မစင်ကြယ်ခဲ့သည်ကို စဉ်းစား၍ သံသယကင်းလောက်အောင် ပရိဝတ်ဆောက်တည်ရမည်။ ဥပမာ-မိမိ မစင်ကြယ်ဟု ယူဆသော ကာလအပိုင်းအခြားထိ သတ်မှတ်၍ ဆောက်တည်ရမည်။ ရဟန်းခံပြီး ဘယ်နှစ်ဝါထိ သန့်ရှင်းသည်။ ထို့နောက် မသန့်ရှင်းတော့။ ထိုမသန့်ရှင်းသော နှစ်အပိုင်းအခြားတိုင်အောင် ပရိဝတ်နေရမည်။ ရဟန်းဖြစ်စကတည်းက မစင်ကြယ်ခဲ့ဟု ယူဆလျှင် ရဟန်းဝါအလိုက် (သဒ္ဓန္တ) ပရိဝတ်နေရမည်။ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းကောင်းတို့သည် မှန်မှန် ဥပုသ်ပြု၍ ဒေသနာကြားခြင်းဖြင့် အာပတ်များ မသင့်အောင်၊ သင့်လျှင်လည်း မဖုံးထားမိအောင် ကျင့်ရာ၏၊

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သံဃာပိုင်သစ်သီးများ အရှင်မပေးဘဲ စားမိက ရဟန်းများ ပါရာဇိက ကျ-မကျ

(မေး) (သံဃာပိုင်သစ်သီးများ အရှင်မပေးဘဲ စားမိက ရဟန်းများ ပါရာဇိက ကျ-မကျ)

အရှင်ဘုရား၊ ရိုသေစွာ လျှောက်ထားပါသည်။ သံဃိကကျောင်းတွင်းရှိ သံဃာအများပိုင် သရက်သီး၊ ပိန္နဲသီး၊ တမျိုးမျိုးကို ၄င်းကျောင်းက ရဟန်းတပါးပါး ခိုးစားမိပါက ပါရာဇိက ကျ-မကျ ဖြေကြားပေးတော်မူပါဘုရား။

(ဦးအနဂ္ဃသာရ-သန်လျင်)

(ဖြေ) ဝိနည်းသိက္ခာပုဒ်တွင် တမတ်၊ တမတ်ထက် ထိုက်တန်သော ဥစ္စာကို ခိုးယူလျှင် ပါရာဇိကကျသည်။ ရဟန်းအဖြစ်မှ ဆုံးရှုံးသွားသည်ဟု ဟောတော်မူပါသည်။

ထိုတမတ်သည် ယခုခေတ် တမတ်မဟုတ်ဘဲ ဝိမတိဋီကာ၌ ရွှေစင်တမတ်ကို ယူရမည်ဟု ဆိုသည်။ ယခုခေတ်အရ သိန်းဂဏန်းနီးပါး တန်နေသည်။ ဝိနိစ္ဆယဋီကာနှင့် ရှေးသီဟိုဠ် (သီရိလင်္ကာ) ဆရာကြီးများက ရွှေ၊ ငွေ၊ ကြေး သုံးမျိုးရောသော မိဿက ကဟာပဏကို ယူရမည်ဟုဆို၏၊ ၄င်းတန်ဖိုးလည်း ယခုခေတ် သုံးလေးသောင်းခန့် တန်နေသည်။ ထိုတန်ဖိုးများအရ သရက်သီး၊ ပိန္နဲသီး တမျိုးမျိုးကို တကြိမ်တစ်ခါ ခိုးစားမိရုံဖြင့် ပါရာဇိကအပြစ် မကျရောက်နိုင်ပါ။

သို့သော် အလွန်ငတ်မွတ်ခေါင်းပါးသော အချိန်၌ နှမ်းလေးတဆုပ် ခိုးစားမိရုံဖြင့် ပါရာဇိကအပြစ် ရောက်ရသည်ကို ဝိ-၁၊ ၈၁၊ ဝိနီတ ဝတ္ထု၌ ပြဆိုထားသဖြင့် အခြေအနေ၊ အချိန်အခါအလိုက် အမှတ်မမြဲသည့်အတွက် ထပ်မံ၍မကျူးလွန်မိအောင် ထိန်းသိမ်းရမည်။ ယခုအခါ ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်ချိန် မဟုတ်သဖြင့် မကျဟုသာ ဆုံးဖြတ်ပါသည်။ နောင်အခါ စောင့်စည်းပါလေ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သံဃာတော်များ ရွာတွင်းသို့ကြွလျှင်

(မေး) (သံဃာတော်များ ရွာတွင်းသို့ကြွလျှင်)

အရှင်ဘုရား၊ ရဟန်းသံဃာတော်များ မိမိနေထိုင်သော ကျောင်းပရိဝုဏ်အတွင်းမှ မြို့တွင်း ရွာတွင်းသို့ ကြွလျှင် သင်္ကန်းတော်ကို ရုံ၍၄င်း၊ လောပတ်တင်၍၄င်း၊ ကြွရောက်ကြသည်ကို တွေ့ရပါသည်။ ၄င်း သင်္ကန်းအရုံနှင့် အတင် မည်သည်က ဝိနည်းတော်နှင့် ညီပါသနည်း၊ မှန်ပါသနည်း၊ မြတ်စွာဘုရားရှင်ကလည်း မည်ကဲ့သို့ ဝိနည်းတော် သတ်မှတ်ခဲ့ပါသနည်း၊ ဖြေကြားပေးတော်မူပါဘုရား။

(ဦးဝမ်း-၃-ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့)

(ဖြေ) ရဟန်းတော်များ၊ သာမဏေများ မြို့တွင်း ရွာတွင်းသို့ ကြွလျှင် သင်္ကန်းကိုရုံ၍ ကြွရမည့်အကြောင်းကို ပါတိမောက္ခသံဝရသီလဖြစ်သော သေခိယသိက္ခာပုဒ်တို့တွင်-သုပ္ပဋိစ္ဆန္နော အန္တရဃရေ ဂမိဿာမီတိ သိက္ခာကရဏီယာ၊ နိသီဒိဿာမီတိ သိက္ခာကရဏီယာ-ဟူ၍ ပညတ်ချက်ရှိပါသည်။

လည် လက်ကောက်ဝတ်တို့ကို ကောင်းစွာဖုံးလွှမ်း သင်္ကန်းကိုရုံလျက် ရွာတွင်း၌သွားအံ့၊ နေထိုင်အံ့ ဟူ၍ ဝိနည်းသိက္ခာပုဒ်ကို ကျင့်သုံးပါမည်-ဟု ပါရှိပါသည်။ မြန်မာသာသနာဝင်တွင် အယူအဆမှားယွင်း၍ ဤသိက္ခာပုဒ်ကို သာမဏေများ မကျင့်နိုင်၊ ကျင့်လျှင် ရဟန်းကို တုပရာရောက်မည်ဟု ဆိုကာ ရဟန်းသာ သင်္ကန်းရုံ၍ သာမဏေမှာ လောပတ်တင်၍ သွားရ နေရမည်ဆိုသော အတင်ဂိုဏ်း တဂိုဏ်း ၁၀၆၀- ပြည့်နှစ်လောက်က ပေါ်ဖူးရာ မင်းက ချီးမြှောက်သဖြင့် နှစ်ပေါင်း ၈၀-လောက် အရုံ-အတင် ဝိဝါဒ ဖြစ်ပေါ်ခဲ့ပါသည်။ ဘိုးတော်မင်းတရားကြီး လက်ထက်တွင်မှ ပြီးငြိမ်းသွားခဲ့ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သံဃာတော်နှင့် စူဠသောတာပန်

(မေး) (သံဃာတော်နှင့် စူဠသောတာပန်)

အရှင်ဘုရား၊ ၅-ပါးသီလလုံခြုံအောင် စောင့်ထိန်းနိုင်လျှင် စူဠသောတာပန် ဖြစ်သည်ဟု ကြားဖူးပါသည်။ ရဟန်းနှင့် ရှင်သာမဏေများသည် ၅-ပါးသီလထက် အဆပေါင်းများစွာ ပိုလွန်သောသီလများ စောင့်ထိန်းသည့်အတွက် ယခုခေတ် ရဟန်းသာမဏေများ စူဠသောတာပန်အဆင့် ရှိနိုင်ပါသလား၊ သိလွယ်မှတ်လွယ်အောင် ဖြေကြားပေးတော်မူပါဘုရား။

(ခင်မောင်တင်-မော်လမြိုင်)

(ဖြေ)

ငါးပါးသီလ လုံခြုံလျှင် အပါယ်ငရဲသို့ မရောက်နိုင်ပါ။ သောတာပန်ပုဂ္ဂိုလ်လည်း အပါယ်သို့ မလားမရောက်တော့ပါ။ ထို့ကြောင့် ငါးပါးသီလမြဲသူကို သောတာပန်နှင့် အလားတူသော ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။ တကယ့်သောတာပန် မဟုတ်ပါ။

သီလအကျင့်နှင့် သမထဝိပဿနာ ဘာဝနာအကျင့် မတူပါ။ အမျိုးအစား ကျင့်ကြံပုံခြင်း မတူပါ။ သီလအကျင့်က ကာယကံနှင့် ဝစီကံ မကောင်းမှုများကို ပယ်ခြင်းဖြစ်သည်။ သမထဝိပဿနာ ဘာဝနာအကျင့်များက စိတ်ကိုထိန်းသိမ်းခြင်း၊ မနောကံ မကောင်းမှုများကို ပယ်သတ်၍ ရုပ်နာမ်တို့၏ ဖြစ်ပျက်အမှန်ကို သိအောင် ကြိုးစားရှုမှတ်ခြင်းဖြစ်သည်။ သီလလုံခြုံရုံဖြင့် သောတာပန် မဖြစ်ပါ။ သမထ ဝိပဿနာ ဘာဝနာအကျင့်များကို ကျင့်ကြံမှ သောတာပန်ဖြစ်ပါမည်။ သို့သော် သီလ မလုံခြုံဘဲ သမထ ဝိပဿနာ ကျင့်ရုံမျှဖြင့်လည်း သောတာပန် မဖြစ်နိုင်ပါ။ နှစ်မျိုးလုံးစုံမှ သောတာပန်စသည် ဖြစ်နိုင်ပါမည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သံဃာတော်နှင့် ဇွန်းခက်ရင်း

(မေး) (သံဃာတော်နှင့် ဇွန်းခက်ရင်း)

ဆရာတော်ဘုရား၊ အချို့ရဟန်း သံဃာတော်တို့သည် ဆွမ်းဘုဉ်းပေးရာ၌ ဇွန်းခက်ရင်းဖြင့် ဘုဉ်းပေးကြသည်ကို တွေ့ရပါသည်၊ ဇွန်းခက်ရင်းဖြင့် ဆွမ်းဘုဉ်းပေးကြခြင်းမှာ ဝိနည်းတော်နှင့် ညီ-မညီ ဖြေကြားတော်မူပါဘုရား။

(ကျေးတောသား-ညောင်ပင်သာ)

(ဖြေ)

ရဟန်းတော်တို့ ဆွမ်းဘုဉ်းပေးမှုနှင့်စပ်၍ သေခိယသိက္ခာပုဒ်များတွင် သိက္ခာပုဒ်ပေါင်း ၂၆-ပုဒ်ရှိရာ နာတိမဟန္တံ ကဗဠံ ပရိမဏ္ဍလံ အာလောပံ န ဘုဉ္ဇမာနော သဗ္ဗဟတ္ထံ-သိက္ခာပုဒ်များ၌ ဆွမ်းလုတ်ပမာဏ ဆွမ်းလုပ်အနေအထား လက်အနေအထားတို့အကြောင်းကို ဆိုသဖြင့် ဆွမ်းဘုဉ်းပေးရာ၌ လက်ဖြင့် ကြည်ညိုဖွယ်ရာ ဆွမ်းဘုဉ်းပေးရန်သာသင့်ကြောင်း အထူးဆိုဖွယ် မလိုပါချေ။

မြန်မာနိုင်ငံ သာသနာတော်တလျှောက်လုံးလည်း လက်ဖြင့်သာ ဘုဉ်းပေးသုံးဆောင်ခဲ့ကြောင်း ထင်ရှားပါသည်၊ မင်းတုန်းတရားကြီး လက်ထက်တွင် သာသနာပိုင် ဆရာတော် ဦးဉေယျသည် ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံ၊ အနေအထိုင်လည်း အလွန်ကြည်ညိုဖွယ်ကောင်းလှ၍ ရွှေနန်းတော်၌ ဆွမ်းဘုဉ်းပေးလျှင် မင်းတုန်းမင်းတရားကြီးက မိဖုရားများ၊ သမီးတော်များကို ဖူးတွေ့အတုယူစေကြောင်း စကားစဉ်ရှိသည်၊ သာသနာပိုင်ဆရာတော် ဆွမ်းဘုဉ်းပေးပုံကို မိဖုရားများ၊ သမီးတော်များပင် အတုယူရအောင် ယဉ်ကျေးသိမ်မွေ့လှကြောင်း ဆိုသဖြင့် မြန်မာပီပီ လက်ဖြင့်ပင် ဘုဉ်းပေးကြောင်း သိသာပါသည်။

သို့သော် ဆိုဖွယ်ရှိသည်မှာ မြတ်စွာဘုရားလက်ထက်က သပိတ်အသုံးသာရှိ၍ ပန်းကန် ဇွန်း စသည် အသုံးမရှိသေးကြောင်း သတိပြုသင့်ပါသည်၊ မြန်မာနိုင်ငံ သာသနာတလျှောက်တွင် သပိတ်ဖြင့်ပင် တလျှောက်လုံး အသုံးပြုခဲ့သည်ဟု မပြောနိုင်ပေ၊ ပန်းကန် ဇွန်းများလည်း အတော်ရှေးကျကျအချိန်ကပင် အသုံးပြုခဲ့ကြောင်း ထင်ရှားခဲ့လေသည်၊ ရဟန်းသံဃာများ ဆွမ်းစားရာ၌ ဘုရားလက်ထက်တော်ကလို လက်ဖြင့်သာ စားသင့်ပါသည်ဟု ဆိုလျှင် သေခိယနှင့်ညီအောင် သပိတ်ကိုသာ သုံးရမည်၊

ပန်းကန်ခွက်ယောက်၊ ဇွန်းယောက်ချို စသည် မသုံးသင့်ဟူ၍လည်း ဆိုရာရောက်ပါသည်၊ ခေတ်နှင့်လျှော်စွာ ပန်းကန်စသည်ကို သုံးလျှင် ဇွန်း ခက်ရင်း စသည်ကိုလည်း အလျော်အားဖြင့် ယူသော် ရနိုင်ဖွယ်ပင် ရှိပေသည်၊ ထို့ကြောင့် ဇွန်း ခက်ရင်း ကိစ္စတွင် တဘက်စွန်းသို့ မရောက်သင့်ဟု ဆိုချင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သံဃိက အုန်းသီး

(မေး) (သံဃိက အုန်းသီး)

အရှင်ဘုရား၊ သံဃိကအုန်းသီး စသည်ကို မသိအောင်စားသော ရဟန်းတို့အား အဘယ်အပြစ်သင့်ကြောင်း ဖြေကြားပေးတော်မူပါဘုရား။ နောက်ပြီး သံဃာ-အရ သာမဏေများပါ ပါဝင်-မပါဝင်ကိုလည်း မေတ္တာရှေ့ထား ဖြေကြားတော်မူပါ အရှင်ဘုရား။

(သောတုဇနဘိက္ခု-ကျောက်ပန်းတောင်း)

(ဖြေ)

သံဃိက အုန်းသီးစသည်ကို မသိအောင်စားရာ၌ ဝိနယပိဋက ပါရာဇိကပါဠိတော် နှာ-၈၂ တွင် အာဂန္တုကာ ဘိက္ခူ သံဃဿ အမ္ဗံ (ဇမ္ဗုဇံ၊ လဗုဇံ၊ ပနသံ၊ တာလပက္ကံ)။ပ။ ကိံ စိတ္တာ တုမှေ ဘိက္ခဝေတိ။ ပရိဘောဂတ္ထာယ မယံ ဘဂဝါတိ။ အနာပတ္တိ ဘိက္ခဝေ ပရိဘောဂတ္ထာယာတိ။ ဟုဆိုသဖြင့် အာဂန္တု ရဟန်းတို့သည် သံဃိက သရက်သီး၊ ပိန္နဲသီး၊ ထန်းသီး၊ အုန်းသီး စသည်တို့ကို စားသုံးဖို့ထားသော အသီးတွေပဲ-ဟူသော အမှတ်စိတ်ထားဖြင့် ခွဲဝေစားသုံးခြင်းအတွက် အပြစ်မသင့်ဟု ဆိုပါသည်။

ဤနေရာ၌ သံဃာများနှင့် ခွဲဝေစားသုံးခြင်းသာ အပြစ်မရှိခြင်းဖြစ်ပြီး တပါး နှစ်ပါးစသညြ်ဖင့် ကျန်သောရဟန်းသံဃာများ မစားရအောင် မထေရ်ကြီးများ မသိအောင် ခိုးကြောင်ခိုးဝှက် စိတ်ထားဖြင့် စားသုံးလျှင်ကား ဝဋ္ဋဘေဒက ဒုကဋ်အာပတ်များ သင့်ရောက်နိုင်ပါသည်။

ထိုသံဃိက သရက်သီး၊ ပိန္နဲသီး၊ ထန်းသီး၊ အုန်းသီးများကို ရောင်းချလဲလှယ်၍ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးအတွက် ရည်ရွယ်သတ်မှတ်ထားလျှင် ဤအသီးများကို ခိုးလိုစိတ်ဖြင့် စားသုံးမိပါက တန်ဖိုးအလိုက် ဒုက္ကဋ်၊ ထုလ္လစ္စည်း၊ ပါရာဇိကအာပတ်များ သင့်ရောက်ပါမည်။ စားသုံးဖို့ရာ ပစ္စည်းအနေဖြင့် စားသုံးမိလျှင်လည်း တန်ဖိုးအတိုင်း ပြန်လျော်ပေးသော်လည်း လျော်ပေးရမည်။ ထုလ္လစ္စည်းအာပတ်သော်လည်း သင့်ရောက်မည်-ဟု ပါရာဇိက အဋ္ဌကထာ ပ-အုပ် နှာ ၃၄၀-၌ ဆိုပါသည်။

သံဃောပုဒ်တွင် သာမဏေများ ပါ-မပါ ဆိုရာ၌ သုဏာတု မေ ဘန္တေ သံဃော-စသော ဉတ်ကမ္မဝါစာဖြင့် ရဟန်းခံ၊ သိမ်သမုတ်၊ ကထိန်ခင်းခြင်း စသော ကံကြီး ကံငယ် ဆောင်ခြင်းကိစ္စတို့၌ လာသည့် ကမ္မဝါစာ၌ ပါသော သံဃော-အရ သာမဏေများ မပါဝင်နိုင်ပါ။

သံဃိက ပစ္စည်းများကို ခွဲခြမ်းဝေဖန်သုံးစွဲရာ၌ သံဃော-အရ သာမဏေများ ပါဝင်နိုင်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သံဃိက နှင့် ပုဂ္ဂလိက

(မေး) (သံဃိက နှင့် ပုဂ္ဂလိက)

အရှင်ဘုရား၊ သံဃာတော်များအား လှူဒါန်းထားသောပစ္စည်းများတွင် ပုဂ္ဂလိက နှင့် သံဃိက ဟူ၍ နှစ်မျိုးရှိရာ ယင်းပစ္စည်းများကို သံဃာတော်က စွန့်သည်ဖြစ်စေ၊ မစွန့်သည်ဖြစ်စေ လူပုဂ္ဂိုလ်များ ယူကောင်းပါသလားဘုရား၊ သုံးစွဲခြင်း၊ အိမ်မှာထားခြင်းအတွက် အပြစ်ရှိသည် မရှိသည်ကို သိလို၍ ဖြေကြားပေးတော်မူပါဘုရား။

(မောင်သန်းဆွေ-စစ်ကိုင်းတိုင်း)

(ဖြေ)

ပုဂ္ဂလိကပစ္စည်းကို ဆိုင်ရာပစ္စည်း ရှင်ရဟန်းတော်များက စွန့်လွှတ်ပေးကမ်းလျှင် သုံးစွဲနိုင်ခွင့်ရှိပါသည်။

သံဃိကပစ္စည်းကို ရှင်ရဟန်းတော်များကလည်း စွန့်လွှတ်ပေးကမ်းနိုင်ခွင့်မရှိ။ လူပုဂ္ဂိုလ်များအနေဖြင့်လည်း လက်ခံသုံးစွဲနိုင်ခွင့် မရှိပါ။ သို့သော် ပစ္စည်းမှာ သံဃိကပစ္စည်းဖြစ်သော်လည်း သံဃာမှာ အသုံးမကျသော ပစ္စည်းများကို လူဒါယကာက တန်ဖိုးတူဖြစ်သော ပစ္စည်း တမျိုးမျိုးဖြင့် လဲလှယ်ရယူထားခြင်းမျိုးကိုကား ချွင်းချက်အဖြစ်ထား၍ သုံးစွဲနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သံဃိကကျောင်း ရေစက်ချရာ၌

(မေး) (သံဃိကကျောင်း ရေစက်ချရာ၌)

သံဃိကကျောင်းကို ရေစက်ချရာ၌ သုံးစွဲသူ ရဟန်းများ အပြစ်လွတ်အောင် (ခြေမဆေးဘဲ နင်း၍၎င်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းများဖြင့် ထိ၍၎င်း အလိုရှိတိုင်း ချမ်းသာစွာ သုံးဆောင်တော်မူကြပါ-ဟု ထည့်သွင်းရေစက်ချခြင်းသည် သင့်-မသင့်။

ကဿပဘုရားရှင်လက်ထက်က သံဃိကကျောင်းကို မရိုမသေ သုံးစွဲမိသော ရဟန်းတပါးနှင့် ဥပါသကာတဦးတို့ ဘီလူးဖြစ်ကြသည်ဟုဆိုသော စကားနှင့် ညီညွတ်မှု ရှိ-မရှိ သိလိုပါသည်ဘုရား။

(ဒကာ မောင်သိုက် ၉-ဘူတာရပ် ကျောက်ပန်းတောင်းမြို့)

(ဖြေ)

အာဂတာဂတ သံဃိကကျောင်း ရေစက်ချရာ၌ (ကပ္ပိယကုဋိ=ကပ္ပိယ (အပ်သော)ကုဋီကို၊ ကုတုံ-ပြုခြင်းငှါ၊ အာဂတာဂတေဟိ-လာကုန် လာကုန်သော၊ ပဗ္ဗဇိတေဟိ စေဝ-ရဟန်းသာမဏေတို့ဖြင့်၎င်း၊ ဂဟဋ္ဌေဟိစ-လူတို့ဖြင့်၎င်း၊ ကာယင်္ဂါဝယဝေဟိ-ကိုယ်အင်္ဂါ အစိတ်တို့ဖြင့်၊ ဖုသိတွာ ဖုသိတွာ-တွေ့ထိ၍ တွေ့ထိ၍၊ ပရိဘုဉ္ဇိတုံ-သုံးဆောင်ခြင်းငှါ၎င်း၊ အဓောတေဟိ-မဆေးမကြောအပ်ကုန်သော၊ ပါဒေဟိ-ခြေတို့ဖြင့်၊ အက္ကမိတွာ- နင်း၍နင်း၍၊ ပရိဘုဉ္ဇိတုံစ-သုံးဆောင်ခြင်းငှါ၎င်း၊ ဒေမ-လှူဒါန်းပါကုန်၏၊ ဟူသောအပိုဒ်ကို ရှေးရှေးဆရာ အစဉ်အဆက်ပင် ထည့်သွင်း ရေစက်ချလေ့ရှိပါသည်၊ ဤသို့ ရေစက်ချခြင်းသည် (အရှင်ဘုရားတို့ ဤသို့သုံးဆောင်ကြပါ-ဟု ပြောဆိုသည်မဟုတ်၊ ဤသို့သုံးဆောင်သည့်တိုင်အောင် ခွင့်လွှတ်ပါသည်ဟု လျှောက်ထားခြင်းသဘောပင် ဖြစ်ပါသည်၊ သံဃိကကျောင်းကို သုံးဆောင်သည့် ရဟန်းကလည်း

ဤသို့ မသန့်မရှင်း သုံးစွဲကြမည်မဟုတ်ပါ၊ တသိန်းတန် ကမ္ဗလာကို လှူသော ဒါယကာက ဤကမ္ဗလာကို အရှင်တို့ သဘောအတိုင်း ခြေသုတ်ပုဝါ လုပ်လိုကလုပ်ပါ၊ အိပ်ရာအခင်း လုပ်လိုက လုပ်ပါ၊ မြေအခင်း လုပ်လိုက လုပ်ပါ-ဟုဆို၍ လှူသော်လည်း အလှူခံသူပုဂ္ဂိုလ်က ခြေသုတ်လုပ်မည်မဟုတ်၊ အိပ်ရာအခင်းသာ လုပ်ပေလိမ့်မည်၊ ဒါယကာကသာ စေတနာအရ လျှောက်ထားခြင်းဖြစ်ပေသည်။

သံဃိကကျောင်း၌ ပေပေကျံကျံ နေထိုင်သုံးဆောင်မှုကြောင့်သူစိလောမ ခရလောမ ဘီလူးဖြစ်ကြရသော ထုံးကို နှလုံးသွင်းအရ သံဃိကကျောင်းကို အလှူခံရသောရဟန်းသံဃာတော်များက ရိုသေလေးစားစွာ သုံးဆောင်နေထိုင်ကြမည်သာဖြစ်ကြောင်း နှလုံးသွင်းစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သံဃဘေဒက ကံ

(မေး) (သံဃဘေဒက ကံ)

အရှင်ဘုရား၊ သံဃဘေဒက ကံကို ရဟန်းတို့သာ ပြုနိုင်ကြောင်း သတိပြုပါ-ဟု ကျမ်းစာတရပ်တွင် ဖတ်ဖူးပါသည်။ မည်သည့်အကြောင်းကြောင့် ၄င်းကံသည် အခြားလူနတ်တွေနဲ့ မသက်ဆိုင်ရသနည်း ဆိုသည်ကို သိလိုပါသည်။ ၄င်းကံကို ရဟန်းတို့သာ ပြုနိုင်သည်။ အခြားပုဂ္ဂိုလ်များ အဘယ်ကြောင့် မပြုနိုင်သည်ကို ဖြေကြားပေးတော်မူပါဘုရား။

(မောင်ကာယ-အရာတော်မြို့နယ်)

(ဖြေ)

သံဃာကို နှစ်ပက္ခဖြစ်အောင် ခွဲရန်မှာ သံဃာသာတတ်နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သမဂ္ဂသံဃာဟူသည် ကိုယ်စိတ်နှစ်ပါး မကွဲပြားဘဲ တသိမ်တည်း၌ ကံကြီး ကံငယ် အတူတကွ ပေါင်းဖော်၍ တည်ရှိသော သံဃာကို ဆိုသည်။ ထိုညီညွတ်သောသံဃာကို နှစ်ပက္ခဖြစ်သွားအောင် လူလည်း မတတ်နိုင်။ နတ်လည်း မတတ်နိုင်။ ရဟန်းအချင်းချင်းသာ အသင်းအပင်းရှာ ဂိုဏ်းဖွဲ့၍ ကွဲပြားရန် လုံ့လပြုနိုင်ပေသည်။ ထိုကွဲပြားအောင် လုံ့လပြုသောရဟန်းကို ရဟန်းအချင်းချင်းက အယူကိုစွန့်အောင် ဆုံးမခြင်း၊ မရလျှင် ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ဖတ်ကြားဆုံးမခြင်းကိုပင် ပြုရကြောင်း သံဃာဒိသေသ စတုတ္ထသိက္ခာပုဒ်၌ ဆိုထားပေသည်။ ထို့ကြောင့် သံဃဘေဒကကံသည် ရဟန်းတို့နှင့်သာ သက်ဆိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သံတွဲနှင့် စက်တော်ရာ

(မေး) (သံတွဲနှင့် စက်တော်ရာ)

၁။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တောင်ပိုင်း ယခင်အခေါ် ဒွါရာဝတီ၊ ယခု သံတွဲမြို့သည် ဃဋပဏ္ဍိတဇာတ်တော်လာ ဒွါရာဝတီ ဟုတ်-မဟုတ်

၂။ မြန်မာနိုင်ငံ မင်းဘူးနယ်တွင်ရှိသော စက်တော်ရာနှစ်ဆူသည် သစ္စဗန္ဓ မုဆိုးတောင်းပန်၍ ချပေးသော ဗုဒ္ဓစက်တော်ရာများ ဟုတ်-မဟုတ် ဖြေကြားပေးပါရန် တောင်းပန်ပါသည်ဘုရား။

(အေးဖေ-သံတွဲ)

(ဖြေ)

၁။ သူ့ရန်သူကြံ၊ မိုးသို့ပျံ၊ နာမံ ဘယ်မြို့ ဘယ်ကြောင့်နည်း-ဟူသော စွယ်စုံကျော်ထင် ပုစ္ဆာကို ကျီးသဲလေးထပ် ဆရာတော် ဖြေဆိုရာတွင် ဃဋပဏ္ဍိတဇာတ်ကို ဖော်ပြ၍ ယခု သံတွဲမြို့ပင်ဖြစ်ကြောင်း ဖြေဆိုထားပါသည်။

၂။ စက်တော်ရာနှစ်ဆူနှင့် ပတ်သက်၍ မြန်မာ့သာသနာဝင်ကျမ်းများ၊ ရာဇဝင်ကျမ်းများ၊ သမိုင်းကျမ်းများတွင် မင်းဘူးနယ်ရှိ မန်းစက်တော်ရာကိုပင် အညီအညွတ် ပြဆိုထား၍ မြန်မာလူမျိုးများစွာပင် ထိုအတိုင်း မှတ်ယူထားကြပါသည်။

သို့သော် သုတေသနကျမ်းများတွင်မူ တိုင်းအမည် အပရန္တ၊ သို့မဟုတ်-သုနာပရန္တတိုင်း၊ ရှေးမြို့တော်ဟောင်းအမည် သုပ္ပါရက၊

ရှေးအရံမြို့အမည် ဝါဏိဇဂါမ၊

တည်ရာဌာနကား နမ္ပဒါမြစ်နှင့် ပစ္ဆိမဃာဋ် တောင်အတွင်း ဘုံဘေမြို့မြောက် ထာနာ (သာန) စီရင်စုနှင့်

သုရထ (စုရတ်) စီရင်စုနယ်ပယ်များ၌ တည်သည်-ဟု (ဗုဒ္ဓသာသန ပထဝီဝင်ကျမ်း၌) ဆိုလေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သံရှစ်ချက် ဂါထာ

(မေး) (သံရှစ်ချက် ဂါထာ)

အရှင်ဘုရား၊ သံရှစ်ချက် ဂါထာတော်ကို ရွတ်ဖတ်ခြင်းကြောင့် မည်သို့သော အကျိုးကျေးဇူးများ ရရှိကြောင်းနှင့် ၄င်းဂါထာ၏ အနက်ကိုပါ ဖြေကြားပေးတော်မူပါဘုရား။

(မောင်ကြည်အေး-ကျွန်းချောင်းကျေးရွာ၊ တိုက်ကြီးမြို့နယ်)

(ဖြေ)

သံသာရစက္ကဝိဒ္ဓံသံ၊

သံသုဒ္ဓမဿ ဩရသံ။

သံဆိန္နကံ ဘဝေ အာသံ၊

သံဃံ အပိ သုမာနသံ။

သံသာရစက္ကဝိဒ္ဓံသံ-ရုပ်နာမ်နှစ်ဖြာ ခန္ဓာစဉ်ဆက် သံသရာစက်ကို ပယ်ဖျက်တော်မူတတ်သော။ ဗုဒ္ဓံအပိ-သစ္စာလေးပါး ဉေယျငါးကို ခွဲခြားပိုင်နိုင် ကိုယ်တိုင်သိတတ် ဘုရားမြတ် ရတနာကို၄င်း။

သံသာရစက္ကဝိဒ္ဓံသံ-ရုပ်နာမ်နှစ်ဖြာ ခန္ဓာစဉ်ဆက် သံသရာစက်ကို ပယ်ျဖက်တော်မူတတ်သော။ သံသုဒ္ဓံ-ခရုသင်းပွတ်သစ် ပုလဲနှစ်အတူ ဖြူစင်သန့်ရှင်း ညစ်ကြေးကင်းတော်မူသော။ ဓမ္မံအပိ-မဂ်ဖိုလ်ရှစ်တန် နိဗ္ဗာန်ပရိယတ် ဆယ်ပါးသောတရားမြတ်ကို၄င်း။

သံသာရစက္ကဝိဒ္ဓံသံ-ရုပ်နာမ်နှစ်ဖြာ ခန္ဓာစဉ်ဆက် သံသရာစက်ကို ပယ်ဖျက်တော်မူတတ်သော။ သံသုဒ္ဓံ-ခရုသင်းပွတ်သစ် ပုလဲနှစ်အတူ ဖြူစင်သန့်ရှင်း ညစ်ကြေးကင်းတော်မူသော။ အဿ-ထိုသံသရာဖြတ် ဘုရားမြတ်၏၊ ဩရသံ-တရားရင်နှစ် သားတော်စစ် ဖြစ်တော်မူသော။ ဘဝေ-ကာမ ရူပ အရူပဟု ဘဝသုံးစား ဘုံသုံးပါး၌။ အာသံ-တွယ်တာစုံမက် နှစ်သက်ငြိကပ် တဏှာငတ်ကို။ သံဆိန္နကံ-ငွေ့သက်မချန် အမြစ်လှန်၍ မဂ်ဉာဏ်ဖြင့်သတ် ကောင်းစွာဖြတ်တော်မူတတ်သော။ သုမာနသံ-ဒုက္ခခပ်သိမ်း ကင်းလွတ်ငြိမ်းကြောင်း စိတ်ကောင်းရှိတော်မူသော။ သံဃံအပိ-ရဟန်းမြတ်အစု လေးစုံပြု၍ ပုထုအရိယာ ကုန်စွာပေါင်းအပ် ရှစ်ပါးသော သံဃာတော်မြတ်ကို၄င်း။

အဟံ-သံသရာစက် ပြတ်ချက်ရည်မျှော် ဘုရားတပည့်တော်သည်။ နမာမိ-ရုပ်နာမ်ဆက်စပ် ခန်-အာ-ဓာတ်ကို ဖြတ်ရန်ရွယ်ကိုး ရှိခိုးပါ၏ဘုရား။

ဤပဏာမအနက်သည် ဘုရားဂုဏ်အနည်းအပါး၊ တရားဂုဏ် အလတ်စား၊ သံဃာ့ဂုဏ် အများအပြားဖြင့် ဩစိတျဂုဏ်ရောက်အောင် စီစဉ်ထား၍ ဆုမတောင်းဘဲ နိဗ္ဗာန်ဆုကြီးပင် ပြီးစေလေသည်.

တွင်းပအန္တရာယ် အသွယ်သွယ်ကို ကွယ်စေ ပျောက်စေလေသည်။

(ဘုန်းတော်ကြီး ဦးသီလ ထေရုပ္ပတ္တိ ပဏာမ-မှ)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သုံးဆယ့်တဘုံနှင့် ဝေနေယျသတ္တဝါ

(မေး) (သုံးဆယ့်တဘုံနှင့် ဝေနေယျသတ္တဝါ)

အရှင်ဘုရား၊ တပည့်တော်တို့၏ ဗုဒ္ဓဘာသာပန်းတိုင်သည် နိဗ္ဗာန် ဖြစ်ပါသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားကြသူများမှာလည်း များပြားလှပါသည်။ ဤသို့ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသူများ များပြားလှသော်လည်း သုံးဆယ့်တဘုံတွင် သတ္တဝါများ ကုန်သည်ဟူ၍ မရှိပါ။ လူ့ဘုံတွင်လည်း လူ့ဘုံအလျောက်၊ နတ်ဘုံတွင်လည်း နတ်ဘုံအလျောက်၊ တိရစ္ဆာန်ဘုံတွင်လည်း တိရစ္ဆာန်ဘုံအလျောက် မွေးဖွားဖြစ်တည်နေဆဲပင် ဖြစ်သည်။

ဘုရားရှင်တို့သည်လည်း တဆူပွင့်လျှင် တဆူအလျောက် သတ္တဝါတို့အား အသင်္ချေအနန္တ ချွတ်သွားသည်သာ ဖြစ်သည်။ နိဗ္ဗာန်ဟူသည်လည်း မျက်မှောက်ပြုပြီးလျှင် သုံးဆယ့်တဘုံသို့ ပြန်လှည့်ရိုးထုံးစံ မရှိတော့ပါ။ ထို့ကြောင့် သုံးဆယ့်တဘုံမှ ဝေနေယျသတ္တဝါတို့သည် တချိန်တွင် ကုန်သွားရမည်သာ ဖြစ်သည်ဟု ထင်ပါသည်။

ဤမေးခွန်းကို တပည့်တော်သည် ဗုဒ္ဓဘာသာကို မယုံကြည်၍ မေးခြင်းမဟုတ်ပါ။ မရှင်းလင်း၍သာ မေးခြင်းဖြစ်ပါသည်။ ဥပမာလေးနှင့် ဖြေလျှင် တပည့်တော် ပို၍ နားလည်မည်ထင်ပါသည်ဘုရား၊ အရှင်ဘုရား၏ အဖြေကို တပည့်တော် စောင့်မျှော်နေပါသည်ဘုရား။

(ကျော်မင်းထွန်း-ဒဂုံအရှေ့ပိုင်း၊ ရန်ကုန်)

(ဖြေ)

အာကာသစက္ကဝါဠဉ္စ၊ သတ္ထာ ဗုဒ္ဓဂုဏာပိစ။

အနန္တာနာမ စတ္တာရော၊ ပရိစ္ဆေဒေါ န ဝိဇ္ဇတိ။

အဆုံးအပိုင်းအခြားမရှိသော အနန္တတရားတို့သည်ကား-

(၁) ကောင်းကင်။

(၂) စကြာဝဠာ။

(၃) သတ္တဝါ။

(၄) ဘုရားဂုဏ်တော်-ဟူ၍ လေးပါးရှိ၏၊

ဤလေးပါးတို့ကို ဤရွေ့ဤမျှ ဂဏန်းချလျက် ရေတွက်ပိုင်းခြားခြင်းငှါ မတတ်နိုင်ချေ။ ဟူသော အနန္တလေးပါးအရ သတ္တဝါတို့သည်လည်း အဆုံးအပိုင်းအခြားမရှိ၊ မကုန်နိုင် မခန်းနိုင် ဖြစ်ချေ၏၊

ဤလောက၌ သတ္တဝါဟူသည် မကုန်နိုင်၊ မခန်းနိုင် ဖြစ်၏၊ သတ္တဝါများတွင် လူဟူသည် အနည်းဆုံးဖြစ်၏၊ လူထက် နတ်ဗြဟ္မာများ၊ ထို့ထက် တိရစ္ဆာန်၊ ပြိတ္တာနှင့် ငရဲသူ၊ ငရဲသားများကား အသင်္ချေ အနန္တ ပိုမိုများပြားလှ၏၊

မျက်မြင်ပင် လူ့လောက၌ လူဦးရေ သန်းခြောက်ထောင်ခန့်သာရှိမည်ဟု ဆို၏၊ ခြတောင်ပို့တလုံးစာပင် မရှိသေးချေ။ ယူဇနာတသောင်း စတုရန်းကျယ်သော အဝီစိငရဲကြီး၌ ငရဲသူသတ္တဝါတို့သည် တောင်းထဲတွင် နှမ်းအပြည့်ထည့်သိပ်ထားသကဲ့သို့ အပေါက်အကြား မရှိ ပြည့်နှက်နေ၏-ဟုဆို၏၊

အခြား ငရဲ ကြီးငယ်တို့မှာလည်း ထို့အတူ အပြည့်ရှိ၏၊ လူ့ပြည်မှ လူအများမှာလည်း ထိုထိုဘုံဘဝတို့မှ အကုသိုလ်ကုန်လျှင် ရောက်လာကြ၊ တိုးပွားလာကြရ၏၊ ဘုရားတဆူချွတ်၍ ကျွတ်သောသူဟူသည်မှာ မုဆိုးပိုက်ကွန်မှ လွတ်ထွက်သွားသော ငှက်သည် တကောင်တလေမျှသာ ဖြစ်၍ ပိုက်ကွန်တွင်း၌ မိနေရစ်သောငှက်သာ များပြားသကဲ့သို့ ဖြစ်၏၊

မကုန်နိုင် မခန်းနိုင်သော သတ္တဝါအနန္တဟူသည်မှာ လူ့လောက၌ အလျော့မရှိ၊ အတိုးသာရှိ၏၊ ဤသို့ အတိုးသာရှိသဖြင့် နိဗ္ဗာန် မျက်မှောက်ပြုသွားသော ဝေနေယျဝတ္တဝါများကြောင့် သတ္တဝါများ ကုန်ခန်းသွားလိမ့်မည်ဟု မကြံစည်အပ်ပါကြောင်း သိစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သုံးနှစ်သားကလေး၏ ဖြစ်ရပ်ဆန်း

(မေး) (သုံးနှစ်သားကလေး၏ ဖြစ်ရပ်ဆန်း)

အရှင်ဘုရား၊ ကျောက်တံတားမြို့နယ်တွင် အသက်သုံးနှစ်သာ ရှိသေးသော မောင်ဇေယျာလင်းအမည်ရှိ မူကြိုကျောင်းသားလေးသည် စာတွေကို လက်တန်းအမြန်ဖတ်နိုင်သည်ဆိုသည့် ဆန်းပြားသောသတင်းတပုဒ် ဂျာနယ်တစောင်တွင် ဖတ်ရှုလိုက်ရပါသည်။ ဤကဲ့သို့ ဖြစ်ရပ်ဆန်းများ ရှိနိုင်-မရှိနိုင် ဖြေကြားပေးတော်မူပါဘုရား။

(မမေကျော်ကြီး(ခ) မဩမေကျော်-ကယားရိုးမ)

(ဖြေ) ရှိနိုင်ပါသည်။ အနောက်နိုင်ငံသတင်းများအရ လွန်ခဲ့သော နှစ် ၂၀-ခန့်က ဖတ်ဖူးသည်မှာ ကလေးငယ်တဦးသည် သင်္ချာပါမောက္ခကြီးများသာ တွက်နိုင်သော သင်္ချာများကို အလွယ်တကူ တွက်နိုင်ကြောင်း သိရသည်။ ဘဝပါရမီ အလေ့အထုံပါလာလျှင် အလွယ်တကူ တတ်သိနိုင်သည်။ မဟောသဓာသည် ၇-နှစ်သားနှင့် တရားဆုံးဖြတ်သည်။ ထိုထက် ရဟန္တာပုဂ္ဂိုလ်အဖြစ် ၅-နှစ်၊ ၇-နှစ်သားများပင် တရားထူး၊ အသိဉာဏ်ထူးများကို ရရှိစေနိုင်သည်။ ကလေးငယ်ဘဝဖြင့် စာဖတ်တတ်သည်၊ သင်္ချာတွက်တတ်သည်ဆိုသည်မှာ အထူးအဆန်း မဟုတ်လှပါပေ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သုံးနှစ်သားကလေး၏ ဖြစ်ရပ်ဆန်း

(မေး) (သုံးနှစ်သားကလေး၏ ဖြစ်ရပ်ဆန်း)

အရှင်ဘုရား၊ ကျောက်တံတားမြို့နယ်တွင် အသက်သုံးနှစ်သာ ရှိသေးသော မောင်ဇေယျာလင်းအမည်ရှိ မူကြိုကျောင်းသားလေးသည် စာတွေကို လက်တန်းအမြန်ဖတ်နိုင်သည်ဆိုသည့် ဆန်းပြားသောသတင်းတပုဒ် ဂျာနယ်တစောင်တွင် ဖတ်ရှုလိုက်ရပါသည်။ ဤကဲ့သို့ ဖြစ်ရပ်ဆန်းများ ရှိနိုင်-မရှိနိုင် ဖြေကြားပေးတော်မူပါဘုရား။

(မမေကျော်ကြီး(ခ) မဩမေကျော်-ကယားရိုးမ)

(ဖြေ) ရှိနိုင်ပါသည်။ အနောက်နိုင်ငံသတင်းများအရ လွန်ခဲ့သော နှစ် ၂၀-ခန့်က ဖတ်ဖူးသည်မှာ ကလေးငယ်တဦးသည် သင်္ချာပါမောက္ခကြီးများသာ တွက်နိုင်သော သင်္ချာများကို အလွယ်တကူ တွက်နိုင်ကြောင်း သိရသည်။ ဘဝပါရမီ အလေ့အထုံပါလာလျှင် အလွယ်တကူ တတ်သိနိုင်သည်။ မဟောသဓာသည် ၇-နှစ်သားနှင့် တရားဆုံးဖြတ်သည်။ ထိုထက် ရဟန္တာပုဂ္ဂိုလ်အဖြစ် ၅-နှစ်၊ ၇-နှစ်သားများပင် တရားထူး၊ အသိဉာဏ်ထူးများကို ရရှိစေနိုင်သည်။ ကလေးငယ်ဘဝဖြင့် စာဖတ်တတ်သည်၊ သင်္ချာတွက်တတ်သည်ဆိုသည်မှာ အထူးအဆန်း မဟုတ်လှပါပေ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သံသေဒဇ ပဋိသန္ဓေ

(မေး) (သံသေဒဇ ပဋိသန္ဓေ)

အရှင်ဘုရား၊ တပည့်တော်မ ရိုသေစွာ လျှောက်ထားမေးမြန်းအပ်ပါသည်ဘုရား။ အဘိဓမ္မာတရားတော်မြတ်၌ ပဋိသန္ဓေ ၄-မျိုး ရှိသည့်အနက် သံသေဒဇ ပဋိသန္ဓေဟူသည်မှာ ကြာပင်၊ ဝါးပင်၊ မန်ကျည်းပင်၊ ရွှံ့အညစ်အကြေး စသည်တို့၌စွဲ၍ ဖြစ်သည်ဆိုသည်မှာ မှန်ပါသလားဘုရား၊ သံသေဒဇ ပဋိသန္ဓေ မည်ကဲ့သို့ တည်ပါသနည်း ဘုရား၊ ရှင်းလင်း ဖြေကြားပေးတော်မူပါ။

(မနုနုခိုင်ဦး-ဘီလူးမြို့ မိုးညှင်းမြို့နယ်)

(ဖြေ)

ကမလ ကုဟရာဒိကေ သံသေဒေ ဇာတာတိ သံသေဒဇာ-ဟုဆိုသည့်အတိုင်း ကြာတိုက်၊ ရေညွှန်အစရှိသော စိုစွတ်ရာအရပ်၌ ဖြစ်တတ်သောကြောင့် သံသေဒဇမည်ပေရာ ရှေးဘဝကုသိုလ်ပြုစဉ်က အမိဝမ်း၌ မဖြစ်ရပါလို-ဟု ဆုတောင်းခဲ့သူတို့သည် ကြာတိုက်၊ သစ်ပင်၊ ဝါးပင်၊ အသီးအပွင့်၊ ရေညွန် စသည် စိုစွတ်ရာနေရာတို့၌ ပဋိသန္ဓေနေ၍ ဖွားမြင်ကြသည်။

၄င်းတို့ကုသိုလ်ကံကြောင့် မွေးမြူမည့်သူ နှင့် အဆင်သင့် ပေါက်ဖွားကြသည်ဟု ဆိုပါသည်။ ဥပပတ်ပဋိသန္ဓေလည်း နည်းတူပင်ဖြစ်သည်။ သို့သော်လည်း သံသေဒဇမှာ ငယ်က တရွေ့ရွေ့ ကြီးပွားရသည်။ မြန်မာနိုင်ငံ၌ မယ်လမု-လမုပင် (အသီး)ကဖြစ်၍ ဝေဠုဝတီ-ဝါးပိုးဝါးအတွင်းက ဖြစ်သည်။ ဇာတ်တော်များတွင် ပဒုမဝတီ-ပဒုမ္မာကြာပန်းက ဖြစ်သည်။ မြတ်စွာဘုရားလက်ထက် ပေါက္ခရသာတိ-ပုဏ္ဏား ရေကန် (ကြာတိုက်) က ဖြစ်သည်။

ဥပပါတ်မှာ အရွယ်ရောက်ပြီး (အရွယ်) ၁၅-နှစ်၊ အနှစ် ၂၀-စသည်ဖြင့် ရုတ်ခြည်းဖြစ်သည်။ မြတ်စွာဘုရားလက်ထက် အမ္ဗပါလီ-သရက်ပင်ကို မှီ၍ ဖြစ်သော ဥပပါတ် ပဋိသန္ဓေ ဆို၏၊ မြတ်စွာဘုရားကို စွပ်စွဲ၍ မြေမျိုသွားသော စိဉ္စမာဏဝိကာ-မှာ မန်ကျည်းပင်၌ဖြစ်သော သံသေဒဇ သန္ဓေသူဟု ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သကဒါဂါမ်ပုဂ္ဂိုလ်

(မေး) (သကဒါဂါမ်ပုဂ္ဂိုလ်)

အရှင်ဘုရား၊ သောတာပန်သည် ဧကဗီဇိသောတာပန်၊ ကောလံကောလသောတာပန်၊ သတ္တက္ခတ္တုပရမ သောတာပန်-ဟု သုံးမျိုးရှိကြောင်း သိရပါသည်။ သကဒါဂါမ်၌ ဘယ်မျှ ရှိကြောင်း ဖြေကြားပေးတော်မူပါဘုရား

(ပေါ့စ်ချီ-တောင်ကြီး)

(ဖြေ) သကဒါဂါမ်သည်

(၁) လူ့ပြည်၌ သကဒါဂါမိဖိုလ်ကိုရ၍ လူ့ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။

(၂) နတ်ပြည်၌ သကဒါဂါမိဖိုလ်ကိုရ၍ နတ်ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။

(၃) လူ့ပြည်၌ သကဒါဂါမိဖိုလ်ကိုရ၍ နတ်ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။

(၄) နတ်ပြည်၌ သကဒါဂါမိဖိုလ်ကိုရ၍ လူ့ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။

(၅) လူ့ပြည်၌ သကဒါဂါမိုဖိုလ်ကိုရ၍ နတ်ပြည်၌ဖြစ်၍ လူ့ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်-ဟူ၍ ငါးမျိုးရှိပါသည်။ ထိုငါးမျိုးတွင် နံပါတ် ၅-ဖြစ်သော သကဒါဂါမ်ကို သကဒါဂါမိမဂ္ဂစိတ္တံ ၌ မုချအားဖြင့်ရ၍ ကြွင်းလေးမျိုးကို ဥပစာအားဖြင့် ရသည်ဟု ကျမ်းစာများ၌ ပြဆိုထားကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သက္ကရာဇ်

(မေး) (သက္ကရာဇ်)

ဆရာတော်ဘုရား၊ တပည့်တော်တို့ မြန်မာနိုင်ငံတွင် သုံးနေသော မြန်မာသက္ကရာဇ်၊ ကောဇာသက္ကရာဇ်၊ မဟာသက္ကရာဇ်နှင့် သာသနာသက္ကရာဇ်များအကြောင်းကို သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

(ကျော်ကျော်ဦး-ပြည်မြို့)

(ဖြေ)

မဟာသက္ကရာဇ် ဟူသည်မှာ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က သုံးသော သက္ကရာဇ် ဖြစ်ပါသည်။

၄င်းမှာ မြတ်စွာဘုရား၏ ဘိုးတော် အဉ္စနမင်းကြီးက ဒိဗ္ဗစက္ခု အဘိညာဉ်ရ ဒေဝီလရသေ့နှင့် တိုင်ပင်၍ ရှေးရှေးသက္ကရာဇ် ၈၆၄၇-နှစ်မှ ၈၆၄၅-ကို ဖြို၍ ၂-ခုကြွင်းထားခဲ့သော သက္ကရာဇ်ဖြစ်၏၊

ယင်း မဟာသက္ကရာဇ် ၆၈-တွင် ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသားကို ဖွားတော်မူ၍ ဘုရားဖြစ်ပြီးနောက် မဟာသက္ကရာဇ် ၁၄၈-နှစ်တွင် ပရိနိဗ္ဗာန် စံတော်မူသည်။

ယင်းမဟာသက္ကရာဇ်က မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ပထမသံဂါယနာတင်၍ သာသနာနှစ်အဖြစ် ပြုရန် မဟာသက္ကရာဇ်ကို ဖျက်၍ (ဖြို)၍ သာသနာနှစ် တနှစ်မှစ၍ အသုံးပြုခဲ့သည်။ ယင်း သာသနာနှစ် ၆၂၄-သို့ရောက်သောအခါ မြန်မာနိုင်ငံ သရေခေတ္တရာပြည် သုမုန္ဒရီမင်း လက်ထက် ဒေါဒေါရသ ၆၂၂-ကို ဖြို၍ ၂-ခုကြွင်း ထားခဲ့သည်။ ယင်းကို ကောဇာသက္ကရာဇ် ဟု ဆိုသည်။

ယင်းမှတိုးပွားလာသောနှစ် ၅၆၂-သို့ ရောက်သောအခါ ပုဂံပြည် ပုပ္ပါးစောရဟန်းမင်း လက်ထက် ခန်းဆပဉ္စ (၅၆၀)ကို ဖြို၍ ၂-ခုကြွင်းထားလျက် သုံးစွဲခဲ့လေသည်။ ထိုခေတ် ၂-ခုမှ တိုးတက်လာသော ဤယနေ့ ၁၃၅၇-ခုနှစ်အထိ သက္ကရာဇ်မှာ ကျော်ကျော်ဦး သိလိုသော မြန်မာသက္ကရာဇ်ပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ နှစ်ကြိမ်ဖြို ၆၂၂-နှင့်၊ ၅၆၀-ကို ပေါင်းကြည့်လျှင် ၁၁၈၂-ဖြစ်သည်။ ၄င်းနှင့် ယခုရောက်ဆဲ ၁၃၅၇-ကို ပေါင်းသော် ၂၅၃၉-ဖြစ်သည်။ သာသနာနှစ်ဖြစ်၏၊ ထို့ကြောင့် တစ်တစ်ရှစ်နှစ်၊ သက္ကရာဇ်၊ ပေါင်းလစ် သာသနာ-ဟူသော ဆောင်ပုဒ်ဖြင့် သာသနာတော်နှစ်ကို အလွယ်တကူ သိနိုင်ပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သက်သတ်လွတ် အဓိဋ္ဌာန်

(မေး) (သက်သတ်လွတ် အဓိဋ္ဌာန်)

အရှင်ဘုရား၊ တပည့်တော်သည် ရာသက်ပန် သက်သတ်လွတ်စားရန် အဓိဋ္ဌာန်ပြုထားပါသည်။ ယခုအခါ တပည့်တော် ကျန်းမာရေးကြောင့် စားရန် ခက်နေပါသည်။ ဘုရားတွင် သက်သတ်လွတ် မစားနိုင်တော့ကြောင်း တောင်းပန်၍ ရပါသလားဘုရား။ မည်သို့ တောင်းပန်ရမည်ကို ဖြေကြားပေးတော်မူပါဘုရား။

(ခိုင်ခိုင်-ရန်ကုန်)

(ဖြေ)

သက်သတ်လွတ်စားခြင်းဟူသည်မှာ ဘုရားဟော ကုသိုလ်ကောင်းမှု အကျင့်တရားမျိုး မဟုတ်။ ပုဂ္ဂိုလ်တို့အလိုဆန္ဒ (ပုဂ္ဂလဇ္ဈာသယ) အတိုင်းဖြစ်၍ မစားခြင်းကြောင့် အကုသိုလ်ဖြစ်စရာ မရှိပါ။ စားခြင်း မစားခြင်းမှာလည်း မိမိဆန္ဒအတိုင်းသာဖြစ်၍ ဘုရားအားလည်း တောင်းပန်နေဖွယ် လိုမည်မဟုတ်ပါ။

ဘုန်းတော်ကြီး ဦးသီလ ထေရုပ္ပတ္တိတွင် ဘုန်းတော်ကြီးက-ဘုန်းကြီးများ သက်သတ်လွတ်စားနေတာ ကုသိုလ်ဖြစ် ကျင့်သည်မထင်နဲ့၊ သွားနာ သက်သာလို့-ဟု မိန့်တော်မူသကဲ့သို့ အချို့ဆရာတော်ဘုရားကြီးများ သွားနာ သက်သာအောင်နှင့် အညှီအဟောက် မကြိုက်၍ သားငါးရှောင်ကြခြင်းမှ အလေ့အကျင့် ဖြစ်သွားပြီး ရာသက်ပန် သား-ငါး မစားဘဲ နေသွားခြင်း ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သက်သတ်လွတ်နဲ့ သီလ

(မေး) (သက်သတ်လွတ်နဲ့ သီလ)

အရှင်ဘုရား၊ သက်သတ်လွတ်စားခြင်းထက် ဥပုသ်သီလ ဆောက်တည်ခြင်းက ပို၍ အကျိုးရှိသည်ဟု တပည့်တော်မ ယူဆပါသည်။ မှန်-မမှန် ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

(ခွါညို-စစ်ကိုင်းမြို့)

(ဖြေ)

မှန်ပါသည်။ သက်သတ်လွတ် စားခြင်းနှင့်ပတ်သက်၍ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် ဒေဝဒတ်က- သံဃာတော်များကို ရာသက်ပန် သက်သတ်လွတ် ဘုဉ်းပေးသုံးဆောင်ဖို့ ပညတ်ပေးရန်-တောင်းဆိုခဲ့ဖူးပါသည်။ မြတ်စွာဘုရားရှင်က လက်မခံခဲ့ပါ။

မိမိအတွက် သီးသန့်ရည်ရွယ်၍ သတ်သည်ကို မြင်သော်၄င်း၊ ကြားသော်၄င်း၊ မိမိယုံမှားသံသယ ဝင်မိလောက်အောင် အခြေအနေမျိုးရှိနေလျှင်သော်၄င်း ထိုသားငါးဟင်းကို မစားကောင်းပါ။

မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားသံသယဖြစ်ခြင်း၊ အလျဉ်းမရှိပါက ထိုသားငါးဟင်းကို စားကောင်းပါသည်။

သို့သော်-သက်သတ်လွတ်စားခြင်း၏ အကျိုးတရားများလည်း ရှိပါသည်။ ဆရာတော်အချို့ ကျန်းမာရေးအတွက်၊ သွားနာသက်သာရန်အတွက်၊ အသီးအနှံများသာ စားကြပါသည်။ အသက်ရလာသည်နှင့်အမျှ အဆီဓာတ်များပြားလာရာ အသီးအနှံများသာ စားခြင်းဖြင့် အဆီဓာတ်ကို လျော့ချနိုင်ပြီး သွေးတိုး-နှလုံး-လေငန်း စသော ရောဂါအမျိုးမျိုးကို ကင်းဝေးစေနိုင်ပါသည်။

လယ်တီဆရာတော်ဘုရားကြီးက နွားသားကို ကျေးဇူးရှင်ဖြစ်၍ မိဘ၏အသားကို စားသည်နှင့်တူသောကြောင့် မစားသင့်ကြောင်း နွားမေတ္တာစာ ရေးသားတော်မူခဲ့၏၊

မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးကလည်း ကိုယ်တိုင်ပင် အသီးအနှံများသာ စားပြီး နွားသားကို ကျေးဇူးရှင်ဖြစ်၍ မစားရန်နှင့် ဝက်သားကို လေငန်းရောဂါ၊ သွေးကြောပိတ်ရောဂါ အမျိုးမျိုးဖြစ်စေတတ်၍ မစားရန် တပည့်များကို မိန့်ကြားတော်မူသည်။

ထို့ထက် သတ္တဝါအားလုံး၏ အသားကို မစားဘဲ ရှောင်ကြဉ်နိုင်ခြင်းသည် ကောင်းပါသည်။ မစားဘဲ ရှောင်ကြဉ် နိုင်သူများလျှင် သတ္တဝါအများစု အသက်သေရမှု နည်းပါးသွားသဖြင့် သတ္တဝါတို့အပေါ် ကရုဏာထားရာ ရောက်ပါသည်။

သက်သတ်လွတ်စားခြင်း၊ မစားခြင်းကို အငြင်းအခုံပြုစရာ မဟုတ်ပါ။ အပြစ်လွတ်သောနည်းဖြင့် သားငါးဟင်းကို စားနိုင်ပါသည်။ မေတ္တာဓာတ်၊ ကျန်းမာရေး အသိစိတ်ဓာတ်ဖြင့် သက်သတ်လွတ်စားခြင်းသည်လည်း ကောင်းပါသည်။

ဥပုသ်စောင့်ခြင်းကား သီလအကျိုးတရား ဖြစ်ပါသည်။ ပို၍ အကျိုးကြီးသည်မှာ မှန်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သင်္ကန်း စီစဉ်ခြင်း

(မေး) (သင်္ကန်း စီစဉ်ခြင်း)

ဆရာတော်ဘုရား၊ အချို့သော ဓမ္မရိပ်သာကျောင်းများတွင် ဝါတွင်းသင်္ကန်း၊ ကထိန်သင်္ကန်း၊ ဝတ္ထုပစ္စည်း၊ ကပ်လှူရာတွင် ထိုဓမ္မရိပ်သာကျောင်းမှပင် သင်္ကန်း၊ ထီး၊ ဖိနပ်၊ များကို ဆရာတော်ကြီးနှင့် အကျိုးဆောင်အဖွဲ့များ၏ အစီအစဉ်နှင့် ခွင့်ပြုချက်အရ ကျသင့်သော အဖိုးနှုန်းများဖြင့် ဝယ်ယူပြီး ထိုကျောင်းမှာပင် ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်း ကပ်လှူရပါသည်။ ထိုကျောင်းမှ ဝယ်ယူလာသော ဝတ္ထုပစ္စည်းများ ကပ်လှူခြင်းနှင့် အခြား အပြင်ဆိုင်မှ ဝယ်ယူ ကပ်လှူသော ဝတ္ထုပစ္စည်းတို့သည် အတူတူပင် ဖြစ်ပါသလား၊ ကုသိုလ်အကျိုး ခြားနားမှု-တူညီမှု ရှိ-မရှိ သိလိုပါသည်၊ ဖြေကြားပေးတော်မူပါဘုရား။

(နိုင်ကျော်လှိုင်-အငြိမ်းစား၊ မင်္ဂလာဒုံ)

(ဖြေ)

အချို့ သံဃာများသော ရိပ်သာကျောင်းတိုက်များ၌ လှူဒါန်းသူများ သက်သာမှုရှိအောင် ဂေါပကအကျိုးဆောင်အဖွဲ့များက သင်္ကန်းများကို စုပေါင်း၍ ဝယ်ယူခြင်း၊ ဆိုင်ရာမှ ထုတ်ခြင်း၊ ပိတ်အုပ်ဝယ်၍ ဆိုးချုပ်ခြင်းများကို ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ပြုလုပ်သဖြင့် တစုံချင်း အပြင်ဆိုင်မှာ ဝယ်ယူသည်ထက် များစွာ သက်သာပါသည်၊

ထီး ဖိနပ် စသည်များကိုလည်းသံဃာဦးရေနှင့်ကိုက်၍ ကြိုတင် မှာထားခြင်းလည်း ပြုလုပ်ကြပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းကို သံဃာများက လုပ်လေ့မရှိ၊ လုပ်လည်း မလုပ်အပ်ပါ၊ ဝေယျာဝစ္စအဖွဲ့၊ ဂေါပကအဖွဲ့ အကျိုးဆောင်သူများကသာ အလှူထမြောက်ရန် လှူဒါန်းလိုသူများ သက်သက်သာသာဖြင့် စိတ်အေးချမ်းသာစွာ လှူဒါန်းနိုင်ရန် ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။

သံဃာတော်များ ဝေယျာဝစ္စအဖွဲ့နှင့် ကုသိုလ်ရှင်များအားလုံး အကျိုးရှိသော လုပ်ဆောင်မှုများဖြစ်၍ ကုသိုလ်ရရန် ချမ်းသာစွာ လှူဒါန်းနိုင်သောကြောင့် ကောင်းသောလုပ်ဆောင်ခြင်းပင် ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သင်္ကန်း ပံ့သကူ-ဆွမ်း ပံ့သကူ

(မေး) သင်္ကန်း ပံ့သကူ-ဆွမ်း ပံ့သကူ

ပံ့သကူ စီဝရ၊ ကောက်၍ပ ဝတ်နိုင်၊ ထို့အတူ ဆွမ်းကျောင်းဆေး၊ ကောက်ရေး ပစ်ကာထား၊ သွားကောက်ယူနိုင်။

ပစ္စယလေးခိုင်၊ ဆိုင်-မဆိုင် ဘယ်သို့၊ ပံ့သကူဝါဒများကို၊ နားလည်အောင် စာပေသွင်း၊ ရှင်းပြပါလို့။

(မန်းဘိက္ခု-သောတုဇနတပါး)

(ဖြေ) ပံ့သကူ စီဝရ၊ ကောက်၍ပ သာယူ။

သေနာသနာကျောင်း၌၊ ညောင်စောင်းအင်းပျဉ်နှင့်၊ စောင် ခြင်ထောင် ဘုံလျှို အုံး၊ သုံးပံ့သကူ။

ဆွမ်းနှင့်ဆေးမှာတော့၊ ကပ်ပေးမှ ခံယူ၊ ပံ့သကူ မရှိ။

ဝိနည်းကျမ်း၊ လက်သန်းဝဏ္ဏနာတို့၊ ဖွင့်ဆိုကာ မှတ်ဖွယ်ပြတယ်၊ ရှင်းကြစေဘိ။(ဝိနယာလင်္ကာရ-ဋီ ၂-၃၄၅)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သင်္ကန်းကို အဆင့်ဆင့် အသုံးပြုခြင်း

(မေး) (သင်္ကန်းကို အဆင့်ဆင့် အသုံးပြုခြင်း)

အရှင်ဘုရား၊ ရဟန်းတော်များ သင်္ကန်းကို သုံးဆောင်ရာတွင် စုတ်သွားသော်လည်း ကြမ်းတိုက်၊ ကြိုးကျစ်၊ နောက်ဆုံး အမှုန့်ပြု၍ လမ်းခင်းသည်အထိ အကျိုးရှိစွာ အသုံးပြုရပုံကို အရှင်အာနန္ဒာနှင့် ကောသလမင်းကြီးတို့ အမေးအဖြေအရ သိရ၍ အလွန်ကြည်ညိုခြင်း ဖြစ်မိပါသည်။ သို့သော် တပည့်တော်တို့ လူပုဂ္ဂိုလ်များ ကျောင်းသို့သွား ဝင်ထွက်ရသောအခါ သင်္ကန်းစုတ်ကို ခြေသုတ်လုပ်ထားခြင်း၊ သင်္ကန်းစုတ်ကို နင်း၍ လူပုဂ္ဂိုလ်က ကြမ်းတိုက်ခြင်းတို့ကို ပြုနေကြခြင်းသည် အပြစ် ရှိ-မရှိ သိလိုပါသည်ဘုရား။

(ဦးသာရှိ-ခ-ဦးသန်းရွှေ-တမူးမြို့)

(ဖြေ)

ရဟန်းတော်များ၏ အသုံးအဆောင်များသည် လူပုဂ္ဂိုလ်များအတွက် စေတီထိုက်သော (ပူဇော်အပ်သော) ပစ္စည်းများ ဖြစ်ပါသည်။ ထို့ကြောင့် သင်္ကန်းဟူသော အမှတ်သညာ မပျောက်သေးလျှင် လူပုဂ္ဂိုလ်များ ခြေသုတ်၊ လက်သုတ်အဖြစ် မသုံးဆောင်ကောင်းပါ။ သံဃာတော်များကလည်း လူများဝင်ထွက်နိုင်သော နေရာများ၌ ခြေသုတ်၊ လက်သုတ်အဖြစ် မထားကောင်းပါ။ သင်္ကန်းကို ခြေဖြင့်နင်း၍ ကြမ်းမတိုက်ကောင်းပါ။

ရတနာသုံးပါးနှင့်စပ်သော ပစ္စည်းများကို မရိုသေရာ ရောက်ပါသည်။ သင်္ကန်းဟူသော အမှတ်သညာ ပျောက်နေလျှင်ကား အပြစ်မဖြစ်နိုင်ပါပေ။ ရဟန်းရော လူပါ အပြစ်မဖြစ်ရအောင် ရဟန်းတို့ကလည်း ဆင်ခြင်သုံးဆောင်၍ လူတို့ကလည်း အဂါရဝ မရိုသေမှုအပြစ်များ မဖြစ်ရအောင် ရှောင်ကြဉ်သင့်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သင်္ကန်းအဟောင်း အသုံး

(မေး) (သင်္ကန်းအဟောင်း အသုံး)

အရှင်ဘုရား၊ အချို့ရဟန်းသံဃာများသည် ကိုယ်ရုံဧကသီများနှင့် ခြေသုတ်ခြင်း၊ ဖုန်ခါခြင်း၊ သင်္ကန်းဟောင်းများနှင့် ကျောင်းကို ဖုန်သုတ်ခြင်း၊ အမှိုက်လှည်းခြင်း၊ အိပ်ရာခင်းအဖြစ် အသုံးပြုခြင်းများသည် သင့်-မသင့် ဖြေကြားပေးတော်မူပါဘုရား။ ထို့ပြင် ဒုကုဋ် (၂-ထပ်) သင်္ကန်းကို အိပ်ရာခင်းအဖြစ် မသုံးသင့်ဟု ကြားဖူးပါ၍ ဟုတ်-မဟုတ် ဖြေကြားစေလိုပါသည်ဘုရား။

(ပညာသီရိ-မိတ္ထီလာမြို့)

(ဖြေ)

သင်္ကန်းအဟောင်းများနှင့် ပတ်သက်၍ တေ အတ္တနော ဇိဏ္ဏစီဝရာနံ ကိံ ကရိဿန္တိ (ဓမ္မပဒ၊ဋ္ဌ၊၁-၁၄၀) စသည်ဖြင့် သာမာဝတီဝတ္ထုတွင် ဥတေနမင်းကြီးက အာနန္ဒာအား သင်္ကန်းအများအအပြား အလှူခံခြင်းနှင့် စပ်၍ အမေးရှိပါသည်။ ထိုအမေးကို အရှင်အာနန္ဒာက ပိုလျှံသော သင်္ကန်းဟောင်းများကို အခြားရဟန်းများအား ပေးရခြင်း၊ မြေအခင်းပြုရခြင်း၊ ခြေသုတ်ကြိုးဝန်း ပြုရခြင်း၊ နုပ်နုပ်စဉ်း၍ ရွှံ့နှင့်နယ်ကာ နံရံကို သုတ်လိမ်းရခြင်းဖြင့် အသုံးပြုပုံကို ဖြေဆိုပါသည်။

ထိုအဖြေကိုထောက်၍ သင်္ကန်းဟောင်းများကို ခြေသုတ်ဖုံ၊ ဖြေသုတ်ကြိုးဝန်း ပြုနိုင်ပုံကို သိပါ။

(အကျယ်ကို ဓမ္မပဒ သာမာဝတီ ဝတ္ထုတွင် ကြည့်ပါ) အမှိုက်သိမ်း၊ ဖုန်သုတ် စသည်လည်း အကြောင်းအားလျော်စွာ လုပ်နိုင်ပါသည်။ ဒုကုဋ် (၂-ထပ်) သင်္ကန်းကို ခင်း၍ အိပ်ခြင်းငှါ အပ်ပါသည်။ မြတ်စွာဘုရားသည် ဒုကုဋ်သင်္ကန်းကို လေးထပ်ခေါက်၍ ခင်းထိုင်ခြင်း၊ လျောင်းစက်ခြင်းတို့ကို ထိုထိုသုတ္တန်တို့၌ တွေ့နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သင်္ကာ-မသင်္ကာ

(မေး) (သင်္ကာ-မသင်္ကာ)

ဆရာတော်ဘုရား၊ ဘာသာရေးပြဿနာဟူ၍ကား မဆိုနိုင်ပါ၊ သို့သော်လည်း ပါဠိစာ အသုံးအနှုန်း၊ ပါဠိဗုဒ္ဓစာပေဖြစ်၍ မေးလိုပါသည်။ သတင်းစာများတွင် မသင်္ကာဖွယ် လူတယောက်၊ မသင်္ကာဖွယ် တွေ့ရ၍ စသည် ရေးပါသည်။ တပည့်တော်မ သိသည်မှာ သင်္ကာ-ပါဠိကပင် တွေးတောယုံမှားဖွယ် ဖြစ်၍ မသင်္ကာ ဆိုလျှင် တွေးတော်ယုံမှားဖွယ် မရှိဟု ဆန့်ကျင်ဘက်အဓိပ္ပါယ် ထွက်ပါလိမ့်မည်။ ဖြေရှင်းပြတော်မူပါဘုရား။

(အငယ်လေးခေါ် ခင်မြမြလွင်-မြန်မာစာ၊ ရန်ကုန်တက္ကသိုလ်)

(ဖြေ)

သင်္ကာ ပါဠိကပင် ယုံမှားခြင်းအနက်ရှိသဖြင့် မသင်္ကာဟု သုံးစွဲရေးသားခြင်းမှာ အမှားပင်ဖြစ်ပါသည်။

ပျို့ ကဗျာတို့တွင်-နောင်မင်းမသိ၊ သင်္ကာရှိဟု၊ ဒိဋ္ဌိဝါဒ၊ (ဘူပေါင်း-၅၁)၊

မရွံမရှာ၊ ခဲရာရာ၌၊ သင်္ကာလည်းကင်း၊ (ဆု-၂၆)၊

သူ့မယားနှင့်၊ ဝိုးဝါးသင်္ကာ၊ ရှိဖူးပါလျက်၊ (အိမ်မှု-၂၊ ၁၃)

ကထံကထိ၊ သင်္ကာရှိသား၊ စွန်းညိညှီစော်၊ (ပါရမီ-၉၅)

စသည် အများအပြား သင်္ကာ-ဟု ယုံမှားခြင်း၌ မှန်ကန်စွာ သုံးနှုန်းကြပါသည်။

ထို့ကြောင့် သင်္ကာမကင်းဖွယ်၊ သင်္ကာရှိဖွယ်၊ ယုံမှားသင်္ကာ ရှိစရာ စသည် မှန်ကန်စွာ သုံးနှုန်းရန် လိုအပ်ပါသည်။ ရန်ကုန်တက္ကသိုလ်များ စာအုပ်ပြုစုထုတ်ဝေရေး ကော်မတီက စာစဉ် ၃၁-ဖြင့် ထုတ်ဝေထားသည့် ဦးထွန်းမြင့်၏ ပါဠိသက် ဝေါဟာရ အဘိဓာန် (စာမျက်နှာ-၃၄၃) တွင် ဤအကြောင်းကို အကျယ်ဆွေးနွေးထားသည်ကို ဖတ်ရှုသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သင်္ဂါယနာတင်ချိန်နှင့် မြန်မာမင်းများ

(မေး) (သင်္ဂါယနာတင်ချိန်နှင့် မြန်မာမင်းများ)

အရှင်ဘုရား ပထမသင်္ဂါယနာတင်ချိန်တွင် မြန်မာနိုင်ငံ၌ မည်သည့်မင်း စိုးစံသည်။ မည်သည့်ဘာသာ ကိုးကွယ်သည်။ ထို့အတူ ဒုတိယ တတိယနှင့် စတုတ္ထသင်္ဂါယနာ တင်ချိန်များတွင်လည်း မြန်မာနိုင်ငံ၌ မည်သည့်မင်း စိုးစံ၍ မည်သည့်ဘာသာ ကိုးကွယ်သည်များကို သိလိုပါသည်ဘုရား။ တခုချင်း ဖြေကြားပေးတော်မူပါဘုရား။

(အောင်သူဖြိုး-ပြည်မြို့)

(ဖြေ)

ပထမသင်္ဂါယနာတင်သော ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းသည် ဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူပြီး ၂၄-နှစ်ကြာအောင် မင်းပြုနေသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ တကောင်းပြည်၌ အဘိရာဇာမင်းဆက် စိုးစံနေသည်။ သာသနာ ၂၄-တွင် သတိုးမင်း နန်းစံသည်။ ထို့ကြောင့် ၄င်းတို့ ကပိလဝတ်မှ ဆင်းသက်သူများပင်ဖြစ်၍ ဗုဒ္ဓကိုပင် ကိုးကွယ်မည်ဟု ယူဆရပါသည်။

သာသနာနှစ် ၁၀၀-၌ ဒုတိယသင်္ဂါယနာ တင်ချိန်တွင် ဒွတ္တပေါင်မင်းကြီး စိုးစံ၍ သားတော်များပင် ရဟန္တာဖြစ်ကြောင်း ဆိုသဖြင့် ဗုဒ္ဓဘာသာကိုပင် ကိုးကွယ်မည်ဟု ဆိုနိုင်ပါမည်။ တတိယသင်္ဂါယနာတင်ချိန် သာသနာ ၂၃၅-တွင် ဒွတ္တပေါင်မင်းကြီး၏ မြစ်တော် ရန်မန်မင်း ဖြစ်သည်။

စတုတ္ထသင်္ဂါယနာတင်ချိန် သာသနာနှစ် ၄၅၀-တွင် ငတပါးမင်းနှင့် ပါပိယံမင်းတို့ သရေခေတ္တရာတွင် စိုးစံဆဲဖြစ်သည်။ ၄င်းတို့သည် ဗုဒ္ဓဘာသာကိုပင် ကိုးကွယ်ကြောင်း သရေခေတ္တရာဘုရားကြီးများ တူးဖော်ရာ၌ တွေ့ရှိသော ရုပ်ပွားဆင်းတုတော်များအရ ထင်ရှားလှပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သစ္စကပရိဗိုဇ် အနာဂတ်ဘဝ

(မေး) (သစ္စကပရိဗိုဇ် အနာဂတ်ဘဝ)

အရှင်ဘုရား၊ သစ္စကပရိဗိုဇ်ကြီးသည် သေလွန်ပြီးနောက် နတ်ပြည်သို့ရောက်၍ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးနောက် အနှစ် ၂၀၀-ရှိသောအခါ သီဠိုဟ်ကျွန်း (သီရိလင်္ကာ) ၌ ရဟန်းဖြစ်ပြီး ပရိနိဗ္ဗာန်ပြုသည်ဟု မှတ်သားရပါသည်။ ဤသို့ဆိုလျှင် နတ်တို့၏ သက်တမ်းနှင့် တွက်ချက်လိုက်လျှင် လူ့ပြည်အနှစ် ၂၀၀-သည် နတ်ပြည်တွင် သစ္စကပရိဗိုဇ်၏ သက်တမ်း အလွန်တိုတောင်း မနေပါလားဘုရား။ တပည့်တော် မရှင်းလင်းပါ သဖြင့် ဖြေကြားပေးတော်မူပါဘုရား။

(ကိုအောင်မြတ်သူ-စွမ်းအင်ဝန်ကြီးဌာန)

(ဖြေ

ဘုရားအလောင်းတော်များ ရဟန္တာအလောင်းများသည် နတ်ပြည်သို့ရောက်ရသော် (နတ်ပြည်တွင် ပါရမီဖြည့်ကျင့်ရန် မဖြစ်နိုင်၍) နတ်သက်ပြည့်အောင် မနေကြဘဲ လူ့ပြည်တွင် ပါရမီဖြည့်ရန်နှင့် ကျွတ်တမ်း ဝင်နိုင်ရန် အဓိမုတ္တိစုတေခြင်းဟူသော မိမိကိုယ်ကို စုတေရန် အဓိဋ္ဌာန်ပြု၍ နတ်သက်ချွေလျက် လူ့ပြည်တွင် ဖြစ်စေကြသည်ဟု ဆိုပါသည်။

သစ္စကနတ်သားသည်လည်း ထိုစုတေခြင်းမျိုးဖြင့် စုတေခဲ့၍ သာသနာနှစ် ၂၀၀-ကျော်အချိန် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) တွင် ကာဠဗုဒ္ဓရက္ခိတမထေရ် အဖြစ်ဖြင့် ရဟန္တာဖြစ်ခဲ့ကြောင်း (မ၊ဋ္ဌ၊၂-၁၉၄) ၌ ပါရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သစ်သီးများကို ဘုရားစင်၌ ရက်ရှည်ထားခြင်း

(မေး) (သစ်သီးများကို ဘုရားစင်၌ ရက်ရှည်ထားခြင်း)

ဆရာတော်ဘုရား၊ သစ်သီးများကို မမှည့်သေးမီ ဘုရားစင်၌ တင်ထားပြီး ၃-၄ ရက် စသည်ထား၍ မှည့်သောအခါတွင် စွန့်ပြီးစားခြင်းများ လုပ်ကောင်းပါသလားဘုရား၊

အဖိတ်နေ့ညတွင် ဘုရားစင်၌ပင် ပြင်ဆင်ထားပြီး ဥပုသ်နေ့ နံနက်တွင် ကပ်လှူ၍ မွန်းမတည့်မီ စွန့်လျှင်ကော ရပါသလား၊ ဖြေကြားပေးတော်မူပါဘုရား။

(မလှညို-ကျားတက်ရွာ၊ သံကုန်းမြို့)

(ဖြေ)

မမှည့်သေးသောသစ်သီးများကို ဘုရားရှေ့၌ ရက်ရှည် နေ့ရော ညပါ ဆွမ်းတော်တင်သကဲ့သို့ တင်ထားခြင်းမျိုးကို မပြုအပ်ပါ၊ မှည့်မှသာ နံနက်ပိုင်းတွင် ခွဲစိတ်လှူဒါန်းပြီး မွန်းမတည့်မီ စွန်ပစ်ခြင်းသာ သဘောမှန်ဖြစ်ပါသည်၊

ဥပုသ်နေ့နံနက် ကပ်လှူရန် အဖိတ်နေ့ညနေတွင် ဘုရားရှေ့တွင် မဟုတ်ဘဲ မနီးမဝေးတွင် ပြင်ဆင်ထားပြီး ဥပုသ်နေ့နံနက်ပိုင်းတွင် ခွဲစိတ်ပြုပြင်လျက် လှူဒါန်းခြင်းမျိုးကား လုပ်သင့်ပါသည်၊

စွန့်ပြီးစားခြင်း၊ မစားခြင်းမှာ ဘုရားဝေယျာဝစ္စ ပြုသူအနေဖြင့် ပြောဖွယ်မရှိပါ။ စားလိုက စားနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သတ္တဝါအနန္တ

(မေး) (သတ္တဝါအနန္တ)

အရှင်ဘုရား သတ္တဝါအနန္တ ရှိကြောင်း ကြားဖူးပါသည်၊

တချို့က ရေသတ္တဝါ ဆယ်သိန်း၊

ကုန်းသတ္တဝါ ကိုးသိန်း၊

ကောင်းကင်သတ္တဝါ ရှစ်သိန်း၊

ရှိသည်ဟု ဆိုပါသည်၊ အမှန်ကို ရှင်းပြစေလိုပါသည် ဘုရား။

(မောင်ဘာ-မုဒွန်းရွာ၊ ချောင်းဆုံမြို့နယ်)

(ဖြေ)

အထက်ပါပြဿနာနှင့်စပ်၍ လယ်တီဆရာတော်ဘုရားကြီး၏ ဘာဝနာဒီပနီတွင် ကုန်းတိရစ္ဆာန်မျိုး အနန္တ၊ ထို့ထက် အဆအသင်္ချေ တွက်ရေသင်္ချာ များလှစွာသော ရေတိရစ္ဆာန်မျိုး အနန္တရှိ၏၊

လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံတည်းဟူသော သုဂတိနှစ်ဆယ့်ခုနစ်ဘုံတို့မှ သတ္တဝါတယောက်လျှင် အပါယ်လေးဘုံတို့မှ သတ္တဝါအသင်္ချေကျထား၍ နှိုူင်းရှဉ်သည်ရှိသော် သုဂတိ ၂၇-ဘုံ၌ သတ္တဝါကုန်လေရာ၏၊

အပါယ်လေးဘုံရှိ သတ္တဝါကား မကုန်လေရာ-ဟု ဆိုထား၏၊

အနန္တဟူသည် အဆုံးမရှိ-ဟု ဆိုလို၏၊

အသင်္ချေဟူသည်ကား ရေတွက်၍မရ၊ အရေအတွက် သင်္ချာကို လွန်၏-ဟု ဆိုလို၏၊

ထို့ကြောင့် သတ္တဝါတို့ကို သင်္ချာတပ်၍ ပြောဆိုသူတို့ စကားကို မယုံကြည်ရာ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သတ္တဝါနှင့် ဝေနေယျ

(မေး) (သတ္တဝါနှင့် ဝေနေယျ)

အရှင်ဘုရား၊

သတ္တဝါဝေနေယျ၊ ခေါ်ဝေါ်ကြ ဝေါဟာရာ။

ထိုနှစ်ပါးကွာခြား ဘယ်လိုရှိ၊ မှတ်သိလိုပါ၍ မေးရပုစ္ဆာ။

ထိုနှစ်ဖြာ ဝေါဟာထွေပြား။

ကျနသေချာပ သိလိုပါ ဖြေဆိုရေးနှင့် မေးရပါ ဘုရား။

(လှသိန်းကြည်-ပြင်ဦးလွင်)

(ဖြေ)

သတ္တဝါဝေနေယျ၊ ခေါ်ဝေါ်ကြ ဝေါဟာရာ။

မြတ်မဂ်ဖိုလ် ထိုဓမ္မကို၊ မရနိုင်ပုဂ္ဂလ၊ သတ္တသာ အမည်ပေး၊ ရေးမှတ်စရာ။

မဂ်ဖိုလ်ရ ပုဂ္ဂလာ၊ သတ္တဝါသာမက။

ဝေနေယျာ ဗုဒ္ဓသာဝကာတို့၊ ဆုံးမရာထိုက်ပါကြောင်း ကျမ်းဟောင်း ဆိုပြ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သတ္တာဝါသ ဘုံကိုးဝနှင့် ဝိညာဏဋ္ဌိတိ ခုနစ်ပါး

(မေး) (သတ္တာဝါသ ဘုံကိုးဝနှင့် ဝိညာဏဋ္ဌိတိ ခုနစ်ပါး)

အရှင်ဘုရား၊ အမျှဝေ လင်္ကာ ဘုံသုံးဆယ့်တစ် စသောအပိုဒ်ပါ သတ္တာဝါသ ဘုံကိုးဝနှင့် ဝိညာဏဋ္ဌိတိ တည်ရှိခုနစ်ပါး-ဆိုသည်ကို အဓိပ္ပါယ်သိလိုပါသည်၊ ရှင်းလင်းပေးတော်မူပါရန် လျှောက်ထားပါသည်ဘုရား။

(ဦးနေဝင်း-ကျောက်တန်းရွာ၊ ပဲခူးမြို့နယ်)

(ဖြေ)

လွယ်ကူစွာမှတ်သားနိုင်ရန် ဝိညာဏဋ္ဌိတိ ခုနစ်ပါးမှစ၍ ဖြေကြားပါမည်၊

၄င်းမှာ ပဋိသန္ဓေဝိညာဉ်၏ တည်ရာခုနစ်ပါး ဖြစ်သည်။

၁။ လူ့ပြည်၊ နတ်ပြည် ခြောက်ထပ်၊ ဤခုနစ်ရပ်သည် သတ္တဝါတို့၏ ကိုယ်သဏ္ဍာန်လည်း အထူးထူး၊ ပဋိသန္ဓေလည်း အထူးထူးရှိ၍ နာနတ္တကာယ နာနတ္တသညီ မည်၏၊

၂။ ပထမစျာန်သုံးဘုံ၊ အပါယ်လေးဘုံ၊ ဤခုနစ်ဘုံသည် သတ္တဝါတို့ ကိုယ်သဏ္ဍာန်ကား အထူးထူး၊

ပဋိသန္ဓေကား ပထမစျာန်သုံးဘုံ၌ ပထမစျာန် ဝိပါက်စိတ်၊

အပါယ်လေးဘုံ၌ အကုသလဝိပါက် သန္တီရဏစိတ် တခုစီသာဖြစ်၍ နာနတ္တကာယ ဧကတ္တသညီ မည်၏၊

၃။ ဒုတိယစျာန် သုံးဘုံသည် သတ္တဝါတို့၏ ကိုယ်သဏ္ဍာန် အရောင်အဝါကား တူ၏၊

ဒုတိယစျာန် ဝိပါက်၊ တတိယစျာန် ဝိပါက် ပဋိသန္ဓေ ထူးခြား၍ ဧကတ္တကာယ နာနတ္တသညီ မည်၏၊

၄။ တတိယစျာန်သုံးဘုံ , ဝေဟပ္ဇိုလ်ဘုံ, သုဒ္ဓါဝါသ ငါးဘုံတို့သည် သတ္တဝါတို့ ကိုယ်သဏ္ဍာန်လည်း တူသည်၊

ပဋိသန္ဓေလည်း စတုကနည်းအားဖြင့် စတုတ္ထစျာန် ဝိပါက်စိတ်တပါးသာဖြစ်၍ ဧကတ္တကာယ ဧကတ္တသညီ မည်၏၊

၅။ အာကာသာနဉ္စာယတန။

၆။ ဝိညာဏဉ္စာယတန။

၇။ အာကိဉ္စညာယတန

ဤအရူပ သုံးဘုံသည် သညာတပါးစီဖြစ်၍ တဘုံစီယူလျှင် ဝိညာဏဋ္ဌိတိ ခုနစ်ပါး ဖြစ်သည်။

ယင်းတွင် သညာရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သော နေဝသညာနာသညာဘုံနှင့်

လုံးဝသညာ (စိတ်) မရှိသော အသညသတ်ဘုံကို မထည့်ဘဲ ထားရသည်။

သတ္တာဝါသ ဘုံကိုးဝ ယူရာ၌ကား

နေဝသညာနာသညာဘုံကို တရပ်၊

အသညသတ်ဘုံကို တရပ် ထည့်၍ ကိုးပါးယူရသည်။

ဤသို့ သတ္တာဝါသ ဘုံကိုးဝနှင့် ဝိညာဏဋ္ဌိတိ ခုနစ်ပါးကို မှတ်သားသင့်ပါသည်။

ယင်းနှင့်ပတ်သက်၍ ရှေးဆောင်ပုဒ်လင်္ကာမှာ-

လူ့ပြည်နှင့်နတ်၊ သတ်လျှင်နာနာ၊ ပထမာစျာန်၊ လေးတန်ပါယ်ခွင်၊ သတ်လျှင် နာဧ၊ ဒွေစျာန် နှစ်ရပ်၊ ဧ နာဟတ်၊ အသညသတ်ပြည်၊ အသညီ၊ ကြွင်းပြည် နဝါ၊ ဧဧသာ၊ အရူပါမှ၊ ဘုံလေးဝ၊ သတ္တဝါသာ၊ ဘုံကိုးရွာ။

ဟူ၍ ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သဒ္ဓါသီလ တူမျှပါစေ

(မေး) (သဒ္ဓါသီလ တူမျှပါစေ)

ဆရာတော်ဘုရား၊ အချို့က ပြောကြပါသည်၊ ဇနီးမောင်နှံများတွင်

ဇနီးဖြစ်သူက ကုသိုလ်လုပ်လျှင် ခင်ပွန်းဖြစ်သူက အလိုအလျောက် ကုသိုလ်ရ၍၊

ခင်ပွန်းဖြစ်သူက ကုသိုလ်လုပ်လျှင် ဇနီးဖြစ်သူမှာ အမျှဝေ၍ သာဓုခေါ်နိုင်မှ ကုသိုလ်ရသည်သည်-ဟု ဆိုပါသည်၊ ၄င်းမှာ အရပ်စကားလား၊ တကယ်လား ဆိုတာ သိလိုပါသည် ဖြေကြားတော်မူပါဘုရား။

(မစန်းစန်းဝင်း-ပဲခူးမြို့)

(ဖြေ)

ဇနီးလှူ၍ ခင်ပွန်းရသည်မှာ စေတနာသဒ္ဓါ တူမှသာ ရနိုင်ပါသည်။

ခင်ပွန်းက စေတနာသဒ္ဓါတရား မရှိလျှင် မရနိုင်ပါ။

ခင်ပွန်းလှူ၍ ဇနီးရရန်မှာလည်း ထို့အတူပင် ဖြစ်ပါသည်။

အင်္ဂုတ္တရ စတုက္ကနိပါတ၌

မိန်းမ ယောကျ်ား နှစ်ဦးစလုံး ယုတ်ညံ့သော လူသေယောကျ်ား လူသေမိန်းမ အတွဲ။

မိန်းမ သီလရှိ, ယောကျ်ား ယုတ်ညံ့သော နတ်သမီးနှင့် လူသေ အတွဲ။

ယောကျ်ား သီလရှိ, မိန်းမ ယုတ်ညံ့သော နတ်သားနှင့် လူသေ အတွဲ။

ယောကျ်ား မိန်းမ နှစ်ဦးလုံး သီလရှိသော နတ်သား နတ်သမီး အတွဲ-ဟူ၍ လေးမျိုးရှိသည်။

လှူဒါန်းပေးကမ်း ကုသိုလ်လုပ်ရာ၌ နတ်သား နတ်သမီးအတွဲမျိုးသာ ကုသိုလ်တူရနိုင်၍ ကျန်အတွဲများ၌

လူသေ ဥပမာ-ယောကျ်ား မိန်းမ တို့မှာ ကုသိုလ်တရား မဖြစ်ထွန်းနိုင်။

တနည်းအားဖြင့် လင်နှင့်မယား ကုသိုလ်တူရ၍ ဘဝဆက်တိုင်း လက်တွဲနိုင်ရန် ဘုရားဟောသည်မှာ-

သမသဒ္ဓါ-တူမျှသော သဒ္ဓါတရား ရှိခြင်း။

သမသီလ-တူမျှသော အကျင့်သီလ ရှိခြင်း။

သမစာဂ-တူမျှသော လှူဒါန်းစွန့်ကြဲမှု ရှိရခြင်းနှင့်

သမပညာ-တူမျှသော (ကမ္မဿကတဉာဏ်ပညာ) ကံ ကံ၏အကျိုးကို ယုံကြည်မှုဉာဏ်ပညာ ရှိကြရမည် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သပိတ်ဖုံး

(မေး) (သပိတ်ဖုံး)

ဘုရားလက်ထက်က သပိတ်ဖြင့် ဆွမ်းခံကြွရာ၌ သပိတ်ဖုံး အသုံးမရှိကြောင်း ပြောကြပါသည်။ သပိတ်ဖုံးသုံးရန် အပ်-မအပ် ဖြေကြားပေးတော်မူပါဘုရား။

(ဦးသောမဗုဒ္ဓိ-မန္တလေး)

(ဖြေ)

ဘုရားသပိတ်၊ ရောင်ဖိတ်ဖိတ်၊ ဖုံးပိတ်ဘယ်ဖြင့် ပြီးသနည်း-စွယ်စုံကျော်ထင် ပုစ္ဆာအဖြေ၌ ဗုဒ္ဓဝင်အဋ္ဌကထ၊ အပါဒါန်အဋ္ဌကထာ၊ အင်္ဂုတ္တိုရ်အဋ္ဌကထာတို့၌ တပုဿ ဘလ္လိက ကုန်သည်တို့၏ မုန်းဆွမ်းကို ခံအံ့သောအခါ စတုမဟာရာဇ် နတ်မင်းကြီးလေးယောက်တို့သည် ဣန္ဒနီလာကျောက်ညိုဖြင့် ပြီးသော သပိတ်ကို ကပ်လာကြောင်းကိုသာ ဆိုသည်။ မည်သို့သော အဖုံးပါသည်ဟု ကျမ်း၌မပြချေ။ ကျမ်းပြမှလည်း သိနိုင်မည်-ဟု ဖြေကြားထားသည်။

ရှေးယခင်က စစ်ကိုင်းမင်းကွန်းတွင် ပါဠိတော်ဂိုဏ်းဟူ၍ ပေါ်ခဲ့ဖူးရာ ဆွမ်းခံရာ၌ သပိတ်ဖုံးကိုမသုံး၊ ပါဠိတော်တွင် သပိတ်ဖုံးမရှိ၊ ဘုရားလက်ထက်တော်က သပိတ်ဖုံးမရှိဟု ဆိုကြောင်း ကြားရဖူးသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သဘင်သည်နှင့် စျေးသည်

(မေး) (သဘင်သည်နှင့် စျေးသည်)

ဆရာတော်ဘုရား၊ သဘင်သည်၊ စျေးသည်များသည် ငရဲ (သို့) ပြိတ္တာဘဝသို့ ရောက်ကြသည်-ဟု ကြားဖူးပါသည်။ သဘင်သည် စျေးသည်တိုင်း ငရဲသို့ ကျရောက်ပါသလားဘုရား၊ ထိုဘဝများသို့ မကျရောက်ရအောင် မည်ကဲ့သို့ ပြုလုပ်ရမည်ကို သနားသဖြင့် ဖြေကြားပေးပါဘုရား။

(ခင်မိုးဝေ-ချောင်းဆုံ (တ)၊ တန်ဆည်မြို့နယ်)

(ဖြေ)

ပွဲကြည်သူများ ရာဂတရား ပွားသည်ထက်ပွားအောင် နှိုးဆွတတ်သော သဘင်သည်များ ပဟာသငရဲ၌ ကျရောက်တတ်ကြောင်း ဆိုပါသည်။

ထိုကဲ့သို့ မဟုတ်ဘဲ လူအများ ပညာဗဟုသုတ တိုးပွား၍ ကုသိုလ်တရား၌ ပွားများစေရန် ပြုသော သဘင်သည်များဆိုလျှင် တမျိုးဖြစ်နိုင်ပါသည်၊

စျေးသည်များမှာ တောင်းစဉ်းလဲ၊ ချိန်စဉ်းလဲ အမြဲနိစ္စ မုသာဝါဒဗန်းတင်၍ မစင်မကြယ် ရောင်းဝယ်ဖောက်ကား နေသူများအဖို့ ငရဲ ပြိတ္တာ ဘဝတို့သို့ ရောက်ရန် လမ်းကြောင်းဖြောင့်တန်းနေပါသည်၊ စျေးသည်ဘဝက မမှန်မကန် စီးပွားရှာခဲ့၍ ပြိတ္တာဖြစ်ကြရသော စျေးသည်မများအကြောင်း ပေတဝတ္ထုတွင် ပါရှိသည်ကို တွေ့ရသည်၊

သမ္မာအာဇီဝဖြစ်ကြောင်း ကောင်းကောင်းမွန်မွန် စီးပွားရှာကြသည့် စျေးသည် ကုန်သည်များအဖို့ ငရဲ ပြိတ္တာ ဖြစ်စရာအကြောင်း မရှိပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သမ္ဖပ္ပလာပဝါစာ

(မေး) (သမ္ဖပ္ပလာပဝါစာ)

အရှင်ဘုရား၊ ပါဏာတိပါတကံနှင့်ပတ်သက်၍ အင်္ဂါငါးပါးနှင့် ပြည့်စုံမှ ပါဏာတိပါတဖြစ်သည်ဟု တွေ့ရပါသည်။ သမ္ဖပ္ပလာပဝါစာနှင့် ပတ်သက်၍ အင်္ဂါဘယ်မျှရှိပါသနည်း။ သမ္ဖပ္ပလာပ မဖြစ်အောင် မည်သို့ကျင့်ရပါမည်နည်း။ လက်တွေ့ မည်သို့ကျင့်ဆောင် ပြောဆိုရပါမည်နည်း။ တပည့်တော်သည် လူငယ်ဖြစ်သည့်အားလျော်စွာ ဘောလုံးပွဲအကြောင်း၊ မိန်းကလေးအကြောင်း၊ ရယ်ရွှင်ဖွယ်ဖြစ်စေသော အကြောင်းများကို ပြောဆိုမိပါသည်။ ထို့ကြောင့် ရှောင်ကြဉ်နိုင်ရန် သမ္ဖပ္ပလာပဝါစာအကြောင်း သိလိုပါသည်ဘုရား။

(ကိုကြည်အေးအောင်-မြို့သစ်၊ မန္တလေး)

(ဖြေ)

သံသုခံ-ချမ်းသာကို၄င်း၊ ဟိတဉ္စ-အစီးအပွားကို၄င်း၊ ဖလတိ-ဝိနာသေတိ-ဖျက်ဆီးတတ်၏၊ ဣတိ-တသ္မာ-ထို့ကြောင့်၊ သမ္ဖံ-သမ္ဖမည်၏၊

ဧတေန-ဤစေတနာဖြင့်၊ သမ္ဖံ-ချမ်းသာစီးပွားကို ဖျက်ဆီးတတ်သော စကားကို၊ ပလပတိ-ပြောဆိုတတ်၏၊ ဣတိတသ္မာ-ထိုသို့ ပြောဆိုကြောင်းဖြစ်သော သတ္တိကြောင့်၊ သော သဘာဝေါ-ထိုစေတနာသဘောသည်။ သမ္ဖပ္ပလာပေါ-သမ္ဖပ္ပလာပမည်၏-ဟု ဝိဂြိုဟ်ရှိပါသည်။

ထိုဝြိ၈ိုဟ်အရ အစီးအပွားမဲ့ အကျိုးမရှိ အချိန်ကုန်စေသော -ဟိုရှေးရှေးတုန်းက သီတာမိဖုရားကို ဒသဂီရိ ခိုးသွားရော့တဲ့-စသည့် ပုံပြင်များ၊ မဟုတ်က ဟုတ်က လုပ်ကြံပြောဆိုမှုမျိုးများကို သမ္ဖပ္ပလာပဟု ဆိုသည်။ ပြောသူလည်း အကျိုးမရှိ၊ နားထောင်သူလည်း အချိန်ကုန်ရုံသာဖြစ်သော စကားမျိုးကို ပြိန်ဖျင်းသောစကားကို ပြောခြင်းဟု ဆိုသည်။

အင်္ဂါအားဖြင့် အကျိုးမရှိသော စကားကို ရှေးရှုသည်၏အဖြစ်နှင့်

ထိုအကျိုးမရှိသောစကားကို ပြောဆိုခြင်း-ဟူသော အချက်နှစ်ချက် ဖြစ်သည်။

ပုံပြောခြင်း၊ အချိန်ဖြုန်းခြင်းသည် တိုက်ရိုက် သမ္ဖပ္ပလာပ ဖြစ်သည်။ ဘောလုံးပွဲအကြောင်း၊ ပွဲလမ်းသဘင်အကြောင်းများလည်း သွယ်ဝိုက်၍ သမ္ဖပ္ပလာပ ဖြစ်နိုင်ပါသေးသည်။ ကျမ်းဂန်တို့တွင်

ရာဇကထံ-မင်းနှင့်စပ်သောစကား၊

စောရကထံ-ခိုးသူနှင့်စပ်သောစကား၊

စသည်ဖြင့် တိရစ္ဆာနကထာ သုံးဆဲ့နှစ်ပါးကို ပြောခြင်းကိုလည်း (မဟုတ်သောအကြောင်း နားထောင်သူ ယုံကြည်လျှင်လည်း) သမ္ဖပ္ပလာဖြစ်နိုင်ကြောင်း ဆိုပါသေးသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သမ္ဗုဒ္ဓေဂါထာလာ ဘုရားပေါင်း

(မေး)။ သမ္ဗုဒ္ဓေဂါထာတွင် ဂေါတမမြတ်စွာဘုရားအလောင်း ကမ္ဘာသင်္ချေ နှစ်ဆယ်အတွင်း တွေ့ကြုံဆုပန်ရသော ဘုရားပေါင်း ငါးသိန်းတသောင်းနှစ်ထောင်နှင့် နှစ်ကျိပ်ရှစ်ဆူဟု ဆိုပါသည်၊ ယသောဓရာထေရီ အပါဒါန်တွင် ဘုရား ကုဋေ ရာပေါင်းထောင်ပေါင်း များစွာ၌ ဆုပန်ခဲ့ကြောင်းဆိုထား၍ ဘုရားလောင်းထက်ပင် ပိုနေပါသေးသည်၊ ပါဠိတော်ဖြစ်သော ထေရီဂါထာကို ထောက်၍ နောက်မှရေးသော သမ္ဗုဒ္ဓေဂါထာက မှန်ကန်နိုင်ဘွယ်မရှိဟု အချို့အချို့သော ရှေးဆရာတော်ကြီးများက သမ္ဗုဒ္ဓေဂါထာကို မယုံကြည် အလေးမပြုဟု ကြားဖူးပါသည်၊ ထိုပြဿနာကို ရှင်းလင်းပြတော်မူပါရန်။

(ဓမ္မာစရိယ ဦးသန်းထွန်း-မော်လမြိုင်မြို့)

(ဖြေ)။ ယသောဓရာထေရီ အပါဒါန်တွင် သဋ္ဌိကောဋိသဟဿ-စသည်ဖြင့် ကောဋိသဟဿ ပါဠိများစွာဖြင့် ပါရှိပါသည်၊ ထေရီအပါဒါန်မှာ အဋ္ဌကထာဟူ၍ မရှိသဖြင့် မည်သို့ဖွင့်ဆိုမည် မသိရသော်လည်း အင်္ဂုတ္တရအဋ္ဌကထာ (အံ-ဋ္ဌ-၃-၂၇၀) ဝေလာမသုတ် အဖွင့်တွင် ကောဋိသဒ္ဒါကို ဒသ (တကုဋေကို တဆယ်)ဖြင့် အဓိပ္ပါယ်ယူရကြောင်း၊ ဝတ္ထကောဋသဟဿာနိ-အဖွင့်တွင် ဣဓ ပန ဒသ သာဋကာတိဝုတ္တံ-ဟု ဖွင့်ပြထားပါသည်၊ ထိုအဖွင့် အဋ္ဌကထာစကားအရ ထေရီအပါဒါန်လာ ကောဋိတခုကို တဆယ်ယူပါလျှင် သမ္ဗုဒ္ဓေ လာ ဘုရားအရေအတွက်နှင့် ကိုက်ညီလာနိုင်ပါသည်၊ ဓမ္မာစရိယ ဦးသန်းထွန်းအနေဖြင့် ထေရီဂါထာလာကောဋိသဟဿများကို အင်္ဂုတ္တရအဋ္ဌကထာအဖွင့်နှင့် တိုက်ဆိုင်လေ့လာ တွက်ချက်ကြည့်ပြီး သံသယရှင်းလင်းစေလိုပါသည်။ (ဤစကားနှင့်စပ်သော အခြားရှင်းလင်းချက် တမျိုးကိုလည်း ဇိနတ္ထပကာသနီ ကျမ်းဦး စသည်၌ ကြည့်ရှု ဆင်ခြင်၍ သဘောကျစေလိုပါသည်)။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သမ္ဗုဒ္ဓေဂါထာနှင့် ပရိတ်တော်များ

(မေး) (သမ္ဗုဒ္ဓေဂါထာနှင့် ပရိတ်တော်များ)

၁။ သမ္ဗုဒ္ဓေဂါထာ ဘုရားရှိခိုးကို မည်သူရေးခဲ့ပါသနည်း။

၂။ ပရိတ်တော်များကို တဦးတယောက်တည်း ရွတ်ဖတ်သင့်ပါသလား။ ဖြေကြားတော်မူပါရန်။

ဖြေ။ သမ္ဗုဒ္ဓေဂါထာဟူသည်မှာ စိန္တိတံ သတ္တသင်္ချေယံ-စသောဂါထာအရ အသင်္ချေ ၂၀-အတွင်း၌ ပွင့်တော်မူကုန်သော ဘုရားရှင်ပေါင်း ငါးသိန်းတသောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူ-တို့အား ရှိခိုးဂါထာဖြစ်သည်။ ယင်းဂါထာသည် သီဟိုဠ်ပြု ဂါထာ၊ မြန်မာပြုဂါထာ ဟူ၍ နှစ်မျိုးရှိရာ သမ္ဗုဒ္ဓေအစချီသော ဂါထာမှာ မြန်မာပြုဂါထာဖြစ်ပါသည်။ ယင်းဂါထာကို ပုဂံခေတ် အရှင်ဉာဏဂမ္ဘီ ပြုစုသော တထာဂတုပ္ပတ္တိ ကျမ်းပြုအရှင် ဉာဏဂမ္ဘီပင် ပြုစုရေးသားခဲံသလော၊ ယင်းထက် ရှေးကျသလော မသေချာပါ။ သီဟိုဠ်ဂါထာမှာ ဗုဒ္ဓါ အနုန္နာ မရိယာ သုသင်္ခယေ-ဟု အစချီကာ ဖွဲ့ဆိုထားပါသည်၊ ၁၂-လုံးဘွဲ့ ဣန္ဒဝံသ ဂါထာမျိုးဖြစ်၍ သီဟိုဠ်ရဟန်းတော်တို့ နှုတ်ဖြင့်ရွတ်ဆိုရာ၌ သာယာနာပျော်ဘွယ် ဖြစ်သော်လည်း မြန်မာတို့နှုတ်ဖြင့် ရှစ်လုံးဘွဲ့ သတ္တဂါထာမျိုးလောက် အရွတ်အဆိုမလွယ်ပေ၊ ထို့ကြောင့် ရှေးပုဂံခေတ် မြန်မာရဟန်းတော်များက မြန်မာ့နှုတ်နှင့် လျော်အောင် စီစဉ်ရေးသားခဲ့ဟန် တူပါသည်၊ ဤတွင် သီဟိုဠ်သမ္ဗုဒ္ဓေ ဂါထာကို အောက်တွင် ဖော်ပြလိုက်ပါသည်။

ဗုဒ္ဓါ အနုန္နာ မရိယာ သုသင်္ခယေ၊

ဗုဒ္ဓါ အနုန္နာ သုဟလာ ဓိသင်္ခယေ။

ဗုဒ္ဓါ ရိယာ ဃေပကု လက္ခကပ္ပေ၊

ဝန္ဒာမိ တေ ဇိရနိရက္ကမေ အဟံ။

အဓိပ္ပါယ်ချုပ်မှာ ၇-သင်္ချေတွင်း၌ ပွင့်ကုန်သော တသိန်းနှစ်သောင်း ငါးထောင်သော ဘုရားရှင်တို့၄င်း၊

၉-သင်္ချေအတွင်း၌ ပွင့်ကုန်သော သုံးသိန်းရှစ်သောင်း ခူနစ်ထောင်သော ဘုရားရှင်တို့၄င်း၊

၄-သင်္ချေတွင် ပွင့်ကုန်သော နှစ်ကျိပ်ရှစ်ဆူသော ဘုရးရှင်တို့၄င်း၊

ဤသို့ သုံးဆူပေါင်း ငါးသိန်း တသောင်း နှစ်ထောင် နှစ်ကျိပ် ရှစ်ဆူ-ကုန်သော ဘုရားရှင်တို့ကို အကျွန်ုပ်သည် ရှိခိုးပါ၏-ဟု ဆိုလိုပါသည်။

(၂) ပရိတ်တော်များမှာ တဦးတယောက်တည်းလည်း ရွတ်ဆို၍ ရပါသည်၊ အဖွဲ့အစည်း အစုအပေါင်းနှင့်လည်း ရွတ်ဆို၍ရပါသည်၊ ဌာန်ကရိုဏ်းကျကျ အဖြတ်အတောက် မှန်ကန်စွာ ရွတ်ဆိုနိုင်ရန် လိုပါသည်။နေ့စဉ် ပရိတ်မေတ္တာဘာဝနာများ ရွတ်ပွား၍ သတ္တဝါများအား အမျှဝေပါက အန္တရာယ်ဟူသမျှမှ ကင်းစင်ဝေးကွာ၍ ကောင်းကျိုးချမ်းသာများ ဖြစ်ပွားနေမည်မှာ သေချာလှပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သရဏဂုံ ကန်တော့ပွဲနှင့် ဆံပင်ဖြန့်ခင်း ပူဇော်ခြင်း

(မေး) ၁။ သရဏဂုံ ဟူသည် စိတ်နှင့်သက်ဆိုင်သည်ဟု ကြားဖူးပါသည်၊ နှုတ်ဖြင့် ရွတ်ဆို ခံယူမှ ရပါသလား။

၂။ ဘာသာရေး အခမ်းအနားများ၌ ကန်တော့ပွဲများကို အဘယ်ကြောင့် အုန်းငှက်ပျောတို့ဖြင့် ပြင်ရပါသနည်း။

အခြား အသီးအနှံကို အဘယ်ကြောင့် မသုံးပါသနည်း။

အုန်းသီးတွင် ကြွက်မြီး မပါမနေ၊ ငှက်ပျောသုံးဖီးနှင့် အမျိုးအစား စသည်များကို သိလိုပါသည်ဘုရား။

၃။ ရဟန်းတော်များ ကြွလာမည့်လမ်း၌ အမျိုးသမီးများ ဆံပင်ဖြန့်ခင်း၍ မကြိုဆိုအပ်ဟု ဆိုခြင်းမှာ အဘယ့်ကြောင့်ပါနည်း ဖြေဆိုတော်မူပါရန်။

(မောင်ထွေးလင်းထွဋ်-အင်းစိန်မြို့)

(ဖြေ) ၁။ မြတ်စွာဘုရားနှင့် တရား သံဃာတို့၌ မတုန်မလှုပ် သက်ဝင်ယုံကြည်မှုမှာ စိတ်နှင့်သက်ဆိုင်ပါသည်၊ သို့သော် သရဏဂုံကို ခံယူဆောက်တည်ရာ၌မူ နှုတ်ဖြင့်ဆောက်တည်ရပါသည်၊

သရဏဂုံ အစ ဒွေဝါစိက-ဟု ဆိုသော တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့မှ စ၍ မြတ်စွာဘုရားအထံ၌ နှုတ်မြွက်ဆောက်တည်ရပါသည်၊

အင်္ဂုလိမာလ စသော လူကြမ်းကြီးတို့သည် မြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဘုရား စသည်ဖြင့် နှုတ်မြွက်ဝန်ခံခြင်းဖြင့် ဘုရားတပည့်သားအဖြစ် ဝင်ရောက်ခဲ့ပါသည်၊ ဤသို့ နှုတ်မြွက်ဝန်ခံခြင်း မရှိခဲ့လျှင် စိတ်ထဲက ကြည်ညိုသော်လည်း ဘုရားတပည့်သားအဖြစ် အသိအမှတ်ပြုခြင်း ခံရမည်မဟုတ်ပါ၊ ထို့ကြောင့် နှုတ်ဖြင့်ခံယူ၍ စိတ်ဖြင့် သင်ဝင်ယုံကြည်ရပါမည်။

၂။ ကန်တော့ပွဲများ၌ အုန်းငှက်ပျောများဖြင့် ပြင်ရသည်မှာ ၄င်းတို့မှာ ဌာနမရွေး၊ နေရာမရွေး၊ ရာသီမရွေး၊ အလွယ်တကူ ရနိုင်၍ ဖြစ်ပါသည်။

အခြားအသီးအနှံတို့မှာ ဌာန နေရာရာသီအလိုက်သာ ရနိုင်ပါသည်၊ ၄င်းအသီးအနှံတို့ဖြင့်လည်း ကန်တော့ပွဲ ပြင်နိုင်ပါသည်၊ သို့သော် ကန်တော့ပွဲဟူ၍ တညီတည်းဖြစ်ရန် အုန်းငှက်ပျောကိုသာ သုံးကြဟန် တူပါသည်၊ ကြွက်မြီးပါရမည်ဆိုသည်မှာ နတ်ပွဲများတွင်သာ ချွတ်ယွင်းချက်မရှိအောင် ပြုကြပါသည်၊ ယင်းနတ်ပွဲများ၌ ငှက်ပျောဖီးဆိုင် ထည့်ရပြီး ရတနာသုံးပါး ဆိုင်ရာ၌ သုံးဖီးထည့်လေ့ပြုပါသည်၊ ရခိုင်ငှက်ပျောသီးကို အထည့်များခြင်းမှာ ၄င်းက ပို၍ ရလွယ်သဖြင့် ဖြစ်ဟန်တူပါသည်။

၃။ ရဟန်းတော်များမှာ အမျိုးသမီးတို့၏ ဆံပင်ကို ထိမိ၍ သာယာမိလျှင် ပါရာဇိက-အောက် ဒုတိယအကြီးဆုံးဖြစ်သော သံဃာဒိသိသ် အာပတ်သင့်ပါသည်၊ ရဟန်းတော်များ ကြွလာရာလမ်း၌ အမျိုးသမီးများ ဆံပင်ကို ဖြန့်ခင်းထားလျှင် ရဟန်းတော်များက မိမိခြေဖြင့် မထိမိအောင် မနင်းမိအောင် ရှောင်ကွင်း၍ သွားကြပါသည်၊ အထွတ်အမြတ်ထားသော ဆံပင်ကို ဖြန့်ခင်း လှူဒါန်းကြိုဆိုသူအဖို့ ကုသိုလ် ဖြစ်သော်လည်း ရဟန်းတော်များ အာပတ်သင့်စရာဖြစ်၍ ဤသို့ မကြိုဆိုသင့်ဟု ဆိုခြင်း ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သရဏဂုံ ကိစ္စ

(မေး)။ သရဏဂုံ ဆောက်တည်ရာ၌

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ တကြိမ်တည်းသာ ရွတ်ဆို၍ ရသည်-ဟု ယုံကြည်ပါသည်၊ ဤအမြင် မှန်ပါသလား။

(ဦးသက်ဝေ-ပေါက်ခေါင်း)

(ဖြေ)။ ပထမဆုံး သရဏဂုံ ပေါ်စဖြစ်သော တပုဿ ဘလ္လိကတို့ ဆောက်တည်သည့် ဒွေဝါစိက သရဏဂုံတွင် ဧတေ မယံ ဘန္တေ ဘဂဝန္တံ သရဏံ ဂစ္ဆာမ ဓမ္မဉ္စ-ဟုသာရှိသည်၊

ထို့အတူ ရှင်ယသ မယ်တော် စသည်တို့ သရဏဂုံ သုံးပါး ခံယူဆောက်တည်ရာ၌လည်း

သောဟံ ဘန္တေ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ သံဃဉ္စ-ဟူ၍ တကြိမ်စီသာ ဆိုကြပါသည်၊

သို့သော် သာသနာတော်အခြေကျ၍ သရဏဂုံဖြင့် ရဟန်းခံခြင်း၊ ရှင်ပြုခြင်း၊ လူပုဂ္ဂိုလ်တို့ ဆောက်တည်ခြင်းတို့၌

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ဟူ၍ ပါဠိအနေအထားကို ပြောင်းလဲပေးထားပြီး ပိုမိုလေးစား၍ အားထားရိုကျိုးမှု ဖြစ်စေရန် ဒုတိယမ္ပိ၊ တတိယမ္ပိ ထည့်၍ ၃-ကြိမ် ဆိုစေတော်မူပါသည်။

ယင်းအစဉ်အလာအတိုင်းပင် ဗုဒ္ဓဘာသာ ထုံးစံတခု ဖြစ်လာကာ ၃-ကြိမ် သီလတောင်းခြင်း၊ နမော တဿ ၃-ကြိမ်ဆို၍ ဘုရားရှိခိုးခြင်း စသည်တို့ ဖြစ်လာရပါသည်၊ ထို့ကြောင့် သရဏဂုံကို ၃-ကြိမ်ဆို၍ ဆောက်တည်ခြင်းသာ မှန်ကန်သော အစဉ်အလာ ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သရဏဂုံ ညစ်နွမ်းမှု

(မေး) (သရဏဂုံ ညစ်နွမ်းမှု)

အရှင်ဘုရား၊ သရဏဂုံတည်သော ဗုဒ္ဓဘာသာဝင်တို့သည် အကြောင်းအမျိုးမျိုးကြောင့် ကျေးဇူးရှိဖူးသော ကျေးဇူးရှင်များ ဖြစ်သော အခြားဘာသာခြားများကို ဂါရဝပြု၍ ရှိခိုးပါက ရှိခိုးသူ၊ ရှိခိုးခံသူတို့ အပြစ်ရှိ-မရှိ။ ရှိခိုးသော ဗုဒ္ဓဘာသာဝင်အဖို့ သရဏဂုံညစ်နွမ်းမှု ရှိ-မရှိ။ ရှိခိုးသင့်-မသင့် သိလိုပါသည်ဘုရား။

(မောင်သန်းဇော်ဦး-အုတ်ကျင်း)

(ဖြေ)

သရဏဂုံယူပြီး၊ ရပြီး၊ တည်ပြီးသော အမျိုးကောင်းသား အမျိုးကောင်းသမီး ဥပါသကာ ဥပါသိကာမတို့သည် ကျေးဇူးရှင်ဖြစ်ဖူးသော ဘာသာခြားတို့အား ရှိခိုး (ဂါရဝပြု) သော်လည်း သရဏဂုံ ညှိုးနွမ်းမှု၊ ပျက်ယွင်းမှု မရှိပါ။

၄င်းကို သီလက္ခန္ဓဝဂ္ဂ၊ ဒီဃနိကာယ်၊ သာမညဖလသုတ်၊ အဋ္ဌကထာ သရဏဂမနကထာ စာမျက်နှာ ၂၀၇-တွင် ပါရှိသည်။ ဤတွင် ဧဝံ ဂဟတိသရဏဿ စ ဥပါသကာ ဝါ ဥပါသိကာယ ဝါ အညတိတ္ထိယေသု၊ ပဗ္ဗဇိတမ္ပိ ဉာတိံ ဉာတကော မေ အယ,န္တိ ဝန္ဒတော သရဏဂမနံ န ဘိဇ္ဇတိ၊ ပဂေဝ၊ အပဗ္ဗဇိတံ။ တထာ ရာဇာနံ ဘယဝသေန ဝန္ဒတော။ သောဟိ ရဋ္ဌပူဇိ တတ္တာ အဝန္ဒိယမာနော အနတ္ထမ္ပိ ကရေယျာတိ။ တထာ ယံကိဉ္စိ သိပ္ပံ သိက္ခာပကံ တိတ္တိယမ္ပိ-အာစရိ ယော မေ အယ,န္တိ ဝန္ဒတောပိ န ဘိဇ္ဇတိ-ဟူ၍ ဖော်ပြထားသည်။

အကျဉ်းချုပ် မြန်မာပြန်ရလျှင် -သရဏဂုံ ယူပြီးသော ဥပါသကာ ဥပါသိကာမတို့သည် တိတ္တ္ထိတို့ထံ၌ ရဟန်းပြုပြီးသော ဆွေမျိုးကို ဆွေမျိုးအမှတ်ဖြင့် ရှိခိုးသော်လည်း သရဏဂုံ မပျက်ပါ။ တိတ္ထိရဟန်းမဟုတ်သောသူကို ရှိခိုးလျှင် ပို၍ မပျက်ပါ။ မင်းကို ကြောက်၍လည်းကောင်း၊ ရှိမခိုးလျှင် အကျိုးမဲ့ပြုမည်ကို ကြောက်၍လည်းကောင်း၊ ရှိခိုးသော်လည်း သရဏဂုံ မပျက်ပါ။ အတတ်သင်ပေးသော၊ ကျေးဇူးရှိသော တိတ္ထိ အယူရှိသူများကိုလည်း ဆရာဟူသောအမှတ်၊ ကျေးဇူးရှင်ဟူသောအမှတ်ဖြင့် ရှိခိုးသော်လည်း သရဏဂုံ မပျက်ပါ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သရဏဂုံ အကျိုး

(မေး) (သရဏဂုံ အကျိုး)

အရှင်ဘုရား၊ တပည့်တော်တို့အရပ်တွင် ဆယ်နှစ်မပြည့်သေးသော ကလေးငယ်များ ကွယ်လွန်ပါက သရဏဂုံမတင်ကောင်းဟု၄င်း၊ ရှင်မပြုသေးသော ယောကျ်ာေးလးများ ကွယ်လွန်လျှင် သရဏဂုံ မတင်ကောင်းဟု၄င်း ပြောဆိုနေကြပါသည်။

တပည့်တော် သိချင်သည်မှာ-

(က) သရဏဂုံ တင်သင့်သောအရွယ်။

(ခ) သရဏဂုံ တင်ရခြင်းအကြောင်း။

(ဂ) သရဏဂုံ တင်ရခြင်းအကျိုး။

(ဃ) သရဏဂုံ တင်အပ်-မတင်အပ်သော ပုဂ္ဂိုလ်များကိုလည်း ဖြေကြားပေးတော်မူပါဘုရား။

(မောင်ဝစီ-မန္တလေး)

(ဖြေ)

(က) ဗောဓိမင်းသားဇာတ်၌ ဗောဓိမင်သား၏မယ်တော်သည် ပဋိသန္ဓေရစဉ်ကပင် ဗောဓိမင်းသားအတွက် ရည်ရွယ်၍ သရဏဂုံ ယူထား၏၊

ဗောဓိမင်းသားလေး မွေးဖွားပြီး သိတတ်သောအရွယ်သို့ ရောက်သောအခါ မိခင်က သားအတွက် ပဋိသန္ဓေရစဉ်ကပင် သရဏဂုံ ယူထား၏၊-ဟု ပြောပြ၏၊ ဗောဓိမင်းသား နားလည်သွား၏၊

ထိုအခါ မင်းသားသည် ပဋိသန္ဓေနေစဉ်ကပင် သရဏဂုံတည်သူဟု ပြောရတော့၏၊ ဤကဲ့သို့ မိဘများက သန္ဓေသားဘဝကပင် အန္တရာယ်ကင်းစေရန် ရည်ရွယ်၍ သရဏဂုံ ယူကောင်းသေးလျှင် မွေးဖွားပြီးသူများ အရွယ်မရွေး ယူကောင်းသည်ဟု မှတ်ရမည်။

(ခ) သရဏဂုံတင်ရခြင်းမှာ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကြည်ညိုဆည်းကပ် ရိုသေတတ်ပြီး ရတနာသုံးပါး၏ လမ်းညွှန်ချက်၊ ဆုံးမချက်အတိုင်း နေထိုင်သူဖြစ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်သဖြင့် အကုသိုလ်ဖြစ်စရာမရှိ၊ ကုသိုလ်သာ တိုးပွားစရာရှိသည်။ သရဏဂုံတင်ထားခြင်း၊ ယူထားခြင်းသည် အကုသိုလ်ကိုပယ်၍ ကုသိုလ်သာ သယ်ယူနိုင်သောဘဝဖြစ်သောကြောင့် သရဏဂုံကို ယူထား၊ တင်ထားဖို့ လိုအပ်ပါသည်။ ဘုရား တရား သံဃာတို့၏ ဆုံးမသည့်အတိုင်း နေပါတော့မည်ဟု အဓိဋ္ဌာန်ပြုခြင်းကို သရဏဂုံတင်သည်ဟု ဆိုပါသည်။

(ဂ) သရဏဂုံတင်ထား၊ ယူထား၊ စွဲမြဲထားသူများမှာ အကုသိုလ်ဟူသမျှ မဖြစ်တော့ဘဲ ကုသိုလ်ဟူသမျှ တိုးပွားရတော့၏၊ သရဏဂုံ၏ အကျိုးကို ဇာတ်ဝတ္ထုတခုဖြင့် သာဓကပြုပါမည်။

ဘုရားလောင်း ဝေလာမပုဏ္ဏားသည် ငွေအပြည့်ထည့်ထားသော ရွှေခွက်၊ ရွှေအပြည့်ထည့်ထားသော ငွေခွက်၊ ရတနာ ၇-မျိုး အပြည့်ထည့်ထားသော ကြေးခွက် စုစုပေါင်း ၈-သောင်း ၄-ထောင်စီ၊ ဆင်၊ မြင်း၊ နို့စားနွားမ၊ ရထား၊ အမျိုးသမီးပေါင်း ၈-သောင်း ၄-ထောင်စီ၊ ထမင်းအိုး၊ ဟင်းအိုးမီးဖိုများကို မိုင်တရာဝန်းကျင်အပြည့် ၇-နှစ် ၇-လ၊ ၇-ရက် လှူ၏၊

ထိုအလှူထက် သောတာပန်တပါးကို လှူသည်က ပိုမြတ်၏၊

သောတာပန် ၁၀၀-ထက် သကဒါဂါမ်တပါးကို လှူသည်က ပိုမြတ်၏၊

သကဒါဂါမ် ၁၀၀-ထက် အနာဂါမ်တပါးကို လှူသည်က ပိုမြတ်၏၊

အနာဂါမ် ၁၀၀-ထက် ရဟန္တာတပါးကို လှူသည်က ပိုမြတ်၏၊

ရဟန္တာ ၁၀၀-ထက် ပစ္စေကဗုဒ္ဓါတပါးကို လှူသည်က ပိုမြတ်၏၊

ပစ္စေကဗုဒ္ဓါ ၁၀၀-ထက် သမ္မာသမ္ဗုဒ္ဓ ဘုရားတဆူကို လှူသည်က ပိုမြတ်၏၊

သမ္မာသမ္ဗုဒ္ဓဘုရား ၁၀၀-ထက် သံဃိကကျောင်းအလှူကို လှူသည်က ပိုမြတ်၏၊

သံဃိကကျောင်းအလှူထက် သရဏဂုံ ၃-ပါးတည်သူက ပိုမြတ်၏-ဟု ဆိုပါသည်။

(ဃ) မိစ္ဆာဒိဋ္ဌိ အယူရှိသူများ၊ သေသူများ သရဏဂုံတင်ရန် -ယူရန် မဖြစ်နိုင်ပါ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သရဏဂုံတင်ခြင်းနှင့် ပရိတ်ရွတ်ခြင်း

(မေး) (သရဏဂုံတင်ခြင်းနှင့် ပရိတ်ရွတ်ခြင်း)

အရှင်ဘုရား၊ ကွယ်လွန်သူကို ရည်စူး၍ သရဏဂုံတင်ခြင်းနှင့် ပရိတ်ရွတ်ခြင်းကိစ္စ သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။

(မောင်ရွှေနောင်-ကျောက်မဲမြို့)

(ဖြေ)

ကွယ်လွန်သူကို ရည်စူး၍ သရဏဂုံတင်ခြင်း၊ ပရိတ်ရွတ်ခြင်း၊ တရားပေစာများ ဟောကြားခြင်း စသည်တို့မှာ အမှန်တကယ်တော့ ကျန်ရစ်သူများအတွက် အဓိကလုပ်ရခြင်း ဖြစ်သည်။

ကျန်ရစ်သူများက ဦးစွာ ကုသိုလ်ရအောင် သရဏဂုံလည်း တည်အောင် ပြန်လည်ဆောက်တည်ရ၏၊

ပရိတ်နာ၊ တရားနာသဖြင့် ဓမ္မသဝန ကုသိုလ်ရ၏၊

လှူသည့်အတွက် ဒါနကုသိုလ် ရ၏၊

သီလခံယူသည့်အတွက် သီလကုသိုလ် ရ၏၊

ထိုရသော ကုသိုလ်များကို ကွယ်လွန်သူအား အမျှပေးဝေခြင်းဖြစ်၏၊ ကွယ်လွန်သူကို သရဏဂုံတင်၍ မရ။ အမျှပေး၍သာ ရ၏၊

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သွားရောဂါ

(မေး) (သွားရောဂါ)

အရှင်ဘုရား၊ နားရောဂါပျောက်ဂါထာကို မြတ်မင်္ဂလာမှ ကူးပြီး၊ နားရောဂါဝေဒနာရှင်တွေကိုပေးကာ ရွတ်ဖတ်ပူဇော် ဘုရားရှိခိုးစေရာ နားရောဂါများ လက်တွေ့ပျောက်ကင်းသည်ကို တွေ့ရပါသည်။ သွားရောဂါပျောက်ဂါထာကိုလည်း ထပ်မံဖော်ပြပေးပါဘုရား။ တပည့်တော်မှာ ယခုအခါ သွားရောဂါခံစားနေရပါသည်။ ယခင်နှစ်များက ဤစာစောင်မှာ ဖတ်ခဲ့ဖူးပါသည်။ ကူးမထားမိ၍ ယခု ထပ်မံတောင်းဆိုရခြင်း ဖြစ်ပါသည်ဘုရား။

(ခွာညို-စစ်ကိုင်းမြို့)

(ဖြေ)

ရှေးဆရာကြီးတို့ ပြုစုထားသော သွားရောဂါရှင်တို့အတွက် သွားတော်လေးဆယ် ဘုရားရှိခိုးဂါထာကို ထပ်မံဖော်ပြလိုက်ပါသည်။ နံနက်အိပ်ရာထ၊ ညအိပ်ရာဝင် တခေါက်စီ ဘုရားရှိခိုးပါ။

သတိ ဂတိ ဓိတိ မန္တံ၊ သန္တံ ဒန္တံ သုခါဝဟံ။

စတ္တာလီသ သမဒန္တံ၊ ဗုဒ္ဓံ ဝန္ဒာမိ သာဒရံ။

သတိ ဂတိ ဓိတိ မန္တံ-သတိမြဲအင်၊ ဉာဏ်ထူးလျင်၍၊ ကြည်လင်စွာဘိ၊ တည်ကြည်သော သမာဓိတော်လည်း ရှိတော်မူထသော။

သန္တံ-ငြိမ်သက်အေးချမ်း၊ စိတ်ဝမ်းကြည်လင်တော်မူသော။

ဒန္တံ-ယဉ်ကျေးသိမ်မွေ့၊ ပြကတေ့ နူးညံ့သော စိတ်တော် ရှိတော်မူသော။

သုခါဝဟံ-လူနတ်ဗြဟ္မာ၊ သတ္တဝါတို့ ချမ်းသာလေအောင်၊ အစဉ်ရွက်ဆောင်တော်မူတတ်သော။

စတ္တာလီသသမဒန္တံ-စွယ်တော်လေးဆူ၊ ပါဝင်မူ၍၊ စင်ဖြူတင့်တယ် အမျှလေးဆယ်သော၊ ပြည့်ကြွယ်ကြံ့ခိုင်၊ ပုလဲဆိုင် ပုလဲသွေးကဲ့သို့ ဖြူဖွေးသော သွားတော်မြတ်တို့နှင့် ပြည့်စုံတော်မူသော။

ဗုဒ္ဓံ-သစ္စာလေးပါး တရားသိမြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို။ အဟံ-(သွားဝေဒနာ ခံရပါ၍ ကျင်နာခံခက် ဆင်းရဲဖက်၍ နေရပါသော) ဘုရားတပည့်တော်သည်။

သာဒရံ-ရိုသေလေးစား ဦးညွတ်တွားလျက် စိတ်ထားကြည်လင် ဦးတော်တင်လျက်။

ဝန္ဒာမိ-လက်ဆယ်စုံမိုး၊ ပျပ်ဝပ်ကျိုးလျက် ရှိခိုးပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သွားရောဂါရှင်တို့အတွက် ဂါထာ

(မေး) (သွားရောဂါရှင်တို့အတွက် ဂါထာ)

အရှင်ဘုရား၊ တပည့်တော်သည် အသက်ငယ်သော်လည်း သွားရောဂါကို ခံစားနေရသူဖြစ်ပါသည်ဘုရား။ မိတ်ဆွေတဦးထံမှ သွားရောဂါပျောက် ဂါထာ မြတ်မင်္ဂလာစာစောင်တွင် ဖော်ပြဖူးသည်။ ကူးယူမထားမိပါ-ဟု သိရပါသည်။ တပည့်တော်အား သနားငဲ့ညှာသောအားဖြင့် သွားကိုက်ပျောက်ဂါထာကို ထပ်မံဖော်ပြ ပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

(မသိင်္ဂီဝင်း-ကျုံပျော်)

(ဖြေ)

ရှေးဆရာကြီးတို့ ပြုစုထားသော သွားတော်လေးဆယ် ဘုရားရှိခိုးဂါထာကို ထပ်မံဖော်ပြလိုက်ပါသည်။ နံနက် အိပ်ရာထ၊ ညအိပ်ရာဝင် တခေါက်စီ ရွတ်ဆိုရှိခိုးပါ။

သတိ ဂတိ ဓိတိ မန္တံ၊ သန္တံ ဒန္တံ သုခါဝဟံ။

စတ္တာလီသ သမဒန္တံ၊ ဗုဒ္ဓံ ဝန္ဒာမိ သာဒရံ။

သတိ ဂတိ ဓိတိ မန္တံ-သတိမြဲအင်၊ ဉာဏ်ထူးလျင်၍၊ ကြည်လင်စွာဘိ၊ တည်ကြည်သော သမာဓိတော်လည်း ရှိတော်မူထသော။

သန္တံ-ငြိမ်သက်အေးချမ်း၊ စိတ်ဝမ်းကြည်လင်တော်မူသော။

ဒန္တံ-ယဉ်ကျေးသိမ်မွေ့၊ ပြကတေ့ နူးညံ့သော စိတ်တော် ရှိတော်မူသော။

သုခါဝဟံ-လူနတ်ဗြဟ္မာ၊ သတ္တဝါတို့ ချမ်းသာလေအောင်၊ အစဉ်ရွက်ဆောင်တော်မူတတ်သော။

စတ္တာလီသသမဒန္တံ-စွယ်တော်လေးဆူ၊ ပါဝင်မူ၍၊ စင်ဖြူတင့်တယ် အမျှလေးဆယ်သော၊ ပြည့်ကြွယ်ကြံ့ခိုင်၊ ပုလဲဆိုင် ပုလဲသွေးကဲ့သို့ ဖြူဖွေးသော သွားတော်မြတ်တို့နှင့် ပြည့်စုံတော်မူသော။

ဗုဒ္ဓံ-သစ္စာလေးပါး တရားသိမြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို။ အဟံ-(သွားဝေဒနာ ခံရပါ၍ ကျင်နာခံခက် ဆင်းရဲဖက်၍ နေရပါသော) ဘုရားတပည့်တော်သည်။

သာဒရံ-ရိုသေလေးစား ဦးညွတ်တွားလျက် စိတ်ထားကြည်လင် ဦးတော်တင်လျက်။

ဝန္ဒာမိ-လက်ဆယ်စုံမိုး၊ ပျပ်ဝပ်ကျိုးလျက် ရှိခိုးပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သွားရောဂါရှင်တို့အတွက်

(မေး) (သွားရောဂါရှင်တို့အတွက်)

ဆရာတော်ဘုရား၊ မြတ်မင်္ဂလာစာစောင်တွင် မျက်စိရောဂါရှင်တို့ ဘုရားရှိခိုးရန် စက္ခုတော်ငါးပါး ဘုရားရှိခိုး ဂါထာ၊ နားရောဂါရှင်တို့ ဘုရားရှိခိုးရန် ဒိဗ္ဗသောတ အဘိညာဉ် ရှိခိုးဂါထာများကို ချီးမြှင့်ထားပါသည်၊

တပည့်တော်မသည် သွားရောဂါကို အမြဲခံစားနေရ၍ သွားတော်လေးဆယ် ရှိခိုးသောဂါထာတပုဒ် ဤစာစောင်မှ ဖော်ပြချီးမြှင့်ပေးတော်မူပါ ဆရာတော်ဘုရား။

(မဇင်သူ-မော်လမြိုင်၊ မစန်းစန်းဝင်း-တနင်္သာရီတိုင်း)

(ဖြေ)

ရှေးဆရာကြီးတို့ ပြုစုထားသော သွားတော်လေးဆယ် ဘုရားရှိခိုး ဂါထာကို ဖော်ပြလိုက်ပါသည်။

နံနက်အိပ်ရာထနှင့် ည အိပ်ရာဝင် တခေါက်စီ ဘုရားရှိခိုးပါ။

သတိ ဂတိ ဓီတိမန္တံ၊ သန္တံ ဒန္တံ သုခါဝဟံ။

စတ္တာလီသ သမဒန္တံ၊ ဗုဒ္ဓံ ဝန္ဒာမိ သာဒရံ။

သတိ ဂတိ ဓီတိမန္တံ-သတိမြဲအင်၊ ဉာဏ်ထူးလျင်၍၊ ကြည်လင်စွာဘိ၊ တည်ကြည်သော သမာဓိတော်လည်း ရှိတော်မူထသော၊

သန္တံ-ငြိမ်သက်အေးချမ်း၊ စိတ်ဝမ်းကြည်လင်တော်မူသော၊

ဒန္တံ-ယဉ်ကျေးသိမ်မွေ့၊ ပြကတေ့ နူးညံ့သော၊ စိတ်ရှိတော်မူသော၊

သုခါဝဟံ-လူနတ်ဗြဟ္မာ၊ သတ္တဝါတို့၊ ချမ်းသာလေအောင်၊ အစဉ်ရွက်ဆောင်တော်မူတတ်သော၊

စတ္တာလီသ သမဒန္တံ-စွယ်တော်လေးဆူ၊ ပါဝင်မူ၍၊ စင်ဖြူတင့်တယ်၊ အမျှလေးဆယ်သော၊ ပြည့်ကြွယ်ကြံ့ခိုင်၊ ပုလဲဆိုင် ပုလဲသွေးကဲ့သို့၊ ဖြူဖွေးသော သွားတော်မြတ်တို့နှင့် ပြည့်စုံတော်မူသော၊

ဗုဒ္ဓံ-သစ္စာလေးပါး၊ တရားသိမြင်၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို၊

အဟံ-(သွားဝေဒနာ၊ ခံရပါ၍၊ ကျင်နာခံခက်၊ ဆင်းရဲဖက်၍၊ နေရပါသော) ဘုရားတပည့်တော်သည်။

သာဒရံ-ရိုသေလေးစား ဦးညွတ်တွားလျက်၊ စိတ်ထားကြည်လင်၊ ဦးတော်တင်လျက်၊

ဝန္ဒာမိ-လက်ဆယ်စုံမိုး ပျပ်ဝပ်ကျိုးလျက် ရှိခိုးပါ၏ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သားရွှေအိုးထမ်း

(မေး) (သားရွှေအိုးထမ်း)

အရှင်ဘုရား၊ သုဝဏ္ဏသာမဇာတ်တွင် သားရွှေအိုးထမ်းလာတာကို မြင်လိုပါသည်-ဟု ပြော၍ သုဝဏ္ဏသာမလည်း အသက်ရှင်၊ ဒုကူလ ပါရိကာတို့လည်း မျက်စိမြင်၊ ရွှေအိုးလည်း ရသည်ဟု ပြောစဉ်ရှိပါသည်။ သုဝဏ္ဏသာမ ဇာတ်ဝတ္ထုမှာ ပါသည်ကို မတွေ့ပါ၊ ထိုပြဿနာကို ရှင်းပေးပါဘုရား။

(မောင်ထက်အောင်-ရွှေဘို)

(ဖြေ)

စာပေကျမ်းဂန်တို့တွင် မပါဘဲ ပြောစဉ်ရှိ၍ တွင်ကျယ်နေသော စကားများ ဗုဒ္ဓဘာသာ မြန်မာမှုနယ်ပယ်တွင် များပြားစွာ ရှိပါသည်။ ဖော်ပြပါ သားရွှေအိုးထမ်း စကားကဲ့သို့ပင် ဝသုန္ဓရေ-ဆံရေညှစ်၍ မာရ်နတ် စစ်ပျက်ရသည် ဆိုသောစကား၊

မြတ်စွာဘုရား ဒုက္ကရစရိယာကျင့်စဉ် သိကြားမင်း စောင်းတီး၍ သတိပေးသည် ဆိုသောစကား၊

အရှင်သာရိပုတ္တရာ ဝါသနာအရ မြောင်းခုန်သည် ဆိုသောစကား၊

ဝိသာခါအား မြတ်စွာဘုရားက ငါ့ကို ဘယ်အခါ မေ့သလဲ-ဟု မေးသည်ဆိုသောစကား၊

အရှင်မဟာမောဂ္ဂလာန်အား ငရဲမီးလိုက်၍ ဘုရားဆီ ပြေးလာရသည်-ဆိုသောစကား၊

မြတ်စွာဘုရားပင် မယ်တော်နတ်သားအား အဘိဓမ္မာတရား ဟောသော်လည်း နို့တလုံးဖိုးသာ ကျေသည်ဆိုသော စကား၊

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးတွင် မြတ်စွာဘုရားက သိကြားမင်းအား သာသနာတော်ကို ကြည့်ရှုစောင့်ရှောက်ရန် အပ်နှံ တာဝန်ပေးထားခဲ့သည် ဆိုသောစကားများမှာ ဗုဒ္ဓဘာသာများ အပြောများ၍ မကြာမကြာ ဆရာတော်များထံ မေးလေ့ရှိကြသည်။ အချို့စကားများမှာ ဇာတ်စကားများမှ ပြန့်ပွားလာဟန် ရှိ၏၊ ပါဠိ အဋ္ဌကထာ ဋီကာ တည်းဟူသော ခိုင်ခံ့သော ကျမ်းစာများတို့တွင် လုံးဝမပါရှိသော စကားများ ဖြစ်ကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သားကြောဖြတ်ခြင်း

(မေး) (သားကြောဖြတ်ခြင်း)

ဆရာတော်ဘုရား၊ မာတုဂါမများ ပဋိသန္ဓေမတည်အောင် သားကြောဖြတ်ခြင်း၊ ဆေးစားခြင်း၊ ဆေးထိုးခြင်း စသည်တို့၌ ပါဏာတိပါတကံ ထိုက်-မထိုက် သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။

(ဒေါက်တာ လင်းထက်အောင်-မေမြို့)

(ဖြေ)

ပါဏာတိပါတ ကံအရာ၌

၁။ သတ္တဝါလည်း မှန်စေ

၂။ သတ္တဝါဟုလည်း သိစေ

၃။ သေစေလိုသော စေတနာလည်း ရှိစေ

၄။ သေရန် လုံ့လပြုသည်လည်း ဖြစ်စေ

၅။ သေလည်း သေစေ

ဟူသော အင်္ဂါငါးပါးရှိရမည် ဖြစ်ပါသည်။

သားကြောဖြတ်ခြင်း စသည်၌ သတ္တဝါဟူ၍ မရှိသေးမီဖြစ်၍ အင်္ဂါ ၅-ပါး မညီညွတ်နိုင်သဖြင့် ပါဏာတိပါတကံ မဖြစ်နိုင်ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သာရဏီယဝတ် စသည်အကြောင်း

(မေး) (သာရဏီယဝတ် စသည်အကြောင်း)

အရှင်ဘုရား၊

(၁) ရဟန်းတော်တို့၏ သာရဏီယ ကျင့်ဝတ်နှင့် ကျင့်ပုံ ကျင့်နည်းကို သိလိုပါသည်ဘုရား။ အဘယ်ကျမ်း၌ ပါရှိကြောင်း ညွှန်တော်မူပါဘုရား။

(၂) တသင်္ချေ၊ အန္တရကပ် တကပ်၊ တကမ္ဘာ ဤ ၃-ခု သည် အစဉ်အတိုင်း မည်သို့ထားခြား၍ မည်သို့ အနည်းအများ ကွာခြားပါသလဲ။ တပည့်တော်နှင့်စာရှုသူများ အသိဉာဏ်တိုးပွါရအောင် ဖြေကြားပေးတော်မူပါဘုရား။

(အရှင်ဩဘာ-အောင်လံမြို့)

(ဖြေ)

ရဟန်းတော်များ သာရဏီယကျင့်ဝတ် ကျင့်ပုံမှာ ဆွမ်းခံ၍ ရလာသော ဆွမ်းသပိတ်ကို ဆွမ်းစားကျောင်းစသည်၌ ချထားလျှင် တွေ့သူက ယူစား၍ မိမိအတွက် မကျန်သည့်တိုင်အောင် လုံးဝစိတ်မကွက်ရပါ။ အချိန်ရှိသေးလျှင် ဆွမ်းခံထပ်ကြွ၊ အချိန်မရှိ၍ မကျန်လျှင် မစားဘဲနေသည်။ ဤနည်းဖြင့် ၁၂-နှစ်တိုင်အောင် လုံးဝမစ္ဆေရစိတ်မရှိဘဲ ကျင့်သုံးရပါသည်။ ၁၂-နှစ်ပြည့်ခါနီး ၁-ရက်၊ ၂-ရက် အလိုမှ စိတ်ကွက်မိသွားလျှင် လုံးဝပျက်၏၊ ၁၂-နှစ် ပြန်ကျင့်ရသည်။ ဤသို့ ၁၂-နှစ်အထိ မပျက်မကွက် ကျင့်နိုင်လျှင် အောင်မြင်၏၊ ဆွမ်းအတွက်မပူရတော့ပေ။ ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်၍ လုံးဝအစားအစာ မရသည့်တိုင်အောင် ရုက္ခစိုးစသော နတ်တို့ လောင်းလှူသောဆွမ်းကို ရနိုင်သည်။ သုတ်မဟာဝါ အဋ္ဌကထာ (ဒီ ၂-ဋ္ဌ-၁၂၃) တွင် ဤသာရဏီယအကျင့်အကြောင်းကို ဝတ္ထုများဖြင့် အကျယ်ပြထားဆိုထားသည်။ ။ ထို့ပြင် အံ၊ဋ္ဌ၊၃-၉၀၊ မ-၃၉၃၊ မ၊ဋ္ဌ၊၂-၂၉၄ စသည်တို့တွင်လည်း ကြည့်နိုင်ပါသည်။

တသင်္ချေ-ဟူသည်မှာ တစ်နောက်၌ သုည ၁၄၀-ရှိသော ဂဏန်းဖြစ်သည်။ ကမ္ဘာတသင်္ချေဆိုလျှင် ကမ္ဘာပေါင်း တစ်နောက် သုည ၁၄၀-ရှိသော ကမ္ဘာများပင် ဖြစ်သည်။ ထိုနည်းဖြင့် လေးသင်္ချေနှင့် ကမ္ဘာတသိန်း စသည်ကို သိပါ။

အန္တရကပ်-ဟူသည် ကမ္ဘာ၏ တဝက်ဖြစ်၍ ဥပမာ-ကမ္ဘာအစ အသင်္ချေယျ သက်တမ်းမှ ၁၀-နှစ်တမ်းအထိ အန္တရကပ် တကပ်။ ၁၀-နှစ်တမ်းမှ အသင်္ချေယျတမ်းအထိကို အန္တရကပ် တကပ်ဖြစ်၍ ဤဆုတ်ကပ် တက်ကပ် ၆၄-စုံကို တကမ္ဘာ ခေါ်ပါသည်။ ယခု ၁၁-ကပ် အစုံ ကုန်လွန်ခဲ့ပြီ။ ဤသို့ တသင်္ချေ, တကပ်, တကမ္ဘာ တို့ကို မှတ်သားနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သာသနာ နှစ်ငါးရာ စကား

(မေး) (သာသနာ နှစ်ငါးရာ စကား)

အရှင်ဘုရား၊ အတွဲ-၉၊ အမှတ်-၁၂ ပါ သာသနာငါးထောင်အမေးကို ဖြေကြားရာတွင် အာနန္ဒာ မာတုဂါမတို့ သာသနာတွင်း ဝင်လာခြင်းကြောင့် အနှစ်တထောင်တည်မည့် သာသနာသည် အနှစ်ငါးရာသာ တည်လတံ့-ဆိုပါသည်၊ ဘာကြောင့် လျှော့နည်းသွားရပါသနည်း၊ ဘာကြောင့်အလျှော့ခံ၍ မာတုဂါမတို့အား ဘိက္ခုနီအဖြစ် ခွင့်ပြုရပါသနည်း၊ ရှင်းလင်းဖြေကြားတော်မူပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

(မမာပျိုး-နမ္မတူ)

(ဖြေ)

မာတုဂါမအား အတားအဆီးမရှိ အလုံးအရင်းဖြင့် သာသနာသို့ ဝင်ခွင့်ပြုလိုက်လျှင် လောကလူ့ဘောင်မှာကဲ့သို့ ကိလေသာအနှောင်အဖွဲ့ဖြင့် ရစ်ပတ်ထုံးဖွဲ့၍ သာသနာတော် ခိုင်ခံ့ဖွယ်မရှိ၊ မဂ်ဖိုလ် ရနိုင်ဖွယ်မရှိ ဖြစ်ပေမည်။

ထို့ကြောင့် မာတုဂါမများ သာသနာဝင်ရောက်ခွင့်ပေးရာ၌ မာတုဂါမမှ ဖြစ်လာသော ဘိက္ခုနီ (ရဟန်းမိန်းမ) သည် ဘိက္ခု (ရဟန်းယောကျ်ား) အား ကြီးငယ်မရွေး ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ အဆုံးအမခံခြင်း။ ဝတ်အကျင့်ပြုလုပ်ခြင်း၊ ပြစ်တင်ရေရွတ်တိုင်းထွာမှု မပြုရခြင်း စသည်များပါသော ဂရုဓမ်တရား ရှစ်ပါးကို ပဋိညာဉ်မှု ခံဝန်ပြုစေ၍ သာသနာဝင်ခွင့်ပေးခဲ့သည်။

ဤဂရုဓမ်တရားရှစ်ပါးသည် ကန်ဘောင်ကန်ရိုးကြီးပမာ သာသနာခိုင်ခံ့ကြောင်း တည်တံ့ကြောင်းဖြစ်သည်၊ မာတုဂါမများ သာသနာသို့ ဝင်ရောက်လာသော်လည်း အနှစ်တထောင်မှ နှစ်ငါးရာသို့ ယုတ်လျှော့၍ မသွားတော့ပေ။ ဂရုဓမ်တရားရှစ်ပါးကို မပညတ်ခဲ့လျှင်သာ ယုတ်လျော့သွားစရာရှိပေသည်၊ ဘိက္ခုနီအဖြစ် ခွင့်ပြုလက်ခံရခြင်းမှာလည်း မာတုဂါမတို့ အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ ရှေးဘုရားရှင်များလက်ထက်က ပါရမီဖြည့်ကျင့်လာခဲ့သော ရဟန္တာမလောင်းတို့ ရှိနေခြင်း၊ အမျိုးသမီးတို့လည်း အမျိုးသားတို့နှင့် တန်းတူ ဘုရားရှင်သာသနာတော်ကို ထမ်းဆောင်နိုင်ခွင့်ရှိခြင်းတို့ကြောင့် ခွင့်ပြုတော်မူခဲ့ရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သာသနာကွယ်ကြောင်း ငါးပါး

(မေး) (သာသနာကွယ်ကြောင်း ငါးပါး)

အရှင်ဘုရား၊ သာသနာကွယ်ကြောင်း ငါးပါးကို တပည့်တော် သိပါသည်ဘုရား။ သာသနာကွယ်ပြီးချိန်တွင် လူ့ပြည်၌ သူတော်ကောင်းဆိုတာ ရှိပါဦးမလား။ နတ်ပြည်ရောက်ကြောင်း အကျင့်ကောင်းမရှိလျှင် သေလွန်ပြီး နတ်ပြည်ရောက်သည့်ပုဂ္ဂိုလ် ရှိ-မရှိနှင့် သာသနာတွင်း သာသနာပ အခါ၌ နတ်၊ ဗြဟ္မာ ဦးရေ ကွာခြားမှု ရှိ-မရှိ သိလိုပါသည်ဘုရား။

(ဦးသာရှိ် (ခ) စိုင်းသန်းရွှေ-တမူးမြို့)

(ဖြေ)

သာသနာပအချိန်နှင့် သာသနာကွယ်ချိန်တို့မှာလည်း သူတော်ကောင်းတွေ ရှိပါသေးသည်။ ကံ ကံ၏အကျိုးတရားကို ယုံကြည်သော သူတော်ကောင်းများသည် မကောင်းကံတွေက မကောင်းကျိုးကို ပေးလိမ့်မည်။ ကောင်းကံတွေက ကောင်းကျိုးတွေကို ပေးလိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကို ပြုလုပ်သော သူတော်ကောင်းတွေ ရှိ်နိုင်ပါသည်။

ယခုခေတ် ဗုဒ္ဓဘာသာ သာသနာကို မကိုးကွယ်သော ဘာသာခြားများလည်း ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်သည်ဟူသော ယုံကြည်ချက်ဖြင့် အများအကျိုး၊ လောကအကျိုး၊ ကောင်းမှုအမျိုးမျိုး ဆောင်ရွက်နေကြသည်ကို အများအပြား တွေ့ရှိနေကြရပါသည်။

သမ္မာဒိဋ္ဌိ အမျိုးမျိုး ရှိပါသည်။

(၁) ကမ္မဿကတာ သမ္မာဒိဋ္ဌိ-ကောင်းကံ မကောင်းကံကို ယုံကြည်ခြင်း။

(၂) နာမရူပ ပရိစ္ဆေဒ သမ္မာဒိဋ္ဌိ-နာမ်ရုပ်ကို ပိုင်းခြား၍ အမှန်အတိုင်း သိခြင်း။

(၃) ပစ္စယပရိဂ္ဂဟ သမ္မာဒိဋ္ဌိ-ရုပ်နာမ်ဖြစ်ကြောင်းကို အမှန်အတိုင်းသိခြင်း။

(၄) ဝိပဿနာ သမ္မာဒိဋ္ဌိ-ရုပ်နာမ်တို့၏ မမြဲ၊ ဆင်းရဲ၊ အစိုးမရမှုကို အမှန်သိခြင်း။

(၅) မဂ္ဂဖလ သမ္မာဒိဋ္ဌိ-မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အမှန်သိမြင်ခြင်း။

ထို ၅-မျိုးတွင် ကမ္မဿကတာ သမ္မာဒိဋ္ဌိသည် သာသနာကွယ်ချိန်မှာလဲ ရှိပါသည်။ ကျန် ၄-မျိုးကား မရှိ။ ထို့ကြောင့် သာသနာပချိန်တွင် လူသူတော်ကောင်းတွေ ရှိနိုင်ပါသေးသည်။

သို့သော် သာသနာကွယ်ချိန်မှာ နတ်ပြည် ဗြဟ္မာ့ပြည်၌ နတ်ဗြဟ္မာများ နည်းပါးသွားပါသည်။ အဘယ့်ကြောင့် ဆိုသော် နတ်သဘင် အစည်းအဝေး၌ သိကြားမင်းကြီးသည် လူ့ပြည်၌ ဒါန၊ သီလ၊ ဘာဝနာ တရားများကို စောင့်ထိန်းကျင့်ကြံပွားများသူ များပြားကြောင်း စုံစမ်းသိရှိရလျှင် နတ်ပြည်၊ ဗြဟ္မာပြည်တော့ စည်ကားဦးမှာပဲ။ စောင့်ထိန်းကျင့်ကြံပွားများသူ နည်းနေလျှင် နတ်ပြည်၊ ဗြဟ္မာပြည်တော့ ခြောက်ခန်းတော့မှာပဲ မှတ်ချက်ပြုလေ့ရှိသဖြင့် သာသနာကွယ်ချိန်၌ နတ်ဗြဟ္မာဦးရေ နည်းပါးနိုင်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သာသနာငါးထောင် ပြဿနာ

(မေး) (သာသနာငါးထောင် ပြဿနာ)

အရှင်ဘုရား၊

(၁) မြတ်စွာဘုရားသည် သာသနာတော်ကို ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ် တထောင်၊

ဆဠဘိည ရဟန္တာခေတ် တထောင်၊

တေဝိဇ္ဇ ရဟန္တာခေတ် တထောင်၊

သုက္ခဝိပဿက ရဟန္တာခေတ် တထောင်၊

ပါတိမောက္ခ ရဟန္တာခေတ် တထောင်၊

ပေါင်း သာသနာငါးထောင် ထားတော်မူခဲ့သည်ဟု ဆိုကြပါသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခါနီး၌ သုဘဒ္ဒပရိဗိုဇ် မေးလျှောက်၍ မြတ်စွာဘုရားက ငါဘုရား၏ သာသနာတော်၌ ကောင်းစွာဟောသူနှင့် ကောင်းစွာကျင့်သူတို့ ရှိနေသမျှ ရဟန္တာမဆိတ်သုဉ်းနိုင်ပေဟု ဟောတော်မူသည်ကိုလည်း မှတ်သားရပါသည်။ မည်သို့အဆိုက မှန်ပါသလဲ။

(၂) သုက္ခဝိပဿက ရဟန္တာနှင့် ပါတိမောက္ခ ရဟန္တာသည် မည်သို့ ကွာခြားပါသလဲ၊ ထိုရဟန္တာများ ပရိနိဗ္ဗာန်ပြုလျှင် ဓာတ်တော်များ ကြွင်းကျန်ရစ်ရန် အဓိဋ္ဌာန်နိုင်ပါသလား၊ ရှင်းလင်း ဖြေကြားတော်မူပါ။

(ကိုဟန်ဝင်း-အင်းစိန်မြို့သစ်)

(ဖြေ)

(၁) ဖော်ပြပါ သာသနာငါးထောင် စကားမှာ အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ၊ သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့လာ စကားရပ်များ ဖြစ်သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခါနီး၌ သုဘဒ္ဒပရိဗိုဇ် မေးလျှောက်၍ ဘုရားရှင် ဟောကြားတော်မူသော-ရဟန္တာများ မဆိတ်သုဉ်းနိုင်-ဟူသော စကားတော်မှာ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်စကားရပ်ဖြစ်၍ ထိုပါဠိတော်စကားရပ်သာ မှန်ကန်ပါသည်။

(၂) ပါတိမောက္ခ ရဟန္တာဟူ၍ မရှိပါ။ အဋ္ဌကထာတွင် ပါတိမောက္ခသံဝရ ခေတ်တထောင်ဟူ၍သာ ပါရှိပါသည်။ သုက္ခဝိပဿက ရဟန္တာဆိုသည်မှာ စျာန်မရသော ရဟန္တာသာ ဖြစ်သည်။ ပါတိမောက္ခသံဝရ ဆိုသည်မှာ ရဟန္တာမဖြစ်။ ၂၂၇-သွယ်သော ဝိနည်းသိက္ခာပုဒ်တို့ကို ဖြည့်ကျင့်သော ပုထုဇဉ်ရဟန်းကို ဆိုပါသည်။

သုက္ခဝိပဿက ရဟန္တာမှာ အာသဝေါကုန်ခန်းသော ရဟန္တာအစစ်ဖြစ်၍ ပရိနိဗ္ဗာန်စံတော်မူသောအခါ ဓာတ်တော်ကျနိုင်ပါသည်။ ပါတိမောက္ခသံဝရ ဘိက္ခုအနေဖြင့် ပုထုဇဉ်ဖြစ်၍ ဓာတ်တော် မကျနိုင်ပါကြောင်း ဖြေဆိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သာသနာငါးထောင်

(မေး) (သာသနာငါးထောင်)

အရှင်ဘုရား၊ သာသနာငါးထောင် တည်မည်ဟု မြတ်စွာဘုရား ဗျာဒိတ်ပေးတော်မူပါသလား။ သာသနာ ၂၅၀၀-ကျော်လျှင် သိကြားမင်းရဲ့ သာသနာဆိုတာ ဟုတ်ပါသလား။ မြတ်စွာဘုရားက သိကြားမင်းကို သာသနာ ၂၅၀၀ နောက်ပိုင်း စောင့်ရှောက်ပါဟု မှာတော်မူခဲ့ပါသလားဘုရား။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဘုရား။

(မောင်ကြည်စိုး-လားရှိုးမြို့)

(ဖြေ)

သာသနာငါးထောင်နှင့် ပတ်သက်၍ ရှေးရှေးပဝေသဏီကပင် မေးကြ၊ ဖြေကြ၊ ငြင်းကြ၊ ခုံကြဖြင့် ဆောင်းပါးပေါင်းများစွာ ဖတ်ရှုခဲ့ရပေသည်။ သာသနာ ၂၅၀၀-ပြည့် ပွဲတော်ဖြစ်သော ၁၃၁၈ (၁၉၅၆) ခုနှစ်အချိန်ကလည်း သတင်းစာများတွင် ဆောင်းပါးပေါင်းများစွာ တွေ့ရပေသည်။ ထို့နောက် အတန်ငယ်ငြိမ်သက်နေရာမှ ယခု လားရှိုး ဦးကြည်စိုး၏ အမေးကို တွေ့ရ၍ သာသနာငါးထောင်သည် မှိန်ရာမှ လင်းလာပြန်ချေပြီ။ ထို့ကြောင့် သင့်တန်ရုံသာ ရေးသားဖြေကြားလိုက်ပါသည်။

သာသနာငါးထောင်ဟူသော ဝေါဟာရကို ၁၂၃၁-ခုနှစ်အတွင်း မြန်မာနိုင်ငံ ရတနာပုံ နေပြည်တော် မင်းတုန်းတင်းတရားကြီးလက်ထက် အမရပူရမြို့ မဟာသကျသီဟတိုက်နေ ဦးဝဏ္ဏာစာရ အမည်ရှိသော ပုဂ္ဂိုလ်သူမြတ်က နေတ္တိကျမ်းကို ထုတ်ဆောင်၍ သာသနာငါးထောင် ဘုရားဟောရှိကြောင်း ဟောပြောသည်ဟု ဆိုပါသည်။ ထိုပုဂ္ဂိုလ်က နေတ္တိကျမ်း ၁၆-ပါးသော ဟာရတို့တွင် သာသနာဟာရ၌ အနုဇာနာမိ ဘိက္ခဝေ မမ ပရိနိဗ္ဗာနတော ပစ္ဆာ ပဉ္စဝဿသဟဿံ သာသနံ ပတိဋ္ဌာတုံ-ဟူ၍ ဟောတော်မူကြောင်း (အနက်မှာ-ဘိက္ခဝေ-ရဟန်းတို့၊ မမ ပရိနိဗ္ဗာနတော-ငါဘုရား ပရိနိဗ္ဗာန် စံတော်မူသည်မှ၊ ပစ္ဆာ-နောက်၌၊ ပဉ္စဝဿသဟဿံ-အနှစ်ငါးထောင်၊ သာသနံ-သာသနာတော်ကို၊ ပတိဋ္ဌာတုံ-တည်စိမ့်သောငှါ၊ အနုဇာနာမိ-ခွင့်ပြုတော်မူ၏၊) ဤစကားကိုထောက်၍ သာသနာငါးထောင် စကားကျယ်ပွားလာကြောင်း ပကိဏ္ဏကဝိသဇ္ဇနာကျမ်းတွင် ဖော်ပြသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သာသနာငါးထောင်

(မေး) (သာသနာငါးထောင်)

အရှင်ဘုရား၊ မေးလိုသောအကြောင်းမှာ ရှေးဟောင်းရှမ်းစာပေ၌ သာသနာငါးထောင်နှင့် ပတ်သက်သော သာသနာတောင်းပန်စာ လင်္ကာတွင်-

(၁) ဘုရားကိုယ်တိုင် ထားတော်မူသော သာသနာနှစ် ၁-ထောင်

(၂) ရဟန္တာအရှင်မြတ် တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။

(၃) မလ္လာမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။

(၄) သိကြားမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။

(၅) ဘီလူးမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင် ဟု ဆိုထားပါသည်။

ယုတ္တိယုတ္တာ ရှိ-မရှိ၊ ပိဋကတော်နှင့် ညီ-မညီ ဖြေကြားပေးတော်မူပါဘုရား။

(ဘဒ္ဒန္တ နန္ဒာစရိယ-ဒက္ခိဏာရုံကျောင်း၊ နန့်ခမ်းမြို့)

(ဖြေ)

ရှေးဟောင်း ရှမ်းစာပေက ပြသော သာသနာနှစ်ငါးထောင် ယူပုံမှာ ကျမ်းဂန်၌မရှိပါ။

သာသနာနှဏ်ငါးထောင် ပိုင်းခြားသည်မှာ ပိဋကပါဠိတော်ရင်း၌ လာရှိခြင်း မဟုတ်ဘဲ အဋ္ဌကထာများ၌သာ လာရှိပါသည်။

(၁) ပဋိသမ္ဘိဒါပတ္တ-ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။

(၂) ဆဠာဘိည-အဘိဉာဏ် ခြောက်ပါးနှင့် ပြည်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။

(၃) တေဝိဇ္ဖက-ဝိဇ္ဇာ ၃းပါးနှင့်ပြည့်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။

(၄) သုက္ခဝိပဿက-စျာန်မရသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။

(၅) ပါတိမောက္ခသံဝရသီလခေတ်-ရဟန်းကျင့်ဝတ်နှင့်ညီစွာ ကျင့်ကြံနေသေးသောခေတ် နှစ်ပေါင်း ၁၀၀၀။

စုစုပေါင်း ၅၀၀၀။

ဝိနည်းအဋ္ဌကထာနှင့် အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ အလိုအားဖြင့်-

(၁) ပဋိသမ္ဘိဒါရဟန္တာခေတ်-နှစ်ပေါင်း ၁၀၀၀။

(၂) သုက္ခဝိပဿက ရဟန္တာခေတ်-နှစ်ပေါင်း ၁၀၀၀။

(၃) အနာဂါမ်ပုဂ္ဂိုလ်ခေတ်-နှစ်ပေါင်း ၁၀၀၀။

(၄) သကဒါဂါမ်ပုဂ္ဂိုလ်ခေတ်-နှစ်ပေါင်း ၁၀၀၀။

(၅) သောတာပန်ပုဂ္ဂိုလ်ခေတ်-နှစ်ပေါင်း ၁၀၀၀။

ပေါင်း ၅၀၀၀။

စသည်ဖြင့် သင့်လျော်လို ဖွင်ဆိုထားချက်များသာ ရှိပါသည်။ ဖြစ်နိုင်ချေရှိသော နှစ်တို့ကို ပိုင်းခြားသတ်မှတ်သော်လည်း ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ-အသုညော လောကော၊ အရဟန္တေဟိ အဿ။ (ဒီဃ၊ဋ္ဌ၊၁၈၁)၊ အံ၊ဋ္ဌ၊၁-ရ၂) ဟု ဆိုထားသည့်အတိုင်း ကျင့်ကြံသူတွေ ရှိနေသရွေ့ ရဟန္တာပုဂ္ဂိုလ်တွေ လောကကြီး၌ မဆိတ်သုဉ်းနိုင်သေးပါ။ ကျင့်ကြံကြသူတွေ ရှိနေကြလျှင် သာသနာမှာ ငါးထောင်မက တည်တံ့နေမည် ဖြစ်ပါသည်။ သာသနာငါးထောင် အတွင်းမှာပင် မကျင့်ကြံ မလိုက်နာသူတွေအတွက်ကတော့ သာသနာမရှိပါ။ မတည်ပါ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သာသနာညှိုးနွမ်းမှု

(မေး) (သာသနာညှိုးနွမ်းမှု)

အရှင်ဘုရား၊

မြတ်အရှင်၊ မှတ်ချင်လွန်းတာမို့၊ ခွန်းချိုလျှောက်ထား။

သာသနာ၊ ဘယ်တွက်ဘယ်တာကြောင့်၊ ပထမာ အစပျိုးသည့်၊ ကမ္ဘာကျော် ဌာနမျိုးမှာ၊

ညှိုးနွမ်းကာ ကြွေလွင့်ဝေးခဲ့ရ၊ ဖြေပေးပါဘုရား။

(မနန္ဒမာလာ-ဖောင်းပြင်)

(ဖြေ)

မှတ်သားစရာ၊ မြတ်ဘုရားသာသနာ အစထွန်းလေသည့်၊ မြကျွန်းဗမ္ဗူဒိပ်မှာတော့၊ ဇာတ်ရိပ်ရှိန်အဟုန်ကြောင့်၊ သိန်ဂုဏ်ကျဆင်း။

ဗြာဟ္မဏာ၊ ပုဏ္ဏားထိုဆရာတို့၊ ဇာတ်ဝါဒါ အလွန်ပြင်းတာကြောင့်၊ လွန်မင်းမကြာပါဘူး၊ သာသနာ-ဇာတာညှိုးရတယ်၊ ဆိုးတဲ့ဖြစ်ခင်း။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သာသနာသုံးရပ်

(မေး) (သာသနာသုံးရပ်)

အရှင်ဘုရား၊ တပည့်တော်သည် ပရိယတ္တိနှင့် ပဋိပတ္တိကို သိရှိနားလည်ပါ၏၊ သို့ရာတွင် ပဋိဝေဓဆိုသည်ကို တိတိကျကျ မသိရှိပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။

(ထိန်လင်း-မင်္ဂလာတောင်ညွန့်၊ ရန်ကုန်)

(ဖြေ) သာသနာသုံးရပ် ဟူသည်မှာ

(၁) ပရိယတ္တိသာသနာ-စာပေပိဋကတ် သင်ကြားမှု။

(၂) ပဋိပတ္တိသာသနာ-ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှုနှင့်

(၃) ပဋိဝေဓသာသနာ-ထိုးထွင်း၍ သိခြင်း (မဂ်၊ ဖိုလ်၊ နိဗ္ဗာန် တရားမှန်ကို သိမှု) တို့ ဖြစ်ပါသည်။

တရားအားထုတ်၍ သောတာပတ္တိမဂ်ဖိုလ်ကို ရရှိခြင်းမှစ၍ နိဗ္ဗာန်မျက်မှောက်ပြုရခြင်းအထိ ပဋိဝေဓ သာသနာ ခေါ်ပါသည်။

ဥပမာပြုကြသည်မှာ-

မြတ်စွာဘုရား သာသနာတော်ကြီးသည် မင်္ဂလာရေကန်တော်ကြီးနှင့် တူသည်။

ပရိယတ္တိသာသနာသည် ခိုင်ခံ့သော ကန်ပေါင်ကန်ရိုးကြီးနှင့်တူသည်။

ပဋိပတ္တိသာသနာသည် ကြာပင်ကြာရိုးများနှင့် တူသည်။

ပဋိဝေဓသာသနာတော်သည်ကား ကြာပန်းကြာပွင့်များနှင့် တူသည် ဟူပေ၏၊

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သာသနာသက္ကရာဇ် နှင့် ကောဇာသက္ကရာဇ်

(မေး) (သာသနာသက္ကရာဇ် နှင့် ကောဇာသက္ကရာဇ်)

ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံသည်မှာ ယခုလက်ရှိ ကောဇာသက္ကရာဇ် ဟုတ်ပါသလား၊

ကောဇာသက္ကရာဇ်နှင့် သာသနာသက္ကရာဇ် စတင်ပေါ်ပေါက်လာပုံကို ရှင်းပြပေးတော်မူပါ ဘုရား။

(မောင်ပွင့်လန်း-အိုင်ရှည်ရပ်၊ မြစ်ခြေမြို့)

(ဖြေ)

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသောနှစ်မှာ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်ဖြစ်သည်။

ပထမသံဃာယနာတင်သောအခါ ယင်းကို ၁-ခုအဖြစ် သတ်မှတ်ခဲ့၏၊

၄င်းနှစ် ၆၂၄-ခုနှစ် အရောက်၌ သရေခေတ္တရာပြည် သုမုန္ဒရီမင်း လက်ထက် သက္ကရာဇ်ဖြိုးကိန်းကျ၍ ၆၂၂-ကို ဖြိုလျက် ၂-ခုကြွင်းထားကာ ၂-နှစ်မှစ၍ ရေတွက်ခဲ့၏၊

၄င်းနှစ် ၅၆၂-ခုသို့ ရောက်ပြန်သော် ပုဂံပြည် စောရဟန်းမင်းက ၅၆၀-ကိုဖြို၍ ၂-ခုကြွင်း ထားပြန်ကာ

၂-နှစ်မှစ၍ ရေတွက်ပြန်၏၊

၂-ကြိမ်ဖြို (၆၂၂-နှင့် ၅၆၀) ကို ပေါင်းလျှင် ၁၁၈၂-ဖြစ်ရာ ယင်းနှင့် ဒုတိယအကြိမ်ဖြို၍ ပွားတိုးလာသော ဤလက်ရှိ သက္ကရာဇ် ၁၃၅၅-ခုနှစ်ကို ပေါင်းလျှင် သာသနာနှစ် ၂၅၃၇-ခုကို တွေ့နိုင်ပါသည်။

အကျဉ်းမှတ်သားရန်မှာ (တစ်တစ်ရှစ်နှစ်၊ သက္ကရာဇ်၊ နှောလစ် သာသနာ ၁၁၈၂+၁၃၅၅=၂၅၃၇) ဟူ၍ပင် ဖြစ်ပါသည်။

သာသနာနှစ်ဟူသည်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်သောနှစ်မှစ၍ ရေတွက်ခြင်း ဖြစ်သည်။

ကောဇာသက္ကရာဇ်ဆိုသည်မှာ ဒုတိယဖြိုပြီး နောက် ဤနှစ်အထိ ရောက်ရှိနေသော သက္ကရာဇ်ဖြစ်သည်ဟု မှတ်သားထားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သာသနာအလံ

(မေး) (သာသနာအလံ)

အရှင်ဘုရား၊ တပည့်တော်တို့ လက်ရှိလွင့်ထူနေတဲ့ သာသနာ့အလံသည် ဘုရားရှင်လက်ထက်တော် ကတည်းကလား၊ ဗုဒ္ဓဘာသာနိုင်ငံတိုင်း လွှင့်ထူတဲ့အလံလား၊ မြန်မာဗုဒ္ဓဘာသာ သာသနာ့အလံ သက်သက်လား၊ သာသနာ့အလံ အရောင်တို့၏ အဓိပ္ပါယ်ကို သိချင်ပါသည်ဘုရား။

(မောင်သန်းဇော်ဦး-ရွှေပြည်သာမြို့နယ်)

(ဖြေ)

သာသနာ့အလံတော်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့သား ဟင်နရီအော်လကော့သည် ၁၈၈၀-ပြည့်နှစ်တွင် စစ်ဗိုလ်ဘဝမှ အငြိမ်းစားယူ၍ ဗုဒ္ဓဘာသာကို လေ့လာရန် သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သို့ ရောက်ခဲ့သည်။ ထို့နောက် ဗုဒ္ဓဘာသာအဖြစ် ခံယူကာ ၁၈၈၅-ခုနှစ် ကဆုန်လပြည့်နေ့တွင် ၄င်းဦးဆောင် တောင်းဆိုခဲ့၍ ဗုဒ္ဓနေ့ ဖြစ်ပေါ်ခဲ့သည်။ ၄င်းဗုဒ္ဓနေ့ဆိုင်ရာ သာသနာ့အလံတခု ကြံစည်ခဲ့ရာတွင် ဟင်နရီအောလကော့ကပင် မြတ်စွာဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်ကို အထိမ်းအမှတ်ပြု၍ အရောင် ၆-မျိုးပါသော သာသနာ့ အလံတော်ကို ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။ အရောင် ၆-မျိုးမှာ မြတ်စွာဘုရား၏ ရောင်ခြည်တော်အတိုင်းပင်

နီလ-အညို(ပြာ)ရောင်။

ပီတ-အဝါရောင်။

လောဟိတ-အနီရောင်။

ဩဒါတ-အဖြူရောင်။

မဉ္ဇိဋ္ဌ-အမောင်း(ပန်း)ရောင်။ နှင့်

ပဘဿရ-အရောင်ခြောက်မျိုးရောသည့် (ပြိုးပြက်) အရောင်တို့ ဖြစ်ပါသည်။

၁၈၈၅-ခု ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ၄င်းအလံတော်ကို စတင်လွှင့်ထူသည်။ တကမ္ဘာလုံး ဗုဒ္ဓဘာသာ အခမ်းအနားတိုင်းတွင်လည်း လွှင့်ထူကြရန် ဆုံးဖြတ်ကြသည်။ ၄င်းနောက် မြန်မာနိုင်ငံအပါအဝင် ဗုဒ္ဓဘာသာနိုင်ငံတိုင်း အသုံးပြုကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သာသနာတော်၏ အံ့ဖွယ်များ

(မေး) (သာသနာတော်၏ အံ့ဖွယ်များ)

ဆရာတော်ဘုရား၊ အံ့ဖွယ်ရှစ်ဖြာ သာသနာ-ဟု တပည့်တော်များ မှတ်သားရဖူးပါသည်၊ အပြည့်အစုံ သိလိုပါသည်ဘုရား၊ တဆက်တည်းပင် အသံတော် ရှစ်ပါး ဆိုသည်ကိုလည်း ဖြေကြားပေးတော်မူပါဘုရား။

(ဦးတင့်ဆွေ-ဗိုလ်ချုပ်လမ်း၊ ကလေးမြို့)

(ဖြေ)

အင်္ဂုတ္တိုရ်ပါဠိတော်လာ ပဟာရာဒသုတ်တွင် သမုဒ္ဒရာ၏ အံ့ဖွယ်ရှစ်ပါးနှင့် ဥပမာပြု၍ သာသနာတော်၏ အံ့ဖွယ်ရှစ်ပါးကို ဟောတော်မူထားပါသည်။ အကျဉ်းချုံး၍ ဖော်ပြပါမည်။

၁။ သမုဒ္ဒရာသည် ကမ်းစပ်မှ အလယ်သို့ တစတစနက်သွားသကဲ့သို့

သာသနာတော်၌ တစတစကျင့်သွားရသော ကျင့်စဉ် ရှိလေသည်။

၂။ သမုဒ္ဒရာရေသည် ကမ်းကို မလွန်သကဲ့သို့

သာသနာတော်၌ တပည့်သားတို့သည် သိက္ခာပုဒ်များကို လွန်ကျူး၍ မကျင့်။

၃။ အကောင်ပုဒ်များကို သမုဒ္ဒရာက လက်မခံ (ကမ်းသို့ ပုတ်၍တင်ပစ်) သကဲ့သို့

သာသနာတော်က ယုတ်မာသူတို့ကို လက်မခံ၊ သူ့အလိုလိုပင် သာသနာမှ ဝေးရာသို့ ရောက်သွားရသည်။

၄။ မြစ်ချောင်းတို့သည် သမုဒ္ဒရာသို့ရောက်လျှင် မူလအမည်ပျောက်၍ သမုဒ္ဒရာဟူသော အမည်သာ ဖြစ်ရသကဲ့သို့

မည်သည့်အမျိုးမှဝင်၍ ရဟန်းပြုပြု သာသနာတော်သို့ရောက်လျှင် ဘုရားသားတော်သာ ဖြစ်ရသည်။

၅။ မိုး မည်မျှပင်ရွာရွာ၊ နေ မည်မျှပင်ပူပူ သမုဒ္ဒရာ၌ ရေအတိုးအလျော့ မရှိသကဲ့သို့

နိဗ္ဗာန်ဟူသော ငြိမ်းအေးမှု ဓာတ်တမျိုးသည် သာသနာတော်၌ အတိုးအလျော့ မရှိ။

၆။ သမုဒ္ဒရာသည် ငန်သောအရသာ တမျိုးတည်းသာ ရှိသကဲ့သို့

သာသနာတော်၌ လွတ်မြောက်မှု ဝိမုတ္တိရသ တမျိုးတည်းသာ ရှိသည်။

၇။ သမုဒ္ဒရာသည် ရတနာအမျိုးမျိုး၏ တည်ရာဖြစ်သကဲ့သို့

သာသနာတော်သည် သတိပဋ္ဌာန်၊ သမ္မပ္ပဓာန် စသော ဗောဓိပက္ခိယတရား ၃၇-ပါးတို့၏ တည်ရာဖြစ်သည်။

၈။ သမုဒ္ဒရာသည် ကြီးမားသော ငါးသတ္တဝါကြီးတို့၏ နေရာဖြစ်သကဲ့သို့

သာသနာတော်သည် သောတာပန်စသော အရိယာတို့၏ နေရာ ကျင့်သုံးရာ ဖြစ်လေသည်။

အသံတော် ၈-ပါးမှာ-

သန့်ရှင်း, သာယာ,၊ သိသာအလွယ်၊ နာဖွယ်တနဲ၊ ဖရိုဖရဲကင်းလျက်၊

လုံး, နက်, ပဲ့တင်၊ ဤရှစ်အင်၊ မြတ်ရှင် အသံတော်။

ဟူသော ဆောင်ပုဒ်အတိုင်းပင် မှတ်သားနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သာသနာတော်စောင့်နတ်နှင့် ပဋ္ဌာန်းကျမ်း

(မေး) (သာသနာတော်စောင့်နတ်နှင့် ပဋ္ဌာန်းကျမ်း)

ဆရာတော်ဘုရား

၁။ သာသနာတော်စောင့်နတ်ဟု သံဃာတော်များ ရေစက်ချသည့်အခါ ပါပါသည်၊ ၄င်းသာသနာတော်စောင့်နတ် ဟူသည်မှာ ဘယ်လိုပုဂ္ဂိုလ်ဖြစ်၍ သာသနာတော်ကို မည်ကဲ့သို့ စောင့်ရှောက်ပါသလဲဘုရား။

၂။ အဘိဓမ္မာ ၇-ကျမ်းရှိသည့်အနက် မြို့တိုင်း ရွာတိုင်းမှာ ပဋ္ဌာန်းကျမ်းကိုသာ အသံမစဲ ပဋ္ဌာန်းပွဲ-ဟူ၍ ရွတ်ဖတ်ကြပါသည်၊ အခြားသောကျမ်းများကို အဘယ်ကြောင့် ရွတ်ဖတ်မှု မပြုကြပါသလဲဘုရား။

(အောင်ဇော်ဝင်း-ရွှေပြည်သာမြို့)

(ဖြေ)

၁။ သာသနာတော်စောင့်နတ်-ဟု အသီးအခြားမရှိသော်လည်း မြတ်စွာဘုရားသာသနာတော်ကို ကြည်ညိုကြသည့် သိကြားမင်း။ စတုလောကပါလနတ်မင်းကြီးနှင့် မြတ်စွာဘုရား တရားတော်များ အရှည်တည်တံ့ရန် လိုလားကြည်သည့် နတ်ကောင်းနတ်မြတ်များကို သာသနာတော်စောင့်နတ်-ဟူ၍ တင်စားခေါ်ဆိုခြင်း ဖြစ်ပါသည်။

ထိုနတ်ကောင်းနတ်မြတ်တို့သည် မဟာသမယသုတ်-စသော တရားတော်များကို နာကြားလို၍ လူ့ပြည်တွင် လှည့်လည်၍ နေကြသည်ဟု ဆိုပါသည်၊ ထို့ကြောင့် ပရိတ်တော် ရွတ်ဆိုသောအခါ ဖိတ်ကြားခြင်း။ အမျှဝေရာ၌ အထူးပြု၍ဝေခြင်းများ ပြုလုပ်ကြလျှင် ၄င်းတို့တရားနာခြင်း၊ သာဓုခေါ်ခြင်းများ ပြုကြကြောင်း အဆိုရှိပါသည်။

၂။ ပရိယတ္တိသာသနာကွယ်လျှင် ဦးစွာ အဘိဓမ္မာ ၇-ကျမ်းကစ၍ ကွယ်မည်၊ အဘိဓမ္မာ ၇-ကျမ်းတွင်လည်း အခက်ခဲဆုံး၊ အနက်နဲဆုံး သမန္တနယ ပဋ္ဌာန်းကျမ်းကြီးကစ၍ ကွယ်မည်ဟု ဆိုပါသည်၊ ထို့ကြောင့် ပဋ္ဌာန်းကျမ်းကြီး မကွယ်ပျောက်ရန် ပဋ္ဌာန်းကျမ်းကိုသာ ဦးစားပေး၍ ရွတ်ဆိုနေကြရခြင်း ဖြစ်သည်၊ ပဋ္ဌာန်းကျမ်း မကွယ်ပျောက်လျှင် အခြားအဘိဓမ္မာကျမ်းများလည်း မကွယ်ပျောက်နိုင်သေး-ဟူသော အဓိပ္ပါယ်ဖြင့် အသံမစဲ ပဋ္ဌာန်းရွတ်ပွဲများ ပြုလုပ်ကြခြင်း ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သိက္ခာပုဒ်အကျယ်

(မေး) (သိက္ခာပုဒ်အကျယ်)

အရှင်ဘုရား၊ ဝိနည်းတဲ့ သိက္ခာ၊ နှစ်ရာ့နှစ်ဆယ့်ခွန်မှ၊ ချဲ့ပြသောအခါ၊ ကုဋေလာ၊ ကိုးထောင်ကျော်သာ၍၊ ဘယ်သိက္ခာ ဘယ်မှပွားသည်ဟု၊ အကျဉ်းသာ သွင်းကာကြားလို့ရယ်၊ ပွားပြစေကြောင်း။

(အရှင်တေဇောဘာသ-မူလမင်းကွန်း သတိပဋ္ဌာန်ကျောင်း၊ မုဒုံမြို့)

(ဖြေ)

ကိုးထောင်တရာ၊ ရှစ်ဆယ်သာ၊ သင်္ချာကုဋေထုတ်၊

ငါးသန်းသုံးသောင်း၊ ခြောက်ထောင်ပေါင်း၊ များတောင်း သိက္ခာပုဒ်။

ပါတိမောက်သာ၊ မဆိုရာ၊ လေးဖြာ သီလချုပ်။

ပေယျာလလျှင်၊ အမြွက်တင်၊ ချုံးလျှင် ပြဆောင်လုပ်။

မည်သည့်သိက္ခာ၊ ပုဒ်မှလာ၊ ပြောသာမည်မဟုတ်။

အပရိယန္တ၊ မြတ်သီလ၊ ဟောပြသိက္ခာပုဒ်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သိက္ခုာပုဒ်မညီသော ရဟန်းများ

(မေး) (သိက္ခုာပုဒ်မညီသော ရဟန်းများ)

အရှင်ဘုရား၊ ဝိနည်းသိက္ခာပုဒ်နှင့်မညီသော ရဟန်းသံဃာများကို ဝေဖန်ပြောဆို ပြစ်တင်ရှုတ်ချလျှင် အပြစ်ဖြစ်ပါသလား၊

(ဥပမာ) ဓားပြတိုက်ရာတွင် လက်ထောက်ချခြင်း၊ ဆင်းရဲ ချမ်းသာမကြည့်၊ မတရား ဘက်လိုက်သဖြင့် မှန်ကန်သော ဆင်းရဲသား ပိုမို နစ်နာဆုံးရှုံးခြင်း)

(ဥိးခင်မောင်သိန်း-ညောင်ရွှေမြို့)

(ဖြေ)

ဘုန်းတော်ကြီး ဦသီလ ထေရုပ္ပတ္တိ-၌

ဟဲ့-ငတိုး၊ ရှင်ဘုရင်ကြီးတဦးမှာ သားတော် ၂-ပါးရှိတယ်။

အကြီးက တရားရှိတယ်၊ ခင်မင်ကြည်ညိုသူ များတယ်၊

အငယ်က တရားမရှိဘူး၊ မုန်းတီးသူတွေ များတယ်၊

ထိုလူယုတ်မာလေးကို လက်ဖြင့်သွားလုပ်လျှင် ဘယ်လိုဖြစ်မလဲ။

(သူ့အဖေ ရှင်ဘုရင်ကြီးက လက်ဖြတ်ပါလိမ့်မယ် ဘုရား။)

ဆဲရေးတိုင်းထွာလျှင်ကော၊

(အာဟက်ခံရပါလိမ့်မယ်ဘုရား)

အေးအေး၊ မင်းတို့ ဒီလိုသိရင်တော်ပြီ။

ဘုရားရှင် သားတော်တွေအပေါ်လဲ နင်တို့ သတိထားတတ်ရော့ပေါ့-ဟု မိန့်တယ်။

ဆူးပေါ်ဖက်ကျမို့ ငါဖြင့် လန့်လိုက်လေကွယ်၊ မောင်ဘိုးအင်ရယ်-ဟု

ညောင်လေးပင်မြို့၌ ဦးဘိုးအင် ဆိုသည့် သူ၏မိတ်ဆွေအား ရှေ့နေ ဦးတိုးကြီးက ပြန်၍ ပြောပြဖူးသည်ဆို၏၊-ဟု ပါရှိသည်။ ထိုဘုန်းတော်ကြီး ဦးသီလ စကားတော်အတိုင်း မှတ်သားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သိဒ္ဓိ ၁၀-ပါး

(မေး) (သိဒ္ဓိ ၁၀-ပါး)

အရှင်ဘုရား၊ တပည့်တော်သည် သိဒ္ဓိ ၁၀-ပါးရှိသည်ဟု သာမန်သိထားပါသည်၊ ယင်းသိဒ္ဓိ ၁၀-ပါးကို

တပါးချင်း အနက်အဓိပ္ပါယ်နှင့်အတူ အစဉ်လိုက်သိလိုပါသဖြင့် ဤစာစောင်မှ ဖြေကြားပေးတော်မူပါဘုရား။

(မောင်ဇင်မောင်ဆွေ-လှည်းတန်း၊ ကမာရွတ်)

(ဖြေ)

၁။ အာရောဂျသိဒ္ဓိ-အနာရောဂါ ကင်းခြင်း။

၂။ ယောဗ္ဗန သိဒ္ဓိ-မအိုခြင်း။

၃။ အာယု သိဒ္ဓိ-အသက်ရှည်ခြင်း။

၄။ ကာယ သိဒ္ဓိ-ဓား လှံ သေနတ် ပြီးခြင်း။

၅။ ပီယ သိဒ္ဓိ-သူတကာတို့ ချစ်ခင်ခြင်း။

၆။ ဓန သိဒ္ဓိ-ရွှေငွေဖြစ်ခြင်း။

၇။ ပထဝီ သိဒ္ဓိ-ခရီးမြန်စွာရောက်ရန် မြေကြောကို ရှုံ့ခြင်း။

၈။ ဥဒက သိဒ္ဓိ-ရေပေါ်၌ လမ်းလျှောက်သွားနိုင်ခြင်း။

၉။ အာကာသ သိဒ္ဓိ-ကောင်းကင်၌ သွားနိုင်ခြင်း။

၁၀။ ဣဒ္ဓိဝိဓ သိဒ္ဓိ-အထူးထူးအထွေထွေ တန်ခိုးဖန်ဆင်းနိုင်ခြင်း။

လောကီဝိဇ္ဇာဓရကျမ်းတို့၌လာသော သိဒ္ဓိ ၁၀-မျိုး ဖြစ်ပါသည်။

သာသနာတော်၌ စျာန်အဘိညာဉ်ရသော ပုဂ္ဂိုလ်များသည်လည်း ယင်းသိဒ္ဓိတို့၌ ပြည့်စုံနိုင်စရာ ရှိပါသည်။

သာသနာတော်ကျမ်းတို့၌ ဣဒ္ဓိဝိဓ, ဒိဗ္ဗသောတ, ပရစိတ္တဝိဇာနန, ပုဗ္ဗေနိဝါသာနုဿတိ, ဒိဗ္ဗစက္ခု ဟူ၍ အဘိညာဉ်တန်ခိုး ငါးမျိုးသာ ပြထားပါသည်။

အလွန်လောကီဆန်သော ကာယသိဒ္ဓိ, ဓနသိဒ္ဓိ စသည်တို့ကို မလိုအပ်၍ မထည့်သွင်းသော်လည်း အချို့သိဒ္ဓိများမှာ သင့်လျော်ရာ အဘိညာဉ်တို့၌ အကျုံးဝင်သွားနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ၁

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ (၁)

(မေး) အရှင်ဘုရား၊ ရုပ်ဖြစ်ပျက်မှုနဲ့ စိတ်ဖြစ်ပျက်မှုမှာ အဆပေါင်းများစွာ လျင်မြန်တယ်လို့ ဆိုတယ်။ စိတ်ဖြစ်ပျက်နေပုံကို ထင်ရှားအောင် ရှင်းပြပါဘုရား။

(ဖြေ)

ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာက ရုပ်တခါပျက်တဲ့အချိန်မှာ စိတ်က ၁၇-ချက်ပျက်တယ်လို့ ဆိုပါတယ်။ စိတ် ၁၇-ချက် ပျက်တယ်ဆိုတာ လူများအတွက်က နားလည်ဖို့ သိပ်မလွယ်လှပါဘူး။ ဘာဖြစ်လို့ မလွယ်တုံးလို့ဆိုတော့ ပထမဆုံး မေးဖို့ကောင်းတာက စိတ်ဆိုတာ ဘယ်လိုသဘောပါတုံး။ ဒီလိုမေးမှ အဖြစ်အပျက်ကို ရောက်သွားမယ်။ ကိုယ်မေးချင်တဲ့ အရာဝတ္ထုပစ္စည်း တခုကို ဘယ်လိုပစ္စည်း၊ ဒီလိုသိပြီးတော့မှ အဲဒီဟာ ဘယ်လောက်မြန်သလဲ၊ ရုပ်က ဘယ်လိုသဘောလဲ၊ ဒီဟာကိုကြည့်ပြီးတော့မှ အဖြစ်အပျက်ကို ရှင်းဖို့ကောင်းတယ်။ ခုတော့ တဆင့်လွန်ပြီးတော့မှ ရောက်သွားတယ်။

ဒီတော့ကာ ဗုဒ္ဓရဲ့တရားတော်မှာ ပြဿနာက မပြည့်စုံသေးလို့ရှိရင် မေးနည်းကို ပြင်ပေးတဲ့နည်း ရှိပါတယ်။ ဒီတော့ ပြင်ပေးလိုတာက စိတ်ဆိုတာ ဘယ်လိုသဘောပါလဲ။ ဒီလိုမေးရင် သာကောင်းတယ်။ ဒီတော့ ဒီလိုမေးတယ်ဆိုပါတော့ စိတ်ဆိုတာ ဘယ်လိုသဘောပါတုံး။

(စိတ်ရဲ့သဘော)

ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာက စိတ်သဘောဟာ အဝေးအာရုံကိုလည်း ယူနို်င်တယ်။ နှစ်စိတ်တပြိုင်တည်း ဖြစ်ရိုး မရှိဘူး။ တစိတ်စီ တစိတ်စီ ဖြစ်တယ်။ အဖြစ်အပျက် မြန်တယ်။ ဘယ်လောက်မြန်သလဲဆိုတော့ လက်ဖျောက်တချက်တီးတဲ့အချိန်မှာ ကုဋေများစွာ ဖြစ်ပျက်တယ်။ စိတ်ချင်းတော့ တူချင်မှတူမယ်။ အာရုံလိုက်ပြီးတော့ အမျိုးမျိုးတော့ ရှိတယ်။ အဲဒီစိတ်ရဲ့ အဖြင်အပျက်ကတော့ လက်ဖျောက်တချက်လောက် တီးလိုက်ရင် ကုဋေတသိန်းမက ဖြစ်ပျက်နေတယ်။ စိတ်ဟာ အကောင်အထည် အရာဝတ္ထု အထည်ကိုယ် ရှိသလားလို့ဆိုတော့ အထည်ကိုယ်မရှိဘူး။ အထည်ကိုယ်မရှိရင် စိတ်မရှိဘူးလား။ မဟုတ်ဘူး။ စိတ်ဆိုတဲ့သဘောက ရှိတယ်။ အကောင်အထည်တော့ မရှိဘူး။ ဒီစိတ်ဟာ ဘယ်လိုနေရာမှာ အဖြစ်များတုံးလို့ဆိုရင် ဘုန်းကြီးတို့ ဒီဘုံမှာဆိုတော့ မဟာဘုတ်ဆိုတဲ့ ဟဒယလိုဏ်ဂူမှာ၊ လိုဏ်ဂူဆိုတာ တင်စားပြောတာ၊ တကယ့်ဂူလဲ မဟုတ်ပါဘူး။ ဟဒယမှာ အဖြစ်များတယ်။ အဖြစ်များတယ်ဆိုတော့ အကောင်အထည်မှ မရှိ်ဘဲနဲ့၊ အဲဒီအပေါ်မှာ သူက ကပ်ပြီးတော့ဖြစ်နေတဲ့ သဘောမဟုတ်ဘူး။ သူရှိလို့ ဖြစ်နိုင်တာ။ သူမရှိလို့ရှိရင် မဖြစ်ဘူးဆိုတဲ့ အနေမျိုး၊ ဒီတော့ စိတ်သဘာဝကို ပထမဆုံးစဉ်းစားကြည့်ရင် ဘယ်လောက်သိမ်မွေ့သွားသလဲ။ ဒါကို နားမလည်ရင် ထပ်မေး။ ဒီတော့ ဗုဒ္ဓမြတ်စွာက ဆက်ပြီးတော့ စိတ်သဘာဝကိုသာ အမိန့်ရှိရုံတင်မဟုတ်ဘူး။ အဲဒီစိတ်ကို ထိန်းနိုင်လို့ရှိရင် ဒုက္ခအမျိုးမျိုးက လွတ်တာပဲ။ ဒီထိအောင် ဟောချင်လို့ ခုနက စိတ်ရဲ့သဘောကို အစချီပြီးတော့ ဟောတော်မူပါတယ်။

(အဝေးအာရုံ လှမ်းပြီးယူနိုင်)

ဒီဟာကို ဘုန်းကြီးပြောမယ်။ ထပ်ပြီးတော့ စိတ်ဆိုတဲ့သဘောဟာ အဝေးအာရုံကို လှမ်းပြီးတော့ ယူနိုင်တယ်။ ဥပမာ-ဒကာနေဝင်းပဲ။ မိမိအလုပ်လုပ်တဲ့နေရာကို စိတ်ညွတ်လိုက်ရင် ထင်နေတာပဲ မှားသလား၊ မှန်သလား ဆိုတာကိုတော့ မပြောနိုင်ဘူး။ ဘာပြုလို့တုံး ဟိုနားမှာ ကုလားထိုင် ထားခဲ့မယ်။ ရွှေ့သွားတဲ့သူက ရွှေ့သွားမယ်။ သို့ပေမယ့် ကိုယ်က မြင်နေတာကတော့ အဲဒီနေရာမှာ ကုလားထိုင်မြင်နေတယ်။ အဝေးကိုသွားနိုင်တယ်ဆိုတာ ဘယ်လောက်များ မြန်သလဲဆိုတာတော့ မပြောနဲ့တော့။ မိမိအလုပ်လုပ်တဲ့နေရာကို ဒီနားကနေပြီးတော့ ရောက်သွားလိုက်တာ၊ သိပ်မြန်တာပဲ။ သိပ်မြန်တော့ စိတ်က ခုန်ဆွ ခုန်ဆွသွားနေသလား၊ မဟုတ်ဘူး။ ဒီမှာဖြစ်ပျက်ပြီးနေရင်းက ဟိုမှာ အာရုံယူနိုင်တယ်။ ဆန်းလိုက်တဲ့ဖြစ်ခြင်းကတော့ မပြောနဲ့တော့၊ မပြောနဲ့တော့၊ မဟုတ်ဘူးလားဆိုတော့ ကိုယ့်စိတ်ကို ကို်ယ်ပြန်စဉ်းစားကြည့်လေ။ စိတ်ကူးနဲ့ ဘုရားဟောသွားတာ မဟုတ်ဘူး။ ကိုယ့်စိတ်ကို ကို်ယ်ပြန်စဉ်းစားကြည့်ရင် တော်တော်ဆန်းတဲ့ သဘောတရားတမျိုးပါလား-လို့ ဒီလိုသဘောပေါက်မယ်။

(ကုဋေတသိန်းမက ဖြစ်ပျက်)

ပြီးတော့ နှစ်ခုတွဲမဖြစ်ဘူး။ လက်ဖျစ်တချက်တီးမှာ ကုဋေတသိန်း တခုပြီးတခု၊ တခုပြီးတခု၊ ဖြစ်နေတာပဲ။ ကုဋေတသိန်းမကတဲ့ အဖြစ်အပျက် ဘယ်လောက်မြန်သလဲ။ ဘာလဲ နောက်တော့ ထပ်မေးနို်င်တယ်။ လက်ဖျောက်တချက်တီးမှာ ကုဋေတသိန်းမက ဖြစ်ပျက်ဖြစ်ပျက် တမျိုးစီ၊ တမျိုးစီ၊ တခုတည်းက ကုဋေတသိန်းမက ဖြစ်နေတာမဟုတ်ဘူး။ ဖြစ်ပျက်-ဖြစ်ပျက်-ဖြစ်ပျက်-ဖြစ်ပျက်။ သူဟာ အကောင်အထည် မျက်စိနဲ့မြင်လို့လည်း မရ။ မျက်စိနဲ့မြင်ကောင်းတဲ့ အရာဝတ္ထုလည်း မဟုတ်ဘူး။ ဒါဖြင့် မရှိလို့လား။ ရှိတယ်။ မနောနဲ့ သူ ငါ့ကို မကောင်းကြံနေတယ်။

(အထည်ကိုယ် မရှိ)

သူ့ရဲ့စိတ်အစဉ်ဟာ ငါ့ကို မကောင်းကြံနေတာ။ ဘာဖြစ်လို့တုံး။ သူ့ရဲ့စိတ်ဓာတ်ဟာ မျက်နှာမှာပေါ်နေတယ်။ သူနဲ့ငါ ကြာကြာစကားပြောရင် ရန်ဖြစ်ရလိမ့်မယ်။ ရှောင်မှာပဲ။ ဟောဒါ သိတယ်။ မိမိတို့ချစ်ခင်တဲ့သူချင်း စကားပြောလည်း မျက်နှာက ပြုံးလို့ဆိုတော့ အကောင်အထည်တော့ မရှိဘူး။ သူ့စိတ်ကိုတော့ဖြင့် မှန်းလို့ရတယ်။ ဒါက အလေ့အထများမှ၊ အလေ့အထများမှ မှန်းလို့ရတယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာက အထည်ကိုယ်တော့ မရှိဘူးတဲ့။ မရှိသောပစ္စည်းလား-လို့ဆိုတော့မှ ရှိလိုက်တာမှ သေသေချာချာရှိ။ အဲဒါက ဗုဒ္ဓပွင့်တော်မူမှ သိလာတာဖြစ်တော့ ဘုန်းကြီးတို့ ကလေ ဗုဒ္ဓရဲ့ဉာဏ်တော် သိပ်ပြီးတော့ ကြီးတော်မူတာပဲ။ မိမိတို့က နောက်ကလိုက်တာတောင် ဗုဒ္ဓသိသလို အမီမလိုက်နိုင်ဘူး။ စာတွေကို အများကြီး လေ့လာနေတာ တောင်မှ အမီမလိုက်နိုင်ဘူး။ ဒါမှန်းပြီးတော့ ဟုတ်တယ်၊ ဟုတ်လောက်တယ်။ ဒီလို ဒီလို ဒီလို မှန်းသွားရတယ်။

(ရုပ်ရဲ့သဘော)

စိတ်ရဲ့သဘောကို နည်းနည်းတော့ သိပြီနော်။ ရိပ်စားမိပြီနော်။ ဒီတော့ တခါ ရုပ်ရဲ့ သဘောကို မေးဖို့ကောင်းတယ်။ တော်တော်ကြာတော့ ရုပ်နဲ့စိတ်နဲ့ ရောလာမှာကိုး။ ရုပ်က ဘယ်လိုသဘောတုံး။ ရုပ်ကျတော့ ခုနက စိတ်နဲ့စာလို့ရှိရင် တော်တော် ထင်ရှားလာပြီ။ ကံကြောင့်ဖြစ်တဲ့ ရုပ်တဲ့၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တဲ့။ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တဲ့၊ အစာအာဟာရကြောင့် ဖြစ်တဲ့ရုပ်လို့ ဘုန်းကြီးတို့ ကိုယ်ထဲမှာ ရုပ်အမျိုးအစား လေးမျိုးရှိတယ်။ ဒီရုပ်က ရုပ်တခုလို့ ဆိုလိုက်ရင်ပဲ အနည်းဆုံး ရုပ်ကလေးတွေ ရှစ်ခုလောက် ပေါင်းရတယ်။ ရှစ်ခုလောက် ပေါင်းတဲ့ဥစ္စာကို တစုတကလာပ်လို့ ခေါ်တယ်။ ၉-ခုလောက် ပေါင်းတာ။ ၁၀-ခုလောက်ပေါင်းတာ။ သူ့ဟာနဲ့သူ အမျိုးမျိုး အစားစား ရှိတယ်။

(ဓာတ်ကြီးလေးပါး)

ရုပ်ကျတော့ နည်းနည်းအထည်ကိုယ် ပေါ်လာပြီ။ ဘာဖြစ်လို့ပေါ်လာတုံးဆိုတော့ကာ ခုနက ရုပ်ရှစ်ခုထဲမှာပဲ ပထဝီဓာတ်ဆိုတဲ့ မာမာသဘောမျိုးလေး ရှိနေတယ်။ အာပေါဓာတ် ရေက မုန့်မုန့်ကလေးတွေကို စုပေါင်းပြီး ဖွဲ့ထားသလို အဲဒီအာပေါဓာတ်ကလည်း သူနဲ့တကွ ရုပ်မှုန်ကလေး ရှစ်ခုကို တတွဲဖြစ်အောင် စာသံပေသံအားဖြင့် တကလာပ်ဖြစ်အောင်ဖွဲ့။ သူက ဖွဲ့ပြီးတော့ ထားတယ်။ တေဇောဓာတ်တဲ့။ အာပေါဓာတ်ကြောင့် ပျော့စိစိကြီး ဖြစ်မသွားအောင် သူကအငွေ့ကလေး၊ အငွေ့ဓာတ်ကလေး၊ သေးသေးလေးပေါ့။ ပြောသာပြောနေရတာပါ။ သူတို့ကတော့ သေးသေးမှုန်မှုန်လေးတွေ။ ပြီးတော့ ဝါယောဓာတ်တဲ့။ ဒီရုပ်ရှစ်ခုကို တခုနှင့်တခု ဖိညှပ်ထောက်ကန်နေအောင်၊ ဒီဓာတ်ကြီးလေးပါးဆိုတာ ဒါပါပဲ။ ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်။ အဲဓီဓာတ်ကြီးလေးပါးက ရုပ်ကလေးတွေကို ဖိညှပ်ပြီးတော့ နေတယ်။ အကြားမှာ ဘာမှမရှိဘူး။

(အဆင်း၊ အနဲ့၊ အရသာ)

သူတို့လေးခု ဖိညှပ်နေပြီးတော့ တခါ ဒီထဲမှာ အရာဝတ္ထုတော့ ခုနကလောက် ကြီးကြီးမားမား မရှိဘူး။ အဆင်းဓာတ် ပါလာတယ်။ ဒါကြောင့် အဆင်းတွေ မြင်နေရတာ။ အနံ့ဓာတ်များရင်တော့ ဘုန်းကြီးတို့ နှာခေါင်းနဲ့ရတယ်။ တော်တော်တန်ခိုးကြီးတဲ့ သူကဆိုရင် ဒီလောက်အနံ့မများတောင် သင်းနေတဲ့ အနံ့ ရတယ်။ အဲဒီအနံ့ဓာတ်ဆိုတဲ့အရာ ရှိတယ်။ ပြီးတော့ ရသဓာတ် ရှိတယ်။ ရေမှာလည်း ရေအလိုက် ရသဓာတ် ရှိတယ်။ ထမင်းမှာလည်း ထမင်းအလိုက် ရသဓာတ် ရှိတယ်။

(ဩဇာ)

ပြီးတော့ ဘယ်ပစ္စည်းမျိုးမဆို ဩဇာဆိုတာ နောက်ဆုံး ကျောက်ခဲပင်ဝါးဦးတော့ ဩဇာဟာရှိနေတာပဲ။ ဒီဩဇာကို အဆီအနှစ်လို့ ဆိုတယ်။ ကျောက်ခဲလည်း ကျောက်ခဲအလိုက် ဩဇာရှိ်တယ်။ ရေမှာလည်းပဲ ရေအလိုက် ဩဇာဓာတ် ရှိတယ်။ ဒါကြောင့် တော်တော်လေး များများလေးကို မြည်းကြည့်ရင် ဘယ်လိုအရသာ ရှိတယ်။ ခုနက ရသနဲ့ ဩဇာနဲ့၊ နောက်ဆုံးတော့ ဘုန်းကြီးတို့ ဘာမှမစားနိုင်ဘူးဆိုရင် ရေသောက်နေရင်ပဲ ရေရဲ့ဩဇာက တော်တော်ကြာကြာ ခံသေးတယ်။ လူမမာဟာ ဆန်ပြုတ်၊ ကစီရည်ဆိုတဲ့ ဆန်ပြုတ်ကလေးကို အရည်ချည်းသက်သက် သောက်နေလည်းပဲ ဩဇာဓာတ်ရှိလို့မို့ သူ့မှာ ရုပ်သစ်ကလေးတွေ ဖြစ်နေလို့မို့ အတော်ခံနိုင်တယ်။ ဆိုပါတော့ ရုတ်တရက် မသေနိုင်ဘူး။ အဲဒီလို သတ္တိရှိတယ်။

(ဓာတ်ကြီးလေးပါးရဲ့ သတ္တိ)

ဒီတော့ ရုပ်ဆိုတဲ့သဘောဟာ ဘယ်လိုတုံးလို့ဆိုရင် ခုနက ရုပ်ကလာပ်ကလေးတခုမှာ အနည်းဆုံး ရုပ်ရှစ်ခုရှိတယ်။ အမာခံရုပ်က ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ပါဠိလို၊ မြန်မာလိုတော့မြေဓာတ်၊ တင်စားပြောထားတာ။ ဘုရားမို့လို့ ပထဝီတို့ ဘာတို့ နာမည်တပ်နိုင်တာ။ အလွတ်ဆိုလို့ရှိရင် ဘုန်းကြီးလည်း ဒီနာမည် မတပ်နိုင်ဘူး။ ဗုဒ္ဓမြတ်စွာဘုရားက မြေကြီးကို ဥပမာပြောပြီးတော့ နည်းနည်းမာမာ ခိုင်ခံ့တဲ့ ဓာတ်တခုရှိတယ်။ ဒါကို ပထဝီဓာတ်၊ မြေကြီးမာနေတာလည်း ဒီဓာတ်တွေ များနေတာ။ ဒီဓာတ်တွေ များနေတော့ မြေကြီးဟာ ခိုင်ခိုင်မာမာနဲ့ နင်းလို့ခံနေတာ။ ကျောက်ခဲတွေမာနေတာဟာလည်း ပထဝီဓာတ်။ သူ့သတ္တိ များနေတာ။ အဲဒီတော့ အဲဒါကို အကြောင်းပြုပြီးတော့ ဗုဒ္ဓမြတ်စွာက ပထဝီဓာတ် နာမည်တပ်ထားတယ်။ ပြီးတော့ အာပေါဓာတ်က ရုပ်ကလာပ်ရှစ်ခုရှိရင် ရှစ်ခုကို စုစည်းပြီးတော့ မှုန့်မှုန့်ကလေး တွေကို ရေနဲ့လောင်းလိုက်တော့ တခါတည်း တွဲသွားသလိုပဲ။ ဒီအာပေါဓာတ်ကြောင့် ရုပ်ကလေးတွေ တွဲသွားတာ။ တွဲတာမှ ပိညှပ်ပြီးတော့ နည်းနည်းမှ အကြားမရှိအောင် တွဲတာ။ ရုပ်ကလေးတွေကို အာပေါဓာတ်နဲ့ တွဲထားရင် စိုထိုင်းထိုင်းကြီး ဖြစ်နေမှာပေါ့ဆိုတော့ မဟုတ်ဘူး။ တေဇောဓာတ်က အခိုးငွေ့ ရှိနေပြန်ရော။ သူ့အလိုက်၊ သူ့အလိုက်၊ ကလာပ်ဆိုလည်း သူ့အလိုက်၊ ဒီဟာတွေကို စိုထင်းမသွားအောင် အခိုးအငွေ့ ကလေးတွေက ရှိနေပြန်ရော။ ဝါယောဓာတ်ကလည်း ပထဝီနဲ့ အာပေါဟာ မကွဲအောင် သူက တွန်းကန်ပြီးတော့ ထားသလိုပဲ။ တခါတည်း ပိညှပ်နေတဲ့ဥစ္စာ။ ဒီဝါယောရဲ့သတ္တိကြောင့် ဖြစ်ပါတယ်။ ဒီတော့ ဓာတ်ကြီးလေးပါးလို့ ဒါ ခေါ်တာပေါ့။

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ၂

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ (၂)

(မေး) အရှင်ဘုရား၊ ရုပ်ဖြစ်ပျက်မှုနဲ့ စိတ်ဖြစ်ပျက်မှုမှာ အဆပေါင်းများစွာ လျင်မြန်တယ်လို့ ဆိုတယ်။ စိတ်ဖြစ်ပျက်နေပုံကို ထင်ရှားအောင် ရှင်းပြပေးပါဘုရား။

(ဖြေ)

(လေထဲမှာ မြေရေမီးဓာတ်ပါ)

လောကကြီးထဲမှာ ကြီးကျယ်ပြီးနေတာ ဓာတ်ကြီးလေးပါးပါပဲ။ အဲဒီလို လောကကြီးထဲမှာ ကြီးကျယ်ပြီး နေတဲ့ ဓာတ်ကြီးလေးပါးဟာ ဒီထဲမှာပဲ၊ တခုစီ တခုစီထဲမှာလည်း သူတို့ အကြီးအကျယ်ဆုံးပဲ။ ဘာတုံး၊ ပါဠိလို ပထဝီ-အာပေါ-တေဇော-ဝါယော-မြေဓာတ်၊ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ်။ လောကကြီးထဲမှာလည်း ဒီဓာတ်ကြီးလေးပါး ကြီးကျယ်နေတာပဲ။ ဒီဓာတ်ကြီးတွေက လွန်ကဲနေလို့ ဝါယောလို့ဆိုတဲ့ လေဓာတ်ထဲမှာလည်းပဲ ပထဝီလည်း ပါတယ်။ အာပေါလည်း ပါတယ်။ တေဇောလည်း ပါတယ။ ဒါပေမယ့်လို့ ဝါယောဓာတ်လွန်ကဲတယ်။ ဒါကြောင့်လည်း အလှုပ်အရှားတွေ၊ ပြီးတော့ သူက တွန်းတွန်းပေးနေတာ မဟုတ်လား။ သစ်ပင်တပင်ကို သူက တွန်းပေးနေရင် သစ်ခက်တွေ တလှုပ်လှုပ်နဲ့။ ဒီအပေါ်က တိုက်နေတဲ့လေထဲမှာလည်း ဒီဓာတ်ကြီးလေးပါး ပါတယ်။ လေတိုက်ရာကို သူတို့ သတ္တိဆောင်နေကြတယ်။

(ရေထိလို့ရတယ်)

ပြီးတော့ ရေထဲမှာလည်း ပထဝီတို့ ပါတာပဲ။ ဒါကြောင့် ဘုန်းကြီးတို့ ထိလိုက်တယ်ဆိုရင် ရေကိုပုတ်လိုက်တယ်ဆိုရင် လက်နဲ့ ထိနိုင်တယ်။ အာပေါကိုတော့ မထိနိုင်ဘူး။ ပထဝီတို့၊ တေဇော၊ ဝါယောတို့ပါလို့ ထိတာ။ အာပေါချည်းဆိုရင် မထိနိုင်ဘူး။ ပြီးတော့ အဲဒီဓာတ်တွေထဲမှာ အာပေါဓာတ်လွန်ကဲ၊ လွန်ကဲဆိုတာ များတာမဟုတ်ဘူး။ ဓာတ်ကြီးလေးခုကတော့ လေးခုပဲ နေရတယ်။ ဒါပေမယ့် သတ္တိ သာနေတာ။ သတ္တိ သာနေတော့ အရည်တွေဖြစ်ပြီးတော့ ပြန့်နေတယ်။

(တေဇောနှစ်မျိုး)

မီးတောက်နေတဲ့မီး၊ ပူနေတဲ့မီးထဲမှာ အခု ဘုန်းကြီးတို့ လက်တွေဘာတွေ နွေးလာတယ်ဆိုရင် တေဇောဓာတ်က အားကောင်းလာပြီ၊ တေဇော နှစ်မျိုးရှိတယ်။ ဒါတော့ သတိထားဖို့ လိုပြန်တယ်။ တေဇောက သီတတေဇော၊ အေးတဲ့တေဇော။ ဟာ စိမ့်လို့ အေးလိုက်တာဆိုရင်တော့ အဲဒီမှာ သီတတေဇောပါတယ်။ တေဇော မပါမရှိဘူး။ ပါတယ်။ ပူလိုက်တာဆိုရင် ဥဏှတေဇော ပါတယ်။ တေဇောကတော့ ပါတော့ ပါတာချည်းပဲ။ ဒီတော့ မြေဓာတ်၊ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ်။ ရေထဲမှာလည်း ရှိတယ်။ အာပေါဓာတ်က သတ္တိလွန်ကဲတော့ ရေဖြစ်တယ်။ လေထဲမှာလည်း အဲဒီဓာတ်ကြီးလေးပါး ရှိတယ်။ ဝါယောဓာတ်က သတ္တိလွန်ကဲတော့ လေလို့ လူများ သမုတ်ထားတယ်။ မီးထဲမှာလည်း ဓာတ်ကြီးလေးပါး ရှိတယ်။ ရှိပေမယ့်လို့ မီးလို့ သမုတ်ထားလောက်အောင် တေဇောဓာတ်က လွန်ကဲနေတယ်။ အင်မတန် အေးစက်နေတဲ့ အခါမှာလည်း ဓာတ်ကြီးလေးပါး ရှိတယ်။ ဒါပေမယ့်လို့ သီတတေဇောဓာတ် လွန်ကဲနေတော့ကာ အင်မတန် အေးသွားတာ၊ စိမ့်သွားတာပဲ-လို့ ပြောကြတယ်။

(အဆင်းစသည်)

ဒီတော့ ဓာတ်ကြီးလေးပါး အမာခံကြောင့် ရုပ်ကလာပ်တခုဖြစ်တယ်ဆိုရင်ပဲ ဘာပါလာတုံး။ အဆင်းပါလာတယ် ဝဏ္ဏ၊ အနံ့ပါလာတယ် ဂန္ဓ၊ အရသာ ပါလာတယ်။ မီးပေမယ့်လို့ အရသာပါတယ်။ ဒါပေမယ့်လို့ ဒါ ရုပ်သစ်တခု ဖြစ်တဲ့ အရသာမျိုးတော့ မဟုတ်ဘူးပေါ့။ ပြီးတော့ ဩဇာအဆီပါတယ်။ ဒီဓာတ်တိုင်း ဓာတ်တိုင်းမှာ ဒီပြင်တခု ပိုလာလို့ရှိရင် ၉-ခု၊ နောက်နှစ်ခုလောက် ပိုလာလို့ရှိရင် ၁၀-ခု။ ဒီလို နည်းနည်း နည်းနည်း တိုးသွားတယ်။

(အပြင်ဘက်ကရုပ်)

ရုပ်ဆိုတာ ဘယ်လိုဟာလဲဆိုတော့ အဲဒီရုပ်တွေဟာ အပြင်ဘက်မှာတော့ ဥတုကြောင့် ဖြစ်တယ်။ ဒါပေမယ့် အပြင်ဘက်မှာ စိတ်လည်းမရှိဘူး။ အစာလည်း မရှိဘူး။ စားတဲ့အစာလည်း မရှိဘူး။ ကံလည်း သူတို့အပြင်ဘက်မှာ မရှိဘူး။ သူတို့ကျတော့ ဥတုကြောင့်ဖြစ်တဲ့ ရုပ်ချည်းပဲ။ အကြောင်းတခုတည်းပဲ ရှိတယ်။ ဘုန်းကြီးတို့ ကမ္ဘာမြေကြီး ဖြစ်နေတာကိုက ဥတုချည်းပဲ။ ဥတုဇရုပ်ချည်းပဲ။ ဒါပေမယ်လို့ ဒီပေါ်မှာနေမယ့် သတ္တဝါများရဲ့ ကံ မကင်းဘူးတဲ့။ ကံ မကင်းဘူးဆိုတာ သူ့ကို ပြုပြင်တဲ့ကံ မဟုတ်ဘူး။ သတ္တဝါတွေရဲ့ကံအလိုက် ဟိုူမှာ ဥတုဇရုပ်ဟာ ဖြစ်နေတယ်။ ဒါကြောင့် ကံအရင်းခံတဲ့ ဥတုဇရုပ်-ကမ္မပစ္စယ ဥတုဇရုပ်။ ဒီလို သမုတ်ထားတယ်။

(ကံကြောင့်ဖြစ်တဲ့ရုပ်)

ဒီတော့ ဘုန်းကြီးပြောတဲ့ ကံကြောင့်ဖြစ်တဲ့ရုပ်၊ ဘုန်းကြီးတို့လူမှာကျတော့ သိပ်သိတာလာပြီ။ ဒါကိုနားလည်ဖို့ သိပ်ကောင်းတယ်။ ဆက်မေးရင်လည်း မေးစရာ မေးခွန်းတွေ အင်မတန်ကောင်းတယ်။ ကံကြောင့်ဖြစ်တယ်ဆိုတာ ခုကံကြောင့် ဖြစ်တာမဟုတ်ဘူး။ ဟိုရှေးက ဆိုပါတော့လေ။ ဒီဘဝဖြင့်လည်း ဒီဘဝ ရှေးက၊ ဒါမှမဟုတ်ရင် ဒါထက်ကြာတဲ့ ရှေးက၊ ဘယ်လောက်ရှေးတုန်းဆိုရင်တော့ ဘယ်လောက်ရှေးဖြစ်ဖြစ်။ အလွန်ဝေးတဲ့ရှေးဖြစ်ဖြစ်။ အဲဒီကံကြောင့် ဖြစ်တဲ့ရုပ်ဟာ ဘုန်းကြီးတို့ရဲ့ အမိဝမ်းထဲမှာ စကတည်းက ပထမဆုံးဖြစ်တယ်။ ဘုန်းကြီးတို့ ပထမဆုံးစဖြစ်တဲ့ အခါမှာ ခုနက ရုပ်တွေဟာ ကလာပ်လို့ပြောပြီနော်။ ကလာပ် ၃-ခုပါတယ်။ ဒီရုပ် အမိဝမ်းထဲမှာ စပြီးတော့ ဖြစ်ကတည်းကိုက ဘာကြောင့် ဖြစ်တုန်းဆိုလို့ရှိရင် မိဘတို့ရဲ့ သွေးသားတော့ အခြေခံတယ်။ များသောအားဖြင့် သွေးသားအခြေခံပြီးတော့ များသောအားဖြင့် ဆိုတာ တခါတခါ သွေးသားမပါဘဲ ကံကြောင့် ရုပ်က ဖြစ်နေတယ်။

(အမိဝမ်းထဲ ရုပ်စဖြစ်ပုံ)

သွေးသားအခြေခံပြီးတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်ကလေး အမိဝမ်းထဲ သားအိမ်မှာ စပြီဆိုကြစို့။ စတော့ ဘာရုပ်တွေတုန်းလို့ဆိုတော့ ကိုယ့်ကလေးဖြစ်ဖို့ရန် ကိုယ့်ရဲ့မူရင်း ကာယ။ သူက ရုပ်ဆယ်ခု ဖြစ်သွားတယ်။ ကာယ-ဒသက ကလာပ်၊ ဒါကြောင့် ကိုယ့်ကလေးဟာ နောက် ကြီးထွားလာတယ်။ ရုပ်တွေက ပွား-ပွား-ပွားလာပြီး ကြီးထွားလာမယ်။ ကာယ-ဒသက ကလာပ် ပထမဆုံး။ ပြီးတော့ ဖြစ်တဲ့စိတ်ရဲ့ အခြေခံ အကြောင်းခံဖို့ရန် ခုနက ဟဒယမှာ ဖြစ်တယ်လို့ ပြောတယ်မဟုတ်လား။ ဟဒယမှာ တည်တယ်လို့ပြောတာ။ အဲဒီ ဟဒယဝတ္ထုဆိုတဲ့ ဝတ္ထုဒသက ကလာပ်။ ပြီးတော့ ယောကျာ်းဖြစ်မယ့်သူမှာ ပုရိသဘာဝ ရုပ်ကလာပ်၊ မိန်းမဖြစ်မယ့်သူမှာ ဣတ္ထိဘာဝရုပ်ကလာပ်။ ဒီကလာပ်သုံးစည်း စထားတယ်။ အဲဒါကြောင့် ဒီကလာပ် သုံးစည်းဟာနောက်တော့ ထပ်-ထပ်-ထပ်-ထပ် ဖြစ်လာတော့ ကာယကလည်း ကြီးလာတယ်။ ပြီးတော့ ဝတ္ထုဒသယကလာပ်ကလည်း စိတ်ဖြစ်တိုင်း ဖြစ်တိုင်း သူ့ကိုမှီပြီးတော့ ဖြစ်နေရတယ်။ ဣတ္ထိဘာဝရုပ်ကလည်း တဖြည်းဖြည်းကြီးလာတယ်။ ဘာဝရုပ်ဆိုတဲ့ဥစ္စာ ပြောပါရစေတော့၊ ယောကျ်ားအင်္ဂါ၊ မိန်းမအင်္ဂါ မဟုတ်ဘူး။ ပဋိသန္ဓေနေတုန်းက ယောျက်ားအင်္ဂါ၊ မိန်းမအင်္ဂါ ဘာမှမဆိုင်သေးဘူး။ ဘာမှမဖြစ်သေးဘူး။ ဘာမှ မဖြစ်ပေမယ်လို့ အဲဒီအင်္ဂါချင်းမတူဖို့ရန် အကြောင်းဖြစ်တဲ့ ဘာဝရုပ်က ဖြစ်လာတယ်။ အဲဒါ ဘာကြောင့် ဖြစ်ရသလဲ။ ရှေးကံကြောင့် ဖြစ်တယ်။

(ကံချင်းကွဲလာ)

ရှေးကံကကောင်းလာလို့ရှိရင် ရှေးကံကောင်းသလောက် ရုပ်ကလေးတွေ ကောင်းကောင်း ကောင်းကောင်း သွားမယ်။ ကံကလည်း အချိန်ရှိသရွေ့ လိုက်ဖြစ်တယ်။ ဟိုနားတင် တခါတည်း ဖြစ်ပြီး သွားပေတာ့ ဒီလိုမဟုတ်ဘူး။ နောက်လည်း ကံကြောင့် ဒီလိုရုပ်ကလေးတွေ ဖြစ်တယ်။ ဒါကြောင့် ယောကျ်ား၊ မိန်းမ ကွဲဖို့ရန်၊ မတူဖို့ရန် ပဋိသန္ဓေ စကတည်းက ရုပ်ကလာပ်လေး သုံးခု စကတည်းက ကွဲပြားပြီးသားဖြစ်နေပြီ။ ပြီးတော့ ရုပ်ကလေးတွေဟာ ကံကောင်းလို့ရှိရင် အဲဒီထဲကိုက ကောင်းကောင်းရုပ်ကလေးတွေ ဖြစ်တယ်။ ဒီတော့ ၃-ကလာပ်တော့ ၃-ကလာပ်ပဲ။ ကံမကောင်းလို့ရှိရင် နည်းနည်းကလေးညံ့တဲ့ ရုပ်ကလာပ်တွေ ဖြစ်တယ်။ ဒီထဲကိုက တယောက်နဲ့တယောက်က ရှေးကံကကွဲတော့ကာ ရုပ်တွေကြီးလာတဲ့အခါကျတော့ အရာဝတ္ထုပေးလာတဲ့အခါကျတော့ သူ့ရုပ်ကချောတယ်။ သူ့ရုပ်က ဆိုးတယ်။ ဒီဟာ သမုတ်ကြတာ။ အမှန်တော့ ဟိုကံက စပြီးတော့ အခြေခံကွဲလာခဲ့ကြတာ။

(ရှေ့လဆက်ရန်)

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေဝင်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

************************************************************

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ၃

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ (၃)

(မေး) အရှင်ဘုရား၊ ရုပ်ဖြစ်ပျက်မှုနဲ့ စိတ်ဖြစ်ပျက်မှုမှာ အဆပေါင်းများစွာ လျင်မြန်တယ်လို့ ဆိုတယ်။ စိတ်ဖြစ်ပျက်နေပုံကို ထင်ရှားအောင် ရှင်းပြပေးပါဘုရား။

(ဖြေ)

သင်္ချာနည်းနဲ့ တွက်ကြည့် -

ပြီးတော့ ခုန လက်ဖျာက်တချက်တီးမှာ စိတ်က ကုဋေတသိန်းမက ဖြစ်တယ်ဆိုတာ ရုပ်ကနှေးတယ် မဟုတ်လား။ လက်ဖျာက်တချက်တီး ကုဋေတသိန်းမက ဖြစ်တယ်။ စိတ်တဆဲ့ခုနစ်ချက်မှာ ရုပ်တခါဖြစ်တယ်ဆိုတော့ သင်္ချာနည်းနဲ့ တွက်ကြည့်လို့ရှိရင် ရုပ်က လက်ဖျာက်တချက်တီးမှာ ဘယ်လောက်ဖြစ်နိုင်တယ် တွက်ကြည့်ရင် ရမယ်။ သချ်ာနည်းနဲ့ ဘုန်းကြီး မတွက်တတ်ဘူး။ မတွက်တတ်တော့ မတွက်တတ်တဲ့အတိုင်းပဲ မှတ်ထားလို်ကတယ်။ လက်ဖျာက်တချက်တီးမှာ ရုပ်ပေါင်းဘယ်လောက် ဖြစ်တယ် လို့တော့ ဘုန်းကြီးမပြောနိုင်ဘူး။ မပြောနိုင်ပေမယ့်လို့ အဲဓီရုပ်တွေဟာလည်း အင်မတန် မြန်မြန်ဖြစ်တာပဲ။

ဖြစ်တိုင်းတောင့် ပျက်တယ်-

ဖြစ်ပြီးတော့ မပျက်ဘူးလားဆိုတော့ ပျက်တယ်။ ပျက်တဲ့ရုပ်က ပထမဆုံး မမွေးခင်ရော၊ လူကြီးမဖြစ်ခင်ရော၊ ပျက်တဲ့ရုပ်က နည်းတယ်၊ နောက်ထပ် ကံကြောင့်ဖြစ်တဲ့ ရုပ်သစ်တွေက များတယ်။ ဖြစ်တိုင်းတော့ ပျက်တယ်၊ ဖြစ်တိုင်း ပျက်ပေမယ့်လို့ ကံကြောင့် တိုးတိုးလာတယ်။ ဒါကြောင့် ကြီးကိုကြီးရတယ်။ ကြီးတော့လည်း ကံအလိုက်ပဲ။ နောက်တော့ အထည်ကိုယ် ပေါ်တဲ့အခါကျတော့ ချောတယ်၊ မချောဘူး။ ဒီလို ကွဲလာတယ်။

ဥတုခေါ်တဲ့အငွေ့-

ပြီးတော့ တခါ ပဋိသန္ဓေတည်တုန်းက ဖြစ်တဲ့ ရုပ်ကလာပ် ၃-စည်းထဲမှာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ပါတယ်မဟုတ်လား။ ပါတယ်။ အဲဒီတော့ တေဇောကို ဘာလို့ခေါ်တုံးဆိုတော့ ဥတုလို့ခေါ်တယ်။ အငွေ့ကို ဥတုလို့ ခေါ်တယ်။ ဥတုလို့ခေါ်တော့ အဲဒီဥတုက ပဋိသန္ဓေတည်ပြီးလို့ ပဋိသန္ဓေရဲ့ သုံးဖို့တဖို့ လွန်သွားရင်လည်း ဥတုက ရုပ်သစ်ကိုဖြစ်စေတော့ ဥတုဇရုပ်ကလည်း ဒီခန္ဓာကိုယ်ထဲမှာ တွဲရက်တွဲရက်၊ စိတ်တိုင်းစိတ်တိုင်းမှာ ခုနပြောတဲ့ ဘုန်းကြီးတို့စာက ဌီခဏကိုရောက်တယ်။ အဲဒီကိုရောက်လို့ရှိရင် ရုပ်သစ်တွေ၊ ဥတုဇရုပ်က တိုးရက်၊ တိုးရက်၊ ကမ္မဇရုပ်ကလည်း တိုးတယ်၊ အသစ်နော်။ အဟောင်းလည်း ပျက်တယ်။ ပျက်ပေမယ်လို့ အတိုးများတယ်။ အနုတ်က နည်းတယ်ပေါ့လေ။ အဖြစ်တွေက များလာတယ်။ ခန္ဓာကိုယ်လေးက ကြီးကြီး ကြီးကြီးလာတယ်။

လူ့ခန္ဓာဖြစ်စဉ်-

တခါ ဒီထဲမှာ စိတ်က ပဋိသန္ဓေစိတ်ဆိုတာ စိတ်ပါလာပြီ။ ပဋိသန္ဓေစိတ် နောင် အဲဒီစိတ်ကို ခုနက ဘုန်းကြီးတို့ ဘဝင်စိတ်-လို့ခေါ်တယ်။ အဲဒီလောက်ကစပြီးတော့ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလည်း ဖြစ်လာပြီ။ အမေက အစာစားလိုက်တဲ့အခါမှာ ကလေးကိုယ်ထည်မှာ မထိနိုင်သေးဘူး။ အင်မတန် သေးနေသေးတယ်။ ပထမ ၇-ရက်ဟာ ဘယ်လောက်ဖြစ်တုန်းဆိုတော့ ရေကြည်ကလေးပါပဲ။ အရေကြည်ကလေးပဲ ရှိသေးတယ်။ အရာဝတ္ထု မပေါ်သေးဘူး။ ဒုတိယ ၇-ရက်ကျတော့ အဲဒီအရေကြည်လေးဟာ အမြှုပ်ပွက်လေး ဖြစ်လာတယ်။ တတိယ ၇-ရက်ကျတော့ အသားပျော့ပျော့ကလေး ဖြစ်လာတယ်။ ပြီးတော့ စတုတ္ထ ၇-ရက်ကျတော့ အဲဒီအသားပျော့ကလေးဟာ မာလာတယ်ဆိုပါတော့။ အဲဒီလိုပဲ တဖြည်းဖြည်း လူ့အကောင်အထည်ကလေးတွေ ပေါ်လာတော့မယ်။ ဒုတိယ ခုနစ်ရက်လောက် လွန်ရင်ပဲ အမေက စားတဲ့အစာက သူငယ်ရဲ့ ချက်ကြိုးတွေ နဲ့ ဆက်သွယ်ပြီးတော့ အဲဒီအစာရဲ့ အဆီတွေ ဩဇာတွေ ပြန့်တဲ့အခါမှာ ကလေးရဲ့ကိုယ်ကို လာထိတယ်။ ၇-ရက် နှစ်ပတ်လောက် လွန်လာတော့ ကိုယ်တို့ဘာတို့က ပေါ်လာပြီး အဲဒီလာထိတယ်။ အဲဒီလာထိတဲ့အခါမှာ ကလေးမှာ ဩဇာပြန့်သွားတယ်။ အဲဒီဩဇာကြောင့် ရုပ်ဖြစ်တယ်။ ဒါကို အာဟာရဇရုပ်လို့ ခေါ်တယ်။

ဗုဒ္ဓက အသေးစိတ်ဟော-

အဲဒီတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်၊ စိတ်ကြောင့် ဖြစ်တဲ့ရုပ်၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ရုပ်၊ ရုပ်လေးမျိုး သူ့မှာစုံလာပြီ။ အဲဒီရုပ်တွေ ထွားထွား ထွားထွား၊ ကြီးကြီး ကြီးကြီးလာလိုက်တဲ့ဥစ္စာ၊ နောက်တော့ ဒေါက်တာတို့ မွေးရတဲ့အချိန်မှာ ခုနက လူကလေးဖြစ်လာအောင် ဘယ်အချိန်မှာ လက်တွေ၊ ဘယ်အချိန်မှာ ခြေတွေ၊ ဘယ်အချိန်မှာ ဆံ၊ ဘယ်အချိန်မှာ ဘာဖြစ်တယ်ဆိုတာ အသေးစိတ်လည်းပဲ ဗုဒ္ဓက ဟောတယ်။ ဒေါက်တာတို့ရဲ့ မှတ်တမ်းမှာလည်း အသေးစိတ် ရှိတယ်။ အဲဒီနောက် မွေးဖွားလာတော့ ဒီလိုရုပ်တွေ တိုးတာနဲ့ မို့လို့ လူပုံကလေး သေသေချာချာ ဖြစ်လာတယ်။

စိတ်ကသိတာ-

အဲဒီ လူပုံကလေးမှာ နာတယ်၊ ကျင်တယ် ဆိုတာ စိတ်ကသိတာ၊ ရုပ်က မသိဘူး။ စိတ်ကသိတော့ကို အဲဒီအချိန်မှာပဲ နာတယ်၊ မနာဘူး။ ဖွားစကလေးလေးကို ခုနက အရေးတယူ ပြုပြင်တတ်တဲ့သူက နူးညံ့တဲ့ အဝတ်စကလေးနဲ့ ကိုင်တယ်။ ကလေးလေးက မငိုဘူး။ ကြမ်းတဲ့အဝတ်စကလေးနဲ့ ကိုင်တယ်။ ကလေးလေး နည်းနည်းနာတယ်။ အဲဒီမှာ နာတယ်ဆိုတာက သူ့ကိုအကြောင်းပြုပြီးတော့ စိတ်ကသိတာ။ စိတ်ကသိပြီးတော့ ငိုတယ်။

ပညာရှိမျက်စိနှင့် ကြည့်တော့-

ဒီတော့ကာ ကံကစပြီးတော့ ဖြစ်လာတာဖြစ်တော့ လူတွေဟာပေါ့လေ ဘယ်နည်းနဲ့မှ ပုံမတူဘူး။ ပြီးတော့ တမိတည်းမွေး၊ အမြွှာမွေးတောင်မှ အရပ်မြင်တော့ တူပါတယ်၊ ပညာရှိတဲ့သူရဲ့ မျက်စိနဲ့ကြည့်တော့ မတူဘူး။ ဒါကြောင့် အချို့ သက်ဆိုးရှည်လို့ရှိရင် တချို့ နည်းနည်းကလေး ထွားတယ်၊ တချို့ နည်းနည်းကလေး ပုတယ်၊ အဲဒီကျမှ အရပ်က မြင်တယ်။ ဒေါက်တာတို့က စောစောကတည်းက သိတယ်။ ဘယ်သူက စမ်းကြည့်လိုက်လို့ ရှိရင် အသက်လည်းရှည်ဖို့ မရှိဘူး။ ကိုယ့်ပညာနဲ့ တရားတော်ကလည်း စမ်းကြည့်လိုက်ရင် အသက်ရှည်ဖို့ မရှိဘူးဆိုတာ ကံကကို ပါလာပြီ။ ဘယ်သူကတော့ စမ်းကြည့်လိုက်ရင် သူက အသက်ရှည်စရာရှိတယ်။

နာမည်ကြီး အမြွှာပူး-

တလောတုန်းက အင်မတန် နာမည်ကြီးတဲ့ အမြွှာကလေးတွကို ခွဲတယ်။ နှစ်ယောက်စလုံး အသက်ရှင်ဖို့ မလွယ်ဘူး။ အဲဒီတော့ တယောက်ကို နည်းနည်း ဦးစားပေးလိုက်တယ်။ အဲဒီတယောက် ဦးစားပေးလိုက်တာ တယောက်ကံက ကောင်းတယ်၊ တယောက်ကံက မကောင်းဘူး။ ဒီလိုဖြစ်လာတယ်။ အဲဒီတော့ တယောက်ဟာ သိပ်ကြာကြာကြီး အသက်မရှည်ဘဲနဲ့ ဆုံးရတယ်။ သိပ်ကံစွမ်းလွန်းလို့။ ဘုန်းကြီးကလေ ခု ဒါကြောင့် အားတက်သရော ပြောနေတာ။ အားလုံးပေါ့လေ။ မေးစမ်းပါလို့ ဘုန်းကြီးက သိစေချင်လွန်းလို့ ပြောနေတာ။ ဘုန်းကြီး ဒီလောက်သိလို့ရှိရင် ဗုဒ္ဓမြတ်စွာ ဘယ်လောက်သိတော်မူထားမလဲ ဆိုတာ စဉ်းစားပြီးကြည့်ပါ။

အမြွှာမွေးတောင်မှ မတူ-

အဲဒီလို အမြွှာမွေးတာတောင်မှ မတူလို့မို့ အပြင်ဘက်ရောက်တဲ့အခါကျတော့ အသက်ရှည်တယ်။ အသက်တိုတယ်။ တခါ သူက အသားလေး နည်းနည်း ဖြူတယ်။ သူက အသားလေး နည်းနည်း မည်းတယ်။ တမအေတည်း မွေးတာ။ တဥတုတည်း တနေရာမှာ အကုန်လုံး အတူတူပြုတာ။ သူက အသားကလေး နည်းနည်း ညိုတယ်။ ဒီမှာ ကံက မူတည်ပြီးတော့ ကွဲပြန်တာ။ ပြီးတော့ တော်တော်ကလေး ကြီးတဲ့အခါကျတော့ အင်း သူက စိတ်သဘောကောင်းလိုက်တာ၊ သူက စိတ်သဘော မကောင်းလိုက်တာ။ ရှေးကံက ဒီမှာ ဘုန်းကြီးတို့ ပဋ္ဌာန်းပစ္စည်းနဲ့ ကျေးဇူးပြုနေတာ။ တယောက်က စိတ်သဘောကောင်းလိုက်တာ၊ တယောက်က မကောင်းလိုက်တာ။ ပညာသင်ကြတော့ တယောက်က တတ်လွယ်လိုက်တာ။ ဒီတယောက်တော့ တတ်ခဲလိုက်တာ။ ဆရာအတူတူ၊ အမေ အတူတူ၊ ပတ်ဝန်းကျင် အတူတူ၊ ရှေးကံကမတူလို့ ဒီလိုကွဲလာတယ်။ တမအေတည်း တဖအေတည်း မွေးပေမယ်လို့ ကံချင်း မတူဘူး။ ကိုယ့်ကံနဲ့ ကိုယ်နဲ့ ကိုယ်ရုပ်တွေက ဖြစ်လာတာ။ ကိုယ်စိတ်တွေက ကိုယ့်ကံနဲ့ ကိုယ်နဲ့ ဖြစ်လာတာ။အဲဒါကြောင့် မတူတာဘဲဆိုပြီးတော့ဘုန်းကြီးတို့ကလေ သိပ်ပြီးတော့ ဝမ်းမြောက်ဝမ်းသာ အားရပါးရနဲ့။

သိလို့ ကျန်းမာရေးလိုက်စား-

ဒါကြောင့် ကျန်းမာရေးကို ဘုန်းကြီး စွမ်းနိုင်သမျှ လိုက်စားတယ်ဆိုတဲ့ ဥစ္စာ၊ ကံကြောင့်ဖြစ်တာ၊ စိတ်ကြောင့် ဖြစ်တာ၊ ဥတုကြောင့် ဖြစ်တာ၊ အာဟာရကြောင့် ဖြစ်တာ။ ဘုန်းကြီးက သိတော့လေ ဆိုပါတော့ ဒေါက်တာ တို့က အရှင်ဘုရား-ဒါတော့ မတည့်ဘူး၊ ဆိုရင် ဘုန်းကြီးက မစားဘူး။ ဒါနဲ့ သိပ်တည့်တာပဲ၊ ဒီဆေး သိပ်တည့်တာပဲ။ ဒါကို စားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥတုကြောင့် ဖြစ်တယ်ဆိုတာ အစာဆိုတဲ့ဥစ္စာ၊ အာဟာရကြောင့် ဖြစ်တာဆိုတဲ့ဥစ္စာ၊ ဘုန်းကြီးက သိတယ်မဟုတ်လား။ အဲဒါကြောင့် ဘုန်းကြီးဟာ ကံ-စိတ်-ဥတု-အာဟာရ ကြောင့်ဖြစ်တယ်ဆိုတဲ့ ရုပ်ကို လိုက်စားနေလို့မို့ တော်တော်များများကြီး ကျန်းမာနေတာ။

စိတ်ကြောင့် မျက်နှာပြောင်း-

နားလည်ပြီနော်။ ရုပ် ဘယ်လိုသဘောရှိတယ်။ ဘာကြောင့်ဖြစ်တယ်။ ကံကြောင့်ဖြစ်တယ်။ စိတ်ကြောင့်ဖြစ်တယ်။ ကံကြောင့်ဖြစ်တယ် ဆိုတာ ခုနက ကွဲသွားတာတွေ သိပြီနော်။ စိတ်ကြောင့် ဖြစ်တယ်ဆိုတာဟာ အမှတ်တမဲ့တော့ မသိဘူး။ အင်မတန်ချစ်ချင်တဲ့ သမီးခင်ပွန်းချင်း စကားပြောနေတာတောင်မှ မတည့်တဲ့စကား ပြောလိုက်လို့ရှိရင် တခါတည်း မျက်နှာပြောင်းသွားတာပဲ။ ဘာကြောင့်ပြောင်းတုံး။ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေ ပြောင်းသွားတာ။ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေ ပြောင်းသွားတော့ တခါတည်း မျက်နှာတွေက မကျေမနပ်ကြီးဖြစ်သွားတဲ့ လက္ခဏာတွေ၊ မျက်နှာတွေ နီလို့ ဖြစ်လာတယ်။

နောက်တော့ မျက်နှာကြည်လာ-

နောက်တော့ ဒါ မဟုတ်ဘူး။ ဒါပြောမှားလို့ပါ ဘယ်လိုပါလို့ လိမ္မာတဲ့သူက ဖြေလိုက်တော့ ဒီမျက်နှာပဲ ချက်ချင်း ပြောင်းသွားတယ်။ ဘယ်သူပြောင်းတာတုံး၊ ကံ မပြောင်းဘူး။ စိတ်ပြောင်းသွားတာ။ စိတ်ပြောင်းသွားတော့ စိတ်ကြောင့်ဖြစ်လာတဲ့ ရုပ်တွေဟာ တခါတည်း ဒီမှာချက်ချင်း ပေါ်လာတယ်။ ဒါကြောင့် ရုပ်တွေ အလွန်မြန်တယ်။ ဘာဖြစ်လို့တုံး။ တယောက်ယောက် စကားပြောလို့မှ မဆုံးသေးဘူး။ ဒေါသဖြစ်တယ်ဆိုရင် ဒေါသရုပ်တွေ။ တကိုယ်လုံးပဲ ပြောင်းသွားတာပဲ။ တကိုယ်လုံးပြောင်းတယ်ဆိုတော့ မျက်နှာက မြင်ရလို့ မျက်နှာပြောင်းတယ်လို့ ပြောရတာ။ ချော့ချော့မော့မော့နဲ့ တောင်းတောင်းပန်ပန် ဆိုရင်လည်း မျက်နှာကြည်လာတယ်။ တကိုယ်လုံး ကြည်လာတယ်။ ရုပ်ပြောင်းသွားတာ၊ ရုပ်ပြောင်သွားတာ။

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေဝင်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

************************************************************

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ၅

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ (၅)

(မေး) ရုပ်စိတ်တော့ ရှင်းပါပြီ၊ တပည့်တော် သိချင်တာက စိတ်ရုပ်နဲ့မျှလို့ သန္ဓေတည်တော့ ဘယ်ဟာအရင်။

အမူအရာကြည့်ပြီး သိရ---

အာကပ္ပသိဒ္ဓ-သူ့ရဲ့စကားပြောတဲ့အရာကို ကြည့်ရင် ဉာဏ်ရှိတဲ့သူက သူတဖက်သားကို ကောင်းသော စိတ်ဓာတ်နဲ့ ပြောနေတာပဲ။ မှန်းလို့ရတယ်။ မကောင်း မတရားသော စိတ်နဲ့ပြောနေတာပဲ၊ မှန်းလို့ရတယ်။ ဒီလောကကြီးမှာ ဒီလိုမှန်းမှန်းပြီးတော့ပေါ့လေ။ ဒါပေမယ့် ဉာဏ်ရှိတဲ့သူမှ မှန်းလို့ရတယ်နော်။ ဉာဏ်မရှိဘဲ သွားမှန်းလို့ရှိရင် အလွဲတွေ မှန်းတာပဲ။ ဆိုပါတော့ အမျိုးသမီးက သူ့ဘာသာသူ သွားနေတဲ့ဥစ္စာဟာ၊ သူ့ဘာသာသူ ကြည့်တဲ့ဥစ္စာ ငါ့ကို ဘယ်လိုဆိုရင် အနုမာနနဲ့ မှန်းကြည့်ရင် တည့်ချင်မှ တည့်မယ်။ တော်တော်ကြာရင် ပါးချခံရမည်မဟုတ်လား။ ဒီတော့ အနုမာနသိဒ္ဓက ဉာဏ်ရှိမှဖြစ်တယ်။ ဉာဏ်မရှိလို့ရှိရင်တော့ ခုနကလို ဖြစ်တတ် ပျက်တတ်ပါတယ်။

ဘုရားကို ယုံကြည်ပြီးသိရ---

ပစ္စက္ခသိဒ္ဓ-အနုမာနသိဒ္ဓ-အာကပ္ပသိဒ္ဓ၊ အဲဒီ သုံးမျိုးနဲ့ မဟုတ်ဘဲ ဉာဏ်ကလည်း သူတပါးရဲ့ စိတ်ကို သိတတ်တဲ့ ပရစိတ္တဝိဇာနနဉာဏ်လည်း မရ၊ အတွင်းကို သိတတ်တဲ့ ဒိဗ္ဗစက္ခုဉာဏ်လည်း မရတော့ သိဒ္ဓေယျသိဒ္ဓ၊ ဒီလောက်ဉာဏ်ကြီးတဲ့ ဘုရားဟောထားတဲ့ဥစ္စာ ဘယ်တော့မှ မလွဲဘူး ဆိုပြီးတော့ ယုံကြည်တော့ကာ ဘုန်းကြီးတို့က ပဋိသန္ဓေဖြစ်တဲ့အခါမှာ စိတ်နဲ့ ခုနက ကမ္မဇကလာပ်စုစည်းတာ၊ စိတ်ကလည်းပဲ ရှေးကံကြောင့်ဖြစ်တဲ့ စိတ်မို့လို့ ဉာဏ်ထက်တယ်။ ဉာဏ်မထက်ဘူးဆိုတဲ့ဓာတ်ဟာ ဒီမှာပါလာတယ်။ စိတ်ကောင်းတယ်၊ စိတ်မကောင်းဘူးဆိုတဲ့ဓာတ်ဟာ ဒီပဋိသန္ဓေစိတ်ထဲမှာ ပါလာတယ်။ အဲဒီလို ပြောနိုင်တာက သိဒ္ဓေယျသိဒ္ဓ၊ ဘုရားယုံကြည်လို့ ပြောနိုင်တာ။ ဒီလောက်ဉာဏ်ကြီးတဲ့ဘုရားဟာ အမှားအယွင်းယွင်း ဘယ်တော့မှ မဟောဘူး။ ဘာပြုလို့တုံး၊ ဘာအကျိုးရှိလို့ ပြောရာ ဟောရမှာတုန်း။ ဒီလိုအနေမျိုးနဲ့ ဘုရားကိုယုံကြည်သောအားဖြင့် ဘုန်းကြီးက ဒါကိုလက်ခံပြီးတော့ သိဒ္ဓဖြစ်တယ်။

************************************************************

(မေး) အခုန ကံတရားအကြောင်း ဟောသွားတာ တပည့်တော်က စိတ်ရောဂါနဲ့ပတ်သက်လို့ ဝါသနာပါတာ။ စိတ်ရောဂါလည်း ကံတရားကြောင့် ဖြစ်သလား။ သို့မဟုတ်-စိတ်ပညာဆရာများအလိုအရ ပတ်ဝန်းကျင်ကြောင့်လား။

(ဖြေ)

သူတို့ရဲ့ အယူအဆလေးကို မပြောပေးနဲ့။ ဒါမှ ဘုန်းကြီးတို့ရဲ့ လမ်းစဉ်ကို သိမယ်။ ဒီလိုဆိုပါတော့ မိမိကုနေတဲ့ နေရာတွေမှာ အရူးတွေဘာတွေ တွေ့ရတယ်။ ဒါက ဘုန်းကြီးတို့ကံက အင်မတန် သတ္တိစွမ်းပါတယ်။ တဘဝလုံး သူ့ရဲ့သတ္တိ ပြန့်နေပါတယ်။ သို့သော်လည်း သူ့သတ္တိက နည်းနည်း ကလေးရယ်၊ ပတ်ဝန်းကျင်က သိပ်များတာပဲ။

ပစ္စည်းပျက်လို့ ရူး---

ဆိုပါတော့ပေါ့။ ပစ္စည်းပျက်လို့ ရူးတယ်။ ပစ္စည်းပျက်လို့ စိတ်တွေ တခါတည်းဖောက်ပြန်သွားပြီးတော့ ရူးတယ်။ သို့ပေမယ့် အရင်းခံ ကံကလေးကတော့ နည်းနည်းလေး လိုက်လာတယ်။ လူတိုင်း ပစ္စည်းပျက်တဲ့ လူတိုင်း ရူးသလားလို့။ ပစ္စည်းပျက်တဲ့လူတိုင်း မရူးပါဘူး။ သူတော့ ရူးလာတယ်။ ဒါဖြင့် ဟိုလူလည်း ပစ္စည်းပျက်တယ်။ သူတော့ ဘာလို့မရူးသလဲ။ သူတော့ဘာလို့ ရူးသလဲ။ ဒီလိုဆိုတော့ မူလကံချင်းက ဓာတ်ချင်း မတူပြန်ဘူး။ ဒီမှာ ရုပ်တွေက ရှိနေသေးတယ်။ ကံကြောင့် ဖြစ်တဲ့ရုပ်တွေက ရှိနေတော့ သူျတော့ ပစ္စည်းပျက်တယ်။

ပတ်ဝန်းကျင်ကြောင့် ရူး---

တခါ စိတ်က အို-ဒါ ပျက်မှာပေါ့။ ပျက်လည်း ဘာဖြစ်လဲ။ ငတ်မသေပါဘူး။ သူက ဒီလိုသွားလိုက်တယ်။ ဟိုတယောက်ကတော့ ပစ္စည်းပျက်တယ်လို့ဆိုတော့ စိတ်ကိုညစ်လို့၊ ငါတော့ လူစဉ်မမီတော့ပါဘူး။ သေတာပဲကောင်းပါတော့တယ်။ လူ့ပြည်မှာ မနေချင်ပါဘူးလို့၊ သူက လွန်ကဲသွားတယ်။လွန်ကဲသွားတော့ ရူးသလိုလို နှမ်းသလိုလို နေရာက ရူးပြီ ရူးပြီတဲ့-ဆိုတော့ အစတုန်းက မရူးတရူး၊ နောက်တော့ သူများက ရူးပြီတဲ့ ရူးပြီတဲ့လို့ သမုတ်လိုက်တော့ အရူးဖြစ်သွားတာပဲ။ ပတ်ဝန်းကျင်က ရူးပြီတဲ့ ရူးပြီတဲ့လို့ မသမုတ်ဘဲနဲ့ ငါက ဘယ်လိုဖြစ်လာတာ။ တနေ့တုန်းက ပျက်တဲ့ပစ္စည်းတွေဟာ ခုပြန်ြ့ီးတော့ ဘယ်က ရမတဲ့လဲ စသည်ဖြင့်ပေါ့လေ။ မဟုတ်ပေမယ်လို့ ဖြေဖျော်မှုများ ပေးမယ်ဆိုရင် ရူးကို မရူးဘူး။ အဲဒါကြောင့်မို့ ဘေးက ပတ်ဝန်းကျင်ကြောင့်ဆိုတဲ့ဥစ္စာ အဓိက။

ကံတော့ မကင်းဘူး---

သို့သော်လည်း အခြေခံ ကံကလေးကတော့ မတူကြဘူး။ အဲဒီတော့ ကံက မကင်းစကောင်းဘူးပေါ့။ ကံကြောင့် ရူးတာတော့ မဟုတ်ဘူး။ ပတ်ဝန်းကျင်ကြောင့် ရူးတာ။ သို့သော်လည်း ကံမကင်းဘူး။ မေးသာမေး။ ဘုန်းကြီးက မေးစေချင်လွန်းလို့ကို လက်ခံနေတာ။ ဘာဖြစ်လို့ဆိုရင် အပြည့်အစုံမေးရရင် ဒီပရိသတ်နောက်က ဗုဒ္ဓဘာသာပရိသတ်တွေကလည်း သူတို့သိဒ္ဓေယျသိဒ္ဓနဲ့သာ ယုံကြည်ပြီးတော့ နေတာ။ ဒါကြောင့် ဘုန်းကြီးက မေးသာမေးလို့ မေးစေချင်လွန်းလို့ကို ဘုန်းကြီးက အမေးခံနေတာ။ ဘာဖြစ်လို့တုန်းဆိုတော့ အများ ဒါမှ နည်းနည်း ဉာဏ်ရှင်းလာမယ်။

************************************************************

(မေး) တပည့်တော်တို့ နိုင်ငံခြားတွေ ဘာတွေ သွားတော့ သူတို့က မေးကြတယ်။ စိတ်ရောဂါနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာက ရောဂါဖြစ်ပုံ-ပျက်ပုံ ဘယ်လိုဆိုသလဲ-တဲ့။

(ဖြေ)

ခုနကပြောပြီ၊ တချို့ကတော့ ကံကြောင့် သက်သက်ရူးတယ်။ ဘုန်းကြီးတို့ စာထဲမှာ ပဋာစာရာ ရူးတာဝတ္ထုအဖြစ်နဲ့ လာတယ်။

သူဌေးသမီး ပဋာစာရာ---

ပဋာစာရာက နောက်ကို ကောင်းလည်းကောင်းလာတယ်။ မကောင်းခင်ကလည်း အင်မတန် သွက်သွက် လည်အောင် ရူးတဲ့ သူဌေးသမီး။ သူက ပထမဆုံးအိမ်မှာ ခိုင်းထားတဲ့ ကျွန်နဲ့ လိုက်ပြေးလို့ မိဘတွေက အသိအမှတ်မပြုဘူး။ မပြုတော့ သူလွတ်လွတ်မှာ နေတယ်။ လွတ်လွတ်မှာ နေရာက နောက်တော့ မိဘတွေဆိုတဲ့ ဥစ္စာဟာ ဘယ်လိုမှ သားသမီးကိုမပြတ်နိုင်ပါဘူးဆိုပြီးတော့ ဖွားခါနီးကျတော့ မိဘတွေဆီ သွားပါရစေလို့ ခွင့်တောင်းတော့ ယောကျ်ားက သူရဲ့အမှားတွေလည်း မြင်နေတာ ဖြစ်တော့ မသွားဝံ့ဘူး။ တောင်းတောင်းပန်ပန်နဲ့၊ မသွားပါနဲ့ မသွားပါနဲ့။ သူကလည်းပဲ သားဦးဖွားရမယ့်ကိစ္စကို နည်းနည်း ကြောက်ကြောက်လန့်လန့် ဖြစ်နေတော့ အမေတို့ အနားမှာ ဖွားချင်တယ်။ ဒါနဲ့ သူတိတ်တိတ် ထွက်ပြေးတယ်။ နောက်တော့ ယောကျ်ားက လိုက်ရှာတယ်။ လိုက်တော့ကို လမ်းမှာပဲပေါ့လေ မွေးဖွားပြီးတော့ ကဲ-ဒီကိစ္စနဲ့ သူ့အမေဆီ ပြန်ချင်တဲ့ဥစ္စာ ဒီကိစ္စလည်းပြီးပြီ။ ဘာမှလည်း ရောဂါမဖြစ်တော့ဘူးဆိုပြီး ပြန်သွားတယ်။

ယောကျ်ားကို မြွေကိုက်---

ဒုတိယတယောက် ဖွားခါနီးကျတော့ ဒီလိုပဲသွားချင်တယ်။ သွားချင်တော့ ဟိုမှာက ညကြီးမင်းကြီးမှာ ဒီကလည်း ယောက်ျားကလည်း လိုက်လို့မီပါပြီ။ ညကြီးမင်းကြီးဖွားရတယ်။ ဖွားရတော့ မီးတို့ဘာတို့ရဖို့ရန် ထင်းတို့ဘာတို့ အရှာမှာ ယောကျ်ားက ပိုးထိလို့ မြွေကိုက်လို့ ဆုံးတယ်။ အဲဒါနဲ့သူက မလာနိုင်၊ မလာနိုင်-နဲ့သာ နေရှာတယ်။ နောက်တော့ မနက်သူလိုက်ရှာတော့ တွေ့နေပြီ။ နောက်တော့ သူ့နေရာ သူပြန်မယ့်အနေမျိုးနဲ့ သို့မဟုတ်-အမေအဖေဆီ ပြန်ဖို့လားတော့ မသိဘူး ပေါ့လေ။ တနေရာသွား ရတော့မယ်။

သားငယ်စွန်ချီ သားကြီးရေနစ်---

သွားတော့ ချောင်းကလေးတခု တွေ့တယ်။ ချောင်းကလေးတခုကို တွေ့တော့ သားနှစ်ယောက်ကို ပိုက်ပြီးတော့ သူမကူးနိုင်ဘူး။ ဒါနဲ့ တယောက်စီ၊ သားကြီးကို အရင်၊ သားငယ်ကလေး အရင် ယူသွားသလားတော့ မသိဘူး။ ဟိုဘက် ချောင်းတဖက်ရောက်ရော။ တယောက်ကဒီမှာ ချောင်းတဖက်မှာ နေတယ်။ အဲဒါရောက်တော့ ပြန်ပြီးတော့ သားတယောက်ကို သားတစ်မှတ်လို့ စွန်ကချီသွားရော။ အဲဒီတင် လှမ်းပြီးတော့ သူလက်ခုပ်လက်ဝါးတီးပြီးတော့ ခြောက်တဲ့ဥစ္စာ သားကြီးက သူ့ကိုခေါ်တယ်လို့ ထင်ပြီး ရေထဲ ဆင်းလာခဲ့တယ်။ ဆင်းလာခဲ့တော့ သားကြီးရေနစ်ပြီးတော့ သေရော။ အဲဒါ ပတ်ဝန်းကျင်ပေါ့။ ပတ်ဝန်းကျင်က လှုပ်ရှားတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်က ကံကြောင့် ဒီလိုဖြစ်လာတာ။ ကံအရင်းခံ ပြီးတော့ ဒီလိုကိုး။

မိဘရော မောင်ရော သေ---

ဒီလိုနေရာမှာ ကံကလည်း တော်တော်ကြီးမားတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကလည်း အင်မတန် ကြီးမားတယ်။ ရူးကိုရူးရှာတယ်။ သူဌေးသမီး။ ပြီးတော့ အဲဒီလို ကယောင်ကတမ်းနဲ့နေရာက ဘာပဲဖြစ်ဖြစ် မိဘတွေတွေ့၊ ပြီးရော ပေါ့လေ၊ ဆိုပြီးလာတော့ မနေ့ညက ငလျင်ကြီးတွေ လှုပ်၊ မိုးကြီးတွေရွာလို့ သူတို့ရဲ့အုတ်တိုက်ကြီး ပြိုပြီးတော့ မိဘနှစ်ယောက်ရော၊ မောင်ရော အုတ်တိုက်ပိပြီးတော့ သေရောတဲ့။ ကဲ-ပတ်ဝန်းကျင် ဘယ်လောက်ဆိုးတုံး။ အဲဒီမှာ သူ့အမိအဖတွေလည်းသေတယ်။ အိမ်လည်းပြိုတယ် ဆိုတော့ ဒီပတ်ဝန်းကျင်ရဲ့ အနေနဲ့ ရစရာမရှိအောင် ရူးသွားတယ်။

တရားဟောလို့ ရဟန္တာဖြစ်---

ဗုဒ္ဓမြတ်စွာတွေ့တော့ ဗုဒ္ဓမြတ်စွာက လောကမှာ မသေလည်းဘဲ အမေဆိုတဲ့ဥစ္စာလည်း တကယ့်အရေးမှာ အားမကိုးနိုင်ပါဘူး။ သေရမယ့်ဘေးဆိုတာ အမေလည်း အားကိုးလို့ မရပါဘူး။ ခုနက သူတွေ့တဲ့ဒုက္ခကို အမေလည်း မတားနိုင်ပါဘူး။ နောက်မှသာ သက်သာအောင် လုပ်နို်င်တာပဲ။ အဖေလည်း မတားနိုင်ပါဘူး။ မောင်ဖားမိဘများလည်း မတားနိုင်ပါဘူး။ ဆွေမျိုးတွေလည်း မတားနိုင်ပါဘူးလို့ ဟောတော့ ဗုဒ္ဓမြတ်စွာရဲ့ ကရုဏာအရှိန်ကြီးက အင်မတန်ကြီးကျယ်နေတာကိုး။ ဉာဏ်တော်နဲ့ ချော့ချော့မော့မော့ဟောတော့ တခါတည်း အရူးပျောက်ပြီး သူ့ကိုယ်သူ နည်းနည်းရှက်ပြီးတော့ အဝတ်အစားလေးတွေ ဘာလေးတွေ ဝတ်ချင်လာတယ်။ ဝတ်ပြီးတော့မှ ဗုဒ္ဓမြတ်စွာက တရားဟောလို့ တခါတည်း ဘိက္ခုနီမ, လုပ်ပြီးတော့ ရဟန္တာမ ဖြစ်တယ်။

ကံပတ်ဝန်းကျင်စိတ်---

ပတ်ဝန်းကျင်က အင်မတန်ဆိုးဝါးတယ် ဆိုပေမယ့် ပတ်ဝန်းကျင်ချည်း မဟုတ်သေးဘူး။ တခါတခါ ကံလည်းတော်တော် ဆိုးဆိုးဝါးဝါး လိုက်လာပါတယ်။ ဘယ်သူက အားကောင်း ဆိုတာကတော့ တချို့တချို့လူများအတွက်တော့ ကံကတော်တော် အလေးချိန်စီးလိမ့်မယ်။ တချို့တချို့လူများအတွက် ပတ်ဝန်းကျင်က အလေးချိန် စီးလိမ့်မယ်။ ပတ်ဝန်းကျင်က အလေးချိန်စီးချင်း တူလည်းပဲ ကိုယ့်စိတ်ဓာတ် ခိုင်-မခိုင်ကိုး။ အို ဘယ်နယ်နေနေ သေတော့လည်း သေပစေပေါ့၊ ငါတော့ လူထဲမှာ လူရာဝင်အောင် ကြိုးစားမယ်-လို့ စိတ်တင်းနို်င်လို့ရှိရင် ပတ်ဝန်းကျင်က ဒီလိုဖြစ်ပေမယ့်လို့ သူကမရူးဘူး။ သို့သော်လည်း များသောအားဖြင့်က ဒီလိုဒုက္ခတွေတွေ့ရင်ပဲ ရူးသလိုလို ဖြစ်တတ်တာကိုး။

(ရှေ့လဆက်ရန်)

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေဝင်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

************************************************************

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ၆

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ (၆)

(မေး) တချို့အနောက်နိုင်ငံမှာ စိတ်ရောဂါတမျိုးဖြင့် ကိုယ့်အသက်ကို သေကြောင်းကြံကြ သေကြပါတယ်။ အဲဒါ ဗုဒ္ဓဘာသာတိုင်းပြည် အနေနဲ့တော့ တရားတော်အရ ဘယ်လိုပါလဲ။

(ဖြေ)

ဗုဒ္ဓဘာသာတိုင်းပြည်မှာက ကိုယ့်ကိုယ်ကို သတ်လို့ရှိရင်။ အဖန်ငါးရာ သေရမယ်ဆိုတဲ့ လှန့်လုံးလေးက ရှိထားတယ်။

အဖန်ငါးရာဆိုတဲ့ လှန့်လုံးလေး---

သတ်လို့ကတော့ ကမ္ဘာငါးရာ နောက်ထပ်မလိုက်ပါဘူး။ ရှေးကရှိနေရင်သာ ဘဝငါးရာ လိုက်တာပါ။ ရှေးကမရှိရင်တော့ သေဖို့တော့ မလိုက်ပါဘူး။ ပြီးတော့ တခုက တရားတော်ထဲမှာ ဘုန်းကြီးတွေ ကိုယ့်ကိုယ်ကို မသတ်ရဘူး။ ဘယ်လောက် စိတ်ညစ်ညစ်၊ ကိုယ့်ကိုယ်ကို သတ်ရင် အာပတ်သင့်တယ်။ သေအောင် အစာငတ်မခံရဘူး။ ခုနကလို လည်ပင်းညှစ်သတ်တာတွေ ဘာတွေ မပြောနဲ့ အစာငတ်ကို မခံရဘူး။ အာပတ်သင့်တယ်။

မြန်မာတွေ သတ်သေတာနဲ့---

အဲဒီလိုပဲ အဆက်ဆက်က တရားတွေရှိတော့ မြန်မာလူမျိုးများက ကိုယ့်ကိုယ်ကို သတ်ဖို့တော့ သိပ်မလွယ်လှဘူး။ ပြီးတော့ အထိုက်အလောက် ကံတို့ဘာတို့ ယုံကြည်ထားတာဖြစ်တော့ ကံကောင်းလို့ရှိရင် ပြန်ကောင်းဦးမှာပဲဆိုတဲ့ မျှော်လင့်ချက်ကလေးက ရှိတယ်။ ရှိတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူက အင်မတန်နည်းတယ်။ နို်င်ငံခြားမှာတော့ ဒီလိုမျှော်လင့်ချက်ကလည်းမရှိတော့ တရားကလည်း မရှိတော့ အို-သေတာပဲကောင်းတယ်၊ သေရင်သူတို့က ပြီးတယ်ထင်ပြီး တော့လေ သတ်ကြတယ်။ ဒါဟာ အတွေ့အကြုံ ဗဟုသုတလိုက်ပြီးတော့ ကွာသွားကြတာ။

************************************************************

(မေး) အနောက်နိုင်ငံ ရုပ်ဝါဒီသမားအချို့က ပြောပါတယ်။ စိတ်သည် အလွန်နူးညံ့သိမ်မွေ့သောရုပ်ပင် ဖြစ်တယ်လို့။

(ဖြေ)

ခုနက ဘုန်းကြီး ပထမဟောတုန်းကပဲ ပြောသွားပြီ။ စိတ်မှာ အထည်ကိုယ် ရုပ်မရှိဘူးလို့ ပြောသွားပြီ။ သူတို့က မှန်းပြောတာ၊ ဗုဒ္ဓမြတ်စွာက တိုက်ရိုက်သိလို့ ဟောတော်မူတာ။

အထည်ကိုယ်မရှိ---

ပြီးတော့ စိတ်ဟာလည်းပဲ အထည်ကိုတမျိုးပါပဲလို့ ဆိုတဲ့ဥစ္စာ။ ဒီကနေပြီးတော့ ဆိုပါတော့၊ အင်မတန်ဝေးတဲ့ မိမိနေခဲ့ဖူးတဲ့ ပညာသင်ကြားဖူးတဲ့နိုင်ငံခြားတခုခုကို မှန်းဆလိုက်ရင် ရုပ်ကသွားနေတာမဟုတ်ဘူး။ စိတ်ကလည်း ဟိုသွားတာမဟုတ်ဘူး။ ဒီကပဲ-အာရုံကို ယူလို့ရတယ်။ ပြီးတော့ရုပ်မှာ အထည်ကိုယ်ရှိတာလည်း ဓာတ်ကြီးလေးပါးက မ-တည်လို့ အထည်ကိုယ်ဖြစ်နေတာ။ စိတ်မှာ အဲဒီ-မ,တည်စရာ ဘာမှ မရှိဘူး။ ဓာတ်သဘောပဲရှိတယ်။ စိတ်ဆိုတဲ့ အသိဓာတ်သဘောရှိတယ်။ အထည်ကိုယ်မရှိပါဘူး။

ဘုန်းကြီးတို့က သနားမိ---

ဒီတော့ ဘုန်းကြီးတို့က အဲဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ဘာသာကို ပညာအဖြစ်နဲ့ လိုက်စားဖို့သိပ်ကောင်းပါတယ်။ အနောက်နို်င်ငံက ပညာရှိတွေလို့ ဆိုပေမယ့်လို့ ဗုဒ္ဓတရားကို မရတော့ဘူး။ သူတို့ ဉာဏ်မီသမျှ ခန့်မှန်းကြတာပါ။ အဲဒါကိုတော့ ဘုန်းကြီးတို့ သနားမိပါတယ်။ ဒီလောက်ဝေးသွား တာဟာ ဘာဖြစ်လို့တုန်းဆိုတော့ အခြေခံနည်းနည်းကွာသွားကြလို့ ဒီလိုဖြစ်ရတာပါ။

ဒါကြောင့် ဒီနိုင်ငံမှ အကယ်၍သာ ဗုဒ္ဓရဲ့တရားတော်ကို ဘာသာတမျိုးအဖြစ်နဲ့သာ လေ့လာကြလို့ ရှိရင် နို်င်ငံခြားက လူတွေအပေါ်မှာ ဆရာကောင်းကောင်း လုပ်လို့ရတယ်။

************************************************************

(မေး) ဒီဘဝမှ နောက်ဘဝသို့ မည်သို့ကူးပြောင်းကာ စုတေစိတ်ကျသောအခါ စိတ်နဲ့ရုပ်တို့ နောင်ဘဝသို့ မည်သို့ ကူးပြောင်းပါသနည်း။

(ဖြေ)

သိပ်မေးလို့ ကောင်းတာပေါ့။-ဒါ။

(မေး) အရှင်ဘုရား၊ နောက်ဆုံးနိဗ္ဗာန်ရောက်ပြီဆိုတာနဲ့ စိတ်နဲ့ ရုပ်တို့ မည်သို့အဆုံးသတ်ပါသလဲ။

(ဖြေ)

ဒါကြောင့်မို့ ပြဿနာနှစ်ခု ခွဲမေးတယ်။

ပြဿနာတခုတည်းကို နှစ်ခန်း၊ သုံးခန်း မေးလိုက်လို့ရှိရင် ဖြေရတာ၊ နားထောင်ရတာ ရှုပ်သွားလိမ့်မယ်။ ပထမမေးခွန်းက ဒီဘဝက စိတ်တွေ၊ ရုပ်တွေ ပြောင်းသွားသလား၊ ဘယ်လိုလုပ်ပြီးတော့ နောက်ဘဝကို ကူးစက်သွားပါသလဲ၊ သိပ်လည်းမေးထိုက်တယ်။ သိပ်လည်း လေ့လာထိုက်တယ်။

စိတ်တွေ ရုပ်တွေ ဖြစ်ပျက်---

ဘုန်းကြီးတို့ ခုနက စိတ်တွေဟာ ဖြစ်ပျက်၊ ဖြစ်ပျက်-ပြောခဲ့တယ် မဟုတ်လား။ ရုပ်တွေလည်းဖြစ်ပျက်-ဖြစ်ပျက်ပဲ။ ဒါကို ပထမဆုံး လက်ခံ-မခံ၊ ဒါ အရေးကြီးပြန်တယ်။ ဟုတ်တယ်၊ ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်၊ လက်ဖျောက်တချက်တီးမှာ ကုဋေတသိန်းမက စိတ်တွေ အပြောင်းအလဲရှိတယ်ဆိုတာကို လက်ခံဖို့ ပထမဆုံးက ဘုန်းကြီးအခြေခံပြောခဲ့တယ်နော်။ စိတ်ဆယ့်ခုနစ်ချက်မှာ ရုပ်တချက် ဖြစ်ပျက်တယ်ဆိုတော့၊ လက်ဖျောက်တချက်တီးမှာ ရုပ်ပေါင်းဘယ်လောက် အဖြစ်အပျက်ရှိရမယ်။ ဒါ သင်္ချာသမားတွေက တွက်လို့ရတယ်။ ဘုန်းကြီးပြောခဲ့ပြီနော်။

စိတ်ပြောင်းလွဲပုံ---

အဲဒါ လက်ခံလို့ရှိရင် ခုန်ပြီးတော့ ပြောလိုက်မယ်။ ဒကာတို့ရဲ့ ခုစိတ်ဟာ ဆိုပါတော့ ခုန်ပြောမယ်။ တနာရီလောက်ဆိုတော့ ဘာမှ အစပ်မရှိတော့ဘူး။ တမျိုးပြောင်းချင်လည်း ပြောင်းလို့ရတယ်။ ပြောင်းချင်တိုင်း ပြောင်းနိုင်တယ်။ ဒီလို အဓိပ္ပါယ်မရဘူးလား။ လက်ဖျောက်တချက်တီး ကုဋေတသိန်းမက အဖြစ်အပျက်ရှိတယ်ဆိုတော့ စိတ်ပြောင်းနိုင်တယ်။ ခုနကပဲ စကားပြောရာက မကျေနပ်စိတ်ဆိုတာ ဒေါသစိတ်၊ နောက်တော့ တောင်းပန်တော့ ကျေနပ်တယ်ဆိုတဲ့ ဥစ္စာကဘာတုံး၊ သောမနဿစိတ်၊ ချစ်လို့ရှိရင်လည်း လောဘစိတ်။ ဉာဏ်ရှိလို့ ရှိရင်လည်းပဲ ကုသိုလ်စိတ်၊ ဒီလိုဖြစ်မယ်။ ပြီးတော့ ဒီစိတ်ဟာ ခဏလေးတောင်မှ အပြောင်းအလွဲရှိတယ်နော်။

ဘုန်းကြီးကြိုးစားပြောနေတယ်---

ဒီတော့ ဘုန်းကြီးတို့ ခုနက ပထမဆုံး လူ့ဘဝမှာ ကံကြောင့် ရုပ်ကလေး ၃-ခု ဖြစ်တယ်လို့ ပြောကြတယ်မဟုတ်လား။ ကံဟာ ဘယ်လိုသဘောလဲဆိုတော့ ခု ဘုန်းကြီးပြောနေတဲ့ဥစ္စာဟာ ဒကာတို့ကို မူတည်ပြီးတော့ ပြောပေမယ့် ပရိသတ်တွေ နားလည်အောင် ဘုန်းကြီးကြိုးစားပြီးတော့ ပြောနေတယ်နော်။ ကြိုးစားတယ်ဆိုတာ ဉာဏ်နဲ့ကြိုးစားရတာပဲ။ အားနဲ့ခွန်နဲ့ ကြိုးစားရတာမဟုတ်ဘူး။ ဉာဏ်နဲ့ကြိုးစား ပြီးတော့ ပြောနေတာ။ အဲဒီပြောနေတဲ့အချိန်မှာစေတနာဆိုတဲ့ စေတသိက်ထဲမှာ လှုံ့ဆော်မှုတရား တခုပါတယ်။ ဒီလိုနားလည်စေချင်တယ်၊ နားလည်အောင်လည်း ပြောနေတယ်-ဆိုတဲ့ အခါမှာ ခုနက စိတ်-စေတသိက်တွေက တကလာပ် တကလာပ် သဘောမျိုးနဲ့ ပေါင်းဖြစ်တာ၊ အတူတူဖြစ်တာ။

ကံဆိုတာ ဘာတုံး---

အဲဒီ အတူတူဖြစ်တဲ့အထဲမှာ စေတနာက လှုံ့ဆော်မှုက အင်မတန်များနေတာ။ ဘုန်းကြီးရဲ့ လှုံ့ဆော်မှုက အင်မတန်များနေတယ်။ အဲဒီတော့ ဘာခေါ်တုံးလို့ဆိုတော့ ကံ-လို့ နာမည်သာတပ်တာပေါ့။ ဒီစေတနာပဲ။ ကံလို့ဆိုတာ ဘာတုံး၊ ကံက ဘယ်အဓိပ္ပါယ်တုံးဆိုတော့ အလုပ်။ ကောင်းသောအလုပ်ကို လုပ်နေတယ်။ အရင်းခံ ဘယ်သူတုံး၊ စေတနာ။ အရင်းခံ စေတနာကို ဘာခေါ်လိုက်မလဲ။ ကံလို့ ခေါ်လိုက်။ အမှန်တော့ အားလုံး အလုပ်တွေပဲ။ အားလုံးရဲ့ စိတ်-စေတသိက်တွေရဲ့ အလုပ်တွေပဲ။ အလုပ်ပေမယ်လို့ ဒီအထဲ ဘယ်သူက ဗျာပါရများနေတုံးဆိုတော့ ဘုန်းကြီးတို့ရဲ့ စေတနာက ဗျာပါရသိပ်များတာပဲ။ လူတွေသိစေချင်တာက အဲဒီဟာ ကံလို့ခေါ်တယ်။

ကံတရားလည်းပျက်---

ဒါဖြင့် လက်ဖျောက်တချက်တီးမှာ ကုဋေတသိန်းမက ဖြစ်တယ်ဆိုတော့ အဲဒီကံတွေဟာလည်း ကုဋေတသိန်းမက ဖြစ်မှာပေါ့။ မဖြစ်ပေဘူးလား။ စေတနာတွေကလေ ကုဋေတသိန်းမကဖြစ်တော့ ဖြစ်ဆိုရင် ပျက်သွားမှာပေါ့၊ ဟုတ်ပေဘူးလား။ ဆိုပါတော့၊ ပရိသတ်ကြီးတွေလည်း ပြန်သွားကြပြီ။ ဘုန်ကြီးလည်း နားနားနေနေနဲ့ နေတယ်။ လာတဲ့သူတွေ ဟိုစကားပြော ဒီစကားပြောနေတယ်ဆိုတော့ ဒီကံဟာ အဲဒီနောက်က အချိန်မှာ ရှိသေးသလား၊ မရှိဘူးနော် မရှိဘူး။

ကမ္မသတ္တိ---

ဒါဖြင့် ပြီးပြီးပျောက်ပျောက်လား၊ ဒီမှာ သိလိုက်ဖို့ကောင်းတာ၊ ပြီးပြီးပျောက်ပျောက်လားဆိုတော့ ဗုဒ္ဓမြတ်စွာက ကမ္မသတ္တိ၊ ခုနက စေတနာရဲ့သတ္တိကို ဟောတော်မူတယ်။ စေတနာရဲ့ သတ္တိဟာ ပဋိသန္ဓေစိတ် ဝိပါက်စိတ် ဖြစ်တယ်။ စေတနာကံက ဟိုမှာသွားပြီး အကျိုးပေးတာ။ ခုနက ကမ္မဇကလာပ် ၃-စည်းဆိုတာ ဒီစေတနာက သွားပြီးတော့ အကျိုးပေးတာ။ ခု စေတနာမျိုးကို ဘုန်းကြီးမှာ တဘဝတည်း အကောင်းစေတနာတွေ မနည်းဘူး။ မရှိပေဘူးလား။ မကောင်းစေတနာတွေလည်း မနည်းဘူး၊ မရှိပေဘူးလား။ ပြီးတော့ ဟိုဘက်ဘဝများစွာကလည်း အကောင်းစေတနာတွေ မနည်းဘူး၊ မကောင်းစေတနာတွေလည်း မနည်းဘူး။ ရှိတယ် ဒါတွေဟာ အကုန်လုံးချုပ်တယ်။ ဘုန်းကြီးလည်း မမှတ်မိတော့ဘူး။ မမှတ်မိတော့ သူတို့ အကျိုးပေးနိုင်သလား။ ဗုဒ္ဓမြတ်စွာက စေတနာဆိုတဲ့ ကံဟာ ချုပ်သွားတယ်။ မှန်တယ်။ ပျောက်သွားတယ်။ ကိုယ်တောင် မမှတ်မိဘူး။ ဟိုဘဝများစွာက ပြုတဲ့ဥစ္စာတွေ ဘယ်နည်းနဲ့မှ မမှတ်မိဘူး။ သို့ပေမယ့် ဘာကျန်နေတုံးဆိုတော့ ကမ္မသတ္တိ ကျန်နေတယ်။ ဒီကမ္မသတ္တိက အင်မတန်ကောင်းတယ်။ သတ္တိအင်မတန် ကျန်နေတယ်။ သတ္တိချင်းမတူဘူး။

ဘာဖြစ်လို့ ကမ္မသတ္တိကျန်မှန်း သိရတုံးဆိုတော့ ဘုရားရှိခိုးနေတဲ့လူ ဆယ်ယောက်လောက်မှာပဲ တယောက်က စေတနာ သိပ်ထက်သန်တယ်။ တယောက်က ပထမလူလောက် မထက်သန်ဘူး၊ ဒုတိယလူလောက် နောက်တယောက်က မထက်သန်ဘူး။ အဲဒီလူက တတိယဖြစ်သွားပြန်ပြီ။ စေတနာက ဆယ်ယောက်မှာ စေတနာ ၁၀-ခု တန်းထားလိုက်၊ စိတ်ကူးနဲ့ အကုန်လုံး ချုပ်သွားတာပဲ။ သို့ပေမယ့် သတ္တိချင်း မတူဘူး။ လိုက်နေတာပါ။ ကမ္မသတ္တိလို့ခေါ်တယ်။ ဒါကို သိဒ္ဓေယျသိဒ္ဓ။ ဘုရားကို ယုံကြည်ပြီးတော့ နောက်အနုမာနနဲ့ ယုံကြည်ရမှာရှိတယ်လေ။ အဲဒီတော့ လိုက်ပြီးတော့ လာနေတာ၊ ဘုန်းကြီးတော့ မသိဘူးပေါ့၊ ဒါပေမယ်လို့ ဘုန်းကြီးရဲ့ ခန္ဓာအစဉ်မှာတော့ သူကလိုက်နေတယ်။

သတ္တိတွေ ဘယ်လိုလုပ်လိုက်နေတုံး---

သတ္တိတွေ အများကြီး၊ အဲဒီသတ္တိတွေအများကြီးထဲက စိတ်တခုချင်းချုပ်သွားလို့ရှိရင် သတ္တိတွေက ဘယ်လိုလိုက်နေတုံးဆိုတော့ ဘဝများစွာက ပြုလာတဲ့ကမ္မသတ္တိ ဒီမှာလည်း ပါနေတယ်ဆိုပါတော့။ စိတ်မှာလည်းပဲ စိတ်မှာ၊ ရုပ်မှာလည်းပဲ ပါနေတယ်။ စိတ်ချုပ်သွားပြန်၊ ရုပ်ချုပ်သွားပြန်တော့ ဒီစိတ် ဒီရုပ်ထဲမှာ သတ္တိက ပါနေတယ်။ သတ္တိလိုက်နေတာ။ အခုဘုန်းကြီးပြောတာ နားလည်သလား။ စိတ်တွေ ရုပ်တွေ ချုပ်သွားပေမယ့်လို့ ကမ္မသတ္တိက လိုက်ပြီးတော့ နေတယ်။ သတ္တိကနော်၊ အရာဝတ္ထု မဟုတ်ဘူးနော်၊ သတ္တိနော်။

ဒေါက်တာနှစ်ဦး မတူ---

ဆိုပါတော့။ ဒေါက်တာဟာ လူမမာကို စိတ်ချမ်းသာအောင် လုပ်တတ်တဲ့သတ္တိ ရှိတယ်။ အပြောကလေးနဲ့ ပြောတတ်တယ်။ သူက ချိုချိုလေးပြောလိုက်ရင် ဟိုက သဘောကျ၊ ဒါ သတ္တိပဲ။ လူတိုင်း ဒီလိုပြောတတ်ရဲ့လား။ သတ္တိရှိရဲ့လား။ သူက ဆေးတို့ဘာတို့ ထိုးပေးခါနီးမှာ ဒီဆေးလေးဟာလေ ဆိုပါတော့ နှမရယ်၊ ဒီဆေးကလေး သောက်လိုက်လို့ရှိရင် စိတ်တွေချမ်းသာပြီးတော့ ရုပ်တွေ ကောင်းလာမှာပါ။ အပြောကောင်းတော့ သောက်ပြန်ရော၊ မသောက်ချင်ဘူးဆိုပေမယ့် အဲဒါတွေက သတ္တိတွေပါလာတာ။ အဲဒီသတ္တိဟာ ဘယ်ကရတုံးဆိုတော့ အမေအဖေက သင်ပေးလိုက်တာ မဟုတ်ဘူး။ ဘဝများစွာက လိုက်နေတာ။ ပြုခဲ့တဲ့ဘဝက ကောင်းတဲ့ကမ္မသတ္တိတွေက လိုက်နေတာ။ တယောက်တော့ ဒီလိုသတ္တိတွေက သိပ်ပြီးမထင်ရှားတော့ သောက်ချင်သောက်၊ မသောက်ချင်နေလေ။ ဝတ္တရားအတိုင်း ပြောတဲ့ဥစ္စာ။ ဒီဆေးထိုး၊ မခံချင်ဘူးလား၊ မခံချင်ဘူး၊ အရူးက မခံချင် မထိုးဘူး။ ငါကတော့ ဝတ္တရားပဲ ပြီးပြီးတာပဲ။ ဒီမှာ သူက သတ္တိက သိပ်မလိုက်လာဘူး။ (ရှေ့လဆက်ရန်)

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေဝင်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

************************************************************

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ၇

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ (၇)

(မေး) အရှင်ဘုရား နောက်ဆုံး နိဗ္ဗာန်ရောက်ပြီဆိုတာနဲ့ စိတ်နဲ့ရုပ်တို့ မည်သို့အဆုံးသတ်ပါသလဲ။

ဘဝများစွာက သတ္တိတွေလိုက်လာ---

သတ္တိက အရာဝတ္ထုလားဆိုတော့ အရာဝတ္ထုမဟုတ်ဘူး။ ဘဝများစွာက ဖြစ်ဖြစ်၊ ဒီဘဝမှာ ဖြစ်ဖြစ် သူရဲ့ ဝါသနာအလိုက် ပြုထားတဲ့ စိတ်တွေရဲ့ ဓာတ်သတ္တိတွေ၊ ဒီမှာလိုက်တာပဲ။ သတ္တိတွေ အများကြီးရှိတယ်။ ဒီဘဝတင် မဟုတ်ဘူး၊ ဘဝများစွာက သတ္တိတွေ လိုက်လာတယ်။ ဆိုပါတော့ သေခါနီးရောက်နေပြီ ခုနက သတ္တိတွေ ပျောက်သွားသလား။ မပျောက်ဘူး။ သေတော့မလို့ ကပ်နေပြီ၊ သတ္တိတွေ ပျောက်မလား၊ မပျောက်ဘူး။

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေဝင်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

************************************************************

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ၈

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ (၈)

(မေး) အရှင်ဘုရား၊ ငယ်ရွယ်သော ကလေးအချို့သည် သင်ကြားခြင်းမရှိဘဲ ကျမ်းစာများကို ရွတ်ဆိုနိုင်ခြင်း၊ အထက်တန်းကျသော အတွက်အချက်များကို ပြုလုပ်နိုင်ခြင်းတို့ကို မြန်မာပြည်၌၄င်း၊ နိုင်ငံခြား၌၄င်း တွေ့ရပါသည်။ အဘယ်ကြောင့် မသင်ဘဲ တတ်မြောက်ပါသလဲ။

(ဖြေ)

၁၀-နှစ်သားတုန်းက သင်ထားတဲ့ပညာဟာ ဆိုပါတော့ အသက် ၂၀-လောက်မှာ သူတချို့ ရွတ်နိုင်တယ်၊ ဖတ်နိုင်တယ်။ ဒါဖြင့် ၁၀-နှစ်သားတုန်းက ရုပ်ရှိသလားလို့ဆိုတော့ အသက် ၂၀-မှာ မရှိဘူး။ ၁၀-နှစ်သားတုန်းက စိတ် ရှိသလားလို့ဆိုတော့ အသက် ၂၀-မှာ မရှိဘူး။ မရှိပေမယ့်လို့ သူရွတ်နိုင်တယ်။ ဖတ်နိုင်တယ်၊ မှတ်နိုင်တယ်ပေါ့လေ။

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေဝင်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

************************************************************

သိပ္ပံအမြင့်နှင့် ဗုဒ္ဓအဘိဓမ္မာ ၉

သိပ္ပံအမြင့်နှင့် ဗုဒ္ဓအဘိဓမ္မာ (၉)

(မေး) အရှင်ဘုရား၊ ဗုဒ္ဓဘာသာမှာ အမျှဝေခြင်း၊ ဆုတောင်းခြင်း၊ မေတ္တာပို့ခြင်းဆိုတာ ဘယ်လိုအကျိုးရှိပါသလဲ။

(ဖြေ)

မေတ္တာပို့တာ ပြောကြစို့၊ မေတ္တာက ဘုန်းကြီးလည်း အင်မတန် အားကိုးတယ်။ ဆိုပါတော့လေ ဒကာစိန်ဝင်းက ဘုန်းကြီးကို တမင်တော့ ပို့ချင်မှ ပို့မယ်။ မြင်တယ်ဆို မေတ္တာရောက်နေပြီ။ ဘုန်းကြီးကလည်း ဒကာစိန်ဝင်းကို မြင်တယ်ဆိုရင် မေတ္တာရောက်နေပြီ။ တမင်ပို့တာတောင် မဟုတ်သေးဘူး။ ဒီတော့ စကားပြောတို့ဘာတို့မှာ အမှားပြောလည်း သည်းခံတယ်။ အမှန်ပြောလည်း လက်ခံတယ်။ မေတ္တာဟာ ဒီလောက်သတ္တိရှိတယ်။

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေဝင်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

************************************************************

သိပ္ပံအမြင် နှင့် ဗုဒ္ဓဘာသာ ၁၀

သိပ္ပံအမြင် နှင့် ဗုဒ္ဓဘာသာ (၁၀)

(မေး) အရှင်ဘုရား၊ စိတ်ဟာ ဦးနှောက်မှာ ဖြစ်တယ်လို့ နိုင်ငံခြားပါရဂူများက ဆိုကြပါတယ်။ ဗုဒ္ဓဘာသာမှာ ဟဒယဝတ္ထု (နှလုံး)မှာ ဖြစ်တယ်လို့ ကြားဖူးပါတယ်။ ရှင်းပြတော်မူပါ။

(ဖြေ)

သူတို့အယူကို ဘုန်းကြီးက မသိဘဲနဲ့တော့ မရှင်းနိုင်ဘူး။ ဘုန်းကြီးတို့လည်း ဘုန်းကြီးတို့နည်းနဲ့ပေါ့လေ။ ဟဒယဝတ္ထု ရှိတယ်လို့ ဆိုပေမယ့် စိတ်က ဒီမှာ အကောင်အထည် မှီသလို မှီနေတာ မဟုတ်ဘူး။ ခုနက ဘုန်းကြီးပြောပြီမဟုတ်လား။ ပဋိသန္ဓေ နေကတည်းက ဟဒယဆိုတဲ့ ဝတ္ထုရုပ်ပါလာတယ်။ အဲဒီ ပဋိသန္ဓေနေတုန်းက ဘယ်မှာဒီလို ရင်တွေဘာတွေ ရှိဦးမလဲ။ ဟဒယဝတ္ထု ပါလာတယ်။ အဲဒီဝတ္ထုရုပ် ရှိလို့မို့ စိတ်က ဖြစ်နိုင်တယ်။ ဝတ္ထုရုပ် မရှိလို့ရှိရင် ကာမရူပဘုံမှာ စိတ်မဖြစ်နိုင်ဘူး။

ဆရာရှိလို့ တပည့်ကြီးပွားသလို---

ဒါကြောင့် ဆရာရှိလို့ တပည့်ကြီးပွားတယ်။ ဆရာမရှိရင် တပည့်မကြီးပွားဘူး။ တခါ တပည့်က ဆရာကို မှီနေတယ်။ မိဘရှိလို့ သားသမီး ကြီးပွားတယ်။ မိဘမရှိရင် သားသမီး မကြီးပွားဘူးလို့ ပြောတယ်။ ဒီတော့ သားသမီးက မိဘရင်ခွင်ထဲမှာ နေတာ မဟုတ်ဘူး။ သူ့ကို မှီတယ်လို့ဆိုတဲ့ ဥစ္စာကလည်း မှီကပ်နေတာ မဟုတ်ဘူး။ စကားသဘောအားဖြင့် ဖြစ်အောင် ပြောနေတာ။ အမှန်ကတော့ မိဘကို အကြောင်းပြုပြီးတော့ သားသမီးကြီးပွားတယ်။

ဒီလိုသာ ယူဆ---

အဲဒါကြောင့် ဟဒယဝတ္ထုကို မှီတယ်ဆိုတာ ဟဒယဝတ္ထု၏အပေါ်မှာ စိတ်က တည်နေတာ မဟုတ်ဘူး။ ဟဒယဝတ္ထုရှိလို့ ဘုန်းကြီးတို့ နိဿယပစ္စည်းနဲ့ မှီရာလို့ ခေါ်နေတာ။ သူမရှိရင် ကာမရူပဘုံမှာ မဖြစ်ဘူး။ ဒါကြောင့် မှီတယ်လို့ ပြောတာ။ ဦးနှောက်ထဲ စိတ်က ရောက်သွားတာ မဟုတ်ဘူး။ ဦးနှောက်ရှိလို့ စိတ်ဖြစ်နေတာပဲ။ ဒီလိုသာ ယူဆရမယ်လေ။ ဟဒယဝတ္ထုရှိလို့ စိတ်ဖြစ်နေတာပဲ။

ဆရာကို တပည့်က မှီတဲ့သဘောမျိုး---

ဟဒယဝတ္ထုအပေါ်မှာ ခုနက ဆရာကို တပည့်က မှီတဲ့အမှီမျိုး သဘောထားပါ။ ဆရာကို မှီနေတဲ့ဥစ္စာ၊ ဘုန်းကြီး ဘယ်မှမသွားနဲ့နော်၊ တပည့်တော် လဲသွားလိမ့်မယ်။ ဒီလိုမှီတာမျိုး မဟုတ်ဘူး။ ဆရာက ဟိုကျောင်းနေတယ်။ သူက ဒီကျောင်းနေပေမယ့်လို့ ဆရာ့ကို မှီနေတာပဲ။ ဆရာစကား နားထောင် နေတာပဲ။ မိဘကို မှီနေတယ်ဆိုတာ မိဘက ဟိုအိမ်နေတယ် သူက ဒီအိမ်နေတယ်။ မိဘမှီပြီးတော့ သူကြီးပွားရတာပဲလို့ ပြောတယ်။ ပြောပေမယ့်လို့ မိဘအပေါ်မှာ သူမှီနေတာ မဟုတ်ပါဘူး။ စိတ်ကလည်း ဒီလိုမှီတာ မဟုတ်ဘူး။ ဟဒယဝတ္ထုကိုမှီပြီးတော့ နေတာမဟုတ်ဘူး။ ဟဒယဝတ္ထုတို့၊ ဦးနှောက်တို့ ရှိလို့သာ စိတ်တွေဖြစ်တာ၊ အဲဒီလို မှတ်သားပါ။

ဦးနှောက်---

ဘုန်းကြီးကတော့ ဦးနှောက်လို့ ပုံမှန်မယူဆဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ကဗန္ဓိုပြိတ္တာဆိုတာ ရှိတယ်။ ကဗန္ဓိုပြိတ္တာဆိုတာ ခေါင်းမပါဘူး။ ခေါင်းမပါဘဲနဲ့ စိတ်တော့ ဖြစ်နေတာပဲ။ အမှန်က ဦးနှောက်မှီတဲ့ စိတ်မျိုးတော့ မဟုတ်ပါဘူး။ ဒါ ဘုန်းကြီးယူဆတာလေ။ ဒီပြင်သူတွေကို ဘယ့်နှယ် ညာ့နယ် မပြောချင်ပါဘူး။

ဘုန်းကြီးတို့လက်ခံထား---

ဟဒယဝတ္ထုကို ဘုရားက ဝတ္ထုလို့ ဟောတာ၊ ဟဒယလို့ မဟောဘူး။ ဓမ္မသင်္ဂဏီမှာ ဝတ္ထုရုပ်လို့ ဟောတယ်။ မှီရာဝတ္ထုရုပ်။ ဒီ ဟဒယမှာတို့၊ ဘာတို့ ဆိုတဲ့ဥစ္စာက ကျမ်းစာတွေက သတ်မှတ်ပြီးတော့ ထားတာ၊ တခါတလေ ဒိန်းခနဲဆိုရင် ဒီထဲက နည်းနည်း အသိမြန်သလိုလို၊ ဘာလိုလို ရှိနေတယ် မဟုတ်လား။ ဒါကြောင့် ဘုန်းကြီးတို့က လက်ခံထားတာပဲ။

အကုသိုလ်မပြုဖို့ လိုတာပါ---

လက်ခံထားတော့လည်း အကုသိုလ်မပြုဖို့ လိုတာပါ။ လက်မခံတော့လည်း အကုသိုလ် မပြုဖို့ လိုတာပါ။ လက်ခံတော့လည်း တရား နှလုံးသွင်းဖို့ လိုတာပါ။ လက်မခံတော့လည်း တရားနှလုံးသွင်းဖို့ လိုတာပါ။ ဒီလောက်အရေးကြီးတဲ့ ပြဿနာတော့ မဟုတ်ပါဘူးလို့ ဘုန်းကြီးက ယူဆထားတယ်။

************************************************************

(မေး) အရှင်ဘုရား၊ တပါးသောရဟန်းက ဝိနည်းတော်နှင့် မအပ်သောနည်းဖြင့် ရရှိထားသော ဥပမာ-ဒကာ ဒကာမတို့ လှူချင်လာအောင် ဆွယ်တရားဟော၍ ရရှိထားသော ဆွမ်း၊ ကျောင်း၊ အစရှိသည်တို့ကို စားသုံးသူ ရဟန်းတိုင်း အပြစ်ရှိသည်-ဟု ဆိုပါသည်။ တရားတော်၌ စေတနာဆန္ဒ အဓိကပါ-ဆိုထားရာ မအပ်သောနည်းဖြင့် ရရှိထားသော ဆွမ်းမှန်း၊ ကျောင်းမှန်း မသိ၍ စားသုံးမိလျှင် စားသုံးနေသော ရဟန်းသည် စေတနာမပါ၍ အပြစ်ရှိသလား

(ဖြေ)

အပြစ်ရှိတာကို တခန်း၊ အာပတ်သင့်တာကို တခန်း၊ အာပတ်သင့်တယ်ဆိုတာ အပြစ်ပဲ။ ပြီးတော့ အကုသိုလ်အပြစ်ရှိသလား။ မရှိဘူးလား၊ ဒါကို စဉ်းစားရမယ်။ မအပ်မရာ ကျောင်းကြီးကို ဘုန်းကြီးတို့ နေမိရင် အာပတ်သင့်တယ်။ အကုသိုလ်အပြစ်ရှိသလား၊ မရှိဘူးလားဆိုတော့ ယူဆနေကြတာက အာပတ်ရှိနေရင် တရားအားထုတ်တဲ့အခါမှာ တရားမထင်နိုင်ဘူး။ ဒီလို ယူဆနေကြတယ်။ ဒါကို ဘုန်းကြီး ငြင်းလည်း မငြင်းပါဘူး။ ထောက်လည်း မထောက်ခံပါဘူး။

အာပတ်နှစ်မျိုး---

ဒါဖြင့် ဒီကျောင်းထဲ နေတာနဲ့ပဲ ငရဲ-ပြိတ္တာ-တိရစ္ဆာန် တခုခု ဖြစ်ရတော့မလားဆိုောတ့ ဘုန်းကြီးတို့စာမှာ နိယတအာပတ်၊ အနိယတအာပတ် နှစ်မျိုးခွဲထားတယ်။ နိယတအာပတ်က မချွတ်ဧကန် အမှန်ငရဲကျမယ်။ တိရစ္ဆာန်-ပြိတ္တာ-ဖြစ်မယ်။ အနိယတအာပတ်က မသေချာဘူး။ သေခါနီးထင်တဲ့ အာရုံနဲ့ ဆိုင်ပါတယ်။ နိယတအာပတ်ကတော့ သေခါနီးဧကန်မုချ ဒီအာရုံကို ဆိုက်မှာ၊ နိယတအာပတ်က ဘယ်လိုအာပတ်မျိုးတုန်းဆိုတော့ အန္တရိယကံဆိုတဲ့ အမေကို သတ်မိတဲ့ ပါဏာတိပါတဆိုတဲ့ အာပတ်မျိုး။ လူလည်း မထွက်ဘူး။ လူထွက်လည်းပဲ သူကတော့ ကျမှာပဲ။ အင်မတန်ဆိုးဝါးတဲ့ အကုသိုလ်မျိုး ပြုထားတယ်၊ ပြုထားရင် သူသေခါနီး ထင်ကိုထင်မှာ။ အဲဒါ နိယတအာပတ်။

အဲဒီလိုဟာကြောက်လို့---

တချို့အာပတ်တွေက ကိုယ်လည်း မသိဘူး။ တရားအားထုတ်တော့ မရဘူးလို့ ဆိုထားတယ်။ ဒါ ဟုတ်ချင်လည်း ဟုတ်လိမ့်မယ်။ ဒီလိုပဲ ဘုန်းကြီးလက်ခံတယ်လေ။ အပြစ်ဘယ်လောက်ကြီးသလဲ ဆိုတော့ နဂိုကမှ နိယတအာပတ်မှ မဟုတ်ဘဲနဲ့။ သူသေခါနီး ကောင်းတဲ့အာရုံတွေ ထင်လာလို့ရှိရင် ကောင်းတဲ့ ဂတိပဲ ရောက်မှာပဲ။ သို့သော်လည်း ဆယ်ရေးတရေး ကိုးရေးတရာ၊ အနိယတဖြစ်တဲ့ အာပတ်တွေကြောင့်လည်း သေခါနီး ထင်လာတတ်တာ ဖြစ်တော့ ထင်လာတဲ့ ဝတ္ထုတွေကလည်း ရှိတော့ အဲဒီလိုဟာ ကြောက်လို့မို့ အာပတ်မသင့်အောင် ဆိုပြီးတော့ ကြိုးစားနေကြတော့တာပဲ။

************************************************************

(မေး) အရှင်ဘုရား၊ ကုသိုလ် အကုသိုလ်အရာမှာ အကုသိုလ်ကံကို မလုပ်ရုံမျှဖြင့် ကုသိုလ်ဖြစ်ပါသလား။ ဥပမာ-အသက်သတ်ခြင်းဆိုတဲ့ အကုသိုလ်ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်းအားဖြင့် ကုသိုလ်ဖြစ်ပါသလား။

(ဖြေ)

ဒါက သိမ်မွေ့တယ်။

ကုသိုလ်ဝိရတီ---

သူ့အသက်သတ်ဖို့လို့ ရှေ့ရောက်လာတယ်။ သတ်မယ်လို့လည်း စိတ်ကတော့ ကူးထားတယ်။ နောက်တော့ တစုံတခုသော အဖြစ်ကြောင့် မသတ်ပါဘူးလေလို့ ရှောင်လိုက်ရင် အဲဒီရှောင်တဲ့စိတ်က ကုသိုလ်စိတ်-ဝိရတီ။ ဝိရတီ စေတနာပါနေတဲ့ ကုသိုလ်စိတ်ဖြစ်တယ်။ ရှောင်တာနဲ့ကို ဖြစ်တာပဲ။

ညစာမစားဘဲ ရှောင်တဲ့စိတ်---

ဘုန်းကြီးတို့ ဥပုသ်သည်တွေမှာ ဥပုသ်မှ ကုသိုလ်တွေ ဖြစ်နေတယ်ဆိုတဲ့ ဥစ္စာ ရှောင်နေတာပဲ။

သဘာဝကတော့ နဂိုတုန်းက ဗုဒ္ဓမြတ်စွာရဲ့ တရားတော်အရ ညစာမစားပါဘူးလို့ ရှောင်နေတာဖြစ်တော့ ညစာစားချင်လိုက်တာ၊ စားချင်ပေမယ်လို့ သီလပျက်မှာစိုးလို့ သူက ရှောင်တယ်။ ရှောင်တဲ့ ဝိရတီစေတသိက် ဖြစ်တာပဲ။ အဲဒီဟာ ကုသိုလ်ခေါ်တာ။

************************************************************

(မေး) အရှင်ဘုရား၊ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်ပြီ ရဟန္တာဖြစ်ပြီ မည်သို့သိနိုင်ပါသလဲ။

(ဖြေ)

အစစ်ဖြစ်လို့ရှိရင်တော့ သူတို့ ပစ္စဝေက္ခဏာ ဆင်ခြင်ရသေးတယ်။ ဆင်ခြင်တဲ့အခါမှာ တကယ့်ကို နိဗ္ဗာန်အာရုံကို ရနေတယ်။ တကယ့်ကို မဂ်ကို အာရုံရနေတယ်ဆိုရင်တော့ သူသိတာပဲ။ ဒီလိုမဟုတ်ဘဲနဲ့ ဆိုရင် သူ မသိနိုင်ပါဘူး။ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲနဲ့ ဆိုရင် သူ မသိပါဘူး။ သောတာပန်ဖြစ်မှန်းလည်း မသိပါဘူး။ မဖြစ်မှန်းလည်း မသိပါဘူး။

************************************************************

(မေး) အရှင်ဘုရား၊ ရဟန္တာသည် သံဃာတော်များ လိုက်နာရန် ဘုရားရှင် ပညတ်တော်မူခဲ့သော ဝိနည်းသိက္ခာပုဒ်တော် အထူးသဖြင့် သံဃာများနည်းတူ လိုက်နာရပါသလား၊ မလိုက်နာဘဲ ရဟန္တာ ဖြစ်နိုင်ပါသလား။

(ဖြေ)

ပုထုဇဉ်ထက် ပိုပြီးတောင် လိုက်နာရမယ်။ မလိုက်နာလို့ရှိရင် ရဟန္တာဆိုတာ ဝေးလို့၊ သောတာပန်တောင် မဖြစ်နိုင်ဘူး။

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေဝင်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

************************************************************

သိပ္ပံအမြင် နှင့် ဗုဒ္ဓဘာသာ ၁၁

သိပ္ပံအမြင် နှင့် ဗုဒ္ဓဘာသာ (၁၁)

(မေး) အရှင်ဘုရား၊ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်ပြီ၊ ရဟန္တာဖြစ်ပြီ မည်သို့ သိနိုင်ပါလဲ၊ အပြင်လူကော သိနိုင်ပါသလား။

(ဖြေ)

ရဟန္တာမှန်း သိဖို့သိပ်ခက်။

အပြင်လူ ဆိုတာကတော့ တခါတုန်းက-ရဟန္တာအရှင်မြတ်ကြီးရဲ့ နောက်က တောထွက်ကြီးတပါး သပိတ်ယူပြီးတော့ လိုက်သွားတယ်။ လိုက်သွားတော့ သူက သူ့ဆရာ ဘုန်းတော်ကြီးကို လျှောက်တယ်။ အရှင်ဘုရား-ရဟန္တာများ ဘယ့်နှယ်လုပ်ပြီးတော့ သိရပါမလဲ၊

ဦပဉ္ဇင်းကြီး၊ ရဟန္တာဆိုတာ အင်မတန် အသိခက်တယ်။ သပိတ်ကိုင်ပြီးတော့ နောက်ကလိုက်တောင်မှ သိဖို့ခဲယဉ်းတယ်-လို့ အမိန့်ရှိတော့ ရဟန္တာမှန်း သိဖို့ သိပ်ခက်တယ်။

ကမ္မဋ္ဌာန်းဆရာလည်း မသိ---

ရဟန္တာမှန်းသိဖို့ သိပ်ခက်တယ်ဆိုရင် သောတာပန်မှန်းသိဖို့ ဆိုတာလည်း သိပ်ခက်တာပဲ။ ဘယ်လိုပုဂ္ဂိုလ်မှ သိတုန်းဆိုတော့ ပရစိတ္တဝိဇာနန-သူတပါးစိတ်ကို သိတဲ့ဉာဏ်ကို ရနေတဲ့အချိန်ကျမှ သောတာပန် ဟုတ်တယ်-မဟုတ်တယ်ဆိုတာ သိတယ်။ ပရစိတ္တဝိဇာနန အဘိညာဉ်ကို မရလို့ရှိရင် ကမ္မဋ္ဌာန်းဆရာကိုယ်တိုင် သူ့တပည့် တရားပေါက်တယ်။ မပေါက်ဘူးဆိုတာ မသိနိုင်ဘူး။

************************************************************

(မေး) အရှင်ဘုရား၊ ဗုဒ္ဓဘာသာဝင်တဦးနှင့် ဘာသာခြားတဦးတို့သည် တူညီသော အလှူဒါန တခုစီကို စေတနာတူစွာဖြင့် အတူတူ ပြုလုပ်ကြပြီး အကျိုးပေးပုံ မည်သို့ ကွာခြားပါသနည်း။

(ဖြေ)

အဲဒါကတော့ စေတနာ တူစွာဖြင့် ဆိုတဲ့ဥစ္စာကို လူတဖက်သားကို ရစေလိုတဲ့ စေတနာချင်းသာ တူနိုင်တယ်။ ကံနှင့်ကံရဲ့အကျိုးကို ယုံကြည်တဲ့ သဒ္ဓါချင်း မတူနိုင်ဘူး။ ပြီးတော့ အမြော်အမြင် ဆိုပါတော့၊ မဂ်ဖိုလ်နိဗ္ဗာန် ဆိုတာမျိုးက မတူနိုင်ဘူး။ မတူနိုင်လို့ရှိရင် သာတာက အကျိုးကြီးမှာပါပဲ။

************************************************************

(မေး) အရှင်ဘုရား၊ သေတဲ့အခါမှာ ရုပ်နဲ့ စိတ်တို့ ချုပ်ပုံ ရှင်းပြပါ။

(ဖြေ)

ပရိနိဗ္ဗာန် စုတိစိတ်---

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူခါနီးမှာ အားလုံး ကြားဖူးတဲ့အတိုင်း အပ္ပမာဒေန သမ္ပာဒေထ-လို့ မိန့်တော်မူလိုက်ပါတယ်။ မိန့်တော်မူပြီးတဲ့နောက် နှုတ်တော်မှ စကားတလုံးမှ မြွက်တော်မမူတော့ပါဘူး။ စျာန်ဝင်စားပါတယ်။ စျာန်ဝင်စားတဲ့အခါမှာ ပထမစျာန်ဝင်စား၊ စျာန်မှထ ပစ္စဝေက္ခဏာ ဆင်ခြင်၊ ဒုတိယစျာန် ဝင်စား၊ ဒီလို အပြန်အလှန် စျာန်ဝင်စားပြီးတော့ နောက်ဆုံးစျာန်လည်း ကုန်ရော ပရိနိဗ္ဗာန် စုတိစိတ် ပေါ်လာပါတယ်။

ဥတုဇရုပ် ကျန်နေ---

စုတိစိတ် မပေါ်ခင် ၃၆-ချက်လောက်ကတည်းက ကမ္မဇရုပ်အသစ် မဖြစ်တော့ပါဘူး။ နောက်ဆုံး စုတိစိတ်လည်း ဖြစ်ရော ကမ္မဇရုပ်လည်း နောက်ဆုံး ချုပ်တာပဲ။ ကမ္မဇရုပ်နဲ့ စုတိစိတ် တပြိုင်နက် ချုပ်ပါတယ်။ အရင်တွေ ဘာတွေ မရှိပါဘူး။ သို့သော် ဥတုဇရုပ် ကျန်နေပါတယ်။ ဥတုဇရုပ်ကတော့ ခု-အလောင်းတွေလိုပဲ။ ဗုဒ္ဓမြတ်စွာရဲ့ အလောင်းတော်မှာလည်း ဥတုဇရုပ် ကျန်တော်မူပါတယ်။ ဒါကြောင့် အဲဒီရုပ်ကတော့ ပရိနိဗ္ဗာန်စံပြီးတဲ့နောက်ပိုင်းမှာ ကျန်တော်မူပါတယ်။

ဇီဝိတဆိုတဲ့ အသက် ကျန်နေသမျှ မသေ---

အာဟာရဇရုပ်တို့ စိတ္တဇရုပ်တို့ဆိုတာက အဘိဓမ္မာ၊ သင်္ဂြိုဟ် သင်ဖူးတဲ့သူမှ သိပါတယ်။ နည်းနည်းကလေး ကျန်တယ်လို့ ဆိုရရုံကလေး ကျန်ပါတယ်။ ပြန်ချုပ်တာပါပဲ။ ဥတုဇရုပ်ကတော့ တပြိုင်နက် ချုပ်ပါတယ်။ ကြည်ညိုစရာကောင်းအောင်လို့ ဘုရားကို ပြောရတယ်။ ဘုန်းကြီးသေလည်း တပြိုင်နက် ချုပ်မှာပဲ။ ကမ္မဇရုပ်မချုပ်သမျှ ဇီဝိတဆိုတဲ့ အသက်ကျန်နေသေးတယ်။ အသက် ကျန်နေသမျှ သေကို မသေဘူး စုတိစိတ်ကို မဖြစ်သေးဘူး။

************************************************************

(မေး) အရှင်ဘုရား၊ သံဃိကကျောင်းကို မိမိသေလျှင် ဘယ်သူ့ကို လွှဲနိုင်ပါသလဲ၊ ဝယ်ကော ဝယ်ကောင်းပါ သလား။

(ဖြေ)

ဘယ်ပုဂ္ဂိုလ်ကိုမှ မလွဲခဲ့ရဘူး။ သံဃိကကျောင်းဆိုလို့ရှိရင် ဂေါပကတို့၊ ဘာတို့က ထိန်းထားပါ။ ဘယ်သူ့မှ မလွှဲပါနဲ့၊ ဒါမှ နောက် သံဃာ ကောင်းကောင်းရမယ်။

ပုဂ္ဂလိကကျောင်း ဝယ်နိုင် ရောင်းနိုင်---

သံဃိကမဟုတ်ဘူး။ ပုဂ္ဂလိကဆိုရင် ရောင်းပါ။ ရောင်းပြီးတော့ သူ့လက်ထက်မှာ သူသုံးနိုင်တယ်။ အမေ-အဖေ ပေးနိုင်တယ်။ အလိုရှိသလို သုံးနိုင်တယ်။ ဝယ်တဲ့သူတွေက ဝယ်ပါ။ ဒါကို ဂေါပကအဖွဲ့တို့ ဘာတို့က ဝယ်ပါ။ ဝယ်ပြီးတော့ ကျောင်းကို ရွှေ့တန်တာ ရွှေ့ပါ။ ဒီလို ဘုန်းကြီးက ပြောနေတယ်။ ဒါကြောင့် ဒကာမကြီး ဝယ်ပါ။ ကိစ္စမရှိပါဘူး။ သံဃိကကို သွားမဝယ်နဲ့။

သံဃိကကို မဝယ်နဲ့---

သံဃိက သွားဝယ်လို့ရှိရင် ဒကာမကြီး ပိုင်မှာမဟုတ်ဘူး။ ပုဂ္ဂလိကဆိုမှ ဝယ်ပါ။ ပုဂ္ဂလိကလည်းပဲ သူက ဆိုရုံနဲ့ မဝယ်ပါနဲ့။ လှူတုန်းက ဟုတ်သလား၊ မဟုတ်ဘူးလား၊ စုံစမ်းပါဦး။ လှူတုန်းက ဟုတ်တယ်၊ ပုဂ္ဂလိက လုပ်ထားတာပဲလို့ သူတို့ ဆွေမျိုးတွေက ပြောရင်တော့ ဝယ်ပါ။ သံဃိကကို မဝယ်လေနဲ့။ မသေချာတဲ့ ပုဂ္ဂလိကကိုလည်း မဝယ်နဲ့။ ကိုယ် မပိုင်ဘူး။ ကိုယ့်ဘုန်းကြီးလည်း မပိုင်ဘူး။

************************************************************

(မေး) အရှင်ဘုရား၊ စူဠသောတာပန် အပါယ်တံခါး ပိတ်တယ်ဆိုတာ တဘဝအဖြစ် ဆိုတာလား။ သံသရာ တလျှောက်လုံး နိဗ္ဗာန်မရောက်မချင်း ဆိုတာပါလား။

(ဖြေ)

နိဗ္ဗာန်မရောက်မချင်း ပိတ်လို့ရှိရင် စူဠသောတာပန်လို့ မခေါ်နဲ့တော့၊ သောတာပန်လို့ပဲ ခေါ်။

သူ့တာဝန်ကတော့ တဘဝပဲရှိတယ်။ ဘာဖြစ်လို့ တဘဝတည်းရှိလည်းဆိုတော့ လာမယ့်ဘဝက ဘယ်လိုအဖြစ်မျိုးနဲ့ ဖြစ်မှန်းမသိလို့ တဘဝပဲ ရှိတယ်။ တသံသရာလုံး ဆိုတာကတော့ စူဠသောတာပန်ရဲ့ တာဝန်မရှိပါဘူး။ မတတ်နိုင်ပါဘူး။ ဒီလိုဆိုရင် မဟာသောတာပန်နဲ့ ဘာထူးတော့မှာလဲ။

************************************************************

(မေး) အရှင်ဘုရား၊ ဘုရား၊ ရဟန္တာများ စုတိစိတ်တော် ဖြစ်ပြီးနောက် ဘဝသစ်ခန္ဓာ မပေါ်တော့ဘူး။ ဘဝသစ်ခန္ဓာ မပေါ်ဘဲ ငြိမ်းသွားတာ နိဗ္ဗာန်ပဲ မဟုတ်လား။

(ဖြေ)

ဒီလိုတော့မဟုတ်ဘူး။ ဘဝသစ်ခန္ဓာ မပေါ်ဘဲ ငြိမ်သွားတာကို နိဗ္ဗာန်လို့ ဆိုချင်စရာကောင်းအောင် တရားတော်မှာ ရှိတယ်။ အယံပဒီပေါ-ဤဆီမီးသည်၊ နိဗ္ဗုတောယထာ-ငြိမ်းအေးသကဲ့သို့၊ ဓီရာ-ရဟန္တာ ပညာရှိတို့သည်၊ နိဗ္ဗန္တိ-ငြိမ်းအေးတော်မူကြကုန်၏-လို့ ပရိတ်ကြီးက ဒါကြောင့် ဘဝဆက် မရှိဘဲနဲ့ ကမ္မဇရုပ် စုတိစိတ်တော်များ ချုပ်သွားခြင်းသည်ပင် နိဗ္ဗာန်လို့ ဆိုတော့ နိဗ္ဗာန် ဘာမှ မရှိဘူး။

************************************************************

(မေး) အရှင်ဘုရား၊ မီးငြိမ်းသွားသလို ဆိုတော့ လုံးဝ ဘာမှ မရှိဘူးလား။

(ဖြေ)

ဒီလိုမဟုတ်ဘူး။ အဲဒါက ဗုဒ္ဓမြတ်စွာက ဘယ်မှ မရောက်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးကို ဥပမာပြတာ။ ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဉာဏ် ရတော်မူတဲ့အချိန်တုန်းက သစ္စာလေးပါးတရားကို သိတော်မူတယ်။ ဒါကို နားလည်တယ်နော်။ အဲဒီအချိန်တုန်းက နိရောဓသစ္စာကို သစ္ဆိကရဏီယ သစ္ဆိကတအဖြစ်နဲ့ မျက်မှောက်ပြု တော်မူတယ်။

မျက်စိအောက်ကို ရောက်နေသလို မြင်---

မျက်မှောက်ပြုတော်မူတယ်ဆိုတဲ့ဥစ္စာ မျက်စိအောက်ကို ရောက်နေသည်ကို မြင်တော်မူတယ်။ ဒါကို သဘောပေါက်ပြီလား။ နိရောသစ္စာကို မျက်စိအောက် ရောက်သလိုကို မြင်တော်မူတယ်။ ဒါကို သဘောပေါက်သလား။ နိရောဓသစ္စာ နိဗ္ဗာန်၊ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်တဲ့ အချိန်တုန်းက အရဟတ္တမဂ် ဆိုပါတော့၊ နောက်ဆုံး မဂ်ကို ရတယ်။ အတူတူပဲ။ သောတာပတ္တိမဂ်ရော၊ ဘာရော အဲဒီမဂ်ရတဲ့ အချိန်တုန်းက နိဗ္ဗာန်ကို မြင်တော်မူတယ်။ (ရှေ့လဆက်ရန်)

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေဝင်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

************************************************************

သိပ္ပံအမြင် နှင့် ဗုဒ္ဓဘာသာ ၁၂

သိပ္ပံအမြင် နှင့် ဗုဒ္ဓဘာသာ (၁၂)

(မေး) အရှင်ဘုရား၊ နိဗ္ဗာန် ဘာမှ မရှိဘူး။ မီးငြိမ်းသွားသလို ဆိုတော့ လုံးဝ ဘာမှမရှိဘူးလား။

(ဖြေ)

မရှိ နိဗ္ဗာန် မဟုတ်---

အဲဒီ ရှိနိဗ္ဗာန်ဟာ မရှိနိဗ္ဗာန် မဟုတ်ဘူး။ ဘယ့်နှယ်နေတုန်း၊ ရှိနိဗ္ဗာန် ဟုတ်လား။ အဲဒီ ရှိနိဗ္ဗာန်ဟာ ဗုဒ္ဓမြတ်စွာရဲ့ ဘုရားဖြစ်ပြီးတဲ့နောက် ပထမသတ္တာဟမှာ ပျောက်သွားသလား။ အချိန်မရွေး ဘုရားအားရုံပြုလို့ မရဘူးလား။ မပျောက်ဘူးနော်၊ ရှိတဲ့ဥစ္စာမှ လေလို ရှိနေတာ မဟုတ်ဘူး။ အသင်္ခတဓာတ် မြတ်သောဓာတ်အဖြစ်နဲ့ ရှိနေတာနော်။ ဗုဒ္ဓမြတ်စွာ ၇-သတ္တာဟ ရှိတော့လည်း ဒီနိဗ္ဗာန်ဟာ အာရုံပြုရင် ရတယ်မဟုတ်လား။ မပျောက်ဘူးနော်။ ကောင်းပြီ ၄၅-ဝါ ကာလပတ်လုံး ပရနိဗ္ဗာန်စံခါနီးမှာလည်း အဲဒီနိဗ္ဗာန် ပျောက်သွားသလား၊ မပျောက်ဘူးနော်။

နိဗ္ဗာန် ပျောက်မသွား---

အဲဒီနိဗ္ဗာန်ကို ဘာခေါ်တုံး ဆိုတော့ သဥပါဒိသေ နိဗ္ဗာန်တဲ့။ ခန္ဓာကမ္မဇရုပ် ရှိနေသေးတဲ့ နိဗ္ဗာန်၊ ဒီနိဗ္ဗာန်ပဲ၊ နားလည်ပြီနော်။ ဒီနိဗ္ဗာန်ဟာ ဘယ်သူ့နိဗ္ဗာန်လဲလို့ ဆိုရင် ဘယ့်နှယ်ပြောမတုံး။ ဘုရားရဲ့ နိဗ္ဗာန် မဟုတ်လား။ ဆိုပါတော့ပေါ့။ ပစ္စည်းတခုကို ဒကာ ငယ်ငယ်တုန်းကစပြီး ကိုင်တဲ့ဥစ္စာဟာ ခုထိ ရှိနေသေးရင် ဒကာ့ပစ္စည်းပဲ မဟုတ်လား။ ဒီတော့ ဒကာ သေသွားတဲ့အခါမှာ ဒကာသာသေတာ၊ ဒကာ့ပစ္စည်း ဘယ့်နှယ်နေတုံး၊ ကျန်ခဲ့မယ်နော်။ ဗုဒ္ဓမြတ်စွာရဲ့ ရုပ်နာမ်ခပ်သိမ်းသာ ချုပ်ငြိမ်းတော်မူတာ။ ခုနက နိရောဓ ဆိုတဲ့ နိဗ္ဗာန်က အဲဒီအချိန်မှာ အနုပါဒိသေသနိဗ္ဗာန်လို့ နာမည်သာ ပြောင်းလိုက်တာ၊ ဒီနိဗ္ဗာန်ပဲ။ ပျောက်မသွားပါဘူး။

************************************************************

(မေး) အရှင်ဘုရား၊ ဘုရား ရဟန္တာများ စုတိစိတ်ဖြစ်ပြီးနောက် ဥပ္ပါဒနိရောဓ ပျောက်သွားတယ်၊ အနုပ္ပါဒ နိရောဓ ကျန်နေတယ် ဆိုပါတယ်။ ဟုတ်ပါသလား။

(ဖြေ)

ဒကာကြီး စာ,တော်တော် လေ့လာဖူးသလား၊ စာတော်တော် လေ့လာဖူးလို့ရှိရင် အနုပ္ပါဒနိရောဓကို ဟောတဲ့ဘုန်းကြီးကို သွားမေး၊ ဒီနိဗ္ဗာန်ပဲလားလို့။ နိရောဓဆိုတဲ့ဥစ္စာ ချုပ်တာကို ပြောတာ။ အဲဒီ အနုပ္ပါဒ နိရောဓက နောက်ထပ် ဆက်မဖြစ်လို့ နောက်ထပ် ဆက်မဖြစ်တဲ့ အချုပ်ကို အနုပ္ပါဒနိရောဓလို့ ခေါ်တာ။ ဟိုနိဗ္ဗာန်ကို ခေါ်တာ မဟုတ်ဘူး။

************************************************************

(မေး) အရှင်ဘုရား၊ မတော်မလျော် နေသော ရဟန်း၊ သာမဏေများကို အပြစ်ပြောလျှင် အကုသိုလ် ဖြစ်ပါသလား။

(ဖြေ)

စိတ်ရင်းက သာသနာတော် ကောင်းစားစေလိုတဲ့ စေတနာရှိရင် အကုသိုလ် မဖြစ်ဘူး။

ကိုယ့်စိတ်ကို ဆုံးဖြတ်---

သူ့ကို နှိပ်နှိပ်စက်စက် ပြောနေတဲ့အချိန်မှာ ကောင်းစားစေလိုတဲ့ စေတနာက မူရင်းပါပေမယ်လို့ သူပြောနေတဲ့အချိန် အကုသိုလ်ဆိုတော့လည်း ဖြစ်မှာပဲ။ ကိုယ့်စိတ်ကို ကိုယ်ဆုံးဖြတ်ပေါ့။ ငါ ဒေါသဖြစ်လိုက်တယ်ဆိုရင် အကုသိုလ်ပဲ။ ဒေါသမဖြစ်ဘူး။ အရှင်ဘုရား သာသနာဆိုတဲ့ဥစ္စာဟာ အင်မတန် မွန်မြတ်တယ် စသည်ဖြင့် ကိုယ့်အပြောနဲ့ ကိုယ့်စိတ်ကို ကိုထိန်းနိုင်လို့ရှိရင် ကုသိုလ်တွေသာ ဆက်ဖြစ်သွားမယ်။ ကိုယ့်စိတ်ကိုသာ ဆုံးဖြတ်ပါ။ ကိုယ်က ဒေါသနဲ့ ငါ ထိုးပြီးတော့ချလိုက်ရ ဘယ့်နှယ်နေမလဲ၊ ဘာလဲဆိုရင် အကုသိုလ်ဖြစ်မှာပဲ။ အကုသိုလ် မဖြစ်အောင် ကိုယ့်ဘာသာ ကိုယ်ထိန်းပြီးတော့ ချိုချိုသာသာ ပြောပေါ့။

ဆိုးဆိုးဝါးဝါး ဘုရားလက်ထက်က ရှိခဲ့---

သို့သော်လည်းပဲ တနေရာမှာ တော်တော်ဆိုးဆိုးဝါးဝါး ကိုယ်တော်တွေ ဘုရားလက်ထက်ကတည်းက ရှိတယ်။ အဲဒီ မသန့်ရှင်းတဲ့ ကိုယ်တော်တွေက ဘယ်သူတွေတုံးဆိုတော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တို့ရဲ့ တပည့်တွေ၊ ကိဋာဂီရိ ဇနပုဒ်မှာ ဘယ်လို ဖြစ်နေကြပါတယ်။ သာသနာကို ဖျက်ဆီးရုံသာမကဘူး၊ လူတွေကပါ အဲဒီဘုန်းကြီးတွေကို သိပ်အားပေးနေကြတယ်။ လူတွေက သိပ်အားပေးနေတော့ ကောင်းကောင်း ကိုယ်တော်တပါးလာတော့ ဆွမ်းကို မလောင်းကြဘူး။ လူတွေပါ ပျက်စီးကုန်ပြီ။

မြတ်စွာဘုရားက နှင်ထုတ်ခိုင်း---

အဲဒီအကြောင်းအရာတွေကို ဒကာကြီးတယောက်က ဘုရားကို လျှောက်ပေးပါဘုရားလို့-ဆိုတော့ ကိုယ်တော်တပါးက ဘုရားကိ်ုလျှောက်တယ်။ လျှောက်တော့ ဗုဒ္ဓမြတ်စွာက သာရိပုတ္တရာ-မောဂ္ဂလာန်တို့ သင်တို့ရဲ့တပည့်တွေ၊ သွား အဲဒီနေရာမှာ မနေဖို့ရန် နှင်ထုတ်လိုက်ကြ-ဆိုတော့ အရှင်သာရိပုတ္တရာက သူတို့က နည်းနည်းကြမ်းပါတယ်ဘုရားတဲ့။ ထွက်ချင်မှ ထွက်မှာကိုး၊ ဗုဒ္ဓမြတ်စွာက များများ ခေါ်သွားတဲ့။ သူတို့က ကြမ်းရင် ဒီက ကြမ်းကြမ်းနဲ့ ချရတော့မှာ။ သာသနာက အမျိုးစုံ ဖြစ်ခဲ့တာမို့ ဘုန်းကြီးတို့ကလည်း သိပ်ပြီးတော့ ဗဟုသုတ လိုက်စားလာခဲ့တော့ သိနေတယ်။

မသန့်ရှင်းတဲ့ ကိုယ်တော်ပါလို့ ဩဝါဒမပေး---

တခါတုန်းက ဗုဒ္ဓမြတ်စွာ ဩဝါဒပေးဖို့ရန် သီတင်းသုံးနေတော်မူတယ်။ သံဃာများကလည်း စည်းဝေးပြီးတော့ နေတယ်။ ဗုဒ္ဓမြတ်စွာကြည့်တော့ မသန့်ရှင်းတဲ့ ပုဂ္ဂိုလ်က ပါနေပြီ၊ မသန့်ရှင်းတဲ့ ပုဂ္ဂိုလ်တပါး။ ဒီတော့ ဩဝါဒ မပေးဘူး။ အရှင်အာနန္ဒာက မြတ်စွာဘုရား ပထမယံလည်း လွန်သွားပါပြီ။ နေရတာလည်း သံဃာများမှာ အင်မတန် ကြာနေပါပြီ။ ဩဝါဒ ချီးမြှင့်ပါလို့ လျှောက်ထားတယ်။ ဗုဒ္ဓမြတ်စွာက မလှုပ်ဘူး။ ဘာမှ အမိန့်မရှိ၊ ဒီလိုပဲ ထိုင်နေတော်မူတယ်။ သံဃာများကလည်း ငြိမ်လို့သာနေတယ်။ ဘာဖြစ်ပါလိမ့်မတုံး၊ ဘာလုပ်ပါလိမ့်မတုံး။

နောက် ဒုတိယ သန်းခေါင်ယံ ကျော်လာရော၊ သံဃာများ ထိုင်ရတာ ကြာပါပြီဘုရား၊ ဒုတိယ သန်းခေါင်ယံလည်း ကျော်လာပါပြီ။ ဩဝါဒ ပေးတော်မူပါဘုရား၊ မလှုပ်ဘူး။

ရှင်မောဂ္ဂလာန်က ဆွဲထုတ်ပစ် ---

နောက်တော့ အရုဏ်တက်ခါနီးနေပြီ။ အရုဏ်လည်း တက်လုနီးနေပါပြီ ဘုရား၊ သံဃာများလည်း ထိုင်ရတာ ကြပါပြီ။ ဩဝါဒပေးပါလို့ လျှောက်တော့ အာနန္ဒာ-မစင်ကြယ်တဲ့ ပရိသတ်ထဲမှာ ငါဘုရား ဩဝါဒပေးရိုး မရှိဘူး။ ဒီလိုအမိန့်ရှိလိုက်တော့ အဲဒီမှာမှ ရှင်မောဂ္ဂလာန်က ကြည့်တာကိုး။ ဉာဏ်နဲ့ကြည့်တော့ တနေရာမှာ သီလပျက်နေတဲ့ ကိုယ်တော်တပါး တွေ့ရော၊ အဲဒီတင် ပုထုဇဉ် အသွားမျိုး ဆိုရင် ဒုန်းဒုန်းလို့ နေမှာပေါ့လေ။ ရှင်မောဂ္ဂလာန်က ဒေါသဖြစ်တာမှ မဟုတ်ဘဲ။ မှန်မှန်သွားပြီးတော့ ဘုန်းတော်ကြီးဘုရားက မစင်ကြယ်တဲ့ ပရိသတ်ကို မပေးဘူးဆိုပြီးတော့ ဩဝါဒမပေးဘဲ နေတဲ့ဥစ္စာ သင် -ဒီလောက်တောင် ကြာကြာကြီး နေရသလား ဆိုကာ လက်ဆွဲပြီး ထုတ်ပစ်တာပဲ။

ခပ်ကြမ်းကြမ်း လုပ်ရမှာပဲ---

ပုထုဇဉ်တွေသာ ဆိုလို့ရှိရင်တော့ဟာ ရှင်မောဂ္ဂလာန်ကြီး သိပ်ကို စိတ်ဆိုးတာပဲလို့ ပြောမှာပေါ့။ ရဟန္တာမို့လို့ စိတ်မဆိုးပါဘူး။ ဒါဖြင့် ဘာဖြစ်လို့ ဆွဲထုတ်ပစ်ရတာလဲဆိုရင် ဘုန်းကြီးတို့ သာသနာက ဒီလိုပါပဲ။ ကြမ်းသင့်တာကို ကြမ်းစေရတာပါပဲ။

************************************************************

(မေး) အရှင်ဘုရား၊ စက္ခုပသာဒရုပ်က ကမ္မဇ ဧကန် သက်သက်သာ ဖြစ်သောကြောင့် အချို့ဆရာဝန်များ လူသေမျက်စိကို လူကောင်းတယောက်ထဲ ထည့်ကုလို့ မြင်တယ်ဆိုတာ ဖြစ်နိုင်ပါသလား။

(ဖြေ)

ဒီလို ဘုန်းကြီး စဉ်းစားတယ်။ စက္ခုပသာဒ ဖြစ်ပျက်နေတာ၊ ဖြစ်ပျက်ဆိုတဲ့ စက္ခုပသာဒသာ အကယ်၍ သူဖြစ်လောက်အောင် အရာဝတ္ထု လူတွေရဲ့ မျက်လုံးက ရလာလို့ရှိရင်၊ ရှေးကံကလည်း ရှိနေရင် ကမ္မဇရုပ် ပေါ်လာတာပဲ။ ကမ္မဇရုပ်ကလည်း ဖြစ်ပျက်နေတာ မဟုတ်လား။ ရပ်နေတဲ့ ကမ္မဇရုပ် မဟုတ်၊ ပဋိသန္ဓေနေတုန်းက ပါနေတဲ့ ကမ္မဇရုပ်ချည်း မဟုတ်။ နောက်ထပ်ဖြစ်-နောက်ထပ်ဖြစ်၊ ဖြစ်ပျက် ဖြစ်ပျက်၊ အဲဒီတော့ လူသေရဲ့ဟာကို ယူပြီးတော့ မျက်စိ မြင်တယ်လို့ဆိုတာ ပသာဒရုပ်ရှိတာပဲ၊ ပသာဒရုပ်က ထပ်ဖြစ်လာပြီ။

************************************************************

(မေး) အရှင်ဘုရား၊ လူတိုင်းတော့လည်း မရပါဘူး။

(ဖြေ)

ဒါပေါ့၊ လူတိုင်းတော့ ရမှာ မဟုတ်ဘူး။

ခုနက ကံအဆင်သင့်မှ ရမှာပဲ။ တခါတလေ မျက်စိဆရာဝန်တွေ ဒါကတော့ ကုလို့မရတော့ဘူးလို့။ တဆင့် ပြောင်းတာတော့ မဟုတ်ဘူး။ ဒီမျက်စိကိုပဲ ကုလို့မရတော့ဘူး။ သူတို့ ဘာမြင်သလဲတော့ မသိဘူးပေါ့လေ၊ သူတို့ပညာနဲ့။ အဲဒီတော့ ကမ္မဇရုပ် မဖြစ်နို်င်လောက်အောင် အခြေခံပျက်သွားချင် ပျက်သွားလိမ့်မယ်။

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေဝင်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

************************************************************

သိပ္ပံနှင့် နည်းပညာတိုးတက်မှုများ

(မေး) (သိပ္ပံနှင့် နည်းပညာတိုးတက်မှုများ)

အရှင်ဘုရား၊ ဤဘဒ္ဒကမ္ဘာမတိုင်မီ ပျက်သုဉ်းပြီးသော အခြားကမ္ဘာများတွင် ဤကမ္ဘာကဲ့သို့ နေစကြာဝဠာ ဖွဲ့စည်းပုံဖြင့် တည်ရှိပါသလား။ ယခုမျက်မှောက်ခေတ် ကမ္ဘာကဲ့သို့ သိပ္ပံနည်းပညာ တိုးတက်သည့်ခေတ်များ ရှိပါသလား။ သိလိုပါသည်ဘုရား။

(မောင်ကျော်မင်း-ရန်ကန်)

(ဖြေ)

ကမ္ဘာတိုင်းမှာ နေစကြာဝဠာဖွဲ့စည်းပုံ အတူတူပင် ဖြစ်ပါသည်။ သိပ္ပံပညာဆိုသည်မှာ လူသားတို့၏ ကြံဆချက်၊ ဆောင်ရွက်ချက်သာ ဖြစ်သည့်အတွက် လူရှိသောကမ္ဘာမှာ နည်းပညာအမျိုးမျိုး ရှိမည်မှာ သေချာပါသည်။ လူရှိလျှင် စိတ်ဆိုသော နာမ်တရားလည်း ရှိ၏၊ စိတ်သည် အလွန်ဆန်းကြယ်သောသဘော ရှိ၏၊

စိတ်ဆန်းကြယ်၍ လိုချင် ဖြစ်ချင်သည့်တဏှာ ဆန်းကြယ်သည်။ တဏှာဆန်းကြယ်၍ သတ္တဝါတို့ပြုလုပ်သည့် ကံ အမျိုးမျိုး ဆန်းကြယ်သည်။ ကံဆန်းကြယ်၍ ပုဂ္ဂိုလ်သတ္တဝါအမျိုးမျိုး သက်ရှိသက်မဲ့ အရာဝတ္ထု အဆန်းတကြယ် အမျိုးမျိုးတို့ ပေါ်ပေါက်လာရ၏၊

အရာရာ စိတ်ဖြင့် တီထွင်ကြံဆ ဖန်တီးကြခြင်းဖြစ်သည်။ ခေတ်အမျိုးမျိုး၊ ကမ္ဘာအမျိုးမျိုးမှာပင် သူ့ပုံစံနှင့်သူ အံ့ဩဖွယ်ပညာရပ်များ ဖြစ်ထွန်းနေနိုင်ပါသည်။

ရိုက်ညီနောင်တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀-ကျော် ၁၉၀၈-ခုနှစ်က လေယာဉ်ပျံကို စတင်တီထွင်ခဲ့သလို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀-ကျော်က ဂေါတမဘုရားရှင် လက်ထက်တွင် ဥတေနမင်းနှင့် ဝါသုလဒတ္တာ မိဖုရားတို့၏ သားတော် ဗောဓိမင်းသားသည် အလွန်ခမ်းနားတင့်တယ်၍ ကောင်းကင် ပျံတက်လုမတတ်ဖြစ်သော ကောကနုဒမည်သော ပြာသာဒ်ကြီးကို တည်ဆောက်၏၊ ထိုပြာသာဒ်သည် လူအပေါင်းတို့ စုတ်သပ်ရွှင်မော အံ့ဩချီးမွမ်း၍မဆုံးအောင် တင့်တယ်လှ၏၊ ဗောဓိမင်းသားသည် နောင်အခါတွင် ဤပြာသာဒ်နှင့်တူသော ပြာသာဒ်မျိုး မရှိစေရန် လက်သမားဆရာ ဗိသုကာပညာရှင်ကြီးအား သတ်ခြင်း၊ ခြေလက်ဖြတ်ခြင်း၊ မျက်စိကန်းအောင် ပြုခြင်းစသော အမှုတို့ကို ပြုရန် ရက်စက်ကြမ်းကြုတ်သော အကြံအစည်ကို ကြံလေ၏၊ ထိုအကြောင်းကို ဗိသုကာဆရာကြီး လျှို့ဝှက်စွာ ဂဠုန်ငှက်ရုပ်ယာဉ်ပျံကြီးကိုပြု၍ ကောင်းကင်သို့ ပျံတက်ပြီး ဟိမဝန္တာအထိ ပျံသန်းသွား၏၊ ထိုဟိမဝန္တာအရပ်၌ ကဋ္ဌဝါဟနမင်းအဖြစ် စိုးစံ၍နေလေ၏၊ သူ့ခေတ် သူ့ကမ္ဘာ အမျိုးမျိုးမှာ သူ့ဟန် သူ့ပုံစံ အမျိုးမျိုးဖြင့် သိပ္ပံပညာကဲ့သို့ ထူးဆန်းအံ့ဩဖွယ်တွေ ရှိနေမည်မှာ အမှန်ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သိမ်ပျက်-မပျက်

(မေး) (သိမ်ပျက်-မပျက်)

အရှင်ဘုရား၊ သိမ်တခု တည်ဆောက်၍ ပြီးခါနီး ရေစက်မချရသေးခင် သိမ်ထဲ၌ သိမ်ဆောက်သည့် လက်သမားဆရာ သိမ်ထဲ၌အိပ်ရင်း သေဆုံးသွားပါသည်။ သည့်အတွက် သက်ရွယ်ကြီးသူတွေက သိမ်ပျက်သွားပြီဟု ပြောပါသည်။ တချို့က ရေစက်မချရသေးသည့်အတွက် သိမ်မပျက်ဟု ပြောကြပါသည်။ သိမ်ပျက်-မပျက် သိလိုပါသည်ဘုရား။

(ကိုဝင်းနိုင်-စလင်းမြို့)

(ဖြေ)

သိမ် မပျက်ပါ။ လူသေခြင်းနှင့် သိမ်ပျက်ခြင်း မသက်ဆိုင်ပါ။ ရေစက်ချပြီးခြင်း၊ မချရသေးခြင်းတို့ဖြင့်လည်း သိမ်ပျက်ခြင်းနှင့် မပတ်သက်ပါ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သိမ်ဝင် စိပ်ပုတီး

(မေး) (သိမ်ဝင် စိပ်ပုတီး)

အရှင်ဘုရား၊ ရိုးရိုး ပုတီတကုံးထက် သိမ်ဝင်ထားတဲ့ ပုတီးက ဘာအကျိုးကျေးဇူးတွေ ပိုပါသလဲဘုရား။

ဘာအတွက် ကောင်းပါသလဲ ဘုရား။

(မသန္တာဦး-ပုဏ္ဏားကုန်းတောင်ပိုင်း၊ တာမွေ-ရန်ကုန်)

(ဖြေ)

သိမ်ဝင် ပုတီး၊ သိမ်ဝင် အပ်၊ သိမ်ဝင် သပိတ်ကွဲ စသည်တို့မှာ အထက်ဂိုဏ်းဆရာတို့၏ အသုံးအနှုန်းများသာ ဖြစ်ပါသည်။ သိမ်ဝင်ပုတီးဖြင့် ပယောဂပူးဝင်နေသော လူနာအား စွပ်ပေးခြင်း၊ သိမ်ဝင်အပ်ဖြင့် နတ်ရဲ သစ်ပင်အား စိုက်ခြင်း၊ သိမ်ဝင် သပိတ်ကွဲ၌ အင်းချ၍ မြှုပ်ခြင်းတို့မှာ ယင်းဂိုဏ်းဆရာတို့၏ အလုပ်အဆောင်များဖြစ်ကြောင်း ကြားသိရဖူးပါသည်။

သာသနာဆိုင်ရာကိစ္စများ၌ သိမ်ဝင်ပုတီးစသည် မလိုအပ်ပါ၊ သိက္ခာကာမ သီလဝန္တ လဇ္ဇီပေသလ ဆရာတော်ကြီးများကလည်း ဥပသမ္ပဒ ကံဆောင်ရာ၌ ပုတီးများထည့်ခြင်းတို့ကို အားပေးလေ့မရှိပါ၊ ဒါယကာတို့အလိုအားလျော်စွာ မဆန့်ကျင် လိုက်လျောသည့်သဘောဖြင့် တားမြစ်ခြင်းမပြုဘဲသာ နေကြပါသည်၊ ဂုဏ်တော်ပုတီးစိပ်ရာ၌ သိမ်ဝင်ပုတီးဖြစ်၍လည်း မည်သို့မှ အကျိုးကျေးဇူး ပိုမိုလာမည်မဟုတ်၊ ရိုးရိုးပုတီးပင် ဖြစ်လင့်ကစား ဘုရား တရား သံဃာ ရတနာသုံးပါး ဂုဏ်တော်၌ သမာဓိရအောင် ပွားများနိုင်လျှင် အကျိုးထူးလှပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သိမ်မြေတွင်း၌ တန်ဆောင်း ဆောက်သင့် မဆောက်သင့်

(မေး) တပည့်တော်တို့အရပ် ရွှေမုဋ္ဌော မြတ်စွာဘုရား ပရိဝုဏ်အတွင်း၌ အတန်ကျယ်ဝန်းသော သိမ်နယ်မြေ ရှိပါသည်၊ ယင်းသိမ်နယ်မြေအတွင်းမှာလည်း စေတီနှစ်ဆူရှိကာ တဆူ၏ရှေ့တွင် သိမ်အဆောက်အအုံရှိ၍ တဆူ၏ရှေ့တွင် ကျယ်ဝန်းသော မြေကွက်လပ် ရှိပါသည်၊ စေတနာရှင်တဦးက ယင်းမြေကွက်လပ်၌ ကဆွန် (တန်ဆောင်း) ဆောက်လိုနေပါသည်၊ သိမ်နယ်နိမိတ်အတွင်း၌ ဆောက်သင့် မသင့် ဖြေကြားပေးတော်မူပါ ဘုရား။

(အရှင်သီလာစာရ-ရွှေဘို)

(ဖြေ) ဗဒ္ဓ (ကမ္မဝါစာဖြင့် ဖွဲ့အပ်သော) သိမ်သည် အငယ်ဆုံး သံဃာ နှစ်ကျိပ်တပါး ဆံ့လောက်သည့် အရွယ်မှ အကြီးဆုံး သုံးယူဇာနအထိ ရှိနိုင်ပါသည်။ တမြို့လုံးကိုပင် သိမ်အတွင်း၌ သွင်း၍ သမုတ်ထားကြကြောင်း သာသနာဝင်တွင် တွေ့ရှိနိုင်ပါသည်၊ ထိုကဲ့သို့ ကြီးမားသော ဗဒ္ဓသိမ်နယ်မြေအတွင်း၌ ဘုရား ကျောင်း ကန် တန်ဆောင်း ဇရပ်များသာမက လူနေအိမ်များပင် ရှိနေမည်ဖြစ်ပါသည်။

အရေးကြီးသည်မှာ သိမ်နယ်မြေ မည်မျှကျယ်ဝန်းသည်ဖြစ်စေ သံဃာတော်များ ကံဆောင်ရာ၌ တနေရာတည်း၌ ဟတ်ထပါသ် (နှစ်တောင့်ထွာ) အတွင်းရောက် စည်းဝေးရန်ပင်ဖြစ်ပါသည်၊ သို့ဖြစ်၍ ရွှေမုဋ္ဌော ဘုရားမြေ အတွင်းရှိ သိမ်နယ်မြေ၌ ကဆွန် (တန်ဆောင်း) ဆောက်လုပ်လိုပါက ဆောက်လုပ်နိုင်ပါသည်။

ကံဆောင်ရာ၌သာ ယင်းကဆွန်ဘက်မှာ သံဃာတော်များ ရှိမနေဘဲ သိမ်အဆောက်အအုံဘက်သို့ အရောက်သိမ်းနိုင်ရန် လိုပါသည်၊ သို့မဟုတ် ဆောက်လုပ်မည့်ကဆွန်သည်လည်း သိမ်မြေအတွင်း၌ ဖြစ်၍ ယင်း၌လည်း သံဃာ့ကံများ ဆောက်နိုင်ပါသည်။ ထိုအခါတွင် သိမ်အဆောက်အအုံ ဟောင်း၌ သံဃာများ ရှိမနေမူ၍ ကဆွန်ပေါ်၌ စုဝေးမိအောင် သတိပြုရမည် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သိမ်နှင့် မီးကြိုး

(မေး)(သိမ်နှင့် မီးကြိုး)

အရှင်ဘုရား၊ ခဏ္ဍသိမ်အတွင်း၌ ဥပသမ္ပဒကံပြုရာ ၄င်းသိမ်နှင့် ဆက်သွယ်လျက်ရှိသော မီးကြိုး-ဖုန်းကြိုး-တကြိုးကြိုး မဖြုတ်ဘဲ ကံဆောင်ပါက ၄င်းဥပသမ္ပဒကံ မြောက်-မမြောက် သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။

(မာလာ-မြောက်ရေကြည်-ကေတုမတီ)

(ဖြေ)

ကံပြုရာ ခဏ္ဍသိမ်တွင်းသို့ ဆက်သွယ်ထားသော မီးကြိုး-ဖုန်းကြိုးများသည် အခြားသော ခဏ္ဍသိမ် တခုခုနှင့် ဆက်သွယ်နေသော် ထိုကြိုးဆက်သွယ်နေသော သိမ်အတွင်း၌လည်း ရဟန်းတပါးပါး ရှိနေသော် သိမ်ချင်းစပ်နေသည်။ ဤသို့စပ်နေသည်ဖြစ်၍ ဤသိမ်ရှိ သံဃာနှင့် အခြားသောသိမ်ရှိ သံဃာတို့ ၂-စုဖြစ်နေသဖြင့် ဝဂ္ဂဖြစ်၍ ကံပျက်နိုင်သည်။ ထို့ကြောင့် သံသယကင်းရန် ကံတခုခုပြုရာ၌ သိမ်နှင့် ဆက်သွယ်နေသော မီးကြိုး-ဖုန်းကြိုးများကို ဖြုတ်ကြရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သိမ်နှင့်ဓာတ်ကြိုး

(မေး) (သိမ်နှင့်ဓာတ်ကြိုး)

ဆရာတော်ဘုရား၊ သိမ်ထဲတွင် ရဟန်းခံခြင်း၊ အစရှိသော ကံဆောင်မှုများ ပြုလုပ်ရာ၌ လျှပ်စစ်ဓာတ်ကြိုးများ ဆက်သွယ်မှု ဖြတ်တောက်ထားရဖြင်၏ အနှစ်သာရသဘောကို ရှင်းလင်းပေးတော်မူပါဘုရား။

(မောင်စန္ဒ-ကျိုက္ကဘာ၊ ဖျာပုံမြို့)

(ဖြေ)

ဓာတ်ကြိုးသည် ရဟန်းခံ ကံဆောင်နေသော ဗဒ္ဓသိမ်သို့ အခြားတခုမှ ဆက်သွယ်လာသည်၊

ထိုလာရာ သိမ်အတွင်း၌လည်း ရဟန်းရှိနေသည်ဆိုက ယင်းဓာတ်ကြိုး ဆက်သွယ်နေမှုကြောင့် သိမ်နှစ်သိမ်မှ သံဃာသည် ဝဂ္ဂ-ဟူသော အစု ကွဲပြားသီးခြား ဖြစ်နေပေမည်၊

ကံပြုနေသောသံဃာမှာ ဓာတ်ကြိုးလာရာ သိမ်ရှိသောကြာင့် ကံပျက်နိုင်ပါသည်၊ ထို့ကြောင့် ဆက်သွယ်နေသော ဓာတ်ကြိုးကို ဖြတ်တောက်ထားရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သိရီ-သီရိ

(မေး) (သိရီ-သီရိ)

အရှင်ဘုရား၊ ရဟန်းတော်များနှင့် သီလရှင်များ ဘွဲ့အမည်၌ အချို့က သိရီ၊ အချို့က သီရိ-ဟု ရေးသားလျက် ရှိနေကြပါသည်။ ယင်း သိရီ နှင့် သီရိ မှာ မည်သည်က မှန်ကန်ကြောင်း ဖြေကြားပေးတော်မူပါဘုရား။

(မောင်မြင့်ကြည်-မိတ္ထီလာမြို့)

(ဖြေ)

အဘိဓာနပဒီပိကာ (အဘိဓာန်ပါဌ်) တွင် လက္ခီ-သိရိဝတ္တိယံ-ဟု (ဂါထာ-၈၂)တွင် ဖော်ပြလျက် သိရိ-ဟူသောပုဒ်ကား ရတ္တိ-စသော သဒ္ဒါမျိုးကဲ့သို့ ဣကာရန္တ ဣတ္ထိလိင်သာတည်း။ မြန်မာဆရာတို့ မှတ်ထင် ဆုံးဖြတ်ကြသည့်အတိုင်း နဒီ-စသော သဒ္ဒါမျိုးကဲ့သို့ ဤကာရန္တ ဣတ္ထိလိင်မဟုတ်-ဟု နိဿယသစ်၌ တောင်ပေါက်ဆရာတော် မှာ၏၊

သို့သော် ကတပုညေဟိ သေဝိယတေ ဝါ သေဝတီတိ သိရီ၊ သိ သေဝါယံ ရော၊ ဤစ။ သိ နိဿယေ ဝါ-ဟု အဘိဓာန်ဋီကာ ဆိုသဖြင့် သိရီ-ဟုလည်း ရေးသားနိုင်ပါသည်။ သီရိ-သိရီ နှစ်ချက်သင့်ပင် ဆိုပါ၏၊ သို့သော် မြန်မာဘာသာ အနေဖြင့်ကား သီရိ-ဟု ရေးထုံးပြုသဖြင့် သီရိမင်္ဂလာ၊ သီရိဂေဟာ စသည် ရေးသားနေကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သိကြားမင်းနှစ်ဦး

(မေး) (သိကြားမင်းနှစ်ဦး)

အရှင်ဘုရား၊ ဇာတကဧကကနိပါတ် ကုလာဝကဇာတ်လာ မဃလုလင်မှ ဖြစ်လာသူ သိကြားမင်းမှာ ဘုရားလောင်း ဖြစ်ကြောင်း ဆိုပါသည်။ ယခုလက်ရှိ တာဝတိံသာနတ်ပြည်ရှိ သိကြားမင်းလည်း မဃလုလင်မှ ဖြစ်လာသူဖြစ်၍ နာမည်တူ၊ အဖြစ်တူ ဖြစ်နေပါသည်၊ ရှင်းပြစေလိုပါသည်ဘုရား။

(ဒေါက်တာမြင့်စိုး-ရန်ကုန်မြို့)

(ဖြေ)

ကုလာဝကဇာတ် (ဇာတက ၁-၂၁၄)တွင် မဂဓတိုင်း ရာဇဂြိုဟ်အနီး မစလရွာ မဃလုလင်အဖြစ်နှင့် သက္ကပဥှသုတ်အဖွင့် (ဒီ၊ဋ္ဌ၊၂၊ ၃၀၂) မဃမာဏဝ ဝတ္ထု (ယခုလက်ရှိ သိကြားမင်းအဖြစ်) မှာ အလုံးစုံတူနေပါသည်။ အမည်နှင့် ဖြစ်စဉ်သာမက သုဇာတာ၊ သုဓမ္မာ၊ သုစိတ္တာ၊ သုနန္ဒာ မိဖုရားကြီးလေးဦး အကြောင်း၊

သုဇာတာ-ဗျိုင်းမကလေး ဖြစ်သွားသည်တို့ပါ တူပါသည်။ သို့သော် ကုလာဝကဇာတ်လာ မဃလုလင်က ဂေါတမဘုရားလောင်းဖြစ်၍ ဘုရားဖြစ်ကာ နိဗ္ဗာန်စံဝင်သွားပါပြီ။

သက္ကပဥှသုတ်လာ မဃလုလင်က ယခု တာဝတိံသာ နတ်ပြည်ရှိ သိကြားမင်း ဖြစ်နေပါသေးသည်။ အဘယ်ကြောင့် ဤနှစ်ဦးဘဝမှာ တထပ်တည်း တူညီနေပါသနည်းဟု အမြဲပင် အမေးခံနေရပါသည်။

၄င်းအတွက် ဖြေဆိုရန်မှာ

မိဘလုပ်ကျွေးခြင်း၊

ကြီးမြင့်သူများ၌ ရိုသေခြင်း၊

မှန်ကန်စွာ ပြောဆိုခြင်း-စသည့် သိကြားဖြစ်ကြောင်း ကျင့်ဝတ်ကောင်းများကို ကျင့်သုံးပုံ တူညီခြင်း၊

ကျေးရွာသန့်ရှင်းရေး ပြုလုပ်ပုံ တူညီခြင်း စသည့် သိကြားဖြစ်ကြောင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ပုံ မကွဲမပြား ဖြစ်နေမှု၊ တာဝတိံသာနတ်ပြည်တွင် ယင်းကုသိုလ်များ၏ အကျိုးကြောင့် ဥယျာဉ်ဗိမာန် ရေကန် စသည် ရရှိပုံ တူညီမှု စသည်များနှင့် ရေးသား မှတ်တမ်းတင်ခဲ့သူ အဋ္ဌကထာဆရာမှာလည်း အရှင်မဟာဗုဒ္ဓဃောသ တပါးတည်းဖြစ်၍ အကြောင်းတူ၊ အကျိုးတူ သိကြားမင်း နှစ်ဦး၏ အဖြစ်ကို တထပ်တည်း မှတ်တမ်းပြုခဲ့ဟန် တူကြောင်း၊ ပါဠိတော်များ၊ အဋ္ဌကထာများ၏ ထုံးစုံမှာလည်း အကြောင်းအရာတခု တူညီလျှင် ရှေးရှေးပါဌ်အတိုင်း နောက်နောက်ပါဌ်တွင် တသဝေမတိမ်း အတူ မှတ်တမ်းတင်တတ်ကြောင်း၊ ဘာဏကဆောင်၊ (နှုတ်တက်ရွတ် ဆိုသူ) အရှင်မြတ်တို့ တူညီလျှင်လည်း တထပ်တည်း တူတတ်ကြောင်း ဖြေဆိုရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သိကြားသာသနာ

(မေး) (သိကြားသာသနာ)

ယခုအခါ သမယသည် ဘုရားသာသနာလား၊ သိကြားသာသနာလား ဆိုတာ တပည့်တော်မတို့ အငြင်းပွားလျက်ရှိပါသည်၊ မည်သည့်သာသနာဖြစ်သည်ကို ဖြေကြားပေးတော်မူပါဘုရား၊ အဘယ်ကြောင့် သိကြားသာသနာဟု ဖြစ်လာရသည်ကို သိလိုပါသည်ဘုရား။

(မအိအိခိုင်-လသာ၊ ရန်ကုန်မြို့)

(ဖြေ)

ဘုရားသာသနာကုန်ဆုံး၍ သိကြားသာသနာ ဖြစ်လာမည်ဟူသောအရာ ဗုဒ္ဓစာပေတွင် လုံးဝမရှိပေ၊

ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ၊ လိင်္ဂနှင့် ဓာတု-ဟု သာသနာကွယ်ပျောက်ပုံငါးမျိုးရှိရာ ၄င်းငါးမျိုးကွယ်လျှင် လုံးဝသာသနာမရှိတော့၊ သိကြားမင်းလည်း မစောင့်ရှောက်နိုင်တော့၊ ထို့ကြောင့် ဘုရားသာသနာရှိပါ၏၊

သိကြားသာသနာဟူ၍ မရှိ။

ကဏှဇာတ်တော်၌ ကဿပမြတ်စွာဘုရား သာသနာနောက်ပိုင်းတွင် လူသားတို့ တရားပျက်၍ နေသဖြင့် သိကြားမင်းက မုဆိုးအသွင်၊ မာတလိနတ်သားက ခွေးနက်ကြီးအသွင်ဖြင့် ခြောက်လှန့် တရားဟော၍ လူသားများ ငါးပါးသီလတည်ကြောင်းလာရှိသည်။

ယင်းဇာတ်လမ်းအရ ဤဘုရားသာသနာ နောက်ပိုင်းတွင်လည်း ၄င်းနည်းအတိုင်း သိကြားမင်းက လူ့ပြည်ဆင်းပြီး သာသနာပြုလိမ့်ဦးမည်-ဟု ဇာတ်သဘင်သမားများ၊ ကွက်စိပ်သမားများ၊ စကားအရ လူ့လောကတွင် သိကြားသာသနာ ဟူသောစကား ထင်ရှားနေရကြောင်း အဆိုရှိပေသည်။

ထို့ပြင် စလေဦးပုည၏ သိကြားတိုင်တေးထပ်တို့တွင် -

အင်ကြင်းမြိုင် ကုသိန်နန်းမှာလ၊ စာ စာတမ်းထိုးလျက်ရှိပါ၊ ဘုရားက သိကြားကိုမှာတယ်၊ ဋ္ဌကထာ စကား၊ သာသနာငါထားလို့၊ မမှားအောင် စောင့်ဆော်--စသည် ရေးခဲ့၍ ထိုသိကြားသာသနာ ဟူသောစကားမှာ ပို၍ ထင်ရှားနေပေသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံခါနီးတွင် သိကြားမင်းအား သာသနာတော်ကို စောင့်ရှောက်ရန် မှာကြားတော်မူခြင်း လုံးဝမရှိပါ၊ ပါရာဇိကဏ်အဋ္ဌကထာတွင် နောင်အခါ အရှင်မဟိန္ဒတို့ တမ္ဗပဏ္ဏိ (သီရိလင်္ကာ) ကျွန်းသို့ သာသနာပြုကြွလျှင် အဖော်အဖြစ်ပါရန် မိန့်တော်မူသောစကား အမြွက်မျှသာ စာရှိပေသည်၊ ထို့ကြောင့် ဘုရားသာသနာသာ ရှိသည်၊ သိကြားသာသနာဟု လုံးဝ မရှိဟူ၍သာ မှတ်သားစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သီလခံယူရာဝယ်

(မေး) (သီလခံယူရာဝယ်)

ဆရာတော် ဖြေစေညွှန်းပါလို့၊ ဒကာတော်တွေ ဝေလွန်းသည်မို့၊ ရွှေပေခွန်းမြွက်စေလို၊

အများအကျိုးပေမို့၊ ပွားတိုးစေတနာဖြင့်၊ အဖြေလွှာ ဖြေကာရေးပါလို့၊ စာစောင်မှာ ပါအောင်ပေးကာပ၊ မေးနှင့်ဖြေက်ို။

ညီမျှမှန်စွာ ဆရာတပည့်တွေတို့၊ သီလခံရာ မကွာ အရှိပါဘဲ၊ ပါဠိလိုတဲ့ ရှေ့ကဆို၊ နောက်က ထိုသို့ လိုက်စေခြင်း။

ပါဠိဉာဏ်ရှင်၊ စာရှိ ပန်ဆင်လျက်၊ အမှန်ပင် ကုသိုလ်ပွားပေလိမ့်၊ အများပါဠိဝေးတို့မှာ၊ ကြက်တူရွေးစာပေသင်သို့၊ နက်မမြင် ကျိုးမှာနည်းကာပ၊ ချည်းနှီး ဖြစ်မည်လားရယ်လို့၊ ကြံများ တွေဝေမိတာမို့၊ အဖြေလွှာ ဖွေရှာမိသူသို့၊ ထေရ်ဆရာ ပြည်ရွာသိအောင်၊ ညှိ၍ဖြေရှင်း။

(ဦးမြင့်ဆွေ-ညောင်ဦး)

(ဖြေ)

ထုတ်ပြစရာ သုံးရန်မမှားစေဖို့၊ ဗုဒ္ဓဘာသာ ထုံးစံများကိုလ၊ ချုံးပြန်ကြားပါရ အဖြေလွှာ။

သေချာပြရလျှင်၊ စေတနာ ဓမ္မပေမို့၊ သရဏ သီလာ၌၊ ဤအခါ ခံယူမယ်ရယ်လို့၊ ညီအညာ သံတူဟ,ကာပ၊ အကြံယူ ကံဟူသမျှကိုလ၊ လုံးဝ ရှောင်ကြဉ်မည်ဟု၊ သံကြည်ကြည် ဆရာဆိုသို့၊ ပါဠိလို နှုတ်ဆိုညွှန်း၊ ခွန်းဟသေချာ။

သမာဒိယာမိဟု၊ ပါဠိကျု ဆိုကြပါသော်လဲ၊ စိတ်က ပဉ္စသီ-ကိုလ၊ မိမိခံယူတယ်လို့၊ အသိဝယ် ငြိတွယ် ထွန်းတာမို့၊ ပတ်ဝန်းကျင့်-ပြည့်စုံစွာ၊ တည်ပါ၏ သီလများ။

သီလဟူသည်၊ ကြည်မြ ဖြူစင်တည်၍၊ စိတ်တည်ကြည် ခံယူရေးပေမို့၊ နက်ပေး ဓိပ္ပါယ် မသိပေမယ့်၊ သမာဒိယာမိသာ ပဓာနပေမို့၊ ဒကာတော် အာဘော်မျှအောင်၊ သဘောကျ မမှားစေဖို့၊ ဟောပြတရား။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သီလတပါးပါး ပျက်ခဲ့သော်

(မေး) (သီလတပါးပါး ပျက်ခဲ့သော်)

အရှင်ဘုရား၊ ငါးပါးသီလနှင့် အခြားသီလများ ဆောက်တည်ရာတွင် သီလတပါးပါး ပျက်ခဲ့သော် ယင်းသီလတပါးသာလျှင် ပျက်ပါသလား၊ သို့မဟုတ် အားလုံး ပျက်ပါသလား သိလိုပါသည်ဘုရား။

(ဦးစောထွန်း-ဇီဇဝါရပ်-ကျိုက္ခမီ)

(ဖြေ)

ငါးပါးသီလ၊ ရှစ်ပါးသီလ တို့ကို ခံယူရာ၌ တပါးစီမခံယူဘဲ ပေါင်း၍ (ပဉ္စသီလံ သမာဒိယာမိ-

အဋ္ဌင်္ဂသီလံ သမာဒိယာမိ-) ဟူ၍ တပေါင်းတည်း ခံယူဆောက်တည်လျှင် သိက္ခာပုဒ်တပါး ပျက်ပြားခဲ့သည်ရှိသော် အားလုံးပင် ပျက်ကုန်တော့သည်။

အဘယ်ကြောင့်ဆိုသော် ဆောက်တည်ခြင်း မပြားသောကြောင့်ပင်။

သို့သော် ထိုသို့ တပါးကို လွန်ကျူး၍ အကုန်လုံးပင် ပျက်သော်လည်း လွန်ကျူးရာသိက္ခာပုဒ် တပါးသာလျှင် ကမ္မပထသို့ရောက်၍ ကံထိုက်၏၊ တခြားသိက္ခာပုဒ်များ ကံမထိုက်ဟု မှတ်သင့်သည်၊

ဥပမာ-

ငါးပါးသီလကို တပေါင်းတည်း ဆောက်တည်ထားပြီး သူ့အသက်ကို သတ်မိရာ၌ ငါးပါးလုံးပျက်သော်လည်း ပါဏာတိပါတသာ ကမ္မပထ မြောက်၍ အသက်သတ်မှုအတွက်သာ ငရဲကြီးနိုင်၏၊

ကျန်လေးပါး ကမ္မပထ မမြောက်။(ခုဒ္ဒကပါဌ ၁၊ ၁၉) ထို့ကြောင့် ငါးပါးသီလဖြစ်စေ၊ ရှစ်ပါးသီလဖြစ်စေ၊ ယခုခေတ် အသုံးအတိုင်း တပါးစီဆို၍ ခံယူဆောက်တည်ခြင်းသာ အကောင်းဆုံး ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သီလရှင် သီလပေး

(မေး) (သီလရှင် သီလပေး)

ဆရာတော်ဘုရား၊ ကိုးပါးသီလ စောင့်ထိန်းထားသော သီလရှင် ဆရာလေးများက ရှစ်ပါးသီလ ခံယူရန် တောင်းခံလာသည့် ဒကာ ဒကာမများကို သီလပေးကောင်းပါသလား ဘုရား။

(မင်းမင်း-ဒဂုံတောင်ပိုင်း ၂၁)

(ဖြေ)

ဥပုသ်သီလ (ရှစ်ပါးသီလ) ခံယူဆောက်တည်သူတို့အဖို့

ဥပုသ်နေ့များတွင် နံနက်ပိုင်းတွင် ရဟန်းတော်များထံ၌ ဖြစ်စေ၊ ရဟန်းမိန်းမ (ဘိက္ခုနီ) တို့ထံမှာဖြစ်စေ သီလပေးနိုင်စွမ်းရှိသူ၊ သီလ၏လက္ခဏာ၌ သိကျွမ်းနားလည်သူ၊ လူယောကျ်ား လူမိန်းမ ဥပါသကာ ဥပါသိကာတို့ထံမှာဖြစ်စေ ခံယူနိုင်သည်-ဟု အင်္ဂုတ္တိုရ်အဋ္ဌကထာတွင် ဖွင့်ဆိုသဖြင့် သီလကို မည်သူ့ထံမှာမဆို ခံယူနိုင်သည်။

သီလပေးမည့်သူ မရှိလျှင်လည်း ကိုယ့်အိမ်ရှိ ဘုရားခန်း၊ ဘုရားရှေ့တော်တွင် နှုတ်မြွက်ရွတ်ဆို၍ သီလခံယူနိုင်ပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည် ဥပုသ်နေ့များ၌ ကျောင်းသို့သွား၍ ဥပုသ်စောင့်ကြရာ အများစုံညီအောင် စောင့်ရ၍ နံနက် ၉-နာရီခန့်မှ သီလခံယူကြရသည်။

နံက်ပိုင်းတွင် သီလမရှိဘဲ လပ်ဟာနေသဖြင့် နံနက်အိပ်ရာထ မျက်နှာသစ်ပြီးစကတည်းက ဘုရားရှေ့တွင် မိမိဘာသာ သီလခံယူထားကြသည်၊ ကျောင်း၌ အများနှင့်လည်း အတူထပ်မံ ခံယူကြသေးသည်၊ ဘုရားလက်ထက်ကလည်း အနာထပိဏ်သူဋ္ဌေးကြီး စသည့် ဥပါသကာတို့သည် နံနက်စောစော အိမ်၌ မိမိဘာသာ သီလခံယူလေ့ရှိကြကြောင်း စာများတွင် တွေ့ရသည်။ ထို့ကြောင့် ဥပုသ်သီလကို မည်သူ့ထံတွင်မဆို ခံယူနိုင်ကြောင်း ဖြေကြားလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သီလရှင်ကို ရှိခိုးထိုက်-ရှိမခိုးထိုက်

(မေး) (သီလရှင်ကို ရှိခိုးထိုက်-ရှိမခိုးထိုက်)

အရှင်ဘုရား၊ လူပုဂ္ဂိုလ်သည် မိမိထက် အသက်ငယ်သော သီလရှင်ကို ရှိခိုးထိုက်-မရှိခိုးထိုက် သိလိုပါသည်ဘုရား။ ထို့ပြင် သီလရှင်ကလည်း မိမိထက်အသက်ကြီးသော လူပုဂ္ဂိုလ်ကို ရှိခိုးထိုက်-မရှိခိုးထိုက် သိလိုပါသည်ဘုရား။

(ဦးမောင်ဦး-တောင်ငူမြို့)

(ဖြေ)

လူပုဂ္ဂိုလ်များသည် မိမိထက် အသက်ငယ်သော သီလရှင်ကို ဦးချရှိခိုးနိုင်သည်။

သီလရှင်များသည် မိမိထက် အသက်ကြီးသောလူကို ရှိခိုးခြင်း မပြုရပါ။

အကြောင်းမှာ-သီလရှင်များသည် သာသနာနွယ်ဝင် (ဘိက္ခုနီနွယ်ဝင်) ဘိက္ခုနီ အသွင်ကို ဆောင်သော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။

သီလရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ၊ ဘိက္ခုနီအသွင်ကို ဆောင်ထားခြင်းသည်ပင် သာသနာတည်ခြင်း၏ အဓိကအကြောင်းဖြစ်၍ ရှိခိုးဦးခိုက် ပူဇော်ထိုက်လှပါသည်။

(မိလိန္ဒပဥှာ-ပါဠိ နှာ ၁၃၆-တွင် သာသနာကွယ်ခြင်းကို ဆိုရာ၌-

(၁) မဂ်ဖိုလ်နိဗ္ဗာန် ကွယ်၍ အကျင့်ပဋိပတ် ကွယ်၏၊

(၂) အကျင့်ပဋိပတ် ကွယ်၍ သိက္ခာပုဒ်ပညတ်ခြင်းလည်း ကွယ်၏၊

(၃) သိက္ခာပုဒ်ပညတ်များ ကွယ်လျှင် အသွင်အပြင်သာ ကျန်တော့၏၊

အသွင်အပြင်သည် သာသနာကို ထိန်းထားသေး၏၊ အသွင်အပြင်ကို ကြည့်၍ သံဃာဟူသောအမှတ်၊ ဘိက္ခု၊ ဘိက္ခုနီ ဟူသောအမှတ်ဖြင့် လှူဒါန်းပူဇော်ကြလျှင် မရေမတွက်နိုင်သော သံဃိက ကောင်းကျိုးများကို ရနိုင်သေး၏၊

အသွင်အပြင်ပါ ကွယ်ပျောက်သွားလျှင်ကား သာသနာအစဉ်အဆက်လည်း ပြတ်တော့သည်။ ထို့ကြောင့် အသွင်အပြင်သည် သာသနာကွယ်ခြင်းကို ထိန်းထားသောအကြောင်းရင်းတရပ် ဖြစ်၏၊ ပူဇော်ရှိခိုးထိုက်ပါ၏၊

လူပုဂ္ဂိုလ်သည် အသက်ကြီးရုံတင်မက၊ အနာဂါမ်ကြီး ဖြစ်စေကာမူ ယနေ့ ပြုသစ်စ သာမဏေလေးကို ရှိခိုးထိုက်၏ အသွင်တော်၏ အရေးကြီးပုံ ဖြစ်၏၊ မိလိန္ဒ-ပါ ၁၆၃-၄။ သုတ္တ။

ယခုခေတ်ကဲ့သို့ ပီပြင်သော၊ ထင်ရှားသော အသွင်တော်များကို မဆိုထားဘိ၊ သာသနာကွယ်ခါနီးတွင် နားရွက်၊ လည်ပင်း၌ သင်္ကန်းစကလေး ချည်ထားသော ပုဂ္ဂိုလ်ကိုပင် ရဟန်းသံဃာအမှတ် လှူဒါန်းလျှင် သံဃိက အကျိုးတရားများ ရနိုင်ပါသေး၏၊ ထိုက်ထိုက်တန်တန် ရှိခိုးပူဇော်ကြရန် ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သီလရှင်ဝတ်ခြင်း

(မေး) (သီလရှင်ဝတ်ခြင်း)

သီလရှင် ဝတ်ခြင်းသည် ဝတ်သူနှင့် ဝတ်သူ၏မိဘများ၌ မည်ကဲ့သို့ အကျိုးကျေးဇူး ရှိနိုင်သည်ကို ရှင်းပြပေးတော်မူပါဘုရား။

(နုနုခိုင်-မြို့နယ်စာရင်းရုံ၊ အိမ်မဲမြို့)

(ဖြေ)

ဗုဒ္ဓစာပေတွင်

၁။ ဥပသမ္ပဒ ပဗ္ဗဇ္ဇ

၂။ သာမဏေရ ပဗ္ဗဇ္ဇ

၃။ ဣသိ ပဗ္ဗဇ္ဇ

၄။ ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ ၄-မျိုး ရှိပါသည်။

ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့ပြုခြင်းနှင့် သီလရှင်ပြုခြင်းဟု ဆိုရပါမည်။

သီလရှင်မှာ အမှတ် ၄-ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍ မိန်းကလေးတဦးအနေဖြင့် မိမိ၏ အလှအပ ဗန်းတင်ပစ္စည်း ဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခံယဉ်းသော ကိစ္စဖြစ်၍ ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နိက္ခမပါရမီ တမျိုးပင် ဖြစ်ပါသည်။

ထို့နောက် လူဝတ်ကြောင်ကိုပယ်၍ သီလရှင်ဝတ် ဖန်ရည်ဆိုးဝတ်ကို ဝတ်ကာ လူတို့ဆောက်တည်နိုင်ခဲသော ၈-ပါး ၉-ပါး ၁၀-ပါး သီလများကို နိစ္စ ဆောက်တည်နေနိုင်ခြင်း။

စာပေကျမ်းဂန် သင်အံနိုင်ခြင်း၊ တရားစာပေ လေ့လာခြင်း၊ သမထ ဝိပဿနာ ဘာဝနာများကို ပွားများနေထိုင်ခြင်း စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာ မိန်းမဘဝပင် ဖြစ်သော်လည်း အလွန်ရခဲသော ဒုလ္လဘတရားကို ရခြင်းဖြစ်၍ အထူးမြင့်မြတ်လှပါသည်။

ဘဝပေါင်းများစွာက လင်ယူ သားမွေး လောကီရေး ကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိနယ်ပယ်တွင် ကျင်လည်ရာ ကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှ ယခု ဘုရားသာသနာနှင့်တွေ့ခိုက်တွင် မဂ်ဖိုလ်ရရေး အသက်ပေး အားထုတ်ရခြင်း၊ သာသနာနွယ်ဝင် ဖြစ်ခွင့်ရခြင်းတို့မှာ ဘဝ၏အနှစ်သာရ အစစ်ပင်ဖြစ်ပါသည်၊

သမီးကို မိမိတို့ကိုယ်တိုင် ဘုရားသမီးတော်ဘဝိသို့ ပို့ဆောင်ပေးကြသော မိဘများမှာလည်း သာသနာနုဂ္ဂဟ ကုသိုလ်ထူးကို ဆည်းပူးကြသူများပင်ဖြစ်၍ လွန်စွာ အကျိုးကြီးလှပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သီလရှင်အား ရှိခိုးငြားက

(မေး) (သီလရှင်အား ရှိခိုးငြားက)

၁။ ဆရာတော်ဘုရား-

သီလရှင်အား၊ လူယောကျ်ားတို့၊ ဝပ်တွားရိုကျိုး၊ ကောင်း အဆိုး၊ ကြောင်းကျိုး မည်သို့ရှိသနည်း။

၂။ မိန်းမအများ၊ ရှိခိုးငြား၊ ကျိုးကား ဘယ်သို့ရှိသနည်း။

သာဓကသွင်း၊ ယုံမှားကင်း၊ ဖြေရှင်းပေးပါဘုရား။

(ရှင်သိဒ္ဓိဗလ-မြောင်းမြမြို့)

(ဖြေ)

မဟောသဓာ၊ ဇာတ်တော်မှာလျှင်၊ မဟောသဓာ၊ လောင်းအလျာက၊ ပရိဗ္ဗာဇက၊ ဘေရီမအား၊ ညွတ်ခ-ဝပ်လျှိုး၊ ရှိလျှင်ခိုးခဲ့။

စံထိုးသမှု၊ ထိုဝတ္ထုကို၊ စွဲရှုကြည့်က၊ ကျင့်သီလကို၊ ပဓာနထား၊ ရှိဝပ်တွား၏၊

ကျားမ မရွေး၊ ရှိခိုးရေးကို၊ ဆတွေးကြံကာ၊ ကင်းသင်္ကာသည်၊ မြဲစွာမှတ်သားဖွယ်ပင်တည်း။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သီလအကြောင်း

(မေး)။ ဥပုသ်စောင့်လိုသူများသည် ရဟန်းတပါးပါးထံမှဖြစ်စေ၊ ရုပ်ပွားတော် စေတီတော်များ ရှေ့၌ဖြစ်စေ ခံယူဆောက်တည်နိုင်ကြောင်း သိရပါသည်။

သို့တည်းမဟုတ် မည်သူ့ထံမှ မဆောက်တည်ဘဲ ငါးပါးသီလ ရှစ်ပါးသီလ တို့ကို စိတ်ဖြင့် စောင့်စည်းနေထိုင် ကျင့်ကြံလျှင် ဖြစ်နိုင် မဖြစ်နိုင် ဖြေကြားပေးတော်မူပါ ဘုရား။

(မင်းနွယ်သစ်-ကွမ်ရိုက်ရွာ၊ ချောင်းဆုံမြို့နယ်)

(ဖြေ)။ ငါးပါး ရှစ်ပါး သီလတို့ကို မိမိဘာသာ စောင့်ရှောက် ဆောက်တည်နိုင်သော်လည်း နှုတ်မြွက်ဆို၍ကား ဆောက်တည်ရပါမည်။

နှုတ်မမြွက်ဘဲ စိတ်ထဲက ဆောက်တည် စောင့်စည်း နေထိုင်ရုံဖြင့် မရပါ။

အနည်းဆုံး-တပည့်တော်သည် ငါးပါးသီလကို ဆောက်တည်ပါ၏ ဘုရား။

ရှစ်ပါးသီလကို ဆောက်တည်ပါ၏ ဘုရား-ဟစသည်ဖြင့်

မြန်မာဘာသာဖြင့် နှုတ်မြွက် ပြောဆို၍ ဆောက်တည်ရပါမည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သီလလေးပါး မလုံငြားလည်း

(မေး) (သီလလေးပါး မလုံငြားလည်း)

အရှင်ဘုရား၊ ပါ-ဣန်-အာ-ပစ္စယဟု၊ လေးသီလရှိရာ၊ ပါတဖြာ သိက္ခာချစ်၍၊ နှစ်,နှစ်, ခွန် လုံပါဘိ၊ သုဒ္ဓိဖြစ်မှာ။

သေသည့်နောက် နတ်ရွာ၊ ရောက်ရာငဲ့အရေး၊ ကျန်သုံး မလုံလျှင်လဲ၊ ပါယ်မဝင် ဘယ်တွင်ဖြစ်မယ်၊ တွေးစစ်ဖြေပေး။

(စာသင်သား-စစ်တွေမြို့၊ ရခိုင်ပြည်နယ်)

(ဖြေ)

ပါ-ဣန်-အာ-ပစ္စယဟု၊ လေးသီလရှိရာ၊ ပါတဖြာ သိက္ခာချစ်၍၊ နှစ်,နှစ်,ခွန် လုံပါဘိ၊ သုဒ္ဓိဖြစ်မှာ၊

သေသည့်နောက်နတ်ရွာ၊ ရောက်ရာငဲ့အရေး၊ ကျန်သုံးအင် သူမစောင့်လျှင်၊ မဖြောင့်နိုင် နတ်ရွာလမ်းငယ်နှင့်၊ ပါယ်ရွာ တွယ်တာကမ်းပေလိမ့်၊ ကျမ်းပြခဲ့သေး။

ပါတိမောက္ခ သံဝရသီလ

ဣန္ဒြိယ သံဝရသီလ

အာဇီဝပါရိသုဒ္ဓိ သီလနှင့်

ပစ္စယသန္နဿိတ သီလ-ဟု သီလကြီးလေးပါးရှိရာ ပါတိမောက္ခသံဝရသီလဟူသော ၂၂၇-သွယ် သိက္ခာပုဒ်များ လုံခြုံလျှင် ကျန်သီလများ မလုံခြုံသော်လည်း အပါယ်မကျ၊ နတ်ရွာသုဂတိ ရောက်နိုင်သည် မဟုတ်လော-ဟု မေးလိုသည်။

ဣန္ဒြိယသံဝရသီလ အပါအဝင် စက္ခုန္ဒြေစသည် မလုံခြုံလျှင် အာပတ်သင့်နိုင်၍၄င်း၊

အာဇီဝပါရိသုဒ္ဓိသီလအရ အသက်မွေးမှုမစင်ကြယ်၍ မိစ္ဆာဇီဝဖြစ်လျှင်၄င်း၊

ပစ္စယသန္နိဿိတသီလအရ ပစ္စည်းလေးပါးကို သုံးဆောင်ရာ၌ ပစ္စဝေက္ခဏာ မဆင်ခြင်လျှင်၄င်း၊

လူ့ရပ် နတ်ရွာ ကောင်းရာသုဂတိသို့ မရောက်နိုင်ရာပေ။

ထို့ကြောင့် ရဟန်းသည် သီလကြီးလေးပါးလုံး၌ ဝိသုဒ္ဓိဖြစ်ရန် အလွန်လိုအပ်ပေသည်။ အကျယ်ကို ဝိသုဒ္ဓ်မဂ်၌ လေ့လာအပ်ပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သီလလေးပါးနှင့် နှစ်ရာ့နှစ်ဆယ့်ခုနစ်

(မေး) (သီလလေးပါးနှင့် နှစ်ရာ့နှစ်ဆယ့်ခုနစ်)

အရှင်ဘုရား၊ ရဟန်းတို့ သိက္ခာပုဒ်မှာ နှစ်ရာ့နှစ်ဆယ် ခုနစ်သွယ်-ဟုဆိုပါလျက် သီလလေးပါးဟု ဆိုထားပြန်ရာ ဘယ်ကဲ့သို့ ထူးခြားပါသနည်း ဘုရား။

(ဦးဝကြီး-အင်းလေးဒေသ)

(ဖြေ)

ရဟန်းတို့ သိက္ခာပုဒ် နှစ်ရာ့နှစ်ဆယ် ခုနစ်သွယ်-ဆိုသည်မှာ ပါတိမောက်လာ သိက္ခာပုဒ်အပြားကို ဆိုပါသည်။ ၄င်းမှာ-ပါရာဇိက ၄-ပါး၊ သံဃာဒိသေသ် ၁၃-ပါး၊ နိဿဂ္ဂိယပါစိတ် ၃၀-ပါး၊ သုဒ္ဓပါစိတ် ၉၂-ပါး၊ ပါဋိဒေသနီ ၈-ပါး၊ သေခိယ ၇၅-ပါး၊ အဓိကရဏသမထ ၇-ပါး၊ ပေါင်း ၂၂၇-ပါးဖြစ်၍ ၄င်းမှာ ပါတိမောက္ခသံဝရ သီလတွင် ပါဝင်ပါသည်။

သီလလေးပါး အမည်မှာ-

(၁) ပါတိမောက္ခသံဝရသီလ ၂၂၇-သွယ် သိက္ခာပုဒ်များလာ အာပတ် ၇-မျိုးကို မသင့်ရအောင် လုံခြုံစွာ စောင့်ရှောက်ခြင်း။

(၂) ဣန္ဒြိယသံဝရသီလ-ရူပါရုံစသော အာရုံခြောက်ပါးကို လုံခြုံစွာ စောင့်ရှောက်ထိန်းသိမ်းခြင်း။

(၃) ပစ္စယသန္နိဿိတသီလ-ဆွမ်း-သင်္ကန်း-ကျောင်း-ဆေး ဤပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်ခြင်း။

(၄) အာဇီဝပါရိသုဒ္ဓိသီလ-ကုလဒူသက-အနေသန ကင်း၍ တရားနှင့်လျော်စွာရသော ပစ္စည်းကို သုံးဆောင်ခြင်းအားဖြင့် လေးပါးဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သီဟိုဠ် သီရိလင်္ကာ မူ သမ္ဗုဒ္ဓေ ၂-မျိုး

(မေး) (သီဟိုဠ် (သီရိလင်္ကာ) မူ သမ္ဗုဒ္ဓေ ၂-မျိုး)

၁။ မြန်မာသမ္ဗုဒ္ဓေ ဂါထာတွင် နှစ်ကျိပ်ရှစ်ဆူ, တသောင်းနှစ်ထောင်, ငါးသိန်း-ဟု ဆိုပါသည်။

သီဟိုဠ်မူဂါထာတွင် လေးသင်္ချေအတွင်း နှစ်ကျိပ်ရှစ်ဆူ၊

ခုနစ်သင်္ချေ အတွင်း တသိန်းနှစ်သောင်းငါးထောင်၊

ကိုးသင်္ချေအတွင်း သုံးသိန်းရှစ်သောင်း ခုနစ်ထောင်-ဟု ပြရာ ကွဲလွဲချက်ရှိနေပါသည်။

မြန်မာမူဂါထာ၌ လာသော သင်္ချာတို့နှင့် မည်သို့ တူညီအောင် ညှိယူရမည်ကို မိန့်ကြားရှင်းလင်းပေးတော်မူပါဘုရား။

၂။ မြန်မာမူ သမ္ဗုဒ္ဓေဂါထာတွင် ဘုရားရှင်ပေါင်း ငါးသိန်း တသောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ထင်မြင်အောင် ပါဠိ-မြန်မာ ယှဉ်တွဲဖော်ပြပေးပါရန် လျှောက်ထားပါသည်ဘုရား။

(၁-ဦးထွန်းလင်း၊ အမှတ် ၁၁၊ ၆-ရပ်ကွက် ကလောမြို့)

(၂-ဦးခင်မောင်မြင့်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မြင်းခြံမြို့)

(ဖြေ)

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ-စသော မြန်မာသမ္ဗုဒ္ဓေဂါထာတွင် သင်္ချေ နှစ်ဆယ်အတွင်း၌ ပွင့်သည့် ဘုရားပေါင်း ငါးသိန်းတသောင်း နှစ်ထောင်နှင့် နှစ်ကျိပ်ရှစ်ဆူကို ကိုးသင်္ချေ, ခုနစ်သင်္ချေ, လေးသင်္ချေ (ကမ္ဘာတသိန်း) မခွဲဘဲ ပေါင်း၍ ဖော်ပြပါသည်။

ဤသို့ဖော်ပြရာ၌ ပါဠိမိဿကသင်္ချာ (ပေါင်း၍ယူရသောသင်္ချာ) အနေဖြင့် အနည်းဆုံးမှစ၍ စီကုံးထားပါသည်၊

အားလုံးပေါင်းလျှင် လိုအပ်သော ဘုရားပေါင်း ပြည့်ပါသည်၊ သီဟိုဠ် သမ္ဗုဒ္ဓေဂါထာမှာ အက္ခရာ စာလုံးများသည့်အတိုင်းပင် စိန္တိတံ သတ္တသင်္ချေယျံ-မူအတိုင်း ၇-သင်္ချေအတွင်း ပွင့်သောဘုရားများ၊

၉-သင်္ချေ အတွင်းပွင့်သောဘုရားများနှင့် လေးသင်္ချေ (ကမ္ဘာတသိန်း) အတွင်း ပွင့်သောဘုရားများကို

တသန့်စီ စီကုံးပြထားခြင်းဖြစ်ပါသည်၊ နောက်ဆုံး သရုပ်ပေါင်းလိုက်လျှင်ကား အတူတူပင်ဖြစ်ပါသည်။

၂။ မြန်မာသမ္ဗုဒ္ဓေဂါထာ (ပထမပုဒ်)၏ လိုရင်း အနက် အဓိပ္ပါယ်မှာ-

အဋ္ဌဝီသံ-နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ-မြတ်စွာဘုရားတို့ကို၄င်း၊

ဒွါဒသဉ္စ သဟဿကေ-တသောင်းနှစ်ထောင်ကုန်သော၊ သမ္ဗုဒ္ဓေစ-မြတ်စွာဘုရားတို့ကို၄င်း၊

ပဉ္စသတသဟဿာနိ-ငါးသိန်းကုန်သော၊ သမ္ဗုဒ္ဓေစ-မြတ်စွာဘုရားတို့ကို၄င်း၊

(ဤသို့ သုံးစု စုပေါင်း ငါးသိန်း တသောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူသော မြတ်စွာဘုရားတို့ကို)

အဟံ-အကျွန်ုပ်သည်၊ သိရသာ-ဦးခေါင်းရတနာဖြင့်၊ နမာမိ-ရှိခိုးပါ၏-ဟု ဆိုလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သုဘဒ္ဒ ပရိဗိုဇ်

(မေး)။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံခါနီးတွင် နောက်ဆုံး ကျွတ်တန်းဝင်သူသည် သုဘဒ္ဒဖြစ်၍ ယင်းပုဂ္ဂိုလ်သည် ဥပကနှင့် မဆာဝါတို့ သားဟု အချို့က ဆိုသည်၊

အချို့က ဥပကနှင့် မဆာဝါတို့ သား-မဟုတ်ဟု ဆိုပါသည်၊ မည်သည်ကမှန်သည်ကို ကျမ်းဂန်သာဓက ညွှန်ပြ၍ ဖြေဆိုတော်မူပါရန်။

(သိန်းဝင်းမောင်-စက်တွင်းရွာ၊ ဆားလင်းကြီးမြို့)

(ဖြေ)။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူခါနီးတွင် ပေါ်ပေါက်လာသော သုဘဒ္ဒပရိဗိုဇ်တို့နှင့် စပ်၍ သုဘဒ္ဒ အမည်တူ ၃-ဦးရှိသည်။

၁-မှာ အရှင်မဟာကဿပ၏ ပရိသတ်တွင်ပါသည့် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီဖြစ်၍ ငါတို့လုပ်လိုရာ လွတ်လပ်စွာ လုပ်နိုင်သည်-ဟုဆိုသည့် သုဘဒ္ဒရဟန်းကြီး။

၂-မှာ ဥပကနှင့် မဆာဝါတို့၏သား သုဘဒ္ဒ။

၃-မှာ ပုဏ္ဏား သူဌေးမျိုး သုဘဒ္ဒ-ဟူ၍ ဖြစ်သည်။

ဤ ၃-ဦးတွင် မြတ်စွာဘုရား၏ ပစ္ဆိမသာဝက (နောက်ဆုံးကျွတ်တမ်းဝင်၍ ရဟန်းဖြစ်သူ) သုဘဒ္ဒမှာ ဥဒိစ္စ-ပုဏ္ဏားမျိုး (အလွန်ထင်ရှား၍ ဇာတ်မြင့်ပုဏ္ဏား သူဌေးသား) သုဘဒ္ဒဖြစ်ကြောင်း ဗုဒ္ဓဝင်အဋ္ဌကထာ၊ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာတို့၌ ပြဆိုပါသည်၊ မုဆိုးနွယ်ဖြစ်သော ဥပကနှင့် မဆာဝါတို့သား မဟုတ်ကြောင်း ထင်ရှားပါသည်။

ဥပက ဆာဝါတို့သား သုဘဒ္ဒသည် မိဘနှစ်ဦးလုံး ရဟန်း ရဟန်းမ ဖြစ်သွား၍ အဘိုးအဘွားများထံ ကျန်ရစ်ခဲ့ပြီး အရွယ်ရောက်လျှင် ရဟန်းပြုကြောင်းဆိုသည်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံခါနီး ရောက်လာသော သုဘဒ္ဒကား ပရိဗိုဇ်ရဟန်း (ဗာဟိရက-သာသနာပြင်ပ ဝါဒတမျိုးရှိသူ) ဖြစ်၍ ဥဒိစ္စပုဏ္ဏားမျိုး ဖြစ်ကြောင်း ဆိုသဖြင့် ကွာပြားခြားနားပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သုဘဒ္ဒပရိဗိုလ်

(မေး) (သုဘဒ္ဒပရိဗိုလ်)

အရှင်ဘုရား၊ နောက်ဆုံးသာဝက သုဘဒ္ဒဟူသည် ဥပက ဆာဝါတို့၏ သား သုဘဒ္ဒလည်းမဟုတ်၊ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးသည့်နောက် မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီဟူ၍ ငါတို့ပြုလုပ်လိုရာ လွတ်လပ်စွာ ပြုလုပ်ကြတော့မည်-ဟု ရိုင်းပျရင့်သီးသည့်စကား ပြောကြားသော တောထွက်ရဟန်းကြီး သုဘဒ္ဒလည်းမဟုတ်ဟု ဆိုပါသည်။

သို့ဖြစ်လျှင် နောက်ဆုံးသာဝက သုဘဒ္ဒသည် အဘယ်သုဘဒ္ဒဖြစ်သည်ကို ဖြေကြားပေးတော်မူပါဘုရား။

(မောင်နေမျိုးထွန်း-မအူပင်မြို့နယ်)

(ဖြေ)

သုဘဒ္ဒသည်

၁။ ဥပက ဆာဝါတို့၏ သား မုဆိုးမျိုးနွယ် သုဘဒ္ဒ။

၂။ တောထွက်ရဟန်းကြီး သုဘဒ္ဒနှင့်

၃။ ဥဒိစ္စဇာတ်မြင့် ပုဏ္ဏားမျိုး သုဘဒ္ဒ-ဟု ဘုရားလက်ထက်တော်က သုဘဒ္ဒ ၃-ဦးရှိခဲ့ရာ

နောက်ဆုံးသာဝက သုဘဒ္ဒမှာ အမှတ်သုံး ဥဒိစ္စဇာတ်မြင့် ပုဏ္ဏားမျိုး သုဘဒ္ဒ ဖြစ်ပါသည်။

ထိုနောက်ဆုံး သာဝက သုဘဒ္ဒမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ခါနီးတွင်မှ ရောက်လာသူ အသက်ငယ်ရွယ်သူ ပရိဗိုလ်ဝတ် ဖြစ်သည်ဟုဆိုသည်။

ဥပက ဆာဝါတို့၏သား သုဘဒ္ဒမှာ ထိုအချိန်၌ (ဥပကပရိဗိုလ်ရဟန်းကြီးသည် ဘုရားဖြစ်တော်မူစ တွေ့၍ မကြာမီ လူထွက်ပြီး မုဆိုးသမီး ဆာပါနှင့်ရကာ သုဘဒ္ဒကို ဖွားမြင်သည်ကို ထောက်လျှင် သုဘဒ္ဒသည်) အသက်လေးဆယ်အောက် ငယ်မည်မဟုတ်သည် တကြောင်း။ ဇာတ်မြင့်အမျိုးအနွယ် မဟုတ်သည်တကြောင်း၊ ပရိဗိုလ် မဝတ်၊ ရဟန်းအဖြစ်သို့ ရောက်သွားသည် ဆိုသဖြင့် တကြောင်းတို့ကြောင့် နောက်ဆုံးသာဝက သုဘဒ္ဒ မဟုတ်နိုင်ကြောင်း ထင်ရှားလှပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သူခိုးကြီးနေ့

(မေး) (သူခိုးကြီးနေ့)

အရှင်ဘုရား၊ တပည့်တော်တို့ ငယ်စဉ်အခါကစ၍ နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ကောင်းမှုကုသိုလ် အထူးထူးတို့ကို ပြုလုပ်ကြပါသည်။ ထို့အတူ ယင်းနေ့တွင် ကုသိုလ်၏ဆန့်ကျင်ဘက်ဖြစ်သော သူခိုးကြီးနေ့ ဟူ၍လည်း ကြားသိရပါသည်။ ထိုသူခိုးကြီးနေ့သည် အမှန်တကယ် ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။

(ဦးစိန်ထွန်း-ဆင်တဲ၊ ပြည်)

(ဖြေ)

တန်ဆောင်မုန်းလပြည့်နေ့သည် ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ်သည်။ ကြတ္တိကာနက္ခတ်ဟူသည် စောရနက္ခတ် သူခိုးနက္ခတ်ဖြစ်၍ ထိုနက္ခတ်နှင့်ယှဉ်၍ မွေးဖွားလာသူသည် သူခိုးဖြစ်တတ်သည်။ ထို့ကြောင့် ယတြာချေသော အနေဖြင့် လူငယ် လူရွယ်တို့သည် ထိုနေ့နက္ခတ်စန်းယှဉ်ချိန်တွင် တစုံတရာကို ခိုးဝှက်ခြင်းဖြင့် ကျိန်းကျေသည်ဆိုကာ ကျီးမနိုးပွဲကျင်းပသည်ဟု ပြောစဉ်ရှိသည်။ ဗုဒ္ဓဘာသာတရားနှင့် ဆန့်ကျင်သော ကိစ္စများဖြစ်၍ ဗုဒ္ဓဘာသာက ယင်းကျီးမနိုးပွဲ သူခိုးကြီးနေ့ပွဲကို အားမပေးပါ။ အစိုးရကလည်း အားမပေးဘဲ ဥပဒေဖြင့်ပင် ပယ်ဖျက်ခဲ့သဖြင့် ယခုခေတ်တွင် ပျောက်ကွယ်သွားခဲ့ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သူတပါးလှူသော မြေကို ရောင်းသင့်-မရောင်းသင့်

(မေး) (သူတပါးလှူသော မြေကို ရောင်းသင့်-မရောင်းသင့်)

အရှင်ဘုရား၊ လွန်ခဲ့သော နှစ်တရာခန့်က အလှူအမ တဦးသည် ဘုန်းကြီးကျောင်းနှင့်ကပ်လျှက် မိမိပိုင်မြေတွင် ဥပုသ်ဇရပ်တခု ဆောက်လှူခဲ့သည်။ ထိုအလှူ့အမကြီး မရှိတော့သည့်နောက်တွင် သားစဉ်မြေးဆက် စောင့်ရှောက်ခဲ့ပြီး ဘုန်းကြီးကျောင်း သာသနာမြေ သာသနာပိုင်အဖြစ် ထပ်မံလှူဒါန်းခဲ့ပါသည်။ ယခုအခါ ဇရပ်ဟောင်းကိုဖျက်၍ ကောင်းနိုးရာသစ်တို့ကို ကျောင်းအဆောက်အဦးများတွင်အသုံးပြုကြပါသည်။ ထိုဇရပ်ဟောင်းမြေကို ကျောင်းဂေါပကအဖွဲ့က ရောင်းချပြီး ကျောင်းအတွင်း၌ အဆောက်အဦးတခု ဆောက်လုပ်ရန် စီစဉ်ကြပါသည်။ သူတပါးလှူခဲ့သောမြေကို ရောင်ချသင့်-မသင့်နှင့် အပြစ် ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။

(သိလိုသူ -ဂေါပကအဖွဲ့ဝင်တဦး)

(ဖြေ)

ဇရပ်နှင့်မြေကို ဘုန်းကြီးကျောင်း သာသနာမြေ၊ သာသနာပိုင်အဖြစ် လှူဒါန်းပြီးဖြစ်၍ ဘုန်းကြီးကျောင်းပိုင်မြေ ဖြစ်ပါသည်။ ဘုန်းကြီးနှင့် ကျောင်းဂေါပကများ ညှိနှိုင်း၍ ဤကျောင်း၊ ဤသာသနာအတွက် ပို၍ အကျိုးရှိမည် ဆိုလျှင်၄င်း၊ အလှူရှင် သားမြေးမြစ်များကလည်း ကျေနပ်နှစ်သက်ကြမည်ဆိုလျှင်၄င်း ရောင်းချ၍ အသုံးပြုသင့် ပါသည်။

သာသနာအတွက် ပို၍ အကျိုးကျေးဇူးလည်း မများ၊ အလှူရှင် သားမြေးမြစ်များကလည်း သဘောမတူလျှင် သဒ္ဓါတရားကို ဖျက်ဆီးရာရောက်တတ်သဖြင့် မရောင်းချသင့်ပါ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သူရဿတီ တကယ် ရှိ/မရှိ

(မေး) ပိဋကတ်သုံးပုံကို စောင့်ကြပ်သော သူရဿတီ မယ်တော် အမှန်တကယ် ရှိ-မရှိနှင့် အကယ်၍ အမှန်တကယ်ရှိပါက သူရဿတီဂါထာအစစ်ကို ကျမ်းကိုး အထောက်အထားနှင့် သိလိုပါသည်ဘုရား။

(မောင်ရဲဝင်း-မြောက်ဥက္ကလာ)

(ဖြေ) သူရဿတီ-ဟူသည်မှာ အိန္ဒိယပြည် မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်အတွင်းရှိ မြစ်တခု၏ နာမည် ဖြစ်သည်။ ထိုမြစ်ကို ရှေးဟိန္ဒူ အာရိယန်များ အထွတ်အမြတ်ထားရာမှ မြစ်ကို နတ်တပါး အနေဖြင့် ကိုးကွယ်လာကြကြောင်း (ဣတ္ထိလိင် သဒ္ဒါ) မြစ်-နဒီ မှ နတ်သမီးဖြစ်လာကာ သူရဿတီ မြစ်သည် သူရဿတီ နတ်သမီး ဖြစ်၍လာကြောင်း ကြာသော် ရိုးရိုးနတ်သမီးမဟုတ်တော့ဘဲ ဗြဟ္မာကြီး၏ ဇနီး၊ နတ်ဘုရားမ တပါး ဖြစ်လာပြီး ဝါစာ-စကားကို အစိုးရသည်၊ ကဗျာလင်္ကာ စာပေပညာတို့ကို ပေးစွမ်းနိုင်သည်၊ ဗေဒင်ကျမ်းတို့ကို စောင့်ရှောက်သည်၊ အတတ်ပညာကို ပေးနိုင်သည်-ဟု ယူဆလာကြလျက် ယင်းတို့အတွက် ဗြဟ္မဏဝါဒီတို့က ပိုမို ကိုးကွယ်လာခဲ့ကြောင်းဖြင့် မှတ်သားရပါသည်။

ထို့ကြောင့် သူရဿတီမှာ ဗုဒ္ဓဘာသာနှင့် လုံးဝမသက်ဆိုင်၊ ဗြဟ္မဏဝါဒီတို့ ဆိုင်ရာ နတ်သာဖြစ်သည်၊ ဗြဟ္မဏတို့၏ တန္တရ-မန္တရတို့ကို လက်ခံသော မဟာယာနဗုဒ္ဓဘာသာတို့ကလည်း သူရဿတီကို လက်ခံခဲ့သဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာတွင် အတန်ကြာကပင် သူရဿတီကိုးကွယ်မှု ရှိလာခဲ့သည်၊ နီပေါလ်ပြည်တွင် ယခုအထိ ဟိန္ဒူဘာသာဝင်များနှင့် အတူ မဟာယာနဗုဒ္ဓဘာသာဝင်များလည်း သူရဿတီကိုးကွယ်မှု ပြုခဲ့ကြောင်း သိရသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် ပိဋကသုံးပုံစောင့် မယ်တော်ကြီးဟု ဖြစ်လာရသည်မှာ ဤသို့ဖြစ်ပါသည်။

သက္ကတအလင်္ကာကျမ်းကို အမှီပြု၍ သီဟိုဠ်ကျွန်း၊ အရှင်မဟာသံဃရက္ခိတ မထေရ်သည် သုဗောဓာလင်္ကာရ (ပါဠိအလင်္ကာ) ကျမ်းကို စီရင်ရာတွင် သက္ကတအလင်္ကာကျမ်းက ဝါဏီ-ဗေဒင် သုံးပုံစောင့် သူရဿတီနတ်သမီးကို ရှိခိုးပဏာမ ပြုသကဲ့သို့ သရဏံ ပါဏိနံ ဝါဏီ၊ မယှံ ပိဏယတံ မနံ -ဟု ဘုရားစကားတော် ပိဋကတ်တည်းဟူသော သူရဿတီနတ်သမီးသည် အကျွန်ုပ်၏ စိတ်နှလုံးကို နှစ်သိမ့်ပါစေ-ဟု တင်စားသုံးလိုက်လေသည်။

ထိုစကား အမြွက်ဖြင့်ပင် သူရဿတီသည် ထေရဝါဒ ဗုဒ္ဓနယ်ပယ်သို့ ရောက်လာပြီးလျှင် ပိဋကတ်သုံးပုံကို စောင့်ကြပ်သော သူရဿတီမယ်တော်ဟူ၍ ဖြစ်လာရတော့သည်။ အမှန်အားဖြင့် ပိဋကတ်သုံးပုံကို မည်သည့် နတ်သမီး နတ်သား နတ်ဗြဟ္မာများမှ မစောင့်။ ပိဋကတ်အာဇာနည် ဗုဒ္ဓသားကျော် ရဟန်းတော် သံဃာတော် များသာ စောင့်ကြပ်နေပါသည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် သူရဿတီဂါထာတို့ကိုလည်း ရွတ်ဆိုနေရန်မလို၊ သူရဿတီဂါထာအစစ်ဟူ၍လည်း ဗုဒ္ဓစာပေ၌ မရှိ၊ ဘုရား တရား သံဃာ ရတနာသုံးပါးမှ အခြားကိုးကွယ်ရာ မရှိပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သင်္ချေယျ နှင့် ကမ္ဘာမြေ

(မေး) (သင်္ချေယျ နှင့် ကမ္ဘာမြေ)

အရှင်ဘုရား၊ လေးသင်္ချေနှင့် ကမ္ဘာတသိန်းဆိုရာ၌ လေးအသင်္ချေကို လေးနှင့် သုညဂဏန်း မည်မျှရေးရပါသနည်း။ ထို့ပြင် ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီမြေကြီးဟုဆိုရာ၌ လေ-ရေ-မြေ- သုံးမျိုးအနက် မြေသီးသန့်ကို စတုရန်း ကုဗတုံး (အံစာတုံးပုံ) ပြုလုပ်ပြီး အနားတဖက်စီကို တိုင်းတာသော အရေအတွက်ပါ ပါပါသလား။ဖြေဆိုပေးတော်မူပါဘုရား။

(ဦးမြင့်သိန်း-၆၆၅၂၇၅)

(ဖြေ)

အသင်္ချေဂဏန်းမှာ တစ်နောက် သုည တရာ့လေးဆယ်ရှိသော ဂဏန်းဖြစ်၍ လေးအသင်္ချေဆိုက လေးနောက် သုည တရားလေးဆယ် ရေးရပါမည်။

ကမ္ဘာမြေကြီးသည် အပေါ်က ပံသုမြေ၊ အောက်က သီလာမြေဟု နှစ်ထပ်ရှိရာ ပံသုမြေ ယူဇနာတသိန်း နှစ်သောင်း။ သီလာမြေ ယူဇနာ တသိန်းနှစ်သောင်း၊ နှစ်ရပ်ပေါင်း ယူဇနာ နှစ်သိန်းလေးသောင်း ရှိကြောင်း အာဒိကပ္ပ စသော ကျမ်းများတွင် ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သန္တောသ ၁၂-ပါး

(မေး) (သန္တောသ ၁၂-ပါး)

အရှင်ဘုရား၊ ပရိတ်ကြီးပါဠိတော် နိဿယ ပရိတ်တော်အချီး အပိုဒ် ၄-တွင် သန္တောသဟေတုံ-

ယထာလာဘ, ယထာဗလ, ယထာသာရုပ္ပ, သန္တောသသုံး, ပေါင်းရုံးဆယ့်နှစ်, ရောင့်ရဲခြင်း၏ အကြောင်းဖြစ်သော-ဟု ဆိုထားရာ သန္တောသ ၃-ပါးမှ မည်သို့ ၁၂-ပါး ဖြစ်ပါသနည်း ရှင်းလင်းဖြေကြားပေးပါဘုရား။

(ဦးဘဆိုင်-အင်းစိန်မြို့နယ်)

(ဖြေ)

ယထာလာဘ သန္တောသ-ရသမျှဖြင့် ရောင့်ရဲခြင်း၊

ယထာဗလ သန္တောသ-မိမိနှင့်တန်ရုံမျှဖြင့် ရောင့်ရဲခြင်း၊

ယထာသာရုပ္ပ သန္တောသ-မိမိအားလျှောက်ပတ်ရုံမျှဖြင့် ရောင့်ရဲခြင်း-ဟူသော သန္တောသ သုံးပါးတွင်

ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါးဖြင့် မြှောက်၍

တနည်း-ပစ္စည်းလေးပါးတွင် တပါးတပါး၌ သုံးပါးသော ရောင့်ရဲခြင်းတို့ဖြင့် သုံးဆောင်၍ ရောင့်ရဲခြင်း ၁၂-ပါး ရှိသည်ဟု မှတ်သားသင့်၏၊

လူတို့အဖို့လည်း အဝတ်, အစား, ဆေးဝါး, နေရာ-လေးမျိုးလေးစား၌ ရောင့်ရဲခြင်း သုံးပါးဖြင့် ရောင့်ရဲနိုင်လျှင် ချမ်းသာနိုင်သည်ဟု ယူနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သင်္ကြန်ရက်နှင့် သိကြားမင်း

(မေး) (သင်္ကြန်ရက်နှင့် သိကြားမင်း)

ဆရာတော်ဘုရား၊ နတ်ပြည်မှာ တရက်, လူ့သက်တမ်း တရာ-ဟု စာပေကျမ်းဂန်များမှာ ဖတ်ရှုရပါသည်၊

ဆရာတော်ကြီးများ ဟောသည်ကိုလည်း နာကြားရဖူးပါသည်။ ထို့ကြောင့် သင်္ကြန် ၃-၄ ရက်အတွင်း သိကြားမင်း လူ့ပြည်သို့ ဆင်းသည် ဟူသည်မှာ မဖြစ်နိုင်-ဟု မှန်းဆမိပါသည်၊ ယင်းအချက်ကို ဖြေရှင်းပေးတော်မုပါဘုရား။

(ဦးတင့်ဆွေ-စံပြ ဖဆပလ၊ မင်္ဂလာတောင်ညွှန့်)

(ဖြေ)

သင်္ကြန်အခါ၌ သိကြားမင်း ဆင်းသည်-ဟူသော ဝေါဟာရမှာ ကလေးသူငယ်တို့ စကားသဖွယ် သေးသိမ်နုန့်နဲ့သော ဝေါဟာရသာဖြစ်သည်။

တနှစ်ကုန်ဆုံး၍ မိန်ရာသိီမှ မိဿရာသီတို့ ပြောင်းခြင်းကို သင်္ကန္တ-သင်္ကြန်-ဟု ခေါ်ဆိုခြင်းဖြစ်သည်။

တနင်္ဂနွေဂြိုဟ် ပြောင်းခြင်းဖြစ်၍လည်း သိကြားမင်းမဟုတ်၊ တနင်္ဂနွေဂြိုဟ်မင်းဟူ၍ တင်စားပြောဆိုက ပြောဆိုနိုင်စရာ ရှိပါသည်။

တနှစ်ကုန်ဆုံးရက်သို့ ကျရောက်သဖြင့် သင်္ကြန်ကျခြင်း-ဟု ခေါ်ဆိုကာ တနှစ်ကုန်ဆုံးသော်လည်း နှစ်မကူးသေးဘဲ ရက်ကြွင်း (နှစ်ရက်, လေးနာရီ, လေးမိနစ်, လေးဆယ်စက္ကန့်) ကျန်နေသေး၍ ယင်းကို အကြတ်ရက်-ဟု သတ်မှတ်ကြသည်။

ရက်ကြွင်းကုန်၍ နှစ်သစ်သို့ တက်ရောက်ကူးပြောင်းသွားသည်ကို အတက်နေ့-ဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။

ယင်းကို ကလေးများက သိကြားမင်း ဆင်းသည် တက်သည်-ဟု လွယ်လွယ်ခေါ်ခြင်းသာ ဖြစ်သည်။

အမှန်အားဖြင့် ဤသင်္ကြန်ကိစ္စတို့မှာ ဗုဒ္ဓဘာသာရေးဆိုင်ရာ ကိစ္စများ မဟုတ်သော်လည်း လူမျိုး ယဉ်ကျေးမှုနှင့် နှစ်သစ်ကူးခြင်းဆိုင်ရာများဖြစ်၍၄င်း၊ ဤသင်္ကြန်ကာလတွင် ဒါနပြုခြင်း, သီလစောင့်ခြင်း, ဘာဝနာပွားခြင်း စသော ဘာသာရေးကိစ္စများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ကြလေ့ရှိသဖြင့်၄င်း ဤတွင် ဘာသာရေးပြဿနာတရပ်အနေဖြင့် လေးလေးစားစား ဖြေဆိုလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အံသကိုက်

(မေး) (အံသကိုက်)

ဆရာတော်ဘုရား၊ ယခုခေတ် ကိုရင် ဦးပဉ္ဇင်းများသည် အံသကိုက်ခေါ် ချွေးခံအကျႌများကို ဝတ်ကြပါသည်၊ ပရိက္ခရာဆိုင်တိုင်းတွင်လည်း ချုပ်၍ ရောင်းကြပါသည်၊ အများအားဖြင့် ဆရာတော်ကြီးများသည် ထိုအံသကိုက်ကို ဝတ်ကြသည်ကို မနှစ်သက်ကြပါ၊ ဝိနည်းတော်အရ အပ်-မအပ် ဖြေကြားတော်မူပါ ဆရာတော်ဘုရား။

(ဦးသုမန-ပါဠိဗိမာန်ကျောင်းတိုက်၊ ပဲခူးမြို့)

(ဖြေ)

အဋ္ဌကထာ၌ အံသကာသာဝ (အံသကိုက်) ကို ချွေးအထွက်လွန်သူတို့ အရုံသင်္ကန်းတို့ကို ချွေးစွန်းခြင်း၊ နံစော်ခြင်းမှ ကာကွယ်ရန် ရံခါကိုယ်ကိုပတ်၍ ဝတ်ဆင်ရန် ခွင့်ပြုသည်၊ အနံ တထွာ၊ အလျား သုံးတောင်မျှ အဓိဋ္ဌာန်မတင်လောက်သော သင်္ကန်းငယ်၊ လက်ဝဲဖက်ပုခုံးနှင့် ရင်ဝမ်းလုံရုံ ပတ်ဝတ်ရသည့်အဝတ်ကို တိစိဝရဂိတ် ဓူတင်ဆောင်များပင် အပ်သည်ဟု ခွင့်ပြုထားပေသည်၊

ယခုခေတ်တွင် ချုပ်၍ ကိုယ်ကျပ်အကျႌပမာ ဝတ်ဆင်ကြသည်ကို ဝိနည်းလေးစားသော ဆရာတော်များ မနှစ်သက်သည်မှာ မှန်ပါသည်၊ ဝိနည်းတော်အရ ဝတ်ရန်လည်း မအပ်ပါ၊ ဝတ်လိုက ဖော်ပြပါ အလျား အနံ ရှိသော အံသကာသာဝကို ပြုလုပ် အသုံးပြုသင့်ပါကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရုဏ်မတက်မီ ဆွမ်းတော်တင်ခြင်း

(မေး) (အရုဏ်မတက်မီ ဆွမ်းတော်တင်ခြင်း)

အရှင်ဘုရား၊ အရုဏ်မတက်မီ ဘုရားဆွမ်းတော် တင်သင့်-မတင်သင့်၊ တင်မိပါက မည်သည့်အပြစ် ရှိပါသလဲဘုရား။ ဖြေဆိုတော်မူပေးပါဘုရား။

(မအေးအေး-ဥဿာမြို့သစ်၊ ပဲခူးမြို့)

(ဖြေ)

အရုဏ်တက်ချိန်ကို လက်တွေ့သိရှိရန်မှာ နံနက်နေထွက်ချိန် အရှေ့အရပ်တွင် နေထက်ဝက်ပေါ်သောအခါ နာရီကိုမှတ်ပါ။ ထိုနေထက်ဝက်ပေါ်ချိန်ကို နေထွက်ချိန်ဟု မှတ်ထားပြီး ထိုအချိန်မတိုင်မီ သာမန်တနာရီ အလိုသည် အရုဏ်တက်ချိန် ဖြစ်ပါသည်။

တနေ့ကြည့်ထားပြီးလျှင် နောက်နေ့မှစ၍ အရုဏ်တက်ချိန်ကို တိကျစွာ သိနိုင်ပါပြီ။ ထို့နောက် ၃-ရက်လျှင် (စက်နာရီဖြင့်) တမိနစ် အတိုးအလျှော့ကို မှတ်၍ အရုဏ်ကို ဆုံးဖြတ်ပါ။ နံနက်အရုဏ်ဆွမ်းကို အရုဏ်မတက်ဘဲ မတင်ရပါ။ အရုဏ်မတက်ဘဲ တင်လျှင် အရုဏ်ဆွမ်းမဖြစ်ဘဲ ညဆွမ်းဖြစ်နိုင်သဖြင့် အပြစ်ရှိပါသည်။ မိမိဥပုသ်စောင့်ထားလျှင်လည်း အရုဏ်တက်မှသာ စားသောက်နိုင်ပါသည်။

တန်ခူးလပြည့်နေ့တွင် နံနက် ၅-နာရီတိတိ အရုဏ်ယူ၍ ၃-ရက် တမိနစ်တိုးပါ။

ပြာသိုလပြည့်တွင် နံနက် ၅-နာရီခွဲ အရုဏ်ယူ၍ ၃-ရက် တမိနစ်လျှော့ပါ။ သာမာန်အရုဏ်တက်ချိန် ရပါသည်။

သို့သော် သာမန်မှတ်သားချက် မဟုတ်။ အတိအကျမဖြစ်နိုင်သဖြင့် အရုဏ်ကို တိုး၊ မွန်းတည့်ကို လျှော့-ဟူသော ရှေးစကားအတိုင်း လိုက်နာဖို့လိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရုဏ်မဟုတ်-နေ့ဆွမ်းမဟုတ်

(မေး) (အရုဏ်မဟုတ်-နေ့ဆွမ်းမဟုတ်)

အရှင်ဘုရား၊ တပည့်တော်သည် မိသားစုတာဝန် ထမ်းဆောင်နေရသဖြင့် ဘုရားရှင်နှင့် ရဟန်းသံဃာတော်များကို နံနက် ၇-နာရီနှင့် ၈-နာရီလောက်ကျမှ ဆွမ်းဘောဇဉ်များ ကပ်လှူဖြစ်ပါသည်။ အရုဏ်ဆွမ်းလည်းမက၊ နေ့ဆွမ်းလည်းမကျဖြစ်နေ၍ ဤကဲ့သို့ ကပ်လှူခြင်းအတွက် အကျိုး ရှိ-မရှိ သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။

(မြင့်မြင့်-အလုံ)

(ဖြေ)

ဘုရားရှင်နှင့် ရဟန်းသံဃာများအတွက် ဆွမ်းဘုဉ်းပေးနိုင်သော ကာလ အချိန်သည် နံနက် အရုဏ်တက်သည်မှ ၁၂-နာရီတိုင်အောင် ဖြစ်ပါသည်။ ထိုကာလအချိန်အတွင်း မည်သည့်အချိန်မဆို ကပ်ကောင်းပါသည်။ ဘုရားလက်ထက်က အရုဏ်ဆွမ်းသပ်သပ်၊ နေ့ဆွမ်းသပ်သပ်ရယ်လို့ မရှိပါဘူး။ နံနက်ဆွမ်းခံကြွသွားပြီး ဆွမ်းရလျှင် သင့်တော်ရာနေရာဖြစ်သည့် ကျောင်း၊ ဇရပ်တို့မှာ ဆွမ်းဘုဉ်းပေးကြရပါသည်။

၁၂-နာရီအတွင်း အချိန်သတ်မှတ်ချက် မရှိပါ။ ယခုထက်တိုင် မန္တလေးက ကျောင်းတိုက်ကြီး အတော်များများမှာ အရုဏ်ဆွမ်းရယ်လို့ သီးသန့်မရှိပါဘူး။ နံနက်မိုးလင်းလျှင် ဆွမ်းခံကြွသွား၊ ပြန်လာတဲ့အခါ နံနက် ၈-နာရီ၊ ၉-နာရီခန့်ရောက်၊ ရောက်သည့်အချိန် ဘုဉ်းပေးကြတာပါပဲ။ နောက်ပြီး ၁၂-နာရီမထိုးခင် ထပ်ဘုဉ်းပေးချင်ပေး၊ အချိုပွဲလောက်သာ ဘုဉ်းပေးချင်ပေး၊ အချိန်တိတိကျကျ သတ်မှတ်မထားပါဘူး။ နံနက်ပိုင်း တပိုင်းလုံး လှူကောင်းသည်။ လှူထားပြီး ဆွမ်းဘောဇဉ်များကိုလည်း သင့်လျော်သလို နံနက်ပိုင်းတပိုင်းလုံး ဘုဉ်းပေး နိုင်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အရုဏ်မဟုတ်-နေ့ဆွမ်းမဟုတ်

(မေး) (အရုဏ်မဟုတ်-နေ့ဆွမ်းမဟုတ်)

အရှင်ဘုရား၊ တပည့်တော်သည် မိသားစုတာဝန် ထမ်းဆောင်နေရသဖြင့် ဘုရားရှင်နှင့် ရဟန်းသံဃာတော်များကို နံနက် ၇-နာရီနှင့် ၈-နာရီလောက်ကျမှ ဆွမ်းဘောဇဉ်များ ကပ်လှူဖြစ်ပါသည်။ အရုဏ်ဆွမ်းလည်းမက၊ နေ့ဆွမ်းလည်းမကျဖြစ်နေ၍ ဤကဲ့သို့ ကပ်လှူခြင်းအတွက် အကျိုး ရှိ-မရှိ သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။

(မြင့်မြင့်-အလုံ)

(ဖြေ)

ဘုရားရှင်နှင့် ရဟန်းသံဃာများအတွက် ဆွမ်းဘုဉ်းပေးနိုင်သော ကာလ အချိန်သည် နံနက် အရုဏ်တက်သည်မှ ၁၂-နာရီတိုင်အောင် ဖြစ်ပါသည်။ ထိုကာလအချိန်အတွင်း မည်သည့်အချိန်မဆို ကပ်ကောင်းပါသည်။ ဘုရားလက်ထက်က အရုဏ်ဆွမ်းသပ်သပ်၊ နေ့ဆွမ်းသပ်သပ်ရယ်လို့ မရှိပါဘူး။ နံနက်ဆွမ်းခံကြွသွားပြီး ဆွမ်းရလျှင် သင့်တော်ရာနေရာဖြစ်သည့် ကျောင်း၊ ဇရပ်တို့မှာ ဆွမ်းဘုဉ်းပေးကြရပါသည်။

၁၂-နာရီအတွင်း အချိန်သတ်မှတ်ချက် မရှိပါ။ ယခုထက်တိုင် မန္တလေးက ကျောင်းတိုက်ကြီး အတော်များများမှာ အရုဏ်ဆွမ်းရယ်လို့ သီးသန့်မရှိပါဘူး။ နံနက်မိုးလင်းလျှင် ဆွမ်းခံကြွသွား၊ ပြန်လာတဲ့အခါ နံနက် ၈-နာရီ၊ ၉-နာရီခန့်ရောက်၊ ရောက်သည့်အချိန် ဘုဉ်းပေးကြတာပါပဲ။ နောက်ပြီး ၁၂-နာရီမထိုးခင် ထပ်ဘုဉ်းပေးချင်ပေး၊ အချိုပွဲလောက်သာ ဘုဉ်းပေးချင်ပေး၊ အချိန်တိတိကျကျ သတ်မှတ်မထားပါဘူး။ နံနက်ပိုင်း တပိုင်းလုံး လှူကောင်းသည်။ လှူထားပြီး ဆွမ်းဘောဇဉ်များကိုလည်း သင့်လျော်သလို နံနက်ပိုင်းတပိုင်းလုံး ဘုဉ်းပေး နိုင်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အဋ္ဌာနမေတံ ပါဠိတော်မူ

(မေး)။ အဋ္ဌာနမေတံ ဘိက္ခဝေ-ပါဠိမှာ ဘုရားနှုတ်တော်ထွက် အစစ် ဖြစ်ပါသလားဘုရား၊

အနုပက္ကမေန ဘိက္ခဝေ တထာဂတံ ပရိနိဗ္ဗာယန္တိ-ပုဒ်ပါ ဘုရားဟောတော်မူခဲ့ပါသလားဘုရား။

(ဦးမြင့်ထူး-အမှတ် ၈၊ ဦးဘိုးခင်လမ်း၊ သူဖဋ္ဌးကုန်း၊ ကြည့်မြင်တိုင်)

(ဖြေ)။ ၄င်းပါဠိ အစအဆုံးမှာ

အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊ အနုပက္ကမေန ဘိက္ခဝေ တထာဂတံ ပရိနိဗ္ဗာယန္တိ-ဟူ၍ပင်ဖြစ်ပါသည်။

မူရင်းမှာ ဝိနည်း စူဠဝါ ပါဠိတော် (နှာ-၃၅၅) လောဟိတုပ္ပါဒက အခန်းတွင်၄င်း၊

ယင်း (နှာ-၃၅၇) နာဠာဂီရိ ပေသန-အခန်းတွင်၄င်း ပါရှိပါသည်။

အနက်မြန်မာပြန်မှာ-

ဘိက္ခဝေ-ရဟန်းတို့၊ ပရူပက္ကမေန-သူတပါးတို့၏ လုံ့လပယောဂဖြင့်၊ တထာဂတံ-မြတ်စွာဘုရားကို၊ ယံ-အကြင်အကြောင်းကြောင့်၊ ဇီဝိတာ-ဇီဝိတိန္ဒြေမှ၊ ဝေါရောပေယျ-ချရာ၏၊ ဧတံ-ဤသို့ ချနိုင်ခြင်းသည်၊ အဋ္ဌာနံ-အကြောင်းမဟုတ်၊ အနဝကာသော-အခွင့်မဟုတ်၊ (ထုံးစံမရှိ)။

ဘိက္ခဝေ-ရဟန်းတို့၊ တထာဂတာ-မြတ်စွာဘုရားတို့သည်၊ အနုပက္ကမေန-သူတပါးတို့၏ လုံ့လပယောဂ ကင်းသဖြင့်၊ ဝါ-အလိုလိုသာ၊ ပရိနိဗ္ဗာယန္တိ-ပရိနိဗ္ဗာန် ဝင်စံတော်မူကြကုန်၏၊ ဟူ၍ ဖြစ်ပါသည်၊

အနုပက္ကမေန ဘိက္ခဝေ-စသော နောက်ပိုဒ်ပါမှသာ ဘုရားဟောတော်မူရင်း ပြည့်စုံပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အက္ခရာနှင့် ဘာသာ

(မေး) (အက္ခရာနှင့် ဘာသာ)

အရှင်ဘုရား ဤစာစောင်တွင် ပိဋကတ်တော်ကို အရှင်မဟာဗုဒ္ဓဃောသသည် အိန္ဒိယတောင်ပိုင်း အက္ခရာဖြင့် မာဂဓဘာသာသို့ ပြန်ဆိုရေးသားသည်ဟု ဖြေကြားထားပါသည်။

(၁) အိန္ဒိယတောင်ပိုင်း အက္ခရာနှင့် မာဂဓဘာသာ မည်သို့ ဆက်စပ်ပါသလဲဘုရား။

မာဂဓ နှင့် ပါဠိတို့လဲ မည်သို့ ဆက်စပ်ပါသလဲဘုရား။

၄င်းပြင် ပုဂံခေတ်တွင် မွန်ဘာသာအက္ခရာရေး ပိဋကတ်တော်ကို မြန်မာအက္ခရာဖြင့် ဖလှယ်ခဲ့ကြောင်း ဖြေကြားခဲ့ပါသည်။

(၂) မြန်မာအက္ခရာနှင့် ဖလှယ်ခဲ့ပါလျှင် မြန်မာပြန်များ ဖြစ်မနေပါလားဘုရား။ ယနေ့ခေတ် ဆဋ္ဌမူပါဠိပိဋကတ်တော်မှာ မည်သည့်ခေတ်တွင် မည်သည့်ပုဂ္ဂိုလ်တို့က စတင်ပြုစုခဲ့ပါသလဲဘုရား။ တပည့်တော်များ ရှင်းလင်းသွားအောင် ဖြေကြားပေးတော်မူပါဘုရား။

(ဦးမြင့်ဆွေ-ဦးဉာဏ်ထွန်း-ဒေါ်တင်ရီ-သံဖြူဇရပ်မြို့)

(ဖြေ)

ပြဿနာရှင်များအနေဖြင့် အက္ခရာနှင့် ဘာသာကို ကွဲကွဲပြားပြား မှတ်သားဖို့ လိုပါသည်။

အက္ခရာသည် စာလုံးများဖြစ်၍ ဘာသာသည် နှုတ်ထွက်စကားသံ ဖြစ်ပါသည်။

မြတ်စွာဘုရား ဟောကြားတော်မူသော နှုတ်တော်ထွက် တရားစကားတော်မှာ မာဂဓတိုင်းသုံး စကားသံ မာဂဓဘာသာဖြစ်၍ ၄င်းကို ပိဋကတ်တော်၌ ပါဠိဘာသာဟု ဆိုပါသည်။

မြတ်စွာဘုရား၏ တရားစကားတော်များကို အိန္ဒိယတောင်ပိုင်း အက္ခရာဖြင့် အရေးပြုပါသည်။ ပါဠိဘာသာမှာ အက္ခရာအထူးမရှိ။ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ မွန်၊ မည်သည့်အက္ခရာဖြင့် ရေးရေး အသံထွက်မှန်ကန်စွာ ရပါသည်။ မြန်မာဘာသာကို အင်္ဂလိပ်အက္ခရာဖြင့် ရေး၍၄င်း အသံမှန်မရနိုင်ပါ။ ပါဠိဘာသာကား မည်သည့်အက္ခရာဖြင့်ရေးရေး အသံထွက် မှန်စွာရနိုင်ခြင်းမှာ ပါဠိဘာသာ၏ အံ့ဩဖွယ်ဂုဏ်ထူး ဝိသေသပင် ဖြစ်ပါသည်။

ပါဠိဘာသာကို မြန်မာအက္ခရာဖြင့် ဖလှယ်ခဲ့သဖြင့် မြန်မာပြန်များ မဖြစ်၊ မြန်မာပိဋကတ်တော်များသာ ဖြစ်လာပါသည်။ ယင်းမြန်မာအက္ခရာဖြင့် ပါဠိတော်များကို ခေတ်အဆက်ဆက် နိဿယ (ပါဠိတချက် မြန်မာတချက်) ပြန်ခဲ့သည့် ပါဠိတော်နိဿယများကို အမှီပြု၍ ဆဋ္ဌသင်္ဂါယနာခေတ်တွင် မြန်မာဘာသာသက်သက် မြန်မာပြန်များ ရိုက်နှိပ်ခဲ့ကြောင်း သိထားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အကပ္ပိယမံသ နှင့် နဝကမ္မ

(မေး) (အကပ္ပိယမံသ နှင့် နဝကမ္မ)

အရှင်ဘုရား၊

၁။ ဆွမ်းဒါယကာတဦးက ရဟန်းတို့အား မအပ်စပ် မစားကောင်းသော ခွေးသား ကျားသား စသည်တို့ကို ရဟန်းတို့စားဖြစ်အောင် စေတနာနှင့် လိမ်လည်လျှောက်ထား၍ ဆက်ကပ်လျှင် (ရဟန်းတို့က ဘုဉ်းပေးလျှင်) ဆွမ်းဒကာမှာ အကုသိုလ်ဖြစ်ပါသလား၊ ကုသိုလ်ရပါသလား။

၂။ ရဟန်းသံဃာတို့အား နဝကမ္မလှူပါသည်ဟု လျှောက်ထား၍ ဝတ္ထုငွေ ကပ်လှူပါက ၄င်းငွေကို ဆွမ်း သင်္ကန်း ကျောင်း ဆေး အတွက်သာ သုံးကောင်းပါသလား၊ အခြား ဆောင်ရွက်ရန်များကို သုံးကောင်းပါသလား၊ ထို့ပြင် နဝကမ္မ ဟူသော ဝေါဟာရကို တပည့်တော်များ အမှုသစ်ဟူ၍သာ နားလည်ကြပါသည်၊ အသေးစိတ် အကျယ်အဓိပ္ပါယ် ရှိပါသေးသလားဘုရား။

(ဦးအောင်သန်း-ဇော်ရေခဲစက်၊ အောင်လံမြို့)

(ဖြေ)

ရဟန်းတို့နှင့်မအပ်သော မစားကောင်းသော စားလျှင်အာပတ်သင့်သော အကပ္ပိယမံသတို့ကို စားအောင် လိမ်လည်လှည့်ဖြား၍ လှူဒါန်းလျှင် စေတနာရင်းကပင် လှည့်ဖြားလှူဒါန်းသဖြင့် ကုသိုလ်မဖြစ်၊ အကုသိုလ် ဖြစ်ရန် သေချာနေပါသည်။

ဤအကပ္ပိယမံသတို့မှာ ပညတ်စဉ်က တောနေရဟန်းတို့အား ခြင်္သေ့၊ သစ်ကျား စသော သတ္တဝါတို့၏ အသားကို စားမိလျှင် ခြင်္သေ့ သစ်ကျားတို့က အန္တရာယ်ပြုတတ်သဖြင့် မစားရန် ပညတ်သည်။

သိသည်ဖြစ်စေ မသိသည်ဖြစ်စေ စားမိလျှင် အန္တရာယ်ရှိဖွယ်ဖြစ်သည်။ ထို့ကြောင့် ရှောင်ကြဉ်ရသည်။ သို့ဖြစ်လျက် စားရန်လိမ်လည်လှူဒါန်းသူအဖို့ အန္တရာယ်ဖြစ်ရန် ကြံဖန်ပြုလုပ်သည်နှင့် မခြားပါ။

နဝကမ္မဟူသည်မှာ ရဟန်းတို့ ပြုလုပ်လတံ့သော အမှုသစ် ဆောင်ရွက်လုပ်ကိုင်မည့်ကိစ္စ မှန်သမျှကို ရသည်။ ထို့ကြောင့် နဝကမ္မ-ပါဘုရားဟု ဆို၍ လှူဒါန်းလျှင် အပ်စပ်သော မည်သည့်အရာဝတ္ထုမျိုးကိုမဆို လဲလှယ်ဖလှယ်၍ ဝယ်ယူကောင်းပါသည်။

တနည်းအားဖြင့် ရဟန်းတို့၏ အသုံးအဆောင် မှန်သမျှသည် ပစ္စည်းလေးပါးအတွင်း၌သာ ပါဝင်သဖြင့် ပစ္စည်းလေးပါးအမှုသစ်ဟု ဆိုလျှင်လည်း ပြည့်စုံနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အကုသိုလ်ကံများ အကျိုးမပေးအောင်

(မေး) (အကုသိုလ်ကံများ အကျိုးမပေးအောင်)

အရှင်ဘုရား၊ တပည့်တော်မ ယခု အသက် ၃၁-နှစ်ရှိပါပြီ။ တပည့်တော်မသည် မွေးသည့်အချိန်မှစ၍ ယခုအချိန်အထိ အမေ့ကို ကာယကံဖြင့် စောကားသောကံ တခု၊ အဒိန္နာဒါနကံ (သူတပါးပစ္စည်းဥစ္စာ ခိုးယူမှုကံ) သုံးခု၊ ကာမေသုမိစ္ဆာစာရကံ လေးခု၊ မုသာဝါးကံ ခြောက်ခု ကျူးလွန်မိပါသည်။ ထိုသို့သော်ကံများကို ကျူးလွန်ခြင်းသည် နောက်ဘဝတွင် ငရဲခံရသည်ဟု သိရပါသည်။ တပည့်တော်မ ကျူးလွန်မိသော ထိုကံများ နောက်ဘဝတွင် အကျိုးမပေးအောင် (တနည်းအားဖြင့်) ငရဲမခံရအောင် ယခုဘဝမှာ ဘာလုပ်ရပါမည်နည်း ဘုရား၊ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ရဟန်းတော်များအား ဆွမ်းစားကျောင်း ဆောက်လုပ်လှူဒါန်းလျှင် သင့်ပါမည်လားဘုရား။

(မသီတာချို-ဟင်္သာတမြို့)

(ဖြေ)

ပြဿနာရှင်ဖော်ပြသော အကုသိုလ်ပြစ်မှုများသည် ဖြေမရသော မုချငရဲကျနိုင်သည့် ဂရုကံမျိုး မဟုတ်၊ မိမိစိတ်ကို ပြုပြင်၍ ဖြေနိုင်သောကံများ ဖြစ်သဖြင့် ယင်းပြစ်မှုများ နောက်ထပ်မဖြစ်ရအောင် အဓိဋ္ဌာန်ပြု၍ ကုသိုလ်ကောင်းမှုများကို ပြုပေးရမည် ဖြစ်ပါသည်။

မိမိကာယကံဖြင့် ပြစ်မှားမိသော မိခင်ကား သက်ရှိထင်ရှားရှိလျှင် ကန်တော့တောင်းပန်၍ နောက်ထပ် မပြစ်မှား မိအောင် ကြိုးစားရပါမည်။ သက်ရှိထင်ရှား မရှိလျှင်လည်း သုသာန်၊ မီးသင်္ဂြိုဟ်သောနေရာ၊ မြှုပ်နှံထားသော နေရာ၊ စသည်တို့သို့ သွားရောက်ကန်တော့ရပါမည်။

အခြား ကာယကံ ဝစီကံများအတွက် နောင်တွင် မကျူးလွန်မိအောင် စောင့်ထိန်းပါမည်ဟု အဓိဋ္ဌာန်ပြု၍ နေ့စဉ်ဘုရားရှေ့၌ ငါးပါးသီလကို အကြိမ်ကြိမ် ခံယူကာ အထူးအားဖြင့် အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရနှင့် မုသာဝါဒ တို့ကို ထပ်ကာထပ်ကာ ခံယူပြီးလျှင် မိမိစိတ်က ဤအမှုများ ဘယ်တော့မှ မဖြစ်စေရဟု နောင်တကြီးစွာဖြင့် ရဲရဲဝံ့ဝံ့ ကတိကဝတ်ပြုလျက် ကုသိုလ်ကောင်းမှုများကို မပြတ်ပြုပေးရပါမည်။

ထိုအကုသိုလ်ကံများသည် ပျောက်ပျက်၍ မသွားသည့်တိုင်အောင် ကုသိုလ်တရားများကြားသို့ ဝင်ရောက်အကျိုးမပေးနိုင်ဘဲ ကုသိုလ်များသာ ဆက်ကာဆက်ကာ အကျိုးပေးသွားနိုင်ပါသည်။ သို့မဟုတ် ထိုပြစ်မှုကံများ အားသေး၍ သွားကာ မိမိက တရားအားထုတ်၍ မဂ်တရား ဖိုလ်တရားများ ရရှိသွားလျှင်လည်း

အဟောသိကံဖြစ်ကာ မကောင်းကျိုးများ ပျောက်ကင်း ပျက်ပြယ်သွားနိုင်သဖြင့် ကြိုးစား၍ အားထုတ်သွားစေလိုကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အကုသိုလ်ပြု၍ လှူဒါန်းခြင်း

(မေး) (အကုသိုလ်ပြု၍ လှူဒါန်းခြင်း)

အခြားသူ မပေးသော ပန်းကလေးများကို ခိုးယူ၍ ဘုရားတင်ခြင်း၊

သူများပစ္စည်းကို မရိုးမသား ခိုးဝှက်၍ လှူဒါန်းခြင်း၊ ပြုလုပ်ပါက မည်သည့်အကျိုးတရားများ

ရရှိနိုင်ပါသလဲ ဘုရား။

(ဦးခင်ဧ၊ စံရွေးကျေးရွာ၊ သာယာဝတီမြို့နယ်)

(ဖြေ)

အကုသိုလ်ပြု၍ လှူဒါန်းရာ၌ အကုသိုလ်၏ အကျိုးကတခြား၊ လှူဒါန်းသော ဒါန အကျိုးကား တခြား၊

အကျိုးပေးပါသည်။

ဓမ္မပဒလာ ပုတိဂတ္တတိဿမထေရ် ဝတ္ထုကို ထောက်၍ သိသင့်ပါသည်။

၄င်းဝတ္ထု၌ ပူတိဂတ္တတိဿမထေရ် အလောင်းသည် မုဆိုးဘဝက ငှက်များကို ဖမ်း၍ ရောင်းလည်းရောင်း၊

စားလည်းစားသည်၊ ရောင်း၍မကုန်သော ငှက်များကို အတောင်နှင့်ခြေများကို ချိုး၍ လှောင်ထားပြီး ရက်ရှည်သတ်၍ စားသည်။ တနေ့တွင် ထိုငှက်သားဖြင့် ရဟန္တာပုဂ္ဂိုလ်အား ဆွမ်းလှူ၍ ဤကောင်းမှုကြောင့် အရှင်ဘုရားတို့ သိအပ်သော တရားကို သိရပါလို၏-ဟု ဆုတောင်းခဲ့၏၊

ထို့ကြောင့် ဤဘုရားလက်ထက်၌ ပူတိဂတ္တတိဿ မထေရ်ဖြစ်လာ၍ ငှက်တို့ကို အတောင် ခြေထောက်များကို ချိုး၍ သတ်ခဲ့သော မကောင်းမှုကြောင့် အနာကြီးများပေါက်၍ အရိုးများ ကျိုးရခြင်း၊ ယင်းငှက်သားဟင်းဖြင့် ဆွမ်းလှူ ဆုတောင်းခဲ့ခြင်းကြောင့် အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ်သို့ ရောက်ရခြင်း အကျိုးတို့ကို ခံစားရရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အကုသိုလ်နှင့် သေခါနီး

(မေး) (အကုသိုလ်နှင့် သေခါနီး)

ဆရာတော်ဘုရား၊ ယခုလူတွေအများ ပြောဆိုနေကြသည့်စကားမှာ အကုသိုလ်ကို ဘယ်လောက်ကြီးပဲလုပ်လုပ် သေခါနီး၌ ဘုရား တရားစသည့် အာရုံကောင်းကောင်းနှင့် သေသွားလျှင် သုဂတိ ကောင်းရာဘုံဘဝသို့ ဧကန်မုချ ရောက်ရမည်-ဟု ဖြစ်ပါသည်၊ ထိုအယူအဆ မှန်-မမှန်နှင့် အကုသိုလ်ကံသည် ဘယ်အချိန်၌ အကျိုးပေးခွင့် ကြုံမည်ဆိုသည်ကို မိန့်ကြားဖြေဆိုတော်မူပါဘုရား။

(မောင်ကျော်ဝင်းအောင်-အင်းတော်မြို့)

(ဖြေ)

အကုသိုလ်ကို မပြတ်ပြုလပ်နေသူအဖို့ သေခါနီး၌ ဘုရားတရားအာရုံ ကောင်းကောင်း ရရှိရန် လွန်စွာခက်လှပါသည်၊ ကုသိုလ်များစွာ ပြုလုပ်နေသူပင် အနည်းငယ်သော အကုသိုလ်က သေခါနီး၌ ထင်လာမြင်လာ ဝင်ရောက်လာတတ်ပါသည်၊ ပုထုဇဉ်သတ္တဝါတို့မှာ ပါပသ္မိံ ရမတိ မနော-ဆိုသည့်အတိုင်း အကုသိုလ် မကောင်းမှု၌သာ စိတ်ပျော်ရွှင်ဝင်စားတတ်သဖြင့် အကုသိုလ်ဝါသနာ စွဲနေသူအဖို့ သေခါနီး၌ အကုသိုလ်နိမိတ်အာရုံများသာ ဝင်လာဖို့များပေသည်၊

အကုသိုလ်အကျိုးပေး၍ အပါယ်ငရဲ၌ ဖြစ်နေရလျှင်လည်း ပြုခဲ့သောကုသိုလ်ကံ ကြားဝင်နိုင်ဖို့ မလွယ်ပါ၊ ထို့ကြောင့် အကုသိုလ်နည်းပါး ကုသိုလ်များရန် ကြိုးစားသင့်ကြပါသည်၊ ကုသိုလ်ရေး၌ ဒါန သီလ ဘာဝနာ တတ်နိုင်သမျှပြုလုပ်ရန် လိုပါသည်၊ ဗုဒ္ဓဘာသာပီပီ ဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်း၊ ငါးပါးသီလမြဲခြင်း စသည့် နိဗဒ္ဓ (မပြတ်) ကုသိုလ်ရေးမျှလောက် အစဉ်ကျင့်သုံးနေကြရန် သင့်ကြောင်း ပြောလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အကျင့် နှင့် ပါရမီ

(မေး) (အကျင့် နှင့် ပါရမီ)

အရှင်ဘုရား၊ အကျင့်နှင့်ပါရမီ မည်ကဲ့သို့ ကွာခြားသည်ကို အမိန့်ရှိစေလိုပါသည်ဘုရား။

(မောင်မြင့်ကြည်-မိတ္ထီလာ)

(ဖြေ)

အကျင့်-ဟူသည် မည်သည်ကိုမျှ ဆုတောင်း ဆုယူ မပြုဘဲ ဒါန သီလ ဘာဝနာတို့ကို ကျင့်သုံးခြင်းဖြစ်၍

ပါရမီ-ဟူသည်မှာ သမ္မာသမ္ဗောဓိ၊ ပစ္စေကဗောဓိ၊ သာဝကဗောဓိ၊ ဟူသော ဗောဓိဆုတမျိုးမျိုးကို တောင်းဆို၍ ဒါန သီလ စသော တရားတို့ကို ကျင့်သုံးခြင်း ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အကျဉ်းဟော၍ သိသူ

(မေး)(အကျဉ်းဟော၍ သိသူ)

အရှင်ဘုရား၊ အကျဉ်းဟောရုံမျှဖြင့် မဂ်ဖိုလ်ရသူ၊ အကျယ်ဟောရုံမျှဖြင့် မဂ်ဖိုလ်ရသူ-ဟူ၍ ဒီခေတ် ဒီအခါ ဒီကာလ၌ ရှိပါသေးသလားဘုရား။

(ယောဂီတဦး-မြိတ်)

(ဖြေ)

အကျဉ်းဟောရုံမျှဖြင့် မဂ်ဖိုလ်ရသူ ဥဂ္ဃါတညူပုဂ္ဂိုလ်၊ အကျယ်ဟောပြမှ မဂ်ဖိုလ်ရသူ-ဝိပဉ္စိတညူပုဂ္ဂိုလ်များမှာ မြတ်စွာဘုရားလက်ထက် ရှေးပိုင်းမှာမှ ရှိနိုင်ပါသည်။ ဤခေတ်တွင်မူ တရားတပုဒ်ကို အကျယ်ဝေဖန် ဆန်းစစ်ခွဲစိတ်ပြမှ မဂ်ဖိုလ်ရနိုင်သော နေယျပုဂ္ဂိုလ်များသာ အမြတ်ဆုံး ဖြစ်ပါသည်။ ထို့ကြောင့် ဤခေတ် ဤအခါ ဤအချိန် ဤကာလတွင် ဥဂ္ဃါဋိတညူပုဂ္ဂိုလ်၊ ဝိပဉ္စိတညူပုဂ္ဂိုလ်များ မရှိနိုင်တော့ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အကျွတ်တရားနှင့် အရိမေတ္တေယျ ဘုရား

(မေး) (အကျွတ်တရားနှင့် အရိမေတ္တေယျ ဘုရား)

၁။ မြတ်စွာဘုရားသည် ကျွတ်ထိုက်သောသူတို့ကို ကြည့်တော်မူပြီး တရားဟောတော်မူရာ ဘာသာကွဲများလည်း ပါဝင်သည်ဟု မှတ်သားရပါသည်၊ ယခုအခါတွင် မြတ်စွာဘုရားကဲ့သို့ အကျွတ်တရားရအောင် ဟောကြားနိုင်သောသူ ရှိပါသလား။

၂။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျ မြတ်စွာဘုရားပွင့်ရန် တက်ကပ်ဆုတ်ကပ် အစရှိသည်တို့နှင့် တွက်ချက် ဖြေကြားပေးတော်မူပါဘုရား။

(မောင်ဇော်ခိုင်လင်း-အ-ထ-က(၁) ရွှေပြည်သာ)

(ဖြေ)

၁။ မြတ်စွာဘုရား ပွင့်လာတော်မူစက ဗြာဟ္မဏဘာသာဝင်များ နတ်ကိုးကွယ်သူများသာရှိရာ ဗုဒ္ဓဘာသာဟူ၍ မရှိသေးသဖြင့် ဘာသာကွဲများဟုသာ ဆိုရပါသည်။ ၄င်းတို့ကို မြတ်စွာဘုရားက ပါရမီ အရင့်အနုကိုကြည့်၍ သင့်လျော်သောတရားကို ဟောကြားကာ အချို့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်သို့ ရောက်ကြသည်။

အချို့ အနာဂါမ်၊ အချို့ သကဒါဂါမ်၊ အချို့ သောတာပန် ဖြစ်ကြသည်။

အချို့ သရဏဂုံ စသည်တည်၍ အကျွတ်တရား ရကြပါသည်၊ ယခုအခါတွင်လည်း အခြားဘာသာဝင်များအား ဝိပဿနာတရားစသည် ဟောကြားကာ သာသနာပြုနေကြသော ရဟန်းသံဃာများရှိပါသည်။ တရားနာသူ အားထုတ်သူတို့၏ ပါရမီအားလျော်စွာ တရားသိကြသည်ကို တွေ့မြင်ရပါသည်။

၂။ ကမ္ဘာဦး အသင်္ချေယျ အသက်တမ်းမှ ဆယ်နှစ်တမ်းအထိ ဆုတ်ကပ်၊

၄င်းမှ တစတစ တက်၍ အသင်္ချေယျတမ်းအထိ တက်ကပ်။

ဤဆုတ်ကပ် တက်ကပ် တစုံကို အန္တရကပ် တကပ်-ဟု ဆိုရပါသည်။

ဤကမ္ဘာကြီးသည် အန္တရကပ်ပေါင်း ၆၄-ကပ် သက်တမ်းရှိပါသည်။

ကမ္ဘာတည်စမှ သတ္တမအန္တရကပ် (၇-ကြိမ်မြောက်ကပ်) အထိ ဘုရားတဆူမျှ မပွင့်သေးဘဲ

အဋ္ဌမမြောက် အန္တရကပ် (၈-ကြိမ်မြောက်ကပ်) ကျမှ ပထမဆုံး ပွင့်တော်မူသော ကကုသန်မြတ်စွာဘုရား ပွင့်တော်မူပါသည်။

ထို့နောက် နဝမမြောက်ကပ်တွင် ကောဏာဂုံ ဘုရား၊

ဒသမမြောက်ကပ်တွင် ကဿပဘုရား ပွင့်၍

ဧကာဒသမ (၁၁-ကြိမ်မြောက်ကပ်) တွင် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသည်။

ဒွါဒသမ (၁၂-ကြိမ်မြောက်ကပ်) တွင် အရိမေတ္တေယျ မြတ်စွာဘုရား ပွင့်တော်မူမည်ဖြစ်သည်။

ယခု ဂေါတမမြတ်စွာဘုရား ပွင့်တော်မူရာ နှစ် ၁၀၀-တမ်းမှ ၁၀-နှစ်တမ်းအထိ ကျဆင်းသွားပြီး

တဖန် ၁၀-နှစ်တမ်းမှ အသင်္ချေယျတမ်းအထိ တက်သွားဦးမည်။ ထိုအသင်္ချေယျတမ်းမှ ၁၂-ကပ်မြောက် ဆုတ်ကပ်စ ဖြစ်၍ အသက်တသိန်းတမ်းကျမှ (တသိန်းမှအောက် ရှစ်သောင်းတမ်းတွင်) အရိမေတ္တေယျ မြတ်စွာဘုရား ပွင့်မည်ဖြစ်ပါသည်။

ရေး၍ ပြော၍ လွယ်သလို ရှိသော်လည်း နှစ်ပေါင်း အသင်္ချေ အနန္တ ကြာဦးမည်ဖြစ်၍ တွေ့ရန် ဆုံရန် ကြုံရန် မလွယ်ကူကြောင်း သဘောပေါက်ထားရန် လိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဂတိတရား လေးပါး

(မေး) (အဂတိတရား လေးပါး)

အရှင်ဘုရား၊ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ အဂတိတရား လေးပါးတွင် ဘယာဂတိနှင့် မောဟာဂတိ နှစ်မျိုးကို သက်ကြီးဝါကြီး၊ ဘုန်းတော်ကြီးများ လိုက်စားပြုမှားပါက အပြစ်မရှိ၊ အပျယ်မကျ-ဟု ဟောပြောနေကြသည်ကို တွေ့နေရပါသည်၊

လေးစားအပ်သူများကမူ အဂတိလေးပါးလုံးပင် အပြစ်ရှိသည်၊ အပျယ်ကျသည်-ဟု ဆိုပါသည်၊

မည်သည်က မှားသည်၊ မည်သည်က မှန်သည်ကို ဖြေကြား၍ အဂတိတရား လေးပါး အဓိပ္ပါယ်ကိုလည်း ဖြေကြားပေးပါဘုရား။

(ခင်ချို-မြဝတီမြို့)

(ဖြေ)

သုတ်သုံးကျမ်း အပါအဝင် ပါထိကဝဂ် သိင်္ဂါလောဝါဒသုတ်တွင် ဆန္ဒာ ဒေါသာ ဘယာ မောဟာ၊ ယော ဓမ္မံ အတိဝတ္တတိ၊ နိဟီယတိ ယသော တဿ၊ ကဠပက္ခေဝ စန္ဒိမာ။

ဆန္ဒာဂတိ ဒေါသာဂတိ ဘယာဂတိနှင့် မောဟာဂတိတို့ လွှမ်းမိုးခံရသူသည် လဆုတ်ပက္ခ၌ လမင်းကဲ့သို့ အခြံအရံ စသည်တို့မှ ဆုတ်ယုတ်ရလေသည်-ဟု ဟောတော်မူထားသည်။

ထိုဂါထာ၏အဖွင့် အဋ္ဌကထာတွင် ယော စတုဗ္ဗိဓောပိ ယထာနုက္ကမေန ဆန္ဒာဂတိ အာဒီနိ ဂစ္ဆန္တော ပါပကမ္မံ ကရောတိ နာမ-ဟု အဂတိလေးပါးလုံးသည်ပင် အကုသိုလ်ကံများဖြစ်၍ အပါယ်ကျနိုင်ကြောင်း ဖွင့်ဆိုပါသည်။

(ဒီ=ဋ္ဌ ၃-၁၂၇)

အဂတိလေးပါး အဓိပ္ပါယ်မှာ-

၁။ ချစ်၍ အနိုင်ပေးခြင်း။

၂။ မုန်း၍ အရှုံးပေးခြင်း။

၃။ ကြောက်၍ အနိုင်ပေးခြင်း။

၄။ တွေဝေမှိုင်းမိ အသိတရားမရှိ၍ အရှုံးအနိုင် ထင်သလို ပေးခြင်းမျိုးကို

အဂတိလိုက်သည်-ဟု ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဂ္ဂသာဝက နှစ်ပါး၏ အသက်တော်

(မေး) အဂ္ဂသာဝက နှစ်ပါး၏ အသက်တော်

အရှင်ဘုရား၊ ဘုရားတပည့်တော်တို့၏ ဂေါတမမြတ်စွာဘုရားသည် သက်တော် ၈၀-ရှိ၍

ညီတော်အနန္ဒာ၊ အရှင်မဟာကဿပတို့သည် သက်တော် ၁၂၀၊

အရှင်အနုရုဒ္ဓါသည် သက်တော် ၁၅၀၊

အရှင်ဗာကုလသည် သက်တော် ၁၆၀၊ အသီးသီးရှိကြကြောင်း ဖတ်ကြားမှတ်သားရပါသည်ဘုရား၊

မြတ်စွာဘုရား၏ လက်ဝဲ လက်ယာ အဂ္ဂသာဝကများဖြစ်ကြသော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ မည်မျှသက်တော်ရှိကြောင်း ဘုရားတပည့်တော်နှင့် အများသိကြရန် ဖြေကြားပေးတော်မူပါ ဆရာတော်အရှင်သူမြတ်ဘုရား။

(သန်းအောင်လေး-ရွှေဘိုမြို့)

(ဖြေ)

အဂ္ဂသာဝက နှစ်ပါး သက်တော်မည်မျှရှိကြောင်း စာပေတွင် အတိအလင်း မတွေ့ရပါ။ သို့သော် သတပဒိကပုစ္ဆာ အဖြေကျမ်းတွင် မန်လည်ဆရာတော်တို့ ခန့်မှန်းတွက်ချက်၍ ဖြေကြားထားသည်မှာ-အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ သက်တူရွယ်တူဖြစ်ကြောင်း၊ အရှင်သာရိပုတ္တရာ၏ ညီအငယ်ဆုံး ရေဝတသူငယ်သည် အရှင်သာရိပုတ္တရာ ရဟန်းပြုသောနှစ်မှာပင် အသက် ၇-နှစ်အရွယ်တွင် သာသနာတော်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ၄င်းအရှင်ရေဝတ၌ အရှင်သာရိပုတ္တရာ၊ အရှင်ဥပသေန၊ အရှင်စုန္ဒ ဟူ၍ အကို ၃-ပါး၊ အရှင်မ စာလာ၊ ဥပစာလာ၊ သီသူပစာလာ ဟူ၍ အမတော် ၃-ပါးရှိကြောင်း အချင်းချင်း ၃-နှစ်စီ ကွာ၍တွက်ကြည့်လျှင် အရှင်သာရိပုတ္တရာ ရဟန်းပြုသောအသက် ၂၅-နှစ်ရကြောင်း ထိုနှစ်မှာပင် အရှင်မဟာမောဂ္ဂလာန်လည်း ရဟန်းပြုကြောင်း မြတ်စွာဘုရားထက် ၂-နှစ်စော၍ ပရိနိဗ္ဗာန်ပြုကြကြောင်း ထို့ကြောင့် တွက်ကြည့်လျှင် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်တို့၏အသက်တော်သည် ၆၈-နှစ်ဖြစ်ကြောင်း ဖြေကြားထားပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဂ္ဂသာဝက-မဟာသာဝက-ပကတိသာဝက

(မေး) (အဂ္ဂသာဝက-မဟာသာဝက-ပကတိသာဝက)

အရှင်ဘုရား၊ အဂ္ဂသာဝက-မဟာသာဝက-နှင့် ပကတိသာဝက ဆိုသည်တို့ကို ခွဲခြား၍ သိလိုပါသည်ဘုရား။ ထို့ပြင် ရဟန်းမဝတ်ရခင် ပရိနိဗ္ဗာန်ပြုသွားရသော ဒါရုစိရိယကို ရဟန်းမဟုတ်ဘအြဘယ်ကြောင့် မဟာသာဝက စာရင်းတွင် သွင်းထားရပါသလဲ ဆိုတာကို ရှင်းပြစေလိုပါသည်ဘုရား။

(သန်းထွန်း-ရွှေမြိုင်)

(ဖြေ)

ယင်းအမေးပြဿနာနှင့် စပ်၍ ကျီးသဲလေးထပ်ဆရာတော်ဘုရား၏ စွယ်စုံကျော်ထင်မှ အဖြေကို ဖော်ပြပါမည်။

ငါတို့ဘုရား၏ သာဝကတော်သည် အဂ္ဂသာဝက-မဟာသာဝက-ပကတိသာဝက အားဖြင့် သုံးပါးအပြားရှိ၏၊ ထိုသုံးပါးတို့တွင်-

တသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်၍ သာဝကုတ္တမအဖြစ်သို့ ရောက်သော လက်ျာရံ လက်ဝဲရံဖြစ်သော အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်တို့သည် အဂ္ဂသာဝကလည်း မည်သည်။ မဟာသာဝကလည်း မည်သည်။

ကမ္ဘာတသိန်း ပါရမီဖြည့်၍ ရဟန္တာအဖြစ်သို့ရောက်သော အညာသိကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ၊ မဟာကဿပ အစရှိသော ရှစ်ကျိပ်သော သာဝကတို့သည် မဟာသာဝက မည်သည်။

ကမ္ဘာအရာအထောင် စသည်တို့ဖြင့် ပါရမီဖြည့်၍ ရဟန္တာအဖြစ်သို့ ရောက်သော ရဟန္တာယောကျ်ား ရဟန္တာ မိန်းမ၊ လူယောကျ်ား လူမိန်းမ တို့သည် ပကတိသာဝက မည်သည်။

(ရှစ်ကျိပ်စလုံး၊ နိဗ္ဗာန်ကျုံး၊ စဆုံး ဘယ်သာဝကနည်း-ပုစ္ဆာအဖြေမှ)

ဒါရုစိရိယသည် ရဟန္တာဖြစ်၍ ရဟန်းမဝတ်ရခင်မှာပင် ပရိနိဗ္ဗာန်ပြုသွားရသော်လည်း ကမ္ဘာတသိန်း ပါရမီဖြည့်၍ ခိပ္ပါဘိည ဧတဒဂ်ရသူ ဖြစ်သဖြင့် မဟာသာဝကစာရင်းတွင် ပါဝင်ရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဆန်းတကြယ် စေတီဝယ် ခြယ်လှယ် သင့်မြတ်ပါအံ့နည်း

(မေး) (အဆန်းတကြယ် စေတီဝယ် ခြယ်လှယ် သင့်မြတ်ပါအံ့နည်း)

အရှင်ဘုရား၊ မြတ်စွာဘုရား ကိုယ်ပွားတော်စေတီတွေ၊

ဆေးရောင်စုံ ခြယ်ကာသ၊ ပူဇော်ကြပေ။

သွင်ပြင်တော့ သပ္ပါယ်ပေ၊ ဒါပေမဲ့ သင့်ရဲ့လား။

ဖြေကြားသူ ရှင်ဆရာက၊ ထင်စရာညွှန်းကာပြ။

ထွန်းပစေသား။

(ရှင်ဝရတေဇော-ညောင်လေးပင်မြို့)

(ဖြေ)

စေတီတော် ခြွေဆင်မြန်း၊ ရွှေသင်္ကန်း ထုံးစံပေ။

ကဿပ မြတ်စွာဓာတုမှ၊ အဆူဆူရွှေရောင်ညီး ထီးမှအောက်ခြေ။

ရွှေအရှားမှာတော့ ထွေပြားမှု တနှုန်းငယ်နှင့် ဖြူထုံးပလာပိန်းမှာလ၊ ဝါ စိမ်း ရောင်စုံခြယ်ခဲ့၊ ဆန်းတကြယ်ပူဇော်ကြလေထင့်၊ လှတပ သပ္ပါယ်စေ၊ ဝေဆာတဲ့ပူဇော်မှု။

ပသန္နာ ကြည်နူးဝေဖြာသည်၊ စေတနာ ပဓာနပေမို့၊ ပြစ်မမြင် ခေတ်သွင်ပြရလျှင် သင့်မျှသည်ဟု။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဇာတသတ်နှင့် ပစ္စေကဗုဒ္ဓါဆု

(မေး) ဇိနတ္ထပကာသနီကျမ်းတွင် အဇာတသတ်မင်းသည် လွန်မင်းသော ပိတုဃာတကကံကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ မရောက်၊ လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းခံ၍ လွတ်ပြီးလျှင် မေတ္တေယျဘုရားရှင် အကြား၌ ဝိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လတံ့သတည်း၊ ဟု တွေ့ရပါသည်၊

တပည့်တော်ဖတ်ဖူးသည်မှာ ပစ္စေကဗုဒ္ဓါတို့သည် နှစ်သင်္ချေနှင့်ကမ္ဘာတသိန်း ပါရမီဖြည့်ရသည်-ဟု တွေ့ရပါသည်၊

ယင်းအဇာတသတ်သည် ပါရမီဖြည့်ပြီးပါပြီလား၊ ဖြည့်ပြီးသော် ပါရမီရှိ နိယျတဗျာဒိတ် ရသူသည် ပစ္စေကဗုဒ္ဓါ မဖြစ်ဘဲ

ပကတိ သာဝကဖြင့် နိဗ္ဗာန်သွားနိုင်ပါသလားဘုရား၊ ထိုပြဿနာကို ရှင်းလင်းပေးတော်မူပါရန်။

(အောင်ထိုက်-၆၁-သမိုင်းဘူတာရုံလမ်း မရမ်းကုန်း)

(ဖြေ)

အဇာတသတ်သည် မေတ္တေယျဘုရား မပွင့်မီ ဤကမ္ဘာ၌ပင် ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ရမည့်သူဖြစ်သည်၊

နှစ်သင်္ချေနှင့် ကမ္ဘာတသိန်းထက်က ဗျာဒိတ်ရပြီးသူ၊ ပါရမီဖြည့်ပြီးသူ တဦးလည်း ဖြစ်သည်-ဟု ဆိုရပါမည်။

ပစ္စေကဗုဒ္ဓါဖြစ်ရန် ဗျာဒိတ်ရထားသူအဖို့ ပစ္စေကဗုဒ္ဓါမဖြစ်ဘဲ ပကတိသာဝကအဖြစ်ဖြင့် နိဗ္ဗာန်ဝင်မည် မဟုတ်ပါ။

လွန်မင်းသော ပိတုဃာတကကံကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ မရောက်-ဟူသော စကားမှာ ပိတုဃာတက-ကံက

မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို တားမြစ်ကြောင်း ထင်ရှားစေလို၍လည်း ဖြစ်သည်၊

အဇာတသတ်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်လောက်သော ပညာဉာဏ်ရှိခြင်းတို့ကို ပေါ်လွင်စေလိုခြင်းတို့ကြောင့်လည်း ဖြစ်သည်-ဟု ယူနိုင်ပါသည်၊

ဂေါတမဗုဒ္ဓ ဘုရားအလောင်းတော်သည် သုမေဓာဘဝတွင် မဂ်ဖိုလ်ကို လိုလျှင် ရနိုင်သော ဉာဏ်ရှိသည့် ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်

ဖြစ်ကြောင်း စကား၊ ဘုရားအလောင်းဘဝ ကိုးဘဝတွင် ဘုရားရှင်များနှင့်တွေ့၍ ရဟန်းပြုကာ တရားအားထုတ်ခဲ့ရာ၌ မဂ်အနီးရောက် အနုလောမဉာဏ်အထိ အားထုတ်၍ ရှေ့သို့မတက်ရောက်ခဲ့-ဟူသော စကားများကိုထောက်ထားနိုင်ပါသည်၊

အဇာတသတ်သည် အကယ်၍ ပိတုဃာတကကံ မထိုက်လျှင်လည်း ပစ္စေကဗုဒ္ဓါအလောင်းဖြစ်၍ မဂ်ဖိုလ်ကိုရယူရန် အားထုတ်မည်မဟုတ်ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဇိတ ရဟန်း

(မေး) (အဇိတ ရဟန်း)

အရှင်ဘုရား၊ နောင်ပွင့်လတံ့သော အရိမေတ္တေယျ ဘုရားအလောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်မှာ အဇိတ-အမည်ရှိ မထင်ရှားသော ရဟန်းဖြစ်ခဲ့ပြီး အဇာတသတ်မင်း၏ သားတော်လည်း ဖြစ်သည်ဟု ဆိုပါသည်။ မည်သည့်ကျမ်းဂန်မှာ လာပါသလဲဘုရား၊ အဇိတ-ရဟန်းသည် ဂေါတမဘုရားရှင် လက်ထက်တွင် မည်သည့်တရား မဂ်အဆင့်ကို ရရှိပါသလဲဘုရား။

(ဦးဖေသက်ညွန့်-အလုံ)

(ဖြေ)

အရိမေတ္တေယျဘုရား အလောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်တွင် အဇာတသတ်မင်း၏သား အဇိတမည်သော ရဟန်းတပါး ဖြစ်ကြောင်းမှာ အနာဂတဝင် စာအုပ်များတွင် ပါရှိပါသည်။ ခိုင်ခန်ပသောကျမ်းလာစကား မဟုတ်ပါ။ (အဇာတသတ်မင်းသည် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးအား သတ်၍ မင်းအဖြစ်သို့ ရောက်ပြီးနောက်မှ ပထမသားဦး ရပုံ၊ အဇာတသတ်မင်းဖြစ်ပြီး ၄-နှစ်ခန့်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပုံ စသည်တို့ကို တွက်ချက်ပြဆိုထားသော စာများအရ အဇိတရဟန်း၊ အဇာတသတ်သား ဖြစ်နိုင်-မဖြစ်နိုင် စိစစ်ချက်များလည်း ရှိပါသည်။) အဇိတရဟန်းသည် အရိမေတ္တေယျ ဘုရားလောင်းဖြစ်လျှင် ဤဂေါတမဘုရားရှင် လက်ထက်၌ မည်သည့်တရား မဂ်ဖိုလ်မျှ မရနိုင်ပါ။ ရလျှင်လည်း အရိမေတ္တေယျဘုရား ဖြစ်တော့မည်မဟုတ်၊ သောတာပတ္တိမဂ်ဖိုလ်ကို ရလျှင်ပင် ခုနစ်ဘဝမျှဖြင့် နိဗ္ဗာန်စံဝင်သွားတော့မည်ဖြစ်ကြောင်း သိထားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဓမ္မရာဂ စသည်

(မေး) စာထဲ၌ပါသော အဓမ္မရာဂ, ဝိသမ လောဘ, မိစ္ဆာဓမ္မ တို့ကို အကျိုးအပြစ်နှင့်တကွ သိလိုပါသည်ဘုရား၊

(မောင်သစ်ထွဏ်း-ကြည့်မြင်တိုင်မြို့နယ်)

(ဖြေ) ဒီဃနိကာယ် ပါထိကဝဂ္ဂပါဠိ၊ စက္ကဝတ္တိသုတ်တွင်

အဓမ္မရာဂ-အမိ, အဒေါ်, အမ, ဆရာ့ဇနီး စသည် မပြစ်မှားအပ်သောသူတို့၌ တပ်မက်ပြစ်မှားမှု။

ဝိသမ လောဘ-လောကထုံးတမ်းအားဖြင့် မှီဝဲသင့်သူတို့၌ အလွန်အကြူး တရားမဲ့ လိုက်စားမှီဝဲမှု။

မိစ္ဆာဓမ္မ-ယောကျ်ားချင်း၊ မိန်းမချင်း၊ တပ်မက်ဆက်ဆံမှုတို့ကို ဖော်ပြထားပါသည်။

ယင်းတို့မှာ ကာမေသုမိစ္ဆာစာရ ဖြစ်ရုံမက အာယုနာပိ ပရိဟာယမာနံ ဝဏ္ဏေနပ်ိ ပရိဟာယမာနံ စသည်ဖြင့် အသက် အဆင်းစသည် ဆုတ်ယုတ်ခြင်းစသည့် ပစ္စုပ္ပန်အပြစ်များပါ ဖြစ်ကြောင်း ဟောကြားထားပါသည်။

ထို့ကြောင့် ထိုတရားသုံးမျိုး မပြစ်မှားမိအောင် အတ္တသမ္မာပဏိဓိ မင်္ဂလာဖြင့် မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ထိန်းသိမ်းရန် အထူးလိုအပ်ပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဓုဝံ-အနိစ္စံ

(မေး) (အဓုဝံ-အနိစ္စံ)

အရှင်ဘုရား၊ မရဏံ မေ ဓုဝံ မရိဿတိ-ဟူ၍ ပါဠိတော်လာရှိသည်မှာ မေ-ငါ၏၊ မရဏံ-သေခြင်းသည်။ ဓုဝံ-မြဲ၏၊ ဟု အနက်ရှိပါသည်။

သေခြင်းတရားကို အနိစ္စ-အမြဲမရှိ-ဟူ၍ အနက်ပေးသည်ကိုလည်း တွေ့ရပြန်ပါသည်။

အဓုဝံ-အမြဲမရှိ နှင့် အနိစ္စံ-အမြဲမရှိ အနက်ပေးတူနေခြင်းကို ရှင်းပြပေးစေလိုပါသည်ဘုရား။

(ဦးညိုဝင်း-၄-ရပ်ကွက်၊ ကသာမြို့)

(ဖြေ)

မေ-ငါ၏၊ မရဏံ-သေခြင်းသည်၊ ဓုဝံ-မြဲ၏-ဟု အနက်ပေးသည်မှာ မှန်ပါသည်။

မေ-ငါ၏၊ မေ-ငါ့အား သေခြင်းတရားသည် မြဲသည်။ မုချသေရမည်-ဟု ဆိုလိုပါသည်။

သေခြင်းတရားသည် အနိစ္စ-အမြဲမရှိ-ဟု ဆိုရိုးမရှိပါ၊ လောကသည် အမြဲမရှိ၊ လူဟူသမျှ သူရော ငါရော အမြဲမရှိ၊ အနိစ္စသာ ဖြစ်သည်။ သေခြင်းတရားကား နိစ္စ-မြဲသည်၊ ဓုဝံ-မြဲသည်၊ မုချအမှန် သေရမည်သာ ဖြစ်သည်-ဟု ဆိုလိုသဖြင့် မရဏံနှင့် အနိစ္စ တွဲ၍မဆိုရ၊ မဆိုနိုင်။

ဓုဝံ-မြဲ၏၊ နိစ္စံ-မြဲ၏၊ ဟူ၍သာ ဆိုနိုင်ကြောင်း သတိပြုရန် လိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အနက်အဓိပ္ပါယ်မသိဘဲ ပရိတ်ရွတ်ခြင်း

(မေး) (အနက်အဓိပ္ပါယ်မသိဘဲ ပရိတ်ရွတ်ခြင်း)

အရှင်ဘုရား၊ ပရိတ်ကြီး ၁၁-သုတ်ကို အနက်အဓိပ္ပါယ်မသိဘဲ ရွတ်ဆိုလျှင် အကျိုးအာနိသင် ရှိပါ့မလား ဘုရား။ ပါဠိများကို နှိုက်နှိုက်ချွတ်ချွတ် တလုံးအကျန် အနက်အဓိပ္ပါယ်သိအောင် မည်သည့်စာအုပ်များတွင် ရှာဖွေကျက်မှတ်ရမည်ကို သိလိုပါသည်ဘုရား။

(ဖြေ)

ပါဠိဘာသာမသင်ကြားဘူးသော လူပုဂ္ဂိုလ်တဦးအနေဖြင့် ပရိတ်ကြီး ၁၁-သုတ်ပါဠိများကို တလုံးမကျန် အနက်အဓိပ္ပါယ်သိဖို့ရာ မလွယ်ကူပါ။ ဝါသနာရှိပါက ပရိတ်ကြီး နိဿယကျမ်းများကို ကြည့်ရှု ကျက်မှတ်၍ လေ့လာပါလျှင် အသင့်အတင့် အနက်အဓိပ္ပါယ် သိလာနိုင်ပါသည်။

သံဃာတော်များ ပရိတ်ရွတ်ရာ၌-ပါဌ်မှန်, နက်ထင်, မေတ္တာဝင်-ဤအင်္ဂါသုံးချက်နှင့်အညီ ရွတ်ဆိုကြ၍ ဒါယကာ ဒါယိကာမများက အန္တရာယ်ကင်းခြင်း၊ ကျက်သရေမင်္ဂလာ စီးပွားဥစ္စာတိုးတက်ခြင်း အကျိုးကျေးဇူးများရရန် ပင့်ဖိတ်ရွတ်ဆိုလေ့ရှိကြပါသည်။ မိမိတို့ကိုယ်တိုင် ရွတ်ဆိုပါက အနက်အဓိပ္ပါယ် မထင်သော်လည်း ပုဒ်ပါဌ်မှန်ကန်စွာဖြင့် မြတ်စွာဘုရားဂုဏ်တော်၊ ကျေးဇူးတော်တို့ကို အာရုံပြု၍ ရွတ်ဆိုလျှင် အကျိုးရှိပါသည်။

ရတနသုတ်နိဒါန်းတွင် မြတ်စွာဘုရား နိယတဗျာဒိတ် ခံယူခဲ့သည်မှစ၍ ပါရမီတော် ၁၀-ပါး အပြား ၃၀-တို့ကို ဖြည့်ကျင့်တော်မူပုံ၊ နောက်ဆုံး ဓမ္မစကြာတရား ဟောတော်မူသည်အထိ မြတ်စွာဘုရား ဂုဏ်တော်တို့ကို အာရုံပြု ရွတ်ဆိုလျှင် အကျိုးရှိကြောင်း ဆိုပါသည်။ ဖြစ်သင့်သလို ကြိုးစားအားထုတ် ရွတ်ဆိုပါ-ဟု တိုက်တွန်းလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အနာထပိဏ် ဝိသာခါတို့ ဇနီးနှင့် ခင်ပွန်း

(မေး) (အနာထပိဏ် ဝိသာခါတို့ ဇနီးနှင့် ခင်ပွန်း)

အနာထပိဏ်သူဌေး၊ ပျံ့မွှေးတဲံမည်သညာ။

ဇနီးသည် ဘယ်ကိုလား၊ မိန့်ကြားကြပါ။

ဝိသာခါ တဖြာပ လင်သား၊

ဘယ်ဘုံ ဘယ်ဌာနမှာ၊ ဖြစ်ရပုံ ဂတိရင်းကို လင်းပါ့ဘုရား။

(အရှင်တေဇောဘာသ-မုဒုံမြို့)

(ဖြေ)

နာထပိဏ်-သာခါ,မိတို့ သုဂတိနတ်ရွာခွင်။

တုသိတာ နိမ္မာ၌၊ နှစ်ခြိုက်စံရွှင်။

ကျောင်းဒကာ ဒကာမတွေမို့၊ ကျမ်းဂန်က စာတင်၊ ပေါ်လွင်ငဲ့ အထူး။

ဇနီး ဆွေလင်တို့၊ မပေါ်ထင် ဂုဏ်ရည်နွမ်းတာမို့၊ စာကျမ်း မထင်ရှားတယ်၊ များသိနိုင်ဘူး။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အနန္တောအနန္တ ငါးပါး

(မေး) (အနန္တောအနန္တ ငါးပါး)

ဆရာတော်ဘုရား၊ ဗုဒ္ဓဂုဏော အနန္တော -စတဲ့ အနန္တော အနန္တ ငါးပါးပါရှိတဲ့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကို သိလိုပါသည်ဘုရား။

(သောမာလင်္ကာရ-ရွှေဘို)

(ဖြေ)

အနန္တငါးပါးနှင့်စပ်၍ သတ္တကာယော စ အာကာသော-စသည်ဖြင့် သတ္တဝါ အနန္တ၊ စကြဝဠာအနန္တ နှင့် ဗုဒ္ဓဉာဏ်တော် အနန္တ အကြောင်းကို ဗုဒ္ဓဝင်ပါဠိတော် (ခု-၄၊ ၃၀၅) တွင် တွေ့ရှိနိုင်ပါသည်။

သို့သော်လည်း ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မ၊ သံဃ၊ မာတာပိတု နှင့် အာစရိယဂုဏော အနန္တော-ဟူသော အနန္တငါးပါးမှာ ငါးပါးစု၍ တနေရာတည်း၌ မည်သည့်ပါဠိ၊ အဋ္ဌကထာမှာမှ မတွေ့နိုင်ပါ။ ရှိပါသည်ဟူ၍လည်း ဆရာတော်အရှင်မြတ်တို့ ညွှန်ပြချက်မရှိပါ။

သို့သော် အပ္ပမာဏော ဗုဒ္ဓေါ-စသော ပါဠိတော်များ၊

ဗဟုပကာရာ ဘိက္ခဝေ မာတာပိတရော-စသော ပါဠိတော်များနှင့် အာစရိယ ဆရာသမားတို့ကြောင့် အပါယ်တံခါးများပိတ်၍ သုဂတိတံခါးများ ပွင့်ကာ နိဗ္ဗာန်လမ်း ပေါက်ရောက်စေနိုင်ကြောင်း၊ တရားတော်များကို အမှီပြု၍ ဉာဏ်ပညာ ကြီးမားတော်မူကုန်သော ရှေးဆရာကြီးများက အနန္တငါးပါးကို စီစဉ်ထားရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ဖော်ပြပါ သတ္တဝါအနန္တ စသော အနန္တ ငါးပါးနှင့် ကွဲရန် ဤဗုဒ္ဓဂုဏော အနန္တော စသည်ကို အနန္တော အနန္တ ငါးပါး-ဟု ဝေါဟာရ ပြုခဲ့ကြပါသည်

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အပရာဇိတ ပလ္လင်တော်

(မေး) ဆရာတော်ဘုရား၊ ဘုရားအလောင်း သိဒ္ဓတ် မင်းသားသည် တောထွက်သောအခါ မြက်ထမ်းသမားထံမှ မြက်အလှူခံပြီးနောက် ဖြန့်ချလိုက်သောအခါ ချက်ချင်း ပလ္လင်ပေါ်လာပါသလား။

ဘုရားဖြစ်မှ ပလ္လင်ပေါ်လာပါသလား ဖြေရှင်းပေးတော်မူပါဘုရား။

(မောင်ထက်နောင်ဝင်း-၅-ရပ်ကွက်၊ လယ်ဝေးမြို့)

(ဖြေ)

ဘုရားအလောင်း မြက်ရှစ်ဆုပ် အလှူခံသည်မှာ တောထွက်တော်မူစက မဟုတ်၊

ဘုရားအဖြစ်သို့ ရောက်တော်မူခါနီး ကဆုန်လပြည့် ညနေဆည်းဆာ အချိန်၌ဖြစ်၍ ဗောဓိပင်အောက် အရှေ့မြောက်အရပ်၌

ကြဲဖြန့်တော်မူရာ မြက်အသွင် ကွယ်ပျောက်၍ တစုံတယောက်သော ပန်းချီဆရာ၊ ပန်းပုဆရာမျှ ရေးထုခြင်းငှါ မတတ်သာအောင် လွန်စွာဆန်းကြယ်သည့် တဆယ့်လေးတောင် ပမာဏရှိသော ရတနာပလ္လင်တော်ကြီးကို ပါရမီတော်အားလျော်စွာ ပေါ်ပေါက်တော်မူလာရသည်-ဟု ဗုဒ္ဓဝင်တွင် ဖော်ပြထားလေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အပါယ်မကြောက် ၇-ယောက်

(မေး) (အပါယ်မကြောက် ၇-ယောက်)

အရှင်ဘုရား၊

၁။ သရဏုံသုံးပါး တည်သူ

၂။ ငါးပါးသီလ တည်သူ

၃။ စာရေးတံဆွမ်း လှူသူ

၄။ ပက္ခိကဆွမ်း လှူသူ

၅။ ဝါဆိုသင်္ကန်း လှူသူ

၆။ ရေကန်လှူသူနှင့်

၇။ နေရာကျောင်းလှူသူ ဤ ၇-ဦးတို့သည် အပ်ယ်တံခါးပိတ်သည်-ဟု ဟောခြင်းသည် မှားယွင်းသည်ဟု အချို့ပုဂ္ဂိုလ်များက ပြောဆိုကြပါသည်။

သေခါနီး၌ ဤသူ ၇-ဦးတို့သည် မိမိတို့၏ ကုသိုလ်ကို အောက်မေ့ဆင်ခြင်ကာ အာသန္နကံကုသိုလ်ဖြစ်စေ နိုင်မှသာ ဤဘဝအတွက် အပါယ်မရောက်နိုင်သော အကုသိုလ်ကို ဖယ်ရှားပေးနိုင်ပါသည်။

ထို့ကြောင့် အပါယ်မကြောက် ၇-ယောက် ဆိုသော အဋ္ဌကထာစကားသည် မှားသည်ဟု ဘုရားတပည့်တော် ကြားသိရပါသည်ဘုရား။ ဘုရားတပည့်တော် မရှင်းလင်း၍ သနးသဖြင့် ဖြေကြားရှင်းလင်းပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

(ကိုကြည်စန်းလှိုင်-သာကေတမြို့)

(ဖြေ)

အပါယ်မကြောက် ၇-ယောက် စကားမှာ အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၃၊ ၂၆၅) လာ စကားဖြစ်ပါသည်။

ယင်းမှာ ယေသံ ပန ကာလာနံ၊ ပ၊ ဧဝရူပါနိ နိဗဒ္ဓပုညာနိ အတ္ထိ၊ တေသမ္ပိ ဂတိ နိဗဒ္ဓေါ၊ သောတာပန္နသဒိသာနေဝ တာနိ ပုညာနိ-ဟု ဆိုပါသည်။

၄င်းကုသိုလ် ၇-မျိုးရှိသူတို့မှာ နိဗဒ္ဓကုသိုလ်ရှင်များဖြစ်၍ သေသည့်နောက် အပါယ်မရောက်။ သောတာပန်နှင့် အလားတူသည်ဟု ဥပမာပြသည်။

စဉ်းစားနိုင်ရန် သရဏဂုံ အမြဲတည်သူ၊ ငါးပါးသီလ တည်သူတို့ကို ကြည့်ပါ။ နိဗဒ္ဓဆိုသည်မှာ တသက်ပန်လုံး မလစ်မလပ် တည်ရှိနေသူတို့ပင် ဖြစ်သည်။ ထိုသရဏဂုံ ငါးပါးသီလ နိဗဒ္ဓတည်နေသူအဖို့ သေသည့်နောက် အပါယ်ရောက်စရာအကြောင်း မရှိတော့ပါ။ ထို့အတူ စာရေးတံ၊ ပက္ခိကဆွမ်း၊ ဝါဆိုသင်္ကန်း၊ ရေကန်၊ ကျောင်းအလှူတို့မှာလည်း နိဗဒ္ဓကုသိုလ်များပင် ဖြစ်ပါသည်။ နိဗဒ္ဓဖြစ်ပါကလည်း အာစိဏ္ဏကံ ကုသိုလ်များပင် ဖြစ်၍ အာသန္နကံထက် အားကောင်းပါသည်။ ထို့ကြောင့် ထို ၇-မျိုးသော ကုသိုလ်ရှင်များမှာ အပါယ်ကြောက် စရာ မလိုတော့ဟု ဆိုရကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဘိညာဉ်နှင့် လူဝင်စား

(မေး) အဘိညာဉ်နှင့် လူဝင်စား)

အရှင်ဘုရား၊ မြတ်မင်္ဂလာစာစောင်တွင် အရှင်ဘုရား ဖြေကြားသော လူဝင်စားအကြောင်း ဖတ်ရ၍ ကျေနပ်နှစ်သက်မိပါသည်။ တပည့်တော် သိလိုသည်မှာ သမထ ဝိပဿနာ အားထုတ်သူတချို့ အဘိညာဉ်ရပြီး အတိတ်ဘဝ (တဘဝသာ မဟုတ်) သိနိုင်၊ မြင်နိုင်သည်ဟု ဆိုကြပါသည်။ ၄င်းအဆိုအရ အရှင်ဘုရားအနေဖြင့် လက်ခံနိုင်-မခံနိုင် ရှင်းလင်းဖြေကြားပေးပါရန် ရိုသေလေးစားစွာ လျှောက်ထားအပ်ပါသည်ဘုရား။

(ဦးခင်မောင်မြင့်-ရေနံချောင်း)

(ဖြေ)

သမထ ဝိပဿနာ အားထုတ်၍ အဘိညာဉ်ရသည်ဆိုသည်မှာ ပထဝီကသိုဏ်း စသည်တို့ဖြင့် အားထုတ်၍ ရူပစျာန် (စတုက္ကနည်းဖြင့်) လေးပါး။ အရူပစျာန်လေးပါး။ ၄င်းရှစ်ပါးကို သမာပတ် ရှစ်ပါးဟုခေါ်သည်။ ၄င်းရှစ်ပါးမှ ရုပကုသိုလ်အဘိညာဉ်နှင့် အရူပကုသိုလ်အဘိညာဉ်ကို အဘိညာဉ်ဒွေး-ဟုခေါ်သည်။ ၄င်းအဘိညာဉ်ကိုရမှ ၄င်းအဘိညာဉ်ကို ဝသီဘော်ငါးတန်ဖြင့် အဖန်ဖန်လေ့လာနိုင်ပါမှ ဣဒ္ဓိဟူသော တန်ခိုး ၁၀-ပါးကိုရသည်။

ထိုသို့ရသဖြင့် ရှေးတီးကာလ၊ ဘဝရှည်ကျူး၊ ဖြစ်ဖူးသမျှ၊ ဒေသရပ်ရွာ၊ ခန္ဓာပင်စည်၊ အမည်အမျိုး စသော ပရမတ် ပညတ်တို့ကို တပ်အပ်သိစွမ်းနိုင်သော ဉာဏ်ကိုရ၍ နောက်ဘဝသာမက ဘဝပေါင်းများစွာကို ပြန်၍မြင်နိုင်သည်။ ၄င်းဉာဏ်ကို ပုဗ္ဗေနိဝါသ ဉာဏ်ဟုခေါ်သည်။ အားထုတ်၍ယူရသောဉာဏ် ဖြစ်သည်။

လူဝင်စားတို့ရသောဇာတိဿရ ဉာဏ်မျိုးထက် များစွာ အထက်တန်းကျသည်။ ယခုကာလ ရိပ်သာဝင်၍ အားထုတ်သူတို့မှာ ကသိုဏ်း ၁၀-ပါး စသည်ရှု၍ အားထုတ်သော သမထဘာဝနာမျိုး မဟုတ်၍ စျာန်မရနိုင်။ စျာန်မရနိုင်၍လည်း အဘိညာဉ်သို့ မရောက်သဖြင့် အတိတ်ဘဝတို့ကို မြင်နိုင်စွမ်းမှု မရှိပါ။ ဝိပဿနာဉာဏ် အဆင့်ဆင့်ပေါက်၍ မဂ်ဖိုလ်သာ ရချင်ရမည်။ သမထယာနိကနည်းဖြင့် အားထုတ်ခြင်းမဟုတ်၍ အဘိညာဉ် ရနိုင်ခွင့် မရှိပါကြောင်း ဖြေကြားလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဘိဓမ္မာပိဋကတ်

(မေး) (အဘိဓမ္မာပိဋကတ်)

ဆရာတော်အရှင်ဘုရား၊ အဘိဓမ္မာပိဋကတ်သည် တတိယသင်္ဂါယနာတင်သော အခါမှ ထည့်သွင်းခဲ့သည်ဟု သိရပါသည်ဘုရား။ ထို့ကြောင့် အဘိဓမ္မာ ပိဋကတ်သည် ဘုရားဟော ဟုတ်-မဟုတ် ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

(ပညာသီရိ-မိတ္ထီလာ)

(ဖြေ)

အဘိဓမ္မာပိဋကတ်၌ လာရှိသော ပဉ္စမကျမ်းစာ ဖြစ်သည့် ကထာဝတ္ထုကျမ်းကို တတိယသင်္ဂါယနာတွင် အရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ ရဟန္တာမထေရ်မြတ်က မူလမြတ်စွာဘုရား ဟောတော်မူသည့် ကထာဝတ္ထု အကျဉ်းကိုမူတည်၍ အကျယ်ဟောတော်မူခဲ့သည်။

ထိုအရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ-၏ ကထာဝတ္ထုကျမ်းအကျယ်ကို အဘိဓမ္မာ ၇-ကျမ်း၌ ပဉ္စမမြောက် ကျမ်းစာ အဖြစ် ထည့်သွင်းခဲ့သည်ကို စွဲ၍ အဘိဓမ္မာကို တတိယသင်္ဂါယနာကျမှ ထည့်သွင်းသည်ဟု ဆိုကြဟန်တူပါသည်။ အမှန်မှာ အဘိဓမ္မာကို မြတ်စွာဘုရား တာဝတိံသာနတ်ပြည်၌ ဟောတော်မူ၍ ပထမသင်္ဂါယနာတွင် အရှင်သာရိပုတ္တရာ၏ တပည့်အဆက်ဆက် စောင့်ရှောက်ခဲ့ကြောင်း----သာရိပုတ္တတ္ထေရော, ဘဒ္ဒဇိ, သောဘိတော, ပိယဇာလီ, ပိယပါလော,---ပ---သောဏကော, ရေဝတော စသည်ဖြင့် တတိယသင်္ဂါယနာအထိ ဆရာစဉ်ဆက် အမည်များကို အဋ္ဌကထာ (အဘိ ဋ္ဌ ၁-၃၂) တွင် ပါရှိပါသည်။ ထို့ကြောင့် အဘိဓမ္မာသည် ဘုရားဟော အစစ်ဖြစ်ကြောင်း သန္ဒိန်ကျ မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဘိုး၊ အဘ၊ အဖေကြီးနှင့် လက်ခြောက်ချောင်း

(မေး) (အဘိုး၊ အဘ၊ အဖေကြီးနှင့် လက်ခြောက်ချောင်း)

အရှင်ဘုရား

၁။ အချို့လူပုဂ္ဂိုလ်များသည် ဆရာတော်ကြီးများအား အဘိုး၊ အဘ၊ အဖေကြီးဟု ခေါ်ဝေါ်သုံးစွဲနေကြပါသည်။ ထိုသို့ ခေါ်ဝေါ်သုံးစွဲသင့်-မသင့် ဖြေကြားပေးတော်မူပါဘုရား။

၂။ အချို့သော ဆင်းတုတော်များမှာ လက်ချောင်းတော်ကလေးများကို တဖက်က ၅-ချောင်း၊ တဖက်က ၆-ချောင်း ပြုလုပ်ထားခြင်းကို တွေ့ရပါသည်။ မေးကြည့်ရာတွင် ၁၁-မီးငြိမ်းရန် အဓိဋ္ဌာန်၍ လှူသည်ဟု သိရပါသည်။ ထိုသို့ လုပ်သင့်-မလုပ်သင့် ဖြေကြားပေးတော်မူပါဘုရား။

(မတင်ဇာဦး-အ-ထ-က(၁) လှိုင်)

(ဖြေ)

၁။ မြတ်စွာဘုရားသည် လာရောက်စွပ်စွဲသော သိဉ္စမာနအား ဘဂိနိ-နှမဟု ခေါ်ဝေါ်သုံးစွဲ၍ စကားဆိုတော်မူပါသည်။

ထို့အတူ အင်္ဂုလိမာလသုတ်၌ ယတောဟံ ဘဂိနိ-ဟု အမျိုးသမီးအား နှမ-ဟု ခေါ်ဆိုခဲ့သည်။

ရဋ္ဌပါလမထေရ်သည် အိမ်ဖော် မိန်းကလေးအား ထို့အတူပင် ခေါ်ဝေါ်၏၊

ဘဂိနီတိ အရိယဝေါဟာရော-ဟု မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ၌ ဖွင့်ဆိုသည်။

ယင်းတို့မှာ အရိယာ ဝေါဟာရ၊ အရိယာပုဂ္ဂိုလ်များ၏ ခေါ်ဝေါ်သုံးစွဲခြင်း-ဟု အဓိပ္ပါယ်ရှိသည်။

ဤသို့ နှမအရွယ်ကို နှမ၊ အမိအရွယ်ကို အမိ-ဟု ခေါ်ဝေါ်ခြင်းမှာ တပ်မက်တွယ်တာမှုကို ကာကွယ်နိုင်သည်ဟု ဆိုသည်။ မဟာမိတ္တမထေရ်မြတ်၏ ဆွမ်းဒါယိကာမ သားအမိတို့က မထေရ်အား သားတော်၊ အကိုတော်-ဟု သုံးစွဲခေါ်ဝေါ်ကြသည်။

နကုလမာတာ နကုလပိတာ တို့က မြတ်စွာဘုရားအား သားတော်-ဟုခေါ်၍ ပြောဆိုသည်ကိုလည်း ဘုရားရှင် ခွင့်ပြုသည်။ ထို့ကြောင့် ဆရာတော်ကြီးများအား ရင်းနှီးကြည်ညိုစိတ်ဖြင့် အဘိုး၊ အဘ၊ စသည်ခေါ်ဝေါ်ခြင်းမှာ အပြစ်ရှိစရာ မမြင်ပါ။ ရှမ်းပြည် နယ်သူအများအပြားသည် ဆရာတော်ကြီးများအား ဘဘုန်း-ဟု ခေါ်ဝေါ်ကြမြဲ ဖြစ်သည်ကို တွေ့ရသည်။

၂။ ဘုရားပုံတော်များ ရုပ်တုတော်များကို ဤသို့ လက်ခြောက်ချောင်းစသည် ထုလုပ်ခြင်းမှာ အလွန်မသင့်လျော်သော လုပ်ဆောင်မှုများ ဖြစ်ပါသည်။ ဤခေတ်တွင် လက်ခြောက်ချောင်း၊ ခြေခြောက်ချောင်း ရှိသူများအား ဝဋ်မကင်းသူများဟု အသိအမှတ်ပြုကြပါသည်။ မြတ်စွာဘုရား ရုပ်တုတော်အား ဤသို့အဆန်းထွင် ထုလုပ်သူများအဖို့ လွန်စွာပင် အပြစ်ကြီးလှပါသည်။ လုံးဝမလုပ်သင့်သောကိစ္စပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အမျိုးသမီးများ တရားထူးရလျှင်

(မေး) (အမျိုးသမီးများ တရားထူးရလျှင်)

အရှင်ဘုရား၊ အမျိုးသားများ တရားထူး တရားမြတ်ရလျှင် (ရဟန္တာဖြစ်လျှင်) ချက်ချင်း ရဟန်းခံ၍ ရဟန်းဘဝဖြင့်နေလျှင် သက်တမ်းရှိသမျှ နေနိုင်သည်ဟု ဆိုပါသည်။ ယခုအခါ အမျိုးသမီးများ တရားအားထုတ်၍ အရဟတ္တဖိုလ်ပေါက် ရဟန္တာမ အဖြစ်သို့ ရောက်လျှင် မည်သို့ပြုရပါမည်နည်းဘုရား။

(မတေဇဝတီ-လယ်ဝေး၊ ဇေယျာလင်္ကာရချောင်၊ စစ်ကိုင်းတောင်)

(ဖြေ)

မြတ်စွာဘုရား လက်ထက်တော်က ခေမာမိဖုရားကြီးသည်-

အာတုရံ အသုစိံ ပုတိံ၊ ပဿ ခေမေ သမုဿယံ။ ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိနန္ဒိတံ-စသော ဂါထာများကို နာကြားရပြီး လူဝတ်လူစားဖြင့်ပင် ရဟန္တာမ ဖြစ်သွားရာ နေ့ချင်းပင် ဘိက္ခုနီအဖြစ် ခံယူ၍ လက်ယာတော်ရံ အဂ္ဂသာဝိကာထေရီမကြီး ဖြစ်ခဲ့ပါသည်။

ဤခေတ်တွင် တရားအားထုတ်၍ တိဟိတ်ဇာတိဉာဏ်ပညာရှိသော အမျိုးသမီးများ အရဟတ္တဖိုလ်ပေါက် ရောက်နိုင်-ရနိုင်ခွင့်ရှိသော်လည်း ဘိက္ခုနီသာသနာ အဆက်ပြတ်နေသဖြင့် ဘိက္ခုနီမပြုဘဲ လူ့အသွင်ဖြင့်ပင် နိဗ္ဗာန်ဝင်သွားစရာ အကြောင်းရှိပါသည်။

သန္တတိအမတ်ကြီးသည် မြတ်စွာဘုရားထံက-ယံ ပုဗ္ဗေတံ ဝိသောဓေဟိ-စသော ဂါထာနာကြား၍ လူဝတ်ဖြင့်ပင် ရဟန္တာဖြစ်သွားရာ ရဟန်း-မပြု၍ ထိုနေ့မှာပင် ပရိနိဗ္ဗာန်စံသွားရသည်။ သို့သော် ပဋိသမ္ဘိဒါပတ္တ ဆဠာဘိည ရဟန္တာဖြစ်သဖြင့် ပရိနိဗ္ဗာန် မစံဝင်မီ လူရဟန္တာအဖြစ်နှင့်ပင် ထန်းခုနစ်ဆင့်မျှ ကောင်းကင်က တန်ခိုးပြ၍ တရားဟောသွားနိုင်သေးကြောင်း စာများတွင် ဖတ်ရှုရပါသည်။ ဤခေတ်မှာ ပဋိသမ္ဘိဒါပတ္တ၊ ဆဠာဘိညခေတ် မဟုတ်တော့၍ ရဟန္တာဖြစ်သည့်တိုင် လူဝတ်ဖြင့် တန်ခိုးပြ တရားဟောခြင်းလည်း မပြုနိုင်ပါ။ သို့ပါ၍ အမျိုးသမီး ရဟန္တာများ ထင်ရှားသိသာရန် ခက်လှပါသည်။ အရဟတ္တဖိုလ်ပေါက် ရဟန္တာမ-အဖြစ် ရောက်လျှင် တောက်လျှောက်ချုပ်ငြိမ်း ဇာတ်သိမ်းအေးမြ ပရိနိဗ္ဗုတပုဂ္ဂိုလ်ဘဝဖြင့် လူ့လောကကို တရားပြသွားစရာသာ ရှိလေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အမျိုးသမီးများနှင့် နိဗ္ဗာန်တရား

(မေး) (အမျိုးသမီးများနှင့် နိဗ္ဗာန်တရား)

ဘုရားလက်ထက်က ရဟန္တာမ၊ အနာဂါမ် သောတာပန် အမျိုးသမီးများ ရှိသလို ဘုရားပရိနိဗ္ဗာန်စံပြီးသည်မှ ဤခေတ်အထိတွင်လည်း ရဟန္တာ အနာဂါမ် သောတာပန် အမျိုးသမီးများ ပေါ်ထွန်းနိုင်ပါသလားဘုရား။

(ဒေါ်စီစီဝင်း-၁၆၃/၂ ငှက်တော်လမ်း၊ မြင်သာ)

(ဖြေ)

ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် ဤဘက်သာသနာတော် တလျှောက်လုံးတွင် အမျိုးသမီးရဟန္တာ၊ အနာဂါမ်အရိယာ များစွာရှိခဲ့ပါသည်။

မဇ္ဈိမဒေသတွင် အသောကမင်းကြီး သမီးတော် သံဃမိတ္တာထေရ်ရီမ၊ ထိုမှ သိဟိုဠ် (သီရိလင်္ကာ) သာသနာ တခေတ်လုံး ရဟန္တာမများ များလှပါသည်။

မြန်မာနိုင်ငံတွင်လည်း ရှင်သောဏ ရှင်ဥတ္တရတို့ သာသနာပြုစဉ်က အမျိုးသမီး ၁၅၀၀ သာသနာဝင်၍ အချို့ ရဟန္တာ၊ အနာဂါမ် သောတာပန် ဖြစ်ကြပါသည်။

သာသနာနှစ်ငါးရာခန့်တွင် ပေါ်သော မိလိန္ဒမင်း၏ ပြဿနာတို့ကို ဖြေကြားသည့် ရှင်နာဂသိန်သည် ဆွမ်းဒါယိကာမတဦးအား အနုမောဒနာ တရားဟောရာ နာသူ ဒါယိကာမကြီးလည်း သောတာပတ္တိမဂ်ဖိုလ်ရ၊ ဟောသူ အရှင်နာဂသိ်န်လည်း သောတာပတ္တိမဂ်ဖိုလ် ရကြောင်း လာရှိပါသည်၊ ဤသို့ မဂ်ဖိုလ်ရရှိသူများ ရှိမည်ဖြစ်သော်လည်း မဂ်ဖိုလ်ရသူတို့ကလည်း မဂ်ဖိုလ်ရကြောင်း ပြောကြားမြဲ ဓမ္မတာမရှိ၊ မှတ်တမ်းတင် ဟောကြားမည့် ပုဂ္ဂိုလ်လည်းမရှိ၍ မသိကြရခြင်းသာ ဖြစ်ဖွယ်ရှိပါသည်၊ ဘုရားတရားတော်များ အပြည့်အစုံ ရှိခြင်း၊ ဟောကြားသူ ပြသသူ ကျင့်သုံးသူတို့ မပြတ်လတ်ခြင်းတို့ကြောင့် မုချ အရိယာဖြစ်သူ အမျိုးသား အမျိုးသမီးများ ရှိမည်မှာ မလွဲပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အမျှ ပေးဝေချိန်

(မေး) (အမျှ ပေးဝေချိန်)

ငါးပါးသီလ ခံယူ၍ ပရိတ်နာယူပြီးမှ အမျှ ပေးဝေခြင်းထက်

အမျှ ပေးဝေပြီးမှ ပရိတ်နာယူခြင်း မည်သည်က မှန်ပါသလဲဘုရား။

(ဦးသာအေး-တောင်ဥက္ကလာ)

(ဖြေ)

အိမ်မှာ ဘုန်းတော်ကြီးများအား ဆွမ်းကပ်ပြီးနောက် ရှေးဦးစွာ ကန်တော့၍ သီလခံယူပြီး ပရိတ်တရားတော်များကို နာယူကာ ဩဝါဒ အနုမောဒနာတရားများ နာကြားပြီးသည့်နောက် အဆုံးမှာမှ ရေစက်ချ အမျှပေးဝေမှုမှာ ဗုဒ္ဓဘာသာ လမ်းရိုးစဉ်လာပင် ဖြစ်ပါသည်၊

အဘယ့်ကြောင့်ဆိုသော်-အမျှပေးဝေခြင်းသည် ပတ္တိဒါနကုသိုလ်မှုဖြစ်၍ မိမိပြုသမျှ ဒါနမှု, သီလမှု, ပရိတ်တရားနာခြင်း-စသော ဓမ္မဿဝနမှု-စသော ကုသိုလ်ကောင်းမှုများကို မိမိရည်ညွှန်းအပ်သော ပုဂ္ဂိုလ်နှင့်တကွ ၃၁-ဘုံရှိ သတ္တဝါများ မိမိနှင့်အတူ အမျှရစေလိုသော မနောအာသီသ အမှန်အတိုင်း ဖြစ်သောကြာင့်ပင်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အမျှဝေတိုင်း ရ-မရ

(မေး) (အမျှဝေတိုင်း ရ-မရ)

အရှင်ဘုရား၊ ကုသိုလ်ကောင်းမှုပြုတိုင်း အမျှဝေကြခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးစံ ဖြစ်ကြသည့်အတိုင်း မိမိပြုသော ကုသိုလ်ကောင်းမှုကို တဦးတယောက်အား အမျှပေးဝေရာ ထိုအမျှပေးဝေခံရသော သူ၌ ကုသိုလ်အကျိုး ခံစားခွင့် ဧကန် ရှိနိုင်ပါမည်လား၊ ရှင်းလင်းဖြေကြားတော်မူပါရန်။

(ကျော်မင်းနိုင်-ဆည်မြောင်းဦးစီးဌာနရုံး၊ မင်းပြားမြို့)

(ဖြေ)

ကုသိုလ်ကောင်းမှုပြု၍ အမျှပေးဝေခြင်းသည် ပတ္တိဒါနပုညကိရိယာဝတ္ထုဖြစ်၍ ကုသိုလ်ရှင်အား လက်ရှိပြုနေသော ကုသိုလ်အပြင် ကုသိုလ်တမျိုး တိုးပါသည်၊

တစုံတယောက်အား ဝါ-ကွယ်လွန်သူ မိဘဆွေမျိုးတို့အား အမျှဝေရာ၊ ထိုအမျှပေးဝေခံရသောပုဂ္ဂိုလ်က သာဓုခေါ်နိုင်မှသာ အကျိုးခံစားခွင့် ရှိပါသည်။

သက်ရှိပုဂ္ဂိုလ်ဖြစ်ကလည်း အမျှဝေသော ကုသိုလ်ရှင်အပေါ်၌ ဣဿမစ္ဆရိယ ငြူစူဝန်တိုမှု ကင်းရှင်းစွာ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှသာ အကျိုးခံစားခွင့် ဧကန်ရှိနိုင်ကြောင်း ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အခြားစကြာဝဠာနှင့် မြတ်စွာဘုရား

(မေး) (အခြားစကြာဝဠာနှင့် မြတ်စွာဘုရား)

၁။ ဤစကြာဝဠာမှတပါး အခြားစကြာဝဠာတွင် ဘုရားရှင်များ မပွင့်ဟူ၍ ကြားသိရဖူးပါသည်၊ ကျမ်းအထောက်အထား သိလိုပါသည်ဘုရား။

၂။ ဂေါတမဘုရားရှင်သည် အခြားစကြာဝဠာသို့ ကြွရောက်၍ တရာဟောတော်မူခြင်း ရှိ-မရှိနှင့် ရှိလျှင် ကျမ်းစာအထောက်အထား သိလိုပါသည်ဘုရား။

(ကိုတင်အေး-စစ်တွေမြို့နယ်)

(ဖြေ)

၁။ ဤစကြာဝဠာမှတပါး အခြားမည်သည့် စကြဝဠာတွင်မှ ဘုရားမပွင့်ပါ။

ထိုအကြောင်းကို ဝိဘင်းပါဠိတော် (အဘိ ၂၊ ၃၄၉) ၄င်းအဖွင့် သမ္မောအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊ ၄၁၈) တို့နှင့်

မိလိန္ဒပဥှာ ပါဠိတော် (ဥှ-၁၁၊ ၂၃)တို့တွင် ပါဠိအထောက်အထားများ အကျယ်သိနိုင်ပါသည်။

၂။ အခြားစကြဝဠာသို့ ဂေါတမမြတ်စွာဘုရား ကြွ၍ တရားဟောတော်မူလေ့ရှိကြောင်း၊ သို့သော် အကျွတ်တရားကား မရနိုင်၊ ဝါသနာမျှသာဖြစ်၍ နောင်ဘဝတွင် ဤစကြဝဠာ၌ဖြစ်၍ အကျွတ်တရား ရနိုင်ကြောင်း စာများတွင် ဆိုပါသည်၊

၄င်းအကြောင်းအရာများကို ဒီဃနိကာယ် မဟာဝဂ္ဂပါဠိ (ဒီ ၂၊ ၉၂) ၄င်းအဖွင့် (ဒီ၊ဋ္ဌ၊၂၊ ၁၅၀)။

မူလပဏ္ဏာသပါဠိ (မ ၁၊ ၁၀၄) ၄င်းအဖွင့် (မ ၂၊ ၁-၃၃၉)။

အင်္ဂုတ္တရပါဠိ (အံ ၃၊ ၁၂၇) ၄င်းအဖွင့် (အံ၊ဋ္ဌ၊၃၊ ၂၄၆) တို့၌ ကြည့်ရှုပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရပ်မျက်နှာ ဘုရားစင်ထားစရာ

(မေး) (အရပ်မျက်နှာ ဘုရားစင်ထားစရာ)

ဆရာတော်ဘုရား၊ တပည့်တော်မတို့ ဗုဒ္ဓဘာသာအိမ်များတွင် ဘုရားစင်ကို အိမ်၏အရှေ့အရပ်၊ တောင်အရပ်တို့တွင် အများဆုံးထား၍ ကိုးကွယ်ကြပါသည်ဘုရား၊ သို့သော်လည်း တပည့်တော်များတို့ နေသောနေရာမှာ အိမ်အချို့သည် ဘုရားစင်ကို မြောက်အရပ်၊ အနောက်အရပ်တို့တွင် ထား၍ ကိုးကွယ်နေကြပါသည်ဘုရား၊

(၁) ဤသို့ ဘုရားစင်ကို မည်သည့်အရပ်တွင်မဆို ထား၍ ကိုးကွယ်နိုင်ပါသလားဘုရား၊

(၂) မည်သည့်အရပ်တွင်ထား၍ ကိုးကွယ်သင့်ပါသလဲဘုရား

ပြန်လည်ရှင်းလင်းဖြေကြားပေးစေလိုပါသည် ဘုရား။

(သရဖီ-သုဝဏ္ဏမြို့)

(ဖြေ)

..........ထိုအခါမြတ်စွာဘုရားသည် ခြေဆေး၍ မင်းကွန်း (လွှတ်ရုံးအဆောက်အအုံ) သို့ ဝင်ပြီးလျှင် အရှေ့အရပ်သို့ မျက်နှာမူကာ ထိုင်နေတော်မူ၏၊ ပါဝါပြည်သား မလ္လာမင်းတို့သည်လည်း ခြေဆေးကုန်၍ မင်းကွန်းသို့ ဝင်ကုန်ပြီးသော် အနောက်အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်ကြကုန်၏၊

(ပါထိက-မြန်မာပြန်၊ သင်္ဂီတိသုတ်-၁၆၉)

ဖော်ပြပါ ကောက်နုတ်ချက်မှာ ပါဠိတော်လာ မြတ်စွာဘုရားနှင့် မလ္လာမင်းတို့ ထိုင်ပုံကိုပြ၏၊ မြတ်စွာဘုရားက အနောက်ဘက်က လူပုဂ္ဂိုလ်များက အရှေ့ဘက်က နေပုံဖြစ်၏၊

ထို့အတူ မြတ်စွာဘုရား ပွင့်တော်မူသည်မှာလည်း ဗောဓိပင်ကိုမှီလျက် အရှေ့(ယွန်းယွန်း)သို့ မျက်နှာမူ၍ ပွင့်တော်မူ၏၊ ပရိသတ်များက အရှေ့ဘက်မှ အနောက်ဘက် ဘုရားရှိရာသို့ မျက်နှာမူကြရကုန်၏၊

ဆိုလိုသည်မှာ အရပ်မျက်နှာသည် ပဓာနမဟုတ်၊ မြတ်စွာဘုရားရှိရာသည်သာ အထွတ်အမြတ် ပဓာနဖြစ်၏၊ အိမ်မှာလည်း အထွတ်အမြတ် အသင့်လျော်ဆုံးနေရာ ဘုရားဆောင် ဘုရားခန်းထား၍ ယင်းဘုရားရှိရာကိုပင် အထွတ်အမြတ် ပြုထိုက်ပါသည်။

မည်သည့်အရပ်ဟူ၍ မဆိုသာပါ၊ သင့်လျော်သလိုပင် ထားနိုင်ပါသည်၊ ရန်ကုန်မြို့တွင် အနောက်ဘက်၊ မြောက်ဘက်တို့၌ ဘုရားထားသော ကျောင်း၊ တန်ဆောင်း၊ ဓမ္မာရုံများ များစွာပင် ရှိနေကြပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရပ်လေးမျက်နှာနှင့် နတ်မင်းကြီးများ

(မေး) (အရပ်လေးမျက်နှာနှင့် နတ်မင်းကြီးများ)

အရှင်ဘုရား။ အာဋာနာဋိယသုတ်တော်၌ အရှေ့မျက်နှာအရပ်၌ ဓတရဋ္ဌနတ်မင်းကြီး။

အနောက်အရပ်၌ ဝိရူပက္ခနတ်မင်းကြီး။ တောင်အရပ်၌ ဝိရူဠကနတ်မင်းကြီး။ မြောက်အရပ်၌ ကုဝေရနတ်မင်းကြီးများ စောင့်ရှောက်နေထိုင်၏ဟု ဆိုပါသည်။

ထို့ပြင် ဆဒိသာပါလသုတ်တော်၌ အရှေ့မျက်နှာ၌ သာတာဂိရိနတ်မင်း။ ဟေမဝတနတ်မင်း။

ပုဏ္ဏကနတ်မင်း။ ဂုတ္တိယနတ်မင်း။

အနောက်အရပ်၌ ဟရိရနတ်မင်း။ ဟရဟရိရနတ်မင်း။ ပါပနတ်မင်း။ ပိင်္ဂလနတ်မင်း။

တောင်အရပ်၌ ကာလနတ်မင်း။ ဥပကာလနတ်မင်း။ ဗိမ္ဗနတ်မင်း။ ဗိမ္ဗသေနနတ်မင်း။

မြောက်အရပ်၌ သံဃနတ်မင်း။ သံဃုလိမေခနတ်မင်း။ သုသုရနတ်မင်း။ ဥဂ္ဂတေဇနတ်မင်းကြီးများ စောင့်ရှောက်သည်ဟုဆိုပါသည်။

၁။ အရှေ့ အနောက် တောင် မြောက် နတ်မင်းများအမှန်ကို သိလိုပါသည်ဘုရား။

၂။ သာသနာစောင့်နတ်မင်း၊ ကမ္ဘာစောင့်နတ်မင်း၊ လောကပါလနတ်မင်း၊ စတုလောကပါလနတ်မင်းများမှာ တူညီပါသလား ဘုရား။

၃။ အရှေ့တောင်၊ အနောက်တောင်၊ အရှေ့မြောက်၊ အနောက်မြောက်တို့၌ စောင့်ရှောက်ကုန်သော နတ်မင်းကြီးများကိုလည်း သိလိုပါသည်ဘုရား။

(မာရီ-အမရပူရ၊ အငြိမ်းစား ကျောင်းဆရာမ)

(ဖြေ)

အာဋာနာဋိယသုတ်လာ နတ်မင်းကြီးလေးပါးမှာ လောကပါလခေါ် စတုလောကပါလနတ်မင်းကြီးလေးပါး အမှန် ဖြစ်ပါသည်။ မြင်းမိုရတောင်၏ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာတို့တွင်နေ၍ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ်၊ နဂါး၊ ဘီလူးတို့ကို စောင့်ရှောက်နေထိုင်ကြပါသည်။ မြတ်စွာဘုရားပွင့်စက တပုဿ ဘလ္လိက ကုန်သည်ညီနောင်တို့ ပျားမုန့်ဆွမ်းကို ဘုရားအလှူခံစဉ် သပိတ်လေးလုံး လာရောက်လှူဒါန်းခြင်း။ အာဋာနာဋိယ ပရိတ်တော်ကို ရဟန်းများရွတ်ရန် မြတ်စွာဘုရားထံ လာရောက်လျှောက်ထားခြင်း စသည်ဖြင့် မြတ်စွာဘုရားရှိစဉ်က ခဏခဏလာရောက်ကြသော လောကစောင့်၊ သာသနာစောင့်နတ်မင်းကြီးများပင် ဖြစ်ကြပါသည်။

စာပေတွင် ထင်ရှားသော နတ်မင်းကြီးများပင် ဖြစ်ကြပါသည်။ စာပေတွင် ထင်ရှားသောနတ်မင်းကြီးလေးပါးဖြစ်၍ သူတော်ကောင်းများကို ကယ်တင်စောင့်ရှောက်နိုင်သဖြင့် ၄င်းတို့အား အထူးမေတ္တာပို့သကြရပါသည်။

ဆဒိသာပါလသုတ်လာ နတ်မင်းများမှာ ရာဇဂြိုဟ်ပြည်တဝိုက်တွင် ရှိကြသည့် လူ့ပြည်ထင်ရှား နတ်မင်းကြီးများ ဖြစ်သည်။ ၄င်းတို့တွင် ဟေမဝတနှင့် သာတာဂိရိသာ ထင်ရှားပါသည်။ ကျန်နတ်မင်းများမှာ မထင်ရှားပါ။ ဆဒိသာပါလသုတ်မှတပါး အခြားနေရာတွင် မတွေ့ရပါ။ အရပ်လေးမျက်နှာသာ စာဆိုရှိပါသည်။ အထောင့်အရပ်များကို အထူးမဆိုပါ။ သို့သော် လေးစိတ်စိတ်လျှင် ပြီးစီးသကဲ့သို့ ဟူ၍ အထောင့်ပြဿနာ ပေါ်စရာ မလိုကြောင်း သိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရဟံဂုဏ်တော် သုံးမျိုး

(မေး) (အရဟံဂုဏ်တော် သုံးမျိုး)

အရှင်ဘုရား၊ ဂါထာတခုတွင် အရ+ဟံ၊ အ+ရဟံ၊ အရဟံ ဟု တွေ့ရပါသဖြင့် ရွတ်ပုံမရှင်းလင်း၍ ဖြေကြားပေးတော်မူပါဘုရား။

(ဇင်မာဦး-စီးပွားရေးတက္ကသိုလ်၊ ရွာသာကြီး)

(ဖြေ)

သုံးမျိုးစလုံး ရွတ်ရမည်။ သူ့အဓိပ္ပါယ်နှင့်သူ ပုတီးစိပ်ကြ၊ ဘုရားရှိခိုးကြသည်ကို အသုံးများကြသဖြင့် ပုတီးစိပ်၊ ဘုရားရှိခိုးနိုင်ရန် ထည့်သွင်းပေးလိုက်ပါသည်။

(အရဟံဂုဏ်တော် ၃-မျိုး ပုတီးစိပ်နည်း)

(၁) အရဟံ-ဟူသောပုဒ်သည် သူ့အတိုင်းထားလျှင် ကိလေသာတို့မှ ဝေးသည်-ဟူသော အနက်၊ အပူဇော်ခံထိုက်သည် ဟူသောအနက် တို့ကို ပြ၏၊

(၂) အရ+ဟံ-ဟု ပုဒ်ခွဲလိုက်လျှင် ကိလေသာရန်သူတို့ကို သတ်သည်ဟူသော အနက်ကို ပြ၏၊

(၃) အ+ရဟံ-ဟု ပုဒ်ခွဲလိုက်လျှင် ဆိတ်ကွယ်ရာ၌သော်ပင် မကောင်းမှုကို ပြုလေ့မရှိ ဟူသောအနက်ကို ပြ၏၊

၂။ အရ=ရန်သူ (ကိလေသာရန်သူ) ကို၊ ဟံ=သတ်ဖြတ်တတ်၏၊

၃။ ရဟ=ဆိတ်ကွယ်ရာ။ အ=မရှိ။

(မူလလက်ရိုး ဘုရားရှိခိုး)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အရဟတော-တထောင့်ငါးရာ၊ ကိလေသာတို့မှ ဝါသနာနှင့်အတူ ဝေးတော်မူ၍၊ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ ဝပ်စင်းတူပျော် အလှူတော်မှန် အပူဇော်ကို ခံထိုက်သောကြောင့် အရဟံ-ဆိုတဲ့ဂုဏ်တော်။

ကိလေသာမာရ်၊ ကိုယ်တွင်းရန်ကို၊ လေးတန်ဉာဏ်မဂ်၊ စိန်သန်လျက်ဖြင့်၊ တွဲလျက်ဝါသနာ၊ သတ်ပစ်ပါ၍၊ သံသရာဘီး၊ အဝိုင်းကြီးကို၊ ဖျက်ဆီးခုတ်ထွင်၊ သုတ်သင်ပြီး ဖြစ်သောကြောင့် အရ+ဟံ ဆိုတဲ့ဂုဏ်တော်။

လူသူရှေ့နား၊ မဆိုထားနှင့်၊ တပါးတည်းသာ၊ ဆိတ်ကွယ်ရာ၌ပင်၊ ဘယ်ခါဘယ်ကြောင်း၊ မငဲ့စောင်းဘဲ၊ မကောင်းအမှု၊ အပေါင်းစုကို၊ မပြုဝေးစေ၊ ရှောင်ကြဉ်၍နေသောကြောင့် အ+ရဟံ ဆိုတဲ့ဂုဏ်တော်။

ဤသို့ဖော်ကျူး၊ ဂုဏ်တော်ထူးနှင့် ပကတူးစေ့ငုံ အထူးပြည့်စုံတော်မူသော။

သမ္မာသမ္ဗုဒ္ဓဿ-မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် ငါးတန်ဉေယျ ဓမ္မလုံးစုံ တရားပုံကို အကုန်အစင် သိမြင်တော်မူထသော။

တဿ ဘဂဝတော-ဣဿရိယ၊ ဓမ္မ+ယသ၊ သိရီ+ကာမ၊ ပယတ္တဂုဏ်တော် ဘုန်းခြောက်စုံတို့နှင့် ကုံလုံတော်မူသား ထိုမြတ်စွာဘုရားအား။

နမော-ရိုသေမြတ်နိုး မာန်ညွတ်ကျိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့လိုက်ရခြင်းသည် (အတ္ထု-ချမ်းသာအမျိုးမျိုး ကောင်းကျိုးအဖြာဖြာ မင်္ဂလာအခန်းခန်း စန်းလက်အထွေထွေ ကျက်သရေအခင်းခင်း ပြည့်စုံတင်းဖို့ မယွင်းမသွေ တကယ်တမ်း ဖြစ်ပါစေသတည်း။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အရိပ်ကို နင်းခြင်းနှင့် ရှောင်ကွင်းခြင်း

(မေး) (အရိပ်ကို နင်းခြင်းနှင့် ရှောင်ကွင်းခြင်း)

အရှင်ဘုရား၊ ရဟန်းသံဃာ သာမဏေများတို့ ကဲ့ရဲ့စကား မဆိုပေ။

ရဟန်းသံဃာ သာမဏေများတို့ လမ်းတွင်တွေ့က ဦးခိုက်လေ။

အရိပ်ကိုပင် ဖြတ်ကာမနင်းနဲ့ ရှောင်ကာကွင်းလို့ သွားတော့လေ။

အဲဒါမှ ဗုဒ္ဓဘာသာ ပီသပါတယ်လေ။

ဆိုတဲ့ ကဗျာကို ငယ်ငယ်တုန်းက ရခဲ့ပါတယ်ဘုရား။ ရခဲ့တဲ့အတိုင်းလဲ လိုက်နာပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ရဟန်းသံဃာတော်များရဲ့ အရိပ်ကို ဖြတ်နင်းသွားကြပါတယ်။ ထိုသူတို့အား အပြစ်ရှိ-မရှိ အရိပ်တော်ကို နင်းကောင်း-မနင်းကောင်း ဖြေဆိုတော်မူပါဘုရား။

(ဧရာဝတီတိုင်းသား)

(ဖြေ)

အရိပ်နှင့်ပတ်သက်၍ ရုက္ခစ္ဆာယာပန္တပသောတံ နိပ္ပတ္တံ န ကပ္ပတိ-ဝိနယသင်္ဂဟပါဌ် ပါဠိအရ ယင်းသည် ဆာယာကို ဝိဂြိုဟ်ပြုရန်မှာ ဆာဒတီတိ ဆာယာ၊ သဒ္ဒါကျမ်းအလို ဝိဂြိုဟ်ဝစနတ် ဖုံးလွှမ်းတတ်သော သဒ္ဒတ္ထမြန်မာ ဝေါဟာရကြောင့် ဆာယာ-ဟု တွင်ချေသည်။ ဤသို့ဆိုသော် အရိပ်က အစဉ်သဖြင့် အထက်ကနေ၍ ဖုံးလွှမ်းသည်ဟု ဆိုရမည်။ ဤအကြောင်းကို သုတနုဇာတ်တော်နှင့် စဉ်းစားသင့်၏၊ ငါးရာ့ငါးဆယ် သတ္တနိပါတ် သုတနုဇာတ်၌ ဘုရားလောင်း သုတနုလုလင်သည် မင်းကြီးပေးလိုက်သော သန်လျက်၊ ထီး၊ ခြေနင်းတို့ကို ယူ၍ ပညောင်ပင်စောင့် ဘီလူးထံရောက်လျှင် ဘီလူးက ငါ၏ပိုင်မြေကို သင်နင်း၏၊ ဒါကြောင့် သင်သည် ငါ၏အစာမှန်သည်ဟု ဆိုသောအခါ သင့်မြေကို ငါမနင်း၊ ငါ့မြေကိုသာ ငါ နင်းသည်။ သင့်ပညောင်ပင်ရိပ်ကို ငါ မခို၊ ငါ့ထီးရိပ်ကိုသာ ငါ ခိုသည်ဟုဆို၏၊ ထိုအခါ သုတနုလုလင်ကို ဆင်ခြေမပြိုင် မတတ်နိုင်သောကြောင့် ဘီလူးက အရှုံးပေးရ၍ ဝန်ချရကြောင်း ဆိုပေသည်။

အကယ်၍ လူ့အောက်က အရိပ်ရှိခဲ့အံ့၊ မြေကိုပင် မနင်းသော်လည်း အရိပ်အတွင်းမှာ လူနေချေလျှင် လုလင်မှာ ဆင်ခြေမရ၍ ဘီလူးက ရှုံး၍ လုလင်က နိုင်သည်ကို ထောက်သော် အရိပ်က အထက်ကနေကြောင်း အရိပ်ကို နင်း၍ မရကြောင်း သိသာသည်။ ထို့ကြောင့် အရိပ်ကို ကွင်းရှောင်၍ သွားခြင်းသည် အထူးရိုသေရာရောက်၍ အရိပ်ကို မလွှဲသာ၍ နင်းမိလျှင် အရိပ်ကို နင်းခြင်း မဟုတ်၊ အရိပ်ခိုခြင်းသာဟု နှလုံးသွင်းလျက် ငြိမ်သက်စွာ ရပ်တံ့ပြီး လက်အုပ်ချီလျက် နေရန်သင့်ပေသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အရိယာပုဂ္ဂိုလ်များ-ဟု သိနိုင်-မသိနိုင်

(မေး) (အရိယာပုဂ္ဂိုလ်များ-ဟု သိနိုင်-မသိနိုင်)

အရှင်ဘုရား၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ်များကို ဘယ်လိုသိနိုင်ပါသလဲ အရှင်ဘုရား ရှင်းပြပေးပါရန်။

(မချို-မုန်းမုန်းရှိန်-တွံတေး)

(ဖြေ)

သောတာပန်စသည်ကို မဆိုထားဘိ၊ ရဟန္တာပုဂ္ဂိုလ်များကိုပင် ဤပုဂ္ဂိုလ်သည် ရဟန္တာပုဂ္ဂိုလ်တည်း-ဟု သိရန် မလွယ်ကူ-ဟု ဆိုပါသည်၊ ရဟန္တာပုဂ္ဂိုလ်၏နောက်၌ တကောက်ကောက် လိုက်နေပါသော်လည်း ငါ၏ရှေ့မှ ကြွသွားသော ပုဂ္ဂိုလ်သည် ရဟန္တာပုဂ္ဂိုလ်ဖြစ်သည်-ဟု မသိနိုင်ကြောင်း၊ ကျမ်းဂန်များ၌ ပါရှိ၏၊

အရိယာပုဂ္ဂိုလ်တို့သည် အလွန်လျှို့ဝှက်ကြသည်၊ ငါ သောတာပန်၊ ငါ ရဟန္တာ-ဟု နှုတ်မြွက် မပြောရုံသာမက သိသွားမည်ကိုပင် စိုးရိမ်ကြသည်၊ ရဟန်းတော်တို့ ဝိနည်းတွင် ငါ သောတာပန်၊ ငါ ရဟန္တာ-ဟု ပြောလျှင် ပြောသည့်အတိုင်း ဟုတ်မှန်လျှင် အာပတ်သင့်သည်၊ လုံးဝမပြောရပေ၊ မဟုတ်မမှန်ပဲ ပြောလျှင်မူ ပါရာဇိက ကျလေတော့သည်။

ပုဂ္ဂိုလ်တပါးပါးအား အရိယာပုဂ္ဂိုလ်ဟု ထင်က အနီးကပ်လုပ်ကျွေး၍ ယင်းပုဂ္ဂိုလ်၏ ပြောမှု၊ ဆိုမှု၊ နေထိုင်ပြုမှု ကျင့်သုံးမှုတို့ကို အကဲခတ်၍ အရိယာပုဂ္ဂိုလ် ဟုတ်-မဟုတ် ဆုံးဖြတ်ကြရမည်။ အချို့သော ပုထုဇဉ် သီလဝန္တ သိက္ခာကာမ အရှင်မြတ်များမှာ ရဟန္တာနှင့် ခွဲခြားရန်ခက်သည်၊

မိုးကြိုးကျခြင်း စသည်တို့ကြောင့် လန့်ဖျပ်မှု၊ မလန့်ဖျပ်မှုတို့ဖြင့် သိနိုင်သည်၊ ရဟန္တာပုဂ္ဂိုလ်များကား လန့်ဖျပ်ရွံ့ကြောက်မှု မရှိ-ဟု ဗုဒ္ဓစာပေတို့တွင် ဆိုထားပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရိမေတ္တေယျ မြတ်စွာဘုရား

(မေး) (အရိမေတ္တေယျ မြတ်စွာဘုရား)

အရှင်ဘုရား နောင်ပွင့်မည့် အရိမေတ္တေယျ မြတ်စွာဘုရားသည် မည်သည့်မျိုးနွယ်၌ ဖွားမြင်၍ သက်တော်မည်မျှ၌ တောထွက်မည်၊ ဘုရားဖြစ်မည်၊ မည်သည့်ဗောဓိပင်တွင် ပွင့်မည် စသည်တို့ကို သိလိုပါသည်၊ ဘုရားပွင့်ရာ အချိန်ကာလ မည်မျှလိုသေးသည်ကိုလည်း သိလိုပါသည်ဘုရား။

(စည်သူအေးဝင်း-ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့)

(ဖြေ)

ဒီဃနိကာယ် ပါထိကဝဂ် စက္ကဝတ္တိသုတ် (ဒီ၊ ၃၊ ၆၃)၌ နောင် အနှစ်ရှစ်သောင်းတမ်း၌ အရိမေတ္တေယျ မြတ်စွာဘုရား ပွင့်တော်မူမည့်အကြောင်း ဟောတော်မူထားချက် ရှိသည်။ ယင်းနည်းတူ ဗုဒ္ဓဝင် ပါဠိတော်၌လည်း ပါရှိခဲ့လေသည်။

ပုဏ္ဏားမျိုး၌ဖြစ်၍ ကေတုမတီပြည် (ယခု-ဗာရာဏသီပြည်) သုဗြဟ္မပုဏ္ဏားကြီး၏ ဇနီး ဗြဟ္မဝတီပုဏ္ဏေးမကြီး၏ ဝမ်း၌ ပဋိသန္ဓေအားဖြင့် ဖြစ်၍ အနှစ်ရှစ်သောင်းတမ်း ကာလဖြစ်သဖြင့် အသက်အားဖြင့် နှစ်ပေါင်း ရှစ်ထောင်အထိ မင်းစည်းစိမ်ကို ခံစားပြီး ပြာသာဒ်ပျံဖြင့် တောထွက်၍ ခြောက်ရက် ဒုက္ကရစရိယာ ကျင့်ကာ ကံ့ကော်ဗောဓိပင်၌ ဘုရားအဖြစ်သို့ ရောက်လိမ့်မည်-ဟု အဆိုရှိပါသည်။ ဘုရားပွင့်ရန် အချိန်ကာလအနေဖြင့် ဤယခုသက်တမ်းမှသည် အနိမ့်ဆုံး ၁၀-နှစ်တမ်းသို့ ရောက်သွားပြီး ထိုမှ တစတစ တက်သွားသော သက်တမ်းမှာ အသင်္ချေယျ (ရေတွက်၍ မရနိုင်အောင် အသက်ရှည်သော၊ တနည်း-တစ်နောက်တွင် သုညပေါင်း တရာ့လေးဆယ်သင်္ချာအထိ သက်တမ်းရှည်သော) အသက်တမ်းသို့ ရောက်မည်ဖြစ်သည်။

ထိုမှတဖန် ကျဆင်းလာသော အသက်တမ်းမှာ ရှစ်သောင်းသို့ ရောက်လာချိန်တွင် အရိမေတ္တေယျဘုရား ပွင့်လိမ့်မည်-ဟု ခန့်မှန်းတွက်ဆကြရသည်၊ သို့ဖြစ်၍ အရိမေတ္တေယျဘုရား ပွင့်တော်မူရန် အချိန်အခါမှာ ကာလတွက်ဆ၍ မရအောင် ကြပါလိမ့်ဦးမည်။ ထိုဘုရားပွင့်တော်မူမှ ကျွတ်တမ်းဝင်လိုပါသည်ဆိုလျှင် ဘဝပေါင်းအသင်္ချေ ကြာမြင့်ပါဦးမည်။

ကံမကောင်း အကြောင်းမသင့်၍ ထိုဘုရားပွင့်တော်မူချိန်တွင် မိမိက ရပ်ပြစ်ရှစ်ပါး၌ ကျရောက်ဖြစ်ပွားနေပါက နောက်ထပ် ကမ္ဘာအသေင်္ချ မျောရဦးမည်။ ထို့ကြောင့် မေတ္တေယျ မြတ်စွာဘုရားကို စောင့်မျှော်သည်ထက် ယခုပစ္စုပ္ပန် မျက်မှောက် ဘဝတွင်ပင် တမဂ် တဖိုလ် အနည်းဆုံးရအောင် အားထုတ်ကြခြင်းသာ အကောင်းဆုံး ဖြစ်ကြောင်း ဖြေကြားလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရိမေတ္တေယျ မြတ်စွာဘုရား

(မေး) (အရိမေတ္တေယျ မြတ်စွာဘုရား)

အရှင်ဘုရား၊ တပည့်တော်တို့၏ ဘဒ္ဒကမ္ဘာ၌ နောက်ဆုံးပွင့်လတံ့ဖြစ်မည့် မြတ်စွာဘုရား၏ အမည်နာမမှာ အရိမေတ္တေယျ မြတ်စွာဘုရားဟု လူအများကပြောဆိုနေကြပါသည်။ သို့သော်လည်း ပိဋကတ်တော်များတွင် တပည့်တော် ရှာဖွေကြည့်ရှု့ရာ မေတ္တေယျဘုရားသည် လူတို့ အနှစ်ရှစ်သောင်းတမ်းတွင် ပွင့်လတံ့-ဟူ၍သာ ဂေါတမမြတ်စွာဘုရားက အမြွက်မျှ ဟောခဲ့သည်ကို တွေ့ရပါသည်။ အရိဟူသော ပုဒ်မပါရှိပါ။ ၄င်းအရိ ဆိုသည့်ပုဒ်ကို မည်သည့်ကျမ်းမှ ယူပါသနည်း။

တဖန် အနာဂတဝင်ကျမ်းသည်လည်း လူပြောသူပြော များလှပါသည်။ ၄င်းကျမ်းသည် ပိဋကတ်တော်ဝင်ကျမ်း -ဟုတ်-မဟုတ်။ မဟုတ်ပါက မည်သူရေးသည့်ကျမ်း ဖြစ်သည်ကို ညွှန်ပြစေလိုပါသည်ဘုရား။

(အောင်ကျော်ဦး-ရေးမြို့)

(ဖြေ)

မေတ္တေယျဟူသော ပါဠိပုဒ်၏ အဓိပ္ပါယ်မှာ (ပါဠိအဘိဓာန်တွင်) မိတ်ဆွေကဲ့သို့သော-ဟု အဓိပ္ပါယ်ရှိပါသည်။

အရိ-ဟုပါရှိက (အရိမှာ ရန်သူဖြစ်၍) ရန်သူပင် ဖြစ်လင့်ကစား မိတ်ဆွေကဲ့သို့ သဘောထားသူ-ဟု ဆိုရပါမည်။ မေတ္တေယျ-ချည်းနေက အဓိပ္ပါယ်မပြည့်စုံပါ။ အရိ ထည့်ပေးမှ ဆိုလိုသောအဓိပ္ပါယ် ပြည့်စုံပါသည်။

ဘုရား၏ နာမတော် အပြည့်အစုံလည်း ဖြစ်ပါသည်။ အရိ-မထည့်ဘဲ အတိုကောက် အခေါ်များပါသည်။ ထို့ကြောင့် အရိမေတ္တေယျ-ဟု အပြည့်အစုံ ဆိုသင့်ပါသည်။

အနာဂတဝင်ကျမ်းနှင့် ပတ်သက်၍ ၃၃၃-အနာဂတဝင်ပါဠိတော်မှာ ဗုဒ္ဓဝင်ပါဠိတော်ကို ဟောတော်မူသည့် အဆုံး၌ ရှင်သာရိပုတ္တရာတောင်းပန်၍ ဟောတော်မူကြောင်း အဋ္ဌကထာဖွင့်ပြသည်။ ၃၃၄-အနာဂတဝင် အဋ္ဌကထာမှာ သီရိလင်္ကာ အနုရာဓမြို့ ဓာတုသေနမင်း လက်ထက်၌ ရှင်မဟာဗောဓိ တောင်းပန်၍ ကာလဝါသီ ဝိဟာရကျောင်းနေ ရှင်မဟာဥပတိဿ ပြုသည်-ဟု ပိဋကတ်တော်သမိုင်းအရ မှတ်သားသင့်ပါကြောင်း ဖြေဆိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရိမေတ္တေယျ မြတ်စွာဘုရားကို ဖူးတွေ့ရန်

(မေး) (အရိမေတ္တေယျ မြတ်စွာဘုရားကို ဖူးတွေ့ရန်)

အရှင်ဘုရား၊ နောင်ပွင့်မည့် အရိမေတ္တေယျ ဘုရးရှင်အား ဖူးတွေ့ခွင့်ရရန် ယခုဘဝက ဆုတောင်းထား၍ ရနိုင်ပါသလားဘုရား။

(မအေးအေးမြင့်-ပေါင်းတလည်မြို့)

(ဖြေ) အရိမေတ္တေယျ မြတ်စွာဘုရားသည် ဤကမ္ဘာ၌ ပွင့်မည်ဟုဆိုသော်လည်း အန္တရကပ် တကပ်ကျော်မျှ အချိန်ဝေးလှသေး၏၊

ယခု အနှစ်တရာတမ်းမှ ၁၀-နှစ်တမ်းအထိ လူတို့အသက် ကျဆင်းသွားဦးမည်။

ထို ၁၀-နှစ်တမ်း ရောက်အောင်ပင် နှစ်အသိန်း အသန်းမက ကြာဦးမည်။

ထို ၁၀-နှစ်တမ်းမှ တစတစတက်၍ အသင်္ချေယျတမ်းအထိ တက်ဦးမည်။

ယင်း ၁၀-နှစ်မှ အသင်္ချေယျအထိကို အန္တရကပ်-တကပ်ဟု ဆို၏၊

ထိုမှ အသက်တမ်း ယုတ်လျော့လာပြီး အသက်တမ်း တသိန်းတမ်းအောက် ရောက်မှ အရိမေတ္တေယျဘုရား ပွင့်မည်ဖြစ်ရာ မည်မျှကြာဦးမည်ကို ခန့်မှန်းကြည့်ပါလေ။

ထိုမျှ သံသရာရှည်မျောစွာ နှစ်ပေါင်းကြာအောင်စောင့်၍ အရိမေတ္တေယျဘုရားကို ဖူးတွေ့လိုပါသည်-ဟု ဆိုသည်မှာ ဤစကြာဝဠာမှ အခြားစကြာဝဠာတခုသို့သွား၍ မင်းအဖြစ်ကို ရလိုပါသည် ဆိုသူနှင့်မခြား-ဟု ရှေးဆရာတို့ ဆိုကြပါသည်။ ထို့ကြောင့် သံသရာကို ငြီးငွေ့ကြသော သမ္မာနွယ်ဝင် သူတော်စင်တို့အဖို့ လက်ရှိဘဝတွင်ပင် ကျွတ်တမ်းဝင်နိုင်အောင် ကြိုးစားသင့်ကြပါသည်။ ဆုတောင်းခြင်း ဟူသည်မှာလည်း

မိမိ၌ သဒ္ဓါ သီလ သုတ စာဂ ပညာ ဤငါးဖြာနှင့် ပြည့်စုံလျှင် ပြည့်နိုင်သည်ဟု ဆိုသဖြင့် ဆုမတောင်းမီ ထိုတရားငါးပါး ပြည့်စုံအောင် ကြိုးစားသင့်ကြောင်း ပြောလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရူပဘုံလေးရွာ အရိယာ ရှိ-မရှိ

(မေး) (အရူပဘုံလေးရွာ အရိယာ ရှိ-မရှိ)

အရှင်ဘုရား၊

ရုပ်ခန္ဓာ သူမရှိ၊ ဘူမိတဲ့လေးရွာ။

အရိယာ ရှိ-မရှိ၊ သိချင်လှပါ။

အချို့သော စာစောင်မှာ၊ ရှိပါတယ်ဆိုထား။

ဘယ်ဟာဘယ်လို မှတ်ရမယ်၊ မြတ်ဆရာ ကဝိန္ဒော ဟောပြပါဘုရား။

(ချမ်းမြေ့ကြည်-ကောလင်း)

(ဖြေ)

ရုပ်ခန္ဓာ သူမရ၊ အရူပဘုံလေးရွာ။

မဂ်သောတာမှတပါး၊ ရငြားရိယာသတ် ရှိလတ်မှန်စွာ။

ပရတောဃောသတဲ့၊ ဗုဒ္ဓရဟန္တာတို့

ဒေသနာထောက်ပံ့ကင်းတာမို့၊ ရှင်းပါရ မဂ်သောတာ မှတ်ပါတော့ အမြဲ။

ဘိဓမ္မာ သိစရာဒီပနီက ဤသည်ကို ဤနှယ်ဖွင့်တယ် သိသင့်သည်ပဲ။

ပရတောဃောသပစ္စယာ ဘာဝတော ပထမမဂ္ဂေါပိ၊ အရူပလောကေ န ဥပလဗ္ဘတိ။ ပထမမဂ္ဂဝဇ္ဇိတ သတ္တလောကုတ္တရ စိတ္တာနီတိ အာရုပ္ပေ ဒွေစတ္တာလီသ ဝီထိစိတ္တာနိ ဥပလဗ္ဘန္တိ။

(အဘိဓမ္မတ္ထ သင်္ဂဟ ဒီပနီ၊ ၁၆၂)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရူပဘုံနှင့် ရပ်ပြစ်ရှစ်ပါး

(မေး) (အရူပဘုံနှင့် ရပ်ပြစ်ရှစ်ပါး)

အရှင်ဘုရား၊ ရပ်ပြစ်ရှစ်ပါးကို ပြဆိုရာ၌ အရူပလေးဘုံသည် ရပ်ပြစ်ရှစ်ပါးတွင် ပါဝင်နေပါသည်။ ၄င်းအရူပလေးဘုံမှာ ရူပစျာန်ရပြီးမှပင် ဆက်လက်အားထုတ်ရသဖြင့် တကြောင်း၊ ၄င်းဘုံရောက် အရူပဗြဟ္မာများမှာ အထက်မဂ်ဖိုလ်များကိုပင် ရရှိနိုင်သည်ကတကြောင်း ဖြစ်ပါလျက် အဘယ့်ကြောင့် ရပ်ပြစ် (အပြစ်ရှိသောအရပ်) ဟု ခေါ်ဆိုထားရပါသနည်း။ သိသာရှင်းလင်းအောင် ဖြေကြားတော်မူပါဘုရား။

(စောကျော်ကောင်း-အဘိဓမ္မာ၊ ဖားအံမြို့နယ်)

(ဖြေ)

ရပ်ပြစ်ရှစ်ပါး (အပြစ်ရှိသော အရပ်ရှစ်ပါး) ဟူသော အမည်မှာ ပါဠိအဋ္ဌကထာလာ အမည်မဟုတ်ပါ။

ပါဠိတွင် အက္ခဏ-ဟု ဆိုပါသည်။ အက္ခဏ-အခဏ=ဗုဒ္ဓုပ္ပါဒ နဝမခဏ မဟုတ်။ ဘုရားမပွင့်သော နေရာဌာန (အရူပဘုံ) သည် ရုပ်မရှိ၊ နာမ်သာရှိ၍ ဘုရားကို ဖူးမြင်ရခြင်း၊ တရားတော်ကို နာကြားရခြင်း၏ အရာမဟုတ်သောအရပ်ဟူ၍ ဆိုလိုပါသည်။

(ဘုရားကိုယ်ထင်၊ မမြင်ပါအပ်၊ ဤရှစ်ရပ်၌။ ။ ဆုတောင်းခန်း)

အပြစ်ရှိသောအရပ်၊ မကောင်းသောဘုံဘဝ-ဟူ၍ မဆိုလိုပါ။ လောကဝေါဟာရ အရသာ အပြစ်ရှိသော အရပ်ဒေသ (ရပ်ပြစ်) ဟု ခေါ်ကြပါသည်။ ဘုရားမဖူး၊ တရားမနာရသည်မှ တပါး ဇရာ ဗျာဓိ-စသော ဆင်းရဲဒုက္ခများမှ ကင်း၍ အလွန်ချမ်းသာသည်ဟု ဆိုအပ်သော ဘုံထူးဘုံမြတ်ပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရူပဗြဟ္မာ နှင့် အသညသတ်ဗြဟ္မာ

(မေး) (အရူပဗြဟ္မာ နှင့် အသညသတ်ဗြဟ္မာ)

အရှင်ဘုရား၊ အရူပဗြဟ္မာဘုံ-ရုပ်မရှိ နာမ်သာရှိသောဘုံ-ဟု ဆိုရာတွင် နာမ်က မည်သည်ကို မှီတွယ်၍ နေပါသနည်း။ ဘုံသားအချင်းချင်း မည်သို့ဆက်သွယ်နိုင်ပါမည်နည်း၊ ၄င်းဘုံသားတို့ ကြီးထွားမှု ရှင်သန်မှုအတွက် မည်ကဲ့သို့သော အာဟာရများကို မှီတင်းနေထိုင်ပါသနည်း။

အသညသတ်ဘုံ-နာမ်မရှိ ရုပ်သာရှိသောဘုံ၊ ၄င်းဘုံသားတို့သည် ကျောက်တုံး ကျောက်ခဲများပမာ ရှိနေကြမည်ထင်ပါသည်။ ၄င်းတို့အချင်းချင်း ဆက်သွယ်ရာတွင် မည်ကဲ့သို့ ဆက်သွယ်ကြပါသနည်း။ ရှင်သန်ကြီးထွားမှုအတွက် မည်သို့နေထိုင်၍ မည်သည့်အစာအာဟာရကို မှီတင်းသုံးစွဲနေထိုင်ကြပါသနည်း။

တပည့်တော်များသိလို၍ ဖြေကြားပေးပါရန် မေးမြန်းအပ်ပါသည်ဘုရား။

(ဦးကြည်-လှိုင်သာယာ)

(ဖြေ)

စျာန်တရားကို အားထုတ်ကြရာ၌ ရူပပဉ္စမစျာန်ကို ရပြီးသည့်နောက် ရုပ်ကြောင့် ဆင်းရဲဒုက္ခကို ခံစားရသည်ဟု ရုပ်ကိုအပြစ်မြင်၍ ဆက်လက်အားထုတ်ကြ၏၊ ထိုအခါ အရူပစျာန်များကို ရရှိပြီး ဤဘဝမှလွန်လျှင် ရုပ်မရှိ၊ နာမ်ချည်းသက်သက်ဖြစ်သော အရူပဘုံများသို့ ရောက်ရသည်။ ၄င်းဘုံများ (အရူပလေးဘုံ) ၌ အတ္တသန္တာန်၌ဖြစ်သော အဇ္ဈတ္တရုပ်လည်း မရှိ၊ ဗိမာန်ဥယျာဉ် ရေကန် စသော ဗဟိဒ္ဓရုပ်လည်း မရှိ၊ သို့သော် မြင့်မြတ်သော စျာန်အားလျော်စွာ နာမ်တရားချည်းသက်သက် ကောင်းကင်(အာကာသ ဟင်းလင်းပြင်) ၌ သက်တမ်းအားလျော်စွာ တည်ရှိသည်။

ထို့အတူ ရူပပဉ္စမစျာန်အရတွင် နာမ်တရားကြောင့်ဆင်းရဲဒုက္ခ ခံစားရသည်ဟု နာမ်တရားကို အပြစ်မြင်၍ ဆက်လက်ပွားများ၏၊ ထိုသို့ ပွားများပြီး ဤဘဝမှလွန်လျှင် ရုပ် ၂၈-ပါးတွင် ၁၇-ပါးသော ရုပ် (လဟုတာဒိတ္တယ၊ အာကာသဓာတ်၊ အဝိနိဗ္ဘောဂရုပ် ၈-ခု၊ ဇီဝိတိန္ဒြေ၊ လက္ခဏရုပ် ၄-ခု) ကလာပ် ၃-စည်း၊ (သုဒ္ဓဋ္ဌကကလာပ်၊ ဇီဝိနဝကကလာပ်၊ လဟုတာဒေကာဒသကကလာပ်)တို့ဖြင့် အသညသတ် (နာမ်မရှိသော) ဘုံ၌ လူ့ပြည်ကကွယ်လွန်စဉ်က ဣရိယာပုထ်အတိုင်း (တုံးလုံးသေခဲ့လျှင် တုံးလုံး၊ ထိုင်လျှက်သေခဲ့လျှင် ထိုင်လျှက်) ကမ္ဘာငါးရာသက်တမ်းရှိသမျှ ရွှေတုံး ရွှေခဲကြီးပမာ မပုပ်မသိုး တည်လေသည်။

၄င်း အရူပဘုံ အသညသတ်ဘုံ တို့၌ နာမ်ချည်း၊ ရုပ်ချည်းသာဖြစ်ရာ ဘုံသားအချင်းချင်း ဆက်သွယ်ခြင်း၊ ကြီးထွားရှင်သန်ခြင်း၊ အစာစားခြင်း၊ စသည် ရှိဖွယ်မလိုတော့ပါ။ မိမိတို့ ဘာဝနာအားလျော်စွာ ပဋိသန္ဓေကာလမှ စုတိကာလအထိ နာမ်ချည်း၊ ရုပ်ချည်း တည်နေရပါသည်။ အဘိဓမ္မာ (သင်္ဂြိုဟ်) ဘုံပိုင်း၊ ရုပ်ပိုင်းတို့ကို လေ့လာ၍ အကျယ်သိသင့်ပါသည်။ ဤ၌ အမြွက်မျှသာ ပြဆိုနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရူပဗြဟ္မာနှင့် အသညသတ်ဗြဟ္မာ

(မေး) (အရူပဗြဟ္မာနှင့် အသညသတ်ဗြဟ္မာ)

အရှင်ဘုရား၊ (၁) ရပ်ပြစ်ရှစ်ပါးထဲတွင် အရူပဗြဟ္မာ ပါဝင်သည်ဟု တထစ်ချမှတ်သားရန် သင့်-မသင့် ဖြေကြားပေးတော်မူပါဘုရား။(ကိုဟန်ဝင်း-အင်းစိန်မြို့နယ်)

(၂) အရူပဗြဟ္မာများသည် ရုပ်မရှိသော်လည်း နာမ်ရှိသောကြောင့် ဘုရားနှင့် သံဃာတော်များကို မမြင်ရသဖြင့် တရားဓမ္မ နာနိုင်-မနာနိုင်၊ မဂ်ဖိုလ် ရနိုင်-မရနိုင် ဖြေကြားပေးတော်မူပါဘုရား။(ဦးတင်ဦး-တောင်ငူ)

(ဖြေ)

ရပ်ပြစ်ရှစ်ပါးခေါ် အပြစ်သင့်နေသော (အခွင့်အရေးဆုံးရှုံးနေသော) အက္ခဏ ၈-မျိုး ရှိသည်။ ယင်းတို့မှာ-

၁။ ငရဲဘုံ၌ ဖြစ်သောသူ။

၂။ တိရစ္ဆာန်ဘုံ၌ ဖြစ်သောသူ။

၃။ ပြိတ္တာဘုံ၌ ဖြစ်သောသူ။

၄။ အသညသတ်ဘုံ (အရူပဘုံတို့၌ ဖြစ်သောသူ)

၅။ ပစ္စန္တရစ်ခေါ် သာသနာမရှိသောအရပ်၌ ဖြစ်သောသူ။

၆။ မိစ္ဆာဒိဋ္ဌိဖြစ်နေသူ။

၇။ သုဂတိအဟိတ် ပဋိသန္ဓေ နေခဲ့သူ။ (သို့) လူစဉ်မမီသူ။

၈။ တိဟိတ်ပဋိသန္ဓေဖြင့် ဘုရားရှင်တို့ မပွင့်ပေါ်သော ကမ္ဘာ၌ ဖြစ်သောသူတို့ ဖြစ်ပါသည်။

၄င်း ၈-မျိုးအနက် နံပါတ် ၄-တွင် အင်္ဂုတ္တရနိကာယ် အသညသတ်နှင့် အရူပဗြဟ္မာ ၂-မျိုးလုံးကို ယူပါသည်။ အရူပဘုံသား အားလုံး မျက်စိ၊ နား မရှိ၍ ဘုရားဖူး၊ တရားနာခြင်း မပြုနိုင်ပါ။

အရူပဘုံ၌ဖြစ်သော တိဟိတ်ပုထုဇဉ်သည် အရူပဘုံ၌ မဂ်ဖိုလ်ရနိုင်ရန် အခွင့်မရှိ။ ရုပ်လုံးဝ မရှိ၍ မျက်စိ နား မရှိ၊ တရား မနာနိုင်၊ ဘုရား မဖူးနိုင်ပါ။ တခြားဘုံမှ မဂ်ဖိုလ်ရပြီး၍ အရူပဘုံသို့ ရောက်လာကြသော သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ပုဂ္ဂိုလ်များမှာမူ မိမိတို့ ရရှိပြီးသော တရားများကို ဆင်ခြင်ပွားများ၍ အထက်မဂ်ဖိုလ်နိဗ္ဗာန်များသို့ ရောက်ရှိနိုင်ပါသည်။ အရူပဘုံ၌ဖြစ်သော တိဟိတ်ပုထုဇဉ်မှာကား ရပ်ပြစ်ရှစ်ပါးထဲတွင် ပါဝင်သောကြောင့် မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါ။ (ဒီ၊ဋ္ဌ၊၂၂၉)။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အရှင်ဒါရုစိရိယ နှင့် အခြားပြဿနာ

(မေး) (အရှင်ဒါရုစိရိယ နှင့် အခြားပြဿနာ)

အရှင်ဘုရား

(၁) ထေရာပဒါန် ပါဠိတော် မြန်မာပြန်စာအုပ်ထဲမှ လက်ဝဲရံ ရဟန္တာမထေရ်စာရင်းတွင် ပါဝင်သော အရှင်ဒါရုစိရိယ မထေရ်သည် လူ့အသွင်နှင့် ပရိနိဗ္ဗာန်စံသွားသော ဗာဟိယဒါရုစိရိယ ဖြစ်ပါသလားဘုရား။

(၂) ဘုန်းကြီးကျောင်း တကျောင်းမှ အပြစ်တစုံတရာရှိ၍ နှင်ထုတ်ထားသော (သို့မဟုတ်-ထွက်ပြေးလာသော) ရဟန်း-သာမဏေ တပါးပါးအား အခြားကျောင်းတကျောင်းမှ လက်ခံသင့်ပါသလား၊ လက်ခံရိုးထုံးစံ ရှိပါသလားဘုရား။

(၃) ရဟန်းသံဃာများနှင့် စကားပြောသောအခါ လုပုဂ္ဂိုလ်များက တင်ပါး-ဟု သုံးနှုန်းလေ့ရှိပါသည်။ ၄င်း တင်ပါး-ဆိုသော စကားဝေါဟာရ၏ အဓိပ္ပါယ်ကို ရှင်းလင်းပါရန် ရိုသေစွာ လျှောက်ထားပါသည်။

(ဦးအောင်သန်း-အောင်လံမြို့)

(ဖြေ)

(၁) ပရိက္ခရာ ရှာရင်း လူဝတ်ဖြင့် ပရိနိဗ္ဗာန်ပြုသွားရသော ဗာဟိယဒါရုစိရိယသည်ပင် လက်ဝဲရံ ရဟန္တာစာရင်းဝင် အရှင်ဒါရုစိရိယ ဖြစ်ပါသည်။ ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့ပြီး ခိပ္ပါဘိည ဧတဒဂ်ရ မဟာသာဝကဖြစ်ပါသည်။ ကမ္ဘာတသိန်းအတွင်း သင်္ကန်းပရိက္ခရာဖြင့် လှူဒါန်းချီးမြှောက်မှု မရှိခဲ့ဖူး၍ ဧဟိဘိက္ခု ရဟန်းမဖြစ်နိုင်သဖြင့် သင်္ကန်းရှာဆဲတွင် ပရိနိဗ္ဗာန်စံခဲ့ရသည်ဟု ဆိုပါသည်။ သတိပြု သံဝေဂယူဖွယ်ပင် ဖြစ်ပါသည်။

(၂) ကျောင်းတိုက်ကြီးများ၌ မူလဆရာကိုယ်တိုင် သို့မဟုတ်-စာဖြင့် အပ်နှံမှသာ လက်ခံပါသည်။

ဤခေတ် သာသနာဝင်မှတ်တမ်းများတွင် ကျောင်းပြောင်းရွှေ့အပ်နှံမှု ပုံစံနှင့် လက်မှတ်ထိုးရန်ပါသဖြင့် နှင်ထုတ်ခံရသော ရဟန်း၊ ထွက်ပြေးလာသော ရဟန်း-သာမဏေများအတွက် ပြဿနာ ရှင်းပါသည်။

(၃) တင်ပါ-ဟူသော အသုံးအနှုန်းသည် ရဟန်းသံဃာများနှင့် စကားပြောသောအခါ လူပုဂ္ဂိုလ်များက မှန်ပါသည်ဘုရား၊ တင်ပါသည်ဘုရား-ဟု ဝန်ခံလျှောက်ထားသည့် နေရာတွင် သုံးလေ့ရှိသော စကားဖြစ်သည်။ တင်ပါသည်ဘုရား-ဟု ဆိုရမည်ကို တင်ပါဘုရားဟု ဆိုခြင်းဖြစ်ပါသည်။ ကာလကြာ၍ တင်ပါးဘုရား-ဟု အသံထွက်နေပါသည်။ တင်ပါသည်ဘုရားဟု အပြည့်အဝ လျှောက်ထားတတ်ရန် လိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရှင်ဗာကုလ ဂါထာ

(မေး) (အရှင်ဗာကုလ ဂါထာ)

ကျန်းမာရေးအတွက် အရှင်ဗာကုလမထေရ်မြတ်ကြီးအား သစ္စာပြု ဆုတောင်း ပူဇော်သောဂါထာ ရှိပါသလား ဘုရား၊ ရှိပါက ဖော်ပြပေးတော်မူရန် ရိုသေစွာလျှောက်ထားပါသည်ဘုရား။

(ကျိုက္ကဘာ စန္ဒ-ဖျာပုံ)

(ဖြေ)

ဥပ္ပါတသန္တိကျမ်းတွင် ဧတဒဂ်ရ ရဟန္တာ အရှင်မြတ်ကြီးများဆိုင်ရာ ဂါထာများရှိရာ အရှင်ဗာကုလ ရဟန္တာကြီး နေရာတွင် အောက်ပါဂါထာ ပါရှိပါသည်။

အပ္ပါဗာဓော မဟာထေရော၊

အပ္ပါဗာဓာန မုတ္တမော။

ဗာကုလော အရဟာဇာတော၊

သဒါ သောတ္ထိံ ကရောတု နော။

ရဟန္တာအဖြစ်သို့ရောက်သော ဗာကုလမထေရ်မြတ်ကြီးသည် အနာရောဂါ ကင်းတော်မူသော မထေရ်မြတ်ကြီး ဖြစ်တော်မူပေ၏၊

အနာရောဂါ ကင်းရှင်းရာ၌ အမြတ်ဆုံး (ဧတဒဂ်ရ ပုဂ္ဂိုလ်ကြီး) ဖြစ်ပါပေ၏၊

(ထိုဗာကုလ မထေရ်မြတ်ကြီးသည် အကျွန်ုပ်တို့အား အခါခပ်သိမ်း ချမ်းသာခြင်းကို ပြုတော်မူပါစေသတည်း)။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရှင်ရာဟုလာ အကြောင်း

(မေး) (အရှင်ရာဟုလာ အကြောင်း)

၁။ အလောင်းတော် သိဒ္ဓတ္ထမင်းသားမှာ မိဖုရားငါးပါးနှင့် သားတော် ငါးပါး ရှိသည် ဆိုသည်မှာ မှန်-မမှန်နှင့်

၂။ သားတော် ရာဟုလာကို အချို့က ၇-နှစ်သားကပင် ရဟန္တာဖြစ်သည်၊

အချို့က သက်တော် ၂၀-ရဟန်းဖြစ်ပြီးမှ ရဟန္တာဖြစ်သည်-ဟု ဆိုသည်၊

မည်သည်က မှန်သည်ကို ဖြေကြားတော်မူပါရန် လျှောက်ထားပါသည်ဘုရား။

(မယုသိင်္ဂီ-ရွှေဘို၊ ဇေယျသိင်္ဂီ-စစ်ကိုင်းတောင်ရိုး)

(ဖြေ)

၁။ အလောင်းတော် သိဒ္ဓတ္ထမင်းသားမှာ မိဖုရားငါးပါးနှင့် သားတော် ငါးပါးရှိသည်ဟု ရှေးဗုဒ္ဓဝင် တစောင်တွင် ဂါထာဖြင့် ပြဆိုခဲ့ဖူးပါသည်။ ယင်းဂါထာမှာ အခြားဘုရားလောင်းများ၏ မိဖုရား၊ သားတော်များ၏ အမည်များနှင့် ပေါင်း၍ ပြထားသောဂါထာ ဖြစ်ပါသည်။

သိဒ္ဓတ္ထဘုရားလောင်းမှာမူ ယသောဓရာမိဖုရားနှင့် သားတော်ရာဟုလာသာ ရှိကြောင်း မှတ်သားရပါမည်။

၂။ ရာဟုလာနှင့်စပ်၍ အဘိဏှရာဟုလောဝါဒသုတ်၊ ရာဟုလသံယုတ်၊ မဟာရာဟုလောဝါဒသုတ်၊ စူဠရာဟုလောဝါဒသုတ်၊ စသည်ကို ကြည့်သင့်၏၊

(က) အဘိဏှရာဟုလောဝါဒသုတ်ကို အမြဲမပြတ် ဆုံးမရန် ဟောတော်မူသည်။

(ခ) ရာဟုလသံယုတ်ကို အရှင်ရာဟုလာမထေရ်မြတ် ဝိပဿနာဉာဏ်တရားသားကို ရယူဖို့ရန် ဟောကြားတော်မူသည်။

(ဂ) မဟာရာဟုလောဝါဒသုတ်ကို ဂေဟဿိတ ဆန္ဒရာဂကို ပယ်ဖျောက်ရန် ဟောတော်မူသည်။

(ဃ) စူဠရာဟုလောဝါဒသုတ်ကို အရှင်ရာဟုလာမထေရ်၏ ဝိမုတ္တိပရိပါစနိယတရား ၁၅-ပါးတို့ ရင့်ကျက်သောအခါ (ရဟန်းဖြစ်စ ဝါမရသေးမီ) ၌ အရဟတ္တဖိုလ်ကို ရယူစေရန် ဟောကြားတော်မူသည်။

ဤသည်များကို ကြည့်၍ စူဠရာဟုလောဝါဒသုတ်ကို ဟောကြားတော်မူပြီး နောက်မှ ရဟန္တာဖြစ်ကြောင်း ထင်ရှားသဖြင့် သက်တော် ၂၀-ကျော် ရဟန်းဖြစ်ပြီးမှ ရဟန္တာဖြစ်သည်-ဟု မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရှင်လတ်လတ် မြေမျိုခံရသူများနှင့် နတ်ပြည်ရောက်သူများ

(မေး) (အရှင်လတ်လတ် မြေမျိုခံရသူများနှင့် နတ်ပြည်ရောက်သူများ)

ဆရာတော်ဘုရား၊ ဘုရားလက်ထက်က မြေမျိုခံရသူနှင့် လူသားစင်စစ်က နတ်ပြည်ရောက်သော ပုဂ္ဂိုလ်များ၏ အကြောင်းရင်းများကို ဖြေကြားရှင်းလင်းပေးစေလိုပါသည် ဘုရား။

(မောင်တင့်လွင်-အောင်နန်းရပ်၊ မိုးကုတ်မြို့)

(ဖြေ)

ဘုရားလက်ထက်က မြေမျိုခံရသူတို့မှာ-

၁။ ယောက္ခမတော် သုပ္ပဗုဒ္ဓမင်း

၂။ ယောက်ဖတော် ဒေဝဒတ်

၃။ စိဉ္စမာနဝိကာ ပရိဗိုဇ်မ

၄။ ဥပ္ပလဝဏ်ထေရီမကို ကျူးလွန်သော နန္ဒလုလင် တို့ ဖြစ်ကြ၏၊

သုပ္ပဗုဒ္ဓမင်း စသည်တို့ကား မြတ်စွာဘုရားအား အကျိုးမဲ့ ပြစ်မှား စွပ်စွဲကြ၍ ဖြစ်ပါသည်။

လူသားစင်စစ်က နတ်ပြည်ရောက်ကြသူ လေးဦးကား-

၁။ ဘုရားလောင်း ဂုတ္တိလ စောင်းသမား

၂။ ဘုရားလောင်း သာဓိနမင်း

၃။ ဘုရားလောင်း နေမိမင်းကြီး

၄။ ဘုရားလောင်း မန္ဓာတုစကြာမင်းတို့ ဖြစ်ကြပါသည်။

ရှေ့ ၃-ဦးမှာ တပည့်သားဖြစ်ဖူးသော နတ်အများက ကြည်ညို၍ သိကြားမင်းအား ပင့်ဆောင်ပေးရန် လျှောက်ထား၍ သိကြားမင်းက ပင့်ဆောင်ပေးခြင်း ဖြစ်သည်။

မန္ဓာတု စကြာမင်းကား စကြာရတနာဖြင့် စည်းစိမ်ခံစားရန် ကိုယ်တိုင်သွားခြင်းဖြစ်ကြောင်း

ဆိုင်ရာ ဇာတ်တော်များအရ သိရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အရှင်မောဂ္ဂလာန် နှင့် အရှင်သာရိပုတ္တရာ

(မေး) (အရှင်မောဂ္ဂလာန် နှင့် အရှင်သာရိပုတ္တရာ)

အရှင်ဘုရား။ တပည့်တော်သိလိုသည်မှာ အရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးသည် ဘဝဟောင်းက ဇနီးမယား၏ တောင်းဆိုချက်ဖြင့် မိဘများကို ရိုက်နှက်ခဲ့သဖြင့် ပရိနိဗ္ဗာန်စံခါနီးတွင် ခိုးသားငါးရာတို့၏ ရိုက်နှက်မှုကို ခံခဲ့ရသည်ဟု ဆိုပါသည်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်လည်း ပရိနိဗ္ဗာန်စံခါနီးတွင် သွေးအန်သောရောဂါဝေဒနာကို ခံစားတော်မူရပါသည်။ ထိုသွေးအန်သောရောဂါ ခံစားရသည်မှာ ဘယ်ဘဝက ဝဋ်ကြွေးကြောင့် ဖြစ်သည်ကို သိလိုလှပါသည်ဘုရား။

(ဦးသိန်းထွေး၊ ကိုးထပ်ကြီးဘုရား၊ စမ်းချောင်း)

(ဖြေ)

အရှင်သာရိပုတ္တရာ၏ ပရိနိဗ္ဗာန်စံခန်းကို ကြည့်ရှုရာတွင် သွေးအန်သောရောဂါ (သွေးသွန်သောရောဂါဟု မဟာဗုဒ္ဓဝင်၌ ဆို၏) ဖြင့် အရှင်သာရိပုတ္တရာ ပြင်းစွာခံစားရ၍ ပရိနိဗ္ဗာန်စံသည်ဟုသာ ပါရှိပါသည်။ မည်သည့်အကုသိုလ်ကံကြောင့်ဟု ပြဆိုထားချက် မတွေ့ရပါ။

အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးအဖို့ ခိုးသားငါးရာ ရိုက်နှက်မှုမှာ အလွန်ကြီးကျယ်သော မိဘကို ရိုက်နှက်ခဲ့သည့် ကံကြီးကြောင့်ဖြစ်ပါသည်။ အလွန်ထင်ရှားသော ဖြစ်ရပ်များသာ မှတ်တမ်းတင်ပါသည်။ သာမန် သူသူငါငါ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စလေးများကို သမိုင်းမှတ်တမ်း တင်လေ့မရှိပါ။ အရှင်သာရိပုတ္တရာ သွေးအန်၊ သွေးသွန်သော ရောဂါမှာ အများသူငါ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဝေဒနာအဆင့်မျှသာ ဖြစ်ပါသည်။ အကုသိုလ်ကံ တခုခုကြောင့်ဟု သတ်မှတ်ရလောက်အောင် အဆင့်မဟုတ်ပါပေ။ ထို့ကြောင့် ဝဋ်ကြွေး တခုခုကြောင့်ဟု အကြောင်းကို မဖော်ပြခြင်း ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အရှင်မောဂ္ဂလိပုတ္တတိဿ နှင့် အရှင်နာဂသိန်

(မေး)။ တတိယသံဂါယနာ ဦးဆောင်အရှင် မောဂ္ဂလိပုတ္တိဿနှင့် မိလိန္ဒမင်းကြီး အမေးကို ဖြေတော်မူသည့် အရှင်နာဂဝိန်တို့၏ အကြောင်းအရာမှာ ဆင်သလိုဖြစ်နေပါ၍ ရှင်းလင်းဖြေကြးပေးတော်မူပါဘုရား။

(မောင်ခင်ဦး-ကြို့ချောင်းရွာ၊ ဥက္ကံနယ်)

(ဖြေ)။ အရှင်မောဂ္ဂလိပုတ္တတိဿ၊ အရှင်နာဂသေန တို့သာမက အဋ္ဌကထာကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသတို့ပါ လူ့ဘဝသို့ ရောက်လာရသော အတ္ထုပ္ပတ္တိအကြောင်းမှာ တူညီသလို ဖြစ်နေကြပါသည်၊

ဤသည်မှာလည်း သဘာဝမလွန်ပါ၊ ရဟန္တာအရှင်မြတ်ကြီးများသည် အနာဂတ်သာသနာတော်ကြီး မည်သည့်ဘေးရန်များ ထိပါးမည်နည်း၊ မည်သို့အခက်အခဲများ ပေါ်ပေါက်မည်နည်း၊ စသည်ဖြင့် အနာဂတံသ ဉာဏ်ဖြင့် ကြည့်ရှုတော်မူကြသည်၊ ယင်းသို့ ကြည့်ရှုတော်မူရာမှ ဤမည်သောအချိန်အခါ၌ ဤမည်သော အန္တရာယ်များ အခက်အခဲများ တွေ့ကြုံရလိမ့်မည်-ဟု မြင်တော်မူလျှင် ဤအန္တရာယ်အခက်အခဲတို့ကို မည်သူဖယ်ရှား သုတ်သင်နိုင်မည်နည်း-ဟုကြည့်တော်မူသည်၊ ထိုအချိန်၌ ပညာရှိ ရဟန္တာလောင်းများမှာ နတ်ပြည်၌သာ ရှိနေကြကြောင်း မြင်တော်မူသည်နှင့် ထိုအချိန်အခါ၌ လူပြည်၌ဖြစ်ရန်၊ ဖြစ်လျှင် စောင့်ရှောက်၍ ပညာသင်ရန် တာဝန် အသီးသီးယူစေပြီးမှ စိတ်ချလက်ချ ပရိနိဗ္ဗာန်ပြုတော်မူကြသည်၊

ဆိုင်ရာဆိုင်ရာ အချိန်အခါတို့၌ ပညာရှင် နတ်သားတို့က နတ်ပြည်မှစုတေ၍ လူ့ပြည်ဖြစ်ခြင်း၊ စောင့်ရှောက် ပညာသင်ပေးရမည့် ရဟန်းသံဃာတော်တို့က သာသနာတွင်းရောက်အောင် ဆွဲဆောင်၍ ပညာသင်ပေးရခြင်း စသည်တို့မှာ ပြုမူပြောဆိုပုံမှစ၍ တူညီနေကြပါသည်၊ တူညီနေ၍ မဟုတ်နိုင်ပါဘူး-ဟု ပြောဆိုရန်မသင့်။

ဤသို့ဖြစ်လျှင် ဤနည်းဖြင့် သာသနာတော်ကို သုတ်သင်ကြရပါကလား-ဟု ရှေးရှေး သာသနာတော်စောင့် ရဟန္တာအရှင်မြတ်ကြီးများအား အကြည်ညိုပွားကြရန်ပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အလှူ ရေစက်ချခြင်း

(မေး) (အလှူ ရေစက်ချခြင်း)

ဆရာတော်ဘုရား၊ အလှူပြုလုပ်ပြီး ရေစက်မချနိုင်ပါက ထိုအလှူအတွက် အထမြောက်သည်ဟု ဆိုနိုင်ပါရဲ့လားဘုရား၊ ကုသိုလ်အပြည့်အဝ ရပါမည်လားဘုရား၊ အခြားတယောက်က ကိုယ်စား ရေစက်ချပေးခြင်းပြုလုပ်၍ ရပါမည်လားဘုရား၊ ဖြေကြားတော်မူပါရန် လျှောက်ထားပါသည်ဘုရား။

(ဒေါ်သန်းဆွေ-စမ်းချောင်း၊ ရန်ကုန်)

(ဖြေ)

ရေစက်ချခြင်းမှာ ဆုတောင်းခြင်း၊ အမျှဝေခြင်းသာဖြစ်သည်၊ ဒါနမှုပြုရာ၌ အလှူဝတ္ထုသည် အလှူရှင်၏ လက်မှ အလှူခံပုဂ္ဂိုလ်၏ လက်သို့ ရောက်လျှင်ပင် အလှူအထမြောက်ခဲ့ပြီဖြစ်ပါသည်၊ သို့သော် နိဗ္ဗာန်ကိုဆုတောင်း၍ ဒါနပြုမှသာလျှင် မိမိ၏ဒါနသည် ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု-ဟူ၍ ဆုတောင်းလျက် အမျှဝေမှသာလျှင် ပတ္တိဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ-ဟူ၍ အမျှဝေလျက် ဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါသည်၊ ဆုတောင်းခြင်း။ အမျှဝေခြင်းတို့မှာ ကိုယ်တိုင်ပြုလုပ်ရမည့် ကိစ္စများဖြစ်၍ အခြားတယောက်အား ကိုယ်စားပြုလုပ်စေခြင်းမှာ အဆင်ပြေလှပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အလှူခံ တကျိပ်လေး

(မေး) အလှူခံ တကျိပ်လေး)

အရှင်ဘုရား၊ ငယ်စဉ်ကတည်းက ကြားဖူးနေတဲ့ အလှူခံ တကျိပ်လေး -ဆိုသည်ကို မေးမြန်းရှာဖွေသော်လည်း မသိရပါ၍ အမည်နှင့်တကွ ရေတွက်သိလိုပါသည်ဘုရား။ မည်သူ့ကို လှူလျှင် မည်မျှ အကျိုးရှိသည်ကိုလည်း ပူးတွဲသိလိုပါသည်ဘုရား။

(ဦးတင်လှိုင်-ပုသိ်မြို့)

(ဖြေ)

ဒါနမှုကို ခံယူထိုက်သူ ၁၄-ပါး (အလှူခံတကျိပ်လေး) မှာ ဒက္ခိဏဝိဘင်္ဂသုတ် ဥပရိပဏ္ဏာသ စတုတ္ထဝဂ် (မ-၃၊ ၂၉၅) တွင် လာရှိပါသည်။

(၁) တိရစ္ဆာန် သတ္တဝါများ။

(၂) လူ-ဒုဿီလခေါ် တံငါ မုဆိုး စသော ဒုစရိုက်မှု ပြုလုပ်သူများ။

(၃) လူ-သီလဝန္တခေါ် သာသနာပအခါမျိုး၌ ငါးပါးသီလ မြဲသူများ။

(၄) ရသေ့ ပရိဗိုဇ်ခေါ် သာသနာပအခါမျိုး၌ စျာန်အဘိညာဉ်ရ ပုဂ္ဂိုလ်များ။

(၅-၈) မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်။

(၉-၁၂) ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်။

(၁၃) ပစ္စေကဗုဒ္ဓါ။

(၁၄) မြတ်စွာဘုရား။

ဤ ၁၄ ဖြစ်ပါသည်။ ထို ၁၄-တွင်

အမှတ် ၁-တိရစ္ဆာန်သတ္တဝါများကို ပေးလှူရာ၌ ကမ္ဘာတရာ ကောင်းကျိုးချမ်းသာကို ရရှိနိုင်သည်။

အမှတ် ၂-ဒုဿီလကို ပေးလှူရာ၌ ကမ္ဘာတထောင်။

အမှတ် ၃-လူ သီလဝန္တကို ပေးလှူရာ၌ ကမ္ဘာတသိန်း။

အမှတ် ၄-သာသနာပ စျာန်ရပုဂ္ဂိုလ်တို့ကို ပေးလှူရာ၌ ကမ္ဘာတကုဋေ။

အမှတ် ၅-သောတာပန်ပုဂ္ဂိုလ်မှစ၍ အထက်ပုဂ္ဂိုလ်များကို ပေးလှူရာ၌ ကမ္ဘာအသေင်္ချ အနန္တ ကောင်းကျိုးချမ်းသာကို ပေးနိုင်ကြောင်း ဒက္ခိဏဝိဘင်္ဂသုတ်၌ မြတ်စွာဘုရား ဟောတော်မူပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အလှူခံခ ယူခြင်း

(မေး) (အလှူခံခ ယူခြင်း)

အရှင်ဘုရား၊ ဘုရားတည်၊ ကျောင်းဆောက်၊ လှူခံကောက်သူ၊ ခိုင်ထောက်နှုန်းစား၊ ယူခြင်းများမှာ၊ ဘုရားကျောင်းငွေ၊ စားသောက်လေ၍၊ ပြစ်နေ ရှိ-မရှိ၊ သိလိုဘိ၏၊ ဖြေညှိရှင်းတော်မူပါ့ဘုရား။

(ကိုကျော်မြင့်(ရွှေ) နတ်တလင်းမြို့)

(ဖြေ)

ကျောင်းဘုရားကို၊ တည်ဆောက်လို၍၊ ထိုထိုဆောက်ဦး၊ ဆည်းပူးယူနှင့်၊ ပြုသူလက်ခ၊ ကုန်အကျပါ၊ ဘယ်မျှသိန်းသန်း၊ ကိန်းဂဏန်းဟု၊ တွက်မှန်းပြောကြ၊ မှတ်သားရသို့၊ မူလအလှူခံ၊ လုပ်အားမှန်ကို၊ ထိုက်တန်သမျှ၊ ကုန်အကျဝယ်၊ မှတ်ရစာရင်း၊ ခိုင်နှုန်းရှင်း၍၊ ပေးခြင်းကိုပါ၊ တူမှတ်ရာ၏၊ ကောင်းစွာနားလည်ပါ လေဿး။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အလှူခံနှင့် အဖိုးအခ

(မေး) (အလှူခံနှင့် အဖိုးအခ)

အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာတွေမှာ ဘုရားအတွက်၊ ကျောင်းအတွက်၊ ကထိန်အတွက် ဆိုပြီး အလှူခံဌာနတွေ ပြုလုပ်ကာ အပြောအဟောကောင်းစွာဖြင့် အလှူခံနေကြတာကို တွေ့ရပါသည်။

အချို့အလှူခံဌာနများမှာ ဟောပြော၍ အလှူခံပေးသူအား အလှူခံ၍ ရရှိသည့် ငွေထဲမှ ရာခိုင်နှုန်းဖြင့် ပေးရသည်-ဟုသိရပါသည်၊ ဘုရား ကျောင်း ကထိန်အတွက် ရည်ရွယ်ပြီး လှူဒါန်းထားသော ငွေထဲမှ ထိုသို့ဖြတ်ယူ သုံးစွဲခြင်းသည် အပြစ်ရှိပါသလား။ အပြစ်ရှိလျှင် အတိမ်အနက် ဖော်ပြပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်။

(ဦးတင်အုန်း-မင်းဒင်လမ်း၊ သုဝဏ္ဏ)

(ဖြေ)

စေတနာ့ဝန်ထမ်း နိဗ္ဗာန်ဆော်များ ရှိသကဲ့သို့ အခစားနိဗ္ဗာန်ဆော်များလည်း ရှေးရှေးကပင် ရှိခဲ့ပါသည်။

မူလကပင် ဤရွေ့ဤမျှယူရန် အခကြေးငွေ နေ့တွက်ဖြင့်ဖြစ်စေ ရာခိုင်နှုန်းအနေဖြင့် ဖြစ်စေ ဖြတ်ထားပြီး ထိုအတိုင်း မှန်ကန်စွာ ယူသူတို့အဖို့ အပြစ်ရှိဖွယ် မမြင်ပါ။

စေတီတဆူ တည်ဆောက်ရာ၊ ကျောင်းတဆောင် ဆောက်လုပ်ရာတို့၌ ကုန်ကျစရိတ်တွင် ပန်းရန်ခ၊ လက်သမားခ များလည်း အပါအဝင်ဖြစ်သကဲ့သို့ အလှူခံ၍ ရသောငွေကြေးတွင်လည်း အခစား နိဗ္ဗာန်ဆော်တို့အတွက် အဖိုးအခလည်း ပါရမည်သာ ဖြစ်ပါသည်။ ၄င်းတို့၏ အပြောအဟော လုပ်အားခမှာလည်း ဘုရား ကျောင်းကန် တည်ဆောက်ရာ၌ ပန်းရန်ခ၊ လက်သမားခတို့နှင့် အလားတူပင် ယူဆနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အလှူဒါန မှုကိစ္စ

(မေး) (အလှူဒါန မှုကိစ္စ)

၁။ အလှူဒါနပြုရာတွင် ဆုတောင်းမှ ရပါသလားဘုရား၊ မည်သည့်ဆုမျိုး တောင်းရပါသနည်း။

၂။ အလှူဒါန စုပေါင်းပြုလုပ်ရာတွင် စေက်ချသူ (ရေစက်ခွက်ကိုင်သူ) နှင့် မကိုင်သူ မည်သူပို၍ ကုသိုလ်ရပါနည်း

၃။ အမြတ်ဆုံးအလှူသည် မည်သည့်အလှူဖြစ်ပါသနည်း ဖြေကြားတော်မူပါရန်။

(ဦးမြင့်မောင် ကျေး/ဂျာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ကန်ဘလူမြို့)

ဖြေ။ (၁) လူမိုက် အလှူ၊ ပေးပါမူလည်း၊ ရွယ်ချူဖိုလ်မဂ်၊ မပန္နက်တည့်-ဟု အရှင်မဟာသီလဝံသက စပ်ဆိုပါသည်၊ အလှူဒါနပြုလုပ်ကြရာတွင် မဂ်ဖိုလ်နိဗ္ဗာန်ဆုကို မတောင်းဆိုလျှင် လူမိုက်ပင်ဖြစ်သည်ဟု ဆိုလိုသည်။ ဒါနပြုမှု၊ သီလဆောက်တည်မှု၊ ပြုလုပ်တိုင်းပင် ဆရာတော်များက ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု-ဟူသော ဆုတောင်းကို တိုင်ပေးလေ့ရှိပါသည်၊ ဤကဲ့သို့ နိဗ္ဗာန်ဆုကို တောင်းမှလည်း မိမိပြုသော ဒါနမှု၊ သီလမှုများမှာ ပါရမီဒါန၊ ပါရမီသီလ ဖြစ်၍ နိဗ္ဗာန်မျက်မှောက်ပြုသည်အထိ အကျိုးပေးပါလိမ့်မယ်။

ဆုမတောင်းဘဲ ပြုသော ဒါနမှုစသည်များမှာ လူ့စည်းစိမ် နတ်စည်းစိမ်ဖြစ်သည့် ဝဋ်အတွင်းမှာသာအကျိုးပေးပေ

လိမ့်မယ်၊ ထို့ကြောင့် နိဗ္ဗာန်ဆုကို တောင်းဖြစ်အောင် တောင်းသင့်ပါသည်။

(၂) စုပေါင်း၍ အလှူဒါနပြုရာတွင် ဦးဆောင်ပုဂ္ဂိုလ် တဦးဦးကသာ ရေစက်ခွက်ကို ကိုင်၍ ရေစက်ချလေ့ ရှိပါသည်၊ အိမ်တအိမ်မှ အလှူလုပ်ရာတွင်လည်း အိမ်၏ဦးဆောင်ပုဂ္ဂိုလ်၊ ပဓာနပုဂ္ဂိုလ်များက ရေစက်ချလေ့ ရှိပါသည်၊ လူစေ့ လက်စေ့ ရေစက်ခွက် မကိုင်သော်လည်း စေတနာအတူတူ ထားကြသူများဖြစ်က အတူတူပင် ကုသိုလ်ရပါသည်။

(၃) သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ-ဟုမြတ်စွာဘုရား သံယုတ်ပါဠိတော်၌ ဟောတော်မူသည့်အတိုင်း

အလှူဒါန ဟူသမျှတွင် ဓမ္မဒါနက မြတ်သည်ဟု ဆိုရပါမည်၊

ဓမ္မဒါနဟူသည်မှာ တရားဟောခြင်း၊ ပါဠိအဋ္ဌကထာ ကျမ်းဂန်များကို ပို့ချခြင်း၊ ပြဿနာကို ဖြေဆိုခြင်း၊ ကမ္မဋ္ဌာန်းတရားကို ညွှန်ကြားခြင်း စသည်များနှင့် ပရိယတ္တိ ပဋိပတ္တိ သာသနာတော်များကို ချီးမြှောက်သော ရှင်ပြုခြင်း။ ရဟန်းခံခြင်း၊ ပိဋကတ်စာပေများကို လှူဒါန်းခြင်းနှင့် ကထိန်ခင်း လှူဒါန်းခြင်း စသည်များပင် ဖြစ်သည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အလှူသုံးမျိုး အကျိုးပေးပုံ

(မေး) (အလှူသုံးမျိုး အကျိုးပေးပုံ)

အရှင်ဘုရား၊ ဆရာကြီး မင်းယုဝေမှတဆင့် ဦးအုန်းမြင့် မေးမြန်းသည်မှာ-

(က) စေတီဘုရား တည်ဆောက်လှူဒါန်းသည့်ကုသိုလ်။

(ခ) ကျောင်း၊ သိမ်၊ ဇရပ် စသည်ကို တည်ဆောက်လှူဒါန်းသည့်ကုသိုလ်။

(ဂ) ရှင်ပြု ရဟန်းခံ၍ လှူဒါန်းသည့်ကုသိုလ်များလည်း အကျိုးပေးပုံ မည်သို့ထူးခြားသည်ကို ရှင်းလင်းပေးတော်မူ ပါရန် တဆင့် မေးမြန်းထားပါသည်။

(ကိုအုန်းမြင့်-ရွှေကူမြို့၊ ကချင်ပြည်နယ်)

(ဖြေ)

ဤမေးခွန်း၏အဖြေမှာ ကျယ်ပြန့်လှပါသည်။ အကျဉ်းချုပ်၍သာ ဖြေပါမည်။

(က) စေတီဘုရားတည်မှုနှင့် ပတ်သက်၍ အင်္ဂတေများ၊ အုတ်များ၊ ရွှေသင်္ကန်းများကပ်၍ (ရွှေချ၍) အမြဲအစွဲ တည်ထားပူဇော်ကြသော စေတီများကို မဆိုထားဘိ-

သဲပုံစေတီတည်၍ ပူဇော်ရသော အကျိုးသည်ပင် အလွန်ကြီးမားလှပါသည်။ ဝိပဿီမြတ်စွာဘုရား ပရိနိဗ္ဗာန် စံသွား၍ မမီလိုက်သော ဟိမဝန္တာရသေ့တပါးသည် ချောင်းရိုးထဲတွင် သဲပုံစေတီတည်၍ ဘုရားအုတ်၊ ဓာတ်တော် ဌာပနာထားသော စေတီအမှတ်ဖြင့် တောပန်း၊ တောင်ပန်းတို့ဖြင့် အမြဲပူဇော်လေ၏၊ ထိုကောင်းမှုကြောင့် လူ့ပြည်၊ နတ်ပြည် အစုန်အဆန် စည်းစိမ်ခံစား၍ သိကြားမင်း၊ စကြာမင်းအဖြစ် အကြိမ်များစွာဖြစ်ပြီး ဂေါတမဘုရားရှင်လက်ထက်၌ အဘိညာဏ် ၆-ပါးနှင့် ပြည့်စုံသော ရဟန္တာဖြစ်ရလေ၏၊

(အပါဒါန်၊ ဋ္ဌ-ဒု-၈၇)

ထို့ပြင် ဝိပဿီဘုရားလက်ထက်မှာပင် ဟိမဝန္တာ ကုက္ကုရတောင်အနီး ရသေ့ကျောင်း၌ နေထိုင်သော တပည့်ငါးထောင်တို့၏ ဆရာရသေ့ကြီးသည် ရောဂါကြောင့် ဘုရားထံ မသွားနိုင်သဖြင့် ဂုဏ်တော်ကို ကြည်ညို၍ ပန်းစေတီပြုကာ ဝိပဿီဘုရားအား ရည်မှန်း၍ ပူဇော်လှူဒါန်းလေ၏၊ ထိုကောင်းမှုကြောင့် ဗြဟ္မာ့ပြည်၌ ဖြစ်ရပြီး ဂေါတမဘုရားလက်ထက်၌ ပုပ္ဖထူပိယထေရ် (ပန်းစေတီတည်ထားပူဇော်သော မထေရ်) ဟု ကျော်ကြားသော ရဟန္တာဖြစ်လေသည်။

သဲပုံစေတီ၊ ပန်းစေတီများပင် ဤမျှ အကျိုးကြီးလျှင် ထူးကဲစွာ ပူဇော်နိုင်သမျှ ထူးကဲစွာ အကျိုးပေးမည်သာ ဖြစ်ပါသည်။

(ခ) ကျောင်း၊ သိမ်၊ ဇရပ် လှူရခြင်းအကျိုးများ

မင်းကွန်းတိပိဋက ဆရာတော်ကြီး ရေးသားသော အပါဒါန်လာ ကျောင်းလှူရခြင်းအကျိုးများ-

သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊ မဟာသာသနိက၊ ဝိဟာရကျောင်း၊ တန်ဆောင်းအလှူ၊ ဆောက်လှူသူတို့၊ ကြီးထူကဲဝှန်၊ ကျိုးရ ဟန်ကို၊ ကျမ်းဂန်ထောက်ချင့်၊ နိဒါန်းဖွင့်သော်-

(၁) နတ်နှင့်လူဝယ်၊ သန္ဓေတွယ်၍၊

(၂) လိုဖွယ်မတ၊ ဆောက်အုံရ၏၊

(၃) မထကြက်သီး၊ ကိုယ်လည်းမလှုပ်၊ ကြောက်ရုပ်မထင်၊ ထိတ်လန့်စင်၏၊

(၄) ခြင်္သေ့သစ်ကျား၊ သားရဲများနှင့်၊ ဖမ်းစားကလူ၊ နှိပ်စက်မူသား၊ တောသူဘုတ်ပြိတ်၊ အဆိပ်ထန်ပြင်း၊ မြွေနှင့်ကင်းက၊ အဆင်းဖောက်ပြန်၊ ကုမ္ဘာန်ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း၊ ဘေးလွတ်ရှောင်း၏၊

(၅) မကောင်းအိပ်မက်၊ မမြင်မက်ဘူး၊

(၆) ထင်လျက်သတိ၊ ခိုင်မြဲဘိ၍၊ ဝိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊ ရူးသွပ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊ ကျိုးဆက်ကောင်း၏၊

(၇) နောက်နှောင်းဘဝ၊ ပစ္ဆိမဝယ်၊ ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု၊ ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည်၊ ဆောက်ဦးလှူကျိုး ခုနစ်တည်း။

တဖန် ကျောင်းလှူကျိုး ၈-ပါး

ရွှေဘုံပေါ်ပေါက်၊ ထိတ်ကြောက်လန့်ကင်း၊ ဘေးရန်ရှင်းပျောက်၊ မခြောက်ယက္ခ၊ ပါပမမက်၊ ဘဝဆက်သိ၊ မြဲသတိသည်၊ မှတ်ဘိကျောင်းလှူရှစ်မျိုးတည်း။

(ဂ) ရဟန်းခံ ရှင်ပြုအကျိုးများမှာ-

အထူးသဖြင့် သပိတ်၊ သင်္ကန်း စသော ပရိက္ခရာများကို လှူဒါန်းသဖြင့်

ရွှေသို့အဆင်း၊ ညစ်ကြေးကင်း၍၊ ရောင်ဝင်းထိန်ပ၊ နူးညံ့လှ၏၊ မကသိန်းဖိုး၊ ပုဆို ရလေ၊ ညို,ရွှေ,ဖြူ,နီ၊ ဤရှစ်လီနှင့်၊ ကြီးလင့်ကံအား၊ ယောကျ်ားဖြစ်ဘိ၊ ဧဟိဘိက္ခု၊ သဗ္ဗညုတ၊ ခေါ်ပြုမြွက်ဟ၊ မိန်းမဘဝ၊ လက်ခတသိန်း၊ တွက်ကိန်းတန်ဖိုး၊ ကိုးကုဋေမျှ၊ လေးလအချိန်၊ ပန်းတိမ်ငါးရာ၊ မှန်စွာလုပ်ရ၊ မဟာလတာ၊ ခေါ်တန်ဆာကို၊ ဝတ်ကာဆင်မြန်း၊ မြတ်ရွှေကျမ်းဝယ်၊ ဤတဆယ်၊ မှတ်ဖွယ် သင်္ကန်းလှူကျိုးတည်း။

(အပါဒါန်နှင့် ဓမ္မပဒ)

အဘိဓမ္မာအဋ္ဌကထာ၌ အဘိဓမ္မာ၊ ကျမ်းအလာကား၊ ကောင်းစွာအဆင်း၊ ကောင်းခြင်းအသံ၊ တတန်အနံ့၊ မွှေးပျံ့လှိုင်စွာ၊ ရသာဘောဂ၊ သုံးဆောင်ရလျက်၊ ဖဿကိုယ်မှာ၊ နူးညံ့စွာနှင့်၊ ပမာဂွမ်းလား၊ ကင်းငြားအနာ၊ ချမ်းသာသုခ၊ ဤခြောက်ဝကို၊ နိစ္စမလွဲ၊ စံရမြဲ။

သပိတ်လှူရကျိုး-

ရွှေငွေပတ္တမြား၊ သုံးပါးခွက်ရ၊ ဘယကင်းလေ၊ သူရိုသေ၏၊ များထွေလောဘ၊ ဘောဂမပျက်၊ စိတ်လက်တည်ကြည်၊ လိုသည်တရား၊ ခေါင်းပါးကိလေ၊ ဤဆယ်ထွေသည်၊ ပတ္တေသပိတ် လှူကျိုးတည်း။

ရှင်ပြုရဟန်းခံပွဲ၌ ဆွမ်းအာဟာရ လှူဖွယ်အမျိုးမျိုးတို့အတွက်လည်း သီးသန့်အကျိုးများစွာ ရှိပါသေး၏၊ နောက်ဆုံး နိဗ္ဗာန်တိုင်ထိ အကျိုးများစွာ ရနိုင်ပေ၏၊

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အဝီစိငရဲကြီး တည်ရာ

(မေး) (အဝီစိငရဲကြီး တည်ရာ)

အရှင်ဘုရား၊ သုပ္ပဗုဒ္ဓ၊ ဒေဝဒတ်၊ စိဉ္စမာနတို့ မြေမျိုရာဒေသသည် မဇ္ဈိမဟုဆိုသဖြင့် အာရှတိုက်ဖြစ်သည်မှာ သေချာပါသည်။ သို့သော် ဤကမ္ဘာပေါ်၌ တိုက်ကြီး ခုနစ်တိုက်ရှိရာ အခြားတိုက်များမှ ငရဲကျမည့်သူများဆိုလျှင် မည်သို့မြေမျိုးနည်း။ အခြားတိုက်ကြီးများ အောက်၌လည်း ငရဲပြည်ရှိနိုင်ပါသလား။ အဝီစိငရဲကြီး တည်နေရာနှင့် အတိုင်းအတာကိုလည်း သိရှိလိုပါသည်ဘုရား။

(ဖော်စ်ချီ၊ တောင်ကြီး)

(ဖြေ)

ကျမ်းဂန်များတွင် အာရှတိုက်စသည်မဆို ယူဇနာတသောင်းကျယ်သော ဤကမ္ဘာမြေကြီးအောက်တွင် ငရဲကြီးရှစ်ထပ်တို့ အထက်အောက် ရှိနေကြသည်။

ထိုရှစ်ထပ်မှာ -၁-သိဉ္ဇိုး၊ ၂-ကာလသုတ်၊ ၃-သင်္ဃာတ၊ ၄-ရောရုဝ၊ ၅-မဟာရောရုဝ၊ ၆-တာပန၊ ၇-မဟာတာပန၊ ၈-အဝီစီ တို့တည်း။ ထိုငရဲကြီးတို့သည် ငရဲတခုနှင့်တခု ယူဇနာ ၁၅၀၀၀-စီ ဝေးကွာကြသည်။

ငရဲတထပ်တထပ်တွင် ၁-ဘင်ပုပ်ငရဲ၊ ၂-ပြာပူငရဲ၊ ၃-လက်ပံတောငရဲ၊ ၄-သန်လျက်ရွက်တောငရဲ၊ ၅-ကြိမ်ပိုက်ချောင်းငရဲ၊ ဟူ၍ ငရဲငယ် ၅-ခုစီ ရှိ၍ရှိနေသည်။ ထိုတွင် မီးလျှံ၊ သတ္တဝါ၊ ဆင်းရဲဒုက္ခတို့ အကြားမရှိသော ငရဲကို အဝီစိငရဲဟု ခေါ်သည်။ အဘိဓမ္မာဘုံပိုင်းတွင် ပြဆိုထားသည်။ အကျယ်ကို ထိုအဘိဓမ္မာ ဘုံပိုင်းဆိုင်ရာတွင် လေ့လာစေလိုပါသည်။

(မှတ်ချက်။ တယူဇနာဟူသည်မှာ ယခုခေတ် ၈-မိုင် ကွာဝေးပါသည်။)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အသက်တထောင့်သုံးဆယ်

(မေး) (အသက်တထောင့်သုံးဆယ်)

အရှင်ဘုရား၊ သက်တော် ၁၀၃၀-ရှိသည်ဆိုသည်မှာ ဖြစ်နိုင်ပါသလားဘုရား။ လူ့သက်တမ်းတရာခေတ်၌ အသက် ၁၀၃၀-ရှိသည်ဆိုသော ထွက်ရပ်ပေါက်ဝိဇ္ဇာဓိုရ် ဆရာတော်ကြီးများ ပေါ်ပေါက်နေပါသည်။ မြတ်စွာဘုရားလက်ထက်တော်၌ ထိုကဲ့သို့ သက်တမ်းရှည်သော ရဟန္တာပုဂ္ဂိုလ်ကြီးများ ရှိခဲ့ပါသလား။ ရှိခဲ့ပါလျှင် သက်တော်အရှည်ဆုံးသော ရဟန္တာ အရှင်သူမြတ်၏ သက်တော်နှင့် အမည်နာမတော်ကို သိလိုပါသည်။ ဖြေကြားပေးတော်မူပါအရှင်ဘုရား။

(ရေလှိုင်း-ဆားငန်မြေ)

(ဖြေ)

သက်တမ်းတရာတမ်းတွင် အလွန်ကုသိုလ်ကောင်းပါမှ အသက်တရာထက် အနည်းငယ်သာ ပို၍နေရကြောင်း၊ မည်မျှ ကုသိုလ်ကောင်းသည်ဖြစ်စေ အသက်နှစ်ရာအထိ မနေရကြောင်း ဘုရားဟောတော်မူချက် ရှိလေသည်။ ဒုတိယံ ဝဿသတံ အပတွာ ဝီသာယ ဝါ၊ တိံသာယ ဝါ စတ္တာလီသာယ ဝါ ပညာသာယ ဝါ သဋ္ဌိယာ ဝါ ဝေဿ ဟိ အဓိကမ္ပိ ဝဿသတန္တိ အတ္ထော၊ သဗ္ဗမ္ပိဟေတံ၊ ဒုတိယံ ဝဿသတံ အပတ္တတ္တာ အပ္ပန္တိ ဝုတ္တံ။ (အဘိ ဋ္ဌ ၂-၅၀၃) အသက်အရှည်နိုင်ဆုံး တရာ့ခြောက်ဆယ်သာ ဖြစ်နိုင်သည်။ မြတ်စွာဘုရားလက်ထက်က အရှင်ဗာကုလမထေရ်သည် သက်တော် ၁၆၀-ရှည်ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် ဤလူ့သက်တမ်း တရာခေတ်တွင် အသက်တထောင်ကျော် ရှည်သူ မရှိနိုင်ကြောင်း၊ အသက် နှစ်ရာထိ ရှည်သူပင် မရှိကြောင်း မှတ်းသားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အသက်သိက္ခာ ဂုဏ်ဝါ ကြီးသူတို့အား ရှိခိုးခြင်း

(မေး)။ မိမိထက် အသက်သိက္ခာ ဂုဏ်ဝါ ကြီးသူတို့အား ရှိခိုးခြင်းကြောင့် ရအပ်သည့် အကျိုးတရားများကို သိလိုပါသည်။

(မောင်ဉာဏ်လင်း-သုံးဆယ်)

(ဖြေ)။ အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဒ္ဓါ ပစာယိနော။

စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။ ဟု

ဓမ္မပဒပါဠိတော်တွင် ဘုရားဟောတော်မူသည့်အတိုင်း မိမိထက် အသက်သိက္ခာ ဂုဏ်ဝါ ကြီးသူတို့အား ရှိခိုးခြင်းကြောင့် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိခြင်း၊ ကိုယ်အား ဉာဏ်အား ကြီးမားခြင်း အကျိုးတရား လေးမျိုးကို မျက်မှောက်ဘဝတွင်ပင် ရရှိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အသက်နှစ်ဆယ် မပြည့်မီ ရဟန်းပြုခြင်း

(မေး) (အသက်နှစ်ဆယ် မပြည့်မီ ရဟန်းပြုခြင်း)

အသက်နှစ်ဆယ် မပြည့်မီ ရဟန်းပြုသောသူသည် ရဟန်းဖြစ်ပါသလား ဘုရား။

၄င်းပုဂ္ဂိုလ်သည် မည်ကဲ့သို့ အကျိုးအပြစ် ရှိကြောင်းနှင့် သိက္ခာမချဘဲ ရဟန်းဘဝမှ လူထွက်နိုင်ပါသလား ဘုရား။

(ဖြေ)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အသညသတ်ဘုံနှင့် ရပ်ပြစ်ရှစ်ပါး

(မေး) (အသညသတ်ဘုံနှင့် ရပ်ပြစ်ရှစ်ပါး)

အရှင်ဘုရား၊ (၁) ရူပ ၁၆-ဘုံတွင် အသညသတ်ဘုံသည် ရပ်ပြစ်ရှစ်ပါးတွင် ပါဝင်သည်ဟူ၍၄င်း၊ အသညသတ်ဗြဟ္မာများသည် အဟိတ်ပုဂ္ဂိုလ်များ ဖြစ်သည်ဟူ၍၄င်း၊ ဆိုကြသည်ကို မှတ်သားရဖူးပါသည်။

ဗြဟ္မာ့ဘုံများသည် ဘုံစဉ်အရ နတ်ပြည်ခြောက်ထပ်ထက်ပင် အထက်တန်းကျ မြင့်မြတ်သည်ဟု တပည့်တော်များ ယူဆထားမိပါသည်။ သို့ဆိုလျှင် ဗြဟ္မာ့ဘုံတဘုံဖြစ်သော အသညသတ်ဘုံမှာ ရပ်ပြစ်ရှစ်ပါးတွင် ပါဝင်ပြီး ပုဂ္ဂိုလ်မှာလည်း အဟိတ်ပုဂ္ဂိုလ်များ ဖြစ်ရသည်ကို ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

(၂) ဘဝဂ်ဟူသည်မှာ မည်သည့်ဘုံကိုခေါ်ဆိုပါသနည်း။ အဘယ့်ကြောင့် ဘဝဂ်ဟု ခေါ်ဆိုရကြောင်းကိုပါ ဖြေကြားပေးတော်မူပါဘုရား။

(ဦးအောင်သန်း-ဒဂုံမြို့သစ်တောင်ပိုင်း)

(ဖြေ)

အသညသတ်ဘုံသည် ဘုရားဖူးခြင်း၊ တရားနာခြင်း စသော အခွင့်များ ဆုံးရှုံးရသော ရုပ်ချည်းသက်သက်ရှိသော ဘုံဌာနဖြစ်၍ ရပ်ပြစ် ၈-ပါးတွင် ထည့်ထားခြင်း ဖြစ်ပါသည်။

အဟိတ်ပုဂ္ဂိုလ်ဖြစ်ရခြင်းမှာ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဟိတ်များနှင့် မယှဉ်သည့်အတွက် အဟိတ်ပုဂ္ဂိုလ်ဟု ခေါ်ထားခြင်း ဖြစ်ပါသည်။ အဟိတ်ပဋိသန္ဓေနှင့် ယှဉ်သောကြောင့် အဟိတ်ပုဂ္ဂိုလ်ဟု ခေါ်ခြင်းမဟုတ်ပါ။

ဘဝဂ်ဟူသည် ဘဝဂ္ဂ=ဘဝ+အဂ္ဂ=ဘုံတို့၏ ထိပ်ဆုံး ၃-ဘုံကိုခေါ်ဆိုခြင်းဖြစ်ပါသည်။

၃၁-ဘုံတွင် ဗြဟ္မာ့ပြည် ၂၀-ရှိရာ အရူပလေးဘုံ၌ နေဝသညာ နာသညာယတနဘုံသည် ထိပ်ဆုံးဖြစ်၍ အရူပလေးဘုံတို့၏ ဘဝဂ်ဘုံဖြစ်သည်။ ထို့ပြင် နေဝသညာ နာသညာယတနဘုံသည် ၃၁-ဘုံ တို့၏ ထိပ်ဆုံးဘဝဂ်ဘုံလည်း ဖြစ်ပါသည်။

သဒ္ဓါဝါသ ၅-ဘုံတွင် အကနိဋ္ဌဘုံသည် သုဒ္ဓါဝါသ ၅-ဘုံတို့၏ ထိပ်ဆုံးဘဝဂ်ဘုံ ဖြစ်ပါသည်။ (အရိယာတို့၏ ဘဝဂ်ဘုံဟုလည်း ခေါ်ပါသည်)။ ကြွင်းသော ဗြဟ္မာ ၁၀-ဘုံတွင် ဝေဟပ္ဖိုလ်ဘုံသည် ထိပ်ဆုံးဖြစ်၍ ကြွင်းသော ဗြဟ္မာ ၁၀-ဘုံတို့၏ ဘဝဂ်ဘုံဖြစ်သည်။ ဝေဟပ္ဖိုလ်ဘုံကို ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ ဘဝဂ်ဟုလည်း ဆို၏၊ ဝေဟပ္ဖိုလ်၏ အထက် သုဒ္ဓါဝါသဘုံများသည် အရိယာများသာ ရှိကြသဖြင့် ဝေဟပ္ဖိုလ်ဘုံကို ပုထုဇဉ်တို့၏ ဘဝဂ်ဟု ခေါ်ခြင်း ဖြစ်သည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အသုဘ ရှုခြင်း

(မေး) (အသုဘ ရှုခြင်း)

ဆရာတော်ဘုရား၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ အသုဘကမ္မဋ္ဌာန်းရှုသော ယောဂီပုဂ္ဂိုလ်သည် ဝိသဘာဂဖြစ်သော သူသေကောင်ကို မရှုပွားရဟု မှတ်သားခဲ့ဖူးပါသည်။

လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူသော ကမ္မဋ္ဌာန်းကျမ်းကြီး စာအုပ်၌မူ ဝိသဘာဂဖြစ်သော သူသေကောင်ကို ရှုပွားရမည်ဟု မှတ်သားရပြန်ပါသည်။

မည်သည့်အယူအဆက မှန်မည်ဆိုသည်ကို ဘုရားရှင်အလိုတော်ကျ ဆုံးဖြတ်ပေးတော်မူပါဘုရား။

(မောင်ဉာဏ်မော်-အရှေ့ငယ်တိုးရွာ၊ ကျောက်ဆည်မြို့)

(ဖြေ)

မဟာကာဠ မထေရ်သည် ရဟန္တာမဖြစ်မီ သုဿာန်၌ သေလွန်ခါစဖြစ်သည့် ဝိသဘာဂ သူကောင်ကိုကြည့်ရှု၍ အသုဘရှုပွားရာ အသုဘမထင်နိုင်ဘဲ ရာဂသာ ပွားနေ၍ အခက်အခဲ ဖြစ်နေကြောင်း၊

ထိုဝိသဘာဂ သူကောင်ကို မီးသဂြိုဟ်နေခိုက် ထပ်မံရှုပွားရာ ရုပ်ဆင်းပျက်၍ နှစ်သက်ဖွယ်မရှိမှ အသုဘထင်ကာ ရဟန္တာဖြစ်ရကြောင်း ဝတ္ထုနှင့်

အလွန်လှပသော သီရိမာ ကွယ်လွန်၍ ၄-ရက်ခန့် မီးမသဂြိုဟ်ရသေးဘဲ ထားစေ၍ အလွန်ရုပ်ပျက် ပုပ်ပွ အသုဘလုံးလုံးဖြစ်မှ လူအများကို ကြည့်ရှုစေရာ သီရိမာအား စွဲမက်နေသူ ရဟန်းတပါး ထိုအခါမှ အသုဘထင်၍ တရားရ ရဟန္တာဖြစ်သွားကြောင်း ဝတ္ထုကို နှိုင်းယှဉ်သုံးသပ်၍ အခြေအနေအရ နှစ်မျိုးစလုံးပင် မှန်ကန်ကြောင်း သိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အသုဘ ကမ္မဋ္ဌာန်း ၁၀-ပါး

(မေး) (အသုဘ ကမ္မဋ္ဌာန်း ၁၀-ပါး)

အရှင်ဘုရား၊ ကမ္မဋ္ဌာန်း ၁၀-ပါးရှိသည်ဟု မှတ်သားဖူးပါသည်။ အသုဘကမ္မဋ္ဌာန်းအားလုံး မတင့်တယ်ဖွယ်၊ မနှစ်သက်ဖွယ် အတူတူပင်ဖြစ်၍ အသုဘကမ္မဋ္ဌာန်းကို တမျိုးတည်းဟု သတ်မှတ်လျှင် ရနိုင်ပါသလားဘုရား။ အသုဘ ၁၀-ပါး၏ ပါဠိအနက်အဓိပ္ပါယ်တို့ကို အကျဉ်းချုပ်၍ မှတ်သားရလွယ်ကူအောင် ဖြေကြားပေးတော် မူပါဘုရား။

(မြဂိုးလူ-တမူးမြို့)

(ဖြေ)

အသုဘ ဟူသမျှသည် မတင့်တယ်ဖွယ် အတူတူပင် ဖြစ်ပါသည်။ အမျိုးသားနှင့် အမျိုးသမီး ရာဂစရိုက်-တပ်မက်နှစ်သက်မှု များသောပုဂ္ဂိုလ်များအတွက် ရာဂစရိုက် လျော့ပါးအောင် အသုဘကမ္မဋ္ဌာန်းကို ရှုရပါသည်။ ထိုသို့ရာဂစရိုက် ဖြစ်ပေါ်ရာ၌ တပ်မက်နှစ်သက်မှု ပုံစံ အမျိုးမျိုးရှိကြသည့်အတွက် ထိုတပ်မက်နှစ်သက်မှု ကွဲပြားသည့် အလျောက် အသုဘ ၁၀-မျိုး ခွဲခြမ်းထားခြင်း ဖြစ်ပါသည်။

(၁) ကိုယ်နေဟန်ထား-ကာယအလှမောင်မယ်တို့၏ ပုံသဏ္ဍာန်မျိုးကို စုံမက်နှစ်သက်သော စရိုက်ရှိသူသည် ဥဒ္ဓုမတာကအသုဘ=သေပြီး သုံးလေးငါးရက် ဖူးဖူးရောင်ထနေသော ပုံသဏ္ဍာန် မတင့်တယ်သည့် သူသောကောင်ကို ရှုရမည်။

(၂) အရောင်အဆင်း ဝါဝင်းဖြူဖွေးသောအဆင်းကို နှစ်သက်တပ်မက်သူသည် ဝိနီလကအသုဘ=ညိုမဲနေသော အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။

(၃) အမွှေးနံ့သာ ပန်းနံ့သာ ဆင်မြန်းထားသဖြင့် ကိုယ်နံ့တသင်းသင်း မွှေးပျံ့ခြင်းကို စုံမက်သောစရိုက်ရှိသူသည် ဝိပုဗ္ဗကအသုဘ=ပြည်ပုပ်များယိုကျသဖြင့် ပုပ်ဟောင်နေသော အသုဘကို ရှုရမည်။

(၄) တစုတပေါင်းတည်း လုံးလုံးကျစ်ကျစ် တဆက်တစပ်တည်း တင့်တယ်မှုကို စုံမက်သောသူသည် ဝိစ္ဆိန္ဒကအသုက=ခါးတပိုင်း ပြတ်နေသော အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။

(၅) အိအိစက်စက် အသားဆိုင်ညက်ညက် ဖောင်းဖောင်းအိအိ ပြည့်ပြည့်ဖြိုးဖြိုး နှစ်သက်တတ်သူသည် ဝိက္ခာယိတကအသုဘ=ကျီး၊ ခွေး၊ လင်းတတို့ အသားဆိုင်များကို ကိုက်စားထားသဖြင့် ပုံပန်းပျက်နေသော သူသေကောင်ပုပ်ကို ရှုရမည်။

(၆) ခေါင်း၊ ခါး၊ ခြေ၊ လက်၊ အင်္ဂါကြီးငယ် တင့်တယ်လှသည်ဟု တစိမ့်စိမ်ကြည့်ရှု နှစ်သက်သောသူသည် ဝိက္ခာယိတကအသုဘ=ခြေ၊ လက်၊ ကိုယ်၊ ခေါင်း၊ တကွဲတပြားစီ ပစ်ထားသော မနှစ်သက်ဖွယ် အသုဘကို ရှုရမည်။(တခုချင်းဖြစ်နေလျှင် နှစ်သက်ဖွယ်မဟုတ်တော့)။

(၇) ရွှေငှက်ပျောအသွင် မထင်ရိုးဆစ်၊ ချေမောပြေပြစ်သော ခန္ဓာကိုယ်ကို နှစ်သက်သူသည် ဟတဝိက္ခိတ္တကအသုဘ=ဒဏ်ရာအမျိုးမျိုး မွှမ်းထား ခုတ်လှီးထားသော မတင့်တယ်ဖွယ် အသုဘကို ရှုရမည်။

(၈) ရွှေငွေတန်ဆာ ရတနာအမျိုးမျိုးတို့၏ အရောင်ကြောင့် ပြောင်ပြောင်လက်လက် တင့်တယ်သည်ဟု နှစ်သက်တတ်သူသည် လောဟိတကအသုဘ=ဒဏ်ရာအမျိုးမျိုးတို့မှ သွေးများယိုစီးကျနေသော အသုဘ အကောင်ပုပ်ကို ရှုရမည်။

(၉) ငါတဦးတည်း ပိုင်နိုင်စိုးမိုးသည်ဟု မြတ်နိုးစုံမက်တတ်သူသည် ပုဠုဝကအသုဘ=မရေတွက်နိုင်သော ပိုးလောက်တို့ တဖွားဖွားကျနေသော သူသေကောင်ပုပ်ကို ရှုရမည်။

(၁၀) ဖြူဖွေးသောသွား၊ ပုလဲကုံးအလားဟု အရိုးကောင်းဖြစ်အင် ခုံမင်နှစ်သက်သူသည် အဋ္ဌိကအသုဘ= အရိုးများကျနေသော အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အသုဘပို့

(မေး) (အသုဘပို့)

ကွယ်လွန်သောသူ၏ အလောင်းကို သချႋုင်းသို့ သယ်ယူထမ်းဆောင် ချပို့သူ လူပုဂ္ဂိုလ်တို့ အဘယ်ကဲ့သို့ ကုသိုလ်အကျိုးတရားများကို ရရှိနိုင်ပါသနည်း၊ သာဓကများဖြင့် ရှင်းလင်းဖြေကြားပေးပါဘုရား။

(ဖြေ)

အသုဘအလောင်းကို သုသာန်သချႋုင်းသို့ ပို့ဆောင်ရာ၌ အသုဘရှုဟူသည်နှင့်အညီ မိမိခန္ဓာကိုယ် အပါအဝင် မည်သည့်ခန္ဓာမဆို အသုဘဖြစ်ပုံကို နှလုံးသွင်းလျက် ထိုအသုဘကို အိမ်တွင်း၊ ရွာတွင်း၊ မြို့နယ်တွင်းမှ ထုတ်ဆောင်ရှင်းလင်း၍ သန့်ရှင်းအောင် ပြုလုပ်ရသည်ဟု သဘောထားလျှင် ကုသိုလ်ထူးစွာ ဖွံ့ဖြိုးကြီးကျယ်လှသည်၊

ပဉ္စဝဂ္ဂီတို့နောက် တရားထူးရသော ယသ သတို့သားနှင့် သူငယ်ချင်း ၅၅-ဦးတို့ ဦးဦးဖျားဖျား ဧဟိဘိက္ခု ရဟန္တာပုဂ္ဂိုလ်များ ဖြစ်ရသည်မှာ ရှေးဘဝက ဇရပ်တွင် သေနေသော ခရီးသွားတဦး၏ ပုပ်စပြုနေသော အလောင်းကို စိတ်တူ၊ သဘောတူ၊ သုသာန်သချႋုင်းသို့ ပို့ဆောင်ခဲ့ရသော ကုသိုလ်ကြောင့်ပင် ဖြစ်လေသည်၊ ထို့ကြောင့် လူမှုရေးအရ မလွဲသာ၍ အသုဘပို့ဆောင်ရသည့်တိုင်အောင် ကုသိုလ်ဖြစ်အောင် ယောနိသောမနသိကာရ ထားရှိသင့်သည်ဟု ဖြေကြားလိုပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အသုဘအိမ်နှင့် တရားတော်များ

(မေး) (အသုဘအိမ်နှင့် တရားတော်များ)

ဆရာတော်အရှင်ဘုရား၊ ယခုအခါ အသုဘအိမ်အချို့တွင် သေဆုံးသွားသူအတွက်ရော မိမိတို့ အိမ်သားတွေ အတွက်ပါ အကျိုးဖြစ်စေခြင်းငှါ ညဉ့်အချိန်များတွင် ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ ပဋ္ဌာန်းဒေသနာ၊ ပရိတ်တရားတော်များကို ဝတ်အသင်းအဖွဲ့များ ပင့်ဖိတ်ရွတ်ဖတ်ကြသည်၊ ဤကဲ့သို့ မင်္ဂလာရှိသော မြင့်မြတ်သည့် ဒေသနာတော်များကို ဘုရားရှင် နှုတ်ကပါဌ်တော်များဖြစ်၍ ရွတ်ဆိုခြင်း သင့်-မသင့် ဖြေကြားပေးစေလိုပါသည်။

(ဒေါ်ယဉ်မေ-(ဆရာမ) ကညွတ်ကွင်း)

(ဖြေ)

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့က အသုဘကို အမင်္ဂလာဟုဆိုကာ ကောင်းသောမင်္ဂလာကိစ္စများ မပြုကြပါ၊

အမှန်မှာ အသုဘများတွင် ကောင်းမွန်မြင့်မြတ်သော ဒါနမှု သီလမှု ဘာဝနာမှုများကို အလေးပေးပြုလုပ်သင့်ပါသည်၊

ပြဿနာရှင်၏စာတွင် ပါသကဲ့သို့ သေဆုံးသွားသူအတွက်ရော မိမိတို့ အိမ်သားတွေအတွက်ပါ လှူဒါန်းခြင်း၊ အမျှအတမ်းဝေခြင်း၊ ကိစ္စများသာမက ဓမ္မစကြာစသော တရားတော်များ ရွတ်ဆိုခြင်းများကို ပြုသင့်ပါသည်၊ မြတ်စွာဘုရားကိုယ်တော်တိုင်ပင် သီရိမာ၏ အသုဘအိမ်သို့ကြွသွား၍ တရားဟောသဖြင့် လူနတ်များစွာ အကျွတ်တရား ရကြပါသည်၊ အချို့အရပ်တို့တွင် အသုဘချရာ၌ ဝတ်အသင်းများကိုဖိတ်၍ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်များကို ရွတ်ဆိုစေကြသည်ကို တွေ့ရပါသည်၊ ကောင်းသောအပြုအမူပင် ဖြစ်ပါသည်။

ပြဿနာရှင်ဖော်ပြသကဲ့သို့ အသုဘအိမ်တွင် ညစဉ်ရွတ်ဆိုစေလျှင် ဗုဒ္ဓဘာသာသမ္မာနွယ်ဝင် သူတော်စင်များပီပီ အလွန်ကောင်းမွန်သော အလေ့အထတခု ပေါ်ပေါက်လာနိုင်၍ အသုဘအိမ်တွင် အလွန်ဆိုးဝါးသည့် ဖဲဝိုင်းထောင်သောအလေ့ကို တွန်းလှန်ပယ်ရှား၍ ပစ်နိုင်ဖွယ်ရာပင် ဖြစ်ပေလိမ့်မည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အသုရကာယ် ဟူသည်

(မေး) (အသုရကာယ် ဟူသည်)

အရှင်ဘုရား၊ ပြိတ္တာကို လူအတော်များများ သိနားလည်ကြသော်လည်း အသုရကာယ်ကို သိနားလည်ခြင်း မရှိပါ။ အသုရကာယ်သည် ပြိတ္တာထက် ပို၍ အဆင့်မြင့်-မမြင့်၊ ဒုက္ခ ပိုသက်သာ-မသက်သာ၊ အမျှဝေလျှင် ရနိုင်-မရနိုင် နှင့် ၄င်းအကြောင်း သိသင့် သိထိုက်သည်များကို မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။

(ဦးမောင်ဦး-မီးရထား ဆေးပေးခန်း၊ တောင်ငူ)

(ဖြေ)

အမေးရှင်-မေးထားသလို ပြိတ္တာအကြောင်း သိသူတွေ များကြပါသည်။ (ပေတဝတ္ထုများ ဖတ်ကြည့်ကြပါရန်) အသုရာ၏ အဓိပ္ပါယ်မှာ နတ်များကဲ့သို့ အစိုးရမှု၊ တောက်ပမှု၊ မြူးတူးပျော်ပါးမှုတို့ မရှိသောသတ္တဝါဟု စာပေက ဆိုပါသည်။ ဤအဓိပ္ပါယ်မှာ အသုရာအားလုံးကို မခြုံငုံမိဘဲ ဖြစ်နေပါသည်။

ကျမ်းဂန်တို့၌ အသုရာကာယ်သည် နတ်မျိုး၌ ဝင်သော အသုရာ၊ ပြိတ္တာမျိုး၌ဝင်သော အသုရာ၊ ငရဲ၌ အကျုံးဝင်သော အသုရာ စသည်ဖြင့် အမျိုးမျိုး ပါဝင်နိုင်သောကြောင့် အသုရကာယ်နှင့် ပတ်သက်၍ နားမလည်ဘဲ ဖြစ်နေကြပါသည်။

(အသုရာ ၅-မျိုး ရှိသည်)

၁။ ဝေပစိတ္တိ အသုရာ (နတ်အသုရာ)

မြင်းမိုရ်တောင်အောက်၌နေသော နတ်အသုရာ၊ တာဝတိံသာနတ်တို့လောက် မရဲရင့် မတောက်ပသော (ဓဇဂ္ဂသုတ်၊ အသုရာ သံယုတ်တို့၌လာသော) သိကြားမင်းနှင့် စစ်ခင်းသည့် ဝေပစိတ္တိ၊ ပဟာရာဒ အစရှိသော အသုရာ နတ်မင်းကြီးတို့ ဖြစ်သည်။

၄င်းအသုရာ နတ်မင်းကြီးတို့သည် တာဝတိံသာ နတ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဝေပစိတ္တိ နတ်အသုရာဟု ခေါ်ကြ၏၊ တာဝတိံသာနတ်တို့၌ အကျုံးဝင်သော နတ်အသုရာ ဖြစ်သည်။

၂။ ဝိနိပါတိက အသုရာ (နတ်သေး၊ နတ်မွှား အသုရာ)

သဂါထာဝဂ္ဂ၊ ယက္ခသံယုတ်၌လာသော ဘုမ္မစိုးနတ်ကြီးများကို မှိခိုကပ်ရပ်နေရပြီး တန်ခိုးဣဒ္ဓိပါဒ် နုံ့နဲ့လှသော နတ်ကလေးများကို အထက်နတ်တို့အောက် ယုတ်ညံ့သေးသိမ်ကုန်သောကြောင့် ဝိနိပါတိကအသုရာဟု ခေါ်ကြ၏၊ စတုမာဟာရာဇ်နတ်မျိုး၌ အကြုံးဝင်သောနတ်အသုရာတို့ ဖြစ်၏၊

၃။ ဝေမာနိက အသုရာ

ရံခါ နတ်ကဲ့သို့ စည်းစိမ်ခံစားရပြီး ရံခါ ပြိတ္တာကဲ့သို့ ငရဲကဲ့သို့ ဒုက္ခခံစားရသော အသုရာများ ဖြစ်သည်။ ဤဝေမာနိက အသုရာမျိုးမှာ အလွန်တရာ ကျယ်ပြန့်ပါသည်။ ငရဲပြည်က ယမမင်းကြီးများ၊ ပြိတ္တာမျိုးတို့တွင် တန်ခိုးကြီးသော ပြိတ္တာဘုရင်၊ ပြိတ္တာမင်းကြီးများ၊ ငရဲမင်းကြီးများ၊ ငရဲထိန်းများ၊ မိတ္တဝိန္ဒကဇာတ်၌ လာသော ပင်လယ်ပြင်၌ ဗိမာန်အမျိုးမျိုးနှင့် ချမ်းသာတလှည့်၊ ဆင်းရဲတလှည့် စံနေရ၊ ခံနေရသော နတ်ပြိတ္တာတို့သည် ဗိမာန်အမျိုးမျိုးနှင့် နေကြသောကြောင့် ဝေမာနိက ပြိတ္တာ အသုရာဟု ခေါ်ကြ၏၊ ဝေမာနိက အသုရာတို့သည် စတုမဟာရာဇ်နတ်မျိုး၌ အကြုံးဝင်၏၊ (အချို့မှာ တိဟိတ်၊ အချို့မှာ ဒွိဟိတ်၊ အချို့မှာ အဟိတ် ပုဂ္ဂိုလ်ဟု အမျိုးမျိုး ရှိနိုင်၏၊)

၄။ လောကန္တရိတ် အသုရာ (ငရဲ အသုရာ)

စကြဝဠာ ၃-ခု အဆုံးသတ်နေရာသည် စက်ဝိုင်း ၃-ခုဆုံရာ အကြားအရပ်ကဲ့သို့ ရှိ၏၊ အပူရှိန် အလင်းရှောင် မရှိတော့၍ အမှောင်ဆုံး အအေးဆုံး နေရာဖြစ်သည်။ ထိုနေရာကို (လောက+အန္တရ=စကြာဝဠာလောက ၃-ခုတို့၏ အကြားအရပ်) လောကန္တရိတ်ငရဲဟုခေါ်သည်။ ၄င်းနေရာ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည် လင်းနို့များကဲ့သို့ စကြာဝဠာနံရံတခုမှ တခုသို့ ပျံသန်း တွယ်ကပ်၍ နေကြကုန်၏၊ အစာစားစရာမရှိ၊ တကောင်နှင့် တကောင် အစာအမှတ်ဖြင့် ကိုက်ကြကုန်၏၊ ထိုအခါ အလွန်အေးစက်လှသော ရေထဲသို့ ပြုတ်ကျပြီး ဆားခဲရည်ထဲကျသကဲ့သို့ အေးလွန်းသဖြင့် ထိုသတ္တဝါများ စိစိညက်ညက် ကြေမွ၍ သေကြရကုန်၏၊ ကံမကုန်သမျှ ထပ်ကာထပ်ကာဖြစ်၍ ခံကြရကုန်၏၊ ငရဲ၌ အကြုံးဝင်သော အသုရာမျိုးဖြစ်သည်ဟု ဗုဒ္ဓဝင် အဋ္ဌကထာ၌ လာရှိသည်။

၅။ ပြိတ္တာ အသုရာ

ခန္ဓဝိဘင်း အဋ္ဌကထာ၌ ပြိတ္တာအသုရာအဖြစ် ကာလကဉ္စိက အသုရာမျိုးကို ဖော်ပြပါသည်။ ၄င်းပြိတ္တာတို့သည် အလွန်မွတ်သိပ်ဆာလောင်ကြသည်။ တချို့အသုရာတို့သည် ဘုရား နှစ်ဆူ သုံးဆူ ပွင့်သော်လည်း တကြိမ်မျှ မစားမသောက်ကြရကြောင်း သိရသည်။

ကာလကဉ္စိက အသုရာတယောက်သည် ညဉ့်အခါ ရေငတ်သဖြင့် ဂင်္ဂါမြစ်တွင်းသို့ ဆင်းရာ မြစ်ရေများ ခန်းခြောက်ပြီး မီးခိုးများသာ ထလာသောဟူ၏၊ တညလုံး ပြေးလွှား၍ ရေရှာသော်လည်း မရရှိဘဲ နံနက်မိုးလင်းသောအခါ ဆွမ်းခံကြွလာသော ရဟန်းသုံးကျိပ်တို့မြင်၍ အကျိုးအကြောင်း မေးမြန်းသိရှိရသော အခါ သဲသောင်ပြင်မှာ ပက်လက်နေစေပြီး ရဟန်းသုံးကျိပ်တို့ သပိတ်ကိုယ်စီဖြင့် ရေခပ်၍ ပါးစပ်ထဲ လောင်းထည့်သော်လည်း လည်ချောင်းတွင်းသို့ ရေ တစက်မျှ မဝင်ဟု သိရသည်။

အပါယ် ၄-ဘုံ၌ ပါဝင်သော အသုရကာယ်ဟူသည်မှာ ယခု နံပါတ် ၅-အမျိုးအစား ပြိတ္တာအသုရာများနှင့် နံပါတ် ၃-အမျိုးအစား ဝေမာနိက အဟိတ်အသုရာများကို ယူသင့်ပါသည်။ ဒုက္ခပိုကြီး-မကြီးကိုတော့ ဦးမောင်ဦး စဉ်စားနိုင်လောက်ပြီဟု ယူဆပါသည်။ အမျှဝေလို့ သိနိုင်၊ ကြားနိုင်မည်ဆိုလျှင် သာဓုခေါ်၍ ဒုက္ခမှ ကျွတ်လွတ်နိုင်ပါသည်။

(ပရမတ္တသံခိပ် ဋီကာနှင့် သင်္ဂြိုဟ်ဘာသာဋီကာ တို့ကို မှီးပါသည်)။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အသုရကာယ်

(မေး) (အသုရကာယ်)

ဆရာတော်ဘုရား၊ တပည့်တော်တို့ကို လူကြီးတွေက မင်းတို့အားလုံးသေရင် အသုရကာယ် ဖြစ်မယ်-ဟုပြောပါသည်၊ အသုရကာယ်ဆိုတာ ဘယ်သတ္တဝါမျိုးကို ခေါ်ပါသလဲ၊ အဘယ်အကုသိုလ်ကို ပြုလုပ်၍ ဖြစ်ကာ အဘယ်မျှ သက်တမ်းရှိသည်ကို သိလိုပါသည်ဘုရား။

(မောင်လပြည့်ဝန်း-ကော့ကရိတ်)

(ဖြေ)

အသုရကာယ်ကား ဘုံသီးခြားမရှိ၊ ပြိတ္တာများကဲ့သို့ပင် လူ့ဘုံရှိ သမုဒ္ဒရာ တော တောင် စသည်တို့၌ တည်သည်။ ပြိတ္တာများထက် ကိုယ်ကာယ၊ ဆင်းရဲဒုက္ခ၊ အသက်တမ်း ကြီးမားရှည်လျားသည်၊ ကာလကဉ္စိက အသုရာ စသည် ဖြစ်၍ ၄င်းတို့ကိုယ်ကာယမှာ ၃-ဂါဝုတ်ခန့် ကြီးမားသည်၊ အသား အသွေး အလွန်နည်းပါးလျက် ဖက်ရွက်ရော်ကဲ့သို့ ကြုံလှီဖျော့တော့သည်၊ ပုဇွန်မျက်စိပမာ မျက်စိတို့က ပြူးရရူးထွက်နေကြသည်၊ မျက်လုံးတို့ကလည်း နေရာမဟုတ်၊ ဦးထိပ်၌ရှိသည်၊ ကိုယ်ကာယ ကြီးမားပြီး ပါးစပ်ကမူ အပ်ပေါက်ပမာ အလွတ်သေးငယ်သည်၊ ယင်းပါးစပ်သည်လည်း ဦးခေါင်းထက်၌ ရှိ၍ အစာကိုမြင်လျှင် ဦးစိုက်၍ ယူရသည်၊ သို့သော် မည်သည့်အခါမျှ ဝလင်အောင် မစားရ၊ မြစ်တို့ကိုတွေ့လျက် ရေမသောက်ရ။ မီးတဟုန်းဟုန်းတောက်လျက် သက်တမ်းရှည်သမျှ ငတ်မွတ်ဆာလောင်သော ဒုက္ခကို ခံနေကြရသည်။

၄င်းတို့မှာ ကျမ်းဂန်အရ မိစ္ဆာဒိဋ္ဌိ ကံကြွင်းကြောင့် ခံရခြင်းဖြစ်၏၊ သီလဝန္တ ရဟန်းသံဃာတော်တို့ကို ပြစ်မှား၍ ဖြစ်ရခြင်း စသည်ဖြင့် ပေတဝတ္ထုများ၌ လာရှိသည်။

(မိစ္ဆာဒိဋ္ဌိကံ၏ အကျိုးရင်းကြောင့်ကား ငရဲ၌ ခံခဲ့ရပြီးပြီ၊ )

၄င်းတို့သက်တမ်း အမြဲ မရှိ၊ အကုသိုလ်ကံ မကုန်သမျှ ခံစားရသည်၊ အချို့ ကမ္ဘာသက်တမ်းနှင့် အမျှပင် ခံစားရသည်-ဟု ဆိုပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဟံ ဘန္တေ အစချီသော သီလတောင်း

(မေး) (အဟံ ဘန္တေ အစချီသော သီလတောင်း)

အရှင်ဘုရား၊ အချို့ဆရာတော်များသည် ငါးပါး၊ ရှစ်ပါး၊ စသော သီလများပေးသည့်အခါ အဟံ ဘန္တေ အစချီသော သီလတောင်းကို ပထမအကြိမ်ဆိုပြီး ဒုတိယနှင့် တတိယကိုတော့ ပေါင်းပြီး ဆိုသွားတတ်ကြပါသည်။

အချို့ဆရာတော်များကျတော့ ဒုတိယနှင့် တတိယခွဲပြီး ဆိုကြပါသည်။ ဤကဲ့သို့ ဆိုခြင်းအကြောင်းကိ်ု ရှင်းလင်းဖြေကြားပါရန် လျှောက်ထားအပ်ပါသည်။

(ဦးစံရွှေ-အင်းစိန်)

(ဖြေ)

ငါးပါးသီလ၊ ရှစ်ပါးသီလသည် ဘုရားဟောတရားတော်များ ဖြစ်ပါသည်။ အဟံ ဘန္တေ အစချီသော သီလတောင်းပါဠိများကား ရှေးရှေးဆရာတော်ကြီးများ စီစဉ်ထားသော ပါဠိများဖြစ်ပါသည်။

ရှေးဆရာတော်ကြီးများက မြန်မာများ ဓမ္မပဋိသမ္ဘိဒါဉာဏ် ရင့်သန်စခြေင်းငှါ (ပါဠိနှင့် ရင်းနှီးစေခြင်းငှါ) ပါဠိလို သီလတောင်းသည့် စာသားကို စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ အလေးအနက် ဖြစ်စေခြင်းငှါ ၃-ကြိမ် ၃-ခါ ရွတ်ဆိုခြင်း ဖြစ်ပါသည်။ ဒုတိယမ္ပိ၊ တတိယမ္ပိ ပေါင်း၍ ဆိုသော်လည်းပဲ မိမိတို့စိတ်က အလေးအနက် ရှိဖို့ လိုရင်းဖြစ်ပါ၏၊ လေးလေးနက်နက်သာ ခံယူပါ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အာဇီဝဋ္ဌမက သီလ

(မေး) (အာဇီဝဋ္ဌမက သီလ)

ဆရာတော်ဘုရား၊ တပည့်တော်သည် အာဇီဝဋ္ဌမကသီလကို ဆောက်တည်ခဲ့သည်မှာ နှစ်ပေါင်းကြာလှပါပြီ၊ ၄င်းတွင် သုရာမေရယသိက္ခာပုဒ် မပါရှိသဖြင့် ငါးပါးသီလကို ဆောက်တည်ရန် လို-မလို ရှင်းလင်း ဖြေကြားပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။

(ဦးဖေသန်း-ဆွာမြို့)

(ဖြေ)

အာဇီဝဋ္ဌမကသီလနှင့်စပ်၍ မဟာဗုဒ္ဓဝ် (ပ-၁-ဏာ) တွင် ဤသို့ ဖော်ပြ၏၊

မြတ်စွာဘုရားသည် ဒုစရိုက်မှောင်ထုကြီး လွှမ်းအုပ်နေသော လောကကြီး၌ ပွင့်တော်မူလာရ၏၊

ပွင့်တော်မူပြီးစ ဒုစရိုက်တုံး ဖြစ်၍နေကြသော သတ္တဝါတို့ကို သီလအကျင့်ဖြင့် ဆုံးမတော်မူလိုသောအခါ ဒုစရိုက်တုံး သတ္တဝါအကြမ်းကြီးတွေဖြစ်၍ သီလ အမျိုးမျိုးထဲမှ အကြမ်းစား ဒုစရိုက်သမားနှင့် သင့်လျော်ရာ အာဇီဝဋ္ဌမကသီလဖြင့် အစပိုင်း၌ ဆုံးမတော်မူ၏၊

ဤအာဇီဝဋ္ဌမကသီလဖြင့် ဆုံးမ၍ သတ္တဝါများမှာ ဒုစရိုက်များ ယုတ်လျော့နည်းပါးသွားသောအခါ အာဇီဝဋ္ဌမကသီလကို အသုံးမပြုဘဲ ငါးပါးသီလ၊ ရှစ်ပါးသီလ တို့ကိုသာ အစဉ်သုံးစွဲ ဟောပြတော်မူခဲ့ပေသည်။

ဗုဒ္ဓဘာသာ အယူဝါဒ ရင့်သန်ပြီးသူတို့မှာ မိဘများကို မဆိုထားဘိ၊ ထိုမိကောင်း ဖကောင်းတို့၏

သားသမီးများပင် သော်မှ မိဘတို့၏ သွန်သင်ပြသ ဆိုဆုံးမချက်အရ ငယ်ရွယ်စဉ် ကာလကပင် ပါဏာတိပါတ အစရှိသော ထိုဒုစရိုက်အမှုကြမ်းကြီးများကို ပြုလုပ်လျှင် ငရဲကြီးတတ်သည်ဟူ၍ ယုံကြည်သိမှတ်ကြသဖြင့် ရှောင်ကြဉ်ကြပေသည်၊

ထိုသူငယ်များ အချိန်အရွယ် ကြီးရင့်၍ သီလဆောက်တည်ကြသောအခါ (အာဇီဝဋ္ဌမက သီလဖြင့် ရှောင်ကြဉ်ရမည့် ဒုစရိုက် အကြမ်းကြီးများကို ငယ်စဉ်ကပင် ရှောင်ကြဉ်ပြီး ဖြစ်ကြသောကြောင့်) ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ တို့ကိုသာ အစဉ်အတိုင်း တိုးတက်ဖြည့်ကျင့်သင့်တော်သည်။

အာဇီဝဋ္ဌမကသီလကို အထူးဖြည့်ကျင်ရန် မလိုကြောင်း ကောင်းကောင်းကြီး ထင်ရှားလှပေသည်-စသည်ဖြင့် အကျယ် ဆိုထားပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အာပတ် နှင့် အကုသိုလ်

(မေး) (အာပတ် နှင့် အကုသိုလ်)

အရှင်ဘုရား၊

တိရစ္ဆာန် ပါဏာတိကြောင့်၊ ပါစိတ် အာပတ်ပေ။

ဒေသနာကြားကာဖြင့်၊ ပျောက်လွင့်မသွေ။

အကုသိုလ်အကျိုးတွေ၊ ပျောက်လေလိမ့်ဖြေဆေး။

ဝိနည်းတော် မိန့်တော်ရင်းကို၊ ရှင်းဖြေပါ့လေး။

(ဘိုးဉာဏ-မန်း)

(ဖြေ)

တိရစ္ဆာန် ပါဏာတိကြောင့်၊ အာပတ္တိ ပါစိတ်ပေ။

ဒေသနာကြားကာဖြင့်၊ ပျောက်လွင့်မသွေ။

အကုသိုလ်နှင့် အာပတ်တွေ၊ နှစ်ထွေလုံးပျောက်သွား။

ဒိဋ္ဌဓမ္မာနှင့် ဥပဇ္ဇာ ကြွင်းမဲ့ကင်းပေမင့်၊ အပရာ-ကျိုးကျန်ခြင်းကို ရှင်းသိစေသား။

(သာရတ္ထ-၁၊ ၃၇၉ နှင့် ဝိနည်းဋီကာများ)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အာဝါဟ ဝိဝါဟ မင်္ဂလာ

(မေး) (အာဝါဟ ဝိဝါဟ မင်္ဂလာ)

အရှင်ဘုရား ဤခေတ်တွင် မင်္ဂလာဆောင်သည်ကို အာဝါဟမင်္ဂလာ၊ ဝိဝါဟမင်္ဂလာပြုသည်ဟု ခေါ်ဆိုကြပါသည်။ သတို့သားအိမ်တွင် မင်္ဂလာဆောင်ခြင်း၊ သတို့သမီးအိမ်တွင် မင်္ဂလာဆောင်ခြင်းတို့နှင့် ဟိုတယ် စသည်တို့၌ မင်္ဂလာဆောင်ခြင်းများရှိရာ မည်သည်ကို မည်သို့ခေါ်သည်ကို သိလိုပါသဖြင့် ဖြေကြားတော်မူပါဘုရား။

(ဒေါ်စုစု-မင်္ဂလာဒုံ)

(ဖြေ)

အာဝါဟ ဝိဝါဟ ဆိုသည်မှာ မင်္ဂလာဆောင်ရာ ဌာနကို စွဲ၍ခေါ်သည် မဟုတ်ပါ။ တိုက်ရိုက်အဓိပ္ပါယ်မှာ အာဝါဟမင်္ဂလာ-သတို့သမီးကို သတို့သားထံသို့ ပို့ဆောင်သော မင်္ဂလာ။

ဝိဝါဟမင်္ဂလာ-သတို့သမီးထံသို့ သတို့သားက သွား၍ တောင်းယူသောမင်္ဂလာ ဟူ၍ ဖြစ်သည်။

ထို့ကြောင့် ဤခေတ် မင်္ဂလာဆောင်ခြင်းတို့၌ တိုက်ဆိုင်၍ သင့်လျော်သလို ယူဆနိုင်ကြောင်း ဖြေကြားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အာဝေဏိကဂုဏ်တော်

(မေး) (အာဝေဏိကဂုဏ်တော်)

အရှင်ဘုရား၊ မြတ်စွာဘုရား၏ အာဝေဏိက တရားတော်များသည် မည်သည့်ကျမ်းမှ လာပါသနည်း၊

မူအမျိုးမျိုး ဖြစ်နေပါသည်၊ တမူတည်း ဖြစ်သင့်ပါသည်ဘုရား။

(ဦးလှဖေ-က-ပ-စ၊ တပ်တွင်းအိမ်ထောင်စု၊ ချော်တွင်းကုန်း၊ ရန်ကုန်)

(ဖြေ)

အာဋာနာဋိယသုတ်တော်ပါ အဋ္ဌာရသ ဗုဒ္ဓဓမ္မ-ခေါ် အာဝေဏိက ဂုဏ်တော် ၁၈-ပါးမှာ သုတ်ပါထိက၊ သင်္ဂီ်တိသုတ် အဖွင့် (ဒီ၊ဋ္ဌ၊၃၊ ၁၇၆) ၄င်းဋီကာ (ဒီ-ဋီ ၃၊ ၁၉၇) တို့တွင် လာသည်။

သို့သော် အစဉ်တမျိုးစီဖြစ်နေ၍ ရှုပ်ထွေးသလို ရှိနေသဖြင့် ရွတ်ဆို၍ကောင်းရန် ဝိဘင်္ဂမူလဋီကာက ပြင်ဆင်စီစဉ်ပေးထားသည်၊ အများအားဖြင့် ၄င်းမူလဋီကာ မူအတိုင်းပင် ဆိုကြပါသည်။

အချို့ အစဉ်တမျိုးဖြစ်နေသော်လည်း အဓိပ္ပါယ် မမှားပါ။

ယင်းအာဝေဏိက ဂုဏ်တော် ၁၈-ပါးမှာ အခြားမည်သည့် ပုဂ္ဂိုလ်မျှ မရနိုင်ပါ၊ မြတ်စွာဘုရားသာ ရသည်။ မြတ်စွာဘုရား တပါးတည်းနှင့်သာ သက်ဆိုင်သော ဂုဏ်တော်အထူးများ ဖြစ်သဖြင့် အထူးကြည်ညို လေးစားစွာ ရွတ်ဆိုပွားများကြရန် သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အိပ်စက်ခြင်း

(မေး)၁။ လူသားတို့သည် ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်စက်ခြင်းကို ပြုကြသည်၊ ထိုသို့ အိပ်စက်ကြရာတွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားသောအခါ အသိစိတ်ကလေး မရှိတော့ပါ၊ ထိုအသိစိတ်ကလေး အဘယ်သို့ ရောက်သွားပါသလဲဘုရား။

၂။ လူများကဲ့သို့ နတ်များမှာလည်း ပင်ပန်းနွမ်းနယ်မှု ရှိပါသလား၊ နတ်တို့အိပ်စက်မှု မရှိဆိုသော် ညအခါ အဘယ်သို့ အချိန်ကုန်လွန်စေပါသလဲဘုရား။

(ကေသီ-တောင်ဥက္ကလာပမြို့)

(ဖြေ)

လူတို့တွင် ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်-ဟူ၍ စိတ်သုံးမျိုးရှိသည်။

ပဋိသန္ဓေအခါမှ စုတိ (သေဆုံးကွယ်လွန်) သည်အထိ ဘဝင်စိတ်ဟူသော ဘဝ၏အစိတ်အပိုင်း စိတ်အမျိုးအမည် တမျိုးမှာ စိတ်သာဖြစ်သည်၊ မည်သည့်အာရုံကိုမျှ မယူ မသိသော စိတ်မျိုး ဖြစ်သည်၊

အကြောင်းအားလျော်စွာ မြင်စိတ် ကြားစိတ် စသည့် အာရုံငါးပါးဆိုင်ရာ ဝိညာဉ် (အသိစိတ်) များ ပေါ်ပေါက်လာမှသာ ဘဝင်စိတ်များ ပြတ်၍ ၄င်းအသိစိတ်များ ဖြစ်ပေါ်ရပါသည်၊

အသိစိတ် တခုနှင့်တခု အကြားမှာပင် ဘဝင်စိတ်များက ဝင်၍ ဖြစ်ပါသေးသည်၊ တနေ့တာလုံး မြင် ကြား နံ လျက် ထိသိစိတ်များ တမျိုးပြီးတမျိုး ဖြစ်သည်၊

လုပ်ငန်းကိစ္စတို့ကြောင့် ပင်ပန်းနွမ်းနယ်သွားသောအခါ ထိနမိဒ္ဓခေါ် စိတ်စေတသိက်တို့ ထိုင်းမှိုင်း နွမ်းနယ်ခြင်းဖြစ်ပြီး မြင်ကြားစသော အသိစိတ်များ ပြတ်သွားသည်၊ ထိုအခါ ဘဝင်စိတ်ခေါ် မသိစိတ်များသို့ သက်ရောက် ဖြစ်ပေါ်သွားပါသည်။

ယင်းသည်ပင် အိပ်စက်ခြင်းသဘော ဖြစ်ပါသည်၊ အပန်းပြေ၍ ထိနမိဒ္ဓတို့ ပျောက်ကွယ်ပြီး မြင် ကြား အသိစိတ်များ ပေါ်လာပြန်သော် ဘဝင်ခေါ် မသိစိတ်များ ပြတ်၍ အိပ်ရာမှ နိုးလာရပါသည်၊

(ဤသည်တို့ကို ထောက်၍ နားမလည်နိုင်သည်ကို ဘဝင်မကျပါဘူး-ဟု ဆိုသော ဤခေတ်စကားလုံး မှန်မမှန် စဉ်းစားစေလိုပါသည်)။

နတ်တို့သည် လူတို့ကဲ့သို့ပင် ဘဝင်စိတ် ရှိသော်လည်း လုံ့လဝီရိယထုတ်၍ စားသောက်နေထိုင်ရသော ဘဝမျိုးမဟုတ်ပါ၊ ပင်ပန်းနွမ်းနယ်ခြင်း ထိနမိဒ္ဓများပြားခြင်း မရှိနိုင်ပါ၊ လူတို့ကဲ့သို့ အိပ်စက်ရမှု ဘဝင်သို့ သက်ရောက်ရမှု မရှိနိုင်ပါ၊ ခေတ္တခဏ အနားယူရုံမျှဖြင့် ကိစ္စပြီးနိုင်ပါသည်၊

နေ လ တို့မှာလည်း ၄င်းတို့ အောက်၌သာ ရှိ၍ နေ့-ည-ဟူ၍လည်း နတ်ပြည်တွင် မရှိပါ၊

၄င်းတို့၏ သက်တမ်း သတ်မှတ်မှုမှာလည်း လူတို့ကဲ့သို့ နေ့ ည လ-နှစ်မျိုးဖြင့် သတ်မှတ်ဖွယ်ရာ မရှိ၊

ကုသိုလ်ကံအားလျော်စွာ သတ်မှတ်စရာရှိသည်-ဟု ယူဆနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အိပ်မက်

(မေး) (အိပ်မက်)

သောတာပန်, သကဒါဂါမ်, အနာဂါမ် အရိယာများ အိပ်မက် မက်ခြင်း ရှိနိုင်ပါသလား၊

ရဟန္တာများ အိပ်မက် မက်ခြင်း ရှိ-မရှိ၊ မရှိလျှင် အဘယ့်ကြောင့် ဆိုသည်ကို သိလိုပါသည်။

(အရှင်ပညာဒီပ-မင်္ဂလာတောရကျောင်း၊ ကြာအင်းဆိပ်ကြီးမြို့)

(ဖြေ)

ပုထုဇဉ် ပုဂ္ဂိုလ်နှင့် သောတာပန် ပုဂ္ဂိုလ်, သကဒါဂါမ် ပုဂ္ဂိုလ်, အနာဂါမ် ပုဂ္ဂိုလ် ဤပုဂ္ဂိုလ် ၇-ဦးတို့သာ ဝိပ္ပလ္လာသတရားကို မပယ်ရသေး၍ အိပ်မက် မြင်နိုင်၏၊

ရဟန္တာပုဂ္ဂိုလ်တို့ကား သညာဝိပ္ပလ္လာသ, စိတ္တဝိပ္ပလ္လာသ, ဒိဋ္ဌိဝိပ္ပလ္လာသ တို့ကို အကြွင်းမဲ့ ပယ်ရှားပြီးဖြစ်၍ အိပ်မက်မြင်ခြင်း မရှိတော့ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အိပ်မက်မက်ခြင်း

(မေး) (အိပ်မက်မက်ခြင်း)

အရှင်ဘုရား၊ တချို့ သေဆုံးသွားသူများသည် ကျန်ရစ်သူများအား အိပ်မက်ပေး၍ ပြောတတ်ကြပါသည်။ ၄င်းပုဂ္ဂိုလ်များမှာ မည်သည့်ဘုံမှ မည်သို့သော ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ရမည်ကို သိလိုပါ၍ ဖြေကြားပေးတော်မူပါအရှင်ဘုရား။

(မဇာလီအောင်-ပုဇွန်တောင်၊ ရန်ကုန်မြို့)

(ဖြေ)

လူတဦးတယောက် အိပ်မက်မှုမှာ ဓာတ်ချောက်ချား၍ မက်ခြင်း။ နတ်တို့လှည့်စား၍ မက်ခြင်း စသည် အကြောင်းများရှိရာ ကွယ်လွန်သေဆုံးသွားသူများက အိပ်မက်ပေး၍ မက်ခြင်းမှာလည်း နတ်တို့လှည့်စား (ဖန်တီး)၍ မက်ခြင်း အမျိုးအစား၌ ထည့်သွင်းရပါမည်။ နတ်ဆိုသော်လည်း တန်ခိုးကြီးသော အထက်နတ်မျိုး မဟုတ်ဘဲ စတုမဟာရာဇ်နတ်မျိုး အဝင်အပါ ဝေမာနိကပေတ ဟူသော ပရလောကသားများကိုလည်း တန်ခိုးနည်းသော နတ်မျိုး၌ ထည့်သွင်း၍ ၄င်းတို့က ကိုယ်ထင်ရှားပြနိုင်ခြင်း၊ အနံ့ပေးခြင်းနှင့် အိပ်မက် ပေးနိုင်ခြင်းတို့ကို ပြုနို်င်ကြောင်း ပေတဝတ္ထုများတွင် တွေ့ရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အိပ်မက်မက်သောအခါ ဖြစ်သောစိတ်

(မေး) (အိပ်မက်မက်သောအခါ ဖြစ်သောစိတ်)

အရှင်ဘုရား၊ အိပ်ပျော်နေစဉ် ဘဝင်စိတ်ဖြစ်ပြီး အိပ်မက်မက်သောအခါ မည်သည့်စိတ်ဖြစ်ပါသနည်း။ လူတယောက်သည် အိပ်ပျော်နေစဉ် လမိုက်ည၌ အိပ်ရာမှထကာ အိမ်အပြင်ရှိ ထင်းတုံးများကို ပုဆိန်ဖြင့် ခွဲစိတ်ပြီး ပြန်အိပ်ပါသည်။ မိုးလင်းသောအခါ ခွဲထားသောထင်းများကို သူခွဲမှန်းမသိတော့ပါ။

ထိုသူ ထင်းခွဲစဉ် ဖြစ်ပေါ်သောစိတ်သည် မည်သည့်စိတ် ဖြစ်ပါသနည်း။ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

(အဘိဓမ္မာသင်တန်းသူ တဦး-ကမ္ဘာအေး)

(ဖြေ)

အိပ်မက်မက်ချိန်ဖြစ်သောစိတ်သည် မနောဒွါရဝီထိစိတ် ဖြစ်သည်။ ထင်ရှားသော အိပ်မက်ဖြစ်လျှင် ဝိဘူတာရုံ မနောဒွါရဝီထိစိတ်ဖြစ်ပြီး မထင်ရှားသော အိပ်မက်ဖြစ်လျှင် အဝိဘူတာရုံ မနောဒွါရဝီဌိစိတ် ဖြစ်သည်။

အိပ်မက်မက်ခြင်း အကြောင်းများကို ပါရာဇိကဏ် အဋ္ဌကထာတွင် ဖော်ပြရာ၌

(က) ရှေ့ဖြစ်မည့်ကိစ္စများကို ကြိုတင်သိမြင်သော ပုဗ္ဗနိမိတ် အနေဖြင့်၄င်း။

(ခ) နတ်များက ဆောင်ပြခြင်းကြောင့်၄င်း။

(ဂ) ဓာတ်ချောက်ချားခြင်းကြောင့်၄င်း။

(ဃ) စိတ်စွဲလမ်း အားကြီးသောကြောင့်၄င်း မက်တတ်ပါသည်။

ထင်းခွဲစဉ်ဖြစ်သောစိတ်မှာ ပဉ္စဒွါ၊ မနောဒွါရ ဝီထိစိတ်များ ဖြစ်ပါသည်။ တခုခု ဆောင်ရွက်လုပ်ကိုင်စဉ် ဝီထိစိတ်သာ ထင်ရှားသည်။ ဘဝင်စိတ် မထင်ရှားပါ။ မနက်မိုးလင်း၍ မသိခြင်းမှာ သတ္တဝါတို့၏ မေ့တတ်သော ပမာဒတရားကြောင့် ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အိမ်ဘုရားဆောင်တွင် ဆည်းလည်းဆွဲလို့ ရ-မရ

(မေး) (အိမ်ဘုရားဆောင်တွင် ဆည်းလည်းဆွဲလို့ ရ-မရ)

အိမ်ဘုရားဆောင်တွင် ဆည်းလည်း လှူဒါန်းလိုပါ၍ ရ-မရ သိချင်ပါသည် ဘုရား။

(မရွှေစင်မိုးဦး-သန်လျင်)

(ဖြေ)

ဆည်းလည်းကို ဘယ်နေရာမှာ လှူဒါန်းရမည်၊ ဘယ်နေရာမှာ မလှူဒါန်းကောင်း စသည်ဖြင့် သတ်မှတ်ချက် မရှိပါ။ လှူလိုသော နေရာတွင် လှူဒါန်းကောင်းပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အိမ်နှင့် သံဃာသုံးပစ္စည်း

(မေး) (အိမ်နှင့် သံဃာသုံးပစ္စည်း)

မိမိတို့အိမ်တွင် သံဃာတော်များ သုံးဆောင်သော ပစ္စည်း မထားရဟု ကြားသိရပါသည်။ ရှင်းပြပေးတော်မူပါဘုရား။ ဘုရားတပည့်တော်တို့မှာလည်း ရဟန်းဒကာ၊ ရဟန်းအမတွေ ဖြစ်သည့်အတွက်ကြောင့် ရှင်းပြတော်မူပါဘုရား။

(မေတ္တာမွန်-မိသားစု၊ ညောင်ဦါ်မြို့)

(ဖြေ)

မိမိတို့ သုံးစွဲရန်မဟုတ်၊ သံဃာတော်များက အပ်နှံထား၍ စောင့်ရှောက်ထိမ်းသိမ်းထားခြင်း၊ လှူဒါန်းရန် အသင့်ထားရှိခြင်း စသည်ဖြင့် သံဃာသုံးပစ္စည်း (သင်္ကန်း၊ သပိတ်၊ စာအုပ်) များ ခေတ္တထားရှိခြင်းအတွက် အပြစ်မရှိပါ။ ရိုသေစွာ ထိန်းသိမ်းစောင့်ရှောက်ပေးမှုအတွက် ကုသိုလ်ပင် ဖြစ်ပွားဖွယ်ရာ ရှိပါသည်။ ဝိနည်းတော်တွင် တောရဆောက်တည်သော ရဟန်းတော်များ မိမိ၏ ဒုကုဋ်သင်္ကန်းကြီးကို လုံခြုံမှုရှိစေရန် ရင်းနှီးသော ဒါယကာအိမ်တွင် အပ်နှံထားရခြင်းမျိုးပင် ရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အူမတောင့်မှ သီလစောင့်

(မေး) (အူမတောင့်မှ သီလစောင့်)

အရှင်ဘုရား၊ အူမတောင့်မှ သီလစောင့်နိုင်သည်။ သီလတွေ စောင့်နိုင်ဖို့ရာ အူမတောင့်အောင် ဦးစွာလုပ်ရမည်-ဟု လူတို့ပြောဆိုပြုကျင့်နေကြသည်။

သို့ဆိုက-သမ္မာအာဇီဝ နှင့် အသက်မွေးဝမ်းကျောင်းရမည်။ သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲရမည်-ဟူသော စကားတို့နှင့် ဆန့်ကျင်ဘက်ဖြစ်နေပါသည်။ ဘုရားရှင်က သီလကို မဟာဒါန-ဟု ဟောကြားတော်မူထားပေရာ ဘုရားရှင်၏ အလိုတော်နှင့်ညီစွာ လက်ငင်းလူ့ဘဝနှင့် သံသရာကောင်းစားရေး ဖြေကြားပေးတော်မူပါဘုရား။

(ဦးမင်းနွယ်-ကယားရိုးမ)

(ဖြေ)

အူမတောင့်မှ သီလစောင့်-ဟူသော စကားမှာ ဝမ်းရေးပြည့်စုံမှ ကိုယ်ကျင့်တရား ကောင်းနိုင်မည်ဟု ဆိုလိုသော လူပြောင်လူပြက်တို့၏ စကားသာ ဖြစ်သည်။ ပစ္စည်းဥစ္စာကိုသာ ချမ်းသာထင်သော ပုထုဇဉ်မိုက်တို့၏ အယူအဆ ဖြစ်သည်။

ရှေးသူတော်ကောင်းတို့သည် မိမိတို့၌ရှိသော ပစ္စည်းဥစ္စာ စည်းစိမ်ချမ်းသာတို့ကို စွန့်ပစ်၍ တောထွက်သမှု ရသေ့ရဟန်းပြုလျက် သီလ သမာဓိ ပညာ လောကုတ္တရာဥစ္စာတို့ကို ရှိမှီးကြလေ့ရှိသည်။

အမှန်အားဖြင့် စည်းစိမ်ဥစ္စာသည် သီလပြည့်စုံမှု၏ အကြောင်းတရားမဟုတ်၊ သီလသည်သာလျှင် စည်းစိမ်ဥစ္စာ ရရှိခြင်း၏ အကြောင်းတရား ဖြစ်သည်။ ထို့ကြောင့် လူပြောင် လူပြက်တို့၏ စကားကို မမှတ်သားအပ်။ ဝိသုဒ္ဓိမဂ်တွင်- ယာ မနုေဿသု သမ္ပတ္တိ၊ ယာဝ ဒေဝေသု သမ္ပဒါ-အစရှိသည်ဖြင့် သီလရှိသူ၊ နတ်နှင့်လူ၊ လွယ်ကူ ချမ်းသာရ-စသည်ဖြင့် ဆိုထားပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အစောင့်အရှောက် အကူအညီ

(မေး) (အစောင့်အရှောက် အကူအညီ)

ဆရာတော်ဘုရား၊ ည ၉-နာရီ အချိန်လောက်မှာ ဆရာလေးတို့ တိုက်တာအတွင်းသို့ လူမှုရေးကိစ္စများဖြင့် ဝင်ရောက်ပြီး ခြိမ်းခြောက်ကြိမ်းမောင်းရာ နောင်အနာဂတ်ကို ရည်မျှော်၍ မနှောင့်ယှက်ရန် အကြောင်းပြုပြီး ဆိုင်ရာသို့ တိုင်တန်းပါက ဆရာလေးများမှာ အပြစ်ဖြစ်ပါမည်လား ဘုရား။

(သိလိုသူ-လ-တ-မုံရွာ)

(ဖြေ)

ရက္ခံ ယာစတီတိ ဓမ္မိကံ၊ ရက္ခံ ယာစတိ အနာပတ္တိ-ဟူ၍ အဋ္ဌကထာ (ဝိ၊ဋ္ဌ၊၃-၁၈၂) တွင် ဆိုသဖြင့် တရားသောအစောင့်အရှောက်ကို ရဲဘက်ဆိုင်ရာမှာဖြစ်စေ၊ ရပ်ကွက်မြို့နယ်ဆိုင်ရာ လူကြီးတို့ထံမှာဖြစ်စေ၊ တရားရုံးများမှာဖြစ်စေ၊ တောင်းကောင်းပါသည်၊

ထိုသို့တောင်းခြင်းကြောင့် ရဟန်းသံဃာတော်များမှာလည်း အပြစ်မဖြစ်ပါ။

အစောင့်အရှောက်အကူအညီကို တောင်းခံရာ၌ မည်သူနှောင့်ယှက်နေပါသည် စသည်ဖြင့် အမည်ကိုမူ မဖော်ပြောသင့်ပါ၊ မိမိက အမည်ကို ဖော်လိုက်လျှင် ထိုသူအား ဒဏ်ရိုက်ခြင်းစသည် ပြုလျှင်ကား မိမိမှာ အပြစ်ဖြစ်ပါသည်။

အကျယ်ကို ဖော်ပြပါ သိက္ခာပုဒ် အဋ္ဌကထာ၌၄င်း၊ ခုဒ္ဒသိက္ခာ ဘာသာဋီကာ ၄၄၉-၌၄င်း၊ စံကင်းဆရာတော် ၅၀၄-၌၄င်း ကြည့်ရှုပါ။ ဤ၌အကျယ်မရေးသာပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အနော်ရထာမင်း ခမည်းတော်

(မေး) (အနော်ရထာမင်း ခမည်းတော်)

အရှင်ဘုရား၊ အနော်ရထာမင်း နန်းမတက်မီကာလက ပုဂံပြည်တွင် အရည်းကြီးတို့ အုပ်စိုးသည်ဟု ရာဇဝင်တိုပ၌ လာပြီး အနော်ရဖာမင်း ခမည်းတော်မှာလည်း ရဟန်းဝတ်နေသည်ဟု ဖတ်ရပါသည်။ ဗုဒ္ဓသာသနာတော်မှာ အနော်ရထာမင်း လက်ထက်မှ ပေါ်ပေါက်လာသည်ဖြစ်ရာ ခမည်းတော်မင်းကြီး ရဟန်းသည် မည်သည့်အယူဝါဒနှင့် ရဟန်းပြုနေသည်ကို သိလိုပါသည်။ ဖြေကြားတော်မူပါရန် လျှောက်ထားပါသည်ဘုရား။

(ကြည်စိုးထွန်း-၅-မိုင်၊ တောင်ဘို့လှရွာ၊ ပင်လယ်ဘူးမြို့)

(ဖြေ)

မှန်နန်းရာဇဝင်တော်ကြီးတွင် မြန်မာပြည်ဖြစ်သော တကောင်း၊ သရေ၊ ခေတ္တရာ၊ အရိမဒ္ဒနာ သီရိပစ္စယာ ပြည်တို့၌ မင်းအဆက်ဆက်တို့ လက်ထက် ပရမတ္ထသံဃာ၊ သမုတိသံဃာ၊ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော် တည်ထွန်းလေသည်။

နောက်တမ္ပဝတီမြို့တည် သိုက်တိုင်မင်း လက်ထက်မှစ၍ သာသနာတော် တရွေ့ရွေ့ အားနည်းလေသဖြင့် ပရိယတ္တိသာသနာတော်တည်းဟူသော ပိဋကတ်တော် မရှိချေသောကြောင့် သမထီးအရည်းြ့ီးတို့ အယူကိုသာ အယူများ၍ စောရဟန်းမင်း လက်ထက် မင်းနှင့်တကွ တပြည်လုံး ယူကြလေကုန်၏၊

(မှန်နန်း ပထမတွဲ-၂၂၄) ဟု ဆိုသဖြင့် အနော်ရထာမတိုင်မီ ၃-၄ ဆက်ခန့်ကမှ အရည်းကြီး သာသနာ အားကောင်းလာကြောင်း သိရ၏၊

ထိုစဉ်က သန့်စင်သော ဗုဒ္ဓသာသနာလည်း စင်ပြိုင်ထွန်း၍ နေသေးသော်လည်း အားနည်းနေကြောင်းသိသာပေသည်။ ထို့ကြောင့် အနောရထာခမည်းတော် ကွမ်းဆော်ကြောင်းဖြူမင်း ရဟန်းဝတ်ချိန်၌ သန့်စင်သော ဗုဒ္ဓသာသနာလည်း ရှိတန်သေး၍ ရဟန်းစစ် ဖြစ်နိုင်ကောင်းစရာ ရှိပါသည်။ သို့သော် ကွမ်းဆော်ကြောင်းဖြူမင်းမှာ အတင်းအကျပ် ရဟန်းဝတ်ခိုင်း၍ ဝတ်ရသူ မဟုတ်ပေ။ နီးစပ်ရာ အရည်းကြီး ရဟန်းတို့အထံတွင် ဝတ်ခြင်းလည်း ဖြစ်နိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ အရည်းြ့ီးတို့သည်လည်း လုံးလုံးဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သူများမဟုတ်ပေ။ မဟာယာန (မြောက်ပိုင်း) အဆက်အနွယ် ဗုဒ္ဓဘာသာ ရဟန်းများပင်ဖြစ်ရာ အချို့ ၄င်းတို့ထွင်ထားသည့် ဗုဒ္ဓဝါဒနှင့် မလျော်သော အချက်များမှအပ ရဟန်းသံဃာဟုပင် ဆိုနိုင်သဖြင့် အနော်ရထာ ခမည်းတော် ကွမ်းဆော်မင်းကြီး၏ ရဟန်းအဖြစ်ကို ခန့်မှန်းနိုင်စရာရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဖျော်ရည်

(မေး) (အဖျော်ရည်)

ရဟန်းတော်များသည် ရေနှင့် ဒန်ပူကို အကပ်မခံဘဲ သုံးဆောင်ကောင်းသည်ဟု သိရပါသည်၊ ဆီးဖျော်ရည် စသော ဖျော်ရည်များကို မကပ်ဘဲ သုံးဆောင်နိုင်ပါသလား၊ သာဓကသွင်း၍ ရှင်းလင်းဖြေကြားတော်မူပါဘုရား။

(ဝင်းနိုင်-တောင်ငူမြို့)

(ဖြေ)

ဆီးဖျော်ရည် စသော အရည်တို့မှာ ရေမဟုတ်၊

ယာမကာလိက အဖျော်ရည်မျိုးထဲတွင် ပါဝင်၍ အကပ်ခံ၍ သုံးဆောင်ရရုံသာမက တနေ့မျှသာအပ်သော

အဖျော်ရှစ်မျိုး၏ အနုလောမမျိုး အဝင်အပါ ဖြစ်သည်။

၄င်း၏ သာဓကမှာ

သပြေ, သရက်၊ မုဒရက်၊ ဖက်သက် သစ်မည်စည်။

တော, အိမ်, ငှက်ပျော၊ ကြာစွယ်နှော၊ မှတ်လောရှစ်ဖျော်ရည်။

ရှောက်မန်ကျည်းစ၊ နုလောမ၊ လျော်လှ အဖျော်ရည်။

ဆီး, သံပုရာ၊ ဥသျှစ်ပါ၊ ဖျော်ကာ သုံးနိုင်သည်။

ဟု-သုံးနိုင်သော ဖျော်ရည်များကို ဆိုသည်။

မသုံးနိုင်သော ဖျော်ရည်အဖြစ်

(ထန်း, အုန်း, နှစ်တွဲ၊ ပိန္နဲနှစ်စုံ၊ ဘူး, ဖရုံ၊ မှတ်တုံ သုံးသခွါး) ဟု ဆိုပါသည်။

ပါဠိဖြင့် လိုပါမူ-ယာမကာလိကေသု ပန-စသည်ဖြင့် အကျယ်ပြသော ဝိနယသင်္ဂဟ အဋ္ဌကထာ (ဝိသင်ဋ္ဌ-၉၉) တွင် ကြည့်နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အမေကို လုပ်ကျွေး၊ ဘုရားကို လှူ

(မေး) (အမေကို လုပ်ကျွေး၊ ဘုရားကို လှူ)

အရှင်ဘုရား၊ တပည့်တော်အဒေါ်က ဘုရားကိုဆွမ်းကပ်တာထက် ကိုယ့်အမေကို ကျွေးတော့ ပိုပြီးကုသိုလ်မရဘူးလားတဲ့၊

အမေက လက်ငင်းစားရတယ်-ဟု ပြောပါသည်၊ အဲဒီအမေးကို ဖြေကြားပေးတော်မူပါဘုရား။

ဥပမာလေးနှင့် ပြောပြလျှင် သိပ်ကောင်းမှာပါဘုရား၊ အရှင်ဘုရား၏အဖြေကို တပည့်တော် စောင့်မျှော်နေမှာပါဘုရား၊ ဖြေဆိုပေးတော်မူပါဘုရား။

(ဒကာ-ကျော်မင်းလွင်)

(ဖြေ)

လောကတွင် ဘုရားသာ အမြတ်ဆုံးဖြစ်၍ ဘုရားကိုလှူပြီးမှ စားသောက်ကြခြင်းမှာ ဗုဒ္ဓဘာသာတလောကလုံး၏ ထုံးတမ်းစဉ်လာ ဖြစ်ပါသည်၊ အမိ အဖ ဆရာသမားတို့မှာလည်း မိမိ၏ စားဦးသောက်ဦးကို ပေးလှူရမည့်ပုဂ္ဂိုလ်များ ဖြစ်ပါသည်၊ အဆင့်အတန်း အားလျော်စွာ ဘုရား တရား သံဃာ ရတနာသုံးပါး နောက်မှ ပေးလှူရမြဲ ဖြစ်ပါသည်၊

ဥပမာအားဖြင့်-ကျီး ခွေးစသော တိရစ္ဆာန်များထက် လူ, ဖုန်းတောင်းယာစကာများကို ဦးစွာပေး ကျွေးသင့်ပါသည်၊ ထိုထက် လူသူတော်စင်များ, မိဘ ဆရာသမားများ, ရဟန်းသံဃာနှင့် ရတနာသုံးပါး အဆင့်ဆင့် ဦးစားပေး လှူဒါန်းကြရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အမေကို ကျွေး၊ ဘုရားကို လှူ

(မေး) (အမေကို ကျွေး၊ ဘုရားကို လှူ)

အရှင်ဘုရား၊ တပည့်တော်အဒေါ်က ဘုရားကိုဆွမ်းကပ်တာထက် ကိုယ့်အမေကို ကျွေးတော့ ပိုပြီး ကုသိုလ်မရဘူးလားတဲ့။ အမေက လက်ငင်းစားရတယ်-ဟု ပြောပါသည်။ အဲသည်အမေးကို ဖြေကြားတော်မူပါဘုရား။ ဥပမာလေးနှင့် ပြောပြလျှင် သိပ်ကောင်းမှာပါဘုရား။ အရှု်ဘုရား၏ အဖြေကို တပည့်တော်စောင့်မျှော်နေမှာပါဘုရား။ ဖြေဆိုပေးတော်မူပါဘုရား။

(ဒကာ-ကျော်မင်းလွင်)

(ဖြေ)

လောကတွင် ဘုရားသာ အမြတ်ဆုံးဖြစ်၍ ဘုရားကို လှူပြီးမှ စားသောက်ကြခြင်းမှာ ဗုဒ္ဓဘာသာတလောကလုံး၏ ထုံးတမ်းစဉ်လာ ဖြစ်ပါသည်။ အမိ အဖ ဆရာသမားတို့မှာလည်း မိမိ၏ စားဦးသောက်ဦးကို ပေးလှူရမည့်ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ အဆင့်အတန်းအားလျော်စွာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနောက်မှ ပေးလှူရမြဲဖြစ်ပါသည်။ ဥပမာအားဖြင့်-ကျီး ခွေး စသော တိရစ္ဆာန်များထက် လး-ဖုန်းတောင်းယာစကာများကို ဦးစွာပေး ကျွေးသင့်ပါသည်။ ထိုထက် လူသူတော်စင်များ၊ မိဘဆရာသမားများ၊ ရဟန်းသံဃာနှင့် ရတနာသုံးပါး အဆင့်ဆင့် ဦးစားပေး လှူဒါန်းကြရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အမွေးအရေအတွက် လည်လှီးခံရချက်

(မေး) (အမွေးအရေအတွက် လည်လှီးခံရချက်)

ဆရာတော်ဘုရား၊ ဟိုရှေးရှေးက မိန်းမတဦးသည် မွေးထားသော ဆိတ်တကောင်အား ဟင်းအလို့ငှါ လည်လှီးသတ်ခဲ့မိ၍ နောက်ဘဝတွင် ငရဲ၌ ကျခံရသည်၊ ထို့နောက် ဆိတ်အမွေး အရေအတွက်နှင့်အမျှ ဘဝပေါင်းများစွာ လည်လှီးသတ်ခံရသည်ဟု ဆိုပါသည်၊ မိမိကျူးလွန်မှု တခုအတွက် တူသောအကျိုးပေးခြင်း မဟုတ်ဘဲ အဘယ်ကြောင့် ဘဝပေါင်းများစွာ ခံရကြောင်း၊ တပည့်တော်မ နားမလည်နိုင်ပါ၍ ရှင်းလင်းဖြေကြားတော်မူရန် အသနားခံအပ်ပါသည် ဘုရား။

(ဒေါ်လှနွယ်-မူအုပ်၊ ကမ်းတောင်းကြီးရွာ၊ မြေပုံမြို့နယ်)

(ဖြေ) ကုသိုလ်ကောင်းမှု ပြုရာ၌ဖြစ်စေ၊ အကုသိုလ် မကောင်းမှု ပြုရာ၌ဖြစ်စေ၊ ပြုမူလုပ်ဆောင်မှုထက်

ယင်းကို ဖြစ်စေသည့် စေတနာ အကြီးအသေးအလိုက် အကျိုးပေးမှုလည်း အကြီးအသေး ဖြစ်နိုင်ပေသည်။

ကုသိုလ်မှု၌ အလှူဝတ္ထု နည်းသော်လည်း စေတနာ အထူးထက်သန်က အကျိုးပေးမှုအင်အား ကြီးမားနိုင်သည်။

နှမ်းစေ့ပမာဏမျှသော ကုသိုလ်ကောင်းမှုသည် ဉာဏ်နှင့်ယှဉ်၍ စေတနာအားကောင်းပါက မြင်းမိုရ်တောင်တမျှ အကျိုးပေးကြောင်း အင်္ဂုတ္တရနိကာယ်တွင် ဟောတော်မူသည်။

အကုသိုလ်တွင်လည်း ထို့အတူပင် ဖြစ်သည်၊ ဆိတ်ကိုသတ်စဉ်က ထက်ထက်သန်သန် လွန်လွန်ကဲကဲ ရဲရဲဝံ့ဝံ့ ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စေတနာဖြင့် သတ်ဖြတ်ခဲ့လျှင် ထူးထူးခြားခြားပင် မကောင်းကျိုးကို ပေးပေလိမ့်မည်။

ငရဲဟူသော ပဋိသန္ဓေကျိုးမှာ အကျိုးရင်းဖြစ်၍ ဆိတ်အမွေး အရေအတွက်အတိုင်း ဘဝများစွာ လည်အဖြတ်ခံရခြင်း ပဝတ္တိအကျိုးမှာ အကျိုးဆက်အဖြစ် ခံရခြင်းဖြစ်ပါသည်။

အချုပ်မှာ ကမ္မဝိပါကော အစိန္တိယော (ကံ၏အကျိုးကို မကြံစည်အပ် ဟူ၍) ဖြစ်သဖြင့်

ကောင်းမှု မကောင်းမှုကံ၏ အကျိုးပေးမှုကို ယုံမှား မရှိသင့်ကြောင်း ဖြေကြားလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အခြေအနေ ပေးသလို

(မေး) (အခြေအနေ ပေးသလို)

ဆရာတော်ဘုရား၊ လမ်းမလျှောက်နိုင်သော အမေအိုကြီးအား မပြတ်ပြုစုနေရသဖြင့် အချိန်ယူ၍ ဘုရားရှိခိုးခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်း။ ပုတီးစိပ်ခြင်း တို့ကို မပြုနိုင်ဘဲ စျေးရောင်းရင်း အိမ်မှုကိစ္စတို့ကို ပြုရင်း ရွတ်ဆိုရ၊ ပုတီးစိပ်ရခြင်း၊ အချိန်ရသလို ပရိတ်စာအုပ်များကို ဖတ်၍ ရွတ်ဆိုရခြင်းတို့မှာ နည်းလမ်း မှန်-မမှန်၊ သင့်-မသင့် သိလိုပါသည် အရှင်ဘုရား။

(မချစ်ချစ်-မြင်းခြံမြို့)

(ဖြေ)

လုံးဝမရွတ်ဆိုဘဲ၊ ပုတီးမစိပ်ဘဲ နေသည်ထက် အခြေအနေအရ ဘုရားရှိခိုးခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်း၊ ပုတီးစိပ်ခြင်းများ ပြုနိုင်သည်မှာ ချီးကျူးဖွယ်ပင် ဖြစ်ပါသည်၊

အချိန်မရသည့်တိုင်အောင် ရတနာသုံးပါး ဂုဏ်ရည်တို့ကို မပြတ်မလတ် အမှတ်ရနေနိုင်လျှင်ပင် အကျိုးကြီးလှ ပါသည်၊ ပရိတ်ကြီး ဓဇဂ္ဂသုတ်နိဒါန်းတွင် စေတိယင်္ဂဏဝတ် ပြုနေသော သာမဏေကလေးသည် စေတီပေါ်တက်၍ သန့်ရှင်းရေးပြုနေစဉ် ခြေချော်ကျသည်၊ ထိုအခါ ရတနာသုံးပါး ဂုဏ်တော်များ ပါရှိသော ဓဇဂ္ဂ သုတ်တော်ကို အာရုံပြု၍ ဓဇဂ္ဂသုတ္တံ မံ ရက္ခတု=ဓဇဂ္ဂသုတ်တော်သည် ငါ့ကို စောင့်ရှောက်ပါစေသတည်း-ဟု ဆိုရုံမျှဖြင့် စေတီကိုယ်မှ အုတ်ချပ်များ ထွက်လာ၍ခံပေးသဖြင့် အောက်သို့မကျဘဲ ထောက်ရာ တည်ရာရပြီး ဘေးအန္တရာယ်ကင်းကြောင်း လာရှိပါသည်၊ ထို့ကြောင့် အချိန်မပေးနိုင်၍ မရွတ်မဖတ်ဘဲ နေသည်ထက် အခြေအနေပေးသလို ရွတ်ခြင်း (စာအုပ်ကို) ဖတ်ခြင်း၊ ပုတီးစိပ်ခြင်းများကို မပြတ်ပြုလုပ်နိုင်အောင် ကြိုးစားရန် သင့်ပါကြောင်း ဖြေကြားအပ်ပါသတည်း။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အဝေးပြေးခရီးသည်တင်ကားကြီးများ

(မေး) (အဝေးပြေးခရီးသည်တင်ကားကြီးများ)

အရှင်ဘုရား၊ ယခုခေတ်တွင် အဝေးပြေး Air Con Bus ကြီးများသည် ခရီးသည်များကို တလမ်းလုံး Air Con ဖွင့်ပေးမည်ဟုပြောပြီး ယာဉ်းစီးခနှုန်းများ ပိုတောင်းကြပါသည်။ လမ်းခရီးတွင် ခဏသာဖွင့်ပေးပါသည်။ ထို့နောက် အကြောင်းအမျိုးမျိုးပြကာ ဖွင့်ပမေးကြတော့ပါ။ ခရီးသည်များ မကျေမနပ်ဖြစ်ကြပါသည်။ ထိုသို့ ဝန်ဆောင်မှု အပြည့်အဝမပေးဘဲ ခရီးသည်များထံမှ အပိုတောင်းယူကြခြင်းသည် မည်သည့်အပြစ် ရှိပါသနည်း။ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

(သဒ္ဓါကျောက် ဆရာတော်-သံတွဲမြို့)

(ဖြေ)

အမျိုးမျိုး မက်လုံးပေး၍ ဆွဲဆောင်ကြ၊ လှည့်စား၍၊ လိမ်ညာ၍ သူတပါးဥစ္စာကို များများရအောင် ကြံစည်ကြခြင်းသည် မာယာ၊ သာဌေယျဖြင့် လှည့်စား၍ယူသော ခိုးယူခြင်းတမျိုး ဖြစ်ပါသည်။ ထိုခိုးယူပြစ်များမှာ-

သူ၏ဥစ္စာ၊ ခိုးမိပါမူ၊ ဥစ္စားနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေ, မီး သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ဖြစ်တတ်စွာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။

ဆိုသည့်အတိုင်း ပထမ ငရဲမှာကျတတ်သည်။ ငရဲမှ လွတ်လာပြန်သောအခါ ဖြစ်ရာဘဝ၌ ဆင်းရဲမွဲတေခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း အမျိုးမျိုးတို့နှင့် ကြုံတွေ့ရမည်။

ထို့ပြင် ဆီကို ရေနွေးပူကျက်ကျက်ရောခြင်း၊ ဆန်ကောင်းတွင် ဆန်ညံ့ရော၍ ရောင်းခြင်း၊ အလေး၊ တင်းတောင်း၊ အချိန်အတွယ် မမှန်မကန် လှည့်စား၍ ရောင်းခြင်း၊ ပစ္စည်းအညံ့ကို အကောင်းထင်အောင် ပြု၍ ရောင်းခြင်း၊ တန်ရာတန်ကြေးမဟုတ်ဘဲ မမှန်မကန် လှည့်စားယူခြင်း စသည်တို့ဖြင့် စီးပွားရှာကြသူများသည် သေလျှင် ပြာပူငရဲနှင့် ဖွဲပြာငရဲသို့ ရောက်ရကြောင်း ကျမ်းဂန်စာပေတို့၌ လာရှိပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အခြွေအရံမရှိ အထီးကျန်ဖြစ်ရခြင်း

(မေး) (အခြွေအရံမရှိ အထီးကျန်ဖြစ်ရခြင်း)

အရှင်ဘုရား၊ တပည့်တော်မသည် ရတနာသုံးပါးကို များစွာကြည်ညိုလေးစားစွာ အားထားပါသည်။ တပည့်တော်မမှာ အခြွေအရံမရှိပါ။ သားသမီးများကလည်း အတူနေပေးခြင်း မရှိပါ။ အိမ်ဖော်ခေါ်ထားသော်လည်း ကြာရှည်မနေပါ။ တချို့က ထွက်ပြေးပါသည်။ ထိုကဲ့သို့ အထီးကျန်ဖြစ်နေရသည်မှာ-

(၁) မည်သည့် အကုသိုလ်ကြောင့် ဖြစ်ပါသနည်း။

(၂) ဘဝက ကုသိုလ်ပြုရာမှာ မည်သည့် ချွတ်ယွင်းချက် ရှိခဲ့၍ ဖြစ်ပါသနည်း။

(၃) ထိုအကုသိုလ် ပပျောက်ရန် မည်သို့ ကုသိုလ်ပြုရပါမည်နည်း။

ဖြေကြားလမ်းညွှန်ပေးတော်မူပါဘုရား။

(အငယ်မ-မရမ်းကုန်း)

(ဖြေ)

အတ္တနာဝ ဒါနံ ဒေတိ၊ ပရံ န သမ္မာဒပေတိ၊ သော နိဗ္ဗတ္တ နိဗ္ဗတ္တဋ္ဌာနေ ဘောဂသမ္ပဒံ လဘတိ၊ နော ပရိဝါရသမ္ပဒံ။ (ဓမ္မပဒ၊ဋ္ဌ၊၁၃၉)ဟူသော ဟောတော်မူချက်အရ ရှေးရှေးကုသိုလ်ပြုစဉ်က ကိုယ်သာလျှင် အလှူပေးသည်။ သူတပါးအား အလှူပေးရန် မတိုက်တွန်းခဲ့။ ထိုသူ အကျိုးပေးသောအခါ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော်လည်း အခြံအရံမရှိ။ အထီးကျန် ဖြစ်ရတတ်သည်။

ထိုဟောထားချက်အရ ပြဿနာရှင်သည်လည်း ကိုယ်သာလှူပြီး သူတပါးကို လှူရန် တိုက်တွန်းခြင်း၊ ဆော်ဩခြင်း မပြုခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဒါနပြုရာ၌ မိမိက ရှေ့သွားခေါင်းဆောင်ပြုကာ အခြားအဖော်အလှော်များအားလည်း လှူဒါန်းရန် တိုက်တွန်းခြင်း၊ ဆော်ဩခြင်း ပြုပေးရန် လိုအပ်ပါသည်။ ဤမျက်မှောက်ဘဝတွင် အားကိုးရာမဲ့သူများအား ကူညီခြင်း၊ ပေးကမ်းခြင်း၊ ကျွေးမွေးခြင်းများကို ပြုလျှင် စေတနာအလျှောက် အခြံအရံများ ဖြစ်ထွန်းလာနိုင်သည်ဟု ဆိုပေသည်။ ကြိုးစား၍ ပေးကမ်းလှူဒါန်းမှုကို ပြုလုပ်ပါဟု တိုက်တွန်းလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အန္တရာယ်ကင်းဂါထာနှင့် ထေရဝါဒ

(မေး) (အန္တရာယ်ကင်းဂါထာနှင့် ထေရဝါဒ)

အရှင်ဘုရား၊ အချို့ပုဂ္ဂိုလ်များက ဂါထာပရိတ်ရွတ်ဖတ်ခြင်း၊ ပုတီးစိပ်ခြင်းတို့သည် မဟာယာနလမ်းစဉ် ဖြစ်သည်၊ ထေရဝါဒဗုဒ္ဓဘာသာနှင့် မညီဟုဆိုကာ ပစ်ပယ်ကြပါသည်၊ ရွတ်ဆို သင့်-မသင့်၊ ပုတီးစိပ်သင့်-မသင့် ရှင်းလင်းဖြေကြားတော်မူပါဘုရား။

(မောင်ကျော်ဝင်း-ဒဂုံမြောက်ပိုင်း)

(ဖြေ)

ဂါထာမန္တန်တို့တွင် ဥုံခံ၍ ရွတ်ဆိုသော ဂါထာများကား အများအားဖြင့် ဗြာဟ္မဏဘာသာဆိုင်ရာများဖြစ်၍ ဗုဒ္ဓဘာသာနှင့် မဆိုင်ဟု ဆိုနိုင်ပါသည်။ ထိုဂါထာများကို မဟာယာန ဗုဒ္ဓဘာသာဝင်များက ဗြာဟ္မဏတို့ထံမှ အတုယူ၍ ရွတ်ဆိုကြသဖြင့် ဗုဒ္ဓဘာသာထဲသို့ ရောက်မှန်းမသိ ရောက်လာခဲ့သည်၊ ထို့ကြောင့် စိန္တာမဏိ ဂါထာစသည်တို့မှာ ဥုံခံရုံမျှမက ဗြာဟ္မဏပုဏ္ဏားသံပါပါနှင့် ရွတ်ဆိုနေကြသည်ကို တွေ့ရသည်၊ သို့သော် သဗ္ဗမင်္ဂလဂါထာ၊ သမ္ဗုဒ္ဓေဂါထာ စသည်တို့ကား ထေရဝါဒသက်သက် ပရိတ်တော်များတွင် ပါဝင်ပါသည်။

မြတ်စွာဘုရားကိုယ်တော်တိုင် မေတ္တသုတ်၊ ခန္ဓသုတ်၊ မောရသုတ်၊ ဝဋ္ဋသုတ် စသည်တို့ဖြင့် အန္တရာယ်ကင်း ပရိတ်တော်၊ ဂါထာတော်များကို ရဟန်းတော်များ ရွတ်ဆိုရန် သင်ကြားပေးခဲ့သည်။ ရတနသုတ်တော်ကို ဘုရားအမိန့်တော်ဖြင့် အရှင်အာနန္ဒာကိုယ်တိုင် လူစုလူဝေးဖြင့် ဝေသာလီပြည်၌ အနှံ့ရွတ်ဆိုခဲ့သည် မဟုတ်လော။

ဂါထာတို့သည် ထေရဝါဒမဟုတ်၍ မရွတ်သင့်ဟုဆိုလျှင် ထိုပရိတ်တော်များကိုလည်း မရွတ်ရဟု ဆိုသင့်ပါသည်၊ ထို့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာ ရတနာသုံးပါးနှင့် စပ်သော ဂါထာတော်များကို ထေရဝါဒ ဗုဒ္ဓဘာသာက ရွတ်ဆိုရန် အားပေးကြောင်း ပြောလိုပါသည်။

ပုတီးမှာလည်း မူလအနေဖြင့် ဗြာဟ္မဏဝါဒ မန္တန်စိပ်ခြင်းမှ စလာသည်ဟု ဆိုသော်လည်း ထေရဝါဒဗုဒ္ဓဘာသာ အနေဖြင့် လက်မခံနိုင်စရာ အကြောင်းမရှိပါ၊ ဝိပဿနာ ဘာဝနာစခန်း ဝင်ရာ၌ ပုတီးမလိုအပ်ဟု ဆိုသင့်သော်လည်း ဗုဒ္ဓါနုဿတိကဲ့သို့သော သမထဘာဝနာအရာ၌ ပုတီး၏ အခန်းကဏ္ဍမှာ ရှိသင့်သည်-ဟု ဆိုရပါမည်၊ သာဓကအားဖြင့် ဗုဒ္ဓါနုဿတိ ကဲ့သို့ သမထကမ္မဋ္ဌာန်းပင်ဖြစ်သော အာနာပါနအရာ၌ ဂဏနာနည်းကို ခွင့်ပြုထားခဲ့ပေသည်၊ ဂဏနာနည်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်း၍ ပိုမိုအောင်မြင်မှု ရှိသကဲ့သို့ပင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းတွင်လည်း ပုတီးလုံးချ၍ ပွားများပါက ပိုမို၍ သမာဓိရနိုင်သည်ကို ထောက်ဆလျက် ပုတီးအသုံးမှာ ထေရဝါဒ ဗုဒ္ဓဘာသာအတွက် အလွန်အကျိုးပြု အသုံးဝင်ကြောင်း သတိပြုအပ်လှပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

အနုဂါမိက ဥစ္စာ-မြှုပ်နှံရာ

(မေး) (အနုဂါမိက ဥစ္စာ-မြှုပ်နှံရာ)

အရှင်ဘုရား၊ အနုဂါမိကဥစ္စာ၏ အဓိပ္ပါယ်နှင့် ၄င်းဥစ္စာ မြှုပ်နှံရာဌာနတို့ကို ဖြေကြားပေးတော်မူပါဘုရား။

(မောင်မြင့်ကြည်-မိတ္ထီလာမြို့)

(ဖြေ)

ပြဿနာရှင် သိလိုသော အနုဂါမိကဥစ္စာနှင့် မြှုပ်နှံရာဌာနအကြောင်းကို နိဓိကဏ္ဍသုတ် (ခု-၁-၉) တွင် ပါရှိပါသည်။ ၄င်းသုတ်မှာ ဂါထာ ၁၆-ဂါထာ ပါရှိ၍ ဂါထာနံပါတ် ၇-တွင်

စေတိယမှိ စ သံဃေ ဝါ၊ ပုဂ္ဂလေ အတိထီသု ဝါ။

မာတရိ ပိတရိ စာပိ၊ အထော ဇေဋ္ဌမှိ ဘာတရိ။ ဟု ရှိရာ အဓိပ္ပါယ်မှာ

စေတီသုံးမျိုး၊

သံဃာ၊

မြတ်သောပုဂ္ဂိုလ်၊

အဝေးရောက်ဧည့်သည်၊

အမိ အဖ နှင့်

မိမိထက်ကြီးသော အကိုကြီး အမကြီးတို့၌

အနုဂါမိက ရွှေအိုးကို မြှုပ်နှံရာ၏-ဟု ဆိုလိုပါသည်။

အနုဂါမိက ရွှေအိုးဟူသည်မှာ သံသရာ၌ အရိပ်ကဲ့သို့ မိမိ သွားလေရာ ထက်ကြပ်လိုက်ပါတတ်သော ဒါန၊ သီလ၊ သံယမ စသော ကုသိုလ်ကောင်းမှုများကို ဆိုလိုသည်ဟု ဟောတော်မူထားပါသည်။

(အကျယ်ကို ဖော်ပြပါ သုတ်အဖွင့်တို့တွင် ကြည်နိုင်ပါသည်)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဣန္ဒြေ

(မေး) (ဣန္ဒြေ)

အရှင်ဘုရား၊ ဣန္ဒြေ၏အဓိပ္ပါယ်သည် အစိုးရခြင်းဟု သိရသော်လည်း မရှင်းလင်းသောကြောင့် ရှင်းလင်းအောင် ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

(ဦးမောင်ဦး)

(ဖြေ)

ဣန္ဒြေဟူသော မြန်မာစကားမှာ ပါဠိတွင် ဣန္ဒြိယ-(ဣန္ဒ+ဣယ) (န) အစိုးရခြင်း၊ ကိုယ်၊ နှုတ် စသော အမူအရာ၊ စက္ခုစသော ဣန္ဒြေဟု ဆိုပါသည်။

ထိုတွင် အစိုးရခြင်းအနက်မှတပါး အခြားအနက်များအရ ရှင်းလင်းသိသာနိုင်စရာ ရှိပါသေးသည်။

ထို့ပြင် ဣန္ဒြိဂုတ္တ (ပ) ဣန္ဒြေကို စောင့်စည်းသောသူ၊ ဣန္ဒြိယဂုတ္တ-(ဣ) ဣန္ဒြေကို စောင့်စည်းခြင်း၊ ဣန္ဒြိယဂ္ဂယှ-(န) ဣန္ဒြေကို ယူတတ်သော အာရုံစသော ဆက်တွဲအနက်များ ဖြစ်ပါသည်။

ထိုအနက်များကို ထောက်ရှုပါက ပိုမိုရှင်းလင်းနိုင်လောက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဣန္ဒြေခြောက်ပါး မာရ်နတ်သား

(မေး) (ဣန္ဒြေခြောက်ပါး မာရ်နတ်သား)

အရှင်ဘုရား

၁။ ကမ်းဂန်များတွင် ဖော်ပြထားသည့် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ဣန္ဒြေခြောက်ပါး စောင့်ခြင်း ဆိုသည်မှာ အဘယ်ပါနည်း။

မျက်စိဣန္ဒြေစောင့်ခြင်း ဆိုသည်မှာ မည်သူ့ကိုမျှ မကြည့်ခြင်းကို ဆိုလိုပါသလားဘုရား။

၂။ မြတ်မင်္ဂလာ စာစောင်တွင် ဖော်ပြခဲ့သည့် ဘုရားလောင်းတို့မည်သည် မာရ်နတ်မင်း မဖြစ်ဟု သိရပါသည်။

ဇိနတ္ထပကာသနီကျမ်းတွင် ရှင်ဥပဂုတ် ရဟန္တာအရှင်မြတ်နှင့် မာရ်နတ်မင်းတို့ ပြောစကားအရ အဆိုပါ မာရ်နတ်မင်းသည် ဘုရားလောင်းဟု သိရပါသည်။ ထိုစကားအဓိပ္ပါယ်ကို ရှင်းလင်းအောင် ဖြေကြားတော်မူပါဘုရား။

(မောင်ထွန်းနိုင်-ရန်ကုန်မြို့)

(ဖြေ)

၁။ ဣန္ဒြေခြောက်ပါးကို စောင့်စည်းခြင်း ဟူသည်မှာ စက္ခု-စသော ဒွါရခြောက်ပါး၌ ထင်လာ မြင်လာသည့် အာရုံတို့နောက်သို့ မလိုက်ဘဲ ယင်းအာရုံတို့ကို စွဲလမ်းတပ်မက်မှု မဖြစ်အောင် ချုပ်တည်း သိမ်းဆည်းနိုင်ခြင်းကို ဆိုလိုပါသည်။

၂။ ဘုရားလောင်းတို့ မာရ်နတ်မင်း မဖြစ်-ဆိုသည်မှာ နိယတဗျာဒိတ်ပန်း ဆင်မြန်းပြီးသည့်နောက် မဖြစ်ခြင်းကိုသာ ဆိုပါသည်။ မာရ်နတ်ဘုရားလောင်း-ဟု ဇိနတ္ထပကာသနီ၌ ဖော်ပြခြင်းမှာ ဘုရားအဖြစ် စိတ်ညွတ်ရုံ မြတ်စွာဘုရားအပေါ် ကြည်ညိုစိတ် ပွားရုံသာ ဖြစ်သေးရာ ဘုရားလောင်းအစစ် မဖြစ်သေးကြောင်း သတိပြုသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥရုဝေလကဿပ ရသေ့ညီနောင်နှင့် တန်ခိုးတော်များ

(မေး) (ဥရုဝေလကဿပ ရသေ့ညီနောင်နှင့် တန်ခိုးတော်များ)

ဇိနတ္ထပကာသနီကျမ်း စာမျက်နှာ ၁၀၈-မှာ ဘုရားရှင်က ဥရုဝေလကဿပ ညီနောင်သုံးဦး (ရသေ့တထောင်) ကို ချေချွတ်တော်မူရာမှာ တန်ခိုးပြာဋိဟာပေါင်း (၁၅၀၆) ပါး ရှိသတည်းလို့ မိန့်ဆိုပါသည်၊

တခါ တိပိဋက ယော ဆရာတော်၏ ဟောစဉ်တရားများ ပထမတွဲ စာမျက်နှာ ၃၈၅-မှာ (၃၅၁၆)ပါး ပြာဋိဟာ ပြတော်မူရတယ်လို့ ပါပါသည်၊

၄င်းစာအုပ် စာမျက်နှာ ၄၂၉-မှာ (၁၆၁၆) မျိုး ပြာဋိဟာ ပြတော်မူတယ်လို့ ဆိုပြန်ပါသည်။

၄င်းသုံးမျိုးမှာ ဘယ်ဟာက မှန်သည်ဆိုတာကို သိလိုပါသည်၊ ဖြေကြားတော်မူပါရန် လျှောက်ထားပါသည်ဘုရား။

(ဦးသူရိယ-ကုံစည်ကျောင်း၊ ကောင်းဘို့ရွာ-ရပ်စောက်မြို့နယ်)

(ဖြေ)

၄င်းနှင့်စပ်၍ မဟာဗုဒ္ဓဝင် (ဒု-တွဲ ၅၇၇) တွင်

ဤနည်းဖြင့် ဥရုဝေလ တောအုပ်အတွင်း၌ ကဿပညီနောင် ရသေ့တထောင်တို့အား ချေချွတ်ရန် မြတ်စွာဘုရား ဖန်ဆင်းတော်မူအပ်သော တန်ခိုးပြာဋိဟာတို့မှာ ပါဠိတော်၌ တိုက်ရိုက်ဖော်ပြအပ်သည်တို့ကား ၁၆-ပါး၊ တိုက်ရိုက်မဖော်ပြအပ်သည်တို့ကား ၃၅၀၀၊ နှစ်ရပ်ပေါင်း (၃၅၁၆) ပါးတို့ ဖြစ်ကုန်၏-ဟု ဆိုပါသည်။

ထိုနည်းတူ မာလာလင်္ကာရ (ဗုဒ္ဓဝင်) ဝတ္ထုတော်ကြီး (၁၀၃) ၌

ဘုရားသခင် အဓိဋ္ဌာန်တော်ကြောင့် ငါးရာသော ထင်းတို့သည် မကွဲနိုင်ကုန်။

ငါးရာသော ထင်းတို့သည် ကွဲနိုင်ပြန်ကုန်၏၊

ငါးရာသော မီးတို့သည် မတောက်နိုင်ကုန်။

ငါးရာသော မီးတို့သည် တောက်နိုင်ပြန်ကုန်သည်။

ငါးရာသော မီးတို့သည် မငြိမ်းနိုင်ကုန်။

ငါးရာသော မီးတို့သည် ငြိမ်းနိုင်ပြန်ကုန်သည်။

ငါးရာသော မီးမယ်ဖျူတို့ကို ဖန်ဆင်းတော်မူသည်။

ဤနည်းဖြင့် ၃၅၀၀-ကုန်သော ပြာဋိဟာသည် ဖြစ်ကုန်၏၊

နဂါးကို ဆုံးမသည်မစ၍ှ ၁၆-ပါးသော ပြာဋိဟာကိုကား ဤ၌ မဆို။

ထိုပြာဋိဟာနှင့် တကွသော်ကား ၃၅၁၆-ပါးတည်းဟု ဆိုသည်။

ထို့ကြောင့် ၃၅၁၆-ပါးဟု ဆိုသောစကားရပ် မှန်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥစ္စာသယန မဟာသယန

(မေး) (ဥစ္စာသယန မဟာသယန)

အရှင်ဘုရား၊ ကိုးပါးသီလ ခံယူဆောက်တည်ရာတွင် ပါဝင်သော ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ-မြင့်သောနေရာ မြတ်သောနေရာတို့၌ နေထိုင်အိပ်စက်ခြင်းမှ ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ကောင်းစွာဆောက်တည်ပါ၏-ဟုဆိုရာ၌ မြင့်သောနေရာ ဆိုသည်မှာ အမြင့်အတိုင်းအတာ မည်မျှရှိ၍ မြတ်သောနေရာ ဆိုသည်မှာ မည်သည့်နေရာမျိုးကို ဆိုလိုသည်ကို ဖြေကြားပေးတော်မူပါဘုရား။

(မောင်အောင်နိုင်-နန်းချောင်း၊ သံတွဲမြို့)

(ဖြေ)

ဗုဒ္ဓဘာသာ လက်စွဲကျမ်း ၁-၄၆၁-တွင် ဥစ္စာသယန-မြင့်သောနေရာ၊ အခြေ တတောင့်ထွာထက် ရှည်သော အိပ်ရာ၊ ခုတင်၊ ကုလားထိုင်ကြီးများ၌ မထိုင်ကောင်း၊ မအိပ်ကောင်းပါ။

မဟာသယန-မြတ်သောနေရာ၊ စည်းစိမ်ခံစားလေ့ရှိသော လူချမ်းသာများ၏ အိမ်၌ လက်လေးသစ်မက အမွေးရှည်ကော်ဇော၊ သားမွေးအခင်း၊ ခြင်္သေ့၊ သစ်၊ ကျားအရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည် ငွေချည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း၊ လဲမွေ့ရာ၊ ဂွမ်းမွေ့ရာများကို မသုံးကောင်းပါ။ အသုံးပြုလျှင် ဤသိက္ခာပုဒ် ပျက်သည်။ (အုန်းဆံမွေ့ရာများကိုကား သုံးကောင်းပါသည်၊ သင်ဖျူးဖျာ၊ ကော်ဇောအမွေးတို စသည်တို့ကို ဤသိက္ခာပုဒ်အရ မြတ်သောနေရာဟု မဆိုထိုက်ချေ။)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥစ္စာစောင့်

(မေး) (ဥစ္စာစောင့်)

အရှင်ဘုရား၊ တပည့်တော်တို့ လူ့ဘုံလောကကို ဥစ္စာစောင့် သိုက်နန်းရှင်တွေဟာ လာချင်တိုင်း လာ၊ ပြန်ချင်တိုင်း ပြန်သွားလို့ ရတယ်လို့ လူတွေအတော်များများက ယုံကြည်နေကြပါတယ်ဘုရား။ အဲဒါ ဖြစ်နိုင်ပါသလား။ နောက်ပြီး ဥစ္စာစောင့်နှင့် သိုက်နန်းရှင်ဆိုတာ မတူဘူးလို့ ပြောကြတယ်ဘုရား။ ဘယ်လိုကွာခြားပါသလဲ။ တကယ်ကော ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။

(မောင်ချိုလေး-ပဲခူး)

(ဖြေ)

ဥစ္စာစောင့်ဟူသည် ဘုမ္မစိုးနတ်မင်းကြီး၏ လက်အောက်ခံ ပေတမျိုးနွယ်များ ဖြစ်ကြသည်ဟု ဆိုသည်။ လူတို့ တခါတရံ တွေ့ကြ၊ ကြုံကြသဖြင့် လူ့ဘဝနှင့် နီးစပ်သည်ဟု ထင်ရသော်လည်း အမှန်အားဖြင့် ဘဝချင်း ကွာခြားလှပါသည်။ ဘုမ္မဿိတပေတ (မြေကို မှီနေသော ပြိတ္တာမျိုး) များစွာ ရှိသဖြင့် ၄င်းအမျိုးထဲမှ ဖြစ်နေသော ဥစ္စာစောင့် သိုက်နန်းရှင်ဆိုသည်များလည်း ရှိမည်ဆိုက ရှိနိုင်ပါသည်။ လူများ၌ အဆင့်အတန်း အမျိုးမျိုး ရှိသလို ပြိတ္တာများလည်း အဆင့်အတန်းအမျိုးမျိုး ရှိနိုင်ကြောင်း ပေတဝတ္ထုတွင် ဖတ်ရှုသိသာရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥဒ္ဒိဿ စေတီ

(မေး) (ဥဒ္ဒိဿ စေတီ)

အရှင်ဘုရား၊ ဥဒ္ဒိဿစေတီတော်သည် မြတ်စွာဘုရား ကိုယ်တော်တိုင် လူတို့ကိုးကွယ်ရန် ဟောကြားခဲ့ပါသလား၊ သို့တည်းမဟုတ်-နောင်ကာလ ဆရာတော်များက ဟောကြားခဲ့တာပါလားဘုရား တိကျစွာ သိလိုပါသည်ဘုရား။

(မနှင်းအေး-ရန်ကုန်)

(ဖြေ) မြတ်စွာဘုရား လက်ထက်က အရှင်အာနန္ဒာလျှောက်ထားသဖြင့် စေတီသည် သုံးပါးဖြစ်ကြောင်း သာရီရိကံ, ဥဒ္ဒိဿကံ, ပါရိဘောဂိကန္တိ-ဟု ဟောခဲ့ကြောင်း ကာလိင်္ဂဗောဓိဇာတ် အဋ္ဌကထာတွင် ဆို၏၊ ယင်း၌ပင် ဥဒ္ဒိဿကံ အဝတ္ထုကံ မမာယန မတ္တမေဝ ဟောတိ-ဟု ဥဒ္ဒိဿ စေတီဟူသည် အထည်ဝတ္ထု မရှိ။ မြတ်နိုးရုံမျှသာ ဖြစ်၏ဟု မိန့်တော်မူ၏၊ ဤစကားဖြင့် ဘုရားရှင် ထင်ရှားရှိတုန်းပင် ဥဒ္ဒိဿလည်းရသည်။ သို့သော် ဥဒ္ဒိဿက ဓာတုစေတီ၊ ပရိဘောဂ စေတီတို့လို အထည်ဝတ္ထု မရှိ၊ ရည်မှန်းရုံ မြတ်နိုးရုံမျှသာဟု ပြတော်မူ၏၊

ထို့ကြောင့် ဗုဒ္ဓဂုဏ်တော်တို့ကို အောက်မေ့၍ မိမိစိတ်ထဲ နှလုံးထဲ၌ ဘုရားပုံတော် ပေါ်လာအောင် အာရုံပြုရှိခိုးခြင်းပင် ဥဒ္ဒိဿစေတီကို ရှိခိုးပူဇော်ခြင်း ဖြစ်တော့သည်။ နောင် သာသနာငါးရာခန့်တွင် ယောနကမည်သော ဂရိတ်လူမျိုးတို့နောက် ကုသျှန်သျှက ခေါ်သော အေရှားအလယ်ပိုင်းသားတို့ အိန္ဒိယပြည်ကြီးကို ခွဲခြားအုပ်စိုးကာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြ၏၊ ထိုအခါ မိမိတို့ကိုးကွယ်ရင်း နေနတ်သား၏ ရုပ်တု၊ သူရဲကောင်း ရုပ်တုများ ထုလုပ်ကြသကဲ့သို့ ဘုရားပုံတော်များကို (လက္ခဏသုတ်လာ အပြင်လက္ခဏာများကို မူထား၍) ထုလုပ်ကြကြောင်း အဆိုရှိလေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥပ နှင့် ပရမတ္ထ ပါရမီ

(မေး) (ဥပ နှင့် ပရမတ္ထ ပါရမီ)

ဆရာတော်ဘုရား၊ သမ္မာသမ္ဗုဒ္ဓဆုမှ ပကတိသာဝကဆု အထိ အလောင်းတော်ကြီးများက ပါရမီ ၁၀-ပါးကို ဖြည့်ကျင့်ရသည်၊ ထိုပါရမီသည် ပါရမီ ၁၀-ပါး၊ ဥပပါရမီ ၁၀-ပါး၊ ပရမတ္ထပါရမီ ၁၀-ပါး ဤသို့ အပြား ၃၀-ရှိသည်ဟု မှတ်သားရပါသည်ဘုရား၊

ယင်းတွင် ဥပပါရမီနှင့် ပရမတ္ထပါရမီတို့၏ အဓိပ္ပါယ်နှင့် ဖြည့်ကျင့်အားထုတ်ပုံကို သိလိုပါ၍ ဖြေကြားပေးတော်မူပါရန် လျှောက်ထားပါသည်ဘုရား။

(ကျော်ထွန်း-ည/၇၆ ဒေစီလမ်း တောင်ကြီးမြို့)

(ဖြေ)

မဟာဗုဒ္ဓဝင် ပထမတွဲ ပထမပိုင်း အနုဒီပနီ (ကာ) ၌

ထိုပါရမီ ၁၀-ပါးတို့တွင် တပါးတပါးလျှင် ပါရမီ၊ ဥပပါရမီ၊ ပရမတ္ထပါရမီ ဟူ၍

(ဥပမာ-ဒါန-၌ ၁-ဒါနပါရမီ၊ ၂-ဒါနဥပပါရမီ၊ ၃-ဒါနပရမတ္ထပါရမီ-ဟူ၍ သုံးပါး။ သီလစသည်တို့၌ ထို့အတူ)

သုံးပါးစီ သုံးပါးစီ ပြားသောကြောင့် ပါရမီအကျယ် သုံးဆယ်ဖြစ်သည်။

ဤသုံးပါးတို့အတွက် ရှေးဦးစွာ

၁။ သားမယား ရွှေငွေစသော အသုံးအဆောင်ဝတ္ထု။

၂။ မိမိ၏ လက်ခြေစသော အင်္ဂါကြီးငယ်နှင့်

၃။ အသက် - ဤသုံးပါးကို မှတ်သားပြီးလျှင်

ဒါနအတွက်

၁။ အသုံးအဆောင်ဝတ္ထုကို စွန့်လှူသည်ကား ဒါနပါရမီ။

၂။ အင်္ဂါကြီးငယ်ကို စွန့်လှူသည်ကား ဒါနဥပပါရမီ။

၃။ အသက်ကို စွန့်လှူသည်ကား ဒါနပရမတ္ထပါရမီ-ဟု မှတ်အပ်၏၊

ထို့အတူ အသုံးအဆောင် ဝတ္ထုဟူသောအကြောင်း၊

အင်္ဂါကြီးငယ်ဟူသော အကြောင်း၊

အသက်ဟူသော အကြောင်းကြောင့် မလွန်ကျူးဘဲ သီလကို ထိန်းသိမ်း စောင့်ခြင်းမျိုးကို သီလပါရမီ၊ သီလဥပပါရမီ၊ သီလပရမတ္ထ ပါရမီ-ဟု အစဉ်အတိုင်း မှတ်ယူအပ်၏၊

ကြွင်းသော ပါရမီ ၈-ပါးတို့၌လည်း ဤနည်းကို မှီး၍ သိရာ၏၊

(က) သက်မဲ့သက်ရှိ၊ ဗာဟိရက၊ စွန့်နိုင်က၊ မူလပါရမီ။

(ခ) အင်္ဂါကြီးငယ်၊ အသွယ်သွယ်ကို၊ မတွယ်စိတ်မှ၊ စွန့်နိုင်က၊ ဥပပါရမီ။

(ဂ) အသက်ဇီဝ၊ စွန့်နိုင်က၊ ပရမတ္ထပါရမီ။

(ဃ) ပါရမီဆယ်ပါး၊ အကျယ်ပွား၊ အပြားသုံးဆယ် မည်။

ဟု ရှင်းလင်းဖော်ပြထားလေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥပမာစကား

(မေး) (ဥပမာစကား)

အရှင်ဘုရား မြတ်စွာဘုရားသည် အတုမရှိပုဂ္ဂိုလ်ဖြစ်ပါလျက် ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်း၊ ကရဝိက်ငှက်ကဲ့သို့ သာယာသောအသံ ရှိခြင်း စသည်ဖြင့် နှိုင်းယှဉ်ထားပါသည်။ နှိုးယှဉ်သူမှာ အပြစ် ရှိ-မရှိ ဖြေကြားတော်မူပါဘုရား။

(မနွဲ့ကြည်-နရွဲပင်ရွာ ပဲနွယ်ကုန်းမြို့)

(ဖြေ)

နှိုင်းယှဉ်ပြောဆိုခြင်း ဥပမာစကားဟူသည်မှာ ကြားနာသူတို့ သိလွယ်အောင် နှိုင်းယှဉ်ရခြင်းဖြစ်သည်။ နှိုင်းယှဉ်ရာမှာ ပဏီတ ဥပမာ-မြင့်မြတ်သောအရာဖြင့် နှိုင်းယှဉ်ခြင်း။

သဒိသ ဥပမာ-တူညီသောအရာဖြင့် နှိုင်းယှဉ်ခြင်း။

ဟီန ဥပမာ-ယုတ်သောအရာဖြင့် နှိုင်းယှဉ်ခြင်းဟူ၍ ၃-မျိုးရှိပါသည်။

မြတ်စွာဘုရားမှာ အတုမရှိသော ပုဂ္ဂိုလ်မြတ်ကြီးဖြစ်၍ မြတ်စွာဘုရား၏ဂုဏ်ကို သိစေလို၍ နှိုင်းယှဉ်လျှင် ပဏီတ၊ သဒိသ တို့ဖြင့် နှိုးယှဉ်စရာမရှိ။ အယုတ်-ယုတ်သော ဝတ္ထု ပုဂ္ဂိုလ် သတ္တဝါတို့နှင့်သာ ကြားနာသူ နားလည်ရန်အတွက် နှိုင်းယှဉ်ရပါသည်။ ထို့ကြောင့် ဟီနောပမာ-ဟီနဥပမာအနေဖြင့် ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်း၊ ကရဝိက်ငှက်မင်းကဲ့သို့ အသံသာခြင်း၊ ထွက်သစ်စ နေမင်းကဲ့သို့ တင့်တယ်ခြင်း၊ ပဒုမ္မာကြာပန်းကဲ့သို့ ကျက်သရေရှိခြင်း စသည်တို့ဖြင့် နှိုင်းယှဉ်ရပါသည်။ စကားဥပမာအဖြစ် တင်စားပြောဆိုရခြင်း ဖြစ်သဖြင့် အပြစ်မရှိပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥပုသ် အမျိုးအစား

(မေး) (ဥပုသ် အမျိုးအစား)

အရှင်ဘုရား။၊ အချို့ ဘုန်းကြီးကျောင်းသွား ဥပုသ်စောင့်ပါသည်။ စနစ်မမှန်၍ နွားကျောင်းသား ဥပုသ်ဖြစ်နေသည်ဟု ကြားဖူးပါသည်။ ဥပုသ်အမျိုး မည်မျှရှိ၍ မည်သို့စောင့်သုံးမှ မှန်ကန်မည်ကို အများပြည်သူ သိစေရန် ဖြေကြားပေးတော်မူပါဘုရား။

(စိုးလင်းအောင်-သံတွဲမြို့)

(ဖြေ)

ဥပုသ်သည် တိကနိပါတ အင်္ဂုတ္တိုရ်အလို

၁။ နိဂဏ္ဍဥပုသ်။ ၂။ ဂေါပလဥပုသ်။ ၃။ အရိယာဥပုသ်-ဟူ၍ ၃-မျိုးရှိကြောင်း လာပါသည်။

၁။ နိဂဏ္ဍဥပုသ် ဆိုသည်မှာ ငါသည် ယနေ့ ယူဇနာ ၁၀၀-အတွင်းရှိသော သတ္တဝါတို့ကိုသာ ရှောင်မည်။ ၄င်းမှအပ မရှောင်ဟု ဆောက်တည်သော တိတ္တိတို့၏ ဥပုသ်မျိုး ဖြစ်၏၊ အကျိုးမရှိ။

၂။ ဂေါပါလဥပုသ်-ဟူသည်မှာ နွားကျောင်းသားသည် သူ၏နွားတို့ကို စားကျက်အတွင်းမှ မထွက်ရအောင် စောင့်ရှောက်ရုံသာ စောင့်ရှောက်နေဘိသကဲ့သို့ သီလခံယူ၍ စားရန်၊ သောက်ရန်၊ စကားပြောရန်သာ ကြံစည်၍ ရတနာသုံးပါး ဂုဏ်ကျေးဇူးစသည်ကို အာရုံမပြု။ အချိန်ကုန် အိမ်ပြန်မျှသာ ဖြစ်သဖြင့် အကျိုးမများလှ။

၃။ အရိယာဥပုသ်-ဟူသည်မှာ ဥပုသ်သီလ ခံယူဆောက်တည်၍ တရားနာခြင်း၊ ရတနာသုံးပါး ဂုဏ်ကျေးဇူးကို အောက်မေ့ စီးဖြန်းခြင်း။ မေတ္တာပွားခြင်း၊ ပုတီးစိပ်ခြင်း၊ လှူဒါန်းခြင်း၊ ဘာဝနာပွားခြင်း၊ တရားစကားကို ဆွေးနွေးပြောဟောခြင်း၊ စသည်ဖြင့် တနေ့တာ ကုသိုလ်အာရုံဖြင့်သာ နေခြင်းမျိုးဖြစ်၍ လွန်စွာ အကျိုးရှိပါသည်။ ထို့ကြောင့် ဥပုသ်သည်များသည် ဤအရိယာဥပုသ်မျိုးကိုသာ စောင့်သုံးသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥပုသ်ထွက်ခြင်း

(မေး) (ဥပုသ်ထွက်ခြင်း)

ဥပုသ်နေ့တွင် ဥပုသ်ဆောက်တည်ပြီး နောက်နေပတွင် ဘုရားရှေ့တွင် ဥပုသ်ထွက်ကြောင်း ခွင့်ပန်ဖို့ လိုအပ်ပါသလား။

ခွင့်မပန် ဥပုသ်မချဘဲ အစားအစာများစားလျှင် အပြစ်ဖြစ်ပါသလား။

(ဒေါ်စီစီဝင်း-၁၆၃/၂ ငှက်တော်လမ်း၊ မြင်သာ။)

(အေးမွန်ခိုင်-၆၆/၁၆၅ လမ်း တာမွေ။)

(မမြမြ-လောင်းလုံမြို့ တနင်္သာရီတိုင်း။)

(ဖြေ)

ဥပုသ်သီလမှာ ရိုးရိုးခံယူဆောက်တည်လျှင် ဥပုသ်နေ့ကုန်ဆုံး၍ နောက်တနေ့ အရုဏ်တက်ချိန်တွင် အလိုအလျှောက် ခံယူချက် ပျက်ပြယ်သွားပါသည်။

ဥပုသ်ထွက်ကြောင်း ခွင့်ပန်ခြင်း၊ ငါးပါးသီလ စသည် ခံယူ၍ ဥပုသ်ချခြင်း စသည် ပြုဖွယ်မလိုပါ။

အဓိဋ္ဌာန်ဖြင့် ၇-ရက် ဥပုသ်ဆောက်တည်မည်၊ ၉-ရက် ၄၅-ရက် စသည် ဆောက်တည်မည်ဟု ဆို၍ ခံယူဆောက်တည်လျှင်လည်းအစတနေ့ ခံယူဆောက်တည်ပြီး နောက်နေ့များတွင် ထပ်ပြီး

ခံယူဆောက်တည်ရန် မလို၊ အဓိဋ္ဌာန်ရက် ကုန်ဆုံးမှ အလိုလို ပျက်ပြယ်သွားပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥပုသ်မစောင့်မီ နံ့သာ သနပ်ခါး လိမ်းခြင်း

(မေး) (ဥပုသ်မစောင့်မီ နံ့သာ သနပ်ခါး လိမ်းခြင်း)

အရှင်ဘုရား၊ ဥပုသ်သီတင်းသည်များ ကျောင်းသို့လာရာတွင် နံ့သာသနပ်ခါးများ လိမ်းလာကြပါသည်။ သီလဆောက်တည်ပြီးသောအခါ ယင်းနံ့သာသနပ်ခါးများကြောင့် သီလပျက်နိုင်-မပျက်နိုင် သိလိုပါသည်ဘုရား။

(ရှင်ဝိစိနန္တ-မော်ကျွန်း)

(ဖြေ)

သီတင်းသီလ မဆောက်တည်မီ၊ နံ့သာသနပ်ခါးများ လိမ်းကျံခြင်းကြောင့် သီလဆောက်တည်ပြီးသောအခါ သီလမပျက်နိုင်ပါ။

သုတ်မဟာဝါ ပဒါနသုတ် အဋ္ဌကထာလာ မယ်တော်မာယာ ဥပုသ်စောင့်ခန်း၌ ဘုရားလောင်း ပဋိသန္ဓေယူအံ့သောနေ့၌ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် နံ့သာရေချိုး၍ မယ်တော်မာယာ ဥပုသ်စောင့်သုံးကြောင်း-လာ၏၊

ဝိဓူရဇာတ် အဋ္ဌကထာ၌-လည်၌ ပတ္တမြား တန်ဆာဆင်လျက် ဝရုဏနဂါးမင်း ဥပုသ်စောင့်သုံးကြောင်း-လာ၏၊

ဓမ္မပဒ အဋ္ဌကထာ ဆဗ္ဗီသတိမဝဂ်၌ -ဇောတိက သူဌေးသည် လက်ဆယ်ချောင်း၌ လက်စွပ်အကွင်း ၂၀-ဝတ်၍ တန်ဆာဆင်လျက် ဥပုသ်စောင့်သုံးကြောင်း-လာ၏၊

သုတ်မဟာဝါ သုဒဿနသုတ် အဋ္ဌကထာ၌လည်း-စကြာရောက်အံ့သောနေ့၌ နံ့သာရေ ၁၆-လုံးချိုး၍ မဟာသုဒဿန စကြာမင်း ဥပုသ်စောင့်သုံးကြောင်း -လာရှိသောကြောင့် ယခုကာလမှာလည်း မင်း၊ မိဖုရား၊ ကြွယ်ဝသောသူများကဲ့သို့ ဆင်မြဲ၊ လိမ်းမြဲသော အဝတ်တန်ဆာ ဆီမွှေး စသည်ကို ဥပုသ်မဆောက်တည်မီ ဝတ်ဆင်လိမ်းကျံ၍ ဥပုသ်ခံယူကျင့်သုံးသော်လည်း ဥပုသ်မကျိုးမပျက်ဟု သိအပ်၏-ဟု (မိုင်းခိုင်ဆရာတော်၏ ဝိကာလဘောဇနင်္ဂါဒိ ဝိနိစ္ဆယကျမ်း) တွင် ဆုံးဖြတ်ထားသည့်အတိုင်း ဖော်ပြပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဥပုသ်သည် ကျင့်ဝတ်

(မေး) ဥပုသ်သည် ကျင့်ဝတ်

ရှစ်ပါးသီလ (ဥပုသ်) စောင့်ထိန်းသူသည် မည်ကဲ့သို့ ကျင့်သုံးနေထိုင်ရသည်ကို ဖြေကြားတော်မူပါရန်၊

ရှစ်ပါးသီလ စောင့်ထိန်းထားလျှင် တဘက်ပုဝါများကို ခြုံသိုင်းထားရပါသလား၊

စားပွဲ ကုလားထိုင်နှင့် စား၍ ရပါသလားဘုရား။

(မြိုင်မြိုင်-သံဖြူဇရပ်မြို့)

ဖြေ။ ရှစ်ပါးသီလ ဥပုသ်စောင့်ထိန်းသူသည် ထိုစောင့်သုံးသော ဥပုသ်နေ့၌ လူမှုကိစ္စများကို မလုပ်ဆောင်ဘဲ စားဖွယ် သောက်ဖွယ်များကို စောစောထ၍ ချက်ပြုတ်ပြီး ကျောင်းသို့သွားကာ နံက် စောနိုင်သမျှစောစွာ သီလခံယူရန် လိုပါသည်၊ ဆွမ်းစသော လှူဖွယ်ဝတ္ထုများကို လှူဒါန်း၍ မိမိကိုယ်တိုင်လည်း နေမလွဲမီ စားသောက်ရပါသည်။

တဘက်ပုဝါများမှရြဟန်းသံဃာရှေ့သို့ သွားရောက်ချိန်၊ သီလခံယူချိန် စသည်များမှာသာ ခြုံသိုင်းရန် လိုပါသည်။

ကျောင်းကန် ဘုရား ရဟန်ဒသံဃာရှေ့တို့တွင် အမျိုးသား အမျိုးသမီးတိုင်းပင် လုံလုံခြုံခြုံ ဝတ်စားဆင်ယင်ရ ပါသည်၊ ကျောင်းမှာပင် စားသောက်ကြ၍ စားပွဲကုလားထိုင် ပြဿနာမပေါ်ပါ၊ စနစ်ကျသော ဥပုသ် စည်းကမ်းတွင် အိမ်ပြန်၍ ထမင်းစားသောက်ရခြင်းမျိုး မရှိပါ၊ အကြောင်းမညီညွတ်၍ အိမ်မှာ ထမင်းစားရပါက လည်း ဥစ္စာသယန မဟာသယန သိက္ခာပုဒ်နှင့် လျှော်ကန်မှုမရှိလှဟု ဆိုသင့်ပါသည်၊ အမှန်မှာ ဥပုသ်သည်-သည် နေ့လယ်ပိုင်း ညနေပိုင်းများတွင်လည်း ကျောင်းကန်ဘုရားများ၌ နေထိုင်၍ ရတနာသုံးပါး ဝေယျဝစ္စပြုခြင်း၊ တရားနာခြင်း၊ တရားဘာဝနာ ပွားများခြင်း၊ ပုတီးစိပ်ခြင်း တို့ဖြင့်သာ အချိန်ကို ကုန်စေသင့်ပါသည်။

ဘဒ္ဒန္တ တိလောကသာရ ဖြေသည်။

ဥပုသ်သည် စစ်စစ် ဖြစ်ရေး

(မေး) (ဥပုသ်သည် စစ်စစ် ဖြစ်ရေး)

ရှစ်ပါးသီလ (ဥပုသ်) ခံယူဆောက်တည်ရာ၌ ညနေ နေဝင်သည်အထိသာ၊ ကျောင်းတွင်းရှိနေစဉ်သာဟု အဓိဋ္ဌာန်ပြု၍ ခံယူဆောက်တည်လျှင် ညစာ ထမင်းစားလို့ ရသည်ဟု ဆိုပါသည်၊ ဟုတ်ပါသလား။

ဥပုသ်စောင့်ပြီး လက်ဖက်ရည်ကြမ်းသောက်၊ ထန်းလျက်၊ ကြံသကာ၊ ညဂျင်းသုပ် စားရသည်၊ ဘိလပ်ရည်၊ ရှလပတ်ရည် သောက်ရသည် ဆိုသည်မှာ ဟုတ်ပါသလား၊ သိလိုပါသည်ဘုရား။

(သိလိုသူများ-ရန်ကုန်)

(ဖြေ)

ဤပြဿနာနှင့် ပတ်သက်၍ မေးလာကြသူ အလွန်များပါသည်၊ မေးပင် မမေးထိုက်ဟု ဆိုချင်ပါသည်၊

ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်တို့သည် မိမိတို့၏ နိစ္စသီလ ငါးပါးမျှကို အားမရနိုင်သဖြင့် နေ့စဉ်မဟုတ် တပတ်မှ တနေ့၊ ဥပုသ်နေ့တွင် အရိယာပုဂ္ဂိုလ်များနှင့် တူတန်နိုင်သမျှ တူတန်ရန် အထူးကျင့်သုံးဆောက်တည်မှု (ရှစ်ပါးသီလမျှ) ကို ဆောက်တည်ကြခြင်း ဖြစ်ရာ ဤတပတ် တနေ့မျှ ဥပုသ်သီလကလေးကို အနည်းငယ်မျှ ကျိုးပေါက် ပြောက်ကျားမှု မဖြစ်ရေး၊ ရိပွန်း ညှိုးရော်မှု မရှိရေးအတွက် အထူးစောင့်ရှောက်ရန် လိုအပ်ပါသည်။

သီလကို အညှိုးမခံ၊ အသက်ကိုသာ အသေခံသွားသော နေ့တဝက် ဥပုသ်ရှင် အနာထပိဏ် သူဋ္ဌေး၏ လုပ်သား လယ်သမားကဲ့သို့၄င်း၊

လက်၌ ဓားလက်နက်ရှိလျက် မိမိအား ရစ်ပတ် ပေါက်သတ်မည့် မြွေကို မခုတ်ဘဲ ဓားကို အဝေးသို့ လွင့်ပစ်သော လယ်သမားကဲ့သို့၄င်း၊

ဥပုသ်သီလကို အညှိုးအပျက်မခံ၊ အသက်သာ အသေခံမည်ဟူသော စိတ်ထားရှိဖို့ လိုအပ်ပါသည်၊

ဥပုသ်သီလ ခံယူပြီး သီလမပျက်ပါဘူး-ဆိုကာ လက်ဖက်ရည် ထန်းလျက် ကြံသကာ စသည် စားသောက်မှုကို မပြုဘဲ၊ ဥပုသ်နေ့ မွန်းလွဲချိန်မှ နောက်နေ့ အရုဏ်တက်အထိ မိမိပါးစပ်တွင်း၌ သောက်ရေမှတပါး မည်သည့်အရည် အဖတ်မှ မဝင်စေဘဲ စောင့်ရှောက်နိုင်မှသာ တကယ့်ဗုဒ္ဓဘာသာ ဥပုသ်သည် အစစ် ဖြစ်နိုင်မည်ဖြစ်ကြောင်း မှတ်သားထားစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥပုသ်သည်နှင့် ညစ်ညမ်းသောစကား

(မေး) (ဥပုသ်သည်နှင့် ညစ်ညမ်းသောစကား)

အရှင်ဘုရား၊ တပည့်တော် အပတ်စဉ် ဥပုသ်စောင့်ပါသည်။ သို့သော် တပည့်တော်၏ ပတ်ဝန်းကျင်တွင် ဆဲရေးတိုင်းထွာမှုများ နားနှင့်မဆန့်အောင် ကြားနေရသဖြင့် စိတ်ညစ်နေရပါသည်။ တရားမှတ်ဖို့ပင် အလွန်ခက်ခဲလှပါသည်။ ထိုသို့ ဆဲဆိုသံများ အမြဲကြားနေရသောကြောင့် ဥပုသ်သည်များ သီလပျက်နိုင်ပါသလားဘုရား။

(အောင်မိုးရွှေ- မ/ဥက္ကလာ)

(ဖြေ)

သီလသည် ကာယကံနှင့် ဝစီကံကို ထိန်းသောအလုပ် ဖြစ်ပါသည်။ စိတ်ညစ်ရုံဖြင့် သီလမပျက်ပါ။ မိမိက ဆဲမိ၊ ဆိုမိ၊ တိုင်းထွာမိသွားလျှင်ကား သီလပျက်နိုင်ပါသည်။ စိတ်ထဲတွင် ဘယ်လောက်ညစ်ညစ်၊ ဘယ်လောက်မကျေမနပ် ဖြစ်ဖြစ်၊ ကာယကံ ဝစီကံ အဖြစ်သို့ မရောက်အောင် အစွမ်းကုန် ထိန်းပါလေ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဥပုသ်သည်နှင့် ဓမ္မဂီတ

(မေး) (ဥပုသ်သည်နှင့် ဓမ္မဂီတ)

ရှစ်ပါး ကိုးပါးသီလ စောင့်ထိန်းသူများသည် အိမ်ရောက်၍ မြတ်စွာဘုရားနှင့် ပတ်သက်သော ဝိပါက်တော် ၁၂-ပါးစသည့် သီချင်းများကို အာရုံပြု၍ နားထောင်နေလျှင် သီလကျိုးပါသလားဘုရား။

(ချိုမာ-ပဲခူး)

(ဖြေ)

ဂီတဟူသည် ရိုးရိုးသီချင်းဂီတပင်ဖြစ်စေ၊ တရားဓမ္မနှင့် စပ်သော သီချင်းဂီတပင်ဖြစ်စေ၊ ရဟန်းသံဃာများ အဖို့ (ဥပုသ်သည်လည်း အတူတူ) သီဆိုခြင်း၊ နားထောင်ခြင်း မပြုရပါ။

အရိယာနံ ပရိနိဗ္ဗာနကာလေ ရတနတ္တယဂုဏူပသဥှိတံ သာဓုကီဠိတဂီတံ ဝါ-စသည်ဖြင့် ဝိနည်းအဋ္ဌကထာများ (ဝိ-သင်-၄၃၈) တွင် ဆိုသဖြင့် ရဟန္တာပုဂ္ဂိုလ်များ ပရိနိဗ္ဗာန်စံသောအခါ၌ ဆိုသော သီချင်းမျိုး၊ ရတနာသုံးပါး ဂုဏ်နှင့် စပ်သော သီချင်းမျိုး၊ ဘုန်းတော်ကြီးပျံ စသည်၌ ဆိုသော သီချင်းမျိုးများလည်း ဂီတပင်ဖြစ်၍ ကိုယ်တိုင် သီဆိုခြင်း၊ သွားရောက်နားထောင်ခြင်းမျိုးကို ဥပုသ်သည်များ အဖို့ မပြုသင့်ပါ။

ဥပုသ်သည်တဦးအဖို့ သွားရောက်နားထောင်ခြင်းမျိုး မဟုတ်ဘဲ သံဝေဂဖြစ်ဖွယ် သီချင်းသံမျိုးကို ကြား၍ အာရုံပြုကာ မိမိနေရာမှာနေရင်း နားထောင်မိလျှင်ကား ဥပုသ်သီလမပျက်၊ အပြစ်မရှိ-ဟု ဆိုရပါသည်၊ သွားရောက်နားထောင်ခြင်း၊ ကိုယ်တိုင် ဖွင့်၍ နားထောင်ခြင်း၊ ကြားနာ နားထောင်နိုင်ရန် သူ့ကို ဖွင့်စေခြင်း၊ ဆိုစေခြင်း မျိုးကိုကား မပြုအပ်ပါ၊ နစ္စဂီတဝါဒိတဝိသူကဒဿနာ စသော သိက္ခာပုဒ် ကျိုးပျက်နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥပုသ်သီလ တည်ကာလ

(မေး) (ဥပုသ်သီလ တည်ကာလ)

အရှင်ဘုရား၊

အဋ္ဌ နဝ သီလမှာ၊ နုရောင်စုံ အရုဏ်ကျင်းက ကင်းလွတ်သည်မှာ။

အဓိဋ္ဌာန်ရှိလျှင်လ၊ ရတ္တိအတိက္ကန္တာတဲ့၊

ဝိရောဓိဆုံးနှစ်ဖြာ၊ လုံးကာလို့ထွေး။

မှန်းဆယောင်၊ အန္ဓမောင် ဉာဏ်ထုံ၍၊ ဆယ်ဖြာစုံ ကြာငုံတိုက်၊ ဦးခိုက်၍မေး။

(သောင်းထွန်း-မြန်မာစာ-တောင်ဥက္ကလာ)

(ဖြေ)

ဋ္ဌ နဝါ သီလ၊ ထုံးစံပ တနေ့တာ။

ထိုနေ့ကုန် အရုဏ်ကျင်း၊ ကင်းရမှန်စွာ။

ဓိဋ္ဌာန်ပြုလျှင်လ၊ စိတ်ကြံသူ့ အလိုသာ၊ ထိုကာလ တည်ဘိ။

ကာလပရိယန်၊ ပိုင်းခြားကာ တည်စေဟန်နှင့်၊ ဋ္ဌကထာ ဉာဏ်ပညာရှင်တို့၊ ထင်စွာပင် ပြဆိုဖွင့်လေတဲ့၊ သီလတော် တည်ပုံအဆင့်ကို၊ မှတ်သင့်ပါ၏၊ (ဝိသုဒ္ဓိမဂ် ဋ္ဌ-၁၊ ၁၂)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥပုသ်စောင့်ခြင်းနှင့် ရဟန္တာရုပ်တု

(မေး) ဥပုသ်စောင့်ခြင်းနှင့် ရဟန္တာရုပ်တု

အရှင်ဘုရား၊ ဥပုသ်စောင့်၍ ၈-ပါးသီလ ဆောက်တည်သည့်အခါ ဝိကာလဘောဇနာသိက္ခာပုဒ်ကို စောင့်ထိန်းပြီး ညစာမစားရသည်မှာ မည်သည့်အဓိပ္ပါယ်ကြောင့်ပါလဲဘုရား။ မည်ကဲ့သို့ ကုသိုလ်အကျိုး ရရှိပါသလဲဆိုတာကို ဖြေကြားပေးတော်မူပါဘုရား။

နောက်တခုက ရဟန္တာရုပ်တုများကို ကိုးကွယ်ရာတွင် ရှင်သီဝလိ်၊ ရှင်ဥပဂုတ္တ ရုပ်ပွားတော်များကိုသာ ကိုးကွယ်လေ့ရှိပြီး ပို၍တန်ခိုးကြီးသည့် ရှင်သာရိပုတ္တရာ, ရှင်မဟာမောဂ္ဂလာန်တို့၏ ပုံတော်များကို မကိုးကွယ်ခြင်းမှာ အဘယ်ကြောင့်ဆိုသည်ကို ဖြေကြားပေးတော်မူပါဘုရား။

(မျိုးမြတ်စိုး-မြောက်ဥက္ကလာပမြို့)

(ဖြေ) အဋ္ဌင်္ဂသမ္ပန္နာဂတံ ဥပေါသထသီလံ-ဆိုသည့်အတိုင်း အင်္ဂါ ၈-ပါးနှင့်ပြည့်စုံမှ ဥပေါသထ (ဥပုသ်) သီလ ဖြစ်ပါသည်။

ဥပုသ်စောင့်သူသည် အရိယာ (ရဟန္တာ) ပုဂ္ဂိုလ်များကို အတုယူ၍ တနေ့ပတ်လုံး ကျင့်သုံးဆောက်တည်၍ နေရရာ နေ့စဉ်ကျင့်သုံးသည့် ငါးပါးသီလမှ ထူး၍ ဗြဟ္မစရိယ (မေထုန်ရှောင်) အကျင့်နှင့်

ညစာမစား ပျော်ပါးရှောင်ကြဉ်၊ ဆင်ယင်ရှောင်လတ်၊ မြင့်မြတ်နေရာ၊ ရှောင်ခွာကျင့်သုံးနိုင်ပါမှ အရိယာတို့နှင့် တူတန်နိုင်လိမ့်မယ်။

ထို့ပြင် ဥပုသ်သီလတွင် ပဓာနအကျဆုံးမှာ ဗြဟ္မစရိယ သိက္ခာပုဒ်ဖြစ်ရာ ၄င်းသိက္ခာပုဒ် လုံခြုံရေးတွင် ညစာရှောင်ကြဉ်မှုမှာ အရေးအကြီးဆုံး ဖြစ်ပါသည်။

နစ္စဂီတ စသောသိက္ခာပုဒ်၊ ဥစ္စာသယန စသောသိက္ခာပုဒ်တို့က ဗြဟ္မစရိယ သိက္ခာပုဒ်၏ ဒုတိယ တတိယ တံတိုင်းကြီးများ ဖြစ်သည်။

ဝိကာလဘောဇနသိက္ခာပုဒ်က ပထမတံတိုင်းကြီး ဖြစ်ပါသည်။ ထို့ကြောင့် လွန်စွာအရေးကြီးလှပါသည်။

၄င်းသိက္ခာပုဒ်များ လုံခြုံ၍ တနေ့တာမျှ ကောင်းမွန်စွာ ဥပုသ်သီလအောင်မြင်သွားပါက သိန်းပေါင်းများစွာ လှူဒါန်းခြင်း၊ ဥစ္စာစီးပွား သားမယားနှင့် ထူးခြားအင်္ဂါ များစွာလှူဒါန်းရခြင်းထက်ပင် အကျိုးကြီးလှပါသည်။

ရှင်သီဝလိ, ရှင်ဥပဂုတ္တ နှင့် အချို့ဘုရား အထူးအဆန်းများ ထုလုပ်ကိုးကွယ်သူတို့သည် လောကုတ္တရာအကျိုးထက် လောကီအကျိုးကို မျှော်ကိုးသူများ ဖြစ်ကြပါသည်။ လာဘ်လာဘ များစွာ ရလိုခြင်း၊ စီးပွားဥစ္စာ တိုးတက်လိုခြင်းတို့အတွက် အချို့က ရှင်သီဝလိ-အင်း၊ ရှင်ဥပဂုတ္တ-အင်း ပြုလုပ်၍ ဂါထာမန္တာန်တို့ဖြင့် အင်းဆံပြုကာ ကျူးရင့်ပြီး အင်းသက်သွင်းခြင်းများပင် ပြုကြသည်။

၄င်းတို့သည် အကျိုးထူးရသည်ထက် လောဘကို ရှေ့ထားသဖြင့် အကုသိုလ်ပွားမှုပင် ပိုပါသေးသည်။ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်စစ်စစ် ဖြစ်သူတို့အဖို့ မြတ်စွာဘုရားနှင့် တရား သံဃာတော်တို့အား မတုန်မလှုပ်သက်ဝင် ယုံကြည်သော သဒ္ဓါတရားဖြင့် နေ့ညမအား ဝတ်တွားပူဇော်လျက် ဆွမ်း-ပန်း-ရေချမ်း ရွှင်လန်းကြည်စွာ လှူဒါန်းကာဖြင့် လောဘ ဒေါသ မောဟကင်းကြောင်း ဆုတောင်းပတ္ထနာ ပြုသင့်ကြပါသည်။

ဗုဒ္ဓဘာသာဟုဆိုကာ တသက်တာ ကြီးပွားရေးမျှော်တွေး၍ ဘာသာအရေခြုံလျက် တမျိုးတဖုံ ပြုမူနေကြပုံမှာ ရှက်ဖွယ်ပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥပုသ်နှင့် မြက်နုတ်ခြင်း

(မေး) (ဥပုသ်နှင့် မြက်နုတ်ခြင်း)

အရှင်ဘုရား၊ တပည့်တော်သည် စိုက်ပျိုးရေး လုပ်ကိုင်သူတဦးဖြစ်ပါသည်။ တပည့်တော် ဥပုသ်နေ့များ၌ ဘုရားရှေ့တွင် ရှစ်ပါးသီလခံယူပါသည်။ ဤသို့ပြု၍ ရ,မရ သိလိုပါသည်။

ရှစ်ပါးသီလ ခံယူပြီးလျှင် မြက်နုတ်ပါသည်၊ မြက်နုတ်၍ ရ,မရလည်း သိလိုပါသည်။ မြက်နုတ်၍ မရပါက ရှစ်ပါးသီလခံယူရာတွင် ၇-ပါးသီလ ဘယ်လိုခံယူရမည်လဲ သိလိုပါသည်ဘုရား၊ တပည့်တော်အား စိတ်ရှည်စွာဖြင့် ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

(ခင်ခင်-ကုန်းတလပေါင်ကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်)

(ဖြေ)

ရဟန်းသံဃာနှင့် သီလပေးသူမရှိက ဘုရားရှေ့တွင် မိမိဘာသာ ရှစ်ပါးသီလ ခံယူ၍ရပါသည်။ ရှစ်ပါးသီလသည် မိမိခြံတွင် မြက်နုတ်အလုပ် လုပ်၍ မပျက်ပါ။ သို့သော် သီလခံယူထားသောနေ့၌အိမ်အလုပ်များကို မလုပ်ကိုင်ဘဲ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်များကို ပွားများ၍ ဆိတ်ငြိမ်ရာတွင် ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းများကို ပြုလုပ်နေထိုင်သင့်ပါသည်။

ဥပုသ်သီလ၌ ၇-ပါးသီလဟု မရှိပါ။ အချို့ ညစာစားလို၍ ဝိကာလဘောဇန ထည့်မဆိုဟု ကြားဘူးပါသည်၊ အလွန်ဆိုးရွား၍ တရားတော်များကိုပင် ဖျက်ဆီးမည့်သူများ ဖြစ်ပါသည်။ ရှစ်ပါးသီလဥပုသ် မစောင့်နိုင်လျှင် မစောင့်ဘဲနေခြင်းကပင် ကောင်းပါသေးသည်။ ဘုရားမဟော၊ စာပေကျမ်းဂန်မလာသော ၇-ပါးသီလ စောင့်ခြင်းမျိုးကိုကား မလုပ်သင့်ပါကြောင်း သတိပေးလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥပုသ်နှင့် ဒေါသ

(မေး) (ဥပုသ်နှင့် ဒေါသ)

အရှင်ဘုရား၊ ၈-ပါးသီလ ခံယူထားသော ဥပုသ်သည် ဒေါသကြီးလျှင် အပြစ်ရှိပါသလား၊

ခံယူထားသော ၈-ပါးသီလ ပျက်ပါသလား၊ သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။

(မမိုးမိုး-မန္တလေး)

(ဖြေ)

သီလသည် မည်သည့်သီလမဆို ကာယကံမှု၊ ဝစီကံမှုတို့ကိုသာ ထိန်းသိမ်းရသည်၊

မနောကံမှုမှာ သီလ၏ အရာမဟုတ်၊

ကိုယ်ဖြင့် ပြစ်မှားကျူးလွန်မှုနှင့် နှုတ်ဖြင့် ပြစ်မှားကျူးလွန်မှုတို့ကို ပြုမှသာ သီလပျက်ပါသည်။

စိတ်ထဲက ဒေါသဖြစ်နေရုံဖြင့်ကား သီလမပျက်ပါ။

ဒေါသအလျောက် ရုန့်ရင်းစွာ ပြောဆိုခြင်း၊ ပြုမူခြင်း ဖြစ်လာလျှင်သာ ပျက်နိုင်သည်၊

သို့သော် သီလကို စင်ကြယ်အောင် စောင့်ထိန်းနေသူအဖို့ ဒေါသကြီးခြင်း။ ဒေါသထွက်ခြင်းတို့ နည်းပါးသွားနိုင်သဖြင့် မိမိစောင့်ထိန်းထားသည့် သီလကိုသာ မကျိုးမပေါက် မပြောက်မကျားရအောင် ကြိုးစားကြဖို့လိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဥမှ ပေါက်သောလူသား

(မေး) (ဥမှ ပေါက်သောလူသား)

အရှင်ဘုရား၊ လူသည် ပဋိသန္ဓေလေးပါးလုံးမှ ဖြစ်နိုင်သည်ဟုဆိုပါသည်။ ဇလာဗုဇ၊ သံသေဒဇ၊ ဩပပါတိက-တို့မှာ ဘုရားလက်ထက်က ထင်ရှားသော်လည်း အဏ္ဍဇ-ဥမှပေါက်သောလူသားမှာ မထင်ရှားပါ၊ စာလာ ပေလာ မတွေ့ရပါ။ ထို့ကြောင့် အဏ္ဍဇပဋိသန္ဓေ စာပေထင်ရှားရှိပါက ညွှန်ပြပေးစေလိုပါသည်ဘုရား။

(တပည့်တော်-နန္ဒဝံသ၊ ထားဝယ်မြို့)

(ဖြေ) လူ၏ ပဋိသန္ဓေလေးပါးအကြောင်း စာလာ ပေလာ ရှိသော်လည်း အဏ္ဍဇပဋိသန္ဓေဆိုင်ရာ သာဓကအနေဖြင့် သာရတ္ထသင်္ဂဟ (မြန်မာအခေါ်)၊ သာရသင်္ဂဟ (သီရိလင်္ကာအခေါ်) ကျမ်း (သီရီလင်္ကာ အက္ခရာမှ မြန်မာပြန် ရိုက်နှိပ်ထားသော သာရသင်္ဂဟ (နှာ-၁၉၀) ယောနိဝိဘာဝနကထာ) တွင်-အဏ္ဍဇာပိ ဟောန္တိ ကုန္တပုတ္တာ ဒွေဘာတိက ထေရာဝိယ-ဟု ဖော်ပြထားပါသည်။

သာသနာနှစ် ၂၀၀-ကျော် ပါဋလိပုတ်ပြည် အသောကမင်းလက်ထက်က တောမုဆိုးတဦးသည် ဟိမဝန္တာတောစပ်မှ ကိန္နရာမ တဦးကို ဖမ်းယူခေါ်ဆောင်လာ၍ ပေါင်းသင်းနေထိုင်သည်။ ထိုကိန္နရာမသည် မုဆိုးကို အစွဲပြု၍ ဥမှ သားနှစ်ယောက် ပေါက်ဖွားကြောင်း၊ ၄င်းသားနှစ်ယောက် အရွယ်ရောက်သော် ဝရုဏရဟန္တာ အရှင်မြတ်ထံ၌ ရဟန်းပြု၍ ရဟန္တာများ ဖြစ်ကြကြောင်း ဆိုပါသည်။

တဆက်တည်း ဖော်ပြလိုသည်မှာ ဇလာဗုဇ-အမိဝမ်းမှ ပေါက်ဖွားမှုမှာ ထင်ရှားလှပါသည်။

သံသေဒဇ-အညှိမှ ပေါက်ဖွားသည့် သာဓကများမှာ ပဒုမ္မာကြာပန်းမှ ပဒုမဝတီ စသည်။ မြန်မာတွင် မယ်လမု-လမုပင်မှ ပေါက်ဖွားသူ။ ဝေဠုဝတီ-ဝါးမှပေါက်ဖွားသူများဖြင့် သိသာပါသည်။

ဩပပါတိက-ကိုယ်ထင်ရှားဖြစ်သူမှာ ဘုရားလက်ထက်က အမ္ဗပါလိ ဖြစ်ပါသည်။ ယင်းမှာ ကိုယ်ထင်ရှား ၁၆-နှစ်အရွယ် ဖြစ်လာသည်။ ဥယျာဉ်အတွင်း သရက်ပင်အနီးတွင်ဖြစ်၍ ဥယျာဉ်စောင့်က အမ္ဗပါလိ-ဟု အမည်ပေးပြီး ခေါ်ယူမွေးမြူထားကြောင်း နောင်တွင် ရဟန္တာမ ဖြစ်သွားကြောင်း ထေရီအပါဒါန်တွင် ပါရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဦးပဉ္ဇင်းငယ် တပါးနှင့် အမျိုးသမီး တဦး

(မေး) (ဦးပဉ္ဇင်းငယ် တပါးနှင့် အမျိုးသမီး တဦး)

အရှင်ဘုရား၊ ဦးပဉ္ဇင်းငယ်နှင့် အမျိုးသမီးတဦးသို့ နှစ်ဦးနှစ်ဖက် စကားအပြန်အလှန် ပြောကြရာမှ အမျိုးသမီး၏ အပြောကို မခံနိုင်၍ ဦးပဉ္ဇင်းငယ်က အမျိုးသမီးကို ထိုင်ပြီး ဦးချ (ရှိခိုး)ပါသည်။ ဦးဇင်းအပေါ်မည်သည့်အပြစ်ရှိ၍ အမျိုးသမီးမှာ မည်သည့်အပြစ်များ ရှိပါမည်နည်း။ မည်သို့ပြုမှ အပြစ်များ ပြေပျောက်နိုင်ပါသနည်း။ ဖြေကြားတော်မူပါဘုရား။

(သောတုဇန-သင်္ဃန်းကျွန်း)

(ဖြေ)

ဦးပဉ္ဇင်းမှာ ရဟန်းသံဃာတော်တို့ ရှိမခိုးကောင်းသူတို့တွင် ပါဝင်သည့် မာတုဂါမအား ရှိခိုးသဖြင့် ဒုက္ကဋ်အာပတ်သင့်ပါသည်။ ထိုဒုက္ကဋ်အာပတ်ကို ရဟန်းတပါးပါးထံ၌ ထင်စွာပြု (ဒေသနာကြား) မှ ပြေပျောက်ပါမည်။

အမျိုးသမီးမှာ ရဟန်းသံဃာအား ဝစီကံဖြင့် စော်ကားခြင်း၊ ရှိခိုးခံခြင်းတို့ကြောင့် သံဃာ့ဂိုဏ်းသင့်၍ အန္တရာယ်အမျိုးမျိုး တွေ့ကြခြင်း၊ စီပွားမဖြစ်ထွန်းခြင်း စသော ဘေးများကို ကြုံတွေ့နိုင်သည်။ ထို့ကြောင့် ဤသို့ ကာယကံမှု ဝစီကံမှု မနောကံမှုတို့ဖြင့် ပြစ်မှားမိသည်ကို သနားသောအားဖြင့် သည်းခံခွင့်လွှတ်တော်မူပါ-ဟူ၍ ဦးပဉ္ဇင်အား ကန်တော့ရန် လိုအပ်ပါသည်။

ဦးပဉ္ဇင်းကလည်း ကျေနပ်သည်းခံပါသည်-ဟု ခွင့်လွှတ်ရန် လိုအပ်ပါသည်။ ဤသို့ ကန်တော့ခြင်းကို နှစ်ဦးချင်း ကန်တော့ချင်းမပြုလုပ်ဘဲ ပရိသတ်ရှေ့ (သို့မဟုတ်) အနည်းဆုံး လူကြီးမိဘရှေ့၌ ကန်တော့ဝန်ချသင့်ပါသည်။

(ဘဒ္ဒန္တ တိလောကသာရ ဖြေသည်)

ဦးဦးဖျားဖျား ဟင်းမြည်းခြင်း

(မေး) (ဦးဦးဖျားဖျား ဟင်းမြည်းခြင်း)

ဘုရားနှင့် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းရန် ချက်ပြုတ်ကြရာ၌ ဇွန်းဖျားဖြင့် ခပ်ပြီး စားဦးစားဖျားကို မြည်းကြည့်ခြင်းသည် အပြစ် ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။

(ကိုကျော်ဝင်း-စမ်းချောင်း)

(ဖြေ) ချက်ပြုတ်စဉ် အရသာကောင်း မကောင်း၊ အပေါ့ အငန် သိရုံမြည်းခြင်းမှာ အပြစ်မရှိပါ။ ချက်ပြုတ်ပြီးမှ စားချင်စိတ်ဖြင့် မြည်းဟန်ဆောင်ပြီး စားခြင်းငှါ မသင့်ပါ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဧကဗီဇိ သောတာပန်နှင့် သကဒါဂါမ်

(မေး) (ဧကဗီဇိ သောတာပန်နှင့် သကဒါဂါမ်)

အရှင်ဘုရား၊ ဧကဗီဇိ သောတာပန်သည် တကြိမ်သာ ပဋိသန္ဓေနေတော့မည် ဆိုပါသည်။

သကဒါဂါမ်သည် လူ့ပြည်သို့ တကြိမ်သာ လာသည်ဟု ဆိုပါသည်။ ၄င်းတို့နှစ်ဦး တကြိမ်ချင်း မည်သို့ ကွာခြားပါသနည်း။ ရှင်းလင်းသိသာအောင် ဖြေကြားပေးပါဘုရား။

(ခင်ငြိ်မ်းငြိမ်း-အဘိဓမ္မာသင်တန်းသူ ဝ

(ဖြေ)

ဧကဗီဇိ သောတာပန်ဆိုသည်မှာ ဧတ္ထ ဧကဿဘဝဿ ဗီဇံ ဧကေဿဝ အတ္ထီတိ ဧကဗီဇိ၊ ဤပုဂ္ဂိုလ်အား တကြိမ်သာလျှင်ဖြစ်သော ဘဝ၏ပဋိသန္ဓေ ဟူသော မျိုးစေ့ရှိ၏၊ ထို့ကြောင့် ဧကဗီဇိ မည်၏-ဟုဆိုသဖြင့် တဘဝမျှသာ ပဋိသန္ဓေမျိုးစေ့ရှိ၍ နှစ်ဘဝ ပဋိသန္ဓေ မနေရတော့ပေ။

သကဒါဂါမ်ကား ဣဓပန ပတွာ ဒေဝလောကေ ယာဝတာယုကံ ဝသိတွာ ပုန ဣဓ ဥပ္ပဇ္ဇိတွာ ပရိနိဗ္ဗာယန္တောစ ဂဟိတောတိ ဝေဒိတဗ္ဗော (ပုဂ္ဂလပညတ္တိ အဋ္ဌကထာ) ဆိုသောကြောင့် ဤလူ့ပြည်၌ သကဒါဂါမိဖိုလ်သို့ရောက်၍ နတ်ပြည်၌ဖြစ်ကာ အသက်တမ်းအတိုင်း နေပြီးမှ တဖန် ဤလူ့ပြည်သို့ တကြိမ်ပြန်လာသည်။ သို့ဖြစ်၍ ဤလူ့ပြည်၌ ပရိနိဗ္ဗာန်ပြုရသဖြင့် (ဧကဗီဇိ သောတာပန်က ပဋိသန္ဓေတကြိမ်၊ သကဒါဂါမ်က ပဋိသန္ဓေ နှစ်ကြိမ်ဖြစ်၍) ထူးခြားမှုကို မှတ်သားထားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဧတဒဂ်

(မေး) (ဧတဒဂ်)

အရှင်ဘုရား၊ မြတ်စွာဘုရားသည် အရှင်ဘဒ္ဒိယအား ဥစ္စကုလိတာ ဧတဒဂ်-အမျိုးမြတ်ခြင်းအရာဝယ် အမြတ်ဆုံး၊

အရှင်လကုဏ္ဍကဘဒ္ဒိယ-အား မဉ္ဇုဿရ ဧတဒဂ်-အသံသာခြင်းအရာဝယ် အမြတ်ဆုံးစသည်ဖြင့် ထားခဲ့ရာ

မတည်မြဲသော လောကီ အရာများကို မြှောက်စားရာ မကျဘူးလား-ဟု မေးစရာ ဖြစ်နေပါသည်၊ ဖြေရှင်းပေးတော်မူပါဘုရား။

(ဝဏ္ဏအောင်-ပေါက်ခေါင်းမြို့)

(ဖြေ)

မြတ်စွာဘုရားက တပည့်သာဝကများအား ဧတဒဂ်ပေးတော်မူခြင်းမှာ လောကီ-လောကုတ္တရာ-ဟု ရှုငဲ့သည်မဟုတ်၊ ၄င်းတို့၏ ပါရမီအလျှောက်

၁။ အတ္ထုပ္ပတ္တိ-

အရှင်ဘဒ္ဒိယအလောင်းသည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်က အမျိုးမြတ်ရာ၌ ဧတဒဂ်ရသော သာဝကတပါးအား အားကျ၍ ဆုတောင်းခဲ့ခြင်း။

၂။ အာဂမန-

ဘဝပေါင်းများစွာ၌ ဆုတောင်းခဲ့သည့်အတိုင်း အမျိုးမြတ်ခဲ့ခြင်း။

၃။ စိဏ္ဏဝသီ-

ဘဝများစွာပင် အမျိုးမြတ်သည့်အဖြစ်မှ တောထွက်တရားအားထုတ်ခဲ့ခြင်းနှင့်

၄။ ဂုဏာတိရေက-

ဤဘဝ၌လည်း အခြားဂုဏ်များထက် အမျိုးမြတ်သည့်အဖြစ်မှ တောထွက်၍ ရဟန်းဖြစ်ခဲ့ခြင်း-ဟူသော အင်္ဂါလေးပါးကို ကြည့်တော်မူလျက် ဧတဒဂ်ပေးတော်မူခြင်း ဖြစ်သည်။

ထို့အတူ အရှင်လကုဏ္ဍကဘဒ္ဒိယသည် အသံသာခြင်း၌ ဧတဒဂ်ရတော်မူခြင်း စသည်ကိုလည်း သိသင့်ပါသည်၊ ထိုအကြောင်းအရာများကို အင်္ဂုတ္တရနိကာယ ဧကကနိပါတ ဧတဒဂ္ဂအဖွင့် (အံ၊ဋ္ဌ၊၉၇) တွင် အကျယ်လေ့လာနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဧဟိဘိက္ခု ရဟန်း

(မေး) (ဧဟိဘိက္ခု ရဟန်း)

အရှင်ဘုရား၊ တပည့်တော်သည် ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်လိုစိတ် ရှိပါသည်။ သို့သော် ဧဟိဘိက္ခု ရဟန္တာ ဖြစ်လိုပါသည်။ ဤဘုရားသာသနာတော်၌ မဖြစ်နိုင်ဟုလည်း သိရပါသည်။ ဧဟိ ဘိက္ခု ရဟန္တာ အကြောင်း ပြည့်ပြည့်စုံစုံ ဖြေကြားပေးစေလိုပါသည်ဘုရား။

(ဦးပြုံးမောင်-သာကေတ)

(ဖြေ)

ဧဟိဘိက္ခု ရဟန်းဟူသည် ဤဘဝ၌ ရဟန္တာဖြစ်မည့် ပစ္ဆိမဘဝိက ပုဂ္ဂိုလ်တဦးဦးသည် မြတ်စွာဘုရားအထံ၌ ရဟန်းအဖြစ်ကို အခွင့်တောင်းလျှင် မြတ်စွာဘုရားက ဤပုဂ္ဂိုလ်သည် ရှေးရှေးဘဝတို့၌ ရဟန်းသံဃာအား ပရိက္ခရာတို့ဖြင့် ချီးမြှောက်လှူဒါန်းခဲ့ဖူးခြင်း ရှိသည်ကို မြင်တော်မူလျှင် သင်္ကန်းတော်အတွင်းမှ လက်ယာ လက်တော်ကို ထုတ်တော်မူ၍ ဧဟိ ဘိက္ခု သွာက္ခာတော ဓမ္မော စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ-ရဟန်း လာလှည့်၊ ငါသည် တရားတော်ကို ကောင်းစွာဟောအပ်ပြီ။ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သောအကျင့်ကို ကျင့်လှည့်လော့-ဟု ခေါ်တော်မူလေ၏၊

ထိုအခါ ထိုပုဂ္ဂိုလ်သည် ဆံမုတ်ဆိတ်များဖြင့် လူ့အသွင်ရှိသော်လည်း ဆံမုတ်ဆိတ်ရိတ်ပယ်ပြီး တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းကို ဆင်ယင်ပြီးဖြစ်ကာ ဝါတော် ၆၀-ရ ရဟန်းတော်တဦး၏ ဣန္ဒြေဖြင့် ဘုရားရှေ့တော်တွင် ရဟန်းဖြစ်သွားလေသည်။ ဤသို့ တန်ခိုးဖြင့်ပြီးသော သင်္ကန်းပရိက္ခရာကို ရရှိနိုင်သည့် ဧဟိ ဘိက္ခု ရဟန်းဖြစ်ရန်မှာ-

(၁) ဘုရားရှင်နှင့် တွေ့ဆုံရခြင်း။

(၂) ဤဘဝ၌ ရဟန္တာဖြစ်မည့် ပစ္ဆိမဘဝိကဖြစ်ခြင်း။

(၃) ရှေးရှေးဘဝတို့က ရဟန်းသံဃာအား သင်္ကန်းပရိက္ခရာ လှူခဲ့ဖူးခြင်း နှင့်

(၄) ယောကျ်ားစင်စစ် ဖြစ်ခြင်းတို့ကို လိုအပ်၏၊

မိန်းမတို့ကား ဧဟိ ဘိက္ခု ရဟန္တာမ-ဟူ၍ မရှိသဖြင့် မိန်းမဘဝဖြင့် ဧဟိ ဘိက္ခု ဖြစ်ခွင့် မရှိပေ။ ရှေးရှေးဘဝတို့က သင်္ကန်းပရိ်က္ခရာ လှူခဲ့ဖူးသော အမျိုးသမီးတို့သည် အကြီးအကျယ် အလွန်မြတ်ဆုံး အကျိုးပေးလျှင် ဝိသာခါ ကျောင်းအမကြီးတို့ကဲ့သို့ အမျိုးသမီးတိုင်း မဝတ်ဆင်ရသော မဟလ္လတာ ပသာဓန တန်ဆာကို ဝတ်ဆင်နိုင်သော အကျိုးကို ရလေ၏ ဘုရာလက်ထက်က ဤမဟလ္လတာ ပသာဓနတန်ဆာကို ဝတ်ဆင်ရသူ အမျိုးသမီး သုံးယောက်ရှိခဲ့ဖူးလေသည်။

(အမျိုးသမီးတို့အနေဖြင့် သင်္ကန်းစသော ပရိက္ခရာများကို လှူဒါန်းသောအခါတွင် ဤကောင်းမှုကြောင့် ယောကျ်ားကောင်းစင်စစ် ဆက်တိုင်းဖြစ်၍ နောင် ဘုရားလက်ထက်၌ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် နိဗ္ဗာန် ဝင်ရပါလို၏-ဟု ဆုတောင်းရန် သင့်လှပေသည်။)

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကေစိဝါဒ

(မေး) (ကေစိဝါဒ)

စာများတွင် ကေစိဝါဒ-ဟု တွေ့ရပါသည်။ ကေစိဝါဒ ဟူသည်မှာ ဘယ်လိုဝါဒမျိုး ဖြစ်သည်ကို ရှင်းလင်း

ဖြေကြားပေးပါဘုရား။

(ရှင်ပညာဇောတ-ပုသိမ်မြို့)

(ဖြေ)

ကေစိဝါဒ-ဆိုသည်မှာ ကေသဉ္စိ ဝါဒေါ ကေစိဝါဒေါ-ဟူသော ဋီကာဆရာများ အဆိုအရ အချို့သူတို့၏ အယူဝါဒ-ဟု ဆိုလိုသည်။

ကျမ်းပြုပုဂ္ဂိုလ်တို့သည် မိမိအောက်နိမ့်သူ (မိမိ အယူဝါဒလောက် ကောင်းသော အယူဝါဒ မရှိသူ)

အခြားကျမ်းပြု ပုဂ္ဂိုလ်တို့ကို ကေစိ (အချို့သော သူတို့က-အချို့သော ဆရာတို့က) ဟု သုံးနှုန်းလေ့ရှိကြပါသည်။

ဗုဒ္ဓစာပေနယ်တွင် ကေစိဆရာ၊ ဧကေဆရာ၊ အညေဆရာ၊ အပရေဆရာ၊ ဟူ၍ ကျမ်းဆရာလေးမျိုးရှိရာတွင် ဧကေ-အချို့သော ဆရာတို့သည်။

အညေ-အချို့ သော ဆရာတို့သည်-ဟု ဧကေ၊ အညေဖြင့် သုံးလျှင် မိမိဆရာနှင့် အတူထားအပ်သော ဆရာများ ဖြစ်သည်။

အပရေ-အချို့သော ဆရာတို့သည်-ဟု အပရေနှင့်သုံးလျှင် မိမိနှင့် ရည်တူတန်းတူ ကျမ်းဆရာများ ဖြစ်ကြောင်း သိအပ်၏၊

ကေစိ-ဆိုလျှင်ကား မိမိအောက် ယုတ်နိမ့်သူ၊ မိမိဝါဒကို မမီသူ၊ မမှတ်သားအပ်သော ဝါဒရှိသူများ-ဟု အသိအမှတ် ပြုထားကြလေသည်။

ထို့ကြောင့်

ဧကေ၊ အညေ၊ ဆရာပေ။ အပရေမူ၊ ကိုယ့်ရည်တူ။ ကေစိမှာမူ၊ ကိုယ့်အောက်ယူ။-ဟု

နိယံဆရာတို့ စပ်ဆိုကြလေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကောတုဟလမင်္ဂလာ

(မေး)(ကောတုဟလမင်္ဂလာ)

အရှင်ဘုရား၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ပဉ္စကနိပါတ် စက္ကလသုတ်တွင် ရဟန်းတို့၊ တရားငါးမျိုးနှင့် ပြည့်စုံသော ဥပါသကာသည် ဥပါသကာဒွန်းစဏ္ဍာလည်း မည်၏၊ ဥပါသကာညစ်လည်းမည်၏၊ ဥပါသကာညံ့လည်းမည်၏၊ အဘယ်ငါးမျိုးတို့နည်းဟူမူ-ဟုဆိုကာ ကောတုဟလ မင်္ဂလာကို ယုံကြည်မှုရှိ၏-ဟု တပါးပါရှိသည်။ ကောတုဟလမင်္ဂလာ ဟူသည်ကို ကွဲကွဲပြားပြား သိလိုပါသည်ဘုရား။

(ကိုဟန်ဝင်း-အင်းစိန်မြို့သစ်)

(ဖြေ)

ပါဠိအမှန် ကောတူဟလ-ဖြစ်၍ အုတ်အုတ်ကျက်ကျက်အသံ-ဟု ဆိုလိုပါသည်။ ဤသူသည် လူအများ အုတ်အုတ်ကျက်ကျက် ဖြစ်လောက်အောင် ထူးဆန်းသောအမူအရာ (အတတ်ပညာ) အပြုအမူ၊ အပြောအဆို ရှိသည်။ ဤသူကို ဆည်းကပ်လျှင် လာဘ်လာဘပေါများမည်။ စည်းစိမ်ဥစ္စာ တိုးတက်မည်-ဟု ယူဆ၍ အုတ်အုတ်ကျက်ကျက်ဖြစ်စေသူအား ကိုးကွယ်ဆည်းကပ်ခြင်းမျိုး ဖြစ်သည်။ ဤခေတ်တွင် ရိုးရိုးသံဃာတော်ထက် ဘိုးတော်၊ ဝိဇ္ဇာ၊ ထွက်ရပ်ပေါက်ဆိုသူများကို ကိုးကွယ်ခြင်းမျိုးကို ဆိုလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကောလာဟလ

(မေး) (ကောလာဟလ)

အရှင်ဘုရား၊ ဘုရားပွင့်ပေါ်ခါနီး၌၄င်း၊ မင်္ဂလာတရား ပေါ်ပေါက်ခါနီး၌၄င်း၊ ကမ္ဘာကြီး ပျက်စီးခါနီး၌၄င်း၊ ကောလာဟလသတင်း ထွက်ပေါ်ပြီးမှ ၄င်းတရားတို့ ပေါ်ပေါက်လာသည်ဟု သိရပါသည်။ ဟုတ်သည် မဟုတ်သည်ကို၄င်း၊ မည်မျှကြာသည်ကို၄င်း၊ သိလိုပါ၍ မေတ္တာရှေ့ထား ဖြေကြားပေးပါဘုရား။

(အရှင်ဇနက-သီရိဓမ္မာရုံကျောင်း)

(ဖြေ)

ကောလာဟလသည်

၁။ ကမ္ဘာပျက်မည်ကို အနှစ်တသိန်းက

၂။ ဘုရားပွင့်မည်ကို အနှစ်တထောင်က

၃။ စကြာမင်း ဖြစ်မည်ကို အနှစ်တရာက

၄။ မင်္ဂလာတရား ဟောမည်ကို တဆယ့်နှစ်နှစ်က

၅။ မောနေယျ ပဋိပဒါကျင့်မည်ကို ခုနစ်နှစ်က ကြိုတင်၍ အုတ်အုတ်ကျက်ကျက် ပြောဆိုကြသည်။

ထူးထူးခြားခြားဖြစ်မည်ကို တိတ်ကြီးနိမိတ်ကြီးများ အနေဖြင့် အုတ်အုတ်ကျက်ကျက် ပြောဆိုခြင်းများ ကြိုတင်ဖြစ်ပေါ်ခြင်းကို ကောလာဟလဟု ဆိုသည်။ အမှန်တကယ်ဖြစ်ပေါ်ခဲ့သည်ကို ကျမ်းဂန်များ၌ ဖော်ပြထားခြင်းဖြစ်၍ ဟုတ်မှန်ပါသည်။ ဤခေတ်တွင်လည်း ထင်ရှားသော သမိုင်းဖြစ်စဉ်ကြီးများ ဘုန်းတန်ခိုးကြီးမားသော ပုဂ္ဂိုလ်ကြီးများ ဆိုင်ရာ၌ ထိုကဲ့သို့သော တိတ်ကြီးနိမိတ်ကြီးများ ဖြစ်ပေါ်လေ့ရှိကြောင်း သိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကောသလမင်းကြီးအကြောင်း

(မေး) (ကောသလမင်းကြီးအကြောင်း)

အရှင်ဘုရား၊ ဘုရားလက်ထက်က ကောသလမင်းကြီးကို အချို့က အဇာတသတ်မင်းနှင့် စစ်ရှုံးလို့ ပြေးရင်း ဇရပ်မှာ ခွေးသေသလို သေရတယ်လို့ ပြောကြားတယ်။

အချို့က အဇာတသတ်မင်းဆီ စစ်ကူတောင်းလာရင်း မိုးချုပ်သွားတာနဲ့ မြို့ပြင်ဇရပ်မှာ ပင်ပန်းတဲ့ဒဏ်နဲ့ သေရတယ်လို့ ပြောကြတယ်။ ဘယ်စကားက အမှန်ပါလဲဘုရား။

(ခင်မိုးဝေ-တန့်ဆည်မြို့နယ်)

(ဖြေ)

ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင် သာကီဝင်မင်းတို့ နယ်မြေမေဒါဠုပ နိဂုံးမှာ သီတင်းသုံးခိုက် သွားရောက်ဖူးမြော်ရာ ဘုရားထံဝင်ရာတွင် ပါလာသော မင်းမြောက်တန်ဆာတို့ကို စစ်သူကြီး ဒီဃကာရာယနအား ပေးအပ်ခဲ့ပါသည်။

ဒီဃကာရာယနသည် ကောသလမင်းကြီး အပြစ်ရှာ၍ သတ်ပစ်လိုက်သော ဗန္ဓုလစစ်သူကြီး၏တူ ဖြစ်သည်။ ၄င်းသည်အချက်ရ၍ ငါ့ဦးရီးတော်ကို သတ်သောမင်းအား လက်စားချေအံ့ဟု ကြံစည်ကာ အတူပါလာသော မင်းသား ဝိဋဋူဘအား မင်းမြောက်တန်ဆာများကို အပ်နှင်း၍ အနိုင်အထက် မင်းပြုစေပြီး မြင်းတစီးနှင့် မောင်းမတယောက်ကိုသာ ထားခဲ့၍ သာဝတ္ထိပြည်သို့ ပြန်သွားလေသည်။ ကောသလမင်းကြီး လာသောအခါ မြင်းနှင့် မောင်းမငယ်ကိုသာ တွေ့ရ၍ အကြောင်းကိုသိလျှင် တူတော် အဇာတသတ်မင်းကို အကူအညီတောင်း၍

သာဝတ္ထိပြည်ကိုပြန်ယူအံ့ဟု ရာဇဂြိုဟ်သို့သွားရာ မိုးချုပ်သွားသဖြင့် မြို့ပြင်ဇရပ်တွင် အိပ်ရန်ပြင်ရသည်။ ထိုအခါ ကောသလမင်းမှာ အသက်ကြီးခြင်း၊ ခရီးပန်းခြင်း၊ အစာအာဟာရ မရှိခြင်းတို့ကြောင့် ညတွင်းချင်းပင် လေရောဂါ နှိပ်စက်၍ နံနက်လင်းအားကြီးတွင် နတ်ရွာစံသွားလေသည်။ ထိုအကြောင်း အကျယ်ကို မဟာဗုဒ္ဓဝင် ပဉ္စမတွဲ စာမျက်နှာ ၃၅-၃၆ တို့တွင် ကြည့်ရှုနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကျေးဇူးနဲ့ ယူဇနာ

(မေး) (ကျေးဇူးနဲ့ ယူဇနာ)

အရှင်ဘုရား။

(၁) မြတ်စွာဘုရား မယ်တော်နတ်သားကို အဘိဓမ္မာတရားတော်နှင့် ကျေးဇူးဆပ်သော်လည်း နို့တလုံးဖိုးမျှသာ ကျေသည်ဟု ပြောနေကြပါသည်။ ထိုအယူအဆ မှန်ပါသလားဘုရား။

(၂) တယူဇနာ၏ အတိုင်းအတာကို တချို့က ၁၂-မိုင်၊ ၁၃-မိုင် အသီးသီး ပြောဆိုရေးသားနေကြပါသည်။ အတိအကျ သိချင်ပါ၍ ဖြေကြားတော်မူပါဘုရား။

(မောင်နာဂ-သမ္မာရိုး-ဝက်လက်)

(ဖြေ)

(၁) ထိုစကား မမှန်ပါ၊ မည်သည့်ကျမ်းဂန်မှာမျှ မလာပါ။ တဦးတယောက်သည် မိစ္ဆာအယူရှိနေသော မိဘကို တသက်လုံး ပခုံးပေါ်ထမ်း၍ လုပ်ကျွေးသော်လည်း ကျေးဇူးမကျေ။ ထိုမိဘကို မိစ္ဆာအယူပျောက်၍ သမ္မာအယူရောက်ကာ သာသနာတော်၌ ကြည်ညိုလာအောင် တရားဓမ္မဟောပြနိုင်က ကျေးဇူးကျေသည်ဟု အဆိုရှိပါသည်။ မြတ်စွာဘုရားက မယ်တော်နတ်သားအား အဘိဓမ္မာတရားဟော၍ သောတာပန်ဖြစ်စေခဲ့သည် မဟုတ်ပါလော။

(၂) နာလန္ဒာ-မြို့ဟောင်းတည်ရှိရာ နေရာသည် ရာဇဂြိုဟ်မြို့သစ် ဘူတာရုံ၏မြောက်ဘက် ခုနစ်မိုင်ခန့်ဝေးသော အရပ်မှာ တည်ရှိသည်။ ရာဇဂြိုဟ်မြို့တော်ဟောင်းမှမူ ရှစ်မိုင်အတိအကျ ဝေးကွာသည်။ ကုန်းကြောင်းမြေပြင် အဝေးအကွာ ခန့်မှန်းတွက်ယူရာ၌ ရှစ်မိုင် တယူဇနာနည်းဖြင့် တွက်ယူလေ။ ကောသအားဖြင့် နှစ်မိုင်တကောသဖြစ်၍ ရှစ်မိုင် လေးကောသဖြစ်သည်။

ဤသို့တွက်ယူခြင်းဖြင့် ဗြဟ္မဇာလသုတ်အဋ္ဌကထာ၌ ရာဇဂြိုဟ်နှင့် နာလန္ဒာ တယူဇနာဝေးကွာ၏-ဟု ပြဆိုသောစကားနှင့် ညီညွတ်သည်။ (တောင်ပေါက်ဆရာတော်ရေး ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်း ၁၁၅)၊ ထို့ကြောင့် တယူဇနာဟူသည် ဤခေတ် ၈-မိုင်ဖြစ်ကြောင်း မှတ်သားကြရာ၏၊

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကျောင်းတိုက်ပြင်ပ ကထိန်အလှူ

(မေး) (ကျောင်းတိုက်ပြင်ပ ကထိန်အလှူ)

၁။ ဝါဆိုကျောင်းတိုက် ပြင်ပ၌မူ အလှူဒါန ကထိနကို ခံရမည်လော ကျမ်းနှီးနှော၍ ဖြေပါလေ။

၂။ ဗုဒ္ဓဘုရား ထင်ရှားရှိစဉ် ကထိန်အလှူ ပေးလှူသူနှင့် ခံသူပုဂ္ဂိုလ် မထေရ်ကိုလည်း ကျမ်းဆိုနှီးနှော ဖြေပါလေ။

(မော်ကြီးကျောင်း-ဦးဓမ္မသာရ၊ ညောင်ပင်ကျွန်း-ကျောက်ဖြူမြို့နယ်)

(ဖြေ)

၁။ ဝါဆိုကျောင်းတိုက်၊ ပြင်ပ၌လည်း၊ စိတ်ကြိုက်ကထိန၊ လှူဒါန်းရ၏၊

(သစေ ပန၊ ပါဌ်အစဖြင့်၊ ဝိ၊ဋ္ဌ၊၃-ရွေး၊ ၄၂၄-ဝယ်၊ ရှုတွေးတတ်ပါ၊ မှတ်စရာသည်၊ ဝါဆိုခေတ်ပြင် ကထိန်တည်း။)

၂။ ဗုဒ္ဓဘုရား၊ ထင်ရှားရှိခါ၊ ကထိနာဟု၊ လှူဒါနမြတ်၊ ပိဋကတ်၌၊ တပ်အပ်မတွေ့၊ မဖွင့်၍လည်း၊ ကြည်မြေ့သဒ္ဓါ၊ ဒါယကာနှင့်၊ ထေရာမည်တော်၊ မထုတ်ဖော်နိုင်၊ သို့သော် ပဏ္ဏာ၊ ဇင်းမယ်ကမူ၊ ကောသလရာဇာ၊ လှူဒါန်းပါ၍၊ ထေရာကောဏ္ဍည၊ ခံယူရဟု၊ ဖော်ပြထားပါလေသတည်း။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကျောင်းပရိဝုဏ်အတွင်း ဖိနပ် စီးကောင်း မစီးကောင်း

(မေး)။ ၁။ ကျောင်းပရိဝုဏ်အတွင်း လူများ ဖိနပ် စီးကောင်း မစီးကောင်း သိလိုပါသည်ဘုရား။

၂။ ကျောင်းတိုက်ပိုင် ဆရာတော်က ဖိနပ်စီးခွင့် ပြုနိုင် မပြုနိုင် သိလိုပါသည်ဘုရား။

(ရှင်ပုည-အရိယဝံသကျောင်းတိုက် ဘာအံမြို့)

(ဖြေ)။ ကျောင်းပရိဝုဏ်အတွင်း လူများ ဖိနပ်စီကောင်း မစီးကောင်းနှင့်ပတ်သက်၍ ကိုးကာဖော်ပြကြရသော အထောက်အထားမှာ ရာဇာ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ။ (ဒီ၊ဋ္ဌ၊၁-၁၂၆) ပါဠိဖြစ်သည်။

ဗိမ္ဗိသာရမင်းကြီး ခြေဖဝါး ဓားခွဲခံရပြီး နတ်ရွာစွရသည်မြှရှေးရှေးဘဝက စေတီ ယင်ပြင်တော်၌ ဖိနပ်စီး၍ သွားခဲ့ဖူးခြင်းနှင့် ရဟန်းသံဃာတို ထိုင်ရန်ခင်းထားသော အခင်း (ဖျာ) ပေါ်ကို ခြေမဆေးဘဲ (ပေကျံသော ခြေဖြင့်) နင်းသွားဖူးသောကြောင့် ဖြစ်ရသည်ဟု အဓိပ္ပါယ်ရသည်၊ စျွှေယင်ပြင်ဟုသာဆို၍ ကျောင်းပရိဝုဏ်ဟုကား မဆိုပါ၊ ကျောင်းနှင့်စပ်၍ကား သံဃာများ နေထိုင်ရန် ခင်းထားသောဖျာ စသည့် အခင်းပေါ်၌ ခြေမဆေးဘဲ ပေပေကျံကျံ ခြေဖြင့် နင်းသွးခြင်းကို ဆိုပေသည်။

ဤဖိနပ်ကိစ္စမှာ အမျိုးသာယဉ်ကျေးမှုနှင့် ဆက်စပ်နေဟန် တူပါသည်။ မြန်မာ့ယဉ်ကျေးမှုအရ လေးစားအပ်သော ပုဂ္ဂိုလ်တို့ရှေ့သို့ ဖိနပ်ချွတ်၍ သွားရသည့်ထုံးစံ ရှီပေသည်၊ ယင်းမြန်မာယဉ်ကျေးမှုမှာလည်း ဗုဒ္ဓဘာသာ မူရင်းမှ သက်ဆင်းရာ အိန္ဒိယယဉ်ကျေးမှုနှင့်လည်း ဆက်စပ်လာပုံရပါသည်၊ ဘာသာရေး အဆောက်အအုံများသို့ ဝင်တိုင်းပင် အိန္ဒိယနိုင်ငံတွင်လည်း ဖိနပ်ချွတ် အလေ့ရှိနေပေသည်၊ အိန္ဒိယနည်းတူပင် သီရိလင်္ကာ၊ နီပေါလ် စသည့်နိုင်ငံများမှာလည်း ဤအတူ ဖိနပ်ချွတ်လေ့ရှီသည်၊ အရှေ့ဘက် နိုင်ငံများ၌ကား ဤဓလေ့မရှိကြပါ၊ အထူးတလည် ရိုသေလေးစားမှု ဂါရဝနိဝါတ တရားအရ မြန်မာ့ရှေးထုံးစဉ်လာ ဖြစ်နေသဖြင့် ဘုရားကျောင်းကန်တို့မှာသာမက မိမိတို့အိမ်ပေါ် တိုက်ခန်းတို့မှာပင် ဖိနပ်ချွတ်ခြင်းမှာ ယဉ်ကျေးသောအမူအရာများဖြစ်၍ လက်ခံထိုကသောကိစ္စပင် ဖြစ်ပါ၏၊ အထူးမှာ သံဃာတော်များထိုင်ရန် ခင်းထားသော ဖျာအခင်းတို့တွင် ပေကျံသောခြေတို့ဖြင့် မနင်းမိရန်နှင့် ကျောင်းပေါ်တက်ရာ၌ ခြေကိုစင်ကြယ်အောင် သုတ်သင်ရန် အရေးကြီးကြောင်းကိုပါ သတိပြုကြရန်ပင်၊ ယဉ်ကျေးမှုနှင့်စပ်လျင်း၍ ဖိနပ်ချွတ်ခြင်းဖြစ်၍ ကျောင်းဆရာတော်တို့၏ ခွင့်ပြုမှု မပြုမှုတို့ကို ဤတွင် ထည့်သွင်းစဉ်းစားရန် လိုတော့မည် မထင်ပါ။

(အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်နှင့် မဟာစည် သာသနာ့ရိပ်သာကျောင်းတိုက် စသည့် အချို့ကျောင်းတိုက်ကြီးတို့တွင်မူ ကျောင်းပေါ်မှာသာ ဖိနပ်စီးခွင့် မပေးပဲ၊ ကျောင်းပရိဝုဏ်အတွင်း ဖိနပ်စီးခွင့် ပေးထားပါသည်။)

ကျောင်းသူ ကျောင်းသားနှင့် ဝိပဿနာ

(မေး) ကျောင်းသူ ကျောင်းသားနှင့် ဝိပဿနာ)

အရှင်ဘုရား တပည့်တော်တို့ အခြေခံပညာကျောင်းတွေမှာ ကျောင်းမတက်မီ နေ့တိုင်း ထွက်သက်-ဝင်သက်လေ (အာနာပါနဝိပဿနာ) ရှုမှတ်ရပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးများကို တစိတ်တပိုင်း ရှင်းပြပေးတော်မူပါဘုရား။ အခြားဘာသာဝင်များရော ရှုမှတ်နိုင်ပါသလားဘုရား။ သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။

(မောင်အောင်ဇော်လွင်-အ-ထ-က ခင်ဦး)

(ဖြေ) ကျောင်းများတွင် ကျောင်းသူ ကျောင်းသားများအား ဆရာ ဆရာမများက ထွက်သက် ဝင်သက် အာနာပါန အားထုတ်မှုကို အချိန်တချိန်ပေး၍ အားထုတ်ခိုင်းပါသည်။ ထိုသို့ အားထုတ်ခိုင်းခြင်းမှာ ကမ္မဋ္ဌာနာစရိယဆရာတော်များက ရိပ်သာတွင် စနစ်တကျ အားထုတ်စေသကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ဖြစ်စရာ မရှိသော်လည်း ကျောင်းသူ ကျောင်းသားများ ငယ်စဉ်ကပင် ကမ္မဋ္ဌာန်းအားထုတ်ခြင်း၌ အလေ့အလာ ဝါသနာဖြစ်သွားစရာရှိပါသည်။

ထို့အပြင် အာနာပါနရှုမှတ်ခြင်းသည် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာမျာ အားသစ်ဖြစ်ထွန်းစေခြင်း ဉာဏ်ပညာကိုလည်း ထက်မြက်စေပါသည်။ ဝိပဿနာအားထုတ်မှုသည် ဘာသာမရွေး အားထုတ်နိုင်သဖြင့် ကောင်းသောအလေ့အကျင့်ဖြစ်၍ အားပေးရမည့်ကိစ္စဖြစ်ပါသည်။ ကျောင်းတိုင်းမှာပင် လုပ်သင့်သော သင်ခန်းစားဖြစ်သည်ဟု ဖြေကြားလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကျောင်းနှစ်ကျောင်း၌ ဝါကပ်ခြင်း

(မေး) (ကျောင်းနှစ်ကျောင်း၌ ဝါကပ်ခြင်း)

အရှင်ဘုရား၊ ကမ္မဋ္ဌာနာစရိယ ဆရာတော်တပါးသည် ပြီးခဲ့သော ဒုတိယဝါဆိုလပြည့်ကျော် ၁-ရက်နေ့က ညနေ ၃-နာရီတွင် အသစ်ဆောက်လုပ်လှူဒါန်းသော ကျောင်းတွင် ဝါဆိုပြီး ညနေ ၄-နာရီတွင် မိုင် ၁၀၀-ခန့်ဝေးသော အခြားမြို့က ၄င်း၏မူလရှိပြီး ကျောင်းသို့ကားဖြင့် ပြန်ကြွပြီး ထပ်မံ ဝါဆိုပါသည်ဘုရား။ တဝါတွင်း၌ နှစ်ကျောင်းတပြိုင်နက် ဝါဆိုသည်မှာ ဝိနည်းတော်အရ သင့်-မသင့် ဖြေကြားတော်မူပါဘုရား။

(မောင်အောင်သူ-တောင်သာမြို့နယ်)

(ဖြေ)

သာသနာတလျှောက်လုံး တဝါတွင်း၌ ကျောင်းအရာမ်နှစ်ခု ကျောင်းတိုက် နှစ်တိုက်၌ ဝါဆိုရခြင်းမည်သည် မရှိ။ ကျောင်းတကျောင်း၌သာ ဝါဆိုရသည်။ ဘုရားလက်ထက်က သာကီဝင်မင်းသား ဥပနန္ဒသည် ကျောင်း ၂-ကျောင်း၊ ၃-ကျောင်း၌ တကျောင်းတွင် ဝါဆို၍ အခြားတကျောင်း၌ တောင်ဝှေးကိုထားခြင်း၊ အခြားတကျောင်း၌ ဖိနပ်ကိုထားခြင်း စသည်ဖြင့် နှစ်ကျောင်း သုံးကျောင်းလုံး အနေပြသည့်သဘောမျိုး ပြုလုပ်သည်။ ထိုအပြုအမူကို ဘုရားရှင် ကဲ့ရဲ့တော်မူကာ ကျောင်းတကျောင်း၌သာ အမြဲဝါဆိုနေသင့်ကြောင်း အကြောင်းအားလျော်စွာ ကိစ္စထူးရှိက ခုနစ်ရက်အတွင်း ဝါပန်၍ သွားနိုင်ခွင့်ရှိကြောင်း ပညတ်ပါသည်။

အကြောင်းအားလျော်စွာ ပုရိမဝါ ပျက်သွားက ဒုတိယ ပစ္ဆိမဝါကို တနေရာ၌ ထပ်မံဝါကပ်သင့်ကြောင်းသာ ရှိပါသည်။ ပုဂ္ဂိုလ်တပါးတည်းဖြစ်လျက် နှစ်ကျောင်း ဝါဆိုခြင်းမှာ လာဘသက္ကာရသိလောကမှုမျိုးသာဖြစ်၍ မပြုလုပ်အပ်ကြောင်း၊ အပြစ်မကင်းကြောင်း မှတ်သားအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ခေတ်သုံးပါးနှင့် လောကဓာတ်

(မေး) (ခေတ်သုံးပါးနှင့် လောကဓာတ်)

အရှင်ဘုရား၊ ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်၊ သုံးပါးနှင့် လောကဓာတ်၊ စကြာဝဠာတိုက် ဟူသည် မည်သို့ထူးခြားသည်ကို ရှင်းလင်းဖြေကြားတော်မူပါဘုရား။

(မောင်မြင့်ကြည်-မိတ္ထီလာမြို့)

(ဖြေ)

ဇာတိခေတ်-ဟူသည်မှာ မြတ်စွာဘုရား ဖွားမြင်တော်မူရာ ဤစကြဝဠာနှင့် ဖြစ်ဖော်ဖြစ်ဖက်၊ ပျက်ဖော်ပျက်ဖက် (ဖွားတော်မူရာ၊ ဘုရားအဖြစ်ရောက်ရာ၊ ဓမ္မစကြာတရား ဟောတော်မူရာတို့၌ အတူတုန်လှုပ်ရာ) စကြာဝဠာ တိုက်တသောင်းကို ဆိုပါသည်။

အာဏာခေတ်ဆိုသည်မှာ မြတ်စွာဘုရား၏ တန်ခိုးတော်၊ ပရိတ်တော်၊ အာဏာတော်ပျံ့နှံ့ရာ စကြဝဠာကုဋေတသိန်းကို ဆိုပါသည်။

ဝိသယခေတ်ဟူသည်မှာ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ် ကျက်စားရာ စကြာဝဠာအနန္တကို ဆိုပါသည်။

ထို့ကြောင့် စကြာဝဠာ တခုမျှကိုသာ ဆိုသော လောကဓာတ်တခု၊ စကြာဝဠာတခု ဟူသည်မှာ ဇာတိခေတ်၏ အတွင်း၌ ပါဝင်သော ဌာနတစိတ်မျှသာ ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ခေါင်းလောင်း

(မေး) (ခေါင်းလောင်း)

ဆရာတော်ဘုရား၊ မင်းကွန်းခေါင်းလောင်းကြီးသည် ကမ္ဘာတွင် တတိယ အကြီးဆုံး ခေါင်းလောင်းကြီး-ဟု သိရပါသည်။

ကမ္ဘာ ပထမနှင့် ဒုတိယ ခေါင်းလောင်းများ ဘယ်မှာရှိ၍ ဘယ်မျှကြီးမားသည်ကိုလည်း ဘယ်တုန်းကစ၍ ခေါင်းလောင်းများ သွန်းခဲ့ရှိခဲ့သည်ကို၄င်း သိလိုပါသည်ဘုရား။

(မောင်သောင်းမြင့်-အ-ထ-က မလှိုင်မြို့)

(ဖြေ)

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းမှာ ရုရှားနိုင်ငံ မော်စကိုမြို့မှ ဇာကိုလိုကော ခေါင်းလောင်းကြီးဖြစ်၍ တန်ချိန် ၂၀၀-ကျော်ရှိပြီး အမြင့် ၁၉-ပေ ၃-လက်မရှိသည်။

ဒုတိယအကြီးဆုံး ခေါင်းလောင်းမှာလည်း ရုရှားနိုင်ငံ မော်စကိုမှာပင် ရှိသည်၊ တန်ချိန် ၁၂၈-တန် ရှိသည်ဟု ဆိုသည်၊ သို့သော် ယင်းခေါင်းလောင်း နှစ်လုံးစလုံးပင် ကွဲပဲ့ပျက်စီးနေကြသည်။

မင်းကွန်းခေါင်းလောင်းကြီးကား အကောင်းပကတိ အနေဖြင့် ကမ္ဘာတွင် အကြီးဆုံးခေါင်းလောင်းဟုပင် ဆိုနိုင်ပါသည်။

အမြင့် ၁၂-ပေ ရှိ၍ မြန်မာကြေးချိန် ၅+၅ လုံး (၅၅၅၅၅) ဖြစ်ပြီး တန်ချိန် ၉၀၅၂-ရှိသည်ဟု ဆိုပေသည်။

ခေါင်းလောင်းသမိုင်းအရ လွန်ခဲ့သည့် နှစ်လေးထောင်လောက်က စ၍ အဦးဆုံး ခေါင်းလောင်းကို တရုတ်ပြည်တွင် သွန်းခဲ့သည်ဟု ဆိုသော်လည်း သေချာသော အထောက်အထား မရှိဟု ဆိုပါ၏၊

မြန်မာမှာ သရေခေတ္တရာခေတ်ကပင် ခေါင်းလောင်းများ ရှိခဲ့သည်၊ သို့သော် ကျောက်စာတို့တွင် သက္ကရာဇ် ၅၉၈ (ပုဂံကျစွာမင်း လက်ထက်) မင်းမတ် ဉာဏပိစည်း ကောင်းမှု၊ ရှင်ပင်ဗောဓိဘုရား ကျောက်စာကြောင်းရေ ၉-တွင် ခေါင်လောင်ကြိယ် အပိသာ ၁၆၀-ပိသာခွယ်ဧအ်၊ သွန်ဧအ် (ခေါင်းလောင်း ကြေးအပိဿာ ၁၆၀-ပိဿာခွဲ၏၊ သွန်း၏)-ဟု ပါရှိ၍ ကြေးပိဿာ ၁၆၀-ကျော် ခေါင်းလောင်းသွန်းကြောင်း အဦးဆုံး တွေ့ရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဂေါတမဘုရားရှင်၏ အလုပ်အကျွေးများ

(မေး) (ဂေါတမဘုရားရှင်၏ အလုပ်အကျွေးများ)

အရှင်ဘုရား၊ တပည့်တော် ဖတ်ဖူးသော ဗုဒ္ဓဝင်အကျဉ်းတွင် မြတ်စွာဘုရား၏ အလုပ်အကျွေးသည် အရှင်အာနန္ဒာ-ဟု သိရပါသည်။ အရှင်အာနန္ဒာသည် ဘုရားရှင် အသက်ဘယ်အရွယ်ရောက်မှ အလုပ်အကျွေးပြုသည်ကို၄င်း၊ အရှင်အာနန္ဒာ အလုပ်အကျွေးမပြုခင်က အဘယ်ရဟန်းများ၊ အလုပ်အကျွေး ပြုစုခဲ့ကြသည်ကို၄င်း၊ အရှင်အာနန္ဒာသည် ညီတော်အာနန္ဒာလား၊ ဖွားဖက်တော် အာနန္ဒာလား ဖြေကြားပေးတော်မူပါဘုရား။

(အရှင်သာသန၊ မန္တလေး)

(ဖြေ)

အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင် သက်တော် ၅၅-နှစ်အလွန် ဝါတော် ၂၀-ကျော်အချိန်မှစ၍ အမြဲတမ်း အလုပ်အကျွေးအဖြစ် လှည့်လည်လိုက်ပါတော်မူပါသည်။

မြတ်စွာဘုရား၏ ပထမဗောဓိခေါ် ဝါတော် ၂၀-အတွင်းတွင် အမြဲတမ်းအလုပ်အကျွေး မရှိဘဲ တခါတရံ အရှင်နာဂသမာလမထေရ်၊ တခါတရံ အရှင်နာဂိတ၊ အရှင်မေဃိယ၊ အရှင်ဥပဝါန၊ လိစ္ဆဝီမင်းသား သုနက္ခတ္တရဟန်း၊ အရှင်သာရိပုတ္တရာ၏ ညီတော် အရှင်စုန္ဒ၊ အရှင်သာဂတ၊ အရှင်ရာဓမထေရ် စသော မထေရ်တို့ အလျဉ်းသင့်သလို ပြုစုလုပ်ကျွေး လှည့်လည်လိုက်ပါကြ၏၊

ဘုရားရှင် ဝါတော် ၂၀-ကျော်လာသောအခါ ရဟန်းတို့-ငါဘုရားသည် အသက်အရွယ် ကြီးရင့်လာပြီ။ အချို့ရဟန်းများသည် ငါဘုရားက ဤလမ်းခရီးဖြင့် သွားကြကုန်စို့-ဟု ပြောဆိုသော်လည်း အခြားခရီးဖြင့်သွား၍ ငါဘုရားကို စွန့်ခွာသွားကြကုန်၏၊(အရှင်မေဃိယကို ညွှန်းပါသည်)။

အချို့ရဟန်းများကမူ ငါဘုရား၏ သပိတ်သင်္ကန်းတို့ကို မြေ၌ချထားမည့် အခြေအနေထိ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူကြသေးသည်။ (အရှင်မေဃိယကို ညွှန်းသည်)။

သို့အတွက်ကြောင့် ငါဘုရားအတွက် အမြဲပြုစုလုပ်ကျွေးမည့် ရဟန်းတပါးကို သင်ချစ်သားတို့ စဉ်းစားရွေးချယ်ကြလော့-ဟု မိန့်တော်မုရသည်။

ထိုစကားကိုကြား၍ ရဟန်းအပေါင်းတို့ ဓမ္မသံဝေဂကြီးစွာ ဖြစ်တော်မူကြကုန်၏၊ ဤသို့ အမြတ်ဆုံးဘုရားရှင်ကို လုပ်ကျွေးရသည်ကိုပင် မထေရ်မဲ့မြင် ပြုတော်မူကြကုန်သေး၏၊ ထို့ကြောင့် အရှင်အာနန္ဒာက တာဝန်ယူခြင်း ဖြစ်သည်။

အရှင်အာနန္ဒာကိုပင် ဖွားဖက်တော် အာနန္ဒာဟု၄င်း၊ ညီတော် အာနန္ဒာဟု၄င်း၊ အမျိုးမျိုးခေါ်ခြင်းဖြစ်ပါသည်။

ဖွားဖက်တော် စာရင်းလင်္ကာမှာ-

ယသော်ခင်လေး၊ ညီထွေးအာနန်၊ ကဏ္ဍကမြင်း၊ ကျွန်ရင်းမောင်ဆန်၊ ကာဠုဒါယိ၊ ဗောဓိရုက္ခံ၊ ရွှေအိုးစွက်၊ ဖွားဖက်ခုနစ်တန်။

ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္ဏ၊ ဗုဒ္ဓဟေ-ဟု၄င်း။

အာ-ဗော-ကာ-ယ-ဆန်-ရွှေ-ကဏ် ဟု၄င်း။ အမျိုးမျိုး စပ်ဆိုထားကြကုန်၏၊

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဂေါတမဘုရားရှင်၏ အလုပ်အကျွေးများ

(မေး) (ဂေါတမဘုရားရှင်၏ အလုပ်အကျွေးများ)

အရှင်ဘုရား၊ တပည့်တော် ဖတ်ဖူးသော ဗုဒ္ဓဝင်အကျဉ်းတွင် မြတ်စွာဘုရား၏ အလုပ်အကျွေးသည် အရှင်အာနန္ဒာ-ဟု သိရပါသည်။ အရှင်အာနန္ဒာသည် ဘုရားရှင် အသက်ဘယ်အရွယ်ရောက်မှ အလုပ်အကျွေးပြုသည်ကို၄င်း၊ အရှင်အာနန္ဒာ အလုပ်အကျွေးမပြုခင်က အဘယ်ရဟန်းများ၊ အလုပ်အကျွေး ပြုစုခဲ့ကြသည်ကို၄င်း၊ အရှင်အာနန္ဒာသည် ညီတော်အာနန္ဒာလား၊ ဖွားဖက်တော် အာနန္ဒာလား ဖြေကြားပေးတော်မူပါဘုရား။

(အရှင်သာသန၊ မန္တလေး)

(ဖြေ)

အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင် သက်တော် ၅၅-နှစ်အလွန် ဝါတော် ၂၀-ကျော်အချိန်မှစ၍ အမြဲတမ်း အလုပ်အကျွေးအဖြစ် လှည့်လည်လိုက်ပါတော်မူပါသည်။

မြတ်စွာဘုရား၏ ပထမဗောဓိခေါ် ဝါတော် ၂၀-အတွင်းတွင် အမြဲတမ်းအလုပ်အကျွေး မရှိဘဲ တခါတရံ အရှင်နာဂသမာလမထေရ်၊ တခါတရံ အရှင်နာဂိတ၊ အရှင်မေဃိယ၊ အရှင်ဥပဝါန၊ လိစ္ဆဝီမင်းသား သုနက္ခတ္တရဟန်း၊ အရှင်သာရိပုတ္တရာ၏ ညီတော် အရှင်စုန္ဒ၊ အရှင်သာဂတ၊ အရှင်ရာဓမထေရ် စသော မထေရ်တို့ အလျဉ်းသင့်သလို ပြုစုလုပ်ကျွေး လှည့်လည်လိုက်ပါကြ၏၊

ဘုရားရှင် ဝါတော် ၂၀-ကျော်လာသောအခါ ရဟန်းတို့-ငါဘုရားသည် အသက်အရွယ် ကြီးရင့်လာပြီ။ အချို့ရဟန်းများသည် ငါဘုရားက ဤလမ်းခရီးဖြင့် သွားကြကုန်စို့-ဟု ပြောဆိုသော်လည်း အခြားခရီးဖြင့်သွား၍ ငါဘုရားကို စွန့်ခွာသွားကြကုန်၏၊(အရှင်မေဃိယကို ညွှန်းပါသည်)။

အချို့ရဟန်းများကမူ ငါဘုရား၏ သပိတ်သင်္ကန်းတို့ကို မြေ၌ချထားမည့် အခြေအနေထိ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူကြသေးသည်။ (အရှင်မေဃိယကို ညွှန်းသည်)။

သို့အတွက်ကြောင့် ငါဘုရားအတွက် အမြဲပြုစုလုပ်ကျွေးမည့် ရဟန်းတပါးကို သင်ချစ်သားတို့ စဉ်းစားရွေးချယ်ကြလော့-ဟု မိန့်တော်မုရသည်။

ထိုစကားကိုကြား၍ ရဟန်းအပေါင်းတို့ ဓမ္မသံဝေဂကြီးစွာ ဖြစ်တော်မူကြကုန်၏၊ ဤသို့ အမြတ်ဆုံးဘုရားရှင်ကို လုပ်ကျွေးရသည်ကိုပင် မထေရ်မဲ့မြင် ပြုတော်မူကြကုန်သေး၏၊ ထို့ကြောင့် အရှင်အာနန္ဒာက တာဝန်ယူခြင်း ဖြစ်သည်။

အရှင်အာနန္ဒာကိုပင် ဖွားဖက်တော် အာနန္ဒာဟု၄င်း၊ ညီတော် အာနန္ဒာဟု၄င်း၊ အမျိုးမျိုးခေါ်ခြင်းဖြစ်ပါသည်။

ဖွားဖက်တော် စာရင်းလင်္ကာမှာ-

ယသော်ခင်လေး၊ ညီထွေးအာနန်၊ ကဏ္ဍကမြင်း၊ ကျွန်ရင်းမောင်ဆန်၊ ကာဠုဒါယိ၊ ဗောဓိရုက္ခံ၊ ရွှေအိုးစွက်၊ ဖွားဖက်ခုနစ်တန်။

ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္ဏ၊ ဗုဒ္ဓဟေ-ဟု၄င်း။

အာ-ဗော-ကာ-ယ-ဆန်-ရွှေ-ကဏ် ဟု၄င်း။ အမျိုးမျိုး စပ်ဆိုထားကြကုန်၏၊

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ငွေတမတ်နှင့် ထမင်းထုပ်

(မေး)

ဆရာတော်ဘုရား၊ လူပုဂ္ဂိုလ် တယောက် ကွယ်လွန် သေဆုံးသောအခါ ငွေတမတ်နှင့် ထမင်းထုပ်၊ ၄င်းပုဂ္ဂိုလ်ကြိုက်တတ်သော လက်ဖက်၊ ဆေးလိပ်၊ ကွမ်းယာ စသည်များကို အဘယ်ကြောင့်ထည့်သွင်းပေးရပါသနည်း၊

ထည့်သွင်းပေးသောပုဂ္ဂိုလ်တို့မှာ အဘယ်အကျိုးတရားများကို ရ၍ အပေးခံရသော ပုဂ္ဂိုလ်မှာလည်း အဘယ်ကဲ့သို့သော အကျိုးတရားများကို ရနိုင်ပါသနည်း ဘုရား။

(မောင်ဝင်းသွင်-စွန်းဘိုကုန်းရပ်၊ ဆင်ဖြူကျွန်းမြို့)

(ဖြေ)

ရှေးက ဤသို့ သေသူအတွက် ထည့်ပေးသော ထမင်းကို ကုဗ္ဘီးထမင်း-ဟု ခေါ်သည်။ ချီးမြှောက်ပူဇော်ခြင်း တမျိုးပင်။ သို့သော် ယင်းတို့မှာ အယူသည်းမှုသာ ဖြစ်သည်။ သေသူလည်း စားသောက်သုံးဆောင်နိုင်မည် မဟုတ်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ မရှိမီက ရှေးရှေးအယူအဆများဖြစ်ရာ ဗုဒ္ဓဘာသာ သာသနာတော်အလိုအရမူ သေသူအတွက် ရတနာသုံးပါးအား လှူဒါန်း၍ ပတ္တိဒါနခေါ် အမျှပေးဝေခြင်းသာ သဘောမှန် ဖြစ်ပါသည်။ အမျှပေးဝေသည်ကို သေသူက ရောက်ရာဘဝမှ သာဓုအနုမောဒနာ ခေါ်နိုင်က ကုသိုလ်အကျိုးကို ခံစားရ၍ ဒုဂ္ဂတိဘဝ၌ ဖြစ်နေရသည့်တိုင်အောင် သုဂတိသို့ ရောက်ရှိနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ငွေတိုးပေးစားခြင်း အပြစ် ရှိ-မရှိ

(မေး) (ငွေတိုးပေးစားခြင်း အပြစ် ရှိ-မရှိ)

(၁) အရှင်ဘုရား၊ ငွေအတိုးပေးတာ ၅-ပါးသီလ ပျက်ပါသလား၊ ထို့ပြင် သမ္မာအာဇီဝ ဖြစ်ပါသလားဘုရား၊ ရိုသေစွာ မေးမြန်းလျှောက်ထားပါသည်ဘုရား။ (ဒေါ်ရိမ်-တောင်ဖလုရွာ၊ သံဖြူဇရပ်)

(၂)စီးပွားရေးလုပ်ငန်းအဖြစ် ငွေတိုးယူပြီး ကြီးပွားစေရန် လုပ်ကိုင်စားသောက်ခြင်းသည် အပြစ်ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။ (စွမ်းရည်ပြည့်သူ၊ မြသီတာစျေး-ရေးမြို့)

(ဖြေ)

(၁) အစိုးရသတ်မှတ်သည့် အတိုးနှုန်း၊ အခြား သင့်တော်သည့် အတိုးနှုန်း၊ နှစ်ဦးနှစ်ဖက် မျှတသည့် အတိုးနှုတ်းများသည် သမ္မာလောဘသာဖြစ်၍ ၅-ပါးသီလလည်း မပျက်၊ သမ္မာအာဇီဝလည်း ဖြစ်ပါသည်။

(၂) အတိုးနှုန်း ကြီးမားစွာ ယူလျှင်ကား ဝိသမလောဘဖြစ်၍ အပြစ်သင့်နိုင်ပါသည်။ ဘုရားရှင်က (သမဇီဝိတာ=ပတ်ဝန်းကျင်နှင့် မျှတစွာ အသက်မွေးရမည်)၊ အတိုးနှုန်း ကြီးကြီးယူ၍ ငါချမ်းသာရေးသာ ကြိုးပမ်းလျှင် လောကကြီး မကြာခင် ပျက်စီးသွားပါမည်။ မျှတဖို့ အလွန်လို်အပ်ပါသည်။ မမျှတလျှင် အပြစ်ရှိပါသည်။

(အတိုးပေးစားခြင်းကြောင့် သီလပျက်၏၊ သမ္မာအာဇီဝ မဖြစ်ဟုတော့ တိုက်ရိုက်ဟောကြားချက် မရှိပါ)။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

စေတနာဒေါသဖြင့် ပြုမူခြင်း

(မေး) (စေတနာဒေါသဖြင့် ပြုမူခြင်း)

အရှင်ဘုရား။ တပည့်တော်၏ ဖခင်ကြီး မကွယ်လွန်မီက ခြေဆုပ်လက်နယ် ပြုစုခြင်း၊ မေ့လျော့နေမည့် တရားဓမ္မများကို မမေ့မလျော့စေရန် သတိပေးခြင်းနှင့် ဆေးသောက်ရာတွင် ပြောဆိုခြင်းတို့အပြင် ဆေးမသောက်လိုသောအခါ ဆူပူပြောဆိုရခြင်း စသည်တို့အား စေတနာဒေါသဖြင့် ပြုမူမိပါသည်။ မှန်ကန်သောစေတနာဖြင့် ပြုမူပြောဆိုမိကြောင်း သစ္စာဆိုဝံ့ပါသည်၊ ဤအတွက် တပည့်တော်မမှာ အပြစ် ရှိ-မရှိ၊ ရှိခဲ့ပါလျှင် မည်ကဲ့သို့ ဖြေဖျောက်ရပါနည်မည်း တပည့်တော်မ မအိပ်နိုင်-မစားနိုင်ဖြစ်ပြီး စိတ်ဒုက္ခရောက်နေရပါ၍ ဖြေကြားပေးပါအရှင်ဘုရား။

(မကျော့ကျော့ခင်-မြောက်ဥက္ကလာပ)

(ဖြေ)

ရိုသေလေးစားစွာဖြင့် ဆရာမိဘတို့အား ပြုစုကြရာ၌ လူမမာ ဆရာမိဘတို့သည် လူမမာပီပီ ရံဖန်ရံခါ ဆေးမသောက်လိုခြင်း၊ အစားအစာ မစားလိုခြင်းတို့ကြောင့် ပြုစူသူနှင့် ဆန့်ကျင်ဘက် ဖြစ်တတ်ကြပါသည်။ ထိုအခါ ပြုစုသူ တပည့်သားသမီးများက စေတနာကောင်းဖြင့် ဆေးဝါးများ စားသောက်ရန် အတင်းကျပ် ကျွေးခြင်း၊ ဆူပူပြောဆိုမိခြင်းတို့လည်း ရှိတတ်ပါသည်။ စေတနာကောင်းဖြင့် ပြုမူပြောဆိုခြင်းဖြစ်၍ အပြစ်မရှိပါ။ စေတနာကောင်းကြောင့် ကုသိုလ်ပင် ဖြစ်ပါသည်။

ကျမ်းဂန်တို့တွင် အမိသည် ပြောစကား နားမထောင်ဘဲ ထွက်ခွါသွားသော သားအား-ဟဲ့သားမိုက်၊ တောထဲက ကျွဲရိုင်းမကြီး ထွက်လာပြီး ခတ်၍ သေစမ်းပါစေ-ဟု ပြောရာ၌ စကားသံကြမ်းသော်လည်း စေတနာဖြူစင်သည်ဖြစ်၍ ဖရုသဝါစာမဖြစ်ကြောင်း။

ရှင်ဘုရင်က ရာဇဝတ်သားအား သေမိန့်ပေးရာ၌ -ကဲ သူ့ကို ချမ်းချမ်းသာသာ အိပ်ပါစေ-ဟု ဆိုရာတွင် စကားသံနူးညံ့သော်လည်းစေတနာကြမ်းသဖြင့် ဖရုသဝါစာဖြစ်ကြောင်းတို့ကို ထောက်ဆ၍ စေတနာသာ ပဓာနဖြစ်သည်ကို သာဓကယူနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စေတီပုထိုး တည်ခြင်း

(မေး) (စေတီပုထိုး တည်ခြင်း)

အရှင်ဘုရား တပည့်တော် လျှောက်ထားမေးမြန်းလိုသည်မှာ စေတီပုထိုး၊ တည်ထားရာတွင် အသစ်တည်ထားရာ၌ဖြစ်စေ၊ အဟောင်းပြုပြင်ရာ၌ဖြစ်စေ၊ လုပ်ဆောင်ပုံများကို လောကီ လောကုတ္တရာ နည်းဥပဒေ ပုံသေ ရှိ-မရှိနှင့် စေတီပုထိုးတည်မှုမှာ အချည်းနှီး အကျိုးမရှိ-ဟု အချို့ဆိုကြသည်မှာ ဟုတ်-မဟုတ် ဖြေကြားပေးစေလိုပါသည် ဘုရား။

(ကိုအောင်ချို+မသန်းနှစ်၊ ဝင်မနားရွာ၊ ကနီမြို့နယ်)

(ဖြေ)

စေတီပုထိုးတည်ထားမှုနှင့် စပ်၍ လောကုတ္တရာနည်း ဟူ၍ကား မရှိ၊

လောကီနည်းအားဖြင့်ကား ကူခမ်းမြို့ မြောက်မျက်နှာ၊ ရွှေဥမင်ဆရာတော်ဘုရားကြီး စီရင်သော ထုံးကိုမှီ၍ ပြုစုထားသော သတ္ထုရူပက ဝိလာသနီကျမ်းတွင် အကျယ်ဖော်ပြပါရှိသည်ကို ဖတ်ရှုရသည်။

လိုရင်းမျှ ထုတ်နုတ်ဖော်ပြရသော်-

ဧကောဇေယျော ဒွေသိဒ္ဓိ-စသောဂါထာဖြင့် မိမိတည်လိုသော စေတီ၏ ဉာဏ်တော်အတောင်ကို

မိုက်ဖွဲ့၍ ၇-ခြင့်စားပါ၊

၁-ကြွင်းလျှင် ဇေယျ၊

၂-ကြွင်းလျှင် သိဒ္ဓိ၊

၃-ကြွင်းလျှင် ဒုက္ခ၊

၄-ကြွင်းလျှင် လာဘ၊

၅-ကြွင်းလျှင် မရဏ၊

၆-ကြွင်းလျှင် သုခသမ္ပတ္တိ၊

၇-(သုည) ကြွင်းလျှင် သုည၊ (သုဉ်း-ပျက်စီး) နှင့် ကလဟ-ဟု ဆိုပါသည်။

ထို့အတူ အဝန်းကို ၈-ဖြင့်စား၍

၁-ကြွင်းလျှင် တံခွန်၊ ကုန်သည်တို့နှင့်သင့်။ (ကုန်သည်တို့ ကိုးကွယ်သင့်)

၂-ကြွင်းလျှင် အခိုး-ရဟန်း-ပုဏ္ဏား၊

၃-ကြွင်းလျှင် ခြင်္သေ့ ပြည့်ရှင်မ၊

၄-ကြွင်းလျှင် ခွေး-တောသား၊ မုဆိုး၊

၅-ကြွင်းလျှင် နွား-သူဆင်းရဲ၊

၆-ကြွင်းလျှင် မြည်း-သူဋ္ဌေးသူကြွယ်၊

၇-ကြွင်းလျှင် ဆင်-အမတ်စစ်သူကြီး၊

၈-(သုည) ကြွင်းလျှင် ကျီး-ပြည့်တန်ဆာမတို့နှင့် ဆိုင်ကြောင်း ဖော်ပြထားသည်။

ထို့အတူ ပန်းလည်တိုင် (ပိန္နဲတိုင်) ကိုလည်း မိုက်ဖွဲ့၊ ၇-ဖြင့်စား၍ အကြွင်းကို ကြည့်ပြီးဟောပုံ၊ အုတ်မြစ်ချပုံ၊ ဌာပနာပုံများ၊ ပါရှိသေးသည်၊ ဤတွင် မဖော်ပြသာပါ၊

အဟောင်းကို ပြင်ဆင်ရာ၌ကား မူလဉာဏ်တော်ထက် အနည်းငယ်မြှင့်၍ တည်ရကြောင်း အဆိုရှိပါသည်၊ ဤသို့ စေတီ ပုထိုးများ တည်ထားကိုးကွယ်မှုမှာ မြတ်စွာဘုရား၏ ဓာတ်တော် မွေတော် ဥဒ္ဒိဿစေတီတော်များကို ဌာပနာ၍ ကိုးကွယ်ခြင်းဖြစ်သဖြင့် ဓာတုစေတီ ပရိဘောဂစေတီတော်ကို ပူဇော်ရခြင်းဖြစ်၍ သက်တော်ထင်ရှား မြတ်စွာဘုရားအား ပူဇော်ရခြင်းနှင့် ထပ်တူပင်ဖြစ်ကြောင်း ဝိမာနဝတ္ထုပါဠိတော်၊ အပါဒါန်ပါဠိတော်များ၌ ဟောတော်မူထားပါသည်၊ အချည်းနှီး အကျိုးမရှိ-ဟု မဆိုထိုက်၊ လွန်စွာပင် အကျိုးရှိကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စေတီလေးမျိုး

(မေး) (စေတီလေးမျိုး)

ဆရာတော်ဘုရား၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့ အမြတ်တနိုး ကိုးကွယ်ပူဇော်ရာဌာနဖြစ်သော စေတီကို အချို့စာများတွင် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဥစေတီ၊ ပရိဘောဂစေတီ ဟူ၍ လေးမျိုးလာရှိသည်၊

အချို့စာတွင် အထက်ပါလေးမျိုးအပြင် ပါဒစေတီဟူ၍ ငါးမျိုးဖော်ပြထားသည်ကို တွေ့ရပါသည်၊

မည်သည်က မှန်ကြောင်း ဖြေကြားပေးတော်မူပါဘုရား။

(ခင်ဇော်လွင်-ပန်တောင်း)

(ဖြေ)

စေတီကို ကာလိင်္ဂဗောဓိ ဇာတ်တွင် ဥဒ္ဒိဿစေတီ၊ သာရီရိကစေတီ၊ ပရိဘောဂစေတီ၊ ဟူ၍ သုံးမျိုး စတင်ဟောကြားခဲ့ပါသည်။

သာရီရိကစေတီမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ကိုယ်တော်မှဖြစ်သော ဓာတ်တော် မွေတော်များဖြစ်၍ ယင်းတို့ကို ဌာပနာပြီး ဓာတုစေတီတော်အဖြစ် ပူဇော်ကိုးကွယ်ကြသည်။

တရားဓမ္မက္ခန်များကို ဓမ္မစေတီခေါ်သည်၊

ဘုရား၏ပုံတော်ကို ရည်မှန်းခြင်း၊ ပုံတော်ထုလုပ် ကိုးကွယ်ခြင်းကို ဥဒ္ဒိဿစေတီ ခေါ်သည်။

သပိတ်တော် တောင်ဝှေးတော် ရေသနုပ်တော် စသည်များနှင့် ဗောဓိညောင်ပင် စသော အသုံးအဆောင်တော်များကို ပရိဘောဂစေတီ-ဟု ခေါ်ပါသည်။

ကာလိင်္ဂဇာတ်တွင် သုံးမျိုးသာ လာရှိသော်လည်း နောင်တွင် လေးမျိုးပူဇော်ခဲ့ကြပါသည်၊

ထို့နောက်တွင် ပူဇော်စရာအနေဖြင့် မြတ်စွာဘုရားက ထင်ရှား ပြတော်မူသော စက်လက္ခဏာတော်အပြည့်အစုံနှင့် ခြေတော်ရာကို ကိုးကွယ်ရာ တပါးပြု၍ ပါဒစေတီ-ဟု ထင်ရှားလာပါသည်။

ထိုခြေတော်ရာကို အကြောင်းပြု၍ မာဂဏ္ဍိယပုဏ္ဏားကြီး ဇနီးမောင်နှံ, သစ္စဗန္ဓထေရ် စသည်တို့ ရဟန္တာဖြစ်ကြသဖြင့် ပါဒစေတီမှာလည်း ကိုးကွယ်ရာ ဖြစ်ပေါ်လာခဲ့ပါသည်၊ ထို့ကြောင့် စေတီသုံးပါး၊ လေးပါး၊ ငါးပါး၊ အရာဌာနအားလျော်စွာ မှန်ကန်ပါကြောင်း ဖြေကြားလိုက်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စေတီဟောင်း ပြင်ဆင်ရာ၌

(မေး) (စေတီဟောင်း ပြင်ဆင်ရာ၌)

အရှင်ဘုရား ရုပ်ပွားစေတီတော်ဟောင်း ပြင်ဆင်မှု အဆုံးအဖြတ်အရ ထိုရုပ်ပွားစေတီတော်ဟောင်းများတွင် ဌာပနာထားသည့် (မူလပင်ရင်းစေတီတော်မြတ်၏ ဘဏ္ဍာတော်) ရတနာရွှေငွေ ကျောက်သံပတ္တမြား အစရှိသော ပစ္စည်းတို့မှာ ရောင်းချထုခွဲ၍ ပြုပြင် ပြင်ဆင်နိုင်ခွင့် ရှိ-မရှိ သိလိုပါသည်ဘုရား။

ထို့အပြင် ဗုဒ္ဓအဆိုအမိန့် ဝိနည်းအရ ရဟန်းသံဃာတို့က ဦးစီးဦးဆောင်ပြုလုပ်၍ ရုပ်ပွားစေတီတော် ဟောင်းများ၌ ဌာပနာဖောက်ကောင်း မဖောက်ကောင်း၊ ရုပ်ပွားစေတီတော်ဟောင်း၏ ထီးသစ်၊ ထိီးဟောင်း စသည်တို့ကို ရဟန်းသံဃာတို့က ဦးစီးဦးဆောင် ပြုလုပ်ပြင်ဆင်ရန် အလှူခံကောင်း မကောင်း စသည်တို့အား (ဗုဒ္ဓဘာသာဝင် အများအကျိုးအတွက်ပါ) သိရှိလိုပါ၍ မေးမြန်းလျှောက်ထားအပ်ပါသည်။

(ဦးခင်မောင်မြင့်-သတင်းထောက်၊ ရေနံချောင်းမြို့)

(ဖြေ)

အသောကမင်းကြီးသည် အဇာတသတ်မင်း မြှုပ်နှံသိမ်းဆည်းထားခဲ့သော ဓာတ်တော်မွေတော်တို့ကို ဖော်ထုတ်ပူဇော်သည်။ ထိုတွင် အဇာတသတ်မင်း ဌာပနာထားခဲ့သော ပတ္တမြားကြီး တလုံးတွင် နောင်အခါ မင်းဆင်းရဲတို့သည် ဤပတ္တမြားကြီးကို ထုခွဲစီမံ၍ ဤဓာတ်တော်တို့ကို ပူဇော်စေသတည်း-ဟု ရေးထိုးခဲ့သော စာကိုတွေ့ရကြောင်းဆိုသည်။

အညာဒေသတွင် စေတီတဆူ ပြိုပျက်ရာ အချိန် ၁၇-ကျပ်သားရှိသော ငွေတုံးကြီးကို တွေ့ရပြီး နောင်အခါတွင် ဤငွေတုံးကို ထုခွဲ၍ စေတီကို ပြုပြင်ပူဇော်ကြပါကုန်ဟု ရေးထိုးထားကြောင်း ကြားသိရဖူးသည်။

ဤသည်တို့ကိုထောက်၍ ဓာတ်တော်မွေတော် ဥဒ္ဒိဿစေတီတော်များမှအပ ရွှေငွေစသော ရတနာပစ္စည်းဌာပနာတို့မှာ နောင်စေတီပျက်လျှင် ပြုပြင်ရန်အတွက် ပူးတွဲဌာပနာခဲ့ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် စေတီဟောင်းပြင်ဆင်သူတို့သည် ဆရာတော် သံဃာတော်တို့နှင့် တိုင်ပင်၍ ရတနာပစ္စည်းတို့ကို စီမံခန့်ခွဲသင့်ကြောင်း ဆရာတော် သံဃာတော်တို့ကလည်း ကိုယ်တိုင်ပြုပြင်ခြင်းထက် ဩဝါပေး၍ ဒါယကာတို့အား စေခိုင်းသင့်ကြောင်း ကိုယ်တိုင်အလှူခံခြင်းထက် နာယက ဩဝါဒါစရိယနေရာမှနေ၍သာ စီမံသင့်ကြောင်း အကြံပေးလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

စေတီဟောင်းပြုပြင်ခြင်း

(မေး) (စေတီဟောင်းပြုပြင်ခြင်း)

အရှင်ဘုရား၊ စေတီပြျုကျ၍ မြေခသွားသော ထီးတော်ကို ပြုပြင်၍ ပြန်လည်တင်လှူကောင်းပါသလားဘုရား။ အချို့က တင်ကောင်းသည်၊ အချို့က မတင်ကောင်းဟု ဝိဝါဒ ကွဲပြားနေပါ၍ ဖြေကြားပေးတော်မူပါဘုရား။

(အရှင်ကေသရ-မြောင်ဓမ္မရိပ်သာ၊ ထုံးဘို)

(ဖြေ)

ပြန်လည်ပြုပြင်၍ တင်လှူကောင်းပါသည်။ စေတီဟောင်း၊ ကျောင်းဟောင်း၊ ဇရပ်အို၊ ဇရပ်ဟောင်းတို့ကို ပြုပြင်၍ ပူဇော်လှူဒါန်းခြင်းသည် အသက်ရှည်ကြောင်း ဖြစ်၏၊ သီဟိုဠ်ဘုရင် ဝသဘမင်းကြီးကို ရဟန္တာအရှင်မြတ်များက စေတီဟောင်းများ ပြုပြင်ရန် ဟောကြားသည့်အတွက် မင်းကြီးသည် ပြုပြင်လှူဒါန်းပူဇော်ရာ နန်းစံသက် ၁၂-နှစ်မှ ၄၄-နှစ်အထိ သက်ရှည်ခဲ့ကြောင်း ထင်ရှားသော သာဓကရှိသည်။ ယုံယုံကြည်ကြည်ဖြင့် ပြုပြင်တင်လှူပါလေ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဆေးအရက်

(မေး) (ဆေးအရက်)

အရှင်ဘုရား၊ အချို့ဆေးများမှာ အရက်နှင့် ဖျော်၍ လိမ်းရခြင်း၊ သောက်ရခြင်းမျိုး ရှိပါသည်၊ လိမ်းရခြင်း၌ အကြောင်းမဟုတ်သော်လည်း သောက်ရခြင်း၌ သုရာမေရယ သိက္ခာပုဒ်နှင့် အကျွမ်းဝင်, မဝင်၊ အပြစ် ရှိ-မရှိ သိလိုပါသည်၊ ဖြေကြားပေးတော်မူပါဘုရား။

(ဗိုလ်ဝင်းမောင်-မြောက်ပိုင်းတိုင်း)

(ဖြေ)

အနုဇာနာမိ ဘိက္ခဝေ ယသ္မိံ တေလပါကေ မဇ္ဇဿ နဝန္ဓော နဂန္ဓော နရသော ပညာယတိ၊ ဧဝရူပံ မဇ္ဇံ ပက္ခိတ္တံ တေလံ ပါတုံ။

(ရဟန်းတို့၊ အကြင်ဆီချက်၌ သေအရက်၏ အဆင်း အနံ့ အရသာသည် မထင်ရှား၊ ဤသို့သဘောရှိသော သေအရက်ထည့်သော ဆီကို သောက်စိမ့်သောငှါ ခွင့်ပြုတော်မူ၏)

ဤဝိနည်းမဟာဝါ ပါဠိတော်ကို ထောက်၍ ဆေးမှာလည်း သေအရက်၏ အဆင်း အနံ့ အရသာ မထင်ရှားလျှင် သောက်အပ်ပါသည်။

ငါးပါးသီလ မပျက်-ဟု မှတ်ယူရပါမည်၊

ဆေးလိပ် , ဆေးစပ်များတွင် အရက်ထည့်၍စပ်သဖြင့် ထိုဆေးလိပ်များကို သောက်လျှင် ငါးပါးသီလ ပျက်-မပျက် မေးသူများအဖို့လည်း ဤအဖြေအတိုင်းပင် မှတ်သားစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဉေယျဓံတရား ငါးပါး

(မေး) (ဉေယျဓံတရား ငါးပါး)

အရှင်ဘုရား၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်အဖွင့်မှာ သဗ္ဗဉ်ဉာဏ်အား၊ စွမ်းပကားဖြင့်၊ များသင်္ခါရ၊ ဝိကာရဟု၊ လက္ခဏပညတ်၊ နိဗ္ဗာန်ဓာတ်ဟု၊ ငါးရပ်သိရန်၊ ဉေယျဓမ်ကို၊ ဖောက်ပြန်မရှိ၊ ကိုယ်တော်တိုင် သိတော်မူသော-ဟု ဆိုထားသည့်အတိုင်း ဉေယျဓံတရား ငါးပါးသည် သဗ္ဗညုတဉာဏ်တော်ကြီး၏ အရာဖြစ်သည်ဟု ယုံကြည်ပါသည်ဘုရား။ ထို့ကြောင့် တရားအားလုံးတို့သည် ဉေယျဓံတရား ငါးပါးထဲသို့ အကျုံးဝင်သွား လိမ့်မည်ဟုလည်း ယုံကြည်မိပါသည်ဘုရား။ သို့ဖြစ်ပါ၍ တပည့်တော်၏ယုံကြည်မှု မှန်သည်-မှားသည်ကို ခွဲခြားပေးပါဘုရား။ တဖန် ဉေယျဓံတရား ငါးပါးတို့မှ တပါးချင်းအလိုက် ခွဲခြား၍ မည်သည့်တရားများဖြင့် ဆက်သွယ်အကျုံးဝင်ပုံကို တပါးချင်းခွဲခြား၍ ရှင်းလင်းချီးမြောက်ပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။

(ဦးခင်မောင်တိုး-မဟာတိုး၊ ရေဦးမြို့)

(ဖြေ)

ဉေယျဓံတရား ငါးပါးတွင် သင်္ခါရမှာ အကြောင်းတရားတို့ ပြုပြင်အပ်သည့် ရုပ်တရား၊ နာမ်တရား အားလုံးပင် ဖြစ်သည်။

ဗောဓိပက္ခိယတရား ၃၇-ပါး၏ တရားကိုယ် ၁၄-ပါးတို့လည်း ပါဝင်ခြင်းဖြစ်သည်။ ထို ၁၄-ပါးတို့မှာ ဆန္ဒ၊ လောကုတ္တရာစိတ်၊ တတြမဇ္ဈတ္တတာ၊ သဒ္ဓါ၊ ပဿဒ္ဓိ၊ ပီတိ၊ အမောဟ၊ ဝိတက်၊ ဝီရိယ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ စေတသိက်တို့ ဖြစ်သည်။

ဝိကာရလက္ခဏတို့ကား ရုပ်နာမ်တရားတို့၏ အခြင်းအရာ လက္ခဏာမျှသာ ဖြစ်သည်။ ထိုတရားအားလုံးမှ လွတ်သော နိဗ္ဗာန်တရား၊ ပညတ်တရားများနှင့် ညှိသော် သိစရာတရားအားလုံး အကျုံးဝင်သွားတော့သဖြင့် ပြဿနာရှင်၏ ယုံကြည်ယူဆမှု မှန်ကန်ပါသည်။

(ဗောဓိပက္ခိယတရား ၃၇-ပါးနှင့် တရားကိုယ် ၁၄-ပါးတို့ကို နှိုင်းယှဉ်၍ တပါးချင်း မည်သို့ အကျုံးဝင်ပုံကို လေ့လာကြည့်ရှုနိုင်ပါသည်။) အကျယ်ရေးပြနေစရာ လိုမည် မဟုတ်ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ညောင်ရေအိုး အစား ပန်းအိုးထား

(မေး) (ညောင်ရေအိုး အစား ပန်းအိုးထား)

အရှင်ဘုရား၊ ဘုရားဆောင်တွင် ညောင်ရေအိုးအစား အလှပန်းအိုး ထား၍ ရပါသလား၊ အပြစ် ရှိ-မရှိ သိလိုပါသည်ဘုရား။

(အီးကြည်စန်းကား-ဝိုင်းမော်မြို့)

(ဖြေ)

တင့်တယ်သပ္ပါယ်အောင် ပူဇော်ခြင်းဖြစ်၍ ထားကောင်းပါသည်။ အပြစ်မရှိပါ။ ပန်းအတုကို ပူဇော်လှူဒါန်းခြင်းထက် ပန်းအစစ်ကို ပူဇော်လှူဒါန်းခြင်းက ပို၍ ကြည်နူးဖွယ်၊ နှစ်သက်ဖွ.ယ် ဖြစ်ပါလိမ့်မည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

တော်လည်းခြင်း ဟူသည်

(မေး) (တော်လည်းခြင်း ဟူသည်)

အရှင်ဘုရား၊ လောက၌ ငလျင်လှုပ်ခြင်း၊ တော်လည်းခြင်း ဟူသော အဖြစ်များတွင် ငလျင်လှုပ်ခြင်းဟူသည်မှာ မြေကြီးတုန်မလှုပ်မှုဖြစ်၍ လူတို့ အသိများကြပါသည်။ တော်လည်းခြင်း ဟူသည်ကို နားမလည်ကြပါ။ အဘယ်သို့ ဖြစ်သည်ကို တော်လည်းသည်ဟု ဆိုပါသနည်း။ သိသာအောင် စာပေဖြင့် ရှင်းလင်းပြတော်မူပါဘုရား။

(မသိန်းကြည်-ရန်ကုန်)

(ဖြေ)

တော်လည်း (တော်လဲ) သည် ဟူသည်ကို ပါဠိလို ဒေဝဒုဒြဘိ-ဟု ဆိုသည်။ ဒေဝဒုဒြဘိ-ကို မိုးခြိမ်းသံ၊ မိုးစည်တော်လည်းခြင်း-ဟု အနက်ပေးသည်။ ဒေဝဒုဒြဘိဿရ-တော်လည်းသံ၊ ဒေဝဒုဒြဘီတိ သုက္ခဝလာဟကဂဇ္ဇနံ-မိုးစည်တီးသည် ဟူသည်မှာ မိုးမရွာဘဲ လေအဟုန်ဖြင့် ခြောက်သောတိမ်တိုက်ချင်း ခတ်မိခြင်းကြောင့် မိုးကြိုးသံကဲ့သို့ မြည်ဟည်းခြင်းကို ဆိုသည်ဟု အဋ္ဌကထာတို့၌ ဖွင့်သည်။

ယင်းကို မြန်မာတို့က တော်လည်းသံဟု ဆို၏၊ မိုးကြိုးထစ်ခြင်းသာဖြစ်၍ မိုးကြိုးပစ်ခြင်းမဟုတ်ဘဲ ကြောက်မက်ဖွယ် မြည်ဟည်းသံကို ဆိုလိုသည်။ ငလျင်ပြင်းစွာလှုပ်ချိန်တွင် တော်လည်းသံများလည်း ပူးတွဲ၍ ကြားရတတ်သည်ဟု ဆိုသည်။ ထို့ကြောင့် ငလျင်လှုပ်ခြင်း၊ တော်လည်းခြင်းကိုတွဲ၍ ပြောဆိုလေ့ရှိသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ထေရဿင်္ဂုလိမာလဿ

(မေး) (ထေရဿင်္ဂုလိမာလဿ)

အရှင်ဘုရား၊ အင်္ဂုလိမာလသုတ်၏ ဒုတိယစာပိုဒ် စာကြောင်းရေ ၃-တွင် ထေရဿင်္ဂုလိမာလဿ-တွင် အချို့က သအက္ခရာအသံထွက်ပြီး ထေရဿ အင်္ဂုလိမာလဿ-ဟု ရွတ်ဆိုပြီး

အချို့က စာအတိုင်း ထေရဿင်္ဂုလိမာလဿ-ဟု ရွတ်ဆိုကြပါသည်။

မည်သို့ရွတ်ဆိုခြင်းက မှန်ကန်ကြောင်း ဖြေကြားပေးတော်မူပါဘုရား။

(မောင်လှဌေး-အင်းလေး၊ ခေါင်တိုင်)

(ဖြေ)

ထေရဿင်္ဂုလိမာလဿ ပါဠိပုဒ်ကို ဂါထာဖြစ်၍ အက္ခရာ ၈-လုံး ဖြစ်စေရန် ထေရဿင်္ဂုလိမာလဿ-ဟု သန္ဓိ ပုဒ်စပ်၍ စီကုံးထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပရိတ်စာမူတိုင်းမှာပင် ထေရဿင်္ဂုလိမာလဿ-ဟု ရှိပါသည်။

ထိုသို့ သန္ဓိစပ်ရသည်မှာ ပါဠိတော်များ၌ အစဉ်တွေ့ရသည့် သဒ္ဒါထုံးစံများပင် ဖြစ်ပါသည်။

အာဋာနာဋိယသုတ်တွင် ဝိပဿိဿ စ နမော အတ္ထု-ဟု ဆိုရမည် ဖြစ်သော်လည်း နမတ္ထု-ဟု ဆိုသည်ကို သတိပြုရန် ဖြစ်ပါသည်။

ထို့အတူ သိခိဿာပိ စ နမတ္ထု၊ ဝေဿဘုဿ စ နမတ္ထု-စသည် သန္ဓိစပ်၍ ရွတ်ဆိုရပါသည်။ ထို့ကြောင့် ထေရဿင်္ဂုလိမာလဿ-ဟု ရွတ်ဆိုလျှင် ပိုမိုသင့်မြတ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒေဝဒတ်နိုင် ဇာတ်ငါးဇာတ်

(မေး) (ဒေဝဒတ်နိုင် ဇာတ်ငါးဇာတ်)

အရှင်ဘုရား၊ ဇာတ်တော်တို့တွင် ဘုရားလောင်းကို ဒေဝဒတ်က သတ်နိုင်ခဲ့သော ဇာတ်ငါးဇာတ်ဟူ၍ စူဠဓမ္မပါလဇာတ်, ဒဒ္ဒရဇာတ်, ခန္တီဝါဒီဇာတ်, စူဠနန္ဒိယဇာတ်,နှင့် မဟာကပိဇာတ်တို့ကိုဖော်ပြထားပါသည်။ ဆဒ္ဒန္တ ဇာတ်မှာလည်း ဆဒ္ဒန်ဆင်မင်းကို ဒေဝဒတ်အလောင်း သောနုတ္တိုရ် မုဆိုးသတ်ခဲ့သည်မဟုတ်ပါလော။ အဘယ်ကြောင့် ၆-ဇာတ်ဟု မဆိုပါသနည်းဘုရား။

(သန်းထွန်း-ဓမ္မာစရိယ၊ မော်လမြိုင်)

(ဖြေ)

ဆဒ္ဒန္တဇာတ်၌ ဒေဝဒတ်အလောင်း သောနုတ္ထိုရ်မုဆိုးသည် ဆင်မင်းအား သူ့အလိုအလျောက် သတ်လို၍ သတ်ရခြင်းမဟုတ်။ ရှေးဘဝက အငြိုးရှိခဲ့သော စူဠသုဘဒ္ဒါ မိဖုရားက စေခိုင်း၍ မသတ်ချင်ဘဲ သတ်ရခြင်း ဖြစ်သည်။

ရာဇဝတ်သင့်သူများအား မင်းမိန့်ဖြင့် သူသတ်သမားတို့က သတ်ရခြင်း ဖြစ်သော်လည်း မင်းကသတ်သည်ဟုသာ ဆိုရသကဲ့သို့ ဆဒ္ဒန်ဆင်မင်းအားစူဠသုဘဒ္ဒါက သတ်ခြင်းသာဖြစ်၍ သူတပါးပယောဂနှင့် စပ်သဖြင့် ဒေဝဒတ်အလောင်း သောနုတ္ထိုရ်သတ်သည် မမည်သောကြောင့် ဖော်ပြပါ ဘုရားလောင်းကို ဒေဝဒတ်အလောင်း သတ်နိုင်သော ဇာတ်စာရင်းတွင် မပါဝင်ပါ။ ဆဒ္ဒန်ဆင်မင်းကို စူဠသုဘဒ္ဒါက ရန်ငြိုးထား၍ သတ်သည်ဟူ၍သာ သမိုင်းတွင်ခဲ့ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒေဝဒတ်နှင့် ဣဒ္ဓိပါဒ် တန်ခိုး

(မေး) (ဒေဝဒတ်နှင့် ဣဒ္ဓိပါဒ် တန်ခိုး)

ဇာတ်တော်များမှာ အမျိုးသမီးတို့ အာရုံကြောင့် စျာန်ရရသေ့များ စျာန်လျှောရကြောင်း မကြာမကြာ ဖတ်ရှုရပါသည်၊ သိုပသော် မြတ်စွာဘုရားအား အမျိုးမျိုးရန်လုပ်၍ သတ်ဖြတ်ရန်အထိ ကြံစည်ခဲ့သည့် ဒေဝဒတ်မှာ စျာန် ဣဒ္ဓိပါဒ်တန်ခိုးများ ရရှိသည်ဆိုသည်မှာ ဖြစ်နိုင်ပါရဲ့လား ဘုရား။

(ဦးခင်မောင်ကြီး-ရွှေသူဌေးကုန်း၊ ချောက်မြို့)

(ဖြေ)

မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီး ဝါတော်တဝါ ရပြီးနောက် ကပိလဝတ်ပြည်သို့ ကြွရောက်၍ ပြန်လည်ကြွသွားသည့်အခါတွင် ဒေဝဒတ်သည် ဘဒ္ဒိယ သာကီဝင်မင်း၊ အနုရုဒ္ဓါမင်းသား၊ အာနန္ဒာမင်းသား၊ ဘဂုမင်းသား၊ ကိမိလမင်းသား၊ ဆတ္တာသည် ဥပါလိတို့နှင့် အတူ ဘုရားနောက်သို့ လိုက်သွားပြီး ရဟန်းပြုခဲ့ပါသည်၊ ထိုအချိန်က မြတ်စွာဘုရားအား ရန်ငြိုးလည်းမဖွဲ့သေး၊ ရန်လည်းမလုပ်သေး၊ သဒ္ဓါတရားအပြည့်အဝ ရှိနေပါသေးသည်၊ ထို့ကြောင့် ရဟန်းတရားကို အားထုတ်၍ လောကီစျာန်တန်ခိုး ဣဒ္ဓိပါဒ်တို့ကို ရခဲ့ပါသည်။ နောက်အတန်ကြာမှ အလိုဆိုးနှိပ်စက်၍ အဇာတသတ်ကို ချဉ်းကပ်ကာ လာဘ်များကြောင်းကို ရှာကြံလျက် မြတ်စွာဘုရားအား ရန်ပြုသဖြင့် ရရှိသော စျာန်တန်ခိုးများ ကွယ်ပျောက်သွားရပါသည်၊ ထို့ကြောင့် ဒေဝဒတ်၏ စျာန်တန်ခိုးများမှာ အလိုဆိုးမနှိပ်သက်မီ စိတ်ကောင်းရှိစဉ်က ရရှိခြင်း ဖြစ်သဖြင့် ဖြစ်နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဒေါင်းမြီး ဘုရားလှူ

(မေး) (ဒေါင်းမြီး ဘုရားလှူ)

အရှင်ဘုရား၊ ပြဿနာပြေစေကြောင်း ကျမ်းပေါင်းသိ ထေရ်အရှင်၊

နောင်လာသူ သိစေမေးပါရ ရေးဖြေစေ့ချင်၊

ဒေါင်းမြီးပ ဘုရားတွင် တင်လှူသည့်အရေး၊

ရငြားကုသိုလ်နှင့် အကုသိုလ်ဖြစ်မည်လား ခြား၍ဖြေပေး။

(ဦးစိုးမြင့်-အမှတ် ၁၊ သံနှင့်သံမဏိစက်ရုံ၊ အနီးစခန်း ပြင်ဦးလွင်မြို့)

(ဖြေ)

ပြဿနာ မေးကာထား၊ ဖြေကြားရ ထေရ်အရှင်၊

ဗုဒ္ဓစာပေရေးဟာမို့၊ မေးက ဖြေတင်၊

ဒေါင်းမြီးနှင့်တူအင်၊ ဘုရင်တို့အသုံး၊

သားမြီးယပ် အမြတ်ယူသလိုပ၊

ဒေါင်းမြီးကို ယပ်ပုံမှန်းလို့၊ လှူဒါန်းလျှင် ကုသိုလ်ပွားမယ် ခြား၍ဖြေကုံး။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နေလွဲညစာ စားမှုကိစ္စ

(မေး) (နေလွဲညစာ စားမှုကိစ္စ)

ဗုဒ္ဓဘာသာဝင်များ ဥပုသ်သီလ စောင့်ထိန်းရာတွင် နေလွဲညစာ စားမှုမှ ရှောင်ကြဉ်ရခြင်း၏ ရည်ရွယ်ချက် အနှစ်သာရသဘောကိုထားကို ရှင်းလင်းပေးတော်မူပါဘုရား။

(မောင်ဘအေး-ရွာထောင်ရွာ၊ မုံရွာမြို့)

(ဖြေ)

လူပုဂ္ဂိုလ်တို့သည် နိစ္စသီလဖြစ်သောငါးပါးသီလကိုသာ စောင့်ထိန်းရာမှ အရိယာသူတော်ကောင်းများကဲ့သို့ သီလများစွာကို စောင့်ထိန်းလိုသောအခါ အနာဂါမ်အရိယာများ, ရဟန်းပုဂ္ဂိုလ်နှင့် ဘုရား ရဟန္တာများအား အတုယူ၍ ဗြဟ္မစရိယသီလတော်မြတ်ကို ခံယူဆောက်တည်ကြရာ

ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-နေရာ၌

အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-ကို အစားထိုး ဆောက်တည်ကြရပါသည်၊

ဗြဟ္မစရိယ သိက္ခာပုဒ်တော်ကြီးမှာ အလွန်သိမ်မွေ့လှပါသည်၊ ဤသိက္ခာပုဒ်တော်ကြီး တည်တံ့ခိုင်မြဲရေး၏ အကြီးဆုံးအန္တရာယ်မှာ ညစာစားခြင်းပင် ဖြစ်ပါသည်၊

ညစာစားမှုသည် ကာမမှုကို အားပေးသော အားဆေးကြီးပင် ဖြစ်သည်၊

ထို့ကြောင့် ဗြဟ္မစရိယသိက္ခာပုဒ် ခိုင်မြဲရေးအတွက် ညစာစားမှုကို ပထမဆုံး ရှောင်ကြဉ်ရပါသည်။

ထို့အတူ ဗြဟ္မစရိယ သိက္ခာပုဒ်ကို ပျက်ပြားစေရေး အားပေးသော ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်း, ယင်းတို့ကို ကြည့်ရှု နားထောင်ခြင်း, ပန်းပန်ခြင်း, နံ့သာလိမ်းခြင်း, တန်ဆာဆင်ခြင်းနှင့် ညက်ညောသော အခင်းအာရုံတို့နှင့် အိပ်စက်ခြင်းတို့ကိုပါ ရှောင်ကြဉ်ရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ပေတငါးမျိုးနှင့် အမျှဝေခြင်း

(မေး) (ပေတငါးမျိုးနှင့် အမျှဝေခြင်း)

အရှင်ဘုရား၊ လူ့ဘဝမှ ကွယ်လွန်သွားရာတွင် ပေတဂတိသို့ ရောက်သွားသူသည် ပေတငါမျိုးဖြစ်၍ ကျန်ရစ်သူတို့ ကုသိုလ်ကောင်းမှုပြု၍ အမျှဝေသောအခါ ပေတတမျိုးသာလျှင် သာဓုခေါ်နိုင်၍ ကျန်လေးမျိုးမှာ သာဓုမခေါ်နိုင်ဟု သိရပါသည်။ ယင်းပေတငါးမျိုးနှင့် လေးမျိုးမှာ အဘယ်ကြောင့် သာဓုမခေါ်နိူင်၍ တမျိုးမှာ အဘယ်ကြောင့် သာဓုခေါ်နိုင်ကြောင်း ရှင်းပြစေလိုပါသည်ဘုရား။

(ဦးညိုမောင်-ရန်ကုန်)

(ဖြေ)

ပေတဘဝ (ပြိတ္တာအဖြစ်) သည် ဆဂတိဒီပနိကျမ်း၊ လောကပညတ္တိကျမ်းတို့အရ ပြိတ္တာ ၁၂-မျိုးပြသည်။ အဋ္ဌကထာ ဋီကာကျမ်းတို့အရ ပြိတ္တာ ၄-မျိုး ပြသည်။ ပြဿနာရှင် စာအရ ၅-မျိုး ဆိုရာ၌ ဖောပြပါ ဆဂတိဒီပနီနှင့် လောကပညတ္တိကျမ်းလာ ၁၂-မျိုးကို တမျိုးယူ၍ အဋ္ဌကထာ ဋီကာလာ ၄-မျိုးနှင့်ပေါင်းသော် ၅-မျိုးဖြစ်နိုင်ပါသည်။

ဆဂတိ စသည့် ကျမ်းတို့၌ ဝန္တာသ စသည် ၁၂-မျိုးနှင့် အဋ္ဌကထာဋီကာလာ

(၁) ပရဒတ္တူပဇီဝိက ပြိတ္တာ

(၂) ခုပ္ပိပါသိက ပြိတ္တာ

(၃) နိဇ္ဈာမတဏှိက ပြိတ္တာ

(၄) ကာလကဉ္စိက (အသုရာ) ပြိတ္တာ ဟူ၍ ရှိရာ ပရဒတ္တူပဇီဝိက ပြိတ္တာတမျိုးသာ အမျှဝေသည်ကို သာဓုခေါ်နိုင်ပါသည်။

၄င်းမှာ အခြားပြိတ္တာများထက် အဆင်းရဲ သက်သာခြင်း၊

လူတို့နှင့် နီးစပ်သွားလာနိုင်ခြင်း၊

လှူဒါန်း၍ အမျှပေးဝေသည်ကို စောင့်မျှော်နေခြင်း၊

အမျိုးဇာတိအနေဖြင့် သူတပါး (အဆွေအမျိုး) တို့ ပေးအပ်သော အစာကို မှီ၍ အသက်ရှင်သော အမျိုး ဖြစ်ခြင်းတို့ကြောင့် သာဓုခေါ်နိုင်ခြင်း ဖြစ်ပါသည်။

ယခုခေတ် တစ္ဆေခေါ်သော အမျိုးပင်ဖြစ်ပါသည်။

အခြားလေးမျိုးမှာ အလွန်ဒုက္ခကြီးမား၍ နေ့ညမစဲ အမြဲပူလောင်ခံစား၍ နေကြရသဖြင့်် သာဓုမခေါ်နိုင်ကြခြင်း ဖြစ်ကြသည်။ နိယတဗျာဒိတ်ရပြီးသော ဘုရားလောင်းတို့သည် ထိုပြိတ္တာမျိုးတို့၌ မဖြစ်၊ ပရဒတ္တူပပေတမျိုး၌ကား ဖြစ်သေးသည်ဟု ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဖျော်ရည်

(မေး) (ဖျော်ရည်)

အရှင်ဘုရား၊ ဘုရားသားတော် သံဃာတော်များသည် မိမိတို့၏ ကျန်းမာရေးအတွက် ယခုခေတ်ပေါ် ဖျော်ရည် (ပက်ပစီ၊ ဆဲဗင်းအပ်၊ မာရင်ဒါ၊ စသည်) များကို မွန်းလွဲပိုင်း၌ ဘုဉ်းပေးသုံးဆောင် သင့်-မသင့် ဖြေကြားပေးတော်မူပါဘုရား။

(အရှင်ပညာသီရိ-မိတ္ထီလာ)

(ဖြေ)

ရဟန်းသံဃာတော်များအတွက် ယာမကာလိက (ယနေ့အရုဏ်တက်မှ နောက်နေ့ အရုဏ်တက်အတွင်း အပ်သော) အဖျော်ရည်များကို ခွင့်ပြုချက်ရှိရာ ၄င်းတို့မှာ-

သပြေ-သရက်-နွယ်သပြက်၊ ဖက်သက်-သစ်မည်စည်၊ တော အိမ် ငှက်ပျော၊ ကြာစွယ်နှော၊ မှတ်လော ရှစ်ဖျော်ရည်။

သီးသီး ခံသီး၊ ကြို့ ကြိမ်သီး၊ မန်ကျည်း ရှောက်တလီ၊ အနုလောမ ကျမ်းတွင်ပြ၊ ပါနမျိုးအမည်။ ဟူသော ဝိနည်းမှတ်စရာ သံပေါက်လင်္ကာလာ အသီးရည်များ ဖြစ်ကြသည်။

၄င်းအသီးရည်များဖြင့် ပြုလုပ်စီမံထားသော အဖျော်ရည်များဖြစ်လျှင် အထူးစိစစ်စရာ မလိုပါ။ သောက်အပ်သည်ဟု ဆိုရပါမည်။ သို့သော် အဖျော်မအပ်သော ထန်း-အုန်း-နှစ်တွဲ၊ ပိန္နဲနှစ်စုံ၊ ဘူး ဖရုံ၊ မှတ်တုံ သုံးသခွါး၊ ၄င်းအဖျော်၊ မသင့်လျော်၊ သုံးသော် အပြစ်ပွား။ ဟူသောလင်္ကာအရ ထန်းသီး-အုန်းသီး-တောပိန္နဲ-အိမ်ပိန္နဲ-ဘူး-ဖရုံ-သခွားငပြုတ်သီး-သခွားငကြောင်သီး-သခွားငဆစ်သီးများဖြင့် ပြုလုပ်ထားသော အဖျော်ရည်များဖြစ်က မအပ်ပါ။ ထို့ကြောင့် အဖျော်ရည်များကို မည်သည့်အသီးမျိုးဖြင့် ပြုလုပ်ထားသည်ကို လေ့လာစူးစမ်း၍ သုံးဆောင်သင့်-မသင့် ဆုံးဖြတ်စေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗေဒင်ကိစ္စ

(မေး) (ဗေဒင်ကိစ္စ)

အရှင်မြတ်ဘုရား၊ (မြတ်မင်္ဂလာ အတွဲ ၁၀၊ အမှတ် ၁) စာစောင်ဆောင်းပါး တပုဒ်တွင် ဗေဒင်ဟောပြောခြင်း စသောကိစ္စများသည် အသုံးမကျသော စွဲလမ်းမှုများသာဖြစ်၍ ဗုဒ္ဓမြတ်စွာဘုရားက သူ၏တပည့်များအား ထိုအလေ့အကျင့်များမှ ရှောင်ရှားကြရန် မှာကြားကြောင်း ရေးသားဖော်ပြထားပါသည်၊

တဖန် မဟာဗုဒ္ဓဝင် (ပထမတွဲ ဒုတိယပိုင်း-၅၃၁) တွင် မြတ်စွာဘုရားအလောင်းတော်သည် ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ဗေဒင်သုံးပုံကို တဖက်ကမ်းခတ် တတ်မြောက်ပြီး ကျော်စောထင်ရှားသူဖြစ်ကြောင်း လေ့လာဖတ်ရှုရပါသည်၊ မသိနားမလည်သူများအတွက် လမ်းမှားသို့ ရောက်ရှိသွားနိုင်ပါသဖြင့် သနားသည်းခံ ဖြေရှင်းပေးတော်မူပါဘုရား။

(ဦးစိန်ထွန်း-တမာကုန်းရွာသစ်၊ ဆင်တဲ-ပြည်)

(ဖြေ)

မြတ်စွာဘုရား၏ တပည့်သာဝက (ရဟန်းသံဃာ)များအား သာသနာတော်၌ ပရိယတ် ပဋိပတ် အားထုတ်မှု၊ ဂန္ဓဓုရ ဝိပဿနာဓုရ နှစ်ပါးတို့မှတပါး ခြားဗေဒင်စသည်တို့ကို လေ့လာသင်ကြားဟောပြောခြင်း စသည်တို့မှာ သာသနာပျက်စီးကြောင်းများ ဖြစ်၍ မြတ်စွာဘုရားက အားမပေးရုံမျှမက လုံးဝပြုလုပ်ရန် ခွင့်မပြုခဲ့ပါ။

ဗုဒ္ဓဝင်လာ ဘုရားအလောင်းတော်မှာ ပုဏ္ဏားမျိုးဖြစ်၍ လူ့ဘဝတွင် ဗေဒင်သုံးပုံကို တဖက်ကမ်းခတ် တတ်မြောက်ကျော်ကြားပုံမှာ ပုဏ္ဏားတို့အဖို့ ဂုဏ်ယူဖွယ်ဖြစ်၍ ရေးသားခြင်းဖြစ်ပါသည်။

ကဿပမြတ်စွာဘုရားလက်ထက် အလောင်းတော် ဇောတိပါလ ဘဝသာမက

လေးအသင်္ချေနှင့် ကမ္ဘာတသိန်းထက် သုမေဓာပုဏ္ဏားလုလင်ဘဝတုန်းကလည်း ထိုကဲ့သို့ပင် တတ်ကျွမ်းခဲ့ကြောင်း၊

အလားတူ ပုဏ္ဏားလုလင်ဘဝများစွာမှာပင် ဘုရားအလောင်းတော်သည် ဗေဒင်သုံးပုံကို တတ်ကျွမ်းကြောင်း ဇာတ်တော်များစွာပင် ရှိပါသည်။

လူ့ဘဝ၌ တတ်သင့်တတ်ထိုက်သော ပညာရပ်များကို တတ်ကျွမ်းရကြောင်း ထင်ရှားစေလို၍ ဖော်ပြရခြင်း ဖြစ်သော်လည်း ရဟန်းဘဝစသည်တို့၌ကား ၄င်းတို့မှာ သာသနာတော်၏ အညစ်အကြေးများသာဖြစ်ကြောင်း ဝိနည်းပိဋကတ် စသည်တို့တွင် ဟောကြားတော်မူလေ့ရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗောဇ္ဈင်သုတ် ရွတ်ခြင်း

(မေး) (ဗောဇ္ဈင်သုတ် ရွတ်ခြင်း)

အရှင်ဘုရား၊ သတ္တိမေ (ကဿပ) ဗောဇ္ဈင်္ဂါ မယာ ---

ကတမေ သတ္တ၊ သတိသမ္ဗောဇ္ဈင်္ဂေါ ခေါ (ကဿပ) ---

အစရှိသော ဗောဇ္ဈင်ရ-ပါး တရားသုတ်တော်ကို ရွတ်ဆိုရာ၌ လူနာ အတွက် ရွတ်ဆိုသော် လူနာ၏ အမည်ကို မည်သည့်နေရာ၌ မည်သို့ ထည့်ရမည်ကို ရှင်းလင်းဖြေကြားပေးပါရန်နှင့်

သမ္မာသမ္ဗုဒ္ဓ ဗောဇ္ဈင်သုတ်သည် မြတ်စွာဘုရား ဟောကြားသောသုတ် ဖြစ်ပါသလား၊ ရွတ်ဖတ်ခြင်းအားဖြင့် မည်သည့်အကျိုး ခံစားရပါသနည်း၊ မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။

(နွယ်ခေမာလှိုင်-မော်လမြိုင်မြို့)

(ဖြေ)

ကဿပ ဗောဇ္ဈင်သုတ်တွင် လူနာအတွက် ရွတ်ဆိုလိုက လူနာအမည်ကို လက်သည်းကွင်းအတွင်း ကဿပ နေရာတွင် ထည့်၍ ရွတ်ဆိုနိုင်ပါသည်။ သို့သော် ပါဠိတော်ကြားတွင် မြန်မာလို လူနာမည်ကို ထည့်ရွတ်က အဆင်မပြေပါ။ ထို့ကြောင့် ယောကျ်ား လူနာဖြစ်က ဥပါသက၊ မိန်းမလူနာဖြစ်က ဥပါသိက ဟူ၍ ရွတ်သင့်ပါသည်။

ဥပါသက-ရတနာသုံးပါးကို အားထားယုံကြည်သူ အိုဖခင်၊ အိုမိခင် စသည် အဓိပ္ပါယ်ပါရှိပါသည်။

ပါဠိတော် (မဟာဝဂ္ဂသံယုတ်) တွင် ကဿပဗောဇ္ဈင်သုတ်၊ မောဂ္ဂလ္လာနဗောဇ္ဈင်သုတ် နှင့် စုန္ဒဗောဇ္ဈင်သုတ်ဟူ၍ ဂိလာနဝဂ်၌ ၃-သုတ်သာပြပါသည်။ သမ္မာသမ္ဗုဒ္ဓဗောဇ္ဈင်သုတ်ဟူ၍ မရှိပါ။ ဆက်၍ ပါရင်္ဂမနသုတ်ဟူ၍ကား ရှိပါသည်။

ဗောဇ္ဈင် ၇-ပါးတရားတော်တို့ဖြင့် နိဗ္ဗာန်ရောက်ကြောင်းကို ဟောသောသုတ်ဖြစ်၍ လူနာအတွက် ရွတ်ဆိုရန် မဟုတ်ပါ။ အချို့ ဝတ်ရွတ်စဉ်များက အဆန်းထွင်၍ သမ္မာသမ္ဗုဒ္ဓဗောဇ္ဈင်သုတ်ဟု အမည်တပ်၍ ဖော်ပြထားသော်လည်း လူနာအတွက် ရွတ်ဆိုရန် မလိုအပ်ပါ။

ဖော်ပြပါ ကဿပဗောဇ္ဈင်၊ မောဂ္ဂလ္လာနဗောဇ္ဈင်နှင့် စုန္ဒဗောဇ္ဈင် ၃-သုတ်ကိုသာ ရွတ်ဆိုသင့်ပါသည်။

(ပရိတ်ကြီးပါဠိတော်လာ ဗောဇ္ဈင်သုတ်၌ သံဝတ္တန္တိ အဘိညာယ-ဂါထာအဆုံးတွင် မောဂ္ဂလ္လာနသုတ်နှင့် ကဿပ ဗောဇ္ဈင်သုတ်ကို ထည့်၍ တေ စ တံ အဘိနန္ဒိတွာ-ဂါထာအဆုံးတွင် စုန္ဒဗောဇ္ဈင်သုတ်ကိုထည့်၍ ရွတ်ဆိုပါက လူနာအတွက် ပိုမို၍ အကျိုးထိရောက်ကြောင်း တိပိဋကဓရ ဆရာတော်ဘုရားကြီး ညွှန်ကြားပါသည်။ ဤအတိုင်း ရွတ်ဆို၍ အမှန်ပင် အကျိုးထူးကြောင်း ကိုယ်တွေ့သိရပါသည်။)

ထိုအတိုင်း ရွတ်ဆိုရန် အကြံပေးလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗောဓိပင်ကို ထီးတင်ခြင်း

(မေး) (ဗောဓိပင်ကို ထီးတင်ခြင်း)

အရှင်ဘုရား၊ ဗောဓိပင်သည် ပရိဘောဂစေတီ ထိုက်တော်မူသည်ကို တပည့်တော် နားလည်ပြီး ဖြစ်ပါသည်ဘုရား၊ ထိုဗောဓိပင်အား စေတီတော်များကဲ့သို့ ထီးတော်တင်လှူ ပူဇော်ထားသည်ကို မြင်ရပါ၍ ပို၍ အကျိုးသက်ရောက်မှု ရှိ-မရှိ၊ လုပ်သင့်-မလုပ်သင့်နှင့် သာသနာတော်အတွက် အနှောက်အယှက် ဖြစ်နိုင်-မဖြစ်နိုင်ကို ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

(ဦးသောင်း-ဒဂုံမြို့သစ် တောင်ပိုင်း)

(ဖြေ)

ဗောဓိပင်ကို စေတီတော်များကဲ့သို့ ထီးတင်ခြင်း ထုံးစံမရှိပါ၊ ညောင်ရေလောင်းခြင်းစသော သင့်လျော်သောပူဇော်မှုမျိုးကိုသာ ပြုသင့်ပါသည်။

မဟာဝင်ဝတ္ထု၌ ဒုဋ္ဌဂါမဏိမင်းကြီးသည် ဗောဓိပင်ကို ပူဇော်ဦးအံ့-ဟုကြံ၍ ဗောဓိပင်ကို ပလ္လင်မြှင့်ခြင်း၊ တံတိုင်းကာခြင်း၊ တံခွန်ဆွဲခြင်း၊ ရွှေသလဲ ငွေသလဲ ကြဲခြင်း၊ အစရှိသော ပူဇော်ခြင်းအထူးကို ပြုတော်မူ၏၊

(မဟာဝင်ဝတ္ထု ၃၃၈) စသည်ဖြင့် ပါရှိသဖြင့် ဗောဓိပင်နှင့် သင့်လျော်သော ပူဇော်ခြင်းမျိုးတို့ဖြင့် ပူဇော်ခြင်းသည်သာ သူတော်ကောင်းတို့ ချီးမွမ်းဖွယ်ဖြစ်ပါသည်။

သာသနာတော် တလျှောက်လုံး၌ ဗောဓိပင်ကို ထီးတင်ခြင်းဟူသော ပူဇော်မှုမျိုး မရှိခဲ့ဘူးကြောင်း

သတိပြုဖွယ် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဗောဓိညောင်ပင်နှင့် အနေကဇာတင်မှု

(မေး) (ဗောဓိညောင်ပင်နှင့် အနေကဇာတင်မှု)

၁။ ဗောဓိညောင်ပင်နှင့် ညောင်ပင်ရိုးရိုး ကွာခြားပုံ၊

ဗောဓိောင်ပင်မရှိသောအရပ်တွင် အခြားသောညောင်ပင်အား ရေသွန်းလောင်းခြင်း ပြုနိုင်၊ မပြုနိုင်

ကဆုန်လပြည့်မဟုတ်သော အခြားနေံများတွင် ညောင်ရေ သွန်းအပ်၊ မသွန်းအပ်နှင့်

လမ်းဘေးတွင် ညောင်ပင်စိုက်ပျိုးပါက အကျိုး ရှိ၊ မရှိ သိလိုပါသည်ဘုရား။

၂။ ဘုရားအနေကဇာတင် အဓိပ္ပါယ်နှင့် ရုပ်ပွားတော်များကို အနေကဇာ မတင်က ကိုးကွယ်သင့်၊ မသင့် စုံလင်စွာ သိလိုပါသည်ဘုရား။

(အဝင်း - မ က စ (၂) မလွန်၊ အထက်မင်းလှ)

(ဖြေ) ၁။ ညောင်ပင်သည် ညောင်ဗုဒ္ဓဟေ၊ ပညောင် (ပျဉ်ညောင်)၊ ညောင်ကြတ်၊ ညောင်ချဉ်၊ ညောင်ခြေထောက်၊ ညောင်ပိန္နဲ၊ ညောင်အုပ်၊ ညောင်လန်း၊ ညောင်ခရေ-စသည်ဖြင့် အမျိုးပေါင်း မြောက်မြားစွာရှိသည်၊

ညောင်ဗုဒ္ဓဟေပင်မှာအရွက်ဝန်းဝိုင်း၊ အညှာအရိုး ရှည်သည်၊ ကျောဘက်တွင် အစိမ်းရင့်ရောင် ပြောင်ပြောင်လက်လက် ရှိသည်၊ ဝမ်းဘက်တွင် အကြောများ ထွက်၍နေကာ အရွက်ဖျားတွင် အမြီးပမာ ရွက်စွန်းရှည်စွာ ထွက်နေသည်၊ အရိပ်ကောင်း၍ အကိုင်းများ အထက်ကို ထောင်သည်ထက် ဘေးသို့ဖြာထွက်၍ အဝေးကမြင်ရလျှင် အပင်ဝိုင်းကြီးသဖွယ် တွေ့ရသည်၊ အခြားညောင်ပင်မျိုးထက်ပင် ညောင်ဗုဒ္ဓဟေပင်က ပို၍ပင် အရိပ်ကောင်းတတ်ပါသည်၊ အခြားညောင်ပင်များ၌ မုတ်ဆိတ်သဖွယ် အမြစ်များ တွဲလျားကျနေတတ် သော်လည်း ညောင်ဗုဒ္ဓဟေပင်မှာ မုတ်ဆိတ်မြစ်ကင်း၍ ရှင်းလင်းသာယာမှု ရှိပေသည်။

၎င်းညောင်မျိုးကို ဗုဒ္ဓဘုရားဖြစ်ရာ ဟေတု-အကြောင်းဟူသော ပါဠိကိုစွဲ၍ ဗုဒ္ဓဟေညောင် (ညောင်ဗုဒ္ဓဟေ)ဟု အမည်ပေးသည်၊ ဗောဓိညောင်ပင်ဟုလည်း ဆိုသည်၊ ဗောဓိညောင်အစစ် ဟူသည်မှာ မဇ္ဈိမဒေသ၊ ဗုဒ္ဓဂယာရှိ ဘုရားပွင့်ရာ ညောင်ပင်ကို ဆိုသည်၊ ယခုရှိသော ဗုဒ္ဓဂယာ ညောင်ဗုဒ္ဓဟေပင်မှာ တတိယမြောက် (အချို့အဆို-စတုတ္ထမြောက်) ပင်ပွားတော်ဖြစ်သည်၊

သီဟိုဠ် (သီရိလင်္ကာ)အနုရာဓမြို့မှာရှိသော သံဃမိတ္တာဗောဓိမှာ ပထမဗုဒ္ဓဟေပင်မင်း၏ အကိုင်းကို စိုက်ပျိုးခြင်းဖြစ်၍ ဗုဒ္ဓဟေအစစ်ဟုပင် ဆိုနိုင်ပါသည်၊ ၄င်းမှ အသီးရှစ်လုံးပါ၍ ပွားလာသောညောင်များကို အဋ္ဌဖလဗောဓိများဟု ခေါ်သည်၊ မြန်မာနိုင်ငံရှိ ညောင်ဗုဒ္ဓဟေများမှာလည်း ဗုဒ္ဓဂယာမှ၎င်း၊ သီရိလင်္ကာမှ၎င်း၊ ပွားသောပင်ပွားများသာဖြစ်သည်၊ မိမိတို့အရပ်ဒေသတွင် ညောင်ဗုဒ္ဓဟေပင်ပွားများကို ဗောဓိပင်အဖြစ်ဖြင့် ရေသွန်း ပူဇော်က ကုသိုလ်ဖြစ်နိုင်ပါသည်။

ဓာတ်တော် မေါတော် ရုပ်ပွားဆင်းတုတော်များကို ဘုရားအစစ်နှင့် စေတနာတူထား၍ ပူဇော်လျှင် အတူတူပင် အကျိုးရကြောင်း အပါဒါန်ပါဠိတော်တွင် ပြဆိုပါသည်။

ညောင်ရေသွန်းလောင်းရာ၌ကား နွေရာသီ ပူပြင်းသောကာလများ၌ နေ့စဉ်ပင် သွန်းလောင်း၍ ကုသိုလ်ယူနိုင်ပါသည်၊

လယ်တီဆရာတော်ဘုရားကြီးသည် ဗောဓိပင်ကို အစဉ်ရေသွန်းလောင်းကာ ဗောဓိယင်္ဂဏဝတ် အမြဲပြုကြောင်း သိရပါသည်၊ လေးစားရိုသေအပ်သော ဗောဓိညောင်မျိုးမှတပါး အခြားညောင်ပင်များကို လမ်းခရီး၌ အရိပ်ခိုနိုင်ရန် စိုက်ပျိုးပါမူကား ဇရပ်တဆောင် ဆောက်သည့်အလား အကျိုးများလှကြောင်း ကျမ်းဂန်များတွင် ဆိုပါသည်။

၂။ ဗုဒ္ဓရုပ်ပွားတော်များကို ကိုးကွယ်ပူဇော်ကြရာ၌ အနေကဇာတင်မှ ကိုးကွယ်ပူဇော်ရသည် မဟုတ်ပါ၊ ပုံတော်ထုလုပ်၍ ဗုဒ္ဓရုပ်ပုံတော် ပီပြင်နေလျှင်ပင် ကိုးကွယ်ပူဇော်ထိုက်နေပါပြီ၊ သို့သော် ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့ အိမ် ကျောင်း စသည်တို့၌ ဗုဒ္ဓရာပ်ပွားတော်များ ကိုးကွယ်ပူဇော်ကြရာတွင် အမွှမ်းတင် အသရေဖွင့်သည့်အနေဖြင့် ဗုဒ္ဓါဘိသေကမင်္ဂလာဟု အမည်တပ်ကာ သံဃာတော်များကိုပင့်၍ အနေကဇာတင်စေကြပါသည်၊

အနေကဇာတင်သည်ဟူသည်မှာ မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်တော်မူစ ဗောဓိမဏ္ဍိုင်တွင် အနေကဇာတိ သံသာရံ-စသော ၃-ဂါထာကို မနသာဥဒါန်းအနေဖြင့် နှလုံးသွင်းရွတ်ဆို၍ ယဒါဟဝေ-စသော ၃-ဂါထာကို ဝစသာ ဥဒါန်းအနေဖြင့် နှုတ်တော်မြွက် ရွတ်ဆိုလျက် ဥဒါန်းကျူးရင့်ခဲ့ပါသည်၊ ၎င်းဂါထာတော်များနှင့် ပဋိစ္စသမုပ္ပါဒ်၊ ပဋ္ဌာန်း စသော ပါဠိတော်များ၊ ဥဂ္ဃေါသန ဂါထာများ၊ ဂုဏ်တော် ပရိတ်တော် စသည်များကို သံဃာတော်တို့က ရွတ်ဆို၍ အမွှမ်းတင် အသရေဖွင့်တော်မူကြပါသည်၊ ယင်းကို အနေကဇာတိ သံသာရံ -အစချီသဖြင့် အနေကဇာတင်သည်-ဟု ဝေါဟာရပြုကြလေသည်၊ ယင်းသို့ ဗုဒ္ဓါဘိသေကမင်္ဂလာ အနေကဇာတင်ခြင်းဖြင့် ဘုရားကိုးကွယ်၍ ကုသိုလ်ပွားရခြင်းတွင် ကျက်သရေမင်္ဂလာ ဖွံ့ဖြိုး၍ အကျိုးရှိမည်မှာ အထူးပြောရန်ပင် မလိုတော့ပါပေ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မေတ္တသုတ်အကြောင်း

(မေး) (မေတ္တသုတ်အကြောင်း)

အရှင်ဘုရား၊

(၁) မေတ္တသုတ်၌ ဆိုဆုံးမလွယ်ရမည်-ဟု ဆိုပါသည်။ ထိုသို့ဆိုရာ၌ ဆရာမိဘများ၏ ဆိုဆုံးမမှုများကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လိုက်နာရမည်ကို ဆိုလိုပါသလား။

(၂) မေတ္တသုတ်၌ နူးညံ့ရမည်ဟုဆိုပါသည်။ စိတ်နေသဘောထား မည်သို့နူးညံ့ရမည်ကို နားလည်နိုင်ရန် ဖြေကြားတော်မူပါဘုရား။

(၃) မေတ္တသုတ်ကို လူပုဂ္ဂိုလ်များ လိုက်နာကျင့်သုံးလျှင် အကျိုး ရှိ-မရှိ။ မေတ္တသုတ် ရွတ်ဖတ်နေလျှင် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းခြင်း ဖြစ်ပါမည်လား။ ဖြေကြားတော်မူပါဘုရား။

(ဆန်းမြင့်ဦး-ဓာတ်မြေ-စလေ)

(ဖြေ)

မေတ္တသုတ်အဖွင့် အဋ္ဌကထာ ဋီကာများနှင့်အညီ အနက်ရေးသားထားသော မြင်းခြံ မဟာပရိတ်တော်ကြီး နိဿယ၌

(၁) သုဝစောစ-ပညာရှိများ ဆိုဆုံးမစကားကို မရှားမပယ် နာယူလွယ်သည်လည်း။ အဿ-ဖြစ်ရာ၏-ဟု ဆိုပါသည်။

(၂) မုဒု-နူးညံ့ရမည်ဆိုရာ၌ မုဒုစ-ရွှေဇမ္ဗူရာဇ် မြူညစ်စင်သန့် အမှု၌ခန့်သကဲ့သို့ နူးညံ့သိမ်မွေ့သော ကိုယ်နှုတ်နှလုံး ရှိသည်လည်း။ အဿ-ဖြစ်ရာ၏-ဟု အနက်ပေးထားပါသည်။

(၃) မေတ္တသုတ်မှာ ရဟန်း ရှင် လူ ပုဂ္ဂိုလ်မှန်သမျှ လိုက်နာကျင့်သုံးရမည်သာ ဖြစ်ပါသည်။ မေတ္တသုတ်လာ ယေ ကေစိ ပါဏဘူတတ္ထိ-မှစ၍ နာညမညဿ ဒုက္ခမိစ္ဆေယျ-အထိ ၃-ဂါထာမှာ မေတ္တာ ၁၁-ပါး ပို့သပုံ ပါဠိဖြစ်ပါသည်။ ထိုပါဠိ၏ အဓိပ္ပါယ်အတိုင်း အစဉ်မပြတ် နေ့ရောညပါ မေတ္တာပို့သပွားများနေလျှင် မေတ္တကမ္မဋ္ဌာန်း စီးဖြန်းခြင်းပင် ဖြစ်ပါသည်။ ဆရာသမားများထံ မေးမြန်းလေ့လာ၍ အခါခပ်သိမ်း ပွားများနေနိုင်ပါစေသတည်း။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မေတ္တာ နှင့် ဒေါသ

(မေး) (မေတ္တာ နှင့် ဒေါသ)

အရှင်ဘုရား အဘိဓမ္မာသဘောတရားချင်း အတူတူဖြစ်လို့ မေတ္တာပို့၍ ရသည်ဆိုလျှင် မေတ္တာ၏ ဆန့်ကျင်ဘက် ဒေါသကိုလည်း ပို့လို့ရမည်ဟု ထင်ပါသည်။ ဒေါသ ပို့လို ရ-မရ သိချင်ပါသည်ဘုရား။

(မောင်သုတ-သင်္ဃန်းကျွန်း)

(ဖြေ) မေတ္တာပို့လို့ရောက်ပါသည်။ ရပါသည်။

မေတ္တာ၏ဆန့်ကျင်ဘက် ဒေါသလည်း ပို့လို့ရပါသည်။ ရောက်ပါသည်။

မေတ္တာနှင့်ဒေါသကို နှိုင်းယှဉ်ကြည့်လျှင် မေတ္တာသည် လောကကို ကောင်းကျိုးပြုသောတရား၊

ဒေါသက လောကကို ဖျက်ဆီးသောတရား။

မေတ္တာသည် အဖြူ ကုသိုလ်တရား။

ဒေါသသည် အမဲ အကုသိုလ်တရား။

မေတ္တာသည် တန်ဖိုးကြီးသော ရတနာစိန်ကျောက်။

ဒေါသက လမ်းခင်းတဲ့ ကျောက်ခဲ၊ သလဲခဲ။

မေတ္တာသည် ရခဲ ဖြစ်ခဲ ရှိခဲသောတရား။

ဒေါသက ဖြစ်လွယ် ရလွယ် ရှိလွယ်သောတရား။

မေတ္တာသည် ရေဆန်ခရီး၊

ဒေါသက ရေစုန်ခရီး စသည်ဖြင့် အမျိုးမျိုး ခြားနားချက်ရှိသည်ကို သိနိုင်ပါသည်။

လောကကောင်းကျိုးပြု ရခဲ၊ ဖြစ်ခဲသော မေတ္တာနှင့် ဒါန၊ သီလ စသော ကုသိုလ်တရားတို့ကိုကား မရရအောင် အတင်းလုပ်ယူကြပါသည်။

လောကကို ဖျက်ဆီးမည့် အကုသိုလ်ဒေါသတရားဆိုးများကတော့ သတ္တဝါတို့သန္တာန်မှာ အလွန်အကဲ ရလွယ်၊ ဖြစ်လွယ်လွန်းသည်။ သတ္တဝါတို့၏ သန္တာန်မှာ ဒီတရားဆိုးတွေ မဖြစ်အောင် တားဆီးနေကြရပါသည်။ ထို့ကြောင့် အထူးတလည် ပို့စရာမလိုတော့ပြီ။

မေတ္တာမပို့နိုင်ခဲ့လျှင် ရှိပါစေ၊ ဒေါသကတော့ ပို့ဖို့ မကြိုးစားပါနဲ့။ မတွေးဝံ့စရာပါ။ ချစ်ခြင်း၊ မုန်းခြင်း နှစ်မျိုးလုံးမပါသော ဥပေက္ခာတရားနှင့် သဗ္ဗေသတ္တာ ကမ္မဿကာ သတ္တဝါအားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါ၏၊ သက်ရှိသက်မဲ့အားလုံး မမြဲခြင်း သင်္ခါရသဘောတရား အထင်အရှားရှိကြပါ၏၊ အချိန်ကာလက အဆုံးအဖြတ်ပေးသွားပါလိမ့်မည်။ သည်းခံပါလေ။ သူ့ကံနှင့်သူ ထင်ရှားသွားကြပါလိမ့်မည်။ မိမိအကုသိုလ်တွေ တနင့်တပိုးကြီး သံသရာကို ယူဆောင်မသွားပါလေနဲ့။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

မေတ္တာပို့

(မေး) (မေတ္တာပို့)

ဆရာတော်ဘုရား၊ တပည့်တော်တို့ မေတ္တာပို့သရာ၌ အနက်အဓိပ္ပါယ်မသိဘဲ ပါဠိကိုသာ ရွတ်ဆို၍ မေတ္တာပို့ပါက ၄င်းပို့သသောမေတ္တာသည် အစွမ်းတန်ခိုး ထက်-မထက် ဖြေကြားပေးပါရန်နှင့် အစွမ်းတန်ခိုးထက်အောင် မည်ကဲ့သို့ ပို့သရမည်ကို ဆရာတော်ဘုရားက စေတနာမေတ္တာ ရှေ့ထား၍ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

(မောင်မြတ်နိုး-မြောင်းမြ)

(ဖြေ)

မေတ္တာပို့သရာတွင် ပါဠိဘာသာ မတတ်ကျွမ်းသူတို့အဖို့ မိမိတို့မိခင်ဘာသာဖြင့် ပို့သသင့်ပါသည်။

မေတ္တာပို့ရာတွင် အနောဓိသ (မရည်ရွယ်ဘဲ ပို့သအပ်သူ) ၅-မျိုး။

ဩဓိသ (ရည်ရွယ်ပို့သအပ်သူ) ၇-မျိုးကို မူတည်၍

တု (ပါစေ) ၄-မျိုးနှင့် စနစ်တကျ ပို့သရန် အရေးကြီးပါသည်။

(က) သတ္တဝါအားလုံး။

သက်ရှိအားလုံး။

ထင်ရှားရှိအားလုံး။

ပုဂ္ဂိုလ်အားလုံး။

ခန္ဓာကိုယ်ရှိသူအားလုံး။ (အနောဓိသ ၅-မျိုး)

(ခ) အမအားလုံး။

အဖိုအားလုံး။

အရိယာအားလုံး။

ပုထုဇဉ်အားလုံး။

နတ်ဗြဟ္မာအားလုံး။

လူအားလုံး။

အပါယ်ဘုံသားအားလုံး။ (ဩဓိသ ၇-မျိုး) တို့သည်

(ဂ) ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။

မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။

(တု-၄-မျိူး) ဟု ရိုးရိုး (အရပ် ၁၀-မျက်နှာမပါ) မေတ္တာ ၄၈-ပါး။

ထို့နောက် (ဃ) အရှေ့မျက်နှာအရပ်။

အနောက်မျက်နှာအရပ်။

မြောက်မျက်နှာအရပ်။

တောင်မျက်နှာအရပ်။

အရှေ့မြောက်မျက်နှာအရပ်။

အရှေ့တောင်မျက်နှာအရပ်။

အနောက်မြောက်မျက်နှာအရပ်။

အနောက်တောင်မျက်နှာအရပ်။

အောက်မျက်နှာအရပ်။

အထက်မျက်နှာအရပ်။

ဤအရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ ဤစကြာဝဠာနှင့်တကွ စကြဝဠာအနန္တ၌ ရှိကြကုန်သော သတ္တဝါအားလုံး အထက်ပါအတိုင်း ဆိုပါ။

ဩဓိသ၊ အနောဓိသ သတ္တဝါ ၁၂-မျိုး၊ မေတ္တာ ၄-မျိုးနှင့် မြှောက် ၄၈-မေတ္တာ။

အရပ် ၁၀-မျက်နှာနှင့်မြှောက် ၄၈၀-မေတ္တာ။

အရပ်မျက်နှာ မရည်ရွယ်သော မူလ ၄၈-ပါးနှင့် ထပ်ပေါင်း ၅၂၈-မေတ္တာ။

ဤသို့ ပါဠိမတတ်သူတို့အဖို့ မြန်မာဘာသာဖြင့် မေတ္တာပို့လျှင် အကောင်းဆုံးပင်ဖြစ်ကြောင်း လမ်းညွှန်အပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မေတ္တာအရာ၌ အမြတ်ဆုံးဧတဒဂ်

(မေး) (မေတ္တာအရာ၌ အမြတ်ဆုံးဧတဒဂ်)

အရှင်ဘုရား၊ မေတ္တာအရာ၌ အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိချင်ပါသည်ဘုရား၊ ပါရမီ မည်မျှဖြည့်ကျင့်ရပါမည်နည်း။ ယခုဘဝတွင် မည်သည့်ပုဂ္ဂိုလ်များ၊ မည်သည့်အရိယာသူတော်စင်များထံတွင် ဆုတောင်းရပါမည်နည်း၊ ယခုဘဝမှစ၍ မည်သည့် ကျင့်စဉ်များကို စတင်၍ ကျင့်ရပါမည်နည်း။ ဖြေကြားပေးတော်မူပါဘုရား။

(မအိအိမွန်ကျော်-ဟင်္သာတ)

(ဖြေ)

မေတ္တအရာ၌ အသာဆုံး အမြတ်ဆုံးဘွဲ့ကို မအိအိမွန်ကျော် သိထားသည့်အတိုင်း ဂေါတမဘုရားရှင်လက်ထက်တွင် သာမာဝတီမိဖုရားကို ချီးမြှင့်ခဲ့ပါသည်။ သာမာဝတီမိဖုရားသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက် ဟံသာဝတီ မင်းနေပြည်တော်၌ အမျိုးကောင်းသမီးဖြစ်ပြီး ဘုရားရှင်၏တရားကို ကြားနာရ၍ မေတ္တာဝိဟာရီ-မေတ္တာဖြင့် နေလေ့ရှိသော ဥပါသိကာမတဦးကို အားကျမိသည်။

ထို့နောက် ထိုဆုမျိူးကို နှလုံးသွင်းတောင့်တသော အဓိကာရကောင်းမှုကိုပြုပြီး မေတ္တာဝိဟာရီ-ဧတဒဂ်ဆုကို ပတ္ထနာပြု ဆုတောင်းပါသည်။ ပဒုမုတ္တရဘုရားရှင်ကလည်း ရရှိနိုင်မည့်အကြောင်း ဗျာဒိတ်စကား မိန့်ကြားခဲ့ပါသည်။

ပဒုမုတ္တရဘုရားရှင်နှင့် ဂေါတမဘုရားရှင်တို့၏ ကြားကာလမှာ ဘုရားရှင် ၁၄-ဆူ ခြားပါသည်။ ပါရမီဖြည့်ရမည့် နှစ်များလည်း မရေမတွက်နိုင်အောင် များလှပါသည်။

ဧတဒဂ်ရ ပုဂ္ဂိုလ်များအကြောင်းကို ဖတ်ကြည့်သောအခါ ဘုရားတဆူဆူထံမှာ ကောင်းမှုပြု၍ ဆုတောင်းပြီး ဗျာဒိတ်ရရှိကြောင်း တွေ့ရပါသည်။ ဘုရားရှင်ထံမှာ ကောင်းမှုပြု ဆုတောင်း၍ ဗျာဒိတ်ရခြင်းသည် ရင့်ကျက်သော ဧတဒဂ်လောင်းလျာများ ဖြစ်ပါသည်။

ဘုရားရှင်တဆူထံတွင် မေတ္တာဧတဒဂ်ကိုအားကျပြီး ကုသိုလ်ပြုဆုတောင်း၍ ဗျာဒိတ်ရသော အခြေအနေသို့ ရောက်ရခြင်းမှာလည်း ဘဝများစွာက မေတ္တာဘာဝနာ အထုံပါရမီ ပါခဲ့၍သာ အားကျခြင်း ဖြစ်ပါသည်။ မအိအိမွန်ကျော်သည် ဘုရားတဆူဆူထံမှာ အားကျကုသိုလ်ပြု ဆုတောင်း၍ ဗျာဒိတ်ရနိုင်ရန် ယခုကပင် ဘုရားရုပ်ပွားတော်ရှေ့၌ ဖြစ်စေ၊ သံဃာတော်များထံ၌ဖြစ်စေ၊ လေးစားထိုက်သော ပုဂ္ဂိုလ်များထံ၌ဖြစ်စေ၊ ကောင်းမှုကုသိုလ်ပြုတိုင်း မေတ္တာဧတဒဂ် ရလိုကြောင်း ဆုပန်၍ ဝိသုဒ္ဓိမဂ်ကျမ်းလာ အတိုင်း မေတ္တာဘာဝနာကို များများပွားဖို့ လိုပါမည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

မောက္ကလူ ပါလည်းကွေး-ရှေးစာအရေး

(မေး) (မောက္ကလူ ပါလည်းကွေး-ရှေးစာအရေး)

ဆရာတော်ဘုရား၊ တပည့်တော်တို့အရပ်တွင် မွေးစ ကလေးများ ရောဂါဘယ ကင်းရန် ကလေးပုခက်တွင်

ဘုရားဟူက မောက္ကလူ-၂၄၊ တရားဟူက ပါလည်ကွေး-၄၅၊ သံဃာဟူက သံချပ်ဝတ်-၆၇၊

ဓုတင်တေရသကို ကျင့်ဆောင်တော်မူသော အရှင်မဟာကဿပ ကိန်းဝပ်တော်မူပါသည်၊ ဘေးရန်ဟူသမျှ လွဲစေ-ရှောင်စေ-ဟု ရေး၍ ဆွဲချိတ်လေ့ရှိပါသည်၊ ယင်းစာပါ မောက္ကလူ၊ ပါလည်ကွေး၊ သံချပ်ဝတ်တို့နှင့် သင်္ချာဂဏန်းတို့ အဓိပ္ပါယ်ကို ရှင်းပြပေးတော်မူပါဘုရား။

(သန်းထက်-ချင်းတွင်း)

(ဖြေ)

မောက္ကလူ-ဟူသည်မှာ မောက်လူဟု ဆိုသင့်လျက် က-ထည့်၍ ဆိုသည်။

မောက်လူမှာ ရှေးမြန်မာစစ်သူကြီးတို့ ဆောင်းရသော စစ်ခမောက်ဖြစ်သည်။

၂၄-မှာ ဒီပင်္ကရာမြတ်စွာဘုရားမှ ကဿပမြတ်စွာဘုရားအထိ ဂေါတမမြတ်စွာဘုရား တွေ့ကြုံဆုပန်ခဲ့သော ဘုရား ၂၄-ဆူ ဖြစ်ပါသည်။

ပါလည်ကွေး ဆိုသည်မှာ စစ်သူကြီးတို့ ပခုံးနှစ်ဖက်ကို အုပ်၍ လည်ကို ကွေးဝိုက်ဆင်သထားသော အဆင်တန်ဆာဖြစ်၍ ၄၅-မှာ ပထမဗောဓိ ၁၅-ဝါ၊ ဒုတိယဗောဓိ ၁၅-ဝါနှင့် တတိယဗောဓိ ၁၅-ဝါ

ပေါင်း ၄၅-ဝါတွင် ဟောတော်မူသော တရားတော်များဟု ဆိုလိုပါသည်။

သံချပ်ဝတ်မှာ ယင်းစစ်သူကြီးတို့ကိုယ်တွင် ဝတ်ဆင်ထားသော သံချပ်အကျႌကို ဆိုလို၍

၆၇-မှာ မြတ်စွာဘုရား ပထမဝါတွင် အတူဝါဆိုကြသော ပဉ္စဝဂ္ဂီ ၅-ဦးနှင့် အရှင်ယသ စသော ရဟန္တာ ၅၅-ပါး၊ ပေါင်း ရဟန္တာ ၆၀၊ ထို့နောက် ဘုရားကိုးဆူကပ်ရာတွင် ပါသော ရဟန္တာ ၈-ပါးတွင် ပဉ္စဝဂ္ဂီ၌ ပါပြီးသော ရှင်ကောဏ္ဍညကို နုတ်၍ ၇-ပါးထည့်ကာ ၆၇-ပါးကို ဆိုပါသည်။

အိမ်တွင်လည်း အန္တရာယ်ကင်းအောင် နတ်ဆိုး, စုန်း, သရဲတို့ မဝင်ဝံ့အောင် ထန်းရွက်ကို သန်လျက်ပုံလှီးကာ ၄င်းစာများကို ရေး၍ ဆွဲချိတ်ရုံမက ခရီးသွားရာတွင်လည်း ရှင်မဟာကဿပ ကြွလာတော်မူသည်-ဟု ပြင်၍ ဆိုရသည်ဟု ဝေါဟာရဝိပလ္လာသလက္ခဏဒီပကကျမ်းတွင် ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မောဃပုရိသ

(မေး) (မောဃပုရိသ)

အရှင်ဘုရား၊ သာသနာ့သမိုင်းတွင် ပထမဆုံး ပါရာဇိကပြစ်မှုကြီးကို ကျူးလွန်သွားသော အရှင်သုဒိန်သည် ရဟန္တာ ဖြစ်-မဖြစ်နှင့် ထိုအရှင်မြတ်၏ဘဝနောက်ပိုင်း အဖြစ်အပျက်ဇာတ်လန်းကို သိလိုပါသည်ဘုရား။

ထို့ပြင် တပည့်တော်ကြားဖူးသည်မှာ မြတ်စွာဘုရားရှင်က မောဃပုရိသ=မဂ်ဖိုလ်မှ အချည်းနှီးသောယောကျ်ား ဟု ခေါ်ခံရသောပုဂ္ဂိုလ်များသည် ယခုဘဝတွင် မဂ်ဖိုလ်မရနိုင်တော့ဟု ကြားဖူးပါသည်။ မောဃပုရိသ-အခေါ်ခံရသော ပုဂ္ဂိုလ်များ မဂ်ဖိုလ်ရနိုင်-မရနိုင်ကိုလည်း ဖြေကြားပေးတော်မူပါဘုရား။

(ရှင်သီရိန္ဒ-ယောရွာ၊ စစ်ကိုင်းတိုင်း)

(ဖြေ)

အရှင်သုဒိန်မထေရ် ရဟန္တာဖြစ်သည်ဟု စာမှာမတွေ့ရှိပါ။ အရှင်သုဒိန်သည် သဒ္ဓါပဗ္ဗဇိတ ရဟန်းဖြစ်ပါလျက် သံသယ+ကုက္ကုစ္စ နှိပ်စက်ခံရသည့်အတွက် ကိုယ်ရော စိတ်ပါ ထိခိုက်ပြီး တရားမရရှာသော ရဟန်းအဖြစ်သာ ဖြော်ပြပါရှိပါသည်။ အရှင်သုဒိန်၏ အဗြဟ္မစရိယအမှုကြီးကို ကိုယ်စောင့်နတ်၊ တောစောင့်နတ်၊ ဘုမ္မစိုး၊ အာကာသစိုး၊ နတ်အပေါင်းနှင့် ၃၁-ဘုံလုံး လူနတ်ရဟန်းအားလုံး သိရှိပြီး ဘုရားရှင်ထံ လျှောက်ထားကြ၍ ဘုရားရှင်က မောဃပုရိသ-ဟုခေါ်တော်မူပါသည်။ မောဃပုရိသ-ဟု အခေါ်ခံရသည့်အလျောက် မဂ်ဖိုလ် ရသည်ကိုလည်း မတွေ့ရပေ။

မောဃပုရိသ-ခေါ်တိုင်း မဂ်ဖိုလ်မရသည် မဟုတ်။ ဒုတိယပါရာဇိက ခိုးမှုကို ကျူးလွန်သော အရှင်ဓနိယမထေရ်ကိုလည်း ဘုရားရှင်က မောဃပုရိသ-ဟု ခေါ်တော်မူပါသည်။ သို့သော်လည်း အရှင်ဓနိယထေရ်သည် နောင်အခါ တရားအလုပ် အားထုတ်တော်မူ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါသည်။ ထို့ကြောင့် မောဃပုရိသ-ခေါ်တိုင်း ဤဘဝ၌ မဂ်ဖိုလ်မရနိုင်ဟု တထစ်ချ မယူဆနိုင်ပါ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

မောင်ရှင်လောင်းနှင့် နတ်စင် နတ်နန်း

(မေး) (မောင်ရှင်လောင်းနှင့် နတ်စင် နတ်နန်း)

အရှင်ဘုရား၊ တပည့်တော်တို့ အင်းလေးဒေသတွင် ရှင်သာမဏေဝတ်မည့်သူများသည် ရှင်ပြုခါနီး မောင်ရှင်လောင်း အဝတ်အစားများ ဝတ်ဆင်ပြီးသောအခါ အဘိုးအဘွားနှင့် ဦးကြီးဦးလေးတို့ထံ သွားရောက် ပြသကြပါသည်။ နတ်စင်နတ်နန်းသို့လည်း ပြသကြပါသည်။ ထိုအခါ မောင်ရှင်လောင်းများက အဘိုးအဘွားများကို မကန်တော့ကြပါ။ နတ်စင်ကိုလည်း မကန်တော့ကြပါ. နောက်ပါပုဂ္ဂိုလ်များကသာ ကန်တော့ကြပါသည်။ မောင်ရှင်လောင်းများက အဘိုးအဘွားများနှင့် နတ်စင်နတ်နန်းကို ကန်တော့ကောင်း၊ မကန်တော့ကောင်း အပြစ် ရှိ-မရှိ သိလိုပါသည်ဘုရား။

(မောင်အေး-အင်းလေး)

(ဖြေ)

မောင်ရှင်လောင်း၊ ရဟန်းလောင်များသည် ရှင်ရဟန်းတို့၏ အလောင်းအလျာဖြစ်ရုံနှင့်ပင် မြင့်မြတ်လှပြီဟု ယူဆ၍ မကန်တော့ကြခြင်း ဖြစ်ဟန်တူပါသည်။ ထိုအချိန်တွင် သာမဏေသီလ၊ ရဟန်းသီလတို့ကိုလည်း မခံယူ၊ မဆောက်တည်ရသေးသည့်အတွက် ဘိုးဘွားမိဘတို့အား မောင်ရှင်လောင်း များက ကန်တော့ခြင်းသည် အပြစ်မရှိပါ။ ကန်တော့ကောင်းပါသည်။ ကန်တော့ခြင်းဖြင့်လည်း သက္ကစ္စ၊ ဂါရဝ၊ နိဝါတ မင်္ဂလာအမျိုးမျိုးရရှိ၍ ကောင်းပါသည်။

ဒေသနာတော်များများတွင် မောင်ရှင်လောင်းများကို နတ်ပြသည့် အလေ့အထ ရှိပါသည်။ ထိုနတ်ပြရာတွင် မောင်ရှင်လောင်းများကို မကန်တော့စေပါ။ ကျန်ပရိသတ်များကသာ နတ်စင်ကို ကန်တော့ကြသည်ကို တွေ့ရှိရပါသည်။

ဤတွင် မောင်ရှင်လောင်းများသာ မကန်တော့ရသည်မဟုတ်၊ ကျန်ပရိသတ်များလည်း နတ်စင်၊ နတ်နန်းကို မကန်တော့သင့်ပါ။

လူသည် လူ့သီလနှင့်လည်း ပြည့်စုံ၊ သမ္မာအာဇီဝဖြင့်လည်း ဇနီးမယား၊ သမီးသားတို့အား လုပ်ကိုင်ကျွေးမွေး၍ တရားနှင့်အညီ နေထိုင်လျှင် နတ်တို့ဘုရင် သိကြားမင်းကြီးကသော်မှ လူများကို ရှိခိုးသမှု ပြုသည်ဟု အဆိုရှိပါသည်။ လူသည် သီလစောင့်လျှင် သိကြားမင်း၏ ရှိခိုးခံပုဂ္ဂိုလ်ဖြစ်သည်ဟု ဂဟဋ္ဌဝန္ဒနာသုတ်တွင် ဘုရားရှင် ဟောတော်မူပါသည်။ ထို့ကြောင့် လူသည် အကျင့်သီလနှင့်လည်း ပြည့်စုံ၊ သမ္မာအာဇီဝဖြင့်လည်း လုပ်ကိုင်စားသောက် နေထိုင်လျှင် နတ်တို့၏ ရှိခိုးခံသာဖြစ်သောကြောင့် နတ်ကို ရှိခိုးစရာ မလိုပါ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

မောရသုတ်၌ နေကို ရှိခိုးခြင်း စသည်

(မေး) မောရသုတ်၌ နေကို ရှိခိုးခြင်း စသည်

အရှင်ဘုရား၊

၁။ မောရသုတ်တွင် ဘုရားလောင်း ဥဒေါင်းမင်းသည် နေကို ရှိခိုးပါသည်။ ထိုရှိခိုးခြင်းအလုပ်ကို တပည့်တော်တို့ လုပ်သင့်-မလုပ်သင့် နှင့် နေကိုရှိခိုး၍ ကုသိုလ်ရမည်-မရမည်ကို သိလိုပါသည်ဘုရား။

၂။ ငါးပါးသီလလုံ၍ ဘာဝနာပွားများမှု၌ နာမ်ရုပ်တို့၏ ဓာတ်သဘောများ ဖြစ်ပျက်ကိုမြင်လျှင် နောက်ဘဝ နတ်ပြည် ဗြဟ္မာ့ပြည် ရောက်-မရောက်၊ ထို့နောက် နတ်ဘဝ ဗြဟ္မာဘဝဖြင့် ပွင့်တော်မူမည့် အရိမေတ္တေယျ ဘုရားရှင်ကို မီ-မမီ သိလိုပါသည်ဘုရား။

(ဒေါ်ခင်ခင်-တောင်မြို့ရပ်၊ ကျောက်ပန်းတောင်းမြို့)

(ဖြေ)

၁။ သပြေကန် ပရိတ်ကြီးနိဿယ၊ ယင်းအခန်း၌ ရွှေဥဒေါင်းမင်း၏ နေကိုရှိခိုးခြင်းမှာ မိစ္ဆာအယူဖြစ်သည်ဟုဆိုကာ ဤပရိတ်ကို အချို့လက်မခံလိုကြ။ နေရောင်ကြောင့် သစ်ပင်စသော သက်မဲ့ဝတ္ထုများ၊ လူ စသော သက်ရှိသတ္တဝါများ အသက်ရှင်ကြ၊ ကြီးပွားကြရ၏၊ ထို့ကြောင့် ရွှေဥဒေါင်းမင်းသည် လောကရေးအတွက် အားကိုးတခုအနေအားဖြင့် နေကို ရှိခိုး၏၊ ထို့နောက် သံသရာရေး ဓမ္မရေးအတွက် ဘုရားနှင့် တရားတော်များကို ရှိခိုးသည်။

သရဏဂုံတည်ပြီးသူသည် ရတနာသုံးပါးမှတပါး အခြားတိတ္ထိ၊ မင်းစသည်ကို ဝတ္တရားအရ ဖြစ်စေ၊ ဆရာဖြစ်သောကြောင့် ဖြစ်စေ၊ ကြောက်၍ ဖြစ်စေ ရိုးခိုးသော်လည်း သရဏဂုံမပျက်-ဟု အဋ္ဌကထာတို့၌ ဆို၏၊ ထို့ကြောင့် ဘုရားရှင်များကို အားထားရှိခိုးနေသော ဥဒေါင်းမင်းမှာ လောကရေးအတွက် အားကိုးတခုပြုကာ နေမင်းကို ရှိခိုးသော်လည်း ၄င်းအတွက် သရဏဂုံပျက်၍ မိစ္ဆာအယူသက်သည်ဟု ဆိုဖွယ်မရှိ။ ဤအချက်မျှဖြင့် ဤပရိတ်အပေါ် ယုံကြည်ကိုးစားချက် မပျက်သင့်ပေ-ဟု ဆိုထား၏၊ ထိုအတိုင်းပင် မှတ်ယူသင့်ပါသည်။

၂။ ငါးပါးသီလလုံခြုံလျှင်ပင် နောက်ဘဝ နတ်ပြည်၌ ဖြစ်နိုင်ပါ၏၊ ဘာဝနာပွားမှု နာမ်ရုပ်တို့၌ ဖြစ်ပျက်မြင်မှုရှိလျှင် ပို၍ပင် စိတ်ချရပါ၏၊

ဗြဟ္မာ့ပြည်၌ ဖြစ်ရန်ကား သမထဘာဝနာဖြင့် စျာန်တခုခုရရန် လိုအပ်ပါသည်။ တာဝတိံသာ-စသော နတ်ဘဝတို့၌ တကြိမ်တခါ ရောက်ရုံမျှဖြင့် အရိမေတ္တေယျ ဘုရားရှင်ကို မမီနိုင်သေး။ နတ်ဘဝအဆက်ဆက် ဖြစ်နေသော်မှလည်း မီရန်မလွယ်၊ အရိမေတ္တေယျဘုရား ပွင့်ရန် အသင်္ချေယျကပ် တကပ်မျှ လိုပေသေးသည်။ သို့သော် တကမ္ဘာအသက်ရှည်သော ဘုမ္မစိုး (ရုက္ခစိုး) နတ်ဖြစ်လျှင်ကား မီနိုင်စရာရှိပါသည်။ ထို့ကြောင့် တောင်ဖီလာ-စသော အချို့ကျမ်းပြုဆရာတော်ကြီးများက-

ဤကောင်းမှုကြောင့် နောက်ဘဝတွင် ရုက္ခစိုးနတ်ဖြစ်၍ အရိမေတ္တေယျ ဘုရားရှင်ထံမှ တရားနာနိုင်ရပါလို၏-ဟု ၄င်း၊ ရုက္ခစိုးနတ်ဖြစ်၍ အရိမေတ္တေယျဘုရား ပွင့်တော်မူသောအခါ လူ့ဘဝ၌ ပြန်ဖြစ်ကာ ရဟန်းဖြစ်၍ မဂ်ဖိုလ်ရရပါလို၏-ဟူ၍၄င်း ဆုတောင်းကြပါသည်။ သမထဘာဝနာကို အားထုတ်၍ ဗြဟ္မာ့ပြည် ဗြဟ္မာ့ဘဝ၌ ဖြစ်လျှင်ကား အရိမေတ္တေယျဘုရားကို မီနိုင်၏၊

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မော်တော်ကား လှူခြင်း

(မေး) (မော်တော်ကား လှူခြင်း)

အရှင်ဘုရား၊ သံဃာအား ကား-စသည် လှူကြသည်။

လေးပါးပစ္စယာ၌ မည်သည်မှာ ဤသည့်ကား ထားရပါမည်နာ်း။

ယောနိသော သဘော၌ပိုက်တည် ဆင်ခြင်မည်ဤကား

သိလိုပါ များသူငါ ဉာဏ်ဝယ်လင်းအောင် ရှင်းပြစေသား။

(ဖိုးဉာဏ်-မန္တလေး)

(ဖြေ)

သံဃာအား ကားစသည် လှူကြသည်။

လေးပါးပစ္စယာ၌ သေနာသနာ-ကျောင်းမှာ ပေါင်းထည့်သင့်သည်။

ခရီးသွားရဟန်းသည် လှည်း-လှေ ဤအဖို့

ဝါဆိုအချိန်အခါကျလျှင်၊ လှည်းလှေမှာ အာလယ၊ ဂါဟ-စိတ်ဝယ်မှတ်လို့၊ ကပ်ရသည်သို့။(ဝိ၊ဋ္ဌ၊၃-၃၅၃)။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ယောကျ်ားဘဝ မိန်းမဘဝ

(မေး) (ယောကျ်ားဘဝ မိန်းမဘဝ)

အရှင်ဘုရား၊ ထင်ရှားသော ပုဂ္ဂိုလ်တဦး၏ အဆိုအမိန့်အရ မိန်းမဘဝမှ ယောကျ်ားဘဝသို့ ကူးပြောင်းရောက်ရှိသွားခြင်းမျိုး မရှိဟု ပြောဆိုသည်ကို ကြားသိမှတ်သားခဲ့ရပါသည်။ မိန်းမများသည် သံသရာတလျှေက်လုံးတွင် တစုံတခုသော ဘဝမှာ ယောကျ်ားဘဝသို့ ရောက်ရှိနိုင်ပါသလား။ ယောကျ်ားများသည်လည်း မိန်းမဘဝသို့ ရောက်ရှိခဲ့ဖူးပါသလားဘုရား။ ဖော်ပြပါ သံသယကိစ္စများကို သာဓကပြ၍ ပြေလည်အောင် ရှင်းလင်းပေးတော်မူပါဘုရား။

(ကေသရ-နန္ဒရံသီကင်းရုံကျောင်းတိုက် ဂွမြို့)

(ဖြေ)

အမျိုးသမီး(မိန်းမ)များသည် မိမိဘဝကို နှစ်သက်တွယ်တာလွန်းသကြဖြင့် တဘဝပြီးတဘဝ မိန်းမအဖြစ်ဖြင့်သာ အဖြစ်များကြသည်။ မိမိ၏ အဆင်း စည်းစိမ် လင်သား စသည်တို့ကို ခင်တွယ်လွန်းသဖြင့် ဆုတောင်းလျှင်ပင် မိန်းမဘဝကိုသာ ဆုတောင်းတတ်ကြသည်။ သို့သော် သံသရာတွင် မိန်းမမှ ယောကျ်ား၊ ယောကျ်ားမှ မိန်းမ အပြန်ပြန် အလှန်လှန် ကျင်လည်ကြသည်။

မြတ်စွာဘုရားလက်ထက်တော်အခါက ဂေါပိကာမည်သော သာကီဝင်မင်းသမီးသည် မိန်းမဘဝကို စက်ဆုပ်၍ ကုသိုလ်ပြုလုပ်သဖြင့် တာဝတိံသာနတ်ပြည်တွင် ဂေါပကနတ်သားဟူ၍ ဖြစ်ရကြောင်း သက္ကပဥှသုတ်တွင် လာသည်။

အရှင်အာနန္ဒာအလောင်းသည် ပရဒါရကံကြောင့် မိန်းမဘဝ အကြိမ်ကြိမ်ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မိန်းမဘဝ ယောကျ်ားဘဝ ကုသိုလ် အကုသိုလ်ကြောင့် ရောက်နိုင်-ရနိုင်သည်ချည်း ဖြစ်သည်။ ထို့ကြောင့် ပုရိသာ ဟိ ဣတ္ထိယော ဝါ ပုရိသာ အဘူတပုဗ္ဗာနာမ နတ္ထိ-စသည်ဖြင့် သံယုတ္တနိကာယ် အနမတဂ္ဂသုတ်အဖွင့်၌ ဆိုပါသည်။ မြတ်စွာဘုရားကိုယ်တော်တိုင်ကလည်း ယတ္ထ ဣတ္ထိန္ဒြိယံ ဥပ္ပဇ္ဇိတ္ထ၊ တတ္ထ ပုရိသိန္ဒြိယံ ဥပ္ပဇ္ဇိတ္ထာတိ အာမန္တာ။ ယဿဝါပန ပုရိသိန္ဒြိယံ ဥပ္ပဇ္ဇိတ္ထ၊ တဿ ဣတ္ထိန္ဒြိယံ ဥပ္ပဇ္ဇိတ္ထာတိ အာမန္တာ-စသည်ဖြင့် မိန်းမ ယောကျ်ား အပြန်ပြန်အလှန်လှန် ဖြစ်နိုင်ကြောင်းကို ဣန္ဒြိယယမိုက်၌ ဟောတော်မူထားပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ယောကျ်ားဘဝနှင့် အဂ္ဂသာဝက

(မေး) (ယောကျ်ားဘဝနှင့် အဂ္ဂသာဝက)

ဘုန်းဘုန်းဘုရား

၁။ ယောကျ်ားဘဝကို ရလိုသော မိန်းမသည် မိမိလင်ယောကျ်ားကို ကျွန်မသဖွယ် ပြုစုလုပ်ကျွေးရဘည်-ဟု ဆိုပါသည်၊ အပျိုဘဝဖြင့် ဆုတောင်း၍ ယောကျ်ားဘဝကို မရနိုင်တော့ဘူးလား ဘုရား။

၂။ အဂ္ဂသာဝကနှစ်ပါးဖြစ်သော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့သည် အဂ္ဂသာဝကဖြစ်ရန် မည်ကဲ့သို့ ဆုတောင်း၍ ပါရမီဖြည့်ခဲ့ကြပါသလဲဘုရား။

၃။ အရိမေတ္တေယျ ဘုရားရှင်လက်ထက်တွင်လည်း အဂ္ဂသာဝကဖြစ်ရန် ဆုတောင်းထားသည့်ပုဂ္ဂိုလ် ရှိပါသလား၊ အကယ်၍ အဂ္ဂသာဝက ဖြစ်ချင်လျှင် မည်ကဲ့သို့ ဆုတောင်းကျင့်ကြံရပါမည်လဲ ဘုရား။

(မဋ္ဌေးဋ္ဌေးဦး-မှော်ဘီကျေးရွာ၊ ဖျာပုံမြို့နယ်)

(ဖြေ)

၁။ အပျိုဘဝဖြင့် ဒါန သီလ ဘာဝနာ ကုသိုလ်ပြုတိုင်း ယောကျ်ားဘဝကို စိတ်ညွတ်ဆုတောင်းလျှင် ယောက်ျားဖြစ်နိုင်ပါသည်။

မြတ်စွာဘုရားလက်ထက်က ဂေါပိကာမည်သော သာကီဝင်မင်းသမီးသည် အပျိုဘဝဖြင့် ထိုကဲ့သို့ ကုသိုလ်ပြု စိတ်ညွတ်ဆုတောင်း၍ သိကြားမင်း၏ သားတော် ဂေါပက နတ်သားဟူ၍ ဖြစ်ခဲ့ဖူးသည်။

၂။ လွန်ခဲ့သည့် တသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ ပွင့်တော်မူသော အနောမဒဿီ ဘုရား လက်ထက်၌ အရှင်သာရိပုတ္တရာအလောင်း ရသေ့နှင့် အရှင်မဟာမောဂ္ဂလာန်အလောင်း သူကြွယ် (သူငယ်ချင်းနှစ်ဦး) အဂ္ဂသာဝကအဖြစ် ဆုတောင်းခဲ့ကြပုံ အပဒါန်တွင် အထင်အရှား ရှိပါသည်။

၃။ အရိမေတ္တေယျ မြတ်စွာဘုရား လက်ထက်တွင်-

လက်ယာတော်ရံ အဂ္ဂသာဝက ဖြစ်မည့်သူမှာ ဤမြတ်စွာဘုရား သာသနာတော်တွင် သီဟိုဠ်ကျွန်း၌ ဒုဋ္ဌဂါမဏိမင်းဖြစ်၍

လက်ဝဲရံ အဂ္ဂသာဝကဖြစ်မည့်သူမှာ ညီတော် အိမ်ရှေ့မင်း တိဿဖြစ်ကြောင်း မဟာဝင်တွင် ပါရှိပါသည်။

အကယ်၍ အဂ္ဂသာဝကဆုကို တောင်းလိုလျှင် -ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ တပါးပါးထံ၌ ဒါနစသည်ပြုလုပ်၍ တောင်းဆိုနိုင်သည်၊ ဤကမ္ဘာမှတောင်း၍ ဆုတောင်ပြည့်လျှင်ပင် လာမည့်အနာဂတ်ကာလ ကမ္ဘာတသင်္ချေနှင့် တသိန်း အလွန်ကျမှ ဖြစ်နိုင်ခွင့် ရှိပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ယောကျ်ားလျာ၊ မိန်းမလျာ ဝေါဟာရများ

(မေး) (ယောကျ်ားလျာ၊ မိန်းမလျာ ဝေါဟာရများ)

အရှင်ဘုရား၊ ယခုခေတ်အခေါ် အခြောက်၊ ယောကျ်လျာ၊ မိန်းမလျာ ဝေါဟာရများနှင့် ဘုရားဟောစာပေများ ထဲမှ နပုန်း၊ ပဏ္ဍုက်၊ ကျားဥဘတောဗျည်း၊ မဥဘတောဗျည်း ဝေါဟာရများ ဆက်စပ်ပုံနှင့် သူတို့၏သဘာဝ၊ သူတို့၏ ခံစားနေရသော စိတ်သဘောတို့ကို ရှင်းပြပေးတော်မူပါဘုရား။

(ကိုဟန်ဝင်း-အင်းစိန်မြို့သစ်)

(ဖြေ)

လွန်ခဲ့သော ဘဝပေါင်းများစွာ သံသရာက ကာမေသုမိစ္ဆာစာရကံ လွန်ကျူးခဲ့ကြသူ ယောကျ်ား၊ မိန်းမများသည် ယင်းကံကြောင့် ငရဲ၌ နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီး ဖြစ်သည်။ ငရဲမှလွတ်သောအခါလည်း နွား၊ ဆိတ် စသည် ဖြစ်၍ သင်းကွပ်ခံရခြင်း ဘဝပေါင်းတရာမက ဖြစ်ကြရသည်။ ထိုမှနောက် ကျား-မ မဟုတ်၊ ပဏ္ဍုက်၊ ဥဘတောဗျည်းဘဝများ၌ ဘဝများစွာဖြစ်ရသေးကြောင်း ဆိုပါသည်။

ထိုမှနောက်လည်း ယုတ်ညံ့သော အဖျက်ဆီးခံမိန်းမ ပြည့်တန်ဆာ စသည်ဖြစ်ရပြီး နောက်ဆုံး ကံကြွင်းကံကျန် အဖြစ်ဖြင့် အခြောက်ခေါ် မိန်းမလျာ၊ ယောကျ်ားလျာများ၊ ဘဝမမှန်သူများ ဖြစ်ရကြောင်း ဆရာတော်ဘုရားကြီး များ ဟောကြားဆုံးမထားချက်များ ရှိပါသည်။ ထိုဟောကြားချက်များအတိုင်း မှတ်သား၍ တရားသံဝေဂ ယူစေ လိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ယောင်ယမ်းရွတ်ဆိုခြင်း

(မေး) (ယောင်ယမ်းရွတ်ဆိုခြင်း)

အရှင်ဘုရား၊ သေခါနီးဆဲဆဲတွင် ဘုရားဂုဏ်တော်များကို ယောင်ယမ်းရွတ်ဆိုပြီး သေဆုံးသွားသူသည် ကောင်းရာသုဂတိသို့ ရောက်နိုင်-မရောက်နိုင် ဖြေကြားပေးတော်မူစေလိုပါသည် ဘုရား

(ပျံလွှားမောင်-ချောင်းဦး)

(ဖြေ)

သေခါနီးဆဲဆဲတွင် ရောဂါဝေဒနာဒဏ်ကို သည်းသည်းထန်ထန် ခံစားနေရ၍ မိမိရွတ်ဆိုနေကျ ဘုရားဂုဏ်တော်များကို ရွတ်ဆိုရာတွင် မပီမသဖြစ်နေခြင်းသာ ဖြစ်နေဟန်တူပါသည်၊

ယောင်ယမ်းရွတ်ဆိုနေခြင်း ဟုတ်မည်မထင်၊ ဘုရားဂုဏ်တော်များကို ရွတ်ပွားနေကျဖြစ်၍သာ ဤအချိန်အခါမျိုးတွင် အမှတ်ရနိုင်ဖွယ် ရှိပေသည်။

ထို့ကြောင့် ထိုသို့ မပီမသ ရွတ်ဆိုသော်လည်း အားကိုးအားထားပြု၍ ရွတ်ဆိုခြင်းကြောင့် ကုသိုလ်တရား ဖြစ်ပွား၍ ကောင်းရာသုဂတိသို့ လားရောက်နိုင်စရာ ရှိပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ခြေအိတ်စွပ်ထားပြီး ဆွမ်းလောင်းသော်

(မေး) (ခြေအိတ်စွပ်ထားပြီး ဆွမ်းလောင်းသော်)

အရှင်ဘုရား၊ တပည့်တော်တို့မြို့က ဆောင်းရာသီမှာ အလွန်အေးချမ်းလှပါသည်ဘုရား။ နံနက် သံဃာတော်များကို ဆွမ်းလောင်းရာတွင် ခြေအိတ်များစွပ်၍ လောင်းကြပါသည်ဘုရား၊ ထို့ပြင် တချို့က ဖိနပ်ချွတ်ပြီး ဖိနပ်ပေါ်ပြန်ရပ်ပြီး ဆွမ်းလောင်းကြပါသည်။ ထိုသို့ပြုသော် အပြစ် ရှိ-မရှိ သိလိုပါသည်ဘုရား။

(မတင့်တင့်-မိုးကုတ်မြို့)

(ဖြေ)

ရဟန်းသံဃာများနှင့် ပြုမူဆက်ဆံဆောင်ရွက်ရာတွင် ရိုသေသောစိတ် (ဂါရဝစိတ်ထား) ရှိဖို့နှင့် မရိုသေစိတ် (အဂါရဝစိတ်) မထားမိဖို့ လိုရင်းဖြစ်ပါသည်။

ရာသီဥတု အခြေအနေအရ ခြေအိတ်စွပ်ခြင်းသည် မရိုမသေပြုရာ မရောက်ပါ။ ဖိနပ်ပေါ် ပြန်ရပ်ခြင်းမှာ အပြစ်မဖြစ်နိုင်ပါ။ ရိုသေစိတ်ရှိ၍ပင် ချွတ်ထားခြင်းဖြင့် အသိအမှတ်ပြုစေပြီးဖြစ်သည်။ ထို့ကြောင့် အပြစ်မဖြစ်ပါဟု မှတ်ယူနိုင်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ခြေအိတ်စွပ်ထားပြီး ဆွမ်းလောင်းသော်

(မေး) (ခြေအိတ်စွပ်ထားပြီး ဆွမ်းလောင်းသော်)

အရှင်ဘုရား၊ တပည့်တော်တို့မြို့က ဆောင်းရာသီမှာ အလွန်အေးချမ်းလှပါသည်ဘုရား။ နံနက် သံဃာတော်များကို ဆွမ်းလောင်းရာတွင် ခြေအိတ်များစွပ်၍ လောင်းကြပါသည်ဘုရား၊ ထို့ပြင် တချို့က ဖိနပ်ချွတ်ပြီး ဖိနပ်ပေါ်ပြန်ရပ်ပြီး ဆွမ်းလောင်းကြပါသည်။ ထိုသို့ပြုသော် အပြစ် ရှိ-မရှိ သိလိုပါသည်ဘုရား။

(မတင့်တင့်-မိုးကုတ်မြို့)

(ဖြေ)

ရဟန်းသံဃာများနှင့် ပြုမူဆက်ဆံဆောင်ရွက်ရာတွင် ရိုသေသောစိတ် (ဂါရဝစိတ်ထား) ရှိဖို့နှင့် မရိုသေစိတ် (အဂါရဝစိတ်) မထားမိဖို့ လိုရင်းဖြစ်ပါသည်။

ရာသီဥတု အခြေအနေအရ ခြေအိတ်စွပ်ခြင်းသည် မရိုမသေပြုရာ မရောက်ပါ။ ဖိနပ်ပေါ် ပြန်ရပ်ခြင်းမှာ အပြစ်မဖြစ်နိုင်ပါ။ ရိုသေစိတ်ရှိ၍ပင် ချွတ်ထားခြင်းဖြင့် အသိအမှတ်ပြုစေပြီးဖြစ်သည်။ ထို့ကြောင့် အပြစ်မဖြစ်ပါဟု မှတ်ယူနိုင်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

မြေခိုးခြင်း

(မေး) အရှင်ဘုရား၊ အိမ်နှစ်အိမ်ကြား ဝန်းခြံကာသောအခါ တဖက်ခြံမြေမှ အနည်းငယ် ၃”၄”ခန့် ပိုကာမိ၍ တဖက်ခြံမြေရှင်က ကျေနပ်ခွင့်လွှတ်မှု မရှိပါလျှင် အဒိန္နာဒါနကံ မြောက်ပါသလား၊ ထိုအဒိန္နာဒါနကံသည် ခြံဝင်းကာစဉ် ခဏ(တကြိမ်တည်းသာ) မြောက်ပါသလား၊ ထိုခြံဝင်းတည်နေသမျှ ကာလပတ်လုံး ကံမြောက်နေသည် ဆိုခြင်းမှာ မှန်ပါသလား အရှင်ဘုရား။

ခြံမြေအပို ယူထားသူသည် ဥပုသ်နေ့များ၌ ၈-ပါးသီ ခံယူဆောက်တည်ပါကလည်း အဒိန္နာဒါနကံ ကျိုးပေါက်ပြီး ဖြစ်နေသည်(ဥပုသ်သီလ မမြောက်) ဆိုခြင်းမှာ မှန်ပါသလား အရှင်ဘုရား၊ သံသရာအကျိုးကို မျှော်ကိုး၍ ဖြေကြားပေးတော်မူပါရန် တောင်းပန်လျှောက်ထားပါသည် အရှင်ဘုရား။

(မစန်းခင်-မီးစက်ကွက်သစ်၊ တောင်ကုတ်မြို့)

(ဖြေ)

ခိုးယူအပ်သော ဥစ္စာသည် ဇင်္ဂမဥစ္စာ၊ ထာဝရဥစ္စာ ဟူ၍ ၂-မျိုးရှိသည်။ ရွှေ၊ ငွေ၊ ကျွဲ၊ နွား စသော ဥစ္စာသည် ဇင်္ဂမ-ရွှေ့ပြောင်း၍ ရသောဥစ္စာဖြစ်၍ လယ်၊ ယာမြေ၊ တိုက်တာ အိုးအိမ် စသော ဥစ္စာသည် ထာဝရ-ရွှေ့ပြောင်း၍ မရသော ဥစ္စာ ဖြစ်သည်။

ဇင်္ဂမ-ထာဝရ-မည်သည့်ဥစ္စာမဆို ခိုးယူစဉ် အခိုက်အတန့်(မူလနေရာမှ ရွှေ့စဉ်) ၌သာ အဒိန္နာဒါန ဖြစ်သည်။

တဖက်မြေမှယူ၍ ခြံကာသူအဖို့ ခြံကာစဉ်၌ အဒိန္နာဒါနဖြစ်သည်။

သို့သော် ထာဝရဥစ္စာဖြစ်၍ မည်သည့်အခါမျှ ပျောက်ပျက်မသွား၊ အစဉ်တွေ့မြင်နေရ၍ အခြားသူ မသိသော်လည်း မိမိသိ၍ မြင်တိုင်း သိတိုင်း ငါခိုးမိသည်၊ ယူမိသည်ဟု စိတ်နှလုံး မချမ်းမသာ ဖြစ်နေမည်။ တသက်လုံး ဝိပ္ပဋိသာရ=စိတ်နှလုံး မသာရွှင်မှု၊ ပူပန်မှု ဖြစ်နေရမည်။

ဇင်္ဂမဥစ္စာကို ခိုးမှု၌ ကုသိုလ်ကောင်းမှု အထပ်ထပ်ပြုနေ၍ သီလ ဘာဝနာ ပွားများ၍ အကုသိုလ်မပျောက်သည့်တိုင် အားသေးသွား၍လည်းကောင်း၊ ကုသိုလ်က အားကောင်း၍လည်းကောင်း အပါယ်ပဋိသန္ဓေ မပေးနိုင် ဖြစ်သွားသော်လည်း ထာဝရဥစ္စာ ခိုးမှုမှာ ပစ္စည်းက မပျောက်မပျက်၊ တသက်လုံး တွေ့မြင်နေရပြီး တွေ့မြင်တိုင်းလည်း ဝိပ္ပဋိသာရ ဖြစ်ရတော့ သည်။ ကုသိုလ်ပြုတိုင်းလည်း ဝိပ္ပဋိသာရဖြစ်နေ၍ ရွှင်ပျကြည်လင် သာရွှင်ခြင်းမဖြစ်၍ အဒိန္နာဒါန အကုသိုလ်က အပါယ်အကျိုး မပေးသည့်တိုင်အောင် ယင်းဝိပ္ပဋိသာရက အပါယ်သို့ ပို့ဆောင်တတ်လေသည်။ ထို့ကြောင့် ထာဝရဥစ္စာ လယ်ယာ မြေခြံတို့ကို မခိုးယူမိအောင် အထူးပင် ရှောင်ကြဉ်သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြောက်သို့ ဦးခေါင်းတော်ပြု၍ ပရိနိဗ္ဗာန်စံဝင်မှု

(မေး) (မြောက်သို့ ဦးခေါင်းတော်ပြု၍ ပရိနိဗ္ဗာန်စံဝင်မှု)

အရှင်ဘုရား၊ မြတ်စွာဘုရားသည် မြောက်အရပ်သို့ ဦးခေါင်းတော်ပြု၍ ပရိနိဗ္ဗာန် ဝင်စံတော်မူခြင်းမှာ မြတ်စွာဘုရားတိုင်း၏ ဓမ္မတာဖြစ်ပါသလား။ တပည့်တော်တို့၏ ဘုရားတဆူတည်းသာ ဖြစ်ပါသလား။ သိလိုပါသည်ဘုရား။

(ဦးခန္တီစာရ)

(ဖြေ)

ဗုဒ္ဓဝင်တွင် မြတ်စွာဘုရားသည် ကုသိနာရုံ အင်ကြင်းစုံရှိ မလ္လာမင်းတို့ လာရောက်ထိုင်နေကျ အင်ကြင်းပင်အောက်၌ ခင်းထားသော ညောင်စောင်းတော်ကို အင်ကြင်းနှစ်ပင်အကြား မြောက်သို့ ခေါင်းရင်းပြုစေလျက် နေရာရွှေ့ပြီး ခင်းစေသည်ဟု ဆိုပါသည်။ ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် လူ နတ် ဗြဟ္မာတို့ လာရောက်ဖူးမြော်သည့်အခါ နေရာကျယ်ကျယ်ဝန်းဝန်း ဖူးမြော်လွယ်အောင် အင်ကြင်းပင်တန်း၏ အလယ်ကျကျနေရာ၌ မြောက်သို့ ဦးခေါင်းပြု၍ ပရိနိဗ္ဗာန်ဝင်စံခြင်း ဖြစ်သည်။

သို့သော် ဘုရားရှင်တိုင်း၏ ဓမ္မတာမဟုတ်။ အခြေအနေအရ ကျင့်သုံးသွားသော ဂေါတမမြတ်စွာဘုရား တဆူတည်း၏ ကိစ္စသာဖြစ်ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြောက်သို့ဦးခေါင်းပြု၍ ပရိနိဗ္ဗာန်ပြုခြင်း

(မေး) (မြောက်သို့ဦးခေါင်းပြု၍ ပရိနိဗ္ဗာန်ပြုခြင်း)

အရှင်ဘုရား၊ လောကနီတိတွင်-ဒိသာနံ-အရပ်မျက်နှာတို့တွင်၊ ဥတ္တရပဓာနံ-မြောက်အရပ်သာ မြတ်၏၊ အဆိုနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ မြောက်အရပ်သို့ ဦးခေါင်းပြု၍ ပရိနိဗ္ဗာန်စံတော်မူသည် ဟူသော အဆိုတို့သည် မည်သို့သက်ဆိုင်ကြောင်း သိလိုပါသည်။ အကြောင်းအကျိုးပြ၍ ဖြေကြားတော်မူပါဘုရား။

(စံမြတ်ထွန်း-သံတွဲမြို့)

(ဖြေ)

ထိုအဆိုနှစ်ရပ်တွင် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပါ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရာတွင် ကုသိနာရုံ၌ တောင်မြောက် တန်း၍နေသော အင်ကြာင်းပင်များ ရှိ၏၊ ထိုတွင် ကုသိနာရုံ၌ မလ္လာမင်းတို့ လာ၍ထိုင်နေရာ အင်ကြင်းပင်ကြီးတပင်အောက်ရှိ ညောင်းစောင်းတော်ကို တောင်မြောက်တန်းနေသော အင်ကြင်းနှစ်ပင် အကြားသို့ ညောင်းစောင်းကို ရွှေ့၍ ခင်းစေတော်မူသည်။

ရည်ရွယ်ချက်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူသောအခါ လာရောက်ဖူးမြော်ကြသူ နတ်-လူတို့အား ကျယ်ဝန်းစွာ ဖူးမြင်နိုင်ရန် မြောက်သို့ ဦးခေါင်းပြု၍ ပရိနိဗ္ဗာန် စံတော်မူခြင်းဖြစ်ကြောင်း မြောက်အရပ်မြတ်၍ မြောက်သို့ ဦးခေါင်းပြု ပရိနိဗ္ဗာန်စံခြင်း မဟုတ်ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြေပေါက်စေတီ

(မေး) (မြေပေါက်စေတီ)

အရှင်ဘုရား၊ ၂၄-တောင်ရှိသော မြေပေါက်စေတီသည် လေဒဏ်၊ မိုးဒဏ် ကြီးမားပါသဖြင့် ပြိုကျသွားပါသည်။ ၄င်းစေတီနေရာတွင် မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်တဆူ ပြန်တည်ရန် ပြောကြသော်လည်း ရုပ်ပွားဆင်းတု မတည်ကောင်းဘူး။ မြေပေါက်စေတီသာ ပြန်တည်ရမည်ဟု ပြောကြပါသည်။ အဘယ်ကြောင့်ပါနည်း။ ဖြေကြားပေးတော်မူပါဘုရား။

ဦးအောင်-မန္တလေး)

(ဖြေ)

များသောအားဖြင့် ရှေးဟောင်းစေတီများ၊ ရုပ်ပွားဆင်းတုတော်များ ပြန်လည်မွမ်းမံတည်ထားကြရာဝယ် မြေပေါက်စေတီဟောင်းကို ပြန်လည်ပြုပြင်ရာ၌ မြေပေါက်စေတီအဖြစ်သာ ပြန်လည်ပြုပြင်ခြင်း၊ ငုံ၍တည်ခြင်း ဉာဏ်တော်မြှင့်ခြင်း စသည် ပြုပြင်ပူဇော်ကြပါသည်။ ရုပ်ပွားဖြစ်လျှင်လည်း ပို၍ သပ္ပါယ်ကြည်ညိုဖွယ်ဖြစ်သော ရုပ်ပွားတော်အဖြစ်သာ ပြန်လည် ပူဇော်ရိုး ထုံးစံရှိပါသည်။ စေတီဘုရားတို့တွင် စောင့်ရှောက်သော မြင်အပ်သော လူပုဂ္ဂိုလ်၊ မမြင်အပ်သော စေတီစောင့်နတ် အစရှိသည်တို့လည်း မိမိတို့၏ ယခင်စေတီရုပ်ပွားတော်တို့ကိုသာ ပြန်၍ ဖူးလို၊ မြင်လို ကြလိမ့်မည်။ ထို့ကြောင့် ယခင်အတိုင်း ပြန်လည်ပြုပြင် ပူဇော်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။ လုံးဝမတည်ကောင်းဟု မရှိပါ။ ထိုထိုစေတီ ဘုရား ရုပ်ပွားတော် တည်ထားပူဇော်ခြင်းနှင့် စပ်လျဉ်း၍ ကျွမ်းကျင်တတ်မြောက်သော ပုဂ္ဂိုလ်များနှင့်သာ ဆောင်ရွက်သင့်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

မြေအောက်၌ ဓာတ်တော်ဌာပနာခြင်း

(မေး) (မြေအောက်၌ ဓာတ်တော်ဌာပနာခြင်း)

ဆရာတော်ဘုရား၊ ရွှေတိဂုံ စေတီတော်ကြီးတွင် လေးဆူဓာတ်တော်များ ဌာပနာရာအရပ်သည် လူအများ တက်ရောက်ဖူးမြော်ရာ ရင်ပြင်တော်၏ အနိမ့်ပိုင်းတွင် ရှိသည်-ဟု ကြားရဖူးပါသည်၊ အနိမ့်ပိုင်းတွင် ရှိပါလျှင် တက်ရောက်ဖူးမြော်သူများ ငရဲကြီးနိုင်ပါသလားဘုရား။

(လဝင်း-၁၂၆၊ အင်းစိန်လမ်း-ကမာရွတ်)

(ဖြေ)

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးစက ဓာတ်တော်အားလုံးကို အရှင်မဟာကဿပ အစီအစဉ်ဖြင့် အဇာတသတ်မင်းကြီး ရှာဖွေဆောင်ယူ၍ ရာဇဂြိုဟ်ပြည်တွင် မြေအောက်၌ အတောင်ခြောက်ဆယ်ခန့်အထိ တူးပြီး ဌာပနာတိုက် ပြုလုပ်၍ မပျောက်ပျက်အောင် သိမ်းဆည်းခဲ့ပါသည်၊ ထိုအပေါ်မှ မြေညှိ၍ စေတီတည်ခဲ့ပါသည်၊ ထို့နောက် နှစ်ပေါင်း နှစ်ရာကျော်မှ ရဟန္တာများနှင့် အသောကမင်းကြီးတို့က ဓာတ်တော်များကို ထုတ်ဖော်၍ စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ခဲ့ကြသည်၊ အများအားဖြင့် ရှေးနည်းအတိုင်းပင် ဓာတ်တော်များလုံခြုံမှုရှိရန်မြေတွင် ဌာပနာတိုက်ပြုပြီးမှ စေတီတည်ကြလေသည်။

ရွှေတိဂုံစေတီတော်တည်ရာတွင်လည်း စေတီမတည်မီက တောင်တော်တွင် ကျင်းပြု၍ ဌာပနာကာ လုံခြုံအောင် ကျောက်ဖျာကြီးများ ဖုံးလွှမ်းပြီးမှ မြေဖို့ညှိပြီး စေတီတည်ကြောင်း သမိုင်းဟောင်းများတွင် ဆိုပါသည်၊ ရှိခိုးပူဇော်ရာ၌ ဓာတ်တော်များကို နှလုံးသွင်း၍ ထိုဓာတ်တော်များ၏ မူလသခင် ဘုရားရှင်ကိုယ်တော်မြတ်အား အာရုံယူကာ ရှိခိုးပူဇော်ရပါမည်။ ဓာတ်တော်များ၏ အပေါ်ကနေသည်ဟု သဘောမထားဘဲ စေတီတော်ကြီးမှတဆင့် ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများနိုင်အောင် ရှိခိုးပူဇော်ရန် လိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

မြေနုတ်ခြင်း

(မေး) (မြေနုတ်ခြင်း)

သိမ်နုတ် ကမ္မဝါစာကို လူဒါယကာ ဒါယိကာမတို့ နေထိုင်ရာမြေနေရာများ၊ အိမ်ဆောက်မည့် မြေနေရာများ၌ သံဃာတော်များကဖတ်ရွတ်၍ မြေနုတ်ပေးထိုက်ပါသလား၊ ဖတ်ရွတ်၍ မည်သို့ အကျိုးရှိပါသနည်း၊ ဖြေကြားပေးတော်မူပါဘုရား။

(ဦးဘဝင်း-မြို့မရပ်၊ ခန္တီးမြို့)

(ဖြေ)

ဤမြေနုတ်ခြင်းကိစ္စ၌ ရည်ရွယ်ချက် နှစ်ခုရှိရာ ပထမရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာသက် နှစ်ပေါင်းအတန်ကြာရှည်ခဲ့ပြီးဖြစ်၍ သိမ်များလည်း နေရာအနှံ့အပြား၌ သမုတ်ခဲ့ဖူးပေမည်။ အချို့သိမ်များမှာ ပျောက်ပျက်သွား၍ မြေအောက်၌ နစ်မြုပ်သွားကြပေလိမ့်မည်။ မည်မျှပင် မြေအောက် တောချုံတို့ အောက်၌ နစ်မြုပ်ပျောက်ကွယ်၍ နေစေကာမူ သံဃာတော်အရှင်မြတ်တို့ မြတ်စွာဘုရား၏ အာဏာဒေသနာတော်အရ ကမ္မဝါစာဖြင့် သမုတ်ထားခဲ့သဖြင့် ပျက်ပြား၍မသွား သိမ်၏အာနိသင် ရှိနေမြဲ ဖြစ်သည်။

သိမ်သည် လူတို့နှင့်မအပ်စပ်၊ သိမ်မြေ၌ နေထိုင်မိလျှင် ကြီးပွားတိုးတက်မှု မရှိ-ဟု ရှေးက ယူဆကြသဖြင့် သိမ်ဖြစ်ခဲ့ဖူးသော် ပျက်ပြယ်ရန် သိမ်နုတ်ကမ္မဝါစာဖြင့် သံဃာတော်တို့က နုတ်ကြခြင်းဖြစ်သည်။

ဒုတိယရည်ရွယ်ချက်မှာ သင်းချိုင်းမြေ ဟူသော မြေပုပ်၊ မြေဘုတ်ဘီလူးစသည်ရှိသော မြေကြမ်း ဖြစ်နေခဲ့သော် ယင်းမြေပုပ်၊ မြေကြမ်းအဖြစ်မှ ပျောက်ပျက်သန့်စင်သွားရန် သိမ်နုတ်ကမ္မဝါစာဖြင့်ဖြစ်စေ၊ အန္တရာယ်ကင်း ကမ္မဝါစာဖြင့်ဖြစ်စေ ဖတ်ရွတ် သန့်စင်စေခြင်း ဖြစ်ပါသည်။

ထို့ကြောင့် အချို့ ပြည့်ပြည့်စုံစုံ ပြုလုပ်ကြသူတို့သည် အရပ်ရှစ်မျက်နှာတို့၌ ပရိတ်သဲအိုး၊ အုတ်ခဲ ကျောက်တုံး စသည်များကို နိမိတ်ကြား၍ မြှုပ်နှံခြင်း၊ စည်းချဂါထာများကို ရွတ်ခြင်းတို့ ကို ပြုလုပ်ကြသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်ဖြစ်စေ ကမ္မဝါစာ ဖတ်ကြရသည်ဖြစ်၍ သံဃာဂိုဏ်းပြည့်ရန် ၄-ပါး ၅-ပါးအောက် မလျော့နည်းစေရန် သတိပြုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရေကုသိုလ်ကို လှူခြင်း

(မေး) (ရေကုသိုလ်ကို လှူခြင်း)

ဆရာတော်ဘုရား၊ မိမိပြုလုပ်ထားသော ကုသိုလ်များကို မိမိကို ကျေးဇူးပြုသူအား ရေစက်ချ၍ လှူပါက ထိုသူများ ကုသိုလ်ရပါသလား၊ အကယ်၍ ထိုသူက ကုသိုလ်ရပါလျှင် ကုသိုလ်ပေးသူ၌ ကုသိုလ်အကျိုးကျေးဇူးများကို ရနိုင်ပါသေးသလား ဘုရား။

(မတင်မိုးခိုင်-အ-ထ-က(၁) ရွှေပြည်သာ)

(ဖြေ)

ကုသိုလ်ကို လှူသည်ဟု မဆိုရပါ၊ ကုသိုလ်၏ အကျိုးကို အမျှဝေခြင်းဟုသာ ဆိုရပါသည်၊ ၄င်းမှာ ပုညကိရိယ ဝတ္ထု ၁၀-မျိုးတွင် ပတ္တိဒါနကုသိုလ်ဟု ဆိုပါသည်၊

ဥပမာ-ဒါနကုသိုလ်အဖြစ် တစုံတရာကို လှူဒါန်း၍ ထိုအလှူ၏ အကျိုးတရားကို မည်သူရပါစေဟု ဆိုခြင်းမှာ ပတ္တိဒါန ဖြစ်ပါသည်၊ ၄င်းပတ္တိဒါနကို ရယူလိုသူက မိမိကိုယ်တိုင် လှူသကဲ့သို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရပါသည်၊ ထိုအခါ မိမိကိုယ်တိုင် လှူသလိုပင် အကျိုးရပါသည်။

အမျှပေးဝေသူ ကုသိုလ်ရှင်မှာ ကုသိုလ်တရားများ လျော့ပါးမသွားသည့်အပြင် ပတ္တိဒါနအတွက် ပို၍ပင် အကျိုးရပါသေးသည်၊ မိမိလက်ထဲမှ ဖယောင်းတိုင်မီးဖြင့် အခြားဖယောင်းတိုင်များကို မီးကူးညှိ ထွန်းပေးလျှင် မိမိမီး မလျော့သည့်အပြင် အခြားမီးများပါ လင်းသဖြင့် ပို၍ အလင်းအားကောင်းလာသည့်အလား ဖြစ်ကြောင်း ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရေစက်

(မေး) (ရေစက်)

အရှင်ဘုရား၊ ရေစက်ဆိုတာ ဘာကိုခေါ်ပါသနည်း။ နောင်ဘဝတွင် တဦးနှင့်တဦး ပြန်လည်ဆုံဆည်းနိုင်ဖို့ရန်အတွက် ရေစက်အတူတကွ ချရမည်လား။ သို့မဟုတ် သည်ဘဝတွင် ပြုလုပ်သည့်ကုသိုလ် ညီမျှမှသာ ပြန်လည်ဆုံဆည်းနိုင်မည်လား။ သည်ဘဝတွင် မိသားစုတစုအဖြစ် ဆုံဆည်းနေကြသည်မှာ အတိတ်ဘဝက ရေစက်အတူ ချခဲ့၍လား။ ကုသိုလ်ချင်းညီမျှခဲ့၍ပေလား။ သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။

(သဉ္ဇာ-ရန်ကုန်)

(ဖြေ)

ရှေးရှေးဘဝများက အတူကုသိုလ်ပြုခဲ့၊ ဆုတောင်းဆုယူ ပြုခဲ့ဖူးကြသည်ကိုပင် ရေစက်ဆုံသည်ဟု ပြောဆိုကြပါသည်။ ကုသိုလ်အတူပြု၍ စိတ်တူကိုယ်တူ ရေစက်ချခဲ့ကြသည်ဟု ဆိုလိုပါသည်။ ဘဝပေါင်းများစွာ မိသားစုအဖြစ် တွေ့ကြ ကြုံကြလိုလျှင်-

၁။ သမသဒ္ဓါ-ယုံကြည်မှု တူမျှခြင်း။

၂။ သမသီလ-အကျင့်သီလ တူမျှခြင်း။

၃။ သမစာဂ-စွန့်ကြဲလှူဒါန်းမှု တူမျှခြင်း နှင့်

၄။ သမပညာ-ကမ္မသကတပညာ-အသိဉာဏ်ချင်း တူမျှခြင်း ရှိဖို့ လိုအပ်ကြောင်း ဘုရားဟောရှိပါသည်။ အလွန်တူမျှနိုင်ခဲပါသည်။ ဘုရားလောင်းနှင့် ယသောဓရာ အလောင်းတို့ပင် အတူတကွ ဆုတောင်းခဲ့သော်လည်း ဘဝတိုင်းမတွေ့ရ။ မဆုံစည်းရပါ။ ဤသည်မှာ ဘုရားလောင်း၏ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တို့ကို ယသောဓရာ အလောင်းက မမီနိုင်၍ ဖြစ်ပါသည်။

အရှင်မဟာကဿပအလောင်းနှင့် ဘဒ္ဒါကာပိလာနီ အလောင်းမှာ အားလုံးတူညီ၍ လူ့ပြည်တွင်၄င်း။ နတ်ပြည် ဗြဟ္မာ့ပြည်တို့တွင်၄င်း။ နောက်ဆုံး နိဗ္ဗာန်ဝင်ရာမှာ၄င်း မကွဲမကွာ ဖြစ်ရကြောင်း အဆိုရှိပါသည်။ ၄င်းကိုပင် ရေစက်ဆုံသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ဤသို့ဖြင့် ရေစက်ဆိုသည်ကို မှတ်သားထားနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရေစက်ချ အမျှဝေ

(မေး) (ရေစက်ချ အမျှဝေ)

အရှင်ဘုရား၊ ရေတွင်း၊ ရေကန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်များ ဆောက်လုပ်လှူဒါန်းသည်မှအစ ဆွမ်းကျွေး၊ ပရိတ်နာ၊ ရှင်ပြု၊ သီလခံယူ၊ တရားနာ စသည်၌ နောက်ပိတ်ဆုံး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြုလုပ်ကြသည်များကို တွေ့ရပါသည်။ အကယ်၍များ အထက်ဖော်ပြပါ အလှူဒါနကောင်းမှုများ ပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် မပြုခဲ့ပါလျှင် ၄င်းပြုလုပ်ခဲ့သော အလှူဒါနကောင်းမှုအတွက် ကောင်းကျိုးချမ်းသာ၊ ကုသိုလ်များ မရနိုင်ဘူးလားဘုရား၊ အလှူဒါန အထမမြောက်ခြင်းရော ဖြစ်နိုင်ပါသလားဘုရား၊ ဘာပစ္စည်းလှူလှူ ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ်ပြီးမှ ကုသိုလ်အကျိုး ခံစားရပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

(ဦးဝမ်း-၃-ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူး)

(ဖြေ)

ရေစက်ချခြင်းဟူသည်မှာ- အလှူတခု လှူဒါန်းရာ၌

၁။ လှူဒါန်းခြင်း

၂။ ဆုတောင်းခြင်းနှင့်

၃။ အမျှဝေခြင်း ဟူ၍ အပိုင်း ၃-ပိုင်းရှိရာ ဤပစ္စည်း ဤဝတ္ထုများကို လှူဒါန်းပါ၏၊

ဤသို့လှူဒါန်းရသောကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏၊ ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါတို့ ရရှိကြပါစေ-ဟု စိတ်စေတနာ လေးလေးနက်နက်ဖြင့် အမျှဝေရခြင်းမှာ ဘုရားအလောင်း သူတော်ကောင်းတို့ ပြုရိုးအစဉ်ပင် ဖြစ်ပါသည်။

ဝေဿန္တရာမင်းကြီးသည် ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါသည်။ ထိုရေစက်ချ အမျှဝေမှုသည်ပင် မာရ်နတ် စစ်တိုက်လာရာ၌ ဤဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရေး (သဗ္ဗညုတဉာဏ်ကိုရရေး) အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်း၍ ရေစက်ချခဲ့သည်ကို ဤမဟာပထဝီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုသဖြင့် ပထဝီမြေကြီးက သက်သေခံခဲ့ပါသည်။

အလှူရှင်မှာ အခြား အကုသိုလ်အကျိုးပေး၍ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေ ဖူးသည်မဟုတ်လော-ဟု သတိပေး၍ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါသည်။ ထို့ပြင်လည်း ပုညကိရိယ ဝတ္ထု (ကုသိုလ်ကောင်းမှု) ၁၀-ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန) သည်လည်း ဒါနစသော ကုသိုလ်တို့ကဲ့သို့ ကုသိုလ် တမျိုးဖြစ်ရာ ရေစက်ချ၊ အမျှဝေသဖြင့် ကုသိုလ်တမျိုး တိုးနိုင်ပါသေးသည်။ အလှူလှူရာ၌ ဆုတောင်းခြင်းမပြုဘဲ လှူခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်၍ နိဗ္ဗာန်ကို ဆုတောင်းမှ ဒါနပါရမီ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပါရမီဒါန ပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း စသည့် ရေစက်ချမှုကို မပြုမနေ ပြုလုပ်ကြရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရေစက်ချရန် လို-မလို

(မေး) (ရေစက်ချရန် လို-မလို)

အလှူလုပ်ရာ၌ ရေစက်မချသော်လည်း အလှူမြောက်သည် မဟုတ်ပါလားဘုရား။

အဘယ့်ကြောင့် ရေစက်ချရပါသနည်း၊ အလှူတွင် ရေစက်ချရန် လို-မလို ရှင်းလင်းဖြေကြားစေလိုပါသည်ဘုရား။

(ဦးကျော်စိုး-က-စ-လ၊ ရန်ကုန်)

(ဖြေ)

အလှူခံပုဂ္ဂိုလ်၏ လက်တွင်းသို့ အလှူဝတ္ထုကို ပေးကမ်းဆက်ကပ်လိုက်လျှင်ပင် အလှူမြောက်ပါသည်။

ရေစက်ချခြင်းမှာ အလှူမြောက်မှု၊ မမြောက်မှုနှင့် မသက်ဆိုင်ပါ။

ရေစက်ချ၌

၁။ ဆန္ဒပြုခြင်း

၂။ ဆုတောင်းခြင်း နှင့်

၃။ အမျှဝေခြင်း-ဟု အပိုင်း သုံးပိုင်းရှိရာ

၁။ ဤမည်ဤမည်သောအလှူဝတ္ထုတို့ကို ဤသို့ဆန္ဒပြု၍ လှူဒါန်းပါ၏၊

၂။ ဤသို့လှူဒါန်းရသောကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏၊

၃။ ဤကောင်းမှုကုသိုလ်အဖို့ကို သတ္တဝါတို့အား အမျှဝေပါ၏၊

အမျှရကြပါစေ-ဟု ရေစက်ချ၍ ဆုတောင်းအမျှဝေခြင်းကြောင့် မိမိအလှူမှာ ဝိဝဋ္ဋနိဿိတဒါန ဖြစ်၍ ဆုတောင်းသည့်အတိုင်း မဂ်ဖိုလ်နိဗ္ဗာန်အထိ အကျိုးပေးနိုင်ပါသည်။

ဤကဲ့သို့ ရေစက်ချ (ဆုတောင်း) ခြင်း မပြုက လူ့ရွာနတ်ရပ် သုဂတိအကျိုးမျှသာ ပေးနိုင်၍

မဂ်ဖိုလ်နိဗ္ဗာန် အကျိုး မပေး။

ပါရမီဒါန မမြောက်။

အမျှမဝေ၍ ပတ္တိဒါနကုသိုလ် မဖြစ်။

ပေတလောကရှိ ဆွေမျိုး ဝေမာနိက စသည်တို့ သာဓုမခေါ်ရ၍ ကောင်းကျိုးမခံစားရ

စသည်တို့ ဖြစ်လာနိုင်သည်။

ဘုရားလောင်း ဝေဿန္တရာမင်းကြီးလည်း ဆင်ဖြူတော်လှူရာ၊ သား မယား လှူရာတို့၌ ဤသို့ ရေစက်ချ၍ ဘုရားအဖြစ် ဆုတောင်းကြောင်း ဇာတ်အဋ္ဌကထာတွင် ပါရှိပေသည်။ ထို့ကြောင့် ရှေးဆရာမြတ်တို့က အလှူလုပ်တိုင်း ရေစက်ချရန် အစဉ်အလာကောင်းတခု ထားခဲ့ခြင်းဖြစ်ကြောင်း မှတ်သားထားစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရေသပ္ပါယ်ခြင်း

(မေး) (ရေသပ္ပါယ်ခြင်း)

အရှင်ဘုရား၊ မြတ်စွာဘုရား ဆင်းတုတော်များ၊ ရေလောင်းသပ္ပါယ်နေသည်ကို ရွှေတိဂုံဘုရားပေါ်၌ အများဆုံး တွေ့ရပါသည်၊

တချို့က ဦးခေါင်းပေါ်မှစ၍သော်၄င်း၊ လည်ပင်းနားမှစ၍သော်၄င်း၊ ရေလောင်းကြပါသည်။

မည်သည့်နေရာမှ ရောလောင်းသပ္ပါယ်လျှင် မည်သို့စိတ်ထားရမည်။ မည်သို့သော အကျိုးရမည်ကို ဖြေကြားပေးတော်မူပါဘုရား။

(မဉာဏ်လွန်-ကမာဝက်၊ မုဒုံ)

(ဖြေ)

ရွှေတိဂုံဘုရားပေါ်၌ ဘုရားရေသပ္ပါယ်ကြသူများမှာ အချိန်အခါဟူ၍မရှိ၊ ဗေဒင်ဆရာက ယတြာချေခိုင်းလျှင် ဘုရားရုပ်ပွားတော်များကို စင်္ကြန်ရေလောင်းသကဲ့သို့ လောင်းနေကြသည်မှာ ကုသိုလ်မရ။ အပြစ်ရဖွယ်သာ ဖြစ်စရာရှိပါသည်။

တကယ်ရေသပ္ပါယ်လိုသော စေတနာရှင်များမှာ ရွှေတိဂုံဘုရားပေါ်သို့ပင် သွားနေစရာမလိုပါ၊ ကိုယ့်အိမ်ရှိ ဘုရားရုပ်ပွားတော် (ကြေးဆင်းတု၊ ကျောက်ဆင်းတု)ကို နွေလအခါ ပူသောအချိန်တွင် ကျောင်းဆောင်မှပင့်၍ အိမ်ဦးတွင် ချေးညှော်စင်အောင် ချေးချွတ်ဆေး၊ ဆပ်ပြာ၊ အဝတ်သန့်သန့်၊ ရေသန့်သန့်ဖြင့် သင့်လျော်ရာနေရာမှ လောင်း၍ ရိုသေလေးစားစွာ ရေသပ္ပါယ်ကုသိုလ်ယူသင့်ပါသည်။

စင်္ကြန်အခါ နှစ်သစ်ကူးအခါတို့တွင် ကျောင်းကန် ဘုရားတို့၌ ဥပုသ်စောင့်ကြသော ဥပုသ်သည် ကျား, မ, မဟူ ညနေပိုင်းတို့တွင် ကျောင်းရှိ ကြေးဆင်းတု၊ ကျောက်ဆင်းတုများကို ရိုသေစွာ ရေသပ္ပါယ်ကြသည်ကို တွေ့ရ ကြုံရလေ့ရှိပါသည်။ အချို့ရေအေးအေးတွင် အမွှေးနံ့သာများထည့်၍ ရေသပ္ပါယ်ကြသည်ကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ ကုသိုလ်ဖြစ်အောင် ရေသပ္ပါယ်သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရောင်တော်ပျံဘုရား ရှိသေးသည်ဆိုလျှင်

(မေး) (ရောင်တော်ပျံဘုရား ရှိသေးသည်ဆိုလျှင်)

ဆရာတော်ဘုရား၊ သာသနာငါးထောင် ကုန်ပြီးသည့်နောက်၌ ကမ္ဘာပေါ်တွင် ရှိသမျှသော ဂေါတမမြတ်စွာဘုရား ဓာတ်တော် မွေတော်များသည် ကောင်းကင်နတ်ပြည်သို့ ကြွတော်မူပြီးနောက် ရောင်တော်ပျံဘုရား ပွင့်တော်မူပြီး တရားဟောမည်ဆိုတာ ဟုတ်ပါသလား၊ ထိုသို့ဆိုလျှင် ဗုဒ္ဓမြတ်စွာဘုရားမှာ ရုပ်နာမ်ချုပ်ငြိမ်းပြီး ပရိနိဗ္ဗာန် စံတော်မူသည်မှာ မဟုတ်သေးဘဲ ဘုရားရှိနေသေးသည်ဟု ယူဆ၍ ရပါမည်လားဘုရား။

(နှင်းဆီမေ-တိုက်ကြီး)

(ဖြေ)

ဓာတ်တော် မွေတော်များ သာသနာတော်ကုန်ဆုံးချိန်တွင် လူ့ပြည်နတ်ပြည်ဒေသအသီးသီးမှ ဗောဓိမဏ္ဍိုင်သို့ကြွ၍ ဘုရားအသွင်တော်ဖြင့် နောက်ဆုံးတေဇောဓာတ်လောင်သွားခြင်းမှာ ဗုဒ္ဓမြတ်စွာဘုရား ရုပ်နာမ်ကျန်ရှိနေ၍ မဟုတ်၊ ပရိနိဗ္ဗာန် စံတော်မမူမီကပင် ထိုကဲ့သို့ဖြစ်ရန် အဓိဋ္ဌာန်ထားတော်မူခဲ့သောကြောင့် ဖြစ်ပါသည်၊ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ဝင်စံတော်မမူမီက ငါ-ပရိနိဗ္ဗာန်စံလျှင် ငါ့အလောင်းတော်ကို အလိုလို တေဇောဓာတ်လောင်စေ၊ ဓာတ်တော်မွေတော်ကို အဆင့်အားဖြင့် သုံးသွယ်၊ အရွယ်အားဖြင့် သုံးစား၊ အခြင်အားဖြင့် ရှစ်စိတ် ဖြစ်စေ-ဟု အဓိဋ္ဌာန်ထားတော်မူသကဲ့သို့ပင် သာသနာကုန်ဆုံးချိန်၌လည်း မုန်ညင်းစေ့သဏ္ဍာန် ဓာတ်တော်အသေးအမွှားမကျန် တေဇောဓာတ်လောင်ရန် အဓိဋ္ဌာန်တော်မူခဲ့ပါသည်၊ ထိုအချိန်၌ လူများ ဖူးတွေ့နိုင်ခြင်း၊ တရားဟောခြင်း မရှိ-ဟု ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရွှေတိဂုံနှင့် ဘုရားလေးဆူ ဓာတ်တော်

(မေး) (ရွှေတိဂုံနှင့် ဘုရားလေးဆူ ဓာတ်တော်)

ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ ကိန်းအောင်းလျက်ရှိသောဘုရားလေးဆူ၏ အသုံးအဆောင် ဓာတ်တော် မွေတော်များကို သိလိုပါသည်ဘုရား။

(မောင်ဇော်လတ်-ပဲခူးစုရပ်ကွက်, သန်လျင်မြို့)

(ဖြေ)

ရွှေတိဂုံ သမိုင်းဟောင်းများအရ -

၁။ ကကုသန်မြတ်စွာဘုရား၏ တောင်ဝှေးတော်၊

၂။ ကောဏာဂုံမြတ်စွာဘုရား၏ ရေစစ်တော်၊

၃။ ကဿပမြတ်စွာဘုရား၏ ရေသနုပ်တော်၊

၄။ ဂေါတမမြတ်စွာဘုရား၏ ဆံတော်များ ဖြစ်ကြောင်း သိရပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရှေးဘုရားတို့၏ ဓာတ်တော်များ

(မေး) (ရှေးဘုရားတို့၏ ဓာတ်တော်များ)

ရွှေတိဂုံသမိုင်းတွင် ကကုသန် စသော ရှေးဘုရားတို့၏ ဓာတ်တော်များကို ဌာပနာထားကြောင်း သိရပါသည်၊

ဘုရားဓာတ်တော်များသည် ဘုရားသာသနာကုန်လျှင် ဓာတုပရိနိဗ္ဗာန်ပရိနိဗ္ဗာန်စံ၍ မကျန်နိုင်ကြောင်း ကြားသိဖူးပါ၍ ကကုသန်-စသော ဓာတ်တော်များ ရှိနိုင်-မရှိနိုင် ရှင်းလင်းဖြေဆိုပေးပါရန် ဘုရား။

(မွန် အရှင်သန္တာစာရ-တနင်္သာရီ)

(ဖြေ)

ဓာတ်တော်များ ဓာတုပရိနိဗ္ဗာန်စံ၍ အနည်းငယ်မျှ မကျန်ရတော့ကြောင်းဆိုသည်မှာ သက်သမ်းတိုသော ဂေါတမမြတ်စွာဘုရား သာသနာတော်အတွက်သာ ဆိုခြင်းဖြစ်ကြောင်း မှတ်သားသင့်ပါသည်။

ကကုသန်စသော မြတ်စွာဘုရားတို့မှာ သက်တမ်းတော်ရှည်၍ ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါ ဓာတ်တော်များ မကျန်ရစ်ပါ၊ တလုံးတခဲတည်းသော ရုပ်ကြွင်းဓာတ်တော်ကို စေတီတည်ရစ်ကြောင်း ဆိုပါသည်၊

ရွှေတိဂုံသမိုင်းလာ ရှေးဘုရားတို့၏ ပူဇော်စရာမှာ ဓာတ်တော်များ မဟုတ်၊

တောင်ဝှေးတော်, ရေစစ်တော်, ရေသနုပ်တော် ဟူသော အသုံးအဆောင်များဖြစ်၍ ဘုရားရှင်တို့၏ တန်ခိုးတော်, တကမ္ဘာတိုင် အသက်ရှည်မည့် ဘုမ္မစိုး နတ်မင်းကြီးများ၏ ထိမ်းသိမ်းစောင့်ရှောက်မှု, ကိုးကွယ်ထိုက်သူ ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့၏ ကုသိုလ်ကံကြောင့် မရှိနိုင်စရာအကြောင်း မရှိပါ-ဟု ဖြေဆိုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ရှောက်သီးသုပ်

(မေး) (ရှောက်သီးသုပ်)

အရှင်ဘုရား၊ ရှောက်သီးသုပ်ကို ညနေမှာ စားကောင်းသည်ဆို၍ တပည့်တော်တို့ ကိုရင်များ သုပ်၍စားပါသည်။ ရှောက်သီးကို အခွံခွာပြီး တစစီမြွှာ၍ ဆီ၊ ဆား၊ ကြက်သွန်တို့ဖြင့် သုပ်ပါသည်။ ငရုတ်သီး စသည် မထည့်ပါ။ ဦးပဉ္ဇင်းများက စားကောင်းသည်ဟု ပြောပါသည်။ စားကောင်းပါသလား ဘုရား။

(ရှင်သောဏ-ညောင်ရွှေ)

(ဖြေ)

ရှောက်သီ၊ သံပရာသီးတို့မှာ အလုံးလိုက် ယာဝဇီဝိက ဆေးဖြစ်၍ အရည်ညှစ်၍ သောက်ခြင်း၊ အဖတ်ကို ၄င်းအတိုင်းစားခြင်းတို့မှာ အပ်သည်ဟု ဆရာတို့က ဆုံးဖြတ်ပါသည်။ သို့သော် ပြဿနာရှင်ရေးသကဲ့သို့ ဆီ-ဆားတို့နှင့် သုပ်လျှင် ကရမ္ဗက-ခေါ် လက်သုပ်စာရင်းသို့ ဝင်သွားသဖြင့် မစားအပ်တော့ပါ။ ချင်း ကြက်သွန်များလည်း တခုစီအနေဖြင့် အပ်သော်လည်း ချင်းသုပ် ကြက်သွန်သုပ်များဖြစ်လျှင် ထို့အတူ မအပ်ပါ။

ရဟန်းများ နေ့လွဲသောအခါတွင် ရှောက်သီးသုပ်၊ ချင်းသုပ်၊ ကြက်သွန်သုပ်များကို စားလျှင် ပါစိတ်အာပတ် သင့်ပါသည်။ သာမဏေများ စားလျှင်လည်း ဒဏ်သင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လေးသင်္ချေနှင့် ကမ္ဘာတသိန်း

(မေး) (လေးသင်္ချေနှင့် ကမ္ဘာတသိန်း)

ဂေါတမမြတ်စွာဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်ခဲ့ရသည် ဆိုရာ၌ လေးအသင်္ချေ-ဟူသည် ဘာကို ဆိုလိုပါသလဲဘုရား။

(သိုက်ထွန်း-မြို့လယ်ရပ်၊ သီပေါမြို့)

(ဖြေ)

ကမ္ဘာအသင်္ချေ-ဟူသည်မှာ မည်ရွေ့မည်မျှဟု ဂဏန်းချ၍ မရေမတွက်နိုင်အောင် များလှစွာသော

ကမ္ဘာတို့ကို ဆိုပါသည်၊

တနည်းအားဖြင့်-အသင်္ချေယျ ဂဏန်းဟူသည်မှာ ၁-ဂဏန်းနောက်တွင် သုညပေါင်း ၁၄၀-ရှိသော ဂဏန်းဟုလည်း အဆိုရှိပါသည်။

ထို ကမ္ဘာအသင်္ချေ ၄-ခု (လေးအသင်္ချေ) တို့မှာ ဘုရားမပွင့်သော သုညကမ္ဘာများသာ ဖြစ်သည်။

ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူသော ဝရကမ္ဘာ ကုန်ဆုံးသွားပြီးနောက် ကမ္ဘာ တသင်္ချေ သုဉ်းပါသည်၊

(လုံးဝ ဘုရားမပွင့်ပါ) ယင်းကို သေလာသင်္ချေ-ဟုခေါ်ပါသည်၊

ထို့နောက်မှ သာရကမ္ဘာ ပေါ်ထွန်းလာ၍ ကောဏ္ဍည-ဟူသော ဘုရားတဆူ ပွင့်ပါသည်၊ ယင်းနောက်

ကမ္ဘာ တသင်္ချေ သုဉ်းပြန်ပါသည်။ ဘာသသင်္ချေ-ဟု ခေါ်သည်။

ထို့နောက်တွင် ဝရကမ္ဘာ ပေါ်ထွန်းလာကာ မင်္ဂလ၊ သုမန၊ ရေဝတနှင့် သောဘိတ-ဟူသော ဘုရားလေးဆူ ပွင့်ထွန်းခဲ့သည်၊ ယင်းနောက် ကမ္ဘာတသင်္ချေ သုဉ်းပြန်သည်၊ ထိုအသေင်္ချကို ဇယသင်္ချေဟု ခေါ်သည်။

ထိုဇယသင်္ချေနောက်တွင် သာရမဏ္ဍကမ္ဘာ ပေါ်ထွန်းလာပြန်ကာ အနောမဒဿီ၊ ပဒုမနှင့် နာရဒ-ဟူသော ဘုရားသုံးဆူ ပွင့်ထွန်းခဲ့သည်၊ ၄င်းကမ္ဘာနောက်တွင် ကမ္ဘာတသင်္ချေပင် သုဉ်းပြန်လေသည်။ ထိုအသင်္ချေကို ရုစိသင်္ချေ-ဟု ခေါ်သည်။

ဤ သေလ,ဘာသ, ဇယနှင့် ရုစိ-ဟူသော သုညကမ္ဘာ လေးအသင်္ချေတို့၏ အကြားအကြား ပေါ်ထွန်းခဲ့သော ကမ္ဘာတို့တွင် ဘုရားတဆူနှင့်တဆူ ပွင့်တော်မူခဲ့သည်၊ ၄င်းနောက် ပဒုမုတ္တရမြတ်စွာဘုရား တဆူသာ ပွင့်တော်မူသော သာရကမ္ဘာ ပေါ်ထွန်း၍လာသည်၊ ၄င်းကမ္ဘာမှစ၍ ဤဂေါတမမြတ်စွာဘုရား ပွင့်တော်မူရာ ဘဒ္ဒကမ္ဘာအထိ ကမ္ဘာပေါင်း တသိန်း ဖြစ်ထွန်းခဲ့သည်၊

၄င်းကမ္ဘာတသိန်း အတွင်းတွင် ဘုရားရှင်ပေါင်း ၁၆-ဆူ ပွင့်တော်မူခဲ့ပါသည်၊ ဤသို့ လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ဟူသည်ကို မှတ်သားထားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

လောကီသီလ-လောကုတ္တရာသီလ

(မေး) (လောကီသီလ-လောကုတ္တရာသီလ)

အရှင်ဘုရား၊ များစွာသောသီလတို့တွင် လောကီသီလ၊ လောကုတ္တရာသီလ ဟူ၍၄င်း။

ပုထုဇဉ်သီလ-အရိယာသီလဟူ၍၄င်း။ ခြားနား၍ ရှိပါသလား။ ဤကဲ့သို့ မြတ်စွာဘုရားက ခွဲခြား၍ ဟောထားသည်များ ရှိပါသလား။ တပည့်တော်များ မှတ်သားထားနိုင်ရန် ဖြေကြားပေးတော်မူပါဘုရား။

(မောင်နှောင်း-ကနီမြို့)

(ဖြေ)

လောကီသီလ-လောကုတ္တရာသီလဟူ၍၄င်း၊ ပုထုဇဉ်သီလ-အရိယာသီလ-ဟူ၍၄င်း အထုူးခွဲခြားဟောကြားထားသည်ကား မရှိ။ သို့သော် ပုထုဇဉ်ပုဂ္ဂိုလ်များ ခံယူစောင့်ရှောက်ကြသည့် ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသော သီလတို့ကို လောကီသီလများဟု ခေါ်ဆိုရ၍ သောတာပန်-စသော အရိယာပုဂ္ဂိုလ်များ စောင့်ရှောက်သောသီလကို လောကုတ္တရာ သီလဟု ခေါ်ဆိုနိုင်ပါသည်။

သရဏဂုံ၌လည်း ထိုနည်းတူပင် ပုထုဇဉ်တို့ခံယူသော သရဏဂုံကို လောကီသရဏဂုံ၊ အရိယာတို့ ခံယူသောသရဏဂုံကို လောကုတ္တရာ သရဏဂုံ-ဟု ခေါ်ဆိုနိုင်ပါသည်။ လောကီသရဏဂုံနှင့် သီလတို့မှာ ပျက်နိုင်၍ လောကုတ္တရာသရဏဂုံနှင့် အရိယာသီလတို့ကား မပျက်ပြယ်နိုင်။ သက်ဆုံးတိုင် တည်တံ့ခိုင်မြဲလေတော့သည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဝေဿန္တရာကို မယ်မဒ္ဒီ ဖျောင်းဖျခြင်း

(မေး) (ဝေဿန္တရာကို မယ်မဒ္ဒီ ဖျောင်းဖျခြင်း)

အရှင်ဘုရား၊ မိမိအသက်ကို စွန့်လှူရန် ဆုံးဖြတ်ထားပါလျက် ခမည်းတော်တို့ တပ်ချီပြီး တောထဲလိုက်လာစဉ် ဝေဿန္တရာမင်း ကြောက်လန့်ငိုကြွေးရာ မယ်မဒ္ဒီက ဖျောင်းဖျရသည်ဟု ဆိုခြင်းမှာ သဘာဝလွန် မလွန် ဖြေရှင်းပြတော်မူပါရန် တောင်းပန်ပါသည်ဘုရား။

(ဒေါ်ခင်မြ-ဆရာမကြီး-ငြိမ်း၊ မန္တလေးမြို့)

(ဖြေ)

ယသောဓရာအလောင်းသည် ဘဝများစွာ၌ ဘုရားအလောင်းတော်အား ပါရမီဖြည့်ဖက် အဖြစ်ဖြင့် ဖြစ်ခဲ့ရာဝယ် ဖျောင်းဖျခြင်း၊ ကူညီခြင်း၊ အသက်ကယ်ခြင်း-တို့ဖြင့် ကျင်လည်ခဲ့ရသည်။

အမရာ ကိန္နရီ မဒ္ဒီဘဝ တော်ဝင်သူ၏ အဖြစ်တို့တွင် ပညာရှိသော အမျိုးသမီးဖြစ်သည်။ ထို့အတူ အမရာသည် မဟော်သဓာ သုခမိန်အားပင် မိမိပညာဖြင့် အသက်ဘေးမှ ကယ်ဆယ်ခဲ့သည်။

ကိန္နရီဘဝတွင်လည်း စန္ဒကိန္နရာအား သစ္စာပြု၍ အသက်ဘေးမှကယ်ဆယ်ခဲ့သည်။ ထိုတွင် မဒ္ဒီဘဝတွင်လည်း ဝေဿန္တရာမင်း သတိလစ်ဟင်း စိုးရိမ်ခြင်း ဖြစ်ခဲ့သည်တို့ကို နှစ်သိမ်မှု့ ပေးနိုင်ခဲ့ပါသည်။ အထူးအားဖြင့် မိန်းမဖြစ်လင့်ကစား အချို့နေရာတို့တွင် ယောကျ်ားတို့ထက် ဉာဏ်ပညာ သာလွန်ခဲ့ကြောင်း သိစေလိုခြင်းနှင့် မဒ္ဒီမိဖုရား၏ ပညာရှိပုံကို ပေါ်လွင်စေလိုခြင်းတို့ကြောင့် ဝေဿန္တရာမင်း စိုးရိမ်ကြောက်လန့်မှုကို မဒ္ဒီဒေဝီက ဖျောင်းဖျရပုံကို ဤနေရာတွင် ထုတ်ဖော်ဟောပြခြင်းဖြစ်ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သေခါနီး၌ နတ်ရထားဆိုက်ခြင်း

(မေး) (သေခါနီး၌ နတ်ရထားဆိုက်ခြင်း)

အရှင်ဘုရား အချို့သူတို့ သေလျှင် မသေမီ နတ်ရထားများဖြင့် လာ၍ခေါ်ကြောင်း၊ ပန်းကုံးများ ပစ်တင်ပါက ရထားစွန်း၌ ချိတ်နေကြောင်း ကြားဖူးပါသည်၊ မည်သို့သော အကျင့်သီလနှင့် ပြည့်စုံသူဖြစ်၍ ဤသို့ဖြစ်ရကြောင်း ရှင်းလင်းတောမူပါရန် လျှောက်ထားပါသည်ဘုရား။

(မသီတာခိုင်-၂-ရပ်ကွက်၊ ရွှေပြည်သာ)

(ဖြေ)

ဓမ္မပဒ-လာ မဟာဓမ္မိက ဥပါသကာ ဝတ္ထုတွင် မဟာဓမ္မိက ဥပါသကာသည် သား ၇-ယောက်၊ သမီး ၇-ယောက် ရှိကြောင်း၊ ၄င်းတို့ မိသားစုအားလုံး နေ့စဉ် စာရေးတံဆွမ်း၊ လဆန်းပက္ခ လဆုတ်ပက္ခ၌ လှူသောဆွမ်း၊ ပင့်ဖိတ်၍ လှူသောဆွမ်း၊ ဥပုသ်နေ့၌ လှူသောဆွမ်း၊ ဧည့်သည်တို့အား လှူသောဆွမ်း၊ သံဃာအားလှူသော ဆွမ်းနှင့် ဝါဆိုသင်္ကန်း၊ ကျောင်းကန်တို့ အမြဲမပြတ် လှူဒါန်းကြောင်း ၄င်းတို့အဖို့ နေ့စဉ် ဒါနသီလတို့ကို ပြုလုပ်၍သာ နေလေ့ရှိကြောင်း ဓမ္မိကဥပါသကာကြီး သေခါနီး၌ ရဟန္တာ ၁၆-ပါးတို့ကို ပင့်ဖိတ်၍ မဟာသတိပဋ္ဌာန သုတ်တော်အား နာကြားနေစဉ် နတ်ရထားများ ဆိုက်လာ၍ သူ့ရထားပေါ်တက်ပါ၊ ငါ့ရထားပေါ်တက်ပါ-ဟု အလုအယက် ဖိတ်ခေါ်ကြောင်း ပါရှိပါသည်။(ဓမ္မပဒ ဋ္ဌ-၁၊ ၈၃)

ဤကဲ့သို့ ဒါန သီလ ဘာဝနာနှင့် တသက်တာပတ်လုံး အမြဲမပြတ်နေသူ၊ သေခါနီးအထိ တရားတော်နှင့် နေသူဖြစ်က ဤသို့ နတ်ရထားများဖြင့် လာ၍ ပင့်ခေါ်ရသူ ဖြစ်နိုင်ပါသည်၊ ဤခေတ်တွင်လည်း အချို့အလှူရှင် သူတော်ကောင်းကြီးများ သေခါနီးတွင် နတ်ရထားများ လာနေသည်၊ နတ်သား နတ်သမီးတွေ လာခေါ်နေသည်-ဟု ပြောကြားသွားကြောင်း ကြားသိရဖူးပါသည်၊ သေခါနီး ဂတိနိမိတ်သည် အတိတ် ပစ္စုပ္ပန် တရားနှစ်ပါး၌ ဖြစ်နိုင်ရာ ပစ္စုပ္ပန် ဂတိနိမိတ်ဖြစ်လျှင် အမှန်ပင် နတ်ရထားများ၊ နတ်သား နတ်သမီးများ လာရောက်သည်မှာ မဖြစ်နိုင်ဟု မဆိုနိုင်ပေ။

အမှန်တကယ် တရားရှင်ကြီးများအဖို့ ကမ္မဝိပါကော အစိန္တိယော-အရ သို့လောသို့လော တွေးတောကြံစည်နေဖွယ် မလိုတော့ပါ-ဟု ပြောလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သေခါနီးအချိန်

(မေး) (သေခါနီးအချိန်)

အရှင်ဘုရား၊ လူ့လောကတွင် လူတဦးသည် တဘဝလုံး မကောင်းမှုဒုစရိုက်ကို ပြုလုပ်လာခဲ့သည်။ သို့သော် သေခါနီးကာလ တဒင်္ဂလေးမှာ အလှူဒါန အမျှပေးဝေသောအခါ သာဓုခေါ်နိုင်ခြင်းသည် ကောင်းရာသုဂတိသို့ သွားပါမည်လား။

တသက်လုံး စိတ်ကောင်းထားကာ အလှူဒါနဖြင့် မွေ့လျော်ခဲ့ပြီး သေခါနီး တဒင်္ဂလေးမှာ ဇောစိတ်ကြောင့် အယူလွဲမှား၍ အသက်ဆုံးခဲ့လျှင် ဒုဂ္ဂတိဘုံသို့ သွားပါမည်လား။ ဖြေကြားတော်မူပါဘုရား။

(ဦးလှကျော်-ပညာရေး-ငြိမ်း၊ ကျောက်ဖြူမြို့)

(ဖြေ)

ပါကဒါန ပရိယာယ-ကံလေးပါးတွင် အာသန္နကံ ဟူသည်မှာ သေခါနီး၌ အောက်မေ့အပ် ပြုအပ်သော ကံဖြစ်၍ အားနည်းလင့်ကစား အာစိဏ္ဏကံ-စသော အားကြီးသော ကံများကို ဖြတ်၍ အကျိုးပေးတတ်ပါသည်။

နွားခြံ၌ နွားအများရှိရာ နွားအိုကြီးသည် ခြံဝင်၌ အားနည်း၍ နောက်ဆုံးမှ ဝင်ရသော်လည်း ခြံထွက်တွင် အပေါက်ဝနှင့် နီးသဖြင့် ရှေးဦးစွာ ထွက်နိုင်သကဲ့သို့ ဖြစ်ကြောင်း ဥပမာပြပါသည်။

ထို့ကြောင့် သေခါနီး၌ အောက်မေ့အပ်၊ ပြုအပ်သောကံသည် အကျိုးပေးတတ်သဖြင့် သေခါနီး၌ တရားစာပေ ရွတ်ဖတ်ပေးခြင်း၊ ဟောပြောပေးခြင်း၊ ကုသိုလ်ပြုပေးခြင်း စသည်ဖြင့် မိတ်ဆွေကောင်း လိုအပ်ကြောင်း သတိပြုအပ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သေဆုံးသူနဲ့ သစ်ခက်

(မေး) (သေဆုံးသူနဲ့ သစ်ခက်)

အရှင်ဘုရား၊ အချို့ရွာများတွင် သေသူကိုရည်စူး၍ ရက်လည်ဆွမ်းသွတ် ပြုလုပ်ရာ၌ သေဆုံးသူမြှုပ်နှံရာသို့ သွားပြီး သစ်ရွက်စိမ်း တခက်၊ နှစ်ခက် ချိုးကာ သေဆုံးသူကို တရားနာရန် ဖိတ်ခေါ်ပါသည်။ ဤသို့ပြုလုပ်သဖြင့် သေဆုံးသူ တရားနာ လာ-မလာ၊ လိုက်-မလိုက် သိလိုပါသည်ဘုရား။

(နောင်ပိန်သား မောင်မောင်-ကျောက်မဲမြို့)

(ဖြေ)

သေဆုံးသူသည် လူ့ဘုံ နတ်ဘုံ တိရစ္ဆာန်ဘုံသို့မရောက်ဘဲ လူတို့နှင့်နီးစပ်သော မိသားစုဆွေမျိုးတို့ပြုသော ကုသိုလ်ကို ငံ့လင့်နေသော ဝေမာနိကပြိတ္တာမျိုး ဖြစ်လျှင် ကျန်ရစ်သူတို့ပြုသော ကုသိုလ်ကို အမျှယူ သာဓုခေါ်နိုင်သည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်များကို ခေါ်ယူကာ လိုက်ပါနိုင်ပါသည်။

သစ်ခက်ဖြင့် တသီးတသန့် ဖိတ်ခေါ်၍ လေးလေးစားစား ပြုခြင်းသည် ပို၍ပင် လေးနက်ကောင်းမွန်ပါသည်။ သစ်ခက်ဖြင့် မခေါ်သော်လည်း တရားနာခါနီးတွင် နာမည်ခေါ်၍ ဖိတ်ကြားခြင်းထုံးစံလည်း ရှိပါသည်။ ကောင်းသည့်အလေ့အထ ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သေခြင်းတရား ဆင်ခြင်မှုနှင့် လက္ခဏာရေးသုံးပါး ဆင်ခြင်မှု

(မေး) (သေခြင်းတရား ဆင်ခြင်မှုနှင့် လက္ခဏာရေးသုံးပါး ဆင်ခြင်မှု)

အရှင်ဘုရား၊ သေခြင်းတရားကို နေ့စဉ်နှင့်အမျှ ဆင်ခြင်သောသူအား နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါသလားဘုရား။

(၂) အနိစ္စ၊ ဒုက္ခ၊ အနတ္တ အမြဲမရှိ်ဟု လက္ခဏာရေးသုံးပါးကို အမြဲဆင်ခြင်သောသူအား နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါသလားဘုရား။

(အောင်အေးမင်းထိုက်၊ ဆိပ်သာရွာ၊ ဟင်္သာတမြို့နယ်)

(ဖြေ)

သေခြင်းတရားကို ဆင်ခြင်သောသူအား နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါသည်။ အင်္ဂုတ္တိုရ် ပါဠိတော် ဒု-အုပ် နှာ-၆၅၊ အဘိဏှပစ္စဝေက္ခိတဗ္ဗဃာနသုတ်၌ သဗ္ဗေ သတ္တာ မရဏဓမ္မာ၊ မရဏံ အနတီတာတိ တဿ တံ ဌာနံ အဘိဏှံ ပစ္စဝေက္ခတော မဂ္ဂေါ သဉ္ဇာယတိ သော တံ မဂ္ဂံ အာသေဝတိ၊ ဘာဝေတိ၊ ဗဟုလီကရောတိ။ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သံယောဇနာနိ သဗ္ဗသော ပဟီယန္တိ အနုသယာ ဗျန္တီ ဟောန္တိ-ဟူ၍ ပါရှိသည်။

ထိုသေခြင်းအကြောင်းကို မပြတ်ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာဖြစ်ပေါ်လာ၏၊ ထိုမဂ်ကို မှီဝဲ၏၊ ပွားများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲပွားများ ကြိမ်ဖန်များစွာပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ငြိမ်းကုန်၏၊ အစဉ်ကိန်းနေသော အနုသယတို့သည် ကင်းပြတ်ကုန်၏-ဟူ၍ ဆိုလိုသည်။

ဝိသုဒ္ဓ်မဂ်မှာလည်း မရဏဿတိ ပွားသူသည်-

(၁) မေ့လျော့ခြင်း ကင်း၏၊

(၂) ဘုံသုံးပါးမှ ထွက်လိုသော သညာ ရလွယ်၏၊

(၃) အသက်ခန္ဓာ တွယ်တာခြင်း ကင်း၏၊

(၄) မကောင်းမှုကို ကဲ့ရဲ့နိုင်၏၊

(၅) ပစ္စည်းမသို။

(၆) ကျောင်းသင်္ကန်းစသော ပရိက္ခရာ၌ ဝန်မတို။

(၇) အနိစ္စသညာ အလေ့အလာရ၏၊

(၈) ဒုက္ခ ထင်လွယ်၏၊

(၉) အနတ္တ မြင်လွယ်၏၊

(၁၀) မကြောက်မရွံ့ မတွေမဝေ ကောင်းသောနိမိတ်ထင်၍ အသေလှ၏၊

(၁၁) မျက်မှောက်ဘဝတွင် အသေကင်းသော နိဗ္ဗာန်ကို ရနိုင်၏၊

(၁၂) မရလျှင် သုဂတိသာ လားရာရှိ၏၊ ဟူ၍ ဆိုထားပါသည်။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး ၃-ပါး ဆင်ခြင်နိုင်လျှင် ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် အမြင်ရ၍ နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သေခြင်းတရားနှင့် စပ်လျဉ်း၍

(မေး) (သေခြင်းတရားနှင့် စပ်လျဉ်း၍)

အရှင်ဘုရား၊ တပည့်တော်တို့ သေသွားလျှင် ဘယ်နေရာကို သွားရမည်၊ သွားရမည့်နေရာကို စီရင်ထားချက် ရှိ-မရှိ (သို့မဟုတ်) သေသွားလျှင် သတ်မှတ်ချက်မရှိ ရောက်ချင်ရာဘုံဘဝသို့ ရောက်သွားပါသလား။ ထို့ပြင် တပည့်တော်တို့ပြုသော အပြစ်များကို မည်သူက တရားစီရင်ပါလဲ။ ဖြေကြားပေးတော်မူပါဘုရား။

(James-လမ်းမတော်မြို့နယ်)

(ဖြေ)

ပုထုဇဉ်လူသားနှင့် ကာမဘုံသား သတ္တဝါများသေလျှင် ဒေဝ+မနုဿ၊ နိရယနှင့်၊ ပေတ+တိရစ္ဆာန်၊ လားရန်အရှိ၊ ငါးတန်သော ဂတိ-ဆိုသည့်အတိုင်း ကုသိုလ်ကောင်းမှုရှိသူတို့က ဒေဝ-နတ်ပြည်၊ မနုဿ-လူ့ပြည်သို့ ပြန်ရောက်ကြမည်။

အကုသိုလ်ကံများသူတို့က နိရယ-ငရဲဘုံ။ ပေတ-ပြိတ္တာဘုံ။ တိရစ္ဆာန-တိရစ္ဆာန်ဘုံတို့သို့ ရောက်ရှိကြပါမည်။ သွားရမည့်နေရာ ၅-ဌာန ရှိပါသည်။

သွားလိုသည့်ဘဝကို သတ်မှတ်ထားလို့ ရ-မရမှာ မိမိအမှန်တကယ် သွားလို ရောက်လို ဖြစ်လိုသောဘဝကို ရည်ရွယ်ချက်၊ သတ်မှတ်ချက် ပြု၍ ရပါသည်။

ဥပမာ-နိုင်ငံခြားသို့ သွားလို၊ ရောက်လိုသော သူသည် အမှန်တကယ် သွားရောက်လိုသော ရည်မှန်းချက်ဖြင့် သွားရောက်နိုင်ကြောင်းဖြစ်သော လိုအပ်ချက် အမျိုးမျိုးတို့ ပြည့်စုံအောင် ဆောင်ရွက်ရပါမည်။(သွားချင်ရုံနှင့်ကား ရောက်မည်မဟုတ်ပါ)။

ဘဝကောင်းကို ရောက်လိုသူသည် ရောက်နိုင်ကြောင်းဖြစ်သော လိုအပ်ချက်အမျိုးမျိုးတို့ကို ပြုလုပ်ရပါမည်။

ဘဝကောင်းရောက်လိုသူသည် သဒ္ဓါ-ကံ ကံ၏အကျိုးတရားတို့ကို ယုံကြည်မှု။

သီလ-အကျင့်သီလနှင့် ပြည့်စုံမှု။

သုတ-အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံမှု။

စာဂ-စွန့်ကြဲပေးကမ်း လှူဒါန်းမျှဝေမှု။

ပညာ-အမှန်အတိုင်း အရာရာမှာ သိတတ်၊ မြင်တတ်၊ နားလည်တတ်သော လောကီပညာ၊ လောကုတ္တရာပညာတို့နှင့် ပြည့်စုံမှု-ဟူသော တရားများနှင့် ပြည့်စုံရမည်။

ဤတရားများနှင့် ပြည့်စုံလျှင် မိမိရောက်လို ရလိုသော ဘဝကောင်းကို ရရှ်ိနိုင်ပါသည်။

သတ္တဝါအများ ပြုပြင်သမျှ အကျိုး၊ အပြစ်အားလုံးကို ကံ-မင်းတရားက စီရင်ချက်ချပါသည်။ ဘဝကောင်း ဘဝညံ့ကို ရောက်သွားခြင်း၊ ရုပ်လှသူ၊ မလှသူ၊ ဆင်းရဲသူ၊ ချမ်းသာသူ၊ ပညာတတ်သူ၊ မတတ်သူ၊ အမျိုးယုတ်သူ၊ အမျိုးမြတ်သူအဖြစ်သို့ ရောက်အောင် မိမိပြုထားသော ကံတရားကသာ စီရင်ချက် ချပေးပါသည်။

ကိုယ့်ကုသိုလ်က၊ ကိုယ့်ကိုမ၊ မုချအားကိုးရာ။

ကိုယ့်အကုသိုလ်က၊ ကိုယ့်ကိုချ၊ မုချဆင်းရဲရာ။

မိမိကို တရားစီရင်မည့်၊ မ,စမည့် အားကိုးရမည့် ကုသိုလ်ကံတရားများကို များများဆည်းပူးပြုလုပ်ထားရမည်။ မိမိကို အပါယ်ငရဲသို့ တွန်းချမည့်၊ ဆင်းရဲတွင်းသို့ တွန်းချမည့် အကုသိုလ်ကံတရားတို့ကို မဆည်းပူးမိ၊ အပေါင်းအသင်း မလုပ်မိဖို့ အထူးအရေးကြီးသည်။ ထိုအကုသိုလ်တရားတို့ကို များများကြီး ရှောင်ကြဉ်ကြပါဟူလို။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

သေရွာပြန်

(မေး) (သေရွာပြန်)

အရှင်ဘုရား၊ အရပ်ဒေသအချို့မှာ တစုံတယောက် သေဆုံးသွားပြီဆိုပြီး သုသာန်သို့ပို့ဆောင်ပါသည်။ သုသာန်ကျမှ ပြန်လည်သတိရ အသက်ရှင်သဖြင့် ရွာတွင်းပြန်လာသည်။ ဤတွင် ရွာတွင်း မိမိအိမ်သို့ ပြန်လာခွင့်မရှိ၊ ပြန်မခေါ်ကောင်းဟု အယူအဆတွေ ရှိနေပါသည်။ ဒီလို အယူအဆတွေကို ပြင်ကောင်း မပြင်ကောင်း ဖြေကြားပေးစေလိုပါသည်ဘုရား။

(မောင်ဝင်းဦး-ပင်းတယမြို့နယ်)

(ဖြေ)

အရပ်ဒေသဆိုင်ရာ အစွဲအလမ်းအမျိုးမျိုး ရှိကြမြဲဖြစ်ရာ အချို့ အခြေအမြစ်မရှိ၊ ထင်မိထင်ရာ ယူဆနေကြခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ မရှိပါ။

မြတ်စွာဘုရားလက်ထက်တော်အခါက အမျိုးသမီးတဦး ကိုယ်ဝန်အရင့်အမာဖြင့် သေဆုံးသွားသည်။ ထိုအမျိုးသမီး သုသာန်၌ မီးသဂြိုံဟ်စဉ် ဝမ်းတွင်းမှ သန္ဓေသား မသေဘဲရှိသဖြင့် ထင်းပုံပေါ်မှ ချ၍ ဝမ်းကိုခွဲယူသည်။ ထိုအခါ ကလေးမသေဘဲ အသက်ရှင်နေ၍ ကွယ်လွန်သူ အမျိုးသမီး၏ မိခင်က ထိုကလေးကို ယူ၍ မွေးထားရကြောင်း ထိုကလေးကြီး၍ ဘုရားသာသနာတော်၌ သာမဏေရဟန်းဖြစ်ကာ ရဟန္တာဖြစ်သွားပြီး သံကိစ္စမထေရ်ဟု ထင်ရှားကြောင်း စာပေရှိပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာထုံးစံအတိုင်း ဆိုက ဖော်ပြပါ အစွဲအလမ်း၊ အယူအဆတို့ အခြေအမြစ်မရှိ၊ သတ္တဝါတို့ ကံအားလျော်စွာ ဖြစ်သင့်ကြောင်း မှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သွေးလှူဒါန်းခြင်း

(မေး) (သွေးလှူဒါန်းခြင်း)

အရှင်ဘုရား၊ တပည့်တော်သည် ဆင်းရဲချို့တဲ့သဖြင့် အလှူဒါန ကြီးကြီးကျယ်ကျယ် မပြုနိုင်ပါ။ သို့သော် သွေးလှူဒါန်းမှုကိုမူ မကြာမကြာ ပြုပါသည်။ သွေးလှူဒါန်းခြင်းသည် မည်ကဲ့သို့ ကုသိုလ်ရကြောင်း၊ ဒါနအများတွင် မည်သည့်ဒါနမျိုးဖြစ်ကြောင်း သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။

(မသီတာ-ဘုရင့်နောင်စျေး၊ ရန်ကုန်)

(ဖြေ)

နိဗ္ဗာန် မဂ်ဖိုလ်ကို ဆုတောင်း၍ အပဗဟိဒ္ဓဖြစ်သော ပစ္စည်းဝတ္ထု (တိုင်းပြည်နှင့် သားမယားအထိ) လှူဒါန်းသော ဒါနမှာ ဒါနပါရမီဖြစ်၍

အင်္ဂါ, ခြေ, လက်, မျက်စိ, နား, နှာ စသည် လှူဒါန်းသောဒါနမှာ ရိုးရိုးဒါနပါရမီထက် မွန်မြတ်သော ဒါနဥပပါရမီ ဖြစ်ပါသည်။

သူတပါးအတွက် မိမိအသက်ကို စွန့်လှူသော ပါရမီမှာ အမြတ်ဆုံး ပရမတ္ထပါရမီ ဖြစ်ပါသည်။

သွေးလှူခြင်းမှာ ဗဟိဒ္ဓပစ္စည်းဝတ္ထုထက် အရင်းကျသော အဇ္ဈတ္တဝတ္ထုသွေးဖြင့် ကယ်ဆယ်သောသဘော ဖြစ်သဖြင့် ဒါနဥပပါရမီ၌ သွင်း၍ရပါသည်။ ထူးမြတ်သော အသက်ကယ်ဒါန (ဇီဝိတဒါန) ဖြစ်သဖြင့် သွေးလှူခြင်းမှာ အလွန်မွန်မြတ်လှပါသဖြင့် ကြိုးစား၍ လှူဒါန်းစေလိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သေသူအတွက် ရိက္ခာဆက်

(မေး)။ ဘုရားပွဲများတွင် သံဃာတော်များအား မုန့်စသည် လောင်းလှူရာတွင် မုန့်တပေါက်၊ ဝက်သားတပေါက် ဟူ၍၄င်း၊

နာရေးကိစ္စများ၌ ဆွမ်းသွတ်သည်၊ ဆွမ်းစဉ်သည် ဟူ၍၄င်း သုံးစွဲခေါ်ဆိုကြပါသည်၊

အဘယ့်ကြောင့် ထိုကဲ့သို့ ခေါ်ဆိုသည်ကို ရှင်းပြတော်မူပါရန်။

(မောင်ဘအေး၊ တိုးတက်ရေးစာကြည့်သင်း၊ ရွာထောင်ရွာ၊ မုံရွာမြို့နယ်)

(ဖြေ)။ အချို့အရပ်များတွင် မုန့်ဖုတ်သည်၊ မုန့်လုပ်သည်ကို မုန့်ဖောက်သည်ဟု ခေါ်၍ လုပ်ပြီးသော မုန့်တအိုး လုံးကို မုန့်တဖောက်၊ (မုန့်တဘောက်) ထို့အတူ ဝက်သားတအိုးကို ဝက်သာ တဖောက်၊ (ဝက်သာတဘောက်)ဟု ခေါ်ရာမှ ဤဝေါဟာရများ ဖြစ်လာရန် အကြောင်းရှိပါသည်။

နာရေးကိစ္စ ရက်လည်စသည်တို့၌ ဆွမ်းကို သံဃာတော်တို့၏ သပိတ်အတွင်း သွတ်သွင်းလှူဒါန်းသည်ကို သပိတ်သွတ်သည်ူ၍၄င်း၊ သံဃာ ငါးပါး ဆယ်ပါး စသည် အစဉ်အတိုင်း ဆွမ်းများစဉ်တန်းလှူဒါန်းခြင်းကို ဆွမ်းစဉ်သည် ဟူ၍၄င်း ခေါ်ပါသည်။

ဒေသအခေါ်အဝေါ်များမှာ တနေရာနှင့်တနေရာ မတူကြပါ၊

သင်ပုတ်လှူ၊ ဂေါ်ဆွမ်း၊ ဘုံဆွမ်း၊ တန်းဆွမ်း၊ ဆွမ်းလုံးချ စသည့်ဝေါဟာရများမှာလည်း ဒေသအားလျှော်စွာ ရှိကြသဖြင့် လေ့လာဖွယ် မှတ်သားဖွယ်များပင် ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သောတာပန်ပုဂ္ဂိုလ်နှင့် အရက်

(မေး) (သောတာပန်ပုဂ္ဂိုလ်နှင့် အရက်)

အရှင်ဘုရား၊ သောတာပန်ပုဂ္ဂိုလ်တယောက်ကို အရက်နှင့် ရေ ရောပြီး တိုက်သည်ရှိသော် ရေသာဝင်၍ အရက်မဝင်ဟု ဆိုသော ပါဠိတော်ကို မှတ်သားနိုင်ရန် ထုတ်ပြညွှန်းပေးပါဘုရား။

(မောင်ဇင်ကိုကို-မြောင်းမြမြို့)

(ဖြေ)

ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ-၂၇၃၊ ကူဋဒန္တသုတ်အဖွင့်တွင်-သစေပိဿ သုရဉ္စ ခီရဉ္စ မိေဿတွာ မုခေ ပက္ခိပန္တိ ခိရမေဝ ပဝိသတိ န သုရာ ယထာကိံ ကောဥ္ဖသကုဏာနံ ခိရ မိဿကေ ဥဒကေ ခီရမေဝ ပဝိသတိ န ဥဒကံ ဣဒံ ယော န သိဒ္ဓန္တိစေ၊ ဣဒံ ဓမ္မတာ သိဒ္ဓန္တိ စ ဝေဒိတဗ္ဗံ-ဟု မိန့်ဆိုသည်။

အဓိပ္ပါယ်မှာ ကြိုးကြာငှက်တို့ကို နို့နှင့်ရေ ရော၍ တိုက်လျှင် နို့သာဝင်၍ ရေ မဝင်ပါ။ ဤသည်မှာ အမျိုးဇာတ်၏ ပြီးစီးခြင်းဖြစ်၍ သောတာပန်ပုဂ္ဂိုလ်ကို အရက်နှင့်နို့ရည်ကို ရော၍ တိုက်သည်ရှိသော် နို့ရည်သာဝင်၍ အရက်မဝင်ပါ။ ဤသည်မှာလည်း ဓမ္မတာ (တရားသဘော) ၏ ပြီးစီးခြင်းပင် ဖြစ်သည်ဟု ဆိုပေသည်။ အရိုင်းစိုင်းဆုံး အရက်နှင့် အယဉ်ကျေးဆုံး အရိယာတရားတော်တို့ ဆန့်ကျင်ပုံကို ဥပမာပြ၍ ဖွင့်ဆိုခြင်းပင် ဖြစ်ကြောင်း မှတ်သားရာ၏၊

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သောတာပန်ဖြစ်ရန်

(မေး) (သောတာပန်ဖြစ်ရန်)

သောတာပန်ဖြစ်ရန် မည်သည့်အင်္ဂါရပ်များနှင့် ပြည့်စုံရပါမည်နည်း ဘုရား၊

တပည့်တော် ရထားသောလင်္ကာမှာ-

သက်သတ် ခိုးမှု၊ ကာမေသု၊ မုသား သုရာ၊ ကင်းပြတ်ကွာ၊ မှတ်ပါ သောတာပန်-ဟု ဖြစ်ပါသည်၊ သည်လောက်နှင့် မပြည့်စုံသေး ဆို၍ မေးလျှောက်ရခြင်း ဖြစ်ပါသည် ဘုရား။

(ဦးမှတ်ကြီး-တာယာစက်ရုံ၊ သထုံမြို့)

(ဖြေ)

သောတာပန်ဖြစ်ရန်အတွက် သောတာပတ္တိမဂ်ရရန် ရှေ့အဖို့က ပြည့်စုံစေရမည့် အကြောင်းအင်္ဂါများမှာ-

သပ္ပုရိသသံသေဝ-သူတော်ကောင်းတို့နှင့် ပေါင်းသင်းခြင်း။

သဒ္ဓမ္မဿဝန-တရားနာခြင်း။

ယောနိသောမနသိကာရ-သင့်တင့်အောင် နှလုံးသွင်းခြင်း။

ဓမ္မာနုဓမ္မပဋိပတ္တိ-မဂ်ဖိုလ်အားလျော်သော အကျင့်တရားကို ကျင့်ခြင်း။

သောတာပတ္တိယင်္ဂတရား လေးပါးတို့ ဖြစ်သည်။

ထို့ပြင် ဗုဒ္ဓေ အဝစ္စပသာဒ စသည့် ဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း။

တရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း။

သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း။

အရိယကန္တဟု ဆိုအပ်သော ငါးပါးသီလနှင့် ပြည့်စုံခြင်း

ဤတရားလေးပါးနှင့်လည်း ညီညွတ်ကုံလုံစေရမည် ဖြစ်ပေသည်။

ဤသောတာပတ္တိယင်္ဂ တရားများနှင့် ပြည့်စုံသူသာ သောတာပန်ပုဂ္ဂိုလ် ဖြစ်နိုင်ပါသည်၊

ပြဿနာရှင်ဖော်ပြသောလင်္ကာမှာ- သောတာပန်ပုဂ္ဂိုလ် ငါးပါးသီလ လုံခြုံကြောင်းကို ပြသည့်လင်္ကာဖြစ်၍ အောက်ဖော်ပြလတံ့သော ဆောင်ပုဒ်ကလေးများကို ဆောင်ယူထားသင့်ပါသည်။

သူတော်ကောင်းခို၊ တရားကိုနာ၊ သင့်စွာစိတ်ထား၊ တရားကျင့်ကာ၊ ညီလေးဖြာ၊ သောတာပတ္တိယင်။

ဗုဒ္ဓ ဓမ္မ၊ သံဃကိုယုံ၊ မတုန်လှုပ်ဘိ၊ အရိယကန္တ၊ သီလငါးဖြာ၊ စုံညီညာ၊ သောတာပတ္တိယင်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သောတာပန်နှင့် ခုနစ်ဘဝ

(မေး) (သောတာပန်နှင့် ခုနစ်ဘဝ)

အရှင်ဘုရား၊ တပည့်တော်မ ရိုသေစွာ လျှောက်ထားအပ်ပါသည်။ သောတာပန်ဖြစ်ပြီးသူ တဦးသည် ဗြဟ္မာ့ပြည်၊ နတ်ပြည်၊ လူ့ပြည်၌ ခုနစ်ဘဝ ကျင်လည်ပြီးမှ နိဗ္ဗာန်သို့ တက်လှမ်းရသည်ဟု မှတ်သားရဘူးပါသည်။ ဗြဟ္မာနှင့် နတ်တို့၏ သက်တမ်းသည် အလွန်ရှည်လျားသောကြောင့် နိဗ္ဗာန်သို့ရောက်ရန် အချိန်ပိုကြာမြင့်သည်ဟု ထင်ပါသည်။ ထိုခုနစ်ဘဝကို လူ့ပြည်၌ ကျင်လည်ပါက နိဗ္ဗာန်သို့ မြန်မြန်ရောက်နိုင်မည်ဟု ထင်မိပါသည်။ ထို့ကြောင့် သောတာပန်ပုဂ္ဂိုလ် တဦးအနေဖြင့် နတ်ပြည်၊ ဗြဟ္မာပြည် တို့သို့မရောက်ရန် မည်သို့ကျင့်ကြံသင့်သည်ကို ဖြေကြားပေးတော်မူပါဘုရား။

(မနီနီ-မော်လမြိုင်)

(ဖြေ)

သောတာပန်ဖြစ်သောပုဂ္ဂိုလ်သည် ဧကဗီဇိ သောတာပန်၊ ကောလံကောလ သောတာပန်၊ သတ္တက္ခတ္တုပရမ သောတာပန်-ဟု သုံးမျိုးရှိရာ မနီနီမေးမြန်းထားသော ခုနစ်ဘဝ ကျင်လည်ရသည့် သောတာပန်မှာ ဉာဏ်အနုံ့ဆုံး သောတာပန်ဖြစ်၍ သောတာပန်ဖြစ်သူတိုင်း မဟုတ်ပါ။

ဘုံစဉ်စံခေါ် ဝဋ္ဋာဘိရတ သောတာပန်များမှာ ထို့ထက်ပင် ကြာပါသေးသည်။ ဝိသာခါ၊ အနာထပိဏ် စသည် ၇-ဦးရှိပါသည်။ ခုနစ်ဘဝ လူ့ပြည်၊ နတ်ပြည်၌ ကျင်လည်သော သတ္တက္ခတ္တုပရမ သောတာပန် မဖြစ်လိုက သကဒါဂါမ်စသည်ဖြစ်ရန် ဆက်လက်ကျင့်သုံးသွားရန်သာ လိုပါသည်။

သောတာပန်စသည့် အရိယာပုဂ္ဂိုလ်များ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ ဖြစ်က နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့တွင် သူတို့ရှိနေသမျှ သာသနာ ပွင့်လင်းနေပါသည်။ ပုထုဇဉ် သူတော်ကောင်း နတ်ဗြဟ္မာများမှာ ထိုသောတာပန်စသော နတ်ဗြဟ္မာများနှင့်တွေ့၍ တရားနာကြားကာ နတ်ပြည်၊ ဗြဟ္မာ့ပြည်များမှာပင် မဂ်ဖိုလ်ရနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သောတာပန်နှင့် ဒိဋ္ဌိတရား

(မေး) (သောတာပန်နှင့် ဒိဋ္ဌိတရား)

အရှင်ဘုရား၊ တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်။ တပည့်တော်မ ဖတ်ဖူးသော စာအုပ်များတွင် သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ။ ဤသုံးပါးကို ပယ်နိုင်လျှင် သောတာပန်ဖြစ်သည်ဟု ဖတ်ဖူးပါသည်။ ယခင်လ မြတ်မင်္ဂလာစာစောင်၌ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်လေးပါးနှင့် ဝိစိကိစ္ဆာတပါး၊ စုစုပေါင်း ငါးပါးကို ပယ်နိုင်လျှင် သောတာပန်ဖြစ်သည်ဟု တွေ့ရပါသည်။ ထို့ကြောင့် သုံးပါးနှင့် ငါးပါး မည်သို့ကွာခြားသည်ကို ဖြေကြားပေးတော်မူပါဘုရား။

(မနီနီ-မော်လမြိုင်မြို့)

(ဖြေ)

အကုသိုလ်စိတ် ၁၂-ခု၌ပါသော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးပါးဟုဆိုလျှင် ဒိဋ္ဌိအားလုံး အကျုံးဝင်သွားပါသည်။ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတို့လည်း ထိုဒိဋ္ဌိဂတသမ္ပယုတ်စိတ်တွင် ပါသွားပါသည်။ ထို့ကြောင့် သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးခု၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်တခု၊ ဤငါးခုသော ကိလေသာတို့ကို အကြွင်းမဲ့ပယ်သည်။ ဟု ဆိုလျှင် သက္ကာယဒိဋ္ဌိ စသော ဒိဋ္ဌိအားလုံး ပါဝင်သွားကြောင်း မှတ်သားသင့်ပါသည်။

အခြားပြဿနာများနှင့်စပ်၍ မှတ်သားရန်မှာ သောတာပန်ဖြစ်သွားလျှင် သုဂတိ-ဂတိမြဲသွားပါပြီ။ လုံးဝအပါယ်သို့ ကျရောက်နိုင်ခြင်း မရှိတော့ပါ။ သောတာပန်ဖြစ်ပြီးသော အရိယာပုဂ္ဂိုလ်သည် သကဒါဂါမ်စသည် အထက်မဂ်ဖိုလ်သို့သာ လားရာရှိပါသည်။ ပုထုဇဉ်ဘဝသို့ လုံးဝပြန်လည်လျှောကျခြင်း မရှိပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သောတာပန်နှင့် လူ့ဘဝ

(မေး) (သောတာပန်နှင့် လူ့ဘဝ)

ဤဘဝတွင် သောတာပန်ဖြစ်ပြီး၍ စုတေခဲ့ပြီး နောက်ဘဝတွင် လူ့ဘဝတွင် ပြန်ရောက်နိုင်ပါသေးသလား၊ ယခင်ဘဝတွင် မည်သည့်တရားမျှ မကျင့်ကြံရသေးမီ မိမိကိုယ်ကို သောတာပန်ဟု သိရှိနိုင်ပါသလား၊ နတ် ဗြဟ္မာ ဘဝတွင် အရိယာအဖြစ် ကျင့်ကြံ၍ ရနိုင်ပါသလား၊ ဖြေကြားပေးတော်မူပါဘုရား။

(မသန်းရွှေ-မြို့သစ်ရပ်၊ စစ်ကိုင်းမြို့)

(ဖြေ)

သောတာပန်ပုဂ္ဂိုလ်သည် အများဆုံး ၇-ဘဝ ကာမဘုံတွင် ဖြစ်နိုင်ရာ လူ့ဘဝတွင် ၃-ဘဝထက်မနည်း ဖြစ်နိုင်ခွင့် ရှိကြောင်း ဆိုပါသည်။ သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိဂတသမ္ပယုတ် ၄-နှင့် ဝိစိကိစ္ဆာ-ဟူသော အကြမ်းစား ကိလေသာတို့ကို ပယ်ခဲ့ပြီး ဖြစ်သည်၊ လူ့ဘဝ၌ ဖြစ်လျှင်လည်း ၄င်းဒိဋ္ဌိ၊ ဝိစိကိစ္ဆာ တရားတို့ မဖြစ်ခဲ့သဖြင့် အလွန်ယဉ်ကျေးသိမ်မွေ့သည့် ဗုဒ္ဓသာဝက အရိယာဖြစ်နေ၍ သူကိုယ်တိုင် သောတာပန်ပုဂ္ဂိုလ်ဖြစ်ကြောင်း မသိနိုင်စရာ အကြောင်းမရှိပါ။

လူ့ပြည်က ကုသိုလ်ကောင်းမှုပြု၍ နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်လျှင် ဘုရားလောင်းနတ်သားများ၊ သောတာပန်စသော အရိယာနတ်များက တရားဟော၍ ထိုနတ်သားများထံမှ တရားနာယူပြီး မဂ်ဖိုလ် ရနိုင်ကြ ပါသည်၊ နာမ်သာရှိသော အရူပဗြဟ္မာဘုံတွင် သောတာပတ္တိမဂ်မှတပါး အခြားမဂ်ဖိုလ် တရားများကို အားထုတ်၍ ရနိုင်ခွင့်ရှိကြောင်း အဘိဓမ္မာတွင် ဆိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သောတာပန်နှင့် အရက်

(မေး) (သောတာပန်နှင့် အရက်)

ဘုရားလက်ထက်က အရက်သမား သောတာပန်-ဟူ၍ ရှိခဲ့သည်ဟု ကြားဖူးပါသည်၊ ဟုတ် မဟုတ် ဖြေကြားပေးတော်မူပါဘုရား။

(မလှလှ-မန္တလေး)

(ဖြေ)

အရက် အလွန်သောက်သော သရဏာနိ သာကီဝင် မင်းသားအား မြတ်စွာဘုရား တရားဟော၍ သောတာပန်ဖြစ်သွားသည်၊ သောတာပန်ဖြစ်ပြီးသည့် နောက်တွင်ကား အရက်မသောက်တော့ချေ၊

သောတာပန်ပုဂ္ဂိုလ်တို့မည်သည်မှာ ငါးပါးသီလကို မည်သည့်အခါမျှ ဖောက်ဖျက်သည်မဟုတ်။

သောတာပတ္တိမဂ်ဖိုလ်စသော အရိယာတရားတို့သည် လောကတွင် အယဉ်ကျေးဆုံး တရားတော်များ

ဖြစ်သည်၊

အရက်သည် လောကတွင် အရိုင်းစိုင်းဆုံး၏ အကြောင်းတရားဖြစ်သည်၊

လွန်စွာဆန့်ကျင်သည်ဖြစ်သဖြင့် အရက်နှင့် ရေ ရောနှော၍ သောတာပန်ပုဂ္ဂိုလ်၏ ပါးစပ်တွိင်းသို့ ထည့်လျှင်

ရေသာဝင်၍ အရက်မဝင်ကြောင်း သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာတွင် ဖွင့်ဆိုပါသည်၊ ထို့ကြောင့် အရက်သမား သောတာပန်-ဟူ၍ မရှိနိုင်ကြောင်း အထူးမှတ်သားသင့်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

သောတာပန်နှင့် နောက်ဘုရား

(မေး) (သောတာပန်နှင့် နောက်ဘုရား)

အရှင်ဘုရား၊ ယခုဘဝတွင် သောတာပန်ဖြစ်အောင် အားထုတ်ပြီး သေလွန်၍ တုသိတာ (စသော) နတ်ပြည်တို့သို့ ရောက်ခဲ့သော် နောင်ပွင့်မည့် ဘုရားကို မီ-မမီ၊ ထိုသို့ဖြစ်အောင် မည်သို့ အားထုတ်ရမည်ကို လမ်းညွှန်ပေးပါ အရှင်ဘုရား။

(နော်ဝါးဝါး-သုဝဏ္ဏရွှေမြို့)

(ဖြေ)

ယခုဘဝတွင် သောတာပန်ဖြစ်၍ တုသိတာနတ်ပြည်သို့ ရောက်သည်ဆိုလျှင် တုသိတာနတ်တို့၏ သက်တမ်းမှာ လူတို့အရေအတွက်ဖြင့် နှစ်ပေါင်း ၅၇-ကုဋေ ၆-သန်းမျှသာဖြစ်သည်။

သောတာပန်သည် အလွန်ဆုံး ခုနစ်ဘဝသာနေ၍ နိဗ္ဗာန်ကူးသွားတော့မည်ဖြစ်သည်။

နောက်ဘုရားပွင့်ရန်ကား ယခု နှစ်တရာတမ်းမှ ဆယ်နှစ်တမ်းအထိ ကျဆင်းသွားပြီး

ယင်းဆယ်နှစ်တမ်းမှ တဖြည်းဖြည်း သက်တမ်းတိုး၍ ရေတွက်ခြင်းငှါ မတတ်သာသော အသင်္ချေယျ အသက်ရှည်သည်အထိ တိုးတက်သွားရဦးမည်။

ထိုအသင်္ချေယျတမ်းမှ ကျဆင်းလာပြန်ပြီး အနှစ်တသိန်းတမ်းအရောက် (သို့မဟုတ် နောက်ပေါ်ထွန်းမည့် အသင်္ချေယျကပ် တကပ်) တွင် ယခု လူတို့ နောက်ဘုရားဟုဆိုသော အရိမေတ္တေယျ မြတ်စွာဘုရား ပွင့်ပါမည်။

ထို့ကြောင့် ခုနစ်ဘဝသာနေ၍ နိဗ္ဗာန်ကူးမည့် သောတာပန်-နောက်ဘုရား မီနိုင်-မမီနိုင် စဉ်းစား ကြည့်နိုင်ပေလိမ့်မည်။

ထိုသို့ဖြစ်အောင်ဟူသည်မှာ သောတာပန်အဖြစ်ဖြင့် နောက်ဘုရားမီအောင်ဟု ဆိုလိုက မဖြစ်နိုင်ဟု ဆိုပါက ဤဘဝတွင်ပင် သံယောဇဉ် အနှောင်အဖွဲ့များကို ဖြတ်တောက်ပယ်ခွါ၍ ဝိပဿနာစခန်း ကြိုးပမ်းအားထုတ်ရန်သာ လိုပါသည်-ဟု လမ်းညွှန်လိုပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ဟောင်းနွမ်းရိရွဲနေသော ပိဋကစာအုပ်များ မီးပူဇော်ခြင်း

(မေး) (ဟောင်းနွမ်းရိရွဲနေသော ပိဋကစာအုပ်များ မီးပူဇော်ခြင်း)

အရှင်ဘုရား၊

(၁) ပိုးကိုက်ပျက်စီးနေသော ရိရွဲနေသော ပိဋကတ်စာအုပ်ဟောင်းများကို ထားသိုရခက်သဖြင့် မီးပူဇော်ပစ်လျှင် အပြစ် ရှိ-မရှိ။

(၂) သာသနာ့ဝန်ထမ်းတဦးသည် သူတပါးလှူဒါန်းထားသော ပစ္စည်းဝတ္ထုများကို ချို့တဲ့နွမ်းပါးသော လူဝတ်ကြောင် ပုဂ္ဂုလ်များကို ပေးကမ်းစွန့်ကြဲ ထောက်ပံ့လျျှင် အပြစ် ရှိ-မရှိ။

(၃) အရက်သေစာ သောက်စားမူးယစ်ပြီး ရမ်းကားနေသောရဟန်းကို ဖမ်းဆီးချုပ်နှောင်လျှင် အပြစ် ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။

ဒေါ်ပဏ္ဍိတမဥ္ဖရီ-ကချင်ပြည်နယ်)

(ဖြေ)

(၁) ပိုးကိုက်ပျက်စီးနေသော ပိဋကတ်စားအုပ်များကို မီးပူဇော်၍ ပြာကို ဗေညဓိပင်ခြေရင်းသို့ ပို့ဆောင်ပြီး မြေဩဇာအဖြစ် ပူဇော်စွန့်ပစ်သင့်သည်။

(ပျက်စီးကျိုးပဲ့နေသော ပုံတော်၊ ရုပ်တုတော်များကိုလည်း ၄င်းနည်းအတိုင်း မီးပူဇော်လျှင် အပြစ်မရှိပါ။)

(၂) သာသနာ့ဝန်ထမ်းများသည် ဒကာ ဒကာမများ လှူဒါန်းထားသော ပစ္စည်းများကို မိမိနှင့် သာသနာအတွက်၊ အများအကျိုးအတွက် သုံးကောင်းသည်။ လောကွတ်လုပ်သောအားဖြင့်ကား မပေးကောင်းပါ။ မဖြစ်မနေ ပေးကောင်းသော ပုဂ္ဂိုလ်များမှာ မိဘအရင်း၊ ဆင်းရဲနွမ်းပါးသူများ၊ မပေးလျှင် အန္တရာယ်ပြုမည့် သူခိုး၊ ဓားပြများနှင့် သာသနဝေယျာဝစ္စ၊ ကျောင်းကန်ဘုရားဝေယျာဝစ္စ ပြုသူများကို ပေးကောင်းပါသည်။

(၃) အရက်သေစာ သောက်စားသော ရဟန်းသည် ပါစိတ်အာပတ်သင့်သည်။ ထိုအာပတ်ကို ဒေသနာကြားလျှင် ပြေပျောက်နိုင်ပါသည်။ အရက်သေစာသောက်စား ရမ်းကား၍ မူးယစ်သောရဟန်းအား ဖမ်းဆီးချုပ်နှောင်လျှင် အပြစ်မရှိနိုင်ပါ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ဟောတု-ဟောမိနှင့် သောတာပန်အကြောင်း

(မေး) (ဟောတု-ဟောမိနှင့် သောတာပန်အကြောင်း)

အရှင်ဘုရား၊ တပည့်တော်သည် သံဃာတော်များအား ဆွမ်းလောင်းသည့်အခါ နိဗ္ဗာနဿ ပစ္စယော ဟောတု-ဟု ဆိုရမည်လား။ နိဗ္ဗာနဿ ပစ္စယော ဟောမိ-ဟု ဆိုရမည်လားဘုရား။

သောတာပတ္တိမဂ် ရောက်သောပုဂ္ဂိုလ်သည် လူ့ပြည်၊ နတ်ပြည်၌ အလွန်ဆုံး ခုနစ်ဘဝသာ နေပြီး ပရိနိဗ္ဗာန်ပြုသည်ဟု ဆိုပါသည်။ အကယ်၍ လူ့ပြည်မှာ လူပြန်ဖြစ်လျှင် ဤပုဂ္ဂိုလ်သည် သောတာပန်ဖြစ်ပြီး သဖြင့် မွေးစဉ်ကတည်းက သောတာပန်ဖြစ်နေသည်ဟု ယူဆရပါမည်ဘုရား။ မှန်-မမှန် ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားပါသည်။

(ဦးဖိုးလှဝင်း-ရန်ကုန်)

(ဖြေ)

သံဃာတော်များအား ဆွမ်းလောင်းသည့်အခါ နိဗ္ဗာနဿ ပစ္စယော ဟောတု-ဟုဆိုရပါမည်။ နိဗ္ဗာနဿ ပစ္စယော ဟောမိ-ဟု မဆိုရပါ။

ပါဠိသဒ္ဒါတွင် အာဏတ္တျာသိဋ္ဌေ ဒုတ္တကာလေ ပဉ္စမီ-ဟူသော သုတ်ဖြင့် တု-ဝိဘတ်သည် အာဏာပေးခြင်း၊ တောင့်တခြင်း၊ ခွင့်ပြုခြင်း အနက်တို့ကို ဟော၍ နိဗ္ဗာန်ကို တောင့်တသောအရာ၌ ပဉ္စမီ တု-ဝိဘတ်ဖြင့် ဆိုရပါမည်။ ပစ္စုပ္ပန် ဝတ္တမာန် မိ-ဝိဘတ်ဖြင့် မဆိုရပါ။

လူ့ပြည်မှာ မွေးကတည်းက သောတာပန်ဖြစ်နေသောပုဂ္ဂိုလ်ကို ပြဆိုရာ၌ အင်္ဂုတ္တရအဋ္ဌကထာ၊ ပဉ္စကနိပါတ်၊ သုမနသုတ္တန်တွင် ကဿပဘုရားရှင်လက်ထက် သာရဏီယဝတ် ဖြည့်ကျင့်သော ရဟန်းနှင့် မဖြည့်ကျင့်သော ရဟန်း ၂-ပါးတို့ သောတာပန်ဖြစ်ကြသည်။ ထို့နောက် ဂေါတမမြတ်စွာဘုရားရှင် လက်ထက်မှာ သာရဏီယဝတ် ဖြည့်ကျင့်သောရဟန်းက ကောသလမင်းကြီး၏ သားတော် လာဖြစ်ပြီး တပါးက အထိန်းတော်၏သား လာဖြစ်ကြသည်။

ထိုနှစ်ဦးကို သောတာပန်အဖြစ် မွေးလာသည်ဟု ဘုရားရှင်ဟောတော်မူသော ဧဝံ ဒဿနသမ္ပန္နော၊ သမ္မာသမ္ဗုဒ္ဓသာဝကော-ကို အဋ္ဌကထာဆရာက ဒဿန သမ္ပန္နောတိ-သောတာပန္နော-ဟု ဖွင့်ဆိုသည်ကို ထောက်၍ သိရသည်။

သိကြားမင်းကြီးသည် သက္ကပဥှသုတ်အဆိုအရ လူ့ပြည်တွင် ပဋိသန္ဓေတည်ရဦးမည်ဟု ဆိုသဖြင့် သောတာပန်ဖြစ်သော သိကြားမင်းကြီးလည်း လူ့ပြည်တွင် သောတာပန်အဖြစ်ဖြင့် မွေးဖွားပါလိမ့်ဦးမည်။

(ပညာဝီမံသန ကထာကို မှီး၍ တည်တောဆရာတော်ကြီး ဖြေဆိုထားသည်ကို ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။ အကျယ်ကို ၄င်းကျမ်းများတွင် ကြည့်ပါလေ။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

အောင်ဂါထာ

(မေး) (အောင်ဂါထာ)

အရှင်ဘုရား၊ တပုဒ်တည်းနှင့် သောတာပတ္တိမဂ်ကို ရစေနိုင်သော အောင်ဂါထာဟူ၍

ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။

တေသဉ္စ ယော နိရောဓော၊ ဧဝံ ဝါဒီ မဟာသမဏော။ ဟု ဆိုပါသည်။

ဤဂါထာသည် ဘုရားဟောဖြစ်ပါသလား၊ အစ အဆုံးဖြစ်ပါသလား၊ အဓိပ္ပါယ်ဖော်ပြပေးပါရန် လျှောက်ထားပါသည်ဘုရား။

(ဦးစံအောင်-ရန်ကုန်)

(ဖြေ)

ယေ ဓမ္မာ-စသောဂါထာမှာ ဘုရားဟော မဟုတ်ပါ။ အရှင်သာရိပုတ္တရာ အလောင်း ဥပတိဿပရိဗိုလ်အား ပဉ္စဝဂ္ဂီငါးဦး အပါအဝင် အရှင်အဿဇိ ရဟန္တာအရှင်မြတ် ဟောကြားသော ဂါထာဖြစ်၍ ဖော်ပြပါအတိုင်း လေးပါဒမှာ အစအဆုံးပင် ဖြစ်ပါသည်။

အဓိပ္ပါယ်မှာ

အကြင် (ဒုက္ခသစ္စာ) တရားတို့သည် အကြောင်း သမုဒယ-သစ္စာကြောင့် ဖြစ်ကုန်၏၊

ထို (ဒုက္ခသစ္စာ) တို့၏ အကြောင်း သမုဒယသစ္စာဖြစ်သော တရားကို၄င်း၊

ထိုအကျိုး (ဒုက္ခသစ္စာ)၊ အကြောင်း (သမုဒယသစ္စာ) တရားတို့၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာ၊

ချုပ်ငြိမ်းကြောင်း မဂ္ဂသစ္စာ-တရားကို၄င်း။ မြတ်စွာဘုရားသည် ဟောတော်မူ၏၊

ရဟန်းမြတ်ဖြစ်သော မြတ်စွာဘုရားသည် ဤသို့ အယူရှိ၏-ဟူ၍ ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကြေးစည်၊ ခေါင်းလောင်း နှင့် တဘက် ပုဝါ

(မေး) (ကြေးစည်၊ ခေါင်းလောင်း နှင့် တဘက် ပုဝါ)

အရှင်ဘုရား။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် အမျှဝေပြီး ကြေးစည် ထုကြပါသည်ဘုရား။ ဘယ်လိုအကျိုးတရားများ ရှိသည်ကို ဖြေကြားပေးတော်မူပါဘုရား။

ဘုရားများတွင်ရှိသော ခေါင်းလောင်း၊ မောင်း၊ ကြေးစည် တီးကြသည်မှာ အတူတူ ဖြစ်ပါသလားဘုရား။ ပြီးတော့ မြန်မာအမျိုးသမီးများ ဘုရားဝတ်ပြု၍ ဖြစ်စေ၊ ဆွမ်းလောင်း၍ဖြစ်စေ၊ တဘက်ပုဝါ တင်ရသည်မှာ မည်သည့်အတွက် တင်ရသည်ကို ရှင်းပြပေးတော်မူပါဘုရား။

(မစုနန္ဒာဝင်း-စမ်းချောင်းမြို့နယ်၊ ရန်ကုန်)

(ဖြေ)

ုဘုရားရှိခိုး ဆုတောင်းရာ၌ဖြစ်စေ၊ လှူဒါန်းမှု ပြုရာ၌ဖြစ်စေ၊ အမျှဝေရာ၌ အများ ကြားသိ သာဓုခေါ်နိုင်ရန် ကြေးစည်၊ ခေါင်းလောင်း၊ တီးခတ်ရသည်။ ထို့ကြောင့် အမျှဝေရာ၌ ကြားကြားသမျှ သာဓုခေါ်ကြရန် အသံကျယ်နိုင်သမျှ ကျယ်ကျယ် အမျှဝေရာ၏၊ မိမိအသံ မကျယ်နိုင်၍ ကြေးစည် ခေါင်းလောင်း ကူရသည်ကို မှတ်သားရာ၏၊

မြန်မာအမျိုးသမီးများမှာ လေးစားထိုက်သော အစည်းအဝေး၊ ဘုရားကျောင်းကန်တို့သို့ သွားလာရာတွင် ပုဝါတဘက် ပခုံးတင်ရသည်မှာ မြန်မာ့ယဉ်ကျေးမှု ဖြစ်ပါသည်။ ဒါနမှု၊ သီလမှု၊ ဘာဝနာမှုတို့ကား အထူးလေးစားထိုက်သော ကုသိုလ်မှု၊ အကြီးမြတ်ဆုံးသော ယဉ်ကျေးမှုပြုရာဖြစ်၍ ပုဝါတဘက် အထူးလိုအပ်လှပါသည်။

ယခုခေတ်တွင် ဝိပဿနာတရားစခန်းများ၌ ယောဂီရောင် တဘက်ပုဝါ တင်ရသည်မှာ ထုံးစံလိုပင် ဖြစ်နေပါသည်။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှု စစ်စစ်ဖြစ်သော ပုဝါတင်ခြင်းမှာ အထူးလိုအပ်လှပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကြေးစည်နှင့် အသုဘ

(မေး) (ကြေးစည်နှင့် အသုဘ)

အရှင်ဘုရား၊ ကြေးစည်ခေါင်းလောင်းတို့ကို ဘာသာရေးကိစ္စ၌ သုံးရသည်၊ အမျှအတန်းဝေရာ၌ ထိုးခေါက်ရသည်-ဟု နားလည်ပါသည်၊ သို့သော် အသုဘချရာ၌ ကြေးစည်တီးသည်ကို မြင်တွေ့နေရပါသည်၊ ဘာသာရေး-သုံး ကြေးစည်ကို အဘယ်ကြောင့် အသုဘတွင် တီးသည်ကို သိလိုပါသည်၊ ရှင်းလင်းဖြေကြားပေးပါ ဘုရား။

(မိုးလေး-ကြံခင်း)

(ဖြေ)

ခေါင်းလောင်း၊ ကြေးစည်၊ ထိုးစည်များကို ဘာသာရေးကိစ္စများတွင် သုံးစွဲကြရာ၌ခေါင်းလောင်းသံ၊ ကြေးစည်သံကြားလျှင် သာဓုအနုမောဒနာ ပြုကြရန် ရည်ရွယ်ပါသည်၊

ဒါနပြုရာ၌ ဒါန၏အဖို့ကို ရယူနိုင်စေရန် ကြေးစည် ခေါင်းလောင်းဖြင့် အမျှဝေကြသည်၊ ကြေးစည် ခေါင်းလောင်းသံ ကြား၍ သာဓုခေါ်လျှင် ဒါနကောင်းမှု၏ အဖို့ဘာဂကို အမျှရသည်။

သီလ၌လည်း ထို့အတူပင်။

အသုဘ၌ အသုဘသို့ လာသူ၊ မသာပို့သူတို့သည် ငါလည်း ဤကဲ့သို့ သေရဦးမည်-ဟု မရဏာနုဿတိ ဘာဝနာကို ပွားကြရသည်၊ မသာပို့သူတိုင်း၏ တာဝန်မှာ ထိုသို့ မရဏာနုဿတိ ဘာဝနာပွားခြင်း၊ အသုဘကမ္မဋ္ဌာန်း နှလုံးသွင်းခြင်း စသည်ဖြင့် ရှုပွားရသည်မှာ ဗုဒ္ဓဘာသာတိုင်း ပြုရမည့်တာဝန်ဝတ္တရားပင် ဖြစ်သည်၊

အောက်ထစ်ဆုံး သုဘလုလင်နှင့် သူငယ်ချင်း သူဋ္ဌေးသား ၅၅-ဦးအလောင်းအလျာများကဲ့သို့ ဤအသုဘ အပုပ်ကောင်ကြီး လူကြားသူကြားထဲမှာ ထား၍မလျော်၊ သုသာန်သင်္ချိုင်းသို့ ပို့ဆောင်ကြကုန်အံ့-ဟူသော လူမှုရေး ကုသိုလ်စိတ် ထားရှိကြရသည်၊ ထိုကုသိုလ် ကောင်းမှုများကို ကြားသူ မြင်သူတို့ သာဓုခေါ်၍ ကုသိုလ်အမျှယူနိုင်ရန် အသုဘများတွင် ကြေးစည်တီး၍ ချပို့ကြရခြင်း ဖြစ်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကြေးဆင်းတု သရဏဂုံ ပုတီးစိပ်နှင့် ဆုတောင်း

(မေး) (ကြေးဆင်းတု သရဏဂုံ ပုတီးစိပ်နှင့် ဆုတောင်း)

အရှင်ဘုရား။၊ ၁-နေအိမ်များတွင် ကြေးဆင်းတုတော်ကို ကိုးကွယ်သင့်-မသင့်။

၂-သရဏဂုံသုံးပါးကို ပုတီးစိပ်ရာတွင် အသံမထွက်ဘဲ စိပ်၍ ဖြစ်-မဖြစ်

၃-ယသောဓရာ၊ မိထွေးတော်ဂေါတမီနှင့် မယ်တော်မာယာတို့ကဲ့သို့ဖြစ်ရန် မည်ကဲ့သို့ ဆုတောင်းရမည်နည်း။ ထိုအချက် သုံးချက်ကို ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

(မဖြူမိုး-ခင်ဦး)

(ဖြေ)

၁-ဘုရားကို ကိုးကွယ်ရာတွင် သစ်သား၊ ကျောက်၊ ကြေး မည်သည့်ဆင်းတုတော်မျိုးမဆို ကိုးကွယ်နိုင်ပါသည်။

၂-ပုတီးစိပ်ဟူသည်မှာ စိတ်နှလုံးထဲမှာ ကြည်ညိုရိုသေစွာ ပွားများရခြင်းမျိုး ဖြစ်သဖြင့် အသံထွက်စရာ မလိုပါ။

၃-ဆုတောင်းဆုယူ ပြုရာတွင် မိမိကိုယ်တိုင်က အလွန်ဖြစ်လိုသော ဆန္ဒ ထက်သန်စွာဖြင့် လိုအပ်သလို လှူဒါန်းပေးကမ်းမှုပြု၍ စွဲမြဲစွာဖြင့် ဘုရားရှေ့တွင် နှုတ်မြွက်တောင်းဆိုရပါမည်။ တခါတောင်း တမျိုးဖြင့် မမြဲမစွဲ ရွှေ့ပြောင်း၍ တောင်းဆိုခြင်းမျိုး မဖြစ်သင့်ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကြောက်တတ်ခြင်း

(မေး) ကြောက်တတ်ခြင်း

အရှင်ဘုရား၊ တပည့်တော်မ၏ မေမေသည် ဘုရားလည်း နေ့စဉ် ည-နံနက် ရှိခိုးပါသည်။ ပရိတ်တော် ဂါထာတော် တို့ကိုလည်း မပြတ်ရွတ်ဖတ်ပါသည်။ သို့သော် အလွန်ကြောက်တတ်ပါသည်ဘုရား။ ညသာမဟုတ် နေ့သော်လည်း တဦးတည်း မနေဝံ့ပါ။ သားသမီးတဦးဦး အနားမှာ အမြဲနေစေပါသည်။ ဤသို့ ကြောက်တတ်ခြင်းမှာ ဘာကြောင့်ဖြစ်ပါသနည်း၊ မကြောက်တတ်အောင် မည်သို့လုပ်ရပါမည်နည်း ဖြေကြားပေးတော်မူပါဘုရား။

(မိုမို-မုံရွာမြို့-စစ်ကိုင်း)

(ဖြေ)

စိတ်၏ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းသည်လည်း ဒေါသတရား၊ စိတ်၏ရဲရင့်ခြင်း၊ ကြမ်းကြုတ်ခြင်းသည်လည်း ဒေါသတရားပင် ဖြစ်သည်။ ဒေါသတည်းဟူသော တရားသည် တပါးတည်းဖြစ်လျက် အဘယ့်ကြောင့် ကြောက်ခြင်း၊ ရဲ့ရင့်ခြင်းဟူသော (ဆန့်ကျင်ဘက်) ကိစ္စနှစ်ပါးကို ယူအပ်သနည်းဟူမူ-ဧကဓမ္မောပိ သမာနော အာရမ္မဏ အာဘောဂါနုရူပံ အနေကာနိ ကိစ္စာနိ သာဓေတိ-ဟူသော အဋ္ဌကထာနှင့်အညီ တခုတည်းသော တရားပင်ဖြစ်သော်လည်း အာရုံအားလျော်စွာ ကိစ္စကို ပြီးစေနိုင်သည်သာဖြစ်၏၊

ဥပမာ-ပူခြင်း၊ ချမ်းခြင်း၊ အေးခြင်း၊ အစာကို ကျက်စေခြင်း ကိစ္စတို့မှာ တေဇောဓာတ်တခုတည်းသာ ဖြစ်သကဲ့သို့ မှတ်ရပါမည်။ ထိုကြောက်ခြင်းကို ကင်းပျောက်ရန်မှာ ဒေါသအားနည်းသွားအောင် မေတ္တာဘာဝနာကို အချိန်များစွာယူ၍ ပွားများရန်ပင် ဖြစ်ပါသည်။ ညအိပ်ရာဝင်တိုင်း သို့မဟုတ်-နံနက်စောစော အိပ်ရာမှထ၍ ဘုရားရှိခိုးပြီးတိုင်း အချိန်ယူ၍ သတ္တဝါသင်္ခါရတို့၌ မေတ္တာပွားများမှုကို အလေ့အလာပြုပါ။ ကြောက်ရွံ့ထိတ်လန့်မှုများ ပြေပျောက်၍ သွားပါလိမ့်မည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကြွေးကိစ္စ

(မေး) (ကြွေးကိစ္စ)

အရှင်ဘုရား၊ သူတပါးထံမှ အကြွေးရရန်ရှိသူ တဦးသည် အကြွေးတောင်းရာ မရနိုင်သဖြင့် ကြွေးရှင်က-သည်တခါ အလှူပေးလျှင် ရောပြီး ရေစက်ချပစ်လိုက်မည်ဟု ပြောရာ ကြွေးယူသူက-သည်လိုတော့ မလုပ်လိုက်ပါနဲ့၊ ဆပ်ပါမည်ဟုပြောကာ ကြွေးဆပ်ပါသည်။ ကြွေးယူသူသည် ရေစက်ချပစ်မည် ဆိုသောစကားကို မည်သည့်အဓိပ္ပါယ်ကြောင့် ကြောက်ရွံ့ပြီး ကြွေးဆပ်ပါသနည်းဘုရား။ ကြွေးဆုံးသဖြင့် ဘုရားအားရည်စူး ရေစက်ချပါက ကြွေးယူသူတွင် မည်သို့ ထိခိုက်နိုင်၍ ရေစက်ချသူတွင် မည်သို့ အကျိုးထူးနိုင်ကြောင်း ဖြေကြားပေးပါရန် လေးစားစွာ လျှောက်ထားအပ်ပါသည်ဘုရား။

(အေးအေးမြင့်-ကျောင်းအုပ်ဆရာမကြီး,မန္တလေးမြို့)

(ဖြေ)

ကြွေးရှင်သည် ကြွေးယူသွားသူက ပြန်မဆပ်သဖြင့် ငါ့ငွေတော့ ဆုံးပြီ-ဟု ဝန်ချ (စိတ်ကိုလျှော့ချလိုက်) လျှင် ခိုးခြင်း ၂၅-ပါး အပါအဝင် သာဟတ္ထိကပဉ္စက၌ ဝင်သွားသဖြင့် ခိုးရာရောက်သည်ဟု ဆိုနိုင်ပါသည်။ အလှူလုပ်လျှင် ရောပြီး ရေစက်ချလိုက်မည်ဟု ကြွေးရှင်(ငွေရှင်)က ပြောသောစကားမှာ လှူဒါန်းလိုသော စေတနာဖြင့် ပြောသောစကားမဟုတ်။

ငါ့ငွေဆုံးပြီ-ဟု ဝန်ချလိုက်ခြင်း (စိတ်ကိုလျှော့ချလိုက်ခြင်း)ပင်ဖြစ်၍ ထိုသို့ဝန်ချကြောင်း မှတ်ယူကြောင်းကို ကြွေးယူသူသိအောင် ကြေညာခြင်းမျှသာဖြစ်သည်။ ကြွေးပြန်မပေးလျှင် ခိုးသည်နှင့် အတူတူ-ဟု ပြောခြင်းမျိုးပင် ဖြစ်သည်။ ကြွေးယူသူကလည်း မိမိ သူခိုး မဖြစ်စေရန် အမြန် ပြန်ဆပ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ရေစက်ချမည်ဆိုသူ ကြွေးရှင်အဖို့ ကုသိုလ်ကျိုးရှိမည်မဟုတ်။

ကြွေးယူသူအဖို့ကား ထိုအချိန်အထိ ပြန်မပေးလျှင် (ပေးလိုစိတ် မရှိလျှင်) သူခိုးလုံးလုံးဖြစ်၍ အဒိန္နာဒါန သိက္ခာပုဒ်အရ အပြစ်ရှိတော့မည်ဖြစ်ကြောင်း မှတ်သားနိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နို့နှစ်လုံးဖိုးမက ကျေပါသည်

(မေး) (နို့နှစ်လုံးဖိုးမက ကျေပါသည်)

အရှင်ဘုရား၊ တပည့်တော် သိလိုသည်မှာ မြတ်စွာဘုရားရှင်သည် မိခင်မယ်တော်မာယာ၏ မွေးကျေးဇူးကို ဆပ်ရာတွင် နို့တလုံးဖိုးသာ ကျေပါသည်ဟု ငယ်စဉ်ကတည်းက ကြားဖူးနေပါသည်။ သို့သော်လည်း ယခုအခါ ဆရာတော် သံဃာတော်များက နို့နှစ်လုံးဖိုးကျေပါသည်ဟု ဟောကြားသံ ကြားနေရပါသည်။ အမှန်ကို သိလိုပါသဖြင့် ကျမ်းဂန်အထောက်အထားနှင့် ဖြေကြားပေးတော်မူပါဘုရား။

(မောင်ထင်လင်း-ကျောက်ကုန်းလမ်း၊ ရန်ကုန်မြို့)

(ဖြေ)

ဘုရားရှင်ဟောကြားတော်မူသောနည်းဖြင့် ကျေးဇူးဆပ်တတ်မည်ဆိုလျှင် နို့နှစ်လုံးဖိုးမက ကျေပါသည်။

အင်္ဂုတ္တိုရ်ပါဠိတော်၊ ဒုကနိပါတ်၊ သမစိတ္တဝဂ်တွင် မိဘတို့၏ ကျေးဇူးကို ကျေပွန်အောင် ပြန်ဆပ်နိုင်ဖို့ ခဲယဉ်းကြောင်း ဘုရားရှင်ဟောတော်မူပါသည်။ မည်မျှခဲယဉ်းသနည်းဆိုသော် လိမ္မာသော သားသမီးသည် အမိအဖတို့၏ ကျေးဇူးကို ဆပ်လိုလှသဖြင့် အမိကို လက်ယာပဖုံး၌၊ အဖကို လက်ဝဲပဖုံး၌ထား၍ ရေနွေး၊ ရေအေး အမျိုးမျိုးတို့ဖြင့် ရေချိုးပေးခြင်း၊ နံ့သာအမျိုးမျိုးတို့ဖြင့် လိမ်းကျံပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ လိုလေသေးမရှိအောင် အစားအစာပေးခြင်း၊ ယုတ်စွအဆုံး ကျင်ကြီးကျင်ငယ်ပင် ပခုံးပေါ်၌ စွန့်၍ သုတ်သင်ပေးခြင်းတို့ဖြင့် ပြုစုလုပ်ကျွေးပါသော်လည်း ကျေးဇူးကျေအောင် ဆပ်ပြီးသူဟု မခေါ်ထိုက်သေး။

ထိုမျှဖြင့်လဲ အားမရသေးသဖြင့် မိမိက စကြာဝတေးမင်းကြီးဖြစ်၍ မိဘကျေးဇူးကျေအောင် ဆပ်လို၍ စကြာမင်းကြီး၏ စည်းစိမ်ချမ်းသာပေး၍ မိဘတို့အား ပြုစုလုပ်ကျွေးခြင်းသည်လည်း ကျေးဇူးမကျေနိုင်သေး-ဟု ဆိုပါသည်။

ကျေးဇူးကျေအောင်ဆပ်နည်းမှာ-

(၁) ရတနာသုံးပါး၊ ကံ ကံ၏အကျိုးတရားတို့ကို ယုံကြည်မှု သဒ္ဓါတရားမရှိ၊ အားနည်းနေသေးသော မိဘတို့ကို သဒ္ဓါတရား တိုးပွားလာအောင်။

(၂) သီလမရှိ၊ သီလအားနည်းနေသေးသော မိဘတို့ကို သီလရှိ သီလအားကောင်းလာအောင်။

(၃) မပေးရက်လို ဝန်တိုမှု မစ္ဆရိယအားကောင်းနေသော မိဘတို့ကို ပေးကမ်းစွန့်ကြဲလှူဒါန်းမှု ဒါန၊ စာဂ တရားတို့၌ အားကောင်းလာအောင်။

(၄) လောကီ၊ လောကုတ္တရာ၊ သမထ၊ ဝိပဿနာ ပညာ အားနည်းနေသေးသော မိဘတို့ကို လောကီ၊ လောကုတ္တရာ၊ သမထ၊ ဝိပဿနာ ပညာ အားကောင်းလာအောင် ဆောင်ရွက်ပေးနိုင်သော သားသမီးတို့သည် မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်သည့်အပြင် ကျေးဇူးတရားများ အမို့အမောက် ပိုလျှံ၍သွားပါ၏၊

အဘယ့်ကြောင့်ဆိုသော် စကြာမင်းစည်းစိမ်ကြီး ပေးသော်လည်း တဘဝ ကောင်းစားရေးသာ ဖြစ်ပါ၏၊ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားတို့ တိုးပွားပါမူကား သံသရာတလျှောက် နိဗ္ဗာန်ရောက်သည့်တိုင်အောင်ပင် ကျေးဇူး ပြုနိုင်သောကြောင့် ဖြစ်ပါသည်။

ပုတ္တောဝါဒ ဆုံးမခန်းကဟု အောက်မေ့သည်။ နှုတ်ဝယ်ဆောင်ထားဖို့ကောင်းသည့် မိဘကျေးဇူး ကျေအောင်ဆပ်နည်း-လင်္ကာ

နားဝယ်စိမ့်ငှါ၊ ငါဆရာလျှင်၊ မာတာပိတ၊ ဂုဏ်ကိုပြ၍၊ ပုတ္တတို့အား၊ ဆပ်ငြားပိုင်ကြောင်း၊ ဖော်ပြရှောင်း၍၊ မကောင်းမိဘ၊ ဓမ္မမတည်၊ မကြည်မညို၊ ဝန်တိုမိစ္ဆာ၊ ပါဏာတိပါတ်၊ သတ်-ခတ်လုယူ၊ မဖြူနှလုံး၊ မသုံးသီလ၊ ဒါနမပွား၊ မသွားကျောင်းကန်၊ ဟုတ်လှမှန်သား၊ မိဘအားကို၊ တရားစောင့်စောင့်၊ တော်ဖြောင့်လှစွာ၊ မိစ္ဆာမဖောက်၊ မသောက်သေစာ၊ ပါဏာသူ့သက်၊ ခိုးဝှက်ယူမှု၊ ဤငါးခုကို၊ မပြုနှင့်ဗျာ။

လှူဒါမပြတ်၊ ပိဏ္ဍပတ်လည်း၊ မလပ်နေ့တိုင်း၊ မရိုင်းကျောင်းကန်၊ အမှန်သွားသွား၊ တရားနာနာ၊ ရတနာဦး၊ မပြတ်ဖူး၍၊ ကြည်နူးလှစေ၊ ညောင်ရေလည်းသွန်း၊ ဆီမီးထွန်းလျက်၊ ဆွမ်းကွမ်းလက်ဖက်၊ ရေစက်ချချ၊ လှူဒါနနှင့်၊ သီလဥပုသ်၊ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးပါဗျာ၊ မိမာတာကို၊ ဤသို့ဆိုတတ်၊ ထိုသားမြတ်ကို၊ ဆပ်ဆပ်ကျေးဇူး၊ မို၏တည်။

သားလိမ္မာ၊ သမီးလိမ္မာတို့သည် မိဘတို့အား ကျွေးမွေးပြုစုရုံမဟုတ်ဘဲ ကုသိုလ်ရေးတို့၌ ပျော်မွေ့အောင် အားပေးဆောင်ရွက်စေနိုင်လျှင် နို့နှစ်လုံးဖိုးမက ကျေပါသည်။ ပိုပါသည်။ လျှံပါသည်။ မို၍မောက်၍ လာပါသည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

နှစ်ကျိပ်ရှစ်ဆူနှင့် ဘုရားခုနစ်ဆူ

(မေး) (နှစ်ကျိပ်ရှစ်ဆူနှင့် ဘုရားခုနစ်ဆူ)

အရှင်ဘုရား၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားရှင်တွေထဲမှ အဘယ်ကြောင့် နှစ်ကျိပ်ရှစ်ဆူ-ဟူ၍၄င်း၊

ခုနစ်ဆူ-ဟူ၍၄င်း အထူးဝိသေသပြု၍ ထုတ်နုတ်ဆိုထားကြောင်းကို ဖြေကြားပေးတော်မူပါဘုရား။

(မောင်သန်းနိုင်-ရတနာ၊ ဉာဏ်ကွဲရပ်-ပြင်ဦးလွင်)

(ဖြေ)

မြတ်စွာဘုရားတို့သည် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီး ဖြစ်ကြသော်လည်း ဂေါတမမြတ်စွာဘုရား နိယတဗျာဒိတ် ရတော်မူရာဖြစ်သည့် လေးအသင်္ချေနှင့် ကမ္ဘာတသိန်းအတွင်း ပွင့်တော်မူသည့် မြတ်စွာဘုရားမှာ မိမိ (ဂေါတမမြတ်စွာဘုရား) အထိ နှစ်ကျိပ်ရှစ်ဆူမျှသာ ရှိသဖြင့် ဗုဒ္ဓဝင်တွင် ယင်းနှစ်ကျိပ်ရှစ်ဆူကို သီးခြားဟောတော်မူခဲ့ပါသည်။

ဘုရား ခုနစ်ဆူအကြောင်းကား-

ဒီဃနိကာယ၊ မဟာဝဂ္ဂ၊ မဟာပဒါနသုတ်၌ နိဂုံးအဖြစ် သုဒ္ဓါဝါသ ခရီးစဉ်ကို ဟောရာ ထိုသုဒ္ဓါဝါသဘုံများသို့ မြတ်စွာဘုရား ကြွတော်မူစဉ် ဝိပဿီ-စသော ဘုရားခုနစ်ဆူတို့၏ တပည့်သာဝက ဗြဟ္မာများက ထိုဘုရားအသီးသီးတို့၏ အကြောင်းကိုသာ မေးလျှောက်သည်။

မြတ်စွာဘုရားကလည်း ၄င်းတို့မေးလျှောက်ရာ ဘုရားခုနစ်ဆူ၏ အကြောင်းကိုသာ ဟောတော်မူလေသည်။

(ဒီ-၃၊ ၄၂)

ထိုသို့ ဘုရားခုနစ်ဆူ၏ ရှေးအဖြစ်ကိုသာ ဟောသော မဟာပဒါနသုတ္တန်အရပင်

နောင်အခါ ဘုရားခုနစ်ဆူရှိခိုးသောအလေ့ ဖြစ်လာ၏၊

ယင်းကိုစွဲ၍ အာဋာနာဋိယသုတ်၌ ဝေဿဝဏ် နတ်မင်းကြီးက ဘုရားခုနစ်ဆူ ရှိခိုးပုံ၊

ခန္ဓသုတ်၌ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ-ဟု ဘုရားခုနစ်ဆူ ရှိခိုးပုံတို့ အစဉ်အလာ ဖြစ်လာပါသည်။

တနည်းအားဖြင့်လည်း နတ်ဗြဟ္မာတို့၏ သက်တမ်းအရ ဤဘုရားခုနစ်ဆူအထိသာ သိမီနိုင်ကြ၍

မိမိတို့ သိမီသော ဘုရားခုနစ်ဆူ ဘုရားရှိခိုးမှာ တွင်ကျယ်၍ နေသည်-ဟု ဆိုင်နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

နှစ်ထပ်ကျောင်းဆောင်နှင့် ပိဋကတ်စာကြည့်တိုက်

(မေး) (နှစ်ထပ်ကျောင်းဆောင်နှင့် ပိဋကတ်စာကြည့်တိုက်)

အရှင်ဘုရား၊ နှစ်ထပ်ကျောင်းဆောင်တွင် အောက်ထပ်၌ ပိဋကတ်ဆိုင်ရာ စာကြည့်တိုက် ဖွင့်လှစ်ပြီး၊ အပေါ်ထပ်တွင် သံဃာများ သီတင်းသုံးပါမည်။ ပိဋကတ်စာကြည့်တိုက်မှာ အောက်ထပ်ဖြစ်နေ၍ အပ်-မအပ် ဖြေကြားပေးတော်မူပါဘုရား။

(မချို-ကြည့်မြင်တိုင်)

(ဖြေ)

တထပ်စီ သီးခြားဖြစ်နေသောကြောင့် မအပ် မရှိ၊ အပ်ပါသည်။ မရိုမသေစိတ်ဖြင့် ပြုလုပ်နေခြင်း မဟုတ်လျှင် အပြစ်မရှိပါ။ သို့သော် ဖြစ်နိုင်ပါက ပိဋကတ်စာကြည့်တိုက်ကို အပေါ်ထပ်မှာ ပြုလုပ်လျှင် သံသယစိတ်များလည်း ကင်းရှင်းပြီး အထွတ်အမြတ် ပူဇော်ရာလည်း ရောက်ပါလိမ့်မည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

ကြက်ပျံမကျ

(မေး) (ကြက်ပျံမကျ)

အရှင်ဘုရား၊ ယခုခေတ် စာနယ်ဇင်းများတွင် ပရိသတ်များ ကြက်ပျံမကျ စည်ကားသည်ဟု ရေးသားလေ့ရှိပါသည်။ တပည့်တော် မှတ်သားရဖူးသည်မှာ ကြက်ပျံမကျကို မြိ့ုရွာစည်ကားခြင်း၌သာ သုံးနှုန်းရသည်ဟူ၍ ဖြစ်ပါသည်။ အရင်းအမြစ်နှင့်တကွ ဖြေကြားပေးတော်မူစေလိုပါသည်ဘုရား။

(ပညာသီရိ-သံဖို-မန္တလေး)

(ဖြေ) ကြက်ပျံမကျ မူရင်းမှာ ကုက္ကုဋသမ္ပာတိက၊ ကုက္ကုဋသမ္ပာဒိက ဖြစ်သည်။ ယင်း၏အဖွင့်ကို ပါထိကဝဂ္ဂ အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၃-၃၉) တွင် ကြည့်နိုင်ပါသည်။

ဆိုလိုရင်းမှာ ကြက်သည် ရွာတရွာ၏ အစွန်အိမ်အမိုးထက်မှ ပျံ၍ အခြားရွာ၏ အစွန်အိမ်အမိုးထက်သို့ ပျံကျနိုင်လောက်အောင် ရွာချင်းနီးစပ်နေသည်။ (သို့မဟုတ်)

ရွာတရွာ၏ အစွန် (စည်းရိုး)မှ အခြား တရွာ၏ အစွန် (စည်းရိုး) သို့ ကြက်၏ခြေဖြင့် သွားလာနိုင်လောက်အောင် ရွာချင်းနီးသည်ဟု ဆိုလိုသည်။

ကြက်သတ္တဝါသည် ဝေးဝေးလည်း မပျံနိုင်၊ ဝေးဝေးလည်း မသွားနိုင်၍ ကြက်၏ပျံခြင်း သွားခြင်းမျှလောက်သာ ရွာချင်းဝေးသည်။(ဝါ) ရွာချင်းဆက်မျှ စည်ကားသည်ဟု ဆိုလိုပါသည်။ လူစည်ကားသည်ကို မဆိုလိုပါ။ လူပရိသတ် စည်ကားသည်ကို တိုးမပေါက်အောင် စည်သည်။ ကြိတ်ကြိတ်တိုး စည်ကားသည်ဟုသာ သုံးနှုန်းလေ့ရှိပါသည်။ ထို့ကြောင့် ကြက်ပျံမကျ ဟူသော ဝေါဟာရမှာ မြို့ရွာစည်ကားသည်ကိုသာ သုံးစွဲရိုး ရှိပါသည်။

ပျို့ကဗျာများတွင်-ပြည့်ကြွယ်နိုင်ငံ၊ ချမ်းသာခံ၍၊ ကြက်ပျံမကျ၊ အနန္တတိ၊ (ဓမ္မပါလ-၄၅)၊

ရွာချင်းဆက်မျှ၊ ကြက်ပျံမကျ၊ သာမောလှသား၊ မြို့ပြကျေးရွာ၊ (ဥမ္မာဒန္တီ-၈)။

ကြက်ပျံမကျ၊ ဘုရားဘုန်းမြိုက်၊ သိမ်းပိုက်တော်မူ။ (နေမိရကန်-၂၁) စသည်စပ်ဆိုကြသည်ကို တွေ့နိုင်ပါသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကြက်ဥ

(မေး)(ကြက်ဥ)

သက်သတ်လွတ်တွင် ကြက်ဥသည် ပါဝင်၏၊ မပါဝင်၏-ဟု ငြင်းခုန်ပြောဆိုနေသည်။ ပါဝင်-မပါဝင် ဖြေကြားတော်မူပါ ဆရာတော်။ ထို့ပြင် ဘုရားလက်ထက်က သက်သတ်လွတ် ရှိ-မရှိကိုလည်း ဖြေကြားပေးတော်မူပါဘုရား။

(ဌေးမြင့်ကြည်-မိုးကုတ်)

(ဖြေ)

ကြက်ဥသည် သဘာဝ ကြက်ဥပင်ဖြစ်စေ၊ ဓာတ်ဖြင့် ဖောက်သော ကြက်ဥပင်ဖြစ်စေ ကြက်မ (မိခင်)ဝမ်း၌ သန္ဓေတည်ရသဖြင့် သက်သတ်လွတ် မဖြစ်နိုင်ပေ။

ဒေဝဒတ်သည် မြတ်စွာဘုရားအား ရဟန်းတော်များ ခြိုးခြံစွာကျင့်သုံးရေးအတွက် အချက်ငါးချက် လျှောက်ထားရာ ရာသက်ပန် သက်သတ်လွတ်စားရန် ပါရှိသဖြင့် မြတ်စွာဘုရား လက်ထက်ကပင် သက်သတ်လွတ်စား အယူဝါဒရှိကြောင်း သိနိုင်၏၊

သို့သော် ဆွမ်းခံစားရသော ရဟန်းတော်များအဖို့ ရသမျှကိုစားခြင်းသာ သန္တောသ-သန္တုဋ္ဌိ ဖြစ်နိုင်သဖြင့် မြတ်စွာဘုရားက အားမပေးခဲ့ပါ။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကြယ် လ နက္ခတ်များကို ဘယ်လိုမြင်သလဲ

(မေး) ကြယ် လ နက္ခတ်များ စုံချိန်တွင် ကောင်းကင်ကို ကြည့်ရာ ကြယ် လ နက္ခတ် အများအပြားကို မြင်ရာ၌ တပြိုင်နက်ပင် မြင်လေသလော၊ တခုပြီးတခု မြင်လေသလော။

(ဖြေ)

တခုပြီးမှ တခုကို မြင်ခြင်းဖြစ်သည်။

စိတ် အဖြစ်-အချုပ် မြန်သဖြင့် တပြိုင်နက် မြင်သည်-ဟု ထင်ရပါသည်။

ရှင်းလင်းချက်။ ။ အဘိဓမ္မာသဘောအရ စက္ခုပသာဒ (မျက်စိ) က အဆင်းအာရုံ တခုခုကို ကြည့်ရှုလျှင်

ဦးစွာ စက္ခုဒွါရဝီထိကျ၍ ဘဝင်စိတ်များ ထိုက်သင့်သရွေ့ ဖြစ်ပြီး မနောဒွါရဝီထိများ လေးဝီထိမျှ ဘဝင်ခြား၍ ဖြစ်ပြီးမှ မိမိကြည့်ရှုသော ရုပါရုံတခု (ကြယ်တလုံး) ကို သိမြင်နိုင်သည်။

ထိုဝီထိများ ချုပ်ပြီးနောက်မှ နောက်ထပ် ကြယ်တလုံးအတွက် ရှေးနည်းတူ ဝီထိများဖြစ်ရသည်။

စိတ်၏ ဖြစ်မှု ချုပ်မှုမှာ လျင်မြန်လွန်းလှသည်၊ ကြယ်-တလုံးပြီးမှ တလုံး မြင်ရသည်ကို တပြိုင်နက် တချက်တည်း မြင်သကဲ့သို့ ထင်ရလေသည်။

မျက်စိတမှိတ် လျှပ်တပြက် အချိန်အတွင်း၌ စိတ် စေတသိက် နာမ်တရားများ ကုဋေတသိန်းမက ဖြစ်ပျက်နေကြသည်ကို သတိပြု၍ အထက်ဖော်ပြပါ သဘောတရားများကို သဘောကျနိုင်စရာ ရှိပေသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကြယ်ကြွေခြင်းလော

(မေး) (ကြယ်ကြွေခြင်းလော)

အရှင်ဘုရား ညအခါ ကောင်းကင်တွင် မီးရှူးလွတ်သကဲ့သို့ အလင်းတန်းများကို တွေ့ရသည်။ လူကြီးများက ကြယ်ကြွေသည်ဟု ခေါ်သည်။ သိပ္ပံစာအုပ်များတွင် ဥက္ကာပျံများဟုခေါ်သည်။ မည်သည်က မှန်ပါသလဲ။ လူကြီးများ၏အဆိုအရ ကြယ်ကြွေလျှင် မည်သို့ ဖြစ်တတ်ပါသလဲဘုရား။ အချို့ကလည်း နတ်များနတ်သက်ကြွေ၍ လူ့ပြည်သို့ ဆင်းသည်ဟု ဆိုကြသည်။ ဖြေရှင်းပေးပါဘုရား။

(မင်းစောထွန်း-ဖျာပုံမြို့)

(ဖြေ)

ကျယ်ဝန်းသော ကောင်းကင်ပြင်၌ လေဓာတ်တို့ ပြင်းထန်၍ အလင်းရောင်များဖြစ်ကာ အတုံးအခဲများ ကျရောက်သည်ကို အဝေးမှ နေရောင်ဖြင့် အလင်းတန်းများသဖွယ် မြင်ရခြင်းကို ဥပါပျံသည်ဟု ရှေးက ခေါ်ဆိုရေးသားကြသည်။ ဥက္ကာပျံသည်ဟုလည်း ဆို၏၊ ၄င်းကို အတိတ်နိမိတ် အဖြစ် ယူသော် မကောင်းမွန်ရာ၌ အဓိပ္ပါယ်ဆိုကြသည်။ ဥပမာ-မင်းများ နတ်ရွာစံခြင်းမျိုး၌ ဥက္ကာကျခြင်းများ ဖြစ်ကြောင်း ရာဇဝင်တို့မှာ ပါသည်။

အနိစ္စရောက်လိုသော် ဥပါလှည်းဘီးခန့် ကျ၏၊(ဦးကုလား-ပ-၁၄၇)။ ပါဠိအဋ္ဌကထာများတွင်

ဧဝရူပေါ စန္ဒဂ္ဂါဟော ဘဝိဿတိ၊

ဧဝရူပေါ သူရိယဂ္ဂါဟော ဘဝိဿတိ၊

ဧဝရူပေါ နက္ခတ္တဂ္ဂါဟော ဘဝိဿတိ၊

ဧဝရူပေါ ဥဂ္ဂါပါတော ဘဝိဿတိ၊

ဧဝရူပေါ ဒိသာဍာဟော ဘဝိဿတိ ဣမေပဉ္စ မဟာဥပ္ပါတာ-(ဇာဋ္ဌ ၁-၃၉၆)ဟု ဥပါပျံခြင်း ငါးမျိုးရှိကြောင်း ဆိုသည်။

(ဘဒ္ဒန္တတိလောကသာရ ဖြေသည်)

************************************************************

ကိုယ်တွင်းသာသနာနှင့် ကိုယ်ပသာသနာ၊ ၂။ ကိုယ်တွင်း သရဏဂုံနှင့် ကိုယ်ပ သရဏဂုံ

(မေး) (၁။ ကိုယ်တွင်းသာသနာနှင့် ကိုယ်ပသာသနာ၊ ၂။ ကိုယ်တွင်း သရဏဂုံနှင့် ကိုယ်ပ သရဏဂုံ)

အရှင်ဘုရား၊ အောက်ပါအချက်များကို ကွဲပြားအောင် ဖြေကြားပေးတော်မူပါဘုရား။

(၁) ကိုယ်တွင်း သာသနာနှင့် ကိုယ်ပ သာသနာ။

(၂) ကိုယ်တွင်း သရဏဂုံနှင့် ကိုယ်ပ သရဏဂုံတို့ကို အများနားလည်အောင် ရှင်းလင်းပေးတော်မူရန် ဖြစ်ပါသည်ဘုရား။

(ဦးအရိယဝံသ၊ မြစ်ကြီးနားမြို့)

(ဖြေ)

သာသနာဆိုသည့် ဘုရားရှင်၏ အဆုံးအမစကားများကို မိမိရင်ထဲ၊ နှလုံးသားထဲမှာ အမြဲကပ်ထားနိုင်လျှင် ကပ်ထားနိုင်သလောက် ကိုယ်တွင်းသာသနာ ဖြစ်နိုင်သည်။

ဥပမာ-ငါးပါးသီလထဲက မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-မုသားပြောခြင်းမှ ရှောင်ကြဉ်ပါ၏ ဆိုသော သာသနာ့အဆုံးအမ စကားလေးတခုကို မိမိကိုယ်ထဲ စိတ်နှလုံးထဲ အမြဲကပ်ထားဆောင်ထားလျှင် မုသားပြောဖို့ ကြုံတိုင်း ငါက မုသားပြောခြင်းကို ရှောင်ထားတာဖြစ်လို့ ဘယ်တော့မှ မပြောဘူး။ ဒီသီလ၊ ဒီသိက္ခာပုဒ်ကို စိတ်နှလုံးထဲ အမြဲကပ်ထား၊ ဆောင်ထားမယ်။ ဘယ်တော့မှ ကွာမသွားစေရ၊ ပျက်မသွားစေရ၊ မကျိုးမပေါက် မပြောက်မကျားစေရဘူးဆိုလျှင် ကိုယ်တွင်းသာသနာ ဖြစ်ပါပြီ။

မုသားမပါ လင်္ကာမချော-ဆိုပြီး လိမ်ချင်တဲ့အခါ လိမ်လိုက်၊ ညာလိုက်၊ မဟုတ်တာပြောလိုက်ဆိုလျှင်တော့ ကိုယ်တွင်းမှာ သိက္ခာပုဒ်ကွာသွား၊ ပျက်သွားပြီမို့ ကိုယ်ပ သာသနာအဆုံးအမများသာ ဖြစ်ပါလိမ့်မည်။

ရဟန်းများလည်း ရဟန်းသိက္ခာပုဒ် အဆုံးအမတွေ မတည်လျှင် ကိုယ်ပသာသနာပဲဖြစ်ပြီး သိက္ခာပုဒ်တွေ ထိမ်းသိမ်းမှ ကို်ယ့်ရင်ထဲက သာသနာဖြစ်ပါမည်။

သာသနာဆိုသည့် အဆုံးအမတရားဂုဏ်ထဲမှာ ဩနေယျိကဂုဏ်ဆိုတာ ရှိပါသည်။ ဩပနေယျိကော-မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင် ကပ်၍ဆောင်ထားထိုက်သော တရား မည်ပါပေ၏-ဟု ဆိုထားပါသည်။ တရားတွေ မကပ်ထားလျှင် မတရားတွေကပ်ပြီး မတရားတာတွေကိုပဲ (အကုသိုလ်တွေကိုပဲ) လုပ်မိပြီး အပါယ်လေးပါး သံသရာပဲ လည်ရတော့မည်။ တရားကိုကပ်ထား ကိုယ်တွင်းမှာထည့်ထားမှ တရားတာတွေ (ကုသိုလ်တွေ) ကိုသာ လုပ်ဖြစ်ပြီး သုဂတိသံသရာနှင့် နိဗ္ဗာန်ကို ရောက်နိုင်မှာ ဖြစ်ပါသည်။

တန်ဖိုးရှိသော လောကရတနာ အမျိုးမျိုးကို လူတို့က ကိုယ်မှာကပ်ပြီး ဝတ်ဆင်ကြသည်။ ဂုဏ်လုပ်ကြသည်။ လောကအနေဖြင့် ဂုဏ်ရှိကြသည်။ အထင်ကြီးကြသည်။ တင့်တယ်ကြသည်။ ထို့ထက် ဘုရားအဆုံးအမ တရားရတနာကို ရင်ထဲ နှလုံးသားထဲမှာ အမြဲကပ်ထားသူအဖို့ ဘုရားရှင်နှင့် တလောကလုံး သုံးဆယ့်တဘုံက အထင်ကြီးလေးစားခံရသူ ဖြစ်ပါလိမ့်မည်။ သာသနာဆိုသည့် အဆုံးအမ ဓမ္မရတနာထက် မြတ်သော တန်ဖိုးရှိသော ကိုယ်တွင်းမှာအမြဲကပ်ထားသင့်သော ရတနာကား လောက၌ မရှိပါဟု ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ၊ န နော သမံ အတ္ထိ တထာဂတေန-ဟုဆိုထားပါသည်။

အမြတ်ဆုံးရတနာ၊ တန်ဖိုးအရှိဆုံး ရတနာကို ကပ်ထား၊ ဆောင်ထားချင်သည်ဆိုလျှင်တော့ ဓမ္မရတနာ အဆုံးအမတရားစကားဆိုတဲ့ သာသနာကို ကိုယ်တွင်းမှာကပ်ထား။ ဆောင်ထားပါလေ။ တလောကလုံး တကမ္ဘာလုံးမှာ ဂုဏ်အရှိဆုံး၊ ကျက်သရေအရှိဆုံး ဖြစ်ပါ၏၊

ကိုယ်တွင်း သရဏဂုံနှင့် ကိုယ်ပသရဏဂုံ ဆိုရာမှာလည်း ရတနာမြတ်သုံးပါးကို ကိုးကွယ်ယုံကြည် ဆည်းကပ်ရာတွင် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးသည် ငါတို့ကို အပါယ်ဆင်းရဲ စသည်တို့ကို ဖယ်ရှားပေးပြီး ချမ်းသာအမျိုးမျိုး၊ ကောင်းကျိုး အမျိုးမျိုး သုဂတိသံသရာနှင့် နိဗ္ဗာန်တိုင်ထိ ပို့ဆောင်ကယ်တင် မည့်ရတနာမြတ်များ ဖြစ်ပေသည်ဟု နှစ်နှစ်ကာကာ ယုံကြည်ကြရပါမည်။ ထိုသို့ ယုံကြည်ရာ၌ ဘုရား တရား သံဃာတို့သည် ဆင်းရဲပယ်ဖျောက် ချမ်းသာရောက်အောင် ဘေးရန်ပယ်ရှား ကောင်းကျိုးများအောင် ဆောင်ရွက်ပေးတော်မူသည်မှာ ဟုတ်မှဟုတ်ရဲ့လား-ဟု သံသယမရှိစေရ။

နောက်ဆုံး ဘုရား တရား သံဃာများကို ကိုးကွယ်ယုံကြည်နေခြင်းသည် အကျိုးမရှိ၊ မယုံကြည်နှင့် စွန့်လွတ်ရမည်။ မစွန့်လွှတ်လျှင် သတ်မည်-ဟု တဦးဦးက ဆိုလာလျှင်တော်မှ အသက်ကိုသာ စွန့်မည်။ ရတနာသုံးပါး ကိုးကွယ်ယုံကြည်မှုကို မစွန့်ဘူးဆိုလျှင် ကိုယ်တွင်းသရဏဂုံ ထိုက်ထိုက်တန်တန် ဖြစ်ပြီဟု သတ်မှတ်နို်င်ပါသည်။

လောက၌ အားထားလောက်စရာ မိဘ၊ ဆရာသမား ဆွေမျိုးဉာတကာ မိတ်ဆွေကောင်းများရှိခြင်းသည် ကိုယ်စိတ်လည်း ချမ်းသာ၏၊ အစစအရာရာ အဆင်ပြေ၏၊ ဂုဏ်လည်းရှိ၏၊ အားကိုးအားထား ပြုလောက်စရာ မိဘ ဆရာသမား ဆွေမျိုးဉာတိ မိတ်ဆွေအပေါင်းအသင်းမရှိသူတို့မှာ ဘဝတွင် အမျိုးမျိုး အားငယ်စရာ အားကိုးရာမဲ့ အနေဖြင့် စိတ်ထားသေးသိမ်၍ ကိုယ်အင်အား စိတ်အင်အားတို့ပင် ညှိုးမှိန်ကြရကုန်၏၊

မည်သို့ပင် မိဘ ဆရာသမား စသည့် အားကိုးရာမဲ့ဖြစ်ပစေ။သရဏဂုံသုံးပါးတည်းဟူသော တလောကလုံးတွင် အမြတ်ဆုံးဖြစ်သည့် အားကိုးရာကို အားကိုးရာအဖြစ် နှစ်နှစ်ကာကာ စွဲမြဲစွာ မှတ်ယူထားပြီး ထိုဘုရား တရား သံဃာ တို့၏ ဆုံးမလမ်းညွှန်ချက်အတိုင်းသာ လိုက်နာကျင့်သုံးကြလျှင် ဘုရား တရား သံဃာတို့၏ သားရတနာ သမီးရတနာများအဖြစ်သို့ ရောက်ရှိပြီး ဖြစ်တော့သည်။

(ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည်)

************************************************************

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ