ထာဝရငြိမ်းချမ်းရေးသို့
စာမိတ်ဆက်
ဖားအောက်တောရဆရာတော်ကြီးအား ၂၀၀၀ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘာသာရေးနှင့် အယူဝါဒရေးရာခေါင်းဆောင်များ၏ ၂၀၀၀ပြည့်နှစ် ကမ္ဘာ့ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး (Millenium World Peace Summit of Religious and Spiritual Leaders)သို့ ကြွရောက်ချီးမြှင့်တော်မူရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ဖိတ်ကြားခဲ့ပါသည်။ အခြား ခေါင်းဆောင်များအလားတူ ဆရာတော်ကြီးအားလည်း ကမ္ဘာတွင် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် ဘာသာရေးနှင့် အယူဝါဒရေးရာခေါင်းဆောင်များက ကူညီ ပံ့ပိုးနိုင်မည့် နည်းလမ်းများဆိုင်ရာ ထိရောက်သော အကြံပြုချက်များ ချီးမြှင့်ခြင်း (offering specific proposals relating to ways in which religious and spiritual leaders can contribute to peacemaking in the world)ဟူသော (စာလုံးရေကန့်သတ်ထားသော) စာတမ်းတစ်စောင် တင်သွင်း မိန့်ကြားပေးရန်လည်း လျှောက်ထားခဲ့ကြပါသည်။
ဖားအောက်တောရဆရာတော်ကြီးသည် ထာဝရငြိမ်းချမ်းရေးသို့ (Towards Eternal Peace) ဟူသော တရားဒေသနာစာတမ်းကို တင်သွင်းခဲ့ပါ သည်။ သို့သော် ထိုကမ္ဘာ့ငြိမ်းချမ်းရေး ထိပ်သီးအစည်း အဝေးကျင်းပချိန်၌ ဆရာတော်ကြီးသည် ကျန်းမာရေး အခြေအနေအရ မကြွရောက်နိုင်ခဲ့သောကြောင့် ထို ဒေသနာစာတမ်းအားလည်း မဖတ်ကြားဖြစ်ခဲ့ပါ။
ထိုတရားဒေသနာစာတမ်းအား နိုင်ငံခြားတွင် နိုင်ငံခြားသားယောဂီများက အင်္ဂလိပ်-တရုတ် နှစ်ဘာသာဖြင့် ဓမ္မဒါနပြုလျက် ရှိပါသည်။
ယခုအခါ မြန်မာဘာသာဖြင့်လည်း ဓမ္မဒါန ပြုလို ကြသူများ၏ ဆန္ဒမွန်ကြောင့် စာအုပ်ငယ်အသွင်ဖြင့် စာဖတ်ပရိသတ်လက်ဝယ်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ပါသည်။
သတ္တဝါအပေါင်း ထာဝရငြိမ်းချမ်းကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလျက် --
စီစဉ်သူများ
ထာဝရငြိမ်းချမ်းရေးသို့
ထာဝရငြိမ်းချမ်းရေးသို့
ငြိမ်းချမ်းမှုကို ဖျက်ဆီးနေသော တရားဆိုးများ
တစ်ချိန် --- ဒကာတော်သိကြားမင်းက ဘုရားရှင် အား အောက်ပါ မေးခွန်းတစ်ခုကို မေးမြန်းခဲ့ဖူး၏။
အရှင်ဘုရား ... ရန်ငြိုးကင်းကုန်လျက်, လက်နက်နှင့် စီးပွားရေးဖြင့် ခြိမ်းခြောက်ခံရမှုဒဏ် ကင်းကုန်လျက်, ရန်သူကင်းကုန်လျက်, စိတ်ဆင်းရဲခြင်း ကင်းကုန်လျက် ငါတို့ နေကြရပါစေဟု နတ်, လူ, အသုရာ, နဂါး, ဂန္ဓဗ္ဗတို့နှင့် အခြားများစွာသော ထိုသတ္တဝါတို့အား တောင့်တခြင်း သည် ဖြစ်၏။ ယင်းသို့ တောင့်တခြင်းဖြစ်သော်လည်း ထို သတ္တဝါတို့သည် ရန်ငြိုးရှိကုန်လျက်, လက်နက်နှင့် စီးပွားရေးဖြင့် ခြိမ်းခြောက်ခံရမှုဒဏ်ရှိကုန်လျက်, ရန်သူရှိကုန်လျက်, စိတ်ဆင်းရဲခြင်းရှိကုန်လျက်, အမျက်ထွက်ခြင်းရှိကုန်လျက် နေကြရပါကုန်၏။ (ဤသို့ နေရခြင်းသည်) အဘယ် အနှောင်အဖွဲ့ကြောင့် ပါနည်းဟု နတ်တို့၏အရှင် သိကြားမင်းက မေးမြန်း လျှောက်ထားခဲ့၏။
ထိုမေးခွန်းကို ဘုရားရှင်က အောက်ပါအတိုင်း အဖြေပေးခဲ့၏။
နတ်တို့အရှင် သိကြားမင်း ...ရန်ငြိုးကင်း ကုန်လျက်, လက်နက်နှင့် စီးပွားရေးဖြင့် ခြိမ်းခြောက် ခံရမှုဒဏ်ကင်းကုန်လျက်, ရန်သူကင်းကုန်လျက်, စိတ်ဆင်းရဲခြင်းကင်းကုန်လျက်, အမျက်ထွက်ခြင်း ကင်းကုန်လျက် ငါတို့ နေကြရပါစေဟု နတ်, လူ, အသုရာ, နဂါး, ဂန္ဓဗ္ဗတို့နှင့် အခြားများစွာသော ထို သတ္တဝါတို့အား တောင့်တခြင်းသည် ဖြစ်၏။ ယင်းသို့ တောင့်တခြင်းဖြစ်သော်လည်း ထိုသတ္တဝါတို့သည် ရန်ငြိုးရှိကုန်လျက်, လက်နက်နှင့် စီးပွားရေးဖြင့် ခြိမ်းခြောက်ခံရမှုဒဏ်ရှိကုန်လျက်, ရန်သူရှိကုန်လျက်, စိတ်ဆင်းရဲခြင်းရှိကုန်လျက်, အမျက်ထွက်ခြင်းရှိကုန် လျက် နေကြရပါကုန်၏။ (ဤသို့ နေရခြင်းသည်) ဣဿာ မစ္ဆရိယသံယောဇဉ်ကြောင့် ဖြစ်၏ဟု (ဖြေကြားတော်မူ၏)။
ဣဿာ
၁။ ပုဂ္ဂိုလ်တစ်ဦးက အခြားပုဂ္ဂိုလ်တစ်ဦးထက် စည်းစိမ်ဥစ္စာ, ရာထူးဂုဏ်သိရ် စသည်ဖြင့် အဖက်ဖက်မှ သာလွန်နေလျှင်,
၂။ မိသားစုတစ်ခုက အခြားမိသားစုတစ်ခုထက် အဖက်ဖက်မှ သာလွန်နေလျှင်,
၃။ ကုမ္ပဏီတစ်ခုက အခြားကုမ္ပဏီတစ်ခုထက် အဖက်ဖက်မှ သာလွန်နေလျှင်,
၄။ လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုးထက် အဖက်ဖက်မှ သာလွန်နေလျှင်,
၅။ တိုင်းပြည်တစ်ပြည်က အခြားတိုင်းပြည်တစ်ပြည် ထက် အဖက်ဖက်မှ သာလွန်နေလျှင်,
၆။ ကမ္ဘာ့အုပ်စုကြီးတစ်ခုက အခြားကမ္ဘာ့အုပ်စုကြီး တစ်ခုထက် အဖက်ဖက်မှ သာလွန်နေလျှင်,
မကြည့်လို မရှုလို မမြင်လိုသော စိတ်ထားကား ဣဿာတရားဆိုးတည်း။
မစ္ဆရိယ
၁။ မိမိ စည်းစိမ် ဂုဏ်သိရ် ပညာ အာဝါသနှင့် ဆွေမျိုးတို့ကို သူတစ်ပါးတို့နှင့် မမျှဝေပေးနိုင် သော သဘောထားသည်လည်းကောင်း,
၂။ မိမိနည်းတူ တစ်ပါးသူတို့က စည်းစိမ် ဂုဏ်သိရ် ပညာ စသည်တို့ ရရှိလာခြင်းကို မမြင်လို မရှုစိမ့် သော သဘောထားသည်လည်းကောင်း,
၃။ မိမိ, မိမိ၏ မိသားစု, မိမိ၏ ကုမ္ပဏီ, မိမိ၏ လူမျိုး, မိမိ၏ တိုင်းပြည်, မိမိပါဝင်သော ကမ္ဘာ့အုပ်စုကြီး တစ်ခု၏ စည်းစိမ် ဂုဏ်သိရ် ပညာ စသည်ကို အခြားသူတို့က, အခြားမိသားစုတို့က, အခြား ကုမ္ပဏီတို့က, အခြားလူမျိုးတို့က, အခြားတိုင်းပြည်တို့က, အခြားကမ္ဘာ့အုပ်စုကြီးတို့က ထိပါး စော်ကားလာခြင်းကို မမြင်လို မရှုစိမ့်သော သဘောထားသည်လည်းကောင်း မစ္ဆရိယတရားဆိုးဖြစ်၏။
ယင်းတရားဆိုးတို့၏ ဖြစ်ပေါ်လာရာ အခြေခံ အကြောင်းရင်းမှာ ချစ်ခြင်း မုန်းခြင်းတရားပင် ဖြစ်၏။
မိမိကိုယ်ကို, မိမိ မိသားစုကို, မိမိကုမ္ပဏီကို, မိမိလူမျိုးကို, မိမိတိုင်းပြည်ကို, မိမိတို့၏ ကမ္ဘာ့အုပ်စုကြီးကိုသာ ချစ်ခင်မြတ်နိုးတတ်၍ အခြားလူများကို, အခြားမိသားစုများကို, အခြားအသင်းအဖွဲ့များကို, အခြားလူမျိုးများကို, အခြားတိုင်းပြည်များကို, အခြား အခြား ကမ္ဘာ့အုပ်စုများကို မုန်းတီးတတ်သော စိတ်ထားကား အခြေခံအကြောင်းရင်းဖြစ်၏။ ဣဿာ မစ္ဆရိယ ဖြစ်ပေါ်ရန် အခြေခံအကြောင်းရင်းဖြစ်၏။ ယင်းအကြောင်းတရားများကို ဗုဒ္ဓ၏ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ဟု ဆိုအပ်သော သိက္ခာသုံးရပ် အကျင့်မြတ်တို့က အမြစ်ပြုတ်အောင် ချေဖျက် နိုင်သော စွမ်းအားရှိ၏။
သီလဖြူစင်မှုကို အခြေခံလျက် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလေးပါးနှင့် ကသိုဏ်းဆယ်ပါး, သမာပတ်ရှစ်ပါးတို့ကို တကယ် စစ်မှန်သော စျာန်သို့ဆိုက်သည့်တိုင်အောင် အောင်မြင် စွာ လက်တွေ့ ပွားများအားထုတ်နိုင်ပါက သတ္တဝါ အားလုံးအပေါ်၌ ညီမျှသော မေတ္တာတရား, ကရုဏာ တရား, မုဒိတာတရား, ဥပေက္ခာတရားတို့ကို အောင်အောင်မြင်မြင် ရရှိနိုင်မည်ဖြစ်သည်။
ထိုဗြဟ္မစိုရ်တရားတို့၏ စွမ်းအားကြောင့် ချစ်ခြင်း, မုန်းခြင်းတရားများသည် ဝေးကွာသွားမည်သာ ဖြစ်သည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို အောင်အောင် မြင်မြင် ပွားများအားထုတ်သူတိုင်း ရရှိခံစားရမည် ဖြစ်သည်။ သို့သော် ထိုငြိမ်းချမ်းရေးကား စျာန်သမာဓိ အရှိန် အားကောင်းခိုက် ရရှိနိုင်သော ယာယီငြိမ်းချမ်းရေးမျှသာဖြစ်သည်။ ထိုယာယီငြိမ်းချမ်းရေးမှ ထာဝရ ငြိမ်းရေးသို့ တစ်ဆင့် တက်လှမ်းရမည်ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ပြုကျင့်ရမည့် ကျင့်စဉ်ကား မြတ်ဗုဒ္ဓ၏ တစ်ခုတည်းသော ဝိပဿနာကျင့်စဉ်ပင် ဖြစ်သည်။
အထက်ပါ စျာန်သမာဓိများကို အခြေခံ၍ ဘုရားရှင် ဟောတော်မူသော ရုပ်တရား နာမ်တရား တို့ကို နည်းမှန် စနစ်မှန် ကြိုးစားအားထုတ်ပါက သိရှိ နိုင်မည်သာဖြစ်သည်။ စျာန်သမာဓိကြောင့် လင်းရောင်ခြည်များ ထွက်ပေါ်လာမည်ဖြစ်သည်။ ယင်း လင်းရောင်ခြည် အကူအညီဖြင့် မြတ်ဗုဒ္ဓ ဟောကြား တော်မူသည့် ရုပ်တရားတို့ကို သိရှိနိုင်ပါသည်။ မြတ်ဗုဒ္ဓ က ရုပ်တရားတို့သည် ကလာပ်ခေါ်သည့် အမှုန်ကလေးတွေအနေဖြင့် ဖြစ်ပေါ်နေကြောင်း ဟောကြား ထားတော်မူခဲ့၏။ ယင်းရုပ်ကလာပ်တစ်ခုတစ်ခုသည် အက်တမ်ထက် အဆပေါင်းများစွာ သေးငယ်မည်ဟု ယူဆရသည်။ ယင်းရုပ်ကလာပ်တစ်ခုအတွင်းရှိ ပထဝီ, အာပေါ, တေဇော, ဝါယောစသည့် ရုပ်ပရမတ်တို့ကို ယောဂီပုဂ္ဂိုလ်များသည် ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ ရှုပွားသုံးသပ်ပါက သိရှိနိုင်မည်သာဖြစ်သည်။ ဗုဒ္ဓ၏ ဒေသနာတော်အရ သက်ရှိသက်မဲ့ တစ်လောကလုံး သည်ကား ရုပ်ကလာပ်အမှုန်များဖြင့်သာ တည်ဆောက်ထား၏။ ယင်း ရုပ်ကလာပ်အမှုန်တို့ကား အလွန် လျင်လျင်မြန်မြန် ဖြစ်ပြီးက ပျက်နေသည့် သဘာဝတရားတို့သာဖြစ်သည်။ သို့သော် ထိုရုပ်ကလာပ်တို့သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကား မဟုတ်ကြပေ။ ယင်း ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်းရှိ ပထဝီ, အာပေါ, တေဇော, ဝါယောစသော ပရမတ္ထဓာတ်သားတို့သည်သာလျှင် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံတို့ ဖြစ်ကြသည်။ ယောဂီပုဂ္ဂိုလ်သည် ယင်း ပရမတ်တရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှေးဦးစွာ ကြိုးပမ်းရာ၏။ အလားတူပင် ယောဂီသည် စိတ်ကို ထိုးထွင်းမြင်သိ၍ စိတ်၌ အာရုံသိသဘော (= စိတ္တ)နှင့် စေတသိက်များစွာတို့ စုဖွဲ့နေကြောင်းနှင့် ထိုပရမတ် နာမ်တရားများသည်လည်း အလွန် လျင်မြန်စွာ ဖြစ်ပျက်နေကြကြောင်းတို့ကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ရန် စနစ်တကျ စူးစမ်းလေ့လာရမည်။
ဤပရမတ် ရုပ်နာမ်တရားများသည် တစ်ရံမစဲ လျင်မြန်စွာ ဖြစ်ပျက်နေခြင်းကြောင့် ၎င်းင်းတို့သည် မတည်မြဲသော အနိစ္စတရား, ကျေနပ်ဖွယ် မရှိသော ဒုက္ခတရား, ပုဂ္ဂိုလ် သတ္တဝါ ငါမဟုတ်သော အနတ္တတရားတို့ ဖြစ်ကြ၏။ ထို့ကြောင့် ဤ ရုပ်တရား နာမ်တရားတို့သည် ဒုက္ခသစ္စာတရားစုတို့တည်း။
ကြောင်း-ကျိုးဆက်နွယ်မှုသဘော
ဤရုပ်နာမ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိရှိထားပြီးသော ယောဂီသူတော်ကောင်း သည် ဤရုပ်နာမ်တို့၏ အကြောင်း-အကျိုးတို့ကို တစ်ဆင့်တက်၍ သိမ်းဆည်းရှုပွားရာ၏။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိသော အကြောင်းတရားတို့ကြောင့် ဤရုပ်နာမ်တို့၏ ထင်ရှားဖြစ်ပေါ် လာရပုံကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည်။ သီအိုရီသဘောတရားအရမျှသာ မဟုတ်၊ မိမိ၏ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည့်အပိုင်း ဖြစ်သည်။ အောင်မြင်စွာ ကျင့်နိုင်သော ယောဂီများ များစွာပင် ရှိကြပေသည်။
အကယ်၍ ယောဂီတစ်ဦးသည် ထိုသို့ကြိုးပမ်းရာ ၌ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သည် ဖြစ်ငြားအံ့။ ထိုအသိဉာဏ်မှာ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ထိုးထွင်း သိမြင်သော သမ္မာဒိဋ္ဌိ အမြင်တစ်မျိုးဖြစ်သည်။ ဗုဒ္ဓ၏ ဒေသနာတော်၌ ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာဟူသည် မရှိ၊ အကြောင်းတရား အစုအပုံနှင့် အကျိုးတရား အစုအပုံသာ ရှိ၏။ ယင်းတို့ကို သင်္ခါရတရားဟု ခေါ်၏။ ယင်း သင်္ခါရတရားတို့ကား ဖြစ်ပြီးလျှင် ရုတ်ချည်း ပျက်နေသည့် အနိစ္စတရား အစုအပုံ၊ ဖြစ်ခြင်းပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် ဒုက္ခတရား အစုအပုံ၊ အတ္တမဟုတ်သည့် အနတ္တတရား အစုအပုံတို့သာ ဖြစ်ကြသည်။ ယင်းသင်္ခါရတရားတို့၏ အနိစ္စသဘာဝ အမှန်, ဒုက္ခသဘာဝအမှန်, အနတ္တသဘာဝအမှန်ကို ထိုးထွင်းသိမြင်တတ်သော အသိဉာဏ်သည်ကား ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ပင် ဖြစ်သည်။
ယောဂီပုဂ္ဂိုလ်တစ်ဦးသည် ယင်းဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ကို ရင့်ကျက်အောင် တစ်ဆင့်ပြီး တစ်ဆင့် ကြိုးပမ်းရာ၏။ ယင်းသို့ ရင့်ကျက်လာသော ဝိပဿနာဉာဏ်၏အဆုံး၌ အရိယမဂ်ဉာဏ်သည် နိဗ္ဗာန်ကို အာရုံယူလျက် ဖြစ်ပေါ်လာ၏။ ယင်းနိဗ္ဗာန်တရားတော်မြတ်သည်ကား နိရောဓသစ္စာတရားပင် ဖြစ်သည်။ ယင်းနိဗ္ဗာန်တရားတော်မြတ်ကို ထိုးထွင်း သိမြင်သော အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော မဂ္ဂင်ရှစ်ပါးတို့ကား မဂ္ဂသစ္စာတရားပင် ဖြစ်သည်။ ယင်း အရိယမဂ်ဉာဏ်သည် ကိလေသာတို့ကို အမြစ်ပြတ် ဖြေရှင်းနိုင်သော စွမ်းအားရှိ၏။ အဆင့်ဆင့် ဖြစ်ပေါ် လာသော အရိယမဂ်ဉာဏ်တို့က ချစ်ခြင်း, မုန်းခြင်း တရားတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်၏။ ချစ်ခြင်း, မုန်းခြင်းတရား မရှိက ဣဿာ, မစ္ဆရိယ တရားဆိုးများလည်း မရှိနိုင်တော့ပြီ။ ထိုအခါ ထိုယောဂီပုဂ္ဂိုလ်သည် ထာဝရငြိမ်းချမ်းရေးသို့ ဆိုက်ရောက်ပြီ ဖြစ်၏။ ပုဂ္ဂိုလ် တစ်ဦး၏ ထာဝရငြိမ်းချမ်းရေးမှ ကမ္ဘာသား အများစု၏ ထာဝရငြိမ်းချမ်းရေးသို့ တစ်ဆင့်တက်၍ ကြိုးပမ်းနိုင်ပါက ကမ္ဘာ့ငြိမ်းချမ်းရေးကို အောင်မြင်စွာ ရရှိနိုင်မည် ဖြစ်သည်။
ဗုဒ္ဓကျင့်စဉ်၏ ပထမအဆင့်ဖြစ်သော ငါးပါးသီလ ကို ကမ္ဘာသူ ကမ္ဘာသားအားလုံးက စောင့်ထိန်းကြလျှင် ကျေနပ်ဖွယ်ကောင်းသည့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ယခု လက်ငင်း ရရှိနိုင်သည်။ငါးပါးသီလကို ဘာသာအားလုံး လောက်က လက်တွေ့ ကျင့်သုံးကြပါသည်။ စျာန်သမာဓိရသည့်တိုင်အောင် လူတို့ ကြိုးစား အားထုတ်နိုင်ကြလျှင် ထိုကမ္ဘာ့ငြိမ်းချမ်းရေးသည် ပိုမို တည်တံ့ ခိုင်မြဲလာမည်ဖြစ်သည်။ မဂ်ဉာဏ်ရောက်သည်အထိ လူတို့ ကြိုးစားအားထုတ်နိုင်လျှင်ကား မပျက်စီးနိုင်သော ထာဝရ ခိုင်မြဲသည့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်သည်။
ဤသီအိုရီသဘောတရားများကား သီအိုရီသဘောတရားအရမျှသာ မဟုတ်၊ ခေတ်အဆက်ဆက် ထပ်ခါထပ်ခါ တကယ်လက်တွေ့ကျင့်၍ တကယ် အောင်မြင်ခဲ့သော ကျင့်စဉ်များ ဖြစ်ကြသည်။ ယခု အပတ်တကုတ် ကြိုးစားအားထုတ်လျှင်လည်း အောင်ပွဲခံဦးမည့် ကျင့်စဉ်များ ဖြစ်ကြသည်။ ထို့ကြောင့် တစ်သီးပုဂ္ဂလ ထာဝရငြိမ်းချမ်းရေးမှ ကမ္ဘာသူ, ကမ္ဘာသားအများစု ထာဝရငြိမ်းချမ်းရေးသို့တိုင်အောင် ဗုဒ္ဓ၏ ကျင့်စဉ်များအရ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ကြပါရန် တိုက်တွန်းအပ်ပါသတည်း။ ။
သတ္တဝါအားလုံးတို့ ထာဝရငြိမ်းချမ်းရေးကို ရရှိကြပါစေ ...
ဖားအောက်တောရဆရာတော်
Comments
Post a Comment