Skip to main content

အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ ပဌမပိုင်း

အင်္ဂုတ္တရနိကာယ်(မြန်မာ)ကျမ်းစာ


တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်
စုစည်းတင်ပြသော-မြတ်ဗုဒ္ဓ၏

အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ

ပဌမပိုင်း

သာသနာတော်ဆိုင်ရာ အရသာကို ချမ်းသာရွှင်ပြီး စားသုံးနိုင်ကြရပါမည်
သာသနာ- ၂၅၂၉
ကောဇာ- ၁၃၄၇
ခရစ်- ၁၉၇၅။


ပထမအကြိမ်
၁၉၈၅-ခု၊ အောက်တိုဘာလ အုပ်ရေ - ၂၀၀၀
စာမူခွင့်ပြုချက်အမှတ် [ ၅၃၃ ]
မျက်နှာဖုံးခွင့်ပြုချက်အမှတ် [ ]
ပန်းချီ - ကျော်သူလှိုင်
ဘလောက် - ရောင်နီဦး
အဖုံးရိုက် - ကမ္ဘာ
စာအုပ်ချုပ် - ကမ္ဘာအေး၊ သာသနာရေး ဦးစီးဌာနပုံနှိပ်တိုက် သန်းသန်းယဉ်
ရောင်းဈေး ၃၅၇။
ထုတ်ဝေသူ - ဦးသာတင့် (၁၈၁၂) မာဃစာပေထုတ်ဝေရေး တိုက် ၁၀၊ အခန်းအမှတ် ၂၁၊ ဖ-ဆ-ပ-လ ကွက်သစ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်။
ပုံနှိပ်သူ - ဒေါ်တင်လှ (၀၂၀၃၀) နေလင်းပုံနှိပ်တိုက် အမှတ် ၁၁၊ ၁၂၅-လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။


မာတိကာ

အကြောင်းအရာ | စာမျက်နှာ
---|---
ကျမ်းဦးမှတ်ဖွယ် | က
အင်္ဂုတ္တရဂုဏ်ရှည် | က
ခြင်္သေ့ဆီ ဟောတော်မူသောတရား၊ ကိလေသာမဖြစ်ရေး အလုပ်ပေး | ခ
ကုသိုလ်ငယ်ပေမယ် နယ်ကျယ်၊ သာသနာမှာ သက်သာရာများ | ဂ
သာသနာ၏ မူရင်းပရိယတ်၊ စိတ်ဓာတ်နှင့်တည် မြတ်ပါရမီ | ဃ
ပိပ္ပလိနှင့်မယ်ဘဒ္ဒါ၊ မင်္ဂလာဦးထွက်ပြေးသူ လုလင် | င
ဒါနဆိုင်ရာ အလုပ်သမားက သူဌေးကြီးဖြစ် | စ
ဆံပင်ဖြတ်ရောင်းလှူ ဧကသာပုဏ္ဏား | ဆ
သီလဆိုင်ရာ ဥပုသ်နေ့ဝက်ကျိုး | ဇ
ဗဟုသုတများ လေယာဉ်ပျံလုပ် ပြည်အုပ်ချုပ် | ဈ
တံငါနှင့် နတ်ပြည်၊ တရားရှင်က ပြိတ္တာ | ည
ဘာဝနာဆိုင်ရာ မာနမကောင်း ဗာဟိယရဟန္တာ | ဋ
ကြည်ညိုစရာ သာသနာ အရှင်ဒဗ္ဗ ဒုဋ္ဌဂါမဏိ | ဌ
ဧကကနိပါတ် ၁- ရူပါဒိဝဂ် | ၁
မိန်းမအဆင်းကြောင့် ယောက်ျားဒုက္ခ | ၁
အင်္ဂုတ္တရသုတ်ပေါင်း သင်္ချာနှင့် ရှင်အာနန္ဒာဖြောင့်စင်းပုံ | ၂
သာဝတ္ထိ အနာထပိဏ် ဇေတဝန်အဓိပ္ပာယ် | ၃
တောသား ဘုရားဖြစ်ပုံနှင့် တရားနာခံအကျိုး | ၃
မိဖုရားမြင်၍ သွေးပျက်သော တောထွက် ဦးစိတ္တ | ၄
၂-လောင်းပြိုင်နှင့် ဆင်မအသံ ရွှေပုစွန်ခံရ | ၅
ဥဒေတယံ စေ့ပုံနှင့် အနံ့ဆိုးကောင်း မိန်းမများ | ၆
မိန်းမများလည်း ယောက်ျားကြောင့် ဒုက္ခရောက် | ၇
ခံတွင်းကြာညို သာဓုဆို၍ | ၉
၂-နိဝရဏပ္ပဟာနဝဂ် ဖြစ်ကြောင်း ကင်းကြောင်းများ | ၁၀
ကိလေသာမဖြစ်ရေး အလုပ်ပေး | ၁၁
ဝတ်နိဗဒ်ကျေး၍ ကိလေသာသေသည် | ၁၁
မုဆိုးပြီက္ကာနှင့် ငရဲမီးစွမ်းအား | ၁၂
ဆွမ်းလေးစား၍ ရဟန္တာဖြစ်သော အရှင်မလိယ | ၁၃
ဆွမ်းခံယင်း မ မြင်၍ ကိလေသာဖြစ် | ၁၄



အကြောင်းအရာ | စာမျက်နှာ
---|---
ရဟန္တာ ၆-သောင်း၏ဆရာ မဟာသီဝထေရ် နှစ် ၃၀-ကြာ | ၁၂
လှပနုနယ် မိန်းမငယ်မြင် ရာဂဝင် | ၁၂
ရဟန်းတော် ၆၀-သုသာန်ရောက်မှ အမြင်မှန်ရ | ၁၃
ဆရာ့ကျောင်းဆောက်ပြီး ရဟန္တာဖြစ် | ၁၃
အရှင်မဟာကဿပနှင့် ပဟာန် ၅-မျိုး | ၁၄
နီဝရဏပယ်ကြောင်းများ | ၁၄
၃-အကနိယဝဂ် ဝဠပါဒစသော ၄-မျိုး | ၁၅
ကုသိုလ်ငယ်ပေမယ့် နိဗ္ဗာန်ထိသည်(ဘူးဥပမာ) | ၁၆
စိတ်လျင်ပုံနှင့် ကမ္ဘာတခုကြာချိန် | ၁၇
ပုထုဇဉ်မည်ပုံနှင့် အပြား | ၁၉
အရိယာလည်းဖြစ် သာဝကလည်းဟုတ် ၄-ချက် | ၂၀
ဗုဒ္ဓကိစ္စ ၅-ပါးနှင့် ဘုရားဆွမ်းခံကြွစဉ် | ၂၀
၆၀-သွေးအန် ၆၀-လူထွက် ၆၀-ရဟန္တာဖြစ်သောသုတ် | ၂၁
သာသနာမှာ သက်သာရာပျိုးစုံ | ၂၂
ဩဝါဒ အနုသာသနိနှင့် ထေယျပရိဘောဂစသည် | ၂၃
မေတ္တာပွား၍ ဆွမ်းစားကောင်း | ၂၃
အနိစ္စတာ အဓိပ္ပာယ်နှင့် အပ္ပိစ္စတာစသည် ၄-မျိုး | ၂၄
ပစ္စယ အပ္ပိစသည် ၄-မျိုးနှင့် သန္တောသ ၁၂-ပါး | ၂၅
၄-ကလျာဏမိတ္တာဒိဝဂ် ဆွေမျိုးရက်ပွားစေသည် | ၂၆
အဓမ္မ အဝိနယစသည်အများ | ၂၇
သာသနာကွယ်ခြင်း ၅ မျိုးနှင့် နှစ် ၅၀၀၀-ကန့် | ၂၉
ပရိယတ်ကွယ်ပုံနှင့် ပရိနိဗ္ဗာန် ၃-ပါး | ၃၀
ပူဇော်ငိုပွဲ နတ်တို့ပွဲ သိကြားဖောင်ပေါ် | ၃၁
ရဟန်း ၆၀-ကျိပ် မလိုက် ပံ့သကူဆောင်နှင့် ဓမ္မကံများ | ၃၃
အင်းပွားပုံ ဘုရားပွင့်ကျိုးနှင့် အရှင်သာရိပုတ္တရာ | ၃၃
သမုတိ ပရမတ္ထကထာ ၂-ပါး ဟောသင့်ပုံများ | ၃၅
တရားကြောင့် ကျွတ်တမ်းဝင်သူများ အပြည့်အစုံ | ၃၆
ပုစ္ဆာ ၅-မျိုးနှင့် တထာဂတ ၄-မျိုး | ၃၇
ဘုရားတဆူပွင့်မလွယ် | ၃၈
ပဋိသမ္ဘိဒါ ၄-ပါး အဓိပ္ပာယ် တရားကိုယ် | ၄၀
ရှင်သာရိပုတ္တရာတရား ဘုရားတရားမည်ပုံ ဥပမာ | ၄၂
၁၄-ဧတဒဂ္ဂဝဂ် ၁-ပထမဝဂ် အရှင်ကောဏ္ဍညထေရ် | ၄၃

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
ဧတဒဂ်ရကြောင်း ၄-ပါးနှင့် အဂ္ဂသာဝကများဆိုင်ရာ | ၄၄
တာဝတိံသာမှ ဗုဒ္ဓကြွပုံ အခမ်းအနား | ၄၄
နတ္ထိကိဉ္စိ အရှုပ်တော်ပုံ | ၄၅
ငရဲပြည် အရှင်မောဂ္ဂလာန်ကြွပုံ | ၄၆
မြတ်ဗုဒ္ဓ၏ အုပ်ချုပ်မှု လုံ့လတော် | ၄၇
၁-ရတ္တညူ ဧတဒဂ်ရ အရှင်ကောဏ္ဍည | ၄၇
ပဒုမုတ္တရဘုရား မည်ပုံနှင့် ဗန္ဓုမမင်းကြီး စေတနာ | ၄၇
မုန့်ဆန်းလှူသော်လည်း စပါးထွက် မရော့ | ၄၈
လက္ခဏာဗေဒဇ် ဘုရားကို အမှန်မြင် | ၄၉
ပဉ္စဝဂ္ဂီ ၅-ဦး ဟူသည်နှင့် ဓမ္မစကြာသုတ်တန်ခိုး | ၄၉
ထောင်သောင်းမျှ သာသနာတော် ပြန့်ပွားလာပုံ | ၅၀
ဆင်များသခင် ကောဏ္ဍညအရှင် | ၅၁
၂-ပညာအရှင် သာရိပုတ္တရာ၊ ၃-တန်ခိုးအရှင် မောဂ္ဂလာန် | ၅၁
သရဒလုလင် ရသေ့ အခြံအရံ ၇-သောင်းလေးထောင် | ၅၁
သီရိဝဍ္ဎနသူကြွယ်ထံ သရဒရသေ့ကြွ | ၅၂
ဒုတိယဆုကောင်းခိုင်း ဥပတိဿ ကောလိတတို့ ပွဲကြည့်ယင်း တရားကျ | ၅၃
အရှင်အဿဇိတရားကြောင့် ဥပတိဿသောတာပန် | ၅၄
အိုပြီ၊ တပည့်မလုပ်လိုဟု သဉ္စယဆရာကြီးပြော | ၅၅
အရှင် ၂-ပါးကို ကြိုတင်ဗျာဒိတ်မိန့်သည် | ၅၅
၄-ဓုတဝါဒ ဧတဒဂ် အရှင်မဟာကဿပ | ၅၅
ဓုတ ဓုတဝါဒစသည် ၄-မျိုး ပုဂ္ဂိုလ်ပါပြ | ၅၅
မဟာကဿပ အမည်ရပုံ ကဿပ ၅ မျိုး | ၅၆
ဝိပဿီဘုရားလက်ထက် ဧကသာဋကပုဏ္ဏား ဝတ္ထု | ၅၇
ပစ္စေကဗုဒ္ဓါအား သင်္ကန်းအနားပတ်လှူ | ၅၈
ဆွမ်းသွန်ညွှန်လောင်း မစင်နံ့ကြောင့် လင်က မပေါင်း | ၅၉
မဟာကဿပအလောင်း နန္ဒမင်း အဝတ်ပဒေသာ ၃၂-ပင်ပေါက် | ၆၀
မင်းမိဖုရား တောထွက် ဗြဟ္မာပြည်၊ ပိပ္ပလိနှင့် မယ်ဘဒ္ဒါ | ၆၁
အမေ့ချွေးမ ရွှေရုပ်လိုလှပါ့မလား | ၆၁
အောင်သွယ်ကြောင့်ညား ပန်းကုံးထားအိပ် | ၆၂
တီကောင် နှမ်းပိုး၊ ကျီးများယိုး ပိုင်စိုးသူအပြစ် | ၆၂
အရှင် ၂-ပါး ရဟန်းပြုခဲ့ခွာ တုန်လှုပ်သော မြေပထဗျာ | ၆၃
ဘုရားနှင့် မဟာကဿပ သင်္ကန်းချင်းလဲလှယ် | ၆၄


အကြောင်းအရာ | စာမျက်နှာ
---|---
၅-ဒိဗ္ဗစက္ခု ဧတဒဂ် အရှင်အနုရုဒ္ဓါ | ၆၅
ဆီမီး ၁၀၀၀ မီးသစ်ပင် ၁၀၀၀ အလင်းရောင် လှူ | ၆၅
အန္နဘာရသူဆင်းရဲအလှူ နတ် သာဓုခေါ် | ၆၅
ပတ္တံဒါနသဘော ဆီမီးကူး ဥပမာ | ၆၆
ရွှေငွေရတနာ ဘွဲ့ဂုဏ်ပါ ရတဒါနဖြစ်ပါသည် | ၆၇
မရှိမုန့်တောင်းသော အနုရုဒ္ဓါမင်းသား | ၆၇
မင်းသား ဘုရားအား မင်းသား ရဟန်း ၁၀၀၀ ခြံရံ | ၆၈
၆-အမျိုးမြတ်ဆိုင်ရာ ဧတဒဂ် အရှင်ဘဒ္ဒိယ | ၆၉
၇-အသံသာယာမှုဧတဒဂ် လကုဏ္ဍကဘဒ္ဒိယ (အရပ်ပုသည်) | ၆၉
၈-ရဲနှင့်စာဆိုမှု ဧတဒဂ် ပိဏ္ဍောလ ဘာရဒ္ဒာဇ | ၇၀
ပိဏ္ဍောလအဓိပ္ပာယ်၊ စန္ဒကူးသပိတ် တန်ခိုးဖြင့်ယူ | ၇၀
ဘုရားပူဇော်သောခြင်္သေ့ ဘုရားပြန်ကြွ ကွယ်လွန်ရ | ၇၁
၉-တရားဟောမှု ဧတဒဂ် မန္တာဏီပုတ္တ အရှင်ပုဏ္ဏ | ၇၂
ဗေဒင်လက္ခဏာကြောင့် ဘုရားဟု သိသည် | ၇၂
အရှင်ပုဏ္ဏ(အညာသိကောဏ္ဍည၏တူ)၏ တွေးခေါ်မြော်မြင်မှု | ၇၃
၁၀-အကျဉ်းကိုအကျယ် ဝေဖန်မှုဧတဒဂ် အရှင်မဟာကစ္စာန | ၇၄
ကဿပဘုရားစေတီ၌ တသိန်းတန်ရွှေအုတ်လှူ၍ အလှဆုတောင်း | ၇၄
ရှင်ကစ္စည်းတို့အား ဆံဖြတ် ၈-ကျပ်နှင့်ရောင်း | ၇၅
ဆွမ်းကပ်သူမိဖုရားဖြစ် | ၇၆
၂-ဒုတိယဝဂ် စူဠပန္ထက ဖန်ဆင်းမှု၊ ဈာန်နိုင်နင်းမှု ၂-တန် | ၇၆
၃-အရူပဈာန် နိုင်နင်းမှုဧတဒဂ် မဟာပန္ထက | ၇၆
စူဠပန္ထက၏ အောင်မြင်ထူးခြား ဖန်ဆင်းမှုများ | ၇၇
ညီနောင် ၂ ပါး၏ ဘဝဖြစ်ရပ် အတ္ထုပ္ပတ် | ၇၉
တဂါထာ ၄ လတိုင် အဝတ်ပိုင်းဖြင့် ရဟန္တာ | ၈၀
ကြွက်သေတခု အရင်းပြု စူဠသေဋ္ဌိဇာတ်တော် | ၈၁
ကိလေသာကင်းအောင်နေမှု ဧတဒဂ် အရှင်သုဘူတိ | ၈၂
၅-အလှူခံမြတ်ဖြစ်မှု ဧတဒဂ် အရှင်သုဘူတိ | ၈၃
အရှင်သာရိပုတ္တရာနှင့် အရှင်သုဘူတိ ထူးခြားပုံ (နိရောဓနှင့် မေတ္တာ) | ၈၃
၆-တောကျောင်းနေမှု ဧတဒဂ် ရှားတောနေ အရှင်ရေဝတ | ၈၄
ရေဝတ ရဟန်း မပြုရအောင် ငယ်ငယ်က အိမ်ထောင်ချ | ၈၄
မင်္ဂလာဆောင်သောနေ့ ရေဝတထွက်ပြေးသည် | ၈၅
တရားမရက နောင်တော်နှင့် ဗုဒ္ဓထံမကြွ | ၈၅
ဘုရားရှင်ကိုယ်တိုင် သံဃာနှင့် ရှင်ရေဝတထံကြွ | ၈၆

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
သံဃာများချမ်းသာ သီဝလိ၏ ဘုန်းတေဇာ | ၈၆
စိတ်ဓာတ်လွှင့်ပါး အမြင်ဆိုးသူများ အမြင်မှန်ရကြ | ၈၇
၇-ဈာန်၌ မွေ့လျော်မှု ဧတဒဂ် အရှင်ရေဝတ | ၈၈
ထန်းလျက် ပဲနောက် မအပ်ဟုထင်သော ကင်္ခါရေဝတ | ၈၈
၈-ဝီရိယထက်သန်မှု ဧတဒဂ်၊ ကောဠိဝိသအနွယ် အရှင်သောဏ | ၈၉
ကျောင်းဆောက်ရန် ထင်းချောင်းဆယ်သော ပစ္စေကဗုဒ္ဓါ | ၉၀
သိန်းတန်ကမ္ဗလာ ခြုံထည်လှူ၍ လက်ခြေဖဝါးနီ | ၉၁
သားစားဖို့ မိဘများ ရေ ၃-မျိုးလောင်း၍ စပါးစိုက်သိုလှောင်ပုံ | ၉၁
ထမင်းတနပ်တန်ဖိုးနှင့် စိတ်ဆိုးပုံ သနားစရာ | ၉၂
ချမ်းသာကို ဒုက္ခနှင့် ဝယ်ရမည်၊ သို့သော် စောင်းကြိုးဥပမာ | ၉၃
၉-စကားချိုသာမှုဧတဒဂ်၊ ကုဋိကဏ္ဏမည်သော အရှင်သောဏ | ၉၄
နားတောင်းဖိုး တကုဋေနှင့် နတ်ဘီလူးဗိုလ်ချုပ်ကြီး ၂၈-ဦး | ၉၄
ကောင်းကင်က စကားကြားသော ကာဠီဥပါသိကာမ | ၉၆
အသားစား သွေးသောက် ပြိတ္တာများကြောင့် သောဏ သံဝေဂရ | ၉၇
ရဟန်းခံဖို့ ၁၀-ပါးသံဃာ ၃-နှစ်ကြာ စုရ | ၉၇
ဘုရားထံမှ အခွင့်ထူးရသော အရှင်သောဏ | ၉၇
အမြဲရေချိုးနိုင်ခြင်းစသော အခွင့်ထူးများ (ရှင်ကစ္စည်းကျေးဇူး) | ၉၈
ဘုရားအားပင် ဘုရားဟောပြရသော အရှင်သောဏ | ၉၈
၁၀-လာဘ်များမှု ဧတဒဂ် အရှင်သီဝလိ | ၉၉
ဗန္ဓုမ မင်းကြီးနှင့် ပြည်သူများ ဒါနပြိုင်ပွဲ | ၉၉
တောသားလူလယ်၏ ဉာဏ် ဟန်ကိုကြည့်၍ကြံ | ၁၀၀
ကုသိုလ်ကား အရှင်းနည်းသော်လည်း အမြတ်ကြီးသည် | ၁၀၀
သီဝလိသန္ဓေတည်လာချိန် အံ့ဩဖွယ် | ၁၀၁
ကိုယ်ဝန်ဆောင် သုပ္ပဝါသာ ဒုက္ခကြုံ၍ ရတနာ ၃-စုံ တမ်းတ | ၁၀၁
သူတော်ကောင်းမှန်က ဒါနအားပြုသည် | ၁၀၂
သီဝလိသူငယ် ဖွားမြင်ပြီးစ အလုပ်လုပ်ပြပုံ | ၁၀၂
ဖွားမြင်ပသာသာ သီဝလိ ရဟန္တာဖြစ်လာသည် | ၁၀၃
ဒုက္ခရောက်ကြောင်း သားအမိ ၂-ဦး၏ ရှေးကံဟောင်း | ၁၀၃
ဟောဟောင် သမုဒ္ဒရာ သွားလေရာမှ ပဒုမုတ္တရဘုရားကိုလှူဒါန်းကြ | ၁၀၃
၁၁-သဒ္ဓါတရားအားကြီးမှု ဧတဒဂ် အရှင်ဝက္ကလိ | ၁၀၄
တရားကိုမြင်မှ ဘုရားကိုမြင်၊ ဝက္ကလိကို နှင် | ၁၀၄
ရိုက်ပြီးနို့တိုက်ခံရသည့် သားပမာ ဝက္ကလိဝမ်းသာ | ၁၀၄


အကြောင်းအရာ | စာမျက်နှာ
---|---
၃-တတိယဝဂ် ၁-အကျင့်သိက္ခာလိုလားမှု ဧတဒဂ် အရှင်ရာဟုလာ | ၁၀၄
၂-သဒ္ဓါတရားဖြင့် ရဟန်းပြုမှုဧတဒဂ် အရှင်ရဋ္ဌပါလ | ၁၀၄
အကျင့်သိက္ခာလိုလားပုံနှင့် သဒ္ဓါတရားရှိပုံများ | ၁၀၄
ဥစ္စာစုထား ဘိုးဘေးများ ယူသွားမနိုင် ကျန်ရစ်သည် | ၁၀၅
ရာဟုလာအလောင်းက နဂါး၊ ရဋ္ဌပါလလောင်း သိကြားစည်းစိမ် | ၁၀၆
နဂါးပြည်သို့ သံဃာတသိန်းနှင့် ဘုရားရှင်ကြွ | ၁၀၈
မင်းသား ၃-ပါး၏ ကိုယ်ရေးအရာရှိများ အကြံဉာဏ် | ၁၀၈
လူများ ၁၀-ပါးသီလစောင့်သော ထုံးသာဓက | ၁၀၉
ဦးဆောင်ညွှန်မှူး ၃-ဦး၏ အလုပ်တာဝန်များ | ၁၀၉
ရာဟုလာအလောင်း ကျောင်းတိုက် ၅၀၀-ကျောင်းဒကာ | ၁၀၉
ကိကီမင်းကြီး၏ သမီးတော် ၇-ပါးမှ ပစ္ဆိမဘဝနာမည် | ၁၁၀
အနုဇာတသားတော်ရာဟုလာ ကြည်ညိုစရာ | ၁၁၀
ရာဟုလာရဟန္တာဖြစ်ချိန်နှင့် အပြိုင်တရားရသူများ | ၁၁၀
ရဋ္ဌပါလ၏ဖခင် သံဃာမြင်သမျှ ဆဲရေး | ၁၁၁
၃-စာရေးတံမဲ ပဌမရမှု ဧတဒဂ် အရှင်ကုဏ္ဍဓာန | ၁၁၁
မဟာသုဘဒ္ဒါ၊ စူဠသုဘဒ္ဒါတို့ ဘုရားကို ပန်းလွှတ်ပင့်ကြ | ၁၁၂
ဝိပဿီဘုရားလက်ထက် ၆-နှစ်တကြိမ် ဥပုသ်ပြုရသည် | ၁၁၂
ဘုမ္မစိုးနတ်၏ စူးစမ်းဟန် အရှင်မြတ်ခံရ | ၁၁၃
လှူမိုက်နောင်မှ နောင်တရ အကုသိုလ်ကခွာမရ | ၁၁၄
၁၀-မိနစ်အပြစ် နှစ်အသင်္ချေ ခံရပေ | ၁၁၅
သာသနာသန့်ရှင်းရေး စုံစမ်းရေးလွှတ် (ကောသလမင်း) | ၁၁၅
ကောသလမင်းလှူဒါန်း၍ အရှင်မြတ်ချမ်းသာ ရဟန္တာ | ၁၁၆
၄-ဆန်းကြယ်သောဉာဏ် ပဋိဘာန်ရှိမှု ဧတဒဂ် အရှင်ဝင်္ဂီသ | ၁၁၆
ဆဝသီသမန္တန်အဓိပ္ပာယ်နှင့် မျောက်ပြဆန်တောင်း သိကောင်းစရာ | ၁၁၇
၃-နှစ်အထက် သေသူခေါင်းခွံ ခေါက် ရောက်ရာဘဝသိ | ၁၁၈
ဗုဒ္ဓမန္တန်ရလို၍ ဝင်္ဂီသပုဏ္ဏား ရဟန်းပြု | ၁၂၀
၅-ပတ်ဝန်းကျင် ကြည်ညိုဖွယ်ရှိမှု ဧတဒဂ် ဝင်္ကန္တပုတ္တ အရှင်ဥပသေန | ၁၂၀
အရှင်သာရိပုတ္တရာ၏ညီ ဥပသေနအရှင်၏ စိတ်ကူးယဉ် | ၁၂၁
ဆရာကောင်း၍ တပည့်ကောင်း၊ တပည့်အတွက် ဆရာဂုဏ်တက် | ၁၂၁
ဖုဋ္ဌဝိ ထိရုံနှင့် အဆိပ်တက်သေ | ၁၂၂
၆-နေရာထိုင်ခင်း စီမံတတ်မှု ဧတဒဂ် မလ္လာမင်းသား အရှင်ဒဗ္ဗ | ၁၂၂
ကဿပဘုရားသာသနာ ရဟန်းတော် ၇-ပါး | ၁၂၂

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
မြောက်ကျွန်း ဆွမ်းလှူမည်ဆို၍လည်း လက်မခံ | ၁၂၃
လှေကားဖြုတ်ချသူများ အဆုံးဘဝ ၇-နှစ်သားရဟန္တာ | ၁၂၃
အရှင်ဒဗ္ဗ၏ ဝီရိယစွမ်းရည် | ၁၂၄
သူတော်ကောင်းလည်း မကောင်းဆုံတွေ့၊ ကံဓလေ့မှာ မလယ်သာ | ၁၂၅
ပရိနိဗ္ဗာန်စံယူမည့်နေ့ မမေ့နိုင်ဖွယ် | ၁၂၅
၇-နတ်များချစ်ခင်မှု ဧတဒဂ် အရှင်ပိလိန္ဒဝစ္ဆ | ၁၂၆
ငါတို့ဘုရားမပွင့်မီ စကြာမင်း၊ ငါတို့ဘုရားလက်ထက် စူဠဂန္ဓာရီဝိဇ္ဇာဓိုရ် | ၁၂၆
အပြောကြမ်းသော ရဟန္တာ ပိလိန္ဒဝစ္ဆ | ၁၂၇
ပိတ်ချင်းသီးက ကြွက်ချေး | ၁၂၈
၈-မဂ်ဖိုလ်အသိဉာဏ် မြန်မြန်ရမှုဧတဒဂ် ဗာဟိယဒါရုစိရိယ | ၁၂၉
ရဟန်းသီလဖြင့် အသင်္ချေယျတကပ်နတ်ဖြစ် (၇-ပါးအဖွဲ့) | ၁၂၉
ဝမ်းရေးအတွက် ညာလက်စ ဆက်ညာ | ၁၂၉
ဗြဟ္မာမင်းမကယ်လျှင် သံသရာက လွတ်ဖွယ်မမြင် | ၁၃၀
အသက်သေမည်မသိ၍ မြန်မြန် တရားနာပါရစေ | ၁၃၁
ဗာဟိယအား ဟောသော ဘုရားရှင်၏ တရားကျဉ်း | ၁၃၁
ဆိုးသွမ်းလူငယ် သူဌေးသား ၄-ဦးပြစ်မှု | ၁၃၂
၉-ဆန်းကြယ်စွာ တရားဟောပြောမှုဧတဒဂ် အရှင်ကုမာရကဿပ | ၁၃၃
ကိုယ်ဝန်တည်ကြောင်း အချို့ မိခင်လောင်း မသိ | ၁၃၃
ဒေဝဒတ်နောက်လိုက်ကား ပစ္စုပ္ပန် သံသရာ မသက်သာ | ၁၃၄
ဘုရားပေးသောမုန် ကဿပစားရသည် | ၁၃၄
ဗြဟ္မာကြီးသင်ပြသော ပြဿနာ ၁၅-ချက် ဘုရားအဖြေ | ၁၃၅
၁၀-ပဋိသမ္ဘိဒါ ၄-ပါးရောက်မှုဧတဒဂ် အရှင်မဟာကောဋ္ဌိတ | ၁၃၇
၄-စတုတ္တဝဂ် အကြားအမြင်များမှု သတိရှိမှု | ၁၃၇
ပညာရှိမှု လုံ့လရှိမှု လုပ်ကျွေးမှုဧတဒဂ် ၅-တန်ရ ရှင်အာနန္ဒာ | ၁၃၇
သတိ ပညာ ဝီရိယထူးပုံနှင့် ညီရင်းတော်စပ်ဖူးပုံ | ၁၃၈
အလုပ်အကျွေး ပုဂ္ဂိုလ်၏ အထူးအခွင့်အရေး | ၁၃၉
အရှင်အာနန္ဒာအလောင်း ကျောင်းဒကာမင်းသား | ၁၃၉
၁၀-ပါးသီလယူ၍ ထူးခြားစွာ လှူဒါန်းပုံ | ၁၄၀
အရှင်အာနန္ဒာအား သောတာပန်ဖြစ်စေသော အရှင်ပုဏ္ဏတရား | ၁၄၁
အချိုးမကျသူများ၊ ရာထူး မထူးပင် | ၁၄၂
အရှင်အာနန္ဒာ ပယ်ဆု ၄-တန်၊ ခံဆု ၄-ပါး | ၁၄၃
အကျိုးများပါ ပြုစုပုံပါ | ၁၄၄
ဘုရား ပရိနိဗ္ဗာန်စံချိန်နှင့် သင်္ဂြိုဟ်ပုံ အခြင်းအရာ | ၁၄၅
ရှင်မဟာကဿပ အပေါ်တင်နေသော ဘုရားရှင် ကြွေးမြီ | ၁၄၅


အကြောင်းအရာ | စာမျက်နှာ
---|---
သံဂီတိကာရက ရှေးပုံနှင့် နောက်တိုး ကမ္မဝါစာ | ၁၄၅
ငိုချင်ဖွယ်ရာ အရှင်အာနန္ဒာ၏ အမူအရာ | ၁၄၆
စကားများနေ၍ အကျိုးမများဟု နတ်သားလျှောက် | ၁၄၇
အဇာတသတ်၏ ပထမ သံဂါယနာမဏ္ဍပ် | ၁၄၈
အပြစ်ပြောသူရှိ၍ အရှင်အာနန္ဒာ ရဟန္တာဖြစ်ရ | ၁၄၉
ဝိနည်းသာသနာ၏ အသက်သွေးကြော | ၁၅၀
ဆင်စွယ်ယပ်ဝန်း ကိုယ်ဆောင်ခွင့်အဆင့် | ၁၅၀
ဗြဟ္မဇာလသုတ်၏ ဂုဏ်ရည် | ၁၅၁
ခုဒ္ဒကနိကာယ်ကို အဘိဓမ္မာဟု ဆိုကြသေးသည် | ၁၅၂
ရဟန္တာဖြစ်ပုံသာမက နိဗ္ဗာန် ဝင်စံပုံလည်း ထူး | ၁၅၂
၆-အခြံအရံ ပရိသတ်များမှုဧတဒဂ် ဥရုဝေလကဿပ | ၁၅၃
တန်ခိုး ၃၅၀၀-ပြ၍ တရားကျစေ | ၁၅၄
လူများအစွဲ ဘုရားကိုပင် အထင်မကြီးပဲရှိရာ | ၁၅၄
ဗိမ္ဗိသာရနှင့်အတူ သောတာပန်ဖြစ်သူများ | ၁၅၅
ဆွေမျိုးများ ကြည်ညိုစေမှုဧတဒဂ် ကာဠုဒါယီ | ၁၅၅
ဖွားဖက်တော် ၇-ဦး အချို့ အဋ္ဌကထာများက တမျိုး | ၁၅၅
ရာဇဂြိုဟ်မှာ ရဟန္တာ ယောက်ျား တသောင်း | ၁၅၆
ကာဠုဒါယီ၏ ဘုရားပင့်ဂါထာ ၆၀၊ ကောင်းကင်သပိတ် | ၁၅၇
၈-အနာရောဂါကင်းမှု ဧတဒဂ် အရှင်ဗာကုလ | ၁၅၈
အနောမဒဿီဘုရားလေနာတောဆေးဖြင့် ရသေ့ကု | ၁၅၈
၂-ဘဝ သက်ပြန်ပြောင်း ဝမ်း၌အောင်း ၂-ဖြာ သားသက်လျာချစ် | ၁၅၉
မိခင်တရားဖြစ်ရ | ၁၆၀
ဗာကုလ စည်းစိမ်ရပုံ စည်းစိမ် မယစ်ပုံ | ၁၆၁
အရှင်ဗာကုလ၏ အံ့ဖွယ်ရာများ | ၁၆၂
ရှင်ဗာကုလကြောင့် အစေလကဿပ ကျွတ်တမ်းဝင် | ၁၆၃
၉-ပုဗ္ဗေနိဝါသ ဧတဒဂ် အရှင်သောဘိတ | ၁၆၃
၁၀-ဝိနယဓရ ဧတဒဂ် အရှင်ဥပါလိ | ၁၆၄
ကုမာရကဿပ၊ ဘာရုကစ္စက၊ အဇိတ၊ ၃-ဝတ္ထု | ၁၆၄
၁၁-ဘိက္ခုနီဆုံးမမှုဧတဒဂ် အရှင်နန္ဒက | ၁၆၅
မဟာသမယသုတ် ရဟန္တာ ငါးရာနှင့် ဇနီးဟောင်းများ | ၁၆၆
သူတော်ကောင်းများ မိမိအပေါ် အထင်မလွဲစေချင် | ၁၆၆
၁၂-ဣန္ဒြေစောင့်စည်းမှု အရှင်နန္ဒ | ၁၆၇

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
ယသောဓရာအဆောင် ဘုရားရှင်ကြွခန်း | ၁၆၇
ခမည်းတော်က ချွေးမတော်ကျေးဇူး ချီးကျူး | ၁၆၇
မင်္ဂလာ ၅-ပါးထားခဲ့ရသော နန္ဒမင်းသား | ၁၆၈
မျောက်အိုမနှင့် နတ်သမီး ၅၀၀ | ၁၆၉
ဗုဒ္ဓ ပရိယာယ် ယခုမှ နန္ဒနားလည် | ၁၇၀
၁၃-ဘိက္ခု ဆုံးမမှု ဧတဒဂ် မဟာကပ္ပိန | ၁၇၁
သဒ္ဓါရှင်မကြောင့် ပစ္စေကဗုဒ္ဓါ ၁၀၀၀-ချမ်းသာ | ၁၇၁
ကဿပဘုရားလက်ထက်လည်း ကျောင်းဒကာများဖြစ်ကြ | ၁၇၂
မဟာကပ္ပိန အနောဇာဒေဝီတို့ ဖြစ်လာကြ | ၁၇၃
သတင်းထူးပေးနိုင်၍ ၃-သိန်းဆုရသည် | ၁၇၃
စေတနာသာသော အနောဇာက သူများအန်ဖတ် ကိုယ့်ပါးစပ် မတပ်လို | ၁၇၄
ဂုဏ်တော်အစဉ်ဖြင့် မြစ်ပြင်ကူးသည် | ၁၇၅
ယူဇနာ ၁၂၀-ခရီးကြွ ဗုဒ္ဓကူညီရသူများ | ၁၇၆
မင်းစည်းစိမ်ထက်သာသော ရဟန်းမြတ်ချမ်းသာ | ၁၇၇
၁၄-တေဇောဓာတ်ဝင်စားမှု ဧတဒဂ် အရှင်သာဂတ | ၁၇၈
အရှင်သာဂတနှင့် နဂါးတန်ခိုးပြိုင် | ၁၇၈
အကြံကြီးသော ဆဗ္ဗဂ္ဂီများ ဒါယကာများအောင် စီစဉ် | ၁၇၉
၁၅-ပဋိဘာနေယျကဧတဒဂ် အရှင်ရာဓ | ၁၈၀
ပုဏ္ဏားအိုကျေးဇူး အရှင်သာရိပုတ္တရာသိပုံ | ၁၈၁
ရဟန်းတော်များ ရှင်ပြုခွင့် ရဟန်းခံခွင့် ရပုံ | ၁၈၁
ရာဟုလာ သာသနာရောက်သောနေ့ | ၁၈၂
သာရိပုတ္တရာအလောင်း ဆင်ပြောင်ကြီး | ၁၈၃
ဆင်ဖြူတော်ပေး၍ လက်သမားကျေးဇူးဆပ် | ၁၈၃
ဆင်ဖြူတော်၏ ထူးခြားပုံနှင့် ဘုန်းသမ္ဘာ | ၁၈၅
အပြစ်ပြဆုံးမလျှင် ရွှေအိုးပြသူဟု ယူဆရမည် | ၁၈၆
၁၆-ခေါင်းပါးသော သင်္ကန်းဆောင်မှု ဧတဒဂ် အရှင်မောဃရာဇ | ၁၈၇
ကဿပဘုရားလက်ထက် ရဟန်းပြု အနှစ် ၂-သောင်း တရားလုပ် | ၁၈၇
လေယာဉ်ပျံလုပ်တတ်၍ လက်သမားက မင်းဖြစ်သည် | ၁၈၇
အကောင်းဆုံးလက်ဆောင်မှာ ရတနာ ၃-ဖြာ | ၁၈၈
ဘုရားမမီသော်လည်း ဩဝါဒနှင့်အညီ ရဟန်းပြုကြ | ၁၈၉
ဗာဝရီပုဏ္ဏားကြီး၏ တွေးခေါ်မြော်မြင်မှု | ၁၉၀
ကောသလမင်း မြေဝယ်၍ ရသေ့ကျောင်းဆောက်လှူ | ၁၉၀


အကြောင်းအရာ | စာမျက်နှာ
---|---
တနှစ်တသိန်းလှူသော ဗာဝရီဆရာကြီး | ၁၉၁
မိခင်နတ်သမီး ကျေးဇူးနှင့် ဘုရားဖူးပရိသတ် ၆-ယူဇနာ | ၁၉၁
ခြေတော်ရာချပုံနှင့် အမျိုးအစား | ၁၉၂
အဇိတရသေ့၏ စိတ်ပုစ္ဆာနှင့် တရားနာသူ ၁၂-ယူဇနာ | ၁၉၂
မသေအောင် ရှုဆင်ခြင်ရမည့်နည်း | ၁၉၄
ပါရာယနသုတ္တန်ဖြင့် ကျွတ်တမ်းဝင်သူများ | ၁၉၅
၅-ပဉ္စမဝဂ် ၁-ရတ္တညူတဒဂ် ဘိက္ခုနီ မဟာပဇာပတိဂေါတမီ | ၁၉၈
မောနေယျအကျင့်ရှင်သော်မှ ကျောင်းမရှိပဲ ဝါမဆိုကောင်း | ၁၉၉
ရေခပ်သမခေါင်းဆောင် စီမံမှုလိမ္မာပုံ၊ (ဘဝတိုင်းခေါင်းဆောင်) | ၁၉၉
ဘုရားရှင်က နန္ဒထက် ၂-ရက် ၃-ရက်သာကြီး | ၂၀၀
သုဒ္ဓေါဒနမင်းကြီး အရိယာဖြစ်ချိန် ပရိနိဗ္ဗာန်ပြုချိန် | ၂၀၁
ဂေါတမီ အသက် ၁၂၀၊ မိန်းမများလည်း တန်ခိုးရှင် | ၂၀၂
ဘုရားရှင်ထက် ဂေါတမီ နိဗ္ဗာန်ဝင်ပုံ ခမ်းနား | ၂၀၃
၂-ပညာဧတဒဂ် အရှင်မ ခေမာ | ၂၀၃
မိဖုရားချည့် ခေမာဖြစ်ပုံနှင့် သမီးတော် ၇-ဦး | ၂၀၃
ရုပ်လှသူများ အဆုံးဘဝ၌ပင် မောက်မာ | ၂၀၄
ဥယျာဉ်တော်ဖွဲ့ ၄-ဂါထာနှင့် ဂီတစွမ်းအား | ၂၀၅
ဣဒ္ဓိရုပ်ကြောင့် မာန်ကျသူခေမာ၏ ကန်တော့ပန်းလွှာဂါထာ | ၂၀၆
၃-တန်ခိုးအရာဧတဒဂ် အရှင်မ ဥပ္ပလဝဏ် | ၂၀၈
ဒုတိယသမီး ကျောင်းအမမှ ဥမ္မာဒန္တီတဆင့် လယ်သူမ | ၂၀၈
လက်မ စုပ်ရသော ပဒုမဝတီ အလှမယ်အား မိဖုရားများ မနာလို | ၂၀၉
လှူပြီး အလှူပြန်ယူခြင်းကြောင့် အကျိုးပေး မဖြောင့် | ၂၁၀
မိဖုရား ၅၀၀-အပေါ် ပဒုမဝတီ သဘောထားကြီး | ၂၁၃
သား ၅၀၀ ပစ္စေကဗုဒ္ဓါဖြစ်ကြသား မိခင်စုတေ အလုပ်သမဖြစ် | ၂၁၄
မိခင်သူဆင်းရဲအား ချီးမြှောက်သော ပစ္စေကဗုဒ္ဓါများ | ၂၁၄
ဥပ္ပလဝဏ်၏ အဆုံးဘဝ အလှဆုံးဖြစ်လာ | ၂၁၅
၄-ဝိနည်းဆောင်ဧတဒဂ် အရှင်မ ပဋာစာရာ | ၂၁၅
ကိလေသာလွယ်ရာလိုက် ဒုက္ခဟူသမျှ အဖော်ပါလာမြဲ | ၂၁၆
ဒဏ်ရာအသွင်ကြောင့် ပဋာစာရာ အမည်တွင်ပုံ | ၂၁၇
အပူသည်များ အားထားရာ ဘုရားမြတ်စွာ | ၂၁၈
၅-တရားဟောကောင်းမှု လိမ္မာမှု ဧတဒဂ်အရှင်မ ဓမ္မဒိန္နာ | ၂၁၉
လင် မယုယ စိတ်နွမ်းလှရှာ ဇနီးမှာ | ၂၂၀

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
အရိယာများ တရားထူးအချက် လွန်လျှို့ဝှက် | ၂၂၀
ရွှေထမ်းစင်နှင့် အရှင်မအလောင်း ကျောင်းပို့ | ၂၂၁
၆-ဈာန်ဝင်စားခြင်း၌ မွေ့လျော်မှု ဧတဒဂ်အရှင်မ နန္ဒာ | ၂၂၃
၇-ဝီရိယပြင်းထန်မှု ဧတဒဂ် အရှင်မ သောဏာ | ၂၂၃
ပတ်ဝန်းကျင်ကလည်း ဘဝကို ပြင်သည် | ၂၂၄
အဖွားသောဏာအား ကန်တော့တောင်းပန်ကြ | ၂၂၅
၈-ဒိဗ္ဗစက္ခု ဧတဒဂ် အရှင်မ ဗကုလာ | ၂၂၅
၉-မဂ်ဖိုလ်ရလျင်မြန်မှု ဧတဒဂ် အရှင်မ ကုဏ္ဍလကေသာ | ၂၂၅
သမီးအတွက် မိဘမေတ္တာ အံ့စရာ | ၂၂၇
ပါရမီရှင် ဘဒ္ဒါ၏ သတိသမ္ပဇဉ် | ၂၂၈
သားတော်ကြီးပီသသော အရှင်သာရိပုတ္တရာ | ၂၂၉
ကုဏ္ဍလကေသာ အမည်ရပုံနှင့် ပညာရှာပုံ | ၂၂၉
၁၀-ပုဗ္ဗေနိဝါသ ဧတဒဂ် အရှင်မ ဘဒ္ဒါကာပိလာနီ | ၂၃၁
၁၁-မြတ်သောအဘိဉာဉ်သို့ရောက်မှုဧတဒဂ် ဘဒ္ဒကစ္စာနာ | ၂၃၁
ဂေါတမီ ဘိက္ခုနီပြုသောနှစ်နှင့် အဘိဉာဉ်ပညာရှင် ၄-ဦး | ၂၃၂
၁၂-သင်္ကန်းခေါင်းပါးမှုဧတဒဂ် အရှင်မ ကိသာဂေါတမီ | ၂၃၂
ဘုန်းကံရှင်များ အကောင်းကိုသာ မြင် | ၂၃၃
ဗုဒ္ဓကြောင့် သောကစင်ပုံနှင့် လူဂုဏ် ၃-ဖြာ | ၂၃၄
၁၃-သဒ္ဓါအားကြီးမှုဧတဒဂ် အရှင်မ သိင်္ဂါလကမာတာ | ၂၃၄
သိင်္ဂါလောဝါဒသုတ္တန် ၂-ကုဋေအသိမှန် | ၂၃၅
၆-ဆဋ္ဌဝဂ်၊ ၁-ပဌမသရဏဂမနဧတဒဂ် တဖုဿ ဘလ္လိက | ၂၃၅
မိခင်စေတနာ ဘဝပြောင်းပေမယ့် မဟောင်း | ၂၃၆
လူ့ပြည်၌ စေတီတော် ပထမနှင့် တဖုဿနှင့် ဘလ္လိကတို့ တရားထူး | ၂၃၇
၂-ဒါန၌ မွေ့လျော်မှုဧတဒဂ် အနာထပိဏ် သူကြွယ် | ၂၃၇
အနာထပိဏ်၏ဘုရားကြိုပွဲ ငွေ ၄-သန်းခွဲနှင့် အမြဲကောင်းမှု | ၂၃၇
အနာထပိဏ္ဍိကောဝါဒသုတ္တန် အဆုံး သူဌေးငိုကြွေးခြင်း | ၂၃၈
အနာထပိဏ် တုသိတာရောက် ဘုရားထံပြန်လာ | ၂၃၈
၃-တရားဟောမှုဧတဒဂ် မစ္ဆိကာသဏ္ဍမြို့သား စိတ္တသူကြွယ် | ၂၄၀
မဟာနာမ်ကိုးကွယ် အနာဂါမ်ဖြစ် | ၂၄၀
အနာထပိဏ်နှင့် စိတ္တသူကြွယ် ထူးခြားမှု | ၂၄၁
အရှင် ဣသိဒတ္တစွမ်းရည်နှင့် ဝိနည်းလေးစားပုံ | ၂၄၁
ရဟန္တာလောင်း ကျောင်းထိုင်အရှင်သုဓမ္မ၏ မစ္ဆရိယ | ၂၄၂


အကြောင်းအရာ | စာမျက်နှာ
---|---
ဆဗ္ဗဂ္ဂီတို့ မရအရ အလှူခံကြသည် | ၂၄၃
စရိတ်ခံ၍ ဘုရားဖူးခေါ်သူ စိတ္တသူကြွယ်၏ ပူဇော်ခံဂုဏ်အင်္ဂါများ | ၂၄၅
စိတ္တသူကြွယ်အား နတ်များညွှန်ကြားပုံနှင့် နောက်ဆုံးတရား | ၂၄၅
၄-သင်္ဂဟဝတ္ထု ၄-ပါးဖြင့် ချီးမြှောက်မှု | ၂၄၆
အာဠဝကသီတင်းသည် ဘုရားရှင်ကို စစ်ထိုးသော သောတာပန်အလောင်း ဘီလူး | ၂၄၇
ပရိသတ်ကို ကျေနပ်အောင် ချီးမြှောက်နည်း | ၂၄၈
၅-မွန်မြတ်သော ဝတ္ထုလှူမှု ဧတဒဂ် သာကီဝင်မင်းမျိုး မဟာနာမ် | ၂၄၈
၆-နှစ်သက်ဖွယ် ဝတ္ထုလှူမှု ဧတဒဂ် ဥဂ္ဂသူကြွယ် | ၂၄၈
ဥဂ္ဂသဌေး အတွေးအရ ဘုရားရှင်ကြွရသည် (သူဌေးအကြိုက်) | ၂၄၈
၇-သံဃာလုပ်ကျွေးမှု ဧတဒဂ် ဥဂ္ဂတသဌေး | ၂၄၉
အနာဂါမ်ဖြစ်လာသော အရက်သမား | ၂၅၀
၈-သာသနာ၌ မတုန်မလှုပ်ယုံကြည်မှု ဧတဒဂ် သူရမ္မဋ္ဌသဌေး | ၂၅၀
မာရ်နတ် အကဲစမ်းပေမယ့် အရိယာများကို လိမ်မရ | ၂၅၀
၉-ပုဂ္ဂိုလ်ကြည်ညိုမှု ဧတဒဂ် ဆရာဇီဝက | ၂၅၁
ဆရာဇီဝက သမားခ ရပုံ | ၂၅၂
ဘုရားနှင့် အကျွမ်းဝင်မှု ဧတဒဂ် နကုလပိတု သူကြွယ် | ၂၅၂
ဘဝ ၂-ထောင်ရင်းနှီး၍ ရှက်ကြောက်ကင်း နိဗ္ဗာန်အထိ မခွဲတရား | ၂၅၂
၇-သတ္တမဝဂ် ၁-ပဌမသရဏ ဂမန ဥပါသိကာ သုဇာတာ | ၂၅၃
စိတ်ကြိုက်လင်ရ၍ နတ်မသည်ထင် နို့ဆွမ်း၌ အံ့ဖွယ်များ | ၂၅၄
ပါရမီရှင်ယသ မိန်းမမြင်၍ သံဝေဂရ | ၂၅၅
၂-အလှူ၌ မွေ့လျော်မှု ဧတဒဂ် မိဂါရမာတာ ဝိသာခါ | ၂၅၅
၇-နှစ်သမီး သောတာပန်၊ ဘဒ္ဒိယမြို့ ဘုန်းကံရှင် ၅-ဦး | ၂၅၅
ရာဇဂြိုဟ်သဌေးကြီး ၅-ဦး မိဂါရချွေးမရှာပုံ | ၂၅၆
ကောသလမင်း မိန်းမတောင်းလိုက်၊ မင်္ဂလာပွဲ ၄-လဧည့်ခံ | ၂၅၇
ဝိသာခါအား ပေးသော ဩဝါဒ ၁၀-ချက်နှင့် လက်ဖွဲ့ပစ္စည်းများ | ၂၆၀
မင်္ဂလာပွဲ တက္ကထွန်းဆွမ်းကျွေး၊ သူကြွယ် ၈-ဦး ဖြေရှင်းချက် | ၂၆၁
ဩဝါဒ ၁၀-ချက်အဓိပ္ပာယ်၊ ချွေးမကို မိခင်ထင်သော မိဂါရ | ၂၆၃
ဝိသာခါရသောဆု သာသနာပြုပုံနှင့် ဂုဏ်ထူးဝိသေသများ | ၂၆၆
ယမက ပေါင်သားလှူ မဟာလတာတန်ဆာ ဝတ်နိုင်သူ ၃-ဦး | ၂၆၇
ပုဗ္ဗာရုံကျောင်းဆောက်ရာ၌ တန်ခိုးရှင်၏ အံ့မျိုးစုံလင် | ၂၆၈
ကျောင်းတိုက်တန်ဖိုးနှင့် ဝိသာခါ ဥဒါန်း ၅-ဂါထာ | ၂၇၀
အကြားအမြင်များမှု ဧတဒဂ် ခုဇ္ဇုတ္တရာ | ၂၇၁

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
အမျိုးမျိုးလုပ်ကြံသော်လည်း ကံရှိ၍ ဃောသကမသေ | ၂၇၁
မိန်းမကြိုက်လျင်လည်း စိုက်စိုက်လာ မိန်းမကျေးဇူးလည်း ကြီးမား | ၂၇၁
၄-မေတ္တာစိတ်နှင့် နေမှုဧတဒဂ် သာမာဝတီ | ၂၇၁
မိခင်မေတ္တာ ဖခင်ထက်သာ၊ ခွေးဘဝမှ ဃောသကနတ်သား | ၂၇၅
မိဘမဲ့သွားသော သာမာဝတီ သဌေးသမီးမှ မိဖုရားဖြစ် | ၂၇၇
နေ့ဝက်ဥပုသ်၏တန်ခိုး၊ လှည်းဝိုင်းမှာ ၁၅ ရက်ဆွမ်းကပ် | ၂၇၈
ဘုရားရှင်ကို သမက်တော်လိုသော မာဂဏ္ဍီ | ၂၇၉
မိဖုရားဖြစ်၍ ဘုရားကို ဆဲခိုင်းသော မာဂဏ္ဍီ | ၂၈၁
သောတာပန် မိဖုရား ၅၀၀ နံရံဖောက်၍ ဘုရားဖူး | ၂၈၂
ဟတ္ထိကန္တစောင်းရှင် ဘုရင်ဥဒေန အမျက်ထွက် မြားဖြင့်ပစ် | ၂၈၄
လှူဖွယ် တလက်ဝါး အထည် ၅၀၀ ကြိမ် ၅၀၀ | ၂၈၅
သာမာစုပေါင်း မကောင်းမှုကံ ပြန်၍ခံရ (တိပိဋကဓရ၊ ခုဇ္ဇုတ္တရာ) | ၂၈၆
၅-ဈာန်၌ မွေ့လျော်မှုဧတဒဂ် နန္ဒမိခင် ဥတ္တရာ | ၂၈၇
ပုဏ္ဏ ဥတ္တရာတို့အား အရှင်သာရိပုတ္တရာ ချီးမြှောက် | ၂၈၇
ယခုဘဝ ဒါနကျိုးရကြောင်း ၄ ပါး၊ မိသားစုသောတာပန်ဖြစ်ကြ | ၂၉၀
လင့်အတွက် ဇနီးက ဥပုသ်စောင့်ရန် အငှားရှာပေးခြင်း | ၂၉၀
သောတာပန်လောင်း သီရိမာသော်မှ ကာမမှိုင်းမိခဲ့ | ၂၉၁
၆-အမှုန်အမြတ်လှူမှုဧတဒဂ် သုပ္ပဝါသာမင်းသမီး | ၂၉၁
သီဝလီမယ်တော်အား ဆွမ်းလှူကျိုး ၅-ပါး ဘုရားဟော | ၂၉၁
၇-သူနာရဟန်းလုပ်ကျွေးမှုဧတဒဂ် သုပ္ပိယာဥပါသိကာ | ၂၉၂
ဘုရားတန်ခိုး ပေါင်သားတိုးပြည့် | ၂၉၂
၈-သဒ္ဓါခိုင်မြဲမှုဧတဒဂ် ကာတိယာနီ ဥပါသိကာ | ၂၉၃
ရဟန္တာလောင်း ဥမင်တူးခိုးသော ခိုးသား ၅၀၀ | ၂၉၃
၉-ရင်းနှီးစွာပြောဆိုမှု ဧတဒဂ် နကုလမာတုသူကြွယ် | ၂၉၄
၁၀-တဆင့်ကြားကြည်ညိုမှု ဧတဒဂ် ကာဠီဥပါသိကာ | ၂၉၄
အစဆုံး အမျိုးသမီးသောတာပန် ၁-ဇောတိကသဌေးကြီးဖြစ်ရပ် | ၂၉၄
ပစ္စေက ၅၀၀-နှင့် ကြံ ၂-ချောင်း ဇောတိကအလောင်း အပရာဇိတကျောင်းဒကာ | ၂၉၅
ကျောက်ခိုးချင်၍ ကျောင်းဝင်၊ ပစ္စည်းမပျောက်အောင် ဆုယူနိုင် | ၂၉၆
သိကြားမင်းဆောက်အပ်သော ဇောတိကပြာသာဒ်နှင့် အစောင့်များ | ၂၉၈
ဇောတိက၏အလုပ်သမ မိဖုရားလောက်လှသည် | ၃၀၀
သဒ္ဓါမပါလျှင် နိုင်သူပေါ်လာတတ်သည် | ၃၀၁
ဘုန်းကံရှင်မပေးလျှင် မရ၊ ကာမအာရုံများလည်း လန့်စရာ | ၃၀၂


အကြောင်းအရာ | စာမျက်နှာ
---|---
၂-မေဏ္ဍကသဌေးကြီးဖြစ်ရပ်၊ တရားပလ္လင် ယင်းပြင်ဆင်ပုံ | ၃၀၄
ကိန်းနက္ခတ်များ မှန်တတ်ပုံနှင့် မိသားစုဒါန မတွန့်ပုံ | ၃၀၅
အစွဲကြီးသောမိသားစု ဆုတောင်း၊ ၅-ယောက်စာ ၅၀၀-စားလောက် | ၃၀၅
တဦးထွန်းက တကျွန်းလုံးချမ်းသာ၊ ချဖူးရေစက် ပန္နက်သစ္စာ | ၃၀၆
၃-ဇဋိလသဌေးကြီးဖြစ်ရပ်၊ မယားကြောက်၍ ဘုရားငေါက်သူ | ၃၀၇
မာတုဂါမ ဘုံ ၇-ဆင့်ပေါ်ပင် စိတ်မချရ | ၃၀၈
မိန်းမ ၂-ဦး ဇဋိလလုကြ၊ ဘုန်းရှင်ဆန္ဒ ပြီးစီးရ | ၃၀၉
ရွှေတောင်ပေါက်သောဇဋိလ၊ ယင်းထက် မေဏ္ဍကသာပုံ | ၃၀၉
တသိန်းတန်မဝတ်လို၍ ကျွန်မငို၊ သား ၃-ဦးကံချင်းမတူ | ၃၁၀
၄-ကာဠဝဋိယသဌေးကြီးဖြစ်ရပ်၊ သေခါနီး၌ ရိက္ခာယူလိုသူ | ၃၁၁
သတ္တိကောင်း၍ ရွှေအိုးရ၊ မိန်းမအတွေ့ တွေ့လိုကြ | ၃၁၁
၁၅-အဌာနပါဠိ ၁-ပဌမဝဂ် | ၃၁၂
သောတာပန်ဂုဏ်နှင့် ဘုရား ၂-ဆူ မပွင့်ပုံ | ၃၁၃
မိဘရဟန္တာမသတ်ကံနှင့်စပ်၍ မှတ်ဖွယ် | ၃၁၄
သိုးနှင့်စပ်၍ စကား ၄-ရပ်၊ စေတီ ဗောဓိပင် ဓာတ်တော် | ၃၁၄
ဒါရနှင့်စပ်၊ အကျိုးပေးနှင့် စပ်မှတ်ဖွယ် | ၃၁၄
လောကဓာတ်တခု၊ ခေတ် ၃-မျိုး၊ အရှင်နာဂသိန်ရှင်းချက် | ၃၁၅
၂-ဒုတိယဝဂ်၊ စကြာမင်း ၂-ပါး၊ မိန်းမ ဘုရားမဖြစ် | ၃၁၆
၃-တတိယဝဂ်၊ ပြစ်မှုသမားငရဲ၊ ကောင်းမှုရှင် နတ်ပြည် | ၃၁၆
၁၆-ဧကဓမ္မပါဠိ ၁-ပဌမဝဂ် ဗုဒ္ဓါနုဿတိစသည်တို့၏ အကျိုး | ၃၁၈
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ၂-မျိုးနှင့် အနုဿတိ ၁၀-ပါးအထူး | ၃၂၀
၂-ဒုတိယဝဂ် မိစ္ဆာသမ္မာဒိဋ္ဌိများ၏ အကျိုးအပြစ်များ | ၃၂၁
၆၂-ပါး အချုပ် ၃-ကျိုးဖြစ်၊ သမ္မာ ၅ ဈာနဝိပဿနာ | ၃၂၂
၃-တတိယဝဂ် မိစ္ဆာသမ္မာဒိဋ္ဌိသမားတဦးကြောင့် လူနတ်များ သုခဒုက္ခ | ၃၂၃
မက္ခလိဂေါသာလဆိုးပုံ၊ ဗာဟိရဗုဒ္ဓသာသနာ၌ အလှူရှင်များကျင့်ဝတ် | ၃၂၄
အလှူခံများအတိုင်းအရှည်သိရပုံ သိကျိုး | ၃၂၄
လူပျင်းချမ်းသာ၊ နည်းသောမစင်ပင် အနံ့ဆိုး | ၃၂၆
၄-စတုတ္ထဝဂ် ဇမ္ဗူဒိပ်၌ မြေညီနည်း၊ မညီများ | ၃၂၆
ရေနေ များ၊ ကုန်နေနည်း၊ လူနှင့်အပါယ်၊ အကု ကောင်းသူ | ၃၂၇
ပညာရှိသူ မရှိသူ နိဗ္ဗာန်ရသူ မရသူများတွင် အဆိုးများ | ၃၂၈
ဇမ္ဗူဒိပ်ကျွန်း၊ ရေနေ များပုံ၊ ထမင်းကောင်း ရသူမည်သည် | ၃၂၉

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
တောရရဟန်းကျောင်း ဘုန်းကြီးစသည် လာဘ်ရကြောင်း ၁၆ ပါး | ၃၃၀
ဈာန်သတိပဋ္ဌာန်စသည် ပွားများက ပြည်သူ့ဆွမ်းစားနိုင် | ၃၃၀
ဥပ္ပန္န ၄-ပါး။ တနည်း ၄ ပါး | ၃၃၁
ဣန္ဒြေ ဗောဇ္ဈင်ဖြစ်ကြောင်းများ၊ မဟာမိတ္တထေရ်ဝတ္ထု | ၃၃၂
သမီးကို ၁၂-ကျပ်နှင့် ပေါင်၍ဆွမ်းကပ်၊ ထမင်းတထုပ် ၁၂-ကျပ်ပေးလှူ | ၃၃၅
သံဝေဂဝတ္ထု၊ ၈-ပါးနှင့် နှလုံးသွင်းမှန်ကြောင်းများ | ၃၃၇
ကာယဂတာသတိပွားက နိဗ္ဗာန်ထိရ | ၃၃၈
ကာယဂတာသတိကို သုံးဆောင်လျှင် နိဗ္ဗာန်ကို သုံးဆောင်သည်မည် | ၃၃၉
ဒုကနိပါတ် ပဌမသုတ် ၅၀-လောကပြစ်စုံ | ၃၄၀
တမလွန်ပြင် ရဟန္တာနှင့် မကောင်းကျိုး | ၃၄၁
လူနှင့်ရဟန်း လုပ်နိုင်ခဲသော အလုပ်များ ဒါနပြုနိုင်ခဲပုံ | ၃၄၁
ပူပန် မပူပန့်စေတတ်သောတရား ပုဂ္ဂိုလ်သာမကများ | ၃၄၂
ဝီရိယအင်္ဂါ ၄-ဖြာ ငါဘုရားလို သင်တို့လုပ်ကြ | ၃၄၃
ဟိရီဩတ္တပ္ပကြောင့်သာ မိကြီး မိထွေးစသည် ရှိနိုင်တော့သည် | ၃၄၄
ကျဉ်းကျယ်တရားနှင့် ဥဂ္ဃဋိတညူစသော ပုဂ္ဂိုလ်များ | ၃၄၄
မတရားမမျှတသောအကျင့်ကြောင့် ငရဲ၊ အပြန် နတ်ပြည်ဟုဖြေ | ၃၄၆
သရဏဂုံဆိုင်ရာမှတ်ဖွယ်၊ ဥပါသကဆိုင်ရာပါအစုံ | ၃၄၆
ပြု မပြုခြင်းကြောင့် နတ်ပြည် ငရဲဟု ဇာဏုသောဏိအား ဖြေ | ၃၄၆
ယင်းပုဏ္ဏားရာထူး၊ သဘောထား၊ အရှုံးပေးရပုံ | ၃၄၇
သာသနာကွယ်ကြောင်း ၂ မျိုး၊ ဘုရားစွပ်စွဲသူ ၂-မျိုး | ၃၄၉
နီတတ္ထ၊ နေယျတ္ထ၌မှတ်ဖွယ်၊ ငရဲတိရစ္ဆာန်ဖြစ်ကြောင်းများ | ၃၅၀
မိဘကျေးဇူးများပုံ ဆပ်ရာရောက်ပုံ မရောက်ပုံ | ၃၅၁
အယူဝါဒနှင့်စပ်၍ ၄-လကျော် ကြာသောပုစ္ဆာ | ၃၅၂
အလှူခံ ၂ မျိုးဟု အနာထပိဏ်အားဖြေ | ၃၅၂
ရှင်သာရိပုတ္တရာ တရားပွဲသို့ ဘုရားကို နတ်များသွားပင့် | ၃၅၃
ဝိသာခါ၏ သားအကြီးဆုံး မိဂါရ ပဌမဝါ ၂၀ ဘုရားနေရာများ | ၃၅၄
ကုဋေတသိန်းကျွတ်မည်ဟု ပြာသာဒ်စောင့်နတ်သိ | ၃၅၅
အဇ္ဈတ္တ ဗဟိဒ္ဓမည်ပုံအဓိပ္ပာယ် သံယောဇဉ်နှင့်စပ် | ၃၅၆
နွားခြံနှင့် ဘုံ ၃ ပါး၊ ကြိုး ၅-မျိုး | ၃၅၆
တူမျှသော စိတ်ရှိသောနတ်များ | ၃၅၈
မင်းပုဏ္ဏားရဟန်းများ ငြင်းကြောင်း၊ ပုဏ္ဏား နမော တဿအရွတ် | ၃၅၉
လူငယ် လူကြီး အဆင့်အတန်း ၂-မျိုးအဓိပ္ပာယ် | ၃၅၉


အကြောင်းအရာ | စာမျက်နှာ
---|---
သာသနာတော်ကွယ်စေ တည်စေသောတရားများ | ၃၆၀
၅-ပရိသဝဂ် ပရိသတ် ၂ မျိုးစီ ယုတ်မြတ်ခွဲပြ | ၃၆၀
ပစ္စည်းသင့် တရားမငဲ့သော ပရိသတ်စသည် | ၃၆၁
၂-သုခဝဂ် ချမ်းသာ ၂-မျိုးစီ ယုတ်မြတ်ခွဲပြ | ၃၆၅
၅-ဗာလဝဂ် လူမိုက် ၂ မျိုးပညာရှိ ၂-မျိုးစီ | ၃၆၇
၁-အာသာဒုပ္ပဇဟဝဂ် လာဘ်နှင့် အသက်တွယ်တာကြပုံ | ၃၆၇
ရသမျှလှူပစ်သူ မရောင့်ရဲ | ၃၆၇
၂-အာယာစနဝဂ် စံချိန်ဖြစ်သူများ | ၃၆၈
ရှင်သာရိစသည် စိတ္တသူကြွယ် အာဠဝကမင်းသားစသည် | ၃၆၉
အာမိသဒါန ဓမ္မဒါနစသည် | ၃၆၉
အာမိသ ဓမ္မဖြင့် အဆက်အသွယ်ပြုခြင်းစသည် | ၃၇၀
၃-ဝိနယပေယျာလ သိက္ခာပုဒ်ပညတ်ကျိုးများ | ၃၇၀
တိကနိပါတ် ၁-ပဌမသုတ် ၅၀၊ ၁-ဗာလဝဂ် | ၃၇၂
လူမိုက်ကြောင့်သာ ဘေးအားလုံးဖြစ်ရ (မီးလောင်ဥပမာ) | ၃၇၃
ဘယစသည် ၃-ပါးအထူး သူမိုက်ပညာရှိဟုသိကြောင်းများ များစွာ | ၃၇၄
၁-ဉာတသုတ် ထင်ရှားသူများ သာသနာကို ဖျက်နိုင် ပြုနိုင် | ၃၇၄
မင်းနှင့်ရဟန်း မမေ့အပ်သောအရပ် ၃-မျိုးစီ | ၃၇၆
၃-အာသီသသုတ် တောင့်တခြင်းမရှိ၊ ရှိ၊ ကင်းသောပုဂ္ဂိုလ် | ၃၇၇
၄-စက္ကဝတ္တိသုတ် စကြာမင်းသော်မှ အမှီမရက စကြာမလှည့်နိုင် | ၃၇၇
ဘုရားရှင်နည်းတူ စကြာမင်းတာဝန်များ | ၃၇၈
၅-သစေတနသုတ် လှည်းဘီး ၂-ခု အပြစ်နှင့် ဂုဏ် | ၃၇၉
ဒုစရိုက် ၁၀-ပါး မဂ်ပယ်စဉ် | ၃၈၀
၆-အပဏ္ဏကသုတ် အရဟတ္တဖိုလ် ကိန်းသေတရား ၃-မျိုး | ၃၈၀
၉-ဈေးသည်နှင့် ရဟန်း ကြီးပွားကြောင်း ၃-ပါး၊ နောက်တစုံ | ၃၈၂
၁-မထေရ် ၂-ပါးအား အရှင်သာရိက အကောင်းပုဂ္ဂိုလ်မေး | ၃၈၃
၂-ဂိလာန ၃-မျိုးနှင့် အလားတူ ၃-မျိုး | ၃၈၄
လူနာ ၂ မျိုးလည်း ပြုစုသင့် ပုဂ္ဂိုလ် ၃-မျိုး ၄-မျိုး | ၃၈၅
ငရဲသားနှင့် ဆင်းရဲ၊ လူများ ချမ်းသာဆင်းရဲရော | ၃၈၆
၄-ကျေးဇူးကြီးသူဆရာ ၃-မျိုး၊ ဆရာများကျေးဇူးကြီးပုံ | ၃၈၇
၅-အမာဟောင်းနှင့်တူသော စိတ်ရှိသူစသည် ၃-မျိုး | ၃၇၇
၆-မမှီဝဲ မှီဝဲထိုက်စသည် ၃-မျိုး သီလယုတ်မြတ်ခွဲပုံ | ၃၈၇

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
၇-လျစ်လျူရှုထိုက်သော ဒေါသသမား | ၃၈၉
၈-မစင်နံ့ ပန်းနံ့ရှိသော စကားကို ဆိုတတ်သူစသည် | ၃၉၀
၉-ကန်း တဘက်မြင် ပုဂ္ဂိုလ်စသည် | ၃၉၀
၁၀-မှောက်အိုး ခါးပိုက်နှင့်တူသော ပညာရှိစသည် | ၃၉၁
ဒေသနာနှင့် သာသနာအား စ လယ် ဆုံးခဲ့ပုံ | ၃၉၁
၁-မိဘနှင့် ဗြဟ္မာ လက်ဦးဆရာတူပုံ | ၃၉၂
၃-တရားသိနိုင်သူ ရှိပါလိမ့်မည်ဟု အရှင်သာရိ ပြန်လျှောက် | ၃၉၃
၄-နိဒါနသုတ် ကံဖြစ်ကြောင်းတရား ၃-မျိုး | ၃၉၄
ကံနှင့်စပ်၍ မှတ်ဖွယ် သုတ္တန်နည်း ကံ ၁၁-ပါး | ၃၉၅
ဒိဋ္ဌဓမ္မစသည် ၃-ပါး ယဂ္ဂရူက ယဗ္ဗဟုလကံစသည် | ၃၉၅
ဒုဋ္ဌဂါမဏိ အဘယမင်း၏ကံ ကောင်းကင်က သပိတ်ပြန် | ၃၉၆
ကုသိုလ်ကံကြောင့် တံငါသည် နတ်ပြည်ရောက် | ၃၉၇
ကမ္မဋ္ဌာန်းသမား သာသနာစော်ကား၍ မိကျောင်းပြိတ္တာ | ၃၉၇
ဇနက စသော ကံ ၄-ပါးနှင့် နှစ် ၅၀-လူသတ်ပြီး တာဝတိံသာ | ၃၉၈
အဘိဓမ္မာနည်း ကံ ၁၆-ပါး ပဋိသမ္ဘိဒါမဂ်နည်း ၁၂-ပါး | ၃၉၉
ကံများ သွင်းယူပုံ ဥပမာနှီးနှောပုံ | ၄၀၁
၅-ဟတ္ထကသုတ် ရာဂရှိလျှင် ချမ်းသာစွာ မအိပ်ရ | ၄၀၁
၆-ဒေဝဒူတသုတ် သေမင်းတမန် ၃-မျိုး | ၄၀၂
ယမမင်း ငရဲသား ငရဲထိန်း စစ်ဆေး ဆောင်ရွက်ပုံ | ၄၀၃
ငရဲထိန်းက နှိပ်စက်ပုံ ၇ မျိုးနှင့် ယမမင်း ရှေးအကြံ | ၄၀၄
သူအို သူနာ သူသေ ညွှန်ပြ စကားကျအဓိပ္ပာယ် | ၄၀၆
သတိပေးမှ သတိရသူနှင့် ယမမင်း အမျှဝေကျိုး | ၄၀၆
၇-၈-စတုမဟာရာဇသုတ် သီတင်းနေ့များ၌ လူ့ပြည်ဆင်း စာရင်းယူကြပုံ | ၄၀၇
အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းသည် သိကြားမင်း | ၄၀၈
၉-သုခုမာလသုတ် ဘုရားလောင်း စည်းစိမ်ကြီးပုံနှင့် မာနကင်းပုံ | ၄၀၉
ဘုရားလောင်းအတွက် ဝိသကြုံ၏ ရေကန် ပြာသာဒ်များ | ၄၁၀
အဆင်းသာရှိပြီး အချင်းမရှိ၍ သမက်မတော်လို | ၄၁၁
လေးကြိုးတီးပြရုံဖြင့်ပင် သမီးပေးလိုကြပြီ | ၄၁၂
အလောင်းမင်းသား လေးအတတ်တော်မူခြင်း | ၄၁၂
သဟထာမခနု အဓိပ္ပာယ်နှင့် မြားရေးငယ် ၁၂-ပါး | ၄၁၂
မြားရေးကြီး ၄-ပါးနှင့် ထုထည် ၇-ခု ဖောက်တွင်းပစ်ပြခြင်း | ၄၁၄


အကြောင်းအရာ | စာမျက်နှာ
---|---
ဘုရားလောင်းအသဒိသ မင်းသား၏ လေးပညာ | ၄၁၅
ပဌမမြား စတုမဟာရာဇ်၊ ဒုတိယမြား တာဝတိံသာ | ၄၁၆
မောင်းမအပေါင်း လေးသောင်းမျှအထိ | ၄၁၇
၁၀-အာဓိပတေယျသုတ် | ၄၁၈
၅-စူဠဝဂ်၊ ၁-သမ္မုခီဘာဝသုတ် သဒ္ဓါသာ၍ဖြစ်ခဲ | ၄၂၀
၂-တိဋ္ဌာနသုတ် သဒ္ဓါရှိသူဟု သိအပ်ကြောင်း ၃-မျိုး | ၄၂၁
သမုဒ္ဒရာကူး၍ သီလမရှိသူကို သွားဖူးသူ ပုဏ္ဏား ၂-ဦး | ၄၂၂
၅-ယူဇနာသွားဖူးသော သဒ္ဓါတိဿမင်း | ၄၂၂
စံကျောင်းတော်နှင့် အလောင်းတော် ကောင်းကင်ကကြွ | ၄၂၂
အရှင်တိဿ မဟာဗျူထေရ်လည်း ကောင်းကင်ကြွ ပရိနိဗ္ဗာန်ပြု | ၄၂၃
မြွေကိုက်သော်လည်း တရားနာ မပျက်သော ရဟန်းတပါး | ၄၂၃
သားကို မြွေကိုက်သော်လည်း အရေးမစိုက်သောမိခင် | ၄၂၃
၅-ပဏ္ဍိတသုတ် ပညာရှိများ ချီးမွမ်းအပ်သော တရား ၃ မျိုး | ၄၂၃
၆-သီလဝန္တသုတ် ဘုန်းကြီးကောင်းကြောင့် ရွာသားများ ကုသိုလ်ပွား | ၄၂၃
၉-ပဗ္ဗတရာဇသုတ် အိမ်ထောင်ဦးစီးကောင်းမှ အိမ်သားများကြီးပွား | ၄၂၄
၁၁-မဟာစောရသုတ် အာဏာရှိသူကြောင့် ရဟန်းယုတ် ပိုပျက်စီးနိုင် | ၄၂၄
၂-ဒုတိယသုတ် ၅၀ (၆) ဗြာဟ္မဏဝဂ် ၁-ပဌမဒွေဗြာဟ္မဏသုတ် | ၄၂၅
အသက် ၁၀၀ ရှိမှ ဆုံးမခိုင်းသော ပုဏ္ဏား ၃ ဦး | ၄၂၆
၂-အိုနာ သေ မီးလောင်ပြင်မှ ဒါနဖြင့် ဆွဲထုတ်ယူ | ၄၂၆
၃-တရားတော်၏ လက်တွေ့ဂုဏ်ကျေးဇူး | ၄၂၆
၆-ရှေးက လူ့ပြည်စည်ကား၊ ယခုမစည်ကားကြောင်း | ၄၂၇
အဓမ္မရာဂ ဝိသမလောဘ အဓိပ္ပာယ် | ၄၂၇
၇-ငါ့သာလှူဟု အရှင်ဂေါတမ ပြောမိပါသလော | ၄၂၈
ခွက်ဆေးရေစွန့်ခြင်းကိုပင် ကောင်းမှုဟု ငါဘုရားဟောသည့် | ၄၂၈
၈-ဝိဇ္ဇာ ၃-မျိုး၊ ပုဏ္ဏားများနှင့် ဘုရားရှင်တို့ ထူးခြားပုံ | ၄၂၉
အဘယ်ဇာတိကုန်၍ ဘယ်ပုံသိသနည်း | ၄၃၁
၁၀-ရဟန်းမှန်က ကိုယ်ကျိုးသမား၊ ပုဏ္ဏားများသာ ၂-ပါးစုံ ကျင့်သတဲ့ | ၄၃၂
ဂါရဝပုဏ္ဏား စကားကိုလှီးလွှဲဖြေ | ၄၃၄
ပြာဋိဟာ ၃-မျိုး | ၄၃၅
တန်ခိုးရှင်ရဟန်းများ များကြောင်း ဘုရားမိန့် | ၄၃၅
နမိတ်ဖြင့် အတတ်ဟောခြင်း | ၄၃၅
(၇) ၂-မဟာဝဂ်၊ တိတ္ထာယတနသုတ် အယူမှား ၃-မျိုး | ၄၃၅

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
ပုဗ္ဗေကတဝါဒီ ဣဿရနိမ္မာနဝါဒီ၊ အဟေတုအစ္စယဝါဒီနှင့် နှိပ်ခြင်းများ | ၄၃၇
အရိယာတို့၏ အမှန်တရား ၄-ပါး၊ တိတ္တစသော ၄-မျိုး | ၄၃၇
ရှေးကပြုခဲ့ဖူးသောကြောင့်သာ၊ သမဏဝါဒ မရှိနိုင်တော့ | ၄၃၇
ဓာတ်ကမ္မဋ္ဌာန်း ရှုပွားပုံအကျဉ်း | ၄၃၇
၂-သားအမိချင်း မကာကွယ်နိုင်သော ဘေး ၃ မျိုး | ၄၃၈
၃-အရှင်ဂေါတမ လှနေတာ အိပ်ရာ နေရာကောင်းနေလို့လား | ၄၃၈
နတ်ဗြဟ္မာ အရိယာတို့၏ဥစ္စာ မြင့်မြတ်သော နေရာများ | ၄၃၉
၄-ရဟန်းများတရား ငါသိပြီ၊ သိ၍ထွက်ခဲ့သည် သရာပရိဗိုဇ် | ၄၄၀
ဗုဒ္ဓ၏ ရဲရင့်သော အသံတော် ၃-မျိုး | ၄၄၁
ပရိဗိုဇ် ၅၀၀ အစည်းအဝေးနှင့် ဆုံးဖြတ်ချက် | ၄၄၂
အလောင်းတော်ဘဝ အားစွမ်းပြ ကဏှဇာတ်ကော် | ၄၄၃
သရ၏ အကြွားစကား၊ ပရိဗိုဇ်များ ဘုရားဘက်သားဖြစ် | ၄၄၄
သံဃာများပါ ကောင်းကင်ကကြွ | ၄၄၆
၅-ကေသမုတ္တိသုတ်၊ အကြားအမျိုးမျိုး ယုံမှားနေရပါပြီ | ၄၄၈
ပြောသံကြားကာမျှစသည်ဖြင့် ဟုတ်မှန်ပြီဟု အတည်မယူရ | ၄၄၈
ကေသမုတ္တနိဂုံးရွာ တည်နေပုံနှင့်ဖြစ်ရပ် | ၄၄၈
၇-စကားဖြစ်ကြောင်း ၃-မျိုး၊ ဆွေးနွေးရန်သင့်သူ၊ မသင့်သူ | ၄၄၈
တိုက်ရိုက်ဖြေ၊ ပြန်မေး၍ ဖြေရမည့်ပြဿနာ၊ မဖြေရမည့်ပြဿနာ | ၄၄၈
သိရမည့်ဝါဒ၊ ဖြေရမည့်ကျင့်ဝတ်၌ မတည်သူ | ၄၅၃
၈-လောဘ ဒေါသ မောဟ ၃-မျိုးအထူး အညတိတ္တိယသုတ် | ၄၅၅
မိဘက သားသမီး လက်ထပ်ပေးခြင်းသည် လောကသံသရာ အပြစ်နည်း | ၄၅၅
လူ မြွေ ခွေး နွား ၄-ဘဝခြားသော်လည်း ချစ်အားမကျယ် | ၄၅၆
ဇာတိဿရဉာဏ် မယားဟောင်း သူသတ်မ (မိခင်အသစ်) မခံလို | ၄၅၇
ဒေါသ မောဟ အပြစ်ကြီးပုံ | ၄၅၇
၉-အကုသိုလ်၏ အကြောင်းရှင်း ၃-မျိုး၊ ကုသိုလ် | ၄၅၈
မာလောနွယ်တက် သစ်ပင်ပျက် | ၄၆၀

အကြောင်းအရာ,စာမျက်နှာ
၁၀-ဝိသာခါအား ဟောကြားသော နွားကျောင်းသား ဥပုသ်,၄၆၁
တက္ကတွန်း ဥပုသ်ဟူသည် အရိယာဥပုသ်အပြား,၄၆၁
၁၆-တိုင်းကြီး စိုးရခြင်းထက် အရိယာဥပုသ် အကျိုးကြီး,၄၆၃
စတုမဟာရာဇ်စသော နတ်သက်များ,၄၆၄
(၈) ၃-အာနန္ဒဝဂ်၊ ဆန္ဒသုတ် ရာဂစသည်ပယ်ကျိုး,၄၆၅
၂-တရားကောင်းနှင့် တရားရှိသူဖြစ် မဖြစ်,၄၆၅
၃-သမာဓိနှင့်ဉာဏ်မည်သူက ရှေးဖြစ်သနည်း,၄၆၆
၄-ဆင်းရဲလွှတ်ကြောင်း တက္ကတွန်းဝါဒနှင့် ဗုဒ္ဓဝါဒ,၄၆၇
၅-နားထောင်မည့် ဆွေမျိုးအား ဆောက်တည်စေရန် တရား ၃-မျိုး,၄၆၈
၆-၇-ဘဝရရန်ကံသည်လယ်ယာမြေ၊ ဝိညာဏ်ကား မျိုးစေ့စသည်,၄၆၉
၈-သက်စွန့်အားထုတ်တိုင်း အကျိုးမပြီးသာသနာတွင်း၊ ပ၊ ခွဲ,၄၆၉
၉-အမြစ်နံ့စသည်ထက် သာသော သီလစသောဂုဏ် ဆု ၈-ပါးရ,၄၇၀
ရှင်အာနန္ဒာနှင့် ယူဇနာတရာမွှေး နတ်မြလေး,၄၇၀
၁၀-စူဠနိကာ မဇ္ဈိမိကာ မဟာဟု လောကဓာတ် ၃-မျိုး,၄၇၁
ကမ္ဘာလောက၌ လ နေ မြင်းမိုရ်တောင် ရာထောင်မကများ,၄၇၂
အရှင်အာနန္ဒာအား အမြင်ကပ်၍ လာဠုဒါယီပြောပုံ,၄၇၂
ကမ္ဘာတထောင်ကြားအောင် အရှင်အဘိဘူ ၂-ဂါထာရွတ်,၄၇၃
မဟာလောကဓာတ်ပမာဏဝါဒကွဲနှင့် ဘုရားအသံတော်,၄၇၄
အရောင်အလင်းဖြင့် ဖြန့်စေလိုက်လျှင် တရားနာကျိုး လူ နတ် ၇-ကြိမ်စီ မကပါ,၄၇၄
(၉) ၄-သမထဝဂ်၊ ၁-ရဟန်းများ ပြုမည့်ကိစ္စ ၃-မျိုး,၄၇၆
၄-သိက္ခာပုဒ် ၁၅၀-ကျော်များ၍ မကျင့်နိုင်ပါဘုရား,၄၇၇
ဇနပုဒ်သား ဥတ္တရလုလင်ကို ရဟန်းများ ညာခိုင်းကြ,၄၇၇
အာပတ်သေးများနှင့် ရဟန္တာ အာပတ်သင့်ကောင်းပုံ,၄၇၉
၇-သတ္တက္ခတ္တုပရမသောတာပန်စသည်များ,၄၇၉
ဥဒ္ဓံသောတ ၄-မျိုး အခွဲနှင့် အနာဂါမ် ၄၈-စသည်,၄၈၁
၁၁-သင်္ကဝါနိဂုံး-ကျောင်းကုန်းကြီး နှလုံးသွင်းညံ့,၄၈၄
သိက္ခာလေးစားမှ ဘုရားရှင်ချီးမွမ်းတော်မူ,၄၈၄

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
(၁၀) ၅-လောဏကပလ္လဝဂ် ၁-ယနေ့ပျိုးကြဲ ယနေ့မပေါက်နိုင် | ၄၈၅
ကိစ္စကရဏီယအခွဲနှင့် စပါးပေါက်ချိန် ဖုံး၍မှည့်ချိန် | ၄၈၅
၂-ပရိဗိုဇ်များ ကိလေသာကင်းကြောင်း ဆွမ်း သင်္ကန်း ကျောင်း ၃-မျိုး | ၄၈၅
သာသနာတော်၌ ကိလေသာကင်းကြောင်း ၃-မျိုး | ၄၈၆
၃-သောတာပန်ပယ်သော သံယောဇဉ် ၃-ပါး | ၄၈၆
၄-အဂ္ဂဝတီ ဝဂ္ဂ သမဂ္ဂ ပရိသတ် ၃-မျိုး ညီညွတ်ကျိုး | ၄၈၇
၅-အာဇာနည်မြင်းနှင့် ရဟန်းကောင်းများအင်္ဂါ | ၄၈၈
၆-လျှော်မျှင်ပုဆိုးနှင့် ရဟန်းဆိုး၊ ကာသိပုဆိုးနှင့် ရဟန်းကောင်း | ၄၈၈
၈-ကံပြုတိုင်း အကျိုးမပေး ကံငယ်က ငရဲချ ကြီးပေမယ် မကျ | ၄၈၉
ဆားခွက်ကို ရေခွက်ငယ်၌ချ ငန်၍ မြစ်၌ချ မငန်ပုံ | ၄၉၀
၁၀-စင်ကြယ်သောရွှေနှင့် စင်ကြယ်သောစိတ် | ၄၉၁
၁၁-သမာဓိ ဝီရိယ ဥပေက္ခာ ၃-မျိုး ယောဂီများရှုဖွယ် | ၄၉၄
၃-တတိယသုတ် ၅၀ (၁၁) ၁-သမ္ဗောဓဝဂ်၊ ၁-သမ္ဗောဓသုတ် | ၄၉၅
ဗောဓိသတ္တ ဘုရားလောင်း အဓိပ္ပာယ် | ၄၉၅
၃-အသိရှိမှ သတ္တဝါများ လွတ်မြောက်လိုကြသည် | ၄၉၆
၄-သမဏ ဗြာဟ္မဏ ဖြစ်ကျိုးနပ်သူများ | ၄၉၆
၆-အိပ်ခြင်း သေအရက် မေထုန်မှု မရောင့်ရဲနိုင် | ၄၉၆
၅-သီချင်းဆိုခြင်းသည် အငို၊ ကခြင်းကား အရူး | ၄၉၇
၇-စိတ်လုံလျှင် ကံ ၃-ပါးလုံး လုံသည် အထုတ်လုံ ဥပမာ | ၄၉၇
၉-ဝဋ်ဖြစ်ကြောင်း ပြတ်ကြောင်း ကံ ၃-ပါးစီ | ၄၉၈
၁၀-တနည်း ကာလ ၃-ပါးနှင့် ဆန္ဒ ရာဂ | ၄၉၈
(၁၂) ၂-အပါပိယကဝဂ် ၁-အပါယ်ရောက်မည့်သူ ၃-ဦး | ၄၉၉
၂-ဘုရား ဓမ္မကထိက ကျေးဇူးသိသူများ ရခဲသည် | ၄၉၉
၃-အယှဉ်လွယ် အယှဉ်ခက် မယှဉ်နိုင်သူဟု ၃-မျိုး | ၄၉၉
၄-အရူပသတ္တဝါ ၃-မျိုး အရိယာ ပုထုဇဉ် ဗြဟ္မာကြီးများ အပါယ်ကျခွင့်ရှိ | ၄၉၉
၅-သီလ စိတ်အယူပျက်စီးက ငရဲ၊ ပြည့်စုံက နတ်ပြည် | ၅၀၀
၆-အန်စာဥပမာပြ၍ ငရဲနတ်ပြည် အကျမြဲပုံ စင်ကြယ်မှု ၃-စီ | ၅၀၁


အကြောင်းအရာ | စာမျက်နှာ
---|---
၁၀-မောနေယျံ ပညာရှိသူ၏အဖြစ် ၃-မျိုး တရားကိုယ် | ၅၀၂
(၁၃) ၃-ကုသိနာရဝဂ် ၁-ရဟန်းမေ့လျှင် အလှူရှင်အကျိုးမကြီး | ၅၀၃
၂-ဝိတက်ဆိုး ၃-ခုကြောင့် ရန်ဖြစ်ကြ | ၅၀၄
၃-သိ၍ အကြောင်းရှိမှ ငါဘုရား တရားဟောသည် | ၅၀၄
ဤသုတ်ဖြစ်ရပ် အတ္ထုပ္ပတ် လောကဓာတ် ၁၀၀၀-လှုပ် | ၅၀၅
၄-ကပိလဝတ်ပြည်မှာ ဘုရားတည်ဖို့ နေရာရှာ | ၅၀၆
၅-ဟတ္ထကနတ်သား (ဗြဟ္မာကြီး) ဘုရားရွှေရုပ်မရ နစ်သွား | ၅၀၇
လူ့ဘဝက လေ့လာပြီး ပရိသတ်များ နတ်ဖြစ်သောအခါ ထင်ရှား | ၅၀၇
၆-ဘုရားရှင် မောင်းမဲခံရသောရဟန်း သံဝေဂရ သောတာပန် | ၅၀၇
ထွေးအန်ဖတ် သားစိမ်းနံ့ ယင်ကောင်အဓိပ္ပာယ် | ၅၀၈
၇-နံနက် ဝေဖန် မွန်းတည့်ဣဿာ ညခါ ရာဂ ထကြွ၍ မိန်းမများ ငရဲကျ | ၅၀၈
၈-အရှင်သာရိပုတ္တရာတရားကြောင့် အရှင်အနုရုဒ္ဓါ ရဟန္တာဖြစ် | ၅၁၀
၉-မာတုဂါမဖုံးမှ တရားတော်ပွင့်မှ တင့်တယ် တဘက်ပွင့်စသည် | ၅၁၀
၁၀-ကျောက်ရေးအက္ခရာစသည်နှင့် တူသူများ | ၅၁၁
(၁၄) ၄-ယောဓာဇီဝဝဂ် ၁-စစ်သူရဲကောင်းသာ သာသနာ သူရဲကောင်း | ၅၁၂
၂-၃-ပရိသတ် ၃-မျိုး မိတ်ကောင်းအင်္ဂါ ၃-မျိုး | ၅၁၂
၄-ဘုရားမပွင့်ပေမယ့် အနိစ္စစသော ဓာတ်များတည်နေ | ၅၁၃
၅-လူ ဆံချည်မျှင် ကမ္ဗလာပမာ မက္ခလိဂေါသာလ အညံ့ဆုံး | ၅၁၅
၈-၉-မြင်းငယ် ၃-မျိုးပမာ ရဟန်း ၃-မျိုး အညံ့ဆုံး | ၅၁၆
(၁၅) ၅-မင်္ဂလဝဂ် ၁-ငရဲ နတ်ပြည်ရောက်ကြောင်းများ | ၅၁၆
၉-ရှိခိုးခြင်း ၃-မျိုးနှင့် ၁၀-ပုဗ္ဗဏှသုတ် | ၅၁၈
(၁၆) ၆-အစေလကဝဂ် တိတ္ထိတို့၏ အကျင့်မျိုးစုံ | ၅၂၀
(၁၇) ၇-ကမ္မပထပေယျာလ ငရဲပြည်နှင့် နတ်ပြည်ရောက်ကြောင်းများ | ၅၂၀
စတုတ္ထနိပါတ် ၁-ပဌမသုတ် ၅၀ | ၅၂၀
၁-ဘဏ္ဍဂါမဝဂ် ၁-သံသရာလည်ကြေး ပြတ်ကြောင်းများ | ၅၂၀
၂-သာသနာတော်မှ လျှောကျသူနှင့် မကျသူ | ၅၂၀

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
၃-ဂုဏ်မထိုက်သူ၏ဂုဏ်ကို ဆိုပြစ် အရိယာစွပ်စွဲပြစ် ငရဲသက်များ | ၅၂၀
၄-ပုဂ္ဂိုလ် ၄-ဦး၌ ပြစ်မှားသူများ မိတ္တဝိန္ဒက အဇာတသတ်စသည် | ၅၂၁
၅-သံသရာ စုန် ဆန်စသည် ပုဂ္ဂိုလ် ၄-မျိုး | ၅၂၁
၆-သုတနည်းသော်လည်း တရားရှိသူစသော ၄-မျိုး | ၅၂၂
၇-သံဃာကို တင့်တယ်စေသူ ၄-မျိုး | ၅၂၃
၈-ရဲရင့်ကြောင်း ဝေသာရဇ္ဇဉာဏ် ၄-မျိုး တရားစကြာ ၂-ခွဲ | ၅၂၃
မှီဝဲသူအား ဈာန် မဂ် ဖိုလ်၏ အန္တရာယ် | ၅၂၄
၉-ဆွမ်းစသည်ကြောင့်သာ တဏှာဖြစ်ရ ယောဂ ၄-မျိုး | ၅၂၇
၂-စရဝဂ် ၁-သွားနေစဉ် ကာမဝိတက်ပေါ်ကဖျောက် | ၅၂၈
၂-ကိုယ်အထက်ပိုင်းစသည် ခန္ဓာဉာဏ်ရောက်ရှုပါ | ၅၂၈
၄-စောင့်စည်း စွန့်ပယ် ပွားများ စောင့်ရှောက်သူ၏ အားထုတ်မှုများ | ၅၂၉
၅-အတ္တဘောတွင် ရာဟု အသူရိန် ကာမခံစားသူတွင် မာတ် | ၅၃၀
၆-သုခုမဉာဏ် ၄-မျိုး | ၅၃၀
၇-၈-အဂတိလိုက်စားမှု အပြစ်၊ ရှောင်အကျိုး (ဆွမ်းညွှန်းရဟန်း) | ၅၃၁
၃-ဥရုဝေလဝဂ် ၁-မိမိရိုသေရာကို ဘုရားရှင်ကြံတော်မူပုံ | ၅၃၁
ဥရုဝေလတောမည်ပုံ ဆင် မျောက် ခါ ၃-ဦး ကြီးသူကို ရိုသေ | ၅၃၃
ပစ္စုပ္ပန် ဘုရားရှင်တဆူတည်းသာ | ၅၃၄
သံဃာ၌လည်း (ဂုဏ် ၄-ပါးရှိလျှင်) ငါဘုရားရိုသေသည် | ၅၃၄
၂-ပဌမအရွယ် ငယ်သော်လည်း လူကြီးပညာရှိမည်ပုံ | ၅၃၄
ကြီးအောင် ပြုတတ်သော တရား ၄-မျိုး | ၅၃၅
အကြားအမြင်များ - ဆည်းပူး - ဆောင်ထားပုံ | ၅၃၅
ဈာန်ကို လိုတိုင်းရခြင်းစသည်အချက် ပါရဂူ ၆-မျိုး | ၅၃၆
၃-တထာဂတမည်ရပုံများ လောကကို အသေးစိတ်သိ | ၅၃၆
၄-ကာဠကာရာမသုတ် ဖြစ်ရပ်၊ လက်ထပ်ဆွမ်းကျွေး | ၅၃၇
ပန်း ၈-ဆုပ်ကို လွှတ်၍ ဘုရားပင့်၊ ကောင်းသူဂုဏ်မဝေး | ၅၄၀
နတ်သိကြားကူသော သုဘဒ္ဒါဆွမ်းကျွေး | ၅၄၀
ဘုရားကျောင်းဆောက်ရေး တက္ကတွန်းများနှောင့်ယှက် | ၅၄၁

အကြောင်းအရာ,စာမျက်နှာ
၅-နေရာမြေလှုပ်သော ဘုံ ၅-ပါး,၅၄၁
၅-ကျော်စောရန်စသည်ကြောင့် တရားအားမထုတ်သင့်,၅၄၂
၆-ဖြားယောင်းတတ်သော ရဟန်းများ ဘုရားမဖြစ်နိုင်,၅၄၂
၇-ပံသုကူသင်္ကန်းစသည်ဖြင့် ရောင့်ရဲမှုအကျိုး,၅၄၂
၈-ဘုရားအနွယ် တရား ၄-မျိုး,၅၄၂
သင်္ကန်းခေတ် ၂၃-မျိုး ရောင့်ရဲခြင်းဓူတင်,၅၄၄
ဆွမ်းကျောင်းဆိုင်ရာ အရိယဝံသတို့၏ ဂုဏ်ရည်များ,၅၄၇
၁၀-သမဏ ဗြာဟ္မဏ ပညတ်ထိုက်သူများနှင့် တရားကိုယ်,၅၄၈
ဝဿ ဘညတို့ဝါဒနှင့် မိစ္ဆာအယူစွဲက ချွတ်မရ,၅၄၉
၄-စက္ကဝဂ်၊ ၁-သတ္တိဝဂ် ၄-မျိုးနှင့် လိုရင်းစက်,၅၄၉
၂-သင်္ဂဟဝတ္ထု ၄-မျိုးပုဂ္ဂိုလ်အလိုက် ချီးမြှောက်သင့်,၅၅၀
၃-ခြင်္သေ့မင်း သွားလာလှုပ်ရှား ဘုရားတရားကြောင့် ထိတ်လန့်ကြ,၅၅၀
ခြင်္သေ့ ၄-မျိုးနှင့် လျင်မြန်ပုံ ဘုရားရှင်အား နှိုင်းဖွယ်ရာ,၅၅၄
၄-အမြတ်ဆုံး ကြည်ညိုဖွယ် ၄-မျိုး,၅၅၅
၅-ပညာရှိယောက်ျား ၄-မျိုး ပုဏ္ဏားအလိုနှင့် ဗုဒ္ဓအလို,၅၅၆
၆-ဘုရားရှင်ခြေရာကို လူ့ခြေရာဟု ဒေါဏပုဏ္ဏားမထင်,၅၅၇
မြို့အမည်၊ ဘုရားရှင် ခရီးရှည်သွား ခြေတော်ရာထင် မထင်,၅၅၇
၇-၈-ကြီးပွားကြောင်း ရဟန်းတရား ၄-မျိုး ဒိဋ္ဌိသစ္စာများ,၅၆၀
၉-ဘုရားရှင်ခွင့်ပြု မပြုသော ယဇ် ၅-ပါးသဘော,၅၆၁
၅-ရောဟိတဝဂ်၊ ၁-သမာဓိပွားများမှု ၄-မျိုး,၅၆၂
၂-ဧကံသဗျာကရဏီယစသော ပြဿနာ ၄-မျိုး,၅၆၃
၃-အမျက်ထွက်ခြင်းကို အလေးပြုသူစသော ၄-မျိုး,၅၆၃
၅-စကြဝဠာအဆုံးကို ခြေဖြင့်သွားသော ရောဟိတဿရသေ,၅၆၄
လောကအဆုံးယူပုံ ဘုရားရှင်နှင့် နတ်သား,၅၆၅
၇-ကောင်းကင်နှင့် မြေကြီးစသော အဝေး ၄-မျိုး,၅၆၅
၈-သံဃာကို တရားဟောသော အရှင်ဝိသာခအား ဘုရားသာဓုခေါ်,၅၆၆
၉-ဝိပ္ပလ္လာသ ၁၂-ပါးဖြစ်ပုံ,၅၆၇
၁၀-လ နေနှင့် ရဟန်းပုဏ္ဏားတို့၏ ညစ်နွမ်းကြောင်း ၄-မျိုး,၅၆၇

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
၂-ဒုတိယသုတ် ၅၀ (၆) ၁-ပုညာဘိသန္ဒဝဂ် | ၅၆၈
၁-ရဟန္တာအား ဆွမ်းစသည်လှူကျိုး သမုဒ္ဒရာရေ မကပါ | ၅၆၉
၂-အရိယကန္တ ၄-ပါး အကျိုးလည်း နည်းတူ | ၅၆၉
၃-လက်ထပ်သွားသူများအား သူသေလင်၊ သူသေမယားစသည်ဟော | ၅၇၁
၅-၆-နကုလပိတာမောင်နှံအား သံသရာမခွဲတရား ၄-မျိုး | ၅၇၂
ဘုရားရှင်နှင့် ယင်းမောင်နှံ ဆွေမျိုးဘဝ | ၅၇၃
၇-၈-၉-ဆွမ်းလှူကျိုး ၄-မျိုး၊ ၁၀-ကျော်စောကြောင်း ၄-မျိုး | ၅၇၄
(၇) ၂-ပတ္တကမ္မဝဂ် ၁-ရခဲသော တရား ၄-မျိုး | ၅၇၄
ရကြောင်းတရား ၄-ပါးနှင့် လျောက်ပတ်မှု ၄-မျိုး | ၅၇၆
၂-ရှိမှု သုံးဆောင်မှု ကြွေးကင်းမှု အပြစ်ကင်းမှုဟု ချမ်းသာ ၄ မျိုး | ၅၇၇
၃-ဗြဟ္မာ လက်ဦးဆရာ အိမ်ဦးနတ် အလှူခံဟူသည် မိဘတည်း | ၅၇၈
၅-ရူပပမာဏစသော ပုဂ္ဂိုလ် ၄-မျိုးနှင့် အခွဲ | ၅၇၉
၇-အဟိရာဇသုတ် ရဟန်းတပါး မြွေကိုက်သေ၍ မေတ္တာညွှန်ပြ | ၅၇၉
၈-ဒေဝဒတ်၏လာဘ်ကား ငှက်ပျောပင် အသီးသီးသည့်ပမာ | ၅၈၀
၉-စောင့်စည်းပယ်ပွား အားထုတ်ခြင်း ၄-ပါး | ၅၈၀
၁၀-မင်းတရားပျက်၍ အသက်ဆက် ပျက်ရပုံအကျယ် | ၅၈၁
(၈) ၃-အပဏ္ဏကဝဂ်၊ ၃-သူယုတ် သူကောင်း သိကြောင်းတရား | ၅၈၁
ရောက်သစ်စ ချွေးမသဘော ယင်းနှင့်တူအောင်နေကြ | ၅၈၃
၆-ဘုရားတရားစသည်၌ ယုံမှားလျှင် မေးထားကြ | ၅၈၄
၇-မကြံသင့်သော ၄-မျိုးကြံလျှင်ရူးမည် | ၅၈၅
၈-အလှူရှင်ကြောင့်စသည်ဖြင့် အလှူစင်ကြယ်ကြောင်း ၄-မျိုး သာဓကပါ | ၅၈၆
၉-ကုန်သွယ်မှုချင်းတူလျက် အမြတ်မတူကြောင်းများ | ၅၈၇
၁၀-မာတုဂါမ တရားသူကြီးစသည် မလုပ်သင့်ကြောင်း | ၅၈၇
(၉) ၄-မစလဝဂ်၊ ၁-ငရဲနှင့် နတ်ပြည်ရောက်ကြောင်းများ | ၅၈၇
၅-အမှောင်၌ဖြစ်၍ အမှောင်သွားမည့်ပုဂ္ဂိုလ်စသည် ၄ မျိုး | ၅၈၉
၇-ရဟန်း ၄-မျိုး စတုတ္ထရဟန်းအကျယ် | ၅၉၀
(၁၀) ၅-အသုရဝဂ်၊ ၁-အသုရသုတ် နတ်ဖြစ်၍ နတ်အခြံအရံရှိ | ၅၉၂

အကြောင်းအရာ,စာမျက်နှာ
၅-သူသေကောင်ဖုတ် ထင်းမီးစနှင့်တူသူစသည် ၄-မျိုး,၅၉၄
၆-ကိုယ်ကျိုးသာကျင့်သူစသည် ၄-မျိုး,၅၉၅
၇-ကုသိုလ်တရားတို့၌ လျင်စွာသိစွမ်းနိုင်သူ စသည် ၄-မျိုး,၅၉၅
၉-သိက္ခာပုဒ် ၅-ပါးနှင့်စပ်၍ ပုဂ္ဂိုလ် ၄-မျိုး,၅၉၆
၁၀-ကာလညူဖြင့် ဂုဏ်အပြစ်ကို အမှန်ဆိုက ပညာရှိသဘော,၅၉၇
၃-တတိယသုတ် ၅၀ (၁၁) ၁-ဝလာဟကဝဂ်၊ မိုး ၄-မျိုး,၅၉၈
၂-မိုး အိုး အိုင် သရက် ကြွက် ၄-မျိုး,၆၀၀
၈-နွားလား သစ်ပင် မြွေ ၄-မျိုး,၆၀၂
(၁၂) ၂-ကေသီဝဂ်-၁-ကေသီမြင်းဆရာ မြင်းများဆုံးမပုံ,၆၀၂
ဘုရားရှင် သတ္တဝါများအား ဆုံးမတော်မူပုံ,၆၀၂
၂-အာဇာနည်မြင်းနှင့် ရဟန်းကောင်း အင်္ဂါ ၄-ပါး,၆၀၃
၃-နှင်တံရိပ်ကိုမြင်၍ အလုပ်လုပ်သောမြင်းစသည်,၆၀၃
သေသည်ကြား၍ တရားလုပ်သော ရဟန်းစသည်,၆၀၄
၄-မင်းစီးဆင်နှင့် ရဟန်းကောင်းအင်္ဂါ ၄-ပါး,၆၀၄
၅-အလုပ်ဆိုးသော်လည်း ကျေးဇူးရှိသည်စသော ၄-မျိုး,၆၀၆
အလုပ်ခွဲဝေခြင်းနှင့် အမှတ် ၄-အလုပ်,၆၀၆
၆-မမေ့ကောင်းသော အကြောင်း ၄-မျိုး,၆၀၇
၇-စောင့်စည်းရမည့် ၄-နေရာ,၆၀၇
၈-သံဝေဂဖြစ်စေတတ်သော အရပ် ၄-မျိုး ဖွားရပ်,၆၀၇
(၁၃) ၃-ဘယဝဂ်၊ ၁-အတ္တနုဝါဒဘေးစသည် ၄-ပါးအကျယ်,၆၀၈
ဒဏ္ဍဘေးအဖွင့်၊ ၂၅-ပါးသော ဘေးအကျယ်၊ ကြောက်ကအကျိုး,၆၀၈
၂-လှိုင်းကံပိုးဘေးစသည် ၄-ပါး သာသနာနှင့်စပ်,၆၀၉
၃-ဗြဟ္မာများ သက်တမ်းအတိအကျခွဲပုံ,၆၁၁
၄-ခန္ဓာ ၅-ပါးကို လက္ခဏာရေး ၃-ပါးတင်,၆၁၂
၇-တထာဂတအစ္ဆရိယများ,၆၁၄
လောကန္တရိုက်ငရဲနှင့် လ နေများ တန်ခိုးကြီးပုံ,၆၁၅
၈-ဒုတိယ ဘုရားပွင့်လာ၍ အံ့ဖွယ် ၄-မျိုး,၆၁၅

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
၉-၁၀-အာနန္ဒာ စကြာမင်းတို့၌ အံ့ဖွယ်များ | ၆၁၆
(၁၄) ၁-ပုဂ္ဂလဝဂ်၊ ၁-အန္တရာပရိနိဗ္ဗာယီ အနာဂါမ် | ၆၁၇
၃-ဥဂ္ဃဋိတညူစသော ပုဂ္ဂိုလ် ၄-မျိုး | ၆၁၇
၄-ဥဋ္ဌာနဖလူပဇီဝိ စသော ပုဂ္ဂိုလ် ၄-မျိုးနှင့် | ၆၁၈
၅-အပြစ်ရှိ၊ များ၊ နည်း၊ မရှိသောပုဂ္ဂိုလ် ၄-မျိုး | ၆၁၉
၈-ကိုယ်သာကင်း၍ စိတ်မကင်းသောသူ စသည် | ၆၂၀
၉-ဓမ္မကထိက ၄-မျိုး | ၆၂၀
(၁၅) ၅-အာဘာဝဂ်၊ ၁-အရောင် ရောင်ခြည်အခါစသည် | ၆၂၁
၆-ကမ္ဘာ၏အသင်္ချေ ၄-မျိုး၊ ကမ္ဘာပျက်ပုံနှင့် အပိုင်းအခြား | ၆၂၂
၄-စတုတ္ထသုတ် ၅၀ (၁၆) ၁-ဣန္ဒြိယဝဂ်၊ ၁-ဣန္ဒြေ ၄-ပါး | ၆၂၂
၇-ကိုယ်ရောဂါ နှစ် ၁၀၀-ကင်း၊ စိတ်ရောဂါ ခဏမျှ မကင်း | ၆၂၂
ရဟန်းများ ပစ္စည်း ၄-ပါးကြောင့် ရောဂါရောက်ကြ | ၆၂၃
၉-အရှင်အာနန္ဒာကို ကြိုက်၍ အပင့်ခိုင်းသော ဘိက္ခုနီ | ၆၂၄
ဤကိုယ်သည် တဏှာမာနကြောင့်ဖြစ်၊ ယင်းကိုမှီ၍ တဏှာမာနကိုပယ် | ၆၂၄
၁၀-ဘုရားနှင့် တရားတည်လျှင် လူများစီးပွားဖြစ် သာသနာကွယ်ကြောင်း ၄-ပါး | ၆၂၅
(၁၇) ၂-ပဋိပဒါဝဂ်၊ ၂-ပဋိပဒါ ၄-ပါးအဓိပ္ပာယ်အကျယ် | ၆၂၆
နွားပျောက်ဥပမာဖြင့် ပြပုံ နှီးနှောပုံ | ၆၂၆
အသုဘစသည်နှင့်စပ်၍ ချမ်းသာ ဆင်းရဲ ခွဲပုံ | ၆၂၈
၄-သည်းမခံ သည်းခံ ဆုံးမငြိမ်းစေ အကျင့် ၄-မျိုး | ၆၂၈
၇-၈-မဟာမောဂ္ဂလာန် သာရိပုတ္တရာတို့ဆိုင်ရာ ပဋိပဒါ | ၆၂၉
၉-သေပြီး အားမထုတ်ပဲ ကိလေသာငြိမ်းစေတတ်သူသည် | ၆၃၁
၁၀-သမထ ဝိပဿနာအစုံဖွဲ့၍ ပွားများမှုဆိုင်ရာ | ၆၃၁
(၁၈) ၃-သဒ္ဓမ္မတ္ထိတိယဝဂ်၊ ၁-အတ္တဘောရခြင်း ၄-မျိုး | ၆၃၃
၂-အရှင်သာရိပုတ္တရာ ပဋိသမ္ဘိဒါ ၄-ပါးဝန်ခံ | ၆၃၄
၃-ဒါနစေတနာပေါင်းသော် ၂၇၆ | ၆၃၆
၄-ဖဿ ၆-ပါးချုပ်ခြင်းကြောင့် ကိလေသာတစုံတရာရှိ မရှိ | ၆၃၇
ထိုင်နေသောရဟန်းတပါးကြောင့် | ၆၃၈


အကြောင်းအရာ | စာမျက်နှာ
---|---
၅-ဝိဇ္ဇာစရဏံဖြင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပါသလော | ၆၃၈
၆-သာသနာတော်၏ စံပြပုဂ္ဂိုလ်များ | ၆၃၈
၇-ရှင်ရာဟုလာအား ဘုရားဟောသော တရားများ | ၆၃၉
၈-စင်ကြယ်သောလက်၊ တန်စီးတွင်း ဥပမာများပါသော ပုဂ္ဂိုလ် | ၆၃၉
မြစ်ကမ်းကူးလိုသောယောက်ျား ဥယျာဉ်ရှာသောယောက်ျားဥပမာ | ၆၄၀
၉-မျက်မှောက်၌ပင် ကိလေသာ ငြိမ်း မငြိမ်းကြောင်းများ | ၆၄၁
၁၀-မြတ်သောညွှန်ပြချက် မဟာပဒေသ ၄-မျိုး သုတ္တ ဝိနယအခွဲ အကျယ် | ၆၄၃
(၁၉) ၄-ဗြာဟ္မဏဝဂ်၊ ၁-သူရဲကောင်း၊ ရဟန်းကောင်း ၄-မျိုး | ၆၄၃
၂-မည်သူမျှ တာဝန်မခံနိုင်သော တရား ၄-မျိုး | ၆၄၅
၃-မြင်တိုင်း ပြောရမည်ဟု၎င်း မပြောရဟု၎င်း ငါဘုရားမဆို | ၆၄၆
၄-သေမှာမကြောက်သူလည်း ရှိသေးသည်ပုဏ္ဏား | ၆၄၇
၅-ဂိုဏ်းဆရာ ပရိဗိုဇ်များနှင့် ဗြာဟ္မဏသစ္စာ ၄-ပါး | ၆၄၇
၆-အဘယ်တရားသည် လောကကို ဆောင်ဆွဲပါသနည်း (စိတ်) | ၆၄၈
ဥမ္မဂ္ဂ ဥမင်္ဂ အနက်အဓိပ္ပာယ် | ၆၄၉
၇-သူယုတ်သည် သူယုတ်ကို သူယုတ်ဟု မသိနိုင် | ၆၅၀
၈-ကဲ့ရဲ့သူမှန်သမျှ ကုသိုလ်မဖြစ် ကဲ့ရဲ့ထိုက်သည်တဲ့ | ၆၅၀
၉-မျက်မှောက်ပြုအပ်သော တရား ၄-ပါးနှင့် ပညာအဆင့်ဆင့် | ၆၅၂
၁၀-ပဋိပတ်ရဟန်းများကို ကြည်ညို၍ ဘုရားရှင်မိန့်ကြား | ၆၅၄
(၂၀) ၅-မဟာဝဂ် ၁-ပရိယတ်အကျိုးဆက် ၄-မျိုး | ၆၅၅
ဤသုတ်ဖြစ်ရပ်နှင့် နတ်ပြည်၌ တရားဟောသူများ | ၆၅၅
၂-အကြောင်း ၄-မျိုးတို့ကို အကြောင်း ၄-မျိုးတို့ဖြင့် သိအပ်ပုံ | ၆၅၇
၃-မာယာဖြင့် တိတ္ထိတပည့်များကို ရှင်ဂေါတမ လှည့်ပတ်၏ | ၆၅၈
မာယာကောင်းသည် ဆွေမျိုးအားလုံး လှည့်ပတ်မိဖို့ကောင်း | ၆၅၉
အင်ကြင်းပင်ကြီးတို့သော်လည်း ဤမာယာလှည့်ပတ်မိလျှင် ကောင်းမည် | ၆၆၀
၄-နိဗ္ဗာန်မျက်မှောက်ပြုရန် အားထုတ်မှု ၄-မျိုး | ၆၆၃
ကောလဗျဂ္ဃပဇ္ဇမြို့မည်ပုံ | ၆၆၃
၅-ဝပ္ပသာကီဝင်နှင့် ရှင်မောဂ္ဂလာန် | ၆၆၃
ကိုယ်လျှင်အဆုံးရှိသော ဝေဒနာနှင့် မြင်းအရောင်းအဝယ် | ၆၆၅

မာတိကာ
အကြောင်းအရာ | စာမျက်နှာ
---|---
၆-ဘုရားရှင်နှင့် သာဠ အဘယ လိစ္ဆဝီမင်း ၂-ဦး | ၆၆၇
ဥပမာနှီးနှောခြင်းနှင့် ဆန်းကြယ်သောမြားအတတ်များ | ၆၆၈
၇-မာတုဂါမ အဆင်းလှ၊ ကြွယ်ဝ၊ တန်ခိုးကြီး၊ မကြီးကြောင်းများ | ၆၇၀
၈-တိတ္ထိအကျင့်မျိုးစုံနှင့် ဘုရားသာသနာတော် | ၆၇၀
အိမ်ထောင်သည်ဘဝ ကျဉ်းမြောင်းပုံနှင့် ဥစ္စာ ဆွေမျိုးနည်း များ | ၆၇၂
ချိန် အသပြာတိုင်းတာစဉ်းလဲနှင့် လှည့်ဖြားခြင်း | ၆၇၇
ငှက်သည် လိုရာပျံ၊ တောရပုဂ္ဂိုလ်မှန်လျှင် | ၆၇၈
သေနာသန ၄-မျိုးနှင့် ပုဂ္ဂိုလ် ၄-မျိုးခွဲ | ၆၇၉
၉-တဏှာကြောင့် သံသရာရှည်ပုံ ကွန်ရက် ယက်ကန်းချည်ထွေးပမာ | ၆၇၉
တဏှာဝိစရိုက် ၁၈-ပါးသရုပ် | ၆၈၀
၁၀-ချစ်ခြင်းကြောင့် မုန်းခြင်းစသည် ၄-မျိုးအကျယ် | ၆၈၂
(၂၁) ၅-ပဉ္စမသုတ် ၅၀ (၂၁) သပ္ပုရိသဝဂ်၊ ၁-သူယုတ် သူကောင်းများ | ၆၈၂
(၂၂) ၂-ပရိသဝဂ်၊ ပရိသတ်ကို ဖျက်ဆီးတင့်တယ်စေတတ်သူများ | ၆၈၄
၂-ငရဲ နတ်ပြည်ရောက်မည့်သူအမျိုးမျိုး | ၆၈၇
(၂၃) ၃-ဒုစရိတဝဂ်၊ ဒုစရိုက် သုစရိုက် သူယုတ် သူကောင်းများ | ၆၈၇
(၂၄) ၄-ကမ္မဝဂ်၊ ၁-ကံ ၄-မျိုးအဓိပ္ပာယ်အကျယ် | ၆၈၉
၃-ကံအားလုံးကို မပြုရဟု ပညတ်ပါသလော | ၆၉၁
၁၀-ဤသာသနာ၌သာ ရဟန်း ၄-မျိုး ရနိုင်သည်ဟု ကြုံးဝါးကြ | ၆၉၂
သာမဏ ၄-မျိုး၊ တနည်း- ၁၂-မျိုး | ၆၉၄
(၂၅) ၅-အာပတ္တိဘယဝဂ်၊ ၁-ရဟန်းယုတ်၏ မျှော်လင့်ချက် ၄-မျိုး | ၆၉၅
၂-အာပတ်ကို အကြောင်းပြု၍ဖြစ်သော ဘေး ၄-မျိုး | ၆၉၆
၃-အကျင့်မြတ်၏ အကျိုးတရား ၄၊ အိပ်ခြင်း ၄-မျိုး (ဘုရား) | ၆၉၉
၅-စေတီထိုက်သူ ၄-သီလရှိပုထုဇဉ်ကို ရဟန္တာအတူ | ၇၀၀
၆-ပညာတိုးပွားကြောင်း တရား ၄-မျိုး | ၇၀၀
(၂၆) ၆-အဘိညာဝဂ်၊ ၁-ပိုင်းခြားသိထိုက်သောတရား | ၇၀၁
၂-အရိယာမဟုတ်သူ ဟုတ်သူတို့၏ ရှာမှီးခြင်းများ | ၇၀၁


အကြောင်းအရာ | စာမျက်နှာ
---|---
၃-ချီးမြှောက်ကြောင်း ဝတ္ထု ၄-မျိုး | ၇၀၂
၄-တပည့်တော်အား တရားအကျဉ်းဟောပါဘုရား (မာလုကျပုတ္တ) | ၇၀၂
၅-စည်းစိမ်ဥစ္စာ အရှည်မတည်ကြောင်း ၄-မျိုး | ၇၀၃
၆-အာဇာနည်မြင်းကောင်း ရဟန်းကောင်းအင်္ဂါ | ၇၀၃
၉-တောကျောင်းနေထိုက် မနေထိုက်သော ရဟန်းများ | ၇၀၄
(၂၇) ၇-ကမ္မပထဝဂ်၊ ၁-ကိုယ်တိုင် တိုက်တွန်းချီးမွမ်းစိတ်တူ | ၇၀၅
(၂၈) ၈-ရာဂပေယျာလ၊ ၁-ရာဂပျောက်ရန် သတိပဋ္ဌာန်စသည်ပွား | ၇၀၅
၃၁-၅၁၀-ဒေါသစသည် ပျောက်ရန်နည်းတူပွား | ၇၀၆
ကျမ်းစာ ပထမပိုင်း တခန်းရပ်နိဂုံး | ၇၀၇

နမော အနုတ္တရပဉ္စနိကာယသာသနဒေသက။

ကျမ်းဦးမှတ်ဖွယ် နိဒါန်းဆွယ်

အင်္ဂုတ္တရုဏ်ဂုဏ်ရည် ခြင်္သေ့ဆီ

ခြင်္သေ့ဆီသည် သိင်္ဂီရွှေခွက်၌တည်သကဲ့သို့ မြတ်ဗုဒ္ဓ၏ ဓမ္မောသဓဆေးဆီ ပဉ္စနိကာယ အမြိုက်ရည်သည်လည်း ချမ်းသာအစစ်အမှန်ကို ခံယူနိုင်စွမ်းရှိကြသော ဗုဒ္ဓနွယ်ဝင် ပညာရှင်တို့၏ (ပါရမီရှင်တို့၏) သဒ္ဓါ၊ ပညာ၊ စေတနာ အစဉ် စိတ္တုပ္ပါဒ်တို့ စုပေါင်းယှဉ်နေသော သိင်္ဂီနိက် ရွှေစင်ခွက်၌သာ ဝင်လျက် ငြိမ်သက်နားခိုနိုင်ပါသည်။

အင်္ဂုတ္တရနိကာယ်ကား နိကာယ်ကြီး ၅-ရပ်တွင် ခုဒ္ဒကနိကာယ်မှတပါး ကျယ်ဝန်းကြီးမား အများဆုံးဖြစ်၍ သုတ်ပေါင်း ၉၅၅၇- သုတ်၊ ဘာဏဝါရပေါင်း ၁၂၀၊ နိပါတ်ပေါင်းမှာ ၁-မှစ၍ ၁၁-အထိရှိသည်။ ပဌမသံဂါယနာတင်ပြီးသောအခါ အင်္ဂုတ္တရနိကာယ် သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် အရှင်အနုရုဒ္ဓါအား လွှဲအပ်၍ တပည့်များကို အဆက်မပြတ်အောင် သင်ကြားချအပ်စေသည်။

ပါဝင်သောတရားများ

“ယောကျ်ားများ၏စိတ်ကို သိမ်းကျုံးယူငင်၍ တည်သော တရားများမှာ မိန်းမ၏ အာရုံ ၅-ပါးတို့ ဖြစ်သည်။”

ဟောတော်မူပြီး ယင်းအဓိပ္ပာယ်ပြည့်စုံအောင် အဋ္ဌကထာ၌ ကျယ်ဝန်းစွာ ဖွင့်ပြသည်။ တောင်ထိပ်ပွဲသဘင်တွင် မိဖုရားကိုမြင်သော စိတ္တရှင်ကြီးမှာ အချစ်ရူးရူး၍ တဝူးဝူးရွတ်နေသည်။ ယင်းမိဖုရား မကြာခင်ကွယ်လွန်၍ အသုဘရှုပြန်လာကြသော ရှင်ငယ်များ ပြောပြရာ လက်မခံ၊ မြေကြီးဖြစ်သည်အထိ ရူးကျန်ရစ်မည့် ဦးစိတ္တ ဖြစ်သည်။

တောင်ကြား ရေအိုင်တွင်းဆင်းမိသော ဆင်ကြီးကို ရွှေပုစွန်ကြီးက လက်မဖြင့် ညှပ်ရာ ဇနီးဆင်မက “ပုစွန်ခေါင်းဆောင်ကြီးရှင့်၊ ပျက်ရည်မစဲ ငိုပွဲဆင်ရ ကျွန်မ ချစ်ခင် မောင်တော်ဆင်ကို ခုပင်မနှေး လွှတ်၍ပေးပါ တောင်းပန်ပါသည်။” ဤသို့ ကနွဲ့ကလျ ဆင်မအသံကြားသောအခါ ရွှေပုစွန်ဝူး ပျက်လုံးပြူးက အားလျှော့ရှာသည်။ အခွင့်ကောင်းရပြီး ဆင်ပြောင်ကြီးသည် ဒုတိယခြေမြှောက်ကာ ပုစွန်လုံးပေါ် တအားနင်းကာ ခြင်းခတ်သည့်အသွင် လမ်းပေါ်အတင်လိုက် ဆင်များဝိုင်းစု အမှုန့်ပြုတော့သည်။ ဤသို့လျှင် မိန်းမများကြောင့် ယောကျ်ားများ ကိုယ်သိုက်ပျောက် အကုသိုလ်စိတ်ပေါက်၍ ဒုက္ခရောက်ရပုံကို ဤနိကာယ်၌ ကျယ်ဝန်းစွာ ပြထားသည်။


ယောကျ်ားများကြောင့် မိန်းမများလည်း ဒုက္ခ။ ။
ဘုရားရှင်က အပြန်အားဖြင့် ဟောတော်မူပြီး အဖွင့်၌ ကြေးပြာသာဒ်တံခါး၌ ရပ်နေသော ရဟန်းငယ်ကိုမြင်၍ မိဖုရားတဦး ရာဂဘီလူး ပူးဝင်ဖမ်းစား သေသွားသည်။ ဂုတ္တိလ စောင်းဆရာ၏ ညဉ့်ဦးပိုင်းအချိန် အိမ်တံခါးထိုင်ကာ ခံစားမှုအပြည့်ပါသော သီချင်းသံနှင့် စောင်းသံကိုကြားရသော ဗာရာဏသီ အမျိုးသမီးတဦး အသံကြားရာ စောင်းဆရာထံ ချက်ချင်းလာတော့သည်။ သို့သော် တံခါးထင်၍ ထွက်သောနေရာမှ ပြတင်းဖြစ်နေသဖြင့် ကောင်းကင်၌ပင် အမျိုးသမီး အသက်ပျောက်တော့၏။ သာဓကများစွာ ဤနိကာယ်မှာ ဖတ်ရပါမည်။

ကိလေသာမဖြစ်ရေး အလုပ်ပေးသည်

ဤသို့လျှင် သံသရာ၌ ထီးမသတ္တဝါ အနန္တတို့ ကိလေသာကြောင့်သာ ဒုက္ခရောက်ရသည်ဖြစ်ရာ ထိုကိလေသာမဖြစ်ရေးကို ကျမ်းမြတ်က အလုပ်ပေးပါသည်။ နီဝရဏပ္ပဟာနဝဂ်၌ ဘုရားရှင်က “နှစ်သက်ဖွယ် သုဘအာရုံကြောင့် မဖြစ်သေးသော ကာမတဏှာဖြစ်၊ ဖြစ်ပြီးကာမတဏှာလည်း တိုးပွားသည်။ မတင့်တယ်သော အသုဘအာရုံနှင့် ပဌမဈာန်သည်သာ ကာမတဏှာကင်းကြောင်း” စသည်ဖြင့် ကိလေသာအားလုံးပယ်ရေးအတွက် အလုပ်ပေးတော်မူသည်။ ယင်းဒေသနာအဖွင့်၌-
၁။ ကျောင်းကန်ဘုရား ဝတ်နိဗဒ်များပြုခြင်း၊
၂။ ပရိယတ္တိ သင်ကြားပို့ချခြင်း၊
၃။ ဓူတင် ၁၃-ပါး ဆောင်ထားခြင်း၊
၄။ ဈာန်သမာပတ် ဝင်စားခြင်း၊
၅။ ဝိပဿနာ ရှုမှတ်ပွားများနေခြင်း၊

၆။ ဥပုသ်အိမ်၊ ဆွမ်းစားကျောင်းဆောက်စသော ဝေယျာဝစ္စများ ပြုနေခြင်း တို့ဖြင့် ကိလေသာများ ဖြစ်ခွင့်မရပုံ ဖွင့်ပြပါသည်။

ဝေယျာဝစ္စဖြင့် ကိလေသာခွာ

ရဟန်း ၇-ဝါရ အရှင်တိဿသည် တားဆီးမရ လူထွက်လိုလှ၍ ဆရာ့ထံခွင့်ပန်ရာ တပည့်တိဿ၏ အရဟတ္တဖိုလ်ရမည့် အကြောင်းကိုမြင်သော ဆရာက “ငါတို့ အိုပြီ၊ ငါတို့ နေဖို့ ကျောင်းတဆောင် ဆောက်ခဲ့ပါ” ဟု မိန့်ကြားသဖြင့် ဝန်ခံလိုက်ရသည်။ ဆောက်ပြီး၍ ဆရာ့ထံသွားအလျှောက်တွင် “ငါ့ရှင် ပင်ပန်းရသောကျောင်းမှာ ယနေ့တရက် ငါ့ရှင်ပင် နားမနေကျိန်းစက်ပါ” ဆရာ့အမိန့်အရ ကျောင်းသစ်ဝင်ထိုင်ကာ...


“ဆရာ့အတွက် ဝေယျာဝစ္စကျနအောင် ငါပြုပြီးပေါ့” ဆင်ခြင်စဉ် ဝင်လာသော ပီတိကိုခွာ ဝိပဿနာအရှုလိုက် အရဟတ္တဖိုလ် ဆိုက်သွားသည်၊ ဤကား ဝေယျာဝစ္စဖြင့်ခွာထားသော ကိလေသာ နေရာမရတော့ခြင်းပင်၊ အခြားဆိုင်ရာများကိုလည်း ကျမ်းမြတ်က ဖွင့်အပ်သည်။

ရှက်ကြောက် ၂-ပါး၊ လောကစောင့်တရား

သတ္တဝါများ ရှက်ကြောက်ကင်း၍သာ ပြစ်မှုမျိုးစုံကုန်အောင်ပြုကြသည်။ အဟိရိက၊ အနောတ္တပ္ပ ကိလေသာ ၂-ပါး၏ သဘောပင်၊ မင်းအလိုလိုက်လျှင် လောက၌ ဆရာ့မယား၊ ဘကြီး၊ ဘထွေး မယား စသည် သီးခြားမရှိတော့နိုင်၊ အိမ်ခွေး၊ တောခွေးစသည်များပမာ လောကကြီး ရောယှက်ရှုပ်ထွေးတော့မည်၊ ထို့ကြောင့် ဟိရီ ဩတ္တပ္ပ (ရှက်၊ ကြောက်) တရား ၂-ပါးသည် လောကစောင့်တရားဖြစ်သည်စသည်ဖြင့်လည်း မိန့်သည်။

ကုသိုလ်ငယ်ပေမယ့် နိဗ္ဗာန်အထိ နယ်ကျယ်။ ။ ထိုအကြောင်းကို ပဏိဟိတအစ္ဆဝဂ်၌ ပြသည်၊ စပါးဆူးအစ မည်သည့်ဆူးဖြစ်ဖြစ် စူးအောင်ထောင်ထားမှ စူးသည်၊ သွေးထွက်သည်၊ သို့မဟုတ်က မစူး၊ အလားတူပင် မြက်ဆုပ်အလှူပင်ဖြစ်စေ ဝဋ်မှထွက်မြောက်မှုတောင့်တလျှင် ရနိုင်သည် စသည်ဖြင့် အားသေးသော စပါးဆူးနှင့် ကုသိုလ်ငယ်ကို ပုံပြုမိန့်သည်။

သာသနာမှာ သက်သာရာမျိုးစုံ။ ။ အဂ္ဂိက္ခန္ဓောပမ သုတ္တန်ကိုဟောပြီး တချိန် သီလစင်ကြယ်သူ ရဟန်း ၆၀-ရဟန္တာဖြစ်၍ ပါရာဇိကကျသူ ရဟန်း ၆၀-သွေးအန်ကြသည်၊ သာမဏေပြု၍ သီလံထိန်း၊ သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်ကြ၊ အချို့နတ်ပြည်ရောက်ကြသည်။ အာပတ်ငယ်သင့်သူ ရဟန်း ၆၀၊ လူထွက်၍ သရဏဂုံ သီလစောင့် သောတာပန် စသည်ဖြစ်ကြ၊ အချို့နတ်ပြည်ရောက်ကြသည်။ (သွေးအန်လူထွက်အောင် ဟောသည်မဟုတ်။) ယင်းအကျိုးများမြင်၍ ဟောပါသည်။

နတ်များမှတဆင့် ယင်းသုတ္တန်ကို အခြားသံဃာတော်များ ကြားသိရာ “သာသနာမှာ သန့်ရှင်းစွာနေဖို့မလွယ်” ရည်ရွယ်ပြီး ရဟန်း ရာ ထောင် လူ့ဘောင်ကူးကြသည်၊ ဤအကြောင်းကြောင့် ဘုရားရှင်က “သမုဒ္ဒရာမှာ ဆိပ်ကမ်းများသလို ငါဘုရားသာသနာမှာ သက်သာရာအကြောင်းက များကြသည်။ အပ္ပနာပစာရ ဘာဝနာ မဟုတ်စေကာမူ မေတ္တာနှင့် ရွှေပိုး ပွားများမှု လက်ဖျစ်တချက် မကြာဆိုင်ရာ ရွှေပိုင်းပွားများမှု၊ မေတ္တာနှင့်ယှဉ်သောစိတ်ကို မှီဝဲမှုသည်ပင် သတ္တဝါတို့အား စီးပွားချမ်းသာနှံ့သွားသည်သာ၊ ပြည်သူ့ဆွမ်းကို အကျိုးရှိရှိ စားသူဟု ဆိုထိုက်သည်သာ” မိန့်သော စူဠအစ္ဆရာသံဃာတသုတ်ကို တွေ့ရလတ္တံ့။


သာသနာ၏ မူရင်းဖြစ်လတ် ပရိယတ်

အဓိဂမ=ဈာန်မဂ်ဖိုလ်၊ ပဋိပတ္တိ=အကျင့်သီလ၊ ပရိယတ္တိ=ပိဋက ၃-ပုံ၊ လိင်္ဂ=ရဟန်းအသွင်၊ ဓာတု=ဘုရားဓာတ်တော်များဟု ကွယ်ခြင်း ၅-မျိုးတွင် ပရိယတ်သာ လိုရင်းဖြစ်၍ သီဟိုဠ် စဏ္ဍာလတိဿဘေးကြီးဖြစ်ချိန် သိကြားမင်းသည် ဖောင်ဖန်ဆင်းပြီး သီဟိုဠ်သံဃာများကို အိန္ဒိယပို့ပေးခဲ့သည်၊ ရဟန်းတော် ၆-ကျိပ်မှာ သီဟိုဠ်မှာပင်နေပြီး သစ်မြစ်သစ်ဥ သစ်ရွက်များဖြင့် အသက်မွေးကာ ဗိုက်ပေါ်သဲပူတင်၊ ဦးခေါင်းချင်းယှဉ်၍ ၁၂-နှစ်တိုင်တိုင် ပိဋကတ်တော်များကို စောင့်ရှောက်ကြသည်။

ကာလကောင်း၍ အိန္ဒိယမှ သံဃာတော် ၇၀၀ သီဟိုဠ် ပြန်ကြွ၊ သီဟိုဠ်ကျန်သံဃာ ၆-ကျိပ်နှင့် ပိဋကတ်တော်များကို တိုက်ဆိုင်ကြည့်ရာ အက္ခရာတလုံးမျှ မမှားယွင်းကြပါ၊ ထိုအစည်းအဝေးတွင် သာသနာတော်၏ ရေသောက်မြစ်သည် ပရိယတ်လော၊ ပဋိပတ်လော စောကြောကြသည်။

အဖြေ ၂-ပြားရှိခဲ့ပါလည်း

“ပံ့သုကူဆောင် အရှင်များက ပဋိပတ်၊ ဓမ္မကထိကများက ပရိယတ္တိ” အကြောင်းအသီးသီးပြ ဖြေဆိုကြရာ ပရိယတ်သာ သာသနာတော်၏ ရေသောက်မြစ် ဖြစ်ပုံတင်ပြသော ဓမ္မကထိကများ၏ အဆိုက အောင်မှတ်ရသွားကြောင်း အကိုးသာဓကများစွာ ဤကျမ်းမှာ ပြထားသည်။ သာသနာမှု ထူးချွန်ဆုရသူများ၊ သာသနာတော်အတွက် အားတက်ကြည်ညိုဖွယ်ရာ ဗုဒ္ဓကိုယ်တိုင် ပေးအပ်သော ဘွဲ့ထူးရပုဂ္ဂိုလ်အားလုံးကိုလည်း ဤကျမ်း၌ စုံလင်စွာကြည်ညိုရပါမည်။ တာဝတိံသာတွင် အဘိဓမ္မာဟောပြီး၍ ဘုရားရှင် လူ့ပြည်ဆင်းရာတွင် သင်္ကဿမြို့တံခါး၌ ဘုရားရှင်ကို ကြိုနေကြသော ပရိသတ်မှာ ၁၂-ယူဇနာရှိသည်။

ယင်းပရိသတ်အား ဘုရားရှင်က ပုထုဇဉ်များဆိုင်ရာ သောတာပန်များဆိုင်ရာ စသည်ဖြင့် ပုစ္ဆာများကို တဆင့်စီမြှင့်၍ မေးတော်မူရာ အရှင်မောဂ္ဂလာန်အရာ၌ အရှင်မောဂ္ဂလာန်ဖြေဆိုနိုင်သော်လည်း အရှင်သာရိပုတ္တရာအရာ၌ အရှင်သာရိပုတ္တရာသာ ဖြေနိုင်သည်။ ထို့ထက်လွန်၍လည်း ဘုရားအရာဖြစ်သော ပုစ္ဆာကိုမေးတော်မူပြန်ရာ ဗုဒ္ဓထံမှ ရသော သဲလွန်စဖြင့် အရှင်သာရိပုတ္တရာပင် ဖြေနိုင်သည်၊ ဤဖြစ်ရပ်အရ “အရှင်သာရိပုတ္တရာသည် ပညာအကြီးဆုံး” ဗုဒ္ဓကိုယ်တိုင် ပေးအပ်သော ထူးချွန်ဆုကို ရရှိပါသည်။

စိတ်ဓာတ်ရင့်တည် မြတ်ပါရမီ

သူတော်ကောင်းတို့၏ ပါရမီစိတ်ဓာတ်ကား ဖြစ်ရာဘဝ မြင့်မြတ်တည်ကြည်လှသည်၊ “ဝတ္ထုအာရုံ ကာမဂုဏ်တွေ များလှ၍ သူ့ဘက်က စိတ်ပါးနေမှာ ပါရမီရှင်များအား အထင်မသေးသင့်ပါ၊ သန်းကြွယ်သူဌေးသားများ ဖြစ်ကြသော သရဒလုလင်နှင့် သီရိဝဍ္ဎနလုလင်တို့သည် တသင်္ချေနှင့် ကမ္ဘာတသိန်းထက်ကပင် ပါရမီဖြည့်ဖက်များဖြစ်ကြ၍ ယခုဘဝမှာလည်း အတူတကွ နေထိုင် သွားလာကြသည်။


အချိန်မှာ ရာဇဂြိုဟ်မြို့ တောင်ထိပ်ပွဲသဘင်တွင် လုလင် ၂-ဦးယှဉ်ကာ ပွဲကြည့်နေခိုက် ဖြစ်သည်။ ရှေးယခင်ကဆိုလျှင် ၂-ဦးသား ရယ်မောစရာ ဆုပေးစရာရှိလျှင် ရယ်မောဆုပေးကြ၊ ထိတ်လန့်စရာတွေ့လျှင်လည်း ထိတ်လန့်ကြ၏၊ ဉာဏ်ရင့်လာသော ယခုအခါ၌ကား ယခင်ကလို မဟုတ်တော့ဘဲ “ဤပွဲ၌ တကယ်ကြည့်စရာ ဘာမျှမရှိ၊ နှစ်တရာမရောက်ခင် အားလုံး အမည်တွေ ပျောက်ကုန်မှာပဲ၊ လွတ်မြောက်ရာ တရားကို ရှာဖို့ သင့်တော့သည်” ဤသို့ ပွဲကြည့်ရင်း သံဝေဂမြင် အာရုံထင်နေကြသည်။

တဦးနှင့်တဦး အကဲခတ် စိတ်ကူးများ တင်ပြကြကာ ထွက်လမ်းရှာ၍ အဆုံးတွင် ဗုဒ္ဓခြေတော်ရင်းရောက် အဂ္ဂသာဝကအစုံတို့ ဖြစ်ကုန်တော့သည်၊ ပါရမီရှင်တို့၏ ဉာဏ်အစဉ်ကား ကြည်လင်ရွှင်လန်းဖွယ်ပါတည်း။

ထူးချွန်ဂုဏ်ရှိ ပိပ္ပလိနှင့် မယ်ဘဒ္ဒါ

ပိပ္ပလိလုလင်မှာ ၈၇-ကုဋေ ကြွယ်ဝ၍ စည်းစိမ်ကြီးလှသော်လည်း ဗြဟ္မာ့ပြည်မှ လာခဲ့သဖြင့် ကာမဂုဏ် အာရုံစိတ် ခေါင်းပါးလှသည်၊ မိဘများဆန္ဒအရ မငြင်းသာ၍ “အမေ့ချွေးမ ရွှေရုပ်လိုလှလျှင် သားယူပါမည်” ဝန်ခံမိရကား ရွှေရုပ်ကိုရှာ မယ်ဘဒ္ဒါကို တွေ့ရသည်။ ယင်းသူမကလည်း နည်းတူ ကာမစိတ် ပါးသူပင် ဖြစ်သည်။ “အိမ်ရာမထောင်လိုကြကြောင်း” အချင်းချင်း လျှို့ဝှက်စာရေးကြရာ လမ်းတွင် ဆုံမိသော စာပို့လုလင် ၂-ဦး စာပါအဓိပ္ပာယ်ဖျက်၊ ချစ်ကြိုက်စကား ရေးစွက်၍ ပို့ကြသဖြင့် မကြိုက်ကြသူ ၂-ယောက် လင်မယားအရာ ရောက်သွားသည်။

သို့သော် ညအိပ်စဉ် ၂-ဦးကြား ပန်းကုံးထား၍ အိပ်ကြ၏။ မိဘများ ကွယ်လွန်သော် ဘုံ ၃-ပါးကို မီးလောင်အိမ်ပမာ ဉာဏ်မှာ ထင်လာကြသဖြင့် ဈေးမှ ပရိက္ခရာဝယ်၍ လောက၌ရှိသော ရဟန္တာများကို ရည်ညွှန်းပြီး ရဟန်းပြုကြ၊ ပြာသာဒ်ပေါ်မှ ဆင်း၊ တောထွက်ကြသည်။ လင်မယား ၂-ဦး လမ်းခွဲသွားချိန် “ကမ္ဘာတသိန်းဖွဲ့ထားတဲ့မိတ် ယနေ့ပြတ်ပါပြီ” ဟု ဘဒ္ဒါက လျှောက်ထားအပြီး မြေကြီးသည် “စကြဝဠာ မြင်းမိုရ်တောင်တို့ကို ဆောင်စွမ်းနိုင်သော်လည်း အရှင် ၂-ပါးတို့ ဂုဏ်မဆောင်နိုင်တော့ပါ” ဆိုသည့်အနေ မြည်ဟည်း တုန်လှုပ်လေသည်။

ထိုပိပ္ပလိကား ဘုရားရှင်ကိုယ်တိုင် ၃-ဂါဝုတ် ခရီးကြွ ကြိုဆိုပြီး ချီးမြှောက်ရသူ အရှင်မဟာကဿပဖြစ်လာသည်၊ ယင်းအရှင်မြတ်ကြီးနှင့်ဘုရားရှင် သင်္ကန်းချင်း လဲလှယ်ဝတ်၍ မြေလှုပ်ပုံ၊ ဂူကပ်အရာ ထူးချွန်ပုံ တွေ့ရပါမည်။ သာသနာတော်ကြီး ကြာရှည်အောင် အစဆုံး သံဂါယနာ တင်တော်မူသော သာသနာဦးကိုင် သံဃာဦးစီး ပုဂ္ဂိုလ်ကြီး၏ ဖြစ်ရပ်ကား အံ့သြသပ္ပါယ်ဖွယ်ပါတကား။


မင်္ဂလာဦး ထွက်ပြေးသူ လုလင်

အရှင်သာရိပုတ္တရာ၏ ညီထွေး ရေဝတကို မိဘများ အရွယ်ရောက်လာလျှင် ရဟန်းပြုသွားမည်စိုး၍ ၇-နှစ်အရွယ် ငယ်ငယ်နှင့်ပင် အိမ်ထောင် ချပေးလိုက်သည်၊ မင်္ဂလာဆောင်သောနေ့ အသက် ၁၂၀-ရှိ အဖွားအိုကိုမြင် သံဝေဂထင်၍ ရွယ်တူ ကစားဖော်များနှင့် ကစားသယောင်ဆောင် ထွက်ပြေးသည်။

တောကျောင်းတကျောင်းအရောက် ရှင်ပြုပေးဖို့ ရဟန်းတော်များကို တောင်းပန်ရာ “ဝတ်ကောင်းစားလှနှင့် ငါတို့မသိသူကို ရှင်ပြုမပေးဝံ့” ဟု မိန့်ကြသဖြင့် ရေဝတသည် လက် ၂-ဘက်မြှောက်ကာ “တပည့်တော်ကိုလုနေကြပါသည်” အော်တော့သည်၊ သံဃာများ စုလာ မေးကြသောအခါ “အဝတ်တန်ဆာကို မလုပါ၊ ရှင်ပြုပေးလျှင် ရမည့် လူနတ် နိဗ္ဗာန်ချမ်းသာ (ရှင်မပြု၍ မရသဖြင့်) လုနေပါသည်” ဟု လျှောက်သည်။

အရှင်သာရိပုတ္တရာ၏ ညီထွေးဖြစ်ကြောင်းလည်း လျှောက်သဖြင့် ရဟန်းများက ရှင်ပြုပေးကြ၊ နောင် ရဟန်းပြုပေးကြသည်၊ တရားအားထုတ်ရဟန်းကိစ္စ ပြီးသွား၏၊ တောကျောင်းနေမှုအရာတွင် ထူးချွန်ဆုရပုံ ကြည်ညိုဖွယ်ရာ တွေ့ရမည်။

တသာသနာလုံးသိသော အရှင်သီဝလိ

အရှင်မြတ်ကား ကောလိယသာကီဝင်မျိုး သုပ္ပဝါသာ မင်းသမီးဝမ်း၌ ၇-နှစ် ၇-ရက် သန္ဓေနေပြီးမှ ဖွားမြင်လာရသည်၊ သန္ဓေတည်နေချိန်မှစ၍ ရာပေါင်းများစွာ လက်ဆောင်ပဏ္ဏာများ ညဉ့်နံနက် ဆက်ရောက်လာကြသည်၊ မိခင် သုပ္ပဝါသာမှာ အရာရာ ရှေးကထက် ပြည့်စုံတော့၏။ မင်းသမီးလက်နှင့်ထိသော မျိုးစေ့တောင်း ကြဲရာ မျိုးစေ့တစေ့မှ အပင်ရာထောင်ပေါက်၍ တပယ်ကျယ်လယ်မှ စပါးလှည်း အစီး ၅၀၊ ၆၀-တိုက်ရသည်။

အရှင်သီဝလိဖွားပြီး ၇-ရက်လုံး ဆွမ်းကပ်ရာ ဖွားစ သီဝလိသူငယ်မှာ သံဃာအား သောက်သုံးရေ ကပ်ခြင်းစသော ဝေယျာဝစ္စများ ပြုနိုင်သည်။ ဆွမ်းကျွေး နောက်ဆုံးရက်တွင် အရှင်သာရိပုတ္တရာက သူ့ဆန္ဒမေး၊ တစပဉ္စက ကမ္မဋ္ဌာန်းပေးပြီး ရှင်ပြုရန် ဆံရိတ်ရာ အပြီးတွင် ရဟန္တာဖြစ်သည်။

အရှင်သီဝလိ သွားလေရာရာ၌ လူနတ်များက လှူဖွယ်များ အံ့ခန်းမကုန် လှူကြသည်။ ရှားတောကျောင်း အရှင်ရေဝတထံ ဘုရားရှင်နှင့် သံဃာတော်များ ကြွရောက်ရာတွင် “သီဝလိပါလျှင် ခရီးဖြောင့် တောလမ်းကကြွ” ဗုဒ္ဓအမိန့်အတိုင်း တောလမ်းက ကြသည်။ တောတွင်းနတ်များက အရှင်သီဝလိအား အမှူးထား၍ ၇-ရက်လုံး ဆွမ်း၊ အဖျော်စသည် လှူကြသည်။ သို့သော် အရှင်မြတ် မိခင်ဝမ်း၌ ၇-နှစ် ၇-ရက် ကိန်းအောင်းရခြင်း၊ ဖွားခါနီး ၇-ရက်လုံး မိခင်မှာ မချိမဆံ့ ပင်ပန်းရခြင်းတို့မှာ-


လည်း အကြောင်းရင်း အကုသိုလ်ရှိရမည်ဖြစ်ရာ ရင်နင့်ဖွယ်ရာ ဤကျမ်းမှာ ဖတ်ရှုရပါမည်။

ဒါနဆိုင်ရာ ပြုဖွယ်ရာ

အလုပ်သမားက သူဌေးကြီးဖြစ်။ ။ ဗာရာဏသီပြည် သုမနသူဌေးကြီး၏ အလုပ်သမား အန္နဘာရ သူဆင်းရဲသည် ဆွမ်းလုံးဝမရသေးသော ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ အရှင်မြတ်အား သူ့အတွက် ထမင်းကိုလှူရာ လိမ္မာသော ဇနီးသည်ကပါ သူ့ထမင်းထပ်လှူသည်။ “သူဆင်းရဲဘဝမှ လွတ်ရပါလို၏” ဟု ဆုတောင်းလိုက်ကြ၏။ ယင်းအလှူကို သူဌေး၏ ထီးချက်စောင့်နတ်က ကောင်းချီးပေးသည်။

သူဌေးကလည်း ဝမ်းသာ၍ ၁၀၀၀-ကျပ်ပေးပြီး မင်းနန်းတော် ခေါ်သွားရာ မင်းကြီးကပါ ငွေ ၁၀၀၀-ကျပ်နှင့် အိမ်နေရာ ထပ်ပေးပြန်သည်။ အိမ်နေရာကို သုတ်သင်ရာတွင် ပေါက်တူးထိသောနေရာတိုင်း ရွှေအိုးများရသဖြင့် ဓနသေဋ္ဌိဘွဲ့နှင့် ထီးဖြူပါရခြင်းသည် ပဌမဇော စေတနာအကျိုးပင် ဖြစ်၏။ နေ့စဉ် အလှူကြီးလှူနေသော သုမနသူဌေးကြီးအား နတ်က ကောင်းချီးမပေး၊ သူဆင်းရဲအားသာ ပေးပုံကို စုံလင်စွာ ကြည်ညိုရပါမည်။

ဆံပင်ကိုဖြတ် ၈-ကျပ်နှင့်ရောင်း

ဥဇ္ဇေနီမြို့အနီး ကေလပနာဠိနိဂုံးသူ (မိဘမရှိတော့၍ အဒေါ်နှင့် နေရသော စီးပွားပျက်) သဒ္ဓါရှင် အမျိုးသမီးသည် ဆွမ်းခံ၍ရမလာသော အရှင်ကစ္စာနအဝင်အပါ ရဟန္တာ ၈-ပါးကို မြင်၍ ကြည်ညိုပြီး အိမ်သို့ပင့်ထားကာ မိမိဆံပင်ကိုဖြတ်ပြီး အဒေါ် (အထိန်းတော်ကြီး) အား သွားရောင်းစေသည်။

ယင်းဆံပင်ကို သူဌေးသမီးတဦးက ၁၀၀၀-ကျပ်အထိ ပေးဝယ်ဖူးသော်လည်း မရောင်းခဲ့ပါ၊ ယခု သွားရောင်းရာ၌ကား ၈-ကျပ်သာ ပေးလိုက်တော့သည်။ (ရောင်းလိုလှ၍ ရောင်းဈေးကျ၏၊ အဋ္ဌကထာ) ရဟန္တာ ၈-ပါးအား တပါး ၁-ကျပ်တန်ထား၍ စီမံချက်ပြုတ်ပြီး အဒေါ်အား ကပ်လှူစေသည်။ အရှင်ကစ္စာန အမိန့်အရ ရောက်လာသောဆွမ်းအမသည် ဝမ်းသာစွာ အရှင်မြတ် ၈-ပါးအား ရှိခိုးသည်နှင့်တပြိုင်နက် ဆံပင်များ မူလအတိုင်း ရှည်ထွက်လာသည်။

လယ်မြေကောင်း၌စိုက်သော ပျိုးပင်ကား မကြာပါ။ သူမ၏ သဒ္ဓါတရားကို အရှင်မြတ်များ မိန့်၍သိသော စန္ဒပဇ္ဇောတမင်းသည် သူမကိုခေါ်စေပြီး မိဖုရားကြီးအရာထားလိုက်၏။ နောက်ပိုင်းတွင် ဘုရားကျောင်းအမဖြစ်၍ ဥဇ္ဇေနီပြည် သာသနာ နေလပမာလင်းပုံ စုံလင်အောင် ပြထားသည်။


တထည်ဝတ်ရုံ ၂-ကိုယ်ခြုံရ

ဝိပဿီဘုရားလက်ထက် ဗန္ဓုမတီမြို့ ပုဏ္ဏားဇနီးမောင်နှံမှာ ခါးဝတ်တထည်စီရှိသော်လည်း ခြုံထည်မှာတထည်တည်းရှိ၍ “ဧကသာဋကပုဏ္ဏား” ဟု ထင်ရှားသည်။ အပြင်သို့ တဦးစီသာ ထွက်ရ၏။ ဘုရားရှင်တရား ပုဏ္ဏားသွားနာစဉ် ညဉ့်ဦးပိုင်း သဒ္ဓါဖြစ်ကာ လှူမည်ကြံမိသည်၊ “၂-ယောက်မှ တထည်သာရှိသည်၊ ခြုံထည်မရှိက မည်သူမျှ အပြင်မထွက်နိုင်” ကြံကာ ပျက်သွားသည်၊ သန်းခေါင်ယံမှာလည်း ကြံပြီးပျက်၊ မိုးသောက်ယံမှသာ အလှူဖြစ်ပြီး “ငါအောင်ပြီ” ၃-ကြိမ် ဟစ်ကြွေးသည်။

ဗန္ဓုမမင်းကြီးကြား၍ လေ့လာ၊ သဒ္ဓါဖြစ်ကာ ဝတ်စုံတစုံပို့စေ၏။ ဘုရားအား လှူပြန်သည်၊ မင်းကြီးက ၂-စုံ၊ ၄-စုံစသည်ဖြင့် ပို့ပြန်ရာ အားလုံးလှူပစ်သည်။ ၃၂-စုံရှိသောအခါမှ မိမိတို့ဇနီးမောင်နှံအတွက် ၂-စုံထား၊ အစုံ ၃၀-လှူသည်။ တရားနာရင်း ခြုံရန် တသိန်းတန်ကမ္ဗလာခြုံထည်ရသည်ကိုလည်း ဂန္ဓကုဋီတိုက်တော် မျက်နှာကြက်တပ် လှူပြန်၏။ ပုဏ္ဏား၏စေတနာကျိုးသည် အသုံးအဆောင် အားလုံး ၈-မျိုးစီရသော ပုရောဟိတ်ရာထူး အဆင့်အထိပင် ကော်မြှောက်တင်ပေးလိုက်တော့သည်။ ကျမ်းစာအတွင်း၌ ဖြစ်ရပ်စုံကို အတော်ကုန်အောင် ပြထားသဖြင့် ဖတ်ရှုသူများ သဒ္ဓါကြည်လင် ဒါနပါရမီရှင်များ ဖြစ်ကြပါလိမ့်မည်၊ ဖြစ်ကြပါစေ၊ ယင်းပုဏ္ဏားကား သာသနာတော်၏ ထိပ်ခေါင်တင် တတိယ မဟာသာဝက အရှင်မဟာကဿပပင်တည်း။

သီလဆိုင်ရာ သုံးဖွယ်ရာ

ဥပုသ်နေ့ဝက် တန်ခိုးထက်

“ဗုဒ္ဓမြတ်စွာ၊ သာသနာဝယ်၊ လိမ္မာလေငြား၊ အမျိုးသားတို့၊ လိမ္မာလေပြီး၊ အမျိုးသမီးတို့၊ အံ့သြဖွယ်ရာ၊ မှန်စွာဖြစ်ထ၊ မြတ်သီလ၏၊ ကျနစုံလင်၊ ကျိုးအင်ကို၊ အရှင်များစွာ၊ နတ်ဗြဟ္မာသည်၊ ဘယ်မှာရေးသား၊ (ပြည့်စုံအောင်) ဟောကြားနိုင်ပါမည်နည်း၊ မဟောကြားနိုင်သည်သာ။”

ဆရာမြတ်တို့သည် သီလကျိုးကိုဤသို့ပင် အားပါးတရ ညွှန်ပြတော်မူပါသည်။ မှန်ပါ၏၊ ဟိမဝန္တာမှ ရသေ့ ၅၀၀၊ ကောသမ္ဘီမြို့၊ ဒကာသူဌေး ၃-ဦးထံ ကြွလာကြစဉ် ခရီးခဲ၌ ရေငတ်ကြ၍ ညောင်ပင်ကြီးအောက် အရောက် ညောင်စောင့်နတ်မင်းထံ အချီးအမြှောက် တောင့်တကြသည်။

နတ်မင်းသည် လက်ကိုဆန့်၍ အဖျော်စသည်များ ကပ်ရာ ရသေ့များအံ့ဩကြပြီး ရှေးကုသိုလ်ကို မေးရာတွင် “လောက၌ ဘုရားပွင့်၍ သာဝတ္တိပြည်မှာ သီတင်းသုံးနေသည်၊ ဘုရားရှင်အား ပြုစုသော အနာထပိဏ်သူဌေးကြီးသည် ဥပုသ်နေ့များမှာ အလုပ်သမားများအား လုပ်ခအပြည့်ပေးပြီး ဥပုသ်စောင့်စေပါသည်၊ ကျွန်ုပ်မှာမူ...


နံနက်ပိုင်းမသိ၊ နေ့ခင်းထမင်းစားပြန်မှ သိရသဖြင့် နေ့ဝက်ဥပုသ်ကိုသာ ဖြူစင်သန့်ရှင်းအောင် စောင့်သုံးခဲ့ရပါသည်။ ထိုနေ့ပင် လေနာဖြင့်ကွယ်လွန်၍ ဤစည်းစိမ်ကို ရပါသည်” ဟု ဖြေဆိုသည်။ နေ့ဝက် ဥပုသ်အကျိုးပင် ဤမျှ များမြတ်လျှင် တနေ့လုံး တလလုံး စောင့်သုံးသောဥပုသ်တို့ အကျိုးကား မတိုင်းတာနိုင်တော့ပါ။

သိကြားမင်းစကား အမှားဖြစ်

သုဓမ္မာသဘင်တွင် သိကြားမင်း တရားဟောစဉ်က “ငါ့လို သိကြားမင်းစည်းစိမ် လိုလားကြလျှင် အဋ္ဌင်္ဂဥပုသ်စောင့်သုံးကြ” ဟု မိန့်ဖူးသည်၊ ထိုစကားကိုသိသော ဘုရားရှင်က “ငါ့လို ရဟန္တာလိုဖြစ်လျှင် ဥပုသ်စောင့်သုံးကြ၊ ရဟန္တာအရှင်မြတ်များ ဟောမှသာ ဥပုသ်ကျိုးကုန်သည်၊ သိကြားမင်းစည်းစိမ်မျှ ဥပုသ်ကျိုးမကုန်” ဤသို့ ဘုရားရှင်သည် သီလကျိုးကို နိဗ္ဗာန်ထိ ပို့တော်မူပုံဖြင့်လည်း သီလကို အားထားထိုက်ကြောင်း ထင်ရှားမည်။

ထို့ကြောင့် ညီတော် အာနန္ဒာအလောင်းစသော မင်းသားများသည် မင်းသားစည်းစိမ်ရပ်နား၍ တဝါတွင်းလုံး အဝတ်ဖြူဝတ်ကာ ၁၀-ပါးသီလ စောင့်ကြသည်ကို ဤနိကာယ်နေရာများစွာတွင် မြင်ရပါသည်။

ရဟန်းသီလ နတ်စည်းစိမ်အသင်္ချေယျ

ကဿပဘုရား သာသနာတော်နောက်ပိုင်း ရဟန်းတော် ၇-ပါး တောင်ပေါ်လှေကားထောင်တက်ပြီး “မိမိစိတ် မိမိမနိုင်သူ ပြန်ဆင်း၊ နောင်တ တဖန် မပူပန်စေနှင့်၊ တက်ခဲ့သောလှေကားဖြုတ်ချကြ” ပြောဆိုကာ သဘောတူလှေကားဖြုတ်ချ အသက်စွန့်၍ အားထုတ်ကြသည်။

သံဃာထေရ် ၅ ရက်မြောက် ရဟန္တာဖြစ်၍ ဒုတိယထေရ် ၇-ရက်မြောက်၌ အနာဂါမ်ဖြစ်ကာ ဗြဟ္မာ့ပြည်သွားဖြစ်သည်၊ ကြွင်း ၅-ပါး ထိုဘဝ မဂ်ဖိုလ် မရကြသော်လည်း ဖြူစင်သော ရဟန်းသီလကြောင့် ဘုရားတဆူနှင့် တဆူအကြား အသင်္ချေယျတကပ်ပတ်လုံး လူ နတ် ချမ်းသာရ၊ ငါတို့ဘုရားလက်ထက်၌ ပုက္ကုသာတိမင်း၊ သာယထေရ်၊ ဒါရုစိရိယထေရ်၊ ကုမာရကဿပထေရ်၊ ဒဗ္ဗထေရ်တို့ဖြစ်လာ၊ ပရိနိဗ္ဗာန်ဝင်စံကြသည် စသည်ဖြင့် သီလကျိုးကို ကျယ်ဝန်းစွာ ကြည်ညိုရမည်။

ထွေထွေ ရာရာ သုတပဒေသာ

လေယာဉ်ပျံလုပ် ပြည်အုပ်ချုပ်

ကဿပဘုရားမပွင့်မီ ဗာရာဏသီပြည်သား လက်သမားဆရာကြီးမှာ တပည့်ကြီး ၁၆-ဦး ရှိသည်၊ တဦးတဦးလျှင် ၁၀၀၀-စီ အနီးနေတပည့်များရာ တပည့်ကြီးငယ်ပေါင်း ၁၆၀၁၆ ဦးရှိပြီး လက်သမားပညာဖြင့် လုပ်ကိုင်စားသောက်ကြသည်၊ “အသက်ကြီးလျှင် လက်သမားအလုပ်မှလွယ်” ဆရာကြီးကြံကာ ရေသဖန်းသားကဲ့သို့သော သစ်ပေါ့များရှာ ဂဠုန်...


ရုပ်ပြုလုပ်လျက် အတွင်း၌ စက်ယန္တရားတပ်ပြီး တောတွင်းဆင်းပြသည်၊ တပည့်များကိုပါ ယင်းပညာသင်၊ လေယာဉ်ပျံလုပ်စေပြီး တိုင်းပြည်တည်ထောင် မင်းပြုကြ၊ တရားနှင့်အညီ အုပ်ချုပ်ကြ၍ သာယာဝပြောသော ကဋ္ဌဝါဟနပြည် ရှိခဲ့ကြောင်း ဤနိကာယ်တွင် ပြထားသည်။

ရေလုပ်သားနှင့် နတ်ပြည်၊ ကမ္မဋ္ဌာန်းသမားနှင့် ပြိတ္တာ

နှစ် ၅၀-လုံး ရေလုပ်ငန်းနှင့် အသက်မွေးသူတဦး သေခါနီး မထနိုင်တော့ချိန် ဆွမ်းခံကိုယ်တော်တပါး ကြွလာပြီး သရဏဂုံ တည်စေသည်။ ၅-ပါးသီလ ပေးသောအခါ လျှာပြတ်ကျ အဆိုရပ်သွားသည်။ သရဏဂုံကုသိုလ်ဖြင့် စတုမဟာရာဇ်ဘုံဖြစ်ရသည်မှာ ကံငါသည်အတွက် အဖြစ်ထူးသလို နှစ် ၃၀-ပတ်လုံး ဒုတ္တိသကမ္မဋ္ဌာန်း စီးဖြန်းနေသော ကာလဥပါသကာမှာလည်း ဂင်္ဂါမြစ်၌ ၉-ဥသဘရှိသော မိကျောင်းပြိတ္တာ ဖြစ်သွားရသည်။ တချိန်တွင် ကမ္ဗကဆိပ်ရောက်လာသော ကျောက်တိုက်လှည်း ၆၀-ကို နွားများနှင့် ကျောက်များကိုပါ စားလိုက်သည်။ ယင်းဥပါသကာကား ကမ္မဋ္ဌာန်းအားထုတ်သော်လည်း ကမ္မဋ္ဌာန်းနိမိတ်မျှ မဖြစ်နိုင်သဖြင့် “ဘုရားသာသနာသည် ထွက်မြောက်ကြောင်းမဖြစ်နိုင်” ဟု သေခါနီး အယူဖောက်ပြန်သွားသောကြောင့်ပင်တည်း၊ အလားတူ အကြောင်းအရာတို့ကား များလှသည်။

နိဗ္ဗာန်တိုင်တဲ့ သဒ္ဓါကဲ၍

ယခုဘဝ သက်ဆုံးတိုင် မခွဲရက်သလို သံသရာတခွင်တွင်လည်း အတူသာယှဉ်လျက် နိဗ္ဗာန်တက်သည်အထိ လက်တွဲမဖြုတ်လိုကြပါကြောင်း နကုလဇနီးမောင်နှံက ဘုရားရှင်ထံ လျှောက်ရာတွင် ဘုရားရှင်က ဘဝပေါင်း ၂၀၀၀-အထိ မိဘ၊ ဘကြီး၊ ဘထွေးစသည် ဆွေမျိုးတော်စပ်ခဲ့သော ဇနီးမောင်နှံအား နိဗ္ဗာန်အထိ လက်တွဲမဖြုတ်နိုင်ကြောင်း ဟောအပ်သော တရားမြတ် ၄-ဖြာမှာလည်း တလောကလုံး ကျင့်သုံးဖွယ်ပင် ဖြစ်သည်။

သား ငါးမသတ်ရ အမိန့်ကြောင့် ဈေးတွင် အသားဝယ်မရဖြစ်နေသော သုပ္ပိယာ အမျိုးသမီးမှာ ဇေတဝန်ကျောင်းတော်က ဂိလာနပဉ္စင်းငယ်အတွက် အခက်တွေ့နေရာတွင် အိမ်ခန်းဝင်ကာ ပေါင်သားကို ဓားဖြင့်လှီးပြီး “ညီမရေ၊ သင့်ရာထည့်၍ အသားစွပ်ပြုတ် ဂိလာနကိုယ်တော်ထံသွားပို့” စသည် စီစဉ်၍ကပ်စေသည်။ ထူးချွန်သော စေတနာသဒ္ဓါမှုန်တို့ကြောင့် အမာရွတ်မျှမထင် အသားပြန်ပြည့်ပုံ၊ ဘုရားရှင်ချီးမြှောက်ပုံ၊ သိက္ခာပုဒ်ပညတ်ပုံ စုံလင်စွာကြည်ညိုရမည်။

မိဘပြုစု ရောင်းဝယ်မှုပါ

နှစ်တရာတမ်း သားသမီးများသည် နှစ်တရာပတ်လုံး မိဘ ၂-ပါးကို ပခုံးပေါ်တင်၍ လုပ်ကျွေးပြုစုစေကာမူ မိဘတို့အား ကျေးဇူးဆပ်ခြင်း မဖြစ်နိုင်သေး၊ စကြာမင်းစည်းစိမ်၌ မိဘတို့ကို အပ်...


ထားစေကာမူ ကျေးဇူးဆပ်ရာ မရောက်သေး ဟောတော်မူပြီး ကျေးဇူးဆပ်ရာရောက်ပုံကို တဖန်ထပ်၍ ဟောတော်မူသည်မှာ နိကာယ်စာရှုသူများအားလုံး ကျင့်သုံးဖွယ်ပင်တည်း။

ကုန်ကို ဤသို့ဝယ်၍ ဤသို့ရောင်းလျှင် အမြတ်မည်မျှရနိုင်သည်ဟု ပညာမျက်စိရှိ၍ အရောင်းအဝယ်ကျွမ်းကျင်သော ဉာဏ်ဝီရိယရှိကာ အရင်းအနှီးထုတ်ပေးမည့် အမှီကောင်းရှိလျှင် ဈေးသည်ကြီးပွားနိုင်သည်စသည်ဖြင့် လောကအစီးအပွားများကို ပြည့်စုံစွာဟောထားသလို သာသနာတော် အစီးအပွားဆိုင်ရာမှာလည်း ကျမ်းပြည့်ပင် ဖြစ်ပါသည်။

ဘာဝနာဆိုင်ရာ ရှုဖွယ်ရာ

မျိုးစေ့မှန်မှ အပင်သန်

“သေခြင်းတရားမှလွတ်မြောက်အောင် သင်္ခါရလောကကို မည်သို့ရှုရပါမည်နည်း” မောဃရာဇရသေ့က ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က “အမြဲသတိရှိလျက် ငါစွဲကိုစွန့်ကာ သင်္ခါရလောကကို အလိုမလိုက် အကြိုက်မပါ သုညသာထင်အောင် ဉာဏ်ဖြင့် ရှုရမည်” ဟု ဖြေတော်မူလိုက်သည်။ အဆုံး၌ တပည့်ရသေ့ ၁၀၀၀ နှင့်အတူ မောဃရာဇရသေ့ အရဟတ္တဖိုလ်ရ၊ ဧဟိဘိက္ခုချည်း ဖြစ်ကြ၊ ပရိသတ် ထောင်ပေါင်းများစွာလည်း မဂ်ဖိုလ်ရကြသည်။ အရှင်မြတ်တို့၏ ကိစ္စပြီး ခရီးရောက်ပုံမှာ သာသနာတော်၏ အံ့ဖွယ်ပင်ဖြစ်သည်။

ထိုအရှင်တို့မှာ သံသရာတခွင်က ပျိုးထားခဲ့သော ပါရမီမျိုးစေ့ရှိ၍သာ ဖြစ်သည်။ မှန်၏၊ အရှင်စူဠပန်အလောင်းမှာ အတိတ်သံသရာမင်းဖြစ်စဉ်အခါက မြို့ပြလှည့်လည်စဉ် စင်ကြယ်သော ပဝါထုတ်၍ ချွေးသုတ်မိရာ ထင်လာသော ကရဇကာယ၏ သဘာဝကို သုံးသပ်မိသော ပါရမီမျိုးစေ့ကြောင့် ယခု စူဠပန်ဘဝတွင် ပဝါပိုင်းကို “ရဇောဟရဏံ” အလှူခံနှင့် မှတ်ဉာဏ်ထားကာ ပွားများသဖြင့် ဂုဏ်ထူးအစုံရ ရဟန္တာ ဖြစ်သွားသည်။

ရဟန္တာလောင်း မကောင်းမာန

ခေမာမိဖုရားကား အဆင်းလှသလောက် မာနမောက်သည်။ ဗိမ္မိသာရမင်းကြီးမှာ ဘုရားကျောင်းဒါယကာ အရိယာကြီးဖြစ်ပေမယ့် မိဖုရားကား “အဆင်း၌ အပြစ်ကို ဘုရားဟောသည်” ဟု တဆင့်ကြားထား၍ ဘုရားထံမသွား၊ မင်းတရားကြီး ပရိယာယ်ပြုထားသော တေးဂီတ၏ စွမ်းအားကြောင့်သာ မိဖုရား ကျောင်းတော် ရောက်သွားသည်။

ထိုအချိန်တွင် မိမိထက် အဆတရာမကသာသော ဣဒ္ဓိရုပ် အမျိုးသမီးတဦး ဘုရားရှင်အား ယပ်လေခတ် ပြုစုနေသည်ကိုမြင်ရမှ လှမာန်ကိုးသူ မာန်ကျိုးတော့သည်။


ယင်းအမျိုးသမီးငယ်ကို ကြည့်ရှုနေစဉ် ဗုဒ္ဓစီစဉ်ထားသော အမျိုးသမီးသည် ပျိုရာမှ အို၊ အိုရာမှနာ၊ မျက်ဖြူဆိုက်လာပြီး ယပ်နှင့်တကွ လဲကျသေသွားသည်။

ထိုကိုမြင်သော ပါရမီရှင် မိဖုရားသည် “ဤမျှလှသော ခန္ဓာသော်မျှ ပျက်စီးရသည်၊ ငါလည်း ဤပုံပင်ဖြစ်ရမည်” ဟု သံဝေဂထင်နေစဉ် ဘုရားရှင်က “ကိလေသာသည် ခန္ဓာအစဉ်သို့ ပင့်ကူပမာလိုက်နေသည်၊ ပညာရှိများကား ကာမချမ်းသာ မတွယ်တာဘဲ ဖြတ်ကာ နိဗ္ဗာန်သွားကြသည်” စသည်ဖြင့်မိန့်ရာ သောတာပန်တည်၍ နောင်ရဟန်းပြု ရဟန္တာမကြီး ဖြစ်သွားသည်၊ ဘာဝနာစွမ်းဖြင့် ကိလေသာအစိုဓာတ်ကို ခန်းပြတ်စေခြင်းတည်း။

မတ်ရပ်တရားနာ ရဟန္တာ

ချစ်သားဗာဟိယ၊
၁။ အဆင်း အသံ စသည်တို့၌ မြင်ကာ ကြားကာမျှစသည် ဖြစ်အောင်ကျင့်ရမည်။

၂။ မြင်ကာ ကြားကာမျှ စသည်ဖြစ်အောင် ကျင့်နိုင်လျှင် အာရုံနှင့်စပ်သော ရာဂ ဒေါသ မောဟ ယှဉ်သူမဖြစ်နိုင်၊

၃။ ရာဂ စသည်နှင့် မယှဉ်သူဖြစ်လာသော အခါ ထိုအဆင်းစသော အာရုံ၌ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မမှီသူဖြစ်လိမ့်မည်။

၄။ မမှီသူဖြစ်လာသောအခါ ဤလူ့ဘဝ၌လည်း ပြန်မဖြစ်၊ နတ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ ဂတိ ၄-ဖြာတို့၌လည်း မရောက်တော့၊ မျက်မှောက်တမလွန်မှ တပါး လားရာဂတိမရှိ၊ ဘဝထိုထို၌ ရုပ် နာမ်အသစ် မဖြစ်ခြင်းသည်ပင် ဆင်းရဲအားလုံး၏ အဆုံး ဖြစ်သည်” ဟု နိဗ္ဗာန်အထွတ်တပ်၍ ဟောအပ်သော တရားအဆုံး၌ လမ်းခရီးအကြား ရပ်လျက်ပင် ဗာဟိယ ရဟန်းကိစ္စပြီးသည်။ ဤဝိပဿနာရှုပွားနည်းကား အကျဉ်းဆုံးဖြစ်၍ အပြည့်စုံဆုံးဖြစ်သည်။ သို့သော် အရှင်မြတ်အဖို့ ပရိက္ခရာမလှူဖူးခြင်း၊ လော်လီမှားယွင်းခဲ့ခြင်းစသော ကံကြမ္မာတို့ဖြင့် သံသရာဇာတ်သိမ်းမလှပုံ နိကာယ်၌ စုံလင်လှသည်။

ကြည်ညိုစရာပြည့်နေသော ဗုဒ္ဓသာသနာ

၇-နှစ်သားပါရမီရှင်

ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ဖွားကာနီး ကွယ်လွန်၍ သုသာန်ပို့ပြီး မီးရှို့စဉ် ဝမ်းရေပြင်ကွဲပြီး ကိုယ်ဝန်သူငယ်သည် ကောင်းကင်ပျံတက် နေဇာမြက်ပုံပေါ်ကျ အဖွားက မွေးထားရသည်။ ယင်းသူငယ် ၇-နှစ်အရွယ်တွင် အနုပိယနိဂုံး သရက်ဥယယျာဉ်၌ စံတော်မူသော ဘုရားရှင်ကို မြင်မြင်ချင်း ကြည်ညို၍ ရှင်ပြုလိုရကား အဖွားထံခွင့်တောင်း ခွင့်ရသည်။


ရှင်ပြုရန်ရဟန်းတပါး သင်ပေးသော တစပဉ္စက ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ဆံရိတ်ရာ ပဌမဆံဝန်းရိတ်ချစဉ် သောတာပန်၊ ဒုတိယဆံဝန်း သကဒါဂါမ်၊ တတိယဆံဝန်း အနာဂါမ်၊ ဆံရိတ်အပြီး ရဟန္တာဖြစ်သည်၊ ပဋိသမ္ဘိဒါ အဘိညာဉ်ဂုဏ်ထူးများလည်း ရ၍ ဘုရားရှင်ကျေနပ်တော်မူကာ ရဟန်းခံစေသည်။

ဤအရှင်ကား ရာဇဂြိုဟ် သံဃာအားလုံးအတွက် နေရာထိုင်ခင်းနှင့်တကွ ဆွမ်းစသည်အားလုံးကို စီစဉ်ဆောင်ရွက်ပေးသဖြင့် အလွန်ထင်ရှားသော အရှင်ဒဗ္ဗဖြစ်သည်။ အချိန်ဟုတ် မဟုတ်၊ ခရီးဝေး နီး မရွေးချယ်၊ သံဃာခိုင်းသမျှ တန်ခိုးဖြင့် အရောင်အလင်း စီစဉ်၍ သံဃာရာ ထောင် အတွက် သွားလာ ဆောင်ရွက်ပေးသည်။ အရှင်မြတ်၏တန်ခိုးကိုကြည့်လို၍ အချို့ အာဂန္တုများက အဝေးနေရာကိုပင်ပို့စေသည်၊ သို့သော် အရှင်မြတ်အား ရဟန်းတော်တချို့က အလိုမကျ၍ သာသနာနေမရအောင် ဘိက္ခုနီမနှင့် စွပ်စွဲပုံ၊ ယင်းအရှင်၏ ရှေးကံဝေဖန်ရန် အဖွင့်၌ ပြထားသည်။

ကံစွမ်းအရာ မယုံမရှိရာ

ပိတ်ချင်းသီးတင်လာသော လှည်းသမားအား ရဟန္တာတပါးက “သူယုတ်၊ သင့်တောင်းထဲ ဘာပါလဲ” ဟုမေးရာ သူယုတ်ဟူသောစကားကြမ်းကို မကြိုက်သဖြင့် လှည်းသမားက “ကြွက်ချေးတွေပါ ဘုရား” ဟု မတော်မတည့် ပြန်လျှောက်သည်၊ ထိုစကားအတိုင်း တလှည်းလုံးကြွက်ချေးတွေချည့်ဖြစ်သွား၏။ ထိုအခါမှ မှားမှန်းသိကာ အရှင်မြတ်အား တောင်းပန်၊ အားလုံးပိတ်ချင်းသီးပြန်ဖြစ်သည်။ ဤအရှင်ကား ရှေးဘဝ ၅၀၀-လုံး သုံးခဲ့သော အထုံဝသီပါနေ၍သာ စကားကြမ်းသည်၊ စေတနာမှာ စင်ကြယ်ပါ၏။ ထိုရဟန္တာ ပိလိန္ဒဝစ္ဆထေရ်အကြောင်း သိကောင်းစရာမှာလည်း များလှသည်။

ပရိသတ်ရှိသူများ နည်းယူဖွယ်

အာဠဝက မင်းသားသည် ကာမဂုဏ် ပယ်ခွာ အနာဂါမ်အရိယာဖြစ်သည်။ သီတင်းသည် အရိယာ ၅၀၀-အမြဲခြံရံသွားလာနေသည်ကိုမြင်၍ ဘုရားရှင်က “ဤမျှများသောပရိသတ်ကို သင်ဘယ်ပုံချီးမြှောက်သနည်း” မေးရာ-
၁။ ပေးမှကြိုက်မည့်သူကိုပေး၍၊
၂။ စကားချိုမှကြိုက်မည့်သူကို ချိုသာစွာ ပြောပါသည်၊
၃။ ကူညီမှ ကြိုက်မည့်သူကို ကိစ္စကြီးငယ်များမှာ ကူညီပေးပြီး၊
၄။ အဆင့်တူထားမှ ကြိုက်မည့်သူကို အဆင့်တူထား ချီးမြှောက်ပါသည်” ဟု လျှောက်ထားသည်။

ထို့ကြောင့် အထက်ပါ ပိလိန္ဒဝစ္ဆ ရဟန္တာကဲ့သို့ စေတနာ မကြမ်းသော်လည်း နှုတ်ကြမ်းခြင်းသည် ဤချီးမြှောက် ဆွဲဆောင်မှု ၄-မျိုးနှင့် ဆန့်ကျင်သဖြင့် “ဝါ...


သနာဘာဂီ ဆက်တိုင်းမှီ” စရိုက်ကို အသိလိုက်၍ ပြုပြင်သင့်ပေသည်။ မှန်၏၊ စကားချိုမှ ကြိုက်မည့်သူကို များစွာပင် ပေးကမ်းထားသော်လည်း စကားကြမ်းလျှင်-
“သံပုရာတခြမ်းနှင့် စားသမျှကျေ၊ ဆဲတာနဲ့ ဆန်ချေးနဲ့ချ၊ အပြောမတတ်တော့ ဆဲ၊ အထိုင်မတတ်တော့ ချဲ” ဟု ဆိုသည့်အသွင် ချီးမြှောက်မှု အကျိုးမထင် ဖြစ်နိုင်သည်။ ဤသို့သော လောကရေးရာနှင့်တကွ အဖြာဖြာသော ဓမ္မရေးရာများကို နိကာယ်ကျမ်းမြတ်တွင် အထပ်ထပ် တွေ့နိုင်သည်။

ဒုဋ္ဌဂါမဏိ စေတနာ၊ ကောင်းကင်က သပိတ်လာ

အင်္ဂုတ္တရနိကာယ်ကို ရှုချင်စဖွယ် ကျမ်းဦးမှတ်ဖွယ်ဖြင့် နိဒါန်းသွယ်ခဲ့သည်မှာ ရပ်နားသင့်ပေပြီ၊ ဒုဋ္ဌဂါမဏိ အဘယမင်း စစ်ရှုံး၍ အမတ်တဦးနှင့် ထွက်ပြေးရ၏၊ တောအုပ်အတွင်း ဆာလောင်လှ၍ ပုဆိုးကြားထား ယူလာသော ရွှေခွက်တွင်းရှိ ထမင်းကို တိဿအမတ်က ဆက်သရာ အလှူခံပုဂ္ဂိုလ် ပင့်ခိုင်းလိုက်သည်။

“ဆွမ်းချိန်ပါဘုရား” ဟု အမတ်၏ ၃-ကြိမ် ပင့်လျှောက်သံကို မဟာတိဿထေရ် အဘိညာဉ်ဖြင့်ကြား ကြွလာသည်၊ မင်း၊ အမတ်၊ မြည်း၊ ၃-ဦးစာကိုပင် အရှင်မြတ်အား လှူလိုက်ကြ၏။ အရှင်မြတ်သည် အလှူခံပြီး ပြန်ကြွ သံဃာအားလုံး ဝေငှလှူသည်၊ ဘာမျှမစားရ၍ ဆာလောင်လှသော မင်းကြီးက “ဆွမ်းအပိုကို ပို့စေလျှင် ကောင်းမှာပဲ” ဟု ကြံရာ ယင်းအကြံကို သိသော အရှင်မြတ်က သပိတ်ကို ကောင်းကင်မှ လွှတ်လိုက် မင်းကြီးလက်တွင်းရောက်လာ၊ ၃-ဦးလုံးအတွက် ပြည့်စုံသည်၊ သပိတ်ကိုဆေး၊ သုတ်ပြီးခြုံထည်ကို သပိတ်၌ထည့်၍ “အရှင်မြတ်လက် သပိတ်တည်ပါစေ” ဆိုကာ ကောင်းကင်ကို ပို့ဆက်သည်။

မွန်မြတ်သည့်ကံ နတ်ရွာစံ

နတ်ရွာစံခါနီး ကုသိုလ်တော်စာရင်းကို နာယူနေသော မင်းကြီးသည် ကုဋေပေါင်းများစွာ တသက်တာအတွင်း ကုသိုလ်စာရင်းများတွင် ဤစစ်ရှုံးအလှူ၌ အမြင့်ဆုံးသဒ္ဓါဖြစ်ကာ နတ်ရွာသို့ တက်သွားသည်၊ မိမိလည်း ရဟန်းဘဝချိန်မှစ၍ မှတ်အပ်သော ကုသိုလ်စာရင်းတွင် ဤကျမ်းစာကုသိုလ်သည် မျှော်မှန်းအပ်သော လွတ်မြောက်ရေးအထိ ယူပေးမည်ဟု စေတနာမှန် ဇောစိတ်သန်ကာ ဧကန် ယူဆထားပါသည်။ ထို့ကြောင့် စွမ်းနိုင်သမျှ ပင်ပန်းခံကာ ရေးသားပါသည်။

သေတွင်းက သီသီကွင်းခဲ့

အောင်မြင်ပြည့်စုံသော ကျောင်းတိုက်တခု ဖြစ်လာရေးမှာ မလွယ်ပါ၊ ဇွဲ ဝီရိယနှင့် အချိန်ကာလ စသည်...


အတော်ယူရပါသည်။ သံဃာ ၃၅-ပါးနှင့် စခဲ့သော မိမိတို့ ဗိမာန်မှာ ၁၃၄၅-ခုနှစ် ယခုအချိန်ထိ တိုက်တာတည်သက် ၇-နှစ်တွင်း ဝင်လာပေပြီ၊ ပိဋက ၂-ပုံခွဲ၊ ၂-ပုံ၊ တပုံဆောင် နိကာယ်အောင် စာချ စာသင် အရှင်သံဃာတော် ၁၅၀-ကျော် ချမ်းသာစွာနေရ၊ ပစ္စည်း ၄-ပါး မပင်ပန်းရပါ၊ မပင်ပန်းရအောင်လည်း စေတနာရှင်များက သတိပညာဦးစီးလျက် ရှိနေပါသည်။

ဗုဒ္ဓ ဓမ္မ သံဃ ကိစ္စများဆိုင်ရာ ပလိဗောဓများ အကြားတွင် ဤစာကို ရေးသားစဉ် ၁၃၄၄-ခုနှစ် (မိမိအသက် ၅၅-နှစ်) တဝါတွင်းလုံး ဆေးရုံတွင် ဆီးချို၊ အသည်းရောင်အသားဝါရောဂါဖြင့် တက်ရောက်ကုသရပါ၏၊ သမားတော်ကြီးများ ဆရာဝန်များနှင့် စေတနာရှင်များကြောင့် သေတွင်းမှ သီသီကွင်းလာခဲ့နိုင်သည်။ (ပြုပြီးသမျှ ကောင်းမှုရှိသည် မှန်လျှင် ကောင်းမှုပြုလိုစိတ် ရှိသည်မှန်လျှင် သတ္တဝါအားလုံး ချမ်းသာကြပါစေ၊ ငါ့ရောဂါလည်း ပျောက်ပါစေဟူသော သစ္စာ၊ မေတ္တာ အဓိဋ္ဌာန် ဓမ္မဆေးကိုလည်း အားကိုးယုံကြည် အမြဲမှီလျက် တဘက်မှ ရှိနေပါသည်။) ထို့ကြောင့်ပင် ဤကျမ်းစာအပေါ် ဤသို့ မှန်းမျှော်နိုင်ပါသည်။

စကြာမင်းသော်မှ အမှီရမှ

စကြာမင်းသည် စကြာရတနာကို အမှီမရလျှင် ၄-ကျွန်းလုံးကို မအုပ်ချုပ်နိုင်၊ ထို့အတူ မိမိလည်း ကျေးဇူးတော်ရှင်များ ဖြစ်ကြသော--
၁။ မွေးဖခင်ပမာ ပွင့်လှသိမ်ကုန်း အဘိဓဇ ဆရာတော်ကြီး၊
၂။ ကျွေးဖခင်ပမာ မစိုးရိမ် ပဌမ အဘိဓဇ ဆရာတော်ကြီး၊
ဤ ၂-ပါးတို့၏ အမှီကို မရလျှင် သာသနာတော်တွင် ဤမျှထည်ဝါခန့်ညားသားနားစွာ သာသနာတော်ဆိုင်ရာများကို ဆောင်ရွက်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ ထိုကျေးဇူးတော်ရှင်ကြီး ၂-ပါးကိုလည်းကောင်း၊ ထိုနည်းနှင်နှင် အခြားသော ကျေးဇူးရှင်များကိုလည်းကောင်း ဤဓမ္မနုဂ္ဂဟကုသိုလ်များအပြင် အခြား ဆည်းပူးပြုပြီး ကုသိုလ်ထူးများဖြင့်လည်း ပျပ်ဝပ်ကော်ရော် ပူဇော်ပါသည်။

ရေးသားအပ်ပြီးသော ကျမ်းစာများ

၁။ ပွင့်လှသိမ်ကုန်း ထေရုပ္ပတ္တိဒီပနီ၊ (ပုသိမ် မောင်းထောင်ဆရာတော်၏ ဂါထာပါဌ်အနက်ကို မိမိက စကားပြေညှပ်ပြီးစေသည်။)

၂။ အဘိဓမ္မတ္ထသရူပမာလာကျမ်း၊ (ဆရာတော်ကြီး၏ လက်ရေးမူ ဆိုရိုးကို မိမိပြုပြင်ကာ အဓိပ္ပာယ်ဖွင့်ရေးသားသည်။)

၃။ အနဂါရိယဂုဏ်တော်နှင့် အဂါရိယရှူဖွယ်၊


၄။ အခြေခံ သာသနာရေးကျမ်း၊ (၃-၄-ကျမ်းများကို ကျောင်းအမကြီးခြံ ဓမ္မသုခကျောင်းဆောင် ယာယီ ၃-ထပ်စံကျောင်း၌ နေစဉ် ရေးသားသည်။)

ဤကျမ်းစာရေးသားပုံ။ ။ ပါဠိတော်ကို အဓိပ္ပာယ်သုံးကာ ချုံ့ရေးလျက် ဆိုင်ရာ အဋ္ဌကထာမှ သိဖွယ်ရာများကိုသာ စာရှုသူမြင်သာအောင် ခေတ်နှင့်အလျော် ဖော်သင့်သည်ကို ဖော်၍ချုံ့ရေးပါသည်။ ထို့ကြောင့် “စုံစည်းတင်ပြသော မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် (မြန်မာ) ကျမ်းစာ” အမည်တပ်ပါသည်။ ယခုပဌမပိုင်းတွင် ပါဠိတော် ၁၊ အဋ္ဌကထာ ၂၊ ပေါင်း ၃-အုပ်မှ အဆိုအမိန့်များ အတော်ကုန်စင်အောင် တင်ပြထားရာ သဒ္ဓါဇောဝင်သူတော်စင်တို့ ကြည်ရွှင်အားရ ကုသိုလ်စေတနာ အပြည့်အဝ ရကြမည်ဟု မျှော်မှန်းပါသည်။

ဓမ္မဒါနပါရမီရှင်

အခြေခံသာသနာရေးကျမ်း ထုတ်ပြီးစကပင် သဒ္ဓါဓိကပတ္တမြားကျောင်းအမကြီးသား ဦးအောင်မြင့်က “အရှင်ဘုရား၊ နောက် ကျမ်းစာတခုပြုစုလျှင် တပည့်တော် ဓမ္မဒါနပြုပါမည်” ဟု လျှောက်ထားသည့်အတိုင်း ဤကျမ်းဆိုင်ရာများကို လှူဒါန်းသဖြင့် အခက်အခဲမရှိ ရိုက်နှိပ်နိုင်ပါသည်၊ ကုသိုလ်ရှင်တို့၏ ကုသိုလ်အပင်များကား မြင့်မားသည်ထက် မြင့်မား၍ ကြီးထွားသည်ထက် ကြီးထွားမည်ကို ဤနိကာယ်လာ ဝိသာခါ အနာထပိဏ်တို့၏ စံချိန်ဖြင့် မမှိတ်မသုံ ယုံကြည်အပ်ပေသည်။

ကျောင်းတိုက်ဆိုင်ရာ သာသနာ့တာဝန်အသီးသီးကို စေတနာအပြည့် ယူကြ၍ မိမိအား စာကြည့်ခွင့်၊ ရေးသားခွင့်ရအောင် ကူညီကြသော တိုက်ဝန်ဆောင် အရှင်တေဇောဘာသ၊ တာဝန်ခံစာချ အရှင်ပညာသီရိ၊ ပိဋက ၂-ပုံခွဲ အရှင်သဗ္ဗန၊ ပိဋက ၂-ပုံ အရှင်ခေမာသီရိ၊ ပိဋက ၂-ပုံ အရှင်ကောသလ္လ (ကောသိယ)၊ ပိဋက ၁-ပုံ အရှင်ကောဏ္ဍည၊ ဥဘတောဝိဘင်္ဂဓရ အရှင်သုစိတ္တ ဓမ္မာစရိယ ဂဏဝါစကများအား ကျေးဇူးတင်ရှိပါကြောင်းလည်း ဖော်ပြအပ်ပါသတည်း။

ချွတ်ချော်တွေက၊ ပြုပြင်ကြရန်

ဆန္ဒပတ္ထနာ၊ လျှောက်တင်ပါသည်၊
ချမ်းသာမြင့်ရှည်၊ တည်ကြပါစေ။

အရှင်ကောသလ္လ

၁၃၄၅-ခုနှစ်၊ တန်ဆောင်မုန်းလ။


စာမျက်နှာ-1

ပဏာမ

တုမဲ့လွန်မြတ်၊ ငါးရပ်နိကာယ်၊ ဆုံးမဖွယ်ကို၊ ကျင့်ဖွယ်ဟောကြား၊ မြတ်ဘုရားအား၊ လေးစားကြည်ညို၊ ရိုသေမြတ်နိုး၊ ရှိခိုးပါ၏၊ မြတ်စွာဘုရား- မြတ်စွာဘုရား။

စာမျက်နှာ-2


ဧကကနိပါတ် - ၁။ ရူပါဒိဝဂ်

တပည့်တော် ဤသို့ နာခဲ့ရပါသည်၊ သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အာရာမ် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူသော အခါတပါး မြတ်စွာဘုရားက ရဟန်းများကို “ရဟန်းတို့” ဟု ခေါ်တော်မူရာ ရဟန်းများက “အရှင်ဘုရား” ဟု ပြန်လျှောက်ကြသည်။

ထိုအခါ ဘုရားရှင်က “ရဟန်းတို့၊ မိန်းမ၏အဆင်းသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့ အလားတူသော အခြားတခုသော အဆင်းကိုမျှလည်း ငါမမြင်၊ မိန်းမ၏ အဆင်းသည် ယောက်ျား၏စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏။

အလားတူပင် မိန်းမ၏ အသံ၊ အနံ့၊ အရသာ၊ အတွေ့သည် ယောက်ျား၏စိတ်ကို သိမ်းကျုံးယူငင်၍ တည်ကြောင်း၊ ယောက်ျား၏ အဆင်း၊ အသံ၊ အနံ့၊ အရသာသည်လည်း မိန်းမစိတ်ကို သိမ်းကျုံးယူငင်၍ တည်ကြောင်း ဟောတော်မူသည်။

ဒေသနာနှင့်စပ် မှတ်ဖွယ်

အင်္ဂုတ္တရနိကာယ်။ ။ ဧကကနိပါတ်မှစ၍ ဧကာဒသကနိပါတ်အထိ ၁၁-မျိုးရှိ၍ သုတ်ပေါင်း (၉၅၅၇) ရှိသည့် “တပည့်တော် ဤသို့ နာခဲ့ရပါသည်” စသော စကားများမှာ ပထမသံဂါယနာတင်ချိန်က အရှင်အာနန္ဒာ ရွတ်သော စကားများတည်း။

“တပည့်တော်ဤသို့” ဤစကားဖြင့် အရှင်အာနန္ဒာသည် ဘုရားဟောတရားများကို နာခဲ့ရပါသည်၊ သူတတ်သူသိ မဟုတ်၊ သူကား တပည့်သာဝကမျှသာဟု ဝန်ခံလျက် သူယုတ်မဟုတ်ပုံပြကာ ဘုရားရှင်ကိုပင် ဆရာတင်ပြသည်၊ ဆိုမည့်စကားများသည် တရားသခင် ဘုရားရှင်၏ တရားများဖြစ်၍ ယုံမှားဖွယ်မလိုဟု နတ်လူတို့အတွက် မာန်ကိုဖျက်၍ တရားအပေါ် သဒ္ဓါတက်စေသည်။ “အခါတပါး” ဤတရားကို မည်သောနှစ်၊ လ၊ ရက်၊ ပုဂ္ဂိုလ်မှာ ဘုရားဟောကြောင့် အရှင်အာနန္ဒာ သိသော်လည်း ထိုသို့ ရက်စွဲများ ထည့်ဆိုလျှင်...

စာမျက်နှာ-3


ချမ်းသာစွာ ဆောင်ယူသင်ယူပို့ချဖို့ မဖြစ်နိုင်၊ စာကိုယ်စာသားလည်း များနေမည်ဖြစ်သဖြင့် “အခါတပါး” ဟု တခွန်းတည်း ပေါင်းဆိုသည်။

ဘုရားလောင်း ဖွား၊ သံဝေဂရ တောထွက်၊ ဒုက္ကရစရိယာကျင့်၊ မာရ်အောင်၊ ဘုရားဖြစ်၊ ယင်းအချိန် စသည်များသည် နတ်လူတို့၌ ထင်ရှားလှသည်၊ ထိုတွင် တရားဟောချိန်ကို ပြသည်၊ ဉာဏ် ကရုဏာ အလုပ်ချိန်များတွင် ကရုဏာအလုပ်ချိန်၊ သူကျိုးကိုယ်ကျိုး ကျင့်ချိန်များတွင် သူကျိုးကျင့်ချိန်၊ တရားဟော တရားထိုင်ချိန်တို့တွင် တရားဟောချိန်ကို ပြသည်။

မြတ်စွာဘုရား။ ။ လောက၌ လေးစားအပ်သူကို “ဘဂဝါ - ဘုန်းတော်သခင် ဘုရားရှင်” ဟု သုံးကြသည်၊ ဘုရားရှင်ကား ဂုဏ်မြတ်အားလုံး ပိုင်ရှင်ဖြစ်၍ သတ္တဝါအားလုံးက လေးစားအပ်သည်၊ မြတ်စွာဘုရား-ဟူသော အမည်သည် ချီးမွမ်းအပ် မြတ်သောအမည်ဖြစ်သည်၊ ရိုသေလေးမြတ်စွာ ပြုအပ်၍ ဘဂဝါ-ဟု ဆိုသင့်ကြောင်း ပညာရှင်များ မိန့်ကြ၏။

သာဝတ္ထိပြည်။ ။ သဝတ္ထုအစုအဝေးရှိရာ နေရာမြို့တည်း၊ လူများဆိုင်ရာ အတွင်းပြင်ပစ္စည်း အသုံးအဆောင် အားလုံးလည်း ရှိသောမြို့ဖြစ်သည်၊ “သင်တို့မြို့ ဘာပစ္စည်းတွေ ရှိသလဲ” မေးလျှင် “အားလုံးရှိတယ် (သဗ္ဗံ အတ္ထိ)” စကားကိုစွဲ၍လည်း သာဝတ္ထိ မည်သည်။

အနာထပိဏ်သူဌေး။ ။ မိဘများပေးသော ငယ်နာမည်မှာ သုဒတ္တဖြစ်၍ လိုသမျှရ၊ မစ္ဆရိယကင်းရှင်း၊ သနားခြင်းစသော ဂုဏ်ထွေထွေဖြင့် အခြေအနေမဲ့တို့အား အမြဲထမင်းပေးတတ်၍ အနာထပိဏ်တွင်သည်၊ အာရာမ်ကျောင်းတော်ကား သာဝတ္ထိမြို့နှင့် မလှမ်းမကမ်း မြတ်ရဟန်းတို့အတွက် နှစ်သက်ဖွယ်ဖြစ်၏၊ သူဌေးသည် ဇေတမင်းသား၏ ဥယျာဉ်မြေကို (၁၈) ကုဋေနှင့်ဝယ်ယူ၊ (၁၈) ကုဋေကုန် ကျောင်းဆောက်၊ (၁၈) ကုဋေကုန် ကျောင်းလွှတ်ပွဲ (ရေစက်ချပွဲ) ကျင်းပ။ ပေါင်း (၅၄) ကုဋေတန် ကျောင်းတိုက်ကြီးကို ဘုရားအမှူးရှိသော သံဃာအား အပ်နှင်းလှူဒါန်းသည်။

ဇေတဝန်ကျောင်း။ ။ မူလပိုင်ရှင် ဇေတမင်းသား၏ ဥယယျာဉ်မြေဖြစ်၍ ဇေတဝန်မည်သည်၊ မိမိရန်သူများကို အောင်၍ ရန်သူများကို ခမည်းတော်မင်းတရားကြီး အောင်ပြီးချိန် မွေး၍ အောင်အတိတ်နှင့် အောင်နိမိတ်မင်္ဂလာများ လိုလား၍ ဇေတမင်းသား (မောင်အောင် - အောင်အောင်မင်းသား) မှည့်ခေါ်ထားကြသည်၊ ကျောင်းဒကာနှင့် ကျောင်းနာမည်များ ရွတ်ဆိုသံဂါယနာတင်သဖြင့် “ကုသိုလ်လိုလားသူများ ဤမျှအထိ ကုသိုလ်တွေ ပြုကြတာပဲ” ဟု အတုယူလိုက်နာ ကျင့်သုံးနိုင်သည်။

စာမျက်နှာ-4


တောသားစစ်စစ် ဘုရားဖြစ်။ ။ သာဝတ္ထိပြည် ဟူသောစကားဖြင့် သတ္တဝါများ အကျိုးစီးပွားအတွက် ဘုရားရှင် ပွင့်လာသည့် အလျောက် သတ္တဝါများ အကျိုးစီးပွား ပြီးပုံကိုပြ၍ ဇေတဝန်ဟူသောစကားဖြင့် တောမှာဖွားသောဘုရား တောကျောင်းမှာပင် နေပုံကိုပြသည်။ ဘုရားရှင်သည် လုမ္ဗိနီ အင်ကြင်းတောမှာ ဖွား၍ ဗောဓိပင်အောက်၌ ဘုရားဖြစ်တော်မူသည်မှာ လောကီ လောကုတ္တရာ ဖြစ်ရပ်ထူးများ တောမှာပင်ဖြစ်ကြောင်း သိမှတ်အပ်သည်။

ရဟန်းတို့။ ။ လူ နတ် ပရိသတ် များစွာတွင် ရဟန်းတော်များသာ သာသနာဝင်မှု ဦး၍ ကြီးမြတ်၊ သာသနာတာဝန်ခံများဖြစ်၍ ချီးမွမ်းအပ်၊ ဘုရားရှင်နှင့်လည်းနီး၊ ဘုရားပတ်ဝန်းကျင်မှာ စည်းလုံးပြီး ပရိသတ်တို့လည်း ဖြစ်ကြသည်။ ထို့ကြောင့် ရဟန်းတော်များကိုသာ တရားနာခံအဖြစ် ဘုရားရှင် ခေါ်တော်မူသည်။

တရားနာခံထားကျိုး။ ။ ဘုရားရှင် ခေါ်တော်မူလိုက်သဖြင့် ကြံစည်နေကြ စိတ်လေနေကြ တရားဆင်ခြင် ကမ္မဋ္ဌာန်းခွင် ဝင်နေကြသော ရဟန်းများ သတိရပြီး သုတ်တော်ဆိုင်ရာကို ကောင်းစွာမှတ်သား နာယူနိုင်သည်။ ဤသုတ်ဆိုင်ရာ အချိန်ကာလ၊ ဟောရာအရပ်၊ ဟောမိန့်သူ၊ တရားနာပရိသတ်စသည် နိဒါန်းကို အရှင်အာနန္ဒာ ထည့်သွင်းထားသဖြင့် သောတုဇဉ်များ မှတ်သားလွယ်တော့သည်။

ဒေသနာတော် ၄-မျိုး။ ။ (၁) သူတပါး မတောင်းပန်ဘဲ ဘုရားအလိုတော်ကျ ဟောသော အာကင်္ချေယသုတ်စသည် ၁-မျိုး၊ (၂) ဝိပဿနာဉာဏ်ရင့်မည့် သူတို့၏ အလိုကြည့်ကာ ဟောသော ရာဟုလောဝါဒသုတ် စသည် ၁-မျိုး၊ (၃) နတ် လူ များ အမေးရှိ၍ဟောသော ဒေဝတာသံယုတ် စသည် ၁-မျိုး၊ (၄) အကြောင်းရှိလာ၍ ဟောသော ဓမ္မဒါယာဒသုတ် စသည် ၁-မျိုး ဟု ၄-မျိုး ရှိရာတွင် ဤသုတ်ကား ရုပ်ကို အမြတ်တနိုး တန်ဖိုးထားသူတို့အတွက် ဟောရသော ဒုတိယ ဒေသနာမျိုး ဖြစ်သည်။

ယောက်ျားစိတ် သိမ်းကျုံး၍တည်။ ။ ဘုံလေးပါးဆိုင်ရာ ကုသိုလ်စိတ် ၄-မျိုး ဖြစ်မှုကို တားမြစ်သည်၊ မိန်းမ၏ အာရုံ ၅-ပါးကြောင့် ယောက်ျားများ ကုသိုလ်စိတ် ခန်းခြောက်၊ အကုသိုလ်စိတ် ရောက်ကာ ကသိကအောက် ဖြစ်ရသည်။ ထို့ကြောင့်ပင် ဘုရားရှင်က အာနန္ဒာအား “မိန်းမ မမြင်မိစေနှင့်၊ မြင်မိလျှင် စကားမပြောနှင့်၊ ပြောမိလျှင် မိကြီး၊ မိထွေး၊ အစ်မ၊ နှမ အရွယ် ဆွေမျိုးဆွယ်ဘိ သတိရှိ” စသည်ဖြင့် မိန့်သည်၊ ယောက်ျား အာရုံကြောင့် မိန်းမများ ကုသိုလ်စိတ်ကုန်နိုင်ပုံ နည်းတူပင်တည်း။

စာမျက်နှာ-5


မိဖုရားမြင်၍ သွေးပျက်သော တောထွက် ဦးစိတ္တ

သံဃာတော်များကိုပါ အလှူကြီး လှူကြသော စေတိယတောင်ထိပ် ပုထိုးတော်ကြီး ပူဇော်ပွဲတွင် အရွယ်ကောင်း ရုပ်ကောင်း ဒမိဠမိဖုရားကို မစောင့်စည်းဘဲ ကြည့်မိသော စိတ္တရှင်ကြီးမှာ နေမရ ထိုင်မထူး အရူးအမူးဖြစ်ကာ မိဖုရားကိုပင် နှုတ်မှ တတွတ်တွတ်ရွတ်နေတော့သည်၊ ပတ်ဝန်းကျင်က အရူးဟုပင် သမုတ်နေကြတော့၏။ ယင်းမိဖုရားကြီး မကြာခင် ကွယ်လွန်၍ အသုဘရှု ပြန်လာကြသော သာမဏေငယ်များက ဦးစိတ္တအား ထိုအကြောင်း သွားပြောရာ လက်မခံပေ။ မြေကြီးဖြစ်သည်အထိ ရူးကျန်ရစ်မည့် အဖြစ်ထူးလှ ဦးစိတ္တဖြစ်သည်။

ရမ္မက်ပြင်းထန် ၂-လောင်းပြိုင်။ ။ သဒ္ဓါတိဿမင်းကြီး မိဖုရားများနှင့်အတူ ကျောင်းလာရာ ကြေးပြာသာဒ်တံခါးမုခ်မှ ရပ်ပြီး ကြည့်မိသော ရဟန်းတပါး ရာဂမီး လောင်တော့သည်၊ မိဖုရားကလည်း ပြန်၍အကြည့် မျက်စိချင်းဆုံမိရာ ရာဂစွဲငြိ မချိတင်ကဲ ၂-ဦးလုံးပင် သေပွဲဝင်ကြသည်။

ကလျာဏီသိမ်ကျောင်းကြီးမှ ရဟန်းငယ်တပါးလည်း ဆွမ်းခံရွာ၌ အမျိုးသမီးတဦးအပေါ် စွဲမက်မိရာ အဝတ်လုံချည်ကိုပင် အရမှတ်ခဲ့သည်၊ (အမျိုးသမီးကလည်း ပြန်ကြိုက်ပုံ ရပါ၏။) ရဟန်းတပါးက ယင်းအဝတ်ကိုမြင်၍ မေးရာ “သူမ ကွယ်လွန်၍ အဝတ်ရခဲ့သည်” ပြောသဖြင့် သိလိုက်သောခဏတွင်ပင် “ငါ့စိတ်ကြောင့် ဆုံးရတာပဲ” ယူဆပြီး သောကမီးဆွယ် ယင်းရဟန်းငယ်ပါ ကွယ်လွန်သွားရှာသည်။

မိန်းမအဆင်းဟူရာ၌ ခန္ဓာကိုယ်အဆင်းသာမက ကိုယ်နှင့်စပ်သော အဝတ်အစား၊ ပန်းနံ့သာ၊ အဆင်းအားလုံး ပါဝင်သည်၊ အသံစသည်၌လည်း နည်းတူပင်။ အသံကြောင့် တောင်ကြားရေအိုင်ကြီးအတွင်း ဆင်းမိသော ဆင်ပြောင်ကြီး ခြေကို ထိုအိုင်ကြီးမှ ရွှေပုစွန်ကြီးသည် လက်မဖြင့် ပြင်းစွာညှပ်ထားရာ ဇနီးသည်ဆင်မအား အကူအညီတောင်းရတော့သည်၊ “မြစ်သမုဒ္ဒရာ ရေရှိရာ ပုစွန်များတွင် ထူးချွန်ဂုဏ်မြင့် ခေါင်းဆောင်ကြီးရှင့်၊ မျက်ရည်မစဲ ငိုပွဲဆင်ရ ကျွန်တော်မ၏ချစ်လင် မောင်တော်ဆင်ကို ခုပင်မနှေး လွှတ်၍ပေးပါ တောင်းပန်ပါသည်”၊ ဤသို့ ကနွဲ့ကလျ ဆင်မအသံကြားသောအခါ ရွှေပုစွန်ထူး မျက်လုံးပြူးကာ အားလျော့မိရှာသည်၊ ခွင့်ကောင်းရပြီး ဆင်ပြောင်ကြီးသည် ဒုတိယခြေမြှောက်ကာ ပုစွန်လုံးကိုယ်ပေါ် တအားနင်း၊ ခြင်းခတ်သည့်အသွင် ကမ်းပေါ်အတင်လိုက် ဆင်ပေါင်းများစွာဝိုင်းစု အမှုန့်ပြုကြတော့သည်။

ဥဒေတယံဂါထာပျံ၊ စွမ်းအားပက်လက်သွား။ ။ ဟိမဝန္တာနေ ဘုရားလောင်း ရွှေဥဒေါင်းကြီးမှာ အစာရှာအသွားတွင် ထွက်သော နေဝန်းကြီးကိုကြည့်၍ ဥဒေတယံဂါထာပျံကိုလည်းကောင်း၊ အိပ်တန်းတက်...

စာမျက်နှာ-6


ချိန်တွင် ဝင်သောနေဝန်းကိုကြည့်၍ အပေတယံဂါထာပျံကိုလည်းကောင်း ပုံမှန်ရွတ်ကာ နှစ်ပေါင်း (၇၀၀) အထိပင် ကိုယ်ခံပြည့်စုံလုံခဲ့သည်၊ ယင်းနောက် တရက် စည်းချက်မချမီ ကြားရသော ဒေါင်းမအသံနောက် ပရိတ်မေ့ပျောက်ပြီး ကောက်ကောက်ပါလိုက်သွားရာ မင်းမိန့်အရပြုရသော မုဆိုးထောင်ချောက်တွင်း ဆင်းမိရသည်။

အနံ့ဆိုးကြား မာတုဂါမ။ ။ မိန်းမများ ကိုယ်နံ့ဆိုးရာ ယောက်ျားများ စိတ်ပေါက်အောင် မဖောက်နိုင်သဖြင့် အမွှေးနံ့သာ ပြင်ပအကူအညီ ယူကြရသည်။ မြင်းနံ့၊ သိုးနံ့၊ ချွေးနံ့၊ သွေးနံ့အမျိုးမျိုး ရှိတတ်ကြ၏၊ အချို့ ယောက်ျား ငမိုက်သားမှာ တအားပုပ်လျက် မခွာရက်အောင်တပ်မက်ကြသည်၊ (ဧကစ္စော အန္ဓဗာလော ဧဝရူပါယပိ ဣတ္ထိယာ ရဇ္ဇတေဝ) ဟု အဋ္ဌကထာ မိန့်သည်။

ပါရမီရှင် မိန်းမများ။ ။ စကြာမင်း၏ မိဖုရားရတနာကား ကိုယ်မှ စန္ဒကူးနံ့၊ ခံတွင်းမှ ကြာညိုနံ့ သင်းသည်၊ ပါရမီရှင် သူတော်စင်အမျိုးသမီးများ ရှိသင့်သလောက် အချိန်မရွေး ရှိကောင်းရာပါ၏၊ ဆင်၊ မြင်း၊ နွား စသည်တို့သည် ဇာတ်တူမိန်းမတို့၏ ဥတုနံ့ကို ၁-၂-၃ ယူဇနာကပင် သိကြသည်။

အရသာကြောင့် ကျားသတ္တဝါပျက်စီး။ ။ အရသာဟူသည် အကြောင်း ၄-ပါးကြောင့် ဖြစ်သော ရသာရုံတည်း၊ မယားဖြစ်သူ၏ “မောင် ဘာလုပ်ပေးရမလဲ၊ ဘာစားမလဲ၊ ကြိုက်တာပြော၊ ချက်ပေးမယ်လေ” စသည်ဖြင့် ချိုသာသော အပြောအဆို၊ နားအရသာ၊ သုံးဆောင်မှုအရသာ၊ နှုတ်ခမ်းချင်းထိရသဖြင့် ရသောတံတွေးစသော အရသာ၊ လင်အတွက်ချက်ပေးသော စားသောက်ဖွယ်အရသာများလည်း ပါဝင်သည်၊ မာတုဂါမလက်ဖြင့် ချက်ပေးသော စားဖွယ်သည် ဘာမဆို ချိုမြိန်သည်ဟုယူဆကာ ယောက်ျားများစွာ အကျိုးမဲ့ပျက်စီးကြသည်။

မိန်းမအတွေ့။ ။ ကိုယ်ထိတွေ့မှုနှင့် ကိုယ်နှင့်စပ်သော အဝတ်တန်ဆာစသည် ထိတွေ့မှု အားလုံးတည်း၊ မဟာစေတီယင်ပြင်၌ စာအံနေသော ရဟန်းတပါး မိန်းမအထိအတွေ့ဖြင့် ပျက်စီးရသည်၊ တောအုပ်အလယ် ဘီလူးမများဖန်ဆင်းသော ဈေးတန်းတွင် ဘုရားလောင်း၏ အဖော် ၅-ဦး အာရုံ ၅-ပါးနှင့်စပ်၍ အသီးသီး အကြိုက်ကျရာများ၌ ပျက်စီးကြပုံ “ပဉ္စဂရုကဇာတ်” ကိုလည်း မှတ်အပ်သည်။

မိန်းမများလည်း ကြေးပြာသာဒ်တံခါး၌ ရပ်နေသော ရဟန်းငယ်ကိုမြင်၍ ကိုယ်နည်းတူခံကြရ၊ လုပ်တော်မိဖုရားတဦး ရာဂဘီလူး ပူးဝင်ဖမ်းစား သေသွားသည်။ အဆင်းဆိုင်ရာတည်း။

စာမျက်နှာ-7


ဂုတ္တိလစောင်းဆရာသည် ဗာရာဏသီ ပြည့်တန်ဆာတဦးအား ပျော်ပါးလို၍ ငွေ ၁၀၀၀ိ ပေးရာ ဆန္ဒမရှိသော သူမက ပြောင်လွှတ်လိုက်သည်၊ စောင်းဆရာသည် ညဦးပိုင်းအချိန် သူမ၏ မျက်နှာချင်းဆိုင် အိမ်တံခါး၌ထိုင်ကာ ခံစားမှုပါသော သီချင်းသံနှင့် လိုက်ဖက်အောင် စောင်းကို ကိုယ်တိုင်သီဆို တီးခတ်ရာ သူမသည် အသံကြားရာ စောင်းဆရာထံ ခဏချင်းလာတော့သည်၊ သို့သော် တံခါးထင်၍ထွက်သော နေရာမှာ ဟင်းလင်းပွင့်သော ပြတင်းပေါက် ဖြစ်နေသဖြင့် ကောင်းကင်၌ပင် သူမ အသက်ပျောက်တော့၏၊ ဤကား အသံဆိုင်ရာဖြစ်သည်။

ငယ်ကချစ် အနှစ်တရာ။ ။ သာဝတ္ထိပြည် သူကြွယ်သမီး၏ လင်ယောက်ျား တရားနာ၊ သံဝေဂရ၊ ရဟန်းပြုသွားသည်၊ ကျန်ခဲ့သူမယားကို ပသေနဒီကောသလမင်း သိမ်းယူလိုက်၏၊ တနေ့တွင် ကောသလမင်းသည် မိဖုရားများအား ကြာညိုပန်း ဝေငှရာ မိဖုရားသစ်မှာ ၂-ပွင့်ရ၍ ပြုံးရွှင်ဝမ်းသာစွာနမ်းပြီး ငိုကြွေးသည်၊ မင်းကြီးမြင်၍ မေးရာ “ပန်းတပွင့်ပိုရ၍ ရယ်မိပါ၏၊ နမ်းလိုက်စဉ် ခံတွင်းမှ ကြာနံ့ရှိသော လင်ဟောင်း (ယခုရဟန်းသစ်) ကို သတိရ၍ ငိုမိပါ၏” ဟု လျှောက်ထားလိုက်သည်။

ခံတွင်းကြာညို သာဓုဆို၍။ ။ သံသယရှိသောမင်းကြီးသည် နန်းတွင်းအနံ့များ ဖယ်ရှား၊ ဘုရားအမှူးရှိသော သံဃာများ နန်းတွင်းပင့် ဆွမ်းကပ်၊ လင်ဟောင်းရဟန်းသိအောင် စုံစမ်းကာ ဘုရားနှင့် သံဃာများ ပြန်ကြွဖို့၊ ယင်းရဟန်းကို အနုမောဒနာပြုစေဖို့ ဘုရားထံလျှောက်၊ အခွင့်ရသည်။ ယင်းရဟန်း အနုမောဒနာပြုဖို့ အားထုတ်စဉ်ပင် တနန်းတော်လုံး ကြာညိုနံ့လှိုင်တော့၏၊ နောက်နေ့ ထိုအကြောင်း ဘုရားထံလျှောက်ရာ တရားနာစဉ် သာဓု သာဓုဟု ကောင်းချီးပေး၊ ရိုသေစွာတရားနာ၍ ခံတွင်းကြာညိုနံ့ သင်းကြောင်း မိန့်ကြားသည်။

၂ - နီဝရဏပ္ပဟာနဝဂ်

ရဟန်းတို့၊ သုဘနိမိတ် (ရာဂဖြစ်ကြောင်း နှစ်သက်ဖွယ်အာရုံ) သည် မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ (ကာမဂုဏ်များဝယ်ဖြစ်သော လိုလားမှု) ၏ ဖြစ်ပေါ်ကြောင်း၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း အဖန်ဖန်ပြန့်ပြောစွာဖြစ်ကြောင်း ဖြစ်သကဲ့သို့ အလားတူဖြစ်သော အခြားတခုသော တရားကိုမျှလည်း ငါမမြင်၊ သုဘနိမိတ်ကို အကြောင်းမသင့် နှလုံးသွင်းသူအား မဖြစ်သေးသော ကာမစ္ဆန္ဒလည်း ဖြစ်၊ ဖြစ်ပြီးသော ကာမစ္ဆန္ဒလည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ဖို့ဖြစ်သည်ဟု မိန့်။

ဤအတူ ပဋိဃနိမိတ် (ဒေါသဖြစ်ကြောင်း မနှစ်သက်ဖွယ်အာရုံ) သည် ဗျာပါဒ (သူတပါး ပျက်စီးစေလိုခြင်း) ဖြစ်ကြောင်း၊ မမွေ့လျော်ခြင်း၊ ပျင်းရိခြင်း၊ ကိုယ်...

စာမျက်နှာ-8


လက်ဆန့်ငင်ခြင်း၊ ထမင်းဆီအောင့်ခြင်း၊ စိတ်၏ ဆုတ်နစ်ခြင်းသည် ထိနမိဒ္ဓ (စိတ်စေတသိက်တို့၏ မကျန်းမာ လေးလံထိုင်းမှိုင်းခြင်း) ဖြစ်ကြောင်း၊ စိတ်မငြိမ်းအေးခြင်းသည် ဥဒ္ဓစ္စ (စိတ်ပျံ့လွင့်ခြင်း) ကုက္ကုစ္စ (မကောင်းမှုပြုမိ၊ ကောင်းမှုမပြုမိ၍ နှလုံးမသာခြင်း) ဖြစ်ကြောင်း၊ မသင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်း (အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘတို့၌ နိစ္စစသည် မှားယွင်းသောနည်းဖြင့် စိတ်၌ထားခြင်း) သည် ဝိစိကိစ္ဆာ (ရတနာ ၃-ပါး၊ သိက္ခာ စသည်တို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း) ဖြစ်ကြောင်း။

အသုဘနိမိတ် (အသုဘအာရုံနှင့် ပထမဈာန်) သည် ကာမစ္ဆန္ဒကင်းကြောင်း၊ မေတ္တာစေတောဝိမုတ္တိ (ဗျာပါဒမှ လွတ်မြောက်သောစိတ်နှင့် မေတ္တာဈာန်) သည် ဗျာပါဒကင်းကြောင်း၊ အာရဗ္ဘ (အစ အားထုတ်ခြင်း)၊ နိက္ကမ (အပျင်းလွတ်အောင် အားထုတ်ခြင်း)၊ ပရက္ကမ (နိက္ကမထက် လွန်ကဲအောင် အားထုတ်ခြင်း) ဓာတ် ၃-ပါးသည် ထိနမိဒ္ဓကင်းကြောင်း၊ စိတ်ငြိမ်းအေးခြင်းသည် ဥဒ္ဓစ္စ ကုက္ကုစ္စ ကင်းကြောင်း၊ သင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်း (အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘဟု မှန်သောနည်းဖြင့် စိတ်၌ထားခြင်း) သည် ဝိစိကိစ္ဆာ ကင်းကြောင်းဖြစ်သည်ဟု မိန့်။

ဒေသနာနှင့်စပ် မှတ်ဖွယ်

နီဝရဏမည်ပုံ။ ။ သုဂတိလမ်းနှင့် ဈာန်မဂ်ဖိုလ်လမ်းကို တားမြစ်တတ်၍ နီဝရဏမည်သည်၊ လောဘစသော ကိလေသာများပင် ဖြစ်၏။ ဆိုင်ရာ အာရုံများဆုံခိုက် နှလုံးသွင်းမမှန်၊ အလုပ်မမှန်မှုများကြောင့် ဆိုင်ရာနီဝရဏများ ဖြစ်ကြသလို ဘုရားဟောတိုင်း ကျင့်ကြလျှင်လည်း နီဝရဏကင်းပျောက် အရိယာအဖြစ် ရောက်ကြမည်သာ။

ကိလေသာမဖြစ်ရေး။ ။ သံသရာ၌ မဖြစ်ဖူးသော ကိလေသာမည်သည် မရှိ၊ ယခုဘဝ အလုပ်ကြောင့် မဖြစ်ဖူးသော ကိလေသာ၊ ဖြစ်ဖူးသော်လည်း ထင်ရှားရှိဆဲ မဟုတ်သော ကိလေသာများမဖြစ်အောင်-
(၁) ကျောင်းကန်ဘုရား ဝတ်နိဗဒ်များ အားထုတ်ခြင်း၊
(၂) ပရိယတ် သင်ကြားပို့ချခြင်း၊
(၃) ဓုတင် ၁၃-ပါး ဆောင်ထားခြင်း၊
(၄) ဈာန်သမာပတ် ဝင်စားခြင်း၊
(၅) ဝိပဿနာ ရှုမှတ်ပွားများနေခြင်း၊
(၆) ဥပုသ်အိမ်၊ ဆွမ်းစားကျောင်းဆောက်ခြင်းစသော နဝကမ္မ ဝေယျာဝစ္စ ပြုနေခြင်း-

စာမျက်နှာ-9


ဟူသော နေခြင်းတို့ဖြင့် ကိလေသာများ ဖြစ်ခွင့်မရတော့ပါ၊ ဗြဟ္မာ့ပြည်မှ လာသူများလည်း ကိလေသာ အဟုန်အဆက် အားပျက်ခဲ့၍ ရုတ်တရက် ကိလေသာ မဖြစ်ကြပါ၊ (သုဘနိမိတ်၊ ကာမစ္ဆန္ဒ စသည်တို့၏ အဓိပ္ပာယ်ဆိုင်ရာ ပါဠိနှင့် ယှဉ်ပြထားသည်။)

ဝတ်နိဗဒ်ကျ၍ ကိလေသာငြိမ်းသော အရှင်မိလက္ခတိဿ

မသေမီကပင် ပြိတ္တာဖြစ်။ ။ အရှင်ကား ကေဏဇနပုဒ် ဂါမေဏ္ဍဝါလကျောင်း၏ ဆွမ်းခံရွာ မုဆိုးမျိုး၌ဖြစ်သည်၊ တချိန်တွင် တောတွင်း၌ ကျော့မိသော သမင်ကို ကင်စားပြီး ရေဆာသဖြင့် ကျောင်းတွင်းဝင် ရေအိုးစင်၌ သောက်ရေရှာ၏၊ မရသဖြင့် “သံဃာအများနေရာ အဆာပြေ ရေမှမရှိ” အပြစ်တင်လိုက်သည်၊ စူဠပိဏ္ဍပါတိကတိဿထေရ်ကြား၍ သွားကြည့်ရာ ရေအိုး (၁၀) လုံး ရေအပြည့်မြင်သည်၊ “အသက်ရှင်ဆဲပင် ပြိတ္တာဖြစ်နေပြီ” ဟု ကြံကာ ရေအိုးများ ချီမပေး သောက်စေသည်၊ မုဆိုး ရေဆာမပြေပါ၊ “သင့်အကုသိုလ် ကြမ်းလှ၏၊ ယခုကပင် ပြိတ္တာ၊ သေလျှင် ဘယ်လိုဖြစ်မည်လဲ” ဟု အရှင်မြတ်မိန့်လိုက်သည်။

ခွန်အားလွန်ကြီး မုဆိုးသည် အရှင်မြတ်စကားကြား၍ သံဝေဂဖြစ်ကာ ရဟန်းပြုဖို့ ခွင့်တောင်းသည်၊ မုဆိုးလက်နက်များလည်း ဖျက်ဆီးပစ်တော့၏၊ ရဟန်းဘဝ မလွယ်ကူပုံ မိန့်သော်လည်း “မျက်မှောက်ဖြစ်ပျက်ပုံ မြင်ရသော တပည့်တော်၊ ရဟန်းမပြုလျှင် ဘယ်ဖြစ်နိုင်ပါ့မည်လဲ” လျှောက်သဖြင့် ရဟန်းပြုခွင့်ရ၊ ဝတ်ကြီးဝတ်ငယ်များ ပျော်ရွှင်စွာပြုရင်း ပိဋကကိုလည်း သင်ယူသည်။ “ငရဲသားကို ငရဲထိန်းများက ငရဲကြီးပြန်ချကြပြန်သည်” ဒေဝဒူတသုတ္တန်ကို သင်ယူမိသောအခါ ငရဲ၏အပြစ်ကို ဆင်ခြင်မိသဖြင့် ငရဲမီးကိုပြဖို့ လျှောက်သည်၊ ပိုးစုံးကြူးမျှ ငဲမီးပွားကို တန်ခိုးဖြင့်ယူ၍ ထင်းစိုပုံပေါ်တင်ပြရာ တပုံလုံး ပြာကျသွားသည်။

ကောက်ရိုးရေဖျန်း အကြောက်လွန်လှ။ ။ အရှင်တိဿသည် “ပရိယတ်ကား စွမ်းနိုင် နိဗ္ဗာန်လမ်း သူများအလုပ်ပါ၊ ဘယာပဗ္ဗဇ္ဇိတဖြစ်သော တပည့်တော်အား ပဋိပတ်ကိုသာ ပေးပါဘုရား” ဟု လျှောက်ထားပြီး ဝတ်နိဗဒ်မပျက် ဆရာပေးသော ပဋိပတ်ကို အသေအလဲ အားခဲသည်၊ ငိုက်မျဉ်းလာလျှင် ကောက်ရိုးထုံး ရေဆွတ် ခေါင်းပေါ်တင် အားထုတ်၏၊ သာမဏေများ၏ “အာရဗ္ဘထ နိက္ကမထ စသော အရုဏဝတိယသုတ္တန်” ရွတ်သံအကြား ပီတိဖြစ်ပွားစေပြီး ဝိပဿနာတင် ဆင်ခြင်ရာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်သွားသည်။

စာမျက်နှာ-10


ဆွမ်းကို လေးစား၍ ကြိုးစားသည် ပရိယတ်ဆိုင်ရာ အရှင်ဖုဿဒေဝထေရ်
ဤအရှင်ကား ကက္ကာ မဏ္ဍလာရာမကျောင်း၌ ပရိယတ်သင်၊ ပဋိပတ်လည်း ဆင်ခြင်သည်၊ “အရှင်မြတ် စာသင်နေသမျှ တပည့်တော်ဆွမ်း နေ့စဉ်စားပါဘုရား” ဟု မိခင်ပမာ ကြည်ညိုသော ဒကာမကြီးတဦး လျှောက်သဖြင့် ဆွမ်းချမ်းသာသည်၊ ဆွမ်းကို လေးစား၍ အထူးလည်း ကြိုးစားပါ၏၊ တဝါတွင်းလုံး အားထုတ်သဖြင့် ပဝါရဏာနေ့တွင် အထုပ်အထည်ပေါ်ကာ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်သည်။

ကိုးကွယ်ဆည်းကပ်ရကျိုး။ ။ ကျောင်းထိုင်ဘုန်းတော်ကြီး၏ အစီအစဉ်အရ သီတင်းကျွတ်လပြည့်နေ့၌ပင် ပရိသတ်ကြီးအား တရားချီးမြှင့်ရသည်၊ “သုခံ ဟောတု၊ ဒုက္ခာ မုစ္စတု” တရား ၂-ပုဒ်သာ ဆွမ်းအမကြီးအား နေ့စဉ်ဟောသဖြင့် “ယနေ့ တရားပွဲ ဒကာမကြီး သားရဟန်း ဟောမည်” ဟု သာမဏေငယ်များ ပြောပြချက် ဆွမ်းအမကြီး မယုံကြည်၊ အရှင်မြတ်သည် ဒါန၊ သီလစသော တရားအစဉ်များဟောပြီး ပိဋက ၃ ပုံ မွေနှောက်ချောက်ချားကာ တဝါတွင်းလုံး ဆွမ်းအမကြီးအား ဟောသော တရား ၂-ပုဒ် အဓိပ္ပာယ်ဖွင့်ပြီး ညလုံးပေါက် ဟောကြားသည်၊ ဆွမ်းအမကြီး သောတာပန် တည်တော့၏။

ဝိနည်း ပရိယတ်ဆိုင်ရာ အရှင်တိဿဘူတိထေရ်

ကာမဝိတက်ပွား။ ။ မဏ္ဍလာရာမကျောင်း ဤအရှင်လည်း ဝိနည်းသင်ကြားစဉ် ဆွမ်းအပါယ်သွားရခံရင်း မာတုဂါမအာရုံကြောင့် ကိလေသာ ဖြစ်လာသည်။ မတ်ရပ်ကနေ တပည့်အား သင်ကြားပေးရင်း “ဤဝိတက်ပွားလျှင် ငါအပါယ်လားတော့မည်” ဟု ကြံလျက် နောက်ကြောင်းပြန် ဆရာ့ထံသွားပြီး “ရောဂါတခု ဖြစ်လာပါ၏၊ ကုပျောက်လျှင် မြန်လာပါမည်၊ မပျောက်က မပြန်ပါ၊ နေ့ဝါ ညဝါ မမီပေမယ့် နံနက်စာဝါမီစေပါမည်” ဟု လျှောက်ပြီး မလယနေ မဟာသံဃရက္ခိတထေရ်ထံ သွားသည်။

အလုပ်မဖြစ်လျှင် ရောက်လာသော တိဿဘူတိထေရ်ကို အရှင်မြတ်ကြီးက မျက်နှာကိုပင် မကြည့်ဘဲ “သင် သပိတ်သင်္ကန်း သိမ်းထားလိုက်” ဟု မိန့်သည်။ “ရောဂါတခု ဖြစ်လာလို့ ပျောက်အောင် ကုနိုင်လျှင် သိမ်းထားလိုက်ပါမည်” ဟု လျှောက်ရာ “ကုနိုင်သူထံ သင်လာသည် သိမ်းသာထားလိုက်” ဟု မိန့်သည်၊ “သိ၍ ဤသို့ မိန့်သည်ဖြစ်မည်” ဟု ယူဆကာ သိမ်းဆည်းပြီး ရှိခိုးနေစဉ် “ရာဂစရိုက်ရှိသူ” ဟု ဤသို့သိပြီး အသုဘကမ္မဋ္ဌာန်း ပေးသည်။

စာမျက်နှာ-11


တိဿဘူတိအရှင်လည်း အကြိမ်ကြိမ်ထရှိခိုး၏။ “ဤမျှ ဘာ့ကြောင့် အရိုအသေပြုရတာလဲ” ဟု ဆရာ့အမေးကို “တပည့်တော် အလုပ်ဖြစ်နိုင်လျှင် ကောင်းပါ၏၊ မဖြစ်လျှင် နောက်ဆုံးဖူးမြင်ခြင်းပါ” ဟု ပြန်လျှောက်သည်၊ “သင့်လိုသူတော်ကောင်းအတွက် ဈာန်မဂ်ဖိုလ်မခက်ပါ” ဟု ဆရာ၏အားပေးစကားကြားပြီး လာလမ်းပြန်၊ မှတ်ခဲ့သော ချုံတွင်းဝင်၊ ပလ္လင်ခွေထိုင်၊ အသုဘအခြေခံထားအားထုတ်ရာ ရဟန္တာဖြစ်ကာ နံနက်စာဝါအမီ နေရာပြန်ရောက်သည်။

ဓုတင်ဆောင်အရှင် ရွာနီးလိုဏ်နေ ပဟာသိဝထေရ်

သေချိန်ပဲ မရတော့။ ။ အရှင်မြတ်ကား မဟာဂါမရွာ တိဿကျောင်းတိုက်၌ ဂိုဏ်းကြီး ၁၈-ဂိုဏ်းအား ပါဠိအဋ္ဌကထာ ပို့ချနေသော စာချပုဂ္ဂိုလ်ကြီးဖြစ်သည်။ အရှင်မြတ်ကြီး၏ ဩဝါဒဖြင့် ဖြစ်ကြသော ရဟန္တာ ၆-သောင်းတွင် တပည့်တပါးသည် “ငါ့ချမ်းသာမျိုး ငါ့ဆရာ ရှိပါလား” ဟု ဆင်ခြင်ရာတွင် ပုထုဇဉ်သာ ရှိသေးပုံကိုသိ၍ ဆရာမြတ်ထံလာကာ “တရားတပုဒ် သင်လိုပါ၏” ဟု လျှောက်သည်။ “သင်ယူသူတွေများ၏၊ သင့်အတွက် အချိန်မရှိပါ” ဟု ဆိုရာ တပည့်က “အချိန်တိုင်းမအားလျှင် အရှင်ဘုရားတို့မှာ သေချိန်ကော ရနိုင်ပါဦးမလား” ဟု ဆရာ့စကားကို အချက်ပိုင်ပိုင် အနိုင်ကိုင်လိုက်သည်။ စာသင်လာသည်မဟုတ်၊ သံဝေဂဖြစ်အောင်လာကြောင်း ဆရာမြတ်သိတော့၏။ တပည့်လည်း “ရဟန်းမည်သည် တပည့်တော်လို ဖြစ်သင့်ပါသည် ဘုရား” ဟု လျှောက်ထားပြီး ကောင်းကင်ပျံတက်သွားသည်။

ရဟန္တာမဖြစ်သမျှ အရှင်မြတ်ကြီးသည် နေ့ဝါညဝါများ ပို့ချပြီး နံနက်စာဝါကျောမချတမ်း တက်ပြန်သူများနှင့်အတူ ဆင်းလိုက်သည်။ ဓုတင် (၁၃) ပါးအပြည့် ဆောက်တည်ကာ ရွာနီးလိုဏ်ကျောင်းကြွပြီး “အရဟတ္တဖိုလ်မရသမျှ ညောင်စောင်းပေါ် ကျောမချ” ဟု စိတ်တင်း စင်္ကြံကြွအားထုတ်သည်။ “ယနေ့ကိစ္စပြီးစေအံ့၊ ယနေ့ကိစ္စပြီးစေအံ့” ဟု ရည်ရွယ်အားထုတ်စဉ်ပင် ပဝါရဏာနေ့ ရောက်လာသည်။ ဝိသုဒ္ဓိပဝါရဏာ ပြုလိုသော်လည်း အခွင့်မသာ၊ နှစ်ပေါင်း (၃၀) မြောက် ပဝါရဏာနေ့၌ကား လပြည့်ဝန်းနှင့် မိမိသီလ နှိုင်းယှဉ်ကာ လပြည့်ဝန်းမှာ ယုန်ရေးတံဆိပ်ထင်သေးသော်လည်း မိမိသီလမှာ မှည့်ပေါက်မထင် စင်ကြယ်ပုံကို သိမြင်ဝမ်းသာ ပီတိခွာ၍ အားထုတ်ရာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်ရသည်။

စာမျက်နှာ-12


အနှစ် (၆၀) သမာပတ် (၈) ပါးပိုင်ရှင် မဟာတိဿထေရ်

ကိလေသာမဖြစ်။ ။ အရှင်မြတ်ကား ဝါမရမီကပင် သမာပတ် (၈) ပါး ရနေသည်။ သမာပတ်ဖြင့် ခွာထားသော ကိလေသာ နှစ်ပေါင်း (၆၀) ကြာ မလာသဖြင့် ရဟန္တာဟုပင် သူ့ကိုယ်သူ ထင်ထားလိုက်၏။ အကြောင်းတခုဖြင့် ရောက်လာသော တပည့် ဓမ္မဒိန္နထေရ်က ဆရာမြတ်အား တရားရချိန်ကို မေးရာ နှစ်ပေါင်း (၆၀) ရှိပြီဖြစ်ကြောင်း မိန့်သည်။

လှပနုနယ် မိန်းမငယ်။ ။ “သမာပတ်ဝင်စားမှု ဆရာတို့ပြုလျှင် ရာဂဝင်လာမည်လား” ဟု ဆရာ့မျက်မှောက်၌ ရေကန်တခု၊ ထိုရေကန်၌ ပဒုမ္မာကြာရုံ၊ ထိုကြာရုံ၌ ကြာပွင့်ကြီးတပွင့်၊ ထိုကြာပွင့်၌ (၁၆) နှစ်အရွယ် မိန်းမငယ်ကို ဖန်ဆင်းပြီး “သုဘသညာထင်အောင် အားပါးတရ ရှုပြပါဘုရား” ဟု လျှောက်ထားရာ လျှောက်သမျှ ဖန်ဆင်းကြည့်ရှုသည်။ မိန်းမငယ်ကို မြင်ရာတွင် ရာဂဝင်လာသဖြင့် ပုထုဇဉ်သာရှိသေးပုံ သိရှိပြီး “သူတော်ကောင်း၊ သင်သည် ငါ၏ ကိုးကွယ်မှီခိုရာ ဖြစ်ပါ” ဟု တပည့် ဓမ္မဒိန္နအနီး ဆောင့်ကြောင့်ထိုင်ချလိုက်တော့၏။ “ဒီအတွက် တပည့်တော် လာပါတယ်” ဟု လျှောက်ပြီး အသုဘကမ္မဋ္ဌာန်းပေးသည်။ အပြင်ထွက်ချိန်အတွင်း အရှင်မြတ်ကြီး ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်သည်၊ သမာပတ်ဖြင့် ခွာထားသော ကိလေသာ အမြစ်ပါ ကွာတော့၏။

ဝိပဿနာနယ်မှ ရဟန်းတော် (၆၀)

မဂ်ဖိုလ်ရကြောင်း လျှောက်ထားရဟန်း (၆၀) တို့သည် ဘုရားထံတော်မှ ကမ္မဋ္ဌာန်းယူ၊ ဆိတ်ငြိမ်ရာသို့သွား အားထုတ်ကြရာ ကိလေသာမပေါ်လာသဖြင့် မဂ်ဖိုလ်ကိစ္စ ပြီးပြီထင်ကြသည်။ “တရားထူးကို ဘုရားရှင်အား လျှောက်ကုန်အံ့” ဟု ကြံ၍ ပြန်လာကြ၏။ ထိုအကြောင်း ကြိုတင်မြင်တော်မူသော ဘုရားရှင်က “အာနန္ဒာ၊ ကမ္မဋ္ဌာန်းအလုပ်ခွင်က ရဟန်း (၆၀) ငါ့ကိုဖူးရန် လာကြလိမ့်မည်၊ ဖူးခွင့်မပေးဘဲ ‘သုသာန်သွား အသုဘပွားကြ’ ဟု ဤသို့ပြောလွှတ်ရန်” မိန့်ထားသည်။ ရောက်လာသော ရဟန်း (၆၀) အား အမိန့်အတိုင်းပြောကြားရာ “ဘုရားရှင်သိ၍ မိန့်သောကိစ္စ အမှန်အကြောင်းထူးရမည်” ဟု ကြံကာ သုသာန်သွားကြသည်။ သေစအလောင်းကောင်ကို အသုဘရှုစဉ် ရာဂပင်လာကြသဖြင့် “အကြောင်း ဘုရားရှင် မြင်ပေတာပဲ” ဟု သံဝေဂဖြစ်ကာ အားထုတ်ကြရတော့၏။

စာမျက်နှာ-13


ဂန္ဓကုဋီတိုက်တွင်းမှ ဘုရားရှင် ထိုလုပ်ငန်းစဉ်ကို မြင်တော်မူရကား “ယာနိမာနိ အပတ္တာနိ” စသော ဂါထာဟောရာတွင် အဆုံး၌ အားလုံးပင် ရဟန္တာဖြစ်ကြ၏။ ဝိပဿနာဖြင့် ခွာထားသော ကိလေသာ အမြစ်ပါကျွတ်ရတော့သည်။

ဝေယျာဝစ္စဆောင် စိတ္တလတောင်နေ အရှင်တိဿထေရ်

ငါဆရာအို ကျောင်းလိုပါ၏။ ။ အရှင်ကား (၈) ဝါအရတွင် တားဆီးမရ လူထွက်လိုလှသဖြင့် ဥပဇ္ဈာယ်ဆရာကို သွားလျှောက်သည်။ တပည့်တိဿ၏ အရဟတ္တဖိုလ် ဥပနိဿယကို မြင်ရကား “ငါ့ရှင်၊ ငါတို့အိုပြီ၊ ငါတို့နေဖို့ ကျောင်းတဆောင် ဆောက်ခဲ့ပါ” ဟု မိန့်ရာ ဝန်ခံလိုက်ရသည်။ “ငါ့ရှင်၊ အမှုသစ်ပြုရင်း စာသင်ကိစ္စ မလွှတ်နှင့်၊ တရားလည်း နှလုံးသွင်း၊ ရံခါ ကသိုဏ်းပရိကံကိုလည်းပြု” ဟု ထပ်ဆင့်ဩဝါဒကိုလည်း ပေးသည်။

ပင်ပန်းကျိုးကျေ။ ။ မြေနေရာသန့်အောင် အစီအစဉ်တကျ စင်္ကြံနှင့်တကွသောကျောင်း၊ အပန်းဖြေဖို့ ညောင်စောင်း၊ ပျဉ်ထောင်၊ လေထွက်ပြည့်စုံစွာ ဖြည့်စွက်ဆောက်လုပ်ပြီး ဆရာထံသွားကာ ကျောင်းပြီးကြောင်း လျှောက်သည်။ “ငါ့ရှင် ပင်ပန်းရသော ကျောင်းမှာ ယနေ့တရက် ငါ့ရှင်ပင် နားနေကျိန်းစက်ပါ” ဟု အရှင်တိဿသည် အမိန့်အရ ကျောင်းသစ်တွင် တင်ပျဉ်ခွေထိုင်ကာ “ဆရာ့အတွက် ကာယဝေယျာဝစ္စအမှု ကျနအောင် ငါပြုပြီးပေါ့” ဟု ဆင်ခြင်စဉ် ပေါ်လာသော ပီတိခွာ ဝိပဿနာရှုလိုက်ရာ အရဟတ္တဖိုလ်ဆိုက်သွားသည်။ ဝေယျာဝစ္စဖြင့် ခွာသောကိလေသာ တဖန်မလာတော့ပေ။

ကာမစည်းစိမ် မမြိန်ခွာချ။ ။ အရှင်မဟာကဿပသည် ဗြဟ္မာ့ပြည်မှ လာသည့်အားလျော်စွာ ဗြဟ္မာ့ပြည်တွင် စင်နေသော ကိလေသာသည် လူ့ပြည်လာရသော်လည်း အဆက်ပြတ်၍ မဥပါဒ်တော့ပေ။ လူ့ဘဝရရှိနေသော ကာမဂုဏ်ချမ်းသာများကို စွန့်ခွာပြီး ရဟန်းအသွင်ယူ၊ ဘုရားရှိရာအသွား အကြိုလာသောဘုရားရှင်ကို တွေ့မြင်ဦးချ၊ ဗုဒ္ဓ၏ဩဝါဒ (၃) ရပ်ဖြင့် ရဟန်းအဖြစ်ရောက်ကာ (၈) ရက်မြောက်အရုဏ်တွင် ပဋိသမ္ဘိဒါအစုံရ ရဟန္တာဖြစ်သည်။ ဗြဟ္မဘဝခွာချသော ကိလေသာ မလာရတော့ပြီ။

တရား (၅) မျိုး ပယ်ရိုး (၅) ဖုံ

၁။ ကိလေသာကို အခိုက်အတန့်ပယ်သော တဒင်္ဂပဟာန်၊
၂။ ကိလေသာကို ကြာရှည်ပယ်သော ဈာန်သမာပတ်-ဝိက္ခမ္ဘနပဟာန်၊
၃။ ကိလေသာကို အမြစ်ဖြတ်သောမဂ်-သမုစ္ဆေဒပဟာန်၊
၄။ ကိလေသာကို အပူငြိမ်းစေသောဖိုလ်-ပဋိပဿဒ္ဓိပဟာန်၊
၅။ ကိလေသာမှ လွတ်သောနိဗ္ဗာန်-နိဿရဏပဟာန်၊

စာမျက်နှာ-14


ဤသို့လျှင် လောကီ လောကုတ္တရာပဟာန် (၅) မျိုးဖြင့် ကိလေသာများကို သတ်အပ်သည်။

နီဝရဏ (၅) ဖြာ ပယ်နိုင်ရာ အကြောင်းများ

ကာမစ္ဆန္ဒပယ်ကြောင်း။ ။ အသုဘ (၁၀) ပါးသင်ယူ၊ ယင်းတို့ကို ပွားများ၊ ဣန္ဒြေ (၆) ပါး စောင့်စည်း၊ မျှတရုံစားသောက်၊ အသုဘပွားသူကိုမှီဝဲ၊ အသုဘနှင့်စပ်သောစကားကို ပြောဆိုခြင်းများဖြစ်သည်။

ဗျာပါဒပယ်ကြောင်း။ ။ ဩဒိဿက၊ အနောဒိဿက၊ ဒိသာဖရဏ မေတ္တာ (၃) မျိုး တမျိုးမျိုးသင်ယူ၊ ယင်းမေတ္တာပွားများ၊ “သင် သူ့စိတ်ဆိုးတော့ ဘာပြုနိုင်မှာလဲ၊ သူ့သီလစသည်ကို သင်ဖျက်နိုင်ပါ့မလား၊ သင် ကိုယ်ကံနှင့်ကိုယ်လာ၊ ကိုယ်ကံနှင့်ပင် သွားရမှာ၊ သူတပါးစိတ်ဆိုးလျှင် မီးခဲမစင် ကိုင်ပြီး ပစ်သူနှင့်တူသည်၊ ရန်သူက သင့်ကိုစိတ်ဆိုးတော့ ဘာပြုနိုင်မှာလဲ၊ သင့်သီလစသည်ကို သူဖျက်နိုင်ပါ့မလား၊ သူဟာ သူ့ကံနှင့်လာ၊ သူ့ကံနှင့်ပင် သွားရမှာ၊ လက်မခံသော လက်ဆောင်၊ လေညာလွင့်သောဖုန်များလို သူ့ဒေါသ သူ့အပေါ် ပြန်ကျမှာပဲ။” ဤသို့ မိမိသူတပါး ၂-ဦးသား၏ ကံသာ ကိုယ်ပိုင်ဖြစ်ပုံဆင်ခြင်၊ မေတ္တာပွားသူကိုမှီဝဲ၊ မေတ္တာနှင့်စပ်သောစကား ပြောဆိုခြင်းများ ဖြစ်သည်။

ထိနမိဒ္ဓပယ်ကြောင်း။ ။ အစားကျူးခြင်းအပြစ်ကို သင်ယူ၊ ဣရိယာပုထ်ပြောင်းလဲပေး၊ လ နေ ဆီမီးရောင်များကြည့်၊ လွင်ပြင်၌နေ၊ ထိနမိဒ္ဓကင်းသူကို မှီဝဲ၊ ဝီရိယနှင့်စပ်သောစကားကို ပြောဆိုခြင်းများဖြစ်သည်။

ဥဒ္ဓစ္စကုက္ကုစ္စပယ်ကြောင်း။ ။ ဗဟုသုတများစေ၊ အရာရာမေးမြန်း၊ ဝိနည်းနားလည်အောင်လေ့လာ၊ အရွယ်ကြီးသူဆည်းကပ်၊ ဝိနည်းဓိုရ် ဆည်းကပ်၊ သင့်မသင့်နှင့်စပ်လျောက်ပတ်သောစကား ပြောဆိုခြင်းများ ဖြစ်သည်။

ဝိစိကိစ္ဆာပယ်ကြောင်း။ ။ ရတနာ (၃) ဖြာ ကြည်ညိုမှုများစေ၊ သဒ္ဓါရှိသူဆည်းကပ်၊ ရတနာ (၃) ပါးနှင့်စပ်လျောက်ပတ်သောစကားကို ပြောဆိုခြင်းများ ဖြစ်သည်။ ဤဝဂ်မှာ ဝိဂတာဝရဏဋ္ဌကထာ ဖြစ်သည်။

စာမျက်နှာ-15


၃ - အကမ္မနိယဝဂ်

ရဟန်းတို့၊ (ဘာဝနာစွမ်းအားဖြင့်) မပွားများအပ်သေးသော (ဝဋ်ဆင်းရဲနှင့်စပ်သော) ဤလောကီစိတ်သည် (ဈာန်ဝိပဿနာမဂ်ဖိုလ် နိဗ္ဗာန်ရောက်အောင်) ပြုခြင်းငှာ မသင့်လျော် မလွယ်ကူသကဲ့သို့ အလားတူ မလွယ်ကူသော အခြားတခုသော တရားကိုမျှလည်း ငါမမြင်၊ မပွားများအပ်သေးသော စိတ်သည် ပြုခြင်းငှာ မသင့်လျော် မလွယ်ကူ။

ပွားများအပ်ပြီးသော (ဝဋ်ကင်းသော လောကုတ္တရာ) စိတ်သည် ပြုခြင်းငှာ သင့်လျော်လွယ်ကူသည်။

မပွားများအပ်သေး၊ ထင်ရှားမဖြစ်သေး၊ အဖန်ဖန်မလေ့လာအပ်သေးသော စိတ်သည် များစွာအကျိုးမဲ့ဖြစ်ခြင်းငှာ ဖြစ်၏၊ ဆင်းရဲဒုက္ခကို ဆောင်၏။ ပွားများအပ်ပြီး၊ ထင်ရှားဖြစ်ပြီး၊ အဖန်ဖန်လေ့လာအပ်ပြီးသော စိတ်ကား များစွာအကျိုးရှိခြင်းငှာဖြစ်၏၊ ချမ်းသာသုခကို ဆောင်၏ဟု မိန့်။

လိုရင်းအချုပ်မှာ။ ။ လောကီစိတ်သည် ဝဋ်နှင့်စပ်နေသဖြင့် ဘာဝနာမပါလျှင် ဈာန်မဂ်ဖိုလ်မရနိုင်၊ အကျိုးစီးပွားမဲ့၍ ဆင်းရဲသို့သာ ပို့ပေးသည်၊ လောကုတ္တရာစိတ်သည်သာ ဝဋ်ကင်းပြီး အကျိုးဖြစ်နိုင်၊ ချမ်းသာဆောင်နိုင်သည် ဟူလို။

ဤနေရာ၌ သိသင့်သော (၄) မျိုးမှာ-

၁။ ဝဋ် - ဘုံသုံးပါး၌ဖြစ်သော လောကီစိတ် စေတသိက်ရုပ်များ၊
၂။ ဝဋ္ဋပါဒ - ဝဋ်ရကြောင်း ကုသိုလ်၊ အကုသိုလ်ကံ၊
၃။ ဝိဝဋ် - မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာတရား ၉-ပါး၊
၄။ ဝိဝဋ္ဋပါဒ - ဝဋ်မှလွတ်ကြောင်း မဂ္ဂင် (၈) ပါးတို့ဖြစ်သည်။

များစွာအကျိုးမဲ့ဖြစ်ခြင်းငှာ။ ။ လူ၊ နတ်၊ ဗြဟ္မာ စည်းစိမ်ချမ်းသာများကို လောကီကုသိုလ်ကံက ပေးနိုင်သော်လည်း ရုပ်နာမ်ခန္ဓာရ မီး (၁၁) ပါး အဖန်ဖန်အလောင်ခံရသဖြင့် ဆင်းရဲအစုသာဖြစ် ဆင်းရဲကိုသာ ဆောင်သည်။ လောကီတရားသည် ဝဋ်နှင့်စပ်နေသဖြင့် မဂ်ဖိုလ်နိဗ္ဗာန်သို့ မပြေးဝင်နိုင်သောကြောင့် ထင်ရှားမရှိသေးသော စိတ်ဖြစ်ရသည်။

စာမျက်နှာ-16


၄ - အဒန္တဝဂ်

မဆုံးမအပ်သော ဤစိတ်သည် များစွာအကျိုးမဲ့ဖြစ်ခြင်းငှာ ဖြစ်သကဲ့သို့ အလားတူဖြစ်သော အခြားတခုသော တရားကိုလည်း ငါမမြင်၊ မဆုံးမအပ်သော စိတ်သည် များစွာအကျိုးမဲ့ခြင်းငှာဖြစ်၏၊ ဆုံးမအပ်သော စိတ်သည်သာ များစွာအကျိုးရှိခြင်းငှာ ဖြစ်၏။

မလုံခြုံစေအပ်၊ မစောင့်ရှောက်အပ်၊ မပိတ်အပ်သော စိတ်သည် များစွာအကျိုးမဲ့၊ လုံခြုံစေအပ်သော စိတ်စသည်သာ အကျိုးရှိ-မိန့်။

၅ - ပဏိဟိတအစ္ဆဝဂ်

မကောင်းသဖြင့် ထားအပ်သော (စူးအောင် ဆူးဖျားကို အထက်ထောင်မထားသော) သလေး၊ မုယောစပါး ဆူးများကို လက်ဖြင့်နှိပ် ခြေဖြင့်နင်းသော်လည်း လက်ခြေကိုစူး၊ သွေးကိုဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းမရှိ၊ ဆူးကိုမကောင်းသဖြင့် ထားအပ်သောကြောင့်တည်း။

ဤအတူပင် ရဟန်းသည် မကောင်းသဖြင့် ထားအပ်သော စိတ်ဖြင့် အဝိဇ္ဇာ (သစ္စာ ၄-ပါး) ကို မသိအောင် ဖုံးသော မောဟကိုဖျက်၊ ဝိဇ္ဇာ (အရဟတ္တမဂ်ဉာဏ်) ကို ဖြစ်စေလတ္တံ့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းမရှိ၊ စိတ်ကို မကောင်းသဖြင့် ထားအပ်သောကြောင့်တည်း။

ကောင်းစွာထားအပ်သော်သာ စပါးဆူးများသည် နှိပ်နင်းသော လက်ခြေကိုစူး၊ သွေးထွက်စေမည်၊ ဤအတူ အထားကောင်းသော စိတ်ဖြင့်သာ အဝိဇ္ဇာကို ခွဲဖျက်၊ ဝိဇ္ဇာကို ဖြစ်စေမည့် နိဗ္ဗာန်ကို မျက်မှောက်ပြုပေမည်-မိန့်။

အဓိပ္ပာယ်သုံးမျိုး။ ။ ရှည်လျားသော သုတ်များကို ဤသို့ပင် ချုံးပြပါမည်၊ ဥပမာဖြင့် အဓိပ္ပာယ်ကို ခြံရံပြထား၏၊ ဝဋ်နှင့်စပ်သော စိတ်ကို ရည်၍ “မကောင်းသဖြင့် ထားအပ်သောစိတ်” ဟု မိန့်သည်။

ကုသိုလ်ငယ်ပေမယ့် နိဗ္ဗာန်ထိ နယ်ကျယ်သည်။ ။ ကြမ်းတမ်းကြီးမားသော ဆူးကြီးများ ရှိသော်လည်း ငယ်သော်မှ နိဗ္ဗာန်နယ်အထိ စွမ်းနိုင်ပုံပြလို၍ စပါးဆူးများကို ဥပမာယူသည်၊ မှန်၏။ သိမ်မွေ့အားသေးသော စပါးဆူးဖြစ်စေ၊ အခြားဆူးကြီးများဖြစ်စေ စူးအောင်ထောင်မထားလျှင် မစူး၊ သွေးမထွက်၊ စူးအောင်ထားမှ စူးနိုင်သည်။ ဤအတူ မြက်ထုပ်အလှူမျိုးဖြစ်စေ၊ ထမင်းရေချောင်းစီး ဝေလာမပုဏ္ဏားကြီးအလှူမျိုးဖြစ်စေ ဝဋ်စည်းစိမ် တောင့်တလျှင်...

စာမျက်နှာ-17


စိတ်ထားမကောင်း၍ ဝဋ်ကိုသာ ရမည်။ “ဣဒံ မေ ဒါနံ အာသဝက္ခယာဝဟံ ဟောတု” - ဝဋ်ကင်းအောင် တောင့်တလျှင် စိတ်ထားကောင်း၍ အရဟတ္တမဂ်ဖိုလ်ဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ သဗ္ဗညုတဉာဏ်အထိ ပေးနိုင်သည်။

၃။ ဤလောက၌ (ဒေါသကြောင့်) စိတ်ပျက်စီးသူအချို့ကို ငါဘုရား ဤသို့သိ၏။ ဤသူ ဤအချိန် အကယ်၍ သေအံ့၊ ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ငရဲရောက်ရမည်သာ၊ ထိုသူ၏ စိတ်ပျက်စီးသောကြောင့်တည်း။

၄။ သဒ္ဓါတရားကြောင့် စိတ်ကြည်လင်သူအချို့ သေသွားလျှင်လည်း စိတ်ကြည်လင်သောကြောင့် နတ်ပြည်သို့ ရောက်ရမည်ကို ငါဘုရားသိ၏။

၅။ ယောက်ျားသည် နောက်ကျု၍ ဗွက်ခပ်ကာ ညွန်အနယ်ထသော ရေအိုင်ကမ်းနား၌ ရပ်၍ ရေအတွင်းရှိသော ယောက်သွား၊ ခရု၊ ကျောက်စရစ်၊ အိုးခြမ်းကွဲနှင့် ငါးအပေါင်းကို ရေနောက်ကျုနေသောကြောင့် မမြင်နိုင်သကဲ့သို့ ရဟန်းသည် နောက်ကျုသောစိတ်ဖြင့် ကိုယ်ကျိုးသူကျိုးအစုံကို သိလတ္တံ့၊ လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို သိလတ္တံ့၊ ဤအကြောင်းမရှိ၊ စိတ်နောက်ကျုနေခြင်းကြောင့်တည်း။

၆။ ကြည်လင်သန့်ရှင်းသော ရေ၌ကြည့်သောယောက်ျားသာ ခရုစသည်ကို ရေမနောက်သောကြောင့် မြင်နိုင်သကဲ့သို့ မနောက်ကျုသော စိတ်ရှိသော ရဟန်းသည်လည်း စိတ်မနောက်သောကြောင့်သာ ကိုယ်ကျိုးစသည်များကို ဈာန်မဂ်ဖိုလ်အထိ သိနိုင်သည်-မိန့်။

ကိုယ်ကျိုးသူကျိုးစသည်။ ။ ပစ္စုပ္ပန်၊ တမလွန်၊ လောကီ၊ လောကုတ္တရာကျိုးများ အားလုံးတည်း။ ကုသလကမ္မပထ တရား ၁၀-ပါးသည် သင်ကြားဆောက်တည်စေသူ မရှိသော်လည်း (၁၀) နှစ်တမ်း သန္တရကပ်ဆိုက်လျှင် သံဝေဂရသူလူများ အလိုလိုဆောက်တည် ကျင့်သုံးနိုင်၍ မနုဿဓမ္မ လူ့ကျင့်ဝတ်တရားမည်သည်။ ထို့ကြောင့် ဈာန်ဝိပဿနာ မဂ်ဖိုလ်တရားတို့သာ လွန်မြတ်ကြသည်။

၇။ သစ်ပင်ရှိသမျှတို့တွင် ကြို့ပင်ကို နူးညံ့ခြင်း ပြုဖို့ရာ သင့်လျော် လွယ်ကူခြင်းကြောင့် အကောင်းဆုံးဟု ဆိုအပ်သကဲ့သို့ သမထ ဝိပဿနာနှင့် စပ်၍ ပွားများအပ်၊ အဖန်ဖန် လေ့လာမှု ပြုအပ်ပြီးသော ဤစိတ်သည် နူးညံ့ပြုခြင်းငှာ သင့်လျော် လွယ်ကူသည်၊ အလားတူ လွယ်ကူသော အခြားတခုသော တရားကိုမျှလည်း ငါမမြင်၊ ယင်းစိတ်သာ နူးညံ့၍ ပြုဖို့ သင့်လျော်လွယ်ကူသည်။ (အဘိညာဉ်၏ အခြေခံစတုတ္ထဈာန်စိတ်ကို နူးညံ့လွယ်ကူသော စိတ်ဟု ကုရုန္ဒကဝါသီ ဖုဿမိတ္တထေရ် မိန့်သည်။)

စာမျက်နှာ-18


၆ - အစ္ဆရာသင်္ဃာတဝဂ်

ဤစိတ်နှင့်အလားတူ လျင်မြန်ပြောင်းလဲသော အခြားတခုသော တရားကိုမျှလည်း ငါမမြင်၊ စိတ်သည် အလွန်လျင်မြန်စွာ ပြောင်းလဲ၏၊ ဥပမာ ပြုမလွယ်။

၉-၁၀။ ပြိုးပြိုးပြက် တောက်ပသော ဘဝင်စိတ်သည် (အကုသိုလ်ဇောခဏ၌) ဧည့်သည်ပမာ ညစ်ညူးကြောင်း ကိလေသာတို့ကြောင့် ညစ်ညူးရ၏။ (ကုသိုလ်ဇောခဏ၌) ယင်းကိလေသာတို့မှ ကင်းလွတ်၏။

ဥပမာပြုမလွယ်။ ။ ကပ်ကမ္ဘာတခု အချိန်ကြာပုံကို တယူဇနာရှိသောတောင်၊ မုန်ညင်းစေ့အပြည့်ထားသော တယူဇနာရှိမြို့တို့ဖြင့်လည်းကောင်း၊ ငရဲဒုက္ခကို လှံ (၇၀၀) အထိုးခံရသော ဥပမာဖြင့်လည်းကောင်း၊ နတ်စည်းစိမ်ကို စကြာမင်းစည်းစိမ်ဖြင့်လည်းကောင်း ဥပမာပြသည်ကား အမေးရှိ၍ ပြသည်၊ ဤသုတ်၌ အမေးမရှိ၍ မပြ၊ ဖြစ်သင့်သမျှ ပြလျှင် ရကောင်းသည်သာ။

တောက်ပသောဘဝင်။ ။ မိဘများကား သီလစသော မိကောင်းဖခင်တို့ပင် ဖြစ်သော်လည်း သားသမီးဆိုးများကြောင့် “မိမဆုံးမ ဖမဆုံးမကလေးတွေ” ဟု ရပ်ကွက်က ပြစ်တင်ခံရသောအခါ မိဘပါ ထိလာသည်၊ ဖြူစင်သော မိဘများကား ဘဝင်စိတ်၊ သားသမီးဆိုးများကား လောဘစသော အကုသိုလ်ဇောစိတ်များနှင့် တူကြသည်။

သားသမီးကောင်းတို့ကြောင့် မိဘဂုဏ်တက်သလို မဟာကုသိုလ် တိဟိတ်ဇောစသည်တို့နှင့် စပ်၍ မူလဘဝင်စိတ်သည် ဂုဏ်တက်ကာ ကိလေသာမှ လွတ်ရသည်။

၁။ (အကုသိုလ်ဇောခဏ၌) ဧည့်သည်ပမာ ကိလေသာတို့ကြောင့် ဘဝင်စိတ် ညစ်ညူးရကြောင်းကို မကြားမမြင် ပုထုဇဉ်သည် အမှန်မသိခြင်းကြောင့် ပုထုဇဉ်ပုဂ္ဂိုလ်အား စိတ်ကို ပွားများခြင်းမရှိဟု ငါဘုရားဆို၏။

၂။ (ကုသိုလ်ဇောခဏ၌) ဧည့်သည်ပမာ ကိလေသာတို့မှ ဘဝင်စိတ် ကင်းလွတ်ရကြောင်းကို မြင်ကြားပြည့်ဝ (မဂ်ဖိုလ်ရသူဟူသမျှ) အရိယာသာဝကသည် အမှန်သိခြင်းကြောင့် အရိယာသာဝကအား စိတ်ကိုပွားခြင်း ရှိ၏ဟု ငါဘုရားဆို၏။

မကြားမမြင် ပုထုဇဉ်။ ။ ရူပါယတနစသည်ကို အမှန်သိသော ယထာဘူတဉာဏ် ဟူသော အာဂုံပရိယတ်၊ ပဋိပတ်ဖြင့် ရအပ်သော ထိုးထွင်းသိမှု ပဋိဝေဓဟူသော အကြားအမြင် ပုထုဇဉ်၌ မရှိပေ။

စာမျက်နှာ-19


ပုထုဇဉ်မည်ပုံနှင့်အပြား။ ။ ကိလေသာများစွာကို ဖြစ်စေတတ်၍ ပုထုဇဉ်၊ သက္ကာယဒိဋ္ဌိ မပယ်ရသေး၍ ပုထုဇဉ်၊ ဆရာများစွာ ကိုးကွယ်မှု ရှိနိုင်သေး၍ (အရိယာများ၌ ဘုရားမှတပါး ဆရာမရှိပြီ) ပုထုဇဉ်၊ ဂတိငါးဖြာ မလွှတ်နိုင်သေး၍ (အရိယာများ၌ တိရစ္ဆာန်၊ ပြိတ္တာ၊ ငရဲ ဂတိ ၃-ပါးလွှတ်၍ လူ၊ နတ် ဂတိ ၂-ပါးသာ ကျန်တော့၏။ ရဟန္တာ၌ ဂတိလုံးဝမရပြီ။) ပုထုဇဉ်၊ သင်္ခါရအစုံ ပြုကုန်သေး၍ ပုထုဇဉ်၊ ဩဃဝယ် လည်နေကြ၍ ပုထုဇဉ်၊ ကိလေသာအပူမိနေကြ၍ ပုထုဇဉ်၊ ကိလေသာမီး အလောင်ခံနေကြရ၍ ပုထုဇဉ်၊ ကာမဂုဏ်ငါးဖြာ တွယ်တာခုံမင်ကြ၍ ပုထုဇဉ်၊ နီဝရဏ မျက်နှာဖုံး စွပ်ဖုံးခံကြရ၍ ပုထုဇဉ်၊ အထက်တန်းစား တရားများ မျက်ကွယ်ပြု အောက်တန်းစား တရားအားထုတ်သူများတွင် ပါဝင်၍ ပုထုဇဉ်၊ သီလ သုတ ပြည့်ဝစုံလင် သူတော်စင် အရိယာတို့နှင့် မရောဘဲ သီးခြားသောသူများဖြစ်၍ ပုထုဇဉ်မည်သည်။ အန္ဓ၊ ကလျာဏပုထုဇဉ် ၂-ဦးတွင် အန္ဓပုထုဇဉ်ကို ဟောတော်မူသည်။

အရိယာသာဝကနှင့်စပ်၍ ပုဂ္ဂိုလ် ၄-ရပ်

၁။ အရိယာဖြစ်သော်လည်း သာဝကမဟုတ် - ဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓါများ၊
၂။ သာဝကဟုတ်ပေမယ့် အရိယာမဖြစ် - ဗုဒ္ဓဘာသာဝင် ပုထုဇဉ်ရှင်လူအများ၊
၃။ အရိယာလည်း မဖြစ်၊ သာဝကလည်း မဟုတ် - သာသနာပြင်ပ တိတ္ထိများ၊
၄။ အရိယာလည်း ဖြစ်၊ သာဝကလည်း ဟုတ် - အရိယာ ဘုရားသားသမီးများ။
အကြားအမြင်ရှိမှုနှင့်စပ်၍ ဆိုအပ်ရကား ဤ၌အကြားအမြင်ရှိသော လူရှင်အားလုံး အရိယာသာဝကမည်သည်။

၃-၄-၅။ လက်ဖျစ်တတွက်ခန့်မျှ မေတ္တာနှင့်ယှဉ်သောစိတ်ကို မှီဝဲပွားများနှလုံးထားသော ရဟန်းသည် ဈာန်မဆိတ်သုဉ်းဘဲနေသူ၊ ဘုရားသွန်သင်မှုလိုက်နာနေသူ၊ ဆုံးမမှုလိုက်နာနေသူ၊ လုပ်သားပြည်သူတို့အလှူ ဆွမ်းအကျိုးရှိအောင်စားသူဟု ဆိုထိုက်၏။ မေတ္တာနှင့်ယှဉ်သောစိတ်ကို အဖန်ဖန် လေ့လာမှုပြုကုန်သော ရဟန်းတို့ကိုမူကား အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်း။

ရွှေမေတ္တာ အကြောင်းရှိ၍ဟောရာ။ ။ ဤတတိယ မေတ္တာဒေသနာကား အဂ္ဂိက္ခန္ဓောပမသုတ်ကို ဟောမှုနှင့်စပ်၍ ထပ်ဟောရသောသုတ်ဖြစ်သည်၊ ဆောင်ရွက်မြဲ ဗုဒ္ဓကိစ္စငါးပါး ဆောင်ရွက်လျက် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် ဟောကြားသည်။

စာမျက်နှာ-20


ဆောင်ရွက်မြဲ ဗုဒ္ဓကိစ္စ ၅-ပါးမှာ
ပုရေဘတ္တကိစ္စ - နံနက်ပိုင်းလုပ်ငန်း။ ။ နံနက်စောစောထ၊ အလုပ်အကျွေးကို ချီးမြှောက်ဖို့ ကိုယ်လက်သုတ်သင်၊ မျက်နှာတော်သစ်ခြင်းစသည်ပြု၊ ဆွမ်းခံချိန်မတိုင်မီ ဆိတ်ငြိမ်ရာနေ၊ အချိန်ရောက်သော် ရံခါတပါးတည်း၊ ရံခါသံဃာပါ၊ ရံခါရိုးရိုး၊ ရံခါတန်ခိုးပြာဋိဟာဖြင့် ရွာနိဂုံး ဆွမ်းခံကြွတော်မူသည်။

ကြည်ညိုစဖွယ် ဆွမ်းခံကြွသော ဘုရားရှင်ရှေ့က လေနုအေးတိုက်၍ မြေတန်ခိုးအသွယ်သွယ် သုတ်သင်၊ ဖုန်မထင်အောင် တိမ်တိုက်မှ ရေပေါက်ကျ၊ အချို့လေက ပန်းမွေ့ရာခင်း မြေညှိကျ၊ အတွေ့ကောင်းအောင် ပဒုမ္မာကြာများက ခြေတော်ခံ၊ ရောင်ခြည်တော် ၆-သွယ်လွှတ်၊ ဆင်၊ မြင်း၊ နွားစသည်များ ကိုယ့်နေရာကပင် သာယာစွာ တွန်ကြ၊ တူရိယာများလည်း အသံထွက်မြည်ကြ၊ ထိုအမှတ်ဖြင့် ဘုရားရှင်ဆွမ်းခံကြွကြောင်း လူများသိကြသည်။

သိကြသဖြင့် ဝတ်စားဆင်ယင်၍ လမ်းမထွက် လှူဒါန်းပူဇော်ကြ၊ သံဃာ ၁၀-ပါး၊ အပါး ၂၀၊ အပါး ၅၀၊ အပါး ၁၀၀ တောင်း၍ ပင့်ကပ်ကြ၊ ဘုရားသပိတ်ယူ ထည့်ကပ်ကြ၊ ဘုရားရှင် ဘုဉ်းပေးပြီး ဥပနိဿယ စိတ်အစဉ်ကြည့်တရားဟော၊ သရဏဂုံတည် သီလစသည်ရ၊ အချို့ သောတာပန်စသည်ဖြစ်ကြ၊ ကျောင်းတော်ပြန်၊ သံဃာစောင့်ရင်း တန်ဆောင်းဝန်း ဘုရားနေရာတော်၌ထိုင်၊ သံဃာစုံမှထ၍ ဂန္ဓကုဋီ ကြွတော်မူသည်။

ပစ္ဆာဘတ္တ - နေ့လယ်နှင့် ညနေချမ်းလုပ်ငန်း။ ။ ဂန္ဓကုဋီတွင်းမဝင်မီ ခြေဆေးခုံ၌ ခြေတော်ဆေးရင်း သံဃာအား “သတိနှင့် ပြည့်စုံကြ၊ ဘုရားပွင့်ချိန် ကြုံရခဲ၊ အဖြစ်ရခဲ၊ ခဏပြည့်စုံခဲ၊ ရှင်ရဟန်းဘဝရခဲ၊ တရားနာရခဲသည်” ဟု ဤသို့ ဩဝါဒပေးကာ ကမ္မဋ္ဌာန်းတောင်းသူများကိုလည်း ပေးပြီး ဂန္ဓကုဋီဝင်၊ လိုလျှင်သတိ ပညာရှိလျက် လက်ယာနံတောင်း စောင်းတော်မူသည်၊ ၃-ပုံ ၁-ပုံအချိန်ပြည့်၍ သက်သာလျှင် ထတော်မူ၊ ဒုတိယအချိန်ပိုင်းတွင် လောကကို ကြည့်တော်မူသည်၊ တတိယအချိန်ပိုင်း၌ကား ရွာနိဂုံးမှ ရောက်လာကြသူ ဒါယကာ ဒါယိကာမများရှိရာ ဓမ္မသဘင်ကြွ၊ တရားချီးမြှောက်တော်မူသည်။

ပုရိမယာမ - ညဉ့်ဦးယံလုပ်ငန်း။ ။ တရားနာ ပရိသတ်များ ပြန်သွားကြသော် အလိုတော်ရှိက နေရာမှထပြီး ရေချိုးခန်းကြွ၊ အလုပ်အကျွေး စီစဉ်ထားသော ချိုးရေကို သုံးသပ်၊ ဥတုယူတော်မူသည်၊ အလုပ်အကျွေးကလည်း ဘုရားနေရာတော်ယူကာ ဂန္ဓကုဋီပရိဝုဏ်၌ ခင်းအပြီး ဘုရားရှင်ကြွလာ၊ တပါးတည်း သီတင်းသုံးခိုက် ထိုထိုအရပ်မှ ရဟန်းများ ရောက်လာပြီး ပုစ္ဆာမေးလျှောက်ကြ၊ ကမ္မဋ္ဌာန်းတောင်းကြ၊ တရားနာကြသည်။

စာမျက်နှာ-21


မဇ္ဈိမယာမ (သန်းခေါင်ယံအချိန်)။ ။ တရားနာ ရဟန်းတော်များ ပြန်ကြပြီးနောက် လောကဓာတ် တစ်သောင်းမှ နတ်ဗြဟ္မာများ ရောက်လာကြကာ ပုစ္ဆာမေးမြန်းခြင်း၊ တရားနာယူခြင်းများ ပြုလုပ်ကြသည်။ ဤအချိန်ကား လူများနှင့် မဆက်ဆံသော သီးခြားအချိန်ပင် ဖြစ်သည်။
ပစ္ဆိမယာမ (မိုးသောက်ယံအချိန်)။ ။ ဤအချိန်ကို ၃ ပုံ ပုံ၍-
ပထမအပုံ: ဣရိယာပုထ် အညောင်းအညာပြေစေရန် စင်္ကြံကြွတော်မူသည်။
အလယ်ပုံ: သတိသမ္ပဇဉ်ယှဉ်လျက် လက်ယာနံတောင်း လျောင်းစက် အနားယူတော်မူသည်။
တတိယအပုံ: ကျွတ်ထိုက်သော ပါရမီရှင်များကို ရွှေဉာဏ်တော်ကွန်ရက်ဖြင့် ဖြန့်ကြက်ကြည့်ရှုတော်မူသည်။

အဂ္ဂိက္ခန္ဓောပမသုတ် ဟောကြားခြင်း။ ။ ဤနေ့အတွက် ကောသလတိုင်းသို့ ဒေသစာရီကြွစဉ် သစ်ပင်ခေါင်းကြီး မီးလောင်နေသည်ကို မြင်ရသဖြင့် “တရားဟောအံ့” ဟု ကြံပြီး သစ်ပင်ရင်း၌ အဂ္ဂိက္ခန္ဓောပမသုတ် ကို ဟောကြားတော်မူသည်။ တရားအဆုံးတွင်-
ရဟန်း (၆၀) အရဟတ္တဖိုလ်ရ၍ ရဟန္တာ ဖြစ်ကြသည်။
ရဟန်း (၆၀) သံဝေဂကြီးစွာရသဖြင့် သွေးအန် ကြသည်။
ရဟန်း (၆၀) သိက္ခာကို ဆက်လက်မစောင့်နိုင်တော့ဟု ယူဆကာ လူထွက် ကြသည်။

တရားနာကျိုး။ ။ သီလရှိသူ ရဟန်း (၆၀) မှာ ရဟန္တာဖြစ်သကဲ့သို့၊ ပါရာဇိကကျ၍ သွေးအန်သူများသည်လည်း သံဝေဂရကာ သာမဏေဘဝယူ၍ (၁၀) ပါးသီလစောင့်ထိန်းရင်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ကြကာ အချို့ နတ်ပြည်သို့ ရောက်ကြသည်။ ခုဒ္ဒါနုခုဒ္ဒက အာပတ်ငယ်သင့်သူ ရဟန်းများမှာလည်း လူထွက်၍ သရဏဂုံသီလ ဆောက်တည်ကာ အနာဂါမ်အထိ ဖြစ်ကြသည်။ ဘုရားရှင်သည် ဤသို့သော အကျိုးတရားများကို မြင်တော်မူ၍သာ တရားဟောခြင်းဖြစ်သည်၊ သွေးအန်စေရန် ရည်ရွယ်၍ ဟောခြင်းမဟုတ်ပါ။

(၁၅) ရက် တစ်ပါးတည်း သီတင်းသုံးခြင်း။ ။ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ပြန်ရောက်စဉ်-

“ကြွခဲ့သော ခရီးစဉ်တွင် ပရိသတ်စည်ပင်စွာ အကြာကြီးနေခဲ့ပြီးပြီ၊ ယခုအခါမှစ၍ တစ်ပါးတည်း (၁၅) ရက် နေလိုသည်၊ ဆွမ်းပို့သူတစ်ဦးမှအပ မည်သူမျှ ငါဘုရားထံ မလာရ”

ဟု မိန့်တော်မူသည်။ ယင်းအဂ္ဂိက္ခန္ဓောပမသုတ်ကို နတ်များလည်း ကြားနာကြရပြီး ရဟန်းတော်များကိုလည်း ပြန်လည်လျှောက်ထားသဖြင့် “သာသနာမှာ တစ်သက်တာ သန့်ရှင်းစွာနေဖို့ မလွယ်ကူပါတကား” ဟု သံဝေဂရကာ ရဟန်းအပါး (၁၀)၊ (၂၀)၊ (၆၀) မှသည် ရာနှင့်ချီ၍ လူ့ဘောင်သို့ ပြန်လည်ကူးပြောင်းကြကုန်သည်။

စာမျက်နှာ-22


မြတ်ဗုဒ္ဓ၏ ဓမ္မသံဝေဂ။ ။ (၁၅) ရက်တပါးတည်း သီတင်းသုံးအပြီးတွင် အရှင်အာနန္ဒာနှင့် ကျောင်းစဉ်ကြည့်လတ်သော် သံဃာမရှိသည်ကိုမြင်၍ ဘုရားရှင်သည် သိတော်မူလျက်ပင် အရှင်အာနန္ဒာအား “ဟိုအချိန်က ကျောင်းများတွင် သံဃာပေါများ၊ ယခုပါး၏၊ ရှိသောသံဃာများလည်း ဖျော့တော့ကြုံလှီသော အရေအဆင်း ရှိကြသည်၊ အကြောင်း မည်သို့ရှိသနည်း” ဟု မေးတော်မူရာ “အဂ္ဂိက္ခန္ဓောပမ သုတ်ကြားနာပြီး ‘သာသနာမှာ ကောင်းစွာကျင့်ဖို့မလွယ်၊ မကျင့်နိုင်ကလည်း သဒ္ဓါဒေယျဆွမ်း စားဖို့မသင့်’ ဤသို့သံဝေဂရ လူထွက်ကြသဖြင့် သံဃာနည်းပါသည်” ဟု လျှောက်ထားချက်တွင် ဘုရားရှင် ဓမ္မသံဝေဂ ရတော်မူသည်။

သာသနာမှာ “ငါဘုရား တပါးတည်း နေစဉ် ငါ့သားတော်တွေ သက်သာရာရကြောင်း ဓမ္မသဘော၊ မည်သူမျှ မဟောကြ၊ ဟောသင့်ကြ၏၊ သမုဒ္ဒရာသို့ဆင်းရာ သိပ်များသလို ငါဘုရား သာသနာမှာလည်း သက်သာရာအကြောင်းတို့ များကြသည်၊ အာနန္ဒာ၊ ယခုသွား၊ ဂန္ဓကုဋီပရိဝုဏ်မှာ ငါဘုရားနေရာခင်း၊ သံဃာကို ခေါ်လိုက်” ဟု ဘုရားရှင်မိန့်သဖြင့် အစီအစဉ်ပြုရာ ရောက်လာသောသံဃာအား “ချစ်သားတို့၊ အပ္ပနာဘာဝနာ၊ ဥပစာရဘာဝနာ မဟုတ်စေကာမူ မေတ္တာဆိုင်ရာ အနည်းငယ်မျှ ပွားများမှုအဖို့သည်ပင် သတ္တဝါတို့အား ချမ်းသာစီးပွားဖြစ်သည်သာ”၊ ဤစူဠအစ္ဆရာသံဃာတသုတ်ကို (အဂ္ဂိက္ခန္ဓောပမသုတ် ဖြစ်လာမှုကြောင့်) ဘုရားရှင် ဟောမိန့်သည်။

ဩဝါဒနှင့် အနုသာသနီ။ ။ ဩဝါဒ-ဆုံးမခြင်း၊ အနုသာသနီ- သွန်သင်ခြင်း ၂-မျိုး ရှိရာ တကြိမ်ဆိုခြင်းသည် ဩဝါဒ၊ အကြိမ်ကြိမ် ဆိုခြင်းသည် အနုသာသနီမည်သည်၊ မျက်မှောက်ဆိုခြင်း-ဩဝါဒ၊ စေလွှတ်၍ မျက်ကွယ်ဆိုခြင်း အနုသာသနီ၊ အကြောင်းဆိုက်လာ၍ ဆိုခြင်း ဩဝါဒ၊ အကြောင်းဆိုက်မဆိုက် အစဉ်အလာဖြစ်စေလို၍ ဆိုခြင်း-အနုသာသနီ၊ ဤသို့ထူးသည်၊ ဧကန်ဆတ်ဆတ် ပရမတ်အားဖြင့်ကား မထူးခြားပါ။

ပြည်သူ့ဆွမ်းစားမှု။ ။ မိဘဆွေမျိုးများ ပယ်ပြီး ပြည်သူ့အား ကိုးကာ ရဟန်းပြုသဖြင့် သူတပါးအိမ်မှ ရသော ဆွမ်းသည် တိုင်းပြည်ဆွမ်းမည်သည်။
၁။ ဒုဿီလသံဃာ၏သုံးစားခြင်းသည် ထေယျပရိဘောဂ = ခိုးစားခြင်းမည်သည်။

၂။ သီလရှိသူပင်ဖြစ်သော်လည်း မဆင်ခြင်ပဲ သုံးစားခြင်းသည် ဣဏပရိဘောဂ = ချေး၍ ကြွေးစားခြင်းမည်သည်။

စာမျက်နှာ-23


၃။ အောက်အရိယာ ၇-ဦးတို့၏ စားခြင်းသည် ဒါယဇ္ဇပရိဘောဂ = အမွေခံဖြစ်၍ စားခြင်းမည်သည်။
၄။ ရဟန္တာဖြစ်၍ သုံးစားခြင်းသည် သာမိပရိဘောဂ = ကိုယ်ပိုင်ပစ္စည်း စားခြင်းမည်သည်။

၅။ မေတ္တာရှင်၏ လက်ဖျစ်တတွက်ခန့်မျှ မေတ္တာစိတ်စွဲ မှီဝဲပွားများ နှလုံးထားသော သုံးစွဲစဉ် ၂-မျိုး ရဟန်းသည် ပြည်သူ့ဆွမ်းကို စားပိုင်ခွင့်ရှိပြီဖြစ်၍ ကြွေးမြီမတင်၊ အမွေခံဝင်အဖြစ် စားသုံးနိုင်သည်၊ မေတ္တာရှင်ရဟန်းအား လှူဒါန်းခြင်းသည်လည်း အကျိုးများလှ၏၊ အမှတ် ၄-၅ သုတ်အရ ပွားများ နှလုံးထားခြင်းသည် မှီဝဲခြင်းနှင့် အတူပင်။

၆။ အကုသိုလ်ကိုမှီ၍ဖြစ်၊ အကုသိုလ်အသင်းဝင် ဖြစ်ကုန်သော အကုသိုလ်အားလုံးတို့သည် စိတ်သာလျှင် ရှေ့သွားရှိကုန်၏၊ ထိုတရားတို့တွင် စိတ်သည် ရှေးဦးစွာဖြစ်၏၊ အကုသိုလ်တရားတို့သည် အတူတကွ လိုက်၍သာ ဖြစ်ကုန်၏။

၇။ ကုသိုလ်ဆိုင်ရာဤအတူ မိန့်။

၈။ မေ့လျော့ခြင်းပမာဒတရားသည် မဖြစ်သေးသော အကုသိုလ်တို့ ဖြစ်ကြောင်း၊ ဖြစ်ပြီး ကုသိုလ်တရားတို့ ဆုတ်ယုတ်ကြောင်းဖြစ်သကဲ့သို့ အလားတူဖြစ်သော အခြားတခုသောတရားကိုမျှ ငါမမြင်။

၉။ မမေ့မလျော့ခြင်း အပ္ပမာဒတရား အပြန်အားဖြင့် မိန့်။
၁၀။ ပျင်းရိခြင်း ကောသဇ္ဇတရား ပမာဒအတူမိန့်။

စိတ်သာရှေ့သွားရှိ။ ။ စေတသိက်များသည် စိတ်နှင့် ဖြစ် ချုပ်မှီရာ အာရုံပါတူကြသော်လည်း ယင်းစေတသိက်တို့ကို စိတ်ကသာဖြစ်စေတတ်၍ စိတ်ကိုရှေ့သွားခေါင်းဆောင်ဟုမိန့်၊ ဝန်ကြီးခရီးထွက်လျှင် ကိုယ်ရံတော်စသည်တို့ ပါပြီးပင်တည်း။ ဤအတူ စိတ်ဖြစ်လျှင် ယှဉ်ဖက်စေတသိက်များ ဖြစ်ပြီးပင်တည်း။ သို့သော် စိတ်ကသာဦးဆောင်၍ ရှေးဦးစွာဖြစ်သည်ဟုလည်း မိန့်သည်။

သဒ္ဒါရိပ်ကိုယူ၍ စိတ်ရှေးဦးဖြစ်၊ နောက်မှစေတသိက်များဖြစ်သည်ဟု မမှတ်အပ်။ ထို့ကြောင့်... “အနက်အဓိပ္ပာယ်သာ မှီခိုရာလို၎င်း၊ နေရာများစွာ သဒ္ဒါစာရင်းမသွင်း” ဟု အဋ္ဌကထာဆရာမြတ်တို့ တင်းတင်းမိန့်ကြသည်။

ဖြစ်ပြီးကုသိုလ်ဆုတ်။ ။ ဈာန်ဝိပဿနာများသာ ဆုတ်ယုတ်နိုင်၏၊ မဂ်ဖိုလ်တို့ကား တကြိမ်ဖြစ်ပြီး မဆုတ်ယုတ်တော့ပေ။

စာမျက်နှာ-24


၇-ဝီရိယာရမ္ဘာဒိဝဂ်
ထက်သန်သောလုံ့လ ဝီရိယာရမ္ဘတရား၊ အလိုနည်းခြင်း အပိစ္ဆတာတရား၊ ရောင့်ရဲခြင်း သန္တုဋ္ဌိတရား၊ အကြောင်းသင့် နှလုံးသွင်းခြင်း ယောနိသောမနသိကာရတရား၊ ဆင်ခြင်ခြင်း သမ္ပဇညတရားသည် (အပ္ပမာဒတရားအတူ) ကောင်းကျိုးမိန့်။

အလိုကြီးခြင်း မဟိစ္ဆတာတရား၊ မရောင့်ရဲခြင်း အသန္တုဋ္ဌိတာတရား၊ အကြောင်းမသင့် နှလုံးသွင်းခြင်း အယောနိသောမနသိကာရတရား၊ မဆင်ခြင်ခြင်း အသမ္ပဇညတရား၊ ခင်ပွန်းယုတ်ရှိခြင်း ပါပမိတ္တတာတရားသည် (ပမာဒတရားအတူ) ဆိုးကျိုးမိန့်။

အလိုနည်းခြင်း အပိစ္ဆတာ။ ။ သဒ္ဒါအရ စကားကျန်သော်လည်း အနက်အဓိပ္ပာယ်အရ လိုချင်မှုလုံးဝမရှိ၊ လုံးဝမလိုချင်သော အလောဘကိုယူ၊ ဤနေရာ၌ သိသင့်သောအလို ၄-မျိုးမှာ –

၁။ အဘိစ္ဆတာ။ ။ မိမိလာဘ်မရောင့်ရဲ၊ သူတပါးလာဘ်ကိုလည်း ရလိုသည်။ တအိုးတွင်း ကြော်သောမုန့် မိမိသပိတ်တွင်းရလျှင် ကျက်သည်မထင်၊ ငယ်သည်ဟုထင်၏၊ ထိုမုန့်သည်ပင် သူတပါးသပိတ်တွင်း ရောက်သော် ကျက်သည်၊ ကြီးသည်ထင်သောပုဂ္ဂိုလ်မျိုး၏ လောဘတည်း။

၂။ ပါပိစ္ဆတာ။ ။ မရှိသောဂုဏ်ထုတ်၊ အလှူခံမှု၌ အတိုင်းအတာနားမလည် သဒ္ဒါမရှိပဲ သဒ္ဒါရှိသူဟု သူ့ကို အများသိစေလိုသည်။

၃။ မဟိစ္ဆတာ။ ။ ရှိသောဂုဏ်ဖော်၊ အလှူခံမှု၌ အတိုင်းအတာ နားမလည်၊ သီလရှိကြောင်း သူ့ကို အများသိစေလိုသည်၊ မရောင့်ရဲနိုင်သည်ဖြစ်၍ မွေးမိခင်သော်မှ စိတ်မရှည်နိုင်သူမျိုး၏ လောဘတည်း။ ထို့ကြောင့် “မီး၊ သမုဒ္ဒရာ၊ အလိုကြီးသူ၊ ကားဖြင့်ပစ္စည်းများ ပုံထားဦးတော့၊ မရောင့်ရဲကြ” ဟု မိန့်သည်။

၄။ အပိစ္ဆတာ။ ။ ရှိသောဂုဏ်လျှို့ဝှက်၊ အလှူခံမှု အတိုင်းအတာ သိသည်၊ သူ ရဟန္တာဖြစ်မှုကို သူတပါးမသိစေလို၊ မဇ္ဈန္တိက မထေရ်မြတ်သည် ရဟန္တာသံဃထေရ်ကြီးဖြစ်သော်လည်း သပိတ်သင်္ကန်း နွမ်းပါး၏၊ အသောကမင်း ကျောင်းလွှတ်ပွဲ၌ အရှင်မြတ်၏ တမတ်တန်မျှ သပိတ်သင်္ကန်းကြည့်ပြီး “အရှင်ဘုရား၊ အနည်းငယ်အပြင်ထွက်ပေးပါ” ဟု သံဃထေရ်နေရာ နေသောအရှင်မြတ်ကြီးအား လူများက လျှောက်ထားကြ၏၊ “ငါ့လိုရဟန္တာကြီးက မင်းကို မချီးမြှောက်လျှင် မည်သူချီးမြှောက်မည်လဲ” ဟု ကြံကာ မြေလျှိုးပြီး သံဃထေရ်ကြီးဆိုင်ရာ ဆွမ်းကိုယူ၊ မြေမှထွက်ပေါ်ပြသည်။

စာမျက်နှာ-25


မလိုချင်မှရသည်။ ။ အလိုနည်းသောရဟန်းသည် မဖြစ်သေးသော လာဘ်ဖြစ်၊ ဖြစ်ပြီးလာဘ်နိုင်နံ၊ အလှူရှင်များကျေနပ်ကြ၏၊ အလိုနည်း၍ နည်းနည်းအလှူခံသလောက် ကြည်ညိုသူလူများ ပိုလှူကြသည်၊ ဤနေရာ၌ အလိုနည်းမှု ၄-မျိုး မှတ်အပ်သည်။

၁။ ပစ္စယပ္ပိစ္ဆ။ ။ ပစ္စည်း ၄-ပါးဝယ် အလိုနည်း၍ အလှူရှင်အလို၊ လှူဖွယ်နည်းများ၊ မိမိစွမ်းအား၊ ဤ ၃-ပါးသိသည်၊ လှူဖွယ်များ၏၊ ဒကာကနည်းနည်းလှူလိုလျှင် ဒကာအကြိုက် နည်းနည်းယူ၊ လှူဖွယ်နည်း၏၊ ဒကာက များများလှူလိုလျှင် လှူဖွယ်ကြည့် နည်းနည်းယူ၊ လှူဖွယ်များ၏၊ ဒကာကလည်း များများလှူလိုလျှင် မိမိနှင့် သင့်ရုံယူသည်။

၂။ ဓုတင်္ဂအပိစ္ဆ။ ။ မိမိကျင့်ဆောင်ကြောင်း သူတပါးမသိစေလို၊ မဟာကုမာရထေရ် နှစ်ပေါင်း (၆၀) သုသာန်နေ၍ သောသာနိကဓုတင် ဆောင်သည်၊ မည်သည့်ရဟန်းမျှ မသိပါ၊ စေတိယတောင် ညီနောင် ၂-ပါးတွင်လည်း ဧကာသနိက်ဓုတင်ဆောင် နောင်တော်သည် ဆွမ်းကိစ္စပြီး၍ ခံတွင်းကျင်းနေချိန် ညီငယ်က ကြံပိုင်းလာကပ်သည်၊ “တော်ပြီ” ဟု မိန့်ရာ “နောင်ဘုရား၊ ဧကာသနိက်ဓုတင်ဆောင်ထားသလား” ဟု ညီငယ်ထပ်အမေးတွင် နှစ်ပေါင်း (၅၀) လျှို့ဝှက်ဆောင်ထားသော ဓုတင်ကို မဖော်လိုသဖြင့် ကြံပိုင်းယူဘုဉ်းပေးပြီးမှ ပြန်ဆောက်တည်သည်။

၃။ ပရိယတ္တိအပိစ္ဆ။ ။ ဗဟုသုတရှိကြောင်း အများမသိစေလိုမှုတည်း၊ သာကေတတိဿထေရ်သည် စာသင်လာသူအား “အချိန်မရှိ” ဟု မိန့်ရာ “သေချိန်သော်မှ မရတော့ဘူးလားဘုရား” ဟု ပြန်အလျှောက်တွင် သတိဝင်၍ အခြားကျောင်းထွက်သွားသည်၊ ပဝါရဏာနေ့တွင် တရားစကားဖြင့် ဇနပုဒ်ကို ချောက်ချားအောင် ဟောလိုက်သည်။

၄။ အဓိဂမအပိစ္ဆ။ ။ သောတာပန်စသည် ဖြစ်ပုံ မည်သူမျှမသိစေလို၊ ဃဋိကာရ အိုးထိန်းသည်လို ပုဂ္ဂိုလ်မျိုးတည်း၊ လောကတွင် သက်နိုင်သော သေက္ခပုထုဇဉ်များကို အဂ္ဂပုဂ္ဂိုလ်ဟု သိ။

ရောင့်ရဲခြင်းသန္တုဋ္ဌိ။ ။ ပစ္စည်း ၄-ပါးအတွက် ၁-ပါးလျှင် ယထာလာဘ၊ ဗလ၊ သာရုပ္ပ ၃-ပါးစီပေါင်း သန္တောသ ၁၂-ပါးရှိသည်။

သင်္ကန်း၌ သန္တောသ ၃-ပါး

၁။ ယထာလာဘသန္တောသ။ ။ ကောင်းဆိုးသင်္ကန်းများတွင် ရရာနှင့် ရောင့်ရဲ၏၊ အခြားသင်္ကန်း မတောင့်တ၊ ရလည်း မယူ။

စာမျက်နှာ-26


၂။ ယထာဗလသန္တောသ။ ။ အားနည်းရောဂါရှိသူဖြစ်၍ သင်္ကန်းလေးလေး မဝတ်နိုင်၊ သဘာဂရဟန်းနှင့် လဲဝတ်ကာ စွမ်းအားရှိသမျှ ရောင့်ရဲသည်။

၃။ ယထာသာရုပ္ပသန္တောသ။ ။ အဖိုးတန်သင်္ကန်းများ ရသော်လည်း ဆရာတော် စာချဘုန်းကြီးနှင့် လာဘ်နည်းသူများ၊ ဂီလာနများအား လှူ၍ မိမိမှာမူ သင်္ကန်းဟောင်း ချုပ်ဖာ လျောက်ပတ်ရုံဝတ်ကာ ရောင့်ရဲသည်၊ ဆွမ်း၊ ကျောင်း၊ ဆေးတို့၌လည်း ၃-ပါးစီ အတူပင်တည်း။

“ဆေးပစ္စည်း၌ ရောဂါပျောက်ခြင်းတူသော စတုမဓူတပုလင်း၊ နွားကျင်ငယ်စိမ် သျှိသျှားသီးတပုလင်း၊ ထို ၂-ပုလင်း ကြိုက်ရာအလှူခံပါ” ဟု လျှောက်ရာ ကျင်ငယ်ဆေးကို ယူနိုင်သောအရှင်သည် ပရမသန္တုဋ္ဌိဖြစ်သည်၊ သန္တောသ ၃-ပါးစီတွင် ယထာသာရုပ္ပသန္တောသ ၄-ပါး အမြတ်ဆုံးဖြစ်၏။

အဆွေခင်ပွန်းယုတ်။ ။ သဒ္ဓါ သီလ ဗဟုသုတမရှိသူ၊ နှမြောစေးနှဲ ဉာဏ်ပညာနည်းသူများသည် မကောင်းသော အဆွေခင်ပွန်းများတည်း။

၈-ကလျာဏမိတ္တာဒိဝဂ်

အဆွေခင်ပွန်းကောင်း ရှိခြင်း ကလျာဏမိတ္တတာတရားသည် ကုသိုလ်အားထုတ်၊ အကုသိုလ် အားမထုတ်ခြင်းသည် (အပ္ပမာဒတရားအတူ) ကောင်းကျိုး၊ အကုသိုလ် အားထုတ်၊ လောကုတ္တရာကုသိုလ် အားမထုတ်ခြင်းသည် (ပမာဒတရားအတူ) ဆိုးကျိုးဟုမိန့်။

အကြောင်းမသင့် နှလုံးသွင်းခြင်းသည် မဖြစ်သေးသော ဗောဇ္ဈင် (ဗောဓိဉာဏ်၏ အစိတ်အပိုင်း၊ ဗုဒ္ဓဖြစ်ကြောင်းအင်္ဂါ၊ သစ္စာ ၄-ပါးကို သိစေတတ်သောတရား) တို့ မဖြစ်ကြောင်း၊ ဖြစ်ပြီးဗောဇ္ဈင်တရားတို့ ဘာဝနာမပြည့်စုံကြောင်း ဖြစ်သကဲ့သို့ အလားတူဖြစ်သော အခြားတခုသော တရားကိုမျှလည်း ငါဘုရားမမြင် စသည်မိန့်ပြီး အကြောင်းသင့် နှလုံးသွင်းမှ ဘာဝနာပြည့်စုံကြောင်း မိန့်သည်။

ဆွေမျိုးဆုတ်ယုတ်ခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏၊ ပညာဆုတ်ယုတ်ခြင်းသည် ဆုတ်ယုတ်ခြင်းတကာတို့တွင် အယုတ်ဆုံးတည်း၊ ဆွေမျိုးကြီးပွားခြင်းသည် အနည်းငယ်သာဖြစ်၏၊ ပညာကြီးပွားခြင်းသည် ကြီးပွားခြင်းတကာတို့တွင် အမြတ်ဆုံးတည်း၊ ထို့ကြောင့် ဤသာသနာတော်၌ ပညာကြီးပွားခြင်းဖြင့် ကြီးပွားကုန်အံ့ဟု နှလုံးသွင်း၍ ကျင့်ရမည်၊ သင်တို့ ဤအတိုင်း ကျင့်ကြဟု မိန့်ပြီး-
စည်းစိမ်ဥစ္စာ ဆုတ်ယုတ်ခြင်း၊ ကြီးပွားခြင်း၊ အခြံအရံ ဆုတ်ယုတ်ခြင်း၊ ကြီးပွားခြင်းနှင့်စပ်၍လည်း အလားတူ ဟောတော်မူသည်။

စာမျက်နှာ-27


ဗောဇ္ဈင်တို့၏ ဖြစ်ရာ ၄-ဘုံ။ ။ ဝိပဿနာ၊ ဝိပဿနာပါဒကဈာန်၊ မဂ်၊ ဖိုလ်ဟု ၄-မျိုးရှိရာ ဗောဇ္ဈင်တို့သည် ဝိပဿနာ၌ဖြစ်လျှင် ကာမာဝစရ၊ ဝိပဿနာပါဒကဈာန်၌ဖြစ်လျှင် ရူပ အရူပ၊ မဂ်ဖိုလ်တို့၌ဖြစ်လျှင် လောကုတ္တရာဖြစ်သည်။

ဆွေမျိုးဆုတ်ယုတ်။ ။ “ဗန္ဓုလမလ္လ ဖိုလ်ချုပ်အမျိုးသည် ရှေးက ဆွေမျိုး အသိုက်အဝန်း များ၏၊ ယခုကား မရှိပြီ” ဟု ရဟန်းတော်များ ပြောစကား ဘုရားရှင်သိ၍ ကြွလာဟောမိန့်သည်။

ပညာဆုတ်ယုတ်။ ။ သာသနာတော်၌ ကမ္မဿကတာပညာ၊ ဈာန၊ ဝိပဿနာ၊ မဂ်၊ ဖိုလ်ပညာဟုရှိရာ ယင်းတို့ ဆုတ်ယုတ်ခြင်းသာ အဆိုး။

ဆွေမျိုးကြီးပွား။ ။ ဝိသာခါကျောင်းအမ ဝေသာလီ လိစ္ဆဝီမင်းများ ယခင်ကထက် ဆွေမျိုးအသိုက်အဝန်း ကြီးပွားပုံကို ရဟန်းတော်များ ပြောစကား ဘုရားရှင်သိ၍ ကြွလာဟောမိန့်သည်၊ ကမ္မဿကတာပညာ စသည်တို့၏ ကြီးပွားမှုသာ နတ်ရွာနိဗ္ဗာန်ရောက်နိုင်၏၊ ဆွေမျိုးကြီးပွားမှုကား ပစ္စုပ္ပန်ချမ်းသာမျှသာ။

စည်းစိမ်ဥစ္စာ ဆုတ်-ပွား။ ။ ကုဋေ (၈၀) မဟာဓနသဌေးသား သူတောင်းစားဖြစ်ကာ ကာကဝလိယသဌေး ပုဏ္ဏသဌေးတို့ သူတပါးအခိုင်းဘဝမှ ကျိကျိတက်ချမ်းသာလာကြပုံ ပြောဆိုသောရဟန်းများစကားကြောင့် ဘုရားဟော။

အခြံအရံ ဆုတ်-ပွား။ ။ “ကောသလမင်း ယခင်က အခြံအရံ စစ်အင်အားများသော်လည်း နောက်ပိုင်း အထီးကျန်ဘဝ ကွယ်လွန်ပျက်စီးရသည်၊ ကုမ္ဘဃောသကကား ယခင်က အဆင့်နိမ့်သမျှ ယခုအခါ နောက်လိုက်အင်အား ကြီးပွားသည်” ဟု အခြံအရံ ဆုတ်ယုတ်ကြီးပွားပုံကိုလည်း ရဟန်းတော်များ ပြောဆိုကြသည်။

၉-ပမာဒါဒိဝဂ်

ပမာဒ၊ ကောသဇ္ဇ၊ မဟိစ္ဆတာ၊ အသန္တုဋ္ဌိတာ၊ အယောနိသောမနသိကာရ၊ အသမ္ပဇည၊ ပါပမိတ္တတာတရား၊ အကုသိုလ်အားထုတ်ခြင်း၊ ကုသိုလ်အားမထုတ်ခြင်းများကို များစွာအကျိုးမဲ့ဖြစ်သော တရားများဟုလည်းကောင်း၊

အပ္ပမာဒ၊ ဝီရိယာရမ္ဘ၊ အပိစ္ဆတာ၊ သန္တုဋ္ဌိတာ၊ ယောနိသောမနသိကာရ၊ သမ္ပဇည၊ ကလျာဏမိတ္တတာတရား၊ အကုသိုလ်အားထုတ်ခြင်း၊ အကုသိုလ်အားမထုတ်ခြင်းများကို များစွာအကျိုးရှိဖို့ဖြစ်သော တရားများဟုလည်းကောင်း မိန့်သည်။

စာမျက်နှာ-28


၁။ ဤဝဂ်၌ ပမာဒတရားသည် မိမိ၏အတွင်းသန္တာန်၌ ဖြစ်ပေါ်သောအကြောင်းဟုပြု၍ များစွာအကျိုးမဲ့ဖြစ်ကြောင်း၊ အပ္ပမာဒတရားသည် မိမိ၏အတွင်းသန္တာန်၌ ဖြစ်ပေါ်သောအကြောင်းဟုပြု၍ များစွာအကျိုးရှိဖို့ ဖြစ်ကြောင်းရာ သန္တာန်အလိုက် ခွဲခြား၍ တရားဆိုးကောင်းများကို နောက်ဝဂ်အတူ သိအပ်၏၊ ပါပမိတ္တတာ၊ ကလျာဏမိတ္တတာ၊ ဤ ၂-ပါးသာ ဗဟိဒ္ဓသန္တာန်၊ ကြွင်းအားလုံး အဇ္ဈတ္တသန္တာန်ချည်းသာ၊ တရား ၈ စုံ ပေါင်း ၁၆-သုတ် မိန့်သည်။

၁၇-၁၈။ ပမာဒတရားသည် သာသနာတော် ပျက်စီးကွယ်ပျောက်ခြင်းငှာ ဖြစ်သကဲ့သို့ အပ္ပမာဒတရားသည် သာသနာတော် အရှည်တည်ခြင်း၊ မပျက်စီး မကွယ်ပျောက်ခြင်းငှာဖြစ်သည်၊ အလားတူ ပျောက်စေ တည်စေသော အခြားတခုသော တရားကိုမျှလည်း ငါမမြင်စသည် မိန့်ပြီး–

ဤအတူပင် ကောသဇ္ဇ စသော တရားများကြောင့် သာသနာကွယ်၍ ဝီရိယာရမ္ဘ စသော တရားများကြောင့် သာသနာတည်ကြောင်း မိန့်သည်။

၃၃။ အဓမ္မကို ဓမ္မ ပြုကြကုန်သော ရဟန်းတို့သည် လူများ စီးပွားချမ်းသာမဲ့ အကျိုးမဲ့ဖို့ရာ၊ နတ်လူများ စီးပွားမဲ့ ဆင်းရဲဖို့ရာ ကျင့်သည်မည်ကုန်၏၊ ထိုရဟန်းတို့သည် အကုသိုလ်များစွာကို ဖြစ်ပွားစေ၊ သာသနာတော်ကိုလည်း ကွယ်ပျောက်စေသည်မည်ကုန်၏။

ဤအတူ ဓမ္မကို အဓမ္မ၊ အဝိနယကို ဝိနယ၊ ဝိနယကို အဝိနယ၊ ဘုရားမဟောအပ်သည်ကို ဟောအပ်၊ ဟောအပ်သည်ကို မဟောအပ်၊ ဘုရား မလေ့ကျင့်အပ်သည်ကို လေ့ကျင့်အပ်၊ လေ့ကျင့်အပ်သည်ကို မလေ့ကျင့်အပ်၊ ဘုရား မပညတ်အပ်သည်ကို ပညတ်အပ်၊ ပညတ်အပ်သည်ကို မပညတ်အပ်ဟု ပြကြကုန်သော ရဟန်းတို့သည် (လ) ကွယ်ပျောက်စေသည် မည်ကုန်၏။

အဓမ္မမည်သည်။ ။ သုတ္တန်ပရိယာယ်အားဖြင့် အကုသလကမ္မပထတရား ၁၀-ပါး၊ ဝိနည်းအလို မဟုတ်မှန်သော ဝတ္ထုဖြင့် စောဒနာခြင်း စသည်။ ဓမ္မအရ သုတ္တန်အလို ကုသလကမ္မပထတရား ၁၀-ပါး၊ ဝိနည်းအလို အမှန်ဖြင့် စောဒနာခြင်း။

အဝိနယ။ ။ သုတ္တန်အလို ရာဂစသည်ကို မပယ်ခြင်း၊ ပညာဖြင့် မဆင်ခြင်ခြင်း၊ ဝိနည်းအလို ဝတ္ထုဝိပတ္တိ၊ သီမာဝိပတ္တိ စသည်တည်း၊ ဝိနယအရ သုတ္တန်အလို ရာဂစသည်ပယ်၊ ပညာဖြင့် ဆင်ခြင်၊ ဝိနည်းအလို ဝတ္ထုသမ္ပတ္တိ၊ သီမာသမ္ပတ္တိ စသည်တည်း။

စာမျက်နှာ-29


ဘုရားဟောပြောအပ်။ ။ သုတ္တန်ဖြင့် သတိပဋ္ဌာန်-၄၊ သမ္မပ္ပဓာန်-၄ စသည်နှင့် ဝိနည်းအလိုဖြင့် ပါရာဇိက-၄ ပါး၊ သံဃာဒိသိသ်-၁၃ ပါး စသည်တည်း။ ဘုရား မပြောဟောအပ် ဟူသည် သုတ္တန်ဖြင့် သတိပဋ္ဌာန်-၃၊ သမ္မပ္ပဓာန်-၃ စသည်၊ ဝိနည်းဖြင့် ပါရာဇိက-၃ ပါး၊ သံဃာဒိသိသ်-၁၄ ပါး၊ ဤသို့ စသည်မဟောပါ။

ဘုရားလေ့ကျင့်အပ်သည်မှာ။ ။ သုတ္တန် နေ့စဉ် သမာပတ်ဝင်စားခြင်း၊ ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူခြင်း စသည်များနှင့် ဝိနည်း၊ ဝါဆိုပြီး ပန်ကြား၊ ပဝါရဏာပြုပြီးမှ ဒေသစာရီကြွခြင်း စသည်တည်း၊ အပြန်အမှုကို ဘုရားမလေ့ကျင့်အပ်ပါ။

ဘုရားပညတ်အပ်သည်မှာ။ ။ သုတ္တန် သတိပဋ္ဌာန်-၄၊ သမ္မပ္ပဓာန်-၄ စသည်နှင့် ဝိနည်း ပါရာဇိက-၄၊ သံဃာဒိသိသ်-၁၃ စသည်ကို ပညတ်အပ်၍ သတိပဋ္ဌာန်-၃၊ သမ္မပ္ပဓာန်-၃၊ ပါရာဇိက-၃၊ သံဃာဒိသိသ်-၁၄ စသည်ဖြင့် မပညတ်ပါ။

သာသနာတော်ကို ကွယ်စေ။ ။ အဓိဂမ၊ ပဋိပတ္တိ၊ ပရိယတ္တိ၊ လိင်္ဂ၊ ဓာတု ဟူသော ဤ ၅-ပါး ကွယ်ခြင်းကို သိအပ်၏။
၁။ အဓိဂမအန္တရဓာန။ ။ အမြင်တရားထူး တရားမြတ် ကွယ်ခြင်း။
အဓိဂမဟူသည် မဂ်-၄၊ ဖိုလ်-၄၊ ပဋိသမ္ဘိဒါ-၄၊ ဝိဇ္ဇာ-၃၊ အဘိညာဉ် ၆-ပါး၊ အမြင်တရားထူးများဖြစ်သည်။ ပဋိသမ္ဘိဒါ ၄-ပါးမှ စ၍ ကွယ်သည်။ ချဲ့ဦးအံ့၊ ဘုရားရှင် နိဗ္ဗာန်စံတော်မူပြီး နှစ် (၁၀၀၀) အတွင်း၌သာ ပဋိသမ္ဘိဒါ ရနိုင်ကြသည်၊ ထို့နောက် အဘိညာဉ် ၆-ပါး၊ ယင်းတို့ကိုလည်း မဖြစ်စေနိုင်ကြ၍ ဝိဇ္ဇာ ၃-ပါးတို့ကိုသာ ရကြတော့သည်၊ ကာလကြာသော် ယင်းတို့ကိုလည်း မဖြည့်စွမ်းနိုင်ကြ၊ သုက္ခဝိပဿက ရဟန္တာများသာ ဖြစ်ကြ၊ ဤနည်းဖြင့် အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်များသာ ဖြစ်နိုင်ကြတော့မည်။ သောတာပန်များ ရှိနေသမျှ အဓိဂမ သာသနာ မကွယ်သေး၊ နောက်ဆုံး သောတာပန်ကွယ်လျှင် အဓိဂမ ကွယ်တော့သည်။
၂။ ပဋိပတ္တိအန္တရဓာန။ ။ အကျင့်စခန်း လုပ်ငန်းများကွယ်ခြင်း။
ဈာန် မဂ်ဖိုလ် မဖြစ်နိုင်ကြသူများ စတုပါရိသုဒ္ဓိ သီလကိုသာ စောင့်ကြသည်၊ ကာလကြာသော် “သီလစောင့် တရားအားထုတ်ပါလျက် မဂ်ဖိုလ်မရကြ၊ ယခုအခါ အရိယာ တရားထူးမရှိတော့”၊ ဤသို့ ဆုံးဖြတ်ချက်ချကြသဖြင့် အချင်းချင်း နှိုးဆော်တိုက်တွန်းခြင်းမရှိ၊ ကုက္ကုစ္စ သံသယလည်း ကင်းကာ ဒုက္ကဋ်၊ ဒုဗ္ဘာသီ

စာမျက်နှာ-30


အာပတ်များ ကျူးလွန်ကြ၊ ကာလကြာသော် ပါစိတ်၊ ထုလ္လစ္စည်းများ၊ နောက် သံဃာဒိသိသ် သင့်ကြသည်၊ ပါရာဇိက ၄-ပါး ထိန်းနေကြသော ရဟန်းတော်များ ရှိသမျှ ပဋိပတ္တိသာသနာ မကွယ်သေး၊ နောက်ဆုံး ရဟန်းသီလပျက်၊ သို့မဟုတ် အသက်ဆုံးလျှင် ပဋိပတ္တိကွယ်တော့သည်။
၃။ ပရိယတ္တိအန္တရဓာန။ ။ အသိစခန်း လုပ်ငန်းများ ကွယ်ခြင်း။
အဋ္ဌကထာနှင့်တကွ ဗုဒ္ဓဟောအပ် ၃-ပုံ ပိဋကသည် ပရိယတ်မည်သည်၊ ကာလကြာသော် ပြည်သူအများ တရားပျက်ကြသဖြင့် မိုးလေမမှန် သီးနှံမရ လူများ မလှူနိုင်ကြသောအခါ သံဃာများ ပစ္စည်းလေးပါး ခေါင်းပါးကြတော့သည်။ တပည့်ပရိသတ် မမွေးနိုင်၊ စာပေသင်ကြားပို့ချမှု မပြုနိုင်ကြသောအခါ အနက်အဓိပ္ပာယ် ကင်းပျောက် ပါဠိမျှလောက်သာ ဆောင်နိုင်ကြ၊ နောင်တွင် ပါဠိတော်မျှ ပြည့်စုံစွာ မဆောင်နိုင်ကြတော့ပေ။ ပိဋက ၃-ပုံတွင် အစဆုံး အဘိဓမ္မာကွယ်၊ ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း၊ အဘိဓမ္မာ ၇-ကျမ်းတွင် ပဋ္ဌာန်းမှစ၍ နောက်ဆုတ် တစတစ ကွယ်ရသည်။

အဘိဓမ္မာကွယ်ပြီးနောက် သုတ္တန်ကွယ်ရာတွင် ပထမ အင်္ဂုတ္တရနိကာယ်ကွယ်၊ ဧကမှစ၍ ဧကာဒသအထိ နိပါတ် (၁၁) သွယ်တွင် ဧကာဒသ အစဆုံးကွယ်၊ ထို့နောက် ဒသ စသည်ဖြင့် နောက်ဆုတ် တစတစကွယ်သည်။ ထို့နောက် သံယုတ္တနိကာယ် ကွယ်၏။ သဂါထာ၊ နိဒါန၊ ခန္ဓ၊ သဠာယတန၊ မဟာဝဂ္ဂ၊ ဤငါးဝတွင် မဟာဝဂ်မှစ၍ နောက်ဆုတ်ကွယ်သည်။ ထို့နောက် မဇ္ဈိမနိကာယ်-မူလ၊ မဇ္ဈိမ၊ ဥပရိဟု ပဏ္ဏာသ ၃-ခု တွင် ဥပရိကွယ်သည်။ ထို့နောက် ဒီဃနိကာယ်၊ သီလက္ခန္ဓ၊ မဟာ၊ ပါထိကဟု ဝဂ် ၃-ခုတွင် ပါထိကမှစ၍ကွယ်။ ဒီဃနိကာယ်ကွယ်လျှင် သုတ္တန်ကွယ်လေပြီတည်း။

ဝိနည်းနှင့် ဇာတ်သာ ကျန်တော့ရာတွင် လဇ္ဇီသူတော်ကောင်းများ ဝိနည်းဆောင်ကြ၏။ “သုတ္တန်ဟောနေလဲ မှတ်နိုင်ကြမည်မဟုတ်” ဟု ယူဆကာ လာဘ်လိုသူများ ဇာတ်ကိုသာ ဆောင်ကြတော့သည်၊ ဝေသန္တရာဇာတ်မှ နောက်ဆုတ်ကွယ်ရာတွင် ပုဏ္ဏကဇာတ် မဟာနာရဒဇာတ်အဆုံး၌ အပဏ္ဏကဇာတ်ကွယ်သည်။ ထို့နောက် ဝိနည်း ဥပေါသထက္ခန္ဓက၊ မဟာဝိဘင်္ဂ၊ ဘိက္ခုနီဝိဘင်္ဂ၊ ခန္ဓက၊ ပရိဝါဟု ငါးပါးတွင် ပရိဝါမှစ နောက်ဆုတ် ကွယ်သည်၊ ဝိနည်းကွယ်သော်လည်း ပရိယတ္တိမကွယ်သေး၊ လူတို့နှုတ်ဝယ် ပါဠိတဂါထာ ရနေသမျှ မကွယ်သေး။

သဒ္ဓါရှိသောမင်းသည် ဆင်ကျောက်ကုန်းပေါ် ရွှေပန်းတောင်း၌ အသပြာထောင်ထုပ်ထားပြီး “ဘုရားဟော တဂါထာရသူ ဤထောင်ဆုယူ” ဟု မြို့၌ ၃-ကြိမ် ကြွေးကြော် လှည့်လည်သော်မှ ဆုယူမည့်သူမပေါ်၍ ထောင်ထုပ်ကို ဘဏ်၌ပြန်သွင်းရလျှင် ပရိယတ္တိ ကွယ်လေပြီ။

စာမျက်နှာ-31


လိင်္ဂအန္တရဓာန သွင်ပြင်မူရာကွယ်ခြင်း။ ။ ကာလကြာသော် ရဟန်းများ သပိတ် သင်္ကန်း ကိုင်ပုံ သွားလာကြည့်ရှုပုံ ကြည်ညိုဖွယ်မမြင်၊ တက္ကတွန်းရဟန်းများလို လိုသလိုပတ်ကြတော့သည်၊ သင်္ကန်းရောင်နှင့် ချုပ်လုပ်ပုံလည်း မဟုတ်ကြတော့၊ နောက်ပိုင်းတွင် သင်္ကန်းစ လက်ကောက်ဝတ်၌ထား၊ မယားယူလျက် ထွန်ယက် စိုက်ပျိုး စားသောက်ကြသည်။ သံဃာရှိ၍ လှူနိုင်သည့်ကာလတိုင် အကျိုးများနိုင်သေးသည်ဟု ဘုရားရှင်မိန့်သည်၊ ကာလကြာသော် “ဤသင်္ကန်းဝတ် မလုပ်ဖြစ်တော့” ဟု ကြံကာ သင်္ကန်းစဖြတ်၊ တောရပ်ချုံမြေ လွှင့်ပစ်လေသောအချိန် လိင်္ဂသာသနာ ကွယ်ရှာပြီ၊ ကဿပဘုရား လက်ထက်တော် နောက်ပိုင်းမှစပြီး ယောနကတိုင်းသားတို့၏ အဝတ်ဖြူကို ဝတ်ရုံသွားလာသော အလေ့အလာ ဖြစ်ခဲ့သည်။

ဓာတုအန္တရဓာန ဓာတ်တော်ကွယ်ခြင်း။ ။

ပရိနိဗ္ဗာန် ၃-မျိုး။ ။ ကိလေသ၊ ခန္ဓ၊ ဓာတုဟု ပရိနိဗ္ဗာန် ၃-မျိုးရှိရာတွင် ဗောဓိပလ္လင်၌ ကိလေသပရိနိဗ္ဗာန်၊ ကုသိနာရုံ၌ ခန္ဓပရိနိဗ္ဗာန် ဖြစ်၍ ဓာတုပရိနိဗ္ဗာန်ကား နောင်အနာဂတ်တွင် ဖြစ်လာမည်တည်း။

ဗောဓိမဏ္ဍိုင် ဓာတ်တော်ပြန်။ ။ ပူဇော်မြတ်နိုးမှုမခံရလျှင် ဘုရားအဓိဋ္ဌာန်ဖြင့် ထိုထိုနေရာမှ ဓာတ်တော်များ အပူဇော်ခံရမည့်နေရာ ကြွကြသည်။ နောက်ပိုင်း နေရာတိုင်းတွင် ဓာတ်တော်များ အပူဇော်မခံရသဖြင့် သီဟိုဠ်မဟာစေတီ၌ ဓာတ်တော်များစု၊ ထိုမှတဆင့် နဂါးပြည် ရာဇာယတနစေတီ၌စု၊ ထို့နောင် ဗောဓိမဏ္ဍိုင် ပြန်ကြွကြမည်။ နဂါးပြည် နတ်ပြည် ဗြဟ္မာ့ပြည်မှ ဓာတ်တော်များလည်း ဗောဓိမဏ္ဍိုင် ပြန်ကြမည်သာ၊ ထိုသို့ ကြွချီရာတွင် မုန်ညင်းစေ့မျှသော်မျှ ဓာတ်တော်များ မပျောက်ပျက်ကြပါ။

ပူဇော်ငိုပွဲ နတ်တို့ပွဲ။ ။ ဗောဓိမဏ္ဍိုင်တွင် ဓာတ်တော်များ ဘုရားပုံတော်ယူ တင်ပျဉ်ခွေကာ ဗုဒ္ဓအသရေတော် ပြုကြမည်၊ လက္ခဏာကြီးငယ် ဗျာမပ္ပဘာ ရောင်ခြည်တော်များနှင့်တကွ တန်ခိုးတော်အစုံ ယမိုက်ပြာဋိဟာ နေ့ကအတိုင်း ပြပေမည်၊ ထိုအချိန် လူတဦးမျှ မရှိ၊ စကြဝဠာတသောင်းမှ နတ်များစုပြီး “ယနေ့ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူ၏၊ ဤမှနောက် အမှောင်ချည့်သာ ရောက်တော့လတ္တံ့” ဟုဆို၍ ငိုကြမည်၊ ဓာတ်တော်မီးလျှံ ဗြဟ္မာ့ပြည်တိုင်ရောက်သည်၊ ဓာတ်တော်ပွဲကား ဘုရားရှင် ကုသိနာရုံ ပရိနိဗ္ဗာန်စံသောနေ့အတိုင်း နတ်များသည် ပန်းနံ့သာ တူရိယာအစုံဖြင့် အစွမ်းကုန် ပူဇော်ရှိခိုးကြပြီး “နောင်ပွင့်မည့် ဘုရားရှင်ကိုလည်း တပည့်တော်များ ဖူးခွင့်ရကြပါစေသား” ဟု ဆုတောင်းပြန်သွားကြ

စာမျက်နှာ-32


သည်၊ ဓာတုသာသနာကွယ်၍ သာသနာတော်အားလုံး ပျက်ပြုန်း ကွယ်ဆုံးလေပြီတကား။

ပရိယတ္တိတည်နေရာ သာသနာမကွယ်နိုင်။ ။

ဖောင်မြတ်ဖန်ဆင်း သိကြားမင်း။ ။ ကွယ်မှု ၅-မျိုးတွင် ပရိယတ္တိသာ လိုရင်းဖြစ်၍ သီဟိုဠ် စဏ္ဍာလတိဿ ဘေးကြီးဖြစ်ချိန် သိကြားမင်းသည် ဖောင်ဖန်ဆင်းပြီး “ဘေးရန်ကြီးပါလိမ့်မည်၊ မိုးလေဝသလည်း ရွာသွန်းမည် မဟုတ်၊ အရှင်ဘုရားများ ပစ္စည်းလေးပါး ပင်ပန်းသဖြင့် ပရိယတ် ထမ်းနိုင်ကြမည်မဟုတ်၊ ဇမ္ဗူဒိပ် သွားသင့်ကြပါ၏။ ဖောင်ပေါ်တက်ကြပါ၊ နေရာမမျှလျှင်လည်း ဖြစ်သလို ထင်းတုံးဖက် လိုက်ကြပါ၊ ဘေးရန်မဖြစ်စေရပါ” ဟု လျှောက်ထားစီမံပေးသည်။

ရဟန်း ၆-ကျိပ် ဇာနည်စိတ် မအိပ်ဗိုက်ထွင် သဲစိုတင်။ ။

အရှင်မြတ် ၆၀-ကား ကတိကဝတ်ထားကာ သီဟိုဠ် ဒက္ခိဏမလယဇနပုဒ်မှာပင် နေ၍ သစ်မြစ် သစ်ဥ သစ်ရွက်များဖြင့် အသက်မွေးကာ ပိဋကတော်များ စောင့်ရှောက်ကြသည်၊ ထိုင်၍ စာမပြန်နိုင်သောအခါ ဗိုက်ပေါ်သဲစိုတင်၊ ဦးခေါင်းချင်းယှဉ်ကာ ပိဋကမပျောက်အောင် ၁၂-နှစ်ရောက်သည်အထိ အဋ္ဌကထာနှင့်တကွ ပိဋကကို ဆောင်ထားကြသည်။

မမှားပိဋကတ် ညီတူလတ်။ ။ တိုက်ဆိုင်ကြည့်ငြား အက္ခရာတလုံးမျှ ယွင်းမှားပျက်စီးမှု မရှိအောင် စောင့်ရှောက်ကြသော ဇမ္ဗူဒိပ်မှ ရဟန်းတော် (၇၀၀) သီဟိုဠ် ကြွလာပြီး သီဟိုဠ်ကျန် ရဟန်း ၆-ကျိပ်နှင့် ပိဋကတော်များကို တိုက်ဆိုင်ညှိနှိုင်းကြသည်၊ အက္ခရာတလုံးမျှ မှားယွင်းမှုမတွေ့ကြပါ၊ ထိုအစည်းအဝေးတွင် “သာသနာတော်၏ ရေသောက်မြစ် မည်သူဖြစ်သနည်း၊ ပရိယတ်လော၊ ပဋိပတ်လော” ဟု အဆိုတင်ကြသည်။

အဖြေ-ဖြာ ရှိခဲ့ပါလည်း။ ။ “ပံသုကူဆောင် အရှင်မြတ်များက ပဋိပတ်၊ ဓမ္မကထိကများက ပရိယတ်” ဟု အဖြေ ၂-မျိုး ပေးကြရာတွင် သံဃာက “ငါ့ရှင်တို့ စကားမျှဖြင့် အားမရပါ၊ အထောက်အထားပြကြပါဦး” ဟု မိန့်သည်၊ “ရဟန်းတော်များ ကောင်းကောင်းနေကြလျှင် ရဟန္တာ မဆိတ်” ဒီဃနိကာယ် မဟာပရိနိဗ္ဗာနသုတ် စသည်များကို ကိုးကား၍ ပံသုကူဆောင်များက ပဋိပတ်ဟု ဖြေသောအခါ ဓမ္မကထိက အရှင်တို့ကလည်း “အရှေ့က နေထွက်လျှင် အလင်းရောင်တက်သလို ပိဋက ၃-ခင်း ထွန်းပနေသမျှ သာသနာအလင်း ရွှန်းပ

စာမျက်နှာ-33


နေရမည်၊ ပရိယတ်ပျောက်လျှင် နေဝင်သလို အမှောင်ရောက်ပေမည်၊ ပရိယတ်စောင့်စည်းလျှင် ပဋိပတ်စောင့်ပြီးတည်း၊ ပဋိပတ်တည် မြတ်မထေရ်ကား ရွှေပြည်ခရီး ပြီးသည်သာ” ဒေသနာကို ကိုးကာ ပရိယတ်ဟု ဖြေကြားလိုက်သည်၊ ပံသုကူမထေရ်များ စကားမထွက်ကြသဖြင့် ဓမ္မကထိကအရှင်တို့ ရှေ့တန်းတက်သွားကြသည်။

ဥပမာများစွာ ပရိယတ်သာ။ ။ နွားလား ရာထောင် ရှိစေဦးတော့၊ ပဝေဏီအဆက်ပြတ် နွားမတကောင်မျှ မရှိလျှင် နွားမျိုးမစပ် ပြတ်တော့သည်၊ ဤအတူ တရားအလုပ် အားထုတ်ဦးဆောင် ရာထောင်အပြည့် ရှိစေဦးတော့ အသိမှန်လတ် ပရိယတ်မရှိက မဂ်မြတ် ဖိုလ်သရဖူ အရမယူနိုင်၊ ရွှေအိုးမြုပ်ရာ သိဖို့ရာ အတွက် အက္ခရာအမှတ်အသား ကျောက်စာများရှိနေလျှင် ရွှေအိုးမပျောက်နိုင်၊ ဤအတူ ပရိယတ်ထင်ရှားရှိရာမှာ သာသနာမကွယ်နိုင်သည်သာတည်း။

၁၁-အဓမ္မဝဂ်

အဓမ္မကို အဓမ္မပြုကြသော ရဟန်းတို့သည် လူများ စီးပွားချမ်းသာဖို့ အကျိုးဖြစ်ဖို့ရာ၊ နတ်လူများ စီးပွားချမ်းသာဖို့ရာ ကျင့်သည်မည်ကုန်၏၊ ထိုရဟန်းတို့သည် ကုသိုလ်တရားများကို ဖြစ်ပွားစေ၊ ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏၊ ဤအတူပင် ဓမ္မ အဝိနယ ဝိနယ စသည်ဖြင့် အမှန်အတိုင်း ပြုကြကုန်သော ရဟန်းတို့သည် (လ) တည်တံ့စေသည်မည်ကုန်၏-မိန့်။

၁၂-အနာပတ္တိဝဂ်

အာပတ်မဟုတ်သည်ကို အာပတ်၊ အာပတ်ကို အာပတ်မဟုတ်၊ ပေါ့သောအာပတ်ကို လေးသောအာပတ်၊ လေးသောအာပတ်ကို ပေါ့သောအာပတ်၊ ရုန့်ရင်းသော အာပတ်ကို မရုန့်ရင်းသောအာပတ်၊ မရုန့်ရင်းသောအာပတ်ကို ရုန့်ရင်းသောအာပတ်၊ ကုစားခွင့် အကြွင်းမရှိသော အာပတ်ကို အကြွင်းရှိသောအာပတ်၊ အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသောအာပတ်၊ ကုစားကောင်းသောအာပတ်ကို မကုစားကောင်းသောအာပတ်၊ မကုစားကောင်းသောအာပတ်ကို ကုစားကောင်းသောအာပတ် ဟု ပြကြသော ရဟန်းများ၏ အပြစ်မှာလည်း အဓမ္မဝဂ်အတိုင်း မိန့်သည်။

အာပတ်မဟုတ်။ ။ မရိုးသားစိတ်၊ ခိုးလိုစိတ် မရှိသဖြင့် အာပတ်မသင့်၊ အာပတ်မဟုတ်သည်ကို အာပတ်ဟု ဆိုခြင်းတည်း၊ အာပတ် ၇-ပုံတွင် ဒုက္ကဋ်၊ ဒုဗ္ဘာသီ၊ ပါစိတ်၊ ပါဋိဒေသနီ၊ ထုလ္လစ္စည်း၊ ၅-ပုံ ပေါ့၍ သံဃာဒိသိသ် ပါရာဇိက ၂-ပုံကား လေးသည်၊ ထို့အတူ ၂-ပုံကား ရုန့်ရင်း၊ ၅-ပုံမှာ မရုန့်ရင်းပေ။

စာမျက်နှာ-34


ကုစားခွင့် ရှိ-မရှိ။ ။ ပါရာဇိက အာပတ်မှာ ကုစားခွင့် မရှိ၊ လူသာမဏေအဖြစ် ပြောင်းလဲမှ စင်ကြယ်၍ ကြွင်း ၆-ပုံမှာ ကုစားပြေပျောက်ခွင့်ရှိသည်။ ထို့အတူ ပါရာဇိကအာပတ် မကုစားကောင်း၊ ကြွင်း ၆-ပုံ ကုစားကောင်း။

၁၃-ဧကပုဂ္ဂလဝဂ်

၁။ တဦးတည်းသော ပုဂ္ဂိုလ်လောက၌ ပွင့်ပေါ်လာလျှင် လူများ စီးပွားဖြစ်ဖို့ ချမ်းသာဖို့ သတ္တလောကကို အစဉ်သနားဖို့ နတ်လူများ အကျိုးစီးပွားဖြစ်ဖို့ ချမ်းသာဖိုရာဖြစ်၏၊ တဦးတည်းသော ပုဂ္ဂိုလ်ကား ပူဇော်အထူးကို ခံတော်မူထိုက်၍ တရားအားလုံးကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။

၂။ တဦးတည်းသော မြတ်စွာဘုရား ပွင့်ပေါ်လာခြင်းကို လောက၌ ရခဲ၏။

၃။ တဦးတည်းသော မြတ်စွာဘုရားသည် လောက၌ ပွင့်ပေါ်လာလျှင် လက်ဖျစ်တီး၍ အံ့ချီးလောက်သူ ဖြစ်၏။

၄။ တဦးတည်းသော မြတ်စွာဘုရား၏ ကွယ်လွန်ခြင်းသည် လူများအား ပူပန်ခြင်းကို ဖြစ်စေ၏။

၅။ တဦးတည်းသော မြတ်စွာဘုရားသည် ပွင့်ပေါ်လာလျှင် လောက၌ ၂-ဦးမြောက် ဒုတိယပုဂ္ဂိုလ် မရှိသူဖြစ်၏၊ ဂုဏ်ရည်တူ မရှိသူဖြစ်၏၊ ပုံတူရုပ်ပွား မရှိသူဖြစ်၏၊ ပုံတူပုဂ္ဂိုလ် မရှိသူဖြစ်၏၊ ပြိုင်နိုင်သည့်ပုဂ္ဂိုလ် မရှိသူဖြစ်၏၊ တုနိုင်သည့်ပုဂ္ဂိုလ် မရှိသူဖြစ်၏၊ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသူဖြစ်၏၊ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာ တူသူဖြစ်၏၊ အခြေ ၂-ချောင်းရှိသော သတ္တဝါတို့တွင် အမြတ်ဆုံးသောသူ ဖြစ်၏။

၆။ တဦးတည်းသော မြတ်စွာဘုရား ပွင့်ပေါ်လာခြင်းကြောင့် မြတ်သော ပညာမျက်စိ ပညာအလင်း ပညာအရောင် ဒဿနာနုတ္တရိယ စသော ၆-ပါးသော အတုမရှိ မြတ်သောတရားတို့၏ ထင်ရှားဖြစ်ပေါ်လာခြင်းဖြစ်၏။ လေးပါးသော ပဋိသမ္ဘိဒါဉာဏ်တို့ကို မျက်မှောက်ပြုရခြင်း၊ များစွာသောဓာတ် အမျိုးမျိုးသောဓာတ်တို့ကို ထိုးထွင်း၍ သိရခြင်း၊ ဝိဇ္ဇာ (ဖိုလ်ဉာဏ်) ဝိမုတ္တိ (ဖိုလ်နှင့်ယှဉ်သော သမ္ပယုတ်တရားများ) ဖိုလ် (ဖိုလ် ၄-ပါး) ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏။ (၆-၁၇)

၁၈။ သာရိပုတ္တရာသည် မြတ်စွာဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက်ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်သကဲ့သို့ လည်စေနိုင်သော အခြားတဦးသော ပုဂ္ဂိုလ်ကိုလည်း ငါဘုရား မမြင်။

စာမျက်နှာ-35


ပုဂ္ဂိုလ်ဟူသည်။ ။ သမ္မုတိကထာသာတည်း၊ သမ္မုတိ ပရမတ္ထဟု ဗုဒ္ဓ၏ ဒေသနာ ၂-ပါးတွင် ပုဂ္ဂိုလ် သတ္တဝါ မိန်းမ ယောက်ျား စကားများကား သမ္မုတိဒေသနာ၊ အနိစ္စ ဒုက္ခ ခန္ဓာ အာယတန စကားများမှာ ပရမတ္ထဒေသနာမည်သည်၊ သမ္မုတိနှင့် စပ်ဟောမှ တရားထူးရမည့် သူများအတွက် သမ္မုတိဒေသနာ၊ ပရမတ္ထနှင့်စပ်ဟောမှ ကျွတ်မည့်သူများအား ပရမတ္ထဒေသနာ ဟောသည်။

မရှိတရား ဟောပါငြားလည်း မုသားမဖြစ်။ ။ ဘာသန္တရဆေက ပါမောက္ခသည် အင်္ဂလိပ်လိုပြောမှ သိမည့်သူ၊ ပြင်သစ် တရုပ်လိုပြောမှသိမည့်သူများကို နားလည်မည့် ဘာသာအလိုက်သာ ပြောပြသကဲ့သို့ ဘုရားရှင်သည်လည်း နာယူမည့် သတ္တဝါအလိုက် ကိုက်အောင် ဟောတော်မူရကား မရှိသော မိန်းမ၊ မရှိသော ပုဂ္ဂိုလ်ဟု ဟောဆိုသဖြင့် မြတ်စွာဘုရား၌ မုသားဖြစ်သည်ဟု မဆိုသင့်တော့ပေ။

ပုဂ္ဂလကထာ (သမ္မုတိကထာ) ဟောတော်မူကြောင်းများ

၁။ ခန္ဓာ အာယတန တို့သည် ရှက်တတ် ကြောက်တတ် ကုန်၏ ဟု ဟောလျှင် ပရိသတ် နားမလည်၊ ဤမိန်းမ ရှက်ကြောက်တတ်၏ ဟု ဟောမှ နားလည်ကြမည်၊ ဤသို့ အရှက် အကြောက်ကို ပြဖို့ရာ၊

၂။ ခန္ဓာတို့သည် ကိုယ်ပြုသမျှကံသာ ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏ ဟု ဆိုလျှင် နားမလည်၊ သတ္တဝါတို့သည်ဟုဆိုရမည်၊ ဤသို့ ကမ္မဿကတာကို ပြခြင်းငှာ၊

၃။ ဝေဠုဝန်ကျောင်းတော်ကြီးကို ခန္ဓာတွေက ဒါယကာခံ၍ ဆောက်လှူသည်ဆိုက နားမလည်၊ ဗိမ္ဗိသာရမင်း ဆောက်သည် ဆိုရမည်၊ ဤသို့ ယောက်ျားတို့၏ ဝီရိယစွမ်းကို ပြခြင်းငှာ၊

၄။ ခန္ဓာသည် ဖခင်ကို သတ်၏ဟုဆိုက နားမလည်၊ အဇာတသတ်မင်း သတ်သည် ဆိုရမည်၊ ဤသို့ အနန္တရိယကံကို ပြခြင်းငှာ၊

၅။ ခန္ဓာသည် မေတ္တာထား၍ ကရုဏာပွား၏ဆိုက နားမလည်၊ ရဟန်းတော်များ မေတ္တာ ကရုဏာ ပွားကြသည် ဆိုရမည်၊ ဤသို့ ဗြဟ္မဝိဟာရကို ပြဖို့ရာ၊

၆။ ခန္ဓာသည် ရှေးဘဝဖြစ်ခဲ့ပုံကို အောက်မေ့နိုင်သည်ဆိုက နားမလည်၊ အရှင်သာရိပုတ္တရာ အောက်မေ့နိုင်သည် ဆိုရမည် ဤသို့ ပုဗ္ဗေနိဝါသကို ပြဖို့ရာ၊

၇။ ခန္ဓာတို့သည် လှူဖွယ်များ လက်ခံကြသည်ဆိုက နားမလည်၊ သီလဝန္တ ပုဂ္ဂိုလ်များ ခံယူကြသည် ဆိုရမည်၊ ဤသို့ ဒက္ခိဏာဝိသုဒ္ဓိကို ပြဖို့ရာ၊

၈။ လောကသမ္မုတိ၌ တည်၍သာ ဘုရားရှင် တရားဟောသည်၊ ထို့ကြောင့် အများလည်း မပယ်ဖို့ရာ ပုဂ္ဂလကထာကို ဟောတော်မူသည်။

စာမျက်နှာ-36


တဦးတည်းသောမြတ်စွာဘုရား။ ။ ဗောဓိသမ္ဘာရဂုဏ်၊ ဗုဒ္ဓဂုဏ်တို့ဖြင့် မည်သူနှင့်မျှ မတူသော အသဒိသ၊ သတ္တဝါ အားလုံးထက် ဂုဏ်ထူးသော ဂုဏဝိသိဋ္ဌ၊ အတုမရှိသော ရှေးဘုရားရှင်များနှင့်မှ နာမကာယ ရူပကာယ ဂုဏ်တူသော အသမသမဖြစ်သောကြောင့် တဦးတည်းသာ ဖြစ်သည်။

လောက၌။ ။ သတ္တ၊ သင်္ခါရ၊ ဩကာသလောက ၃-ပါးတွင် သတ္တလောကတည်း၊ သတ္တလောကတွင်လည်း နတ် ဗြဟ္မာတို့၌ ဘုရားမဖြစ်၊ လူ့ပြည် ဤစကြဝဠာ၌သာဖြစ်၍ အခြားစကြဝဠာ၌မဖြစ်၊ ဤစကြဝဠာတွင်လည်း အလျား ၃၀၀၊ အနံ ၂၅၀၊ အဝန်း ၉၀၀ ယူဇနာရှိသော မဇ္ဈိမဒေသ၌သာ ပွင့်၏၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ဘုရားမယ်တော် ခမည်းတော်၊ စကြာမင်း စသော ထိပ်တန်း ပုဏ္ဏားသူကြွယ်များလည်း မဇ္ဈိမ၌သာ။

သတ္တလောကကို အစဉ်သနားဖို့... အဘယ်သတ္တလောကနည်း၊ ဘုရားတရားကြားနာရ၍ အမြိုက်ရည်သောက်ကြရမည့် သတ္တဝါအားလုံးတည်း၊ ယင်းတို့မှာ–

၁။ ဗောဓိမဏ္ဍိုင်၌ ၇-ရက် ၇-လီ သီတင်းသုံးပြီး ဣသိပတနကြွ၊ ဓမ္မစကြာသုတ်တော်ဟောပြီး အရှင်ကောဏ္ဍညနှင့် ဗြဟ္မာ (၁၈) ကုဋေ။

၂။ ငါးရက်မြောက် အနတ္တလက္ခဏသုတ်ဟောပြီး ပဉ္စဝဂ္ဂီများ အရဟတ္တဖိုလ် ရကြ။
၃။ ထို့နောင် ယသသတို့သား အမှူးရှိသော ၅၅-ဦး အရဟတ္တဖိုလ်ရ။
၄။ ကပ္ပါသိကတောအုပ်၌ ဘဒ္ဒဝဂ္ဂီ ညီနောင် ၃-ကျိပ် အနာဂါမ်ဖြစ်ကြ။

၅။ ဂယာသီသ၌ အာဒိတ္တပရိယာယသုတ္တန်အဆုံး ရသေ့ ညီနောင် ရှင်တထောင်တို့ အရဟတ္တဖိုလ်ရကြ။

၆။ ထန်းတောဥယျာဉ်၌ ဗိမ္ဗိသာရ အမှူးရှိသော ပုဏ္ဏား သူကြွယ် တသိန်းတသောင်း သောတာပန်၊ တသောင်း သရဏဂုံတည်။

၇။ တိရောကုဋ္ဌ အနုမောဒနာအဆုံး သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်။
၈။ သုမနပန်းသည် အစည်းအဝေး သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်။
၉။ နေပါလအစည်းအဝေး သတ္တဝါပေါင်း တသောင်း။
၁၀။ ခဒိရင်္ဂါရဇာတ်-သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်။
၁၁။ ဇမ္ဗုကတက္ကတွန်း-သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်။
၁၂။ အာနန္ဒသဌေး-သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်။
၁၃။ ပါရာယန သုတ္တန်ဟောသော သတ္တဝါပေါင်း တဆယ့်လေးကုဋေ။
၁၄။ အစုံအစုံ တန်ခိုးပြာဋိဟာပြရာနေ့ သတ္တဝါပေါင်း နှစ်သောင်း။
၁၅။ တာဝတိံသာ အဘိဓမ္မာဟောရာ၌ သတ္တဝါပေါင်း ကုဋေရှစ်ဆယ်။
၁၆။ တာဝတိံသာမှ ဆင်းသောနေ့ သတ္တဝါပေါင်း ကုဋေသုံးဆယ်။

စာမျက်နှာ-37


၁၇။ သက္ကပဥှသုတ်ဟောရာ၌ သတ္တဝါပေါင်း ရှစ်သောင်း။

၁၈။ မဟာသမယ၊ မင်္ဂလ၊ စူဠရာဟုလောဝါဒ၊ သမ္မစိတ္တပဋိပဒါ ၄-ဌာနတို့၌ သတ္တဝါပေါင်း မရေမတွက်နိုင် တရားထူးရကြ၊ အမြိုက်ရည် သောက်ကြရသည်။

၁၉။ ယနေ့ထိလည်းကောင်း၊ နောင်၌လည်းကောင်း သာသနာမှီ၍ နတ်ရွာ နိဗ္ဗာန်ရမည့် သူများအားလုံးကို သနားတော်မူသည်။

နတ် လူများအကျိုး။ ။ နတ် လူသာမက နဂါး ဂဠုန် စသည်လည်း ပါဝင်သည်၊ သို့သော်လည်း သဟိတ်ပဋိသန္ဓေနေ၍ မဂ်ဖိုလ်ရထိုက်သော ဘဗ္ဗပုဂ္ဂိုလ်များကို ပြခြင်းငှာ ဆိုသည်။

ပုစ္ဆာ ၅-မျိုး ၂-မျိုးဘုရား။ ။

၁။ မသိသည်ကို လင်းစေလို၍မေးသော အဒိဋ္ဌဇောတနာပုစ္ဆာ၊
၂။ သိပြီးကို နှီးနှောလို၍မေးသော ဒိဋ္ဌသံသန္ဒနာပုစ္ဆာ၊
၃။ သံသယရှိ၍ ပြတ်အောင်မေးသော ဝိမတိစ္ဆေဒနပုစ္ဆာ၊
ဘုရားရှင်များ၌ မသိသည်မရှိ၍ ၁-ပုစ္ဆာမလို၊ မည်သည့် ရဟန်းရှင်လူများနှင့်မှ တိုင်ပင်ဖွယ်မလို၍ ၂-ပုစ္ဆာလည်း မလို၊ သံသယအားလုံး ကင်းပြီးဖြစ်၍ ၃-လည်း မလိုပါ။
၄။ ရဟန်းများ၏ အလိုခွင့်ပြုချက် ရယူလို၍မေးသော အနုမတိပုစ္ဆာ၊
၅။ ဘုရားရှင်ကိုယ်တိုင် ဖြေလို၍မေးသော ကထေတုကမျတာပုစ္ဆာ၊
ဤ ၅-မျိုးတွင် နောက် ၂-မျိုးသာ ဘုရားရှင်များအား ရအပ်သည်၊ ဤ၌ကား ဖြေလို၍မေးသော အမှတ် ၅-ပုစ္ဆာတည်း။

တထာဂတ (မြတ်စွာဘုရား) မည်ပုံ ၈-မျိုးတွင်–

၁။ ရှေးဘုရားများနှင့် အတူလာတော်မူသော မြတ်စွာဘုရား။ ။ တလောကလုံး စီးပွားအတွက် ကြောင့်ကြစိုက်ကာ ဝိပဿီစသော ဘုရားရှင်များ လာတော်မူသကဲ့သို့ ငါတို့ဘုရားရှင်လည်း လာတော်မူသည်၊ (တနည်း) ဝိပဿီစသော ဘုရားရှင်များ ပါရမီ ၁၀-ပါး၊ အပြား ၃၀၊ စွန့်ခြင်းကြီး ၅-ပါး၊ စရိယ ၃-ပါး၊ ဘုရားဖြစ်ကြောင်း တရားများဖြည့်ကျင့်၍ အထွက်အထိပ်သို့ရောက်ကာ လာတော်မူသကဲ့သို့ ငါတို့ဘုရားရှင်လည်း လာတော်မူသည်။

စာမျက်နှာ-38


ပါရမီ ၁၀-ပါး အပြား ၃၀။ ။ ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာဟု ပါရမီ ၁၀-ပါးရှိရာ ရိုးရိုးအားထုတ်ရသော သာမညပါရမီ ၁၀-ပါး၊ လက် ခြေ စသော ကိုယ်အင်္ဂါအတွက် မငဲ့ကွက်ပဲ အားထုတ်ရသော ဥပပါရမီ ၁၀-ပါး၊ အသက်ကိုသော်မှ မငဲ့ကွက်ပဲ အားထုတ်ရသော ပရမတ္ထပါရမီ ၁၀-ပါး၊ ပေါင်း ၃၀-ဖြစ်သည်။

စွန့်ခြင်းကြီး ၅။ ။ ခြေလက်အင်္ဂါ၊ မျက်စိ၊ ဥစ္စာ၊ အသက်၊ သားသမီး၊ မယားစွန့်ခြင်း၊ ဤ ၅-ပါးတည်း။
စရိယ ၃။ ။ ဉာတတ္ထစရိယ = ဆွေမျိုးအကျိုးကျင့်ခြင်း၊ လောကတ္ထစရိယ = လောကကျိုးကျင့်ခြင်း၊ ဗုဒ္ဓတ္တစရိယ = ဘုရားဖြစ်အောင်ကျင့်ခြင်း ၃-ပါးတည်း။

၂။ ရှေးဘုရားများနှင့်အတူ မှန်ကန်စွာသွားတော်မူသော မြတ်စွာဘုရား။ ။ ဝိပဿီဘုရားသည် ဖွားစကပင် ညီမျှသောခြေတို့ဖြင့် မြေ၌ရပ်၍ မြောက်အရပ်ရှေးရှု၊ ၇-ဖဝါးလှမ်းတော်မူလျက် ထီးဖြူဆောင်းမိုးစဉ် အရပ် ၁၀-မျက်နှာကြည့်ကာ “လောကတွင် ငါ အမြတ်ဆုံး၊ အကြီးဆုံး၊ ချီးမွမ်းအပ်ဆုံးတည်း၊ ဤကား အဆုံးဘဝဖြစ်၏၊ နောက်ဘဝမရှိပြီ” ဟု ရဲရင့်ပြတ်သားသောစကားကို ဆိုတော်မူသည်၊ ထိုကြွခြင်းကား တရားထူးရှိ ပုဗ္ဗနိမိတ်အဖြစ် မှန်တော်မူသည်။

ပုဗ္ဗနိမိတ်မှန်ပုံများ။ ။ ဖွားစ ညီမျှသောခြေတို့ဖြင့် ရပ်ခြင်းကား ဣဒ္ဓိပါဒ် ၄-ပါးရဖို့၊ မြောက်အရပ် ရှေးရှုကြွခြင်းကား လောကုတ္တရာတရားများရဖို့၊ ၇-ဖဝါးလှမ်းခြင်းကား ဗောဇ္ဈင်ရတနာ ၇-ပါး၊ သားမြီးယပ်ချီခြင်းကား တိတ္ထိအားလုံး နှိမ်နင်းနိုင်ဖို့၊ ထီးဖြူဆောင်းခြင်းကား အရဟတ္တဖိုလ်သီးရဖို့၊ အရပ် ၁၀-မျက်နှာကြည့်ခြင်းကား သဗ္ဗညုတ အနာဝရဏဉာဏ်ရှိဖို့၊ ရဲရင့်ပြတ်သား စကားဆိုခြင်းကား တရားစကြာလည်စေနိုင်ဖို့ အမှန်နိမိတ်များတည်း။

၃။ လက္ခဏာမှန်ကို ဉာဏ်ဖြင့်ရောက်တော်မူသော မြတ်စွာဘုရား။ ။ ရုပ်၏ ဖောက်ပြန်မှု၊ ဝေဒနာခံစားမှု၊ သညာ၏မှတ်သားမှု၊ သင်္ခါရတို့၏ပြုပြင်မှု၊ ဝိညာဉ်သိမှုတို့ကား သဘောမှန်ဖြစ်ကြသည်၊ ထိုသဘောလက္ခဏာမှန်ကို မချွတ်မယွင်း ဉာဏ်ဖြင့် ထိရောက်စွာ သိတော်မူသည်။

စာမျက်နှာ-39


။ အမှန်တရားများကို အမှန်အလျောက် သိတော်မူသော မြတ်စွာဘုရား။ ။ အမှန်တရားဟူသည် သစ္စာ ၄-ပါးတို့တည်း၊ တနည်း-ဇရာ မရဏအတွက် ဇာတိသည် အကြောင်းဖြစ်မှု မှန်သည်စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်သွယ်မှုများတည်း။

၅။ အမှန်ကို သိမြင်တော်မူသော မြတ်စွာဘုရား။ ။ တလောကလုံး သတ္တဝါများ၏ စက္ခုဒွါရ၌ ထင်လာသော အာရုံကို အခြင်းအရာအားလုံးဖြင့် သိမြင်တော်မူသည်၊ သဒ္ဒါရုံစသည်ကိုလည်း အတူသိတော်မူ၏။

၆။ အမှန်ကို ဆိုတော်မူတတ်သော မြတ်စွာဘုရား။ ။ ဘုရားဖြစ်တော်မူသည်မှ ပရိနိဗ္ဗာန် စံတော်မူသည်အထိ ၄၅-နှစ်အတွင်း ဘုရားရှင် မိန့်တော်မူသမျှ ဒေသနာတော် ဓမ္မသည် မိန့်တော်မူသည့်အတိုင်း ရာဂစသည်ကို နှိမ်နင်းကြောင်းဖြစ်၍ သားမြီးဖျားမျှ ချွတ်ချော်မှုမရှိ၊ တံဆိပ်တခုဖြတ်၊ ပြည်တခုဖြင့်ခြင့်၊ ချိန်တခုဖြင့် ချိန်သကဲ့သို့ မှန်တော်မူသည်။

၇။ ပြောတိုင်း ပြုတော်မူသော မြတ်စွာဘုရား။ ။ နှုတ်တော်နှင့် အလုပ်တော်၊ အလုပ်တော်နှင့် နှုတ်တော် ညီမျှတော်မူ၏၊ ထို့ကြောင့် ပြောသလိုပြု၊ ပြုသလို ပြောတော်မူသော (ယထာဝါဒီ တထာကာရီ၊ ယထာကာရီ တထာဝါဒီ) ဘုရားဖြစ်တော်မူသည်။

၈။ သာသာထိုးထိုး လွှမ်းမိုးတော်မူသော မြတ်စွာဘုရား။ ။ အထက်ဘဝဂ်၊ အောက်အဝီစိ နှံ့သည့်စကြဝဠာ သတ္တဝါမှန်သမျှကို သီလစသော ဂုဏ်တို့ဖြင့် အနိုင်ယူကာ သာသာထိုးထိုး လွှမ်းမိုးနိုင်သည်၊ တုနှိုင်းဖွယ်ရာ မရှိ၊ မင်းထက်မင်း၊ နတ်ထက် နတ်၊ ဗြဟ္မာထက် ဗြဟ္မာ ဖြစ်တော်မူသည်။ ဤကား ဘုရား (တထာဂတ) မည်ပုံပြရာ အမြွက်သာတည်း၊ ပြည့်စုံအောင် ဘုရားရှင်များသာ ပြနိုင်ရာပါသည်။

လောက၌ ရခဲ၏။ ။ တကြိမ် ဒါနပြုရုံဖြင့် ဘုရား မဖြစ်နိုင်၊ ၁၀-ကြိမ် အကြိမ်ရာထောင် သိန်း သန်း ကုဋေတသိန်း ပြုရုံဖြင့် ဘုရားမဖြစ်နိုင်၊ ရက် လ နှစ်ပေါင်း ကမ္ဘာပေါင်း ကုဋေတသိန်း ပြုရုံဖြင့်လည်း မဖြစ်နိုင်၊ အယုတ်ဆုံး ၄-သင်္ချေနှင့် ကမ္ဘာတသိန်း ဒါနအစရှိသော ပါရမီ ၁၀-ပါးလုံး ဖြည့်ကျင့်မှ ဘုရားဖြစ်နိုင်၍ ဤသတ္တလောက၌ ရခဲသည်။

စာမျက်နှာ-40


လက်ဖျစ်တီး၍ တောင်ပေါ်သို့ သူကန်း ရောက်အောင် တက်နိုင်ခြင်းကဲ့သို့ ဘုရား အံ့ချီးလောက်သူ တဆူပွင့်လာဖို့ အမြဲမဖြစ်နိုင်၊ လက်ဖျစ်တီး၍ ကြည့်ရမည့် အံ့ချီးလောက်သူဖြစ်သည်၊ ဝေဿန္တရာ ဘဝမျိုး၌ ဆင် မြင်း ၇၀၀-စီ၊ ၇၀၀-ပေါင်းများစွာလှူပြီး သားတော် ဇာလီ၊ သမီးတော် ကဏှာဇိန် ကြင်ရာတော် မဒ္ဒီဒေဝီတို့ကို လှူနိုင်ဖို့ကား အခြားသူများနှင့် မဆိုင်၊ ဘုရားလောင်း၏ အလေ့အကျင့် ပင်တည်း။ ဤသို့ အလေ့အကျင့်ရနေ ကျင့်သား ပါနေသော ပုဂ္ဂိုလ်သူမြတ်ကား ဘုရားသာတည်း။

ပူပန်ခြင်းကို ဖြစ်စေ၏။ ။ စကြာမင်းကွယ်လွန်ခြင်းကြောင့် စကြဝဠာတခုလုံးရှိ လူ နတ်များ ပူပန်ရ၏၊ ဘုရားရှင် ပရိနိဗ္ဗာန် စံပါမူ စကြဝဠာတသောင်းရှိ နတ်ဗြဟ္မာများ ပူပန်ရသည်။

၂-ဦးမြောက် ပုဂ္ဂိုလ်မရှိသူ။ ။ ဗဟုသုတရှိသော ရဟန်းသည် သုတဗုဒ္ဓ၊ ရဟန္တာသည် စတုသစ္စဗုဒ္ဓ၊ ၂-သင်္ချေနှင့် ကမ္ဘာတသိန်းပါရမီဖြည့်ရ၍ ကိုယ်တိုင် သစ္စာ ၄-ပါးကိုသိသော သီးခြားဗောဓိဉာဏ်ရသူသည် ပစ္စေကဗုဒ္ဓ၊ ၄-သင်္ချေနှင့် ကမ္ဘာတသိန်း (ပညာဓိက)၊ ၈-သင်္ချေနှင့် ကမ္ဘာတသိန်း (သဒ္ဓါဓိက)၊ ၁၆-သင်္ချေနှင့် ကမ္ဘာတသိန်း (ဝီရိယာဓိက) ပါရမီဖြည့်၍ဖြစ်သော မြတ်စွာဘုရားသည် သဗ္ဗညုဗုဒ္ဓဟု ဗုဒ္ဓ ၄-မျိုးရှိရာ သဗ္ဗညုဗုဒ္ဓသည်သာ ၂-ဦးမြောက် ဒုတိယပုဂ္ဂိုလ် မရှိသူမည်သည်။

ဂုဏ်ရည်တူ မရှိသူ။ ။ သိမြင်အပ်ပြီးသော တရားဂုဏ်ရည် မည်သူမျှ အတူ မရှိနိုင်ပါ၊ ဘုရားရှင်ပုံတော်နှင့် တူအောင် ရွှေငွေ ဆင်းတုတော်များ ထုသော်လည်း အနည်းငယ်မျှဘုရားနှင့်တူသော ပုံတူရုပ်ပွားမရှိ၊ တူသူလည်းမရှိ၊ သတိပဋ္ဌာန် ၄-ပါး ဘုရားဟောသလို ၅-ပါး ဟု ပြိုင်ဟောမည့် ပုဂ္ဂိုလ်လည်း မရှိ၊ ငါ ဘုရားဟု အာမခံကာ တုနိုင်သူလည်း မရှိ၊ ထို့ကြောင့်ပင် မည်သူနှင့်မျှမတူပဲ ပွင့်ပြီး ပွင့်လတ္တံ့ ဘုရားရှင်များနှင့်သာ တူသည်။

အခြေ ၂-ချောင်းတွင် အမြတ်ဆုံး။ ။ အခြေမရှိ၊ အခြေ ၄-ချောင်း အခြေများစွာ သတ္တဝါ အားလုံးထက် မြတ်သည်။ သို့သော် အမြတ်ပုဂ္ဂိုလ်သည် အခြေ ၂-ချောင်းသတ္တဝါ လူ နတ်တို့၌သာ ဖြစ်၍ အခြေ ၂-ချောင်းဟု မိန့်၏၊ မဟာဗြဟ္မာကြီးပင် ဘုရားရှင်၏ ကပ္ပိယကာရက အာရာမ်စောင့် အဆင့်မျှသာ ဖြစ်သည်၊ ပညာမျက်စိ ဟူရာ၌ ရှင်သာရိပုတ္တရာ၏ ဝိပဿနာပညာ၊ ရှင်မောဂ္ဂလာန်၏ သမာဓိပညာနှင့်တူသော ပညာမျက်စိမျိုးယူ။

အတုမရှိ မြတ်တရား ၆-ပါး။ ။ အရှင်အာနန္ဒာ၏ နေ့ညနံနက် ဘုရားရှင်ကို စက္ခုဝိညာဉ်ဖြင့် ဖူးမြင်ခွင့် ရခြင်းမျိုးသည် ဒဿနာနုတ္တရိယ၊

စာမျက်နှာ-41


ဘုရားစကားတော်ကို သောတဝိညာဉ်ဖြင့် မပြတ်ကြားခွင့် ရခြင်းမျိုးသည် သဝနာနုတ္တရိယ၊ ယင်းအရှင်၏ပင် ဘုရားရှင်အပေါ် သဒ္ဓါရခြင်းမျိုးသည် လာဘာနုတ္တရိယ၊ အရှင်အာနန္ဒာ၏ သာသနာ၌ သိက္ခာ ၃-ပါးကျင့်မျိုးသည် သိက္ခာနုတ္တရိယ၊ ဘုရားရှင်ကို မပြတ် လုပ်ကျွေးခြင်းမျိုးသည် ပါရိစရိယာနုတ္တရိယ၊ လောကုတ္တရာ ဂုဏ်ဖြာဖြာကို အောက်မေ့ခြင်းမျိုးသည် အနုဿတာနုတ္တရိယ မည်သည်။ အားလုံး အရှင်အာနန္ဒာကိုပင် ပုံစံထားသည်။

ပဋိသမ္ဘိဒါဉာဏ် ၄-ပါး။ ။ ထူးခြားထွေပြား အမျိုးမျိုးသော သဘောတရားများကို ပဋိသမ္ဘိဒါ၊ ယင်းတို့ကို သိလျှင် ပဋိသမ္ဘိဒါဉာဏ် ခေါ်သည်၊ အတ္ထ၊ ဓမ္မ၊ နိရုတ္တိ၊ ပဋိဘာနဟု ပဋိသမ္ဘိဒါဉာဏ် ၄-ပါး ရှိသည်၊ အနက် အဓိပ္ပာယ်ဆိုင်ရာ အမျိုးမျိုးကို သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်သည်၊ တရားတော်နှင့် အကြောင်းဆိုင်ရာ အမျိုးမျိုးကို သိလျှင် ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ မဂဓဘာသာမှစ၍ ဘာသာအမျိုးမျိုး ဘာသာဗျုပ္ပတ် ဝိဂြိုဟ်ဝစနတ္ထပုဒ် ပါဠိမှန်သမျှကို သိလျှင် နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၊ ယင်းဉာဏ်ရှင်သည်သာ သဒ္ဒပါရဂူအစစ် ဖြစ်သည်၊ အကြောင်းတိုက်ဆိုင်၍ ကြုံကြိုက်သလို ဥပမာ ဥပမေယျ စသည်တို့ဖြင့် ဉာဏ်အား ထင်လာခြင်းငှာ စွမ်းနိုင်သောဉာဏ်ကား ပဋိဘာနပဋိသမ္ဘိဒါဉာဏ်မည်သည်။

အရိယာတိုင်း ပဋိသမ္ဘိဒါ မရ။ ။ ဤဉာဏ် ၄-ပါးကား ပုထုဇဉ်တို့နှင့် လုံးဝမဆိုင်၊ အရိယာတိုင်းလည်း မရ၊ ပါရမီရှင်ဖြစ်၍ ယင်းဉာဏ်မျိုးစေ့ ရှိသော အရိယာများသာ ရနိုင်သည်၊ အဘိညာဉ်နှင့် တခြားစီသာ၊ ဘုရားလက်ထက်တော်မှာပင် ယင်းဉာဏ်ရသူ ရှားလှသည်။ အရကောက်မှာ-အတ္ထအရ- အကျိုးတရား၊ နိဗ္ဗာန်၊ ပါဠိ၏အနက်၊ ဝိပါက်စိတ်၊ ကြိယာစိတ်ဟု ၅-မျိုး ရ၍ ဓမ္မအရမှာ လည်း အကြောင်းဟူသမျှ၊ မဂ် ၄-ပါး၊ ပါဠိတော်၊ ကုသိုလ်၊ အကုသိုလ် ၅-မျိုးပင် ရသည်၊ နိရုတ္တိအရကား ယင်းတို့နှင့် ဆိုင်ရာသဒ္ဒါပုဒ်ပါဌ် ၁၀-မျိုးရှိသည်၊ ပဋိဘာန အရလည်း အထက် ၃-ပါးတို့၏ကိစ္စအားလုံး သက်ဆိုင်သည်၊ ထို့ကြောင့် ပဋိဘာနကို သဗ္ဗတ္ထကပဋိသမ္ဘိဒါဉာဏ် ဟု ခေါ်သည်။

များသော အမျိုးမျိုးသော ဓာတ်ဟူသည် စက္ခုဓာတ်၊ ရူပဓာတ်စသော ဓာတ် ၁၈-ပါးတည်း။

လည်စေအပ်သော ဓမ္မစက်နှင့် စပ်၍ ၆-မျိုး

၁။ အဘိနီဟရတိ- သုမေဓာရသေ့ဘဝ ကာမအပြစ်မြင်၊ တောထွက် ရသေ့ပြု၊ ဈာန်ရချိန်မှစ၍ ဓမ္မစက်သို့ ရှေးရှုဆောင်၏။

စာမျက်နှာ-42


၂။ အဘိနိဋ္ဌိတံ - ဒီပင်္ကရာဘုရားထံတော်မှာ နိယတဗျာဒိတ်ရချိန်မှစ၍ စက်သို့ ရှေးရှုဆောင်အပ်ပြီ။

၃။ ဥပ္ပါဒေတိ - ပါရမီစာဂ စရိယများကျင့်ပြီး၍ အရဟတ္တမဂ် ရသောခဏတည်း၊ ဓမ္မစက်ကို ဖြစ်စေချိန်တည်း။

၄။ ဥပ္ပာဒိတံ - အရဟတ္တဖိုလ်ခဏတည်း၊ ဘုရားဂုဏ်အားလုံး ယင်းဖိုလ်နှင့် အတူပြီးသည်၊ စက်ကို ဖြစ်စေအပ်ပြီ။

၅။ ပဝတ္တေတိ - အရှင်ကောဏ္ဍညအား ဓမ္မစကြာသုတ်ဟောချိန် ခဏတည်း၊ ဓမ္မစက်ကိုလည်စေသော ခဏဖြစ်သည်။

၆။ ပဝတ္တိတံ - အရှင်ကောဏ္ဍည အရိယာဖြစ်ချိန်မှစ၍ ဓမ္မစက် လည်စေအပ်ပြီ၊ ဓမ္မစက်ဟူသည် ဘုရားရှင်၏ လောကီဒေသနာဉာဏ်၊ လောကုတ္တရာပဋိဝေဓဉာဏ်၊ ယင်းနှစ်ပါး၏ အမည်ဖြစ်သည်။

ရှင်သာရိပုတ္တရာဟောသမျှ ဗုဒ္ဓတရားပင်။ ။ မင်းမှုထမ်းများ မင်းမိန့်ကိုဖတ်၍ လုပ်ကိုင်သမျှ မင်းအလုပ်ပင် ဖြစ်သကဲ့သို့ ရှင်သာရိပုတ္တရာနှင့် မည်သည့် ရဟန်းရှင်လူမဆို ဟောသမျှသည် ဘုရားဟောပင်မည်သည်၊ မင်းနှင့်ဘုရား၊ မင်းမိန့်နှင့် ပိဋက ၃-ပုံ၊ မင်းမှုထမ်းနှင့် ရှင်သာရိပုတ္တရာ စသော ရဟန်းရှင်လူများ တူသည်။

၁၄-ဧတဒဂ္ဂဝဂ် ၁။ ပဌမဝဂ်

၁။ ညဉ့်တို့ကိုသိကုန် (ရဟန်းဘဝနှင့် နေခဲ့သောညဉ့်၊ တရားရပြီးနေခဲ့သောညဉ့်တို့ကို သိကုန် ရေတွက်မှတ်သားမိကုန်) ရဟန်းဝါရင့်ကုန်သော ငါ၏တပည့် ရဟန်းတော်တို့တွင် အညာသိကောဏ္ဍညသည် အမြတ်ဆုံးဖြစ်သည်။

ထွတ်မြတ်ပုဂ္ဂိုလ် ဧတဒဂ်ဆို။ ။ ဧတဒဂ္ဂ ပါဠိအရ ဧတဒဂ်ခေါ်သည်၊ ဆိုင်ရာနေရာအထူးတွင် အထွတ်အထိပ် အမြတ်ဆုံး ပုဂ္ဂိုလ်ကို ဧတဒဂ်ရာထူးဖြင့် ဘုရားရှင် ချီးကျူးမြှောက်စားတော်မူသည်၊ အကြောင်းဖြစ်ရပ်၊ အစဉ်အလာ၊ အလေ့အကျင့်၊ ဂုဏ်ထူးဝိသေသ၊ ဤ ၄-ပါးသော အကြောင်းတို့တွင် အချို့ မထေရ် အကြောင်း ၁-ပါး၊ အချို့ ၂-ပါး၊ အချို့ ၄-ပါးလုံးတို့ကြောင့် ဧတဒဂ်ရာထူး ရတော်မူကြသည်။

စာမျက်နှာ-43


အရှင်သာရိပုတ္တရာ၌ ဧတဒဂ်ရကြောင်း ၄-ပါး

အကြောင်းဖြစ်ရပ်။ ။ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် သရက်ဖြူပင်ရင်း၌ တိတ္ထိများကို နှိမ်နှင်းသော တန်ခိုးပြာဋိဟာများပြသည်။ ပြပြီး ရှေးဘုရားရှင်များ၏ အစဉ်အလာ ၂-လှမ်း ၃-ဖဝါးဖြင့် တာဝတိံသာ ကြွတော်မူရာ သိကြားမင်းသည် နတ်ပရိသတ်နှင့်ကြိုဆိုသည်။ ယူဇနာ ၆၀ အလျားရှိသော သိကြားနေရာ မြကျောက်ဖျာ၌ ထိုင်တော်မူရာ ကိုယ်တော်ကို ကြီးအောင်၊ ကျောက်ဖျာကို ငယ်အောင် မပြုသော်လည်း ဘုရားရှင်နှင့် ကျောက်ဖျာ အသင့်သာ ဖြစ်သွားပါ၏။ (ဘုရားအရာကား မကြံစည်အပ်ပေ။) မယ်တော်နတ်သား အမှူးထား၍ စကြဝဠာတသောင်းမှရောက်လာကြသော နတ်ဗြဟ္မာများအား အဘိဓမ္မာပိဋကကို ဟောတော်မူသည်။

အရှင်မောဂ္ဂလာန်၏ဂုဏ်ရည်။ ။ တန်ခိုးပြသော နေရာတွင် စုဝေးမိသော ၁၂-ယူဇနာ ပရိသတ်က ဘုရားပြန်ကြွချိန်ကို အရှင်အနုရုဒ္ဓါအားမေးရာ စွမ်းနိုင်သော်လည်း “အရှင်မောဂ္ဂလာန်ကို လျှောက်ထားကြ” ဟု ပုဂ္ဂလဝိသေသ၏ ထူးခြားမှုကို သိမြင်ကြအောင် လွှဲလိုက်သည်၊ အရှင်မောဂ္ဂလာန်သည် အနားတွင်ပင် မြေလျှိုးပြီး မြင်းမိုရ်တောင်အတွင်းမှ တာဝတိံသာကြွရောက် ဘုရားကိုရှိခိုး လျှောက်ထားပြန်ကြွလာပြီး “၃ လ အကြာ သီတင်းကျွတ်လပြည့်နေ့တွင် သင်္ကဿမြို့တံခါးမှာ ဘုရားရှင်ကိုဖူးကြ” ဟု ပန်ကြားလိုက်သည်၊ ၁၂-ယူဇနာ ပရိသတ်သည် ယင်းမြို့တံခါးသွား တဲထိုးနေကြ၏။ အနာထပိဏ်က ပရိသတ်အားလုံးအတွက် ၃-လ ပတ်လုံး တာဝန်ယူကျွေးမွေးသည်။

ဗုဒ္ဓအသရေတော်။ ။ တာဝတိံသာသို့ကြွ အဘိဓမ္မာဟောပြီး၍ ဘုရားရှင်လူ့ပြည်ဆင်းရာတွင် သိကြားမင်းအမိအရ ဝိသုကြုံ ဖန်ဆင်းသော ရွှေ၊ ငွေ၊ ပတ္တမြား စောင်းတန်း ၃-သွယ်အနက် အလယ်ပတ္တမြား စောင်းတန်းမှ ဘုရားရှင်ဆင်းတော်မူသည်၊ “ငါဘုရားကို လူများ မြင်စေ၊ အဝီစိငရဲကြီးကိုလည်း မြင်စေ” ဟု ဘုရားရှင် ဓိဋ္ဌာန်တော်မူရာ ငရဲမြင်၍ ထိတ်လန့်သူများအား နတ်ပြည်ကို ပြတော်မူသည်။

ဘုရားရှင်အား ဗြဟ္မာမင်းက ထီးမိုးလျက် သိကြားမင်းက သပိတ်ပိုက်ကာ သုယာမနတ်မင်းက ယပ်ခပ်လိုက်သည်၊ ပဉ္စသိခနတ်သားက ဘုရားရှေ့တော်က စောင်းတီးသွားသည်၊ သူထက်ငါ ဦးအောင်ဖူးဖို့ ကြိုးစားကြရာဝယ် မြေအပြင် ခြေတင်တော်မူသော် ဘုရားရှင်အား အရှင်သာရိပုတ္တရာ ဦးဆုံးရောက်ကာ ဖူးမြင်ရသည်။

စာမျက်နှာ-44


အသာဆုံး ပညာရှင်။ ။ ၁၂-ယူဇနာ ပရိသတ်အား ဘုရားရှင်က အရှင်သာရိပုတ္တရာ၏ ပညာအာနုဘော်ကို ပူဇော်မြင်သိဖို့ရာ၊ ၁-ပုထုဇဉ်များနှင့် ဆိုင်ရာပုစ္ဆာ၊ ၂-သောတာပတ္တိမဂ်ဆိုင်ရာ၊ ၃-သကဒါဂါမိမဂ်ဆိုင်ရာ၊ ၄-အနာဂါမိမဂ်ဆိုင်ရာ၊ ၅-အရဟတ္တမဂ်ဆိုင်ရာ ပုစ္ဆာဟု ၅-မျိုး ပေးတော်မူရာ ဆိုင်ရာစွမ်းနိုင်သူများ ဖြေကြားပြီးနောက် အောက်ပိုင်းမှစ၍ ထင်ရှားသော တပည့်သာဝကများကိုလည်း တဆင့်စီ မြှင့်၍ မေးတော်မူသည်၊ မဟာမောဂ္ဂလာန်အရာ၌ မဟာမောဂ္ဂလာန် ဖြေနိုင်သော်လည်း အရှင်သာရိပုတ္တရာအရာ၌ မဟာမောဂ္ဂလာန် မဖြေနိုင်တော့ပဲ အရှင်သာရိပုတ္တရာသာ ဖြေဆိုရတော့သည်။

နည်းလမ်းညွှန်ပြ ဧတဒဂ်ရ။ ။ ဘုရားရှင်အရာသာဖြစ်သော ပုစ္ဆာကို နောက်ဆုံး မေးတော်မူရာ အရှင်သာရိပုတ္တရာ၏ အခက်အခဲဖြစ်နေပုံကို သိသော ဘုရားရှင်က “သညာ” စသည် အမြွက်ပြမှ အရှင်သာရိပုတ္တရာ ဖြေနိုင်တော့သည်၊ “မည်သူမျှ မဖြေနိုင်သော ပုစ္ဆာ အရှင်သာရိပုတ္တရာ ဖြေနိုင်ပါပေသည်” ဟူသော ဂုဏ်ပြုသံကား ဘဝဂ်လျှံမျှ ပရိသတ်ကွင်း ညံသွားတော့သည်၊ ဤဖြစ်ရပ် အတ္ထုပ္ပတ်ကြောင့် “ပညာဧတဒဂ်” ရတော်မူသည်။

အစဉ်အလာကောင်း၍လည်း။ ။ ဤဖြစ်ရပ်နှင့် စပ်လျှင်ပင် အရှင်သာရိပုတ္တရာသည် ယခုမှမဟုတ်၊ ရှေးဘဝငါးရာ ရသေ့ဖြစ်စဉ် အခါများကလည်း ပညာကြီးကြောင်း အစဉ်အလာကောင်းကို ညွှန်ပြ၊ ဇာတ်တော် ၅ ခု ဟောပြတော်မူသည်။

နတ္ထိကိဉ္စိ၊ အနက်မသိ။ ။ ဧကောသီတိုင်း အထက်တန်းပုဏ္ဏားသဌေး ဘုရားလောင်းသည် ကာမဂုဏ်အပြစ်မြင်၊ ရသေ့ပြုကာ ဟိမဝန္တာ၌ နေသည်၊ ဈာန်အဘိညာဉ် အားလုံးရကာ တပည့်ငါးရာ အခြံအရံရှိသည်၊ ကွယ်လွန်ခါနီးတွင် တပည့်များက ဆရာ၏ ရပြီးတရားထူးကို မေးရာ “နတ္ထိ ကိဉ္စိ” ဖြေပြီး မကြာမီ ကွယ်လွန်၍ အာဘဿရာဗြဟ္မာဖြစ်သွားသည်၊ (တတိယအာရုပ္ပဈာန် ရသော်လည်း အဘဗ္ဗဋ္ဌာန အရူပဘုံသို့ ဘုရားလောင်းများ သွားလေ့မရှိ၊ ရူပဘုံသို့သာ သွားသည်။) နတ္ထိ ကိဉ္စိ ပါဌ်ကို “တရားထူး ဘာမျှ မရှိ” ဟု တပည့်များ ယူဆကာ ဆရာ၏ ရုပ်ကလာပ်ကို အမြတ်တနိုး မပြုကြ၊ သင့်ရုံမျှ သင်္ဂြိုဟ်ပူဇော်ကြသည်။

ဆရာဗြဟ္မာ-ကိုယ်တိုင်လာရှင်း။ ။ အကြီးဆုံး တပည့်ကြီးဖြစ်သော အရှင်သာရိပုတ္တရာအလောင်း ရသေ့ ပြန်ရောက်လာ၍ အကြောင်းစုံသိရှိရာ “နတ္ထိ ကိဉ္စိ ဟူသည် တတိယအာရုပ္ပဈာန်ရပုဂ္ဂိုလ်” ဤသို့ ဆရာ

စာမျက်နှာ-45


ဖြေသည်ဟု ပြောပြသည်။ တပည့်ကြီး၏ စကားကို ရသေ့များ မယုံကြည်ကြ၊ ထိုအကြောင်းကို ဘုရားလောင်း ဗြဟ္မာကြီးသိ၍ ဗြဟ္မာ့ပြည်မှ ကိုယ်တိုင်လာပြီး ကောင်းကင်မှာ ရပ်လျက် တပည့်ကြီးစကားမှန်ကြောင်းနှင့် တပည့်ကြီး၏ ပညာဂုဏ်ကို မိန့်ကြားပြန်သွားသည်။

နတ္ထိ ကိဉ္စိ အယူအဆ။ ။ တပည့်အများက “ကိဉ္စိ-ဘာတရားထူးမျှ၊ နတ္ထိ=မရှိ” ဟု အမှားအနက်ပေး၍ တပည့်ကြီးက “ကိဉ္စိ= ပထမာရုပ္ပ ဝိညာဉ်၏ နည်းငယ်စိုးစဉ်းမျှအကြွင်းသည်၊ နတ္ထိ=မရှိ” ဟု အမှန်ပေးသည်၊ အရူပဈာန် တတိယဆင့် ပိုင်ရှင်၌ ပထမအဆင့် လွန်ပြီး၍ ဘာမျှမရှိတော့၊ ဗိုလ်မှူးကြီးအဆင့် ပုဂ္ဂိုလ်၌ ဗိုလ်ကြီးအဆင့် လွန်မြောက်ပြီး ဖြစ်သကဲ့သို့တည်း။

နောက်ထပ် ဇာတ်တော် ၄-ခု၌လည်း ရှင်သာရိပုတ္တရာ၏ ပညာကြီးပုံကိုပင် မိန့်တော်မူသည်။ ဤသို့သော အစဉ်အလာကောင်းကြောင့်လည်း ပညာဧတဒဂ်ရပါသည်။

အလေ့အကျင့်နှင့် ဂုဏ်ထူး။ ။ ပရိသတ် ၄-ပါး၌ တရားဟောတိုင်း သစ္စာ ၄-ပါး အမြဲပါသော၊ အလေ့အကျင့်ရှိ၍ ဘုရားရှင်မှလွဲလျှင် မည်သည့်သာဝကနှင့်မျှ မယှဉ်နိုင်သော ပညာဂုဏ်ထူးရှင်လည်း ဖြစ်သည်။

အရှင်မဟာမောဂ္ဂလာန်၌လည်း အကြောင်း ၄-ပါး

အကြောင်းဖြစ်ရပ်အားဖြင့် နန္ဒောပနန္ဒ နဂါးမင်းကိုသော်မှ ဆုံးမနိုင်၍ ရှေးဘဝငါးရာ ရသေ့ဖြစ်စဉ် အခါများကပင် အစဉ်အလာအားဖြင့် တန်ခိုးကြီးခဲ့သည်၊ ငရဲပြည် ကြွ၍ ငရဲသားများကို သက်သာရာရအောင် ပဒုမ္မာကြာဖက်ပေါ်ထိုင် တရားဟော၊ နတ်ပြည်ကြွ၍ ကံအကျိုးပေးပုံ နားလည်စေကာ သစ္စာ ၄-ပါး ဟောခြင်းများကား အရှင်မြတ်၏ အလေ့အကျင့်တည်း၊ ဂုဏ်ထူး ဝိသေသမှာ ဘုရားမှတပါး မည်သူမျှ ယှဉ်မရသော တန်ခိုးအာနုဘော်ပင် ဖြစ်သည်။

အရှင်မဟာကဿပလည်း အကြောင်း ၄-ပါး

ဘုရားရှင်ကိုယ်တိုင် ၃-ဂါဝုတ်ခရီးကြွ၊ ကြိုဆို၍ ဩဝါဒ ၃-ရပ်ဖြင့် ရဟန်းဖြစ်စေလျက် သင်္ကန်းချင်း လဲတော်မူသည်၊ ထိုစဉ်က ရေအဆုံးထား မြေလှုပ်ရကား အလွန်ထင်ရှားကျော်စောသော အကြောင်းဖြစ်ရပ်တည်း၊ ရှေးဘဝငါးရာ ရသေ့ဖြစ်စဉ်များကပင် အစဉ်အလာအားဖြင့် စုတင်ဆောင်ခဲ့သည်၊ တရားဟောသမျှ ကထာဝတ္ထု ၁၀ ပါး အမြဲပါခြင်းကား အရှင်မြတ်၏အလေ့အကျင့်တည်း၊ ဂုဏ်ထူးဝိသေသမှာ ဘုရားရှင်မှတပါး ဓုတင်ဂုဏ်အရှိဆုံးဖြစ်သည်။

စာမျက်နှာ-46


မြတ်ဗုဒ္ဓ၏ အုပ်ချုပ်မှုလုံ့လတော်

စကြာမင်းသည် စကြာရတနာ အာနုဘော်ဖြင့် လောကဓာတ်တခုလုံး၏ မင်းဖြစ်ငြားလည်း ကြောင့်ကြမဲ့ မနေပဲ ရုံးတော်တက်၊ မြှောက်သင့်သူမြှောက်၊ ခြောက်သင့်သူခြောက်၊ အရာအထူး ထားသင့်သူထားသလို မဟာဗောဓိမဏ္ဍိုင်၌ ရတော်မူခဲ့သော သဗ္ဗညုတဉာဏ်တော် အာနုဘော်ဖြင့် အတုမဲ့ တရားမင်း ဖြစ်တော်မူသော ဘုရားရှင်သည်လည်း ဖလသမာပတ်ချမ်းသာအေးအေးသာသာ ခံစားကာမနေပဲ ပရိသတ် ၄-ပါး တရားဟောလျက် ဆိုးသွမ်းသူများကို အပါယ်ဘေးဖြင့် ကြောက်အောင်နှိမ်၊ သူတော်ကောင်းများကို ဘုံများဖြင့်မြှောက်၊ အရာအထူးချီးကျူးသင့်သော အရှင်ကောဏ္ဍည စသော သာဝကများကို ဟုတ်မှန်တိုင်းသော ဂုဏ်ကျေးဇူးဖြင့် ချီးကျူးမြှောက်စားတော်မူသည်။

(၁) အညာသိကောဏ္ဍညမထေရ် (ရတ္တညူတဒဂ်)

သံဃာတသိန်းဆွမ်းကပ်။ ။ အရှင်မြတ်တိုင်း၌ ဆုပန်ရာ ဘုရား၊ ရဟန်းပြုချိန်၊ တရားထူးရချိန်၊ ရာထူးရချိန်များကို သိအပ်သည်ဖြစ်ရာ အရှင်မြတ်ကား လွန်ခဲ့သော ကမ္ဘာတသိန်း ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီသဌေးသား ဖြစ်စဉ် ဘုရားရှင်က ရဟန်းတပါးအား ရတ္တညူတဒဂ်ထားသည်ကိုမြင်၍ အားကျကာ ဘုရားအမှူးရှိသော သံဃာတသိန်းအား ၇-ရက်ဆွမ်းကပ်ပြီး ယင်းဆုကို တောင်းသည်။

ပဒုမုတ္တရဘုရားမည်ပုံ။ ။ ဘုရားဖြစ်၍ ဗောဓိမဏ္ဍိုင်မှ ကြွချီသော ဘုရားခြေတော်ကို ပဒုမ္မာကြာကြီး မြေမှပေါ်ထွက်၍ခံသည်၊ တတိယခြေတော် လှမ်းစဉ် ပထမထွက်သောကြာ ကွယ်၍ ကြာသစ်ထွက်ခံသည်၊ ကြွချီရာတိုင်း၌ ကြာခံ၍ ပဒုမုတ္တရမည်သည်၊ ယင်းဘုရားရှင် ပရိနိဗ္ဗာန်စံ၍ ဓာတ်တော်စေတီတည်သောနေ့၌ ယင်းသဌေးသားသည် စေတီတော်အတွင်း ရတနာတိုက်ဆောက်ကာ အနှစ်တသိန်း ကာလပတ်လုံး ဒါနစသည်ပြု၊ ကွယ်လွန်သော် နတ်၌ဖြစ်သည်၊ လူ နတ် ဘဝတို့၌ (၉၉၉၀၉) ကမ္ဘာပတ်လုံး ကျင်လည်ပြီး ၉၁-ကမ္ဘာထက် ဗန္ဓုမတီပြည် သူကြွယ်သား “မဟာကာလ” ဖြစ်လာသည်၊ စူဠကာလဟု ညီငယ်တယောက်လည်း ရှိ၏။

ဗန္ဓုပမင်းကြီး စေတနာလွန်ပုံ။ ။ ဗန္ဓုမတီပြည်၌ ဝိပဿီဘုရားပွင့်၍ ခမည်းတော် ဗန္ဓုပမင်းကြီးသည် သားကြီးဘုရားရှင်နှင့် သားငယ် အဂ္ဂသာဝက ခဏ္ဍမထေရ်အမှူးရှိသော တသိန်းခြောက်သောင်းရှစ်ထောင်သော သံဃာတော်များအား ဆွမ်းလုပ်ကျွေးသည်၊ ကျောင်းတော်နှင့် နန်းတော်အကြား

စာမျက်နှာ-47


ကြွချီရာတို့၌ တံတိုင်းကန့်လန့်ကာများ ကာထားသဖြင့် ပြည်သူအများမှာ ဆွမ်းလှူဖို့ အသာထား ဖူးမြင်ခွင့်ကိုမျှ မရကြပေ။

၇-နှစ် ၇-လ ကြာလတ်သော် ပြည်သူအများ စိတ်ဆိုးကြကာ “မင်းကြီးသည် ရတနာ ၃-ပါးကို အပိုင်စီး၍ ပြုစုပူဇော်သည်၊ ဘုရားပွင့်ခြင်းသည် မင်းအတွက်သာ မဟုတ်၊ တလောကလုံးအတွက်ဖြစ်သည်၊ ငရဲမီးဟူသည် မင်းအားသာပူသည်မဟုတ်” စသည်ဖြင့် ကြံစည်တိုင်ပင်ကြပြီး သေနာပတိကို စည်းရုံး၍ မင်းထံ အခွင့်အရေးဆိုကြသည်။

ပြည်ညှင်း မင်းမခံနိုင်။ ။ မင်းကြီးက နောက်ထပ် ၇-နှစ် ၇-လပြုစုဖို့ ခွင့်တောင်းသော်လည်း ပြည်သူများက ၇-ရက်သာ ခွင့်ပေးသည်၊ ၆-ရက်ပူဇော်ပြီး ၇-ရက်မြောက်အလှူကို ပြည်သူများအား မင်းကြီးက ခေါ်ပြ၍ “သင်တို့ ဤမျှ လုပ်စွမ်းနိုင်ပါ့မလား” ဟု မိန့်ကြားရာ “ပြည်သူကိုမှီ၍ မင်းဘဏ္ဍာဖြစ်ရသည်၊ စွမ်းနိုင်ပါ၏” ဟု လျှောက်ထားကြသည်၊ သေနာပတိ တရက်လုပ်ကျွေးပြီး ပြည်သူများအလှည့်ရောက်သောအခါ မဟာကာလသူကြွယ်က ၁၆-ပယ် လယ်တို့၌ သလေးဖုံးကိုခွဲ၍ သလေးနို့ရည် အရသာဆက်ကပ်ရန် ညီငယ် စူဠကာလအား တိုင်ပင်ရာ ညီငယ်သဘောမတူသဖြင့် ရှစ်ပယ်စီခွဲ၍ မဟာကာလသူကြွယ်က လှူဒါန်းသည်။

မဟာကာလစေတနာ။ ။ သလေးဖုံး ခွဲယူရာ ယူရာတိုင်း ပြန်ပြည့်သည်၊ ဤသို့လျှင် လှူရာပြန်ပြည့် ကောက်ဦး ၉-ကြိမ် လှူဒါန်းသော်လည်း စပါးထွက်ကောင်းသည်သာ၊ အသက်ထက်ဆုံး ဗုဒ္ဓနှင့် သံဃာအား ပြုစုပြီး ကွယ်လွန်သော် နတ်၌ဖြစ်သည်၊ ၉၁-ကမ္ဘာ လူနတ်ချမ်းသာ ခံစားပြီး ငါတို့ဘုရား လက်ထက် ကပိလဝတ်ပြည်နယ် ဒေါဏဝတ္ထုပုဏ္ဏားရွာ ပုဏ္ဏားသဌေးအမျိုး၌ ဖြစ်၍ ကောဏ္ဍညလုလင်တွင်ကာ ဗေဒင်လက္ခဏာပါရဂူ ဖြစ်လာသည်၊ (ကောက်ဦး ၉-မျိုး သည် ၁-သလေးဖုံးဦး၊ ၂-မုန့်ဆန်းဦး၊ ၃-ရိပ်ဦး၊ ၄-ကောက်လှိုင်းဦး၊ ၅-အစည်းဦး၊ ၆-တလင်းဦး၊ ၇-ကောက်ပုံဦး၊ ၈-ခြင်ဦး၊ ၉-ကျီဦးတို့တည်း။)

လက္ခဏာဖတ်။ ။ ဂေါတမဘုရားလောင်း ကပိလဝတ်ပြည်၌ ဖွားမြင်ရာ အမည်မှည့်သောနေ့၌ ပုဏ္ဏား (၁၀၈) ဦး ပင့်ဖိတ်၍ အဝတ်အစားများလှူဒါန်းပြီး ပုဏ္ဏား ၈-ယောက်ထံ ဘုရားလောင်းကို လက္ခဏာဖတ်ရန် ဆောင်ကြသည်၊ အထက်ပုဏ္ဏား ၇-ဦးက လက် ၂-ချောင်းထောင်၍ “လူ့ဘောင်နေလျှင် စကြာမင်း၊ ရဟန်းပြုလျှင် ဘုရား၊ ဤ ၂ ပါး တပါးပါးဖြစ်ရမည်” ဟုဟောပြသည်။ အငယ်ဆုံး ကောဏ္ဍညပုဏ္ဏားကမူ “ဘုရားစင်စစ် ဧကန်ဖြစ်မည်” ဟု တင်လျက် လက်ညှိုးတချောင်းသာ ထောင်ပြသည်။

စာမျက်နှာ-48


ဗေဒင်ယုံငြား၊ ဗေဒင်ဆရာများ။ ။ ပုဏ္ဏား ၈-ဦး အိမ်ပြန်သွားကြပြီး “သားတို့၊ ငါတို့ကြီးကြပြီ၊ သုဒ္ဓေါဒနမင်းကြီးသား ဘုရားဖြစ်ချိန်ထိ အဖေတို့ မိချင်မှမီမည်၊ မင်းသားဘုရားဖြစ်လျှင် သူ့သာသနာမှာ သင်တို့ သွား ရဟန်းပြုကြ” ဟု မှာထားကြသည်။

အစာမစား တရားအားထုတ်။ ။ အလောင်းတော်သည် အရွယ်ရောက်၍ ဉာဏ်ရင့်ကျက်လတ်သော် ကာမတို့၌ အပြစ်၊ ခွာဆောင်မှု၌ အကျိုးကိုမြင်ရကား သားတော်ရာဟုလာ ဖွားသောနေ့၌ ဖွားဖက်တော် ဆန္နအမတ်ကို အဖော်ခေါ်ကာ ကဏ္ဍကမြင်းစီးပြီး နတ်များဖွင့်ထားသော တံခါးဖြင့် တောထွက်တော်မူသည်။

တညချင်းဖြင့် ၃-ယူဇနာကိုလွန်ကာ အနောမာမြစ်ကမ်း၌ ဃဋိကာရဗြဟ္မာမင်းလှူသော အရဟဒ္ဓဇသင်္ကန်းဖြင့် ရဟန်းပြုသည်၊ ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံ၊ ပဏ္ဍဝတောင်ရိပ် ဆွမ်းဘုဉ်းပေးပြီး ဥရုဝေဠတောကြွ၊ အစာမစားပဲ တရားအားထုတ်တော်မူသည်။

ပဉ္စဝဂ္ဂီ ၅-ဦးဟူသည်။ ။ အလောင်းတော် ရဟန်းပြုချိန် လက္ခဏာပညာရှင် ပုဏ္ဏား ၇-ဦး ကွယ်လွန်၍ အငယ်ဆုံး ကောဏ္ဍညသာ ကျန်တော့သည်၊ လွန်သူတို့၏ သားများထံ ကောဏ္ဍညပုဏ္ဏား သွား၍ “မင်းသား ရဟန်းပြုပြီ၊ ဧကန်ဘုရားဖြစ်မှာပဲ၊ သင်တို့ဖခင်များရှိလျှင် ယခု ရဟန်းပြုကြပေမည်၊ သင်တို့လဲ ဆန္ဒရှိလျှင် လာကြ၊ ရဟန်းပြု လိုက်သွားကြမည်” ဟု တိုက်တွန်းသည်၊ ၃-ဦး သဘောမတူ၊ ၄-ဦးသာ သဘောတူရဟန်းပြု၍ ရှင်ကောဏ္ဍညနှင့်အတူ ပဉ္စဝဂ္ဂီ (၅-ဦး အစု) ဖြစ်ကာ အလောင်းတော်နောက်လိုက် အနီးကပ်ပြုစုကြသည်၊ ၆-နှစ် ကျင့်သော်လည်း တရားထူးမရသဖြင့် အာဟာရကို အလောင်းတော် မှီဝဲပြန်သောအခါ ပဉ္စဝဂ္ဂီတို့ စိတ်ပျက်ပြီး ဣသိပတန ပြန်သွားကြသည်။

ဘုရားမဖြစ်သမျှ ငါမထ။ ။ အာဟာရဘုဉ်းပေး၍ အသွေးအသား ပြည့်စုံလာပြီဖြစ်သော အလောင်းတော်သည် ကဆုန်လပြည့်နေ့ သုဇာတာဆွမ်းကို ဘုဉ်းပေးပြီး ရွှေခွက်မျှော၊ ဗောဓိမဏ္ဍိုင်ကြွ၊ အရှေ့လှည့်၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီးလျှင် “ဘုရားမဖြစ်သမျှ ငါမထ” ဟု ဝီရိယထားကာ အားထုတ်တော်မူရာ နေမဝင်မီ မာရ်စစ်သည်ကို နှိမ်နင်း၍ ည ၃-အစဉ်အတိုင်း ပုဗ္ဗေနိဝါသ၊ ဒိဗ္ဗစက္ခု၊ အာသဝက္ခယဉာဏ်နှင့်တကွသော သဗ္ဗညုတဉာဏ်တော်ကို ရကာ ဘုရားစင်စစ် ဖြစ်တော်မူပြီး ယင်းဗောဓိမဏ္ဍိုင်၌ပင် ၇-ရက် ဖလသမာပတ် ဝင်တော်မူသည်။

စာမျက်နှာ-49


ကျေးဇူးရှေ့တင် ဘုရားရှင်။ ။ သတ္တာဟ ၇-ရက်စီ ဗောဓိမဏ္ဍိုင်၌ စံတော်မူပြီး ဆိတ်ကျောင်းညောင်ပင်ရင်း ပြန်ကြွလာကာ ဓမ္မ၏ နက်နဲပုံကို ဆင်ခြင်တော်မူသည်၊ တရားမဟောပဲ အေးကြောင့်ကြမဲ့နေရန် စိတ်ညွတ်တော်မူစဉ် သဟံပတိဗြဟ္မာမင်းသိ၍ တရားဟောရန် တောင်းပန်လာသဖြင့် ပဋိညာဉ် ပေးတော်မူလိုက်သည်၊ အာဠာရနှင့် ဥဒကတို့ ကွယ်လွန်ပြီးသည်ကို သိတော်မူ၍ တရားအားထုတ်စဉ်က ကျေးဇူးများသော ပဉ္စဝဂ္ဂီတို့အား တရားဟောရန် ဣသိပတနတော ကြွတော်မူသည်။

ဓမ္မစကြာတန်ခိုး အကျိုးများကြ။ ။ “တရားအလုပ် နောက်ဆုတ်၍ အစားအသောက် ပြန်ကောက်သည်” ဤသို့ အလောင်းတော်အပေါ် အထင်မှားကာ “သူလာလျှင် ပျူငှာသမှု ဝတ်မပြုကြစတမ်း” ဟု ဆုံးဖြတ်ထားသော ပဉ္စဝဂ္ဂီတို့သည် ဘုရားရှင်ကြွလာသည်ကို မြင်လျှင်ပင် မူလဆုံးဖြတ်ချက် ပျက်ကာ သပိတ် သင်္ကန်းယူ၊ နေရာခင်း၊ ခြေဆေးရေတည်ထား၊ ခြေတော်ဆေးပေး၊ ယပ်ခတ်၊ ပျပ်ဝတ်ရိုသေ ထိုင်နေကြစဉ် ဘုရားရှင်သည် ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောတော်မူသည်။

ယင်းတရားပွဲ၌ လူပုဂ္ဂိုလ် ပဉ္စဝဂ္ဂီ ၅-ဦး၊ နတ်ဗြဟ္မာများစွာ တရားနာကြရာ တရားအဆုံး၌ အရှင်ကောဏ္ဍည တပါးသာ ဗြဟ္မာ (၁၈) ကုဋေနှင့်အတူ သောတာပန် တည်သည်။ အဦးအဖျား တရားရဖို့ ကုသိုလ်ပြု ဆုပန်ခဲ့ခြင်း၊ ကောက်ဦး ၉-ကြိမ် လှူဒါန်းခဲ့ခြင်း အကျိုးကား ကြီးမားလှတော့သည်။

သာသနာပြန့်ပွား လွန်စည်ကား။ ။ ဝါဆိုလပြည့် အရှင်ကောဏ္ဍည သောတာပန် တည်ပြီးနောက် လပြည့်ကျော် ၁-ရက် အရှင်ဘဒ္ဒိယ၊ ၂-ရက် အရှင်ဝပ္ပ၊ ၃-ရက် မဟာနာမ်၊ ၄-ရက် အဿဇိ ထေရ်တို့ သောတာပန် တည်ကြသည်၊ လဆုတ် ၅-ရက် အနတ္တလက္ခဏသုတ္တန်အပြီး ၅-ဦးလုံး ရဟန္တာဖြစ်ကြရာ တလောကလုံး၌ ရဟန္တာ ၆-ပါး ရှိပေပြီ။

ထို့နောင် ယသသူငယ်နှင့် အပေါင်းအသင်း ၅၅-ဦး၊ ကပ္ပါသိကတောအုပ်၌ ဘဒ္ဒဝဂ္ဂီညီနောင် ၃-ကျိပ်၊ ဂယာသီသကျောက်ဖျာ၌ ရသေ့ညီနောင် ရှင် ၁၀၀၀ အရိယာဖြစ်ကြ၊ ဗိမ္ဗိသာရမင်းစသော အမျိုးသား တသိန်းတသောင်း သောတာပန် ဖြစ်၍ တသောင်း သရဏဂုံတည်ကြသဖြင့် ဇမ္ဗူဒိပ်သာသနာ ပြန့်ပွား စည်ကားလာသည်၊ နောင် ဇေတဝန်ကျောင်းတော် စုံညီသော သံဃာ့မျက်မှောက်၌ ဘုရားရှင်က အရှင်ကောဏ္ဍညအား ရတ္တညူဧတဒဂ်ပေးတော်မူသည်။

စာမျက်နှာ-50


ဆင်များသခင် ကောဏ္ဍညအရှင်။ ။ အရှင်ကောဏ္ဍညသည် မိမိအတွက် အဂ္ဂသာဝက ၂-ပါး အရိုအသေပြုမှု (အနေကြပ်မှု) ကိုမြင်၍ ဘုရားထံမှ ခွာလိုရကား သာသနာ၌ တူ ပုဏ္ဏလုလင် အဂ္ဂဓမ္မကထိက ဖြစ်မည်ကိုလည်း မြင်သဖြင့် ဒေါဏဝတ္ထု ပုဏ္ဏားရွာ၊ တူ ပုဏ္ဏကို ရှင်ပြု၊ ဘုရားထံတော် ထားခဲ့ပြီး ရွာနီးကျောင်း မမျှတ၍ ဆဒ္ဒန်အိုင် သွားခွင့်ပြုရန် လျှောက်ထား သွားတော့သည်၊ ဆဒ္ဒန်ဆင်များ အပြုစုခံ ၁၂-နှစ် နေပြီး ပရိနိဗ္ဗာန် စံသွားသည်။
၂။ ပညာကြီးမြတ်သူ ရဟန်းတို့တွင် သာရိပုတ္တရာသည် အမြတ်ဆုံး။
၃။ တန်ခိုးနှင့် ပြည့်စုံသူ ရဟန်းတို့တွင် မဟာမောဂ္ဂလာန်သည် အမြတ်ဆုံး။

ဆင်ခြင်ဉာဏ်ကောင်း အလောင်းတော်။ ။ တသင်္ချေနှင့် ကမ္ဘာတသိန်းအထက်၌ အရှင်သာရိပုတ္တရာ အလောင်း ပုဏ္ဏားသဌေးမျိုး၌ဖြစ်၍ သရဒလုလင်မည်ကာ မောဂ္ဂလာန်အလောင်းကား သူကြွယ်မျိုး သီရိဝဍ္ဎနလုလင် မည်သည်၊ ကစားဖက်ဖြစ်ကြ၏၊ သရဒလုလင်သည် မိဘများ ကွယ်လွန်ပြီးနောက် ဆိတ်ငြိမ်ရာကပ်လျက် “ငါသည် ဤဘဝကိုသာ သိသည်၊ နောက်ဘဝခန္ဓာကို မသိ၊ ဖြစ်လာသူအားလုံး သေမြဲသည်၊ ငါသည် ရသေ့ ရဟန်းပြု၍ လွတ်မြောက်ရာ တရားကို ရှာမှီးသင့်သည်” ဟု ကြံပြီး သူငယ်ချင်း သီရိဝဍ္ဎနထံ သွားရောက် ဆွဲဆောင်သည်၊ မပါခဲ့ပေ။

“နောက်ဘဝသွားသူများ သူငယ်ချင်း ဆွေမျိုးမိတ်ဆွေများကို ခေါ်မသွားနိုင်၊ ကိုယ်ပြုသမျှ ကိုယ့်အတွက်သာ” ဟု ကြံလျက် စည်းစိမ်ဥစ္စာများ လှူဒါန်းပြီး တောထွက်ရသေ့ပြုတော့သည်၊ နောက်လိုက်ရသေ့လည်း ၇-သောင်း ၄-ထောင် ပါလာ၏။ အားလုံး အဘိညာဉ်သမာပတ် ပြည့်စုံကြသည်။

ချီးမြှောက်ကြွသွား မြတ်ဘုရား။ ။ အသက်တသိန်းတမ်း ထိုအချိန်တွင် စန္ဒာဝတီမြို့၌ ပွင့်တော်မူသော အနောမဒဿီ ဘုရားရှင်သည် ရွှေဉာဏ်တော် ထင်သည့် အားလျော်စွာ သရဒရသေ့ထံ ကောင်းကင်ခရီးဖြင့် တပါးတည်း ကြွတော်မူသည်၊ တပည့်ရသေ့များ သစ်သီးရှာသွားချိန် သရဒရသေ့ တပါးတည်း ရှိစဉ် “ငါ့အား ဘုရားအဖြစ် သိစေသတည်း” ဟု ဓိဋ္ဌာန်လျက် ကောင်းကင်မှ မြေသို့ သက်တော်မူသည်။

လက္ခဏာပညာရှင် သရဒရသေ့သည် “ဘုရားရှင်” ဟု စင်စစ်သိ၍ ကြိုဆိုကာ နေရာခင်း သီတင်းသုံးစေပြီး ရှိခိုးသည်၊ ထိုအချိန် ရောက်လာသော တပည့်များက “လောက၌ ဆရာ သရဒထက် ကြီးမြတ်သူမရှိဟု သိခဲ့ရာ ဘယ်လိုပါလဲ” ဟု ဆရာ

စာမျက်နှာ-51


ရသေ့အား လျှောက်ထားရာ မုန်ညင်းစေ့နှင့် မြင်းမိုရ်တောင် အတူဆောင်လိုကြကုန်၏၊ “ဘုရားရှင်နှင့် ငါ့အား အတူမထားကြနှင့် တပည့်တို့” ဟု မိန့်ကြားလိုက်မှ ရသေ့အားလုံး ဘုရားရှင်အား ဦးတိုက်ကြ၊ သစ်သီးဆွမ်းများ ကပ်လှူကြသည်။

တန်ခိုးရှင်အရာ။ ။ ဘုရားရှင် ဆွမ်းကိစ္စပြီး၍ ရသေ့များထိုင်နေကြချိန် “အဂ္ဂသာဝက ၂-ပါးနှင့် သံဃာများ လာကြစေ” ဟု ဘုရားရှင် ကြံတော်မူရာ အရှင် ၂-ပါးနှင့် သံဃာတသိန်း ရောက်လာရှိခိုး ထိုင်နေကြသည်၊ သရဒရသေ့က “တပည့်တို့၊ ဘုရားရှင် နေရာတော်နိမ့်သည်၊ သံဃာတသိန်းအတွက်လည်း နေရာမရှိ၊ တောင်ခြေမှ ပန်းများယူခဲ့ကြ” ဟု မိန့်ရာ ပြောချိန်သာ ကြာသည်ထင်ရသည်၊ တန်ခိုးရှင်များအရာမှာ မကြံစည်ကောင်းသည်သာ ဖြစ်ရကား တခဏချင်းဖြင့်သာ ဘုရားရှင်ပန်းမွေ့ရာ တယူဇနာ၊ အဂ္ဂသာဝက ၂ ပါး ၃-ဂါဝုတ်၊ ကြွင်းသံဃာ ၂-ဂါဝုတ်၊ သံဃာငယ် တဥသဘမျှ ပန်းမွေ့ရာ ခင်းပြီး၍ ဘုရားရှင်နှင့် သံဃာများ သီတင်းသုံး နိုင်ကြသည်။

သရဒရသေ့သည် ဘုရားရှင်အား ပန်းထီးမိုး၍ တည်၏၊ ဘုရားရှင်နှင့် သံဃာ အားလုံး ၇-ရက် နိရောဓသမာပတ်ဝင်စား ချီးမြှောက်သည်၊ အချိန်ရောက်လျှင် တပည့်ရသေ့များ သစ်သီးရှာသွား၊ စားသောက်ကြသော်လည်း သရဒရသေ့ကား ပန်းထီးမိုးလျက်သာ ၇-ရက်ပတ်လုံး ပီတိသုခဖြင့် လွန်စေ၏။

အတူမပြင် ဘုရားရှင်။ ။ ဘုရားရှင်သည် နိရောဓသမာပတ်မှ ထပြီး လက်ယာနံပါးရှိ အဂ္ဂသာဝက နိသဘထေရ်ကို ပန်းမွေ့ရာ အနုမောဒနာ ပြုခိုင်းသည်၊ ထို့နောက် ဒုတိယအဂ္ဂသာဝက အနောမထေရ်ကို တရားဟော တိုက်တွန်းပြန်၏၊ အဂ္ဂသာဝက ၂-ပါး၏တရား၌ ကျွတ်တမ်းဝင်သူမရှိသော်လည်း တတိယအကြိမ် ဘုရားရှင်၏ တရားအဆုံး၌ သရဒရသေ့ ချန်၍ ကြွင်းရသေ့ ၇-သောင်း ၄-ထောင်လုံး အရဟတ္တဖိုလ်တည်ကြ၊ ဧဟိဘိက္ခု ရဟန်းချည်း ဖြစ်ကြသည်။

အဂ္ဂသာဝက နိသဘထေရ်ကို အားကျနေ၍ သရဒရသေ့ တရားမရပါ၊ ထို့နောက် မေးလျှောက်သဖြင့် ဘုရားရှင်ဟောပြသော နိသဘထေရ်၏ဂုဏ်ကျေးဇူးများကို ကြားနာပြီး ပန်းထီးဆောင်း ကုသိုလ်အပေါင်းဖြင့် ယင်းအဂ္ဂသာဝက ဆုကိုပင် တောင်းယူ ပန်ဆင်လိုက်သည်။

စာမျက်နှာ-52


ဘုရားရှင်နှင့် သံဃာများ ပြန်ကြသောအခါ သူငယ်ချင်း သီရိဝဍ္ဎန ကြွယ်ဝသူကြွယ်ထံကြွ၊ ဘုရားရှင်နှင့် သံဃာတော်အား ၇-ရက်ပြုစုပြီး အဂ္ဂသာဝကဆုတောင်း၍ ဗျာဒိတ်ကြားခဲ့ကြောင်း၊ တပည့်ရသေ့များ အရဟတ္တဖိုလ်ရ၊ ရဟန်းဖြစ်သွားကြကြောင်းစသည်ပြောကြားပြီး သီရိဝဍ္ဎနကို ကုသိုလ်ပြု၍ ဒုတိယအဂ္ဂသာဝကဆုပန်ရန် တိုက်တွန်းသည်၊ သီရိဝဍ္ဎနသည်လည်း သရဒရသေ့၏ အစီအမံဖြင့် ၇-ရက်ပတ်လုံး ဘုရားရှင်နှင့် သံဃာတော်အား အလှူကြီးပေး၍ ဒုတိယအဂ္ဂသာဝကဆုပန်ပြီး အသက်ထက်ဆုံး ကောင်းမှုပြုကာ ကွယ်လွန်သော် နတ်၌ဖြစ်၍ သရဒရသေ့ကား ဗြဟ္မာ့ပြည်ရောက်သည်။

ငါတို့ဂေါတမဘုရားမပွင့်မီ ကြိုတင်၍ သရဒရသေ့သည် ရာဇဂြိုဟ်မြို့နယ် ဥပတိဿရွာ သာရီပုဏ္ဏေးမ၏သားဖြစ်၍ သီရိဝဍ္ဎနသည်လည်း ကောလိတရွာ မောဂ္ဂလိပုဏ္ဏေးမသားဖြစ်လာသည်၊ ထိုအမျိုး ၂-ဘက်တို့သည် ဆွေမျိုး ၇-ဆက်မပျက်သော သူငယ်ချင်းများဖြစ်ကြ၏၊ သာရီပုဏ္ဏေးမသား သာရိပုတ္တရာကို ဥပတိဿရွာ မျက်နှာဖုံးသားဖြစ်၍ ဥပတိဿ၊ မောဂ္ဂလိပုဏ္ဏေးမသား မောဂ္ဂလာန်ကိုလည်း ကောလိတရွာ မျက်နှာဖုံးသားဖြစ်၍ ကောလိတမှည့်ခေါ် ကြသည်၊ အပျော်အပါး မြစ်ဆိပ်စသည်သွားဖို့ ဥပတိဿအတွက် ရွှေထမ်းစင် ၅၀၀၊ ကောလိတအတွက် အာဇာနည်မြင်းက ရထား ၅၀၀ စီစဉ်ထားရှိ၏၊ အခြံအရံ လုလင်လည်း ၅၀၀ စီ ရှိကြသည်။

ပွဲကြည့်ရင်းပင် တရားထင်။ ။ နှစ်စဉ်ကျင်းပသော ရာဇဂြိုဟ်မြို့တောင်ထိပ်ပွဲသဘင်ကို ၂-ဦးအတူယှဉ်ထိုင်ကာ ရယ်မောစရာတွေ့လျှင် ရယ်မောကြ၊ ထိတ်လန့်စရာတွေ့လျှင် ထိတ်လန့်ကြ၊ ဆုပေးစရာရှိလျှင်ဆုပေးကြသည်၊ ဉာဏ်ရင့်လာသော နေ့၌ကား ယခင်ကလို မဟုတ်ကြတော့ပဲ “ဤပွဲ၌ တကယ်ကြည့်စရာဘာမှ မရှိ၊ နှစ်တရာ မရောက်ခင် အားလုံးအမည်တွေပျောက်ကုန်မှာပဲ၊ လွတ်မြောက်ရာတရား ရှာဖို့ သင့်တော့သည်” ဟု ဤသို့ ၂-ဦးလုံး ပွဲကြည့်ရင်း အာရုံယူနေကြသည်။

မျက်နှာအမူအရာ မသာမယာဖြစ်ပုံကို အချင်းချင်းကြည့်၍ မေးမြန်းသိရှိကာ ၂-ဦး သဘောတူ ရာဇဂြိုဟ်မြို့ အခြံအရံများသော သဉ္စယပရိဗိုဇ်ထံ လုလင် ၅၀၀ နှင့်အတူ ရဟန်းပြုကြ၊ မကြာမီ ဆရာသဉ္စယ၏ အယူဝါဒအားလုံး တတ်မြောက်ကြပြီး “ငါတတ်သမျှ သင်တို့တတ်ပြီ” ဤသို့ပင် ဆရာသဉ္စယက သိဒ္ဓိတင်လိုက်သည်။

ဆရာရှာမရ။ ။ လွတ်မြောက်မှု မရပုံကိုသိသော ဥပတိဿ၊ ကောလိတတို့သည် ရွာနိဂုံး မင်းနေပြည် အနှံ့ ခြေဆန့်၍သွားရာ ယင်းတို့ မေးသမျှကိုသာ ဖြေနေရသဖြင့် မိမိနေရာပြန်လာကြပြီး “မသေတရား ရှေးဦးရသူ ပြောစတမ်း” ဟု ကတိကဝတ်ထားကြသည်။

စာမျက်နှာ-53


ထိုအချိန် ဘုရားရှင်ပွင့်ပြီး၍ ရဟန္တာ ၆၁-ပါးရှိပြီဖြစ်ရကား ရတနာ ၃-ပါးဂုဏ်ကျေးဇူးပြဖို့ ဒေသစာရီကြွကြရန် ဘုရားရှင် မိန့်တော်မူပြီးချိန်ဖြစ်ရာ အရှင်အဿဇိသည်လည်း ရာဇဂြိုဟ်ပြန်ကြွ၍ မြို့တွင်းဆွမ်းခံကြွစဉ် ဥပတိဿပရိဗိုဇ်မြင်တော့သည်။

“ဤရဟန်းမျိုး ငါမမြင်ဖူးပေ၊ လောက၌ ရဟန္တာပုဂ္ဂိုလ်၊ အရဟတ္တမဂ်သို့ ရောက်သော ပုဂ္ဂိုလ်တည်းက တဦးဦး ဖြစ်စရာရှိသည်” စသည်ဖြင့် စဉ်းစားပြီး ဆွမ်းခံကြွစဉ် မမေးသေးပဲ အရှင်မြတ်နောက်လိုက်ကာ ဆွမ်းခံခြင်း၊ ဆွမ်းစားခြင်း၊ ဆရာ့ဝတ်များ ပြုခြင်းကိစ္စပြီးမှ “ငါ့ရှင်၏ဣန္ဒြေ အရေအဆင်း ကြည်လင်သန့်ရှင်းလှ၏၊ အဘယ်ပုဂ္ဂိုလ်ကိုရည်မှန်း၍ ရဟန်းပြုပါသနည်း၊ ဆရာမည်သူဖြစ်၍ မည်သူ့တရား နှစ်သက်လက်ခံ ပါသနည်း” ဟု မေးသောအခါ ဘုရားရှင်ကို ညွှန်ပြလိုက်သည်။

ပါရမီစွမ်းအား။ ။ ဘုရားရှင်၏ဝါဒကို မေးမြန်းရာ သာသနာတော်၏ ဆန့်ကျင်ဖက် ပရိဗိုဇ်များအား သာသနာတော်၏ နက်နဲပုံ ပြလိုသဖြင့် “ငါရဟန်းငယ်သာဖြစ်သည်၊ သာသနာသို့ ရောက်လာသည်မှာ မကြာသေး၊ ကျယ်ကျယ်ပြန့်ပြန့် တရားမဟောနိုင်ပါ” ဟုမိန့်လိုက်သည်၊ ပရိဗိုဇ်က “ဥပတိဿ ဟူသည် တပည့်တော်ပါပဲ၊ အရှင်စွမ်းနိုင်သမျှ၊ နည်းနည်း များများ ဟောသာဟောပါ၊ နည်းရာထောင်ဖြင့်သိဖို့ တပည့်တော်တာဝန်ပါ” ဟုလျှောက်သောအခါ အရှင်အဿဇိက “ယေ ဓမ္မာ ဟေတုပ္ပဘဝါ” အစချီသော ဂါထာကို ဟောပြသည်၊ အရှင်သာရိပုတ္တရာ အလောင်း ဥပတိဿပရိဗိုဇ်သည် ဂါထာဝက်ကို ကြားနာပြီး နည်းကထောင်နှင့် ပြည့်စုံသော သောတာပတ္တိမဂ်၌ တည်၍ နောက်ပိုင်းဂါထာဝက်ကို သောတာပန်ဖြစ်ပြီးမှ ပြီးဆုံးသည်။

ပါရမီရှိသူ တံခွန်ထူ။ ။ ဥပတိဿသည် “ငါကား သောတာပန်မျှသာတည်း၊ အထက်တရားထူးဖြစ်ဖို့ အကြောင်းရှိရမည်” ဟု မှတ်ပြီး ဘုရားရှိရာကိုသာ မေးပြီး ကတိကဝတ်အတိုင်း ကောလိတထံသွား၊ အကြောင်းစုံပြော၊ ဂါထာတော်ကို ဟောပြရာ အရှင်မောဂ္ဂလာန်အလောင်း ကောလိတလည်း သောတာပန် တည်သွားသည်၊ ဝေဠုဝန်ကျောင်းတော် ဘုရားရှင်ထံသွားရန် ကောလိတကစီစဉ်ရာ ဆရာကိုအမြဲ ပူဇော်လေးစားသော ဥပတိဿက “ငါတို့ရအပ်သော နိဗ္ဗာန်ကို ဆရာသဉ္စယအားလည်း ပြောကြပါစို့၊ တရားရပါလိမ့်မည်၊ မရသော်မှ ငါတို့ကိုယုံပြီးဘုရားထံ လိုက်ပါလိမ့်မည်၊ ဘုရားရှင် တရားနာယူရပါမူ မဂ်ဖိုလ်ရပါလိမ့်မည်” ပြန်ပြောပြီး ဆရာသဉ္စယထံ ၂ ဦးသား သွားခေါ်ကြသည်။

စာမျက်နှာ-54


တားမရမှန်းသိသော ဆရာသဉ္စယက “တပည့်တို့သာ သွားကြပါ၊ ဆရာတော့ အိုကြီးအိုမတပည့်မလုပ်နိုင်တော့ပါ” ဟုပြန်ပြောသည်၊ ဥပတိဿတို့သည် နည်းအမျိုးမျိုးဖြင့် ဆရာကို သာသနာရောက်အောင် မဆောင်နိုင်သဖြင့် ထားခဲ့ကာ ဩဇာကိုက်သော တပည့် ၂၅၀ ကိုသာ ခေါ်သွားကြသည်။

ကြိုတင်ဗျာဒိတ်။ ။ ပရိသတ် ၄-ပါးအလယ် တရားဟောနေစဉ် ဥပတိဿတို့အဖွဲ့ လာသည်ကိုမြင်သောဘုရားရှင်က “ဥပတိဿ ကောလိတတို့ လာနေကြပြီ၊ ငါဘုရား၏ အဂ္ဂသာဝကအစုံ ဖြစ်ကုန်လိမ့်မည်” ဟု မိန့်တော်မူလိုက်သည်၊ ထို့နောင် ရောက်လာသော ပရိသတ်၏စရိုက်နှင့် စပ်၍ တရားချီးမြှင့်ရာ ဥပတိဿ ကောလိတတို့ ၂-ပါးမှတပါး ၂၅၀ သော ပရိဗိုဇ်များ အရဟတ္တဖိုလ်ဆိုက်သွားကြ၊ ဧဟိဘိက္ခုရဟန်းများ ဖြစ်သွားကြသည်၊ အဂ္ဂသာဝကလောင်း ၂-ပါးမှာ သပိတ်သင်္ကန်း ရသော်လည်း သာဝကပါရမီဉာဏ် ကြီးမြတ်သောကြောင့် အထက်မဂ် ၃-ပါးကိစ္စ မပြီးပါ။

ကောလိတ (အရှင်မဟာမောဂ္ဂလာန်) သည် ရဟန်းပြုပြီး ၇-ရက်မြောက်နေ့တွင် မဂဓတိုင်း ရွာငယ်တခု၌ ဘုရားရှင်ပေးသော ဓာတ်ကမ္မဋ္ဌာန်းကို ကြားနာစဉ် ပါရမီဉာဏ် ထိပ်တန်းရောက်၍ အထက်မဂ် ၃-ခုပါ ကိစ္စပြီးမြောက်သည်၊ ဥပတိဿ (အရှင်သာရိပုတ္တရာ) သည်ကား ၁၅-ရက်ကြာမှ မိမိ၏တူ ဒီဃနခပရိဗိုဇ်အား ရာဇဂြိုဟ် ဝက်ကူးလိုဏ်၌ ဝေဒနာပရိဂ္ဂဟသုတ္တန်ကို ဘုရားဟောစဉ် ပါရမီဉာဏ် ထိပ်တန်းရောက်၍ အရဟတ္တဖိုလ်ပေါက် ပြီးဆုံးသည်။ ဒီဃနခပရိဗိုဇ်ကား သုတ္တန်အဆုံး သောတာပန်သာဖြစ်၏။ အရှင်မြတ် ၂-ပါးလုံး ရာဇဂြိုဟ်၌သာ ပါရမီဉာဏ်အထွတ်အထိပ်ရောက်၍ ဧတဒဂ်ဘွဲ့ကိုကား နောင်အခါ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဘုရားရှင်ပေးတော်မူသည်။

၄။ ဓုတဂုဏ် (ကိလေသာကို ခါထုတ်ခြင်းဂုဏ်) ဓုတဝါဒဂုဏ် (ကိလေသာကို ခါထုတ်ပုံ ဟောပြောခြင်းဂုဏ်) ရှိသူ ရဟန်းတို့တွင် မဟာကဿပသည် အမြတ်ဆုံး။

ပုဂ္ဂိုလ် ၄-မျိုးနှင့် ပုဒ် ၄-သွယ်

၁။ ဓုတ-နဓုတဝါဒ- မိမိကိလေသာ ခါထုတ်သူဖြစ်သော်လည်း သူတပါးကို ခါထုတ်ဖို့ မဆုံးမ၊ ဗာကုလမထေရ်များလို။

၂။ နဓုတ-ဓုတဝါဒ- မိမိမခါထုတ်သော်လည်း သူတပါးကို ခါထုတ်အောင် ဆုံးမသည်၊ ဥပနန္ဒမထေရ်များလို။

စာမျက်နှာ-55


၃။ နေဝဓုတ-နဓုတဝါဒ- လာဠုဒါယီမထေရ်များလို။
၄။ ဓုတောစေဝ-ဓုတဝါဒေါစ- အရှင်မဟာကဿပမထေရ်များလိုတည်း။
၁။ ဓုတ- ကိလေသာခါထုတ်သူပုဂ္ဂိုလ် ခါထုတ်သောတရား၊
၂။ ဓုတဝါဒ- ကိလေသာခါထုတ်အောင် ဆုံးမတတ်သူ၊

၃။ ဓုတဓမ္မ- ဓူတင်စေတနာ၏ အခြံအရံဖြစ်သော အလိုနည်းမှု အပ္ပိစ္ဆတာ၊ ရောင့်ရဲမှု သန္တုဋ္ဌိတာ၊ ခြိုးခြံမှု သလ္လေခတာ၊ မရောနှောမှု ပဝိဝေကတာ၊ ပစ္စည်း ၄-ပါး လေးစားဆင်ခြင်မှု ဣဒမတ္ထိတာ၊ ၅-ပါးတို့တည်း၊ ထိုတွင် အပ္ပိစ္ဆတာ၊ သန္တုဋ္ဌိတာကား အလောဘ၊ ပဝိဝေကတာကား အမောဟ၊ ဣဒမတ္ထိတာကား အမောဟတည်း။

အလောဘဖြင့် လောဘနှင့် ကာမသုခလ္လိကာနုယောဂကို ခါထုတ်၍ အမောဟဖြင့် မောဟနှင့် အတ္တကိလမထာနုယောဂကို ခါထုတ်သောကြောင့် ယင်း ၅-ပါးကို ဓုတဓမ္မ ခေါ်သည်။

၄။ ဓုတင်္ဂ- ပံသုကူလိကင်္ဂ (လ) နေသဇ္ဇိကင်္ဂ-ဟူသော ၁၃-ပါးတည်း။

မဟာကဿပ အမည်ရပုံ။ ။ ဥရုဝေဠ၊ နဒီ၊ ဂယာ၊ ကုမာရကဿပ ၄ ပါးတို့ထက် ကြီး၍ မဟာကဿပမည်သည်၊ ကမ္ဘာတသိန်းထက် ပဒုမုတ္တရဘုရားရှင် ဟံသာဝတီမြို့ ခေမမိဂဒါရုံ၌ သီတင်းသုံးစဉ် ကုဋေ ၈၀ ကြွယ်ဝသော မဟာကဿပအလောင်း ဝေဒေဟသူကြွယ်သည် တတိယသာဝက မဟာနိသဘထေရ်ကို ဘုရားရှင်က ဓုတဝါဒဧတဒဂ်ပေးသည်ကို အားကျ၍ ၆-သန်း ၈-သိန်းသော သံဃာနှင့်တကွ ဘုရားရှင်အား ၇-ရက်ပတ်လုံး ဆွမ်းသင်္ကန်းလှူဒါန်းပြီး ယင်းဆုတောင်းသည်။

ခြိုးခြံကျင့်သုံး။ ။ သူကြွယ်က ဘုရားရှင်နှင့် သံဃာအား ဆွမ်းကပ်နေစဉ် မဟာနိသဘထေရ် ဆွမ်းခံကြွလာရာ သပိတ်ယူ၍ မထေရ်အား “ဘုရားရှင်ရှိနေပါသည်၊ အိမ်တွင်းကြွပါ” ပင့်လျှောက်သော်လည်း သပိတ်သာအကပ်ခံ၍ ဆွမ်းခံဆက်ကြွသည် “ဤမထေရ်ဂုဏ်သည် အရှင်ဘုရားတို့ဂုဏ်ထက်ပင် လွန်ပါသေးသလော” လျှောက်ရာ ဘုရားရှင်များမှာ ဂုဏ်နှင့်စပ်၍ ဝန်တိုမှုမရှိရကား “ဒါယကာ၊ ငါဘုရားရှင်တို့က ဆွမ်းကိုစောင့်ပြီး အိမ်မှာ ထိုင်နေသော်လည်း ထိုရဟန်းက မနေ၊ ငါတို့မြို့နီးကျောင်းနေသော်လည်း ထိုရဟန်းက မနေ၊ တောမှာသာ နေသည်၊ ငါတို့က အမိုးရှိကျောင်းမှာ နေသော်လည်း ထိုရဟန်းက လွင်တီးခေါင် (လဟာပြင်) မှာသာ နေသည်” စသည်ဖြင့် မဟာသမုဒ္ဒရာတမျှ

စာမျက်နှာ-56


အရှင်နိသဘ၏ ဂုဏ်များကို ဘုရားရှင်က မိန့်ကြားရာ မီးတောက် ဆီလောင်းသလို အကောင်းဆုံး ကြည်ညို၍ ယင်းဆုကို တောင်းသည်။

ဧကသာဋကပုဏ္ဏား။ ။ ယင်းသူကြွယ် အသက်ထက်ဆုံး ကောင်းမှုပြု ကွယ်လွန်သော် နတ်၌ဖြစ်သည်၊ ၉၁ ကမ္ဘာမတိုင်မီ လူ နတ် ချမ်းသာများ ခံစားပြီး ၉၁-ကမ္ဘာထက် ဝိပဿီဘုရား ဗန္ဓုမတီမြို့ ခေမမိဂဒါရုံ၌ သီတင်းသုံးစဉ် ယင်းသူကြွယ်သည် သူဆင်းရဲပုဏ္ဏားဖြစ်လာသည်၊ ဇနီးမောင်နှံ ၂-ဦး ခါးဝတ်တထည်စီရှိသော်လည်း ခြုံထည်မှာ တထည်တည်းရှိသဖြင့် “ဧကသာဋကပုဏ္ဏား” ဟု ထင်ရှားသည်။

ဝိပဿီဘုရားရှင်သည် ၇-နှစ်မှ တကြိမ်သာ တရားဟောရာ နတ်များက နိဗ္ဗာန်ဆော်ပြု တရားနာကြေညာသဖြင့် ညတရား ပုဏ္ဏားကြီးနာ၍ နေ့တရား ပုဏ္ဏေးမနာယူရန် သဘောတူထားကြသည်၊ အမျိုးသမီးအစည်းအဝေးရှိလျှင် ခြုံထည်ယူ၍ ပုဏ္ဏေးမသွားသလို အမျိုးသားအစည်းအဝေးကိုလည်း ခြုံထည်တခုသာရှိသဖြင့် ပုဏ္ဏားယူသွား ပုဏ္ဏေးမကျန်ရစ်သည်။

ပုဏ္ဏားအောင်နိုင်ပုံ။ ။ ဘုရားတရားတော်ကို ပုဏ္ဏားနာစဉ် ပထမယံ၌ပင် တကိုယ်လုံး ပီတိတို့ဖြစ်ကာ ခြုံထည်ကို ဘုရားလှူမည်ကြံသည်၊ “ငါတို့လင်မယားမှာ တထည်တည်းရှိသည်၊ ခြုံထည်မရှိကလည်း အပြင်သွားမဖြစ်” ဟု နှမြောစိတ်က နိုင်သွားပြန်သည်။ မဇ္ဈိမယံ၌လည်း လှူလိုစိတ်ကို အလားတူ နှမြောစိတ်က နိုင်သွားပြန်သည်။ ပစ္ဆိမယံ၌ကား “ရှင်လိုရှင် သေလိုသေ၊ နောက်မှ ကြည့်စီစဉ်မည်” ကြံပြီး ခြုံထည်ကို ဘုရားခြေတော်ရင်းချလျက် “ငါအောင်ပြီ” ဟု ၃-ကြိမ် ဟစ်ကြွေးသည်။

ယင်းအသံကို တရားဟောနေရာနောက် ကန့်လန့်ကာတွင်းက တရားနာနေသော ဗန္ဓုမမင်းကြီးကြားရာ မင်းမည်သည် အောင်ပြီဟူသော အသံမျိုးကို မနှစ်သက်နိုင်ရကား ထောက်လှမ်းရေးယောကျ်ားကို သွားစေသည်၊ “လက်နက်စုံညီ ရန်စစ်သည်ကို အောင်ခြင်းသည် အံ့ဖွယ်မဟုတ်၊ နောက်မှလိုက်လာသော နှမြောစိတ်ကို ဖြစ်ညှစ် ခြုံထည်ကိုယူ ဘုရားလှူနိုင်ခြင်းသာ အံ့ဖွယ်ရာဖြစ်၍ ငါအောင်ပြီဟု ပုဏ္ဏားဟစ်သည်” ယင်းသတင်း မင်းကြီးကြားရာ “ဘုရားနှင့် အလျော်ကို တော်အောင်ထိမိ ပုဏ္ဏားသာ သိသည်၊ ငါတို့ကား မသိ” ဟု ဝတ်စုံတစုံပို့စေရာ “ဆိတ်ဆိတ်နေစဉ် မင်းက ဘာမျှမပေး၊ ဘုရားဂုဏ်တော် ကြွေးကြော်မှ ပေးလာသောအဝတ် ငါမဝတ်လို” ဆိုကာ ထိုဝတ်စုံကိုလည်း ဘုရားရှင်အားပင် လှူလိုက်သည်။

စာမျက်နှာ-57


ထိုအကြောင်းသိသောမင်းသည် နောက်ထပ် ဝတ်စုံ ၂-စုံ ပို့ပြန်ရာ လှူပြန်သည်၊ နောက် ၄-စုံ၊ ၈-စုံ စသည်ဖြင့် ၃၂-စုံထိ ပို့စေသောအခါမှ “ငါ့အလှူသည် ရအောင်လှူသလို ဖြစ်နေသည်” ဟု ကြံပြီး မိမိတို့လင်မယားဖို့ ၂-စုံထား၊ ကျန် ၃၀ ကို ဘုရားအားပင် လှူသည်၊ ဘုရားရှင်နှင့်လည်း ရင်းနှီးသွား၏၊ အလှူခံနှင့် အလှူရှင် ချစ်ကြင်လေးစားဖြစ်ပုံများကား တရားသဘောပင်ဖြစ်သည်။

ထို့နောင် အေးချိန် တရားနာနေသော ပုဏ္ဏားကို တရားနာရင်းခြုံရန် တသိန်းတန်ကမ္ဗလာနီခြုံထည်ကို မင်းကြီးကပေးရာ “ဤကမ္ဗလာဖြင့် အပုပ်ကောင်၌ ဟန်ဆောင်ပတ်ထား အကျိုးမများ” ဟု ကြံကာ ဂန္ဓကုဋီတိုက်တွင်း ဘုရားညောင်စောင်းအထက် မျက်နှာကြက်လုပ်လှူသည်။

ဘုရားရောင်ခြည်တော်တို့သည် ကမ္ဗလာကို ဟပ်သဖြင့် တလျှပ်လျှပ် တင့်တယ်ပုံကို ဘုရားထံရောက်လာသောမင်းမြင်၍ မေးလျှောက်ရာ “မင်းကြီးက ပုဏ္ဏားအား ပူဇော်၍ ပုဏ္ဏားက ငါဘုရားအား ပူဇော်သည်” ဟု မိန့်လိုက်သည်၊ “ပုဏ္ဏားသည် အလွန်လျှင် ဉာဏ်မြင်ပေသည်” ဟု ကြည်ညိုပြီး လူ့အသုံးအဆောင်မှန်သမျှ ၈-မျိုးစီပေးပြီး ပုရောဟိတ်အရာထားလိုက်သည်၊ ပုဏ္ဏားလည်း စာရေးကံဆွမ်း ၆၄-အုပ်တည်၍ သက်ဆုံးတိုင် ကောင်းမှုပြု၊ နတ်၌ဖြစ်သွားသည်။

ကောင်းမှုကုသိုလ်။ ။ ကဿပဘုရားနှင့် ကောဏာဂုံဘုရား ၂-ဆူကြား ကာလ၌ ဗာရာဏသီပြည်၌ သူကြွယ်သားဖြစ်၍ တောလည်သွားစဉ် မြစ်ကမ်းနားတွင် သင်္ကန်းချုပ်နေသော ပစ္စေကဗုဒ္ဓါတပါးကို သင်္ကန်းအနားပတ် မလောက်သည်ကိုမြင်၍ ပုဆိုးလှူပြီး “ဘဝအဖုံဖုံ၌ အားလုံး ပြည့်စုံသူ ဖြစ်ရပါစေ” ဟု ဆုချွေခဲ့သည်။ သူကြွယ်အိမ်၌ မယားနှင့် နှမ စိတ်မမျှ ဖြစ်နေစဉ် ပစ္စေကဗုဒ္ဓါတပါး ဆွမ်းခံဝင်လာရာ နှမက ဆွမ်းလှူပြီး ယောင်းမကို ချိပ်၍ “ဒီအမိုက်မပျိုးကို ယူဇနာ ၁၀၀ ရှောင်နိုင်ရပါစေ” ဟု ဆုတောင်းလိုက်သည်။

ထိုဆုတောင်းကို အိမ်တံခါးဝမှာရပ်နေသော ယောင်းမကြား၍ အရှင်မြတ် မဘုဉ်းပေးရအောင် သပိတ်ယူသွန်ပြီး ရွှံ့ညွှန်အပြည့်ထည့် ကပ်သည်၊ ထိုအမှုကိုမြင်သော နှမက “အမိုက်မ၊ ငါ့ကို လိုသလိုဆဲရိုက်ပါ၊ ပါရမီရှင်၏ဆွမ်းကို သွန်၍ ညွှန်လှူခြင်းသည် မသင့်လွန်း” ဟုဆိုမှ အသိဝင်ကာ ညွှန်ကိုဆေး၍ စတုမဓူ အပြည့်ထည့် လှူသည်၊ “တပည့်တော်မ၏ ခန္ဓာကိုယ်သည် ဤစတုမဓူဆွမ်းပမာ ဝင်းဝါတင့်ဆန်းလန်းပါစေ” ဟု ဤသို့လည်း ဆုတောင်းလိုက်သည်။

စာမျက်နှာ-58


အကုသိုလ်ငယ်ငယ်လေး။ ။ လင်မယား ၂-ဦးလုံး ကုသိုလ်ပြု နတ်၌ဖြစ်ကာ ကဿပဘုရားလက်ထက်၌ အမျိုးသားသည် ဗာရာဏသီပြည် ကုဋေ ၈၀ သဌေးသားဖြစ်၍ အမျိုးသမီးသည်လည်း အလားတူ သဌေးသမီး ဖြစ်လာသည်၊ အရွယ်ရောက်၍ သဌေးသားအိမ် သဌေးသမီးရောက်လာရာ ပစ္စေကဗုဒ္ဓါ၏ဆွမ်းကို ယူ၍ သွန်မိသော မကောင်းမှုကြောင့် လင့်အိမ်ကံခါးခုံအတွင်း ဝင်မိလျှင်ပင် တကိုယ်လုံး အိမ်သာနံ့လှိုင်တော့သည်။ ထိုအနံ့ကို လင်ဖြစ်သူသိသဖြင့် မယားအား မိဘအိမ် ပြန်ပို့စေသည်၊ ဤနည်းအတိုင်း ၇-နေရာ လင်ကမပေါင်းသဖြင့် နောက်ကြောင်းချည့် ပြန်ရရှာသည်။

ထိုအချိန် ကဿပဘုရားရှင် နိဗ္ဗာန်စံဝင်သဖြင့် တယူဇနာအမြင့် ရွှေစေတီကြီးတည်ရာ “လင်မချစ်လျှင် အသက်ရှင်လည်း ကျိုးမပြီး” ဟု သဌေးသမီးငြီးငွေ့ကာ ကိုယ်ဝတ်တန်ဆာများကို ဖျက်ဆီးပြီး ရွှေအုတ်ပြုကာ ကိုယ်တိုင်ပင် စီလှူခဲ့သည်၊ ဤကောင်းမှုကြောင့် “ဘဝတိုင်းတိုင်း ငါ၏ကိုယ်မှ စန္ဒကူးနံ့လှိုင်၍ ခံတွင်းမှ ကြာညိုနံ့ ကြိုင်ပါစေ” ဟု ဆုတောင်းသည်။

ထိုမြို့၌ နက္ခတ်ပွဲကျင်းပစဉ် ပဌမဆုံးလင် သဌေးသားသည် ယင်းအမျိုးသမီးကို သတိရ၍ ပွဲကြည့်ခေါ်ခိုင်းရာ “တန်ဆာရတနာများ စေတီအား ပူဇော်လိုက်၍ ဆင်စရာမရှိပါ” ဟု ပြောသော်လည်း “ဆင်စရာ ရပါစေမယ်” ဟုဆိုပြီး ခေါ်သဖြင့် ရောက်လာရာ တအိမ်လုံး စန္ဒကူးနံ့လှိုင်၍ ကြာညိုနံ့ကြိုင်တော့သည်၊ ယခင်က အနံ့ဆိုးသလောက် ယခု ကောင်းခြင်း၏အကြောင်းကို သဌေးသားကမေးရာ အားလုံး ပြန်ပြောပြသည်၊ သဌေးသားသည် “ဗုဒ္ဓသာသနာသည်သာ လွတ်မြောက်ရာ ဧကန်မှန်ပေသည်” ဟု ကြည်ညိုပြီး ကောင်းမှုပြုကာ နတ်ဖြစ်ပြီးဟိုမှာ ဗာရာဏသီပြည်နှင့် တယူဇနာကွာ အမတ်မျိုး၌ဖြစ်၍ သဌေးသမီးကား ဗာရာဏသီပြည်မင်းသမီး ဖြစ်လာသည်။

အကောင်းစားသုံး။ ။ ရွာမှာ ပွဲသဘင်ကျင်းပစဉ် အမျိုးသားသည် မိခင်ပေးသော အဝတ်မှန်သမျှ မကြိုက်၍ ပယ်သောအခါ “သားရယ်၊ အမေတို့အိမ်မျိုးမှာ ဒီထက်ကောင်းတဲ့ အဝတ်ရဖို့ ဘုန်းကံမရှိတော့ပါ” ဟု ပြောသဖြင့် “ရနိုင်တဲ့နေရာ သွားကြည့်စမ်းပါရစေ” ဟု မိခင်အား တောင်းပန်သည်၊ “ယနေ့ပင် သားအား ဗာရာဏသီပြည် ရစေလိုပါတယ်” ဟု ဤသို့လည်း မိခင်က ခွင့်ပေးသဖြင့် ဗာရာဏသီပြည် ဥယျာဉ်တွင်းဝင် မင်္ဂလာကျောက်ဖျာ၌ ခေါင်းမြီးခြုံ အိပ်နေတော့သည်။

ထိုနေ့ကား ဗာရာဏသီမင်း နတ်ရွာစံ၍ ၇-ရက်မြောက်နေ့ဖြစ်ရာ မင်းအား သင်္ဂြိုဟ်ပြီး နန်းမွေဆက်ခံရန် သားမရှိ၊ သမီးရှိသဖြင့် သိန္ဓောမြင်း ၄

စာမျက်နှာ-59


ကောင်ကသော ဖုဿရထား စေလွှတ်ကြသည်၊ ရထားသည် အရှေ့တံခါးမှထွက်၍ ဥယျာဉ်သို့သွားကာ အိပ်နေသော အမျိုးသားကို လက်ယာရစ်ပတ်၍ တက်ရန် အသင့်အနေအထား ရပ်သွားသည်။

ပုရောဟိတ်သည် အိပ်နေသူအမျိုးသား၏ ခြေအပြင်ကို ခြုံထည်ဖယ်၍ကြည့်ရှုရာ “ဤကျွန်းသာမက ကျွန်းငယ် ၂၀၀၀ ခြံရံသော ၄-ကျွန်းလုံး၌ပင် မင်းပြုထိုက်သူ ဖြစ်သည်” ဟုဆိုကာ တူရိယာများ တီးမှုတ်စေသည်၊ မင်းလောင်းနိုးလာ၍ အကြောင်းစုံသိသောအခါ “မင်းပြုမည်” ဟု ဝန်ခံလိုက်သည်၊ မင်းသမီးလည်း ရောက်လာပြီ ဖြစ်၍ အမျိုးသားအား မင်းအဘိသိက်သွန်းကြသည်။

အဝတ်ပေဒသာ။ ။ အဘိသိက်သွန်းပြီးသော မင်းအား ၁၀၀၀ တန် အဝတ်ဆောင်နှင်းရာ “နူးညံ့သောအဝတ် ပေးပါ” ဟု တောင်းလာသဖြင့် “လူသုံးအဝတ်များ၌ ဒီထက်နူးညံ့သော အဝတ် မရှိပါ” ဟု ပြန်လျှောက်ကြရသည်၊ “ဤသို့သော အဝတ်မျိုးသာ ဝတ်သော မင်းဆိုလျှင် ဘုန်းကံရှိမည်မထင်၊ ရွှေကရားယူလာ၊ အဝတ်ရပါလိမ့်မည်” ဟုဆိုပြီး အရှေ့မျက်နှာ၌ ရွှေကရားနှင့် ရေဖျန်းလိုက်သည်နှင့်တပြိုင်နက် အဝတ်ပဒေသာပင် ၈ ပင် ပေါက်လာသည်။ အရပ် ၄ မျက်နှာ၌ ရေဖျန်းပြီး၍ ပဒေသာ ၃၂ ပင်ပေါက်ပြီးမှ နတ်၌ဖြစ်သော ဝတ်စုံအစုံယူဝတ်ပြီး “နန္ဒမင်းတိုင်းပြည်၌ အထည်ယက်သောမိန်းမများ အငြိမ်းစားပေးလိုက်ပြီ” ဟု ဤသို့ စည်လည်တီးစေသည်။

နောင် ကောင်းလာပါလိမ့်မည်။ ။ မိဖုရားသည် မင်း၏စည်းစိမ်ကို ကြည့်ပြီး မင်းအား သနားသောအမူအရာပြသည်၊ မင်းက ပြန်မေးသောအခါ “အတိတ်က သဒ္ဓါလွန်ကဲ ကုသိုလ်ပြုခဲ့သဖြင့် မောင်ဘုရား စည်းစိမ် မြိန်လှပါသည်၊ အနာဂတ်အတွက် အကြောင်းကုသိုလ် မသိုမှီးလို့ပါ” ဟု မိဖုရားက ပြန်ပြောသည်၊ “မည်သူအား လှူရမည်လဲ၊ သီလသခင် အရှင်များ မရှိပါ” ဟု မင်းကဆိုသောအခါ မိဖုရားက “အရှင်မင်းကြီး၊ ဇမ္ဗူဒိပ်မှာ ရဟန္တာမရှားပါ၊ အလှူပွဲသာစီစဉ်ပါ၊ ရဟန္တာသူမြတ်တွေ ရပါစေမယ်” ဟု လျှောက်တင်ပြီး နောက်တနေ့ နံနက်စောစော ဥပုသ်ဆောက်တည်ကာ အရှေ့မျက်နှာက ရဟန္တာများကိုပင့်သည်၊ ထိုအရပ်၌ ရဟန္တာများ မရှိသဖြင့် ထိုလှူဖွယ်များကို အထီးကျန် သူတောင်းစားတို့အား ကျွေးလိုက်ရ၏၊ နောက်နေ့ တောင်အရပ်၊ နောက်နေ့ အနောက်အရပ်၊ ရဟန္တာများမရှိကြ၊ နောက်နေ့ မြောက်အရပ်ပင့်သော

စာမျက်နှာ-60


အခါ ဟိမဝန္တာနေ ပဒုမဝတီ၏သားတော် ပစ္စေကဗုဒ္ဓါများကြွလာကြ၊ ပြာသာဒ်ထက်တင် ဆွမ်းလုပ်ကျွေးပြီး အသက်ထက်ဆုံး သီတင်းသုံးရန် ပင့်ထားကာ ကျောင်း ၅၀၀၊ စင်္ကြံ ၅၀၀ ဆောက်လှူပြုစုသည်။

ပညာမြင့်စွဲ။ ။ ကာလကြာသော် ပစ္စေကဗုဒ္ဓါများကို ပြုစုရန် မိဖုရားအား မှာထားခဲ့ပြီး တိုင်းစွန်ပြည်ဖျား မငြိမ်သက်မှုများကို ငြိမ်ဝပ်ပိပြားအောင် နန္ဒမင်းသွားရောက်နေစဉ် အရှင်မြတ် ၅၀၀ ပရိနိဗ္ဗာန်စံ၍ လွန်ပြီးပေပြီ၊ ဓာတုစေတီ တည်ထားပြီးမှ ပြန်ရောက်လာ၍ အရှင်မြတ်များအကြောင်း သိရသော နန္ဒမင်းသည် “ဤသို့သောပညာရှင်များ အပင်သေရသေး၏၊ ငါတို့အားဝယ် အဘယ်ထွင်းဖောက် လွတ်မြောက်ပါအံ့နည်း” ဟု သံဝေဂထင်ကာ မြို့တွင်းပင် မဝင်တော့ပဲ ဥယျာဉ်သွား၊ သားကြီးကိုခေါ်၍ တိုင်းပြည်အပ်ကာ ရဟန်းပြုသည်၊ မိဖုရားလည်း ဥယျာဉ်၌ပင် ရဟန်းပြုကာ ၂-ဦးလုံး ဈာန်ရ၊ ဗြဟ္မာ့ပြည် ရောက်ကြသည်။

ဗြဟ္မာ့ပြည်မှ လာသူများ။ ။ ငါတို့ဘုရားရှင် ပွင့်တော်မူကာ ဓမ္မစက္ကပဝတ္တနသုတ္တန်ဟောပြီး၍ ရာဇဂြိုဟ်၌ သီတင်းသုံးစဉ် မင်းမိဖုရား ၂-ပါး ဗြဟ္မာ့ပြည်မှ လူ့ပြည်ပြန်လာကြသည်။ အမျိုးသားသည် မဂဓတိုင်း မဟာတိတ္ထပုဏ္ဏားရွာ ကပိလပုဏ္ဏားသား ပိပ္ပလိလုလင် ဖြစ်လာ၍ အမျိုးသမီးသည်လည်း မဒ္ဒတိုင်း သာဂလမြို့ ကောသိယအနွယ် ပုဏ္ဏားသမီး ဘဒ္ဒါကာပိလာနီ ဖြစ်လာသည်။

ရွှေရုပ်လို လှသူ။ ။ မိဘများ အကြိမ်ကြိမ် တောင်းပန်၊ ငြင်းမရပုံကိုသိသောအခါ ပိပ္ပလိလုလင်သည် ရွှေစင်နိက္ခတထောင်ကို ရွှေပန်းထိမ်သည်တို့ဖြင့် ရွှေမင်းသမီးရုပ် ထုစေကာ အဝတ်တန်ဆာများ ပတ်ဆင်ပြီး မိခင်ခေါ်ပြကာ “အမေ့ချွေးမ ဤရွှေရုပ်လိုလှလျှင် သား ယူပါမည်” ဟု ပြောလိုက်သည်။

ပညာရှင်မိခင်က “ငါ့သားကား ဘုန်းရှိသည်၊ တဦးတည်း ကုသိုလ်ပြုမည်မဟုတ်၊ ရွှေရုပ်ပမာ အမျိုးသမီးပါရမည်” ဟု ကြံကာ ပုဏ္ဏား ၈-ဦးခေါ်၍ ရွှေရုပ်ကို ရထားပေါ်တင်ပြီး “အဆင့်အတန်းတူ ရုပ်တူအမျိုးသမီး သွားရှာကြ၊ တွေ့လျှင် ရွှေရုပ်ကို လက်ဆောင်ပေးခဲ့ကြ” ဟု မှာလွှတ်သည်။

စာမျက်နှာ-61


မိန်းမချောပေါသော မဒ္ဒတိုင်း သာဂလမြို့ရောက်သော် ရေဆိပ်၌ ရွှေရုပ်ကိုထား၍ သင့်ရာထိုင်နေစဉ် ဘဒ္ဒါ၏အထိန်းတော် ခုဇ္ဇာသည် ရွှေရုပ်ကို ဘဒ္ဒါထင်ပြီး “အိမ်မှာမနေ၊ ဤနေရာမျိုး လာနေရသလား သခင်မ” ဟု ပြစ်တင်မောင်းမဲသည်။ ပုဏ္ဏား ၈-ဦးရောက်လာပြီး “သင့်သခင်မ ဒီလောက်လှသလား” ဟု မေးရာ “အဆတရာမကသာအောင် လှပါသည်၊ ၁၂-တောင်တိုက်ခန်းအတွင်း ကိုယ်ရောင်ဖြင့် လင်းပါသည်၊ မီးမထွန်းရပါ” ဟု ခုဇ္ဇာက ပြောသောအခါ ရွှေရုပ်ကိုယူ၍ ဘဒ္ဒါအိမ် သွားကြသည်၊ အကြောင်းစုံပြော၊ သဘောတူကြ၍ ရွှေရုပ်ကို လက်ဖွဲ့ကြေး ပေးလိုက်ကြသည်။

အောင်သွယ်လုပ်သမျှ ဒုက္ခရောက်ရှာ။ ။ ပိပ္ပလိနှင့် မယ်ဘဒ္ဒါတို့သည် “ငါရမည်မထင်၍ စီစဉ်မိသည်၊ မိမိတကယ်မယူနိုင်ကြောင်း၊ ဘဒ္ဒါသည် အဆင့်တူသူ တခြားလူနှင့် ယူစေလိုကြောင်း၊ သူ့အနေဖြင့် ရဟန်းပြုမည်ဖြစ်၍ နောင်အခါ ဘဒ္ဒါစိတ်ဆင်းရဲမည်စိုးပါသည်” စသည်ဖြင့် စုံလင်စွာ လျှို့ဝှက်စာ ပေးပို့သည်။ ဗြဟ္မာ့ပြည်ကလာ၍ အိမ်ထောင်ရေးကို စိတ်မပါသော ဘဒ္ဒါကလည်း အလားတူပင် လျှို့ဝှက်စာပေးပို့ရာ ခရီးအလယ်၌ စာ ၂-စောင် ဆုံမိပြီး ဖောက်ကြည့်၍ အကြောင်းသိကြသော စာပို့လုလင်တို့သည် မူလစာကို ဖြဲဆုတ်၍ အသစ်ရေးသား သဘောတူစာများကို ပို့ပေးကြရာ မကြိုက်ကြသူ ၂-ယောက် လင်မယားအရာ မြောက်သွားကြသည်။

ပိပ္ပလိနှင့် ဘဒ္ဒါတို့ ညအိပ်စဉ် ပန်းတကုံးစီ အလယ်ထား၍ အိပ်ကြသည်၊ “ပန်းကုံးညှိုးလျှင် ပန်းကုံးနံပါးရှိသူ ရာဂစိတ်ဖြစ်သူ” ဟု သိမှတ်ထားကြသည်၊ ပန်းကုံးကို မထိအောင် အိပ်ကြရ၏၊ ကိုယ်ချင်းထိမည်စိုး၍လည်း ညလုံးပေါက် မအိပ်နိုင်ကြပါ။ ဣန္ဒြေချို့ယွင်း ပြုံးရယ်ခြင်းမျှ မပြုဘဲ ဥပုသ်သည်များပမာ မိဘများရှိစဉ် စီးပွားရေးကိုလည်း မစီမံရ စင်ကြယ်စွာ နေကြရသည်။

ပိပ္ပလိကား ၈၇-ကုဋေ ကြွယ်ဝ၍ စက်တပ်ကန်ကြီး ၆၀၊ လုပ်ခင်းမြေ ၁၂-ယူဇနာရှိပြီး အနုရာဓမြို့မျှသော ရွာကြီး ၁၄-ရွာအပြင် ဆင် မြင်း ရထား များစွာ ခိုင်ဖြိုး စည်းစိမ်ကြီးလှသည်။
ငရဲမှာခံ၊ မီးလျှံအစုံ။ ။ တနေ့လယ်ကွင်းသွားစဉ် ထွန်ခဲကြားမှ တီကောင် စသည်များကို ကျီးငှက်များ စားသည်ကို တွေ့ရသည်။ “ယင်းအကုသိုလ်ပိုင်ရှင် မိမိပင်ဖြစ်မည်” ဟု ဆိုသဖြင့်

စာမျက်နှာ-62


“ထိုသူများပြုသမျှ မကောင်းမှု ငါ့အပေါ်သာဖြစ်လျှင် ၈၇-ကုဋေစည်းစိမ်များသည် ငါ့အား အဘယ်ပြုရတော့အံ့နည်း၊ အားလုံး ဘဒ္ဒါထံအပ်ပြီး ရဟန်းပြုအံ့” ဟု ပိပ္ပလိ ကြံသည်။

ဘဒ္ဒါကလည်း နေလှန်းသော နှမ်းမှ ပိုးများ ကျီးစားသည်ကိုတွေ့ရလျှင် မေးမိ၍ “မိမိပင် အကုသိုလ်ပိုင်ရှင်ဖြစ်သည်” ဟု စကားကြားရသဖြင့် “ဘဝဘဝထောင်ဖြင့်လည်း အပါယ်ဝဋ်မှ လွတ်ဖို့မမြင်၊ အရှင့်သားလာလျှင် အားလုံးအပ်၊ ရဟန်းပြုမည်” ဟု ကြံပြန်သည်။

၂-ဦးသား စားသောက်ပြီး၍ ချမ်းသာရာ၌နေစဉ် ပိပ္ပလိက “ဘဒ္ဒါ၏ အိမ်ပါပစ္စည်း၊ ဤအိမ်ရှိ ပစ္စည်းအားလုံးကို ဘဒ္ဒါအား အပ်ပါ၏၊ ငါရဟန်းပြုတော့အံ့” ဆိုရာ ဘဒ္ဒါကလည်း “အရှင့်သားအလာကို စောင့်နေပါသည်၊ ဘဒ္ဒါလည်း ရဟန်းပြုပါမည်” ဟု ပြန်ပြောသည်။

ပြတ်ရဟန်းဘဝ ဖြည့်စွက်နိုင်ကြပေပြီ။ ။ ၂-ဦးသားတို့သည် ဘဝ ၃-ပါးကို မီးလောင်အိမ်အလား မှတ်ထားကြလျက် ဈေးမှ သင်္ကန်းသပိတ်များ ဆောင်ယူ၍ အချင်းချင်း ဆံပင်များကိုဖြတ်ကာ “ငါတို့ ရဟန်းအဖြစ်ကား လောက၌ရှိသော ရဟန္တာများကို ရည်ညွှန်းပါသည်” ဟုဆို၍ ရဟန်းပြုကာ ပြာသာဒ်မှဆင်းကြသည်၊ အိမ်ရှိ အလုပ်သမားများ မည်သူမျှ မမှတ်မိကြပါ။

အလုပ်သမားရွာမှ လူအများကမူ မှတ်မိ၍ ငိုကြွေးတားဆီးကြသည်။ “ဘဝ ၃-ပါးကို မီးလောင်အိမ်အလား မှတ်ထင်၍ ရဟန်းပြုကြသည်၊ သင်တို့အားလုံး အခိုင်းအစေအဖြစ်မှ လွတ်လပ်စွာ အသက်မွေးကြ” ဟုဆိုပြီး ထွက်သွားကြသည်၊ မထေရ်သည် နောက်မှလာသော ဘဒ္ဒါကိုမြင်၍ “ဇမ္ဗူဒိပ်အပြင်ဝယ် အလှမယ်ဖြစ်သော ဘဒ္ဒါ ငါ့နောက်ကလိုက်နေလျှင် ရဟန်းပြု၍သော်မှ မခွဲနိုင်တဲ့လင်မယား” ဟု ဆိုစရာဖြစ်နေသည်၊ “ငါတို့ကိုပြစ်မှား၍ အချို့ အပါယ်လားနိုင်၏၊ ဘဒ္ဒါကို ထားသွားမှ သင့်မည်” ဟုကြံကာ လမ်း ၂-ခွသို့ရောက်လျှင် ပိပ္ပလိမထေရ်က အကြောင်းစုံ ပြောပြသည်။
ချစ်ခင်ပေါင်းသင်း။ ။ “မာတုဂါမသည် ရဟန်းများ၏ အညစ်အကြေး ဖြစ်ပါသည်၊ ရဟန်းဖြစ်လျက် မခွဲနိုင်ဟု အပြစ်တင်ဖွယ်ရာပါ” ဟု ဘဒ္ဒါကလည်း ဤသို့လျှောက်ထားကာ ၅-နေရာကို တည်ခြင်းဖြင့် ရှိခိုးလျက် “ကမ္ဘာတသိန်းဖွဲ့ထားတဲ့မိတ် ယနေ့ပြတ်ပါပြီ”

စာမျက်နှာ-63


ဟု လျှောက်ထား ခွဲသွားသည်နှင့်တပြိုင်နက် မြေကြီးသည် “စကြဝဠာတောင်၊ မြင်းမိုရ်တောင်တို့ကို ဆောင်နိုင်စွမ်းရှိသော်လည်း အရှင်နှစ်ပါးတို့ဂုဏ်ကို မဆောင်စွမ်းနိုင်တော့ပါ” ဆိုသည့်အနေ မြည်ဟည်းတုန်လှုပ်လေသည်။

ဝေဠုဝန်ကျောင်းတော် ဂန္ဓကုဋီတိုက်၌နေသော ဘုရားရှင်သည် ၂-ဦးသားတို့၏ ဂုဏ်ကြောင့် မြေလှုပ်ခြင်းကို သိတော်မူသဖြင့် “ငါဘုရားလည်း ချီးမြှောက်သင့်သည်” ဟုကြံကာ ၃-ဂါဝုတ်ခရီးကိုကြို၍ ရာဇဂြိုဟ်နှင့် နာဠန္ဒအကြား ညောင်ပင်ရင်း၌ ဘုရားအသွင်ယူကာ အတောင်-၈၀ ရောင်ခြည်တော်လွှတ်လျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသည်။

မဟာကဿပ (ပိပ္ပလိ) ထေရ်သည် “ငါရည်ရွယ်၍ ရဟန်းပြုသော ငါ့ဆရာဘုရား” ဟု ဤသို့သိကာ ၃-နေရာတို့၌ ရှိခိုးပြီး “မြတ်စွာဘုရားသည် တပည့်တော်၏ဆရာ၊ တပည့်တော်သည် မြတ်စွာဘုရား၏တပည့်ပါဘုရား” ဟု လျှောက်ထားရာ ဘုရားရှင်က “ကဿပ၊ ဤသို့သောရိုသေမှုမျိုး မြေကြီးအားပြုလျှင် မြေကြီးခံနိုင်မည်မဟုတ်၊ ငါဘုရားအားမူ မွှေးညင်းသော်မှ မလှုပ်စွမ်းနိုင်၊ ထိုင်လေကဿပ၊ သင့်အား ငါဘုရား၏ အမွေပေးမည်” ဟု မိန့်တော်မူပြီး ဩဝါဒ ၃-မျိုးဖြင့် ရဟန်းပြုပေးတော်မူသည်။

မဟာကဿပကို နောက်ပါခေါ်၍ ညောင်ပင်ရင်းမှ ဘုရားရှင် ပြန်ကြွတော်မူရာ အနည်းငယ်ရောက်လတ်သော် လမ်းမှဖဲ၍ သစ်ပင်ရင်း၌ ထိုင်လိုသောအမူအရာ ပြတော်မူသည်၊ မဟာကဿပသိသဖြင့် သူ့ခြုံထည် ဒုကုဋ်ကို ၄-ခေါက်ခေါက် ခင်းပေးရာ ဘုရားရှင်သည် ထိုင်တော်မူလျက် “ကဿပ၊ သင့်ဒုကုဋ်ပိုင်း နူးညံ့သည်” ဟု မိန့်တော်မူလိုက်သည်၊ “ငါ့ဒုကုဋ်ကို ဘုရားရှင် ဝတ်ရုံလိုနေသည်” ဟု ဤသို့သိသော မဟာကဿပက “ဝတ်ရုံတော်မူပါ” ဟု လျှောက်ရာ “သင် ဘာကိုရုံမလဲ” ဟု ပြန်မေးတော်မူသည်။
မြေငလျင်တုန်ဟည်း။ ။ “အရှင်ဘုရားတို့၏ ဒုကုဋ်ကိုရလျှင် ဝတ်ရုံပါမည်”၊ “ငါဘုရားသုံးပြီး ဆွေးနေသောဒုကုဋ်ကို ဆောင်စွမ်းနိုင်ပါမည်လော၊ ဤသင်္ကန်းကို ပံသုကူကောက်သောနေ့၌ ရေအဆုံးတိုင် မြေလှုပ်သည်၊ အနည်းငယ်သောဂုဏ်ဖြင့် ဤသင်္ကန်းကို မဆောင်စွမ်းနိုင်၊ အကျင့်လုပ်ငန်းဖြည့်စွမ်းနိုင်သော ပံသုကူဆောင် အရှင်မြတ်သည်သာ ခံယူသင့်သည်” ဟု တောင်းခံချက်ကို ပြန်မိန့်ပြီး သင်္ကန်းချင်း ဖလှယ်တော်မူသည်။

စာမျက်နှာ-64


“ဘုရားရှင်၏ ကိုယ်ရုံသင်္ကန်းကို သာဝကအား ပေးဖူးသည်မရှိ၊ တပည့်တော်သည် အရှင်ဘုရားတို့၏ဂုဏ်ကို ဆောင်နိုင်စွမ်း မရှိတော့ပါ” ဟု စေတနာမရှိသော မြေကြီးသည် မဆိုသော်လည်း ဆိုသည့်အလား ချောက်ချားတုန်လှုပ်သည်၊ မဟာကဿပသည် ဘုရားရှင်၏ အချီးအမြှောက်ကို ရသော်လည်း မမြင့်မောက်ဘဲ ဓုတင် ၁၃-ပါး ဆောက်တည် အားထုတ်ရာ ၇-ရက်မျှသာ ပုထုဇဉ်အဖြစ်၊ ၈-ရက်မြောက် အရုဏ်၌ ပဋိသမ္ဘိဒါ ၄-ပါးနှင့် ရဟန္တာဖြစ်သွားသည်။

ကဿပသည် လနှယ်ပမာ ဒကာ ဒကာမများကို ချဉ်းကပ်သည် စသော သုတ်တို့ဖြင့် မထေရ်ကို ဘုရားရှင် ချီးမွမ်းတော်မူသည်၊ ယင်းကဿပသံယုတ်ကိုပင် အကြောင်းဖြစ်ရပ်ပြုပြီး ဧတဒဂ်ရာထူး ချီးကျူးတော်မူသည်။

၅။ ဒိဗ္ဗစက္ခုအဘိညာဉ်ရှိ ရဟန်းတို့တွင် အနုရုဒ္ဓါသည် အမြတ်ဆုံး။

တန်ဆောင်ဆီမီး။ ။ ပဒုမုတ္တရဘုရားလက်ထက် မထင်မရှားသော သူကြွယ်ဖြစ်စဉ် ရဟန်းတပါးကို ဒိဗ္ဗစက္ခု ဧတဒဂ်ထားသည်ကို အားကျပြီး ၇-ရက် ဆွမ်းသင်္ကန်းအလှူကြီးပြု၊ ယင်းဆုတောင်းသည်၊ ပဒုမုတ္တရဘုရား နိဗ္ဗာန်ဝင်စံ၍ တည်ထားသော ၇-ယူဇနာရှိ ရွှေစေတီ၌လည်း သံဃာများ အမိန့်အရ ဒိဗ္ဗစက္ခု၏ ပုရိကမ်ကုသိုလ်ဖြစ်အောင် ဆီမီး ၁၀၀၀ ရှိသော မီးသစ်ပင် ၁၀၀၀ စသည်ဖြင့် အလင်းရောင်ကုသိုလ် များစွာပြုသည်။

အသက်ထက်ဆုံး ကောင်းမှုပြု၊ နတ်လူတို့၌ ကျင်လည်ပြီး ကမ္ဘာတသိန်းလွန်၍ ကဿပဘုရားပွင့်တော်မူစဉ် ဗာရာဏသီပြည်၌ သူကြွယ်ဖြစ်လာသည်၊ ကဿပဘုရား၏ တယူဇနာရှိ သာရီရိကစေတီတော်၌ ပတ်ပတ်လည် ဆီမီးညှိထွန်းပူဇော်ကာ အထူးအားဖြင့် ဆီမီးထွန်းထားသော ကြေးခွက်ကို ခေါင်းဖြင့်ရွက်၍ တညလုံး စေတီကို လှည့်ပတ်သွားလာ ပူဇော်သည်၊ အသက်ထက်ဆုံး ကောင်းမှုပြု နတ်၌ဖြစ်သည်။

ဒါနလက်နက် ဆင်းရဲဖျက်။ ။ ငါတို့ဘုရားမပွင့်မီ ဗာရာဏသီပြည်၌ပင် အန္နဘာရ သူဆင်းရဲဖြစ်လာပြီး သုမနသဌေးကို အမှီပြုနေရသည်၊ ယင်းသဌေးကား အထီးကျန် သူတောင်းစား ဧည့်သည် ခရီးသွားတို့အား နေ့စဉ် အိမ်တံခါး၌ ဒါနဝတ်တည်ထားသည်၊ သူဆင်းရဲများကို ချီးမြှောက်လေ့ရှိသော ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါသည် ဂန္ဓမာဒနတောင်၌ သမာပတ်ဝင်စားရာမှ ထတော်မူပြီး အန္နဘာရ အလုပ်သမား အလုပ်ခွင်မှ အိမ်ပြန်အဝင် ရွာတံခါးဝ၌ သပိတ်ပိုက် ရပ်တော်မူသည်။

စာမျက်နှာ-65


အန္နဘာရသည် အရှင်မြတ် ဆွမ်းမရသေးပုံကိုသိ၍ “ဤနေရာ ခဏဆိုင်းပါ ဘုရား” ဟု လျှောက်ထား၊ အိမ်ပြန်၊ သူ့အတွက်ထားသော ထမင်းကို အမျိုးသမီးအား ယူစေပြီး အရှင်မြတ်အား လှူခိုင်းသည်၊ လိမ္မာသောအမျိုးသမီးသည် သူမအတွက်ပါ ထမင်းလှူသည်၊ “သူဆင်းရဲဘဝမှ လွတ်ရပါလို၏” ဟု အန္နဘာရ ဆုတောင်းလိုက်သည်။

သဒ္ဓါကြည်အေး။ ။ အန္နဘာရခင်းပေးသော အပေါ်ရုံအခင်း၌ ထိုင်ကာ ဆွမ်းဘုဉ်းပေးပြီး အရှင်မြတ် အနုမောဒနာပြု၍ ပြန်ကြွသောအခါ သုမနသဌေး၏ ထီးချက်စောင့်နတ်က “အဟော ဒါနံ၊ ပရမဒါနံ၊ ဥပရိဋ္ဌေ သုပ္ပတိဋ္ဌိတံ- ဥပရိဋ္ဌပစ္စေကဗုဒ္ဓါအရှင်မြတ်၌ ကောင်းစွာတည်သော အန္နဘာရသူဆင်းရဲ၏ ဆွမ်းအလှူသည် အံ့ဩဖွယ်ရာအမြတ်ဆုံး အလှူပါတကား” ဟု ၃-ကြိမ် ကောင်းချီးပေးသည်။ “ငါအမြဲကုသိုလ်ပြုနေသည်၊ ယခုမှ ကောင်းချီးပေးရသလော” ဟု သဌေးက မေးရာ နတ်က “သင့်အလှူကို ကောင်းချီးမပေးပါ၊ အန္နဘာရရဲ့ ပစ္စေကဗုဒ္ဓါအား ဆွမ်းအလှူကို ကြည်ညို၍ ကောင်းချီးပေးပါသည်” ဟု ပြန်ပြောသည်။

“အံ့ဩစရာပဲ၊ ဤမျှအချိန်အထိ ငါ့အလှူတွေက နတ်ကို ကောင်းချီးပေးဖို့ မတတ်နိုင်၊ ငါ့ကိုမှီနေရတဲ့ အန္နဘာရရဲ့ ဆွမ်းတကြိမ်အလှူကို နတ်က ကောင်းချီးပေးသည်။ အန္နဘာရကို သင့်တော်အောင်ပေးပြီး သူ့ဆွမ်းကို ငါ့ဆွမ်းဖြစ်အောင် ပြုသင့်သည်” ဟု ကြံပြီး အကြောင်းစုံမေးကာ “ငါ့အသပြာယူ၍ ယင်းဆွမ်းကို ငါ့အား ပေးပါ” ဟု တောင်းသည်။ မပေးပါ၊ တထောင်အထိ တိုးပေးသော်လည်း မပေးသဖြင့် “ဆွမ်းကိုမပေးပါနှင့်၊ ငွေ ၁၀၀၀ိ ယူ၍ ကုသိုလ်အဖို့ကိုသာ ပေးပါ” ဟု တောင်းပြန်သည်။

ပထမစေတနာ။ ။ “ပေးသင့် မပေးသင့် မသိပါ၊ အရှင်မြတ်ကို မေးပြီး သင့်လျှင်ပေးပါမည်” ဟု ပြန်ပြောကာ အရှင်မြတ်နောက် အမှီလိုက်မေးလျှောက်သည်၊ “အိမ်ခြေ တရာရှိ ရွာဝယ် တအိမ်၌ ထွန်းထားသော ဆီမီးကို အခြားအိမ်များကလာ၍ မီးကူးကြရာ မူလဆီမီး၏ အရောင်အလင်း မလျော့ရုံမျှမက တိုး၍ပင်လာသည်” ဟု ဥပမာပြ၍ မိန့်ကြားရာ သဘောကျပြီး သဌေးအား ကုသိုလ်အဖို့ ပေးလိုက်သည်။

သဌေးက ငွေ ၁၀၀၀ိ ပေးသည်ကို “သဒ္ဓါ၍ ပေးပါသည်၊ အရောင်းမဟုတ်ပါ” ဟု အန္နဘာရက ပြန်ပြောပြပြီး မယူဘဲနေရာ “သင်က သဒ္ဓါ၍ပေးသလို ငါကလည်း သင့်ဂုဏ်ကို

စာမျက်နှာ-66


ပူဇော်၍ပေးသည်” ဆိုမှ ယူထားလိုက်၏၊ အိမ်မှုကိစ္စလည်းမလုပ်ရတော့ဘဲ သီးခြားအိမ်ရကာ “လိုသမျှယူ” ဟုလည်း သဌေးကမိန့်သည်၊ ပစ္စေကဗုဒ္ဓါအား လှူခြင်းမည်သည် နေ့ချင်းပင် အကျိုးရ၍ ဒုက္ခမှ လွတ်မြောက်သည်။

ရွှေငွေရတနာ။ ။ ထိုနေ့ပင် အန္နဘာရကို သဌေးခေါ်ပြီး နန်းတော်သွားရာ သူ့ဘုန်းကံကြောင့် သဌေးကို မင်းက မကြည့်၊ အန္နဘာရကိုသာ ကြည့်သဖြင့် သဌေးက မေးလျှောက်ရာ “မမြင်ဖူး၍ကြည့်သည်” ဟု မင်းကမိန့်သည်။ “ကြည့်သင့်သောဂုဏ်ရှိပါသည်၊ သူ့အတွက် မစားဘဲ ပစ္စေကဗုဒ္ဓါအား လှူသဖြင့် ငွေ ၁၀၀၀ိ ရပါသည်” စသည်ဖြင့် လျှောက်ရာ “ငါ့ထံမှလည်း ရသင့်သည်၊ ငါလည်းပူဇော်မည်” ဆိုပြီး ငွေ ၁၀၀၀ိ ပေးပြန်သည်။

အိမ်နေရာပါပေးသဖြင့် နေရာကိုသုတ်သင်ကြရာ ပေါက်တူးထိသော နေရာတိုင်း လည်ချင်းထိနေသော ရွှေအိုးများကိုတွေ့၍ မင်းအားလျှောက်ထားတူးကြရာ အောက်သို့ မြုပ်သွားသည်၊ မင်းက “အန္နဘာရစကားနဲ့ တူးကြ” ဆိုမှ မှိုငုံကြီးများ ယူရသလို ရကြပြီး မင်းနန်းတော်၌ ပုံထားကြသည်။

အမတ်များကိုခေါ်၍ “ဤမျှဥစ္စာများသူ သဌေး ဤမြို့မှာ ရှိ၊ မရှိ” မင်းကမေးရာ မရှိဟု ဖြေကြသဖြင့် ဓနသေဋ္ဌိသဌေးဘွဲ့ဖြင့် ထီးဖြူကိုပေးလိုက်သည်၊ ကောင်းမှုပြု၊ လူနတ်တို့၌ ကျင်လည်ပြီး ငါတို့ဘုရားလက်ထက် ကပိလဝတ်ပြည် အမိတ္တောဒန သာကီဝင်မင်းသား အနုရုဒ္ဓါဖြစ်လာသည်၊ မဟာနာမ်၏ညီအရင်းဖြစ်၍ ဘုရားရှင်၏ (ဘထွေးသား) ညီဝမ်းကွဲဖြစ်သည်။

မရှိမုန့်တောင်းသော အနုရုဒ္ဓါမင်းသား။ ။ မရှိစကားနားမလည်အောင် မိခင်က အချည်းနှီးရွှေခွက်ကို အခြားရွှေခွက်တခု ဖုံး၍ ပို့စေရာ လမ်း၌ နတ်များက မုန့်ထည့်ထားကြသည်၊ ဥတုအလိုက် ပြာသာဒ် ၃-ဆောင်တို့၌ ကချေသည်မများ ခြံရံကာ နတ်စည်းစိမ်တမျှ ခံစားရသည်၊ ငါတို့ဘုရားလောင်း တုသိတာမှ စုတေ၍ ကပိလဝတ်ပြည် သုဒ္ဓေါဒနမင်း၏သားဖြစ်ကာ ၂၉-နှစ်တွင် တောထွက်၊ ၃၅-နှစ်တွင် ဘုရားဖြစ်၊ ဗောဓိမဏ္ဍိုင်၌ သတ္တာဟ ၇-ပြန် စံတော်မူပြီး မိဂဒါဝုန်ကြွ၊ ဓမ္မစက္ကပဝတ္တနသုတ္တန်ဟော၊ ရာဇဂြိုဟ်ကြွတော်မူသည်။

သားတော်ဘုရားရှင် ရာဇဂြိုဟ်ရောက်ကြောင်းသိ၍ သုဒ္ဓေါဒနမင်းကြီးက ၁၀၀၀ စီ အခြံအရံရှိသော အမတ် ၂၀ ယောက်ကို ပင့်လွှတ်ရာ အားလုံး ဧဟိဘိက္ခု ရဟန်းချည်း

စာမျက်နှာ-67


ဖြစ်သွားကြသည်၊ ကာဠုဒါယီပင့်တော့မှ ရဟန်း ၂-သောင်းခြံရံကာ ကပိလဝတ်ကြွ၊ ဆွေမျိုးများကို တန်ခိုးပြာဋိဟာ များစွာပြကာ ကြည်ညိုစေပြီး တရားရစေသည်၊ နောက်နေ့ မြို့တံခါး၌ ရပ်တော်မူပြီး ရှေးဘုရားရှင်တို့၏ အလေ့အကျင့်ကို ဆင်ခြင်တော်မူသည်။

ရှေးဘုရားရှင်များ ဆွမ်းခံကြွပုံကိုမြင်၍ ဆွမ်းခံကြွစဉ် ရောက်လာသော ခမည်းတော် မင်းကြီးအား တရားဟောသည်၊ နောက် နန်းတော်ပင့်၍ ကြွချီကာ ဆွေမျိုးများ ချီးမြှောက်၊ ရာဟုလာအား ရှင်ပြုပေးပြီး မလ္လတိုင်း အနုပိယသရက်တောသို့ ကြွတော်မူသည်။

သာကီဝင်မင်းသား။ ။ သုဒ္ဓေါဒနမင်းကြီးသည် သာကီဝင်မင်းများကို စည်းဝေးစေ၍ “ငါ့သား လူ့ဘဝဆိုလျှင် စကြာမင်းဖြစ်၍ မင်းအပေါင်းခြံရံနေမည်၊ ယခုဘုရားဖြစ်၍ မင်းသား ရဟန်းများခြံရံသင့်သည်၊ ထို့ကြောင့် ရဟန်းပြုကြပါ” ဟုမိန့်သဖြင့် မင်းသား ၁၀၀၀ တပြိုင်နက် ရဟန်းပြုကြသည်။

အစ်ကို မဟာနာမ်က ညီအနုရုဒ္ဓါအား “အများရဟန်းပြုကြပြီ၊ ငါ့ညီ ရဟန်းပြုမလား၊ ငါပဲပြုရမလား” မေးရာ သံသရာဝဋ်ကို စက်ဆုပ်၍ “ကျွန်ုပ်ပင်ပြုပါမည်” ဟု ပြောပြီး (မိမိအပါအဝင် ၇-ယောက်မြောက်) အနုရုဒ္ဓါရဟန်းပြုလာသည်။

အနုပိယသရက်တောသို့သွား ရဟန်းပြုသူများတွင် ထိုနှစ်ဝါအတွင်း ဘဒ္ဒိယထေရ် ရဟန္တာဖြစ်ပြီး အနုရုဒ္ဓါ ဒိဗ္ဗစက္ခုရကာ ဒေဝဒတ် သမာပတ် ၈-ပါး ပြည့်စုံ၍ အာနန္ဒာ သောတာပန်တည်သည်၊ ဘဂုနှင့် ကိမိလထေရ်တို့ နောက်မှ ရဟန္တာဖြစ်ကြ၏၊ အနုရုဒ္ဓါထေရ်ကား ရှင်သာရိပုတ္တရာထံမှ ကမ္မဋ္ဌာန်းယူ၊ စေတိယတိုင်း ပါစိနဝံသ မိဂဒါဝုန်သွား တရားအားထုတ်ရာ မဟာပုရိသဝိတက် ၇-ပါး ကြံပြီး၍ ၈-ခုမြောက် ဝိတက်၌ ခက်ခဲနေစဉ် ဘုရားရှင်ကြွလာဟောပြသည်။

ဘုရားရှင် ကောင်းကင်ပျံတက်၍ ဘေသကလာတောသို့ ပြန်ကြွစဉ်ပင် တေဝိဇ္ဇပတ္တရဟန္တာဖြစ်သည်၊ ဆွမ်းစားချိန်မှအပ ကြွင်းကာလ၌ အာလောကကသိုဏ်းပွားပြီး သတ္တဝါများကို ဒိဗ္ဗစက္ခုဖြင့် မပြတ်ကြည့်လေ့ရှိ၊ ဆုတောင်းလည်းရှိ၍ နောင် ဇေတဝန်၌ သီတင်းသုံးစဉ် ဘုရားရှင်က ဒိဗ္ဗစက္ခုဧတဒဂ် ပေးတော်မူသည်။

၆။ အမျိုးမြတ်၌ဖြစ်သော ရဟန်းတို့တွင် ကာဠိဂေါဓာ မည်သော သာကီဝင်မင်းသမီး၏သား ဘဒ္ဒိယသည် အမြတ်ဆုံး။

စာမျက်နှာ-68


ဘဝငါးရာ။ ။ ဘဒ္ဒိယကား အရှင်အနုရုဒ္ဓါနှင့်အတူ ရဟန်းပြုသူတည်း၊ သူ့မိခင်ကား သာကီဝင်မင်းသမီးများတွင် အရွယ်အကြီးဆုံးဖြစ်သည်၊ ဘဒ္ဒိယပင် မင်းပြုလှည့်ရောက်လာရာ မင်းအဖြစ်ပယ်၍ ရဟန်းပြုနိုင်သဖြင့် အမျိုးမြတ်တို့တွင် အမြတ်ဆုံးဆိုရသည်၊ ရှေးဆုတောင်းအားဖြင့် ဘဝငါးရာအဆက်မပြတ် မင်းပြုခဲ့သောကြောင့်လည်း အမြတ်ဆုံး ဆိုနိုင်သေးသည်။

အမျိုးမြတ်။ ။ ပဒုမုတ္တရဘုရားလက်ထက် သဌေးမျိုး၌ဖြစ်သော ဘဒ္ဒိယအလောင်းသည် ယင်းဧတဒဂ်ရ ရဟန်းတပါးကို အားကျ၊ ၇-ရက်ပတ်လုံး ဘုရားရှင်နှင့် သံဃာအား ကောင်းမှုပြု၊ ဤဆုတောင်းခဲ့သည်။ အမျိုးမြတ်၌ဖြစ်ကြောင်း ကောင်းမှုကံဖြစ်သော တရားဟောနေရာများ ပြုပြင်ခင်းကျင်းခြင်း၊ တရားဟောပလ္လင်လှူခြင်း၊ ဥပုသ်အိမ်၌ ဆီမီးလှူခြင်းများကို အသက်ထက်ဆုံးပြု၊ နတ်လူတို့၌ ကျင်လည်ပြီး ကဿပဘုရားနှင့် ဂေါတမဘုရား အကြားတွင် ဗာရာဏသီပြည် သူကြွယ်အိမ်၌ဖြစ်သည်။

ဂန္ဓမာဒနတောင်မှ ပစ္စေကဗုဒ္ဓါများ ကြွလာပြီး ဗာရာဏသီပြည် ဂင်္ဂါမြစ်ကမ်းနား၌ အမြဲဆွမ်းဘုဉ်းပေးကြရာ ထိုနေရာ၌ ကျောက်ဖျာ ၈-ချပ်ခင်း၍ အသက်ထက်ဆုံး ပစ္စေကဗုဒ္ဓါများကို ပြုစုသည်၊ ငါတို့ဘုရားလက်ထက် ကပိလဝတ်ပြည် မင်းမျိုး၌ ဖြစ်လာပြီး မင်းသား ၆-ဦးတွင် တဦးပါဝင်သည်၊ ဘုရားရှင် အနုပိယတော၌ သီတင်းသုံးစဉ် ရဟန်းပြု၊ ရဟန္တာဖြစ်၍ နောင် ဇေတဝန်ကျောင်းတော်၌ အမျိုးမြတ် ဧတဒဂ်ရသည်။

၇။ အသံသာယာသော ရဟန်းတို့တွင် လကုဏ္ဍကဘဒ္ဒိယသည် အမြတ်ဆုံး။

ဗျာဒိတ်တော်ရ။ ။ အရပ်နိမ့်၍ လကုဏ္ဍကမည်သော ဘဒ္ဒိယကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီပြည် သဌေးမျိုး၌ဖြစ်စဉ် ယင်းဧတဒဂ်ရ ရဟန်းတပါးကို အားကျ၍ ၇-ရက် ဘုရားနှင့် သံဃာအား ကောင်းမှုပြု၊ ယင်းဆုတောင်း၊ ဗျာဒိတ်ရသည်။

ဝိပဿီဘုရားလက်ထက် စိတ္တပတ္တ ဥဩငှက်ဖြစ်၍ ခေမမိဂဒါဝုန်၌နေစဉ် ဟိမဝန္တာမှ သရက်သီးရလာသောနေ့ ဘုရားရှင်ကို သံဃာနှင့်တကွ ဖူးမြင်ခိုက် ဘုရားရှင်သပိတ်၌ သရက်သီးထည့်လှူသည်၊ ထိုနေရာ၌ပင် ဘုဉ်းပေးသော ဘုရားရှင်ကို ကြည်ညိုဦးတင်ပြီးမှ မိမိအသိုက်ပြန်ကာ ၇-ရက်ပတ်လုံး ပီတိသုခဖြင့် အချိန်ကို ကုန်စေသည်။ ဤကံကြောင့် အသံချိုသာသည်။

စာမျက်နှာ-69


အရပ်ပုကြောင်း။ ။ ကဿပဘုရားရှင်၏ သာရီရိကစေတီ တည်ဆောက်ရေး၌ ပမာဏကို ပြောဆိုကြရာ “၇-ယူဇနာ၊ ၆-ယူဇနာ ကြီးလွန်းသည်” ဤသို့ အားလုံးပယ်ပြီး “နောင်ခါ သုတ်သင်လွယ်အောင် တမုခ်တမုခ် တဂါဝုတ်စီ ၄-မုခ်ဆိုက စေတီလုံးပတ် တယူဇနာ ဖြစ်သည်၊ အမြင့်လည်း တယူဇနာတည်မည်” ဟု ဘဒ္ဒိယအလောင်း လက်သမားဆရာကြီး၏ ဤစကားကို အားလုံးလက်ခံ အတည်ပြုကြသည်။

ပမာဏမပြုကောင်းသော ဘုရားရှင်အား ပမာဏပြုမိသော ကံကြောင့် ဖြစ်ရာဘဝ ပုကွပြီး ငါတို့ဘုရားလက်ထက် သာဝတ္ထိပြည် သဌေးမျိုး၌ဖြစ်သည်၊ ဘုရားရှင် ဇေတဝန်၌ သီတင်းသုံးစဉ်က တရားနာ၊ သဒ္ဓါဖြစ်ပြီး ရဟန်းပြု၊ အရဟတ္တဖိုလ်ရ၊ ဤဧတဒဂ်ကိုလည်း ရသည်။

၈။ ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ကျုံးဝါးမြွက်ဆိုနိုင်သူ ရဟန်းတို့တွင် ပိဏ္ဍောလဘာရဒွါဇသည် အမြတ်ဆုံး။

ကျုံးဝါးမြွက်ဆိုပုံ။ ။ အရဟတ္တဖိုလ် ရောက်သောနေ့၌ သံကောက်သော့ကို ယူပြီး ကျောင်းစဉ် ပရိဝုဏ်စဉ်သွားကာ “မဂ်ဖိုလ်အရာ ယုံမှားရှိလျှင် တပည့်တော်ကို မေးပါ” ဟု ပြောဆိုလှည့်လည်သည်၊ ဘုရားရှင် ရှေ့တော်မှာပင် “ဤသာသနာ၌ တပည့်တော် ပြုသင့်သမျှကိစ္စ အထွတ်အထိပ် ရောက်ပါပြီဘုရား” ဟု လျှောက်ထားသောကြောင့် အမြတ်ဆုံးဖြစ်ရသည်။

တိရစ္ဆာန်လည်း မဟာကုသိုလ်။ ။ အရှင်ကား ပဒုမုတ္တရဘုရားလက်ထက် တောင်ခြေနေ ခြင်္သေ့ဖြစ်သည်၊ ခြင်္သေ့ အစာရှာသွားချိန် ဘုရားရှင်သည် ခြင်္သေ့ဂူဝင်ပြီး ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကာ သမာပတ်ဝင်စားသည်၊ ခြင်္သေ့ပြန်လာပြီး ဂူတံခါးမှ ရပ်ကြည့်စဉ် ဂူတွင်း၌ ဘုရားကိုမြင်၍ “ငါ့နေရာ လာနေဝံ့သူ ယောကျ်ားမြတ် ဖြစ်ရမည်၊ ဂူတွင်းထိုင်ကာ ကိုယ်ရောင်ကိုယ်ဝါ ဖြာဖြာတင့်တယ် အံ့ဖွယ်ပုဂ္ဂိုလ်ကို ငါမမြင်ဖူးပါ၊ အမြတ်ဆုံး အပူဇော်ခံပုဂ္ဂိုလ် ဖြစ်လိမ့်မည်၊ စွမ်းအားအလျောက် ပူဇော်သင့်သည်” ကြံပြီး ရေပန်း ကုန်းပန်းတို့ဖြင့် နေရာခင်းပူဇော်ကာ တညလုံး ရှိခိုးနေသည်၊ နောက်နေ့ ပန်းဟောင်းပယ် ပန်းသစ်များဖြင့် ပူဇော်သည်။

၇-ရက်လုံး ပူဇော်ကာ ကြီးစွာသော ပီတိသောမနဿကို ဖြစ်စေပြီး ဂူတံခါး၌ စောင့်ရှောက်သည်။ သမာပတ်မှထ၍ ဂူတံခါး၌ ဘုရားရပ်တည်စဉ် ၃-ကြိမ် လက်ယာရစ်

စာမျက်နှာ-70


လှည့်၍ ၄-နေရာ ရှိခိုးသည်၊ ဘုရားရှင်သည် “ခြင်္သေ့အတွက် ဥပနိဿယအကြောင်း ကောင်းကောင်း ဖြစ်လောက်ပြီ” ဟု ကြံ၍ ကောင်းကင်ခရီးမှ ကျောင်းတော်သို့ ပြန်ကြွသည်။

ခြင်္သေ့သည် ဘုရားရှင်နှင့် ကွေကွင်းခြင်းဖြင့် ဒုက္ခရောက်ကာ ကွယ်လွန်ပြီး ဟံသာဝတီမြို့ သဌေးသားဖြစ်လာသည်၊ ဘုရားတရားကြားနာစဉ် ရဲရင့်စွာ ကျုံးဝါးမြွက်ဆိုနိုင်သော ရဟန်းတစ်ပါးကို အားကျ၍ ၇-ရက်ပတ်လုံး ကုသိုလ်ပြု၊ ယင်းဆုတောင်းသဖြင့် ဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားသည်။

ဘာရဒွါဇ၏ လျှပ်ပေါ်သောသဘော။ ။ ငါတို့ဘုရားလက်ထက် ရာဇဂြိုဟ်မြို့ ပုဏ္ဏားသဌေးသား ဘာရဒွါဇ ဖြစ်လာပြီး ဗေဒပါရဂူဖြစ်ကာ တပည့် ၅၀၀ အား ပို့ချသင်ကြားပေးသည်။ ဘာရဒွါဇကား အကြီးအမှူးဖြစ်၍ ပင့်ဖိတ်ရာတို့၌ ဆွမ်းအားလုံးကို ကိုယ်တိုင်ပင် ခံယူရသည်။ အနည်းငယ် လျှပ်ပေါ်သော သဘောရှိရကား “ယာဂုဘယ်မှာ၊ ဆွမ်းဘယ်မှာ” ဟု သွားလေရာရာ၌ ငုံ့မျှော်ကာ သွားတတ်၍ ပိဏ္ဍောလဘာရဒွါဇဟု ထင်ရှားသည်။

ဘုရားရှင် ရာဇဂြိုဟ်မြို့ ရောက်စဉ် ရဟန်းပြု၊ အရဟတ္တဖိုလ်ရောက်ကာ သံကောက်သော့ယူ၍ ကျောင်းစဉ် ပရိဝုဏ်စဉ်သွားကာ “မဂ်ဖိုလ်အရာ ယုံမှားသူများရှိက မေးပါ” ဟု ကြွေးကြော်လှည့်လည်သည်။

ရာဇဂြိုဟ်သဌေးသည် ဝါးလုံးများဆက်ကာ ကောင်းကင်၌ ချိတ်ထားသော စန္ဒကူးနှစ်သပိတ်ကို တန်ခိုးဖြင့်ယူ၍ ကောင်းချီးပေးသော လူများခြံရံကာ ကျောင်းသို့သွား၊ ဘုရားလက်တော်၌ ကပ်လှူသည်၊ သိလျက်ပင် ဘုရားရှင်က မေးသဖြင့် အကြောင်းစုံ ပြန်လျှောက်ရာ “ဤသို့ ထူးမြတ်သောတရားကို လူများအား ပြသခြင်းသည် မသင့်တာပြုတာပဲ” ဟု ကဲ့ရဲ့တော်မူပြီး “လူများအားပြလျှင် ဒုက္ကဋ်အာပတ်” ဟု ဘုရားရှင် ပညတ်တော်မူသည်။

သံဃာ၌ထင်ရှားသော ဘာရဒွါဇ၏ဂုဏ် ၃-ပါး။ ။ ဘာရဒွါဇထေရ်နှင့် စပ်၍—
၁။ ရဟန်းကိစ္စပြီးသောနေ့ နေရာတကာကြွ၍ ကြွေးကြော်ခြင်း။
၂။ ဘုရားရှင်ကို ပင့်သွားလျှောက်ခြင်း။
၃။ စန္ဒကူးသပိတ်ကို တန်ခိုးဖြင့်ယူခြင်း။
ဂုဏ် ၃-ပါးကို သံဃာများ ပြောဆိုနေကြကြောင်း ရဟန်းများက ဘုရားလျှောက်ထားရာ ဘုရားရှင်တို့မည်သည် မသင့်တာကို ကဲ့ရဲ့၍ သင့်တာကို ချီးမွမ်းမြဲဖြစ်ရာ ဤနေရာ၌ မထေရ်၏ ချီးမွမ်းသင့်သော အကြောင်းကိုသာ ယူတော်မူ၍ သတိ သမာဓိ ပညာ ဣန္ဒြေ ၃-ပါး ပွားများလေ့လာသောကြောင့်သာ ဘာရဒွါဇရဟန်း အရဟတ္တဖိုလ်ကို ကြွေးကြော်မိန့်ကြားသည်ဟု မထေရ်ကို ချီးကျူးပြီး ဤဧတဒဂ် ချီးမြှင့်တော်မူသည်။

စာမျက်နှာ-71


၉။ တရားဟောတတ်ကုန်သော ရဟန်းတို့တွင် မန္တာဏီပုဏ္ဏေးမသား ပုဏ္ဏသည် အမြတ်ဆုံး။

ဗေဒင် ၃-ပုံသည် ငှက်ပျောတုံး

ပဒုမုတ္တရဘုရားမပွင့်မီ ဟံသာဝတီပြည် ပုဏ္ဏားသဌေး ဂေါတမဖြစ်၍ ဗေဒင်နှင့်တကွ အတတ်ပညာအားလုံး တတ်မြောက်သည်၊ တပည့် ၅၀၀ အခြံအရံထား လှည့်လည်သွားလာယင်း ဗေဒင် ၃-ပုံ၏ လွတ်မြောက်ကြောင်းတရား မဖြစ်ပုံ၊ ငှက်ပျောတုံးပမာ အတွင်း၌ အနှစ်မပါပုံ၊ ဖွဲကိုထောင်း၍ ဆန်မရပုံကို မြင်သဖြင့် တပည့် ၅၀၀ နှင့်တကွ တောင်ခြေသွား ရသေ့ပြုကြသည်၊ အခြံအရံရသေ့ တသောင်းရှစ်ထောင်အထိ ရောက်လာရာ ဆရာဂေါတမ၏ အဆုံးအမ၌ တည်၍ အားလုံး အဘိညာဉ်သမာပတ် ပြည့်စုံကြသည်။

ဂေါတမရသေ့ အိုလာချိန်၌ ပဒုမုတ္တရဘုရားရှင် ပွင့်တော်မူ၍ ရဟန်းတသိန်းခြံရံလျက် ဟံသာဝတီမြို့၌ သီတင်းသုံးစဉ် ယင်းရသေ့ပရိသတ်များကို ဉာဏ်၌ ထင်လာသဖြင့် မထင်မရှား ဘုရားရှင်တစ်ပါးတည်း ဂေါတမရသေ့ထံ ကြွသွားသည်။

ဗေဒင်လက္ခဏာ၏ ဂုဏ်ကျေးဇူး။ ။ တပည့်များ သစ်သီးရှာသွား၍ ဂေါတမရသေ့ တစ်ပါးတည်းရှိစဉ် ကျောင်းတံခါး၌ ရပ်လာသော ဘုရားရှင်ကို ဂေါတမရသေ့သည် (ဘုရားရှင်ပွင့်နေပြီဖြစ်ကြောင်း မသိသော်လည်း) အဝေးက မြင်စဉ်ပင်— “ခန္ဓာကိုယ် အနေအထားလက္ခဏာများကို ကြည့်၍ လူ့ဘဝဆိုလျှင် စကြာမင်း၊ ရဟန်းဖြစ်လျှင် ဘုရားမြတ်စွာဧကန်သာ ဤယောကျ်ားဖြစ်ရမည်” ဟုသိ၍ မြင်မြင်ချင်း ရှိခိုး၍ “ဤနေရာ ကြွတော်မူပါဘုရား” ဟု လျှောက်ထား၍ နေရာခင်းပေးသည်။

ဘုရားရှင်သည် ဂေါတမရသေ့အား တရားဟောနေချိန် ရသေ့များပြန်လာကြရာ နိမ့်သောနေရာ၌ သူတို့ဆရာ ဂေါတမ နေပုံကိုမြင်၍ “ငါတို့ဆရာထက်မြတ်သူ လောကမှာ မရှိ၊ ငါတို့အထက်ရှိနေရာ မြတ်သောနေရာ၌ တစ်ပါးပုဂ္ဂိုလ်ကို တွေ့နေရသည်၊ သူမြတ်စင်စစ် ဤယောကျ်ားဖြစ်မှာပဲ” ဆိုကာ ခြင်းတောင်းများ ယူလာကြသည်။

ဂေါတမရသေ့၏ ဂါရဝ နိဝါတမင်္ဂလာ

ဂေါတမရသေ့သည် ဘုရားရှေ့မှာ တပည့်တွေက သူ့ကိုရှိခိုးမှာ ကြောက်ပြီး အဝေးကပင်— “တပည့်တို့၊ ငါ့ကို မရှိခိုးကြနှင့်၊ တလောကလုံးမှာ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အားလုံးရှိခိုးထိုက်တဲ့ယောကျ်ား ဤနေရာမှာ ထိုင်နေသည်၊ ထိုယောကျ်ားကို ရှိခိုးကြ” ဟု ကြိုတင်မိန့်ကြားနေသည်။

စာမျက်နှာ-72


ရသေ့အားလုံး ဘုရားရှိခိုးပြီး သစ်သီးဆွမ်း ကပ်ကြသည်၊ ဘုရားရှင်သည် ဆွမ်းကိစ္စပြီးစီးသော် “အဂ္ဂသာဝက ၂-ဆူသည် ရဟန်းတသိန်းပင့်၍ လာကြစေ” ဟု ကြံတော်သဖြင့် သံဃာများ ကြွလာကြသည်။

ဂေါတမရသေ့သည် တပည့်များအား ဘုရားရှင်နှင့် သံဃာများအတွက် ပန်းနေရာများ စီစဉ်စေသည်၊ ဘုရားရှင်အား ဂေါတမရသေ့ ထီးမိုးပူဇော်စဉ် ဘုရားရှင်နှင့် သံဃာတော်များ သမာပတ်ဝင်စားကြသည်၊ နိရောဓမှ ထလတ်သော် ဓမ္မကထိကဧတဒဂ်ရ ရဟန်းအား ပန်းအနုမောဒနာတရား ဟောကြားစေသည်။

ဆရာချန်၍ ကျန်တပည့်များ နိဗ္ဗာန်သွားကြ

ထို့နောက် ဘုရားရှင်ကိုယ်တိုင် ဟောကြားပြီး အဆုံး၌ ဂေါတမရသေ့မှတစ်ပါး ၁၈၀၀၀ အရဟတ္တဖိုလ် ရကြ၏၊ ဧဟိဘိက္ခု ရဟန်းဖြစ်ကြ၍ ဂေါတမရသေ့ကမူ ဓမ္မကထိကဧတဒဂ်ဆုကို တောင်းရာ (ဉာဏ်တော်ဖြင့်ကြည့်ပြီး ဗျာဒိတ် ပေးတော်မူလိုက်သည်)။

ဂေါတမရသေ့သည် အသက်ထက်ဆုံး ဘုရားရှင်ကို လုပ်ကျွေး၍ ကောင်းမှုပြု လူနတ်တို့၌ဖြစ်ကာ ငါတို့ဘုရားလက်ထက် ကပိလဝတ်မြို့နယ် ဒေါဏဝတ္ထုပုဏ္ဏားရွာ ပုဏ္ဏားသဌေး ပုဏ္ဏလုလင်ဖြစ်လာသည်။

မြတ်စွာဘုရား ရာဇဂြိုဟ်သီတင်းသုံးစဉ် အရှင်ကောဏ္ဍညထေရ် ကပိလဝတ်ကြွ၍ တူပုဏ္ဏကို ရဟန်းပြုပေးပြီး နောက်တစ်နေ့ ဘုရားထံ ပြန်လာကာ ဆဒ္ဒန်အိုင်နေဖို့ခွင့်ပန်သွားသည်။ အရှင်ပုဏ္ဏကား ဦးရီးတော်အရှင်ကောဏ္ဍည နှင့်အတူ ဘုရားထံ မလိုက်ဘဲ “ရဟန်းကိစ္စပြီးမှ ဘုရားထံသွားမည်” ဟု ကြံ၍ ကပိလဝတ်မှာပင် နေခဲ့သည်။ ဆက်လက်အားထုတ်ရာ မကြာမီ ရဟန္တာဖြစ်သည်။ သူ့ထံရဟန်းပြုကြသူ တပည့် ၅၀၀ လည်း အရှင်ပုဏ္ဏ၏ ကထာဝတ္ထု ၁၀-ပါး ဩဝါဒ၌ တည်ပြီး ရဟန္တာချည်းပင် ဖြစ်ကြသည်။

အရှင်ပုဏ္ဏ၏ တွေးခေါ်မြော်မြင် ဆောင်ရွက်စဉ်

တပည့် ၅၀၀ က “ဘုရားဖူးချိန်ကျပါပြီ” ဟု ဆရာပုဏ္ဏအား လျှောက်ရာ အရှင်ပုဏ္ဏက— “ကထာဝတ္ထု ၁၀-ပါး ငါရသည်ကို ဘုရားရှင် သိသည်၊ ကထာဝတ္ထု ၁၀-ပါးကို မလွှတ်ဘဲ အမြဲငါတရားဟောသည်၊ ငါသွားလျှင် အားလုံးသံဃာ ခြံရံလိုက်ပါလိမ့်မည်၊ ပရိသတ်နှင့်သွား ဘုရားမဖူးသင့်၊ သူတို့ ရှေးဦးသွားဖူးကြပါစေ” ဟု ကြံကာ ရှေ့က သွားနှင့်ပြီး ဖူးမြင်ရှိခိုးဖို့ မှာကြားလိုက်သည်။

ရဟန်းတော် ၅၀၀ ရာဇဂြိုဟ် ဘုရားထံတော် ရောက်၍ ပဋိသန္တာရပြုပြီး ကထာဝတ္ထု ၁၀-ပါး ရသောရဟန်းကို မေးရာ ရှင်ပုဏ္ဏဟု ဖြေရာတွင် ထိုစကား အရှင်သာရိပုတ္တရာ ကြား၍ အရှင်ပုဏ္ဏအား တွေ့မြင်လိုတော့သည်။

စာမျက်နှာ-73


အရှင်ပုဏ္ဏ ဘုရားရှင်ထံတော်ကြွ၊ ဖူးမြင်၊ တရားနာပြီး အန္ဓတောသို့ကြွ၍ သစ်ပင်ရင်း၌ နေ့သန့်စင်သည်၊ ထိုအခိုက် ရှင်သာရိပုတ္တရာရောက်လာပြီး ဝိသုဒ္ဓိ ၇-ပါး အစဉ်ကိုမေးရာ အရှင်ပုဏ္ဏက ဖြေကြားသည်၊ အချင်းချင်း ဝမ်းမြောက်ကြ၏၊ နောက်ပိုင်းတွင် ဘုရားရှင်က ဓမ္မကထိကဧတဒဂ် ပေးတော်မူသည်။

၁၀။ အကျဉ်းအားဖြင့် ဟောအပ်သော တရားတော်၏အနက်ကို အကျယ်အားဖြင့် ဝေဖန်တတ်သူ ရဟန်းတို့တွင် မဟာကစ္စာနသည် အမြတ်ဆုံး။

သဒ္ဒါအနက် ၂-ချက် ဝေဖန် အရှင့်ဉာဏ်

ဘုရားရှင်၏ အကျဉ်းစကားကို အချို့က အနက်နှင့် စပ်၍သာ ဖြည့်စွမ်းနိုင်ပြီး အချို့ကား သဒ္ဒါနှင့်စပ်၍သာ ဖြည့်စွမ်းနိုင်သည်၊ အရှင်မြတ်ကား ၂-ပါးလုံးနှင့်စပ်ပြီး ဖြည့်စွမ်းနိုင်သည်၊ ထို့ကြောင့် ယင်းဧတဒဂ်ရသည်၊ အရှင်မြတ်၏ ရှေးဆုတောင်းကလည်း ဤအတိုင်းပင်တည်း။

လှပ ချော ချင် ဒါနပင်တည်း

ပဒုမုတ္တရဘုရားလက်ထက် သူကြွယ်ဖြစ်ကာ ယင်းဧတဒဂ်ရ ရဟန်းတစ်ပါးကို အားကျပြီး ၇-ရက်လှူ၊ ဤဆုယူသည် ကဿပဘုရားလက်ထက် ဗာရာဏသီမြို့သားဖြစ်၍ ဘုရားရှင် နိဗ္ဗာန်စံလတ်သော် စေတီတော်၌ တသိန်းတန် ရွှေအုတ်ပူဇော်ပြီး “ဖြစ်လေရာရာ၌ တပည့်တော် အဆင်း ရွှေလိုဝင်းပါစေ” ဟု ဆုတောင်းခဲ့သည်။

ငါတို့ဘုရားလက်ထက် ဥဇ္ဇေနီမြို့ ပုရောဟိတ်သား ဖြစ်လာသည်၊ ရွှေအဆင်းရှိ၍ ကဉ္စနလုလင် အနွယ်အားဖြင့် ကစ္စာန တွင်သည်၊ ဗေဒင်တတ်၍ အဖရာထူး ပုရောဟိတ်ရာထူး ရပါ၏၊ စဏ္ဍပဇ္ဇောတမင်းက အမတ်များကို ဘုရားပင့်ခိုင်းရာ စွမ်းနိုင်သူမရှိ၍ ကစ္စာနပုရောဟိတ်ပုဏ္ဏားကိုပင် တာဝန်ပေးရာ ရဟန်းပြုခွင့်တောင်းသဖြင့် “ဘာပဲလုပ်လုပ် ဘုရားရှင်ကိုသာ ပင့်ခဲ့” ဟု မင်းက မိန့်ကြားသည်။

သင့် မသင့်ဆင်ခြင်-မြတ်ဘုရား ဉာဏ်တော်ရှင်

ကစ္စာနပုရောဟိတ်သည် “ဘုရားထံသွားရာ ပရိသတ်နှင့် အလုပ်မဖြစ်” ဟုကြံပြီး မိမိအပါအဝင် ၈-ဦးသာ သွားကြသည်။ ဘုရားတရား နာကြရ၍ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်၊ ဧဟိဘိက္ခု ရဟန်းချည်း ဖြစ်ကြသည်။

အရှင်ကစ္စာနသည် ကာဠုဒါယီထေရ်ကဲ့သို့ပင် ဘုရားရှင် ဥဇ္ဇေနီမြို့ ကြွဖို့ ခရီးကြွခြင်းဘွဲ့ ဂုဏ်ကျေးဇူး ချီးကျူးလျှောက်ထားရာ ဘုရားရှင် သိတော်မူသော်လည်း ဘုရားရှင်တို့မည်သည် အကြောင်းတစ်ခုခုကြောင့် မသင့်သောနေရာကို မကြွသည်သာဖြစ်သောကြောင့် “ရဟန်း၊ သင်သာသွားပါ၊ သင်သွားလျင်လည်း မင်းကြည်ညိုပါလိမ့်မည်” ဟု မိန့်တော်မူလိုက်သည်။

စာမျက်နှာ-74


ပစ္စည်းမဲ့သော်လည်း သဒ္ဓါမမွဲလျှင် ဖုန်းကံရှင်ဖြစ်နိုင်သည်

အရှင်ကစ္စာနအပါ ရဟန္တာ ၈-ပါးသည် ဥဇ္ဇေနီမြို့ ပြန်ကြွလာရာ လမ်းခွတ်လတ် တေလပနာဠိနိဂုံး၌ ဆွမ်းခံတော်မူသည်၊ ထိုနိဂုံး၌ သဌေးသမီး ၂-ယောက်ရှိရာ တစ်ယောက်မှာ ဆင်းရဲသွားသည်၊ မိဘများလည်း မရှိတော့၍ အထိန်းတော်နှင့်နေရ၏၊ လှပ၍ ဆံပင်ကောင်းလှသည်၊ တစ်ယောက်မှာ ချမ်းသာမြဲ ချမ်းသာသော်လည်း ဆံပင်မကောင်း၍ ပထမအမျိုးသမီးဆံပင်ကို တရာ တထောင် ပေးဝယ်ဖူးသည်၊ မရပါ။

အရှင်မြတ် ၈-ပါး ဆွမ်းမရဘဲ သပိတ်ချည့် ကြွလာကြသည်ကို ပထမအမျိုးသမီး မြင်ရာ “ငါ့မှာ ဥစ္စာမရှိသော်လည်း ဆံပင်ရှိသည်။ ဆံပင်ကို သဌေးသမီး အဝယ်လွှတ်ဖူးသည်၊ ရသမျှနှင့် ရောင်းလှူရမှာပဲ” ဟု ကြံပြီး မထေရ်များကို အိမ်သို့ အထိန်းတော်စေလွှတ်ပြီး ပင့်ထားလိုက်သည်။

ပထမအမျိုးသမီးသည် အခန်းတွင်းဝင်၍ အထိန်းတော်အား သူ့ဆံပင်ကို ဖြတ်စေပြီး “အမေ၊ ဤဆံပင်များကို သဌေးသမီးအား ပေးပြီး သူပေးသမျှ ငွေယူခဲ့ပါ၊ အရှင်တို့အား ဆွမ်းလှူရအောင်” ဟုဆိုရာ အထိန်းတော်သည် သူမပြောတိုင်း မျက်ရည်သုတ်ပြီး ဆံပင်ယူသွားရောင်းသည်။

ဆံပင်ကိုဖြတ် ၈-ကျပ်နှင့်ရောင်း မင်းကတော်လောင်း

ရောင်းကုန်မည်သည် တန်ဖိုးရှိသော်လည်း ရောင်းချင်လွန်းလျှင် တန်ဖိုးလျှော့သည်သာဖြစ်ရာ ပေးသမျှ ၈-ကျပ်ကိုပင် အထိန်းတော် ယူလာရသည်၊ ပထမသဌေးသမီးသည် တစ်ပါး ၁-ကျပ်တန်ထား၍ အရှင်မြတ်များအား ဆက်ကပ်စေသည်။

အခန်းတွင်း၌နေသော သဌေးသမီး၏ ဥပနိဿယကို မြင်၍ အရှင်ကစ္စာနက ခေါ်ခိုင်းရာ မထေရ်တို့၌ ရိုသေသဖြင့် တခွန်းခေါ်ရုံဖြင့် ရောက်လာရှိခိုး၊ သဒ္ဓါတိုးတော့သည်၊ လယ်ယာမြေကောင်း၌ တည်သောဆွမ်းသည် ချက်ချင်းမနှေး အကျိုးပေးရကား ရှိခိုးလိုက်သည်နှင့် တပြိုင်နက် ဆံပင်များ ပကတိအတိုင်း တည်ရှိကုန်တော့သည်၊ မထေရ်များ ယင်းဆွမ်းကို အလှူခံပြီး သဌေးသမီးမျက်မြင်ပင် ကောင်းကင်ပျံတက် ကဉ္စနတောဥယျာဉ်၌ ဆင်းကြသည်။ ဥယျာဉ်မှူးလျှောက်တင်ချက်အရ စဏ္ဍပဇ္ဇောတမင်း ရောက်လာ ရှိခိုးပြီး ဘုရားရှင်ကိုမေးလျှောက်ရာ ဘုရားကိုယ်စား မိမိကို လွှတ်ကြောင်းနှင့်တကွ ဆွမ်းဆိုင်ရာမေးမှုနှင့်စပ်၍ သဌေးသမီး၏ စေတနာကို မိန့်ကြားလိုက်သည်။

စေတနာမှန်၍ အကျိုးပေးသန်သည်

မင်းသည် မထေရ်များအတွက် နေရာစီစဉ် ပင့်ဖိတ်ပြီး နန်းတော်ပြန်ကာ သဌေးသမီးကို ခေါ်စေပြီး မိဖုရားကြီးအရာ ထားလိုက်၏၊ မထေရ်များအားလည်း အထူးပူဇော်သည်၊ မထေရ်ထံ၌ လူများ ရဟန်းပြုကြရာ တမြို့လုံး သင်္ကန်းရောင် ထိန်ဝင်းတော့သည်။

စာမျက်နှာ-75


မိဖုရားသည်လည်း သားတယောက်ဖွားမြောက်ရာ ဂေါပါလမင်းသားဟု အမည်မှည့်သဖြင့် မိခင်သည်လည်း ဂေါပါလမိခင်ဟုတွင်ကာ အရှင်မြတ်တို့ကို ကြည်ညိုလှသဖြင့် မင်းကြီးခွင့်ပြုချက်ဖြင့် ကဉ္စနတောဥယျာဉ်၌ ကျောင်းဆောက်လှူသည်။

အရှင်ကဉ္စနသည် ဥဇ္ဇေနီတမြို့လုံးကို ကြည်ညိုစေပြီး ဘုရားထံပြန်ရောက်၍ ဘုရားရှင် ဇေတဝန်၌ သီတင်းသုံးစဉ် မဓုပိဏ္ဍိကသုတ္တန်၊ ကစ္စာနပေယျာလ၊ ပါရာယနသုတ္တန်၊ ဤ ၃-သုတ်ကို အတ္ထုပ္ပတ်ပြု၍ ဧတဒဂ်ရတော်မူသည်။

၁၄-ဧတဒဂ္ဂဝဂ် ၂။ ဒုတိယဝဂ်

၁။ စိတ်ပြင်ပြီးသောကိုယ်ကို ဖန်ဆင်းတတ်သူ ရဟန်းတို့တွင် စူဠပန္ထကသည် အမြတ်ဆုံး။
၂။ ရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာသူ ရဟန်းတို့တွင် စူဠပန္ထကသည် အမြတ်ဆုံး။
၃။ အရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာသူ ရဟန်းတို့တွင် မဟာပန္ထကသည် အမြတ်ဆုံး။

အောင်မြင်ထူးခြား ဖန်ဆင်းမှုများ

အခြားရဟန်းများသည် ၄-၅ ပါးကိုသာ ဖန်ဆင်းနိုင်သည် အများမဖန်ဆင်းနိုင်၊ ပုံတူတစ်မျိုးသာထား၍ အလုပ်လုပ်ပုံတစ်မျိုးသာ ဖန်ဆင်းနိုင်သည်၊ စူဠပန္ထကကား ဆင်ခြင်မှုတစ်ခုဖြင့် ရဟန်းတထောင် ဖန်ဆင်းနိုင်သည်၊ ရဟန်း ၂-ပါးသော်မှ တစ်ပါးနှင့်တစ်ပါးမတူ၊ အလုပ်အကိုင်တစ်မျိုးစီ ဆောင်ရွက်နေသည်တို့ကို ဖန်ဆင်းနိုင်၍ ဧတဒဂ်ရသည်။

လမ်းမှာဖွားမြင် ညီနောင်အရှင်

လမ်းမှာဖွားမြင်၍ ပန္ထက အမည်ရသော ညီနောင် ၂-ဦး၊ အစ်ကိုသည် မဟာပန္ထက၊ ညီသည် စူဠပန္ထက။ ဤညီနောင် ၂-ဦးအား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့ သူကြွယ်ညီနောင်ဖြစ်ကာ ဧတဒဂ်ရ အရှင်မြတ်တစ်ပါးကို အားကျ၍ မဟာဒါနပြုကာ ညီက ဧတဒဂ်နှစ်ခု၊ အစ်ကိုက တစ်ခု တောင်းခဲ့သည်။

ပဒုမုတ္တရဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံသောအခါလည်း စေတီတော်ကို ရွှေဖြင့်ပူဇော်ကြသည်၊ ကမ္ဘာတသိန်းလွန်ပြီးအထိ မဟာပန္ထကအတွက် သီးခြားကုသိုလ် မတွေ့ရသော်လည်း စူဠပန္ထကကား ကဿပဘုရားသာသနာ၌ ရဟန်းပြု၍ အနှစ် ၂-သောင်း ဩဒါတကသိုဏ်းပွားများခဲ့သည်၊ ငါတို့ဘုရားပွင့်၍ ရာဇဂြိုဟ် ဝေဠုဝန်၌ သီတင်းသုံးစဉ် ဤအရှင် ၂-ပါး ရဟန်းဖြစ်လာသည်။

စာမျက်နှာ-76


ဘဝဖြစ်ရပ် အတ္ထုပ္ပတ်မှာ အံ့ဖွယ်ရာ

ရာဇဂြိုဟ် ဓနသေဋ္ဌိသဌေးသမီးသည် အိမ်မှာ အလုပ်သမားနှင့် ရင်းနှီးသဖြင့် မိဘများကြောက်ပြီး အရပ်တပါး ထွက်သွားကြသည်၊ ပထမသားဦးဖွားခါနီး၍ မိဘထံပြန်ဖို့ လင်ကိုပူဆာသော်လည်း မရ၊ မပြန်ဝံ့ကြောင်း သိပြီး သဌေးသမီး ပြန်လာရာ လမ်းမှာပင် သားဖွားသည်၊ ထိုအချိန် လင်ယောကျ်ားမှီလာပြီး “သားဖွားဖို့ မိဘအိမ်ပြန်တာကိစ္စပြီးမှပဲ မသွားပါနှင့်တော့ ပြန်ကြပါစို့” ပြောပြီး စိတ်တူကိုယ်မျှ ပြန်လာကြသည်။

ဒုတိယသားဖွားခါနီးအချိန်၌လည်း မိဘထံပြန်၊ လမ်းမှာပင် ဖွားမြင်ကိစ္စပြီး၍ နောက်ကြောင်းပြန်ကြသည်၊ မဟာပန္ထကသည် “ဘကြီး ဘထွေး အဘိုး အဘွား” ဟု အခြားကလေးများ ပြောဆိုသံကိုကြား၍ မိခင်အား မေးရာ ရာဇဂြိုဟ်မြို့၌ ဓနသေဋ္ဌိသဌေး အဘိုးနှင့် ဆွေမျိုးများ ရှိကြောင်းကိုသာ ပြောသည်၊ ရာဇဂြိုဟ်မြို့သို့ မိမိမသွားရခြင်း အကြောင်းကိုကား ဖုံးထားသည်။

တကြောင်းမထောက် တကြောင်းထောက်ပြန် သွေးသားမှန်က ချစ်ကြင်ရ၏

သားများက အဖန်ဖန်မေးသဖြင့် အဘိုးအိမ်ပို့ရန် လင်မယား ၂-ဦး တိုင်ပင်ကာ ကလေးများခေါ်၍ ရာဇဂြိုဟ်မြို့နား ဇရပ်တခု၌နေပြီး သမီးသည် မြေး ၂-ယောက်ခေါ်လာကြောင်း မိဘများက သတင်းပို့သည်။ မိဘများက “သံသရာမှာ သားသမီးမတော်ဖူးသူ မရှိ၊ ဤလင်မယား ငါတို့ကို အရှက်ပွားစေသည်၊ ငါတို့ မမြင်လို၊ ဤမျှသော ဥစ္စာယူ၊ တော်ရာသွားအသက်မွေးကြ၊ မြေး ၂-ယောက်ကိုတော့ ဤအိမ်လိုက်ခိုင်း” သဖြင့် မြေး ၂-ဦး အဘိုးအိမ်မှာ နေကြရသည်။

ညီက ငယ်သေးသဖြင့် အစ်ကိုသာ အဘိုးနှင့်အတူ ဘုရားထံသွား အမြဲတရားနာရ၍ ရှင်ပြုလိုရကား အဘိုးထံ ခွင့်တောင်းရာ “တလောကလုံး ရှင်ပြုသည်ထက် ငါ့မြေး ရှင်ပြုတာ အဘိုးအတွက် အကောင်းဆုံးပါပဲ” ဟု ပြောဆို ခွင့်ပေးပြီး ရှင်ပြု၊ အသက်ပြည့်သော် ရဟန်းပြုသည်၊ ပိဋက ၃-ပုံ သင်ယူပြီး တရားအားထုတ်ရာ အရူပဈာန် ၄-ပါးအထိရ၊ ရဟန္တာဖြစ်သွားသည်။

ဝိပါက်ကြမ္မာ မလွတ်သာရှင့်။ ။ ညီငယ်အား ဤချမ်းသာမျိုး ပေးလိုသဖြင့် အဘိုးထံ ခွင့်တောင်းပြီး ရှင်ပြုပေးသည်၊ ညီငယ်သည်နောင် တော်ထံ၌ “ပဒုမံ ယထာ-မမဃာ ဝါသာ” ကို ၄-လ သင်သော်လည်း မတတ်သဖြင့် “သာသနာနှင့်မတော်” ပြောပြီးနှင်ရ၊ ကျောင်းတိုက်အစွန် သွားငိုနေတော့သည်။

စာမျက်နှာ-77


ထိုအချိန် ရာဇဂြိုဟ်ဆရာဇီဝက၏ သရက်ဥယျာဉ်၌ ဘုရားရှင်သီတင်းသုံးရာ သံဃာ ၅၀၀ အား ဇီဝကက ဆွမ်းစားပင့်သည်၊ နောင်တော် မဟာပန္ထကသည် ဆွမ်းညွှန်းတာဝန်ရှိသည့်အလျောက် ညီ စူဠပန္ထကကို ချန်ထားလိုက်သည်၊ စူဠပန္ထက အလွန်စိတ်ဆင်းရဲနေသည်ကို ဘုရားရှင် သိတော်မူသဖြင့်— “သင့်နောင်တော်မှာ သူတပါးအလို သိနိုင်သော ဉာဏ်မရှိ၊ သင်ကား ငါဘုရားကိုယ်တိုင် ဆုံးမထိုက်သူဖြစ်သည်” ဟု အားပေးမိန့်ကြားပြီး “ရဇောဟရဏံ ရဇောဟရဏံ” ဟု ဆုပ်နယ်ပွားများဖို့ စင်ကြယ်သော အဝတ်ပိုင်းကို တန်ခိုးဖြင့် ဖန်ဆင်းပေးလိုက်သည်။

ဆုပ်နယ်ယင်း ညစ်သွားပုံ၊ ထမင်းအိုးလက်နှီးပမာ ဖြစ်လာပုံကိုမြင်၍ ဉာဏ်ရင့်လာသောအခါ ဖြစ်ပျက်တင်ပြီး “ဖြူစင်သော အဝတ်ပိုင်းသည် ခန္ဓာကိုယ်ကိုမှီ၍ ညစ်နွမ်းရသလို ဤစိတ်လည်း အလားတူပင်” ဆင်ခြင်ပွားများသဖြင့် ရသော ရူပဈာန် ၄-ပါးကို အခြေခံပြုကာ ပဋိသမ္ဘိဒါ ၄-ပါးနှင့်တကွ အရဟတ္တဖိုလ် ရတော့သည်၊ အရဟတ္တမဂ်ဖြင့်ပင် ပိဋက ၃-ပုံကို လည်းကောင်း၊ အဘိညာဉ် ၆-ပါးကို လည်းကောင်း ရတော်မူ၏၊ တယောက်က အများ၊ အများက တယောက် ဖြစ်အောင်လည်း ဖန်ဆင်းနိုင်သည်။

စူဠက တထောင် မတူအောင်ဖန်ဆင်း

နောက်နေ့ ဘုရားရှင်နှင့် သံဃာ ၄၉၉-ပါး ဆရာဇီဝကအိမ်ရောက်၍ ယာဂုကပ်ရာ “ကျောင်းမှာ ရဟန်းတပါး ကျန်သေးသည်” မိန့်ပြီး ဘုရားရှင်က သပိတ်ကို လက်ဖြင့် ပိတ်ထားလိုက်သည်၊ ဆရာဇီဝက ခိုင်းသဖြင့် ကျောင်းသွားပင့်ရာ အပင့်မလာမီ တစ်ပါးနှင့်တစ်ပါးမတူ၊ နေထိုင်လုပ်ကိုင်ပုံလည်း မတူသော သံဃာ ၁၀၀၀ ကို စူဠပန္ထကက ဖန်ဆင်းထားသဖြင့် အပင့်ရခက်နေရကား ဇီဝကထံ ပြန်သွားသည်။

ဘုရားရှင်အမိန့်အရ “စူဠပန္ထကဆိုတာ မည်သူပါလဲ” ဟု မေးလျှောက်၍ ပင့်ပြန်ရာ သံဃာ ၁၀၀၀ လုံးက “ငါ စူဠပန္ထကပဲ” ဟု မိန့်ကြပြန်သဖြင့် ပြန်သွားရပြန်သည်၊ အရိယာဖြစ်ပြီးသော ဆရာဇီဝကသည် “တန်ခိုးရှင် ရဟန်းများ” ဟု သိပြီး “ပထမဆုံး ဖြေသောရဟန်းကိုသာ ဘုရားရှင်ခေါ်တယ်ဟု လျှောက်ပြီး သင်္ကန်းစွန်းကိုင်လိုက်” ဟု မှာကြားပင့်စေမှ ၁၀၀၀ ပျောက်ပြီး တပါးတည်းပင် ရလာ၊ ဘုရားရှင်လည်း ယာဂု အလှူခံသည်။

လူနတ်များ အားထားရာသခင် ဘုရားရှင်

“၄-လ တဂါထာမရနိုင်သူကို တန်ခိုးရှင်ဖြစ်အောင် ပြုတော်မူသော ဘုရားရှင်တို့မည်သည် အလွန်လျှင် ဂုဏ်ကြီးတော်မူပါပေသည်” ဟု သံဃာတော်များ ပြောစကားနှင့်

စာမျက်နှာ-78


စပ်၍ “ငါဘုရား အဆုံးအမအတိုင်း အားထုတ်၍ လောကုတ္တရာအမွေရခြင်းသည် အံ့ဖွယ်မဟုတ်၊ ရှေးက ငါဘုရား ဉာဏ်မရင့်ကျက်သေးမီ ငါ့ဩဝါဒအတိုင်း လုပ်၍ ဤစူဠပန္ထကသည် လောကအမွေကို ရဖူးပြီ” ဟု ကြွက်သေတခု အရင်းပြုဇာတ်တော်ကို ဟောတော်မူသည်။

စူဠသေဋ္ဌိ ဇာတ်တော်

ဗာရာဏသီမြို့ နိမိတ်ဖတ်ပညာရှင် စူဠသေဋ္ဌိသဌေးသည် ဗြဟ္မဒတ်မင်းထံ အခစားသွားစဉ် လမ်း၌ ကြွက်သေကိုတွေ့၍ နက္ခတ်ကြည့်ပြီး “ဉာဏ်ရှိသူသည် ဤကြွက်သေကို အရင်းပြု၍ ချမ်းသာနိုင်သည်” ဟု ဆိုလိုက်သည်။

နက္ခတ်ဗေဒင် ဉာဏ်ပင်မိန့်ကြား ကောင်းကျိုးများ

ထိုစကား သူဆင်းရဲတဦးကြား၍ “သဌေးကြီးပြောတာဖြစ်မည်” ဟု ကြံပြီး ကြွက်သေကို ကြောင်စားဖို့ ဈေးသွားရောင်းရာ တကကဏိ(ကသပြာ၏ ၁/၄) ရခဲ့သည်။ ယင်းဖြင့် ထန်းလျက်ဝယ်ပြီး ရေအိုးတလုံးပါယူကာ တောမှလာသော ပန်းသည်များကို ထန်းလျက်ကျွေး ရေတိုက်သည်။

တဆုပ်စီပေးခဲ့သော ပန်းသည်များ၏ ပန်းတို့ကိုရောင်းကာ ထန်းလျက်ဝယ်ပြီး ပန်းခြံသွားပြန်ရာ တဝက်သာခူးပြီးသော ပန်းခင်းတို့ကို ရသဖြင့် မကြာမီ ငွေ ၈-ကျပ် ထုပ်နိုင်တော့သည်။

လေမုန်တိုင်းထန်သောတနေ့ ဥယျာဉ်ဟောင်းသွား၍ ထင်းများစုပြီး အိုးဖိုသို့သွားရောင်း ၁၆-ကျပ် ရပြန်သဖြင့် ၂၄-ကျပ် လုပ်နိုင်သောအခါ မြို့တံခါးနှင့် မလှမ်းမကမ်းနေရာ၌ ရေအိုးစင်ထား၍ မြက်ထမ်းသမား ၅၀၀ အား ရေတိုက်ပြန်၏၊ ကုန်းလမ်း ရေလမ်း အလုပ်သမားများနှင့်လည်း မိတ်ဖွဲ့ထားလိုက်သည်။

လောကအကြောင်း ပေါင်းသင်းကောင်းမှ ကြီးပွားရ၏

“မနက်ဖြန်ဤမြို့သို့ မြင်း ၅၀၀ နှင့် မြင်းကုန်သည်လာလိမ့်မည်” ဟု ကုန်းလမ်းအလုပ်သမားများက သတင်းပို့ရာ မြက်ထမ်းသမားများထံမှ မြက်ထုံး ၅၀၀ တောင်းပြီး ၁၀၀၀ ဖြစ်အောင် ပွားကာ ရောက်လာသော မြင်းကုန်သည်အား ရောင်းသဖြင့် ငွေ ၁၀၀၀ ကျပ် ရတော့သည်။

၂-ရက် ၃-ရက်ကြာသော် ဆိပ်ကမ်းအလုပ်သမားက “သင်္ဘောဆိပ်မှာ သင်္ဘောကြီးဆိုက်ပြီ” ဟု လာပြောရာ ကိရိယာတန်ဆာစုံလင်သော ရထားတစီးကို ၈-ကျပ်ဖြင့် ငှားပြီး သင်္ဘောဆိပ်သို့သွား၍ လက်စွပ်တကွင်း သင်္ဘောသူကြီးအား စရန်ပေးကာ

စာမျက်နှာ-79


မနီးမဝေးနေရာ၌ ကန့်လန့်ကာကာ၍ အခန့်စားနေလိုက်သည်။ “အပြင် ကုန်သည်များလာလျှင် ၃-ခုမြောက် ဆင့်ကြားသတင်းစကားဖြင့် လာပြောကြ” ဟု သူ့လူများကို မှာထား၏။

သင်္ဘောဆိုက်ပြီကြား၍ ဗာရာဏသီမှ ကုန်သည် ၁၀၀ ကုန်ဝယ်လာကြရာ “သင်တို့ ကုန်ရမှာမဟုတ်၊ ဤမည်သောနေရာ၌ ကုန်သည်ကြီးက အားလုံးစရန်ပေးပြီးပြီ” ဟု သူ့လူများက ပြောလိုက်သည်။

ထိုအခါ ကုန်သည် ၁၀၀ က ၁၀၀၀ိ စီ သင်္ဘော၌ အစုရှင်အဖြစ်ပေးရာ တသိန်းရပြီး နောက်ထပ် ၁၀၀၀ိ စီ (တို့ပညာရှိငယ်ကို အစုရှင်အဖြစ်မှ ထွက်စေပြီး) အမြတ်အစွန်းပေးပြန်ရာ တသိန်း၊ စုစုပေါင်း ၂-သိန်း ကြွယ်ဝသွားတော့သည်။

ဥစ္စာရှာရာ ဉာဏ်ကူပါက ဥစ္စာအပြင် ကြင်ရာလည်းဝင်

အသပြာ ၂-သိန်းယူလာသောသူငယ်ကို စူဠသေဋ္ဌိသဌေးက ဥစ္စာရပုံရနည်းကို မေးသည်၊ “အရှင်တို့ပြောဆိုသောအကြောင်းကို အခြေခံ၍ ၄-လအတွင်း ရပါသည်” စသည်ဖြင့် ပြောဆိုရာ “ဤသူငယ်ကို အပိုင်ပြုသင့်သည်” ဟု ကြံပြီး အရွယ်ရောက်သော သမီးနှင့် ပေးစားလိုက်သည်။

စူဠသေဋ္ဌိသဌေးကွယ်လွန်သော် သူငယ်သည် သဌေးအရာ ဆက်ခံရတော့သည်။ ဘုရားရှင်သည် ဝတ္ထု ၂-ခု အနုသန္ဓေစပ်၍ “အပ္ပကေနပိ မေဓာဝီ” စသောဂါထာကို ဟောတော်မူသည်၊ နောင်အခါ ညီနောင် ၂-ပါးအား ဆိုင်ရာဧတဒဂ်ရာထူးများ ချီးမြှောက်တော်မူသည်။

၄။ ကိလေသာ ကင်းရှင်းနေခြင်းရှိသူ ရဟန်းတို့တွင် သုဘူတိသည် အမြတ်ဆုံး။

၅။ မြတ်သောအလှူကိုခံထိုက်သူ ရဟန်းတို့တွင် သုဘူတိသည် အမြတ်ဆုံး။

ကိလေသာကင်းရှင်းပုံ။ ။ ရဟန္တာမှန်သမျှ ကိလေသာကင်းကြပြီ ဖြစ်သော်လည်း အရှင်မြတ်ကား တရားဟောမှုနှင့်စပ်၍ ကိလေသာကင်းရှင်းနေခြင်းရှိသည်ဟူသော နာမည်ကို ရသည်၊ အခြားရဟန်းများ တရားဟောလျှင် ကဲ့ရဲ့မှု ချီးမွမ်းမှု ရည်ရွယ်ပြုကာ ပုဂ္ဂလဓိဋ္ဌာန်ဟောမှု ရှိသော်လည်း အရှင်မြတ်ကား ဘုရားဟောစဉ်အတိုင်း ဓမ္မဓိဋ္ဌာန်အားဖြင့်သာ ဟောတော်မူ၍ ယင်းဧတဒဂ်ရသည်။

အလှူခံပုဂ္ဂိုလ်ထူးဖြစ်ပုံ။ ။ ရဟန္တာမှန်သမျှ မြတ်သောအလှူကို ခံထိုက်သူများချည်းပင် ဖြစ်သော်လည်း အရှင်မြတ်ကား ဆွမ်းဒကာများအကျိုးများအောင် အိမ်တိုင်းအိမ်တိုင်း၌ မေတ္တာဈာန် ဝင်စားပြီးမှသာ ဆွမ်းခံ

စာမျက်နှာ-80


ယူလေ့ရှိသည်၊ အရှင်မြတ်၏ လုံးရပ်သဏ္ဌာန်မှာ ကောင်းသောပုံသဏ္ဌာန်ရှိခြင်း (သုဘူတိ) ဟု အလွန်တင့်တယ်သဖြင့် သုဘူတိ အမည်ရသည်။

အရှင်မြတ်အလောင်းသည် ပဒုမုတ္တရဘုရား မပွင့်မီ ဟံသာဝတီမြို့ ပုဏ္ဏားသူကြွယ် နန္ဒလုလင် အမည်ဖြင့် ဗေဒင် ၃-ပုံ တတ်မြောက်ကာ ဗေဒင်၌ အနှစ်မပါပုံကို သိမြင်ပြီး အခြံအရံ ၄၄၀၀၀ ဖြင့် တောင်ခြေသွား ရသေ့ရဟန်းပြုသည်၊ အားလုံး ဈာန်အဘိညာဉ်ရကြ၏။

ကျွတ်ဖို့ဉာဏ်မြင် ဘုရားရှင်ကြွ ချီးမြှောက်ရ၏

ပဒုမုတ္တရဘုရားရှင်ပွင့်လာ၍ ဟံသာဝတီမြို့၌ သီတင်းသုံးစဉ် ယင်းရသေ့တို့၏ ဥပနိဿယကိုမြင်တော်မူ၍ နန္ဒရသေ့၏သင်္ခမ်းကျောင်းသို့ ဘုရားရှင်ကြွတော်မူသည် (သစ်သီးကြီးငယ်လှူဒါန်းခြင်း၊ ပန်းနေရာခင်းခြင်း၊ သမာပတ်ဝင်စားခြင်းများ အရှင်သာရိပုတ္တရာမထေရ်ဝတ္ထုအတိုင်းပင်)။

ဘုရားရှင်က ကိလေသာကင်းရှင်း နေထိုင်ခြင်း၊ မြတ်သောအလှူခံဖြစ်ခြင်း ဟူသော ဧတဒဂ် ၂-တန်အရထိုက်သူကို ပန်းနေရာတော်အနုမောဒနာပြုဖို့ မိန့်ကြားပြီး ကိုယ်တော်တိုင်လည်း တရားဟောတော်မူသည်၊ ဘုရားရှင်ဒေသနာအဆုံး တပည့်ရသေ့အားလုံး ရဟန္တာဖြစ်၊ ဧဟိဘိက္ခု ရဟန်းလည်း ဖြစ်တော်မူကြသည်။

နန္ဒရသေ့ကား ဧတဒဂ် ၂-တန်ရ အရှင်မြတ်ကို အားကျ၍ ယင်းဆုတောင်း၊ ဗျာဒိတ်ရတော်မူသည်။ ကမ္ဘာတသိန်းလွန်သော် သာဝတ္ထိမြို့ သုမနသဌေးသား (အနာထပိဏ်၏ညီ) သုဘူတိ ဖြစ်လာသည်၊ အနာထပိဏ်သဌေး ဇေတဝန်ကျောင်း ရေစက်ချပွဲ၌ တရားနာရ၍ သဒ္ဓါတရားဖြစ်၊ ရဟန်းပြုကာ ဒွေမာတိကာသင်ကြားပြီး မေတ္တာဈာန် အခြေခံထား၍ တရားအားထုတ်၊ ရဟန္တာဖြစ်တော်မူသည်။

ချီးမြှောက်ပုံ ၂-ပါး။ ။ အရှင်သာရိပုတ္တရာကား နိရောဓသမာပတ်ကို ဝင်စားသော ကျေးဇူးများအားဖြင့် မိမိဟူသော အလှူခံပုဂ္ဂိုလ်ကို သုတ်သင်စင်ကြယ်စေကာ အလှူရှင်များ အကျိုးများအောင် ချီးမြှောက်၏။ အရှင်သုဘူတိထေရ်ကား မေတ္တာဈာန်ဝင်စားသောအားဖြင့် မိမိအား နူးညံ့သောစိတ် မြတ်နိုးသောစိတ်ရှိသော အလှူရှင်ကို သုတ်သင်စင်ကြယ်စေကာ အလှူရှင်များ အကျိုးများအောင် ချီးမြှောက်တော်မူသည်။

စာမျက်နှာ-81


၆။ တောကျောင်းနေ ရဟန်းတို့တွင် ခဒိရဝနိယ ရေဝတသည် အမြတ်ဆုံး။

ဧတဒဂ်ရပုံ

တောကျောင်းနေတိုင်း အရှင်ရေဝတကား ရှင်သာရိပုတ္တရာ၏ စုန္ဒ၊ ဥပသေန ဟူသော ညီ ၂-ယောက်၊ စာလာ၊ ဥပစာလာ၊ သီသူပစာလာ ညီမ ၃-ယောက် အောက် အငယ်ဆုံး ညီထွေးဖြစ်သည်။ ရှားတော တောကျောင်းနေ၍ ခဒိရဝနိယ ရေဝတမည်သည်၊ အခြားမထေရ်များ တောကျောင်းနေရာ ယူကြရာ၌ တောနှင့်ရေ အနေအထား ဆွမ်းခံရွာများပါ မျှတလျောက်ပါတ်မှသာ ယူကြသော်လည်း အရှင်မြတ်ကား ကျောက်စရစ်တုံး၊ ကျောက်တုံး၊ ကျောက်ပြား လူမသွားအပ်သော ရှားတောအရပ်၌ပင် နေထိုင်၍ ယင်း ဧတဒဂ် ရသည်။

ကုတို့သူကြီး ဆုကြီးပန်ဆင်။ ။ အရှင်မြတ်အလောင်းသည် ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့ ပယာဂဆိပ်ကမ်း၌ ကုတို့သူကြီးလုပ်နေစဉ် ရဟန်းတသိန်းနှင့် ဘုရားရှင် ဆိပ်ကမ်းရောက်လာရာ အခွင့်ကောင်းရပေပြီ ယူဆပြီး လှေပေါင်းချုပ်ပေါ်တွင် မျက်နှာကြက်တပ်ဆင်ကာ အခင်းများခင်းပြီး ဘုရားရှင်နှင့် သံဃာတော်အား တဘက်ကမ်း ပို့ပေးသည်။

ထိုအချိန် ဧတဒဂ်ရသော ရဟန်းတပါးကို အားကျ၍ အလှူကြီး ၇-ရက် ပြုယင်း ဆုတောင်း၊ ဗျာဒိတ်ရတော်မူသည်။

ရဟန်းမပြုရေး အသက်ကလေးငယ်ငယ် အိမ်ထောင်သွယ်

ငါတို့ဘုရားလက်ထက် မဂဓတိုင်း နာလကပုဏ္ဏားရွာ သာရီပုဏ္ဏေးမ၏ သား ၃-ယောက်၊ သမီး ၃-ယောက်အောက် အငယ်ဆုံးသား ရေဝတ ဖြစ်လာသည်၊ “ကြီးလာတိုင်းသော ကလေးများကို ဘုရားရှင်၏ သားတော်ရဟန်းများ ရှင်ပြုခေါ်ဆောင်သွားကြသည်၊ သားငယ် ရေဝတကိုမူ အရွယ်ရောက်အောင် မစောင့်ဘဲ ငယ်စဉ်ကပင် အိမ်ထောင်ဖြင့် နှောင်ဖွဲ့ကြမည်” ဟု မိဘများကြံပြီး ဂုဏ်ရည်တူ မိသားစုတခုမှ သတို့သမီးငယ်ကို ဆောင်ယူခဲ့ကြ၍ ရေဝတကို အသက် ၁၂၀ ရှိ အဘွားအိုကို ရှိခိုးစေသည်၊ “သမီး၊ သမီးသည် သင်၏ ယခုအဖွားထက် အသက်ရှည်ရှည်နေရသူ ဖြစ်ပါစေ” ဟုလည်း မင်္ဂလာဆုတောင်းစကား ပြောကြသည်။

တင့်တယ်ရုပ်ဆင်း လှပခြင်းကား ယိုယွင်းနောက်ဆုံးပါတကား

ရေဝတသည် မိဘများ၏ ထိုစကားကိုကြားရသော် “ပထမအရွယ် တင့်တယ်လှပသော ဤသူငယ်မ၏ ရုပ်အဆင်းသည် ဆံဖြူ သွားကျိုး အရုပ်ဆိုးသည့် အဖွားရုပ်မျိုး

စာမျက်နှာ-82


ဖြစ်ရဦးမည် ဆိုပါကလား၊ မိဘများသဘော သိအောင်မေးမည်” ဟု ကြံပြီး “ဖေဖေ မေမေတို့ ဘာရည်ရွယ် ပြောကြပါသလဲ” ဟု မေးသည်၊ “သားမောင်၊ ဤသူငယ်မသည် သင့်အဖွားလို အိုအောင်နေရပါစေ” ဟု ငါတို့ ဆုတောင်းကြသည်ဟု ပြောသောအခါ “ဤသူငယ်မ၏ ရုပ်အဆင်းဟာ အဖွားလိုဖြစ်ဦးမည်လား” ဟု အမှန်မသိ၍ မေးပြန်ရာ “သား ဘယ့်နှယ်ပြောတာလဲ၊ ဘုန်းကံကြီးမားသူများမှ သားမောင့်အဖွားလို အိုအောင်နေကြရသည်” ဟု ပြန်ပြောသည်။

“ဤသူငယ်မ၏ လှပသော ရုပ်အဆင်းဟာ အဖွားအတိုင်း အရေတွန့်ခြင်း ဆံဖြူ သွားကျိုးခြင်း ဖြစ်မည့်အတူတူ ချစ်ခင်တပ်မက်နေလို့ ဘာလုပ်တော့မှာလဲ၊ ငါ့နောင်တော်များ သွားလမ်းအတိုင်းလိုက်မှပဲ” ဟု ရေဝတသည် ကြံစည်လျက် ကစားသယောင် ရွယ်တူသူငယ်များကို “လိုက်တမ်း ပြေးတမ်း ကစားကြမည်” ဟု ခေါ်ဆောင် ထွက်သွားသည်။

အသက်ငယ်သော်လည်း ဉာဏ်ကြွယ်သော ရေဝတ

“သားရေ၊ မင်္ဂလာဆောင်ပွဲနေ့ အပြင်မထွက်ပါနှင့်” ဆိုသော်လည်း ကလေးများနှင့် ကစားသယောင် ၂-ကြိမ်မျှဆောင်ပြီး ၃-ကြိမ်မြောက်၌ မျက်နှာမူမိ ခြေဦးတည့်ရာ တအားကုန် ပြေးလတ်သော် ပံသုကူဓူတင်ဆောင် ရဟန်းတော်များနေရာ တောကျောင်းရောက်သွားပြီး ရှင်ပြုပေးဖို့ မထေရ်များအား တောင်းပန်သည်။

“သူတော်ကောင်းကလေး၊ မည်သူ့သားရယ်လို့ ငါတို့ သင့်ကိုမသိ၊ သင်ကလည်း တန်ဆာဆင်လာသည်၊ မည်သူမျှ သင့်ကို ရှင်ပြုပေးမည် မဟုတ်” ဟု မထေရ်များက မိန့်ကြားရာ ရေဝတသည် လက်ရုံး ၂-ဘက်မြှောက်ပြီး “တပည့်တော်ကို လုနေကြပါသည်” ဟု အော်ဟစ်တော့သည်။

ရဟန်းတော်များ ဟိုဟိုဒီဒီမှ စုလာကြပြီး “သူတော်ကောင်းကလေး၊ ဤနေရာမှာ သင့်အဝတ်တန်ဆာကို မည်သူမျှ ယူမည့်သူမရှိ၊ လုနေကြပါသည်ဆိုတာ ဘာကိုရည်၍ ဆိုပါသနည်း” ဟု မေးကြသောအခါ “အဝတ်တန်ဆာကို လုသည်ဟု မဆိုပါ၊ လူ နတ် နိဗ္ဗာန်ချမ်းသာ ၃-တန်ကို (ရှင်ပြုပေးလျှင် ရမည့်ကိစ္စ ရှင်မပြုရ၍ မရသဖြင့်) လုယက်သည်ဟု ဆိုပါသည်၊ တပည့်တော်ကို အရှင်ဘုရားတို့ ရှင်ပြုပေးကြတာ ထားပါဦး၊ တပည့်တော်၏ နောင်တော်ကြီးကို သိကြပါရဲ့လား” ဟု မေးသည်။

တရားမထူးသေးလျှင် ဘုရားကို ဖူးချင်

“သင့်နောင်တော် ဘယ်သူလဲ” ဟု ပြန်မေးရာ “ဥပတိဿပါ၊ ယခု လူက အရှင်သာရိပုတ္တရာ ဖြစ်သွားပြီဟု ဆိုကြပါတယ်ဘုရား” ဟု လျှောက်လိုသည်။

စာမျက်နှာ-83


“ငါ့ရှင်တို့၊ ဒီအတိုင်းဖြစ်လျှင် ဤအမျိုးကောင်းသားသည် ငါတို့ညီငယ်ဖြစ်နေသည်၊ ငါတို့နောင်တော်ကြီး ရှင်သာရိပုတ္တရာက 'ငါတို့အမျိုးအားလုံး အယူမှားနေကြသည်၊ ငါတို့အမျိုးရယ်လို့ မည်သူလာလာ မဖြစ်ဖြစ်အောင် ရှင်ရဟန်း ပြုပေးလိုက်ကြ' ဟု ကြိုတင်မှာထားသည်၊ ဤသူငယ်ကား မထေရ်မြတ်သားချင်း ညီရင်းဖြစ်၍ ရှင်ပြုပေးကြပါ” ဟု ပြောဆိုကာ တစပဉ္စကကမ္မဋ္ဌာန်း ပြောပြပြီး ရှင်ပြုပေးကြ၊ အသက်ပြည့်သော် ရဟန်းပြုပေးကြ၊ ကမ္မဋ္ဌာန်း အားထုတ်ခိုင်းကြသည်။

အရှင်ရေဝတသည် အရဟတ္တဖိုလ် မရောက်သေးသမျှ ဘုရားရှင်နှင့် နောင်တော်ကို မဖူးမြော်သေးဟုကြံကာ အားထုတ်သည်၊ ပဝါရဏာပြုပြီး ထိုနေရာ၌ပင် ဆက်လက်နေထိုင်အားထုတ်ရာ အရဟတ္တဖိုလ် ရောက်တော်မူသည်။

ဗုဒ္ဓကိုယ်တိုင် အရှင်ရေဝတကို ကြည့်သည်

အရှင်သာရိပုတ္တရာက ဘုရားရှင်ကို “တပည့်တော်ညီ ရေဝတ ရဟန်းပြုတာ ပျော် မပျော် မသိပါ၊ သူ့ကို သွားကြည့်ပါရစေ” ဟု လျှောက်ထားရာ အားထုတ်ဆဲအနေကို ဘုရားရှင်မြင်တော်မူ၍ ၂-ကြိမ်ပယ်ပြီး ၃-ကြိမ်မြောက်လျှောက်မှ အရဟတ္တဖိုလ်ရောက်ပြီကို သိတော်မူသဖြင့် “ငါဘုရားလည်း ကြွမည်၊ သံဃာအား ပြောကြား” ဟု မိန့်တော်မူလိုက်သည်။

“ဘုရားရှင် ဒေသစာရီ ကြွတော်မူမည်၊ လိုက်လိုသူ လိုက်ကြ” ဟု ရှင်သာရိပုတ္တရာသည် သံဃာစုစေပြီး မိန့်ကြားလိုက်သည်၊ ဘုရားရှင်ကြွချီရာ၌ ကျန်နေသောရဟန်းနည်း၏၊ ဘုရားဖူးရ တရားနာရမည်ဟု အများအားဖြင့် ကြွလိုက်ကြသည်။

ဘုရားရှင်နှင့် သံဃာများအကြွ လမ်း ၂-ခု တွေ့ရသဖြင့် ကြုံရမည့်လမ်းကို ဘုရားရှင်အား မေးလျှောက်ရာ “ဘယ်လမ်း ဖြောင့်သနည်း” ဟု မေးတော်မူလိုက်သည်၊ “လမ်းဖြောင့်မှာ ယူဇနာ ၃၀ သာရှိသော်လည်း နတ်ဘီလူးများစိုးအုပ်ရာ အစာခေါင်းပါး ဘေးရန်များပါသည်၊ အများသွားနေကျ လမ်းရိုးမှာ ယူဇနာ ၆၀ ရှိ၍ ဘေးရန်ကင်းကာ အစားအစာ ပေါများပါသည်ဘုရား” ဟု လျှောက်ထားရာ သံဃပရိသတ်၌ သီဝလိ ပါ မပါမေး၍ ပါကြောင်းသိသဖြင့် “သံဃာသည် လမ်းဖြောင့်ကသာ ကြွပါစေ၊ သီဝလိဘုန်းကံကို စုံစမ်းမည်” ဟု မိန့်တော်မူသည်။

သံဃာများချမ်းသာ သီဝလိ၏ ဘုန်းတေဇ

လမ်းဖြောင့်ကို တက်မိပြီဆိုလျှင်ပင် နတ်ဒေဝါသည် တယူဇနာ တယူဇနာ အရပ်၌ မြို့ကြီးများဖန်ဆင်းပြီး ဘုရားရှင်နှင့် သံဃာတော်များနေဖို့ ကျောင်းတိုက်များ ဖန်ဆင်းထားကာ မင်းမှုထမ်းများပမာ ယာဂု ခဲဖွယ် စသည်များ ယူဆောင်

စာမျက်နှာ-84


လျက် “အရှင်သီဝလိ ဘယ်မှာပါလဲ” ဟု မေးလျှောက် လိုက်ပါကြသည်၊ အရှင်သီဝလိသည် လှူဖွယ်များယူစေပြီး ဘုရားထံသွား ဘုရားရှင်နှင့် သံဃာများ ဘုဉ်းပေးကြသည်။

ဤနည်းဖြင့် တနေ့ တယူဇနာ ယူဇနာ ၃၀ ခရီးကို တလဖြင့် လွန်မြောက်ကာ အရှင်ရေဝတ၏ (ကြိုတင်ပြုပြင်ထားသဖြင့် ညီညွတ်သော) ရှားတောကျောင်းသို့ ရောက်တော်မူသည်၊ အရှင်ရေဝတသည် ဘုရားရှင်ကြွလာမည်ကိုသိ၍ မိမိနေရာ၌ ဘုရားရှင်နှင့် သံဃာတော်များ နေလောက်သော ကျောင်းများနှင့်တကွ ဘုရားရှင်အတွက် သီးသန့်ဂန္ဓကုဋီနှင့် ညဉ့်သန့်ရာ နေ့သန့်ရာ နေရာစသည်များကို တန်ခိုးဖြင့် ဖန်ဆင်းပြီး ဘုရားရှင်အား ကြိုဆိုသည်၊ နတ်များက အဖျော် ၈-မျိုးဆက်ကပ်သဖြင့် ဘုရားရှင်နှင့် သံဃာတော်များ ဘုဉ်းပေးကြရ၏။

စိတ်ဓာတ်လွင့်ပါး အတင်းဆိုသောအရှင်များ

ဤနည်းဖြင့် ၁၅-ရက်မျှကြာလတ်သော် “ဘုရားရှင်သည် ငါ့အဂ္ဂသာဝကရဲ့ညီ” ဟု ဆိုကာ ဤလို နဝကမ္မများသော ရဟန်းကိုကြည့်ဖို့ ကြွလာတော်မူသည်။ “အရှင်ရေဝတ၏ ဤကျောင်းတိုက်ကြီးအနီးမှာ ဇေတဝန်ကျောင်းတိုက်ကြီးနှင့် ဝေဠုဝန်ကျောင်းတိုက် စသည်ကို ဘာလုပ်တော့မည်နည်း၊ နဝကံမှုပြုနေသော ရေဝတရဟန်းအဖို့လည်း ဘယ်မှာ ရဟန်းတရားပွားများနိုင်တော့မှာလဲ” ဟု စိတ်ဓာတ်လွင့်ပါး အချို့ရဟန်းများက အတင်းစကား ပြောကြားသည်ကို ဘုရားရှင် သိတော်မူသဖြင့် “ငါဘုရား ဤနေရာ ကြာကြာနေလျှင် ပရိသတ် များလာလိမ့်မည်၊ တောကျောင်းကိုယ်တော်များမည်သည် ဆိတ်ငြိမ်ရာလိုလားကြရကား ရေဝတအဖို့ အနေဆင်းရဲတော့မည်” ဟု ကြံကာ ရေဝတ၏ နေ့သန့်ရာနေရာသို့ ဘုရားရှင် ကြွတော်မူသည်။

“ဆင်ကြမ်း မြင်းကြမ်း စသည်တို့၏ အသံကိုကြားလျှင် သင်ဘယ်လိုလုပ်သနည်း” ဟု ဘုရားရှင်က မေးတော်မူရာ ရှင်ရေဝတက “တော၌ မွေ့လျော်ပျော်ပိုက်ခြင်းတရားဖြစ်ပွားပါသည်ဘုရား” ဟု လျှောက်သဖြင့် ဘုရားရှင်သည် ရေဝတထေရ်အား ဂါထာ ၅၀၀ တို့ဖြင့် တောကျောင်းနေခြင်း၏အကျိုးကို ဟောတော်မူသည်။ ဘုရားရှင်သည် နောက်နေ့ မနီးမဝေးနေရာ၌ ဆွမ်းခံတော်မူပြီး အရှင်ရေဝတကို ပြန်စေကာ အရှင်ရေဝတကို အတင်းစကားပြောကြားကြသော ရဟန်းများ၏ တောင်ဝှေး ထီးဖိနပ် အရပ်ရပ်ကျန်အောင် တန်ခိုးတော်ဖြင့် စီမံတော်မူသည်။

ဘုရားရှင်ဘုန်းကံကြောင့် အမြင်မှန်ရကြသည်

အမေ့သမားများသည် မေ့ထားခဲ့သော ပရိက္ခရာများယူရန် လာလမ်းက ပြန်ပါသော်လည်း နေရာမမှတ်မိကြတော့ပါ၊ ပထမရက်များက တန်ဆာဆင်သောလမ်းဖြင့်

စာမျက်နှာ-85


သွားလာကြရသော်လည်း ယခုအခါ (ရှင်ရေဝတသည် တန်ခိုးတော်ကို ရုပ်သိမ်းလိုက်သဖြင့်) လမ်းပန်းမညီညာ ထိုထိုနေရာတို့၌ မောပန်းကာ နားကြရ၊ ဒူးထောက်သွားကြရ၊ သစ်ပင် ချုံဖုတ် ခလုတ်ကံသင်း နင်းသွားကြရပြီး မိမိနေခဲ့သော နေရာရောက်မှ ထားခဲ့သော ထီး ဖိနပ် စသည်များကို တွေ့၍ မှတ်မိကြသည်။

ထိုအခါကျမှသာလျှင် “တန်ခိုးရှင်ရဟန်း” ဟု သိကာ ကိုယ်ပရိက္ခရာကိုယ်ယူ၍ “ဘုရားရှင်အတွက် စီစဉ်အပ်သော ပူဇော်သက္ကာရမည်သည် ဤသဘောပင် ဖြစ်သင့်သည်” ဟု ပြောဆိုသွားကြသည်။

သူတော်ကောင်းစိတ် တိတ်ဆိတ်နေမှ လျော်ကန်လှ

ရှေးဦးသွားနှင့်သော ရဟန်းများ ဝိသာခါအိမ်ရောက်လတ်သော် ဝိသာခါက “အရှင်ရေဝတ နေရာ နှစ်သက်ဖွယ် ရှိပါ၏လား” ဟု လျှောက်ရာ “နန္ဒဝန်နှင့် စိတ္တလတာ နတ်ဥယျာဉ်များပမာ နှစ်သက်ဖွယ်ရှိပါ၏” ဟု မိန့်ကြားပြီး နောက်ဆုံး ရောက်လာသည့် စိတ်ဓာတ်လွင့်ပါး အတင်းပြောကြားဖူးသော ရဟန်းများကို မေးမြန်းရာ “မမေးပါနှင့် ဒကာမကြီး၊ ပြောဖို့သော်မှ မသင့်တဲ့နေရာပါ၊ ကျောက်စရစ်တုံး ကျောက်တုံး ကျောက်ပြား လူမသွားအပ်သော ရှားတောအရပ်ကြီးဖြစ်၍ အရှင်ရေဝတ ဆင်းရဲစွာ နေရရှာပါသည်” ဟု မိန့်ကြားကြသည်။

ဝိသာခါသည် နောက်ရဟန်းတို့၏ စကား ၂-တန်ကို အမှန်သိလို၍ ဘုရားထံ သွားလျှောက်ရာ “မွေ့လျော်ဖွယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရိယာများ စိတ်မွေ့လျော်ရာနေရာသည်သာ မွေ့လျော်ဖွယ်အစစ်ဖြစ်သည်” ဟု မိန့်ကြားပြီး ဂါမေ ဝါ ယဒိ ဝါ ရညေ စသော ဂါထာကို ဝိသာခါအား ဟောတော်မူသည်၊ နောက်ပိုင်းအချိန် ဇေတဝန်ကျောင်းတော်၌ ဧတဒဂ်ရတော်မူသည်။

၇။ ဈာန်၌မွေ့လျော်သူ ရဟန်းတို့တွင် ကင်္ခါရေဝတသည် အမြတ်ဆုံး။

အပ်သောအရာ၌ပင် ရှင်ရေဝတ သံသယဝင်ပုံ

အရှင်ရေဝတကား မြတ်စွာဘုရား ဈာန်သမာပတ် ဝင်စားတော်မူသလောက်နီးပါး ဝင်စားတော်မူ၍ ဧတဒဂ်ရသည်။ အခြားရဟန်းတော်များ ဝိနယကုက္ကုစ္ဆရှိကြသော်လည်း အရှင်ရေဝတကား အပ်စပ်သောအရာ၌ပင် ကုက္ကုစ္စ ရှိလွန်းသည်ဟု ထင်ရှားသဖြင့် ကင်္ခါရေဝတ အခေါ်ခံရသည်။

အရှင်ရေဝတသည် သာဝတ္ထိမှ ရာဇဂြိုဟ်သို့ ဘုရားရှင်နှင့်အတူ ဒေသစာရီကြွချီသော် လမ်းခရီးအကြား ထန်းလျက်ဖိုသို့ဝင်ရာ ထန်းလျက်တင်လဲခဲ၌ မာကျောအောင် မုန့်ညက်နှင့် ဖွဲထည့်သည်ကို မြင်ရကား အာမိသပါ၍ မအပ်ဟုယူဆကာ နေလွဲပြီးနောက် သူနှင့် သူ့တပည့်များ မသုံးဆောင်ကြတော့ပေ။

စာမျက်နှာ-86


ထိုအကြောင်း ဘုရားရှင်သိတော်မူသဖြင့် “မာကျောစိမ့်သောငှာ ထည့်သော မုန့်ညက်နှင့် ဖွဲသည် တင်လဲအရေအတွက်သို့ ရောက်သည်ဖြစ်၍ အလိုရှိတိုင်း သုံးဆောင်ဖို့ ငါဘုရား ခွင့်ပြုသည်” ဟု မိန့်တော်မူရသည်။

ကျက်ပြီးပဲနောက် အပင်ပေါက်လည်း အပ်သတည်း

အရှင်ရေဝတသည် လမ်းခရီးအကြား၌ပင် ကျင်ကြီး၌ အပင်ပေါက်သော ပဲနောက်ကိုမြင်၍ “ကျက်ပြီးသောပဲနောက်သော်မှ အပင်ပေါက်လျှင် ပဲနောက်ဟူသမျှ မအပ်” ဟု ယူဆကာ သူနှင့် သူ့တပည့်များ ပဲနောက်ကို မသုံးဆောင်ကြချေ၊ ဘုရားရှင် သိတော်မူသဖြင့် “ကျက်ပြီးပဲနောက် အပင်ပေါက်သော်လည်း အလိုရှိတိုင်း သုံးဆောင်ဖို့ ငါဘုရားခွင့်ပြုသည်” ဟု မိန့်တော်မူရသည်။

အရှင်ရေဝတအလောင်းသည် ပဒုမုတ္တရဘုရားလက်ထက် ယင်းဧတဒဂ်ရ ရဟန်းတပါးကို အားကျ၍ ၇-ရက်ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်၊ ငါတို့ဘုရားလက်ထက် သာဝတ္ထိမြို့ သဌေးမျိုး၌ဖြစ်ကာ ဘုရားရှင်၏ တရားတော်နာရ၍ သဒ္ဓါတရားဖြစ်၊ ရှင်ရဟန်းပြုပြီး တရားအားထုတ်၊ ဈာန်ရ၊ ရဟန္တာဖြစ်တော်မူသည်။

၈။ ဝိရိယတတ်ကြွသူ ရဟန်းတို့တွင် ကောဠိဝိသဘနွယ် သောဏသည် အမြတ်ဆုံး။

အဓိပ္ပာယ်တမျိုးနှင့် ဝိရိယတိုးသောအရှင်

အစိုးရခြင်း စည်းစိမ်ဖြင့် အထွတ်အထိပ်ရောက်သော သူကြွယ်သောဏဖြစ်၍ ကောဋိဝေဿ သောဏမည်သည်ဟုလည်း အဓိပ္ပာယ်မှတ်နိုင်သေးသည်၊ အခြားအရှင်တို့၏ ဝီရိယမှာ အပိုမရှိ၊ အလိုသာရှိသော်လည်း အရှင်သောဏ၏ ဝီရိယကား ပိုနေ၍ လျှော့ခိုင်းရသဖြင့် ယင်း ဧတဒဂ်ရသည်။

အရှင်သောဏအလောင်းကား ပဒုမုတ္တရဘုရားလက်ထက် သဌေးသား သီရိဝဍ္ဎန အမျိုးသားဖြစ်၍ ယင်းဧတဒဂ်ရ ရဟန်းတပါးအားကျပြီး ၇-ရက်ကုသိုလ်ပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။

ကျောင်းဆောက်ဖို့ ထင်းချောင်းဆယ်သော ပစ္စေကဗုဒ္ဓါ

ကမ္ဘာတသိန်းအလွန် ကဿပဘုရားရှင် နိဗ္ဗာန်စံပြီး ငါတို့ဘုရားမပွင့်မီ ဗာရာဏသီမြို့သားဖြစ်ကာ အပေါင်းအသင်းများနှင့် ဂင်္ဂါမြစ်၌ ရေကစားစဉ် သစ်ရွက်မိုးကျောင်းဆောက်၍ ဝါဆိုရန်အတွက် ရေမျောလာသော တုတ်ချောင်းနှင့် နွယ်များကို ဆယ်နေသော သင်္ကန်းနွမ်းပတ်ထားသည့် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးကိုတွေ့၍ အကြောင်းစုံ

စာမျက်နှာ-87


မေးမြန်းသိရှိရာ “အရှင်ဘုရား၊ ယနေ့ တရက် ဖြစ်သလိုနည်းဖြင့် ဆိုင်းငံ့တော်မူပါ၊ မနက်ဖြန် အရှင်မြတ်နေဖို့ ကျောင်းဆောက်လှူပါမည်” ဟု လျှောက်ထား ပြန်သွားသည်။

နောက်နေ့ သီရိဝဍ္ဎနအိမ်သို့ ကြွလာသော အရှင်မြတ်အား ဆွမ်းလှူပြီး ဝါတွင်း ၃-လ ဖိတ်ကြားကာ တနေ့ချင်းပင် အရှင်မြတ်နေဖို့ ကျောင်းစင်္ကြံ၊ နေ့သန့်ရာ ညဉ့်သန့်ရာနေရာများကို အပေါင်းအသင်းများနှင့်အတူ ဆောက်လုပ် လှူဒါန်းသည်။

စေတနာထူး၍ အကျိုးပေးထူးကြ

အရှင်မြတ် ကျောင်းတွင်းဝင်လျှင် အရှင်မြတ်၏ ခြေတော်မှာ ညွန်မပေအောင် မိမိ၏ အဖိုးကသိန်းတန် ကမ္ဗလာနီခြုံထည်ကို ခြေသုတ်ဖုံပြု လှူသည်၊ ကမ္ဗလာနီရောင်နှင့် အရှင်မြတ်ကိုယ်ရောင်တော် တသားတည်းကျဖူးမဝအောင်ရှိသဖြင့် “ဤကောင်းမှုကြောင့် တပည့်တော်တို့အဖို့ ဖြစ်တိုင်းသောဘဝ၌ လက်ခြေတို့၏အဆင်းသည် လယ်ခေါင်ရန်းပန်း အသွေး နီတွေးတင့်တယ်ပါစေ၊ အကြိမ် ၁၀၀ ဖတ်အပ်သော လဲဝါဂွမ်းအတွေ့ပမာ နူးညံ့ပါစေ” ဟု ဆုတောင်းသည်။

ငါတို့ဘုရားလက်ထက် ကာဠစမ္ပာမြို့ ဥပသကာသား သောဏ ဖြစ်လာသည်၊ အမျိုးသား သန္ဓေယူချိန်မှစ၍ လက်ဆောင်ပဏ္ဏာ ထောင်ပေါင်းများစွာ ရောက်လာပြီး ဖွားသောနေ့မှာလည်း တမြို့လုံး တခဲနက် မြတ်နိုးစွာ ပူဇော်လာကြသည်၊ ကိုယ်ရေအဆင်းသည် နီသော ရွှေရည်ဖျန်းထားသကဲ့သို့ဖြစ်၍ သောဏဆိုလျှင် သူ့နာမည် သူယူလာသလိုပင် ဖြစ်သည်။ ထို့ကြောင့် သောဏ မည်စေဟု မိဘများ မှည့်ခေါ်ကြသည်။ အထိန်းတော် ၆-ဦးထား၍ နတ်သားပမာ ချမ်းသာစွာ ကြီးပြင်းရသည်။

သားအစွက်စားသောက်ရေး မိဘများ စီစဉ်ပေးကြပုံ

မင်းပယ် ၆၀ ကျယ်သောလယ်မြေကို နွားနို့၊ နံ့သာရေ၊ ရိုးရိုးရေ ၃-မျိုးဖြင့် ယွန်းလောင်းထွန်ယက်စိုက်ပျိုးကြသည်၊ သီးနှံများ နို့ရည်ဝင်လျှင် ကျေးငှက်စသည်များ ကာကွယ်ရန်၊ ကောက်သားနူးညံ့စေရန် လယ်ကွက်ပတ်ဝန်းကျင်နှင့် အကြားအကြားတို့၌ တိုင်များစိုက်၍ ဖျာများ မိုးပြီး ကန့်လန့်ကာ ကာလျက် စောင့်ရှောက်ကြသည်။

စပါးများမှည့်လာလျှင် စပါးကျီများကို နံ့သာ ၄-မျိုးတို့ဖြင့် လိမ်းကျံစေသည်၊ အလုပ်သမားများ လယ်ကွင်းဆင်း၍ စပါးနှံများကို အညှာမှဖြတ်ပြီး ကောက်ဆုပ်ပြု၊ ကြိုးစည်းကာ အခြောက်လှန်းကြရ၏၊ ကျီ၏ ကြမ်းပြင်၌ နံ့သာတထပ် ခင်းပြီးမှ

စာမျက်နှာ-88


ခြောက်ပြီးစပါးနှံများ ခင်းရသည်၊ ဤနည်းဖြင့် နံ့သာတထပ်၊ စပါးနှံတထပ်ခင်းကာ ကျီပြည့်လျှင် ပိတ်၍ ၃-နှစ်လှောင်ထားသည်။

၃-နှစ်ပြည့်၍ ကျီဖွင့်လျှင် တမြို့လုံး နံ့သာနံ့လှိုင်သွားသည်၊ ဆန်ကြိတ်လျှင် သောက်ကြူးများ ဖွဲကြမ်းနုများဝယ်ယူကြ၍ ဆန်ကွဲကိုမူ အလုပ်သမား လူရင်းများ ရကြသည်။

ထမင်းတထပ် တန်ဖိုးဖြတ်သော်

ထမင်းချက်ပုံမှာ— ရွှေချည်မျှင်ဆန်ဆေးတောင်း၌ ဆန်ထည့်ကာ အကြိမ်တရာ ရေစစ်ပြီး ရေနွေးဆူဆူ၌ တကြိမ်နှစ်ပြီး ဆယ်ရသည်၊ ရေနွေးမှ လွှတ်လျှင်ပင် ကျက်ပြီဖြစ်၍ မြတ်လေးပန်းနှင့်တူသော ဘောဇဉ်ဖြစ်လာသည်။ ထိုဘောဇဉ်ကို ရွှေခွက်၌ထည့်ပြီး ထိုရွှေခွက်ကို (ရေမပါသော ပွက်ပွက်ဆူ နို့ဃနာထမင်း အပြည့်ထည့်ထားသော) ငွေခွက်ပေါ်၌ (အေးမသွားအောင်) တင်ထားပြီး သဌေးသားအား ကျွေးမွေးကြရသည်။

သဌေးသားသည် မျှတရုံစားပြီး နံ့သာကုံထားသောရေဖြင့် ခံတွင်းကျင်း လက် (ခြေ) ဆေးသည်၊ ခံတွင်းမွှေးကြိုင်အောင် ကွမ်း စသည်များကို ပေးဆက်ကြရ၏၊ သဌေးသားသွားသည့်နေရာတိုင်း အခင်းကောင်းများ ခင်းထားကြရသည်၊ သောဏ၏ လက်ဖဝါး ခြေဖဝါးများကား လယ်ခေါင်ရန်းပန်းပမာ နီမြန်း၍ အတွေ့ကား အကြိမ် ၁၀၀ ဖတ်ထားသော ဝါဂွမ်းပမာ နူးညံ့သည်၊ ခြေဖဝါးအပြင်၌ လက်ယာရစ်လည်၍ တည်သော ကြာချည်အဆင်းရှိသည့် မွေးညင်းကလေးများ ပေါက်နေသည်။

စိတ်ဆိုးပုံမှာ သနားစရာ။ ။ တယောက်ယောက်အား သဌေးသား စိတ်ဆိုးလျှင် “သင်နားလည်လိုက်စမ်းပါ၊ ငါ မြေကို နင်းပစ်လိုက်မည်” ဟု ကြိမ်းမောင်းတတ်သည်။ အရွယ်ရောက်သော် ပြာသာဒ် ၃-ဆောင်တို့၌ ဥတုအလိုက် ထိုက်သလို ကချေသည်မများ ခစားစေကာ နတ်သားပမာ ချမ်းသာ ခံစားရသည်။

ငါတို့ဘုရားရှင် ရာဇဂြိုဟ်၌ သီတင်းသုံးစဉ် ဗိမ္ဗိသာရမင်းကြီးက ခြေမှာပေါက်သောအမွှေးကို ကြည့်ရှုရန် ခေါ်၍သွားရပြီး ရွာသူကြီး ၈-သောင်းနှင့်အတူ ဘုရားထံပို့လိုက်ရာ တရားနာရ၍ ရှင်ရဟန်းပြုဖို့ တောင်းပန်သည်။

မိဘများက ခွင့်ပြု မပြု မေးရာ ခွင့်မပြုကြောင်းကြား၍ ပယ်တော်မူလိုက်သည်၊ သဌေးသားသည် မိဘများထံသွားကာ ခွင့်ပြုစေပြီး ရဟန်းပြုသည်၊ ရာဇဂြိုဟ် ဆွေမျိုးသားချင်းများ၊ မိတ်သင်္ဂဟများ မြတ်နိုးရိုသေစွာ ပူဇော်လာကြ၊ အကြည်ညိုလာ

စာမျက်နှာ-89


ကြသဖြင့် “ကမ္မဋ္ဌာန်းဘာဝနာအလုပ် လုပ်နိုင်ဖို့မလွယ်” ဟု ကြံကာ လူမလာနိုင်အောင် သိတဝန တောအုပ်ကြွကာ တရားအားထုတ်တော့သည်။

ချမ်းသာကို ဒုက္ခနှင့်ဝယ်မှ လွယ်လေမည်

“ငါ၏ကိုယ်ကား သိမ်မွေ့လှသည်၊ မဂ်ဖိုလ်ချမ်းသာကို အလွယ်နှင့်ရရန် မတတ်နိုင်ပေ၊ အပင်ပန်းခံကာ ကိုယ်ကိုမညှာဘဲ ရဟန်းတရား ပွားများသင့်သည်” ဟု အရှင်သောဏသည် ကြံစည်လျက် ရပ်ခြင်း၊ စင်္ကြံသွားခြင်း ၂-ပါးကိုသာ ဆောက်တည်၍ (လျောင်းခြင်း၊ ထိုင်ခြင်းအလျှင်းမပြုဘဲ) တရားအားထုတ်ရာ အရှင်မြတ်၏ ခြေဖဝါးများ ပေါက်ပြဲပြီး စင်္ကြံတခုလုံး သွေးခြင်းခြင်းနီသွားသည်။

ခြေမထောက်နိုင်သဖြင့် တံတောင်ဆစ် ဒူးတို့ဖြင့် ၄-ဘက်တွားသွား၍ ဝီရိယကြီးမားစွာ အားထုတ်ပါသော်လည်း ကမ္မဋ္ဌာန်းနိမိတ် အရိပ်မျှမထင်ရကား “ဝီရိယကြီးသူ မည်သူမဆို ငါ့လိုသာ ဖြစ်ရမည်၊ ငါ့ထက်တော့ မပိုနိုင်၊ (ပို၍ အားမထုတ်နိုင်) ငါသည် ဤမျှကြိုးစားမယုတ် အားထုတ်ပါလျက် မဂ်ဖိုလ်မရနိုင်ခြင်းကား ဥဂ္ဃဋိတညူ၊ ဝိပဉ္စိတညူ၊ နေယျပုဂ္ဂိုလ်မဟုတ်ဘဲ မကျွတ်ထိုက်သော ပဒပရမပုဂ္ဂိုလ်စင်စစ် ငါဖြစ်ရာသည်၊ ငါ့အား ရဟန်းဘဝ အကျိုးမရသဖြင့် လူထွက် စည်းစိမ်ခံကာ ကောင်းမှု ပြန်ပြုရမည်” ဟု အရှင်သောဏ ကြံစည်လေပြီ။

မလျော့မတင်း စောင်းကြိုးညင်းသို့

သေနင်းပြတ်စွာ ပိန်ရရှာ

ဘုရားရှင်သိတော်မူ၍ ညနေချမ်း သံဃာများနှင့် ကြွလာပြီး သွေးခြင်းခြင်းနီသောစင်္ကြံကိုကြည့်ကာ စောင်းကြိုးဥပမာဖြင့် မထေရ်အား ဆုံးမတော်မူသည်။ ဘုရားရှင်က “ချစ်သား၊ ငါဘုရားအမေးကို သင်သဘောကျသလို ဖြေပါ၊ သင် လူ့ဘဝက စောင်းကြီးပညာ လိမ္မာခဲ့သည်မဟုတ်လော” ဟု မိန့်ရာ “လိမ္မာခဲ့ကြောင်း” လျှောက်သည်၊ အခြားပညာသင်ပေးလျှင် သားပင်ပန်းမည်စိုး၍ မိဘများက စောင်းပညာကိုသာ သင်ပေးခဲ့သည်၊ စောင်းပညာလိမ္မာသူဖြစ်၍လည်း ဘုရားရှင်က စောင်းကြိုးဥပမာဖြင့် မိန့်ကြားသည်။

“စောင်းကြိုးတင်းလွန်းလျှင် စောင်းသံ သာ မသာ ကြာကြာအတီး ခံ မခံ” မေးတော်မူရာ စောင်းသံ မသာကြောင်း၊ ကြာကြာအတီးမခံကြောင်း ပြန်လျှောက်သည်။ ထို့အတူ စောင်းကြိုးလျော့လွန်းမှုနှင့်စပ်၍ မေးတော်မူပြန်ရာ အသံမသာ ကြာကြာအတီးမခံကြောင်းကိုပင် ပြန်လျှောက်သည်။

စာမျက်နှာ-90


သမာဓိနှင့် ဝီရိယ ညီမှသာ ကောင်းကျိုးဖြာ
တတိယ ဘုရားရှင်အမေးတော်အရ “မလျော့မတင်းသော စောင်းကြိုးကိုတီးမှသာ စောင်းသံသာ၍ ကြာကြာအတီးခံပါကြောင်း” လျှောက်သည်တွင် ဘုရားရှင်က “ဤအတူပင် ဝီရိယလွန်လျှင် ဥဒ္ဓစ္စ (ပျံ့လွင့်ခြင်း) ဖြစ်၍ ဝီရိယလျော့လျှင် ကောသဇ္ဇ (ပျင်းရိခြင်း) ဖြစ်သည်၊ ဝီရိယနှင့် သမာဓိမျှအောင် အားထုတ်၊ သဒ္ဓါစသော ဣန္ဒြေ ၅-ပါး ညီမျှအောင်လုပ်ကာ ညီမျှစေပြီး သမထစသောနိမိတ်ကို ဖြစ်စေပါ” ဟု ဟောကြားတော်မူပြီး ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်းတိုက်သို့ ဘုရားရှင် ပြန်ကြွတော်မူသည်။

အရှင်သောဏသည်လည်း ဘုရားရှင်၏ မျက်မှောက်ဩဝါဒတော်အတိုင်း မလျော့မတင်းအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်တော်မူပြီး နောင် ဇေတဝန်ကျောင်း၌ ဧတဒဂ်ရတော်မူသည်။

၉။ ချိုသာသောစကားကို ဆိုတတ်သူ ရဟန်းတို့တွင် ကုဋိကဏ္ဏအမည်ရသော သောဏသည် အမြတ်ဆုံး။

နားတောင်းဖိုးငွေ တကုဋေ

အရှင်မြတ်ကား ဂန္ဓကုဋီတိုက်တွင်း ဘုရားရှင်နှင့် အတူနေကာ ဘုရားရှင်အား ချိုသာသောအသံဖြင့် တရားဟောကြားရပြီးလျှင် ဘုရားရှင်၏ ကောင်းချီးပေးခံရ၍ ယင်း ဧတဒဂ်ရသည်။ သောဏကား အမည်ဖြစ်၍ ကုဋေတန် နားတန်ဆာပန်ဆင်ခဲ့ရ၍ ကုဋိကဏ္ဏ မည်ပြန်သည်။

ပဒုမုတ္တရဘုရားရှင်က ရဟန်းတပါးအား ယင်း ဧတဒဂ်ပေးသည်ကို အားကျ၍ ၇-ရက်ကောင်းမှုပြု၊ ယင်းဆုတောင်း၊ ဗျာဒိတ်ရသည်။

ငါတို့ဘုရားမပွင့်မီ နတ်ပြည်မှစုတေ၍ အဝန္တိတိုင်း ကုရုရဃရမြို့ သဌေးကတော်၏ဝမ်း၌ သန္ဓေတည်လာသည်၊ ဖွားချိန်နီးသော် ရာဇဂြိုဟ်မြို့ မိဘနေအိမ် ပြန်လာသည်။

ဗိုလ်ချုပ်ကြီးနတ်ဘီလူး

မြတ်စွာဘုရား မိဂဒါဝုန်၌ မဟာသက္ကရာဇ် ၁၀၃ ခု၊ ဝါဆိုဦး လပြည့်နေ့ ဓမ္မစကြာတရား ဟောတော်မူရာ စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာများ ရောက်လာကြသည်၊ နတ်ဘီလူးဗိုလ်ချုပ်ကြီး ၂၈-ဦးတွင် တဦးအပါအဝင် သာတာဂိရနတ်ဘီလူးသည် လည်း တရားနာယူပြီး သောတာပန် ဖြစ်သွားသည်။

စာမျက်နှာ-91


“သူငယ်ချင်း ဟေမဝတဘီလူး၊ ဤတရား နာရ မနာရ” ကြံစည်ပြီး ပရိသတ်အတွင်းကြည့်သော် မမြင်သဖြင့် “ရတနာ ၃-ဖြာ ပွင့်ပေါ်လာသည်ကို ငါ့သူငယ်ချင်း အလျင်းမသိ၊ သွားပြီး ဘုရားဂုဏ်တော် ထုတ်ဖော်ကာ ငါရအပ်ပြီး တရားဟောကြားမည်” ဟု ကြံပြီး သူ့ပရိသတ်နှင့်အတူ ရာဇဂြိုဟ်မြို့ပေါ်ကဖြတ်၍ သူငယ်ချင်းထံ သွားသည်။

သုတ္တနိပါတ် ဟေမဝတသုတ် အဋ္ဌကထာ၌ တရားနာစဉ် ဟေမဝတကို အမှတ်ရနေ၍ သာတာဂိရ မဂ်ဖိုလ်မရ၊ သူငယ်ချင်း သွားခေါ်ပြန်လာမှ ၂-ဦးလုံး သောတာပန်တည်သည်ဟု ဆိုသည်ကား ဘာဏကပုဂ္ဂိုလ်ချင်း ဝါဒမတူ၍ မူကွဲသည်ဟု မှတ်ယူသင့်သည်။

ကောင်းကင်ကစကား နားကြားသော ကာဠီသဌေးကတော်

ဟေမဝတနတ်ဘီလူးကလည်း ယူဇနာ ၃-ထောင်ရှိ ဟိမဝန္တာတောင်လုံး အခါမဲ့ ပန်းပွင့်သည်ကိုမြင်၍ “သူငယ်ချင်း သာတာဂိရနှင့်အတူ ဟိမဝန္တာမှာ ပျော်မည်” ဟု ကြံပြီး သူ့ပရိသတ်နှင့်အတူ ရာဇဂြိုဟ်မြို့ပေါ်ကဖြတ်အလာ ရာဇဂြိုဟ်မြို့ ကာဠီသဌေးကတော်နေအိမ် (မိဘအိမ်) အပေါ် ကောင်းကင်၌ နတ်ဘီလူး ၂-ဦးတို့ တွေ့ဆုံပြီး တဦးသတင်းတဦးပြောကြားကြ၊ မြတ်စွာဘုရားပွင့် ဓမ္မစကြာ တရားဟော၍ ပန်းများ ပွင့်ကြောင်း ဟိမဝန္တာသာမက လောကဓာတ်တသောင်းလုံးရှိ ပန်းများပွင့်ကြောင်း သာတာဂိရက ပြောပြရာ ပန်းပွင့်တာထား ဘုရားကို အသေအချာဖူးရပါရဲ့လားဟု ဟေမဝတက ပြန်မေးသည်၊ ဘုရားရှင်ကို ဖူးမြင်ရရုံမျှမက တရားကိုပင် နာရ၍ အမြိုက်ဆေးကို သောက်ပြီးကြောင်း၊ ထိုအမြိုက်တရားကို သင့်ကိုလည်း သိစေချင်၍ သင့်ထံလာကြောင်း ပြောပြလိုက်၏။ နတ်ဘီလူး အချင်းချင်း ကောင်းကင်၌ ပြောဆိုနေကြစဉ် ကာဠီသဌေးကတော် အိပ်ရာထက်မှကြား၍ ထထိုင်ကာ “ဤအသံသည် အောက်လူများထံမှ မဟုတ် အထက်ကောင်းကင် နတ်များထံမှ” ဟု မှတ်သားနားစိုက်ထောင်နေသည်။

သူတပါးအတွက် ခူးခပ်ပြီးသား ဝင်၍စားသော အစ်မကြီး ကာဠီ

ဟေမဝတက ဘုရားရှင်၏ ကာယသမာစာရ အာဇီဝ မနောသမာစာရကို မေးရာ၊ မေးတိုင်းကိုပင် သာတာဂိရ ဖြေဆိုသည်၊ ဤသို့လျှင် မြတ်စွာဘုရား၏ ကိုယ်တော်ကျေးဇူး ဂုဏ်တော်ကျေးဇူးကို မေးဖြေမှုနှင့်စပ်၍ ဟေမဝတသုတ္တန်ဆုံးလတ်သော် ဟေမဝတ နတ်မင်းသည် သူငယ်ချင်း၏ တရားဒေသနာကို အစဉ်လျှောက်သဖြင့် ဉာဏ်ကိုစေလွှတ်ကာ သောတာပန် ဖြစ်သွားသည်။

စာမျက်နှာ-92


ကာဠီသဌေးကတော်သည်လည်း သူတပါးအား တရားဟောစဉ် ဘုရားရှင်ကို မဖူးမြင်ရဘဲ တဆင့်ကြားဖြင့် သဒ္ဓါတရားဖြစ်ကာ သူတပါးအတွက် ခူးပြီးထမင်း စားရသူကဲ့သို့ သောတာပန်ဖြစ်သွားသည်။

သောတာပန်ဖြစ်ပြီးသည်နှင့်တပြိုင်နက် ထိုညဉ့်၌ပင် သားဖွားပြီးနောက် သောဏဟု သားကို နာမည်ပေးကာ မိဘအိမ်၌ အလိုရှိသလောက်နေပြီး ကုရရဃရမြို့ ပြန်သွားသည်။

ထိုအချိန် အရှင်မဟာကစ္စာနထေရ်သည် ကုရရဃရမြို့ ဥပဝတ္တတောင်၌ သီတင်းသုံးရာ ဆွမ်းအမ ကာဠီသဌေးကတော်အိမ် မပြတ်ကြွသဖြင့် သောဏသူကြွယ်နှင့် ချစ်ကျွမ်းဝင်ရကား သောဏကို တရားစကား များစွာဟောကြားခွင့်ရသည်။

မိမိအသား မိမိပြန်စားရသော ပြိတ္တာ

အခါတပါး သောဏသဌေးသားသည် လှည်းများဖြင့် ဥဇ္ဇေနီပြည် အရောင်းအဝယ် သွားရာ လမ်းခရီးအကြား တောအုပ်၌ လှည်းများစခန်းချနားကြသည်၊ သောဏသည် လူများသဖြင့် သင့်ရာသွားအိပ်နေစဉ် မိုးလင်း၍ လှည်းများထွက်သွားကြသော်လည်း မနိုးသဖြင့် သောဏ တဦးတည်း ကျန်နေသည်။

သောဏသည် မိုးလင်း၍ အိပ်ရာမှ ထကာ လှည်းများနောက် လိုက်သည်တွင် ပညောင်ပင်၌ စက်ဆုပ်ဖွယ် ယောက်ျားတယောက် မိမိ၏အရိုးများမှ ပြုတ်ကျသော အသားများကို စားနေသည်ကိုမြင်၍ မေးရာ “ကျွန်ုပ်သည် ရှေးက ဘာရုကစ္ဆမြို့သား စဉ်းလဲသောကုန်သည်ဖြစ်ခဲ့၍ သူတပါးဥစ္စာကို လှည့်ဖျားစားသောက်ခဲ့ပါသည်၊ ဆွမ်းခံကြွသော သံဃာများကိုလည်း ကိုယ့်အသားကိုယ်စားပါလားဟု ဆဲရေးခဲ့ပါသည်၊ ယင်းကံကြောင့် ယခုလို ပြိတ္တာဖြစ်ကာ ခံစားနေရပါသည်” ဟု လျှောက်ရာ သောဏသဌေးသား အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားသည်။

ဆဲရေးသည့်အတွက် သွေးနက်များယို

ခရီးဆက်သည်တွင် ခံတွင်းမှ သွေးနက်များ ယိုစီးနေသည့် ပြိတ္တာ ၂-ဦးကို တွေ့၍ မေးမြန်းရာ “ကျွန်ုပ်တို့သည် ရှေးက ဘာရုကစ္ဆမြို့သား ကုန်သည်များဖြစ်၍ မိခင်က ရဟန္တာများကို ပင့်ဖိတ် ဆွမ်းကပ်စဉ် ကျွန်တော်တို့ဥစ္စာကို ရဟန်းများအား ဘာ့ကြောင့်လှူရတာလဲ၊ မိခင်ဆွမ်းစားသော ရဟန်းများခံတွင်းမှ သွေးနက်များ ဆင်းပါစေဟု ဆဲမိသဖြင့် ငရဲကျပြီး ကံအကြွင်းမကုန်၍ ပြိတ္တာဖြစ်ရပါသည်” ဟု လျှောက်ရာ ဆထက်ထမ်းပိုး တိုး၍ ထိတ်လန့်တော့သည်။

သောဏသည် ဥဇ္ဇေနီပြည် ကုန်သွယ်ကိစ္စပြီး၍ ကုရရဃရမြို့ ပြန်ရောက်သော် အရှင်မဟာကစ္စာနထံသွား အကြောင်းစုံလျှောက်ထားရာ အရှင်မြတ်က သံသရာလည်ခြင်း၌

စာမျက်နှာ-93


အပြစ်၊ ပြတ်ခြင်း၌ အကျိုးကို ဟောတော်မူသဖြင့် မကြာမီ ရှင်ပြုပေးရန် တောင်းပန်တော့သည်။

အရှင်မြတ်သည် သောဏ၏ ဉာဏ် မရင့်သေးပုံကို သိမြင်သဖြင့် “တယောက်တည်း အိပ်ရ စားရသော မြတ်သော အကျင့်ကို အသက်ထက်ဆုံးကျင့်ရန် ခက်သည်၊ လူဝတ်ဖြင့်ပင် အခါအားလျော်စွာ အကျင့်မြတ်ကို ကျင့်ပါဦး” ဟု မိန့်တော်မူလိုက်သည်။ ဒုတိယအကြိမ် တောင်းပန်သောအခါလည်း အလားတူပင် တားတော်မူလိုက်သည်။

၁၀-ပါးသံဃာ ၃-နှစ်ကြာရ

တတိယအကြိမ်၌ကား သောဏဉာဏ်ရင့်လာပြီဖြစ်၍ ရှင်ပြုပေးလိုက်သည်၊ ရဟန်းခံကိစ္စကိုမူ သံဃာ ၁၀-ပါးရှိမှ ဆောင်ရွက်ခွင့်ရှိသဖြင့် သံဃာပြည့်အောင် ပင့်ဆောင်ရ၊ ပင့်ပြီးသံဃာအချို့ လည်း ကိစ္စအားလျော်စွာ ပြန်သွားကြသဖြင့် သံဃာ ၁၀-ပါး ၃-နှစ်ကျော်မှပြည့်၍ ရှင်သောဏ ကုဋိကဏ္ဏအား ရဟန်းခံပေးရသည်၊ (ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စာနမှာ တပါးတည်းသာနေခြင်း၊ မဇ္ဈိမတိုက်၌သာ သံဃာများ၍ အဝန္တိတိုင်းလို နေရာမျိုး၌ တရွာ တပါး၊ တနိဂုံး ၂-ပါး စသည်ဖြင့် သံဃာ ပါးလှခြင်းကြောင့် ၃-နှစ်မျှ သံဃာ ၁၀-ပါး စုဝေးမိရန် အချိန်ကြာသွားသည်။)

အရှင်သောဏသည် ရဟန်းဖြစ်ပြီး မကြာမီ ရဟန္တာဖြစ်ကာ အရှင်မဟာကစ္စာနထံ သုတ္တနိပါတ် သင်ယူသည်၊ ဝါကျွတ်၍ ပဝါရဏာပြုပြီး ဘုရားရှင်ကို ဖူးလိုကြောင်း ဆရာအား ပန်ကြားရာ “သင်သွားလျှင် ဘုရားရှင်က သင့်ကို ဂန္ဓကုဋီမှာအတူနေစေပြီး တရားဟောဖို့ တိုက်တွန်းလိမ့်မည်၊ သင့်တရားကြည်ညိုပြီး ဆုပေးလိမ့်မည်၊ ဤဆုဤဆုများယူကာ ငါ့စကားဖြင့် ဘုရားရှင်၏ ခြေတော်တို့ကို ငါ့ကိုယ်စား သင်ရှိခိုးပါ” ဟု မှာကာ ခွင့်ပြုတော်မူသည်။

အရှင်သောဏသည် ဥပဇ္ဈာယ်ထံမှခွာပြီး မိခင်အိမ်ကြွ ပြောပြသောအခါ မိခင်ကလည်း “သား ဘုရားဖူးသွားလျှင် ဤကမ္ဗလာယူပြီး ဘုရားရှင် ဂန္ဓကုဋီတိုက်တွင် မြေအခင်း ခင်းလှူခဲ့ပါ” ဟု မှာကြား၍ ကမ္ဗလာအဝတ်ကို ကပ်လိုက်သည်။

ဘုရားထံမှ အထူးအခွင့်အရေးရသော အရှင်သောဏ

ဇေတဝန်ကျောင်း၌ ဘုရားရှင်သီတင်းသုံးစဉ် ရောက်လာသောအရှင်သောဏအား ဘုရားရှင်က ပဋိသန္တာရပြုပြီးလျှင် အရှင်အာနန္ဒာကို “ဤရဟန်းအတွက် ကျောင်း အိပ်ရာ နေရာကို စီစဉ်လော့” ဟု မိန့်ရာ ဘုရားရှင်၏ အလိုကို သိသော အရှင်အာနန္ဒာသည် ဂန္ဓကုဋီအတွင်း၌ပင် နေရာခင်းပေးသည်။

စာမျက်နှာ-94


ဧည့်သည်ရဟန်းနှင့် ဘုရားရှင် တကျောင်းတည်း နေတော်မူလိုလျှင် နေရာပေးဖို့ အထူးမိန့်ကြားသည်၊ သို့မဟုတ်လျှင် မမိန့်ကြားပါ၊ အရှင်အာနန္ဒာစသော တာဝန်ရှိပုဂ္ဂိုလ်များက သင့်ရာ၌ နေရာချပေးသည်။

မြတ်စွာဘုရားသည် များစွာသောအခါ လွင်တီးခေါင်၌ သမာပတ်ဝင်စားပြီးမှ ဂန္ဓကုဋီတိုက်တော်တွင်း ဝင်သလို အရှင်သောဏလည်း ဖလသမာပတ် ဝင်စားပြီးမှ ဂန္ဓကုဋီတိုက်တွင်းဝင်ပြီး သင်္ကန်းကပ်လျက် ဘုရားခြေတော်ရင်း ထိုင်နေခြင်းဖြင့် အချိန်ကုန်စေသည်။

ဘုရားရှင်သည် ပစ္ဆိမယံ၌ သတိသမ္ပဇဉ်ဖြင့် လက်ယာနံတောင်း လျောင်းစက်ပြီး မိုးသောက်ခါနီးဝယ် ထထိုင်တော်မူကာ “ဤအချိန်လောက်ဆိုလျှင် သောဏ ပင်ပန်းမှု ပျောက်လောက်ပြီ” ဟု သိတော်မူရကား “ရွတ်ဆိုဖို့တရားသည် သင်ချစ်သား ဉာဏ်၌ ထင်စေလော့” ဟု သောဏအား တိုက်တွန်းတော်မူသည်။

အရှင်သောဏသည် ချိုမြိန်သောအသံဖြင့် အက္ခရာတလုံးမျှ မချွတ်စေဘဲ သုတ္တနိပါတ် အဋ္ဌကဝဂ် ကာမသုတ္တန်စသော ၁၆-သုတ်တို့ကို ရွတ်ဆိုသည်၊ ပြီးဆုံးသောအခါ ဘုရားရှင်သည် ကောင်းချီးပေးတော်မူ၍ “ချစ်သား၊ သင်သည် တရားတော်ကို ကောင်းစွာ သင်ထားပေ၏၊ ငါဘုရားဟောစဉ်ကနှင့် ယခု ဒေသနာ တထပ်တည်းကျသည်၊ ဘာမျှ အယုတ်အလွန်မရှိ” ဟု ကြည်ညိုသည့်အဖြစ် ပြတော်မူသည်။ အရှင်သောဏသည် “ယခုအခါ ငါ့ဆရာမှာလိုက်သော စကား လျှောက်ထားချိန်တန်ပြီ” ဟု မှတ်ထင်ကာ “မြတ်စွာဘုရား၊ တပည့်တော်၏ ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စာနသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါသည်။ ဤသို့လည်း လျှောက်ထားပါသေးသည်။”

သံဃာ့စီးပွား လျှောက်ထားမြော်မြင် ကစ္စာနအရှင်

မြတ်စွာဘုရား၊ အဝန္တိတောင်ပိုင်းနယ်သည် ရဟန်းနည်း၍ ၃-နှစ်ကျော်စုမှ ခက်ခဲစွာ သံဃာတကျိပ်ရကာ တပည့်တော် ရဟန်းဖြစ်ရပါသည်၊ ထိုနယ်၌ တကျိပ်အောက်နည်းသောဂိုဏ်းဖြင့် ရဟန်းခံခွင့် ပြုတော်မူမည်လည်း မသိ၊

၂။ မြတ်စွာဘုရား၊ အဝန္တိတိုင်း နယ်မြေသည် ကြမ်းတမ်းပါ၏၊ ထိုနယ်မြေ၌ အထပ်များသော ဖိနပ်ကို ခွင့်ပြုတော်မူမည်လည်း မသိ၊

၃။ မြတ်စွာဘုရား၊ အဝန္တိတိုင်းနယ်၌ လူများရေချိုးခြင်းကို အလေးပြုကြပါ၏၊ ရေဖြင့် စင်ကြယ်သည်ဟူ၍လည်း ယူဆပါသည်၊ ထိုနယ်၌ မပြတ်နေ့စဉ် ရေချိုးခြင်းကို ခွင့်ပြုတော်မူမည်လည်း မသိ၊

စာမျက်နှာ-95


၄။ မြတ်စွာဘုရား၊ အဝန္တိတိုင်း တောင်ပိုင်းနယ်၌ သိုး ဆိတ် သမင်ရေများကို ခင်းကြပါ၏၊ မဇ္ဈိမတိုင်း ဇနပုဒ်တို့၌ ပြိတ်မြက် မြားမြက် သင်ပြက် ပိတ်ထည် မြက်ဖျာများ ခင်းကြသလို ထိုနယ်၌ သားရေ ၃-မျိုး ခင်းကြပါသည်။ ထိုသားရေအခင်း ၃-မျိုးကို ခွင့်ပြုတော်မူမည်လည်း မသိ၊

၅။ မြတ်စွာဘုရား၊ ယခုအခါ လူတို့သည် သိမ်ပရောဂရောက်နေသော ရဟန်းများအား “ဤရဟန်းအား ဤသင်္ကန်း လှူကြပါ၏” ဟု လျှောက်ပြီး သင်္ကန်းလှူကြရာ အလျှောက်ခံရသော သီတင်းသုံးဘော် ရဟန်းတို့သည် အလှူခံကြရမည့် ရဟန်းများထံလာပြီး “ငါ့ရှင်၊ ဤလူများက သင်္ကန်းလှူကြသည်” ဟု ပြောပြကြပါကုန်၏၊ ထိုအခါ သင်္ကန်းလှူခံကြရမည့် ရဟန်းများသည် ငါတို့အဖို့ စွန့်ခြင်းဝိနည်းကံ မဖြစ်ပါစေလင့်ဟု အောက်မေ့ကြကာ “မအပ်” ဟု သံသယရှိကြပြီး မခံယူကြပါ၊ မြတ်စွာဘုရားသည် သင်္ကန်း၌အပ်သော ပရိယာယ်ကို ဟောကြားတော်မူမည်လည်း မသိ—ဟု လျှောက်ထားလိုက်ပါသည် ဘုရား” ဟု လျှောက်တော့သည်။

အချိန်မရွေး ရေချိုးနိုင်ခြင်းစသော အခွင့်ထူးများ

ထိုအခါ မြတ်စွာဘုရားသည် ယင်းအကြောင်းအရာများကြောင့် တရားစကား မိန့်ကြားပြီး အောက်ပါအခွင့် ၅-မျိုးကို ခွင့်ပြုတော်မူသည်။

၁။ အလုံးစုံသော ပစ္စန္တရစ် ဇနပုဒ်များ၌ ဝိနည်းဓိုရ်အပါအဝင် ၅-ပါးမြောက်သော ဂိုဏ်းသံဃာဖြင့် ရဟန်းခံနိုင်ခွင့်၊

၂။ အလုံးစုံသော ဇနပုဒ်တို့၌ အထပ်များသောဖိနပ် စီးနိုင်ခွင့်၊
၃။ အလုံးစုံသော ဇနပုဒ်တို့၌ မပြတ်ရက်ဆက် ရေချိုးနိုင်ခွင့်၊

၄။ အလုံးစုံသော ဇနပုဒ်တို့၌ သိုး ဆိတ် သမင်ရေ ဟူသော သားရေအခင်း ၃-မျိုး သုံးစွဲနိုင်ခွင့်၊

၅။ လူအများက ဥပစာရ သိမ်ပရောဂရောက်နေသော ရဟန်းများအား “ဤရဟန်းအား ဤသင်္ကန်း လှူကြပါ၏” ဟု လျှောက်ပြီး သင်္ကန်းလှူကြလျှင် လက်သို့ မရောက်သေးသမျှ အဓိဋ္ဌာန်တင်ရမည့် အရေအတွက်သို့ မရောက်သောကြောင့် ထိုသင်္ကန်းကို ခံယူနိုင်ခွင့်ရှိသည်ဟူသော ဤ ၅-မျိုးဖြစ်သည်။

အရှင်သောဏသည် မိခင်ဒါယိကာမကြီး၏ အမှာအရ ကမ္ဗလာထည်ကို ဘုရားရှင် ဂန္ဓကုဋီတိုက် မြေအခင်းပြုလုပ်ရန် လှူဒါန်းပြီး မိမိနေရာ အဝန္တိတိုင်း ကုရရရမြို့ ဥပဝတ္တတောင်ကျောင်း ပြန်ကြွကာ ဥပဇ္ဈာယ်ဆရာအား အကြောင်းစုံလျှောက်ထားသည်။

စာမျက်နှာ-96


ဘုရားရှင်အား တရားဟောခဲ့ရသော အရှင်သောဏတရားပွဲကြီး
နောက်နေ့ မယ်တော် ကာဠီဒါယိကာမကြီး အိမ်ကြွပြီး ဆွမ်းဘုဉ်းပေးပြီးလတ်သော် မယ်တော်၏ မေးလျှောက်ချက်အရ ဘုရားရှင်ကို ဖူးခဲ့ရ၍ မယ်တော်စကားဖြင့် ဘုရားကို မယ်တော်ကိုယ်စား ရှိခိုးပြီး ကမ္ဗလာထည်ကိုလည်း သားတော်ကိုယ်တိုင် ဂန္ဓကုဋီတိုက်တွင်း မြေအခင်းခင်းထားခဲ့ကြောင်း မိန့်ကြားသည်။

“သားက ဘုရားရှင်အား တရားစကားလျှောက်ထားတော့ ဘုရားရှင်လည်း သားတော်အား ကောင်းချီးပေးသည်” ဟု ကြားရကြောင်း မယ်တော်က လျှောက်ထားရာ “ဤအကြောင်းအရာများကို မယ်တော်ဘယ်နည်းနှင့် သိပါသလဲ” ဟု ထပ်ဆင့်မေးခွန်း မေးသဖြင့် “သားအား ဘုရားရှင်က ကောင်းချီးပေးသောနေ့မှာ စကြဝဠာတိုက်တသောင်းရှိ နတ်ဗြဟ္မာများလည်း ကောင်းချီးပေးကြသည်ဟု မယ်တော်အိမ်စောင့်နတ်က မယ်တော်ကို ပြောကြားသည်” ဟု ဖြေဆိုပြီး ဘုရားရှင်အား လျှောက်ထားခဲ့သော တရားကို မယ်တော်အားလည်း ပြန်ဟောရန် တောင်းပန်သည်။ ဆိတ်ဆိတ်နေသဖြင့် လက်ခံကြောင်းကိုသိသော မယ်တော် ကာဠီသဌေးကတော်သည် မိမိအိမ်တံခါးဝ၌ မဏ္ဍပ်ကြီးဆောက်လုပ်စေပြီး သားတော်၏ဓမ္မသဘင်ကို ခမ်းနားစွာ ဆင်ယင်ကျင်းပသည်။

၁၀။ လာဘ်များသူ ရဟန်းတို့တွင် သီဝလိသည် အမြတ်ဆုံး။

သူရှုံးငါနိုင် အပြိုင်ဆင်နွှဲ ဒါနပွဲ

ပဒုမုတ္တရဘုရားလက်ထက် ယင်းဧတဒဂ်ရ ရဟန်းတပါး အားကျပြီး ၇-ရက် ကောင်းမှုပြု၊ ယင်းဆုတောင်း၊ ဗျာဒိတ်ရသည်။ အရှင်မြတ်အလောင်းသည် ဝိပဿီဘုရားလက်ထက် ဗန္ဓုမတီမြို့နယ် တောရွာသားတဦး ဖြစ်လာသည်။

အချိန်ကား ဗန္ဓုမတီ ပြည်သူများနှင့် ဗန္ဓုမမင်းကြီးတို့ အပြိုင်အဆိုင် ဝိပဿီဘုရားရှင်အား လှူဒါန်းနေကြရာ ပြည်သူများ၏အလှည့်၌ ပျားနှင့် နွားနို့ခဲမရနိုင်ဘဲ ရှိနေကြသည်။ “ရရာမှယူကြမှာပဲ” ဟု ကြံကာ နယ်မှ မြို့ဝင်လမ်း၌ အစောင့်ယောက်ျား လွှတ်ထားကြသည်။ သီဝလိအလောင်း အမျိုးကောင်းသားသည် မိမိရွာမှ နွားနို့ခဲယူလာပြီး “တစုံတခု ရရာကို လဲလှယ်ယူမည်” ဟု ကြံ၍ မြို့သို့ဝင်ခါနီး မျက်နှာသစ်၊ လက် ခြေ ဆေးပြီးမှ ဝင်မည်ရည်ရွယ်ကာ ရေချမ်းသာရာ အရပ်ကိုကြည့်လတ်သော် ထွန်တုံးဦးမှ ပမာဏရှိသော ပျားကောင်မရှိသည့် ပျားတံကြီးကိုတွေ့လေလျှင် “ငါ့ကုသိုလ်ကြောင့် ဖြစ်တာပဲ” ဟု ယူပြီး မြို့ဝင်သည်၊ အစောင့်ယောက်ျားက “မည်သူ့ဖို့ယူလာသလဲ” ဟု မေးရာ ရောင်းဖို့ယူလာကြောင်း ပြောသဖြင့် တကျပ်ပေး၍ ပျားနှင့် နွားနို့ခဲကို ဝယ်သည်။

စာမျက်နှာ-97


ဟန်ကိုကြည့်၍ ဉာဏ်ရှိသူ သိနိုင်သည်

“တန်ဖိုးမထိုက်သော ဤပစ္စည်းကို ပထမအကြိမ်မှာပင် အဖိုးများစွာပေးဝယ်သည်၊ စုံစမ်းသင့်သည်” ဟု ကြံပြီး တကျပ်နှင့် မရောင်းနိုင်ကြောင်း ပြောသည်၊ နှစ်ကျပ်၊ လေးကျပ် စသည်တိုးပေး၍ ၁ဝဝဝိ ရောက်လာသောအခါ “အချိန်ဆွဲ၍မသင့်၊ ဤယောက်ျား၏ ပြုဖွယ်ကိစ္စမေးမှပဲ” ဟု ကြံကာ “အဖိုးမတန်ဘဲ ဤမျှပေးတာ ဘာ့ကြောင့်ပါလဲ” ဟု မေးရာ မင်းနှင့်ပြည်သူ ဒါနအပြိုင်လှူပုံများနှင့် နွားနို့ခဲမပါလျှင် ပြည်သူများရှုံးမှာဖြစ်၍ ၁ဝဝဝိ ပေးဝယ်ရပုံ ပြောပြသည်။

ဤ ၂-မျိုးကို ပြည်သူမှတပါး အခြားသူ လှူနိုင် မလှူနိုင်မေးရာ မည်သူမဆို လှူနိုင်ကြောင်းပြောပြသည်၊ ပြည်သူ့အလှူမှာ တနေ့တည်း ၁ဝဝဝိ လှူသူ ရှိ မရှိမေးပြန်ရာ မရှိကြောင်းပြောသဖြင့် “ဤပစ္စည်း ၂-မျိုး ၁ဝဝဝိ တန်ပုံ သင်အသိပဲ၊ ပြည်သူများ သွားပြောပြပါ၊ ဤပစ္စည်း ၂-မျိုးကို တန်ဖိုးဖြင့် မပေးပါ၊ ကိုယ်ထိလက်ရောက်လှူလိုပါသည်၊ ဤပစ္စည်း ၂-မျိုးအတွက် ကြောင့်ကြမဲ့သာ နေကြပါ” ဟု ပြောပြပါလေ “ဤအလှူပွဲ၌ အဖိုးတန်ပစ္စည်းလှူသူ ကျွန်ုပ်ဖြစ်ကြောင်း သင်ကိုယ်တိုင် သက်သေခံသူဖြစ်ပါစေ” ဟု ပြောသည်။

ကုသိုလ်ကား အရင်းနည်းသော်လည်း အမြတ်ကြီးသည်

သီဝလိအလောင်းရွာသားသည် ရိက္ခာဖို့ရာ ယူလာသော ဥစ္စာထဲမှ အစပ် ၅-မျိုးဝယ်ပြီး အမှုန့်ကြိတ်သည်၊ နွားနို့ခဲမှ ဒိန်ရည်ကို စစ်ယူပြီး ထိုဒိန်ရည်၌ ပျားလပို့ကို ညှစ်ချ၍ အစပ် ၅-ပါး အမှုန့်များနှင့်ရောကာ ပဒုမ္မာကြာရွက်တခု၌ ထားလိုက်၍ ထိုကြာရွက်ကို စည်းစည်းလုံးလုံး ကိုင်ဆောင်ယူလာပြီး ဘုရားရှင်နှင့် မနီးမဝေးနေရာ၌ လှူဖို့ရာ မိမိအလှည့်ကြည့်နေသည်။

အခွင့်ရသည်ကို သိသည်နှင့်တပြိုင်နက် ဘုရားရှင်အနီးသွားပြီး “ဤလှူဖွယ်ကား တပည့်တော်၏ ဆင်းရဲသားလက်ဆောင်ပါဘုရား၊ သနားသဖြင့် အလှူခံတော်မူပါ” ဟု လျှောက်ပြီးလှူသည်။ ဘုရားရှင်သည် စတုမဟာရာဇ်နတ်မင်းကြီးများ လှူသော ကျောက်သပိတ်ဖြင့်အလှူခံပြီး ထိုလှူဖွယ်ကို သံဃာ ၆-သန်း ၈-သိန်း လှူမကုန်အောင် အဓိဋ္ဌာန်တော်မူသည်။

အရှင်သီဝလိအလောင်းသည် “အရှင်ဘုရားတို့အား ယနေ့ တပည့်တော် ပြုအပ်ဆောင်နှင်းအပ်သော ကုသိုလ်အရပ်ရပ်ကို ဗန္ဓုမတီ ပြည်သူအပေါင်းတို့ မျက်မြင်ပါဘုရား၊ ဤကောင်းမှုကြောင့် ဖြစ်လေရာဘဝ၌ လာဘ်လာဘ အခြံအရံ အကျော်အစော အထွတ်အထိပ်ရောက်သူ ဖြစ်ပါစေသား” ဟု ဆုတောင်းသည်။

စာမျက်နှာ-98


သီဝလိသန္ဓေ တည်လာချိန်ဝယ် အံ့ဩဖွယ်

အရှင်မြတ်အလောင်းသည် ငါတို့ဘုရားလက်ထက် ကောလိယသာကီဝင်မင်းမျိုး သုပ္ပဝါသာမင်းသမီးဝမ်း၌ သန္ဓေတည်လာသည်၊ ယင်းအချိန်မှစ၍ ရာပေါင်းများစွာ လက်ဆောင်ပဏ္ဏာများ ညဉ့်နံနက်ဆက်ကာ ရောက်လာကြသည်၊ သုပ္ပဝါသာမှာ အရာရာ ရှေးကထက် ပြည့်စုံတော့သည်။

မင်းသမီးဘုန်းကံစုံစမ်းရန် ဆွေမျိုးများက မင်းသမီးလက်ဖြင့် ထိထားသော မျိုးစေ့တောင်းကို ကြဲချသောအခါ မျိုးစေ့တစေ့မှ အပင်ရာထောင် ပေါက်လာကြသည်၊ တပယ်ကျယ်သောလယ်မြေမှ လှည်းအစီး ၅၀၊ ၆၀ တိုက် စပါးများထွက်ကြသည်။ စပါးကျီတံခါးကို မင်းသမီးလက်ဖြင့် ထိထားရာ စပါးများ ယူမကုန်ဘဲ ပြန်ပြည့်သည်၊ မင်းသမီးဘုန်းကံဟုဆိုကာ ထမင်းအိုးနှိုက်ကာ လာသမျှပေးသော်လည်း ထမင်းမကုန်တော့ပေ။ သီဝလိကိုယ်ဝန်ကား ၇-နှစ် ရှိလာပေပြီ။

ဒုက္ခကြုံလျှင် ရတနာ ၃-စုံသာ အာရုံဖြစ်သင့်သည်

ကိုယ်ဝန်ရင့်လတ်သော် ၇-ရက် ဆင်းရဲကြီးစွာခံစားရသော မင်းသမီးသည်—

၁။ သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ယော ဣမဿ ဧရူပဿ ဒုက္ခဿ ပဟာနာယ ဓမ္မံ ဒေသေသိ - ငါတို့ ကိုးစား အကြင်ဘုရားသည် ဤသဘောမျိုး ဒုက္ခဆိုးကို ပယ်ချိုးဖို့ရာ အမတာ ရေအေး တိုက်ကျွေးတော်မူပေ၏၊ ငါတို့ကိုးစား ထိုဘုရားသည် တရားအပုံ အလုံးစုံကို အကုန်သိမြင် ဉာဏ်တော်ရှင်စင်စစ် ဖြစ်တော်မူပါပေစွတကား။

၂။ သုပ္ပဋိပန္နော ဝတ တဿ ဘဂဝတော သာဝကသံဃော၊ ယော ဣမဿ ဧရူပဿ ဒုက္ခဿ ပဟာနာယ ပဋိပန္နော - ငါတို့ကိုးစား အကြင်ဘုရားသည် ဤသဘောမျိုး ဒုက္ခဆိုးကို ပယ်ချိုးဖို့ရာ ကောင်းစွာမသွေ ကျင့်တော်မူပါပေ၏၊ ငါတို့ကိုးစား ထိုဘုရား၏ တပည့်သားဖြစ်လာ မြတ်သံဃာသည် သုံးပါးသိက္ခာ သာသနာကို ကောင်းစွာမသွေ ကျင့်တော်မူပါပေစွတကား။

၃။ သုသုခံ ဝတ တံ နိဗ္ဗာနံ၊ ယတ္ထ ဧရူပံ ဒုက္ခ န သံဝိဇ္ဇတိ - နိဗ္ဗာန် သတ်မှတ် အကြင်ဓာတ်၌ ဤကဲ့သို့သော ဒုက္ခဆိုးသည် တစိုးတစိ မရှိပါပေ။ ထိုနိဗ္ဗာန်ဓာတ် တရားမြတ်သာ ချမ်းသာစစ်မှန် ဧကန်မသွေ ဖြစ်ပါပေစွတကား - ဟု ဘုရားရှင်ဂုဏ်၊ သံဃဂုဏ်၊ နိဗ္ဗာန်ဂုဏ်နှင့်စပ်သော ဂါထာများရွတ်ဆိုကာ သည်းခံနေရှာသည်၊ (ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း ဒုက္ခလာလျှင် ဤဂုဏ် ၃-မျိုးကို ပွားများသင့်သည်)။

စာမျက်နှာ-99


သူတော်ကောင်းမှန်က ဒါနကောင်းမှု အားပြုသည်

သုပ္ပဝါသာမင်းသမီးသည် ကြင်ရာတော် ကောလိယမင်းသားကို ခေါ်၍ “အသက်ရှင်စဉ် ဒါနပြုလိုပါသည်၊ ဘုရားထံသွား၊ ဤအကြောင်း လျှောက်ထား၊ ဘုရားပင့်ပေးပါ၊ ဘုရားမိန့်သမျှကိုလည်း ကောင်းစွာမှတ်သား နှမတော်အား ပြန်ပြောပါ” ဟု မှာထားလွှတ်လိုက်သည်။

ဘုရားရှင်က “ကောလိယမင်းသမီး သုပ္ပဝါသာ၊ ရောဂါမရှိ ချမ်းသာစေသတည်း၊ ရောဂါမရှိ ချမ်းသာလျက် ရောဂါကင်းသောသားကို ဖွားစေသတည်း” ဟု မိန့်တော်မူသည်၊ ဘုရားရှင် မိန့်တော်မူသည်နှင့် တပြိုင်နက် (ကြင်ရာတော် မင်းသား ပြန်မရောက်မီပင်) သုပ္ပဝါသာမင်းသမီးသည် ဓမ္မကရိုဏ်ရေစစ်မှ ရေကျသလို ချမ်းသာစွာ သားဖွားတော့သည်။

လူနာစောင့် ပရိသတ်များ ငိုရာမှပြုံးရွှင်ကြပြီး ကောလိယမင်းသားအား သားဖွားသတင်း လျှောက်တင်ရန်သွားကြသည်၊ ကောလိယမင်းသည် သတင်းပို့သူများအမူအရာ မြင်စဉ်ကပင် “ဘုရားရှင်အမိန့်စကား ပြီးသွားပြီထင်ရဲ့” ဟု ကြံစည်ပြီး မင်းသမီးထံလာ ဘုရားရှင်၏အမှာကိုလည်း ပြောကြားလိုက်သည်။

မင်းသမီးက “အရှင့်သား၊ ပင့်လျှောက်ခဲ့သော အသက်ရှင်ဆွမ်းသည်ပင် မင်္ဂလာဆွမ်းဖြစ်ပါလိမ့်မည်၊ တဖန်ပြန်သွားကာ ၇-ရက်လုံးအတွက် ပင့်ချေပါ” ဟု စေလွှတ်ပြန်သည်။

ဖွားမြင်ပြီးစ သီဝလိပုတ္တ၏ ဆွေမျိုးအားလုံး၏ ပူပန်စိတ်ကို ငြိမ်းစေပြီး ဖွားမြင်လာသူ အလုပ်ကိစ္စများဖြစ်၍ သီဝလိဟု အမည် ပေးကြသည်။ သီဝလိကား (အများလို ၁၀-လဖွားမဟုတ်) ၇-နှစ်ဖွားဖြစ်၍ ၇ နှစ်သားများအလုပ် အားလုံးလုပ်နိုင်ရကား ဖွားသည့်နေ့မှစ၍ ၇-ရက်ဆွမ်းကျွေး အလှူ၌ သံဃာတော်များအား ရေစစ်ပြီး ဆက်ကပ်သည်။

ရှင်သာရိပုတ္တရာသည် ၇-ရက်မြောက်နေ့၌ သီဝလိအား “သင် ဤမျှ ၇-နှစ်ပတ်လုံး ပဋိသန္ဓေဒုက္ခ ခံစားရလျှင် ရဟန်းမပြုသင့်ဘူးလား” ဟု မိန့်ရာ “အခွင့်ရလျှင် ပြုချင်ပါသည်” ဟု ပြန်လျှောက်သည်။

ဖွားမြင်စသာသာ ထိုအကြောင်း မိခင် သုပ္ပဝါသာမင်းသမီးသိသဖြင့် ခွင့်ပြုရာ ရဟန်းဖြစ်လာသည်။ အရှင်သာရိပုတ္တရာသည် သီဝလိကို ကျောင်းခေါ်သွားကာ တစပဉ္စက ကမ္မဋ္ဌာန်းပေးပြီး ရှင်ပြုဖို့ ဆံရိတ်ခါနီးတွင် “သီဝလိ၊ သင့်အား တခြား ဩဝါဒပေးရန်မလို၊ ၇-နှစ်ပတ်လုံး ခံစားခဲ့ရသော ဒုက္ခကိုပင် ဆင်ခြင်ပါ” ဟု မိန့်ရာ သီဝလိက “ရှင်ပြုပေးခြင်းသည်သာ အရှင်ဘုရားတို့တာဝန်ပါ၊

စာမျက်နှာ-100


တပည့်တော် ပြုစွမ်းနိုင်သမျှ တရားနှလုံးသွင်း ပွားများခြင်းကို တပည့်တော်သည်ပင် ဆင်ခြင်စဉ်းစား ပွားများပါမည် ဘုရား” ဟု အရှင်သာရိပုတ္တရာအား ပြန်လည် လျှောက်သည်။

သီဝလိကား ပထမ ဆံဝန်း စိတ်ချလိုက်စဉ် သောတာပန်၊ ဒုတိယ ဆံဝန်း၌ သကဒါဂါမ်၊ တတိယ ဆံဝန်း၌ အနာဂါမ်ဖြစ်ပြီး ဆံအားလုံး ရိတ်ချပြီးသည်နှင့် တပြိုင်နက် အရဟတ္တဖိုလ် မျက်မှောက်ပြု ရဟန္တာဖြစ်သွားသည်။

ရှင်သီဝလိ ရှင်ရဟန်းဖြစ်သော နေ့မှစ၍ သံဃာတော်များအတွက် ပစ္စည်း ၄-ပါး လိုသမျှ ရကြသည်၊ အရှင်သီဝလိ ဝတ္ထုကား ကုဏ္ဍိကာမြို့၌ ဖြစ်သည်။

ဒုက္ခရောက်ကြောင်း သားအမိ ၂-ဦး၏ ရှေးကံဟောင်း

အရှင်မြတ်သားအမိကား ဗာရာဏသီမင်း၏ မိဖုရားနှင့် သားတော်ဖြစ်စဉ် ကောသလမင်းက တိုက်ခိုက်ပြီး မိဖုရားကြီးကို သိမ်းပိုက်ကာ မိဖုရားကြီးရာထူး၌ပင်ထားသည်၊ သားတော်ကား ရေထုတ်ပြွန်မှ ထွက်ပြေးပြီး စစ်သည်စုရုံးကာ ဗာရာဏသီပြည်ပြန်လာပြီး “ထီးနန်းပြန်အပ်ရန်၊ သို့မဟုတ် စစ်တိုက်ရန် ကြိုက်ရာရွေးဖို့” ရာဇသံ ပေးလိုက်သည်။

စစ်တိုက်လျှင် လူများဆင်းရဲမည်၊ မြို့ကိုသာပိတ်ဆို့ပြီး ဝန်းရံတားရန်၊ မြို့တွင်းမှာရှိနေသော မယ်တော်က သားအား အကြံပေးရာ ယင်းအကြံအတိုင်း မြို့တံခါးမကြီး ၄-ပေါက်ကို အဝင်အထွက်မရှိ ပိတ်ဆို့လိုက်သည်၊ သို့သော် မြို့သားများတံခါးငယ်များမှ ထွက်ဝင်ပြုကာ မြက်၊ ထင်း ရိက္ခာသွင်းကြသဖြင့် ၇-နှစ် ကြာသော်လည်း အကြောင်းမထူး၍ မယ်တော် အကြံပေးချက်အရ တံခါးငယ်များကိုပါ ပိတ်လိုက်ပြန်သည်။

၇-ရက်ကြာသော် မြို့သားများအနေကြပ်သဖြင့် ကောသလမင်း ဦးခေါင်းဖြတ်၍ မင်းသားအား ဆက်သည်၊ မင်းသားသည် မြို့တွင်းဝင် မင်းပြုတော့သည်၊ ယင်းအကုသိုလ်ကြောင့် အရှင်မြတ်သားအမိ ၇-နှစ် ကိုယ်ဝန်ဆောင်ရ၊ အမိဝမ်းအောင်း နေရပြီး မယ်တော်မှာ ၇-ရက် မိန်းမောတွေဝေရခြင်းဒုက္ခ ခံရသည်။

တောတောင်သမုဒ္ဒရာ သွားလေရာမှာ လှူဒါန်းကြသည်

ဘုရားရှင်သည် သာဝတ္ထိမြို့ရောက်သောအခါ အရှင်သီဝလိက “သူ့ဘုန်းကံ လက်တွေ့စုံစမ်းချင်၍ သံဃာ ၅၀၀ အဖော်ပေးပါ” ဟု လျှောက်တောင်းပြီး ဟိမဝန္တာ ရှေးရှု တောလမ်းခရီး ကြွတော်မူသည်၊ အရှင်သီဝလိအား—

၁။ ပထမခရီး ပညောင်ပင်စောင့်နတ်မင်းက ၇-ရက်ကြာ ဒါနပြုသည်၊ ဤနည်းဖြင့် အရှင်သီဝလိသည် ၂။ ပဏ္ဍဝတောင်၊ ၃။ အစီရဝတီမြစ်၊ ၄။

စာမျက်နှာ-101


ဝရသာဂရသမုဒ္ဒရာ၊ ၅။ ဟိမဝန္တာတောင်၊ ၆။ ဆဒ္ဒန်အိုင်၊ ၇။ ဂန္ဓမာဒနတောင်၊ ၈။ အရှင်ရေဝတ နေရာသို့ကြွရာ နေရာအားလုံး၌ ၇-ရက်စီ ဆိုင်ရာနတ်များက ဒါနပြုကြသည်။

ဂန္ဓမာဒနတောင်၌ကား နာဂဒတ္တနတ်မင်းက နွားနို့ဆွမ်းတရက်၊ ထောပတ်ဆွမ်းတရက်၊ တလှည့်စီ ၇-ရက်လှူရာ သံဃာတော်များက “နွားနို့ရအောင် နို့ညှစ်ခြင်း၊ ထောပတ်ဖြစ်အောင် နှိပ်နယ်ခြင်းများ ဘာမျှမတွေ့ရပါဘဲလျက် ဘယ်ကောင်းမှုကြောင့် ဤဆွမ်းများ ဖြစ်နေသလဲ” ဟု မေးရာ နတ်မင်းက “ကဿပဘုရားလက်ထက်က စာရေးတံနွားနို့ဆွမ်း လှူဒါန်းခြင်း၏ အကျိုးပါ ဘုရား” ဟု လျှောက်ထားသည်။

ရှားတောကျောင်းနေ အရှင်ရေဝတထံ ဘုရားရှင်နှင့် သံဃာတော်များကြွရာ တောတွင်း၌ နတ်များက အရှင်သီဝလိကို အမှူးထား၍ ၇-ရက်လှူကြသည်ကို အကြောင်းပြုပြီး ဧတဒဂ်ရတော်မူသည်။

၁၁။ သဒ္ဓါတရားအားကြီးသူ ရဟန်းတို့တွင် ဝက္ကလိသည် အမြတ်ဆုံး။

နိဗ္ဗာန်မလိုချင် ဘုရားကိုသာ ဖူးနေချင်

ပဒုမုတ္တရဘုရားလက်ထက် ယင်းဧတဒဂ်ရ ရဟန်းတပါးအားကျ၍ ၇-ရက် ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်၊ ငါတို့ဘုရားလက်ထက် သာဝတ္ထိပြည် ပုဏ္ဏားမျိုး၌ ဖြစ်၍ ဝက္ကလိအမည်ရကာ ဗေဒင် ၃-ပုံ တတ်ကျွမ်းသည်။

ခြံရံပြီး သာဝတ္ထိလာသော ဘုရားရှင်ကို ဖူးမြင်ရလျှင် ရူပကာယ အသရေတော်အပေါ် ဖူးမဝဖြစ်ကာ ကျောင်းတော်ထိ လိုက်သွားသည်၊ ဘုရားရှင် တရားဟောလျှင်လည်း ရှေ့တည့်တည့်ကမှ တရားနာသည်၊ ဘုရားကို အမြဲဖူးနေရအောင် ရဟန်းပြုပြီး ဆွမ်းချိန်ထား၍ ကျန်အချိန်များ၌ ဘုရားရှင်ကို မြင်လောက်ရာနေရာ၌ နေပြီး ဖူးနေတော့သည်၊ စာသင်ခြင်း တရားအားထုတ်ခြင်း ဘာမျှ မပြုလုပ်ပါ။

မြတ်စွာဘုရားသည် ဝက္ကလိဉာဏ်ရင့်အောင် ဆိုင်းပြီး အချိန်အတော်ကြာ ဘာမျှ မိန့်တော်မမူသော်လည်း “တရားသိဖို့ ဉာဏ်ရင့်လာပြီ” ဟု သိတော်မူလတ်သော် “ဝက္ကလိ၊ ဤကိုယ်ပုပ်ကို ကြည့်နေသဖြင့် သင့်မှာ ဘာအကျိုးရှိမှာလဲ၊ ဝက္ကလိ၊ တရားမြင်သူသည် ငါဘုရားကို မြင်သည်မည်၏၊ ငါဘုရားကို မြင်သူသည် တရားကိုမြင်သူ ဖြစ်၏၊ ဝက္ကလိ၊ တရားကြည့်သောသူမှသာ ငါဘုရားကိုကြည့်သူ ဖြစ်၏၊ ငါဘုရားကိုကြည့်သောသူသည် တရားကိုကြည့်သူ ဖြစ်ရပေမည်” ဟု မိန့်တော်မူသည်။

စာမျက်နှာ-102


ဘုရားမြင်သော်လည်း တရားမမြင်၍ ဝက္ကလိ အနှင်ခံရသည်

ဘုရားရှင် ဤသို့ပင် မိန့်သော်လည်း အရှင်ဝက္ကလိသည် ဘုရားရှင်ကို ထားပြီး တခြားမသွားနိုင်၊ “ဤရဟန်း သံဝေဂမရသမျှ အမှန်တရားမသိနိုင်” ဟု ဘုရားရှင် ဆင်ခြင်တော်မူကာ ဝါဆိုခါနီးသော် ရာဇဂြိုဟ်ကြွ၍ ဝါဆိုမည့်နေ့၌ “ဝက္ကလိ၊ လွတ်ရာသင်ထွက်သွား” ဟု နှင်တော်မူသည်။ ဘုရားရှင်များစကား မည်သူမျှ မပယ်နိုင်ရကား အရှင်ဝက္ကလိသည် ဘုရားရှင်ကို ပြန်လှန်လျှောက်ထားခြင်း မပြုတော့ဘဲ “ယခုအခါ ငါဘာပြုနိုင်တော့မှာလဲ၊ ဘုရားရှင် ငါ့ကိုနှင်ပြီ၊ ဘုရားရှင်နှင့် မျက်နှာချင်းဆိုင်ခွင့် ငါမရတော့၊ ငါ့အတွက် အသက်ရှင်နေသမျှ အကျိုးမရှိ” ဟု ကြံကာ ဂိဇ္ဈကုဋ်တောင် ချောက်ကမ်းပါး တက်သွားတော့သည်။

ဝက္ကလိ စိတ်ပျက်အားငယ်ပုံ ဘုရားရှင် သိတော်မူ၍ “ငါဘုရားထံမှ နှစ်သိမ့်မှု ဤရဟန်းမရလျှင် မဂ်ဖိုလ်အကြောင်းပစ္စည်း ပျက်စီးရမည်” ဟု ဆင်ခြင်တော်မူပြီး ကိုယ်တော်မြတ်ကိုမြင်ဖို့ ရောင်ခြည်တော်လွှတ်လိုက်သည်၊ ဘုရားရှင်မြင်ချိန်မှစ၍ အရှင်ဝက္ကလိ၏ အင်အားကြီးမားသော စိုးရိမ်ပူပန်မှုများ နုတ်ပယ်ပြီး ဖြစ်သွားသည်။

မိခင်က ရိုက်ပြီးမှ နို့တိုက်ခံရသည့် သားပမာ ဝက္ကလိ ဝမ်းသာသည်

ဘုရားရှင်သည် ခြောက်နေသော ကန်အတွင်း ရေလုံးကြီး သွင်းလောင်းသည့်အလား အရှင်ဝက္ကလိအတွက် နှစ်သက်ဝမ်းမြောက်မှု အင်အားဖြစ်ပွားဖို့ရာ ဓမ္မပဒ၌ လာသော “ဘုရားထံ အာရုံရောက်၍ ဝမ်းမြောက်ခြင်းများသော ရှင်ရဟန်းသည် ဘုရားသာသနာ၌ ကြည်ညိုခြင်းနှင့် ငြိမ်းအေး၍ သင်္ခါရချုပ်ရာ ချမ်းသာစစ်မှန် မြတ်နိဗ္ဗာန်ကို အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်နိုင်ပေသည်” ဟူသော ဂါထာကို ဟောကြားပြီး “လာလေချစ်သား ဝက္ကလိ” ဟု လက်တော်ကို ဆန့်တန်းခေါ်တော်မူသည်။

“ဘုရားကို ငါဖူးရပြီ၊ လာ-ဟုလည်း အခေါ်တော်ခံရပြီ” ဟု အားအင်ကြီးစွာရလျက် “ဘယ်သွားရမည်” ဟု မိမိသွားရမည့်လမ်းကိုပင် မမှန်းနိုင်တော့ဘဲ ဘုရားရှင်နှင့် မျက်နှာချင်းဆိုင် ကောင်းကင်ပျံကာ ပထမခြေ တောင်ပေါ်၌ တည်နေစဉ်ပင် ဘုရားဟောသော ဂါထာကို ဆင်ခြင်လျက် ကောင်းကင်မှာပင် ပီတိခွာကာ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ပြီး ဘုရားရှိခိုးလျက် မြေသို့သက်သည်၊ အခြားရဟန်းများ သဒ္ဓါကား အလိုသာရှိသော်လည်း အရှင်ဝက္ကလိသဒ္ဓါကား ပိုလွန်းနေ၍ လျှော့စေရအောင် ကြိုးစားလှသဖြင့် ယင်းဧတဒဂ်ရသည်။

စာမျက်နှာ-103


၁၄-ဧတဒဂ္ဂဝဂ်၊ ၃။ တတိယဝဂ်

၁။ အကျင့်သိက္ခာလိုလားသူ ရဟန်းတို့တွင် ရာဟုလာသည် အမြတ်ဆုံး။

၂။ သဒ္ဓါတရားဖြင့် ရဟန်းပြုသူ ရဟန်းတို့တွင် ရဋ္ဌပါလသည် အမြတ်ဆုံး။

အကျင့်သိက္ခာ လိုလားပုံ။ ။ ရှင်ရဟန်းပြုသောနေ့မှစ၍ နံနက်စောစောထကာ လက်ခုပ်အပြည့် သဲမှုန့်တို့ကို ဆုပ်ယူလျက် “ယနေ့ ဘုရားရှင်နှင့် ဆရာဥပဇ္ဈာယ်များထံမှ ဤသဲလုံးအမျှ ဆုံးမတားမြစ်မှုရလျှင် ကောင်းမှာပဲ” ဟု တောင့်တတတ်၍ အမြတ်ဆုံးဖြစ်သည်။

သဒ္ဓါတရားဖြင့် ဘုရားရှင်တရား ကြားနာပြီး ရရှိသော သဒ္ဓါတရားသည် ထမင်း ၁၄-နပ် (၇-ရက်) မစားဘဲ ဇွဲကောင်းကောင်းဖြင့် မိဘများထံ ခွင့်တောင်းကာ ရဟန်းပြုလာသူဖြစ်သည်၊ တိုင်းပြည်စောင့်ရှောက်နိုင်စွမ်းရှိ၍ ရဋ္ဌပါလမည်သည်၊ အကွဲအပြဲတိုင်းပြည်ကို စေ့စပ်နိုင်စွမ်းရှိသော အမျိုး၌ ဖြစ်သူဟုလည်း ဆိုနိုင်သည်။

ဥစ္စာစုထား ဘိုးဘေးများ ယူမသွားနိုင် ကျန်ရစ်သည်

ရာဟုလာနှင့် ရဋ္ဌပါလ ၂-ဦးလုံး ပဒုမုတ္တရလက်ထက် ဟံသာဝတီမြို့ သူကြွယ်များဖြစ်ကာ အိမ်ထောင်ရှင်များဖြစ်ပြီး ဖခင်များကွယ်လွန်သော် ဆိုင်ရာ ဘဏ္ဍာစိုးအား ခေါ်ပြီးစစ်ကြသည်။ “ဤမျှများလှသော ဥစ္စာပုံကြီးကို ဘိုးဘေး အဆက်ဆက် ကိုယ်နှင့်အတူ ယူမသွားနိုင်ကြ၊ ငါတို့ကား ယခုအခါ ဖြစ်သလိုနည်းဖြင့် ယူသွားသင့်သည်” ဟု ၂-ဦးလုံးကြံကြပြီး ၄-နေရာတို့၌ အထီးကျန် ကပ္ပဏီ ခရီးသွားစသည်တို့အား ပေးလှူကြသည်။

တယောက်ကား အလှူမဏ္ဍပ် ရောက်လာသူတိုင်းကို လိုရာကို မေးပြီးမှ ပေးလှူတတ်သဖြင့် “အာဂတပါက-လာသူမေး၍ ပေးတတ်သူ” ဟု တွင်ပြီး တယောက်ကား- မမေးမြန်းတော့ဘဲ သူယူလာသောခွက် အပြည့်ထည့်၍သာ ပေးလှူတတ်သဖြင့် “အနဂ္ဂပါက=အတိုင်းအဆမထား အရမ်းကာရော ပေးလှူတတ်သူ” ဟု အမည်တွင်သည်။

အလောင်းလျာများ ကြည်ညိုစရာတွေ့က ကြည်ညိုကြ

၂-ဦးလုံးပင် တနေ့သောနံနက်ခင်း မျက်နှာသစ်ဖို့ ရွာပြင်သွားကြချိန် ဟိမဝန္တာမှ တန်ခိုးရှင် ရသေ့ ၂-ပါးလည်း ဆွမ်းခံဖို့ ကောင်းကင်မှကြွလာပြီး “ငါတို့ကို ထိုသူကြွယ် ၂-ဦး မမြင်ပါစေနှင့်” ဟု အောက်မေ့၍ သူတို့နှင့် မလှမ်းမကမ်း လမ်းဘေးတနေရာ ရပ်တော်မူကြသည်။

စာမျက်နှာ-104


သူကြွယ် ၂-ဦးတို့သည်လည်း ဗူးခွက်စသော ပရိက္ခရာများပြင်ဆင်ကာ ရွာတွင်းဆီ ဦးတည်ဆွမ်းခံသွားကြသော ရသေ့ ၂-ပါးထံလိုက်ကြရာ ရသေ့များက “ဘုန်းကံကြီးမား ဒကာများ ဘယ်အချိန်က လာကြသလဲ” ဟု မေးလိုက်ကြသည်၊ သူကြွယ်များက “ယခုတင်ပါဘုရား” ဟု လျှောက်ထားပြီး ရသေ့ ၂-ပါး ပရိက္ခရာယူကာ အသီးသီး အိမ်ပင့်သွားကြပြီး ဆွမ်းကပ်၊ အမြဲဆွမ်းခံကြွဖို့လည်း ဝန်ခံကတိကို ယူကြသည်။

နဂါးစည်းစိမ်အထင်ကြီးသော ရာဟုလာအလောင်း

ရသေ့ ၂-ဦးတွင် ရာဟုလာအလောင်း သူကြွယ်ပင့်ထားသော ရသေ့ကား သည်းခြေကြောင့် ကိုယ်ပူရောဂါရှိသူဖြစ်၍ မဟာသမုဒ္ဒရာရေကို ၂-ဖြာခွဲ၍ ပထဝိန္ဓရနဂါးမင်းဗိမာန် တန်ခိုးဖြင့်သွားပြီး နေ့လယ်နေ့ခင်း နေတတ်သည်၊ ဥတုသပ္ပာယမျှမှ ပြန်လာပြီး မိမိဆွမ်းဒကာအိမ်၌ “ပထဝိန္ဓရနဂါးမင်းဗိမာန်လို ဖြစ်ပါစေ” ဟု ဆိုပြီး ဆွမ်းအနုမောဒနာပြုသည်။

နောက်တနေ့ ဆွမ်းဒကာက “အရှင်ဘုရားများ ဆွမ်းအနုမောဒနာပြုတဲ့ “ပထဝိန္ဓရနဂါးမင်းဗိမာန်လို ဖြစ်ပါစေ” ဟု ဆိုသောစကားရဲ့ အနက်အဓိပ္ပာယ် တပည့်တော်များမသိပါ၊ ဘာကိုဆိုလိုတာပါလဲဘုရား” ဟု လျှောက်ထားရာ ရသေ့က “သင်တို့ စည်းစိမ်သည် ပထဝိန္ဓရနဂါးမင်းလို ဖြစ်ပါစေ” ဟု ငါဆုတောင်းသည်ဟု မိန့်ပြီး ယင်းနဂါးမင်းစည်းစိမ် ကြီးမားပုံကို ပြောပြရာ ထိုအခါမှစပြီး ယင်းနဂါးဗိမာန်မှာသာ ဆွမ်းဒကာစိတ်ထားတော့သည်။

ရဋ္ဌပါလအလောင်း သိကြားစည်းစိမ်တောင်း၍ သိကြားဖြစ်ရ

ရဋ္ဌပါလအလောင်း သူကြွယ်ပင့်ထားသော ရသေ့ကား တာဝတိံသာ နတ်ပြည်ကြွပြီး တိတ်ဆိတ်၍ (ဗိမာန်ဝ ကုက္ကိုပင်ကြီးပေါက်သော) သေရိသကဗိမာန်၌ နေ့သန့်စင်လေ့ရှိရာ သွားတိုင်း ပြန်တိုင်း သိကြားမင်းစည်းစိမ်ကို မြင်တွေ့ရ၍ မိမိဆွမ်းဒကာအား “သိကြားမင်းဗိမာန်လိုဖြစ်ပါစေ” ဟု ဆိုပြီး ဆွမ်းအနုမောဒနာပြုသည်။

နောက်တနေ့ ဆွမ်းဒကာက အလားတူမေး၍ ဖြေဆိုပြီး သိကြားမင်း၏ စည်းစိမ်ကြီးမားပုံကို ပြောပြရာ ယင်းသိကြားဗိမာန်မှာသာ ဆွမ်းဒကာစိတ်ထားတော့သည်၊ သူကြွယ် ၂-ဦးလုံး စုတေကြသောအခါ တောင့်တတိုင်းသော နေရာတို့၌ ပထဝိန္ဓရနဂါးမင်းနှင့် သိကြားမင်းတို့ ဖြစ်ကြသည်။

ပထဝိန္ဓရနဂါးမင်းသည် သူ့ခန္ဓာကိုယ်ကိုမြင်ပြီး “ငါ့ဆရာရသေ့သည် မနှစ်သက်ဖွယ် နေရာ၏ကျေးဇူးကို ပြောဆိုသည်၊ နဂါးဘဝကား ရင်ဖြင့်တွား၍ ကျက်စားရသော ဘဝဖြစ်သည်၊ တခြားနေရာမသိရှာတဲ့ ဆရာပါတကား” ဟု စဉ်းစားကာ စိတ်မသက်မသာဖြစ်သည်။

စာမျက်နှာ-105


ဖြစ်ချင်ရာဖြစ် စိတ်မညစ်နှင့်၊ ကောင်းမှုကိုပြု တောင်းဆုကိုယူ

ထိုခဏမှာပင် တန်ဆာဆင်ထားသော နဂါးကချေသည်များသည် အရပ်မျက်နှာအားလုံးတို့၌ တူရိယာများမြှောက်ချီလျက် ထီးမှုတ်ကခုန်ကြသည်။ နဂါးမင်းလည်း နဂါးအသွင်ပျောက် လုလင်အသွင်ရောက်သွား၏၊ ၁၅-ရက်တကြိမ် နတ်မင်းကြီး ၄-ပါး သိကြားမင်းထံ အခစားဝင်ကြရာ ပထဝိန္ဓရနဂါးမင်းလည်း ဝိရူပက္ခနတ်မင်းနှင့် အတူလိုက်သည်၊ သိကြားမင်းထံရောက်လျှင်ပင် သိကြားက မှတ်မိပြီး “မိတ်ဆွေ၊ ဘယ်ဘုံမှာဖြစ်သနည်း” ဟု မေးတော့သည်။

“မမေးပါနှင့် အရှင်သိကြားမင်း၊ ရင်ဖြင့်တွားကာ သွားတဲ့နဂါးမင်းဘဝ ကျွန်ုပ်ဖြစ်နေရပါသည်။ အရှင်သိကြားမင်းတို့ကတော့ မိတ်ကောင်း ဆွေကောင်း ပေါင်းမိပါပေရဲ့” ဆိုလျှင် “မသင့်တဲ့နေရာ ငါဖြစ်ရလေခြင်းဟု ယူကျုံးမရ ဖြစ်မနေပါနှင့်၊ ယခုပွင့်နေသော ပဒုမုတ္တရဘုရားထံ ကောင်းမှုပြုပြီး သိကြားမင်းနေရာကိုသာ ဆုတောင်းပါ၊ ငါတို့ ၂-ဦး ချမ်းသာစွာ နေကြပါမည်” ဟု အားပေးလိုက်သည်။

နဂါးမင်းသည် ပဒုမုတ္တရဘုရားရှင်ကို နက်ဖြန်မိမိဗိမာန်သို့ အပူဇော်ခံကြွရန် ပင့်ပြီး မိမိနဂါးပြည်၌ နဂါးပရိသတ်နှင့်တကွ တညဉ့်လုံး ပူဇော်ဖွယ်များ စီစဉ်သည်။

နောက်တနေ့ အရုဏ်တက်သော် ဘုရားရှင်သည် အလုပ်အကျွေး သုမနထေရ်ကို ခေါ်၍ “ယနေ့ ငါဘုရား ခရီးဝေး ဆွမ်းခံကြမည်၊ ပုထုဇဉ်ရဟန်းများ နေရစ်ကြ၊ ပိဋက ၃-ပုံဆောင် ပဋိသမ္ဘိဒါ ၄-ပါး၊ အဘိညာဉ် ၆-ပါးရသော ရဟန္တာများ လိုက်ပါကြစေ” ဟု စီစဉ်ဖို့ မိန့်ကြားလိုက်သည်။

နဂါးပြည်ကြွ မြတ်ဗုဒ္ဓ၏ ရာဟုလာဖြစ်ဖို့ နဂါးမင်း ဆုတောင်းသည်

ဘုရားရှင်နှင့်အတူ သံဃာတသိန်း ကောင်းကင်ပျံကြွတော်မူရာ နဂါးမင်းလည်း နဂါးပရိသတ်နှင့် အတူ အကြိုလာပြီး ဘုရားရှင်ကို ခြံရံကာ သမုဒ္ဒရာပေါ် မြအဆင်းရောင် လှိုင်းတံပိုးများ နင်းပြီးကြွသော သံဃာကို ဖူးမြင်ကြည်ညိုသည်၊ နဂါးမင်းသည် ရှေ့ဆုံးက ဘုရားရှင်နှင့် နောက်ဆုံး သာမဏေငယ် ဘုရားသားတော် ရေဝတကို ကြည့်ရှုလျက် “ကြွင်းသံဃာများ၏ ဤမျှသောတန်ခိုးသည် အံ့ဖွယ်မဟုတ်၊ ပျိုမျစ်နုနယ် သာမဏေငယ်၏ ဤသို့သောတန်ခိုးသည်သာ အလွန်အံ့ဖွယ်ရှိသည်” ဟု နှစ်သက်ဝမ်းမြောက်မှု ဖြစ်လေသည်။

စာမျက်နှာ-106


နဂါးဗိမာန်၌ ဘုရားရှင် ထိုင်တော်မူပြီး၍ ကြွင်းသံဃာများ အစီအစဉ်အရ ထိုင်တော်မူကြရာ သားတော်ရေဝတသာမဏေသည် ဘုရားရှင်ရှေ့တော်မှာပင် နေရာရသည်။ နဂါးမင်းသည် ယာဂုခဲဖွယ်များ ဆက်ကပ်စဉ် ဘုရားရှင်ကိုတလှည့်၊ ယောက်ျားမြတ်လက္ခဏာ ၃၂-ဖြာပါသော ရေဝတ သာမဏေငယ်ကို တလှည့် ကြည့်ရှုပြီး အနီးကပ်ရဟန်းတော်အား “ဤသာမဏေငယ်သည် ဘုရားရှင်နှင့် မည်သို့တော်စပ်ပါသနည်း” ဟု မေးလျှောက်သည်၊ ဘုရားသားတော်ပါဟု ပြောပြသောအခါ “တင့်တယ်မှု အထွတ်အထိပ် ရောက်တော်မူသော ဘုရားရှင်၏သားတော် ဖြစ်ရသော ဤသူကား ကြီးမြတ်ပေစွ၊ သား၏ ကိုယ်ကလည်း တစိတ်တဒေသအားဖြင့် အဖဘုရားနှင့် တူပါပေရဲ့၊ ငါလည်း နောင်ဤသို့ပင် ဖြစ်သင့်သည်” ဟု ကြံကာ ၇-ရက် ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။

သားရာဟုလာဖြစ်ချင်သော နဂါးမင်းသည် သိကြားထက် ကြီးသည်

နောက် ၁၅-ရက်ကြာ၍ ဝိရူပက္ခနတ်မင်းကြီးနှင့်အတူ သိကြားမင်းထံရောက်သောအခါ “တာဝတိံသာနတ်ပြည် ဆုတောင်းပြီးပြီလား” ဟု သိကြားမင်းက မေးလိုက်သည်၊ နဂါးမင်းက “အရှင်သိကြားမင်း၊ တာဝတိံသာဆု မတောင်းတော့ပါ၊ အပြစ်မမြင်သော်လည်း ဘုရားသားတော် ဥပရေဝတသာမဏေကို မြင်ပြီးချိန်မှစပြီး အခြားဆုများ၌ စိတ်မညွတ်တော့ပါ၊ နောင်တဆူသော ဘုရားရှင်၏ သားဆုကိုသာ တောင်းလိုက်ပါသည်၊ ကျွန်ုပ်တို့နှစ်ဦးသား ဘဝတူဖြစ်ရအောင် အရှင်သိကြားမင်းလည်း ဆုတဆုတောင်းပါ” ဟု တိုက်တွန်းလိုက်သည်။

သူတော်ကောင်းသိကြား သဒ္ဓါပဗ္ဗဇ္ဇိတ ဆုတောင်းသွားသည်

သိကြားမင်းသည် နဂါးမင်း၏စကားကို ဝန်ခံပြီး အာနုဘော်ကြီးသော ရဟန်းတပါးကိုမြင်ကာ အမျိုးကို ဆင်ခြင်လတ်သော် “အကွဲအပြဲတိုင်းပြည်ကို စေ့စပ်နိုင်စွမ်းရှိသော အမျိုး၏သားဖြစ်ပြီး ထမင်း ၁၄-နပ် (၇-ရက်) အငတ်ခံကာ မိဘကို ခွင့်ပြုစေပြီး ရဟန်းပြုသူ” ဟု သိပြီးနောက် မသိဟန်ဆောင်ကာ ဘုရားရှင်ကို မေးလျှောက်ပြီး ၇-ရက် ကောင်းမှုပြု၊ သဒ္ဓါပဗ္ဗဇ္ဇိတဧတဒဂ် ဆုတောင်း၊ ဗျာဒိတ်ရသည်၊ ဗျာဒိတ်စကား မိန့်ကြားပြီး ဘုရားရှင်ကြွသွားပြီးနောက် သိကြားမင်းလည်း တာဝတိံသာ နတ်ပြည်ပြန်သွားသည်။

၂-ဦးလုံး လူနတ်တို့၌ ကျင်လည်ကြကာ ကမ္ဘာထောင်ပေါင်းများစွာ လွန်ပြီးနောက် ၉၂-ကမ္ဘာထက် ဖုဿဘုရားရှင် ပွင့်တော်မူလာသည်၊ ဘုရားရှင်၏ခမည်းတော်မှာ မဟိန္ဒမင်းကြီးဖြစ်၍ ဘုရားရှင်မှာ ဘတူမိကွဲ ညီ ၃-ဦးရှိသည်။

စာမျက်နှာ-107


ကိုယ်ရေးအရာရှိများ၏ အကြံဉာဏ်

မဟိန္ဒမင်းကြီးသည် နေ့စဉ်နေ့တိုင်း ငါ့ဘုရား၊ ငါ့တရား၊ ငါ့သံဃာဟု မြတ်နိုးစွာ ကိုယ်တိုင်ပင် ဘုရားရှင်ကို မပြတ်လုပ်ကျွေးသည်၊ တိုင်းစွန် နယ်ဖျားပုန်ကန်မှုဖြစ်ပွားသောတနေ့တွင် မင်းကြီးသည် သားတော် ၃-ပါးကိုခေါ်၍ “ပုန်ကန်မှုဖြစ်ပွားသော နေရာသို့ သားတော်တို့သော်လည်းကောင်း၊ ငါခမည်းတော်သည်လည်းကောင်း သွားမှ သင့်တော်မည်၊ ခမည်းတော်သွားရလျှင် ဤနည်းအတိုင်း ဘုရားရှင်ကို သားတော်တို့ ပြုစုရမည်” ဟု မိန့်ကြားရာ သားတော် ၃-ပါးလုံးကပင် တပြိုင်နက် “သားတော်တို့ပင် သူပုန်ရန်ကို နိုင်အောင် နှိမ်နင်းပါမည်” ဟု လျှောက်ထားရှိခိုးပြီး သွားရောက်နှိမ်နင်း အောင်ပွဲခံပြန်လာခဲ့ကြသည်၊ မင်းသားတို့သည် နေပြည်တော်မရောက်မီ လမ်းကြား၌ ခြေရင်းအလုပ်အကျွေး ကိုယ်ရေးအရာရှိများနှင့် “အမောင်တို့၊ ငါတို့ရောက်လျှင်ပင် ခမည်းတော်က ဆုပေးလိမ့်မည်၊ ဘယ်ဆု ယူကြရမည်နည်း” ဟု တိုင်ပင်မိန့်ကြားရာ “အရှင့်သားတို့အတွက် ခမည်းတော် နတ်ရွာစံလျှင် ရခဲသောအရာမည်သည် မရှိပါ၊ နောင်တော် ဖုဿဘုရားရှင်ကို ပြုစုလုပ်ကျွေးခွင့်ဆုကိုသာ ယူတော်မူကြပါ” ဟု အကြံပေး လျှောက်ထားကြသည်။

အကြံပေးချက်ကို နှစ်သက်လက်ခံကြပြီး နေပြည်တော်သွားကာ ခမည်းတော်ဘုရားကို ဖူးမြော်လျှင်ပင် ခမည်းတော်က သားတော်များအား အားရကြည်ညိုစွာ ဆုပေးတော့သည်။

လူများ ၁၀-ပါးသီလ စောင့်သောထုံး သာဓက

သားတော်များက ၃-လပတ်လုံး ဘုရားရှင်ကို ပြုစုလုပ်ကျွေးလိုကြောင်း ဆုတောင်းရာ ခမည်းတော်က အခြားဆုတောင်းဖို့ မိန့်သော်လည်း “အခြားဆုဖြင့် ပြုဖွယ်မရှိပါ၊ ခမည်းတော်တို့ သားတော်များကို ဆုပေးလိုလျှင် ဤဆုကိုသာ ပေးတော်မူပါ” ဟု အဖန်ဖန် တင်လျှောက်ကြ၊ မိမိကိုယ်တိုင်လည်း ဝန်ခံမိလေသောကြောင့် “မပေးဘဲနေဖို့ မတတ်နိုင်” ဟု ကြံကာ သားတော်များလိုသောဆုကို ခမည်းတော်ပေးပါမည်၊ အထူးကတော့ ဘုရားရှင်တို့မည်သည် တပါးတည်း လှည့်လည်တော်မူကြသည်ဖြစ်၍ ခြင်္သေ့မင်းများပမာ လွန်စွာချဉ်းကပ်နိုင်ခဲကုန်သည်၊ ဘုရားရှင်ကို မမေ့မလျော့ ပြုစုကြဟု သားတော်များအား မိန့်ကြားသည်။

မင်းသား ၃-ပါးတို့သည် “ငါတို့ဘုရားရှင်ကို လုပ်ကျွေးလျှင် ဘုရားရှင် အာနုဘော်နှင့် သင့်လျော်အောင် လုပ်ကျွေးသင့်သည်” ဟု ကြံကာ စိတ်တူကိုယ်မှ ၁၀-ပါးသီလ ယူကြပြီးလျှင် ကိလေသာ အပုပ်နံ့မရှိကြဘဲ ဘုရားရှင်အား လှူရမည့် အလှူမဏ္ဍပ်အရပ်ရပ် ဆောင်ရွက်ရန် အမှုဆောင်ယောက်ျား ၃-ဦး ခန့်ထားကြသည်။

စာမျက်နှာ-108


ဦးဆောင်ညွှန်မှူး ၃-ဦး၏ အလုပ်များ

တယောက်ကား ဥစ္စာ စပါးအပြည့်အစုံဖြစ်အောင် ဦးဆောင်ရ၍ တယောက်ကား နေ့စဉ်သုံး ပစ္စည်း ထုတ်ဆောင် ခြင်တွယ်ပေးရသည်၊ ကျန်တယောက်ကား အလှူကိစ္စစီမံ ခန့်ခွဲရသည်၊ ထို ၃-ယောက်တို့တွင် ဥစ္စာစပါး ပြည့်စုံအောင် ဦးဆောင်စီစဉ်ရသူက ငါတို့ဘုရားလက်ထက်တွင် ဗိမ္ဗိသာရမင်းမြတ် ဖြစ်လာ၍ နေ့စဉ်သုံးပစ္စည်း ထုတ်ပေးရသူကား ဝိသာခသဌေး ဖြစ်လာသည်၊ ဒါနဝေယျာဝစ္စမှူးကား အရှင်ရဋ္ဌပါလပင်တည်း၊ ဝေယျာဝစ္စမှူးသည် အသက်ထက်ဆုံး ကောင်းမှုပြုကိစ္စ စီမံခန့်ခွဲရသူဖြစ်သွားသည်။

ရာဟုလာအလောင်း ကျောင်းတိုက် ၅၀၀-ကျောင်းဒကာ

ရာဟုလာအလောင်းကား ကဿပဘုရားလက်ထက် ကာသိတိုင်း ရှင်ဘုရင် ကိကီမင်းကြီး၏သားကြီးဖြစ်ကာ ပထဝိန္ဓရမင်းသားအမည်ရသည်၊ ထိုမင်းသားမှာ နှမ ၇-ယောက်ရှိရာ ဘုရားရှင်အတွက် ပရိဝုဏ် ၇-ခု ဆောက်လှူကြသည်။ နှမ ၇-ယောက် အမည်နှင့် နောက်ဆုံးဘဝ ဖြစ်ရပ်များကား—
၁။ သမဏီမင်းသမီးကား ခေမာထေရီ ဖြစ်လာသည်။
၂။ သမဏဂုတ္တာမင်းသမီးကား ဥပ္ပလဝဏ်ထေရီ ဖြစ်လာသည်။
၃။ ဘိက္ခုနီမင်းသမီးကား ပဋာစာရာထေရီ ဖြစ်လာသည်။
၄။ ဘိက္ခုဒါယိကာမင်းသမီးကား ကုဏ္ဍလကေသိထေရီ ဖြစ်လာသည်။
၅။ ဓမ္မာမင်းသမီးကား ကိသာဂေါတမီ ဖြစ်လာသည်။
၆။ သုဓမ္မာမင်းသမီးကား ဓမ္မဒိန္နာထေရီ ဖြစ်လာသည်။
၇။ သံဃဒါယိကာမင်းသမီးကား ဝိသာခါဥပါသိကာ ဖြစ်လာသည်။

အိမ်ရှေ့ရာထူးရ ပထဝိန္ဓရမင်းသားသည် ညီမ ၇-ဖော်တို့ကို “ညီမတို့ ဆောက်ပြီးသော ပရိဝုဏ် ၇-ခုထဲမှ အစ်ကို့ကို တခုပေးပါ” တောင်းရာ “အိမ်ရှေ့ရာထူးရအစ်ကို ဘုရားတို့ကသာ ညီမတို့ကို ပေးသင့်ပါသည်၊ အခြားပရိဝုဏ်တခု အစ်ကိုတို့ ဆောက်ကြပါ” ဟု ပြန်လျှောက်သဖြင့် မင်းသားသည် ကျောင်းတိုက် ၅၀၀-ဆောက်လုပ်လှူဒါန်းပြီး အသက်ထက်ဆုံး ကောင်းမှုပြု နတ်၌ဖြစ်သည်။

ငါတို့ဘုရားသာသနာတော်တွင် ပထဝိန္ဓရမင်းသားသည် ဘုရားရှင်သားတော် ရာဟုလာဖြစ်၍ သူငယ်ချင်းကား ကုရုတိုင်း ထုလ္လကောဋ္ဌိတနိဂုံးဝယ် ပါလသဌေးအိမ်၌ ရဋ္ဌပါလသဌေးသား ဖြစ်လာသည်။

ငါတို့ဘုရားရှင် ဓမ္မစက္ကပဝတ္တနသုတ္တန်ဟောပြီး အစဉ်သဖြင့် ကပိလဝတ်ပြည်ကြွလာ၍ ရာဟုလာကို ရှင်ပြုပေးတော်မူသည်၊ အမြဲဆုံးမတော်မူသောအားဖြင့် (သုတ္တနိပါတ် ပါဠိတော်လာ) ရာဟုလောဝါဒသုတ်ကို ဟောတော်မူ၏။

စာမျက်နှာ-109


အနုဇာတသားတော် ရာဟုလာ ကြည်ညိုစရာ

ရာဟုလာကား နံနက်စောစောထ၍ လက်ခုပ်ဖြင့် သဲကျုံးကာ “ဘုရားနှင့် ဆရာဥပဇ္ဈာယ်တို့ထံမှ ယနေ့ဤသဲလုံးအမျှ ဩဝါဒကို ရလိုပါ၏” ဆိုလေ့ရှိရကား “ရာဟုလာ သာမဏေသည် အဆုံးအမကို လွယ်ကူစွာ ခံယူသူဖြစ်၍ အဖဘုရားရှင်အား သင့်တော်လျောက်ပတ်သော သားမြတ်စင်စစ် ဖြစ်ပေစွ” ဟု သံဃာ့ပရိသတ်၌ ကျေးဇူးစကား ထင်ရှားဖြစ်သည်။

ဘုရားရှင်သည် ရဟန်းများစိတ်ဖြစ်ပုံ သိတော်မူ၍ ဓမ္မဒေသနာလည်း တိုးပွား၊ ရာဟုလာဂုဏ်လည်း ထင်ရှားအောင် ကြွသွားပြီး ရာဟုလာဂုဏ်ပြ (ဧကကနိပါတ်၊ သီလဝဂ်၊ ၆-ခုမြောက်) တိပလ္လတ္ထမိဂဇာတ်ကို ဟောတော်မူသည်။

ဘုရားရှင်သည် ရာဟုလာအား ၇-နှစ်သားအရွယ် သာမဏေငယ်အခါ၌ပင် ရာဟုလာသည် ငယ်သေး၍ မုသားပြောမှု မပြုဖြစ်အောင် ရည်ရွယ်တော်မူကာ (မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ) အမ္ဗလဋ္ဌိယရာဟုလောဝါဒသုတ်ကို ဟောတော်မူသည်။

၁၈-နှစ်သားအရွယ် ဘုရားနောက်တော်က ဆွမ်းခံဝင်၍ ဘုရားရှင်၏လည်းကောင်း၊ မိမိ၏လည်းကောင်း အဆင်းလှပုံမြင်ပြီး တဏှာနှင့်စပ်သော အကြံကြံစဉ် မဟာရာဟုလောဝါဒသုတ်ကို ဟောတော်မူသည်။ ရာဟုလာ ဝိပဿနာပွားရန် သံယုတ် ရာဟုလောဝါဒသုတ် (၂၂) သုတ်နှင့် အင်္ဂုတ္တိုရ် (စတုက္ကနိပါတ်) ရာဟုလောဝါဒသုတ်များ ဟောတော်မူသည်။

ရာဟုလာ ရဟန္တာဖြစ်ချိန်နှင့် အပြိုင်တရားရသူများ

ဘုရားရှင်သည် ရာဟုလာ ဉာဏ်ရင့်လာပုံကို သိ၍ ရဟန်းဝါမရမီ အန္ဓတောအုပ်၌ သီတင်းသုံးကာ စူဠရာဟုလောဝါဒသုတ်ကို ဟောသည့်ဒေသနာအဆုံး၌ ကုဋေတသိန်း နတ်ဗြဟ္မာများနှင့်အတူ ရာဟုလာ အရဟတ္တဖိုလ် ရောက်တော်မူသည်၊ သောတာပန်စသည့်နတ်များ မရေမတွက်နိုင်တော့ပေ၊ နောက်ပိုင်းအချိန် ဧတဒဂ်ရတော်မူသည်။

မြတ်စွာဘုရား ကုရုတိုင်း ခရီးကြွချီ၍ ထုလ္လကောဋ္ဌိတနိဂုံး (အိမ်တိုင်း၊ ကျီတိုင်းစပါး အမြဲပြည့်နေသော နိဂုံး) သို့ ရောက်လတ်သော် ရဋ္ဌပါလသဌေးသားသည် ဘုရားတရားတော်နာရ၍ သဒ္ဓါဖြစ်ကာ မိဘများထံ ခဲယဉ်းစွာ ခွင့်တောင်းပြီး ဘုရားရှင်အမိန့်အရ ရဟန်းတပါးထံ၌ ရှင်ရဟန်းပြုလေသည်။

ရဋ္ဌပါလ၏ဖခင် သံဃာမြင်သမျှ ဆဲရေး

ရဋ္ဌပါလရှင်ရဟန်းပြုသော နေ့မှစ၍ ဖခင်သဌေးကြီးသည် မိမိအိမ်တံခါး ရဟန်းတော်များကြွလာသည်ကို မြင်လျှင် “ကိုယ်တော်များအတွက် ဤအိမ်မှာ ဘာအလုပ်

စာမျက်နှာ-110


ရှိသနည်း၊ တဦးတည်းသောသားကို ခေါ်သွားကြသည်၊ ယခုဘာလုပ်ကြဦးမည်နည်း” ဟု ဆဲရေးရေရွတ်သည်။

ဘုရားရှင်သည် ၁၅-ရက်သာ ထုလ္လကောဋ္ဌိတနိဂုံး၌ သီတင်းသုံးပြီး သာဝတ္ထိမြို့ ပြန်ကြွသည်၊ ထိုသာဝတ္ထိမြို့၌ပင် အရှင်ရဋ္ဌပါလ အရဟတ္တဖိုလ်ရောက်တော်မူသည်။ အရှင်ရဋ္ဌပါလသည် ဘုရားရှင်ထံ ခွင့်ပန်ပြီး မိဘများကိုတွေ့ရန် ထုလ္လကောဋ္ဌိတနိဂုံး ကြွလာပြီး အိမ်စဉ်ဆွမ်းခံလတ်သော် ဖခင်အိမ်၌ တညသိပ် မုယောမုန့်သိုးကိုရ၍ အမြိုက်သုဓာဘုတ်ပမာ ဘုဉ်းပေးသည်။ ဖခင်ကြီးတွေ့၍ အပြစ်တင်ကာ ပင့်သော်လည်း (ယနေ့ ဆွမ်းကိစ္စပြီးရကား) နောက်နေ့အတွက်သာ လက်ခံလိုက်သည်။ နောက်နေ့ ဖခင်အိမ်ကြွ ဆွမ်းစားပြီးသော် တန်ဆာဆင်ထားသော မိန်းမအပေါင်း၌ အသုဘသညာဖြစ်စေကာ ရပ်လျက်သာ တရားဟောပြီး လေးညှို့မှလွှတ်သော မြားပမာ ကောင်းကင်ပျံတက်ပြီး ကောရဗျမင်း၏ မိဂစီရဥယျာဉ်ကြွကာ မင်္ဂလာကျောက်ဖျာ၌ ထိုင်တော်မူသည်။

မိမိထံ ဖူးမြော်ရောက်လာသော ကောရဗျမင်းအား ပျက်စီးဆုံးရှုံးမှု ၄-ပါးတို့ဖြင့် တန်ဆာဆင်အပ်သော တရားဟောကြားပြီး ဘုရားထံ ပြန်ကြွသည်၊ နောက်ပိုင်းအချိန် ဘုရားရှင်က ဧတဒဂ်အရာ ထားတော်မူသည်။

၃။ စာရေးတံမဲကို ပထမ ရယူတတ်သူတို့တွင် ကုဏ္ဍဓာနသည် အမြတ်ဆုံး။

ကုဏ္ဍဓာနအတွက် ဧတဒဂ်ရကြောင်းများ

အရှင်မြတ်ကား အနာထပိဏ်သဌေးသမီး မဟာသုဘဒ္ဒါ ပင့်ဖိတ်၍ ဘုရားရှင် ဥဂ္ဂမြို့ ကြွသောနေ့၌ “ယနေ့ ဘုရားရှင် ခရီးဝေးဆွမ်းခံကြွမည်၊ ပုထုဇဉ်ရဟန်းများ စာရေးတံမဲ မယူကြပါနှင့်၊ ရဟန္တာ ၅ဝဝ-ကိုသာ ယူကြပါ” ဟု ဆိုလတ်သော် ပထမဆုံး ရဲရင့်စွာ မြွက်ဆို၍ စာရေးတံမဲကို ယူတော်မူသည်။

အနာထပိဏ်သဌေးသမီး စူဠသုဘဒ္ဒါပင့်ဖိတ်၍ ဘုရားရှင် သာကေတမြို့ ကြွသောနေ့မှာလည်း ရဟန္တာ ၅၀၀-တို့အလယ်တွင် ပထမဆုံး စာရေးတံမဲကို ယူတော်မူပါ၏၊ သုနာပရန္တဇနပုဒ်ကြွသောနေ့မှာလည်း နည်းတူပင်တည်း၊ ဤအကြောင်းများကြောင့် အမြတ်ဆုံးဖြစ်သည်။

အရှင်မြတ်အလောင်းသည် ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်ပြီး ယင်းဧတဒဂ်ရ ရဟန်းကို အားကျပြီး ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရကာ ကဿပဘုရားလက်ထက်မှာမူ ဘုမ္မစိုးနတ် ဖြစ်လာသည်။

စာမျက်နှာ-111


ဝိပဿီဘုရားလက်ထက် ၆-နှစ်မှတကြိမ် ဥပုသ်ပြုရသည်

သက်တော်ရှည် ဘုရားရှင်များလက်ထက် (သက်တော်တိုသော ငါတို့ဘုရား လက်ထက်မှာလို) ၁၅-ရက် တကြိမ် ဥပုသ်မပြုရပါ။ မှန်၏၊ ဝိပဿီဘုရားလက်ထက် ၆-နှစ် တကြိမ် ဥပုသ်ပြုရသည်၊ ကဿပဘုရား လက်ထက်မှာမူ ၆-လတကြိမ် ပါတိမောက်ပြ ဥပုသ်ပြုသည်။

ကဿပဘုရားရှင်၏ ပါတိမောက်ပြ ဥပုသ်ပြုချိန် ရောက်လာသောအခါ နယ်မှာနေသော သူငယ်ချင်း ရဟန်း ၂-ပါး ဥပုသ်ပြုရန် ကြွသွားကြစဉ် အရှင်မြတ်အလောင်း ဘုမ္မစိုးနတ်က “ဤရဟန်း ၂-ပါးတို့ မေတ္တာအလွန်လျှင် ခိုင်မြဲကြသည်၊ ခွဲသူရှိလျှင် ကွဲ-မကွဲ” ကြံစည်ကာ အခါအခွင့်ကြည့်ပြီး ထိုမထေရ်တို့၏ မနီးမဝေးမှ လိုက်လာခဲ့ကြသည်။

ဘုမ္မစိုးနတ်၏ စူးစမ်းဟန် အရှင်မြတ်ခံရပြီ

မထေရ်တပါးသည် သပိတ်သင်္ကန်းကို ကျန်တပါးလက် အပ်နှံပြီး ကိုယ်လက်သုတ်သင်ရန် ရေချမ်းသာနေရာသို့သွား၍ လက်ခြေဆေးပြီးမှ ချုံသဖွယ် လုံခြုံရာမှ ထွက်လာသည်၊ ဘုမ္မစိုးနတ်သည် ထိုမထေရ်၏ နောက်နားမှ လှပသော မိန်းမအသွင် ဖန်ဆင်းပြီး ဆံပင်ကိုခါကာ ပြန်ပြင်ထုံးသလို လည်းကောင်း၊ နောက်ကျောမှ ဖုန်ခါသလိုလည်းကောင်း၊ ထဘီကို ပြန်ပြင်ဝတ်သကဲ့သို့ လည်းကောင်း မထေရ်၏ဖဝါးခြေထပ် ကပ်လိုက်ကာ ချုံမှထွက်ခဲ့သည်။

အဖော်မထေရ်သည် သင့်ရာတနေရာကစောင့်ယင်း ဤအကြောင်းမြင်၍ စိတ်မချမ်းမသာဖြစ်ကာ “ဤရဟန်းနှင့် အတူတကွ ကာလရှည်ကြာ ထားရှိလာသော ငါရဲ့ မေတ္တာသည် ယခုပျက်လေပြီ၊ ဤလိုယုတ်မာမှန်းသိလျှင် ဤမျှကြာအောင် ဤရဟန်းနှင့် ချစ်ကျွမ်းဝင်မှု ပြုလိမ့်မည်မဟုတ်” ဟု စဉ်းစားပြီး ချုံမှထွက်လာသော ရဟန်းရောက်လာလျှင်ပင် “ငါ့ရှင်၊ သင့်သပိတ်သင်္ကန်း ယူလော့၊ သင့်လိုယုတ်မာသော သူငယ်ချင်းနှင့်အတူ ခရီးတကြောင်း ပေါင်းမသွားလို” ဟု အပြတ်ပြောလိုက်သည်။

နတ်ကျီစယ်၍ ရဟန်း ၂-ပါး မေတ္တာပျယ်

ထိုစကား ကြားလျှင်ပင် ထိုသူတော်ကောင်း လဇ္ဇီရဟန်း၏ နှလုံးသားမှာ ချွန်ထက်သောလှံကို ဆုတ်ကိုင်ထိုးမွှေသလို ဖြစ်သွားသဖြင့် “ငါ့ရှင်စကား ဘာကိုဆိုလိုတာလဲ၊ ယခုအချိန်အထိ ဒုက္ကဋ်အာပတ်မျှ ငါမမြင်၊ သို့ပါလျက် ယခု ငါ့ကို ယုတ်မာသူဟု သင်ဆိုသည်၊ ဘာကို သင်မြင်ထားပါသလဲ” ဟု ပြန်မေးလိုက်သည်။

စာမျက်နှာ-112


စွပ်စွဲသောမထေရ်က “အခြားမြင်စရာ ဘာမျှမလို၊ မှားယွင်းပြီးသောသဘောရှိသော ပြင်ဆင်လှပ မာတုဂါမနှင့် တနေရာတည်း နေပြီးမှ သင်ထွက်လာခဲ့သည်မဟုတ်လော” ဟု ဆိုပြန်ရာ သူတော်ကောင်းရဟန်းက “ဤအပြစ်မျိုး ငါ့မှာမရှိ၊ ဤသဘောရှိသော မာတုဂါမကိုလည်း ငါမမြင်” ဟု ၃-ကြိမ်တိုင်အောင် ဖြေရှင်းသော်လည်း စွပ်စွဲသူရဟန်းသည် မယုံကြည်နိုင်ဘဲ မိမိအမြင်ကိုသာ အမှန်ယူပြီး သူတော်ကောင်းရဟန်းနှင့် အတူမသွား၊ တပါးသောလမ်းဖြင့် ဘုရားထံသွားသည်၊ သူတော်ကောင်းရဟန်းလည်း တခြားလမ်းဖြင့် ဘုရားထံသို့ပင် သွားလေသည်။

လူမိုက်နောက်မှ နောင်တရသော်လည်း အကုသိုလ်က ခွာရတာပါ

သံဃာတော်များ ဥပုသ်အိမ် သိမ်အပြင်သို့ဝင်ချိန် စွပ်စွဲသောရဟန်းသည် သူတော်ကောင်းရဟန်းကို တွေ့မြင်၍ “ဤဥပုသ်အိမ်၌ ဤရဟန်းယုတ်နှင့် အတူ ဥပုသ်မပြု” ဟု ကြံကာ ထွက်၍ အပြင်သွားနေသည်။

ဘုမ္မစိုးနတ်သည် “ဝန်လေးသောအမှု ငါပြုမိပြီ” ဟု ကြံကာ သူအိုသီတင်းသည် အသွင်ဖြင့် စွပ်စွဲသောရဟန်းထံလာပြီး “အရှင်မြတ်၊ ဘာ့ကြောင့် ဤအပြင်မှာ ရပ်တည်နေပါသနည်း” ဟု လျှောက်ထားရာ “ရဟန်းယုတ်နှင့် ဥပုသ်အတူ မပြုလိုသောကြောင့်” ဟု မိန့်သည်။

“ဤလိုမှတ်ယူတော် မမူကြပါလင့်၊ အရှင်ဘုရားစွပ်စွဲသောရဟန်းကား သီလစင်ကြယ်ပါသည်၊ အရှင်ဘုရားများမြင်သော မာတုဂါမကား တပည့်တော်ပါ၊ အရှင်ဘုရားတို့ ၂-ပါး မေတ္တာ ခိုင်မခိုင် စုံစမ်းရန်နှင့် လဇ္ဇီရဟန်း အလဇ္ဇီရဟန်း အဖြစ်ကိုလည်း ကြည့်ရှုလိုသဖြင့် မာတုဂါမယောင်ဆောင်၍ လိုက်သောအမှု တပည့်တော်ပြုမိပါသည်” ဟု ပြည့်စုံစွာ လျှောက်ထားသည်။

မထေရ်က “သင်မည်သူလဲ” ဟု မေးရာ “တပည့်တော် ဘုမ္မစိုးနတ်ပါ” ဟု လျှောက်ထားယင်း နတ်၏တန်ခိုးဖြင့် ရပ်တည်၍ မထေရ်မြတ်ခြေတို့၌ ဝပ်စင်းပြီး “တပည့်တော်အား သည်းခံတော်မူကြပါ၊ ဤအပြစ်ကို စွပ်စွဲခံ သူတော်ကောင်းမထေရ် မသိပါ၊ ဥပုသ်ပြုတော်မူကြပါ” ဟု တောင်းပန်ပြီး သိမ်တွင်းသွင်းသဖြင့် ဥပုသ်အတူပြုကြသည်၊ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်ကာ တနေရာတည်း၌ကား ၂-ပါးအတူ မဖြစ်တော့ပေ။ (စွပ်စွဲသောရဟန်း၏ ကမ္မဋ္ဌာန်းအလုပ် မဟာအဋ္ဌကထာ၌ ထုတ်မပြဆိုသော်လည်း) အစွပ်စွဲခံ သူတော်ကောင်းရဟန်းကား အဆင့်ဆင့် ဝိပဿနာပွားကာ ရဟန္တာဖြစ်သွားသည်။

စာမျက်နှာ-113


ဆယ်မိနစ်မျှအပြစ် နှစ်အသင်္ချေ ခံရပေသည်

ဘုမ္မစိုးနတ်ကား ကဿပဘုရားနှင့် ငါတို့ဂေါတမဘုရား ၂-ဆူကြား ကာလပတ်လုံး အပါယ်ကျရသည်၊ တခါတရံ လူ့ဘဝလာပြန်ကလည်း သူတကာပြုသမျှအပြစ် သူ့အပေါ်သာ ကျရောက်သည်။

ထိုဘုမ္မစိုးနတ်သည် ငါတို့ဘုရားလက်ထက် သာဝတ္ထိပြည် ပုဏ္ဏားမျိုး ဓာနလုလင် ဖြစ်လာသည်၊ ဗေဒင် ၃-ပုံ တတ်မြောက်၍ အရွယ်ကြီးသောအခါ သဒ္ဓါတရားဖြစ်၍ ရဟန်းပြုသည်၊ ရဟန်းပြုသောနေ့မှစ၍ တန်ဆာဆင်အပ်သော မိန်းမတယောက် (နတ်ကြွေး မိန်းမသာတည်း၊ မိန်းမစစ်မဟုတ်) သည် ဓာနမထေရ် ရွာတွင်းဝင်လျှင်အတူ၊ ထွက်လျှင်အတူ၊ ကျောင်းတွင်းဝင်လျှင်အတူ၊ ရပ်လျှင်အတူ ရုပ်အရိပ်အမြဲ နောက်က ကပ်ပါသည် ထင်ရသည်၊ ထိုမိန်းမကို ဓာနမထေရ် မမြင်ရ၊ အခြားသူများသာ မြင်ရသည်။

ရွာမှာ ယာဂုဆွမ်းလှူကြသော အမျိုးသမီးများက “အရှင်ဘုရားဖို့ ယာဂုတဇွန်း၊ တပည့်တော်တို့သူငယ်ချင်း ဤမိန်းမဖို့တဇွန်း” ဟု ပျက်ရယ်ပြုကြသည်၊ မထေရ်မြတ်အတွက် ပင်ပန်းကြီးစွာ ဖြစ်ရ၏၊ ကျောင်းရောက်ပြန်လျှင်လည်း သာမဏေများ၊ ရဟန်းငယ်များ ဝိုင်းလာကြပြီး “အရှင်ဓာန မိန်းမကြူးသူဖြစ်၏” ဟု ပျက်ရယ်ပြုသောကြောင့် “ကုဏ္ဍဓာန မိန်းမကြူးသော ဓာနထေရ်” အမည်ရသည်။

မထေရ်သည် ထိုသာမဏေနှင့် ရဟန်းငယ်များ ဆူညံစွာပြုအပ်သော ပြောင်လှောင်မှုကို သည်းမခံနိုင်ရကား စိတ်ရူးပေါက်ကာ “သင်တို့သာ မိန်းမကြူးကြ၏၊ သင်တို့ ဥပဇ္ဈာယ်များ၊ ဆရာများသာ မိန်းမကြူးကြ၏” ဟု ပြန်ပြောတော့သည်။

ကံဟောင်းမပျောက်ခင် ကံသစ်ရောက်လာ ကြောက်စရာ

ထိုအကြောင်း ဘုရားရှင်အား လျှောက်ထားကြသဖြင့် ခေါ်၍ မေးတော်မူရာ “မပြတ်ညှဉ်းဆဲမှုဒဏ် သည်းမခံနိုင်၍ ပြောမိကြောင်း” လျှောက်ထားသည်။ “သင် ရှေးကပြုခဲ့သော မကောင်းမှုကံ ယနေ့တိုင်အောင် ဟောင်းနွမ်းဆွေးမြေ့သွားဖို့ (ကျေအေးသွားဖို့) မတတ်နိုင်သေးဖြစ်သည်၊ ယခုထပ်၍ ဤသို့သဘောရှိသော ကြမ်းတမ်းသောစကားကို မဆိုနှင့်ချစ်သား” ဟု ဘုရားရှင်မိန့်ကြားပြီး—

ချစ်သား၊ မည်သူ့ကိုမျှ အကြမ်းစကား မပြောကြားလင့်၊ အပြောခံရသူတို့က သင့်ကို တန်ပြန် ပြောကုန်ရာ၏၊ စောင်းမြောင်း ချုပ်ချယ် ထိပါးဖွယ်စကား ပြောကြားခြင်းသည် ဆင်းရဲလှ၏။ ကိုယ်မှုနှုတ်မှုဒဏ် ပြန်လှန် ပုတ်ခတ်သော သစ်သားကို အတုံ့အပြန် ကိုယ်မှုနှုတ်မှုဒဏ်များသည် လေညာပစ်အပ်သော ပြာမှုန့်ပမာ ပြန်လာကုန်ရာသည်။

စာမျက်နှာ-114


ချစ်သား၊ သင်သည် မိမိကိုယ်ကို အနားရေးကို ခုတ်ထွင်း အသံမထွက်သော လင်းကွင်းပမာ ငြိမ်သက်စွာ အားထုတ်နိုင်လျှင် ဒုက္ခပျောက် နိဗ္ဗာန်ရောက်သူ ဖြစ်ရလေပြီ၊ ဤသို့ဖြစ်လျှင် သင်ချစ်သားသန္တန်မှာ စောင်းမြောင်းချုပ်ချယ် ထိပါးဖွယ်စကား ပြောကြားမှု မရှိနိုင်တော့ပေ။

ဟု ၂-ဂါထာဟောကြားတော်မူပြန်ရာ ဒေသနာအဆုံး သတ္တဝါများစွာ သောတာပန် စသည် တည်ကြသည်။

သာသနာသန့်ရှင်းရေး စုံစမ်းရေးလွှတ်

မာတုဂါမ ကပ်ပါနေသော မထေရ်၏ ဖြစ်ရပ်ကို သံဃာများမိန့်၍ ကောသလမင်းကြီးသိသဖြင့် စုံစမ်းရေးလွှတ်ပြီး ကိုယ်တိုင်လည်း အနည်းငယ်သော အခြံအရံဖြင့် မထေရ်နေရာ သွားလေ့လာသည်၊ ထိုအချိန် မထေရ်မြတ်သင်္ကန်းချုပ်နေရာ ယင်းမိန်းမလည်း မထေရ်နှင့် မလှမ်းမကမ်းမှာ ရပ်နေသလို ထင်ရသည်၊ ထိုမိန်းမကို မင်းကြီးမြင်၍ “အကြောင်းထူးရှိပြီ” ဟု ကြံကာ ယင်းမိန်းမရပ်ရာသို့သွားလျှင် မိန်းမသည် မထေရ်မြတ် ကျောင်းတွင်း ဝင်သွားသလိုထင်ရပြန်သည်၊ မင်းကြီးသည် ထိုမိန်းမနှင့်အတူ ကျောင်းတွင်းဝင်ပြီး နေရာအနှံ့ကြည့်ရာ မမြင်တော့မှ “မာတုဂါမအစစ်မဟုတ်၊ မထေရ်၏ တခုသော အကုသိုလ်ကံကျိုးဖြစ်သည်” ဟု မှတ်ချက်ချပြီး မထေရ်မြတ်အနီးသို့ ပထမသွားစဉ်က မရှိခိုးသော်လည်း အမူအရာမှန်ပုံသိပြီး ပြန်လာမှ ရှိခိုးကာ သင့်ရာနေ၍ “ဆွမ်းပစ္စည်းပင်ပန်းပါသလား” ဟု မေးလျှောက်လေသည်။

အမှန်ပုဂ္ဂိုလ်များ စုံစမ်းခံရ၍အကျိုးများ

“သင့်ရုံရှိပါ၏” ဟု မိန့်ကြားလျှင် “အရှင်မြတ်စား သိပါတယ်ဘုရား၊ ဤလို ညစ်ညူးကြောင်း မာတုဂါမနှင့်အတူ သွားလာနေရသော အရှင်ဘုရားတို့အား ဘယ်သူတွေ ကြည်ညိုနိုင်မှာလဲ၊ ဤအချိန်မှစ၍ ဘယ်နေရာမှ အရှင်ဘုရား ကိစ္စမရှိပါ၊ ပစ္စည်း ၄-ဖြာ တပည့်တော် ထောက်ပံ့ပါမည်၊ အရှင်ဘုရားတို့သာ အသင့်နှလုံးသွင်း အားထုတ်ရေး မမေ့ကြပါကုန်လင့်” ဟု လျှောက်ထားပြီး မပြတ် ဆွမ်းလုပ်ကျွေးသည်။ အရှင်မြတ်ကား ကောသလမင်း အထောက်အပံ့ရ၍ ဆွမ်းကိစ္စ ပြည့်စုံသဖြင့် စိတ်တည်ကြည်ကာ ဝိပဿနာပွားရကား အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပြီး မာတုဂါမရုပ်လည်း ကွယ်ပျောက်တော့သည်။

သစ္စာပိုင်လျှင် ပန်းကိုပင် လိုရာသို့ ခိုင်းသည်

မဟာသုဘဒ္ဒါသည် ဥဂ္ဂမြို့ မိစ္ဆာအမျိုးမိနေသော်လည်း “မြတ်စွာဘုရားသည် ငါ့ကို သနားစောင့်ရှောက်ပါစေသတည်း” ဟု နှလုံးသွင်းလျက် ဥပုသ်ဆောက်တည်ကာ

စာမျက်နှာ-115


ကိလေသာအပုပ်နံ့ ကင်းရှင်းစွာဖြင့် အထက်ပြာသာဒ်အပြင်၌ ရပ်တည်ပြီးလျှင် “ပန်းတို့သည် လမ်းအကြား၌ မရပ်တည်ကြဘဲ ဘုရားရှင်အထက်၌ မျက်နှာကြက်ဖြစ်၍ တည်ပါစေ၊ ဘုရားရှင်သည် ဤအမှတ်သညာဖြင့် နက်ဖြန်ခါ ရဟန်း ၅၀၀-နှင့်အတူ ငါ့ဆွမ်းကို ခံယူပါစေ” ဟု သစ္စာပြု၍ မြတ်လေးပန်း ၈-ဆုပ်တို့ကို ပစ်လွှတ်လိုက်သည်။

ပန်းများကောင်းကင်ကသွားပြီး တရားဟောနေစဉ် ဘုရားရှင်၏ အထက်မျက်နှာကြက်ဖြစ်၍ တည်ကြရာ ဘုရားရှင်မြင်တော်မူ၍ စိတ်တော်ဖြင့် သုဘဒ္ဒါဆွမ်း လက်ခံတော်မူပြီး နောက်တနေ့ အရုဏ်တက်တွင် “အာနန္ဒာ၊ ယနေ့ ငါတို့ ခရီးဝေးဆွမ်းခံကြွမည်၊ ပုထုဇဉ်တို့အား စာရေးတံမဲမပေးဘဲ အရိယာတို့အားသာ ပေးလိုက်” ဟု မိန့်ကြားတော်မူသည်။ ဘုရားရှင်အမိန့်အတိုင်း အရှင်အာနန္ဒာ စီစဉ်ရာ ကုဏ္ဍဓာနထေရ်က “စာရေးတံမဲ ယူခဲ့ပါ” ဟု ပထမဆုံးစာရေးတံမဲယူဖို့ လက်ဆန့်တန်းရာ အရှင်အာနန္ဒာက “ကုဏ္ဍဓာနတို့လို ရဟန်းများအား ဘုရားရှင်မပေး၊ အရိယာတို့အားသာ ပေးစေသည်” ဟု အကြံဖြစ်ကာ ဘုရားထံ သွားလျှောက်ထားသည်။

ပိုင်ခွင့် အသင့်စုံလင် စွမ်းအားရှင်

“ကုဏ္ဍဓာနရဟန်းက စာရေးတံမဲယူလိုလျှင် ပေးလိုက်ပါ” ဟု ဘုရားရှင်မိန့်ကြားရာ အရှင်အာနန္ဒာက “ကုဏ္ဍဓာနအား စာရေးတံမဲပေးဖို့ မသင့်လျှင် ဘုရားရှင် တားမြစ်တော်မူရာ၏။ အကြောင်းတခုခု ရှိသည်ဖြစ်လိမ့်မည်” ဟု ဆင်ခြင်ကာ ကုဏ္ဍဓာနအား အပေးသွားဖို့ ခြေလှမ်းပြင်တော့သည်။

ကုဏ္ဍဓာနမထေရ်သည် အရှင်အာနန္ဒာမလာမီပင် ဈာန်သမာပတ်ဝင်စားကာ တန်ခိုးဖြင့် ကောင်းကင်မှာရပ်ပြီး “စာရေးတံမဲခွက် ယူခဲ့ပါ၊ ငါ့ကို ဘုရားရှင်သိပါသည်၊ ငါလိုရဟန်း အဦးဆုံးစာရေးတံမဲနှိုက်ယူသည်ကို ဘုရားရှင်မတားပါ” ဟု ရဲရင့်စွာ ပြောဆိုပြီး လက်ဆန့်တန်းကာ စာရေးတံမဲနှိုက်ယူသည်၊ ဤသို့လျှင် အမြတ်ဆုံးဖြစ်သည်။
၄။ ဆန်းကြယ်သောဉာဏ် ပဋိဘာန်ရှိသူတို့တွင် ဝင်္ဂီသသည် အမြတ်ဆုံး။

တပည့်ကောင်းမှန်၍ ဆဝသီသ မန္တန်ရ

အရှင်မြတ်ကား ဘုရားထံတော်သွားလျှင် မြင်ရာအရပ်မှစ၍ လပြည့်ဝန်း၊ နေမင်း၊ ကောင်းကင်၊ သမုဒ္ဒရာ၊ ဆင်ပြောင်ကြီး၊ ခြင်္သေ့မင်းများနှင့် နှိုင်းယှဉ်စံထားပြီး ရာထောင်မက ပုဒ်ပဒတို့ဖြင့် ဘုရားဂုဏ်တော် ထုတ်ဖော်လျက်သာ ချဉ်းကပ်တတ်၍ အမြတ်ဆုံးဖြစ်သည်။

စာမျက်နှာ-116


ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့၌ သူကြွယ်ဖြစ်ပြီး ယင်းဧတဒဂ်ရ ရဟန်းတပါးကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်၊ ငါတို့ဘုရားလက်ထက် သာဝတ္ထိမြို့ ဝင်္ဂီသပုဏ္ဏားဖြစ်လာကာ ဗေဒင် ၃-ပုံနှင့်တကွ သူသေ၏ဦးခေါင်းခွံကို လက်သည်းဖြင့် ခေါက်ကြည့်ကာ သေသူသွားရာဘဝကို သိနိုင်သော ဆဝသီသ မန္တန်ကိုပါ (ဆရာ့ဝတ်ကျေသူဖြစ်၍) တတ်မြောက်သည်။

မျောက်ပြတန်တောင်း သိကောင်းစရာ ဖြစ်ရပ်မှာ

ပုဏ္ဏားများက “ဤမန္တန်သည် ငါတို့အတွက် အသက်မွေးဖို့ရာ စီးပွားရေးလမ်းကြောင်း” ဟု သိကြပြီး ဝင်္ဂီသလုလင်ကို လုံခြုံသောယာဉ်မှာတင်၍ ထိုင်နေစေကာ ရွာနိဂုံး မင်းနေပြည်တို့သို့ လှည့်လည်ကြလျက် ဆိုင်ရာတံခါးဝမှာ စခန်းချပြီး လူများစုလာမှ “ဝင်္ဂီသလုလင်ကို မြင်သူသည် ဥစ္စာကိုလည်းကောင်း၊ ကျော်စောသတင်းကို လည်းကောင်း၊ ရနိုင်၍ နတ်သို့လည်း ရောက်နိုင်သည်” ဟု သတင်းလွှင့်ကြသည်၊ ဝါဒဖြန့်စကားကြောင့် တံစိုးလက်ဆောင်ပေး၍ပင် လူအများကြည့်လိုကြသည်။

ဝင်္ဂီသ မန္တန်စွမ်းရည်

မင်းအမတ်များသည်လည်း ဝါဒဖြန့်ပုဏ္ဏားများထံသွားပြီး ဆရာ့ရဲ့ အသိထူးကို မေးရာ ဇမ္ဗူဒိပ်နေရာမှာ ငါတို့ဆရာနှင့်တူသောပညာ မရှိ၊ ၃-နှစ်အထက်က သေသူတို့၏ ဦးခေါင်းခွံကို လက်သည်းဖြင့်ခေါက်ကြည့်လျှင် “ဤသေသူ ဘယ်ဘဝမှာ” ဟု သိနိုင်ကြောင်း ပြောပြကြသည်၊ ဝင်္ဂီသကလည်း လူများသံသယကင်းအောင် ထိုသေပြီးသူများကို ပူးဝင်စေ၍ ရောက်ရာဘဝမှန်ကို မန္တန်စွမ်းဖြင့်ပြောစေရကား လူများလက်မှ အသပြာ ရာလိုက် ထောင်လိုက် ရလေသည်။

ပုဏ္ဏားများ ပါသနှင့် စိတ်ကြိုက်လှည့်လည်ပြီး သာဝတ္ထိသွားကြ၍ ဇေတဝန်အနီး ရောက်သော် ဝင်္ဂီသသည် “ရဟန်းဂေါတမကို ပညာရှင်ဟု ဆိုကြသည်၊ အကယ်ပင် ဤပုဏ္ဏားများစကားအတိုင်း ငါစခန်းသွားနေဖို့မသင့်၊ ပညာရှိများထံ သွားဖို့သင့်သည်” ဟု ကြံပြီး ပုဏ္ဏားများကို “သင်တို့သွားကြ၊ ကျွန်ုပ် ရဟန်းဂေါတမကို သွားဖူးပါမည်၊ ပရိသတ်များမလို” ဟု ဆိုလိုက်သည်။

ပုဏ္ဏားများက “ရဟန်းဂေါတမထံ သွားကြည့်ဖို့ သင်မနှစ်သက်ပါလင့်၊ လာကြည့်သူကို ရဟန်းဂေါတမက မာယာပညာဖြင့် လှည့်စားတတ်ပါသည်” ဟု ပြောသော်လည်း လက်မခံဘဲ ဘုရားထံသွား ချိုသာသော နှုတ်ဆက်စကား လျှောက်ထားကာ သင့်ရာ၌ ထိုင်နေသည်။

စာမျက်နှာ-117


ဘုရားရှင်က “ဘယ်အတတ် ဝင်္ဂီသ တတ်ပါသနည်း” ဟု မေးရာ “ဆဝသီသ မန္တန် အတတ်တခု တတ်ပါသည်၊ ၃-နှစ်အထက်သေသူများ ဦးခေါင်းခွံကို မန္တန်စုပ်ပြီး လက်သည်းဖြင့် ခေါက်ကြည့်လျှင် ဖြစ်ရာဘဝ သိပါသည်” ဟု လျှောက်သည်၊ ဘုရားရှင်က ငရဲရောက်သူ၏ ဦးခေါင်းခွံကိုပြရာ ဝင်္ဂီသ အမှန်ဖြေဆိုသည်၊ ထို့နောက် လူ့ပြည်၌ ဖြစ်သူ၏ခေါင်းခွံ၊ နတ်ပြည်၌ဖြစ်သူ၏ ခေါင်းခွံများကိုလည်း တခုစီ ပြရာ အမှန်ဖြေနိုင်သည်။

လောကစွမ်းရည် ဓမ္မကိုကား မမီ

စတုတ္ထ ပရိနိဗ္ဗာန်ဝင်စံသူ၏ ဦးခေါင်းကိုကား အဆုံးအစ ဘာကိုမျှမမြင်တော့ပေ၊ “မစွမ်းတော့ပြီလော” ဟု ဘုရားရှင်ကမေးရာ “ကြည့်တော်မူကြပါ၊ ဉာဏ်အားရွှင်ရွှင် ဆင်ခြင်ပါဦးမည်” ဟု လျှောက်ပြီး အဖန်ဖန်ပင် အပြန်အလှန်ပြုသော်လည်း သာသနာပြင်ပ မန္တန်ဖြင့် ရဟန္တာ၏ဂတိကို အဘယ်မှာ သိနိုင်အံ့နည်း၊ မသိနိုင်သည်သာဖြစ်ရာ ဝင်္ဂီသ ဦးထိပ်တချို့မှ ချွေးများ ယိုထွက်လာသည်၊ အရှက်ရကာ ဆိတ်ဆိတ်နေစဉ် ဘုရားရှင်က “ပင်ပန်းနေပြီလား ဝင်္ဂီသ” ဟု မေးတော်မူလိုက်သည်၊ “မှန်ပါဘုရား၊ ဤသူ၏လားရာဌာနကို မစမ်းနိုင်တော့ပါ၊ အရှင်ဘုရားသိလျှင် မိန့်တော်မူပါ” ဟု အရှုံးပေးလက်မြှောက် လျှောက်လေသဖြင့် ဘုရားရှင်က “ဤသူကိုလည်း ငါသိသည်၊ ကိုယ့်ထက်အလွန်လည်း သိသည်” ဟု မိန့်တော်မူလျက် ဓမ္မပဒ၌—

“ချစ်သား ဝင်္ဂီသ၊ အကြင်ရဟန္တာပုဂ္ဂိုလ်သည် ခြင်းရာစုံစွာ သတ္တဝါတို့၏ သေခြင်းနှင့် ဖြစ်ခြင်းကို သိတော်မူပြီး အာရုံ ၅-ပါး၌ မတွယ်တာဘဲ နိဗ္ဗာန်သို့ရောက်ပြီးသော သစ္စာသိမြင်၊ ထိုရဟန္တာပုဂ္ဂိုလ် အရှင်မြတ်ကို မကောင်းမှု ပယ်ပြီးသူ ဗြာဟ္မဏဟု ငါဘုရား ဟောကြားသည်။

ချစ်သား ဝင်္ဂီသ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏ လားရာဂတိကို လူနတ်(ဂန္ဓဗ္ဗ) များစွာ မည်သူမျှ မသိနိုင်ကြကုန်၊ အာသဝေါကိလေသာစင် ထိုရဟန္တာ အရှင်ကို မကောင်းမှုပယ်ပြီးသူ ဗြာဟ္မဏဟု ငါဘုရား ဟောကြားသည်”

ဟူသော ဤ ၂-ဂါထာ မိန့်ကြားသည်။

ထိုအခါ ဝင်္ဂီသသည် ဘုရားရှင်ကို မန္တန်ချင်းလဲလျှင် အရှုံးမရှိ၍ လဲလိုပါကြောင်း လျှောက်ထားရာ ဘုရားရှင်က “မန္တန်ချင်းမလဲနိုင်၊ ဤအတိုင်းပင် မေတ္တာရှေ့ထား ငါတို့ ပေးသနားပါမည်” ဟု မိန့်ကြားသဖြင့် “ကောင်းလှပါပြီ၊ မန္တန်ကို ပေးသနားတော်မူကြပါ” လေးစားသမှုပြု၍ လက်အုပ်ကို လိပ်ငယ်ပမာပြုကာ ထိုင်နေတော့သည်။

စာမျက်နှာ-118


ပညာရှင်များ ပညာသင်၍ တင်းမတိပ်

“ဝင်္ဂီသ၊ သင်ပုဏ္ဏားတို့ အယူမှာ အဖိုးတန် မန္တန်ကိုဖြစ်စေ၊ တစုံတခုကိုဖြစ်စေ ရယူလိုသူများအတွက် လက်ပန်းကျင်မှ ဝတ်ကိုကျင့်သုံးခြင်း (အပတ်ဆောက်တည်ခြင်း) မရှိဘူးလော” မေးတော်မူရာ “ရှိပါသည်ဘုရား” ဟု ဝင်္ဂီသက လျှောက်ထားသည်။

ဘုရားရှင်က “ငါဘုရား၏ မန္တန်ကား လက်ကောက်ဝတ်နှင့် မကင်း ... သင် ကြံထားသလား” ဟု မေးရာ ပုဏ္ဏားတို့မည်သည် မန္တန်တို့ဖြင့် မကင်းနိုင်ရကား “အရှင်ဘုရားတို့ မိန့်တော်မူသော အစဉ်အလာကို လိုက်နာ ကျင့်သုံးပါမည်” ဟု လျှောက်သည်။

ဘုရားရှင်က “ဤဗုဒ္ဓံမန္တန်ကို ငါတို့ ပေးတော့မည်ဆိုလျှင် ငါတို့နှင့် အသွင်တူသူအားသာ ပေးကြရသည်” မိန့်ရာ “စေခိုင်းသမျှလုပ်ပြီး ဤမန္တန်ကို သင်ယူသွားဖို့ သင့်သည်” ဟု ဝင်္ဂီသ ကြံစည်ကာ ပုဏ္ဏားများကို “ငါရဟန်းပြုသော်ကော-ဟု သင်တို့ မစိုးရိမ်ကြပါလင့်၊ ဤမန္တန် ငါသင်ယူပြီး ဇမ္ဗူဒိပ်တခုလုံးမှာ အကြီးဆုံး ဖြစ်ပါလိမ့်မည်၊ ဤသို့ဖြစ်လျှင် သင်တို့အတွက်လည်း အကောင်းဆုံး ဖြစ်လာမှာပါ” ဟု ပြောဆိုပြီး မန္တန်အတွက် ဘုရားထံ ရှင်ရဟန်းပြုလေတော့သည်၊ ဘုရားရှင် အမိန့်အရ အနီးမှာရှိနေသော အရှင်နိဂြောဓကပ္ပ ရဟန္တာမထေရ်က ရှင်ရဟန်းပြုပေးရသည်။

ဘုရားရှင်သည် ဖူးမြင်လာသူဟူသမျှကို အကယ်ပင် ပညာပြတော်မူသည်

“မန္တန် ပရိဝါသ် ရှေးဦးကျင့်သုံးလော့” ဟု ဘုရားရှင်မိန့်ပြီး ဒွတ္တိံသာကာရ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ဟောကြားသည်။ ပညာရှင် ဝင်္ဂီသသည် ကောဌာသ ၃၂-ပါးကို သရဇ္ဈာယ်ယင်း ထိုဒွတ္တိံသာကာရ၌ ဖြစ်ပျက်တင်၍ ဝိပဿနာပွားရာ အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်တော့သည်။

အရှင်ဝင်္ဂီသ ရဟန္တာဖြစ်ပြီးနောက် ပုဏ္ဏားများက “ဝင်္ဂီသ၊ ဘယ်ပုံဖြစ်နေသလဲ အကြည့်သွားကြစို့” ဟု သွားလာပြီး “အတတ် ပြီးပြီလား၊ ပြီးလျှင်လည်း လာသွားကြစို့” ဟု ခေါ်ရာ “သင်တို့နှင့် အတူသွားဖို့ကိစ္စ ငါ့မှာပြီးပြီ” ဟု အပြတ်မိန့်လိုက်သည်။ “ရဟန်းဂေါတမသည် သူ့ဖူးရန်လာသူများကို မာယာဖြင့် လှည့်စားတတ်သည်ဟု အစကပင် ငါတို့ သင့်အား ပြောကြားခဲ့သည်၊ ပြောခဲ့သည့်အတိုင်းပင် ယခု ရဟန်းဂေါတမ အလို သင်လိုက်ရပြီ၊ သင့်မှာ ငါတို့ဘာလုပ်တော့မှာလဲ” ဟု ပုဏ္ဏားများ ရန်စကားပြောပြီး လာလမ်းအတိုင်း ပြန်သွားကြတော့သည်။

စာမျက်နှာ-119


ဝင်္ဂီသထေရ်ကား ဘုရားဖူးသွားချိန်တိုင်း ချီးကျူးဖွဲ့ဆိုမှု တခုခုပြုလျက်သာ သွားတတ်သောကြောင့် အမြတ်အရာ အထားခံရသည်။

၅။ ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိသူ ရဟန်းတို့တွင် ဝင်္ဂန္တပုဏ္ဏား၏သား ဥပသေနသည် အမြတ်ဆုံး။

အရှင်သာရိပုတ္တရာ၏ဆွေမျိုးများ သဒ္ဓါအား ကောင်းကြသည်

အရှင်သာရိပုတ္တရာ၏ ညီရင်းဖြစ်သော ဤဥပသေနကား သူ့ချည့်သာကြည်ညိုဖွယ်ရှိသည်မဟုတ်၊ သူ့ပရိသတ်ပါ ကြည်ညိုဖွယ်ရှိသည်၊ ပရိသတ်ကိုအကြောင်းပြု၍ ဤအရာအထူး၌ အမြတ်ဆုံးဖြစ်သည်၊ ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ ယင်းဧတဒဂ်ရ ရဟန်းတပါးကို အားကျကာ ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ် ရသည်။

ငါတို့ဘုရားလက်ထက် နာလကပုဏ္ဏားရွာ သာရီပုဏ္ဏေးမသား ဥပသေနဖြစ်ကာ ဗေဒင် ၃-ပုံ တတ်မြောက်သည်။

ဘုရားတရား နာရ၍ သဒ္ဓါတရားဖြစ်၊ ရဟန်းပြု၍ တဝါရသော် “အရိယာတိုက်ခန်းကို ငါ တိုးချဲ့တည်ဆောက်မည်” ဟုရည်ကာ အမျိုးကောင်းသားတယောက်ကို မိမိအထံ ရှင်ရဟန်းပြုစေသည်၊ ပဝါရဏာပြုပြီး၍ တပည့်က တဝါ၊ ဆရာက နှစ်ဝါ ရလျှင် “ဘုရားရှင် ငါ့ကိုမြင်လျှင် နှစ်သက်ကျေနပ်လိမ့်မည်” ဟု ရည်ရွယ်ပြီး တပည့်ကိုခေါ်၍ ဘုရားဖူးသွားသည်။

ဥပသေန၏ စိတ်ကူးယဉ်အကြံ ဘုရားရှင်လက်မခံ

ဘုရားရှိခိုးပြီး သင့်ရာထိုင်နေစဉ် ဘုရားရှင်က မေးသဖြင့် “တပည့်တော်က နှစ်ဝါ၊ ဤရဟန်းက တဝါ၊ ဆရာတပည့်ချင်းပါ” ဟု လျှောက်ထားသော် ဘုရားရှင်သည် ဥပသေနကို “မဂ်ဖိုလ်မပြီး အချည်းနှီးသောယောက်ျား၊ သင်သည် အလွန်လျင်မြန်စွာ ပစ္စည်း ၄-ပါး များဖို့ လှည့်ဘိသည်” ဟု အပြစ်တင်စကား မိန့်ကြားကာ အကြောင်းအမျိုးမျိုးဖြင့် ကဲ့ရဲ့တော်မူပြီး “၁၀-ဝါ မပြည့်သေးလျှင် ဥပဇ္ဈာယ်ဆရာပြုလုပ်၍ ရဟန်းလောင်းကို ရဟန်းခံမပေးအပ်” ဟု သိက္ခာပုဒ် ပညတ်တော်မူသည်။

ဥပသေနထေရ်သည် ဘုရားထံတော်မှ (ကြိုတင်ရည်မှန်းသလို အမွမ်းမခံရဘဲ) အကဲ့ရဲ့သာ ခံပြီး ဘုရားရှိခိုးကာ “လပြည့်ဝန်းပမာ အသရေရှိသော ဤခံတွင်းတော်ဖြင့်ပင် ဘုရားရှင်က ပရိသတ်ကို အကြောင်းပြု၍ပင် ကောင်းချီးပေးစေရမည်” ဟု ကြံစည်ကာ ထိုနေ့ပင် တနေရာသွား ဝိပဿနာပွားသဖြင့် မကြာမီ အရဟတ္တဖိုလ်ပေါက် ရောက်ရှိသွားသည်။

စာမျက်နှာ-120


ဆရာကောင်းကြောင့် တပည့်ကောင်း ၅၀၀-ဖြစ်လာသည်

အရှင်ဥပသေနကား ဆွေကြီးမျိုးကြီးမှ တောထွက် ရဟန်းပြုသူ ဖြစ်သည့်အပြင် မြေအပြင်ဝယ်ထင်ရှားသော ဓမ္မကထိက ပုဂ္ဂိုလ်ကျော်ဖြစ်ခြင်းကြောင့် သူ့တရား ကြည်ညိုကြ၍လည်းကောင်း၊ ဆွေမျိုးမိတ်သင်္ဂဟတို့ အိမ်များမှ ထွက်ကြ၍ လည်းကောင်း အမျိုးကောင်းသား သူငယ်များစွာ အရှင်ဥပသေနထံ ရှင်ပြုကြသည်။

“ငါတောကျောင်းနေသလို သင်တို့လည်း နေနိုင်ကြလျှင် ရှင်ပြုကြ” ဟု မိန့်ကာ ဓူတင် ၁၃-ပါး ဟောကြားသည်၊ ပြီးလျှင် “စွမ်းနိုင်ကြပါ၏” ဟု လျှောက်သူများကိုသာ ရှင်ပြုပေးသည်၊ ထိုတပည့်များလည်း စွမ်းအားရှိသမျှ ဓူတင် ဆောက်တည်ကြသည်၊ အရှင်ဥပသေနသည် မိမိ ၁၁ ဝါရမှ ဝိနည်းကို နိုင်နင်းအောင် လေ့လာပြီး အားလုံးကို ရဟန်းခံပေးသည်၊ အရှင်ဥပသေနအား တပည့်ရဟန်း ၅၀၀-မျှ ခြံရံမိပေပြီ။

ထိုအချိန် ဘုရားရှင် ဇေတဝန်၌ သီတင်းသုံးစဉ်— “၁၅-ရက် ပတ်လုံး တပါးတည်း ကိန်းအောင်း သီတင်းသုံးရန် ငါဘုရားအလိုရှိသည်” ဟု သံဃာအား မိန့်ကြား၍ တပါးတည်း သီတင်းသုံးဆဲ ဖြစ်သည်၊ “ဘုရားဖူးချဉ်းကပ်သော ရဟန်း ပါစိတ် အာပတ်ကို ဒေသနာကြားအပ်သည်” ဟု သံဃာများလည်း ကတိကဝတ်ထားချိန် အရှင်ဥပသေနသည် မိမိပရိသတ်နှင့်အတူ ဘုရားထံရောက်၊ ရှိခိုးပြီး သင့်ရာနေသည်။

တပည့်အတွက်လည်း ဆရာဂုဏ်တက်သည်

စကားဖြစ်ဖို့ရာပင် ဘုရားရှင်က တပည့်ငယ် ရဟန်းတပါးကို “ပံသုကူ သင်္ကန်းတို့ကို သင်မြတ်နိုးနှစ်သက်ပါ၏လော” ဟု မေးရာ “မမြတ်နိုးပါကြောင်း၊ ဥပဇ္ဈာယ်ဆရာ၌ လေးစားသဖြင့်သာ ပံသုကူဓူတင်ဆောင်ပါကြောင်း” လျှောက်ထားလိုက်သည်။ ဤအကြောင်းဝတ္ထု၌ ဘုရားရှင်သည် ဥပသေနအား ကောင်းချီးပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ဂုဏ်ကျေးဇူးစကား မြွက်ကြားသည်၊ နောက်ပိုင်းအချိန်၌ အရှင်ဥပသေနအား အမြတ်ဆုံး အရာထားတော်မူလိုက်သည်။

အခါတပါး အရှင်သာရိပုတ္တရာနှင့် အရှင်ဥပသေနညီနောင် ၂-ဦးသည် ရာဇဂြိုဟ်ပြည် ယင်းတိုက်တော သပ္ပသောဏ္ဍိက (မြွေပါးပျဉ်းနှင့် တူသော) လိုဏ်ဂူ၌ သီတင်းသုံးတော်မူကြစဉ် ဆွမ်းစားပြီး၍ လေညင်းခံကာ ၂-ထပ်သင်းပိုင်ချုပ်နေသော အရှင်ဥပသေန ပခုံးစွန်းပေါ်သို့ မြူးထူးနေသော (မြွေ ၂-ကောင်တွင်) မြွေဆိုးတကောင် လိမ့်ကျလာလေသည်။

ဖုဋ္ဌဝိသ ထိရုံနှင့် အဆိပ်တက်သေသည်

ထိရုံနှင့်အဆိပ်တက်သော ဖုဋ္ဌဝိသ မြွေဆိုးဖြစ်၍ ဆီမီးတောက်သည် မီးစာကို ကုန်စေသလို မထေရ်မြတ်ကိုယ်မှာ ထိရာမှစ၍ တဖြည်းဖြည်း အဆိပ်တက်တော့သည်၊ အဆိပ်

စာမျက်နှာ-121


ကြောင့် မီးဟုန်းဟုန်းတောက်ကာ ဖရိုဖရဲ ပျက်စီးနိုင်သော်လည်း “လိုဏ်ဂူအတွင်း၌ မပျက်စီးပါစေလင့်” ဟု တန်ခိုးဖြင့် ဓိဋ္ဌာန်ကာ တားတော်မူသည်။

ထို့နောက် အရှင်ဥပသေနသည် ရဟန်းများကိုခေါ်၍ “ဖွဲဆုပ်ကဲ့သို့ ဤကိုယ်ဖရိုဖရဲ ကျမသွားမီ ညောင်စောင်းပေါ်တင် အပြင်ထုတ်ကြပါ” ဟု မိန့်ရာ အရှင်သာရိပုတ္တရာက “ငါ့ရှင် ဥပသေန၏ကိုယ်အမူအရာနှင့် မျက်စိစသော ဣန္ဒြေများဖောက်ပြန်မှုမမြင်ရပါဘဲ ဤသို့ ပြောဆိုရသလား” ဟု မိန့်ရာ အရှင်ဥပသေနက “ငါ့ရှင် သာရိပုတ္တရာ၊ ငါသည် မျက်စိ၊ မျက်စိသည် ငါ၊ မျက်စိသည် ငါ့ဥစ္စာစသည်ဖြင့် ဣန္ဒြေ ၆-ပါး၌ အစွဲထပ်သူမှာ ဖောက်ပြန်ရာသည်၊ တဏှာဒိဋ္ဌိမရှိသော ငါ့မှာ သေခါနီး ဖောက်ပြန်မှုမဖြစ်နိုင်သည်သာ” ဟု ပြန်လျှောက်သည်။

ထိုအခါ အရှင်သာရိပုတ္တရာက “ငါ့ရှင် ဥပသေနမှာ သေခါနီး ဖောက်ပြန်မှုများ မဖြစ်ဘဲ ရှိမှာပါ၊ အချိန်အတော်ကြာကပင် တဏှာမာနဒိဋ္ဌိပယ်ပြီးဖြစ်နေပြီ၊ ထို့ကြောင့်ပင် အထင်လွဲမှားမှုများလုံးဝ မဖြစ်နိုင်တော့ချေ” ဟု အရှင်ဥပသေနကို ချီးမွမ်းစကား မိန့်ကြားသည်။

ထို့နောက် ရဟန်းများက ညောင်စောင်းပေါ်တင် အပြင်သို့ ထုတ်လျှင်ပင် အရှင်ဥပသေန၏ကိုယ်သည် ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲကျဲကာ ပရိနိဗ္ဗာန် စံတော်မူသည်။

၆။ ကျောင်းအိပ်ရာ နေရာ ခင်းကျင်းစီမံသူ ရဟန်းများတွင် ပလ္လာမင်းသားဒဗ္ဗသည် အမြတ်ဆုံး။

ဧတဒဂ်ရကြောင်း အလုပ်ကောင်းပုံ

အရှင်ဒဗ္ဗ ကျောင်းအိပ်ရာ နေရာ ခင်းကျင်းချိန်၌ ကျောင်းတိုက်ကြီး ၁၈-ခုတို့၌ တံမြက်မလှည်းရသော ပရိဝုဏ်၊ မပြုပြင်အပ်သော အိပ်ရာ နေရာ၊ မဆေးကြော မသုတ်သင်အပ်သော ညောင်စောင်း အင်းပျဉ်၊ မပြည့်စုံသော မတည်ထားအပ်သော သောက်ရေသုံးဆောင်ရေ ဟူ၍ မရှိရကား အမြတ်ဆုံးဖြစ်သည်။

ပဒုမုတ္တရ ဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ ယင်း ဧတဒဂ်ရ ရဟန်းတပါးကို အားကျပြီး ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်၊ ကဿပဘုရား သာသနာတော် ဆုတ်ယုတ်အားနည်းချိန် ရဟန်းပြုကြပြီး အခြား ၆-ပါးနှင့် စိတ်တူကိုယ်မျှ ရှိနေကြသည်။

ရဟန်းတော် ၇-ပါး စိတ်ထားစွမ်းရည်

သာသနာတော်၌ ပရိုမသေပြုသူများကိုမြင်၍ “ဤမြို့ရွာ၌နေ၍ သာသနာမှု ဘယ်မှာ ငါတို့ပြုနိုင်မည်နည်း၊ သင့်တော်ရာမှာ ရဟန်းတရား အားထုတ်၊ ဒုက္ခဆုံးအောင် လုပ်

စာမျက်နှာ-122


ကြအံ့” ဟု လှေကားထောင် တောင်ထိပ်တက်ပြီး “မိမိစိတ်စွမ်းရည် နားလည်သိရှိသူများ လှေကားကိုဖြုတ် တွန်းချပါကုန်၊ အသက်၌ တွယ်တာသူများ ပြန်ဆင်းကြပါ၊ နောင်တဖန် ပူပန်မှုများ မဖြစ်ပွားကြပါလင့်” ဟု ပြောဆို၍ အားလုံးသဘောတူ လှေကားကို တွန်းချပြီးလျှင် မမေ့မလျော့ကြဖို့ အချင်းချင်းဆုံးမကာ စိတ်ကြိုက်နေရာတို့၌ နေပြီး ရဟန်းတရားကို အသက်စွန့်အားထုတ်ကြသည်။

ယင်း ၇-ပါးတွင် သံဃထေရ်ကြီးသည် ပဉ္စမနေ့၌ ရဟန္တာဖြစ်၍ “ငါ့ကိစ္စပြီးပြီ၊ ဤနေရာမှာ ငါဘာလုပ်တော့မှာလဲ” တန်ခိုးဖြင့် မြောက်ကျွန်းကြွ ဆွမ်းခံကာ “ဤဆွမ်း ဘုဉ်းပေးကြပါ၊ ဆွမ်းခံကိစ္စ ငါ့တာဝန်ဖြစ်ပါစေ၊ ကိုယ့်အလုပ် အရှင်တို့ လုပ်ကြပါ” ဟု မိန့်သည်။

မြောက်ကျွန်းကဆွမ်း ယူကျွေးမည်ဆို၍လည်း လက်မခံ

ကျန်အရှင် ၆-ပါးတို့က “ရှေးဦးတရားရသူ ဆွမ်းခံ၊ ထိုပုဂ္ဂိုလ်ယူလာသော ဆွမ်းကို ကြွင်းပုဂ္ဂိုလ်များစား၊ တရားအားထုတ်ကြရမည်၊ တပည့်တော်တို့ လှေကားတွန်းချစဉ်က ဤသို့များပြောခဲ့ကြပါသလော” ဟု မေးကြရာ ဤသို့ပြောကြားမှု မရှိကြောင်း ပြန်မိန့်သည်။

“မိမိ၏ ရှေးကောင်းမှု အကြောင်းကြောင့် အရှင်ဘုရားများ အရဟတ္တဖိုလ် ရကြပါပြီ။ တပည့်တော်များလည်း စွမ်းနိုင်လျှင် ဝဋ်ဒုက္ခဆုံးအောင် လုပ်နိုင်ကြပါမည်၊ အရှင်ဘုရားများကြွတော်မူ” ဟု မထေရ် ၆-ပါးက လျှောက်ထားသည်။

သံဃထေရ်ကြီးသည် ယင်း ၆-ပါးကို သိစေဖို့ရာ မစွမ်းနိုင်ရကား ချမ်းသာရာမှာ ဆွမ်းစားပြီး ကြွသွားတော့သည်၊ ဒုတိယထေရ်သည် ၇-ရက်မြောက်၌ အနာဂါမ်ဖြစ်ကာ သုဒ္ဓါဝါသ ဗြဟ္မာ့ပြည် သွားဖြစ်သည်။

လှေကားထောင် ဖြုတ်ချသူများ အဆုံးဘဝ

ကျန်မထေရ် ၅-ပါးတို့သည် ထိုဘဝ၌ မဂ်ဖိုလ်မရကြဘဲ ဘုရားတဆူနှင့် တဆူအကြား အသင်္ချေယျတကပ်ပတ်လုံး လူနတ်တို့၌ ကျင်လည်ကာ ငါတို့ဘုရားလက်ထက်၌ ၁-ဂန္ဓာရတိုင်း တက္ကသိုလ်မြို့၌ ပုက္ကသာတိမင်း၊ ၂-ပဗ္ဗတေယျတိုင်း (မဇ္ဈန္တိကတိုင်း) သဘိယပရိဗိုဇ်၊ ၃-ဗာဟိယတိုင်း ဗာဟိယသူကြွယ်၊ ၄-ရာဇဂြိုဟ်မြို့ ကုမာရကဿပ သူငယ်၊ ၅-မလ္လတိုင်း အနုပိယမြို့ မလ္လာမင်း၏သား ဒဗ္ဗ ဟူ၍ အသီးသီး ဖြစ်လာကြသည်။

ဒဗ္ဗအလောင်းသူငယ်၏ မိခင်သည် သူငယ်ဖွားခါနီး ကွယ်လွန်ရာ အလောင်းကို သုသာန်ပို့ ထင်းပုံတင်၍ မီးရှို့စဉ် မီးပူရှိန်ကြောင့် ဝမ်းဗိုက်ပြင်ကွဲပြီး သူငယ်သည် မိမိ

စာမျက်နှာ-123


ကုသိုလ်စွမ်းကြောင့် ကောင်းကင်ပျံတက်ကာ တခုသော နေဇာမြက်ပုံပေါ် ကျတော့သည်၊ သူငယ်ကို အဘွားအားပေးကာ နေဇာမြက်ပုံပေါ်ကျ အသက်ရှင်ရသောကြောင့် ဒဗ္ဗပင် အမည်တွင်စေသည်။

၇-နှစ်သား ပါရမီရှင် ကျွတ်တမ်းဝင်

မြတ်စွာဘုရားသည် သံဃာနှင့်တကွ မလ္လတိုင်းကြွချီ၍ အနုပိယနိဂုံး အနုပိယ သရက်ဥယျာဉ်၌ စံတော်မူစဉ် ၇-နှစ်သား ဒဗ္ဗသည် မြင်မြင်ချင်း ဘုရားရှင်ကိုကြည်ညို၍ ရှင်ပြုလိုရကား အဘွားထံ အခွင့်တောင်းတော့သည်။

ခွင့်ပြုချက်ရ၍ ရှင်ပြုခါနီးတွင် ရဟန်းတပါးက တစပဉ္စက ကမ္မဋ္ဌာန်းကို မိန့်ကြားရာ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု အကြောင်းနှင့်ပြည့်စုံ၍ မဟာသာဝကဆုပန် ဗျာဒိတ်ခံပြီးသော ၇-နှစ်သား ဒဗ္ဗသူငယ်သည် ပထမဆံဝန်းရိတ်ချစဉ် သောတာပန်၊ ဒုတိယဆံဝန်း သကဒါဂါမ်၊ တတိယဆံဝန်း အနာဂါမ်ဖြစ်၍ ကံအားလုံးချပြီးခြင်းနှင့် ရဟန္တာဖြစ်ခြင်း တချိန်တည်းပင်ဖြစ်သည်။

အရှင်ဒဗ္ဗ၏ ဝိရိယစွမ်းရည်

ဘုရားရှင်သည် မလ္လတိုင်းမှ ရာဇဂြိုဟ်ကြွ၍ ဝေဠုဝန်ကျောင်းတော်၌ စံပျော်စဉ် အရှင်ဒဗ္ဗသည် မိမိ၏ ရဟန်းကိစ္စအကုန်ကို မြင်တော်မူ၍ သံဃဝေယျာဝစ္စကို ပြုခြင်း၌ မိမိကိုယ်ကို အသုံးချလိုရကား “သံဃာအတွက်နေရာကို ခင်းကျင်းစီမံရ ဆွမ်းကိုလည်း ညွှန်းရလျှင် ငါ့ဖို့ကောင်းမှာပဲ” ဟု ကြံစည်ပြီး မိမိအကြံကို ဘုရားထံ သွားလျှောက်ထားသည်။

ဘုရားရှင်သည် အရှင်ဒဗ္ဗအား ကောင်းချီးပေး၍ ခွင့်တောင်းမှု ၂-မျိုးကို လက်ခံတော်မူကာ “၇-နှစ်အရွယ် ငယ်သူပင်ဖြစ်သော်လည်း ပဋိသမ္ဘိဒါပတ္တဆဠဘိည တေဝိဇ္ဇရဟန္တာ-ဟူသော ကြီးမြတ်သောအရာ၌ ဒဗ္ဗတည်း” ဟု အားရ ကျေနပ်တော်မူကာ ရဟန်းခံစေသည်၊ (ပဏ္ဍိတ၊ သံကိစ္စ၊ သောပါက၊ ရေဝတ စသော သာမဏေငယ်တို့ကိုလည်း အရဟတ္တဖိုလ် ဂုဏ်ကျေးဇူးကိုထောက်၍ (အသက် ၂၀-မပြည့်သော်လည်း) ဘုရားရှင်က ရဟန်းခံပေးစေသည်ဟု ဤဝတ္ထုအရ မှတ်ယူသင့်သည်)။

သတင်းကျော်ကြား အလုပ်များလှ အရှင်ဒဗ္ဗ

အရှင်ဒဗ္ဗ ရဟန်းဖြစ်ပြီးချိန်မှစ၍ ရာဇဂြိုဟ်သံဃာအားလုံးအတွက် နေရာခင်း၍ ဆွမ်းကိုလည်း ညွှန်းပေးသည်၊ “အရှင်ဒဗ္ဗသည် အကျင့်သဘော နှီးနှောတူသူချင်း ပေါင်း၍ တနေရာတည်း ခင်းပေးသည်၊ အဝေးနေရာ၌လည်း (အာဂန္တုများသဘော

စာမျက်နှာ-124


ကျ) နေရာခင်းပေးသည်၊ မသွားနိုင်သော သံဃာများကိုမူ တန်ခိုးဖြင့် ပို့ပေးသတဲ့” ဟူသော အရှင်မြတ်၏ နေရာခင်းကျင်း သတင်းကောင်းသည် အရပ်တိုင်းမှာ ကျော်စောထင်ရှားသည်။

နာမည်ကျော်ကြား စိတ်ကောင်းထားသည့် အရှင်ဒဗ္ဗကို အချိန်အခါမဟုတ်သည်၌လည်းကောင်း၊ ဟုတ်သည်၌လည်းကောင်း “ငါတို့ဖို့ ဇီဝကသရက်ဥယျာဉ်မှာ နေရာခင်းပေးပါ၊ ငါတို့ဖို့တော့ သားတို့အား ဘေးမဲ့ပေးရာ မဒ္ဒကုစ္ဆိဥယျာဉ်ကျောင်းတိုက်မှာ နေရာပေးပါ” စသည်ဖြင့် အဝေးနေရာများညွှန်ကြားပြီး အရှင်ဒဗ္ဗ၏တန်ခိုးကို ကြည့်ကာ လိုက်သွားကြသည်။

သူတော်ကောင်းလည်း မကောင်းဆုံတွေ့ ကံဓမ္မတာမှာ မလွတ်သာ

အရှင်မြတ်ကား တန်ခိုးဖြင့် မနောမယရုပ်ပွားကိုယ်များကို စီမံကာ အာဂန္တု မထေရ်တပါးမှာ နိမ္မိတကိုယ်ပွားတပါးစီ ဖန်ဆင်းပြီး အလင်းရောင်ကောင်းသော လက်ချောင်းဖြင့် အာဂန္တုများ ရှေ့ကရွှေ့ကသွားပြီးလျှင် “ဤကား ညောင်စောင်းပါ၊ အင်းပျဉ်ပါ” စသည်ဖြင့် လျှောက်ထားကာ နေရာခင်းပေးပြီးမှ မိမိနေရာ တဖန် ပြန်လာသည်၊ ဤအကြောင်းကြောင့်ပင် အမြတ်နေရာ ဘုရားရှင် ထားတော်မူသည်။

သူတော်ကောင်းစင်စစ် ဖြစ်လင့်ကစား အရှင်ဒဗ္ဗအား ပေယျနှင့် ဘူမကရဟန်း ၂-ပါးဦးဆောင်သောအဖွဲ့က မေတ္တိယာဘိက္ခုနီမနှင့် စွပ်စွဲကြသည်၊ ရှေးကံကား ၉၁-ကမ္ဘာ ဝိပဿီဘုရားလက်ထက် ရဟန္တာတပါးကို စင်ကြယ်သူဟုသိလျက် မတရား စွပ်စွဲခဲ့ဖူး၍ ဖြစ်သည်။

ပရိနိဗ္ဗာန်စံယူမည့်နေ့ အရှင်မြတ်သည် ရဟန်းကိစ္စပြုပြီး၍ ဆွမ်းကိစ္စပြီးသော် မမေ့နိုင်ဖွယ် ဝေဠုဝန်ကျောင်းတော်သွား ဘုရားဝတ်ပြုသည်၊ နေ့ခင်းရာ နေရာများ၌ ဈာန်သမာပတ်ဝင်စားပြီး အာယုသင်္ခါရကိုကြည့်လတ်သော် အနည်းငယ်သာကျန်ကြောင်းသိ၍ မည်သူ့ကိုမျှ အသိမပေးဘဲ ပရိနိဗ္ဗာန် မစံသင့်ဟုကြံကာ ဘုရားရှင်အား လျှောက်ထားမည်၊ သာသနာ၏အနှစ်သာရပြ၍ ငါ၏ တန်ခိုးပြကာ ကောင်းကင်မှာ ပရိနိဗ္ဗာန်စံမည်၊ သို့စံလျှင် မေတ္တိယ ဘူမကတို့၏ လုပ်ကြံမှုကြောင့် မကြည်ညိုသူများ ကြည်ညိုမည်၊ ကြည်ညိုလျှင် ၎င်းတို့အဖို့ ကာလရှည်ကြာ ချမ်းသာဖို့ရာဖြစ်မည်ဟု နှလုံးသွင်းလျက် ဘုရားထံသွား ပရိနိဗ္ဗာန်စံဖို့ လျှောက်ထားသည်။

ဘုရားရှင်က “ပရိနိဗ္ဗာန်စံဖို့အချိန် ယခုအခါသင်ချစ်သားသည်ပင် သိ၏” ဟု မိန့်တော်မူသည်။ အရှင်ဒဗ္ဗက “တပည့်တော် ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့သည်မှာ

စာမျက်နှာ-125


ရဟန္တာဖြစ်ဖို့ မျှော်ကိုးသည့်အတိုင်း ယခုအခါ ပြည့်စုံခဲ့ပါပြီ၊ အရှင်ဘုရားတို့အား ဖူးမြော်ခြင်းသည် ယခု နောက်ဆုံးပါဘုရား” ဟု ဘုရားရှင်ကို လျှောက်ထားသောအခါ ရဟန်းတော်အချို့ သနားကြအချို့ငိုကြွေးကြသည်။

“ချစ်သား၊ ငါဘုရားအားလည်းကောင်း၊ သံဃာအားလည်းကောင်း တန်ခိုးပြလော့” ဟု ဘုရားရှင်မိန့်ရာ သံဃာစုံညီရှေ့မှောက်၌ အရှင်ဒဗ္ဗသည် “တပါးတည်းက အများဖြစ်ခြင်း၊ အများက တပါးဖြစ်ခြင်း၊ ပေါ်ခြင်း၊ ပျောက်ခြင်းစသော တန်ခိုးပြာဋိဟာ သာဝကဆိုင်ရာများပြ၍ ဘုရားရှိခိုးပြီး ကောင်းကင်ပျံတက်ကာ ကောင်းကင်၌ မြေကိုဖန်ဆင်းပြီး ထိုမြေပေါ်မှာထိုင်၍ တေဇောကသိုဏ်းအခြေခံသော ဈာန်ဝင်စားပြီး ကမ္ဘာဖျက်မီးပမာ မထေရ်မြတ်ကိုယ်၌ လောင်ကျွမ်းစေသည်၊ မီးသွေးပင် မကျန်တော့မှ ငြိမ်းစဲစေကာ ပရိနိဗ္ဗာန်စံတော်မူသည်။

၇။ နတ်များချစ်ခင် မြတ်နိုးအပ်သူ ရဟန်းများတွင် ပိလိန္ဒဝစ္ဆသည် အမြတ်ဆုံး။

စကြာမင်းကောင်းမှု လူနတ်များ နတ်ပြည်စုကြ

အရှင်မြတ်အလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့၊ သူဌေးမျိုး ဖြစ်ပြီး ယင်းဧတဒဂ်ရ ရဟန်းတပါးအားကျကာ ကောင်းမှုပြု၊ ဗျာဒိတ်ရသည်၊ သုမေဓာ ဘုရားလက်ထက်တွင် လူဖြစ်၍ ဘုရားရှင် ပရိနိဗ္ဗာန်စံလတ်သော် စေတီတော်အား ပူဇော်သက္ကာရ ကြီးစွာပြုသည်၊ လူနတ်တို့၌ ကျင်လည်ပြီး ငါတို့ဘုရားမပွင့်မီ စကြာမင်းဖြစ်၍ လူများကို ၅-ပါးသီလ တည်စေကာ နတ်ပြည်သို့ ရောက်စေသည်၊ အများအားဖြင့် နတ်ပြည် ၆-ထပ်ရောက် နတ်များသည် စကြာမင်း၏ ဩဝါဒကိုရ၍ ဖြစ်ရာဌာန မိမိ၏ စည်းစိမ်ကို ကြည့်ပြီးလျှင် “မည်သူ့ကြောင့် ဤနတ်စည်းစိမ် ရပါလိမ့်” ဆင်ခြင်ကြသော် ယခုအခါ ပိလိန္ဒဝစ္ဆထေရ်ကိုမြင်၍ ကျေးဇူးတင်လျက် ညနံနက်ပင် အရှင်ကို လာရှိခိုးကြသောကြောင့် ဤဧတဒဂ်ရသည်။

မန္တန်ဖြင့် ကောင်းကင်ပျံနိုင်သော ဝိဇ္ဇာဓိုရ်

ငါတို့ဘုရားလက်ထက် သာဝတ္ထိပုဏ္ဏားမျိုး၌လူဖြစ်လာပြီး အမည်အနွယ်နှစ်ရပ်စပ်၍ ပိလိန္ဒဝစ္ဆဟု ခေါ်အပ်သည်၊ နောက်ပရိဗိုဇ်ရဟန်းပြုပြီး ကောင်းကင်ပျံနိုင်သူ၊ သူတပါးစိတ်သိသူ စူဠဂန္ဓာရီမန္တန် ပညာရှင် ဝိဇ္ဇာဓိုရ် ဖြစ်လာကာ ရာဇဂြိုဟ်ပြည်၌ အထွတ်အထိပ်ရောက် လာဘ်ပေါများ၍ အခြံအရံလည်း များသည်။

ဘုရားရှင်ပွင့်ပေါ်လာ၍ အစဉ်သဖြင့် ရာဇဂြိုဟ်ရောက်လတ်သော် ထိုအချိန်မှစ၍ ပိလိန္ဒဝစ္ဆ၏ မန္တန်ပညာသည် ကောင်းကင်ပျံခြင်း၊ သူတပါးစိတ်ကိုသိခြင်း ကိစ္စများ မရတော့ပေ။ ထိုအခါ ပိလိန္ဒဝစ္ဆ ဝိဇ္ဇာဓိုရ်က “မဟာဂန္ဓာရီ ဝိဇ္ဇာပညာ ရှိနေရာမှာ

စာမျက်နှာ-126


စူဠဂန္ဓာရီ ဝိဇ္ဇာပညာ မထိုးဖောက်နိုင်ကြောင်း ဆရာအဆက်ဆက်စကား ကြားဖူးသည်၊ ရဟန်းဂေါတမသည် မဟာဂန္ဓာရီ ဝိဇ္ဇာပညာရှင် ဧကန်ပင် ဖြစ်ရာသည်၊ သူ့ထံမှ ယင်းပညာသင်ရမူ ကောင်းလေစွ” ဟု ကြံစည်ကာ ဘုရားထံသွား ပညာသင်ကြားခွင့်တောင်းတော့သည်။

အပြောကြမ်းသောရဟန္တာ ပိလိန္ဒဝစ္ဆ

ဘုရားရှင်က “ဝိဇ္ဇာအတတ် တတ်လိုလျှင် ရှင်ရဟန်းပြုလော့” ဟု မိန့်ရာ “ရှင်ရဟန်းပြုခြင်းသည် ဝိဇ္ဇာအတတ်၏ ပရိကံအခြေခံအလုပ်” ဟု မှတ်ထင်ကာ ပိလိန္ဒဝစ္ဆသည် ရှင်ရဟန်းပြုတော့သည်။ ပြီးလျှင် တရားဟော၍ ကမ္မဋ္ဌာန်းပေးတော်မူရာ ပိလိန္ဒဝစ္ဆသည် အရဟတ္တဖိုလ်ရကြောင်း ရှေးကောင်းမှုရှိသည်ဖြစ်၍ ဝိပဿနာပွားများကာ ရဟန္တာ ဖြစ်သွားသည်။

အရှင်ပိလိန္ဒဝစ္ဆကား လူ ရှင် ရဟန်းများနှင့် စကားပြောလျှင် “လာခဲ့စမ်း သူယုတ်၊ သူယုတ်” အသုံး ပြောဆိုသုံးစွဲသည်၊ ထိုအကြောင်းနှင့်စပ်၍ ဘုရားရှင်ကို “အရိယာများ စကားကြမ်း မသုံးတော့ပြီလော” ဟု မေးလျှောက်ရာ ဘုရားရှင်က “အရိယာများမှာ သူတပါးကို ရှုတ်ချသော ဒေါသဖြင့် စကားကြမ်းမရှိ၊ စင်စစ်သော်ကား ဘဝအထက်ဆက် လေ့ကျက်ခဲ့သူ၏ ဝါသနာသတ္တိ၏ အစွမ်းအားဖြင့်သာ စကားကြမ်းသုံးစွဲမှုဖြစ်ရသည်” ဟု မိန့်တော်မူသည်။

ဝါသနာဘာဂိ ဆက်တိုင်းမိ

အရှင်ပိလိန္ဒဝစ္ဆ၏ လူ ရှင် ရဟန်းများနှင့် ဆက်ဆံရာ၌ သူယုတ်သုံးစွဲပုံအကြောင်း မေးလျှောက်ကြရာ ဘုရားရှင်က “ငါ့သားပိလိန္ဒဝစ္ဆ၏ နှုတ်ထွက်ကြမ်းမှုသည် ယခုမှ မဟုတ်၊ ရှေးဘဝ ၅၀၀ ပတ်လုံး သူတပါးကို သူယုတ်ဟု ပြောဆိုလေ့ရှိသော ပုဏ္ဏားမျိုး၌ ဖြစ်ဖူးခဲ့၍ နှုတ်ထွက်ကြမ်းသည်၊ ဖရုဿဝါစာ အကုသိုလ်စေတနာဖြင့် မပြောဆို၊ မှန်၏။ အရိယာများစကားသည် နှုတ်ထွက်ကြမ်းသော်လည်း စေတနာမကြမ်း၍ စင်ကြယ်သည်၊ အနည်းငယ်မျှပင် မကောင်းမှုကို မရအပ်” ဟု ဟောတော်မူပြီး ဓမ္မပဒ၌—

“အကြင်စကားကြောင့် မည်သူကိုမျှ မငြိစွန်းစေရာ၊ ရဟန္တာမည်သည် နှုတ်မကြမ်း၍ သိလွယ်သော အမှန်စကားကိုသာ ဆိုရာ၏၊ နှုတ်ထွက်မကြမ်း ထိုရဟန္တာပုဂ္ဂိုလ်ကို မကောင်းမှုပယ်ပြီးသူ ဗြာဟ္မဏဟူ၍ ငါဘုရား မိန့်ကြားသည်။”
ဟု ဟောတော်မူသည်။

စာမျက်နှာ-127


ရဟန္တာအား ပြောမှားမိ ပိတ်ချင်းသီးက ကြွက်ချေးဖြစ်

အရှင်မြတ်သည် ရာဇဂြိုဟ်သို့ ဆွမ်းခံဝင်သောတနေ့ ယောက်ျားတယောက် ပိတ်ချင်းသီးများ တောင်းအပြည့် ထည့်ယူပြီး မြို့တွင်းဝင်လာသည်ကိုမြင်၍ “သူယုတ်၊ သင့်တောင်းထဲ ဘာပါသလဲ” ဟု မေးရာ ထိုယောက်ျားက “ဤရဟန်းသည် ငါနှင့်အတူ စောစောကြီး သူယုတ်ဟူသော စကားကြမ်းကိုဆိုသည်၊ ဤရဟန်းနှင့် လျော်သောစကား ပြန်ကြားသင့်သည်” ဟု ကြံကာ “တပည့်တော်တောင်းထဲမှာ ကြွက်ချေးတွေပါဘုရား” ဟု ပြန်လျှောက်သည်။

အရှင်မြတ်က “သူယုတ်၊ ဩော် သင်ပြောသည့်အတိုင်း ကြွက်ချေးတွေ ဖြစ်မှာပါ” ဟု မိန့်ကြားပြီး အရှင်မြတ်အမြင် လွန်လျှင်ပင် အားလုံး ကြွက်ချေး ဖြစ်သွားသည်၊ ယောက်ျားက “ဤပိတ်ချင်းသီးများ ကြွက်ချေးနှင့် တူသလို ထင်ရသည်၊ ကြွက်ချေး အစစ် ဟုတ်မဟုတ် စုံစမ်းလို၍ လက်ဖြင့် နှိပ်ချေရာ ကြွက်ချေးအစစ်ဖြစ်ပုံသိ၍ အားကြီးစိတ်ညစ်သွားသည်။

“ဤတောင်း၌သာ ကြွက်ချေးဖြစ်သလော၊ သို့မဟုတ် တလှည်းလုံးလော” ကြည့်ပြန်ရာ ပိတ်ချင်းသီးအားလုံး ကြွက်ချေးဖြစ်ပုံကို မြင်ရ၍ရင်ကိုလက်ဖြင့်မကာ “ဤအဖြစ်ကား တခြားသူ၏ အမှုမဟုတ်၊ စောစောက ငါတွေ့ရသော ရဟန်း၏အမှုဖြစ်သည်၊ မချွတ်ပင် ပြေလည်ဖို့အကြောင်း တခုတော့ရှိရမှာပါ၊ ထိုရဟန်းသွားရာ စုံစမ်းပြီး ဤအကြောင်း ငါသိအောင် ပြုအံ့” ဟု ကြံကာ မထေရ်သွားရာလမ်း မေးမြန်းလိုက်သည်။

အကူအညီပေး၍ ကြွက်ချေးများပိတ်ချင်းသီးပြန်ဖြစ်

အခြားယောက်ျားတယောက်သည် ထိုပိတ်ချင်းသီးရှင် ယောက်ျား ရေးကြီးသုတ်ပျာ (ဒေါကြီးမောကြီး) သွားသည်ကိုမြင်၍ အကြောင်းမေးရာ ပြောပြသဖြင့် “အမောင်၊ စိတ်မပူနှင့်၊ ငါ့ဆရာ ပိလိန္ဒဝစ္ဆပင်ဖြစ်မှာပါ၊ သင်သည် ဤကြွက်ချေးကိုပင် တောင်းအပြည့်ထည့်ယူသွားကာ အရှင်မြတ်ရှေ့၌ရပ်နေ၊ သူယုတ်၊ သင့်တောင်းထဲကဤဟာ ဘာလဲ” ဟု မေးလျှင် “ပိတ်ချင်းသီးတွေပါဘုရား” ဟု လျှောက်၊ မထေရ်မြတ်က “သူယုတ်၊ ဩော်... သင်ပြောသည့်အတိုင်း ပိတ်ချင်းသီးတွေ ဖြစ်မှာပါ” ဟု မိန့်လိမ့်မည်၊ ထိုအခါ အားလုံးပိတ်ချင်းသီးတွေ ဖြစ်ကုန်ပါလိမ့်မည်” စသည်ဖြင့် အကြံပေးစကားပြောရာ ထိုအတိုင်း ဆောင်ရွက်သဖြင့် အားလုံးပိတ်ချင်းသီးများ ပြန်ဖြစ်သွားကြသည်။

စာမျက်နှာ-128


၈။ လျင်မြန်စွာ ရအပ်သော မဂ်ဖိုလ်အသိဉာဏ်ရှိသူတို့တွင် ဗာဟိယတိုင်းသား ဒါရုစီရိယသည် အမြတ်ဆုံး။

ရဟန်းသီလဖြင့် အသင်္ချေယျတကပ် နတ်ဖြစ်သည်

အရှင်မြတ်ကား အကျဉ်းဟောအပ်သော တရားအဆုံး၌ အရဟတ္တဖိုလ် ရောက်သည်၊ မဂ်ဖိုလ်အတွက် သီးခြားပရိကံပြုဖွယ်မလို၍ ယင်း ဧတဒဂ်ရသည်၊ ဗာဟိယတိုင်းသား ဖြစ်၍ ဗာဟိယ၊ နောက်အချိန် သစ်သားမျှင်အဝတ်ပတ်၍ ဒါရုစီရိယ ၂-မည် ရသည်။ ပဒုမုတ္တရ ဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ ယင်း ဧတဒဂ်ရ ရဟန်းတပါးကို အားကျကာ ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်၊ ကဿပဘုရားသာသနာဆုတ်ချိန် အရှင်ဒဗ္ဗဝတ္ထု၌ ဆိုအပ်ပြီး ရဟန်း ၇-ပါးတွင် တပါးဖြစ်ကာ တရားအားထုတ်၍ ဗုဒ္ဓန္တရအသင်္ချေယျတကပ်လုံး နတ်၌ဖြစ်သည်။

ငါတို့ဘုရားလက်ထက် ဗာဟိယတိုင်းသားဖြစ်ကာ အိမ်ရာထောင်လျက် ကုန်သွယ်ရန် သုဝဏ္ဏဘူမိသွားသော လှေဖြင့်လိုက်သွားသည်၊ လှေသည် လိုရာမရောက်ဘဲ သမုဒ္ဒရာ အလယ်၌ ပျက်သည်၊ လူများ ငါး လိပ် အစာဖြစ်သွားကြသော်လည်း အရှင်မြတ်အလောင်းကား သစ်သားပိုင်းတခု ယူကူးရ၍ ၇-ရက်မြောက်နေ့ သုပ္ပါရက ဆိပ်ကမ်းရောက်သည်၊ ကမ်းတက်ကာ လူများနေရာရောက်လတ်သော် မှော်သိုက်အုံယူ၍ ကိုယ်ကိုပတ်လျက် တနေရာကျနေသော ခွက်ခွဲယူ၍ ဆွမ်းခံဝင်သည်။

ဝမ်းရေးအတွက် ညာလက်စ ဆက်၍ပင် ညာသည်

ဗာဟိယကို လူများမြင်လျှင် “လောကမှာ ရဟန္တာရှိလျှင် ဤပုဂ္ဂိုလ် အချိုးမျိုး ဖြစ်ရာသည်” ဟု ကြံပြီး “အသို့နည်း၊ အရှင်သည် အကျင့်မြတ်ကြောင့် အဝတ်မဝတ်လေသလော၊ သို့မဟုတ် လှူလျှင် ယူမည်လော” ဟု စုံစမ်းလိုကြကာ အရပ်အားလုံးမှ အဝတ်များ ယူလာကြသည်။

ဗာဟိယသည် “ငါဤပုံစံအတိုင်းမလာလျှင် လူများငါ့အား ကြည်ညိုကြမည်မဟုတ်၊ တစုံတခုထူးအောင်ပြုကာ ဤလူများကိုလှည့်ပတ်၍ အသက်မွေးဝမ်းကျောင်း ပြုသင့်သည်” ဟု ကြံကာ အဝတ်များကို မခံယူလေ၊ လူများ အလွန်ကြည်ညိုကြ ပူဇော်သက္ကာရ ပြုကြသည်။

ဗာဟိယသည် ထမင်းစားပြီး မနီးမဝေးရှိ နတ်ကွန်းသို့သွားသောအခါ လူများပါ လိုက်လာပြီး နတ်ကွန်းပြင်ဆင်ပေးကြသည်။ ဗာဟိယက “လူများသည် မှော်သိုက်အဝတ်မျှ၌ ကြည်ညိုကာ ငါ့အား ဤမျှပူဇော်ကြသည်၊ ထိုလူများအတွက် ငါသည်

စာမျက်နှာ-129


အကျင့်မြတ်ကျင့်သူ ဖြစ်သင့်သည်” ဟု ကြံကာ ပေါ့ပါးသောသစ် ပျဉ်ချပ်များ ရှာဖွေ၍ ပါးပါးလွှာကာ လျှော်မျှင်များ၌ သီကုံးပြီး အဝတ်ပြုကာ ဝတ်ရုံ၍ အသက်မွေးမှု ပြုနေတော့သည်။

ဗြဟ္မာမင်းမကယ်လျှင် သံသရာက လွတ်ဖွယ်မမြင်

ကဿပဘုရားလက်ထက် သူတော်ကောင်းရဟန်း ၇-ပါး တရားအားထုတ်ကြရာတွင် ဗြဟ္မာ့ပြည်ရောက်သူသည် လာခဲ့ရာ နေရာနှင့်တကွ အားလုံးကိုဆင်ခြင်ရာ တပါး ပရိနိဗ္ဗာန်ပြု၍ ၅-ပါး နတ်ပြည်ဖြစ်ပုံသိသဖြင့် မပြတ်ပင် ၅-ဦးသောသူတို့ကို ဆင်ခြင်နေသည်။

“ယခု ဘယ်မှာဖြစ်ပါလေသနည်း” ဟု ဆင်ခြင်လတ်သော် သုပ္ပါရက ဆိပ်ကမ်းကိုမှီ၍ အံ့ဖွယ်သမှု လူထူးပြုကာ အသက်မွေးနေသော ဒါရုစီရိယကိုမြင်၍ “ဤလူမိုက် ပျက်စီးပေပြီတကား၊ ရှေးက ရဟန်းတရား အားထုတ်စဉ် အလွန်အကျင့်ကောင်းသည်၊ ရဟန္တာယူလာသော ဆွမ်းကိုပင်မစား၊ ယခုမူ ဝမ်းရေးအတွက် ရဟန္တာမဟုတ်ပါဘဲ ရဟန္တာဟုဝန်ခံကာ လူများကို လှည့်ဖျား၍ ကျက်စားသည်၊ ဘုရားရှင်ပွင့်နေသည်ကိုလည်း မသိ၊ ငါသွားပြီး ဒါရုစီရိယကို ထိတ်လန့်စေကာ ဘုရားရှင်ပွင့်နေသည်ကို သိစေအံ့” ဟု ကြံကာ တခဏချင်း ဗြဟ္မာ့ပြည်မှ သုပ္ပါရကဆိပ်ကမ်း၌ ညအချိန်၌ပင် ဒါရုစီရိယ ရှေ့ ထင်ရှားပြသည်။

အကျိုးလိုသော ဗြဟ္မာမင်း တင်းတင်းပင် မိန့်သည်

ဒါရုစီရိယသည် မိမိနေရာ၌ ကိုယ်ရောင်ကိုယ်ဝါကို မြင်၍ အပြင်ထွက်ရပ်စဉ် ဗြဟ္မာကြီးကို မြင်၍ လက်အုပ်ချီကာ “အရှင်တို့၊ မည်သူတို့ပါနည်း” ဟု မေးသော် “ငါကား သင့်သူငယ်ချင်း အနာဂါမ်ဖြစ်၍ ဗြဟ္မာဖြစ်၊ အကြီးဆုံးကား ရဟန္တာဖြစ်၍ သင်အပါအဝင် ကြွင်း ၅-ဦး နတ်၌ ဖြစ်ကြသည်။ ဤနေရာ၌ အံ့ဖွယ်ပြု၍ အသက်မွေးနေသော သင့်ကို မြင်၍ ဆုံးမဖို့ လာခဲ့သည်” ဟု မိန့်ဆိုပြီး ဆက်လက်၍ပင် “ဗာဟိယ၊ သင်သည် ရဟန္တာမဟုတ်၊ အရဟတ္တမဂ်သို့လည်း မရောက်၊ အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်ဖို့ အကျင့်မှန်လည်း လုံးဝ မရှိ” ဟု ခပ်တင်းတင်း ပြောကာ “ဘုရားရှင်ပွင့်၍ သာဝတ္ထိမြို့မှာ သီတင်းသုံးနေသည်၊ ဘုရားထံ သွားပါ” ဟု ညွှန်ကြားပြီး ဗြဟ္မာ့ပြည် ပြန်သွားသည်။

ဗာဟိယသည် ဗြဟ္မာကြီးစကားဖြင့် ထိတ်လန့်ကာ “နိဗ္ဗာန်လမ်းကို ရှာမှီးမည်” ဟု ကြံပြီး ယူဇနာ ၁၂၀-ခရီးကို တညဉ့်တည်းဖြင့် သွား၍ သာဝတ္ထိပြည်ရောက်သည်၊ ဗာဟိယ လာနေကြောင်း၊ ဣန္ဒြေမရင့်ကျက်သေးကြောင်း ဘုရားရှင် သိသဖြင့် ဆိုင်းငံ့တော်မမူဘဲ သံဃာနှင့်အတူ မြို့တွင်း ဆွမ်းခံကြွတော်မူသည်။

စာမျက်နှာ-130


အသက်သေမည် မသိနိုင်၍ အခုပင်တရားနာပါရစေ

ဗာဟိယသည် ဇေတဝန်ကျောင်းတော်ရောက်၍ ဘုရားရှင်ကို မေးရာ ဆွမ်းခံကြွသွားကြောင်း သံဃာများက မိန့်ကြားပြီး ဗာဟိယအား ခရီးဝေးမှ လာမှန်းသိသဖြင့် “ထိုင်၍ အပန်းဖြေပါ၊ ဆွမ်းခံပြန်လျှင် ဖူးရပါလိမ့်မည်” ဟု ဧည့်ဝတ်စကား မိန့်ကြားရာ “တပည့်တော်၏ အသက်အန္တရာယ်ကို မသိနိုင်ပါ၊ တညဉ့်တည်းဖြင့် ယူဇနာ ၁၂၀-ခရီးကို ဘယ်နေရာမှာမှ ကြာကြာမနားဘဲ လာခဲ့ပါသည်၊ ဘုရားဖူးပြီးမှ အပန်းဖြေပါမည်” ဟု လျှောက်ထားပြီး မြို့တွင်း ဆွမ်းခံကြွနေသော ဘုရားရှင်နောက် အမှီလိုက်သည်။

ဘုရားရှင်ကို ဖူးမြင်ရလျှင် ပီတိ ၅-မျိုးဖြင့် တွေ့ထိပြီး ရှိခိုးကာ “တပည့်တော်အား တရားဟောတော်မူပါ၊ ထိုတရားသည် တပည့်တော်အဖို့ စီးပွားချမ်းသာ ဖြစ်ပါလိမ့်မည်” ဟု လျှောက်ထားသည်။ ဗာဟိယ၏ ဣန္ဒြေများ မရင့်ကျက်သေးရကား “ချစ်သား ဗာဟိယ၊ တရားဟောဖို့ အချိန်မဟုတ်သေး၊ ငါဘုရား မြို့တွင်း ဆွမ်းခံကြွနေသည်” ဟု မိန့်တော်မူလိုက်သည်။

၂-ကြိမ်မြောက် တောင်းပန်သောအခါလည်း အလားတူပင် မြင်တော်မူပြီး ၃-ကြိမ်မြောက် တောင်းပန်သောအခါမှ ဘုရားရှင်သည် ဗာဟိယ ကိုယ်၌ ၁-အလယ်အလတ် ရှုဆင်ခြင်မှု ဖြစ်ပွားလာခြင်း၊ ၂-ခရီးပန်းမှု ငြိမ်းအေးခြင်း၊ ၃-သဒ္ဓါ စသော ဣန္ဒြေများ ရင့်ကျက်လာခြင်း၊ ၄-ဗာဟိယ အသက်အန္တရာယ် နီးစပ်လာခြင်းတို့ကို သိမြင်တော်မူသဖြင့် တရားဟောချိန်တန်ပြီဟု ဆင်ခြင်တော်မူကာ—

၁။ “ချစ်သား ဗာဟိယ၊ မြင်အပ်သော အဆင်း၊ ကြားအပ်သော အသံ၊ တွေ့ထိအပ်သော အနံ့ အရသာ အတွေ့၊ သိအပ်သော ရုပ်နာမ် ဓမ္မတို့၌ မြင်ကာမျှ၊ ကြားကာမျှ၊ တွေ့ထိကာမျှ၊ သိကာမျှဖြစ်အောင် ကျင့်ရမည်။

၂။ ချစ်သား ဗာဟိယ၊ သင်ချစ်သားသည် မြင်ကာ၊ ကြားကာ၊ တွေ့ကာ၊ သိကာမျှဖြစ်အောင် ကျင့်နိုင်သောအခါ ထိုအဆင်းစသော အာရုံနှင့်စပ်သော ရာဂ၊ ဒေါသ၊ မောဟနှင့် ယှဉ်သူစင်စစ် ဖြစ်တော့မည် မဟုတ်ချေ။

၃။ ချစ်သား ဗာဟိယ၊ သင်ချစ်သားသည် ရာဂ၊ ဒေါသ၊ မောဟနှင့် မယှဉ်သူ စင်စစ် ဖြစ်လာသောအခါ ထိုအဆင်းစသော အာရုံ၌ တဏှာ၊ မာန၊ ဒိဋ္ဌိဖြင့် မမှီသူစင်စစ် ဖြစ်ပေလိမ့်မည်။

၄။ ချစ်သား ဗာဟိယ၊ သင်ချစ်သားသည် တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မမှီသူစင်စစ် ဖြစ်လာသောအခါ ဤမျက်မှောက်လူဘဝ၌လည်း တဖန်ပြန်ကာဖြစ်လာတော့မည် မဟုတ်”

စာမျက်နှာ-131


မည်မဟုတ်၊ တမလွန်ဘဝ (နတ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ) ဂတိ ၄-ပါးတို့၌လည်း တဖန်ရောက်ကာဖြစ်လာတော့မည်မဟုတ်၊ မျက်မှောက်တမလွန်မှတပါး လားရာဂတိလည်း မရှိ၊ မျက်မှောက်တမလွန်တို့၌ ရုပ်နာမ်အသစ် မဖြစ်ခြင်းသည်ပင် ကိလေသာ ဆင်းရဲ ဝဋ်ဆင်းရဲ၏ အဆုံးဖြစ်သည်”—ဟု အနုပါဒါ ပရိနိဗ္ဗာန်အထွတ်တပ်၍ ဟောတော်မူသည်။

ဧဟိဘိက္ခု ချို့တဲ့သော ဗာဟိယ

ဒေသနာတော်အဆုံး လမ်းခရီးကြား ရပ်လျက်ပင် ဒေသနာသို့ အစဉ်လျှောက်သဖြင့် ဉာဏ်စေကာ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်သွားသည်၊ ဗာဟိယသည် ရဟန်းကိစ္စပြီးကြောင်းသိ၍ ဘုရားရှင်ထံ ရှင်ရဟန်းအဖြစ်တောင်းရာ သပိတ်သင်္ကန်းမပြည့်စုံ၍ အရှာခိုင်းပြီး ဘုရားရှင် ဆွမ်းခံဆက်ကြွသည်။

ကဿပဘုရား သာသနာမှာ နှစ် ၂၀၀၀၀-တရား အားထုတ်သော်လည်း သပိတ်သင်္ကန်း မလှူဖူးသဖြင့် ဧဟိဘိက္ခု အခေါ်မခံရပါ၊ ဆရာအချို့ကမူ “ဘုရားမပွင့်သော သုညကမ္ဘာတခုတွင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါး၏ သပိတ်သင်္ကန်းကိုယူပြီး မြားဖြင့် ပစ်သတ်ဖူးရှကား ဣဒ္ဓိမယ သပိတ်သင်္ကန်းမရနိုင်” ဟု ဘုရားရှင်သိတော်မူ၍ ဧဟိဘိက္ခု မခေါ်ဟုလည်း မိန့်ဆိုကြသည်။

သပိတ်သင်္ကန်း ရှာသော ဗာဟိယသည် အမှိုက်ပုံမှ ပုဆိုးပိုင်းများကို စုဆွဲနေစဉ် ရှေးဘဝက ရန်သူဖြစ်သော ဘီလူးသည် သားသည်မိခင်နွားမတကောင်၏ ကိုယ်၌ပူးဝင်စေသဖြင့် ပရိနိဗ္ဗာန်စံတော်မူရသည်။

ဆိုးသွမ်းလူငယ်သူဌေးသား ၄-ဦးပြစ်မှု

ရှေးအခါ သူဌေးသား ၄-ဦးသည် ပြည့်တန်ဆာမ တဦးအား တနေ့လုံးပျော်ပါးပြီး နေဝင်လတ်သော် တယောက်၏ အကြံပေးချက်အရ အားလုံးသဘောတူ ပြည့်တန်ဆာမကို ဖျောက်ဖျက်၍ ငွေ ၁၀၀၀ိ-နှင့် ရွှေများယူကြသည်၊ ပြည့်တန်ဆာမက ငါသည် ဘီလူးမ အဖြစ်ဖြင့် ဤ ၄-ယောက်တို့ကို အကြိမ်များစွာ သတ်ရပါလို၏ဟု ဆုတောင်းခဲ့သည်။ ထိုသူဌေးသား ၄-ယောက်သည် ယခုအခါ ၁-ပုက္ကုသာတိ အမျိုးကောင်းသား၊ ၂-ဗာဟိယဒါရုစီရိယ၊ ၃-တမ္ဗဒါဌိကခိုးသူသတ်သမား၊ ၄-သုပ္ပဗုဒ္ဓ အနာကြီးရောဂါသည်တို့ ဖြစ်လာကြပြီး အကြိမ်များစွာ ပြည့်တန်ဆာ ဘီလူးမ၏ အသတ်ကိုချည်း ခံရသည်။

ဘုရားရှင်၏ ယုယမှုခံရသော ဗာဟိယ

ဘုရားရှင်သည် သာဝတ္ထိပြည်မှ ထွက်လတ်သော် လမ်းကြားအမှိုက်ပုံ၌ လဲကျနေသော ဗာဟိယကို မြင်တော်မူ၍ သံဃာတော်များအား အလောင်းကိုထုတ်စေ သင်္ဂြိုဟ်စေကာ လမ်းဆုံလမ်းမ လမ်းလေးခု၌ စေတီတည်စေသည်။

စာမျက်နှာ-132


“ဘုရားရှင်ကိုယ်တော်တိုင် သံဃာနှင့်အတူ သင်္ဂြိုဟ်ခြင်း၊ အရိုးဓာတ်ယူ စေတီတည်ခြင်း ပြုတော်မူသည်။ အဘယ်အရိယာမဂ် ရပါလေသနည်း၊ သာမဏေလော၊ ရဟန်းလော” ဟု သံဃာများပြောဆိုမှုအကြောင်းပြု၍ “ဗာဟိယသည် ပညာရှိ၏၊ လောကုတ္တရာ တရားအားလျော်သော အကျင့်ကိုကျင့်၏၊ တရားကြောင့် ငါဘုရားကို မညှဉ်းဆဲ၊ ဗာဟိယသည် ပရိနိဗ္ဗာန် စံလေပြီ” ဟု မိန့်တော်မူလိုက်သည်။

ဘုရားတရားကို နားသော သံဃာတော်များက ဗာဟိယ အရဟတ္တဖိုလ် ရောက်ချိန်ကို များစွာ မစုံစမ်းရဘဲ လျှောက်ရာ “ငါ့တရားနာပြီးစကပင် ရောက်သည်” ဟု မိန့်သဖြင့် ဗာဟိယအား တရားဟောချိန်ကို မေးလျှောက်ကြပြန်သည်။ “ယနေ့ဆွမ်းခံကြွသင်း လမ်းလယ်၌ ဟောသည်” ဟု မိန့်တော်မူရာ တရားအနည်းငယ်မျှဖြင့် ဘယ်ပုံမဂ်ဖိုလ်ရနိုင်ပါသနည်း ဟု လျှောက်ကြပြန်ရာ ဘုရားရှင်က “တရားဟူသည် နည်းမှု များမှုအကြောင်းမဟုတ်၊ ငါဘုရားတရားသည် အဆိပ်သောက်ထားသူအတွက် အသက်ကယ်ဆေးပင် ဖြစ်သည်” ဟု မိန့်ကြားတော်မူပြီး ဓမ္မပဒ၌—

“အထောင်သင်္ချာ ဂါထာတို့၌ပင် ဖြစ်စေကာမူ အကျိုးနှင့်မစပ်လျှင် မချီးမွမ်းအပ်၍ မမြတ်၊ ကိလေသာ ငြိမ်းကြောင်း တရားတော် တပုဒ်ကောင်းသည်သာ ချီးမွမ်းအပ် မြတ်သည်”

ဟု ဟောတော်မူရာ ဒေသနာအဆုံး၌ ၈-သောင်း ၄-ထောင်သော သတ္တဝါများ အမြိုက်ရည် သောက်ကြရသည်၊ နောင်အချိန် သံဃာ့အလယ်၌ ထိုင်တော်မူကာ ဘုရားရှင်က ဗာဟိယအား အမြတ်အရာ ထားတော်မူသည်။

၉။ ဆန်းကြယ်စွာ တရားဟောပြောတတ်သူတို့တွင် ကုမာရကဿပသည် အမြတ်ဆုံး။

ကိုယ်ဝန်တည်ကြောင်း အချို့မိခင်လောင်း မသိ

အရှင်မြတ်သည် တယောက် ဟောဟော၊ နှစ်ယောက် ဟောဟော ဥပမာ များစွာ အကြောင်းများစွာတို့ဖြင့် တန်ဆာဆင်၍ နားလည်အောင် ဟောနိုင်သောကြောင့် ယင်း ဧတဒဂ်ရသည်၊ ပဒုမုတ္တရ ဘုရားလက်ထက် ဟံသာဝတီမြို့သား ဖြစ်ပြီး ယင်း ဧတဒဂ်ရ ရဟန်းတပါး အားကျ၊ ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။

ကဿပဘုရား သာသနာတော် ဆုတ်ယုတ်ချိန် တောင်ထိပ်ပေါ်တက်၍ ရဟန်းတရား အားထုတ်သူ ၇-ပါးတွင် တပါးဖြစ်သည်၊ ငါတို့ဘုရားလက်ထက် ရာဇဂြိုဟ်မြို့ အမျိုးသမီးတဦးဝမ်း၌ သန္ဓေတည်သည်၊ ယင်းအမျိုးသမီးကား မိဘများခွင့်ပြု၍သာ ရဟန်းမပြုရဘဲ လင့်အိမ် လိုက်ရစဉ် အရှင်မြတ်အလောင်း သန္ဓေကိုရသည်၊ သန္ဓေရကြောင်း အမျိုးသမီး မသိပါ။

စာမျက်နှာ-133


ဒေဝဒတ်နောက်လိုက်ကား ပစ္စုပ္ပန် သံသရာ မသက်သာ

လင်ကို ကျေနပ်စေ၍ ခွင့်ပြုချက်ယူကာ ဘိက္ခုနီမ ကျောင်းသွား ရဟန်းပြုသည်၊ မကြာမီ လူ့ဘဝကကိုယ်ဝန် ပေါ်လွင်လာရကား ဆရာဒေဝဒတ်ကို လျှောက်ထားရာ “ရဟန်းမဟုတ်” ဆိုကာ နှင်သဖြင့် ဘုရားရှင်ကို မေးလျှောက်ကြပြန်ရာ အရှင်ဥပါလိ ထေရ်ကို ဘုရားရှင်က တာဝန်ပေးတော်မူသည်။

အရှင်ဥပါလိသည် သာဝတ္ထိမြို့ လူဂုဏ်တန်အမျိုးသမီးကြီးများနှင့် ဝိသာခါ ကျောင်းအမကြီးကို ခေါ်စေ၍ ရှင်းလင်းသုတ်သင်စေရာ “လူ့ဘဝကရခဲ့သော ကိုယ်ဝန်ဖြစ်၍ ရဟန်းဘဝ အပြစ်မရှိ” ဟု ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်၊ ဘုရားရှင်က အရှင်ဥပါလိအား ကောင်းချီးပေးတော်မူသည်။

ဘုရားရှင်ပေးသောပုန့် ကုမာရကဿပ စားရသည်

ရွှေစင်ရုပ်အလား ဖွားလာသော ဘိက္ခုနီမ၏သားကို ကောသလမင်းကြီး ယူ၍ မွေးစားသည်၊ ကဿပဟုအမည်ပေးကာ ဘုရားထံပို့ ရှင်ပြုသည်၊ ကိုရင်ငယ်ဖြစ်၍ ဘုရားရှင်က “ကဿပကိုခေါ်၊ ဤသစ်သီး ဤခဲဖွယ်ကို ပေးလိုက်” ဟု မိန့်တော်မူလတ်သော် “အဘယ်ကဿပပါလဲဘုရား” ဟု လျှောက်ကြရာ “ကုမာရ(သူငယ်)ကဿပ” ဟု မိန့်သည်၊ ထိုအခါမှစ၍ အသက်ကြီးသော်လည်း ကုမာရကဿပဟုပင် ခေါ်ကြသည်၊ ကောသလမင်းကြီး၏ မွေးစားသားဖြစ်၍လည်း ကုမာရ(မင်းသား)ကဿပဟု အဓိပ္ပာယ်တမျိုး သိမှတ်ကြသေးသည်။

အရှင်မြတ်သည် ရှင်ဖြစ်ချိန်မှစ၍ ဝိပဿနာအားထုတ်ရင်း ပရိယတ်ကိုလည်း သင်ယူသည်၊ တောင်ထိပ်ပေါ်တက်၍ တရားအားထုတ်ဘက်ဖြစ်သော သုဒ္ဓါဝါသ ဗြဟ္မာကြီးသည် ရှင်ကုမာရကဿပကိုမြင်၍ “ငါ့သူငယ်ချင်းကား ဝိပဿနာပွားမှု၌ ပင်ပန်းနေသည်၊ ဝိပဿနာပွားနည်းအမြွက်ပြ၍ မဂ်ဖိုလ်ရကြောင်းကို ပြုအံ့” ဟု ကြံကာ ပြဿနာ ၁၅-ချက်ကို ဗြဟ္မာ့ပြည်ကပင် စီစဉ်ခဲ့ပြီး သန်းခေါင်ယံအချိန် ကုမာရကဿပ နေရာ အန္ဓတောအုပ်၌ ကိုယ်ထင်ရှားပြသည်။

ဆွေမျိုးထက်ကောင်းသော အပေါင်းအသင်း

ဗြဟ္မာကြီးက “ငါသည် သင်နှင့် တရားအားထုတ်ဘက်ဖြစ်သော အနာဂါမ်ဗြဟ္မာကြီးဖြစ်ကြောင်း၊ ပြဿနာ ၁၅ ချက်မေးလို၍ လာကြောင်း” ပြောပြပြီး “ပြဿနာ ၁၅-ချက်ကို သင်သည် မှတ်ယူပြီး အရုဏ်တက်ချိန် ဘုရားထံသွားလျှောက်ပါလေ၊ ဘုရားမှတပါး ဖြေနိုင်သူမရှိပါ” လျှောက်ထားကာ ဗြဟ္မာ့ပြည်ပြန်သွားသည်။

စာမျက်နှာ-134


အရှင်မြတ်သည် နောက်တနေ့ ဘုရားထံသွား ဗြဟ္မာမင်း၏ပြဿနာများကို မေးလျှောက်ရာ အရဟတ္တဖိုလ်ရောက်သည့်တိုင် ဘုရားရှင် ဖြေကြားတော်မူသည်၊ အရှင်မြတ်သည် ဘုရားဟောတိုင်း သင်ယူမှတ်သား တောအုပ်ပြန်သွားပြီး အားထုတ်ရာ အရဟတ္တဖိုလ်သို့ ရောက်တော်မူသည်။ ထိုအခါမှစ၍ ပရိသတ် ၄-ပါးအား ဆန်းကျယ်စွာဟောပြောသည်၊ ပါယာသိရာဇညသုတ္တန်ကို အကြောင်းပြု၍ ယင်း ဧတဒဂ်ရသည်။

ဗြဟ္မာကြီး၏ ပြဿနာ ၁၅-ချက်

၁-ဤတောင်ပို့သည်၊ ၂-ည၌အခိုးလွှတ်၍ ၃-နေ့၌ မီးတောက်သည်၊ ၄-ဆရာပုဏ္ဏားက ၅-ပညာရှိတပည့်အား ၆-ဓားလက်နက်ယူပြီး ၇-အဖန်ဖန်တူးခိုင်းသည်၊ တပည့်ကတူးရာ ၈-တံခါးကျည်ကို တွေ့၍တွေ့ကြောင်း တင်ပြသည်၊ ဖယ်၍ ဆက်တူးခိုင်းသည်။

၉-ဥဒ္ဓုမာယိကဖား၊ ၁၀-လမ်း ၂-ခွ၊ ၁၁-ဆပ်ပြာရေစစ်၊ ၁၂-လိပ်၊ ၁၃-သံလျက်နှင့် စဉ်းနှီးတုံး၊ ၁၄-သားတစ်ကို တွေ့၍တွေ့ကြောင်း တင်ပြရာ တင်ပြတိုင်း တင်ပြတိုင်းဖယ်၍ ဆက်တူးခိုင်းသည်။

၁၅-နဂါးကို တွေ့၍တွေ့ကြောင်း တင်ပြရာ၌ကား ဆရာပုဏ္ဏားက “နဂါးကို မထိနှင့် ရှိခိုးပါ” ဟု ပြောဆိုသည်၊ ဤ ၁၅-ချက်ကို ဗြဟ္မာက ရှင်ကုမာရကဿပကို ဘုရားထံသွား မေးလျှောက်စေသည်။

ဘုရားရှင်၏ အဖြေ ၁၅-ချက်

၁။ တောင်ပို့ဟူသည် ဤခန္ဓာကိုယ်တည်း၊ တောင်ပို့သည် မြေဩဇာ စသော ပိုးကောင်အမျိုးမျိုး အန်ထုတ်ပေးသလို ဤခန္ဓာကိုယ်သည်လည်း မျက်စိ နား စသည်များမှ အညစ်အကြေးများ အန်ထုတ်ပေးသည်။

၂။ နေ့မှာပြုရမည့် အလုပ်များကို ညဉ့်၌ ကြိုတင်စဉ်းစားခြင်းသည် ညဉ့်၌ အခိုးလွှတ်ခြင်းမည်သည်။

၃။ ညကစဉ်းစားထားသည့်အတိုင်း နေ့မှာ ပြုလုပ်ပြောဆို ကြံစည်ခြင်းသည် နေ့၌ မီးတောက်သည်မည်သည်။

၄။ ဆရာပုဏ္ဏားသည် မြတ်စွာဘုရားဖြစ်၍ ၅။ ပညာတပည့်ကား ယောဂီရဟန်းဖြစ်ကာ ၆။ ဓားလက်နက်ဟူသော လောကီ လောကုတ္တရာပညာဖြင့် ၇။ အဖန်ဖန်တူးခြင်းဟူသော အားထုတ်ကြိုးစားမှုပြုရာ ၈။ တံခါးကျည်ဟူသော မောဟကို ဖယ်ရမည်ဟု ဆိုလိုသည်။

စာမျက်နှာ-135


တံခါးကျည် ချပိတ်လိုက်လျှင် မြို့တွင်းပြင် ဆက်သွယ်မှုပြတ်သလို ဉာဏ်တံခါးဝ၌ မောဟကျလာလျှင် နိဗ္ဗာန်ရောက်စေတတ်သော ဉာဏ်အဆက်အသွယ် ပြတ်ရတော့သည်၊

၉။ ဥဒ္ဓုမာယိကဖားဟူသည် အားကြီးသောအမျက်ထွက်ခြင်းတည်း၊ ယင်းဖားသည် လက်သည်းခွံမျှ ပမာဏရှိ၍ သစ်ရွက်များ ချုံနွယ်များအကြား နေတတ်သည်၊ တခုခုနှင့်ထိလျှင် အမျက်ထွက်ကာ ဘဲဥပမာ ဝိုင်းဝန်းကြီးထွားလာပြီး ခြေ ၄-ဘက်မိုးမြှော်ကာ အသွားပြတ်ပြီး ကျီးစာ ငှက်စာ ဖြစ်ရရှာသည်၊ ထို့အတူ အမျက်ထွက်ခြင်းသည်လည်း ဖြစ်စမနှိပ်ကွပ်လျှင် တိုးတက်ကြီးထွားလာပြီး သူတပါးအား သတ်ခြင်း မိမိကိုယ်ကို သတ်ခြင်းဟူသော လမ်းဆုံးရောက်ရသည်။

၁၀။ လမ်း ၂-ခွဟူသည် တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာဖြစ်သည်၊ လမ်း ၂-ခွဖြင့် ဘယ်လမ်းသွားရမည်ဟု မဆုံးဖြတ်နိုင်ဘဲ ရပ်နေစဉ် ဒမြ-လူဆိုးများ ရောက်လာပျက်စီးရသကဲ့သို့ ယောဂီရဟန်းသည်လည်း ဘုရား တရား စသည်၌ ယုံမှားမှုဝိစိကိစ္ဆာဖြစ်သည်နှင့် အလုပ်ရပ်သွားတော့သည်၊ ထိုအခါ ကိလေသာရန်သူများလာ၍ ယောဂီသည် ပျက်စီးရတော့၏။

၁၁။ ဆပ်ပြာရေစစ်ဟူသည် ဈာန်မဂ်ဖိုလ်ကို တားမြစ်ပိတ်ပင် တတ်သော ကာမစ္ဆန္ဒ ဗျာပါဒစသော နီဝရဏ ၅-ပါးပင် ဖြစ်သည်။ ရေစစ်၌ ရေကို လောင်းချလျှင် ရေအားလုံး လျှောကျပြီးသွားသလို နီဝရဏ ၅-ပါး တရားဆိုးများ ကိန်းလာလျှင် ကုသိုလ်တရားတည်းဟူသော ရေအားလုံး လျှောကျသွားရတော့သည်။

၁၂။ လိပ်ဟူသည် ဥပါဒါန်တို့၏အာရုံဖြစ်သော ခန္ဓာ ၅-ပါးပင် ဖြစ်သည်၊ လိပ်မှာ ခြေ လက် ၄-ချောင်း ဦးခေါင်းအားဖြင့် အင်္ဂါ ၅-ပါးရှိသလို သင်္ခတတရားအားလုံးကို ဉာဏ်ဖြင့်သိမ်းကျုံးလိုက်လျှင် ဥပါဒါနက္ခန္ဓာ ၅-ပါးသာ ရှိသည်။

၁၃။ သံလျက် စဉ်းနှီးတုံးဟူသည် အဆင်း အသံ စသော အာရုံ ၅-ပါး ကာမဂုဏ်တရားပင် ဖြစ်သည်၊ ဝတ္ထုကာမကိုရရန် ကိလေသကာမဖြင့် ရှာကြံပင်ပန်းကြသော သတ္တဝါများသည် ဝတ္ထုကာမတည်းဟူသော စဉ်းနှီးတုံးပေါ်၌ ကိလေသကာမတည်းဟူသော သံလျက်ဓားဖြင့် နုတ်နုတ်စင်း၍ ပင်ပန်းပျက်စီးကြရသည်။

၁၄။ သားတစ်ဟူသည် တဏှာ၏ အမည်ဖြစ်သည်၊ သားတစ်ကို လူ တိရစ္ဆာန်များ လိုလားကြသဖြင့် ဒုက္ခပင်လယ်ပြင်မှ မလွန်နိုင်ကြပေ၊ သားတစ်

စာမျက်နှာ-136


ဟူသော တဏှာနောက်သို့သာ ကောက်ကောက်ပါ လိုက်နေကြရသည် ဟူလို။

၁၅။ နဂါးဟူသောအမည်ကား ရဟန္တာရဟန်းပင်တည်း၊ အဂတိ ၄-ပါးသို့ မလိုက်တတ်သောကြောင့်လည်းကောင်း၊ ပယ်ပြီးကိလေသာ တဖန် ပြန်မလာသောကြောင့်လည်းကောင်း၊ မကောင်းမှုအပြစ်ဟူသမျှ မပြုတတ်သောကြောင့်လည်းကောင်း၊ ရဟန္တာကို နာဂ-နဂါးဟု ဆိုသင့်သည်၊ ဤဝမ္မိကသုတ္တန်သည်ပင် အရှင်မြတ်၏ ဝိပဿနာလုပ်ငန်း ကမ္မဋ္ဌာန်းဖြစ်သည်။

၁၀။ ပဋိသမ္ဘိဒါ ၄-ပါးသို့ ရောက်သူတို့တွင် မဟာကောဋ္ဌိတသည် အမြတ်ဆုံး။

အရှင်မြတ်ကား ထင်ရှားသော မဟာထေရ်ကြီးများထံနှင့် မြတ်စွာဘုရားထံ ပဋိသမ္ဘိဒါဆိုင်ရာများ မေးမြန်းလျှောက်ထားမှု အလေ့အလာများ၍ ယင်း ဧတဒဂ်ရတော်မူသည်၊ ပဒုမုတ္တရ ဘုရားလက်ထက် ဟံသာဝတီမြို့ သူဌေးမျိုး၌ဖြစ်၍ ယင်း ဧတဒဂ်ရ ရဟန်းတပါးကို အားကျ ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။

ငါတို့ဘုရားလက်ထက် သာဝတ္ထိမြို့ ကောဋ္ဌိတပုဏ္ဏားလုလင် ဖြစ်ကာ ဗေဒင် ၃-ပုံ တတ်မြောက်သည်၊ ဘုရားရှင်၏ တရားတော်နာရ၍ သဒ္ဓါဖြစ်ကာ ရဟန်းပြုပြီး ဝိပဿနာ အားထုတ်ရာ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်လာသည်။ (ဘာသာပြန်၌ ကောဋ္ဌိကရှိသည်)။

၁၄။ ဧတဒဂ္ဂဝဂ် ၄။ စတုတ္ထဝဂ်

၁။ အကြားအမြင်များခြင်းရှိသူတို့တွင်လည်းကောင်း၊
၂။ (ငါ၏စကားတော်ကို ကြာမြင့်စွာ ဆောင်စွမ်းနိုင်သည့်) သတိရှိသူတို့တွင်လည်းကောင်း၊

၃။ (ငါဟောအပ်သည့်အတိုင်း အလုံးစုံသော ပုဒ်တို့ကို) သိစွမ်းနိုင်သည့် ပညာရှိသူတို့တွင်လည်းကောင်း၊

၄။ (ငါ၏စကားတော်ကို သင်ခြင်း ဆောင်ခြင်း သရဇ္ဈာယ်ခြင်းနှင့် ငါ့ကို ဆည်းကပ် လုပ်ကျွေးခြင်းတို့၌) လုံ့လရှိသူတို့တွင်လည်းကောင်း၊

၅။ (ငါ့အား) လုပ်ကျွေးသူ ရဟန်းတို့တွင်လည်းကောင်း အာနန္ဒာသည် အမြတ်ဆုံး။

စာမျက်နှာ-137


သတိ ပညာ ဝိရိယ ထူးခြားသော အရှင်အာနန္ဒာ

ဗဟုသုတအရာ၌ အခြားအရှင်များလည်း ဗဟုသုတ ရှိကြပါသည်၊ သို့သော်လည်း အရှင်အာနန္ဒာကား သာသနာတော်ဝယ် ဘဏ္ဍာစိုးအရာတည်၍ ပိဋကတော်ကို သင်ယူခြင်းကြောင့် အမြတ်ဆုံးဖြစ်သည်၊ သတိရှိရာ၌လည်း အထူးအားရှိသည်၊ ဂတိမန္တ-ပညာရှိရာ၌မူ ဘုရားဟောတော်မူတိုင်း ကနေရာတည်းမှာပင် ပုဒ် ၆ သောင်း သင်ယူနိုင်သည်။ ဓိတိမန္တ-ဝီရိယရှိရာ၌ ဘုရားစကားတော်ကို သင်ဆောင်သရဇ္ဈာယ်ခြင်း ဝီရိယ၊ ဘုရားရှင်အား လုပ်ကျွေးမှုဝီရိယ အားလုံး မည်သူနှင့်မျှ မတူအောင် ကြီးမားသည်၊ လုပ်ကျွေးရာ၌ကား အခြားရဟန်းများလို အလုပ်အကျွေး မည်ကာမျှမဟုတ်၊ ခဏတ္တမဟုတ်၊ ဘုရားရှင်စိတ်တိုင်းကျ ပြုစုနိုင်၍ အမြတ်ဆုံးဖြစ်သည်။

လွန်ခဲ့သော ကမ္ဘာတသိန်းထက် ဟံသာဝတီ နေပြည်တော်၌ ပဒုမုတ္တရ ဘုရားရှင် ပွင့်တော်မူရာ ခမည်းတော် အာနန္ဒမင်းကြီးအား ချီးမြှောက်တော်မူသောအားဖြင့် ဟံသာဝတီပြည်၌သာ ဝါကသိန်း ခြံရံ သီတင်းသုံးနေသည်။

ဘုရားရှင်၏ ညီတော်ရင်းဖြစ်ဖူးသော အရှင်အာနန္ဒာ

ပဒုမုတ္တရ ဘုရား၏ ဘေးတူ မိကွဲတော် (အရှင်အာနန္ဒာအလောင်း) သုမနမင်းသားကား ဟံသာဝတီပြည်မှ ယူဇနာ ၁၂၀-ဝေးသောအရပ်၌ မြို့စားရာထူးရ၍ ရံခါမှ ဖခင်နှင့် ဘုရားရှင်ကို လာဖူးသည်၊ တိုင်းပြည်အစွန်၌ ပုန်ကန်ထကြွသူများကို သုမနမင်းသား နှိမ်နင်းအောင်မြင်ရာ ခမည်းတော် အာနန္ဒမင်းကြီး ဝမ်းမြောက်သဖြင့် “သားတော် အမြန်လာရောက်စေ” ဟု ဆင့်ခေါ်လိုက်သည်။

သုမနမင်းသားမှာ အမတ် ၁၀၀၀၀-ရှိရာ လမ်းခရီးအကြား၌ “ခမည်းတော်ထံမှ မည်သည့်ဆုမျိုး ယူသင့်ကြောင်း” အမတ်များနှင့် တိုင်ပင်သည်တွင် ဆင် မြင်း ဇနပုဒ် ရတနာ ၇-ပါး စသည်ဖြင့် ဆုအမျိုးမျိုး အကြံပေးကြသည်။

ဥစ္စာမှန်သမျှ ထားခဲ့ကြ သွားရဓမ္မတာ

အချို့က “အရှင့်သားတို့မှာ ပြည်ကို အစိုးရသော မင်းသားဖြစ်၍ မည်သည့်ဥစ္စာမှ အရမခက်ပါ၊ ရလျှင်လည်း အားလုံးထားခဲ့ပြီး သွားကြရပါသည်၊ ကုသိုလ်တခုကိုသာ ယူသွားနိုင်ပါသည်၊ ထို့ကြောင့် နောင်တော်ဘုရားကို ၃-လပြုစု လုပ်ကျွေးဖို့ ကုသိုလ်ကိုသာ ယူတော်မူကြပါ” ဟု မြော်မြင်ဉာဏ်ဖြင့် အကြံပေးကြရာ မင်းသားက “ငါ့မှာ ဤစိတ်မရှိ၊ မိတ်ဆွေကောင်း သင်တို့က ဖြစ်စေသည်၊ ဤဆုကိုပင် တောင်းမည်” ဟု ဝန်ခံပြီး ခမည်းတော်ထံ သွားကြ၊ ခမည်းတော်က ဆုပေးသဖြင့် ယင်းဆုတောင်းတော့သည်။

စာမျက်နှာ-138


ယင်းဆုကို ခမည်းတော်က ရှေ့ဦးပိုင်း ပယ်သော်လည်း ဘုရားရှင်တို့ စိတ်သည် သိနိုင်ခဲသည်၊ ဘုရားရှင် ဆန္ဒမရှိလျှင် ခမည်းတော်ကပေးလို့ ဘယ်ဖြစ်မှာလဲ၊ နောက်ပိုင်း မိန့်ရာ မင်းသားသည် “ဘုရားရှင် စိတ်တော်သိရန်” ကျောင်းသွားတော့သည်။

အလုပ်အကျွေးပုဂ္ဂိုလ်၏ အထူးအခွင့်အရေး

ထိုအချိန် ဆွမ်းကိစ္စပြီး၍ ဘုရားရှင် ဂန္ဓကုဋီသို့ ဝင်နေတော်မူရာ သံဃာများထံသွား အကြောင်း လျှောက်ထားသည်၊ သံဃာများက “ငါတို့အလိုရှိတဲ့အချိန် ဘုရားဖူးခွင့် မရပါ၊ သုမနထေရ်သာ ဖူးခွင့်ရပါသည်” ဟု မိန့်သဖြင့် အရှင်သုမနထံ သွားလျှောက်ရာ အရှင်သုမနသည် မင်းသားဖြစ်စဉ် မြေပြင်ကို ရေအသွင် ပြုပြင်ငုပ်လျှိုးပြီး တန်ခိုးဖြင့် ဘုရားရှင် ဂန္ဓကုဋီတိုက်၌ ထင်ရှား ပြပေးသည်။

သုမနမင်းသား ဘုရားရှင်ကို ဖူးမြင်လာကြောင်း လျှောက်ထားရာ ဘုရားရှင်က နေရာခင်းရန် မိန့်ကြားသည်၊ အရှင်သုမနသည် ဘုရားနေရာတော်ကိုယူပြီး ဂန္ဓကုဋီတိုက်တွင်း၌ ငုပ်လျှိုးကာ မင်းသားဖြစ်စဉ် ပရိဝုဏ်အပြင်၌ ထင်ရှားပေါ်ပြီး ဘုရားနေရာတော်ခင်းသည်၊ သုမနမင်းသားသည် ဤအံ့ဖွယ် ၂-ပါးကိုမြင်ရ၍ “ရာထူးတန်ခိုး ကြီးစိုးသော ကိုယ်တော်ပေပဲ” ဟု ဆင်ခြင်အားကျလေသည်။

ကုသိုလ်ရှင်သာ သာသနာနှင့် ရင်းနှီးသည်

ဘုရားရှင် ကြွလာထိုင်တော်မူပြီး ဘယ်အချိန်က ရောက်လာသလဲ စသည်ဖြင့် နှုတ်ခွန်းဆက် မိန့်ကြားရာ သုမနမင်းသားက ဘုရားရှင်ထံ သံဃာအချို့က မပို့ခံသော်လည်း အရှင်သုမန ပို့လျှောက်၍ ဖူးမြင်ရပါကြောင်း လျှောက်ထားပြီး “အရှင်သုမနထေရ်သည် အရှင်ဘုရားတို့ သာသနာမှာ အကျွမ်းဝင်သူဖြစ်၏ဟု ထင်ပါသည်ဘုရား” ဟု လျှောက်ထားသည်။

ဘုရားရှင်က “မှန်ပေသည် မင်းသား” ဟု မိန့်ရာ “ဘယ်သို့ပြုလျှင် အကျွမ်းဝင်နိုင်ပါသနည်း” ဟု ထပ်လျှောက်သဖြင့် “ဒါနပြု၊ သီလ ဆောက်တည်၊ ဥပုသ်ကျင့်သုံး” ဟု မိန့်ကြားလိုက်သည်။ “တပည့်တော်သည် ဤအရှင်လို သာသနာမှာ အကျွမ်းဝင်သူ ဖြစ်လိုပါသဖြင့် မနက်ဖန် တပည့်တော်ဆွမ်းကို လက်ခံတော်မူပါ” လျှောက်ရာ ဘုရားရှင် လက်ခံသဖြင့် သူ့နေရာသွားကာ တညဉ့်လုံး ပူဇော်ဖွယ်များ စီစဉ်ပြီး ၇-ရက်တိုင်တိုင် “ယာယီကဲနန်း အလှူဆွမ်း” ကို လှူဒါန်းသည်။

အရှင်အာနန္ဒာအလောင်း ကျောင်းဒါယကာမင်းသား

၇-ရက်မြောက်နေ့၌ မင်းသားက ဘုရားရှင်အား ခမည်းတော်ထံမှ ဆုရ၍ ဝါတွင်း ၃-လ သူ့ကျောင်းမှာ သီတင်းသုံးဖို့ လျှောက်ရာ ဘုရားရှင်သည် အကျိုးရှိမည်ကို

စာမျက်နှာ-139


မြင်တော်မူသဖြင့် “မြတ်စွာဘုရားတို့သည် ဆိတ်ငြိမ်ရာမှာ နှစ်ခြိုက်တော်မူကြသည်” ဟု မိန့်တော်မူလိုက်သည်။

မင်းသားသည် ခမည်းတော်မင်းကြီးအား အကြောင်းစုံလျှောက်ထားပြီး နေပြည်တော်မှထွက်ခဲ့၍ လမ်းခရီးတယူဇနာတိုင်း စံကျောင်းတော် တဆောင်စီ ဆောက်ပြီး မိမိနေရာပြန်ရောက်သောအခါ သောဘန သူကြွယ်၏ဥယျာဉ်ကို တသိန်းဖြင့်ဝယ်ယူပြီး တသိန်းတန် လက်ခကံကျွေး ပေးလှူရသော ကျောင်းတိုက်ကြီးဆောက်ပြီး ခမည်းတော်မင်းကြီးထံ “ကိစ္စပြီးကြောင်းနှင့် ဘုရားရှင်ကို ပို့ပေးပါမည့်အကြောင်း” လျှောက်ထားစေသည်။

ဘုရားရှင်သည် သံဃာတသိန်းခြံရံလျက် တယူဇနာတိုင်းဝယ်ရှိသော ကျောင်းဆောင်များ၌ ညဉ့်ကျိန်းစက်တော်မူ၍ ချမ်းသာစွာ ကြွချီလာရာ သုမနမင်းသားသည် တယူဇနာအထိ သွားရောက်ကြိုဆိုပြီး ကျောင်းတိုက်တွင်း ပင့်ဆောင်ကာ ကျောင်းကို လှူဒါန်းသည်။

အာနန္ဒာအလောင်း ၁၀-ပါးသီလ ခံယူ၍ပြုစု

သုမနမင်းသားသည် ဝါဆိုမည့်နေ့ အလှူပြုပြီး သားမယား အမတ်များခေါ်ယူပြီး “ဘုရားရှင်သည် အဝေးက ကြွလာချီးမြှောက်ရသည်၊ ဘုရားရှင်တို့မည်သည် တရားကိုသာ အလေးပြု၍ ပစ္စည်း ၄-ဖြာ အာမိသအရာကို အလေးမပြု မကြည့်ရှုကြပါ၊ ထို့ကြောင့် ဝါတွင်း ၃-လပတ်လုံး ငါသည် အဝတ် ၂-ထည်ဝတ်ကာ ၁၀-ပါးသီလဆောက်တည်ပြီး ဤကျောင်းမှာပင် နေမည်၊ ဤအစီအစဉ်အတိုင်း လှူဒါန်းကြ” ဟု ပြောဆိုမှာထားသည်၊ သုမနမင်းသားသည် အရှင်သုမန နေရာအနီးမှာနေပြီး ဘုရားရှင်အား အရှင်သုမနထေရ်ပြုသော ဝတ်နိဗဒ်များကိုကြည့်ပြီး “ဤမထေရ်သည် ဤပြုစုမှုနေရာများ အလွန်အကျွမ်းဝင်သည်၊ ဤရာထူးမျိုးကိုပင် ငါတောင့်တမည်” ဟု ကြံပြီး ပဝါရဏာမပြုမီ ၇-ရက်အလို ရွာတွင်းပြန်ဝင်၍ ၇-ရက် အလှူကြီးလှူကာ အဆုံးနေ့၌ သံဃာတသိန်းအား တိစီဝရိတ်လှူဒါန်းပြီး အလုပ်အကျွေး ရာထူးဆုတောင်း ဗျာဒိတ်ရသည်။

သုမနမင်းသားသည် ဗျာဒိတ်စကားကြားပြီး “ဘုရားရှင်တို့မည်သည် စကား ၂-ခွ ရှိတော်မမူကြကုန်” ဟု ဆင်ခြင်ကာ နောက်နေ့မှာပင် ဂေါတမဘုရား၏ သပိတ်သင်္ကန်းကိုယူပြီး ဘုရားနောက်မှ ထက်ကြပ်မကွာ လိုက်ပါရတော့မည့်အသွင် စိတ်ဖြစ်လေသည်။

အရှင်အာနန္ဒာအလောင်း ထူးခြားစွာ လှူဒါန်းပုံ

အရှင်အာနန္ဒာအလောင်းသည် ကဿပဘုရားလက်ထက် ဆွမ်းခံကိုယ်တော် တပါးအား သပိတ်ထုပ်ယူရန် အပေါ်ရုံအဝတ် လှူဒါန်းသည်၊ နတ်၌ဖြစ်ပြီးနောက် ဗာရာ

စာမျက်နှာ-140


ဏသီမင်းဖြစ်စဉ် ဂန္ဓမာဒနတောင်မှ ကောင်းကင်ခရီး ကြွလာသော ပစ္စေကဗုဒ္ဓါ အရှင်မြတ် ၈-ပါးကိုပင့်၍ မိမိဥယျာဉ်၌ ကျောင်း ၈-ဆောင် ဆောက်ပြီး အရှင်မြတ်များ နန်းတော်ကြွလာလျှင် ထိုင်ဖို့ ရတနာအင်းပျဉ် ၈-လုံး၊ ပတ္တမြား သပိတ်ခြေ ၈-ခုတို့ကို စီစဉ်ပြီး နှစ်တသောင်း လုပ်ကျွေးသည်။

အရှင်အာနန္ဒာအလောင်းသည် ငါတို့ဘုရားလောင်းနှင့်အတူ တုသိတာ၌ဖြစ်ပြီး လူ့ပြည် အမိတောဒနသာကီဝင်မင်း၏သား ဖြစ်လာသည်။ ဆွေမျိုးအားလုံး ဝမ်းမြောက်စေကာ ဖွားလာ၍ အာနန္ဒမင်းသား အမည်မှည့်သည်။

ငါတို့ဘုရားရှင် ပထမဆုံး ကပိလဝတ်ပြည် ကြွလာစဉ် အခြံအရံအလို့ငှာ ရဟန်းပြုကြသော ဘဒ္ဒိယစသော မင်းသားများနှင့်အတူ အာနန္ဒာသည် ရဟန်းပြုပြီး မကြာမီ အရှင်ပုဏ္ဏ၏တရား နာရ၍ သောတာပန်ဖြစ်သည်။

အာနန္ဒာအား ဟောကြားသော အရှင်ပုဏ္ဏ၏တရားမှာ

ရုပ်ကို အစွဲပြု၍သာလျှင် ငါဖြစ်၏ဟူသော ပပဉ္စတရား ၃-ပါး ဖြစ်ရသည်၊ အစွဲမပြုရလျှင် မဖြစ်။

ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ကို အစွဲပြု၍သာလျှင် ငါဖြစ်၏ ဟူသော ပပဉ္စတရား ၃-ပါး ဖြစ်ရသည်။

ဥပမာသော်ကား—တန်ဆာဆင်ခြယ် ငယ်ရွယ်လှပ ယောက်ျားမိန်းမသည် စင်ကြယ်သောမှန် ကြည်လင်သောရေခွက်၌ ကြည့်လတ်သော် (မျက်နှာပြင်နှင့် မှန် ရေခွက်တို့ကို) အစွဲပြု၍သာ (မျက်နှာရိပ်ကို) မြင်လေရာ၏၊ အစွဲမပြုရလျှင် မမြင်၊ ဤအတူပင်တည်း။

ဆက်လက်၍ အရှင်ပုဏ္ဏက ရုပ်သည် မြဲ မမြဲ စသည်ဖြင့် အနတ္တလက္ခဏသုတ်လာတိုင်း တေပရိဝဋ္ဋ ဒေသနာကို မဂ်ကိစ္စတိုင် ဆုံးမတော်မူသည်။ အရှင်အာနန္ဒာ သောတာပန် တည်သည်။

ပထမဗောဓိ ဝါတော် ၂၀-အတွင်း၌ ဘုရားရှင်အား အလုပ်အကျွေး အမြဲမရှိပေ၊ အရှင်နာဂသမာလ၊ အရှင်နာဂိတ၊ အရှင်ဥပဝါန၊ အရှင်သုနက္ခတ္တ၊ အရှင်သာရိပုတ္တရာ၏ ညီ အရှင်စုန္ဒ၊ အရှင်သာဂတ၊ အရှင်ရာဓ၊ အရှင်မေဃိယ တို့ ရံခါရံခါ လုပ်ကျွေးကြသည်။

စာမျက်နှာ-141


အချိုးမကျသော ဘုရားရှင်၏ အလုပ်အကျွေးများ
ဘုရားရှင်သည် နာဂသမာလထေရ်နှင့် ခရီးရှည်ကြစဉ် လမ်း ၂-မြွာတွေ့ရာ မထေရ်သည် ဘုရားခွင့်မပြုသော အခြားလမ်းကသွားရန် ရည်ရွယ်၍ “အရှင်ဘုရားတို့ သပိတ်သင်္ကန်း ယူတော်မူပါ၊ တပည့်တော်တော့ ဤလမ်းကပင် သွားပါမည်” ဟု မထေရ်က လျှောက်ပြီး သပိတ်သင်္ကန်းကို မြေမှာချမည့်ပုံ စီမံသည်၊ ဘုရားရှင်က “ရဟန်း၊ ယူခဲ့လော” ဟု မိန့်ဆိုပြီး သပိတ်သင်္ကန်းကို ဘုရားရှင်ကိုယ်တိုင် ယူသွားရသည်။

ဘုရားနှင့်ခွဲသွားသော မထေရ်ကား သပိတ်သင်္ကန်းများ အလုခံရပြီး အရိုက်ခံရ၍ ခေါင်းပါကွဲသည်။ “ယခုအခါ ဘုရားရှင်သာ ငါ၏ကိုးကွယ်ရာ” ဟု ကြံပြီး သွေးခြင်းခြင်းနီလျက် ဘုရားထံသွား အကြောင်းစုံ လျှောက်ထားရာ ဘုရားရှင်က “ဤအကြောင်းကြောင့်ပင် သင့်ကို ငါဘုရားတားမြစ်သည်” ဟု မိန့်သည်။

စာလိကတောင်ပေါ်ကျောင်း

၁၃-ဝါမြောက် ဘုရားရှင် ဝါကပ်စဉ် မေဃိယထေရ်နှင့် ဇန္တုရွာ ဆွမ်းခံကြွရာ မြစ်ကမ်း၌ သရက်ဥယျာဉ်ကိုမြင်၍ ဘုရားရှင်၏ သပိတ်သင်္ကန်းများ ပြန်အပ်ကာ ဤဥယျာဉ်၌ တရားအားထုတ်ပါရစေ လျှောက်သည်၊ ၃-ကြိမ် တားမရပါ။ ဥယျာဉ်သွားအားထုတ်စဉ် အကုသိုလ်ဝိတက်များ ဝင်လာနှိပ်စက်မှ ဘုရားထံ သွားလျှောက်သည်၊ ဤအကြောင်းမြင်၍ တားကြောင်းမိန့်ပြီး သာဝတ္ထိပြည် ပြန်ကြွသည်။

အမြဲလုပ်ကျွေးသူ ရှိချိန်တန်ပြီ

ထိုအခါ ဘုရားရှင်က “ယခုအခါ ငါဘုရား ကြီးရင့်လေပြီ၊ အချို့ရဟန်းများက ငါဘုရားထားကာ တခြားလမ်းက သွားကြ၊ အချို့ရဟန်းများကမူ ငါဘုရားသပိတ်သင်္ကန်းကို မြေမှာချမည်အထိ စီစဉ်ကြသည်၊ ငါဘုရားအတွက် အမြဲ အလုပ်အကျွေး ရဟန်းတပါးကို သင်ချစ်သားတို့ စဉ်းစားကြ” ဟု မိန့်တော်မူရာ သံဃာတော်များ ဓမ္မသံဝေဂ ကြီးစွာဖြစ်ကြသည်။

ထိုအခါ အရှင်သာရိပုတ္တရာက သူလုပ်ကျွေး ပြုစုမည့်အကြောင်း လျှောက်ရာ ဘုရားရှင်က “သင်နေတဲ့နေရာမှာ တရားမဆိတ် သင့်အဆုံးအမသည် ငါဘုရားတို့ အဆုံးအမနှင့် တူသည်” စသည် မိန့်ကြားပြီး ပယ်သည်၊ အရှင်မောဂ္ဂလာန်အစထား၍ နှစ်ကျိပ်သော သာဝကကြီးများ လျှောက်ထားသမျှ ဤနည်းအတိုင်း ပယ်တော်မူသည်။

စာမျက်နှာ-142


တောင်းမှရသောရာထူး ထူးမည်မထင်သော အရှင်အာနန္ဒာ

အရှင်အာနန္ဒာ ဆိတ်ဆိတ်နေသဖြင့် သံဃာများက ယင်းအရာကို တောင်းခိုင်းရာ “တောင်းမှရသောရာထူး ဘယ်သို့ထူးမည်နည်း၊ တပည့်တော်ကို ဘုရားရှင်မမြင်မဟုတ်၊ မြင်ပါသည်။ အလိုရှိတော်မူလျှင် လုပ်ကျွေးစေ မိန့်တော်မူလိမ့်မည်” ဟု ပြန်လျှောက်သည်။

ဘုရားရှင်က “အာနန္ဒာကို သူတပါးတိုက်တွန်းဖို့မလို၊ အလိုလိုသာလျှင်သိပြီး ငါဘုရားကို လုပ်ကျွေးလိမ့်မည်” ဟု မိန့်တော်မူသောအခါ သံဃာများက အတင်းပင် တောင်းခိုင်းတော့သည်၊ အာနန္ဒာသည် ထ၍ ပယ်ဆု ၄-တန်၊ ခံဆု ၄-ပါး ဆု ၈-ပါးကို တောင်းခံလျှောက်ထားသည်။

ပယ်ဆု ၄-ပါးမှာ-

၁။ ဘုရားရှင်ကိုယ်တိုင်ရသော ဆွမ်းသင်္ကန်းကို သူ့အား မပေးဖို့။
၂။ ဂန္ဓကုဋီတိုက်တော်တွင်း အတူနေထိုင်ခွင့် မပေးဖို့။
၃။ ဘုရားရှင်အား ပင့်ဖိတ်ရာသို့ မိမိကို ခေါ်မသွားဖို့။

၄။ (ဤပယ်ဆု ၄-ပါး သနားတော်မူပါလျှင် တပည့်တော် ပြုစုပါရစေဟု အရှင်အာနန္ဒာ လျှောက်ထားသည်။)

“အဘယ်အပြစ် မြင်ပါသနည်း” ဟု ဘုရားရှင်က မေးတော်မူရာ “အာနန္ဒာသည် ဘုရားရှင်ထံမှရသော သင်္ကန်းကောင်းကို ဝတ်ပြီး ဆွမ်းကောင်းကိုဘုဉ်းပေးကာ ဂန္ဓကုဋီတိုက်တော်တွင်း အတူနေရ၊ ပင့်ဖိတ်တိုင်းသို့ ဘုရားနှင့်အတူ လိုက်ရသည့် လာဘ်လာဘ ရနေမှတော့ လုပ်ကျွေးဖို့ မည်သူဝန်လေးပါမည်နည်း၊ အပြစ်တင်စကား ပြောကြားမည့်သူတွေ ပေါ်လာနိုင်ပါသည် ဤအပြစ် မြင်ပါသည်ဘုရား” ဟု လျှောက်ထားသည်။

ခံဆု ၄-ပါးမှာ-

၁။ တပည့်တော်လက်ခံထားသည့် ပင့်ဖိတ်ရာအရပ်သို့ ကြွတော်မူရန်။

၂။ ရပ်ဝေးမှ ဘုရားဖူးလာသော ပရိသတ်ကို လာလာချင်း ဘုရားရှင်ကို ဖူးမြင်စေနိုင်ခွင့်ရရန်။

၃။ တပည့်တော်ယုံမှားဖြစ်သော ခဏ ဘုရားရှင်ထံ ချဉ်းကပ်ခွင့်ရရန်။

၄။ တပည့်တော်မျက်ကွယ်မှာ ဟောသမျှတရား ပြန်မေးလျှင် တပည့်တော်အား နားသဖြင့် ပြန်ဟောကြားပါရန်။

(ဤခံဆု ၄ ပါး နားချီးမြှောက်ပါလျှင် ပြုစုပါစေ လျှောက်ထားသည်။)

မြင်သောအကျိုးအား သင့်ကို ဘုရားရှင်မေးရာ အရှင်အာနန္ဒာက “သဒ္ဓါရှင်များက ဘုရားရှင်ကို ကိုယ်တိုင်ပင့်လျှောက်ခွင့် မရသဖြင့် တပည့်တော်မှတဆင့် ပင့်လျှောက်ခဲ့ရာဝယ် ယင်းနေရာသို့ ဘုရားရှင်မကြွလျှင်၊ အလိုရှိတဲ့အချိန် ရပ်ဝေးပရိသတ်ကို ဘုရားဖူးစေနိုင်ခွင့်မရလျှင်၊ ယုံမှားဖျောက်ခွင့်မရလျှင် အာနန္ဒာသည် ဘုရားရှင်ကို လုပ်ကျွေးနေသော်လည်း ဘာအချီးအမြှောက်မှမရ” ဟု အပြစ်တင်သူများ ဖြစ်လာပါလိမ့်မည်၊ ထို့ကြောင့် ဤအချက် ၃-ပါး လိုပါသည်။

စာမျက်နှာ-143


“ငါ့ရှင်အာနန္ဒာ၊ ဤဇာတ်ကို ဘယ်အရပ်မှာ ဟောပါသနည်း” တပည့်တော်မျက်ကွယ်မှာ ဘုရားဟောထားတဲ့ (တပည့်တော်မသိတဲ့) တရားကို မေးကြလို့ ပြည့်စုံစွာ မဖြေနိုင်လျှင် “ဘုရားနောက် အရိပ်ပမာလိုက်ကာ အကြာကြီး ပြုစုနေပါလျက် ဤမျှကိုပင် မသိ” ဟု အပြစ်တင်သူများ ဖြစ်လာလိမ့်မည်၊ ထို့ကြောင့် မျက်ကွယ်တရားအားလုံး ပြန်ဟောဖို့လိုပါသည်လျှောက်ရာ ဘုရားရှင်က ပေးတော်မူသည်။

အရှင်အာနန္ဒာ၏ ထူးခြားသော အပြုအမူများ

အရှင်အာနန္ဒာသည် အလုပ်အကျွေးရာထူးရသောနေ့မှစ၍ ရေ ၂-မျိုး၊ ဒန်ပူ ၃-မျိုး ဆက်ကပ်ခြင်း၊ လက်တော် ခြေတော် ဆုပ်နယ်ပေးခြင်း၊ ရေချိုးစဉ် ကျောတော်ကို နှိပ်ပေးခြင်း၊ ဂန္ဓကုဋီပရိဝုဏ် တံမြက်လှည်းခြင်း စသည် ဆောင်ရွက်ပြီး ဘုရားရှင်အတွက် အချိန်အားလျော်စွာ လိုရာရအောင် စီစဉ်သည်၊ နွေအခါ ဘုရားအနီးမှာရှိပြီး ညအခါ၌မူ ဆီမီးတိုင်ကိုင်ကာ ဂန္ဓကုဋီပရိဝုဏ် ၉-ပတ်လှည့်သည်၊ ထိနမိဒ္ဓဝင်လာသဖြင့် ဘုရားခေါ်ပါလျှင် စကားပြန်မပေးနိုင်မဖြစ်ရအောင် ဆီမီးတိုင်လက်က မချပါ။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုချိန်နှင့် သင်္ဂြိုဟ်ပုံ အခြင်းအရာ

ဗုဒ္ဓကိစ္စ ပြုပြီးသော ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်နေ့ နံနက်မိုးသောက်ချိန် ကုသိန္နာရုံ မလ္လာမင်းတို့၏ အင်ကြင်းပင်ပျို အစုံကြား၌ ပရိနိဗ္ဗာန်ဝင်စံတော်မူသည်၊ ထိုအခါ မလ္လာမင်းများက--
၁။ ပထမ သာဓုကီဠနသတ္တာဟ—ပန်းနံ့သာစသည်ဖြင့် အလောင်းတော်ကို ပူဇော်သည်။

၂။ ဒု-စိတကသတ္တာဟ—နံ့သာထင်းပုံပေါ် အလောင်းတော် တင်၍ ရှင်မဟာကဿပ ကြွလာဆိုင်းရင်း နောက်ဆုံးနေ့မှကြွလာ၍ တေဇောဓာတ် လောင်ကျွမ်းသည်။

၃။ တ-ဓာတုပူဇာသတ္တာဟ—လှံတပ် အထပ်ထပ်ဝန်းရံကာ ဓာတ်တော်ကို ပူဇော်သည်။ ကိစ္စပြီး၍ နယုန်လဆန်း ၅-ရက် ဓာတ်တော်ဝေပွဲကျင်းပသည်။

ထိုနေ့သံဃာ ၇-သိန်းစုမိကြရာ ရှင်မဟာကဿပ သံဃာ့ထေရ် ဖြစ်သည့်အားလျော်စွာ ပါဝါမှ ကုသိန္နာရုံအလာ သုဘဒ်တောထွက်ကြီးစကားကို သတိရ၍လည်းကောင်း၊ ဤသံဃာ့အစည်းအဝေးမျိုးကို နောင်ရခဲခြင်းကို ဆင်ခြင်၍လည်းကောင်း၊ ရဟန်းယုတ်များ အားရှိလျှင် သာသနာ ကွယ်လိမ့်မည်၊ ငါဦးဆောင်၍ သံဂါယနာတင်လျှင် သာသနာ အရှည်တည်ရာသည်။

စာမျက်နှာ-144


ရှင်မဟာကဿပအပေါ် တင်ရှိသော ဘုရားရှင်၏ ကြွေးမြီများ

ထို့ပြင်လည်း ဘုရားရှင်သည် ငါနှင့် သင်္ကန်းလဲ၍ သုံးဆောင်ခြင်း၊ သမာပတ် အဘိညာဉ်အရာ ငါဘုရားလိုပင် ကဿပ ဝင်စားနေနိုင်သည်ဟု တန်းတူထားခြင်း၊ ဘုရားရှင်သည် ကောင်းကင်၌ လက်တော်ကို ဝှေ့ရမ်း၍ “ဒကာ-ဒကာမများအပေါ် ကဿပ မတွယ်တာ” ဟု မိန့်ခြင်း၊ “စန္ဒူပမာ လနှင့်တူသော အကျင့်ရှိသူ” ဟု မိန့်ခြင်းတို့ဖြင့် ငါ့အား ဘုရားရှင် ချီးမြှောက်ခဲ့သည့် တရားတော်များကို သံဂါယနာတင်ခြင်းမှတပါး ထိုကြွေးမြီ ပြေလည်ဖို့အကြောင်း မရှိတော့ပေ။

မင်းတရားကြီးက သူ့အရိုက်အရာ ဆက်ခံနိုင်မည့် သားကြီး ဩရသကို ရာထူးအပ်နှင်းသည့်ပမာ ငါ့ကိုလည်း ဘုရားရှင်သည် “ကိုယ်တော်သာသနာ တည်စေနိုင်မည့် သားကြီးဖြစ်ရမည်” မြင်တော်မူကာ မည်သူမျှ မရကောင်းသော အချီးအမြှောက် ပေးခဲ့သည်ဟု ဆင်ခြင်တော်မူကာ သံဃာများအား သာသနာဖျက် သုဘဒ်၏ ပြောဆိုများကို ပြောကြားပြီး “မတရားမှုများ မထွန်းကားသေး၍ တရားမှုများ မကွယ်ပသေးခင် သံဂါယနာတင်ကြပါစို့” ဟု မိန့်ကြားသည်။

ပထမသံဂါယနာသင်္ဂီတိကာရက ရွေးချယ်ပုံ

သံဃာတော်များက အရှင်မဟာကဿပအား သံဃာရွေးကောက်ဖို့ လျှောက်ရာ တိပိဋကဓရ ပဋိသမ္ဘိဒါပတ္တ တေဝိဇ္ဇ ဆဠဘိည ရဟန္တာဖြစ်၍ အများအားဖြင့် ဧတဒဂ်ရာထူးရ သံဃာ ၄၉၉-ပါးကို အရှင်မဟာကဿပ ရွေးကောက်တော်မူသည်၊ အာနန္ဒာ အတွက် တနေရာ ချန်ထားလိုက်၏။

သေက္ခသာရှိနေသေးသော အာနန္ဒာနှင့်အတူ သံဂါယနာ မတင်နိုင်သလို ပိဋကတော်အားလုံး အာဂုံဆောင်ထားသော အရှင်အာနန္ဒာနှင့် ကင်း၍လည်း မတင်နိုင်၊ ထားခဲ့၍ မဖြစ်အောင် ကျေးဇူးများသောကြောင့် အရှင်မဟာကဿပက သင်္ဂီတိကာရက အဖြစ် ရွေးကောက်မည်ဆိုလျှင်လည်း သူတပါး ကဲ့ရဲ့မည့် ပရူပဝါဒဘေးရောက်နိုင်သည်။

အသက် ၈၀-အရွယ်ရှိ၍ ဆံပင်ဖြူများပေါက်နေသော အရှင်အာနန္ဒာအား “ဤကလေး အတိုင်းအရှည်ကိုမသိ” ဟု အရှင်ကဿပက မြည်တွန်ဆုံးမလေ့ရှိသည်၊ ဤမျှ ရင်းနှီးပြီး ဘုရားရှင် ညီဝမ်းကွဲလည်း ဖြစ်သော အရှင်အာနန္ဒာကို ရွေးကောက်လျှင် အရှင်မဟာကဿပအဖို့ ဆန္ဒာဂတိ လိုက်ရာရောက်ပေမည်၊ သို့သော် အာနန္ဒာကို ငါရွေးမည်ဟု ရှင်မဟာကဿပ ရည်ရွယ်ပြီး ချန်ထားသည်။

စာမျက်နှာ-145


ဘုရားရှင်မရှိမှ ဖြစ်လာသော ကမ္မဝါစာသစ်

မကြာမီပင် သံဃာများက အရှင်အာနန္ဒာကိုရွေးဖို့ ဆန္ဒပြုကြ၍ ရွေးရာ သင်္ဂီတိကာရက သံဃာ ၅၀၀-ပြည့်သွားသည်၊ ဂေါစရဂါမ် ကျယ်ပြန့်၍ ကျောင်းတိုက်များသော ရာဇဂြိုဟ်မြို့ကိုပင် သံဂါယနာတင်ရန် နေရာရွေးချယ်ကြ၊ ဆန့်ကျင်ဘက် တွေ့မည်စိုး၍ အခြားရဟန်းများ တခြားသွား ဝါကပ်ကြဖို့ ဆုံးဖြတ်တော်မူပြီး ထိုအကြောင်းကို ရှင်မဟာကဿပထေရ်က ဉတ္တိဒုတိယကံဖြင့် သံဃာအား သိစေသည်၊ ဤကမ္မဝါစာကား ဘုရားရှင် နိဗ္ဗာန်စံတော်မူပြီး ၂၁-ရက် မြောက် နယုန်လဆန်း ၅-ရက်နေ့၌ ဖြစ်သည်။

ရှင်မဟာကဿပသည် သံဃာတော်အား ရက် ၄၀-အတွင်း အနာရောဂါကိစ္စ၊ ဆရာသမားမိဘကိစ္စ၊ သပိတ်သင်္ကန်းကိစ္စများ အားလုံးပြီးပြတ်အောင်ဆောင်ရွက်ကြရမည်ဟု အမိန့်ပေးပြီး တပည့်သံဃာ ၅၀၀-နှင့် ကုသိန္နာရုံမှ ရာဇဂြိုဟ်ကြွ၊ အခြားမထေရ်ကြီးများ ဆိုင်ရာကြွကြသည်။ အရှင်ပုဏ္ဏကား တပည့်သံဃာ ၇၀၀-နှင့် ကုသိန္နာရုံမှာပင် နေ၍ လာလာသမျှကို တရားဟောပြတော်မူသည်။

အရှင်အာနန္ဒာ၏ အမူအရာကပင် ငိုချင်ဖွယ်ရာ

အရှင်အာနန္ဒာကား ဘုရားရှင်ရှိစဉ်ကလိုပင် ဘုရားရှင်၏ သပိတ်သင်္ကန်းများကို ကိုယ်တိုင်ယူပြီး တပည့်သံဃာ ၅၀၀-နှင့်အတူ သာဝတ္ထိမြို့ ကြွသည်၊ ရောက်ရာမှ အခြံအရံ သံဃာများ တိုးသလို ရောက်ရာအရပ်တိုင်းမှာပင် ဒကာ ဒကာမများ ပြင်းစွာ ငိုကြွေး၏၊ သာဝတ္ထိမြို့ရောက်သော် လူများလာကြ ကြိုဆိုကြကာ “ရှေးက ဘုရားရှင်နှင့်အတူ ကြွလာတော်မူမြဲပါ၊ ယခုအခါ ဘုရားရှင်ကို ဘယ်မှာထား၍ တပါးတည်း ကြွတော်မူပါသနည်း” စသည်ဖြင့် လျှောက်ကြကာ နိဗ္ဗာန်ဝင်စံသော နေ့လိုပင် ငိုကြွေးကြသည်။

ငိုကြွေးကြသောလူများအား အရှင်အာနန္ဒာ တရားပြပြီး ဇေတဝန်ကျောင်းတွင်း ဝင်ကာ ဘုရားဂန္ဓကုဋီတိုက်ကို ရှိခိုးပြီး တံခါးဖွင့်ကာ ညောင်စောင်းစသည်များ အပြင်ထုတ်၊ ဖုန်ခါ၊ တံမြက်လှည်း၍ ပန်းမှိုက်များသွန်သည်၊ ပြီးမှ မူလနေရာအတိုင်းထားကာ ပြုမြဲဝတ်အားလုံး ဘုရားရှိစဉ်ကလိုပင် ပြုသည်။

ဝတ်အားလုံးကိုပြုစဉ် “ဤအချိန်ကား ဘုရားရှင် ရေသုံးသပ်ချိန်ပါဘုရား၊ တရားဟောချိန်ပါဘုရား၊ ရဟန်းများအား အဆုံးအမပေးချိန်ပါဘုရား၊ အနားယူချိန်ပါဘုရား၊ မျက်နှာတော်သစ်ချိန်ပါဘုရား” စသည်ဖြင့် ငိုကြွေးပြောဆိုလျက် ဝတ်ပြုသည်။ ဘုရားဂုဏ်ကျေးဇူးကိုသိ၍ ကြည်ညိုမြတ်နိုးလှသောကြောင့် လည်းကောင်း၊ မိမိကိုယ်တိုင်က ရဟန္တာမဟုတ်သေးသောကြောင့် လည်းကောင်း၊ ဘဝများစွာက တဦး

စာမျက်နှာ-146


နှင့်တဦး ကျေးဇူးအထူးရှိရာ စိတ်ထားနူးညံ့လှသောကြောင့် လည်းကောင်း ငိုကြွေးပြောဆိုမိသည်၊ မိမိမှာဖြစ်သော သောကမီးအပြင် လူများအပေါင်း၏ သောကမီးကိုလည်း ငြိမ်းသတ် ဟောပြောပေးရခြင်းဖြင့် အချိန်များစွာ ကုန်နေသည်။

ဗလစ်ဗလစ် စကားများနေ၍ အကျိုးမများဟု နတ်သားလျှောက်ထား

ကောသလတိုင်း တောအုပ်တခု၌ နေသော (အရှင်အာနန္ဒာ၏ အကျိုးကို လိုလားသော) တောစောင့်နတ်က “အရှင်အာနန္ဒာဘုရား၊ အရှင်ဘုရားသည် သစ်ပင်ရင်း တောချုံသို့ ခိုဝင်ကာ နိဗ္ဗာန်ကို စိတ်၌ထား၍ ဈာန်ဝင်စားတော်မူပါ၊ မေ့မနေပါလင့်၊ အရှင့်ထံပါး လာသူများအား (အပူငြိမ်းအောင်) ဗလစ်ဗလစ်စကားပြောကြားခြင်းသည် အရှင်ဘုရားအတွက် အထက်မဂ်ဖိုလ်ကိစ္စ အဘယ်မှာပြုနိုင်ပါသနည်း” ဟု လျှောက်ထားမှ သံဝေဂပြင်းစွာဖြစ်ပြီး ဘုရားရှင် နိဗ္ဗာန်ဝင်စံချိန်မှစ၍ အရပ်အထိုင်များသော မိမိကိုယ်ကို သက်သာစေရန် နောက်နေ့ နွားနို့ ဝမ်းသက်ဆေးသောက်ပြီး ကျောင်းတော်၌ပင် နေသည်။

ထိုနေ့မှာပင် သုဘလုလင် အပင့်လွှတ်သော သူငယ်ကို “ယနေ့ ဝမ်းနုတ်ဆေး သောက်ထားသည်၊ နက်ဖြန် ကြွနိုင်ကောင်းပါရဲ့” ဟု မိန့်ကြားပြီး နောက်နေ့မှ စေတကနောက်လိုက် ရဟန်းနှင့်အတူ သုဘလုလင်အိမ် အရှင်အာနန္ဒာကြွသည်၊ ထိုအိမ်၌ သုဘလုလင် လျှောက်ထားချက်အရ ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်၊ ၁၀-ခုမြောက် သုဘသုတ်ကို ဟောကြားသည်။

ရာဇဂြိုဟ်၌ သင်္ဂီတိကာရကများ စုချိန်

အရှင်အာနန္ဒာသည် ဇေတဝန်ကျောင်း အပျက်အစီးများကို ပြင်ဆင်စေပြီး ဝါဆိုဖို့ နီးလတ်သော် တပည့်သံဃာများ ထားခဲ့ကာ ရာဇဂြိုဟ် ကြွသွားသည်၊ အခြားသင်္ဂီတိကာရကတို့လည်း ရာဇဂြိုဟ်ရောက်လာကြ၏။ ဝါဆိုလပြည့်နေ့ ဥပုသ်ပြုကြ၊ ၁ ရက်နေ့ ဝါဆိုကြသည်။

ရာဇဂြိုဟ်ကျောင်းတိုက်ကြီး ၁၈-တိုက်မှာ သံဃာပြတ်သွား၍ ကျိုးပဲ့ပျက်စီးကာ ဖုန်အလိမ်းလိမ်းရှိနေကြသည်။ ထိုကိုမြင်၍ မထေရ်မြတ်များ စည်းဝေးကြပြီး “အပျက်အစီး ပြင်ဆင်မှုကို ဘုရားရှင် ချီးမွမ်းတော်မူသည်။ ပထမလအပျက်များပြင်ပြီး အလယ်လမှာ သံဂါယနာတင်ရန် ဆုံးဖြတ်တော်မူကြသည်။

၁။ သေနာသနဝတ်နှင့် စပ်သော ဘုရားရှင်၏ ဟောကြားမှုကို ပူဇော်လိုသောကြောင့် လည်းကောင်း၊

စာမျက်နှာ-147


၂။ တိတ္ထိများ ပြောဆိုမည့် အပြစ်ဘေးမှ ဝေးစေလိုသောကြောင့်လည်းကောင်း ဤသို့ ဆုံးဖြတ်ကြသည်။

သံဃာများသည် သူတို့ဆရာ ဘုရားရှိစဉ်သာ ကျောင်းတိုက်များ ပြင်ဆင်ကြသည်၊ မရှိသည်နှင့်တပြိုင်နက် စွန့်ပစ်ထားကြသဖြင့် အလှူရှင်များ၏ ပစ္စည်းများ မပျက်စီးတန်ဘဲ ပျက်စီးကြသည်ဟု တိတ္ထိများ အပြစ်တင်ဖွယ် ရှိသည်ကို လွတ်ကင်းစေပြီး နောက်တနေ့ အဇာတသတ်မင်း နန်းတော်တံခါးသို့ မထေရ်များ ကြွရောက်ရပ်တည်တော်မူကြသည်။

ပထမသံဂါယနာ၏ ဒါယကာ အဇာတသတ်မင်းမြတ်

“အရှင်ဘုရားများကိစ္စ မိန့်တော်မူပါ” ဟု အဇာတသတ်မင်းက လျှောက်ထားရာ “ကျောင်းများပြင်ဖို့ လက်သမားလိုကြောင်း” မိန့်ကြားကြသဖြင့် မင်းက လက်သမားများ ပေးအပ်လိုက်သည်၊ မထေရ်မြတ်များ ပထမလပတ်လုံး ကျောင်းများပြင်ဆင်၍ ပြီးသော် ပြီးကြောင်းနှင့် သံဂါယနာ တင်တော့မည်ဖြစ်ကြောင်း အဇာတသတ်မင်းအား မိန့်ကြားရာ “အရှင်ဘုရားများ လွတ်လပ်စွာ သံဂါယနာ တင်တော်မူကြပါ၊ တပည့်တော်ဘက်က အာဏာစက်၊ အရှင်ဘုရားများဘက်က ဓမ္မစက်ဖြစ်ပါစေ၊ လိုရာကိုလည်း မိန့်တော်မူပါ” ဟု လျှောက်ထားရာ မထေရ်များက သံဂါယနာမဏ္ဍပ်လိုကြောင်း မိန့်ကြသည်။

အဇာတသတ်မင်းသည် အရှင်မြတ်များ စိတ်ကြိုက် ဝေဘာရတောင်နံရံ သတ္တပဏ္ဏိလှိုင်ဂူဝ၌ ဝိသကြုံနတ်သား ဖန်ဆင်းထားသည်နှင့်အတူ သံဂါယနာမဏ္ဍပ်ကြီးကို ဆောက်လုပ်စေသည်။

ပထမ သံဂါယနာတင် မဏ္ဍပ်၏ အပြင်အဆင်

မဏ္ဍပ်ကြီးမှာ ၁--အခန်းများ အစဉ်တကျထားကာ နံရံများ တိုင်များ လှေကားများ တပ်ထားသည့်အပြင် ပန်းချီပန်းပုလက်ရာတို့ကလည်း ပြောင်မြောက်လှသည်၊ ၂--မင်း၏ ရွှေနန်းတော်ကို ကျော်ရုံမျှမက နတ်ဗိမာန်၏အသရေကိုပင် ပြက်ရယ်ပြုသလို ရှိနေသည်၊ ၃--တလောကလုံးရှိ ပျော်စရာများကို စုပေါင်းထားသလို အလွန် ပျော်ဖွယ်ရာဖြစ်သည်။

မဏ္ဍပ်ကြီးတွင်း၌ သင်္ဂီတိကာရက ရဟန္တာ ၅၀၀-ထိုင်ဖို့ အဖိုးတန် ကပ္ပိယအခင်း ၅၀၀၊ တောင်ဘက်ကို ကျောပေး၍ မြောက်ဘက် မျက်နှာမူသော ပုစ္ဆကမထေရ်

စာမျက်နှာ-148


အတွက် ထေရာသနဓမ္မပလ္လင်နှင့် မဏ္ဍပ်အလယ်၌ အရှေ့ဘက်မျက်နှာမူကာ ဘုရားရှင်များ ထိုင်တော်မူထိုက်သော ဝိသဇ္ဇကမထေရ်အတွက် ဓမ္မာသနပလ္လင်၊ ယင်းအပေါ်၌ ဆင်စွယ်ယပ်ဝန်းကို အသီးသီး စီစဉ်ပြီး သူ့ကိစ္စပြီးကြောင်း အဇာတသတ်မင်းက မထေရ်များအား လျှောက်စေသည်။

အပြစ်ပြောသူရှိ၍ အရှင်အာနန္ဒာ ရဟန္တာဖြစ်ရ

အချိန်ကား ဝါခေါင်လဆန်း ၄-ရက် သံဃာစုံညီ စည်းဝေးနေချိန် ဖြစ်သည်၊ မထေရ်အချို့ အရှင်အာနန္ဒာကို စောင်းချိတ်၍ “ဤပရိသတ်မှာ ကိလေသာ အဆိပ်ခံ (သားစိမ်းနွံ) နံသော ရဟန်းတပါး ရှိနေသည်” ကဲ့ရဲ့ပြောဆိုရာ အရှင်အာနန္ဒာကြားသဖြင့် “ငါ့ကိုရည်ရွယ်ပြောဆိုသည်” ဟု သိရှိကာ ဓမ္မသံဝေဂ ရတော်မူသည်။

မထေရ်အချို့ကမူ “မနက်ဖန် သံဂါယနာ စတော့မည်၊ ငါ့ရှင်အာနန္ဒာမှာ သေက္ခသာရှိနေသေး၍ သံဂါယနာပွဲ မပါသင့်၊ သံဂါယနာပွဲအမီ တရားအားထုတ်ဖို့ မမေ့မလျော့သူဖြစ်စေချင်သည်” ဟု တိုက်ရိုက်ပင် အားပေးတိုက်တွန်းကြသည်။

အရှင်အာနန္ဒာသည် “မနက်ဖန် သံဂါယနာစတော့မည်၊ သောတာပန်အနေလောက်သာဆိုလျှင် သံဂါယနာမပါသင့်” ဟု ဆင်ခြင်ကာ-ကာယဂတာသတိ ကမ္မဋ္ဌာန်းကို တညဉ့်ပတ်လုံး အားထုတ်တော့သည်၊ မိုးသောက်ထအခါ စင်္ကြံမှသက်ပြီး ကျောင်းတွင်းဝင်၍ “လျောင်းဦးအံ့” ဟု ကြံ၍ ကိုယ်ကို သတိနှင့် ဖြေးဖြေး လည်းလျောင်းလိုက်သည်၊ ခြေ ၂-ဘက်မြေမှလွှတ်၍ ခေါင်းအုံးသို့လည်း ဦးခေါင်းမကျသေးမီ ရဟန္တာဖြစ်တော်မူသည်။

ကမ္မဋ္ဌာန်းကျောင်း အပြင်ဘက်၌ တညလုံး စင်္ကြံကြွကာ အားထုတ်သော်လည်း အထက်မဂ်ဖိုလ်ကိစ္စ မရနိုင်သဖြင့် “အာနန္ဒာ၊ သင်သည် ကုသိုလ်ရှင်ပင်ဖြစ်သည်၊ အလုပ်လုပ်ပါ၊ လျင်စွာ ရဟန္တာဖြစ်လိမ့်မည်” ဟု ပရိနိဗ္ဗာန်စံဝင်ခါနီး ဘုရားရှင်က ငါ့ကိုမိန့်ကြားခဲ့သည်၊ ဘုရားစကား၌ အပြစ်မရှိ၊ ငါ့မှာ ဝီရိယလွန်၍ ဥဒ္ဓစ္စဖြစ်နေပေမည်၊ မျှညီအောင် အားထုတ်အံ့” ဟု ကြံကာ ခြေဆေးပြီး ကမ္မဋ္ဌာန်းကျောင်းတွင်း ဝင်လေသည်၊ “အပန်းဖြေ လျောင်းဦးအံ့” ဟု သတိနှင့်လဲလျောင်းစဉ် ရဟန္တာဖြစ်လေသည်။

ဤသာသနာတော်၌ လျောင်း ထိုင် ရပ် သွား ဣရိယာပုထ် ၄-ပါးမှလွှတ်၍ ရဟန္တာဖြစ်သူကား အရှင်အာနန္ဒာပင် ဖြစ်သည်။

တိမ်စင်သော လပြည့်ပန်းပမာ သံဂါယနာပွဲဝင် အာနန္ဒာအရှင်

ဝါခေါင်လပြည့်ကျော် ၅ ရက် ဆွမ်းဘုဉ်းပေးကြပြီး သင်္ဂီတိကာရကမထေရ်များ အားလုံး သံဂါယနာမဏ္ဍပ်သို့ စုံညီစွာရောက်တော်မူပြီးချိန် အရှင်အာနန္ဒာသည်လည်း

စာမျက်နှာ-149


ရဟန္တာအဖြစ်ဖြင့် ရွှင်လန်းဝမ်းမြောက်စွာ သင်္ကန်းကို လက်ကန်တော့တင်၍ အညှာမှ ကြွေကျသော ထန်းသီးမှည့်၊ ကမ္ဗလာပေါ်၌တင်ထားသော ပတ္တမြား၊ တိမ်စင်သော လပြည့်ဝန်း၊ နေရောင်နှင့်တွေ့၍ ပွင့်သော ပဒုမ္မာကြာများပမာ အသရေရှိလှစွာသော မျက်နှာတော်ကိုပြလျက် သံဂါယနာပွဲ တက်တော်မူသည်။

မိမိအရဟတ္တဖိုလ်ရောက်ကြောင်း တိုက်ရိုက်မဆောင်ပြဘဲ သိသာရုံအခြင်းအရာဖြင့် သိစေခြင်းကိုသာ ဘုရားရှင် ချီးမွမ်းတော်မူသည် ဟု အရှင်အာနန္ဒာဆင်ခြင်ကာ ၁--သောတာပန်မျှသာဖြစ်သော မိမိကိုရွေးကောက်တော်မူကြသော မထေရ်ကြီးများသိပြီး ဝမ်းမြောက်စေလိုသောကြောင့် လည်းကောင်း၊ ၂--ဘုရားရှင်၏ ဩဝါဒ အကျိုးရှိကြောင်း ပြလိုသောကြောင့် လည်းကောင်း၊ မိမိအရဟတ္တဖိုလ်ရကြောင်း ထင်ရှားစွာ ပြောကြားသကဲ့သို့ အရှင်အာနန္ဒာ သံဂါယနာပွဲသို့ ကြွတော်မူသည်။

“ရဟန္တာဖြစ်လာသော အာနန္ဒာကား အလွန်တင့်တယ်သည်။ ဘုရားရှင် ရှိတော်မူလျှင် အာနန္ဒာအား ဧကန် ကောင်းချီးပေးရာ၏၊ ယခုအခါ ဘုရားကိုယ်စား ငါပေးမည်” ဟု ကြံ၍ ရှင်မဟာကဿပက ၃-ကြိမ် ကောင်းချီးပေးသည်။

ဝိနည်းသာ သာသနာ၏ အသက်သွေးကြော

အရှင်မဟာကဿပအမေးအရ သံဃာတော်များက ဓမ္မဝိနယ ၂-ပါးတွင် ဝိနည်းသည် သာသနာတော်၏ အသက်သွေးကြောဖြစ်ပါသည်၊ ဝိနည်းတည်မှ သာသနာ တည်ပါမည်၊ ထို့ကြောင့် ဝိနည်းကို ရှေးဦးစွာ သံဂါယနာတင်ရန် လျှောက်ထားကြသည်။ ဝိနည်း၌ အကြီးအမှူးပြုမည့် ပုဂ္ဂိုလ်ကို အရှင်မဟာကဿပက မေးရာ သံဃာက ဥပါလိကို ညွှန်ပြသည်၊ “အရှင်အာနန္ဒာမစွမ်းနိုင်၍လော” ဟု မေးမြန်းရာ “စွမ်းနိုင်ပါ၏၊ ဘုရားရှင်ရှိစဉ်ကပင် ဝိနည်းသင်ဆောင်မှုအရာ ဥပါလိကိုသာ ဧတဒဂ်ပေးခဲ့၍ပါ” ဟု ပြန်လျှောက်ကြသည်။

ဆင်စွယ်ယပ်ဝန်း ကိုင်ဆောင်ခွင့်အဆင့်

ပထမသံဂါယနာ၌ အရှင်မဟာကဿပသည် သံဃမဟာနာယကဖြစ်၍ ဝိနယပုစ္ဆက ပုဂ္ဂိုလ်လည်းဖြစ်ကာ မိမိနေရာ၌ သီတင်းသုံးသည်၊ အရှင်ဥပါလိကား ဝိသဇ္ဇက ပုဂ္ဂိုလ်ဖြစ်၍ ဆင်စွယ်ယပ်ဝန်းကိုင်ကာ မိမိနေရာ၌ထိုင်၍ ဝတ္ထု၊ နိဒါန်း၊ ပုဂ္ဂိုလ်၊ မူလပညတ် စသည်များကိုပေးသမျှ ဖြေပြရသည်၊ အပြည့်အစုံဖြေကြားပြီး သင်္ဂီတိကာရက သံဃာ ၅၀၀-လုံး စုပေါင်းရွတ်ကာ သံဂါယနာတင်တော်မူကြသည်၊ (စုပေါင်းညီညာ ရွတ်ဆိုခြင်းသည် သံဂါယနာမည်သည်။)

စာမျက်နှာ-150


ပထမ ပါရာဇိက ရွတ်ပြီးလတ်သော် မြေကြီးသည် ကောင်းချီးပေးသည့်ပမာ ရေအဆုံးထားပြီး တုန်ခါလေသည်၊ ကြွင်းပါရာဇိက ၃-ပါးစသော သိက္ခာပုဒ် ၂၂၇-ပါးလုံးကို မေးဖြေ ရွတ်ကြပြီး ပါရာဇိကကဏ္ဍပါဠိအမည်တပ်သော ဘိက္ခုဝိဘင်းပါဠိတော်ကို မဟာဝိဘင်္ဂဟု သတ်မှတ်ကြသည်၊ ယင်းအဆုံး၌လည်း မြေတုန်ခါသည်သာ။

ဘိက္ခုနီ သိက္ခာပုဒ် ၃၀၄-ကို ဘိက္ခုနီဝိဘင်း၊ ၂-ရပ်ပေါင်း ဥဘတောဝိဘင်းဟု သတ်မှတ်၍ ၆၄-ဘာဏဝါရရှိသည်၊ ဤနည်းဖြင့် ဘာဏဝါရ ၈၀-ရှိသော မဟာဝဂ္ဂ၊ စူဠဝဂ္ဂ၊ ခန္ဓကပါဠိတော်များနှင့် ၂၅-ဘာဏဝါရ ရှိသော ပရိဝါပါဠိတော်ကို ရွတ်ဆိုပြီးသော် ဝိနယပိဋကဟု အမည်တပ်သည်၊ ဝိနည်းပိဋကအပြီး၌လည်း မြေကြီးလှုပ်သည်။ ဝိနည်းပိဋကကို တပည့်များအား သင်ကြားပို့ချဖို့ အရှင်ဥပါလိအား အပ်နှင်းသည်၊ အရှင်ဥပါလိသည် ဆင်စွယ်ယပ်ချကာ ပလ္လင်မှဆင်းပြီး မထေရ်များ ရှိခိုးကာမိမိအတွက် ရောက်အပ်သော နေရာ၌ ထိုင်နေသည်။

သီလ သမာဓိ ပညာ အစဉ်ကျော်မရပါ

ဓမ္မ = သုတ် အဘိဓမ္မာကိုမူ အရှင်အာနန္ဒာကိုအကြီးအမှူးပြုရန် လျှောက်ထားချက်များအရ အရှင်မဟာကဿပကပင် ပုစ္ဆကပြု၍ အရှင်အာနန္ဒာက ဝိသဇ္ဇကပြုကာ ဆင်စွယ်ယပ်ဝန်းစွဲကိုင်လျက် ဓမ္မာသနပလ္လင်ထက်က ဖြေဆိုရသည်။

ဓမ္မအရ သုတ်အဘိဓမ္မာ ၂-မျိုးတွင် သုတ္တန်ကို ရှေးဦးသံဂါယနာတင်ဖို့ လျှောက်ကြသည်၊ သိက္ခာ ၃-ပါး အစဉ်တွင် ဝိနည်းကား အဓိသီလ၊ သုတ္တန်ကား အဓိစိတ္တ၊ အဘိဓမ္မာကား အဓိပညာသိက္ခာတို့ အသီးသီး ပဓာနဖြစ်ကြသည်။

ဗြဟ္မဇာလသုတ်၏ ဂုဏ်ရည်

သုတ္တန်တွင်လည်း နိကာယ်ကြီး ၄-ရပ်ရှိရာ ဒီဃနိကာယ်ကို၊ ယင်း၌ ၃-ဝဂ်ရှိရာ သီလက္ခန္ဓဝဂ်ကို၊ ယင်း၌ ၁၃-သုတ်ရှိရာ သီလ ၃-ဖြာ တန်ဆာဆင်ရာဖြစ်၍ များသောမိစ္ဆာဇီဝ စသည်ကို ပယ်ဖျက်ကာ ၆၂-ဖြာသော မိစ္ဆာအယူကို ရှင်းနိုင်ပြီး ၆၂-ကြိမ် မြေလှုပ်စေသော ဗြဟ္မဇာလသုတ်ကို ရှေးဦးသံဂါယနာတင်ဖို့ လျှောက်ထားပြီး နိဒါန်း၊ ပုဂ္ဂိုလ် စသည် မေးဖြေကြ စုပေါင်းရွတ်ကြသည်။

ကြွင်း ၁၂-သုတ်ပြီးလတ်သော် သီလက္ခန္ဓဝဂ်ဟုလည်းကောင်း၊ ၁၀-သုတ် မဟာဝဂ်နှင့် ၁၁-သုတ် ပါထိကဝဂ်ကို ရွတ်ပြီးကြသော် ၆၄-ဘာဏဝါရရှိ ဒီဃနိကာယ်ဟု သတ်မှတ်ကြပြီး တပည့်များပို့ချဖို့ အရှင်အာနန္ဒာအား အပ်နှင်းသည်။

ဘာဏဝါရ ၈၀-ရှိ မဇ္ဈိမနိကာယ်ကို သံဂါယနာတင်ပြီးလျှင် အရှင်သာရိပုတ္တရာ၏ တပည့်များအား အပ်နှင်း၍ ဘာဏဝါရ ၁၀၀-ရှိ သံယုတ္တနိကာယ်ကိုကား အရှင်မဟာ

စာမျက်နှာ-151


ကဿပအား အပ်နှင်းကြသည်၊ ဘာဏဝါရ ၁၂၀-ရှိ အင်္ဂုတ္တရနိကာယ်ကိုမူ အရှင်အနုရုဒ္ဓါအား အပ်နှင်းကြသည်။

ခုဒ္ဒကနိကာယ်ကို အဘိဓမ္မာဟု ဆိုကြသေးသည်

ထို့နောက် ဓမ္မသင်္ဂဏီစသော အဘိဓမ္မာ ၇-ကျမ်းကို မေးဖြေရွတ်ဆိုကြပြီး ဇာတက နိဒ္ဒေသ စသည့် ၁၃-ကျမ်းကို မေးဖြေရွတ်ဆိုကြကာ ခုဒ္ဒကနိကာယ်ဟု သတ်မှတ်တော်မူကြသည်၊ ယင်း ခုဒ္ဒကနိကာယ်ကို ဒီဃနိကာယ်ဆောင်များအလို အဘိဓမ္မာပိဋက၌၊ မဇ္ဈိမနိကာယ်ဆောင်များအလို သုတ္တန်ပိဋက၌ ၁၃-ကျမ်းသာမက ဗုဒ္ဓဝံသ၊ စရိယာပိဋကပါ ၁၅-ကျမ်းလုံး သွင်းရမည်ဟု မိန့်တော်မူကြသည်။ (သံဂါယနာတကြိမ်ရွတ်စာကို ၁-ဘာဏဝါရခေါ်၍ နာရီဝက်ခန့်ရွတ်ရသည်။) ဤသို့လျှင် အရှင်အာနန္ဒာသည် သုတ် အဘိဓမ္မာပိဋက ၂-ဖြာ၏ ဝိသဇ္ဇကပုဂ္ဂိုလ်အဖြစ် သာသနာတော်၌ ကျေးဇူးများတော်မူသည်။

ရဟန္တာဖြစ်ပုံထူးသကဲ့သို့ နိဗ္ဗာန်ဝင်စံပုံလည်း ထူးသည်

အရှင်အာနန္ဒာကား ဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်၍ ဘုရားရှင် မရှိပြီးနောက် နှစ်ပေါင်း ၄၀-ကြာ သက်တော် ၁၂၀-ရှိသောအခါ မထေရ်မြတ်သည် မိမိ၏အာယုသင်္ခါရ-ဇီဝိကသန္တတိ ကုန်နေသည်ကို သိတော်မူရကား “၇-ရက်မြောက်နေ့မှာ ပရိနိဗ္ဗာန် ဝင်စံမည်” ဟု တပည့်များအား မိန့်ကြားသည်။

ရောဟိဏီမြစ် (အရေးအခင်းဖြစ်သောမြစ်) ၏ ကမ်းတဘက်စီ၌ နေကြကုန်သော လူများသည် ထိုသတင်းကြား၍ “မထေရ်မြတ်အပေါ် ငါတို့က ကျေးဇူးများသဖြင့် ငါတို့ဘက်မှာ အရှင်မြတ် ပရိနိဗ္ဗာန်စံဝင်လိမ့်မည်” ဟု ၂-ဘက်လုံး အသီးသီးထင်ကာ ပြောဆိုကြလေသည်။

ထိုအကြောင်း အရှင်အာနန္ဒာကြားတော်မူရာ ၂-ဘက်လုံး ကျေးဇူးများသူချည်းပင် ဖြစ်ကြ၍ တဘက်သတ် ငါပရိနိဗ္ဗာန်စံဝင်လျှင် ဓာတ်တော်များရယူဖို့ ကျန်တဘက်နှင့် ရန်ပွားကြမည်၊ ထိုရန်သည် ငါ့ကြောင့်သာဖြစ်၍ အေးလျှင်လည်း ငါ့ကိုအမှီပြုမှသာ အေးပေမည်၊ “မစီမံတတ်လျှင် တိုက်ပေးသလိုဖြစ်ပြီး စီမံတတ်လျှင်လည်း ရန်အေးမည်” ဟု ဆင်ခြင်တော်မူကာ “ငါ့အပေါ် ကျေးဇူးများကြသော ၂-ဘက်ပရိသတ်များ အားလုံးကို ကိုယ့်ဘက်ကိုယ်စည်းဝေးနေထိုင်ကြစေ” ဟု မိန့်တော်မူလိုက်သည်။

အရှင်မြတ်သည် ၇-ရက်မြောက်သောနေ့၌ မြစ်လယ်ကောင်းကင် (ကောင်းကင် ၇-ပြန်ခန့်အမြင့်) ၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကာ တရားဟောပြီးမှ “ငါ၏ကိုယ်အလယ်မှကွဲကာ တခြမ်းစီကျစေ” ဟု ဓိဋ္ဌာန်တော်မူလိုက်သည်။

စာမျက်နှာ-152


ဆိုင်ရာဈာန်အဘိညာဉ်များဖြင့် ကိုယ်တော်မှ မီးလျှံများဖြစ်ပွားလာပြီး ပရိနိဗ္ဗာန်ဝင်စံတော်မူကာ ဓိဋ္ဌာန်တော်မူချက်အတိုင်း ကမ်းတဘက်စီ၌ ကိုယ်တခြမ်းစီ ကျတော့သည်။ ပရိသတ်များသည် မြေလူးတတ် ငိုကြွေးကြရာ ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံသောအခါ ငိုကြွေးသောအသံထက်ပင် သနားဖွယ်ဖြစ်တော့သည်။

“ဘုရားရှင်၏ သပိတ်သင်္ကန်းကို ကိုင်ဆောင်သော အရှင်ဘုရားအာနန္ဒာ ရှိနေသေးလျှင် ဘုရားရှင်ရှိနေသလိုပင် ဖြစ်ပါသည်၊ ယခုမှ ငါတို့ဆရာဘုရား တကယ်ပင် နိဗ္ဗာန်ဝင်စံသွားပါတကား” ဟု ဆိုကာ ၄-လပတ်လုံး ငိုကြွေးကြသည်။

၆။ အခြံအရံပရိသတ်များသူတို့တွင် ဥရုဝေဠကဿပသည် အမြတ်ဆုံး။

အခြားအရှင်များမှာ ရံခါများ၍ ရံခါနည်းသည်၊ ဤအရှင်ကား ညီ ၂-ပါးနှင့်အတူ သံဃာ ၁၀၀၀-အမြဲခြံရံသည်၊ တပည့်တပါးက တပါးစီ ရဟန်းပြုပေးလျှင် မူလနှင့် နောက်တိုးပေါင်း ၂၀၀၀၊ ၂-ပါးစီ ရဟန်းပြုပေးလျှင် သုံးထောင် အခြံအရံရှိတော့သည်။ ကဿပကား အနွယ်ဖြစ်၍ ဥရုဝေဠတော၌ ရဟန်းပြုသောကြောင့် ဥရုဝေဠကဿပမည်သည်။

ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ ယင်း ဧတဒဂ်ရ ရဟန်းတပါးအားကျပြီး ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်၊ ၉၂-ကမ္ဘာ ဖုဿဘုရားလက်ထက် ဘုရားရှင်၏ မိဘတူ မိကွဲညီ ဖြစ်သည်၊ အခြား ညီ ၂-ဦးနှင့် ပေါင်း ၃-ဦး အသီးသီး ရာထူးများ ရကြသည်။

နယ်စပ်သူပုန်များကို နှိမ်နင်းနိုင်သဖြင့် ၃-လပတ်လုံး နောင်တော်ဘုရားရှင်ကို ပြုစုခွင့်ဆုရရာ အမတ် ၃-ယောက်အား ဥစ္စာစပါးပြည့်စုံရေး၊ နေ့စဉ်သုံး စီစဉ်ထုတ်ပေးရေး၊ လှူဒါန်းဆက်ကပ်ရေးများအတွက် တမျိုးစီတာဝန်ပေးပြီး မင်းသားများကိုယ်တိုင်ကမူ ဘုရားရှင်အသရေတော်နှင့် တော်အောင်လုပ်ကျွေးမည်ကြံပြီး ဝါတွင်း ၃-လ ၁၀-ပါးသီလ ဆောက်တည်ကျင့်သုံးနေကြသည်။

အမတ် ၃-ယောက်ကား ငါတို့ဘုရားလက်ထက် ဗိမ္ဗိသာရမင်း၊ ဝိသာခသူဌေး၊ ရဋ္ဌပါလရဟန္တာတို့ ဖြစ်လာကြသည်။

အားမကိုးရာ

တမလွန်ကျိုးမပါလျှင် အရှင်ကဿပအလောင်းသည် ငါတို့ဘုရားမပွင့်ဘဲ ပုဏ္ဏားမျိုး၌ဖြစ်၍ ညီ ၂ ယောက်ပါ အနွယ်နှင့်စပ်၍ ကဿပချည်းပင် မည်ကြသည်၊ ၃-ဦးလုံး ဗေဒင်တတ်ကြကာ တပည့်လုလင် ၅၀၀၊ ၃၀၀၊ ၂၀၀ အသီးသီးခြံရံကြသည်။

စာမျက်နှာ-153


ဗေဒင်ကျမ်း၌ မျက်မှောက်ကျိုးကိုသာမြင်၍ တမလွန်ကျိုးမမြင်သဖြင့် နောင်တော်ကြီးသည် တပည့် ၅၀၀ နှင့်အတူ ဥရုဝေဠတောသွား ရဟန်းပြု၍ ဥရုဝေဠကဿပ မည်သည်၊ ဂင်္ဂါမြစ်ကျယ်အကွေ့၌ တပည့် ၃၀၀-နှင့် ရဟန်းပြု၍ အလတ်သည် နဒီကဿပ၊ ဂယာသီသအရပ်၌ တပည့်-၂၀၀ နှင့်အတူ ရဟန်းပြု၍ အငယ်သည် ဂယာကဿပ အသီးသီးမည်သည်။

ညီနောင်တထောင် ရသေ့ရဟန်းပြုပြီး၍ ကြာလတ်သော် ငါတို့ဘုရားရှင်လည်း ပဉ္စဝဂ္ဂီ ၅-ဦး၊ ယသခေါင်းဆောင်သော သူငယ်-၅၅၊ ပေါင်း ရဟန္တာ ၆-ကျိပ်တို့ကို လူများအကျိုးများရန် ဒေသစာရီကြဖို့ တိုက်တွန်းပြီး ကိုယ်တိုင်ကမူ ဘဒ္ဒဝဂ္ဂီညီနောင် ၃-ကျိပ်ကို ဆုံးမပြီးနောက် ကဿပညီနောင် ရသေ့တထောင်တို့၏ အရဟတ္တဖိုလ်ကို မြင်တော်မူသဖြင့် တပါးတည်း ဥရုဝေဠကဿပနေရာ ကြွသွားသည်။

တန်ခိုးပြ၍လည်း တရားကျစေသည်

ကဿပ၏ မီးတင်းကုပ်မှာ နေရာတောင်းပြီး နဂါးကို ဆုံးမခြင်းစသော တန်ခိုးပြာဋိဟာ ၃၅၀၀-တို့ဖြင့် ဥရုဝေဠကဿပနှင့် တပည့်များကို ဆုံးမ ရဟန်းပြုစေသည်၊ ထို့နောက် ညီ ၂-ပါးနှင့် တပည့်များပါ ရဟန်းပြုကြ၊ ဧဟိဘိက္ခုရဟန်းများ ဖြစ်ကြသည်။

ဘုရားရှင်သည် ရဟန်းတထောင်ကိုခေါ်၍ ဂယာသီသတောသွားကာ ကျောက်ဖျာ၌ထိုင်တော်မူပြီး ယခင်က မီးလုပ်ကျွေးသူများဖြစ်၍ ယင်းတို့နှင့်လျော်သော အာယတန ၆-ပါး၊ ဝိညာဉ် ၆-ပါးတို့ကို မီးလောင်အိမ်ပမာ ညွှန်ပြသော အာဒိတ္တပရိယာယသုတ်ကို ဟောရာ အဆုံး၌ အားလုံး ရဟန္တာဖြစ်ကြသည်။

ဘုရားရှင်သည် ယခင် ဗုဒ္ဓကိစ္စမပြုမီက မင်းအား ဝန်ခံကတိအတိုင်း ရဟန္တာတထောင်နှင့် ရာဇဂြိုဟ်ထန်းတောဥယျာဉ် ကြွတော်မူသည်၊ ဘုရားရှင်ကြွလာကြောင်း ဗိမ္ဗိသာရမင်းသိသဖြင့် တသိန်းနှစ်သောင်းသော ပုဏ္ဏားသူဌေးများနှင့် ဘုရားရှင်ထံ သွားကာ ရှိခိုး၍ သင့်ရာနေလေသည်။

လူများအစွဲ ဘုရားကိုပင် အထင်မကြီးဘဲရှိရာ

ဘုရားရှင်သည် ပရိသတ်ကိုကြည့်လတ်သော် ဥရုဝေဠကဿပအား အထင်ကြီးကာ အရိုအသေပြုသော လူများအပေါင်းကို မြင်တော်မူ၍ “ဤလူများသည် ငါဘုရားနှင့် ကဿပကို မည်သူက အမြတ်ဟု မသိကြ၊ အမှန်မရ အကြံများနေသူများမည်သည်၊ ငါဘုရားဒေသနာ လက်ခံနိုင်စွမ်းမရှိ” ဟု ကြံတော်မူကာ “သင့်တပည့်များအကြံကို အမှန်ရောက်စေ” ဟု ဥရုဝေဠကဿပအား အချက်ပေးလိုက်သည်။

စာမျက်နှာ-154


အရှင်ကဿပသည် နေရာမှထ၊ တည်ခြင်း ၅-ပါးဖြင့် ရှိခိုးကာ ထန်းတရပ် ကောင်းကင်ပျံတက်ပြီး ရုပ်တန်ခိုးအမျိုးမျိုး ဖန်ဆင်းပြလျက် “မြတ်စွာဘုရားရှင်သည် တပည့်တော်၏ဆရာ၊ တပည့်တော်သည် တပည့်ပါဘုရား” ဟု လျှောက်ထားဆင်းသက်ပြီး ဘုရားရှင်ခြေတော် ရှိခိုးသည်၊ ဤနည်းဖြင့် ၇-ကြိမ်မြောက်၌ ထန်း ၇-ရပ်မျှ ကောင်းကင်ပျံတက် တန်ခိုးပြလျှောက်ထား ဆင်းသက်ပြီး ရှိခိုးကာ သင့်ရာ၌ နေလေသည်။

ဗိမ္ဗိသာရနှင့်အတူ သောတာပန်ဖြစ်သူများ

“ဤဘုရားရှင်သည်သာ လောက၌ အမြတ်ဆုံးရဟန်း” ဟု ပရိသတ်များ အသိရှင်းချိန် ဘုရားရှင်သည် တရားဟောတော်မူရာ တသိန်း တသောင်းသော ပုဏ္ဏားသူဌေးများအပါအဝင် ဗိမ္ဗိသာရမင်းကြီး သောတာပန်တည်၍ တသောင်းကား သရဏဂုံတည်သူ ဥပါသကာများ ဖြစ်သွားကြသည်။

ငါတို့ရဟန်းကိစ္စ ပြီးပြီဖြစ်၍ အခြားသွားဖို့မလိုဟု ကြံကာ တပည့် ၁၀၀၁ လုံး ဥရုဝေဠကဿပကိုသာ ခြံရံနေထိုင်ကြသည်၊ တပည့် တပါးစီ နှစ်ပါးစီ ရှင်ရဟန်းပြုပေးကြသဖြင့် တိုးပွားသော ပရိသတ်တို့မှာလည်း ဥရုဝေဠကဿပ၏ အခြံအရံများသာဖြစ်၍ နောက်ပိုင်း ဇေတဝန်ကျောင်း၌ ယင်းဧတဒဂ် ရတော်မူသည်။

၇။ ဆွေတော် မျိုးတော်တို့ကို ကြည်ညိုစေတတ်သူတို့တွင် ကာဠုဒါယီသည် အမြတ်ဆုံး။

ဘုရားရှင်ကို မဖူးရခင် သုဒ္ဓေါဒနမင်း နန်းတော်တခုလုံးကို ကြည်ညိုစေနိုင်၍ ဧတဒဂ်ရသော ဤအရှင်မြတ်ကား ပဒုမုတ္တရဘုရား လက်ထက် ဟံသာဝတီမြို့သား ဖြစ်၍ ယင်းဧတဒဂ်ရ ရဟန်းတပါးကို အားကျပြီး ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။

ကံချင်းမတူ

ငါတို့ဂေါတမဘုရားလောင်း ကပိလဝတ်နန်းတော်၌ သန္ဓေတည်ချိန် အမတ်အိမ်၌ သန္ဓေတည်ကာ ဖွားမြင်သောအခါလည်း ဘုရားလောင်းနှင့် အတူဖွား၍ အဝတ်ဖြူ အခင်းအနှီး၌သိပ်ပြီး ဘုရားအလောင်း ပြုစုဖို့ မင်းနန်းတော် ပို့ကြသည်။

ဖွားဖက်တော် ၇-ဦးမှာ ဗောဓိပင်၊ ယသော်ဓရာ၊ ရွှေအိုး ၄-လုံး၊ အာရောဟနိယဆင်၊ ကဏ္ဍကမြင်း၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်တို့ ဖြစ်ကြသည် (အချို့ အဋ္ဌကထာများ၌ ညီတော်အာနန္ဒာပါ၍ ဤအင်္ဂုတ္တိုရ် အဋ္ဌကထာ၌ အာရောဟနိယဆင် ပါသည်။)

စာမျက်နှာ-155


ဘုရားလောင်းဖွားမြင်သဖြင့် တမြို့လုံး စိတ်ဓာတ်တက်ကြွသောနေ့မှာ ဖွား၍ ဥဒါယီ အမည်မှည့်သည်။ အသားရောင် အနည်းငယ်မဲသဖြင့် ကာဠုသဒ္ဒါနှင့်တွဲကာ ကာဠုဒါယီတွင်သည်။ ဘုရားလောင်းနှင့်အတူ ကစားကာ ကြီးလာသည်။

ရာဇဂြိုဟ်မှာ ရဟန္တာ

ဘုရားလောင်း တောထွက်သွားပြီး ဘုရားဖြစ်ကာ ဓမ္မစကြာ တရားဟောပြီး၍ ပြာသိုလပြည့် ရာဇဂြိုဟ်ရောက်လတ်သော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက ကပိလဝတ်ကြွဖို့ ယောက်ျားတထောင်ရံသော အမတ်တဦးကို သွားပင့်စေသည်။

ပရိသတ် ၄-ပါးအား ဘုရားရှင် တရားဟောချိန် ယင်းအမတ် ရောက်သွားသည်၊ “အပင့်လွှတ်သောကိစ္စ နောင်မှလျှောက်အံ့” ဟု ကြံကာ ပရိသတ်အစွန်ကပင် တရားတော်ကိုနာကြားရာ ယောက်ျားတထောင်နှင့်အတူ အမတ်သည် အရဟတ္တဖိုလ်သို့ ရောက်သွားသည်၊ ဘုရားရှင်က ဧဟိဘိက္ခုခေါ်တော်မူသဖြင့် ရဟန္တာရဟန်းများ ဖြစ်သွားကြသည်။

အရိယာများသည် လောကရေးကို လျစ်လျူရှုကြ

ဓမ္မတာဖြစ်၍ သုဒ္ဓေါဒနမင်းကြီး၏ ပင့်လျှောက်ကား မလျှောက်ထားဖြစ်တော့ပေ။ သုဒ္ဓေါဒနမင်းကြီးသည် “သွားသူလည်း မပြန်လာ၊ ဘာသတင်းလည်း မကြားရ” ဟု ကြံပြီးနောက် အမတ်တဦးကို ယောက်ျားတထောင် ခြံရံစေပြီး ဘုရားပင့်လွှတ်ပြန်သည်၊ ၉-ကြိမ်အထိ ဆက်လက်လွှတ်ရာ ယောက်ျား ၉၀၀၀ လုံး ရဟန္တာရဟန်းများဖြစ်ပြီး သတင်းမျှမပို့ဘဲ အေးဆေးဆိတ်ငြိမ်စွာ နေတော်မူကြသည်။

“ဤလူများအားလုံး ငါ့အပေါ် ချစ်မြတ်နိုးမှု မရှိကြသဖြင့် ဘုရားရှင်ကြွလာဖို့ကိစ္စ ဘာမျှ ပြန်မလျှောက်၊ အခြားသူတွေ ဘုရားသွားပင့်ဖို့ စွမ်းနိုင်ကြမည်မဟုတ်၊ ငါ့သား ဥဒါယီကား ဘုရားနှင့် အရွယ်တူ ကစားဖက် ဖြစ်ရုံမျှမက ငါ့အပေါ်မှာလည်း ချစ်မြတ်နိုးမှုရှိသည်” ဟု သုဒ္ဓေါဒနမင်းကြီး ကြံကာ ဥဒါယီကို ခေါ်၍ ဘုရားအပင့်လွှတ်သည်။

“ရှေးဦးသွားသူများလို ရဟန်းပြုခွင့်ရလျှင် ပင့်ပေးပါမည်” ဟု လျှောက်ရာ “သင့်လိုရာလုပ်၊ ငါ့သားတော်ကိုသာ ဖူးရအောင် ပင့်လာပါ” ဟု ခွင့်ပြုမိန့်ရသဖြင့် ဥဒါယီသည်လည်း ယောက်ျားတထောင်နှင့် ရာဇဂြိုဟ်ဘုရားထံ သွားတော့သည်၊ တရားဟောနေချိန်ဖြစ်၍ တရားနာကြရာ အားလုံး အရဟတ္တဖိုလ်ရ ဧဟိဘိက္ခုရဟန်းအဖြစ် တည်ကြသည်။

စာမျက်နှာ-156


ကာဠုဒါယီ၏ ဘုရားပင့်ဂါထာ-၆၀

“ဘုရားရှင် ကပိလဝတ်မြို့ ကြွရန် အခါမဟုတ်သေး၊ နွေဦးပေါက်အခါ တောပန်းများပွင့်၍ မြေအပြင်သည် မြက်သစ်ပင်တို့ဖြင့် စိမ်းရွှင်နေမှ နေပြည်တော်ကြွရန် အချိန်တန်မည်” ဟု ကြံကာ စောင့်ဆိုင်းနေသည်၊ တပေါင်းလပြည့် ရောက်လာမှ “မြတ်စွာဘုရား၊ ဤအခါသည်ကား မအေးလွန်းသလို မပူလွန်းလှပါ၊ အာဟာရ ရှားပါး ဆာလောင်ခြင်းမှလည်း ကင်းပါသည်ဘုရား၊ မြေအပြင်သည် စိမ်းစိုသောမြက်တို့ဖြင့် စိမ်းရွှင်သော အခါဖြစ်၍ နေပြည်တော်သို့ ကြွရန် အခါတန်ပါပြီဘုရား” စသည်ဖြင့် ဂါထာ ၆၀-သီကုံးကာ ဘုရားရှင် ကပိလဝတ်ကြွဖို့ လျှောက်ထားသည်၊ ဘုရားရှင်လည်း လက်ခံတော်မူကာ ရဟန်း ၂-သောင်း ခြံရံလျက် မနှေးမမြန်သော ကြွခြင်းဖြင့် ကြွတော်မူသည်။

အရှင်ကာဠုဒါယီ၏ အကျိုးဆောင်ချက်များ

ဘုရားရှင်ကြွမြန်းတော်မူလျှင်ပင် ဥဒါယီမထေရ်သည် “သုဒ္ဓေါဒနမင်းကြီးအား အသိပေးသင့်သည်” ဟု ကြံပြီး ကောင်းကင်ပျံတက်ကာ မင်းနန်းတော်၌ ထင်ရှားပေါ်ပြတော်မူသည်၊ မင်းကြီးသည် မထေရ်ကိုမြင်၍ နှစ်သက်ဝမ်းမြောက်စွာ သူမြတ်များအား နေရာပလ္လင်တော်မှာထိုင်စေပြီး မိမိအတွက် ပြင်ဆင်ထားသော ဘောဇဉ်များကို သပိတ်အပြည့် ဆက်ကပ်သည်။

ဥဒါယီက ထ၍ ပြန်ကြွမည့်အမူအရာပြရာ “ထိုင်ဘုဉ်းပေးပါ” ဟု လျှောက်သည်၊ “ဘုရားထံတော်ပြန်၍ ဘုဉ်းပေးမည်” ဟု မိန့်ရာ “ဘုရားဘယ်မှာနည်း” ဟု မေးသဖြင့် “ရဟန်းတော် ၂-သောင်း ခြံရံကာ ခမည်းတော် ဖူးမြင်ဖို့ ကြွလာနေပါပြီ” ဟု ကြားသိရသည်၊ “ဤဆွမ်းကို အရှင်ဘုရား ဘုဉ်းပေးပြီးမှ တပည့်တော်၏ သားတော်ဘုရား ဤမြို့ရောက်သည့်တိုင်အောင် သားတော်ဘုရားဖို့ ဆွမ်းကို နန်းတော်မှ ယူဆောင် ဆက်ကပ်တော်မူကြပါ” ဟု လျှောက်ထားမှ ဥဒါယီ ဆွမ်းဘုဉ်းပေးသည်။

အာကာသယာဉ်နှင်နှင် ကောင်းကင်ကသွားသော သပိတ်

ဘုရားရှင်အတွက် ဆွမ်းကိုယူပြီးလျှင် တရားဟောကြားရာ ဘုရားရှင်ကို မဖူးမြင်ရခင်ပင် တနန်းတော်လုံး ကြည်ညိုသဒ္ဓါ ဖြစ်ပွားကြသည်၊ လူအားလုံး မြင်စဉ်ပင် သပိတ်ကို ကောင်းကင်မှ လွှတ်လိုက်ပြီး ကိုယ်တော်တိုင် ကောင်းကင်သို့ ပျံတက်ကာ ဆွမ်းယူလျက် ဘုရားလက်တော်၌ ဆက်ကပ်သည်၊ ထိုဆွမ်းကို ဘုရားရှင် ဘုဉ်းပေးတော်မူ၏။

အရှင်ဥဒါယီသည် ယူဇနာ ၆၀-ခရီးကို တနေ့တယူဇနာမျှကြွတော်မူသော ဘုရားရှင်အား နေ့တိုင်းပင် မင်းကြီးနန်းတော်မှဆွမ်းကို ယူဆောင်ဆက်ကပ်သည်၊ ဤသို့ ဘုရားရှင်ကို မဖူးရခင်ပင် ဆွေမျိုးအားလုံးကို ကြည်ညိုစေသည်။

စာမျက်နှာ-157


၈။ အနာရောဂါကင်းသူတို့တွင် ဗာကုလသည် အမြတ်ဆုံး။

ဈာန်ရရသေ့ ဘုရားနှင့်တွေ့ပေမယ့် ကျောင်းမစွန့်နိုင်

အရှင်မြတ်အလောင်းသည် တသင်္ချေနှင့် ကမ္ဘာတသိန်း အနောမဒဿီ ဘုရားမပွင့်မီ ပါရဂူပုဏ္ဏားဖြစ်ကာ ဗေဒင်၏ အနှစ်သာရကို မမြင်ရကား “တမလွန်အကျိုးရှာမှီးမည်” ဟုကြံပြီး တောင်ခြေ၌ ရသေ့ရဟန်းပြုသည်၊ အဘိညာဉ် သမာပတ် အပြည့်အစုံရကာ ဈာန်၌မွေ့လျော်နေသည်။ အနောမဒဿီဘုရားပွင့်လာ၍ သံဃာနှင့်တကွ ဒေသစာရီ ကြွချီရာ “ရတနာ ၃-ဖြာဖြစ်လာပြီ” ဟု ကြား၍ ရသေ့သည် ဘုရားထံတော်ရောက် တရားနာ၍ သရဏဂုံတည်သည်၊ မိမိသင်္ကန်း ကျောင်းနေရာ မစွန့်နိုင်သော်လည်း မပြတ်ပင် ဘုရားဖူး တရားနာသည်။

ဘုရားရှင်လေနာ တောဆေးဖြင့် ရသေ့ကုသည်

ဘုရားရှင်လေနာရောဂါဖြစ်ချိန် ရသေ့လာ၍သိသဖြင့် “ငါကုသိုလ်ပြုချိန်တန်ပြီ” ဟုကြံကာ တောင်ခြေပြန်၍ ဆေးဝါးဖော်စပ်ယူလာပြီး အလုပ်အကျွေးရဟန်းမှတဆင့် လှူဒါန်းခဲ့သည်၊ ဆေးကိုသုံးဆောင်စဉ် ဘုရားလေနာငြိမ်းပျောက်သည်၊ ဘုရားရှင်ကျန်းမာသောအခါ ရသေ့သည် ဘုရားထံသွားပြီး “တပည့်တော်ဆေးဖြင့် ဘုရားရှင်ကျန်းမာတော်မူသည်၊ ဤကောင်းမှုကြောင့် ဖြစ်ရာဘဝ နွားနို့တကြိမ်ညှစ်ကာလမျှ တပည့်တော်ကိုယ်မှာ ရောဂါမဖြစ်ပါစေသား” ဟု ဆုတောင်းလိုက်သည်။

ရသေ့သည် ဗြဟ္မာ့ပြည်ရောက်ပြီး တသင်္ချေကာလပတ်လုံးလူနတ်တို့၌ ကျင်လည်ပြီး ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်ကာ ယင်း ဧတဒဂ်ရ ရဟန်းတပါး အားကျပြီး ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။

အဆိပ်ပွင့် လေယူလာ၍ သံဃာများ ရောဂါရ

ဝိပဿီဘုရားပွင့်လာချိန် ဗန္ဓုမတီပြည် ပုဏ္ဏားဖြစ်၍ ရသေ့ရဟန်းပြု ဈာန်ရကာ တောင်ခြေ၌နေသည်၊ ဝိပဿီဘုရားပွင့်လာ၍ သံဃာ ၆-သန်း ၈-သိန်းနှင့် ဗန္ဓုမတီပြည် ခေမမိဂဒါဝံ့တော ခမည်းတော် ဗန္ဓုမမင်းကြီးကို ချီးမြှောက်နေစဉ် ရသေ့သည် ဘုရားထံလာတရားနာပြီး သရဏဂုံတည်သည်၊ မိမိရသေ့ဘဝ မစွန့်နိုင်သော်လည်း မပြတ်လာ၍ ဘုရားပြုစုသည်။

ဘုရားရှင်နှင့် အဂ္ဂသာဝက ၂-ဆူကိုထား ကြွင်းသံဃာများအားလုံး ဟိမဝန္တာရှိ အဆိပ်ပင်များပွင့်ကြသဖြင့် ထိုမှတိုက်ခတ်လာသော လေအတွေ့ကြောင့် ခေါင်းကိုက်ရောဂါဖြစ်နေကြ၍ ခေါင်းမြီးခြုံ လျောင်းနေကြစဉ် ရသေ့ရောက်လာ၍ရောဂါကိုမေးရာ “အဆိပ်မျက်ပွင့်ရောဂါ” ဟု ဖြေကြသည်၊ ရသေ့သည် “ကာယဝေယျာဝစ္စပြု၍ ကောင်း

စာမျက်နှာ-158


မှုဖြစ်ချိန်အခါ” ဟု ကြံကာ မိမိအာနုဘော်ဖြင့် ဆေးများစုဆောင်းဖော်စပ်၍ လှူသည်၊ ရဟန်းတော်များ ရောဂါလည်း ခဏချင်း ပျောက်ကင်းသွားသည်။

အိမ်သည် သံသရာမှာ လိုက်မလာ

ရသေ့သည် ဗြဟ္မာ့ပြည်ဖြစ်ကာ ၉၁-ကမ္ဘာပတ်လုံး လူနတ်တို့၌ ကျင်လည်ပြီး ကဿပဘုရားလက်ထက် ဗာရာဏသီမြို့သား အိမ်ထောင်သည်ဖြစ်၍ အိမ်မခိုင်သဖြင့် အိမ်ဆောက်ရန် လက်သမားများနှင့် ပစ္စန္တရစ်သို့ သစ်ရှာသွားရာ လမ်း၌ ကျောင်းတိုက်အိုကြီးကို မြင်၍ “ငါ့အိမ်ကိစ္စ နေပေစေဦး၊ ထိုအိမ်သည် ငါနှင့်အတူ သံသရာလိုက်လာမည်မဟုတ်၊ ကုသိုလ်တခုပြု၍ ငါနှင့်အတူ သံသရာမှာလိုက်ပါမည့် ကုသိုလ်ကိုသာ လက်ဦး ပြုသင့်သည်” ဟုကြံပြီး လက်သမားများနှင့်အတူ သစ်အဆောက်အဦကို တောမှယူစေ၍ ထိုကျောင်းတိုက်၌ ဥပုသ်ကျောင်းဆောင်အသစ် ဆောက်လုပ်စေသည်။

ဆွမ်းစားဆောင်၊ မီးဖိုဆောင်၊ စင်္ကြံဆောင်၊ ချွေးအောင်းရုံနှင့် ကပ္ပိယကုဋီ၊ ဝစ္စကုဋီ၊ ဆေးပေးဆောင်များကိုလည်း အသစ်ဆောက်လုပ်ပေးစေကာ သံဃာတော်များအတွက် အတွင်းစားဆေး၊ သောက်ဆေး၊ အပြင်လိမ်းဆေး၊ ရှူဆေးစသော ဆေးအမျိုးစုံကိုလည်း စီစဉ်ထားရှိ လှူဒါန်းသည်။
၂-ဘက်မိဘ ကျွေးမွေးရသလို ၂-သက်ပြန်ပြောင်း ဝမ်း၌အောင်းသည်
ဗုဒ္ဓန္တရ အသမ္မေယျတကပ်လုံး လူနတ်တို့၌ ကျင်လည်ကာ ငါတို့ဘုရား မပွင့်မီပင် ကောသမ္ဘီသူဌေးအိမ်၌ သန္ဓေယူသည်၊ ယင်းအချိန်မှစ၍ ထိုသူဌေးအိမ်သည် ထိပ်တန်းအကျဆုံး ကျော်စောထင်ရှား၍ လာဘ်ပေါများသည်၊ သားဖွားပြီးသော် မိခင်က “ငါ့သားသည် ဘုန်းကံကြီးမား ကောင်းမှုများသူ ဖြစ်သည်၊ ငါ့သား အသက်ရှည်ကြာ အနာကင်းနေသမျှ ငါတို့ကို စည်းစိမ် ပေးမည့် သားပဲ၊ မွေးနေ့ယမုနာမြစ်ရေချိုးလျှင် ရောဂါကင်းကုန်သည်” ဟု ကြံပြီး မြစ်သို့ရေချိုးရန် ပို့သည်။

(၅-ရက်သားရှိမှ ဦးခေါင်းဆေး၍ မြစ်ရေကစားဖို့ မြစ်ဆိပ်ပို့သည်ဟုလည်း မဇ္ဈိမနိကာယ်ဆောင်များ မိန့်ကြ၏။) ယမုနာမြစ်၌ အထိန်းတော်က ကလေးငယ်ကို ငုပ်ချည် ပေါ်ချည် ရေကစားစဉ် ငါးကြီးတကောင်သည် ကလေးကိုမြင်၍ အစာထင်ကာ ပါးစပ်ဟလာသည်၊ ကလေးကို အထိန်းတော်စွန့်အပြေး ငါးကြီးက ပြေးလာ၍ မျိုချသည်။

စာမျက်နှာ-159


ဘုန်းရှိသူမှာ ဖြစ်ရာဘဝ ချမ်းသာရ

ဘုန်းရှိသူမှန်သမျှ ဒုက္ခမရောက်ပါ၊ အိမ်ခန်းတွင်းဝင် အိပ်ရသလိုပင် ဖြစ်သည်။ (ရလတ္တံ့ အရဟတ္တမဂ်ဉာဏ်၏ အာနုဘော်ကြောင့် သူငယ် မသေပါ၊ ဣဒ္ဓိ ၁၀-မျိုးတွင် ဉာဏဝိပ္ဖါရိဒ္ဓိခေါ်သည်။) သူငယ်၏တန်ခိုးကြောင့် မီးလျှံရဲရဲ သံတွေခဲကို မျိုချမိသလို ပူလောင်ကာ ငါးကြီးသည် ယူဇနာ-၃၀ တဟုန်တိုးပြေးပြီး ဗာရာဏသီ တံငါသည်၏ပိုက်တွင်း ဝင်သည်။

ငါးကြီးများကား ပိုက်မိရုံဖြင့်မသေ၊ သတ်မှသေသော်လည်း ဤငါးကြီးကားသူငယ်ဘုန်းရှိန်ကြောင့် ပိုက်မှထုတ်လျှင်ပင် အလိုလိုသေသည်၊ တံငါသည်များ ငါးကြီးရလျှင် ခွဲစိတ်ပြီး ရောင်းချမြဲဖြစ်သော်လည်း ထိုငါးကြီးကိုမူ သူငယ်၏ဘုန်းရှိန်ကြောင့် မခွဲမစိတ်ဘဲ တကောင်လုံးကို ထမ်းပိုးဖြင့်ထမ်းကာ “တထောင်ပေးလျှင် ရမည်” ဟု ဆိုကာ မြို့တွင်းလည်ရောင်းကြ၏၊ မည်သူမျှ မဝယ်နိုင်ပေ။

သားကိုရလျှင် ကြည်ရွှင်မိဘမှာ ရောင်းရသည်

သားသမီးမရှိသော ကုဋေ ၈၀-သူဌေးအိမ်တံခါးရောက်မှ ဝမ်းသာရသည်၊ သူဌေးကတော်သည် အခြားနေ့များမှာ ငါးမစီမံသော်လည်း ထိုနေ့၌ကား ပျဉ်ချပ်ပေါ်တင်၍ ကိုယ်တိုင်ခွဲစိတ်သည်၊ ငါးခွဲလျှင် ဝမ်းဘက်မှ ခွဲစိတ်ကြသော်လည်း သူဌေးကတော်ကား ကျောဘက်မှခွဲရာ ငါးဝမ်း၌ ရွှေလိုဝင်းသော သူငယ်ကိုတွေ့၍ “ငါ့မှာ သားရပြီ” ဟု ရွှင်မြူးပြောဆိုကာ ကလေးကိုယူ၍ သူဌေးထံ သွားသည်။ သူဌေးသည် ချက်ချင်းပင် မြို့တွင်းစည်လည်စေကာ သူငယ်ခေါ်၍ မင်းထံသွားပြီး “ငါးဝမ်းမှ သူငယ်ရကြောင်းနှင့် မည်သို့ပြုရမည့်အကြောင်း” လျှောက်ထားရာ “ဤကလေး ဘုန်းရှိ၍သာ ငါးဝမ်းတွင်း၌ ရောဂါကင်းရသည်၊ သင်ပင် မွေးကျွေးလော့” ဟု မိန့်လိုက်သည်။

ကောသမ္ဘီမိဘရင်းအိမ်ကလည်း “ငါးဝမ်းတွင်းက ကလေးတဦးကို ဗာရာဏသီသူဌေးအိမ်တအိမ်က ရသည်” ဟု ကြား၍ လိုက်လာကြသည်၊ ကလေးကို ဝတ်စားတန်ဆာဆင်လျက် ချော့မြူနေသည်ကို မိခင်ရင်းကမြင်ရာ “ဤသူငယ် တကယ် ချစ်စရာပါပဲ” ဟု ပြောဆိုချီယူကာ ပကတိအဖြစ်မှန်ကို ကျွေးမိခင်အား ပြောပြလိုက်သည်။

မိခင် ၂-ဖြာ သားတဦး

ကျွေးမိခင်က “ကျွန်မသားပါ” ဆိုရာ မွေးမိခင်က “သင်ဘယ်ကရပါသလဲ” ဟု မေးသည်တွင် ငါးဝမ်းတွင်းမှရကြောင်း ပြောပြလိုက်သည်၊ “ဒီလိုဆိုလျှင် သင့်သားမဟုတ်၊ ကျွန်မသားပါ” ဟု မွေးမိခင်က ဆိုရာ “သင်ဘယ်ကရပါသလဲ” ဟု ကျွေးမိခင်က ပြန်မေးရာ

စာမျက်နှာ-160


တွင် “ကျွန်မ ၁၀-လတိုင်တိုင် ဝမ်းဖြင့်လွယ်၍မွေးရာ သားကို ယမုနာမြစ်၌ ရေကစားစဉ် ငါးကြီး မျိုသွားသည်” ဟု ပြည့်စုံစွာ ပြောပြသည်။

ကျွေးမိခင်က “သင့်သားကို တခြားငါးမျိုသွားပါလိမ့်မည်၊ ဤကလေးက ငါးဝမ်းမှရတဲ့ ကျွန်မသားပါ” ဟု မိခင် ၂ ဦး အငြင်းပွားပြီး ဗာရာဏသီမင်းထံ သွားကြသည်၊ မင်းက “ကောသမ္ဘီမိခင်ကို ဆယ်လလွယ် မွေးရသူဖြစ်၍ မိခင်မဟုတ်ဟု မဆုံးဖြတ်နိုင်၊ ငါးဝယ်ကြလျှင် အူ အသည်း စသည်တို့ကို အပြင်ထုတ်ပြီးမှ ဝယ်ယူရိုးမရှိ၊ အတွင်းသားပါ ဝယ်ယူရိုးဖြစ်သောကြောင့် ငါးဝမ်းတွင်း၌ ရအပ်ရကား ဗာရာဏသီမိခင်ကိုလည်း မိခင်မဟုတ်ဟု မဆုံးဖြတ်နိုင်။

“သူငယ်သည် ကောသမ္ဘီမိဘများ၏ အော်ရသသား၊ ဗာရာဏသီမိဘများ၏ ဒိန္နကသားဖြစ်သောကြောင့် ၂-ဘက်မိဘ ၂-အိမ်လုံး၏ အမွေခံသား ဖြစ်စေ” ဟု ဆုံးဖြတ်ချက်ချသည်၊ ထိုအချိန်မှစ၍ သားဘုန်းရှိန်ကြောင့် ၂-အိမ်လုံးသည် ထိပ်တန်းအကျဆုံး လာဘ်ပေါများ၍ ကျော်စောထင်ရှားသည်၊ “၂ ဘက်မိဘ ၂-အိမ်လုံးက ကြီးပြင်းစေအပ်သောကြောင့် ဗာကုလသူဌေးသား” ဟု အမည်မှည့်ကြသည်။

ပြည့်စုံချမ်းသာ ကောင်းကျိုးဖြာ

သိတတ်သောအရွယ်သို့ ရောက်လာသော သားအတွက် ၂-မြို့လုံး၌ စံအိမ်ပြာသာဒ် ၃-ဆောင်စီ ဆောက်ကြစေကာ ကချေသည်မများစွာတို့ကို ဖျော်ဖြေခစား စေကြသည်၊ တမြို့မှာ ၄-လသာ နေရ၏၊ ၄-လပြည့်လျှင် လှေပေါင်းချုပ်တို့၌ မဏ္ဍပ်ဆောက်စေ၍ ထိုမဏ္ဍပ်၌ ကချေသည်များနှင့်အတူ သားကို အခြားမြို့သို့ တင်ပို့ကြသည်။

လမ်းခရီး၌ ၄-လကြာရာ နွေပိုင်း ၂-လအချိန်ဝယ် မူလမြို့မှ ကချေသည်မများ ပို့ပေးပြီး ပြန်ကြရ၍ နောက်ပိုင်း ၂ လတွင် ရောက်မည့်မြို့မှ ကချေသည်များ လာရောက်ကြိုဆို ခေါ်ဆောင်သွားကြရသည်။ ထိုမြို့မှာလည်း ၄-လ နေ၍ ခရီးတဝက်ထိ ပြန်ပို့ကြရ၏၊ ဤသို့ စည်းစိမ်ခံစားစဉ် ဗာကုလအမျိုးသား အသက် ၈၀-ပြည့် လာပေပြီ။

ပါရမီရှင်အစစ် စည်းစိမ်မယစ်ပါ

ထိုအချိန် ငါတို့ဘုရား ပွင့်တော်မူပြီး၍ ဓမ္မစကြာဟောကာ ဒေသစာရီကြွချီ၍ ကောသမ္ဘီပြည် (ဗာရာဏသီဟု မဇ္ဈိမဘာဏကမထေရ်များ မိန့်ကြ) သို့ကြွလာစဉ် ဗာကုလသူဌေးသည် “ဘုရားရှင်ကြွလာပြီ” ကြား၍ ပန်းနံ့သာများစွာယူလျက် ဘုရားထံတော် ရောက်ရှိကာ တရားနာရသဖြင့် သဒ္ဓါလုလု ရဟန်းပြုတော့သည်။

စာမျက်နှာ-161


အရှင်ဗာကုလသည် ပုထုဇဉ်အဖြစ် ၇-ရက်သာနေရပြီး ၈-ရက်မြောက်၌ သပ္ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်တော်မူသည်။ အရှင်မြတ်၏ လူ့ဘဝက အလုပ်အကျွေး အမျိုးသမီးများသည် ဆိုင်ရာမြို့ မိဘများထံပြန်ကာ သင်္ကန်းများချုပ်လုပ် ပို့လှူကြသဖြင့် ကောသမ္ဘီမြို့မှ ပို့သောသင်္ကန်း ၁၅-ရက်၊ ဗာရာဏသီမှ ပို့သော သင်္ကန်း ၁၅-ရက် ဝတ်ရုံတော်မူရသည်၊ ၂-မြို့လုံးမှာဖြစ်သော အမွန်အမြတ် ပစ္စည်းမှန်သမျှ အရှင်ဗာကုလထံသို့သာ ပို့လှူကြသည်။

ဆေးကုသိုလ်ရှင် ရောဂါစင်

အရှင်ဗာကုလ၏ နှစ်ပေါင်း ၈၀-လူ့ဘဝမှာ လက်နှစ်ချောင်းနှင့် နံ့သာခဲယူပြီး နမ်းရှူသည့်အချိန် (နံ့သာတရှူချိန်) မျှသော်မှလည်း တစုံတရာ ရောဂါမဖြစ်ဖူးပါ၊ အသက် ၈၀-ပြည့်သော နှစ်မှာ ချမ်းသာစွာ ရဟန်းဖြစ်ရပြီး ရဟန်းဝါ ၈၀ (အသက်တော် ၁၆၀) အတွင်းမှာလည်း ရောဂါအနည်းငယ်မျှမဖြစ်၊ ပစ္စည်း ၄-ဖြာ ဘယ်အရာမှ မချို့တဲ့ပေ။

အရှင်ဗာကုလ ပရိနိဗ္ဗာန်စံကာနီး လူ့ဘဝမိတ်ဆွေဟောင်း အစေလကဿပအား ကိုယ်စိတ် ၂-ဖြာချမ်းသာမှုနှင့်စပ်၍ ဗာကုလသုတ် (မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ) ကို ဟောပြီး ပရိနိဗ္ဗာန်ဝင်စံတော်မူသည်။

အရှင်ဗာကုလ၏ အံ့ဩဖွယ်ရာ ဖြစ်ရပ်များ

ရာဇဂြိုဟ် ဝေဠုဝန်ကျောင်း၌ အရှင်ဗာကုလနေစဉ် လူ့ဘဝမိတ်ဆွေ အစေလကဿပ (အဝတ်မခြုံသော ကဿပ) သည် အရှင်ဗာကုလထံ လာပြီး ရဟန်းဝါကိုမေးရာ “ငါရဟန်းပြုသည်မှာ နှစ်ပေါင်း ၈၀-ရှိပြီ” ဟု ဖြေတော်မူသဖြင့် “ဤနှစ် ၈၀-အတွင်း အကြိမ်မည်မျှမေထုန်မှီဝဲဖူးပါသနည်း” ဟု မိစ္ဆာသမားပီပီ ရိုင်းပျစွာမေးသည်။

ထိုအခါ အရှင်ဗာကုလက မိမိ၏ အံ့ဖွယ်တို့ကို အောက်ပါအတိုင်း မိန့်ကြားသည်။ ငါ့ရှင်၊ ငါ့ကို ယခုလိုရိုင်းပျစွာ မမေးသင့်၊ ဤနှစ် ၈၀-အတွင်း ကာမဂုဏ်နှင့်စပ်သော အမှတ်သညာ ဘယ်နှစ်ခါဖြစ်ဖူးသနည်း ဟုသာ မေးသင့်သည်၊ ရဟန်းဘဝ အနှစ် ၈၀-အတွင်း ကာမသညာ တခါမျှ မဖြစ်ဖူးပါ၊ ဖျက်ဆီးလိုမှု ညှဉ်းဆဲလိုမှုနှင့် စပ်သော အမှတ်သညာများလည်း မဖြစ်ဖူးပါ။

ကာမဂုဏ်နှင့်စပ်သော ကြံစည်မှု၊ သူတပါးအား ဖျက်ဆီးလိုမှု၊ ညှဉ်းဆဲလိုမှုနှင့် စပ်သော ကြံစည်မှုများလည်း မဖြစ်ဖူးပါ၊ ဆွေမျိုးမတော်သူ လှူသည့် သင်္ကန်းမခံယူဖူးပါ၊ သင်္ကန်းပြုရန် ပိတ်ကို ဓားဖြင့်ဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း မပြုဖူးပါ။

စာမျက်နှာ-162


ပင့်ဆွမ်းမစားဖူးသလို ပင့်ဖိတ်ရန်လည်း မတောင့်တဖူးပါ၊ အိမ်တံစက်မြိတ်အတွင်း မထိုင်ဖူး၍ မြို့ရွာတွင်း ဆွမ်းမစားဖူးပါ၊ မာတုဂါမကို မိန်းမအမှတ်ဖြင့် မကြည့်ဖူး၊ တရားမဟောဖူးပါ။ ရဟန်းမိန်းမကျောင်းမသွားဖူး၊ တရားမဟောဖူးပါ။

ဥပဇ္ဈာယ်ဆရာ နိဿယဆရာ မလုပ်ဖူးသလို အလုပ်အကျွေး ရှင်သာမဏေတပည့် မထားဖူးပါ၊ ဆပ်ပြာတိုက်၍လည်းကောင်း၊ ရေချိုးခန်း၌လည်းကောင်း ရေမချိုးဖူးပါ၊ မည်သူ့ကိုမျှ နင်းနှိပ်မခိုင်းဖူးပါ၊ နွားနို့တညှစ်ချိန် ရောဂါမဖြစ်ဖူးဘဲ သျှိသျှားသီးဆေးကိုမျှ မစားဖူးပါ။

အမှီနှင့်မအိပ်ဖူးသလို လဲလျောင်း၍လည်း မအိပ်ဖူးပါ၊ ရွာနီးကျောင်းမှာ ဝါမဆိုဖူးပါ၊ ရဟန်းပြုပြီး ၇-ရက်မျှသာ ပုထုဇဉ်အဖြစ်ဖြင့် တိုင်းပြည်ဆွမ်းကို စားရပြီး ၈-ရက်မြောက်၌ အရဟတ္တဖိုလ်ရောက်သည်ဟု အံ့ဖွယ်များကို မိန့်ကြားသည်။

အရှင်ဗာကုလကြောင့် ဤအံ့ဖွယ်များကို ကြား၍ အစေလကဿပက ရဟန်းပြုလိုကြောင်း လျှောက်ရာ မိတ်ဆွေကျွတ်တမ်းဝင်စေရန် အခြားမထေရ်တပါးထံလွှတ်၍ ရဟန်းပြုစေသည်၊ ယင်းအရှင်လည်း တရားအားထုတ်ရာ ရဟန္တာဖြစ်သွားသည်။

အရှင်ဗာကုလသည် သံကောက်-သော့ယူပြီး ကျောင်းစဉ်သွားကာ သူပရိနိဗ္ဗာန်စံတော့မည်ဖြစ်ကြောင်း လျှောက်ထားသည်၊ သံဃာစုမိသော် “ငါအသက်ရှိစဉ် ငါ့အတွက် မည်သူမျှ တာဝန်မတက်စေရသလို ပရိနိဗ္ဗာန်စံသောအခါလည်း မတက်စေရ” ဟု ကြံလျက် တေဇောကသိဏဈာန်ဝင်စားပြီး သံဃာ့အလယ်မှာ ထိုင်လျက်ပင် ပရိနိဗ္ဗာန်စံဝင်တော်မူသည်။ ဝင်စံလျှင်ပင် ခန္ဓာကိုယ်မှ တေဇောဓာတ်လောင်ကျွမ်းကာ မုလေးပန်းရုံအဆင်းရှိ ဓာတ်တော်မျှသာ ကြွင်းတော့သည်။

၉။ နေခဲ့ဖူးသော ရှေးခန္ဓာအစဉ်ကို အောက်မေ့နိုင်သူတို့တွင် သောဘိတသည် အမြတ်ဆုံး။

အသညသတ်မှ ရောက်လာသော အရှင်မြတ်

အရှင်မြတ်သည် ရှေးဖြစ်ဟောင်းကို အောက်မေ့သောအခါ ကမ္ဘာ ၅၀၀-အသညသတ်ဘဝ ရုပ်ပဋိသန္ဓေကို ကောင်းကင်၌ ခြေရာပြသကဲ့သို့ နည်းဟူ၍ သိတော်မူသောကြောင့် အမြတ်ဆုံးဖြစ်ရသည်။ ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ ယင်းဧတဒဂ်ရ ရဟန်းတပါးအားကျ၊ ကောင်းမှုပြု၊ ဆုတောင်း ဗျာဒိတ်ရသည်၊ ငါတို့ဘုရားလက်ထက် သာဝတ္ထိမြို့ သောဘိတပုဏ္ဏားဖြစ်ကာ ရဟန်းပြု ရဟန္တာဖြစ်တော်မူသည်။

စာမျက်နှာ-163


အရှင်မြတ်သည် ပုဗ္ဗေနိဝါသဉာဏ် (ရှေးဖြစ်ဟောင်းသိသောဉာဏ်) ၌ လေ့လာမှုများသည့် အားလျော်စွာ အစဉ်သဖြင့် မိမိဖြစ်ရာဘဝကို အောက်မေ့လတ်သော် ယခုနောက်ဆုံး ပစ္ဆိမဘဝ ပဋိသန္ဓေကိုမြင်၍ (အရှင်ကား အသညသတ်မှ ဤလူ့ဘဝရောက်လာခဲ့ရာ ဒုတိယအသညသတ်ဘဝကိုမမြင်ဘဲ) တတိယဘဝ စုတိကိုသာ မြင်တော်မူသည်။ “သတ္တဝါများ သံသရာဝဋ်မှာ ခန္ဓာမဖြစ်သည် မရှိကြောင်း ဘယ်လိုနည်း” ဟု ဆင်ခြင်သောအခါ နည်းအားဖြင့် အသညသတ်ဘဝဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချနိုင်သည်၊ ထိုကိုအကြောင်းပြု၍ ဧတဒဂ်အရာ ဘုရားရှင်ထားတော်မူသည်။

၁၀။ ဝိနည်းကိုဆောင်သူတို့တွင် ဥပါလိသည် အမြတ်ဆုံး။

ဘုရားဉာဏ်နှင့် နှီးနှောဆုံးဖြတ်နိုင်သည်

အရှင်မြတ်ကား ဘုရားထံတော်မှ ကမ္မဋ္ဌာန်းနာယူပွားများ၍ ရဟန္တာဖြစ်သကဲ့သို့ ဘုရားထံတော်မှပင် ဝိနည်းပိဋက သင်ယူရသည်၊ ဝတ္ထု ၃-မျိုးကို သဗ္ဗညုတဉာဏ်တော်နှင့် နှီးနှောဆုံးဖြတ်နိုင်၍ ယင်းဧတဒဂ်ရသည်။

ပဒုမုတ္တရဘုရားလက်ထက် အရှင်မြတ်အလောင်းသည် ဟံသာဝတီမြို့သားဖြစ်၍ ယင်းဧတဒဂ်ရ ရဟန်းတပါး အားကျပြီး ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်၊ ငါတို့ဘုရားလက်ထက် ဆတ္တာသည် ဥပါလိဖြစ်လာကာ ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ ကိမိလ၊ ဘဂု၊ အာနန္ဒာ၊ ဒေဝဒတ္တ သာကီဝင်မင်းသား ၆-ဦးတို့ကို ဆံမုတ်ဆိတ်သုတ်သင် တန်ဆာဆင်ပေးရသည်။

ကျေးဇူးရှိ၍ ဥပါလိအရှင်ကို တောကျောင်းမနေစေချင်

ဘုရားရှင် အနုပိယသရက်ဥယျာဉ်၌ သီတင်းသုံးစဉ် အထက်ပါမင်းသား ၆ ဦးတို့နှင့်အတူ ရဟန်းပြုသည်။ အရှင်ဥပါလိက ဘုရားထံတော် ကမ္မဋ္ဌာန်းတရား နာယူပြီး တောကျောင်းသွားနေဖို့ ခွင့်တောင်းရာ “ချစ်သား၊ သင် တောကျောင်းမှာနေလျှင် ဝိပဿနာဓူရသာ တိုးတက်လိမ့်မည်၊ ငါဘုရားထံနေလျှင် ဂန္ထဓူရနှင့်တကွ ၂-ပါးလုံး ပြည့်စုံလိမ့်မည်” ဟု မိန့်သဖြင့် မသွားရတော့ဘဲ တရားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်သွားသည်၊ ဘုရားရှင်ကိုယ်တိုင်ပင် ဝိနည်းပိဋကအားလုံးကို သင်ကြားပို့ချပေးတော်မူသည်။

နောက်ပိုင်းအချိန် ၃-ဝတ္ထုဆုံးဖြတ်တော်မူရာ ဘုရားရှင် ကောင်းချီးပေးတော်မူသည်၊ ကုမာရကဿပဝတ္ထုကား လူ့ဘဝက ရလာသော ကိုယ်ဝန်ဖြစ်၍ မိခင်ဘိက္ခုနီမှာ အပြစ်မရှိကြောင်း စသည်ဖြင့် ဆုံးဖြတ်ပုံအကျယ်ပြပြီးဖြစ်သည်။

စာမျက်နှာ-164


ဘာရုကစ္ဆကဝတ္ထုကား- ဘာရုကစ္ဆကသင်္ဘောဆိပ်အရပ်သား ရဟန်းတပါးသည် “မယားဟောင်းကို မေထုန်မှီဝဲရသည်” ဟုအိပ်မက်မက်ရာ “ပါရာဇိကကျပြီ” ဟုယူဆပြီး ဘာရုကစ္ဆကမြို့အသွား အရှင်ဥပါလိနှင့် တွေ့၍ “အာပတ်မသင့်” ဟု ရဲရဲတောက်ဆုံးဖြတ်ပေးလိုက်သည်။ ဤဖြစ်ရပ်မျိုး ယခင်က ဘုရားဆုံးဖြတ်ပြီး မရှိသော်လည်း အိပ်မက်၌ သုက်လွှတ်ခြင်းကြောင့် အာပတ်မသင့်မှုကို နည်းယူ၍ ဆုံးဖြတ်နိုင်ရကား ဘုရားရှင် ကောင်းချီးပေးတော်မူသည်။

အဇ္ဇုကဝတ္ထုကား- ဝေသာလီပြည်၌ အရှင်အဇ္ဇုက၏ ဒါယကာရင်းတဦးမှာ သားနှင့် တူ ၂-ဦးရှိရာ ဒါယကာက အရှင်အဇ္ဇုကကို “ဤသူငယ် ၂-ယောက်တွင် ရတနာ ၁-ပါးကို ကြည်ညိုသူအား ဤဥစ္စာ၏ တည်နေရာကို မိန့်ကြားပါ” ဟု လျှောက်ထားပြီး ထိုဒါယကာ ကွယ်လွန်သွားသည်၊ တူသည်သာ အမူအရာနှင့် ညီသဖြင့် ဥစ္စာတည်ရာကို တူဖြစ်သူအားသာ ပြောကြားလိုက်သည်၊ တူဖြစ်သူသည် ထိုဥစ္စာစုဖြင့် အရောင်းအဝယ်ပြုရာ စီးပွားဖြစ်၍ ဒါနလည်းပြုသည်၊ သားဖြစ်သူသိ၍ အရှင်အာနန္ဒာအား “သားနှင့်တူ မည်သူက ဖခင်၏အမွေခံဖြစ်ပါသနည်း” ဟု လျှောက်ထားရာ သားသည်သာအမွေခံဟု မိန့်လျှင် သားဖြစ်သူက “အရှင်အဇ္ဇုကသည် တပည့်တော်တို့၏ ဥစ္စာစုကို တပည့်တော်အား မညွှန်ကြားဘဲ တူအားညွှန်ကြားပါသည်” ဟု လျှောက်လိုက်သည်။

အရှင်အာနန္ဒာ၏ အမှားဝိနိစ္ဆယ။ ။ အရှင်အာနန္ဒာသည် ဖြစ်ရပ်စုံ မလေ့လာဘဲ “ထိုသို့ဖြစ်လျှင် အရှင်အဇ္ဇုက ပါရာဇိကကျပြီ” ဟု မိန့်ကြားလိုက်ရာ အရှင်ဥပါလိက “ဥစ္စာရှင်မှာသည့်အတိုင်း ပြောသူရဟန်းအား အဘယ်အာပတ် သင့်သနည်း” ဟု မေးသည်တွင် “ဒုက္ကဋ်မျှပင် မသင့်ကြောင်း” အရှင်အာနန္ဒာ လျှောက်ထားသဖြင့် “ဖြစ်ရပ်စုံမိန့်ကြားပြီး အရှင်အဇ္ဇုက အပြစ်မရှိ” ဟု ရဲရဲတောက် ဆုံးဖြတ်လိုက်သည်၊ ဘုရားရှင်လည်း အရှင်ဥပါလိအား ကောင်းချီးပေးတော်မူသည်။

၁၁။ ဘိက္ခုနီမများကို ဆုံးမတတ်သူတို့တွင် နန္ဒကသည် အမြတ်ဆုံး။

တစုပေါင်းတည်း ဘိက္ခုနီ ၅၀၀-တို့ကို အရဟတ္တဖိုလ်သို့ ရောက်စေနိုင်သောကြောင့် ယင်းဧတဒဂ်ရသော အရှင်မြတ်ကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ ယင်းဧတဒဂ်ရ ရဟန်းတပါးကို အားကျပြီး ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။

ငါတို့ဘုရားလက်ထက် သာဝတ္ထိမြို့သား ရဟန်းဖြစ်၍ တရားအားထုတ်ကာ ရဟန္တာဖြစ်ပြီး ရှေးဖြစ်ဟောင်းကိုသိသော ပုဗ္ဗေနိဝါသဉာဏ်၌ အလေ့အလာများသည်။ တရားနာလာကြသူ ပရိသတ်အားလုံးတို့၏ စိတ်ကို ဆွဲဆောင်ကာ ဟောစွမ်းနိုင်သဖြင့် ဓမ္မကထိကအကျော် အရှင်နန္ဒက ဖြစ်လာသည်။

စာမျက်နှာ-165


မဟာသမယသုတ်ဆိုင်ရာ ရဟန္တာငါးရာ

ဘုရားရှင်သည် ရောဟိဏီမြစ်ရေကြောင့် ရန်ပွားကြကုန်သော ကပိလနှင့် ကောလိယ သာကီဝင်များကို ရန်ငြိမ်းစေပြီး ၂၅၀-စီထွက်၍ ရဟန်းပြုကြရာတွင် မမွေ့လျော်မှု ဖြစ်လာကြသဖြင့် ထိုရဟန်း ၅၀၀-ခေါ်ပြီး ကုဏာလအိုင်ကြွကာ ကုဏာလဇာတ်တော်ကို ဟောကြားသည်။

ထိုဇာတ်တော်ဖြင့် ရဟန်း ၅၀၀-သံဝေဂရပုံ သိတော်မူပြီး သစ္စာ ၄-ပါး ဟောကြားတော်မူရာ အားလုံး သောတာပန်တည်ကြသည်၊ နောက်ပိုင်း မဟာသမယသုတ်ဟောအပြီးတွင် ရဟန်းတော် ၅၀၀ လုံး ရဟန္တာဖြစ်ကြသည်။

ထိုအရှင်မြတ်များ၏ ဇနီးဟောင်း ၅၀၀-တို့သည် “ငါတို့ ယခုအခါ ဤနန်းတော်မှာ ဘာလုပ်ကြရတော့မှာလဲ” ဟု ဆိုကာ အားလုံးသဘောတူ မိထွေးတော် ဂေါတမီထံ ချဉ်းကပ်၍ ရဟန်းအဖြစ်တောင်းကြ၊ ရကြသည်။ ဤရဟန်းမိန်းမ ၅၀၀-လုံးပင် လွန်ခဲ့သောဘဝက နန္ဒကမထေရ် မင်းသားဖြစ်စဉ် မိဖုရားများ ဖြစ်ခဲ့ကြသည်။

သူတော်ကောင်းများ မိမိကြောင့် အကောက်အထင် မရောက်စေချင်

ရဟန်းများက ရဟန်းမိန်းမများကို အလှည့်ကျ ဆုံးမဖို့ ဘုရားရှင် မိန့်ထားရာ အရှင်နန္ဒက အလှည့်ရောက်သော် ထိုရဟန်းမိန်းမ ၅၀၀-လုံး ရှေးဘဝက မိမိ၏ ဇနီးများဖြစ်ခဲ့ပုံသိ၍ “ဤရဟန်းမိန်းမများအလယ် ထိုင်ကာ ဥပမာမျိုးစုံ အကြောင်းကုန်အောင် ထုတ်ဆောင်၍ တရားဟောနေသော ငါ့ကို ရှေးဖြစ်ဟောင်း အောက်မေ့နိုင်သည့် ရဟန်းတပါးမြင်သွားလျှင် ဤအတိတ်အကြောင်း ကြည့်ပြီး အရှင်နန္ဒကသည် ယနေ့ထိအောင် မောင်းမမိဿံတွေကို လက်မလွှတ်နိုင်သေးပါတကား၊ မောင်းမမိဿံ ခြွေရံပြည့်ဝ ဤအရှင်နန္ဒကသည် တင့်တယ်ပါပေစွ” ဟု အပြစ်တင်မည်ထင်သည်၊ ဤသို့လျှင် ဆင်ခြင်မိသောကြောင့် ကိုယ်တိုင်မသွား၊ အခြားရဟန်းတပါးကို ကြွစေသည်။

ရဟန်းမိန်းမ ၅၀၀-တို့ကမူ အရှင်နန္ဒက၏ ဩဝါဒကိုသာ တောင့်တကြ၏၊ အကြောင်းကြောင့်ပင် ဘုရားရှင်က “ကိုယ့်အလှည့်ရောက်လျှင် တပါးသူ မစေလွှတ်ဘဲ ကိုယ်တိုင်သွား ဆုံးမပါ” ဟု မိန့်ရသည်၊ အရှင်နန္ဒကသည် မရှောင်နိုင်တော့ဘဲ ၁၄-ရက်နေ့ ဩဝါဒပေးပြီး၍ အာယတန ၆-ဖြာ ဒေသနာကိုဟောရာ ရဟန်းမိန်းမ ၅၀၀-လုံး သောတာပန်တည်ကြသည်။

စာမျက်နှာ-166


တင်ရှိကျေးဇူး ကူးလူးဆက်ဆံ မြတ်နိဗ္ဗာန်

ဘိက္ခုနီမများ ဝမ်းသာပြီး ဘုရားထံသွား၍ မိမိတို့ရအပ်သော ဂုဏ်ကို လျှောက်ကြားရာ ဘုရားရှင်က နန္ဒက၏ ထိုတရားဖြင့်ပင် ဘိက္ခုနီမများ ရဟန္တာဖြစ်မည်ကို မြင်တော်မူသဖြင့် “နောက်နေ့လည်း နန္ဒကထံသွား တရားနာကြ” ဟု ဘုရားရှင် မိန့်တော်မူလိုက်သည်၊ နောက်နေ့ အရှင်နန္ဒက၏ တရားနာအပြီးတွင် ရဟန်းမိန်းမ ၅၀၀-လုံး ရဟန္တာဖြစ်ကြသည်။

ထိုနေ့ပင် ဘိက္ခုနီမများ ဘုရားထံလာကြရာ တရားဒေသနာ၏ အကျိုးရှိပုံကို ဘုရားရှင်သိတော်မူရကား “မနေ့က နန္ဒက၏ တရားသည် ၁၄-ရက် လနှင့်တူ၍ ယနေ့ တရားသည် ၁၅-ရက်လနှင့်တူသည်” ဟု မိန့်တော်မူပြီး အရှင်နန္ဒကအား ကောင်းချီးပေးတော်မူသည်။

၁၂။ ဣန္ဒြေကို စောင့်စည်းသူတို့တွင် နန္ဒသည် အမြတ်ဆုံး။

ကိလေသာမဖြစ်အောင် အသိဖြင့်ကြည့်သော အရှင်နန္ဒ

ဘုရားရှင်၏ တပည့်များအားလုံး ဣန္ဒြေစောင့်စည်းကြသော်လည်း နန္ဒထေရ်ကား အရပ် ၁၀-မျက်နှာ ကြည့်လိုရာကို သမ္ပဇည ၄-ပါးမပါဘဲ ကြည့်တော်မမူသောကြောင့် အမြတ်ဆုံး ဖြစ်ရသည်။ အရှင်မြတ်အလောင်းသည် ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သား ဖြစ်၍ ယင်း ဧတဒဂ်ရ ရဟန်းတပါးကို အားကျပြီး ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။

နောက်ဆုံးဘဝ ကပိလဝတ်ပြည် မဟာပဇာပတိဂေါတမီ၏သား နန္ဒမင်းသား ဖြစ်လာသည်၊ ဘုရားလောင်း သိဒ္ဓတ္ထကား အစ်မတော် မဟာမာယာဒေဝီက ဖွား၍ မိဘတူ မိကွဲ ၂ ရက် ၃-ရက်သာ ဘုရားလောင်းအောက် နန္ဒမင်းသားငယ်သည်၊ အရပ်တော်လည်း လက် ၄-သစ်မျှသာ နိမ့်၏၊ မယ်တော်ဘုရား နတ်ရွာလားသော် ဘုရားလောင်းကို မိထွေးတော်ဂေါတမီက ကိုယ်တိုင် နို့တိုက်မွေး၏၊ သားရင်း နန္ဒမင်းသားကိုမူ အထိန်းတော်များထံ ထားသည်။

ယသော်ဓရာဟန် ပဓာန်သို့ထင်ရ။ ။ ဘုရားလောင်း ဘုရားဖြစ်ကာ ဓမ္မစကြာဟောပြီး ရာဇဂြိုဟ်ကြွ သီတင်းသုံးပြီး၍ ကပိလဝတ်ပြည်သို့ ကြွသောအခါ ပထမဆုံးဖူးရလျှင်ပင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သောတာပန်တည်သည်၊ နောက်နေ့ နန်းတော်ကြွ ဆွမ်းဘုဉ်းပေးတော်မူရာ နန်းတွင်းပရိသတ် အားလုံး ဘုရားရှင်အား ပူဇော်ရှိခိုးလာကြသည်။

စာမျက်နှာ-167


ယသော်ဓရာမိဖုရားကား “ငါ့ကျေးဇူး အထူးရှိလျှင် ငါ့ထံအရှင့်သားကိုယ်တိုင် ကြွလာလိမ့်မည်၊ ကြွလာမှ ရှိခိုးမည်” ဟု တိုက်တွန်းသူများအား ပြန်ပြောပြီး ဘုရားထံမသွားပေ၊ ဘုရားရှင်သည် ခမည်းတော်နှင့် အဂ္ဂသာဝက ၂-ပါးကို ခေါ်တော်မူပြီး ယသော်ဓရာအဆောင်သို့ ကြွတော်မူသည်၊ “ယသော်ဓရာ လိုသလိုရှိခိုးပါစေ၊ မတားရ” ဟုလည်း မိန့်ထားသည်၊ မင်းသမီးကညာ ၁၀၉၀ အပါအဝင် ကချေသည် မောင်းမ ၄-သောင်းသည် ဘုရားရှင်ကြွလာသည်ကြားလျှင်ပင် ယသော်ဓရာအမိန့်အရ အားလုံး ဖန်ရည်စွန်းသောအဝတ် ဝတ်ကြရ၏။ ဘုရားရှင်ကြွလာ၍ ထိုင်တော်မူလျှင် ယသော်ဓရာသည် အပြေးလာရောက်ပြီး ဘုရားရှင်၏ ဖမျက်တော် ၂-ဘက်ကို မိမိ လက် ၂-ဘက်ဖြင့် တအားကုန်ဆွဲဖက်ကာ ဖမိုးတော်ထက်၌ နဖူးတင်ပြီး အားပါးတရ ရှိခိုးသည်။

ခမည်းတော်က ချွေးမတော်ကျေးဇူး ချီးကျူး

ထိုအခါ သုဒ္ဓေါဒနမင်းကြီးက “သားတော်ဘုရား၊ သမီးယသော်ဓရာသည် သားတော် ဖန်ရည်စွန်းအဝတ်ဝတ်ပြီ ကြားချိန်ကစ၍ ဖန်ရည်စွန်းအဝတ် ဝတ်ခဲ့ပါသည်၊ ဆွမ်းတထပ်သာဘုဉ်းပေးကြောင်း ကြားလျှင်လည်း တထပ်သာစား၍ မြတ်သောနေရာ သားတော်စွန့်ပယ်လျှင်လည်း သမီးယသော်ဓရာသည် ကြိုးပြားညောင်စောင်း၌သာ အိပ်ခဲ့ပါသည်။

ပန်းနံ့သာ ရှောင်ကြဉ်ပြီကြားလျှင်လည်း ရှောင်ကြဉ်ကာ သားတော် တောထွက်သွားသဖြင့် ဆွေတော်မျိုးတော်ထဲမှ မင်းညီမင်းသားများ၏ စောင့်ရှောက်လိုကြကြောင်း သဝဏ်လွှာမှန်သမျှကိုလည်း ငဲ့စောင်း၍မျှ မကြည့်ရှာသော ကျေးဇူးဂုဏ် အထူးရှိကြောင်း” လျှောက်ထားရာ ဘုရားရှင်က-

“ခမည်းတော်အစောင့်အရှောက်ရှိပြီး ဉာဏ်ပညာရင့်လာသောယသော်ဓရာအဖို့ သူ့ကိုယ်သူ ထိန်းသိမ်းနိုင်သည်မှာ အံ့ဩဖွယ်မဟုတ်ပါ၊ ရှေးနုစဉ်အခါ ထိန်းသိမ်းသူမရှိပါဘဲ စန္ဒတောင်ခြေမှာ လှည့်ပတ်သွားလာပြီး သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ခဲ့ပါသည်”

ဟု မိန့်ကြားကာ စန္ဒကိန္နရီဇာတ်တော် ဟောကြားပြီးလျှင် နိဂြောဓာရုံကျောင်းတော် ပြန်ကြသည်။

မင်္ဂလာ ၅-ပါးထားခဲ့ရသော နန္ဒမင်းသား

၃-ရက်မြောက်သောနေ့၌ နန္ဒမင်းသားအား ၁။ မင်းသားငယ်၏ ဆံထုံးကိုဖြည်၍ အိမ်ရှေ့မင်း ဦးသျှောင်ထုံးမင်္ဂလာ၊ ၂။ အိမ်ရှေ့မင်းတံဆိပ်ပါသော ရွှေပြားနဖူးသင်း

စာမျက်နှာ-168


ကျစ်တပ်ဆင်ခြင်းမင်္ဂလာ၊ ၃။ အိမ်ရှေ့စံနန်းတော်အပ်ပွဲမင်္ဂလာ၊ ၄။ နှမတော် ဇနပဒကလျာဏီနှင့် ထိမ်းမြားခြင်းမင်္ဂလာ၊ ၅။ အိမ်ရှေ့ထီးဖြူတော် စိုက်ဆောက်အပ်နှင်းခြင်းမင်္ဂလာ ၅-မျိုး ကျင်းပရာတွင် ဘုရားရှင် နန်းတော်ကြွကာ မင်္ဂလာတရားဟောပြီးနောက် အပြန်တွင် နန္ဒမင်းသားကို သပိတ်ယူစေသည်။

နန္ဒမင်းသားကို ရဟန်းပြုပေးလိုသဖြင့် ကျောင်းတော်သို့ ခေါ်လိုရကား ရွှေနန်းခန်းမဆောင်၌ သပိတ်ကိုယူရန်ဖြစ်သော်လည်း ဘုရားရှင်ပြန်မယူ၊ နန္ဒမင်းသားကလည်း ရိုသေလှသဖြင့် သပိတ်ပြန်ယူဖို့ မလျှောက်ပေ၊ စောင်းတန်းဦးရောက်လျှင် ပြန်ယူကောင်းပါရဲ့ဟု မင်းသားကြံစည်သော်လည်း ဘုရားရှင်က ပြန်မယူ၊ စောင်းတန်းရင်း အောက်ခြေ နန်းတော်ပြင်ပ မည်သည့်နေရာမှ ပြန်မယူသဖြင့် လိုက်ပါနေရသည်။

ချစ်သူ၏စကားဆိုလျှင် မေ့လို့ပင် မရပါ

သပိတ်ပိုက်လိုက်သော် နန္ဒမင်းသားကို ဇနပဒကလျာဏီမင်းသမီးမြင်သဖြင့် “အရှင့်သား၊ မြန်မြန်ပြန်ကြွခဲ့ပါ” ဟု လျှောက်ထားရာ ထိုစကားကို ကြားယောင်ရင်း ကျောင်းတော်ရောက်သွားသည်။ “ရဟန်းပြုမည်လော” ဟု ဘုရားရှင်ကမေးရာ ဆန္ဒမရှိသော်လည်း ရိုသေလေးစားလှသဖြင့် “ပြုပါမည်” ဟု ဝန်ခံချက်အရ ရဟန်းပြုပေးလိုက်သည်။

ရဟန်းဖြစ်ပြီးသော်လည်း ဇနပဒကလျာဏီမင်းသမီး၏စကားကိုသာ သတိရကာ အနီးလာရပ်နေသလိုဖြစ်ပြီး သာသနာ၌ မပျော်သဖြင့် ကျောင်းတိုက်အပြင်ဘက် ထွက်ပြေးသည်၊ ချုံဖုတ်သစ်ပင်တခုလောက်လန်လျှင်ပင် ဘုရားရှင်ရှေ့က လာရပ်နေသလို ဖြစ်၍ မီးထိကြက်တောင်ပမာ တွန့်ဆုပ်ပြီး မိမိနေရာ ပြန်ဝင်ရတော့သည်။

“နန္ဒ အမေ့လွန်နေသည်၊ အပျင်းမဖျောက်နိုင်ရှာ၊ သူစိတ်ငြိမ်းချမ်းသွားအောင် ပြုသင့်သည်” ဟု ဘုရားရှင်ဆင်ခြင်တော်မူကာ “လာလော့၊ နတ်ပြည်အလည်သွားကြစို့” ဟု မိန့်ကြားသည်၊ “တန်ခိုးရှင်များမှ သွားနိုင်သောနေရာ တပည့်တော် ဘယ်သို့သွားမည်နည်း” ဟု နန္ဒကလျှောက်ရာ “သွားလိုစိတ်သင်ဖြစ်လျှင် သွား၍ နတ်ပြည်ကိုမြင်လိမ့်မည်” ဟု မိန့်ပြီး ဘုရားရှင်တန်ခိုးတော်ဖြင့် နတ်ပြည်သို့ ခေါ်ဆောင်တော်မူသည်။

တဏှာဟူသည် သာရာသို့ပါမြဲ

နတ်ပြည်မရောက်မီလမ်းကြား မီးလောင်သစ်ငုတ်တခု၌ နား နှာခေါင်း အမြီးများ မီးလောင်ထားသော မျောက်အိုမကို ပြတော်မူပြီး တာဝတိံသာသိကြားမင်းနေရာကို ကြည့်လျှင်ပင် သိကြားမင်း၏ပျော်တော်ဆက် နတ်သမီး ၅၀၀ ကို မြင်တော့သည်၊

စာမျက်နှာ-169


နတ်သမီးအာရုံကို မမှိတ်မသုံကြည့်နေသော အရှင်နန္ဒကို “ဤနတ်သမီးများနှင့် ဇနပဒကလျာဏီ မည်သူက မြတ်နိုးဖွယ်ရှိသနည်း” ဟု ဘုရားရှင်က မေးတော်မူရာ “နတ်သမီးများကိုထောက်ဆလျှင် ဇနပဒကလျာဏီသည် နား နှာခေါင်း ပြတ်ကျိုးသော အရုပ်ဆိုးမျောက်အိုမပမာ ထင်ရပါသည်ဘုရား” ဟု ပြန်လျှောက်သည်။

“ရဟန်းတရားအားထုတ်သူများအတွက် ဤနတ်သမီးမျိုး အရမခက်ပါ” ဟု ဘုရားရှင်မိန့်ကြားရာ “တပည့်တော်အတွက် ဘုရားရှင် အာမခံလျှင် ရဟန်းတရား တပည့်တော် အားထုတ်ပါမည်ဘုရား” ဟု အရှင်နန္ဒက လျှောက်ထားသဖြင့် “ရွတ်ရွတ်ချွံချွံ ကြိုးစားလေ၊ သင့်အတွက် ပဋိသန္ဓေရှိသော အသေမျိုးဖြစ်လျှင် ဤနတ်သမီးများရဖို့ ငါဘုရား တာဝန်ယူ အာမခံသည်” ဟု မိန့်ကြားကာ လိုသမျှ လှည့်လည်သွားလာပြီး ဇေတဝန်ကျောင်းတော် ပြန်ကြသည်။

ဗုဒ္ဓ၏ ပရိယာယ် နားလည် ခုမှ အရှင်နန္ဒ

ထိုအခါမှစ၍ နေ့ညမပြတ် အရှင်နန္ဒ အားထုတ်နေရာ ဘုရားရှင်ကလည်း ရဟန်းများကို “ရဟန်းတပါး နတ်သမီးများ လိုချင်၍ ဘုရားရှင်ကို အာမခံထား တရားအားထုတ်နေသည်ဟု နန္ဒနေရာ အနီးအပါး သွားပြောဆိုလှည့်လည်ကြ” ဟု မိန့်ကြားထားသည်။

ရဟန်းတော်များသည် ဘုရားရှင် မိန့်တော်မူတိုင်း အရှင်နန္ဒ ကြားလောက်ရာမှာ “နတ်သမီးများလိုချင်၍ တရားအားထုတ်သည်ဆိုလျှင် အရှင်နန္ဒသည် ကြေးစားရဟန်း ဖြစ်နေပါပေါ့လား၊ အဝယ်တော်ရဟန်း ဖြစ်နေပါပေါ့လား၊ ခိုခြေအဆင်းရှိသော နတ်သမီးများရဖို့ အရှင်နန္ဒအား ဘုရားရှင်က အာမခံပေးဆိုပါကလား” ဟု လှည့်လည်ပြောဆိုရာ အရှင်နန္ဒသည် ထိုစကားကိုကြား၍ “ဤကိုယ်တော်တို့ ငါ့ကို ရည်ရွယ်၍ ပြောင်နေကြသည်။ ငါ့အလုပ်မဟုတ်တော့ပြီ” ဟု ဆင်ခြင်မှုဖြစ်ကာ ဝိပဿနာပွားသဖြင့် အရဟတ္တဖိုလ် ဆိုက်သွားသည်။

လောကဓံရှစ်ဖြာ ခံနိုင်လာဖို့ ကြိုးစားစို့

အရှင်နန္ဒ ရဟန္တာဖြစ်သွားကြောင်း ရဟန္တာဗြဟ္မာကြီးတဦး ဘုရားသွားလျှောက်သည်၊ ဘုရားရှင်လည်း ကိုယ်တိုင် သိတော်မူ၏၊ နောက်နေ့၌ အရှင်နန္ဒသည် ဘုရားထံချဉ်းကပ်ပြီး “တပည့်တော်အတွက် မြတ်စွာဘုရား အာမခံချက်မှ တပည့်တော် လွှတ်ပါ၏ဘုရား” ဟု လျှောက်ထားသည်၊ ဘုရားရှင်က “ချစ်သားနန္ဒ၊ သင် အရဟတ္တဖိုလ်ရောက်ကြောင်း ငါဘုရားသိသလို ဗြဟ္မာတဦးကလည်း လာလျှောက်သည်၊ သင် အရဟတ္တဖိုလ် ရောက်ချိန်ကပင် ငါဘုရား၏ အာမခံချက်လွတ်ပြီးဖြစ်သည်” ဟု မိန့်တော်မူပြီး ယခင်က ကာမအာရုံဖြင့် တုန်လှုပ်သော်လည်း ယခုအခါ အရှင်နန္ဒ၏ မတုန်လှုပ်ပုံကို သိမြင် ဝမ်းမြောက်တော်မူကာ—

စာမျက်နှာ-170


“သံသရာညွန်ကို နိဗ္ဗာန်ကမ်းရောက် လွန်မြောက်ပြီးသော ကိလေသာကာမ ဆူးကို နှိပ်ချေအပ်ပြီးသည်ဖြစ်၍ မောဟကုန်ရာ အရဟတ္တဖိုလ်နိဗ္ဗာန်သို့ အစဉ် ဆိုက်ရောက်တော်မူသော ရဟန္တာရဟန်းသည် ကောင်းဆိုး ၂-တန် လောကဓံတို့၌ ပုထုဇဉ်များပမာ ဖောက်ပြန်တုန်လှုပ်ခြင်း မရှိတော့ပေ”...
ဟု ဥဒါန်းကျူးတော်မူသည်။

၁၃။ ရဟန်းယောကျ်ားတို့ကို ဆုံးမတတ်သူတို့တွင် မဟာကပ္ပိနသည် အမြတ်ဆုံး။

ပစ္စေကဗုဒ္ဓါများ မြို့ပြပြည်ရွာ မိုးခိုလာ

တချိန်တည်းတွင် ရဟန်းပေါင်း ၁၀၀၀-အရဟတ္တဖိုလ်ရောက်အောင် ဆုံးမနိုင်သောကြောင့် ဘိက္ခုဩဝါဒက ဧတဒဂ်ရ အရှင်ကပ္ပိနကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ ယင်း ဧတဒဂ်ရ ရဟန်းတပါး အားကျပြီး ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။

အရှင်မြတ်အလောင်းကား တခုသောဘဝဝယ် ဗာရာဏသီပြည်အနီး ယက်ကန်းသည်ရွာကြီးဝယ် ယက်ကန်းသည် ဦးစီးမှူးဖြစ်လာသည်။ ဟိမဝန္တာ၌ ဆောင်း နွေ ၈-လနေပြီး၍ မိုး ၄-လ ဇနပုဒ်၌ နေလေ့ရှိသော ပစ္စေကဗုဒ္ဓါတထောင်တို့သည် ဗာရာဏသီမြို့အနီး ကောင်းကင်မှဆင်းကာ ကျောင်းဆောက်ရန် လက်မှုကို မင်းကြီးထံ အရှင်မြတ် ၈-ဆူအား အတောင်းလွှတ်သည်။

သဒ္ဓါရှင်အမျိုးသမီးကြောင့် အရှင်များ အကျိုးပြီးသည်

ဗာရာဏသီမင်းကြီးသည် လယ်ထွန်မင်္ဂလာပွဲရှိနေ၍ ယနေ့မှ နောက် ၃-ရက်မြောက်နေ့မှ ဆောက်ပါရစေဟု လျှောက်ထားသည်၊ ဆွမ်းကိစ္စမပင့်ဖိတ်သဖြင့် အရှင်မြတ်များ နန်းတော်မှ ပြန်ကြွရာ ဗာရာဏသီသို့လာသော ယက်ကန်းသည် ဦးစီးမှူး၏ ဇနီးနှင့်တွေ့၍ မေးလျှောက်ချက်အရ အရှင်မြတ်များက အကြောင်းစုံ မိန့်ကြားသည်။ သဒ္ဓါပညာ လိမ္မာစုံသည့် အမျိုးသမီးသည် အရှင်မြတ် ၈-ပါးအား နက်ဖြန်အတွက် ဆွမ်းစားပင့်ရာ “ငါတို့ ပစ္စေကဗုဒ္ဓါတထောင်ရှိသည်” ဟု မိန့်ကြားသဖြင့် “အားလုံးကိုပင် အိမ်ပေါင်း ၁၀၀၀-အတွက် တပါးစီသာဖြစ်၍ ပင့်ပါသည်၊ ကျောင်းဆောက်၍လည်း လှူပါမည်” ဟု ပြတ်သားစွာ လျှောက်ထားသည်။

ဦးစီးမှူးဇနီး အမျိုးသမီးသည် ရွာတွင်းဝင်ကာ အရှင်မြတ် ၁၀၀၀-အတွက် နေရာထိုင်ခင်း ယာဂု ဆွမ်း စီစဉ်နှိုးဆော်သည်၊ ရွာလယ် မဏ္ဍပ်၌ အရှင်မြတ်များအား နောက်နေ့ ဆွမ်းကပ်ကြပြီး ဝါတွင်း ၃-လ သီတင်းသုံးရန် လျှောက်ထားရာ ခံဝန်ချက်ရသဖြင့် တအိမ်တယောက် တောသို့ဝင်၍ သစ် အဆောက်အဦယူကာ ကျောင်းဆောက်ကြရန် နှိုးဆော်သည်။

စာမျက်နှာ-171


ကောင်းမှုရှင်များ စုပေါင်းနေရာ တာဝတိံသာ

ရွက်သစ်မိုးကျောင်းပေါင်း တထောင်၌ တပါးစီ သီတင်းသုံးရာ ဆိုင်ရာကျောင်းဒကာက ဝါတွင်း ၃-လ ပြုစုရသည်၊ ဦးစီးမှူး၏ဇနီး အစီအစဉ်အရ တထောင်စီတန်သော ဝါကျွတ်သင်္ကန်း တစုံစီ လှူဒါန်းပြီး အနုမောဒနာပြုကာ အရှင်မြတ်များ ဖဲကြွကြသည်။ ယက်ကန်းသည်များအားလုံးလည်း အဖွဲ့လိုက် တာဝတိံသာ၌ ဖြစ်ကြသည်။

ကဿပဘုရားလက်ထက် ဗာရာဏသီပြည် သူကြွယ်ဇနီးမောင်နှံများဖြစ်ကာ ယက်ကန်းသည် ဦးစီးမှူးလင်မယားသည် အကြီးဆုံး သူကြွယ်လင်မယားဖြစ်လာသည်။

ကဿပဘုရားကျောင်းတော်သို့ သူကြွယ်သဌေးကတော်များ တရားနာသွားကြရာ ကျောင်းတိုက်ဝင်မိလျှင် မိုးကြီးရွာသွန်းလေသည်။ အခြားသူများမှာ ဆွမ်းခံသံဃာ ဆွေမျိုးသာမဏေ စသည်တို့နေရာ ကျောင်းပရိဝုဏ်တို့သို့ မိုးခိုဝင်သွားကြသော်လည်း သူကြွယ်တို့အဖွဲ့မှာ ဝင်ဖို့ရာ ရဟန်း သာမဏေများ အသိမရှိကြသဖြင့် မိုးပုံခံကြရသည်။

မဟာကပ္ပိန အနာဂတ် ကျောင်းဒကာများဖြစ်ကြ

သူကြွယ်ကြီးက “အမောင်တို့၊ ငါတို့ဖြစ်ပုံကြည့်ကြစမ်း၊ အမျိုးကောင်းသားမှန်လျှင် ဤမျှဖြင့်ပင် ရှက်သင့်လှပြီ” ဆိုရာ “ကျွန်ုပ်တို့ ဘယ်ကောင်းမှု ပြုကြမည်နည်း” ဟု ကျန်သူကြွယ်များက မေးလာသဖြင့် “ငါတို့မှာ ရင်းနှီးတဲ့နေရာ မရှိ၍သာ ဖြစ်သည်၊ စုပေါင်း၍ ကျောင်းတိုက်တခု ဆောက်ကြရမည်” ဟု အကြံပေး ပြောကြားသည်။

အားလုံးသဘောတူချက်အရ သူကြွယ်ကြီးက တထောင်၊ ကျန်သူကြွယ်များက ၅၀၀-စီ၊ သူကြွယ်ကတော်များက ၂၅၀-စီ စုပေါင်း၍ ပြာသာဒ် ၁၀၀၀-ခြံရံသော ကဿပဘုရား သီတင်းသုံးရန် ကျောင်းတိုက်ကြီး တည်ဆောက်သည်၊ မလောက်ငသဖြင့် နောက်ထပ် ထက်ဝက်စီ ပြန်စုဆောက်ရ၏။ ကဿပဘုရား အမှူးရှိသော ရဟန္တာ ၂-သောင်းအား ၇-ရက်ကြာ ကျောင်းရေစက်ချပွဲကျင်းပ လှူဒါန်းသည်။

အကြီးဆုံးသူကြွယ်ကတော်ကား “သာလွန်ထူးခြား ဘုရားကို ပူဇော်မည်” ကြံစည်ကာ လိပ်ဆူးရွှေ (အနောဇာ) ပန်းအဆင်း ဝါဝင်းသော တထောင်တန် သင်္ကန်းလျာနှင့် တကွ လိပ်ဆူးရွှေပန်းတောင်းကိုယူ၍ ကျောင်းအနုမောဒနာ ပြုသောအခါ ဘုရားရှင်အား ပန်းဖြင့်ပူဇော်ပြီး သင်္ကန်းလျာအစုံကို ခြေတော်ရင်း၌ချထားပြီး “ဘဝတိုင်း ဘဝတိုင်း တပည့်တော်မကိုယ်သည် ဤအနောဇာ (လိပ်ဆူးရွှေ) ပန်းလို ပါဝင်းပါစေ၊ အနောဇာ ဟူ၍သာ အမည်လည်း တည်ပါစေ” ဟု ဆုတောင်းလျှောက်ထားသည်။

စာမျက်နှာ-172


ချဖူးသော ရေစက် ပန္နက်ဖူးသော သစ္စာ

ငါတို့ဘုရား မပွင့်မီ သူကြွယ်ကြီးကား ကုက္ကုဋဝတီမြို့ မဟာကပ္ပိနမင်း ဖြစ်လာ၍ သူကြွယ်ကြီးကတော်ကား သာဂလမြို့ မဒ္ဒမင်းသမီးဖြစ်ကာ မဟာကပ္ပိနမင်းကြီး မိဖုရားကြီး အနောဇာဒေဝီ ဖြစ်လာသည်။ ကြွင်းသော သူကြွယ်၊ သူကြွယ်ကတော်များလည်း အမတ်၊ အမတ်ကတော်များ ဖြစ်လာကြသည်။ ထိုသူအားလုံးပင် မဟာကပ္ပိနမင်းနှင့် အလားတူ ဆင်၊ မြင်း၊ ရထားများ စီးရ၍ စည်းစိမ်တူ သုံးဆောင်ကြရ၏။ ကောင်းမှုတူ ပြုကြမှု၏ အကျိုးများဖြစ်ကြသည်။

မဟာကပ္ပိနမင်းကြီးမှာ ဗလ၊ ဗလဝါဟန၊ ပုပ္ဖ၊ ပုပ္ဖဝါဟန၊ သုပတ္တ ဟု မြင်းကျော် ၅-စီးရှိရာ သုပတ္တမြင်းကို ကိုယ်တော်တိုင်စီး၍ ကျန် ၄-စီးကို သတင်းစကားယူရန် မြင်းစီးသူရဲကောင်းများအား အပ်နှင်းထားသည်။

မင်းကြီးသည် မြင်းသည်ကျော်များအား မြို့တော်မှ ၂-ယူဇနာ၊ ၃-ယူဇနာ ဝေးသော အရပ်လေးမျက်နှာသို့ နံနက်စောစောထ၍ တံခါး ၄-ပေါက်မှ သတင်းယူသွားစေပြီး လျင်မြန်စွာ ပြန်လျှောက်ကြရသည်။

ငါတို့ဘုရားရှင် ပွင့်တော်မူလာ၍ သာဝတ္ထိမြို့ သီတင်းသုံးစဉ် သာဝတ္ထိမြို့မှ ကုန်သည်များ ထွက်ကုန်ယူ၍ ကုက္ကုဋဝတီမြို့ လာကြသည်၊ လက်ဆောင်ယူ၍ မင်းထံအဖူးမြော်လာကြရာ ဥယျာဉ်တော်သွားသည်ကြား၍ ဥယျာဉ်တော်လိုက်ကာ ရှိခိုး၍ လက်ဆောင်ပဏ္ဏာဆက်သကြသည်။

သတင်းထူးပေးနိုင်၍ ၃-သိန်းဆုရသည်

မင်းကြီးမေးမြန်းသဖြင့် ယူဇနာ ၁၂၀-ဝေးသော သာဝတ္ထိမြို့မှ လာ၍ သာဝတ္ထိပြည် သာယာဝပြောကြောင်း၊ မင်းလည်း တရားသဖြင့် အုပ်စိုးကြောင်း လျှောက်ထားပြီးနောက် သတင်းထူး ရှိ မရှိ မေးမြန်းရာ ရှိပါကြောင်း၊ မသန့်ရှင်းသော ခံတွင်းဖြင့် မလျှောက်လိုကြောင်း လျှောက်ထားသည်။

မင်းကြီးက ရွှေကရားဖြင့် ရေကိုပေးမှ ကုန်သည်များ ခံတွင်းဆေးကာ ဘုရားရှင်ရှိရာသို့ လက်အုပ်ချီလျက် “ဘုရားရတနာ လောက၌ ပွင့်နေပါသည်” ဟု လျှောက်ထားရာ “ဘုရားသံ” ကြားကာမျှ၌ပင် မင်းကြီးတကိုယ်လုံး ဖရဏာပီတိ လွှမ်းခြုံမိလေသည်။ “ဘုရား ဟုတ်ကြရဲ့လား မောင်မင်းတို့” ဟု ထပ်မေးရာ ဟုတ်မှန်ပါကြောင်း ၃-ကြိမ် မေး ဖြေ ပြီး ၄-ကြိမ်မြောက်၌ကား “ဘုရားဟူသော စကားသည် အတိုင်းမသိ မြတ်သည်” ဟု ကြည်ညိုကာ အသပြာ တသိန်း ဆုပေးပြီးနောက် သတင်းထူးကို မေးပြန်သည်။

စာမျက်နှာ-173


“တရားရတနာ ဖြစ်ပေါ်နေပါသည်” ဟု လည်း ၃-ကြိမ် မေး ဖြေပြီး တသိန်းဆုပေးကာ “သံဃာရတနာ ဖြစ်ပေါ်နေပါသည်” ဟု သတင်းစကားအတွက်လည်း တသိန်းဆုပေးပြီး အသပြာ ၃-သိန်း ဆုပေးကြောင်း ရွှေပြား၌ စာရေးကာ မိဖုရားကြီးထံ အတောင်းလွှတ်သည်၊ တိုင်းပြည်ကို မိဖုရားကြီးအား အပ်လိုက်ကြောင်းနှင့် ငါတို့ကား ဘုရားကိုရည်မှန်း၍ ရဟန်းပြုသွားကြောင်း လျှောက်ထားကြဟုလည်း မိန့်လိုက်သည်။

ကုန်သည်များ သွားကြသော် မင်းကြီးက အမတ်များကို “ဘုရားရတနာ လောက၌ ပွင့်နေပြီဖြစ်ရာ ငါရဟန်းပြုတော့မည်၊ သင်တို့မည်သို့ ပြုမည်နည်း” ဟု မေးရာ အမတ်များကလည်း ရဟန်းပြုမည် ဝန်ခံကြသဖြင့် အိမ်ကိုပင်မပြန်တော့ဘဲ ရွှေ ငွေ ဥစ္စာကိုလည်း မစီစဉ်မပန်ကြားတော့ဘဲ မူလမြင်းများကိုစီးပြီး တောထွက်ကြသည်။

မဟာနာထက် စေတနာသာသော အနောဇာဒေဝီ

ကုန်သည်များသည် အနောဇာမိဖုရားကြီးထံ သွား၍ မင်းကြီးသဝဏ်လွှာ ငွေ ၃-သိန်းတောင်းခံလွှာကို တင်ပြရာ “မင်းကြီးပေးသော ဆု ဤမျှများအောင် မောင်မင်းများက အဘယ်ကျေးဇူး အထူးပြုပါသနည်း” ဟု မိဖုရားကြီးကမေးရာ “ချစ်မြတ်နိုးအပ်သော သတင်းထူးဆက်သသောကြောင့်” ဟု ကုန်သည်များက လျှောက်ကြသည်။

“အစ်မတော်ဘုရားများကော ကြားနိုင်ကောင်းပါသလား” မေးရာ “ကြားနိုင်ကောင်းပါသည်၊ မသန့်ရှင်းသော ခံတွင်းဖြင့်ကား မလျှောက်တင်လိုပါ” ဟု လျှောက်သဖြင့် ရှေးနည်းတူ ရွှေကရားရေဖြင့် ခံတွင်းဆေးပြီးမှ ရတနာ ၃-ပါး သတင်းစကား တခုစီ လျှောက်တင်သည်။

အနောဇာဒေဝီကား ရတနာ ၃-ပါးအတွက် ၃-သိန်းစီ ၉-သိန်း ပေးသဖြင့် ကုန်သည်များ အစုစု ၁၂-သိန်းရပြီး မဟာကပ္ပိနမင်းကြီး တောထွက် ရဟန်းပြုသွားပါကြောင်း အမေးအရ လျှောက်တင် ပြန်သွားကြသည်။

သူတပါးအန်ဖတ် ကိုယ့်ပါးစပ် မဟုတ်ချင်

အနောဇာဒေဝီသည် အမတ်ကတော်များကို ခေါ်ခိုင်းပြီး “သင်တို့အရှင်များ ဘယ်သွားကြသလဲ၊ သိကြရဲ့လား” မေးရာ “သိကြပါသည်။ မင်းကြီးနှင့်အတူ ဥယျာဉ်တော်ကစားသွားကြပါသည်” ဟု တင်ကြသဖြင့် အနောဇာဒေဝီက “မူလက ဥယယဉ်ပွဲ သွားကြသည်မှန်သည်၊ ထိုမှတဆင့် ရတနာသုံးပါး ပွင့်ထွန်းပေါ်ပေါက်လာကြောင်း ကြား၍ ယခု ဘုရားထံ ရဟန်းပြုသွားကြသည်၊ မောင်ဘုရားတို့ အန်ဖတ် (မင်းစည်းစိမ်) ကို အစ်မတော်လျှာဖျားမှာ မထားလို၊ အစ်မတော်တော့ ရဟန်းပြုတော့မည်” ဟု မိန့်ကြားရာ အမတ်ကတော်များကလည်း “အစ်မတော်ဘုရား ရဟန်းပြုလျှင် ညီမများလည်း ပြုကြပါမည်” ဟု လျှောက်ထားပြီး အားလုံး ရထားစီး တောထွက်ကြသည်။

စာမျက်နှာ-174


ဂုဏ်တော်အစဉ်ဖြင့် မြစ်ပြင်ကူးသည်

မဟာကပ္ပိနမင်းနှင့် အမတ်များ အနက် ၁-ဂါဝုတ်၊ အကျယ် ၂-ဂါဝုတ် ရှိ၍ ရေပြည့်နေသော ဂင်္ဂါ (အပရစ္ဆာ) မြစ်သို့ရောက်ရာ “လှေဖောင်ရှာဆောင်ပေးမည့်သူလည်း မရှိ၊ လှေဖောင် ရှာနေစဉ်ပင် ငါတို့ကို ဇာတိတရားက အို နာ သေ သို့ ရောက်အောင် ဆောင်ပို့နေသည်။ ငါသည် ယုံမှားကင်းကာ ရတနာ ၃-ဖြာကို ရည်ညွှန်း၍ တောထွက်လာသူဖြစ်သည်၊ ဘုရားရှင်၏ဂုဏ်တော်ကား အောက် အဝီစိ၊ အထက် ဘဝဂ်တိုင် ပျံ့နှံ့သည်၊ ငါရည်ညွှန်းသောဆရာသည် သမ္မာသမ္ဗုဒ္ဓ စင်စစ် ဖြစ်ပါမူ ရေပြင်သည် ကျောက်ပြင်ပမာ ဤမြင်းတို့၏ ခွာအပြင် ရေမထင် (ရေမစို) ပါစေသတည်း” ဟု အဓိဋ္ဌာန်ကာ မြင်းများကို ပြေးစေသည်။

ဘုရားဂုဏ်မှာ ထိုသစ္စာ

ဘဝပြင်ကျယ်၊ ရေပင်လယ်ကို၊ အလွယ်ပင့်ထောက်၊ ကမ်းသို့ ရောက်အောင်၊ ကူးမြောက်ပေထ၊ မြတ်ဗုဒ္ဓကား၊ လောကဆုံးရာ၊ ခေမာနိဗ္ဗူ၊ ရောက်တော်မူလျက်၊ ပြိုင်သူဖက်ရှား၊ သိရန်များကို၊ မမှားပုံသေ၊ သိတော်မူပေပြီ။

ဆိုအပ်မှန်စွာ၊ ဤသစ္စာကြောင့်၊ ရာဇာသမုတ်၊ အကျွန်ုပ်၏၊ အဟုတ်ကြိုးစား၊ ဘုရားထံသွားခြင်းသည်၊ မမှားပုံသေ၊ ပြည့်စုံပါစေ၊ ရွတ်ဆိုကူးရာ မြင်းခွာများ ရေမစိုပေ။

ဒုတိယ အနက်အကျယ် ယူဇနာဝက်ရှိသော နီလဝါဟိနီမြစ်ကိုလည်း “ဘုရားတရားတော်ကား အစ အလယ် အဆုံး ၃-ပါးလုံးပင် ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတော်မူပါပေသည်” စသည်ဖြင့် တရားဂုဏ် ဆင်ခြင်ကာ-

တရားဂုဏ်မှာ ဆိုသစ္စာ

အကြောင်း ၄-ပါး၊ မဂ်တရားကား၊ ထင်ရှားပုံသေ၊ နိဗ္ဗာန်သို့ ရောက်နိုင်ပေ၏၊ နိဗ္ဗာန်သည်သာ၊ ချမ်းသာအစစ်၊ ဧကန်ဖြစ်သည်၊ ဆိုလစ်မှန်စွာ၊ ဤသစ္စာကြောင့်၊ ရာဇာသမုတ် (လ) ပြည့်စုံပါစေ၊ ရွတ်ဆိုကူးသော် ခွာရေမစို။ တတိယ အနက် အကျယ် တယူဇနာရှိသော စန္ဒဘာဂါမြစ်ကိုလည်း “မြတ်သံဃာသည် သိက္ခာ ၃-ရပ် အကျင့်မြတ်ကို မလပ်ပုံသေ ကျင့်ပါပေသည်” စသည်ဖြင့် သံဃဂုဏ် ဆင်ခြင်ကာ-

စာမျက်နှာ-175


သံဃဂုဏ်မှာ ဆိုသစ္စာ
ပရမတ်မှန်စွာ၊ မြတ်သံဃာသည်၊ သံသရာဆင်းရဲ၊ ခရီးခဲကို၊ ပလွဲကမ်းရောက်၊ ကူးမြောက်ပြီးကာ၊ သတ္တဝါ၏၊ တုရာမရှိ၊ မြတ်ဘိဂုဏ်စု၊ ကောင်းမှုမျိုးစေ့၊ စိုက်ပျိုးလေရာ၊ လယ်ယာကောင်းအစစ်၊ ဧကန်ဖြစ်သည်၊ ဆိုလစ်မှန်စွာ၊ ဤသစ္စာကြောင့်၊ ရာဇာသမုတ်၊ (လ) ပြည့်စုံပါစေဟု ရွတ်ဆိုကူးရာ ကျောက်ဖျာပေါ်မှာလို မြင်းများ သွားနိုင်ကြသည်။

ယူဇနာ ၁၂၀-ခရီးကြွ ဗုဒ္ဓကြိုရသူများ

ထိုနေ့ မိုးသောက်ချိန် ကရုဏာသမာပတ်မှထ၍ လောကကို ကြည့်တော်မူသော ဘုရားရှင်သည် “ယူဇနာ ၃၀၀-ရှိသော တိုင်းပြည်ကို စွန့်၍ အမတ်တထောင်ခြံရံကာ ငါဘုရားထံ ရဟန်းပြုဖို့ မဟာကပ္ပိနမင်း ယနေ့လာနေသည်” ကို မြင်၍ “ငါဘုရား သူတို့ကို ကြိုဆိုသင့်သည်” ဟု ဆင်ခြင်ကာ နံနက်ပိုင်း သံဃာနှင့် သာဝတ္ထိမြို့ ဆွမ်းခံကြွတော်မူသည်၊ အပြန်မှာမူ တပါးတည်း ကောင်းကင်မှ ကြွတော်မူလျက် စန္ဒဘာဂါမြစ်ကမ်း မဟာကပ္ပိနတို့ တက်လာမည့်ဆိပ် တည့်တည့်ရှိ ညောင်ပင်ရင်း၌ ရောင်ခြည်တော်လွှတ်ကာ ထိုင်တော်မူသည်။

ထိုဆိပ်ကမ်းမှ တက်လာကြသော မဟာကပ္ပိနတို့အဖွဲ့သည် ဘုရားရောင်ခြည်တော်များ ရွေ့ရှားပြေးသွားသည်ကိုကြည့်ပြီး အသရေရှိသော လပြည့်ဝန်းပမာ ဘုရားရှင်မျက်နှာတော်ကို ဖူးရလျှင်ပင် “ငါတို့ ရည်စူးပြီး ရဟန်းပြုသော ဘုရားရှင်ဟူသည် ဤသူမြတ်အမှန်ပင်တည်း” ဟု အမြင်ဖြင့် ဆုံးဖြတ်ချက်ချကာ မြင်ရာနေရာမှစ၍ ကိုယ်ကိုညွှတ်ပြီး ရှိခိုးလာကြသည်။

သင့်ရာ၌ ရှိခိုးထိုင်နေကြစဉ် ဘုရားရှင် တရားဟောတော်မူရာ ဒေသနာအဆုံး အားလုံး သောတာပန်တည်ကြ၊ ရှင်ရဟန်းအဖြစ် တောင်းခံကြ၊ ဧဟိဘိက္ခု ရဟန်းများ ဖြစ်ကြသည်။

ပညာရှင် အနောဇာ သစ္စာကို မင်းအားပြုရှာ

ရထားတထောင်နှင့် တောထွက်ကြသော အနောဇာဒေဝီနှင့် အမတ်ကတော်များလည်း ဂင်္ဂါမြစ်ကမ်းသို့ ရောက်လတ်သော် မင်းနှင့် အမတ်များကူးသွားသော လှေဖောင်များကို မမြင်သဖြင့် ပညာရှင်အမျိုးသမီးဖြစ်သည် အားလျော်စွာ “မောင်တော်ဘုရားသည် သစ္စာထားပြီး ကူးသွားသည်ဖြစ်မည်၊ ထိုဘုရားရှင်သည် သူတို့အတွက်သာ ပွင့်လာသည်မဟုတ်၊ ထိုဘုရားရှင်သည် သမ္မာသမ္ဗုဒ္ဓ စင်စစ်ဖြစ်ပါမူ ငါတို့ရထားများ ရေမနစ်ပါစေနှင့်” ဟု အဓိဋ္ဌာန်ကာ ရေပြင်ပေါ် ရထားများ ပြေးသွားစေသည်၊ ရထားတို့၏ အကွပ်အနားကိုမျှ ရေမစိုပေ။

စာမျက်နှာ-176


ဒုတိယ တတိယ မြစ်များကိုလည်း သစ္စာပြု၍သာ ကူးပြီး ကမ်းတက်လတ်သော် ညောင်ပင်ရင်း၌ ဘုရားရှင်ကို ဖူးမြင်ရတော့သည်၊ “လင်ယောင်္ကျားများကို မြင်ရလျှင် ဆန္ဒရာဂဖြစ်ကာ မဂ်ဖိုလ်အန္တရာယ်ဖြစ်ပြီး တရားမနာနိုင်မည်” ကို သိတော်မူရကား အချင်းချင်း မမြင်အောင် ဘုရားရှင် စီစဉ်တော်မူသည်။

ဆိပ်ကမ်းမှတက်လာကြသော အနောဇာဒေဝီတို့အဖွဲ့ ဘုရားရှိခိုး ထိုင်နေကြစဉ် ဘုရားရှင်က တရားဟောတော်မူရာ အားလုံး သောတာပန်တည်ကြပြီး အချင်းချင်း ထိုအခါမှ မြင်ကြရသည်၊ “ဥပ္ပလဝဏ်ထေရီမသည် လာစေသတည်း” ဟု ဘုရားရှင် ကြံစည်တော်မူလျှင်ပင် ထေရီမလာပြီး အမျိုးသမီးအားလုံးကို ရဟန်းပြုပေးကာ ဘိက္ခုနီမကျောင်း သွားကြသည်၊ ရဟန်းတထောင်ကိုခေါ်၍ ဇေတဝန်သို့ ကောင်းကင်ခရီးဖြင့် ဘုရားရှင်ကြွတော်မူသည်။

မင်းစည်းစိမ်ထက်သာသော ရဟန်းမြတ်ချမ်းသာ

မဟာကပ္ပိနထေရ်သည် တရားအားထုတ်၍ ရဟန္တာဖြစ်သောအခါ မိမိကိစ္စ ပြီးကြောင်း သိရကား ကြောင့်ကြမဲ့ ဖလသမာပတ်များ ဝင်စားပြီး “အဟော သုခံ” ဟုသာ နေရာမရွေး ဥဒါန်းကျူးနေသည်၊ “မင်းစည်းစိမ်ကို သတိရဥဒါန်းကျူးသည်” ဟု ရဟန်းတော်များထင်ပြီး ဘုရားလျှောက်ထားကြရာ ဘုရားရှင်က “ငါ့သားသည် မဂ်ဖိုလ်ချမ်းသာ အာရုံပြု၍ ဥဒါန်းကျူးသည်” ဟု မိန့်ကြားလျက် ဓမ္မပဒ၌—

“ရဟန်းတို့၊ လောကုတ္တရာတရား ၉-ပါးကို သောက်သုံးရသူသည် ကြည်လင်သောစိတ်ဖြင့် ကိုယ်စိတ် ၂-ဖြာ ချမ်းသာစွာအိပ်ရ၏၊ ပညာရှိသည် အရိယာများဟောကြားအပ်သော ဗောဓိပက္ခိယတရား ၃၇-ပါး၌ အခါခပ်သိမ်း မွေ့လျော်ပျော်ပိုက်သည်”...
ဟူသော တရားကို ဟောတော်မူရာ သောတာပန်စသည် များစွာဖြစ်ကြသည်။

တနေ့သောအခါ ဘုရားရှင်က အရှင်မဟာကပ္ပိန၏အနီးနေ ရဟန်း (အမတ်ဟောင်း) တထောင်ကိုခေါ်၍ “သင်တို့ကို ဆရာက တရားဟောရဲ့လား” ဟု မေးတော်မူရာ “မဟောပါဘုရား၊ ကြောင့်ကြမဲ့ မျက်မှောက်ချမ်းသာစွာ နေထိုင်ကြောင်း၊ သမာပတ်အလုပ်ကိုသာ မပြတ်အားထုတ်နေပါသည်၊ မည်သူ့အားမျှ ဩဝါဒကိုပင် မပေးပါဘုရား” ဟု လျှောက်ထားကြသည်။

အရှင်မဟာကပ္ပိနအား ဘုရားရှင်ခေါ်မေးတော်မူရာ မှန်ပါကြောင်း လျှောက်သဖြင့် “ယနေ့မှစ၍ တရားဟော” ဟု မိန့်တော်မူချက်ကို ထိပ်ထက်တင်၍ ဟောကြားသည်တွင် တရားတပွဲတည်း၌ပင် ရဟန်းအားလုံး အရဟတ္တဖိုလ်သို့ ရောက်ကြသည်၊ ယင်းအကြောင်းကြောင့်ပင် ဧတဒဂ် အရာ ထားတော်မူရသည်။

စာမျက်နှာ-177


၁၄။ တေဇောဓာတ် ဝင်စားရာ၌ ကျွမ်းကျင်လိမ္မာကြသူတို့တွင် သာဂတသည် အမြတ်ဆုံး။

တေဇောဓာတ်ကို ဝင်စားခြင်းဖြင့် သရက်ပင်ဆိပ်နဂါးကို ဆုံးမနိုင်ခြင်းကြောင့် တေဇောဓာတု ကုသလ ဧတဒဂ်ရသော အရှင်သာဂတကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ ယင်း ဧတဒဂ်ရ ရဟန်းတပါး အားကျပြီး ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။

ငါတို့ဘုရားလက်ထက် သာဝတ္ထိမြို့ သာဂတပုဏ္ဏားဖြစ်ကာ ရဟန်းပြုသဖြင့် သမာပတ် ၈-ပါးလုံး နိုင်နင်းသည်။

နွားကျောင်းသား ဆိတ်ကျောင်းသားများ စေတနာ

စေတိယတိုင်း ခရီးစဉ်အရ ဘုရားရှင်သည် ရွာစည်းရိုးကောင်းသော ဘဒ္ဒဝတိကရွာ ကြွတော်မူရာ နွားကျောင်းသား စသူတို့က “သရက်ပင်ဆိပ်ရသေ့၏ ကျောင်း၌ တန်ခိုးရှိသော နဂါးကြမ်းကြီးရှိနေ၍ သရက်ပင်ဆိပ်က ဘုရားရှင် မကြွဖို့” လျှောက်ကြသည်၊ ဘုရားရှင်ကား ဆိတ်ဆိတ်သာ နေတော်မူ၏။

ယင်းနဂါးကား သရက်ပင်ဆိပ် ကုတို့သမားဘဝတွင် ခရီးသွားများနှင့် အဆင်မပြေ သဖြင့် ရိုက်အသတ်ခံရသည်၊ စိတ်နာနာနှင့် ဆုတောင်းခဲ့၍ သရက်ပင်ဆိပ်၌ပင် တန်ခိုးကြီးသောနဂါးဖြစ်လာပြီး ရန်စိတ်ထားကာ တန်ခိုးဖြင့် မိုးမရွာသင့်ချိန်ရွာ၊ ရွာသင့်ချိန်မရွာသဖြင့် ကောက်ပဲသီးနှံများ ပျက်စီးရသည်၊ စေတိယတိုင်းသား လူများက အန္တရာယ်ကင်းအောင် နဂါးမင်းကို နှစ်စဉ်ပူဇော်ကြ နတ်ကွန်းလည်း ဆောက်ပေးကြရသည်။

ဘုရားရှင်သည် သရက်ပင်ဆိပ်ဖြင့်ပင် ကမ်းသို့တက်ပြီး “ထိုအရပ်မှာပင် ညသီတင်းသုံးမည်” ဟု ကြံကာ သံဃာနှင့်အတူ ဘဒ္ဒဝတိကရွာ ရောက်တော်မူသည်။ အရှင်သာဂတကား သရက်ပင်ဆိပ် ရသေ့ကျောင်းသွားပြီး နဂါးမင်းနေရာ မီးတင်းကုပ်သို့ဝင်၍ ဖျာခင်းထိုင်နေသည်။

အရှင်သာဂတနှင့် နဂါးတန်ခိုးပြိုင်ခြင်း

အရှင်သာဂတကိုမြင်၍ နဂါးမင်းအခိုးလွှတ်ရာ အရှင်မြတ်ကလည်း ဣဒ္ဓိဝိဓတန်ခိုးဖြင့် အခိုးပြန်လွှတ်သည်၊ စိတ်ဆိုးသောနဂါးသည် မီးလျှံတဖွားဖွားလွှတ်ရာ အရှင်မြတ်သည် တေဇောကသိုဏ်း ဝင်စားပြီး နဂါးထက်တိုး၍ မီးလျှံများ ပြန်လွှတ်သည်။

စာမျက်နှာ-178


တန်ခိုးအစွမ်း ကုန်ခန်းသောနဂါးသည် “ဤရဟန်း တန်ခိုးကြီးပေစွ” ဟု အရှုံးပေးကာ အရှင်မြတ်ခြေရင်း ဝပ်စင်းပြီး သရဏဂုံ ယူတော့သည်။ “ငါ့ထံယူဖွယ် မလို၊ ဘုရားရှင်ထံယူပါ” ဟု အရှင်သာဂတ မိန့်ရာ ဝန်ခံပြီး သရဏဂုံ၌တည်ရာ မည်သူ့ကိုမျှ မညှဉ်းဆဲတော့ဘဲ မိုးကိုလည်း အချိန်မှန်ရွာစေ၍ ကောက်ပဲများ ပြည့်စုံကြသည်။

သေရက်သောက်ရန် စီစဉ်သော ကောသမ္ဗီများ

ဘုရားရှင်သည် ဘဒ္ဒဝတိကရွာ၌ ဆုံးမသင့်သူများ ကုန်လတ်သော် ကောသမ္ဘီသို့ ဆက်ကြွသည်။ နဂါးမင်းကို အရှင်သာဂတ အောင်နိုင်ကြောင်း ကောသမ္ဘီဒကာများ ကြိုတင်ကြားသိထားရာ ဘုရားရှင်အား ကြိုဆိုပြီး အရှင်သာဂတထံ ချဉ်းကပ်ကာ “ရခဲ၍ နှစ်သက်ဖွယ်ပစ္စည်းများ လှူလိုကြောင်း” လျှောက်ကြသည်။

ထိုအခါ ဆဗ္ဗဂ္ဂီကိုယ်တော်များက ကြားဝင်ပြီး “ခိုခြေအဆင်းရှိ၍ ကြည်လင်သော သေအရက်သည် ရခဲ၍ နှစ်သက်ဖွယ်လည်း ဖြစ်သည်” ဟု ဒကာများအား မိန့်ကြားကြသည်။

အကြံကြီးသော ဆဗ္ဗဂ္ဂီများ

ဆဗ္ဗဂ္ဂီရဟန်းများကား သာဝတ္ထိမြို့သားဖြစ်၍ ခေါင်းဆောင် ၆-ဦးရှိသည်၊ လုပ်ကိုင်စားလို၍ ရဟန်းပြုကြရန် တိုင်ပင်ပြီး ကိစ္စကြီးငယ်ဖြစ်လာလျှင်လည်း အားရှိရန် အဂ္ဂသာဝက ၂-ပါးထံ တပည့်ခံ ရဟန်းပြု၏။ ၅-ဝါစီရကြသော် မာတိကာနိုင်နင်းအောင် လေ့လာပြီး ၂-ပါးတတွဲစီ ၃-နေရာခွဲ၍ တပည့် ၅၀၀-စီလည်း မွေးမြူကာ ဦးစီးနေကြသည်။

ပဏ္ဍုက၊ လောဟိတက ခေါင်းဆောင် ၂-ပါးကား အိမ်ခြေ ၅-သန်း ၇-သိန်းရှိသော သာဝတ္ထိမြို့၌နေ၍ မေတ္တိယ၊ ဘူမဇက ၂-ပါးမှာ လူဦးရေ ၁၈-ကုဋေရှိသော ရာဇဂြိုဟ်မြို့၌နေသည်။ အဿဇိ၊ ပုနဗ္ဗသုကတို့ ၂-ပါးကမူ မိုး ဆောင်း ၂ ရာသီ မိုးရွာသဖြင့် တနှစ် ၃-သီးသီး၍ ဖွံ့ဖြိုးလှသော ကိဋာဂိရိဇနပုဒ်၌ နေထိုင်ကြသည်။

ဒကာ ဒကာမများအောင် စီစဉ်ကြပုံ

၃-ဖွဲ့လုံးပင် နေရာကောင်းများ၌ ကျောင်းတိုက်ဆောက်ပြီး ပန်းပင်များ စိုက်ကာ ဒကာ ဒကာမများအား ပေးကမ်းဆွဲဆောင်ကြသည်။ ပထမ ၂-ပါးသာ သီလဝန္တဖြစ်၍ ဘုရားရှင်နှင့်အတူ ခရီးကြွစဉ်ကာလ သိက္ခာပုဒ် မပညတ်ရသေး၍ သေအရက်ကို စီစဉ်ခိုင်းသည်၊ ပညတ်ပြီး သိက္ခာပုဒ်ကိုကား မကျူးလွန်ကြပေ၊ ကျန် ၂-ဖွဲ့မှာ အလဇ္ဇီတို့သာ ဖြစ်ကြ၏။

စာမျက်နှာ-179


ကောသမ္ဘီဒကာများသည် ဆွမ်းခံကြွလာသော အရှင်သာဂတအား သေအရက်ကို ကပ်ရာ (သိက္ခာပုဒ် မရှိသေး၍ အပြစ်ရှိသည်ဟု မယူဆဘဲ) အနည်းငယ်စီ အိမ်တိုင်းမှာ ဘုဉ်းပေးရသည်၊ အနည်းငယ်သွားမိလျှင်ပင် ဆွဲမည့်သူ မရှိသဖြင့် သတိလွှတ်ကာ အမှိုက်ပုံ၌ လဲကျလေသည်။

ဘုရားရှင်သည် သံဃာများနှင့် မြို့မှထွက်လတ်သော် လဲကျနေသော အရှင်သာဂတကို မြင်၍ သံဃာများကို ခေါ်ခဲ့စေသည်၊ ကျောင်းအရာမ်ရောက်သော် ဘုရားရှင်ဘက် ဦးခေါင်းထား၍ သံဃာများက သိပ်ကြရာ အရှင်သာဂတသည် သတိမရဘဲ ဘုရားရှင်ဘက် ခြေထိုး၍ အိပ်တော့သည်။

သုရာမေရယသိက္ခာပုဒ် ပညတ်တော်မူခြင်း

ထိုအခါ ဘုရားရှင်က မေးသဖြင့် “ရှေးက အရှင်သာဂတသည် ဘုရားရှင်ကို ရိုသေလှသော်လည်း ယခု မရိုသေတော့ပါ၊ ရှေးက သရက်ပင်ဆိပ် နဂါးကို နိုင်ခဲ့သော်လည်း ယခု မနိုင်တော့ပါ၊ မူးယစ်သောကြောင့် သညာကင်း၍ မိန်းမောတွေဝေစေနိုင်သော သေအရက်ကို မသောက်သင့်ပါ” ဟု သံဃာများက လျှောက်ထားကြရာ ဘုရားရှင်သည် ဆက်လက်ကဲ့ရဲ့တော်မူပြီး “သေအရက်သောက်လျှင် ပါစိတ်အာပတ် သင့်စေ” ဟု သိက္ခာပုဒ် ပညတ်တော်မူလိုက်သည်။

အရှင်သာဂတသည် နောက်နေ့ သတိရပြီး မိမိပြုမှားမိသမျှ ကြားရလျှင် အပြစ်ကို ဝန်ခံလျှောက်ထားရာ ဘုရားရှင်ကို ကန်တော့ကာ သံဝေဂဖြစ်လျက် ဝိပဿနာပွား ရဟန္တာဖြစ်သွားသည်။

၁၅။ ဘုရားရှင်၏ ဓမ္မဒေသနာဉာဏ် ပဋိဘာန်အသစ်အသစ်ကို ဖြစ်စေသူတို့တွင် ရာဓသည် အမြတ်ဆုံး။

ပဋိဘာနေယျက ဧတဒဂ်အဓိပ္ပာယ်

အရှင်ရာဓ၏ အသိဉာဏ်ဖြစ်ပုံ၊ ယုံကြည်မှုသဒ္ဓါတရား၊ ဤ ၂-ပါးကို အကြောင်းပြုပြီး ဘုရားရှင်အဖို့ ဓမ္မဒေသနာအသစ်များ ဉာဏ်တော်မှာ ထင်လာရသည်၊ ထို့ကြောင့် ပဋိဘာနေယျက ဧတဒဂ်ရသည်၊ အရှင်ရာဓ အလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်ပြီး ယင်း ဧတဒဂ်ရ ရဟန်းတပါး အားကျကာ ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။

ငါတို့ဘုရားလက်ထက် ရာဇဂြိုဟ်မြို့ ရာဓပုဏ္ဏားဖြစ်လာပြီး အိုလာသောအခါ သားသမီးဇနီးဖြစ်သူများ၏ မြတ်နိုးယုယမှု ကင်းရကား “ရဟန်းပြုပြီး အချိန်ကုန်စေတော့မည်” ဟု ကြံကာ ကျောင်းသွား၍ မထေရ်များကို တောင်းပန်သည်။

စာမျက်နှာ-180


ပုဏ္ဏားအို ကျောင်းကြို ကျောင်းကြား

“အိုအိုမင်းမင်း ယိုယွင်းလှပြီ” ဟု ကြံကာ မည်သူကမျှ ရဟန်းပြုပေးရန် ဆန္ဒမရှိကြပေ၊ တနေ့သ၌ ရာဓပုဏ္ဏား ဘုရားထံ ရောက်သွားရာ ရာဓ၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုကို ဘုရားရှင် မြင်တော်မူသဖြင့် “သားမယားများက သင့်ကိုပြုစုကြလား” ဟု စကားအဖြစ် မေးတော်မူရာ “ဘယ်မှာ ပြုစုပါ့မလဲ၊ အို၍ ပယ်ထားကြပါပြီ” ဟု လျှောက်သဖြင့် “ထိုသို့ဖြစ်လျှင် သင်ရဟန်း ပြုသင့်သည် မဟုတ်လော” ဟု ဘုရားရှင်က ပြန်မိန့်သည်။

ထိုအခါ ပုဏ္ဏားကြီးက “တပည့်တော်ကို မည်သူက ရှင်ရဟန်း ပြုပေးပါ့မလဲ၊ အိုနေ၍ မည်သူကမျှ ရှင်ပြုပေးရန် ဆန္ဒမရှိကြပါ” ဟု လျှောက်ထားရာ ဘုရားရှင်က သံဃာများအား ပုဏ္ဏားကြီး၏ အသားအရေ ကြုံလှီနေခြင်း၏ အကြောင်းကို မေးတော်မူသဖြင့် “ရှင်ရဟန်းပြုပေးမည့်သူ မရှိ၍ပါ” ဟု သံဃာများက လျှောက်ထားသည်။

ကျေးဇူးသိတတ် အရှင်မြတ် သာရိပုတ္တရာ

ဘုရားရှင်က သံဃာများအား ပုဏ္ဏားကြီး ကျေးဇူးအမှတ်ရသူ ရှိ မရှိ မေးတော်မူရာ ရှင်သာရိပုတ္တရာက “တပည့်တော် ရာဇဂြိုဟ် ဆွမ်းခံစဉ် ပုဏ္ဏားကြီးက ဆွမ်းတယောက်ချို လှူဖူးသော ကျေးဇူးကို အမှတ်ရပါသည်” ဟု လျှောက်သဖြင့် ဘုရားရှင် သာဓုခေါ်တော်မူပြီး “သူတော်ကောင်းများ သူ့ကျေးဇူးကို ကျေးဇူးဆပ်ဖို့ သိတတ်ကြသည်၊ သာရိပုတ္တရာ၊ သင်ပင် ပုဏ္ဏားကြီးကို ရှင်ရဟန်း ပြုပေးလိုက်” ဟု မိန့်တော်မူသည်။

ထိုအခါ ရှင်သာရိပုတ္တရာက ဘုရားရှင်အား “ဘယ်ပုံရှင်ပြု ရဟန်းခံပေးရပါမည်နည်း” ဟု လျှောက်ရာ ဘုရားရှင်က... “ငါဘုရား ခွင့်ပြုခဲ့သော သရဏဂုံ ၃-ပါးဖြင့် ပဉ္စင်းခံပေးခြင်းကို ယနေ့မှစ၍ ပယ်ဖျက်အပ်ပြီ၊ ဉတ္တိစတုတ္ထကံဖြင့် ပဉ္စင်းခံပေးရန် ငါဘုရား ခွင့်ပြု၏” စသည်ဖြင့် ယင်းကမ္မဝါစာကို ဟောကြားတော်မူသည်။

ရဟန်းတော်များ ရှင်ပြုခွင့် ရဟန်းခံခွင့် ရပုံ

ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဘုရားဖြစ်ကာ မိဂဒါဝုန်၌ ဝါဆိုပြီး သီတင်းကျွတ်လျှင် ရဟန္တာ ၆-ကျိပ်အား သာသနာပြု စေလွှတ်တော်မူသည်၊ ထိုမထေရ်များ ခေါ်လာသော ရှင်ရဟန်းလောင်းများကို ဘုရားရှင်ကိုယ်တိုင် ရှေ့ပိုင်း၌ သရဏဂုံဖြင့် ရှင်ရဟန်းပြုပေးသော်လည်း နောက်ပိုင်းတွင် (ပင်ပန်းမှုကင်းရန်) ဘုရားရှင်ထံ ခေါ်မလာရတော့ဘဲ ရဟန်းများ ကိုယ်တိုင်ပင် ထိုထိုအရပ်တို့၌ ရှင်ရဟန်းပြုပေးဖို့ ခွင့်ပြုတော်မူသည်။

စာမျက်နှာ-181


ဘုရားရှင် ပြာသိုလပြည့်နေ့ ရာဇဂြိုဟ်ရောက်ပြီး တပို့တွဲလဆန်း ၁-ရက်တွင် အဂ္ဂသာဝက ၂-ဆူ ရဟန်းပြုသည်၊ ၇-ရက်အကြာ အရှင်မောဂ္ဂလာန် ရဟန္တာဖြစ်၍ ၁၅-ရက်အကြာ တပို့တွဲလပြည့်နေ့ အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သည်။ တပေါင်းလပြည့်နေ့မှစ၍ ရာဇဂြိုဟ်မှ တနေ့ ၁-ယူဇနာ ၂-လတိတိ ကြွမှ ကပိလဝတ်သို့ ၁၀၄-ခု၊ ကဆုန်လပြည့်နေ့ ရောက်ရာ တပို့တွဲလပြည့်နေ့နှင့် တပေါင်းလပြည့်အကြား ရာဓပုဏ္ဏား သာသနာတော်သို့ ရောက်သည်။

သရဏဂုံ ၃-ပါးဖြင့် ရှင်ရဟန်းပြုပေးဖို့ မိဂဒါဝုန်မှာ ဘုရားရှင် ခွင့်ပြုထားသည်ကို အရှင်သာရိပုတ္တရာ သိသော်လည်း ရာဓ သာသနာဝင်ချိန်မှာ ရာဇဂြိုဟ်၌ သံဃာ ၂-သောင်းကျော်ရှိပြီဖြစ်၍ လွယ်လွယ် ရဟန်းခံပေးသည်ကို ပယ်ဖျက်ပြီး ကမ္မဝါစာဖြင့် အလေးအမြတ်ပြု၍ ရဟန်းခံမှုကို ခွင့်ပြုလိုကြောင်း (ဘုရားအလိုတော်ကို သိသဖြင့်) ရာဓ၏ ရှင်ပြုရဟန်းခံကိစ္စကို အရှင်သာရိပုတ္တရာက တောင်းပန်လျှောက်ထားရသည်။

ရာဟုလာ သာသနာရောက်သောနေ့

ဘုရားရှင် ကပိလဝတ်ရောက်ပြီး ၇-ရက်မြောက် (ကဆုန်လဆန်း ၇-ရက်) နေ့ ရာဟုလာကို ရှင်ပြုခိုင်း၍ ရှင်သာရိပုတ္တရာက ပြန်လျှောက်ရာ၌ကား (ယခင်က ရှင်ပြု ရဟန်းခံမှု ၂-ခုလုံးကို သရဏဂုံဖြင့်ပင် ခွင့်ပြုခဲ့သည်။) အရှင်ရာဓ ရဟန်းခံကိစ္စ၌မူ သရဏဂုံဖျက်၍ ကမ္မဝါစာကို ခွင့်ပြုရာ ရှင်ပြုကိစ္စအတွက် သရဏဂုံ ဖျက် မပျက် မထင်ရှား၊ ကမ္မဝါစာဖြင့်ပင် ရှင်ပြုပေးရမည်လားဟု ယုံမှားမှုလည်း ဖြစ်ဖွယ်ရှိသောကြောင့် (သရဏဂုံဖြင့်သာ ရှင်ပြုပေးဖို့ ခွင့်ပြုရန် လိုနေသည်။) ဘုရားရှင်၏ ထိုအလိုတော်ကိုသိ၍ တိကျအောင် ပြန်လျှောက်သည်။

အရှင်သာရိပုတ္တရာသည် အမိန့်အရ ရာဓပုဏ္ဏားကြီးကို မိမိကိုယ်တိုင် ဥပဇ္ဈာယ်ပြုကာ ရှင်ရဟန်းခံပေးပြီး “ဂရုတစိုက် ဘုရားရှင်ကိုယ်တိုင် ခိုင်းအပ်သော ရာဓရဟန်းကို စောင့်ရှောက်သင့်သည်” ဟု ကြံကာ ရွာငယ်တခုသို့ ခေါ်သွားသည်၊ ရဟန်းသစ်ဖြစ်၍ အရာရာမဆင်းရဲရအောင် မိမိအတွက် ဝါစဉ်အရ ရအပ်သော နေရာကျောင်းနှင့် ဆွမ်းကောင်းကို ပေးပြီး အရှင်သာရိပုတ္တရာ ကိုယ်တိုင်ကမူ ဆွမ်းခံဘုဉ်းပေးသည်။

ဥပဇ္ဈာယ်၏ ချီးမြှောက်မှုဖြင့် အရှင်ရာဓကိစ္စ ပြီးမြောက်သည်

ဥပဇ္ဈာယ်၏ ချီးမြှောက်မှုဖြင့် အရာရာချမ်းသာသော အရှင်ရာဓသည် ဥပဇ္ဈာယ်ထံ၌ ကမ္မဋ္ဌာန်းတရား အားထုတ်ရာ မကြာမီပင် ရဟန္တာဖြစ်လေသည်။ အရှင်သာရိပုတ္တရာသည် ရာဓထေရ်ကိုခေါ်၍ ဘုရားဖူးရောက်သွားသဖြင့် “တပည့် ပျော် မပျော်” ဘုရားရှင်က

စာမျက်နှာ-182


သိလျက် မေးတော်မူရာ “သာသနာတော်မှာ ပျော်သောရဟန်းမည်သည် ရာဓရဟန်းလိုသာ ဖြစ်သင့်ပါသည်” ဟု အရှင်သာရိပုတ္တရာ ပြန်လျှောက်သည်။

“အရှင်သာရိပုတ္တရာသည် သူ့ကျေးဇူးကို သိသလို ကျေးဇူးလည်း ဆပ်ပါပေ၏” ဟု သံဃာများ ပြောဆိုကြရာ “သာရိပုတ္တရာ၏ ယခုပြုသော အမှုမှာ အံ့သြစရာမဟုတ်၊ ရှေးကဆိုလျှင် အဟိတ်တိရစ္ဆာန်ပင် ဖြစ်ပါလျက် ကျေးဇူးသိ၍ ဆပ်ဖူးသည်” ဟု မိန့်တော်မူပြီး (ဒုကနိပါတ်လာ) အလီနစိတ္တဇာတ်ကို ဟောတော်မူသည်။

ရှင်သာရိပုတ္တရာအလောင်း ဆင်ပြောင်ကြီး

ရှေးက တောင်ခြေနေ လက်သမား ၅၀၀-တို့သည် တောအုပ်တွင်းဝင်၍ သစ်များ ဖြတ်တောက် ခုတ်ရွေကြပြီး ဖောင်ဖွဲ့ကာ မြစ်မှာ မျောလေ့ရှိကြသည်၊ ဆင်ပြောင်ကြီးတကောင်သည် နှာမောင်းဖြင့် သစ်ခက်ချိုးရာ အရှိန်လွန်ပြီး ငုတ်နင်းမိသည်၊ ငုတ်စူးသောဒဏ် ပြင်းထန်သဖြင့် မသွားနိုင်ဘဲ လဲနေရတော့သည်။

ဆင်ပြောင်ကြီးသည် ၂-ရက် ၃-ရက်အကြာ အနီးမှာ သွားလာသော လက်သမားများကိုမြင်၍ “လက်သမားများမှီ၍ အသက်ရှင်ရတော့အံ့” ဟု ကြံကာ နောက်မှလိုက်ရာ လက်သမားများ ကြောက်၍ ပြေးကြသည်။ ထိုအခါ ဆင်ကြီးရပ်၍ လက်သမားများ ရပ်ကြလျှင် ဆင်ကြီးက လိုက်ပြန်သည်။

လက်သမားဆရာကြီးက “ဤဆင်သည် ငါတို့ရပ်လျှင် လိုက်သည်၊ ငါတို့ပြေးလျှင် ရပ်၏၊ အကြောင်းထူးရှိရမည်” ဟု ကြံကာ လက်သမားအားလုံးပင် သစ်ပင်ပေါ်တက်၍ ဆင်ကြီးအလာကို စောင့်နေကြသည်၊ ဆင်ကြီးသည် လာပြီး ငုတ်စူးသောခြေကို လှည့်ပြကာ လှဲအိပ်သည်၊ “အခြားအကြောင်းကြောင့်မဟုတ်၊ မကျန်းမမာ၍သာ ဤဆင်ကြီးလိုက်လာသည်” ဟု သိသော လက်သမားများသည် ဆင်ကြီးထံသွား၍ စူးဝင်သောငုတ်ကို မြင်လတ်သော် ပဲကွပ်ထက်ထက်ဖြင့် ငြောင့်ဖျားကို ရှစ်၍ ကြိုးချည်ပြီး ဆွဲနုတ်ကြသည်၊ ထို့နောက် အနာဝကို ညှစ်၍ ပြည်ထုတ်ပြီး ဖန်ရေဆေးကာ တတ်သမျှ မှတ်သမျှ ဆေးလိမ်းပေးကြလျက် လျင်မြန်စွာ ကောင်းသွားအောင် ကုသကြသည်။

ဆင်ဖြူတော်ကို လက်သမားအားပေး၍ ကျေးဇူးဆပ်

နာလံထပြီးနောက် ဆင်ပြောင်ကြီးသည် “ငါ့အပေါ် ကျေးဇူးများကြ၊ ငါ့အသက်ကို ပေးကြသော ဤလက်သမားတို့အတွက် ငါသည် ကျေးဇူးသိသူ ဆပ်သူ ဖြစ်သင့်သည်” ဟု ကြံကာ မိမိနေရာသို့ သွားပြီး ဂန္ဓာရမျိုး ဆင်ဖြူတော်သားငယ်ကို ခေါ်လာ၏၊ လက်သမားများ အလွန်နှစ်သက် ကျေနပ်ကြသည်။

စာမျက်နှာ-183


ဆင်ပြောင်ကြီးသည် “ငါဤနေရာ၌နေလျှင် ဘာ့ကြောင့် ဤဆင်ကြီး လာသည်၊ ငါလာခြင်းအကြောင်း လက်သမားများ သိကြမည်မဟုတ်” ဟု ကြံစည်၍ မိမိရပ်တည်ရာမှ ထွက်သွားသည်၊ ဆင်သားငယ်လည်း ကောက်ကောက်ပါအောင် လိုက်သွား၏။ ဆင်ပြောင်ကြီးက ပြန်ဖို့ အသံပေးမှ ဆင်သားငယ်သည် လက်သမားများထံ ပြန်သွားသည်။

လက်သမားများသည် “ဤဆင်သားငယ်ကို ငါတို့အားပေးဖို့ ဤဆင်ကြီး ခေါ်လာသည်ဖြစ်ရမည်” ဟု အကဲသိကာ “ငါတို့ထံမှာ သင်လုပ်ဖို့ကိစ္စ ဘာမျှမရှိ၊ အဖထံသာ သွားပါ” ဟု ပြန်လွှတ်ကြ၏၊ ဆင်ပြောင်ကြီးသည် ၃-ကြိမ်တိုင်တိုင် မိမိထံ ပြန်လာသော ဆင်သားငယ်ကို လက်သမားများထံသာ ပြန်ပို့သည်၊ ထိုအခါမှစ၍ လက်သမားများ ကျွေးမွေးကြ၊ ထမင်းတအုပ်စီ ပေးကြသဖြင့် ဆင်သားငယ်အဖို့ လိုသမျှ ပြည့်စုံသည်။

ဆင်သားငယ်သည် လက်သမားများ တောတွင်း ခုတ်ရွေထားသော သစ်များကို လွင်ပြင်၌ စုပုံထားခြင်းစသော ကျေးဇူးများ ပြုပေးသည်၊ လက်သမားများ၏ သားငယ်များနှင့်လည်း ရေ၌လည်းကောင်း၊ ကုန်း၌လည်းကောင်း အတူကစားသည်။

အာဇာနည်ဆင်များ ဓမ္မတာ ရိုးရိုးဆင်နှင့် ကွာပုံ

အာဇာနည် ဆင်၊ မြင်း၊ ယောက်ျားတို့သည် ရေ၌ ကျင်ကြီးကျင်ငယ်များ စွန့်လေ့မရှိပေ၊ သို့သော်လည်း ဆင်ဖြူတော်ကလေး အပြင်၌ စွန့်ထားသော ကျင်ကြီးခြောက်တခုသည် သည်းထန်စွာရွာသော မိုးရေဖြင့် မြစ်တွင်းရောက်၍ မျောပါလာရာ ဗာရာဏသီ မြစ်ဆိပ်ချုံတခု၌ ငြိတွယ်နေသည်။

ဗာရာဏသီမင်းကြီး၏ ဆင် ၅၀၀-မြစ်ဆိပ်သို့ ရေချိုးလာရာ အာဇာနည်ဆင်ကလေး၏ ကျင်ကြီးနံ့ရသဖြင့် အားလုံး မြစ်အတွင်း မဆင်းဘဲ အမြီးထောင်၍ ပြေးမည့်ဟန် ပြုကြသည်။ ဆင်ထိန်းများက ဆင်ဆရာများထံ တင်ပြ၍ စိစစ်ကြရာ ချုံ၌ရှိနေသော ဆင်ဖြူတော်ကျင်ကြီးကို တွေ့ရ၍ ယင်းကိုယူကာ အိုး၌ရေဖျော်ပြီး ဆင် ၅၀၀-ကိုယ်ပေါ် လောင်းပေးကြမှ ဆင်များ ရေချိုးကြသည်၊ ဆင်ဖြူတော် ကျင်ကြီးနံ့ကား မွှေးကြိုင်နေသည်။

ထိုအကြောင်းကို မင်းကြီးသိ၍ ဆင်ဖမ်းလှေများဖြင့် မြစ်ညာသို့ ဆန်တက်ရာ ရေကစားနေသော ဆင်ဖြူတော်ကို မြစ်ဆိပ်၌ တွေ့ရသည်၊ စည်သံကြား၍ ဆင်ဖြူတော်ကလေးသည် လက်သမားများထံ ပြေးသွား၍ လိုက်ကြပြီး “သစ်ကိစ္စအတွက် ငါတို့လာသည်မဟုတ်၊ ဆင်ဖြူတော်လို၍ လာကြောင်း” မင်းကြီးက မိန့်ကြားသည်။

လက်သမားများ ခွင့်ပြုချက်အရ ဆင်ဆရာများက ဖမ်းယူသော်လည်း ဆင်ဖြူတော်သည် မလိုက်လိုသဖြင့် ရပ်နေ၍ မင်းကြီးက “လက်သမားများအား ကျွေးမွေးခ

စာမျက်နှာ-184


ပေးစေလိုကြောင်း” လျှောက်ထားလိုက်သည်၊ မင်းကြီးသည် ဆင်ဖြူတော်၏ ခြေ ၄-ဘက်၊ နှာမောင်း၊ အမြီး ၆-နေရာအနီး၌ အသပြာတသိန်းစီ ပုံထားလိုက်သည်။

ဆင်ဖြူတော်၏ ထူးခြားသော ဘုန်းသမ္ဘာ

မလိုက်သေးသဖြင့် လက်သမား ဇနီးမောင်နှံအားလုံးတို့အား ဝတ်စုံတစုံစီ၊ ကစားဖော် သူငယ်များအား အသုံးအဆောင် စုံလင်စွာပေးမှ ပြန်ကြည့်ပြန်ကြည့်နှင့် ဆင်ဖြူတော်သည် မင်းကြီးနောက် လိုက်ပါသွားသည်။ မြို့ရောက်သော် မင်းကြီးသည် မြို့နှင့် ဆင်တင်းကုပ်ကို တန်ဆာဆင်စေကာ မြို့ကို လက်ယာရစ်ပတ်ပြီးမှ ဆင်တင်းကုပ်သို့ သွင်းပြီး ဆင်ဖြူတော်အား ပြည်စည်းစိမ်တဝက်ပေးကာ အဆောင်အယောင် အခမ်းအနားဖြင့် ထူးခြားစွာ ချီးမြှောက်သည်။ ဆင်ဖြူတော်ရောက်ချိန်မှစ၍ ဗာရာဏသီမင်းကြီးအဖို့ ဇမ္ဗူဒိပ်တကျွန်းလုံး လက်တော်ရောက်ပြီး ဖြစ်တော့သည်။

ကာလကြာသော် မိဖုရားခေါင်ကြီး၌ ဘုရားလောင်း သန္ဓေယူ၍ ကိုယ်ဝန်ရင့်လာချိန် ဗာရာဏသီမင်း နတ်ရွာစံရာ နှလုံးကွဲ၍ သေပွဲဝင်မည်စိုးသဖြင့် ဆင်ဖြူတော်အား အသိမပေးကြပေ၊ ဗာရာဏသီမင်း နတ်ရွာစံကြောင်းကြား၍ ကောသလမင်းက ဗာရာဏသီမြို့အား စစ်တပ်ကြီးဖြင့် ဝန်းရံပိတ်ဆို့ထားရာ ဗာရာဏသီမြို့သားများက “၇-ရက်ကြာလျှင် မိဖုရားကြီးမှာ သားရတနာဖွားမည်ဟု ပုရောဟိတ် ပုဏ္ဏားဆရာများ ဟောထားပါသည်၊ အဟောအတိုင်း သားတော်ဖွားလျှင် စစ်တိုက်ပါမည်၊ ယခု ၇-ရက်မျှ ဆိုင်းပါ” ဟု သဝဏ်လွှာပို့ကြရာ ကောသလမင်းကြီးကလည်း သဘောတူ စောင့်ဆိုင်းသည်။

ဘုရားလောင်းမင်းသားအား ဆင်ဖြူတော် ကျေးဇူးပြုပုံ

၇-ရက်ကြာတွင် သားတော်ကို ဖွားမြင်ရာ ပြည်သူများအတွက် တက်ကြွသောစိတ်ကို ဖြစ်စေတတ်သော မင်းသားဖြစ်၍ အလီနစိတ္တဟု မှည်ခေါ်ကြပြီး ကောသလမင်းနှင့် စစ်ပြိုင်ကြသည်။ ဦးစီးဘုရင်မရှိ၍ စစ်တိုက်ရင်းပင် စိတ်ဓာတ်ကျဆင်းနေကြကြောင်း အမတ်များက မိဖုရားကြီးအား သံတော်ဦးတင်ကြပြီး ၁-မင်းကြီး နတ်ရွာစံကြောင်း၊ ၂-သားတော် ဖွားမြင်ကြောင်း၊ ၃-ကောသလမင်း စစ်ခင်းလာနေကြောင်းကို ဆင်ဖြူတော် မသိသေး၍ အသိပေးသင့်ကြောင်း အထူးတင်ပြရာ မိဖုရားကြီးက သဘောတူညီသည်။

မင်းသားငယ်ကို တန်ဆာဆင်၍ ဆင်တင်းကုပ်သို့ သွားကာ ဆင်ဖြူတော်ခြေရင်း၌ သိပ်ထားပြီး ဤမင်းသားကား ဗာရာဏသီမင်း၏ သားဖြစ်ကြောင်းနှင့်တကွ မင်းကြီးနတ်ရွာစံ၍ ကောသလမင်း စစ်ခင်းလာနေသဖြင့် ပြည်သူများ စိတ်ဓာတ်ကျနေကြောင်း၊

စာမျက်နှာ-185


ဤမင်းသားငယ်ကို အရှင်ဆင်မင်း သတ်လိုကသတ်၍ ဗာရာဏသီမင်းအဖြစ် ယူပေးလိုကလည်း ပေးပါမည့်အကြောင်း မိဖုရားကြီးက ပြောဆိုသည်။

ထိုအခါ ဆင်ဖြူတော်သည် ဘုရားလောင်းမင်းသားကို နှာမောင်းဖြင့် ပွေ့ယူ၍ ဦးကင်း၌ထားကာ ငိုကြွေးပြီး မိဖုရားကြီးလက်၌ ပြန်သိပ်ထားပြီးမှ “ကောသလမင်းကို အရှင်ဖမ်းမည်” ဟု ကြုံးဝါးလျက် ဆင်တင်းကုပ်မှ ထွက်လေသော် အမတ်များလည်း လိုက်ပါလျက် မြို့တံခါး ဖွင့်ပေးကြသည်။

အာဇာနည်တကောင်ကြောင့် ထောင်သောင်းဗိုလ်ခြေ ညက်ညက်ကျေ

ဆင်ဖြူတော်သည် မြို့မှထွက်ကာ ကြိုးကြာသံဟစ်လျက် ရန်သူစစ်တပ်ကို ဖောက်ထွင်းပြီး ကောသလမင်း၏ ဦးသျှောင်ကို ဆွဲဆောင်ဖမ်းယူ၍ ဘုရားလောင်းမင်းသား၏ ခြေရင်း၌ လဲကျစေသည်၊ ကောသလမင်းအား သတ်မည့် မိမိတပ်များကို ဟန့်တားကာ “အသင် ကောသလမင်းသည် ယနေ့မှစ၍ သတိထားပါ၊ မင်းသားငယ်ဟု မချေမငံ မပြုလင့်” ဟု ဆုံးမပြီး ပြန်လွှတ်သည်။

ထိုအချိန်မှစ၍ ဇမ္ဗူဒိပ်တကျွန်းလုံး မင်းစည်းစိမ်သည် ဘုရားလောင်းမင်းသား လက်ဝယ် ရောက်ပြီးဖြစ်သည်၊ ရန်ပြုခံရမှု မရှိတော့ပေ၊ ဘုရားလောင်းမင်းသား ၇-နှစ် ရှိသောအခါ မင်းအဘိသိက်သွန်း၍ အလီနစိတ္တမင်းအမည်ဖြင့် အုပ်ချုပ်ကာ အဆုံး၌ နတ်ပြည်လားသည်။

ဤဇာတ်တော်၌ ဗာရာဏသီမိဖုရားကြီးသည် မယ်တော်မာယာ၊ ဗာရာဏသီမင်းကား ဘုရင်သုဒ္ဓေါဒန၊ ဖခင်ဆင်ပြောင်ကြီးသည် ရှင်သာရိပုတ္တရာ၊ ရန်သူကောသလမင်းသည် အရှင်မဟာမောဂ္ဂလာန် ဖြစ်လာ၍ အလီနစိတ္တမင်းသားသည် ယခုအခါ ငါဘုရားဖြစ်လာသည်ဟု ဇာတ်ပေါင်းပြတော်မူသည်။ ဤသို့လျှင် သာရိပုတ္တရာသည် ရှေးကပင် ကျေးဇူးကို သိတတ်ဆပ်တတ်သည်ဟု ဟောတော်မူသည်။

အပြစ်ပြ ဆုံးမလျှင် ရွှေအိုးပြသူဟု ယူဆရမည်

ဘုရားရှင်က အရှင်သာရိပုတ္တရာအား “သင့်တပည့် ရာဓရဟန်း ဆုံးမလွယ်ပါ၏လော” ဟု မေးတော်မူရာ “ဆုံးမလွယ်ပါသည်၊ အပြစ်ကိုပင်ပြောသော်လည်း အမျက်မထွက်ပါ” ဟု လျှောက်သဖြင့် “ဤသို့သော တပည့်မျိုး မည်မျှရလိုသနည်း” ဟု ထပ်ဆင့် မေးတော်မူရာတွင် “များစွာပင် ရလိုပါကြောင်း” လျှောက်ထားသည်။

ထိုအခါ ဘုရားရှင်က “ရဟန်းမှန်လျှင် ရာဓရဟန်းလို ဆုံးမလွယ်ကူသူ ဖြစ်သင့်သည်၊ အပြစ်ကိုပြ ဆုံးမသော်လည်း အမျက်မထွက်ရာ၊ ဆုံးမသောဆရာကို ရွှေအိုး

စာမျက်နှာ-186


ငွေအိုးကို ပြပေးသူကဲ့သို့ မှတ်ယူရမည်” ဟု မိန့်တော်မူပြီး ဓမ္မပဒ၌ “နိဓီနံ ဝ ပဝတ္တာရံ” ဂါထာကို ဟောတော်မူသည်။

၁၆။ ခေါင်းပါးသော သင်္ကန်းကို ဆောင်သူတို့တွင် မောဃရာဇသည် အမြတ်ဆုံး။

သင်္ကန်း၊ ချည်၊ ဆိုးရည်အားဖြင့် ၃-ပါးစုံ ခေါင်းပါးညံ့ဖျင်းသည့် ပံ့သကူသင်္ကန်းကို ဝတ်ရုံသဖြင့် လူခစီဝရဓရ ဧတဒဂ်ရသော အရှင်မောဃရာဇကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ ယင်းဧတဒဂ်ရ ရဟန်းတပါးအား ကျပြီး ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။

ကဿပဘုရားလက်ထက် အရှင်မောဃရာဇ ရဟန်းပြုဖူးသည်

ကဿပဘုရားမပွင့်မီ ကဋ္ဌဝါဟနမြို့မင်း၏ အမတ်ကြီးဖြစ်လာသည်။ ထိုအချိန် ကဿပဘုရားရှင် ပွင့်လာကြောင်း ကဋ္ဌဝါဟနမင်းကြီး ကြားသဖြင့် အရှင်မောဃရာဇ အလောင်း အမတ်ကြီးအား ဘုရားပင့်ရန် ယောက်ျား ၁၀၀၀-နှင့် စေလွှတ်သည်။ အမတ်ကြီးသည် ဘုရားထံရောက်၍ တရားနာကာ ရဟန်းပြုပြီး အနှစ် ၂-သောင်း ရဟန်းတရား အားထုတ်နေသည်။ ယောက်ျား တထောင်သာ ကဋ္ဌဝါဟနမင်းကြီးထံ ပြန်ကြသည်။

ကဿပဘုရားမပွင့်မီ ဗာရာဏသီပြည်သား လက်သမားဆရာကြီးသည် တပည့်ကြီး ၁၆-ယောက်အပြင် ယင်းတပည့်ကြီးများ တဦးစီ၏ အနီးနေ တပည့် ၁၀၀၀-စီ စုစုပေါင်း ၁၆၀၁၆-ယောက် (ဆရာကြီးပါဆိုလျှင် ၁၆၀၁၇-ဦး) နှင့်အတူ ဗာရာဏသီပြည်ကိုမှီ၍ တောအတွင်း၌ လက်သမားပညာဖြင့် လုပ်ကိုင် စားသောက်ကြသည်။

လေယာဉ်ပျံလုပ်တတ်သဖြင့် လက်သမားက မင်းဖြစ်သွားသည်

ဆရာကြီးသည် “အရွယ်ကြီးလျှင် လက်သမားလုပ်စားဖို့ မလွယ်” ဟု ကြံကာ တပည့်များကို ရေသဖန်းသားစသော ပေါ့ပါးသောသစ်များ ရှာခိုင်းပြီး ဂဠုန်ရုပ်ပြုလျက် အတွင်း၌ ယန္တရားစက်ကပ်ကာ တပည့်များ အလုပ်လုပ်နေသော တောအတွင်း ဆင်းပြသည်၊ လက်သမားအလုပ်ကား ဆင်းရဲသည်၊ ဇမ္ဗူဒိပ်တကျွန်းလုံး မင်းအဖြစ်ရနိုင်ရန် တပည့်များလည်း ဂဠုန်ရုပ်စက်ယာဉ်ပျံများ လုပ်ကြရမည်ခိုင်းသဖြင့် အားလုံး အောင်မြင်စွာ တည်ဆောက်နိုင်ကြသည်။

“သိမ်းရမည့်တိုင်းပြည်ကို ဗာရာဏသီပြည်” ဟု တပည့်များက ဆန္ဒပြုကြရာ “ယင်းပြည်ကိုသိမ်းလျှင် လက်သမားမင်း၊ လက်သမားအမတ် အပြောခံကြရမည်၊ ဇမ္ဗူဒိပ်ကား ကျယ်ဝန်းသည်” ဟု ဆရာကြီးမိန့်ပြီး ဟိမဝန္တာသို့ ရွှေ့ရွှေ့ကာ စက်ယာဉ်ပျံများ သားမယားများ တင်ဆောင်ကာ ပျံသွားကြပြီး မြို့တမြို့သိမ်း၍ မင်းပြုကြသည်။ သစ်သားရုပ်

စာမျက်နှာ-187


စက်ယာဉ်ပျံ၏ အရှင်ဖြစ်သောကြောင့် ကဋ္ဌဝါဟနမင်း၊ ကဋ္ဌဝါဟနမြို့၊ ကဋ္ဌဝါဟနပြည်ဟု တွင်သည်၊ မင်းကြီးနှင့် အိမ်ရှေ့မင်းသား တပည့်ကြီး အမတ် ၁၆-ဦးတို့သည် တရားနှင့်အညီ အုပ်ချုပ်ကြသဖြင့် တိုင်းပြည် သာယာဝပြောသည်။

ရှေးမင်းများ မဟာမိတ်ဖွဲ့ လက်ဆောင်ပေးကြပုံ

မဇ္ဈိမတိုက် ဗာရာဏသီပြည်မှ ကုန်သည်များ ရောက်လာရာ ကဋ္ဌဝါဟနမင်းကြီးသည် အကြောင်းစုံမေးမြန်းပြီး ဗာရာဏသီမင်းနှင့် မဟာမိတ်ဖြစ်ရန် စီစဉ်စေရာ အောင်မြင်ကြပြီး အဒိဋ္ဌသဟာယ = တဦးနှင့်တဦး မမြင်ရခင်ကပင် ချစ်ခင်သော မိတ်ဆွေများ ဖြစ်သွားကြသည်။ အထူးအဆန်းရှိက ကူးလူးဆက်ဆံဖို့ရာလည်း တပြည်နှင့်တပြည် ရွှေလမ်းငွေလမ်း ဖောက်ထားကြသည်။

ကဋ္ဌဝါဟနမင်းကြီးမှာ ကမ္ဗလာထည်များရသဖြင့် ဆင်စွယ်ကြုတ် ၈-လုံး၌ ထည့်ကာ ချိပ်လုံးများဖြင့် ပိတ်သည်၊ ယင်းသေတ္တာကို နူးညံ့သော အဝတ်များပတ်၊ မင်းတံဆိပ်နှိပ်ပြီး ဗာရာဏသီမင်းထံ ဆက်သည်၊ “ရွှေမြို့တော်အလယ် အမတ်အများရှေ့၌ ဖွင့်လှစ်ကြည့်ရှုပါ” ဟု သဝဏ်လွှာလည်း ရေးပို့သည်။

ဗာရာဏသီမင်းသည် လက်ဆောင်ကို ဖွင့်ကြည့်ရာ ချိပ်လုံး ၈-လုံး တွေ့ရလျှင် “ကလေးကစားစရာ ပို့သည်” ထင်ကာ မျက်နှာပျက်ပြီး ချိပ်လုံးကို ရာဇပလ္လင်၌ ထုရိုက်သည်၊ ချိပ်များကွာပြီး ဆင်စွယ်ကြုတ်ပွင့်ကာ ကမ္ဗလာထည်ကို တွေ့မှ ကြွင်းချိပ် ၇-လုံးကိုလည်း ထုခွဲ၍ အလျား ၁၆-တောင်၊ အနံ ၈-တောင်စီရှိသော ကမ္ဗလာနီများ ရရှိသည်။ ဖြန့်လိုက်သောအခါ မင်းရင်ပြင်တခုလုံး နေရောင်ဟပ်သလို ဖိတ်ဖိတ်တောက်သော အထည်များကို မြင်ရ၍ လူများ လက်ချောင်းခါ၊ ခေါင်းပေါင်းပစ်ကြသည်၊ ရာဖြတ်များပင် ကမ္ဗလာနီ တထည်တထည်ကို တန်ဖိုးမဖြတ်နိုင်ကြပေ။

အကောင်းဆုံးလက်ဆောင်မှာ ရတနာ ၃-ဖြာ

အဆွေတော် ကဋ္ဌဝါဟနမင်း လက်ဆောင်ပို့လာပြီး သူ့ထက်သာအောင် မည်သည့်လက်ဆောင် ပို့ရပါမည်နည်းဟု ဗာရာဏသီမင်းကြံရာ ကဿပဘုရားရှင် ပွင့်ထွန်း၍ ဗာရာဏသီပြည် သီတင်းသုံးချိန်ဖြစ်ရကား “ရတနာ ၃-ပါးထက် သာသောရတနာမရှိ၊ ရတနာ ၃-ပါး သတင်းကောင်းကိုပင် လက်ဆောင်ပြန်မည်” ဟု ဆုံးဖြတ်ပြီး—

ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။

ဓမ္မော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊ ပုညက္ခေတ္တံ အနုတ္တရံ—

စာမျက်နှာ-188


ဟူသော ၉-ပါဒရှိသည့် ဂါထာနှင့် သီလမှစ၍ အရဟတ္တဖိုလ်တိုင်အောင် ရဟန်းတပါး၏ လုပ်ငန်းစဉ်ကို ရွှေပြား၌ ရေးသားစေပြီး ၁-ရတနာ ၇-ပါး စီထားသော ကြုတ်၌သွင်းသည်၊ ယင်းကြုတ်ကို ၂-မြသားကြုတ်၊ ၃-ကျောက်မျက်ရတနာကြုတ်၊ ၄-ပတ္တမြားနီကြုတ်၊ ၅-ရွှေကြုတ်၊ ၆-ငွေကြုတ်၊ ၇-ဆင်စွယ်ကြုတ်၊ ၈-နံ့သာကြုတ်များ၌ အဆင့်ဆင့်ထည့်ပြီး သေတ္တာ၌သွင်း နူးညံ့သောအပတ်များပတ်ကာ မင်းတံဆိပ်ခတ်နှိပ်ပြီး ဆင်ရတနာပေါ်တင်၍ တူရိယာစုံ တီးမှုတ်လျက် ပို့စေသည်။

ကာသိတိုင်းနယ်ဆုံးထိ ဗာရာဏသီမင်းကြီးကိုယ်တိုင် အုပ်ချုပ်ပို့ကာ ပြည်နီးမင်းများကိုလည်း ခမ်းနားစွာ ကြိုဆိုစေသည်၊ ကဋ္ဌဝါဟနမင်းလည်း ခရီးဦးကြို လာကြို၍ နေပြည်တော်ရောက်လတ်သော် လက်ဆောင်ရတနာများကို တထပ်စီ လှန်ဖွင့်ရာတွင် ရတနာ ၃-ပါး သတင်းစကား ရွှေပြား၌တွေ့ရ၍ မည်သို့ပြုသင့်ကြောင်း အမတ် ၁၆-တို့အား တိုင်ပင်ရာ အမတ်များက သူတို့ပင် ရှေးဦးသွားစုံစမ်းကြပါမည်ဟု တညီတညွတ်တည်း လျှောက်တင်ကြသည်။

ဘုရားသော်လည်း ဩဝါဒနှင့်အညီ ရဟန်းပြုကြသည်

အမတ်များက “ဘုရားရှင်ပွင့်ရိုးမှန်လျှင် အရှင်မင်းကြီးကို ကျွန်ုပ်တို့ တဖန်ပြန်ဖူးခွင့်မရှိတော့ပါ၊ မမှန်လျှင် ပြန်လာပါမည်” ဟု လျှောက်ထား၍ တထောင်စီ ခြံရံထွက်သွားကြသည်။ မင်းကြီးသည် (နှမ၏သား) ဟူအမတ်ကိုကား “ဘုရားပွင့်ထွန်းပါက ဆက်ဆက်ပြန်လျှောက်” ဟု အထူးမှာလိုက်သည်။

တပည့် တသောင်းခြောက်ထောင် ခြံရံသော အမတ် ၁၆-ဦးတို့သည် ခရီးပြင်းသွားကြသော်လည်း ယင်းတို့ ဗာရာဏသီပြည် မရောက်မီပင် ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည်။ အမတ်ပရိသတ်များ ရောက်လာ၍ မေးလျှောက်သောအခါ ဘုရားရှင် နိဗ္ဗာန်စံပြီဖြစ်ကြောင်း သိကြ၍ ငိုကြွေးကြပြီး ဘုရားရှင်၏ အဆုံးအမများကို တောင်းခံကြသည်။

မထေရ်ကြီးများက “သရဏဂုံသီလဒါနများ အားထုတ်ရမည်၊ စွမ်းနိုင်လျှင် ကိုယ်တိုင် ရှင်ရဟန်းပြုကြရမည်” ဟု မိန့်ရာ တူအမတ်တဦးမှအပ အားလုံးရဟန်းပြုကြသည်၊ တူအမတ်ကား မထေရ်ကြီးများထံမှ ပရိဘောဂစေတီထိုက်သော ဘုရားရှင်၏ အသုံးအဆောင် ရေစစ်နှင့် တိပိဋကဓရ မထေရ်တပါးကို ပင့်ဆောင်ပြီး ကဋ္ဌဝါဟနမြို့သို့ ပြန်လာသည်။

တူအမတ်သည် ကဋ္ဌဝါဟနမင်းကြီးအား အကြောင်းစုံတင်ပြ လျှောက်ထားရာ မင်းကြီးသည် တိပိဋကဓရ အရှင်မြတ်အား ကျောင်းဆောက်ကိုးကွယ်၍ ရေစစ်ကို စေတီတည်ကာ ဗောဓိပင်အသစ်လည်း စိုက်ပျိုးလျက် သရဏဂုံသီလ ဒါနကုသိုလ်များ အားထုတ်သဖြင့် နတ်ပြည်၌ဖြစ်သည်။ ရဟန်းပြုကြသူများလည်း အားလုံးနတ်ပြည်၌ဖြစ်၍ ကဋ္ဌဝါဟနမင်း၏ အရံဖြစ်ကြသည်။ (မောဃရာဇာ အလောင်းလည်း ပါသည်။)

စာမျက်နှာ-189


ဗာဝရီပုဏ္ဏားကြီး၏ တွေးခေါ်မြော်မြင်မှု

ငါတို့ဘုရားရှင်မပွင့်မီ ယင်းနတ်ပရိသတ်များ သာဝတ္ထိပြည် ပုဏ္ဏားမျိုး၌ အားလုံးဖြစ်ကြပြီး ဆရာကြီးကား မဟာကောသလမင်း၏ ပုရောဟိတ် ဗာဝရီပုဏ္ဏားကြီး ဖြစ်လာသည်၊ ယောက်ျားမြတ်လက္ခဏာ ၃-ပါးနှင့် ပြည့်စုံပြီး ဗေဒပါရဂူဖြစ်၏။ တပည့်အားလုံးလည်း နောက်ဆုံးဘဝ ပေါင်းမိကြပြန်သည်။

မဟာကောသလမင်း နတ်ရွာစံ၍ သားတော် ပသေနဒီကောသလမင်း လက်ထက်၌လည်း ဗာဝရီဆရာကြီးကား ပုရောဟိတ်ဖြစ်ရုံမျှမက မင်းသားဘဝ ဆရာဖြစ်သဖြင့် အခြားစည်းစိမ်များကိုပါ ချီးမြှောက်ခံရသည်။ ဆရာကြီးသည် ဗေဒင်၏ အနှစ်သာရကို ရှာမရသဖြင့် “ရသေ့ရဟန်းပြုကာ တမလွန်လောကအတွက် အနှစ်သာရကို ရှာမည်” ဟု ကြံကာ မင်းထံခွင့်တောင်းသည်။

မင်းက ခွင့်မပြုလိုသော်လည်း အတင်းပင် တောင်းသဖြင့် နေ့ညမရွေး ဖူးနိုင်ရန် ဥယျာဉ်တော်မှာပင် ရသေ့ရဟန်းပြုပါဟု ခွင့်ပေးရာ တပည့် ကြီးငယ် အားလုံးနှင့်အတူ ရဟန်းပြုသည်၊ ပသေနဒီကောသလမင်းသည် ပစ္စည်းလေးပါးထောက်ပံ့ပြီး ညနံနက် မှန်မှန် သွားရောက် ဆည်းကပ်သည်။

တနေ့သ၌ တပည့်များက လူပြွမ်းလှ၍ မြို့ရွာနှင့် ဝေးသောနေရာနေဖို့ အကြံပေးကြသဖြင့် ဗာဝရီဆရာကြီးသည် ကောသလမင်းအား ထိုအကြောင်းမိန့်ကြားရာ ၃-ကြိမ် တား၍မရသည့်အဆုံး အသပြာ ၂-သိန်းပေးပြီး အမတ် ၂-ယောက်ပါ ထည့်လိုက်သည်။

မြေဝယ်၍ ရသေ့များအား ကျောင်းဆောက်လှူသော ကောသလမင်း

ဗာဝရီဆရာကြီးနှင့် တပည့်များသည် သာဝတ္ထိမြို့ တောင်ဘက် မဇ္ဈိမတိုက်၏ အပြင်ဘက်ဖြစ်၍ အဿကမင်း၊ မူဠကမင်း ၂-ပါးပိုင် ၂-တိုင်းကြားဝယ် ဂေါဓာဝရီမြစ် ၂-မြွာအတွင်း ၃-ယူဇနာရှိ ရေလည်ကျွန်းသို့ ရောက်ကြသည်။ သီးပင်ကောဖြစ်၍ သရဘင်္ဂစသော ရသေ့ကြီးများ၏ ရှေးနေရာဖြစ်ရကား သင့်လျော်ကြောင်း အမတ်များအား မိန့်ရာ မင်း ၂-ပါးအား တသိန်းစီပေး၍ မြေနေရာယူကြ၊ မင်း ၂-ပါးကလည်း နောက်ထပ် ၂-ယူဇနာ ထပ်လှူကြသည်။

သာဝတ္ထိအမတ် ၂-ဦးသည် ကျောင်းတိုက်ဆောက်၍ သာဝတ္ထိပြည်မှ နောက်ထပ် ဥစ္စာများယူကာ ဆွမ်းခံရွာပါ တည်ထားပြီးမှ ပြန်ကြသည်၊ ထိုရွာနေ လူများသည် အသပြာတသိန်းကို အခွန်တော်အဖြစ် အဿကမင်းထံပို့ရာ မင်းက လက်မခံဘဲ ဗာဝရီဆရာကြီးကို လှူစေသည်။

စာမျက်နှာ-190


တနှစ်တသိန်းလှူသော ဗာဝရီဆရာကြီး

ဆရာကြီးများပိုင်မြေ၌ နေရသဖြင့် ကျေးဇူးဆပ်ခြင်းအနေနှင့် ပို့လာသော အသပြာတသိန်းကို ဆရာကြီးကလည်း ပြန်စွန့်ရာ ရွာနေလူများက “နှစ်စဉ် တသိန်းစီ လှူပါမည်၊ ဆရာကြီး ဒါနပြုဖို့ပါ” ဟု လျှောက်ထားမှ လက်ခံပြီး ဆင်းရဲသား စသည်များအား လှူဒါန်းသည်၊ ဆရာကြီး၏ နှစ်စဉ်အလှူသတင်းကား ဇမ္ဗူဒိပ်ဝယ် ထင်ရှားလှသည်။

တခုသောနှစ်၌ အလှူပြီး၍ အပရစေတနာနှင့် ဆရာကြီး ဝမ်းသာနေစဉ် ဒုဗ္ဘိဝိဋ္ဌပုဏ္ဏားရွာ ဇူဇကာအဆက် ပုဏ္ဏားတဦးသည် ဇနီးပုဏ္ဏေးမ ပူဆာသဖြင့် ဆရာကြီးထံ အသပြာ ၅၀၀ လာအလှူခံသည်၊ လှူပြီးစဖြစ်၍ လှူရန်မရှိတော့ကြောင်း ပြောရာ “ဤမျှလှူနိုင်သူ အရှင်မှာ ငွေမပြတ်နိုင်၊ ၅၀၀-လှူပါ” ဟု အတင်းပင် အလှူခံသည်။

နောင်လှူချိန်ရောက်မှ လာပါဟု ပြေလည်စွာပြောသော်လည်း “ယင်းအချိန်ထိ စောင့်နေရမှာလား” ဟု စိတ်ဆိုးစကား ပြောကြားပြီး ဆရာကြီးကျောင်းတံခါး၌ သဲပုံပန်းနီများကြဲပြီး မန္တန်စုတ်သယောင် နှုတ်ခမ်းလှုပ်ပြီး “ဦးခေါင်း ၇-စိတ်ကွဲပါစေ” ဟု ဆိုသည်။ ပုဏ္ဏားကျိန်ဆဲသွား၏၊ “ငါ့မှာလည်း ပေးစရာမရှိ၊ ပုဏ္ဏားစကား တခါတရံ မှန်နိုင်သည်” ဟု ကြံကာ ဆရာကြီး သောကရောက်နေသည်။

မိခင်နတ်သမီး၏ ညွှန်ပြမှုကျေးဇူး

သန်းခေါင်ယံအချိန်၌ ဒုတိယဘဝက မိခင်ကျောင်းစောင့်နတ်သမီးလာပြီး “သားတော်ရသေ့၊ ထိုပုဏ္ဏားသည် ဦးထိပ်နှင့် ဦးထိပ်ကွဲကြောင်းတရား ဘာမျှမသိသော လူလိမ်ပုဏ္ဏားသာ ဖြစ်သည်၊ လောကမှာ ဘုရားပွင့်နေသည်၊ သားတော် မသိသေး၊ သံသယရှိလျှင် ဘုရားထံသွားလျှောက်၊ အကြောင်းစုံ မိန့်ကြားလိမ့်မည်” ဟု ပြောကြားရာ ဆရာကြီး ဝမ်းမြောက်၍ သောကပျောက်တော့သည်။

နောက်နေ့ အရုဏ်တက်ချိန်၌ တပည့်များခေါ်ပြီး “ဘုရားပွင့် မပွင့် မြန်မြန်သွားစုံစမ်းကြ၊ ငါ့ကိုလည်း ပြန်ပြောကြ၊ ငါလည်း ဘုရားထံ သွားပါမည်၊ အမှန်မှာ ငါ့အတွက် အသက်ကကြီးနေတော့ သေမင်းအန္တရာယ်ကို သိခဲသည်၊ ဘုရားထံသွား၍ ဤပုစ္ဆာများ မေးလျှောက်ကြ၊ ဘုရားမှန်လျှင် ဖြေနိုင်လိမ့်မည်” ဟု မှာထားသင်ကြားပေးသည်။

ဘုရားထံသွားသော ပရိသတ် ၁၆၀၀

“ငါ့တပည့်များကား ပညာရှင်များဖြစ်၍ ဘုရားတရားနာကိစ္စပြီးသွားလျှင် ငါ့ထံ ပြန်လာချင်မှ လာကြမည်” ဟု ဆရာကြီးကြံကာ တူဖြစ်သူ ပိင်္ဂိယအား “ဆက်ဆက်ပြန်လာကာ ရအပ်သောဂုဏ်ကျေးဇူး ပြန်ဟောဖို့” အထူးမှာလိုက်သည်၊ အဇိတတပည့်ကြီး—

စာမျက်နှာ-191


ကို ဦးစီးထား၍ တပည့်ပေါင်း တသောင်း ၆-ထောင် တပြည်ဝင် တပြည်ထွက် ခရီးဆက်ကြသည်။

“ဘုရားရှင်ကို ပုစ္ဆာမေးသွားကြမည်” ဟု တွေ့မြင်သမျှ လူများ၏ အမေးကို ဖြေဆိုရာ ထိုလူများလည်း လိုက်ပါလာကြသဖြင့် ကောသမ္ဗီမှ သာကေတသို့ ရောက်လျှင်ပင် ပရိသတ် ၆-ယူဇနာရှိပေပြီ။ ဘုရားရှင်သည် ယင်းပရိသတ်များ နေရာမလောက်မည်ကို သိတော်မူ၍ ရဟန်းတော်များ ခြံရံကာ သာဝတ္ထိမှ ရာဇဂြိုဟ်သို့ ကြိုတင်ကြွတော်မူသည်။

ဘုရားရှင် ခြေတော်ရာချပုံနှင့် ခြေတော်ရာအမျိုးအစား

ရသေ့များ သာဝတ္ထိဇေတဝန်သို့ ရောက်သောအခါ ဂန္ဓကုဋီတိုက်အနီး၌ (ဓိဋ္ဌာန်တော်မူချက်အရ) ဘုရားခြေရာတော်ကို မြင်လျှင်ပင်—
၁။ ရာဂများသူ၏ ခြေရာသည် အလယ်က မထိပေ။
၂။ ဒေါသသမား၏ ခြေရာကား နောက်သို့ ဆွဲငင်သလိုရှိ၍
၃။ မောဟများသူကား ခြေဖျား ဖနောင့်ကိုသာ ဖိနင်းသလို ရှိ၏။
“ဤခြေရာတော်ကား ကိလေသာအမိုး ဖွင့်ပြီးသူ ဘုရားရှင်၏ ခြေတော်ရာပင်” ဟု တိကျစွာ ဆုံးဖြတ်ကြသည်။

ဘုရားရှင်သည် သေတဗျပြည်၊ ကပိလဝတ်ပြည် စသည်များသို့ ဝင်တော်မူသည်။ ပရိသတ် တိုးပွားစေကာ ရာဇဂြိုဟ် ပါသာဏကစေတီသို့ ရောက်တော်မူသည်။ ကျောက်ဖျာကြီးကား ကြီးမားလှရာ ဘုရားမပွင့်မီက နတ်ကွန်းရှိ၍ ဘုရားပွင့်လာလျှင် ကျောင်းဆောက်ပြီး သာသနာတော်အား လှူသည်။ အမည်ရင်း ပါသာဏကစေတီတွင်သည်၊ ယင်းစေတီ၌ တရားမဏ္ဍပ်ကြီးကို ကြိုတင်၍ သိကြားမင်းက ဖန်ဆင်းထားသည်။

ရသေ့များသည် ဘုရားရှိရာသို့ အပြင်းလိုက်ကြရာ ပါသာဏကစေတီ၌ ဘုရားရှင် ရှိသည်ဟု ကြားသိရလျှင်ပင် ရေငတ်သူ ရေတွေ့သည့်ပမာ ဝမ်းသာစွာ စေတီကျောင်းတိုက်သို့ ပြေးသွားကြသည်။ သံဃာများကို တရားဟောနေဆဲဖြစ်ကာ ရောင်ခြည်တော် ၆-ဖြာ၊ လက္ခဏာတော်တို့ဖြင့် တင့်တယ်သော ဘုရားရှင်ကို ဖူးမြင်ရ၍ နှုတ်ခွန်းဆက်စကားများလည်း ပြောကြားကြရသည်။

အဇိတရသေ့၏ စိတ်မေးပုစ္ဆာများ

“ဤယောက်ျားမြတ်ကား ဘုရားရှင်စင်စစ် ဖြစ်ပေမည်” ဟု ယုံကြည်ကာ ဗာဝရီဆရာကြီး မှာကြားသည့်အတိုင်း စိတ်ဖြင့်သာ ၁-ဆရာကြီး၏ အသက်အရွယ်၊ ၂-အနွယ်၊ ၃-ဆရာကြီးမှာရှိသော ယောက်ျားမြတ်လက္ခဏာ၊ ၄-အတတ်ပညာ၊ ၅-တပည့်အရေအတွက်များကို မေးလျှောက်သည်။

ထိုအခါ ဘုရားရှင်က အဇိတရသေ့၏ စိတ်ဖြင့်အမေးကို “၁-အသက် ၁၂၀၊ ၂-ဗာဝရီအနွယ်၊ ၃-ယောက်ျားမြတ်လက္ခဏာ ၃-ပါး၊ ၄-ဗေဒင် ၃-ပုံ တဘက်ကမ်း

စာမျက်နှာ-192


ရောက် တတ်မြောက်သည့်ပြင် အဘိဓာန်၊ အလင်္ကာကျမ်းနှင့်တကွ မဟာပုရိသလက္ခဏာကျမ်း၊ ဣတိဟာသ (ပုရာဏ်) ကျမ်းများ တတ်မြောက်သည်၊ ၅-ပျင်းရိ၍ ဉာဏ်ထိုင်းသူ တပည့် ၅၀၀-ကို ကိုယ်တိုင် ဗေဒကျမ်းများ ပို့ချနေသည်” ဟု နှုတ်ဖြင့် ဖြေဆိုတော်မူသည်။

ဆရာကြီး၏ ယောက်ျားမြတ်လက္ခဏာ ၃-ပါး သရုပ်ကို စိတ်ဖြင့် မေးမြန်းရာ ဘုရားရှင်က “၁-မျက်နှာပြင် တခုလုံးကို ဖုံးလွှမ်းနိုင်သော လျှာ၊ ၂-မျက်မှောင် ၂ ဘက် အလယ်၌ ဥဏ္ဏလုံမွေးရှင်တော်၊ ၃-အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသအင်္ဂါတို့ ဖြစ်သည်” ဟု နှုတ်ဖြင့် ဖြေတော်မူသည်။

တရားနာပရိသတ် ၁၂-ယူဇနာ

မေးလျှောက်သံကို မကြားရဘဲ အဖြေကိုသာ ကြားရသော ၁၂-ယူဇနာရှိ ပရိသတ်သည် ဝမ်းမြောက်စွာ လက်အုပ်ချီကြလျက် “လူ၊ နတ်၊ ဗြဟ္မာ မည်သူကမေး၍ မည်သူ့အား ဘုရားရှင် ဖြေပြပါလိမ့်” ဟု အံ့ဩစွာ ကြံစည်နေကြသည်။

ထို့နောက် အဇိတသည် ရှေ့က ဦးထိပ်မည်သောတရား၊ ဦးထိပ်ကို ခွဲစိတ်နိုင်သောတရား၊ ဤ ၂-ပါးကိုလည်း စိတ်ဖြင့်ပင် မေးလျှောက်ပြန်ရာ ဘုရားရှင်က “အဝိဇ္ဇာနှင့် အရဟတ္တမဂ်ပညာ” ဟု အစဉ်လိုက် နှုတ်တော်ဖြင့် ဖြေဆိုတော်မူသည်။ အဇိတရသေ့သည် ဝမ်းမြောက်လှသဖြင့် ဘုရားရှင်ခြေတော်ကို ဦးခေါင်းစိုက်၍ နှစ်ခြိုက်စွာ ရှိခိုးသည်။ ဘုရားရှင်ကလည်း “သင်တို့ ဆရာကြီး ဗာဝရီသည် တပည့်များနှင့်အတူ ချမ်းသာပါစေ၊ သင် အဇိတလည်း ချမ်းသာပါစေ၊ အသက်ရှည်ပါစေ” ဟု ဆုပေးပြီး “သင်တို့အားလုံး စိတ်မှာ သံသယရှိသမျှ ငါဘုရား ခွင့်ပြုသည်၊ မေးကြ” ဟု သဗ္ဗညုဘုရားတို့သာ နိုင်နင်းစွာ ခွင့်ပြုသည့် ဖိတ်ကြားခြင်းဖြင့် ဖိတ်ကြားလိုက်သည်။

ထောင်ပေါင်းများစွာ ဧဟိဘိက္ခု ရဟန္တာ

အဇိတလုလင်က စတင်၍ မေးလျှောက်ရာ ဘုရားရှင်က အရဟတ္တဖိုလ်ထိ ဖြေကြားသည်၊ အဆုံး၌ အဇိတရသေ့နှင့်တကွ တပည့်တထောင် အရဟတ္တဖိုလ်ရကာ ဧဟိဘိက္ခု ရဟန်းဖြစ်ကြသည်၊ ကြွင်းပရိသတ် ထောင်ပေါင်းများစွာလည်း မဂ်ဖိုလ်ရကြ၏။ ကြွင်းတပည့်များ မေး၊ ဖြေရာ၌လည်း နည်းတူ အကျိုးရကြသည်။

တပည့်ကြီး ၁၆-ဦးတို့တွင် သူ့ကိုယ်သူ ပညာရှိဟု မာနရှိသော မောဃရာဇသည် အကြီးဆုံး အဇိတရသေ့အပေါ် ရှက်နိုး၍ မကျော်သော်လည်း ဒုတိယအနေဖြင့် အဇိတပြီးလျှင် သူ့အလှည့်ဟု ယူဆကာ ဘုရားရှင်အား ပြဿနာ မေးလျှောက်သည်။

စာမျက်နှာ-193


ဘုရားရှင်သည် မောဃရာဇ၏ မာနရှိပုံ၊ ဉာဏ်မရင့်သေးပုံကို သိမြင်တော်မူ၍ ဟန့်တားတော်မူသည်။ မောဃရာဇသည် ဘုရားရှင်၏ ဟန့်တားခြင်းကို ခံရသဖြင့် “ငါ့ထက် ပညာသာသူမရှိ ဟု နေခဲ့သည်၊ ဘုရားရှင်တို့မည်သည် မသိဘဲနှင့်တော့ မမိန့်ဆို၊ ငါ့ပုစ္ဆာမှာ အပြစ်ပါနေပေမည်” ဟု ကြံပြီး ဆိတ်ဆိတ်နေတော့သည်။

မမေးဘဲ မနေနိုင်သဖြင့် ၉-ဦးမြောက်၌ ထမေးပြန်ရာ ဟန့်တားခံရပြန်၏။ “ငါသည် သံဃာ့အငယ်ဆုံးတော့ အဖြစ်မခံနိုင်” ဟု ကြံကာ ၁၅-ဦးမြောက် မေးသောအခါမှ ဉာဏ်ရင့်ကျက်ပုံကို ဘုရားရှင် မြင်တော်မူ၍ ဖြေဆိုလိုက်သည်။ မောဃရာဇ၏ အမေးမှာ—

မသေအောင် ရှုဆင်ခြင်ရမည့်နည်း

“၂-ကြိမ်မေးသော တပည့်တော်အား ဘုရားရှင် မဖြေကြားပါ၊ ၃-ကြိမ်မြောက် မေးလျှင် ဘုရားရှင် ဖြေတော်မူသည်ဟု တပည့်တော် ဂေါဓာဝရီမြစ်ကမ်း၌ နေစဉ်ကပင် ကြားဖူးပါသည် ဘုရား။ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါမှန်သမျှ မြတ်ဗုဒ္ဓ၏ အယူကို တိတိကျကျ မသိရပါ။ သေခြင်းတရားမှ လွတ်မြောက်အောင် သင်္ခါရလောကကို ဘယ်သို့ ရှုရပါသနည်း” ဟု မေးလျှောက်သည်။

ဘုရားရှင်၏ အဖြေမှာ—“ချစ်သား၊ အမြဲသတိရှိလျက် ငါစွဲကို စွန့်ကာ သင်္ခါရလောကကို အလိုမလိုက်၊ အကြိုက်မပါ သုညသာထင်အောင် ဉာဏ်ဖြင့် ရှုလျှင် သေခြင်းတရားကို လွန်မြောက်နိုင်သည်” ဟု ဖြေလိုက်သည်။ အဆုံး၌ ရသေ့တပည့်တထောင်နှင့်အတူ မောဃရာဇရသေ့သည် အရဟတ္တဖိုလ်ရ၍ ဧဟိဘိက္ခု ရဟန်းချည်း ဖြစ်ကြသည်၊ ပရိသတ် ထောင်ပေါင်းများစွာလည်း မဂ်ဖိုလ်ရကြသည်။ ထိုအခါမှစ၍ ၃-မျိုးလုံး ခေါင်းပါးညံ့ဖျင်းသည့် သင်္ကန်းကိုသာ ဝတ်ရုံတော်မူသည်။

အသက် ၁၂၀-ပိင်္ဂိယအား တရား ၂-ခါ ဟောရသည်

ဗာဝရီဆရာကြီး၏ တူအရင်း၊ အသက် ၁၂၀-ရှိ ပိင်္ဂိယတပည့်ကြီးသည် ၁၆-ဦးမြောက်အဖြစ် ဘုရားရှင်ကို “တပည့်တော်ကား အိုမင်း၍ ရုပ်ဆင်းပျက်ကာ မျက်စိမှုန် နားထိုင်းနေပါပြီ၊ တရားမရမီ မသေပါရစေနှင့် ဘုရား၊ အရှင်ဘုရားခြေရင်းမှာပင် နိဗ္ဗာန်ရဖို့တရား တပည့်တော်အား ဟောတော်မူပါ” ဟု လျှောက်ထားရာ ခန္ဓာကိုယ်၌ တွယ်တာသော ပိင်္ဂိယအား တွယ်တာမှု ကင်းပျောက်ရန် “ချစ်သား ပိင်္ဂိယ၊ မေ့လျော့သူများသာ ရုပ်တရားတို့ကြောင့် အနှိပ်စက်ခံကြရသည်၊ ရုပ်တရားတို့ကြောင့် ကံကြမ္မာ ၃၂-ပါး စသည်တို့ဖြင့် နှိပ်စက်ခံရသူများကို မြင်အောင်ကြည့်၍ ဘဝသစ်တဖန် မဖြစ်အောင် သတိထားကာ ရုပ်၌ တွယ်တာသည့် တဏှာကို သင်ချစ်သား ပယ်ပါ” ဟု မိန့်တော်မူသည်။

စာမျက်နှာ-194


ပိင်္ဂိယကား အိုမင်းအားနည်းသူဖြစ်၍ မဂ်ဖိုလ်မရနိုင်သေးဘဲ တဖန်ထပ်၍ “မြတ်စွာဘုရား၊ အရှင်ဘုရားသည် အရပ် ၁၀-မျက်နှာလုံးတို့၌ မမြင်၊ မကြား၊ မတွေ့၊ မသိအပ်သည့် တရားဟူ၍ ဘာမျှ မရှိပါ။ အရှင်ဘုရားသည် ဤနေရာမှာပင် တပည့်တော်အား နိဗ္ဗာန်ရောက်ကြောင်းတရား ဟောကြားတော်မူပါ” ဟု လျှောက်ပြန်သည်။

ဘုရားရှင်သည် အရဟတ္တဖိုလ်ရောက် အကျင့်မြတ်ကို ပြလိုရကား—“ချစ်သား ပိင်္ဂိယ၊ တဏှာနှိပ်စက်၍ ပင်ပန်းကြ၊ အိုခြင်းဖြင့် အနှိပ်စက်ခံကြရသော လူများကို သင်ချစ်သား တွေ့မြင်နေရပေသည်။ ထို့ကြောင့် သတိထားကာ ဘဝသစ်မဖြစ်ရန် တဏှာ ၃-ပါးကို အကျန်မရှိ တွန်းလှန်ပယ်စွန့်ပါ” ဟု ဟောတော်မူရာ အရှင်ပိင်္ဂိယသည် အနာဂါမ်အရိယာ ဖြစ်သွားသည်။

ပါရာယနသုတ္တန်ဖြင့် ကျွတ်တမ်းဝင်သူများ

ဤမျှ ဆန်းကြယ်သောတရားကို (အမေ့မောင်) ဦးရီးတော် ဗာဝရီဆရာကြီး မနာရရှာဟု အကြံဝင်နေ၍ အရဟတ္တဖိုလ် မရောက်ပေ။ တပည့်ရသေ့တထောင်ကား အားလုံး ရဟန္တာဖြစ်ကြသည်၊ အရှင်ပိင်္ဂိယနှင့်တကွ တပည့်အားလုံး ဧဟိဘိက္ခု ရဟန်းဖြစ်ကြသည်။

တပည့် ၁၆-ဦးတွင် တဦးစီ၏ အမေး၊ ဘုရားအဖြေကို တသုတ်ထား၍ သုတ်ပေါင်း ၁၆-သုတ်ကို သံသရာ၏ တဘက်ကမ်း နိဗ္ဗာန်နန်းသို့ ပေါက်ရောက်စေကြောင်း ဖြစ်၍ ပါရာယနသုတ္တန်ဟု ခေါ်သည်။ ဤသုတ္တန်ဆုံးသောအခါ အရှင်ပိင်္ဂိယတဦးသာ အနာဂါမ်ဖြစ်၍ ကြွင်း ၁၆၀၁၆-ဦးကား ရဟန္တာဖြစ်ကြကာ နတ်လူ ၁၄-ကုဋေလည်း ကျွတ်တမ်းဝင်ကြသည်။

တရားနာလာသူ လူများအားလုံး ဘုရားအာနုဘော်ကြောင့် တရားပွဲအပြီး၌ မိမိရပ်ရွာသို့ အလိုလို ရောက်ပြီးဖြစ်ကြသည်။ အရှင်ပိင်္ဂိယမှတပါး ကြွင်းရဟန်းတော်များ အားလုံး ဘုရားရှင်နှင့်အတူ သာဝတ္ထိပြည်သို့ ကြွကြသည်။

အရှင်ပိင်္ဂိယသည် ဘုရားထံ ခွင့်ပန်ပြီး တန်ခိုးဖြင့် ဂေါဓာဝရီမြစ်ကမ်းသို့ ကြွသည်၊ ယင်းနေရာမှတဆင့် ခြေလျင်ဖြင့် ဗာဝရီဆရာကြီးကျောင်းသို့ ကြွသည်။ မျှော်နေသော ဆရာကြီးသည် ရဟန်းအသွင်ဖြင့် အရှင်ပိင်္ဂိယ ကြွလာသည်ကို မြင်လျှင်ပင် “လောက၌ ဘုရားရှင် ပွင့်လေပြီ” ဟု ဆုံးဖြတ်လိုက်သည်။

ပါရာယနာနုဂီတိ ၁၅-ဂါထာ

အရှင်ပိင်္ဂိယက “ဘုရားရှင်ပွင့်၍ တရားဟောကြားပါသည်၊ ယင်းတရားကို ဟောကြားမည်” ဟု မိန့်လတ်သော် ဆရာကြီးသည် တပည့် ၅၀၀-နှင့်အတူ အရှင်

စာမျက်နှာ-195


ပိင်္ဂိယအား ကြီးစွာ ပူဇော်၍ နေရာခင်းပေးသည်။ ထိုနေရာ၌ အရှင်ပိင်္ဂိယ ထိုင်တော်မူကာ ပါရာယနာနုဂီတိမည်သော ၁၅-ဂါထာကို ဟောတော်မူသည်။ တရားအချုပ်ကား—

၁။ ဘုရားဟော ပါရာယနသုတ်ကို အတုယူ၍ ငါဟောမည်။ ကိလေသာကင်း၍ မြေထုပမာ ပညာရှိသော၊ ဝတ္ထုကာမမှ ထွက်မြောက်၍ ကိလေသကာမမှ ကင်းကာ ရဟန္တာမြတ်စွာဘုရားသည် ဉာဏ်တော်မြင်သည့်အတိုင်း တရားဟောတော်မူသည်၊ မြတ်စွာဘုရားသည် မဟုတ်မမှန်သော စကားကို မပြောကြားပါ။

၂။ မောဟအညစ်အကြေးကို ပယ်၍ ထောင်လွှားမှုမာန၊ ကျေးဇူးကန်းမှုမက္ခ တရားဆိုးကို ပယ်ပြီးသော ဘုရားဂုဏ်နှင့် စပ်သောတရားကို သင့်အား ငါယခု ဟောကြားမည်။

၃။ ပုဏ္ဏား (ဦးရီးတော်ကိုပင် ဖြစ်သော်လည်း အရိယာရဟန်းပီသစွာ ခေါ်သည်) ဘုရားရှင်သည် ဉာဏ်မျက်စိရှိ၍ ကိလေသာမှောင်ကို ဖျောက်ကာ လောကအဆုံးသို့ ရောက်တော်မူသည်၊ ဘဝအားလုံးကို လွန်မြောက်၍ အာသဝေါကင်းကာ ဆင်းရဲအားလုံးကိုလည်း ပယ်ပြီးသူဖြစ်၏၊ ဗုဒ္ဓဟူသော အမည်မှန်ရှိသော ဘုရားကို ငါဆည်းကပ်ခဲ့ရပြီ။

၄။ ငှက်သည် အသီးနည်း၍ မကောင်းသောတောကို ပယ်စွန့်ကာ အသီးများသောတောကို မှီနေသလို၊ ဉာဏ်နည်းသူများကို ငါပယ်စွန့်၍ ဟင်္သာသည် ရေများသောအိုင်သို့ ဆင်းသလို ဉာဏ်ပညာရေများသည့် ဘုရားထံ ငါသက်ဆင်းခဲ့ရပြီ။

၅။ ဘုရားမပွင့်မီက ဆရာများသည် “ဤသို့ဖြစ်ပြီ၊ ဤသို့ဖြစ်လိမ့်မည်” ဟု သူတို့ဝါဒကို ငါ့အား ပြောခဲ့ကြပြီ၊ ထိုဝါဒများသည် တဆင့်စကားမျှသာ ဖြစ်၏၊ ထိုဝါဒများသည် ကာမဝိတက်စသော အကြံဆိုး ၃-မျိုးကိုသာ ပွားစေတတ်သည်။

၆။ ငါဘုရားကား တဆူတည်းသာတည်း၊ ကိလေသာမှောင်ကို ဖျောက်၍ နေတော်မူကာ ကိုယ်တော်ရောင် တောက်သည့်အပြင် ဝေနေယျများအတွက် ပညာရောင်လည်း တောက်တော်မူသည်၊ ငါဘုရားသည် ပညာတံခွန်ရှိကာ မြေထုပမာ ပညာရှိတော်မူပါသည်။

၇။ ငါဘုရားသည် ငါ့အား ကိုယ်တိုင်သိ၍ အခါမရွေး အကျိုးပေးသော တဏှာကုန်ရာဖြစ်၍ ဘေးကင်းသောတရားကို ဟောတော်မူသည်၊ ငါ့ဆရာဘုရားမှာ တစုံတရာ ပုံပြဖို့ ဥပမာ မရှိချေ။

စာမျက်နှာ-196


အဆုံးအမ မလိုက်နာလျှင် ဘုရားနှင့်ကွာ

၈-၉။ ထိုအခါ ဗာဝရီဆရာကြီးက အရှင်ပိင်္ဂိယအား “ပိင်္ဂိယ၊ (တူအရင်းဖြစ်၍ နှုတ်ကျိုးသည့်အတိုင်း ခေါ်သည်) သင့်ဆရာဘုရားသည် သင်ဆိုသော ဂုဏ်ကျေးဇူးများနှင့် ပြည့်စုံသူဖြစ်ပါလျှင် ထိုဆရာမျိုးနှင့် တမုဟုတ်မျှပင် သင်ကင်းကွာ၍ မနေသင့်၊ အဘယ်ကြောင့် ကင်းကွာပြီး သင်နေသနည်း” ဟု အပြစ်တင်စကား ဆိုလတ်သော် အရှင်ပိင်္ဂိယက စိတ်အားဖြင့် ဘုရားရှင်နှင့် သူ ကင်းကွာမနေကြောင်း ဖော်ပြလိုရကား—

၁၀-၁၁။ ပုဏ္ဏား၊ ငါ့ဆရာဘုရားသည် (အမှတ်-၇ ၌ ဆိုခဲ့ပြီးသော) ဂုဏ်ကျေးဇူးများနှင့် ပြည့်စုံပါ၏၊ ထိုဆရာဘုရားမှ ငါသည် တမုဟုတ်မျှ ကင်းကွာမနေပါ။

၁၂။ ငါ့ဆရာဘုရားကို မျက်စိဖြင့် မြင်နေရသလို သတိရှိကာ နေ့ရော ညဉ့်ပါ စိတ်ဖြင့် ငါမြင်နေပါသည်၊ ငါ့ဆရာဘုရားကို ငါရှိခိုးလျက်သာ ညဉ့်အချိန် ကုန်စေရကား တမုဟုတ်မျှ ကင်းမနေဟု မှတ်ထင်နေပါသည်။

၁၃။ ပုဏ္ဏား၊ ငါ၏သဒ္ဓါ၊ ပီတိ၊ စိတ်၊ သတိတရားများသည် ငါ့ဆရာဘုရား သာသနာမှ ကင်းမသွားကြပါ၊ မြေကြီးပမာ ပညာရှင်ဘုရား သွားရာသို့သာ ငါသည် (စိတ်ဖြင့်) အမြဲညွတ်နေသူ ဖြစ်ပါသည်။

၁၄။ အိုသဖြင့် အားနည်းနေ၍သာ ငါ့ကိုယ်သည် ဘုရားရှိရာ မသွားနိုင်ပါ၊ ငါ့စိတ်ကမူ ဘုရားထံ အမြဲရောက်နေပါသည်။

၁၅။ ကာမညွှန်ပြောင်း၌ လဲလျောင်းတုန်လှုပ်သော ငါသည် ဆရာဟူသော ကျွန်းတခုမှ အခြားဆရာဟူသော ကျွန်းတခုသို့ ဆည်းကပ်ကာ မျောပါခဲ့ရပေပြီ၊ ထိုသို့ မိစ္ဆာရေယာဉ်ကြော၌ မျောနေရာမှ ပါသာဏကစေတီ ကျောင်းတိုက်မှာ သံသရာအလျဉ်ကို လွန်မြောက်၍ အာသဝေါကင်းသော ငါ့ဆရာဘုရားကို ဖူးတွေ့ရပြီ။

ဤ ၁၅-ဂါထာ အဆုံးချိန်တွင် ဘုရားရှင်သည် အရှင်ပိင်္ဂိယနှင့် ဗာဝရီဆရာကြီးတို့၏ ဣန္ဒြေရင့်ပုံကို သိတော်မူ၍ သာဝတ္ထိပြည်၊ ဇေတဝန်၌ နေတော်မူလျက်ပင် ရွှေအဆင်းရှိသော ပီတရောင်ခြည်တော် လွှတ်သည်၊ ရောင်ခြည်တော်ကို ဖူးရလျှင်ပင် အရှင်ပိင်္ဂိယက ဦးရီးတော်အား “ဘုရားရှင် ကြွလာပြီ” ဟု ပြောကြားလိုက်သည်၊ ဆရာကြီးလည်း လက်အုပ်ချီ၍ ထရပ်တော့သည်။

စာမျက်နှာ-197


ရောင်ခြည်တော်လွှတ်၍ ဘုရားကိုယ်ထင်ပြပုံ
ဘုရားရှင်သည် ဆရာကြီးအား ရောင်ခြည်တော် တိုးဖြန့်ကာ ကိုယ်တော်ထင်ထင် ပြတော်မူလျက် အရှင်ပိင်္ဂိယကို ခေါ်တော်မူပြီးလျှင်—

“ချစ်သား ပိင်္ဂိယ၊ ဝက္ကလိရဟန်း၊ တပည့်ကြီး ၁၆-ဦး အပါအဝင် ဘဒြာဝုဓရဟန်း၊ အာဠဝီပြည်သား ဂေါတမကရဟန်းများသည် သဒ္ဓါတရား စေလွှတ်ကာ နိဗ္ဗာန်ရောက်သကဲ့သို့ ဤအတူပင် သင်ချစ်သားသည်လည်း သဒ္ဓါတရား စေလွှတ်ပါလေ၊ ဝိပဿနာပွား၍ နိဗ္ဗာန်သို့ ရောက်ပေလိမ့်မည်” ဟု ဟောတော်မူရာ အရှင်ပိင်္ဂိယသည် ရဟန္တာဖြစ်၍ ဗာဝရီဆရာကြီးသည် အနာဂါမ်၊ တပည့်လုလင် ၅၀၀-တို့သည် သောတာပန် ဖြစ်ကြသည်။

အရှင်ပိင်္ဂိယသည် မိမိသဒ္ဓါတရားကို ထင်ရှားစွာ လျှောက်ထားလိုရကား—

၁။ မြတ်စွာဘုရား၊ ဘုရားစကားကို တပည့်တော် ကြားနာရ၍ တိုး၍ ကြည်ညိုရပါသည်။ ပဋ်အမိုးကို ဖျက်ချိုးပြီး၍ ကိလေသာကြောင့်ကြကင်းကာ ပဋိဘာနပညာ ရှိတော်မူသော၊

၂။ ပြဿနာဆုံးအောင် ပြုတတ်၍ ယုံမှားမှုရှိကြလျက် ဆရာဝန်ခံသူတို့၏ ဆရာဖြစ်တော်မူသော ဘုရားရှင်သည် အရိယာများကို အထူးသိ၍ တရားအားလုံးကို သိမြင်တော်မူပေပြီ။

၃။ မြတ်စွာဘုရား၊ နှိုင်းယှဉ်ဖွယ်ရာ ဥပမာမရှိသော၊ ရွေ့ရှားတုန်လှုပ်ခြင်း မရှိမူ၍ ဖောက်ပြန်ပျက်စီးမှု လုံးဝမရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်သို့ တပည့်တော် ဧကန်ရောက်ပါတော့မည်၊ ထိုရောက်မှု၌ တပည့်တော် မယုံမှားပါ၊ တပည့်တော်ကို အရှင်ဘုရား မိန့်တော်မူသည့်အတိုင်း အရဟတ္တဖိုလ်ထိ စိတ်ညွှတ်ခြင်းရှိသူဟူ၍ ဘုရားရှင် မှတ်တော်မူပါဘုရား” ဟု လျှောက်ထားသည်။

၁၄-ဧတဒဂ္ဂဝဂ် ၅။ ပဉ္စမဝဂ်

၁။ ညဉ့်ရှည်ကို သိကုန်သော၊ ရဟန်းဝါ ရင့်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် မဟာပဇာပတိဂေါတမီသည် အမြတ်ဆုံးဖြစ်သည်။

ရေခပ်သဘဝ ကုသိုလ်ပြုပုံ

ဂေါတမီအလောင်းကား ပဒုမုတ္တရဘုရားရှင်လက်ထက် ဟံသာဝတီမြို့သူ ဖြစ်၍ ရတ္တညူဧတဒဂ်ရ ရဟန်းမိန်းမကို အားကျပြီး ကောင်းမှုပြု၊ ဆုတောင်းကာ နတ်ပြည်ရောက်သည်။ အဖန်ကရာဏရှိ ရေခပ်ကျွန်မ ၅၀၀-၏ ဦးစီးကျွန်မ ဖြစ်လာသည်။

စာမျက်နှာ-198


ပစ္စေကဗုဒ္ဓါ ၅-ဆူတို့သည် ဝါဆိုခါနီး၌ နန္ဒမူလိုဏ်မှ ဗာရာဏသီ မိဂဒါဝုန်တောသို့ ဆင်းသက်သည်။ မြို့တွင်း၌ ဆွမ်းခံကြပြီး မိဂဒါဝုန်တောသို့ ပြန်ကြွကာ ဝါဆိုကျောင်းအတွက် အလုပ်သမားတောင်းရန် ကြံစည်ကြပြီး ညနေပိုင်း၌ ဗာရာဏသီသဌေးထံ အလုပ်သမား တောင်းကြသည်။

ကျောင်းမရှိဘဲ ဝါမဆိုကောင်း

နာလက (မောနေယျ) အကျင့် ကျင့်သူသော်မှ အုတ်၊ ကျောက်၊ အင်္ဂတေ၊ မြက်၊ သစ်ရွက် ဟူသော အမိုး ၅-မျိုး တမျိုးမျိုးမိုး၍ တံခါးတပ်သော ကျောင်းမှာသာ ဝါကပ်ရသည်၊ ကျောင်းမရှိဘဲ ဝါကပ်လျှင် ဒုက္ကဋ်အာပတ် သင့်သည်။ ကျောင်းမရှိလျှင် အလုပ်သမားတောင်း၍ ကျောင်းဆောက်၊ တောင်းမရလျှင် ကိုယ်တိုင်ပင် ဆောက်နိုင်သည်၊ မည်သည့်နည်းနှင့်မျှ ကျောင်းမရှိဘဲ ဝါမကပ်ရပါ။ ထို့ကြောင့် အလုပ်သမား တောင်းကြသည်။

ဗာရာဏသီသဌေးက “အလုပ်သမား ပေးနိုင်ခွင့် မရှိပါ” ဟု တာဝန်မဲ့ လျှောက်ထားသဖြင့် ပြန်ကြွလာကာ အရှင်မြတ်များကို ဂေါတမီအလောင်း ကျွန်မကြီးမြင်၍ အကြောင်းစုံ မေးလျှောက်ပြီး “ဝါဆိုကျောင်းကို အစိုးရသူများသာ ဆောက်လှူနိုင်ပါသလော၊ ဆင်းရဲသား တပည့်တော်များလည်း လှူနိုင်ခွင့် ရှိပါသလော” ဟု ထပ်လျှောက်သည်။

မည်သူမဆို လှူနိုင်သည်ဟု မိန့်သောအခါ “တပည့်တော်မများ ဆောက်လှူပါမည်၊ မနက်ဖြန် တပည့်တော်မ၏ ဆွမ်းကို အလှူခံတော်မူကြပါ” ဟု ပင့်လျှောက်ပြီး ရေခပ်လမ်း၌ ရပ်ကာ လာသမျှ ရေခပ်သူမတို့ကို စုထိုင်ခိုင်းသည်။

ခေါင်းဆောင်မင်းသမီး စီမံမှု လိမ္မာပုံ

ရေခပ်ကျွန်မ ၅၀၀-စုံသောအခါ “ညီမတို့၊ အမြဲပင် အခိုင်းခံဘဝ ဖြစ်လိုကြသလား၊ လွတ်လိုကြသလား” ဟု မေးရာ “ယနေ့ပင် လွတ်လိုပါ၏” ဟု ပြန်ပြောကြသည်။ “သို့ဖြစ်လျှင် အလုပ်သမားမရသော ပစ္စေကဗုဒ္ဓါများကို မနက်ဖြန် ငါပင့်ဖိတ်ထားပြီ၊ ညီမတို့၏ ယောက်ျားများကို တနေ့တာမျှ လက်မှု လှူကြပါစေ” ဟု တိုက်တွန်းသည်၊ အားလုံးပင် ဝန်ခံကြ၊ ယောက်ျားများကို ပြောကြသဖြင့် ယောက်ျားများအားလုံး ဦးစီးခေါင်းဆောင်၏ အိမ်တံခါးမှာ ညနေ၌ စည်းဝေးကြသည်။

ထိုအစည်းအဝေး၌ ဦးစီးကျွန်မက ပစ္စေကဗုဒ္ဓါတို့အတွက် လက်မှုလှူကြရန် အကျိုးပြပြီး ပြောကြားသည်။ စိတ်မပါသူများကိုလည်း ခပ်တင်းတင်း ဆုံးမခြိမ်းခြောက်ပြီး အားလုံး ဝန်ခံစေသည်။ အမျိုးသမီးကြီးသည် နောက်တနေ့ အရှင်မြတ်များ ဆွမ်းလှူပြီး ယောက်ျားများကို တောသို့ သွားစေသည်။

စာမျက်နှာ-199


မလှူနိုင်သူ လှူနိုင်အောင် စီမံပေး
ယောက်ျား ၅၀၀-တို့သည် တောမှ သစ်များယူပြီး လူတရာ တကျောင်းကျစီ ကုဋီ၊ စင်္ကြံစသည် အစုံပါအောင် လုပ်ပြီး အရှင်မြတ်များအား ဝါတွင်း သီတင်းသုံးဖို့ လျှောက်ဝန်ခံစေပြီး အလှည့်ကျ ဆွမ်းလှူကြသည်၊ မတတ်နိုင်သော အလှည့်ရှင်အတွက် ဦးစီးကျွန်မက ဆန်၊ ဆီစသည် ထုတ်ပေးသည်။

ဦးစီးအမျိုးသမီးသည် ဝါကျွတ်ဖို့ နီးသောအခါ အမျိုးသမီးများအား အဝတ်တထည်စီ ရက်စေသဖြင့် ရလာသော အထည်ကြမ်း ၅၀၀-ကို ဖလှယ်ပြီး တိစီဝရိတ်အချော ၅-စုံပြုကာ အရှင်မြတ် ၅-ပါးအား ဆက်ကပ်သည်။ ယင်းအမျိုးသမီးများ မြင်စဉ်ပင် ကောင်းကင်ခရီးဖြင့် အရှင်မြတ် ၅-ပါး ဂန္ဓမာဒနတောင်သို့ ကြွသွားကြ၊ အမျိုးသမီးများသည်လည်း အသက်ထက်ဆုံး ကောင်းမှုပြုကာ နတ်ပြည်သို့ ရောက်ကြသည်။

ခေါင်းဆောင်များ ဖြစ်ရာဘဝ၌ပင် ခေါင်းဆောင်

ဦးစီးအမျိုးသမီးသည် ဗာရာဏသီမြို့နှင့် မလှမ်းမကမ်း ယက်ကန်းသည်ရွာ၊ ယက်ကန်းဦးစီးအိမ်၌ ဖြစ်သည်၊ ဗာရာဏသီမင်း ပင့်ဖိတ်သဖြင့် ပဒုမဝတီမိဖုရား၏ သားတော် ပစ္စေကဗုဒ္ဓါ ၅၀၀-တို့သည် နန်းတော်တံခါးသို့ ကြွလာသော်လည်း နေရာပေး ဆွမ်းကျွေးဖို့ကိုထား၊ ကြည့်ရှုသူသော်မှ မရှိသဖြင့် ပြန်ကာ မြို့တံခါးမှထွက်၍ ယက်ကန်းသည်ရွာသို့ ရောက်လာကြသည်။ ယက်ကန်းသည် ခေါင်းဆောင်သည် အရှင်မြတ် ၅၀၀-ကို ကြည်ညိုရှိခိုးကာ ဆွမ်းကပ်သည်။ ပြီးမှ အရှင်များ ဂန္ဓမာဒနတောင်သို့ ကြွကြသည်။

ဂေါတမီအလောင်း ယင်းအမျိုးသမီးကြီးသည် ကုသိုလ်ပြုကာ လူ၊ နတ်တို့၌ ကျင်လည်ပြီး ငါတို့ ဘုရားမပွင့်မီ ဒေဝဒဟမြို့ မဟာသုပ္ပဗုဒ္ဓသာကီဝင် မင်းကြီး၏ သမီးငယ် ဂေါတမီ ဖြစ်လာသည်၊ ဂေါတမနွယ်ရှိသော မင်းသမီးဟု အနွယ်နှင့်စပ်၍ ဂေါတမီ နာမည်တပ်သည်။ သားဖွားလျှင် စကြာမင်း၊ သမီးဖွားလျှင် စကြာမင်း၏ မိဖုရား ဖြစ်ရမည်ဟု ဟောချက်အရ မြင့်မြတ်သော သားသမီးတို့၏ အရှင်မိခင်ဖြစ်၍ မဟာပဇာပတိ မည်သည်၊ အစ်မတော်ကား မဟာမာယာတည်း။ ဗေဒင်လက္ခဏာ ပညာရှင် ပုဏ္ဏားများက မင်းသမီး ညီအစ်မ ၂ ဦးလုံး၏ သားများ စကြာမင်း ဖြစ်ကြမည်ဟု နိမိတ်ဖတ်ကြသည်။

ဘုရားရှင်က နန္ဒထက် ၂ ရက် ၃-ရက်သာ ကြီးသည်

အရွယ်ရောက်လာသော ညီအစ်မ ၂ ဦးလုံး သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားများ ဖြစ်လာကြသည်။ ငါတို့ဘုရားလောင်းသည် တုသိတာမှ စုတေပြီး အစ်မတော် မဟာမာယာ၏ ဝမ်း၌ သန္ဓေယူသည်၊ မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဖွားမြင်ပြီး ၇-ရက်အကြာ မယ်တော် မဟာမာယာ နတ်ရွာစံ၍ တုသိတာ၌ သန္တုသိတ

စာမျက်နှာ-200


နတ်သား ဖြစ်သည်၊ အစ်မတော် နတ်ရွာစံပြီးနောက် ညီမတော် မဟာပဇာပတိဂေါတမီသည် အဂ္ဂဒေဝီ မဟေသီမိဖုရားကြီး ဖြစ်လာသည်။

မိထွေးတော် ဂေါတမီသည် (အစ်မတော်မှ ဘုရားလောင်းဖွားပြီး) ၂-ရက် ၃-ရက်မြောက်တွင် ဖွားမြင်သော သားရင်း နန္ဒမင်းသားကို အထိန်းတော်များထံ ထားပြီး ဘုရားလောင်း တူတော်ကိုမူ ကိုယ်တိုင် နို့တိုက်မွေးမြူသည်။

သုဒ္ဓေါဒနမင်းကြီး အရိယာဖြစ်ချိန်နှင့် ပရိနိဗ္ဗာန်ပြုချိန်

နောင်တချိန်၌ ဘုရားလောင်း တောထွက်ပြီး ဘုရားဖြစ်၍ သတ္တလောကကို ချီးမြှောက်မှုပြုရာ အစဉ်သဖြင့် ကပိလဝတ်နေပြည်တော်သို့ ပထမအကြိမ်ရောက်၊ နောက်နေ့ မြို့တွင်း ဆွမ်းခံကြွတော်မူသည်။ ဆွမ်းခံလမ်းမှာပင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး တရားနာရ၍ သောတာပန်ဖြစ်သည်၊ ၂-ရက်မြောက်၌ နန္ဒမင်းသား ရဟန်းပြု၍ ၇-ရက်မြောက်၌ သားတော် ရာဟုလာ ရှင်ပြုသည်။

၅-ဝါမြောက် နောက်တချိန် ဝေသာလီပြည် မဟာဝုန်တော၌ ဘုရားရှင် သီတင်းသုံးစဉ် ခမည်းတော်မင်းကြီးသည် ထီးဖြူတော်အောက်၌ပင် အရဟတ္တဖိုလ် ဆိုက်ရောက်ပြီး ထိုနေ့မှာပင် ပရိနိဗ္ဗာန်ပြုသောအခါ ဂေါတမီသည် ရဟန်းပြုဖို့ စိတ်ဖြစ်ပါသည်။ ထို့နောက် မဟာသမယသုတ်လာ ရဟန်း ၅၀၀-တို့၏ ကြင်ရာဟောင်း မင်းသမီး ၅၀၀-တို့သည်လည်း ရဟန်းပြုရန် သဘောတူကြပြီး ဂေါတမီထံ သွားကြသည်။

မိထွေးတော်နှင့် မင်းသမီး-၅၀၀ ဘိက္ခုနီဖြစ်ကြ

ပထမအကြိမ် မိထွေးတော်၏ လျှောက်ထားချက်ကို ဘုရားရှင် ခွင့်မပြုပါ၊ ထို့ကြောင့် ဆံပင်များရိတ်၊ ဖန်ရည်ဆိုး၊ သင်္ကန်းများဝတ်ပြီးမှ မင်းသမီး ၅၀၀-နှင့်အတူ ဝေသာလီပြည်သို့သွား၍ အရှင်အာနန္ဒာ၏ အကူအညီကိုပါ ယူကာ လျှောက်ထားမှ ဂရုဓံ ၈-ပါး တရားတို့ဖြင့် မိထွေးတော်သည် ရှင်ရဟန်းဖြစ်သည်၊ မင်းသမီး ၅၀၀-ကား ရဟန်းသံဃာ့ဘက်မှ ရဟန်းဖြစ်ကြသည်။

မိထွေးတော်သည် ဘုရားရှင်ထံမှ သံခိတ္တသုတ် ဒေသနာဖြင့် အရဟတ္တဖိုလ်ရောက်၍ ကြွင်း ဘိက္ခုနီမ ၅၀၀-တို့မှာ နန္ဒကောဝါဒသုတ္တန်အဆုံး၌ ရဟန္တာဖြစ်ကြသည်၊ နောက်တချိန် ဇေတဝန်၌ ဘုရားရှင်က ဘိက္ခုနီမများကို အရာအထူး ထားရာ မဟာပဇာပတိဂေါတမီကို ရတ္တညူဧတဒဂ်အရာ ထားတော်မူသည်။

စာမျက်နှာ-201


ဂေါတမီ အသက် ၁၂၀-ရှည်သည်

ဘုရားရှင် ဝေသာလီ မဟာဝုန်တောရိုက်၌ သီတင်းသုံးနေစဉ် မိထွေးတော် ထေရီမကြီးသည်လည်း အသက် ၁၂၀-ရှိပြီဖြစ်ရကား အာယုသင်္ခါရ ကုန်နေပြီကို သိ၍ ဘုရားရှင်နှင့် အဂ္ဂသာဝကစသော သံဃာတော်များအား ပန်ကြားပြီးမှ ပရိနိဗ္ဗာန်ပြုမည်ဟု ကြံစည်သည်။ ဘိက္ခုနီမ ၅၀၀-တို့လည်း ထို့အတူပင် ကြံစည်ကြ၏။ ထိုအချိန်၌ ငလျင်လှုပ်ခြင်း၊ အခါမဲ့ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်ကာ ကျောင်းစောင့်နတ်များ ငိုကြွေးကြ၏။ ဘိက္ခုနီမများ အားလုံးက ကျောင်းစောင့်နတ်များကို အပြစ်ရှိက ခွင့်လွှတ်ရန် တောင်းပန်ကြသည်။

မိထွေးတော်ကြီးက “မုန်းသူနှင့်တွဲ၊ ချစ်သူနှင့်လွဲကာ အမြဲ အို၊ သေ၊ ဒုက္ခ ပင်လယ်ဝေရသည့် ဘုံဘဝမှ ကင်းရန် နိဗ္ဗာန်သို့ ငါသွားတော့မည်” ဟု ရွတ်ဆိုရာ ရာဂမကင်းသူ နတ်လူအားလုံး ကြားသမျှ ငိုကြွေးကြသည်။ မြို့လယ် လမ်းမကြီးအတိုင်း ဘိက္ခုနီမများ ထွက်လာရာ သဒ္ဓါရှိသူ အမျိုးသမီးများသည်လည်း မိထွေးတော်၏ ခြေရင်း၌ ဝပ်စင်းကာ ငိုကြွေးကြသည်။

ဘိက္ခုနီမများသည် ဘုရားထံရောက်၍ နိဗ္ဗာန်စံလိုကြောင်း ခွင့်တောင်းကန်တော့ကြပြီး သံဃာတော်များနှင့် ရာဟုလာ၊ အာနန္ဒာ စသည်တို့အားလည်း အလားတူ လျှောက်ထားကန်တော့ကြရာ သေက္ခ (ကျင့်ဆဲပုဂ္ဂိုလ်) သာ ဖြစ်သေးသော အရှင်အာနန္ဒာသည် “ဟာ သန္တိ ဂေါတမီ ယာတိ” စသည်ဖြင့် ပြင်းစွာ ငိုကြွေးရှာသည်။

မာတုဂါမများလည်း ယောက်ျားလိုပင် တန်ခိုးရှင်

ဘုရားရှင်က “မယ်တော်ဂေါတမီ၊ မာတုဂါမများ ငါဘုရားသာသနာမှာ သစ္စာသိမြင် ကျွတ်တမ်းဝင်ခြင်း၌ သံသယရှိကြသူ ဉာဏ်နည်းသူများ အယူမှားပျောက်အောင် တန်ခိုးပြဦးလော့” ဟု မိန့်သဖြင့် တစ်ပါးကအများ၊ အများကတစ်ပါး၊ ပေါ်ခြင်း၊ ပျောက်ခြင်း၊ မြင်းမိုရ်တောင်ကို ထီးရိုး၊ မြေပြင်ကို ထီးရွက်ပြု၍ အထက်အောက် ပြောင်းပြန်ကကာ ကောင်းကင်၌ ထီးဆောင်းစင်္ကြံ လျှောက်ခြင်းစသော တန်ခိုးများကို ပြသသည်။

အံ့ဩကြသော အစည်းအဝေးပရိသတ်၏ လျှောက်ချက်အရ ပဒုမုတ္တရဘုရားလက်ထက်မှ စသော ရှေးကောင်းမှုကျင့်စဉ် (အပဒါန်) ကို အကျယ်ဟောပြရသည်။ ဘိက္ခုနီမ ၅၀၀-လည်း ကောင်းကင်သို့ ပျံတက်ကာ တန်ခိုးပြကြ၏။ “သင်တို့ နိဗ္ဗာန်စံချိန်ကို သင်တို့ပင် သိကုန်၏” ဟု ဘုရားရှင် မိန့်လျှင် ဘိက္ခုနီအားလုံး ဘုရားရှင်ကို ရှိခိုးပြီး ပြန်ကြသည်။ ပရိသတ်များနှင့်အတူ တောရကျောင်းတိုက် တံခါးမုခ်အထိ ဘုရားရှင်က လိုက်လံပို့ဆောင်တော်မူသည်။

စာမျက်နှာ-202


ဝေသာလီပြည်တွင်း ဘိက္ခုနီမများ ကျောင်းတိုက်သို့ ရောက်ကြသောအခါ ဆိုင်ရာ ကျောင်းအသီးသီး၌ ထက်ဝက်တင်ပျဉ်ခွေ ထိုင်နေကြပြီး ဈာန် ၈-ပါးလုံးကို အနုလုံ ပဋိလုံ ဝင်စားကြသည်။ တဖန် ပထမဈာန်မှ စတုတ္ထဈာန်အထိ ဝင်စားကာ ယင်းမှထပြီးလျှင် ပရိနိဗ္ဗာန် ဝင်စံကြ၏။ မြေလှုပ်ခြင်း၊ ဥက္ကာကျခြင်းစသော အံ့ဖွယ်များ ဖြစ်ပေါ်ကြသည်။

ဘုရားရှင်ထက်ပင် ဂေါတမီ နိဗ္ဗာန်ဝင်စံပုံ ခမ်းနားသည်

နတ်ဗြဟ္မာများ ဘုရားထံသွားပြီး မိထွေးတော်တို့ နိဗ္ဗာန်စံကြပြီဖြစ်ကြောင်း လျှောက်ထားရာ သံဃာများနှင့်အတူ ဘုရားရှင် ကြွတော်မူသည်။
၁။ ရှေ့ဆုံးမှ လူ၊ နတ်၊ နဂါး၊ အသူရာနှင့် ဗြဟ္မာများ၊
၂။ နတ်များထမ်းသော အလောင်းတင် ရွှေပြာသာဒ် ၅၀၀ (ဝိသုကြုံနတ်သား ဖန်ဆင်းသည်)၊
၃။ လောကပါလ နတ်မင်းကြီးလေးဦး ထမ်းသော မိထွေးတော်အလောင်းတင် ပြာသာဒ်၊

၄။ သံဃာနှင့် ဘုရားရှင်ကိုယ်တိုင် လိုက်ပါလျက် လမ်းတလျှောက်လုံး ကောင်းကင်ပြည့် မျက်နှာကြက်မိုး၍ အလံတံခွန်၊ ပန်းနံ့သာ၊ တူရိယာ ကခြင်း၊ သီခြင်းမျိုးစုံဖြင့် သုသာန်အရောက် ပူဇော်ချီးမြှောက်ကြသည်။

ထိုအချိန်၌ လ၊ နေ၊ နက္ခတ်အားလုံးကို လူများ မြင်ကြရ၏။ မွန်းတည့်ချိန် ဖြစ်သော်လည်း နေသည် လကဲ့သို့ အေးမြနေသည်။ ဘုရားရှင်၏ သင်္ဂြိုဟ်ခန်းပင် ဤမျှ မဆန်းကျယ်၊ မပြည့်စုံပါ။ ဤမိထွေးတော်၌ကား ဘုရားရှင်ကိုယ်တိုင်သာမက အရှင်သာရိပုတ္တရာကိုယ်တိုင်ပင် ကြပ်မတ်စီစဉ်၍ ဖြစ်သည်။

သုသာန်၌ နံ့သာထင်းပုံထက်တင်၍ သင်္ဂြိုဟ်ပြီးလတ်သော် မိထွေးတော်၏ သပိတ်၌ အရိုးဓာတ်များကို ထည့်ယူပြီး ဘုရားရှင်အား ဆက်ကပ်ကြသည်။ ဘုရားရှင်က “အနှစ်ရှိ၍ ခိုင်မြဲသော သစ်ပင်ကြီး၏ စည်ကားသော ပင်စည်ကြီးသည် မမြဲဘဲ ပြိုလဲသကဲ့သို့၊ သစ်ပင်ကြီးနှင့်တူသော ဘိက္ခုနီသံဃာ၏ ပင်စည်နှင့်တူသော မိထွေးတော်သည် ပရိနိဗ္ဗာန် ဝင်စံရုပ်သိမ်း ချုပ်ငြိမ်းလေပြီတကား” စသည်ဖြင့် ဟောတော်မူသည်။

၂။ ပညာကြီးရင့်သူ ရဟန်းမိန်းမများတွင် ခေမာသည် အမြတ်ဆုံးဖြစ်သည်။

ခေမာအလောင်း အမျိုးသမီးသည် ပဒုမုတ္တရဘုရားလက်ထက် ပညာဧတဒဂ်ရ သုဇာတာထေရီမကို အားကျ၍ ကောင်းမှုပြုကာ ဆုတောင်း ဗျာဒိတ်ရခဲ့သည်။

မိဖုရားချည်း ဖြစ်နေရသော ခေမာ

အသက်ထက်ဆုံး ကောင်းမှုပြု၍ စုတေသော် တာဝတိံသာစသော အထက်နတ်ပြည် ၅-ထပ်၌ အစဉ်အတိုင်း နတ်မိဖုရားချည်းပင် ဖြစ်ရသည်။

စာမျက်နှာ-203


၉၁-ကမ္ဘာ၌ ဝိပဿီဘုရားလက်ထက်တွင် တရားဟော ဓမ္မကထိက ဘိက္ခုနီမဖြစ်၍ အနှစ်တစ်သောင်းပတ်လုံး တရားအားထုတ် ဟောပြောကာ သာသနာပြုသည်။ ဤဘဒ္ဒကမ္ဘာ ကောဏာဂုံဘုရားလက်ထက်၌ ဗာရာဏသီသဌေးသမီး ဖြစ်၍ (သီးခြားအမည်မပါ) ဓနဉ္စာနီ၊ သုမေဓာ အပျိုစင်သမီး ၂-ဦးနှင့်အတူ သံဃိကကျောင်းတိုက်ကြီးတစ်ခု ဆောက်လုပ်လှူဒါန်းကြသည်။ သေလွန်သော် ၃-ဦးလုံး တာဝတိံသာနတ်ပြည်သို့ ရောက်ကြသည်။

သမီးတော် ၇-ဦး၏ အဆုံးဘဝများ

ဤဘဒ္ဒကမ္ဘာ ကဿပဘုရားလက်ထက်တွင် ကိကီမင်းကြီး၏ သမီးတော် ၇-ဦးအနက် အကြီးဆုံး သမဏီမင်းသမီး ဖြစ်လာသည်။ သမီးတော် ၇-ဦးလုံးသည် ငါတို့ဘုရားလက်ထက်၌ ထင်ရှားသူများဖြစ်၍ မဂ်ဖိုလ်ရကြသည်။ အမည်များမှာ—
၁။ သမဏီမင်းသမီးသည် ခေမာထေရီ ဖြစ်လာသည်။
၂။ သမဏဂုတ္တာမင်းသမီးသည် ဥပ္ပလဝဏ်ထေရီ ဖြစ်လာသည်။
၃။ ဘိက္ခုနီမင်းသမီးသည် ပဋာစာရာထေရီ ဖြစ်လာသည်။
၄။ ဘိက္ခုဒါယိကာမင်းသမီးသည် ကုဏ္ဍလကေသာထေရီ ဖြစ်လာသည်။
၅။ ဓမ္မာမင်းသမီးသည် ကိသာဂေါတမီထေရီ ဖြစ်လာသည်။
၆။ သုဓမ္မာမင်းသမီးသည် ဓမ္မဒိန္နာထေရီ ဖြစ်လာသည်။
၇။ သံဃဒါယိကာမင်းသမီးသည် ဝိသာခါကျောင်းအမကြီး ဖြစ်လာသည်။

ခေမာအလောင်း သမဏီမင်းသမီးသည် ဘိက္ခုနီပြုရန် စေတနာသန်သော်လည်း ခမည်းတော်မင်းကြီးထံမှ အခွင့်မရပါ။ သမီးတော် ၇-ဦးလုံး ခင်ပွန်းမရှာဘဲ နှစ် ၂-သောင်းကြာကာလပတ်လုံး ဗြဟ္မစရိယ အကျင့်စင်ကြယ်သော ဘဝဖြင့် မြတ်သောအကျင့်ကို ကျင့်ပြီး ဂန္ဓကုဋိဆောက်လှူလျက် ဘုရားရှင်အား ပြုစုလုပ်ကျွေးကြသည်။ သမဏီမင်းသမီးသည် ဘုရားရှင်၏ မဟာနိဒါနသုတ္တန်ကို နှုတ်ငုံအာဂုံဆောင်၍ ရွတ်ဖတ်ပူဇော်သည်။ စုတေသော် တာဝတိံသာ နတ်မိဖုရားကြီး ဖြစ်သည်။

ရုပ်လှသူများ အဆုံးဘဝ၌ပင် ခေမာသည် (မာနကြီးသည်)

ငါတို့ဘုရားလက်ထက်၌ မဒ္ဒတိုင်း၊ သာဂလမြို့၊ မဒ္ဒရာဇ်မင်းသမီးဖြစ်ကာ ပြည်သူများ ဘေးရန်ကင်းစေလျက် မွေးဖွားလာသူဖြစ်၍ ခေမာမည်သည်။ အရွယ်ရောက်သော် ဗိမ္ဗိသာရမင်းကြီး၏ မိဖုရားကြီးဖြစ်ကာ အဆင်းလှသလောက် မာန်မာန အလွန်မောက်လှသည်။

ဘုရားရှင် ဝေဠုဝန်၌ သီတင်းသုံးနေသော်လည်း “အဆင်း၌ အပြစ်ကို ဘုရားဟောသည်” ဟု တဆင့်စကား ကြားရသော ခေမာမိဖုရားသည် ဘုရားထံသို့ မသွားပေ။ ဗိမ္ဗိသာရမင်းကြီးသည် “ဘုရား၏ အမြတ်ဆုံး အလုပ်အကျွေးဖြစ်သော ငါကဲ့သို့

စာမျက်နှာ-204


သောသူ၏ မိဖုရားကြီး ဘုရားထံမသွားသည်ကို မကျေနပ်နိုင်” ဟု ကြံကာ စာရေးဆရာများကို ဝေဠုဝန်ကျောင်းတော်ဘွဲ့ ဖွဲ့နွဲ့စေ၍ “ခေမာမိဖုရားကြီး ကြားလောက်ရာမှ ရွတ်ဆိုကြရမည်” ဟု အဆိုကျော်များကို ဆိုစေသည်။

ဥယျာဉ်တော်ဘွဲ့ ၄-ဂါထာ

၁။ ပျော်ဖွယ်ကောင်းသော ဘုရားရှင်သီတင်းသုံးရာ ဝါးတောဥယျာဉ်တော်ကို မမြင်ဖူးသူသည် နတ်များ၏ နန္ဒဝန်ဥယျာဉ်ကို မမြင်ဖူးသူသာဟု ငါတို့ မှတ်ထင်ကြသည်။

၂။ ဗိမ္ဗိသာရဘုရင်နှင့် ဘုရားရှင် နှစ်သက်တော်မူအပ်သော ဝါးတောဥယျာဉ်တော်ကို မြင်ရသောသူသည် သိကြားမင်း နှစ်သက်အပ်သော နန္ဒဝန်ဥယျာဉ်ကို ကောင်းစွာမြင်ရသည် မည်၏။

၃။ တာဝတိံသာနတ်များသည် နန္ဒဝန်ဥယျာဉ်ကို ထားခဲ့ကြ၍ မြေပြင်သို့ သက်ဆင်းကာ ပျော်ဖွယ်ကောင်းသော ဝါးတောဥယျာဉ်တော်ကို မြင်ကြရလျှင် ရင်သပ်ရှုမော အံ့ဩလွန်ကဲ၍ မရောင့်ရဲနိုင်ကြတော့ပါ။

၄။ ဗိမ္ဗိသာရမင်းကြီး၏ ကုသိုလ်ကြောင့် ဖြစ်လာရသော ဝါးတောမည်ခေါ် ဥယျာဉ်တော်သည် ဘုရားရှင်၏ အာနုဘော်ဖြင့် ဟန်ဆောင်ဆင်အပ်ရကား ဥယျာဉ်တော်၏ ဂုဏ်အပေါင်းကို အဘယ်ပညာရှိကမျှ ကြွင်းမရှိအောင် မသီကုံး မနှိုင်းဖွဲ့နိုင်တော့ပါ...

ဟူ၍ပင် ဖြစ်သည်။

တေးဂီတ၏ ဆွဲဆောင်မှုစွမ်းအား

ခေမာမိဖုရားကြီးသည် ဥယျာဉ်တော်ဘွဲ့ကို ကြားရလျှင်ပင် သွားလိုစိတ်ဖြစ်၍ မင်းကြီးကို ပန်ကြားရာ မင်းကြီးက “ဘုရားဖူးမှပဲ ပြန်လာခဲ့၊ သွားပါ” ဟု ခွင့်ပြုလိုက်သည်။ မိဖုရားကြီးသည် (မင်းကြီးအား စကားတုံ့ပြန်မပြောတော့ဘဲ) ကြီးစွာသော အခမ်းအနားဖြင့် (ဘုရားနှင့် မတွေ့ရအောင် ဆွမ်းခံကြွချိန်၌) ဥယျာဉ်တော်သို့ သွားသည်။

မင်းကြီးသည် “မိဖုရား ဘုရားမဖူးလျှင် ငါ့အမိန့်ဖြင့် ဖူးဖြစ်အောင် ဖူးစေ” ဟု အတူသွားသော မင်းချင်းယောက်ျားများကို မှာထားလိုက်သည်။ မိဖုရားကြီးသည် ဥယျာဉ်တော်အတွင်းသို့ ဝင်ကာ သစ်ပင်၊ ပန်းများနှင့်အတူ ဆိတ်ငြိမ်သောကျောင်း၊ ကန်၊ ဇရပ်များကို လှည့်လည်ကြည့်ရှုရာ ယောဂီရဟန်းတစ်ပါး တရားအားထုတ်နေသည်ကို မြင်၍ “ငယ်ရွယ်ချိန်၌ ကာမဂုဏ်ခံစားပြီး အရွယ်ကြီးမှ တရားလုပ်သင့်သည်” ဟုပင် မှားယွင်းစွာ ကြံစည်သည်။

စာမျက်နှာ-205


မိဖုရားသည် နေရာစုံ လှည့်လည်ကြည့်ရှုပြီး “ဘုရားမရှိ” ဟု ထင်ကာ ဂန္ဓကုဋီကျောင်းကို ကြည့်လတ်သော် ခေမာလာမည်ကို သိသဖြင့် ဘုရားရှင်သည် ဆွမ်းခံပင်မကြွဘဲ ကျောင်းတော်၌ပင် တန်ခိုးတော်ဖြင့် ဖန်ဆင်းထားသော ခေမာထက် အဆပေါင်းများစွာ လှပတင့်တယ်သော အမျိုးသမီးငယ် ယပ်လေခတ်နေပုံကို မြင်တော့သည်။

ဣဒ္ဓိရုပ်တန်ခိုးကြောင့် ခေမာ မာနကျိုးရ

မိဖုရားသည် “နတ်သမီးတမျှ လှပသောမိန်းမသော်မှ ဘုရားရှင်အနီး၌ ယပ်လေခတ်ပေးနေသည်၊ ငါကား သူ့အလုပ်အကျွေးကိုမျှ မမီ၊ မာနစိတ်ဖြင့် ငါပျက်စီးလေပေါ့” ဟု ကြံကာ အမျိုးသမီးငယ်ကို ကြည့်နေစဉ် ဘုရားရှင်၏ ဖန်ဆင်းမှုကြောင့် ယင်းအမျိုးသမီးသည် ဆံဖြူ၊ သွားကျိုး၍ အိုမင်းလာပြီး မျက်ဖြူဆိုက်ကာ ယပ်နှင့်တကွ လဲကျသေဆုံးသွားတော့သည်။

ထိုအခြေအနေကို မြင်သော ပါရမီရှင် ခေမာမိဖုရားသည် “ဤသို့ သဘောရှိသော ခန္ဓာကိုယ်သော်မှ ဤပုံပျက်စီးရသည်၊ ငါ့ကိုယ်လည်း ဤပုံပင် ဖြစ်ရမည်” ဟု သံဝေဂဖြစ်နေစဉ် ဘုရားရှင်က—

“ပင့်ကူသည် မိမိပြုသော ကွန်ရက်သို့ အစဉ်လျှောက်နေသကဲ့သို့၊ ရာဂမာန်ယစ်သူတို့သည်လည်း မိမိပြုအပ်သော ကိလေသာအလျဉ် ခန္ဓာအစဉ်သို့ အစဉ်လိုက်နေကြရသည်။ ပညာရှိများကား ကာမဂုဏ်ချမ်းသာကို မတွယ်တာဘဲ ပယ်စွန့်ပြီး ကိလေသာအလျဉ် ခန္ဓာအစဉ်ကို ဖြတ်ကာ နိဗ္ဗာန်သို့ သွားကြသည်” ဟု ဟောတော်မူပြီး ကဿပဘုရားလက်ထက် သမဏီမင်းသမီးဘဝက နှုတ်တက်အာဂုံဆောင်ခဲ့ဖူးသော မဟာနိဒါနသုတ်ကို ဟောတော်မူရာ သောတာပန် ဖြစ်သွားသည်။

ထိုအခါ ခေမာမိဖုရားသည် ဘုရားရှင်ခြေတော်ရင်း၌ ဝပ်စင်းပြီး မိမိအထင်မှားမှုများကို ကန်တော့လိုရကား—

ခေမာမိဖုရား၏ ကန်တော့ပန်းလွှာ ကြည်ညိုဖွယ်ရာ

နမော တေ သဗ္ဗဒဿာဝိ၊ နမော တေ ကရုဏာကရ၊
နမော တေ တိဏ္ဏသံသာရ၊ နမော တေ အမတံဒဒ—
စသည်ဖြင့် လျှောက်ထားသည်။

သဗ္ဗဒဿာဝိ—ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိမြင် အရှင်မြတ်ဘုရား။ တေ—ဉာဏ်မြင်ကြီးသလောက် ခရီးရောက်၍ ထွင်းဖောက်သိမြင် အရှင်ဘုရားအား။ နမော—

စာမျက်နှာ-206


မိမိရုပ်သွင် စိတ်ကြီးဝင်၍ အထင်လွှဲလေ အပြစ်တွေကို ကျေစေဖို့ရာ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

ကရုဏာကရ—သနားကြင်နာ ကရုဏာ၏ တည်ရာစင်စစ် ဖြစ်တော်မူသော မြတ်စွာဘုရား။ တေ—ကရုဏာကြီးသလောက် ဉာဏ်တော်ရောက်၍ စောင့်ရှောက်ကယ်တင် အရှင်ဘုရားအား။ နမော—ကယ်တင်ရာတွင် ကိုယ်ပါဝင်သဖြင့် အစဉ်မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

တိဏ္ဏသံသာရ—သံသရာပြင်ကျယ် ရေပင်လယ်ကို အလွယ်ကူးမြောက် ကမ်းသို့ရောက်၍ စောင့်ရှောက်ကယ်တင် အရှင်မြတ်ဘုရား။ တေ—ဒုက္ခကြီးမား သတ္တဝါများကို သနားကယ်တင် အရှင်ဘုရားအား။ နမော—ကယ်တင်ရာတွင် ကိုယ်ပါဝင်သဖြင့် အစဉ်မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

အမတံဒဒ—မသေရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန်မသွေ ပေးဝေတတ်သော အရှင်မြတ်ဘုရား။ တေ—မသေရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန်သိမြင် အရှင်ဘုရားအား။ နမော—နိဗ္ဗာန်ကိုပင် ကိုယ်တိုင်မြင်သဖြင့် အစဉ်မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

မင်းတရားကျေးဇူး မိဖုရား အကျိုးထူး

ခေမာမိဖုရား ကန်တော့သောအခါ ဘုရားရှင်က “တိဋ္ဌ ခေမေ—ရှိပေစေ၊ နေပေစေ ချစ်သမီးခေမာ” ဟု သည်းခံစကား မိန့်ကြားသည်။

ခေမာသည် ဘုရားရှိခိုးပြီး နန်းဟော်သို့ ပြန်လာကာ ဗိမ္ဗိသာရမင်းကြီးကို ရှိမခိုးဘဲ အနီး၌ ရပ်တည်သည်။ မင်းကြီးလည်း အမူအရာဖြင့်ပင် “မိဖုရား တရားထူးရပြီ” ဟု သိရကား “ဘုရားဖူးခဲ့ရသလော” ဟု မေးရာ မိဖုရားက “အရှင်မင်းကြီးတို့ ဖူးရခြင်းကား အနည်းငယ်သာ၊ ငါသည် ဘုရားကို အကောင်းဆုံး ဖူးခဲ့ရပါပြီ၊ ရဟန်းပြုဖို့ ခွင့်ပြုပါ” ဟု ပန်ကြားတော့သည်။

မင်းကြီးသည် ကောင်းပြီဟု ခွင့်ပြုကာ ရွှေထမ်းစင်ဖြင့် ဘိက္ခုနီမကျောင်းတိုက်သို့ ပို့၍ ရဟန်းပြုစေသည်။

ခေမာမိဖုရား ဘိက္ခုနီမပြုပြီး ၁၅-ရက်မြောက် ဥပုသ်ပြုရာ၌ ထွန်းညှိသော ဆီမီးတောက်ခြင်း၊ ငြိမ်းခြင်းကို မြင်၍ ရုပ်နာမ်၌ ဖြစ်ပျက်ထင်မြင် ဆင်ခြင်ရာ ပဋိသမ္ဘိဒါ အဘိညာဉ်စုံလင်သော ရဟန္တာမ ဖြစ်သွားသည်။

အင်္ဂုတ္တိုရ် အဋ္ဌကထာ၏ အထူးမိန့်ချက်။ ။ ခေမာသည် လူ့ဘဝ၌ပင် ရဟန္တာ ဖြစ်သည်။ လူများ အရဟတ္တဖိုလ်ရလျှင် ထိုနေ့၌ပင် ပရိနိဗ္ဗာန်ပြုရမည်၊ သို့မဟုတ်

စာမျက်နှာ-207


အာယုသင်္ခါရ ကျန်သေးလျှင် ရဟန်းပြုရမည် ဖြစ်ရာ အာယုသင်္ခါရ ရှိသေးသည်ကို ခေမာမိဖုရား သိသဖြင့် နန်းတော်ပြန်ကာ မင်းကြီးအား ခွင့်တောင်းခြင်းဖြစ်သည်။

၃။ တန်ခိုးကြီးကုန်သူတို့တွင် ဥပ္ပလဝဏ်သည် အမြတ်ဆုံးဖြစ်သည်။

ဥပ္ပလဝဏ်ထေရီမ အလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီပြည် သဌေးသမီးဖြစ်၍ ဣဒ္ဓိမန္တဧတဒဂ်ရ ထေရီတစ်ပါးကို အားကျပြီး ကောင်းမှုပြုကာ ဆုတောင်း ဗျာဒိတ်ရခဲ့သည်။ အသက်ထက်ဆုံး ကောင်းမှုပြု၍ စုတေသော် တာဝတိံသာ၌ ဖြစ်သည်။ ယင်းမှ လူ့ပြည်ပြန်လာကာ ပစ္စေကဗုဒ္ဓါတစ်ဆူအား ကြာပန်းနှင့်တကွ ဆွမ်းလှူသည်။

ကိကီမင်းကြီး၏ ဒုတိယသမီး ကျောင်းအမ

၉၁-ကမ္ဘာ၌ ဝိပဿီဘုရားလက်ထက်တွင် ဗာရာဏသီသဌေးသမီး ဖြစ်ကာ ဘုရားရှင်ကို ကြာပန်းဖြင့် ပူဇော်ပြီး စိတ်ဖြင့်သာ လှသူဖြစ်ဖို့ ဆုတောင်းခဲ့သည်။ ဤဘဒ္ဒကမ္ဘာ ကဿပဘုရားလက်ထက်၌ ဗာရာဏသီပြည် ကိကီမင်းကြီး၏ သမီးတော် ၇-ယောက်တွင် ဒုတိယ သမဏဂုတ္တာမင်းသမီးဖြစ်၍ အနှစ် ၂-သောင်း အပျိုစင်ဘဝဖြင့် တရားကျင့်ကာ သံဃိကကျောင်းတိုက်ကြီး ဆောက်လှူခဲ့ပြီး နတ်ပြည်ရောက်သည်။ လူဖြစ်ပြန်သောအခါတွင်လည်း ကဿပဘုရား၏ တပည့် ရဟန္တာတစ်ပါးအား ရွှေအဆင်းပမာ ဝါဝင်းချောမွေ့သော အဝတ်ကို လှူခဲ့သည်။

ထိုဘဝမှ စုတေသော် သိဝိတိုင်း၊ အရိဋ္ဌပူရပြည်၊ တိရိဋ္ဌိဝစ္ဆပုဏ္ဏားသဌေးသမီး ဥမ္မာဒန္တီ အလှမယ် ဖြစ်လာသည်။ ယင်းဘဝမှ စုတေသော် ရွာငယ်တစ်ခု၌ လယ်သမားသမီး ဖြစ်လာပြီး လယ်လုပ်တဲသို့ သွားလတ်သော် လမ်းကြားရေအိုင်၌ ပဒုမ္မာကြာပန်းနှင့်တကွ ပေါက်ပေါက်ထည့်ဖို့ ကြာရွက်များ ခူးလာသည်။

ဥမ္မာဒန္တီမှ ဖြစ်လာသော လယ်သူမ ပန်းလှူပြီးမှ ပြန်ယူ

လယ်တဲသို့ ရောက်သော် သလေးနှံများ ခြွေလှေ့၍ ပေါက်ပေါက်လှော်ကာ အပွင့် ၅၀၀ ရေတွက်နေစဉ် ဂန္ဓမာဒနတောင်မှ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါး ကြွလာသဖြင့် ပေါက်ပေါက် ၅၀၀ ကို သပိတ်၌ထည့်ပြီး ကြာပန်းဖုံးကာ လှူလိုက်သည်။

အရှင်မြတ် အတန်ငယ် ကြွသွားစဉ် “ရဟန်းမည်သည် ပန်းကို လိုမည်မဟုတ်” ဟု ကြံကာ လိုက်သွားပြီး ပန်းကို ပြန်တောင်းသည်။ တဖန် “ပန်းကို မလိုလျှင် လှူစဉ်ကပင် သပိတ်၌ အတင်းခံမည်မဟုတ်၊ အရှင်မြတ် ပန်းကို လိုချင်ပေမည်” ဟု ကြံကာ ပြန်လှူသည်။

စာမျက်နှာ-208


အရှင်မြတ်အား ဝန်ချတောင်းပန်ပြီး “ပေါက်ပေါက် လှူရခြင်းကြောင့် ယင်းနှင့်အမျှ သားရတနာများ ထွန်းကားပါစေ၊ ကြာပန်းလှူရသောကြောင့် ဖြစ်ရာဘဝ၌ တပည့်တော်မ၏ ခြေလှမ်းတိုင်းတွင် ပဒုမ္မာကြာ မြေမှ ပေါ်ထွက်ပါစေ” ဟုလည်း ဆုတောင်းသည်။

သူငယ်မ ကြည့်နေစဉ်ပင် အရှင်မြတ်သည် ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွ၍ ကြာပန်းများကို ပစ္စေကဗုဒ္ဓါများ နင်းကြွရာ နန္ဒမူလိုဏ်လှေကားရင်း၌ ခြေသုတ်ပြုထားသည်။ ယင်းသူငယ်မ စုတေသော် နတ်၌ ဖြစ်၍ ယင်းနတ်သမီး ခြေလှမ်းတိုင်း ပဒုမ္မာကြာပန်း ခြေအောက်၌ ခံလာသည်။

နတ်ပြည်မှ စုတေသော် လူ့ပြည်ဝယ် တောင်ခြေရင်း ပဒုမ္မာရေအိုင်ကြီးအတွင်း ကြာတိုက်၌ သံသေဒဇ ပဋိသန္ဓေယူသည်။ ထိုကြာအိုင်ကို မှီနေသော ရသေ့တစ်ပါးသည် နံနက်စောစော မျက်နှာသစ်ရန် ထိုကြာအိုင်သို့ သွားရာ ပွင့်နေသော ကြာများအကြား ကြီးမားသော ကြာရုံကြီးကို မြင်၍ “ထူးရမည်” ဟု ကြံကာ ဆင်းခူးသည်။

လက်မ စုပ်ရသော ပဒုမဝတီ အလှမယ်

ခူးလိုက်သည်နှင့် ပွင့်လာသော ကြာတိုက်အတွင်း၌ လျောင်းနေသော သမီးငယ်ကို တွေ့ရာ သမီးဟူသော ချစ်ခြင်းဖြင့် ကြာပန်းနှင့်အတူ သမီးငယ်ကို ကျောင်းသို့ ယူလာသည်။ သမီးငယ်၏ ကုသိုလ်ကြောင့် ရှင်ရသေ့၏ လက်မမှ နို့ရည်ထွက်လာသည်။ ပထမ ကြာပန်းနွမ်းလျှင် အသစ်ခူးပြီး ယင်းကြာပန်း၌ သမီးငယ်ကို အိပ်စေသည်။ ယင်းသမီးငယ် ပြေးသွားနိုင်ချိန်မှစ၍ ခြေ၌ ပဒုမ္မာကြာထွက်၍ ခံလာသည်။ ကုက္ကုမံအစုအပုံ အဆင်းရှိသော သမီးငယ်ကား လူမက နတ်မမျှ အလွန်အဆင်းလှသည်။ ပဒုမ္မာကြာတိုက်၌ ရအပ်သဖြင့် ပဒုမဝတီ ဟုပင် ဖခင်ရသေ့က နာမည်ပေးသည်။

ပဒုမဝတီ အရွယ်ရောက်လာပြီးသော တစ်နေ့၌ ဖခင်ရသေ့ကြီး သစ်သီးရှာ တောသွားခိုက် မုဆိုးတစ်ဦး ရောက်လာရာ လူမကအောင် လှနေသော ပဒုမဝတီကို မြင်၍ “အကြောင်းသိအောင် စုံစမ်းမည်” ဟု ကြံကာ ရသေ့ကြီး ပြန်လာချိန်အထိ စောင့်နေသည်။

ပြန်လာသော ရသေ့ကြီးအား ကြိုဆိုဝတ်ပြုပုံကို မြင်၍ လူစင်စစ်ဖြစ်ကြောင်း သိကာ မုဆိုးသည် ရသေ့ကြီးကို ရှိခိုးထိုင်သည်။ ရသေ့သည် မုဆိုးအား သစ်သီး၊ ရေများဖြင့် ဧည့်ခံပြီး “ဤတောမှာ နေမည်လော၊ ပြန်သွားမည်လော” ဟု မေးရာ “တောမှာ အလုပ်မရှိ၊ ပြန်သွားပါမည်” ဟု လျှောက်သည်။

စာမျက်နှာ-209


သံသေဒဇအလှ မိဖုရားဘဝရသည်
ရှင်ရသေ့က “သင် မြို့ပြန်လျှင် ယခုတွေ့ပုံအကြောင်း မပြောဘဲ နေနိုင်ပါမည်လော” ဟု မေးရာ “အရှင်ရသေ့ သဘောမကျလျှင် မပြောပါ” ဟု မုဆိုးက ရသေ့ကြီးကျေနပ်အောင် လျှောက်ထားပြီး ရှိခိုးကာ ပြန်သည်။ နောက်ပြန်လာလျှင် လမ်းမှတ်မိဖို့ သစ်ခက် သစ်ပင်များ မှတ်သား၍ ပြန်သည်။

မုဆိုး ဗာရာဏသီရောက်လျှင် မင်းကြီးထံသွားပြီး တောင်ခြေ၌ တွေ့ခဲ့ရသော မိန်းမရတနာအကြောင်း ပြည့်စုံစွာ လျှောက်ထားရာ မင်းကြီးသည် တောင်ခြေသို့ လျင်မြန်စွာသွားပြီး ကျောင်းဝင်ကာ ရသေ့ကို ရှိခိုးပြီး ထိုင်နေသည်။ ရသေ့အတွက် ယူလာသော ရသေ့အသုံးအဆောင်များကို ရသေ့ကြီးခြေရင်း၌ ထားပြီး “အရှင်ဘုရား တောမှာ ဘာလုပ်နေမလဲ၊ သွားကြပါစို့” ဟု လျှောက်ရာ ရသေ့ကြီးက “သင်မင်းကြီးတို့သာ သွားကြပါ” ဟု ပြန်မိန့်သည်။

ထိုအခါ မင်းကြီးက “တပည့်တော်တော့ ပြန်မှာပါ အရှင်ဘုရား၊ အနီးမှာ မာတုဂါမရှိနေသည် ကြားရပါသည်၊ မာတုဂါမသည် ရသေ့ရဟန်းများအား မသင့်လျော်ပါ၊ ထိုမာတုဂါမသည် တပည့်တော်နှင့်အတူ လိုက်စေချင်ပါသည်” ဟု လျှောက်ထားရာ ရှင်ရသေ့က “လူများ စိတ်ကျေနပ်ဖို့ ခဲယဉ်းသည်၊ မိဖုရားများအလယ် ငါ့သမီး နေနိုင်မယ် မထင်ပါ” ဟု စိုးရိမ်စကား မိန့်ကြားသဖြင့် မင်းကြီးက “တပည့်တော် နှစ်သက်သော အချိန်မှစ၍ မိဖုရားကြီးအရာထား ချီးမြှောက်ပါမည်” ဟု လျှောက်ထားလိုက်သည်။

ရှင်ရသေ့သည် သမီးကို ခေါ်ပြီး “သမီး၊ သင် အရွယ်ရောက်လာပြီ၊ မင်းကြီးမြင်ပြီးချိန်မှစ၍ ဤနေရာ၌ သမီးမနေသင့်တော့ပေ၊ မင်းကြီးနှင့်အတူ လိုက်သွားလော့” ဟု မိန့်ကြားရာ ပဒုမဝတီသည် ဖခင်၏စကားကို မငြင်းဆန်ဘဲ ဝန်ခံ၍ ရှိခိုးငိုကြွေးကာ ရပ်နေစဉ် မင်းကြီးသည် ရသေ့ကြီးကျေနပ်အောင် ထိုနေရာ၌ပင် ပဒုမဝတီကို ရွှေငွေရတနာအပုံထက်၌ တင်ထား၍ အဘိသိက်သွန်းဖျန်းသည်။

ပဒုမဝတီအား မိဖုရား ၅၀၀ ငြူစူကြသည်

မင်းကြီးသည် ပဒုမဝတီရောက်ချိန်မှစ၍ အခြားမိဖုရားများကို ငဲ့စောင်း၍မျှ မကြည့်တော့ချေ။ အခြားမိဖုရားများ အားလုံး မနာလိုစိတ် နှိပ်စက်ကြသဖြင့် “ပဒုမဝတီသည် လူသားမဟုတ်ပါ၊ ဖဝါးအောက်မှာ ကြာထပေါက်သော လူသားကို ဘယ်မှာ မြင်ဖူးပါသနည်း။ ပဒုမဝတီကား ဘီလူးမသာ ဖြစ်၍ နန်းတော်မှ နှင်ထုတ်ပါ” ဟုပင် မင်းကြီးအား ကုန်းချောလျှောက်ထားကြသည်။ မင်းကြီးကား ဆိတ်ဆိတ်သာ နေတော်မူသည်။

စာမျက်နှာ-210


တိုင်းစွန်နယ်ဖျား၌ သူပုန်ရန်ရှိသဖြင့် ကိုယ်လေးလက်ဝန်ရှိသော ပဒုမဝတီကို နန်းတော်၌ ထားခဲ့ပြီး မင်းကြီးထွက်သွားရာ အခွင့်ကောင်းရသော မိဖုရားများက အလုပ်အကျွေးမိန်းမအား လက်ဆောင်ပေး၍ “ပဒုမဝတီ သားဖွားလျှင် ဖွားချင်း လွတ်ရာဖယ်ထားပြီး သစ်သားတုံးတစ်ခု သွေးလိမ်းကာ ပဒုမဝတီအနီး၌ ချထားပါ” ဟု မှာထားကြသည်။

ပဒုမဝတီမိဖုရားသည် မကြာမီ မဟာပဒုမမင်းသားကို ဖွားမြင်သည်။ မင်းသားဖွားပြီး လျောင်းနေစဉ် သွေးစက်၌ သံသေဒဇမင်းသား ၄၉၉-ပါးတို့လည်း ဖြစ်လာရာ ပဒုမဝတီ၏ သားတော်မင်းသား ၅၀၀-တိတိ ရှိလေသည်။

အနီးကပ်ရန်သူဒဏ် မိဖုရားကြီးခံရ

ပဒုမဝတီမိဖုရား သတိမေ့မြောနေစဉ် အလုပ်အကျွေးမိန်းမသည် သစ်သားတုံးတစ်ခုကို သွေးလိမ်းကာ မိဖုရားကြီးအနီး၌ ချထားပြီး အခြားမိဖုရား ၅၀၀ အား အကြောင်းကြားရာ သားတစ်ယောက်စီကို ဝှက်ယူသွားကြသည်။ ကြုတ် ၅၀၀ လုပ်ကာ မင်းသားများကို သိပ်ပြီး တံဆိပ်နှိပ်ထားကြသည်။

ပဒုမဝတီ သတိရ၍ အလုပ်အကျွေးမိန်းမအား သားကို မေးရာ စီမံထားသော သွေးလိမ်းသည့် သစ်သားတုံးကို ပြသဖြင့် မိဖုရားကြီး စိတ်ဆင်းရဲကာ အရှက်တကွဲ မဖြစ်ဖို့ ယင်းသစ်သားတုံးကို ခွဲစိတ်ဖျောက်ဖျက်ခိုင်းသည်။

မင်းကြီးပြန်လာ၍ နက္ခတ်ကောင်းစောင့်ရင်း မြို့ပြင်၌ ယာယီစံနန်း စံမြန်းချိန်၌ မိဖုရား ၅၀၀ အကြိုလာကြပြီး ပဒုမဝတီအကြောင်းကို ယုံတော်မမူလျှင် အလုပ်အကျွေးမိန်းမကို ခေါ်မေးပါမည့်အကြောင်း လုပ်ဇာတ်ကို အဟုတ်မှတ်အောင် လျှောက်ထားရာ မင်းကြီးသည် မလေ့လာ မထောက်လှမ်းတော့ဘဲ ‘ဘီလူးမ’ ဟု ဆုံးဖြတ်ကာ နန်းတော်မှ ပဒုမဝတီကို နှင်ထုတ်တော့သည်။

လှူပြီးအလှူ ပြန်ယူခြင်းကြောင့် အကျိုးပေးမဖြောင့်

ရွှေနန်းတော်မှ ထွက်ရလျှင်ပင် မိဖုရား၏ ခြေခံကြာ ပျောက်ကွယ်၍ အရေအဆင်း ပျက်စီးတော့သည်။ လှူပြီးကြာပန်းကို ပြန်ယူခြင်းအပြစ်ပင် ဖြစ်၏။ အားကိုးရာမဲ့ သွားနေသော ပဒုမဝတီကို အမယ်အိုတစ်ဦး မြင်၍ မေးမြန်းရာ “ဧည့်သည်ပါ အမေ၊ နေရာရလိုရငြား ရှာနေပါသည်” ဟု ပြောဆိုသဖြင့် သမီးအသွင် ချစ်ခင်သော အမယ်အိုက ခေါ်ယူကျွေးမွေးထားသည်။

စာမျက်နှာ-211


ထိုအချိန်တွင် မိဖုရား ၅၀၀-တို့သည်လည်း အရှင်မင်းကြီး စစ်တိုက်သွားစဉ်က ဂင်္ဂါမြစ်စောင့်နတ်အား “မင်းကြီး အောင်နိုင်၍ ပြန်လာလျှင် သင်နတ်မင်းအား ပူဇော်ပြီး ရေကစားပါမည်” ဟု ဆုတောင်းခဲ့ပါသည်။ “ယခု ထိုအကြောင်း နတ်အား အသိပေးပါစို့” ဟု သဘောတူ လျှောက်ထားရာ မင်းကြီးက ခွင့်ပြုသဖြင့် ရေကစားသွားကြသည်။

မိဖုရားများ မြစ်ဆိပ်ရောက်လျှင် သားငယ် ၅၀၀-ထည့်ထားသော ကြုတ်များကို အဝတ်ဖြင့် ဖုံးကာ ခြုံလာကြသည့်အတိုင်း ရေထဲသို့ဆင်းပြီး ကြုတ်များကို မျှောချကြသည်။ ကြုတ်များအားလုံးသည် အောက်ဆိပ်ရှိ ပိုက်ကွန်၌ မိနေကြ၏။ ပိုက်သမားများသည် ထူးထူးဆန်းဆန်း မိလာသော ကြုတ်များကို မင်းကြီးထံ ဆက်သသဖြင့် ဖွင့်စေရာ မဟာပဒုမမင်းသား စံရာကြုတ်ကို စတင်ဖွင့်မိ၍ အကြောင်းစုံ သိရှိရတော့သည်။

မိဖုရား-၅၀၀ မသမာအပြစ် ပြေးမလွတ်

မင်းသားများ၏ ကံကြောင့် ကြုတ်၌ နေရစဉ်အတွင်း လက်မမှ နို့ရည်များ ယိုစီး၍ စို့သောက်ကြရသည်။ သိကြားမင်းကလည်း ဗာရာဏသီမင်း သံသယကင်းစေရန် ကြုတ်အတွင်း၌ “ဤမင်းသားများကား ပဒုမဝတီမိဖုရားမှ ဖွားသည့် ဗာရာဏသီမင်း၏ သားတော်များ ဖြစ်သည်။ သားတော်များကို ပဒုမဝတီ၏ ရန်သူ မိဖုရား ၅၀၀-တို့က ကြုတ်များထဲတွင် ထည့်ပြီး ရေမျှောလိုက်ကြခြင်း ဖြစ်သည်။ မင်းကြီးသည် ဤအကြောင်းကို သိပါစေသတည်း” ဟု စာရေးသား သွင်းစေခဲ့သည်။

ကြုတ်များကို ဖွင့်လျှင်ပင် မင်းကြီးသည် စာတို့ကို ဖတ်ရ၍ မင်းသားများကို တွေ့ရသဖြင့် မဟာပဒုမမင်းသားကို မင်းကြီးကိုယ်တိုင် ပွေ့ချီပြီး ရထားစီးကာ မြို့တွင်းသို့ ဝင်တော်မူသည်။ အသပြာတစ်ထောင်ထုပ်ကို ဆင်တော်၏လည်ပင်း၌ ချည်စေပြီး “ပဒုမဝတီမိဖုရားကို မြင်သူသည် ဤအသပြာတစ်ထောင်ကို ယူလော့” ဟုလည်း စည်လည်စေသည်။

စည်သံကြား၍ ပဒုမဝတီသည် ကျွေးမိခင် (အမယ်အို) အား “အသပြာတစ်ထောင်ထုပ်ကို သွားယူပါ” ဟု ပြောရာ “မယူဝံ့ပါ” ဟု အမယ်အိုက ငြင်းသည်။ ၎င်းနောက် ၂-ကြိမ် ၃-ကြိမ် ထပ်မံ တိုက်တွန်းသဖြင့် “ဘယ်ပုံပြော၍ ယူရမည်နည်း” ဟု ပြန်မေးသည်။

စေတနာမှန်၍ အကျိုးပေးသန်သော အမယ်အို

ပဒုမဝတီက “အိုမိခင်၊ ပဒုမဝတီကို ငါ့သမီးကဲ့သို့ တွေ့မြင်သည်ဟု ပြော၍ ယူပါ” ဟု မှာသဖြင့် အမယ်အိုသည် ဖြစ်ချင်ရာဖြစ်ဟု ကြံကာ သွားယူသည်။ မင်းချင်းများ၏ အမေးကိုလည်း သင်ပေးသည့်အတိုင်း ဖြေဆိုသည်။ မင်းမှုထမ်းများသည် အမယ်အိုနောက်သို့ လိုက်လာကြပြီး ပဒုမဝတီကို တွေ့လျှင်ပင် မှတ်မိကာ ခြေရင်း၌ ဝပ်စင်းကြသည်။ နေအိမ်ကိုလည်း ကာရံစောင့်ရှောက်ကြပြီး မင်းကြီးအား အကြောင်းကြား လျှောက်ထားကြသည်။

စာမျက်နှာ-212


မင်းကြီးက ရွှေထမ်းစင်ကို ပို့လိုက်ရာ ပဒုမဝတီက “မထင်မရှား မလိုက်နိုင်ပါ၊ ဤအိမ်မှ နန်းတော်အထိ အခင်းကောင်းများခင်း၊ မျက်နှာကြက်ဖွဲ့စေပြီး မိဖုရားတန်ဆာ အားလုံးပို့မှ ခြေလျင်သာ လိုက်မည်။ သို့မှသာ ငါ့စည်းစိမ်ကို ပြည်သူများ မြင်ရမည်” ဟု မိန့်ကြားသဖြင့် မင်းကြီးက ထိုအစီအစဉ်အတိုင်း ခွင့်ပြုသည်။ ပဒုမဝတီသည် အခင်းများကို ဖောက်ထွက်၍ ခံလာသော ကြာပန်းပေါ်သို့ နင်းလျက် ခမ်းနားစွာ နန်းတော်သို့ ဝင်သည်။ မွန်မြတ်ဆန်းကျယ်သော အခင်းအားလုံးကိုလည်း အမယ်အိုအား ကျေးဇူးဆပ်သည့်အနေဖြင့် ပေးအပ်လိုက်သည်။

မင်းကြီးသည် မိဖုရား ၅၀၀-လုံးကို ခေါ်စေပြီး ပဒုမဝတီအတွက် ကျွန်အဖြစ် ပေးအပ်ရာ ပဒုမဝတီက “ထိုအကြောင်းကို ပြည်သူများကို အသိပေးစေချင်ပါသည်” ဟု လျှောက်သဖြင့် စည်လည်စေသည်။

ပဒုမဝတီမိဖုရား သဘောထားကြီးလှပုံ

မိဖုရား ၅၀၀ မိမိ၏ ကျွန်မဖြစ်ကြောင်း ပြည်သူများ သိစေပြီးနောက် ပဒုမဝတီက မင်းကြီးအား “ယင်းတို့ကို ကျွန်အဖြစ်မှ ပယ်နုတ်ခွင့် ရ၊ မရ” မေးမြန်းရာ “သင်မိဖုရား သဘောအတိုင်းသာ” ဟု မိန့်သဖြင့် ကျွန်အဖြစ်မှ ပယ်နုတ်ကြောင်းကိုလည်း စည်လည်စေသည်။ မင်းသား ၄၉၉-ယောက်တို့ကို မိဖုရားများလက်သို့ ကျွေးမွေးရန် အပ်နှံကာ မိမိကမူ မဟာပဒုမမင်းသားကိုသာ ယူသည်။

မင်းကြီးသည် ဥယျာဉ်တော်အတွင်း၌ မင်းသားများ ကစားရန် နေရာမျိုးစုံ စီမံပေးသည်။ ၁၆-နှစ် အရွယ်သို့ ရောက်သောအခါ မင်းသားများသည် ပဒုမ္မာကြာပန်းအပြည့်ရှိသော ရေကန်၌ ကစားကြစဉ် ကြာပန်းအသစ်များ ပွင့်လာပုံနှင့် အဟောင်းများ ကြွေကျပျက်စီးပုံတို့ကို မြင်ရ၍ ပစ္စေကဗောဓိ ပါရမီကုသိုလ်တော်က လှုံ့ဆော်သဖြင့် “ဤကြာပန်းများသော်မှ ဤသို့သော ဆွေးမြေ့ယိုယွင်းခြင်းသို့ ရောက်ရသေး၏၊ ငါတို့ ခန္ဓာကိုယ်အားမူ အဘယ်ဆိုဖွယ် ရှိမည်နည်း” ဟု ဝိပဿနာရှုကြရာ ပစ္စေကဗောဓိ ဟူသော မဂ်ဉာဏ် ၄-ပါးကို ရရှိကြသည်။ နေရာမှထကြပြီး ဣဒ္ဓိဝိဓအဘိညာဉ်ဖြင့် ပဒုမ္မာကြာချပ်ပေါ်၌ တင်ပျဉ်ခွေ ထိုင်နေတော်မူကြသည်။

ပစ္စေကဗုဒ္ဓါ ၅၀၀-တန်ခိုးဖြင့် ပရိက္ခရာရှာသည်

နေ့အချိန် ကုန်ဆုံးသွားသဖြင့် မင်းချင်းများက နန်းတော်သို့ပြန်ရန် မင်းသားများကို လျှောက်ကြရာ အရှင်မြတ် ၅၀၀-တို့သည် ဆိတ်ဆိတ်သာ နေကြသည်။ ထိုအကြောင်းကို မင်းကြီးအား လျှောက်ထားရာ မင်းကြီးက “သားတော်များ သဘောအတိုင်း နေပါစေ” ဟု မိန့်ကြားလိုက်သည်။

စာမျက်နှာ-213


နောက်တစ်နေ့ အရုဏ်တက်သောအချိန်တွင် မင်းချင်းများက ထပ်မံလျှောက်ထားပြန်ရာ “ငါတို့သည် မင်းသားများ မဟုတ်ကြတော့၊ ပစ္စေကဗုဒ္ဓါများ ဖြစ်ကြသည်” ဟု မိန့်ဆိုသည်။ မင်းချင်းများက “အရှင်တို့ ဝန်လေးသောစကားကို ပြောကြားကြသည်။ ပစ္စေကဗုဒ္ဓါများမှာ အရှင်တို့ကဲ့သို့ မဟုတ်ကြပါ၊ ပရိက္ခရာရှစ်ပါးကို ဆင်မြန်းကြပါသည်” ဟု လျှောက်ထားသဖြင့် အရှင်မြတ်အားလုံး လက်ယာလက်ဖြင့် ဦးခေါင်းကို သုံးသပ်လိုက်ကြရာ လူ့အသွင်ပျောက်၍ ပရိက္ခရာဆင်မြန်းပြီး ရဟန်းအသွင်သို့ ရောက်ရှိသွားသည်။ လူများ ကြည့်နေစဉ်ပင် ကောင်းကင်ခရီးဖြင့် နန္ဒမူလိုဏ်သို့ ကြွတော်မူကြသည်။

ပစ္စေကဗုဒ္ဓါ ၅၀၀-၏မိခင်ပင် စုတေပြီး သူဆင်းရဲဘဝ ရသည်

မယ်တော် ပဒုမဝတီမိဖုရားကြီးသည် “သားများ၏မိခင်အဖြစ်မှ သားမဲ့မိခင် ဖြစ်ရလေပြီ” ဟု ပြင်းစွာသော စိုးရိမ်မှုဝေဒနာဖြင့် စုတေသော် ရာဇဂြိုဟ်မြို့ တံခါးဝရှိ ရွာငယ်တစ်ခု၌ လက်လုပ်လက်စား အမျိုးသမီးဖြစ်ကာ အိမ်ထောင်ကျသည်။ လင်ယောက်ျားအတွက် လယ်တောသို့ ယာဂုပို့စဉ် ဘဝဟောင်းက သားများဖြစ်သော ပစ္စေကဗုဒ္ဓါ ၅၀၀ အနက် ၈-ဆူတို့ ကောင်းကင်မှ ကြွလာသည်ကို မြင်၍ လင်အား “ပစ္စေကဗုဒ္ဓါများကို ဖူးမြော်ပြီး ဆွမ်းပင့်ကပ်ကြပါစို့” ဟု တိုင်ပင်သည်။ လင်ယောက်ျားက “ထိုသူတို့ကား ရဟန်းငှက်များ မည်ကြသည်။ အခြားနေရာများ၌လည်း ကောင်းကင်မှာ ပျံသန်းနေကြသည်၊ ပစ္စေကဗုဒ္ဓါများ မဟုတ်ပါ” ဟု ပြောဆိုနေစဉ်ပင် အရှင်မြတ် ၈-ဆူသည် ၎င်းတို့နှင့် မနီးမဝေးတွင် မြေသို့ သက်တော်မူကြသည်။

မိခင်သူဆင်းရဲအား ချီးမြှောက်သော ပစ္စေကဗုဒ္ဓါများ

ဥပ္ပလဝဏ်အလောင်း အမျိုးသမီးသည် မိမိ၏ဝေစု စားသောက်ဖွယ်ရာများကို အရှင်မြတ် ၈-ဆူအား လှူဒါန်းပြီး နောက်ရက်အတွက်လည်း ပင့်ဖိတ်ပြန်ရာ “သင်၏ လှူဖွယ်သည် ဤမျှ (၈-ပါးစာ) သာ ဖြစ်ပါစေ၊ နေရာသည်လည်း ၈-နေရာသာ ဖြစ်ပါစေ။ ငါတို့မှတစ်ပါး အခြားပစ္စေကဗုဒ္ဓါတို့ကို ဖူးမြင်ရလျှင် သင်၏စိတ်သည် သာ၍ ကြည်လင်ရာသည်” ဟု မိန့်ကြားလိုက်သည်။ အမျိုးသမီးသည်လည်း နောက်နေ့၌ ၈-ပါးစာ ၈-နေရာသာ စီစဉ်၍ စောင့်မျှော်နေသည်။

အရှင် ၈-ဆူတို့သည် ကြွင်းသော ပစ္စေကဗုဒ္ဓါ ၄၉၂-ဆူတို့အား “အခြားအရပ်သို့ မကြွဘဲ မိခင်အား ချီးမြှောက်ရန်” လျှောက်ထားသဖြင့် ၅၀၀-လုံး ကောင်းကင်ခရီးဖြင့် မယ်တော်အိမ်တံခါးဝ၌ ထင်ရှား ဖြစ်တော်မူကြသည်။ မယ်တော်သည်လည်း ရှေးဦးကပင် အမှတ်အသား ရရှိပြီးဖြစ်၍ အရှင်မြတ်များစွာကို မြင်ရသော်လည်း အလှူမလောက်မည်၊ နေရာမဆံ့မည်ကို မပူပန်ဘဲ အရှင်မြတ်အားလုံးကို အိမ်တွင်းသို့ ပင့်ဆောင်သည်။

စာမျက်နှာ-214


အရှင် ၈-ဆူ တန်းစီ၍ ထိုင်မိလျှင် ၉-ဆူမြောက်အရှင်သည် ၈-နေရာစာအတွင်း၌ မိမိအတွက် နေရာဖန်ဆင်း၍ ထိုင်၏။ ကြွင်းသောအရှင်များ ထိုင်ရန်အတွက်လည်း ဆက်၍ ဖန်ဆင်းကြရာ နေရာတိုးသမျှ အိမ်သည်လည်း ကျယ်ဝန်းလာသည်။ ၎င်းသည် တန်ခိုးတော်၏ အရာသာ ဖြစ်သည်။ မယ်တော်သည် ၈-ပါးစာ အလှူကို ၅၀၀-အားလုံးအား ပြည့်စုံစွာ လှူဒါန်းပြီး ကြာညိုပန်း ၈-လက်ကို ယူ၍ မူလအရှင် ၈-ပါး၏ ခြေရင်း၌ ချထားကာ “ဖြစ်လေရာဘဝ၌ တပည့်တော်မ၏ ကိုယ်အဆင်းသည် ဤကြာညိုပန်းတို့၏အတွင်း ကြာတိုက်အဆင်းကဲ့သို့ ဖြစ်ပါစေ” ဟု ဆုတောင်းသည်။ အရှင် ၅၀၀-လည်း မယ်တော်အား အနုမောဒနာပြုပြီး ဂန္ဓမာဒနတောင်သို့ ပြန်ကြွကြသည်။

ဥပ္ပလဝဏ်၏ အဆုံးဘဝ အလှဆုံးဖြစ်လာပုံ

ထိုအမျိုးသမီးသည် စုတေသော် နတ်ပြည်၌ ဖြစ်ပြီး ငါတို့ဘုရားလက်ထက်တွင် သာဝတ္ထိပြည်၌ သဌေးသမီး ဖြစ်လာသည်။ ကြာညိုပန်းတိုက်နှင့်တူသော အရေအဆင်းရှိသဖြင့် ဥပ္ပလဝဏ် ဟု အမည်တွင်သည်။ အရွယ်ရောက်သောအခါ ဇမ္ဗူဒီပမြေပြင်ရှိ မင်းများ၊ သဌေးများအားလုံး ဖခင်ထံ တမန်လွှတ်၍ တောင်းခံကြသည်။

ဖခင်ကြီးက “ငါ့သမီး တစ်ယောက်တည်းဖြင့် လူအားလုံး ကျေနပ်အောင် မစွမ်းဆောင်နိုင်” ဟု ကြံလျက် သမီးကို ခေါ်ပြီး “ရဟန်းမ ပြုနိုင်မည်လော” ဟု မေးရာ၊ သမီးကိုယ်တိုင်သည် သံသရာဘဝ ဆုံးတော့မည့်သူ ဖြစ်သဖြင့် ဖခင်၏ စကားသည် “ဦးခေါင်းပေါ်သို့ လောင်းချလိုက်သော အကြိမ်တစ်ရာချက်သည့် ဆီမွှေးပမာ” ဖြစ်လေရာ “ပြုပါမည်” ဟု ပြန်ပြောလိုက်သည်။

သဌေးကြီးသည် သမီးဥပ္ပလဝဏ်အား အခမ်းအနားဖြင့် ဘိက္ခုနီမကျောင်းသို့ ပို့၍ ရဟန်းပြုစေသည်။ မကြာမီ ဥပုသ်အိမ်၌ ဝတ်ပြုလှည့်ရောက်၍ ဆီမီးထွန်းညှိရာ မီးညွန့်၌ တေဇောကသိုဏ်းရှုကာ ဝိပဿနာပွားများရာ ရဟန္တာ ဖြစ်သွားသည်။ ရှေးဆုတောင်းချက်အရ တန်ခိုးစီမံခြင်း၌ ဝသီဘော် ၅-တန် အလွန်နိုင်နင်းလှသည်။

ဘုရားရှင် ၇-ဝါမြောက်တွင် ယမိုက်ပြာဋိဟာ ပြတော်မူရာ၌ “မြတ်စွာဘုရား၊ တပည့်တော်မ တန်ခိုးပြာဋိဟာ ပြပါရစေ” စသည်ဖြင့် ရဲရင့်စွာ လျှောက်ထားသည်ကို အကြောင်းပြု၍ ဣဒ္ဓိမန္တ (တန်ခိုးကြီးသူ) ဧတဒဂ် ပေးအပ်တော်မူသည်။

၄။ ဝိနည်းကို ဆောင်သူတို့တွင် ပဋာစာရာသည် အမြတ်ဆုံး ဖြစ်သည်။

ပဋာစာရာထေရီမ အလောင်းသည် ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီပြည် သဌေးသမီးဖြစ်၍ ဝိနယဓရ ဧတဒဂ်ရ ထေရီမတစ်ပါးကို အားကျပြီး ကောင်းမှုပြုကာ ဆုတောင်း ဗျာဒိတ်ရခဲ့သည်။

စာမျက်နှာ-215


ကဿပဘုရားလက်ထက် ကိကီမင်းကြီး၏ သမီးတော် ၇-ယောက်တွင် တတိယ ဘိက္ခုနီ သမီးတော်ဖြစ်၍ နှစ် ၂-သောင်းပတ်လုံး အပျိုစင်ဘဝဖြင့် သံဃိကကျောင်းအမ ဖြစ်ခဲ့သည်။ ငါတို့ဘုရားလက်ထက်၌ သာဝတ္ထိသဌေးသမီး ဖြစ်လာပြီး အရွယ်ရောက်လတ်သော် အိမ်ကျွန်အလုပ်သမားတစ်ဦးနှင့် ချစ်ကျွမ်းဝင်ခဲ့သည်။

ကိလေသာမှာ လွယ်ရာကိုလိုက်ပုံ

ဂုဏ်ရည်တူ သဌေးသားတစ်ဦးနှင့် မိဘများက ပေးစားမည် ပြုသောအခါ မူလချစ်သူ အိမ်ကျွန်ယောက်ျားအား အခိုးခိုင်းပြီး ခိုးရာလိုက်ကာ သာဝတ္ထိနှင့် ၃-၄ ယူဇနာကွာသော ရွာငယ်တစ်ခု၌ နေထိုင်ကြသည်။

သဌေးသမီး ကိုယ်ဝန်ရင့်ကျက်လာသောအခါ လင်ယောက်ျားအား မိဘအိမ်သို့ ပြန်ကြရန် တိုင်ပင်သည်။ လင်ယောက်ျားသည် မပြန်ဝံ့သဖြင့် ယနေ့၊ နက်ဖြန်ဟု ရက်ရွှေ့ကာ အချိန်ကုန်စေသည်။ လင်ယောက်ျား၏ သဘောကို သိသဖြင့် သူ မရှိခိုက် “တစ်ယောက်တည်းပင် မိဘအိမ်သို့ ပြန်မည်” ဟု ကြံကာ သဌေးသမီး ထွက်လာခဲ့သည်။

ဒုက္ခကုန်လျှင် မိဘဂုဏ်မေ့

ယောက်ျားပြန်လာ၍ ဇနီးကို မတွေ့ရလျှင် အိမ်နီးချင်းများကို မေးမြန်းရာ မိဘအိမ်သို့ ပြန်သွားကြောင်း သိရသဖြင့် “ငါ့ကြောင့် အမျိုးကောင်းသမီးသည် အားထားရာမဲ့ ဖြစ်ရလေပြီ” ဟု သနားစိတ်ဖြစ်ကာ လိုက်လာရာ လမ်းတွင်ပင် မှီသည်။ သဌေးသမီးသည်လည်း လမ်းအကြား၌ သားဖွားသဖြင့် ကိစ္စပြီးသွားရကား ဇနီးမောင်နှံ တိုင်ပင်၍ ပြန်လာခဲ့ကြသည်။

နောက်တစ်ဖန် ကိုယ်ဝန်ရပြန်ရာ၌လည်း လင်ယောက်ျားက မပို့သဖြင့် သားအမိ ၂-ဦး ပြန်ခဲ့ကြရာ လင်ယောက်ျား လိုက်မှီလာပြီး လမ်းမှာပင် ဒုတိယသားကို ဖွားမြင်ပြန်သည်။ သားဖွားပြီးလျှင်ပင် မိုးကြီးစွာ ရွာသွန်းသဖြင့် လင်ယောက်ျားအား တဲထိုးခိုင်းသည်။ ထိုတဲထိုးရန်အတွက် အမိုးမြက်ရှာရာ တောင်ပို့တစ်ခု ခြေရင်းရှိ မြက်များကို ဆွဲဖြတ်မိသဖြင့် တောင်ပို့အတွင်းရှိ မြွေကိုက်၍ လဲကျသေဆုံးသွားတော့သည်။

ဒုက္ခဟူသမျှ အဖော်ပါလာမြဲ

သဌေးသမီးသည် လာနိုး၊ လာနိုးနှင့် လင်ကို မျှော်ကိုးရင်း တစ်ညလုံး ကုန်ဆုံးသွားသည်။ “အားထားရာမဲ့သူဟု ငါ့ယောက်ျား ငါ့ကို ပစ်သွားလေပြီ” ဟု ကြံကာ အလင်းရောင်ရချိန်၌ လိုက်ရှာရာ တောင်ပို့အနီးတွင် သေဆုံးနေသော လင်ကို တွေ့ရ၍ “ငါ့ကြောင့် ငါ့ယောက်ျား သေရရှာပြီ” ဟု သည်းစွာ ငိုကြွေးတော့သည်။

စာမျက်နှာ-216


ထို့နောက် သားငယ်ကိုချီ၊ သားကြီးကို လက်ဆွဲကာ လမ်းအတိုင်း သွားသော် နက်သည်ဟု ထင်ရသော ချောင်းငယ်တစ်ခုကို တွေ့ရသည်။ ၃-ဦးလုံး တစ်ပြိုင်နက် မကူးဘဲ သားကြီးကို ဤဘက်ကမ်း၌ ထားခဲ့ပြီး သားငယ်ကို တစ်ဖက်ကမ်းသို့ ပို့၍ သိပ်ထားခဲ့သည်။ ၎င်းနောက် တစ်ခေါက် ပြန်လာရန် ချောင်းလယ်သို့ ရောက်လျှင် သိန်းငှက်တစ်ကောင်သည် သားငယ်ကို အသားတစ်ထင်ကာ ထိုးသုတ်ရန် ပျံသန်းလာသည်။

သဌေးသမီးက လက်ဆန့်၍ သိန်းငှက်ကို ခြောက်လှန့်ရာ သားကြီးက မိမိကို ခေါ်သည်အထင်ဖြင့် ချောင်းအတွင်းသို့ ဆင်းလာရာ ရေနောက်၌ မျောပါသေဆုံးရှာသည်။ သိန်းငှက်သည်လည်း သားငယ်ကို သုတ်ချီသွားရာ သဌေးသမီးမှာ သောကမီးလောင်ပြီး လမ်းအကြား၌ “ငါ့သားကြီး ရေမြုပ်၊ သားငယ်ကို သိန်းသုတ်သဖြင့် ဆုံးရှုံးကြလေပြီ။ ချစ်ကြင်လေးစားသော လင်ယောက်ျားလည်း လမ်းမှာပင် မြွေကိုက်၍ အသေဆိုးနှင့် ရင်ဆိုင်ရပြီ” ဟု ဟစ်အော်ငိုယိုပြီး သာဝတ္ထိဘက်သို့ ဦးတည်ထွက်လာသည်။

ကိလေသာမီးပူကြောင့် အဝတ်မဆည်းသူ

သောကစွမ်းကြောင့် ရောက်မှန်းမသိ ရောက်လာရာ အနီးရှိလူများကို မေးမြန်းသော် လူများက “ထိုမိသားစုအိမ်ကို သင်မေးပြီး ဘာလုပ်မည်နည်း။ ယမန်နေ့က လေပြင်းထန်သဖြင့် အိမ်ပြိုကျကာ မိသားစုအားလုံး ဆုံးပါးကြပြီ။ ထင်းပုံတစ်ခုတည်း၌ပင် သင်္ဂြိုဟ်လိုက်ပြီ။ အလိပ်လိုက် တက်နေသော မီးခိုးများကိုသာ သင်ကြည့်ပါတော့” ဟု ပြောပြကြသည်။ သဌေးသမီးက “ရှင်တို့ ဘယ်လိုပြောကြတာလဲ” ဟု ပြန်မေးပြီး အဝတ်မကပ်တော့ဘဲ မိမွေးတိုင်းအသွင်ဖြင့် လက်မြှောက်ငိုကြွေးကာ သင်္ချိုင်းနေရာသို့ သွားပြီး “မိဘ၊ မောင်ဖွား၊ အားစုံပုံ၊ ထင်းတစ်ပုံတည်း ဖုတ်ကြည်းသင်္ဂြိုဟ်အပ်ကုန်ပြီ” ဟု အသည်းယားစွာ ငိုကြွေးသည်။

ဒဏ်ရာအသွင်ကြောင့် ပဋာစာရာ အမည်တွင်ပုံ

သဌေးသမီးသည် အခြားသူများက အဝတ်ပေးသော်လည်း ဆုတ်ဖြဲပစ်သည်။ သူ့ကို တွေ့ရာတိုင်းတွင် လူများ ဝိုင်းအုံနေကြ၏။ အဝတ်မပါဘဲ သွားလာနေတတ်သဖြင့် ပဋာစာရာ ဟု အမည်ပေးကြသည်။ အဝတ်မဝတ်သည့်အတွက် အရှက်မဲ့သူတို့၏ အကျင့်မျိုး ထင်ရှားရကား၊ အရှက်ရှိသူတို့၏ အကျင့်မှ လျှောကျသော (ပဋ) အဝတ်မရှိသူ ဖြစ်သောကြောင့် ပဋာစာရာ ခေါ်ကြသည်။

ငိုယိုပြီး သွားလာနေသော ပဋာစာရာကို မြင်သူများက “အရူးမ၊ သွား” ဟု နှင်ထုတ်ကြ၊ အမှိုက်သရိုက် မြေမှုန်ခဲတို့ဖြင့် ပစ်ခတ်ကြသည်။ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ တရားဟောစဉ် ပဋာစာရာ၏ ကျွတ်တမ်းဝင်ချိန် နီးပြီကို သိတော်မူရကား ကျောင်းသို့ ရောက်လာအောင် ဓိဋ္ဌာန်တော်မူလိုက်သည်။

စာမျက်နှာ-217


ကရုဏာ၏တည်ရာ သခင် ဘုရားရှင်

ပဋာစာရာ လာနေသည်ကို မြင်သော တရားနာပရိသတ်က “အရူးမကို လာခွင့်မပေးနှင့်” ဟု ဆိုကြရာ ဘုရားရှင်က “မတားကြနှင့်” ဟု မိန့်တော်မူပြီး အနီးသို့ ရောက်လာသော ပဋာစာရာအား “သမီး၊ သတိထားလော့၊ သတိထားလော့” ဟု မိန့်ကြားတော်မူသည်။

ပဋာစာရာသည် ဘုရားရှင်၏ အာနုဘော်ကြောင့် သတိရကာ ရှက်ရွံ့ထိတ်လန့်ပြီး ထိုင်ချလိုက်သည်။ ထိုအခါ အနီးရှိ ယောက်ျားတစ်ဦးက အပေါ်ရုံအဝတ်ကို ပစ်ပေးသဖြင့် ဝတ်ရုံပြီး ဘုရားရှင်ထံမှောက် သွားရောက်ရှိခိုးကာ သားသေ၊ လင်ဆုံး၊ မိဘမောင်ဖွားပါ အိမ်ပိ၍ ဆုံးရပုံ သောကဖြစ်ရသည့် အကြောင်းစုံကို လျှောက်ထားသည်။

အပူသည်များ အားထားရာ ဘုရားမြတ်စွာ

ဘုရားရှင်က “သမီး ပဋာစာရာ၊ ကြံ၍ ပူပန်မနေလင့်၊ အားထားလောက်သူထံသို့ သမီးရောက်လာပြီ။ သမီးသည် သား၊ လင်၊ မိဘ၊ မောင်တို့ကြောင့် ယခုလို သံသရာမှာ ကျခဲ့ရသည့် မျက်ရည်များသည် သမုဒ္ဒရာလေးစင်းရှိ ရေထက်ပင် များလှသည်” ဟု ဂါထာနှင့်တကွ ဟောတော်မူရာ သောကတရားများ ပါးသွားတော့သည်။

သောကသက်သာပုံကို သိမြင်သော ဘုရားရှင်သည် “သား၊ လင် စသည်တို့သည် တမလွန်ဘဝသို့ သွားရသူများအတွက် အစောင့်အရှောက်မဖြစ်၊ ပုန်းအောင်းမှီခိုရာလည်း မဖြစ်ကြရကား ပညာရှိသည် သီလကို စင်ကြယ်စေကာ နိဗ္ဗာန်ရောက်ကြောင်းကိုသာ သုတ်သင်ကျင့်ဆောင်ရမည်” ဟု ဂါထာများနှင့်တကွ ဟောကြားရာ မဟာပထဝီပမာ ကိလေသာများကို သောတာပတ္တိမဂ်ပညာမီးဖြင့် အမြစ်ပြတ်အောင် ရှို့မြိုက်လျက် သောတာပန် အရိယာ ဖြစ်သွားသည်။

အရွယ် ၃-ဖြာ သတ္တဝါဟူသမျှ သေကြရ

ရှင်ရဟန်းပြုရန် ဘုရားထံ တောင်းပန်သဖြင့် ဘိက္ခုနီမတို့ထံ ခေါ်ဆောင်သွား၍ ရှင်ရဟန်းပြုစေသည်။ ပဋာစာရာ ဘိက္ခုနီမသည် ဝိပဿနာအားထုတ်နေစဉ် ခြေဆေးရေ လောင်းချရာ အနည်းငယ်သွားပြီး ရေရပ်သွားသည်။ ဒုတိယအကြိမ် ရေလောင်းပြန်ရာ အနည်းငယ် ပိုသွားပြီး ရေရပ်ပြန်သည်။ တတိယအကြိမ် လောင်းသောရေကား ဒုတိယရေထက် ဝေးစွာသွားပြီးမှ ရပ်သည်။

ရေသုံးမျိုး ရပ်တန့်ရာ အရပ်သုံးမျိုးကို နိမိတ်ယူ၍ အရွယ်သုံးပါးကို ဉာဏ်ဖြင့် ပိုင်းခြားပြီး သတ္တဝါများသည် ပထမအရွယ်၌လည်း ပထမရေပမာ သေနိုင်ကြသည်၊ ဒုတိယအရွယ်၌လည်း ဒုတိယရေပမာ သေနိုင်ကြသည်၊ တတိယအရွယ်၌လည်း တတိယရေပမာ သေနိုင်ကြသည်ဟု အနိစ္စလက္ခဏာကို လည်းကောင်း၊ ၎င်းမှတစ်ဆင့် ဒုက္ခ၊ အနတ္တ

စာမျက်နှာ-218


လက္ခဏာများကို လည်းကောင်း ဆင်ခြင်သည်။ ထို့နောက် ဥတုမျှတလိုသဖြင့် ကျောင်းခန်းအတွင်းသို့ ဝင်ကာ ဆီမီးထွန်းပြီး ညောင်စောင်း၌ ထိုင်လျက်ပင် ဆီမီးငြိမ်းရန် သံချွန်ဖြင့် မီးစာကို ဆီသို့ နှစ်လိုက်သည်။

နှစ်တစ်ရာထက် တစ်ရက်ရှင်ခြင်း မြတ်စာရင်း

ထိုအချိန်တွင် ဘုရားရှင်သည် ဂန္ဓကုဋီတိုက်တော်၌ သီတင်းသုံးနေစဉ် ကိုယ်ရောင်တော်လွှတ်ကာ ထေရီမ၏ ရှေ့မှောက်၌ ဟောတော်မူသကဲ့သို့ “ချစ်သမီး၊ သင်စဉ်းစားဆင်ခြင်သည့်အတိုင်း မှန်ကန်ပေသည်။ သတ္တဝါအားလုံး သေခြင်းသဘော ရှိကြကုန်၏။ သို့ဖြစ်ရကား ခန္ဓာ ၅-ပါးတို့၏ ဖြစ်ပျက်ကို ဉာဏ်ဖြင့် မမြင်သူ၏ နှစ်တစ်ရာ အသက်ရှင်ရခြင်းထက်၊ ဉာဏ်ဖြင့် မြင်သူ၏ တစ်ရက်၊ တစ်ခဏ အသက်ရှင်ရခြင်းက ပို၍ သာလွန်မြတ်သည်” ဟု ဂါထာနှင့်တကွ ဟောကြားရာ ထေရီမသည် ပဋိသမ္ဘိဒါ ၄-ပါးနှင့်တကွ ရဟန္တာထေရီ ဖြစ်လေသည်။

ရဟန္တာဖြစ်ပြီးနောက် ဝိနည်းပိဋကတ်ကို ဘုရားရှင်ထံတော်၌ အကျယ်သင်ကြားပြီး ဝိနည်းဆိုင်ရာ အရေးကိစ္စများကိုလည်း မှန်ကန်စွာ ဟောကြားဖြေရှင်းနိုင်သောကြောင့် ဝိနယဓရ (ဝိနည်းဆောင်) ဧတဒဂ် ရတော်မူသည်။

၅။ တရားဟောကောင်းကြ လိမ္မာကြသူတို့တွင် ဓမ္မဒိန္နာသည် အမြတ်ဆုံး ဖြစ်သည်။

ဆံပင်ဖြတ်၍ ဆွမ်းကပ်သဖြင့် သဌေးသားနှင့် လက်ထပ်ရသည်

ဓမ္မဒိန္နာအလောင်းသည် ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီပြည်၌ ဆင်းရဲသူ အလုပ်သမားမ ဖြစ်ခဲ့သည်။ ပညာသီလရှိသူ ဖြစ်၏။ နိရောဓသမာပတ်မှ ထတော်မူသော အဂ္ဂသာဝက အရှင်သုဇာတမထေရ်အား မိမိစားမည့်မုန့်ကို လှူဒါန်းရာ မထေရ်က ချီးမြှောက်သောအားဖြင့် ထိုနေရာ၌ပင် ထိုင်၍ ဘုဉ်းပေးသည်။ ထို့နောက် ဆံပင်ကို ဖြတ်ရောင်းပြီး အရှင်မြတ်အား အိမ်သို့ပင့်ကာ ဆွမ်းကပ်သည်။ ထိုအကြောင်းကို သိသော အလုပ်ရှင်သဌေးသည် ဝမ်းမြောက်သဖြင့် သားဖြစ်သူနှင့် ပေးစားလိုက်သည်။

သူငယ်မသည် ယောက္ခမ မိန်းမသူနှင့်အတူ ဘုရားထံသွား၍ တရားနာစဉ် ဓမ္မကထိက ဧတဒဂ်ရ ထေရီမတစ်ပါးကို အားကျပြီး ကောင်းမှုပြုကာ ဆုတောင်း ဗျာဒိတ်ရခဲ့သည်။

၉၂-ကမ္ဘာ၌ ဖုဿဘုရားလက်ထက်တွင် ဘုရားရှင်နှင့် ဖခင်တူမိကွဲ မင်းသား ၃-ပါး၏ ဘဏ္ဍာစိုး သဌေးကတော် ဖြစ်လာပြီး တစ်ခုတောင်းလျှင် နှစ်ခုလှူသော သဒ္ဓါရှင် ဖြစ်လာသည်။ ကဿပဘုရားလက်ထက်၌ ကိကီမင်းကြီး၏ သမီးတော် ၇-ယောက်အနက် ဆဋ္ဌမမြောက် သုဓမ္မာမင်းသမီးဖြစ်၍ နှစ် ၂-သောင်းပတ်လုံး အပျိုစင်ဘဝဖြင့် သံဃိကကျောင်းအမ ဖြစ်ခဲ့သည်။ ငါတို့ဘုရားလက်ထက်၌ ရာဇဂြိုဟ်သဌေးသမီး ဖြစ်လာပြီး ဓမ္မဒိန္နာ ဟု အမည်တွင်ကာ ဝိသာခသဌေးကြီး၏ ကြင်ရာတော် ဖြစ်လာသည်။

စာမျက်နှာ-219


၉၂-ကမ္ဘာက ပန္နက် ယခုထက်တိုင် မြဲစွာခိုင်

ဝိသာခသဌေးသည် ၉၂-ကမ္ဘာ၌ ဖုဿဘုရားရှင်၏ ညီတော် မင်းသား ၃-ပါး၏ ဘဏ္ဍာစိုးသဌေး ဖြစ်ခဲ့၍ ဓမ္မဒိန္နာနှင့် ထိုဘဝကပင် ဇနီးမောင်နှံ ဖြစ်ခဲ့ဖူးသည်။ ဝိသာခသဌေးကား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ပြာသိုလပြည့်နေ့ ဘုရားရှင် ရာဇဂြိုဟ်သို့ အစဆုံး ကြွလာချိန်၌ ဗိမ္ဗိသာရမင်းကြီးနှင့်အတူ သောတာပန်တည်ကြသော တစ်သိန်းတစ်သောင်းတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။ မင်းကြီး၏ မိတ်ရင်း ဖြစ်၏။ နောက်တစ်ကြိမ် တရားနာရာတွင် ဝိသာခသဌေးသည် သကဒါဂါမ်၊ ၎င်းနောက်တစ်ကြိမ်တွင် အနာဂါမ် ဖြစ်လာသည်။

အနာဂါမ်ဖြစ်ပြီး အိမ်ပြန်လာသောနေ့တွင် ပြုံးရွှင်မှုမရှိတော့ဘဲ ဣန္ဒြေအပြည့် ဖြစ်နေသည်။ ဓမ္မဒိန္နာသည် ပြတင်းမှ ဖွင့်ကြည့်၍ သဌေး၏ အမူအရာကို မြင်ရလျှင်ပင် “အကြောင်းထူး ဘယ်လိုပါလိမ့်” ဟု ကြံကာ အိမ်လှေကားရင်းသို့ ဆင်းကြိုပြီး လက်လှမ်းပေးသည်။ သဌေးကား အခါတိုင်းကဲ့သို့ လက်ကို မကိုင်ရုံမျှမက လက်ကို ကွေး၍ပင် ထားလိုက်သည်။

လင်မယုယ စိတ်နွမ်းလှရှာ ဓမ္မဒိန္နာ

“နံနက်စာ စားချိန်၌ သိရမည်” ဟု ဂန္တာကြံကာ နေရှာသည်။ ထိုနေ့တွင် သဌေးကတော်ကို အခါတိုင်းကဲ့သို့ မခေါ်တော့ဘဲ ရဟန်းတစ်ပါးပမာ တစ်ယောက်တည်းသာ စားသည်။ ညချမ်းရောက်သော် အိပ်နေကျ အခန်းသို့ မဝင်တော့ဘဲ အခြားအခန်းတစ်ခုကို ရှင်းခိုင်းပြီး တစ်ယောက်တည်း အိပ်တော့သည်။ ထိုအခါ ဓမ္မဒိန္နာက “သဌေးအဖို့ အပြင်တွင် ချစ်ခင်သူ ရှိနေသလော၊ ကုန်းတိုက်သူ ရှိနေသလော၊ ငါ့မှာပဲ အပြစ်ရှိနေသလော” ဟု တွေးကာ အလွန် စိတ်ပင်ပန်းတော့သည်။

၁-ရက် ၂-ရက် ကြာသောအခါ “အကြောင်း သိနိုင်လောက်ပြီ” ဟု ယူဆပြီး သဌေးအား ပြုစုယုယရန် သွားရောက်ရှိခိုးနေသောအခါ သဌေးက “အခါမဟုတ်ဘဲ ဘာလုပ်လာသလဲ” ဟု မေးရာ၊ “လာရခြင်းမှာ အရှင်သဌေးသည် ရှေးကလို မဟုတ်တော့ဘဲ ဘယ်လိုဖြစ်ရသလဲ၊ အပြင်မှာ ချစ်ခင်သူ ရှိနေ၍လား” ဟု ပြန်မေးရာ မရှိကြောင်း သဌေးက ပြန်ဖြေသည်။

ဓမ္မဒိန္နာ၏ အမေးအရ “ကုန်းတိုက်သူ မရှိ၊ သင်သဌေးကတော်မှာလည်း အပြစ်မရှိ” ဟု သဌေးက ပြောဆိုရာ ဓမ္မဒိန္နာက “သို့ဖြစ်လျှင် ဇနီးမောင်နှံသဘော စကားပင် မပြောတာ ဘာကြောင့်ပါနည်း” ဟု တိုက်ရိုက်မေးလိုက်သည်။

အရိယာများ၏ တရားထူးအချက် လွန်လျှို့ဝှက်

သဌေးက “ငါသိထားသော တရားကား လျှို့ဝှက်အပ်သော လောကုတ္တရာထူး ဖြစ်သည်။ ငါ လုံးလုံး ပြောလျှင်လည်း ဓမ္မဒိန္နာသည် ဤနေရာမှာပင် သေနိုင်ရာသည်” ဟု စဉ်းစားပြီး “ဓမ္မဒိန္နာ၊ ဘုရားတရားတော်ကို နာရသဖြင့် လောကုတ္တရာတရား သိလာသော ငါ့အဖို့

စာမျက်နှာ-220


လောကီမှုများကို လုံးလုံး မပြုသင့်တော့ပေ။ သင် အလိုရှိလျှင် သင့်ဘက်၊ ငါ့ဘက် နှစ်ဘက်လုံးမှ ဥစ္စာ ကုဋေ ၈၀-သော အသပြာကို သင်စိုးပိုင်ပြီး ငါ၏ အမိအရာ၊ အစ်မအရာ၌ သင်တည်နေပါ။ သင်ကျွေးသမျှကို ငါစားမည်။ သို့မဟုတ် ဤဥစ္စာများကို ယူပြီး မိဘအိမ်သို့ ပြန်ပါလေ။ အကယ်၍ သင့်မှာ အပြင်သို့ တောင့်တမှု မရှိလျှင် ငါသည် သင့်ကို နှမငယ်အရာ၊ သမီးအရာ၌ ထားပြီး ကျွေးမွေးစောင့်ရှောက်ပါမည်” ဟု စကားကုန် ပြောဆိုလိုက်သည်။

ထိုစကားကို ကြားလျှင် ဓမ္မဒိန္နာသည် “သာမန်ယောက်ျားသည် ဤစကားကို မပြောနိုင်။ အရှင့်သားကား တရားထူးကို ဧကန်သိမြင်လေပြီ။ ယင်းတရားထူးကို မာတုဂါမများ ရနိုင်ပါမည်လော” ဟု ကြံစည်ပြီး “ယင်းတရားထူးကို ယောက်ျားများသာ ရထိုက်ပါသလော” ဟု မေးရာ၊ “မာတုဂါမများလည်း ရှေးကုသိုလ်ရှိက ရနိုင်သည်” ဟု ဖြေလိုက်ရာတွင် ဓမ္မဒိန္နာက “ရှင်ရဟန်းပြုရန် ကျွန်မအား ခွင့်ပြုပါ” ဟု ဝိသာခသဌေးအား ခွင့်ပန်သည်။

ရွှေထမ်းစင်နှင့် အရှင်လောင်း ကျောင်းသို့ပို့

သဌေးက “ကောင်းပြီ၊ သင့်ကို လောကုတ္တရာလမ်းကြောင်းသို့ လျှောက်စေလိုသော်လည်း သင့်သဘောကို မသိသဖြင့် မပြောမိခြင်းဖြစ်သည်” ဟု ခွင့်ပြုပြီး ဗိမ္ဗိသာရမင်းကြီးထံသွားကာ အကြောင်းစုံ လျှောက်ထားသည်။ ရွှေထမ်းစင်ကို ရယူလိုကြောင်းနှင့် မြို့ကိုလည်း သုတ်သင်စေလိုကြောင်း တင်ပြရာ မင်းကြီးက ခွင့်ပြုသဖြင့် ဓမ္မဒိန္နာကို နံ့သာရေဖြင့် ရေမိုးချိုးစေပြီး တန်ဆာဆင်ကာ ရွှေထမ်းစင်ပေါ်တင်၍ ဆွေမျိုးများ ခြံရံလျက် ခမ်းနားစွာ ဘိက္ခုနီမကျောင်းတိုက်သို့ သွားကြသည်။

ကျောင်းတိုက်ရောက်၍ ရဟန်းမပြုပေးရန် လျှောက်သော ဝိသာခသဌေးအား ဘိက္ခုနီမများက အပြစ်ရှိ၍ လာသည်ထင်ပြီး “ဒါယကာသဌေး၊ တစ်ခါနှစ်ခါ မှားမိသောအပြစ်ကို ခွင့်လွှတ်သင့်ပါသည်။” ဟု ပြောကြရာ သဌေးက “ဓမ္မဒိန္နာမှာ အပြစ်မရှိပါ၊ သဒ္ဓါတရားရှိ၍ ရဟန်းမ ပြုလိုသူ ဖြစ်ပါသည်” ဟု လျှောက်ထားမှ ဝိနည်းကျွမ်းကျင်သော ထေရီမတစ်ပါးက ဓမ္မဒိန္နာအား တစပဉ္စကကမ္မဋ္ဌာန်းပေး၍ ဆံရိတ်ကာ ရှင်ရဟန်းမ ပြုပေးသည်။

ဝိသာခသဌေးသည်လည်း ဓမ္မဒိန္နာထေရီမအား ပျော်ပျော်ရွှင်ရွှင်နေရန် အားပေးပြီး အိမ်သို့ ပြန်ခဲ့သည်။

လာဘ်ပူဇော်သကာ ပယ်ခွာ၍ ရဟန္တာဖြစ်ပုံ

ဓမ္မဒိန္နာ ဘိက္ခုနီ ဖြစ်ချိန်မှစ၍ လာဘ်ပူဇော်သက္ကာရများစွာ ရရှိသည်။ တရားအားထုတ်ခွင့်ကိုပင် မရနိုင်သဖြင့် “ဝိသာခသဌေးသည် လူဝတ်ဖြင့်ပင် သံသရာအဆုံးအောင်

စာမျက်နှာ-221


ပြုနိုင်သည်၊ ရဟန်းမ ဖြစ်သောအခါ ငါသည်လည်း အားထုတ်မှ သင့်မည်” ဟု ကြံကာ ဆရာဥပဇ္ဈာယ် ထေရီမများထံ ချဉ်းကပ်၍ “အာရုံများသောနေရာ၌ တပည့်တော်မစိတ် မပျော်ပါ၊ ရွာငယ်တောကျောင်းတစ်ခုသို့ သွားလိုပါသည်” ဟု လျှောက်ထားရာ၊ ဆွေကြီးမျိုးကြီးဖြစ်သော ဓမ္မဒိန္နာ၏ တောကျောင်းနေလိုစိတ်ကို မတားနိုင်ကြသဖြင့် ရွာငယ်ကျောင်းသို့ ဓမ္မဒိန္နာကို ခေါ်သွားကြသည်။

ဓမ္မဒိန္နာကား ရှေးဘဝများစွာကပင် သင်္ခါရတရားကို ပညာဖြင့် သုံးသပ်ဖူးသူ ဖြစ်ရကား မကြာမီပင် ပဋိသမ္ဘိဒါ ၄-မျိုးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ရှိသည်။ အရှင်မသည် ရဟန်းကိစ္စ ပြီးမြောက်လေသော် “ငါ့ကိုအမှီပြု၍ ရာဇဂြိုဟ်ရှိ ဆွေမျိုးများ ကုသိုလ်တိုးပွားကြပေမည်” ဟု ကြံပြီး ဥပဇ္ဈာယ်ထေရီမများကို ပင့်ဆောင်ကာ ရာဇဂြိုဟ်သို့ ပြန်လာခဲ့သည်။

ဓမ္မဒိန္နာ ရာဇဂြိုဟ်သို့ ပြန်လာကြောင်း ဝိသာခသဌေး ကြားသိလျှင် “ချက်ချင်းသွား၊ ချက်ချင်းပြန်လာသည်မှာ ဘယ်လိုပါလိမ့်၊ ငါသွား၍ စုံစမ်းမည်” ဟု ကြံကာ ဓမ္မဒိန္နာထံသို့ သွားရောက်ရှိခိုးပြီး သင့်တော်ရာ၌ နေလျက် “သာသနာမှာ ပျော်၊ မပျော် မေးခြင်းကား ပညာရှိတို့အလုပ် မဟုတ်၊ ခန္ဓာငါးပါးစသည်တို့နှင့် စပ်လျဉ်း၍ ပြဿနာမေးမည်၊ ဖြေဆိုပုံကိုကြည့်၍ ပျော်၊ မပျော် သိအောင် စုံစမ်းမည်” ဟု နှလုံးသွင်းလျက် မေးမြန်းရာ၊ သန်လျက်ဖြင့် ကြာရိုးကို ဖြတ်သကဲ့သို့ မေးသမျှသော ပြဿနာတို့ကို ဟုတ်မှန်စွာ ဓမ္မဒိန္နာက ဖြေဆိုလေသည်။

ဓမ္မဒိန္နာ၏ တရား ဘုရားတရားပင်

ဝိသာခသဌေးသည် ဓမ္မဒိန္နာ၏ ဉာဏ်ထက်မြက်ပုံကို သိ၍ မိမိရရှိပြီးသော မဂ် ၃-ပါးဆိုင်ရာများကို မေးမြန်းပြီးနောက်၊ ကိုယ်တိုင်မရသေးသော်လည်း သင်ကြားဖူးသော အားဖြင့် အရဟတ္တမဂ်ဆိုင်ရာကိုပါ မေးမြန်းပြန်သည်။ ထိုအခါ ဓမ္မဒိန္နာက “သဌေး၊ မိမိနှင့်ဆိုင်ရာ အနာဂါမ်အထိသာ မေးသင့်သည်၊ ယခုမူ နယ်ကျော်သွားပြီ” ဟု သိရကား တားမြစ်လိုသဖြင့် “ဒါယကာ ဝိသာခ၊ သင့်ပြဿနာသည် လွန်သွားပြီ၊ သင်သည် ပြဿနာတို့၏ အဆုံးကို မယူနိုင်တော့ပါ။ မှန်ပါသည်။ မြတ်သောအကျင့်သည် နိဗ္ဗာန်သို့ သက်ဝင်သည်၊ နိဗ္ဗာန်လျှင် လားရာအဆုံး ရှိသည်။ သင်မကျေနပ်လျှင် ဘုရားရှင်ထံ ချဉ်းကပ်ပြီး ထိုအကြောင်းကို လျှောက်ထားပါ၊ ဘုရားဟောကြားသည့်အတိုင်း သင်မှတ်သားပါလော့” ဟု ပြတ်သားစွာ မိန့်ကြားလိုက်သည်။

ဝိသာခသဌေးသည် ဘုရားရှင်ထံ သွားရောက်၍ မေးပုံ၊ ဖြေပုံများကို လျှောက်ထားရာ ဘုရားရှင်က “ငါ့သမီး ဓမ္မဒိန္နာမှာ ကာလ ၃-ဖြာ ငါးခန္ဓာတို့၌ တပ်မက်မှု မရှိတော့ပြီ” ဟု ဂါထာနှင့်တကွ ဟောကြားရာ ဒေသနာအဆုံး၌ သတ္တဝါအပေါင်းတို့ မဂ်ဖိုလ်ရကြကုန်သည်။

ထို့နောက် ဘုရားရှင်သည် ဓမ္မဒိန္နာအား ကောင်းချီးပေးကာ ဝိသာခသဌေးကို “ဓမ္မဒိန္နာသည် များမြတ်သော ပညာရှိကြောင်း၊ ထိုအဓိပ္ပာယ်ကို ငါဘုရားအား သင်မေးလျှင်လည်း ငါဘုရားသည် ဓမ္မဒိန္နာ ဖြေဆိုသကဲ့သို့ပင် ဖြေဆိုမည်ဖြစ်ကြောင်း၊ ဓမ္မဒိန္နာ၏ အဖြေအတိုင်းပင် သင်မှတ်သားသင့်ကြောင်း” မိန့်ကြားတော်မူသည်။

ဤ စူဠဝေဒလ္လသုတ် ကိုပင် အကြောင်းပြု၍ ဓမ္မကထိက (တရားဟောကောင်းသူ) ဧတဒဂ် ရတော်မူသည်။

စာမျက်နှာ-222


၆။ ဈာန်ဝင်စားခြင်း၌ မွေ့လျော်သူတို့တွင် နန္ဒာသည် အမြတ်ဆုံး ဖြစ်သည်။

နန္ဒာထေရီအလောင်းသည် ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီသဌေးသမီး ဖြစ်၍ ဈာယီ ဧတဒဂ်ရ ထေရီမတစ်ပါးကို အားကျကာ ကောင်းမှုပြု ဆုတောင်းခဲ့သဖြင့် ဗျာဒိတ်ရခဲ့သည်။ နောက်ဆုံးဘဝ၌ မိထွေးတော်ဂေါတမီ၏ သမီး နန္ဒာမင်းသမီး ဖြစ်လာသည်။ ရုပ်အဆင်း အလွန်တင့်တယ်လှသဖြင့် အဘိရူပနန္ဒာ ဟုလည်းကောင်း၊ ဇနပဒကလျာဏီ ဟုလည်းကောင်း ခေါ်တွင်သည်။ နန္ဒမင်းသား၏ နှမတော်ဖြစ်၍ ကြင်ရာလောင်းလည်း ဖြစ်သည်။

ပတ်ဝန်းကျင်ကလည်း ဘဝကို ပြင်သည်

ဘုရားရှင် ကပိလဝတ်ပြည်သို့ ရောက်ရှိ၍ နန္ဒမင်းသားနှင့် ရာဟုလာတို့ကို ရှင်ရဟန်းပြုပေးကာ ပြန်လည်ကြွမြန်းပြီးနောက်၊ သုဒ္ဓေါဒနမင်းကြီး ပရိနိဗ္ဗာန်ဝင်စံသောအခါ “မိထွေးတော်ဂေါတမီနှင့် ယသောဓရာတို့သည် ဘုရားထံ၌ ရဟန်းမ ပြုကြကုန်ပြီ” ဟု ကြားရသဖြင့် “ရွှေနန်းတော်မှာ ငါဘာလုပ်နေတော့မှာလဲ” ဟု နန္ဒာမင်းသမီး ကြံစည်ကာ မယ်တော်ဂေါတမီထံသို့ သွားရောက်၍ ရဟန်းပြုသည်။

ဘိက္ခုနီ ဖြစ်လာသော်လည်း “ဘုရားရှင်သည် ရုပ်အဆင်းကို ကဲ့ရဲ့တော်မူသည်” ဟု အောက်မေ့ကာ ဘုရားရှင်ထံသို့ မဆည်းကပ်ဘဲ နေသည်။ ဩဝါဒခံယူရမည့်အလှည့်ကိုပင် ကိုယ်စားလှယ်လွှတ်၍ ခံယူစေသည်။ နန္ဒာထေရီ၏ အဆင်းမာန်ယစ်ပုံကို ဘုရားရှင် သိတော်မူသဖြင့် “ကိုယ်စားမလွှတ်ရ” ဟု မိန့်ကြားမှ သွားရောက်ရသည်။ ထိုသို့ သွားရောက်ရာတွင် ရူပနန္ဒာ၏ စရိုက်နှင့် လိုက်ဖက်အောင် ဘုရားရှင် ဖန်ဆင်းထားသော မိန်းမလှတစ်ဦးသည် ယပ်ဝန်းကို ကိုင်လျက် ကိုယ်တော်မြတ်ကို ယပ်ခတ်ပေးနေသည့် အသွင်ကို တွေ့မြင်ရသည်။

လှမာန်ပူးယစ် လှထူးမြင်မှ လှမာန်ကျ

ထိုအခါမှ “ငါ့ထက်လှသောသူသော်မှ ဘုရားရှင်၏ ထံပါး၌ ယဉ်ပါးစွာ ဝတ်ပြုနေသည်။ ငါကား ထိုအမျိုးသမီး၏ အဆင်းကို ၂၅၆-စိတ် စိတ်လျှင် တစ်စိတ်မျှပင် မမီပါတကား။ ငါသည် မိုက်မဲစွာဖြင့် ဤမျှကြာအောင် ဘုရားရှင်ထံ မလာမိခဲ့ပေ” ဟု ဆင်ခြင်မိသည်။ ထိုမိန်းမလှကို ကြည့်နေစဉ်မှာပင် ဘုရားရှင်သည် နန္ဒာထေရီအား ဓမ္မပဒ၌ “ယံ နဂရံ အဋ္ဌီနံ ကတံ” စသော ဂါထာကို ဟောကြားပြီး၊ ဆက်လက်၍ “စရံ ဝါ ယဒိ ဝါ တိဋ္ဌံ” စသော သုတ္တနိပါတ် ဝိဇယသုတ္တန် ကို ဟောတော်မူရာ၊ သုညတကမ္မဋ္ဌာန်း စီးဖြန်းသော နန္ဒာထေရီသည် ၂-ရက် ၃-ရက်အကြာတွင် အရဟတ္တဖိုလ်သို့ ရောက်ရှိသည်။ အရဟတ္တဖိုလ်ရပြီးချိန်မှစ၍ ထူးချွန်စွာ ဈာန်ဝင်စားသဖြင့် ဈာယီ ဧတဒဂ် ရတော်မူသည်။

စာမျက်နှာ-223


၇။ ဝိရိယပြင်းထန် ထက်သန်ကြသူတို့တွင် (ဗဟုပုတ္တိက) သောဏာသည် အမြတ်ဆုံး ဖြစ်သည်။

ထေရီအလောင်းသည် ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီသဌေးသမီး ဖြစ်၍ အာရဒ္ဓဝီရိယ ဧတဒဂ်ရ ထေရီတစ်ပါးကို အားကျကာ ကောင်းမှုပြု ဆုတောင်း ဗျာဒိတ်ရခဲ့သည်။ ငါတို့ဘုရားလက်ထက်၌ သာဝတ္ထိပြည် သဌေးသမီးဖြစ်လာပြီး လင်ယောက်ျားရကာ သားသမီး ၁၀-ယောက် ဖွားမြင်သည်။

မိခင်မေတ္တာ ပိုက်သူတွေက ဆင်းရဲရပုံ

လင်ယောက်ျား ရဟန်းပြုသွားသောအခါ သောဏာသဌေးကတော်သည် သားသမီးများကို အိမ်ထောင်ချထားပေးကာ ဥစ္စာပစ္စည်း အားလုံးကိုလည်း မကျန်အောင် ခွဲဝေပေးလိုက်သည်။ မိခင်ကြီးသောဏာအား သားသမီးများက ၂-ရက် ၃-ရက်မျှသာ ကြည်သာယုယကြပြီး၊ နောက်ပိုင်းတွင် လွှမ်းမိုးချုပ်ချယ်လာကြသည်။ ထိုအကြောင်းကို သိရှိပြီးနောက် ရဟန်းမ ပြုလေသည်။

သောဏာထေရီကို ဆရာဘိက္ခုနီများက အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ပေးရာ၊ ဒဏ်ထမ်းနေရသည်ကို မြင်သော သားသမီးများက မိခင်ထေရီကြီးအား “ဤအဖွားကြီးသည် သေခါနီးတိုင်အောင် ရဟန်းသိက္ခာကို မသိသေး” ဟု တွေ့ရာအရပ်၌ ပြောင်လှောင်ကြသည်။ သားသမီးများ၏ ပြောင်လှောင်စကားကို ကြားရသော မိခင်ထေရီကြီးသည် သံဝေဂကြီးစွာဖြင့် “ငါ့ဂတိ စင်ကြယ်အောင် ပြုသင့်ပြီ” ဟု ကြံကာ ကောဋ္ဌာသကမ္မဋ္ဌာန်းကို ဝတ်နိဗဒ်ပြုလျက် ညဉ့်သုံးယံပတ်လုံး စီးဖြန်းအားထုတ်သည်။

အဆိုးထဲမှ အကောင်းရ ယူကြနမူနာ

ပြာသာဒ်အောက်ထပ်၌ တိုင်ကို ကိုင်လျက် လက်မလွှတ်ဘဲ အားထုတ်၍ ပင်ပန်းလာလျှင် စင်္ကြံသွားသည်။ စင်္ကြံသွားလျှင်လည်း အမှောင်ထဲ၌ သစ်ပင်စသည်များနှင့် မတိုက်မိစေရန် သစ်ပင်တို့ကို ကိုင်ကာ လက်မလွှတ်ဘဲ လှည့်ပတ်သွားလာ အားထုတ်သဖြင့် ဝီရိယပြင်းထန်သူဟု ထင်ရှားလာသည်။

ဇေတဝန်ကျောင်းသို့ ဩဝါဒခံယူရန် လာကြသော တစ်နေ့၌ ဘိက္ခုနီများက အရှင်မသောဏာအား ရေနွေးတည်ခိုင်းသည်။ ရေနွေးမတည်မီ မီးတင်းကုပ်အနီး၌ စင်္ကြံလျှောက်ရင်း ကောဋ္ဌာသနှင့် ဝိပဿနာကမ္မဋ္ဌာန်းကို အားထုတ်နေစဉ်၊ ဂန္ဓကုဋီတိုက်တော်မှပင် ဘုရားရှင်က “ချစ်သမီး၊ လောကုတ္တရာ ၉-ပါး တရားကို မမြင်လျှင် နှစ်တစ်ရာ အသက်ရှင်ခြင်းထက်၊ တရားမြင်သူ၏ အသက်တစ်ရက်သည် ပို၍ မြတ်သည်” ဟူသော ဩဘာသဂါထာကို ဟောကြားရာ၊ ဂါထာအဆုံး၌ အရဟတ္တဖိုလ်သို့ တည်လေသည်။

စာမျက်နှာ-224


အဖွားသောဏာအား ကန်တော့တောင်းပန်ကြပုံ

အရှင်မသည် အကြောင်းမသိသူများက မစူးစမ်းဘဲ မထီမဲ့မြင် အပြစ်တင်စကား ပြောမိ၍ အကုသိုလ်ပွားမည်ကို စိုးရိမ်သဖြင့် “ထင်ရှားအောင် ပြုသင့်သည်” ဟု ကြံကာ၊ ရေနွေးအိုးကို ခုံလောက်ပေါ်၌ တင်ရုံသာ တင်ထားပြီး မီးမမွှေးဘဲ ထားလိုက်သည်။ ဘိက္ခုနီမများ ပြန်လာသောအခါ မီးမမြင်ရသဖြင့် အရှင်မသောဏာအား အပြစ်တင်ကြသည်။ ထိုအခါ အရှင်မကြီးက “ဘာလုပ်နေရမှာလဲ၊ ရေနွေးချိုးလိုသူများ အိုးထဲမှ ခပ်ယူ၍ ချိုးကြပါ” ဟု အံ့ဖွယ်စကား ပြောကြားသည်။ ဘိက္ခုနီများက “အဖွားကြီး၏ စကားသည် ဆန်းကြယ်လှသည်။ အကြောင်းထူး ဧကန်ရှိရမည်” ဟု ကြံကာ ရေနွေးသွားခပ်ကြရာ၊ ခပ်လေသမျှ ပြန်ပြည့်နေသည်ကို မြင်ရမှ ရဟန္တာဖြစ်ကြောင်း သိကြပြီး၊ ငယ်သူများက ကန်တော့ကြကာ ကြီးသူများကလည်း တောင်းပန်ကြလေသည်။

၈။ ဒိဗ္ဗစက္ခုအဘိညာဉ်ကို နိုင်နင်းသူတို့တွင် ဗကုလာ (သကုလာ) သည် အမြတ်ဆုံး ဖြစ်သည်။

အရှင်မအလောင်းသည် ပဒုမုတ္တရဘုရားလက်ထက်၌ ဟံသာဝတီ အာနန္ဒာမင်းကြီး၏ သမီးတော် ဖြစ်ခဲ့ပြီး၊ ပဒုမုတ္တရဘုရားရှင်၏ ဖခင်တူမိကွဲ နှမတော် နန္ဒာ ဖြစ်သည်။ ဒိဗ္ဗစက္ခု ဧတဒဂ်ရ ထေရီမတစ်ပါးကို အားကျကာ ကောင်းမှုပြု ဆုတောင်း ဗျာဒိတ်ရခဲ့သည်။

ဒိဗ္ဗစက္ခုရကြောင်း အလှူ

ကဿပဘုရားလက်ထက်တွင် ပုဏ္ဏားမျိုး၌ဖြစ်၍ ပရိဗိုဇ်မပြုကာ တစ်ကိုယ်တည်းနေပြီး (ကဿပဘုရား၏ ဓာတုစေတီတော်၌) ဆွမ်းခံ၍ရသောဆီဖြင့် စေတီတော်အား တစ်ညဉ့်လုံး ဆီမီးပူဇော်ခဲ့သည်။

ပရိဗိုဇ်မဘဝမှ စုတေသော် တာဝတိံသာ၌ စင်ကြယ်သော မျက်လုံးရှိသည့် နတ်သမီး ဖြစ်လာသည်။ ငါတို့ဘုရားလက်ထက်၌ သာဝတ္ထိပုဏ္ဏားမျိုး၌ ဗကုလာ (သကုလာ) ဖြစ်လာသည်။ (ဆဋ္ဌမူပါဠိ အဋ္ဌကထာ၌ ဗကုလာ ဟု ရှိသော်လည်း သီဟိုဠ်မူနှင့် ထေရီဂါထာအဋ္ဌကထာ၌ သကုလာ ဟု ရှိသည်။) ဇေတဝန်ကျောင်း ရေစက်ချပွဲ၌ သာသနာကို ကြည်ညိုသူဖြစ်လာပြီး၊ ရဟန္တာတစ်ပါး၏ တရားကို နာရသဖြင့် သံဝေဂဖြစ်ကာ ဘိက္ခုနီပြုသည်။ မကြာမီပင် အရဟတ္တဖိုလ်သို့ ရောက်ရှိကာ ဒိဗ္ဗစက္ခုအဘိညာဉ်ကို နိုင်နင်းသူ ဖြစ်လာသည်။

၉။ လျင်မြန်သော မဂ်ဖိုလ် အဘိညာဉ်ရှိသူတို့တွင် ဘဒ္ဒါကုဏ္ဍလကေသာသည် အမြတ်ဆုံး ဖြစ်သည်။

အရှင်မအလောင်းသည် ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီသဌေးသမီးဖြစ်၍ ခိပ္ပါဘိညာ (လျင်မြန်စွာ သိသူ) ဧတဒဂ်ရ ထေရီမတစ်ပါးကို အားကျကာ ကောင်းမှုပြု ဆုတောင်း ဗျာဒိတ်ရခဲ့သည်။

စာမျက်နှာ-225


ကဿပဘုရားလက်ထက် ဗာရာဏသီပြည် ကိကီမင်းကြီး၏ သမီးတော် ၇-ယောက်တွင် စတုတ္ထမြောက် ဘိက္ခဒါယိကာမင်းသမီး ဖြစ်၍ နှစ်ပေါင်း ၂-သောင်းပတ်လုံး ၁၀-ပါးသီလ ဆောက်တည်ကာ သံဃိကကျောင်းအမ ဖြစ်ခဲ့သည်။

ငါတို့ဘုရားလက်ထက်၌ ရာဇဂြိုဟ်ပြည် သဌေးသမီး ဘဒ္ဒါ ဖြစ်လာသည်။ သူမနှင့် ဖွားဖက်တော်ကား ရာဇဂြိုဟ် ပုရောဟိတ်၏ သားဖြစ်သည်။ ၎င်းသား ဖွားမြင်ချိန်၌ နန်းတော်အပါအဝင် တစ်မြို့လုံးရှိ လက်နက်များ အလျှံပြောင်ပြောင် အရောင်ထွက်သဖြင့် စိုးရိမ်စိတ်ဖြင့် အိပ်မပျော်ကြောင်း မင်းကြီးက ဆရာပုရောဟိတ်ကို မေးမြန်းသည်။

နက္ခတ်နှင့်ပတ်သက်၍ လက်နက်များ အရောင်ထွက်ပုံ

“စောရနက္ခတ်နှင့် ယှဉ်၍ ကျွန်ုပ်၏အိမ်၌ သားဖွားရကား တစ်မြို့လုံး၏ ရန်သူဖြစ်မည့် ရှေ့ပြေးနိမိတ်ကို ပြသကာ လက်နက်များ အရောင်တောက်ခြင်း ဖြစ်ပါသည်။ အရှင်မင်းကြီးအတွက် အန္တရာယ်မရှိပါ၊ သို့သော် အရှင်မင်းကြီး ဆန္ဒရှိလျှင် ကျွန်ုပ်၏သားကို ဖျောက်ဖျက်ပစ်ပါမည်” ဟု လျှောက်ထားရာ မင်းကြီးက “ငါတို့အဖို့ အန္တရာယ်မရှိလျှင် မလိုအပ်ပါ” ဟု မိန့်ကြားသည်။

ပုရောဟိတ်သည် ၎င်း၏သားကို “သူယူဆောင်လာသော နာမည်အတိုင်း သတ္တုက (ရန်သူကောင်)” ဟု အမည်ပေးသည်။ သဌေးသမီး ဘဒ္ဒါနှင့် သတ္တုကတို့သည် တရွေ့ရွေ့ ကြီးပြင်းလာရာ၊ ပြေးလွှားနိုင်ချိန်မှစ၍ သတ္တုကသည် ရောက်ရာအရပ်မှ တွေ့ရာပစ္စည်းများကို ခိုးယူလာသည်။ ဖခင်ပုရောဟိတ်က ဆုံးမသော်လည်း မရပေ။ တားမရသည်ကို သိသောဖခင်သည် အရွယ်ရောက်လာသော သားသတ္တုကအား အဝတ်ညို ၂-ထည်၊ ဖောက်ထွင်းကိရိယာ၊ ကြိုး၊ လှေကားများ ပေးပြီး အိမ်မှ နှင်ချလိုက်သည်။

အာဏာစက်ထက်မှ တိုင်းပြည်အလုပ် သွက်သည်

သတ္တုကခိုးသူသည် ယင်းကိရိယာများဖြင့် ဓနရှင်များ၏ အိမ်မှန်သမျှကို ဖောက်ထွင်းခိုးယူရာ၊ အခိုးမခံရသောအိမ် မရှိသလောက်ဖြစ်ပြီး အိမ်တိုင်း၌လည်း အပေါက်များချည်း ဖြစ်နေတော့သည်။ ယင်းအပေါက်များကို မြို့လှည့်သော ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်မင်းမြတ် မြင်တွေ့ရသဖြင့် ရထားထိန်းအား မေးရာ၊ သတ္တုကခိုးသူ၏ လက်ချက်ဖြစ်ကြောင်း လျှောက်တင်သဖြင့် မြို့တော်ဝန်အား ခေါ်ယူပြီး “ယနေ့ မိအောင် မဖမ်းနိုင်လျှင် အပြစ်ဒဏ်ပေးမည်” ဟု တင်းကြပ်စွာ တာဝန်ပေးအပ်သည်။

မြို့တော်ဝန်လည်း တစ်မြို့လုံး၌ သူလျှိုစုံထောက်များ ချ၍ ဖမ်းဆီးရာ၊ ဖောက်ထွင်းခိုးယူနေဆဲမှာပင် သတ္တုကကို မိလေသည်။ မင်းကြီးက (အဇာတသတ်မင်းဟု ဆရာမြတ်တို့ မိန့်သည်။)

စာမျက်နှာ-226


ခိုးသူကို တောင်တံခါးမှ ထုတ်၍ သတ်ရန် အမိန့်ချမှတ်ရာ၊ မြို့တော်ဝန်သည် လမ်းလေးခွဆုံတိုင်း၌ ကြိမ်ချက် တစ်ထောင်စီ ရိုက်နှက်ကာ၊ လက်ပြန်ကြိုးတုပ်လျက် တောင်တံခါးသို့ ဦးတည်ခေါ်ဆောင်သွားသည်။

သဌေးသမီး ဘဒ္ဒါသည် လမ်းမှ လူသံများကို ကြားသဖြင့် ပြတင်းတံခါးဖွင့်၍ ကြည့်ရာ၊ သတ္တုကလူဆိုးကို မြင်ရလျှင် ယခင်က ပေါင်းဖက်ခဲ့ဖူးသော အချစ်စိတ်၊ သောကစိတ်များ နှိပ်စက်သဖြင့် အိပ်ရာပေါ်၌ မှောက်လျက် ငိုနေတော့သည်။ အရိပ်တကြည့်ကြည့် နေကြသော မိဘဆွေမျိုးများက တစ်ဦးတည်းသော သမီး၏ ဖြစ်ပုံကို မြင်သဖြင့် မေးမြန်းရာ၊ “လမ်းမ၌ သတ်ရန် ခေါ်ဆောင်သွားသော ခိုးသားကို ရမှသာ သမီး အသက်ရှင်ပါမည်” ဟု တိုက်ရိုက်ဖွင့်ပြောလိုက်သည်။

သမီးအတွက် မိဘမေတ္တာအရာ

မိဘဆွေမျိုးများသည် ဘဒ္ဒါအား ထိုသူ၏ မကောင်းကျိုးများကို ပြောပြ၍ နားချသော်လည်း မရသဖြင့် “မသေလျှင် တော်ပြီ” ဟု ကြံကာ၊ မြို့တော်ဝန်ထံသို့ အသပြာတစ်ထောင် လက်ဆောင်ပေး၍ သတ္တုကခိုးသူကို လွှတ်ရန် စီမံရတော့သည်။

မြို့တော်ဝန်သည် လူဆိုးကို ဖမ်းဆီးထားသယောင် ဟန်ဆောင်ကာ အချိန်ဆွဲထားပြီး၊ နေဝင်မှ ထောင်တွင်းရှိ ထောင်သားတစ်ယောက်ကို သတ္တုက၏ နေရာ၌ ထားကာ တောင်တံခါးမှ ထုတ်၍ ကွပ်မျက်လိုက်သည်။ သတ္တုကကိုမူ သဌေးအိမ်သို့ ပို့စေသည်။ သဌေးကြီးသည် သမီး၏ ဆန္ဒပြည့်ဝစေရန် သတ္တုကကို နံ့သာရေ ချိုးစေကာ တန်ဆာဆင်စေပြီး သမီး၏ ပြာသာဒ်အပေါ်သို့ ပို့လိုက်သည်။ ဘဒ္ဒါသဌေးသမီးသည်လည်း “ငါ့ဆန္ဒ ပြည့်ဝပြီ” ဟု ဝမ်းမြောက်ကာ မိမိကိုယ်ကို အလှဆုံး ပြုပြင်ပြီး သတ္တုကအား ပြုစုယုယ ကျွေးမွေးသည်။

ခွေးမြီးကောက်အသွင် လူမိုက်ညာဉ်

သတ္တုကသည် ၂-ရက် ၃-ရက် ကြာသောအခါ “ဤသဌေးသမီး၏ လက်ဝတ်တန်ဆာ အားလုံးကို ငါပိုင်ရမည်၊ အပိုင်ယူသင့်သည်” ဟု ယုတ်မာစွာ ကြံစည်ပြီး၊ ဘဒ္ဒါကို “စကားတစ်ခွန်း ပြောစရာရှိသည်” ဟု ဆိုသည်။ ဘဒ္ဒါမှာ လာဘ်ရသကဲ့သို့ ဝမ်းသာအားရဖြင့် “ရဲရဲသာ ပြောပါမောင်” ဟု ပြောဆိုရာ၊ လူဆိုးက “ဘဒ္ဒါ၊ သင်ကတော့ ငါ့ကြောင့် ဤသတ္တုက အသက်ရှည်ရသည် ထင်ပေလိမ့်မည်။ အမှန်မှာမူ အဖမ်းခံရစဉ်ကပင် ငါသည် တောင်စောင့်နတ်မင်းအား 'အသက်ရှည်လျှင် ပူဇော်မည်' ဟု ဆုတောင်းခဲ့သည်။ ထိုတောင်စောင့်နတ်မင်းကြောင့်သာ ငါ အသက်ရှင်ရခြင်း ဖြစ်ရာ၊ ပူဇော်ပွဲကို လျင်မြန်စွာ သင် စီစဉ်ပါလော့” ဟု ပြောဆိုသည်။

စာမျက်နှာ-227


ဘဒ္ဒါသည် “ချစ်လင်၏ ဆန္ဒပြည့်ဝပါစေမည်” ဟု ရည်ရွယ်ကာ ပူဇော်ပွဲများ ပြင်ဆင်ပြီး၊ ဝတ်ကောင်းစားလှများ ဝတ်ဆင်ကာ ယာဉ်စီးလျက် သတ္တုကနှင့်အတူ စောရပပါတတောင်သို့ သွားသည်။ ထို့နောက် အဖော်များနှင့်အတူ တောင်ပေါ်သို့ တက်ရန် စီမံသည်။ သတ္တုကကား အဖော်များ ပါလာလျှင် သူ၏အကြံ ပျက်မည်စိုးသဖြင့် အဖော်များကို တောင်ခြေ၌သာ နေရစ်စေပြီး၊ ဘဒ္ဒါကိုသာ ပူဇော်ပွဲပစ္စည်းများ ရွက်စေလျက် တောင်ပေါ်သို့ တက်ခဲ့သည်။

ပါရမီရှင် ဘဒ္ဒါ၏ သတိသမ္ပဇဉ်

တောင်ပေါ်သို့ နှစ်ဦးတည်း တက်ရာတွင် သတ္တုက၏ မေတ္တာသံ မပါဘဲ ရုန့်ရင်းစွာ ပြောဆိုဆက်ဆံပုံကို ဘဒ္ဒါ ရိပ်မိသွားသည်။ တောင်ပေါ်သို့ ရောက်သောအခါ သတ္တုကက ဘဒ္ဒါကို “အပေါ်ရုံအဝတ်ကို ချွတ်၍ လက်ဝတ်တန်ဆာ အားလုံးကို ဤတဘက် (ပုဆိုး) ထဲ၌ ထုပ်လော့” ဟု ပြောသည်။ လိမ္မာသော ဘဒ္ဒါက “ကျွန်မ၏ အပြစ်ကို ပြောပါဦးမောင်” ဟု ချိုသာစွာ မေးသော်လည်း၊ လူဆိုးပီသသော သတ္တုကက “အမိုက်မ၊ နတ်ပူဇော်ရန် လာသည်ဟု သင်ထင်သလော။ ငါကား မပူဇော်ရုံမျှမက နတ်မင်း၏ အသည်းကိုပင် နှုတ်စားဝံ့သည်။ သင့်လက်ဝတ်ရတနာများကို ယူလို၍ ဤတောင်ထိပ်သို့ ငါ လာခဲ့ခြင်းဖြစ်သည်” ဟု ရိုင်းပျစွာ ပြောဆိုသည်။

လိမ္မာသော ဘဒ္ဒါက “မောင်၊ ဤလက်ဝတ်ရတနာများသည် မောင့်ပစ္စည်းများသာ ဖြစ်ပါသည်။ ကျွန်မသည်ပင်လျှင် မောင့်ပစ္စည်းပါ” ဟု ချိုသာစွာ ပြောဆိုရာ၊ “ဤစကားမျိုးကို ငါ နားမယောင်နိုင်၊ သင့်ဥစ္စာက တစ်ခြား၊ ငါ့ဥစ္စာက တစ်ခြား” ဟု ပြတ်သားစွာ ပြောသဖြင့်၊ “ကောင်းပါပြီအရှင်၊ အထူးတောင်းပန်ပါသည်၊ ကျွန်မ၏ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးပါ။ ယခု လက်ဝတ်တန်ဆာများဖြင့် အချစ်ဆုံးမောင့်ကို ရှေ့နောက်လှည့်၍ လည်ပင်းကို ဖက်ကာ နောက်ဆုံးအကြိမ် ယုယပါရစေ၊ ချစ်ပါရစေ” ဟု လိမ္မာစွာ ပြောပြန်သည်။

သတ္တုက ခွင့်ပြုလိုက်သဖြင့် ဘဒ္ဒါသည် အချိန်မဆိုင်းဘဲ ရှေ့မှ လည်ပင်းဖက်၍ ယုယပြီး၊ နောက်ဘက်မှ လည်ပင်းဖက်ယုယသည့် အသွင်ဖြင့် သတ္တုကကို တောင်ချောက်ကမ်းပါးအတွင်းသို့ အတင်းတွန်းချလိုက်ရာ၊ ခွေးကျပက်ကျကျပြီး မြေသို့မရောက်မီ ကောင်းကင်မှာပင် ကြေမွပျက်စီးသွားတော့သည်။

အမျိုးသမီးများအား တောင်စောင့်နတ် ချီးမွမ်းပုံ

ဘဒ္ဒါ၏ လျင်မြန်ဆန်းကြယ်သော အပြုအမူကို မြင်တွေ့ရသော တောင်စောင့်နတ်သည် ဘဒ္ဒါ၏ ပညာကျေးဇူးကို ချီးကျူးလိုသဖြင့် “နေရာအားလုံးမှာ ယောက်ျားများသာ ပညာရှိသည် မဟုတ်၊ မိန်းမများလည်း (၁) ထိုထိုသော ကိစ္စများ၌ ဆင်ခြင်နိုင်သူ ဖြစ်ပါမူ၊ (၂) လျင်မြန်စွာ နည်းကောင်းလမ်းမှန်ကို ကြံစည်နိုင်သူ ဖြစ်ပါမူ ပညာရှိပုဂ္ဂိုလ် ဖြစ်နိုင်သည်” ဟု ရွတ်ဆိုလိုက်သည်။

စာမျက်နှာ-228


ဘဒ္ဒါသည် ဤအသွင်ဖြင့် အိမ်သို့ပြန်လျှင် မဖြစ်နိုင်သည်ကို သိသဖြင့် ခြေဦးတည့်ရာသို့ သွားရာမှ တက္ကတွန်းတို့ရှိရာ အရပ်သို့ ရောက်သွားသည်။ “အညံ့စား ရဟန်း မဖြစ်လိုပါ၊ အရှင်တို့ သာသနာ၌ အမြတ်ဆုံးသော ရဟန်းအဖြစ်ကိုသာ ပြုပေးပါ” ဟု တောင်းပန်သဖြင့် တက္ကတွန်းဆရာများက ဘဒ္ဒါ၏ ဆံပင်ကို ထန်းစေ့ဖြင့် နှုတ်၍ ရဟန်းမ ပြုပေးသည်။ (ဓား၊ ကတ်ကြေးတို့ဖြင့် ဆံပင်ရိတ်၍ ရဟန်းပြုလျှင် အညံ့စားဟု ၎င်းတို့ ဝါဒ၌ သတ်မှတ်ကြသည်။)

ကုဏ္ဍလကေသာ အမည်ရပုံနှင့် ပညာရှာပုံ

ထန်းစေ့ဖြင့် နာကျင်စွာ နှုတ်ထားသော ဘဒ္ဒါ၏ ဦးခေါင်းမှ နောက်ပေါက်လာသော ဆံပင်များသည် အစုလိုက်ပင် နားတောင်းပမာ ရစ်ဝိုင်း၍ ပေါက်လာပြန်သည်။ ထို့ကြောင့် ဘဒ္ဒါအား ကုဏ္ဍလကေသာ (နားတောင်းပမာ အစုလိုက် ရစ်ဝိုင်းသော ဆံပင်ရှိသူ) ဟု ခေါ်တွင်လာသည်။

တက္ကတွန်းရဟန်းမ ကုဏ္ဍလကေသာသည် ဆရာများထံ၌ ပညာအားလုံးကို သင်ယူပြီးသောအခါ၊ ပါရမီရှင်ပီပီ ယင်းဆရာများ၏ ဝါဒ၌ တရားထူးမရှိကြောင်း သိမြင်သဖြင့် ထွက်ခွာခဲ့ပြီး၊ ပညာရှိများ ရှိလေရာသို့ သွားရောက်သင်ကြားသည်။ နေရာအားလုံးမှ ပညာများ တတ်မြောက်ပြီး ဖြစ်သောကြောင့် ကုဏ္ဍလကေသာနှင့် ဝါဒပြိုင်မည့်သူ မရှိသလောက် ဖြစ်သွားသည်။

ပြိုင်ဘက်ကင်းသူ ကုဏ္ဍလကေသာသည် ရောက်ရှိရာ နိဂုံး (ရွာ) တံခါးဝများ၌ သဲပုံပြုလုပ်ကာ သပြေခက်ကို စိုက်ပြီး “ငါနှင့် ဝါဒပြိုင်နိုင်သူသည် ဤသပြေခက်ကို နင်းချေဖျက်စေ” ဟု အနီးရှိ ရွာသားများကို ပြောကြားခဲ့သည်။ ၇ ရက်ကြာသည်အထိ ချေဖျက်သူ မရှိလျှင် ယင်းသပြေခက်ကို ယူ၍ အခြားအရပ်သို့ ထွက်ခွာသွားပြန်သည်။

ဘုရားရှင် ပွင့်ထွန်း၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် (အဝတ်တစ်ထည်သာ ဝတ်သော တက္ကတွန်းရဟန်းမ) ကုဏ္ဍလကေသာသည် သာဝတ္ထိပြည်သို့ ရောက်လာကာ၊ ပြုမြဲအတိုင်း သဲပုံ၌ သပြေခက်စိုက်၍ အနီးရှိ လူငယ်များကို မှာကြားပြီး မြို့တွင်းသို့ ဝင်ခဲ့သည်။

သားတော်ကြီးဖြစ်သော အရှင်သာရိပုတ္တရာ

အရှင်သာရိပုတ္တရာသည်လည်း သံဃာများ ဆွမ်းခံကြွချိန်၌ (ကျောင်းတိုက်အတွင်း လှည့်လည်ကာ အထားအသို အချိုးမကျသည်များကို သပ်ရပ်အောင် ပြုပြင်သိမ်းဆည်းခြင်း၊ သောက်ရေသုံးရေ ထည့်ခြင်း၊ မြက်၊ အမှိုက် ရှင်းလင်းခြင်း၊ ဂိလာနများအတွက် ဆေးဝါးနှင့် အဖော်ရှာပေးခြင်း စသော ဝတ်များကို ပြုပြီးနောက်) တစ်ပါးတည်း မြို့တွင်းသို့ ဝင်လာရာ၊ သဲပုံ၌ သပြေခက်ကို တွေ့သဖြင့် မေးမြန်းသိရှိပြီးလျှင် ကလေးများကို သပြေခက်အား နင်းချေဖျက်စေသည်။

စာမျက်နှာ-229


အချို့ကလေးများမှာ မဝံ့မရဲ ဖြစ်နေသော်လည်း၊ သတ္တိရှိသော ကလေးများကို အရှင်မြတ်က မိန့်ကြားသဖြင့် အားတက်ကာ နင်းချေဖျက်လိုက်ကြသည်။

မြို့တွင်း၌ ဆွမ်းစားပြီး၍ ထွက်လာသော ကုဏ္ဍလကေသာသည် သပြေခက် ဖြစ်ရပ်ကို မြင်ရသဖြင့် ကလေးများကို မေးမြန်းသိရှိကာ “ငါ၏ စွမ်းအင်ကို သိလျက် နင်းဖျက်ဝံ့သော အရှင်သည် ဧကန်မုချ ကြီးမြတ်သူ ဖြစ်ရမည်။ အဖော်မပါလျှင် မတင့်တယ်၊ အရှင်သာရိပုတ္တရာနှင့် ဝါဒပြိုင်မည့်အကြောင်း မြို့သူမြို့သားများကို အသိပေးသင့်သည်” ဟု ကြံကာ အစီအစဉ် ပြုလုပ်သည်။ အိမ်ခြေ ရှစ်သောင်းရှိသော သာဝတ္ထိပြည်သားများသည်လည်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် အားလုံး သိသွားကြသည်။

အရှင်မြတ်၏ တစ်ခုတည်းသော အမေးကို ကုဏ္ဍလကေသာ မဖြေနိုင်ပုံ

ဆွမ်းကိစ္စ ပြီးစီးသော အရှင်သာရိပုတ္တရာသည်လည်း သစ်ပင်ရင်း၌ ကုဏ္ဍလကေသာကို ကြိုစောင့်လျက် ထိုင်နေစဉ်၊ ပရိသတ် ခြံရံလာသော ကုဏ္ဍလကေသာသည် အရှင်မြတ်အား နှုတ်ခွန်းဆက်၍ သင့်တော်ရာ၌ ထိုင်ပြီး “သပြေခက်ကို အရှင်ဘုရား ချေဖျက်ပါသလော” ဟု လျှောက်သည်။ အရှင်မြတ်က ဝန်ခံသဖြင့် ဝါဒပြိုင်ရန်နှင့် လက်ဦးမေးမည့်သူကို လျှောက်ထားသည်။

အရှင်မြတ်က “အမေးပုစ္ဆာသည် ငါတို့ထံသို့ ရှေးဦးရောက်သော်လည်း သင်သည်ပင် ရှေးဦးစွာ မေးမြန်းပါလော့” ဟု ခွင့်ပြုရာ၊ ကုဏ္ဍလကေသာက မေးမြန်းသမျှ အားလုံးကို အရှင်မြတ်က ပြတ်သားစွာ ဖြေဆိုသည်။ “ငါတို့ကလည်း ပြဿနာတစ်ခု မေးမည်၊ 'ဧကံ နာမ ကိံ' - ပရိညာ ၃-ပါးဖြင့် ပိုင်းခြားသိရမည့် တရား တစ်မျိုးမှာ အဘယ်နည်း” ဟု မေးတော်မူရာ၊ မသိပါကြောင်း ပြန်လည် လျှောက်ထားသည်။

ပါရမီရှင် ဘဒ္ဒါ တစ်ဂါထာဖြင့် ကိလေသာစင်ပုံ

“ငါတို့ သာသနာ၌ သာမဏေငယ်များ လေ့လာရသည့် ဤသဘောကိုမျှ မသိလျှင် အခြားသော တရားများကို သင် အဘယ်မှာ သိနိုင်ပါမည်နည်း” ဟု အရှင်မြတ်က မိန့်ကြားသောအခါ၊ ပါရမီရှင် ကုဏ္ဍလကေသာသည် အရှင်မြတ်၏ ခြေရင်း၌ ဝပ်စင်းပြီး “အရှင်ဘုရားတို့ကို ကိုးကွယ်ရာဟူ၍ သိမှတ်ဆည်းကပ်ပါ၏” ဟု လျှောက်သည်။ အရှင်မြတ်က “ငါ့ကို ဆည်းကပ်ရန် မဟုတ်၊ ဇေတဝန်ကျောင်းရှိ ဘုရားရှင်ထံ ဆည်းကပ်လော့” ဟု မိန့်သဖြင့် ဘုရားရှင်ထံ သွားရောက်ရှိခိုးကာ သင့်တော်ရာ၌ တည်နေစဉ်၊ ဘုရားရှင်က ကုဏ္ဍလကေသာ၏ ဉာဏ်ရင့်ကျက်ချိန်ကို သိမြင်ပြီး “ဂါထာ တစ်ထောင်ပင် ဖြစ်စေကာမူ၊ အကျိုးစီးပွားနှင့် မယှဉ်စပ်လျှင် မမြတ်၊ ကြားနာရလျှင် အေးငြိမ်းကြောင်း ဖြစ်သည့် တစ်ပိုဒ်ကောင်း တရားသာလျှင် ချီးမွမ်းအပ်၍ မြတ်သည်” ဟု မိန့်တော်မူရာ၊ ဂါထာ၏အဆုံး၌ ပဋိသမ္ဘိဒါ ၄-ပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ရှိကာ ရဟန္တာ ဖြစ်သွားသည်။

စာမျက်နှာ-230


အရှင်မသည် ဘုရားရှင်ထံ၌ ရဟန်းမပြုခွင့် တောင်းခံပြီး၊ ဘိက္ခုနီကျောင်းသို့ သွားကာ ရဟန်းမ ပြုသည်။ ရဟန်း၊ ရဟန်းမ၊ ဥပါသကာ၊ ဥပါသိကာ ပရိသတ် ၄-ပါးအလယ်၌ ဘဒ္ဒါအမည်ရှိသော ကုဏ္ဍလကေသာသည် ၄-ပိုဒ် တစ်ဂါထာ၏အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်သည်ဟူသော ချီးမွမ်းစကားကို အကြောင်းပြု၍ ခိပ္ပါဘိညာ (လျင်မြန်စွာ သိသူ) ဧတဒဂ် ရတော်မူသည်။

၁၀။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သူတို့တွင် ဘဒ္ဒါကာပိလာနီသည် အမြတ်ဆုံး ဖြစ်သည်။

ထေရီမအလောင်းသည် ပဒုမုတ္တရဘုရားလက်ထက် ဝေဒေဟသဌေးကတော် ဖြစ်၍ ပုဗ္ဗေနိဝါသာနုဿတိ ဧတဒဂ်ရ ထေရီတစ်ပါးကို အားကျကာ ကောင်းမှုပြု ဆုတောင်း ဗျာဒိတ်ရခဲ့သည်။ ကမ္ဘာတစ်သိန်းပတ်လုံး လူ၊ နတ်ဘဝ၌ ကျင်လည်ပြီးနောက် ဗာရာဏသီ သူကြွယ်ဇနီး ဖြစ်လာသည်။ သူကြွယ်၏နှမနှင့် ခိုက်ရန်ဖြစ်စဉ်၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါး ကြွရောက်လာရာ၊ သူကြွယ်၏နှမက ဆွမ်းလှူပြီး သူမအား ထိခိုက်စေသော ဆုတောင်းမျိုးကို တောင်းခဲ့သည်။

ကုလား မနိုင်၍ ရခိုင်ပဲပုံ

ထိုဆုတောင်းကို မကျေနပ်သော သူကြွယ်ကတော်သည် အရှင်မြတ်၏ သပိတ်ကို ယူ၍ ဆွမ်းများကို စွန့်ပစ်ကာ ရွှံ့ညွန်အပြည့်ထည့်၍ လှူဒါန်းခဲ့သည်။ ထိုအခါ ရပ်ရွာရှိ မြင်သူများက ကဲ့ရဲ့ရှုတ်ချကြသဖြင့် သတိသံဝေဂရကာ၊ အရှက်ရသဖြင့် ရွှံ့များကို သွန်ပစ်၍ သပိတ်ကို ဆေးကြောသည်။ ထို့နောက် နံ့သာနှင့် ပွတ်တိုက်ကာ စတုမဓူ အပြည့်ထည့်၊ အပေါ်မှ ဖြူဝင်းသော ထောပတ်များ လောင်းလျက် အရောင်ထွက်အောင် ပြုပြီးလျှင် “ဤဆွမ်းပမာ တပည့်တော်မ၏ ကိုယ်သည်လည်း အရောင်တလက်လက် ထွက်ပါစေ” ဟု ဆုတောင်းကာ လှူဒါန်းသည်။

နောက်ဆုံးဘဝ၌ ရဟန်းပြုကြသောအခါ၊ လင်တော်မောင် ပိပ္ပလိလုလင်က လက်ယာလမ်းကို ယူ၍ ဗဟုပုတ္တက ပညောင်ပင်ရင်းရှိ (လာရောက်ကြိုဆိုတော်မူသော) ဘုရားရှင်ထံသို့ သွားသည်။ ဘဒ္ဒါကာပိလာနီ သဌေးကတော်က (ထိုစဉ်က မာတုဂါမများ ရဟန်းပြုခွင့် မရသေးသဖြင့်) လက်ဝဲလမ်းကို ယူ၍ ပရိဗိုဇ်အာရမ်သို့ သွားကာ ပရိဗိုဇ်မ ပြုသည်။ ၅-နှစ်ကြာမှ ဘိက္ခုနီသာသနာ ပေါ်ပေါက်လာသဖြင့် မိထွေးတော်ဂေါတမီထံ သွားရောက်၍ ဘိက္ခုနီပြုကာ၊ တရားပွားများသဖြင့် ရဟန္တာ ဖြစ်လာသည်။ ပုဗ္ဗေနိဝါသအဘိညာဉ်ကို နိုင်နင်းသဖြင့် ဧတဒဂ် ရတော်မူသည်။

(မိဘကပေးသော အမည်မှာ ဘဒ္ဒါ ဖြစ်သော်လည်း၊ အရှင်မဟာကဿပအလောင်း ပိပ္ပလိလုလင်နှင့် ထိမ်းမြားသဖြင့်၊ ယောက္ခမ ကပိလပုဏ္ဏား၏ အမည်ကို စွဲ၍ ကာပိလာနီ ဟု တွင်ခြင်း ဖြစ်သည်။)

၁၁။ မြတ်သော အဘိညာဉ်သို့ ရောက်သူတို့တွင် ဘဒ္ဒကစ္စနာသည် အမြတ်ဆုံး ဖြစ်သည်။

ထေရီမ (ယသောဓရာ) အလောင်းသည် ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီပြည် အမျိုးကောင်းသမီးဖြစ်၍ မဟာဘိညာပတ္တ (ကြီးမြတ်သော အဘိညာဉ်ရှိသူ) ထေရီမတစ်ပါးကို အားကျကာ ကောင်းမှုပြု ဆုတောင်း ဗျာဒိတ်ရခဲ့သည်။

စာမျက်နှာ-231


ငါတို့ဘုရားလက်ထက်တွင် ဘုရားအလောင်းတော်၏ ဦးရီးတော် သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ဘဒ္ဒကစ္စနာ ဖြစ်လာသည်။ ရွှေအဆင်းကဲ့သို့ ဝင်းပသော အသားအရေရှိသဖြင့် ဘဒ္ဒကဉ္စနာ ဟုလည်း ခေါ်တွင်သည်။ အရွယ်ရောက်သော် ဘုရားလောင်း သိဒ္ဓတ္ထမင်းသား၏ မိဖုရားခေါင်ကြီး ဖြစ်လာကာ သားတော်ရာဟုလာကို ဖွားမြင်သည်။ ထိုသားတော်ဖွားမြင်သောနေ့မှာပင် သိဒ္ဓတ္ထမင်းသား တောထွက်တော်မူခဲ့သည်။

ဂေါတမီ ဘိက္ခုနီပြုသောနှစ်

ဘုရားရှင် ၅-ဝါအရတွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ပရိနိဗ္ဗာန်စံလွန်သဖြင့် မိထွေးတော်ဂေါတမီ ဘိက္ခုနီပြုသောအခါ၊ ရာဟုလာမယ်တော် (ယသောဓရာ) သည်လည်း နောက်ပိုင်းတွင် ဘိက္ခုနီပြု၍ တရားပွားများရာ ရဟန္တာဖြစ်လာသည်။ အဘိညာဉ်၌ အလွန်လေ့လာနိုင်နင်းလှသဖြင့် တစ်ထိုင်တည်းသော အချိန်အတွင်း အာဝဇ္ဇန်း (ဆင်ခြင်ခြင်း) တစ်မျိုးတည်းဖြင့် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း ဖြစ်ခဲ့သမျှကို အောက်မေ့နိုင်သောကြောင့် ဤဧတဒဂ်ကို ရရှိခြင်းဖြစ်သည်။

အဂ္ဂသာဝက ၂ ဆူနှင့် အလားတူသော အဘိညာဉ် ပညာရှင် ၄-ဦး

ဘုရားတစ်ဆူတစ်ဆူတွင် ကြီးကျယ်သော အဘိညာဉ်ပညာရှင် ၄-ပါးသာ ရှိမြဲဖြစ်သည်။ အခြားသာဝကများသည် ကမ္ဘာတစ်သိန်းအထိသာ အောက်မေ့နိုင်သော်လည်း၊ (၁) အဂ္ဂသာဝက ၂-ဆူ (အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်)၊ (၂) အရှင်ဗာကုလ၊ (၃) ဘဒ္ဒကစ္စနာထေရီ (ယသောဓရာ) ဤ ၄-ပါးတို့မှာမူ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း ဖြစ်ပျက်ခဲ့သမျှကို အောက်မေ့နိုင်သည်။

၁၂။ ခေါင်းပါးသော သင်္ကန်းကို ဆောင်သူတို့တွင် ကိသာဂေါတမီသည် အမြတ်ဆုံး ဖြစ်သည်။

ထေရီမအလောင်းသည် ပဒုမုတ္တရဘုရားလက်ထက်၌ မထင်ရှားသော အမျိုးသမီးဖြစ်ပြီး လူခစီဝရဓရ (ခေါင်းပါးသောသင်္ကန်း ဆောင်သူ) ဧတဒဂ်ရ ထေရီမတစ်ပါးကို အားကျကာ ကောင်းမှုပြု ဆုတောင်း ဗျာဒိတ်ရခဲ့သည်။ ကဿပဘုရားလက်ထက် ဗာရာဏသီပြည် ကိကီမင်းကြီး၏ သမီးတော် ၇-ဖော်တွင် ပဉ္စမမြောက် ဓမ္မာ မင်းသမီးဖြစ်၍ နှစ်ပေါင်း ၂-သောင်းတိုင်အောင် ဗြဟ္မစရိယအကျင့်ကို ကျင့်ကြံခဲ့သည်။

ဂေါတမီ အမည်မှာ ကိသာ ထပ်ပါပုံ

နောက်ဆုံးဘဝ၌ သဌေးမျိုး၌ ဖြစ်သော်လည်း စီးပွားပျက်သဖြင့် ဆင်းရဲသူ ဂေါတမီ ဖြစ်လာသည်။ ကိုယ်ခန္ဓာ ကြုံလှီသေးငယ်လှသဖြင့် ကိသာဂေါတမီ ဟု ခေါ်တွင်သည်။ သာဝတ္ထိပြည် သဌေးတစ်ဦး၏ ကုဋေ ၄၀ သော ဥစ္စာများသည် ကုသိုလ်ကံကုန်၍ မီးသွေးများ ဖြစ်သွားရာ၊ သဌေးဖြစ်နေချိန်၌ ရောက်လာ...

စာမျက်နှာ-232


သော သူငယ်ချင်းတစ်ဦး၏ စီစဉ်ပေးချက်အရ မီးသွေးများကို ဆိုင်ခင်းထားကာ ကိုင်တွယ်နေသည်။ ရောက်လာကြသော လူများက “အဝတ်အထည်စသည်ကို မရောင်းဘဲ ဂုဏ်နှင့်မလိုက်အောင် မီးသွေးများကို သဌေးက ရောင်းရမည်လား” ဟု မေးသောအခါ၊ ဘုန်းကံရှိသူမဟုတ်သည့် ထိုသူများကို “ကိုယ့်ဥစ္စာကိုပင် ကိုယ်မရောင်းလျှင် ဘာလုပ်ရမည်နည်း” ဟု တိုတိုပင် ပြန်ပြောလိုက်သည်။

ဘုန်းကံရှင် အကောင်းကိုသာ မြင်ပုံ

တစ်နေ့သောအခါ ကိသာဂေါတမီ ရောက်လာပြီး “အဝတ်အထည်စသည်များ မရောင်းဘဲ ရွှေငွေများကို ရောင်းနေသလား ဖခင်” ဟု မေးသည်။ သဌေးက “ဘယ်မှာလဲ ရွှေငွေတွေ၊ ယူခဲ့စမ်းပါဦး” ဟု ပြောသဖြင့် ကိသာဂေါတမီက လက်ခုပ်အပြည့် ယူဆောင်လာရာ သဌေးလက်ထဲတွင် အားလုံး ရွှေငွေများ ဖြစ်နေတော့သည်။

ထိုအခါ သဌေးသည် ကိသာဂေါတမီကို စစ်ဆေးမေးမြန်းပြီး မိမိ၏သားနှင့် ပေးစားကာ ကုဋေ ၄၀ သော ဥစ္စာများကို အပ်နှင်းလိုက်သည်။ သို့သော်လည်း “သူဆင်းရဲသမီး” ဟု အိမ်သားများက နှိမ်ကြသဖြင့်၊ သားတစ်ယောက် ဖွားမြင်မှသာ အိမ်သားများ၏ မြတ်နိုးလေးစားမှုကို ခံရသည်။

ကိသာ၏ အားထားရာ ဘုရားမြတ်စွာ

ယင်းသားငယ် ကစားနိုင်သောအရွယ်တွင် ကွယ်လွန်သွားရာ၊ မိခင်ဖြစ်သူ ကိသာဂေါတမီမှာ တစ်ခါမျှ မကြုံဖူးသော သားသောက ပြင်းထန်စွာရပြီး သားအလောင်းကို ပိုက်ကာ “အသက်ရှည်ဆေး ပေးကြပါ” ဟု တစ်အိမ်တက်ဆင်း လိုက်လံတောင်းနေတော့သည်။ တရားချသော်လည်း မရပေ။ ပညာရှိတစ်ဦးက “ဇေတဝန်ကျောင်းတော် ဘုရားထံသို့ သွားပါ” ဟု အကြံပေးမှ ဘုရားထံသို့ သွားကာ သားအတွက် ဆေးတောင်းသည်။

ဘုရားရှင်က “ချစ်သမီး၊ ဆေးရဖို့ ဤနေရာသို့ လာခြင်းသည် ကောင်းလှသည်။ သာဝတ္ထိမြို့တွင်းသို့ဝင်၍ အစွန်အိမ်မှစပြီး တစ်အိမ်တက်ဆင်း လှည့်လည်ကာ လူမသေဖူးသောအိမ် မှ မုန်ညင်းစေ့ (သို့မဟုတ် မုန်ညင်းဆီ) အနည်းငယ် ယူခဲ့လေ” ဟု မိန့်တော်မူသည်။ (မုန်ညင်းစေ့ ယူခဲ့ရန်သာ မိန့်ခြင်းမှာ၊ မိမိတစ်ဦးတည်းသာ သားသေဒုက္ခ ကြုံရသည်မဟုတ်ဘဲ လူတိုင်း ကြုံတွေ့ရကြောင်း အမြင်မှန်ရစေရန် ဖြစ်သည်။)

ကိသာဂေါတမီသည် ဝမ်းသာအားရ မြို့ထဲသို့ဝင်၍ အစအိမ်၌ တောင်းရာ မုန်ညင်းစေ့ ပေးကြသည်။ သို့သော် “ဤအိမ်၌ လူသေဖူးသလား” ဟု မေးရာ၊ “သေသူမှာ မရေတွက်နိုင်အောင် များလှသည်” ဟု ဖြေသဖြင့် မယူတော့ဘဲ ဒုတိယအိမ်၊ တတိယအိမ်များသို့ ဆက်လက်တောင်းခံသော်လည်း မရရှိခဲ့ပေ။

စာမျက်နှာ-233


ဗုဒ္ဓ၏ အစီအစဉ်ဖြင့် သားသောက စင်ရသည်

တတိယအိမ်တောင်းအပြီးတွင် ကိသာ ဂေါတမီသည်“တမြို့လုံး ဤအတိုင်းဖြစ်မှာပဲ” စသည်ဖြင့် သံဝေဂရ မြို့မှပြန်ထွက်ကာ သုသာန်၌ “သားရေ၊ သားသာ ကွက်၍သေရ သည်ဟု ငါအမေအတွက်မှားခဲ့ပြီ၊ သေခြင်းကား ငါ့သားသာမဟုတ်၊ လူသားအားလုံး ၏ သေခြင်းပါ”ဟုဆိုကာ သားသေအလောင်းကို စွန့်ပစ်ပြီး “န ဂါမဓမ္မော၊ နော နိဂမဿ ဓမ္မော” စသော ဂါထာရွတ်ဆိုကာ ဘုရားထံ သွားတော့သည်။

ဘုရားရှင်က ကိသာဂေါတမီအား မုန်ညင်းဆီရ မရ မေးတော်မူရာ “မုန်ညှင်းဆီကိစ္စ ပြီးပါပြီ၊ တပည့်တော်အား ထောက်တည်ရာ ပေးတော်မူပါ”ဟု လျှောက်သဖြင့် ဓမ္မပဒ၌– ချစ်သမီး၊ သမီးသားနှင့် စီးပွားဥစ္စာယစ်မူးကာဖြင့် မခွာနိုင်သူ စိတ်ရှိလူကို (အိပ်ပျော်နေတုန်း တရွာလုံးကို ရေလုံးကျကာ တိုက်ယူသွားသကဲ့သို့) သနားမှုကင်း သေခြင်းတရား ယူဆောင်၍ သွား သည်”ဟု ဘုရားရှင်ဟောတော်မူရာ ကိသာဂေါတမီ သောတာပန်တည်ပြီး ရှင်ရဟန်းပြုခွင့်တောင်းကာ ဘိက္ခုနီမကျောင်းသွားသည်။

လူခဂုဏ်အင်္ဂါ ၃-ဖြာ

ကိသာ ဂေါတမီ ဘိက္ခုနီသည် ဥပုသ်အိမ်၌ အလှည့်တာဝန်အရ ဆီမီး ထွန်းညှိယင်း မီးလျှံဖြစ်ပျက်မှစ၍ ဆက်လက်ပွားများရာ ဘုရားရှင်သည် ဂန္ဓကုဋီ တိုက်တော်ကပင် ရောင်ခြည်တော်လွှတ်လျက် ထေရီမရှေ့မှောက် ထိုင်ဟောသကဲ့သို့ “ချစ်သမီး၊ သင် စဉ်းစားတိုင်းမှန်သည်၊ မီးလျှံများကဲ့သို့ သတ္တဝါများ ဖြစ်ပျက်ကြသည်၊ နိဗ္ဗာန်ရောက်သူ များသာ မထင်ပဲရှိသည်၊ နိဗ္ဗာန် မဂ်ဉာဏ်ဖြင့် မမြင်ပဲ အသက် ၁၀၀-ရှည်ခြင်း ထက် တခဏမြင်လျက် အသက်ရှင်နေရခြင်းက မြတ်သည်”ဟု ဂါထာနှင့်တကွ ဟော ပြီးအဆုံး၌ ရဟန္တာဖြစ်သည်၊ အဝတ်အမျိုးအစား၊ သင်္ကန်းချုပ်သောချည်၊ ဆိုးရေ၊ ၃-ပါးလုံး ခေါင်းပါးညံ့ဖျင်းသော သင်္ကန်းကိုဝတ်ရုံ၍ လူခစီဝရ ဧတဒဂ် ရသည်။

၁၃။ သဒ္ဓါတရားအားကြီးသူတို့တွင် သိင်္ဂါလကမာတာသည် အမြတ်ဆုံး။

ထေရီမအလောင်းကား ပဒုမုတ္တရဘုရားလက်ထက် အမတ်သမီးဖြစ်၍ ဖခင်အမတ် ကြီးနှင့်အတူ ကျောင်းတော်လိုက်သွား တရားနာရာ သဒ္ဓါဖြစ်ပြီး ဘိက္ခုနီပြုသည်။ သီလဖြူစင် တရားအလွန်နာသည်၊ ဘုရားဖူးခြင်း၌ ဆန္ဒပြင်းသည်၊ ထေရီမတပါး ကို “သဒ္ဓါဓိမုတ္တ=သဒ္ဓါတရားအားကြီးသော အရာ”ဧတဒဂ်ပေးသည်ကို အားကျ၊ သိက္ခာ ၃-ပါး တိုးတက်ကြိုးစား၍ ဆုတောင်း၊ ဗျာဒိတ်ရသည်။

စာမျက်နှာ-234


သိင်္ဂါလောဝါဒသုတ္တန် (၂)ကုဋေအသိမှန်

ငါတို့ဘုရားလက်ထက် ရာဇဂြိုဟ်သဌေးသမီးဖြစ်၍ အရွယ်ရောက်သော် သဌေးသား တဦး အိမ်ပါပြီး သိင်္ဂါလက သတို့သားကို ဖွားမြင်သည်၊ သားကို အကြောင်းပြု၍ သိင်္ဂါလမာတာတွင်သည်။ သိင်္ဂါလက သတို့သားကား အယူမှားကာ အရပ်မျက်နှာ တို့ကိုသာ ရှိခိုးနေသည်။

ရာဇဂြိုဟ်မြို့တွင်း ဘုရားရှင် ဆွမ်းခံဝင်ကြသောတနေ့ အရပ်မျက်နှာများကို ရှိခိုးနေ သော သိင်္ဂါလက သတို့သားကိုတွေ့၍ ဘုရားရှင်ဆုံးမတရားဟောကြားရာ ယောက်ျား မိန်းမ ၂-ကုဋေ သစ္စာသိမြင် ကျွတ်တမ်းဝင်ကြသည်၊ သိင်္ဂါလက မာတာ သဌေးမ ကလေးလည်း ယင်းတရားပွဲ၌ပင် သောတာပန်ဖြစ် ဘိက္ခုနီပြုသည်။

ဆုတောင်းအတိုင်း သဒ္ဓါလွန်ကဲသော သိင်္ဂါလက မာတာထေရီမသည် တရားနာ သွားလျှင် ဘုရားရှင်၏ ရူပကာယ အသရေတော်ကိုသာ ဖူးမြော်နေရကား ဘုရားရှင်က လည်း ထေရီမနှင့် လျောက်ပတ်သည့် သဒ္ဓါဖြစ်စေနိုင်သောတရားကိုသာ ဦးစားပေး ဟောတော်မူသည်၊ သဒ္ဓါကိုပင် အဦးပြုအားထုတ်ရာ ရဟန္တာဖြစ်ပြီး ယင်း ဧတဒဂ် ရသည်။

၁၄-ဧတဒဂ္ဂဝဂ် ၆။ ဆဋ္ဌဝဂ်

၁။ ရဟန်းတို့၊ ရှေးဦးစွာ ကိုးကွယ်ဆည်းကပ်ခြင်း သရဏဂုံသို့ရောက်သူ ဥပါသ ကာတို့တွင် တဖုဿနှင့် ဘလ္လိကကုန်သည်တို့သည် အမြတ်ဆုံးဖြစ်သည်။

ဤဥပါသကာအလောင်းညီနောင်တို့ကား ပဒုမုတ္တရ ဘုရားလက်ထက် ဟံသာဝတီ ပြည် အမျိုးကောင်းသားများဖြစ်၍ ပဌမသရဏဂမနဧတဒဂ်ရ ဥပါသကာ ၂-ယောက် ကိုအားကျ၊ ကောင်းမှုပြု၊ ဆုတောင်းခဲ့သည်။ ဤဘဒ္ဒကမ္ဘာမှ အထက် ၃၁-ကမ္ဘာထက် ဘုရားမပွင့်သောခေတ်တွင် အရှင်သုမန ပစ္စေကဗုဒ္ဓါအား သစ်သီး ကြီးငယ်များ လှူခဲ့သည်။

ဆွမ်းဦးပုညရှင် ဆုတောင်းယှဉ်

သိခီဘုရားလက်ထက် အရုဏဝတီပြည် ပုဏ္ဏားသားဖြစ်သည်၊ သိခီဘုရားရှင်ပွင့်၍ ၇-သတ္တာဟအပြီး ၈-သတ္တာဟ၌ ဥဇိတ၊ ဩဇိတလှည်းကုန်သည်ညီနောင်တို့ ဆွမ်းဦး လှူသည်ကို အားကျပြီး သူငယ်ချင်း (တဖုဿအလောင်း)နှင့် အတူ သိခီဘုရားရှင်အား ပင့်၊ ကောင်းမှုပြု၊ ပွင့်လတ္တံ့သောဘုရားရှင်အား ဆွမ်းဦးရှင်ဖြစ်လိုပါကြောင်း ဆုတောင်း ခဲ့သည်။

စာမျက်နှာ-235


ယင်းသူငယ်ချင်း ၂-ယောက်သည် ကဿပဘုရားလက်ထက် ဂေါပါလ(နွားသဌေး) ၏သား ညီနောင်ဖြစ်၍ နှစ်ပေါင်းများစွာ သံဃာအား နွားနို့ဆွမ်း လှူဒါန်းခဲ့သည်။ ငါတို့ဘုရားလက်ထက် အသိတဉ္စန (ပေါက္ခရဝတီ-ထေရဂါထာအဋ္ဌကထာ)မြို့ဝယ် လှည်းကုန်သည် သူကြွယ်သား နောင်တော် တဖုဿ၊ ညီ ဘလ္လိကတို့ ဖြစ်လာကြသည်၊ အရွယ်ရောက်သော် အိမ်ထောင်ပြုကြ လှည်းကုန်သည်များ ဖြစ်လာကြသည်။

မိခင်စစေတနာ ဘဝပြောင်းသော်လည်း မဟောင်းပါ

ငါတို့ ဘုရားရှင် ဘုရားဖြစ်၍ ၇-သတ္တာဟ မဟာဗောဓိမဏ္ဍိုင်၌ စံပြီး ၈-သတ္တာဟ ရာဇာယတန=လင်းလွန်းပင်ရင်း၌ ထိုင်တော်မူစဉ် ထိုအရပ်သို့ လှည်း ၅၀၀-ဖြင့် တဖုဿ၊ ဘလ္လိက ကုန်သည် ညီနောင်တို့ ရောက်လာကြသည်။ ထိုညီနောင်၏ အခြားမဲ့ အတိတ်ဘဝက မိခင်ရင်းဖြစ်ခဲ့သော နတ်သမီးသည် “ယခုအခါ ဘုရားရှင်အဖို့ အာဟာရ ရမှတော်မည်၊ ဤမျှ နောက်၌ အာဟာရမရှိပဲ မနေနိုင် (သုဇာတာ၏ နို့ဃနာဆွမ်း ၄၉-လုတ်ကား ၄၉-ရက်ရှိပြီ။) ငါ့သား ၂-ယောက်လည်း ရောက်လာခိုက် ဆွမ်းလှူစေ ရမည်”ကြံစည်ကာ လှည်း ၅၀၀ အသွားရပ်အောင် တန်ခိုးဖြင့် ဖြတ်လိုက်သည်။

ကုန်သည်ညီနောင်ကို နွားများရပ်သွားကြောင်း ကြည့်ရှုဆင်ခြင်ကြစဉ် ဘုမ္မစိုးနတ် က ယောက်ျားတယောက်၌ ဝှက်ပြီး “သင်တို့မှာ ငါမှတပါး ဘီလူး ဘုတ် ပြိတ္တာ နတ် နဂါး ပူးဝင်လှည့်ပတ်မှုမရှိ၊ ငါကား လွန်ခဲ့သောဘဝက သင်တို့၏ မိခင်ရင်းနတ် ဖြစ်သည်၊ လင်းလွန်းပင်ရင်း၌ ကိန်းဝပ်တော်မူသော ဘုရားရှင်အား သင်တို့ဆွမ်းဦးလှူကြ”ဟု တိုက်တွန်းလိုက်သည်။

ထုံးဟောင်းစဉ်လာ မြတ်ဘုရားပင် မပြင်ပါ

ကုန်သည်ညီနောင်တို့ ပင်ပန်းစွာ ပြင်ဆင် အချိန်ကုန်ခံ ဆွမ်းအသစ်မစီမံတော့ပဲ ပါလာ သော ကြွက်ကျစ်မုန့် ပျားဆုပ်မုန့် တို့ကို ရွှေလင်ဗန်း၌ ထည့်ပြီး ဘုရားထံသွား အလှူခံဖို့ လျှောက်ထားသည်၊ ဘုရားရှင်သည် ရှေးဘုရားရှင်တို့၏ အစဉ်အလာကို ဆင်ခြင်တော် မူစဉ် စတုမဟာရာဇ်နတ်မင်းကြီး ၄-ဦးသည် ပဲနောက်အဆင်း ကျောက်သပိတ် ၄-လုံး ဆက်ကပ်လာကြသည်၊ နတ်မင်းကြီးများ အကျိုးငှာ သပိတ် ၄-လုံးကို တလုံးတည်း ဖြစ်အောင် အဓိဋ္ဌာန်လိုက်၏၊ အနား ၄-ရစ်ရှိ သပိတ်တလုံးတည်းဖြစ်လာသည်၊ ထိုသပိတ် ဖြင့် အလှူခံဘုဉ်းပေးသည်၊ ကုန်သည်များက သောက်သုံးရေများ ဆက်ကပ်ကြ၏၊ ဆွမ်း ကိစ္စပြီးလျှင် ရှိခိုးနေသော ကုန်သည်များအား ဘုရားရှင်က တရားဟောကြားတော် မူရာ ကုန်သည် ၂ ဦးလုံး ဒွေဝါစိကသရဏဂုံ တည်ကြသည်။

စာမျက်နှာ-236


လူ့ပြည်၌ စေတီတော်အစနှင့် တဖုဿတို့ တရားထူး

ကုန်သည်များက ဘုရားရှင်အား နေ့စဉ်ပြုစုပူဇော်ရန် ဝတ္ထု တောင်းခံရာ ဘုရားရှင် သည် လက်ယာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်၍ ဆံတော်မြတ် ၈-ဆူ ပေး သနားတော် မူသည်။ ဆံတော် ဓာတ်တို့ကို ရွှေကြုတ်၌ ထည့်၍ ပင့်ဆောင်ကြပြီး အသိတဉ္စနမြို့တံခါး၌ သက်တော်ရှင် ဆံတော်ဓာတ် ၈-ဆူတို့ကို စေတီတည်ထားကိုး ကွယ်ကြသည်။ စေတီတော်မှ ဥပုသ်နေ့တိုင်း နီလ ရောင်ခြည်တော် ကွန့်မြူးကြသည်။ ဇေတဝန်ကျောင်းတော်၌ နောက်တချိန် ဥပါသကာတို့ကို အစဉ်အတိုင်း ဧတဒဂ် ရာထူး ဘုရားရှင် ပေးတော်မူရာ ဤညီနောင် ၂-ဦး ပထမ သရဏဂမန ဧတဒဂ် ရကြသည်။

ဘုရားရှင်သည် ဗာရာဏသီ မိဂဒါဝုန်၌ ဓမ္မစကြာဟောပြီး၍ ရာဇဂြိုဟ်၌ သီတင်း သုံးစဉ် ကုန်ရောင်းယင်း ဘုရားထံလာကြသော ညီနောင်တို့အား တရားဟောရာ တဖုဿ သည် သောတာပန် ဥပါသကာဖြစ်၍ ညီ ဘလ္လိက ကား ရဟန်းပြု ဆဠဘိည ရဟန္တာ ဖြစ်သည်။

၂။ လှူဒါန်းခြင်း၌ မွေ့လျော်သူတို့တွင် အနာထပိဏ်သူကြွယ်သည် အမြတ်ဆုံး။

သူကြွယ်အလောင်းကား ပဒုမုတ္တရ ဘုရားလက်ထက် ဟံသာဝတီပြည် အမျိုးကောင်း သားဖြစ်၍ ဒါယက ဧတဒဂ်ရ ဥပါသကာတဦးကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်း သည်၊ ငါတို့ဘုရားလက်ထက် သာဝတ္ထိပြည် သုမန သဌေးသား သုဒတ္တဖြစ်လာသည်။ အိမ်ထောင်ဦးစီးဖြစ်လာသောအခါ အားထားရာမဲ့သူတို့အား အစာထမင်း ပေး ကမ်းခြင်း၌ မွေ့လျော်သူဖြစ်၍ အနာထပိဏ် (သူကြွယ်) သဌေးတွင်သည်၊ လှည်း ၅၀၀- ဖြင့် သူငယ်ချင်းရှိရာ ရာဇဂြိုဟ်ကုန်ရောင်းသွားသောအခါ ဘုရားပွင့်နေကြောင်းသိ၍ မိုးလင်းခါနီး နတ်များဖွင့်ပေးသော မြို့တံခါးမှထွက် ဘုရားထံချဉ်းကပ် တရား နာရ သဖြင့် အနာထပိဏ်သဌေး သောတာပန်တည်သည်။

အနာထပိဏ်၏ တရားကြိုပွဲ ၄-သန်းခွဲ

နောက်တနေ့ ဘုရားအမှူးရှိသော သံဃာများအား အလှူကြီးပေးပြီး သာဝတ္ထိသို့ကြွ ရန် ဘုရားရှင်၏ဝန်ခံချက်ကိုယူကာ ပြန်လာသည်၊ ၄၅-ယူဇနာလမ်းခရီးဝယ် တယူ ဇနာလျှင် တသိန်းစီတန်သော စံကျောင်းများ ဆောက်လုပ်ရန် မိတ်ဆွေများထံ ငွေ အပ်နှံခဲ့၍ သာဝတ္ထိရောက်လျှင် ဇေတမင်းသား၏ဥယျာဉ်မြေကို ရွှေဒင်္ဂါး အစွန်းချင်း ထိအောင်ခင်း၍ ၁၈-ကုဋေဖြင့်ဝယ်၊ ၁၈-ကုဋေတန် ကျောင်းတိုက်ဆောက်၊ ၁၈ ကုဋေ အကုန်ခံ၍ ရေစက်ချပွဲ နေ့ရောညပါ အလိုရှိရာပေးလှူလျက် ကျင်းပသည်၊

စာမျက်နှာ-237


ရေစက်ချပွဲ ကာလကို ၉-လ၊ ၅-လ၊ ၃-လ ဟုအမျိုးမျိုးဆိုကြရာ ၃-လဟူသောကာလ ကို အားလုံး လက်ခံကြသည်။

အနာထပိဏ်၏ အမြဲကောင်းမှုများ

မဲကျသော ရဟန်း ၅၀၀-တို့အား နေ့စဉ် စာရေးတန်ဆွမ်း ၅၀၀၊ လဆန်းတကြိမ် လဆုတ်တကြိမ်၊ သံဃာ ၅၀၀-အား အထူးလှူသော ပက္ခိကဆွမ်း ၅၀၀၊ မဲကျသော ရဟန်း ၅၀၀-တို့အား နေ့စဉ် စာရေးတန် ယာဂု ၅၀၀၊ လဆန်းတကြိမ်၊ လဆုတ် တကြိမ် သံဃာ ၅၀၀-အား အထူးလှူသော ပက္ခိကယာဂုဆွမ်း ၅၀၀၊ သံဃာ ၅၀၀-အား ပုဂ္ဂလိက နိစ္စဘတ်ဆွမ်း ၅၀၀၊ ဆွမ်းခံလမ်းမသိသော အာဂန္တုက ရဟန်း ၅၀၀၊ မကျန်းမာသော ရဟန်း ၅၀၀၊ သူနာပြုရဟန်း ၅၀၀-တို့အား အမြဲလှူသော နိစ္စဘတ် ဆွမ်းများဖြစ်သည်၊ သဌေးအိမ်၌ သံဃာများအတွက် နေရာ ၅၀၀-အမြဲခင်းထားသည်။ ဤသို့လျှင် ဒါန၌ မွေ့လျော်၍ ဒါယက ဧတဒဂ်ရာထူး ချီးမြှင့်ခံရသည်။

အနာထပိဏ်သဌေးကား ဘုရားထံ တနေ့ ၂-ကြိမ် ၃-ကြိမ်၊ အနည်းဆုံး တကြိမ် အမြဲရောက်သည်၊ ယခုအခါ သေရာညောင်စောင်း လျောင်းနေပြီ ဖြစ်ရကား ကိုယ် တိုင်မသွားနိုင်သဖြင့် ယောက်ျား တယောက်ကို စေလွှတ်ပြီး သူ့စကားဖြင့် မမာနေ ကြောင်း၊ ခြေတော်ကို ဦးတိုက်ပါကြောင်း ဘုရားထံသွားလျှောက်စေသည်၊ အရှင်သာရိ ပုတ္တရာထံသို့ကား သွားလျှောက်စေရုံမျှမက အိမ်ကြွရန်ပင် အပင့်ခိုင်းလိုက်သည်၊ အရှင် သာရိပုတ္တရာသည် အရှင်အာနန္ဒာနှင့်အတူ သဌေးအိမ်ကြွလာပြီး ဝေဒနာ ခံနိုင်စွမ်းရှိ- မရှိ၊ ရောဂါတိုး-မတိုး မေးတော်မူရာ ခံနိုင်စွမ်းမရှိ၊ ရောဂါတိုးပါကြောင်း သဌေးက လျှောက်ထားသည်။

အနာထပိဏ္ဍိကောဝါဒသုတ္တန်

အရှင်သာရိပုတ္တရာသည် သေမှရပ်မည့် ရောဂါမှန်း သိသဖြင့် အခြားစကား မမိန့် တော့ပဲ အနာထပိဏ္ဍိကောဝါဒသုတ္တန်ကိုသာ ဟောတော်မူသည်။

သုတ္တန်၏ ဆိုလိုရင်းမှာ မျက်စိကို တဏှာ မာန ဒိဋ္ဌိ အစွဲလွှတ်အောင် အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုကြည့်ရမည်၊ မျက်စိကို အနိစ္စဟု ရှုသဖြင့် မာနစွဲပျောက်၍ ဒုက္ခဟု ရှုလျှင် တဏှာစွဲပျောက်သည်၊ အနတ္တဟုရှုလျှင် ငါ့လိပ်ပြာဟူသော ဒိဋ္ဌိစွဲပျောက်သည်၊ ဤသို့ရှုသဖြင့် အစွဲကြမ်း ၃-မျိုး ပျောက်နိုင်သည်။

သိမ်မွေ့သော နိကန္တိတဏှာ ရှိနေသေးရာ ယင်းပါပျောက်လေအောင် ငါ၏စိတ် သည်လည်း မျက်စိ၌ သိမ်မွေ့သော နိကန္တိတဏှာဖြင့် မမှီတွယ်အောင် ကျင့်ရမည်ဟု ဟောတော်မူသည်။

စာမျက်နှာ-238


မျက်စိအတူ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် အတွင်းအာယတန ၆-ပါး၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ သဘော ဟူသော ဗာဟိရာယတန ၆-ပါး၊ စက္ခုဝိညာဏ်(မြင်သိ) စသော ၆-ပါး၊ စက္ခုသမ္ဖဿ (မျက်စိအတွေ့) စသော ၆-ပါး၊ ဝေဒနာခံစားမှု ၆-ပါး၊ မဟာဘုတ် ၄-ပါး၊ အာကာသ၊ ဝိညာဏ ဓာတ် ၆-ပါး၊ ခန္ဓာ ၅-ပါး၊ အရူပဈာန် ၄-ပါး၊ မျက်မှောက်လောက တမလွန်လောကနှင့်တကွ အလုံးစုံ သော တရားတို့ကိုလည်း အစွဲ ၃-ပါးနှင့် နိကန္တိပျောက်အောင် ကျင့်ရမည်ဟု ဟောတော်မူသည်။

တရားအပြီးတွင် သဌေးကြီး ငိုကြွေးသည်

တရားဟောအပြီး သဌေးကြီး သည်းစွာငိုသဖြင့် အရှင်အာနန္ဒာက သဌေး ကြီးအား စည်းစိမ်များ၌ကပ်၍ ကုသိုလ်တို့၌ ဆုတ်နစ်သလောဟု မေးရာ ထိုသို့မဟုတ် ပါကြောင်း၊ ရှေးကပင် ဘုရားရှင်နှင့် သံဃာတော်များကို တပည့်တော် ဆည်းကပ်ခဲ့ သော်လည်း ဤတရားမျိုး မနာဖူးရပါကြောင်း လျှောက်သည်။

အရှင်အာနန္ဒာက လူများအဖို့ ဤတရားမျိုးမထင်နိုင်၊ ရဟန်းတော်များသာ ထင်နိုင်၍ နှစ်သက်နိုင်ကြောင်းမိန့်ရာ သဌေးကြီးက “တပည့်တော် တောင်းပန်ပါရ စေ၊ လူများအဖို့လည်း ဤတရားမျိုး ထင်ပါစေ၊ ပညာမျက်စိ၌ ကိလေသာမြူပါး သူများရှိပါသည်၊ ထိုသူများအဖို့ တရားမနာရလျှင် လောကုတ္တရာတရားမှ ဆုံးရှုံးပါလိမ့် မည်၊ အရှင်ဘုရားများဟောလျှင် အရဟတ္တဖိုလ် နောက်ပေါက်မည့်သူများ ဖြစ်လာပါ လိမ့်မည်”ဟု ပြန်လျှောက်သည်။

မှတ်ချက်။ ။ သဌေးကြီးကား ဒါနပျော်သူဖြစ်သဖြင့် ဘုရားရှင်က ဒါနသည် ဘုရား လောင်းတို့၏ သွားရာလမ်းကြောင်း၊ သင်သည် ငါဘုရားလမ်းကြောင်း ကို လိုက်သည် စသည်ဖြင့် ဒါနနှင့်စပ်၍သာ ဟောကြားသည်၊ အရှင် သာရိပုတ္တရာ စသည်တို့ကလည်း အလားတူပင်ဟောသည်၊ သို့သော် မဂ်ဖိုလ်ရကြောင်းကို လုံးဝ မဟောမဟုတ်ပါ၊ ဤအနာထပိဏ္ဍိကော ဝါဒ သုတ္တန်ကိုသာ အကျယ်တဝင့် မဟောဖူး၍ မနာဖူးခြင်းဖြစ်သည် ဟု မှတ်အပ်သည်။

အနာထပိဏ် တုသိတာရောက်ခြင်း

အရှင်မြတ် ၂-ပါး ဟောကြားပြီး ပြန်ကြွ၍ မကြာမီ သဌေးကြီး စုတေပြီး တုသိတာ၌ဖြစ်ရာ မိမိစည်းစိမ်ကိုမြင် ရှေးကောင်းမှုကို ဆင်ခြင်ရာ ရတနာသုံးပါး၌

စာမျက်နှာ-239


ပြုအပ်သော ကောင်းမှုထူးကိုမြင်၍ မေ့လျော့ကြောင်း နတ်စည်းစိမ်ကို မခံစားသေးပဲ သန်းခေါင်ယံအချိန် ဘုရားထံရောက် ရှိခိုးကာ သင့်ရာမှာရပ်ပြီး–

၁။ မြတ်စွာဘုရား၊ ဇေတပန်ကျောင်းတော်သည် သီလစသည် ရှာမှီးကြရာ မြတ် သံဃာတို့၏ နေရာဖြစ်သည့်ပြင် ဘုရားကိုယ်တိုင် နေထိုင်သီတင်းသုံးရာ ဖြစ် သောကြောင့် တပည့်တော်၏ နှစ်သက်ခြင်းတရား တိုးပွားရပါသည်ဘုရား၊

၂။ မဂ်၌ယှဉ်သော စေတနာ ပညာ၊ ဝိတက်၊ ဝီရိယ၊ သတိ၊ သမာဓိ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ မဂ်သီလ၌တည်ပြီးသူ၏ မြတ်သော အသက်မွေး ခြင်း၊ ဤမဂ္ဂင် ၈-ပါးအကျင့်တရားဖြင့်သာ သတ္တဝါများ ကိလေသာမှ စင်ကြယ်ကြကုန်၏၊ အနွယ် ဥစ္စာဖြင့် မစင်ကြယ်နိုင်ကြပါ။

၃။ ထို့ကြောင့် မိမိအကျိုးကိုမြင်သော ပညာရှင်သည် သင့်သောအားဖြင့် ခန္ဓာ ၅-ပါးကို လက္ခဏာတင် ဆင်ခြင်ရာ၏၊ ထိုသို့ ဆင်ခြင်သည်ဆိုသော် ခန္ဓာ ၅-ပါး၌ ကိလေသာတို့မှ စင်ကြယ်နိုင်၏။

၄။ အကြင်ရဟန်းသည် နိဗ္ဗာန်ကမ်းသို့ ဆိုက်ရောက်၏၊ ထိုရဟန်းသည် နိဗ္ဗာန် ရောက်ရခြင်းလျှင် လွန်သော အပိုင်းအခြားရှိ၏၊ သီလ ပညာဂုဏ်၊ ကိလေသာမှ ငြိမ်းခြင်းဂုဏ်တို့ဖြင့် အရှင်သာရိပုတ္တရာသည်သာ ချီးမွမ်းအပ် မြတ်ပေသည်... ဟု ၄-ဂါထာဖြင့် လျှောက်ထားသည်။

အနာထပိဏ်နတ်သားသည် မိမိလျှောက်ထားချက်ကို ဘုရားရှင် အနုမောဒနာ ပြု သည်ဟု သိရှိဝမ်းမြောက်ကာ အသေပြုပြီး ကွယ်ပျောက်သည်။ နောက်နေ့ရောက် သောအခါ ဘုရားရှင်သည် ရဟန်းတော်များအား နတ်သားတဦးလာရောက်၍ ၄-ဂါ ထာ လျှောက်ကြောင်း မိန့်ကြားသည်။ (အရှင်အာနန္ဒာ၏ အနုမာနဉာဏ်စွမ်းကို ထင် ရှားစေလိုရကား မည်သည့်နတ်သားဟု ထုတ်ဖော်မမိန့်ကြား။)

အရှင်အာနန္ဒာက ဘုရားရှင်အား ချက်ချင်းပင် “အရှင်သာရိပုတ္တရာကို အလွန် ကြည်ညိုသော အနာထပိဏ်နတ်သား ဖြစ်ပါလိမ့်မည်”ဟု လျှောက်ထားရာ ဘုရားရှင်က မှန်းဆချက်မှန်ကြောင်း မိန့်ကြားလိုက်သည်။

၃။ တရားဟောတတ်သူတို့တွင် မစ္ဆိကာသဏ္ဍသား စိတ္တသူကြွယ်သည်အမြတ်ဆုံး။

သူကြွယ်အလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီပြည် သဌေးသား ဖြစ်၍ ဓမ္မကထိက ဧတဒဂ်ရ ဥပါသကာတယောက်ကိုအားကျ၊ကောင်းမှုပြု၊ ဆုတောင်း သည်။

ကဿပဘုရားလက်ထက် မုဆိုးသားဖြစ်၍ လှံကိုင်ကာ တောသို့ သားကောင်ရှာ သွားစဉ် တောင်ခေါင်းတခု ကျောက်ဖျာ၌ ပံ့သကူသင်္ကန်း ခြုံနေသော ရဟန်းတပါးကို

စာမျက်နှာ-240


မြင်ရလျှင် “ရဟန်းတပါး တရားထိုင်နေတာပဲဖြစ်မည်” မှတ်ကာ အိမ်ပြန်ပြီး ဖို ၂- ဖို၌ ဆွမ်းနှင့် အသားဟင်းကို တပြိုင်နက်ချက်၊ ကျက်လျှင် ရောက်လာသော ဆွမ်းခံ သံဃာ ၂-ပါးကိုလည်းလှူ၊ အိမ်ရှိလူများကိုလည်း ပြုစုရန်မှာထားပြီး ဆွမ်းနှင့်ဟင်းကို ယူကာ တောတွင်း ပြန်လာခဲ့သည်။

ပန်းပူဇော်ကျိုး ပန်းမိုးရွာ

မထေရ်ထံရောက်သော် သပိတ်ကိုယူကာ လုံလောက်စွာထည့်လျက် လမ်းမှ ခူးယူပါလာသောပန်းမျိုးစုံတို့ဖြင့် သပိတ်ကိုဆက်ကပ်ပြီး “ဖြစ်လေရာဘဝ၌ ဤကောင်းမှု ကြောင့် လက်ဆောင်ပဏ္ဏာ ထောင်ပေါင်းများစွာ ရရပါစေ၊ အဆင်း ၅-မျိုး ပန်းမိုး လည်း ရွာပါစေ” ဟု ဆုတောင်း၏။ မထေရ်မြတ်ကလည်း ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အကျယ်ဟောကြားလိုက်သည်။ ယင်းမုဆိုး နတ်ပြည်ရောက်သော် ဒူးပဆစ်မြုပ်မျှ နတ်ပန်းမိုးရွာ၍ အခြားနတ်သားများထက်လည်း အဆင်းလှသည်။

ငါတို့ဘုရားလက်ထက် မဂဓတိုင်း မစ္ဆိကာသဏ္ဍမြို့ သဌေးသားဖြစ်လာသည်၊ ဖွား မြင်စဉ် တမြို့လုံး ဒူးပဆစ်မြုပ်မျှ အဆင်း ၅-မျိုး ပန်းမိုးရွာသည်၊ မိဘများက ဖြစ်ရပ်ဆန်းကြယ်ပုံကို နိမိတ်ယူ၍ “စိတ္တသူငယ်”ဟု နာမည်မှည့်သည်။

အာယတန ၁၂-ပါး အားထုတ်၍ အနာဂါမ်

ဖခင်ကွယ်လွန်၍ သဌေးရာထူးရသောအခါ ပဉ္စဝဂ္ဂီအပါအဝင် မဟာနာမ်မထေရ် ကြွလာသဖြင့် စိတ္တသူကြွယ်သည် (အနာထပိဏ်ကဲ့သို့ သဌေးပင်တည်း၊ သူကြွယ်ဝေါ ဟာရသာ တွင်နေသည်။) ဣန္ဒြေကို ကြည်ညိုကာ ဆွမ်းကပ်ပြီး သူပိုင်သော ဂွေးတော ဥယျာဉ်သို့ ပင့်သွားပြီး ကျောင်းဆောက်လှူဒါန်းသည်၊ သူကြွယ်၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုကိုမြင်သော မဟာနာမ်အရှင်မြတ်သည် သူကြွယ်အား အာယတန ၁၂-ပါး တရားကိုသာ အကျယ်ဝေဖန်၍ ဟောတော်မူရာ သင်္ခါရတရားတို့ကို ဝိပဿနာ ရှုဖူးသူဖြစ်၍ အားထုတ်ရာတွင် မကြာမီ အနာဂါမ်အရိယာ ဖြစ်လာသည်။

အနာထပိဏ်နှင့် စိတ္တသူကြွယ် ထူးခြားမှု

အနာထပိဏ်ကား သောတာပန် ဒါနာဘိရတ ပုဂ္ဂိုလ်၊ စိတ္တသူကြွယ်ကား အနာ ဂါမ် ဒါနာဘိရတ၊ ဓမ္မာဘိရတ ၂-ဘက်ရ ပုဂ္ဂိုလ်ဖြစ်သည်၊ ၂-ဘက်ရဖြစ်ပုံမှာ–

ဂွေးတောဥယျာဉ်ကျောင်း ရောက်လာသော သံဃာများကို စိတ္တသူကြွယ်က နောက် တနေ့အိမ်ပင့် ဆွမ်းကပ်ရာ ဆွမ်းမစားမီ သူကြွယ်က မထေရ်ကြီးထံ ချဉ်းကပ်ပြီး“ဓာတ် များ၏ ထူးခြားမှု” ဆိုအပ်ရာတွင် အဘယ်မျှ ထူးခြားမှုကို ဘုရားဟောပါသနည်း”ဟု မေးလျှောက်သည်။

စာမျက်နှာ-241


မထေရ်ကြီးသည် သိသော်လည်း မဖြေရဲသဖြင့် ဆိတ်ဆိတ်သာ နေသည်၊ ဒုတိယ တတိယ မေးရာ၌လည်း ဆိတ်ဆိတ်သာနေရာ အငယ်ဆုံး ဣသိဒတ္တမထေရ်က မထေရ် ကြီးထံ ခွင့်ပန်ပြီး “ဓာတ်တို့၏ ထူးခြားမှုမှာ စက္ခုဓာတ်၊ ရူပဓာတ်၊ စက္ခုဝိညာဏ ဓာတ်(လ)မနောဓာတ်၊ ဓမ္မဓာတ်၊ မနောဝိညာဏဓာတ်တည်း”ဟု ဖြေကြားလိုက်သည်။ အဖြေကို သူကြွယ်သည် နှစ်သက်ကာ သံဃာများကို ဆွမ်းကပ်သည်၊ ကျောင်းပြန် ရောက်သောအခါ မထေရ်ကြီးကအရှင်ဣသိဒတ္တကို“ဤပြဿနာသင့်ဉာဏ်မှာကောင်းစွာ ထင်ပါပေ၏၊ ငါ့ဉာဏ်မှာမထင်ပါ၊ အခြားပြဿနာများ ရောက်လာလျှင်လည်း ငါ့ရှင် ဖြေဆိုပါ”ဟု မိန့်လိုက်သည်။

အရှင်ဣသိဒတ္တစွမ်းရည်နှင့် ဝိနည်းလေးစားပုံ

နောက်တကြိမ် ဆွမ်းမကပ်မီ မထေရ်ကြီးကို “လောကသည် မြဲ-မမြဲ” စသော မိစ္ဆာ အယူနှင့်စပ်၍မေးရာ၌လည်း နည်းတူပင် အရှင်ဣသိဒတ္တက သက္ကာယဒိဋ္ဌိ ရှိလျှင် မိစ္ဆာ အယူတို့ ဖြစ်ကြောင်းနှင့် သက္ကာယဒိဋ္ဌိ ဖြစ်ပုံမဖြစ်ပုံ အခြင်းအရာများကို စိတ်ဖြာ၍ ဖြေပြသည်။

ထို့နောင် စိတ္တသူကြွယ်က မေး၍ အဝန္တိတိုင်းမှ လာကြောင်း အရှင်ဣသိဒတ္တက ပြောရာ “အဝန္တိတိုင်း၌ တပည့်တော်မမြင်ဖူးပဲ မိတ်ဆွေဖြစ်နေသည့် ဣသိဒတ္တ အမျိုး ကောင်းသား ရဟန်းပြုနေပါသည်၊ အရှင်ဘုရား မြင်ဖူးပါသလား”ဟု ဆက်လျှောက် ပြန်သည်။ မြင်ဖူးကြောင်းမိန့်သဖြင့် “ထိုအရှင် ယခုဘယ်မှာလဲ”ဟု ထပ်မေးရာ၌ကား မဖြေပဲ ဆိတ်ဆိတ်သာ နေလိုက်သည်၊ “အရှင်ဘုရား ဣသိဒတ္တပါလော”ဟု လျှောက်ရာ ဟုတ်ကြောင်း ဝန်ခံသဖြင့် ဤမြို့မှာ သီတင်းသုံးဖို့နှင့် တကွ ပစ္စည်း ၄-ပါးပါ ဖိတ် ကြားသည်။

“ကောင်းသည်ကို သင်သူကြွယ် ဆိုအပ်ပေ၏”ဟုမိန့်ပြီး (အနုမောဒနာ ပြုလို၍သာ ဤစကားမိန့်သည်၊ ပစ္စည်း ၄-ပါး ခံယူလို၍ မဟုတ်။ ) သံဃာများ ဆွမ်းဘုဉ်းပေးပြီး ကျောင်းတိုက်ပြန်ကြွကြရာ၊ အရှင်ဣသိဒတ္တကား “ဤမြို့မှာ မနေသင့်”ဟု ယူဆကာ အရပ် တပါး အပြီးကြွသွားတော့သည်။

အရှင်မဟကထေရ်၏ တန်ခိုးပြာဋိဟာ

အခါတပါး ဂွေးတောဥယျာဉ်ကျောင်း ကြွလာသော သံဃာတော်များအား စိတ္တ သူကြွယ်သည် မိမိနေရာ နွားခြံ၌ ထောပတ်နို့ဃနာဆွမ်းများ ဆက်ကပ်သည်။ သံဃာ များပြန်ကြွရာ နေပူရှိန်ပြင်းလှသဖြင့် အငယ်ဆုံးသံဃာ အရှင်မဟကထေရ်က မထေရ် ကြီးအား လျှောက်ထားခွင့်ပြုချက်ယူပြီး လေအေးလည်းတိုက်၊ မိုးလည်းအံ့၊ မိုးလည်း

စာမျက်နှာ-242


တပေါက်ချင်းရွာအောင် တန်ခိုးဖြင့်ဖန်ဆင်းသည်တွင် အတူပါလာသော စိတ္တသူကြွယ်က “သံဃာငယ်၏တန်ခိုး ဤမျှ ကြီးပါပေစွ” ဟု ကြံစည်လိုက်သည်။

ကျောင်းပြန်ရောက်သော အရှင်မဟကထံ သူကြွယ်က တန်ခိုးပြာဋိဟာပြဖို့ တောင်း ပန်ရာ ကျောင်းအဝင်ဝ (ခွေးအိပ်)၌ အပေါ်ရုံကို ဖြန့်ခင်း၍ မြက်စည်းကို ကြဲဖြန့် ထားစေပြီး အရှင်မဟကသည် ကျောင်းတွင်းဝင် တံခါးပိတ်ပြီး သော့ပေါက်တံခါးရွက်များ ကြားမှ မီးလျှံ ထွက်စေပြီး မြက်များကိုသာ လောင်စေ၍ အပေါ်ရုံကို မလောင်စေသော တန်ခိုးကို ပြလိုက်သည်။

စိတ္တသူကြွယ်သည် အရှင်မဟကအား ဤမြို့မှာ သီတင်းသုံးဖို့နှင့် ပစ္စည်း ၄- ပါးပါ ဖိတ်ကြားသည်၊ အရှင်မဟကလည်း အနုမောဒနာပြုပြီး “ဤအရပ်၌ ငါမနေ သင့်”ဟုကြံပြီး အရပ်တပါး အပြီးကြွသွားသည်။

ရဟန္တာလောင်း ကျောင်းထိုင် အရှင်သုဓမ္မ၏ မစ္ဆရိယ

တပည့် ရဟန်း ၁၀၀၀-ခြံရံလျက် ဂွေးတောဥယျာဉ်ကျောင်း ကြွလာသော အဂ္ဂ သာဝက အရှင်မြတ် ၂-ပါးအား စိတ္တသူကြွယ်သည် ပူဇော်ပွဲကြီးကျင်းပရာ ထိုအချိန် က ထိုကျောင်းတိုက်ကြီး၏ အကြီးအကဲ အရှင်သုဓမ္မထေရ်သည် “ကျောင်းဒကာအလှူ ကျောင်းဘုန်းကြီးကိုမှမတိုင်ပင်”ဟု စိတ်ကွက်ကာ စိတ္တသူကြွယ်ကို“ဤလှူဖွယ်တွေထဲမှာ နှမ်းပျစ်တခုတော့ လိုသေးသည်”ဟု သူကြွယ်ကို မျိုးရိုးဇာတ်နှင့် စပ်၍ ဆဲရေးပြောဆို လိုက်သည်၊ (သူကြွယ်၏အမျိုးများတွင် ရှေးဦးပိုင်း၌ မုန့်သည်တဦး ရှိခဲ့သည်။) ထို အခါ စိတ္တသူကြွယ်က ရဟန်းစကား၊ လူစကား ဘာမျှမဟုတ်သည့် ကြက်မ ကျီးမကျ ဩက္ကလိအာဝါဒဖြင့် ပြန်ချေပသဖြင့် အရှင်သုဓမ္မစိတ်ဆိုးပြီး ဘုရားထံသွား လျှောက် ထားသည်။

အရှင်သုဓမ္မသည် ဘုရားရှင်၏ ဩဝါဒအရ စိတ္တသူကြွယ်ကို တောင်းပန်ဝန်ချပြီး ဂွေးတောဥယျာဉ်ကျောင်းမှာပင် တရားပွားများ ရဟန္တာဖြစ်သွားသည်။

စရိတ်ခံ၍ ဘုရားရှင်ထံခေါ်သော စိတ္တသူကြွယ်

အရှင်သုဓမ္မထေရ် ရဟန္တာဖြစ်ပြီးနောက် စိတ္တသူကြွယ်သည် “ငါကား ဘုရား မဖူး မြော်ရခင်ပင် အနာဂါမ် ဖြစ်ခဲ့သည်။ ယခုဖူးမြော်မှသင့်မည်” ဟုကြံကာ အထည် စားရေရိက္ခာ လှည်း ၅၀၀-ပေါ် တင်စေပြီး “ဘုရားဖူးလိုသူများ လိုက်ကြ ပါ၊ ရိက္ခာတာဝန်ယူပါမည်”ဟု ဖိတ်ခေါ်ပြီး ရဟန်း၊ ယောင်္ကျား၊ မိန်းမ ၅၀၀၊ ဥပါသကာ အမျိုးသား၊ အမျိုးသမီး ၅၀၀-ပေါင်း ၂၀၀၀၊ မိမိ၏အခြံအရံ ၁၀၀၀၊ လူ ၃၀၀၀-ဖြင့် ယူဇနာ ၃၀ ခရီးကို တနေ့တယူဇနာ သွားကြသည်။

စာမျက်နှာ-243


စိတ္တသူကြွယ်ဘုရားဖူးထွက်လာကြောင်း နတ်များသိသဖြင့် တယူဇနာတိုင်း၌ ယာယီ စခန်းများ ဖန်ဆင်းကြိုဆိုကြပြီး ဆွမ်း၊ ယာဂု၊ အဖျော်တို့ဖြင့် လိုလေသေးမရှိ ပြုစု ကြသဖြင့် သာဝတ္ထိရောက်သည်အထိ လှည်းပေါ်ပါ ပစ္စည်းများ မသုံးစွဲရပေ။

စိတ္တသူကြွယ်အား သာဝတ္ထိပြည်သားများ ကြိုဆိုကြ

ဘုရားရှင်ကလည်း ရှင်အာနန္ဒာအား စိတ္တသူကြွယ်ရောက်လာမည်၊ တစုံတရာတန်ခိုး ပြာဋိဟာများဖြစ်လိမ့်မည် ဟု မိန့်ကြားထားသဖြင့် သာဝတ္ထိပြည်သူများ စိတ်ဝင်စား ကာ စိတ္တသူကြွယ်ကို တွေ့မြင်ဖို့လမ်းခရီးဝဲယာတွင် လက်ဆောင် ပဏ္ဏာများနှင့် တကွ ကြိုဆိုနေကြသည်၊ စိတ္တသူကြွယ် ဘုရားရှင်၏ ဖဝါးတော် ၂-ဘက်ကို ဆုပ်ကိုင် ရှိခိုးစဉ် အဆင်း ၅-မျိုး နတ်ပန်းမိုးကြီး ရွာချသည်။

စိတ္တသူကြွယ်သည် တလလုံး ဘုရားအနီး ဆည်းကပ်၊ သံဃာ အားလုံးကိုလည်း ဆွမ်းခံမကြွစေပဲ ဆွမ်းကပ်သည်၊ လှည်းပေါ်မှ ပစ္စည်းများ မသုံးရပါ၊ နတ် လူများပို့ သောလှူဖွယ်များကိုသာ သုံးစွဲလှူဒါန်းရသည်၊ တလပြည့်၍ ပြန်ခါနီးတွင် ဘုရားရှင် အား “လမ်းမှာ တလ၊ ဤကျောင်းမှာ တလ၊ ၂-လလုံးလုံး တပည့်တော် ယူလာ သော လှူဖွယ်များ မသုံးရပါ။ တနှစ် နေသော်လည်း လိုခွင့်ရမည် မဟုတ်ပါ၊ လှည်း ၅၀၀-မှလှူဖွယ်များ လှူခဲ့လိုပါသည်။ သိမ်းရမည့်နေရာ မိန့်တော်မူပါ”ဟု လျှောက် သဖြင့် အရှင်အာနန္ဒာမှတဆင့် ညွှန်ပြရာ နေရာလပ်ကျောင်း၌ ချလှူခဲ့ပြီး လှည်းခွံ ချည်းပြန်ခဲ့သည်။

ပူဇော်ခံရမည့် ဂုဏ်အင်္ဂါများ

ထိုအခါ နတ်လူများ စုပြုံလာကြကာ “လှည်းခွံချည်း ပြန်ရမည့်ကံကို စီမံခဲ့ သလော”ဟု မခံနိုင်စကား ပြောကြားကြပြီး ရတနာ ၇-ပါးအပြည့် လှည်း ၅၀၀-၌ တင်ပေးလိုက်ကြသည်၊ အပြန် ခရီးတွင်လည်း အလာကဲ့သို့ တလမ်းလုံး နတ်များက ပြုစုကြသည်။

အရှင်အာနန္ဒာသည် ဘုရားရှင်အား “ဤစိတ္တသူကြွယ် မြတ်စွာဘုရားထံ လာမှသာ ဤအပူဇော်မျိုး ခံရပါသလော”ဟု လျှောက်ရာ ဘုရားရှင်က “အခြားနေရာ သွား လျှင်လည်း အပူဇော်ခံရမည်သာ”ဟု မိန့်တော်မူပြီး ဓမ္မပဒ ပကိဏ္ဏကဝဂ်၌–

“၁- လောကီ လောကုတ္တရာသဒ္ဓါ၊ ၂- သီလသိက္ခာ၊ ၃- အရိယာပုဂ္ဂိုလ်အခြံအရံ၊ ၄- ရွှေဥစ္စာ သူတော်ကောင်းဥစ္စာနှင့် ပြည့်စုံသူသည် ဘယ်အရပ်သွားသွား ရောက် ရာမှာ လူနတ်များက ပူဇော်အပ်သည်”ဟု မိန့်သည်။

စာမျက်နှာ-244


စိတ္တသူကြွယ်ထံ နတ်များညွှန်ကြားလာပုံ

စိတ္တသူကြွယ် ကွယ်လွန်ခါနီး ရောဂါရောက်ချိန် တောတောင်သစ်ပင် ဆေးပင် မြက်ပင် စောင့်နတ်များ စုလာကြပြီး “စကြာမင်းဘဝ တောင့်တပါ”ဟု ဆိုကြရာ သူကြွယ်က “စကြာမင်းအဖြစ်လည်း မမြဲ၊ မခိုင်မာ၊ ပယ်စွန့်၍သာသွားရသည်”ဟုပြန် ပြောလိုက်သည်။ ထိုအသံကိုကြားသော ဆွေမျိုးများက ယောင်ယမ်းသည်ထင်ပြီး “အရှင့်သား၊ သတိထားပါ၊ မယောင်ပါနှင့်”ဟု ပြောဆိုရာ သူကြွယ်က အကြောင်း စုံပြန်ပြောလိုက်သည်၊ ဆွေမျိုးများက “နတ်များ ဘယ်အကျိုးမြင်၍ စကြာမင်း ဘဝ တောင့်တခိုင်းပါသနည်း”ဟု မေးရာ သူကြွယ်က “စိတ္တသူကြွယ်သည် အကျင့် သီလကောင်းသူဖြစ်၍ စကြာမင်းဘဝ တောင့်တလျှင် ရနိုင်ဖို့ သူတို့သန္တာန် အကြံဖြစ် ကြသည်၊ ထို့ကြောင့် တောင့်တခိုင်းသည်”ဟု ဆွေမျိုးများအား ပြန်ပြောရာ ဆွေ မျိုးများက“ထိုသို့ဖြစ်လျှင် ကျွန်ုပ်တို့အားလည်း ဆုံးမပါ”ဟု တောင်းပန်ကြသည်။

စိတ္တသူကြွယ်၏ နောက်ဆုံးတရား

ထိုအခါ စိတ္တသူကြွယ်က “ထိုမြတ်စွာဘုရားသည် အရဟံ စသော ဂုဏ် ၉-ပါးနှင့် ပြည့်စုံသည်ဟု ဘုရားရှင်အပေါ် ယုံကြည်မှုပြည့်စုံဖို့၊ တရားတော်သည် သွာက္ခာတတာ စသော ဂုဏ် ၆-ပါးနှင့် ပြည့်စုံသည်ဟု တရားတော်အပေါ် ယုံကြည်မှု ပြည့်စုံဖို့၊ သံဃာတော်သည် သုပ္ပဋိပ္ပန္နတာ စသောဂုဏ် ၉-ပါးနှင့် ပြည့်စုံသည်ဟု သံဃာတော် အပေါ် ယုံကြည်မှုပြည့်စုံဖို့၊ အိမ်၌ရှိသော လှူဖွယ်မှန်သမျှ အကျင့်သီလ ရှိသူများနှင့် မခွဲခြားဖို့” နောက်ဆုံးတရား ဟောကြားအားထုတ်စေပြီး ကွယ်လွန်ကာ ဗြဟ္မ ပြည်၌ ဖြစ်တော့သည်။

၄။ သင်္ဂဟဝတ္ထု ၄-ပါးဖြင့် ပရိသတ်ကို ချီးမြှောက်တတ်သူတို့တွင် ဟတ္ထကအာဠဝက သီတင်းသည်သည် အမြတ်ဆုံး။

ထိုသီတင်းသည်အလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီသားဖြစ်၍ သင်္ဂဟဝတ္ထု ၄-ပါးတို့ဖြင့် ချီးမြှောက်ရာ၌ ဧတဒဂ်ရ ဥပါသကာတဦးကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်။ ငါတို့ဘုရားလက်ထက် အတိုင်း အာဠဝီမြို့ အာဠဝကမင်းသား ဖြစ်လာသည်။

မိမိအသက်သာ ငဲ့ကွက်သောဘုရင်

အာဠဝကမင်းကြီး သမင်လိုက်ရန် တောသွားရာ ရသောသမင်ကိုသတ်၍ ထမ်းပြန် လာစဉ် နေပူ၍ ပညောင်ပင်ရိပ် ဝင်နားသည်။ ညောင်ပင်စောင့် အာဠဝကဘီလူးက စားရန်လက်ကိုင်ရာ လွတ်လမ်းရှာသောအားဖြင့် “နေ့စဉ် ယောက်ျားတယောက်နှင့် ထမင်းအိုးတလုံး ပို့ဆက်ပါမည်”ဟု ဝန်ခံစကားဆိုမှ ပြန်ခွင့်ရခဲ့သည်။

စာမျက်နှာ-245


ထိုကတိအတိုင်း နှောင်အိမ်မှ ယောက်ျားတယောက်စီ ထမင်းအိုးနှင့်အတူ နေ့စဉ်ပို့သည်၊ နှောင်အိမ်လူကုန်သဖြင့် အသက်ကြီးသူများ ဖမ်းပို့ရန်စီရင်သေးသည်၊ တိုင်းပြည်ချောက်ချားမည်စိုး၍ အစီအစဉ်ပျက်ကာ ကလေးငယ်များကိုသာ ပို့ရန်စီစဉ် ပြန်၏၊ ကလေးမိခင်များနှင့် ကိုယ်ဝန်ဆောင်များ တိုင်းတပါးရှောင်နေကြရသည်။

ဘုရားရှင်အပေါ် မည်သူမျှ ကျော်မရ

ကမ္ဘာတသိန်းပါရမီရှင် အာဠဝကမင်းသား၏ ၃-မဂ် ၃-ဖိုလ်ရမည်ကို ဘုရားရှင် မြင်တော်မူ၍ ညနေချမ်း တပါးတည်း အာဠဝကဘီလူး၏ ဗိမာန်တံခါး ကြွသွားပြီး တံခါးစောင့် ဂဒြဘဘီလူးကို ဗိမာန်ဝင်ခွင့်တောင်းရာ “ဘုရားရှင်ဝင်တော်မူပါ၊ ဗိမာန် ရှင်ကိုတော့ ပြောဦးမှသင့်ပါမည်”ဟု လျှောက်ထားပြီး ဟိမဝန္တာ ဘီလူးအစည်းအဝေး တက်နေသော အာဠဝကဘီလူးထံသွားပြောသည်။ ဘုရားရှင်ကား ဘီလူးထိုင်ရာပလ္လင်၌ ထိုင်တော်မူပေပြီ။

ထိုအချိန် သာတာဂိရိနှင့် ဟေမဝတဘီလူးများလည်း အာဠဝကဘီလူး ဗိမာန် ပေါ်မှ ဟိမဝန္တာဘီလူးအစည်းအဝေးသွားရာ သွားမရသဖြင့် အကြောင်းကို ဆင်ခြင် ရာတွင် ဘုရားရှင် အာဠဝကဗိမာန်၌ ထိုင်နေသည်ကိုမြင်၍ ဘုရားထံသွား ရှိခိုးပြီးမှ အစည်းအဝေးဆက်သွားသည်။

ဘုရားရှင်ကို စစ်ထိုးသော သောတာပန်အလောင်း

“လောက၌ အမြတ်ဆုံးဘုရား ဗိမာန်မှာ သီတင်းသုံးသဖြင့် ဗိမာန်ရှင် အာဠဝက ဘီလူးကုသိုလ်ထူးပေစွ၊ ဘုရားထံသွား တရားနာပါ”ဟု ရောက်ရောက်ချင်း သာတာဂိရိ တို့က ပြောကြားရာ “ဦးပြည်းရဟန်း ငါ့ပလ္လင်မှာ ထိုင်နေသည်ကို ပြောဆိုကြသည်” ဟု ကြံကာ အာဠဝကဘီလူး စိတ်ဆိုးပြီး “ယနေ့ရဟန်းဂေါတမနှင့် ကျွန်ုပ်တိုက်ပွဲဖြစ် မည်၊ ကျွန်ုပ်ဘက်က ကူညီပါ”ဆိုပြီး ညာခြေမြှောက်၍ ယူဇနာ ၆၀ ရှိ တောင်ထွဋ် ကို နင်းရာ ၂-ခြာကွဲသွားသည်။

တညလုံး ဘုရားရှင်ကို အာဠဝကတိုက်ခိုက်ရာ အရာမရောက်သဖြင့် ဘုရားထံမှောက် ချဉ်းကပ်ပြီး ပုစ္ဆာ ၈-ချက်မေး၊ ဘုရားရှင်ကဖြေ၊ ဒေသနာအဆုံး အာဠဝက သောတာပန်တည်သည်။

ကိုယ်ပချစ်က အဓိက၊ သားတော်ခဲရာအချိန်

နက်ဖြန် အရုဏ်တက် ကလေးပို့ရန် တမြို့လုံးကလေးရှာကြည့်၊ မရသဖြင့် မင်းကြီးအား လျှောက်ထားရာ “ကူသင့် မယူသင့် ရွေးမနေနှင့်၊ ငါကိုယ်အသက်ရှင်လျှင်

စာမျက်နှာ-246


သားရမှာပဲ” ဟု မိန့်သဖြင့် မိခင်မိဖုရားကြီး ငိုစဉ်ပင် အာဠဝက မင်းသားကိုယူ၍ ထမင်းအိုးနှင့်အတူ ဘီလူးထံ ပို့ကြသည်။

အရိယာဘီလူးသည် ရှက်သဖြင့် မျက်နှာအောက်ချ ထိုင်နေချိန် ဘုရားရှင်က “အာဠဝက၊ သင့်အတွက် ရှက်ဖို့မလို၊ မင်းသားကိုယူပြီး ငါဘုရားလက်ပေါ်ပို့” မိန့်မှ လက်ခံပြီး ဘုရားထံပို့သည်၊ ဘုရားရှင်က ဘီလူးလက်အပ်၊ ဘီလူးက မင်းချင်း များလက် ပြန်ထားသည်၊ ဤသို့ လက်ဆင့်ကမ်း ရောက်ရသောကြောင့် ဟတ္ထက အာဠာဝကမင်းသား အမည်တွင်သည်။

မင်းချင်းများလည်း မင်းသားကိုယူကာ အာဠဝကမင်းကြီးထံသွား အကြောင်းစုံ လျှောက်ထားသည်။

ဘေးကင်းလိုလျှင် ဘုရားထံပါဝင်

ဘုရားရှင်သည် ဘီလူးကို သပိတ် သင်္ကန်းယူစေပြီး အာဠဝီမြို့ကြွရာ မြို့ရောက်ခါ နီးမှ ဆုတ်ကန်ဆုတ်ကန် ဘီလူးဖြစ်လာသည်။ ဘုရားရှင်က “အာဠဝက၊ သင်ကြောက်နေ သလား” မေးရာ “တပည့်တော်ကြောင့် သူတို့မိဘ သားမယားများ သေရသည်ဆိုပြီး တပည့်တော်ကို ခဲ တုတ်များနှင့် ပစ်မည်စိုး၍ ဆုတ်မိပါကြောင်း” လျှောက်ထား သည်။

“ငါဘုရားနှင့်အတူသွားသော သင့်အဖို့ ကြောက်ဖို့မလို၊ ရဲရဲလိုက်ပါ” ဟု မိန့်မှ လိုက်ရာ မြို့နှင့် မလှမ်းမကမ်း တောအုပ်သို့ အရောက် အကြိုလာသော မင်းနှင့် ပြည်သူ များလည်း ရောက်လာကြရာ ဘုရားရှင် တရားဟောတော်မူသည်၊ ဒေသနာအဆုံး ၈-သောင်း ၄-ထောင် အကျွတ်တရားရကြ၊ ဘီလူးအတွက်လည်း နေရာပေး၍ နှစ်စဉ်ပူဇော်ကြသည်၊ ဘီလူးကလည်း ရဟန်းဖြစ်သဖြင့် ပြည်သူများကို စောင့်ရှောက် သည်။

ပရိသတ်ကို ကျေနပ်အောင် ချီးမြှောက်နည်း

ဟတ္ထကအာဠဝကမင်းသား လူလားမြောက်၍ အရွယ်ရောက်သော် ဘုရားတရား တော် ကြားနာရသဖြင့် အနာဂါမ်ဖြစ်ကာ အမြဲမပြက် သီတင်းသည် အရိယာ ၅၀၀ ခြံရံသွားလာသည်၊ အာဠဝက၏ ယဉ်ကျေးသော ပရိသတ်ကိုမြင်၍ ဘုရားရှင်က “ဤ မျှများသော ပရိသတ်ကို သင်ဘယ်ပုံ ချီးမြှောက်သနည်း” ဟု မေးရာ–

၁။ ပေးမှကြိုက်မည့်သူကို ပေးခြင်း၊ ၂။ စကားကို ချိုမှကြိုက်မည့်သူကို ချိုသာ စွာပြောခြင်း၊ ၃။ ကူညီမှ ကြိုက်မည့်သူကို ကိစ္စကြီးငယ်များမှာ ကူညီပေးခြင်း၊ ၄။ အဆင့်တူထားမှ ကြိုက်မည့်သူကို အဆင့်တူထားခြင်းဖြင့် ချီးမြှောက်ပါကြောင်း လျှောက်ထားသည်။

စာမျက်နှာ-247


၅။ မွန်မြတ်သောဝတ္ထုကို ပေးလှူသူတို့တွင် သာကီဝင်မင်းမျိုး မဟာနာမ်သည် အမြတ်ဆုံး။

မဟာနာမ်အလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ ပဏိတဒါယက ဧတဒဂ်ရ ဥပါသကာတဦးကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်း သည်၊ ငါတို့ဘုရားလက်ထက် ကပိလဝတ်ပြည် သာကီဝင်မင်းသား(အရှင်အနုရုဒ္ဓါ၏ နောင်တော်) မဟာနာမ် ဖြစ်လာသည်။ ဘုရားရှင်နှင့် တွေ့တွေ့ချင်း သောတာပန် တည်သည်။

ဆဗ္ဗဂ္ဂီတို့ မရအရ အလှူခံကြသည်

ဘုရားရှင် ဝေရဉ္စာ ဝါဆိုပြီး၍ ဝါကျွတ်ချိန် ကပိလဝတ်ပြည် နိဂြောဓာရုံ သီတင်းသုံးစဉ် ဘုရားထံလာပြီး “ဝေရဉ္စာမှာ သံဃာဆွမ်းဆင်းရဲသည်ဟု ကြားရပါ သည်၊ ၄-လ သံဃာကို လုပ်ကျွေးပါရစေ၊ သံဃာများကိုယ်မှာ ဩဇာသွင်းလိုပါ သည်” လျှောက်ထားကာ မွန်မြတ်သော ဘောဇဉ် စတုမဓူစသည်များဖြင့် ပြုစုသည်၊ နောက်ထပ် ၄-လ ၂-ကြိမ် တနှစ်လုံးပြုစုအပြီး ထိုထက်အလွန်ကိုကား ဘုရားရှင် ဝန်ခံချက် မပေးပေ။

လျှောက်ထားချက်

ဆဗ္ဗဂ္ဂီရဟန်းများ၏ သဒ္ဓါတရားပျက်ဖွယ် အတင်းအကြပ်ပြောဆိုမှုကြောင့် သိက္ခာ ပုဒ်ဖြင့်တားမြစ်ပြီး ဖြစ်၍ လက်မခံပါ။

မဟာနာမ်သည် ထိုအချိန်မှစ၍ ရောက်လာသမျှ သံဃာကိုပြုစုသည်၊ မဟာနာမ်၏ ဂုဏ်သတင်းလည်း ထင်ရှားရကား ယင်း ဧတဒဂ်ရသည်။
၆။ နှစ်သက်ဖွယ်ဝတ္ထုကို လှူတတ်သူတို့တွင် ဥဂ္ဂသူကြွယ်သည် အမြတ်ဆုံး။

သူကြွယ်အလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ မနာပ ဒါယက ဧတဒဂ်ရ ဥပါသကာတဦးကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်းသည်။ ငါတို့ဘုရားလက်ထက် ဝေသာလီသဌေးသားဖြစ်၍ ငယ်စဉ်က အမည်သီးခြား မထင်ရှားသော်လည်း အရွယ်ရောက်လတ်သော် အလုံးအရပ် တင့်တယ်မြင့်မားသည့် ပြင် ဂုဏ်သတင်းလည်း မြင့်မောက်ထင်ရှား၍ ဥဂ္ဂသဌေးတွင်သည်၊ ဘုရားရှင်နှင့် တွေ့ ကွေ့ချင်းပင် သောတာပန်တည်၍ နောက် အနာဂါမ်အဆင့်အထိ ရောက်လာသည်။

ဥဂ္ဂသဌေး အတွေးအရ ဘုရားရှင်ကြွရသည်

အရွယ်ကြီးလတ်သော် “ငါကြိုက်သမျှ ဘုရားလှူပေအံ့၊ စိတ်ကြိုက်လှူလျှင် စိတ် ကြိုက်ကျိုးရသည်ဟု ဘုရားဟောထားသည်ကို ငါကြားဖူးသည်” ဟု ကြံစည်ပြီး “ငါ့ စိတ်သိ ဘုရားရှင် အိမ်တံခါးဝကြွလာလျှင် ကောင်းမှာပဲ”ဟု ကြံစည်ပြန်ရာ ဘုရားရှင် သိသဖြင့် သံဃာနှင့်တကွ အိမ်တံခါး ထင်ရှားစွာ ရောက်လာတော်မူသည်။

စာမျက်နှာ-248


သဌေးသည် အတိုင်းထက်အလွန် ဝမ်းမြောက်စွာ ဘုရားရှင်နှင့် သံဃာအား ရသာမျိုးစုံတို့ဖြင့် လုပ်ကျွေးပြီး “စိတ်ကြိုက်လှူလျှင် စိတ်ကြိုက်ကျိုးရ၏ဟု ကြားဖူး ကြောင်း၊ ထို့ကြောင့် တပည့်တော်ကြိုက်သမျှ လှူအပ်ပြီးဖြစ်ပါစေ” ဟု လျှောက် ထားခွင့်ပြုချက်ယူပြီး ထိုအချိန်မှစပြီး ကောင်းနိုးရာရာ လှူတော့သည်။

သူကြိုက်၍ လှူသော လှူဖွယ်များ

၁။ အင်ကြင်းပွင့်အဆင်းရှိရသာ ခဲဖွယ်၊ ၂။ ဆီးသီးဖြင့်ချက်သော ဝက်သား ဟင်း၊ ၃။ ကံစွန်းရွက်ဆီပြန်ကြော်၊ ၄။ ဟင်းရည်သောက်နှင့် ဒံပေါက်ဆွမ်း၊ ၅။ ကာသိကတိုင်းဖြစ်အဝတ်၊ ၆။ ပလ္လင်မွှေးရှည်ကော်ဇော၊ သားမွေးခင်း ဝံပိုင်ရေ အခင်း၊ မျက်နှာကြက်နီနှင့် အုံးနီ ၂ ဘက်ရှိသောနေရာ၊ တသိန်းကျော်တန် စန္ဒကူ၊ ထိုင်ခုံ အစထား၍ အိပ်ရာနေရာအားလုံးစုပြီး မအပ်သည်ကို ဆိုင်ပို့၊ အပ်သောပစ္စည်း များကို ဘုရားရှင်နှင့် သံဃာ ၅၀၀-အား လှူသည်။

သူများအကြိုက်ပေး ကိုယ်ကြိုက်ရွေးယူ

အလျား ၂-တောင့်ထွာ၊ အနံ တတောင့်ထွာရှိ စန္ဒကူးနှစ်ထိုင်ခုံကို အလှူခံပြီး ပိုင်းဖြတ်ကာ မျက်စဉ်းကြိတ်ရန် စီမံသည်။ အားလုံး အလှူခံပြီး ဘုရားရှင်က “စိတ်ကြိုက် ဝတ္ထုကပ်လှူသူသည် စိတ်ကြိုက်ကျိုးကို မုချရသည်၊ ဖြောင့်မတ်သော ရဟန္တာပုဂ္ဂိုလ်တို့၌ စိတ်ပါလက်ပါဆန္ဒပါလျက် အဝတ် အိပ်ရာနေရာ၊ စားသောက် ဖွယ် ပစ္စည်းများစွာတို့ကို လှူသူ သူတော်ကောင်းသည် စိတ်ကြိုက်ကျိုးကို မုချရသည်” စသည်ဖြင့် ဟောတော်မူသည်။

အနာဂါမ်ဥဂ္ဂသဌေး ကွယ်လွန်သော် သုဒ္ဓါဝါသဗြဟ္မာ့ပြည် ရောက်သည်၊ ဗြဟ္မာ့ ပြည်မှ သာဝတ္ထိ ဇေတဝန်ဘုရားထံတော် ညဉ့်အချိန်လာ၍ ရှိခိုးစဉ် ဘုရားရှင်က “ဥဂ္ဂ ဗြဟ္မာ၊ သင့်အလို ပြည့်စုံရဲ့လော”ဟု လူ့ဘဝကပင် တောင့်တသော အရဟတ္တဖိုလ် ရ-မရ မေးတော်မူရာ ယခုဗြဟ္မာဘဝ အရဟတ္တဖိုလ်ဖြစ်၍ ဥဂ္ဂဗြဟ္မာက “တပည့်တော်အလို အတိုင်း ပြည့်စုံပါသည်”ဟု ပြန်လျှောက်သည်၊ ထို့နောင် ဘုရားရှင်က မနာပဒါယီ လဘတေမနာပံ စသော ၂-ဂါထာကို ဟောတော်မူသည်။

၇။ သံဃာကို လုပ်ကျွေးတတ်သူတို့တွင် ဥဂ္ဂတသဌေးသည် အမြတ်ဆုံး။

သဌေးအလောင်းကား ပဒုမုတ္တရဘုရား လက်ထက် ဟံသာဝတီမြို့သား ဖြစ်၍ သံဃ ပဋ္ဌာက ဧတဒဂ်ရ ဥပါသကာတဦးကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်းခဲ့သည်၊ ငါတို့ ဘုရားလက်ထက် ဝဇ္ဇီတိုင်း ဆင်ရွာ သဌေးသား ဥဂ္ဂတ ဖြစ်လာသည်။

စာမျက်နှာ-249


ဘုရားရှင်နှင့် သံဃာတော်များ ဆင်ရွာ နာဂဝန်ဥယျာဉ်သို့ ဒေသစာရီကြွချီရောက် ရှိချိန် ၇-ရက်ပတ်လုံး ကချေသည်များဖြင့် မူးယစ်သောက်စား ပျော်ပါး နေသော ဥဂ္ဂတသဌေးသည် ဥယျာဉ်သို့အသွား ဘုရားကိုဖူးရလျှင် အားကြီးသော ရှက်ကြောက် စိတ်ဖြင့် ဘုရားအနီးရောက်လျှင် အမူးပျောက်တော့သည်။

ဘုရားရှင်ထံ အနာဂါမ်ဖြစ်သော အရက်သမား

ဘုရားရှင်တရား ကြားနာပြီး အနာဂါမ်တည်သောအခါ ကချေသည်များချမ်းသာ သလို သွားခိုင်းပြီး သံဃာအားသာ လှူဒါန်းပြုစုနေသည်၊ ညဉ့်အချိန် နတ်များလာ ပြီး “ဤ ရဟန်းကား ဝိဇ္ဇာ ၃-ပါးရ ရဟန္တာ၊ ဤရဟန်းကား အဘိညာဉ် ၆-ပါးရ ရဟန္တာ၊ ဤရဟန်းကား သီလရှိသူ၊ ဤရဟန်းကား သီလမရှိသူ” ဟု သဌေးအား လာပြောကြသော်လည်း ဒုဿီလတို့အတွက် သဒ္ဓါမပျက်ပဲ လှူဖွယ်ကို သီလဝန္တ ဒုဿီလ မခွဲခြား တန်းတူပင် သံဃာ့ဂုဏ်သိ၍ လှူသည်။ ဘုရားထံ သွားလျှင်လည်း ဒုဿီလ အပြစ်မပြောပဲ သီလဝန္တတို့၏ ဂုဏ်ကိုသာ ချီးကျူးလျှောက်ထားသည်။

(အထက် ဝေသာလီ ဥဂ္ဂ၊ ယခုဆင်ရွာ ဥဂ္ဂတ-သဌေး ၂-ဦးလုံး အံ့ဖွယ် ၈- ပါးစီ ရှိကြသည်၊ အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်၌ တွေ့ရလတ္တံ့ ။)

၈။ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုသူတို့တွင် သူရမ္ဗဋ္ဌသဌေးသည် အမြတ်ဆုံး။

သဌေးအလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ အဝေစ္စ ပသန္နဧတဒဂ်ရ ဥပါသကာတဦးကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်းခဲ့သည်၊ ငါတို့ ဘုရားလက်ထက် သာဝတ္ထိမြို့ သူရမ္ဗဋ္ဌသဌေးဖြစ်လာပြီး သာသနာပ တိတ္ထိများကို လှူ ဒါန်းပြုစု ကိုးကွယ်သည်။

သဌေး၏သောတာပန်ဖြစ်ကြောင်း ရှေးကောင်းမှုကိုမြင်၍အိမ်တံခါးသို့ ဘုရားရှင် ဆွမ်းခံကြွလာရာ “မြတ်သောမင်းမျိုးဖြစ်၍ ထင်လည်း ထင်ရှားသော ရဟန်းဂေါတမ ထံ မသွားလျှင်မသင့်”ဟု ကြံပြီး ရှိခိုး၍ သပိတ်ယူကာ အိမ်တွင်းပင့် ဆွမ်းကပ်သည်၊ စရိုက်နှင့်လျော်သောတရားကို ဟောကြား၊ သောတာပန်တည်ပြီးမှ ဘုရားရှင်ကျောင်း ပြန်သည်။

မာရ်နတ်သရမ်း အကဲစမ်းခြင်း

“ဤသဌေးကား ငါတို့ဘက်သားဖြစ်သည်၊ ယနေ့သူ့အိမ်ဘုရားကြွသည်၊ တရားနာ၍ အရိယာဖြစ်ပြီလော၊ ငါ့ပိုင်နက်မှ လွတ်မလွတ် သိအောင်ပြုမည်” ဟု မာရ်နတ်ကြံကာ ဘုရားရှင်နှင့် ပုံတူဖန်ဆင်းပြီး သဌေးအိမ် တံခါး ရပ်တည်သည်။

စာမျက်နှာ-250


“ဘုရားရှင် ကြွလာပြန်ပြီ”ဟု သဌေးကြား၍ “ဘုရားရှင်များ အကြောင်းမဲ့ ကြွရိုး မရှိ၊ ဘာ့ကြောင့်ပါလိမ့်”ဟု ဘုရားအမှတ်ဖြင့် လျင်မြန်စွာ မာရ်နတ်ထံသွား ရှိခိုး၍ အကြောင်းကို မေးလျှောက်သည်၊ ဘုရားဟန်ဆောင်သော မာရ်နတ်ကား “တရား တခု မဆင်ခြင်ပဲ ခန္ဓာငါးပါးလုံး အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ငါဘုရား အဟော များခဲ့ သည်၊ အမှန်မှာ ခန္ဓာ ၅-ပါးလုံး အနိစ္စစသည်မဟုတ်ကြ၊ မြဲကြ၊ ခိုင်ကြ အခါခပ်သိမ်း တည်ကြသော အချို့ ခန္ဓာများ ရှိကြသေးသည်” ဟု အမှားပြင် တရားဟောကြား လိုက်သည်။

အရိယာများကို မာရ်နတ်မလှည့်ပတ်နိုင်

ဤစကားသည် အလွန်ဝန်လေး၍ အရေးကြီးလှသည်၊ မဆင်ခြင်ပဲ ဘုရားရှင်များ ဟောကြားသည် မရှိ၊ မာရ်နတ်သည် ဘုရား၏ဆန့်ကျင်ဘက်ဖြစ်လေတော့ဤသူမာရ်နတ် ဖြစ်ရမည်”ဟု သဌေးသည် ကြံစည်ပြီး“သင်မာရ်နတ်ဖြစ်ရမည်”ဟု တိုက်ရိုက်မေးလိုက်ရာ အရိယာတို့၏ စကားသည် မာရ်နတ် အဖို့ ပုဆိန်နှင့် ပေါက်သလို ဖြစ်ရကား ဟန် မဆောင်နိုင်တော့ပဲ “မာရ်နတ်ပါ”ဟု ဝန်ခံရတော့သည်။

“သင့်လို မာရ်နတ် ရာထောင်သော်လည်း ငါ့သဒ္ဓါကို လာ၍ မလှုပ်စွမ်းနိုင်၊ ငါ့ အား ဘုရားဟောခဲ့သည်မှာ “သင်္ခါရအားလုံး အနိစ္စ”ဟု သောတာပတ္တိ မဂ်အထိ သိစေပြီး ဟောခဲ့သည်၊ ငါ့အိမ်တံခါး သင်မရပ်လာလင့်”ဟု လက်ဖျစ်တီးလိုက်ရာ မာရ်နတ်သည် မနေနိုင်တော့ပဲ ပျောက်ကွယ်သွားသည်။

သဌေးသည် ညနေချမ်း ဘုရားထံသွား အကြောင်းစုံလျှောက်ထားသည်။ ထိုဖြစ် ရပ်ကို အကြောင်းပြု၍ ယင်းဧတဒဂ်ချီးမြှင့်ခံရသည်။

၉။ ပုဂ္ဂိုလ်ကို ကြည်ညိုသူတို့တွင် အဘယမင်းသား၏ မွေးစားသား ဇီဝကသည် အမြတ်ဆုံး။

ဆရာဇီဝက အလောင်းကား ပဒုမုတ္တရ ဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ ပုဂ္ဂလပ္ပသာဒ ဧတဒဂ်ရ ဥပါသကာတဦးကိုအားကျ၊ ကောင်းမှုပြု၊ ဆုတောင်းခဲ့သည်၊ ငါတို့ ဘုရားလက်ထက် ရာဇဂြိုဟ်မြို့ အဘယမင်းသားကို စွဲ၍ သာလဝတီပြည့်တန် ဆာမ၏ သားဖြစ်လာသည်။

သွေးပြော၍ သားဖြစ်သော ဇီဝက

ပြည့်တန်ဆာမများ ထုံးတမ်းအရ သမီးမွေးလျှင် ကျွေးမွေးသုတ်သင်၊ သားမွေး လျှင် စွန့်ပစ်မြဲ ဖြစ်ရကား သားငယ်ကို စကောစုတ်ဖြင့် အမှိုက်ပုံ၌ ပစ်ထားလိုက်သည်၊ ခမည်းတော် ဗိမ္ဗိသာရမင်းထံ အခစားသွားသော အဘယမင်းသားသည် “ကျီးများ ဝိုင်းအုံနေရာ” ကို မြင်၍ မင်းချင်းများအား စေလွှတ်ကြည့်စေသည်။

စာမျက်နှာ-251


“ဖွားစ ကလေးငယ်ပါ၊ အသက်ရှင်ပါသေးသည်”ဟု မင်းချင်းများက တင်ပြသဖြင့် မွေးမြူဖို့ နန်းတွင်းပို့စေသည်၊ “အသက်ရှင်သေးသည်”ဟူသော စကားအရ ဇီဝက အဘယမင်းသား၏ မွေးစားသားဖြစ်၍ ကောမာရဘစ္စ အမည်ရသည်။

ဆရာဇီဝက သမားခ ရပုံ

၁၆-နှစ်သားတွင် တက္ကသိုလ်မှ ဆေးသိပ္ပံသင်တန်း ပြီးဆုံး၍ ခမည်းတော် ဗိမ္ဗိသာရ မင်းကြီး၏ သမားတော်ဖြစ်လာသည်၊ စဏ္ဍပဇ္ဇောတမင်း ရောဂါကို ပျောက်အောင် ကုသရာ ဆန်လှည်းအစီး ၅၀၀၊ ငွေတသောင်း ၆-ထောင်၊ အရံပုဆိုး တထောင်နှင့် အတူ တန်ဖိုးအနဂ္ဃထိုက်သည့် သိဝိတိုင်းဖြစ် ပုဆိုးအစုံကို သမားတော်ခ ရခဲ့သည်။

ရာဇဂြိုဟ် ဂိဇ္ဈကုဋ် တောင်ပေါ်ကျောင်း၌ သီတင်းသုံးနေသော ဘုရားရှင်၏ ဒေါသမလ ဓာတ်အားကြီးသော ကိုယ်တော်၌ သိမ်မွေ့သော ဝမ်းလားဆေးကို ဆက်ကပ်ယင်း “ဘုရားရှင်အတွက် ပစ္စည်း ၄-ပါးလုံး ငါ့ဥစ္စာချည့် ဖြစ်ပါစေ”ဟု ကြံစည်ပြီး မိမိပိုင် သရက်ဥယျာဉ်၌ ဘုရားရှင်ကို သီတင်းသုံးစေကာ ဆေးဝါးလည်း ကုသပေးလျက် သိဝိတိုင်းဖြစ် ပုဆိုးအစုံကို ကိုယ်တော်တိုင် ဝတ်ရုံဖို့ လျှောက်ထား ဆက်ကပ် သံဃာအားလည်း ပုဆိုးတကောင်စီ လှူဒါန်းသည်။

၁၀။ ငါဘုရားနှင့် အကျွမ်းဝင်သော စကားကို ဆိုသူတို့တွင် နကုလပိတု သူကြွယ် သည် အမြတ်ဆုံး။

သူကြွယ်အလောင်းကား ပဒုမုတ္တရ ဘုရားလက်ထက် ဟံသာဝတီမြို့သားဖြစ်၍ ဝိဿာသက ဧတဒဂ်ရ ဥပါသကာတဦးကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်းသည်၊ ငါတို့ ဘုရားလက်ထက် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ သဌေးသား နကုလပိတု ဖြစ်လာ သည်၊ သား နကုလ၏ အမည်ကို စွဲ၍ ဖခင်ကို နကုလပိတု၊ မိခင်ကို နကုလမာတာဟု ခေါ်တွင်သည်။

ဘုရားရှင်သည် သံဃာများနှင့် ဒေသစာရီ ကြွချီ၍ (မြို့တည်၊ မိကျောင်းမည်သောကြောင့်)သုသုမာရဂိရမြို့(ဘေသကဠာ ဘီလူးမ အုပ်စိုးသောကြောင့်) ဘေသကဠတော ၌ ရောက်ရှိ သီတင်းသုံးစဉ် နကုလပိတု သဌေးကြီး ဇနီးမောင်နှံသည် မြို့သားများနှင့် အတူ ဘုရားထံ ရောက်လာကြသည်။

ဘဝ ၂-ထောင် သံယောဇဉ်နှောင်

သဌေးကြီး ဇနီးမောင်နှံသည် ဘုရားရှင်ကို မြင်မြင်ချင်း “ငါတို့သားကြီး”ဟူသော အမှတ်ဖြင့် ဘုရားခြေတော်ရင်း ဝပ်ပြီး “ယခုလောက် ကြာအောင် ခမည်းတော်

စာမျက်နှာ-252


မယ်တော်တို့ကို ပစ်ထားပြီး သားကြီး ဘယ်များ သွားနေသနည်း”ဟု လျှောက် ထားကြသည်။

နကုလပိတုသည် ဘဝ ၅၀၀-ဘုရားရှင်၏ ခမည်းတော်၊ ဘဝ ၅၀၀-ဘထွေး၊ ဘဝ ၅၀၀-ဘကြီး၊ ဘဝ ၅၀၀-ဦးကြီး ဦးလေးတော်စပ်ခဲ့သည်။ နကုလမာတာသည်လည်း ဘဝ ၅၀၀-မယ်တော်၊ ဘဝ ၅၀၀-မိထွေး(အမေ့ညီမ) ဘဝ ၅၀၀-မိကြီး၊ ဘဝ ၅၀၀-အရီးကြီး အရီးလေး (အဖေနှမ) တော်စပ်ခဲ့သည်။ ထို့ကြောင့် ရင်းနှီး ချစ် ကျွမ်းဝင်ကြသည်။

ရင်းနှီးသည့်အလျောက် ရှက်ကြောက်ကင်းပုံ

ဘုရားရှင်သည် ယင်းမောင်နှံတို့ စိတ်ကျေနပ်အောင် ခွင့်ပြုပြီး ကျေနပ်မှ အလို အာသယကို သိကာ တရားဟောတော်မူရာတွင် ၂-ဦးလုံး သောတာပန် တည်သွားကြသည်။ ဇနီးမောင်နှံ အရွယ်ကြီးချိန် နောက်တခေါက် ဘုရားရှင် အရောက်တွင် နောက်နေ့ သံဃာများနှင့်တကွ ဘုရားရှင်အား ဆွမ်းကပ်ပြီး နကုလပိတုသဌေးကြီးက ဘုရားရှင် အား--

“မြတ်စွာဘုရား၊ တပည့်တော်ငယ်စဉ် ငယ်ရွယ်သူ နကုလ မာတာကို လက်ထပ်ခဲ့စဉ် ကစ၍ စိတ်ဖြင့်လည်းလွန်၍ ကျင့်မိသည်ဟု မသိဖူးပါ၊ ကိုယ်ဖြင့်ကား ဆိုဖို့မရှိတော့ပါ၊ မြတ်စွာဘုရား၊ ယခုဘဝရော နောက်ဘဝပါ တပည့်တော်တို့ အချင်းချင်း မြင်နေချင် ကြပါသည်”ဟု လျှောက်ထားရာ နကုလမာတာ သဌေးကတော်ကြီးကလည်း အလားတူ ပင် အားကျမခံ ပြန်လျှောက်သည်။

သံသရာမှာမခွဲ နိဗ္ဗာန်ထိ တွဲလိုကြလျှင်

ထိုအခါ ဘုရားရှင်က သဌေးကြီးဇနီးမောင်နှံတို့ကို “ယခုဘဝရော နောင်ဘဝပါ အချင်းချင်း မြင်နေချင်ကြလျှင် ၂-ဦးလုံး သဒ္ဓါ သီလ စာဂ ပညာ တူကြရမည်”ဟု မိန့် တော်မူပြီး ဥဘော သဒ္ဓါ ဝဒညူစစသော ၃-ဂါထာကို ဟောတော်မူသည်။

၁၄-ဧတဒဂ္ဂဝဂ် ၇။ သတ္တမဝဂ်

၁။ ရဟန်းတို့၊ ရှေးဦးဆုံးကိုးကွယ်ဆည်းကပ်ခြင်း သရဏဂုံသို့ ရောက်သူ ဥပါသိ ကာမတို့တွင် သေနိယသဌေးသမီး သုဇာတာသည် အမြတ်ဆုံးဖြစ်သည်။

သုဇာတာအလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့ သဌေးသမီး ဖြစ်၍ ပထမ သရဏဂမနဧတဒဂ်ရ ဥပါသိကာတဦးကို အားကျ၊ ကောင်းမှုပြု၊ ဆု တောင်းခဲ့သည်၊ ငါတို့ဘုရားမပွင့်မီ ဥရုဝေဠတောအနီး သေနာနိဂုံး သေနိယသဌေး သမီး သုဇာတာဖြစ်လာသည်။

စာမျက်နှာ-253


စိတ်ကြိုက်လင်ရ နတ်မသည်ထင်

အရွယ်ရောက်သော် “အမျိုးတူယောက်ျားရ ပထမဆုံးသား မွေးရလျှင် နှစ်စဉ် ဗလိနတ်စာပူဇော်ပါမည်”ဟု ညောင်ပင်စောင့်နတ်ကို တိုင်တည် ဆုတောင်းခဲ့သည်၊ ယင်းဆုတောင်းပြည့်၍ ပူဇော်ခဲ့ရာ သားဦးယသ သည်ပင် အိမ်ထောင်ကျ၊ နှစ်ပေါင်း ၂၀-ကျော်မျှ ကြာခဲ့ပေပြီ။

သုဇာတာသဌေးကတော်ကြီးသည် ဘုရားလောင်း ဒုက္ကရစရိယာကျင့်၍ ၆-နှစ်ပြည့် သော မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့ သန်းခေါင်ကျော်တွင် အစေခံ များနှင့် နွားနို့ညှစ်သည်၊ သားငယ်များသည် မိခင်နွားမကြီး နို့တိုင်နား ဒီနေ့မကပ် ကြပါ၊ နို့ညှစ်ခွက် နို့တိုင်နားရောက်လျှင် မညှစ်ပဲနို့ရည်များယိုကျလာသည်။ ထို အံ့ဖွယ်ကိုမြင်၍ သုဇာတာကိုယ်တိုင် နို့ရည်ခံပြီး မီးမွှေးကာ နို့ဆွမ်းချက်သည်။

ဃနာနို့ဆွမ်း၌ အမျိုးမျိုးသောအံ့ဖွယ်

ဃနာဆွမ်းကျိုစဉ် အမြှုပ်ကြီးများ လက်ယာရစ်လည်သော်လည်း အပြင်မကျပေ။ မဟာ ဗြဟ္မာထီးမိုး၍ လောကပါလနတ်မင်း ၄-ဦး သန်လျက်ကိုင်စောင့်သည်၊ သိကြားမင်း မီးထိုး၍ ၄-ကျွန်းလုံးရှိ ဩဇာများကို အိုးတွင်းသို့ နတ်များသွင်းကြသည်၊ သုဇာတာ သည် ကျွန်မပုဏ္ဏာအား အံ့ဖွယ်များခေါ်ပြပြီး “ငါတို့ညောင်စောင့်နတ် ယနေ့အလွန် စိတ်ကြည်နေသည်၊ နတ်မင်းနေရာ ညောင်ပင်ကို လျင်မြန်စွာ သုတ်သင်ချေပါ”ဟု ခိုင်း လိုက်သည်။

ဘုရားလောင်းသည် လပြည့်နေ့နံနက်စောစောပင် ညောင်ပင်ရင်း၌ ဆွမ်းခံချိန်ကို ဆိုင်းနေရာ နေရာပြင်လာသော ကျွန်မပုဏ္ဏာမြင်သဖြင့် အိမ်ပြန်ပြီး “ညောင်စောင့် နတ်မင်းဆင်း၍ ညောင်ပင်ရင်းထိုင်နေပါသည်”ဟု သုဇာတာအား တင်ပြရာ “သင့် စကားမှန်လျှင် ကျွန်အဖြစ်မှနုတ်မည်”ဟု ပြောဆိုပြီး ဝတ်စားတန်ဆာဆင်ကာ တသိန်း တန် ရွှေခွက်၌ ဃနာနို့ဆွမ်းထည့်၊ အခြားရွှေခွက်ဖြင့်ဖုံး၊ ပိတ်ဖြူပတ်ကာ နံ့သာပန်းဆိုင်း များဆွဲ ကိုယ်တိုင်ရွက်သွားသည်။

ဘုရားလောင်းကို နတ်မင်းထင်သော သုဇာတာ

ဘုရားလောင်းမြင်လျှင် ဝမ်းသာအားရ ရွှေခွက်ဖွင့်ပြီး ရွှေခွက်ပါ ဆွမ်းကို အလောင်းတော်လက် ဆက်ကပ်သည်၊ “ကျွန်ုပ်ဆန္ဒပြည့်ဝသလို အရှင်တို့လည်း ပြည့်ဝ ပါစေ”ဟု ဆုတောင်းပြန်သွားသည်။ အလောင်းတော်သည် နေရဉ္စရာ မြစ်ဆိပ်သွား ရေချိုးပြီးမှ ဆွမ်း ၄၉- လုတ် ဘုဉ်းပေးပြီး ရွှေခွက်ကို မြစ်ကြောင်း မျှောလိုက်သည်။

ထို့နောင် မဟာဗောဓိမဏ္ဍိုင်သို့ သက်ရောက်တော်မူကာ သဗ္ဗညု ဘုရားဖြစ်တော် မူ၍ မဟာဗောဓိမဏ္ဍိုင်အနီး၌ပင် သတ္တ သတ္တာဟ စံတော်မူပြီးမှ မိဂဒါဝုန်ကြွ၊ ဓမ္မ

စာမျက်နှာ-254


စကြာတရား ဟောကြားတော်မူသည်၊ ထို့နောင် ရှေးဦးဆုံးဆွမ်းအမ၊ သုဇာတာသဌေး ကတော်ကြီး၏ သားယသ၏ မဂ်ဖိုလ်ရကြောင်းကိုမြင်၍ သစ်ပင်ရင်းတခုသို့ ကြွလာထိုင် နေတော်မူသည်။

ယသ သဌေးသားသည် ထိုညဉ့်အချိန်က မောင်းမဆောင်ကိုမြင် သံဝေဂထင်ကာ “ခန္ဓာကိုယ်ကို ကိလေသာများ ထိပါး ညှဉ်းဆဲနှိပ်စက်အပ်စွတကား”ဟု ညည်းတွား ပြီး အိမ်မှထွက်လာရာ မြို့ပြင်ပ ဘုရားထံရောက်သွားသည်။ တရားနာရသဖြင့် အနာ ဂါမ် တည်သွားသည်။

ယသ၏ဖခင်သဌေးကြီးသည် သားရှာသွားရာ ဘုရားထံတော်ရောက်ပြီး သားသတင်း မေးသည်တွင် ဘုရားရှင်က ယသကို တန်ခိုးဖြင့် ကွယ်ထားပြီး တရားဟောသည်၊ တရား အဆုံး ဖခင်ကြီးသောတာပန်တည်၍ လုလင်ယသရဟန္တာဖြစ် ဧဟိဘိက္ခုဖြစ်သည်၊ အိမ်ပင့် ဆွမ်းကပ်ပြီး၍ ဘုရားရှင် တရားဟောသောအခါ ယသ မယ်တော် သုဇာတာသဌေး ကတော်ကြီး၊ ယသ၏ ဇနီးဟောင်းတို့ သောတာပန်တည်ကြ၊ တေဝါစိက သရဏဂုံ လည်း ယူကြသည်။

၂။ လှူဒါန်းခြင်း၌ မွေ့လျော်သူတို့တွင် မိဂါရသဌေး၏ အမိအရာ၌တည်သော ဝိသာခါသည် အပြတ်ဆုံး။

ဝိသာခါအလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့ သဌေးသမီး ဖြစ်၍ ဒါယိကာဧတဒဂ်ရ ဥပါသိကာတဦးကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်း၊ ဗျာဒိတ်ရသည်၊ ဤဘဒ္ဒကမ္ဘာ ကဿပဘုရားလက်ထက် ကာသိတိုင်းရှင် ကိကိမင်းကြီး သမီးတော် ၇-ဖော်တွင် အငယ်ဆုံး သံဃဒါသီဖြစ်ခဲ့သည်။

၇-နှစ်က သောတာပန်ဖြစ်သော ဝိသာခါ

ငါတို့ဘုရားလက်ထက် အင်္ဂတိုင်း ဘဒ္ဒိယမြို့ မေဏ္ဍကသဌေးကြီး၏သား ဓနဉ္စယ၊ ချွေးမ သုမနဒေဝီတို့၏သမီး ဝိသာခါဖြစ်လာသည်၊ သေလပုဏ္ဏားနှင့် ဝေနေယျများ၏ မဂ်ဖိုလ်ရကြောင်းကိုမြင်၍ ဘုရားရှင် ဘဒ္ဒိယမြို့ ကြွလာစဉ် အဘိုး၏ တိုက်တွန်းချက်အရ အဖော် ၅၀၀-နှင့် သွားကြိုတရားနာရ၍ ၇-နှစ်အရွယ်ကပင် သောတာပန်တည်ခဲ့သည်။

ဘဒ္ဒိယမြို့ ဘုန်းကံရှင် ၅-ဦး

မေဏ္ဍကသဌေး၊ သဌေးကတော် စန္ဒပဒုမာ၊ သားဓနဉ္စယ၊ ချွေးမ သုမနဒေဝီ၊ ကျွန်ပုဏ္ဏတို့ ၅-ဦးတွင် မေဏ္ဍကသဌေးကြီးသည် ဘုန်းကံကိုသိလို၍ စပါးကျီ ၁၂၅၀-

စာမျက်နှာ-255


တို့ကို ရှင်းလင်းစေပြီး ဦးခေါင်းဆေးကာ တံခါးဝထိုင်ပြီး ကောင်းကင်ကို ကြည့်ရာ၊ သလေးနီစပါးမိုးကြီး ရွာချ၍ ကျီအားလုံး ပြည့်လျက်သား ဖြစ်ကြရသည်။

ဘုန်းကံရှိပုံနှင့် စန္ဒပဒုမာမည်ပုံ

သင်တို့ကျန် ၄-ဦး၏ ဘုန်းကံကိုလည်း စမ်းကြပါဟု သဌေးကြီးခိုင်းသဖြင့် သဌေးကတော်ကြီးသည် ဝတ်စားဆင်ကာ လူများရှေ့မှာပင် ဆန်တပြည် ခြင်ချက်ပြီး တံခါးမုခ်၌ထိုင် ရွှေယောက်မကိုင်ကာ “ထမင်းလိုသူများ လာယူကြ”ဟု ကြွေးကြော် ပြီး လာသမျှ ခွက်ပြည့်ပေးသော်လည်း ခပ်ရာသာထင်သည်၊ အရာမယွင်းပေ။

သူမကားရှေးဘုရားရှင်များလက်ထက် သံဃာအား ဝဲလက်ဖြင့် ဆွမ်းဇလုံကိုင် ယာလက်ဖြင့် ဇွန်းအပြည့် ခပ်လောင်းခဲ့သည်၊ ထို့ကြောင့် ဝဲလက်ဝါးအပြည့် ပဒုမ္မာ ကြာ လက္ခဏာ၊ ယာလက်ဖဝါးအပြည့် လဝန်းလက္ခဏာ အရေးအသား ပါရှိသည်။ ရေစစ် စစ်လှူကာ လှည့်လည်သွားလာခဲ့သဖြင့် ယာခြေဖဝါး လဝန်း၊ ဝဲခြေဖဝါး ပဒုမ္မာကြာ အရေးအသားထင်ရှား၍ စန္ဒပဒုမာ မှည့်ခေါ်ကြသည်။

ရိက္ခာမှန်သမျှ သဌေးအိမ်မှရ

သားဖြစ်သူ ဓနဉ္စယသည်လည်း ဦးခေါင်းဆေးပြီး အသပြာ ထောင်အိတ် ယူကာ ငွေလို၍ လာသူမှန်သမျှ ခွက်ပြည့်ထည့်ပေးသော်လည်း ကျပ်တထောင် ရှိမြဲပင်တည်း၊ ချွေးမ သုမနဒေဝီကမူ ဆင်ယင်ဝတ်စား စပါးတောင်းကိုင် လင်းပြင်ထိုင်ပြီး မျိုးရိက္ခာ လိုသူများ ခွက်ပြည့်ပေးသည်၊ တောင်းမလျှော့ပေ။

ကျွန်ယုံ မောင်ပုဏ္ဏသည်လည်း ကျွန်ဝတ်စုံဆင်ကာ ရွှေထမ်းပိုး၌ ရွှေချည်ကြိုးငင် နွားများကိုဆင်ပြီး ရွှေနှင်တံကိုင်ထွန်ရာ ဝဲယာထွန်ရေး ၃-ကြောင်းစီ ဗဟိုတကြောင်း၊ ပေါင်း ၇-ကြောင်းထွန်ပြီး ဖြစ်သည်၊ ဇမ္ဗူဒီပတကျွန်းလုံးရှိ လူများ ထမင်းရိက္ခာ ရွှေ၊ ငွေများကို မေဏ္ဍကသဌေးကြီးအိမ်မှသာ ယူကြရသည်။

ရာဇဂြိုဟ် သဌေးကြီး ၅-ဦး

ဗိမ္ဗိသာရမင်းကြီးပိုင်နယ် ရာဇဂြိုဟ်ပြည်၌ ဤ မေဏ္ဍကသဌေးကြီးမှတပါး ဇောတိက ဇဋိလ၊ ပုဏ္ဏ၊ ကာကဝလိယ ဟု သဌေးကြီး ၄-ဦးလည်း ရှိသေးရာ ၅-ဦးလုံးပင် အမိတဘောဂ ပြည့်ဝစုံလင် သုံးစွဲမကုန်သော စည်းစိမ်ရှင်များ ဖြစ်ကြသည်။

ဘဒ္ဒိယမြို့ ဘုရားရှင်ကြွလာကြောင်း မေဏ္ဍကသဌေးကြီး ကြားရလျှင် မြေး ဝိသာခါကိုခေါ်၍ အဖော် ၅၀၀-နှင့်အတူ ရထား ၅၀၀-စီးပြီး ဘုရားကြိုခိုင်း သည်၊ ဝိသာခါလည်း အဖော်များနှင့်အတူ ကြိုဆိုရှိခိုးနေစဉ် စရိုက်နှင့် လျော်သော

စာမျက်နှာ-256


တရားတော်ကို ကြားနာရ၊ သောတာပန်တည်ကြသည်။ နောက်ရောက်လာသော မေဏ္ဍကသဌေးကြီးသည်လည်း ဘုရားတရားနာကြား သောတာပန်တည်သဖြင့် နောက် နေ့မှစ၍ ၁၅-ရက်လုံး ဆွမ်းကပ်သည်၊ ချွတ်ရမည့်သူကုန်လျှင် ဘဒ္ဒိယမြို့မှ ဘုရားရှင် ပြန်ကြွတော်မူသည်။

သဌေးလိုချင်သော ကောသလဘုရင်

သာဝတ္ထိပြည်၌ အမိတဘောဂ သဌေးကြီး တဦးမျှမရှိသဖြင့် ပသေနဒီ ကောသလ မင်းသည် ဗိမ္ဗိသာရမင်းထံ သဌေးတောင်းရာ ဗိမ္ဗိသာရမင်းသည် အမတ်များနှင့် တိုင်ပင်ပြီး မေဏ္ဍကသဌေးသား ဓနဉ္စယသဌေး မိသားစုကို တောင်းပန်ပို့လွှတ်သည်၊ မင်း ၂ ပါးကား မောင်လှယ် နှမလှယ်ဖြစ်၏။ ဗိမ္ဗိသာရမင်းသည် သဌေးကြီးများကို မတုန်လှုပ် စေနိုင်သဖြင့် သားမိသားစုကိုသာ တောင်းပန်ပြီး ကောသလမင်းနှင့်အတူ ထည့်လိုက်ရသည်။

ဓနဉ္စယသည် ဘဒ္ဒိယမှပြောင်းလာရာ သသာဝတ္ထိရောက်မီ ၇-ယူဇနာအကွာ အနေ အထိုင် ချမ်းသာမည့်နေရာသို့ရောက်လျှင် “ဤနေရာ အရှင်ကောသလမင်းကြီး နေရာ ဖြစ်လျှင် အရှင်မင်းကြီးထံ ခွင့်ပန်ပြီး နေပါရစေ။ အခြံအရံများသော ကျွန်ုပ်အဖို့ သာဝတ္ထိမြို့ကား နေရာကျဉ်းပါသည်” ခွင့်ပန်ရာ မင်းကြီးခွင့်ပြုပြီး မြို့သစ်တည်ပေး သည်၊ ကိုယ်တိုင်ပင် နေရာအရပ် ယူအပ်လေသောကြောင့် သာကေတမြို့ တွင်သည်။

သားအတွက် ချွေးမရှာသော မိဂါရ

သာဝတ္ထိပြည်၌ မိဂါရသဌေးသား ပုဏ္ဏဝဍ္ဎနလုလင် အရွယ်ရောက်လာရာ သား အတွက် ချွေးမရှာရန် လိမ္မာသော ယောက်ျားများကို မိဂါရသဌေး စေလွှတ်သည်၊ သာဝတ္ထိပြည်မှာ မတွေ့သဖြင့် သာကေတမြို့ ဆက်ထွက်ကြသည်။

ဝိသာခါသည် ရံရွေ ၅၀၀-နှင့်အတူ မြို့ပြင်ရေကန်ကြီးသို့ရေကစားသွားခိုက် သာကေ တမြို့တွင်း ချွေးမလောင်းမတွေ့၍ မြို့ပြင်ထွက်လာသော ချွေးမရှာအဖွဲ့နှင့်ဆုံ ကြသည်၊ ထိုအချိန် မိုးကြီးရွာလာသဖြင့် မိုးစိုမည်စိုး၍ ရံရွေ ၅၀၀ အပြေးသွား၍ ဇရပ်သို့ ဝင်ကြသော်လည်း ဝိသာခါကား မိုးကိုပဓာနမထား ဖြည်းဖြည်းသာ ဇရပ် တွင်းဝင်သည်။

ဝိသာခါ၏သဘော ကြားလို၍ ပြောင်လှောင်ခြင်း

ချွေးမရှာအဖွဲ့သည် ဝိသာခါကို မြင်ရလျှင် “အေး၊ လူများတွင် ဤသမီး ငယ်သာ အသာဆုံးဖြစ်ရာသည်၊ ရုပ်အဆင်းမြင်ရပေပြီ၊ စကားပြောကြည့်လျှင် နှုတ်

စာမျက်နှာ-257


သံချို မချို သိနိုင်မည်”ဟု ကြံကာ ဝိသာခါအား “သမီးက အဖွားကြီးလို သွားနေ ပါတကား”ဟု စလိုက်ရာ “ဘာကိုမြင်လို့ ဖခင်တို့ ဆိုကြပါသလဲ”ဟု ဝိသာခါက ပြန်မေးလိုက်သည်။

ချွေးမရှာ လူကြီးများက“သမီးအဖော်တွေ မိုးရေကြောင့် အပြေးသွား ဇရပ်တွင်း ဝင်နားကြသည်။ သမီးကမူ ဘာမျှမထူးခြား အဝတ်ကိုလည်း မလေးစားပါ၊ အကယ်၍ ဆင်မြင်း လိုက်လာလျှင်လည်း ဤပုံစံပဲ သွားမှာလား”ဟု မေးရာ “သမီးတို့မှာ အဝတ် ရလွယ်ပါသည်၊ အရွယ်ရောက်သော မိန်းကလေးများသည် ရောင်းကုန်နှင့် တူရာ ပြေး သွား၍ မတော်တဆ လက်ခြေအင်္ဂါ ချို့တဲ့သွားပါလျှင် ယောက်ျားများရွံစရာဖြစ်၍ သမီးဖြည်းဖြည်း လာခဲ့ပါသည်” ဟု ပြန်ပြောသည်။

ဝိသာခါကို ချွေးမလောင်း ရွေးချယ်

လူကြီးများသည် “ဤဇမ္ဗူဒိပ် မြေအပြင်မှာ ဤသမီးနှင့်တူသူမရှိ၊ ရုပ်လှသလောက် စကားလည်း ချိုသာသည်၊ အကြောင်း ဟုတ် မဟုတ်ကိုလည်းသိ၍ ပြောသည်” ကြံကာ ဝိသာခါအပေါ် ပန်းကုံးပစ်တင်လိုက်ကြသည်၊ ထိုအခါ ဝိသာခါသည် “ငါကား ယခု အသိမ်းခံရသူ ဖြစ်ပြီ”ဟုကြံကာ ယဉ်ကျေးစွာ ထိုနေရာမြေ၌ ထိုင်လိုက်စဉ် လူကြီးများက ကန့်လန့်ကာ ကာလိုက်ကြသည်၊ ကာရံ၍ လုံခြုံမှ ကျွန်မများနှင့် အတူ အိမ်သား လူကြီးများပါ လိုက်ကြသည်။

ဓနဉ္စယ သဌေးကြီးက မေးသဖြင့် လူကြီးများက “သာဝတ္ထိပြည် မိဂါရသဌေး ကြီး၏လူကြီးများဖြစ်ကြောင်း၊ သမီးရှိသည်ကြား၍ စေ့စပ်ဖို့စေလွှတ်လိုက်ပါကြောင်း” ပြောဆိုရာ “စည်းစိမ်ဥစ္စာ မတူပေမယ့် အမျိုးဇာတ်တူသည်၊ ၂-မျိုးစုံတူဖို့ကား ခဲယဉ်း ၏၊ မောင်တို့သဌေးအား လက်ခံကြောင်း ပြောကြားပါ”ဟု ဆို၍ ပြန်လွှတ်သည်။

လူကြီးများသည် သာဝတ္ထိပြည်ပြန် မိဂါရသဌေးကြီးထံ အကြောင်းစုံ ပြောကြားရာ ဝမ်းသာစွာဖြင့် ဓနဉ္စယထံ “သမီးတောင်း မကြာမီလာမည့် အကြောင်း ပြုသင့်သမျှ ပြုထားစေလိုကြောင်း” မိဂါရက သဝဏ်လွှာပို့ရာ ဓနဉ္စယကလည်း “ပြုသင့်သမျှ ပြု ထားဖို့ တာဝန်မလေးပါ၊ သဌေးကြီးအလုပ်သာ လုပ်ပါ”ဟု သဝဏ်လွှာ ပြန်ပို့သည်။

မင်းကြီးပါ မိန်းမတောင်း လိုက်ခြင်း

မိဂါရသည် ကောသလမင်းကြီးထံသွားပြီး “အကျွန်ုပ်မှာ မင်္ဂလာတခုပြုဖွယ်ရှိပါ သည်၊ အကျွန်ုပ်၏သား ပုဏ္ဏဝဍ္ဎနအတွက် ဓနဉ္စယ သဌေးသမီး ဝိသာခါကို သွားယူရပါမည်၊ သာကေတမြို့သွားခွင့်ပြုတော်မူကြပါ”ဟု ခွင့်တောင်းရာ မင်းကြီးက ခွင့်ပြုပြီး “ငါတို့ပါလိုက်ဖို့ လို-မလို” ပြန်မေးရာတွင် “အရှင်မင်းကြီးတို့လို ပုဂ္ဂိုလ်မျိုး

စာမျက်နှာ-258


လိုက်ပါခြင်းကို အဘယ်မှာကျွန်ုပ် တတ်နိုင်ပါမည်နည်း” ( အလိုက်မခိုင်းဝံ့ပါ) ပြန် လျှောက်သည်၊ ကောသလမင်းကြီးသည် ၂-ဘက်စလုံးကို ချီးမြှောက်ရန် “ငါလည်း လိုက်မည်”ဟု ဝန်ခံပြီးလိုက်ပါသည်။

ဓနဉ္စယသည်“မင်းကြီးနှင့် မိဂါရ သာကေတလာလေပြီ” ကြားလျှင် ကိုယ်တိုင် သွားကြိုပြီး ပရိသတ်အားလုံးအတွက် နေရာထိုင်ခင်း စားသောက်ဖွယ်ရာ ပြည့်စုံစွာ စီမံသည်၊ “ငါတို့အားသာ သဌေးကြီး ဂရုစိုက် ပူဇော်သည်”ဟု လူတိုင်းပင် ထင်မှတ် ကြသည်။

၄ လ ဧည့်ခံသော မင်္ဂလာပွဲ

တနေ့သောအချိန် ပသေနဒီကောသလမင်းကြီးသည် ဓနဉ္စယသဌေးထံ “သဌေးကြီး သည် ငါတို့ပရိသတ်ကြီးအား ကြာကြာပြုစုဖို့မလွယ်၊ သမီးသာဝတ္ထိပို့ချိန် သတ်မှတ် ပါ”ဟု သတင်းပို့ရာ ဓနဉ္စယကလည်း မင်းကြီးထံသို့ “ယခု မိုး ၄-လ ပရိသတ်များသွား လာမကောင်းပါ၊ အရှင့်စစ်သည်တော်များအတွက် ရသင့်တာမှန်သမျှ ကျွန်ုပ်တာဝန် ပါ၊ ကျွန်ုပ်ပို့ချိန်မှ အရှင်မင်းကြီး သာဝတ္ထိ ပြန်ကြွစေချင်ပါသည်”ဟု သတင်း ပြန် လျှောက်သည်။

ထိုတချိန်လုံး သာကေတကား ပွဲသဘင်ကြီးပင် ဖြစ်နေသည်၊ သီတင်းကျွတ်လပြည့် ကျော်လာပြီ၊ ဝိသာခါအတွက် မဟာလတာ တန်ဆာကား မပြီးသေး၊ အလုပ် အမှု ဆောင်များသည် ဓနဉ္စယထံလာပြီး “ကျန်သမျှ အားလုံး ပြည့်စုံပါသည်၊ ပရိသတ် အတွက် ထမင်းချက်ရန် ထင်းမလောက်ပါ” ဟု တင်လျှောက်ရာ သဌေးကြီးက“ဆင်၊ မြင်းတင်းကုပ်များဖျက် ထင်းလုပ် ထမင်းချက်ကြ”ဟု မိန့်သဖြင့် လဝက်စာပြည့်စုံ သွားသည်၊ လဝက်လွန်သောအခါ“ထင်းမရှိကြောင်း” ထပ်တင်ကြရာ “မိုးတွင်းထင်း မရနိုင်၊ အဝတ်ဂိုဒေါင်များဖွင့် အထည်ကြမ်းများကိုယူ ကြိုးကျစ်ပြု၊ ဆီစိမ်၍ချက်ကြ” ဟု ပြောသဖြင့် ချက်ကျွေးလာရာ တန်ဆောင်မုန်းလပြည့်ရောက် လေးလ မြောက်၍ မဟာလတာ တန်ဆာလည်း ပြီးမြောက်ပေပြီ။

တန်ဆာပြီးကြောင်း သိလျှင် ဓနဉ္စယသည် သတို့သားထံ မပို့မီ ညရက် ကြိုတင်၍ သမီး ဝိသာခါအား လင်အိမ်နေရသော အိမ်ရှင်မဆိုင်ရာ ဩဝါဒများကို ပေးသည်၊ ထိုဩဝါဒများကို တဘက်တိုက်ခန်းနေသော မိဂါရလည်းကြားသဖြင့် နားစိုက်ထောင် နေသည်။

စာမျက်နှာ-259


ဝိသာခါအား ပေးသော ဖခင်ဓနဉ္စယ ဩဝါဒ ၁၀-ပါး

အိမ်တွင်းကမီး အပြင် မထုတ်ရ၊ အပြင်မီး အိမ်တွင်း မသွင်းရ၊ ပြန်ပေးသူ များသာ ပြန်ပေး၊ မပေးသူများ မပေးရ၊ ပေးပေး မပေးပေး ပေးရမည်၊ ချမ်းသာစွာထိုင် စား အိပ်၊ မီးကိုရိုသေစွာ လုပ်ကျွေး၊ အိမ်တွင်းနတ်များကို ရှိခိုးရမည်-
တို့ဖြစ်သည်။

ဩဝါဒပေးပြီး နောက် တနေ့ အားလုံး စုံသော စစ်တပ်အလယ်၌ ဓနဉ္စယသည် သူကြွယ် ၈-ဦးကို “သမီးအတွက် ရောက်လေရာမှာ အပြစ်မြင်ပါလျှင် မောင်တို့ ၈- ဦးက သုတ်သင်ဖြေရှင်းပေးလေ” ဟု အာမခံယူ စေပြီး သမီး ဝိသာခါကို ၉-ကုဋေ တန် မဟာလတာတန်ဆာ ဆင်ပေးလိုက်သည်။

ထို့နောင် သမီးအတွက် နံ့သာမှုန့်ဖိုးလှည်း ၅၀၀-စီးတိုက် ဥစ္စာ၊ သမီးနှင့် သွား ဖော်လာဖက် ကျွန်မ ၅၀၀၊ အာဇာနည်မြင်းက ရထားအစီး ၅၀၀၊ အသုံးအဆောင် မျိုးစုံ တမျိုးတမျိုး ၁၀၀-စီ သမီးအား ပေးပြီး ကောသလမင်းနှင့် မိဂါရသဌေးကို ရှေ့ဦးသွားစေသည်။

ဝိသာခါအတွက် ပေးလိုက်သော လက်ဖွဲ့ပစ္စည်းများ

ထို့နောင်မှ ဓနဉ္စယ သဌေးသည် သမီးသွားမည့်အချိန် နွားခြံအုပ်ယောက်ျားများကို ခေါ်စေပြီး “မောင်တို့၊ ငါ့သမီး ရောက်လေရာမှာ နွားနို့သောက်ဖို့ နို့စားနွားမများ၊ ယာဉ်ကရန် ဥသဘ နွားလားများ လိုပေလိမ့်မည်၊ ငါ့သမီး သွားလမ်း၌ နွားခြံဖွင့်၍ အကျယ် ၈-ဥသဘ အရပ်တိုင်အောင် နွားအပြည့်ထား၊ ၃-ဂါဝုတ်အထက် ရေစား ချောက်၌ နွားဦးရောက်မှ စည်အချက်ပေးပြီး နွားခြံပိတ်ပါ”ဟု အမိန့်ပေးရာ ယောက်ျား များ ထိုအတိုင်းပင် စီမံကြသည်။

နွားခြံတံခါးဖွင့်လျှင် ကြီးထွားဖွံ့ဖြိုးသော နို့စားနွားများ ထွက်ကြသည်၊ တံခါး ပိတ်သော်လည်း ဝိသာခါ၏(ကဿပဘုရားလက်ထက်က သံဃာများ ဆွမ်းစားပြီးသော် လည်း မစားချင် စားချင်အောင် အကျိုးပြု လျှောက်ထားကာ ခဲဖွယ် ဘောဇဉ်တို့ကို လိုသည်ထက်ပို၍ လှူခဲ့သော) ရှေးကောင်းမှုကြောင့် ခိုင်းနွားကြီးများ၊ နွားသိုးကြီး များလည်း ခြံခုန်၍ အတင်းလိုက်ကြသည်။

ဝိသာခါ ကိုယ်ထင်ပြ၍ သာဝတ္ထိမြို့ဝင်

ဝိသာခါ သာဝတ္ထိမြို့ တံခါးရောက်လတ်သော် “အလုံပိတ်ယာဉ်မှာထိုင်၍ မြို့ဝင်ရ မည်လော၊ ရထားပေါ်ရပ်ပြီး ကိုယ်ထင်ပြ ဝင်ရမည်လော” စဉ်းစားရာ “အလုံပိတ်

စာမျက်နှာ-260


ဝင်လျှင် မဟာလတာတန်ဆာဂုဏ် ထင်မည်မဟုတ်”ဟု ဆုံးဖြတ်ပြီး တမြို့လုံး မိမိကို ပြလျက် ရထားပေါ်ရပ်ကာ မြို့ဝင်သည်။

သာဝတ္ထိမြို့သားများသည် ဝိသာခါ၏အသရေကိုမြင်၍ “ဝိသာခါဆိုသည်မှာ ဤ အမျိုးသမီးတဲ့၊ ဤမျှပင် လှပ အသရေပြည့်စုံပေစွ၊ ဤစည်းစိမ်သည် ဝိသာခါအတွက် လိုက်ဖက်ပါပေသည်” ဟု ချီးမွမ်းကြသည်၊ ဤသို့လျှင် ဝိသာခါသည် ကြီးစွာသော စည်းစိမ်ဖြင့် မိဂါရသဌေးအိမ် ဝင်သည်။

ဝိသာခါရောက်သောနေ့မှာပင် တမြို့လုံးက “သာကေတရောက်စဉ် ဓနဉ္စယသဌေး ငါတို့အား ကျွေးမွေးခဲ့သည်” ဟု ကြံကာ တတ်နိုင်သမျှ လက်ဆောင်များ ပို့ကြ၏၊ ဝိသာခါသည် ထိုလက်ဆောင်များကို ထိုမြို့မှာပင် အိမ်ပေါက်စေ့ပြန်ပေးစေသည်။ ညဉ့်ဦးယံနောက်ပိုင်း အာဇာနည် မြည်းမတကောင် သားဖွားရာ ဝိသာခါသည် မိမိကျွန်မများကို မီးတိုင်ကိုင်စေပြီး သားဖွားရာသွားကာ ရေနွေးချိုး ဆီလိမ်းပေးပြီးမှ မိမိနေရာ ပြန်လာသည်။

သားမင်္ဂလာပွဲ တက္ကတွန်းများ ဖိတ်ကျွေး

မိဂါရ သဌေးကား သားမင်္ဂလာပွဲကို ၇-ရက် ကျင်းပရာ မြို့ဦးဇေတဝန်ကျောင်း တော်နေ ဘုရားရှင်ကို သတိ မရသော်လည်း နောက်ဆုံးနေ့၌ အဝတ် မဝတ်သော တက္ကတွန်းရဟန်းများကို ပင့်ဖိတ်ပြီး “ငါ့သမီးလာ၊ ရဟန္တာများကို ရှိခိုးပါ”ဟု ဝိသာခါ ထံ သတင်းပို့သည်၊ ရဟန္တာသံကြားရလျှင် သောတာပန် အရိယာ ဝိသာခါသည် ဝမ်း မြောက်ဝမ်းသာ ထိုသူများနေရာ သွားကြည့်လတ်သော် “ဤသူများ ရဟန္တာမဖြစ်နိုင်၊ အရှက်အကြောက် ပယ်သူများထံ ငါ့ကို ဘာ့ကြောင့် ယောက္ခမကြီး ခေါ်ရသနည်း” ဟု စိတ်ပျက်၊ ထွီ-ထွေ ဟု ကဲ့ရဲ့ပြီး မိမိနေရာ ပြန်သွားသည်။

တက္ကတွန်းများသည် ထိုအခြေအနေကို မြင်၍ “ဘယ်လိုလဲ သူကြွယ်၊ သင် တခြား ချွေးမ မရနိုင်ဘူးလော၊ ရဟန်း ဂေါတမ၏ တပည့် သူယုတ်မာမ ကိုမှ ဤအိမ်တွင် ဘာ့ကြောင့် သွင်းရသနည်း၊ ထိုသူယုတ်မကို ဤအိမ်မှ လျင်မြန်စွာ နှင်ထုတ်ပါ”ဟု အားလုံးတပြိုင်နက် သဌေးကို ကဲ့ရဲ့ကြသည်။

ယောက္ခမကို ပြုစုသော ဝိသာခါ

မိဂါရသဌေးသည် “ဝိသာခါ ဆွေကြီးမျိုးကြီး သမီးဖြစ်သည်၊ ဤရဟန်းတို့၏ စကားမျှဖြင့် ဝိသာခါကို ဤအိမ်မှ မနှင်ထုတ်နိုင်” ဟု အောက်မေ့ကာ “ဆရာတို့၊ လူငယ် များသည် သိ၍ဖြစ်စေ၊ မသိဘဲဖြစ်စေ (အမာန်ပါ များ)တတ်ကြရာပါသည်၊ ဆရာတို့ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်ကြပါ” ဟု တက္ကတွန်းတို့ကို အရှက်ပြေစကား ပြောကြား ပြန်လွှတ်သည်။

စာမျက်နှာ-261


ဝိသာခါသည် မိဂါရသဌေးကို မြတ်သောပလ္လင်၌ ထိုင်စေပြီး ရွှေယောက်ချိုကို ကိုင်ကာ ရွှေခွက်၌ ရေမပါသော နို့ဃနာကိုထည့်၍ ကိုယ်တိုင်လုပ်ကျွေးသည်၊ မိဂါရ သဌေးသည် ချွေးမ၏ အပြုအစုခံယူကာ စားသောက်နေချိန် ဆွမ်းခံသံဃာတပါး အိမ်တံခါးကြွလာရာ ဝိသာခါသည် “ယောက္ခမအား ကိုယ်တိုင်မပြောသင့်” ဟု ကြံပြီး မထေရ်ကို ယောက္ခမ မြင်သာအောင် မိမိက ဖယ်ရှားရပ်နေသည်။

အဟောင်းစားပြော၍ မိဂါရစိတ်ဆိုး

မိဂါရကား ပညာမဲ့သဌေးဖြစ်၍ မထေရ်ကို မြင်သော်လည်း မမြင်ယောင်ပြုကာ မျက်နှာအောက်ချ စား၍သာနေသဖြင့် ဝိသာခါသည် မထေရ်မြတ်ထံသွားပြီး “ကန်တော့ဆွမ်းပါဘုရား၊ တပည့်တော် ယောက္ခမကြီးကတော့ အဟောင်းကိုသာ စားပါသည်ဘုရား” ဟု ရှိခိုးလျှောက်ထားလိုက်ပါသည်။

မိဂါရသဌေးသည် တက္ကတွန်းများ ပြောကြားစဉ်က သည်းခံနိုင်သော်လည်း အဟောင်းစားဟု မိမိအား ပြောလျှင်ပြောချင်း ရွှေခွက်မှ လက်ဖယ်ကာ “ဤဃနာ ဤနေရာမှယူသွားကြ၊ ဤဝိသာခါကိုလည်း ဤအိမ်မှ နှင်ထုတ်ကြ၊ မှန်၏၊ မင်္ဂလာ အိမ်မှာ ငါ့ကို ဤချွေးမသည် မစင်စားသူဖြစ်အောင် ပြုမူဘိသည်” ဟု အမိန့်ပေးလိုက် သည်။ သို့စေကာမူ ထိုအိမ်မှာရှိသမျှ ကျွန်အမှုလုပ်များသည် ဝိသာခါ၏လူများသာ ဖြစ်၍ မည်သူမျှ ဝိသာခါကို လက်ခြေမကွဲပါ၊ ဆွဲဖို့အသာထား နှုတ်ဖြင့်ပြောဝံ့ သူမျှ မရှိပေ။

သူကြွယ် ၈-ဦး ဖြေရှင်းချက်

ဝိသာခါသည် ယောက္ခမစကားကြားရလျှင် “ဤတရားမဝင်သော စကားမျှဖြင့် ကျွန်မတို့အိမ်မှ မထွက်နိုင်ကြပါ၊ ကျွန်မကား ရေဆိပ်မှခေါ်လာသော ရေခပ် ကျွန်မ မျိုးမဟုတ်ပါ၊ မိဘထင်ရှား သမီးများမည်သည် ဤမျှဖြင့် ထွက်ရိုးမရှိပါ၊ ဤ အကြောင်းကြောင့်ပင် ကျွန်မဖခင်က သာဝတ္ထိလာမည့်နေ့မှာ သူကြွယ် ၈-ဦးခေါ်ပြီး “ငါ့သမီးနှင့်စပ်၍ အပြစ်ဖြစ်လျှင် သင်တို့သုတ်သင်ကြ”ဟု မှာပြီး အပ်ထည့်လိုက်ပါ သည်၊ ထို ၈-ဦး ခေါ်ပြီး အပြစ်ရှိ မရှိ ရှင်းကြပါ”ဟု ရဲဝံ့စွာ ပြောပြသည်။

“ဝိသာခါပြောစကား ကောင်းသည်”ဟု သဌေးကြီး ဆင်ခြင်ပြီး သူကြွယ် ၈-ဦး ခေါ်ကာ “ဤဝိသာခါသည် အိမ်ရောက်၍ ၇-ရက်မပြည့်မီပင် မင်္ဂလာအိမ်မှာနေ သော ငါ့ကို မစင်စားသူဟု ပြောသည်” တိုင်ရာ အာမခံသူကြွယ်များက “ချစ်သမီး၊ ဤအတိုင်း ပြောဆိုမိသလော”ဟု မေးလိုက်သည်။

စာမျက်နှာ-262


အဟောင်းစား ပြောရခြင်းအကြောင်း

ဝိသာခါက “သမီး၏ ယောက္ခမ မစင်စားလို၍ ဖြစ်ပါလိမ့်မည်၊ သမီး ဤသို့ မပြောမိပါ၊ အမှန်မှာ ဆွမ်းခံသံဃာတပါး အိမ်တံခါး ရပ်လာပါသည်၊ နို့ဃနာစား နေဆဲ ယောက္ခမကြီးသည် ဆွမ်းခံသံဃာကို စိတ်မရောက်ပါ၊ ထို့ကြောင့် မထေရ်ထံ သွားပြီး ကန်တော့ဆွမ်းပါဘုရား၊ တပည့်တော်၏ ယောက္ခမကတော့ ကုသိုလ်မပြု ကုသိုလ်ဟောင်းကိုသာ စားနေပါသည် - ဤမျှသာပြောမိပါသည်”ဟု ဖြေကြားရာ အာမခံများက “ဤကိစ္စ သမီးမှာအပြစ်မရှိ၊ အမှန်ပြောဆိုသည်ကို သဌေးမင်း အဘယ့်ကြောင့် အမျက်ထွက်သနည်း” ပြန်မေးလိုက်သည်။

မိဂါရသဌေးကြီးက “ဤကိစ္စ အပြစ်မရှိဖြစ်လျှင် ရှိစေ၊ ဤချွေးမသည် ဤအိမ် ရောက်သောနေ့မှာပင် လင်ရှိသည်ဟု သတိမပြုဘဲ သွားချင်ရာ သွားနေသည်”ဟု တိုင် သောအခါ အာမခံများက “သမီးသွားမိသလော” ဟု မေးရာတွင် ဝိသာခါက “ထိုသို့မဟုတ်ပါ။ အာဇာနည်မြည်းမ သားဖွားနေ၍ ဂရုမစိုက်လျှင် မသင့်ဟု ကြံကာ ကျွန်မများနှင့် သွားပြုစုပါကြောင်း” စုံလင်စွာ ပြောပြလိုက်သည်။

ဩဝါဒ ၁၀-ချက်၏ ကွယ်ဝှက်သော အဓိပ္ပာယ်

ထိုအခါ အာမခံများက “သဌေးမင်း၊ ကျွန်မများပင် မပြုနိုင်သည့်ကိစ္စကိုပြုသော သမီး ဝိသာခါအပေါ် ဘာအပြစ် မြင်ပါသနည်း” ဟု မေးကြရာ သဌေးကြီးက “ဤကိစ္စသည် ကျေးဇူးပင်ဖြစ်သည် ထားပါတော့၊ ချွေးမ၏ဖခင် ဓနဉ္စယ သဌေးက ဤအိမ်လာမည့်နေ့ ဩဝါဒပေးရာ -

၁။ အိမ်တွင်းမီး အပြင်မထုတ်ရ”ဟု မှာလိုက်သည်၊ ၂-ဘက် အိမ်နီးချင်းများအား မီးမပေးဘဲ မနေနိုင်ပါ”ဟု တိုင်ပြန်ရာ အာမခံများက ဟုတ်မဟုတ်မေးရာတွင် ဝိသာခါ က အောက်ပါအတိုင်း ဖြေကြားသည်။

ပကတိမီးကို ဖခင်က မဆိုလိုပါ၊ ယောက္ခမ စသူတို့၏ လျှို့ဝှက်အပ်သော ကိစ္စ များကို ခိုက်ရန်ငြင်းခုံမှုအေးရန် ကျွန်မိန်းမ ကျွန်ယောက်ျား စသည်တို့အား မပြော ကြားရန် မှာကြောင်း တင်ပြသဖြင့် ကျေနပ်သွားကြသည်။

၂။ အပြင်မီး အိမ်တွင်းမသွင်းရ - ဩဝါဒကိုလည်း မိဂါရက ကိုယ့်အိမ် မီးငြိမ်း နေလျှင် အပြင်မီး ယူသင့်သည်ဟု အပြစ်ပြရာ၌ ဝိသာခါက ကျွန်အလုပ်သမားများ ပြောသောအပြစ်ကို ခိုက်ရန်ငြင်းခုံမှုမဖြစ်ရအောင် အိမ်တွင်းလူများအား မပြော ကြားရန် မှာကြောင်း တင်ပြ-ကျေနပ်ကြသည်။

၃။ ပြန်ပေးသူများသာပေး - ဩဝါဒမှာလည်း အသုံးအဆောင်ပစ္စည်းငှားသူ များတွင် ပြန်ပို့သူများကိုသာ နောက်ထပ် ငှားရမ်းရန်။

စာမျက်နှာ-263


၄။ ပြန်မပေးသူများ မပေးရ - ဩဝါဒမှာ ငှားပြီး ပြန်မပို့သူများ နောက်မငှားရန်။

၅။ ပေးပေး မပေးပေး ပေးရမည်မှာ - ဆင်းရဲသော ဆွေမျိုးမိတ်ဆွေများ ရောက်၍လာလျှင် ပြန်ပေးနိုင် မပေးနိုင် ပေးရမည်။

၆။ ချမ်းသာစွာ ထိုင်ရမည် - မှာ ယောက္ခမများမြင်လျှင် ကိုယ်ကဦးအောင်ထ၊ အရိုအသေ ပေးရမည်။

၇။ ချမ်းသာစွာစား - မှာ ယောက္ခမများနှင့်လင်ကို စေ့စေ့ငင ကျွေးမွေးပြီးမှ မိမိစားရမည်။

၈။ ချမ်းသာစွာ အိပ်ရမည် - မှာ ယောက္ခမများနှင့် လင်ကို အိပ်ပြီး ဝတ်ကြီး ဝတ်ငယ် ပြုစုပြီးမှ မိမိအိပ်ရမည်။

၉။ မီးကို ရိုသေစွာ လုပ်ကျွေးရမည် - မှာ ယောက္ခမများနှင့် လင်ကို မီးမြွေလို အရိပ်အခြည်ကြည့် ဆက်ဆံရမည်ဟု မှာကြောင်းတရာ ဂုဏ်ကျေးဇူးအဖြစ် ထားရှိ ကာ မိဂါရသဌေးကြီး ကျေနပ်သည်။

၁၀။ အိမ်တွင်းနတ်များကို ရှိခိုးရမည် - ဟူသော ဩဝါဒအဓိပ္ပာယ်ကိုကား မိဂါရ မသိသဖြင့် ဝိသာခါက မိမိအိမ်သီးခြား နေချိန်မှစ၍ အိမ်တံခါး သံဃာကြွလာလျှင် တတ်နိုင်သမျှ ခဲဖွယ် ဘောဇဉ်များလှူပြီးမှ စားရမည်ဟု ဖခင်ရည်ရွယ် မှာကြောင်း တင်ပြရာ အာမခံများက “သဌေးမင်းအဖို့ ရဟန်းတော်များကို လုံးဝမလှူချင် ထင်ပါရဲ့” ဟု ဆိုသောအခါ မျက်နှာအောက်ချ စကားမစတော့ပေ။

အခွင့်ထူးကို ရယူနိုင်သော ဝိသာခါ

ထို့နောင် အာမခံများက “တခြား ဘာအပြစ်များ သမီးမှာ ရှိသေးသနည်း” ဟု မေးရာ သဌေးကြီးက “မရှိပါ” ဟု ဖြေရာတွင် “သို့ပါလျက် ဘာကြောင့် အိမ်မှ သမီးကို နှင်ရပါသနည်း”ဟု မေးချိန်တွင် ဝိသာခါသည်ထ၍ “ယောက္ခမကြီး စကားဖြင့် သမီးမသွားသင့်ပါ၊ သမီးအပြစ်ရှိ မရှိ ဖြေရှင်းဖို့ သမီးဖခင်ကြီးက ဖခင် ၈-ဦးလက် အပ်ထည့်လိုက်ပါသည်၊ အပြစ်မရှိချိန် သမီးသွားမှ ချမ်းသာပါမည်”ဟုပြောပြီး “မိန်းမယောက်ျား ကျွန်များကို ယာဉ်စသည်တို့ကို ပြင်ဆင်ကြ”ဟု အမိန့်ပေးလိုက် တော့သည်။

ထိုအခါ မိဂါရသည် အာမခံများကိုခေါ်ပြီး ဝိသာခါကို “သမီး၊ ဖခင်မဆင်ခြင်ဘဲ ဆိုမိသမျှ သည်းခံပါ”ဟု တောင်းပန်ရာ ဝိသာခါသည် အခွင့်ကောင်းရပြီ ဖြစ်ရကား “အပြစ်ကို အကုန်သည်းခံပါသည်၊ သည်းခံသော်လည်း ဘုရားသာသနာ၌ သဒ္ဓါခိုင်မြဲ

စာမျက်နှာ-264


သောအမျိုး၏ သမီးဖြစ်သော သမီးတို့မှာ ရဟန်းသံဃာနှင့် မကင်းနိုင်ပါ၊ သမီး စိတ် တိုင်းကျ ပြုစုခွင့်ရမှ နေနိုင်ပါမည်”ဟု အရေးဆိုရာ “သမီးသဘောအတိုင်း ပြုစုတော့” ဟု ခွင့်ပြုလိုက်သည်။

နေရာအနှံ့ ကန့်လန့်ကာပိတ်သော တိတ္ထိများ

ဝိသာခါသည် နောက်နေ့ အိမ်အပြည့်ဘုရားရှင်နှင့် သံဃာများ ဆွမ်းကပ်သည်။ ဘုရားရှင် မိဂါရအိမ် ကြွကြောင်းကြား၍ တက္ကတွန်းပရိသတ်များလည်း အိမ်ကိုဝိုင်း ကာထိုင်နေကြ၏၊ ဝိသာခါက မိဂါရထံ ကိုယ်တိုင်ပြုစု လှူဒါန်းဖို့ သတင်းပို့ရာ “သမီးပဲ ပြုစုပါ”ဟု တက္ကတွန်းဆရာများ စကားအရ ပြန်ကြားသည်။

တရားနာခေါ်ရာ၌ကား ရှေးကံတိုက်တွန်းအပ်ပြီဖြစ်၍ “မသွားလျှင် အကြောင်း ပြ အလွန်ဆိုးမည်”ဟု ကြံကာ နာလိုသောစိတ်လည်း အထူးပါ၍ သွားနာရာတွင် တက္ကတွန်းဆရာများက “ကန့်လန့်ကာ အပြင်က နာပါ”ဟု အကြံပေးသည်၊ သဌေး၏ လူများကလည်း ကန့်လန့်ကာ ကာကြသည်။

စကြဝဠာခြားပေစေ ဘုရားတရားကြားရသည်

ဘုရားရှင်က “သင်သဌေးသည် ကန့်လန့်ကာမက နံရံ၊ တောင်၊ စကြဝဠာခြား ပြီး နေချင်နေ၊ အသံကြားစေဖို့ ဘုရားစစ်ဖြစ်သောငါ စွမ်းနိုင်သည်”ဟု မိန့်တော် မူသည့်ပမာ ရွှေရောင်အဆင်း ဝင်းသောအသီးရှိ သရက်ပင်ကြီးကို ပင်စည်မှ ကိုင်လှုပ် သလို မိဂါရအား တရားဟောတော်မူရာ မိဂါရသဌေးသောတာပန်တည်သည်။

ဘုရားရှင်တရားဟောလျှင် ရှေ့နောက်ဝဲယာ ဗြဟ္မာ့ပြည်မှာပင် နေပေစေ၊ “ဘုရား ရှင် ငါ့ကိုကြည့် ငါ့အားသာ ဟောသည်”ဟု ပြောကြရသည်၊ ပရိသတ်ကိုကြည့်၊ ပရိ သတ်နှင့်အတူ စကားပြောသလိုသာဖြစ်သည်၊ လသည် သူ့လမ်းသူ တည်လျက်ကပင် “လစန်းသည် ငါ့အထက်ရှိသည်”ဟု လူတိုင်းထင်ရသကဲ့သို့တည်း၊ ဦးခေါင်း မျက်လုံး နှလုံးသားများကို ထုတ်လှူခြင်း၊ သားသမီးဇနီးများကို ကျွန်အဖြစ် လှူခြင်းဟူသော ဒါနပါရမီ၏ အကျိုးပင်ဖြစ်သည်။

ချွေးမကို မိခင်တင်သော မိဂါရ

သောတာပန် မိဂါရသဌေးကြီးသည် ကန့်လန့်ကာမကာ ဘုရားခြေတော်ကို ရှိခိုး လျက် ဘုရားရှေ့မှာပင် “သမီးသည် ယနေ့မှစ၍ ငါ့မိခင်ဖြစ်ပြီ”ဟု ချွေးမကို အမိ အရာထားသည်မှစ၍ ဝိသာခါသည် မိဂါရမာတာမည်လေသည်။ (မိဂါရသည် ချွေးမ ၏ သားမြတ်ကို ခံတွင်းဖြင့်ငုံ၍ “ယနေ့မှစ၍ သင် ငါ့မိခင်ပါပေ”ဟု ချွေးမကို အမိအရာ ထားသည်ဟုလည်း ဓမ္မပဒအဋ္ဌကထာ မိန့်သည်။)

စာမျက်နှာ-265


သဌေးကြီးသည် ဘုရားရှင်၏ ခြေတော်တို့ကို ဆုပ်၊ ခံတွင်းဖြင့်စုပ်လျက် “တပည့် တော် မိဂါရပါ” ၃-ကြိမ်လျှောက်ထားပြီး “ရှေးက တပည့်တော် အကျိုးကြီးမည့် အလှူခံပုဂ္ဂိုလ်ကို မသိခဲ့ပါ၊ ချွေးမကြောင့် ယခုသိပါပြီ၊ အပါယ်မှ လွတ်ရပါပြီ တပည့်တော်အိမ် ချွေးမရောက်လာသည်မှာ တပည့်တော်ချမ်းသာဖို့ပါ”ဟုလျှောက်ပြီး

သောဟံ အဇ္ဇ ပဇာနာမိ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။

အတ္ထာယ ဝတ မေ ဒိန္နာ၊ သုဏိသာ ဃရမာဂတာ - ဟူသောဂါထာကို ရွတ်ဆိုသည်။

နောက်နေ့လည်း ဝိသာခါသည် ဆွမ်းကပ်ပြန်သဖြင့် ယောက္ခမမိန်းမသူကြီး သောတာပန်တည်ပြန်ရာ ထိုအခါမှစ၍ မိဂါရအိမ်သည် သာသနာတော်အတွက် တံခါးပွင့် နေတော့သည်။

ဝိသာခါရသော လောကီ လောကုတ္တရာဆုများ

မိဂါရသည် ချွေးမအား ကြည်ညိုသဖြင့် ကျေးဇူးပြုလိုရကား အမြဲမဆင်နိုင်သော မဟာလတာ တန်ဆာကြီးအစား တသိန်းတန် ဃနမဋ္ဌက - တခဲနက် ပြေပြစ်သော တန် ဆာကို ပြုလုပ်ကာ ဘုရားရှင် နှင့် သံဃာအား ဆွမ်းကပ်ပြီး ဝိသာခါကို နံ့သာရေအိုး ၁၆-လုံး ချိုးစေပြီး ဘုရားရှေ့မှာပင် ဃနမဋ္ဌက တန်ဆာဆင်၍ ဘုရားရှိခိုးစေသည်။

စိတ်ရှိသမျှ ဒါနစသော ကောင်းမှုရှင် ဝိသာခါသည် ဘုရားရှင်ထံမှ ၁-မိုးရေခံ သင်္ကန်း၊ ၂-အာဂန္တုရဟန်း၊ ၃-ခရီးသွားရဟန်း၊ ၄-သူနာပြုရဟန်း၊ ၅-သူနာပြု ရဟန်းများအား ဆွမ်း၊ ၆-သူနာရဟန်းများအား ဆေး၊ ၇-အမြဲယာဂု၊ ၈-ဘိက္ခုနီ သံဃာအား ရေသနုက်သင်္ကန်း အသက်ထက်ဆုံး လှူဒါန်းနိုင်ခွင့်ဟူသော ဆု ၈-ပါး ဆု ကိုရ၍ လှူဒါန်းသည့်ပြင် သား ၁၀၊ သမီး ၁၀-ထွန်းကားသည်၊ သားသမီးများ မြေးများမှာလည်း အလားတူထွန်းကားရာ သားသမီး ၂၀၊ မြေး ၄၀၀၊ မြစ် ၈၀၀၀- ရှိသဖြင့် ဇမ္ဗူဒိပ်ကျွန်း၌ လဝန်းပမာ ထင်ရှားလှသည်။

ဝိသာခါ၏ မတူထူးခြား ကျေးဇူးများ

“အသက် ၁၂၀-ရှည်သော်လည်း ၁၆-နှစ်အရွယ်လို နုပျိုသည်၊ ဆံပင်ဖြူမပေါက် ပါ၊ သမီးမြေးမြစ်များနှင့် ကျောင်းသွားလျှင် ဝိသာခါကို မေးယူရလေသည်၊ ဝိသာခါ သွားနေသည်ကိုမြင်လျှင် သွားနေမှုပုံစံသည် လှသည် ဖြည်းဖြည်းသွားပါစေ”ဟု မြင်သူတိုင်းကြံ ကြသည်၊ ရုပ် ထိုင် လျောင်းရာ၌လည်း နည်းတူပင် ထင်ကြသည်၊ မတင့်တယ်သော ဣရိယာပုထ်မရှိပါ။ ဆင်ပြောင် ၅-စီး အားကြီးသည်။ ကောသလမင်းကြီး ထိုသတင်း ကြား၍ ဝိသာခါကျောင်းမှအပြန် ဆင်ပြောင်ကြီးတစီးလွှတ်ရာ မိန်းမအချို့ထွက်ပြေး

စာမျက်နှာ-266


ကြ၊ အချို့ ဝိသာခါကို ဖက်ထားကြသည်။ အားစမ်းလို၍ မင်းကြီး ဆင်လွှတ်သည်ကို သိသောဝိသာခါသည် အားရှိသမျှ ခပ်ကြမ်းကြမ်းဖမ်းလျှင် ဆင်သေမည်စိုး၍ လက် ချောင်း ၂-ချောင်းဖြင့် နှာမောင်းကို ညှပ်ကိုင်ကာ အသာလှဲလိုက်၏၊ လူများ ကောင်းချီးပေးကြသည်။

ဝိသာခါ၏သားသမီး မြေးများအားလုံး ကျန်းမာသန်စွမ်းကြ အသေအပျောက် ကင်းကြသဖြင့် လူတိုင်းက “မင်္ဂလာရှိသောသဌေးကတော်ကြီး”ဟု သိမှတ်ကြသည်၊ ပြည်သူများ၏ မင်္ဂလာပွဲ၌ ဝိသာခါကို ရှေးဦးဖိတ်ကျွေးကြသည်။ တခုသောဧည့်ခံ အပြီး ကျောင်းတော်တရားနာသွားရာ “ဘုရားရှင်ထံ ဤပုံစံဖြင့် သွားရန်မသင့်”ဟု မဟာလတာတန်ဆာကိုချွတ်၍ ကျွန်မအားအပ်ထားသည်၊ ဝိသာခါ၏ ဘုန်းကံကြောင့် ဖြစ်လာသည့်အားလျော်စွာ ဆင်ပြောင် ၅-စီး အားကြီးသောကျွန်မဖြစ်သည်။

ပစ္စည်းထိန်း အရှင်အာနန္ဒာ

ဃနမဋ္ဌကတန်ဆာချွတ်၍ တရားနာပြီး ကျောင်းတိုက်တွင် ဝိသာခါ လှည့်လည်ရာ ကျွန်မသည် မဟာလတာ တန်ဆာကို မေ့ထားခဲ့သဖြင့် မေ့ကျန်ပစ္စည်း သိမ်းဆည်းနေကျ အရှင်အာနန္ဒာသည် ဘုရားရှင်ထံ လျှောက်ကာ အိမ်အရောက်စောင်းတန်း လှေကားတဘက် ၌ ချိတ်ဆွဲသိမ်းထားသည်။

ဝိသာခါသည် သုပ္ပိယာဥပါသိကာ နှင့်အတူ အာဂန္တု ခရီးသွား ဂိလာန သံဃာ စသည်များအတွက် လိုအပ်သမျှပြုစု ကျောင်းတိုက်တွင်း လှည့်လည်သည်၊ ယင်းတို့ ၂-ဦးမြင်လျှင် ထောပတ်၊ ဆီ စသည် သောရဟန်းသာမဏေငယ်များ ခွက်၊ ပန်းကန် စသည် ယူလာချဉ်းကပ်မြဲအတိုင်း ယခုလည်း ချဉ်းကပ်ကြသည်။

သုပ္ပိယာဒကာမ၏ ထူးလှသောသဒ္ဓါ

သုပ္ပိယာဥပါသိကာမကား ဗာရာဏသီ သုပ္ပိယဒကာ၏ ဇနီးဖြစ်၍ ၂ ဦးလုံး ရတနာ ၃-ပါးအား ကြည်ညိုလှူဒါန်းပြုစုကြသည်၊ သုပ္ပိယာ ဒါယိကာမသည် မိဂဒါဝုန် ဂိလာန ရဟန်းတပါးအား လိုနေသော ဓာတ်စာအတွက် ကပ္ပိယ အသားမရ၍ မိမိ ပေါင်သား လှီးပြီး အသားစွပ်ပြုတ်ရည် ပြုတ်ကပ်ခဲ့သည်၊ ဘုရားရှင်၌ ကြည်ညိုလွန်း၍ အမာရွတ်မျှ မထင် အသားပြန်ပြည့်သည်။

ဝိသာခါသည် သံဃကိစ္စများပြီး၍ ကျောင်းတိုက်မှ ထွက်ကာ ဥပစာရောက်လျှင် မဟာလတာ ဝတ်ဆင်ရန် ကျွန်မထံ တောင်းသည်၊ ကျွန်မက “မေ့ကျန်ရစ်ပါကြောင်း” တင်ပြရာ “သွားယူချေ၊ အရှင်အာနန္ဒာ သိမ်းထားလျှင်လည်း နေပေစေ၊ လှူပြီးပင်” ဟု ဝိသာခါ မှာလိုက်သည်။ (မေ့ကျန်ပစ္စည်း အရှင်အာနန္ဒာ သိမ်းဆည်းနေကျဟု ဝိသာခါ သိသည်။)

စာမျက်နှာ-267


ကျွန်မသည် အရှင်အာနန္ဒာထံသွား၊ အစုံမိန့်ကြား သိရှိရာ “အရှင်ဘုရားတို့ လက် ဖြင့် သုံးသပ်ပြီး ဘဏ္ဍာကို အရှင်မ ဝိသာခါက လှူပြီးသားပါဘုရား”ဟု လျှောက် ထားကာ လက်ချည်း ပြန်လာပြီး ဝိသာခါအား ပြန်ကြားသည်။ ထိုအခါ ဝိသာခါက “တန်ဆာကား လှူပြီးပင် ဖြစ်သည်၊ သို့သော် အရှင်မြတ်များ စောင့်ရှောက်ဖို့ ဝန် လေးသည်၊ ယင်းတန်ဆာ ရောင်းချပြီး ကပ္ပိယ ပစ္စည်းလှူမည်၊ အမိ သွားယူချေ”ဟု စေလွှတ်သဖြင့် ကျွန်မ သွားပြန်ယူသည်။

ဝယ်နိုင် ဝတ်နိုင်သူ မရှိသော တန်ဆာထူး

ဝိသာခါသည် ယင်းတန်ဆာကို မဝတ်တော့ဘဲ ရွှေပန်းထိမ်သည်များ ခေါ်၍ တန်ဖိုးဖြတ်ခိုင်းသည်၊ “တန်ဆာ ၉-ကုဋေ လက်ခတသိန်း”ဟု ဆိုသဖြင့် တန်ဆာကို ယာဉ်၌ တင်ရောင်းခိုင်းတော့သည်၊ ဝယ်မည့်သူ မရှိပါ၊ မဟာလတာ တန်ဆာနှင့် ထိုက်သူများမှာ ဤမြေပြင်၌ ဝိသာခါ၊ ဗန္ဓုလသေနာပတိကတော် မလ္လိကာ၊ ဗာရာ ဏသီ သဌေးသမီး၊ ဤ ၃-ဦးသာ ယင်းတန်ဆာ ရှိကြသည်။

ဝိသာခါသည် မိမိပစ္စည်း မိမိပြန်ဝယ်ကာ ငွေ ၉-ကုဋေ တသိန်းကို လှည်းပေါ်တင် ကျောင်းတော်ယူပြီး “မြတ်စွာဘုရား၊ တပည့်တော်၏ ဤတန်ဆာကို မပျောက်အောင် အရှင်အာနန္ဒာ လက်တော်နှင့် ထိပြီးချိန်မှ စ၍ ဝတ်နိုင်စွမ်းမရှိတော့ပါ၊ သံဃာအား ကပ္ပိယပစ္စည်း လှူမည်ဟု ရောင်းစေသော်လည်း ဝယ်သူမရှိ၊ တပည့်တော်ပင် ဝယ်၍ ဝတ္ထုငွေများ ယူလာပါသည်၊ ပစ္စည်း ၄-ပါး လိုရာမိန့်ကြားတော် မူပါဘုရား”ဟု လျှောက်ရာ ဘုရားရှင်က “သာဝတ္ထိမြို့ အရှေ့တံခါးအနီး သံဃာနေဖို့ ကျောင်း ဆောက်သင့်သည်”ဟု မိန့်တော်မူလိုက်သည်။

ဝိသာခါသည် ဝမ်းသာစွာဖြင့် ပုဗ္ဗာရုံကျောင်းနေရာကို ၉-ကုဋေဖြင့် ဝယ်ပြီး ၉-ကုဋေတန် ကျောင်းတိုက်ကြီး စတင်ဆောက်သည်။

သာဝတ္ထိနေစဉ် ဘုရားရှင်၏ ထုံးတမ်း

ဘုရားရှင်သည် ဘဒ္ဒိယမြို့ ဘဒ္ဒိယသဌေးသား၏ မဂ်ဖိုလ်ရကြောင်းကို မြင်တော်မူ၍ အနာထပိဏ်အိမ် ဆွမ်းဘုဉ်းပေးပြီး သာဝတ္ထိမြောက်တံခါး ကြွတော်မူသည်၊ ဘုရားရှင် သည် ဝိသာခါအိမ် ဆွမ်းခံလျှင် တောင်တံခါးကြွ၊ ဇေတဝန်ကျောင်း သီတင်းသုံး၊ အနာထပိဏ်အိမ် ဆွမ်းခံလျှင် အရှေ့တံခါးကြွ ပုဗ္ဗာရုံကျောင်း သီတင်းသုံးမြဲ ဖြစ်ရာ “မြောက်တံခါးကြွလျှင် ဘုရားရှင် ဒေသစာရီ ကြွမည်”ဟု အားလုံးသိကြသည်။

ဝိသာခါသည် ထိုသတင်းကြား၍ ဘုရားထံတော် လျင်စွာသွားပြီး “၉-ကုဋေတန် ကျောင်းဆောက်ဆဲ ဖြစ်၍ ပြန်ကြွတော်မူပါ”ဟု လျှောက်ရာ ဘုရားရှင်က “ယခု

စာမျက်နှာ-268


ပြန်ကြွ၍ မဖြစ်”ဟု မိန့်တော်မူရာ ဝိသာခါသည် “မဂ်ဖိုလ်ရကြောင်း ကောင်းမှုရှင် တဦးဦး ဘုရားရှင် မြင်တော်မူလိမ့်မည်” ဆင်ခြင်ပြီး ကျောင်းဆောက်ရာ၌ စီစဉ် ပေးမည့် ရဟန်းတပါး ထားခဲ့ဖို့ လျှောက်လိုက်တော့သည်။

ဘုရားရှင်က “သင်သဘောကျ ရဟန်းတပါး၏ သပိတ်ယူ”ဟု မိန့်ရာ ဝိသာခါ သည် အရှင်အာနန္ဒာကို ချစ်ခင်သဘောကျသော်လည်း “တန်ခိုးရှင်ကို မှီမှ ကျောင်း မြန်မြန်ပြီးမည်”ဟု ကြံပြီး အရှင်မောဂ္ဂလာန် သပိတ်ကို တောင်းယူသည်။ ဘုရားရှင် အမိန့်အရ သူ၏တပည့် ၅၀၀-ပါ အရှင်မောဂ္ဂလာန်နှင့် ကျန်ရစ်သည်။

တန်ခိုးရှင်၏ အံ့ဖွယ်မျိုးစုံလင်

အရှင်မြတ် တန်ခိုးကြောင့် ယူဇနာ ၅၀၊ ၆၀-သစ်ကြီး ကျောက်ကြီး ယူသွား သူများပင် နေ့ချင်းပြန်နိုင်သည်၊ သစ် ကျောက်များ လှည်းပေါ်တင်ရာ မပင်ပန်း လှည်းဝန်ရိုး မကျိုးပေ၊ မကြာမီပင် ဘုံ ၂-ဆင့်ရှိ (၂-ထပ်) ပြာသာဒ်ကျောင်းကြီး ပြီးသည်၊ အောက်ထပ် အထက်ထပ်၊ တိုက်ခန်း ၅၀၀-စီ၊ ပေါင်း ၁၀၀၀-ရှိသည်၊ ကျောင်းမြေရာ ၉-မင်းပယ် ကျယ်ဝန်း၏၊ ပြာသာဒ်တော်ကြီး ထီးထီးမဖြစ်အောင် ကမ္မဋ္ဌာန်းကျောင်း ၅၀၀၊ ပြာသာဒ်ငယ် ၅၀၀၊ တန်ဆောင်းရှည် ၅၀၀-ကိုလည်း ခြံရံဆောက်လုပ်သည်။

၉-လခရီး ပြီး၍ ဘုရားရှင် သာဝတ္ထိ ပြန်လည်ရောက်ရှိချိန် ပုဗ္ဗာရုံကျောင်းကိစ္စ လည်း ၉-လဖြင့် အားလုံးပြီးစီးသည်၊ ကျောင်းအမကြီးသည် ပြာသာဒ် ထုပိကာကို ရေအိုးလုံး ၆၀- ဝင်အောင် တခဲနက် ခတ်အပ်သော ရွှေနီဖလံဖြင့် ပြုလုပ်စေပြီး ဘုရားရှင် ဇေတဝန်ကြွရောက်လာသော သတင်းကြားလျှင် သွားကြို၍ ပုဗ္ဗာရုံကျောင်း တိုက် ပင့်ပြီးလျှင် “သံဃာနှင့်တကွ မိုးလေးလလုံး ပုဗ္ဗာရုံကျောင်းမှာ ဘုရားရှင် သီတင်း သုံးပါ ဘုရား၊ ကျောင်းရေစက်ချပွဲလည်း ကျင်းပပါမည် ဘုရား”ဟု လျှောက်ထား၊ ဘုရားရှင်လည်း လက်ခံတော် မူသဖြင့် နေ့စဉ် ကျောင်းအမအလှူပင် ဖြစ်သည်။

တသိန်းတန် ကမ္ဗလာခင်းရန် နေရာမရှိ

ဝိသာခါ၏ အဖော်မတဦးသည် တသိန်းတန်အဝတ် ယူလာပြီး ကျောင်းတော် မြေအခင်း လှူလို၍ နေရာပြခိုင်းရာ ဝိသာခါက “နေရာမရှိ” ဟု အမှန်ပြောလျှင် အထင်လွဲမည်စိုး၍ “ကျောင်းခန်းတထောင် နှံ့အောင်ကြည့်၊ သင့်ရာရှာစမ်း သူငယ် ချင်း”ဟု ခွင့်ပြုလိုက်သည်၊ အဖော်မသည် နေရာရှာရာ သူမ၏အခင်းထက် တန်ဖိုးကြီး သော အခင်းများကိုချည့်တွေ့၍ “ကုသိုလ်ပြုခွင့် မရတော့” ဟု ကြံကာ ငိုကြွေး ရပ်နေသည်။

စာမျက်နှာ-269


အကြောင်းခြင်းရာ အရှင်အာနန္ဒာမြင်သဖြင့် “စောင်းတန်းလှေကားရင်း သံဃာ တော်များ ခြေဆေးပြီး သုတ်ဖို့ခင်းပါ အကျိုးကြီးလိမ့်မည်”ဟု ဝိသာခါမေ့နေသော နေရာကို ညွှန်ပြလိုက်သည်။

ပုဗ္ဗာရုံကျောင်းတိုက်တန်ဖိုး အဖိုးကုဋေကုဋာ

ကျောင်းအမကြီးသည် မိုး ၄-လပတ်လုံး ပြုစုလှူဒါန်းပြီး တန်ဆောင်မုန်းလပြည့် နေ့၌ သင်္ကန်းလျာလှူရာ အငယ်ဆုံး ရဟန်းသည်ပင် ၁၀၀၀-တန် ရသည်၊ သပိတ် ပြည့် စတုမဓူကိုလည်း သံဃာစုံလှူ၏၊ ၄-လကြာ ရေစက်ချပွဲ ၉-ကုဋေပင်ကုန်သည်၊ မြေဖိုး၊ ကျောင်းဖိုး ရေစက်ချပွဲ ကုန်ကျစရိတ်စုစုပေါင်း ၉-ကုဋေ ၃-ကြိမ် ၂၇- ကုဋေ သော ဥစ္စာများကို ဘုရားသာသနာ၌ လှူဒါန်းနိုင်သူမှာ အမျိုးသမီးများတွင် ဝိသာခါသာ ရှိလေသည်။

ကျောင်းအမကြီးသည် ရေစက်ချပွဲပြီးသောနေ့ ညနေချမ်းတွင် သား သမီး မြေး မြစ်များခြံရံလျက် “ငါတောင့်တသမျှ အားလုံး ပြီးဆုံးပြီ”ဟု ကြံကာ ကျောင်း တော်ကြီးပတ်လျက် ၅-ဂါထာဖြင့် သာယာစွာ ကျူးရင့်သည်။

ဝိသာခါ၏ ဥဒါန်း ၅-ဂါထာ

၁။ ကမ္ဘာတသိန်း တွက်ကိန်းပြည့်လာ ပါရမီရှင် ငါသည် အင်္ဂတေလိမ်းခြယ်၊ ပျော်ဖွယ်ရာစုံ ပုဗ္ဗာရုံမှတ် ကျောင်းပြာသာဒ်ကို လှူရသောကြောင့် ကြည်ဖြူဘယ်ခါ ပေးလှူပါရ မြတ်ဆန္ဒကား လှလှလုံလောက် ပြီးမြောက်ခဲ့ပြီတကား။

၂။ ကမ္ဘာတသိန်း တွက်ကိန်းပြည့်လာ ပါရမီရှင် ငါသည် ညောင်စောင်းခုတင်၊ ကြည်လင်မွေ့ရာ၊ ခေါင်းအုံးစသော သံဃာ့အသုံး ပစ္စည်းအားလုံးအလှူကို ကြည်ဖြူ ဘယ်ခါ ပေးလှူပါရ မြတ်ဆန္ဒကား လှလှလုံလောက် ပြီးမြောက်ခဲ့ပြီတကား။

၃။ ငါသည် စင်ကြယ်သန့်ရှင်း သားဟင်းပြွမ်းကာ စာရေးတံစသော ဆွမ်း ဖြာဖြာကို ကြည်ဖြူဘယ်ခါ ပေးလှူပါရ မြတ်ဆန္ဒကား လှလှလုံလောက် ပြီးမြောက် ခဲ့ပြီတကား။

၄။ ငါသည် ကာသိကတိုင်းဖြစ် အဝတ်မျိုးစုံ ခုံချည် ဝါချည် စသော သင်္ကန်း အစုံကို ကြည်ဖြူ ဘယ်ခါ ပေးလှူပါရ မြတ်ဆန္ဒကား လှလှလုံလောက် ပြီးမြောက် ခဲ့ပြီတကား။

၅။ ငါသည် ထောပတ် ဆီဦး အစုစုသော ဆေးပစ္စည်းအလှူကို ကြည်ဖြူဘယ် ခါ ပေးလှူပါရ မြတ်ဆန္ဒကား လှလှလုံလောက် ပြီးမြောက်ခဲ့ပြီတကား။

စာမျက်နှာ-270


ဝိသာခါအိမ်ကား နံနက်ပိုင်းတွင် သင်္ကန်းရောင်တောက်လျက် အထွက်အဝင် သံဃာများ လှုပ်ရှားသောလေနှင့် ဖန်ရည်နံ့များ သင်းပျံ့ လျက်ရှိသည်၊ အနာထပိဏ် အိမ်မှာလိုပင် ဆွမ်းမျိုးစုံ စီမံချက်ပြီးပင် ဖြစ်သည်၊ နံနက်ပိုင်းဆိုင်ရာ ဆွမ်းကိစ္စပြီး လျှင် မွန်းလွဲသောအခါ ထောပတ်စသော ဆေးနှင့်အဖျော်မျိုးစုံယူပြီး သံဃာအား လှူဒါန်းသဖြင့် ဒါယိကာ ဧတဒဂ်ရသည်။

၃။ အကြားအမြင်များသူတို့တွင် ခုဇ္ဇုတ္တရာသည် အမြတ်ဆုံး။

၄။ မေတ္တာစိတ်နှင့် နေလေ့ရှိသူတို့တွင် သာမာဝတီသည် အမြတ်ဆုံး။

သူမ ၂-ဦးတို့ကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီမြို့သူများဖြစ်၍ အသီး သီး ဗဟုသုတဧတဒဂ်၊ မေတ္တာဝိဟာရီ ဧတဒဂ်ရ ဥပါသိကာမများကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်းခဲ့ကြသည်။

မိခင်၏မေတ္တာ ဖခင်ထက်သာ

ငါတို့ဘုရားမပွင့်မီ အလ္လကပ္ပတိုင်း၌ အဟိဝါတ (ယဉ်းနာ) ကပ်ရောဂါကြီးဖြစ် ရာ တအိမ်တအိမ်မှာ ပြိုင်တူ လူ ၁၀၊ ၂၀၊ ၃၀-သေကြ၊ တိုင်းတပါး ပြေးသူများမှ အသက်ရှင်ကြသည်၊ မိသားစု ၃-ဦး တိုင်းတပါးပြေးရာ လမ်းမှာ ရိက္ခာပြတ်၊ အား ကုန်ကြသည်၊ သားကို မိဘ ၂-ပါး တလဲစီချီရာ အားကုန်နေသောဖခင်သည် မိခင် မသိအောင် သားကို လမ်းချခဲ့သည်၊ မိခင်သိ၍ဆူမှ ကလေးပြန်ခေါ်ကာ မယား တောင်းပန်ပြီး ခရီးဆက်ကြ၊ နွားကျောင်းသားရွာတခု ရောက်ကြသည်။

နို့ထမင်းချက်စားနေကြသော နွားကျောင်းသားများက ဧည့်သည်များ ဆာနေပုံ ကိုသိ၍ နို့ထမင်းကို ထောပတ်ထည့်ကျွေးကြရာ အမျိုးသမီးမှာ မျှရုံစားသော်လည်း အမျိုးသားမှာ အလွန်အကျွံစားမိသဖြင့် အစာမကျေဘဲ ညချင်းတွင်း ကွယ်လွန်ပြီး နွားကျောင်းသားအိမ် ခွေးမဝမ်းသန္ဓေယူ ဖွားမြင်သည်၊ ယင်းခွေးကို နွားကျောင်း သားခင်မင်၍ သွားဖော်လာဖက်ပြုသည်။

ခွေးတိရစ္ဆာန်ပင် သင်လျှင်တတ်

နွားကျောင်းသားသည် အိမ်ဆွမ်းခံကြွသော ပစ္စေကဗုဒ္ဓါတပါးကို မလှမ်းမကမ်း တောအုပ်မှာ ပင့်ထားပြီး ခွေးနှင့်အတူ အရှင်မြတ်ထံသွားသည်။ တချိန်တွင် နွား ကျောင်းသားက “တပည့်တော်အမြဲလာမပင့်နိုင်ပါ၊ ခွေးလိမ္မာလွှတ်ပါရစေ၊ ကြွလာ ပါ”ဟု လျှောက်ထားပြီး ခွေးကိုပင် လွှတ်သည်၊ ခွေးသည် အရှင်မြတ်ခြေရင်း အိပ် လျှင်ပင်အပင့်လာမှန်းသိ၍ အရှင်မြတ်ကြွသည်။

စာမျက်နှာ-271


အရှင်မြတ်သည် ခွေးကိုစမ်းလို၍ အခြားလမ်းကြွရာ ခွေးက ရှေ့မှဖြတ်ရပ်သည်၊ လမ်းမှန်သွားမှ ဖယ်ပေး၏၊ သားကောင်များပြေးဖို့ သစ်ပင် ကျောက်တုံးများကို နွားကျောင်းသား ပစ်ခတ်သောနေရာ ခွေးက ဟောင်ပေးသည်၊ ခွေးသံဖြင့် သားကောင်များပြေးကြ၏။ ဆွမ်းချိန်မှာ ထမင်းဆုပ်ကြီးတဆုပ် တဆုပ် အရှင်မြတ်ကပေးသဖြင့် အရှင်မြတ်အပေါ် ခွေးက အလွန်ခင်နေသည်။

ခွေးဘဝမှ ဃောသကနတ်သား

ဝါကျွတ်၍ တိစီဝရိတ်သင်္ကန်းလျာလှူပြီး “အရှင်ဘုရား ဆန္ဒရှိပါက ဆက်သီတင်းသုံးပါ၊ မရှိလျှင်လည်း ချမ်းသာရာကြွတော်မူပါ”ဟု လျှောက်ထားရာ အရှင်မြတ်ကြွမည့်ပုံပြသဖြင့် နွားကျောင်းသား လိုက်ပို့ပြီးမှ ပြန်လာသည်။ ခွေးကား အရှင်မြတ်ကို ခင်တွယ်လှသဖြင့် နှလုံးကွဲပျက်စီးကာ တာဝတိံသာ၌ဖြစ်သည်၊ ပစ္စေကဗုဒ္ဓါ ဘေးရန်ကင်းအောင် ဟောင်ပေးရသဖြင့် နတ်ပြည်တခုလုံး အသံဖုံးနိုင်၍ ဃောသက အမည်ရသည်။

ကောသမ္ဘီပြည် ဥဒေနမင်း မင်းပြုစဉ် ဃောသကနတ်သားကွယ်လွန်ပြီး ပြည့်တန်ဆာမ ဝမ်းသန္ဓေယူသည်၊ သားဖွားမြင်၍ လမ်း၌ စွန့်ထားရာ ကောသမ္ဘီသဌေး၏ အလုပ်သမားမှူး သဌေးအိမ်သွားစဉ် လမ်း၌ “ဘုန်းကံရှင်ဖြစ်မည်”ဟု ကြံကာ သူ့အိမ်ပို့ခိုင်းသည်၊ သဌေးလည်း မင်းထံအစားသွားရင်း ပုရောဟိတ်နှင့် လမ်း၌တွေ့၍ ယနေ့ နက္ခတ်မေးရာ “ယနေ့ နက္ခတ်နှင့်မွေးသောကလေး ဤမြို့၌ သဌေးရာထူးရမည်”ဟု ဟောသဖြင့် တပည့်များကို “ပုရောဟိတ်စကား အမှားမရှိ၊ ငါ့ဇနီးကိုယ်ဝန်ဖွား မဖွား သွားကြည့်ကြ”ဟု ခိုင်းလိုက်သည်၊ ဖွားကြောင်း ပြန်ပြောရာ “သို့ဖြစ်လျှင် ဤမြို့မှာ ယနေ့ဖွားသောကလေးကို ကြေးပေး၍ ရှာရာတွင် အလုပ်သမားမှူးအိမ်မှာ ကလေးရှိကြောင်း ပြန်ပြောကြသည်။

အမျိုးမျိုးလုပ်ကြသော်လည်း ကံရှိ၍မသေ

သဌေးက ကလေးကိုတောင်းရာ မပေးသဖြင့် ငွေတထောင်ပေးမှ အလုပ်သမားမှူးသည် “ဤကလေး ရှင်မည် သေမည် ပုံမသေ”ဟု ကြံကာ ၁၀၀၀ိ ယူ၍ ပေးလိုက်သည်။ သဌေးသည် “မိမိဇနီးမှ သမီးမွေးလျှင် ဤကလေးကို သားအရာပြုမည်၊ သားမွေးလျှင် သတ်ပစ်မည်”ဟုကြံ၍ မွေးထားရာ မကြာမီဇနီးမှ သားကိုပင်မွေးသည်၊ သားမွေးသဖြင့် နွားနင်းသေအောင် သဌေးသည် မွေးစားသားကို နွားခြံတံခါး ချထားရာ ရှေ့ဆောင်နွားလားသည် ရှေးဦးထွက်စဉ်မြင်၍ အခြားနွားများ မနင်းရအောင် ကလေးကို ခြေ ၄-ချောင်းအတွင်း ထားလိုက်သည်။

စာမျက်နှာ-272


ထိုကလေးကို နွားကျောင်းသားများမြင်၍ “တိရစ္ဆာန်များသော်မှ ဂုဏ်သိကြသည်ကား ဘုန်းရှိ၍သာ၊ မွေးစားပေအံ့”ဟု မိမိအိမ်သို့ ပို့ကြသည်၊ ကလေးအလောင်းကို သဌေးရှာရာ “နွားကျောင်းသားများ ဆောင်ယူသွားသည်”ဟုကြား၍ နောက်ဒုတိယအကြိမ် ၁၀၀၀ိ ပေးယူပြီး သုသာန်ပစ်ထားစေပြန်သည်။

သုသာန်ပို့သော်လည်း ဆိတ်နို့သောက်ရ

ထိုအချိန် သဌေး၏ဆိတ်ကျောင်းသမား သုသာန်၌ဆိတ်ကျောင်းရာ ရှိရှိသမျှသော ဆိတ်မသည် ကလေးဘုန်းကံကြောင့် အသွားအပြန် ကလေးကို နို့ဝင်တိုက်သည်၊ ဆိတ်ကျောင်းသားသည် ဆိတ်မ၏အသွားအလာကို သွားကြည့်ရာ ကလေးကိုမြင်၍ “တိရစ္ဆာန်များသော်မှ ကလေးဂုဏ်သိကြသည်၊ ဘုန်းရှိပေမည်၊ မွေးစားအံ့”ဟု ကြံကာ အိမ်ယူသွားသည်၊ ကလေးမသေ၊ ဆိတ်ကျောင်းသားများ ယူသွားကြောင်း သဌေးသိ၍ နောက် တတိယအကြိမ် ၁၀၀၀ိ-ပေးယူပြီး သတင်းအရ လှည်းကုန်သည်များ လာမည့် လှည်းလမ်းကြောင်း လှည်းနင်းသေအောင် ချထားစေသည်။

ရှေ့ဆုံးလှည်းမှနွားများသည် ကလေးကိုမြင်၍ ခြေစုံရပ်နေရာ လှည်းကုန်သည်ကြည့်လတ်သော် ကလေးကိုမြင်၍ “ဘုန်းရှိသောကလေး မွေးသင့်သည်”ဟု ကြံကာ ယူသွားသည်၊ ကလေး မသေ၊ လှည်းကုန်သည်ယူသွားကြောင်းသိ၍ သဌေးသည် နောက်စတုတ္ထ ၁၀၀၀ိ ပေးပြီး မြို့မှ မလှမ်းမကမ်းနေရာ ချောက်၌ ချစေပြန်သည်။

ကလေးသည် ကျူထရံသည်တို့ အလုပ်ရုံတခုအပေါ် ဘုန်းကံကြောင့် လဲဝါဂွမ်းများပမာကျ၍ ကျူထရံသည်ကြီးကပင် “ဘုန်းကံရှိသောကလေး မွေးသင့်သည်”ဟု ကြံကာ အိမ်ယူသွားသည်၊ ကလေး မသေ၊ ကျူထရံသည်ကြီး ယူသွားကြောင်း သိ၍ နောက်ပဉ္စမ ၁၀၀၀ိ-ပေး၍ ယူစေပြန်ရာ သား ၂ ဦးလုံး တဖြည်းဖြည်း အရွယ်ရောက်လာကြသည်။

ငွေနှင့်လာဘ်ထိုးရိုးသူ မရှိ

မွေးစားသား ဃောသကသူငယ် (နတ်သားဘဝ နာမည်) ကို သေကြောင်းကြံလိုပြန်သော သဌေးသည် အိုးထိန်းသည်အိမ် သွားပြီး သူ့မွေးစားသားကို ဖြစ်သလို နည်းဖြင့် သတ်ဖို့ လျှို့ဝှက်တိုင်ပင်ရာ အိုးထိန်းသည်က နား ၂-ဘက်ပိတ်ပြီး “ဤမျှဝန်လေးသော စကားကို မဆိုသင့်ပါ”ဟု တားသည်၊ တံစိုးလက်ဆောင်မည်သည် အားလုံးကို ဖျက်နိုင်ရာ (ဆဋ္ဌမြောက်) ငွေ ၁၀၀၀ိ-ရမှ “အိုးဖိုကို မီးတိုက်မည့်နေ့ ထိုကလေးကိုလွှတ်လိုက်ပါ” ဟု အချိန်ပြော ဝန်ခံလိုက်သည်။

စာမျက်နှာ-273


သဌေးသည် ရက်တွက်၍ မှာသောနေ့ရောက်လျှင် ဃောသကကို ခေါ်ပြီး “ငါတို့အိုးများကို လိုသည်၊ အိုးထိန်းသည်အိမ်သွားပြီး ဖခင်အမှာစကား ယနေ့ ပြီးစေပါ၊ ပြောချေ” ဟု မှာလိုက်သဖြင့် ဃောသက ဦးချသွားသည်။

သူတပါးမကောင်းကြံ မိမိပင်ခံရ

လမ်း၌ ဂေါ်လီကစားရင်း ရှုံးနေသော သားရင်းသည် မွေးစားသား ဃောသကကိုမြင်၍ “အစ်ကို၊ နိုင်အောင်ကစားပေးပါ” ခိုင်းရာ ဃောသက “အရေးတကြီး ကိစ္စဖြင့် အိုးထိန်းသည်ထံ ဖခင်လွှတ်သည်။ ယခုအချိန် ကစားခွင့်မရှိ” ဟု ပြောရာတွင် သားအရင်းက “အစ်ကို့ကိစ္စ ကျွန်တော် သွားပါမည်၊ ဤသူများနှင့် ရင်းစားပြန်ရအောင် ကစားပေးပါ”ဟု အတင်းပင် ပူဆာသဖြင့် မိမိပြောရမည့်စကားသင်ကြားပေးကာ ကစားနေလိုက်သည်။

သားရင်းသည် အိုးထိန်းသည်ထံသွား ဖခင်အမှာကို ပြောကြားရာ အိုးထိန်းသည်က “ကောင်းပြီ၊ ပြီးစေမည်”ဟု ဝန်ခံကာ သားရင်းကို အခန်းတွင်း သွင်းကာ ပဲကွပ်ဖြင့် ပိုင်းဖြတ်ပြီး အိုး၌ထည့်ကာ ပိတ်လျက် အိုးကြားထား မြေသရွတ်လိမ်းသည်၊ ဃောသကသည် များစွာနိုင်၍ ညီငယ်အလာကို မျှော်ထိုင်နေသည်၊ ကြာလှမက ကြာသော် အိုးထိန်းသည်အိမ်သွားရှာ မတွေ့မှ “အိမ်ရောက်နေပြီ”ထင်ကာ ပြန်လာခဲ့သည်။

လာနေသည်ကို အဝေးကပင် သဌေးမြင်၍ “အကြောင်းဘယ်သို့ဖြစ်ပါလိမ့်၊ အိုးထိန်းသည်ထံ သတ်ဖို့လွှတ်သူ ယခုတဖန် အိမ်ပြန်လာပြန်သည်” ဟု ကြံကာ လာနေသော ဃောသကကို “အိုးထိန်းသည်ထံ မသွားဘူးလော”ဟုမေးရာ ဃောသကက ညီငယ်အစီအစဉ်အရ ဆောင်ရွက်ပုံ အပြည့်အစုံ ပြောပြသည်။

ထိုစကား သဌေးကြားလျှင် မဟာပထဝီမြေ ခံရသလိုဖြစ်ပြီး “သား ဘာစကားပြောသလဲ”ဟု စိတ်လှုပ်ရှားကာ အိုးထိန်းသည်ထံ အမြန်သွားပြီး တခြားသူများရှေ့ မပြောသင့်သောစကားဖြစ်၍ “ကြည့်ပါဦးအမောင်”ဟုပြောရာ အိုးထိန်းသည်က “ဘာကြည့်စေချင်တာလဲ၊ ထိုကိစ္စပြီးသွားပြီ”ဟု ပြောလိုက်သည်၊ သဌေးကား အိမ်ပြန်သွား စိတ်ရောဂါဖြစ်ပွားတော့သည်၊ သားနှင့်လည်း အတူမစားသောက်တော့ပေ။

စာမတတ်လျှင် ကိုယ့်သေတွင်း ကိုယ်မပြင်

နည်းမျိုးစုံဖြင့် ဃောသက ပျက်စီးအောင်ကြံနေသော သဌေးသည် စာတစောင်ရေးကာ ဃောသကခေါ်ပြီး “စာကိုယူ၊ ရွာငယ်က ငါတို့အလုပ်သမားမှူးထံ သွားပေးချေ၊ ဤစာပါအတိုင်း မြန်မြန်လုပ်ပါဟုလည်းပြော၊ လမ်းမှာ ငါတို့သူငယ်ချင်း ရွာငယ်သဌေးအိမ်ဝင် ထမင်းစားသွား”ဟု နှုတ်ဖြင့်လည်း မှာလိုက်သည်။

စာမျက်နှာ-274


ဃောသကလုလင်သည် ဖခင်ရှိခိုးပြီး စာယူထွက်သည်၊ လမ်းခရီး၌ ရွာငယ်သဌေးနေရာမေးမြန်းပြီးသွားရာ အိမ်ရောက်လျှင် “သူငယ်ချင်းသဌေးသား”ဟု သိကာ ရွာငယ်သဌေးသည် ဝမ်းသာစွာဖြင့် (သမီးဖို့ပန်းယူသွားသော) ကျွန်မကို ဃောသကအတွက် ဧည့်ဝတ်အားလုံးပြုခိုင်းသည်၊ ကျွန်မသည် ဝတ်ပြုပြီးမှ ဈေးသွား ပန်းဝယ် ပြန်လာရာ သဌေးသမီးက “အပြင်မှာကြာသည်” ဟု စိတ်ဆိုးကာ “ဤအချိန်အထိ သင်ဘာလုပ်နေသနည်း”ဟု ကြိမ်းမောင်းသည်။

မိန်းမကြိုက်လျှင်လည်း စိုက်စိုက်လာ

“မပြောပါနဲ့မမ၊ ဤလိုလူ ကျွန်မ မမြင်ဖူးပါ၊ မမဖခင်သူငယ်ချင်း သဌေးသားတဲ့၊ သူလှလိုက်ပုံ ပြောမကုန်နိုင်ပါ၊ ပန်းယူသွားတဲ့ ကျွန်မကို သဌေးကြီးက ‘ဒီသူငယ် ခြေဆေး အိပ်ရာခင်းပေး’ ဆို၍ ကျွန်မ ကြာနေပါသည်”ဟု တင်ပြရာ ရွာငယ်သဌေးသမီးသည် စတုတ္ထဘဝက ထိုဃောသက၏ဇနီး ဖြစ်ခဲ့ဖူးရကား ထိုစကားကြားချိန်မှစ၍ ထိုင်မရ လုပ်မရတော့ပေ။

သဌေးသမီးသည် ကျွန်မခေါ်ပြီး ဃောသက အိပ်ရာချောင်းရာ အိပ်နေသည်ကို မြင် ပုဆိုးစွန်း၌ စာရွက်ကိုလည်းမြင်၍ မနိုးအောင် စာခိုးဖတ်သည်။ “သူ့သေမိန့်စာ သူကိုယ်တိုင်ယူလာသည်”ဟု အမှန်သိသဖြင့် မူလစာ ဆုတ်ဖြဲ၍ မနိုးခင်ပင် “သင့်ထံ ငါ့သားလွှတ်လိုက်သည်၊ ငါ့သူငယ်ချင်း ရွာငယ်သဌေးမှာ အရွယ်ရောက်သော သမီးရှိသည်၊ ငါတို့သက်ဆိုင်ရာမှာ ရှိရှိသောဥစ္စာကိုယူပြီး ပစ္စည်းတိုင်း တရာစီဖြင့် ငါ့သားအတွက် ရွာငယ်သဌေးသမီးတောင်းကာ မြန်မြန်မင်္ဂလာပွဲ ကျင်းပပါ၊ ပြီးလျှင် ပြုပြီးသမျှ အစီအစဉ်အားလုံး ငါ့ထံသတင်းပို့၊ ဤကိစ္စ၌ သင့်အတွက် ဆောင်ရွက်ဖွယ် ကျေးဇူး ငါသိပါမည်”ဟု စာပြင်ရေးကာ ထိုတံဆိပ်နှိပ် ရှေးချည်မြဲအတိုင်း ပုဆိုးစွန်း ချည်ထားလိုက်သည်။

ကံတက်လျှင် မည်သူဖျက်ဖျက် မပျက်ပါ

ဃောသကသည် နောက်တနေ့ ရွာငယ်အလုပ်သမားမှူးထံ သွားစာပေးရာ အလုပ်သမားမှူးသည် စာဖတ်ပြီး ရွာသားများစုကာ ဥစ္စာစုဆောင်း သတို့သမီး တောင်းပေးပြီးမှ ကောသမ္ဘီသဌေးထံ အစီရင်ခံသည်၊ ထိုသတင်းကြားသော ကောသမ္ဘီသဌေးသည် မီးတိုက်ခံရသလို “ယခုအခါ ငါပျက်ပြီ” ကြံကာ သွေးဝမ်းသွန်ရောဂါရတော့သည်။

“ဖြစ်နိုင်သလို ဃောသကခေါ်ကာ ငါ့ဥစ္စာ သူမပိုင်အောင်ပြုမည်” ကြံပြီး “မင်္ဂလာပြီးမှပဲ မြန်မြန်ပြန်လာ”ဟု သတင်းပို့သဖြင့် ဃောသက သွားမည်ပြင်ရာ သဌေးသမီးက “ငါ့မှီ ဤစည်းစိမ်ရသည်ဟု လူမိုက် မသိ၊ သူမသွားဖြစ်အောင် တခုခု ပြုသင့်သည်”

စာမျက်နှာ-275


ကြံပြီး “အရေးတကြီး မသွားသင့်ပါ၊ မိဘအိမ်သွားလျှင် စီမံစရာ စီမံပြီးမှ သွားသင့်ပါသည်”ဟု ပြောကြားအချိန်ဆွဲထားသည်။

မိန်းမကျေးဇူးလည်း ကြီးသည်ဟု ဆိုသူမည်

“ရောဂါသည် ဖခင်ကို အသက်ရှင်စဉ် လာကြည့်သင့်သည်”ဟု ကြာနေ၍ သတင်းပို့ရာ၌မူ သဌေးသမီးက ဃောသကအား “ကောသမ္ဘီသဌေးသည် မောင်ထင်သလို ဖခင်မဟုတ်၊ မောင့်ကိုသတ်ဖို့ အလုပ်သမားမှူးထံ စာပို့ရာ ထိုစာဖယ် တခြားစာကယ်၍ မောင့်စည်းစိမ်ရသည်၊ ကောသမ္ဘီသဌေးသည် မောင့်ကို သားမဟုတ်အောင် ပြုလို၍ ခေါ်သည်၊ သူသေအောင် ဆိုင်းပါ”ဟု အကြောင်းစုံ တင်ပြသည်။

မသေသေးသော်လည်း သေပြီကြား၍ သွားကြရာ သဌေးသမီးသည် ဃောသကအား “တအိမ်လုံး အစောင့်ထားပြီးမှ ဝင်ပါ”ဟု အပြင်ကပင် ကြိုတင်သတိပေးပြီး မိမိကမူ ဃောသကနှင့်အတူဝင်ပြီး လက်မြှောက်ငိုသလို အမှောင်၌အိပ်နေသော သဌေးထံသွား ဦးခေါင်းဖြင့် ရင်ဘတ် ဆောင့်တော့သည်။ အားနည်းနေသဖြင့် ထိုဒဏ်ဖြင့်ပင် ကောသမ္ဘီသဌေး ကွယ်လွန်ရှာသည်။

ဘဝကိုပြင်မှ သံဝေဂထင်သည်

ဃောသကသည် ဖခင်သင်္ဂြိုဟ်ပြီး “သူ့ကို သားအဖြစ် ထွက်ဆိုကြဖို့ အိမ်ဖော်များအား သင်ကြားလက်ဆောင် ပေးထားသည်။ ၇-ရက်မြောက်သော် သဌေးရာထူးထားလို၍ သားရှိ-မရှိ မင်းက စုံစမ်းရာ အိမ်ဖော်အားလုံးက ဃောသကကို သားဟု ထွက်ဆိုကြသဖြင့် ဃောသက သဌေးရာထူးရတော့သည်။

ဇနီးဖြစ်သူက ဃောသကအား “အရှင့်သားလည်း အဆင့်နိမ့်သူ၊ ကျွန်မလည်း ဆင်းရဲသူဖြစ်ရာမှ ရှေးကံကောင်း၍ ဤစည်းစိမ်ရကြပြီး ယခုလည်း ကုသိုလ်ပြုကြစို့”ဟု တိုင်ပင်ဝန်ခံကြပြီး တနေ့တထောင် စွန့်လှူကြသည်။

ထိုအချိန် ခုဇ္ဇုတ္တရာအလောင်းကား နတ်ပြည်မှ စုတေပြီး ဃောသက သဌေးအိမ် အထိန်းတော်သမီးဖြစ်လာသည်၊ မွေးစကပင် ခါးကုန်း၍ ခုဇ္ဇုတ္တရာတွင်သည်။

ဘုန်းရှိသူမှာ မူရာတင့်တယ်

သာမာဝတီအလောင်း နတ်ပြည်မှ စုတေပြီး ဘဒ္ဒဝတိယတိုင်း ဘဒ္ဒိယမြို့ ဘဒ္ဒဝတိယသဌေးသမီး သာမာလာဖြစ်သည်။ နောက်ပိုင်း ယင်းမြို့ အငတ်ဘေးဆိုက်၍ အခြားမြို့များ ပြေးကြရာ သာမာတို့မိသားစု ၃-ဦးလည်း သူငယ်ချင်း ဃောသကသဌေးရှိရာ ကောသမ္ဘီပြေးကြသည်၊ ထိုအချိန် ဃောသကသဌေး အလှူပေးနေပြီ။

စာမျက်နှာ-276


ဒုက္ခကြီးစွာ လာခဲ့ရသော ဘဒ္ဒဝတိယသဌေးသည် “သူဆင်းရဲအသွင်ဖြင့် မမြင်ဖူးသေးသော သူငယ်ချင်းသဌေးကို မျက်နှာပြဖို့ မသင့်”ဟု ကြံကာ သမီးကိုသာ အလှူမဏ္ဍပ်လွှတ်သည်။

ခွက်ကိုင်ရပ်နေသော သာမာကို အလှူဦးစီးမှူးမြင်၍ “တံငါသည်များ ငါးလုသလို အခြားအလှူခံများ အော်ကျယ် ဟစ်ကျယ် ယူသွားကြသော်လည်း ဤကလေးမကား ထိုသူများလိုမဟုတ်၊ အမျိုးကောင်းသမီးဖြစ်မည်၊ ရုပ်အဆင်းလည်း ပြည့်စုံသည်” ကြံကာ “သမီးကား သူများလို ဘာ့ကြောင့်ဝင်မယူသလဲ”ဟု မေးလေလျှင် “ဖခင်၊ ဤမျှကျဉ်းကျပ်တော့ ဝင်မရပါ”ဟု ပြန်ပြောလိုက်သည်။

မိဘမဲ့ ဖြစ်သွားသော သာမာဝတီ

သာမာသည် မိမိအဖြေအရ အလှူဦးစီးမှူးပေးသော ထမင်း ၃-ထုပ်ယူ မိဘများထံပေးရာ ဆာနေသောဖခင်သည် အလွန်စားမိသဖြင့် ကွယ်လွန်သည်၊ နောက်နေ့ ထမင်း ၂-ထုပ်သာယူရသည်၊ ထိုနေ့ပင် မိခင်သည်လည်း အစားမမှန် လင့်သောကလည်း ဖိပြန်၍ သေပြန်သည်။

သာမာသည် နောက်နေ့ ထမင်းတထုပ်သာယူရာ အလှူဦးစီးမှူးက ကလေးမ၏ အမူအရာ အကဲခတ်ပြီး ထမင်း ၃-ထုပ်မှ ၂-ထုပ်၊ ၂-ထုပ်မှ တထုပ်ယူပုံ အကြောင်းမေးသည်၊ ဖြစ်ကြောင်းကုန်စင် သာမာကပြောပြရာ သမီးမရှိသော အလှူဦးစီးမှူးက သမီးအဖြစ် မွေးစားလိုက်သည်၊ သာမာသည် အလှူမဏ္ဍပ်၌ အသံဆူပုံကို ဖခင်အား မေးရာ “လူများလှ၍ အသံတိတ်အောင် မလွယ်”ဟု ဖခင်ကဖြေရာတွင် သာမာက “ရာဇမတ်ပတ်လည်ကာ၍ တံခါး ၂-ပေါက်တပ်ကာ အတွင်း၌ အိုးခွက်များ ထားပြီး တပေါက်ကဝင် ထမင်းယူပြီး ထွက်ပေါက်ကထွက်ပါစေ”ဟု အကြံပေးရာ ထိုအတိုင်း ဆောင်ရွက်သဖြင့် အလှူမဏ္ဍပ်သည် ပဒုမ္မာကြာအိုင်လို အသံငြိမ်တော့သည်။

အလုပ်သမားသမီးမှ သဌေးသမီးဖြစ်

ဃောသကသဌေးသည် အလှူမဏ္ဍပ်မှာ ရှေးကဆူညံပါလျက် ယခု တိတ်ဆိတ်ပုံကို အလှူဦးစီးမှူး တင်ပြချက်အရ သမီးအစီအစဉ်ဟု သိရာ ယခင်က သမီးမရှိ၊ ယခုဘယ်က ရသနည်း စိစစ်တော့သည်၊ အလှူဦးစီးမှူးသည် မကွယ်ဝှက်နိုင်တော့ဘဲ သမီးရပုံ ပြောပြရာ “ယခုတိုင် ငါ့သမီး သင်ထံရှိနေမှုကို သင်မပြောကြား၊ ဘာ့ကြောင့် ဤမျှဝန်လေးသော အမှုပြုရသလဲ၊ ထိုသမီးငါတို့အိမ်အမြန်လွှတ်”ဟု ခိုင်းလျှင်ပင် အလိုမတူသော်လည်း ပို့လိုက်ရတော့သည်၊ ထိုအခါမှစ၍ ဃောသကသည် သာမာကို သမီးအရာထား အမျိုးဇာတ်နှင့်အရွယ်ပါတူသော အမျိုးသမီး ၅၀၀-ကိုပါ ခြံရံစေပြီး ချီးမြှောက်သည်။

စာမျက်နှာ-277


အမျိုးသမီး ၅၀၀-ခြံရံကစားနေသည့် သာမာဝတီကို ဥဒေနမင်း မြို့လှည့်စဉ် မြင်၍ မေးရာ “ဃောသကသဌေးသမီး လင်မရှိသေးပါ”ဟု သိသဖြင့် သဌေးထံ တောင်းတော့သည်။ “တဦးတည်းသမီးကို ရန်သူမိန်းမများသော နေရာ မထားနိုင်ပါ”ဟု ဃောသကက လျှောက်ရာ မင်းသည် ဃောသကဇနီးမောင်နှံ အိမ်ပြင်ထုတ် တအိမ်လုံး ချိပ်ပိတ်စေသည်။

သဌေးသမီးမှ မိဖုရားဖြစ်သော သာမာဝတီ

အပြင်ကပြန်လာသော သာမာဝတီသည် အိမ်ပြင်ထိုင်နေသော မိဘများကို မင်းပြစ်မင်းဒဏ်ဟု သိပြီး “ငါ့သမီးသည် ရန်သူမများဝိုင်းသော ရွှေနန်း၌ တယောက်တည်း မနေနိုင်ပါ၊ အဖော် ၅၀၀-ပါလျှင် နေနိုင်ပါလိမ့်မည်။ ဤစကားမျိုး ဖခင်တို့ ဘာ့ကြောင့် မလျှောက်တင်ကြပါသနည်း၊ ယခုလျှောက်တင်ကြပါ”ဟု သင်ပေးရာ မိဘများက “သမီးစိတ်မသိ၍ပါ”ဟု ပြောပြီး သမီးစကားအတိုင်း လျှောက်တင်ကြသည်။

ဥဒေနမင်းသည် အထူးကျေနပ်ပြီး “တထောင်ဖြစ်စေ အားလုံးခေါ်ခဲ့ကြ”ဟု မိန့်ကာ နက္ခတ် အခါကောင်းရွေးပြီး သတို့သမီး ၅၀၀-ခြံရံစေလျက် သာမာဝတီကို မိဖုရားအဘိသိက်ဖျန်း၊ သီးခြားပြာသာဒ်၌လည်း စံမြန်းစေသည်။

ထိုအချိန် ကောသမ္ဘီပြည်၌ ဃောသက၊ ကုက္ကုဋ၊ ပါဝါရိကဟု သူငယ်ချင်းသဌေး ၃-ဦးရှိရာ ၃-ဦးလုံး ရသေ့ ၅၀၀-ကို ပြုစုကြသည်၊ ၄-လ သဌေးများထံ ရသေ့များနေ၍ ၈-လ ဟိမဝန္တာမှာနေကြသည်၊ ဟိမဝန္တာမှရသေ့များလာကြစဉ် ခရီးခဲ၌ ရေငတ်ကြ၍ ညောင်ပင်ကြီးအောက် ရောက်လျှင် ညောင်စောင့်နတ်မင်းထံ အချီးအမြှောက် တောင့်တကြသည်။

နေ့ဝက်ဥပုသ်အကျိုး တန်ခိုးများစွာ

ညောင်စောင့်နတ်သည် တန်ဆာဆင်ထားသော လက်ကိုဆန့်၍ သောက်ရေအဖျော် စသည်များကပ်ရာ ရသေ့များ အံ့ဩကြပြီး ရှေးကုသိုလ်ပြုပုံ မေးကြသည်၊ ညောင်စောင့်နတ်က “လောကမှာ ဘုရားပွင့်၍ သာဝတ္ထိမှာ သီတင်းသုံးနေသည်၊ ဘုရားရှင်အား ပြုစုသော အနာထပိဏ်သဌေးကြီးသည် ဥပုသ်နေ့များမှာ သူ့အလုပ်သမားများအား လုပ်ခအပြည့်ပေးပြီး ဥပုသ်စောင့်စေပါသည်၊ ကျွန်ုပ်ကတော့ နံနက်ပိုင်း မသိ၊ နေ့ခင်း ထမင်းစားပြန်မှ အလုပ်သမားများ မမြင်၍မေးရာ ဥပုသ်စောင့်ကြရကြောင်း သိရ၊ နေ့ဝက်လည်း ဥပုသ်စောင့်နိုင်ကြောင်း သိရ၍ နေ့ဝက်ဥပုသ်စောင့်ခဲ့ရသည်၊ ထိုနေ့ပင် ကွယ်လွန်၍ ဤစည်းစိမ်ရပါသည်” ဟု ပြန်လျှောက်သည်။

စာမျက်နှာ-278


ရသေ့များသည် “ဘုရားပွင့်ပြီတဲ့”ဟု ကြားကာ ဝမ်းသာလှပြီး သာဝတ္ထိသို့ သွားလိုလှသော်လည်း “ကျေးဇူးများသော သဌေးများကို ဤအကြောင်း ပြောကြမည်” ကြံပြီး ကောသမ္ဘီသွား ထိုအကြောင်း မိန့်ကြသည်။ သဌေးများက အတူ လိုက်ရန် လျှောက်ရာ “ငါတို့သွားနှင့်မည်၊ သင်တို့ ဖြည်းဖြည်းလာကြ”ဟု ထားခဲ့ပြီး သာဝတ္ထိသွား၊ ဘုရားထံတော်ရဟန်းပြု၊ ရဟန္တာဖြစ်ကြသည်။

လှည်းဝိုင်းဆွမ်းကပ်ရက် လဝက်တိုင်တိုင်

သဌေး ၃-ဦးတို့လည်း လှည်း ၅၀၀-စီ ခြံရံကာ သာဝတ္ထိသွား ဇေတဝန်ကျောင်းအနီး လှည်းဝိုင်းချကာ ဘုရားထံသွား တရားနာကြ၊ ၃-ဦးစလုံး သောတာပန် ဖြစ်ကြသည်၊ နောက်နေ့မှစ၍ ၁၅-ရက်တိုင်တိုင် လှည်းဝိုင်းယာယီမဏ္ဍပ်မှာ ဆွမ်းကပ်ကြပြီး ကောသမ္ဘီကြွဖို့ ဘုရားပင့်ရာ “ဆိတ်ငြိမ်ရာမှာ ဘုရားရှင်များ မွေ့လျော်ကြသည်”ဟု ဘုရားရှင် မိန့်ကြားလိုက်သည်။

သဌေးများက “သိပါပြီဘုရား၊ တပည့်တော်များ သတင်းလျှောက်ထားလျှင် ကြွရောက်တော်မူကြပါ”ဟု လျှောက်ထားကာ မြို့ပြန်၊ ဆိုင်ရာ ဥယျာဉ်မှာ ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံဟု ကျောင်းတိုက် ၃-တိုက်ဆောက်ကြသည်။

သံဃာများစွာခြံရံလျက် ကောသမ္ဘီသို့ ဘုရားရှင် ချီတော်မူသည်။ လမ်းခရီးအတွင်း မာဂဏ္ဍိယပုဏ္ဏား၏ အရဟတ္တဖိုလ်ရကြောင်းကို မြင်တော်မူ၍ ခရီးစဉ်ဖြတ်ကာ ကုရုတိုင်း ကမ္မာသဒမ္မနိဂုံးရွာကြွသည်။

ဘုရားရှင်ကို သမက်တော်လိုသော မာဂဏ္ဍီ

မာဂဏ္ဍိယပုဏ္ဏားကြီးသည် တညလုံးရွာပြင်မှာ မီးပူဇော်ပြီး စောစော ရွာတွင်းဝင်သည်၊ ဘုရားရှင်လည်း နောက်နေ့ ရွာတွင်းဆွမ်းခံဝင်သော် မျက်နှာချင်းဆိုင်ခရီး၌ မာဂဏ္ဍိယပုဏ္ဏားအား မိမိကိုယ်ကို ပြတော်မူသည်၊ ပုဏ္ဏားကြီး ဘုရားမြင်၍ “ဤအချိန်အထိ ငါ့သမီး အဆင်းနှင့်တူသော သူငယ်ကို ရှာနေခဲ့သည်၊ အဆင်းပြည့်စုံသော်လည်း ဤပုံရဟန်း အသွင်ကိုသာ လိုလားခဲ့သည်၊ ဤရဟန်းကား တင့်တယ်လှပ ငါ့သမီးအတွက် အလျော်ပင် ကျသည်”ဟု ကြံကာ အိမ်အမြန် ပြန်သွားသည်။

ပုဏ္ဏားကြီး၏ ရှေးအဆက်အနွယ်ကား ရဟန်းဖြစ်၍ ရဟန်းကိုသာ စိတ်ညွှတ်သည်၊ ပုဏ္ဏားကြီးသည် သမီးနှင့်လျော်သော သမက်လောင်းတွေ့ခဲ့၍ “သမီးကို မြန်မြန်တန်ဆာဆင်ပါ”ဟု ပုဏ္ဏေးမကို အမိန့်ပေးလိုက်သည်၊ သမီးတန်ဆာဆင်နေစဉ် ဘုရားရှင်သည် တည်နေရာ၌ ခြေရာတော်စေတီတို့ကိုပြ (ခြေတော်ရာချ) မြို့တွင်းဝင်သည်၊ ဘုရားရှင်

စာမျက်နှာ-279


ခြေတော်ရာကား မိဋ္ဌာန်နင်းမှ ထင်သည်၊ ရည်ရွယ်အပ်သူများသာ မြင်ရသည်၊ ထားလိုသော ခြေတော်ရာကို ဆင်နင်း၊ မိုးဖျက်၊ လေတိုက်သော်လည်း မပျောက်ပျက်နိုင်။

ခြေရာကိုကြည့်၍ ဘုရားရှင်ဟု ပုဏ္ဏေးမ သိ

ပုဏ္ဏားကြီးသည် ဇနီးနှင့်သမီးခေါ်ပြီး ထိုနေရာလာလတ်သော် ဘုရားရှင်ကို မမြင်၍ “ရှင်မ ပြုသမျှ ဘာမျှမကောင်း၊ သင်အကျယ်ချဲ့လုပ်နေစဉ် ရဟန်းထွက်သွားသည်”ဟု ပုဏ္ဏေးမကို ပြောကာ ဘုရားကြွရာကိုကြည့်လတ်သော် ခြေရာတော်ကိုမြင်၍ “ဤအရပ်ကြွပေမည်” ဟု ပြောလိုက်သည်၊ ပုဏ္ဏေးမသည် ဘုရားခြေတော်ရာ မြင်၍ “ဤပုဏ္ဏားကြီး မိုက်လေစွ၊ ကိုယ့်ကျမ်းဂန်၏ အနက်အဓိပ္ပာယ်ကိုမျှမသိ” ဟု ကြံကာ ပုဏ္ဏားကြီးနှင့် ပြက်ရယ်ပြုလိုသည်ဖြစ်၍ “သင်ကား မိုက်ပါပေစွ၊ ဤသို့သော ယောက်ျားမြတ်အား သမီးပေးမည်ဟု ဆိုဘိ၏၊ ရာဂ၊ ဒေါသ၊ မောဟမကင်းသူ၏ခြေရာ ဤသို့မဟုတ်၊ လောက၌ ကိလေသာအမိုးကို စင်စစ်ရိုက်ချိုးပြီးသော ဘုရားရှင်၏ခြေရာကို သေချာအောင် ကြည့်စမ်းပါ၊ ရာဂများသူ၏ ခြေရာအလယ်ကံမထိဘဲ ခွင်သည်၊ ဒေါသများသူ၏ ခြေရာကား နောက်သို့ငင်သလိုဖြစ်၏။ မောဟများသူကား ခြေဖျား ဖနောင့်တို့ဖြင့် ဖိနင်းသလိုသာတည်း၊ ယခု မျက်မြင်ခြေရာကား ကိလေသာအမိုး ရိုက်ချိုးပြီးသော မြတ်ဗုဒ္ဓ၏ ခြေတော်တည်း”ဟု ပြောပါသော်လည်း နားမဝင်ဘဲ ပုဏ္ဏားကြီးပြန်အော်သည်။

ဤဇမ္ဗူမှာ သမီးနှင့် တူသူမရှိ

ဇနီးမောင်နှံငြင်းခုံနေစဉ် ဆွမ်းကိစ္စပြီး၍ သံဃာနှင့်တကွ ဘုရားရှင်သည် မာဂဏ္ဍီတို့ မြင်လောက်ရာဖြင့် ထွက်လာတော်မူရာ အဝေးကပင် ပုဏ္ဏားကြီးမြင်သဖြင့် ပုဏ္ဏေးမကို လက်တို့ပြီး “ငါပြောတဲ့ယောက်ျား ဤသူ”ဟု ဝမ်းသာစွာဘုရားရှေ့မှောက်ရပ်လျက် “အို ရဟန်း၊ ငါသည် သင့်ကို စောစောကပင် ရှာနေသည်၊ ဤဇမ္ဗူဒိပ်မှာ ငါ့သမီးနှင့် အလှတူ မိန်းမမရှိ၊ သင်နှင့် အလှတူသော ယောက်ျားလည်း မရှိ၊ ငါ့သမီးကို သင့်အား လုပ်ကျွေးပေးပါ၏၊ လက်ခံပါ”ဟု တိုက်ရိုက်ပင် ပြောသည်။

ထိုအခါ ဘုရားရှင်က မာဂဏ္ဍိယပုဏ္ဏားကြီးကို “ငါ့အား ဖျားယောင်းဖို့ အနီးကပ်ရပ်ကာ ချစ်စဖွယ်စုံ အဆင်းလှသူ မာရ်နတ်သမီး ၃-ဦးသော်မျှ ငါမလိုလား၊ သမီး ဤမာဂဏ္ဍီကို ဘယ်မှာယူလိုပါအံ့နည်း”ဟု မိန့်တော်မူသည်။

ဘုရားရှင်ကို ရန်ဖွဲ့သော မာဂဏ္ဍီ

“တဏှာ၊ အရတီ၊ ရာဂါ၊ မာရ်နတ်မင်း သမီး ၃-ဦးကို မြင်ပါလျက် မေထုန်မှု၌ အာသာမဖြစ်၊ ကျင်ငယ်၊ ကျင်ကြီးပြည့်နေသော သာဂဏ္ဍီကို ခြေဖြင့်သော်မှ

စာမျက်နှာ-280


မထိချင်ပါ”ဟူသော ဂါထာကိုပါ ဟောကြားပြန်ရာ သမီး မာဂဏ္ဍီသည် “ငါ့အလိုမရှိလျှင် ‘မလိုချင်’ ဟုသာ ဆိုသင့်သည်၊ ယခုမူ ငါ့ကိုယ်ကို ကျင်ကြီး ကျင်ငယ် ပြည့်နေသည်၊ ခြေဖြင့်သော်မျှ မထိချင်ဟု ရက်စက်စွာ ရဟန်းဂေါတမ ပြောသည်၊ ရှိစေတော့၊ ငါအခွင့်အာဏာရလာလျှင် ရဟန်းဂေါတမ သေပေါက် သေလမ်းကို ရှာကြံကြည့်ရှုမည်” ဟု အငြိုးထားသည်။

ဘုရားရှင်သည် သမီးမာဂဏ္ဍီရန်ငြိုးဖွဲ့မှုကို ဂရုမထားဘဲ စရိုက်နှင့်လျော်သော တရားကိုဟောရာ မာဂဏ္ဍီတို့ဇနီးမောင်နှံ အနာဂါမ်တည်ကြပြီးလျှင် “ငါတို့ဖို့ ယခုအိမ်ထောင်မလို”ဟု ကြံကာ သမီး မာဂဏ္ဍီကို ဘထွေး မာဂဏ္ဍီထံ အပ်နှံပြီး ရဟန်းပြုကြ၊ နောက် ၂-ဦးလုံး ရဟန္တာဖြစ်သွားကြသည်။

ထို့နောင် ဘုရားရှင်သည် ခရီးစဉ်အရ ကောသမ္ဘီ ကြွတော်မူရာ သဌေး ၃-ဦး ကြိုဆိုကြပြီး ကျောင်းတိုက်ကြီး ၃-တိုက်ကို စာတုဒ္ဒိသသံဃိကလှူဒါန်းကာ နောက်နေ့ အတွက် ဆွမ်းပင့်ပြီးမှ ပြန်ကြသည်။

မိဖုရားဖြစ်၍ ဘုရားကို ဆဲခိုင်းသော မာဂဏ္ဍီ

ဥဒေနမင်းသည် ဘထွေးတော်နှင့် တိုင်ပင်ပြီး သမီးမာဂဏ္ဍီကိုမိဖုရားမြှောက်၊ အခြံအရံ အမျိုးသမီး ၅၀၀-နှင့်အတူ ပြာသာဒ်သီးခြားပေးထားရာ ရာထူးအာဏာရှိလာပြီဖြစ်သော မာဂဏ္ဍီသည် ကောသမ္ဘီဘုရားရှင်ကြွလာပြီကြားလျှင်ပင် စုတ်ပြတ်ယစ်မူး သေသောက်ကြူးများ ခေါ်စေပြီး လက်ဆောင်ပေး၍ “ရဟန်းဂေါတမကို ဤနည်းဤပုံ စုံအောင် ဆဲရေးကြ” ဟု သင်လွှတ်သည်။

သံဃာနှင့်တကွ မြို့တွင်းဘုရားရှင်ဝင်စဉ် ယင်းလူမိုက်များက ဆဲရေးကြသည်၊ အရှင်အာနန္ဒာက အဆဲခံရသောမြို့ မနေဘဲ အခြားကြွရန် လျှောက်တင်ရာ ဘုရားရှင်က “မြတ်စွာဘုရားကိုမည်သည် လောကဓံ ၈-စုံ မတုန်လှုပ်ကြ၊ ဤဆဲရေးသံ ၇-ရက်ထက်မပို၊ ဆဲသူများအပေါ် ပြန်ကျ” စသည်ဖြင့် မိန့်ကြားသည်။

သဌေး ၃-ဦး ဘုရားရှင်ကို တလှည့်စီ ကြီးစွာ ပူဇော်လှူဒါန်းကြရာ တလလွန်မြောက်သော် “ဘုရားရှင်တို့မည်သည် တလောကလုံး စောင့်ရှောက်ဖို့ ပွင့်လာသည်၊ အခြားသူများအားလည်း အခွင့်အရေး ပေးကုန်အံ့”ဟု သဌေး ၃-ဦးတို့ တိုင်ပင်ကာ မြို့သူမြို့သားအား အခွင့်ပေးသဖြင့် လမ်းအလိုက်၊ အသင်းအဖွဲ့အလိုက် လှူဒါန်းကြသည်။

စာမျက်နှာ-281


ခုဇ္ဇုတ္တရာ သောတာပန်ဖြစ်
သံဃာနှင့် ဘုရားရှင် ပန်းသည်ကြီးအိမ် သီတင်းသုံးချိန် သာမာဝတီ၏ အလုပ်အကျွေး ဥတ္တရာသည် ငွေ ၈-ကျပ်ယူ၍ ပန်းဝယ်ရန်လာရာ ပန်းသည်ကြီးက “ယနေ့ သင့်ကို ပန်းပေးချိန်မရ၊ ဘုရားအမှူးရှိသော သံဃာကို ငါ ဆွမ်းကပ်နေသည်။ သင်လည်း ပြုစုကူညီပါ၊ သို့မှ သူတပါး ဝေယျာဝစ္စပြုသူဘဝမှ နောင် သင်လွတ်မည်”ဟု ပြောသည်။ ခုဇ္ဇုတ္တရာသည် မိမိဆိုင်ရာ စားစရာများ စားပြီး ဘုရားရှင် ဆွမ်းစားကျောင်းမှာ ဝေယျာဝစ္စပြု၊ ဘုရားရှင်၏ တရားအားလုံးကိုလည်း သင်ယူကာ အနုမောဒနာ ကြားနာပြီး သောတာပန် တည်သည်။

ခုဇ္ဇုတ္တရာသည် တခြားနေ့များမှာ ၄-ကျပ်ဖိုးသာ ပန်းဝယ်သွားသော်လည်း အရိယာဖြစ်ပြီးသော်ကား သူတပါးပစ္စည်း စိတ်ဖြင့်သော်မျှ မပြစ်မှားတော့ဘဲ ၈-ကျပ်ဖိုးလုံးဝယ်၍ သာမာဝတီထံ သွားရာ “ယနေ့ ပန်းတွေများသည်၊ ငါ့အရှင်မင်းကြီး သွားရာယနေ့ အသံ စိတ်ကြည်နေသလော”ဟု သာမာဝတီမိဖုရားက မေးသဖြင့် မုသာဝါဒကံ လုံခြုံပြီဖြစ်သော ခုဇ္ဇုတ္တရာက မကွယ်မဝှက် အားလုံးတင်ပြသည်။ (စကားကျဉ်းရန် ဥတ္တရာ၊ သာမာဟုသာ သုံးအံ့။)

ခုဇ္ဇုတ္တရာကြောင့် မိန်းမ ၅၀၀-လုံး သောတာပန်

“အမိဥတ္တရာ ရေသောက်သလိုထူး ငါတို့အားလည်း ပေးပါ”ဟု သာမာနှင့်တကွ အားလုံးက လက်ဖြန့်တောင်းရာ “ဤလိုပေးမရ၊ ဘုရားရှင်ဟောတိုင်း အရှင်မတို့အား ကျွန်ုပ် တရားဟောပါမည်၊ ရှေးကုသိုလ်ရှိလျှင် တရားရပါလိမ့်မည်၊ ကျွန်ုပ်ကို အမြင့်မှာထား၊ အရှင်မတို့က နိမ့်ရာမှာ နေကြပါ”ဟု ပြောဆိုနေထိုင်ကြပြီး ဥတ္တရာသည် သေက္ခပဋိသမ္ဘိဒါအရာ၌ တည်ပြီး တရားဟောရာ သာမာမိဖုရားကြီးနှင့်တကွ ၅၀၀-လုံး သောတာပန် တည်ကြသည်။

သာမာ၏ အမိန့်အရ ဥတ္တရာသည် အလုပ်မလုပ်ရတော့ဘဲ ဘုရားထံ တရားသွားနာပြီး သာမာတို့အဆင့် နာရသည်။ ဥတ္တရာသည် ကဿပဘုရားသာသနာ၌ သာမဏေတပါးအား “ကျွန်မလို ခါးကုန်းပါစေ” ဟု ပြက်ရယ်ပြုမိသဖြင့် ၅၀၀-ဘဝ ကျွန်ဖြစ်ရ၏။ ဘုရားမပွင့်မီ ဗာရာဏသီ နန်းတော်ကြွလာသော ပစ္စေကဗုဒ္ဓါတပါး ခါးကုန်းပုံကို အလုပ်ကျွေးမိန်းမများက ပြက်ရယ်ပြုမိသဖြင့် ခါးကုန်း၍ ခုဇ္ဇာမည်သည်။

ဗာရာဏသီ နန်းတော်၌ ရာဇဂြိုဟ်မှ သပိတ်ပြည့် နို့ထမင်းပူပူ ကိုင်ယူသော ပစ္စေကဗုဒ္ဓါအရှင်အားမြင်၍ ရွှေလက်ကောက် ၈-ကွင်းချွတ်ကာ “ဤလက်ကောက်ခံ သပိတ်ဖြင့် ကြွတော်မူကြပါ”ဟု လှူခဲ့သဖြင့် ပညာရှင်ဖြစ်သည်။

စာမျက်နှာ-282


မိဖုရား ၅၀၀ နံရံဖောက်၍ ဘုရားဖူး
သာမာတို့ ၅၀၀-အဖွဲ့ကား အရိယာများ ဖြစ်ပြီးသော်လည်း သဒ္ဓါတရား မရှိသေးသော ဥဒေနမင်းကြောင့် ဘုရားဖူးသွားခွင့် အမြဲ မရကြပေ။ ထို့ကြောင့် ဘုရားရှင် လမ်းမကြွတော်မူလျှင် (လေသာပြတင်းပေါက် နည်းနေ၍ မလောက်သဖြင့်) နေရာအသီးသီးမှာ အပေါက်ဖောက်၍ ကြည်ညိုကြသည်။

သာမာဝတီ မိဖုရားတို့၏ ပြာသာဒ်ပေါက်များကို မာဂဏ္ဍီမိဖုရား မြင်၍ မေးရာ “ဘုရားအပေါ် မာဂဏ္ဍီ ရန်ငြိုးထားသည်” မသိသဖြင့် အဖြေမှန်ကို သာမာတို့က ပြောပြရာ “ရဟန်းဂေါတမနှင့် သူ့တပည့်များအပေါ် ငါ့အလုပ်သိရတော့မည်”ဟု ကြံပြီး ဥဒေနမင်းနှင့် ၂-ဦးချင်းအချိန် “မင်းကြီး၊ သာမာတို့အဖွဲ့ အပြင်တောင့်တမှု ရှိနေပါသည်။ မကြာမီ အရှင်မင်းကြီးကို လုပ်ကြံပါလိမ့်မည်၊ သူတို့က အရှင်မင်းကြီးတို့အပေါ် ချစ်ခင်မြတ်နိုးမှု မပြုပါ၊ ရဟန်းဂေါတမ လမ်းမကြွလျှင် ပြတင်းမလောက်၍ အပေါက်များဖောက်၍သော်မှ ကြည့်ကြပါသည်” ဟု ကုန်းတိုက်သည်။ ဥဒေနမင်းကြီး မယုံကြည်ပေ၊ ဒုတိယတင်၍လည်း မယုံကြည်၊ တတိယတင်၍ မယုံကြည်သောအခါ၌မူ မာဂဏ္ဍီက ဥဒေနမင်းကို နေရာသွားကြည့်စေသည်။ ဥဒေနမင်းသည် အပေါက်များကိုမြင်၍ မေးသောအခါ အမှန်ကို လျှောက်တင်ကြသော် သာမာတို့အပေါ် စိတ်မဆိုး အပြစ်မတင်ဘဲ အပေါက်များကိုသာ ပိတ်စေသည်။ မင်းကြီးသည် ထိုအချိန်မှစ၍ ပြာသာဒ်အကန့်တိုင်း သံဇကာ လေသာပြတင်းတို့ကို တပ်ပေးသည်။ (ကုန်းတိုက်ခြင်း - ၁)

ကုန်းစကားစုံညီ မာဂဏ္ဍီ

မာဂဏ္ဍီသည် ထိုမျှဖြင့် မင်းကိုစိတ်ဆိုးဖို့ မတတ်နိုင်ရကား “မင်းကြီးတို့၌ ထိုမိန်းမများ ချစ်-မချစ် သိရအောင် ကြက် ၈-ကောင်ပို့ပြီး အရှင်မင်းကြီးတို့ဖို့ ချက်စေပါ” ဟု အကြံတင်ပြရာ ထိုအစီအစဉ်အတိုင်း ကြက် ၈-ကောင်ပို့သည်။ သောတာပန်အမျိုးသမီးသည် ကြက်ရှင်များကို ဘယ်ချက်ပါမည်နည်း၊ “မသင့်ပါ”ဟုဆိုပြီး လက်ဖြင့်သော်မျှ မကိုင်လို။

မာဂဏ္ဍီသည် “ရှိစေတော့ အရှင်မင်းကြီး၊ ထိုကြက်များကိုပင် ရဟန်းဂေါတမအတွက် ချက်ဖို့ ပို့စေပါ”ဟု တင်ပြရာ ထိုအတိုင်းပင် မင်းကြီးပြုသည်။ သို့သော် လမ်းမှာ ကြက်များကို သတ်ပြီးမှ ပို့သဖြင့် သာမာဝတီချက်ပြီး ဘုရားထံတော် ပို့လှူစေသည်။ မာဂဏ္ဍီသည် “ကြည့်ပါ၊ အရှင်မင်းကြီး”ဟု သာဓကပြသဖြင့်လည်း မင်းကြီး စိတ်ဆိုးအောင် မတတ်နိုင်။ (ကုန်းတိုက်ခြင်း-၂)

စာမျက်နှာ-283


ဟတ္ထိကန္တစောင်းရှင် ဘုရင် ဥဒေန
ဥဒေနမင်းသည် သာမာဝတီ၊ ဥဇ္ဇေနီ စဏ္ဍပဇ္ဇောတမင်းသမီး ဝါသုလဒတ္တာ၊ မာဂဏ္ဍီဟု မိဖုရား ၃-ဦးတွင် တဦးစီထံမှာ ၇-ရက်စီ စံမြန်းသည်။

မာဂဏ္ဍီသည် မြွေဟောက်ငယ်တကောင်ကို ဝါးဆစ်၌ ထည့်သိမ်းထားသည်။ ဥဒေနမင်းကား သွားလေရာရာ ဆင်ချစ်သော ဟတ္ထိကန္တစောင်းကို ယူသွားမြဲဖြစ်ရာ မာဂဏ္ဍီသည် သူ့ထံ မင်းကြီးလာခိုက် မြွေဟောက်ကို စောင်းတွင်းထည့် အပေါက်ပိတ်ထားလိုက်သည်။ သာမာဝတီထံ သွားခါနီးဖြစ်သော မင်းကြီးကို “အရှင်မင်းကြီး၊ သာမာဝတီကား ရဟန်းဂေါတမ အသင်းသူ ဖြစ်သည်၊ အရှင်မင်းကြီးတို့ကို မျက်လောက်မျှ မရေတွက်ပါ၊ ဘာပဲလုပ်လုပ် အရှင်မင်းကြီးတို့၏ အပြစ်ကိုသာ ကြံနေပါသည်၊ သတိထားပါ”ဟု လျှောက်သည်။

မင်းတို့မျက်စောင်း အကြောင်းမရွေး

ဥဒေနမင်းသည် သာမာဝတီနှင့် ၇-ရက်နေပြီးနောက် ၇-ရက် မာဂဏ္ဍီထံအလှည့်ကျ၍သွားစဉ် မာဂဏ္ဍီက “အရှင်မင်းကြီးကို သာမာဝတီ အခွင့်အလမ်းမရှာဘဲ ရှိ၏လော”ဟု အကျိုးလိုလားဟန် ပြောကာ မင်းကြီးလက်မှ စောင်းယူလှုပ်ပြီး “ဘယ်လိုလဲ၊ စောင်းတွင်းမှာ တကောင်ကောင် လှုပ်ရှားသွားလာနေသည်” ဆိုပြီး မြွေထွက်ပေါက်ကို အဖွင့် “အမယ်လေး သေပါပြီ၊ စောင်းတွင်းမှာ မြွေကြီး” ဟု ပြောပြောဆိုဆို စောင်းပစ်ပြေးသည်။ (ကုန်းတိုက်ခြင်း-၃)

ဥဒေနမင်းသည် မီးလောင်သော ဝါးတောအလား ဆားဖြူးသော ခုံလောက်ပမာ ဒေါသဖြင့် တဖျစ်ဖျစ်မြည်လျက် သာမာနှင့်အားလုံးကို အမြန်ခေါ်စေသည်။

မင်းကြီး စိတ်ဆိုးကြောင်း သိသော သာမာသည် အဖော်များအား “သင်တို့ကို သတ်လို၍ မင်းကြီးခေါ်သည်၊ ယနေ့ တနေ့လုံး မင်းကြီးကို ရည်ညွှန်း၍ မေတ္တာပွားများကြ” သတိပေးထားသည်။ ဥဒေနမင်းသည် မိန်းမများကို အစဉ်လိုက်ထားပြီး လေးကြီးကိုစွဲကိုင်၍ အဆိပ်လူးမြားကပ် လေးတင်၍ ရပ်လိုက်သည်။

မေတ္တာကွယ်ကာ မြားမလာ

သာမာနှင့်တကွ ၅၀၀-လုံးတို့သည် ထိုခဏ၌ ဩဒိသ မေတ္တာဖြန့်ကြရာ မင်းကြီးသည် လေးကို မပစ်နိုင်၊ မချနိုင်ဘဲ ကိုယ်မှ ချွေးပေါက်ကြီးများ ကျကုန်သည်၊ တကိုယ်လုံးလည်း တုန်လှုပ်ကာ တံကွေးများ စီးကျသည့်အပြင် ဘာကို ကိုင်ရမည်ဟုပင် မမြင်တော့ပေ။

စာမျက်နှာ-284


ထိုအခါ မင်းကြီးကို သာမာဝတီက “မင်းကြီး၊ ပင်ပန်းနေပါသလား”မေးရာ “ပင်ပန်းလှသည်၊ ငါ၏မှီရာ သင်ပင် ဖြစ်ပါသည်”ဟု ဝန်ချလိုက်သည်၊ “ကောင်းပြီ မင်းကြီး၊ မြားကို မြေပြင်လှည့်ပါ”ဟုဆိုရာ ထိုအတိုင်း မင်းကြီးပြုသည်၊ “မင်းကြီးလက်မှ မြားလွှတ်ပါစေ”ဟု သာမာဝတီ အဓိဋ္ဌာန်သောခဏ မြားလွတ်သွားသည်။

မင်းကြီးသည် ထိုခဏချင်း ရေ၌ငုပ်၍ ပြန်လာပြီး ဆံပင် အဝတ်စိုလျက်ပင် သာမာဝတီ၏ ခြေတို့၌ တုပ်ဝပ်ပြီး “သည်းခံပါ၊ မာဂဏ္ဍီစကားဖြင့် မဆင်မခြင်ဘဲ ဤကိစ္စ ပြုမှားမိပါသည်”ဟုတောင်းပန်သည်။ သည်းခံပါကြောင်း သာမာဝတီကပြန်ကြားလျှင် မင်းကြီးက “ယနေ့မှစ သင်တို့သဘောရှိ ဘုရားရှင်အား လှူကြ၊ ကျောင်းသွား တရားနာကြ၊ လုံခြုံမှုလည်း ငါပေးမည်”ဟု ဆုပေးသည်။

လှူဖွယ်လက်တဝါး အထည်ငါးရာ ကျိုးများစွာ

“ကျွန်တော်မတို့အား တရားသင်ပြပို့ချ ပေးမည့် ရဟန်းတပါးကို ယနေ့ စပြီး တောင်းပြီး ပင့်ပေးပါ”ဟု သာမာဝတီလျှောက်ထားသဖြင့် မင်းကြီး ဘုရားထံသွားလျှောက်ရာ အရှင်အာနန္ဒာ ရလာသည်၊ အရှင်မြတ်ထံ ငါးရာသော အမျိုးသမီးများ တရားသင်ကြားကြသည်၊ တနေ့သော အနုမောဒနာ၌ ကြည်ညိုကြ၍ အပေါ်ရုံအထည် ၅၀၀-လှူဒါန်းကြသည်။

အရှင်အာနန္ဒာသည် ရှေးအပ်ချုပ်သမားဖြစ်စဉ် အပ်တချောင်းနှင့် လက်တဝါးစာ အဝတ်ပိုင်းကို ပစ္စေကဗုဒ္ဓါတဆူအား လှူခဲ့ဖူးသည်၊ အပ်လှူ၍ ပညာကြီးကာ အဝတ်ပိုင်းလှူ၍ အဝတ် ၅၀၀-ဤနည်းဖြင့် အကြိမ် ၅၀၀-ရသည်။

မာဂဏ္ဍီသည် တခြားပြုဖွယ်မမြင်ရကား မင်းကြီးကို ဥယျာဉ်တော်သွားဖို့ဆွဲဆောင်ကာ ဘထွေးမာဂဏ္ဍီကိုမူ “ကျွန်မတို့ ဥယျာဉ်သွားနေစဉ် သာမာ၏ နေရာကိုသွားကာ သာမာနှင့် ပရိသတ်ကို အတွင်းထား၊ မင်းမိန့်ဆိုကာ တံခါးပိတ်လျက် ကောက်ရိုးရစ်ပတ် မီးမြှိုက်ပါ”ဟု တဘက်လှည့်မှာကြားသည်။

ကံပြတ်လျှင် သမာပတ် မတတ်နိုင်

ဘထွေးလည်း မာဂဏ္ဍီမှာတိုင်း ပြုသည်၊ ထိုနေ့၌ကား သာမာတို့အားလုံး ရှေးကပြုထားသော ဥပပီဠကကံကြောင့် သမာပတ် မဝင်စားနိုင်ကြဘဲ တပြိုင်နက်ပင် ဖွဲ့ဆုပ်ပမာ မီးလောင်ကြရှာသည်။ လုံခြုံရေးများ မင်းကြီးထံ သွားအကြောင်းကြားကြရာ မာဂဏ္ဍီပြစ်မှုဟု ထောက်လှမ်းချက်အရ မင်းကြီးသိသဖြင့် မာဂဏ္ဍီကို ခေါ်ပြီး “ငါ့အလုပ် သင်လုပ်ခြင်းသည် အလုပ်ကောင်းဖြစ်သည်၊ ငါ့ကိုသတ်ဖို့ ထထကြွကြွ ဝီရိယရှိသူ သာမာကို သင်သတ်အပ်ရကား ငါကြည်ညိုသည်၊ သင့်အား စည်းစိမ်တိုးပေးမည်။

စာမျက်နှာ-285


သင့်ဆွေမျိုးများကိုပါ ခေါ်”ဟု ပရိယာယ်မိန့်ကြားရာ မာဂဏ္ဍီသည် ဆွေမျိုးတော်တော် မတော်တော် အားလုံးကို ခေါ်လိုက်သည်။

မင်းကြီးသည် လူစုံလတ်သော် မင်းရင်ပြင်၌ လည်မျိုပမာဏ တွင်းများဝယ် လူအားလုံးကို မြှုပ်သတ်မြေဖို့ပြီး မြေပေါ်၌ ပေါ်နေသော ဦးခေါင်းများကို ရိုက်ခွဲကာ သံထွန်သွားများဖြင့် ထွန်ယက်စေသည်။ မာဂဏ္ဍီမိဖုရားကိုလည်း ခုတ်ထစ်ပိုင်းကာ မုန့်ကြော်အိုးကင်း၌ ထည့်ကြော်စေသည်။

သာမာစုပေါင်း မကောင်းမှုကံ ပြန်၍ခံ

ဘုရားမပွင့်မီ သာမာဝတီအဖွဲ့သူ ၅၀၀-တို့သည် ရေချိုးဆိပ်၌ ရေချိုးပြီး အပြင်၌ရပ်နေကြစဉ် ချမ်းလှသဖြင့် မနီးမဝေးရှိ ပစ္စေကဗုဒ္ဓါ၏ သစ်ရွက်တဲကျောင်းကို မြင်၍ မဆင်ခြင်ဘဲ အပြင်မှ မီးတိုက်ကာ မီးလှုံကြသည်။ ကျောင်းတွင်း၌အရှင်မြတ်က နိရောဓသမာပတ် ဝင်စားနေဆဲဖြစ်၏၊ မီးလျှံငြိမ်းမှ ပစ္စေကဗုဒ္ဓါကို ယင်းသူများ မြင်၍ “ငါတို့သည် ဘယ်ပုံလုပ်မလဲ (အလုပ်ဖြင့်မှားပြီ) ဤပစ္စေကဗုဒ္ဓါအရှင်မှာကား တန်ခိုးကြီး ဆရာဖြစ်သည်၊ ဤအရှင်ပျံလွန်သည်ကို မင်းကြီးသိလျှင် ငါတို့ကို စိတ်ဆိုးပေမည်၊ ဤအရှင်မြတ် ပြာကျအောင် အစဖျောက်ကြစို့”ဟု တိုင်ပင်ကာ အခြားထင်းများထည့် မီးတိုက်ကြပြန်သည်။ (ဤကား စေတနာပါ၍ အပြစ်ကြီးလှ၏။)

နောင် မီးများငြိမ်းမှ အရှင်မြတ်သည် သမာပတ်မှထကာ ယင်းသူမများ မြင်စဉ်ပင် သင်္ကန်းများခါပြီး ကောင်းကင်ပျံကြသည်။ ယင်းကံကြောင့် ငရဲကျပြီး အကြွင်းဖြင့် ဤသို့ မီးလောင်တိုက်သွင်းခံရသည်။

ပါဠိတော် ဣတိဝုတ်နှင့် ခုဇ္ဇုတ္တရာ

ခုဇ္ဇုတ္တရာသည် ဗဟုသုတ ရှိလေစွ၊ မာတုဂါမ ဖြစ်လျက် မာတုဂါမ ၅၀၀-ကို သောတာပန်တည်အောင် တရားဟောနိုင်သည်၊ မိမိအားပစ်သော မင်း၏မြားကို မေတ္တာပွား၍ သာမာဝတီလည်း ဖယ်နိုင်သည်”ဟု ပရိသတ်မှာ စကားဖြစ်ကာ ဂုဏ်ထင်ရှားသဖြင့် ယင်း ဧတဒဂ် ၂-ပါး အသီးသီးရကြသည်။

သောတာပန်ဖြစ်ပြီးသော သာမာတို့အဖွဲ့ ၅၀၀-သည် ခုဇ္ဇုတ္တရာအား ဘုရားထံသွား အမြဲတရားနာခိုင်းသည်။ ပြန်လာက အမျိုးသမီးအဖွဲ့အား ဘုရားဟောသည့်အတိုင်း မိမိနာခဲ့သောတရားများကို “ဝုတ္တံ ဟေတံ ဘဂဝတာ၊ ဝုတ္တမရဟတာတိ မေ သုတံ” - နိဒါန်းခံကာ ပြန်ဟောပြရသည်။

ခုဇ္ဇုတ္တရာပြန်ဟောပြသော သုတ် ၁၁၂-သုတ်ကို ဣတိဝုတ်ပါဠိတော်အနေဖြင့် သံဂါယနာ တင်ခဲ့ကြ၏။ သို့ရကား ခုဇ္ဇုတ္တရာသည် တိပိဋကဓရ အမျိုးသမီးလည်းဖြစ်သည်။

စာမျက်နှာ-286


၅။ ဈာန်၌မွေ့လျော်မှု ဈာယီတဒဂ်ရ (နန္ဒသတို့သား၏ မိခင်) ဥတ္တရာ။
ဥတ္တရာအလောင်းကား ပဒုမုတ္တရဘုရား လက်ထက် ဟံသာဝတီ သဌေးသမီး ဖြစ်၍ ယင်း ဧတဒဂ်ရ ဥပါသိကာတဦးကို အားကျ၊ ကောင်းမှုပြု၊ ဗျာဒိတ် ရခဲ့သည်။ ငါတို့ဘုရားလက်ထက် ရာဇဂြိုဟ် (သုမနသဌေးကြီး၏ အလုပ်သမား) မောင်ပုဏ္ဏ-မယ်ဥတ္တရာ တို့၏သမီး ဥတ္တရာ ဖြစ်လာသည်။

တခုသော နက္ခတ်ပွဲနေ့ဝယ် သဌေးကြီးက ပုဏ္ဏကိုခေါ်ပြီး “ပွဲလမ်းသဘင်နှင့် ဥပုသ် စောင့်သုံးခြင်းသည် ဆင်းရဲသူများအဖို့ အကျိုးမရှိပါ၊ သို့သော်လည်း ကြိုက်ရာပြောပါ၊ ပွဲသဘင်ရိက္ခာယူ၍ ပျော်မည်လော၊ လယ်ထွန်မည်လော” မေးရာ “အိမ်ရှင်မနှင့် တိုင်ပင်ပါရစေ” ဟု ပုဏ္ဏက ပြောပြီး ပြန်တိုင်ပင်သည်။

“အစိုးရသောသခင်စကား ကောင်းပါသည်၊ ကိုယ့်အလုပ်ကို ကိုယ်လုပ်ပါ”ဟု ဇနီးကပြောသဖြင့် ပုဏ္ဏ လယ်သွားထွန်သည်။ အရှင်သာရိပုတ္တရာသည် နိရောဓသမာပတ်မှ ထပြီး ချီးမြှောက်ရမည့်သူကို ဆင်ခြင်ရာ ပုဏ္ဏသူဆင်းရဲ၏ ရှေးကောင်းမှုကို မြင်သဖြင့် ပုဏ္ဏလယ်ထွန်ရာ ကြွလာသည်။

သဌေးလောင်းမောင်နှံအား အရှင်သာရိပုတ္တရာ ချီးမြှောက်ပုံ

အရှင်မြတ်ကိုမြင်လျှင် အလုပ်ရပ်ကာ လာသော ပုဏ္ဏအား အရှင်သာရိပုတ္တရာက ရေချမ်းသာမည့်အရပ်ကိုမေးရာ ပုဏ္ဏသည် “အရှင်မြတ် မျက်နှာသစ်လိုပေမည်”ဟု ဆင်ခြင်ပြီး တံပူဆက်ကပ် သပိတ်နှင့် ရေယူပြီး ကပ်လှူသည်၊ အလှူခံ၊ မျက်နှာသစ်ပြီး ဆွမ်းခံခရီး အရှင်မြတ်ကြွသည်၊ “မကြွစဖူးကြွသော အရှင်မြတ်ကား ငါ့ချီးမြှောက်ရန်သာ ဖြစ်မည်။ အိမ်ရှင်မ ငါ့ဖို့ယူလာသောထမင်း လှူရလျှင် ကောင်းမှာပဲ”ဟုလည်း ပုဏ္ဏ ဆင်ခြင်မိသည်။

ဇနီး ဥတ္တရာသည် စားသောက်ဖွယ်များ စီမံချက်ပြုတ်ပြီး ခင်ပွန်းသည် လယ်ထွန်ရာ လာလတ်သော် လမ်းမှာပင် မထေရ်မြတ်ကိုမြင်၍ “အခြားနေ့မှာ တွေ့ရသော်လည်း လှူစရာမရှိ၊ လှူစရာရှိပြန်သော်လည်း အရှင်မြတ်ကို မတွေ့ရ၊ ယခုမူ ၂-မျိုးလုံး ပြည့်စုံရကား လှူလိုက်မည်၊ ခင်ပွန်းသည်အတွက် အိမ်ပြန်ချက်မည်”ဟုကြံကာ စေတနာ ၃-တန်ပြဋ္ဌာန်း လှူဒါန်းလိုက်သည်။ “ဆင်းရဲစွာ အသက်မွေးရခြင်းမှ ကင်းရပါလို၏” ဟု ဥတ္တရာက ဆုတောင်းရာ အရှင်မြတ်ကလည်း “သင်လိုရာပြည့်ပါစေ”ဟု ဆုပေးပြီး ကျောင်းပြန်ကြွသည်။

စာမျက်နှာ-287


ဇနီးလိမ္မာမှ လင်ချမ်းသာ
ဇနီး ဥတ္တရာသည် အိမ်ပြန်ကာ စီမံချက်ပြုတ်သည်။ ပြီးလျှင် ခင်ပွန်းသည် လယ်ထွန်ရာသို့ စားသောက်ဖွယ်များယူလာကာ နေမြင့်၍ ခင်ပွန်းသည်စိတ်မဆိုးအောင် “အိုအရှင်၊ ယနေ့တရက် စိတ်ကိုထိန်းထားပါ”ဟု ကြိုတင်ပြောပြီး ယနေ့အလှူကိစ္စ စုံအောင်ပြောပြသည်။ ပုဏ္ဏကလည်း “သင့်အလှူ၊ ငါကျေနပ်သည်၊ ငါလည်း စောစောကပင် အရှင်မြတ်အား တံပူနှင့် မျက်နှာသစ်ရေကပ်ပြီးပြီ၊ မင်္ဂလာနေ့ပါရှင်မ၊ အရှင်မြတ်၏ ယနေ့သာသုံးဆောင်သမျှ ငါတို့ဥစ္စာချည်းပင်”ဟု ဝမ်းသာစွာပြောဆိုကာ ၂-ဦးလုံး ကုသိုလ်စိတ်များ ဖြစ်ပွားနေကြသည်။

ယခုဘဝပင် ဒါနကျိုးပေးနိုင်ပုံ ဂုဏ် ၄-ဖြာ

ဝတ္ထုသမ္ပဒါ = အနာဂါမ် ရဟန္တာအလှူခံဖြစ်ခြင်း၊ ပစ္စယသမ္ပဒါ = တရားသဖြင့် ရထားသောလှူဖွယ် ဖြစ်ခြင်း၊ စေတနာသမ္ပဒါ = စေတနာ ၃-တန်ပြည့်စုံခြင်း၊ ဂုဏာတိရေကသမ္ပဒါ = သမာပတ်မှ ထသစ်စ ဂုဏ်ရှိသော အလှူခံ ဖြစ်ခြင်းဟူသော အကြောင်း ၄-ပါးပြည့်စုံသော ဒါနသည် လက်ငင်းအကျိုးပေးနိုင်သည် ဖြစ်ရာ ထမင်းစားပြီး၍ ဇနီး၏ပေါင်ပေါ် ခေါင်းချအိပ်ရာမှ နိုးလာသော ပုဏ္ဏသည် ထွန်ထားသောလယ်ကွက်များကိုကြည့်ရာ သစ်ခါးပန်းပွင့်များပမာ ဝါဝင်းသောအရာများကို မြင်သဖြင့် “လယ်မြေများ ရွှေရောင်လွှမ်းနေသည်”ဟု ဇနီးသည်ကို ပြောပြသည်။

ဇနီးသည်က “ရှင်ပင်ပန်းလို့ မျက်စိမှောက်နေပါလိမ့်မည်”ဟု ပြန်ပြောရာ “ရှင်မ မယုံလျှင် ကိုယ်တိုင်ကြည့်”ဟုဆိုသဖြင့် ကြည့်ရာတွင် “ဟုတ်ပါရဲ့၊ ရွှေတုံးတွေ ဖြစ်မှာပါ”ဟု ပြောလိုက်သည်။

ပုဏ္ဏကိုယ်တိုင် ထသွားကာ ထွန်ခဲတခုယူပြီး ထွန်တုံး၌ ကြည့်ရာတွင် ရွှေစိုင်ခဲကြီးဖြစ်ကာ ထွန်တုံး၌ငြိတည်သည်၊ ပုဏ္ဏသည် ဇနီးဥတ္တရာအား “သူတပါးမျိုးစေ့ ၃-၄ လကြာမှ သီးသော်လည်း အရှင်သာရိပုတ္တရာလယ်မြေ၌ စိုက်ပျိုးသော ငါတို့၏ သဒ္ဓါမျိုးကား နေ့ချင်းသီးပေပြီ၊ တပယ်လောက်သောမြေအရပ်မှာ ရွှေတွေချည့်ပဲ” ဟု ပြောဆိုလိုက်သည်။

အာဏာရှိသော်လည်း ဘုန်းကံရှိမှ

“ဤမျှများလှသော ရွှေတွေကို တိတ်တိတ်ထားစား မဖြစ်နိုင်”ဟုပြောပြီး ဇနီးကို ထားခဲ့ကာ ထမင်းခွက်အပြည့် ရွှေစိုင်ခဲများထည့်ပြီး နန်းတော်သွားကာ ရွှေများဖြစ်လာပုံ တင်ပြပြီး မင်းဘဏ္ဍာအဖြစ်လည်း အပ်နှံသည်။

စာမျက်နှာ-288


ဗိမ္ဗိသာရမင်းကြီးလွှတ်သော မင်းမှုထမ်းများသည် “မင်းကြီး၏ဘုန်းကံ”ဟုဆိုကာ ရွှေခဲများကို ကောက်ယူလတ်သော် ရွှေမဟုတ်၊ ပကတိမြေစိုင်ခဲများသာ ဖြစ်နေသဖြင့် မင်းကြီးထံ ပြန်လျှောက်သည်။

သဌေးသာမက သောတာပန်ပါဖြစ်သော ပုဏ္ဏမိသားစု

“မောင်ပုဏ္ဏ၏ ဘုန်းကံဟု ဆိုယူကြ”ဟု မင်းကြီးက အကြံပေးမှ ထိုအတိုင်း ယူကြရရှိကြသည်။ လှည်းပေါင်းများစွာဖြင့်တိုက်၍ နန်းရင်ပြင်၌ စုပုံထားရာ ထန်းတရပ်မျှ ရွှေပုံကြီးမြင့်သည်၊ မင်းကြီးသည် ကုန်သည်များခေါ်ပြီး ဤမျှရွှေများ ဤမြို့ မည်သူ့အိမ်မှာ ရှိသနည်းဟု မေးရာ မရှိကြောင်း၊ မောင်ပုဏ္ဏကို ဓနသေဋ္ဌိသဌေးကြီး ခန့်ထားသင့်ကြောင်း လျှောက်တင်ကြသဖြင့် ဘွဲ့တံဆိပ် အဆောင်အယောင်များဖြင့် သဌေးကြီးရာထူး ခန့်အပ်ချီးမြှောက်သည်။

ပုဏ္ဏသဌေးကြီးသည် သဌေးဘွဲ့နှင်းပွဲ ပြီးလတ်သော် ၇-ရက်ပတ်လုံး ဘုရားရှင်နှင့် သံဃာတော်များအား အလှူကြီးပေးလှူပြီး ၇-ရက်မြောက်ဒါန အနုမောဒနာအဆုံး၌ ဇနီး ဥတ္တရာ၊ သမီး ဥတ္တရာတို့နှင့်အတူ သောတာပန်တည်ကြသည်။

ဆင်းရဲသားဟု ယောက်ျားကို အထင်မသေးသင့်

နောက်ပိုင်းတချိန် သုမနသဌေးကြီးသည် မိမိသားကို (မိမိအိမ် အလုပ်သမားဖြစ်ခဲ့သူ) ပုဏ္ဏသဌေးကြီးသမီးနှင့် ထိမ်းမြားလို၍ စေ့စပ်ကြောင်းလမ်းရာ ပုဏ္ဏက သဘောမတူကြောင်း ပြန်ကြားသဖြင့် မခံနိုင်ဖြစ်ကာ “ငါ့အလုပ်သမားဖြစ်သော သင်က ယခုမှ ကြီးပွားလာ၍ သမီးမပေးနိုင်သလော”ဟု သတင်းပြန့်ပို့သည်။

ပုဏ္ဏကလည်း “သုမနသဌေးစကား သဘာဝကျသည်၊ ယောက်ျားမည်သည် အမြဲတမ်း သူဆင်းရဲဖြစ်နေမည် မယူဆသင့်၊ သုမနသဌေးလို သဌေးများကို ငါ့ကျွန်ပြုပြီး ယခုသိမ်းယူနိုင်သည်၊ သုမနသဌေး၏ မျိုးရိုးအနွယ်ကို မဖျက်ဆီးပါ၊ စင်စစ်သော်ကား သောတာပန်အရိယာ ငါ့သမီးသည် နေ့စဉ် ပန်းတကျပ်ဖိုး ရတနာ ၃-ပါး ပူဇော်နေသည်၊ မိစ္ဆာဒိဋ္ဌိအိမ် ငါ့သမီးကို ဘယ်နည်းနှင့်မျှ မပို့နိုင်” ဟု တင်းမာစွာ ပြန်ကြားလိုက်သည်။

ပြေပြစ်အောင်ပြောမှ ကျေးဇူးတရားလည်း ထင်ရှား

တင်းမာလာသော အခြေအနေကိုသိသော သုမနသဌေးသည် “မိတ်ဆွေဟောင်း မဖျက်ကောင်းပါ၊ နေ့စဉ် ၂-ကျပ်တန်ပန်းများ ချွေးမအတွက် ငါစီမံစေပါမည်”ဟု

စာမျက်နှာ-289


သတင်းပြန်ပို့မှ ကျေးဇူးသိတတ်သူ ပုဏ္ဏသဌေးကြီးသည် ခွင့်ပြုပြီး သမီးကို ယူစေသည်။

သမီး ဥတ္တရာသည် လင်ဖြစ်သူ သဌေးသားအား မိဘအိမ်မှာလိုပင် တလရှစ်သီတင်း ၈-ပါးသီလစောင့်ဖို့ ခွင့်တောင်းရာ အခွင့်မရပေ၊ ဝါတွင်းဥပုသ်စောင့်သုံးဖို့ နောက်တကြိမ်ခွင့်တောင်းရာ၌လည်း မရသဖြင့် သီတင်းကျွတ်ခါနီး ၁၅-ရက်အလိုတွင် “မိဘတို့က သမီးကို အိမ်ထောင်နှောင်အိမ်၌ သွင်းထားသဖြင့် ဥပုသ်တရက်မျှ သမီးမရပါ၊ သမီးအတွက် ငွေ ၁၅၀၀၀ိ ပို့လိုက်စေချင်ပါသည်”ဟု မိဘများထံ သတင်းပို့ရာ မိဘများက မစိစစ်တော့ဘဲ ငွေ ၁၅၀၀၀ိ-ပို့လိုက်ကြသည်။

လင့်အတွက် အပိုရှာပေးပြီး ဥပုသ်စောင့်သူ ဇနီးသည်

သမီးဥတ္တရာသည် ငွေများကိုယူပြီး ရာဇဂြိုဟ်ပြည့်တန်ဆာ သီရိမာ (ဆရာဇီဝက၏ နှမရင်း)ကို ခေါ်စေပြီး “သင်သည် ဤငွေ ၁၅၀၀၀ိ ကိုယူပြီး ၁၅-ရက်ပတ်လုံး ကျွန်ုပ်ခင်ပွန်းသည်ကို ပြုစုဖျော်ဖြေပါ၊ ၁၅-ရက် ဥပုသ် ငါစောင့်ပါရစေ” ပြောဆိုပြီး ခင်ပွန်းသည်ကိုလည်း ခွင့်ပန်သည်၊ “ငါ သီရိမာနှင့် ပျော်ရတော့မည်”ဟုကြံကာ သဌေးသားက ခွင့်ပြုလိုက်သည်။

သမီးဥတ္တရာသည် နေ့စဉ်ကျွန်မများခြံရံလျက် ဘုရားရှင်နှင့် သံဃာများအား ဆွမ်းဆက်ကပ်သည်၊ ပြီးလျှင် ဥပုသ်စောင့်ကာ ပြာသာဒ်ပေါ်တက်၍ သီလကို ဆင်ခြင်သည်။ ၁၅-ရက်ပြည့်၍ သီတင်းကျွတ်လပြည့်ကျော် တရက် ဥပုသ်ထွက်မည့်နေ့တွင် စောစောကပင် ယာဂုခဲဖွယ်စသည်များ ကိုယ်တိုင်စီမံနေချိန် သဌေးသားသည် သီရိမာနှင့်အတူ ပြာသာဒ် ဇာလေသာပြတင်းဖွင့်၍ အိမ်တွင်းသို့အကြည့် အပေါ်မော့ကြည့်ခိုက် ဖြစ်သော ဥတ္တရာနှင့် အကြည့်ချင်း ဆုံသွားသည်။

သူတပါးပစ္စည်း လက်ဝယ်ကြာလျှင် ကိုယ့်ဟာထင်

“ဥတ္တရာကား ငရဲသူမနှင့် တူနေသည်၊ သဌေးမ စည်းစိမ်မနေ၊ အိုးမဲလိမ်းပေကာ ကျွန်မများအကြား လမ်းသလားနေသည်”ဟု ကြံကာ သဌေးသားပြုံးမိသလို ဇနီးဥတ္တရာကလည်း “မောင်လူမိုက်သည် မိမိစည်းစိမ် အမြဲမြဲမည်ထင်နေသည်”ဟု လင်ယောက်ျား မေ့လျော့သည်ကို သိမြင်ကာ ပြုံးမိသဖြင့် အပြုံးချင်းလည်း ဆုံသွားသည်။

ထိုအခါ သီရိမာသည် “ဤကျွန်မဥတ္တရာသည် ငါ့မျက်မှောက်တွင် ငါ့လင်နှင့် ရွှင်နေသည်”ဟု စိတ်ဆိုးကာ အောက်ထပ်ဆင်းလာသည်။ လာပုံဖြင့်ပင် “၁၅-ရက်တာ ဤအိမ်မှာ နေရကာမျှဖြင့် ဤအိမ် ငါ့အိမ်ဟု အမိုက်ထင်မှားပေပြီ”ဟု ဥတ္တရာ သိကာ ခဏချင်း မေတ္တာဈာန် ဝင်စားနေလိုက်သည်။

စာမျက်နှာ-290


သီရိမာသည်လည်း ကျွန်မများကြား ပြေးလာကာ အိုးကင်းမှ ပွက်ပွက်ဆူဆီကို ယောက်ချိုပြည့်ခပ်ပြီး ဥတ္တရာခေါင်းပေါ် လောင်းချလိုက်သည်၊ မေတ္တာဈာန်ကြောင့် ဆီပူသည် ကြာရွက်ပေါ်၌ကဲ့သို့ လျှောကျသွားသည်။ အနီးရှိကျွန်မများက “သင် သီရိမာသည် ငါတို့အရှင်မလက်မှ ပိုက်ဆံရ၍ ၁၅-ရက်သာ လာနေသူဖြစ်လျက် ငါတို့အရှင်မနှင့် အဆင့်တူဖြစ်အောင် အားထုတ်သည်”ဟု မျက်နှာကြည့်ကာ ရုန့်ရင်းကြသည်။

သောတာပန်လောင်း သီရိမာသော်မှ ကာမမှိုင်းမိခဲ့

ထိုအခါမှ အမြင်မှန်ရလာသော သီရိမာသည် “ဥတ္တရာခြေရင်းဝယ် မဆင်မခြင် ပြုမှားမိသော ကျွန်ုပ်အား သည်းခံကြပါ”ဟု တောင်းပန်လတ်သော် “ဤနေရာ ငါကန်တော့မခံ၊ ငါကား ဖခင်ရှိသောသမီးဖြစ်သည်၊ ဖခင်ဘုရားကို ကန်တော့မှ ငါသည်းခံမည်” ဟု ဥတ္တရာကပြောဆိုရာ ထိုအချိန်၌ပင် သံဃာနှင့်ကြွလာသော ဘုရားရှင်ထံ သီရိမာသည် ဥတ္တရာပြောတိုင်း တောင်းပန်ကန်တော့သည်။

“ဒေါသထွက်သူကို မေတ္တာသုံးသဖြင့် အနိုင်ယူရမည်၊ သူယုတ်မာကို သူတော်နှလုံးသုံးသဖြင့် အနိုင်ယူရမည်၊ မလှူဟန့်တား မစ္ဆရိယသမားကိုပေးလှူသဖြင့် အနိုင်ယူရမည်၊ လိမ်တတ်သူကို အမှန်ပြောသဖြင့် အနိုင်ယူရမည်”ဟူသော ဘုရားရှင်၏ ထိုနေ့ ဆွမ်းအနုမောဒနာ တရားအဆုံး သီရိမာ သောတာပန်တည်သည်။ နောက်နေ့အတွက် ဘုရားရှင်ကိုပင့်ပြီး သီရိမာလှူဒါန်းသည်။
၆။ မွန်မြတ်သော လှူဖွယ်လှူမှု ပဏိတဒါယိကာ ဧတဒဂ်ရ သုပ္ပဝါသာ သာကီဝင် မင်းသမီး။
မင်းသမီးအလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီ အမျိုးကောင်းသမီးဖြစ်၍ ယင်းဧတဒဂ်ရ ဥပါသိကာမကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်းခဲ့သည်။ ငါတို့ဘုရားလက်ထက် ကောလိယပြည် သာကီဝင်မင်းသမီး သုပ္ပဝါသာဖြစ်လာသည်။ အိမ်ထောင်ကျ၍ လင်မင်းသားနောက် လိုက်ပါနေထိုင်စဉ် ဘုရားရှင်ကို ပထမအကြိမ် ဖူးမြင်ရ တရားနာရ၍ သောတာပန်တည်သည်၊ နောက်၌ သီဝလိသူငယ်ကို ဖွားမြင်သည်။

သီဝလိမယ်တော်အား ဘုရားဟောသော ဆွမ်းလှူကျိုး ၅ ပါး

ဘုရားရှင်နှင့် သံဃာတော်များအား မွန်မြတ်သောဘောဇဉ်ကို လှူဒါန်းပြီး တချိန် ဘုရားရှင်က “ဆွမ်းလှူသော အရိယာတပည့်မသည် အလှူခံပုဂ္ဂိုလ်များအား အသက်၊ အဆင်း၊ ချမ်းသာ၊ ခွန်အား၊ ဉာဏ်ပညာ အလှူကို လှူသည်မည်သည်။

စာမျက်နှာ-291


အသက်အလှူ လှူရခြင်းကြောင့် အသက်ရှည်သောလူ နတ်ဖြစ်ရသည်၊ (လ) ဉာဏ်ပညာအလှူ လှူရခြင်းကြောင့် ဉာဏ်ပညာကြီးသောလူ နတ်ဖြစ်ရသည်”ဟု အနုမောဒနာ ချီးမြှောက်တော်မူသည်။

၇။ သူနာရဟန်းကို ပြုစုလုပ်ကျွေးမှု ဂိလာနုပဋ္ဌာကိ ဧတဒဂ်ရ သုပ္ပိယာဥပါသိကာ။

သုပ္ပိယာအလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီ အမျိုးသမီးဖြစ်၍ ယင်း ဧတဒဂ်ရ ဥပါသိကာမကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်းခဲ့သည်။ ငါတို့ ဘုရားလက်ထက် ဗာရာဏသီသဌေးသမီး သုပ္ပိယာဖြစ်လာသည်၊ သုပ္ပိယသဌေးသားနှင့်ပင် အိမ်ထောင်ကျ၏။

ဘုရားရှင် သံဃာတော်များနှင့်အတူ ဗာရာဏသီ ဣသိပတနမိဂဒါဝုန်ကျောင်းတိုက်၌ သီတင်းသုံးစဉ် ပထမဖူးမြင်ရ တရားနာရ၍ သောတာပန် အရိယာဖြစ်လာသည်။

ပေါင်သားလှီးလှူသော သောတာပန် သုပ္ပိယာ

သောတာပန် သုပ္ပိယာသည် တရားနာပြီး ကျောင်းစဉ်လှည့်လည်သောအခါ ဓာတ်နုတ်ဆေးစားထားသော ရဟန်းတပါးကို တွေ့ရ၍ လိုအပ်ရာကိုလျှောက်ရာ “အသားစွပ်ပြုတ်ရည်” မိန့်သဖြင့် ပို့လိုက်ပါမည်ဟု ဝန်ခံပြီး အိမ်ပြန်လာရှာစေသည်။ “တမြို့လုံး ပံ့သကူ အသားရှာမရ”ဟု အိမ်ကျွန်မ တင်ပြသဖြင့် သုပ္ပိယာသည် “အသားမရ၍ မပို့လျှင် တခြားမှလည်း မရသည်ဖြစ်၍ ကိုယ်တော်ကလေး ပင်ပန်းနေမည်၊ တခုခုလုပ်ပို့မှ သင့်မည်”ဟု ကြံကာ အိမ်ခန်းတွင်းဝင်၍ ပေါင်သားလှီးကာ အိမ်စေမအား “ဤအသားယူသွား၊ ငရုတ်၊ ကြက်သွန်စသည်များနှင့် အသားစွပ်ပြုတ် ပြုတ်၍ ကျောင်းတိုက်သွားပြီး ဂိလာနအရှင်အား လှူလေ၊ ငါ့အားမေးလျှင် နေမကောင်းကြောင်း လျှောက်ထား”ဟု ပြောဆိုပေးအပ် ပို့လှူစေသည်။

ဘုရားတန်ခိုး ပေါင်သားတိုးပြည့်

ဘုရားရှင်သည် နောက်နေ့ သံဃာများနှင့်အတူ သုပ္ပိယဒကာ ပင့်လျှောက်ချက်အရ ထိုအိမ်ကြွ၍ ဆွမ်းအမကို မေးတော်မူရာ “နေမကောင်းပါ”ဟု လျှောက်သည်တွင် “နေမကောင်းသော်လည်း လာပါ၊ မလာနိုင်လျှင် ပွေ့ခေါ်ခဲ့” ဟု မိန့်သဖြင့် ဆွမ်းအမကို ဆွမ်းဒကာ ပွေ့ချီလာသည်၊ ဘုရားရှင်ကို ဖူးမြင်ရသည်နှင့် တပြိုင်နက် ဆွမ်းအမ၏ပေါင်နာသည် အသားနုတက်၍ ပကတိအရေ၊ အမွှေးများ ဖြစ်လာသည်၊ ဘုရားရှင်၏တန်ခိုးတော် ကြီးမြတ်ပုံ အံ့ဖွယ်ကောင်းပုံကို ဇနီးမောင်နှံ ၂-ဦး ပြောဆိုကာ ဆွမ်းကပ်ကြသည်။

စာမျက်နှာ-292


လူသားစားလျှင် ထုလ္လစ္စဉ်းအာပတ်
ဘုရားရှင်လည်း အနုမောဒနာပြုပြီး၍ ကျောင်းတော်ပြန်ရောက်သော် သံဃာစည်းဝေးစေပြီး အသားတောင်းသောရဟန်းကို ရွေးထုတ်ကာ မည်သို့ရ၊ သုံးဆောင် မသုံးဆောင် မေးတော်မူရာ ပို့လိုက်၍ သုံးဆောင်မိပါကြောင်း ဂိလာနရဟန်းက လျှောက်သည်။

မည်သည့် အသားဟု စုံစမ်းမေးမြန်းရဲ့လော၊ “မစုံစမ်းမိပါ”ဟု ဘုရားရှင် အမေးကို ပြန်လျှောက်သည်၊ အကြောင်းများစွာတို့ဖြင့် ဘုရားရှင် ကဲ့ရဲ့တော်မူပြီး “သဒ္ဓါရှိသူ လူများသည် မိမိအသားကိုသော်မျှ လှူကြသည်၊ လူသားမစားအပ်၊ စားသောရဟန်း ထုလ္လစ္စဉ်းအာပတ်သင့်စေ၊ မမေးမြန်းဘဲ အသားကို မစားအပ်၊ စားလျှင် ဒုက္ကဋ်အာပတ် သင့်စေ” ဟု သိက္ခာပုဒ် ပညတ်တော်မူသည်။

၈။ သာသနာတော်၌ သဒ္ဓါမြဲမှု အဝေစ္စပ္ပသန္နဧတဒဂ်ရ ကာတိယာနီဥပါသိကာ။

ကာတိယာနီအလောင်းကား ပဒုမုတ္တရ ဘုရားလက်ထက် ဟံသာဝတီ သဌေးသမီး ဖြစ်၍ ယင်း ဧတဒဂ်ရ ဥပါသိကာမကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်းခဲ့သည်၊ ငါတို့ ဘုရားလက်ထက် ကုရရဃရမြို့ သဌေးသမီး ကာတိယာနီ ဖြစ်လာသည်၊ ကာဠိသဌေးကတော် (သောဏကုဋိကဏ္ဏမထေရ်၏ မယ်တော်)နှင့် အလွန်ရင်းနှီးလှ၏။

ဘုရားထံမှ ပြန်လာသော အရှင်သောဏ (သောဏကုဋိကဏ္ဏ) မထေရ်မြတ်အား မယ်တော်ကာဠိက “ဘုရားရွတ်ပြပုံအတိုင်း မယ်တော်အားလည်း ဟောပါ”ဟု တောင်းပန်သဖြင့် မြို့လယ်မဏ္ဍပ်၌ မယ်တော်ကာဠိ တရားနာခံထားကာ ယင်းည တရားပွဲစဟောသည်၊ ကာတိယာနီသည်လည်း ကာဠိနှင့်အတူသွား တရားနာ၏။

ရဟန္တာမဖြစ်ခင် ဥမင်တူး၍ခိုးသော ခိုးသား-၅၀၀

ထိုအချိန် ခိုးသား ၅၀၀ တို့သည် မြို့စွန်မှ ဥမင်လိုဏ်ခေါင်းတူး၍ ကာတိယာနီသဌေးမအိမ် ရောက်လာကြစဉ် ဒမြဗိုလ်ကား လိုဏ်တွင် မဝင်ဘဲ များလှသော ပရိသတ်ကို စုံစမ်းရန် တရားပွဲသွားကာ ကာတိယာနီနောက်ကျော၌ ရပ်နေသည်။

ထိုအခါ ကာတိယာနီသည် တရားပွဲမှာ ကုသိုလ်ရအောင် မီးထွန်းဖို့ ကျွန်မကို အိမ်ပြန် ဆီယူခိုင်းသည်၊ ကျွန်မသွားယူရာ အိမ်ဥမင်တွင်း၌ ဒမြများကိုမြင်၍ အိမ်သူအိမ်သားများ တရားပွဲပြန်လာရန် ကျွန်မအား ပြောကြားသည်၊ ထိုစကား ဒမြဗိုလ်ကြား၍ “ကျွန်မစကားအရ သဌေးမအိမ်ပြန်လျှင် လမ်းမှာပင် သတ်မည်၊ တရားဆက်နာလျှင် ငယ်သားများ ခိုးပြီးပစ္စည်းကိုပင် ပြန်ပေးမည်” ကြံစည်နေစဉ် ကာတိယာနီက “အမိ တိတ်တိတ်နေပါ၊

စာမျက်နှာ-293


သူခိုးခိုးလျှင် မြင်သမျှကိုသာ ခိုးနိုင်မှာပေါ့၊ နာရခဲသောတရား ငါနာနေသည်၊ သင် ဓမ္မန္တရာယ် မပြုလင့်”ဟု ကျွန်မကို ပြောလိုက်သည်။

ရှေးက ခိုးသူများ သူတော်ကောင်းပစ္စည်း မယူ

ကာတိယာနီစကားကို ဒမြဗိုလ်ကြားလျှင် “ဤမျှစိတ်ကောင်းရှိသူ သဌေးမ၏ ပစ္စည်းကို ငါတို့ခိုးကြလျှင် ငါတို့ မြေမျိုခံကြရမည် ဧကန်” ဟု ကြံကာ ကာတိယာနီအိမ် ခဏချင်းသွား၍ ခိုးသားများကို ဥစ္စာများထားခဲ့စေပြီး တရားလာနာစေသည်၊ အရှင်သောဏ၏ တရားအဆုံး ကာတိယာနီ သောတာပန်တည်သည်။

ဒမြဗိုလ်သည် နောက်တနေ့ ကာတိယာနီ ခြေတို့၌ ဦးတိုက်ပြီး ပြုမှားမိသမျှ တောင်းပန် ဝန်ချရာ ကာတိယာနီကလည်း ခွင့်လွှတ်သည်၊ ထိုအခါ ဒမြဗိုလ်က “အရှင်မ၊ ဤမျှဖြင့် အပြည့်အစုံ သည်းခံအပ်သည် မမည်သေးပါ၊ အရှင်သောဏထံမှာ ကျွန်ုပ်တို့အားလုံးကို ရှင်ရဟန်းပြုပေးစေချင်ပါသည်” ဟု ထပ်တင်ရာ ကာတိယာနီသည် ရှင်ရဟန်း ဒါယိကာမအဖြစ် ခံယူကာ ရှင်ရဟန်းပြုစေ၊ တရားအားထုတ်စေသဖြင့် ၅၀၀-လုံး ရဟန္တာဖြစ်သွားကြသည်။

၉။ ဘုရားရှင်နှင့် ရင်းနှီးစွာပြောဆိုမှု ဝိဿာသိက ဧတဒဂ်ရ နကုလမာတုသူကြွယ်မ။

(နကုလပိတု သူကြွယ်ဖြစ်ရပ်အတိုင်းပင်။)

၁၀။ တဆင့်ကြားဖြင့် ဘုရားကို ကြည်ညိုမှု အနုဿဝပ္ပန္နဧတဒဂ်ရ ကာဠိဥပါသိကာ။

ကာဠိအလောင်းကား ပဒုမုတ္တရဘုရားလက်ထက် ဟံသာဝတီသဌေးသမီးဖြစ်၍ ယင်း ဧတဒဂ်ရ ဥပါသိကာမတဦးကို အားကျ၊ ကောင်းမှုပြု၊ ဆုတောင်းခဲ့သည်၊ ငါတို့ဘုရားလက်ထက် ရာဇဂြိုဟ်သဌေးသမီး ကာဠိဖြစ်လာသည်၊ အရွယ်ရောက်သော် အဝန္တိဒက္ခိဏပထတိုင်း (အိန္ဒိယတောင်ပိုင်း) ကုရရဃရမြို့ သဌေးသားနှင့် ထိမ်းမြားလိုက်ပါသွားသည်။ ကိုယ်ဝန်ရင့်ကျက်လတ်သော် “မိဝေးဖဝေး သားမွေးရခြင်းသည် မသင့်” ဟု ကြံကာ ရာဇဂြိုဟ် မိဘအိမ် ပြန်လာသည်။

သာသနာ၌ အစဆုံးအမျိုးသမီး သောတာပန်

မဟာသက္ကရာဇ် ၁၀၃-ခု၊ ဝါဆိုလပြည့် ဓမ္မစကြာဟောသောနေ့ ညဉ့်သန်းခေါင်ယံအချိန် ကာဠိနေထိုင်ရာ ပြာသာဒ်ထက် ကောင်းကင်တွင် သာတာဂိရ၊ ဟေမာဝတ နတ်မင်း ၂-ပါးတို့၏ ရတနာသုံးပါးနှင့် စပ်သော တရားစကားကို ပြာသာဒ်ထက်မှ ကာဠိကြားရ၍ သဒ္ဓါဖြစ်ကာ ဘုရားရှင်ကို မဖူးမြင်ရဘဲ သောတာပန်တည်သည်၊ အမျိုးသမီးများတွင် အစဆုံး သောတာပန်တည်သူဖြစ်သည်။

ထိုညမှာပင် သောဏကုဋိကဏ္ဏမထေရ်အလောင်း သားကို ဖွားမြင်သည်။

စာမျက်နှာ-294


မှတ်ချက်။ ။ ရာဇဂြိုဟ်ပြည်၌ အမိတဘောဂသဌေးကြီး ၅-ဦးရှိရာ ပုဏ္ဏသဌေးနှင့် စပ်၍ ဧတဒဂ္ဂဝဂ်၌ တိုက်ရိုက်ပါပြီးဖြစ်သည်၊ ကြွင်း ၄-ဦးနှင့်စပ်၍ မြန်မာအင်္ဂုတ္တရနိကာယ်ကို ဖတ်ရှုသူများ ကြည်ညိုရန် အချုပ်ရေးသားပေအံ့။

(ခ) ဇောတိကသဌေးကြီး ဖြစ်ရပ်များ

လွန်ခဲ့သော ၉၁-ကမ္ဘာ ဝိပဿီဘုရား မပွင့်မီ ဗာရာဏသီပြည် သူကြွယ်ညီနောင် ၂-ဦး၌ ကြံခင်းများရှိရာ ညီဖြစ်သူသည် ကြံခင်းသွားပြီး အစ်ကိုအတွက်ပါ ကြံ ၂-ချောင်း ခုတ်ကာ ကြံရည်ယိုမကျအောင် ဖြတ်သောနေရာကို သစ်ရွက်စသည်ဖြင့် စည်း၍ယူလာခဲ့သည်။ ရှေးခေတ်က ကြံကြိတ်စက်မလို၊ အရင်းအဖျားတဘက်ဘက်ဖြတ်၍ မြှောက်လိုက်လျှင် ရေစစ်မှ ရေကဲ့သို့ အလိုလို ယိုကျသည်။

ပစ္စေကဗုဒ္ဓါ ၅၀၀-နှင့် ကြံ ၂-ချောင်း

ဟိမဝန္တာ ဂန္ဓမာဒနတောင်မှ ပစ္စေကဗုဒ္ဓါအရှင်မြတ်တပါးသည် သမာပတ်မှထ၍ ချီးမြှောက်ရမည့်သူကို ကြည့်လတ်သော် ညီဖြစ်သူကိုမြင်၍ အိမ်ပြန်လာသော ညီသူကြွယ်၏ရှေ့၌ ရပ်တည်တော်မူသည်။ အရှင်မြတ်ကိုမြင်ရလျှင်ပင် ညီသူကြွယ်သည် ကြည်ညိုကာ အရှင်မြတ်သပိတ်၌ မိမိကြံကို အစည်းဖြေပြီး စိုက်ထောင်လိုက်သည်၊ အလိုလိုယိုသော ကြံရည်သပိတ်အပြည့်ကို အရှင်မြတ်ဘုဉ်းပေးပြီးလျှင် ညီသူကြွယ်သည် ဝမ်းသာစွာဖြင့် “နောင်တော်အတွက်ကြံကိုလည်း တန်ဖိုးကြိုက်လျှင် တန်ဖိုး၊ ကုသိုလ်ကြိုက်လျှင် ကုသိုလ်ပေးမည်”ဟု ဆုံးဖြတ်ကာ လှူပြန်သည်၊ နောင်တော်အတွက် ကြံပါသည်ကို နောင်တော်မှ မသိဘဲ ငါပင် လှူမည်၊ အခြားကြံကို နောင်တော်စားလိမ့်မည်ဟုပင် ညီငယ်၌ မရိုးသားစိတ်ကင်းသည်။

အရှင်မြတ်သည် နောက်ကြံရည်ကို အခြားသော ပစ္စေကဗုဒ္ဓါများအား လှူလိုသဖြင့် အကပ်ခံပြီး မဘုဉ်းပေးဘဲထိုင်နေစဉ် “ဤကောင်းမှုကြောင့် လူနတ်စည်းစိမ် ခံစားပြီး အရှင်မြတ်များသိအပ်သော တရားကို သိရပါလို၏”ဟု ညီငယ်ဆုတောင်းရာ “အရှင်မြတ် တောင့်တတိုင်း ဖြစ်စေ”ဟု ဆုပေးပြီး ကောင်းကင်ခရီးဖြင့် နေရပ်ပြန်၊ ကျန်အရှင်မြတ် ၅၀၀-တို့အား ကြံရည်ဆက်ကပ်သည်။

နိဗ္ဗာန်ဆုကိုသာ ယူလိုသော နောင်တော်

တန်ခိုးပြာဋိဟာကိုမြင်ပြီးသော ညီငယ်သည် နောင်တော်ထံသွားရာ နောင်တော်အမေးအရ ညီငယ်က “ကြံခင်းကောင်း မကောင်း သွားကြည့်သည်”ဟု ပြန်ပြောသည်၊

စာမျက်နှာ-295


“သင်သွား၍ အကျိုးမရှိ၊ ကြံ ၁-ပင် ၂-ပင်မျှ မပါလာ”ဟု နောင်တော်က အပြစ်တင်ရာ ညီငယ်ကယူခဲ့၍ လှူလိုက်ပုံများတင်ပြပြီး “တန်ဖိုးနှင့်ကုသိုလ် ကြိုက်ရာယူပါ”ဟု မေးလိုက်သည်။

ထိုအခါ နောင်တော်က အရှင်မြတ်ကြံရည်သုံးစွဲပုံကို မေးရာ ညီငယ်က “မိမိကြံရည်ကို ဘုဉ်းပေး၊ နောင်တော်ကြံရည်ကို ကောင်းကင်ခရီးဖြင့် ယူသွားပြီး အရှင်မြတ် ၅၀၀ အား လှူပါသည်”ဟု ပြောပြရာ ကြားရစဉ်ပင် နောင်တော်တကိုယ်လုံး ပီတိဖုံးပြီး (ညီငယ်ကဲ့သို့ လူနတ်နိဗ္ဗာန် ၃-တန်လုံးကို မတောင့်တဘဲ) “အရဟတ္တဖိုလ်ကိုသာ ရည်လျက် ထိုအရှင်မြတ် သိအပ်သမျှ သိရပါလို၏”ဟု ဆုတောင်းသည်။

သူကြွယ်ညီနောင် ထိုဘဝမှစုတေသော် နတ်၌ဖြစ်၍ ဖုဿနှင့် ဝိပဿီဘုရား ၂-ဆူအကြား အသင်္ချေယျ တကပ်လုံး နတ်ချမ်းသာခံစားကြရသည်၊ ဝိပဿီဘုရားပွင့်တော်မူလတ်သော် နတ်ပြည်မှစုတေပြီး ဗန္ဓုမတီပြည် သူကြွယ်သားသေန၊ အပရာဇိတညီနောင်များပင် ဖြစ်လာသည်။

နိဗ္ဗာန်ဆော်ကျေးဇူး နိဗ္ဗာန်ကူးကြ

ဓမ္မဃောသကနိဗ္ဗာန်ဆော်က “လောက၌ ရတနာသုံးပါး ပေါ်ထွန်းလာပြီ၊ ကောင်းမှုဒါနပြုကြ၊ ယနေ့ကား ၈-ရက်၊ ၁၄-ရက်၊ ၁၅-ရက်မြောက် ဥပုသ်နေ့ဖြစ်သည်၊ ဥပုသ်စောင့်သုံးကြ၊ တရားနာကြ”ဟု မြို့တွင်းလှည့်လည် ကြွေးကြော်သဖြင့် လူများ သွားလာကြပုံကို နောင်တော်သေန မြင်သဖြင့် မေးမြန်းကာ သူပါလိုက်သွား တရားနာသည်။

ဝိပဿီဘုရားရှင်သည် သေန၏အလိုကျ ဒါနကထာ စသည်များကို ဟောကြားရာ ရှင်ရဟန်းပြုရန် စိတ်ထက်သန်လာသော သေနသူကြွယ်သည် ဘုရားရှင်ထံ ရဟန်းပြုခွင့် တောင်းပန်သည်၊ ဘုရားရှင်၏အမိန့်အရ ညီအပရာဇိတသူကြွယ်ထံ စီးပွားမှန်သမျှ အပ်နှံကာ ရဟန်းပြုခွင့်တောင်းတော့သည်။

“မိဘမရှိပြီးနောက် အစ်ကိုပဲ မိဘပါ၊ အိမ်မှာချမ်းသာစွာနေရင်း ကောင်းမှုပြုပါ” ဟု ညီအပရာဇိတက တောင်းပန်သော်လည်း “အိမ်ထောင်ရှင်သည် တရားမဖြည့်စွမ်းနိုင်ပါ”ဟု ပြောဆိုပယ်လှန်ကာ ရဟန်းပြု၊ တရားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်သွားသည်။

ဇောတိကအလောင်း အပရာဇိတကျောင်းဒကာ

ညီဖြစ်သူသည် နောင်တော်၏ ရဟန်းပြုပွဲကို ပူဇော်မည်ကြံကာ ၇-ရက်ပတ်လုံး ဘုရားရှင်နှင့် သံဃာတော်များအား အလှူလှူပြီး နောင်တော်သေန အရှင်မြတ်အား

စာမျက်နှာ-296


“နောင်တော်၏ဘဝကား လွတ်မြောက်ပါပြီ၊ တပည့်တော်မှာသာ ကာမဂုဏ်ထောင်လှောင်ခံနေရ၍ ရဟန်းမပြုနိုင်ပါ၊ တပည့်တော်နှင့် သင့်လျော်မည့် ကောင်းမှုမိန့်ကြားပါ”ဟု လျှောက်ထားသဖြင့် “ဘုရားရှင်အတွက် ဂန္ဓကုဋီကျောင်းဆောက်လှူ”ဟု မိန့်ကြားလိုက်သည်။

ညီအပရာဇိတသည် နောင်တော်အမိန့်အတိုင်း ရွှေ ငွေ ပတ္တမြားစသော ရတနာ ၇-သွယ် စီခြယ်သော တိုင်များဖြင့် ကျောင်းတော်ဆောက်ကာ ရတနာစီ အမိုးအုတ်တို့ဖြင့် ပြီးစေသည်၊ နှမ၏သားဖြစ်သော နာမည်တူ အပရာဇိတတူမောင်ကို (ဂန္ဓကုဋီတိုက်ကျောင်းကြီးတွင် ကုသိုလ်ပါဝင်ခွင့် အတင်းတောင်းသော်လည်း မပေးဘဲ) ဂန္ဓကုဋီကျောင်းမကြီး ဆင်ဝင်ဧည့်ခံပဆောင်ကိုသာ ဆောက်လုပ်လှူစေသည်၊ ရတနာ ၇-ပါး ဖြင့်ပြီးသော ဆင်ဝင်ဆောင် ကုသိုလ်ရှင်တူ အပရာဇိတကား မေဏ္ဍကသဌေးကြီး အလောင်းဖြစ်သည်။

ဘုရားကျောင်းတော်ကြီး၏ ကြည်ညိုဖွယ်ရာ

ဂန္ဓကုဋီကျောင်းတော်ကြီး၌ ရတနာ စီခြယ်သော လေသာပြတင်း ၃-ပေါက်ပါရှိသည်၊ ယင်းပြတင်းများတည့်တည့်တွင် လေးထောင့်အင်္ဂတေ ရေကန်ကြီး ၃-လုံးတည်ကာ နံ့သာမျိုး ၄-ပါး ရေအပြည့်ထည့်ပြီး ကြာမျိုး ၅-ပါးလည်း စိုက်ထားသည်၊ ကျောင်းတော်တွင်း ဘုရားရှင်ထံ နံ့သာလေဟုန်သည် ကြာဝတ်ဆံများကိုယူကာ ဘုရားရှင်ထံ ကြဲဖြန့်ရန် ရည်ရွယ်သည်။

ကျောင်းကြီးထုပိကာ ၄-မျက်နှာ အလွှာကား နီဖလံရွှေ၊ အထွတ်ကားသန္တာ၊ ထုပိကာအောက်အမိုးကား မြကျောက်ဖြင့် ပြီးသည်၊ အထွတ်ထုပိကာကား ကဒေါင်းပမာ တင့်တယ်သည့်ပြင် ကျောင်းပရိဝုဏ်ကြီးတခုလုံး ဒူးပဆစ်မြုပ်မျှ ရတနာ ၇-ပါး ကြဲဖြန့်ထားကာ “ကျောင်းတော်ကြီး ပြီးပါပြီ၊ ဘုရားရှင်ကိုယ်တိုင် သီတင်းသုံးစေလိုပါသည်” ဟု နောင်တော်သေနထံ သွားလျှောက်သည်။

ရတနာပုံ ကျောင်းပရိဝုဏ်

နောင်တော်သေန ပင့်လျှောက်သဖြင့် ကြွလာတော်မူသော ဘုရားရှင်သည် ဒူးပဆစ်မြုပ်မျှ ရတနာများကို ကြည့်ရှုကာ တံခါးမုခ်၌ ရပ်တည်တော်မူသည်၊ ကျောင်းဒကာက “ဝင်တော်မူပါ” လျှောက်သော်လည်း ရပ်မြဲသာ ရပ်နေသဖြင့် ၃-ကြိမ်မြောက် လျှောက်ထားမှ ဘုရားရှင်က အရှင်သေနကို ကြည့်တော်မူသည်။

ဘုရားရှင်၏အလိုတော်ကိုသိသော အရှင်သေနသည် ညီဖြစ်သူအား “စောင့်ရှောက်မှုတာဝန် တပည့်တော်ပါ၊ အရှင်ဘုရားများ ချမ်းသာစွာ သီတင်းသုံးတော်မူကြပါ”

စာမျက်နှာ-297


ဤသို့လျှောက်လိုက်ဟု နည်းပေးမှ ကျောင်းဒကာသည် ဘုရားရှင်ကို ရှိခိုးပြီး “မြတ်စွာဘုရား၊ လူများ သစ်ပင်ရင်းဝင်ပြီး ထွက်သွားကြ၊ တဘက်ကမ်းကူးပြီး ဖောင်ကို စွန့်သွားကြသည့်နည်းတူ အရှင်ဘုရားများကြောင့်ကြမဲ့ ချမ်းသာစွာ သီတင်းသုံးတော်မူကြပါ”ဟု လျှောက်ထားမှ ဘုရားရှင် ကျောင်းတွင်းဝင်တော်မူသည်။

(ဘုရားရှင်ထံ အချိန်မရွေးလာကြသူများ ရတနာတွေယူသွားလျှင် ဘုရားရှင်သည် မတားမြစ်နိုင်၊ မတားမြစ်ကောင်းလားဟု ဘုရားအပေါ် စိတ်ထားမှားလျှင် အပါယ်သွားကြမည်ကို မြင်တော်မူ၍ ဘုရားရှင် ရပ်တော်မူသည်။)

ရည်ရွယ်ချက်ကောင်းသော ဘုရားကျောင်းဒကာ

ကျောင်းဒကာသည် ပတ်ဝန်းကျင် အစောင့်များချပြီး “ခါးပိုက်၊ တောင်း၊ အိတ်များဖြင့် ရတနာကိုယူလျှင် ဟန့်တားရမည်၊ လက်သက်သက် ဆုပ်ယူသွားလျှင် ယူပါစေ”ဟု အစောင့်များကို အမိန့်ပေးထားပြီး မြို့တွင်းသို့လည်း အိမ်ပေါက်စေ့ သွားကာ “တရားနာပြီးပြန်သူများသည် ပရိဝုဏ်၌ ငါကြဲထားသော ရတနာများကို ဆင်းရဲလျှင် လက်နှစ်ဘက်၊ ချမ်းသာလျှင် လက်တဘက်ဖြင့် ဆုပ်ယူသွားနိုင်သည်”ဟု ပြောဆိုရာ လူများစွာ လာယူကြသဖြင့် ရတနာများ ကုန်သွားသည်။

“သဒ္ဓါရှိသူများ မုချ တရားနာလာကြမည်ဖြစ်သော်လည်း သဒ္ဓါမရှိသူများကား ဥစ္စာဖြင့် ဖြားယောင်းမှ လာပေမည်၊ လာလျှင် တရားနာရပြီး ဒုက္ခလွတ်လိမ့်မည်” ဟု ရည်ရွယ်ကာ လူများကို ချီးမြှောက်လိုသဖြင့် ပြောကြားစီစဉ်သည်ဖြစ်ရကား ကုန်သွားသောရတနာများကို ဒုတိယ၊ တတိယ ထပ်ဖြည့်သည်။

ကျောက်ခိုးချင်၍ ကျောင်းကိုဝင်

ဘုရားကိုယ်တော်မှ ရွှေရောင်တော်နှင့် ကျောက်မျက်ရတနာရောင် ၂-ခုကို ကြည့်ရှုအားမရအောင် ရည်ရွယ်ကာ ကျောင်းဒကာသည် သခွားသီးခန့် တန်ဖိုးအနဂ္ဃထိုက်သော ကျောက်မျက်ရတနာကြီးကို ဘုရားခြေတော်ရင်း ချထားရာ အားမရနိုင်အောင်ပင် လူများကြည့်ရှုကြသည်။

ယင်းကျောက်ကြီးသတင်းကြားသော မိစ္ဆာပုဏ္ဏားတယောက်သည် ခိုးရန်ကြံကာ ကျောင်းတော်သား ဘုရားဖူးများကြားမှ ဘုရားရှေ့မှောက်ထိ ဝင်လာသည်၊ ကျောင်းဒကာသည် ထိုပုဏ္ဏားစိတ်ကို ရိပ်မိ၍ “ပုဏ္ဏား၊ ရတနာကြီး မယူပါစေနှင့်”ဟု ကြံစဉ်ပင် ပုဏ္ဏားသည် ဘုရားရှင်ကို ရှိခိုးသလိုဝပ်ကာ ကျောက်ကြီးကို ကောက်ယူပြီး ခါးပိုက်ကြားဝှက် ခိုးသွားသည်။

စာမျက်နှာ-298


ကျောင်းဒကာသည် သူခိုးပုဏ္ဏားအပေါ် စိတ်ကောင်းမထားနိုင်တော့ဘဲ တရားပွဲအပြီး ဘုရားရှင်အား “တပည့်တော် ၃-ကြိမ်ပင် ကျောင်းတော်နှင့် ပရိဝုဏ်ပြည့် ဒူးပဆစ်မြုပ်မျှ ကြဲထားသော ရတနာများကို ယူသူများအပေါ် စိတ်မကောင်းမဖြစ်ပါ၊ တိုး၍ပင် သဒ္ဓါဖြစ်ရပါသည်၊ ဤပုဏ္ဏားအပေါ်မှာမူ စိတ်ကောင်းထားလို့ မရပါဘုရား”ဟု လျှောက်ထားရာ ဘုရားရှင်က “မိမိဥစ္စာကို တပါးသူ မယူ မဖျက်နိုင်အောင် ပြုစွမ်းနိုင်သည်”ဟု နည်းညွှန် မိန့်ကြားလိုက်သည်။

ပစ္စည်းမပျောက်ရန် ဆုတောင်းက ရနိုင်

ထိုအခါ ကျောင်းဒကာသည် ဘုရားရှင်ကို ရှိခိုးပြီး “ယနေ့မှစ၍ တပည့်တော်ပိုင်ပစ္စည်းကို မြိတ်ဆာတမျှင် ချည်တပင်မျှ တပည့်တော်အပေါ် အနိုင်ကျင့်ကာ ရာပေါင်းများစွာသော မင်း ခိုးသူများ ယူမရနိုင်ပါစေ၊ မီးဘေး ရေဘေး ဝေးပါစေ”ဟု ဆုတောင်းရာ ဘုရားရှင်က “ကျောင်းဒကာဆန္ဒ အပြည့်အဝ ဖြစ်ပါစေ”ဟု အနုမောဒနာပြုပေးသည်။

ကျောင်းဒကာသည် ကျောင်းရေစက်ချပွဲ၌ သံဃာ ၆-သန်း ၈-သိန်းတို့အား ကျောင်းတိုက်တွင် ၉-လအလှူကြီးပေးကာ အဆုံးနေ့၌ တိစီဝရိတ် တစုံစီ ကပ်သည်၊ အငယ်ဆုံးသံဃာ၏ သင်္ကန်းသည်ပင် တသိန်းတန်သည်၊ သက်ဆုံးတိုင် ကောင်းမှုပြု၍ စုတေသော် နတ်၌ဖြစ်သည်၊ ၉၁-ကမ္ဘာ အပါယ်မလားပါ။

နိမိတ်ပြ၍ ဖွားလာသော ဇောတိက

ငါတို့ဘုရားလက်ထက် ရာဇဂြိုဟ်သဌေးသား ဖြစ်လာသည်၊ ဖွားမြင်သောနေ့၌ ရာဇဂြိုဟ်တပြည်လုံးရှိ လက်နက်များ အရောင်တောက်ကြသည်၊ လူဝတ်တန်ဆာများပင် အရောင်ထွက်ကြ၏၊ ဗိမ္ဗိသာရမင်းထံ ခစားဝင်သော ဖခင်သဌေးအား “လက်နက်များ အရောင်တောက်သည်ကို သိလာ၊ ဘာ့ကြောင့်ပါနည်း”ဟု မင်းကြီးက မေးရာ ဖခင်သဌေးက “သိပါသည်၊ ကျွန်ုပ်အိမ်၌ အရှင်မင်းကြီးတို့၏ ကျွန်တယောက် ဖွားမြောက်၍ သားနုဘော်ကြောင့် ယခုလိုအရောင်တောက်ပါကြောင်း” လျှောက်တင်သည်။

“သင့်သား ခိုးသူဖြစ်မည်လော”၊ “ခိုးသူမဖြစ်နိုင်ပါ၊ ကုသိုလ်ထူးရှိသည့် ဘုန်းကံရှင်ဖြစ်ပါလိမ့်မည်”ဟု မင်းကြီးအမေးကို သဌေး လျှောက်သည်၊ “သို့ဖြစ်လျှင် ကောင်းစွာကျွေးမွေးပါ၊ နေ့စဉ် ငွေသား ၁၀၀၀ လည်း နို့ဖိုးဖြစ်ပါစေ”ဟု မင်းကြီးမိန့်ပြီး နေ့စဉ် ပေးစေသည်၊ တမြို့လုံး အလျှံပြောင်ပြောင် အရောင်တောက်သည်ကို စွဲ၍ “ဇောတိက သတို့သား”ဟု အမည်မှည့်ကြသည်။

စာမျက်နှာ-299


သိကြားမင်းဆောက်အပ်သော ဇောတိကပြာသာဒ်

အရွယ်ရောက်လာသော ဇောတိကအတွက် အိမ်ဆောက်ဖို့ မြေရှင်းကြစဉ် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာကျောက်နေရာသည် ပူပြင်းသော အခြင်းအရာကိုပြသဖြင့် သိကြားမင်း ဆင်ခြင်သိမြင်ရာ “ဤဇောတိကကား လူဆောက်မည့်အိမ် နေမည့်သူမဟုတ်၊ ငါ သွားသင့်သည်”ဟုကြံစည်ပြီး လက်သမားအသွင်ဖြင့် သွားရောက်မေးမြန်း တာဝန်ယူကာ-

၁။ ၁၆-မင်းပယ်နေရာကို ကြည့်လိုက်စဉ်ပင် ကသိုဏ်းဝန်းပမာ ညီညာသောမြေ ဖြစ်သွားသည်၊ ထို့အတူ ကြံစည်၍ စူးစိုက်စွာကြည့်လိုက်လျှင်ပင်-

၂။ ဘုံ ၇-ဆင့်ရှိ ပြာသာဒ်ကြီး မြေခွဲထွက်လာသည်၊
၃။ ပြာသာဒ်ကိုရံ၍ ရတနာတံတိုင်း ၇-ထပ်၊
၄။ တံတိုင်း ၇-ထပ်အကြား ပဒေသာပင်များ၊

၅။ ပြာသာဒ်၏ ၄-ထောင့်တို့၌ ရွှေအိုးကြီး ၄-လုံး ပေါ်လာသည်။ (ဘုရားလောင်း၏ ဖွားဖက် ရွှေအိုး ၄ လုံး၏ အဝပမာဏမှာ အသီးသီး တယူဇနာ၊ ၃-ဂါဝုတ်၊ ၂-ဂါဝုတ်၊ ၁-ဂါဝုတ်ရှိ၍ အနက်မှာ မြေအဆုံးရှိသည်ဟု မိန့်သည်။ ဤရွှေအိုးများပမာဏကိုမူ အထူးမဆို။)

၆။ ပြာသာဒ် ၄-ထောင့်တို့၌ ရွှေကြံပင်ကြီး ၄-ပင် ပေါက်လာသည်၊ ပင်စည်လုံးပတ် ထန်းပင်မျှရှိ၍ ရွှေဖြင့်ပြီး၏၊ အရွက်မှာ မြဖြင့်ပြီးသည်။

အဆောက်အအုံကြီးသလောက် အစောင့်များသည်

တံခါးမုခ် ၇-ခုရှိရာ ၁-မုခ်၌ ယမကောဠိနတ်ဘီလူးသည် အခြံအရံဘီလူး ၁၀၀၀ နှင့် စောင့်သည်၊ ထို့အတူ ၂-မုခ်၌ ဥပ္ပလ၊ ၃-ဝဇိရ၊ ၄-ဝဇိရဗာဟု၊ ၅-ကက္ကုဋ၊ ၆-ကတ္ထ၊ ၇-မုခ်၌ ဒိသာမုခ နတ်ဘီလူး အသီးသီးသည် အခြံအရံဘီလူး ၂၀၀၀ စသည်မှ အစဉ်လိုက် ၇၀၀၀ အထိ စောင့်ကြသည်။

ဇောတိကသဌေးသားအတွက် ပြာသာဒ်ဘုံတိုင်း ရွှေအိုးများ မြေမှ ပေါက်လာကြောင်း ဗိမ္ဗိသာရမင်းကြီး ကြားသဖြင့် သဌေးထီးဖြူနှင့် အဆောင်အယောင်များ ပို့စေရာ ဇောတိကသဌေးဟု ထင်ရှားတော့သည်။ သဌေးနှင့် ကောင်းမှုပြုဖက် မြောက်ကျွန်းသူ သတုလကာယီကို နတ်များခေါ်လာပြီး ၇-ထပ်တိုက် ပြာသာဒ်ကြီး၏ ကျက်သရေခန်းသို့ ပို့လိုက်ကြသည်။

စာမျက်နှာ-300


မြောက်ကျွန်းမှပါလာသော ဆန်တစလယ်နှင့် မီးကျောက် ၃-လုံးသည် သဌေးဇနီးမောင်နှံအတွက် တသက်စာထမင်းဖြစ်လာသည်၊ ဆန်လှည်းတရာ ထိုခွက်၌ထည့်စေကာမူ ဆန်တစလယ်သာ အံ့ဖွယ်တည်သည်၊ ဆန်ကိုအိုး၌ထည့်၍ မီးကျောက် ၃-လုံးပေါ်တင်လျှင် ကျောက်များမှ ခဏချင်း မီးတောက်လာ၍ ကျက်လျှင်လည်း ငြိမ်းသွားသည်၊ မီးငြိမ်းလျှင် ကျက်ပြီဟု သိရသည်၊ ဟင်းလျာစသည် ချက်ရာ၌လည်း နည်းတူပင်တည်း၊ မြကျောက်ရောင်ဖြင့်သာ နေထိုင်ကြ၍ မီးရောင်စသည် မသိကြကုန်။

စားဝတ်နေရေး တကျွန်းလုံးကိုပေး

ဇောတိက၏ စည်းစိမ် ခမ်းနားကြီးကျယ်ပုံ ဇမ္ဗူဒိပ်တကျွန်းလုံး နှံ့သွားရာ ယာဉ် ရထား စသည်များဖြင့် လူများ ကြည့်လာကြရသည်၊ လာသမျှကိုလည်း မြောက်ကျွန်းဆန်ဖြင့် မီးကျောက်ပေါ်တင် ချက်ကျွေးစေသည်၊ ပဒေသာပင် အဝတ်များ ဖွင့်ထားသော အဝတဂါဝုတ်ရှိ ရွှေအိုးမှ ရွှေများကိုလည်း လိုသလောက် ယူစေသည်၊ မည်မျှယူယူ လက်တသစ်မျှ ရွှေအိုး မလျော့ပေ၊ ဂန္ဓကုဋီကျောင်းဒကာ အပရာဇိတ သူကြွယ်ဘဝက ၃-ကြိမ်ဒူးပဆစ်မြုပ်အောင် ရတနာများ ဖြန့်ကြဲလှူဒါန်းကျိုးဖြစ်သည်။

မင်းကြီးသည် ဇောတိက၏ ပြာသာဒ်ကို ကြည့်ရှုလိုလှပြီ၊ လူပေါင်းများစွာ သွားလာယူငင်နေကြ၍ အခွင့်ကလည်း မသာသေး၊ အချိန်ကြာ၍ လူပါးမှ “ပြာသာဒ်ကို လာကြည့်လိုသည်” ဟု ဇောတိက၏ဖခင် သဌေးမှတဆင့် သတင်းပို့ပြီး အခြံအရံများစွာဖြင့် ကြွလာသည်။

ဇောတိက၏အလုပ်သမား မိဖုရားလောက် လှသည်

ဗိမ္ဗိသာရမင်းကြီးအား ပထမတံခါးမုခ်သန့်ရှင်းရေး အမျိုးသမီးက လက်ကမ်းပေးရာ သဌေးကတော်ထင်သဖြင့် ရှက်၍ မင်းကြီးလက်မတင်ပေ၊ ဒုတိယစသော တံခါးမုခ်အမျိုးသမီးများကိုလည်း သဌေးကတော်များဟုပင် မင်းကြီးထင်သည်၊ ဇောတိကသဌေးသည် မင်းကြီးကို လာကြိုပြီး ရင်ပြင်၌ကြွစေရာ ကျောက်မျက်ရတနာ အပြည့်ခင်းထားသော မြေသည် အသူတရာနက်သော ချောက်အသွင် ထင်ရသဖြင့် “ဇောတိကသည် ငါ့ကိုဖမ်းရန် တွင်းတူးထားသည်” ဟု အထင်လွဲကာ မသွားဝံ့တော့ပေ၊ သဌေးက တွင်းမဟုတ်ကြောင်း လျှောက်ပြီး ရင်ပြင်ပေါ်သွားပြမှ မင်းကြီးလိုက်ရဲကာ ရတနာမြေကိုနင်း၍ အခြေမှစကာ ပြာသာဒ်ကို ကြည့်ရှုလိုက်လာသည်။

အဇာတသတ်မင်းသားငယ်လည်း ခမည်းတော်လက်ကို ကိုင်ပါလာရာ “ငါ့ခမည်းတော် မိုက်လှသည်၊ ဇာတ်နိမ့်သူကြွယ်က ရတနာပြာသာဒ်၌နေပြီး ခမည်းတော်က

စာမျက်နှာ-301


ဧကရာဇ်မင်းဖြစ်လျက် သစ်သားနန်း၌ နေဘိသည်၊ ငါမင်းဖြစ်လျှင် ဤသဌေးကို ဤလိုနေခွင့်မပေးနိုင်” ဟု ကြံစည်တော့သည်။

ပွဲတော်စာထက်သာသော ဇောတိက၏ အစားအစာ

ပြာသာဒ်အထက်ထပ်များ တက်ကြည့်နေစဉ်ပင် ပွဲတော်တည်ချိန် ရောက်လာသဖြင့် မင်းကြီးက “ဤမှာပင် နံနက်စာစားမည်” ဟု မိန့်ရာ “အသင့်စီမံပြီးပါပြီ” ဟု မင်းကြီးအမိန့်ကို သဌေးပြန်လျှောက်သည်၊ မင်းကြီးသည် နံ့သာရေအိုး ၁၆ လုံး ချိုးပြီး ဇောတိကသဌေးထိုင်ရာ ပလ္လင်၌ ထိုင်နေစဉ် လက်ဆေးရေဆက်ကာ တသိန်းတန် ရွှေခွက်၌ လက်ကောက်ရရှိထမင်းထည့်ပြီး မင်းကြီးရှေ့ ချထားသည်။

မင်းကြီးသည် စားစရာထင်ပြီး စားဖို့ဟန်ပြင်ရာ “အရှင်မင်းကြီး၊ စားစရာမဟုတ်သေးပါ၊ အငွေ့ပေးသော နို့ထမင်းသာ ဖြစ်ပါသေးသည်” ဟု သဌေးကလျှောက်ပြီး အခြားတသိန်းတန် ရွှေခွက်၌ မြောက်ကျွန်းဆန်ထမင်းထည့်ကာ မူလရွှေခွက်ပေါ်တင်ထားပြီး ပွဲတော်တည်စေသည်၊ နို့ဃနာထည့်သော မူလရွှေခွက်မှ အငွေ့သည် ဒုတိယရွှေခွက်၌ ဟပ်သဖြင့် ပူနွေးချိုမြိန်သော ထမင်းကို မင်းကြီးသည် အားရပါးရ စားသုံးရာ ဇောတိကသည် ရှိခိုးပြီး “သင့်လောက်ပါပြီ၊ တို့ထက်များလျှင် အစာကြေခဲပါမည်” ဟု တင်လျှောက်ရတော့သည်။

“ကိုယ့်ထမင်းကိုယ် ဂုဏ်တင်စကား ပြောကြားတာလား” ဟု မင်းကြီးကမိန့်ရာ “ထိုသို့မဟုတ်ပါ၊ စစ်သည်တော်များအတွက်လည်း ဤစားဖွယ်ပင် ဖြစ်ပါသည်၊ အကယ်၍ အရှင်မင်းကြီးမှာ မအီမသာဖြစ်ပါလျှင် ‘ဇောတိကက တစုံတရာ စီမံလိုက်မှာပေါ့’ ဟု အထင်မှားမည်ကို ကြောက်၍ပါ” ဟု သဌေးလျှောက်တင်မှ ထမင်းပွဲသိမ်းခိုင်းပြီး ရေကြည်တော် ဆက်စေသည်၊ မင်းကြီးအပြီး ပရိသတ်များလည်း မြောက်ကျွန်းဆန်ထမင်းကိုပင် စားကြသည်။

သဒ္ဓါမပါလျှင် နိုင်သူပေါ်လာတတ်သည်

“သဌေးကတော်ရှိရဲ့လား၊ ဘယ်မှာနေသလဲ”၊ “ရှိပါသည်၊ ကျက်သရေခန်းမှာ ထိုင်နေပါသည်၊ မင်းကြီးလာကြောင်း မသိ၍ပါ” (အမှန်သိလျက်) မင်းကြီးအမေးကို လျှောက်တင်ပြီး သဌေးကတော်ကို တွေ့ချင်မည်ဟု သဌေးဆင်ခြင်ကာ သွားပြီး “မင်းကြီး အိမ်ကြွလာသည်၊ သင်ဖူးသင့်သည်” ဟု ပြောလိုက်သည်။

သတုလကာယီသည် လျောင်းစက်ရင်းက “မင်းဆိုတာ ဘယ်လိုလူပါလဲ”၊ “ငါတို့ကို အစိုးရသူ” ဟု သဌေးကပြောလိုက်လျှင် သတုလကာယီသည် မကျေနပ်မှု ပြလိုရကား “ငါတို့သည် ကုသိုလ်ကို ကောင်းစွာမပြုဖြစ်ကြ၊ သို့မဟုတ်သောကြောင့် ငါတို့အပေါ် အုပ်ချုပ်သူ

စာမျက်နှာ-302


လူတန်းစား ရှိနေရသည်၊ သဒ္ဓါနုဖြင့် ကောင်းမှုကို ငါတို့ပြုခဲ့၍ စည်းစိမ်ကြီးသော်လည်း သူတပါးပိုင်နက် လူလာဖြစ်ကြသည်၊ ငါတို့ကံကို ဧကန်မယုံဘဲ ဒါနပြုခဲ့ကြလိမ့်မည်၊ သူများပိုင်နက် လူလာဖြစ်ရခြင်းသည် သဒ္ဓါမပါဘဲ ဝတ်ကျေဝတ်ကုန်အလှူ၏ အကျိုးတည်း” ဤသို့ညည်းတွားပြီး “အရှင်၊ ယခု ကျွန်တော်မ ဘယ်အမှု ပြုရမည်နည်း” ဟု မေးရာ ဇောတိကက ယပ်တောင်ယူ၍ ယပ်ခတ်ခိုင်းလိုက်သည်။

ကျောက်ရောင်ဖြင့်သာနေသော ဇောတိကမောင်နှံ

သတုလကာယီသည် မင်းကြီးကို ယပ်ခတ်နေစဉ် မင်းကြီး၏ ဦးရစ်ခေါင်းပေါင်းနံ့လေသည် သဌေးကတော်၏ မျက်လုံး ၂ ဘက်အတွင်း ဝင်သဖြင့် မျက်ရည်များ ကျလာသည်၊ “မိန်းမများ ပညာနည်းသည်၊ သူ့စည်းစိမ်ငါသိမ်းမည်ထင်ပြီး ငိုသည်ဖြစ်မည်၊ ငါမသိမ်းကြောင်း နှစ်သိမ့်လိုက်ပါ” ဟု မင်းကြီးမြင်၍ ဇောတိကကို ပြောခိုင်းသည်။ “ငိုသည်မဟုတ်ပါ၊ ခေါင်းတော်နံ့ကြောင့် မျက်ရည်ကျရပါသည်၊ သဌေးကတော်ကား မီးရောင်မကြည့်ရဘဲ ကျောက်မျက်ရတနာရောင်ဖြင့်သာ စားသောက်နေထိုင်အိပ်စက်ပါသည်” ဟု ဇောတိကက ရှင်းလင်းလျှောက်ထားပြီး မင်းကြီးအတွက်လည်း ကျောက်မျက်ရတနာရောင်ဖြင့်သာ နေနိုင်ရန် သခွားသီးခန့် တန်ဖိုးအနဂ္ဃထိုက်သည့် ကျောက်မျက်ရတနာကြီး ဆက်သသည်၊ မင်းကြီးသည် ဇောတိက၏ ပြာသာဒ်ကြီးကို စေ့စပ်စွာကြည့်ပြီး “သင့်စည်းစိမ်ကား ခမ်းနားကြီးကျယ်ပေစွ” ဟု ချီးမွမ်းပြောကြား ပြန်သွားသည်။

အဇာတသတ်ပိုင်ဉာဏ် အပိုင်မရ

အဇာတသတ်မင်းသားသည် မိတ်ပျက်ဒေဝဒတ်နှင့်ပေါင်းကာ မင်းပြုလျက် ခမည်းတော်ကို ရှားမီးကျီးတင်ကာ ကွယ်လွန်စေပြီး နောက်ပိုင်းတွင် “ဇောတိကပြာသာဒ် သိမ်းယူမည်” အကြံဖြင့် စစ်ဆင်ထွက်လာသည်၊ ဇောတိက၏ ရတနာတံတိုင်း၌ မိမိစစ်တပ်ရိပ်ကို မြင်လျှင် “မိမိကို ခုခံတိုက်မည့် ဇောတိကစစ်တပ်” ဟု ထင်၍ မကပ်ဝံ့ပေ။ ထိုအချိန် ဇောတိကသဌေးကား ဥပုသ်စောင့်ကာ နံနက်စာစောစောစားပြီး ဘုရားကျောင်းတော်သွား တရားနာနေသည်။

ဇောတိက၏ ပထမတံခါးမုခ် ယမကာဠနတ်ဘီလူးသည် အဇာတသတ်မင်းနှင့် စစ်တပ်ကို တိုက်ထုတ်လိုက်သည်၊ အဇာတသတ်ကား ဦးတည်မိရာ ကျောင်းတော်ရောက်သွားရာ မင်းလာသည်ကိုမြင်သော် ဇောတိကသဌေးက အကြောင်းကို မေးလျှောက်ပြီး ထရပ်သည်တွင် “သင့်လူများကို ငါ့တိုက်ခိုင်းပြီး သင်က ကျောင်းတော်လာ တရားနာနေသလို နေလိုက်သလော” ဟု အဇာတသတ်က ရန်တွေ့လိုက်သည်။

စာမျက်နှာ-303


“အကျွန်ုပ်အိမ်သိမ်းဖို့ အသင်မင်းကြီးသွားပါသလား” ဟု ဇောတိကက မေးရာ မင်းက ဟုတ်ကြောင်း ပြန်ကြားလျှင် “အကျွန်ုပ်မကျေနပ်လျှင် မင်းပေါင်းအထောင်သော်မျှ ကျွန်ုပ်အိမ် သိမ်းမရပါ”၊ “သင်ရှင်ဘုရင်မို့လား” ဟု ဇောတိက၏ ရဲရင့်သော အပြောကို အလွန်စိတ်ဆိုးပြီး အဇာတသတ်က ပြန်မေးသည်။

ဘုန်းရှင် ကံရှင် မပေးလျှင် မရပါ

“ကျွန်ုပ် ရှင်ဘုရင်မဟုတ်ပါ၊ သို့ပေမယ့် ကျွန်ုပ်ဥစ္စာ မြိတ်ဆာတမျှင် ကျွန်ုပ် မကျေနပ်လျှင် မင်းများ၊ ခိုးသူများ ယူမရပါ”၊ “သင်သဘောတူမှ သင့်ပစ္စည်း ငါယူရမှာလား၊ ငါရှင်ဘုရင်၊ ယူချင်ယူနိုင်သည်” ဟု ဣန္ဒြေရရ ဇောတိက၏ လျှောက်တင်ချက်ကို မင်းမာန်တက်ပြီး မိန့်ရာတွင် ဇောတိကသည် လက်ဖမိုး ၂ ဘက်ဆန့်ပြီး “ကျွန်ုပ်လက် ၁၀-ချောင်းက လက်စွပ်ကွင်း ၂၀-ကျွန်ုပ်မပေးပါ၊ စွမ်းနိုင်လျှင် မင်းကြီး ဖြုတ်ယူ” ဟု ရဲရင့်စွာပြောလိုက်သည်။

မြေ၌ထိုင်လျက် ခုန်လျှင် ၁၈-တောင်၊ ရှပ်ခုန်လျှင် အတောင် ၈၀-အမြင့်ခုန်နိုင်သော စွမ်းအားရှင် အဇာတသတ်သည် လက်စွပ်များကို အပြန်အလှန် ချွတ်ယူသော်လည်း ရာဇဣန္ဒြေသာ ပျက်သည်၊ တကွင်းမျှ ချွတ်မရပါ။ “အရှင်မင်းကြီး ပုဆိုးတော် ဖြန့်ခံပါ” ဟု ဇောတိက လျှောက်တင်ပြီး လက်ချောင်းများ ဖြောင့်ကာ အောက်စိုက်လိုက်လျှင် လက်စွပ်ကွင်း ၂၀-အလွယ် ကျွတ်ကျလာ၏။

ကာမအာရုံ လန့်စရာ စုံသည်

“အရှင်မင်းကြီး မျက်မြင်ပါပဲ၊ ကျွန်ုပ်သဘောမတူက သိမ်းမရပါ” ဟု လျှောက်တင်ပြီး မင်း၏ အရိုင်းပြုမှုကြောင့် သံဝေဂရကာ “ကျွန်ုပ်အား ရဟန်းပြုခွင့်ပေးပါ” ဟု ခွင့်တောင်းလိုက်သည်။ “သူရဟန်းပြုလျှင် သူပြာသာဒ် အလွယ်ယူနိုင်မည်” ထင်ပြီး “သင့်သဘောပဲ” ဟု မင်းကြီးက ချက်ချင်း ခွင့်ပြုလိုက်သည်။ ဇောတိကသည် ရဟန်းပြုပြီး တရားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်သွားသည်။

အရှင်ဇောတိက ရဟန္တာဖြစ်ဖြစ်ချင်း ပြာသာဒ်စသော စည်းစိမ်များ ကွယ်သွားပြီး သတုလကာယီ သဌေးကတော်ကိုလည်း နတ်များက မြောက်ကျွန်း ပြန်ပို့ကြသည်။ ရဟန်းတော်များက အရှင်ဇောတိကအား “ပြာသာဒ်စည်းစိမ်နှင့် သဌေးကတော်အပေါ် တွယ်တာသေးသလော” ဟု မေးရာ “မတွယ်တာတော့ပါ” ဟု ဖြေလျှင် “အရှင်ဇောတိကသည် အရဟတ္တဖိုလ်ကို လိမ်ညာ၍ ဝန်ခံသည်” ဟု ဘုရားထံ သံဃာများက လျှောက်ထားရာ ဘုရားရှင်က “ငါ့သား ဇောတိကမှာ တဏှာမရှိရိုး အမှန်” ဟု မိန့်တော်မူပြီး ယော စ တဏှံ ပဟန္တွာန- စသော ဂါထာကို ဟောတော်မူရာ အဆုံး၌ သောတာပန်စသည် တည်ကြသည်။

စာမျက်နှာ-304


၂- မေဏ္ဍက သဌေးကြီးဖြစ်ရပ်များ
မေဏ္ဍကအလောင်းကား လွန်ခဲ့သော ၉၁ ကမ္ဘာ ဝိပဿီဘုရား လက်ထက် အပရာဇိတ သူကြွယ်ဖြစ်ခဲ့သည်၊ အမေ့မောင် အပရာဇိတသူကြွယ် (ဇောတိကအလောင်း) က ဂန္ဓကုဋီဆောက်ရာ ကုသိုလ်ပါဝင်ခွင့်မပေးသဖြင့် ဆင်ဝင်ခန်းမဆောင် ဆောက်လုပ်လှူဒါန်းခဲ့ရ၏၊ ရတနာအပြည့် စီခြယ်ဆောက်လုပ်ပြီး ခန်းမဆောင်အလယ်၌ ရတနာတရားမဏ္ဍပ်ထိုးကာ ဓမ္မာသနပလ္လင် ခင်းထားသည်။

တရားပလ္လင် မေဏ္ဍက ပြင်ဆင်ပုံ

ပလ္လင်ခြေနှင့်ဘောင်များမှာ နီဖလံရွှေဖြင့်ပြီးသည်၊ ပလ္လင်ခြေအောက်၌ ရွှေဆိတ်ရုပ် ၄-ရုပ်ခုံထားသည်၊ ခြေတင်ခုံခံ ရွှေဆိတ် ၂-ရုပ်၊ တရားမဏ္ဍပ်၌ ရွှေဆိတ် ၆-ရုပ် ဝန်းရံထားသည်၊ ပလ္လင်အခင်းမှာ ရွှေခြည်ထိုး ပုလဲချည်ကြိုးများဖြင့် ယက်၍ ပလ္လင်နောက်မှီမှာ စန္ဒကူးနံ့သာသားဖြစ်သည်။

ဆင်ဝင်ဆောင် ရေစက်ချပွဲ ၄-လလုံး သံဃာ ၆-သိန်း ၈-သိန်းတို့အား အလှူကြီး လှူသည်၊ နောက်ဆုံးနေ့ တိစီဝရိတ် တစုံစီလှူရာ အငယ်ဆုံးသံဃာရသော သင်္ကန်း တသိန်း (သီဟိုဠ်မူတထောင်) တန်သည်၊ ဆင်ဝင်ခန်းဒကာ အပရာဇိတ သူကြွယ်သည် ကောင်းမှုပြု၊ လူနတ်တို့၌ ကျက်စားပြီး၍ ဤဘဒ္ဒကမ္ဘာ၌ ဗာရာဏသီ မဟာဘောဂ သဌေးကြီး ဖြစ်လာသည်။

ကိန်း ခန်း နက္ခတ် မှန်ကန်တတ်သည်

ယင်းသဌေးကြီး မင်းခစားသွားစဉ် ပုရောဟိတ်၏ “၃ - နှစ်ကျော်လျှင် အငတ်ဘေးဆိုက်မည်” ဟူသော နက္ခတ်ဆိုင်ရာ ဟောပြောချက်အရ စပါးတိုးချဲ့စိုက်ပျိုးရုံမျှမက စပါးကျီအလုံးပေါင်း ၁၂၅၀-ဆောက်ကာ စပါးသိုလှောင်သည်၊ ကျီမဆံ့သော စပါးများကို အိုးကြီးများ၊ မြေကွင်းကြီးများ၌ ထည့်၍ သိမ်းစေပြီး ပိုလျှံစပါးများကို မြေညက်နှင့်နယ်၍ အိမ်နံရံများကို လိမ်းကျံစေသည်။

အငတ်ဘေး ဆိုက်လာသော် သဌေးကြီးသည် သိုမှီးစပါးများကို သုံးစားသည်၊ အချိန်ကြာ၍ သိုလှောင်စပါးများ ကုန်သော် ပုဏ္ဏကိုထား၍ အခြံအရံများကို တော်ရာသွားခိုင်းသည်၊ ထိုကျွန်ပုဏ္ဏနှင့် သဌေးလင်မယား သားနှင့် ချွေးမ အိမ်သား ၅-ဦးတို့သည် မြေမြှုပ်စပါးများ၊ နံရံလိမ်းစပါးများကို စားသောက်၍ ကုန်လုနီးလျှင် နံရံခြေမြေကိုခွါပြီး ရေစိမ်ယူ၍ ရသောစပါးတခွက်ကို ယောင်းဖွပ်ကာ ရသောဆန်တစလယ်ကို အိုး၌ထည့်သွင်းမြေမြှုပ်ထားသည်။

စာမျက်နှာ-305


ထိုဆန်တစလယ်မှာ ယာဂုကျိုသောက်လျှင် ၂-ကြိမ်လောက်သော်လည်း သဌေးကြီးအမိန့်အရ ဝဝစားသေမည်ရည်ကာ ထမင်းပင်ချက်ပြီး ၅-ပုံပုံ၍ သဌေးကြီးဆိုင်ရာကို ရှေ့၌ချထားစဉ် သမာပတ်မှထပြီး၍ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် မြင်တော်မူသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးသည် ဂန္ဓမာဒနတောင်မှ သဌေးကြီးအိမ် တံခါး၌ ရပ်တော်မူသည်။

အသက်ကို စွန့်ရစေ ဒါနမတွန့်သော မိသားစု

သဌေးကြီးသည် အရှင်မြတ်ကိုမြင်လျှင် သဒ္ဓါစိတ်ဖြင့် “ရှေးကဒါနမရှိ၍ အငတ်ဘေး ငါတွေ့ရသည်၊ ဤထမင်းသည် ငါ့အတွက် တရက်စာတည်း၊ လှူလျှင် ကမ္ဘာကုဋေများစွာ ချမ်းသာကို ပေးပေလိမ့်မည်” ဟု ရည်၍ အရှင်မြတ် သပိတ်၌ လောင်းထည့်သည်၊ လောင်းလှူ၍ တဝက်အရောက် အရှင်မြတ်က သပိတ်ကို ပိတ်ရာ “တဦးစာကို ၂-ဦး မစားလောက်ပါ၊ တပည့်တော်အား ပစ္စုပ္ပန်လောကအတွက် မချီးမြှောက်ဘဲ တမလွန်လောကအတွက်သာ ချီးမြှောက်တော်မူပါ” ဟု လျှောက်ကာ အားလုံးလှူပြီး-
၁။ သံသရာမှာ အငတ်ဘေး ဝေးရပါလို၏။

၂။ ဇမ္ဗူဒိပ်တကျွန်းလုံးအား မျိုးရိက္ခာထမင်းပေးနိုင်ကာ အလုပ်မလုပ်ဘဲ စပါးကျီ ၁၂၅၀-ကို ရှင်းပြီး ကျီဝထိုင်လျက် ကောင်းကင်ကြည့်လိုက်လျှင် သလေးစပါးမိုး ကျီအပြည့် ရွာပါစေ။

၃။ သံသရာမှာ ဤဇနီး၊ ဤသား၊ ချွေးမ၊ ကျွန်များနှင့်သာ ဤအတိုင်း တော်စပ်ဆုံဆည်းရပါလို၏” ဟု ဆုတောင်းလိုက်သည်။

အစွဲကြီးသော မိသားစု ဆုတောင်း

“သဌေးကြီးပင် အငတ်ခံနိုင်သည်၊ ငါလည်း စားရန်မသင့်” ဟု သဌေးကတော်ကြီးကြံကာ အရှင်မြတ်အား မိမိဝေစုလှူပြီး “ထမင်းခွက် ရှေ့ထားကာ ဇမ္ဗူဒိပ်တကျွန်းလုံးအား ထမင်းပေးသော်လည်း တပည့်တော် မထသမျှ ယူရာကပြန်ပြည့်ပါစေ” ဟု ဆုတောင်းလိုက်သည်။ (နောက် ၃-ဦး၌လည်း ၁-၃-တူ၍ ၂-ဆုတောင်းသာ ထူးသည်။)

သားဖြစ်သူကလည်း ဝေစုလှူပြီး “အသပြာထောင်ထုပ် ကိုင်ကာ တကျွန်းလုံး ပေးသော်လည်း ထောင်အိတ်ပြည့်မြဲပြည့်ပါစေ” ဟု ဆုတောင်းသည်။

ချွေးမကလည်း လှူပြီး “စပါးတတောင်း အရှေ့ထားကာ တကျွန်းလုံးအား မျိုးရိက္ခာထမင်း ပေးမကုန်ဘဲ ရှိပါစေ” ဟု ဆုတောင်းသလို ကျွန်ပုဏ္ဏကလည်း လှူပြီးလျှင် “တကြိမ်ထွန်လျှင် ဝဲယာ ထွန်ရေး ၃-ကြောင်းစီ၊ အလယ်တကြောင်းအားဖြင့် စပါး ၄ တင်းပျိုးကျဲလောက်အောင် ထွန်ရေး ၇-ကြောင်း ပြီးမြောက်ပါစေ” ဟု ဆုတောင်းသည်၊ (ကျွန်ပုဏ္ဏသည် သေနာပတိဆု ယနေ့တောင်း၊ ယနေ့ရနိုင်ပါ၏၊ အရှင်များ၌ ချစ်ခင်၍ ကျွန်ဆုကိုသာ တောင်းသည်။)

စာမျက်နှာ-306


ငါးယောက်စာ ငါးရာစားလောက်သည်

ပစ္စေကဗုဒ္ဓါအရှင်မြတ်ကလည်း “သင်တို့ဆန္ဒအတိုင်း ဖြစ်ကြပါစေ” ဟု ဆုပေးပြီး ၂-ဂါထာဖြင့် အနုမောဒနာပြုကာ အလှူရှင်များ ပိုမို ကြည်ညိုစေရန် “ဂန္ဓမာဒနတောင်တိုင်အောင် ငါ့ကိုမြင်ကြစေ” ဟု အဓိဋ္ဌာန်ပြုကာ ကြွသွားပြီး ရောက်လျှင် ပစ္စေကဗုဒ္ဓါ ၅၀၀-တို့အား လောက်ငစွာ ခွဲဝေလှူဒါန်းသည်၊ သဌေးကြီးမိသားစုလည်း အားလုံးမြင်ရ ကြည်ညိုကာ ရပ်နေကြသည်။

မွန်းလွှဲပြီးသော် သဌေးကတော်ကြီးသည် ထမင်းအိုးကို ဆေးကြောဖုံးပိတ်ထားလိုက်သည်၊ သဌေးကြီးကား ဆာလှသဖြင့် အိပ်ပျော်သွား၏၊ ညနေစောင်း၍ နိုးလျှင် “ငါ ဆာလှသည်၊ ထမင်းချိုးကပ်များရှိလေမလား ကြည့်ပါဦး” ဟု ပြောလျှင် သဌေးကတော်ကြီးသည် အပြောင်ဆေးထားသည်ကို သိလျက် မရှိဟု မပြောဘဲ “အိုးဖွင့်ကြည့်ပြီးမှ ပြောမည်” ဟု ကြံကာ သွားဖွင့်ကြည့်သည်၊ မြလေးပန်းငုံပမာ ဖြူဖွေးသော ထမင်းဖြင့် ပြည့်လျက် စလောင်းဖုံးပင် ကြွတက်နေသည်ကို မြင်၍ တကိုယ်လုံး ဝမ်းသာလုံးဆို့ကာ သဌေးကြီးကို “အရှင်ထပါ၊ ပြောင်အောင်ဆေးအုပ်ထားခဲ့သော ထမင်းအိုးမှာ ထမင်းပြည့်နေပါပြီ၊ ကုသိုလ်မည်သည် ပြုသင့်ပေစွ၊ ချမ်းသာပေစွ၊ စားပါ” ဟု ပြောဆိုလျက် သားအဖ ၂-ဦး ကျွေးပြီးမှ ချွေးမနှင့်အတူ မိမိစားကာ ကျွန်ပုဏ္ဏကိုပါ ပေးသည်။

တဦးထွန်က တကျွန်းလုံး ချမ်းသာ

ထမင်းအိုးမှာ မည်မျှယူယူမကုန်ပေ၊ ပထမခူးသောယောက်မနေရာသာ ထင်နေသည်၊ ထိုနေ့မှာပင် စပါးကျီများ၊ အိုးကြီးများ စပါးပြည့်ကြသည်၊ သဌေးကြီးသည် “ငါ့အိမ်မှာ ရိက္ခာထမင်း အလုံအလောက်ရှိသည်၊ လိုသလို လာယူကြ” ဟု မြို့တွင်း သတင်းလည်စေရာ အားလုံးလာယူကြသဖြင့် သဌေးကြီးကိုမှီ၍ တကျွန်းလုံး အသက်ရှင်ကြရသည်။

သဌေးကြီးသည် စုတေ၍ လူနတ်တို့၌ ကျင်လည်ပြီး ငါတို့ဘုရားလက်ထက် ဘဒ္ဒိယမြို့ မေဏ္ဍကသဌေး ဖြစ်လာသည်၊ သဌေးကတော်သည်လည်း ဇနီးပင် ဖြစ်လာသည်၊ သဌေးအိမ်နောက်ပိုင်း ၈-မင်းပယ်မြေ၌ (ဝိပဿီဘုရားလက်ထက် ရွှေဆိတ်ရုပ် ပူဇော်ခဲ့သဖြင့်) ဆင် မြင်း ဥသဘ ပမာဏရှိသော ရွှေဆိတ်ရုပ်ကြီးများသည် မြေခွဲထွက်ကာ အရုပ်ချင်းထိ ပေါ်လာသည်၊ ဆိတ်ရုပ်ခံတွင်းများ၌ အဆင်း ၅-မျိုးရှိသည့် ချည်ဂေါ်လီလုံးများ တပ်ထားရာ ထောပတ်၊ ဆီများ၊ အဝတ်အစား၊ ရွှေ၊ ငွေစသည်ကို အလိုရှိလျှင် ယင်းချည်လုံးများ ဖယ်လိုက်ပါက ခံတွင်းတခုမှပင် တကျွန်းလုံးအတွက် ဘာမဆိုလိုရာရနိုင်သည်၊ ထိုအချိန်မှစ၍ ရွှေဆိတ်ရုပ်ရှင် မေဏ္ဍကသဌေးတွင်လေသည်။

စာမျက်နှာ-307


ချဖူးရေစက် ငှက်သစ္စာ သံသရာ
ထိုသဌေးကြီးလင်မယား၌ ရှေးဘဝကသားပင်လျှင် ယခုဘဝ ဓနဉ္စယ (ဝိသာခါ၏ ဖခင် ဓနဉ္စယသဌေး) သား ဖြစ်လာသည်၊ ရှေးချွေးမသည်ပင် ယခုဘဝ (စန္ဒပဒုမာ) ချွေးမ၊ ရှေးကျွန်သည်ပင် ယခု (ပုဏ္ဏ) ကျွန်ဖြစ်လာသည်၊ (ဝိသာခါဖြစ်ရပ်၌ ယင်း ၅-ဦး၏ အာနုဘော်ဖော်ပြပြီး။)

မေဏ္ဍကသဌေးကြီး ဘုရားတရားနာရ၍ သောတာပန်တည်ပြီးသောအခါ ဘုရားရှင်အား “အရှင်မြတ်ထံ မိမိလာစဉ် တိတ္ထိများက အရှင်မြတ်အပြစ်ပြောပြီး တားကြပါသည်” ဟု လျှောက်ထားရာ ဘုရားရှင်က “သတ္တဝါများသည် မိမိအပြစ်ကြီးကို မမြင်သော်လည်း သူတပါးအပြစ်ကိုကား မရှိကို အရှိလုပ်ကာ လွှင့်တတ်ကြသည်” ဟု မိန့်တော်မူပြီး သုဒဿံ ဝဇ္ဇမညေသံ- စသောဂါထာကို ဟောတော်မူရာ အဆုံး၌ သောတာပန်စသည် တည်ကြသည်။

၃- ဇဋိလ သဌေးကြီး၏ ဖြစ်ရပ်များ

ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး၍ ဓာတုစေတီတော် တည်ထားချိန် ဇဋိလအလောင်းကား ရွှေပန်းထိမ်သည် ဖြစ်ခဲ့သည်၊ စေတီတော်မြောက်မုခ် ဘာ့ကြောင့် မတက်သနည်း၊ “ရွှေမလောက်လို့ပါ ဘုရား” ရဟန္တာတပါး အမေးကို လူများက ဖြေကြသည်။ “ငါမြို့တွင်းသွား နှိုးဆော်မည်၊ သင်တို့ ရိုရိုသေသေလုပ်ကိုင်ကြ” ဤသို့ ရဟန္တာအရှင်မြတ်က အားပေးမိန့်ကြားပြီး မြို့တွင်းဝင်နှိုးဆော်ရာ ရွှေပန်းထိမ်သည်အိမ် ရောက်လာသည်။

မယားကြောက်၍ ဘုရားငေါက်သူ ဇဋိလအလောင်း

ရွှေပန်းထိမ်သည် ဇနီးမောင်နှံ ရန်ဖြစ်နေချိန် “သတို့တာဝန်ယူထားသည့် မြောက်မုခ် ရွှေမလောက်ဖြစ်နေသည်၊ ရွှေကို သိသင့်သည်” ဟု အရှင်မြတ်က နှိုးဆော်ရာ ဇနီးကို စိတ်ဆိုးနေသော ရွှေပန်းထိမ်သည်က “သင့်ဘုရား ရေထဲချသွားပစ်ပါ” ဤသို့ရိုင်းပျစွာ ပြောရာတွင် “ရှင်သိပ်ကြမ်းသည့် မကောင်းမှုပြုပြီ၊ ကျွန်မစိတ်ဆိုးလျှင် ဆဲလိုဆဲ၊ ရိုက်လိုရိုက်ပါ၊ ဘာ့ကြောင့် ဘုရားအပေါ် ရန်လိုမှု ပြုသနည်း” ဟု ဇနီးသည်က အပြစ်တင်မှ ရွှေပန်းထိမ်သည် သံဝေဂရကာ သည်းခံဖို့ လျှောက်ထားသည်။

“ငါ့မြတ်စွာဘုရားကို နှုတ်ဖြင့် ပြစ်မှားမိ၍ ဘုရားကိုသာ ကန်တော့ပါ” ဟု အရှင်မြတ်က မိန့်လျှင် ရွှေပန်းထိမ်သည်က ကန်တော့နည်းကို မေးသဖြင့် “ရွှေပန်းအိုး ၃-လုံးလုပ်၊ အတွင်းမှာ ဌာပနာသွင်း ကန်တော့လေ” ဟု နည်းပေးမှ သား ၃-ဦးခေါ်ကာ အကြောင်းပြောပြကူညီကြစေသည်၊ “အဖေ့ဖာသာပြစ်မှား အဖေသာလုပ်ပါ” ဟု သားကြီး၊ သားလတ် ၂-ဦးလုံးက ဤအတိုင်းပြောကာ မကူညီကြ၊ သားငယ်ကမူ “ဖခင်

စာမျက်နှာ-308


အလုပ်ကိစ္စ သားတာဝန်ပါ” ဟု ပြောဆို၍ ရွှေပန်းခိုင် ၃-ခု ကူလုပ်ပေးသည်၊ ပြီးလျှင် အရှင်မြတ်အမိန့်အတိုင်း လှူဒါန်းကန်တော့သည်။

မာတုဂါမ ဘုံ ၇-ဆင့်ပေါ်ပင် စိတ်မချရ

ရွှေပန်းထိမ်သည်မှာ ဆိုခဲ့သော နှုတ်ပြစ်မှုကြောင့် ၇ ဘဝ ရေမျှောခံရသည်၊ နောက်ဆုံးဘဝ ဗာရာဏသီသဌေးသမီးဝမ်း၌ ဝိဇ္ဇာဓိုရ်ကိုစွဲ၍ ရသောသား ဇဋိလ ဖြစ်လာသည်၊ ဖြစ်ပုံမှာ ငါတို့ဘုရားလက်ထက် လှပတင့်တယ် ၁၆ နှစ်အရွယ်ရှိ ဗာရာဏသီသဌေးသမီးသည် ကျွန်မတဦးနှင့် ဘုံ ၇-ဆင့်ပြာသာဒ်ထက် စံနေစဉ် ပြတင်းပေါက် ဖွင့်ကြည့်မိသောတနေ့ ကောင်းကင်ပျံ ဝိဇ္ဇာဓိုရ်သည် မြင်၍ဝင်လာကာ ချစ်ကျွမ်းနှီးနှောသည်။

မကြာမီကိုယ်ဝန်ရလာသဖြင့် မေးသော ကျွန်မအား သဌေးသမီးက နှုတ်ပိတ်ကာ ဖွားလာသောကိုယ်ဝန်ကို အိုးသစ်၌ထည့်ပြီး မြစ်ကျောမျှောစေသည်၊ အိုးကို အများမေးလျှင် “သခင်မအတွက် ဗလိနတ်စာ” ဟုလည်း ပြောစေသည်။

မိန်းမ ၂-ဦး ဇဋိလ လုကြပုံ

သားငယ်နှင့်မျောလာသောအိုးကို ဂင်္ဂါမြစ်အောက်ဆိပ်၌ ရေချိုးနေသော မိန်းမ ၂-ယောက်မြင်၍ တယောက်က “ဟိုး ငါ့အိုး”၊ တယောက်က “အိုးတွင်းပစ္စည်း ငါ့ပစ္စည်း” ပြောဆိုဆယ်ယူဖွင့်ကြရာ သားငယ်ကိုမြင်ရသည်၊ အိုးမှတ်သူက “သူငယ်ပါ သူဆိုင်သည်” ပြောသလို ပစ္စည်းမှတ်သူကလည်း “သူ့စကားအတိုင်း သူပိုင်သည်” အငြင်းပွားကြ၊ ရုံးရောက်ကြသည်။

အမတ်များ မဆုံးဖြတ်နိုင်၍ မင်းထံရောက်ရာ “ဒုတိယမိန်းမ သူငယ်ပိုင်” ဆုံးဖြတ်ပေးသည်။ သူငယ်၏ မွေးစားမိခင်သည် အရှင်မဟာကစ္စည်း၏ ဆွမ်းအမဖြစ်ရကား “အရှင်မြတ်ထံ ရှင်ပြုစေမည်” ဟု ကြံကာ ပွေးမြူသည်၊ ဖွားမြင်စဉ် ကိုယ်ဝန်အညစ်အကြေးကို မဆေးရသဖြင့် ဆံပင်များမှာ ဆံကျစ်ပမာ ပတ်ထွေးနေ၍ ဇဋိလဟု အမည်ပေးသည်။

ဇဋိလ သွားလာနိုင်သော အရွယ်တွင် ဆွမ်းခံကြွသော အရှင်မဟာကစ္စည်းအား ဆွမ်းအမက ကလေးနှင့်စပ်သော ရည်ရွယ်ချက်ကို လျှောက်ထားလှူလိုက်သည်၊ အရှင်မြတ်သည် သူငယ်ကို ခေါ်သွားရင်း လူစည်းစိမ်ခံစားရန် ကံရှိမရှိကြည့်ရာ “ဘုန်းကံရှင်” ဟု သိသည်၊ “ယခုကား ငယ်၍ ဉာဏ်နုသေးသည်” ဆင်ခြင်ကာ ခေါ်သွားပြီး တက္ကသိုလ်ပြည် ဒကာရင်းတဦးထံ သားအဖြစ် အပ်ထားလိုက်သည်။

စာမျက်နှာ-309


ဘုန်းကံရှင်များ လိုအင်ဆန္ဒ ပြီးစီးရ
မွေးစားဖခင် ကုန်သည်၌ ၁၂-နှစ်မျှ ရောင်းမရသော ဘဏ္ဍာများရှိရာ ထိုပစ္စည်းများကို တနေ့တွင် ဆိုင်ပို့ပြီး ဇဋိလသူငယ်အား ဈေးနှုန်းပြော၍ ရောင်းခိုင်းကာ ခရီးသွားသည်၊ မြို့စောင့်နတ်များသည် ဈေးဝယ်သူများအားလုံးကို ဇဋိလဆိုင်လာအောင် စီမံပေးသဖြင့် ၁၂-နှစ် ပုံထားရသော ကုန်များ တရက်တည်းဖြင့် ပြတ်သွားသည်။

ကုန်သည်ပြန်လာ၍ ဆိုင်မှာ အရောင်းပစ္စည်း မမြင်လျှင် “ရောင်းကုန်များကို ဖျက်ဆီးပစ်သလော”၊ “မဖျက်ဆီးပါ၊ အဖေတို့မှာခဲ့သောဈေးနှင့် ရောင်းပြီးပါပြီ၊ စာရင်းအရ ဤငွေတွေပါပဲ” ဟု ဖခင်၏အမေးကို ဇဋိလက ပြောဆိုပြီး စာရင်းနှင့်တကူ ငွေများအပ်သည်၊ မွေးစားဖခင်သည် အလွန်ကျေနပ်၍ “အဖိုးတန်ယောက်ျားပါလား၊ ဘယ်နေရာက ဘာလုပ်လုပ် ချမ်းသာစွာ အသက်မွေးနိုင်မည့်သူပဲ” ဟု ဆုံးဖြတ်ကာ အရွယ်ရောက်ပြီး သမီးနှင့် လက်ဆက်ပေးလိုက်သည်။

အလုပ်သမားများကို သမီးနှင့် သမက်နေရန် အိမ်ကြီးတလုံးဆောက်ခိုင်းပြီး အိမ်ခွဲပေးလိုက်သည်။

ရွှေတောင်ပေါက်သော ဇဋိလသဌေး

ဇဋိလလုလင် အိမ်တက်မင်္ဂလာပွဲကျင်းပ၍ ခြေတဘက် တံခါးခုံကို နင်းမိလျှင် အိမ်နောက်ပိုင်း၌ မြေပေါက်ကာ အတောင် ၈၀-မြင့် ရွှေတောင်ကြီး ပေါက်လာသည်၊ ထိုသတင်း မင်းကြီးကြားလျှင် သဌေးထီးဖြူ အဆောင်အယောင်များဖြင့် သဌေးရာထူး မြှောက်စားလိုက်ရာ ဇဋိလသဌေးကြီးဟု ထင်ရှားတော့သည်။

သား ၃-ဦး အရွယ်ရောက်လာချိန် ရဟန်းပြုရန် စိတ်ညွတ်လာသော ဇဋိလသဌေးကြီးသည် “စည်းစိမ်တုသူ သဌေးမရှိလျှင် ငါ့အား မင်းကြီးသည် ရဟန်းပြုခွင့် ပေးမည်မဟုတ်” ဟု ကြံပြီး စုံစမ်းရန် ရွှေသားအုတ်ချပ်နှင့် နှင်တံ ခြေနင်းများ သွန်းစေပြီး လူယုံများလက်အပ်ကာ “တစုံတရာ ကြည့်သယောင် လှည့်လည်စုံစမ်းကြ” ဟု မှာလွှတ်သည်။

လူယုံများ လှည့်လည်ရင်း ဘဒ္ဒိယမြို့ မေဏ္ဍကသဌေးကြီးထံ ရောက်လာကြသည်၊ “ဘယ်ကိစ္စနှင့် လှည့်ကြသနည်း”၊ “ပစ္စည်းတခု ကြည့်လို၍ လှည့်ကြပါသည်” သဌေးကြီးအမေးကို ယုံတော်များက ဖြေလိုက်သည်၊ “ရွှေအုတ်စသည်များယူ၍ ဤလူများ လှည့်ဖို့ကိစ္စမရှိ၊ တိုင်းနိုင်ငံ စုံစမ်းရန် လှည့်ကြသည်” ဟု သဌေးကြီး ရိပ်မိပြီး “ငါ့အိမ်နောက်ပိုင်း ဝင်ကြည့်ကြ” ဟု လူယုံများကို ပြောလိုက်သည်။

စာမျက်နှာ-310


ဇဋိလထက် မေဏ္ဍကသာပုံ
သဌေးကြီးအိမ်နောက်ပိုင်း ရွှေဆိတ်ရုပ်ကြီးများကိုမြင်၍ လူယုံများ ပြန်ထွက်လာကြသည်၊ “မောင်တို့ရှာသောပစ္စည်း တွေ့ပြီလော”၊ “တွေ့ပါပြီ သဌေးကြီး”၊ သဌေးကြီးအမေးကို လူယုံများဖြေပြီး ခွင့်ပြုချက်အရ ဇဋိလသဌေးကြီးထံ လှည့်ပြန်လာကြသည်၊ “ငါတို့နှင့် တန်းတူသဌေး တွေ့ခဲ့ပါသလော”၊ “အရှင်သဌေးကြီးစည်းစိမ်က မပြောပလောက်ပါ၊ ဘဒ္ဒိယမြို့ မေဏ္ဍကသဌေးစည်းစိမ်ကား ဤမျှရှိပါသည်” စသည်ဖြင့် ဇဋိလသဌေး၏ အမေးကို လူယုံများက မြင်သမျှ ပြန်ပြောကြသည်။

ဇဋိလသည် နှစ်သက်လှပြီး “အခြားသဌေးတဦးများ ရှိဦးမည်လော” ကြံကာ တသိန်းတန် ကမ္ဗလာပေးအပ်ပြီး လူယုံများကို လှည့်စေပြန်သည်၊ ရာဇဂြိုဟ် ဇောတိကသဌေး ပြာသာဒ်အနီး လူယုံများ မီးဖိုလျက် ရပ်နေကြစဉ် လူများလာပြီး ကိစ္စကို မေးရာ “တသိန်းတန် ကမ္ဗလာဝယ်သူမရှိဖြစ်နေသည်။ မြို့ယူသွားဖို့ကလည်း လမ်းမှာ လူဆိုးကြောက်ရ၍ မီးရှို့ပစ်မလို့ပါ” ဟု လူယုံများက ဖြေကြသည်။

တသိန်းတန်ကမ္ဗလာ မဝတ်လို၍ ကျွန်မငို

အကြောင်းစုံကို ဇောတိကသဌေးကြီး ကြားသဖြင့် ထိုလူယုံများကို ခေါ်ခိုင်းပြီး “မောင်တို့ကမ္ဗလာ တန်ဖိုးဘယ်လောက်လဲ”၊ “တသိန်းပါ” ဇောတိကသဌေးကြီးအမေးကို လူယုံများက ဖြေကြားသည်။ ဇောတိကသဌေးကြီးသည် မိမိလူများကို ထိုလူယုံများ ငွေတသိန်းအပေးခိုင်းပြီး ကမ္ဗလာကိုယူစေကာ “ငါ့တံခါးမုခ်သန့်ရှင်းရေးကျွန်မအား ပေးလိုက်” ဟု ညွှန်လိုက်သည်။

ကျွန်မသည် ကမ္ဗလာကိုယူကာ ငိုကျွေးပြီး ဇောတိကသဌေးကြီးထံသွား၍ “ကျွန်တော်မမှာ အပြစ်ရှိလျှင် ရိုက်ဖို့သာ သင့်ပါသည်၊ ဤကမ္ဗလာကြမ်းကြီးကိုတော့ ကျွန်တော်မ မသုံးစွဲနိုင်ပါ” ဟု တိုင်ကြားရာ သဌေးကြီးက “သင်ဝတ်ရုံမဟုတ်၊ သင့်အိပ်ရာခြေရင်း ခြေသုတ်ရန် ငါပို့စေသည်၊ ခြေဖြင့်မျှ သင် မသုတ်နိုင်ဘူးလော” ဟု ရှင်းပြမှ ကျွန်မ ကျေနပ်ပြီး ယူသွားသည်။

အခြေအနေကို မျက်မြင်ကိုယ်တွေ့ ဖြစ်ကြသော ဇဋိလသဌေး၏ လူယုံများသည် ဇဋိလထံပြန်သွား အကြောင်းစုံလျှောက်ကြသည်၊ ဇဋိလသဌေးကြီးသည် အလွန်ပင် သာယာစွာ ရဟန်းပြုရတော့မည်ကြံပြီး ဗိမ္ဗိသာရမင်းကြီးထံ သွားခွင့်ပန်သည်။ ခွင့်ပြုချက်ရလျှင် အိမ်ပြန်ကာ သား ၃-ယောက်လုံးကို ခေါ်ပြီး ရွှေရိုးဟပ် စိန်ပေါက်ချွန်းကို ရွှေတောင်တူးရန် ပေးအပ်သည်။

စာမျက်နှာ-311


သား ၃-ဦး ကံချင်းမတူ
သားကြီးသည် ရွှေတောင်ကို စိန်ချွန်းဖြင့် တအားတူးသော်လည်း ကျောက်ဖျာကြီး ပေါက်ရသည့်အနေ ဖြစ်လေသည်၊ သားလတ်သည် နည်းတူပင်တည်း၊ သားငယ်မှာမူ ရွှေပန်းခိုင်ပူဇော်မှု၌ ကူညီခဲ့သောကြောင့် မြေညက်ပုံပမာ အလွှာလိုက် ရွှေများကွာကျသည်၊ ထိုအခါ ဖခင် ဇဋိလသည် “ဤရွှေတောင်ကား သားလတ်၊ သားကြီးတို့ ဘုန်းကံမပါ၊ ငါနှင့်သားငယ် ဘုန်းကံသာပါသည်၊ ညီငယ်နှင့် စိတ်တူညီမျှ စားသုံးကြ” ဟု မှာပြီး ဘုရားထံသွား ရဟန်းပြုသည်၊ တရားအားထုတ်ရာ ၂-ရက် ၃-ရက် အတွင်း ရဟန္တာဖြစ်သွားသည်။

ဘုရားရှင်နှင့် သံဃာ ၅၀၀-ဆွမ်းခံကြွ၍ အရှင်ဇဋိလ၏သားများ အိမ်တံခါးရောက်ရာ သား ၃-ဦးက ၁၅-ရက် ဆွမ်းကပ်သည်၊ ဓမ္မသဘင်၌ သံဃာတော်များက အတောင် ၈၀-မြင့်သော ရွှေတောင်ကြီးနှင့် သား ၃ ဦးအပေါ် တွယ်မတွယ်မေးရာ အရှင်ဇဋိလက မတွယ်ကြောင်းလျှောက်လျှင် “အရဟတ္တဖိုလ်ကို လိမ်ညာ၍ ဝန်ခံသည်” ဟု သံဃာများက စွပ်စွဲကြသည်။

ဘုရားရှင် သိတော်မူ၍ “ငါ့သားဇဋိလမှာ လုံးဝတွယ်တာမှုမရှိ” မိန့်တော်မူပြီး ယော စ တဏှံ ပဟန္တွာန- ဂါထာကို ဟောတော်မူရာ အဆုံး၌ လူများ သောတာပန် စသည် တည်ကြသည်။

၄ - ကာဠဝဠိယသဌေးကြီးဖြစ်ရပ်များ

ငါတို့ဘုရားလက်ထက် ရာဇဂြိုဟ်ပြည် ကာဠဝဠိယသည် ဆင်းရဲလှ၍ ထမင်းမျှ ချက်မစားနိုင်၊ ဟင်းရွက်နှင့်ရောသော ယာဂုချဉ်ကို ဇနီးသည်က ပြုတ်ထားစဉ် သမာပတ်မှထ၍ ဉာဏ်ဖြင့်မြင်သော အရှင်မဟာကဿပသည် ယင်းတို့အိမ်တံခါး ကြွရောက်တော်မူသည်။

ဥစ္စာပါးသော်လည်း သဒ္ဓါများသော သူဆင်းရဲ

သူဆင်းရဲဇနီးသည် အသင့်ကျိုပြီး ယာဂုချဉ်အားလုံးကို အရှင်မြတ်သပိတ်၌ လောင်းထည့်လှူဒါန်းရာ အရှင်မြတ်ကြီးသည် ကျောင်းတော်ယူသွားပြီး ဘုရားရှင်အား ဆက်ကပ်သည်၊ ဘုရားရှင်သည် မျှရုံသာ အလှူခံပြီး ကျန်သမျှ သံဃာ ၅၀၀ အားလှူရာ လောက်ငသွားသည်၊ ဆွမ်းကြွင်းကောက်ရန်လာသော ကာဠဝဠိယပင် ယာဂုအနည်းငယ် သောက်ရသေးသည်။

အရှင်မဟာကဿပသည် ယာဂုချဉ်ဒကာရမည့်ကောင်းကျိုး ဘုရားရှင်အားလျှောက်ရာ “နောက် ၇-ရက်မြောက်၌ ကာဠဝဠိယသည် သဌေးဖြစ်မည်” ဟု မိန့်ကြားလိုက်

စာမျက်နှာ-312


သည်၊ ဘုရားရှင်၏ အမိန့်စကားကို နားဆတ်ဆတ်ကြားသော ကာဠဝဠိယသည် အိမ်ပြန်ကာ ဇနီးအား ပြောကြားလိုက်သည်။

သေခါနီး၍ ရိက္ခာယူလိုသူ

ထိုအချိန် အရှင်လတ်လတ် ကားစင်တင် တံကျင်လျှိုခံရသော ရာဇဝတ်သား တယောက်သည် မြို့လှည့်လည်လာသော ဗိမ္ဗိသာရမင်းကိုမြင်၍ အရဲစွန့်ပြီး ပွဲတော်စာ ထမင်းကိုတောင်းရာ ပို့လိုက်မည်ဟု မင်းကြီးက ဝန်ခံလိုက်သည်၊ သို့သော် ညပွဲတော်စာဆက်မှ သတိရပြီး ထိုပွဲတော်အုပ်ကို ရာဇဝတ်သားထံ ပို့မည့်သူ စီစဉ်စေသည်။ ရာဇဂြိုဟ်ပတ်ဝန်းကျင်ကား ဘီလူးများကျက်စားရာဖြစ်၍ မြို့ပြင်သို့ မည်သူမျှ ညမထွက်ဝံ့ကြရကား “ရာဇဝတ်သားထံ ထမင်းပို့မည့်သူ ထောင်ထုပ်ယူ” ဟု ဆိုင်ရာဝန်များက မြို့လှည့် ကြေညာစေသည်၊ ၂ ကြိမ်အထိ ပို့မည့်သူမရှိ၊ တတိယအကြိမ်မှ ကာဠဝဠိယ၏ဇနီးသည် ထောင်ထုပ်ကိုယူကာ ယောက်ျားအသွင်ဝတ်ဆင်ပြီး လက်နက်ငါးပါးဖွဲ့ချည်လျက် ပွဲတော်အုပ်ယူကာ ရဲရင့်စွာ မြို့မှ ထွက်ခဲ့သည်။

သတင်းပေး၍ ရွှေအိုးများရသူ

မြို့ပြင်ရောက်လျှင် ထန်းပင်စောင့် ဒီဃတာလနတ်ဘီလူးက “ရပ်လိုက်၊ သင် ငါ့အစာဖြစ်ပြီ” ခြိမ်းခြောက်ရာ “သင့်အစာ ငါမဟုတ်၊ ငါကား မင်းကြီးတမန်” ဟု ပြန်ပြောသည်၊ ဘယ်သွားမလဲမေးရာ တံကျင်လျှိုထားသော ရာဇဝတ်သားထံ သွားမည်ဟု ပြန်ပြောသည်။ “သတင်းတခု ယူသွားနိုင်မည်လား” ဆိုသဖြင့် ယူနိုင်ကြောင်း ဝန်ခံလျှင် ဘီလူးက “သုမနနတ်မင်းကြီး၏သမီး ဒီဃတာလဘီလူး၏ဇနီး ကာဠီနတ်သမီးမှာ သားဖွားလေပြီ ဟု တလမ်းလုံး အော်ပြောသွားပါ၊ ဤထန်းပင်ခြေရှိ ရွှေအိုး ၇-လုံးကို သတင်းပြောခ သင်ယူ” ဟု မှာလိုက်သည်။

သူမသည် တလမ်းလုံး ယင်းသတင်း အော်ပြောသွားရာ အစည်းအဝေး ထိုင်နေသော သုမနနတ်မင်းကြီးကြား၍ သဒ္ဓါကြည်ညိုကာ သူမကိုခေါ်ပြီး “ဤသစ်ပင်ရိပ် ပြန့်ရာမှာရှိသော ရွှေအိုးများကိုယူ” ဟု ပေးလိုက်သည်။

မိန်းမအတွေ့ သေခါနီးပင် တွေ့လိုကြ

သူမသည် ရာဇဝတ်သားထံသွား၊ ထမင်းခွံ့ကျွေးရာ စားပြီး၍ ခံတွင်းကို လက်ဖြင့် သုတ်ပေးရာတွင် မိန်းမအတွေ့မှန်းသိ၍ ဆံထုံးကို ကိုက်ထားသည်၊ သတိရှိသော သူမသည် သန်လျက်ဖြင့် အံဆုံးဖြတ်ကာ မင်းကြီးထံ ပြန်သွားသည်။

“သင် ထမင်းကျွေးပြီးကြောင်း ဘယ်အထောက်အထားဖြင့် ငါသိရမှာလဲ”၊ “ကျွန်တော်မ ဆံထုံးအမှတ်အသားဖြင့် သိတော်မူပါ” ဟု မင်းကြီးအမေးကိုဖြေ၍ ဖြစ်

စာမျက်နှာ-313


ရပ်အားလုံးလျှောက်ထားကာ ရွှေအိုးများကို ယူစေသည်၊ မင်းကြီးသည် ရွှေအိုးများကိုယူပြီး “ဤမျှများသောဥစ္စာ အခြားသူများမှာ မရှိကြောင်း” မှူးမတ်များလျှောက်ချက်အရ သူမ၏အိမ်ရှင် ကာဠဝဠိယကို ရာဇဂြိုဟ်ပြည်၌ နေရာခမ်းနား အဆောင်အယောင်များနှင့်တကွ သူဌေးရာထူး ပေးအပ်သည်။

၁၅-အဌာနပါဠိ ၁။ ပဌမဝဂ်

သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသူသည် တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စသုခ ဟု မယူဆ၊ တစ်စုံတစ်ခုသောတရားကို အတ္တဟု မယူဆ၊ ပုထုဇဉ်ပုဂ္ဂိုလ်သာ ယူဆသည်။

ယင်းပုဂ္ဂိုလ်မြတ်သည် မိဘ၊ ရဟန္တာကို မသတ်၊ ဘုရားအား ပြစ်မှားလိုစိတ်ဖြင့် သွေးစိမ်းမတည်စေ၊ သံဃာကို သင်းမခွဲ၊ ဘုရားမှ တစ်ပါးသူကို ဆရာ မညွှန်း၊ ပုထုဇဉ်ပုဂ္ဂိုလ်သာ ပဉ္စာနန္တရိယကံပြု၍ တစ်ပါးသူကို ဆရာဟု ညွှန်းသည်။

လောကဓာတ်(ဇာတိခေတ်)တစ်ခု၌ ဘုရား ၂-ဆူ တချိန်တည်း မပွင့်၊ တဆူတည်းသာ ပွင့်တော်မူသည်ဟု ဟောတော်မူသည်။

သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသူ

သောတာပန်အရိယာဖြစ်သည်၊ အမြင်ရှိသူ၊ တရားထူးရလာသူ၊ တရားထူးမြင်သူ၊ သေက္ခဉာဏ်ရှိသူ၊ ဝိဇ္ဇာရှိသူ၊ ဓမ္မလမ်းကြောင်း ရောက်သူ၊ ဖောက်ထွင်းပညာရှင်အရိယာ၊ နိဗ္ဗာန်တံခါးပေါ် ရပ်တည်သူဟု နာမည် အမျိုးမျိုးခေါ်နိုင်သည်။

တစုံတစ်ခုသော သင်္ခါရတရား

ဘုံ ၃-ပါးဆိုင်ရာ တရားတို့ကိုသာ သဿတဒိဋ္ဌိဖြင့် နိစ္စ သုခဟု ယူနိုင်သည်၊ လောကုတ္တရာဆိုင်ရာ တရားများကား ဒိဋ္ဌိနှင့်တကွ အကုသိုလ်အားလုံးတို့၏ အာရုံပင် မဟုတ်ပါ၊ ရဲရဲညီးသောသံတုံးကို ခြင်ယင်များ မကပ်နိုင်သလိုသာ၊ ဒိဋ္ဌိမပါသောစိတ်ဖြင့် အရိယာများ သုခဟုကား ယူဆသေးသည်။

တစ်စုံတစ်ခုသောတရားကို အတ္တဟု မယူဆ

ကသိုဏ်းစသော ပညတ်များပါအောင် သင်္ခါရမဆိုဘဲ တစ်စုံတစ်ခုသောတရားဟု ဆိုသည်၊ အရိယာအတွက် စတုဘူမက၊ ပုထုဇဉ်အတွက် တေဘူမကဟု အရှုခံတရားကို ခွဲခြားပါ၊ ပုထုဇဉ်များ နိစ္စ သုခ အတ္တ ယူသမျှကို အရိယာများက အနိစ္စ, ဒုက္ခ, အနတ္တယူပြီး အစွဲဖြေသည်။

မိဘရဟန္တာကို မသတ်

မိရင်း ဖရင်းနှင့် လူသားရဟန္တာယူရမည်၊ ဘဝပြောင်းသွားသော အရိယာကို (သူ့ကိုယ်သူ အရိယာမှန်း မသိစေကာမူ) စကြာမင်းစည်းစိမ် ပေးမည်၊ “ဤပိုးကောင် သတ်ပါ” ခိုင်းလျှင် မသတ်ပါ၊ “မသတ်လျှင် သင့်ခေါင်းဖြတ်မည်” ဆိုစေကာမူ ခေါင်းသာ အဖြတ်ခံမည် မသတ်ပါ၊ ပုထုဇဉ်များ အပြစ်ကြီးပုံ အရိယာများ သူတော်ကောင်းအားရှိပုံပြရန် ဤသုတ်များကို ဘုရားရှင်ဟောသည်။

စာမျက်နှာ-314


ကံနှင့်စပ်၍ မှတ်ဖွယ်

လူဖြစ်သောမိဘ(လိင်ပြန်ချင်ပြန်)များကို သားဖြစ်သူလူက သတ်မှ အာနန္တရိယကံ ထိုက်သည်၊ သံဝေဂရ၍ ကံပျောက်အောင် စကြဝဠာအပြည့် ရွှေစေတီကြီးများတည်၊ သံဃာများလှူ၊ ဘုရားသင်္ကန်းစွန်းကို ကိုင်လိုက်သွားနေကာမူ ကံမပျောက်၊ သေလျှင် ငရဲသာတည်း။

သတ်သူသားက လူ၊ အသတ်ခံရသူမိဘက တိရစ္ဆာန်၊ သားကတိရစ္ဆာန်၊ မိဘကလူ၊ သားရော မိဘပါ တိရစ္ဆာန်ဖြစ်လျှင် ကံမထိုက်၊ သို့သော် ကံမျှပင် ဝန်လေး အပြစ်ကြီးသည်။

သိုးနှင့်စပ်၍ စကား ၄-ရပ်

သိုးကိုသတ်မည် ရည်၍ သိုးနေရာ၌နေသော လူသားမိဘကို သားလူသားက သတ်အံ့၊ ကံထိုက်သည်၊ သိုးကိုသတ်မည်ရည်၍ မိဘကို သတ်အံ့ ကံထိုက်သည်၊ မိဘကိုသတ်မည် ရည်၍ သိုးကိုသတ်အံ့၊ ကံမထိုက်၊ မိဘကိုရည်၍ မိဘကို သတ်အံ့ ကံထိုက်သည်။

ရဟန္တာသတ်ရာ၌လည်း နည်းတူပင်၊ နတ်ရဟန္တာကိုသတ်က ကံမထိုက်သော်လည်း အပြစ်ကြီးသည်။ ပုထုဇဉ်အချိန်က သတ်လိုက်၏၊ ထိုဒဏ်ချက်ဖြင့် ရဟန္တာဖြစ်မှသေသည်၊ ကံထိုက်သည်။ ပုထုဇဉ်အဖြစ်တည်စဉ် လှူလိုက်သောဆွမ်း၊ ရဟန္တာဖြစ်မှ စားသည် ပုထုဇဉ်လှူကျိုးသာ ရသည်၊ သောတာပန်စသော အရိယာများကို သတ်လျှင် ကံမထိုက်ပေမယ့် အပြစ်ကြီးလှသည်။

ဘုရားရှင်၌ သွေးစိမ်းတည်စေမှု

သက်ရှိ ဘုရားရှင် ကိုယ်မှာ ယင်ငယ် သောက်လောက် သွေးပေါက်ကို တည်စေလျှင် ကံထိုက်သည်၊ ဘုရားရှင်၏ ကိုယ်တော်ကား ဖြိုခွဲမရကောင်းပါ၊ အရေပေါက်၍ သွေးထွက်အောင် မည်သူမျှ ပြုမရ၊ ကိုယ်တွင်း တနေရာမှာ သွေးစုတည်ရုံသာတည်း၊ ဒေဝဒတ်လှိမ့်ချသော ကျောက်တုံးမှ ကျောက်ဆစ်စင်ကာ ဘုရားရှင်ခြေဖျား ထိမှန်သည်၊ ပုဆိန်ဖြင့်ပေါက်သည့်ပမာ သွေးစုတည်လာ၍ ကံထိုက်သည်။

ဘုရားရှင်အလိုတော်ကျ ဓားငယ်ဖြင့် အရေဖောက်၍ မကောင်းသော သွေးထုတ်ကာ ချမ်းသာအောင် ကုသသော ဆရာဇီဝကမှာ ကုသိုလ်ကြီးရသည်။

စေတီ၊ ဗောဓိပင်၊ ဓာတ်တော်

ယင်းတို့ကိုဖျက်ဆီးရာ၌ အာနန္တရိယကံနှင့် အတူ အပြစ်ကြီး၏၊ ဓာတ်တော်ရှိသော စေတီရုပ်ပွားကို ဖျက်မည့် ဗောဓိကိုင်းဖြတ်နိုင်သည်၊ ငှက်ချီးကျမည့်ကိုင်း လှီးဖြတ်သင့်ပါ၏။ ပရိဘောဂစေတီထက် သရီရစေတီက ပို၍မြတ်သည်၊ စေတီပုထိုးဖျက်မည့် ဗောဓိမြစ်ကိုလည်း ပယ်နိုင်သည်သာ။

ဗောဓိအိမ်စောင့်ရှောက်ရန် ဗောဓိကိုင်းကို မဖြတ်ကောင်း၊ ဗောဓိအိမ်ကား ဗောဓိပင်အတွက်သာ ဖြစ်သောကြောင့်တည်း၊ ဓာတ်တော်ကျောင်းကို စောင့်ရှောက်ရန်

စာမျက်နှာ-315


ဗောဓိကိုင်းကိုကား ဖြတ်ကောင်းသည်၊ ဗောဓိကိုင်းဆွေး၊ ကိုင်းချောက်များကို ဗောဓိပင်ကို ပြုစုသုတ်သင်ရန် ဖြတ်ကောင်းပါ၏၊ ဘုရားပြုစုသလို ကောင်းမှုဖြစ်သည်။

သံဃာကို သင်းခွဲခြင်း

သိမ်တွင်း သံဃာမစုံသေးမီ သီးခြားပရိသတ်စုံ၍ ကံပြုလျှင် သံဃာကွဲ ကံလည်း ထိုက်သည်၊ ညီညွတ်သည်ထင်ပြီး ပြုလျှင် ကွဲရုံသာ၊ ကံမထိုက်၊ သံဃာ ၉-ပါး မပြည့်လျှင်လည်း နည်းတူ။

အနည်းဆုံး သံဃာ ၉-ပါးတွင် ခွဲသူသည် ကံထိုက်၍ နောက်လိုက် အဓမ္မဝါဒီများသည် အပြစ်ကြီးသည်၊ ဓမ္မဝါဒီများ အပြစ်မရှိ၊ ပဉ္စာနန္တရိယတွင် သံဃဘေဒကကံသည် ဝစီကံ၊ ကြွင်းကံ ၄-ပါး ကာယကံ ဖြစ်သည်။

ဒွါရနှင့်စပ် မှတ်ဖွယ်

ကံ ၅-ပါးလုံး ကာယ, ဝစီဒွါရ ၂-ပါးလုံးတို့ကြောင့် ဖြစ်ကြသည်၊ စေခိုင်း၍၊ မန္တန်စုတ်၍ ရှေ့ ၄-ပါးကို ကျူးလွန်လျှင် ဝစီဒွါရကြောင့် ဖြစ်သော်လည်း ကာယဒွါရသို့ရောက်မှ ပြည့်စုံသည်၊ လက်အမူအရာဖြင့် သံဃာခွဲလျှင် ကာယဒွါရကြောင့် စဖြစ်သော်လည်း ဝစီဒွါရကျမှ ပြည့်စုံသည်။

ကမ္ဘာတည်သမျှ သံဃာခွဲမှုကံသာ ကမ္ဘာတည်သမျှ ခံရသည်၊ မှန်၏၊ ကမ္ဘာဦး၊ သို့မဟုတ် ကမ္ဘာတည်ပြီး၍ အလယ်ပိုင်းအချိန် ယင်းကံပြု၊ ကမ္ဘာပျက်မှ လွတ်သည်၊ ကမ္ဘာပျက်ဖို့ တရက်အလို ကံပြု၊ တရက်သာ ခံရသည်၊ သို့သော် ဤအပြုမျိုး မရှိကောင်း၊ ကြွင်းကံ လေးပါး အာနန္တရိယ ဖြစ်ပေမယ့် တကမ္ဘာလုံး မခံရပါ။

အကျိုးပေးမှုနှင့်စပ် မှတ်ဖွယ်

ကံ ၅-ပါးလုံး ပြုသူအတွက် သံဃဘေဒကကံက ပဋိသန္ဓေကျိုးပေးသည်။ ကြွင်းကံများ အဟောသိကံဖြစ်ကြရ၏။ ယင်းကံမရှိလျှင် လောဟိတုပ္ပါဒက၊ ယင်းကံမရှိလျှင် အရဟန္တဃာတက၊ ယင်းမရှိမှ ကြွင်းကံ ၂-ပါးတွင် သာရာတစ်ပါးပါးက ပဋိသန္ဓေကျိုး ပေးသည်။

မိဘ ၂-ဦးလုံးကို သတ်ရာတွင် အဖက သီလရှိလျှင် အဖသတ်ကံက အကျိုးပေးသည်။ အမိကသီလရှိလျှင် အမိသတ်ကံက အကျိုးပေးသည်၊ သီလရှိမှု မရှိမှုချင်း မိဘ ၂-ဦး တူနေလျှင် အမိသည် သားတို့အပေါ် ကျေးဇူးပို၍ အမိသတ်ကံက ပဋိသန္ဓေအကျိုးပေးသည်၊ အဖသတ်ကံသည် အဟောသိကံဖြစ်၊ အကျိုးမပေးတော့ပါ။

သံဃာခွဲမှုကံ ရဟန်းများသာ ပြုနိုင်၍ ကြွင်းကံ ၄-ပါး ရှင်လူများပြုနိုင် ဖြစ်နိုင်သည်၊ သောတာပန် အရိယာသည် ဘဝပြောင်းသော်လည်း မိစ္ဆာယူသူကို ဆရာ မညွှန်းပါ။

လောကဓာတ်တစ်ခု၌ ဇာတိ၊ အာဏာ၊ ဝိသယဟု ၃-ခေတ်ရှိရာ လောကဓာတ် (စကြဝဠာ)တသောင်းသည် ဇာတိခေတ်မည်သည်၊ ဘုရားလောင်းသန္ဓေနေ၊ ဖွားမြင်၊

စာမျက်နှာ-316


ဘုရားဖြစ်၊ ဓမ္မစကြာဟော၊ အာယုသင်္ခါရလွှတ်၊ နိဗ္ဗာန်စံရာအခါများ၌ ဇာတိခေတ် တစ်ခုလုံး တုန်လှုပ်သည်။

အာဋာနာဋိယ၊ မောရ၊ ဓဇဂ္ဂ၊ ရတနသုတ်စသော ပရိတ်တော်များ အာဏာ ပျံ့နှံ့ရာ စကြဝဠာ ကုဋေတသိန်းသည် အာဏာခေတ်မည်၍ ဝိသယခေတ်ကား အရေအတွက်ပမာဏ မရှိပါ၊ သိစရာရှိသမျှ ဘုရားဉာဏ်တော်က သိတော်မူသည်၊ ဤ ၃ ခေတ်တွင် ဤစကြာမှ တစ်ပါးသောနေရာမှာ ဘုရားမပွင့်ပါ။

မရှေးမနှောင်း တချိန်တည်း

ဘုရားလောင်း သန္ဓေတည်ချိန်မှစ၍ စကြဝဠာ တသောင်းလှုပ်ပြီး ခေတ်ကို သိမ်းယူလိုက်ရာ ဤအတွင်း အခြားဘုရားမပွင့်နိုင်၊ ဓာတ်တော်များရှိနေသမျှ ဘုရားရှင်ရှိနေသည်သာဖြစ်၍ ဤအတွင်းလည်း အခြားဘုရား မပွင့်နိုင်ပါ။

တချိန်တည်း ဘုရား ၂-ဆူ ဘာ့ကြောင့် မပွင့်

(၁) ၂-ဆူပွင့်လျှင် မအံ့ဩလောက်၊ ထို့ကြောင့်တည်း၊ ဘုရားရှင်ကား အံ့ဩချီးမွမ်းရမည့် လူသားဖြစ်သည်၊ ၂-ဆူ ၄-ဆူ စသည်ပွင့်လျှင် အံ့ဩဖွယ်မဟုတ်တော့ မှန်၏၊ တကျောင်းတည်းမှာ စေတီတော် ၂-ဆူဆိုလျှင်၊ ရဟန်းတွေ အများကြီးဆိုလျှင် အံ့ဩဖွယ် မဖြစ်သကဲ့သို့တည်း။

(၂) ဒေသနာ မထူးသောကြောင့်တည်း၊ ၂ ဆူပွင့်လျှင် ဘယ်ဘုရားရှင်မဆို သတိပဋ္ဌာန်စသော တရားကိုပင် ဟောရပေမည်၊ သို့ဖြစ်လျှင် ဒေသနာအံ့ဩဖွယ်ရာ မရှိ၊ တဆူတည်းက ဟောမှအံ့ဩရပေမည်။

(၃) အငြင်းပွားမှု ဖြစ်နိုင်သောကြောင့်တည်း၊ ဘုရားများလျှင် ဆရာများ၏ တပည့်များကို ငါတို့ဘုရားက ကြည်ညိုဖွယ်ရှိသည်။ အသံကောင်းသည်၊ လာဘ်ပေါသည်၊ ဘုန်းရှိသည်ဟု အငြင်းပွားများမှု ဖြစ်စေနိုင်သည်။

မိလိန္ဒမင်းနှင့် အရှင်နာဂသိန်

ထိုအကြောင်းနှင့်စပ်၍ အကျယ်တဝင့်ရှင်းလင်းချက်
“အရှင်ဘုရား၊ လောကဓာတ်တစ်ခုမှာ တချိန်တည်း ဘုရား ၂-ဆူမပွင့်ဟု ဟောထားပါသည်။ ဘုရားရှင်များသည် ဗောဓိပက္ခိယ သစ္စာ ၄-ပါးတို့ကို ဟောကြား၍ သိက္ခာ ၃-ပါးကို ကျင့်စေပါသည်၊ ဆုံးမလျှင်လည်း အပ္ပမာဒတရားဖြစ်ပါသည်၊ ထိုသို့ အားလုံးတူပါလျက် ဘာ့ကြောင့် ၂-ဆူ မပွင့်ပါသနည်း။

စာမျက်နှာ-317


ဘုရားတဆူဖြင့်ပင် ဤလောကကြီး ဤမျှ အလင်းရောင်တောက်သည်၊ ဒုတိယဘုရား အရောင်ပါဆိုလျှင် ပိုလင်းပါမည်၊ ချမ်းသာသက်သာစွာ ဆုံးမနိုင်ပါမည်၊ သံသယကင်းအောင် ၂-ဆူ မပွင့်သင့်ကြောင်း မိန့်ပါ” ဟု မိလိန္ဒမင်း မေးလျှောက်သည်။ “မင်းကြီး၊ လောကဓာတ်တသောင်းသည် ဘုရားတဆူကိုသာ ဘုရားတဆူ၏ဂုဏ်ကိုသာ ခံနိုင်ဆောင်နိုင်သည်၊ နောက်တဆူပွင့်လျှင် လှုပ်မည်၊ မြုပ်မည်၊ ပျက်စီးမည်၊ ယောက်ျားတစ်ယောက်နိုင်လှေသည် အလားတူ နောက်တစ်ယောက် ထပ်တင်လျှင် လှုပ် မြုပ် ပျက်စီးသကဲ့သို့တည်း၊ လည်ချောင်းထိ တဝစားပြီးသောယောက်ျား နောက်ထပ် ထိုမျှ ထပ်စား မဖြစ်သကဲ့သို့တည်း” ဟု ဖြေသည်။

“တရားလွန်ဝန်ဖြင့် (လွန်မြတ်သော တရားဝန်ဖြင့်) မြေလှုပ်နိုင်ပါသလော” ဟု မင်းကြီးက မေးရာ အရှင်မြတ်က “လှည်း ၂-စီး ရတနာအပြည့် တင်ထားရာတွင် ဒုတိယလှည်းမှ ရတနာများကို ပထမလှည်းပေါ် ထပ်တင်က လှည်းကျိုးမည်ဖြစ်သကဲ့သို့ တရားလွန်ဝန်ဖြင့် မြေလှုပ်နိုင်သည်” ဟု ပြန်ဖြေသည်၊ ဘုရားရှင် အားတော်ပြဖို့ ဤအကြောင်း ထုတ်ဆိုသည်၊ အခြားအကြောင်းများ ရှိသေးသည်မှာ-

ပရိသတ် အငြင်းပွားနိုင်သည်

အားရှိသော အမတ် ၂-ဦးတို့၏ ပရိသတ်၌ သူ့အမတ် ကိုယ့်အမတ် ၂-ပက္ခဖြစ် အငြင်းပွားသလို သူ့ဘုရား ကိုယ့်ဘုရား ၂-ပက္ခဖြစ်ကာ အငြင်းပွားနိုင်သည်။

စကားမှားနိုင်သည်

ဘုရားရှင်သည်သာ အမြတ်ဆုံး အကြီးဆုံး ချီးမွမ်းအပ်ဆုံး အထူးဆုံးဟု ဆိုအပ်သော စကားသည် ၂-ဆူပွင့်က မှားပေမည်။

တဆူသာ သဘာဝပင်ကိုဓမ္မတာ

ဘုရားဂုဏ်တော်တို့၏အကြောင်း ကြီးမြတ်သောကြောင့်ဖြစ်သည်၊ မြေကြီး၊ သမုဒ္ဒရာ၊ မြင်းမိုရ်တောင်၊ ကောင်းကင်၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့သည် ကြီးမြတ်ရကား တစ်ခုတည်း တစ်ဦးတည်းသာ ဖြစ်ခြင်းကား သဘာဝဖြစ်သည်။

ဘုရားပွင့်သော လောကဓာတ်တစ်ခု

မပွင့်သော လောကဓာတ်ကို ဇာတိခေတ် စကြဝဠာတသောင်း ယူရသော်လည်း ပွင့်သောလောကဓာတ်ကား ဤစကြဝဠာတစ်ခုသာတည်း၊ ဤလောကဓာတ်၌သာ ပွင့်တော်မူမြဲဖြစ်သည်။

၁၅-အဌာနပါဠိ ၂။ ဒုတိယဝဂ်

လောကဓာတ်တစ်ခု၌ စကြဝတေးမင်း ၂-ပါး တချိန်တည်း မဖြစ်၊ တစ်ပါးတည်းသာဖြစ်သည်၊ မိန်းမသည် ဘုရား၊ စကြဝတေးမင်း၊ သိကြားမင်း၊ မာရ်မင်း၊ ဗြဟ္မာကြီး မဖြစ်၊ ယောက်ျားသည်သာ ဘုရားစသည် ဖြစ်နိုင်သည်။

စာမျက်နှာ-318


ကိုယ်နှုတ်စိတ်ပြစ်မှုများသည် ကောင်းကျိုးကိုမဖြစ်၊ ဆိုးကျိုးကိုသာ ဖြစ်စေသည်။

စကြာမင်း ၂-ပါး တချိန်တည်း

စကြာရတနာပေါ်လာသည်မှ မကွယ်မီအတွင်းတည်း၊ စကြာမင်းနတ်ရွာစံခြင်း၊ ရသေ့ရဟန်းပြုခြင်း၊ ဤ ၂-ပါးကြောင့် ၇-ရက် ကြာလျှင် စကြာရတနာကွယ်သည်။

သူမင်းကိုယ်မင်း အငြင်းမပွားစေလိုသောကြောင့်လည်းကောင်း၊ အံ့ဖွယ်ဖြစ်စေလိုသောကြောင့်လည်းကောင်း၊ ကျွန်းငယ် ၂-ထောင်ရံသော ၄-ကျွန်းလုံးကို အုပ်စိုးနိုင်အောင် စကြာရတနာက အာနုဘော်ကြီးသောကြောင့် လည်းကောင်း မင်း ၂-ပါး မဖြစ်ကောင်းပါ။

မိန်းမသည် ဘုရားမဖြစ်

ဘုရားဖြစ်ဖို့ထား၊ ဘုရားဖြစ်ကြောင်း ဆုတောင်းသော်မှ မပြည့်စုံနိုင်၊ လူသားဖြစ်ခြင်း၊ ယောက်ျားမြတ်ဖြစ်ခြင်း၊ ယခုဘဝပင် အရဟတ္တဖိုလ် ရနိုင်သူဖြစ်ခြင်း၊ ဘုရားရှင်နှင့် တွေ့ဆုံဖူးမြင်ရခြင်း၊ ကံကိုယုံသူ ရသေ့ဖြစ်ခြင်း၊ ဈာန် အဘိညာဉ်ရခြင်း၊ အဓိကာရကုသိုလ်ခေါ် အသက်စွန့်လှူခြင်းဟူသော အဓိကရကုသိုလ်ရှိခြင်း၊ ဘုရားဖြစ်လိုမှုဆန္ဒ ပြင်းပြခြင်းဟူသော အကြောင်း ၈-ပါးရှိမှ ဆုတောင်းပြည့်၍ ဗျာဒိတ်ခံနိုင်သည်ဖြစ်ရာ အခြင်းအရာ စုံလင် ဘုန်းကံရှင် ယောက်ျားသာ ဘုရားဖြစ်နိုင်သည်။

စကြဝတေးမင်း မဖြစ်

မိန်းမ၌ အိမ်နှင့်ဖုံးသော အင်္ဂါဇာတ်ရှိခြင်းစသော လက္ခဏာကြီးများ မပြည့်စုံ၊ မိန်းမက စကြာမင်းဖြစ်နေလျှင် မိန်းမရတနာ ထားမရ၊ ရတနာ ၇-ပါး မပြည့်စုံ၊ လူသားအားလုံးထက် လွန်မြတ်သော ကိုယ်ခန္ဓာလည်း မိန်းမမှာ မဖြစ်နိုင်သောကြောင့်တည်း။

သိကြားမင်းစသည်မဖြစ်

သိကြားစသော ၃-နေရာကား မြတ်၍ ဣတ္ထိလိင်ကား ယုတ်သည်၊ ဗြဟ္မာ့ပြည်၌ ပုရိသလိင်လည်း မရှိသဖြင့် ယောက်ျားသာ ဗြဟ္မာဖြစ်သည် ဟူသောစကား မှားသည်မဟုတ်ပါလော၊ မမှားပါ၊ ယောက်ျားသာ မဟာဗြဟ္မာ ဖြစ်နိုင်သည်၊ မိန်းမဈာန်ရများကား အလုပ်အကျွေးဗြဟ္မာသာ ဖြစ်နိုင်ပါ၏၊ ဗြဟ္မာများမှာ လိင် ၂-ပါးလုံး မရှိစေကာမူ ယောက်ျားသဏ္ဌာန်ကား ရှိနေ၍ ထိုစကား ပြည့်စုံလှသည်။

ပြစ်မှုနှင့်ဆိုးကျိုး

တမာစေ့ စသည်များသည် အချိုသီး မသီးနိုင်သလို ပြစ်မှုများသည် ဆိုးကျိုးကိုသာ ဖြစ်စေနိုင်သည်၊ ကြံမျိုးပင်စသည်များသည် အချိုရည်ကို ထုတ်ပေးနိုင်သလို ကောင်းမှုများလည်းကောင်းကျိုးကိုသာ ဖြစ်စေသည်၊ ထို့ကြောင့် “ကောင်းတာပြုမှ ကောင်းကျိုးရ၊ ဆိုးက ဆိုးကျိုးရမည်၊ မျိုးစေ့နှင့်အမျှ အသီးရ မုချတူရမည်” ဟူသော အဓိပ္ပာယ်ကို ယာဒိသံ ဝပ္ပတေ ဗီဇံ- စသည်ဖြင့် ဘုရားဟောတော်မူသည်။

စာမျက်နှာ-319


၁၅-အဌာနပါဠိ ၃။ တတိယဝဂ်
ကိုယ် နှုတ် စိတ် ကောင်းမှုများသည် ဆိုးကျိုးကို မဖြစ်၊ ကောင်းကျိုးကိုသာ ဖြစ်စေသည်၊ ကိုယ် နှုတ် စိတ် ပြစ်မှုသမားသေလျှင် ထိုပြစ်မှုကြောင့် နတ်ပြည်မရောက်နိုင်၊ ငရဲသို့သာရောက်နိုင်သည်၊ ကောင်းမှုရှင်သေလျှင် ထိုကောင်းမှုကြောင့် ငရဲမရောက်နိုင် နတ်ပြည်သို့သာ ရောက်နိုင်သည်ဟု ဟောတော်မူသည်။

ပြစ်မှုသမားသေလျှင်

ကုသိုလ် အကုသိုလ်ကံ အားထုတ်ဆဲခဏသည် အာယူဟန သမင်္ဂီတာ၊ စေတနာသမင်္ဂီတာမည်၍ အရဟတ္တဖိုလ်မရခင် သတ္တဝါများ ပြုထားသဖြင့် အကျိုးပေးနိုင်သော ကံရှိနေချိန် ကမ္မသမင်္ဂီတာ၊ အကျိုးပေးဆဲ ခဏ ဝိပါက သမင်္ဂီတာ မည်သည်။

အရဟတ္တဖိုလ်မရခင် ငရဲသွားမည့်သူများအတွက် မီးလျှံငရဲအိုး၊ လူဖြစ်မည့်သူများအတွက် အမိဝမ်းရေ၊ နတ်ဖြစ်မည့်သူများအတွက် ပဒေသာပင် ဗိမာန် စသော ရောက်ရမည့်ဘဝဆိုင်ရာ အာရုံထင်မှုနှင့် ပြည့်စုံချိန်ကား ဥပဋ္ဌာနသမင်္ဂီတာ-ဟု သမင်္ဂီ ၅-မျိုး ရှိသည်။

ဥပဋ္ဌာန သမင်္ဂီလှုပ်ပုံ

အထက် ၄-ပါး မလှုပ်ပါ၊ အာရုံထင်မှုသာ လှုပ်သည်၊ ငရဲဆိုင်ရာ ထင်ပြီးသော်လည်း နတ်ပြည်ဆိုင်ရာ ထင်နိုင်သည်။ နတ်ပြည်ထင်ပြီး ငရဲ၊ လူပြည် ထင်ပြီး တိရစ္ဆာန်၊ တိရစ္ဆာန်ထင်ပြီး လူ့ပြည် အာရုံထင်နိုင်သည်၊ ဓမ္မကထိက သောဏအရှင်၏ ဖခင် ဦးပဉ္စင်းကြီး (လူဘဝ-သားသတ်မုဆိုး) သည် ငရဲအာရုံထင်ပြီးမှ နတ်ပြည်အာရုံ ပြောင်းထင်လာသည်။

အကုသိုလ်များ အားယူလာ

သောဏာတောင်ခြေနေ အရှင်သောဏသည် ဖခင် မုဆိုးကြီးကို တရားပြမရပါ၊ မပျက်စီးရန် အရွယ်ကြီးချိန် ရဟန်းပြုပေးလိုက်သည်၊ သေခါနီး နိမိတ်ထင်လာ၍ “မောင်းပါသား၊ တောင်ခြေမှ ခွေးကြီးတွေ ကိုက်ရန်လာကုန်ပြီ” ဟု အော်ရာ “ငါ့လိုသားရဲ့ဖခင်, ဘယ်ငရဲဝင်ရမလဲ” ဟု ကြံကာ အရှင်သောဏသည် ကိုရင်များ ပန်းရှာခိုင်းပြီး စေတီယင်ပြင် ဗောဓိယင်ပြင်၌ ပန်းမွေ့ရာစီစဉ်သည်၊ ဖခင်ကို ခုတင်ဖြင့် စေတီပေါ်ထားကာ “ဤပန်းသည် ဦးပဉ္စင်းကြီး ကောင်းမှုပါ တပည့်တော်၏ ဆင်းရဲသားလက်ဆောင် အလှူပါဘုရား” ဟု လျှောက်ထားပြီး “ဘုရားရှိခိုး စိတ်ကို ကြည်ညိုစေပါ” ဟု သင်ပေးသည်။

အရှင်သောဏ အစီအစဉ်အတိုင်း ဆောင်ရွက်ကြည်ညိုရာ နန္ဒဝန်စသော ဥယျာဉ်များနှင့် နတ်သမီးများ ခြံရံနေကြသလို နတ်အာရုံထင်လာသဖြင့် “သားဖယ်ကြပါ၊ ဟိုမှာ သားအမေများလာနေကြသည်” ဟု ဦးပဉ္စင်းကြီးပြောသည်တွင် နတ်အာရုံနိမိတ်

စာမျက်နှာ-320


ထင်လာကြောင်း အရှင်သောဏသိလေသည်၊ ဤသို့ အာရုံထင်မှု လှုပ်သည်၊ အာယူဟန စေတနာ၊ ကမ္မသမင်္ဂီတာ ၃-ပါးပြည့်စုံမှုကို ဒုစရိုက်ပြည့်စုံသူ ပြစ်မှုသမားဟု ဆိုသည်။

အယူအဆ ၂-မျိုး

ကံအားထုတ်ချိန်၌သာ လူဆိုးအတွက် နတ်ပြည်တားသည်ဟု ဧကေဆရာများက ယူဆပြီး အပရေဆရာများကမူ အားထုတ်ထားသောကံသည် အကျိုးပေးလှည့်ရ၊ မရ ၂-မျိုးရှိသည်၊ အကျိုးပေးလှည့်ရချိန်၌သာ အကုသိုလ်ကံသည် လူဆိုးအတွက် နတ်ပြည်တားသည်ဟုလည်း ယူဆကြသည်။

၁၆-ဧကဓမ္မပါဠိ ၁။ ပဌမဝဂ်

ပွားများလေ့လာအပ်သော တစ်ခုသော ဗုဒ္ဓါနုဿတိ = (ဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း)တရားသည် စင်စစ်သံသရာ ငြီးငွေ့ဖို့၊ ရမ္မက်ကင်းဖို့၊ ရာဂစသည်ချုပ်ဖို့၊ ကိလေသာငြိမ်းအေးဖို့၊ လက္ခဏာယာဉ်တင် အထူးမြင်ဖို့၊ သစ္စာ ၄-ပါး ထိုးထွင်းသိဖို့၊ နိဗ္ဗာန်မျက်မှောက်ပြုဖို့ ဖြစ်သည်။

ဓမ္မာနုဿတိ = (တရားဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း)တရားသည်
သံဃာနုဿတိ = (သံဃာ့ဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း)တရားသည်
သီလာနုဿတိ = (မိမိ၏သီလဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း)တရားသည်
စာဂါနုဿတိ = (မိမိ၏စွန့်ကြဲခြင်းဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း)တရားသည်
ဒေဝတာနုဿတိ = (နတ်တို့နှင့် တူသော မိမိ၏သဒ္ဓါ စသောဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း)တရားသည်
အာနာပါနဿတိ = (ထွက်သက်ဝင်သက်ကို အောက်မေ့ခြင်း)တရားသည်
မရဏဿတိ = (သေခြင်းကို အဖန်ဖန်အောက်မေ့ခြင်း)တရားသည်
ကာယဂတာသတိ = (ဆံစသောအစုကို အောက်မေ့ခြင်း)တရားသည်
ဥပသမာနုဿတိ = (နိဗ္ဗာန်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း)တရားသည် စင်စစ် နိဗ္ဗာန်မျက်မှောက်ပြုဖို့ ဖြစ်သည်ဟု ဟောတော်မူသည်။

ဂုဏ် ၇-ပုဒ်ထုတ်

ရောင်းကုန်ကို ချီးမွမ်းသော ကုန်သည်ကဲ့သို့ ဘုရားရှင်သည် လူများ အားထုတ်လိုအောင် သံသရာငြီးငွေ့ဖို့ စသောဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၏ ဂုဏ် ၇-ပုဒ်ကို ထုတ်ဆိုသည်။

စာမျက်နှာ-321


ကုန်သည်သည် တင်လဲ၊ ထန်းလျက် စသောကုန်များကို လှည်းဖြင့်တင်ကာ နယ်စပ်ရွာသွားပြီး “အဆိပ်ဆူး ဝယ်ကြပါ” ဆိုလျှင် ကြားသူများ ပြေးကြမည်၊ “ချိုမြိန်သော စားဖွယ်ဝယ်ကြပါ၊ ဈေးချိုချိုရပါသည်” ဆိုမှ လာဝယ်ကြသကဲ့သို့တည်း။ အဆိပ်ဆူးနှင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းတူ၍ ရောင်းကုန်၏ဂုဏ်နှင့် ကမ္မဋ္ဌာန်း၏ဂုဏ် ၇-ပုဒ် တူကြသည်။

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ၂-မျိုး

စိတ်ရွှင်ကျိုးရှိသော ကမ္မဋ္ဌာန်း၊ ဝိပဿနာရှုကျိုးရှိသော ကမ္မဋ္ဌာန်းဟု ၂-မျိုးရှိရာ အသုဘအာရုံတစ်ခုခု ပွားများ၍ စိတ်ထိခိုက် ငြီးငွေ့ မသက်မသာဖြစ်ကာ နွားရိုင်းပမာ စိတ်အစဉ် မဖြောင့်လျှင် မူလကမ္မဋ္ဌာန်းပယ်၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းရမည်။ စီးဖြန်း၍ စိတ်ကြည်လင်သန့်စင်မှ မူလကမ္မဋ္ဌာန်း ပြန်၍ စီးဖြန်းရသည်။

အိမ်အတွက် သစ်ကြီးဖြတ်စဉ် အကိုင်းအခက်ဖြတ်ရင်း ပုဆိန်ပဲ့သွားရာ အားမလျှော့ဘဲ ပန်းပဲဖိုသွားကာ ထက်အောင်ပြင်ပြီး ပြန်ခုတ်ရသကဲ့သို့တည်း။ ဤသို့လျှင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဖြင့် စိတ်ကိုဆုံးမပြီးမှ မူလအသုဘစီးဖြန်း၊ ပထမဈာန်ရသော် ဈာန်အင်္ဂါများ သုံးသပ်ရှုပွား အရိယာဖြစ်သွားသည်၊ ဤသို့ စိတ်ရွှင်ကျိုးရှိသည်။

ဗုဒ္ဓါနုဿတိ စီးဖြန်းနေစဉ် “ဤသူသည် ယောက်ျား မိန်းမစသည် မည်သူနည်း” ဟု ဆင်ခြင်လတ်သော် “မည်သူမျှမဟုတ်၊ သတိနှင့်ယှဉ်သောစိတ်” ဟုမြင်ကာ ထိုစိတ်သည် ဝိညာဏက္ခန္ဓာ၊ စိတ်နှင့်ယှဉ်သော ဝေဒနာစသည်တို့ကား စေတသိက်ခန္ဓာ ၃-ပါး၊ အားလုံး နာမ်ခန္ဓာ ၄-ပါးသာဟု နာမ်ကို ပိုင်းခြားသိသည်။

နာမ်၏မှီရာရှာသော် ဟဒယဝတ္ထု၊ ယင်း၏မှီရာကား မဟာဘုတ် ၄-ပါး၊ ဘုတ်တို့ကို မှီသည်ကား ဥပါဒါရုပ်ဟု သိမ်းဆည်းကာ အားလုံး ရူပက္ခန္ဓာပင်ဟု ရုပ်ကိုပိုင်းခြားမြင်သည်၊ “ဤကားရုပ်၊ ဤကားနာမ်” ဟု အချုပ်အားဖြင့် ရုပ်နာမ်၊ အပြားအားဖြင့် ခန္ဓာ ၅-ပါး၊ ယင်းတို့အားလုံး ဒုက္ခသစ္စာဟု ပိုင်းခြားသိသည်။

ဒုက္ခကို ဖြစ်ပေးသော တဏှာကား သမုဒယသစ္စာ၊ ဒုက္ခချုပ်ရာကား နိရောဓသစ္စာ၊ နိရောဓသိကြောင်း အကျင့်ကား မဂ္ဂသစ္စာဟု ရှေ့အဖို့၌ သစ္စာလေးပါးကို ပိုင်းခြားနိုင်လျှင် အစဉ်အားဖြင့် အရိယာမြေတွင်း နင်းမိတော့သည်၊ ဤသို့လျှင် ဝိပဿနာရှုကျိုး ရှိသည်၊ အကြွင်းအနုဿတိ ၉-ပါး အလားတူပင်။

ဥပသမာနုဿတိ အစ္စန္တူပသမ - စင်စစ် ငြိမ်းအေးသောနိဗ္ဗာန်၊ ခယူပသမ- ကိလေသာကုန်၍ ငြိမ်းအေးသောမဂ်ဟု ဥပသမ ၂-မျိုးရှိရာ ယင်း ၂-မျိုးလုံးကိုပင် အာရုံပြု ပွားများရမည်။

စာမျက်နှာ-322


အနုဿတိ ၁၀-ပါး ထူးခြားပုံ
အာနာပါနဿတိ၊ မရဏဿတိ၊ ကာယဂတာသတိ (အနုမပါ) ဤ ၃-ပါးသည် ဝိပဿနာရှုကျိုးသာရှိ၍ ကြွင်း ၇-ပါးကား စိတ်ရွှင်ကျိုး၊ ဝိပဿနာရှုကျိုး ၂-မျိုးလုံးရှိသော ကမ္မဋ္ဌာန်းများဖြစ်ကြသည်။

၁၆-ဧကဓမ္မပါဠိ ၂။ ဒုတိယဝဂ်

အမှားမြင်ခြင်း မိစ္ဆာဒိဋ္ဌိတရားသည် မဖြစ်သေးသော အကုသိုလ်ဖြစ်ကြောင်း၊ ဖြစ်ပြီး အကုသိုလ်တိုးပွားကြောင်း၊ မဖြစ်သေးသောကုသိုလ် မဖြစ်ကြောင်း၊ ဖြစ်ပြီးကုသိုလ် ဆုတ်ယုတ်ကြောင်းဖြစ်သည်၊ “မိစ္ဆာဒိဋ္ဌိနှင့်တူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်” ဟု ဟောတော်မူ၍ မိစ္ဆာဒိဋ္ဌိအယူရှိသူအတွက်လည်း နည်းတူဟောတော်မူသည်။

အမှန်မြင်ခြင်း သမ္မာဒိဋ္ဌိတရား၊ သမ္မာဒိဋ္ဌိအယူရှိသူအတွက် အပြန်အားဖြင့် ဟောတော်မူသည် (မဖြစ်သေးသော ကုသိုလ်ဖြစ်ကြောင်း စသည် ၄-ချက်)။

အကြောင်းမသင့် နှလုံးသွင်းခြင်း

အယောနိသော မနသိကာရတရားသည် မဖြစ်သေးသော မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း၊ ဖြစ်ပြီးမိစ္ဆာဒိဋ္ဌိ တိုးပွားကြောင်းဖြစ်သည်။ “အယောနိသော မနသိကာရနှင့်တူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်” ဟု ဟောတော်မူ၍ အကြောင်းမသင့် နှလုံးသွင်းသူအတွက်လည်း နည်းတူ ဟောတော်မူသည်။

အကြောင်းသင့် နှလုံးသွင်းခြင်း ယောနိသော မနသိကာရတရား

အကြောင်းသင့် နှလုံးသွင်းသူအတွက် မဖြစ်သေးသော သမ္မာဒိဋ္ဌိဖြစ်ကြောင်း၊ ဖြစ်ပြီး သမ္မာဒိဋ္ဌိတိုးပွားကြောင်း ဖြစ်သည်ဟု အပြန်အားဖြင့် ဟောတော်မူသည်။

မိစ္ဆာဒိဋ္ဌိတရားသည် သတ္တဝါများ သေပြီးနောက် ငရဲရောက်ကြောင်း ဖြစ်သည်၊ “မိစ္ဆာဒိဋ္ဌိနှင့်တူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်” ဟု ဟောတော်မူ၍ မိစ္ဆာဒိဋ္ဌိအယူရှိသူအတွက်လည်း နည်းတူဟောတော်မူသည်။ သမ္မာဒိဋ္ဌိတရား သမ္မာဒိဋ္ဌိအယူရှိသူအတွက် နတ်ပြည်ဟု အပြန်ဟောတော်မူသည်။

မိစ္ဆာဒိဋ္ဌိယူသူအား အယူအလျောက် ပြည့်စုံစွာ ဆောက်တည်အပ်သော ကာယ, ဝစီ, မနောကံ၊ စေ့ဆော်မှုစေတနာ၊ တောင့်တမှုပတ္ထနာ၊ စိတ်ဆောက်တည်မှု ပဏိဓိ၊ ပြုပြင်မှု သင်္ခါရတို့သည် အယူယုတ်ညံ့သောကြောင့် မလိုလား မနှစ်သက်ဖို့၊ ဆင်းရဲဖို့သာ ဖြစ်ကုန်၏။ မြေစို၌ စိုက်အပ်သော တမာ၊ ဗူးခါးမျိုးစေ့များအတွက် လောင်းအပ်သော မြေဩဇာ ရေဩဇာများသည် မျိုးစေ့ ယုတ်ညံ့သောကြောင့် ခါးသက်ဖို့ရာသာ ဖြစ်သကဲ့သို့တည်း။

စာမျက်နှာ-323


သမ္မာဒိဋ္ဌိယူသူအတွက် အယူကောင်းသောကြောင့် ချမ်းသာဖို့သာ ဖြစ်ကုန်သည်၊ ကြံမျိုးစေ့၊ သပြက်မျိုးစေ့များအတွက် မျိုးစေ့ကောင်းသောကြောင့် ချိုမြိန်ဖို့ရာသာ ဖြစ်သကဲ့သို့တည်းဟု ဥပမာနှင့်တကွ အပြန်ဟောတော်မူသည်။

အမြင်မှား မိစ္ဆာဒိဋ္ဌိ ၆၂-ပါး

အချုပ်အားဖြင့်ခွဲလျှင် အဟေတုက၊ အကိရိယ၊ နတ္ထိက၊ ဒိဋ္ဌိကြီး ၃-ပါးမှာ နတ်ပြည်နှင့် မဂ် ၂-ခုလုံး တားသည်၊ အန္တဂ္ဂါဟိက ဒိဋ္ဌိ ၁၀-ပါးသည် မဂ်ကိုသာ တား၍ နတ်ပြည်မတား၊ သက္ကာယဒိဋ္ဌိ ၂၀-ကား ၂-မျိုးလုံးကိုပင် မတားပေ။

ဤအစီအစဉ်ကိုပယ်ကာ ဤသုတ်၌ “မိစ္ဆာဒိဋ္ဌိယူသူများ သေလျှင် ငရဲ” ဟု ဟောတော်မူသောကြောင့် သက္ကာယဒိဋ္ဌိ အစထား၍ ဒိဋ္ဌိအားလုံး နတ်ပြည်မရောက်နိုင်၊ ငရဲသာတည်း။ ပဲနောက်မျှ ကျောက်ခဲသော်လည်း ရေချလျှင် မပေါ် အောက်မြုပ်သကဲ့သို့ဟု မိန့်သည်။

အမြင်မှန်သမ္မာဒိဋ္ဌိ ၅-ပါး

ကမ္မဿကတာ၊ ဈာန၊ ဝိပဿနာ၊ မဂ္ဂ၊ ဖလ သမ္မာဒိဋ္ဌိဟု ၅-ပါးရှိရာ ကမ္မဿကတာသမ္မာဒိဋ္ဌိသည် ဘဝကောင်းကိုရစေ၍ ဈာနသမ္မာဒိဋ္ဌိသည် ဗြဟ္မာ့ပြည်ရောက်စေသည်၊ မဂ္ဂသမ္မာဒိဋ္ဌိသည် ဝဋ်ကိုဖျက်ဆီး၍ ဖလသမ္မာဒိဋ္ဌိသည် ဘဝကို တားမြစ်သည်။

ဝိပဿနာသမ္မာဒိဋ္ဌိသည်လည်း ပဋိသန္ဓေမယူပါ၊ “ယခုဘဝ အရဟတ္တဖိုလ် ရလျှင်ရ၊ မရလျှင် ၇-ဘဝမျှ အကျိုးပေးသည်” ဟု တိပိဋက စူဠာဘယထေရ် မိန့်သည်။

၁၆-ဧကဓမ္မပါဠိ ၃။ တတိယဝဂ်

မိစ္ဆာဒိဋ္ဌိယူသူသည် လူများကို သူတော်ကောင်းတရားကင်းစေပြီး မသူတော်တရား၌ တည်စေသည်၊ ယင်းမိစ္ဆာဒိဋ္ဌိယူသူ တစ်ယောက် လောက၌ ပေါ်ပေါက်လာလျှင် လူများ စီးပွားချမ်းသာမဲ့ အကျိုးမဲ့ဖို့၊ နတ်လူများ စီးပွားမဲ့ ဆင်းရဲဖို့သာ ဖြစ်သည်။

သမ္မာဒိဋ္ဌိယူသူသည် လူများကို မသူတော်တရား ကင်းစေပြီး သူတော်ကောင်းတရား၌ တည်စေသည်၊ ယင်း သမ္မာဒိဋ္ဌိ ယူသူတစ်ယောက် လောက၌ ပေါ်ပေါက်လာလျှင် အားလုံး ချမ်းသာဖို့ ဖြစ်သည်။

မိစ္ဆာဒိဋ္ဌိနှင့်အတူ အပြစ်ကြီးလေးသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်၊ အပြစ်ကြီးလေးသော အကုသိုလ်ကံတို့သည် မိစ္ဆာဒိဋ္ဌိသာလျှင် လွန်ကဲခြင်း ရှိကုန်သည်။

စာမျက်နှာ-324


လူများ စီးပွားချမ်းသာမဲ့ အကျိုးမဲ့ဖို့၊ နတ်လူများ စီးပွားမဲ့ ဆင်းရဲဖို့ကျင့်သော မက္ခလိဂေါသာလ-အချည်းနှီးယောက်ျားနှင့်တူသော အခြား တစ်ဦးတစ်ယောက်ကိုမှလည်း ငါမမြင်။ ငါးများပျက်စီးဖို့ မြစ်ဆုံ မြစ်ဝ၌ မြုံးထောင်ထားသကဲ့သို့ သတ္တဝါများ ပျက်စီးဖို့ရာ မက္ခလိဂေါသာလ အချည်းနှီးယောက်ျား လောက၌ ပေါ်လာသည်။

ဗာဟိရကသာသနာ၌ ဆရာကိုယ်တိုင် ဆောက်တည်၍ တပည့်ကိုလည်း ဆောက်တည်စေသည်၊ ဆုံးမတိုင်း ဖြစ်ဖို့ တပည့်ကလည်း ကျင့်သည်၊ ဆရာ တပည့်အားလုံး မကောင်းမှုများစွာ ဖြစ်ပွားစေကုန်သည်၊ ထိုသို့ဖြစ်ခြင်းကား တရားကို မကောင်းသဖြင့် ဟောထားအပ်သောကြောင့်တည်း။

ဘုရားသာသနာ၌ကား ဆရာတပည့်အားလုံး ကောင်းမှုများစွာ ဖြစ်ပွားစေကုန်သည်၊ ထိုသို့ဖြစ်ခြင်းကား တရားကို ကောင်းစွာ ဟောထားအပ်သောကြောင့်တည်း။

ဗာဟိရကသာသနာ၌ အတိုင်းအရှည်ကို အလှူရှင်က သိရမည်၊ အလှူခံက သိရန် မလို၊ တရားကို မကောင်းသဖြင့် ဟောထားအပ်သောကြောင့် ဖြစ်သည်။
ဘုရားသာသနာ၌ အတိုင်းအရှည်ကို အလှူခံက သိရမည်၊ အလှူရှင်က သိရန်မလို၊ တရားကို ကောင်းစွာဟောထားအပ်သောကြောင့် ဖြစ်သည်။

ဗာဟိရကသာသနာ၌ လုံ့လထက်သန်သူ ဆင်းရဲ၍ ပျင်းရိသူ ချမ်းသာစွာ နေရသည်၊ တရားမမှန်၍ ဖြစ်သည်။
ဘုရားသာသနာ၌ ပျင်းရိသူ ဆင်းရဲစွာနေရ၍ လုံ့လထက်သန်သူ ချမ်းသာစွာနေရသည်။ တရားမှန်၍ ဖြစ်သည်။

အနည်းငယ်မျှသော မစင်၊ ကျင်ငယ်၊ တံတွေး၊ ပြည်၊ သွေးသည်လည်း မကောင်းသော အနံ့အသက်ရှိသကဲ့သို့ အနည်းငယ်သော ဘဝကိုလည်း ငါမချီးမွမ်း၊ အယုတ်ဆုံး လက်ဖျစ်တတီး ကာလဘဝကိုလည်း ငါမချီးမွမ်းဟု မိန့်တော်မူသည်။

မိစ္ဆာဒိဋ္ဌိယူသူဟူသည်

တိတ္ထိဆရာကြီး ၆-ဦးနှင့် ဒေဝဒတ်အလားတူ ပုဂ္ဂိုလ်များ ဖြစ်သည်၊ သမ္မာဒိဋ္ဌိယူသူဟူရာ၌ ဘုရားမပွင့်ခင် စကြာမင်းနှင့် ဘုရားလောင်း စသည်များ၊ ဘုရားပွင့်လျှင် ဘုရားရှင်နှင့် တပည့်သာဝကများ ဖြစ်သည်။

မိစ္ဆာဒိဋ္ဌိ အပြစ်အကြီးဆုံး

ပဉ္စာနန္တရိယကံများ အပြစ်ကြီးသော်လည်း အချိန်ပိုင်းခြားရသည်၊ ကံ ၄-ပါးကို ငရဲ၊ သံဃဘေဒကကံကို ငရဲ၌ တစ်ကမ္ဘာဟု ပိုင်းခြားရ၍ အဆုံးရှိသည်။ နိယတမိစ္ဆာဒိဋ္ဌိအတွက်ကား ပိုင်းခြားမရပါ၊ မှန်၏။ ဝဋ်မြစ်ဖြစ်၍ ဘဝမှ လွတ်လမ်းမရှိ၊ နားထောင်သူ တပည့်များလည်း ပျက်စီးကြရသည်။ နတ်ပြည်နှင့် မဂ် ၂-ချက်လုံး မရတော့၊ ကမ္ဘာပျက်လျှင် လူများ ဗြဟ္မာ့ပြည် ရောက်ကြရာ

စာမျက်နှာ-325


မိစ္ဆာယူသူကား စကြဝဠာ အပြင်ထွက်ခံရသည်၊ အပြင်စကြဝဠာပါ မီးလောင်လတ်သော် ကောင်းကင်တနေရာမှာ ခံရသည်ဟု မိန့်တော်မူကြသည်။

ဗာဟိရကသာသနာ

ဘုရားစစ် တရားစစ် သံဃာစစ် မဟုတ်ပေ၊ ဆရာခိုင်းသမျှ တပည့်များ မကောင်းမှုပြုကြရာ တပည့်များနှင့်အတူ ဆရာလည်း အကုသိုလ်ဖြစ်သည်။ ဘုရားသာသနာ ကုသိုလ်ပြုရာ၌လည်း အကျိုးဆောင်ဆရာများ အလှူရှင်နှင့် အမျှရသည်။

အတိုင်းအရှည်ကို အလှူရှင်က သိရမည်

ဗာဟိရက သာသနာ ဖြစ်သော်လည်း မလှူရဟု မဆို၊ အနည်းငယ်လှူပါ၊ အပိုလှူသော်လည်း လူစည်းစိမ်စသည် အပိုမရှိပေ။ အလှူခံကမူ အပိစ္ဆကျင့်ဝတ်မျိုး မရှိသော သာသနာဖြစ်၍ ရသလောက်ယူ၊ သားမယား ကျွေးရမည်ဖြစ်၍ အတိုင်းအရှည် သိရန်မလို။

အတိုင်းအရှည်ကို အလှူခံက သိရမည်

သာသနာတော်၌ အလှူခံပုဂ္ဂိုလ်သည် အလှူရှင်၊ လှူဖွယ်၊ မိမိစွမ်းအား တိုင်းတာတတ်ရမည်။

လှူဖွယ်များသည်၊ အလှူရှင်က နည်းနည်းလှူလိုသည်၊ နည်းနည်းအလှူခံပါ။

လှူဖွယ်နည်းသည်၊ အလှူရှင်များက များများလှူလိုသည်၊ နည်းနည်းအလှူခံပါ။

လှူဖွယ်များသည်၊ အလှူရှင်က များများလှူလိုသည်၊ မိမိစွမ်းအားသိ၍ တိုင်းတာ အလှူခံပါ။

ဤသို့အလှူခံလျှင် အပိစ္ဆအကျင့်ပြည့်၍ မဖြစ်သေးသော လာဘ်ဖြစ်၊ ဖြစ်ပြီးလာဘ် ခိုင်မာသည်၊ မကြည်ညိုသူများ ကြည်ညို၍ ကြည်ညိုပြီးသူများ တိုးကြည်ညိုသည်။ လူများ၏ ပြယုဂ်မြင်ကွင်းသဖွယ်ဖြစ်ကာ သာသနာပြုရာ ရောက်တော့သည်။

မဖြစ်သေးသောလာဘ်ဖြစ်

ရောဟဏဇနပုဒ် ကုဋမ္ဗရိယကျောင်းနေ ရဟန်းငယ် တစ်ပါးသည် အစာရှားပါးချိန် အလုပ်သမားအိမ်၌ ပမာဏကိုသိ၍သာ အလှူခံသည်၊ ထိုအရှင်၏ အလိုနည်းသော ဂုဏ်ကိုသိ၍ အမတ်ကြီးများက တစ်နေ့တည်းဖြင့် ဆွမ်းအိုး ၆၀-တည်ထားကြသည်။

ဖြစ်ပြီးလာဘ်ခိုင်မာ

သဒ္ဓါတိဿမင်းကြီးသည် ခါသားရ၍ စားဦးစားဖျား လှူပြီးမှ စားမည်ကြံကာ ပရိဝုဏ်နေ မဟာထေရ်ကြီး၏ ဘဏ္ဍာစိုး သာမဏေအား လှူသည်၊ အနည်းငယ်သာယူသော သာမဏေ၏ အပိစ္ဆ (အလိုနည်း) သော ဂုဏ်ကို ကြည်ညို၍ ဆွမ်းအိုး ၈-လုံး လှူပြန်ရာ “ဥပဇ္ဈာယ်အား လှူပါ၏” ဟု ဆိုသည်။ နောက် ၈-လုံးကို ဆရာ၊ နောက် ၈-လုံးကို ဆရာတူတပည့်၊ နောက် ၈-လုံးကို ရဟန်းသံဃာအား လှူပါ၏” ဆိုသဖြင့် နောက် ၈-လုံး ထပ်လှူမှ သည်းခံတော့သည်။

စာမျက်နှာ-326


မကြည်ညိုသူများ ကြည်ညို
ဒီဃမည်သောပုဏ္ဏားတစ်ဦး ပုဏ္ဏားများကို ထမင်းကျွေးရာ ထမင်းလိုက်မလောက်ဖြစ်သည်၊ “ရဟန်းများ အလိုနည်းကြသည်” ဟူသော စကားကြား၍ တချိန်မှာ စုံစမ်းရန် ကျောင်းသွားသည်။ သံဃာ ၃၀-ဆွမ်းဘုဉ်းပေးနေရာ၌ ထမင်း တစ်ပန်းကန်ယူ၍ သံဃထေရ်ကပ်ရာ လက်ညှိုးလှုပ်ကာ အနည်းငယ်သာ ယူသည်၊ အခြား ထေရ်များလည်း ထို့အတူသာ ယူရကား သံဃာအားလုံး လောက်သည်၊ “ငါကြားသောဂုဏ်သတင်း မှန်ကန်သည်” ဟု ကြည်ညိုကာ ငွေ ၁၀၀၀ိ စွန့်လှူ၍ ထိုကျောင်းတိုက်၌ စေတီတည်ထားသည်။

အတိုင်းအရှည် အလှူရှင်က သိရန်မလို

အလှူရှင်သည် လှူဖွယ်ရှိသမျှ လှူနိုင်သည်၊ လှူခြင်းကြောင့်သာ လူ၊ နတ်၊ နိဗ္ဗာန် ချမ်းသာ အဆင့်ဆင့်ကို မြင့်သည်ထက် မြင့်အောင် ရသည်။

လုံ့လထက်သန်သူ ဆင်းရဲစွာနေရ

ဗာဟိရက သာသနာ၌ ပဉ္စာတပစသော အကျင့်များကို ထက်သန်စွာ ကျင့်သဖြင့် မျက်မှောက်ပင် ဆင်းရဲလှတော့သည်၊ တမလွန်၌ကား ငရဲသာတည်း။

ပျင်းရိသူ ဆင်းရဲစွာနေရ

ဘုရားသာသနာ၌ ရဟန်းပြုပြီး နှလုံးသွင်းမမှန်၊ ကျမ်းဂန်မသင်ယူ၊ ဆရာဥပဇ္ဈာယ်ဝတ်၊ စေတိယင်္ဂဏဝတ် စသည်ကိုလည်း မပြု၊ လူများ၏ သဒ္ဓါ၍ လှူသောပစ္စည်းများကို မဆင်ခြင်စားသုံးကာ ချမ်းသာစွာ အိပ်သည်၊ နိုးလျှင် မသင့်ရာကိုသာ ကြံရာ သာသနာမှာ နေမရနိုင်၊ မျက်မှောက်ဆင်းရဲပြီး တမလွန်၌လည်း အပါယ်က ဆွဲမည်သာ။

ပျင်းရိသူမှ ချမ်းသာစွာ နေရမည်

ဗာဟိရက သာသနာ၌ ရံခါ ပဉ္စာတပစသော အကျင့်များကျင့်၊ ရံခါ ဝတ်ကောင်းစားလှ ကျနစွာနေသူကား ပစ္စုပ္ပန်၌လည်း ချမ်းသာ၊ တမလွန်လည်း အကျင့်မပြင်း၍ ငရဲဆင်းရဲများစွာ မခံစားရပါ။

လုံ့လသန်မှ ချမ်းသာစံရ

ဘုရားသာသနာ၌ ရဟန်းပြုပြီးချိန်မှစ၍ ဝတ်နီဗဒ်ပြု၊ ပရိယတ်သင်ယူ၊ နှလုံးသွင်းမှန်ဖြင့် ရဟန်းတရား ပွားများနိုင်ရကား စိတ်ချမ်းသာ ကြည်လင်နေသည်၊ ပစ္စုပ္ပန်ချမ်းသာကြောင့် အရဟတ္တဖိုလ် မရောက်စေကာမူ ဖြစ်ရာအသိဉာဏ် လျင်သဖြင့် ချမ်းသာပေတော့သည်။

နည်းသောမစင်ပင် အနံ့ဆိုးလှ

ဘုရားရှင်သည် ရဟန်းများအား “ငါ့သားတော်များဟာ ပုဂ္ဂိုလ် ၉-ဦး ငရဲ, တိရစ္ဆာန်, ပြိတ္တာ ဘဝမှ လွတ်ကြပြီ” ဟု ကြားပြီး “ငါတို့ ငရဲစသည် ဖြစ်လမ်းကုန်ပြီ” ဟု ထင်ကာ အထက်မဂ်ဖိုလ် အားထုတ်ဖို့ မေ့ကောင်း မေ့ကြမည်၊ သားတော်တွေကို ထိတ်လန့်စေမှဟု ကြံ၍ ထိတ်လန့်စေဖို့ ဤသုတ်ကို အတ္ထုပ္ပတ်အလျောက် ဟောသည်။

စာမျက်နှာ-327


၁၆-ဧကဓမ္မပါဠိ ၄။ စတုတ္ထဝဂ်

ဇမ္ဗူဒိပ်ကျွန်း၌ ပျော်ဖွယ်ကောင်းသော အာရာမ်တောမြေ နေရာ ရေကန် အနည်းငယ်သာရှိသော်လည်း ချိုင့်ဝှမ်း မြင့်မောက်သောမြေ၊ အသွားခက်သောမြစ်၊ ငုတ်ငြောင့် ရှိသောနေရာ မညီညာသော တောင်တို့သာ များသည်၊ ဤအတူပင် ကုန်းနေသော သတ္တဝါနည်း၍ ရေနေသတ္တဝါတို့သာ များသည်။

လူ့ပြည်၌ ဖြစ်သူနည်း၍ အပါယ်ဘုံသားတို့သာ များသည်။

မဇ္ဈိမဇနပုဒ်တို့၌ ဖြစ်သူနည်း၍ တိုင်းစွန်းပြည်နား ဇနပုဒ်၊ သစ္စာ ၄-ပါး မသိကုန်၊ လူရိုင်းများနေရာတို့၌ ဖြစ်သူ ပို၍သာ များသည်။

မထိုင်းမှိုင်း မဆွံ့အကုန်ဘဲ ကောင်းဆိုးစကား၏ အဓိပ္ပာယ်ကိုသာ သိကုန်သော ပညာရှင်များနည်း၍ ထိုင်းမှိုင်း ဆွံ့အ ကောင်းဆိုးစကား၏ အဓိပ္ပာယ်ကို မသိ ပညာမဲ့သူတို့သာ များသည်။

မြတ်သော ပညာမျက်စိရှိသူများ နည်း၍ အဝိဇ္ဇာအမှောင်မိ၍ တွေဝေသူတို့သာ များသည်။

ဘုရားရှင်ကို ဖူးမြင်ရသူများ နည်း၍ မဖူးမြင်ရသူတို့သာ များသည်။

ဘုရားရှင်တရား နာကြားရသူများ နည်း၍ မကြားနာရသူတို့သာ များသည်။

ကြားနာပြီး တရားဆောင်ထားသူများနည်း၍ ဆောင်မထားသူတို့သာ များသည်။

ဆောင်ထားသော တရား၏ အနက်အဓိပ္ပာယ်ကို စုံစမ်းစိစစ်သူများ နည်း၍ မစိစစ်သူတို့သာ များသည်။

ပါဠိအဋ္ဌကထာကို သိကာ တရားနှင့် အလျော်ကျင့်သူများ နည်း၍ မကျင့်သူတို့သာ များသည်။

ထိတ်လန့်စေနိုင်သည့် ဇာတိစသော အကြောင်းတို့၌ ထိတ်လန့်သူများ နည်း၍ မထိတ်လန့်သူတို့သာ များသည်။

ထိတ်လန့်ကာ အကြောင်းသင့် အားထုတ်သူများ နည်း၍ အားမထုတ်သူတို့သာ များသည်။

နိဗ္ဗာန်ကို အာရုံပြု၍ မဂ်ဖိုလ်သမာဓိရ စိတ်တည်ကြည်မှု ရသူများ နည်း၍ မရသူတို့သာ များသည်။

ထမင်းကောင်း အရသာကောင်း ရသူများ နည်း၍ မရကြဘဲ ခွက်လက်စွဲကာ တောင်း၍ရသော ထမင်း၊ သစ်သီးကြီးငယ်ဖြင့် မျှတရသူတို့သာ များသည်။

မဂ်ဖိုလ်နိဗ္ဗာန်အရသာ ရသူများ နည်း၍ မရသူတို့သာ များသည်၊ ထိုသို့ ဖြစ်သောကြောင့် သာသနာတော်၌ ဤသို့လျှင် “မဂ်ဖိုလ်နိဗ္ဗာန် အရသာများ ရသူတို့ ဖြစ်ကုန်အံ့” ဟု ကျင့်ရမည်၊ သင်တို့ ဤအတိုင်း ကျင့်ဟု ဟောတော်မူသည်။

စာမျက်နှာ-328


လူ့ပြည်မှ စုတေ၍ လူ့ပြည်ပြန်ဖြစ်၊ နတ်ပြည်သွားသူများ နည်း၍ ငရဲဘုံ၊ တိရစ္ဆာန်မျိုး၊ ပြိတ္တာဘုံ ဖြစ်သူတို့သာ များသည်။

နတ်ပြည်မှ စုတေ၍ နတ်ပြည်ပြန်ဖြစ်၊ လူ့ပြည်သွားသူများ နည်း၍ အပါယ်သွားသူတို့ (အထက် ၃-နေရာ) များသည်။

ငရဲမှ စုတေ၍ လူနတ်တို့၌ သွားသူများ နည်း၍ အပါယ်သွားသူတို့ များသည်။

တိရစ္ဆာန်မျိုးမှ စုတေ၍ လူနတ်တို့၌ သွားသူများ နည်း၍ အပါယ်သွားသူတို့ များသည်။

ပြိတ္တာဘုံမှ စုတေ၍ လူနတ်တို့၌ သွားသူများ နည်း၍ အပါယ်သွားသူတို့ များသည်။

ဇမ္ဗူဒိပ်ကျွန်း

ဇမ္ဗုသပြေပင်ဖြင့် ထင်ရှားသော တောင်ကျွန်းတည်း၊ ဤကျွန်း၏ အမှတ်အသား ဇမ္ဗုသပြေပင်ကား အမြင့်ယူဇနာ ၁၀၀၊ ကိုင်းခက်များ ၅၀၊ ပင်စည်လုံးပတ် ၁၅-ယူဇနာရှိကာ ဟိမဝန္တာတောင်၌ ပေါက်၍ တစ်ကမ္ဘာလုံး တည်သည်။

ထို့အတူ အနောက်ကျွန်း ထိန်ပင်၊ မြောက်ကျွန်း ပဒေသာပင်၊ အရှေ့ကျွန်း ကုက္ကိုပင်၊ အသူရာပြည် သခွတ်ပင်၊ ဂဠုန်ပြည် လက်ပံပင်၊ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်တို့လည်း တစ်ကမ္ဘာလုံး တည်ကြသည်။

ရေနေသတ္တဝါများပုံ

သီဟိုဠ်ကျွန်းမှ ယူဇနာ ၇၀၀-ဝေးသော သထုံပြည်သို့ လေကောင်းလျှင် ၇-နေ့ ၇-ညနှင့် ရောက်နိုင်သည်၊ အခါတစ်ပါး ၇-ရက်ပတ်လုံး ငါး၏ကျောပေါ်သာ သွားရခြင်းအားဖြင့် ရေနေသတ္တဝါများပုံ သိသာသည်။

ရေကန်ကြီးတစ်ခု၌ ကြာရုံတစ်ခုတွင် အရွက် ၄-ရွက်သည် ကျွန်းကြီး ၄-ကျွန်း၊ အလယ်ကြာရုံသည် မြင်းမိုရ်တောင်၊ ကြွင်းသမျှကား ရေသာဖြစ်သည့်ပမာ စကြဝဠာကြီး၌လည်း ဤအတူပင် ကုန်းနည်း၍ ရေများပုံဖြင့်လည်း ရေနေသတ္တဝါများပုံ သိနိုင်သည်၊ တန်ခိုးရှင်များ ကောင်းကင်က သွားလျှင် ထင်ရှားသည်။

မဇ္ဈိမဒေသတိုက်

အရှေ့အရပ်၌ ဂဇင်္ဂလနိဂုံးနှင့် အင်ကြင်းပင်ကြီး၊ အရှေ့တောင်အရပ်၌ သလ္လာဝတီမြစ်၊ တောင်အရပ်၌ သေတကဏ္ဏိကနိဂုံး၊ အနောက်အရပ်၌ ထုဏပုဏ္ဏားရွာ၊ မြောက်အရပ်၌ ဥသီရိဒ္ဓဇတောင်၊ ဤနယ်နိမိတ်သည် မဇ္ဈိမတိုက်မည်၍ အပြင်ကား အစွန်ဇနပုဒ် မည်သည်။ မဇ္ဈိမတိုက်ကား မုရိုးစည်သဏ္ဌာန် ရှိ၍ အဖြောင့်အားဖြင့် အချို့နေရာ ယူဇနာ ၈၀၊ အချို့နေရာ ၁၀၀၊ အချို့ ၂၀၀ ရှိသည်။ အလယ်ကား ယူဇနာ ၃၀၀-ရှိ၍ အဝန်းယူဇနာ ၉၀၀-ရှိသည်။

ဤအရပ်၌သာ ဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓါ၊ သာဝကများ၊ အလုပ်အကျွေးများနှင့် ဘုရားမယ်တော်၊ ခမည်းတော်၊ စကြာမင်းများ ဖြစ်နိုင်သည်၊ တနည်းအားဖြင့်

စာမျက်နှာ-329


ဇမ္ဗူဒိပ် တကျွန်းလုံး မဇ္ဈိမဒေသ၊ ကြွင်း ၃-ကျွန်း တိုင်းစွန်ပြည်နား ဇနပုဒ်၊ သီဟိုဠ်ကျွန်း၌ အနုရာဓမြို့သည် မဇ္ဈိမဒေသ၊ ကြွင်းအရပ်များသည် တိုင်းစွန်ပြည်နား ဇနပုဒ်ဟု အချင်းချင်း ထောက်ဆ၍လည်း ကောက်ယူနိုင်သည်။

ထမင်းကောင်း အရသာကောင်း ရသူမည်သည်

ခဲဖွယ်ဘောဇဉ် လိုချင်စိတ်ရှိဆဲ၊ ခဏမရ၊ ရပြန်လျှင်လည်း အဆင်းအနံ့အရသာ မနှစ်ခြိုက်လျှင် ရသူမမည်သေးပါ၊ စိတ်ကြိုက် အဆင်းအနံ့အရသာရှိ ပစ္စည်းကိုရမှ ရသူမည်သည်၊ အမြင့်ဆုံး စကြာမင်း အနိမ့်ဆုံး ဓမ္မာသောကမင်းတို့ကား ရသူမည်ကြသည်။ အချုပ်အားဖြင့် တစ်သိန်းတန် ထမင်းပွဲသည် ထမင်းကောင်း ရသာကောင်း ဖြစ်သည်။

လူများ မွန်မြတ်စွာ သံဃာများကျွေးသော ဆွမ်းကား ခွက်လက်စွဲကာ တောင်းရသော ထမင်းနှင့် နှိုင်းစာလျှင် ထမင်းကောင်း ရသာကောင်းဟု ဆိုနိုင်သည်။

၁၇-ပသာဒကရဓမ္မဝဂ်

တောနေရဟန်း၏ အဖြစ်ကား မုချလာဘ်ရကြောင်း ဖြစ်သည် (တောနေရဟန်းနှင့် တူအောင် မကောင်းမှုမပြုရကား လူအများ လေးစားပူဇော်သည်)။ ပိဏ္ဍပါတ်ဓုတင်ဆောင်၊ ပံ့သကူဆောင်၊ တိစီဝရိတ်ဆောင်၊ တရားဟော၊ ဝိနည်းဆောင်၊ အကြားအမြင် များသော၊ သိက္ခာကြီး၍ တည်မြဲခြင်းသို့ ရောက်သော၊ ကြည်ညိုဖွယ်ရှိသော၊ စင်ကြယ်သော၊ အခြံအရံရှိသော၊ များမြတ်သော အရံရှိသော၊ အမျိုးကောင်းသား၊ ကိုယ်အဆင်း လှသော၊ စကားချိုသာသော၊ အလိုနည်းသော၊ ကျန်းမာရေး ကောင်းသော ရဟန်း၏ အဖြစ်ကား (ကျန်းမာသဖြင့် ဂန္ထဓူရ ဝိပဿနာဓူရ ဖြည့်နိုင်သောကြောင့်) မုချလာဘ် ရကြောင်းဖြစ်သည်ဟု ကြည်ညိုခြင်းကို ပြုတတ်သောတရား (ကြည်ညိုကြောင်းတရား-အကြည်ညိုခံရကြောင်း တရား) ၆-ပါးကို ဟောတော်မူသည်။

၁၈-အပရအစ္ဆရာသင်္ဃာတဝဂ်

လက်ဖျစ်တတီး ကာလမျှလည်း ပထမဈာန်ကို ရဟန်းပွားများအံ့၊ ဤရဟန်းကို ဈာန် မဆိတ်သုဉ်းဘဲနေသောရဟန်း၊ ဘုရားရှင်၏ သွန်သင်ဆုံးမမှုကို လိုက်နာနေသောရဟန်း၊ ပြည်သူတို့ဆွမ်းကို အကျိုးရှိအောင် စားသုံးသောရဟန်းဟု ဆိုထိုက်သည်၊ ထိုဈာန်ကို အဖန်ဖန် လေ့လာသော ရဟန်းများအဖို့ ဆိုဖွယ်မရှိတော့ပြီ။

စာမျက်နှာ-330


ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ မေတ္တာဈာန် (ပျက်စီးစေလိုခြင်း ဗျာပါဒမှ စိတ်လွတ်မြောက်ကြောင်း) ကရုဏာဈာန် (ညှဉ်းဆဲလိုခြင်း ဝိဟိံသမှ စိတ်လွတ်မြောက်ကြောင်း) မုဒိတာဈာန် (မမွေ့လျော်ခြင်း အရတိမှ စိတ်လွတ်မြောက်ကြောင်း) ဥပေက္ခာဈာန် (တပ်မက်ခြင်း ရာဂမှ စိတ်လွှတ်မြောက်ကြောင်း) ကို ပွားများအံ့။

သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄၊ ဣန္ဒြေ ၅၊ ဗိုလ် ၅၊ ဗောဇ္ဈင် ၇၊ မဂ္ဂင် ၈-ပါး ပွားများငြားအံ့ (သရုပ်များကို ပိဋက ဘာသာပြန်ကြည့်လေ၊ နောက် နည်းတူ)။

အဘိဘာယတန ၈-ပါး၊ ဝိမုတ္တာယတန ၈-ပါး၊ ကသိုဏ်း ၁၀-ပါး၊ အသုဘ စသော သညာ ၁၀-ပါး၊ အနိစ္စစသော သညာ ၁၀-ပါး၊ အနုဿတိ ၁၀-ပါး၊ ပထမဈာန်နှင့် တကွ ဖြစ်သော ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ပေါင်း ၁၀-ပါးကို ပွားများငြားအံ့။

ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ မေတ္တာဈာန်၊ ကရုဏာဈာန်၊ မုဒိတာဈာန်၊ ဥပေက္ခာဈာန်နှင့်တကွဖြစ်သော ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ပေါင်း ၁၀-ပါးကို ပွားများငြားအံ့၊ ဤရဟန်းကို ဈာန်မဆိတ်သုဉ်းဘဲ နေသောရဟန်း (လ) ပြည်သူတို့ဆွမ်းကို အကျိုးရှိအောင်စားသုံးသော ရဟန်းဟု ဆိုထိုက်သည်၊ ထိုဥပေက္ခာဈာန် နှင့်တကွဖြစ်သော ပညာဗိုလ်ကို အဖန်ဖန်လေ့လာသော ရဟန်းများအဖို့ ဆိုဖွယ်မရှိတော့ပြီဟု မိန့်တော်မူသည်။

အဂ္ဂိက္ခန္ဓူပမသုတ်နှင့် စပ်၍ဟော

အပ္ပနာရောက် မေတ္တာကျိုးမှာ ဆိုဖွယ်မရှိပြီဟု ထိုဖြစ်ရပ်နှင့်စပ်ပြီး ဤဒေသနာကို ဘုရားဟောတော်မူသည်။

ဈာန် ၂-မျိုးရှိရာ

သမာပတ် ၈-ပါးတို့သည် အာရမ္မဏူပနိဇ္ဈာန် မည်၍ ပထဝီကသိုဏ်းစသော အာရုံကို ကပ်ရှုတတ်သည်၊ ဝိပဿနာမဂ်ဖိုလ်တို့သည် လက္ခဏူပနိဇ္ဈာန် မည်၍ အနိစ္စစသည်နှင့်စပ်၍ သင်္ခါရသဘောကို ကပ်ရှုတတ်သည်၊ ဝိပဿနာ၏နိဇ္ဈာနကိစ္စသည် မဂ်ဖြင့်ပြီး၍ မဂ်သည် လက္ခဏူပနိဇ္ဈာန် သုညတစသည် သဘောရှိသော နိဗ္ဗာန်ကို ကပ်ရှုတတ်၍ ဖိုလ်သည်လည်း လက္ခဏူပနိဇ္ဈာန် မည်သည်၊ ဤသုတ်ဆိုင်ရာ၌ အာရမ္မဏူပနိဇ္ဈာန်ကို လိုအပ်သည်။

သတိပဋ္ဌာန် ၄-ပါး

ကာယာနုပဿနာ သတိပဋ္ဌာန်သည် ရုပ်သက်သက် သုံးသပ်၍ ဝေဒနာ၊ စိတ္တတို့ကား နာမ်သက်သက်၊ ဓမ္မကား ရုပ်နာမ် ၂-ပါးလုံး သုံးသပ်သည်။

စာမျက်နှာ-331



သမ္မပ္ပဓာန်ဆိုင်ရာဖြစ်ပြီး အကုသိုလ်ဟူရာ၌-
ဥပ္ပန္န ၄-ပါးတွင် ဖြစ်ဆဲပစ္စုပ္ပန် သင်္ခတ တရားသည် ဝတ္တမာနုပ္ပန္န မည်၍ ဖြစ်ပြီး အတိတ်သင်္ခတ တရားသည် ဟုတွာ ပဂတုပ္ပန္န မည်သည်၊ အတိတ်ကံနှင့် အနာဂတ် အကျိုးဝိပါက်တရားကား ဩကာသကတုပန္န၊ ဥပါဒါနက္ခန္ဓာများ၌ ဖြစ်ပေါ်လာနိုင်သည့် ကိလေသာများမှာ ဘူမိလဒ္ဓုပ္ပန္န မည်ကြသည်။

မဂ်ပယ်ဥပ္ပန္န

ယင်း ၄-ပါးတွင် ကာလ ၃-ပါးလည်း မဟုတ်၊ အဘာဝပညတ်လည်း မဟုတ်သော ဘူမိလဒ္ဓုပ္ပန္နကိုသာ မဂ်ကပယ်သည်၊ မှန်၏။ အတိတ် ကိလေသာကား ချုပ်ပြီးဖြစ်၍ ပယ်ဖို့မလို၊ အနာဂတ် ကိလေသာလည်း အနာမရှိခင် ဆေးတင် မဖြစ်သလို မဖြစ်သေး၍ ပယ်ရန်မလို၊ ပစ္စုပ္ပန်ကိလေသာမှာလည်း ကိလေသာဖြစ်ဆဲ၊ မဂ် မဖြစ်နိုင်၊ စိတ်၂-မျိုး တပြိုင်နက် မဖြစ်ကောင်း၍ ပယ်မဖြစ်ပါ၊ ဖြစ်လာမည့်ကိလေသာများ မဖြစ်အောင် တားခြင်းကို (ဖြစ်ခွင့်မရခြင်းကို) မဂ်ကပယ်သတ်သည်ဟုဆိုလိုသည်။

တနည်း ဥပ္ပန္န ၄-ပါး

ဖြစ်ဆဲ ပစ္စုပ္ပန် သင်္ခတတရားသည် သမုဒါစာရုပ္ပန္န၊ အမှတ် ရတိုင်း ပေါ်လာနိုင်သည့် ကိလေသာမျိုးသည် အာရမ္မဏဓိဂ္ဂဟိတုပ္ပန္န၊ ဝိက္ခမ္ဘနပဟာန်ဖြင့် မပယ်ရသေးသည့် ကိလေသာသည် အဝိက္ခမ္ဘိတုပ္ပန္န၊ သမုစ္ဆေဒပဟာန်ဖြင့် မပယ်ရသေးသည့် ကိလေသာသည် အသမူဟတုပ္ပန္န မည်သည်၊ ယင်း ၄-မျိုးတွင် ၂-၃-၄-သည် အကြောင်းသင့်လျှင် ပေါ်လာနိုင်၍ ဘူမိလဒ္ဓုပ္ပန္နနှင့်တူရကား ယင်းနောက် ၃-မျိုးကိုသာ မဂ်ကပယ်သည်။

ဣန္ဒြေ ၅-ပါးစင်ကြယ်ကြောင်း

၃-ပါးစီ သဒ္ဓါနည်းသူ ရှောင်၊ သဒ္ဓါရှိသူမှီဝဲ၊ ကြည်ညိုဖွယ်ရာ သုတ္တန်များ ဆင်ခြင်က သဒ္ဓါဣန္ဒြေစင်ကြယ်သည်၊ ပျင်းသူရှောင်၊ ဝီရိယ ရှိသူပေါင်း၊ ဝီရိယကျိုးဆင်ခြင်၊ ဝီရိယစင်ကြယ်သည်၊ မေ့တတ်သူရှောင်၊ သတိကောင်း သူပေါင်း၊ သတိအကျိုးဆင်ခြင်၊ သတိစင်ကြယ်သည်၊ စိတ်မခိုင်သူရှောင်၊ တည်ကြည် သူပေါင်း၊ ဈာန်ဝိမောက္ခတို့ကို ဆင်ခြင်၊ သမာဓိ စင်ကြယ်သည်။ ပညာမဲ့သူရှောင် ပညာရှိသူပေါင်း၊ သိမ်မွေ့နက်နဲသော ခန္ဓာစသည်ကို ဆင်ခြင်၊ ပညိန္ဒြေ စင်ကြယ်သည်။

ဗောဇ္ဈင် ၇-ပါး သစ္စာ ၄-ပါး သိကြောင်း တရားအပေါင်းသည် ဗောဓိ မည်ရှိ တရားအစိတ်အစိတ်သည် ဗောဇ္ဈင်မည်သည်၊ အောက်မေ့ဆင်ခြင်မှုရှိခြင်း၊ သတိကင်း သူကိုရှောင်ခြင်းစသည်ဖြင့် သတိဖြစ်ကြောင်း ၄-ပါးရှိသည်။

ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၇-ပါး

တွင်းပြင်ဝတ္ထုများ သန့်ရှင်းစေခြင်းဟူသည် လက်သည်း ခြေသည်းရှည်ခြင်း၊ ခန္ဓာကိုယ် အပြစ်ဒေါသနှင့် ချွေးစသည် ရှိခြင်းများသည် အတွင်း မသန့်ရှင်းသည်မည်၍ သင်္ကန်း

စာမျက်နှာ-332


ဆွေးမြေ့ ညစ်ပေခြင်း၊ ကျောင်းတွင်း အမှိုက်ရှိခြင်းများသည် ပြင်ပ မသန့်ရှင်းသည် မည်သည်၊ ယင်း အဖြစ်များ ကင်းအောင် သုတ်သင် ပြင်ဆင် ရမည်၊ သန့်ရှင်းရာ၌ စိတ်စေတသိက်များဖြစ်ရလျှင် ဉာဏ်လည်း သန့်ရှင်းတော့သည်။

ဣညီမျှစေခြင်း

သဒ္ဓါအားကောင်း၍ ကြွင်း ဝီရိယစသည်တို့ အားနည်းလျှင် ဆိုင်ရာကိစ္စ မပြုစွမ်းနိုင်၊ ဝက္ကလိမထေရ်ကား ပုံစံဖြစ်သည်၊ ဝီရိယလွန်ကဲ၍ သဒ္ဓါစသည် အားနည်းရာ၌လည်း အရှင်သောဏမထေရ်တို့လို ခရီးမတွင်ပါ၊ အထူးအဖြင့် သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့် ဝီရိယ မျှရန်ဖြစ်သည်၊ သဒ္ဓါလွန်၍ ပညာနည်းလျှင် မသင့်ရာ၌ ကြည်ညိုတတ်၍ ပညာလွန်၍ သဒ္ဓါပါးလျှင်လည်း အကောက်ဘက်ဝင်ကာ ဆေးကြောင့် ဖြစ်သောရောဂါကို ကုရခက်သည်။ စိတ်ထားတတ်လျှင်ကုသိုလ် ရသည်၊ ဒါနစသည် ပြုဖို့မလိုဟု အတွေးချော်ကာ ငရဲပျော်ရသည်၊ သမာဓိကြီး၌ ဝီရိယနည်းလျှင် အပျင်းဓာတ် လွှမ်းမိုးသည်၊ ဝီရိယကြီး၍ သမာဓိ ချော်လျှင်ကား စိတ်လေလွှင့်ကာ ထိန်းမရတော့ပါ၊ ထို့ကြောင့် ၂-ပါးစုံညီမျှ သင့်သည်။

တနည်း-သမာဓိထူထောင်သူအတွက် သဒ္ဓါအားကြီးမှ အပ္ပနာရ၍ ဝိပဿနာ ထူထောင်သူအတွက် ပညာအားကြီးမှ အရိယာဖြစ်နိုင်သည်၊ သတိကား နေရာအားလုံးမှာ အားကြီးရမည်၊ ဟင်းလျာအားလုံးမှာ ဆား၊ တိုင်းပြည်ရေးရာ ကိစ္စများမှာ ဝန်ကြီးချုပ် လိုအပ်သကဲ့သို့တည်း။

ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၁၁-ပါး

ငရဲပြည်၌ ဒုက္ခခံစားရချိန်၊ တိရစ္ဆာန် ဘဝ ပိုက်ကွန်တွင်း အမိခံချိန်၊ သံချွန်ထိုးခံရပြီး လှည်းဆွဲရချိန်၊ ပြိတ္တာဘဝ ငတ်မွတ် နေရချိန်များ၌ အားမထုတ်နိုင်၊ ယခုအချိန်ကား အားထုတ်ရမည့်အချိန်ပဲ ငါ့ရှင်ဟု အပါယ်ဘေး ဆင်ခြင်သူအား ဝီရိယဖြစ်တော့သည်။

လောကုတ္တရာတရား ၉-ပါး လူပျင်းမရနိုင်ဟု ဝီရိယကျိုးမြင်သူဘုရားစစွာ အရိယာတို့ သွားလမ်းကို လူပျင်းမသွားနိုင်ဟု သွားလမ်းကို ဆင်ခြင်သူများအား ဝီရိယဖြစ်နိုင်သည်၊ ပစ္စည်း ၄-ဖြာ အလှူဒကာများသည် သင်နှင့် ဘာမျှ မတော်စပ် မပတ်သက် ကောင်းကျိုးရည်၍သာ လှူကြသည်၊ ဤပစ္စည်းများ သုံးဆောင်ပြီး ကိုယ်ချမ်းသာအောင် နေဖို့ ဘုရားရှင် ခွင့်ပြုသည်မဟုတ်၊ သုံးဆောင်ပြီး ရဟန်းတရား အားထုတ်၊ ဝဋ်မလွတ်မည်ဟုသာ ရည်ပြီး ခွင့်ပြုခဲ့သည်၊ ပျင်းနေလျှင် ဆွမ်းကို လေးစားသည် မမည်ဟု ဆွမ်း၌ လေးစားသင့်ပုံ ဆင်ခြင်သူအားလည်း ဝီရိယဖြစ်သည်။

မဟာမိတ္တထေရ်ဝတ္ထု၊ ပုံပြုဖွယ်ရာ

ကဿကလိုဏ်မှာနေသော အရှင်အား ဆွမ်းခံရာ ဒကာမကြီးတစ်ဦးက သားပမာပြုစုသည်၊ တောသွားခါနီးတချိန် “ဘယ်နေရာမှာ ဆန်ဟောင်း နို့ထောပတ်များရှိသည်၊ သင့် မောင် အယျမိတ္တကြွလာလျှင် ဆွမ်းချက်

စာမျက်နှာ-333


ပြီး ထောပတ်များပါလှူ၊ သမီးလည်းစား၊ မေမေတော့ မနေ့ကထမင်းကြမ်း ပုံးရည်နှင့် ဆမ်းစားလိုက်ပြီ” နေ့ထမင်း ဘာစားမည်လဲ မေမေ၊ သမီးကမေးရာ “ဟင်းရွက် ထည့်၍ ဆန်ကွဲယာဂုကျိုထား” ဟု ပြန်ပြောသည်။

သင်္ကန်းရုံပြီး သပိတ်ထုတ်စဉ် ထိုအမှာစကား အရှင်မြတ်ကြား၍ “ဒကာမကြီးမှာ ပုံးရည်နှင့် ထမင်းကြမ်းစားကာ နေ့လယ်စာကိုမူ ဟင်းရွက် ယာဂုကျို သောက်ရမည် ဆိုပါကလား၊ သင့်ဖို့တော့ ဆန်ဟောင်းစသည် လှူဖို့မှာနေသည်၊ သင့်ကိုမှီ၍ လယ် ယာစသည်ကို ဒကာမကြီး မတောင့်တ၊ ချမ်းသာ ၃-မျိုး တောင့်တ၍သာ လှူသည်၊ ဒကာမကြီးတောင့်တချက် သင်ပေးနိုင်ပါမည်လား၊ သင်မပေးနိုင်၊ သို့ရကား ရာဂစသည် ရှိနေသောသင်သည် ဒကာမကြီးဆွမ်းကို မခံယူထိုက်” ဤသို့ မိမိကိုယ်ကိုယ် ဆုံးမလျက် သပိတ်ကို အိပ်၌ထည့် နားပတ်ကွင်းဖြုတ်ကာ နောက်ကြောင်းပြန်ပြီး လိုဏ်တွင်းဝင်သည်၊ သပိတ်သင်္ကန်းသိမ်းဆည်းပြီး “အရဟတ္တဖိုလ်မရောက်လျှင် မတွက်တော့” ဟု ဆုံးဖြတ်ကာ ထိုင်အားထုတ်သည်။

သတိမက္ခာ ကြာမြင့်စွာနေလာသော အရှင်မြတ်သည် ရှုပွားလိုက်လျှင်ပင် နံနက်ပိုင်းအတွင်း အရဟတ္တဖိုလ်ရကာ ကြာပန်းပွင့်သည့် ပမာ ရွှင်ပြုံးစွာ ထွက်ခဲ့သည်၊ လိုဏ် တံခါးစောင့်နတ်ကလည်း နမော တေ ပုရိသာ ဇည ဥဒါန်းကျူးပြီး “အရှင်ဘုရား တို့လို ရဟန္တာသခင်များအား ဆွမ်းလှူရမှ အဖွားကြီး ဒုက္ခကင်းမှာပါဘုရား” ဟု လျှောက်ထားသည်။

အရှင်မြတ်လည်း တံခါးဖွင့်ကြည့် အချိန်ရှိသေးကြောင်းသိ၍ သပိတ် သင်္ကန်းယူကာ ဆွမ်းခံဝင်သည်၊ ဆွမ်းစီစဉ်ပြီး၍ အရှင်မြတ်အလာ မျှော်နေသော သမီးငယ်သည် ကြွလာလာချင်း လှူဒါန်းပြီး ထန်းသီးမှည့်ပမာ ဝင်းဝါတင့်တယ်လှသော အရှင်မြတ်၏ အဆင်းကို ရပ်ကြည်ညိုသည်။

တောမှပြန်လာသောမီခင်အား သမီးငယ်က အကြောင်းစုံပြောပြရာ “ငါ့သားရဲ့ ရဟန်းကိစ္စ ယနေ့ပြီးပြီ၊ သမီးမောင်တော် သာသနာမှာ မပျင်းတော့ပြီ” ဟု ပြောပြ လိုက်သည်။

ပိဏ္ဍပါတ်ဓူတင်ဆောင် တိဿထေရ်

မဟာဂါမရွာသား ထင်းထမ်းယောက်ျား ဒါရုဘဏ္ဍက မဟာတိဿသည် ဇနီးကို “သူဆင်းရဲအလှူ အကျိုးများကြောင်း ဘုရားဟောသည်။ အမြဲမလှူနိုင်သော ငါတို့ဟာ ၁၅-ရက်တစ်ကြိမ်တော့ လှူသင့်သည်၊ နောက်ရလာလျှင်လဲ စာရေးတန်ဆွမ်းလှူ ကြတာပေါ့” ဟု ပြောဆိုပြီးနောက်နေ့ရသလို ဆွမ်းလှူသည်။

စာမျက်နှာ-334


သံဃာများ ပစ္စည်း ၄-ပါးချမ်းသာချိန်ဖြစ်၍ အလှူခံပြီး-“ဆွမ်းကြမ်း’ ဟုဆိုကာ အလှူရှင်များမြင်စဉ်ပင် သာမဏေငယ်များက သွန်ပစ်သည်၊ ထိုအကြောင်း ဇနီးက လင်အား ပြောပြ၏၊ သွန်ပစ်ရမည်လောဟုကား စိတ်မဆင်းရဲပါ၊ “ငါတို့က ဆင်းရဲတော့ အရှင်မြတ်များအား အစားကောင်း မလှူနိုင်၊ အရှင်မြတ်များ စိတ်ကြိုက် ဘယ်နှယ်လုပ်၍ တတ်နိုင်ပါ့မလဲ” ဟု လင်က ပြောဆိုလျှင် “သားသမီးရှိနေမှတော့ သူဆင်းရဲမမည်ပါ၊ ရှင့်သမီးကို တအိမ်မှာထား ၁၂ကျပ်ယူပြီး နွားမတကောင်ဝယ်၊ နို့ဆွမ်းလှူရလျှင် အရှင်မြတ်များ စိတ်တိုင်းကျပါလိမ့်မည်” ဟု မယားက ပြန်ပြောသည်။

ထိုအစီအစဉ်အတိုင်းပြုရာ သူဆင်းရဲတို့၏ ဘုန်းကံကြောင့် နွားမသည် ညနံနက် နို့ ၆-အိုးရသဖြင့် စာရေးတန်နို့ ဆွမ်းကို ထောပတ်ဆန်းကာလှူရ၏၊ ဘုန်းကံရှိသူများ အလှူခံကြသည်၊ “သမီးအတွက် ငါတို့အရှက်မကွဲရ၊ အရှင်မြတ်များ သုံးဆောင်ဖို့ လည်းရပြီး ငါမပြန်မီ ဤဝတ်မပျက်စေနှင့်၊ သမီးကိုပြန်နှုတ်ဖို့ ငါအလုပ်သွားမည်” ဟု ဇနီးမှာထား အရပ်တစ်ပါး အလုပ်သွားမည်။

ကြံညှစ်လုပ်ငန်း ၆-လလုပ်၊ ၁၂-ကျပ်ရသော် ပြန်လာသည်၊ ပိဏ္ဍပတ် ဓူတင်ဆောင် အရှင်တိဿလည်း သူ့နေရာမှ ထိုမဟာ ဂါမရွာသို့ ဘုရားဖူးကြွလာရာ သူဆင်းရဲ ဥပါသကာသည် ခပ်လှမ်းလှမ်းမှမြင်ပြီး “ဤအရှင်နှင့်အတူ တရားနာယင်းသွားမည်၊ သီလဝန္တပုဂ္ဂိုလ်မျိုး အမြဲတွေ့ဖို့မလွယ်”ဟု ကြံကာ အမှီလိုက်သည်၊ “ဆွမ်းချိန်ရောက်လျှင် ငါ့မှာ ဆွမ်းထုပ်မပါ၊ ရိက္ခာသာပါသည်၊ ရွာရောက်လျှင် ဆွမ်းဝယ်ကပ်မည်” ဟု ကြံလိုက်သည်။

သူဆင်းရဲတိဿ လှူမည့်စိတ်ဖြစ်စဉ် ယောက်ျားတစ်ဦး ထမင်းတထုပ်ယူရောက်လာသည်၊ ၁-ကျပ်ပေး၍ဝယ်ရာ “တမတ်မျှမတန် ၁-ကျပ်ပေးသည်၊ အကြောင်းရှိရမည်” ဟု ထမင်းထုပ်ရှင်ကြံပြီး ၁-ကျပ်နှင့် မရောင်းနိုင်ဟု ပြန်ပြောရာ ၂-ကျပ်၊ ၃-ကျပ်၊ စသည်ဖြင့် ၁၂-ကျပ်အထိ သူဆင်းရဲတိဿ‌ ပေးဝယ်သည်။

ငွေလက်ကျန် ရှိဦးမည်ကြံပြီး ၁၂-ကျပ်နှင့်လည်း မရောင်းနိုင်ဟု ထမင်းထုပ်ရှင်က ပြောရာ တိဿက “ကျွန်တော်မှာ ငွေရှိလျှင် ပေးမှာပါ၊ ကျွန်ုပ်ဖို့လည်း မဟုတ်ပါ၊ သစ်ပင်ရင်း သီတင်းသုံးနေသည့် အရှင်မြတ်အတွက်ပါ၊ သင့်ကုသိုလ်လည်း ဖြစ်ပါစေ၊ ၁၂-ကျပ်နှင့်ပင် ထိုထမင်းထုပ်ပေးပါ” ဆိုမှ ရယူ၍ လှူသည်။

လှူ၍ ဆွမ်းထုပ်တဝက်ကျိုးလျှင် အရှင်မြတ်က သပိတ်ကိုပိတ်ရာ “တစ်ဦးတွက် ထမင်း တပည့်တော် မစားတော့ပါ၊ အရှင်ဘုရားတို့အတွက် ရှာခဲ့ရပါသည်၊ တပည့်တော်အား သနားသဖြင့် အလှူခံတော်မူကြပါ”ဟု လျှောက်ထားမှ အားလုံး အလှူခံ

စာမျက်နှာ-335


ဘုဉ်းပေးသည်၊ အရှင်မြတ်အမေးအရ ထမင်းမစားကြောင်းနှင့်တကွ အလုပ်သွား အလုပ်ပြန် အစီအစဉ်အားလုံး လျှောက်တင်သည်။

အရှင်မြတ်သည် ထိတ်လန့်လျက် “ဤဆွမ်းစားသောငါသည် အခက်ဆုံးပြုနိုင်သော ဆွမ်းဒကာ၏ ကျေးဇူးသိသင့်သည်၊ သင့်တဲ့နေရာမှာ အရေ အသား အသွေး ခြောက်ပေစေ၊ အရဟတ္တဖိုလ်မရလျှင် မထဟု ကြံကာ ကျောင်းသွား အာဂန္တုက ဝတ်ပြုပြီး မူလကမ္မဋ္ဌာန်းကိုပင် အားထုတ်တော့သည်၊ ထိုည အရောင်အလင်းကိုမျှ မဖြစ်စေနိုင်။

နောက်နေ့မှစ၍ ဆွမ်းခံကိုပင် မသွားတော့ပဲ အားထုတ်ရာ ၇-ရက်မြောက်၌ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်သည်၊ ငါ့ကိုယ် ပင်ပန်းလှပြီ၊ ငါ့အသက် ဆက်တည် မတည် ဆင်ခြင်ရာ မတည်တော့မည်ကို သိ၍ အိပ်ရာနေရာသိမ်းဆည်း သပိတ် သင်္ကန်းယူကာ ကျောင်းတိုက်အလယ် စည်တီး၍ သံဃာစုဝေးစေသည်။

သံဃာအစည်းအဝေးတွင် မည်သူက မည်သည့်အတွက် စီစဉ်သနည်း”ဟု သံဃာ့ထေရ်က မေးရာ အရှင်တိဿက “တပည့်တော်ပါ၊ ကိစ္စထူး မရှိပါ၊ မဂ်ဖိုလ်အရာ ယုံမှားသူများမေးရန် အတွက်ပါ”ဟု လျှောက်သည်၊ သံဃာ့ထေရ်က “ယုံမှား မရှိကြပါ၊ သင်အရဟတ္တဖိုလ်ရကြောင်းကို ပြောပါ”ဟု မိန့်သဖြင့် လမ်းခရီး၌ ထင်းထမ်း မဟာတိဿနှင့် အတူလာကြရာ ဆွမ်းချိန်၌ ထမင်းတထုပ် ငွေ ၁၂-ကျပ်ပေးဝယ် ကပ်လှူခဲ့ပုံ၊ ယင်းငွေကား သမီးရွေးဖို့သာ ဖြစ်ပုံ၊ သမီးကို ၁၂-ကျပ်နှင့်အပ်ကာ နွားမ ဝယ်၍ သံဃာအား နို့ဆွမ်းလှူ ရပုံ၊ ၆-လလုပ်မှ ၁၂-ကျပ်ရပုံ၊ ထိုဆွမ်းကို လေးစား၍ တရားအားထုတ်သဖြင့် အရဟတ္တဖိုလ်ရပုံများကို အရှင်တိဿက လျှောက်ထားသည်၊ ထိုနေရာရောက်လာသမျှ ပရိသတ် ၄-ပါးလုံး ကောင်းချီးပေးကြသည်။

အရှင်တိဿသည် သံဃာ့အလယ်ထိုင် လျောက်ထားယင်း “ငါ့စံကျောင်းသည် ဆွမ်းဒကာ မဟာတိ၏ လက်နှင့်ထိမှ လှုပ်ပါစေ”ဟု ဓိဋ္ဌာန်ကာ အနုပါဒိသေသ နိဗ္ဗာန် ဝင်စံချုပ်ငြိမ်းသည်။ “မထေရ်တစ်ပါး နိဗ္ဗူစံသည်”ဟု ကာကဝဏ္ဏတိဿမင်းကြီးကြား၍ ကျောင်းလာကာ စံကျောင်းပြင်ဆင်ပြီး အလောင်းတော်တင်ထားသည်၊ သင်္ဂြိုဟ်မည့်နေရာ ပို့ဖို့ မြှောက်ချီရာ လှုပ်မရပေ၊ မင်းကြီးလျှောက်ချက်အရ သံဃာက အရှင်တိဿ၏ ဓိဋ္ဌာန်ချက်ကို မိန့်ကြားကြသည်။

မင်းကြီးသည် သူဆင်းရဲ ဥပါသကာကို ခေါ်စေပြီး “နောက် ၇-ရက်က ခရီး သွားရဟန်းအား သင်ဆွမ်းထုပ်လှူဖူးသလော” မေးရာ “မှန်ပါ”ဝန်ခံပြီး မေးသမျှ အကြောင်းစုံ ပြန်လျှောက်သည်၊ မင်းကြီးက ယင်းဥပါသကာကို မထေရ်စံကျောင်း နေရာလွှတ်ပြီး “ထိုမထေရ်ကို သိမ်းပါ၊ သင့်ကိုယ်တော်လော၊ တခြားကိုယ်တော် လော”ဟု မိန့်သဖြင့် ကန့်လန့်ကာ မကြည့်ရာ မျက်နှာမြင်လျှင် မှတ်မိ၍ “ကျွန်ုပ်အရှင်ပါ”ဟု လျှောက်သည်။

စာမျက်နှာ-336


ထိုအခါ မင်းကြီးသည် သူဆင်းရဲ ဥပါသကာကို အဖိုးတန် တန်ဆာဝတ်ဆင်စေပြီး စံကျောင်းတော်ကို မြှောက်ချီခိုင်းရာ ဥပါသကာသည် မထေရ်ခြေတော်များကို ရှိခိုး၍ လက် ၂-ဘက်ဖြင့်မြှောက်၍ ထိပ်ပေါ်တင်သောခဏ စံကျောင်း(ခေါင်း)တော်သည် ကောင်းကင်ပျံတက်ကာ ထင်းပုံထက်တည်ပြီး ၄-ထောင့်တို့မှ အလိုလို မီးလျှံများတက်ကာ လောင်ကျွမ်းကြသည်။

ဘုရားရှင်၏ အရိယာဥစ္စာ ၇-ဖြာအမွေကို ခံယူနိုင်မှုကား အဆင့်မြင့်သည်ဖြစ်ရာ ပျင်းသူ မယူနိုင်၊ အကျင့်ပျက်သားကို မိဘများက သားအရာမှ ပယ်ကြ၊ အမွေဖြတ် ခံရသကဲ့သို့ ဝီရိယရှိမှ အရိယာဥစ္စာအမွေ ရသည်၊ ဤသို့ အမွေခံမြတ်ပုံ ဆင်ခြင်သူအားလည်း ဝီရိယဖြစ်သည်။

သန္ဓေတည်ချိန်၊ ဖွားချိန်၊ နောက်ဆုံး နိဗ္ဗူ၊ စံချိန်များမှာ လောကဓာတ်တသောင်း လှုပ်ရအောင်မြတ်သော ဘုရားသာသနာမှာနေလျှင် ပျင်းနေ၍မဖြစ်ဟု ဆရာဘုရား၏ မြတ်ပုံ ဆင်ခြင်သူအားလည်း ဝီရိယဖြစ်သည်၊ မဟာသမ္မတမင်းမျိုး သုဒ္ဓေါဒနမင်းမြေး ရာဟုလညီ ဘုရားသားဖြစ်သော သင်အား ပျင်းမဖြစ်ဟု ဇာတ်မြတ်ပုံ၊ သာရိပုတ္တရာ စသော သာဝကများ ဝီရိယဖြင့်သာ မဂ်ဖိုလ်ရကြသည်ဟု သီတင်းသုံးဖော်တို့မြတ်ပုံ ဆင်ခြင်သူအားလည်း ဝီရိယဖြစ်သည်။

သမာဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၁၁-ပါး

တွင်းပြင်ဝတ္တု သန့်ရှင်းအောင်ပြုခြင်း၊ ဣန္ဒြေ မျှညီစေခြင်းစသော အကြောင်းများတည်း၊ အခါအားလျော်စွာ ရွှင်လန်းစေခြင်းဟူသည် ပညာအလုပ် အားနည်းခြင်း ငြိမ်းချမ်းမှု ချမ်းသာမရခြင်းများကြောင့် စိတ်သာယာမှုနည်းချိန်တွင် သံဝေဂဝတ္တု ၈-ပါးဆင်ခြင်၍ ထိတ်လန့်စေခြင်း ရတနာ ၃-ပါးဂုဏ် အောက်မေ့၍ ကြည်ညိုစေခြင်းတည်း။

သံဝေဂဝတ္ထု ၈-ပါး

ဇာတိ ဇရာ ဗျာဓိ မရဏ ၄-ပါး အပါယ်ဘေးဝဋ် ပြစ်ကြောင့်ဖြစ်သော အတိတ်ဆင်းရဲ အနာဂတ်ဆင်းရဲ အာဟာရရှာရမှု အကြောင်းရှိသော ပစ္စုပ္ပန် ဆင်းရဲတို့တည်း။

ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၅-ပါး

သတ္တဝါများ၌ သင်္ခါရ၌ နှလုံးသွင်း မှန်ခြင်း၊ အစွဲသန်သူကို ရှောင်ခြင်း၊ နှလုံးသွင်းမှန်သူကို မှီဝဲခြင်း ဥပေက္ခာဖြစ်ဖို့သာ နှလုံးသွင်းခြင်းတို့ ဖြစ်သည်။

သတ္တဝါများ၌ နှလုံးသွင်းမှန်ကြောင်း ၂-ပါး

မောင်လှဖြစ်စေ၊ မောင်မြဖြစ်စေ၊ မိမိကံဖြင့်လာ မိမိကံဖြင့်ပင် သွားရပေမည်၊ သင်မည်သူကို မြတ်နိုးနေရသနည်း ဟု ကံသာ ကိုယ်ပိုင်ဖြစ်ပုံကို ဆင်ခြင်ခြင်း၊ ပရမတ္ထအားဖြင့် သတ္တဝါပင်မရှိ မြတ်နိုး စွဲလမ်းဖို့မလိုဟု သတ္တဝါမဟုတ်ပုံ ဆင်ခြင်ခြင်းတို့ကြောင့် နှလုံးသွင်းမှန်ရသည်။

စာမျက်နှာ-337


သင်္ခါရ၌ နှလုံးသွင်းမှန်ကြောင်း ၂-ပါး

ဤသင်္ကန်းသည် တဖြေးဖြေး ဖောက်ပြန်ဆွေးမြေ့ ကာ ခြေသုတ်ပဝါဖြစ်ပြီး တောင်ဝှေးဖြင့် ကော်ပစ်ရမည်၊ သင်တကယ် ပိုင်က ဤသို့ဖြစ်ခွင့် မပေးရာဟု မပိုင်ပုံဆင်ခြင်ခြင်း၊ ဤသင်္ကန်းကား ကြာရှည်မသုံးရ တခဏမျှသာဟု အခိုက်အတန့်သာဖြစ်ပုံ ဆင်ခြင်ခြင်းတို့ကြောင့် နှလုံးသွင်းမှန်ရသည်။

သတ္တဝါသင်္ခါရ၌ အစွဲသန်သူကိုရှောင်ခြင်း

ရဟန်းရှင်လူ မည်သူမဆို မိမိသား သမီး တပည့် စသည်များကို မြတ်နိုးကြသည်၊ ကိုယ်တိုင်ဆံရိတ် သင်္ကန်းလျှော်ပေးကြသည်၊ တခဏမျှ မမြင်လျှင် ရှင်စန္ဒ ဘယ်မှာလဲ စသည်ဖြင့် ရှာကြသည်၊ တစ်ပါးသူ့က အလုပ်ခေါ်ခိုင်းလျှင် ငါ့ကိစ္စကိုမျှ ငါတို့မခိုင်း”ဟု ဆိုကာ ခွင့်မပြုခြင်းသည် သတ္တဝါ၌ အစွဲသန်သူမည်သည်။

သင်္ကန်းသပိတ် စသည်များကို သူတစ်ပါး အကိုင်မခံ ခဏငှားလျှင် “ဟောင်းမည် စိုး၍ ငါတို့သော်မှ မသုံးရက်”ဆိုခြင်းကား သင်္ခါရ၌ အစွဲသန်သူမည်သည် သတ္တဝါ သင်္ခါရ ၂-ပါးလုံးတို့၌ နှလုံးသွင်းမှုမှန်သင့်သည်။

မဂ္ဂင် ၈-ပါး

သမ္မာဒိဋ္ဌိသည် မိမိ ဆန့်ကျင်ဘက် အခြား ကိလေသာများနှင့်အတူ မိစ္ဆာဒိဋ္ဌိကိုပယ်ခြင်း၊ နိဗ္ဗာန်ကိုအာရုံပြုခြင်း၊ မောဟကိုဖျက်ဆီးကာ မတွေမဝေယှဉ်ဖက် တရားများကိုမြင်ခြင်းဟု ၃-ကိစ္စရှိသလို သမ္မာသင်္ကပ္ပ စသည်တို့လည်း ၃-ကိစ္စစီ ရှိကြသည်။

၁၉-ကာယဂတာသတိဝဂ်

မည်သူမဆို မဟာသမုဒ္ဒရာကို (အာပေါကသိုဏ်းစီးဖြန်းသော ဘာဝနာစိတ် ဒိဗ္ဗစက္ခု အဘိညာဉ်စိတ်) စိတ်ဖြင့် အနှံ့ ရှူနိုင်လျှင် သမုဒ္ဒရာ စီးဝင်သော မြစ်ငယ်ဟူသမျှတို့သည် ထိုသူ၏စိတ်တွင်းဝင်ပြီး ဖြစ်ကုန်သလို မည်သူမဆို ဆံ အစရှိသော ရုပ်အပေါင်း၌ ဖြစ်သော ကာယဂတာ သတိကို ပွားများလေ့လာနိုင်လျှင်(ဝိပဿနာဉာဏ် မနောမယိဒ္ဓိဉာဏ်၊ အဘိဉာဉ် ၆-ပါးအားဖြင့်) ဝိဇ္ဇာ ၈-ပါးအဖို့အစုပါ ကုသိုလ်အားလုံး ထိုသူ၏စိတ်တွင်း ဝင်ပြီး ဖြစ်ကုန်သည်။

ကာယဂတာသတိ တရားတစ်ခုကို ပွားများလေ့လာလျှင် ကြီးစွာသော ထိတ်လန့်ခြင်း (ဝိပဿနာဉာဏ် မဂ်ဉာဏ်) သံဝေဂဉာဏ်အလို့ငှာ (ဖိုလ်ဉာဏ် ၄-ပါး) အကျိုးကို ရရှိခြင်းငှာ၊ ယောဂ ၄-ပါးကုန်ရာ (နိဗ္ဗာန်)သို့ ရောက်ခြင်းငှာ၊ သတိ သမ္ပဇဉ်အလို့ငှာ၊ ဉာဏ်အမြင် (ဒိဗ္ဗစက္ခုအဘိညာဉ်)ကို ရခြင်းငှာ၊ မျက်မှောက်ဘဝ ချမ်းသာစွာနေရခြင်းငှာ၊ ဝိဇ္ဇာ(မဂ်ဉာဏ်) ဝိမုတ္တိ (မဂ်နှင့်ယှဉ်သော တရား) အရဟတ္တဖိုလ်တို့ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်သည်။

စာမျက်နှာ-338


နာမကာယ ရူပကာယ ငြိမ်းအေးစိတ်လည်း ငြိမ်းအေးသည်၊ ကြံစည်သုံးသပ်ခြင်း၊ ဝိတက် ဝိစာရတို့လည်း ငြိမ်းအေးကုန်သည်၊ ဝိဇ္ဇာအဖို့ အစုပါ တရားများလည်း ပွားများပြည့်စုံသည်၊ မဖြစ်သေးသော အကုသိုလ်များမဖြစ်၊ ဖြစ်ပြီးအကုသိုလ်များ ဆုတ်ယုတ်၊ မဖြစ်သေးသော ကုသိုလ် တရားများဖြစ်၊ ဖြစ်ပြီး ကုသိုလ်များ တိုးပွားကုန်သည်။

အဝိဇ္ဇာကင်းပျောက်၍ ဝိဇ္ဇာဉာဏ် ရောက်လာသည်၊ ၉-မျိုးသော ထောင်လွှားမှု အသ္မိမာန၊ အနုသယ ကိလေသာ ၇-မျိုး၊ သံယောဇဉ် ၁၀-မျိုးတို့ ကင်းပျောက်သည်၊ ပညာဖြင့် ထွင်းဖောက်သိမြင်ခြင်းသို့ ရောက်နိုင်သည်။ အကြောင်းကင်းသော ပရိနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်။

များစွာသော ဓာတ်အမျိုးမျိုးတို့ကို ထိုးထွင်း၍ သိနိုင်သည်၊ များစွာသော ဓာတ်တို့ကို (ဤဓာတ်လွန်လျှင် ဤအကျိုးဟု)ခွဲခြမ်း၍ သိနိုင်သည်၊ သောတာပတ္တိဖိုလ်စသော ၄-ပါးကို မျက်မှောက်ပြုနိုင်သည်။

ပညာရနိုင် တိုးပွားပြန့်ပြောနိုင်သည်၊ မြတ်သောပညာ၊ ကြီးကျယ်သော ပညာ၊ ပြန့်ပြောသောပညာ၊ နက်နဲသောပညာ၊ မယှဉ်သာသောပညာ၊ မြေကြီးအထုနှင့် တူသော ပညာ၊ များသော လျင်သော ပေါ့ပါးသော၊ ရွှင်သော၊ မြန်သော၊ ထက်သော၊ ဖောက်ခွဲနိုင်သော ပညာဖြစ်နိုင်သည်ဟု ဟောတော်မူသည်။

၂၀-အမတဝဂ်

ကာယဂတာသတိကို မသုံးဆောင်သူများသည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ရသည် မည်ကုန်သည်၊ ကာယဂတာသတိကို သုံးဆောင်သူများသာ အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ရသည် မည်ကုန်သည်၊ ကာယဂတာသတိကို မသုံးဆောင်အပ်သူများသည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်အပ်သည် မည်၏၊ သုံးဆောင်အပ်သူများသာ သုံးဆောင် အပ်သည်မည်သည်။

ကာယဂတာသတိကို ဆုတ်ယုတ်စေ၊ ချွတ်ယွင်းစေ၊ ပျောက်ပျက်စေအပ်သူများသည် အမြိုက်နိဗ္ဗာန်ကို ဆုတ်ယုတ်စေ၊ ချွတ်ယွင်းစေ၊ ပျောက်ပျက်စေအပ်သူများ မည်သည်၊ မပျောက်ပျက်စေအပ်သူများသာ မပျောက်ပျက်စေအပ်သည်မည်သည်။

ကာယဂတာသတိကို မေ့လျော့၍ မမှီဝဲအပ်သူများသည် အမြိုက်နိဗ္ဗာန်ကို မေ့လျော့၍ မမှီဝဲအပ်သည်မည်သည်၊ မမေ့မလျော့မှီဝဲအပ်သူများသာ မှီဝဲအပ်သည် မည်သည်။

စာမျက်နှာ-339


ကာယဂတာသတိကို မပွားများ မလေ့လာအပ် ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍မသိ အပ်၊ မျက်မှောက်မပြုအပ်သူများသည် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်မပြုအပ်သည်မည်သည်၊ မျက်မှောက်ပြုအပ်သူတို့များသာ အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်သည် မည်သည်ဟု ဟောတော်မူ၏။
ဧကနိပါတ်ပြီး၏။

ဒုကနိပါတ် ပဌမသုတ် ၅၀၊၁၊ကမ္မကရဏဝဂ် ၁-ဝဇ္ဇသုတ်

လောကပြစ်... တမလွန်ပြစ်ဟု ပြစ်မှု ၂-မျိုးကို ဘုရားရှင်သာဝတ္ထိပြည် ဇေတဝန့်၌ သီတင်းသုံးစဉ် သံဃာများအား ဟောတော်မူသည်။

လောကပြစ်ဟူသည် ခိုးသူကိုဖမ်း၍ မင်းများက နှင်တံကြိမ်လုံး တုတ်တိုတို့ဖြင့် ရိုက်နှက်စေခြင်း၊ လက်၊ ခြေ ၂-မျိုးလုံး၊ နား၊ နှာခေါင်း ၂-မျိုးလုံးတို့ကို ဖြတ်စေခြင်း၊ ဦးထိပ်ဖောက်ခွဲ၊ သံတွေခဲထည့်၍ ဦးနှောက်ဆူပွက်အောင် ညှဉ်းဆဲစေခြင်း၊ အထက်ပိုင်း အရေကိုခွာကာ ဦးပြည်းခေါင်းကို ခရုသင်းအဆင်းဖြစ်အောင် ညှဉ်းဆဲစေခြင်း၊ ပါးစပ်တွင်း မီးထွန်းကာ နေလကို ငုံထားသော ရာဟုခံတွင်းပမာ ဖြစ်အောင်ညှဉ်းဆဲစေခြင်း၊ တကိုယ်လုံး အဝတ်ပတ် ဆီလောင်းမီးရှို့လျက် မီးပန်းကုံးပမာ ဖြစ်အောင်ညှဉ်းဲဆဲစေခြင်း၊ လက်ကို အဝတ်ပတ် ဆီလောင်း မီးရှို့လျက် လက်ဆီမီးတိုင်ပမာဖြစ်အောင် ညှဉ်းဆဲစေခြင်း၊ လည်ပင်းမှစ၍ အရေခွာ ခြေမျက်စိမှာပုံပြီး လူကိုလွန်ကြိုးနှင့်ဆွဲ၊ အရေ နင်းမိတိုင်း လဲအောင်ညှဉ်းဆဲခြင်း၊ လည်ပင်းမှစ၍ အထက်ပိုင်းအရေကို ခွာ၍ ခါးပေါ်မှာထား၊ ခါးမှစ၍ အရေကိုခွာ၊ ခြေမျက်စိမှာထား၊ အထက်ပိုင်းအနေဖြင့် အောက်ပိုင်းကိုယ်ကို လျော်တေ အဝတ်ပမာဖြစ်အောင် ညှဉ်းဆဲခြင်း၊ တံတောင် ၂-ဘက်၊ ဒူး ၂-ဘက်တို့၌ သံဆူးကြိုးခတ်၍ သံချွန်၌စိုက်ကာ မြေမှာတည်စေပြီး သားကောင်ဖုတ်သည့်ပမာ ပတ်လည်မှ မီးရှို့ ညှဉ်းဆဲခြင်း၊ ၂-ဘက်သွား သံချိတ်ဖြင့် အရေ အကြော အသားတို့ကို ခွာကာ ညှဉ်းဆဲခြင်း၊ ကျပ်ပြားမျှအရေ၊ အကြော အသားတုံးများရအောင် တကိုယ်လုံးကို ပဲကွပ်ဖြင့် ခုတ်ရွေညှဉ်းဆဲခြင်း၊ တကိုယ်လုံး တုတ်တို့ဖြင့် ရိုက်နှက် ဆပ်ပြာရေပက်ကာ ဆပ်သွားသီးဖြင့်တိုက်၍ အသားစသည် အရည်ပျော်ပြီး အရိုးချည့် ကျန်အောင် ညှဉ်းဆဲခြင်း၊ မြေ၌ စောင်းအိပ်စေ၍ နားတဘက်မှ တဘက်ပေါက်အောင် သံတံကျင်လျှိုကာ ခြေမှကိုင်၍ တံခါးကျင်ပမာ လှည့်လျက်ညှဉ်းဆဲခြင်း၊ တင်းပုတ်တို့ဖြင့် အရိုးကို ထုရိုက်၍ အသားချည်ရသောအခါ ဆံပင်ဖြင့်ချည်နှောင်ပြီး ကောက်ရိုးထုံးပမာဖြစ်အောင် ညှဉ်းဆဲခြင်း၊ ဆူသောဆီပူဖြင့် လောင်းခြင်း၊ အစာငတ်၍ ဆာသောခွေးတို့ကို ကိုက်စားစေခြင်း၊ အရှင်လတ်လတ် သံတံကျင်လျှိုစေခြင်း၊ သန်လျက်ဖြင့် ခေါင်းဖြတ်စေခြင်းတို့ကို ပြုစေရာ မြင်သူများသည် မကောင်းမှုပြု၍ ခံကြရသည်

စာမျက်နှာ-340


ဟု ဆင်ခြင်ပြီး မျက်မှောက်လောကပြစ်ကို ကြောက်၍ သူတစ်ပါးပစ္စည်းမယူ၊ ရှောင်ကြသည်၊ ဤကား မျက်မှောက်ပြစ်တည်း။

တမလွန်ပြစ်ဟူသည်

ဤလောက၌ ကိုယ် နှုတ် စိတ် ပြစ်မှု ၃-ခုသည် တမလွန်ဘဝ၌ ဆင်းရဲယုတ်ညံ့သည်၊ ယင်းပြစ်မှုများ ငါပြုလျှင်လည်း သေလျှင် ငရဲရောက်ရမည်သာဟု အချို့လူများဆင်ခြင်ပြီး တမလွန်ဘေးကို ကြောက်သည်ဖြစ်၍ ပြစ်မှု ၃-ခုကို ပယ်စွန့်ကာ ကောင်းမှုများကို ဖြစ်စေသည်၊ မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏၊ ဤကား တမလွန်ပြစ်တည်း။

ဤသာသနာတော်၌ မျက်မှောက်ပစ်၊ တမလွန်ပြစ်ကို ကြောက်ကုန်အံ့၊ အပြစ် ကြောက်သူ ဘေးမြင်သူ ဖြစ်ကုန်အံ့ဟု ကျင့်ကြ၊ သို့မှသာ အပြစ်ကင်းသော အကျိုး ပုံသေရမည်ဟု ဟောတော်မူသည်။

ကိုယ် နှုတ် စိတ် ပြစ်မှု ၃-ခု

သူ့အသက် သတ်ခြင်းစသော ကာယကံ ၃-ပါး၊ ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါး အကုသိုလ် ကမ္မပထ ၁၀-ပါးဖြစ်သည်၊ အပြန်ဖြစ်သော သူ့အသက်မသတ်စသော ကုသိုလ်ကမ္မပထ ၁၀-ပါးသည် ကောင်းမှုကံများ ဖြစ်သည်။

မိမိကိုယ်ကို စင်ကြယ်စွာစောင့်ရှောက်၏

စင်ကြယ်မှု ၂-မျိုးရှိရာ သရဏဂုံ၊ ၅-ပါး သီလ၊ ၁၀-ပါးသီလ၊ စတုပါရိသုဒ္ဓိသီလ၊ ပဌမဈာန်စသည် ဈာန် ၉-ပါး၊ သောတာပတ္တိဖိုလ်မှစ၍ အရဟတ္တမဂ်အထိ ပရိယာယ်စင်ကြယ်မှုဖြစ်၍ အရဟတ္တဖိုလ်တည်မှ မုချစင်ကြယ်မှုဖြစ်ကာ မိမိကိုယ်ကို စောင့်ရှောက်နိုင်သည်။

ရဟန္တာနှင့် မကောင်းကျိုး

ရဟန္တာမဖြစ်မီ ပြုထားသမျှ အကုသိုလ်ကံသည် ဤ နောက်ဆုံးဘဝ၌ အကျိုးပေးသည်၊ တမလွန်ကား (ခန္ဓာမရပြီဖြစ်၍) ကောင်းကျိုး မကောင်းကျိုး မရှိတော့ပါ။

၂ ပဓာနသုတ်

လုပ်နိုင်ခဲသောအလုပ် ၂-မျိုးမှာ-
လူများအတွက် ဆွမ်း သင်္ကန်း ကျောင်း ဆေး လှူဒါန်းဖို့အလုပ်၊ ရဟန်းတော်များအတွက် ဥပဓိကင်းရာ နိဗ္ဗာန်ရဖို့ အလုပ်ဖြစ်သည်။ ဤအလုပ် ၂-မျိုးတွင် နိဗ္ဗာန်ရဖို့အလုပ်သာ အမြတ်ဆုံးဖြစ်ရာ ဤသာသနာတော်၌ နိဗ္ဗာန်ရဖို့အလုပ် လုပ်ရမည်ဟု ကျင့်ကြဟု ဟောတော်မူသည်။

ဒါနပြုနိုင်ခဲပုံ ၄-တောင်ပိတ်ပိုင်း၊ ဆွမ်းဆန်တလက်ခုပ်၊ သစ်ရွက်မိုးကျောင်း၊ ဆေးအနည်းငယ်ကိုသော်မျှ လှူကြဟုဆိုဖို့ရာ ထုတ်လှူဖို့ရာ ခဲယဉ်းသည်၊ ၂-ဘက် စစ်

စာမျက်နှာ-341


မြေပြင် ဝင်ရသည်နှင့် တူလှ၏၊ ထို့ကြောင့် ဘုရားရှင်က အလှူပေးခြင်း၊ စစ်တိုက်ခြင်း အတူတူဟု ဟောတော်မူသည်။
အနည်းငယ်သော လှူဖွယ်တို့ကိုပင်ဖြစ်စေ ယုံကြည်မှုရှိမှ လှူနိုင်သည်၊ အရှင်ကား ထိုဒါနကြောင့် ဖြစ်ရာဘဝ ချမ်းသာရသည်။

၃။ တပနီယသုတ်၊ ၄၊ အတပနီယသုတ်

ပူပန်စေတတ်သော တရား ၂-မျိုးမှာ ဤလောက၌ ကိုယ် နှုတ် စိတ် ပြစ်မှု ၃-မျိုးကို ပြုကျင့်၍ ကောင်းမှု ၃-မျိုးကို မပြုကျင့်သော သူများသည် ငါကား ပြစ်မှု ၃-မျိုး ပြုကျင့်မိပြီဟု ပူပန်သည်၊ ကောင်းမှု ၃-မျိုး မပြုကျင့်မိဟု ပူပန်သည်၊ ဤ ၂-မျိုးတို့တည်း၊ အပြန်အားဖြင့် ကောင်းမှုပြု၍ ပြစ်မှုမပြုသူတို့မှာ မပူပန်ရဟု ဟောတော်မူသည်။

ကာယကံပြစ်မှု တရားခံများ

နန္ဒဘီလူး၊ နန္ဒလုလင်၊ နန္ဒနွားသတ်သမား၊ ဒေဝဒတ်နှင့်ညီနောင် ၂-ဦးတို့မှာ လောကသံသရာ ၂-ဖြာလုံး စိတ်ပူပန် ဆင်းရဲကြသည်။ အစ်ကိုက ညီကိုသတ်
ညီနောင် ၂-ဦး နွားသတ်ပြီး အသား ၂-ပုံ ပုံကြစဉ် ကလေးများလို ဤအူတွေ ကျွန်တော့ပေးပါ”ဟု ညီက အစ်ကိုထံ တောင်းသည်၊ “၂-ပုံ ပုံထားသည်၊ အပိုဘာကို လိုချင်ရတာလဲ”ဟု အစ်ကိုက ပြောဆိုပြီး ညီကိုရိုက်ရာ ညီသေသွားသည်။

ထိုအခါမှ စ၍ စိတ်သောကဖြစ်ကာ ရပ်လေရာ ထိုင်လေရာမှာ ထိုအကြောင်း တွေးမိပြီး စိတ်သက်သာမှု မရတော့၊ စားသောက်သမျှလည်း ကိုယ်မှာ ဩဇာမဖြစ်ပဲ အရိုးအရေသာ ကျန်တော့သည်၊ မထေရ်တစ်ပါးမြင်၍ မေးရာ အကြောင်းမှန် လျှောက်ထား ရှာ၏။ သေသော် ငရဲ၌ ဖြစ်ရသည်။
ဝစီကံပြစ်မှု တရားခံများမှာ သုပ္ပဗုဒ္ဓသာကီဝင်၊ ကောကာလိက စသည်တို့ ဖြစ်ကြသည်။

၅-ဥပညာသသုတ်

ဈာန်စသည်မျှသော ကုသိုလ်တရားတို့၌ မရောင့်ရဲခြင်း၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် နိဗ္ဗာန်ရောက်အောင် ဝီရိယ မဆုတ်ခြင်းဟူသော တရား ၂-မျိုးဂုဏ်ကို ငါဘုရား ထိထိခိုက်ခိုက် သိပြီ၊ ငါသည် “ခန္ဓာကိုယ်၌ အရေအကြော အရိုးသာ ကျန်ချင်ကျန်ပေစေ၊ အသားအသွေး ခန်းခြောက်ချင်ခန်းခြောက်ပေစေ၊ ယောက်ျား

စာမျက်နှာ-342


တို့၏ စွမ်းအားဖြင့် ရောက်အပ်သော အရဟတ္တမဂ်ဉာဏ် စသော ၃-ပါးသို့ မရောက်သမျှ ဝီရိယမချ”ဟု မဆုတ်မနစ် အားထုတ်၏။ ငါသည် အရဟတ္တမဂ်ဉာဏ် စသော ၃-ပါးကို အားထုတ်ခြင်းဖြင့် ရောက်အပ်ပြီ။

သင်တို့သည်လည်း “ဝီရိယအင်္ဂါ ၄-ဖြာနှင့်အညီ ယောက်ျားတို့ စွမ်းအားဖြင့် ရောက်အပ်သော ဈာန်မဂ်ဖိုလ် နိဗ္ဗာန်မရောက်သေးသမျှ ဝီရိယမချ”ဟု မဆုတ်မနစ် အားထုတ်ကြ၊ သင်တို့သည်၊ လူ့ဘောင်မှ ရဟန်းဘောင် ရောက်သူများ လိုလားအပ်သော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ဉာဏ်ထူးဖြင့် ကိုယ်တိုင်သိရောက် နေကြရပေမည်။

ထိုကြောင့် “ဝီရိယအင်္ဂါ ၄-ဖြာနှင့်အညီ ယောက်ျားတို့ စွမ်းအားဖြင့် ရောက်အပ်သော ဈာန်မဂ်ဖိုလ် နိဗ္ဗာန်ကို မရောက်သေးသမျှ ဝီရိယမချ”ဟု ကျင့်ရမည်ဟု ဟောတော်မူသည်။

မရောင့်ရဲခြင်း၊ ဝီရိယ မဆုတ်ခြင်းဟူသော တရား ၂-ပါးကိုမှီ၍ ဘုရားဖြစ်တော် မူခဲ့ကြောင်း၊ သင်တို့လည်း ထိုအတိုင်း အားထုတ်သင့်ကြောင်း ဟောတော်မူသည်။

၆-သညောဇနသုတ်

သံယောဇဉ်၏ အကြောင်းဖြစ်ကုန်သော တေဘူမက တရားတို့၌ သာယာသောအားဖြင့် ရှုခြင်း၊ ငြီးငွေ့သောအားဖြင့် ရှူခြင်းဟု တရား ၂-မျိုးရှိရာ သာယာသောအားဖြင့် ရှုနေသူသည် တပ်မက်ခြင်းရာဂ၊ ပြစ်မှားခြင်း ဒေါသ၊ တွေဝေခြင်းမောဟကို မပယ်ဖျောက်နိုင်ရကား ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း၊ စိုးရိမ်ခြင်း၊ ငိုကြွေး မြည်တမ်းခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာမယာခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်နိုင်၊ ဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်။

ငြီးငွေ့သောအားဖြင့် ရှူသူသာ ရာဂ ဒေါသ မောဟကို ပယ်စွန့်နိုင်၍ ပဋိသန္ဓေနေခြင်း စသည်တို့မှ လွတ်ကင်းနိုင်၊ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်သည်။

၇-ကဏှသုတ် ၈-သုက္ကသုတ်

မည်းညစ်သော တရား ၂-ပါးမှာ-
မကောင်းမှုမှ မရှက်ခြင်း အဟိရိက၊ မထိတ်လန့်ခြင်း အနောတ္တပ္ပတို့ ဖြစ်၍ ဖြူစင်သော တရား ၂-ပါးမှာ ရှက်ခြင်းဟီရိ၊ ထိတ်လန့်ခြင်း ဩတ္တပ္ပတို့ ဖြစ်သည်ဟု ဟောတော်မူသည်။ (အဟိရိက အနောတ္တပ္ပတို့ ဖြစ်လျှင် စိတ်အစဉ် မဖြူစင်တော့ပဲ ဟိရီဩတ္တပ္ပများ ဖြစ်မှ ဖြူစင်သည်။)

စာမျက်နှာ-343


၉-စရိယသုတ်

လောကကို စောင့်ရှောက်ကုန်သော ဖြူစင်သော တရား ၂-ပါးမှာ ဟိရိဩတ္တပ္ပတို့ ဖြစ်သည်၊ ယင်း ၂-ပါး မစောင့်ရှောက်လျှင် ဤလောက၌ အမိ၊ မိကြီး၊ မိထွေး၊ ဦးရီး၏ မယား၊ ဆရာ၏ မယား၊ ရိုသေလေးစားအပ်သူတို့၏ မယားဟု မထင်ရှား မသိသာကုန်ရာ၊ ယင်းသို့ မသိသာလျှင် လောကသည် ဆိတ် သိုး ကြက် ဝက် အိမ်ခွေး တောခွေးများလို ရောယှက်ခြင်းသို့ ရောက်ကုန်ရာ၏၊ ဤ ၂-ပါး စောင့်ရှောက်မှု ကြောင့်သာ အမိ မိကြီး မိထွေး စသည် ထင်ရှားသိသာကုန်သည်။

၁၀-ဝဿူပနာယိကသုတ်

ဝါကပ်ခြင်း ၂-မျိုးမှာ ပုရိမဝါ၊ ပစ္ဆိမဝါတို့ဖြစ်သည်။

ပထမဗောဓိ ဝါ ၂၀-အတွင်း ဝါကပ်ခြင်းကို ဘုရားရှင် မပညတ်ရသေးသဖြင့် ရဟန်းတော်များ ကာလမရွေး သွားလာနေကြသည်၊ ထိုကိုလူများမြင်၍ “ရဟန်းတော်များ ခရီးချည်း သွားနေကြသဖြင့် မြက်ပင်များ အနင်းခံရ၊ သတ္တဝါငယ်များ သေကျေပျက်စီးကြသည်၊ သာသနာပတိတ္တိများသော်မှ ဝါတွင်းနေရာမြဲကြ၊ ငှက်များသော်မှ အသိုက်မြဲကြသည်”ဟု ကဲ့ရဲ့သည်ကိုအကြောင်းပြု၍ ဤဝါဆို ဝါကပ် သိက္ခာပုဒ်ကို ပညတ်၍ ဝါကပ်ခြင်း ၂-မျိုးမိန့်။

၂-အဓိကရဏဝဂ်

၁၁။ အား ၂-မျိုးမှာ ဆင်ခြင်ခြင်းအား = ပဋိသင်္ခါနဗလ၊ ပွားများခြင်းအား=ဘာဝနာဗလတို့ ဖြစ်သည်၊ ထိုအား ၂-မျိုးတွင် ဤလောက၌ ကိုယ် နှုတ် စိတ် ပြစ်မှု ၃-ခု၏ အကျိုးသည် မျက်မှောက်တမလွန်၌ ယုတ်ညံ့ဆိုးဝါးသည်ဟု အချို့သူများ ဆင်ခြင်ကာ ပြစ်မူ ၃-ခုကိုပယ်၍ ကိုယ် နှုတ် စိတ် ကောင်းမှု ၃-ခုကို ပွားများသည်၊ သီလက္ခန္ဓ စသည်ဖြင့် မိမိကိုယ်ကို စင်ကြယ်စွာစောင့်ရှောက်သည်၊ ဤကား ပဋိသင်္ခါနဗလ မည်သည်။

သေက္ခပုဂ္ဂိုလ်တို့၏အားသည် ဘာဝနာဗလမည်သည်၊ ထိုအားကိုစွဲ၍ ရာဂ ဒေါသ မောဟကို ပယ်စွန့်နိုင်ရကား အကုသိုလ်မပြု၊ မကောင်းမှု မမှီဝဲတော့ပါ၊ ဤကား ဘာဝနာ ဗလမည်သည်။

၁၂။ နောက်သုတ်များ၌ ပဋိသင်္ခါနဗလကို အတူဟော၍ ဘာဝနာ ဗလကိုသာ ဒုတိယသုတ်၌ ဗောဇ္ဈင် ၇-ပါး၊ တတိယသုတ်၌ ဈာန် ၄-ပါးကို ဟောသည်။

စာမျက်နှာ-344


၁၄။ အကျဉ်းအားဖြင့် တရားဟောခြင်း၊ အကျယ်အားဖြင့် တရားဟောခြင်းဟု ဘုရား တရားဟောပုံ ၂-မျိုးတွင် မာတိကာမျှ ပြဟောလျှင် အကျဉ်း၊ မာတိကာကို အကျယ်ထောက်ဟောလျှင် အကျယ်ဟောခြင်းမည်သည်၊ မာတိကာ မထားစေကာမူ အကျယ်ထောက်ဟောသမျှ ဝိတ္ထာရဒေသနာပင်တည်း။

အကျဉ်းအားဖြင့်ကား ပညာမြင့်သူ၊ အကျယ်ကား ပညာရှိသူတို့ဖို့ဖြစ်သည်၊ ပုဂ္ဂိုလ် ၄-ဦးတွင် အကျဉ်းကား ဥဂ္ဃဋိတညူပုဂ္ဂိုလ်၊ အကျယ်ကား ကြွင်းပုဂ္ဂိုလ် ၃-ဦးတို့ဖို့တည်း။

၁၅။ အဓိကရုဏ်းတစ်ခု၌ အာပတ်သင့်သော ရဟန်းနှင့် စောဒနာသော ရဟန်းသည် မိမိကိုယ်မိမိ မဆင်ခြင်လျှင် အငြင်းပွားမှု ရှည်ကြာ၍ နှုတ်ကြမ်း ကိုယ်ကြမ်းဖြစ်မည်၊ ရဟန်းများလည်း ချမ်းသာစွာနေရမည်မဟုတ်၊ ၂-ဦးလုံးဆင်ခြင်မှ အငြင်းပွားမှုအချိန် တိုခြင်းစသော အကျိုးများရမည်။

အာပတ်သင့်သော ရဟန်း ဆင်ခြင်ပုံ

ကိုယ်မှုဆိုင်ရာ အာပတ်တစ်ခုသင့်သော ငါ့ကို ထိုရဟန်းမြင်သည် မသင့်လျင်မမြင်ရာ၊ မြင်သောကြောင့်သာ မကျေနပ်၍ မကျေနပ် သော စကားကို ထိုရဟန်းဆိုသည်။ အဆိုခံရသော ငါသည် မကျေနပ်၍ သူတစ်ပါးကို ပြောကြားသည်။ ထို့ကြောင့် ဤအကြောင်း၌ အခွန်မဆောင်ပဲ ကင်းရှောင်သူသို့အပြစ် ကျရောက်သလို ငါသို့သာအပြစ် ကျရောက်သည်ဟု ဆင်ခြင်သည်။

စောဒနာသော ရဟန်းဆင်ခြင်ပုံ

ကိုယ်မှုဆိုင်ရာ အာပတ်တစ်ခုသင့်သော ဤရဟန်းကို ငါမြင်သည်၊ မသင့်လျှင် မမြင်ရာ၊ မြင်သောကြောင့်သာ မကျေနပ်၍ မကျေနပ်သော စကားကို ငါဆိုမိသည်၊ အဆိုခံရသော ဤရဟန်းသည် မကျေနပ်၍ သူတစ်ပါးကို ပြောကြားသည်၊ ထို့ကြောင့် ဤအကြောင်း၌ အခွန်မဆောင်ပဲ ကင်းရှောင်သူသို့ အပြစ်ကျရောက်သလို ငါသို့သာ အပြစ်ကျရောက်သည်ဟု ဆင်ခြင်သည်၊ ရဟန်း ၂-ဦးလုံး အသီးသီး ဆင်ခြင်၍ အငြင်းပွားမှု အချိန်တိုမည်၊ နှုတ်ကြမ်း ကိုယ်ကြမ်း ဖြစ်မည်မဟုတ်၊ ရဟန်းများလည်း ချမ်းသာစွာနေရမည်။

အဓိကရုဏ်း ၄-မျိုး

ဝိဝါဒ၊ အနုဝါဒ၊ အာပတ္တိ၊ ကိစ္စာဓိကရုဏ်းဟု ၄-မျိုးရှိသည်၊ သံဃာ၌ ဝိဝါဒါဓိကရုဏ်းဖြစ်နေလျှင် ပရိယတ္တိသင်ကြားခြင်း၊ ပဋိပတ္တိအားထုတ်ခြင်းများ လစ်ဟင်း၍ သမာဓိပျက်၊ တရားထူးများမတွေ့နိုင်၊ သံဃာများ ဆင်းရဲကြရသည်။

၁၆။ ပုဏ္ဏားတစ်ယောက်သည် ဘုရားရှင်အား သတ္တဝါသေပြီးနောက် ငရဲနှင့်နတ်ပြည်သို့ ရောက်ခြင်း၏ အကြောင်းကို မေးလျှောက်ရာ မတရား မမျှတသောအကျင့်ကြောင့် ငရဲရောက်၍ တရားမျှတသော အကျင့်ကြောင့် နတ်ပြည် ရောက်သည်ဟုမိန့်။ ပုဏ္ဏား သရဏဂုံတည်။

စာမျက်နှာ-345


ပုစ္ဆာ ၂-မျိုး

အဘယ်သည် ကုသိုလ် အကုသိုလ်ပါနည်း၊ အမေးကား အဂါရိက ပုစ္ဆာလူများဆိုင်ရာ အမေးဖြစ်၍ ခန္ဓာ ၅-ပါး စသော အမေးကား အနဂါရိကပုစ္ဆာ = ရဟန်းတော်များဆိုင်ရာ အမေးဖြစ်သည်၊ ငရဲနှင့် နတ်ပြည်ရောက်ကြောင်း ပုဏ္ဏားမေးသည်မှာ အဂါရိကပုစ္ဆာဖြစ်သည်။

အကျင့် ၂-မျိုး

အကုသိုလ်ကမ္မပထ တရား ၁၀-ပါးသည် မတရား မမျှတသော အကျင့်ဖြစ်၍ ကုသိုလ်ကမ္မပထတရား ၁၀-ပါးသည် တရားမျှတသော အကျင့်ဖြစ်သည်။

သရဏဂုံဆိုင်ရာမှတ်ဖွယ်...

ဆင်းရဲဖျောက် ချမ်းသာရောက်စေနိုင်သော ရတနာ ၃-ပါးသည် သရဏ၊ ရတနာ ၃-ပါးကို ကြည်ညိုလေးစား အားထားသော စိတ္တုပ္ပာဒ်သည် သရဏဂုံ၊ ထိုစိတ်ရှိသူသည် သရဏဂုံတည်သူ မည်သည်၊ သရဏဂုံအပြား ၂-ပါးတွင် အရိယာတို့၏ မဂ်ခဏ၌ နိဗ္ဗာန်အာရုံပြု၍ ရတနာ ၃-ပါး၌ ကိစ္စပြည့်စုံခြင်းသည် လောကုတ္တရာ သရဏဂုံမည်၍ ပုထုဇဉ်များ၏ ညစ်ညူးကြောင်းပယ်ကာ ရတနာ ၃-ပါးလျှင် အာရုံပြု၍ ပြည့်စုံခြင်းသည် လောကီသရဏဂုံမည်သည်။

သရဏဂုံတည်ပုံ ၄-မျိုး-

ရတနာ ၃-ပါးအား မိမိကိုယ်ကို စွန့်လွှတ်ခြင်းသည် အတ္တသန္နီယျာတန၊ ရတနာ ၃-ပါးလျှင် လည်းလျောင်းရာရှိသူ၏ အဖြစ်သည် တပ္ပရာယနတာ၊ ရတနာ ၃-ပါး၏ တပည့်အဖြစ် ကပ်ရောက်ခြင်းသည် သိဿဘာဝူပဂမန၊ ရတနာ ၃-ပါးတို့၌ အလွန်နှိမ်ချ တုပ်ဝပ်ခြင်းသည် ပဏိပါတ မည်သည်။

ပဏိပါတ ၄-မျိုး-

ဉာတိ၊ ဘယ၊ အာစရိယ၊ ဒက္ခိဏေယျဟု ၄-မျိုးရှိရာ “ဘုရားရှင်ကား လောက၌ အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်ဖြစ်သည်” ဟု ဒက္ခိဏေယျ အနေဖြင့် ရှိခိုးခြင်းသာ သရဏဂုံဖြစ်သည်။

ငါတို့ဆွေမျိုးဘုရားဟု ဆွေမျိုးဖြစ်ခြင်း-ဉာတိ၊ ရှိမခိုးလျှင် အကျိုးမဲ့ ပြုချင်ပြုမည် ဟု ကြောက်ခြင်း ဘယ၊ ဘုရားလောင်းဘဝက အတတ်ပညာ၊ ဘုရားဖြစ်ပြီးလည်း အဆုံးအမ ပေးသော ဆရာဖြစ်သည်ဟု ဆရာဖြစ်ခြင်း အာစရိယအနေဖြင့်ရှိခိုးလျှင် သရဏဂုံ မဖြစ်ပါ။

သရဏဂုံပျက်မပျက်-

သရဏဂုံတည်ပြီးသူသည် သာသနာပ တိတ္ထိကို ဆွေမျိုးဖြစ်၍၊ မင်းကိုကြောက်၍၊ အတတ်သင်ပေးသူကို ဆရာဖြစ်၍ ရှိခိုးလျှင် သရဏဂုံ မပျက်၊ အမြတ် အနေအားဖြင့် ရှိခိုးမှသာ ပျက်သည်။

သရဏဂုံကျိုး-လောကုတ္တရာ သရဏဂုံ၏ မုချကျိုး ဖိုလ် ၄-ပါး၊ အာနိသင်ကျိုးမှာ ဒုက္ခအားလုံးကုန်ခြင်း၊ သစ္စာသိမြင်ခြင်း၊ သင်္ခါရကို နိစ္စ သုခ စသည် မယူဆခြင်း၊ ပဉ္စာနန္တရိယကံ မလွန်ကျူးခြင်းစသည်တို့တည်း။

စာမျက်နှာ-346


လောကီသရဏဂုံ၏ မုချကျိုးကား ဘဝသမ္ပဒါ၊ ဘောဂသမ္ပဒါတို့နှင့် အပါယ်မကျ ခြင်းစသည်တို့တည်း။ နတ် ၈-သောင်းနှင့်ရောက်လာသော သိကြားမင်းအား ရှင်မဟာမောဂ္ဂလာန်က “သရဏဂုံတည်ခဲ့သော နတ်ကား အခြားနတ်များကို နတ်၌ဖြစ်သော အာယု ဝဏ္ဏ သုခ ယသ အဓိပတေယျ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ ၁၀-ဌာန သာလွန်ကြောင်း မိန့်သည်။ ဝေလာမသုတ် စသည်တို့နှင့် စပ်၍လည်း သရဏဂုံ အကျိုးထူး သိအပ်သည်။

ညစ်ညူးကြောင်းများ—

လောကီသရဏဂုံအတွက် မသိမှု၊ သံသယရှိမှု၊ အမြင်မှားမှု စသည်တို့ကြောင့် ညစ်ညူးတတ်၍ အာနုဘော်မကြီးမားနိုင်၊ လောကုတ္တရာ သရဏဂုကား ညစ်ညူးကြောင်း မရှိပါ၊ လောကီ သရဏဂုံသည် အပြစ်ရှိ, မရှိ ၂-ပါးပြား၍ လောကုတ္တရာသရဏဂုံကား အပြားမရှိပါ၊ အရိယာသည် ဘဝပြောင်းသော်မှ တိတ္ထိများကို ဆရာမညွှန်းတော့ပေ။

ဥပါသကဆိုင်ရာ မှတ်ဖွယ်-

ရတနာ ၃-ပါးဆည်းကပ်သူလူသည် ဥပါသက ဆည်းကပ်တတ်သောကြောင့် ဥပါသက၊ ၅-ပါး သီလသည် ဥပါသကသီလ၊ လက်နက်၊ သတ္တဝါ၊ အသား၊ အရက်၊ အဆိပ် ဤ ၅-ပါး ကုန်သွယ်မှုကို ရှောင်၍ တရားမျှတစွာ အသက်မွေးခြင်းသည် အာဇီဝ၊ သီလ-အာဇီဝ ၂-ပါးပျက်လျှင် ဝိပတ္တိ၊ သီလ-အာဇီဝ ၂-ပါး ပြည့်စုံလျှင် သမ္ပတ္တိမည်သည်။

သတ္တိဖြစ်အောင် သဒ္ဓါရှိခြင်း၊ သီလရှိခြင်း (ကောကုဟလ)ကို မင်္ဂလာဟု မယူဆခြင်း၊ ကံကိုသာ ယုံ၍ မင်္ဂလာကို မယုံခြင်း၊ သာသနာပ၌ အလှူခံကို မရှာပဲ ဤသာသနာ၌သာ ကျေးဇူးပြုခြင်း၊ ဤ ၅-ပါး ပြည့်စုံရသည်၊ ပြည့်စုံလျှင် ရတနာ ကြာပဒုမ္မာ ကြာပုဏ္ဏရိုက်နှင့်တူသော ဥပါသကဖြစ်၍ အပြန်အားဖြင့် ဝိပတ္တိဖြစ်လျှင် ဒွန်းစဏ္ဍား အညစ်အကြေး စက်ဆုပ်ဖွယ် ဥပါသက ဖြစ်သည်။

၁၇။ ဇာဏုဿောဏိ မည်သော ပုဏ္ဏားသည် ဘုရားထံတော်ရောက်လာပြီး သတ္တဝါများ သေပြီးနောက် ငရဲသို့ ရောက်ရကြောင်းများကို မေးလျောက်ရာ ပြုခြင်းကြောင့် လည်းကောင်း၊ မပြုခြင်းကြောင့်လည်းကောင်း ရောက်ရသည်ဟု ဘုရားရှင် ဖြေတော်မူလိုက်သည်၊ နတ်ပြည်ရောက်ကြောင်း ဒုတိယအမေးကိုလည်း ပြုခြင်းကြောင့်လည်းကောင်း၊ မပြုခြင်းကြောင့်လည်းကောင်း ရောက်ရသည်ဟုပင် ဖြေတော်မူရာ အဓိပ္ပာယ် မသိသဖြင့် အကျယ်ဟောတော်မူပါဟု ထပ်လျှောက်သည်။

ဤလောက၌ ကိုယ် နှုတ် စိတ် ပြစ်မှု ၃-ခုကိုသာပြု၍ ကောင်းမှု ၃-ခုကို မပြုသော အချို့သတ္တဝါတို့သည် သေပြီးနောက် ငရဲရောက်၍ ကိုယ် နှုတ် စိတ် ကောင်းမှု ၃-ခုကိုသာပြု၍ ပြစ်မှု ၃-ခုကို မပြုသော အချို့သောသတ္တဝါသည် နတ်ပြည်ရောက်ရသည် ဟု မိန့်မှ သဘောကျ သရဏဂုံတည်သည်။

စာမျက်နှာ-347


ဇာဏုဿောဏိပုဏ္ဏား–
ဇာဏုဿောဏိ အမျိုး အလိုက် ရအပ်သော မင်းအပူဇော်ခံ ရာထူးတစ်ခု၏ အမည်ဖြစ်သည်၊ “ရဟန်း ဂေါတမကား ပညာရှိဟု နာမည်ကြီးသည်၊ သူသိသလောက်တော့ ငါတို့သိမှာပါ၊ ငါတို့ထက် ပိုမသိနိုင်”ဟု ယင်းပုဏ္ဏားသည် ထင်တလုံးဖြင့် မာနတံခွန်ထူကာ ပရိသတ်များစွာဖြင့် ဘုရားထံလာလျှောက်သည်။

ထိုအကြောင်း ဘုရားရှင် မြင်တော်မူ၍ ပုဏ္ဏား မသိနိုင်အောင် ပြု မပြု အကြောင်း ၂-ပါးကြောင့် ငရဲရောက်သည်ဟု မိန့်တော်မူလိုက်သည်။ ပြု မပြု အကြောင်း ၂-ပါးကြောင့် ငရဲရောက်သည်ဟူသော စကားကိုပင် ဉာဏ်မမီနိုင်သော ပုဏ္ဏားသည် ဤမျှဖြင့် ရပ်နေလျှင် ပုဏ္ဏားများအလယ်မှာ “သင်မာန်ထောင်လွန်းသည်၊ စကား တခွန်းမျှဖြင့် ဘာမှမဆိုနိုင်”ဟု အပြစ်တင်စရာဖြစ်နေမည်၊ ထို့ကြောင့် ရှုံးသော်လည်း မရှုံးသလိုလို တဖန် နတ်ပြည်ရောက်ကြောင်း ထပ်မေးလျှောက်သည်။ ဒုတိယပုစ္ဆာဖြင့် ပထမ ပုစ္ဆာကို သိလိမ့်မည်၊ ပ-ဖြင့် ဒုကိုလည်း သိလိမ့်မည်ဟု ထင်နေသည်။

ဘုရားရှင်ကလည်း ပုဏ္ဏားမသိနိုင်အောင်ပင် ပြုမပြုကြောင့်ပင် နတ်ပြည် ရောက်သည်ဟု ဖြေလိုက်ပြန်ရာ ဉာဏ်မမီသော ပုဏ္ဏားသည် “ဤယောက်ျားမြတ်ထံ ရောက်လျက် မသိပဲ ပြန်မသွားသင့်၊ မိမိအယူပယ်ကာ ရဟန်းဂေါတမ နောက်လိုက်ပြီး အကျိုးစီးပွား ရှာမှီးကာ ဘဝလမ်းကြောင်း သုတ်သင်မည်”ဟု ကြံပြီး အကျယ်ဟောတော်မူပါ ဟု လက်မြှောက်အရှုံးပေးတော့သည်။

၁၈။ ဘုရားထံမှောက်ရောက်လာသော အာနန္ဒာကို ဘုရားရှင်က “ကိုယ် နှုတ် စိတ် ပြစ်မှု ၃-ခုကို မပြုအပ်”ဟု ဟောတော်မူလိုက်သည်။ “ပြုလျှင် ဘယ်အပြစ်ပုံသေပါနည်း” ဟုလျှောက်ရာ “ပြုလျင် မိမိကိုယ်ကို မိမိစွပ်စဲခြင်း၊ ပညာရှိများ သိမြင်လျင် ကဲ့ရဲ့ခြင်း၊ မကောင်းသတင်း ဖြစ်ခြင်း၊ တွေဝေ၍ သေရခြင်း၊ သေလျှင်ငရဲရောက်ရခြင်း အပြစ် ၅-မျိုး ပုံသေဖြစ်မည်”ဟု ဟောတော်မူသည်။

ကိုယ် နှုတ် စိတ် ကောင်းမှု ၃-ခုကို ပြုသင့်ကြောင်း၊ ပြုလျှင် အပြန်အားဖြင့် အကျိုး ၅-မျိုး၊ သေလျှင် နတ်ပြည်ရောက်သည်အထိ ရမည်ဖြစ်ကြောင်းမိန့်သည်။

၁၉။ ဘုရားရှင်က ရဟန်းတော်များကို အကုသိုလ်ပယ်ကြ၊ သင်တို့ ပယ်စွမ်းနိုင် ကြသည်၊ မစွမ်းနိုင်လျှင် ပယ်ကြဟု ငါမဟော၊ စွမ်းနိုင်သေးကြောင့်သာ ပယ်ကြဟု ငါဟောသည်။

အကုသိုလ်ကိုပယ်ခြင်းသည် စီးပွားမဲ့ဖို့ ဆင်းရဲဖို့ဖြစ်လျှင် ပယ်ကြဟု ငါမဟော၊ စီးပွားရှိဖို့ ချမ်းသာဖို့ ဖြစ်ခြင်းကြောင့်သာ ပယ်ကြဟု ငါဟောသည်။

ကုသိုလ်ကို ပွားကြ၊ သင်တို့ ပွားစွမ်းနိုင်ကြသည်၊ မစွမ်းနိုင်လျှင် ပွားကြဟု ငါ မဟော၊ စွမ်းနိုင်သောကြောင့်သာ ပွားကြဟု ငါဟောသည်၊ ကုသိုလ်ကိုပွားခြင်းသည်

စာမျက်နှာ-348


စီးပွားမဲ့ဖို့ ဆင်းရဲဖို့ဖြစ်လျှင် ပွားကြဟု ငါမဟော၊ စီးပွားရှိဖို့ ချမ်းသာဖို့ ဖြစ်ခြင်းကြောင့်သာ ပွားကြဟု ငါဟောသည်ဟု မိန့်သည်။
၂၀။ သာသနာတော် ပျက်စီးကွယ်ပျောက်ကြောင်း တရား ၂-မျိုးမှာ
မကောင်းသဖြင့် ထားအပ်သောပုဒ်ဗျည်း၊ မကောင်းသဖြင့် သိအပ်သော အနက်တို့ဖြစ်၍ သာသနာတော် တည်တံ့ကြောင်း မပျက်စီး မကွယ်ပျောက်ကြောင်း တရား ၂-မျိုးမှာ ကောင်းစွာထားအပ်သော ပုဒ်ဗျည်း၊ ကောင်းစွာသိအပ်သော အနက်တို့ ပင်ဖြစ်သည်ဟု အပြန်အားဖြင့် မိန့်သည်။

၃-ဗာလဝဂ်

၂၂။ လူမိုက် ၂-မျိုးမှာ-
မိမိအပြစ်ကို အပြစ်ဟု မရှုသူ၊ တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်မခံသူတို့ ဖြစ်သည်၊ အပြစ်ဟုရှုသူ လက်ခံသူ ဟု ပညာရှိ ၂-မျိုးကိုလည်း အပြန်အားဖြင့် မိန့်သည်။
၂၃။ ဘုရားရှင်ကို မဟုတ်မမှန် ပြောဆိုစွပ်စွဲတတ်သူ ၂-မျိုးမှာ-
ဒေါသကိန်း၍ ဒေါသသည် ဖျက်ဆီးအပ်သူ၊ မကောင်းသောယူခြင်းဖြင့်ယူသော သဒ္ဓါလွန်ကဲ သူတို့ဖြစ်သည်၊ ပထမပုဂ္ဂိုလ်မှာ “ရဟန်းဂေါတမအား တရားထူးမရှိ” စသည်ပြောဆိုသော သုနက္ခတ်လို အစားဖြစ်သည်၊ ဒုတိယပုဂ္ဂိုလ်မှာ ဉာဏ်မပါ သဒ္ဓါသာလွန်သူ ဖြစ်၍ ဘုရားရှင်သည် အားလုံး လောကုတ္တရာဖြစ်သည်။ ထို့ကြောင့် ဆံစသော ၃၂-ပါးသော ကာယလည်း လောကုတ္တရာသာ စသည်ဖြင့် အမှားယူ၍ ဘုရားကို စွပ်စွဲ တတ်သည်။

၂၄။ ဘုရားရှင် မဟောပြောအပ်သည်ကို ဟောပြောအပ်သည်ဟုပြသူ၊ ဟောပြောအပ်သည်ကို မဟောပြောအပ်ဟုပြသူ ၂-မျိုးတို့သည်လည်း မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်သူများဖြစ်၍ ဘုရားရှင် မဟောပြောအပ်သည်ကို မဟောပြောအပ်၊ ဟော ပြောအပ်သည်ကို ဟောပြောအပ်ဟု ပြသူ ၂-မျိုးမှာ မစွပ်စွဲတတ်သူများဖြစ်သည်။

၂၅။ ဆောင်၍သိအပ်သော အနက်ရှိသော နေယျတ္ထသုတ်ကို တိုက်ရိုက်သိအပ်သော အနက်ရှိသော နီတတ္ထသုတ်ဟုပြသူ၊ နီတတ္ထ သုတ်ကို နေယျတ္ထသုတ်ဟုပြသူ ၂-မျိုးတို့သည်လည်း စွပ်စွဲတတ်သူများဖြစ်၍ နေယျတ္ထကို နေယျတ္ထ၊ နီတတ္ထကို နီတတ္ထ ဟု ပြသူ ၂-မျိုးမှာ မစွပ်စွဲတတ်သူများဖြစ်သည်။

နီတတ္ထ နေယျတ္ထ၌မှတ်ဖွယ်

“ချစ်သားတို့၊ ၄-ယောက်ကုန်သော ဤပုဂ္ဂိုလ်တို့ သည်”-စသော သုတ္တန်များကား နေယျတ္ထမည်သည်။ မှန်၏၊ ပုဂ္ဂိုလ် ၄-ယောက်

စာမျက်နှာ-349


ဟု ဘုရားရှင်မိန့်သော်လည်း ပရမတ္ထအားဖြင့် ပုဂ္ဂိုလ်မည်သည် မရှိရကား ဆောင်သိအပ်သော အနက်ရှိသော နေယျတ္ထသုတ်မည်သည်၊ ဤလူမိုက်ကား နီတတ္ထဟုပြသည်။

လူမိုက်ယူဆပုံမှာ

ပရမတ္ထအားဖြင့် ပုဂ္ဂိုလ်မရှိလျှင် “ပုဂ္ဂိုလ် ၄-ယောက်”စသော စကား ဘုရားမဟောရာ၊ ယခုကား ဟောထားသောကြောင့် ပရမတ္ထအားဖြင့် ပုဂ္ဂိုလ် ရှိသည်ဟု ယူသည်။

နီတတ္ထဟူသည်...

အနိစ္စ ဒုက္ခဟု ဟောရာ၌ အနိစ္စသာ ဒုက္ခသာဟု တိုက်ရိုက်နက် မှတ်ရမည်၊ လူမိုက်ကား နေယျတ္ထဟု ကြံကာ နိစ္စမည်သည် ရှိသေးသည်၊ သုခမည်သည် ရှိသေးသည်ဟု ယူသည်။
၂၇။ ဖုံးလွှမ်းအပ်သော မကောင်းမှုရှိသူအတွက်
ငရဲ တိရစ္ဆာန် ဂတိ ၂-မျိုးတွင် တစ်မျိုးမျိုးပုံသေ၊ မကောင်းမှု မရှိသူအတွက် နတ် လူ ဂတိ ၂-မျိုးတွင် တစ်မျိုးမျိုးပုံသေသည်၊ ထို့အတူ အမြင်မှား မိစ္ဆာဒိဋ္ဌိအယူရှိသူအတွက် ငရဲတိရစ္ဆာန်၊ အမြင်မှန် သမ္မာဒိဋ္ဌိအယူရှိသူအတွက် နတ် လူ ဂတိ ၂-မျိုးတွင် တစ်မျိုးမျိုးပုံသေသည် မိန့်သည်။

သီလမရှိသူအား ငရဲတိရစ္ဆာန်၊ သီလရှိသူအား နတ် လူ ဂတိ ၂-မျိုးစီတို့ကို ခံယူအပ်ကုန်သည် မိန့်သည်။

၃၁။ ဘုရားရှင် တောကျောင်းမှီဝဲရာ၌ ဆင်ခြင်တော်မူသော အကြောင်း ၂-မျိုး မှာ-မျက်မှောက်ဘဝ၌ ဈာန ဖလသမာပတ်ဖြင့် ချမ်းသာစွာနေခြင်းကို ဆင်ခြင်ခြင်း၊ နောင်လာသူများကို အစဉ်သနားခြင်းတို့ ဖြစ်သည်၊ တောကျောင်းဟူရာ၌ အဘိဓမ္မာအလို မုချအားဖြင့် တံခါးခုံမှ အပြင်အရပ်အားလုံး ယူရသော်လည်း ဤ၌ကား အနည်းဆုံး လေးအပြန် ၅၀၀-ရှိ၍ အာရညကင်ဓုတင်ကို ပြီးစေနိုင်သော လူများ ကျက်စားရာမဟုတ်မူ၍ အစွန်ကျကာ အလွန်ဝေးကွာသော အရပ်ကို ယူရမည် မိန့်သည်။

၃၂။ ဝိဇ္ဇာအဖို့ အစု၌ဖြစ်သော တရား ၂-မျိုးမှာ-
စိတ်၏တည်ကြည်ခြင်း သမထ၊ သင်္ခါရတို့ကို ရှုဆင်ခြင်ခြင်း ဝိပဿနာတို့ ဖြစ်သည်၊ သမထကိုပွားလျှင် စိတ်ကို ပွားများစေအပ်သော အကျိုး၊ စိတ်ကိုပွားများလျှင် တပ်မက်ခြင်းရာဂကို ပယ်နိုင်သော အကျိုးကို ရရှိခံစားနိုင်သည်။

ဝိပဿနာကိုပွားလျှင် ပညာကို ပွားများစေအပ်သောအကျိုး၊ ပညာကို ပွားများလျှင် မသိခြင်းအဝိဇ္ဇာကို ပယ်နိုင်သောအကျိုးကို ခံစားနိုင်သည်၊ ရာဂဖြင့် ညစ်ညူးသော် စိတ်သည် ကိလေသာမှ မလွတ်မြောက်၊ အဝိဇ္ဇာဖြင့်ညစ်ညူးသော် ပညာကို မပွားများစေအပ်၊ ဤသို့လျှင် ရာဂကုန်မှ စိတ်၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း စေတောဝိမုတ္တိဖြစ်သည်၊ အဝိဇ္ဇာကုန်မှ ပညာ၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း ပညာဝိမုတ္တိဖြစ်သည်မိန့်။

စာမျက်နှာ-350


၃၃။ သူယုတ်မာတို့၏ အခြေခံသဘောမှာ-
သူယုတ်မာသည် ပြုဖူးသော သူ့ ကျေးဇူးကို မသိ၊ သူ့ကျေးဇူးကို ထင်စွာပြု၍ မသိ၊ မသိခြင်းကို ချီးမွမ်းကြသည်၊ ဤအလုံးစုံတည်း၊ သူတော်ကောင်းတို့၏ အခြေခံသဘောမှာ အပြန်အားဖြင့် အလုံးစုံဖြစ်သည်။

၃၄။ လွယ်ကူစွာ ကျေးဇူးတုံ ပြုနိုင်သည်ဟု ငါ မဟောသူ ၂-ဦးမှာ-မိခင်ဖခင် တို့ဖြစ်သည်၊ သားသမီးများသည် အသက်တစ်ရာတမ်း၌ဖြစ်၍ နှစ်တစ်ရာလုံး အသက်ရှည်ကာ ပခုံးတဘက်ဖြင့် အမိကို၊ တဘက်ဖြင့် အဖကို ဆောင်ယူလုပ်ကျွေးရာ၏။

ထိုသားသမီးများသည် မိဘတို့အား အနံ့ကင်းအောင် အမွှေးလိမ်းပေးခြင်း၊ အညောင်းပြေအောင် နှိပ်ပေးခြင်း၊ ရေပူ ရေအေးချိုးပေးခြင်း၊ ခြေဆုပ်လက်နယ် ပြုခြင်းဖြင့် လုပ်ကျွေးရာ၏၊ ထိုမိဘတို့သည်လည်း သားသမီးများ ပခုံးပေါ်မှာ ကျင်ကြီး ကျင်ငယ် စွန့်ကုန်ရာ၏၊ ဤမျှပြုစုစေကာမူ မိဘတို့အား ကျေးဇူးပြုခြင်း ကျေးဇူးတုံ့ ပြန်ခြင်း မဖြစ်နိုင်သေးသည်သာ။

ရတနာများစွာရှိသော ဤမြေပြင်ကို စိုးပိုင်သော စကြာမင်းစည်းစိမ်၌ မိဘတို့ကို တည်နေစေကာမူ ကျေးဇူးပြုခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်း မဖြစ်နိုင်သေးသည်သာ၊ အကြောင်းကား မိဘများသည် သားသမီးများအား ကျေးဇူးများကြ၊ ကြီးပွားအောင် စောင့်ရှောက်ကြ၊ မွေးကျွေးကြ၊ လောကကို ပြသကြသူတို့ ဖြစ်သောကြောင့်တည်း။

ကျေးဇူးပြုခြင်း ကျေးဇူးတုံပြုခြင်း ဖြစ်နိုင်ပုံမှာ -သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ၊ မရှိသော မိဘများကို ယင်း ၄-ပါးနှင့် ပြည့်စုံအောင် ဆောက်တည်စေ၊ သက်ဝင်စေ၊ တည်စေသော ပြုစုခြင်းသာဟု ဟောတော်မူသည်။ (အရှင်သာရိပုတ္တရာနှင့် တူသော ရဟန်းသာ မိဘများကို ထိုတရား ၄-ပါးဟူ၌ တည်စေနိုင်သည်မည်သည်။)

၃၅။ ပုဏ္ဏားတစ်ဦးသည် ဘုရားရှင်အား အယူဝါဒနှင့် ဟောကြားလေ့ရှိသော အကျင့်ကို မေးလျှောက်ရာ ဘုရားရှင်က ပြုအပ်၏ဟူသော ကိရိယဝါဒလည်းရှိသည်၊ မပြုအပ်ဟူသော အကိရိယဝါဒလည်း ရှိသည်ဟု မိန့်သည်။

ဝါဒ ၂-ခု အဓိပ္ပာယ်ကို ထပ်မေးလျှောက်သဖြင့် ဘုရားရှင်က-ကိုယ် နှုတ် စိတ် ပြစ်မှု ၃-ခု မပြုအပ်၊ ယုတ်ညံ့သော အကုသိုလ်အားလုံး မပြုအပ်ဟု ဟောကြောင်း မိန့်ပြီး ကိုယ် နှုတ် စိတ် ကောင်းမှု ၃-ခုကို ပြုအပ်သည်၊ ကုသိုလ်အားလုံးကို ပြုအပ် သည်ဟု ဟောကြောင်းမိန့်ရာ ပုဏ္ဏား သရဏဂုံတည်သည်။


စာမျက်နှာ-351

၄-လကျော် ကြာသောပုစ္ဆာ

ယင်းပုဏ္ဏားကား ရဟန်းဂေါတမကား မေးသမျှမချွတ်ယွင်းအောင် ဖြေနိုင်သည် ဟုကြား၍ ချွတ်ယွင်းအောင် ပုစ္ဆာထုတ်မည်ကြံကာ အစားကောင်းစားပြီး တိုက်ခန်း တံခါးပိတ် ကြံနေသည်၊ အသံဆူညံသည်ဟု ကြံပြီး မြေအိမ်တွင်းဝင် ကြံပြန်သည်၊ ပုစ္ဆာထုတ်မရ၊ ၄-လ ကြာသွားသည်။

၄-လလွန်မှ အစွန်း ၂-ဘက်ထွက်သော ပုစ္ဆာကို မြင်၍ ပြုအပ်၏ဟူသော ကိရိယဝါဒရှိသည်ဟု ရဟန်း ဂေါတမကဆိုလျှင် “အကုသိုလ်အားလုံး ပြုဖို့ ခွင့်ပြုတာပေါ့” ဟု နှိမ်မည်၊ မပြုအပ်ဟူသော အကိရိယဝါဒ ရှိသည်ဟုဆိုလျှင် “ကုသိုလ်ကို မပြုရဖူးပေါ့”ဟု နှိမ်မည်၊ မထွေးနိုင် မအန်နိုင်ဖြစ်သော ရဟန်းဂေါတမ ရှုံး၍ ငါအောင်မည်ဟုကြံကာ မြေအိမ်မှထွက်သည်။ “အဖော်ပါမှ ကောင်းမည်”ဟု ကြံကာ တစ်မြို့လုံး ဖိတ်ခေါ်ပြီး ဘုရားထံလာမေးသည်၊ ပြု မပြုဝါဒ ၂-ခုလုံးရှိကြောင်း ဖြေမှ မာနကျပြီး အဓိပ္ပာယ် ထပ်မေးလျှောက်သည်။

၃၆။ အလှူခံပုဂ္ဂိုလ် ၂-မျိုးမှာ - သေက္ခ၊ အသေက္ခ ပုဂ္ဂိုလ်တို့ ဖြစ်သည်၊ ထိုပုဂ္ဂိုလ် ၂-မျိုး၌ လှူထိုက်သည်ဟု အနာထပိဏ်သူဌေး၏ အမေးကို ဘုရားရှင်ဖြေတော်မူသည်။ ထို့နောင် အလှူခံပုဂ္ဂိုလ်တို့သည် ကိုယ် နှုတ် စိတ် ဖြောင့်မတ်ကုန်ရကား အလှူရှင်များ၏ ကောင်းမှုမျိုးစေ့ စိုက်ပျိုးရာ လယ်မြေကောင်းပမာဖြစ်ကာ အကျိုးများမြတ်သည်ဟုလည်း ထပ်ဆင့်မိန့်သည်။

ပုဂ္ဂိုလ် ၂-မျိုး၌ သေက္ခ ၇-ယောက်၊ အသေက္ခ ရဟန္တာ တစ်ယောက်၊ ပေါင်း ၈-ယောက် ပါဝင်သည်၊ သီလရှိသော ပုထုဇဉ် ပုဂ္ဂိုလ်ကို သောတာပန်ဖြင့် ပေါင်းယူရမည်။

၃၇။ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာသည် ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ နေတော်မူသည်။

အရှင်သာရိပုတ္တရာသည် ရဟန်းတော်များကို ငါ့ရှင်ရဟန်းတို့ဟု ခေါ်တော်မူပြီး အဇ္ဈတ္တ သံယောဇဉ်ရှိသောပုဂ္ဂိုလ်၊ ဗဟိဒ္ဓ သံယောဇဉ်ရှိသော ပုဂ္ဂိုလ်တို့ကို ဟောကြားသည်။

အဇ္ဈတ္တ သံယောဇဉ်ရှိသောပုဂ္ဂိုလ်မှာ - ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခ သံဝရသီလကို စောင့်ရှောက်လျက်နေ၏၊ အကျင့်အာစာရ ကျက်စားရာ ဂေါစရနှင့်ပြည့်စုံကာ အဏုမြူမျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှုလေ့ရှိလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာဆောက်တည်၍ ကျင့်၏။ ထိုရဟန်းစုတေလျှင်

စာမျက်နှာ-352


ကာမာဝစရနတ် ၆-ဘုံ တစ်ဘုံဘုံသို့ ရောက်သည်။ နတ်ပြည်မှစုတေလျှင် ဤလူ့ဘုံသို့ ပဋိသန္ဓေ နေလာသောကြောင့် အောက်ဘုံပြန် အာဂါမီပုဂ္ဂိုလ်မည်သည်၊ ဤပုဂ္ဂိုလ်တည်း။

ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဆိုသည်မှာ - ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ (လ) ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ ထိုရဟန်းသည် သမာပတ် ၈-ပါးတို့တွင် တစ်ပါးပါးဖြစ်သော ကိလေသာတို့၏ ငြိမ်းအေးရာ ကိလေသာတို့မှ စိတ်၏လွတ်မြောက်ရာ စတုတ္ထဈာန် သမာပတ်သို့ ရောက်၍နေ၏၊ ထိုရဟန်းစုတေလျှင် သုဒ္ဓါဝါသ ဗြဟ္မာ ၅-ဘုံ တစ်ဘုံဘုံရောက်ရသည်၊ ဗြဟ္မာ့ပြည်မှ စုတေလျှင် ဤလူ့ဘုံသို့ ပဋိသန္ဓေ မနေလာသောကြောင့် အနာဂါမီ ပုဂ္ဂိုလ်မည်သည်။ ဤပုဂ္ဂိုလ်တည်း။

ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်နောက်တစ်မျိုးမှာ - ရဟန်းသည် သီလရှိ၏၊ (လ) ကောင်းစွာဆောက်တည်၍ ကျင့်၏၊ ထိုရဟန်းသည် ကာမတို့ကိုပင် ငြီးငွေ့ဖို့ ကာမတဏှာ ကင်းချုပ်ဖို့ကျင့်သည်၊ ဘဝ ၃-ပါးတို့ကိုပင် ငြီးငွေ့ဖို့ ဘဝတဏှာကင်းချုပ်ဖို့ ကျင့်သည်၊ ထိုရဟန်းစုတေလျှင် သုဒ္ဓါဝါသဗြဟ္မာ ၅-ဘုံ တစ်ဘုံဘုံသို့ ရောက်သည်၊ ဗြဟ္မာ့ပြည်မှ စုတေလျှင် ဤလူ့ဘုံသို့ ပဋိသန္ဓေမနေ လာသောကြောင့် အနာဂါမီပုဂ္ဂိုလ် မည်သည်၊ ဤပုဂ္ဂိုလ်တည်းဟု အရှင်သာရိပုတ္တရာဟောကြားသည်။

ထိုအခါ တူမျှသောစိတ်ရှိသော နတ်များစွာတို့သည် ဘုရားရှင်ထံသွားရောက် ရှိခိုးပြီး “အရှင်သာရိပုတ္တရာ ပုဗ္ဗာရုံ၌ ပုဂ္ဂိုလ် ၂-မျိုးဟောကြားရာ ပရိသတ်များနှစ်သက် ကြပါသည်၊ သနားသဖြင့် အရှင်သာရိပုတ္တရာထံ ဘုရားရှင်ကြွတော်မူပါ”ဟု လျှောက်ထားရာ ဘုရားရှင်ဆိတ်ဆိတ်နေလျက် ဝန်ခံလိုက်ပြီး အားရှိသောယောက်ျား ကွေးသောလက်ဆန့်၊ ဆန့်သောလက် ကွေးသလို ဇေတဝန်မှ ကွယ်တော်မူခဲ့ပြီး ပုဗ္ဗာရုံကျောင်း အရှင်သာရိပုတ္တရာ၏ ရှေ့မှောက် ထင်ရှားဖြစ်ကာ ခင်းထားသောနေရာ၌ ထိုင်တော်မူသည်။

ရှိခိုးလာပြီးထိုင်နေသော အရှင်သာရိပုတ္တရာအား ဘုရားရှင်က “နတ်များ ငါဘုရားကို သင့်တရားပွဲ လာပင့်ကြသည်”ဟု မိန့်တော်မူပြီး - “သာရိပုတ္တရာ၊ ထိုနတ်ဗြဟ္မာတို့သည် ပွတ်ဆောက်ဖျားရာ မျှနေရာ၌လည်း တကျိပ် ၂-ကျိပ် (လ) ၆-ကျိပ်တို့လည်း ဖြစ်ကုန်၍ တည်နေကုန်၏၊ အချင်းချင်းမထိပါးကြ၊ ထိုနတ် ဗြဟ္မာတို့သည်ထိုသို့သော အခြင်းအရာအားဖြင့် ဖန်ဆင်းနိုင်သော စိတ်ကို ထိုနတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ပွားများ အပ်သည်မဟုတ်။

ထိုနတ်ဗြဟ္မာတို့သည် ထိုစိတ်ကို ဤလူ့ ပြည် ဤသာသနာတော်၌သာ ပွားများအပ်သည်။ ထို့ကြောင့် ဤသာသနာတော်၌ ငြိမ်သက်သောဣန္ဒြေနှင့် စိတ်ရှိကုန်အံ့ဟု ကျင့်ရမည်၊ ငြိမ်သက်သောဣန္ဒြေနှင့် စိတ်ရှိသောသင်တို့အား ငြိမ်သက်သော ကိုယ်နှုတ် စိတ်

စာမျက်နှာ-353


ကံ ၃-ခုသာဖြစ်လတ္တံ့၊ သီတင်းသုံးဖော်တို့အား ထိုကံ ၃-ခု ဟူသောပူဇော်ခြင်းဖြင့် ငါတို့ ပူဇော်ကုန်အံ့-ဟု ကျင့်ရမည်၊ သာသနာပ အယူရှိသော ပရိဗိုဇ်များ ဤတရားတော်ကို မနာကြားရသဖြင့် ပျက်စီးဆုံးရှုံးကုန်သည်ဟု မိန့်သည်။

မိဂါရမာတာ ဝိသာခါ

ယောက္ခမ မိဂါရသူဌေး၏ အမိအရာ၌တည်၍ မိဂါရမာတာ၊ ဝိသာခါ၏ သားကြီးနာမည်လည်း (အဘိုးနှင့်နာမည်တူ) မိဂါရ ဖြစ်သည်၊ ထို့ကြောင့်လည်း မိဂါရမာတာဟု ဝိသာခါကိုခေါ်ကြသည်၊ ဝိသာခါ၏ ပြာသာဒ်ကား တိုက်ခန်း ၁၀၀၀-ရှိသည်။

ဤသုတ်ဟောချိန် အချို့သုတ်များကို ဆွမ်းမစားမီ၊ ဆွမ်းစားပြီး၊ ပုရိမ၊ မဇ္ဈိမ၊ ပစ္ဆိမယံများ တစ်ချိန်ချိန် ဟောသော်လည်း ဤသမစိတ္တပဋိပဒါသုတ်ကို ဆွမ်းစားပြီးနောက်ပိုင်း ညနေချမ်း၌ အရှင်သာရိပုတ္တရာဟောသည်၊ ဤသုတ်ကား ရှေးကပင် ဘုရားရှင်ဟောပြီးဖြစ်ခဲ့သည်။

ပဌမဗောဓိဝါ ၂၀-ဘုရားရှင်အနေမမြဲ

ချမ်းသာရာမှာ သီတင်းသုံးသည်၊ ၁-ဝါ ဗာရာဏသီ ဣသိပတနတော၊ ဓမ္မစကြာဟော၍ ဗြဟ္မာ ၁၈-ကုဋေ ကျွတ်တမ်း ဝင်စေပြီး ဤတော၌ပင် ဝါကပ်သည်။ ၂-၃-၄ ဝါ ရာဇဂြိုဟ်၊ ဝေဠုဝန်၊ ၅-ဝါ ဝေသာလီ၊ မဟာဝုန် ကုဋာဂါရသာလာ၊ ၆-ဝါ မကုလတောင်၊ ၇-ဝါ တာဝတိံသာ နတ်ပြည်၊ ၈-ဝါ ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ပဲစင်းငုံတော၊ ၉-ဝါ ကောသမ္ဗီပြည်၊ ၁၀-ဝါ ပါလိလေယျကတောအုပ်၊ ၁၁-ဝါ နာဠပုဏ္ဏားရွာ ၁၂-ဝါ ဝေရဉ္ဇာပြည်၊ ၁၃-ဝါ စာလိယတောင်၊ ၁၄-ဝါ ဇေတဝန်၊ ၁၅-ဝါ ကပိလဝတ်ပြည်၊ ၁၆-ဝါ အာဠဝီပြည်၊ (အာဠဝက ဘီလူးကို ဆုံးမပြီး သတ္တဝါပေါင်း ၈-သောင်း ၄-ထောင် ကျွတ်စေပြီး ယင်း၌ ဝါဆို။) ၁၇-ဝါ ရာဇဂြိုဟ်၊ ၁၈၊ ၁၉-ဝါ စာလိယတောင်၊ ၂၀-ဝါ ရာဇဂြိုဟ်၌ ဝါဆိုတော်မူသည်။

ထိုမှ နောက်ပိုင်း၌ကား အနာထပိဏ်နှင့် ဝိသာခါတို့၏ ဂုဏ်ကျေးဇူး ကြီးမားလှ၍ ဝါပအခြားနေရာ ကြွသော်လည်း ဝါတွင်း၌မူ ဇေတဝန်နှင့် ပုဗ္ဗာရုံ ၂-နေရာမှာသာ အမြဲ သီတင်းသုံးတော်မူသည်၊ ဇေတဝန်မှာ ညကျိန်းလျှင် နောက်နေ့ သံဃာများခြံရံကာ တောင်တံခါးမှ သာဝတ္ထိမြို့တွင်း ဆွမ်းခံဝင်ပြီး အရှေ့တံခါးမှ ထွက်၍ ပုဗ္ဗာရုံ၌ နေ့သီတင်း သုံးသည်၊ ပုဗ္ဗာရုံ ညကျိန်းလျှင်လည်း နောက်နေ့ အရှေ့တံခါးမှ သာဝတ္ထိမြို့တွင်း ဆွမ်းခံဝင် တောင်တံခါးမှထွက် ဇေတဝန်၌ နေ့သီတင်းသုံးသည်။

ဤသုတ်ဟောမည့်နေ့ကား ဘုရားရှင် ဇေတဝန်၌ သီတင်းသုံးစဉ် ဖြစ်သည်၊ မည်သည့်နေရာ၌မဆို ဗုဒ္ဓကိစ္စ ၅-ပါး ဘုရားပြုမြဲဖြစ်သည့် အားလျော်စွာ လောကကို ကြည့်တော်မူရာတွင် သာဝတ္ထိနှင့်တကွ တယူဇနာပတ်ဝန်းကျင် သတ္တဝါများစွာ ညနေချမ်း အချိန် ပုဗ္ဗာရုံ၌ သာရိပုတ္တရာ၏ တရားကို ကြားနာ၍ ကျွတ်တမ်းဝင်ကြမည်ကို မြင်တော်မူသည်။

စာမျက်နှာ-354


ဘုရားရှင်များအတွက် သာဝကစုံညီ အစည်းအဝေး ၃-ကြိမ်၊ အဂ္ဂသာဝကတို့အတွက် တစ်ကြိမ်ဖြစ်မည်ကို မြင်တော်မူသဖြင့် ဘုရားရှင်သည် တောင်တံခါးဖြင့် မြို့တွင်းဝင် ဆွမ်းခံပြီး တောင်တံခါးမှပင် ပြန်ထွက် တံခါးပြင်ပရပ်နေစဉ် ပရိသတ် ၄-မျိုး ဘုရားရှင်ကို ခြံရံနေကြသည်၊ ဘုရားရှင်က အရှင်သာရိပုတ္တရာအား သူ့ ပရိသတ်နှင့်အတူ ပုဗ္ဗာရုံစေလွှတ်၊ နောက် မဟာသာဝကတို့ကိုပါ စေလွှတ်ပြီး အရှင်အာနန္ဒာတစ်ပါးဖြင့်သာ ဘုရားရှင် ဇေတဝန်ကြွသည်၊ အရှင်အာနန္ဒာလည်း ဘုရားရှင်ကို ဝတ်ပြုပြီး ခွင့်ပန်ကာ ပုဗ္ဗာရုံသို့ ပင့်သွားရာ ဇေတဝန်၌ ဘုရားရှင်တစ်ဆူသာ ကျန်ရစ်သည်။

ထိုနေ့၌ကား ပရိသတ် ၄-မျိုးလုံး အရှင်သာရိပုတ္တရာ၏ တရားကိုသာ နာလိုကြသဖြင့် ကောသလမင်း၊ အနာထပိဏ်၊ ဝိသာခါတို့လည်း ဆိုင်ရာအခြံအရံများနှင့်တကွ ပုဗ္ဗာရုံကိုပင် သွားကြသည်၊ ၅-သန်း ၇-သိန်းအမျိုးများနေရာ သာဝတ္ထိမြို့မှာ အိမ်စောင့် ကလေးငယ်များသာ ကျန်သည်။

အရှင်သာရိပုတ္တရာသည် ပုဗ္ဗာရုံကြွကာ အလုပ်အကျွေးဝတ်ပြုမှု ခံယူပြီး ဂန္ဓကုဋီ ဝင်ကာ ပိုင်းခြား၍ သမာပတ်ဝင်စားသည်၊ ထပြီးလျှင် အစီရဝတီမြစ်ကြွ ရေသုံးသပ်သည်၊ သံဃာများလည်း ရေသုံးသပ်ကြပြီး မထေရ်မြတ်ကို ခြံရံ နေကြစဉ် ကျောင်းတွင်း၌ တရားနေရာခင်းကြ၊ ပရိသတ်များ အသီးသီးနေရာယူကြသည်။

အရှင်မြတ်သည် သံဃာ ၅၀၀ ခြံရံပြီး ဓမ္မသဘင်ကြွလာ ပလ္လင်၌ ယပ်ကိုကိုင် အရှေ့ကို မျက်နှာမူကာထိုင်ပြီး ပရိသတ်ကို ကြည့်ရာ “ဤမျှများသောပရိသတ်၌ တရားနည်းလျှင် မလျော်”ဟုကြံကာ ပိဋက ၃-ပုံကို ဆင်ခြင်ရာတွင် ဤသံယောဇနပရိယာယ တရားဒေသနာကိုမြင်၍ ဟောကြားသည်။

ငါ့ရှင်ရဟန်းတို့... ဘုရားရှင်ကား “ရဟန်းတို့”ဟုသာ ခေါ်သည်၊ ဘုရားရှင်နှင့် အခေါ်ကွဲအောင် ဘုရား၌ ရိုသေသောအားဖြင့် “ငါ့ရှင်ရဟန်းတို့”ဟု အရှင်မြတ် ခေါ်သည်။

ပြာသာဒ်စောင့်နတ် အကင်းပါးပုံ

“သောတာပန် ဖြစ်ရကား ဘုရားဖြစ်စေ၊ သာဝကဖြစ်စေ တရားဟောရန်အစချီလျှင်ပင် ပေါ်လွင်မည်၊ နက်နဲမည်၊ ဈာန်မှီမည်၊ ဝိပဿနာမှီမည်၊ မဂ်ဖိုလ်နိဗ္ဗာန်မှီမည်”ဟု ဒေသနာကို သိသည်။

ပြာသာဒ်စောင့်နတ်သည် ထိုနေ့၌လည်း အရှင်မြတ်တရားချီလျှင်ပင် ၆-မျက်နှာတို့ဖြင့် ဝိပဿနာဟောလိမ့်မည်၊ ကုဋေတသိန်း နတ်ဗြဟ္မာများ အရဟတ္တဖိုလ်ရ၍ သောတာပန်စသည် များစွာဖြစ်လိမ့်မည်၊ ဒေသနာနှင့်လျော်အောင် ကောင်းချီးပေးမည်ကြံပြီး နတ်တန်ခိုးဖြင့် အသံကြီးကျယ်အောင်ပြုကာ သာဓုခေါ်သည်၊ ယင်းနတ်သာဓု

စာမျက်နှာ-355


ခေါ်ပြီး အာရံပြာသာဒ်စောင့်နတ်ပေါင်း ၁၀၀၀၊ ထို့နောင် ပုဗ္ဗာရုံမှာနေသော နတ်များအစထား၍ တစ်ဂါဝုဒ် တစ်ယူဇနာ စကြဝဠာတစ်ခုလုံး စကြဝဠာတစ်သောင်းလုံးရှိ နတ်များ သာဓုခေါ်ကြသည်။

ထို့နောက် မြေ၌ တည်သောနဂါး၊ ကောင်းကင်၌ တည်သောနတ်များ၊ စတုမဟာရာဇ် စသည် နတ်ပြည် ၆-ထပ်နတ်များ၊ ဗြဟ္မာပြည်ရှိ (အသညသတ်နှင့် အရူပထား၍) ဗြဟ္မာများအားလုံး သာဓုခေါ်ကြသည်။

ထို့နောင် ရဟန္တာများ ဗြဟ္မာများသည် အကနိဋ္ဌဘုံအထိ သာဓုသံမြေမှ တက်လာခြင်းကို ဆင်ခြင်ရာ အရှင်သာရိပုတ္တရာ တရားချီနေသည်ကိုသိ၍ ငါတို့လည်း မျက်မှောက် သက်သေဖြစ်သင့်သည်ဟုကြံပြီး ရောက်လာကြသည်၊ ထို့အတူ စကြဝဠာတစ်သောင်း လုံးမှ နတ်ဗြဟ္မာအားလုံး စုလာကြရာ ဤစကြဝဠာမှာ နေရာလပ်မရှိတော့ချေ၊ ပွတ်ဆောက်ဖျားတစ်နေရာမှာပင် သေးငယ်သော အတ္တဘောများ ဖန်ဆင်းပြီး နတ် ၆-ကျိပ် တည်ကြသည်။

နတ်ဗြဟ္မာပရိသတ်အခြေအနေကို ဆင်ခြင်မိသော အရှင်သာရိပုတ္တရာသည် (ဘုရားရှင်များမှာ အဓိဋ္ဌာန်ပြုဖွယ်မလို၊ ပရိသတ်အားလုံး ဘုရားဖူးနိုင် ဘုရားအသံတော် ကြားနိုင်သော်လည်း သာဝကများမှာ အဓိဋ္ဌာန်ကိစ္စပြုသင့်ရကား) သမာပတ်ဝင်စားပြီး ပရိသတ်အားလုံး မြင်စေ၊ အသံကြားစေဟု ဓိဋ္ဌာန်သည်၊ ဓိဋ္ဌာန်ချက်အတိုင်း အရှင်မြတ်အား ပရိသတ်အားလုံး ဖူးရ အသံကြားရသည်။

အဇ္ဈတ္တ ဗဟိဒ္ဓမည်ပုံ

ကာမဘုံ၌ သတ္တဝါများ စုတိ ပဋိသန္ဓေများ၍ ရူပ အရူပ ဘုံ၌ စုတိ ပဋိသန္ဓေနည်းသည်၊ စုတိ ပဋိသန္ဓေများရာ ကာမဘုံ၌သာ တွယ်တာတောင့်တမှုများ၍ ကာမဘုံသည် အဇ္ဈတ္တ၊ စုတိ ပဋိသန္ဓေနည်း၍ တွယ်တာမှုနည်းရာ ရူပ အရူပဘုံသည် ဗဟိဒ္ဓမည်သည်၊ (ကာမဘုံ၌ သတ္တဝါများသည် ကမ္ဘာ၏ ၄-ပုံ တစ်ပုံသာ နေရ၍ ၃-ပုံကား သတ္တဝါမရှိ) အချိန်တိုသော်လည်း စုတိ ပဋိသန္ဓေကား အကြိမ်များသည်၊ ထို့ကြောင့် တွယ်တာမှုများသည်၊ လူစသည်တို့ အသက်တို၍ ဗြဟ္မာများ အသက်ရှည်ပုံကို သတိပြု။)

နွားခြံနှင့် ဘုံသုံးပါးဥပမာ

နွားခြံ၌ သစ်ငုတ်ကား အဝိဇ္ဇာသစ်ငုတ်၊ နွားချည် ကြိုးကား သံယောဇဉ် ၁၀-ပါး၊ နွားတွေကား ဘုံ ၃-ပါး သတ္တဝါ၊ အတွင်းချည် ထားပေမယ့် အပြင်ထွက်အိပ်သော နွားကား ရူပ အရူပဘုံရောက် သောတာပန်၊ သကဒါဂါမ်၊ ပုထုဇဉ်လည်းပါ၊ အပြင်ချည်ထားပေမယ့် ခြံတွင်းဝင်အိပ်သော နွားကား ကာမဘုံရှိ အနာဂါမ်၊ ခြံတွင်းအိပ်သော နွားကား ကာမာဝစရသောတာပန်၊ သကဒါဂါမ်၊ အတွင်းလှည့်သွားသော နွားကား ကာမရဟန္တာ၊ အပြင်လွှတ်ထား အပြင်လှည့်သွားသော နွားကား ရူပ အရူပ ရဟန္တာ။

စာမျက်နှာ-356


ကြိုး ၅-မျိုးအထူး

သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ ၃-ပါးတို့သည် မသွားအောင်တား၊ သွားနေလျှင် ပြန်ဆွဲသည်၊ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ၂-ပါးတို့သည် ဈာန်ဖြင့် မခွာ မဂ်ဖြင့် မသတ်ရသေးလျှင် ရူပ အရူပဘုံ မရောက်စေနိုင်။
၁-သီလရှိ၏၊ ၂-ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်၏၊
ဤ ၂-ပါးအထူးမှာ ၁-ဖြင့် သီလ ၄-ပါးလုံး၊ ၂-ဖြင့် ယင်း ၄-ပါးမှ အကြီး သီလကို ပြသည်ဟု ဒီပကျောင်းနေ အရှင်သုမ္မထေရ် မိန့်သည်။

သုမ္မထေရ်၏ တပည့် တိပိဋက စူဋနာဂထေရ်ကား ၂-ပုဒ်လုံး၌ ပါတိမောက္ခသံဝရ သီလကိုသာ ဆိုသည်၊ ကြွင်း ၃-ပါးကို သီလဟု ဆိုသော နေရာရှိသည်ဟု ခွင့်မပြုလိုရကား ဣန္ဒြိယသံဝရသည် တံခါး ၆-ပေါက် စောင့်ရုံသာ၊ အာဇီဝပါရိသုဒ္ဓိကား တရားသဖြင့် ပစ္စည်းဖြစ်ဖို့မျှသာ၊ ပစ္စယသန္နိဿိတလည်း ရသော ပစ္စည်း၌ အကျိုးကို ဆင်ခြင်သုံးစွဲရုံသာ ဖြစ်၍ မုချသီလမဟုတ်၊ ပါတိမောက္ခ သံဝရသီလသာ မုချသီလ မည်သည်။

ခေါင်းပြတ်ယောက်ျားသည် လက်ခြေနှင့် ကိုယ်ကို မစောင့်ရှောက် နိုင်တော့သလို ပါတိမောက္ခသံဝရ သီလပျက်လျှင် ကြွင်း ၃-ပါးကို မူလအတိုင်းဖြစ်အောင် မစောင့်ရှောက်နိုင်ရကား ၁-ဖြင့် ပါတိမောက္ခ သံဝရသီလကို အကျဉ်းပြ၍ ၂-ဖြင့် ယင်း သီလကိုပင် အကျယ်ပြသည်ဟု မိန့်သည်။

၆-မျက်နှာ ဝိပဿနာကျေးဇူး

လူ့ပြည်ပြန် ပထမအင်္ဂါဖြင့် သုက္ခဝိပဿကဓာတ် ကမ္မဋ္ဌာန်းရှုသူအတွက် အောက်မဂ်ဖိုလ် ၂-ပါးစီ၊

လူ့ပြည်မပြန် ဒုတိယအင်္ဂါဖြင့် သမာဓိလုပ်သူအတွက် အောက်မဂ်ဖိုလ် ၃-ပါးစီ၊

ကာမတို့ကိုပင် ငြီးငွေ့ဖို့ အင်္ဂါဖြင့် သောတာပန်၊ သကဒါဂါမ်တို့အတွက် ကာမဂုဏ် ၅-ပါး၌ ရာဂကင်းအောင် အထက်အနာဂါမိမဂ် ဝိပဿနာ၊

ဘဝသုံးပါးတို့ကိုပင် ငြီးငွေ့ဖို့ အင်္ဂါဖြင့် အနာဂါမ်ပုဂ္ဂိုလ်အတွက် အထက်အရဟတ္တမဂ် ဝိပဿနာ၊

ကာမတဏှာကုန်ဖို့ အင်္ဂါဖြင့် သောတာပန်၊ သကဒါဂါမ်တို့အတွက် ကာမဂုဏ် ၅-ပါး၌ ရာဂကင်းအောင် အထက်အနာဂါမိမဂ် ဝိပဿနာ၊

ဘဝလောဘကုန်ဖို့ အင်္ဂါဖြင့် အနာဂါမ်ပုဂ္ဂိုလ်အတွက် အထက်အရဟတ္တမဂ် ဝိပဿနာကို ဟောကြားရကား တရားအဆုံး၌ ကုဋေတစ်သိန်း နတ်ဗြဟ္မာများ အရဟတ္တဖိုလ် ရကြ၍ သောတာပန်စသည် မပိုင်းခြားနိုင်ပေ၊ ဤပွဲကြီး အတူပင် မဟာသမယသုတ်၊ မင်္ဂလသုတ်၊ စူဠရာဟုလောဝါဒသုတ် တရားပွဲများ၌လည်း ကျွတ်တမ်းဝင်ကြသည်။

စာမျက်နှာ-357


တူမျှသော စိတ်ရှိသော နတ်များ

အတ္တဘော သေးအောင် ဖန်ဆင်းမှု စိတ်ချင်း တူကြသည်၊ တနည်း - အရှင်သာရိပုတ္တရာသည် သမာပတ်ကိုသာ ဟောရသေးသည်၊ ဘုရားပင့်ပြီး သမာပတ်အစွမ်း ဟောစေမည်ဟု စိတ်ချင်းတူကြသည်၊ တနည်း - ပရိယာယ်အားဖြင့် သမာပတ်ရော အစွမ်းပါ ဟောပြီးသော်လည်း ဤအစည်းအဝေးသို့ မကြွသော ဘုရားကို သွားပင့်မည်ဟု စိတ်ချင်းတူကြသည်၊ တနည်း - ဤဒေသနာကို သာဝကဟောဟု နောင်ခါ ရဟန်းမိန်းမ ယောက်ျား လူ နတ်များ အရေးမထားဖြစ်မည်၊ ဘုရားပင့်ပြီး ဘုရားဟောဖြစ်အောင် ပြုမှ အရေးထားမည်ဟု ယူဆမှု စိတ်ချင်း တူကြသည်၊ တနည်း - နတ်များအားလုံး သမာပတ်ရပုံနှင့် အာရုံရပုံ စိတ်ချင်းတူကြသည်။

သနားသဖြင့် အရှင်သာရိပုတ္တရာထံ ဘုရားရှင်ကြွတော်မူပါ၊

ဤနေရာ၌ အရှင်သာရိပုတ္တရာကို ဘုရားရှင်က သနားစောင့်ရှောက်ရန် မလို၊ ကြွင်းပရိသတ်များကိုသာ လိုသည်၊ မှန်၏။ ဒီဃနခပရိဗိုဇ်ကို ဝေဒနာကမ္မဋ္ဌာန်း ဘုရားဟောစဉ် ယပ်ခတ်ပေးသော ဦးရီးတော် သာရိပုတ္တရာသည် သူတစ်ပါးအတွက် ခူးပြီး ထမင်းစားရသလို ယပ်ခတ်ရင်း တရားနာရာ အရှင်မြတ်၏ သာဝကပါရမီဉာဏ် အထွတ်အထိပ် ရောက်သည်၊ ထိုအချိန်သာ သနားစောင့်ရှောက်ရန် လိုသည်။

ကြွလာရကြောင်း ဘုရားဘာ့ကြောင့်ပြန်မိန့်

သာရိပုတ္တရာတရားပွဲ ပရိသတ်များလွန်းသည်ကို ဘုရားရှင် သည်းမခံနိုင်၍ ငြူစူသဖြင့် ပရိသတ်ထအောင် ကြွလာသည် ဟု ပရိသတ် ၄-ပါးတွင် မိုက်မဲသူတစ်ဦးဦး အထင်မှားပြီး ငရဲလားမည် စိုးတော်မူရကား နတ်များလာပင့်၍ ကြွလာသည်ဟု ကြွရကြောင်း မိန့်သည်။

သမာပတ်စွမ်းအား ထူးခြားပုံ

အရှိန်အဝါနှင့်စပ်၍ အဆင့်မြင့်သော နတ်များ တကျိပ်စီ၊ ထို့ထက်နိမ့်လျှင် ၂-ကျိပ်စီ စသည်ဖြင့် စုတည်ကြသည်၊ သမာပတ်နှင့်စပ်၍ ထက်မြက်သူများ ၆-ကျိပ်စီ၊ ထိုထက်နိမ့်လျှင် ၅-ကျိပ်စီ စသည်ဖြင့် စုတည်ကြသည်၊ သင့်လက် ငါ့ပုတ်မိသည်၊ သင့်ခြေ ငါကန်မိသည်၊ ငါ့ကို သင်နင်းနေပြီဟု အချင်းချင်း မထိပါးကြပါ။

ကဿပဘုရား သာသနာက အနာဂါမ် ဗြဟ္မာကြီးများရှိသော်လည်း ဘုရားရှင် အားလုံးတို့ သာသနာတူ၍ ဤသာသနာတော်၌သာ စိတ်ကို ပွားများအပ်သည်ဟု မိန့်သည်။

၃၈။ မရဏမြို့ ဘဒ္ဒသာရိ မြစ်ကမ်းနား၌နေသော ရှင်မဟာကစ္စည်းထံ အာရာမဒဏ္ဍပုဏ္ဏား ရောက်လာပြီး “မင်းများ၊ ပုဏ္ဏားများ၊ သူကြွယ်များ အချင်းချင်းဘာ့ကြောင့် ငြင်းခုံပါသနည်း” ဟု လျှောက်ထားရာ အရှင်မြတ်က “ကာမရာဂသည် သက်ဝင် နှောင်အပ်သည်ဖြစ်၍ ကာမရာဂ၌နစ်ကာ ကာမရာဂသည် ဖမ်းမျိုအပ်သောကြောင့်

စာမျက်နှာ-358


ဟု မိန့်သည်။ ရဟန်းများအချင်းချင်း ငြင်းခုံကြောင်းကိုကား ဒိဋ္ဌိရာဂ ဖမ်းမျိုအပ်သောကြောင့်ဟု ဖြေလိုက်သည်။

ဤရာဂ ၂-ပါး ဖမ်းမျိုထားခြင်းကို လွန်မြောက်သူ လောက၌ရှိသည်၊ ထိုသူကား အရှေ့တိုင်း သာဝတ္ထိမြို့၌ သီတင်းသုံးနေတော်မူသော အရဟံ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော် သခင် ဘုရားရှင်ပါတည်းဟု အမေးအရ အရှင်မြတ်ဖြေလတ်သော် ပုဏ္ဏားသည် နေရာမှ ထ၊ လက်ဝဲပခုံး၌ အပေါ်ရုံတင် လက်ယာဒူးထောက်၍ ဘုရားရှင်ရှိရာအရပ်ကို လက်အုပ်ချီပြီး “ဤရာဂ ၂-ပါး ဖမ်းမျိုထားခြင်းကို လွန်မြောက်သော အရဟံ သမ္မာသမ္ဗုဒ္ဓ ဂုဏ်ကိုးဝ သခင် ဘုရားရှင်အား ရှိခိုးပါ၏၊ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” စသည် ၃-ကြိမ် ဥဒါန်းကျူးကာ သရဏဂုံပါ တည်သွားသည်။

၃-ကြိမ် ဥဒါန်းကျူး

အတွင်းထားမရဘဲ ပီတိကြောင့် အပြင်ထွက်လာသော စကားသည် ဥဒါန်းမည်သည်၊ ဆီအိုးမှဆီ ရေကန်မှ ရေလျှံလာသကဲ့သို့တည်း။

၃၉။ မဓုရာပြည် ဂုန္ဓာ(ပိတ်ချင်း) တော၌နေသော အရှင်မဟာကစ္စည်းထံ ကန္ဒရာယနပုဏ္ဏား ရောက်လာပြီး “အိုမင်းရင့်ရော်ကုန်သော ပုဏ္ဏားများကို အရှင်ကစ္စည်းသည် ရှိမခိုး၊ မကြိုဆို၊ နေရာမပေးဟု ကြားဖူးသောစကား မှန်နေပါသည်၊ ကျွန်ုပ် လက်တွေ့ပါပဲ၊ ထိုကိစ္စ မသင့်လွန်းပါ” လျှောက်ရာ အရှင်မြတ်က ဘုရားရှင်ဟောကြားသော လူကြီး လူငယ် အဆင့်အတန်း ၂-မျိုးကို မိန့်လိုက်သည်။

ဒဟရဘူမိ လူငယ်အဆင့်အတန်းဟူသည်

အသက် ၈၀၊ ၉၀ တစ်ရာပင်ဖြစ်စေကာမူ ကာမဂုဏ်ခံစားသူ ကာမဂုဏ်အိမ်၌ အုပ်စိုးနေသူ ကာမဂုဏ် အပူမိသူ ကာမဝိတက် အကိုက်ခံရသူ ကာမဂုဏ်ရဖို့လုပ်နေသူ အဆင့်အတန်းမျိုးဖြစ်သည်။

ဝုဍ္ဎဘူမိ လူကြီးအဆင့်အတန်းဟူသည်

ပထမအရွယ် သူငယ်ပင်ဖြစ်စေကာမူ ကာမဂုဏ်မခံစား၊ ကာမဂုဏ်အိမ်၌ အုပ်စိုးမနေ၊ ကာမဂုဏ်အပူမမိ၊ ကာမဝိတက်အကိုက်မခံရ၊ ကာမဂုဏ်ရဖို့ မလုပ်သော အဆင့်အတန်းမျိုးဖြစ်သည်ဟု မိန့်ကြားရာ ပုဏ္ဏားသည် နေရာမှထ လက်ဝဲပခုံး၌ အပေါ်ရုံတင်လျက် အရှင်တို့က ကြီးကြပါသည်၊ လူကြီး အဆင့်အတန်း၌ တည်ကြပါသည်ဟု လျှောက်ထား၊ ရဟန်းငယ် ၁၀၀-တို့၏ ခြေတို့ကို ဦးတိုက်ရှိခိုးကာ သရဏဂုံ တည်သွားသည်။

၄၀။ ခိုးသူများအားကြီး၍ မင်းများအင်အားနည်းလျှင် မြို့တွင်း မြို့ပြင် မင်းဝင်ထွက်ဖို့ တိုင်းစွန်ဇနပုဒ်များသို့ မင်းလှည့်လည်ဖို့ မလွယ်၊ မြို့တွင်းမြို့ပြင် ပုဏ္ဏားသူကြွယ်များ ဝင်ထွက်ဖို့ ပြင်ပအလုပ်လုပ်ဖို့ မလွယ်၊ ဤအတူသာလျှင် ရဟန်းယုတ်များ အားကြီး၍ သီလချစ်သော ရဟန်းကောင်းများ အားနည်းလျှင် သံဃာအလယ်၌ ရဟန်း

စာမျက်နှာ-359


ကောင်းများ ငြိမ်နေကြရသည်၊ တောခေါင်း တောင်များသို့လည်း သွားနေကြသည်၊ ထိုအဖြစ်ကား လူများစီးပွားချမ်းသာမဲ့ အကျိုးမဲ့ဖို့ နတ်လူများ စီးပွားမဲ့ ဆင်းရဲဖို့သာ ဖြစ်သည်။

မင်းများအားကြီး၍ ခိုးသူများအားနည်းလျှင် အပြန်အားဖြင့် ကျေးဇူးများသလို သီလချစ်သော ရဟန်းကောင်းများ အားကြီး၍ ရဟန်းယုတ်များ အားနည်းလျှင်လည်း အပြန်အားဖြင့် ကျေးဇူးများသည်ဟုမိန့်။

၄၁။ လူ၏သော်လည်းကောင်း၊ ရဟန်း၏ သော်လည်းကောင်း ၂-ဦးသားတို့၏ အကျင့်မှားကို ငါမချီးမွမ်း၊ အကျင့်မှားကြောင့် ဝိပဿနာနှင့်တကွသော မဂ်ကုသိုလ် မပြည့်စုံစေနိုင်၊ အကျင့်မှန်ကိုသာ ငါချီးမွမ်းသည်၊ အကျင့်မှန်ကြောင့် ဝိပဿနာနှင့် တကွသော မဂ်ကုသိုလ်ကို ပြည့်စုံစေနိုင်သည်ဟုမိန့်။

၄၂။ မကောင်းသဖြင့် သင်ယူအပ်ကုန်သော သဒ္ဒါအားလျော်စွာ ရအပ်ကုန်သော သုတ္တန်တို့ဖြင့် (မှန်ကန်သော သုတ္တန်တို့၏) ပါဠိ အနက်ကို တားမြစ်ကြသော ရဟန်းများသည် နတ်လူများ စီးပွားမဲ့ ဆင်းရဲဖို့ ကျင့်သည်မည်ကုန်သည်၊ မကောင်းမှု များစွာကိုလည်း ဖြစ်စေကြလျက် သာသနာတော်ကိုလည်း ကွယ်စေသည် မည်ကုန်သည်၊ (သုတ္တန်မှားကို သာဓက တင်ပြသည်)။

ကောင်းစွာသင်ယူအပ်ကုန်သော သဒ္ဒါအားလျော်စွာ ရအပ်ကုန်သော သုတ္တန်တို့ဖြင့် ပါဠိအနက်ကို လျော်စေကြသော ရဟန်းများသည် နတ်လူတို့ စီးပွားကျင့်ရာ ရောက်၊ ကောင်းမှုများကိုပွားစေ သာသနာတော်ကိုလည်း တည်စေသည် မည်ကုန်သည်ဟုမိန့်။

၅။ ပရိသဝဂ်

၄၃။ တိမ် နက် ၂-မျိုး ပရိသတ် ၂-မျိုးတွင် နက်သောပရိသတ် မြတ်သည်။ တိမ်သောပရိသတ် ဟူသည် ဤသာသနာတော်၌ တုန်လှုပ် ပျံ့လွင့်မာန် ရှိကြ၍ လျှပ်ပေါ်ကြ နှုတ်ကြမ်းကြသော အကျိုးမဲ့စကား ပြောလေ့ ရှိကြ၍ သတိပညာကင်းကြ မတည်ကြည်ဘဲ စိတ်မငြိမ်ကြ ဣန္ဒြေပေါ်လွင်သော ရဟန်းများပါဝင်သော ပရိသတ်တည်း။ နက်သောပရိသတ်ကို အပြန်အားဖြင့် မိန့်။

၄၄။ မညီညွတ် ညီညွတ်ဟု ပရိသတ် ၂-မျိုးတွင် ညီညွတ်သောပရိသတ် မြတ်သည်။ မညီညွတ်သော “ဝဂ္ဂ” ပရိသတ်ဟူသည် ဤသာသနာတော်၌ ရန်ဖြစ် ငြင်းခုံ ဆန့်ကျင်ဘက်ဆိုကြသည်ဖြစ်၍ အချင်းချင်း နှုတ်လှံထိုးနေကြသော ရဟန်းများ ပါဝင်သော ပရိသတ်တည်း။

စာမျက်နှာ-360


ညီညွတ်သော သမဂ္ဂ ပရိသတ်ဟူသည် - ညီညွတ်ဝမ်းမြောက်ကြ ဆန့်ကျင်ဘက် မဆိုကြဘဲ နို့နှင့် ရေကဲ့သို့ဖြစ်ကာ ချစ်သောမျက်စိတို့ဖြင့် ကြည့်နေကြသောရဟန်းများ ပါဝင်သော ပရိသတ်တည်း။

၄၅။ ပုဂ္ဂိုလ်မြတ်ရှိမရှိဟု ပရိသတ် ၂-မျိုးတွင် ပုဂ္ဂိုလ်မြတ်ရှိသော ပရိသတ်မြတ် သည်၊ ပုဂ္ဂိုလ်မြတ်မရှိသော ပရိသတ်ဟူသည် သီတင်းကြီးရဟန်းများသည်ပစ္စည်းပရိက္ခရာ များအောင်ကျင့်၍ သာသနာတော်ကို ပေါ့ပေါ့တန်တန်ယူကြပြီး နီဝရဏတိုးပွားရေး ဦးစားပေးကာ နိဗ္ဗာန်ရရေး ဘေးဖယ်ထားကြသည်၊ မရရောက်သေး မျက်မှောက်မပြု ရသေးသောတရားကို ရရောက်မျက်မှောက်ပြုဖို့ရာ အားမထုတ်ကြ၊ ယင်းတို့၏ တပည့် များလည်း ဆရာသီတင်းကြီးများ အပြုအမူကို အတုယူဆောင်ရွက်ကြသည်၊ ဤရဟန်း များပါဝင်သော ပရိသတ်တည်း။

ပုဂ္ဂိုလ်မြတ်ရှိသောပရိသတ်ဟူသည် - အပြန်အားဖြင့် ဆရာကောင်း တပည့်ကောင်း ရဟန်းများပါဝင်သော ပရိသတ်တည်း။

၄၆။ ပုထုဇဉ်အရိယာဟု ပရိသတ် ၂-မျိုးတွင် အရိယာပရိသတ် မြတ်သည်။ ပုထုဇဉ်ပရိသတ်ဟူသည် - ဤကားဆင်းရဲ၊ ဤကားဆင်းရဲဖြစ်ခြင်းအကြောင်း၊ ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်၊ ဤကား နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဟု အမှန်မသိ သော ရဟန်းများပါဝင်သောပရိသတ်တည်း။ အရိယာပရိသတ်ကား အမှန်သိသည်။

၄၇။ သိမ်ဖျင်းရှုပ်ထွေး နှင့် ကြည်လင်ဟု ပရိသတ် ၂-မျိုးတွင် သန့်ရှင်းကြည် လင်သော ပရိသတ်မြတ်သည်။ သိမ်ဖျင်းရှုပ်ထွေးသောပရိသတ် ဟူသည် ချစ်သဖြင့်၊ မုန်း သဖြင့်၊ မသိသဖြင့်၊ ကြောက်သဖြင့် မလားအပ်သောအဂတိသို့ လားကုန်သော (အဂတိ ၄-ပါး လိုက်စားကုန်သော) ရဟန်းများပါဝင်သော ပရိသတ်တည်း။ သန့်ရှင်းကြည် လင်သောပရိသတ်ကား အဂတိ ၄-ပါးကင်းစင်သည်။ (ပစ္စည်းဝေဖန်ရာ တရားဆုံးဖြတ် ရာများ၌ အဂတိ ၄-ပါး လိုက်စားတတ်ကြသည်။)

၄၈။ ဆုံးမခက်၍ မေးပြီးမှဆုံးမအပ်သောပရိသတ် — မေးပြီးဆုံးမအပ်၍ အဆုံးအမ မခက်သော ပရိသတ်ဟု ၂-မျိုးတွင် ဒုတိယပရိသတ်မြတ်သည်။

ဆုံးမခက်၍မေးပြီးမှမဆုံးမအပ်သော ပရိသတ်ဟူသည်... ဘုရားဟောဖြစ်၍ နက်နဲကုန် သော သုတ်များကို ဟောကြားလျှင် ကောင်းစွာမယူကြ၊ နားမစိုက်ကြ၊ သိရန် စိတ် မဝင်စားကြဘဲနာယူသင်ကြားသင့်သည်ဟုလည်း မထင်ကြ၊ ကဗျာဆရာများသီကုံးအပ်၍ ဆန်းကြယ်သောအက္ခရာ သဒ္ဒါရှိကုန်သော သာသနာပပုဂ္ဂိုလ်တို့၏ တပည့်များ ဟော ကြားအပ်ကုန်သော သုတ်များကို သင်ကြားပြီး အချင်းချင်း မမေးမြန်းကြ၊ မေးမြန်းဖို့ ရာလည်း ပညာရှင်များထံ မသွားကြ၊ ဉာဏ်မ ပွင့်အောင် မပေါ်လျှင် ပေါ်လွင်အောင်

စာမျက်နှာ-361


လည်း မပြုကြ၊ ယုံမှားဖွယ်ရာများ၌ ယုံမှားမဖျောက်ကြသော ရဟန်းများပါဝင်သော ပရိသတ်တည်း။

မေးပြီးဆုံးမအပ်၍ အဆုံးအမ မခက်သောပရိသတ်ဟူသည် - ကဗျာများ၊ သာသနာပ သုတ်များကို ဟောကြားလျှင် မနာယူ မမှတ်သား စိတ်လည်းမဝင်စားဘဲ မလေးစားကြ၊ နက်နဲကုန်သော ဘုရားဟောသုတ်များကို ဟောကြားလျှင်သာ နာယူမှတ်သား စိတ်ဝင်စား၍ လေးစားကြသည်၊ အချင်းချင်းလည်း မေးမြန်း၊ မေးမြန်းဖို့ရာလည်း သွားကြ၊ ဉာဏ်ပွင့်ပေါ်လွင်အောင်လည်းပြုကြ၊ ယုံမှားဖွယ်ရာများ၌ ယုံမှားကိုလည်း ဖျောက်ကြသော ရဟန်းများ ပါဝင်သော ပရိသတ်တည်း။

၄၉။ ပစ္စည်း အာမိသကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပရိသတ်၊ သူတော်ကောင်းတရားကို အလေးပြု၍ ပစ္စည်းအာမိသကို အလေးမပြုသော ပရိသတ်ဟု ၂-မျိုးတွင် ဒုတိယ ပရိသတ်မြတ်သည်။

(စာသားအကျဉ်းဆိုမည်။)

ပစ္စည်းသာတဲ့ တရားပင်သောပရိသတ်ဟူသည် - လူဝတ်ကြောင်တို့ရှေ့၌ အချင်းချင်း၏ ဂုဏ်ကို “ဤရဟန်းကား ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်၊ ပညာဝိမုတ္တပုဂ္ဂိုလ်ပဲ” စသည်ဖြင့် ပုဂ္ဂိုလ် ၇-မျိုးပြောကြသည်။ (ပုဂ္ဂိုလ် ၇-မျိုး အဓိပ္ပာယ် အဋ္ဌကထာနှင့် ဘာသာပြန်၌ ကြည့်။) “ဤရဟန်းကား သီလရှိ၏၊ သဘောကောင်း၏၊ ဤရဟန်းကား သီလမရှိ၊ သဘောယုတ်၏” ဟုပြောကြသည်၊ ထို့ကြောင့် လာဘ်ပေါများကာ တွယ်တာမက်မော တဏှာဇောဖိစီးကြပြီး အပြစ်မတင် ဉာဏ်မြင်ကင်းမဲ့စွာ သုံးဆောင်ကြသော ရဟန်းများ ပါဝင်သော ပရိသတ်တည်း။

တရားသာတဲ့ ပစ္စည်းပင်သောပရိသတ်ဟူသည် - လူဝတ်ကြောင်တို့၏ရှေ့၌ အချင်းချင်း၏ဂုဏ်ကို မပြောကြသောကြောင့် လာဘ်ပေါများသော်လည်း မတွယ်တာဘဲ တဏှာဇောစင် အပြစ်ထင်ကာ ပညာဖြင့် သုံးဆောင်ကြသော ရဟန်းများ ပါဝင်သော ပရိသတ်တည်း။

၅၀။ တရားနှင့်မညီ ကောက်ကျစ်၊ တရားနှင့်အညီ ဖြောင့်မတ်ဟု ပရိသတ် ၂-မျိုး တွင် ဒုတိယပရိသတ်မြတ်သည်။

တရားနှင့်မညီ ကောက်ကျစ်သောပရိသတ်ဟူသည် - မတရားမှုများသာဖြစ်ကြ၊ ထွန်းပကြ၍ တရားမှုများ မဖြစ်ကြ၊ မထွန်းပကြ၊ ဝိနည်း မညီမှုများသာ ဖြစ်ကြ၊ ထွန်းပ၍ ဝိနည်းညီညွတ်မှုများမဖြစ်ကြ၊ မထွန်းပကြ၊ ထိုရဟန်းများ ပါဝင်သော ပရိသတ်တည်း။

စာမျက်နှာ-362


တရားနှင့်အညီဖြောင့်မတ်သော ပရိသတ်ဟူသည် - တရားမှုနည်းနှင့်ညီညွတ်မှုများသာဖြစ်ကြ၊ ထွန်းပကြ၍ မတရားမှု ဝိနည်းနှင့်မညီမှုများမဖြစ်ကြ၊ မထွန်းပကြ၊ ထိုရဟန်းများပါဝင်သော ပရိသတ်တည်း။
၅၁။ တရားနှင့် ယှဉ်၊ မယှဉ်ဟု ပရိသတ် ၂-မျိုးတွင် တရားနှင့်ယှဉ်သော ပရိသတ် မြတ်သည်။

၅၂။ မတရားဆိုလေ့ရှိ၊ တရားဆိုလေ့ရှိဟု ပရိသတ် ၂-မျိုးတွင် တရားဆိုလေ့ရှိသောပရိသတ် မြတ်သည်။

မတရားဆိုလေ့ရှိသော အဓမ္မဝါဒီပရိသတ်ဟူသည် - တရားနှင့် လျော်၊ မလျော် အဓိကရုဏ်း (မှုခင်း) မှန်သမျှကို ယူကြပြီး အချင်းချင်းနားလည်အောင် မပြောကြား၊ ပြောကြားဖို့လည်း မစည်းဝေး၊ ကျေအေးအောင်မပြု၊ ကျေအေးအောင်ပြုဖို့လည်း မစည်းဝေး၊ နားလည်အောင် ပြောကြားနိုင်စွမ်း မရှိကြ၊ ကျေအေးအောင် ပြုနိုင်စွမ်း မရှိကြ၊ မှုခင်းကိုစွန့်လွှတ်အောင် မတိုင်ပင်နိုင်ကြဘဲ ထိုမှုခင်းကိုပင်လျှင် အစွမ်းကုန် အမှားယူဆကာ စွဲစွဲလမ်းလမ်း “ငါ့အယူသာမှန် ကျန်သမျှ အမှား” ဟု ပြောဆိုကြသောရဟန်းများ ပါဝင်သော ပရိသတ်တည်း။

တရားဆိုလေ့ရှိသော ဓမ္မဝါဒီပရိသတ်ဟူသည် - တရားနှင့် လျော်၊ မလျော် မှုခင်းဟူသမျှကို ယူကြပြီး အချင်းချင်းနားလည်အောင် ပြောကြား၊ ပြောကြားဖို့လည်း စည်းဝေး၊ ကျေအေးအောင်ပြု၊ ပြုဖို့လည်း စည်းဝေးကြသည်၊ နားလည်အောင် ပြောကြားနိုင်စွမ်းရှိကြ၊ ကျေအေးအောင်ပြုနိုင်စွမ်းရှိကြ၊ မှုခင်းကိုစွန့်လွှတ်အောင် တိုင်ပင်ကြလျက် ထိုမှုခင်းကိုပင်လျှင် အစွမ်းကုန်အမှားယူဆကာ စွဲစွဲလမ်းလမ်း “ငါ့အယူသာမှန် ကျန်သမျှ အမှား” ဟု မပြောဆိုကြသော ရဟန်းများပါဝင်သော ပရိသတ်တည်း။

၂-ဒုတိယသုတ် ၅၀ (၆) ၁။ ပုဂ္ဂလဝဂ်

၁။ လောက၌ ဖြစ်ပေါ်လာလျှင် လူများ စီးပွားရှိဖို့၊ ချမ်းသာဖို့၊ အကျိုးများဖို့၊ နတ်လူများ စီးပွားရှိဖို့၊ ချမ်းသာဖို့သာ ဖြစ်ပေါ်လာသော ပုဂ္ဂိုလ် ၂-မျိုးမှာ ဘုရားရှင်နှင့် စကြဝတေးမင်းတို့တည်း။ (စကြာမင်းပါ၍ လောကကို သနားမှုပြုဖို့ မပါ၊ စကြာမင်းပေါ်လျှင် စည်းစိမ် ၂-မျိုး၊ ဘုရားပွင့်လျှင် လူနတ် နိဗ္ဗာန် ၃-မျိုး ရသည်။)

၂။ လောက၌ ဖြစ်ပေါ်လာလျှင် အံ့လောက်သော လူ ၂-မျိုး။
၃။ ကွယ်လွန်၍ လူများပူပန်ရသော ပုဂ္ဂိုလ် ၂-မျိုး။

စာမျက်နှာ-363


၄။ စေတီထိုက်သော ပုဂ္ဂိုလ် ၂-မျိုးတို့မှာလည်း ဘုရားရှင်နှင့် စကြဝတေးမင်းတို့တည်း။

၅။ သစ္စာသိမြင် ဘုရားရှင် ၂-ဆူတို့မှာ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဘုရားနှင့် သစ္စာ ၄-အင်ကို သီးခြားသိမြင်သော ပစ္စေကဗုဒ္ဓါဘုရားတို့တည်း။

၆။ မိုးကြိုးပစ်သော်လည်း မထိတ်လန့်သူ ၃-မျိုးမှာ ရဟန္တာနှင့် ဆင်အာဇာနည်၊ ရဟန္တာနှင့် မြင်းအာဇာနည်၊ ရဟန္တာနှင့် ခြင်္သေ့မင်းတို့တည်း။ (ရဟန္တာမှာ သက္ကာယဒိဋ္ဌိပယ်ပြီးဖြစ်၍ မကြောက်သလို ဆင်အာဇာနည် စသည်တို့မှာလည်း သက္ကာယဒိဋ္ဌိအားကြီး၍ မကြောက်ကြပါ။)

၉။ ကိန္နရာများ လူ့စကားမပြောရာ၌ မြော်မြင်သော အကျိုးထူး ၂-မျိုးမှာ မုသားမဆိုမိကြရန်၊ မဟုတ်မတရား သူတစ်ပါးကို မစွပ်စွဲမိကြစေရန်တို့တည်း။

ဓမ္မာသောကမင်းထံရောက် ကိန္နရာသည် စကားမပြောသဖြင့် ပြောအောင် ရည်ရွယ်ကာ ပြာသာဒ်အောက်ချပြီး ငုတ် ၂-ခုပေါ် ထမင်းအိုးတည်ပြသည်၊ တည်မရသည်ကို ကိန္နရာမြင်၍ “ငုတ်တစ်ခု ထပ်ထောင်သင့်သည် မဟုတ်လော” ဟု ဤမျှသာ ပြောသည်။

ကိန္နရာ ၂-ကောင်ရလာ၍ စကားပြောစေရန် ဈေးခေါ်သွားရာ သရက်သီးမှည့်နှင့် ငါးကိုမြင်သော ကိန္နရာက “ကြီးစွာသောအဆိပ်ကိုခဲကြသောလူများ အဘယ်မှာ ပွေး၊ ညှင်း၊ တင်းတိပ်နာမရဘဲ ရှိပါအံ့နည်း” ဟုဆို၍ သီးသီးနှင့် မန်ကျည်းသီးကိုမြင်သော ကိန္နရာကလည်း “သီးသီးနှင့် မန်ကျည်းသီးကိုမှီ၍ လူများ အဘယ်မှာ နူနာမစွဲ ရှိပါအံ့နည်း” ဟု ဆိုသည်။

၁၀။ သေသည့်အထိ မာတုဂါမများ မရောင့်ရဲ မငြီးငွေ့သော တရား ၂-မျိုး မှာ မေထုန်မှီဝဲခြင်း၊ သားဖွားခြင်းတို့တည်း။

ဘုရားမိန့်တော်မူသော နေခြင်း ၂-မျိုး

၁၁။ သူယုတ်တို့၏ အတူနေခြင်းနှင့် သူယုတ်များနေထိုင်ပုံမှာ - သီတင်းကြီး ရဟန်းကား ဤသို့ကြံ၏၊ “ကြီး လတ် ငယ် ဘယ်ရဟန်းကိုမျှ ငါ့ကို ဆုံးမစကား မဆိုပါစေလင့်၊ ငါကလည်း ကြီး လတ် ငယ် ဘယ်ရဟန်းကိုမျှ မဆိုအံ့၊ ကြီး လတ် ငယ် ဘယ်ရဟန်းဖြစ်ဖြစ် ငါ့ကိုဆိုလျှင် စီးပွားကို အလိုရှိ၍သာ ဆိုပေမည်၊ သင့်စကား ငါမလိုက်နာနိုင်ဟု ဆိုမည်၊ စကားမပြောဘဲ ညှဉ်းဆဲမည်၊ အမှန်သိသော်လည်း သူ့စကား လိုက်နာလိမ့်မည်မဟုတ်” ဟု ကြံသည်။

စာမျက်နှာ-364


သီတင်းကြီးရဟန်းအား နည်းတူ လတ် ငယ် ရဟန်းအားလည်း ဤသို့ပင်ကြံသည်၊ ဤကား သူယုတ်တို့၏ အတူနေခြင်းနှင့် သူယုတ်များ နေထိုင်ပုံတည်း။

သူတော်ကောင်းတို့၏ အတူနေခြင်းနှင့် သူတော်ကောင်းများနေထိုင်ပုံမှာ - သီတင်းကြီးရဟန်းအား ဤသို့ကြံ၏၊ “ကြီး လတ် ငယ် ဘယ်ရဟန်းကဖြစ်ဖြစ် ငါ့ကို ဆုံးမပါစေ၊ ငါကလည်း ကြီး လတ် ငယ် ဘယ်ရဟန်းကိုဖြစ်ဖြစ် ဆိုမည်၊ ကြီး လတ် ငယ် ဘယ်ရဟန်းဖြစ်ဖြစ် ငါ့ကိုဆိုလျှင် စီးပွားကိုလို၍သာ ဆိုပေမည်၊ သာဓုခေါ်မည်၊ စကားမပြောဘဲ ညှဉ်းဆဲမည်မဟုတ်ပါ၊ အမှန်သိလျှင် သူ့စကား လိုက်နာရမည်” ဟု ကြံသည်။

သီတင်းကြီးရဟန်းအား နည်းတူ လတ် ငယ် ရဟန်းအားလည်း ဤသို့ပင်ကြံသည်၊ ဤကား သူတော်ကောင်းတို့၏ အတူနေခြင်းနှင့် သူတော်ကောင်းများနေထိုင်ပုံတည်း။

၁၂။ ငြိမ်း၊ မငြိမ်း မှုခင်း ၂-မျိုးမှာ - အဓိကရုဏ်း (မှုခင်း) ၌ ၂-ဦး ၂-ဘက်လုံး ပြန်လှန်ဆဲဆိုခြင်း၊ အယူကိုမှီ၍ဖြစ်သော အပြိုင်ပြုခြင်း၊ စိတ်ထိခိုက်ကာ မကျေနပ် မနှစ်မြို့ခြင်းများကြောင့် မိမိနှင့် မိမိပရိသတ် စိတ်မပြေဖြစ်နေလျှင် (အတွင်းမီး မငြိမ်းသေးလျှင်) မှုခင်းကြာဖို့ နှုတ်ကြမ်း ကိုယ်ကြမ်း ပြုမူဖြစ်ကာ ရဟန်းများ အနေဆင်းရဲမည်ဟူသော အပြစ်ကား ပုံသေဖြစ်သည်။

အတွင်းမီးငြိမ်းမှ မှုခင်းပြတ်၍ နှုတ်ကြမ်း ကိုယ်ကြမ်း မဖြစ်တော့ဘဲ ရဟန်းတော်များ ချမ်းသာစွာနေရမည့်အကျိုး ပုံသေဖြစ်ကြောင်း ဟောတော်မူသည်။

(၇) ၂-သုခဝဂ်

၁။ ၂-မျိုးစီသော ချမ်းသာတို့မှာ -
ကာမဂုဏ်ပြည့်စုံမှုကြောင့် ရသောချမ်းသာ - ဂီဟိသုခ၊ ရဟန်းပြုခြင်းကြောင့် ရသောချမ်းသာ - ပဗ္ဗဇိတသုခ တို့တည်း။ ပဗ္ဗဇိတချမ်းသာမြတ်သည်။

ကာမဂုဏ်ကြောင့်ဖြစ်သောချမ်းသာ - ကာမသုခ၊ ကာမဂုဏ်မှ ထွက်မြောက်ခြင်းကြောင့်ဖြစ်သောချမ်းသာ - နေက္ခမ္မသုခ တို့တည်း။ နေက္ခမ္မသုခမြတ်သည်။

လောက၌အကျုံးဝင်သောချမ်းသာ - ဥပဓိသုခ၊ လောကုတ္တရာ၌ အကျုံးဝင်သောချမ်းသာ - နိရူပဓိသုခ တို့တည်း။ နိရူပဓိသုခမြတ်သည်။

အာသဝေါတို့၏အကြောင်းဖြစ်သော ချမ်းသာ - သာသဝသုခ၊ အကြောင်းမဟုတ်သောချမ်းသာ - အနာသဝသုခ တို့တည်း။ အနာသဝသုခမြတ်သည်။

စာမျက်နှာ-365


ကိလေသာ၏အာရုံဖြစ်၍ ဝဋ်သုံးပါးရောက်ကြောင်းချမ်းသာ - သာမိသသုခ၊ ကိလေသာ၏ အာရုံမဟုတ် နိဗ္ဗာန်ရောက်ကြောင်း ချမ်းသာ - နိရာမိသသုခ တို့တည်း။ နိရာမိသသုခမြတ်သည်။

အရိယာတို့၏ ချမ်းသာ - အရိယသုခ၊ ပုထုဇဉ်တို့၏ချမ်းသာ - အနရိယသုခ တို့တည်း။ အရိယသုခမြတ်သည်။

ကိုယ်၌ဖြစ်သောချမ်းသာ - ကာယိကသုခ၊ စိတ်၌ဖြစ်သောချမ်းသာ - စေတသိကသုခ တို့တည်း။ ဒုတိယသုခမြတ်သည်။

ပီတိပါသောချမ်းသာ - သပ္ပီတိကသုခ၊ ပီတိကင်းသော ချမ်းသာ - နိပ္ပီတိကသုခ တို့တည်း။ ဒုတိယမြတ်သည်။

သာယာအပ်သော ဈာန် ၃-ပါး ချမ်းသာ - သာတသုခ၊ လျစ်လျူရှုအပ်သော စတုတ္ထဈာန်ချမ်းသာ - ဥပေက္ခာသုခ တို့တည်း။ ဒုတိယမြတ်သည်။

ဥပစာရအပ္ပနာသမာဓိကို မှီသောချမ်းသာ - သမာဓိသုခ၊ သမာဓိကင်းသော ချမ်းသာ - အသမာဓိသုခ တို့တည်း။ သမာဓိသုခမြတ်သည်။

ပီတိပါသောဈာန်အာရုံရှိသော ချမ်းသာ - သပ္ပီတိကာရမ္မဏသုခ၊ ပီတိကင်းသော ဈာန်အာရုံရှိသောချမ်းသာ - နိပ္ပီတိကာရမ္မဏသုခ တို့တည်း။ ဒုတိယမြတ်သည်။

သာယာအပ်သော ဈာန်အာရုံရှိသော ချမ်းသာ - သာတာရမ္မဏသုခ၊ လျစ်လျူရှုအပ်သော ဈာန်အာရုံရှိသောချမ်းသာ - ဥပေက္ခာရမ္မဏသုခ တို့တည်း။ ဒုတိယမြတ်သည်။

ရူပဈာန်အာရုံရှိသောချမ်းသာ - ရူပါရမ္မဏသုခ၊ အရူပဈာန်အာရုံရှိသော ချမ်းသာ - အရူပါရမ္မဏသုခ တို့တည်း။ ဒုတိယမြတ်သည်။

(၈) ၃-သနိမိတ္တဝဂ်

၁-၁၀။ အကုသိုလ်တရားယုတ်များသည် အကြောင်းနိမိတ်၊ အကြောင်းနိဒါန်း၊ အကြောင်းဟိတ်၊ အကြောင်းသင်္ခါရ၊ အကြောင်းပစ္စည်း၊ အကြောင်းရုပ်၊ အကြောင်းသမ္ပယုတ်ဝေဒနာ၊ အကြောင်းသမ္ပယုတ်သညာ၊ အကြောင်းသမ္ပယုတ်ဝိညာဏ် ရှိကြမှ ဖြစ်ကုန်သည်၊ နိမိတ်စသည်ကိုသာပယ်လျှင် မဖြစ်ကုန်၊ သင်္ခတတရားကို အာရုံပြုကုန်၍သာ ဖြစ်ကုန်သည်၊ သင်္ခတတရားကိုသာပယ်လျှင် အကုသိုလ်တရားယုတ်များ မဖြစ်ကုန်။

(၉) ၄-ဓမ္မဝဂ်

၂-မျိုးစီသော တရားများမှာ - စိတ်၏ကိလေသာတို့မှ လွတ်မြောက်ခြင်း စေတောဝိမုတ္တိ၊ ပညာ၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း ပညာဝိမုတ္တိ၊ ယှဉ်ဖက်တရားများကို ချီးမြှောက်တတ်သော တရား ပဂ္ဂဟ၊ စိတ်၏ မပျံ့လွင့်မှုတရား အဝိက္ခေပ၊ နာမ်ရုပ်သစ္စာ

စာမျက်နှာ-366


သိတတ်သော ဝိဇ္ဇာ၊ ကိလေသာမှလွတ်သော ဝိမုတ္တိ၊ ဘဝမြဲ၏ဟုယူသော ဘဝဒိဋ္ဌိ၊ ဘဝပြတ်၏ဟု ယူဆသော ဝိဘဝဒိဋ္ဌိ၊ ဒုစရိုက်တို့မှ မရှက်ခြင်း အဟီရိက၊ မလန့်ခြင်း အနောတ္တပ္ပ၊ ရှက်ခြင်း ဟိရီ၊ လန့်ခြင်း ဩတ္တပ္ပ၊ ဆုံးမခက်ခြင်း ဒေါဝစဿတာ၊ ခင်ပွန်းယုတ်ရှိခြင်း ပါပမိတ္တတာ၊ ဆုံးမလွယ်ခြင်း သောဝစဿတာ၊ ခင်ပွန်းကောင်းရှိခြင်း ကလျာဏမိတ္တတာ၊ ဓာတ်တို့၌လိမ္မာခြင်း ဓာတုကုသလတာ၊ ဓာတ်များကိုပင် နှလုံးသွင်းခြင်း၌ လိမ္မာခြင်း မနသိကာရကုသလတာ၊ အာပတ်တို့၌ လိမ္မာခြင်း အာပတ္တိကုသလတာ၊ အာပတ်တို့မှ ထခြင်း၌ လိမ္မာခြင်း အာပတ္တိဝုဋ္ဌာနကုသလတာ တို့တည်း။

(၁၀) ၅-ဗာလဝဂ်

လူမိုက် ၂-မျိုးမှာ - မိမိသို့မရောက်သောဝန်ကို ရွက်ဆောင်သူ၊ ရောက်သောဝန်ကို မရွက်ဆောင်သူ။

ပညာရှိ ၂-မျိုးမှာ - မိမိသို့မရောက်သောဝန်ကို မရွက်ဆောင်သူ၊ ရောက်သောဝန်ကို ရွက်ဆောင်သူ။

လူမိုက် ၂-မျိုးမှာ - မအပ်သောအရာ၌ အပ်၏ဟုထင်သူ၊ အပ်သောအရာ၌ မအပ်ဟုထင်သူ။

ပညာရှိ ၂-မျိုးမှာ - မအပ်သောအရာ၌ မအပ်ထင်သူ၊ အပ်သောအရာ၌ အပ်၏ဟုထင်သူ။

လူမိုက် ၂-မျိုးမှာ - အာပတ်မသင့်သည်၌ သင့်၏ဟုထင်သူ၊ အာပတ်သင့်သည်၌ မသင့်ဟုထင်သူ။

ပညာရှိ ၂-မျိုးမှာ - အာပတ်မသင့်သည်၌ မသင့်ဟုထင်သူ၊ အာပတ်သင့်သည်၌ သင့်၏ဟုထင်သူ။

လူမိုက် ၂-မျိုးမှာ - တရားမဟုတ်သည်၌ အဟုတ်ထင်သူ၊ ဟုတ်သည်၌ မဟုတ်ထင်သူ။

ပညာရှိ ၂-မျိုးမှာ - တရားဟုတ်သည်၌ အဟုတ်ထင်သူ၊ မဟုတ်သည်၌ မဟုတ်ထင်သူ။

သူမိုက် ၂-မျိုးမှာ - ဝိနည်းမဟုတ်သည်၌ အဟုတ်ထင်သူ၊ ဟုတ်သည်၌ မဟုတ်ထင်သူ။

ပညာရှိ ၂-မျိုးမှာ - ဝိနည်းမဟုတ်သည်၌ မဟုတ်ထင်သူ၊ ဟုတ်သည်၌ အဟုတ်ထင်သူ။

အာသဝတရားတိုးပွားသူ ၂-မျိုးမှာ ယုံမှားမှု သံသယကုက္ကုစ္စ မဖြစ်သင့်သည်၌ ဖြစ်သူ၊ ဖြစ်သင့်သည်၌ မဖြစ်သူတို့ဖြစ်၍ မဖြစ်သင့်သည်၌မဖြစ်၊ ဖြစ်သင့်သည်၌ဖြစ်သူ ၂-မျိုးမှာ အာသဝတရား မတိုးပွား။

စာမျက်နှာ-367


အပ်၊ မအပ်သောအရာ၊ အာပတ်သင့်၊ မသင့်၊ တရားဟုတ်၊ မဟုတ်၊ ဝိနည်းဟုတ်၊ မဟုတ်သည်များ၌လည်း အမှားထင်က အာသဝတရားတိုးပွား၍ အမှန်ထင်လျှင် မတိုးပွားဟု မိန့်သည်။

မရောက်သောဝန်ကို ရွက်ဆောင်သူမည်သည် ပုဗ္ဗကိစ္စ ၉-ပါး၊ ပါတိမောက်ပြမှု၊ ပေါင်း ၁၀-ကိစ္စ မထေရ်ကြီးတာဝန်ကို သီတင်းငယ်သည် (မထေရ်ကြီးက မစေခိုင်းဘဲ) ပြုခြင်းမျိုးတည်း။ ထို ၁၀-ကိစ္စကို မထေရ်ကြီးသည် ကိုယ်တိုင်သော်လည်းမပြု၊ သူတစ်ပါးကိုသော်လည်း မစေခိုင်းလျှင် ရောက်သောဝန်ကို မရွက်ဆောင်သူမည်သည်။

တိယသုတ် ၅၀။ (၁၁) ၁-အာသာဒုပ္ပဟဝဂ်

စွန့်နိုင်ခဲသော တွယ်တာခြင်းအာသာ ၂-မျိုးမှာ လာဘ်ကိုတွယ်တာခြင်း၊ အသက်ကိုတွယ်တာခြင်း။ လာဘ်ကိုတွယ်တာသဖြင့် ယနေ့၊ နက်ဖြန် ရမည်ထင်ကာ ၁၀-နှစ်၊ နှစ် ၂၀-စသည် မင်းကိုဆည်းကပ် စစ်ပွဲဆင်ကြ၊ လယ်ထွန်ကြ၊ မြွေကင်းမရှောင်သွား သင်္ဘောသားလုပ်ကြသည်၊ အသက်ကိုတွယ်တာသဖြင့် သေချိန်နီးသော်လည်း အသက်တစ်ရာရှည်မည်ထင်နေသည်၊ ကံ ကမ္မနိမိတ် စသည်ထင်လာ၍ သနားသူများက ဒါနပြုရန်ဆိုသည်ကိုပင် “ငါမသေနိုင်ပါ” ဟု မည်သူ့စကားမျှ မနာယူ။

လောက၌ ရနိုင်ခဲသောပုဂ္ဂိုလ် ၂-မျိုးမှာ ရှေးဦးစွာ ကျေးဇူးပြုတတ်သော ပုဂ္ဂိုလ်၊ ကျေးဇူးဟောင်းကိုသိ၍ ကျေးဇူးတုံ့ပြန်တတ်သော ပုဂ္ဂိုလ်။ (ပထမပုဂ္ဂိုလ်ကား ကြွေးချေးသူ၊ ဒုတိယပုဂ္ဂိုလ်ကား ကြွေးဆပ်သူဖြစ်သည်။)

လောက၌ ရနိုင်ခဲသော ပုဂ္ဂိုလ် ၂-မျိုးမှာ ရောင့်ရဲသောပုဂ္ဂိုလ် (ကိစ္စပြီး၍ကျေနပ်နေသော ပစ္စေကဗုဒ္ဓါနှင့် ရဟန္တာ) နှင့် ရောင့်ရဲစေတတ်သောပုဂ္ဂိုလ် (ကိစ္စပြီးရကား မိမိလည်း ကျေနပ်၍ ဝေနေယျကိုလည်း ကျေနပ်စေသောဘုရားရှင်။)

ရောင့်ရဲစေနိုင်ခဲသော ပုဂ္ဂိုလ် ၂-မျိုးမှာ ရရသမျှပစ္စည်းမသုံးစား သိမ်း၍သာထားသောပုဂ္ဂိုလ်၊ ရရသမျှပစ္စည်း စွန့်၍သာပစ်သောပုဂ္ဂိုလ်။

ရောင့်ရဲလွယ်စေနိုင်သော ပုဂ္ဂိုလ် ၂-မျိုးမှာ ရရသမျှပစ္စည်း သိမ်း၍သာမထားသော ပုဂ္ဂိုလ်၊ ရရသမျှပစ္စည်း စွန့်၍သာပစ်သောပုဂ္ဂိုလ် (မိမိမျှရှုံ့ချန်၊ အကျန်ကိုသာလှူသည်။)

ရာဂဖြစ်ကြောင်း ၂-မျိုးမှာ တင့်တယ်သောဣဋ္ဌာရုံ၊ အကြောင်းမသင့် နှလုံးသွင်းခြင်း။ ဒေါသဖြစ်ကြောင်း ၂-မျိုးမှာ ဒေါသဖြစ်စရာ အနိဋ္ဌာရုံ၊ အကြောင်းမသင့် နှလုံးသွင်းခြင်း။

မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း ၂-မျိုးမှာ တစ်ပါးသူထံမှ မသူတော်တရားနာရခြင်း၊ အကြောင်းမသင့် နှလုံးသွင်းခြင်း။

စာမျက်နှာ-368


သမ္မာဒိဋ္ဌိဖြစ်ကြောင်း ၂-မျိုးမှာ သူတော်ကောင်းတရားနာရခြင်း၊ အကြောင်းသင့် နှလုံးသွင်းခြင်း။

၂-မျိုးစီသောအာပတ်များမှာ - ပေါ့သော လဟုကအာပတ်၊ လေးသော ဂရုကအာပတ်၊ ရုန့်ရင်းသော ဒုဋ္ဌုလ္လအာပတ်၊ မရုန့်ရင်းသော အဒုဋ္ဌုလ္လအာပတ်၊ ကုစားရန် အကြွင်းရှိသော သာဝသေသအာပတ်၊ အကြွင်းမရှိသော အနဝသေသအာပတ် တို့တည်း။

(၁၂) ၂-အာယာစနဝဂ်

၁။ သဒ္ဓါရှိသော ရဟန်းတောင့်တမှုမှန်လိုလျှင် “သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့နှင့် သဘောတူသူ ဖြစ်ရပါလို၏” ဟု တောင့်တရမည်၊ ငါ့တပည့်ရဟန်းတို့တွင် သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ကား နှိုင်းယှဉ်ရန် စံချိန်ဖြစ်သည်။ (အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့ထက် လွန်အောင်တောင်းလျှင် မရှိသည်ကို တောင့်တရာရောက်သဖြင့် မိစ္ဆာပတ္ထနာ ဖြစ်သည်၊ စံချိန်မှာ ထို ၂-ပါးသာဖြစ်သောကြောင့်တည်း။)

၂။ သဒ္ဓါရှိသော ရဟန်းမိန်းမ တောင့်တမှုမှန်လိုလျှင် “စံချိန်ဖြစ်သော ခေမာ (ပညာရှင်)၊ ဥပ္ပလဝဏ် (တန်ခိုးရှင်) ဘိက္ခုနီမများနှင့် သဘောတူသူ ဖြစ်ရပါလို၏” ဟု တောင့်တရမည်။

၃။ သဒ္ဓါရှိသော ဥပါသကာ တောင့်တမှုမှန်လိုလျှင် “စံချိန်ဖြစ်သော စိတ္တသူကြွယ် (ပညာရှင်)၊ ဟတ္ထက ခေါ် အာဠဝက (တန်ခိုးရှင်) မင်းသားများနှင့် သဘောတူသူ ဖြစ်ရပါလို၏” ဟု တောင့်တရမည်။

၄။ သဒ္ဓါရှိသော ဥပါသိကာမ တောင့်တမှုမှန်လိုလျှင် “စံချိန်ဖြစ်သော ခုဇ္ဇုတ္တရာ (ပညာရှင်)၊ နန္ဒမာတာ (တန်ခိုးရှင် - ဝေဠုကဏ္ဍကီရွာသူ နန္ဒသတို့သား၏ မိခင်) ဥပါသိကာမများနှင့် သဘောတူသူ ဖြစ်ရပါလို၏” ဟု တောင့်တရမည်။

၅။ ဉာဏ်ဖြင့်မဆုံးဖြတ် မပိုင်းခြားနိုင်ဘဲ ကဲ့ရဲ့ထိုက်သူအား ချီးမွမ်း၊ ချီးမွမ်းထိုက်သူအား ကဲ့ရဲ့သော ဤတရား ၂-မျိုးရှိသော မိုက်မဲဖျင်းအသောသူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည်မည်၍ အပြစ်ရှိသူ ပညာရှိများ ကဲ့ရဲ့ထိုက်သူဖြစ်၍ မကောင်းမှုများစွာကိုလည်း ဖြစ်ပွားစေသည်။

ဉာဏ်ဖြင့် ဆုံးဖြတ်ပိုင်းခြား၍ ကဲ့ရဲ့ထိုက်သူအား ကဲ့ရဲ့၊ ချီးမွမ်းထိုက်သူအား ချီးမွမ်းသော ဤတရား ၂-မျိုးရှိသော လိမ္မာပျော့ပျောင်း ပညာရှိသူတော်ကောင်းသည် တူးဖြိုဖျက်ဆီးမထိ ဂုဏ်ရှိသော မိမိကိုယ်ကိုယ် စောင့်ရှောက်နေသည်မည်၍ အပြစ်မရှိသူ ပညာရှိများ မကဲ့ရဲ့ထိုက်သူဖြစ်ကာ ကောင်းမှုများစွာကို ဖြစ်ပွားစေသည်။

စာမျက်နှာ-369


၆။ မကြည်ညိုထိုက်သောအရာ၌ ကြည်ညို၊ ကြည်ညိုထိုက်သောအရာ၌ မကြည်ညိုဟူသော တရား ၂-မျိုးရှိသူ သူယုတ်အတွက် ဆိုးကျိုး၊ မကြည်ညိုထိုက်သောအရာ၌ မကြည်ညို၊ ကြည်ညိုထိုက်သောအရာ၌ ကြည်ညိုသောတရား ၂-မျိုးရှိသူ သူတော်ကောင်းအတွက် ကောင်းကျိုး။

၇။ မိဘဟူသောပုဂ္ဂိုလ် ၂-မျိုးတို့၌ ရိုက်နှက်သတ်ဖြတ်ခြင်း စသည်ဖြင့် အကျင့်မှားသူ သူယုတ်အတွက် ဆိုးကျိုး၊ ပြုစုလုပ်ကျွေးခြင်းစသည်ဖြင့် အကျင့်ကောင်းသူ သူတော်ကောင်းအတွက် ကောင်းကျိုး (မိတ္တဝိန္ဒကသည် မိခင်၌၊ အဇာတသတ်သည် ဖခင်၌ပြစ်မှားသည်။)

၈။ ဘုရားရှင်နှင့် တပည့်သာဝက ဟူသောပုဂ္ဂိုလ် ၂-မျိုး တို့၌ လမ်းခွဲခြင်း၊ သတ်ရန်ကြံခြင်း စသည်ဖြင့် အကျင့်မှားသူ သူယုတ်အတွက် ဆိုးကျိုး၊ ပြုစုလုပ်ကျွေးခြင်း စသည်ဖြင့် အကျင့်ကောင်းသူ သူတော်ကောင်းအတွက် ကောင်းကျိုး။ (ဒေဝဒတ်သည် ဘုရားရှင်၌၊ ကောကာလိကသည် တပည့်သာဝက၌ ပြစ်မှားသည်၊ ပြုစုရာ၌ကား ဘုရားရှင်ကို အရှင်အာနန္ဒာ၊ တပည့်သာဝကတို့ နန္ဒသူဌေးသားတို့ ထူးခြားသည်။)

၉။ ၂-မျိုးစီသော တရားများမှာ - မိမိစိတ်ဖြူစင်ခြင်း၊ လောက၌ တစ်စုံတရာကို မစွဲလမ်းခြင်း၊ အမျက်ထွက်ခြင်း ကောဓ၊ ရန်ညှိုးဖွဲ့ခြင်း ဥပနာဟ၊ အမျက်ထွက်ခြင်းကို ပယ်ဖျောက်ခြင်း၊ ရန်ညှိုးဖွဲ့ခြင်းကို ပယ်ဖျောက်ခြင်းတို့တည်း။

(၁၃) ၃-ဒါနဝဂ်

အလှူ ၂-မျိုးမှာ ပစ္စည်း ၄-ပါးအလှူ အာမိသဒါန၊ တရားအလှူ ဓမ္မဒါန တို့တည်း။ ဓမ္မဒါနမြတ်သည်။ ပူဇော်ခြင်း ယာဂ၊ စွန့်ကြဲခြင်း စာဂ၊ စွန့်ကြဲခြင်း ပရိစ္စာဂ၊ သုံးဆောင်ခြင်း ဘောဂ၊ အတူသုံးဆောင်ခြင်း သမ္ဘောဂ၊ ခွဲခြားဝေဖန်ခြင်း သံဝိဘာဂ၊ ထောက်ပံ့ခြင်း သင်္ဂဟ၊ ချီးမြှောက်ခြင်း အနုဂ္ဂဟ၊ သနားခြင်း အနုကမ္ပာ တို့လည်း အာမိသ ဓမ္မ ၁-မျိုးစီပင်၊ ဓမ္မမြတ်သည်။

(၁၄) ၄-သန္တာရဝဂ်

အဆက်အသွယ်ပြုခြင်း သန္တာရ ၂-မျိုးမှာ ပစ္စည်းဖြင့် အဆက်အသွယ်ပြုခြင်း အာမိသသန္တာရ၊ တရားသဖြင့် အဆက်အသွယ်ပြုခြင်း ဓမ္မသန္တာရ တို့တည်း။ ဓမ္မသန္တာရမြတ်သည်။ အစေ့အစပ် အဆက်အသွယ်ပြုခြင်း ပဋိသန္တာရ၊ ရှာမှီးခြင်း ဧသနာ (ပစ္စည်းကို၊ ဓမ္မကိုရှာမှီးခြင်း)၊ ထက်ဝန်းကျင်ရှာမှီးခြင်း ပရိယေသနာ၊ အထွတ်အထိပ်ရောက်ရှာမှီးခြင်း ပရိယေဋ္ဌိ၊ ပူဇော်ခြင်း ပူဇာ (ပစ္စည်းဖြင့်၊ ဓမ္မဖြင့် ပူဇော်ခြင်း)၊ အာဂန္တုတို့အား ပေးလှူခြင်း အာတိထေယျ၊ ပြည့်စုံခြင်း ဣဒ္ဓိ (ပစ္စည်း၊ ဓမ္မပြည့်စုံခြင်း)၊ ကြီးပွားခြင်း ဝုဒ္ဓိ

စာမျက်နှာ-370


(ပစ္စည်းဖြင့်၊ ဓမ္မဖြင့် ကြီးပွားခြင်း)၊ နှစ်သက်ဖွယ်ရာ ရတနာ (ပစ္စည်း၊ ဓမ္မဟူသောရတနာ)၊ ပွားစီးခြင်း သန္နိစယ (ပစ္စည်းဖြင့်၊ ဓမ္မဖြင့် ပွားစီးခြင်း)၊ ပြန့်ပြောခြင်း ဝေပုလ္လ ၂-မျိုးမှာ ပစ္စည်း၏ ပြန့်ပြောခြင်း အာမိသဝေပုလ္လ၊ တရား၏ပြန့်ပြောခြင်း ဓမ္မဝေပုလ္လ တို့တည်း။ ဓမ္မဝေပုလ္လမြတ်သည်။
၂-မျိုးစီသောတရားများမှာ -

(၁၅) ၅-သမာပတ္တိဝဂ်

သမာပတ်ဝင်စားမှု၌ လိမ္မာခြင်း သမာပတ္တိကုသလတာ၊ သမာပတ်မှထမှု၌ လိမ္မာခြင်း သမာပတ္တိဝုဋ္ဌာနကုသလတာ၊ ဖြောင့်မတ်ခြင်း အဇ္ဇဝ၊ နူးညံ့ခြင်း မဒ္ဒဝ၊ သည်းခံခြင်း ခန္တီ၊ အကျင့်ကောင်းဖြင့် မွေ့လျော်ခြင်း သောရစ္စ၊ နူးညံ့သော စကားရှိခြင်း သာခလျ၊ အဆက်အသွယ်ကောင်းခြင်း ပဋိသန္တာရ၊ မညှဉ်းဆဲခြင်း အဝိဟိံသာ၊ စင်ကြယ်ခြင်း သောစေယျ။

ဣန္ဒြေတို့၌ မပိတ်သောတံခါးရှိခြင်း ဣန္ဒြိယေသု အဂုတ္တဒွါရတာ၊ အစားအသောက်၌ အတိုင်းအရှည်ကို မသိခြင်း ဘောဇနေ အမတ္တညုတာ၊ ဣန္ဒြေတို့၌ ပိတ်သောတံခါးရှိခြင်း ဣန္ဒြိယေသု ဂုတ္တဒွါရတာ၊ အစားအစာတို့၌ အတိုင်းအရှည်ကိုသိခြင်း ဘောဇနေ မတ္တညုတာ၊ ဆင်ခြင်ခြင်းအား ပဋိသင်္ခါနဗလ၊ ပွားများခြင်းအား ဘာဝနာဗလ၊ အောက်မေ့ခြင်းအား သတိဗလ၊ တည်ကြည်ခြင်းအား သမာဓိဗလ၊ နီဝရဏတို့ကို ငြိမ်းစေခြင်း သမထ၊ သင်္ခါရတို့ကို ရှုမှတ်ခြင်း ဝိပဿနာ။

အကျင့်ပျက်စီးခြင်း သီလဝိပတ္တိ၊ အမြင်ပျက်စီးခြင်း ဒိဋ္ဌိဝိပတ္တိ၊ အကျင့်ပြည့်စုံခြင်း သီလသမ္ပဒါ၊ အမြင်ပြည့်စုံခြင်း ဒိဋ္ဌိသမ္ပဒါ (ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ဈာန၊ ဝိပဿနာ၊ မဂ္ဂ၊ ဖလသမ္မာဒိဋ္ဌိဟု ၅-ပါးပြားသည်။)၊ အကျင့်၏စင်ကြယ်ခြင်း သီလဝိသုဒ္ဓိ၊ အမြင်စင်ကြယ်ခြင်း ဒိဋ္ဌိဝိသုဒ္ဓိ (ဝိသုဒ္ဓိသို့ ရောက်စေနိုင်သော မဂ္ဂသမ္မာဒိဋ္ဌိ၊ တစ်နည်းပြပြီး သမ္မာဒိဋ္ဌိ ၅-ပါးလုံး။)

အမြင်စင်ကြယ်ခြင်း ဒိဋ္ဌိဝိသုဒ္ဓိ၊ အမြင်အားလျော်စွာ အားထုတ်ခြင်း ယထာဒိဋ္ဌိပဓာန (အောက်မဂ်၌ယှဉ်သော ဝီရိယတည်း။)၊ ကုသိုလ်တရားတို့၌ မရောင့်ရဲခြင်း အသန္တုဋ္ဌိတာ၊ တရားအားထုတ်မှု၌ မဆုတ်နစ်ခြင်း အပ္ပဋိဝါနီတာ၊ သတိကင်းခြင်း မုဋ္ဌဿစ္စ၊ ဉာဏ်ကင်းခြင်း အသမ္ပဇည၊ အောက်မေ့ခြင်း သတိ၊ ဆင်ခြင်ခြင်း သမ္ပဇဉ် တို့တည်း။

စာမျက်နှာ-371


၁-ကောဓပေယျာလ

၂-မျိုးစီသော တရားများမှာ (အကုသိုလ်ဆိုင်ရာ)

အမျက်ထွက်ခြင်း ကောဓ၊ ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ၊ သို့ကျေးဇူးကို ချေဖျက်ခြင်း မက္ခ၊ အပြိုင်ပြုခြင်း ပလာသ၊ ငြူစူခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယ၊ လှည့်ပတ်ခြင်း မာယာ၊ စဉ်းလဲခြင်း သာဌေယျ၊ မရှက်ခြင်း အဟီရိက၊ မလန့်ခြင်း အနောတ္တပ္ပ တို့တည်း။

၂-မျိုးစီသော တရားများမှာ (ကုသိုလ်ဆိုင်ရာ)

အမျက်မထွက်ခြင်း အက္ကောဓ၊ ရန်မဖွဲ့ခြင်း အနုပနာဟ၊ သို့ကျေးဇူးကို မချေဖျက်ခြင်း အမက္ခ၊ အပြိုင်မပြုခြင်း အပလာသ၊ မငြူစူခြင်း အနိဿာ၊ ဝန်တိုခြင်း အမစ္ဆရိယ၊ မလှည့်ပတ်ခြင်း အမာယာ၊ မစဉ်းလဲခြင်း အသာဌေယျ၊ ရှက်ခြင်း ဟီရိ၊ လန့်ခြင်း ဩတ္တပ္ပတို့တည်း။

အကုသိုလ်ဆိုင်ရာ ၂-မျိုးစီသောတရားတို့နှင့် ပြည့်စုံသူသည် ဆင်းရဲစွာနေရ၍ ကုသိုလ်ဆိုင်ရာ ၂-မျိုးစီသော တရားတို့နှင့် ပြည့်စုံသူသည် ချမ်းသာစွာ နေရသည်၊ ထို့အတူ အကုသိုလ်ဆိုင်ရာ တရားများသည် ကျင့်ဆဲသေက္ခရဟန်းအား ဆုတ်ယုတ်ဖို့ရာ ဖြစ်သလို ကုသိုလ်ဆိုင်ရာ တရားများက မဆုတ်ယုတ်ဖို့ရာ ဖြစ်သည်။

အကုသိုလ်ဆိုင်ရာများနှင့် ပြည့်စုံသူသည် (ဆောင်ယူ၍ ချထားလိုက်သကဲ့သို့) ဤအတူ ငရဲ၌ဖြစ်၍ ကုသိုလ်ဆိုင်ရာများနှင့် ပြည့်စုံသူသည်လည်း နတ်ပြည်၌ ဖြစ်ရသည်။

၂-အကုသလ ပေယျာလ

ကောဓစသော ၂-မျိုးစီတို့သည် အကုသိုလ်တရား အပြစ်ရှိသောတရား၊ ဆင်းရဲကို ဖြစ်စေတတ်သောတရား၊ ဆင်းရဲကျိုးရှိသောတရား၊ ဆင်းရဲနှင့်တကွဖြစ်သောတရားတို့ မည်ကြ၍ အက္ကောဓစသော ၂-မျိုးစီတို့သည် ကုသိုလ်တရား အပြစ်မရှိသောတရား၊ ချမ်းသာကို ဖြစ်စေတတ်သောတရား၊ ချမ်းသာကျိုးရှိသောတရား၊ ဆင်းရဲမရှိသော တရားတို့ မည်ကြသည်။

၃-ဝိနယ ပေယျာလ

တပည့်များအား သိက္ခာပုဒ်ပညတ်ရာ၌ ဘုရားရှင်ရည်ရွယ်တော်မူသော အကျိုးထူး ၂-မျိုးမှာ သံဃာချမ်းသာခြင်း၊ သံဃာ ချမ်းသာစွာ နေထိုင်ရခြင်း၊ သီလမရှိသူများကို နှိမ်နင်းခြင်း၊ သီလချစ်သူများ ချမ်းသာစွာ နေထိုင်ရခြင်း၊ မျက်မှောက် အာသဝေါ တရားများကို ပိတ်ပင်ခြင်း၊ တမလွန်၌ဖြစ်မည့် အာသဝေါတရားများကို တားဆီး

စာမျက်နှာ-372


ခြင်း၊ မျက်မှောက်ရန်များကို ပိတ်ပင်ခြင်း၊ တမလွန်ရန်များကို တားဆီးခြင်း၊ မျက်မှောက်ပြစ်များကို ပိတ်ပင်ခြင်း၊ တမလွန်ပြစ်များကို တားဆီးခြင်း၊ မျက်မှောက်ဆင်းရဲခြင်းသဘော အကုသိုလ်များကို ပိတ်ပင်ခြင်း၊ တမလွန်ဆင်းရဲခြင်းသဘော အကုသိုလ်များကို တားဆီးခြင်း၊ လူတို့အား အစဉ်သနားခြင်း၊ အလိုဆိုးရှိသော ရဟန်းများ၏ အသင်းအပင်းကို ဖျက်ဆီးခြင်း၊ မကြည်ညိုသူများကို ကြည်ညိုစေခြင်း၊ ကြည်ညိုပြီးသူများကို တိုးကြည်ညိုစေခြင်း၊ သာသနာတော် အရှည်တည်ခြင်း အကျိုးငှာ ဝိနည်းကို ချီးမြှောက်ခြင်းအကျိုးငှာဖြစ်သည်။

အကျိုးထူး ၂-မျိုးကို ရည်ရွယ်တော်မူ၍ပင် ဘုရားရှင်သည် တပည့်များအား ပါတိမောက်ကို ပညတ်တော်မူသည်။ ပါတိမောက်ပြခြင်းကို၊ ပါတိမောက်ရပ်ဆိုင်းထားခြင်းကို၊ ပဝါရဏာကို၊ ပဝါရဏာရပ်ဆိုင်းထားခြင်းကို၊ တဇ္ဇနီယစသောကံများကို၊ ပရိဝါသ်ပေးခြင်း စသည်များကို၊ သံဃာ့ဘောင်သွင်းခြင်း၊ သံဃာ့ဘောင်မှ နှင်ထုတ်ခြင်းကို၊ ပဉ္စင်းခံသောကံကို၊ ဉတ္တိကံ စသည်ကို မပညတ်အပ်သေးသည်များကို၊ ပညတ်ပြီးသည်များကိုတဖန်၊ သမ္မုခါဝိနည်း စသည်များကို၊ တိဏဝတ္ထာရကသမထကို ပညတ်တော်မူသည်၊ သံဃာချမ်းသာခြင်းစသော အကျိုးများတည်း။

၄-ရာဂပေယျာလ

ရာဂကို ထူးသောဉာဏ်ဖြင့် သိဖို့ ပွားများအပ်သော တရား ၂-မျိုးမှာ သမထ ကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းတို့ ဖြစ်သည်။

ရာဂကို ပိုင်းခြားသိဖို့၊ ရာဂကုန်စေဖို့၊ ရာဂကိုပယ်ဖို့၊ ရာဂကုန်ခန်းဖို့၊ ရာဂပျက်ဖို့၊ ရာဂကင်းပြတ်ဖို့၊ ရာဂချုပ်ဖို့၊ ရာဂကို စွန့်လွှတ်ဖို့၊ ရာဂကို တဖန်စွန့်လွှတ်ဖို့ ပွားများရမည်မှာလည်း ယင်းတရား ၂-မျိုးတည်း။

ပြစ်မှားခြင်း ဒေါသ၊ တွေဝေခြင်း မောဟ၊ အမျက်ထွက်ခြင်း ကောဓ၊ ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ၊ သို့ကျေးဇူးကို ချေဖျက်ခြင်း မက္ခ၊ အပြိုင်ပြုခြင်း ပလာသ၊ ငြူစူခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယ၊ လှည့်ပတ်ခြင်း မာယာ၊ စဉ်းလဲခြင်း သာဌေယျ၊ ခတ်ထန်ခြင်း ထမ္ဘ၊ ချုပ်ချယ်ခြင်း သာရမ္ဘ၊ ထောင်လွှားခြင်း မာန၊ အလွန်ထောင်လွှားခြင်း အဘိမာန၊ မာန်ယစ်ခြင်း မဒ၊ မေ့လျော့ခြင်း ပမာဒကို ထူးသောဉာဏ်ဖြင့်သိဖို့ (လ) တဖန်စွန့်လွှတ်ဖို့ ပွားများရမည်မှာလည်း ယင်းတရား ၂-မျိုးတည်း။

တိကနိပါတ် ၁။ ပဌမသုတ်။ ၅၀။ ၁။ ဗာလဝဂ် ၁ ဘယသုတ်၊

သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ ဘုရားရှင်သည် သံဃာတော်များအား ဖြစ်လာသမျှ ကြောက်လန့်မှု ဘေးအားလုံး မငြိမ်သက်ခြင်း ဥပဒ္ဒဝေါအားလုံး စိတ်

စာမျက်နှာ-373


ဆင်းရဲခြင်း ဥပသဂ္ဂအားလုံး လူမိုက်ကြောင့်သာ ဖြစ်လာကုန်သည်၊ ပညာရှိကြောင့် မဖြစ်လာကုန်၊ ကျူမိုး ကျူကာ မြက်မိုး မြက်ကာ အိမ်များမှ လောင်လွှင့်သော မီးသည် အိမ်ကြီးအိမ်ကောင်းများကိုလည်း လောင်ကျွမ်းသကဲ့သို့ ဖြစ်သည်။

သူမိုက်သည်သာ ဘယ ဥပဒ္ဒဝ ဥပသဂ္ဂတို့နှင့် စပ်လျက်ရှိသည်၊ ပညာရှိကား စပ်လျက်မရှိ၊ ပညာရှိကြောင့် ဘယစသည် ဖြစ်ပေါ်ခြင်း မရှိ၊ ထို့ကြောင့် ဤသာသနာတော်၌ သူမိုက်ဟု သိကြောင်းတရား ၃-မျိုးကို ရှောင်၍ ပညာရှိဟု သိကြောင်းတရား ၃-မျိုးကိုသာ ဆောက်တည်၍ ကျင့်ကြရန် မိန့်သည်။

ဘယစသည် ၃-ပါးအထူး သင်တို့ရွာ ငါတို့လာတိုက်မည်ဟု သူပုန်ထံမှ စာရချိန်မှ စ၍ ရွာသားများ လန့်နေခြင်းသည် ဘယ၊ ပစ္စည်းများ သယ်ပိုးယူပြီး တောတောင်တွင်း ပုန်းနေကြ ခြင်မှက်ကိုက် ငုတ်စူးစသည်ဖြင့် မငြိမ်မသက် ဖြစ်နေခြင်းသည် ဥပဒ္ဒဝ၊ သူပုန်မလာထင်ပြီး ရွာပြန်ကြ၊ ထိုအခါမှ သူပုန်လာပြီး မီးရှို့ သတ်ဖြတ်ကြ၊ ကျန်သူများ ချောင်ကပ်ထိုင်ကာ ပျက်စီးပြီးများကို စိုးရိမ်ကြ စိတ်ဆင်းရဲကြခြင်းသည် ဥပသဂ္ဂမည်သည်။

၂-လက္ခဏသုတ်

သူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ မိမိပြုအပ်သော ကံလျှင်မှတ်ကြောင်း လက္ခဏာရှိသည်၊ ပညာမည်သည် သတ္တဝါတို့၏ အပြုအမူအားလျော်စွာ ထင်ရှားသည်၊ သူမိုက်ဟု သိကြောင်းတရား ၃-မျိုးမှာ ကိုယ် နှုတ် စိတ် ပြစ်မှု ၃-မျိုးဖြစ်သည်၊ ပညာရှိဟု သိကြောင်းတရား ၃-မျိုးမှာ ကိုယ် နှုတ် စိတ် ကောင်းမှု ၃-မျိုးသာတည်း။ ထို့ကြောင့် ဤသာသနာတော်၌ သူမိုက်ဟု သိကြောင်းတရား ၃-မျိုးကို ရှောင်၍ ပညာရှိဟု သိကြောင်းတရား ၃-မျိုးကို ဆောက်တည်၍ ကျင့်ကြရန် မိန့်သည်။

၃-စိန္တီသုတ်

သူမိုက်အတွက် သူမိုက်ဟု သိကြောင်းလက္ခဏာ၊ သိကြောင်းအမှတ် နိမိတ်၊ ထင်ရှားကြောင်း အပြုအမူ၊ အပါဒါန် ၃-မျိုးမှာ မကောင်းသောအကြံကြံ၊ မကောင်းသော စကားပြော၊ မကောင်းသော အမှုပြု၊ ဤ ၃-မျိုးတို့တည်း။

ဤလက္ခဏာ ၃-မျိုးမရှိသူကို လူမိုက်ဟု ပညာရှိများ မသိနိုင်၊ ရှိသောကြောင့် ‘ဤသူ လူမိုက်’ ဟု ပညာရှိများ သိကြရသည်။

ပညာရှိအတွက် လက္ခဏာ နိမိတ် အပါဒါန် ၃-မျိုးမှာ အကြံကောင်း၊ စကားကောင်း၊ အလုပ်ကောင်းတို့ပင် ဖြစ်သည်။

စာမျက်နှာ-374


၄-အစ္စယသုတ်

သူမိုက်ဟု သိကြောင်းတရား ၃-မျိုးမှာ မိမိအပြစ်ကို အပြစ်အားဖြင့် မရှု၊ ရှုသော်လည်း တရားသဖြင့် မကုစား၊ သူတပါးသည် အပြစ်ကို ဝန်ခံ၍ ပြောလာပါလျက် တရားအလျောက် မခံယူခြင်းတို့တည်း။ ပညာရှိဟု သိကြောင်းတရား ၃-မျိုးမှာ အပြန်။

၅-အယောနိသောသုတ်

သူမိုက်ဟု သိကြောင်းတရား ၃-မျိုးမှာ အကြောင်းမသင့် မေးတတ်၊ အကြောင်းမသင့်ဖြေတတ်၊ ပြည့်စုံပြေပြစ်၍ ကြောင်းကျိုးဆက်စပ်သော ပုဒ် ဗျည်းတို့ဖြင့် အကြောင်းသင့် ဖြေထားသော သူတပါးအဖြေကို ကောင်းချီးမပေးတတ်၊ ဤသည်တို့တည်း၊ ပညာရှိဟု သိကြောင်းတရား ၃-မျိုးမှာ အပြန်။

၆-အကုသလသုတ်

သူမိုက်ဟု သိကြောင်းတရား ၃-မျိုးမှာ အကုသိုလ်ကိုယ်နှုတ် စိတ် ကံ ၃-ပါးတည်း၊ ပညာရှိဟု သိကြောင်း ၃ မျိုးအပြန်။

၇-သာဝဇ္ဇသုတ်

သူမိုက် အပြစ်ရှိသော ကိုယ်နှုတ် စိတ် ကံ ၃-ပါး၊ ပညာရှိအပြန်။

၈-သာဗျာပဇ္ဈသုတ်

သူမိုက် ဆင်းရဲခြင်းရှိသော ကိုယ်နှုတ် စိတ် ကံ ၃-ပါး၊ ပညာရှိ အပြန်။

၉-ခတသုတ်

ကိုယ်နှုတ်စိတ် ပြစ်မှု ၃-မျိုးရှိသော မိုက်မဲ ဖျင်းအသော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်သည် မည်၍ အပြစ်ရှိသူ ဖြစ်သည်၊ ပညာရှိများ ကဲ့ရဲ့ထိုက်သူဖြစ်၍ မကောင်းမှုများစွာကိုလည်း ဖြစ်ပွားစေသည်။

ကိုယ်နှုတ်စိတ် ကောင်းမှု ၃-မျိုးရှိသော လိမ္မာပျော့ပျောင်း ပညာရှိ သူတော်ကောင်းသည် တူးဖျက်မထိ ဂုဏ်ရှိသော မိမိကိုယ်ကို စောင့်ရှောက်သည် မည်၍ အပြစ်မရှိသူ ဖြစ်သည်၊ ပညာရှိများ မကဲ့ရဲ့ထိုက်သူဖြစ်ကာ ကောင်းမှုများစွာကို တိုးပွားစေသည်။

စာမျက်နှာ-375


၁၀-မလသုတ်

အညစ်အကြေး ၃-မျိုးကို မပယ်ခြင်းကြောင့် ဆောင်ယူ၍ချထားသလို ငရဲ၌ဖြစ်ကြောင်း တရား ၃-မျိုးမှာ သီလမရှိသူဖြစ်၍ သီလမရှိခြင်းဟူသော အညစ်အကြေးကို မပယ်ခြင်း၊ ငြူစူတတ်သူဖြစ်၍ ငြူစူခြင်းဟူသော အညစ်အကြေးကို မပယ်ခြင်း၊ ဝန်တိုတတ်သူဖြစ်၍ ဝန်တိုခြင်း ဟူသော အညစ်အကြေးကို မပယ်ခြင်းတည်း။

အညစ်အကြေး ၃-မျိုးကို ပယ်ခြင်းကြောင့် ဆောင်ယူ၍ချထားသလို နတ်ပြည်၌ဖြစ်ကြောင်း တရား ၃-မျိုးမှာ သီလရှိသူဖြစ်၍ သီလမရှိခြင်းဟူသော အညစ်အကြေးကို ပယ်ခြင်း၊ မငြူစူတတ်သူဖြစ်၍ ငြူစူခြင်းဟူသော အညစ်အကြေးကိုပယ်ခြင်း၊ ဝန်မတိုတတ်သူဖြစ်၍ ဝန်တိုခြင်းဟူသော အညစ်အကြေးကို ပယ်ခြင်းတည်း။

၂-ရထကာရဝဂ်၊ ၁-ညာတသုတ်

ထင်ရှားသောရဟန်းသည် သာသနာတော်အား မလျော်သောကိုယ်မှု နှုတ်မှု စိတ်မှု ကံ ၃-ပါးတို့၌ သူတပါးတို့ကို ဆောက်တည်စေသော တရား ၃-မျိုးနှင့် ပြည့်စုံလျှင် လူများအကျိုးစီးပွားမဲ့ ဆင်းရဲဖို့၊ နတ်လူများ စီးပွားမဲ့ ဆင်းရဲဖို့ရာ ကျင့်သူဖြစ်သည်။ သာသနာတော် အားလျော်သော ကိုယ်နှုတ် စိတ်မှုများ၌ ဆောက်တည်စေလျှင် အပြန်အားဖြင့် နတ်လူချမ်းသာဖို့ရာ ကျင့်သူဖြစ်သည်။

သာသနာတော်အား မလျော်မှုများ ကာယဒုစရိုက်နှင့် အရပ်မျက်နှာ ရှိခိုးစေမှု၊ ဘုတ်ပူဇော်မှုစသော ကာယကံ၊ ဝစီဒုစရိုက်နှင့် မိမိပစ္စည်း မပေးလိုလျှင်မရှိဟု ဆိုနိုင်သည်ဟု တိုက်တွန်းသော ဝစီကံ၊ မနောဒုစရိုက်နှင့် ကမ္မဋ္ဌာန်း လွဲမှားအားထုတ်စေမှု မနောကံမျိုးတည်း။

မေတ္တာပို့လျှင် ပိယ ချစ်သူများကို ဦးစွာမေတ္တာပို့ ဟု ဒက္ခိဏဝိဟာရ ဝါသီထေရ်က အမတ်သားတဦးအား သဘာဂ၊ ဝိသဘာဂမခွဲခြားဘဲ ပွားခိုင်းရာ မယားကိုမေတ္တာပို့သဖြင့် ရူးသွားသည်၊ ကမ္မဋ္ဌာန်းဆရာများအပါအဝင် ဦးဆောင်ပုဂ္ဂိုလ်များ လမ်းညွှန်မှု လွဲလျှင် တပည့် ဒကာ ကိုယ်စောင့်နတ် စသည် တလောကလုံး အယူအဆလွဲ ဆင်းရဲဖို့ ဖြစ်ကြသည်။

ကမ္မဋ္ဌာန်းမှန်၍ ရဟန္တာ အစ်ကို နန္ဒာဘယထေရ် ရောဂါသည်အား ညီဖြစ်သူ နိကာယ် ၄-ရပ်ဆောင် အရှင်တိဿက ကဗလီကာရာဟာရ ကမ္မဋ္ဌာန်းကိုပေးရာ ဥပါဒါရုပ်မှတ်၍ရှူပွား ရဟန္တာဖြစ်သွားသည်။

စာမျက်နှာ-376


၂-သာရဏီယသုတ်

အဘိသိက်သွန်းပြီး ပြည့်ရှင်မင်းအတွက် တသက်တာ အောက်မေ့အပ်သော အရပ် ၃-မျိုးမှာ ဖွားမြင်ရာအရပ်၊ အဘိသိက်သွန်းရာအရပ်၊ စစ်အောင်ရာ အရပ်တို့တည်း။

ထို့အတူ ရဟန်းအတွက် တသက်တာ အောက်မေ့အပ်သော အရပ် ၃ မျိုးမှာ ရဟန်းပြုရာအရပ်၊ သစ္စာ ၄-ပါး သိရာအရပ်၊ အရဟတ္တဖိုလ် ရောက်ရာအရပ်တည်း ဟု မိန့်တော်မူသည်။

၃-အာသီသသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၃-မျိုးမှာ တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်၊ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်၊ တောင့်တခြင်း ကင်းပြီးသော ပုဂ္ဂိုလ်တို့တည်း။
တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟူသည်-ဤလောက၌ ဒွန်းစဏ္ဍားစသော အမျိုးယုတ်၌ဖြစ်၍ စားဝတ်နေရေးလည်း ဆင်းရဲကာ အရုပ်ဆိုး အကြည့်ရံခြင်းစသော ဥပဓိ ချွတ်ယွင်းသူသည် “ဤမင်းကို မင်းမျိုးများက မင်းအဘိသိက် သွန်းအပ်ပြီတဲ့” ဟုကြားရာ “ငါ့ကိုလည်း ဘယ်အခါ အဘိသိက် သွန်းကုန်မည်နည်း” ဟု ထိုသူအား အကြံမဖြစ်၊ မတောင့်တပေ။

တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟူသည်-ဤလောက၌ အဘိသိက် သွန်းထိုက်သော်လည်း မသွန်းရသေးသော အရွယ်ရောက်ပြီး မင်းသားကြီးသည် “ဤမင်းကို မင်းမျိုးများက မင်းအဘိသိက် သွန်းအပ်ပြီတဲ့” ဟု ကြားလျှင် “ငါ့ကိုလည်း ဘယ်အခါ အဘိသိက်သွန်းကုန်မည်နည်း” ဟု ထိုမင်းသားကြီးအား အကြံဖြစ်သည်၊ အဘိသိက်ကို တောင့်တသည်။

တောင့်တခြင်း ကင်းပြီးသော ပုဂ္ဂိုလ်ဟူသည်— ဤလောက၌ အဘိသိက် သွန်းပြီး ပြည့်ရှင်မင်းသည် “ဤမင်းကို မင်းမျိုးများက မင်းအဘိသိက် သွန်းအပ်ပြီတဲ့” ဟု ကြားသော်လည်း “ငါ့ကိုလည်း ဘယ်အခါ အဘိသိက် သွန်းကုန်မည်နည်း” ဟု မင်းအား အကြံမဖြစ်၊ အဘိသိက်မသွန်းမီက ဖြစ်သော တောင့်တခြင်းသည် (အဘိသိက် သွန်းပြီးရကား) ငြိမ်းလေပြီ ဖြစ်သောကြောင့်တည်း။

ထို့အတူ ရဟန်းများ၌ ထင်ရှားရှိသော ပုဂ္ဂိုလ်မှာလည်း ၃-မျိုးပင်တည်း။

တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟူသည်- ဤသာသနာတော်၌ သီလမရှိ သဘောဆိုး အကျင့်ဆိုးသော ရဟန်းအတုအယောင်သည် “ဤရဟန်း ရဟန္တာဖြစ်နေပြီ” ဟု ကြားသော်လည်း “ငါသည်လည်း ဘယ်အခါ၌ ရဟန္တာဖြစ်ပါမည်နည်း” ဟု ထိုအတုအယောင်အား အကြံမဖြစ်၊ မတောင့်တပေ။

စာမျက်နှာ-377


တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟူသည်-ဤသာသနာ၌ သီလရှိ၍ သဘောကောင်း အကျင့်ကောင်းသော ရဟန်းသည် “ဤရဟန်း၊ ရဟန္တာဖြစ်နေပြီ” ဟု ကြားလျှင် “ငါသည်လည်း ဘယ်အခါ၌ ရဟန္တာဖြစ်ပါမည်နည်း” ဟု ထိုရဟန်းကောင်းအား အကြံဖြစ်သည်၊ တောင့်တသည်။

တောင့်တခြင်း ကင်းပြီးသောပုဂ္ဂိုလ် ဟူသည်- ဤသာသနာတော်၌ ရဟန္တာ ပုဂ္ဂိုလ်သည် “ဤရဟန်း ရဟန္တာဖြစ်နေပြီ” ဟု ကြားသော်လည်း “ငါသည်လည်း ဘယ်အခါ၌ ရဟန္တာဖြစ်ပါမည်နည်း” ဟု ထိုရဟန္တာအား အကြံမဖြစ်၊ ရဟန္တာမဖြစ်မီက ဖြစ်သော တောင့်တခြင်းသည် (ရဟန္တာဖြစ်ပြီးရကား) ငြိမ်းလေပြီဖြစ်သောကြောင့်တည်းဟု ဟောတော်မူသည်။

၄-စက္ကဝတ္တိသုတ်

“တရားရှိ၍ တရားမင်းဖြစ်သော စကြဝတေးမင်းသော်မှလည်း အမှီမင်းကိုမရလျှင် စကြာရတနာကို မလည်စေနိုင်” ဟု ဘုရားရှင်က မိန့်တော်မူလတ်သော် “အမှီမင်းဟူသည် အဘယ်ပါနည်း” ဟု ရဟန်းတပါးက မေးလျှောက်ရာ “တရားတည်း” ဟု ဘုရားရှင် ဖြေတော်မူသည်။

ဤလောက၌ စကြဝတေးမင်းသည် တရားကိုသာ မှီကာ အရိုအသေ အလေးအမြတ်ပြု တုပ်ဝပ်လျက် တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြု တံခွန်သဖွယ်မြှောက်ချီပြီး တရားကို အကြီးအမှူးပြုလျက် မိဖုရား သားတော် သမီးတော် ဟူသော နန်းတွင်းသားပေါင်း၊ အရံမင်း စစ်သည်ဗိုလ်ပါအပေါင်း၊ ပုဏ္ဏားနှင့် အမျိုးသား နိဂုံးဇနပုဒ်သား ရဟန်း ပုဏ္ဏား သားငှက်တို့၌ တရားအားလျော်သော စောင့်ရှောက်ကာကွယ် လုံခြုံမှုကို စီရင်၏၊ ပြီးလျှင် တရားသဖြင့် သာ စကြာရတနာကို လည်စေ၏၊ ထိုစကြာရတနာကို လူသားရန်သူ မည်သူမျှ မဖျက်ဆီး မတားမြစ်နိုင်၊

ဤအတူသာလျှင် တရားမင်းဖြစ်တော်မူသော အရဟံ သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသည် တရားကိုသာ မှီကာ အရိုအသေ အလေးအမြတ်ပြု တုပ်ဝပ်လျက် တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြု တံခွန်သဖွယ်မြှောက်ချီပြီး တရားကို အကြီးအမှူးပြုလျက် “ဤကာယကံမှုမျိုးကို မှီဝဲအပ်၏။ ဤကာယကံမှုမျိုးကို မမှီဝဲအပ်” ဟု ကာယကံမှု၌ လည်းကောင်း၊ အလားတူ ဝစီကံမှု မနောကံမှု၌လည်းကောင်း တရားနှင့်လျော်သော စောင့်ရှောက်ကာကွယ် လုံခြုံမှုကို စီရင်၏၊ စီရင်ပြီးလျှင် တရားသဖြင့်သာ အတုမရှိသော ဓမ္မစက်ကို လည်စေတော်မူသည်၊ ထိုဓမ္မစက်ကို ရဟန်း ပုဏ္ဏား၊ နတ်၊ မာရ်နတ်၊ ဗြဟ္မာ လောက၌ မည်သူမျှ မဖျက်ဆီး မတားမြစ်နိုင်ဟု မိန့်တော်မူသည်။

စာမျက်နှာ-378


စကြဝတေးမင်း စကြာရတနာကို လည်စေနိုင်၍ စက္ကဝတ္တိ-စကြဝတေး၊ သင်္ဂဟဝတ္ထု ၄-ပါးတို့ဖြင့် ပြည်သူများကို နှစ်သက်စေတတ်၍ ရာဇ-မင်းမည်သည်၊ အမှီမင်း အမှီတရားဟူသည် ကုသလကမ္မပထ တရား ၁၀-ပါးတည်း။

စောင့်ရှောက်ကာကွယ် လုံခြုံမှုစီရင် မိဖုရားသားတော် သမီးတော်များကို သီလ စောင့်စေ၍ အဝတ်ပန်းနံ့သာများပေးကာ ဘေးရန်ကို တားမြစ်ပေးခြင်း၊ အဘိသိက် သွန်းထိုက်သော မင်းများကို မြင်းအာဇာနည်စသော ရတနာများပေးခြင်း၊ အရံမင်းများကိုလည်း လျော်သောယာဉ်များပေးခြင်း၊ စစ်သည်ဗိုလ်ပါကို အချိန်မလွန်စေဘဲ လခရိက္ခာပေးခြင်း၊ ပုဏ္ဏားများကို ထမင်းအဖျော်စသည်၊ သူကြွယ်များကို ထမင်း စိုက်ပျိုးကိရိယာများ၊ ရဟန်းများကို ဆိုင်ရာအသုံးအဆောင်၊ သားငှက်များကို ဘေးမဲ့ပေးခြင်းများတည်း။

လူသားရန်သူမည်မျှ ကုသလကမ္မပထ တရား ၁၀-ပါးကြောင့် လည်သော စကြာရတနာသည် လူသားသာ ဖျက်မရ၊ နတ်များက သူတို့လိုသလိုပြုနိုင်သည်၊ ဗုဒ္ဓ၏အမှီကား လောကုတ္တရာတရား ၉-ပါးဖြစ်သည်။

၅-သစေတနသုတ်

အခါတပါး ဘုရားရှင်သည် ဗာရာဏသီပြည် (ဘုရားပစ္စေကဗုဒ္ဓါတို့ ဓမ္မစကြာဟောရန် ဥပုသ်ပြုရန် ကြွ၍ကျရာဖြစ်ခြင်းကြောင့်) ဣသိပတနမည်သော မိဂဒါဝုန်တော၌ သီတင်းသုံးစဉ် ရှေးဖြစ်ရပ်ဟောတော်မူသည်မှာ...

သစေတနမင်းဖြစ်စဉ် ရှေးယခင်က “နောက် ၆-လလွန်လျှင် စစ်ဖြစ်လိမ့်မည်၊ ရထားဘီးသစ်တစုံ ပြုနိုင်ပါမည်လော” ပြုလုပ်နိုင်ပါသည်၊ မင်း၏အမိန့်ကို ရထားလုပ်သမားက ဝန်ခံပြီးလုပ်ရာ ၆-လပြည့်ရန် ၆-ရက်အလိုမှာ တဘီးပြီးသည်၊ ထိုအချိန် မင်းကမေးမြန်းသဖြင့် “တဘီးပြီးပါပြီ၊ ကျန် ၆-ရက်နှင့်လည်း တဘီးပြီးနိုင်ပါသည်” ဟု လျှောက်တင်ပြီး ဆက်လုပ်ပြီးသောအခါ ဘီးသစ်တစုံ တင်ဆက်လိုက်သည်။

“တဘီးက ၅-လ ၂၄-ရက်၊ တဘီးက ၆-ရက် လုပ်ချိန်ထူးသော်လည်း ဘီးချင်းထူးခြားချက်မတွေ့မြင်” ဟု မင်းကြီးကမိန့်ရာ ရထားလုပ်သမားက “ထူးခြားချက်ကိုရှုစားတော်မူပါ” ... လျှောက်တင်ပြီး ၆-ရက်ဘီးကိုလိမ့်ပြရာ အရှိန်ရှိသမျှ လိမ့်သွားပြီး မြေ၌ လဲကျသည်။ ၅-လ ၂၄-ရက် ဘီးကား အရှိန်ရှိသမျှလိမ့်သွားပြီး (လဲမသွားဘဲ) ဝင်ရိုး၌ စွပ်ထားသလို ရပ်တည်နေသည်။

စာမျက်နှာ-379


ထိုထူးခြားမှုကို မင်းကြီးမြင်၍ အကြောင်းကိုမေးရာ ရထားလုပ်သမားက ၆-ရက်ဖြင့် ပြီးသောဘီး၏အကွပ်သည် ကောက်၍ အပြစ်အနာရှိကာ အဆွေးဖြစ်သည်၊ အကန့်နှင့် ပုံတောင်းသည်လည်း နည်းတူပင်ဖြစ်သောကြောင့် ဤကဲ့သို့လဲကျသွားသည်၊ ၅-လ ၂၄-ရက်နှင့် ပြီးသောဘီး၏ အကွပ် အကန့် ပုံတောင်းတို့ကား မကောက် အပြစ်အနာမရှိ အကာအဆွေးမဟုတ်သောကြောင့် ဝင်ရိုး၌ စွပ်ထားသလို ရပ်တည်နေသည်ဟု တင်လျှောက်သည်။

ထိုအချိန်က ရထားလုပ်သမားသည် ငါဘုရားပင်တည်း၊ ထိုအခါက ငါသည် သစ်ကောက် အပြစ်အနာ အကာအဆွေးတို့၌ လိမ္မာသည်၊ ယခုအခါ ငါဘုရားသည် ကိုယ်နှုတ် စိတ်တို့၏ ကောက်ခြင်း အပြစ်အနာ အကာအဆွေးဟူသော ပြစ်မှု ၃-ခုတို့၌ ကျွမ်းကျင်လိမ္မာ၏။ ရဟန်း၊ ရဟန်းမိန်းမ၊ မည်သူမဆို ကိုယ် နှုတ်စိတ်တို့၏ ကောက်ခြင်းစသောအပြစ်ကို မပယ်အပ်လျှင် ၆-ရက်ဖြင့်ပြီးသော ဘီးကဲ့သို့ သာသနာတော်မှ ဂုဏ်အားဖြင့် လျှောကျကုန်သည်။ အပြစ်ကိုပယ်အပ်သော ၅-လ ၂၄-ရက် ပြီးသောဘီးကဲ့သို့ သာသနာတော်၌ ဂုဏ်အားဖြင့် တည်ကုန်သည်၊ ကိုယ် နှုတ် စိတ် အကောက် စသည်များပယ်နိုင်အောင် ကျင့်ဟု ဟောတော်မူသည်။

သာသနာတော်မှ ဂုဏ်ကျသူတည်သူ လောကီလူများ ဂုဏ်ကျ၍ သောတာပန် စသည်တို့ ဂုဏ်တည်ကြသည်၊ သောတာပန်စသည်တို့တွင်လည်း အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက် ကိလေသာဖြစ်ဆဲမှာ ဂုဏ်ကျ၍ ရဟန္တာကား စင်စစ်ဂုဏ်တည်သူဖြစ်သည်။

ဒုစရိုက် ၁၀-ပါး မပယ်စဉ် ပါဏာတိပါတ၊ အဒိန္နာဒါန၊ မိစ္ဆာစာရ၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ မိစ္ဆာဒိဋ္ဌိ၊ ဤ ၆-ပါးကို သောတာပတ္တိမဂ်ကလည်းကောင်း၊ ဖရုသဝါစာ၊ ဗျာပါဒကို အနာဂါမိမဂ်ကလည်းကောင်း၊ အဘိဇ္ဈာ၊ သမ္ဖပ္ပလာပကို အရဟတ္တမဂ်ကလည်းကောင်း၊ ပယ်အပ်သည်။

၆-အပဏ္ဏကသုတ်

တရား ၃-မျိုးနှင့်ပြည့်စုံသောရဟန်းသည် မချွတ်ယွင်းသောအကျင့်ကို ကျင့်သူဖြစ်၍ အကြောင်းသင့် အရဟတ္တဖိုလ်ရရန် အားထုတ်အပ်ပြီး မည်သည့်တရား ၃-မျိုးမှာ ဣန္ဒြေတို့၌ ပိတ်ထားအပ်သော တံခါးရှိခြင်း၊ အစားအစာ၌ အတိုင်းအရှည်ကိုသိခြင်း၊ နိုးကြားမှု၌ အမြဲယှဉ်ခြင်းတို့တည်း။

ဣန္ဒြေတို့၌ ပိတ်ထားအပ်သော တံခါးရှိမှုမှာ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကိုမြင်သော်၊ နားဖြင့် သဒ္ဒါရုံကိုကြားသော်၊ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်၊ လျှာဖြင့် ရသာရုံကိုလျက်သော်၊ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်၊

စာမျက်နှာ-380


စိတ်ဖြင့် ဓမ္မာရုံကိုသိသော်၊ ယောက်ျား မိန်းမစသော သဏ္ဌာန်နိမိတ်ကို စွဲယူလေမရှိ၊ လက် ခြေစသော အင်္ဂါ၊ ပြုံးရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာကို စွဲယူလေမရှိ၊ အကယ်၍ ဣန္ဒြေ ၆-ပါးကို မစောင့်စည်းဘဲနေလျှင် ယင်းမစောင့်စည်းမှုကြောင့် မက်မောခြင်းအဘိဇ္ဈာ၊ နှလုံးမသာယာခြင်း ဒေါမနဿဟု ဆိုအပ်သော အကုသိုလ်တရားယုတ်တို့သည် ထိုစည်းမစောင့်သူ့ကို လိုက်၍ နှိပ်စက်ကုန်ရာ၏။

ထို့ကြောင့် ရဟန်းသည် ဣန္ဒြေ ၆-ပါးကို စောင့်စည်းရန်ကျင့်၏၊ စောင့်ရှောက်၏၊ ဣန္ဒြေ ၆-ပါး၌ စောင့်စည်းခြင်းသို့ ရောက်၏၊ ဤသို့ ပိတ်ထားသော တံခါးရှိသည်။

အစားအစာ၌ အတိုင်းအရှည်ကိုသိမှုမှာ ရဟန်းသည် အကြောင်းသင့် ဆင်ခြင်၍ အာဟာရကို သုံးဆောင်၏၊ မြူးတူးမာန်ယစ်ရန်၊ တန်ဆာဆင်ရန်၊ အရေအဆင်း ဖွံ့ဖြိုးတိုးပွားရန်မဟုတ်၊ ဤကိုယ် တည်တံ့မျှတရန်သာ၊ ဆာလောင်ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်သာ၊ အကျင့်မြတ်ကို ချီးမြှောက်ရန်သာ အာဟာရကို သုံးဆောင်၏၊ ဤသုံးဆောင်ခြင်းဖြင့် ဝေဒနာ ဟောင်းသစ် မဖြစ်စေရ၊ မျှတခြင်း၊ အပြစ်မရှိခြင်း၊ ချမ်းသာစွာ နေရခြင်းသာ ငါ့အား ဖြစ်ပေမည်ဟု အာဟာရကို သုံးဆောင်သည်၊ ဤကား အတိုင်းအရှည်ကို သိပုံတည်း။

နိုးကြားမှု၌ အမြဲယှဉ်ပုံမှာ နေ့အခါ၌လည်းကောင်း၊ ညဉ့်ဦးယံ၌လည်းကောင်း၊ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် နီဝရဏတရားတို့မှ စိတ်ကိုသုတ်သင်၏၊ သန်းခေါင်ယံ၌ လက်ယာခြေပေါ်၌ လက်ဝဲခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိပညာရှိကာ မည်သည့်အချိန်၌ ထမည်ဟု နှလုံးသွင်းပြီး လက်ယာနံတောင်းဖြင့် မြတ်သောလျောင်းစက်ခြင်းကိုပြု၏၊ မိုးသောက်ယံ၌ စောစောထ၍ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် နီဝရဏတရားတို့မှ စိတ်ကိုသုတ်သင်၏၊ ဤကား နိုးကြားမှု၌ အမြဲယှဉ်ပုံတည်း။

၇-အတ္တဗျာပါဒသုတ်

မိမိ၏ လည်းကောင်း၊ သူတပါး၏လည်းကောင်း၊ ၂-ဦးသား၏ လည်းကောင်း ဆင်းရဲကြောင်း တရား ၃-မျိုးမှာ ကိုယ် နှုတ် စိတ် ပြစ်မှု ၃-မျိုးတည်း၊ ကိုယ် နှုတ် စိတ် ကောင်းမှု ၃-မျိုးမှာ အပြန်အားဖြင့် မဆင်းရဲကြောင်း တရားများတည်း။

၈-ဒေဝလောကသုတ်

နတ်ပြည်ဖြစ်အောင် ရဟန်းဂေါတမထံ အကျင့်မြတ်ကို သင်တို့ကျင့်သုံးကြသလောဟု သာသနာပအယူရှိ ပရိဗိုဇ်များကမေးလျှင် သင်တို့ ငြီးငွေ့ ရှက်နိုး စက်ဆုပ်

စာမျက်နှာ-381


ကုန်ရာသည်မဟုတ်လောဟု ဘုရားရှင်မေးတော်မူရာ သံဃာများက ဟုတ်မှန်ပါကြောင်း လျှောက်တင်ကြသည်။

နတ်၌ဖြစ်သော အသက် အဆင်း ချမ်းသာ အစိုးရခြင်းများကို ငြီးငွေ့ ရှက်နိုး စက်ဆုပ်ကြလျှင် သင်တို့သည် ရှေးဦးကပင် ကိုယ် နှုတ် စိတ် ပြစ်မှု ၃-မျိုး၌ ငြီးငွေ့ ရှက်နိုး စက်ဆုပ်ရာသည်ဟု မိန့်သည်။

၉-ပဌမ ပါပဏိကသုတ်

အင်္ဂါ ၃-မျိုးနှင့်ပြည့်စုံသော ဈေးသည်သည် မရသေးသောစည်းစိမ်ရ၊ ရပြီးသော စည်းစိမ် တိုးပွားရန်မထိုက်၊ အင်္ဂါ ၃-မျိုးမှာ နံနက်အခါ၊ နေ့လယ်အခါ၊ ညချမ်း အခါ များ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ မစီရင် မပြုလုပ်ခြင်းတည်း၊ ဤအတူ တရား ၃-မျိုးနှင့် ပြည့်စုံသောရဟန်းသည် မရသေးသော ကုသိုလ်တရား မရ၊ ရပြီး ကုသိုလ်တရားများ တိုးပွားစေရန် မထိုက်၊ တရား ၃-မျိုးမှာ နံနက်အခါ၊ နေ့လယ် အခါ၊ ညချမ်းအခါ၌ သမာဓိ၏အာရုံကို ရိုရိုသေသေ မဆောက်တည်ခြင်းတည်း။

ကြီးပွားမည့် ဈေးသည်နှင့် ရဟန်းအတွက်လည်း အင်္ဂါ ၃-မျိုး၊ တရား ၃-မျိုး မှာ အပြန်။

ဆိုင်စောစောဖွင့်သဖြင့် ခိုးသူများ ရန်သူများ၊ ခရီးသွားများ၊ စောစီးစွာ ဝယ်ယူနိုင် အမြတ်များများ တင်ရောင်းနိုင်သဖြင့် ဈေးသည်များ ကြီးပွားနိုင်ကြောင်း အဋ္ဌကထာဖွင့်သည်၊ အခြားအချိန် ၂-မျိုးမှာလည်း အရေးကြီးသူများ ဝယ်ယူနိုင်၍ ရောင်းကောင်းသည်။

၁၀-ဒုတိယ ပါပဏိကသုတ်

မကြာမီပင် စည်းစိမ်တို့၌ များခြင်း ပြန့်ပြောခြင်းသို့ ရောက်နိုင်ကြောင်း ဈေးသည်အင်္ဂါ ၃-မျိုးမှာ မျက်စိအမြင်ရှိခြင်း၊ ဉာဏ်ယှဉ်သော ဝီရိယထူးရှိခြင်း၊ အမှီကောင်းနှင့် ပြည့်စုံခြင်းတည်း။
မျက်စိအမြင်ရှိပုံမှာ- ဤကုန်ကို ဤသို့ဝယ်၍ ဤသို့ရောင်းလျှင် အရင်းမည်မျှ အမြတ်မည်မျှ ဖြစ်မည်ဟု ရောင်းကုန်ကို သိခြင်းတည်း။

ဉာဏ်ယှဉ်သော ဝီရိယထူးရှိပုံမှာ- ကုန်ကို ဝယ်ဖို့ ရောင်းဖို့ ကျွမ်းကျင်ခြင်းတည်း။

အမှီကောင်းနှင့် ပြည့်စုံပုံမှာ- ဈေးသည်ကို ကြွယ်ဝချမ်းသာသူများက “ဤဈေးသည်ကား မျက်စိအမြင်ရှိ၍ ဝီရိယထူးလည်း ရှိသည်။ သားသမီးများကို လုပ်ကျွေးဖို့ ငါတို့အားလည်း ရံခါ အတိုးပေးဖို့ စွမ်းနိုင်သည်” ဟု သိကြသဖြင့် “အမောင်ဈေး

စာမျက်နှာ-382


သည်၊ ငါတို့ထံမှ ပစ္စည်းများယူ၍ သားမယားလုပ်ကျွေး၊ ရံခါလည်း ငါတို့အား အတိုးပေး” ဟု ပစ္စည်းဖြင့် ဖိတ်ကြားခံရခြင်းကား အမှီကောင်းနှင့် ပြည့်စုံခြင်းတည်း။

ဤအတူ မကြာမီပင် ကုသိုလ်တရားတို့၌ များမြတ် ပြန့်ပြောခြင်းသို့ ရောက်ကြောင်း ရဟန်း၏တရား ၃-မျိုးမှာ ပညာမျက်စိ အမြင်ရှိခြင်း၊ ဉာဏ်နှင့်ယှဉ်သော ဝီရိယထူးရှိခြင်း၊ အမှီကောင်းနှင့် ပြည့်စုံခြင်းတည်း။

ပညာမျက်စိ အမြင်ရှိပုံမှာ- သစ္စာ ၄-ပါးကို အမှန်သိခြင်းတည်း။
ဉာဏ်နှင့်ယှဉ်သော ဝီရိယထူးရှိပုံမှာ- အကုသိုလ်တရားများကို ပယ်ခြင်း၊ ကုသိုလ် တရားများကို ဖြစ်စေခြင်းငှာ ဝီရိယထက်သန်၍ နေ၏။ အားစွမ်းရှိကာ မြဲသောဝီရိယ ရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထား၊ ဤသည်တည်း။
အမှီကောင်းနှင့် ပြည့်စုံပုံမှာ- အကြားအမြင် များကြကုန်၊ ပါဠိတော်ကို နှုတ်တက် ဆောင်ကြကုန်၊ သုတ္တန် ဝိနည်း ပါတိမောက်ကို ဆောင်ကြသော ရဟန်းများထံ ရံခါရံခါချဉ်းကပ်၍ ပါဠိ ပါဠိ၏ အနက်များကို မေးမြန်းစိစစ်သည်၊ ထိုအရှင်မြတ်များက မေးသူ ထိုရဟန်းအား မဖွင့်အပ်သေးသည်ကို ဖွင့်ပြကြ၊ မပေါ်လွင်သေးသည်ကို လည်း ပေါ်လွင်စေကြ၊ ယုံမှားဖွယ်ရာများမှာလည်း ယုံမှားပယ်ဖျောက်ကြသည်၊ ဤသည်တို့တည်း။

အစဉ်ဖြောင့်မတ်ရမည်- ပညာ ဝီရိယ အမှီကောင်းဟု ပါဠိ၌ စဉ်ဟောသော်လည်း ရှေးဦး အမှီကောင်းကို မှီဝဲ၊ အလယ်၌ လုံ့လပြု၊ နောက် အရဟတ္တဖိုလ်ရမည်ဟု ဟောရမည်။

၃-ပုဂ္ဂလဝဂ်၊ ၁-သမိဒ္ဓသုတ်

ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်၌ သီတင်းသုံးတော်မူစဉ် အရှင်သမိဒ္ဓ၊ အရှင်မဟာကောဋ္ဌိက မထေရ် ၂-ပါးသည် အရှင်သာရိပုတ္တရာထံ သွားကြရာ အရှင်သာရိပုတ္တရာက နာမကာယဖြင့် ဈာန် ၈-ပါးသို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ကာယသက္ခိပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်သူ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်ဟု လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၃-မျိုးတွင် အဘယ်ပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်၊ အလွန်မြတ်သော ပုဂ္ဂိုလ်ဟု သင်နှစ်သက်ပါသနည်းဟု မေးရာ-
အရှင်သမိဒ္ဓိက သင်္ချေ လွန်ကဲသောကြောင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်ပါဟု လည်းကောင်း၊

အရှင်မဟာကောဋ္ဌိက သမာဓိန္ဒြေ လွန်ကဲသောကြောင့် ကာယသက္ခိပုဂ္ဂိုလ်ပါဟု လည်းကောင်း အသီးသီး ဖြေဆိုကြသည်၊ ထို ၂-ပါး၏ အမေးကို-

စာမျက်နှာ-383


အရှင်သာရိပုတ္တရာက ပညိန္ဒြေ လွန်ကဲသောကြောင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်ပါဟု ဖြေဆိုပြန်ရာ တမျိုးစီ ဉာဏ်အမြင်အားလျော်စွာ ဖြေဆိုကြရကား ဘုရားထံ သွားလျှောက်ထားရန် သဘောတူကြ သွားလျှောက်ကြသည်။

ဘုရားရှင်က ဤပုဂ္ဂိုလ် ၃-မျိုးတွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ် အကောင်းဆုံး၊ အမြတ်ဆုံးဟု ဧကန်တိကျစွာ ဖြေဆိုရန် မလွယ်ကူ၊ အကြောင်းကား-

၁။ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သော ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်အလိုငှာ ကျင့်ပြီး ဖြစ်၏၊ နာမကာယဖြင့် ဈာန် ၈-ပါးသို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူသည် သကဒါဂါမ်သော် လည်းကောင်း အနာဂါမ်သော် လည်းကောင်း ဖြစ်၏။ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူသည်လည်း သကဒါဂါမ်သော် လည်းကောင်း၊ အနာဂါမ်သော် လည်းကောင်း ဖြစ်၏။

၂။ နာမကာယဖြင့် ဈာန် ၈-ပါးသို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူသည် အရဟတ္တဖိုလ် အလိုငှာ ကျင့်ပြီးဖြစ်၏၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူသည် လည်းကောင်း၊ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူသည် လည်းကောင်း၊ သကဒါဂါမ်သော် လည်းကောင်း အနာဂါမ်သော် လည်းကောင်း ဖြစ်၏။

၃။ သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ရောက်သူသည် အရဟတ္တဖိုလ်အလိုငှာ ကျင့်ပြီးဖြစ်၏၊ သဒ္ဓါတရားဖြင့် ကိလေသာမှလွတ်သူသည်လည်းကောင်း၊ နာမကာယဖြင့် ဈာန် ၈-ပါးသို့ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူသည်လည်းကောင်း၊ သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏၊ ထိုသို့သော အကြောင်းရှိသောကြောင့်ဟု ဟောတော်မူသည်။

မထေရ် ၃-ပါးအထူး အရှင်သမိဒ္ဓ၏ အရဟတ္တမဂ်ခဏ၌ သဒ္ဓိန္ဒြေကြီးမှူး၍ ကြွင်း ဣန္ဒြေ ၄-ပါး အခြံအရံမျှသာဖြစ်ရကား သူရသောမဂ်ကို လျှောက်ထားသည်၊ ထိုအတူ အရှင်မဟာကောဋ္ဌိကမဂ်ခဏ၌ သမာဓိန္ဒြေ၊ အရှင်သာရိပုတ္တရာမဂ်ခဏ၌ ပညိန္ဒြေတို့ ကြီးမှူးကြသည်၊ မထေရ် ၃-ပါး မဂ်ရပုံအတိုင်း လျှောက်ထားသော်လည်း ဘုရားရှင်ကား ဘုံအထူးအားဖြင့် မိန့်ကြားသည်။

၂-ဂိလာနသုတ်

လောက၌ ထင်ရှားရှိသော သူနာ ၃-မျိုးမှာ သင့်လျော်သောအစားအစာ ဆေး သူနာပြုကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ထိုရောဂါဝေဒနာမှ မထမြောက်သော လူနာ၊ ထမြောက်သောလူနာ၊ သင့်လျော်သောအစားအစာ ဆေးသူနာပြုကိုရမှသာ ထိုရောဂါဝေဒနာမှ ထမြောက်သောလူနာ ဤ ၃-မျိုးတို့တည်း။

စာမျက်နှာ-384


ထိုသူနာ ၃-မျိုးတွင် တတိယသူနာကိုအကြောင်းပြု၍ သူနာအား လျောက်ပတ်သော ဆွမ်း ဆေး သူနာပြုတို့ကို ခွင့်ပြုတော်မူသည်၊ ဤတတိယသူနာကို အကြောင်းပြု၍ အခြားသူနာများကိုလည်း လုပ်ကျွေးပြုစုသင့်ကြသည်။

ဤအတူ လောက၌ ထင်ရှားရှိသော သူနာနှင့်တူသောပုဂ္ဂိုလ် ၃-မျိုးမှာ ဘုရားရှင်ကို ဖူးရသော်လည်းကောင်း၊ မဖူးရသော်လည်းကောင်း၊ ဘုရားဟောသုတ် အဘိဓမ္မာ ဝိနည်းကို ကြားရသော်လည်းကောင်း၊ မကြားရသော်လည်းကောင်း ကုသိုလ်တရားတို့၌ မှန်ဖြောင့်သဘောရှိသော အရိယာမဂ်သို့ မသက်ဝင်နိုင်သောပုဂ္ဂိုလ်၊ သက်ဝင်နိုင်သောပုဂ္ဂိုလ်၊ ဘုရားဖူးရမှ တရားနာကြားရမှသာ သက်ဝင်နိုင်သောပုဂ္ဂိုလ်၊ ဤ ၃-မျိုးတို့တည်း။

ထိုပုဂ္ဂိုလ် ၃-မျိုးတွင် တတိယပုဂ္ဂိုလ်ကိုအကြောင်းပြု၍ တရားဟောခြင်းကို ခွင့်ပြုတော်မူရာ အခြားပုဂ္ဂိုလ်တို့အားလည်း တရားဟောကြားသင့်သည်ဟု ဟောတော်မူသည်။

သူနာပြုပုဂ္ဂိုလ် အင်္ဂါ ၅-ပါးရှိ၍ လိမ္မာကျွမ်းကျင် မပျင်းရိသူကို သံဃာက ပန်ကြားထားရပေမည်၊ ထိုသူနာနှင့် သူနာပြု ရဟန်းသာမဏေများအတွက် လိုအပ်သမျှ သံဃာက တာဝန်ယူရမည်။

လူနာ ၂-မျိုးလည်း ပြုစုသင့်ပုံ ... သေမည့်လူမမာပဲဟု ပစ်ထားလျှင် “ငါ့ကို ပြုစုကြလျှင် ငါမသေနိုင်၊ ယခု မပြုစုကြ” ဟု စိတ်ပြစ်မှားကာ အပါယ်ကျနိုင်သည်၊ ပြုစုလျှင်မူ “သံဃာက လိုသမျှ ပြုစုရှာပါသည်၊ ငါ့ကံပဲ” ဟု သံဃာ၌ မေတ္တာထား၍ နတ်ပြည်သွားနိုင်သည်။

မပြုစုသော်လည်း ပျောက်မည့် သာမညရောဂါသည်ကို ပြုစုလျှင် မြန်မြန်ပျောက်၍ ပရိယတ် ပဋိပတ် အားထုတ်နိုင်မည်။

ပုဂ္ဂိုလ် ၃-မျိုး ၄-မျိုးတွဲပုံ... ဤသုတ်ပဌမပုဂ္ဂိုလ်ကား ပဒပရမ၊ ဒုတိယကား ဥဂ္ဃဋိတညူဖြစ်၍ သာသနာတွင်း၌ နာလကထေရ်လိုပုဂ္ဂိုလ်မျိုး၊ သာသနာပ၌ ပစ္စေကဗုဒ္ဓါတို့ထံမှ ဩဝါဒရ၍ ပစ္စေကဗောဓိဉာဏ်ရသူမျိုးတည်း၊ တတိယပုဂ္ဂိုလ်အရ ဝိပဉ္စိတညူယူ၊ နေယျလည်း ပါပြီးပင်။

အခြား ၂-မျိုးအားလည်း တရားဟောသင့် တလ ၈-ကြိမ် အားလုံးကိုပင် တလ ၈-ကြိမ် ဟောရပါမည်၊ ပဒပရမအဖို့ ဤဘဝ တရားထူးမရသော်လည်း နောင်ရကြောင်းဖြစ်မည်၊ မနာရဘဲပင် ကျွတ်မည့်သူအတွက် နာရလျှင် အမြန်ကျွတ်ပေမည်၊ ထို့ကြောင့် ဟောရမည်၊ တတိယပုဂ္ဂိုလ်အား အဖန်ဖန်ဟောရမည်သာ။

စာမျက်နှာ-385


၃-သင်္ခါရသုတ်

(၁) လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၃-မျိုးမှာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသော ကိုယ် နှုတ် စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်းစေတနာကံကို အားထုတ်သောကြောင့် ဆင်းရဲခြင်းရှိသောလောကသို့ ရောက်ရ၏၊ ထိုပုဂ္ဂိုလ်ကို ဆင်းရဲခြင်းနှင့်တကွဖြစ်သော တွေ့ထိခြင်းဖဿတို့သည် တွေ့ထိကုန်ရကား ထိုသူသည် စင်စစ် ဆင်းရဲသော ဆင်းရဲခြင်းရှိသောဝေဒနာကို ငရဲသူသတ္တဝါကဲ့သို့ ခံစားရ၏။

(၂) ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ဆင်းရဲခြင်းမရှိသော ကိုယ် နှုတ် စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်းစေတနာကံကို အားထုတ်သောကြောင့် ဆင်းရဲခြင်းမရှိသော လောကသို့ ရောက်ရ၏ ထိုပုဂ္ဂိုလ်ကို ဆင်းရဲခြင်းမရှိသော တွေ့ထိခြင်း ဖဿတို့သည် တွေ့ထိကုန်ရကား ထိုသူသည် စင်စစ် ချမ်းသာသော ဆင်းရဲခြင်းမရှိသော ဝေဒနာကို သုဘကိဏှာဗြဟ္မာတို့ကဲ့သို့ ခံစားရ၏။

(၃) ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ဆင်းရဲခြင်း ရှိ မရှိ ၂-မျိုးလုံးဖြစ်သော ကိုယ် နှုတ် စိတ်ဆိုင်ရာကံကို အားထုတ်သောကြောင့် ၂-မျိုးစုံသော လောကသို့ ရောက်ရ၏၊ ထိုပုဂ္ဂိုလ်ကို ၂-မျိုးစုံသော ဖဿတို့သည် တွေ့ထိကုန်ရကား ထိုသူသည် ချမ်းသာ ဆင်းရဲ ရောပြွမ်းသော ၂-မျိုးစုံသောဝေဒနာကို လူနှင့် နတ်အချို့ ဝေမာနိကပြိတ္တာအချို့တို့ကဲ့သို့ ခံစားရ၏၊ ဤ ၃-မျိုးတို့တည်းဟု ဟောတော်မူသည်။

ငရဲသားနှင့် ဆင်းရဲ ငရဲဘုံ၌ ဥပေက္ခာ ဝေဒနာရှိသော်လည်း ဒုက္ခသာအားကြီးလှ၍ မပြောပလောက်ပါ။ ငရဲဒုက္ခ အတူ ဥပမာမှာ ငရဲသားဖြစ်သည်။

သုဘကိဏှာ ချမ်းသာ အောက်ဗြဟ္မာ့ပြည်ရှိ သပ္ပတိကဈာန်ချမ်းသာထက် သုဘကိဏှာဗြဟ္မာများ၏ နိပ္ပတိကဈာန်ချမ်းသာက စင်စစ်ချမ်းသာသည်။

ချမ်းသာ ဆင်းရဲ ရောပြွမ်းပုံ လူနှင့်ကာမာဝစရ နတ်များမှာ ချမ်းသာတလှည့် ဆင်းရဲတခါဖြစ်ကြသည်။ တန်ခိုးကြီးသော နတ်များ လာ၍ နေရာမှထ၊ လမ်းဖယ်ပေး၊ လက်အုပ်ချီ အားလုံးဒုက္ခဖြစ်သည်။ ဝေမာနိက ပြိတ္တာများမှာ စည်းစိမ်တလှည့်-အပြစ်ဒဏ်တချိန် ခံရသည်။

၄-ဗဟုကာရသုတ်

အခြားပုဂ္ဂိုလ်အား ကျေးဇူးများစွာရှိသော ပုဂ္ဂိုလ် ၃-မျိုးမှာ- ရတနာ သုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်အောင် အကြောင်းပြုသောပုဂ္ဂိုလ်၊ သစ္စာ ၄-ပါးကို အမှန်သိအောင် အကြောင်းပြုသော ပုဂ္ဂိုလ်၊ အရဟတ္တမဂ် ရအောင် အကြောင်းပြုသော ပုဂ္ဂိုလ်တို့တည်း။

စာမျက်နှာ-386


ဤပုဂ္ဂိုလ် ၃-မျိုးမှတပါး ကျေးဇူးများစွာရှိသည့် အခြားပုဂ္ဂိုလ်မရှိဟု ဘုရားရှင် ဟောတော်မူသည်၊ ဤဆရာ ၃-မျိုးအား ကျေးဇူးဆပ်သူ တပည့်သည် ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီ အရိုအသေ ပြုခြင်း၊ ပစ္စည်း ၄-ပါး ချီးမြှောက်ခြင်းဖြင့် ကောင်းစွာကျေးဇူးတုံ့ပြန်ခြင်းငှာ မလွယ်ဟု ဟောတော်မူသည်။

ရတနာ ၃-ပါးအရ သဗ္ဗညုဘုရား၊ လောကုတ္တရာ တရား ၉-ပါး၊ အရိယာ ၈-ယောက်တည်း၊ သရဏဂုံ လုံးဝ မယူဖူးသူအတွက် ဤသုတ်မိန့်သည်။

ဆရာ ၃-မျိုးမကပါ သရဏဂုံဆရာ၊ သောတာပတ္တိမဂ်ဆရာ၊ အရဟတ္တမဂ်ဆရာဟု ၃-မျိုးသာ ပြသော်လည်း ရှင်ဆရာ၊ ပိဋကသင်ဆရာ၊ ကမ္မဝါဆရာ၊ သကဒါဂါမိမဂ်ဆရာ၊ အနာဂါမိမဂ်ဆရာတို့လည်း ကျေးဇူးများသည်။ ထို့ကြောင့် သာသနာနှင့် မစပ်သူများ သရဏဂုံ၌၊ သီလကမ္မဋ္ဌာန်း ပရိကမ်ဝိပဿနာဉာဏ်များကို ပဌမမဂ်၌၊ အထက် မဂ်ဖိုလ်များကိုအရဟတ္တမဂ်၌ မှီသည်ဖြစ်ရကား ဆရာအားလုံးပါပြီး ဖြစ်သည်။

ဆရာများ ကျေးဇူးကြီး၍ အကြိမ် ရာထောင် တည်ခြင်း ၅-ပါးနှင့် ရှိခိုး၊ နေ့စဉ် သင်္ကန်းအစုံ ရာထောင်၊ ဆွမ်းအုပ်ရာထောင်လှူ၊ စကြဝဠာပြည့် ရတနာကျောင်းကြီး ဆောက်၊ ထောပတ်ဆီဦး စသည့် ဆေးများလှူသော်လည်း ဆရာကျေးဇူး မကုန်။

၅-ဝဇိရူပမသုတ်

လောက၌ ထင်ရှားရှိသောပုဂ္ဂိုလ် ၃-မျိုးမှာ အမာဟောင်းနှင့်တူသော စိတ်ရှိသူ ပုဂ္ဂိုလ်၊ လျှပ်စစ်နှင့်တူသော စိတ်ရှိသူပုဂ္ဂိုလ်၊ ဝရဇိန်နှင့်တူသော စိတ်ရှိသူပုဂ္ဂိုလ်တည်း။

အမာဟောင်းနှင့်တူသော စိတ်ရှိသူ ပုဂ္ဂိုလ်ဟူသည်- ဤလောက၌ အချို့သူသည်စိတ်ဆိုးတတ် များစွာပင်ပန်းတတ်၏၊ အနည်းငယ်ပြောရုံမျှ စိတ်နာခက်ထန်ကာ စိတ်ဆိုးခြင်းကို ထင်စွာပြုတတ်သည်၊ အမာဟောင်းသည် သစ်သားစ၊ အိုးခြမ်းကွဲ တခုခုဖြင့် ထိမိလျှင် သွေးပြည် အရိအရွဲများ လွန်စွာထွက်သည်၊ ထိုအမာဟောင်းနှင့် တူသူတည်း။

လျှပ်စစ်နှင့်တူသောစိတ်ရှိသူ ပုဂ္ဂိုလ်ဟူသည်- အချို့သူသည် သစ္စာ ၄-ပါးကို အမှန်အတိုင်းသိ၏၊ မျက်စိအမြင်ရှိသော ယောက်ျားသည် အလွန်မှောင်သောညဉ့်၌ လျှပ်စစ်ပြက်ခိုက်ဝယ် ရူပါရုံကို မြင်သည်၊ ထိုယောက်ျားနှင့် တူသည်။

ဝရဇိန်နှင့်တူသောစိတ်ရှိသူ ပုဂ္ဂိုလ်ဟူသည်- အချို့သူတို့သည် အရဟတ္တဖိုလ်ပညာကို ထူးသောဉာဏ်ဖြင့် သိသည်ဖြစ်၍ မျက်မှောက်ပြုလျက် ရောက်၍နေ၏။ ဝရဇိန် မခွဲမဖျက်နိုင်သော ပတ္တမြားကျောက်တစုံတရာ မရှိ၊ ထိုဝရဇိန်နှင့် တူသူတည်းဟု မိန့်သည်။

စာမျက်နှာ-387


ဥပမာနှီးနှောပုံ မျက်စိအမြင်ရှိသူကား ယောဂီ၊ အမိုက်မှောင်ကား သောတာပတ္တိမဂ် ပယ်အပ်သောကိလေသာ၊ လျှပ်စစ်လက်ခြင်းနှင့် သောတာပတ္တိမဂ်ဖြစ်ချိန်၊ လျှပ်စစ်အရောင်ဖြင့် အမြင်ရှိသူ ယောက်ျားသည် ပတ်ဝန်းကျင် မြင်သလို သောတာပတ္တိမဂ်ခဏ နိဗ္ဗန်မြင်သည်၊ လျှပ်စစ်လက် သကဒါဂါမိမဂ်ဉာဏ်ဖြစ်၊ လျှပ်စစ်ရောင်ဖြင့် ပတ်ဝန်းကျင်မြင်၊ သကဒါဂါမိမဂ် ခဏ နိဗ္ဗာန်မြင်၊ အမှောင်ပြန်ရောက်၊ အနာဂါမိမဂ် ပယ်အပ်သော ကိလေသာ၊ လျှပ်စစ်လက် အနာဂါမိမဂ်ဉာဏ်ဖြစ်၊ လျှပ်စစ်ရောင်ဖြင့် ပတ်ဝန်းကျင်မြင်၊ အနာဂါမိမဂ် ခဏ၌ နိဗ္ဗာန်ကိုမြင်၊ ဤသို့ သိအပ်သည်။

ဝရဇိန်နှင့် တူသော စိတ်ရှိသူ ဝရဇိန်နှင့် အရဟတ္တမဂ်၊ ပတ္တမြားကျောက်ကား အရဟတ္တမဂ်ပယ်အပ်သော ကိလေသာ၊ ဝရဇိန်၏ မဖောက်နိုင်သော ဝတ္ထုမရှိသလို အရဟတ္တမဂ်ဉာဏ်ဖြင့် မဖြတ်နိုင်သော ကိလေသာမရှိ၊ ဝရဇိန်ဖြင့်ပေါက်လျှင် တဖန် ပြန်မပြည့်သလို အရဟတ္တမဂ်ဖြင့် ဖြတ်ပြီး ကိလေသာပြန်မဖြစ်၊ ဤသို့သိအပ်သည်။

၆-သေဝိတဗ္ဗသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၃-မျိုးမှာ မမှီဝဲ မဆည်းကပ် မလုပ်ကျွေးထိုက်သောပုဂ္ဂိုလ်၊ မှီဝဲဆည်းကပ် လုပ်ကျွေးထိုက်သော ပုဂ္ဂိုလ်၊ အရိုအသေ အလေးအမြတ် ပြု၍ မှီဝဲဆည်းကပ် လုပ်ကျွေးထိုက်သော ပုဂ္ဂိုလ်တည်း။

မမှီဝဲ မဆည်းကပ် မလုပ်ကျွေးထိုက်သောပုဂ္ဂိုလ် ဤသာသနာတော်၌ မိမိအောက် သီလ သမာဓိ ပညာယုတ်သူတည်း၊ သနားစောင့်ရှောက်လို၍ကား မှီဝဲထိုက်သည်၊ မိမိ အကျိုးငှာသာ မမှီဝဲထိုက်။

မှီဝဲဆည်းကပ်လုပ်ကျွေးထိုက်သောပုဂ္ဂိုလ်မှာ- မိမိနှင့်သီလ သမာဓိ ပညာတူသူတည်း၊ တူသူကို မှီဝဲထိုက်ကြောင်းကား သီလ သမာဓိ ပညာတူသော သူတော်ကောင်းများအတွက် သီလ စသည်ကိုအကြောင်းပြုသော စကား ငါတို့အားဖြစ်မည်၊ ထိုစကားသည် ငါတို့အား အစဉ်မပြတ်သောစကားဖြစ်ကာ ချမ်းသာစွာ နေရခြင်းဖြစ်မည်၊ ထို့ကြောင့်တည်း။

ရိုသေလေးမြတ်စွာ မှီဝဲဆည်းကပ်လုပ်ကျွေးထိုက်သော ပုဂ္ဂိုလ်မှာ- မိမိထက် သီလ သမာဓိ ပညာလွန်သူတည်း၊ လွန်သူကိုမှီဝဲထိုက်ကြောင်းကား မပြည့်စုံသောသီလ သမာဓိ ပညာအစု၊ ပြည့်စုံစေ၍ ပြည့်စုံပြီးကိုလည်း ထိုထိုအရာ၌ ပညာဖြင့်ချီးမြှောက်ရပေမည်၊ ထို့ကြောင့်တည်းဟု မိန့်ပြီး နီဟီယတိ ပုရိသော နိဟီနသေဝီ စသော ဂါထာကိုပါဟောတော်မူသည်။

စာမျက်နှာ-388


သီလယုတ်မြတ်ခဲ့ပုံက ၅-ပါးသီလရှင်ကို ၈-ပါးသီလရှင်က မမှီဝဲအပ်၊ ၁၀-ပါး သီလရှင်ကို စတုပါရိသုဒ္ဓိ သီလရှင်က မမှီဝဲအပ်၊ သီလအတွက် ကျေးဇူးမများသော တရားများကိုကြဉ်၍ ကျေးဇူးများသော တရားများကို မှီဝဲခြင်းကား ပညာဖြင့် ချီးမြှောက်သည်မည်သည်၊ သမာဓိပညာနည်းတူပင်။

၇-ဇိဂုစ္ဆိတဗ္ဗသုတ်

လောက၌ ထင်ရှားသော ပုဂ္ဂိုလ် ၃-မျိုးမှာ စက်ဆုပ်ထိုက်၍ မမှီဝဲ မဆည်းကပ် မလုပ်ကျွေးထိုက်သောပုဂ္ဂိုလ်၊ လျစ်လျူရှုထိုက်၍ မမှီဝဲ မဆည်းကပ် မလုပ်ကျွေးထိုက်သောပုဂ္ဂိုလ်၊ မှီဝဲဆည်းကပ်လုပ်ကျွေးထိုက်သော ပုဂ္ဂိုလ်တို့တည်း။

စက်ဆုပ်ထိုက်၍ မမှီဝဲ မဆည်းကပ် မလုပ်ကျွေးထိုက်သော ပုဂ္ဂိုလ်မှာ သီလမရှိ သဘောယုတ်၍ ရဟန်းတု ရဟန်းယောင်သာ ဖြစ်သူတည်း၊ ထိုဒုဿီလကို မမှီဝဲထိုက်ကြောင်းမှာ ဤဒုဿီလကို အတုမယူမိစေကာမူ “ဤပုဂ္ဂိုလ်မှာ မိတ်ဆွေယုတ်ရှိသည်၊ မိတ်ဆွေယုတ်နှင့်ပေါင်းသည်” ဟု မကောင်းသတင်းထွက်နိုင်သည်။

မစင်တွင်းကျသောမြွေသည် မကိုက်စေကာမူ မစင်လိမ်းပေနိုင်သော ဆယ်သူနှင့် တူသူတည်း။

လျစ်လျူရှုထိုက်၍ မမှီဝဲ မဆည်းကပ် မလုပ်ကျွေးထိုက်သူမှာ- ဤလောက၌ အချို့ သူသည် စိတ်ဆိုးတတ်များစွာပင်ပန်းတတ်၏၊ အနည်းငယ်ပြောရုံမျှ စိတ်နာခက်ထန် စိတ်ဆိုးခြင်းကို ထင်စွာပြုတတ်သည်၊ အမာဟောင်းသည် သစ်သားစ အိုးခြမ်းကွဲ တခုခုဖြင့် ထိမိလျှင် သွေးပြည်အရိအရွဲများ လွန်စွာယိုထွက်သည်၊ ထိုအမာဟောင်းနှင့် တူသူတည်း။

လောင်နေဆဲ ထင်းသားမီးစသည် သစ်သားစ အိုးခြမ်းကွဲတခုခုဖြင့် ထိမိလျှင် လွန်စွာဖျစ်ဖျစ်မည်သည်၊ ထိုမီးစနှင့်တူသူတည်း။ မစင်တွင်းသည် သစ်သားစ အိုးခြမ်းကွဲ တခုခုဖြင့် ထိမိလျှင် မကောင်းသောအနံ့ လွန်စွာဖြစ်သည်၊ ထိုမစင်တွင်းနှင့် တူသတည်း၊ ထိုဒေါသသမားကို မမှီဝဲထိုက်ကြောင်းမှာ ငါ့ကိုဆဲမူလည်း ဆဲရာ၏၊ ခြိမ်းခြောက်မှု လည်း ခြိမ်းခြောက်ရာ၏၊ အကျိုးမဲ့ ပြုမူလည်း ပြုရာ၏၊ ထို့ကြောင့်တည်း။

မှီဝဲဆည်းကပ် လုပ်ကျွေးထိုက်သော ပုဂ္ဂိုလ်မှာ- သီလရှိ၍ သဘောကောင်းသူတည်း၊ ထိုသီလဝန္တကို မှီဝဲထိုက်ကြောင်းမှာ ဤသီလဝန္တကို အတုမယူမိစေကာမူ “ဤပုဂ္ဂိုလ်မှာ မိတ်ဆွေကောင်းရှိသည်၊ မိတ်ဆွေကောင်းနှင့် ပေါင်းသည်” ဟု ကျော်စောသတင်း ထွက်နိုင်သည်၊ ထို့ကြောင့်တည်းဟု မိန့်ပြီး နီဟီယတိ ပုရိသော နိဟီနသေဝီ စသော ဂါထာကိုပါ ဟောတော်မူသည်။

စာမျက်နှာ-389


လျစ်လျူရှုရမည့် ဒေါသသမား- ရင်းနှီးစွာ အနီးကပ်ပေါင်းလျှင် စိတ်ဆိုးတတ်သလို ဖယ်ထားလျှင်လည်း စိတ်ဆိုးတတ်သည်၊ ထို့ကြောင့် မမှီဝဲနှင့်၊ ကောက်ရိုးမီးလို လျစ်လျူရှုရမည်၊ ကောက်ရိုးမီးကို အနီးကပ်လှုံလျှင် ကိုယ်လောင်နိုင်၍ အဝေးမှလှုံလျှင် အချမ်းမပျောက်ပါ၊ ထို့ကြောင့် မနီးမဝေးက ကောက်ရိုးမီးကို လှုံရသကဲ့သို့တည်း။

၈-ဂူထဘာဏိသုတ်

လောက၌ ထင်ရှားရှိသောပုဂ္ဂိုလ် ၃-မျိုးမှာ မစင်နံ့ရှိသော စကားကို ဆိုတတ်သူ၊ ပန်းနံ့ရှိသော စကားကို ဆိုတတ်သူ၊ ပျားပမာ ချိုသာသော စကားကို ဆိုတတ်သူတို့တည်း။

မစင်နံ့ရှိသော စကားကို ဆိုတတ်သူဟူသည်- ဤလောက၌ ပွဲသဘင် ပရိသတ် ဆွေမျိုးများအလယ်၊ အသင်းအဖွဲ့များအလယ်၊ မင်းမျိုးများအလယ်၌ တည်နေသူ့အချို့ကို ခေါ်ဆောင်၍ “အမောင်ယောက်ျား၊ လာ၊ သင်သိသမျှ ဆိုပါ” ဟု သက်သေထား မေးအပ်သော် ထိုသူသည် မသိကို အသိ၊ အသိကိုမသိ၊ မမြင်ကို မြင်၊ မြင်သည်ကို မမြင်ဟု မိမိကြောင့်သော်လည်းကောင်း၊ သူတပါးကြောင့်သော်လည်းကောင်း၊ လက်ဆောင် အစားအစာကြောင့်သော် လည်းကောင်း သိလျက် မမှန်စကားကို ပြောဆိုသူတည်း။

ပန်းနံ့ရှိသော စကားကို ဆိုတတ်သူဟူသည်- ဤလောက၌ ပွဲသဘင် စသည်များဝယ် တည်နေသူ အချို့ကို ခေါ်ဆောင်၍ သက်သေထား မေးအပ်သော် သိ မသိ၊ မြင် မမြင်ကို ဘယ်အကြောင်းကြောင့်မျှ မမှန်စကားကို မပြောဆိုသူတည်း။

ပျားပမာ ချိုသာသော စကားကို ဆိုတတ်သူဟူသည်- စကားကြမ်းကို ပယ်၍ အပြစ်ကင်းကာ နားချမ်းသာသော နှစ်လိုဖွယ်မှီ၍ နှလုံးသို့ သက်ဝင်ယဉ်ကျေးသော လူများ နှစ်သက်မြတ်နိုးဖွယ်ရာ စကားကိုသာ ဆိုတတ်သူတည်း။

၉-အန္တသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၃-မျိုးမှာ ကန်းသောပုဂ္ဂိုလ်၊ တဘက်မြင် ပုဂ္ဂိုလ်၊ ၂-ဘက်မြင်ပုဂ္ဂိုလ်တို့တည်း။

ကန်းသောပုဂ္ဂိုလ်ဟူသည်- မရသေးသော စည်းစိမ်ဥစ္စာကို ရအောင်၊ ရပြီးသော စည်းစိမ်ဥစ္စာလည်း တိုးပွားအောင် ပြုနိုင်သော ပစ္စုပ္ပန် ပညာမျက်စိ မရှိသလို ကုသိုလ် အကုသိုလ်ကံ အပြစ်ရှိ မရှိ ယုတ် မြတ် မည်းညစ် ဖြူစင်သော အဖို့ရှိသော တရားများကိုသိနိုင်သော တမလွန်ပညာမျက်စိလည်း မရှိသူတည်း။

စာမျက်နှာ-390


တဘက်မြင်ပုဂ္ဂိုလ်ဟူသည်- ပစ္စုပ္ပန် ပညာမျက်စိသာ ရှိ၍ တမလွန်ပညာမျက်စိ မရှိသူတည်း။

နှစ်ဘက်မြင်ပုဂ္ဂိုလ်ဟူသည်- ပစ္စုပ္ပန် တမလွန် ပညာမျက်စိ ၂-ဘက်လုံးရှိသူတည်းဟု မိန့်ပြီး ပုဂ္ဂိုလ် ၃-မျိုး၏ အကျိုးအပြစ်များ ပါဝင်သော နစဝ ဘောဂါ တထာ ရူပါ စသော ၆-ဂါထာကိုလည်း ဟောတော်မူသည်။

၁၀-အဝကုဇ္ဇသုတ်

လောက၌ ထင်ရှားသော ပုဂ္ဂိုလ် ၃-မျိုးမှာ မှောက်အိုးနှင့် တူသော ပညာရှိ ပုဂ္ဂိုလ်၊ ခါးပိုက်နှင့် တူသော ပညာရှိပုဂ္ဂိုလ်၊ ကြီးကျယ်သော ပညာရှိပုဂ္ဂိုလ်တို့တည်း။

မှောက်အိုးနှင့်တူသော ပညာရှိဟူသည်- ဤလောက၌ အချို့သူသည် ရဟန်းတော်များထံ တရားနာရန် ကျောင်းသို့ မပြတ်သွားရာ ရဟန်းတော်များက အစ အလယ် အဆုံး ကောင်းခြင်းရှိ၍ အနက်သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကြသည်၊ အားလုံးပြည့်စုံ၍ စင်ကြယ်သော အကျင့်မြတ်ကို ပြကြသည်။

ထိုသူသည် တရားနာရာ နေရာ၌ နေလျက် တရား၏ အစကိုလည်း နှလုံးမသွင်း၊ အလယ်အဆုံးကိုလည်း နှလုံးမသွင်း၊ ထိုနေရာမှ ထသော်လည်း အားလုံး နှလုံးမသွင်း၊ မှောက်ထားသော အိုး၌ လောင်းအပ်သော ရေသည် ဘေးလျှောကျ၍ အိုး၌ မတည်၊ ထိုမှောက်အိုးနှင့် တူသူတည်း။

ခါးပိုက်နှင့် တူသော ပညာရှိပုဂ္ဂိုလ်ဟူသည်- အချို့သူသည် တရားနာရာ နေရာ၌ နေလျက် တရား၏ အစ အလယ် အဆုံး အားလုံးကို နှလုံးသွင်းသည်၊ ထိုနေရာမှ ထသော်ကား အားလုံးကိုပင် နှလုံးမသွင်းမိ၊ ယောက်ျား၏ ခါးပိုက်အတွင်း၌ နှမ်း ဆန်ကတွတ်မုန့် ဆီးသီးစသော အထူးထူးသော ခဲဖွယ်များ ရောပြွမ်းလျက် ရှိကုန်၏၊ ထိုသူ နေရာမှထသော် သတိမေ့ခြင်းကြောင့် ခဲဖွယ်အားလုံး ဖြန့်ကြဲလိုက်မိသည်။ ထိုခါးပိုက်နှင့် တူသူတည်း။

ကြီးကျယ်သော ပညာရှိပုဂ္ဂိုလ်ဟူသည်- အချို့သူသည် တရားနာရာ နေရာ၌ နေစဉ် လည်းကောင်း၊ နေရာမှ ထစဉ် လည်းကောင်း အားလုံးကို နှလုံးသွင်းမိသည်၊ လှန်အိုး၌ လောင်းသော ရေသည် တည်နေ၍ မလျှောကျပေ၊ ထိုလှန်အိုးနှင့် တူသူတည်းဟုမိန့်ပြီး အဝဇ္ဇပညာ ပုရိသော စသော ၇-ဂါထာကို ဟောတော်မူသည်။

အစအလယ်အဆုံး ၃-ပါး ခွဲခြားပုံ- ဒေသနာ သာသနာ ၂-မျိုးလုံး၌ပင် အစ အလယ် အဆုံး အစရှိရာ ဒေသနာ၌ ၄-ပါဒရှိ ၁-ဂါထာတွင် ပဌမပါဒသည် အစ၊ ၂-ပါဒ အလယ်၊ စတုတ္ထပါဒအဆုံး ဖြစ်သည်။ အနုသန္ဓေတရှိသော သုတ်အတွက် နိဒါန်း

စာမျက်နှာ-391


သည် အစ၊ အနုသန္ဓေသည် အလယ်၊ ဤသို့ ဟောသည် ဟူသော နိဂုံးသည် အဆုံး၊ အနုသန္ဓေများသော သုတ်အတွက် ပဌမအနုသန္ဓေသည် အစ၊ အလယ် အနုသန္ဓေများ သည် အလယ်၊ အဆုံး အနုသန္ဓေသည် အဆုံးတည်း။

သာသနာတော်အတွက် ခွဲခြားပုံ- သီလအစ၊ သမာဓိအလယ်၊ ဝိပဿနာအဆုံး။ တနည်း စဉ်ယူသော် သမာဓိ ဝိပဿနာမဂ်တစုံ၊ ဝိပဿနာမဂ်ဖိုလ်တစုံ၊ မဂ်ဖိုလ်နိဗ္ဗာန်တစုံ စလယ်ဆုံးဟု ခွဲပါ၊ ၂-ခုစီ။ တနည်းခွဲလျှင် သီလ သမာဓိအစ၊ ဝိပဿနာမဂ်အလယ်၊ ဖိုလ်နိဗ္ဗာန်အဆုံးဖြစ်သည်။

၁-ဒေဝဒူတဝဂ်၊ ၁-သဗြဟ္မကသုတ်

အကြင်အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ မိဘများကို လုပ်ကျွေးပူဇော်ကြ၏၊ ထိုအမျိုးတို့သည် ဗြဟ္မာ၊ လက်ဦးဆရာ၊ အဝေးမှယူဆောင်၍မူလည်း အလှူခံထိုက်သူ နှင့် အတူနေသည်မည်ကုန်၏။ ဗြဟ္မာ၊ လက်ဦးဆရာ၊ အဝေးမှယူဆောင်၍မူလည်း အလှူခံထိုက်သူဟူသော ဤအမည်သည် မိဘများ၏အမည်တည်း။

ထိုသို့မည်ကြောင်းကား မိဘတို့သည် သားသမီးများအား ကျေးဇူးများစွာ ရှိကြ၏၊ အသက်ကို စောင့်ရှောက်ကြ၊ ကျွေးမွေးကြ၍ ဤလောကကို ညွှန်ပြကြ၏ဟု မိန့်ပြီး မိဘများသည် သားသမီးများအတွက် ဗြဟ္မာစသည် မည်၍ အစဉ်သနားတတ်သောကြောင့် ပညာရှိသားသမီးသည် မိဘများကို ရိုသေစွာ စားဝတ်နေရေး ကျန်းမာရေးဖြင့် လုပ်ကျွေးရာသည်၊ မိဘလုပ်ကျွေးသော သားသမီးများ မျက်မှောက်ဘဝမှာပင် ပညာရှိများ ချီးမွမ်းခံပြီး တမလွန်ဘဝ နတ်ပြည်၌ ပျော်ရသည်ဟု ဟောတော်မူသည်။

မိဘနှင့် ဗြဟ္မာတူပုံ- ဗြဟ္မာကြီးများ မေတ္တာစသည် ၄-ပါးမှီသလို မိဘများလည်း သားသမီးများအပေါ် မစွန့်ပါ။ ကိုယ်ဝန်ရှိလာလျှင် “ဘယ်အခါ ရောဂါကင်းပြီး အင်္ဂါစုံတဲ့သားကို မြင်ရပါ့” ဟု မေတ္တာဖြစ်သည်၊ နို့စို့အရွယ် ကြမ်းပိုးစသည် ကိုက်၍ငိုလျှင် ကရုဏာဖြစ်သည်၊ သွားလာနိုင်ချိန်၊ အရွယ်ရောက်ချိန်၌ ထောပတ်ကြည်၌ဆွတ်သော ဂွမ်းပမာ မုဒိတာဖြစ်သည်၊ သားမယားရ၍ တအိုးတအိမ်ထူထောင်နိုင်ချိန်၌ ဥပေက္ခာဖြစ်သည်။

မိဘနှင့် လက်ဦးဆရာ- ဤသို့ နေထိုင်သွားလာ အိပ်စားပါ၊ ဤသူ သင့်အစ်ကို မောင်ညီမပဲ၊ ဤအလုပ် လုပ်သင့်သည်၊ မလုပ်သင့်၊ ဤသူကိုပေါင်းသင့်သည်၊ မပေါင်းသင့်ဟု သင်ပြပေး၍ လက်ဦးဆရာများမှာ မိဘပင် ဖြစ်သည်။

နောက်ပိုင်းမှ သင်ပေးသော ဆင်အတတ် မြင်းအတတ်ဆရာ၊ သရဏဂုံဆရာ၊ စာချဆရာ၊ သောတာပတ္တိမဂ်ဆရာစသည်တို့ကား နောက်ဆရာများသာ။

စာမျက်နှာ-392


၂-အာနန္ဒသုတ်

“အရှင်ဘုရား၊ အကြင်သို့သဘောရှိသော သမာဓိဖြင့် ဝိညာဉ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော အာရုံအားလုံးတို့၌လည်းကောင်း ငါဟူသော အခြင်းအရာအားဖြင့်ဖြစ်သော အဟံကာရဒိဋ္ဌိ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရတဏှာ၊ ထောင်လွှားသော အခြင်းအရာအားဖြင့်ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကြရာ၊ အကြင်စိတ်၏ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်သမာဓိ (စေတောဝိမုတ္တိ)၊ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်ပညာ (ပညာဝိမုတ္တိ) သို့ရောက်နေသော ပုဂ္ဂိုလ်အား အဟံကာရ မမံကာရ မာနာနုသယတို့ မဖြစ်ကြပါ။

ထိုအရဟတ္တဖိုလ်သမာဓိ အရဟတ္တဖိုလ်ပညာသို့ရောက်နေသော ရဟန်းအား ထိုသဘောရှိသော သမာဓိကို ရခြင်းသည် ဖြစ်ရာပါသလော” ဟု အရှင်အာနန္ဒာက ဘုရားရှင်အား လျှောက်ထားရာ “သမာဓိကိုရခြင်းဖြစ်ရာသည်” ဟု မိန့်တော်မူသည်။

“ထိုသဘောရှိသောသမာဓိကို ရခြင်းသည် ရဟန်းအား အဘယ်သို့ ဖြစ်ရာပါအံ့နည်း” ဟု လျှောက်ပြန်ရာ ဘုရားရှင်က “ဤသာသနာတော်၌ သင်္ခါရအားလုံးတို့၏ ငြိမ်းရာ ဥပဓိအားလုံးကို စွန့်ပယ်ရာ တဏှာကုန်၍ တပ်မက်ခြင်းကင်းရာ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ငြိမ်သက်မွန်မြတ်၏” ဟု ရဟန်းအား အကြံဖြစ်၏၊ ဤသို့သာလျှင် သဘောရှိသော သမာဓိကို ရခြင်းဖြစ်ရာသည်ဟု မိန့်တော်မူပြီး ဤနိဗ္ဗာန်ကိုရည်ရွယ်၍ ပါရာယနဝဂ်တွင် ပုဏ္ဏကလုလင်၏အမေး၌— “လောက၌ မိမိ သူတပါးခန္ဓာကိုယ်များကို ပညာဖြင့် ဆင်ခြင်မိသောကြောင့် အကြင်ရဟန္တာအား လောကဝယ် ဘယ်အာရုံ၌မျှ မတုန်လှုပ်၊ ငြိမ်းအေး၍ အခိုးအငွေ့ဆင်းရဲခြင်း တပ်မက်ခြင်းကင်းသည်၊ ထိုရဟန္တာသည် ပဋိသန္ဓေ အို နာ သေကို ကူးမြောက်ပြီးသူဟု ငါဆိုသည်” ဟု ဟောခဲ့ကြောင်း မိန့်သည်။ (ဤသုတ်ဂါထာများ၌ အရဟတ္တဖိုလ် သမာဓိကိုပင် ဟောသည်။)

၃-သာရိပုတ္တသုတ်

“ငါဘုရားသည် အကျဉ်းအကျယ် ၂-မျိုးလုံးအားဖြင့် တရားဟောကြားခဲ့သော်လည်း ထိုးထွင်း၍သိနိုင်သော ပုဂ္ဂိုလ်တို့ကို ရခဲကုန်၏” ဟု ဘုရားရှင်မိန့်တော်မူရာ အရှင်သာရိပုတ္တရာက “ကျဉ်းကျယ် ၂-မျိုးလုံး ဟောကြားခဲ့သော် တရားတော်ကို ထိုးထွင်းသိနိုင်သော ပုဂ္ဂိုလ်များ ရှိကြပါလိမ့်မည်၊ ယခုအခါကား တရားဟောချိန်ပါ ဘုရား” ဟု လျှောက်ထားသည်။

သာရိပုတ္တရာ၊ သို့ဖြစ်လျှင် ဤသာသနာတော်၌ ဝိညာဉ်ရှိသော ကိုယ်၌လည်းကောင်း၊ အပသန္တာန်၌ ဖြစ်ကုန်သော အာရုံ အားလုံးတို့၌ လည်းကောင်း အဟံကာရ မမံကာရ မာနာနုသယတို့ မဖြစ်ကုန်လတ္တံ့၊ အကြင် အရဟတ္တဖိုလ် သမာဓိ

စာမျက်နှာ-393


အင်္ဂုတ္တရနိကာယ် (မြန်မာ)
အရဟတ္တဖိုလ်ပညာသို့ရောက်နေသောပုဂ္ဂိုလ်အား အဟံကာရ မမံကာရ မာနာနုသယတို့ မဖြစ်ကုန်၊ ထိုအရဟတ္တဖိုလ်သမာဓိ၊ အရဟတ္တဖိုလ်ပညာသို့ရောက်၍ နေကုန်အံ့ဟု ကျင့်ရာသည်ဟု ဟောတော်မူသည်။

သာရိပုတ္တရာ၊ ရဟန်းအား အကြင်အခါမှ စ၍ ဝိညာဉ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပသန္တာန်၌ ဖြစ်ကုန်သော အာရုံအားလုံးတို့၌ လည်းကောင်း အဟံကာရ စသည်တို့ မဖြစ်ကုန်၊ အကြင်အရဟတ္တဖိုလ်သမာဓိပညာသို့ ရောက်နေသောပုဂ္ဂိုလ်အား အဟံကာရ စသည်တို့ မဖြစ်ကုန်၊ ထိုအရဟတ္တဖိုလ်သမာဓိပညာသို့ ရောက်၍နေသော ရဟန်းကို တဏှာဖြတ်ပြီးသူ သံယောဇဉ်လွန်ပြီးသူ ကောင်းစွာမာနကို ပယ်ခြင်းကြောင့် ဆင်းရဲအဆုံးကို ပြုပြီးသူဟူ၍ ဆိုအပ်၏၊ ဤသဘောကိုရည်၍ ပါရာယနဝဂ်တွင် ဥဒယလုလင် အမေး၌—

ကာမသညာ၊ ဒေါမနဿ ဤ ၂-ပါးကို ပယ်သော ထိနကို ပယ်နုတ်၍ ကုက္ကုစ္စကို ပိတ်ပင်သော ဥပေက္ခာ သတိစင်ကြယ်ခြင်းရှိသော သမ္မာသင်္ကပ္ပ ရှေ့သွားရှိ၍ အဝိဇ္ဇာကို ဖျက်နိုင်သော အရဟတ္တဖိုလ်ကို ငါဆို၏ဟု ဟောခဲ့ကြောင်း မိန့်ကြားသည်။

သိနိုင်သူ ရခဲသည်- အရှင်သာရိပုတ္တရာ၏ ဉာဏ်ကို စေ့ဆော်ထိပါးလို၍ ဤစကား ဘုရားမိန့်သည်၊ အရှင်မြတ်က “တပည့်တော် သိနိုင်ပါသည်” ဟု တိုက်ရိုက်မလျှောက်သော်လည်း “တင်းတင်းရင်းရင်း ဘုရားရှင် ဟောတော်မူပါ၊ ဘုရားဟော တရားကို နည်းရာထောင်ဖြင့် သိအောင် တပည့်တော် ကြိုးစားပါမည်၊ သိဖို့ရာ တပည့်တော် တာဝန်ပါ” ဟူသောအဓိပ္ပာယ်ဖြင့် တရားဟောဖို့ရာကို တောင်းပန်သည်။

၄-နိဒါနသုတ်

(ဝဋ်ဆင်းရဲသို့ရောက်စေတတ်သော) ကံဖြစ်ကြောင်း တရား ၃-မျိုးမှာ လောဘ ဒေါသ မောဟတို့တည်း၊ အကြင်ကံကို ယောဂီသည် ပြုအပ်၏၊ လောဘကြောင့်ဖြစ်၏၊ လောဘလျှင် အကြောင်းနိဒါန်း၊ အကြောင်းသမုဒယရှိ၏၊ ထိုကံရှိသူ၏ အတ္တဘော ဖြစ်ရာဘုံ၌ ထိုကံသည် အကျိုးပေး၏၊ ထိုကံ အကျိုးပေးရာဘုံဝယ် မျက်မှောက်ဘဝ၌ သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌ သော် လည်းကောင်း ထိုကံ၏အကျိုးကို ခံစားရသည်။
အကြင်ကံကို ဒေါသသည်... မောဟသည် ပြုအပ်၏ စသည်တူပြီ။

ကောင်းစွာ သိုမှီးထားအပ်ကုန်သော မျိုးစေ့ကောင်းများကို လယ်ယာကောင်း၌ ပြုပြင်ထားသောမြေကောင်း၌ ကြဲချအပ်ကုန်၏။ မိုးလည်း ကောင်းစွာ ရွာသွန်းလျှင် မျိုးစေ့များသည် ကြီးပွား စည်ပင်ပြန့်ပြောခြင်းသို့ ရောက်ကုန်ရာသကဲ့သို့တည်း။

စာမျက်နှာ-394


(ဝဋ်ကင်းရာနိဗ္ဗာန်သို့ ရောက်စေတတ်သော) ကံဖြစ်ကြောင်း တရား ၃-မျိုးမှာ အလောဘ၊ အဒေါသ၊ အမောဟတို့တည်း၊ အကြင်ကံကို အလောဘသည် ပြုအပ်၏၊ အလောဘကြောင့် ဖြစ်၏၊ အလောဘလျှင် အကြောင်းနိဒါန်း၊ အကြောင်း သမုဒယ ရှိ၏၊ လောဘကင်းသော် ထိုကံကို ပယ်ပြီးဖြစ်၏။ အမြစ်ရင်းကို အကြွင်းမဲ့ဖြတ်ပြီးဖြစ်ကာ နုတ်ပြီးထန်းပင်ရာလို အသစ်မဖြစ်တော့ပေ၊ နောင်ဖြစ်မည့်သဘော မရှိ။
အကြင်ကံကို အဒေါသသည်... အမောဟသည် ပြုအပ်၏စသည် တူပြီ။

ကောင်းစွာ သိမ်းထားအပ်ကုန်သော မျိုးစေ့ကောင်းများကို ယောက်ျားသည် မီးတိုက်၍ မီးသွေးဖြစ်အောင် ပြုပြီးလျှင် လေပြင်း၌မူလည်း လွှင့်ငြားအံ့၊ ရေစီးသန်သော မြစ်၌မူလည်း မျှောငြားအံ့၊ ဤသို့ပြုအပ်သော် ထိုမျိုးစေ့သည် အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်ကာ နုတ်ပြီးထန်းပင်ရာလို အသစ်မဖြစ်တော့ပေ၊ နောင်ဖြစ်မည့် သဘော မရှိသကဲ့သို့တည်း ဟု မိန့်ပြီး လောဘဇံ၊ ဒေါသဇံ စေဝစသော ၂-ဂါထာကိုလည်း ဟောတော်မူသည်။

ကံနှင့်စပ်၍ မှတ်ဖွယ်

သုတ္တန်နည်းကံ ၁၁-ပါး- ဒိဋ္ဌဓမ္မဝေဒနီယ၊ ဥပပဇ္ဇဝေဒနီယ၊ အပရာပရိယဝေဒနီယ ဟု ၃-ပါး (အဟောသိကံမပါ)၊ ဂရုက၊ ဗဟုလ၊ အာသန္န၊ ကဋတ္တာကံ (၄-ပါး)၊ ဇနက၊ ဥပတ္ထမ္ဘက၊ ဥပပီဠက၊ ဥပဃာတက (၄-ပါး)။

ဒိဋ္ဌဓမ္မဝေဒနိယကံ- ဇောဝီထိ တခု၌ ဇော ၇-ကြိမ်တွင် ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ ပဌမဇောစေတနာတည်း၊ ဤဘဝ အကျိုးပေးသည်။ ကာကဝတ်တိယ၊ ပုဏ္ဏသူဌေးများ ကုသိုလ်ကျိုး၊ နန္ဒဘီလူး၊ နန္ဒလုလင်၊ နန္ဒနွားသတ်သမားများ၊ ကောကာလိက ရဟန်းမိုက်၊ သုပ္ပဗုဒ္ဓသာကီဝင်၊ ဒေဝဒတ်၊ စိဉ္စမာဏဝိကာတို့ အကုသိုလ်ကျိုး မျက်မှောက်ရကြသည်။

၎င်းကံ ယခုဘဝ အကျိုးမပေးလျှင် အဟောသိကံမည်သည်၊ သားမုဆိုးသည် သားကောင်ကို မြားဖြင့် ပစ်ရာ ထိမှန်လဲကျ မုဆိုးမိသားစု ဝမ်းသာရသည်။ (အကျိုးပေးပုံနှင့် ကံ)။ မြားမမှန်၍ လွတ်ပြေးသော သမင်ကမူ ဤအရပ်ကို ပြန်မကြည့်တော့ပေ။ (အဟောသိကံ ဖြစ်ပုံ)။

ဥပပဇ္ဇဝေဒနိယကံ- သတ္တမဇော စေတနာတည်း၊ ဒုတိယဘဝ အကျိုးပေးသည်။ ကုသိုလ်ဆိုင်ရာ သမာပတ် ၈-ပါးက ဗြဟ္မာ့ပြည်အကျိုးပေး၊ ကြွင်းသမာပတ်များ အဟောသိကံ။ အကုသိုလ်ဆိုင်ရာ အနန္တရိယကံ ၅-ပါးတွင် ကံတပါးက အကျိုးပေး၊ ကြွင်းကံ ၄-ပါး အဟောသိကံ၊ အထက် သားမုဆိုးဥပမာနှင့် ဆက်မှတ်လေ။

စာမျက်နှာ-395


အပရာပရိယဝေဒနိယကံ- အလယ်ဇော ၅-ချက် စေတနာတည်း၊ သံသရာလည်သမျှ တတိယဘဝမှ စ၍ အကျိုးပေးသည်၊ ခွေးမုဆိုးသည် သမင်ကိုမြင်၍ ခွေးလွှတ်ရာ မိသောနေရာ၌ သမင် ခွေးကိုက်ခံရသကဲ့သို့တည်း။ ဤကံမှ လွတ်သော သတ္တဝါမည်သည် မရှိ။

ဂရုကကံ- ကြီးလေးသော ကုသိုလ်ဆိုင်ရာ မဟဂ္ဂုတ်၊ အကုသိုလ်ဆိုင်ရာ ပဉ္စာနန္တရိယကံများတည်း၊ ဤကံများ ရှိနေသမျှကြွင်းကံများ အကျိုးမပေးနိုင်၊ ကောင်းဆိုး ပဋိသန္ဓေကျိုး ၂-မျိုး၊ ကံအလျောက် အကျိုးပေးသည်၊ မုန်ညင်းစေ့မျှ ငယ်သော်လည်း ကျောက်ခဲ သံလုံးသည် ရေမပေါ်၊ မြုပ်ဆင်း သကဲ့သို့တည်း။

ဗဟုလကံ- ကာလရှည်ကြာ အထုံအကျင့်ပါ၍ ပြုအပ်သော အားကြီးသော ကံများတည်း၊ အားကြီးသော ကုသိုလ်များတွင် ဝမ်းသာစွာ ပြုအပ်၊ အကုသိုလ် များတွင် ပင်ပန်းစွာ ပြုအပ်သော ကံများလည်း ယင်းအမည်ရသည်။ လက်ဝှေ့သမား ၂-ဦးတွင် အားကြီးသူက ငယ်သူကို လဲသွားစေသလို အထုံအကျင့် အရသော်လည်းကောင်း၊ များသော နီးကပ်မှု အရသော်လည်းကောင်း အားကြီးသော ကံက (အားငယ်သော ကံကို လွှမ်းမိုး၍) အကျိုးပေးသည်။

ဒုဋ္ဌဂါမဏိ အဘယမင်း၏ ကံထူး- မင်းစစ်ရှုံး၍ အမတ်တဦးနှင့် မြည်းစီး ထွက်ပြေးရသည်၊ တောအုပ်တခုဝင်စဉ် ဆာလောင်လှ၍ ပုဆိုးကြား ထားယူလာသော ရွှေရေသောက်ခွက်တွင်းရှိ ထမင်းကို ကိဉ္စအမတ်က ဆက်သရာ ၄-ပုံ ပုံခိုင်းသည်။ မြည်းပါတွက်မှ ၃-ဦးသာ ရှိသည်၊ ၄-ပုံ ပုံခိုင်းသည်ကို နားမလည်၍ အမတ်က မေးရာ “မှတ်မိချိန်မှ စ၍ မလှူဘဲ မစားဖူးခဲ့၊ တောကြီးအလယ် အလှူခံလာ မလာ၊ သင့်တာဝန်မဟုတ်၊ ငါသဒ္ဓါရှိလျှင် အလှူခံရပေမည်၊ ပင့်သာ ပင့်လိုက်” ဟု မိန့်လိုက်သည်။

မဟာတိဿထေရ် အလှူခံကြွ ဆွမ်းချိန်ပါဘုရားဟု ၃-ကြိမ် အမတ်ပင့်သံကို ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် အရှင်မြတ်ကြားကာ အကြောင်းစုံသိ၍ ချီးမြှောက်ရန် ကြွလာရာ မင်းကြီးသည် စုပုံထည့်လှူပြီး “အာဟာရနှင့် စပ်၍ ပင်ပန်းဆင်းရဲမှု တရံတဆစ်မျှ မဖြစ်ရပါစေ” ဟု ဆုတောင်းသည်။ အမတ်လည်း “မစားဝံ့၍ လှူသလို မြည်းကလည်း လှူလိုသည်၊ မင်းကြီးသိ၍ မြည်းဝေစုပါ လှူပြန်သည်၊ အရှင်မြတ် ပြန်ကြွပြီး သံဃာ အားလုံးအားပင် လှူသည်။

ကောင်းကင်က သပိတ်ပြန်ကြွလာ ဆွမ်းအပိုကို ပိုစေလျှင် ကောင်းမှာပဲဟု ဆာလောင်လှ၍ မင်းကြီးကြံစည်ရာ အကြံကို သိသော အရှင်မြတ်သည် အားလုံး လောက်ငအောင် ပြု၍ သပိတ်ကို ကောင်းကင်က လှုပ်လိုက်သည်၊ သပိတ်သည် မင်းကြီးလက်တွင်း ရောက်လာ ၃-ဦးလုံးအတွက် ပြည့်စုံသည်။ မင်းကြီးသည် သပိတ်ကို ဆေး၊ သုတ်ပြီး အပေါ်ရုံ ခြုံထည်ကို သပိတ်၌ ထည့်၍ “အရှင်မြတ်လက် သပိတ်တည်ပါစေ” ဟု ကောင်းကင်က ပို့ဆက်သည်။

စာမျက်နှာ-396


ထို့နောက် ဘုရားဇာတ်တော် ၈-ပုံ ၁-ပုံကို အတောင် ၁၂၀-ရှိ မဟာစေတီ တည်မပြီးမီ သေချိန်နီးလာသောမင်းကြီးသည် မဟာစေတီတောင်မျက်နှာ၌ အိပ်လျက် သံဃာများရွတ်သော နိကာယ်ငါးရပ်ကို ကြားနာစဉ် နတ်ပြည်ခြောက်ထပ်မှ ရထား ၆-စင်း ကောင်းကင်၌ တည်လာသည်။

ကုသိုလ်ပြုပြီး စာရင်းကိုလည်း မင်းကြီးကြားနာရာ အခြားကုသိုလ်များ၌ မထူးခြား၊ စစ်ရှုံးစဉ် ရွှေခွက်ထမင်းကို ၄-ပုံပုံ၍ ရှင်တိဿအား လှူခဲ့သည်ဟုကြားမှ ရပ်ခိုင်းပြီး သံဃာအား နှစ်သက်ဖွယ် နတ်ပြည်မေးလျှောက်သည်၊ ဘုရားလောင်းများ စံရာ တုသိတာဟု မိန့်ကြ၊ မင်းလည်းကွယ်လွန်၍ တုသိတာရထားစီးသည်။ အားကြီးသော ကံအကျိုးပေးပုံတည်း။

အာသန္နကံ- သေခါနီးအောက်မေ့နိုင်သော ကုသိုလ် အကုသိုလ်ကံတည်း၊ နွားအပြည့်ရှိ နွားခြံတံခါးဖွင့်လွှတ်လျှင် ခြံကပ်နေသောနွားသည် ပျည့်နဲ့နဲ့ နွားအိုကြီးပင် ဖြစ်စေ၊ ရှေးဦးထွက်ခွင့်ရသလို အခြားကံများရှိသော်လည်း သေခါနီးကံက အကျိုးပေးသည်။

ကုသိုလ်ကံကြောင့် နတ်ပြည်ရောက်- နှစ် ၅၀-လုံး ရေလုပ်ငန်းရှင်တဦး သေခါနီး မထနိုင်တော့ချိန် တောင်ပေါ်ကျောင်းတိုက်၊ ပိဏ္ဍပါတ်ဓူတင်ဆောင် အရှင်စူဠကိဿသိ၍ “မပျက်စီးပါစေနှင့်” ဟု ကြံကာ လူနာအိမ်ကြွ အခြေအနေပေး သတိဖြစ်စေပြီး သီလယူနိုင် မယူနိုင်မိန့်ရာ ယူပါမည်လျှောက်သဖြင့် အရှင်မြတ်က သရဏဂုံ ၃ ပါးပေးသည်။ သီလပေးဖို့ ငါးပါးသီလ စကားဆိုသောအခါ လျှာပြတ်ကျသည်၊ အရှင်မြတ်လည်း သင့်လောက်ပြီဟုကြံကာ ပြန်ကြွခဲ့၏၊ လူနာလည်း ကွယ်လွန်၍ စာတုမဟာရာဇ်ဘုံ၌ဖြစ်သည်။ နတ်သားလည်း ရှေးကံကိုဆင်ခြင်သိ၍ အရှင်မြတ်ထံပြန်လာပြီး ငါးပါးသီလအထိ ယူနိုင်လျှင် အထက်နတ်ပြည်အထိ ဖြစ်ပါမည်ဟု လျှောက်ထားသည်။

ကမ္မဋ္ဌာန်းသမား သာသနာစော်ကား၍ မိကျောင်းပြိတ္တာဖြစ်- သောတာပန်ဖြစ်ရန် နှစ် ၃၀-ပတ်လုံး ဒွတ္တိံသကမ္မဋ္ဌာန်းကို သရဇ္ဈာယ်နေသော ကာလဥပါသကာသည် ကမ္မဋ္ဌာန်းအရိပ်အရောင်မျှ မဖြစ်နိုင်ရကား “ဘုရားသာသနာသည် ထွက်မြောက်ကြောင်းမဟုတ်နိုင်” ဟု အယူဖောက်ပြန်ပြီးသေသော် ဂင်္ဂါမြစ်၌ ဥသဘရှိသော မိကျောင်းပြိတ္တာဖြစ်သည်၊ တချိန်တွင် ကစ္ဆကဆိပ်သို့ ရောက်လာသော ကျောက်တိုက်လှည်း ၆၀-ကို နွားများနှင့် ကျောက်များကိုပါ စားလိုက်သည်။

စာမျက်နှာ-397


ကဋတ္တာကံ- အထက်ကံ ၃-ပါးမှလွတ်သော အမှတ်မဲ့ကံတည်း၊ အရူးပစ်သော တုတ်ချောင်း တနေရာရာရောက်သလို (အထက်ကံ ၃-ပါးမရှိလျှင်) တနေရာရာ၌ အကျိုးပေးသည်။

ဇနကကံ- ကံတခုသည် ပဋိသန္ဓေကျိုးကိုသာ ဖြစ်စေ၍ ပဝတ္တိကျိုးကို အခြားကံကဖြစ်စေသည်။ မိခင်က မွေးပေး၍ နို့ထိန်းက ကျွေးမွေးသည်၊ ဇနကကံသာတည်း။

ဥပတ္ထမ္ဘကကံ- ထောက်ပံ့ပေးသော ကုသိုလ် အကုသိုလ် ၂-မျိုးတည်း၊ ကုသိုလ်ကြောင့် သုဂတိ၌ဖြစ်၊ ထပ်ထပ်ပြုသောကုသိုလ်ကံသည် ထောက်ပံ့ပေးရကား နှစ်ပေါင်း သိန်းသန်းသုဂတိ၌ ကျက်စားရသည်။ အကုသိုလ်ကြောင့် ဒုဂ္ဂတိ၌ဖြစ်၊ ထပ်ထပ်ပြုသော အကုသိုလ်ကံသည် ထောက်ပံ့ပေးရကား နှစ်ပေါင်း သိန်းသန်းဒုဂ္ဂတိ၌ သာ ဖြစ်ရသည်။ (တနည်းကား) ပဋိသန္ဓေ ပဝတ္တိအခါ၌ ရုပ်နာမ်အကျိုးကို ဖြစ်စေသော ကုသိုလ် အကုသိုလ်ကံကား ဇနက၊ အကျိုးကို ကိုယ်တိုင်မဖြစ်စေဘဲ အခြားကံများဖြစ်စေထားသော အကျိုး၌ ချမ်းသာဆင်းရဲကြာရှည်အောင် ထောက်ပံ့သည်ကား ဥပတ္ထမ္ဘကတည်း။

ဥပပီဠကကံ- အခြားကံများ ဖြစ်စေထားသောအကျိုး၌ ချမ်းသာဆင်းရဲ အချိန် တိုအောင် ကပ်နှိပ်စက်သည်၊ နှိပ်စက်ပုံမှာ ကုသိုလ်ကံအကျိုးပေးနေစဉ် အကုသိုလ်ကံ၊ အကုသိုလ်ကံအကျိုးပေးနေစဉ် ကုသိုလ်ကံက အကျိုးပေးခွင့်မရအောင် ကပ်နှိပ်စက်သည်။ ကြီးပွားနေသော သစ်ပင်ချုံနွယ်ကို တုတ် ဓားဖြင့် ရိုက်ဖြတ်က မကြီးထွားနိုင်တော့သလိုတည်း၊ သုနက္ခတ်ရဟန်း၏ အကုသိုလ်ကံသည် မူလကုသိုလ်ကံကို၊ သူသတ်သမား၏ ကုသိုလ်ကံသည် မူလအကုသိုလ်ကံကို ကပ်နှိပ်စက်သည်။

နှစ်-၅၀ လူသတ်သမားနှင့် တာဝတိံသာ- ရာဇဂြိုဟ်မြို့၌ နှစ် ၅၀-လုံး ခိုးသူသတ်ယောက်ျားကို အိုသဖြင့် မင်းက အနားပေးလိုက်သည်။ သူသတ်သမားသည် အလုပ်လုပ်နေစဉ်က ဖြစ်သလို ဝတ်စားရသည်၊ ယခု ကောင်းစွာစား၊ ကောင်းစွာဝတ်မည်ကြံပြီး မယားကို နို့ထမင်းချက်ခိုင်းကာ မြစ်ဆိပ် ရေချိုးသွားသည်။ အဝတ်သစ်များဝတ်ပြီး ပြန်လာရာတွင် အရှင်သာရိပုတ္တရာကို တွေ့သဖြင့် “အကုသိုလ်အလုပ်မှလည်း ကင်းပြီ၊ အရှင်မြတ်ကိုလည်း ဖူးရပြီ” ဟု ဝမ်းသာစွာ အရှင်မြတ်ကို အိမ်ပင့်၍ နို့ဆွမ်း ဆက်ကပ်သည်။

ဆွမ်းကပ်ပြီး အနုမောဒနာ နာရ၍ အနုလောမဉာဏ်ဖြစ်ရပြီ။ အရှင်မြတ်အပြန် လိုက်ပို့ပြန်အလာ၊ သားငယ်မိခင်နွားမနင်းခံရ ကွယ်လွန်၍ တာဝတိံသာ၌ ဖြစ်ရသည် ဟု ဘုရားဟောတော်မူသည်။

စာမျက်နှာ-398


ဥပဃာတကကံ- အားနည်းသော ကံတပါးကို ကပ်သတ်တတ်သော (မူလကံကျိုး ကိုဖြတ်ကာ မိမိဝင်အကျိုးပေးသော) ကုသိုလ် အကုသိုလ်ကံတည်း၊ ဥပစ္ဆေဒကကံလည်း မည်သည်။ ကပ်သတ်ပုံမှာ- ကုသိုလ်ကံအကျိုးပေးနေချိန် အကုသိုလ်ကံတခုထွက်လာပြီး၊ အကုသိုလ်အကျိုးပေးနေချိန် ကုသိုလ်ကံတခုထွက်လာပြီး မူလပေးနေသော ထိုကံဟောင်းကို ဖြတ်ကြစေသည်။ အဇာတသတ်၏ မိုက်မဲမှုကံသည် မူလကုသိုလ်ကံကို ဖြတ်ပစ်သည်၊ အင်္ဂုလိမာလ၏ မဂ်ကုသိုလ်သည် မူလအကုသိုလ်ကံကို ဖြတ်ပစ်သည်၊ သုတ္တန်နည်း ကံ ၁၁-ပါးဝေဖန်ပုံတည်း။

အဘိဓမ္မာနည်း ကံ ၁၆-ပါး ဝေဖန်ပုံ

၁။ ဂတိသမ္ပတ္တိကာကွယ်မှုကြောင့် ဆိုးကျိုးမပေးသော အကုသိုလ်ကံ (သုဂတိ ဘဝဖြစ်နေ၍ အကျိုးပေးခွင့် မရဟူလို။)

၂။ ဥပဓိသမ္ပတ္တိကာကွယ်မှုကြောင့် ဆိုးကျိုးမပေးသော အကုသိုလ်ကံ (မကောင်းမှုကြောင့် ကျွန်မသားဖြစ်ပေမယ့် ရုပ်လှ၍ အလုပ်ကြမ်းမလုပ်ရ၊ သားရှင်းလို ဥစ္စာထိန်းစသည် ဆောင်ရွက်ရသည်။)

၃။ ကာလသမ္ပတ္တိကာကွယ်မှုကြောင့် ဆိုးကျိုးမပေးသော အကုသိုလ်ကံ (ကမ္ဘာဦးနှင့်တူချိန် စားစရာပေါများ၍ အကုသိုလ်အကျိုးပေးခွင့်မရ။)

၄။ ပယောဂသမ္ပတ္တိကာကွယ်မှုကြောင့် ဆိုးကျိုးမပေးသော အကုသိုလ်ကံ (ကပ်သင့်ချိန် ကပ်၊ ရှောင်သင့်ချိန် ရှောင်၊ ပြေးသင့်ချိန် ပြေး၊ လက်ဆောင်ထိုးသင့်ချိန် ထိုးစသည်အားထုတ်ကာ မကောင်းကျိုးလွတ်သည်။)

၅။ ဂတိဝိပတ္တိကိုစွဲ၍ မကောင်းကျိုးပေးသော အကုသိုလ်ကံ (ဒုဂ္ဂတိဘဝခံမည်။)

၆။ ဥပဓိဝိပတ္တိကိုစွဲ၍ မကောင်းကျိုးပေးသော အကုသိုလ်ကံ (ကျွန်မသားဖြစ်ရုံမျှမက အရုပ်ဆိုးလှသဖြင့် ယောက်ျားဖြစ်က ဆင်ထိန်း၊ မြင်းထိန်း၊ မိန်းမဖြစ်က ထမင်းချက်၊ အမှိုက်သွန်စသည် ရွံ့ဖွယ်ရာများသာလုပ်ရသည်။)

၇။ ကာလဝိပတ္တိကိုစွဲ၍ မကောင်းကျိုးပေးသော အကုသိုလ်ကံ (အစာရှားချိန် စည်းစိမ်ပျက်ချိန် စသည်များ၌ မကောင်းကျိုးရသည်။)

၈။ ပယောဂဝိပတ္တိကို စွဲ၍ မကောင်းကျိုးပေးသော အကုသိုလ်ကံ (ကပ်သင့်ချိန် ကပ်၊ ရှောင်သင့်ချိန် ရှောင် စသည် အားမထုတ်က ခံရမည်။)

၉။ ဂတိဝိပတ္တိ ကာကွယ်မှုကြောင့် ကောင်းကျိုးမပေးသော ကုသိုလ်ကံ ဒုဂ္ဂတိဘဝ၌ ဖြစ်သူအား ကုသိုလ်ကံက ကောင်းကျိုးမပေးနိုင်။

စာမျက်နှာ-399


၁၀။ ဥပဓိဝိပတ္တိ ကာကွယ်မှုကြောင့် ကောင်းကျိုးမပေးသော ကုသိုလ်ကံ၊ (ကုသိုလ်ကြောင့် မင်းသားဖြစ်သော်လည်း ကန်းနေ၍ အိမ်ရှေ့မင်းရာထူးမရ။)

၁၁။ ကာလဝိပတ္တိ ကာကွယ်မှုကြောင့် ကောင်းကျိုးမပေးသော ကုသိုလ်ကံ၊ (အစာရှားချိန် စည်းစိမ်ပျက်ချိန် လူများ ကောင်းကျိုးမဖြစ်။)

၁၂။ ပယောဂဝိပတ္တိ ကာကွယ်မှုကြောင့် ကောင်းကျိုးမပေးသော ကုသိုလ်ကံ (ကပ်သင့်ချိန် ကပ် စသည် အားမထုတ်က ကောင်းကျိုးမပေး။)

၁၃။ ဂတိသမ္ပတ္တိကိုစွဲ၍ ကောင်းကျိုးပေးသော ကုသိုလ်ကံ (သုဂတိဘဝ အကျိုးပေးသည်။)

၁၄။ ဥပဓိသမ္ပတ္တိကို စွဲ၍ ကောင်းကျိုးပေးသော ကုသိုလ်ကံ (မင်းသားဖြစ်၍ ဥပဓိပြည့်စုံရကား အိမ်ရှေ့မင်း စသည်ဖြစ်သည်။)

၁၅။ ကာလသမ္ပတ္တိကိုစွဲ၍ ကောင်းကျိုးပေးသော ကုသိုလ်ကံ (ကမ္ဘာဦးအချိန်၊ အစားအစာပေါချိန်ဖြစ်၍ ကောင်းကျိုးရသည်။)

၁၆။ ပယောဂသမ္ပတ္တိကိုစွဲ၍ ကောင်းကျိုးပေးသော ကုသိုလ်ကံ (အားထုတ်ခြင်းဖြင့် အကျိုးရသည်။)

ပဋိသမ္ဘိဒါမဂ်နည်း ကံ ၁၂-ပါး ဝေဖန်ပုံ

၁။ အဟောသိ ကမ္မံ၊ အဟောသိ ကမ္မဝိပါကော— အကျိုးပေးလှည့် ပြီးဖြစ်သော အတိတ်ကံ။
၂။ အဟောသိ ကမ္မံ၊ နာဟောသိ ကမ္မဝိပါကော— အကျိုးပေးလှည့် မရသေးသော အတိတ်ကံ။
၃။ အဟောသိ ကမ္မံ၊ အတ္ထိ ကမ္မဝိပါကော— ယခု အကျိုးပေးလှည့် ရနေသော အတိတ်ကံ။
၄။ အဟောသိ ကမ္မံ၊ နတ္ထိ ကမ္မဝိပါကော— ယခု အကျိုးပေးလှည့် မရသေးသော အတိတ်ကံ။
၅။ အဟောသိ ကမ္မံ၊ ဘဝိဿတိ ကမ္မဝိပါကော— နောင်အကျိုးပေးလှည့်ရမည့် အတိတ်ကံ။
၆။ အဟောသိ ကမ္မံ၊ န ဘဝိဿတိ ဝိပါကော— နောင်အကျိုးပေးလှည့် မရမည့် အတိတ်ကံ။

စာမျက်နှာ-400


၇။ အတ္ထိ ကမ္မံ၊ အတ္ထိ ကမ္မဝိပါကော— ယခု အကျိုးပေးလှည့် ရသော ပစ္စုပ္ပန်ကံ။
၈။ အတ္ထိ ကမ္မံ၊ နတ္ထိ ကမ္မဝိပါကော— ယခုအကျိုးပေးလှည့် မရသော ပစ္စုပ္ပန်ကံ။
၉။ အတ္ထိ ကမ္မံ၊ ဘဝိဿတိ ကမ္မဝိပါကော— နောင် အကျိုးပေးလှည့် ရမည့် ပစ္စုပ္ပန်ကံ။

၁၀။ အတ္ထိ ကမ္မံ၊ န ဘဝိဿတိ ကမ္မဝိပါကော— နောင် အကျိုးပေးလှည့် မရမည့် ပစ္စုပ္ပန်ကံ။

၁၁။ ဘဝိဿတိ ကမ္မံ၊ ဘဝိဿတိ ကမ္မဝိပါကော— နောင်အားထုတ်မည့် အကျိုးပေးလှည့်ရမည့် အနာဂတ်ကံ။

၁၂။ ဘဝိဿတိ ကမ္မံ၊ န ဘဝိဿတိ ကမ္မဝိပါကော— နောင်အားထုတ်မည့် အကျိုးပေးလှည့်မရမည့် အနာဂတ်ကံ။

ကံများသွင်းယူပုံ- ပဋိသမ္ဘိဒါမဂ်နည်း ၁၂-ပါး၊ အဘိဓမ္မာနည်း ၁၆-ပါးကို မိမိနေရာမှ ရွှေ့ရှားလျှင် သုတ္တန်နည်း ၁၁-ပါးတို့သာ ဖြစ်ကြသည်။ ယင်း ၁၁-ပါး ကိုလည်း မိမိနေရာမှ ရွှေ့ရှားလျှင် ဒိဋ္ဌဓမ္မ၊ ဥပပဇ္ဇ၊ အပရာပရိယဝေဒနီယ ၃-ပါးတို့ သာတည်း၊ ယင်း ၃-ပါးပြောင်းရွှေ့ မရ၊ နေရာမြဲသည်။

ဥပမာနှီးနှောပုံ- မျိုးစေ့များနှင့် ကုသိုလ် အကုသိုလ်ကံ တူသည်။ မျိုးစေ့မီးရှို့သော ယောက်ျားနှင့် ယောဂီ၊ မီးနှင့် မဂ်ဉာဏ်၊ မျိုးစေ့မီးလောင်ချိန်နှင့် မဂ်ဉာဏ်ကြောင့် ကိလေသာမျှော့ သေချိန်၊ မီးသွေးဖြစ်ချိန်နှင့် ခန္ဓာဝဋ်မြစ် ပြတ်တည်ချိန်၊ လေလွှင့် ရေမျော၍ ဘာမျှမဖြစ်ချိန်နှင့် ခန္ဓာ ၅-ပါးချုပ်၍ ဘဝသစ်၌ ပဋိသန္ဓေ မယူ ချိန် အတူဟု မှတ်သားအပ်သည်။

၅-ဟတ္ထကသုတ်

ဘုရားရှင် အာဠဝီပြည် ယင်းတိုက်တောဝယ် နွားများသွားလမ်း သစ်ရွက်အခင်း၌ သီတင်းသုံးစဉ် အညောင်းပြေ လမ်းလျှောက်လာသော ဟတ္ထက-အာဠဝကမင်းသားသည် ဘုရားရှင်ကို မြင်လျှင် ချဉ်းကပ်ရှိခိုးပြီး “ချမ်းသာစွာ ကျိန်းစက်တော်မူရပါ၏လော” ဟု လျှောက်ရာ “ချမ်းသာစွာ ကျိန်းစက်ရပါ၏၊ လောက၌ ချမ်းသာစွာ အိပ်စက်ရသူများတွင် ငါဘုရားလည်း တဦးပါဝင်သည်” ဟု မိန့်သည်။

ဆောင်းရာသီည အေးချမ်းလှ၍ တပို့တွဲနှင့် တပေါင်းအကူး ကြား ၈-ရက် သည် ဆီးနှင်းများစွာ ကျချိန်ပါ။ မြေပြင်သည် နွားခွာရာများဖြင့် ကြမ်းနေပါသည်။ သစ်ရွက်အခင်းပါးသည့်ပြင် သစ်ပင်၏ အရွက်များလည်း ကျရကား သင်္ကန်းတော်များပင် အေးကုန်ပါသည်။ အရပ်လေးမျက်နှာမှ လေအေးသည်လည်း တိုက်ခတ်နေ...

စာမျက်နှာ-401


ပါလျက် ချမ်းသာစကား မိန့်ကြားတော်မူနိုင်ပါပေသည်” ဟု မင်းသား လျှောက်တင်ရာ ဘုရားရှင်က—

“မင်းသား၊ သို့ဖြစ်လျှင် ဤအရာ၌ သင့်ကို ပြန်မေးမည်၊ သဘောကျသလို သင်ဖြေ၊ ဆိုမည့်စကားကို သင်မည်ပုံ ထင်သနည်း၊ ဤလောက၌ သူကြွယ်အား ဖြစ်စေ၊ သူကြွယ်သားအားဖြစ်စေ လေလုံမိုးလုံ အခင်းအကျင်း အခမ်းအနားစုံသော တိုက်အိမ်ကြီးဝယ် နှစ်သက်လောက်သော မယား ၄-ယောက်က ယုယမှုမျိုးစုံဖြင့် ပြုစုရာ ထိုသူကြွယ် ချမ်းသာစွာ အိပ်နိုင် မအိပ်နိုင်” အမေးကို “အိပ်ရပါကြောင်း” ပြန်လျှောက်သည်။

“ရာဂနှင့်စပ်၍ ကိုယ်စိတ် ပင်ပန်းသူသည် အအိပ်ဆင်းရဲသည်— မဟုတ်လော”၊ “ဆင်းရဲပါသည် ဘုရား” ဘုရားရှင် အမေးကို မင်းသားပြန်လျှောက်သည်။

“ရာဂနှင့် စပ်၍ ပင်ပန်းသော သူကြွယ်ဖြစ်စေ၊ သူကြွယ်သားဖြစ်စေ ဆင်းရဲစွာ အိပ်ရသည်၊ ထိုရာဂကို ငါဘုရား ပယ်နုတ်ပြီးပြီ၊ နောင် ပေါ်မလာနိုင်၊ ထို့ကြောင့် ငါဘုရား ချမ်းသာစွာ အိပ်ရသည်” ဟု မိန့်ပြီး “ဒေါသ မောဟနှင့် စပ်၍ ကိုယ်စိတ် ပင်ပန်းသူများ အအိပ်ဆင်းရဲ မဆင်းရဲ” မေးတော်မူသည်။ မင်းသားလည်း “ဆင်းရဲကြောင်း” ဝန်ခံလျှောက်ထားရသည်။

ဟတ္ထကအာဠဝက လက်ဆင့်ကမ်း ပြောင်းကာ ကြီးပွားလာရသော မင်းသားဖြစ်သည်။ ဖြစ်ရပ်နှင့် စပ်၍ ဓမ္မဒေသနာ ဖြစ်မည်ကို မြင်၍ ထိုလမ်းကြွ သစ်ရွက်ခင်း၌ ဘုရားရှင် ထိုင်နေတော်မူသည်။ မင်းသားသည်လည်း ဥပါသကာ ၅၀၀-နှင့် နံနက် စောစောထ၊ ဘုရားထံသွားရာ ဘုရားပူဇော်ဖို့ ပန်းခူးလို၍ လမ်းမကြီးမှ ထွက်၊ သွားလမ်းရောက်လာသည်။

အန္တရဋ္ဌက- တပို့တွဲ လမကုန်မီ ၄-ရက်၊ တပေါင်းလ အစ ၄-ရက်၊ အကူးကြား ၈-ရက်ကို အန္တရဋ္ဌက အခါဟု ခေါ်သည်၊ ၄-မျက်နှာလုံးမှ လာသော လေကား ဝေရမ္ဘလေ တည်း။

“မင်းသား၊ သို့ဖြစ်လျှင် ဤမင်းသားသည် လောက၌ အအိပ်အနေ ချမ်းသာဆင်းရဲသူတို့ကို မသိ၊ သိစေမည်” ဟု ဘုရားရှင် ရည်ရွယ်တော်မူပြီး တရားဒေသနာ ပွားတော်မူသည်။

၆-ဒေဝဒူတသုတ်

သေမင်းတမန် သုံးမျိုးမှာ ဤလောက၌ ကိုယ် နှုတ် စိတ် အစုဖြင့် ပြစ်မှုပြုသူ၊ အချို့သူသည် ထိုပြစ်မှုကြောင့် သေလျှင် ငရဲ၌ဖြစ်ရ၊ ငရဲထိန်းများက လက်ဆွဲပြီး ထိုသူကို

စာမျက်နှာ-402


ယမမင်းအား ပြကြသည်— “မင်းမြတ်၊ ဤယောက်ျားသည် မိဘများ၌ သားသမီးဝတ္တရား၊ ရဟန်းတော်များ၌ လူ့ကျင့်ဝတ်များ ချွတ်ယွင်းပါသည်၊ ဘိုးဘွားစသော ကြီးသူများကိုလည်း မရိုသေပါ၊ ဒဏ်ပေးတော်မူပါ” ဟုလည်း တင်ကြသည်။

၁။ “အမောင်ယောက်ျား၊ လူ့ပြည်မှာ ပေါ်လွင်သော ပဌမ သေမင်းတမန် ကို သင်မမြင်ခဲ့ပါသလော”၊ “မမြင်ခဲ့ပါ”၊ “လူ့ပြည်မှာ ခါးကိုင်းနှေးကွေး တောင်ဝှေးအားထား တုန်ရီစွာသွားလျက် အသက် ၈၀၊ ၉၀၊ ၁၀၀ အိုနာညှင်းဆိုး သွားကျိုးဆံဖြူ အိုသူဘိုးဘွားကို သင်မမြင်ခဲ့ပါသလော”၊ “မြင်ခဲ့ပါ၏”၊ “အမောင်ယောက်ျား၊ သိကြားလိမ္မာ ကြီးရင့်သည်ဖြစ်ပါလျက် ငါသည်လည်း အိုခြင်းသဘောရှိ၏၊ ရှောင်မလွတ်နိုင်၊ ယခုအခါ ကိုယ်နှုတ်စိတ်အစုဖြင့် ကောင်းမှုကို ငါပြုမည်၊ ဤအကြံမျိုး မဖြစ်ခဲ့ပါသလော”၊ “အရှင်၊ ကောင်းမှုပြုဖို့ မစွမ်းနိုင်ခဲ့ပါ၊ ကျွန်ုပ်မေ့လျော့ခဲ့ပါသည်။”

ယမမင်းအမေးကို ငရဲသား ဤသို့ဖြေဆိုပြီးနောက် ယမမင်းက— အမောင်ယောက်ျား၊ သင်မေ့ပြီး ကောင်းမှုမပြု (ပြစ်မှုသာပြုသည်)၊ ထိုမေ့လျော့ဒဏ် တန်ပြန်၍ သင့်ကို မချွတ်ပြုကြလိမ့်မည်၊ ထိုပြစ်မှုကို သင့်မိဘ ညီအစ်ကို အစ်မ နှမ ဆွေမျိုးသားချင်း စသည်တို့ ပြုသည်မဟုတ်၊ သင်သာစင်စစ်ပြုပစ်ခဲ့သည်။ ထိုပြစ်မှုကျိုးများ သင်သာ ခံစားရမည်ဟု ဆိုလိုက်သည်။

၂။ “အမောင်ယောက်ျား၊ လူ့ပြည်မှာ ပေါ်လွင်သော ဒုတိယ သေမင်းတမန် ကို သင် မမြင်ခဲ့ပါသလော”၊ “မမြင်ခဲ့ပါ”၊ “လူ့ပြည်မှာ အနာနှိပ်စက် ကျင်ကြီးကျင်ငယ် ပေရေလျက် အိပ်ရသော သူတပါးဖေးကူမှ ထနိုင်ထူနိုင် အိပ်နိုင်သော မိန်းမယောက်ျား လူနာများကို သင်မမြင်ခဲ့ပါသလော”၊ “မြင်ခဲ့ပါ၏”။ “အမောင်ယောက်ျား၊ သိကြားလိမ္မာ ကြီးရင့်သည်ဖြစ်ပါလျက် ငါသည်လည်း နာခြင်းသဘောရှိ၏၊ ရှောင်မလွတ်နိုင်၊ ယခုအခါ ကိုယ်နှုတ်စိတ်အစုဖြင့် ကောင်းမှုကို ငါပြုမည်၊ ဤအကြံမျိုး မဖြစ်ခဲ့ပါသလော”၊ “အရှင်၊ ကောင်းမှုပြုဖို့ မစွမ်းနိုင်ခဲ့ပါ၊ ကျွန်ုပ်မေ့လျော့ခဲ့ပါသည်။”

ယမမင်းအမေးကို ငရဲသားဤသို့ဖြေဆိုပြီးနောက် ယမမင်းက— အမောင်ယောက်ျား.. စသည်ဖြင့် ပြစ်မှုကျိုးများ သင်သာခံစားရမည်ဟု ဆိုလိုက်သည်။

၃။ “အမောင်ယောက်ျား၊ လူ့ပြည်မှာ ပေါ်လွင်သော တတိယ သေမင်းတမန် ကို သင်မမြင်ခဲ့ပါသလော”၊ “မမြင်ခဲ့ပါ”၊ “လူ့ပြည်မှာ သေပြီး ၁-ရက်၊ ၂-ရက်၊ ၃-ရက် လည်းဖြစ်သော ဖူးဖူးရောင်လျက် ရုပ်ဆင်းပျက်၍ ပြည်ပုပ်ထွက်ကာ စက်ဆုပ်ဖွယ်ကောင်း မိန်းမယောက်ျား မသာလောင်းကို သင်မမြင်ခဲ့ပါသလော”၊ “မြင်ခဲ့ပါ၏”။

စာမျက်နှာ-403


အမောင်ယောက်ျား၊ သိကြားလိမ္မာ၊ ကြီးရင့်သည်ဖြစ်ပါလျက် ငါသည်လည်း သေခြင်းသဘောရှိ၏၊ ရှောင်မလွတ်နိုင်၊ ယခုအခါ ကိုယ်နှုတ်စိတ်အစုဖြင့် ကောင်းမှုကို ငါပြုမည်၊ “ဤအကြံမျိုး မဖြစ်ခဲ့ပါသလော”
“အရှင်၊ ကောင်းမှုပြုဖို့ မစွမ်းနိုင်ခဲ့ပါ၊ ကျွန်ုပ်မေ့လျော့ခဲ့ပါသည်”

ယမမင်း၏အမေးကို ငရဲသား ဤသို့ ဖြေဆိုပြီးနောက် ယမမင်းက— အမောင်ယောက်ျား စသည်ဖြင့် ပြစ်မှုကျိုးများ သင်သာခံစားရမည်ဟု ဆိုလိုက်သည်။ တတိယသေမင်းတမန်နှင့်စပ်၍ ငရဲသားကို ယမမင်းမေးစစ်ပြီးနောက် ဆိတ်ဆိတ်နေစဉ် ထိုယောက်ျားကို ငရဲထိန်းများက အောက်ပါအတိုင်း နှိပ်စက်ကြသည်။

၁။ လက် ၂-ဘက် ခြေ ၂-ဘက် ရင်အလယ်၌ လောလောပူသော သံစို့ကိုရိုက်နှက်ခြင်းဟူသော အနှောင်အဖွဲ့ ၅-မျိုး ကြမ္မာဆိုးကို ပြုကြသည်၊ ထိုသံစို့ ၅-ချက် နှက်ရာနေရာတို့၌ ထိုယောက်ျားသည် ကျင်နာစပ်ရှား ပြင်းထန်သော ဝေဒနာများကို ခံစားရသည်၊ ပြစ်မှုကံမကုန်သေးသမျှ မသေသေးပေ။

၂။ ထိုသူကို ငရဲထိန်းများက ဆွဲငင်ပြီး ဓားမကြီးများဖြင့် ခုတ်ကြသည်၊ ဆင်းရဲစွာခံစားရပုံ၊ ကံမကုန်သမျှ မသေသေးပုံ၊ အလားတူပင်။

၃။ စောက်ထိုးမိုးမျှော်ဆွဲကာ ပဲခွပ်များဖြင့် ခုတ်ရွှေကြသည်။
၄။ ရထားမှာတပ်၍ မီးလောင်မြေပြင်၌ အခေါက်ခေါက် မောင်းနှင်ကြသည်။
၅။ အလျှံပြောင်ပြောင် မီးတောင်ကြီးသို့ တက်စေ ဆင်းစေကြသည်။

၆။ စောက်ထိုးမိုးမျှော်ဆွဲကာ မီးလျှံထိန်ညီး သံအိုးကြီး၌ ပစ်ချကြသည်။ ထိုသူသည် ထိုသံအိုးကြီး၌ အမြှုပ်ထလျက် ကျက်ကာ တကြိမ်ပေါ် တကြိမ်မြုပ် တကြိမ်ဖီလာမျောသည်၊ ထိုသံအိုးကြီး၌ ထိုယောက်ျားသည် ကျင်နာစပ်ရှား ပြင်းထန်သော ဝေဒနာများကို ခံစားရသည်၊ ပြစ်မှု ကံမကုန်သေးသမျှ မသေသေးပေ။

၇။ ထိုသူကို ငရဲထိန်းများက အဝီစိငရဲကြီး ၌ ပစ်ချကြပြန်သည်။ အဝီစိငရဲကြီးကား ၄-ထောင့်ရှိ၍ တံခါး ၄-ပေါက်ရှိသည်၊ ညီညာစွာ သံတံတိုင်းကာ သံပြားမိုးထားသည်။ သံမြေပင်မှာ မီးလျှံပြောင်ပြောင် တောက်လောင်နေသည်။ မီးလျှံချင်းစပ်ကာ ထက်ဝန်းကျင် ယူဇနာတရာ အနှံ့ တည်နေသည်...ပိန့်။

ယမမင်းရှေးက ကြံစည်ခဲ့ပုံမှာ— “ဤလောက၌ လူများစွာတို့သည် ဤမျှလောက် ယုတ်မာမှုပြုသူမှန်သမျှ ဤသို့ထူးပြား ကံကြမ္မာများ အပြုခံကြရသည်၊ ငါလူဖြစ်၍ ဘုရားလည်းပွင့်လျှင် ဘုရားကို ဆည်းကပ်ရ၍ ငါ့အား ဘုရားရှင်တရားဟောလျှင် ငါလည်း တရားသိလျှင် ကောင်းမှာပဲ” ဟု

စာမျက်နှာ-404


ကြံစည်ဖူးသည်။ ထိုယမမင်း၏အကြံကို ရဟန်းပုဏ္ဏား သူတပါးပြောသံကို ကြားရ၍ ငါဟောသည်မဟုတ်၊ ငါကိုယ်တိုင် ထင်ရှားစွာသိမြင်၍ သိမြင်သည့်အတိုင်း ဟောသည်—မိန့်။

သေမင်းတမန်များ နှိုးဆော်ပါလျက် မေ့လျော့နေသူများသည် ယုတ်နိမ့်သော ငရဲကျကာ ကာလရှည်ကြာ စိုးရိမ်ပူဆွေးကြရသည်။ ဤလောက၌ ကိလေသာကင်းကွာ သူတော်စင်တို့ကား တမန်သေမင်း နှိုးဆော်ခြင်းကြောင့် အရိယဓမ္မ၌ တရံတခါမျှ မမေ့လျော့ကြပါ။

သူတော်ကောင်းတို့သည် ဘဝ၌ ဥပါဒါန်၏ ဘေးကိုရှုမြင် မခင်မင်ရကား ဖြစ်သေကင်းရာ နိဗ္ဗာန်၌ ကျွတ်လွတ်ကြသည်။ မေ့လျော့မရှိ ချမ်းသာရှိကြ၊ ယခုဘဝ၌ပင် ကိလေစင်ဝေး ရန်ဘေးလွန်မြောက် သူတော်ကောင်းမှန်သမျှ ဒုက္ခလုံးစုံ လွန်မြောက်ကြကုန်သည်—မိန့်။

ဒေဝဒူတ- သေမင်းတမန် သူအို သူနာ သူသေတို့သည် ထိတ်လန့်မှု ဖြစ်စေတတ်ရကား၊ “ယခုပင် သေခြင်းအနီးအပါး သင်သွားရတော့မည်” ဟု နှိုးဆော်သလိုဖြစ်၍ သေမင်းတမန်မည်သည်၊ တနည်း တန်ဆာဆင်ငြား နတ်တပါးသည် ကောင်းကင်မှာ တည်၍ “ဘယ်နေ့သင်သေမည်” ဟု ဆိုလျှင် ထိုနတ်စကား ယုံကြည်အပ်သလို သူအို သူနာ သူသေများ မြင်ရလျှင်လည်း “သင်လည်း ဤသဘောပင်” ဟု နှိုးဆော်သလို ဖြစ်သည်၊ သူအိုစသည်တို့၏ ထိုစကား အမှန်သာဖြစ်ရကား နတ်ပြောသည်နှင့် တူတော့သည်၊ ဤသို့ နတ်နှင့်တူသော တမန်ဖြစ်၍လည်း ဒေဝဒူတမည်သည်။

တနည်း- ဘုရားလောင်းမှန်သမျှ၊ သူအို သူနာ သူသေ ရဟန်းများကိုမြင်မှ ထိတ်လန့်ပြီး တောထွက် ရဟန်းပြုကြသည်၊ ဤသို့လျှင် စင်ကြယ်သောနတ်တို့၏ တမန်ဖြစ်၍လည်း ဒေဝဒူတ မည်သည်။

ငရဲထိန်းရှိ-မရှိ- ငရဲထိန်းမရှိ၊ ယန္တရားရုပ်ကဲ့သို့ ကံကသာပြုဖွယ်ကိစ္စ ပြုစေသည်ဟု အချို့ ထေရ်များ မိန့်ဆိုကြသည်။ “အတ္ထိ နိရယေ နိရယပါလာတိ၊ အာမန္တာ။ အတ္ထိစ ကာရုဏိကမ္မာ” စသောနည်းဖြင့် အဘိဓမ္မာ၌ ငရဲထိန်းမရှိ ဟူသော ထိုစကား ပယ်ပြီးသားဖြစ်သည်၊ လူ့ပြည်၌ ရာဇဝတ်သားကို နှိပ်စက် ကွပ်မျက်သူများ ရှိသလို ငရဲပြည်၌လည်း ငရဲထိန်းရှိသည်သာ။

ယမမင်း ဟူသည် သူတော်ကောင်း ဝေမာနိက ပြိတ္တာမင်း ဖြစ်သည်၊ နတ်ဗိမာန်၌ ပဒေသာပင် ဥယျာဉ် ကချေသည် စသော စည်းစိမ်အားလုံးကို တခါတခါ ခံစား၍ တခါတခါ မကောင်းသောကံကျိုးကို ခံစားရသည်။ တရားရှိမင်းဖြစ်၍ တဦးတည်းမဟုတ်၊ တံခါး ၄-ပေါက်မှာ ၄-ဦးရှိသည်။

စာမျက်နှာ-405


သူအိုညွှန်ပြ စကားကျအဓိပ္ပာယ်- မောင်တို့ကြည့်ကြ၊ ငါလည်း သင်တို့လို နုပျိုစဉ်က အားခွန်ဗလ ပြည့်ဝလျင်မြန်ခဲ့သည်၊ ယခုငါ့မှာ ထိုအားအစုံ ကုန်ခဲ့ပြီ၊ လက်ခြေရှိငြား၊ ကိစ္စမပြုတော့နိုင်၊ အအိုမလွတ်၍ ဤပုံဖြစ်ရသည်၊ ငါသာမဟုတ်၊ သင်တို့လဲ အအိုမလွတ်၊ ငါ့အပေါ်မှာလို သင်တို့အပေါ်လဲ အအိုရောက်လာလိမ့်မည်၊ ထို့ကြောင့် မအိုခင် ကောင်းမှုပြုကြ ဆိုရာကျသည်။

သူနာညွှန်ပြ စကားကျအဓိပ္ပာယ်- မောင်တို့ကြည့်ကြ၊ ငါလဲ သင်တို့လို ရောဂါကင်းခဲ့သည်၊ ယခု ငါ့မှာ အနာနှိပ်စက်၍ မိမိကျင်ကြီး ကျင်ငယ်၌ နစ်မျောကာ ထမရပါ၊ လက်ခြေရှိငြား ကိစ္စများ မပြုတော့နိုင်၊ အနာမလွတ်၍ ဤပုံဖြစ်ရသည်။ ငါသာမဟုတ်၊ သင်တို့လဲ အနာမလွတ်၊ ငါ့အပေါ်မှာလို သင်တို့အပေါ်လဲ အနာရောက်လာလိမ့်မည်၊ ထို့ကြောင့် မနာခင်ကောင်းမှုပြုကြ— ဆိုရာကျသည်။

သူသေညွှန်ပြ စကားကျအဓိပ္ပာယ်- မောင်တို့၊ သုသာန်၌ပစ်ထား၍ ဖူးရောင်ခြင်း စသည်သို့ရောက်သော ငါ့ကိုကြည့်ကြ၊ အသေမလွတ်၍ ဤပုံဖြစ်ရသည်၊ ငါသာမဟုတ်၊ သင်တို့လဲ အသေမလွတ်ကြ၊ ငါ့အပေါ်မှာလို သင်တို့အပေါ်လဲ အသေရောက်လာလိမ့်မည်၊ ထို့ကြောင့် မသေခင် ကောင်းမှုပြုကြ— ဆိုရာကျသည်။

သေမင်းတမန် အစစ်ခံခွင့်ရသူ မရသူ- ပြစ်မှုများသူမှာ ငရဲတိုက်ရိုက်ကျ၍ ပြစ်မှုနည်းသူသာ စစ်ဆေးခံခွင့်ရသည်။ ဥစ္စာထုပ်နှင့် လက်ဆုပ်မိသော ခိုးသူကို တရားရုံးမရှိသကဲ့သို့တည်း။ ပြစ်မှုနည်းသူများမှာ မိမိဘာသာ ဓမ္မတာအားဖြင့်သော်လည်းကောင်း၊ တချို့သတိပေးလျှင်သော်လည်းကောင်း ကုသိုလ်သတိရကြသည်။

မိမိဘာသာ သတိရသူများ- ဒီဃဇယန္တ မည်သော ကျေးတောသားကား သုမနတောင်ကျောင်းတိုက် စေတီဝယ် အဝတ်နီတံခွန်ပူဇော်ဖူးသည်။ နောက်ငရဲငယ်၌ ဖြစ်လတ်သော် မီးလျှံအသံကို ကြားကြားချင်း သူပူဇော်ခဲ့သောတံခွန်ကို သတိရကာ နတ်ပြည်ရောက်သွားသည်။ သားပဉ္စင်းအား ပုဆိုးသစ်လှူသောဖခင်သည်လည်း သေခါနီး ပြတ်ပြတ်အသံ၌ အာရုံယူမိသည်။ ငရဲငယ်သို့ကျရာတွင် မီးလျှံအသံဖြင့် ထိုအဝတ်ကို သတိရကာ နတ်ပြည်ရောက်သွားသည်။

သတိပေးမှ သတိရသူ- မိမိဓမ္မတာအားဖြင့် သတိမရလျှင် သေမင်းတမန် ၃-မျိုးမေးသည်၊ အချို့ သူအိုဖြင့်ပင် အမှတ်ရ၊ အချို့ သူနာ သူသေပါမေးမှ အမှတ်ရသည်၊ ၃-မျိုးလုံးမေးပါလျက် အမှတ်မရလျှင် ယမမင်းကိုယ်တိုင် သတိရအောင် ကူပေးသည်။

စာမျက်နှာ-406


ယမမင်း အမျှဝေကျိုး- မြလေးပန်းအိုးဖြင့် မဟာစေတီကိုပူဇော်ပြီး မင်းအား အမျှဝေထားသော အမတ်တဦး အကုသိုလ်ကံကြောင့် ငရဲကျ၊ ယမမင်းထံရောက်လာသည်။ သေမင်းတမန် ၃-ဦးလုံးတို့ဖြင့် ကုသိုလ်ကို သတိမရသဖြင့် ယမမင်းကိုယ်တိုင်ကြည့်ရာ မြင်ပြီး “မဟာစေတီကို ပန်းဖြင့် ပူဇော်စဉ်က ငါ့အားပင် သင် အမျှဝေခဲ့သည်မဟုတ်လော” ဟု အမှတ်ရစေမှ ကုသိုလ်အာရုံပြုကာ နတ်ပြည်သွားသည်။ ယမမင်းကိုယ်တိုင် ကြည့်ရှုမမြင်လျှင် “ဤသတ္တဝါကား ဆင်းရဲကြီးကို ခံရတော့မည်” ဟု နှလုံးသွင်းကာ ဆိတ်ဆိတ်နေလိုက်သည်။

ငရဲသား၌ သံစို့ ၅-ချက်နှက်- ၃-ဂါဝုတ်ခန္ဓာကိုယ်ရှိသော ငရဲသားသည် ရဲရဲညီးသော သံမြေပြင်ဝယ် ပက်လက်အိပ်စေကာ ထန်းလုံးမျှရှိသော သံစို့များ ၅-နေရာရိုက်သွင်းခံရသည်။

ဓားမနှင့် ပဲခွပ်- ဓားမကြီးမှာ အိမ်အမိုးတဘက်စာမျှရှိ၍ ခုတ်ရသဖြင့် ထွက်သောသွေးမှာ ချောင်းစီးရုံမက မြစ်ရေမျှများသည်၊ ပေကြိုးဖြင့်တိုင်းကာ သစ်ရွှေ သကဲ့သို့ ရှစ်မြှောင့် ခြောက်မြှောင့် ရွှေကြ၏။ ပဲခွပ်မှာလည်း ဗန်းစကောကြီးမျှ ရှိသည်။

၇-စတုမဟာရာဇသုတ်

လဆန်း၊ လဆုတ် ၈-ရက်နေ့၌ နတ်မင်းကြီး ၄-ဦး၏ အလုပ်အကျွေးနတ်များသည် “ဤလူ့ပြည်၌ လူများသည် မိဘ၌ ဝတ္တရား၊ ရဟန်းတော်များ၌ ဝတ္တရားများကို ပြုကြပါ၏လော၊ ဘိုးဘွားစသော ကြီးသူတို့ကို ရိုသေကြပါ၏လော၊ ဥပုသ်သီတင်း ကျင့်သုံးကြပါ၏လော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်း ကျင့်သုံးကြပါ၏လော၊ ကောင်းမှုများ ပြုကြပါ၏လော” ဟူ၍ ဤလောကကို လှည့်လည်စုံစမ်းကြသည်။ လဆုတ် ၁၄-ရက် လကွယ်နေ့၌ နတ်မင်းကြီး ၄-ဦး၏သားများ၊ လဆန်း ၁၅-ရက် ဥပုသ်နေ့၌ နတ်မင်းကြီး ၄-ဦးကိုယ်တိုင် အလားတူပင် ဤလောကကို လှည့်လည်စုံစမ်းကြသည်။

ဤလူ့ပြည်၌ ကျင့်ဝတ်ပြည့်စုံသူလူများ နည်းပါးလျှင် နတ်မင်းကြီး ၄-ဦးတို့သည် ထိုအကြောင်းကို သုဓမ္မာသဘင်၌ စည်းဝေးရောက်လာသော တာဝတိံသာနတ်များအား ပြောကြားကြသည်၊ ထိုအခါ “နတ်ပြည်ဆုတ်ယုတ်၍ အပါယ်လေးဘုံ စည်ကားတော့မည်” ဟု တာဝတိံသာနတ်များ စိတ်ပင်ပန်းကြသည်။ ကုသိုလ်ရှင်များ၍ များကြောင်းကို တင်ပြသောအခါကား “နတ်ပြည်စည်ကား၍ အပါယ်လေးဘုံ ဆုတ်ယုတ်တော့မည်” ဟု တာဝတိံသာနတ်များ ဝမ်းသာကြသည်။

စာမျက်နှာ-407


ရှေးအခါက သိကြားမင်းသည် တာဝတိံသာနတ်များကို သိစေလိုရကား ထိုအချိန်၌ “ငါနှင့်တူသူ ဖြစ်လိုသူသည် လဆန်း လဆုတ် ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်နေ့များ၌လည်းကောင်း၊ အလွတ်ရက်ရှည်နေ့များ၌လည်းကောင်း အင်္ဂါ ၈-ပါးနှင့်ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည်ရမည်” ဟူသောဂါထာကို ရွတ်ဆိုခဲ့သည်။

ထိုဂါထာကို သိကြားမင်း ရွတ်ဆိုသည်မှာ မကောင်း၊ မှားသည်၊ သိကြားမင်းမှာ ရာဂ ဒေါသ မောဟ မကင်းသေး၊ ပဋိသန္ဓေနေခြင်း စသည်ကို မကင်းသေးသောကြောင့် ဖြစ်သည်။

ရဟန္တာဖြစ်သော ရဟန်းအားသာ “ငါနှင့်တူသူ ဖြစ်လိုသူသည် လဆန်း လဆုတ် ၁၄-ရက်၊ ၁၅-ရက်၊ ၈-ရက်နေ့များ၌လည်းကောင်း၊ အလွတ်ရက်ရှည်နေ့များ၌ လည်းကောင်း၊ အင်္ဂါ ၈-ပါးရှိသော ဥပုသ်ကို ကျင့်သုံးဆောက်တည်ရမည်” ဟူသော ဤဂါထာကို ရွတ်ဆိုသင့်သည်၊ သင့်ပုံမှာ ထိုရဟန္တာရဟန်းသန္တာန်ဝယ် ရာဂ ဒေါသ မောဟ ကင်းပြီး ပဋိသန္ဓေနေခြင်း စသည်တို့ ကင်းပြီးသောကြောင့်ဖြစ်သည်...မိန့်။

သိကြားမင်းအစီအစဉ်- သိကြားမင်းက နတ်မင်းကြီး ၄-ဦးကို “နေ့ ၈-ရက်မှာ လူ့ပြည်လှည့်၊ ကုသိုလ်ရှင်များ၏ အမျိုးအမည်ယူလာကြ” ဟု မိန့်ရာ နတ်မင်းကြီး ၄-ဦးပြန်သွား၊ သူတို့အမတ်များကို “ရွှေပြားမှာ ရေးယူခဲ့ကြ” ဟု ထပ်ဆင့်ခိုင်းသည်။

အကြိုအပိုနှင့်တကွ ဥပုသ်- တလ ၈-ကြိမ် အဋ္ဌဂံဥပုသ်ကို ကျင့်သုံးကြရာ လဝက် ၄-ဥပုသ်တွင် ပဉ္စမီဥပုသ်၏အကြိုကား ၄-ရက်၊ အပို ၆-ရက်။ အဋ္ဌမီဥပုသ်၏ အကြိုကား ၇-ရက်၊ အပိုကား ၉-ရက်နေ့။ စတုဒ္ဒသီဥပုသ်၏အကြိုကား ၁၃-ရက် (အပိုမရှိ)၊ ပန္နရသီဥပုသ်၏ (အကြိုမရှိ) အပိုကား အထက်တရက်နေ့တည်း၊ ယင်းအားလုံးကို ပဋိဇာဂရဥပုသ် ဟု ခေါ်သည်။

ကောင်းမှုများ ပြုကြပါ၏လော- သရဏဂုံယူ အမြဲသီလစောင့်၊ ပန်းလှူ၊ တရားနာ၊ ဆီမီးတထောင်တင်လှူ၊ ကျောင်းဆောက်ခြင်းစသော ကောင်းမှုများပြုခြင်း။

ဒေသခံနတ်များတာဝန်- နတ်မင်းကြီး ၄-ဦး၏ အမတ်များလာကြလျှင် ဒေသခံနတ်များက လက်ဆောင်ယူကာ ဆက်ကြရ၏၊ အမတ်များအမေးကို ဒေသခံနတ်များက “ဤရွာမှာ ဤသူများ ကုသိုလ်ပြုကြပါသည်” ဟု တင်ကြရသည်၊ ထိုကုသိုလ်ရှင်များ၏ အမျိုးအမည်ရေးပြီး အမတ်များ အရပ်တပါးသွားကြသည်။ နတ်မင်းကြီး ၄-ဦးနှင့် အမတ်များ သားများ အားလုံးပင် ကုသိုလ်ရှင်စာရင်းကို ရွှေပြားမှာသွင်းကြ၊ ထိုရွှေပြားပမာဏကြည့်၍ ကုသိုလ်ရှင်နည်းများ သိကြသည်။

စာမျက်နှာ-408


ရှေးအခါက သိကြားမင်း မိမိ၏ သိကြားမင်းဖြစ်ခဲ့ချိန်ကို ရည်၍ ဘုရားရှင်မိန့်သည်၊ တဦး၏အလိုကိုယူ၍ မိန့်သည်ဟု တနည်းဆိုသင့်သည်။

အလွတ်ရက်ရှည်နေ့များ၌ ဥပုသ်- ဝါတွင်း ၃-လလုံး မတတ်နိုင်လျှင် သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်း လပြည့်အထိ တလ၊ မတတ်နိုင်လျှင် သီတင်းကျွတ်လပြည့်ကျော် တရက်မှ လကွယ်ထိ လဝက် မပြတ်စောင့်သော ဥပုသ်တည်း၊ ပါဋိဟာရိယပက္ခဥပုသ် ခေါ်သည်။

သီတင်း- သည် သိကြားမင်း ဥပုသ်၏ ဂုဏ်ကျေးဇူးကို သိ၍ နတ်စည်းစိမ်စွန့်ကာ တလ ၈-ကြိမ် ဥပုသ်စောင့်သည်။ ထို့ကြောင့် ငါလိုသိကြားဖြစ်လိုလျှင် ဥပုသ်စောင့်ကြဟု ညွှန်ကြားသည်၊ ဥပုသ်ဂုဏ်ကား သိကြားစည်းစိမ်သာမက နိဗ္ဗာန်ထိ စွမ်းနိုင်၍ ရဟန္တာအရှင်မြတ်က ငါလိုဖြစ်လိုလျှင် ဥပုသ်ကျင့်သုံးကြဟု မိန့်မှ အဓိပ္ပာယ်မှန်သည်။

၉-သုခုမာလသုတ်

ရဟန်းတို့၊ ငါဘုရားကား ဆင်းရဲမတွေ့ အလွန်နူးညံ့သိမ်မွေ့လွန်းသည်၊ ငါ့ခမည်းတော် နန်းတော်၌ ကြာညိုစိုက်ရေကန်၊ ပဒုမ္မာကြာစိုက်ရေကန်၊ ပုဏ္ဍရိုက်ကြာစိုက်ရေကန် ဟု ရေကန် ၃-လုံး ငါ့အတွက်သာ ပြုထားကြသည်။ ငါသည် အလွန်နူးညံ့သိမ်မွေ့သော ကာသိကတိုင်းထွက် စန္ဒကူးခေါင်းပေါင်း၊ အင်္ကျီ၊ ပုဆိုး၊ အပေါ်ရုံများကိုသာ သုံးဆောင်သည်။ အအေး အပူ စသည် မထိရန် နေ့ရောညပါ ငါ့အား ထီးဖြူ မိုးထားသည်။

ဆောင်း နွေ မိုး ရာသီအလိုက် စံမြန်းရန် ပြာသာဒ် ၃-ဆောင်၌ တဆောင်လျှင် ၄-လစီ မိန်းမချည့်သာ တီးမှုတ်အပ်သော တူရိယာတို့ဖြင့် ပြာသာဒ်အောက်မဆင်းဘဲ စံပယ်မွေ့လျော်ရသည်။ သူတပါးအိမ်များမှာ အလုပ်သမားများအား ပအုံးရည်ဟင်း ဆန်ကွဲထမင်းပေးသော်လည်း ငါ့ခမည်းတော်နန်းတော်မှာ အလုပ်သမားများအား သလေးဆန် သားပြွမ်းထမင်းကို ကျွေးမွေးသည်။

ဤသို့သောတန်ခိုး၊ ဤသို့သောဆင်းရဲမတွေ့ အလွန်သိမ်မွေ့ခြင်းနှင့်ပြည့်စုံသောငါ့အား “အကြားအမြင်နည်းသော ပုထုဇဉ်သည် မိမိကိုယ်တိုင်က အို နာ သေ သဘောရှိသူ၊ သဘောကို မလွန်ဆန်နိုင်သူဖြစ်ပါလျက် အို နာ သေသူကိုမြင်သော် မိမိကိုယ်ကို သတိမရဘဲသာ ငြီးငွေ့စက်ဆုပ်တတ်သည်။ ငါသည်လည်း အို နာ သေခြင်းသဘောရှိသူ၊ သဘောကို မလွန်ဆန်နိုင်သူ ဖြစ်ပါလျက် ငြီးငွေ့စက်ဆုပ်ခြင်းကား မသင့်လျော်” ဟု အကြံဖြစ်သည်၊ ဤသို့ဆင်ခြင်သော

စာမျက်နှာ-409


ထိုငါ့အား အရွယ်နုပျိုခြင်းကြောင့် ယင်းကိုစွဲ၍ဖြစ်သော မာန်တက်ခြင်း၊ ရောဂါကင်းခြင်းကြောင့် ယင်းကိုစွဲ၍ဖြစ်သော မာန်တက်ခြင်း၊ အသက်ရှည်ခြင်းကြောင့် ယင်းကို စွဲ၍ဖြစ်သော မာန်တက်ခြင်းများသည် အချင်းခပ်သိမ်း ပျောက်ငြိမ်းသည်။

မာန်ယစ်ခြင်း ၃-မျိုးမှာ အရွယ်နုပျိုခြင်းကိုစွဲ၍ဖြစ်သော မာန်ယစ်ခြင်း၊ ရောဂါကင်းခြင်းကိုစွဲ၍ဖြစ်သော မာန်ယစ်ခြင်း၊ အသက်ရှည်ခြင်းကိုစွဲ၍ဖြစ်သော မာန်ယစ်ခြင်းတို့ဖြစ်သည်။ ယင်း မာန် ၃-မျိုးယစ်သော အကြားအမြင်နည်းသူ ပုထုဇဉ်သည် ကိုယ်နှုတ်စိတ်ဖြင့် ပြစ်မှုများကိုပြု၏၊ ထိုပြစ်မှုကြောင့် သေလျှင် ငရဲရောက်ရသည်၊ ယင်းမာန် ၃-မျိုးယစ်သော ရဟန်းသည်လည်း သိက္ခာချ၍ လူထွက်သည်—ပိန့်။

အို နာ သေ သဘောရှိ ပုထုဇဉ်များသည် ထိုသဘောများရှိပါလျက် သူတပါးကို စက်ဆုပ်ကြသည်။ ဤသဘောရှိသော သတ္တဝါများ၌ ငါ့အား စက်ဆုပ်ခြင်းသဘောသည် မသင့်။

ဤသို့ ဆင်ခြင်လေ့ရှိသော ငါသည် နိဗ္ဗာန်ကို မြင်သိ၍ မာန်ယစ်ခြင်းအလုံးစုံကို လွန်မြောက်ပြီးဖြစ်သည်၊ ဝဋ်လွှတ်ရာ နိဗ္ဗာန်၌ ဘေးမရှိဟုရှု၍ နိဗ္ဗာန်ကို ဘေးမရှိဟု မြင်သော ထိုငါ့အား အားထုတ်မှုဖြစ်ပြီ၊ ယခုအခါ ကာမဂုဏ်တို့ကို ငါမမှီဝဲထိုက်ပြီ၊ အကျင့်မြတ်လျှင် အားထားရာရှိသည်ဖြစ်၍ မဆုတ်နစ်တော့ပေ။

ဘုရားလောင်းဆင်းရဲကင်းချိန်- ကပိလဝတ်ပြည် ဖြစ်ချိန်မှစ၍ ဘုရားလောင်း ဆင်းရဲကင်းပုံ ဟောပြသည်။ ပါရမီဖြည့်စဉ်က ဘုရားလောင်းဒုက္ခကား အဆုံးမရှိ၊ ကြီးလှ၏။ မင်းသား ၇-နှစ်အရွယ် ခမည်းတော်အမေးအရ “ကလေးများ ရေကစားမှု ကြိုက်သည်” ဟု အမတ်များ လျှောက်ကြသဖြင့် ဆည်မြောင်းဆိုင်ရာများကို ရေကန်နေရာ ရွေးစေသည်။

ဝိသုကြုံ၏ ရေကန်များ- ထိုအကြောင်း သိကြားမင်းသိ၍ “ဘုရားလောင်းအတွက် နတ်ရေကန်သာ သုံးဆောင်သင့်သည်” ကြံပြီး ဝိသုကြုံခေါ်ကာ— “ညွန်မရှိရ၊ ရတနာ ၇-ပါးဖြင့် ပြုအပ်သော တံတိုင်းကာ၊ စောင်းတန်းလှေကား၊ လက်ရန်း၊ ရွှေ ငွေ ပတ္တမြား အခင်းရှိစေ၊ ရွှေငွေစသည် လှေများ၊ ရွှေလှေ၌ ငွေပလ္လင်ထား၊ ရေသွန်ခွက်ပါ ပတ္တမြား သန္တာစသည်နှင့် ပြီးအောင်စီစဉ်၊ ကြာမျိုးငါးပါး ဖုံးလွှမ်းသော ရေကန်များဖြစ်စေ” ဟု မိန့်သဖြင့် ထိုအမိန့်အရ ညချင်းပြီး (ယူထားသော ရေကန်နေရာများမှာ) ရေကန်များ ဖန်ဆင်းလိုက်သည်။

ညွန်မရှိရအမိန့်- ရေကန်တွင်း၌ ရွှေလှေငယ်စသည်များချ၊ ညွန်အပြည့်ထား၊ ပဒုမ္မာကြာများပေါက်အောင် ဓိဋ္ဌာန်သည်၊ ကြာဝတ်မှုန်များတက်၍ ရေအပြင်ဖုံးကာ

စာမျက်နှာ-410


ရွှေ့ရှားကြပုံ အလုံးစုံဖန်ဆင်းပြီးမှ နတ်ပြည်ပြန်သည်။ နံနက်လင်းသော် ရေကန်ကြီးများကို မြင်သူများက မင်းကြီးအား သွားလျှောက်ထားကြ၊ ပရိသတ်နှင့်တကွ မင်းကြီးကြွလာကြည့်ရှုသည်။ “ငါ့သားဘုန်းက နတ်များဖန်၍ ရေကန်အသင့် ကြာအသင့်” ဟု ဆိုကာ ဝမ်းသာသွား၏၊ ထိုအချိန်မှစ၍ ဘုရားလောင်း ရေကစားတော့သည်။

ပြာသာဒ် ၃-ဆောင်- ဘုရားလောင်း ၁၆-နှစ် အရွယ်ရောက်သော် မင်းကြီးသည် လက်သမားများခေါ်၊ နေ့ကောင်းရက်သာရွေးပြီး မြေအသစ်၌ သားတော်စံရန် ပြာသာဒ်များ ဆောက်ခိုင်းသည်။

ရမ္မ- ဆောင်းပြာသာဒ်ဆောင် ဘုံ ၉-ဆင့်ရှိ၍ အပူငွေ့ရအောင် ဘုံများကို အနိမ့်စီစဉ်သည်၊ တံခါးပြတင်းများလုံခြုံစေကာ အလျှံတောက်သော မီးပန်းချီကားများ ဆွဲထား၏၊ မြေအခင်း ကန့်လန့်ကာ မျက်နှာကြက် အဝတ်အစားအားလုံး သက္ကလတ် ကမ္ဗလာထည်များဖြစ်သည်၊ အပူငွေ့ရအောင် နေ့ပြတင်းဖွင့်၍ ညပိတ်ထားသည်။

သုရမ္မ- နွေပြာသာဒ်ဆောင် ဘုံ ၅-ဆင့်ရှိ၍ အအေးဓာတ်ရအောင် ဘုံဆင့်မြင့်မြင့် ကျယ်ကျယ်စီစဉ်သည်၊ တံခါးပြတင်းများ အလွန်မစေ့စပ်ဘဲ အပေါက် သံဇကာတပ်ထားသည်၊ ပန်းချီကားများ၌ ကြာမျိုးစုံရေးထား၏၊ မြေအခင်း ကန့်လန့်ကာ စသည် အားလုံး ဘွဲ့ဖြူပါးလွှာ ပဒုမ္မာထည်များသာတည်း၊ လေသောက်ပြတင်းများအနီးဝယ် အိုးသစ်များ၌ ရေထည့်ကာ ကြာစသည်များ စိုက်ထားသည်၊ နေရာတိုင်းဝယ် ရေစက်ဆင်၍ မိုးရွာသလို ရေအလျဉ်များထက် ကျသည်။ ပြာသာဒ်တွင်းနေရာအနှံ့ နံ့သာညွန်ပြည့်သော စည်ပိုင်း ပီပါများထား ကြာပန်းများစိုက်ထားသည်၊ ပြာသာဒ်ထက်၌ ကျွဲရေပြားခြောက်များကို ဖြန့်ပြီး ယန္တရားဖြင့် အမိုးပြင်ရောက် ကျောက်များတင်လွှတ်ရကား သားရေ၌ ကျောက်လိမ့်ကျသံသည် မိုးချုန်းသံဟုပင် ထင်ရသည်၊ တံခါးပြတင်းများကို နေ့ပိတ်၍ ညဖွင့်ထားသည်။

သုဘ- မိုးပြာသာဒ်ဆောင် ဘုံ ၇-ဆင့်ရှိ၍ အအေးအပူ ၂-မျိုးရအောင် ဘုံဆင့်များ မနိမ့်မမြင့်ထားသည်၊ တံခါးပြတင်းများကိုလည်း အချို့လုံခြုံစွာ၊ အချို့ဖွင့် ဇာပေါက်တပ်ထား၏၊ ပန်းချီမှုကိုလည်း အချို့နေရာမှာ မီးပုံ၊ အချို့နေရာမှာ ရေကန်ရေးဆွဲသည်၊ မြေအခင်း စသည်များမှာ သက္ကလတ်ကမ္ဗလာ ပါးလွှာဘွဲ့ ၂-ခုရောလျက် တံခါးအချို့ နေ့ဖွင့် ညပိတ်ကာ အချို့ကို နေ့ညပိတ်သည်၊ ပြာသာဒ် ၃-ဆောင်လုံး အမြင့်ပမာဏ တင့်တယ်ပုံပါ တူကြ၍ ဘုံဆင့်သာထူးသည်။

အထင်သာရှိပြီး အခြင်းမရှိ၍ သမက်မတော်လို- ပြာသာဒ်များ ပြီးလတ်သော် ခမည်းတော်မင်းကြီးသည် “ငါ့သားတော် အရွယ်ရောက်လာပြီ၊ ထီးဆောင်းစေကာ.

စာမျက်နှာ-411


မင်း၏ စည်းစိမ်ကျက်သရေကို ငါကြည့်ရှုတော့မည်” ဟုကြံကာ ဆွေမျိုး-သောင်း သာကီဝင်မင်းအပေါင်းထံသို့ “အရွယ်ရောက်လာသော ငါ့သားတော်ကို မင်းအဖြစ် တင်မြှောက်တော့မည်၊ သင်တို့နန်းများမှာ အရွယ်ရောက်နေသော သမီးကညာများကို ဤငါ့နန်းတော်သို့ ပို့ဆက်ကြလေ” သဝဏ်လွှာများပို့လိုက်သည်။

သာကီဝင်မင်းများသည် သတင်းကြားလျှင်ပင် “သိဒ္ဓတ္ထမင်းသားသည် ကြည့်ကောင်းရှုသာ ရုပ်အဆင်းအားလုံးမှာ ပြည့်စုံပါသော်လည်း ဘာပညာမျှမတတ်၊ သားမယား ကျွေးမွေးနိုင်စွမ်းမရှိ၊ ငါတို့ သမီးမပေးနိုင်” ငြင်းဆန်ကြသည်။

လေးကြိုးတီးရုံဖြင့်ပင် သမီးပေးလိုကြပြီ- ခမည်းတော်မင်းကြီး ထိုအကြောင်းကိုကြား၍ သားတော်ထံသွား မိန့်ကြားရာ ဘုရားလောင်းက “ဘယ်အတတ်ပညာ ပြသင့်ပါသလဲ ခမည်းတော်” ဟု တင်လျှောက်သည်။ “ယောက်ျား ဗိုလ်ခြေ တထောင်တင်ရချရသော လေးအတတ်ကို ပြသင့်သည်သားတော်” ဟု မိန့်သဖြင့် “သို့ဖြစ်လျှင် ယင်းလေးကို ဆောင်ယူတော်မူကြပါ” ဟု လျှောက်တင်ချက်အရ မင်းကြီး ယူဆောင်စေ၍ ရောက်လာသော ဗိုလ်ခြေ တထောင် တင်ချရသော လေးကို ဘုရားလောင်းသည် ပလ္လင်ထက်၌ တင်ပလ္လင်ခွေလျက် လေးကြိုးကို ခြေမ၌ ရစ်ပတ်ဆွဲငင်ပြီး ခြေမတချောင်းဖြင့် ပစ်တင်ပြီးလျှင် လက်ဝဲလက်ဖြင့် လေးကိုင်းကိုင်၊ လက်ယာလက်ဖြင့် လေးကြိုးကိုဆွဲတင် တီးခတ်လိုက်သည်။

တမြို့လုံး အုံးအုံးကြွက်ကြွက် ကောင်းကင်ပျံတက်သည့်ပမာ ဖြစ်သွားရာ “ဘာသံပါလိမ့်”၊ “မိုးချုံးသံပါ”၊ “သင်တို့မသိကြပါ မိုးချုံးသံမဟုတ်၊ ကိုယ်မှာပြိုးပြက် အရောင်ထွက်သော သိဒ္ဓတ္ထမင်းသား၏ ဗိုလ်ခြေထောင်တင် လေးကိုတင်ပြီး လေးကြိုးခတ်သံပါ” ဟု အသီးသီး ပြောဆိုကြ၊ သာကီဝင်ဆွေမျိုးများအားလုံး လေးတင်ကြိုးခတ်ပြရုံမျှဖြင့်ပင် အလွန်ကျေနပ်သွားကြသည်။

အလောင်းမင်းသား လေးအတတ်ကို ပြတော်မူခြင်း- ခမည်းတော်မင်းကြီး၏ ကြေညာချက်အရ ဆွေတော်မျိုးတော်များ၊ အခြွေအရံများ၊ မှူးမတ်တော်များ၊ စစ်သည်တော်များအားလုံး စုံညီစွာ အသင့်စီစဉ်အပ်သော နေရာများ၌ စုဝေးချိန် အလောင်းမင်းသားသည် လေးတင်ခြင်းစသော အထက်ပါ လေးအတတ်ပညာစွမ်းကို ပြတော်မူသည်။

သဟဿထာမ ဓနုအဓိပ္ပာယ်- (၁) ယောက်ျားဗိုလ်ခြေ တထောင်တင်ရ ချရသော လေး (အင်္ဂုတ္တိုရ်၊ ဋ္ဌ-စသည်) (၂) ဝန်ပိုလ်ချိန် တထောင်ဖြင့် တင်ရသော လေး (သမန္တစက္ခုဒီပနီ)၊ ပိုလ် ၄-ကျပ်သားရှိ၍ ကျပ် ၄-ထောင် (ပိဿာ ၄၀) အလေး

စာမျက်နှာ-412


သံခဲကို လေးကြိုးလယ်ချီ၍ လေးကိုင်းကို တုတ်လျှိုထမ်းသော် အလေးမြေမှကြွသည်နှင့် လေးကြိုးလည်း မြားပစ်ရာသို့ရောက်၍ တင်ပြီးဖြစ်သည်။ (၃) ဝန်ပိုလ်ချိန် ၂-ထောင်ဖြင့် တင်ရသော လေး (သံယုတ်၊ ဋ္ဌ-သစ်) တင်ပုံ အထက်အတိုင်းပင်။

မြားရေးငယ် ၁၂-ပါးပြပုံ- အလောင်းမင်းသားသည် နေပြည်တော်ထဲ ကျော်စောလှသော လေးဆရာကြီး ၄-ဦးကို ခေါ်ပြီး မိမိ၏ မျက်နှာ ၄-နေရာတို့၌ နေစေကာ ၃-သောင်းစီသော မြားများကို မြားပေးသူများနှင့်တကွ အပ်ပြီး မိမိကမူ ဝရဇိန်အသွားတပ်မြားတစင်းကိုသာ စွဲကိုင်လျက် “ဆရာကြီး ၄-ဦးက တချိန်တည်း ရှိသမျှ မြားများဖြင့် ကျွန်ုပ်ကို ပစ်ကြပါ” ဟု မိန့်သည်။

“အရှင့်သားငယ် ကျွန်ုပ်တို့ မလုပ်ရက်ပါ”၊ ဆရာကြီးများက— ကျွန်ုပ်တို့သည် လျှပ်တပြက် အချက်များစွာ မှန်အောင် ပစ်နိုင်သော အက္ခဏဝေဓိ ပညာရှင်၊ သားမွေးမျှင်ကိုပင် ခွဲဖောက်အောင် ပစ်နိုင်သော ဝါလဝေဓိ ပညာရှင်၊ ရွှေမြားကို နောက်မြားဖြင့် မှန်အောင် ပစ်နိုင်သော သရဝေဓိ ပညာရှင်၊ အသံကိုသာ နားထောင်၍ မကြည့်ဘဲ မှန်အောင်ပစ်နိုင်သော သဒ္ဒဝေဓိ ပညာရှင်များပါ၊ အရှင်မင်းသားမှာ ငယ်လှပါသေးသည်၊ ကျွန်ုပ်တို့ မပစ်ရက်ပါဟု လျှောက်ကြရာ အလောင်းမင်းသားက “မစိုးရိမ်ကြလင့်၊ ပစ်နိုင်လျှင် မှန်အောင်သာ သင်တို့ ပစ်ကြ” ဟု ရဲဝံ့စွာ မိန့်ကြားသဖြင့် လေးဦးတပြိုင်နက် ဝိုင်းပစ်ကြသည်။

အလောင်းမင်းသားကား လာသမျှ မြားများကို ဝရဇိန်စဉ်းသွားတပ် မြားတစင်းဖြင့်သာ ဆီးကာလျက် ကျချင်ရာ မကျစေဘဲ မြားသွားအမြီး အတံအရွက် အချင်းချင်း တစင်းကို တစင်းမလွန်အောင် ကျစေ၍ သရဗ္ဘ-မြားတိုက်ခန်းကြီး ဖြစ်စေသည်၊ ဆရာကြီးများ၏ မြား ၃-သောင်းစီကုန်မှ မြားတိုက်ခန်းကို မပျက်စေဘဲ ခုန်ထွက်လာခဲ့သည်၊ ပရိသတ်အားလုံး ဟစ်ကြွေးအံ့ချီးသံကား မြေတုန်ဟည်းမျှတည်း။

၁။ ခမည်းတော်မင်းကြီး အမေးအရ မြားရေးသည် မိမိမြားဖြင့် ရန်သူမြားအလာကို ဆီးကာသော သရပဋိဗာဟန မြားရေးအတတ် ဖြစ်ကြောင်း၊ ဤအတတ်မျိုးကို သားတော်မှတပါး ဇမ္ဗူဒိပ်တကျွန်းလုံး မည်သူမျှ မတတ်ကြောင်း ဖြေကြားပြီး ခမည်းတော် အမိန့်အရ နောက်မြားရေး အတတ်များကိုလည်း ပြသည်။

၂။ လေးဆရာကြီး ၄-ဦး ၄-နေရာက သားတော်တဦးတည်းကို မှန်အောင် မပစ်နိုင်ကြသော်လည်း သားတော်က ၄-ဦးလုံးကို မြားတစင်းဖြင့်သာ မှန်အောင်ပစ်ပြ

စာမျက်နှာ-413


ပါမည်ဟု ခမည်းတော်အား လျှောက်ရာ လေးဆရာကြီး ၄-ဦး မနေနိုင်အောင် ကြောက်ကြသည်။

အလောင်းမင်းသားသည် ထိုလေးဆရာကြီး ၄-ဦးနေရာမှာ ငှက်ပျောပင် ၄-ပင်စိုက်စေပြီး မြားမြီးဖျား၌ ပိုးနီကြိုးချည်ကာ တပင်ကိုသာ ချိန်ပစ်လိုက်သည်။ ထိုမြားသည် ပဌမငှက်ပျောပင် ဖောက်ပြီး မရပ်ဘဲ ဒုတိယ တတိယ စတုတ္ထအပင်များကိုလည်း ဖောက်ထွင်းကာ ပဌမအပင် ပြန်ဖောက်ပြီးနောက် အလောင်းမင်းသား လက်တွင်း၌ မြားတည်လာသည်။ ငှက်ပျောပင်များသည် ပိုးနီကြိုးဖြင့် ဖောက်ထွင်းလျက် စက်ဝန်းသဏ္ဌာန် တည်ကြသည်။ တကြိမ်တည်း ပစ်သော မြားဖြင့် ရှစ်မျက်နှာ အားလုံး စက်ဝန်းအသွင် မှန်စေပြီးမှ လက်တွင်း မြားပြန်လာသော စက္ကဝေဓိ မြားရေးအတတ် မည်သည်။
၃။ နွယ်ပန်းသကဲ့သို့ မြားတန်းမပြတ်အောင် ပစ်သော သရဋ္ဌိ မြားရေးအတတ်၊
၄။ ကြိုးအစဉ်ကဲ့သို့ ပစ်သော သရဇာလ မြားရေးအတတ်၊
၅။ မြားပြာသာဒ်အသွင် ထင်အောင်ပစ်သော သရပါသာဒ မြားရေးအတတ်၊
၆။ မြားစောင်းတန်းဆင့်အောင် ပစ်သော သရသောပါန မြားရေးအတတ်၊
၇။ မြားမဏ္ဍပ်ပေါက်အောင် ပစ်သော သရမဏ္ဍပ မြားရေးအတတ်၊
၈။ မြားတံတိုင်း ထင်အောင်ပစ်သော သရပါကာရ မြားရေးအတတ်၊
၉။ မြားရေကန်ထင်အောင် စသော သရပေါက္ခရဏီ မြားရေးအတတ်၊
၁၀။ ပဒုမ္မာကြာပွင့်ချပ်လို မြားထပ်အောင် ပစ်သော သရပဒုမ မြားရေးအတတ်၊
၁၁။ ရွှေမြားကို နောက်မြားဖြင့် မှန်အောင်ပစ်သော သရဝေဓိ မြားရေးအတတ်၊
၁၂။ မြားမိုးရွာအောင် ပစ်သော သရဝဿ မြားရေးအတတ်များကို တခုပြီးတခု ပြသည်။

မြားရေးကြီး ၄-ပါးမှာ အက္ခဏဝေဓိ၊ ဝါလဝေဓိ၊ သရဝေဓိ၊ သဒ္ဒဝေဓိ တို့တည်း။ ဆရာကြီး ၄-ဦးစကားအတိုင်းပင်၊ ဤ ၄-ပါးတို့ကိုလည်း အလောင်းမင်းသား ပြသည်၊ ထို့နောက် ဆက်လက်ပြသော်—

စာမျက်နှာ-414


ထုထယ် ၇-ခုဖောက်ထွင်း ပစ်ပြခြင်း မြားရေးများမှာ—

၁။ စမ္မကာယ- သားရေထုထယ်၊ အခြားလေးသမားများ ကျွဲရေတချပ်လောက် ဖောက်ပြနိုင်သော်လည်း အလောင်းမင်းသားကား အထပ်တရာကိုလည်း ဖောက်နိုင်သည်။

၂။ ဒါရုကာယ- သစ်တုံးထုထယ်၊ အခြားသူများမှာ ရေသဖန်းသား လက် ၈-သစ်၊ ပိတောက်သားလက် ၄-သစ် ပျဉ်ချပ်စီမျှကိုသာ ဖောက်ပစ်နိုင်သော်လည်း အလောင်းမင်းသားကား ပျဉ်ချပ်တရာကိုသော်လည်း ဖောက်ပစ်နိုင်သည်။

၃။ လောဟကာယ- လက် ၂-သစ်ရှိ ကြေးပြား ထုထယ် (အခြား ၁၊ အလောင်းတော်များစွာ)။
၄။ အယောကာယ- လက် ၈-သစ်ရှိ သံပြားထုထယ် (အခြား ၁၊ အလောင်းတော်များစွာ)။
၅။ ဝါလိကကာယ- သဲလှည်း ထုထယ် (ကောက်ရိုးလှည်းပါ) (အခြား ၁၊ အလောင်းတော်များစွာ)။
၆။ ဥဒကကာယ- ရေထုထယ် (အခြားသူ ၄-ဥသဘ၊ အလောင်းတော်များစွာ)။
၇။ ဖလကကာယ- ပျဉ်ချပ် ထုထယ် (အခြားသူ ၁-လှည်း၊ အလောင်းတော်များစွာ)။

နောက်ဆုံးအကျော့ ဗုဒ္ဓအလျာ၏ ပညာကြွယ်သဖြင့် အံ့ဖွယ်ထက် ပါရမီမပြည့်သေးခင် နုစဉ် အသဒိသမင်းသားဘဝ လေးပညာစွမ်းကိုလည်း အံ့မခမ်းကြည်ညိုသင့်ပုံမှာ—

ဘုရားလောင်း အသဒိသမင်းသား၏ လေးပညာ

ဘုရားလောင်းသည် ဗာရာဏသီ ဗြဟ္မဒတ်မင်းကြီး၏သားတော် အသဒိသမင်းသားဖြစ်စဉ် ဗေဒင် ၃-ပုံသာမက အတတ် ၁၈-ရပ်ကိုပါ ကမ်းဆုံးရောက် တတ်မြောက်သည်၊ အထူးသဖြင့် လေးအတတ်၌မူ သူမတူအောင် ထူးချွန်သည်။

ခမည်းတော် နတ်ရွာစံခါနီး နန်းအပ်ခဲ့သော်လည်း မင်းမပြုလိုသဖြင့် ညီတော် ဗြဟ္မဒတ်မင်းသားကိုသာ မင်းပြုစေသည်။ ညီတော် မင်းပြုပြီးနောက် ငယ်ကျွန်ဟောင်းများက ကုန်းချောသဖြင့် နောင်တော်ကို ဖမ်းမိန့်ထုတ်ရာ နောင်တော်၏ငယ်ကျွန်များက ကြိုတင်လျှောက်ထားသဖြင့် သိရှိပြီး မဖမ်းမီ အခြားတိုင်းတပါး သွားတော့သည်။ အခြားတိုင်းပြည် ဘုရင်မင်းမြတ်ထံ အခွင့်တောင်း၊ လေးပညာရှင်အဖြစ် ခစားခွင့်ရ၊ တနှစ်လျှင် ကျပ်တသိန်းလခ ရသည်၊ လစာနှစ်ဆရသဖြင့် မူလလေးသမားဟောင်းများ မနာလိုကြပေ။

စာမျက်နှာ-415


ပတ္တမြားနွံနှစ် မညစ်အရောင် တိုး၍သာပြောင်

တချိန်တွင် ဥယျာဉ်တွင်း ကျောက်ဖျာအနီး သရက်ပင်ကြီးထိပ်ခေါင်ဖျား၌ သရက်သီးတခိုင်ကို မင်းကြီးမြင်တော်မူ၍ တက်မခူးနိုင်ပုံကို သိသဖြင့် လေးသည်တော်များ ခေါ်ကာ ပစ်ချနိုင် မချနိုင်မေးရာ မူလလေးသည်တော်များက “ဝန်မလေးပါ၊ သို့ရာတွင် ကျွန်ုပ်တို့၏ဆောင်ရွက်မှုကို မင်းကြီးမြင်ဖူးလှပါပြီ၊ ကျွန်ုပ်တို့ထက် လစာနှစ်ဆများ၍ ရောက်သစ်စသာဖြစ်သော လေးဆရာသစ်ကို ပစ်ချစေတော်မူပါ” ဟု ညီညွတ်စွာ တင်ကြသည်။

မင်းကြီးသည် ဘုရားလောင်း အသဒိသမင်းသား လေးသမားသစ်ကိုခေါ်၍ စွမ်းနိုင် မစွမ်းနိုင်မေးရာ “အရှင်မင်းကြီး ယခုလျောင်းနေရာကိုရလျှင် ပစ်ချနိုင်ပါသည်” ဟု လျှောက်သဖြင့် မင်းကြီးက အခွင့်ပေးသည် (ယင်းနေရာကား သရက်ခိုင်အညှာနှင့် ထက်အောက်တည့်နေ၍ ခက်ခဲသည်)။

အလောင်းမင်းသား၏ ရဲရဲတောက်စကား

“အရှင်မင်းကြီး၊ သရက်ခိုင်ကို အထက်တက်သောမြားဖြင့် ပစ်ချရမည်လော၊ သို့မဟုတ် အောက်ဆင်းသောမြားဖြင့် ပစ်ချရမည်လော” ဟု ဘုရားလောင်းကမေးသည်တွင် မင်းကြီးက “အထက်သို့တက်သောမြားဖြင့် ပစ်ချသူ လေးသမားများကို မြင်ဖူးလှပြီ၊ အောက်သို့ဆင်းလာသောမြားဖြင့် ပစ်ချနိုင်သူကို မမြင်ဖူးပါ၊ အောက်ဆင်းသောမြားဖြင့် ပစ်ချပေးပါ” ဟု မိန့်ဆိုသည်။

“အရှင်မင်းကြီး၊ ကျွန်ုပ်၏ ပဌမမြားသည် သရက်ခိုင် အညှာတဝက်ဖြတ်ပြီး စတုမဟာရာဇ်နတ်ပြည်အထိ တက်သွားပါလိမ့်မည်၊ သည်းခံစောင့်တော်မူပါ၊ ယင်းမြား ပြန်အဆင်းတွင် သရက်ခိုင်၏ ကျန်အညှာတဝက်ကိုဖြတ်ပြီး သရက်ခိုင်ကို ယူလာပါလိမ့်မည်” ဟု ရဲရဲတောက်စကား လျှောက်ထားပြီး မြားလွှတ်တော့သည်။

ပဌမမြား စတုမဟာရာဇ်၊ ဒုတိယမြား တာဝတိံသာ

ယင်းမြားသည် ဘုရားလောင်းစကားအတိုင်း သရက်ခိုင်အညှာ တဝက်ဖြတ်ပြီး တက်သွားသည်၊ ယင်းမြား စတုမဟာရာဇ်နတ်ပြည်ရောက်ချိန်တွင် ထိုပဌမမြားထက် အဟုန်ပြင်းသော ဒုတိယမြားကို ထပ်လွှတ်သည်၊ ဒုတိယမြားသည် တက်ပြီး ပဌမမြား၏ မြားရွက်ကိုရိုက်ခတ်ကာ အောက်ဆင်းစေပြီး မိမိကား တာဝတိံသာအထိတက်၊ တာဝတိံသာနတ်များ ဖမ်းထားကြသည်။

စာမျက်နှာ-416


ပြန်ဆင်းလာသော ပဌမမြား၏လေဟုန်မှာ မိုးကြိုးသံပမာရှိရကား “ဘာသံပါလိမ့်” ဟု လူများအမေးကို ဘုရားလောင်းက “ပြန်ဆင်းလာသော ပဌမမြားသံ” ဟု ဖြေရာတွင် မိမိတို့အပေါ် ပြန်ကျလာမည်ကိုတွေး၍ ကြောက်ဒူးတုန်နေကြသော လူများအား “မကြောက်ကြလင့်၊ ထိုမြားမြေမကျ၊ မည်သူ့ကိုမျှလဲ မထိခိုက်ရအောင် ကျွန်ုပ် ဖမ်းယူမည်” ဟု နှစ်သိမ့်စေသည်။

အဆင်းမြားသည် လူများမြင်စဉ်ပင် သရက်ခိုင်၏ ကျန်အညှာတဝက်ကိုဖြတ်ကာ သရက်ခိုင်နှင့်အတူ အကျတွင် ဘုရားလောင်းသည် မြေအထိ ကျခွင့်မပေးဘဲ လက်တဘက်ဖြင့် သရက်သီးခိုင်ကို လက်တဘက်ဖြင့် မြားကို ဖမ်းယူလိုက်သည်၊ မင်းနှင့် ပြည်သူများသည် ထိုအံ့ဖွယ်နှင့်စပ်၍ အလောင်းတော်ကို ချီးမွမ်းကြ၊ ကောင်းချီးပေးကြ၊ လက်ခမောင်းခတ်ကြ၊ လက်ချောင်းခါကြသည်။

အထောင်မကသော ခေါင်းပေါင်းများ မြှောက်ကြ၊ တကုဋေမျှသော ဆုလာဘ်များ ပေးကြသည်၊ မင်းကြီးကလည်း ဥစ္စာများစွာ အခြံအရံများစွာကို ချီးမြှင့်သည်။

မောင်းမအပေါင်း ၄-သောင်းမျှအထိ

အလောင်းမင်းသားသည် မြားရေးကြီးငယ် ထုထယ်ဖောက်ထွင်းခြင်းအတတ်သာမက အခြားသောမင်းသားများဆိုင်ရာ ပညာအားလုံးကိုလည်း ယင်းအစည်းအဝေး၌ ပြသည်၊ ၈-သောင်းသော ဆွေမျိုးတော်များသည် ထိုအခါမှသာ ဘုရားလောင်းအပေါ် “ပညာမှ တတ်ပါမည်လား” ဟူသော သံသယကင်းကြရကား မိမိတို့၏သမီးများကို တန်ဆာဆင်၍ ပို့ကြရာ အမျိုးသမီးဦးရေ ၄-သောင်း ရောက်လာသည်။

အလောင်းမင်းသားသည် ပြာသာဒ်တဆောင်၌ အမျိုးသမီး ၁-သောင်းစီထား၍ ယသောဓရာအတွက် ၁-သောင်းခြံရံစေသည်။

မိန်းမတီးမှုတ်သောတူရိယာ၊ တူရိယာအတီးသာမက တံခါးစောင့်၊ ချိုးရေဆက်သူ စသည်အားလုံး မိန်းမများသာဖြစ်သည်၊ မင်းစည်းစိမ်ခံစားသော သားတော်အတွက် ယောက်ျားမြင်၍ မယုံသင်္ကာမဖြစ်အောင် ကြက်တောင်စည်း ယောက်ျားကလေးများကိုသော်မှ ဘုရားလောင်း မမြင်ရပေ။

ဆင်းရဲမတွေ့ အလွန်သိမ်မွေ့ခြင်းနှင့် ပြည့်စုံသော ငါဘုရား ဤသို့ မိမိ၏ အသရေစည်းစိမ်ကို ပြန်မိန့်သည်မှာ လျှပ်ပေါ်လို၍မဟုတ်၊ ဤမျှစည်းစိမ်ရှင်ဖြစ်သော်လည်း ငါသည် မမေ့လျော့ဟု ပြခြင်းငှာဖြစ်သည်။

စာမျက်နှာ-417


မာန်တက်ခြင်းများငြိမ် မဂ်ဖြင့် ပယ်သလိုဆိုသော်လည်း အလောင်းတော်ဘဝဖြစ်၍ မဂ်မရသေး၊ ဆင်ခြင်၍ ပယ်ထားသည်ကိုဆိုသည်၊ မှန်၏။ ဘုရားလောင်းအား နတ်များက သူအိုပြချိန်မှစ၍ အရဟတ္တမဂ်ဖိုလ်အတွင်း အရွယ်စွဲ၍ ဖြစ်သောမာန် မဖြစ်တော့ပါ။ သူနာ သူသေမြင်၍ ဆိုင်ရာမာန်များ ငြိမ်းသွားပုံလည်း အတူပင်။

၁၀-အာဓိပတေယျသုတ်

အကြီးအမှူးပြု၍ ဖြစ်သော တရား ၃-မျိုးမှာ မိမိကိုယ်ကို အကြီးအမှူးပြု၍ ဖြစ်သော အတ္တာဓိပတေယျ တရား၊ သတ္တလောကကို အကြီးအမှူးပြု၍ ဖြစ်သော လောကာဓိပတေယျ တရား၊ လောကုတ္တရာတရားကို အကြီးအမှူးပြု၍ ဖြစ်သော ဓမ္မာဓိပတေယျ တရားတို့တည်း။

၁။ အတ္တာဓိပတေယျ တရားဟူသည်— ဤသာသနာတော်၌ ရဟန်းသည် တော သစ်ပင်ရင်း ဆိတ်ငြိမ်ရာတခုခုသို့ ကပ်ပြီး “ဆွမ်းသင်္ကန်းကျောင်းကြောင့်သော်လည်းကောင်း၊ ထိုထိုဘဝချမ်းသာကြောင့် သော်လည်းကောင်း၊ လူ့ဘောင်မှခွာ ငါ ရဟန်းပြုလာသည်မဟုတ်၊ စင်စစ်သော်ကား အို နာ သေရေး ဒုက္ခဘေး နှိပ်စက်အပ်သော ငါ့အတွက် ဆင်းရဲအားလုံး၏ အဆုံးကို ပြုခြင်းသည် ဖြစ်နိုင်ရာ၏” ဟု နှလုံးသွင်း၍ ရဟန်းပြုလာသည်။

“အကြင်သို့ သဘောရှိသော ကာမဂုဏ်စွန့်ခွာ ရဟန်းပြုလာသော ငါသည် ထိုသို့ သဘောရှိသော ကာမဂုဏ်များ၊ ထို့အောက်ယုတ်သော ကာမဂုဏ်များကို ရှာမှီးနေခြင်းဖြင့် ငါ့အား မသင့်လျော်” ဟု ဆင်ခြင်သည်၊ တဖန်ဆက်၍ “အားထုတ်ထားသော ငါ့ဝီရိယ တွန့်ဆုတ်မည်မဟုတ်၊ ထင်သောသတိ မပျက်စီးဘဲ ငြိမ်းပြီးသော ရူပကာယ နာမကာယသည် ပူပန်ခြင်း ကင်းလိမ့်မည်၊ အာရုံ၌ ကောင်းစွာထားသောစိတ် တည်ကြည့်လိမ့်မည်” ဟု ဆင်ခြင်ပြီး မိမိကိုယ်ကိုသာ အကြီးအမှူးပြု၍ အကုသိုလ်ပယ်၊ ကုသိုလ်ပွား၊ အပြစ်ရှိသောတရားကိုပယ် အပြစ်ကင်းသောတရားကိုပွား၍ စင်ကြယ်အောင် မိမိကိုယ်ကို စောင့်ရှောက်ခြင်းတည်း။

၂။ လောကာဓိပတေယျ တရားဟူသည်— ဤသာသနာတော်၌ ရဟန်းသည် တော သစ်ပင်ရင်း ဆိတ်ငြိမ်ရာတခုခုသို့ကပ်ပြီး မိမိရဟန်းပြုလာခြင်း၏ ရည်ရွယ်ချက်ကို ဆင်ခြင်သည်။ ဤသို့နှလုံးသွင်းကာ ရဟန်းပြုလာပါလျက် ကာမဂုဏ်များကို ကြံစည်ခြင်း၊ ပျက်စီးရန်ကြံစည်ခြင်း၊ ညှဉ်းဆဲရန် ကြံစည်ခြင်းများကို ငါကြံစည်ငြားအံ့၊ ကျယ်ဝန်းများပြားသော သတ္တလောက၏တည်ရာ စကြဝဠာ၌ တန်ခိုးကြီး၍ နတ်မျက်စိလို မြင်ကာ သူများစိတ်ကို သိကြသော ရဟန်းပုဏ္ဏားများသည် အရပ်ဝေးမှသော်လည်း မြင်နိုင်ကြ၍ နီးနေကြသော်လည်း မထင်ကုန်၊ မိမိစိတ်ဖြင့်လည်း သူများစိတ်ကို သိနိုင်

စာမျက်နှာ-418


ကြ၏၊ ထိုရဟန်း ပုဏ္ဏားများသည် လည်းကောင်း၊ တန်ခိုးရှင် နတ်များသည် လည်းကောင်း၊ “အချင်းတို့၊ ဤအမျိုးသားကို ကြည့်ကြပါ၊ သဒ္ဓါတရားဖြင့် လူ့ဘောင်စွန့်ခွာ ရဟန်းပြုလာသူဖြစ်လျက် အကုသိုလ်ယုတ်တို့နှင့် ရောလုပ်နေဘိသည်” ဟု ဤသို့ငါ့ကို သိကြပေမည် ဟု ဆင်ခြင်သည်၊ တဖန်ဆက်၍ “အားထုတ်ထားသော ငါ့ဝီရိယ တွန့်ဆုတ်မည်မဟုတ်” စသည်ဖြင့် ဆင်ခြင်ပြီး လောကကိုသာ အကြီးအမှူးပြု၍ အကုသိုလ်ပယ်ခြင်း စသည်ပြုကာ မိမိကိုယ်ကို စောင့်ရှောက်ခြင်းတည်း။

၃။ ဓမ္မာဓိပတေယျ တရားဟူသည် — ဤသာသနာတော်၌ ရဟန်းသည် တော သစ်ပင်ရင်း ဆိတ်ငြိမ်ရာတခုခုသို့ကပ်ပြီး မိမိရဟန်းပြုလာခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း၊ တရားတော်သည် ဘုရားရှင် ကောင်းစွာဟောကြားအပ်၊ ကိုယ်တိုင်သိမြင်အပ်၊ အခါမလင့် အကျိုးပေးတတ်၊ လာ၍ရှုပါဟု ဆောင်ပြထိုက်၊ မိမိ၏ ကိုယ်စိတ်ထဲ၌ ဆောင်ယူထားထိုက်၊ အရိယာများသာ ကိုယ်စီသိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း၊ ထိုတရားတော်ကို သိမြင်ကြသော ငါ၏ သီတင်းသုံးဖော်များရှိကြသည်၊ ငါသည်သာ ဤသို့ ကောင်းစွာဟောကြားအပ်သော သာသနာတော်၌ ရဟန်းပြုလာသူဖြစ်ပါလျက် ပျင်းရိမေ့လျော့နေခြင်းသည် ငါ့အား မသင့်လျော်ဟု လည်းကောင်း ဆင်ခြင်သည်။ တဖန်ဆက်၍ “အားထုတ်ထားသော ငါ့ဝီရိယ တွန့်ဆုတ်မည်မဟုတ်” စသည်ဖြင့် ဆင်ခြင်ပြီး လောကုတ္တရာတရားကိုသာ အကြီးအမှူးပြု၍ အကုသိုလ်ပယ်ခြင်း စသည်ပြုကာ မိမိကိုယ်ကို စောင့်ရှောက်ခြင်းတည်း—မိန့်။

အချင်းယောက်ျား၊ မကောင်းမှုပြုသူအတွက် ဆိတ်ကွယ်ရာအရပ် လောကမှာ မရှိ၊ မှားမှားမှန်မှန် သင်ပြုသမျှအမှု မိမိကိုယ်တိုင် သိသည်။
အချင်းတို့၊ သက်သေကောင်းသဖွယ်ဖြစ်သော မိမိကိုယ်ကို မထီမဲ့မြင် အောက်မေ့သူသည် မိမိမှာရှိသော မကောင်းမှုကို စင်စစ် လျှို့ဝှက်၏။
လောက၌ တရားမဲ့ကျင့်သုံးသူ လူမိုက်ကို နတ်နှင့် ဘုရားစသော သူတော်ကောင်းများမြင်ကြသောကြောင့် တရား ၃-မျိုးကို အကြီးအမှူးပြုတတ်သော ရဟန်းသည် မဆုတ်ယုတ်။
လုံ့လရှိသော အကြင်ရဟန်းသည် မာရ်ကိုနှိပ်စက်လွှမ်းမိုး၍ ဇာတိကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်၏။ လောကကိုသိ၍ ကောင်းသောပညာရှိသော တရားအားလုံး၌ မတပ်မက်သော ဉာဏ်ပညာနှင့် ပြည့်စုံသော ထိုသဘောရှိသော ရဟန္တာသည် မဆုတ်ယုတ်နိုင်။

စာမျက်နှာ-419


၅-စူဠဝဂ်၊ ၁-သမ္မုခီဘာဝသုတ်

သဒ္ဓါတရား၊ လှူဖွယ်ဝတ္ထု၊ အလှူခံပုဂ္ဂိုလ်၊ ဤတရား ၃-မျိုး မျက်မှောက်ကြုံကြိုက် ဆုံဆည်းယှဉ်ရှားလျှင် သဒ္ဓါရှိသူ အမျိုးကောင်းသားသည် ကောင်းမှုများစွာကို ဖြစ်ပွားစေသည်။

လှူဖွယ်ဝတ္ထုနှင့် အလှူခံရလွယ်သော်လည်း သဒ္ဓါကား ရခဲသည်၊ ပုထုဇဉ်၏ သဒ္ဓါသည် မခိုင်မြဲ၊ ခြေလှမ်းအလိုက် ပြောင်းလဲနိုင်ရကား အရှင်မဟာမောဂ္ဂလာန်လို အဂ္ဂသာဝကကြီးကသော်မှ အသက်နှင့် စည်းစိမ်ကိုသာ ငါအာမခံပေးနိုင်သည်၊ သဒ္ဓါတရားကိုမူ သင်အလှူရှင်ပင် ကိုယ်တိုင် အာမခံဟု မိန့်သည်။

၂-တိဋ္ဌာနသုတ်

ကြည်ညိုသဒ္ဓါ ရှိသူဟူ၍ သိအပ်ကြောင်း ၃-မျိုးမှာ—
သီလရှိသူများကို ဖူးမြင်လိုသူ၊ သူတော်ကောင်းတရား နာလိုသူ၊ အပြတ်ပေးနိုင်၍ လက်ဆေးပြီး အသင့်ဖြစ်ကာ စွန့်ခြင်း၌ ပျော်သည်၊ အတောင်းခံသည်၊ လှူနေရမှ ကျေနပ်သည်ဖြစ်၍ ဝန်တိုမှု အမဲစက်မထင်၊ ဖြူစင်သောစိတ်ဖြင့် အိမ်၌ နေသူဖြစ်ခြင်းတို့တည်း။

သီလရှိသူများကို ဖူးမြင်လိုသူ ယူဇနာ ၁၀၊ ၂၀၊ ၃၀၊ ၁၀၀ သို့လည်း သွား၍ ဖူးကြသည်၊ ပါဋလိပုတ် ပုဏ္ဏားနှင့် သဒ္ဓါတိဿမင်းတို့ ကဲ့သို့တည်း။

သမုဒ္ဒရာကူး၍ အဖူးသွားသူ- ပါဋလိပုတ် မြို့တံခါးအနီး ဇရပ်နေ ပုဏ္ဏား ၂-ဦး ကာဠဝလိမဏ္ဍပအရပ်နေ မဟာနာဂထေရ်၏ ဂုဏ်သတင်းကြား၍ အဖူးထွက်လာကြရာ တဦး လမ်းမှာပင် ကွယ်လွန်သည်၊ ကျန်တဦးက သမုဒ္ဒရာကို သင်္ဘောဖြင့် ကူးရာ အနုရာဓမြို့ ရောက်လာသည်၊ ယင်း မထေရ်အရပ်ကို မေးရာ ရောဟနဇနပုဒ်မှာဟု ဆိုသဖြင့် ခရီးဆက်ကာ မထေရ်နေရာသို့ ရောက်လတ်သော် စူဠနဂရရွာ အိမ်ဦးမှာနေ၍ ဆွမ်းစီစဉ်သည်။

နံနက်စောစောထ၊ မထေရ်နေရာသွား၊ ပရိသတ်အစွန်မှာ တည်စဉ် အဝေးက ကြွလာသော မထေရ်ကို မြင်၍ ရပ်လျက်တကြိမ် ရှိခိုးသည်၊ နောက် အနီးကပ်သွား ခြေဖမျက်တို့၌ တင်းတင်းဆုပ်ကိုင်ကာ ရှိခိုးရင်း “အရှင်ဘုရားများ မြင့်လွန်းလှပါသည် ဘုရား” ဟု လျှောက်သည်။ မထေရ်ကား မနိမ့်မမြင့်သာ ဖြစ်သည်။ ထို့ကြောင့် တဖန် “အရှင်ဘုရားများ အကိုယ်မမြင့်သော်လည်း ဂုဏ်ကျေးဇူးကား သမုဒ္ဒရာပေါ် ကျော်၍ ဇမ္ဗူဒိပ်ကျွန်းတပြင်လုံး လွှမ်းမိုးမြင့်မားပါသည်၊ ပါဋလိပုတ်မြို့နေသော တပည့်တော်လည်း အရှင်ဘုရားတို့ ဂုဏ်ကျေးဇူး ကြားရပါ၏” ဟု လျှောက်သည်။

စာမျက်နှာ-420


ပုဏ္ဏားသည် မထေရ်အား ဆွမ်းလှူပြီး မိမိအတွက် တိစီဝရိတ် စီစဉ်ကာ မထေရ်ထံ ရဟန်းပြု ဩဝါဒခံယူပြီး မကြာမီ ရဟန္တာဖြစ်သွားသည်။

၅-ယူဇနာ သွားဖူးသော သဒ္ဓါတိဿမင်း- “တပည့်တော် ရှိခိုးသင့်သော အရှင်မြတ်တပါး မိန့်ကြားကြပါ” မင်္ဂလာအရပ်နေ ကုဋတိဿထေရ်။ မင်းကြီးအမေးကို သံဃာများမိန့်ကြားသဖြင့် မင်းကြီးသည် အခြံအရံများစွာဖြင့် ၅-ယူဇနာရှိသော အရှင်ထံ သွားသည်။ “ငါ့ရှင်တို့၊ ဘာသံလဲ” “သဒ္ဓါတိဿမင်းကြီး အရှင်မြတ်ထံ အဖူးလာပါသည်” မထေရ်အမေးကို သံဃာများက တင်လျှောက်ရာ “အိုကြီး အိုမှ မင်းနန်းတော်မှာ ငါ့ကိစ္စ ဘာရှိတော့မှာလဲ” မထေရ်သည် ကြံစည်ပြီး နေ့နေရာ ညောင်စောင်း၌ အိပ်၍ မြေမှာလက်ဖြင့် ရေးခြစ်နေသည်။

အပြင်ပန်းဖြင့် အထင်မှားသော မင်းကြီး- မင်းကြီးရောက်လာ၍ မြေမှာခြစ်နေသော အရှင်မြတ်ကိုမြင်လျှင်ပင်— “ရဟန္တာအား လက်မငြိမ်မှုမရှိ၊ ဤအရှင် ရဟန္တာမဖြစ်နိုင်” ဟုကြံကာ ရှိမခိုးဘဲ ပြန်သွားသည်။ “သဒ္ဓါရှိသောမင်းကြီး စိတ်ပင်ပန်းအောင် ဘာကြောင့် ပြုပါသလဲဘုရား”၊ “မင်းကြီးသဒ္ဓါကို စောင့်ရှောက်ဖို့ သင်တို့တာဝန်မဟုတ်၊ ငါထေရ်အို၏ တာဝန်ရှိပါစေ” သံဃာများ၏ လျှောက်တင်ချက်ကို ဖြေဆိုပြီးနောက် ပရိနိဗ္ဗာန်ပြုခါနီး၌ “ငါ့စံကျောင်းမှာ အခြားပလ္လင်တခုပါ ခင်းထားကြ” ဟု မိန့်မှာပြီး ခင်းအပြီးတွင် “ဤစံကျောင်းသည် အကြား၌မတည်ဘဲ မင်းကြီးမြင်အပ်သောနေရာမြေမှာတည်စေ” ဟု ဓိဋ္ဌာန်ပြီး ပရိနိဗ္ဗာန်ပြုတော်မူသည်၊ စံကျောင်းတော်သည် ၅-ယူဇနာ ကောင်းကင်က သွားလေသည်။

“ကုဋတိဿထေရ် ပရိနိဗ္ဗာန်ပြု၍ စံကျောင်းတော် ကောင်းကင်က ကြွလာပါသည်” မင်းကြီးထံ သဝဏ်လွှာပို့ရာ မင်းကြီးမယုံကြည်ပေ။ စံကျောင်းတော်သည် ကောင်းကင်ခရီးဖြင့်သွား ထူပါရုံကို လက်ယာရစ်လည်၍ ကျောက်စေတီနေရာ အသွား စေတီသည် ပျံတက်ပြီး စံကျောင်းထိပ်၌ တည်သည်၊ ကောင်းချီးဟစ်အော် ကြွေးကြော်ကြ၏။

ထိုအချိန် မဟာဗျဂ္ဃထေရ်သည် ကြေးပြာသာဒ် သတ္တမစံကျောင်း၌နေလျက် သံဃာများအား ဝိနည်းကံပြုစဉ် ထိုအသံကြား၍မေးရာ မင်္ဂလာအရပ်နေ ကုဋတိဿထေရ် ပရိနိဗ္ဗာန်ပြု၍ စံကျောင်းတော် ၅-ယူဇနာခရီး ကောင်းကင်က ကြွလာပါသည်၊ ထိုမထေရ်အား ကောင်းချီးပေးသံပါဟု လျှောက်တင်ကြသည်။

ဘုန်းရှိသူများကိုမှီ၍ ပူဇော်သက္ကာ ရယူမည်ကြံလျက် အရှင်ဗျဂ္ဃသည် တပည့်များ ကန်တော့ခံကာ ကောင်းကင်ခရီးသွားပြီး ထိုစံကျောင်းတော် ဒုတိယ ပလ္လင်၌ ထိုင်၍ ပရိနိဗ္ဗာန် စံယူသည်၊ သဒ္ဓါတိဿ မင်းကြီးသည် ပန်း နံ့သာများ ယူကာ ကြွလာပြီး စံကျောင်းတော်ကို ပူဇော်စဉ် ကျောင်းတော်သည် မြေသို့ဆင်းသက်သည်၊ မင်းကြီးသည် ကြီးစွာ ပူဇော်ပြီး ဓာတ်တော်များကို စေတီတည်သည်။

စာမျက်နှာ-421


မြွေကိုက်သော်လည်း တရားနာမပျက်- ဂင်္ဂါမြစ် သောင်ခုံတောစပ်၌ ဝါဆိုကြသော ရဟန်းတော် ၃၀-တို့ ၁၅-ရက်တကြိမ် ဥပုသ်နေ့၌ မဟာအရိယဝံသ တရားကို ဟောကြားရာ ပိဏ္ဍပါတ်ဓူတင်ဆောင် အရှင်တပါး နောက်ဘက်မှလာပြီး တရားနာစဉ် စပါးအုံးမြွေသည် ထိုအရှင်၏သလုံးသားကို မွှေးညှပ်ဖြင့် ညှပ်သကဲ့သို့ ကိုက်လိုက်သည်။

အရှင်မြတ်ကြည့်လတ်သော် ဓမ္မန္တရာယ်မဖြစ်ရန် ကြံပြီး မြွေဖမ်းကာ အိတ်၌ထည့်၍ အပေါက်ဝစည်းကာ မလှမ်းမကမ်း၌ထား၊ တရားဆက်နာသည်။ အရုဏ်တက်ချိန်အဆိပ်ကို ခွါနိုင်ရကား အရှင်၏ အနာဂါမ်ဖြစ်ချိန်၊ ကိုက်သောနေရာဖြင့်ပင် အဆိပ်ဆင်း၍ မြေသို့ဝင်ချိန်၊ ဓမ္မကထိက တရားပြီးချိန် တပြိုင်နက်ဖြစ်သည်။

ထိုနောက် အရှင်မြတ်က “သူခိုးတဦး ငါဖမ်းထားသည်” ဟု မိန့်ပြီးအိတ်ဖြေ၍မြွေကို လွှတ်လိုက်သည်၊ ရဟန်းများမြင်၍ “အဘယ်အချိန်ကိုက်ပါသနည်း”၊ “မနေ့ညနေကပါ”၊ “ဝန်လေးသောအမှု အရှင်တို့ဘာ့ကြောင့်ပြုပါသနည်း”၊ “တပည့်တော်ကို မြွေကိုက်ပါသည်ဟု ပြောမိလျှင် ဤမျှသောအကျိုးများ မရနိုင်ပါ” ဟု သံဃာများအမေးကို အနာဂါမ်အရှင်မြတ် ဖြေဆိုသည်။

ပြည့်စုံစွာ တရားမနာရ၍ ငိုသောရဟန်းငယ်- ဒီဃဝါပီအရပ်မှာ ဂါထာတထောင်ရှိသော ဝေဿန္တရာဇာတ်ကို မဟာဇာတကဘာဏက ထေရ် ဟောလိမ့်မည်ဟု တိဿရွာကြီး တိဿကျောင်းတိုက်ကြီးနေရဟန်းငယ်တပါးကြား၍ ၉-ယူဇနာခရီး နေ့ချင်းပေါက်သွားသည်။ တရားပွဲစနေသော်လည်း ရဟန်းငယ်မှာ အပမ်းဖြေနေမိသဖြင့် ဆုံးခါနီးမှ ရောက်သွားရကား “လာကျိုးမနပ်” ဟု ငိုကြွေးတော့သည်။

လူတယောက်သိ၍ ဘာဏကထေရ်အား အကြောင်းစုံလျှောက်ထားကာ “နက်ဖြန် ထပ်ဟောမည်” ဟု နှစ်သိမ့်ပေးပါဘုရားဟု တောင်းပန်သည်။ ရဟန်းငယ်လည်း နောက်နေ့ မထေရ်မြတ်၏ တရားနာရ၍ သောတာပန် ဖြစ်သွားသည်။

သားကို မြွေကိုက်သော်လည်း အရေးမစိုက်သော မိခင်- ကမ္မရအရပ်နေ မိန်းမတဦးသည် သားကိုချီကာ “တရားနာမည်” ဟု စိတ္တလတောင်သွားသည်။ သစ်ပင်ကိုမှီ၍ ကလေးသိပ်ကာ တရားနာစဉ် ညဉ့်နက်ပိုင်း၌ မျက်စိအောက်မှာပင် မြွေတကောင် လာကိုက်သွားသည်၊ “ငါ့သား မြွေကိုက်သွားပေါ့” ဟု ဆိုလျှင် ဓမ္မန္တရာယ်ဖြစ်မည်၊ သံသရာမှာ အကြိမ်များစွာ ဤသူငယ် ငါ့သားဖြစ်ဖူးပြီ၊ တရားကိုပဲ နှလုံးသွင်းမည်” ကြံ၍ တရားနာရာ သောတာပန် ဖြစ်သွားသည်။ အရုဏ်တက်သော် သစ္စာပြု၍ သားအဆိပ်ကျစေကာ ချီခေါ်သွားသည်။

စာမျက်နှာ-422


၃-အတ္ထဝသသုတ်

သူတပါးတို့အား တရားဟောသင့်သော ကောင်းစွာမြင်ရမည့် အကြောင်း ၃-မျိုးမှာ တရားဟောသူ၊ နာသူ ၂-ဦးလုံးတို့ အနက်နှင့် ပါဠိကို သိကြသည်ဟု မြင်ခြင်းတို့တည်း။ ပါဠိအရ သစ္စာ ၄-ပါး၊ တရားအနက်အရ အဋ္ဌကထာကို ဉာဏ်ဖြင့် မြင်ခြင်းတည်း။

၄-ကထာပဝတ္တိသုတ်

စကားဖြစ်ပေါ်လာကြောင်း ၃-မျိုးမှာ တရားဟောသူ နာသူ ၂-ဦးလုံးတို့ အနက်နှင့် ပါဠိကို သိကြခြင်းတည်း။

၅-ပဏ္ဍိတသုတ်

ပညာရှိသူတော်ကောင်းများ ဟောကြားပညတ် ချီးမွမ်းအပ်သော တရား ၃-မျိုးမှာ အလှူပေးခြင်း၊ ရှင်ရဟန်းပြုခြင်း၊ မိဘများအား ပြုစုလုပ်ကျွေးခြင်းတို့တည်း။ တရား ၃-မျိုးကို မှီဝဲသော ဉာဏ်အမြင်နှင့် ပြည့်စုံသော အရိယာပညာရှိသည် ချမ်းမြေ့သော နတ်ပြည်သို့ ရောက်ရသည်။ (မိဘလုပ်ကျွေးသူကို ဤသုတ်ဂါထာ၌ ဉာဏ်အမြင်နှင့် ပြည့်စုံသော အရိယာပညာရှိဟု မိန့်သည်။)

၆-သီလဝန္တသုတ်

သီလရှိသော ရဟန်းတော်များ ရွာနိဂုံး၌ သီတင်းသုံးသဖြင့် ထိုအရပ်သူ လူများအတွက် ကောင်းမှုများစွာ ဖြစ်ပွားစေကြောင်း ၃-မျိုးမှာ ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ဖြစ်ပွားစေခြင်းတည်း။

ကုသိုလ်ဖြစ်စေပုံ- သံဃာတော်များ အလာကို မြင်၍ ကြိုဆိုခြင်း၊ နောက်ကလိုက်ပို့ခြင်း၊ ထိုင်မည့်ဇရပ် တံမြတ်လှည်း သောက်သုံးရေ တည်ထားခြင်းများသည် ကိုယ်ကြောင့် ဖြစ်၍ ဆွမ်းခံကြွချိန်ဝယ် ယာဂုများ ဆွမ်းများ လှူကြပါ၊ ဥပုသ်စောင့် တရားနာကြပါ စသည် ပြောဆိုမှုများကား နှုတ်ကြောင့် ဖြစ်သည်။ ဆွမ်းခံသံဃာများ မြင်၍ ဆွမ်းရကြပါစေဟု ကြံစည်နှလုံးသွင်းခြင်းကား စိတ်ကြောင့်ဖြစ်သည်။

၇-သင်္ခတလက္ခဏသုတ်

သင်္ခတတရားအတွက် သင်္ခတဟု မှတ်ကြောင်း လက္ခဏာ ၃-မျိုးမှာ အဖြစ် (ဥပါဒ်)၊ အပျက် (ဘင်)၊ ဖြစ်ခိုက်ပြောင်းလဲခြင်း ထင်ရှားခြင်းတို့တည်း။ သင်္ခတတရားနှင့် မှတ်ကြောင်းလက္ခဏာမှာ တခြားစီသာတည်း။ သင်္ခတကို လက္ခဏာဖြင့် ပိုင်းခြားသိအပ်သည်။

စာမျက်နှာ-423


၈-အသင်္ခတလက္ခဏသုတ်

အသင်္ခတတရားအတွက် အသင်္ခတဟု မှတ်ကြောင်းလက္ခဏာ ၃-မျိုးမှာ အဖြစ် (ဥပါဒ်)၊ အပျက် (ဘင်)၊ ဖြစ်ခိုက်၏ ပြောင်းလဲခြင်းရှိ၊ မထင်ရှားခြင်းတို့တည်း။ (ဥပါဒ် ဌီ ဘင် မဖြစ်မရှိ၍ အသင်္ခတ၊ ဖြစ်ရှိလျှင် သင်္ခတမည်သည်။)

၉-ပဗ္ဗတရာဇသုတ်

ဟိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီးများ ကြီးပွားခြင်း ၃-မျိုးမှာ အကိုင်းအခက် အရွက်၊ အခေါက်အပွေး၊ အကာအနှစ်တို့ဖြင့် ကြီးပွားခြင်းတို့တည်း။ ဤအတူပင် သဒ္ဓါခိုင်ပြီး အိမ်ထောင်ဦးစီးကို မှီ၍ သားမယား စသော အိမ်သားများ ကြီးပွားခြင်း ၃-မျိုးမှာ ယုံကြည်မှုသဒ္ဓါ၊ ကိုယ်ကျင့်သီလ၊ အသိပညာတို့ဖြင့် ကြီးပွားခြင်းတို့တည်း။

၁၀-အာတပ္ပကရဏီယသုတ်

အားထုတ်ခြင်းကို ပြုအပ်ကြောင်း ၃-မျိုးမှာ မဖြစ်သေးသော အကုသိုလ်များ မဖြစ်အောင်၊ မဖြစ်သေးသော ကုသိုလ်များ ဖြစ်အောင်၊ ဖြစ်ပေါ်လာကြသော ကိုယ်၌ဖြစ်သော ဆင်းရဲဝေဒနာများကို သည်းခံနိုင်အောင် အားထုတ်ခြင်းဟူသော အကြောင်း ၃-မျိုးတို့တည်း။

အကြင်အခါ၌ ရဟန်းသည် အထက်ပါအကြောင်း ၃-မျိုးတို့ဖြင့် အားထုတ်ခြင်းကို ပြု၏၊ ထိုပြုနိုင်ရာ အခါ၌ ဤရဟန်းကို ဆင်းရဲဆုံးအောင် အားထုတ်ခြင်းရှိသော သတိပညာရှိသော ရဟန်းဟူ၍ ဆိုအပ်သည်။

၁၁-မဟာစောရသုတ်

မညီညွတ်သည်ကိုသော်လည်း အမှီရ၊ တောအုပ်ကိုသော်လည်း အမှီရ၊ အားကြီးသူကိုသော်လည်း အမှီရခြင်းဟူသော အင်္ဂါ ၃-မျိုးနှင့် ပြည့်စုံသော ခိုးသူကြီးသည် အိမ်ကိုဖောက်၊ ရွာကိုတိုက်ခိုက်၊ တအိမ်ကိုသော်လည်း တိုက်ခိုက်၊ ခရီးလမ်း၌ စောင့်၍သော်လည်း တိုက်ခိုက်လုယက်သည်။

မညီညွတ်သည် ဟူသည် သွားလာကူးခက်သောမြစ်၊ မညီညွတ်သော တောင်များတည်း။ တောအုပ်ဟူသည် မြက်တော သစ်တော ထူသော တောအုပ်ကြီးများတည်း။ အားကြီးသူ ဟူသည် သူများတစုံတရာ ပြောလတ်သော် အပြစ်ကို ကာကွယ်၍ ခိုးသူကြီး၏ အကျိုးကို ပြောပေးကြသော မင်း၊ မင်းအမတ်ကြီးများတည်း။

စာမျက်နှာ-424


ဤအတူသာလျှင် မညီညွတ်သည်ကိုသော်လည်း အမှီရ၊ တောအုပ်ကို သော်လည်း အမှီရ၊ အားကြီးသူကိုသော်လည်း အမှီရခြင်းဟူသော အင်္ဂါ ၃-မျိုးနှင့်ပြည့်စုံသော ရဟန်းယုတ်သည် ဂုဏ်ကိုတူးဖျက်ခြင်းဖြင့် တူးဖျက်အပ်သော မိမိကိုယ်ကို စောင့်ရှောက်ကာ အပြစ်ရှိ၍ ပညာရှိများစွပ်စွဲအပ်သည်၊ မကောင်းမှုများစွာကိုလည်း ဖြစ်ပွားစေသည်။

မညီညွတ်သည်ဟူသည် သာသနာတော်၌ မညီညွတ်သော ကာယကံ၊ ဝစီကံ၊ မနောကံတို့နှင့် ပြည့်စုံခြင်းတည်း။ တောအုပ်ဟူသည် အယူမှား၍ သဿတစသည်ဖြင့် စွဲယူသော အန္တဂ္ဂါဟိကဒိဋ္ဌိနှင့် ပြည့်စုံခြင်းတည်း။ အားကြီးသူဟူသည် သူများတစုံတရာပြောလတ်သော် အပြစ်ကိုကာကွယ်၍ ရဟန်းယုတ်၏အကျိုးကို ပြောပေးကြသော မင်း၊ မင်း၏အမတ်ကြီးများတည်း။

၂။ ဒုတိယသုတ်-၅၀၊ (၆) ဗြာဟ္မဏဝဂ်

၁-ပဌမ ဒွေဗြာဟ္မဏသုတ်

ဖွားမြင်သည်မှ အသက် ၁၂၀ ရှိ၍ အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်ရောက်ကြသော ပုဏ္ဏား ၂-ဦးသည် ဘုရားရှင်ထံ ချဉ်းကပ်နှုတ်ဆက်ကာ နေရာတခုမှာထိုင်ပြီး ဘုရားရှင်အား “အကျွန်ုပ်တို့ အသက် ၁၂၀-အဆုံးအရွယ်ရောက်နေကြပါပြီ၊ ဒုဂ္ဂတိဘေးမှ လာကြောင်း ကောင်းမှုမပြုကြရသေးပါ၊ အရှင်ဂေါတမသည် ကျွန်ုပ်တို့အား ကာလရှည်ကြာ စီးပွားချမ်းသာ ဖြစ်နိုင်ရာသော ဆုံးမခြင်းဖြင့် ဆုံးမတော်မူပါ” ဟု လျှောက်ကြသည်။

“အိုခြင်း နာခြင်း သေခြင်းသည် ဤသတ္တလောကကို အဆင့်ဆင့် ပို့ဆောင်အပ်၏။ သို့ဖြစ်လတ်သော် မျက်မှောက်ဘဝ၌ ကိုယ်၊ နှုတ်၊ စိတ် စောင့်စည်းခြင်းသည် ဘဝပြောင်းသွားသူ၏ ပုန်းအောင်းမှီခိုရာဖြစ်သည်” ဟု ဘုရားရှင် မိန့်ကြားသည်။

အသက်သည် တိုတောင်းလှ၏၊ အိုမှုကအဆင့်ဆင့် အပို့ခံရသော သတ္တဝါအား ကိုးကွယ်ရာမရှိနိုင်၊ သေဘေးကို မြင်အောင်ရှုလျက် ချမ်းသာဆောင်နိုင်သော ကောင်းမှုကို ပြုရာသည်၊ မျက်မှောက်ဘဝ၌ ကိုယ်၊ နှုတ်၊ စိတ် စောင့်စည်းခြင်း၊ အသက်ရှင်နေစဉ် ကောင်းမှုပြုခြင်းသည်သာ ဘဝပြောင်းသူအား ချမ်းသာတို့ဖြစ်သည်စသည်ကို ဂါထာဖြင့် မိန့်ကြားသည်။

ဘုရားရှင်ထံ ချဉ်းကပ်ကြ သားမယားများ စကားနားမထောင်၍ ထွက်ရပ်လမ်းရှာရန် ဘုရားထံလာကြသည်။ ဘုရားရှင်ကား စင်စစ်ထွက်မြောက်ပြီး ပုဂ္ဂိုလ်ဖြစ်သည်ဟုလည်း လက်ခံယုံကြည်ကြသည်။ အသက်ကြီးလှ၍ ရဟန်းမပြုနိုင်သူများ ဖြစ်ရကား ၅-ပါးသီလ၌သာ တည်စေလို၍ စောင့်စည်းခြင်း ၃-မျိုး ဟောကြားသည်။ အသက်ထက်ဆုံး ငါးပါးသီလစောင့် နတ်၌ဖြစ်သွားကြသည်။

စာမျက်နှာ-425


၂။ ဒုတိယ၊ ဗြာဟ္မဏသုတ်

အသက် ၁၂၀-ရှိသော ပုဏ္ဏား ၂-ဦးပင် ဘုရားထံလာ အလားတူလျှောက်ထားရာ ဘုရားရှင်က ဤသတ္တလောကကို အို၊ နာ၊ သေ မီးလောင်နေသည်။ သို့ဖြစ်လတ်သော် မျက်မှောက်ဘဝ၌ ကိုယ်၊ နှုတ်၊ စိတ် စောင့်စည်းခြင်းသည် “ဘဝပြောင်းသွားသူ၏ ပုန်းအောင်းမှီခိုရာဖြစ်သည်” ဟု မိန့်ပြီး ဂါထာဖြင့်—

အိမ်မီးလောင်လျှင် အိုးခွက်စသောပစ္စည်း၊ မီးလွတ်အောင် ထုတ်ယူထားသောပစ္စည်းနှင့် မီးမလောင်သောပစ္စည်းများသာ အိမ်ရှင်ဖို့ဖြစ်သည်၊ ဤအတူပင် သတ္တလောကကို အို သေ မီးလောင်နေရာ ဒါနဖြင့် မီးလောင်ပြင်ထုတ်၊ ထိုဒါနသည်သာ အပိုင်ထုပ်ပြီး ဥစ္စာစသည်ဖြင့်မိန့်။

၃။ အညတရ ဗြာဟ္မဏသုတ်

ပုဏ္ဏားတယောက် ဘုရားထံလာပြီး “ကိုယ်တိုင်သိမြင်ထိုက်သောတရား၊ တရားဟု ဆိုအပ်ပါ၏၊ အဘယ်မျှဖြင့် တရားသည် ကိုယ်တိုင်သိမြင်ထိုက်ပါသနည်း၊ အခါမလင့် အကျိုးပေး၍ လာကြည့်ပါဟူသော အစီရင်ခံထိုက်၊ မိမိကိုယ်စိတ်ထဲ၌ ဆောင်ယူထားထိုက်ပါသနည်း၊ အရိယာများ ကိုယ်စီ သိနိုင်ခံစားနိုင်ပါသနည်း” ဟု လျှောက်သည်။

ရာဂဖြင့် တပ်စွန်းသူသည် ရာဂနှိပ်စက်ခံရသည်ဖြစ်၍ ရာဂဖြင့် သိမ်းကျုံးဆွဲယူအပ်သော စိတ်ရှိရကား မိမိ၊ သူတပါး ၂-ဦးသား ဆင်းရဲရန်ကြံစည်သည်၊ စိတ်ကိုမှီ၍ ဖြစ်သော ဆင်းရဲမှု နှလုံးမသာမှုကိုလည်း ခံစားရသည်၊ ရာဂကို ပယ်ခွာလိုက်သော် ဆင်းရဲရန်မကြံစည်၊ ဆင်းရဲမှုနှလုံးမသာမှုကိုလည်း မခံစားရတော့။

ရာဂဖြင့် တပ်စွန်းသူသည် ကိုယ်၊ နှုတ်၊ စိတ် ပြစ်မှုများကို ပြုသည်၊ ပယ်ခွာလိုက်သော် မပြုတော့။

ရာဂဖြင့် တပ်စွန်းသူသည် ကိုယ်ကျိုး သူကျိုး ၂-ဦးကိုလည်း အမှန်မသိ၊ ပယ်ခွာပါမှ သိနိုင်သည်၊ ဤသို့လျှင် တရားသည် ကိုယ်တိုင်သိမြင်ထိုက်၏၊ အခါမလင့်အကျိုးပေးသည် စသည်ဖြင့် ဟောတော်မူသည်။

ဒေါသဖြင့် ဖျက်ဆီးအပ်သူ၊ မောဟဖြင့် တွေဝေထိုက်သူများအတွက်လည်း အလားတူ ဟောတော်မူသည်၊ ပုဏ္ဏား သရဏဂုံတည်သွားသည်။

၄-ပရိဗ္ဗာဇကသုတ်၌လည်း

ပုဏ္ဏားမျိုး ပရိဗိုဇ်တဦး ဘုရားထံလာပြီး အလားတူလျှောက်ထား၊ ဘုရားရှင်ဖြေကြား သရဏဂုံတည်သွားသည်။

စာမျက်နှာ-426


၅-နိဗ္ဗူတသုတ်

ဇာဏုသောဏိပုဏ္ဏားသည် ဘုရားထံလာပြီး “ကိုယ်တိုင် သိမြင်ထိုက်သော နိဗ္ဗာန်၊ နိဗ္ဗာန်ဟုဆို၏။ အဘယ်မျှဖြင့် နိဗ္ဗာန်သည် ကိုယ်တိုင်သိမြင်ထိုက်၊ အခါမလင့် အကျိုးပေးပါသနည်း” စသည်ဖြင့် နိဗ္ဗာန်၌ တရားဂုဏ် ၆-ပါးရှိပုံကို မေးလျှောက်ရာ ရာဂ၊ ဒေါသ၊ မောဟရှိသူသာ မိမိ၊ သူတပါး ၂-ဦးသား ဆင်းရဲအောင်ကြံစည်၊ မရှိသူ မကြံစည်တော့ဟု ဖြေကြား၊ ပုဏ္ဏားသရဏဂုံတည်သွားသည်။

၆-ပလောကသုတ်

ပုဏ္ဏားသူဌေးတဦး ဘုရားထံလာပြီး “ဆရာ့ဆရာ ရှေးပုဏ္ဏားကြီးများပြောစကား ကြားဖူးပါသည်၊ ရှေးက ဤလောကပြည်သည် အဝီစိငရဲကြီးပမာ လူများစည်ကား၊ ရွာနိဂုံး မင်းနေပြည်များ ကြက်ပျံမကျရှိကြသည်ဟု ကြားဖူးပါသည်၊ ယခုအခါ လူများနည်း၊ ကျိုးတိုးကျဲတဲ ထင်ရပါသည်၊ ရွာနိဂုံး မြို့ဇနပုဒ်များလည်း ရွာစသည် မဟုတ်ကြတော့၊ ဘာ့ကြောင့်ပါနည်း” ဟု လျှောက်သည်။

ယခုအခါ လူများသည် မတရားသော အဓမ္မရာဂဖြင့် တပ်မက်ကြ၊ မညီမျှသော ဝိသမလောဘဖြင့် နှိပ်စက်အပ်ကြ၊ မှောက်မှားကြသောအကျင့် မိစ္ဆာဓမ္မနှင့် ပြည့်စုံကြသည်၊ ထိုသူများသည် မတရားလောဘ စသည်တို့နှင့် ပြည့်စုံသည်ဖြစ်၍ ထက်သော လက်နက်များ စွဲကိုင်ကြကာ အချင်းချင်း သတ်ဖြတ်ကြသောကြောင့် လူများစွာသေကြရသည်ကား တကြောင်း။

အထောက်အထား နောက်တမျိုးမှာ မတရားလောဘ စသည်တို့နှင့် ပြည့်စုံကြသူများအား မိုးကောင်းစွာ ရွာမပေး၊ ထို့ကြောင့် ကောက်ပင်မသန်၊ ပိုးဖျက်ခံရ၊ အရိုးတန်သာကျန်၍ ငတ်မွတ်ခေါင်းပါးရကား လူများစွာသေကြေရသည်ကား တကြောင်း။

အထောက်အထား နောက်တမျိုးမှာ မတရားလောဘစသည်တို့နှင့် ပြည့်စုံကြသူ လူများထံသို့ ဘီလူးဗိုလ်မှူးများက ဘီလူးကြမ်းများကို စေလွှတ်သောကြောင့် လူများစွာ သေကြရသည်ကား တကြောင်းဟု မိန့်ရာ ပုဏ္ဏားသရဏဂုံတည်သွားသည်။

ကြက်ပျံတကျစည်ကား- တရွာနှင့်တရွာ အိမ်ခေါင်ပိုးချင်း ကြက်ပျံကျနိုင်၊ တနည်း- တရွာနှင့်တရွာ ကြက်များမြေက ခြေဖြင့်သွားနိုင်အောင် ရွာခြေအိမ်ခြေ စည်ကားခြင်းတည်း။

အဓမ္မရာဂ- မတရားလာဘ- လောဘမည်သည် စင်စစ် မတရားချည်းသာဖြစ်သော်လည်း ကိုယ်ပိုင်ပရိက္ခရာ၌ တပ်သောလောဘကို မတရားလောဘမဆိုရ၊ သူများပရိက္ခရာ၌ တပ်သော လောဘကိုသာ မတရားလောဘဆိုရသည်။

စာမျက်နှာ-427


ဝိသမလောဘ- မည်မျှသောလောဘ လောဘမှန်သမျှ ညီမျှသည်မရှိသော်လည်း သူများပစ္စည်း တပ်မက်သော လောဘကိုသာ ဝိသမလောဘခေါ် မိစ္ဆာဓမ္မအကျင့်မှားဟူရာ၌လည်း လမ်းမဟုတ်သောယောက်ျားချင်း မေထုန်ပြုမှု စသည်ကိုယူ။

၇-ဝစ္ဆဂေါတ္တသုတ်

ဝစ္ဆအနွယ် ပရိဗိုဇ်သည် ဘုရားထံလာပြီး “ရဟန်းဂေါတမသည် ငါ့သာလှူ၊ သူများမလှူနှင့်၊ ငါ့တပည့်များသာလှူ၊ သူများတပည့်တွေမလှူနှင့်၊ ငါ့လှူမှသာ အကျိုးကြီး၊ သူများလှူလျှင် အကျိုးမကြီး၊ ငါ့တပည့်များလှူမှသာ အကျိုးကြီး၊ သူများတပည့်တွေလှူလျှင် အကျိုးမကြီး ဟု ဟောသည်ဟူသောစကား ကျွန်ုပ်ကြားဖူးပါသည်၊ ဘယ်လိုပါလဲ ရဟန်းဂေါတမ။ ဤသို့ဟောသည်ဟု ဆိုကြသူများသည် အရှင်ဟောတိုင်း ဆိုကြပါသလော၊ အရှင်ကို မဟုတ်မမှန် စွပ်စွဲရာမရောက်ဘဲ ရှိကြပါ၏လော၊ အရှင်ဟောသောတရားကိုပင် တဆင့်ဆိုကြပါ၏လော၊ အရှင်၏မူလစကားနှင့် သူတို့တဆင့်စကားသည် ကဲ့ရဲ့ဖွယ် လုံးဝကင်းပါ၏လော၊ အကျွန်ုပ်တို့ကား အရှင့်ကို မစွပ်စွဲလိုကြပါ” လျှောက်သည်။

“ရဟန်းဂေါတမသည် ငါသာ စသောစကားမျိုး ဟောသည်” ဟု ဆိုကြသူများသည် ငါဟောသည့်အတိုင်း မဆိုကြ၊ ငါ့ကို မမှန်စကားဖြင့် စွပ်စွဲကြသည်။ သူတပါးအလှူကိုတားသူသည် အလှူရှင်၏ ကောင်းမှုအန္တရာယ်ကိုပြုသည်၊ အလှူခံ၏ လာဘ်အန္တရာယ်ကိုပြုသည်၊ ရှေးဦးကပင် မိမိကိုယ်ကို တူးဖျက်အပ်သည်မည်၏၊ ဤ ၃-မျိုး၏ အန္တရာယ်ဘေးကို တားသည်မည်သည်။

ငါဘုရားမူကား ဤသို့ဟောသည် — “ပုန်းစီးအိုင်၊ တန်းစီးမြောင်းရှိသတ္တဝါများသည် အိုးခွက်ဆေးရေများဖြင့် မျှတကြပါဟု အိုးခွက်ဆေးရေကိုသော်မျှ ထိုအိုင်မြောင်း၌စွန့်၏၊ ထိုအကြောင်းကြောင့်လည်း ကောင်းမှုဖြစ်ခြင်းကို ငါဟောသည်၊ လူလှူရာ၌ကား ဆိုဖွယ်မလို၊ စင်စစ်အားဖြင့်ကား သီလရှိသူအားလှူလျှင် အကျိုးကြီးသည်ဟု ငါဆို၏၊ သီလမရှိသူအားလှူလျှင် ထိုမျှလောက် အကျိုးမကြီးဟု ငါမဆို။”

ထိုသီလရှိသူဟူသည်လည်း ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာ တည်းဟူသော အင်္ဂါ ၅-ပါးကိုပယ်ပြီးသူဖြစ်၍ ရဟန္တာတို့၏ဥစ္စာဖြစ်သော သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ၊ ဝိမုတ္တိဉာဏ်အမြင် ဟူသောအစုအင်္ဂါ ၅-ပါးနှင့် ပြည့်စုံပြီးသူ၌လှူလျှင် အကျိုးကြီး၏ဟု ငါဆိုသည်။

နွားနက် နွားဖြူ အဆင်းခြားသော်လည်း မည်သည့်နားတွင်မဆို ယဉ်ကျေး၍ ဝန်ဆောင်နိုင်သော ခွန်အားရှိ၍ ဖြောင့်မတ်လျင်မြန်စွာ သွားနိုင်သော ရွှေ့ဆောင်နွားလားကိုသာ ဝန်ဆောင်ခိုင်းကြသည်၊ အဆင်းကို ဦးစားမပေးကြ။

စာမျက်နှာ-428


ဤအတူပင် မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲ၊ ဒွန်းစဏ္ဍား၊ ပန်းမှိုက်သွန်မျိုးဟူသော မည်သည့်မျိုးဇာတ်ရှိသူ လူများတွင်မဆို ယဉ်ကျေး၍ အကျင့်ကောင်းကာ တရား၌တည်၍ သီလရှိသော၊ အမှန်စကားဆိုလျက် ရှက်စိတ်ရှိသော၊ ဖြစ်ဟောင်းကင်းကာ ခန္ဓာဝန်ချ ဝဋ်ဒုက္ခမနွယ် ပြုဖွယ်ပြုပြီး တရားအားလုံး၏ တဘက်ကမ်းရောက်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်ကြီး၌ လှူလျှင် ပြန့်ပြောသည်။

ဗဟုသုတနည်းပါး လူမိုက်များကား သာသနာပ၌ လှူကြ၏၊ သူတော်ကောင်းများ မဆည်းကပ်ကြ။ ပညာရှိများ ချီးမွမ်းအပ်၍ ပညာရှိသူတော်ကောင်းများကို မှီဝဲဆည်းကပ်သူတို့၏ သဒ္ဓါတရားသည်ကား ဘုရားရှင်၌ အမြစ်သဖွယ်ဖြစ်၍တည်သည်၊ ထိုပညာရှိများ နတ်ပြည်လားရ၊ လူ့ပြည်မှာလည်း အမျိုးမြတ်၌ ဖြစ်ကြရပြီး အစဉ်သဖြင့် နိဗ္ဗာန်ရောက်ကြရသည်—မိန့်။

တရားအားလုံး၏ တဘက်ကမ်းရောက်ပြီး- ခန္ဓာ အာယတန ဓာတ် အားလုံးတို့၏ အဘိညာ၊ ပရိညာ၊ ပဟာန၊ ဘာဝနာ၊ သစ္ဆိကိရိယ၊ သမာပတ္တိဟူသော ၆-ပါးပြားသော ကမ်းတဘက်သို့ရောက်သည်၊ ပါရဂူ ၆-ပါးတည်း။

ဘုရား၌ အမြစ်သဖွယ် ဖြစ်၍တည်သောသဒ္ဓါ- သောတာပန်၏ သဒ္ဓါတရားတည်း။ ယင်းသောတာပန်ကား လူဖြစ်လျှင် မင်း၊ ပုဏ္ဏား၊ သူကြွယ်ဟူသော အမျိုးမြတ် ၃-ပါး၌ ဖြစ်ရသည်၊ အောက်တန်းစား မဖြစ်။

၈-တိကဏ္ဏသုတ်

တိကဏ္ဏပုဏ္ဏားသည် ဘုရားထံလာပြီး “ဝိဇ္ဇာ ၃-မျိုးနှင့် ပြည့်စုံသော ပုဏ္ဏားများသည် ဤသို့လည်း ပညာရှိဖြစ်ကြ၊ ဤအကြောင်းကြောင့်လည်း ပညာရှိဖြစ်ကြသည်” ဟု ဝိဇ္ဇာ ၃-မျိုးနှင့်ပြည့်စုံသော ပုဏ္ဏားများဂုဏ်ကို ဘုရားမျက်မှောက်၌ လျှောက်ကြရာ ဘုရားရှင်က “ဘယ်လိုပုဏ္ဏားကို ဝိဇ္ဇာ ၃-မျိုးနှင့်ပြည့်စုံသည်ဟု ပုဏ္ဏားများ ပညတ်ကြသနည်း” ဟု မေးတော်မူသည်။

“အရှင်ဂေါတမ၊ ဤလောက၌ ပုဏ္ဏားသည် မိဘ ၂-ဘက်လုံး ဇာတ်ကောင်းရှိ၍ မျိုးသန့်သော ဝမ်းရှိပါသည်၊ ဘိုးဘေး ၇-ဆက်တိုင်အောင် ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်ခံ အကဲ့ရဲ့မခံရပါ။ ဝေဒကျမ်းဂါထာများကို ရွတ်တတ်၍ ဝေဒကျမ်းများကိုဆောင်နိုင်ပါသည်။ အဘိဓာန် အလင်္ကာ သဒ္ဒါ ၅-ခုမြောက် ဣတိဟာသ (သမိုင်းရာဇဝင်ပုံပြင်) ကျမ်းနှင့်တကွ ဣရု၊ ယဇ၊ သာမဟူသော ဗေဒင် ၃-ခုတို့၏ တဘက်ကမ်းရောက်ပါသည်။”

“ဝေဒကျမ်းလာ ပုဒ်ရင်းများကို ထုတ်စစ်ပြသော ပဒကျမ်း၊ ဓာတ်ပစ္စည်း စသည်တို့ဖြင့် ပုဒ်ပြီးပုံကိုပြသောဗျာကရုဏ်းကျမ်းကိုတတ်၍ မျက်မြင်လောကဆိုင်ရာ ရုပ်ဝါဒ

စာမျက်နှာ-429


ကိုပြသော လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းများ၌ အကြွင်းမဲ့ တတ်မြောက်ပါသည်။ ဤသို့လျှင် ပုဏ္ဏားကို ဝိဇ္ဇာ ၃-ပါးနှင့်ပြည့်စုံသည်ဟု ပုဏ္ဏားများ ပညတ်ကြပါသည်” ဟု လျှောက်သည်။

ထိုအခါ ဘုရားရှင်က “ပုဏ္ဏားကို ဝိဇ္ဇာ ၃-ပါးနှင့်ပြည့်စုံသည်ဟု ပုဏ္ဏားများ ပညတ်ကြသည်က တခြား၊ အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာ ၃-ပါးနှင့်ပြည့်စုံခြင်းက တခြား” ဟု မိန့်တော်မူရာ အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာ ၃-ပါးဖြစ်ပုံတရားကို ဟောကြားပါရန် ပုဏ္ဏားတောင်းပန်တော့သည်။

ဘုရားရှင်က သာသနာတော်၌ ရဟန်းသည် အားထုတ်သဖြင့် ပဌမဈာန်၊ ဒုတိယ၊ တတိယ၊ စတုတ္ထဈာန်များကို ရပုံ၊ ထိုဈာန်များကို အခြေခံ၍ ရှေ့၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိသော ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော အာသဝက္ခယဉာဏ်ဟူသော ဝိဇ္ဇာ ၃-ပါးရပုံကို ဟောတော်မူသည်။

“ဤဝိဇ္ဇာ ၃-ပါးတို့ဖြင့် တေဝိဇ္ဇပုဏ္ဏားဖြစ်၏၊ ထိုပုဂ္ဂိုလ်ကိုသာ ဝိဇ္ဇာ ၃-ပါးနှင့် ပြည့်စုံသူဟု ငါဆို၏၊ သူများပြောသည်ကို လိုက်၍ပြောတတ်ကာမျှဖြစ်သူကို ဝိဇ္ဇာ ၃-ပါးနှင့် ပြည့်စုံသူဟု ငါမဆို” ဟု မိန့်တော်မူရာ ပုဏ္ဏားက “ပုဏ္ဏားများ၏ ဝိဇ္ဇာ ၃-ပါးနှင့် ပြည့်စုံခြင်းက တခြား၊ အရှင်ဘုရားများဆိုင်ရာက တခြားပါ၊ ပုဏ္ဏားများ ဝိဇ္ဇာ ၃-ပါးနှင့် ပြည့်စုံခြင်းသည် အရိယာသူမြတ်၏ အဆုံးအမ ဝိဇ္ဇာ ၃-ပါးနှင့် ပြည့်စုံခြင်းကို ၁၆-စိတ်စိတ်၍ တစိတ်မျှကိုလည်း မမီနိုင်” စသည်လျှောက်ထား သရဏဂုံတည်သွားသည်။

တိကဏ္ဏပုဏ္ဏားကား ဘုရားထံ တခါမျှ မရောက်ဖူးသဖြင့် ဘုရားရှင်များအား ချဉ်းကပ်ခက်သည်၊ ငါက မလျှောက်ထားလျှင် ဘုရားရှင်က မိန့်ချင်မှ မိန့်မည်၊ မမိန့်လျှင် အစည်းအဝေးမှာ စကားပြောသောငါ့ကို “ဤမှာ ဘာကြောင့်ပြောတာလဲ၊ ရဟန်းဂေါတမထံသွားစဉ်က စကားပြောခွင့်မျှမရ” ဟု ဆိုကြမည်၊ ဤပြစ်လွတ်အောင်မှန်း၍ ချီးကျူးသည်၊ ပုဏ္ဏားများဂုဏ် ချီးကျူးသော်လည်း ဘုရားဉာဏ်တော် ထိရောက်စေမည်ရည်သည်။

ဝိဇ္ဇာရှင်ပုဏ္ဏားဆိုတာ ဘယ်လိုလဲ- သိထားတဲ့နေရာမှာ ငါ့ကို ဘုရားရှင်မေးသည်ဟု ဝမ်းသာစွာ ၂-ဘက်ဇာတ်ကောင်း၍ မျိုးသန့်ပုံစသည်လျှောက်သည်၊ အာထဗ္ဗဏဗေဒင်ကို စတုတ္ထထားသဖြင့် ဣတိဟာသကျမ်းကို ၅-ခုမြောက်ဟု ဆိုသည်။

မဟာပုရိသလက္ခဏာကျမ်း- ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ ဘုရားမယ်တော်၊ ခမည်းတော်၊ စကြာမင်းစသည်တို့၏ လက္ခဏာကို ပြသည်။

စာမျက်နှာ-430


အာသဝက္ခယဉာဏ်- အာသဝေါတရား ၄-ပါးကို ကုန်စေသည်၊ အရဟတ္တမဂ်ခဏ၌ အာသဝ ၄-ပါးမှ စိတ်လွတ်၍ ဖိုလ်ခဏ၌ လွတ်ပြီးဖြစ်သည်၊ ပစ္စဝေက္ခဏဉာဏ်ဖြင့် ပဋိသန္ဓေနေမှု ဇာတိကုန်ပြီစသည်ကို ဆင်ခြင်နိုင်သည်။

အဘယ်ဇာတိကုန်၍ ဘယ်ပုံသိသနည်း- အတိတ်ဇာတိကား ကုန်ပြီးဖြစ်သောကြောင့် ယခုကုန်ပြီမဆိုရ၊ အနာဂတ်ဇာတိကလည်း မဖြစ်သေး၍ အားထုတ်မဖြစ်သောကြောင့် မဆိုရ၊ ပစ္စုပ္ပန်ဇာတိကလည်း ထင်ရှားရှိဆဲဖြစ်သောကြောင့် ကုန်ပြီမဆိုရပါ၊ ဆိုရမည်ကား မဂ်မရလျှင် ၃၁-ဘုံ၌ ဖြစ်ရမည့် ခန္ဓာဇာတိသည် ယခု မဂ်ရခြင်းကြောင့် မဖြစ်သဘောရောက်ကာ ကုန်သွားခြင်းတည်း၊ ကိလေသာပယ်ပြီးပုံ ဆင်ခြင်သဖြင့် ထင်ရှားရှိသောကံသည် ကိလေသာအဖော်မရ၍ ပဋိသန္ဓေကျိုး နောင်မပေးတော့ဟု ဆင်ခြင်သိသည်။

၉-ဇာဏုသောဏိသုတ်

ဇာဏုသောဏိပုဏ္ဏားသည် ဘုရားထံလာပြီး “အကြင်သူအား ယဇ်ပူဇော်ဖွယ်ဖြစ်စေ၊ ကုဦးကမင်း (သေသူအတွက်ကမင်း) ဖြစ်စေ၊ နွားနို့ထမင်းဖြစ်စေ၊ အခြားလှူဖွယ်ဝတ္ထုဖြစ်စေ ရှိသည်ဖြစ်အံ့၊ ထိုသူသည် ဝိဇ္ဇာ ၃-ပါးနှင့်ပြည့်စုံသော ပုဏ္ဏားတို့၌ အလှူကို ပေးလှူရာပါ၏ (ပေးလှူသင့်ပါသည်)” ဟု လျှောက်ရာ ဘုရားရှင်က ပုဏ္ဏားဆိုင်ရာ ဝိဇ္ဇာ ၃-ပါးကိုမေး၊ အထက်ပါသုတ်အတိုင်း ပုဏ္ဏားက ပြန်လျှောက်သည်။

ဘုရားရှင်က ဝိဇ္ဇာ ၃-ပါးရှိပုံချင်း တခြားစီဖြစ်သည်ဟု မိန့်ရာ ပုဏ္ဏားက အရိယာသူမြတ်၏အဆုံးအမ၌ ဝိဇ္ဇာ ၃-ပါးပြည့်စုံပုံကို ဟောပြရန်တောင်းပန်သဖြင့် အထက်ပါသုတ်အတိုင်း မိန့်ကြားလိုက်သည်၊ ပုဏ္ဏား သရဏဂုံတည်သွားသည်။

၁၀-သင်္ဂါရဝသုတ်

သင်္ဂါရဝပုဏ္ဏားသည် ဘုရားထံလာပြီး “အကျွန်ုပ်တို့ ပုဏ္ဏားမည်သည် ကိုယ်တိုင်လည်း ယဇ်ပူဇော်ကြ၊ သူများကိုလည်း ပူဇော်စေကြပါသည်၊ ကိုယ်တိုင်ပူဇော်သူ၊ ပူဇော်စေသူအားလုံးသည် ပူဇော်ခြင်းကြောင့် အများအတွက် အကျင့်ကို ကျင့်ကြပါသည်၊ အကြင်သူသည်ကား ထိုထိုဤဤအမျိုးမှ ရဟန်းပြု၍ မိမိတကိုယ်တည်းကို ဆုံးမ၏၊ ငြိမ်သက်စေ၏၊ ကိလေသာမှ ငြိမ်းစေ၏၊ သို့ဖြစ်လျှင် ဤသူသည် ယင်းရဟန်းပြုခြင်းကြောင့် တကိုယ်ကောင်းအကျင့်ကို ကျင့်သူဖြစ်ပါသည်” ဟု လျှောက်သည်။

ဘုရားရှင်က သို့ဖြစ်လျှင် ဤအရာ၌ သင့်ပြန်ပေးမည်၊ နှစ်သက်သလို သင်ဖြေ၊ ထိုစကားကို သင်မည်သို့ ထင်သနည်း၊ ပူဇော်အထူးကို ခံတော်မူထိုက်၍ တရားအား

စာမျက်နှာ-431


လုံးကို ကိုယ်တိုင်မှန်စွာ သိတော်မူသော အသိဉာဏ်ဝိဇ္ဇာ၊ အကျင့်စရဏနှင့် ပြည့်စုံတော်မူပြီး စကားကောင်းကိုသာ မိန့်ကာ လောကကို သိတော်မူသော ဆုံးမထိုက်သူကို ဆုံးမရာ၌ အတုမဲ့ပုဂ္ဂိုလ်ဖြစ်၍ နတ်လူတို့၏ဆရာဖြစ်ကာ သစ္စာ ၄-ပါးကို သိတော်မူသော ဘုန်းတန်ခိုးကြီးမား မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။

ထိုမြတ်စွာဘုရားက “လာကြ၊ အတုမဲ့ အကျင့်မြတ်၏တည်ရာ နိဗ္ဗာန်ကို ငါကိုယ်တိုင် ဉာဏ်ထူးဖြင့် မျက်မှောက်ပြုခဲ့သော ဤလမ်းစဉ် ဤအကျင့်ကို သင်တို့အား ဟောကြားမည်၊ ငါဟောတိုင်း သင်တို့ကျင့်လျှင်လည်း အတုမဲ့ အကျင့်မြတ်၏တည်ရာ နိဗ္ဗာန်ကို ဉာဏ်ထူးဖြင့် မျက်မှောက်ပြု၍ သင်တို့နေကြရမည်၊ ထိုလမ်းစဉ်အကျင့်ကို သင်တို့လည်း ထိုအတိုင်းကျင့်ကြ” ဟု ဟောတော်မူ၏။ ဤသို့ ဘုရားကိုယ်တိုင်လည်း တရားဟော၏၊ တပါးသူများလည်း နိဗ္ဗာန်အကျိုးငှာ ကျင့်ကြ၏၊ ကျင့်သူများကား အရာ အထောင် အသိန်းမက များကြသည်။

ငါပြောပြီးစကားကို သင်မည်သို့ ထင်သနည်း၊ ဤအတိုင်းဖြစ်လျှင် ရဟန်းပြုခြင်းအကျင့်သည် တကိုယ်ကောင်းအကျင့်လော၊ သို့မဟုတ် အများအကျိုးအတွက် အကျင့်လော” ဟု မိန့်ရာ “အများအကျိုးအတွက် အကျင့်ပါ” ဟု ပုဏ္ဏားလျှောက်တင်သည်။

ထိုအခါ အရှင်အာနန္ဒာက ပုဏ္ဏားအား “ဤအကျင့် ၂-မျိုးတွင် ဘယ်အကျင့်ကို သင်နှစ်သက်သနည်း၊ ဘယ်အကျင့်သည် သာ၍နည်းသောကိစ္စ ရှိသနည်း၊ သာ၍နည်းသော အားထုတ်မှု ရှိသနည်း” မေးရာ “အရှင်ဂေါတမကဲ့သို့သော ပုဂ္ဂိုလ်မျိုး၊ အရှင်အာနန္ဒာကဲ့သို့သော ပုဂ္ဂိုလ်မျိုးများကို အကျွန်ုပ်ပူဇော်ပါ၏၊ ချီးမွမ်းပါ၏” ဟု ပုဏ္ဏားက အမေးနှင့်မလျော်သောအဖြေကို ဖြေသည်။

၂-ကြိမ်မြောက်လည်း ပုဏ္ဏားအား အရှင်အာနန္ဒာက “သင် အဘယ်ပုဂ္ဂိုလ်ကို ပူဇော်ချီးမွမ်းသနည်း” ဟု မေးသည်မဟုတ်၊ “အကျင့် ၂ မျိုးတွင် ဘယ်အကျင့်ကို နှစ်သက်သနည်း၊ ဘယ်အကျင့်သည် သာ၍နည်းသောကိစ္စ၊ အားထုတ်မှုရှိသနည်း” ဟုသာ သင့်ကို ငါမေးသည်ဆိုသည်၊ ၂-ကြိမ်မြောက်ပင် ပဌမကဲ့သို့ ဖြေသည်။

၃-ကြိမ်မြောက်လည်း အရှင်အာနန္ဒာက ရှင်းပြ၍ မေးသော်လည်း ပဌမကဲ့သို့ပင် ပုဏ္ဏားဖြေပြန်ရာ အာနန္ဒာနှင့် ပုဏ္ဏား ၂-ဦးလုံး ပင်ပန်းခြင်းမှလွတ်အောင် ဘုရားရှင် ကြံတော်မူပြီး “ယနေ့ နန်းတွင်းအစည်းအဝေးထိုင် မင်းယောက်ျားတို့အား အဘယ်အကြားစကား ထင်ရှားဖြစ်သနည်း” စကားဖြတ်၍ မေးတော်မူသည်။

“ရှေးက ရဟန်းများမှာ အလွန်အားနည်းကြလျက်လည်း တန်ခိုးပြာဋိဟာပြသူများသည်၊ ယခုကား ရဟန်းအလွန်များလျက်လည်း တန်ခိုးပြာဋိဟာပြသူမှာ နည်းသည်ဟူသော အကြားစကားထင်ရှားဖြစ်ပါသည်” ဟု ပုဏ္ဏားလျှောက်သည်။

စာမျက်နှာ-432


တန်ခိုးပြာဋိဟာ - ဣဒ္ဓိပါဋိဟာရိယ၊ အတပ်ဟောခြင်းပြာဋိဟာ - အာဒေသနာပါဋိဟာရိယ၊ ဆုံးမခြင်းပြာဋိဟာ - အနုသာသနီပါဋိဟာရိယဟု ပြာဋိဟာ ၃-မျိုးတွင် တန်ခိုးပြာဋိဟာ ဟူသည် ဤလောက၌ အချို့သူသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏။ တယောက်ကအများ၊ အများက တယောက် ဖြစ်သွား၏၊ ကိုယ်ထင်ရှားဖြစ်စေ၊ ပျောက်စေ၏၊ နံရံတံတိုင်း တောင်တဘက်သို့ မထိငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ပြု၏၊ ရှေ့၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် ငှက်ကဲ့သို့သွား၏၊ လ နေ တို့ကိုလည်း လက်ဖြင့် သုံးသပ်ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ ဤသည်တို့တည်း။

အတပ်ဟောခြင်း ပြာဋိဟာ ဟူသည် - ဤလောက၌ အချို့သူသည် နိမိတ်ဖြင့် “သင့်စိတ် ဤသဘောရှိ၏၊ ဤအခြင်းအရာရှိ၏၊ သင့်စိတ်အကြံကား ဤသို့တည်း” ဟု အတပ်ဟော၏။ ဘယ်မျှများများ ထိုသူဟောတိုင်းဖြစ်၏။ တမျိုးတဖုံမဖြစ်။ အချို့သူသည် နိမိတ်ဖြင့် အတပ်မဟော၊ စင်စစ်ကား လူများ၊ ဘီလူးများ၊ နတ်များအသံကြား၍ “သင့်စိတ် ဤသဘောရှိ၏ စသည်ဖြင့်” အတပ်ဟော၏။ ဟောတိုင်းသာ ဖြစ်သည်၊ အချို့သူသည် နိမိတ်ဖြင့်လည်း အတပ်မဟော၊ အသံကြား၍လည်း အတပ်မဟော၊ စင်စစ်ကား ကြံစည်သုံးသပ်သူ၏ ကြံစည်မှု ပျံ့နှံ့ခြင်းကြောင့် ဖြစ်သော အသံကိုကြား၍ “သင့်စိတ် ဤသဘောရှိ၏... စသည်ဖြင့်” အတပ်ဟော၏။ ဟောတိုင်းသာဖြစ်သည်။ အချို့သူသည် နိမိတ်ဖြင့်လည်း အတပ်မဟော၊ အသံကြား၍လည်း အတပ်မဟော၊ ကြံစည်သုံးသပ်သူ၏ ကြံစည်မှုပျံ့နှံ့ခြင်းကြောင့် ဖြစ်သော အသံကို ကြား၍လည်း အတပ်မဟော၊ စင်စစ်သော်ကား ကြံစည်သုံးသပ်မှုမရှိသော သမာဓိဝင်စားသူ၏စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ “ဤအရှင်သည် စိတ်ဟူသောသင်္ခါရတို့ကို ထားသော အခြင်းအရာအားဖြင့် ဤစိတ် အခြားမဲ့၌ ဤအကြံ ကြံလတ္တံ့” ဟု အပြားအားဖြင့် သိ၏။ (သိ၍အတပ်ဟော၏) ဟောတိုင်းသာဖြစ်သည်၊ ဤသည်တို့တည်း။

ဆုံးမခြင်း ပြာဋိဟာ ဟူသည် - ဤလောက၌ အချို့သူသည် “ဤသို့ကြံ၊ ဤသို့မကြံကြလင့်၊ ဤသို့နှလုံးသွင်း၊ ဤသို့ နှလုံးမသွင်းကြလင့်၊ ဤတရားပယ်၊ ဤတရားရောက်၍ နေကြ” ဟု ဆုံးမ၏။ ဤသည်တို့တည်း။ ဤ ၃-မျိုးတွင် အဘယ်ပြာဋိဟာကို သာလွန်မွန်မြတ်သည်ဖြစ်၍ သင်နှစ်သက်သနည်းဟု မေးတော်မူသည်။

ထို ၃-မျိုးတွင် တန်ခိုးပြာဋိဟာနှင့် အတပ်ဟောခြင်း ပြာဋိဟာမှာ ပြုသူသာခံစားရပါ၏၊ ပြုသူအားသာ ဖြစ်ပါ၏၊ မျက်လှည့်နှင့်တူသော သဘောရှိသကဲ့သို့ အကျွန်ုပ်အား ထင်ပါသည်၊ ဆုံးမခြင်းပြာဋိဟာကိုသာ သာလွန်မွန်မြတ်သည်ဖြစ်၍ ကျွန်ုပ် နှစ်သက်ပါသည်။

စာမျက်နှာ-433


အရှင်ဂေါတမ၊ အံ့ဩဘနန်း ထူးဆန်းပါပေစွ၊ အရှင်သည် ဤပြာဋိဟာကို ကောင်းစွာဟောတော်မူပါပေ၏၊ အရှင်ကို ဤပြာဋိဟာ ၃-မျိုးတို့နှင့်လည်း ပြည့်စုံ၏ဟု ကျွန်ုပ်တို့ အသိအမှတ်ပြုပါပေကုန်၏၊ အကြောင်းကိုဆိုသော် အရှင်သည် များပြားသော တန်ခိုးဖန်ဆင်းခြင်း စသောအားဖြင့် ဗြဟ္မာ့ဘုံတိုင်အောင်လည်း မိမိအလိုအတိုင်း ဖြစ်စေနိုင်ပါပေ၏။ အရှင်သည် သမာဓိဝင်စားသောသူ၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြားသိတော်မူပါပေ၏။ အရှင်သည် ဤသို့ကြံကြစသည်ဖြင့် ဆုံးမတော်မူပါပေ၏ဟု လျှောက်သည်။

ပုဏ္ဏား၊ သင်သည် စင်စစ် ငါ့ဂုဏ်ကို ထိပါးပုတ်ခတ်လျက် ဤစကားကို ဆိုဘိ၏၊ အမှန်အားဖြင့် ငါကသာ သင့်အား ပြောကြားရမည်။ ပုဏ္ဏား၊ ငါသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းစသောအားဖြင့် ဗြဟ္မာ့ဘုံတိုင်အောင်လည်း မိမိအလိုဖြစ်စေ၏၊ ငါသည် သမာဓိဝင်စားသူ၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍သိ၏၊ ငါသည် ဤသို့ ကြံကြ စသည်ဖြင့် ဆုံးမ၏ဟု မိန့်တော်မူသည်။

အရှင်ဂေါတမ၊ အရှင်မှတပါး ပြာဋိဟာ ၃-မျိုးနှင့်ပြည့်စုံသည့် အခြားရဟန်းရှိပါသေးသလောဟု ပုဏ္ဏားကလျှောက်ရာ ရဟန်း ၁-ရာသာမဟုတ် ၂-ရာ၊ ၃-ရာ၊ ၄-ရာ၊ ၅-ရာသာမဟုတ် စင်စစ်သော်ကား ပြည့်စုံသော ရဟန်းများစွာပင် ရှိကုန်သည်သာဟု မိန့်တော်မူသည်။ ထိုရဟန်းများ ယခုဘယ်မှာနေပါကုန်သနည်းဟု လျှောက်ရာ ဤရဟန်းသံဃာအတွင်းမှာပင် နေကုန်သည်ဟု မိန့်လိုက်သည်။ ပုဏ္ဏား သရဏဂုံတည်သွားသည်။

ယဇ်ပူဇော်ကြ - သာသနာပ ပုဏ္ဏားများ အယူမှာ ၄-မျိုးစီ၊ ၈-မျိုးစီ၊ ၁၆-မျိုးစီ စသည်ဖြင့် အသက်သတ်၍ မျိုးစုံပူဇော်ကြသည်၊ ပူဇော်ခြင်း၊ ပူဇော်စေခြင်းကြောင့် လူတဦးက အများကိုလှူလျှင် လှူစေလျှင်လည်းကောင်း၊ လူများစွာက အများကိုလှူလျှင် လှူစေလျှင်လည်းကောင်း ၎င်းယဇ်အလှူသည် အများအကျိုးအကျင့် ဖြစ်သည်ဟု ယူဆသည်။

သင့်အတွက် သင့်အတွက် ငါပူဇော်သည်ဟုဆိုသူ၊ သင်ပူဇော် သင်ပူဇော်ဟု ခိုင်းသူများ၏ အကျင့်များလည်း အများအကျိုးဟု ယူဆသည်။

ဘုရားရှင်ကြံတော်မူပုံ - ဤပုဏ္ဏားသည် သားသတ်၍ ယဇ်ပူဇော်မှုကို အများကျိုးအကျင့်၊ ရဟန်းပြုခြင်း အရင်းရှိသော အကျင့်ကိုကား တဦးကောင်း အကျင့်ဟုဆိုသည်၊ ၂-မျိုးအထူးကို မသိ၊ သိအောင်ဟောမည်ဟု ကြံတော်မူကာ ဘုရားပွင့်ပုံမှစ၍ ဟောတော်မူသည်။

စာမျက်နှာ-434


ရှေးကရဟန်းနည်း တန်ခိုးပြသူများ - ဆွမ်းခံအသွားအပြန် ကောင်းကင်မှ သံဃာများ သွားကြသည်ကိုရည်၍ ပုဏ္ဏားလျှောက်သည်၊ ပစ္စည်းလေးပါးရအောင် ကောင်းကင်ကသွားခြင်းစသည်များ ပြုကြပြီး ယခုရနေကြသဖြင့် အိပ်နေကြ မေ့နေကြသည်ဟု သံဃာများအပေါ် ယင်းပုဏ္ဏားယူဆသည်၊ ဆန့်ကျင်ဘက်ကို တော်လှန်နိုင်မှုနှင့် စပ်၍ ပြာဋိဟာမည်သည်။

နိမိတ်ဖြင့် အတပ်ဟောခြင်း - လာပုံ သွားပုံအမှတ်ဖြင့် အတပ်ဟောခြင်းတည်း။ ပုလဲ ၃-လုံး ဆုပ်ထားသောမင်းက “ငါ့လက်တွင်း ဘာရှိသလဲ” ပုရောဟိတ်ကိုမေးရာ ဟိုဟိုဒီဒီကြည့်စဉ် အိမ်မြှောင်က ယင်ကို ဖမ်းယူမှု လွတ်သွားသည်ကိုမြင်၍ မုတ္တ (လွတ်) ဟူသော ပါဠိအရ မုတ္တ သဒ္ဒါဟော “ပုလဲရှိပါသည်” ဟု တင်လျှောက်သည်။ “ပုလဲ အရှိထားလိုက်တော့၊ ဘယ်နှစ်လုံးနည်း” မေးပြန်ရာ မလှမ်းမကမ်းမှ ကြက်တွန်သံ ၃-ကြိမ်ကြား၍ “၃-လုံးပါ” ဟု ပုရောဟိတ်တင်သည်၊ ဤသို့ ဖြစ်ပေါ်လာသော အမှတ်ဖြင့် အတပ်ဟောသည်။

သူတပါးစိတ် သိသည်ဆိုသော်လည်း - တန်ခိုးရှင်ပုထုဇဉ်သည် ပုထုဇဉ်တို့၏ စိတ်ကိုသာသိ၍ အရိယာတို့၏ စိတ်ကိုမသိ၊ အောက်အောက်အရိယာသည် အထက်အရိယာ၏ စိတ်ကိုမသိ၊ အထက်အရိယာကား အောက်အရိယာ၏စိတ်ကို သိသည်၊ သမာပတ်ဝင်စားရာ၌ကား သောတာပန်သည် သောတာပတ္တိဖိုလ်တမျိုးကိုသာ ဝင်စားနိုင်သည်၊ အထက်ဖိုလ်မရသေး၍တည်း။ ရဟန္တာသည် အရဟတ္တဖိုလ် တမျိုးကိုသာ ဝင်စားနိုင်သည်၊ အောက်အောက်ဖိုလ်များဖြစ်ခဲ့ပြီး လွန်ခဲ့ပြီး၍တည်း။

(၇) ၂-မဟာဝဂ်၊ တိတ္ထာယတနသုတ်

အယူမှား ၃-မျိုးတို့တည်း၊ ယင်းအယူများကို ပညာရှိများမေးစစ်အပ်လျှင် ထိုထက်သာ၍ပင်လည်း မပြုခြင်း အကိရိယမျှ၌သာ တည်ကုန်သည်၊ ၃-မျိုးမှာ သတ္တဝါများခံစားသော သုခ၊ ဒုက္ခ၊ ဥပေက္ခာ (ချမ်းသာဆင်းရဲ အလတ်စား) ခံစားမှုများအားလုံးသည်—

၁။ ရှေးက ပြုခဲ့ဖူးသောကြောင့်သာ ဖြစ်၏ ဟု ပြောဆိုယူစွဲကြသော ရဟန်းပုဏ္ဏားအချို့ ရှိကုန်သည်၊ (ပုဗ္ဗေကတဝါဒီများ)

၂။ လောကကိုအစိုးရသူ ဖန်ဆင်းမှုကြောင့်သာ ဖြစ်၏ ဟု ပြောဆို ယူစွဲကြသော ရဟန်းပုဏ္ဏားအချို့ ရှိကုန်သည်၊ (ဣဿရနိမ္မာနဝါဒီများ)

၃။ အကြောင်းအထောက်အပံ့မရှိဘဲ ဖြစ်သည် ဟု ပြောဆိုယူစွဲကြသော ရဟန်းပုဏ္ဏားအချို့ရှိကုန်သည်၊ (အဟေတုအပစ္စယဝါဒီများ)

စာမျက်နှာ-435


ထို ၃-မျိုးသော ဝါဒီများထံ ဘုရားရှင်ချဉ်းကပ်၍ ဤအတိုင်းယူ မယူ မေးတော်မူရာ ဝန်ခံကြသဖြင့် ဘုရားရှင်က ထိုသူများကို မိန့်သည်။ သို့ဖြစ်လျှင် သူ့အသက် သတ်သူများ ရှေးကပြုခဲ့ဖူးသောကြောင့် သတ်သည်ဖြစ်ရလိမ့်မည်၊ ခိုးသူများ၊ မမြတ်သော အမှု ပြုသူများ၊ လိမ်ပြောသူများ၊ ကုန်းတိုက်သူများ၊ စကားကြမ်း ပြောသူများ၊ စကားဖျင်းပြောသူများ၊ သူများစည်းစိမ်မက်သူများ၊ ပျက်စီးစေလိုစိတ် ရှိသူများ၊ အမြင်မှားသူများသည် ရှေးကပြုခဲ့ဖူးသောကြောင့် အမြင်မှားသည် ဖြစ်လိမ့်မည်ဟု မိန့်သည်။ ဆက်လက်၍ ပုဗ္ဗေကတဟေတုကိုသာ အမြတ်တနိုး စွဲလမ်း ယုံကြည်သူတို့အား ဤအမှုကိစ္စကို ပြုရန်သော်လည်းကောင်း၊ မပြုရန်သော်လည်းကောင်း အလိုဆန္ဒ အားထုတ်မှုဝီရိယမဖြစ်နိုင်တော့၊ ဤသို့ပြုသင့်မပြုသင့်ကို မှန်ကန်ခိုင်မြဲစွာ မရခဲ့သော် သတိလွတ်ကာ မစောင့်စည်းဘဲ နေသူတို့အား အကြောင်းသီးခြားနှင့်တကွ ဖြစ်သော သမဏဝါဒ မရှိနိုင်တော့၊ ဤကား ပုဗ္ဗေကတဝါဒီတို့၌ အကြောင်းနှင့်တကွ ငါ၏မဌမ နှိပ်ခြင်းတည်းဟု မိန့်။

ဆက်လက်၍ “သို့ဖြစ်လျှင် သူ့အသက်သတ်သူများ လောကကို အစိုးရသူ ဖန်ဆင်းမှုကြောင့် သတ်သည် ဖြစ်ရလိမ့်မည်၊ (လ) အမြင်မှားသူများသည် လောကကို အစိုးရသူ ဖန်ဆင်းမှုကြောင့် အမြင်မှားသည်ဖြစ်ရလိမ့်မည်” ဟု မိန့်ပြီး ယင်းဣဿရနိမ္မာနဟေတုကိုသာ အမြတ်တနိုး စွဲလမ်းယုံကြည်သူအား ဤအမှုကိစ္စကို ပြုရန်သော်လည်းကောင်း၊ မပြုရန်သော်လည်းကောင်း အလိုဆန္ဒ အားထုတ်မှု ဝီရိယ မဖြစ်နိုင်တော့ စသည်ဖြင့် ဣဿရနိမ္မာနဝါဒီတို့၌ ဒုတိယနှိပ်ခြင်းကို မိန့်သည်။

ဆက်လက်၍ “သို့ဖြစ်လျှင် သူ့အသက်သတ်သူများ အကြောင်းအထောက်အပံ့ မရှိဘဲ သတ်သည်ဖြစ်ရလိမ့်မည်၊ ဒုစရိုက် ၁၀-ပါးလုံးနည်းတူ” မိန့်ပြီး ယင်းအဟေတုအပစ္စယကိုသာ အမြတ်တနိုး စွဲလမ်းယုံကြည်သူတို့အား ဤအမှုကိစ္စကိုပြုရန်သော်လည်းကောင်း၊ မပြုရန်သော်လည်းကောင်း၊ အလိုဆန္ဒအားထုတ်မှု ဝီရိယ မဖြစ်နိုင်တော့ စသည်ဖြင့် (ပဌမဝါဒအတိုင်း) အဟေတု အပစ္စယဝါဒီတို့၌ တတိယ နှိပ်ခြင်းကို မိန့်သည်။

ဆက်လက်၍ “ပညာရှိရဟန်းပုဏ္ဏားများ၊ မနှိမ်နင်းနိုင် မညစ်ညူးစေနိုင် မကဲ့ရဲ့ မတားမြစ်နိုင်သော ငါဟောကြားအပ်သော တရားဟူသည် ဓာတ် ၆ပါးတို့တည်း၊ တွေ့ထိမှု၏တည်ရာ ဖဿာယတန ၆-ပါးတို့တည်း၊ စိတ်ဖြစ်ရာ မနောပဝိစာရ ၁၈-ပါးတို့တည်း၊ အရိယာတို့၏အမှန်တရား ၄-ပါးတို့တည်း” ဟု ဟောတော်မူသည်။

ဓာတ် ၆-ပါးမှာ မဟာဘုတ် ၄-ပါး၊ အာကာသ၊ ဝိညာဏဓာတ်တို့တည်း။ တွေ့ထိမှု၏တည်ရာ ဖဿာယတန ၆-ပါးတို့မှာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ထိတွေ့မှု၏တည်ရာတို့တည်း။

စာမျက်နှာ-436


စိတ်ဖြစ်ရာ မနောပဝိစာရ ၁၈-ပါး ဟူသည်မှာ မျက်စိဖြင့် အဆင်းကိုမြင်သော် သောမနဿဝေဒနာဖြစ်ကြောင်း အဆင်း၊ ဒေါမနဿဝေဒနာဖြစ်ကြောင်း အဆင်း၊ ဥပေက္ခာဝေဒနာဖြစ်ကြောင်း အဆင်းသို့ကပ်၍ဖြစ်၏။ နားဖြင့် အသံကိုကြားသော်၊ နှာခေါင်းဖြင့် အနံ့ကိုနမ်းသော်၊ လျာဖြင့်အရသာကိုလျက်သော်၊ ကိုယ်ဖြင့်အတွေ့ကို ထိတွေ့သော်၊ စိတ်ဖြင့်သဘောကိုသိသော် သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဝေဒနာ ဖြစ်ကြောင်း သဘောသို့ကပ်၍ ဖြစ်ခြင်းတို့တည်း။

အရိယာတို့၏ အမှန်တရား ၄-ပါး မှာ ဓာတ် ၆-ပါးကိုအကြောင်းပြု၍ သူငယ်၏ (အမိဝမ်းသို့) သက်ဝင်ခြင်းဖြစ်၏။ သက်ဝင်ခြင်းဖြစ်လတ်သော် နာမ်ရုပ်ဖြစ်၏။ နာမ်ရုပ်ကြောင့် အာယတန၊ ဖဿ၊ ဝေဒနာဖြစ်၍ ခံစားသောပုဂ္ဂိုလ်အား ဤကား ဆင်းရဲ၊ ဤကား ဆင်းရဲကြောင်း၊ ဤကား ဆင်းရဲချုပ်ရာနိဗ္ဗာန်၊ ဤကား နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဟု ဘုရားရှင်က သိစေသည်။

အရိယာတို့၏ အမှန်တရား ဆင်းရဲ ဟူသည် ပဋိသန္ဓေ၊ အို၊ နာ၊ သေ စသော ဆင်းရဲများအစထား၍ ဥပါဒါန်၏အာရုံခန္ဓာငါးပါးတို့တည်း။

အရိယာတို့၏ အမှန်တရား ဆင်းရဲကြောင်း ဟူသည် မသိမှုအဝိဇ္ဇာကြောင့် ပြုပြင်မှု သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်စသည်ဖြင့် ကြောင်းကျိုးအစဉ် အားလျော်စွာ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတို့ ဖြစ်ကုန်၏။ ဤနည်းဖြင့် ဆင်းရဲအစု သက်သက်ဖြစ်ပေါ်၏။

အရိယာတို့၏အမှန်တရား ဆင်းရဲချုပ်ရာနိဗ္ဗာန် ဟူသည် အဝိဇ္ဇာ၏ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်သာ သင်္ခါရချုပ်၏စသည် ကြောင်းကျိုးအစဉ်လိုက် သောက စသည်တို့ချုပ်ကုန်၏။ ဤနည်းဖြင့် ဆင်းရဲအစုသက်သက်ချုပ်၏။

အရိယာတို့၏ အမှန်တရား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့် ဟူသည် အသိမှန် သမ္မာဒိဋ္ဌိ၊ အကြံမှန် သမ္မာသင်္ကပ္ပ၊ အပြောမှန် သမ္မာဝါစာ၊ အလုပ်မှန် သမ္မာကမ္မန္တ၊ အသက်မွေးမှန် သမ္မာအာဇီဝ၊ အားထုတ်မှုမှန် သမ္မာဝါယာမ၊ အောက်မေ့မှုမှန် သမ္မာသတိ၊ တည်ကြည်မှုမှန် သမ္မာသမာဓိ ဟူသော အင်္ဂါ ၈-ပါးရှိသောမဂ်တည်းဟု ဟောတော်မူသည်။

တိတ္ထစသော ၄-မျိုး - တိတ္ထ- မိစ္ဆာအယူ ၆၂-ပါး၊ တိတ္ထကရ - အယူ ၆၂-ပါးကို ဖြစ်စေသူ ပုရာဏကဿပစသည်၊ တိတ္ထိယာ- အယူများကိုနှစ်သက် လက်ခံယူထားသူများ၊ တိတ္ထိယသာဓက- ယင်းတို့ပစ္စည်း ၄-ပါး အလှူရှင်များတည်း။

စာမျက်နှာ-437


ထိုထက်သာ၍ပင်လည်း ဆရာ အဆက်ဆက်၊ အယူ အဆက်ဆက်၊ အတ္တဘော အဆက်ဆက် ၎င်း အကိရိယ (မပြုခြင်း) မိစ္ဆာအယူ၌ တည်ကြသည်။

ရှေးကပြုခဲ့ဖူးသောကြောင့်သာ - ဤဝါဒဖြင့် ကမ္မဝေဒနာ၊ ကိရိယဝေဒနာ ၂-ပါးကိုပယ်၍ ဝိပါကဝေဒနာကိုသာ လက်ခံသည်။ သည်းခြေ၊ သလိပ်၊ လေ၊ သန္နိပါတ်၊ ဥတု၊ အာဟာရ၊ သူတပါးလုံ့လပြု၊ ဝိပါက်ကြောင့်ဖြစ်သော အနာဟု ရောဂါ ၈-မျိုးတွင် ရှေ့ ၇-ပါးပယ်၍ အဆုံးဝိပါက်ဝေဒနာကိုသာ လက်ခံသည်။ ဒိဋ္ဌဓမ္မ၊ ဥပပဇ္ဇ၊ အပရာပရိယာယဝေဒနီယဟု ကမ္မရာသီ ၃-မျိုးတွင် အဆုံးအပရာပရိယာယကံကိုသာ လက်ခံသည်။

ဒိဋ္ဌဓမ္မ၊ ဥပပဇ္ဇ၊ အပရာပရိယာယ ဝေဒနီယဟု ဝိပါကရာသီ ၃-မျိုးတွင်လည်း အပရာပရိယာယ ဝိပါက်ကိုသာ လက်ခံသည်။ ကုသိုလ်၊ အကုသိုလ်၊ ဝိပါက်၊ ကိရိယစေတနာဟု စေတနာရာသီ ၄-မျိုးတွင် ဝိပါက်စေတနာကိုသာ လက်ခံသည်။

လောကကို အစိုးရသူ ဖန်ဆင်းမှုကြောင့် - သုခ၊ ဒုက္ခ၊ ဥပေက္ခာဝေဒနာများကို ပစ္စုပ္ပန်၌ မိမိပြု၍၊ ခိုင်းစေ၍၊ ရှေးကပြုခဲ့ဖူး၍ အကြောင်းမရှိဘဲ မခံစားနိုင်၊ ဖန်ဆင်းသူကြောင့်သာဟု ယူဆသည်။ ဤဝါဒရှင်ကား ရောဂါ ၈-မျိုး၊ ကမ္မရာသီ ၃-မျိုး၊ ဝိပါကရာသီ ၃-မျိုး၊ စေတနာရာသီ ၄-မျိုးတို့တွင် ဘာတခုမျှ လက်မခံ။

ကြောင်းအထောက်အပံ့ မရှိဘဲ - ဝေဒနာများကို ပစ္စုပ္ပန်၌ မိမိပြု၍၊ ခိုင်းစေ၍၊ ရှေးကပြုခဲ့ဖူး၍၊ အစိုးရသူ၏ ဖန်ဆင်း၍ မခံစားနိုင်၊ အကြောင်းမရှိဘဲသာ ခံစားရသည်ဟု ယူဆသည်။ ဤဝါဒရှင်ကလည်း ရောဂါ ၈ မျိုး စသည် အားလုံးကိုပယ်သည်။

သမဏဝါဒ မရှိနိုင်တော့ - ရဟန်းများသည် ရှေးကပြုခဲ့ဖူး၍သာ ဖြစ်ကြသည်၊ ရဟန်းမဟုတ်သူများလည်း ရှေးကပြုခဲ့တိုင်းပင် ဖြစ်သည်ဟု ယူဆကာ သီးခြားအကြောင်းနှင့်တကွဖြစ်သော သမဏဝါဒ မရှိတော့ပေ။

အယူ ၃ မျိုး၏ အနှစ်သာရ မရှိပုံ၊ ထွက်မြောက်ကြောင်း မဟုတ်ပုံကိုပြပြီး၍ ကိုယ်တော်မြတ်တရားတော်၏ အနှစ်သာရရှိ၍ ထွက်မြောက်ကြောင်းဖြစ်ပုံကို ပြတော်မူလိုရကား ပညာရှိရဟန်းပုဏ္ဏားများ မကဲ့ရဲ့ မတားမြစ်နိုင်သော ဓာတ် ၆-ပါးတရား စသည်များကို မိန့်တော်မူသည်။

ဓာတ်ကမ္မဋ္ဌာန်းရှုပွားပုံအကျဉ်း - မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီး ၄-ပါးကား မဟာဘုတ်၊ အာကာသဓာတ်ကား ဥပါဒါရုပ်တည်း၊ ဥပါဒါရုပ် ၁-ပါးမြင်လျှင် ကျန် ၂၃-ပါးမြင်ပြီးဟု မှတ်အပ်သည်။

စာမျက်နှာ-438


ဝိညာဏဓာတ်ကား စိတ် ဝိညာဏက္ခန္ဓာ၊ အတူဖြစ်တရားများကား ဝေဒနာက္ခန္ဓာစသော စေတသိက်ခန္ဓာ ၃-ပါး၊ ဤ ၄ ပါးသည် နာမ်ခန္ဓာ ၄-ပါး၊ မဟာဘုတ် ဥပါဒါရုပ်ကား ရူပက္ခန္ဓာဟု နာမ်ရုပ်တရား ၂-ပါးသာရှိသည်၊ ထို့ထက် အလွန် အသက်လိပ်ပြာသတ္တဝါမရှိဟု နှလုံးသွင်းလျှင် အရဟတ္တဖိုလ်ထိ ရောက်နိုင်သည်၊ ရှုပွားပုံအကျယ်ကိုလည်း အဋ္ဌကထာ၌ ပြထားသည်။

အရိယာတို့၏ အမှန်တရား - အရိယာအဖြစ်ပြုတတ်သော အရိယာများ ထိုးထွင်းသိအပ်သော အမှန်တရားများဖြစ်သည်၊ ပဋိစ္စသမုပ္ပါဒ်ကို ဘုရားရှင်ဟောလိုလျှင် သိလွယ်အောင် သူငယ်အမိဝမ်း၌ သက်ဝင်၍ ဖြစ်ခြင်းကို ဟောသည်။

ဓာတ် ၆-ပါးကို အကြောင်းပြု၍ - ပဋိသန္ဓေယူမည့်သူငယ်၏ အမိဝမ်းသို့ သက်ဝင်ခြင်းဖြစ်သည်။ မိခင်၏သက်ဝင်ခြင်း၊ ဖခင်၏သက်ဝင်ခြင်းမဟုတ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ နတ်ဟု ဂဗ္ဘ (အမိဝမ်း) ၅-မျိုးရှိသည်၊ ဤ၌ လူယူလေ၊ မိဘ ၂-ပါး ပေါင်းဖော်ခြင်း၊ မိခင်ဥတုလာခြင်း၊ ပဋိသန္ဓေယူမည့်သတ္တဝါ အသင့်ဖြစ်ခြင်း ဟု အကြောင်း ၃-ပါးစုံမှ သန္ဓေတည်နိုင်သည်။

သူငယ်သက်ဝင်သော် နာမ်ရုပ်ဖြစ် - ကာယ၊ ဘာဝ၊ ဝတ္ထုဒသကဟု ရုပ် ၃၀၊ နာမ်ခန္ဓာ ၄-ပါး၊ ပေါင်း ၃၄-ပါးသော တရား သူငယ်၌ရှိသည်၊ (ဝိညာဏ်ကြောင့် ဖြစ်သော အကျိုးနာမ်ရုပ်၌ကား ဝိညာဏ်နုတ်၍ ၃၃-ပါးသာ ရသည်)။

ဤသုတ်ဟောပုံအထူး - ဝိသုဒ္ဓိမဂ် စသည်များ၌ သမုဒယနှင့် နိရောဓသစ္စာ ၂-ပါးကို တဏှာနှင့် တဏှာ၏ချုပ်ခြင်းဟု ဟောသော်လည်း ဤ၌ကား ပဋိစ္စသမုပ္ပါဒ်ဖြစ်ခြင်းနှင့် ချုပ်ခြင်းကို ဟောသည်၊ အဓိပ္ပာယ်ကား အတူပင်။

၂-ဘယသုတ်

အကြားအမြင်မရှိသော ပုထုဇဉ်များဆိုသည့် “သားအမိချင်း မကာကွယ်နိုင်သော အမာတာပုတ္တိက” ဘေး ၃-မျိုးမှာ မီးကြီးလောင်သောအခါသည် ဖြစ်တတ်၏၊ ထိုမီးကြီး ရွာနိဂုံးမြို့များကို လောင်ရာ၌ အမိသည် ကာကွယ်နိုင်သောသားကို တွေ့ခွင့်မရ၊ သားသည်လည်း ကာကွယ်နိုင်သောအမိကို တွေ့ခွင့်မရ။

နောက်တမျိုးမှာ မိုးကြီးရွာသွန်းသောအခါသည် ဖြစ်တတ်၏၊ မိုးကြီး၍ ရေကြီးကာ ရွာနိဂုံးမြို့များကို မျောစေရာ၌ ကာကွယ်နိုင်သော သားအမိချင်း တွေ့ခွင့်မရ။ နောက်တမျိုးမှာ တောပုန်းဘေး တွေ့ကြုံ၍ ဇနပုဒ်နေသူများ ပစ္စည်းများကို ယာဉ်ဖြင့် တင်ကာ ထိုထိုအရပ်သို့ ထွက်ပြေးရသောအခါသည် ဖြစ်တတ်၏၊ ထိုသို့ထွက်ပြေးရာ၌ သားအမိချင်း တွေ့ခွင့်မရ၊ ဤ ၃-ပါးတို့တည်း။

စာမျက်နှာ-439


ဘုရားရှင်က အထက်ပါဘေး ၃-မျိုးဖြစ်လတ်သော် အမိသည် ကာကွယ်နိုင်သော သားကို တွေ့ခွင့်ရ၍ သားသည်လည်း ကာကွယ်နိုင်သောအမိကို တွေ့ခွင့်ရသောအခါမျိုး တရံတခါဖြစ်နိုင်သေးရကား “မကာကွယ်နိုင်သောဘေးများ” မဟုတ်ကြ၊ “သမာတာပုတ္တိကဘယ - သားအမိချင်းကာကွယ်နိုင်သောဘေးများ” ဖြစ်သည်ဟု မိန့်တော်မူပြီ။

သားအမိချင်း မကာကွယ်နိုင်သော အမာတာပုတ္တိက ဘေးအစစ် ၃-မျိုး မှာ အမိသည် “ငါသာ အိုအံ့၊ ငါ့သားမအိုပါစေလင့်” ဟု အိုသောသားကို ကာကွယ်ခွင့် မရ၊ သားသည်လည်း “ငါသာ အိုအံ့၊ ငါ့အမိ မအိုပါစေလင့်” ဟု အိုသော အမိကို ကာကွယ်ခွင့်မရ။ နာဘေး၊ သေဘေး အတူပင် ဖြစ်ရကား အို၊ နာ၊ သေဘေး ၃-ပါး တို့တည်း ဟု မိန့်။

သားအမိချင်း ကာကွယ်နိုင်သောဘေး၊ မကာကွယ်နိုင်သောဘေး၊ ဤ ၂-မျိုးလုံးကို ပယ်ကြောင်း လွတ်မြောက်ကြောင်း လမ်းစဉ်အကျင့်ကား အမြင်မှန် သမ္မာဒိဋ္ဌိ စသောအင်္ဂါ ၈-ပါးရှိ အရိယာမဂ်တည်းဟု ဆက်မိန့်သည်။

ပစ္စည်းများကို ယာဉ်ဖြင့်တင်ကာ - ယာဉ်ရှိသူများ ယာဉ်ပေါ်တင်၍ ပြေးကြ၊ ယာဉ်မရှိသူများ ထမ်းပိုးဖြင့်ထမ်း၊ ခေါင်းဖြင့် ရွက်ပြေးကြရသည်၊ ထို့ကြောင့် ဣရိယာပုထ်အသွား၊ ယာဉ်အသွား ၂-မျိုးလုံးရသည်။

သားအမိချင်း တွေ့ခွင့်ရ - လာခြင်း၊ သွားခြင်း၊ ပုန်းနေခြင်းကိုလည်းကောင်း၊ လှေပေါ်၊ သစ်တုံးပေါ် မျောလာသည်ကိုလည်းကောင်း၊ ဘေးကင်းပြီး ရွာတောမှာ တည်နေသည်ကို လည်းကောင်း တွေ့ခွင့်ရနိုင်သည်။

၃-ဝေနာဂပုရသုတ်

အခါတပါး ဘုရားရှင်သည် သံဃာများနှင့် ကောသလတိုင်း ခရီးစဉ်လှည့်တော်မူရာ ဝေနာဂပုရပုဏ္ဏားရွာ ရောက်တော်မူသည်။ ယင်းရွာသား ပုဏ္ဏားများနှင့် အမျိုးသားများသည် ဘုရားရှင်ကြွလာကြောင်းနှင့် တကွ ဘုရားရှင်၏ ကျေးဇူး ဂုဏ်တော်များကို ကြားသိရကား အချို့ဘုရားထံ ချဉ်းကပ်ရှိခိုး၊ အချို့ကား နှုတ်ဆက်စကားလျှောက်ထားကြ၊ အချို့ကား လက်အုပ်ချီကာ၊ အချို့ကား အမည် အနွယ်တင်ပြ၊ အချို့ကား တိတ်ဆိတ်စွာလျှင် နေရာတခုစီ၌ အသီးသီးထိုင်ကြသည်။

တနေရာ၌ထိုင်နေသော ဝေနာဂပုရရွာသား ဝစ္ဆအနွယ် ပုဏ္ဏားသည် ဘုရားရှင်အား “အရှင်ဂေါတမ၊ အံ့ဩစရာထူးကဲပေစွ၊ အရှင်၏ဣန္ဒြေများ ကြည်လင်၍ အရေအဆင်း စင်ကြယ်တောက်ပလွန်းလှပါသည်၊ တန်ဆောင်မုန်းလ၌ မှည့်သစ်စဆီးသီး၊ အညှာမှ ကြွေကျစ ထန်းသီးမှည့်၊ တော်ဝင်ရွှေပန်းထိမ်သည်သည် ပြေပြစ်လှစွာပြု၍ မိုက်ဝ၌

စာမျက်နှာ-440


အကောင်းဆုံးကြည်စေပြီး ကမ္ဗလာနီပေါ် တင်ထားသော တနိက္ခရှိ ဇမ္ဗူရစ် ရွှေစင်ပမာ ကြည်လင်၍ စင်ကြယ်တောက်ပလွန်းပါသည်။ အရှင်ဂေါတမသည် ညောင်စောင်း၊ ပလ္လင်၊ မွေးရှည်ကော်ဇောစသော မြင့်မြတ်သော နေရာများကို လိုသလို ရလွယ်သည် မဟုတ်ပါလော” ဟု လျှောက်ရာ “ယင်းမြင့်မြတ်သော နေရာများကို ရဟန်းများ ရခဲကြသည်၊ ရသော်လည်း မအပ်ကြ၊ နတ်တို့၏ဥစ္စာ၊ ဗြဟ္မာတို့ဥစ္စာ၊ အရိယာတို့၏ဥစ္စာ ဖြစ်သော မြင့်မြတ်သောနေရာ ၃-မျိုးကား ယခုအခါ ငါလိုသလို လွယ်ကူစွာရသည်” ဟု ဘုရားရှင် မိန့်တော်မူသည်။

“နတ်တို့၏ ဥစ္စာ မြင့်မြတ်သော နေရာ ဟူသည် အဘယ်ပါနည်း” ဟု ပုဏ္ဏားက လျှောက်ရာ ဘုရားရှင်က... “မှီခိုနေရာ ရွာနိဂုံးကို ငါဘုရား ဆွမ်းခံဝင် ဆွမ်းစားပြီး ပြန်ကြ၊ တောသို့ဝင်ကာ မြက်သစ်ရွက်များ တပေါင်းတည်း စုရုံးခင်း၊ ထက်ဝယ်ဖွဲ့ခွေ ထိုင်ပြီး ကမ္မဋ္ဌာန်းထိုင်သည်၊ ပဌမဈာန်မှ စတုတ္ထဈာန်တိုင်အောင် ဝင်စားသည်။ ဤသို့ ဖြစ်သော် ငါစင်္ကြံသွားလို၍ သွားခြင်း၊ ရပ်လို၍ ရပ်ခြင်း၊ ထိုင်လို၍ ထိုင်ခြင်း၊ အိပ်လို၍ အိပ်ခြင်းသည် နတ်တို့၏ဥစ္စာ မြင့်မြတ်သော စင်္ကြံရပ်တည်ရာ၊ ထိုင်နေရာ၊ အိပ်နေရာပင် ဖြစ်သည်” ဟု မိန့်လိုက်ရာ ပုဏ္ဏားက “အရှင်ဂေါတမ၊ အံ့ဩ ထူးကဲပါပေစွ၊ အရှင်မှတပါးဤနေရာကို လိုသလိုလွယ်ကူစွာမည်သူရနိုင်ပါမည်နည်း” ဟု လျှောက်သည်။

“ဗြဟ္မာတို့၏ဥစ္စာ မြင့်မြတ်သောနေရာ” ပုဏ္ဏားအမေးကို ဘုရားရှင်က “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မဝိဟာရတရား ၄-ပါး” ဟုလည်းကောင်း၊ “အရိယာတို့၏ဥစ္စာမြင့်မြတ်သောနေရာ” အမေးကို “ပစ္စဝေက္ခဏာနှင့် ဖလသမာပတ်” ဟု လည်းကောင်း ဖြေတော်မူသည်။ ပုဏ္ဏား သရဏဂုံတည်သွားသည်။

ခရီးစဉ်လှည့်လည် - အနှေးအမြန် ၂ မျိုးတွင် အဝေးမှာ ကျွတ်ထိုက်သူရှိလျှင် အမြန်ကြွတော်မူသည်၊ မဟာကဿပကို ကြိုဆိုခြင်းစသည်များတည်း။ ရွာနိဂုံးအစဉ် တနေ့ တယူဇနာ၊ ယူဇနာဝက်ထား၍ ဆွမ်းခံကြွကာ လောကကို ချီးမြှောက်ခြင်းကား အနှေးကြွမည်သည်၊ ဤ၌ အနှေးကြွသည်။

အချို့ကား လက်အုပ်ချီ - ၂-ဘက်ရများ ဖြစ်သဖြင့် မိစ္ဆာဒိဋ္ဌိများက- “ရဟန်းဂေါတမကို သင်တို့ဘာကြောင့် ရှိခိုးကြသလဲ” ဟု အပြစ်တင်လျှင် “လက်အုပ်ချီရုံဖြင့် ရှိခိုးရာရောက်သလော” ဟု ပြန်ပြောမည်။ သမ္မာဒိဋ္ဌိလူများက “ဘာ့ကြောင့် ဘုရားကို ရှိမခိုးကြသလဲ” အပြစ်တင်လျှင် “ဦးခေါင်းနှင့် မြေကြီးကိုတိုက်မိမှ ရှိခိုးတာတဲ့လား၊ လက်အုပ်ချီခြင်းဟာလဲ ရှိခိုးတာပဲ မဟုတ်လား” ဟု ပြန်ပြောမည်ကြံ၍ လက်အုပ်ချီသည်။

စာမျက်နှာ-441


အမည်အနွယ်တင်ပြ - “မည်သူ့သား ကျွန်ုပ်ဒတ္တပါ” ဟု အမည်ကို လည်းကောင်း၊ “ကျွန်ုပ် ဝါသေဋ္ဌအနွယ်ပါ” ဟု အနွယ်ကို လည်းကောင်း တင်ပြဟောကြားသူများကား မထင်မရှား သူဆင်းရဲများဖြစ်၍ ပရိသတ်၌ ထင်ရှားအောင် တင်ပြကြသည်။

တိတ်ဆိတ်စွာနေသူများ - စဉ်းလဲသူများ၊ မိုက်ကန်းသူများဖြစ်ကြ၏။ စကား ၁-ခွန်း ၂-ခွန်းပြောလျှင် အကျွမ်းဝင်မည်၊ ဝင်လျှင် ဆွမ်း ၁-ထပ် ၂-ထပ် မကပ်လျှင် မသင့်ဟု စဉ်းလဲသူများ ကြံကာ ငြိမ်ထိုင်ကြသလို၊ မိုက်ကန်းသူများကမူ ဘာမျှမသိသဖြင့် ဆိတ်ဆိတ်နေကြသည်။

အံ့ဩထူးကဲပေစွ - ခြေဖျားမှ ဆံဖျားတိုင် ဘုရားတကိုယ်လုံး ကြည့်လတ်သော် ၃၂-ပါးသော လက္ခဏာတော်ကြီး၊ ၈၀-သော လက္ခဏာတော်ငယ်တို့ဖြင့် တင့်တယ်ကာ အတောင်-၈၀ သို့တိုင် ကိုယ်ရောင်တော်လွှမ်းသော ဘုရားကို ဖူးရ၍ အံ့ဩထူးကဲကြောင်း လျှောက်သည်။

မြင့်မြတ်သောနေရာ ရလွယ်သည်ထင် - အိပ်ရာနေရာ အလေးအနက်ထားသော ပုဏ္ဏားဖြစ်ရကား “နေရာကောင်းမှာ ထိုင်ရ အိပ်ရ၍ အရှင်ဂေါတမ အဆင်းကြည်လင် စင်ကြယ်သည်” ဟု ထင်ပြီး မေးလျှောက်သည်။ ပိုးချည်သက်သက်အဆင်း ညောင်စောင်း၌ ခင်းနိုင်၊ ညောင်စောင်းခြေကိုဖြတ်၍ ပလ္လင်အရုပ်များကို ဖျက်၍သုံးနိုင်ရကား အချို့အပ်သော်လည်း မအပ်သောနေရာကို အကြောင်းပြု၍ “အားလုံး မအပ်” ဟု မိန့်လိုက်သည်။

နတ်တို့ဥစ္စာ မြင့်မြတ်သောနေရာ - ရူပဈာန် ၄-ပါးဝင်စားပြီး စင်္ကြံသွား၊ သမာပတ်မှထပြီး စင်္ကြံသွားသူ၏ စင်္ကြံသည် နတ်တို့၏ဥစ္စာ မြင့်မြတ်သော စင်္ကြံမည်သည်။ ရပ်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်းတို့၌လည်း အလားတူပင်တည်း။ သမာပတ်ဝင်စားသူ၊ သမာပတ်မှ ထသူ၏စင်္ကြံ စသည်များလည်း အရိယာတို့၏ဥစ္စာ မြင့်မြတ်သောစင်္ကြံ စသည်မည်သည်။

၄-သရဘသုတ်

ရာဇဂြိုဟ် ဂိဇ္ဈကုဋ်တောင်၌ ဘုရားရှင်သီတင်းသုံးစဉ် သရဘပရိဗိုဇ်ကား သာသနာတော်မှ ထွက်ခွာသွားစဖြစ်သည်။ ထိုပရိဗိုဇ်သည် ရာဇဂြိုဟ်ပရိသတ်အလယ်၌ “သာကီဝင်မင်းသား ရဟန်းများတရားကို ငါသိပြီ၊ သိသောကြောင့်သာ ထိုသာသနာမှ ငါထွက်ခွာခဲ့သည်” ဟု ဆိုရာ ထိုစကားကို ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံဝင်ကြသော ရဟန်းတော်များ ကြားသဖြင့် ဘုရားထံချဉ်းကပ်ပြီး ထိုအကြောင်းကို လျှောက်ထားကြသည်။ “သိပ္ပီမြစ်ကမ်းနား ပရိဗိုဇ်များ အာရာမ် သရဘပရိဗိုဇ်ရှိရာသို့ သနားသဖြင့် ဘုရားရှင် ချဉ်းကပ်တော်မူပါ” ဟုလည်း တောင်းပန်ကြသည်။

စာမျက်နှာ-442


ညနေချမ်းအချိန် ဘုရားရှင်တပါးတည်း သရဘပရိဗိုဇ်ရှိရာသို့ ချဉ်းကပ်ပြီး သရဘပရိဗိုဇ်အား “သရဘ၊ သာကီဝင်မင်းသား ရဟန်းများ၏တရားကို ငါသိပြီ၊ သိသောကြောင့်သာ ထိုသာသနာတော်မှ ငါထွက်ခွာခဲ့သည်ဟု သင် ဤသို့ဆို၏ဟူသည် မှန်သလော” မိန့်ရာ သရဘ ဆိတ်ဆိတ်နေသည်။

၂-ကြိမ်မြောက်လည်း ဘုရားရှင်က သရဘအား “သရဘ၊ ပြောပါ၊ ရဟန်းများတရား သင်ဘယ်သို့သိသနည်း၊ သင့်အား မပြည့်စုံသေးလျှင် ငါဖြည့်ပေးမည်၊ ပြည့်စုံနေလျှင် ငါဝမ်းမြောက်မည်” မိန့်ရာ၌လည်း ဆိတ်ဆိတ်နေသည်။ ၃-ကြိမ်မြောက်မိန့်ရာ၌လည်း ဆိတ်ဆိတ်နေသည်။

ထိုအခါ ပရိဗိုဇ်များက သရဘအား “သင်တောင့်တနေသော ရဟန်းဂေါတမကပင် သင့်ကို ဖိတ်ကြား၏၊ ပြောပါ၊ ရဟန်းများတရား သင်ဘယ်သို့သိပါသနည်း၊ သင့်အား မပြည့်စုံသေးလျှင် ရဟန်းဂေါတမက ဖြည့်ပေးလိမ့်မည်၊ ပြည့်စုံနေလျှင်လည်း ဝမ်းမြောက်ပါလိမ့်မည်” ဟု ပြောကြသော် သရဘသည် ဆိတ်ဆိတ်နေကာ မျက်နှာအောက်ချမှိုင်ထိုင်နေရသည်။

သရဘ၏ အခြေအနေကိုသိသော ဘုရားရှင်သည် ပရိဗိုဇ်များအား-

၁။ “တရားအားလုံးကို မှန်စွာကိုယ်တိုင်သိ၏” ဟု ဝန်ခံသော အရှင်ဘုရားသည် “ဤတရားများကိုမူ ထိုးထွင်း၍မသိပါ” ဟု ငါ့ကို အကြင်သူဆိုငြားအံ့၊ ထိုသူကို ငါမေးစစ်ခဲ့မူ ထိုသူသည် စကားတခုဖြင့် စကားတခုကိုသော်လည်း ဖုံးကွယ်လိမ့်မည်၊ အပြင်စကားကို ဆောင်၍သော်လည်း ပယ်လိမ့်မည်၊ စိတ်ဆိုး အမျက်ထွက် မနှစ်သက်ခြင်းကိုသော်လည်း ထင်စွာပြုလိမ့်မည် ဟူသော ၃-မျိုးတွင် တမျိုးမျိုးသို့ မရောက်ရာသော အကြောင်းအခွင့်မရှိ။ စကားပြောစရာ မရှိဘဲသော်လည်း သရဘလို ဆိတ်ဆိတ်နေကာ မျက်နှာအောက်ချမှိုင် ထိုင်နေလိမ့်မည်။

၂။ “အာသဝေါကုန်ပြီးသူ” ဟု ဝန်ခံသော အရှင်ဘုရားသည် “ဤအာသဝေါများ မကုန်သေးပါ” ဟု ငါ့ကို အကြင်သူဆိုအံ့၊ ထိုသူကို ငါမေးစစ်ခဲ့မူ... မှိုင်ထိုင်နေရလိမ့်မည်။

၃။ “ဝဋ်ဆင်းရဲကုန်ရန် အရှင်ဘုရားဟောသော တရားသည် ထိုတရားကို ကျင့်သူအား ဝဋ်ဆင်းရဲကုန်ရန် မထုတ်ဆောင်နိုင်” ဟု ငါ့ကို အကြင်သူဆိုအံ့၊ ထိုသူကို ငါမေးစစ်ခဲ့မူ... မှိုင်ထိုင်နေရလိမ့်မည်။

ဤသို့ ရဲရင့်သောအသံကို ကိုယ်တိုင် ၃-ကြိမ် ကျူးရင့်တော်မူပြီး ကောင်းကင်သို့ ကြွတော်မူသည်။

ဘုရားကြွပြီး မကြာမီ ပရိဗိုဇ်များက သရဘကို “တောအုပ်ကြီးထဲ၌ မြေခွေးအိုသည် ခြင်္သေ့သံဟောက်မည်ဟု ဟောက်သော်လည်း ကွဲအက်သော မြေခွေးသံသာထွက်သကဲ့သို့၊

စာမျက်နှာ-443


သင်သည် ရဟန်းဂေါတမကွယ်ရာ၌ ခြင်္သေ့သံဟောက်မည်ဟု ဟောက်သော်လည်း ကွဲအက်သော မြေခွေးသံသာထွက်သည်။ ကြက်မငယ်သည် ကြက်ဖသံတွန်မည်ဟု တွန်သော်လည်း ကြက်မသံသာထွက်သကဲ့သို့ သင်သည် ရဟန်းဂေါတမကွယ်ရာ၌ ကြက်ဖသံတွန်မည်ဟု တွန်သော်လည်း ကြက်မသံသာထွက်သည်။

နွားသည် အကြီးအမှူးနွားမရှိသော နွားခြံ၌ အောင်မြင်သော နွားကြီးအသံ တွန်နိုင်၏ဟု မှတ်ထင်သကဲ့သို့ သင်သည် ရဟန်းဂေါတမ ကွယ်ရာ၌ အောင်မြင်သော နွားကြီးအသံ တွန်နိုင်၏ဟု မှတ်ထင်ဘိသည်”။ ဤသို့ နှုတ်တံဖြင့် ဝိုင်းအုံ ထိုးဆွဲကြသည်။

ဂိဇ္ဈကုဋ်တောင် - လင်းတနှင့် တူသော အထွတ်ရှိ၍ တောင်ထွတ်တို့၌ လင်းတများ နားနေကြ၍ ဂိဇ္ဈကုဋ်တောင် မည်သည်။ ထိုတောင်၌ ဘုရားရှင်ကို ရည်၍ ကျောင်းဆောက်ထားသည်။

ပရိဗိုဇ် ၅၀၀ အစည်းအဝေး - ဘုရားပွင့်လာသဖြင့် တိတ္ထိများ လာဘ်ဆုတ်ယုတ်ကြရာ “ရဟန်းဂေါတမနှင့် သူ၏တပည့်များ၏ အပြစ်တခုခုကို ထောက်လှမ်းကြပါ။ တိုင်းသိ ပြည်သိ ရှုတ်ချပွဲပြုပြီး ငါတို့အတွက် လာဘ်ပူဇော်ကို ဖြစ်စေမည်” ဟု အဆိုတင်၍ အပြစ်ကြည့်ကြသည်။ ဒွါရ ၃-ပါး၊ အသက်မွေးမှု ၄-နေရာ အပြစ်ရှာမရ၍ အခြားနေရာ ကြည့်ခိုင်းကြပြန်သည်။

အခြားအကြောင်း - “ကျွန်ုပ်မမြင်၊ ဤရဟန်းများ ၁၅-ရက်တကြိမ် တံခါးပိတ် စည်းဝေးကြသည်။ သာမဏေများ ဝင်ခွင့်မရပါ။ အသက်ပမာ အလုပ်အကျွေးဒကာများသော်မျှ ဖူးခွင့်မရ။ လှည့်စားသောအတတ်ကို သင်ကြားတတ်မြောက်စေပြီး လူများကို လှည့်စားနေကြသည်။ ထိုအတတ်ကို ငါတို့ အရယူနိုင်လျှင် လာဘ်ပူဇော်များ ရမည် ဧကန်” ဟု တင်ပြကြရာ အခြားတဦးကလည်း အလားတူပင် ထတင်သဖြင့် တခဲနက် ဆုံးဖြတ်ကြကာ “ထိုအတတ် အရယူနိုင်သူကို ငါတို့အဖွဲ့အစည်းမှာ လူကြီးခန့်မည်” ဟု ဆိုကြသည်။

ထိပ်ပိုင်းမှစ၍ စွမ်းနိုင်သူကိုမေးရာ မတတ်နိုင်ကြ။ သရဘကို မေးသောအခါတွင်မှ “လူကြီးခန့်မည်ဆိုသည့် သင်တို့ ကတိတည်လျှင် ဝန်မလေးပါ” ဟု အပြော၊ အားလုံး သဘောတူ ဝန်ခံကြသည်။

“ထိုအတတ်ကို ခိုးယူ တိုက်ယူ၍ မရနိုင်ပါ။ ရဟန်းဂေါတမ၏ တပည့်ပုံစံအတိုင်း၊ သူ၏သာဝကများ ရှိခိုးဝတ်ပြုသူတို့သပိတ်၌ ဆွမ်းစားပြီးမှ ရနိုင်ပေမည်။ ဤအပြုအမူကို သင်တို့ လက်ခံနိုင်မည်လား။” “ဘာပဲလုပ်လုပ် အတတ်ယူလာ၊ ငါတို့အားသာပေး။” သရဘ၏အဆိုကို ပရိသတ်က ခွင့်ပြုသည်။ “ကျွန်ုပ်ကို မြင်လျှင် မမြင်သလို အရှင်တို့ နေကြပါ” ဟု သရဘသည် ပရိဗိုဇ်များအား အသိပေးပြီး နောက်နေ့ စောစောထ...

စာမျက်နှာ-444


တောင်ပေါ်ကျောင်းတိုက်သွား၊ မြင်သမျှ ရဟန်းများ ခြေကို တည်ခြင်း ၅-ပါးဖြင့် ရှိခိုးသည်။

“အခြား ပရိဗိုဇ်များ ခက်ထန်ကြမ်းတမ်းကြသည်။ ဤသူကား ယုံကြည်ကြည်ညိုသူ ဖြစ်လိမ့်မည်” ဟု ရဟန်းများက မိန့်ကြရာ “အရှင်ဘုရားများ အသိရှိ၍ သင့်ရာမှာ ရဟန်းပြုခွင့် ရကြပါသည်။ တပည့်တော်များကား မဆင်မခြင် လွတ်လမ်းမမြင်သော လမ်းမှာ မြန်းနေကြရပါသည်” ဟု သရဘသည် ပြန်လျှောက်ပြီး မြင်သမျှ ရဟန်းတော်များကို ရှိခိုး၊ ချိုးရေ စသည်စီစဉ်၊ တံပူသတ်၊ ခြေဆေးပေး၊ ဆွမ်းအပို အလှူရလျှင် စားသည်။

“သရဘသည် ယုံကြည်ကြည်ညိုသူဖြစ်သည်။ ရှင်ရဟန်းပြုနိုင်မည်လော” “တပည့်တော်ကို မည်သူက ရှင်ရဟန်းပြုပေးမှာလဲ ဘုရား၊ အရှင်ဘုရားတို့၏ ဆန့်ကျင်ဘက်အဖြစ် လှုပ်ရှားနေသည်မှာ တပည့်တော်များ ကြာနေပါပြီ” ဟု မဟာထေရ်အမေးကို သရဘ ပြန်ဖြေသည်။

မဟာထေရ်သည် သရဘပရိဗိုဇ်အား ရှင်ပြုပေးပြီး ဝတ်ကျေသဖြင့် ကြည်ညိုကာ မကြာမီ ရဟန်းပြုပေးလိုက်သည်။ သရဘသည် ဥပုသ်နေ့၌ သံဃာများနှင့် အတူ ဥပုသ်ပြုလိုက်သည်။ ဝီရိယကြီးကြီးထားကာ ပါတိမောက်နာယူသော ရဟန်းတော်များကို မြင်၍ “ဤအဆောင်အယောင်ဖြင့် တတ်မြောက်ပြီးဆုံးစေကာ လူများပစ္စည်းကို စားနေကြသည်၊ ရက်တို့ဖြင့် အရယူမည်” ဟု ကြံကာ ကျောင်းပြန်ပြီး “သိမ်တွင်းတရား ဘာပါလဲဘုရား” ဟု မေးရာ၊ “ပါတိမောက် ငါ့ရှင်”၊ “ဤပါတိမောက်သည် အမြတ်တရား ဖြစ်မည်လား ဘုရား”၊ “ဤပါတိမောက်ကား တသာသနာလုံးကို ဆောင်နိုင်သော ကျင့်ဝတ်ပါ ငါ့ရှင်”၊ “အကျင့်မြတ်တရားကို ရှေးဦး သင်လိုပါသည် ဘုရား”၊ “သင်နိုင်ပါသည်” ဟု သရဘအမေးကို ဥပဇ္ဈာယ်ဆရာက ဖြေကြားပြီး သင်ပေးစဉ် ပရိဗိုဇ်များက “ဘယ်အခြေရှိပြီလဲ ဆရာ” ဟု သရဘအား မေးရာ “မပြုကြလင့်၊ ရက်တိုအတွင်း အတတ်ဆောင်လာမည်” ဟု ပြောပြီး မကြာမီ သင်ယူမှုကိစ္စ ပြီးသွားသည်။

ထို့ထက် မရှိပြီဟု သိသော သရဘသည် နောက်တနေ့ သင်္ကန်းဝတ်ဖြင့်ပင် ပရိဗိုဇ်အာရာမ်သွား၊ ပရိဗိုဇ်များ စုလာကြသည်။ “ဘယ်လိုလဲ ဆရာ၊ လှည့်စားသော အတတ်ကို ယူနိုင်စွမ်း မရှိဘူး မဟုတ်လော” မေးရာ သရဘက “မပူကြလင့်၊ ငါယူလာပြီ။ ယနေ့မှစပြီး လာဘ်ပူဇော်သကာ ငါတို့များတော့မည်၊ အချင်းချင်း ညီညွတ်ကြ” စသည်ဖြင့် ပရိဗိုဇ်များကို ဩဝါဒပေးပြီး ပါတိမောက်ကို သင်ပေးသည်။

စာမျက်နှာ-445


“လာကြ၊ မြို့တွင်းလှည့်ကာ ရဟန်းဂေါတမ၏ အပြစ်ကို ပြောကြရအောင်” ဟု ပရိဗိုဇ်အားလုံး မြို့တံခါးမဖွင့်မီ တံခါးအနီး စုသွားကြ၊ တံခါးဖွင့်ဖွင့်ချင်း မြို့တွင်း ဝင်ကြသည်။

ထိုနေ့ လင်းအားကြီးအချိန် လောကကို ကြည့်တော်မူသော ဘုရားရှင်သည် “ယနေ့ မြို့တွင်းလှည့်၍ ပကာသနိယကံ (ထင်ရှားပြသမှု) ကို သရဘပြုလိမ့်မည်၊ ရတနာသုံးပါး အပြစ်ပြောကာ အဆိပ်ရည်ဖျန်းပြီး ပရိဗိုဇ်အာရာမ်ဝင်လိမ့်မည်။ ငါဘုရား ထိုနေရာကြွ၊ ပရိသတ် ၄-ပါးလည်း စုလာကြ၊ သတ္တဝါပေါင်း ၈၄၀၀၀ ထိုအစည်းအဝေးမှာ အမြိုက်ရည်သောက်ကြရမည်” မြင်တော်မူရကား ယခုအခါ သရဘစိတ်တိုင်းကျ အပြစ်ပြစေဟု ကြံကာ ကျောင်းတိုက် ၁၀-တိုက်မှ သံဃာအားလုံးနှင့် မြို့တံခါးအနီး ရွာမှာ ဆွမ်းခံကြွတော်မူသည်။

ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံဝင်ကြ - ဤရဟန်းများကား တောနေရဟန်း ၅၀၀ တို့ ဖြစ်ကြ၍ ယနေ့ ဘယ်အရပ်မှာ ဘုရားရှင် ဆွမ်းခံကြွမည်ဟု မသိကြပါ။ မြို့တွင်း ဆွမ်းခံစဉ် ပရိဗိုဇ်များ ပြောသံကြား၍ ဘုရားထံ လာလျှောက်ကြသည်။

ဘုရားရှင်တပါးတည်း သံဃာများနှင့် ကြွလျှင် လူများက “ပရိသတ်အားဖြင့် တပါးဝါဒကို နှိမ်သည်၊ တဘက်ဝါဒရှင်များ ခေါင်းမျှ မထောင်နိုင်” ဟု ကြံကြလိမ့်မည်။ အဖော်ခေါ်၍ နှိမ်ရန် ငါဘုရားမှာ ကိစ္စမရှိ၊ တပါးတည်း ကြွနှိမ်မည်ဟု ကြံ၍ ကြွသည်။

အလောင်းတော်ဘဝ အားစွမ်းပြ (ကဏှဇာတ်တော်) - လှည်းကုန်သည်တဦး အမယ်အိုအိမ်တည်းနေစဉ် သန်းခေါင်ယံ၌ နွားမတကောင် သားဖွားရာ အမယ်အိုမြင်၍ သားတမျှ ချစ်ခင်သည်။ နောက်ရက်၌ လှည်းကုန်သည်က အမယ်အိုအား အိမ်လခပေးရာ လခမယူဘဲ နွားငယ်ကိုသာ တောင်းထားလိုက်သည်။ နို့တိုက်၊ ယာဂုထမင်း၊ မြက် စသည် ကျွေး၍ မွေးမြူရာ အားကြီးသော နွားလားကြီး ဖြစ်လာ၏။ ကာဠကဟု အမည်ပေးသည်။

လှည်း ၅၀၀ နှင့် လာသော လှည်းကုန်သည်တဦး၏ လှည်းဘီး ရေဖျက်ချောက်၌ ကျွံကျသည်။ နွားအကောင် ၂၈၊ ၃၀ တပ်၍ ရုန်းစေသော်လည်း မရပေ။ အလောင်းတော် ကာဠက နွားလားထံကပ်ပြီး “အခပေးပါမည်၊ လှည်းမြှောက်ရုံ ရုန်းပေးပါ” ပြောကာ ဆွဲသွားပြီး “တန်းတူရုန်းနိုင်မည့် နွားမရှိ” ဟု လှည်းကုန်သည် သိသဖြင့် လှည်းဦး၌ ကြိုးတပ်လျက် တကောင်တည်း ရုန်းစေသည်။ အလောင်းတော် နွားလား...

စာမျက်နှာ-446


သည် ထိုလှည်းကို မြှောက်လျက် ကုန်းပေါ်တက်စေပြီး ဤအတိုင်း အခြားလှည်း ၅၀၀-တို့ကိုလည်း ရုန်းပေးသည်။

အဆုံးလှည်း ရုန်းပြီး၍ လှည်းဖြုတ်လတ်သော် “ရှူး” အသံပြု ခေါင်းမော့သည်။ အခတောင်းကြောင်း လှည်းသမားသိသဖြင့် လှည်းအရှိအတိုင်း ငွေ ၅၀၀ ကို အထုပ်ထုပ်ကာ လည်ဆွဲပေးလိုက်သည်။ အလောင်းတော်သည် မိမိအနီး မည်သူမျှ အကပ်မခံဘဲ အိမ်သို့ တန်းပြန်သည်။ အမယ်အိုမြင်၍ အထုပ်ဖြေလျှင်ပင် အသပြာများဟု သိသဖြင့် “ဘာလို့ ဒီလိုပြုရတာလဲ၊ ငါ့လုပ်အားခဖြင့် အမေ အသက်မွေးလိမ့်မည် ဟု သင်ရည်ရွယ်ပြုတာလား ငါ့သား” ဟု ဆိုကာ ရေနွေးချိုး ဆီလိမ်းပြီးလျှင် “နောင် ဒီလိုမလုပ်နဲ့” ဟု ဆုံးမသည်။

“ပါရမီဖြည့်စဉ် အဟိတ်တိရစ္ဆာန် နွားဘဝဖြစ်ခိုက်ကပင် ငါဆောင်သောဝန်ကို ဆောင်နိုင်သူ မည်သူမျှမရှိ” ဟု ဘုရားရှင်ကြံကာ တပါးတည်းကြွသည်။

သရဘ၏ အကြားစကား - ပရိဗိုဇ်စုံညီ ပရိသတ်၌ “ရဟန်းဂေါတမ ကြွလာလျှင် သင်ဘာလုပ်မလဲ” ဟု တယောက်က မေးရာ သရဘက “ရဟန်းဂေါတမ တခုလုပ်လျှင် ငါက ၂-ခု၊ သူ ၂-ခုလုပ်လျှင် ငါက ၄-ခု စသည် တရာတထောင်အထိ လုပ်ပြမည်” ဟု သရဘကြွားသည်။ ထိုအချိန် ဘုရားကြွလာသည်။

ပရိဗိုဇ်အာရာမ်ကား မြို့လယ်လမ်းဖြင့်သွားရရာ ဘုရားရှင်တပါးတည်း မြို့လယ်လမ်းကြွသည်ကို မိစ္ဆာဒိဋ္ဌိ လူများမြင်၍ “ရဟန်းဂေါတမအား ပကာသနိယကံ ပြုကြပြီး အပြစ်ကို ပရိဗိုဇ်များ ကြွေးကြော် ဖြန့်ကြသည်။ ထိုပရိဗိုဇ်များနောက် လိုက်ပြီး နားလည်မှုယူရန် ရဟန်းဂေါတမ သွားသည်ဖြစ်မည်” ဟု ကြံကာ လိုက်ကြ၏။

သမ္မာဒိဋ္ဌိလူများလည်း “ဘုရားရှင် တပါးတည်း ကြွတော်မူခြင်းကား ယနေ့ သရဘပရိဗိုဇ်နှင့် ဓမ္မစစ်ပွဲကြီး ဝှဲချီးခင်းကျင်းလိမ့်မည်၊ ထိုပွဲမှာ ငါတို့ မျက်မှောက်သက်သေ ဖြစ်ရလိမ့်မည်” ဟု ကြံကာ လိုက်ကြသည်။

သစ်ပင်များ၏ ပင်စည်အခွ အခက်များကြားမှ ထွက်သော ဘုရားရောင်ခြည်တော်များကို ပရိဗိုဇ်များ မြင်လျှင်ပင် “အခြားအခါ ဤအရောင်မျိုး မရှိ၊ ဘာပါလိမ့်” မော်အကြည့် “ရဟန်းဂေါတမ ကြွလာသည်” ဟု ဆိုကြသည်။ ထိုစကား ကြားသော သရဘသည် ဒူးဝန်း ၂-ခုကြား ခေါင်းထား၍ မျက်နှာ အောက်ချထိုင်တော့သည်။ ဇမ္ဗူဒိပ်တကျွန်းလုံးတွင် အမြတ်ဆုံးအမျိုးမှ ဖြစ်လာသော ဘုရားရှင်အတွက် နေရာမြတ်နှင့်သာ ထိုက်သဖြင့် နေရာတိုင်း၌ ဘုရားနေရာ ခင်းထားရရာ ထိုနေရာ၌ ဘုရားရှင် ထိုင်တော်မူသည်။

စာမျက်နှာ-447


ပရိဗိုဇ်များပင် ဘုရားဘက်တော်သား ဖြစ်ကြ - ဘုရားရှင်နှင့် သရဘ ဤအမေး ပြောကြားစဉ်ပင် ရဟန်းတော်များနှင့် ပရိသတ် ၄-ပါးတို့ ပရိဗိုဇ်အာရာမ် ရောက်လာကြသည်။ ပရိဗိုဇ်များက “ရဟန်းဂေါတမ အပြုအမူ အံ့ဖွယ်ပါတကား၊ တမြို့လုံး လှည့် အပြစ်ဖြန့်ကာ ပကာသနိယကံ ပြုလာကြသူ ရန်သူများထံ လာပါလျက် ဆန့်ကျင်စကား နည်းနည်းမျှမပြော၊ အကြိမ်တရာချက်ထားသောဆီဖြင့်လိမ်းကျံသလို၊ အမြိုက်ရည်သောက်ရသလို စကားချိုကိုသာ လာစကတည်းကပင် ပြောနေသည်” ဟု အားလုံး ကျေနပ်နေကြသည်။

သံဃာများပါ ကောင်းကင်ကကျောင်းကြွ - သီဟနာဒ-ရဲရင့်သောအသံ ၃-မျိုး ဘုရားကျူးရင့်၍ ဒေသနာအဆုံးတွင် ထိုနေရာ၌ စုဝေးကြသော ၈၄၀၀၀ သော ပရိသတ် တရားအထူး ရကြသည်။ ထိုအကြောင်းကိုသိ၍ ဘုရားရှင်သည် အဘိညာဉ်၏ အခြေခံစတုတ္ထဈာန်ကို ဝင်စား၊ ထ၍ ဓိဋ္ဌာန်ကာ သံဃာတော်များနှင့်အတူ ကောင်းကင်ပျံ၊ ထိုခဏချင်း ဂိဇ္ဈကုဋ်တောင်ကျောင်း၌ တည်ကြသည်။

၅-ကေသမုတ္တိသုတ်

ဘုရားရှင် သံဃာများနှင့် ကောသလတိုင်း ခရီးကြွစဉ် ကာလာမမင်းများ၏ ကေသမုတ္တနိဂုံး ရောက်အလာ၊ ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်များကို ကြားသိထားကြသော ကေသမုတ္တနိဂုံးသား ကာလာမမင်းများသည် ဘုရားရှင်ထံ ချဉ်းကပ်ကြပြီး အချို့ဘုရားကို ရှိခိုး၍၊ အချို့ နှုတ်ဆက်စကားပြောကြား၊ အချို့ လက်အုပ်ချီကြ၊ အချို့ အမည်အနွယ်ကို ပြောကြားကြလျက်၊ အချို့ တိတ်ဆိတ်စွာ နေရာတခုစီမှာ ထိုင်နေကြသည်။

ကာလာမမင်းမျိုးများက ဘုရားရှင်အား “ကေသမုတ္တနိဂုံးသို့ ရောက်လာကြသော အချို့သော ရဟန်းပုဏ္ဏားများသည် မိမိအယူဝါဒကိုသာ ပြကြ၊ အရောင်တင်ကြပါ၏။ သူများအယူဝါဒကိုမူ ထိပါးကြ၊ မထီမဲ့မြင်ပြုကြ၊ ရှုတ်ချ ချေဖျက်ကြပါ၏။ အခြားရောက်လာကြသော ရဟန်းပုဏ္ဏားများလည်း အလားတူပင် (ကိုယ့်ဝါဒ အကောင်း၊ သူ့ဝါဒအဆိုး) တင်ပြ ပြောဆိုကြပါသည်။

ဤရဟန်းပုဏ္ဏားများတွင် ဘယ်သူ့စကားမှန်၍ ဘယ်သူ့စကား မှားသည်ဟု ကျွန်ုပ်တို့အား ယုံမှားတွေးတောခြင်း ဖြစ်ရပါသည်” ဟု လျှောက်ရာ၊ ဘုရားရှင်က “သင်တို့ ယုံမှားတွေးတောသင့်သည်၊ ယုံမှားသင့်ရာမှာ ယုံမှားခြင်း ဖြစ်သည်” မိန့်ပြီး ဆက်လက် မိန့်ကြားသည်။

၁။ “ကာလာမမင်းတို့၊ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်မှန်ပြီဟုအတည်) မယူကြလင့်၊ အစဉ်အဆက် စကားမျှဖြင့်လည်း၊ ‘ဤသို့ဖြစ်ဖူးသတတ်’ ဟူသော စကားမျှဖြင့်လည်း၊ ပိဋကတ်စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း၊ ကြံဆတွေးတော၍ယူခြင်း...

စာမျက်နှာ-448


မျှဖြင့်လည်း၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း၊ ငါတို့ကြံစည်နှစ်သက်၍ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း၊ ငါတို့လေးစားသော ရဟန်း၏စကားဟူ၍လည်း အမှန်မယူကြလင့်။ ဤတရားများကား အကုသိုလ်တရား၊ အပြစ်ရှိသောတရား၊ ပညာရှိများကဲ့ရဲ့အပ်သောတရားတို့တည်း။ ဤတရားများကို ပြည့်စုံစေအပ်၊ ဆောက်တည်အပ်ကုန်လျှင် စီးပွားမဲ့ ဆင်းရဲဖို့ရာ ဖြစ်ကြ၏ဟု သင်တို့ကိုယ်တိုင်သိသောအခါမှာမူ ပယ်စွန့်ကြရာ၏။

၂။ ကာလာမမင်းတို့၊ ထိုအရာကို ဘယ်သို့မှတ်ထင်ကြသနည်း။ သတ္တဝါ၏အတွင်းသန္တာန်၌ လောဘဖြစ်သော် စီးပွားရှိဖို့ရာလော၊ မရှိဖို့ရာလော”။ “မရှိဖို့ရာပါ ဘုရား”။ “တပ်မက်သော ပုဂ္ဂိုလ်သည် လောဘနှိပ်စက်အပ်၊ သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်သတ်၊ သူ့ဥစ္စာကိုလည်းခိုး၊ သူ့မယားကိုလည်း သွားလာ၊ အမှားကိုလည်း ပြောဆိုသည်၊ သူများကိုလည်း ထိုအတိုင်းပြုရန် ဆောက်တည်စေသည်၊ ယင်းသူ့အသက်သတ်ခြင်းစသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားမဲ့ ဆင်းရဲဖို့ ဖြစ်နိုင်သည် မဟုတ်လော။” “ဖြစ်နိုင်ပါသည် ဘုရား” (တပ်မက်ခြင်း လောဘအတူ အမျက်ထွက်ခြင်း ဒေါသ၊ တွေဝေခြင်း မောဟ နှင့်စပ်၍လည်း ဤအတိုင်း မေးတော်မူ၍ ဖြေကြသည်)။

၃။ “ကာလာမမင်းတို့၊ ထိုအရာကို ဘယ်လိုမှတ်ထင်ကြသနည်း။ ဤ (သူ့အသက်ကို သတ်ခြင်းစသော) တရားများသည် ကုသိုလ်တရားများလော၊ အကုသိုလ်တရားများလော”။ “အကုသိုလ်တရားများပါဘုရား”။ ထို့အတူ အပြစ်ရှိ မရှိ စသည်ဖြင့် မေးတော်မူရာ “အပြစ်ရှိသော တရားများပါ ဘုရား၊ ပညာရှိများ ကဲ့ရဲ့အပ်သော တရားများပါဘုရား၊ ဤတရားများကို ပြည့်စုံစေအပ်၊ ဆောက်တည်အပ်ကြလျှင် စီးပွားမဲ့ ဆင်းရဲဖို့ရာသာ ဖြစ်ပါသည်ဘုရား၊ ဤနေရာ၌ တပည့်တော်များစိတ် ဤသို့ ရှိပါသည် ဘုရား” လျှောက်ကြသည်။

၄။ “ကာလာမမင်းတို့၊ သင်တို့သည် ပြောသံကြားကာမျှစသည်ဖြင့် ဟုတ်မှန်ပြီဟု အတည်မယူကြလင့်၊ ဤတရားများကား အကုသိုလ်တရားတည်း၊ (လ) ဤတရားများကို ပြည့်စုံအောင် ဆောက်တည်အပ်ကြလျှင် စီးပွားမဲ့ ဆင်းရဲဖို့ရာသာ ဖြစ်ကြ၏ဟု သင်တို့ကိုယ်တိုင်သိသော အခါမှာ စွန့်ပယ်ကြရာ၏ ဟု ငါဘုရားမိန့်ခဲ့သော စကားသည် ဤသည်ကိုစွဲ၍ မိန့်သော စကားဖြစ်သည်”။

၁။ “ကာလာမမင်းတို့၊ သင်တို့သည် ပြောသံကြားကာမျှ (စသည်) ဖြင့် ဟုတ်မှန်ပြီဟု အတည်မယူကြလင့်၊ ဤတရားများကား ကုသိုလ်တရား၊ အပြစ်မရှိသောတရား၊ ပညာရှိများချီးမွမ်းအပ်သောတရားတို့တည်း။ ဤတရားများကို ပြည့်စုံစေအပ်၊ ဆောက်တည်...

စာမျက်နှာ-449


အပ်ကြလျှင် စီးပွားချမ်းသာရဖို့သာ ဖြစ်ကြ၏ဟု သင်တို့ကိုယ်တိုင် သိသော အခါမှာမူ ပြည့်စုံအောင် နေကြရာ၏။

၂။ ကာလာမမင်းတို့၊ ထိုအရာကို ဘယ်သို့မှတ်ထင်ကြသနည်း။ သတ္တဝါ၏အတွင်းသန္တာန်၌ မတပ်မက်ခြင်း အလောဘ ဖြစ်သော် စီးပွား ရှိဖို့ရာလော၊ မရှိဖို့ရာလော”။ “ရှိဖို့ရာပါဘုရား”။ “မတပ်မက်သော ပုဂ္ဂိုလ်သည် လောဘမနှိပ်စက်အပ်၊ မသိမ်းယူအပ်သောစိတ်ရှိသည်ဖြစ်၍ သူ့အသက်မသတ်၊ သူ့ဥစ္စာကိုလည်း မခိုး၊ သူ့မယားကိုလည်း မသွားလာ၊ အမှားကိုလည်း မပြောဆို၊ သူများကိုလည်း ထိုအတိုင်းပြုရန် (သူ့အသက်သတ်ခြင်း စသည်ပြုရန်) မဆောက်တည်စေ။ ယင်းသူ့အသက်မသတ်ခြင်းစသည်သည် ထိုသူ့အား (ထိုမသတ်၊ မခိုး၊ မပြစ်မှား၊ အမှား မပြောသူအား) ကြာမြင့်စွာ ကာလပတ်လုံး စီးပွားချမ်းသာဖို့ရာ ဖြစ်နိုင်သည်မဟုတ်ပါလော”။ “ဖြစ်နိုင်ပါသည်ဘုရား” (မတပ်မက်ခြင်း အလောဘအတူ အမျက်မထွက်ခြင်း အဒေါသ၊ မတွေဝေခြင်း အမောဟ နှင့် စပ်၍လည်း ဤအတိုင်း မေးတော်မူ၍ ဖြေကြသည်)။

၃။ “ကာလာမမင်းတို့၊ ထိုအရာကို ဘယ်သို့မှတ်ထင်ကြသနည်း။ ဤ (သူ့အသက်မသတ်ခြင်းစသော) တရားများသည် ကုသိုလ်တရားများလော၊ အကုသိုလ်တရားများလော”။ “ကုသိုလ်တရားများပါဘုရား” ဟုအတူ အပြစ်ရှိ မရှိ စသည်ဖြင့် မေးတော်မူရာ “အပြစ်မရှိသော တရားများပါဘုရား၊ ပညာရှိများ ချီးမွမ်းအပ်သော တရားများပါဘုရား၊ ဤတရားများကို ပြည့်စုံစေအပ်၊ ဆောက်တည်ကြလျှင် စီးပွားချမ်းသာဖို့ရာသာ ဖြစ်ပါသည်ဘုရား၊ ဤနေရာ၌ တပည့်တော်များစိတ် ဤသို့ ရှိပါသည်ဘုရား” ဟု လျှောက်ကြသည်။

၄။ “ကာလာမမင်းတို့၊ သင်တို့သည် ပြောသံကြားကာမျှစသည်ဖြင့် ဟုတ်မှန်ပြီဟု အတည်မယူကြလင့်၊ ဤတရားများကား ကုသိုလ်တရားများတည်း၊ (လ) ဤတရားများကို ပြည့်စုံစေအပ်၊ ဆောက်တည်အပ်ကြလျှင် စီးပွားချမ်းသာဖို့ရာသာ ဖြစ်ကြ၏-ဟု သင်တို့ ကိုယ်တိုင် သိသောအခါမှာမူ ပြည့်စုံအောင် နေကြရာ၏-ဟု ငါဘုရား မိန့်သောစကားသည်ကား ဤသည်ကိုစွဲ၍ မိန့်သောစကား ဖြစ်သည်”။

“ကာလာမမင်းတို့၊ အရိယာတပည့်သည် မက်မောမှု အဘိဇ္ဈာ၊ ပျက်စီးစေလိုမှု ဗျာပါဒ၊ တွေဝေမှု မောဟမရှိဘဲ ဆင်ခြင်မှုနှင့် သတိပြည့်စုံကာ မေတ္တာပါသော စိတ်ဖြင့် အရပ်မျက်နှာတခု အစထား၍ ၁၀-မျက်နှာလုံးတို့၌ သတ္တဝါအားလုံးကို မိမိနှင့်တန်းတူထားကာ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောမြင့်မြတ်၍ အတိုင်းအရှည်မရှိသော ရန်ကင်း၊ ကြောင့်ကြကင်းကာ မေတ္တာပါသောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

စာမျက်နှာ-450


သနားခြင်း ကရုဏာ၊ ဝမ်းမြောက်ခြင်း မုဒိတာ၊ လျစ်လျူရှုခြင်း ဥပေက္ခာ ပါသောစိတ်ဖြင့် (အထက်မေတ္တာအတိုင်း) ပျံ့နှံ့စေ၍ နေ၏။ ဤသို့ ရန်ကင်း၊ ကြောင့်ကြကင်းကာ မညစ်ညူး၍ စင်ကြယ်သောစိတ်ရှိသော အရိယာတပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာ ၄-မျိုး ရအပ်ကြသည်၊ ၄-မျိုးမှာ-

(၁) တမလွန်လောကရှိ၍ ကုသိုလ် အကုသိုလ်ကံများ၏ အကျိုးဆက် အကျိုးပေး အကယ်၍ရှိခဲ့သော် ငါသေပြီး နတ်ပြည်ရောက်ရမည်။

(၂) တမလွန်လောကမရှိဘဲ ကုသိုလ် အကုသိုလ်ကံများ၏ အကျိုးဆက် အကျိုးပေး အကယ်၍မရှိလျှင် ငါသည် မျက်မှောက်ဘဝ၌ပင် ရန်ကင်း ကြောင့်ကြကင်းကာ ဆင်းရဲမရှိ ချမ်းသာရှိသော မိမိကိုယ်ကို ဆောင်ရပေ၏။

(၃) မကောင်းမှုကို ပြုခဲ့လျှင် ပြုသည်မည်အံ့၊ မကောင်းမှု ဘာတခုမျှ မပြုသောငါ့အား အကုသိုလ်ကံသည် ဘယ်မှာဆင်းရဲကို တွေ့ထိနိုင်စေအံ့နည်း။

(၄) မကောင်းမှုကို ပြုသော်လည်း ပြုသည်မမည်လျှင် ငါသည် (မကောင်းမှုကို မပြုခြင်း၊ ပြုသည်မမည်ခြင်း ဟူသော) ၂-ပါးစုံဖြင့်သာလျှင် စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်ရပေ၏။ ဤဆောက်တည်ရာ ၄-မျိုးတို့တည်း” ဟု မိန့်သည်။

ကာလာမမင်းများသည် ဘုရားရှင်မိန့်တိုင်း ဝန်ခံကြ၊ သက်သာရာ ဆောက်တည်ရာ ၄-မျိုး ရပါကြောင်း တင်ပြပြီး သရဏဂုံ တည်သွားကြသည်။

ကေသမုတ္တိနိဂုံးရွာ - တောအုပ်အဝ၌ တည်သောရွာဖြစ်၍ တောအုပ်အဝင်အထွက် လူများနားနေရာဖြစ်သည်။ ပဌမလာသူများ သူတို့အယူဝါဒ ပြသွားကြပြီးနောက် ရောက်လာသော ဒုတိယလူများက ပထမလူများသည် သူတို့ထံပညာသင်ကြသော သူတို့တပည့်များဖြစ်ကြောင်း ပြောပြီး သူတို့ဝါဒ ပြကြပြန်သည်။ မူသေဝါဒတခု၌ ကာလာမမင်းများ မတည်စွမ်းနိုင်၍ ထောပတ်စသောဆေးနှင့် အဖျော် ၈-မျိုးယူလာကြကာ ဘုရားထံ လျှောက်ကြသည်။

၆-သာဠသုတ်

အရှင်နန္ဒကမထေရ် သာဝတ္ထိမြို့ မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌နေစဉ် မိဂါရသဌေး၏မြေး သာဠ နှင့် သေခုနိယ၏မြေး သာဏ တို့ ရောက်လာ ရှိခိုးနေထိုင်ကြရာ အရှင်နန္ဒကထေရ်က ကာလာမသုတ်တော်လာအတိုင်း ဒေသနာကို ဟောသည်။

၁။ အချုပ်မှာ သာဠတို့၊ ပြောသံကြားကာမျှ (စသည်ဖြင့်) ဟုတ်မှန်ပြီဟု အတည်မယူကြလင့်၊ ဤတရားများကား အကုသိုလ်တရားဖြစ်၍ ပြည့်စုံစေအပ်၊ ဆောက်တည်...

စာမျက်နှာ-451


အပ်ကြလျှင် စီးပွားမဲ့ ဆင်းရဲဖို့ရာသာ ဖြစ်ကြသည်ဟု သင်တို့ကိုယ်တိုင် သိသောအခါမှ ပယ်စွန့်ကြရာ၏။

၂။ “သာဠတို့၊ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း၊ လိုချင်ခြင်း လောဘ သည် ရှိသလော”၊ “ရှိပါသည်ဘုရား”၊ “ဤသဘောကို အဘိဇ္ဈာ ဟု ငါဆို၏။ တပ်မက်သူသည် တပ်မက်ခြင်း အဘိဇ္ဈာများသည်ဖြစ်၍ သူ့အသက်သတ်ခြင်း စသည်ကို ပြု၏။ သူများကိုလည်း ထိုအတိုင်းပြုရန် ဆောက်တည်စေ၏။ ယင်း သူ့အသက်သတ်ခြင်း စသည်သည် ထိုသူအား ကာလရှည်ကြာ စီးပွားမဲ့ ဆင်းရဲဖို့ရာသာ ဖြစ်နိုင်သည် မဟုတ်လော” “ဖြစ်နိုင်ပါသည်ဘုရား”။

ထို့အတူ အမျက်ထွက်ခြင်း ဒေါသ၊ ထိုသဘောကို ဗျာပါဒ၊ တွေဝေခြင်း မောဟ၊ ထိုသဘောကို အဝိဇ္ဇာ နှင့်စပ်၍လည်း ဤအတိုင်းမေး၍ ဖြေကြသည်။

၃။ “သာဠတို့၊ ဤ (သူ့အသက်သတ်ခြင်းစသော) တရားများသည် ကုသိုလ်လော၊ အကုသိုလ်လော” “အကုသိုလ်ပါဘုရား”၊ ထို့အတူ အပြစ်ရှိမရှိ စသည်ဖြင့် မေးရာ “အပြစ်ရှိပါသည်ဘုရား၊ ပညာရှိများ ကဲ့ရဲ့အပ်ပါသည်ဘုရား၊ ပြည့်စုံအောင် ဆောက်တည်အပ်ကြလျှင် စီးပွားမဲ့ ဆင်းရဲဖို့ရာသာ ဖြစ်ကြပါသည်ဘုရား၊ ဤအရာ၌ တပည့်တော်များစိတ် ဤသို့ဖြစ်ပါသည်ဘုရား”။

၄။ “သာဠတို့၊ သင်တို့သည် ပြောသံကြားမျှ (စသည်ဖြင့်) ဟုတ်မှန်ပြီဟု အတည်မယူကြလင့်၊ ဤတရားများကား အကုသိုလ်တရားများတည်း၊ (လ) ဤတရားများကို ပြည့်စုံစေအပ်၊ ဆောက်တည်အပ်ကြလျှင် စီးပွားမဲ့ ဆင်းရဲဖို့ရာသာ ဖြစ်ကြသည်ဟု သင်တို့ကိုယ်တိုင် သိသောအခါမှ ပယ်စွန့်ကြရာ၏” ဟု ဆိုခဲ့သောစကားသည် ဤသည်ကိုစွဲ၍ ဆိုသောစကားဖြစ်သည်။

ကုသိုလ်ဆိုင်ရာ ၄-ဝါကျကိုလည်း အကုသိုလ်နည်းတူ အပြန်အားဖြင့် အရှင်နန္ဒက ဟော၍ သာဠတို့ဖြေကြသည်။ မလိုချင်ခြင်း အလောဘ၊ ဤသဘောကို အနဘိဇ္ဈာ၊ အမျက်မထွက်ခြင်း အဒေါသ၊ ဤသဘောကို အဗျာပါဒ၊ မတွေဝေခြင်း အမောဟ၊ ဤသဘောကို ဝိဇ္ဇာ ဟု အသီးသီးစွဲမှတ်။

သာဠတို့၊ အရိယာတပည့်သည် ဤသို့ မက်မောမှု အဘိဇ္ဈာ၊ ပျက်စီးစေလိုမှု ဗျာပါဒ၊ တွေဝေမှု မောဟမရှိဘဲ ဆင်ခြင်မှုနှင့် သတိပြည့်စုံကာ မေတ္တာပါသော၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာပါသော စိတ်ဖြင့် အရပ်မျက်နှာတခု အစထား၍ ၁၀-မျက်နှာလုံးတို့၌ သတ္တဝါအားလုံးကို မိမိနှင့် တန်းတူထားကာ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို... ပြန့်ပြောမြင့်မြတ်၍ အတိုင်းအရှည်မရှိသော ရန်ကင်း၊ ကြောင့်ကြကင်းကာ ဥပေက္ခာပါသော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

စာမျက်နှာ-452


ထိုအရိယာတပည့်သည် “ဤခန္ဓာ ၅-ပါး ဒုက္ခတရားသည် ရှိ၏၊ ယုတ်ညံ့သော သမုဒယတရားသည် ရှိ၏၊ မြတ်သော မဂ်တရားသည် ရှိ၏၊ (ဝိပဿနာ သညာဟု ဆိုအပ်သော) ဤသညာထက် လွန်မြတ်သော ထွက်မြောက်ရာ နိဗ္ဗာန်တရားသည် ရှိ၏” ဟု သိသည်။ ဤသို့ သိသူ၏ စိတ်သည် ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝမှ လွတ်မြောက်၏။ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်ပြီ” ဟု အသိဉာဏ်ဖြစ်ပေါ်၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ် ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စ ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ ပြုဖွယ်တပါး မရှိတော့ပြီ” ဟု သိသည်။

ထိုသူသည် “ရှေးက ငါ့မှာ လောဘဖြစ်ဖူး၏၊ ထိုလောဘကား အကုသိုလ်သာတည်း၊ ထိုလောဘ အကုသိုလ်သည် ယခု ငါ၌ မရှိပြီ၊ မရှိခြင်းသည် ကောင်း၏။ (ဒေါသ၊ မောဟကိုလည်း နည်းတူ ဆင်ခြင်)” ဟု ဤသို့သိ၏။ ထိုသူသည် မျက်မှောက်ဘဝ၌ တဏှာမရှိဘဲ ငြိမ်းချမ်းစွာ ချမ်းသာကို ခံစားလျက် အတ္တဘောမြတ်ဖြင့် နေရလေသည်။

အရှင်နန္ဒက ဤသုတ်ဟောကြောင်းမှာ သာဠတို့အိမ်မှာ နံနက်ပိုင်းကပင် ဤပြဿနာ ဖြစ်ကြသည်။ ဖြေဆိုဖို့ အခွင့်မရသဖြင့် ထိုပြဿနာ နာယူမည်ကြံကာ အလုပ်သမားများ ခြံရံလျက် နံနက်စာစားပြီး အရှင်နန္ဒကထံ လာကြသည်၊ ရွာမှာဖြစ်တဲ့ ပြဿနာ နာရန်လာကြလိမ့်မည်ဟု သာဠတို့စိတ်ကို သိ၍ ဤသုတ်ကို ဟောသည်။

၇-ကထာဝတ္ထုသုတ်

စကားဖြစ်ကြောင်း ၃-မျိုး မှာ -

“လွန်လေပြီးကာလက ဤသို့ ဖြစ်ဖူးပြီ” ဟု အတိတ်ကာလ ကို အကြောင်းပြု၍ မူလည်း စကားပြောဆိုရာ၏။

“လာလတ္တံ့ ကာလ၌ ဤသို့ ဖြစ်လိမ့်မည်” ဟု အနာဂတ်ကာလ ကို အကြောင်းပြု၍ မူလည်း စကားပြောဆိုရာ၏။

“ယခုဖြစ်ဆဲ ကာလ၌ ဤသို့ ဖြစ်နေ၏” ဟု ပစ္စုပ္ပန်ကာလ ကို အကြောင်းပြု၍ မူလည်း စကားပြောဆိုရာ၏။

စကားနှီးနှောမိခြင်းဖြင့် ပုဂ္ဂိုလ်ကို “ဆွေးနွေးသင့်သူ၊ မဆွေးနွေးသင့်သူ” ဟု သိအပ်၏။

မဆွေးနွေးသင့်သော ပုဂ္ဂိုလ် ဟူသည် - ပြဿနာကို မေးအပ်သော် တိုက်ရိုက် ဖြေရမည့် ပြဿနာကို တိုက်ရိုက်မဖြေသူ၊ ဝေဖန်၍ ဖြေရမည့် ပြဿနာကို ဝေဖန်၍ မဖြေသူ၊ တဖန် ပြန်မေး၍ ဖြေရမည့် ပြဿနာကို တဖန် ပြန်မမေးဘဲ ဖြေဆိုသူ၊ မဖြေဘဲ ထားရမည့် ပြဿနာကို မဖြေဘဲ မထားသူတည်း။

ဆွေးနွေးသင့်သော ပုဂ္ဂိုလ် ဟူသည် - ပြဿနာမေးအပ်သော် တိုက်ရိုက် ဖြေရမည့် ပြဿနာကို တိုက်ရိုက်ဖြေသူ၊ ဝေဖန်၍ ဖြေရမည့် ပြဿနာကို ဝေဖန်၍ ဖြေသူ၊ တဖန် ပြန်မေး၍ ဖြေရမည့် ပြဿနာကို တဖန် ပြန်၍ ဖြေသူ၊ မဖြေဘဲ ထားရမည့် ပြဿနာကို မဖြေဘဲ ထားသူတည်း။

စာမျက်နှာ-453


မဆွေးနွေးသင့်သော ပုဂ္ဂိုလ် ဟူသည် - အကြောင်းဟုတ်သည် မဟုတ်သည်၌ မတည်သူ၊ ကြံဆအပ်သော အရာ၌ မတည်သူ၊ သိရမည့် ဝါဒ၌ မတည်သူ၊ ဖြေရမည့် ကျင့်ဝတ်၌ မတည်သူတည်း။ ဆွေးနွေးသင့်သူ ကား ဤ ၄-နေရာ၌ တည်သူတည်း။

မဆွေးနွေးသင့်သော ပုဂ္ဂိုလ် ဟူသည် - စကားတခုဖြင့် စကားတခုကို ဖုံးကွယ်သူ၊ အပြင်စကားကို ဆောင်၍ ပယ်သူ၊ စိတ်ဆိုး အမျက်ထွက်၍ မနှစ်သက်ခြင်းကိုလည်း ထင်စွာပြုသူတည်း။ ဆွေးနွေးသင့်သူ ကား အပြန်အားဖြင့် ဖြစ်သူတည်း။

မဆွေးနွေးသင့်သော ပုဂ္ဂိုလ် ဟူသည် - ပါဠိ ပါဌ်သား လွှတ်၍ လွှမ်းမိုးသူ၊ အကြောင်းပြ၍ ဖိနှိပ်သူ၊ မေးသူစိတ်၌ သံသယရှိလာအောင် ပြင်းစွာရယ်သူ၊ အနည်းငယ် ချွတ်ယွင်းသည်ကို အမှားဖမ်းသူတည်း။ ဆွေးနွေးသင့်သူ ကား အပြန်အားဖြင့် ဖြစ်သူတည်း။

စကားနှီးနှောမိခြင်းဖြင့် ပုဂ္ဂိုလ်ကို “မှီရာအကြောင်းရှိသူ၊ မရှိသူ” ဟု သိအပ်၏။ နားမထောင်သူသည် မှီရာအကြောင်း မရှိသူ ဖြစ်၍ နားထောင်သူသည် မှီရာအကြောင်း ရှိသူ ဖြစ်သည်။ ထိုသူသည် မှီရာအကြောင်းရှိသူ ဖြစ်လျှင် အရိယာမဂ်တရားတခုကို ထူးသော ဉာဏ်ဖြင့် သိ၏။

ဒုက္ခသစ္စာ တရားတခုကို ပိုင်းခြားသိ၏။ အကုသိုလ်တရား တခုကို ပယ်စွန့်၏။ နိဗ္ဗာန်တရားတခုကို မျက်မှောက်ပြု၏။ ထိုပုဂ္ဂိုလ်သည် အရိယာမဂ်ကို သိ၍ ဒုက္ခသစ္စာကို ပိုင်းခြားသိလျက် အကုသိုလ်ကို ပယ်စွန့်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်သို့ ရောက်သည်။

တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမှုကြောင့် စိတ်၏ ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်သည် ရှိ၏။ နှီးနှောမိခြင်းကြောင့် ဖြစ်သော စကားသည် ထိုအရဟတ္တဖိုလ်ဟူသော အကျိုးရှိ၏။ ပြောဆိုတိုင်ပင်ခြင်းသည် ထိုအကျိုးရှိ၏၊ နားထောင်ခြင်းဟူသော မှီရာအကြောင်းသည် ထိုအကျိုးရှိ၏၊ နားထောင်၍ မှတ်ခြင်းသည် ထိုအကျိုးရှိ၏ဟု မိန့်။

ထို့နောင် ဂါထာအားဖြင့်လည်း အရိယာပညာရှင်များ၏ သဘောထားနှင့် စကားပြောပုံများ၊ ပုထုဇဉ်ပညာမဲ့သူများ၏ သဘောထားနှင့် စကားပြောပုံများကို ဟောတော်မူသည်။

အတိတ်နှင့်စပ်၍ စကားပြောပုံ - အတိတ်က ကဿပဘုရားပွင့်ခဲ့၍ ကိကီမည်သော ကာသိကမင်းသည် အမြတ်ဆုံးအလုပ်အကျွေးဖြစ်ကာ နှစ် ၂-သောင်း သက်တော်ရှိသည် စသည်ဖြင့် ပြောခြင်းတည်း။ အနာဂတ်နှင့်စပ်၍လည်း နောင်မေတ္တယျဘုရား ပွင့်မည်၊ သင်္ခမင်းကား အလုပ်အကျွေး၊ နှစ် ၈-သောင်းရှည်မည် စသည်ဖြင့်ပြောခြင်းများတည်း။ ပစ္စုပ္ပန် ထင်ရှားသည်။

စာမျက်နှာ-454


တိုက်ရိုက်ဖြေရမည့်ပြဿနာ - “စက္ခုသည် အနိစ္စဟုတ်ရဲ့လား” ဟု မေးလျှင် “အင်း ဟုတ်သည်” ဟု ဖြေခြင်းမျိုးတည်း။ “အနိစ္စဟူသည် စက္ခုလော” ဟု မေးလျှင် “စက္ခုသာ မဟုတ်၊ သောတစသည်တို့လည်း အနိစ္စပင်” ဟု ဖြေခြင်းမျိုးကား ဝေဖန်၍ ဖြေရမည့် ပြဿနာကို ဝေဖန်၍ဖြေခြင်း မည်သည်။

တဖန်ပြန်မေး၍ ဖြေရမည့်ပြဿနာ - “စက္ခုလိုပင် သောတလည်း တူသလော” ဟု မေးလျှင် “ဘယ်သဘောအားဖြင့်မေးသနည်း” ဟု တဖန်ပြန်မေး၍ “မြင်မှုသဘောအားဖြင့်မေးလျှင် မဟုတ်ဟုဖြေ၊ အနိစ္စသဘောအားဖြင့် မေးသည်ဆိုလျှင် အင်း ဟုတ်သည်” ဟု ဖြေခြင်းမျိုးတည်း။

မဖြေဘဲထားရမည့်ပြဿနာ - “အသက်လိပ်ပြာသည် ကိုယ်လော” ဟု မေးလျှင် “ဤသဘောသွားမျိုးကို ဘုရားမဟော” ဟု ဆိုကာ မဖြေဘဲထားရမည်။ သဿတဝါဒရှင်သည် ဥစ္ဆေဒဝါဒရှင်ကို အကြောင်းပြ၍ နှိမ်အပ်သည်ရှိသော် “ဘယ်ဥစ္ဆေဒကို ငါဆိုလို့လဲ”၊ မိမိ၏ သဿတဝါဒရှင်ဖြစ်ပုံ၊ ဥစ္ဆေဒဝါဒရှင် မဟုတ်ပုံကို ပြောပြသည်၊ ဤကား အကြောင်းဟုတ်သည် မဟုတ်သည်၌ မတည်ခြင်း တည်း။ သဿတဝါဒီက ပြောင်းပုံ၊ ပုဂ္ဂလဝါဒီနှင့် သုညတဝါဒီတို့ ပြောင်းပုံအတူပင်။ အကြိမ်တရာနှိမ်ပေမယ့် ဝါဒမပြောင်းသူကား တည်သူမည်သည်။

ကြံဆအပ်သောအရာ၌ မတည်သူ - အမေးအဖြေများ၌ ရအပ်သည်၊ မောင်ဖြူက ပုစ္ဆာမေးမည်ဟု လည်ချောင်းရှင်းလိုက်သည်၊ မောင်နီက “ဤပုစ္ဆာသင်မေးမည်မဟုတ်လော” ဟု ဆိုလတ်သော် သိပြီးမှန်းရိပ်မိ၍ “သင်ပြောသော ပုစ္ဆာမဟုတ်၊ တခြား ပုစ္ဆာပါ” ဟု မောင်ဖြူပြောခြင်းမျိုးတည်း။ အမှန်ဝန်ခံသူကား တည်သူဖြစ်သည်။

သိရမည့်ဝါဒ၌ မတည်သူ - ပုစ္ဆာမေးသောမောင်ဖြူကို မောင်နီက “သင့်အမေးပုစ္ဆာကား ချစ်စရာ၊ ဘယ်အချိန်က ဘယ်သူ့ထံမှာ သင်လာခဲ့သနည်း” ဆိုလျှင် မေးရိုးမေးစဉ် မေးပါလျက် မောင်နီစကားဖြင့် မောင်ဖြူသံသယဖြစ်သည်၊ “မေးရိုးမေးစဉ် မဟုတ် မေးမိသလော” ဟု ယုံမှားသော မောင်ဖြူလိုသူမျိုးတည်း။ တည်သူကား ဝန်ခံ၍ ယုံမှားမဖြစ်ပေ။

ဖြေရမည့်ကျင့်ဝတ်၌ မတည်သူ - စေတီယင်ပြင်၊ ဆွမ်းခံလမ်း၊ ရွာတွင်းဆွမ်းခံချိန်၊ ဆွမ်းစားကျောင်းထိုင်နေချိန်၊ ယာဂုဆွမ်းယူ၍ ထိုင်နေချိန်၊ စားပြီး ထိုင်နေချိန်၊ နေ့နေရာကျောင်းသွားချိန်များ၌ ပုစ္ဆာမမေးသင့်။ မေးလျှင်လည်း ဖြေဖို့မလို။ နေ့နေရာကျောင်း၌ ထိုင်နေချိန်မှာသာ အခွင့်တောင်း၍ မေးမှုဖြေရမည်။ ခွင့်မတောင်းလျှင် မဖြေအပ်၊ ဤ၌ ဝတ္တရားမသိသူဖြစ်သည်။

စာမျက်နှာ-455


အပြင်စကားကိုဆောင်၍ပယ်သူ - “သင် ဤမည်ဤမည်သော အာပတ်သို့ ရောက်သလော”၊ “နဂါးကျွန်းရောက်ခဲ့ပါသည်ဘုရား”၊ “နဂါးကျွန်းရောက်ခြင်းဖြင့် အလိုမရှိကြ၊ အာပတ်သို့ ရောက်သလောဟုသာ ငါတို့မေးကြသည်”၊ “နဂါးကျွန်းသွား ငါးစားခဲ့ရပါသည်ဘုရား”၊ “ငါးစားခြင်းဖြင့် သင့်အမှုမရှိ၊ ကြားရသည့်အတိုင်း သင် အာပတ်သို့ရောက်သလော”၊ “မနူးမနပ်ငါးသည် တပည့်တော်အား မချမ်းသာခြင်းကို ပြုပါသည်ဘုရား” စသည်ဖြင့် မထေရ်ကြီးအမေးကို တမျိုးပြောသော ရဟန်းငယ်ကဲ့သို့တည်း။

၈-အညတိတ္ထိယသုတ်

လောဘ၊ ဒေါသ၊ မောဟ တရား ၃-မျိုးတို့၏ ထူးခြားမှု၊ ပယောဂ လွန်ကဲမှု၊ ကွဲပြားခြားနားမှုကား အဘယ်နည်းဟု သာသနာတော်မှတပါးသော အယူရှိသော ပရိဗိုဇ်များကမေးလျှင် ထိုပရိဗိုဇ်များအား သင်တို့ဘယ်သို့ဖြေမည်နည်းဟု မိန့်ရာ၊ သံဃာများက “တပည့်တော်တို့အတွက် တရားတော်များသည် မြတ်စွာဘုရားလျှင် အကြောင်းရင်း ရှိပါကုန်၏၊ ရှေ့ဆောင်ပုဂ္ဂိုလ် အဖြေကို သက်ဝင်ရာရှိပါကုန်၏” စသည်ဖြင့် လျှောက်ထားတောင်းပန်ရကား ဘုရားရှင်ဟောတော်မူသည်။

ရာဂ သည် အပြစ်နည်း၏၊ ဖြည်းဖြည်းကင်းပျောက်၏။
ဒေါသ သည် အပြစ်ကြီး၏၊ မြန်မြန်ကင်းပျောက်၏။
မောဟ သည် အပြစ်ကြီး၏၊ ဖြည်းဖြည်း ကင်းပျောက်၏ ဟု ဖြေရာ၏။

မဖြစ်သေးသော ရာဂ ဖြစ်ရန်၊ ဖြစ်ပြီးရာဂတိုးပွားရန် အကြောင်းအထောက်အပံ့ကိုမေးလျှင် တင့်တယ်သောအာရုံ သုဘနိမိတ် ဟု ဖြေရာ၏။ သုဘနိမိတ်ကို အကြောင်းမသင့် နှလုံးသွင်းသူအား အထက် ရာဂ ၂-မျိုး (အသစ်ဖြစ်၊ ဖြစ်ပြီးတိုး) ဖြစ်သည်။ ဒေါသ အကြောင်းကား ဒေါသဖြစ်ကြောင်း အာရုံ ပဋိဃနိမိတ် ဟု ဖြေရာ၏။ ပဋိဃနိမိတ်ကို အကြောင်းမသင့် နှလုံးသွင်းသူအား ဒေါသ ၂-မျိုးဖြစ်သည်။

မဖြစ်သေးသော မောဟ ဖြစ်ရန်၊ ဖြစ်ပြီးမောဟကို တိုးပွားရန် အကြောင်းကို မေးလျှင် အကြောင်းမသင့် နှလုံးသွင်းခြင်း အယောနိသော မနသိကာရ ဟု ဖြေရာ၏။ (အာရုံဟူသမျှကို) အကြောင်းမသင့် နှလုံးသွင်းသူအား မောဟ ၂-မျိုးဖြစ်သည်။

မဖြစ်သေးသော ရာဂ ဖြစ်ရန်၊ ဖြစ်ပြီးရာဂပျောက်ကင်းရန် အကြောင်းကို မေးလျှင် မတင့်တယ်သောအာရုံ အသုဘနိမိတ် ဟုဖြေ။ ယင်းနိမိတ်ကို အကြောင်းသင့် နှလုံးသွင်းသူအား ရာဂ ၂-မျိုးကင်းသည်။ ဒေါသ ကင်းရန် အကြောင်းကား စိတ်၏ ဗျာပါဒမှ လွတ်မြောက်ကြောင်း မေတ္တာ၊ ယင်းမေတ္တာကို အကြောင်းသင့် နှလုံးသွင်းသူအား ဒေါသ ၂-မျိုးကင်းသည်။ မောဟ ကင်းရန် အကြောင်းကား အကြောင်းသင့် နှလုံးသွင်းခြင်း ယောနိသောမနသိကာရ (အာရုံဟူသမျှကို) အကြောင်းသင့်နှလုံးသွင်းသူအား မောဟ ၂-မျိုးကင်းသည်၊ ဤသို့ဖြေပုံမိန့်ကြားသည်။

စာမျက်နှာ-456


“မြတ်စွာဘုရားလျှင် အကြောင်းရင်းရှိပါကုန်၏” - တပည့်တော်တို့အား ဤတရားများကို ရှေးက ကဿပဘုရားဖြစ်စေအပ်ခဲ့ပါပြီ။ ထိုဘုရား ပရိနိဗ္ဗာန်စံလတ်သော် သောဘုရား ၂-ဆူအကြား ကာလပတ်လုံး မည်သည့်ရဟန်းပုဏ္ဏားမျှ ဤတရားများကို ဖြစ်စေနိုင်စွမ်းမရှိကြပါ။ မြတ်စွာဘုရားကိုမှီ၍သာ ဤတရားများကို တပည့်တော်များ သိကြရပါတော့မည်ဟု ဆိုလိုသည်။

ရှေ့ဆောင်ပုဂ္ဂိုလ် - သဘောအားလျော်စွာ နာမည်သီးခြားစီကိုယူ၍ ဘုရားရှင် တရားများကို ပြတော်မူတတ်သည်။ ဘုံ ၄-ပါး၌ဖြစ်သော တရားများ၊ သဗ္ဗညုတဉာဏ်အား ထင်လာကုန်ရကား မြတ်စွာဘုရားလျှင် သက်ဝင်ရာရှိကြသည်။ တနည်း– ဗောဓိမဏ္ဍိုင်ဝယ် နေထိုင်တော်မူသော ဘုရားထံ ထိုးထွင်းသိသောအားဖြင့် ရောက်လာပြီး “တပည့်တော် ဘာနာမည်ပါလဲ” ဟု လျှောက်ရာ ထိတွေ့မှု သဘောအားဖြင့် ဖဿ မည်သည် စသည်ဖြင့် တရားအားလုံးတို့၏ အမည်သီးခြားစီကို သဘောအားလျော်စွာ အမည်မှည့်ပေးတော်မူသည်။

ရာဂသည် အပြစ်နည်း၏ - လောကပြစ်၊ သံသရာပြစ် ၂-ပါးလုံးတို့ဖြင့် အပြစ်နည်းသည်။ မိဘ၊ အစ်ကို၊ အစ်မ စသည်များက သား၊ ညီတို့ကို လက်ထပ်ပေးခြင်းသည် လောကပြစ်နည်း၍ မိမိ မယားဖြင့် တင်းတိမ်ခြင်း အကြောင်းမျိုးသည်လည်း အပါယ်မကျနိုင်ရကား သံသရာပြစ်နည်းသည်။

ရာဂ၏ ဖြေးဖြေးကင်းပျောက်ပုံ - ဆီချေးပေသော အဝတ်ကဲ့သို့ ၂-ဘဝ၊ ၃-ဘဝ ရောက်ပါလျက် အစွဲမပျောက်နိုင်။ မရီးနှင့် မတ် ဖောက်ပြန်နေရာ မရီးသည် မတ်ကို လင်ထက်ပိုချစ်သဖြင့် “နောက်တနေ့ အရှက်မကွဲအောင် လင်(အစ်ကို)ကို သတ်ဖို့” မတ်(ညီ)အား တိုက်တွန်းသည်။

ပထမအကြိမ် တိုက်တွန်းမှုကို ညီလက်မခံသော်လည်း ဒုတိယခိုင်းရာမှာ စဉ်းစားလာပြီး တတိယအခိုင်းမှာ “ဘယ်လိုအခွင့်သာမလဲ” ဟု မတ်က မေးရာ၊ မရီးက ရေဆိပ်တခုမှာ ပဲကုပ်ကိုင်စောင့်နေစေသည်။ တောတွင်းမှ အလုပ်လုပ်ပြီး ပြန်လာသော လင်ကို မယားသည် မြတ်နိုးယောင်ဆောင်၍ “ခေါင်းဖြီးရအောင် လာပါဦးမောင်” ဟု ခေါ်ပြီး ပြီးစဉ် “မောင့်ခေါင်း ညစ်ပတ်နေသေးသည်၊ ဤဆိပ်သွား ခေါင်းလျှော်ပြီးမှ လာပါ” ဟု လွှတ်လိုက်သည်။

အစ်ကိုသည် မယားခိုင်းသော ဆိပ်သွားပြီး ခေါင်းကို ရေ၌ နှစ်၍ အဆေး၊ ညီသည် သစ်ပင်ကွယ်မှ ထွက်လာပြီး ကျောရိုးခုတ်သတ်ကာ အိမ်ပြန်သွားသည်။ ဖောက်ပြန်သော မယား၌ အချစ်မပြယ်သော လင်သည် သေပြီး ထိုအိမ်၌ပင် မြွေဖြစ်သည်။

စာမျက်နှာ-457


မြွေသည် ထိုမိန်းမရပ်စဉ် ထိုင်စဉ် ကိုယ်ပေါ်သွားကျရာ “ဤမြွေကား သေသော လင်ကြီးဖြစ်သည်” ဟု သိ၍ သတ်လိုက်ပြန်သည်။ အချစ်မကုန်သေးသဖြင့် ထိုမြွေသည် သေပြီး ထိုအိမ်၌ပင် ခွေးဖြစ်ပြန်သည်၊ သူမနောက် ထိုခွေးသည် တကောက်ကောက်လိုက်ရာ တောသွားသော မိန်းမကို “ခွေးမုဆိုးထွက်ပြီ၊ ဘယ်နေရာသွားမှာလဲ” ဟု မြင်သူများ ပြောင်ကြသဖြင့် ရှက်ကာ ခွေးကို သတ်လိုက်ပြန်သည်။

ခွေးဘဝမှ သေ ထိုအိမ်မှာပင် နွားဖြစ်ပြန်သည်၊ အလားတူ သူမနောက် တကောက်ကောက်လိုက်ရာ “နွားကျောင်းသား ထွက်ပြီ၊ ဘယ်သွား နွားကျောင်းမှာလဲ” မြင်သူများက သူမကိုပြောင်ပြန်၍ ရှက်ကာ နွားကို သတ်ပြန်သည်။

နွားဘဝမှ သေ အချစ်မပြယ်သေး၍ ၄-ကြိမ်မြောက်၌ကား သူမဝမ်း၌ သန္ဓေယူဖွားသည်၊ ဘဝပြောင်း အောက်မေ့နိုင်သူဖြစ်ရကား ၄-ဘဝလုံး သူမ၏ အသတ်ခံရပုံကို မြင်၍ မိမိကိုယ်ကို သူမ(မိခင်)၏ လက်ဖြင့်သော်မျှ အထိမခံ၊ ထိလျှင် ငိုကြွေးသည်၊ အဖွားက ကျွေးမွေးရ၏။

ကြီးလာသော မြေးကို အဖွားက မိခင်အထိမခံသောအကြောင်းကို မေးရာ မြေးက ၄-ဘဝဖြစ်စဉ်ကို တင်ပြလိုက်သည်။ အဖွားသည် မြေးကို ဖက်ငိုပြီး “ဤနေရာမှာ ငါတို့မနေသင့်” ဟု ဆိုလျက် မြေးကိုခေါ်ကာ ကျောင်းတကျောင်းသွား ရှင်ရဟန်းပြုကြ၊ မြေးအဖွားနှစ်ဦးလုံး ရဟန္တာဖြစ်ကြသည်။

ဒေါသသည် အပြစ်ကြီး - လောက၊ သံသရာ ၂-မျိုးလုံး အပြစ်ကြီးသည်။ ဒေါသကြောင့် မိဘစသည် သတ်မိ၍ လောကပြစ်ကြီး၊ အဝီစိငရဲကျနိုင်၍ သံသရာပြစ်လည်း ကြီးသည်။ မိဘစသည် ပြစ်မှားမိသူများကို ကန်တော့၊ ၎င်းတို့က ကျေအေးသည်နှင့် တပြိုင်နက် ပြစ်မှုကင်းရကား မြန်မြန်ကင်းပျောက်သည်။

မောဟအပြစ်ကြီး ဖြေးဖြေးပျောက် - မောဟကြောင့် မိဘ၊ စေတီ၊ ဗောဓိ၊ ရဟန်းတော်များ ပြစ်မှား၊ ရောက်ရာတိုင်းမှာ ကဲ့ရဲ့ခံရ၊ လောကပြစ်ကြီး၍ အာနန္တရိယကံကြောင့် ကပ်လုံးငရဲခံရ၊ သံသရာပြစ်လည်း ကြီးသည်။ ဝံရေ (အောင်းရေ) ကား အကြိမ်တရာလျှော်သော်လည်း မဖြူနိုင်၊ ဖြေးဖြေးမှ ကင်းပျောက်သည်။

၉-အကုသလသုတ်

အကုသိုလ်၏ အကြောင်းရင်း ၃-မျိုးမှာ လောဘ၊ ဒေါသ၊ မောဟ တို့တည်း။ တပ်မက်မှု လောဘသည် အကုသိုလ်၏ အကြောင်းရင်းတည်း၊ တပ်မက်သူ၏ ကိုယ်နှုတ်စိတ်ဖြင့် အားထုတ်မှုသည် အကုသိုလ်တည်း။ တပ်မက်သူသည် လောဘနှိပ်စက်အပ်၊ သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ “ငါသည် အားရှိ၏၊ စွမ်းနိုင်၏” ဟု သတ်ဖြတ်ခြင်း၊ နှောင်-

စာမျက်နှာ-458


ဖွဲ့ခြင်း၊ ဆုံးရှုံးစေခြင်း၊ ကဲ့ရဲ့ခြင်း၊ နှင်ထုတ်ခြင်းများဖြင့် (ထင်ရှားမရှိသော ဝတ္ထုဖြင့် အပြစ်ဆိုကာ) သူတပါးအား ဆင်းရဲကို ဖြစ်စေခြင်းသည်လည်း အကုသိုလ်တည်း။ ဤသို့လျှင် လောဘကြောင့်ဖြစ်၊ လောဘလျှင် အကြောင်းရင်းရှိ၊ ဖြစ်ကြောင်းရှိ၊ အထောက်အပံ့ ရှိကုန်သော အကုသိုလ်တရားယုတ် များစွာတို့သည် ထိုသူအား ဖြစ်ကုန်သည်။

အမျက်ထွက်မှု ဒေါသ၊ တွေဝေမှု မောဟ တို့၌ အကုသိုလ်၏ အကြောင်းရင်းဖြစ်ပုံ လောဘနှင့် အတူပင်တည်း။

ဤသဘောရှိ ပုဂ္ဂိုလ်ကို အချိန်မဟုတ် ပြောဆိုတတ်သူ၊ အမှားစကား ပြောဆိုတတ်သူ၊ အကျိုးမဲ့ စကား ပြောဆိုတတ်သူ၊ တရားမဲ့ ပြောဆိုတတ်သူ၊ ဝိနည်းစည်းကမ်းမဲ့ ပြောဆိုတတ်သူဟု ခေါ်ဆိုအပ်သည်။ အဘယ်ကြောင့်နည်းဟူမူ-

ဤပုဂ္ဂိုလ်သည် “ငါသည် အားရှိ၏၊ စွမ်းနိုင်၏” ဟု သတ်ဖြတ်ခြင်း စသည်များဖြင့် သူတပါးအား ဆင်းရဲကို ဖြစ်စေတတ်၏။ အမှန်စကား ငြင်းပယ်၏၊ ဝန်မခံ၊ အမှားဖြင့် ဆိုအပ်သော် “ဤစကားသည် ဤအကြောင်းကြောင့် မမှန်-မဟုတ်” ဟု ထိုစကားကို ဖြေရှင်းရန် လုံ့လမပြုသောကြောင့်တည်း။

ဤသဘောရှိသူ ပုဂ္ဂိုလ်သည် လောဘကြောင့် ဖြစ်ကုန်သော အကုသိုလ်တရားယုတ်တို့ နှိပ်စက်အပ်၊ သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ယခုဘဝ၌ပင် ပင်ပန်းဆင်းရဲစွာနေရ၍ သေပြီးနောက်မှာလည်း လားရာဘဝဆိုးကို ပုံသေမျှော်လင့်အပ်သည်။ ဒေါသ၊ မောဟကြောင့် ပစ္စုပ္ပန်သံသရာ ဆင်းရဲရပုံ အတူဟောတော်မူပြီး၊ မာလောနွယ် ၃-ခု တို့ ဖျက်ဆီးရစ်ပတ် မြှေးယှက်အပ်သော အင်ကြင်းပင်၊ မျောက်ငိုပင်၊ ကြို့ပင်များသည် မကြီးပွားဘဲ ပျက်စီးရသကဲ့သို့ ပျက်စီးရသည်ဟု ဥပမာပြတော်မူသည်။

ကုသိုလ်၏ အကြောင်းရင်း ၃-မျိုးမှာ အလောဘ၊ အဒေါသ၊ အမောဟ တို့တည်း။ မတပ်မက်ခြင်း အလောဘသည် ကုသိုလ်၏ အကြောင်းရင်းတည်း၊ မတပ်မက်သူ၏ ကိုယ်နှုတ်စိတ်ဖြင့် အားထုတ်မှုသည် ကုသိုလ်တည်း။ မတပ်မက်သူသည် လောဘ မနှိပ်စက်အပ်၊ မသိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ “ငါသည် အားရှိ၏၊ စွမ်းနိုင်၏” ဟု သတ်ဖြတ်ခြင်း စသည်များဖြင့် (ထင်ရှားမရှိသော ဝတ္ထုဖြင့် အပြစ်ဆိုကာ) သူတပါးအား ဆင်းရဲကို မဖြစ်စေခြင်းသည်လည်း ကုသိုလ်တည်း။ ဤသို့လျှင် အလောဘကြောင့် ဖြစ်ကုန်သော ကုသိုလ်တရား များစွာတို့သည် ထိုသူအား ဖြစ်ကုန်၏။

အမျက်မထွက်ခြင်း အဒေါသ၊ မတွေဝေခြင်း အမောဟ တို့၏ ကုသိုလ်၏ အကြောင်းရင်းဖြစ်ပုံ အလောဘနှင့် အတူပင်တည်း။

စာမျက်နှာ-459


ဤသဘောရှိသူပုဂ္ဂိုလ်ကို အချိန်သင့်၌ ပြောဆိုတတ်သူ၊ အမှန်ကို ပြောဆိုတတ်သူ၊ အကျိုးရှိရှိပြောဆိုတတ်သူ၊ တရားကိုပြောဆိုတတ်သူ၊ ဝိနည်းကိုပြောဆိုတတ်သူဟု ခေါ်ဆိုအပ်သည်။ အဘယ်ကြောင့်နည်းဟူမူ-

ဤပုဂ္ဂိုလ်သည် “ငါသည် အားရှိ၏၊ စွမ်းနိုင်၏” ဟု သတ်ဖြတ်ခြင်း စသည်များဖြင့် သူတပါးအား ဆင်းရဲကိုမဖြစ်စေ၊ စကားမှန်ကို ဝန်ခံ မပယ်ရှား၊ အမှားဖြင့် ဆိုအပ်သော် “သူ့စကားသည် သူ့အကြောင်းကြောင့် မမှန်မဟုတ်” ဟု ထိုစကားကို ဖြေရှင်းရန် လုံ့လပြုသောကြောင့်တည်း။

ဤသဘောရှိပုဂ္ဂိုလ်သည် လောဘကြောင့်၊ ဒေါသကြောင့်၊ မောဟကြောင့် ဖြစ်ကုန်သော အကုသိုလ်တရားယုတ်များကို အကြွင်းမဲ့ပယ်ပြီးရကား ယခုဘဝ၌ပင် ချမ်းသာစွာနေရ၊ ယခုဘဝ၌ပင် ငြိမ်းအေး၏။

၃-ခုသော မာလောနွယ်တို့သည် အင်ကြင်းပင်၊ မျောက်ငိုပင်၊ ကြို့ပင်ကို ဖျက်ဆီးရစ်ပတ် မြှေးယှက်အပ်စဉ် လူတယောက်သည် ပေါက်တူးနှင့် ခြင်းတောင်းကို ယူလာပြီး ထိုမာလောနွယ်ကို အရင်းမှ ဖြတ်တောက်တူးဖြိုကာ အယုတ်သဖြင့် ပန်းရင်းရိုးမှ အမြစ်ငယ်များပါမကျန် နုတ်ပစ်သည်။ ထိုလူသည် ထိုမာလောနွယ်ကို နုပ်နုပ်စဉ်းဖြတ် ခွဲစိတ်ပြီး လေပူ၊ နေပူ၌ ခြောက်သွေ့စေ၊ မီးရှို့၊ ပြာချပြီး လေပြင်း၌မူလည်း လွှင့်၊ ရေစီးသန်သော မြစ်၌မူလည်း မျှောလိုက်သော် ထိုမာလောနွယ်သည် အကြွင်းမဲ့ပယ်ပြီး ဖြစ်သကဲ့သို့ လောဘစသောတရားများပယ်ပြီးဖြစ်သည်ဟု ဥပမာပြတော်မူသည်။

မာလောနွယ်တန်ခိုး - အပင်မှမျိုးစေ့များ အင်ကြင်းပင်ကြီးများ အောက်ရောက်၊ မိုးရေစို၍ အပင်ပေါက်လာ၊ ဆိုင်ရာသစ်ပင်ကို ကပ်နွယ်တက်ချိန်မှစ၍ သစ်ပင်စောင့်နတ်များပင် မနေနိုင်တော့ပေ။ အကိုင်းအခက်များအားလုံးကို ခြုံငုံရစ်ပတ် ထူထဲနေရကား မိုးရွာလေတိုက်လိုက်လျှင် ၎င်းသစ်ပင် လဲကျပျက်စီး အဆုတ်မျှသာ ကျန်တော့သည်။

ဥပမာနှီးနှောချက် - အင်ကြင်းပင်စသည်များနှင့် ဤသတ္တဝါ၊ မာလောနွယ် ၃-ပင်နှင့် အကုသလမူ ၃-ပါး၊ မာလောနွယ်ရစ်ပတ်ခြင်းနှင့် လောဘစသည်များ နှိပ်စက်ချိန်၊ အကိုင်းငယ်များ ပျက်စီးချိန်နှင့် ဒွါရရောက်လာသော ကိလေသာများကြောင့် အာပတ်ငယ်များသင့်၊ အကိုင်းကြီးများပျက်စီးခြင်းနှင့် အာပတ်ကြီးများ ရောက်ခြင်း၊ အမြစ်ရေစို၍ သစ်ပင်ကြီးလဲခြင်းနှင့် ပါရာဇိက ၄-ပါးရောက်၍ အပါယ်ကျခြင်း တူသည်။

သုက္ကပက္ခ (အကောင်းဘက်) ၌ကား - အင်ကြင်းပင် စသည်နှင့်တူသော ဤသတ္တဝါကို မာလောနွယ်ဟူသော အကုသိုလ်လောဘစသည်များ ကြီးပွားခွင့်မရအောင်လာသော...

စာမျက်နှာ-460


ယောက်ျားကား ယောဂီပုဂ္ဂိုလ်တည်း။ ပေါက်တူးနှင့်ပညာ၊ ခြင်းတောင်းနှင့်သဒ္ဓါ တူသည်။ ပေါက်တူးဖြင့် အမြစ်ဖြတ်သလို ဝိပဿနာပညာနှင့် လောဘစသည်ကို ဖြတ်သည်။ နုပ်နုပ်စဉ်းခြင်းနှင့် ခန္ဓာဆိုင်ရာအမှန်မြင်ခြင်း၊ မာလောနွယ် ဖောက်ခွဲခံရခြင်းနှင့် ကိလေသာများကို မဂ်ဉာဏ်ဖြင့်ဖောက်ခွဲခြင်း၊ ပြာဖြစ်ခြင်းနှင့် ရှိနေသေးသော ခန္ဓာငါးပါး လေနောက်ပါ၍ ပြာပျောက်သွားခြင်းနှင့် ဘဝသစ်မှာ ပဋိသန္ဓေမယူတော့ခြင်း တူသည်။

၁၀-ဥပေါသထသုတ်

ဥပုသ်နေ့တချိန် ဝိသာခါ၏ ပြာသာဒ်ကျောင်း၌ သီတင်းသုံးနေသော ဘုရားရှင်ထံ ဝိသာခါ ရောက်လာရှိခိုးသည်။ “နေမွန်းတည့်ချိန်ကြီး သင်ဘယ်က လာခဲ့သနည်း”။ “ယနေ့ဥပုသ်နေ့ပါ၊ တပည့်တော် ဥပုသ်ကျင့်သုံးပါသည်”။ ဘုရားရှင်အမေးကို ဝိသာခါ လျှောက်ရာ၊ ဘုရားရှင်သည် ဂေါပါလဥပုသ် (နွားကျောင်းသားဥပုသ်)၊ နိဂဏ္ဌဥပုသ် (တက္ကတွန်းဥပုသ်)၊ အရိယာဥပုသ် ဟူသော ဥပုသ် ၃-မျိုးကို အကျိုးနှင့်တကွ အကျယ် မိန့်ကြားတော်မူသည်။

နွားကျောင်းသားဥပုသ် (ဂေါပါလဥပုသ်) ဟူသည် - နွားကျောင်းသားသည် နွားရှင်များထံ ညနေချမ်းနွားများအပ်ပြီး “ယနေ့နွားများ ဤအရပ်မှာ ကျက်စားခဲ့ကြ၊ ဤအရပ်မှာ ရေသောက်ခဲ့ကြရသည်။ နက်ဖြန် ဤအရပ်မှာ ကျက်စား၍ ဤအရပ်မှာ ရေသောက်ကြရမည်” ဟု ဆင်ခြင်သကဲ့သို့၊ ဥပုသ်သည်အချို့သည်လည်း “ယနေ့ ငါ ဤခဲဖွယ်ကိုခဲ၍ ဤစားဖွယ်ကို စားခဲ့သည်။ နက်ဖြန် ဤခဲဖွယ်ကိုခဲ၍ ဤစားဖွယ်ကိုစားရမည်” ဟု ဆင်ခြင်သည်။ မက်မောခြင်းအဘိဇ္ဈာနှင့်တကွ ဖြစ်သောစိတ်ဖြင့် နေ့ကိုကုန်လွန်စေသော ထိုသူ၏ နွားကျောင်းသားဥပုသ်ကား ကြီးမြတ်သော အကျိုးအာနိသင်၊ အရောင်အလင်း ပျံ့နှံ့ခြင်းမရှိ။

တက္ကတွန်းဥပုသ် (နိဂဏ္ဌဥပုသ်) ဟူသည် - တက္ကတွန်းရဟန်းများက တပည့်ကို “သင်သည် အရှေ့အရပ် ယူဇနာ ၁၀၀ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကိုချထားလော (အနောက်-မြောက်-တောင် အတူ)” ဟု ဆောက်တည်စေကုန်၏။ ဤသို့လျှင် သတ္တဝါအချို့ကို သနားစောင့်ရှောက်ဖို့၊ တချို့ကို မသနားမစောင့်ရှောက်ဖို့ ဆောက်တည်စေကုန်သည်။ ထိုသူများက ဥပုသ်နေ့၌ တပည့်ကို “အဝတ်အားလုံး သင်ချွတ်ချပြီး ဘယ်နေရာ ဘယ်အချိန် ဘယ်သူ့အတွက်မှ ငါကြောင့်ကြမှုမဖြစ်၊ ငါ၏အတွင်းအပြင်မှာ ဘာပရိက္ခရာ၌သော်မျှလည်း ငါကြောင့်ကြမှုမရှိ” ဟု ဆိုရမည်ဟု ဆောက်တည်စေကုန်သည်။

ဤသို့ပင် ဆောက်တည်စေသော်လည်း ထိုသူ၏ မိဘများက “ဤသူကား ငါတို့သား” ဟု သိကြသည်။ ထိုသူကလည်း “ဤသူတို့ကား ငါ့မိဘများ” ဟု သိသည်။ ထိုသူ၏...

စာမျက်နှာ-461


သားမယား အလုပ်သမားများကလည်း အလားတူ အမှန်သိ၊ ထိုသူကလည်း အမှန်သိသည်၊ ဤသို့လျှင် အမှန်တရားကို ဆောက်တည်စေရာ အခါ၌ပင် အမှားဆိုခြင်းကို ဆောက်တည်စေသည် မည်ကုန်၏။ ထိုသူ၏ ဤသို့ဆောက်တည်ခြင်းကို အမှားဆိုခြင်းဟု ငါဆို၏။ ထိုညဉ့်လွန်သဖြင့် စည်းစိမ်များကို မပေးဘဲသာ ထိုသူသုံးဆောင်၏။ ထိုသူ၏ ဤသို့ သုံးဆောင်ခြင်းကို မပေးဘဲ ယူခြင်းဟု ငါဆို၏။ ဤသို့ ကျင့်သုံးအပ်သော တက္ကတွန်းဥပုသ်ကား ကြီးမြတ်သောအကျိုးအာနိသင် အရောင်အလင်း ပျံ့နှံ့ခြင်းမရှိ၊ (ဤ၌စကားကျန်သည်၊ အဓိပ္ပာယ်ကား ကောင်းကျိုးလုံးဝမရှိဟုသိ)။

အရိယာဥပုသ် ဟူသည် -

ဗြဟ္မဥပုသ် - အရိယာတပည့်သည် ညစ်ညူးသောစိတ်ကို အရဟံစသော ဘုရားဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်းဟူသော လုံ့လပြုသဖြင့် ဖြူစင်စေခြင်းတည်း၊ အောက်မေ့သူ၏စိတ်သည် ကြည်လင်ဝမ်းမြောက်ခြင်းဖြစ်သည်။ စိတ်ညစ်ကြောင်း ကိလေသာများကင်းကုန်သည်၊ ညစ်နွမ်းသောဦးခေါင်းကို သျှိသျှားမှုန့်၊ မြေညက်၊ ရေ ထိုအားလျော်သော လုံ့လကို အစွဲပြုခြင်းဟူသော လုံ့လပြုသဖြင့် ဖြူစင်စေသကဲ့သို့တည်း။ ဤအရိယာတပည့်ကို ဗြဟ္မဥပုသ်ကျင့်သုံးသူ၊ ဘုရားနှင့်အတူ နေရသူ၊ ဘုရားကိုအာရုံပြု၍ စိတ်ကြည်လင်ဝမ်းမြောက်သူ၊ စိတ်ညစ်ကြောင်းကိလေသာ ပျောက်သူဟု ဆိုအပ်သည်။ (၃-က)

ဓမ္မဥပုသ် - အရိယာတပည့်သည် ညစ်ညူးသောစိတ်ကို သွာက္ခာတတာ စသောတရားဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်းဟူသော လုံ့လပြုသဖြင့် ဖြူစင်စေခြင်းတည်း၊ အောက်မေ့သူ၏စိတ်သည် ကြည်လင်ဝမ်းမြောက်ခြင်း ဖြစ်သည်။ စိတ်ညစ်ကြောင်း ကိလေသာများကင်းကုန်သည်၊ ညစ်ညူးသောကိုယ်ကို ကျောက်မှုန့်နှင့် ချိပ်စပ်ပြုအပ်သော ကြေးနှုန်းဝတ္ထု၊ ရေချိုးကသယ်မှုန့်၊ ရေ ထိုအားလျော်သော လုံ့လကို အစွဲပြုခြင်းဟူသော လုံ့လပြုသဖြင့် စင်စေသကဲ့သို့တည်း။ ဤအရိယာတပည့်ကို ဓမ္မဥပုသ်ကျင့်သုံးသူ၊ တရားတော်နှင့်အတူနေသူ၊ တရားအာရုံပြု၍ စိတ်ကြည်လင် ဝမ်းမြောက်သူ၊ စိတ်ညစ်ကြောင်း ကိလေသာကင်းသူဟု ဆိုအပ်သည်။ (၃-ခ)

သံဃဥပုသ် - သုပ္ပဋိပ္ပန္နတာ စသော သံဃဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၊ ညစ်နွမ်းသောအဝတ်ကို မီးဖြင့်ပေါင်းအပ်သော အငွေ့ဆပ်ပြာ၊ နွားချေး၊ ရေ ထိုအားလျော်သော လုံ့လကိုအစွဲပြုခြင်း။ ဤအရိယာတပည့်ကို သံဃဥပုသ်ကျင့်သုံးသူ၊ သံဃာတော်နှင့်အတူနေသူ၊ သံဃာကိုအာရုံပြု၍ စိတ်ကြည်လင် ဝမ်းမြောက်သူဟုဆိုအပ်သည်။ (ဗုဒ္ဓဓမ္မကဲ့သို့ နောက်လည်းအတူပင်) (၃-ဂ)

သီလဥပုသ် - မကျိုးမပေါက် မပြောက်မကျားမှုကြောင့် တဏှာကျွန်မှလွတ်ကာ ပညာရှိများ ချီးမွမ်းအပ်၊ အမှားမသုံးသပ်အပ်၊ သမာဓိဖြစ်စေတတ်သော မိမိသီလများကို...

စာမျက်နှာ-462


အဖန်တလဲလဲအောက်မေ့ခြင်း၊ ညစ်နွမ်းသောကြေးမုံကို ဆီ၊ ပြာ၊ သားမြီး၊ သင်ပန်းလျှော်ခွေ၊ ထိုအားလျော်သောလုံ့လကို အစွဲပြုခြင်း။ ဤအရိယာတပည့်ကို သီလဥပုသ်ကျင့်သုံးသူ၊ သီလနှင့်အတူနေသူ၊ သီလကိုအာရုံပြု၍ စိတ်ကြည်လင်ဝမ်းမြောက်သူ ဆိုအပ်သည် (၃-ဃ)

ဒေဝတာဥပုသ် - စာတုမဟာရာဇ်၊ တာဝတိံသာစသော နတ်နှင့်ဗြဟ္မာများသည် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာနှင့် ပြည့်စုံကြခြင်းကြောင့် ဤလူ့ဘုံမှစုတေ၍ နတ်ဗြဟ္မာများ ဖြစ်ကြသည်၊ ငါ့အားလည်း ထိုသဒ္ဓါစသော တရားများ ရှိကြကုန်၏ဟု နတ်များကို သက်သေထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်များကို အဖန်တလဲလဲ အောက်မေ့ခြင်း၊ ညစ်နွမ်းသော ရွှေငွေကို မိုက်လုံဝ၊ ဆားငန်မြေ၊ နီမှုန့်၊ မီးပျောင်းနှင့် ညှပ် ထိုအားလျော်သော လုံ့လကို အစွဲပြုခြင်း။ ဤအရိယာတပည့်ကို ဒေဝတာဥပုသ်ကျင့်သုံးသူ၊ နတ်များနှင့် အတူနေသူ၊ နတ်များကိုသက်သေထား၍ မိမိ၏သဒ္ဓါစသော ဂုဏ်ကို အာရုံပြု၍ စိတ်ကြည်လင်ဝမ်းမြောက်သူ... ဆိုအပ်သည်။ (၃-င)

ထိုအရိယာတပည့်သည် ဤသို့ဆင်ခြင်၏ - ရဟန္တာများသည် အသက်ရှည်သမျှ သူ့အသက်မသတ်၊ ငါလည်း ယနေ့တနေ့နှင့်တည မသတ်ဘဲ နေပါအံ့၊ ဤအကြောင်းဖြင့်လည်း ရဟန္တာများကို အတုလိုက်အံ့၊ ငါ့အား ဥပုသ်စောင့်သုံးခြင်းလည်း ဖြစ်မည်။

ရဟန္တာများသည် အသက်ရှည်သမျှ သူ့ဥစ္စာမခိုး၊ ငါလည်း...

ရဟန္တာများသည် အသက်ရှည်သမျှ ယုတ်မာသော မေထုန်မှုမပြု၊ ငါလည်း...

မုသားမပြော၊ ငါလည်း...

ရဟန္တာများသည် အသက်ရှည်သမျှ ယစ်မူးခြင်း အကြောင်းဖြစ်သော သေအရက်မသောက်၊ ငါလည်း...

ရဟန္တာများသည် အသက်ရှည်သမျှ တထပ်သာစား၍ ညစာမစား၊ ငါလည်း...

ရဟန္တာများသည် အသက်ရှည်သမျှ ကသီဆို တီးမှုတ်ခြင်း၊ သူတော်ကောင်းတရား၏ ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း၊ ပန်းပန်၊ နံ့သာမှုန့်ခြယ်၊ နံ့သာပျောင်းလိမ်းခြင်း မပြု၊ ငါလည်း...

ရဟန္တာများသည် အသက်ရှည်သမျှ မြင့်မြတ်သောနေရာ၌ မနေ၊ ငါလည်း...

ဤကား အရိယာဥပုသ် ဖြစ်သည်၊ ဤဥပုသ်ကား ကြီးမြတ်သော အကျိုးအာနိသင် အရောင်အလင်းပျံ့နှံ့ခြင်း ရှိသည်၊ အဘယ်မျှလောက်အကျိုးစသည်ရှိသနည်းဟူမူ - ရတနာများစွာရှိသော အင်္ဂ၊ မဂဓ၊ ကာသိ၊ ကောသလ၊ ဝဇ္ဇီ၊ မလ္လာ၊ စေတိယ၊ ဝံသ၊ ကုရု၊ ပဉ္စာလ၊ မစ္ဆ၊ သူရသေန၊ အဿက၊ အဝန္တိ၊ ဂန္ဓာရ၊ ကမ္ဘောဇ ဟူသော တိုင်းကြီး ၁၆-

စာမျက်နှာ-463


တိုင်းတို့၌ အုပ်ချုပ် မင်းလုပ်ရခြင်းသည် အင်္ဂါ ၈-ပါးရှိသော ဥပုသ်၏ ၁၆-စိတ်စိတ် တစိတ်လောက်မျှ မမီနိုင်၊ ထိုသို့ဖြစ်ရကြောင်းကား လူမင်းစည်းစိမ်သည် နတ်ချမ်းသာကို ထောက်လျှင် အနည်းငယ်မျှသာ ဖြစ်သောကြောင့်တည်း။

လူတို့အနှစ် ၅၀-သည် စာတုမဟာရာဇ်နတ်တို့၏ တနေ့တညဉ့်သာဖြစ်၏။ ထိုညဉ့်ဖြင့် ညဉ့် ၃၀-သည် တလ၊ ထိုလဖြင့် ၁၂-လသည် တနှစ်ဖြစ်၏။ ထိုနှစ်ဖြင့် နတ်တို့၏အနှစ် ၅၀၀-သည် စာတုမဟာရာဇ်နတ်သက်ဖြစ်၏။ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သူသည် အဋ္ဌင်္ဂဥပုသ်ကို စောင့်သုံးပြီး သေလျှင် စာတုမဟာရာဇ် နတ်တို့၏ အသင်းဝင်အဖြစ် ရောက်နိုင်သော အကြောင်းရှိသည်။ ဤအကြောင်းကိုရည်၍ လူမင်းစည်းစိမ်သည် နတ်ချမ်းသာကိုထောက်လျှင် အနည်းငယ်မျှသာဖြစ်သည်ဟူသော ဤစကားကို ဆိုခဲ့၏။

လူတို့အနှစ် တရာ - တာဝတိံသာတရက်၊ တာဝတိံသာ နတ်သက်တထောင်။

လူတို့အနှစ် ၂-ရာ - ယာမာတရက်၊ ယာမာနတ်သက် ၂-ထောင်။

လူတို့အနှစ် ၄-ရာ - တုသိတာတရက်၊ တုသိတာနတ်သက် ၄-ထောင်။

လူတို့အနှစ် ၈-ရာ - နိမ္မာနရတိတရက်၊ နိမ္မာနရတိ နတ်သက် ၈-ထောင်။

လူတို့အနှစ် တထောင့် ၆-ရာ - ပရနိမ္မိတဝသဝတ္တီတရက်၊ ပရနိမ္မိတဝသဝတ္တီ နတ်သက်တသောင်း ၆-ထောင်။

(စာတုမဟာရာဇ်ကဲ့သို့ နတ်စည်းစိမ်အားလုံး ပြည့်စုံစွာမှတ်)။ ဂါထာအားဖြင့်လည်း ဥပုသ်အကျိုးကို ဝိသာခါအား ဘုရားဟောတော်မူသည်။

ဥပုသ်အမည်အဓိပ္ပာယ် - နွားကျောင်းသားများနှင့် အတူနှိုင်းယှဉ်အပ်သော ဥပုသ်၊ တက္ကတွန်းများစောင့်သုံးသောဥပုသ်၊ အရိယာများ စောင့်သုံးသော ဥပုသ်ဟု ပြည့်စုံစွာမှတ်၊ အမှတ် ၁-ဥပုသ်သည် အရိယာဥပုသ်သာ ဖြစ်သော်လည်း ကြံစည်မှု မစင်ကြယ်၍ နွားကျောင်းသားဥပုသ်အစု၌ တည်သည်။

ဗြဟ္မာ့ဥပုသ် - ဗြဟ္မအရ ဘုရားရှင်တည်း၊ ဘုရားဂုဏ်အောက်မေ့သော ဥပုသ်ဟုမှတ်။ သီလ အရ လူများအတွက် လူ့သီလ၊ ရဟန်းများအတွက် ရဟန်းသီလတည်း။ လူ့သီလကို ငါးပါးသီလ၊ ၁၀-ပါးသီလဟု ဆိုသဖြင့် လူများ ၁၀-ပါးသီလ စောင့်နိုင်ပုံသိ။

ဥပုသ်စောင့်သုံးခြင်း - နက်ဖြန် ဥပုသ်နေ့အတွက်ဟုကြံပြီး ယနေ့ပင် စားသောက်ဖွယ်များကိုကား စီစဉ်နိုင်ပါသည်၊ ဥပုသ်နေ့၌ နံနက်စောစောထပြီး ရဟန်းယောက်ျား၊ မိန်းမ၊ ၁၀-ပါးသီလ လက္ခဏာကိုသိသော ဥပါသကာ ဥပါသကီတို့ထံမှာ နှုတ်မြွက်၍ ဥပုသ်...

စာမျက်နှာ-464


ယူရမည်၊ ပါဠိမသိလျှင် “ဘုရားပညတ်သော ဥပုသ်ကို ဆောက်တည်ပါ၏” ဟု ဆောက်တည်ရမည်၊ မည်သူကိုမျှ မရလျှင် မိမိဘာသာလည်း ဆောက်တည်နိုင်သည်။ နှုတ်ဖြင့်ကား ဆိုရမည်သာ၊ သူတပါးချုပ်ချယ်မည့် အမှုမျိုး မစီမံရ၊ အမြတ်အစွန်း ရေတွက်ခြင်းဖြင့်လည်း အချိန်မကုန်စေရ၊ အိမ်၌ ဆွမ်းခံကိုယ်တော်လို ဣန္ဒြေရရ စားပြီး ကျောင်းသွား တရားနာ၊ ကမ္မဋ္ဌာန်းသော်လည်း နှလုံးသွင်းနေရမည်။

(၈) ၃-အာနန္ဒဝဂ်

၁-ဆန္ဒသုတ်

ဘုရားရှင် သာဝတ္ထိဇေတဝန်၌ သီတင်းသုံးစဉ် ဆန္ဒပရိဗိုဇ်သည် အရှင်အာနန္ဒာထံ လာပြီး “သင်တို့လည်း ရာဂ၊ ဒေါသ၊ မောဟပယ်ခြင်းကို ပညတ်ကြသလော” ဟု မေးရာ အရှင်အာနန္ဒာက “ငါတို့သည်သာ ရာဂ၊ ဒေါသ၊ မောဟပယ်ခြင်းကို ပညတ်ကြသည်” မိန့်လိုက်သည်။

“ရာဂ စသည်၌ ဘယ်အပြစ်မြင်၍ ရာဂ စသည်ပယ်ခြင်းကို သင်တို့ ပညတ်ကြသနည်း” ဟု ပရိဗိုဇ်က မေးရာ အရှင်အာနန္ဒာက “တပ်မက်သူသည် ရာဂနှိပ်စက်အပ် သိမ်းကျုံးယူအပ်သော စိတ်ရှိရကား မိမိ၊ သူတပါး ၂-ဦးသား ဆင်းရဲရန် လှုံ့ဆော်မိသည်၊ ဒုက္ခ ဒေါမနဿကိုလည်း ခံစားရသည်၊ ကိုယ်နှုတ်စိတ် ပြစ်မှုများကို ပြုကျင့်တတ်သည်၊ သူကျိုး ကိုယ်ကျိုး ၂-မျိုးလုံးကိုလည်း အမှန်အတိုင်း မသိ၊ ရာဂပယ်မှ အပြန်ဖြစ်သော ကောင်းကျိုးချမ်းသာများ ရရှိသည်။ ရာဂသည် ကန်းအောင် ပညာမျက်စိ မရှိအောင် ပြုတတ်၏။ ပညာဉာဏ်ကို မပြုတတ်၊ ကမ္မဿကပညာ၊ ဈာနပညာ၊ ဝိပဿနာပညာကို ချုပ်ကွယ်စေတတ်သည်၊ ပင်ပန်းခြင်းအဖို့ရှိ၍ ငြိမ်းအေးမှုကို မဖြစ်စေတတ်၊ ဒေါသ၊ မောဟအပြစ်များ နည်းတူပင်တည်း။ ရာဂ စသည်၌ ဤအပြစ်များမြင်၍ ပယ်ခြင်းကို ငါတို့ ပညတ်ကြသည်” ဟု မိန့်လိုက်သည်။

ရာဂ စသည်ကို ပယ်ရန် လမ်းစဉ်အကျင့်ကို မေးရာ အရှင်အာနန္ဒာက အသိမှန် သမ္မာဒိဋ္ဌိ၊ အကြံမှန် သမ္မာသင်္ကပ္ပ စသော အင်္ဂါ ၈-ပါးရှိ အရိယာမဂ်တရားဟု ဖြေလိုက်သည်။ ပရိဗိုဇ်က “လမ်းစဉ်အကျင့်သည် ကောင်းပါပေ၏။ မမေ့မလျော့ရန် သင့်လှပါပေ၏” ဟု လျှောက်သည်။

၂-အာဇီဝကသုတ်

ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ အရှင်အာနန္ဒာ နေထိုင်စဉ် အာဇီဝက၏ တပည့် သူကြွယ်တယောက်သည် အရှင်အာနန္ဒာထံ လာပြီး “ဘယ်သူများ တရားသည် ကောင်းစွာဟောကြားအပ်သော တရားဖြစ်ပါသနည်း၊ ဘယ်သူများသည် လောက၌ ကောင်းစွာ ကျင့်ကြပါသနည်း၊ ဘယ်သူများသည် လောက၌ ပြုပြီးဖြစ်ကြပါသနည်း” ဟု မေးရာ “သိလို၍ လာသည်မဟုတ်၊ စုံစမ်းလို၍ လာကြောင်း” အရှင်အာနန္ဒာ...

စာမျက်နှာ-465


သိသဖြင့် “သင့်ကို ပြန်မေးမည်၊ ကြိုက်သလိုဖြေ၊ ဤအရာကို သင်ဘယ်သို့ ထင်သနည်း၊ ရာဂ၊ ဒေါသ၊ မောဟပယ်ရန် ဟောသူများ တရားသည် ကောင်းစွာ ဟောကြားအပ်သော တရားဖြစ် မဖြစ် သင့်စိတ် ဘယ်သို့ရှိသနည်း” ပြန်မေးလိုက်သည်။

“ရာဂ စသည် ပယ်ရန် ဟောသူများတရားသည် ကောင်းစွာ ဟောကြားအပ်သော တရားဖြစ်ပါ၏၊ တပည့်တော်စိတ် ဤအတိုင်းရှိပါသည်” ဟု လျှောက်သည်။

“ရာဂစသည် ပယ်ရန် ကျင့်သူများသည် လောက၌ ကောင်းစွာကျင့်သူများ ဖြစ် မဖြစ်၊” “ဖြစ်ပါသည်ဘုရား”၊ “ရာဂ စသည်ကို အကြွင်းမဲ့ ပယ်ပြီးသူများသည် လောက၌ ကောင်းစွာ ပြုပြီးသူများ ဖြစ် မဖြစ်” “ဖြစ်ပါသည်ဘုရား”။

အရှင်အာနန္ဒာက သူကြွယ်အား ဤစကားများအရ သင်သည်ပင် ထိုအမေးကို ဖြေဆိုပြီး ဖြစ်သည်မိန့်ရာ သူကြွယ်က “အရှင်အာနန္ဒာ၊ အံ့ဖွယ်လွန်ကဲ ထူးကဲပါပေစွ၊ မိမိအယူဝါဒကို ချီးမြှောက်ပင့်တင်ခြင်း၊ သူတပါးအယူဝါဒကို ရှုတ်ချခြင်း အလျင်းမရှိပါ၊ အကြောင်းသင့်ရာ၌သာ တရားဟောပြောခြင်း ဖြစ်ပါပေ၏၊ အကျွန်ုပ်အမေး၏ အနက်အဓိပ္ပာယ်ကိုလည်း ဖြေဆိုပြီး ဖြစ်ပါ၏၊ မိမိကိုယ်ကိုလည်း မချီးမြှောက်၊ ရာဂစသည် ပယ်ရန် ဟောကြားသော အရှင်ဘုရားများ တရားသည် ကောင်းစွာ ဟောအပ်သော တရားပါတည်း၊ ရာဂစသည် ပယ်ရန်ကျင့်သော အရှင်ဘုရားများသည် လောက၌ ကောင်းစွာ ကျင့်သူများပါတည်း၊ ရာဂစသည်ကို အကြွင်းမဲ့ ပယ်ပြီးသော အရှင်ဘုရားများသည် လောက၌ ကောင်းစွာ ပြုပြီးသူများပါတည်း” စသည်ဖြင့် လျှောက်ထား သရဏဂုံတည်သွားသည်။

၃-မဟာနာမသက္ကသုတ်

ဘုရားရှင် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးစဉ် မကျန်းမမာရာမှ ထမြောက်တော်မူကာစ ဘုရားရှင်ထံ သာကီဝင်မင်း မဟာနာမ် ရောက်လာပြီး “တည်ကြည်သူအားသာ ဉာဏ်ဖြစ်၏ဟု ဟောသော ဘုရားတရားကို တပည့်တော်သိရသည်မှာ ကြာလှပါပြီ၊ သမာဓိနှင့် ဉာဏ် မည်သူက ရှေးဦးစွာဖြစ်၍ မည်သူက နောက်မှဖြစ်ပါသနည်း” ဟု လျှောက်သည်။ “နာလံထစ ဘုရားရှင်အား မဟာနာမ်သည် နက်နဲသောပြဿနာကို မေးနေသည်။ မဟာနာမ်ကို တနေရာခေါ်ပြီး ငါတရားဟောရလျှင် ကောင်းပေမည်” ဟု အရှင်အာနန္ဒာကြံပြီး မဟာနာမ်၏လက်ကို ဆွဲလျက် (လက်ယာလက်မောင်းကို လက်မဖြင့် တို့ခေါ်လျက်) တနေရာသွားကာ ဤစကားဆိုသည်။ မဟာနာမ်၊ ကျင့်ဆဲသေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလ၊ သမာဓိ၊ ပညာကိုလည်းကောင်း၊ ကျင့်ပြီး အသေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလ၊ သမာဓိ၊ ပညာကိုလည်းကောင်း ဘုရားရှင်ဟောတော်မူ၏။

စာမျက်နှာ-466


သေက္ခပုဂ္ဂိုလ်တို့၏ဥစ္စာ - သီလ ဟူသည် ပါတိမောက္ခသံဝရသီလ စသော သီလများတည်း။ သမာဓိ ဟူသည် ပထမဈာန်စသော ဈာန် ၄-ပါးတည်း။ ပညာ ဟူသည် ဒုက္ခစသော သစ္စာ ၄-ပါးကို အမှန်သိခြင်းတည်း။

ဤသို့ သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော အရိယာတပည့်သည် အာသဝေါတရားများကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို ယခုဘဝမှာပင် ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်လျက်နေသည်ဟု မိန့်သည်။

ရှေ့နောက်မှတ်ရန် - အရဟတ္တဖိုလ်ဖြင့် အသေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာ သီလ၊ သမာဓိ၊ ပညာကိုဟောသည်၊ သေက္ခသမာဓိနောင်မှ သေက္ခဝိပဿနာဉာဏ်၊ အသေက္ခဖိုလ်ဉာဏ်ဖြစ်သည်။ သေက္ခဝိပဿနာဉာဏ်နောင်မှ အသေက္ခဖိုလ်သမာဓိဖြစ်သည်။ သမ္ပယုတ်ဖြစ်ကြသော သမာဓိနှင့် ဉာဏ်တို့အား တချိန်တည်းသာ။

၄-နိဂဏ္ဌသုတ်

အရှင်အာနန္ဒာ ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်း၌နေစဉ် အဘယနှင့် ပဏ္ဍိတကုမာရက လိစ္ဆဝီမင်း ၂-ဦး အရှင်အာနန္ဒာထံ လာကြပြီး အဘယလိစ္ဆဝီမင်းက “အရှင်ဘုရား၊ နာဋပုတ္တ တက္ကတွန်းသည် တရားအားလုံးကို သိမြင်၏၊ သွားစဉ်၊ ရပ်စဉ်၊ အိပ်စဉ်၊ နိုးနေစဉ်၊ အခါခပ်သိမ်း ငါ့ဉာဏ်အမြင် ရှေးရှုထင်နေ၏ဟု အကြွင်းမရှိသော ဉာဏ်အမြင်ကို ဝန်ခံ၏။ ထိုတက္ကတွန်းသည် ခြိုးခြံသောအကျင့်ဖြင့် ကံဟောင်းများ ပျက်စီးခြင်းကိုလည်းကောင်း၊ မပြုလုပ်ခြင်းဖြင့် ကံသစ်များ၏ အကြောင်းကို သတ်ခြင်းကိုလည်းကောင်း ပညတ်၏။ ဤသို့ ကံကုန်၍ ဆင်းရဲကုန်၊ ဆင်းရဲကုန်၍ ခံစားမှုကုန်၊ ခံစားမှုကုန်၍ ဆင်းရဲအားလုံး ဆွေးမြေ့ကုန်ဆုံးရမည်၊ ဤသို့ကိုယ်တိုင်ရှုအပ်သော ကိလေသာများကို ဆွေးမြေ့ကုန်ဆုံး စေတတ်သော ထိုစင်ကြယ်သောအကျင့်ဖြင့် ဝဋ်ဆင်းရဲကို လွန်မြောက်၏ဟု ဟောပါသည်။ ဤအရာ၌ ဘုရားရှင် ဘယ်သို့ဟောတော်မူပါသနည်း” ဟု လျှောက်သည်။

အရှင်အာနန္ဒာက “အဘယ် သတ္တဝါများ စင်ကြယ်ရန်၊ ပူဆွေး ငိုကြွေးခြင်းများ လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းများ ချုပ်ပျောက်ရန်၊ အရိယာမဂ်ရ၍ နိဗ္ဗာန်မျက်မှောက်ပြုရန် ဘုရားရှင် ကောင်းစွာ ဟောကြားအပ်သည်၊ ကိလေသာများ ဆွေးမြေ့ကုန်ဆုံးစေတတ်သော စင်ကြယ်သောအကျင့် ၃-မျိုးရှိသည်၊ ၃-မျိုးမှာ သီလနှင့်ပြည့်စုံအောင် အားထုတ်ခြင်း၊ ဈာန် ၄-ပါးရအောင်အားထုတ်ခြင်း၊ အရဟတ္တဖိုလ် ရအောင် အားထုတ်ခြင်း ဟူသော အကျင့် ၃-မျိုးတည်း။

ထိုအကျင့်များရှိသောရဟန်းသည် ကံသစ်ကိုလည်း မပြုလုပ်၊ ကံဟောင်းကိုလည်း တွေ့ထိတွေ့ထိ၍ ကင်းအောင်ပြုသည်၊ ကိလေသာများကို ဆွေးမြေ့ကုန်ဆုံးစေတတ်သည့်...

စာမျက်နှာ-467


ဤစင်ကြယ်သောအကျင့်သည် ကိုယ်တိုင်ရှုမြင်နိုင်သော အခါမလင့်အကျိုးပေး၍ “လာရှုပါ” ဟု ဆောင်ပြထိုက်သော၊ မိမိကိုယ်စိတ်၌ ဆောင်ထားထိုက်၍ ပညာရှိများသာ ကိုယ်စီသိနိုင် ခံစားနိုင်သောအကျင့်ဖြစ်သည်” ဘုရားရှင်ဟောကြောင်း အဘယအား မိန့်ကြားသည်။

ထိုအခါ ပဏ္ဍိတကုမာရက လိစ္ဆဝီမင်းက “အဆွေအဘယ၊ အရှင်အာနန္ဒာ၏ တရားကောင်းကို တရားကောင်းအနေဖြင့် သင်ဘာ့ကြောင့် ကောင်းချီးမခေါ်ပါသနည်း” ဟု ဆိုရာ အဘယလိစ္ဆဝီမင်းက “အဆွေ၊ ငါဘာ့ကြောင့် ကောင်းချီးမခေါ်ဘဲ ရှိပါအံ့နည်း၊ ကောင်းချီးမခေါ်သူ၏ ဦးခေါင်းသည်လည်း ပြတ်ကျရာ၏” ဟု ဆိုလိုက်သည်။

တရားပိုင်းခြားပုံ - သီလဖြင့် အောက်မဂ်ဖိုလ် ၂-ပါးစီကို ဟောအပ်သည်၊ သောတာပန် သကဒါဂါမ်များ သီလကောင်းစွာ ဖြစ်နိုင်ကြ၍တည်း။ ဈာန်သမာဓိ ပြည့်စုံခြင်းဖြင့် အောက်မဂ်ဖိုလ် ၃-ခုစီတို့ကိုယူ၊ အနာဂါမ်သည် သမာဓိကောင်းစွာ ဖြည့်နိုင်၍တည်း။ သီလ၊ သမာဓိအရလည်း အရဟတ္တဖိုလ်နှင့်ယှဉ်သော သီလ၊ သမာဓိများကိုသာ ဤ၌ လိုအပ်သော်လည်း တပါးစီနှင့်စပ်၍ အကျင့်ကိုပြခြင်းငှာ သီးခြားဒေသနာ တင်သည်ဟုလည်း ဆရာအချို့ မိန့်ကြသေးသည်။

၅-နိဝသကသုတ်

ချဉ်းကပ်ရှိခိုးထိုင်နေသော အရှင်အာနန္ဒာအား ဘုရားရှင်က “မိတ်ဆွေ ချစ်ကျွမ်းဝင်သူ ဆွေမျိုးသားချင်းများကို စောင့်ရှောက်လိုကြလျှင်၊ ယင်းတို့ကလည်း သင်တို့စကားကို နာယူထိုက်သည်ဟု မှတ်ထင်ကြလျှင် ထိုသူများကို ၃-နေရာတို့၌ သင်တို့က ဆောက်တည်စေအပ်၊ သွင်းထားအပ်၊ တည်စေအပ်ကြသည်။
၃-နေရာတို့မှာ -

၁။ မြတ်စွာဘုရားသည် အရဟံစသော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူပါပေ၏ဟု ဘုရားရှင်အပေါ် မတုန်မလှုပ် ယုံကြည်ခြင်း၌လည်းကောင်း၊

၂။ တရားတော်သည် သွာက္ခာတတာ စသော... ၏ ဟု တရားတော်အပေါ် မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၌ လည်းကောင်း၊

၃။ သံဃာတော်သည် သုပ္ပဋိပ္ပန္နတာ စသော... ၏ ဟု သံဃာတော်အပေါ် မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၌ လည်းကောင်း ဆောက်တည်စေအပ်ကြသည်။

ပထဝီစသော ဓာတ်ကြီးလေးပါးတို့ တမျိုးတဖုံ ဖောက်ပြန်ခြင်း (မြေဓာတ်၏ လက္ခဏာက ရေဓာတ်၏လက္ခဏာသို့ ဖောက်ပြန်ခြင်း) ဖြစ်နိုင်ရာသေး၏။ ရတနာသုံးပါး၌ မတုန်မလှုပ် သက်ဝင်ယုံကြည်သော အရိယာသာဝကအား တမျိုးတဖုံ ဖောက်ပြန်ခြင်းကား မဖြစ်နိုင်ရာသည်သာတည်း။ အရိယာသာဝကအား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရလတ္တံ့သော ဖောက်ပြန်မှု အကြောင်းမရှိချေ၊ ဤ ၃-နေရာတို့တည်း” ဟု မိန့်သည်။

စာမျက်နှာ-468


တမျိုးတဖုံ မဖောက်ပြန် - အရိယာသာဝကသည် ဘဝပြောင်းသော်လည်း ရတနာသုံးပါး၌ ကြည်ညိုမှုမပျက်၊ အပါယ်လေးပါးဂတိမရောက်တော့၊ လူ့ဘဝမှ နတ်၊ ဗြဟ္မာအဖြစ်သို့သာ ပြောင်းလဲမှုရှိသည်။

၆-၇။ ပထမ၊ ဒုတိယ ဘဝသုတ်

အရှင်အာနန္ဒာက ဘုရားရှင်အား “ဘဝ၊ ဘဝဟု ဆိုအပ်ပါ၏၊ အဘယ်မျှလောက် အတိုင်းအရှည်ဖြင့် ဘဝဖြစ်ပါသနည်း” ဟု လျှောက်ရာ ဘုရားရှင်က “ကာမဘုံ၌ အကျိုးပေးမည့်ကံ မဖြစ်ခဲ့လျှင် ကာမဘဝ ဖြစ်လာနိုင်မည်လော” “မဖြစ်လာနိုင်ပါ”။

ဤသို့လျှင် ကံသည် လယ်ယာမြေ၊ ဝိညာဉ်ကား မျိုးစေ့၊ တဏှာကား အစေးရေနှင့် အသီးသီးတူသည်၊ အဝိဇ္ဇာဖုံးကာ တဏှာအချုပ်ခံကြရသော သတ္တဝါများအား ယုတ်နိမ့်သော ကာမဘုံ၌ ဝိညာဉ်သည် တည်၏။ ဤသို့တည်သော် နောက်ဘဝသစ် ဖြစ်ရသည်၊ (ဒုတိယသုတ်အတွက်... ယုတ်နိမ့်သော ကာမဘုံ၌ ကံစေတနာသည် တည်၏၊ ကံတောင့်တခြင်းသည် တည်၏၊ ဤသို့တည်သော်-နောက်ဘဝသစ် ဖြစ်ရသည်။)

“ရူပဘုံ၊ အရူပဘုံ၌ အကျိုးပေးမည့်ကံ မဖြစ်ခဲ့လျှင် ရူပဘဝ၊ အရူပဘဝ ဖြစ်လာနိုင်မည်လော”၊ “မဖြစ်လာနိုင်ပါ” စသည်ဖြင့် ကာမဘုံကဲ့သို့ပင် ဤသို့ မေးဖြေပြုကာ ဟောတော်မူသည်။

၈-သီလဗ္ဗတသုတ်

အရှင်အာနန္ဒာအား ဘုရားရှင်က “သက်စွန့်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်၊ အကျင့်မြတ်ကျင့်သုံးမှု၊ ထင်ထားသော အမြတ်တရား - ဤ (မူ ၃-ချက်) အားလုံးသည် လိုအပ်သော အကျိုးရှိပါသလော”၊ “တထစ်ချမဖြေသင့်ပါ၊ သို့ဖြစ်လျှင် ဝေဖန်လော” မိန့်ရာ အရှင်အာနန္ဒာက “ဤမူ ၃-ချက်အားလုံးကို မှီဝဲသူအား အကုသိုလ်တိုးပွား၍ ကုသိုလ်ဆုတ်ယုတ်လျှင် ဤမူ ၃-ချက်အားလုံးသည် အကျိုးမရှိနိုင်ပါ၊ အကုသိုလ်ဆုတ်ယုတ်၍ ကုသိုလ်ပွားမှ အကျိုးရှိနိုင်ပါသည်” ဟု လျှောက်ရာဘုရားရှင် နှစ်သက်တော်မူသည်။

သူ့စကားကို ဘုရားရှင်နှစ်သက်ကြောင်း သိသော အာနန္ဒာသည် ထိုင်ရာမှထ ဘုရားရှိခိုး အရိုအသေပြု ထွက်သွားသည်၊ အရှင်အာနန္ဒာသွား၍ မကြာမီပင် ဘုရားရှင်က “အာနန္ဒာသည် သေက္ခပုဂ္ဂိုလ်ပင် ဖြစ်လင့်ကစား ထိုအာနန္ဒာနှင့် ပညာအရာ ညီမျှသူကို အရမလွယ်” ဟု ရဟန်းများအား မိန့်ကြားသည်။

အကျိုးမရှိနိုင်ပါ - ကမ္မဝါဒီ၊ ကိရိယဝါဒီ ပုဂ္ဂိုလ်များ၏ ရှင်ရဟန်းအဖြစ်မှ တပါးသော သာသနာပပုဂ္ဂိုလ်များ၏ အယူအဆ လုပ်ငန်းစဉ်များသည် အကျိုးမရှိနိုင်ပါ၊

စာမျက်နှာ-469


သာသနာတော်ကို အစထား၍ ကမ္မဝါဒီ၊ ကိရိယဝါဒီ ပုဂ္ဂိုလ်များ၏ အားလုံးသော ရှင်ရဟန်းအဖြစ်များသာ အကျိုးရှိနိုင်သည်။

၉-ဂန္ဓဇာတသုတ်

အရှင်အာနန္ဒာက ဘုရားရှင်အား “အမြစ်၊ အနှစ်၊ အပွင့်၊ နံ့သာမျိုး ၃-ပါးတို့သည် လေအောက်သို့သာ ရနံ့သွား၍ လေညာသို့ မသွားနိုင်ပါဘုရား၊ လေအောက်၊ လေညာ ၂-နေရာလုံးသို့ သွားနိုင်သော နံ့သာမျိုး တစုံတရာရှိနိုင်ပါသလော” ဟု မေးလျှောက်ရာ ဘုရားရှင်က ရှိ၏ဟု အောက်ပါအတိုင်း ဆက်မိန့်သည်။

ဤလောကဝယ် အကြင်ရွာနိဂုံး၌ သူ့အသက်သတ်ခြင်း စသည်မှ ရှောင်ကြဉ်၏၊ သီလရှိ၏၊ သဘောကောင်း၏၊ ဝန်တိုမှုအညစ်အကြေးမှ ကင်းသောစိတ်ဖြင့် အိမ်ကို အုပ်ချုပ်နေ၏၊ လွတ်လွတ်စွန့်လေ့ရှိ၏၊ ဆေးကြောပြီးသောလက်ရှိ၏၊ စွန့်ကြဲမှု၌ မွေ့လျော်၏၊ တောင်းခံသူတို့နှင့် ဆက်စပ်လျက်ရှိ၏၊ ပေးကမ်းဝေဖန်ခြင်း၌ ပျော်ပိုက်၏။

ရဟန်း ပုဏ္ဏားများသည်လည်းကောင်း၊ နတ်များသည်လည်းကောင်း၊ ထိုသူ၏ ဂုဏ်သတင်းကို အရပ် ၄ မျက်နှာတို့၌ “ဤမည်သော ရွာနိဂုံး၌ ဤမည်သော ယောက်ျား မိန်းမသည် ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်၏ စသည်ဖြင့် အထက်ပါအတိုင်း ပြောဆိုကြသည်။ လေအောက်၊ လေညာ ၂-နေရာလုံး သွားနိုင်သော နံ့သာမျိုးကား သရဏဂုံနှင့်ပြည့်စုံခြင်းစသော ဤဂုဏ်သတင်းပေတည်း” ဟု ဂါထာပါ ဆက်မိန့်တော်မူသည်။

ဆု ၈-မျိုးကျေးဇူး - အရှင်အာနန္ဒာခံစား ဘုရားရှင်ဝတ်ပြုပြီး သူ့နေရာ ပြန်ရောက်စဉ် အမြစ်နံ့သာ စသည်များ လေအောက်သာသွားသည်၊ အညာဆန်နိုင်သောအနံ့ ရှိ-မရှိ သံသယဖြစ်လာ၍ “ဆု ၈-ပါးတွင်ပါသော ယုံမှားရှိလျှင် အချိန်မရွေးဘုရားထံ ချဉ်းကပ်ခွင့်ရခြင်း” အခွင့်အရေးရှိသော အရှင်အာနန္ဒာ ဘုရားထံ သွားလျှောက်သည်။

ယူဇနာတရာမွေး နတ်မြလေး - နတ်ပြည်၌ မြလေးပန်း ပွင့်လျှင် ယူဇနာ ၁၀၀- အထိ အနံ့ရသည်၊ သို့သော် လေအောက်သာ၊ လေညာသို့ကား တထွာ တတောင်မျှ မရောက်။ သူတော်ကောင်းသည် နံ့သာမျိုးနှင့်တူ၍ သီလစသော ဂုဏ်ကား အနံ့နှင့်တူသည်။

၁၀-စူဠနိကာသုတ်

အရှင်အာနန္ဒာက ဘုရားရှင်အား “သိခီဘုရားရှင်၏ အဘိဘူသာဝကသည် ဗြဟ္မာ့ဘုံ၌တည်လျက် လောကဓာတ် ၁၀၀၀-ကို အသံလွှင့်ကြားသိစေနိုင်သည်ဟု မြတ်စွာဘုရားထံတော်မှ တပည့်တော် ကြားဖူးပါသည်၊ မြတ်စွာဘုရားကား အဘယ်မျှသော...

စာမျက်နှာ-470


အရပ်ကို အသံတော်ဖြင့် ကြားသိစေရန် စွမ်းနိုင်ပါသနည်း” ဟု လျှောက်ရာ ဘုရားရှင်က “ထိုအဘိဘူသည် တပည့်မျှသာတည်း၊ ဘုရားရှင်တို့ကား မနှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်များသာ” ဟု မိန့်လိုက်သည်။

၂-ကြိမ်မြောက်အမေးကိုလည်း ထို့အတူဖြေ၍ ၃-ကြိမ်မြောက်အမေးကို ဘုရားရှင်က “စကြဝဠာတထောင်ရှိ စူဠနိကာလောကဓာတ် (တထောင်မျှသာရှိ၍ နည်းသော ငယ်သော လောကဓာတ်) ကို သင်ကြားဖူး၏လော” ထပ်မေးသည်။ “ဘုရားရှင် ဟောချိန် တန်ပါပြီ၊ မြတ်စွာဘုရားထံတော်မှ ကြားနာရ၍ ရဟန်းများ မှတ်သား ဆောင်ထားကြရပါလိမ့်မည်” ဟု အရှင်အာနန္ဒာတောင်းပန်သဖြင့် ဘုရားရှင် ဟောကြားသည်။

၁။ လ-နေတို့ လှည့်လည်လျက် အရပ်မျက်နှာတို့ ထွန်းလင်းတောက်ပရာ စကြဝဠာတခုကို တထောင်ဖြင့် မြှောက်ယူရသော လောကသည် ရှိ၏၊ ဤလောကဓာတ်ကို တထောင်ဖြင့် မြှောက်ခြင်းရှိသော စူဠနိကာ လောကဓာတ် (သဟဿီ စူဠနိကာလောကဓာတု) ဟု ဆိုအပ်၏။

ဤလောကဓာတ်၌ စကြဝဠာပေါင်း ၁၀၀၀- ရှိရကား လ-နေ-မြင်းမိုရ်တောင်၊ အရှေ့-အနောက်-တောင်-မြောက် ကျွန်းများအားလုံး ၁၀၀၀-စီ၊ မဟာသမုဒ္ဒရာ ၄၀၀၀၊ နတ်မင်းကြီး ၄၀၀၀၊ စာတုမဟာရာဇ်စသော နတ်ဘုံများ ၁၀၀၀-စီ၊ ဗြဟ္မာဘုံ ၁၀၀၀-ရှိသည်။

၂။ သဟဿီစူဠနိကာ လောကဓာတ် (၁၀၀၀) တခုကို ၁၀၀၀-ဖြင့် မြှောက်ယူရသော လောကဓာတ်ရှိ၏၊ ဤလောကဓာတ်ကို ၂-ကြိမ်မြောက် ၁၀၀၀-ဖြင့် မြှောက်ခြင်းရှိသော မဇ္ဈိမိကာ လောကဓာတ် (ဒွိသဟဿီ မဇ္ဈိမိကာ လောကဓာတု) ဟု ဆိုအပ်၏။ (ဤလောကဓာတ်၌ ၁၀၀၀ x ၁၀၀၀ - စကြဝဠာတသန်းရှိသည်)။

၃။ ဒွိသဟဿီ မဇ္ဈိမိကာလောကဓာတ် (တသန်း) တခုကို ၁၀၀၀ (စူဠနိကာလောကဓာတ် ၁၀၀၀) ဖြင့် မြှောက်ယူရသော လောကသည်ရှိ၏။ ဤလောကဓာတ်ကို ၃-ကြိမ်မြောက် ထောင်ပေါင်းများစွာ မြှောက်ခြင်းရှိသော မဟာလောကဓာတ် (တိသဟဿီ မဟာသဟဿီ လောကဓာတု) ဟု ဆိုအပ်၏။ (ဤမဟာလောကဓာတ်ကား မဇ္ဈိမိကာလောကဓာတ်တခု (စကြဝဠာတသန်း) ကို စူဠနိကာလောကဓာတ်တထောင် (စကြဝဠာတထောင်) ဖြင့်မြှောက်... စကြဝဠာပေါင်း ကုဋေတသိန်းပါဝင်သည်။)

အာနန္ဒာ၊ ငါဘုရား အလိုတော်ရှိလျှင် စကြဝဠာ ကုဋေတသိန်းရှိ မဟာလောကဓာတ်ကို အသံတော်ဖြင့် ကြားသိစေနိုင်သည်၊ ထို့ထက် လွန်၍လည်း လိုသလောက် ကြားသိစေနိုင်သည်ဟု မိန့်သည်။

စာမျက်နှာ-471


မြတ်စွာဘုရားသည် အဘယ်သို့လျှင် ကြားသိစေပါမည်နည်းဟု အရှင်အာနန္ဒာ လျှောက်ထားရာ ဘုရားရှင်က “မြတ်စွာဘုရားသည် မဟာလောကဓာတ်ကို အရောင်ဖြင့် အလင်းနှံစေလိုက်လျှင် သတ္တဝါများ ထိုအရောင်အလင်းကို သိကုန်ရာ၏၊ ထို့နောင် မြတ်စွာဘုရားသည် ကြွေးကြော်သံပြုလျက် အသံကို ကြားစေနိုင်ရာသည်” ဟု မိန့်တော်မူသည်။

ထိုအခါ အရှင်အာနန္ဒာက လာဠုဒါယီမထေရ်အား “ငါ့အား အရတော်စွ၊ ငါ့ဆရာဘုရားသည် ဤသို့ တန်ခိုးအာနုဘော်ရှိပါပေသည်” ဆိုရာ လာဠုဒါယီမထေရ်က “သင့်ဆရာဘုရား တန်ခိုးအာနုဘော် ရှိခြင်းသည် သင့်အား ဘယ်အကျိုး ရှိပါသနည်း” ဟု မခြေမငံ ပြန်ပြောသည်။

ထိုအခါ ဘုရားရှင်က “ဥဒါယီ၊ ဤစကားမဆိုလင့်၊ အာနန္ဒာသည် ရာဂ မကင်းသေးဘဲ သေသွားသော်မှ ထိုအကြည်ညိုစိတ်ကြောင့် နတ်ပြည်တို့၌ နတ်မင်း ၇-ကြိမ်၊ ဤဇမ္ဗူဒိပ်ကျွန်း၌ပင် စကြဝတေးမင်း ၇-ကြိမ် ဖြစ်နိုင်သည်၊ စင်စစ်သော်ကား အာနန္ဒာသည် ယခုဘဝ၌ပင် ပရိနိဗ္ဗာန် ပြုလတ္တံ့” ဟု မိန့်ကြားလိုက်သည်။

ဤသုတ်ထားပုံ ၂-မျိုး - အရုဏဝတီသုတ္တန်ဖြစ်ရပ် အတ္ထုပ္ပတ် အရှင်အာနန္ဒာ အမေးတို့ကြောင့် ဤသုတ်ဖြစ်လာသည်။

အရုဏဝတီသုတ္တန်ဟောသူ - လွန်ခဲ့သော ၃၁-ကမ္ဘာထက် သိခီဘုရားရှင်နှင့် ငါတို့ဘုရား၊ ဤ ၂-ဆူ ဤသုတ်ကို ဟောသည်။ သိခီဘုရားရှင်က အဘိဘူအဂ္ဂသာဝကအား အရုဏဝတီမြို့ ဆွမ်းခံကြွရန် စောသေးသည်၊ ဗြဟ္မာ့ပြည်ကြွကြစို့ဟု မိန့်ပြီး ကြွကြရာ ဗြဟ္မာမင်းမြင်၍ ကြိုဆိုနေရာပေးသည်။

ဘုရားရှင်က အဘိဘူသာဝကအား ဗြဟ္မာများအတွက် တရားဟောစေ၍ ဟောရာ ဗြဟ္မာများ မကျေနပ်ကြ၊ “ဘုရားရှင်၏ ဗြဟ္မာ့ပြည်ကြွခြင်း အခွင့်အရေးကို အလွန်ကြာမှ ငါတို့ရကြသည်၊ ဤရဟန်းကား ဘုရားရှင်ထားပြီး သူတရားဟောနေသည်” ဟု ကဲ့ရဲ့ကြသည်။ ထိုအကြောင်း ဘုရားရှင်သိ၍ “လွန်စွာ ထိတ်လန့် တုန်လှုပ်စေ” ဟု အဘိဘူအရှင်အား ဘုရားမိန့်သည်။

အရှင်အဘိဘူသည် တန်ခိုးဖန်ဆင်းကာ လောကဓာတ်တထောင်ကို အသံဖြင့် သိစေပြီး အာရဗ္ဘထ နိက္ကမထ ၂-ဂါထာကို ဟောသည်၊ သိစေပုံမှာ နီလကသိုဏ်း ဝင်စားကာ အရပ်အားလုံး အမှောင်ဖြန့် “ဘာမှောင်ပါလိမ့်” ဟု သတ္တဝါများ နှလုံးသွင်းစဉ် အလင်းရောင်ပြသည်။ “ဘာရောင်ပါလိမ့်” ဟု ကြံကြစဉ် မိမိကိုယ်ကိုပြရာ စကြဝဠာတထောင်ရှိ လူနတ်များ လက်အုပ်ချီ မထေရ်ကို ရှိခိုးကြသည်။ “ငါ့တရားသံ ကြားစေ” ဟု အရှင်မြတ် ဓိဋ္ဌာန်ပြီး ဂါထာရွတ်ရာ ပရိသတ်အလယ် ထိုင်ဟောသူ၏ အသံမျိုး ကြားကြ၊ အနက်အဓိပ္ပာယ်လည်း ထင်ရှားသည်။

စာမျက်နှာ-472


သိခီဘုရားရှင်သည် အဘိဘူသာဝကနှင့် ဗြဟ္မာ့ပြည်မှ အရုဏဝတီပြည် ပြန်ကြွ ဆွမ်းခံ၊ ဆွမ်းခံကိစ္စပြီးသော် “အဘိဘူရဟန်း၏ ဗြဟ္မာ့ပြည်ကနေပြီး အသံလွှင့် ဟောကြားသောတရား သင်တို့ ကြားကြရဲ့လော” ဟု ရဟန်းများကို မေးရာ ကြားပါကြောင်းနှင့် ထို ၂-ဂါထာကိုပါ ဘုရားထံ ရွတ်ပြကြသည်။ ဤကား ၃၁-ကမ္ဘာထက်က ဤအရုဏဝတီသုတ် သိခီဘုရားဟောကြားပုံတည်း။

ငါတို့ဘုရား သာဝတ္ထိဇေတဝန်၌ သီတင်းသုံးစဉ် နယုန်လပြည့်နေ့၌ ဤသုတ်ကို သံဃာအား ငါတို့ဘုရား ဟောကြားသည်၊ ဘုရားရှင်ကို ယပ်ခတ်လျက် အစအဆုံး ပြည့်စုံစွာ နာယူရသော အရှင်အာနန္ဒာသည် နောက်တနေ့.. ဤသုတ်ကို ဆင်ခြင်စဉ် “စကြဝဠာတထောင်ကို အသံကြားစေကာ တရားဟောသော အဘိဘူအရှင်၏အရာ တန်ခိုးသော်မျှ ဤမျှရှိလျှင် ဘုရားရှင်ကား အဘယ်မျှသော အရပ်ကို အသံဖြင့် သိစေနိုင်မည်နည်း” ဟု ဝေခွဲမရဖြစ်ကာ ဘုရားထံ သွားလျှောက်သည်။

မနှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်များသာ - “အာနန္ဒာ၊ သင်ဘယ်စကားဆိုသနည်း၊ ထိုအဘိဘူသာဝကသည် ဉာဏ်အစိတ်အဝက်၌သာ တည်၍ ဘုရားရှင်တို့ကား သဗ္ဗညုတဉာဏ်ပိုင်ရှင်ဖြစ်၍ မနှိုင်းယှဉ်အပ်ကုန်၊ သက်သည်းဖြင့် မြေယူ၍ မဟာပထဝီမြေနှင့် တိုင်းသလို သင်ဆိုဘိသည်၊ သာဝကနှင့် ဘုရားရှင်တို့မှာ အရာ အာရုံ အားစွမ်း တခြားစီသာတည်း” ဤအဓိပ္ပာယ်ဖြင့် ဘုရားရှင် မိန့်ကြားပြီး ဆိတ်ဆိတ်နေလိုက်သည်။

၂-ကြိမ်မြောက် အမေးကိုလည်း ဘုရားရှင်က “သော့ပေါက်နှင့် ကောင်းကင်၊ ငှက်ငယ်နှင့် ယူဇနာ ၁၅၀-ရှိသော ဂဠုန်မင်း၊ ဆင်နှာမောင်းရေနှင့် မဟာဂင်္ဂါ၊ ရေတွင်းရေနှင့် အိုင်ကြီး ၇-အိုင်၊ စားရရုံရှိသော ယောက်ျားနှင့် စကြာမင်း၊ မြေဘုတ်ဘီလူးနှင့် သိကြားမင်း၊ ပိုးစုံးကြူးရောင်နှင့် နေရောင် နှိုင်းခိုင်းသလို ဘယ်စကား သင်ဆိုရသနည်း” ဟု အဓိပ္ပာယ်ပြကာ မနှိုင်းကောင်းပုံ မိန့်ပြီး ဆိတ်ဆိတ်နေလိုက်ပြန်သည်။ ရဲရဲတောက် မိန့်ခွန်းမိန့်စေမည် ကြံကာ ၃-ကြိမ်မြောက် အရှင်အာနန္ဒာ ထပ်မေးသည်။

စူဠနိကာ လောကဓာတ် - သာဝကများ အရာဖြစ်သည်၊ မဇ္ဈိမိကာ လောကဓာတ် ပိုင်းခြားပြရန် ဤစူဠနိကာ လောကဓာတ်ကို ဘုရားဆောင်ပြသည်။

မဇ္ဈိမိကာ လောကဓာတ် - သာဝကများ အရာမဟုတ်၊ ဘုရားအရာသာတည်း။ ဘုရားရှင်တို့၏ ဇာတိခေတ် ဖြစ်ရကား နောက်ဆုံး ဘဝသန္ဓေယူချိန်၊ ဖွားချိန်၊ တောထွက်၊ ဘုရားဖြစ်၊ ဓမ္မစကြာဟော၊ အာယုသင်္ခါရလွှတ်၊ နိဗ္ဗာန်စံချိန်များ၌ ဤအရပ်အားလုံး မြေလှုပ်သည်။

စာမျက်နှာ-473


မဟာလောကဓာတ် - ကုဋေတသိန်းတည်း။ အရှင်တိဿကား ဤပမာဏမဟုတ်၊ ဆရာများ ရွတ်ဖတ်မှု စကားကျန်သည်၊ ဒသမတခု ရှေ့ကထည့်၍ ကုဋေတသန်းဟု မိန့်သည်။ ဤမဟာလောကဓာတ်သည် အာဏာခေတ် ဖြစ်ရကား အာဋာနာဋိယ၊ ဣသိဂိလိ၊ ဓဇဂ္ဂ၊ ဗောဇ္ဈင်္ဂ၊ ခန္ဓ၊ မောရ၊ မေတ္တ၊ ရတနပရိတ်တော်များ၏ အာဏာပျံ့နှံ့သည်။

လိုသလောက် ကြားသိစေနိုင် - ဘုရားရှင်များ၏ အပိုင်းအခြားမရှိသော ဝိသယခေတ်တည်း။ အပိုင်းအခြား မရှိပုံမှာ စကြဝဠာ ကုဋေတသိန်း၌ ဗြဟ္မာ့ပြည်အထိ မုန်ညင်းစေ့အပြည့်ထည့်၊ အရှေ့အရပ်ရှိ စကြဝဠာတခုတခု၌ မုန်ညင်းစေ့ တစေ့ထည့်လာ၊ မုန်ညင်းစေ့အားလုံး ကုန်သော်လည်း အရှေ့မျက်နှာ စကြဝဠာများ မကုန်သေး၊ တောင်အရပ် စသည်နည်းတူ။ ဤသို့များလှသော စကြဝဠာများ၌ ဘုရားရှင်အရာ မဟုတ်သည် မရှိပေ။

ဘယ်သို့ ကြားသိစေပါသနည်းဘုရား - စကြဝဠာကား များလှသည်၊ တနေရာနေထွက်၊ တနေရာမွန်းတည့်၊ တနေရာနေဝင် မညီကြပေ။ အလုပ်လုပ်ကြ၊ မြူးတူးကြ၊ စားသောက်ကြ၊ ထိုထိုအကြောင်းများဖြင့် သတ္တဝါများ ပျံ့လွင့် မေ့လျော့နေကြရာ ထိုသူများကို အသံဖြင့် ဘုရားရှင် ဘယ်ပုံသိစေမည်နည်းဟု အရှင်အာနန္ဒာ အကြံရကာ မေးလျှောက်သည်။

အရောင်အလင်းဖြင့် ဖြန့်စေလိုက်လျှင် - ဘုရားကိုယ်ရောင်တော်တည်း။ အစီအစဉ်မှာ နေရှိသောနေရာမှာ အာနုဘော်ဖြင့် ဝင်စေ၍ မရှိသောနေရာမှာ နေမွန်းတည့်ထားလိုက်သည်၊ နေရှိသောနေရာမှ လူများက “ယခုနေပြင် ယခုပင်ဝင်သွားသည်၊ နတ်နဂါး စသည်များ လှည့်စားလေရော့လား” ဟု ကြံစည်ကြသည်။

နေမရှိသောနေရာမှ လူများက “ယခုပင်နေဝင်၊ ယခုပင်မွန်းတည့်နေပြန်ပြီ၊ လှည့်စားမှုတခုခုများလား” ဟု ကြံစည်ကြပြန်သည်၊ အရောင်နှင့် အမှောင်ကို ဆင်ခြင်ကာ “ဘာ့ကြောင့်ပါလိမ့်” ဟု ထိုလူများအကြောင်းရှာစဉ် ဘုရားရှင်သည် အလုပ်စသည် လုပ်နေသူများ ထိတ်လန့်အောင် အမှောင်ထုဖြန့်လိုက်သည်။

အားလုံးထိတ်လန့်ပုံ - ဘုရားရှင်သိမြင်လျှင် ဩဒါတကသိုဏ်း ဝင်စားကာ ဖြူသော ဘုရားရောင်တော်လွှတ်၍ လအထောင် နေအထောင်ထွက်သလို တပြိုင်နက် လင်းအောင်ပြုသည်၊ ထိုအရောင်ကား နှမ်းတစေ့မျှသော ကိုယ်အစိတ်ဖြင့် လွှတ်သော အရောင်တည်း။

အကြင်သူသည် စကြဝဠာမြေကို အိုးကင်း၊ သမုဒ္ဒရာရေကိုဆီ၊ မြင်းမိုရ်တောင်ကို မီးစာပြုကာ အခြားမြင်းမိုရ်တောင်ထိပ်၌ ထား၍ မီးထွန်းလျှင် စကြဝဠာတခုသာ...

စာမျက်နှာ-474


လင်းမည်၊ အပြင်သို့ တထွာမျှ အရောင်မထွက်နိုင်၊ ဘုရားရှင်၏ နှမ်းစေ့မျှသော ကိုယ်စိတ်ဖြင့်လွှတ်သော အရောင်ကား စကြဝဠာကုဋေတသိန်း တပြိုင်နက်လင်းသည်။ ထို့ထက်လည်း လင်းနိုင်သည်။ ဗုဒ္ဓဂုဏ်ကား ဤသို့ကြီးမြတ်သည်။

ထိုအရောင်အလင်းကို သိကုန်ရာ၏ - နေကိုဝင်စေ ထွက်စေ၍ အမှောင်ထုလွှတ်သော ယောက်ျားကား ယခုအလင်းပြု၍ တည်ပြန်သည်၊ အံ့ဖွယ်ယောက်ျားပါတကားဟု အရောင်ကိုသိကာ လက်အုပ်ချီထိုင်နေကြသည်။

အသံကို ကြားစေနိုင်သည် - စကြဝဠာတောင်တခုကို စည်တွင်း၊ မဟာပထဝီကို စည်ရေကြက်ကာ မြင်းမိုရ်တောင်ကို ရိုက်တုတ်ထားပြီး အခြားမြင်းမိုရ်တောင်ထိပ်မှာ ထားတီးလျှင် စကြဝဠာတခုအတွင်းသာ အသံကြားရသည်၊ အပြင်သို့ အသံတထွာမျှ မထွက်၊ ဘုရားရှင်ကား ပလ္လင်ထိုင်ခုံပေါ်ထိုင်ရင်း စကြဝဠာကုဋေတသိန်းကို အသံဖြင့် သိစေနိုင်သည်၊ ထို့ထက်လည်း စွမ်းနိုင်သည်။ ဗုဒ္ဓဂုဏ်ကား ဤသို့ကြီးမြတ်သည်။

ငါ့အားအရတော်စွ - ဤဗုဒ္ဓ၏ ရဲရဲတောက်မိန့်ခွန်းကြား၍ အာနန္ဒာ၏ အတွင်းစိတ် ပီတိအားကြီးကာ ဥဒါန်းကျူးသည်၊ လာဠုဒါယီထေရ်ကား ရှေးကပင် အရှင်အာနန္ဒာအပေါ် အငြိုးရှိထားရာ ယခုအခွင့်ရသဖြင့် လောင်နေသောမီးတောက် ငြိမ်းလိုက်သလို၊ သွားနေသော နွား၏နှုတ်သီး ရိုက်ချက်ပေးသလို၊ ထမင်းအပြည့်ရှိ ပန်းကန် မှောက်ချလိုက်သလို အရှင်အာနန္ဒာ၏ သဒ္ဓါပျက်အောင် ပြုလိုရကား “သင့်ဆရာဘုရား တန်ခိုးရှိတာ သင့်ဘာအကျိုးရှိလို့လဲ” ဟု ဥဒါယီပြောသည်။

ကရုဏာသခင် - ဘုရားရှင် ချောက်ကမ်းပါးပြတ်၌ ရပ်၍တုန်နေသော ယောက်ျားကို သင့်ရာ၌ တည်နေသော အကျိုးလိုလားသူ ယောက်ျားက “ဒီဘက်လာ၊ ဒီဘက်လာ” ဟု အဖန်ဖန်ပြောသလို ဥဒါယီ၏ ထိုအပြောကို တားလို၍ “ဥဒါယီ၊ ဤစကားမဆိုလင့်” ဟု မိန့်သည်။

လူမင်းနတ်မင်း ၇-ကြိမ် - သာဝကတပါး၏တရားကို ကြားနာကြည်ညိုရကျိုးသည်ပင် မပိုင်းခြားနိုင်ပါ၊ ဗုဒ္ဓ၏ သီဟနာဒကို ကြည်ညိုရကျိုးကား ဆိုဖွယ်မလို၊ သာ၍ကြီးပါသော်လည်း အရိယာသာဝကအတွက် ဤ ၇-ဘဝသာ အပိုင်းအခြားရှိသောကြောင့် ဤသို့မိန့်သည်။ မှန်၏၊ ပညာနုသော သောတာပန်သော်မျှ ၇-ဘဝသာ လူနတ်တို့၌ အတ္တဘောကို ရနိုင်တော့သည်၊ ထို့ကြောင့် ၇-ကြိမ်ဟု မိန့်သည်။

စာမျက်နှာ-475


(၉) ၄-သမဏဝဂ်

၁။ သမဏသုတ်

ရဟန်းများဥစ္စာ ရဟန်းများပြုအပ်မည့် ကိစ္စ ၃-မျိုးမှာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ၊ သိက္ခာ ၃-ပါးကို ဆောက်တည်ခြင်းတို့တည်း။ ထို့ကြောင့် ဤသာသနာတော်၌ ဤသိက္ခာ ၃-ပါးကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ကုသိုလ်ဆန္ဒဖြစ်လတ္တံ့ဟု ဤအတိုင်းသာ သင်တို့ကျင့်ကြရမည်မိန့်။

သီလ၊ အဓိသီလ ခွဲပုံ - ငါးပါးသီလသည် သီလ၊ ထိုကိုထောက်၍ ၁၀-ပါးသီလသည် အဓိသီလ၊ ထပ်ထောက် စတုပါရိသုဒ္ဓိသီလသည် အဓိသီလ။ တနည်း - လောကီသီလ အားလုံး သီလ၊ လောကုတ္တရာသီလသည် အဓိသီလ၊ ထိုသီလကိုပင် ကျင့်အပ်၍ သိက္ခာဟုခေါ်။

စိတ္တ၊ အဓိစိတ္တ ခွဲပုံ - ကာမာဝစရစိတ်သည် စိတ္တ၊ ရူပါဝစရစိတ်သည် အဓိစိတ္တ၊ ထိုကိုထောက်၍ အရူပါဝစရစိတ်သည် အဓိစိတ္တ။ တနည်း - လောကီစိတ် အားလုံး စိတ္တ၊ လောကုတ္တရာသည် အဓိစိတ္တ၊ ပညာနည်းတူခွဲ။

၂-ဂဒဘသုတ်

မြည်းသည် နွားများ၏ အဆင်း၊ အသံ၊ ခွာမျိုး မရှိပါဘဲလျက် “ငါလည်း နွား၊ ငါလည်း နွား” ဟု ထင်မှတ်ကာ နွားအုပ်သို့ နောက်မှ နောက်မှလိုက်သကဲ့သို့ ဤအတူသာလျှင် သာသနာတော်၌ အချို့ရဟန်းသည် အဓိသီလစသော သိက္ခာ ၃-ပါးကို ဆောက်တည်ရာ၌ အခြားရဟန်းများလို ထက်သန်သောဆန္ဒမျိုး မရှိပါဘဲလျက် “ငါလည်းရဟန်း၊ ငါလည်းရဟန်း” ဟု ရဟန်းသံဃာတို့ နောက်မှ နောက်မှ လိုက်သည်၊ ထို့ကြောင့် ဤသာသနာတော်၌ သိက္ခာ ၃-ပါးကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သောဆန္ဒ ဖြစ်လတ္တံ့ ဟု ဤအတိုင်းသာ သင်တို့ကျင့်ကြရမည်မိန့်။

၃-ခေတ္တသုတ်

အိမ်ရှင်ယောက်ျား လယ်သမား၏ မျိုးစေ့မချမီ ရှေးအဖို့၌ ပြုလုပ်ဖွယ် ၃-မျိုးမှာ လယ်ကိုကောင်းစွာထွန်ယက်၍ မြေကိုညီညွတ်စွာပြုခြင်း၊ ထို့နောင် သင့်လျော်ချိန်၌ မျိုးစေ့များကြဲချခြင်း၊ ထို့နောင် အခါအားလျော်စွာ ရေကို သွင်းခြင်း၊ ထုတ်ခြင်းတို့တည်း။

ဤအတူသာလျှင် ရဟန်းအား ရှေးအဖို့၌ ပြုလုပ်ဖွယ် ၃ မျိုးမှာ အဓိသီလစသော သိက္ခာ ၃-ပါးကို ဆောက်တည်ခြင်းတို့တည်း။ ထို့ကြောင့် ဤသာသနာတော်၌ သိက္ခာ ၃-ပါးကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော... ဆန္ဒဖြစ်လတ္တံ့ဟု ဤအတိုင်းသာ သင်တို့ကျင့်ကြရမည်-မိန့်။

စာမျက်နှာ-476


၄-ဝဇ္ဇီပုတ္တသုတ်

ဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်း၌ သီတင်းသုံးတော်မူစဉ် ဝဇ္ဇီမင်းသား ရဟန်းတပါး ဘုရားထံတော်လာပြီး “လခွဲတကြိမ် အကျဉ်းပြအပ်သော သိက္ခာပုဒ် ၁၅၀-ကျော်တို့၌ ကျင့်သုံးရန် တပည့်တော် မစွမ်းနိုင်ပါ” ဟု လျှောက်သည်။

“သို့ဖြစ်လျှင် အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ သိက္ခာ ၃-ပါးတို့၌ ကျင့်နိုင်ပါမည်လော” “ကျင့်နိုင်ပါ၏” ဘုရားအမေးကို ရဟန်း ပြန်လျှောက်သည်။

ထို့ကြောင့် သင်သည် သာသနာတော်၌ သိက္ခာ ၃-ပါးတို့၌ ကျင့်လေ၊ ကျင့်သောသင့်အား ရာဂ၊ ဒေါသ၊ မောဟ အလိုလိုပျောက်လိမ့်မည်။ ပျောက်ခြင်းကြောင့် အကုသိုလ်ကို ပြုလိမ့်မည်မဟုတ်၊ မကောင်းမှုကိုလည်း မှီဝဲလိမ့်မည်မဟုတ်ဟု မိန့်သဖြင့် ထိုရဟန်းကျင့်ရာ ရာဂစသည်များပျောက်၍ အကုသိုလ်မကောင်းမှုများလည်း ကင်းသွားသည်။

သိက္ခာပုဒ် ၁၅၀-ကျော် - ထိုအချိန်က ပညတ်ပြီး သိက္ခာပုဒ်များသာ ဖြစ်သည်။ ဖြောင့်မတ်သောရဟန်းဖြစ်၍ မစွမ်းနိုင်ကြောင်း အတိအလင်း လျှောက်ထားသည်။

သိက္ခာ ၃-ပါး ကျင့်နိုင်ပါ၏ - သိက္ခာ ၃-ပါးလောက်ဆိုလျှင် ဝန်မလေးဟုထင်ကာ လျှောက်ထားသည်။ ဘုရားရှင်ကမူ မြက်ထုံး ၅၀-မရွက်နိုင်သူအား မြက်ထုံး ၁၀၀ စည်း တစည်းကိုသာ ခေါင်းပေါ်တင်ပေးလိုက်သကဲ့သို့ အဓိသီလ သိက္ခာတပါး (သိက္ခာပုဒ် ၁၅၀-ကျော်) ကို မကျင့်နိုင်သူအား အဓိစိတ္တ၊ အဓိပညာ နောက် ၂-ပါး ထပ်၍ ၃ ပါးလုံး ကျင့်ခိုင်းလိုက်သည်။

နပုဒ်သား ဥတ္တရလုလင် - နူးညံ့၍ ကြေးပြာသာဒ်၌နေသော ဤလုလင်ကို ရဟန်းငယ်များက မီးတင်းကုပ်မိုးယို၍ မြက်ကပို့ရန် တောခေါ်သွား မြက်ကပို့ခိုင်းသည်၊ “မြက်စည်း ၅၀-ကို ရွက်နိုင်ပါမည်လော” “မရွက်နိုင်ပါ” “မြက်စည်း ၈၀-ကို ရွက်နိုင်ပါမည်လော” “မရွက်နိုင်ပါ” “မြက်စည်း ၁၀၀-စည်းတထုံးကို ရွက်နိုင်ပါမည်လော”၊ ၎င်းတထုံးကိုကား “ရွက်နိုင်ပါသည်” ရဟန်းငယ်များအမေးကို ဥတ္တရလုလင် ဖြေကြားသည်။

ညာခိုင်းကြပါသည် - ရဟန်းငယ်များသည် မြက်စည်း ၁၀၀-ကို ထုံးဖွဲ့ကာ လုလင်၏ခေါင်းပေါ် တင်ပေးသဖြင့် ညည်းတူးကာ ရှက်လာပြီး မီးတင်းကုပ်အနီးပစ်ချ၊ “ပင်ပန်းသလော” ဟု ရဟန်းငယ်များကမေးရာ တပည့်တော်ကို ကိုယ်တော်တွေက “မြက်စည်း ၅၀ မရွက်နိုင်သည်ကို မြက်စည်း ၁၀၀-ထုံး တထုံးကို ညာရွက်ခိုင်းကြသည်” ဟု ပြန်လျှောက်သည်၊ ဤဥပမာအတိုင်းပင်။

စာမျက်နှာ-477


၅-သေက္ခသုတ်

ရဟန်းတပါးသည် မြတ်စွာဘုရားအား “အဘယ်မျှသောအကြောင်းဖြင့် သေက္ခဖြစ်ပါသနည်း” ဟု လျှောက်ရာ သိက္ခာ ၃-ပါးကို ကျင့်ဆဲဖြစ်သောကြောင့်ဟု မိန့်ပြီး မဂ်ဟူသော လမ်းဖြောင့်သို့ အစဉ်လျှောက်လျက် ကျင့်သော သေက္ခပုဂ္ဂိုလ်အား ရှေးဦးစွာ မဂ်ဉာဏ်အခြားမဲ့၌ အရဟတ္တဖိုလ်၊ ထို့နောင် ပစ္စဝေက္ခဏာဉာဏ်သည် စင်စစ်ဖြစ်ပေါ်လာသည်ဟု မိန့်။

၆-ပထမသိက္ခာသုတ်

ကိုယ်ကျိုးလိုလား အမျိုးသားများ ကျင့်ကြ၍ လခွဲတကြိမ် အကျဉ်းပြအပ်သော ၁၅၀-ကျော်သော သိက္ခာပုဒ်အားလုံး အကျုံးဝင်သော သိက္ခာ ၃-မျိုးမှာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ၊ သိက္ခာ ၃-ပါးတို့တည်း။

၁။ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်စုံစွာ ပြုလေ့ရှိသော်လည်း သမာဓိ၊ ပညာ၌မူ အတိုင်းအရှည်အားဖြင့်သာ ပြုလေ့ရှိ၏။ ထိုရဟန်းသည် သေးငယ်သောအာပတ်များသို့ သင့်လည်း သင့်ရောက်၏။ ထလည်းထ၏။ အရိယာပုဂ္ဂိုလ် အာပတ်မသင့်ထိုက်ကြောင်းကို ငါဘုရား မဟောအပ်သောကြောင့်တည်း။

မဂ်ဟူသော အကျင့်မြတ်၏ အစဖြစ်ကုန်၊ အကျင့်မြတ်အား လျောက်ပတ်ကုန်သော သိက္ခာပုဒ်များ၌ ခိုင်မြဲ တည်တံ့သော သီလရှိ၍ သိက္ခာပုဒ်များ၌ ဆောက်တည်၍ ကျင့်၏၊ ထိုရဟန်းသည် သံယောဇဉ် ၃-ပါး အကြွင်းမဲ့ ကုန်ခြင်းကြောင့် သောတာပန် ဖြစ်၏၊ အပါယ်မကျ ကိန်းသေ၏၊ အထက်မဂ် ၃-ပါးလျှင် လည်းလျောင်းရာရှိ၏။

၂။ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်စုံစွာ ပြုလေ့ရှိသော်လည်း သမာဓိ၊ ပညာ၌မူ အတိုင်းအရှည်အားဖြင့်သာ (လ) ထိုရဟန်းသည် သံယောဇဉ် ၃-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် သကဒါဂါမ် ဖြစ်၏။ ရာဂ၊ ဒေါသ၊ မောဟ ခေါင်းပါးခြင်းကြောင့် ဤလူ့ပြည်သို့ တကြိမ်သာလာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့။

၃။ ဤသာသနာတော်၌ ရဟန်းသည် သီလ၊ သမာဓိတို့၌ ပြည့်စုံစွာပြုလေ့ရှိ၏။ ပညာ၌မူ အတိုင်းအရှည်အားဖြင့်သာ (လ) ထိုရဟန်းသည် အောက်ကာမဘုံဆိုင်ရာ သံယောဇဉ် ၅-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် အနာဂါမ် ဖြစ်၏။ ဗြဟ္မာ့ဘုံ၌ ဥပပတ်ပဋိသန္ဓေနေသူဖြစ်၏။ ထိုဘုံ၌သာ ပရိနိဗ္ဗာန်ပြု၏။ ထိုဘုံမှ ပြန်လှည့်ခြင်းသဘော မရှိ။

၄။ ဤသာသနာတော်၌ ရဟန်းသည် သီလ၊ သမာဓိ၊ ပညာ ၃-ပါးလုံးတို့၌ ပြည့်စုံစွာ ပြုလေ့ရှိ၏။ ထိုရဟန်းသည် သေးငယ်သောအာပတ်များသို့ (လ) ထိုရဟန်းသည်...

စာမျက်နှာ-478


အာသဝေါကုန်ခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ်ပညာကို ယခုဘဝမှာပင် ဉာဏ်ထူးဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ရောက်နေသော ရဟန္တာ ဖြစ်၏။

ဤသို့လျှင် တစိတ်တဒေသ အောက်မဂ်ကို ပြုလေ့ရှိသော သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်သည် တစိတ်တဒေသ အောက်မဂ်ကို ပြီးစေ၏။ အပြည့်အစုံ အရဟတ္တဖိုလ်ကို ပြုလေ့ရှိသော ရဟန္တာပုဂ္ဂိုလ်သည် အပြည့်အစုံအရဟတ္တဖိုလ်ကို ပြီးစေ၏။ ဤသိက္ခာပုဒ်တို့ကို မပြု-အချည်းနှီးမဟုတ်ကုန်ဟူ၍သာလျှင် ငါဆို၏ဟု မိန့်။

အတိုင်းအရှည်အားဖြင့်သာ - ပြည့်စုံစွာ မပြုစွမ်းနိုင်ခြင်းတည်း။

သေးငယ်သောအာပတ်များ - ပါရာဇိက ၄-ပါးကြဉ်၊ ကျန်သမျှအားလုံး သေးငယ်ကြသည်၊ ထိုတွင်လည်း သံဃာဒိသိသ်ထက် ထုလ္လစ္စဉ်းငယ်၊ ထို့အောက် ပါစိတ်၊ ပါဋိဒေသနီ၊ ဒုက္ကဋ်၊ ဒုဗ္ဘာသီတို့ အဆင့်ဆင့်သေးငယ်ကြသည်၊ ဤကား အင်္ဂုတ္တရနိကာယ်ဆောင် အရှင်ဆရာတို့အလိုတည်း။

ရဟန္တာအာပတ်သင့်ကောင်း - လောကဝဇ္ဇအာပတ်သို့ကား မရောက်ပါ၊ ပဏ္ဏတ္တိဝဇ္ဇအာပတ်သို့သာ ကိုယ်၊ နှုတ်၊ စိတ် ၃-ပါးလုံးဖြင့် ရောက်ကောင်းသည်၊ ကုဋိကာရ၊ သဟသေယျ စသည်အာပတ်များသို့ ကိုယ်ဖြင့်လည်းကောင်း၊ သဉ္စရိတ္တ၊ ပဒသောဓမ္မ စသည်များသို့ နှုတ်ဖြင့်လည်းကောင်း၊ ရွှေငွေ ခံယူခြင်းသို့ စိတ်ဖြင့်လည်းကောင်း သင့်ရောက်ကြသည်၊ သေက္ခပုဂ္ဂိုလ်များလည်း နည်းတူပင်။

၇-ဒုတိယ သိက္ခာသုတ်

ကိုယ်ကျိုးလိုလား အမျိုးသားများ ကျင့်ကြ၍ လခွဲတကြိမ် အကျဉ်းပြအပ်သော (လ) အဓိပညာ သိက္ခာ ၃-ပါးတို့တည်း။ (ပထမသိက္ခာသုတ်အတိုင်းသိ)။

၁။ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်စုံစွာ ပြုလေ့ရှိသော်လည်း သမာဓိ၊ ပညာ၌မူ အတိုင်းအရှည်အားဖြင့်သာ ပြုလေ့ရှိ၏။ ထိုရဟန်းသည် သေးငယ်သောအာပတ်များသို့ (လ) ထိုရဟန်းသည် သံယောဇဉ် ၃-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် ၇-ကြိမ် ပဋိသန္ဓေနေရခြင်း အတိုင်းအရှည်ရှိသော သတ္တက္ခတ္တုပရမ သောတာပန် ဖြစ်၏။ လူ့ပြည်၌လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း ၇-ကြိမ် အတိုင်းအရှည် ပြေးသွားကျင်လည်ရလျက် ဒုက္ခအဆုံးကိုပြု၏။ (က)

ထိုရဟန်းသည် သံယောဇဉ် ၃-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် တဘဝမှ တဘဝသို့ ကျင်လည်ပြေးသွားသော သဘောရှိသော ကောလံကောလ သောတာပန် ဖြစ်၏၊ ၂-ဘဝ- ၃-ဘဝ ပြေးသွားရလျက် ဒုက္ခအဆုံးကိုပြု၏။ (ခ)

စာမျက်နှာ-479


ထိုရဟန်းသည် သံယောဇဉ် ၃-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် တဘဝ ပဋိသန္ဓေတည်နေရသော ဧကဗီဇီ သောတာပန် ဖြစ်၏။ လူ့ပြည်၌ တဘဝသာ ဖြစ်ရ၍ ဒုက္ခအဆုံးကို ပြု၏။ (ဂ)

၂။ ထိုရဟန်းသည် သံယောဇဉ် ၃-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် လည်းကောင်း၊ ရာဂ၊ ဒေါသ၊ မောဟ ခေါင်းပါးခြင်းကြောင့် လည်းကောင်း၊ သကဒါဂါမ် ဖြစ်၏။ တကြိမ်သာ ဤလူ့ဘုံသို့ပြန်လာ၍ ဒုက္ခအဆုံးကို ပြု၏။

၃။ ဤသာသနာတော်၌ ရဟန်းသည် သီလ၊ သမာဓိတို့၌ ပြည့်စုံစွာပြုလေ့ရှိသော်လည်း ပညာ၌မူ အတိုင်းအရှည်အားဖြင့်သာ (လ) ထိုရဟန်းသည် အောက်ကာမဘုံဆိုင်ရာ သံယောဇဉ် ၅-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် အထက်ဘုံသို့ဆောင်တတ်သော တဏှာအလျဉ်ရှိသော၊ အကနိဋ္ဌဘုံသို့ ရောက်စေတတ်သော ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ အနာဂါမ် ဖြစ်၏။ (က)

ထိုရဟန်းသည် အောက်ကာမဘုံဆိုင်ရာ သံယောဇဉ် ၅-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် ဝိပဿနာဉာဏ်ဟူသော တိုက်တွန်းခြင်းရှိသဖြင့် ပရိနိဗ္ဗာန်ပြုသော သသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ် ဖြစ်၏။ (ခ)

ထိုရဟန်းသည် အောက်ကာမဘုံဆိုင်ရာ သံယောဇဉ် ၅-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် ဝိပဿနာဉာဏ်ဟူသော တိုက်တွန်းခြင်းမရှိဘဲ ပရိနိဗ္ဗာန်ပြုသော အသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ် ဖြစ်၏။ (ဂ)

ထိုရဟန်းသည် အောက်ကာမဘုံဆိုင်ရာ သံယောဇဉ် ၅-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်ထက်ဝက်ကိုလွန်၍ ပရိနိဗ္ဗာန်ပြုသော ဥပဟစ္စပရိနိဗ္ဗာယီ အနာဂါမ် ဖြစ်၏။ (ဃ)

ထိုရဟန်းသည် အောက်ကာမဘုံဆိုင်ရာ သံယောဇဉ် ၅-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်၏အလယ်ကြား ပရိနိဗ္ဗာန်ပြုသော အန္တရာပရိနိဗ္ဗာယီ အနာဂါမ် ဖြစ်၏။ (င)

ဤသာသနာတော်၌ ရဟန်းသည် သီလ၊ သမာဓိ၊ ပညာ ၃-ပါးလုံး၌ ပြည့်စုံစွာ ပြုလေ့ရှိ၏။ ထိုရဟန်းသည် သေးငယ်သောအာပတ်များသို့ (လ) ထိုရဟန်းသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ်စိတ်ဖြင့် အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ဉာဏ်ထူးဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ရောက်၍နေ၏။

ဤသို့လျှင် တစိတ်တဒေသကို ပြုလေ့ရှိသော ပုဂ္ဂိုလ်သည် တစိတ်တဒေသကို ပြီးစေ၏။ ပြည့်အစုံကိုပြုလေ့ရှိသော ပုဂ္ဂိုလ်သည် အပြည့်အစုံကို ပြီးစေ၏။ ဤသိက္ခာပုဒ်တို့ကို (မပြု-အချည်းနှီးမဟုတ်ကုန်) ဟူ၍သာလျှင် ငါဆို၏ဟု မိန့်။

စာမျက်နှာ-480


ကောလံကောလ သောတာပန် - ၂-ဘဝ၊ ၃-ဘဝ ဟူရာ၌ ၄-ဘဝ၊ ၅-ဘဝ၊ ၆-ဘဝ အထိ ဤသောတာပန် ကျင်လည်ပြေးသွားနိုင်သည်။

ဥဒ္ဓံသောတ ၄-မျိုးအခွဲ -

ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ - လူ့ပြည်အနာဂါမ်ရ၊ အဝိဟာဘုံ၌ဖြစ်၊ အကနိဋ္ဌအရောက်သွား၊ နိဗ္ဗာန်စံသည်။

ဥဒ္ဓံသောတ န အကနိဋ္ဌဂါမီ - အဝိဟာ စသည်တို့၌ဖြစ်၊ အကနိဋ္ဌအရောက်မသွားဘဲ အထက်ဗြဟ္မာ့ပြည်၌ နိဗ္ဗာန်စံသည်။

န ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ - လူ့ပြည်မှ စုတိပြီး အကနိဋ္ဌ၌သာဖြစ်၊ ယင်းဘုံ၌ နိဗ္ဗာန်စံသည်။

န ဥဒ္ဓံသောတ န အကနိဋ္ဌဂါမီ - လူ့ပြည်မှ စုတိပြီး အဝိဟာစသည် ၄-ဘုံ တဘုံဘုံ၌ဖြစ်၊ ထိုဘုံ၌သာ နိဗ္ဗာန်စံသည်။

ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ် - မဟာကပ် တထောင် အသက်ရှည်သော အဝိဟာဘုံ၌ဖြစ်၍ မဟာကပ် ၅၀၀-လွန်မှ ရဟန္တာဖြစ်သူတည်း။ အတပ္ပါဘုံစသည်တို့၌လည်း နည်းတူပင်။

အန္တရာပရိနိဗ္ဗာယီ ၃-မျိုး - အသက်ထက်ဝက်မလွန်မီ အလယ်အကြား၌ ပရိနိဗ္ဗာန်ပြုသူများကား မဟာကပ် ၁၀၀၀-သက်တမ်းရှိသော အဝိဟာဘုံ၌ မဟာကပ် ၁၀၀-၌ ရဟန္တာဖြစ်သူ၊ ၂၀၀-၌ ဖြစ်သူ၊ ၄၀၀-၌ ဖြစ်သူဟု ၃ မျိုးရှိသည်။

အရိယာပုဂ္ဂိုလ်များ ရေတွက်ပုံ -

သောတာပန် ၂၄ - သာသနာတော်၌ သဒ္ဓါ၊ ပညာဓုရ ၂-ပါး တပါးပါးဖြင့် လည်းကောင်း၊ ပဋိပဒါ ၄-ပါး တပါးပါးဖြင့်လည်းကောင်း သောတာပန်ဖြစ်ရာ ဧကဗီဇိစသော သောတာပန် ၃-မျိုးကို ဓူရ ၂-ပါးဖြင့် မြှောက်၊ ၆-ရ၏။ ပဋိပဒါ ၄-ပါးဖြင့် မြှောက် ၂၄-ရသည်။

သကဒါဂါမ် ၁၂ - ဝိမောက္ခ ၃-ပါး တပါးပါးဖြင့် သကဒါဂါမ်ဖြစ်ရာ ပဋိပဒါ ၄-ပါးနှင့် စပ်ပါက ၃ x ၄ = ၁၂ ဖြစ်သည်။

အနာဂါမ် ၄၈ - အဝိဟာဘုံ၌ အန္တရာပရိနိဗ္ဗာယီ ၃-ဦး၊ ဥပဟစ္စပရိနိဗ္ဗာယီ ၁-ဦး၊ ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ ၁-ဦး၊ ပေါင်း ၅-ဦးရရာ အသင်္ခါရပရိနိဗ္ဗာယီ၊ သသင်္ခါရ...

စာမျက်နှာ-481


ပရိနိဗ္ဗာယီ ၂-မျိုး ရကောင်းသဖြင့် $5 \times 2 = 10$ အဝိဟာဘုံ၌ ရသည်၊ ထို့အတူ အတပ္ပါစသော ၃-ဘုံ ၁၀-စီ၊ ပေါင်း ၄-ဘုံ ၄၀ ရသည်၊ အကနိဋ္ဌဘုံ၌ကား ဥဒ္ဓံသောတ မရှိသဖြင့် ၅-ဦးသာ ရရာ အသင်္ခါရ၊ သသင်္ခါရ ပရိနိဗ္ဗာယီ ၂-မျိုးဖြင့်မြှောက် $4 \times 2 = 8$ ယောက်ရသည်၊ ပေါင်း ၄၈-ယောက်တည်း၊ ရဟန္တာ ၁၂-ယောက်ကို သကဒါဂါမ်ကဲ့သို့ ရေတွက်ပါ။
၈-တတိယသိက္ခာသုတ်

ကိုယ်ကျိုးလိုလား အမျိုးသားများကျင့်ကြ၍ လခွဲတကြိမ် အကျဉ်းပြအပ်သော (လ) အဓိပညာ သိက္ခာ ၃-ပါးတို့တည်း။ (ပထမသိက္ခာသုတ်လို။)

ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်စုံစွာ ပြုလေ့ရှိသော်လည်း သမာဓိ၊ ပညာ၌မူ အတိုင်းအရှည်အားဖြင့်သာ ပြုလေ့ရှိ၏။ ထိုရဟန်းသည် သေးငယ်သောအာပတ်များသို့ (လ) ထိုရဟန်းသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ဉာဏ်ထူးဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ရောက်၍နေ၏။

ထိုအရဟတ္တဖိုလ်သို့လည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည်ရှိသော် အောက်ကာမဘုံဆိုင်ရာ သံယောဇဉ် ၅-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်ထက်ဝက်ကို လွန်၍ ပရိနိဗ္ဗာန်ပြုသော ဥပဟစ္စပရိနိဗ္ဗာယီ အနာဂါမ် ဖြစ်၏။

ထိုသို့လည်း မရောက်နိုင် မသိနိုင်သည်ရှိသော် အောက်ကာမဘုံ (လ) ကုန်ခြင်းကြောင့် ဝိပဿနာဉာဏ်ဟူသော တိုက်တွန်းခြင်းမရှိဘဲ ပရိနိဗ္ဗာန်ပြုသော အသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ် ဖြစ်၏။

ထိုသို့လည်း မရောက်နိုင် မသိနိုင်သည်ရှိသော် ... အောက်ကာမဘုံ (လ) ကုန်ခြင်းကြောင့် ဝိပဿနာဉာဏ်ဟူသော တိုက်တွန်းခြင်းရှိသဖြင့် ပရိနိဗ္ဗာန်ပြုသော သသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ် ဖြစ်၏။

ထိုသို့လည်း မရောက်နိုင် မသိနိုင်သည်ရှိသော် အောက်ကာမဘုံ (လ) ကုန်ခြင်းကြောင့် အထက်ဘုံသို့ ဆောင်တတ်သော တဏှာအလျဉ်ရှိသော အကနိဋ္ဌဘုံသို့ ရောက်စေတတ်သော ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ အနာဂါမ် ဖြစ်၏။

ထိုသို့လည်း မရောက်နိုင် မသိနိုင်သည်ရှိသော် သံယောဇဉ် ၃-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့် လည်းကောင်း၊ ရာဂ၊ ဒေါသ၊ မောဟ ခေါင်းပါးခြင်းကြောင့် လည်းကောင်း သကဒါဂါမ် ဖြစ်၏၊ တကြိမ်သာ ဤလူ့ဘုံသို့ ပြန်လာ၍ ဒုက္ခအဆုံးကို ပြု၏။

စာမျက်နှာ-482


ထိုသို့လည်း မရောက်နိုင် မသိနိုင်သည်ရှိသော် သံယောဇဉ် ၃-ပါး(လ)ကြောင့် တဘဝ ပဋိသန္ဓေနေရသော ဧကဗီဇိသောတာပန် ဖြစ်၏။ လူ့ပြည်၌ တဘဝသာ ဖြစ်ရ၍ ဒုက္ခအဆုံးကို ပြု၏။

ထိုသို့လည်း မရောက်နိုင် မသိနိုင်သည်ရှိသော် သံယောဇဉ် ၃-ပါး(လ)ကြောင့် တဘဝမှ တဘဝသို့ ကျင်လည်ပြေးသွားသော သဘောရှိသော ကောလံကောလသောတာပန် ဖြစ်၏။ ၂-ဘဝ ၃-ဘဝ ပြေးသွား ကျင်လည်ရလျက် ဒုက္ခအဆုံးကို ပြု၏။

ထိုသို့လည်း မရောက်နိုင် မသိနိုင်သည်ရှိသော် သံယောဇဉ် ၃-ပါး(လ)ကြောင့် ၇-ကြိမ် ပဋိသန္ဓေနေရခြင်း အတိုင်းအရှည်ရှိသော သတ္တက္ခတ္တုပရမသောတာပန် ဖြစ်၏။ လူ့ပြည်၌ လည်းကောင်း၊ နတ်ပြည်၌ လည်းကောင်း ၇ ကြိမ် အတိုင်းအရှည် ပြေးသွား ကျင်လည်ရလျက် ဒုက္ခအဆုံးကို ပြု၏။

ဤသို့ အပြည့်အစုံ ပြုလေ့ရှိသူသည် အပြည့်အစုံကို ပြီးစေ၏၊ တစိတ်တဒေသကို ပြုလေ့ရှိသူသည် တစိတ်တဒေသကို ပြီးစေ၏။ သိက္ခာပုဒ်တို့ကို မပြု-အချည်းနှီးမဟုတ်ကုန်ဟူ၍သာ ငါဆို၏ဟု မိန့်။

၉-ပဌမသိက္ခတ္တယသုတ်

ဤသုတ်၌ သိက္ခာ ၃-ပါးကို လည်းကောင်း၊ အဓိသီလသိက္ခာအရ ပါတိမောက္ခသံဝရသီလ၊ အဓိစိတ္တသိက္ခာအရ စတုတ္ထဈာန်သို့ ရောက်၍ နေခြင်း၊ အဓိပညာသိက္ခာအရ သစ္စာ ၄-ပါးသိခြင်းကိုလည်းကောင်း ဟောတော်မူသည်။

၁၀-ဒုတိယ သိက္ခတ္တယသုတ်

ရှေ့ပိုင်း၌ ပထမသုတ်အတိုင်းပင်တည်း၊ အဆုံး အဓိပညာသိက္ခာအရကိုမူ အရဟတ္တဖိုလ် ပညာဟု ဟောတော်မူပြီး ဂါထာအားဖြင့် -

လုံ့လ ပညာစွမ်းအား တည်ကြည်ခြင်းရှိ၍ ဈာန်ဝင်စားလေ့ရှိကာ သတိဣန္ဒြေရှိသူသည် သိက္ခာသုံးပါးကို ကျင့်ရာသည်။

အကြင်သူသည် သမာဓိဖြင့် ရှေ့နောက်ကာလ ၂-ပါးလုံးဝယ် သိက္ခာ ၃-ပါးတို့၌ ကျင့်ရာ၏။ ကိုယ်၏ အထက်ပိုင်း အောက်ပိုင်းကို အသုဘဟု ရှု၏။ နေ့ရောညပါ သိက္ခာ ၃-ပါးတို့၌ ကျင့်၏။ အကျင့်သီလနှင့် ပြည့်စုံသော ထိုသူကို သေက္ခဟု ဆိုကုန်၏။ သမာဓိနှင့် ပြည့်စုံ၍ အကျင့်မြတ် အဆုံးနိဗ္ဗာန်သို့ ရောက်သော ထိုသူကို လောက၌ စတုသစ္စဗုဒ္ဓဟု ဆိုကုန်၏။

တဏှာကုန်ရာ အရဟတ္တဖိုလ်နှင့် ပြည့်စုံသူအား ဆီမီးငြိမ်းသကဲ့သို့ အဆုံးဝိညာဉ်၏ ချုပ်ငြိမ်းခြင်းကြောင့် စိတ်၏ (တဖန် မဖြစ်သောအားဖြင့်) ကင်းလွှတ်ခြင်းသည် ဖြစ်၏ဟု မိန့်။

စာမျက်နှာ-483


၁၁-သင်္ကဝါသုတ်

သံဃာများနှင့်အတူ ဘုရားရှင် ဒေသစာရီ ကြွချီ၍ ကောသလတိုင်း သင်္ကဝါနိဂုံး၌ သီတင်းသုံးစဉ် ရဟန်းများကို သိက္ခာပုဒ်နှင့် စပ်သော တရားစကားဖြင့် အကျိုးသိမြင်စေလျက် တရားဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်စေတော်မူသည်။

ထိုအခါ “ဤရဟန်း ဂေါတမသည် အလွန်ပင် ခေါင်းပါးစေလိုယောင်တကား” ဟု သင်္ကဝါနိဂုံးကျောင်းထိုင်ဘုန်းကြီး ကဿပဂေါတ္တသည် ကြံပြီး သည်းမခံနိုင်ခြင်း မကျေနပ်ခြင်း ဖြစ်သည်။ ဘုရားရှင်လည်း ယင်းနိဂုံး၌ မွေ့လျော်သမျှ နေတော်မူပြီး ခရီးစဉ်အတိုင်းကြွ၊ ရာဇဂြိုဟ်ရောက်ရှိ သီတင်းသုံးနေသည်။

ဘုရားရှင် ကြွသွားပြီး မကြာမီ ကဿပဂေါတ္တရဟန်းအား နောင်တရခြင်း ကုက္ကုစ္စ၊ နှလုံးမသာခြင်း ဝိပ္ပဋိသာရဖြစ်တော့သည်၊ “ငါသည် သီလစသော ဂုဏ်တို့ကိုမရပြီ၊ ရခြင်းမဖြစ်ပြီတကား၊ ငါသည် ရဟန်းအဖြစ်ကို မကောင်းသဖြင့် ရခြင်းဖြစ်ရပြီ၊ ကောင်းစွာရခြင်းမဖြစ်ရပြီတကား၊ မြတ်စွာဘုရား၏ တရားနှင့်စပ်၍ နှလုံးသွင်းမှားကာ မကျေနပ်ခြင်းဖြစ်ခဲ့၏၊ ငါသည် ဘုရားရှင်ထံသွား၍ အပြစ်ကို ဝန်ခံလျှောက်ထားမှ ကောင်းပေမည်” ဟု ကြံပြီး ကျောင်းအိပ်ရာနေရာကို သိမ်းကာ ရာဇဂြိုဟ် ဘုရားထံသွား အကြောင်းစုံ ဝန်ခံလျှောက်ထားသည်။

ဘုရားရှင်သည် ကဿပအား အပြစ်ကိုမြင်ကာ ကုစားခြင်းကြောင့် သင့်အပြစ်များကို ငါတို့လက်ခံကြောင်း စသည်ဖြင့် မိန့်ကြားပြီး -
သီတင်းကြီးရဟန်း၊ သီတင်းလတ်ရဟန်း၊ သီတင်းငယ်ရဟန်း မည်သူပင်ဖြစ်စေ သိက္ခာမလိုလားသူ၊ သိက္ခာဆောက်တည်ခြင်း၏ ဂုဏ်ကို မချီးကျူးသူဖြစ်အံ့၊ သိက္ခာမလိုလားသော ရဟန်းများကိုလည်း သိက္ခာမဆောက်တည်စေအံ့၊ သိက္ခာလိုလားသော ရဟန်းများ၏ ဂုဏ်ကိုလည်း သင့်သောအခါ ဟုတ်မှန်စွာ မချီးကျူးအံ့၊ ဤသို့သောရဟန်းမျိုးကို ငါဘုရား မချီးမွမ်း။

အကြောင်းကား သိက္ခာမလိုလားသော ထိုရဟန်းကို ဘုရားချီးမွမ်းတော်မူ၏ဟု အခြားရဟန်းများက ထိုရဟန်းကို ဆည်းကပ်ကုန်ရာ၏။ ဆည်းကပ်သော ရဟန်းများသည် ထိုရဟန်း၏အမူအရာသို့ အတုလိုက်ကုန်ရာ၏။ ထိုရဟန်းများအား ထိုသို့အတုလိုက်ခြင်းသည် ကာလရှည်ကြာ စီးပွားမဲ့ ဆင်းရဲဖို့သာ ဖြစ်သောကြောင့်တည်း။

သီတင်းကြီးရဟန်း၊ သီတင်းလတ်ရဟန်း၊ သီတင်းငယ်ရဟန်း မည်သူပင်ဖြစ်စေ သိက္ခာလိုလားသူ၊ သိက္ခာဆောက်တည်ခြင်း၏ ဂုဏ်ကိုချီးမွမ်းသူစသည်ဖြစ်လျှင် ဘုရားရှင် ချီးမွမ်းတော်မူကြောင်း၊ လိုက်သူများအား ကာလကြာ စီးပွားချမ်းသာဖို့သာဖြစ်သောကြောင့်ဟု အကြောင်းနှင့်တကွ အပြန်အားဖြင့် အကျယ်မိန့်ကြားသည်။

စာမျက်နှာ-484


(၁၀) ၅-လောဏကပလ္လဝဂ်

၁-အစ္စာယိကသုတ်

အိမ်ရှင်ယောက်ျား လယ်သမား၏ ဆောလျင်စွာ ပြုရမည့် ပြုလုပ်ဖွယ် ၃-မျိုးမှာ လျင်မြန်ကောင်းမွန်စွာ လယ်ကိုထွန်ယက်၍ မြေကိုညီညွတ်စွာပြုခြင်း၊ ပြီးလျှင် ကောင်းမွန်ပြေပြစ်စွာ မျိုးစေ့များကြဲချခြင်း၊ ပြီးလျှင် ရေကို သွင်းထုတ်ခြင်းတို့တည်း။ လယ်သမားအား “ယနေ့ပင် ငါ့စပါးများ ပေါက်ပါစေ၊ နက်ဖြန် ဖုံးပါစေ၊ သန်ဘက်ခါ မှည့်ပါစေ” ဟု လိုတိုင်းပြီးနိုင်သော ထိုတန်ခိုးစွမ်းမရှိပေ၊ စင်စစ်သော်ကား ထိုလယ်သမား၏ ထိုစပါးများသည် ညီညွတ်သောဥတုကိုရမှ ပေါက်လည်းပေါက်၊ ဖုံးလည်းဖုံး၊ မှည့်လည်းမှည့်သော အခါမျိုးသည် ရှိ၏။

ဤအတူသာလျှင် ရဟန်း၏ ဆောလျင်စွာပြုရမည့် ပြုလုပ်ဖွယ် ၃-မျိုးမှာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ၊ သိက္ခာ ၃-ပါးကို ဆောက်တည်ခြင်းတို့တည်း။ ထိုရဟန်းအား “ယနေ့၌သော်လည်းကောင်း၊ နက်ဖြန် သန်ဘက်၌သော်လည်းကောင်း ငါ၏စိတ်သည် အစွဲကင်းသော အာသဝေါတို့မှ လွတ်ပါစေသတည်း” ဟု လိုတိုင်းပြီးစေနိုင်သော တန်ခိုးစွမ်း မရှိပေ၊ စင်စစ်သော်ကား သိက္ခာ ၃-ပါးကိုကျင့်သော ထိုရဟန်း၏ စိတ်သည် အစွဲကင်းကာ အာသဝေါတို့မှ လွတ်သော အခါမျိုးသည် ရှိ၏။ ထို့ကြောင့် ဤသာသနာတော်၌ သိက္ခာ ၃-ပါးကို ဆောက်တည်ရာ၌ ငါတို့အား ထက်သန်သော ဆန္ဒဖြစ်လတ္တံ့ဟု ဤအတိုင်းသာ သင်တို့ ကျင့်ကြရမည်-မိန့်။

အလုပ် ၂-ခုအထူး - မချွတ်ပုံသေပြုရမည်ကား ကရဏီယ၊ မပြုဘဲ နေရသေးသည်ကား ကိစ္စဟု ခွဲပြသည်။
စပါးပင် ပေါက်ချိန် - ၃-ရက်မြောက် အစိုပေါက်၍ ၇-ရက်ရောက်သော် အညွန့်ထွက်သည်၊ တလခွဲကြာသော် ဖုံး၍ ၃-လရောက်သော် မှည့်သည်။

၂-ပဝိဝေကသုတ်

သာသနာပ ပရိဗိုဇ်များ ပညတ်ကြသော ကိလေသာမှ ကင်းဆိတ်ခြင်း ၃-မျိုးမှာ သင်္ကန်း၊ ဆွမ်း၊ ကျောင်းကို မှီ၍ဖြစ်သော ကင်းဆိတ်ခြင်းတို့တည်း။

သင်္ကန်းကိုမှီ၍ဖြစ်သော ကင်းဆိတ်ခြင်း ဟူသည်- ပိုက်ဆံလျှော်အဝတ်ကိုဆောင်ခြင်း၊ ပိုက်ဆံလျှော်ဖြင့် ရောရှက်သော အဝတ်၊ လူသေကောင် အဝတ် (ပံ့သကူအဝတ်)၊ သစ်ခေါက်အဝတ်၊ သစ်နက်ရေ၊ ခွာနှင့် ဟက္ခသော သစ်နက်မြှင်အဝတ်၊ သမန်းမြက်အဝတ်၊ လျှော်တေအဝတ်၊ ပျဉ်ချပ်အဝတ်၊ လူ့ဆံပင်ဖြင့် ရက်သော ကမ္ဗလာ၊ သားမြီးကမ္ဗလာ၊ ခင်ပုပ်ငှက်တောင် အဝတ်ကိုသော်လည်း ဆောင်ခြင်းတို့တည်း။

စာမျက်နှာ-485


ဆွမ်းကိုမှီ၍ဖြစ်သော ကင်းဆိတ်ခြင်း ဟူသည် - ဟင်းရွက်စိမ်းကိုသော်လည်း စားခြင်း၊ ပြောင်းဆန်မြက်၊ ကျိတ်သီးဆန်၊ သားရေ အစအန၊ မှော်၊ ဆန်ကွဲ၊ ထမင်းချိုး၊ နှမ်းမုန့်ညက်၊ မြက်၊ နွားချေးကိုသော်လည်း စားခြင်း၊ တောသစ်မြစ် သစ်သီးလျှင် အစာရှိသည်ဖြစ်၍ ကြွေကျသော သစ်သီးကိုစားလျက် မျှတခြင်းတို့တည်း။

ကျောင်းကိုမှီ၍ဖြစ်သော ကင်းဆိတ်ခြင်း ဟူသည် - တော၊ သစ်ပင်ရင်း၊ သင်္ချိုင်း၊ တောအုပ်၊ ပြင်၊ ကောက်ရိုးပုံ၊ ကောက်ရိုးအုံတို့တည်း။

ဤသာသနာတော်၌ ရဟန်း၏ ကိလေသာမှ ကင်းဆိတ်ခြင်း ၃-မျိုးမှာ -

၁။ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ထိုရဟန်းအား သီလမရှိခြင်းကိုလည်း ပယ်အပ်၏၊ ထိုသီလမရှိခြင်းမှလည်း ကင်းဆိတ်၏။

၂။ အမြင်မှန်ရှိ၏၊ အမြင်မှားကိုလည်း ပယ်အပ်၏၊ အမြင်မှားမှလည်း ကင်းဆိတ်၏။

၃။ ကုန်ပြီးသော အာသဝေါရှိ၏၊ အာသဝေါတို့ကိုလည်း ပယ်အပ်ကုန်၏။ အာသဝေါတို့မှလည်း ကင်းဆိတ်၏။

ဆိုခဲ့ပြီး အကြောင်းများကြောင့် ဤရဟန်းကို သီလဟူသော အမြတ်အနှစ်သို့ ရောက်သူ၊ စင်ကြယ်သူ၊ သီလ၊ သမာဓိ၊ ပညာဟူသော ဂုဏ်အနှစ်၌ တည်သူဟု ဆိုအပ်၏။

လယ်သမား၏ သလေးစပါးခင်းသည် ပြည့်စုံ၏။ ထိုအခင်းကို လယ်သမားသည် လျင်မြန်စွာ ရိတ်စေ၏။ ပြီးလျှင် လျင်မြန်စွာ စုရုံးစေရာ၏။ ပြီးလျှင် လျင်မြန်စွာ တိုက်စေရာ၏၊ ပြီးလျှင် လျင်မြန်စွာ စုပုံစေရာ၏၊ ပြီးလျှင် လျင်မြန်စွာ နယ်စေရာ၏၊ ပြီးလျှင် လျင်မြန်စွာ လှေ့စေရာ၏၊ ပြီးလျှင် လျင်မြန်စွာ ထောင်းထုစေရာ၏။ ပြီးလျှင် လျင်မြန်စွာ ဖွဲ့တို့ကို လွှင့်ထုတ်စေရာ၏၊ ဤသို့ပြုလျှင် အိမ်ရှင်ယောက်ျား လယ်သမား၏ စပါးများသည် ဆန်ဟူသော အမြတ်အနှစ်သို့ ရောက်ကုန်၏၊ စင်ကြယ်ကုန်၏၊ ဆန်ဟူသော အနှစ်၌ တည်ကုန်၏၊ ဤဥပမာအတိုင်းပင် မိန့်တော်မူသည်။

၃-သရဒသုတ်

တန်ဆောင်မုန်းလအခါ တိမ်သားကင်းစင် မိုးကောင်းကင်၌ တက်လာသော နေမင်းသည် ကောင်းကင်ရှိ အမိုက်မှောင်အားလုံးကို ဖျက်ဆီး၍ ထွန်းလင်းတောက်ပ တင့်တယ်သလို အရိယာသာဝကအား ကိလေသာမြူကင်းသော သောတာပတ္တိဉာဏ်အမြင်သည် ဖြစ်ပေါ်လာ၏၊ ပေါ်လာသည်နှင့် တပြိုင်နက် အရိယာသာဝကအား သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ သံယောဇဉ် ၃-ပါးတို့သည် ပျောက်ကုန်၏။

ထိုမှ နောက်၌ အဘိဇ္ဈာ၊ ဗျာပါဒတို့မှ လွတ်မြောက်၏။ ထိုပုဂ္ဂိုလ်သည် ကာမတို့မှ လည်းကောင်း၊ အကုသိုလ်တရားတို့မှ လည်းကောင်း ကင်းဆိတ်၍သာလျှင် ဝိတက်...

စာမျက်နှာ-486


ဝိစာရနှင့်တကွဖြစ်သော ဆိတ်ငြိမ်ခြင်းကြောင့်ဖြစ်သော ပီတိသုခရှိသော ပထမဈာန်သို့ ရောက်၍ နေ၏။ ထိုအခါ၌ အရိယာသာဝကသည် အကယ်၍ သေငြားအံ့၊ ထိုသာဝကအား လူ့ပြည် ပြန်လာစေနိုင်သော သံယောဇဉ်မရှိပြီဟု မိန့်။

၄-ပရိသာသုတ်

ပရိသတ် ၃-မျိုးမှာ ပုဂ္ဂိုလ်မြတ်ရှိသော အဂ္ဂဝတီပရိသတ်၊ မညီညွတ်သော ဝဂ္ဂပရိသတ်၊ ညီညွတ်သော သမဂ္ဂပရိသတ် တို့တည်း။

ပုဂ္ဂိုလ်မြတ်ရှိသော အဂ္ဂဝတီပရိသတ် ဟူသည် - ဤသာသနာတော်ဝယ် အကြင်ပရိသတ်၌ သီတင်းကြီးရဟန်းများသည် ပစ္စည်းများအောင် မကျင့်ကြ၊ သိက္ခာ ၃-ပါး လေးစားကြ၏။ အောက်သို့ သက်စေတတ်သော တရား၌ စွန့်ချအပ်သော လုံ့လရှိကြ၏။ ကင်းဆိတ်ခြင်း ၃-ပါး၌ ရှေ့သွားဖြစ်ကြ၏။ မရောက် မရ မျက်မှောက်မပြုရသေးသော ဈာန်မဂ်ဖိုလ်တရားသို့ ရောက်ရ မျက်မှောက်ပြုဖို့ရာ လုံ့လစိုက်ကြ၏။ နောင်လာနောင်သားများလည်း ထိုသီတင်းကြီးရဟန်းများ၏ အပြုအမူအတိုင်း လိုက်ကြသည်။ ဤပုဂ္ဂိုလ်မြတ်ရှိသော ပရိသတ်တည်း။

မညီညွတ်သော ဝဂ္ဂပရိသတ် ဟူသည် - မျက်မှောက်မျက်ကွယ် ငြင်းခုံလျက် ဆန့်ကျင်ဘက် ပြောကြား စကားများတတ်ကြသည့်ပြင် အချင်းချင်း နှုတ်လှန်ထိုး၍လည်း နေကြကုန်သော ရဟန်းများရှိသော ပရိသတ်တည်း။

ညီညွတ်သော သမဂ္ဂပရိသတ် ဟူသည် - ညီညွတ်ဝမ်းမြောက်ကြလျက် ဆန့်ကျင်ဘက်မပြော၊ နို့နှင့်ရေ ရောထားသလို ဖြစ်ကြ၍ အချင်းချင်း ချစ်သောမျက်စိတို့ဖြင့် ကောင်းစွာ ကြည့်ကြ နေထိုင်ကြသော ရဟန်းများရှိသော ပရိသတ်တည်း။

ညီညွတ်သော သမဂ္ဂပရိသတ် ဖြစ်သောအခါ၌ ရဟန်းများသည် ကောင်းမှုများစွာကို ဖြစ်စေကုန်၏။ ထိုအခါ၌ ရဟန်းများသည် စိတ်၏ ကိလေသာမှ လွတ်မြောက်ကြောင်း ဝမ်းမြောက်ခြင်း မုဒိတာဖြင့် မြတ်သော နေခြင်းကို နေကုန်၏။ ဝမ်းမြောက်သူအား နှစ်သက်ခြင်း ပီတိဖြစ်၏။ နှစ်သက်သူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစား၏၊ ချမ်းသာခြင်းရှိသူ၏စိတ်သည် တည်ကြည်၏။ တောင်ထိပ်၌ မိုးသည်းထန်စွာ ရွာလတ်သော် ထိုရေသည် နိမ့်ရာ နိမ့်ရာသို့ စီးဆင်း၍ တောင်ချောက် ပပ်ကြားကွဲ မြောင်းငယ်တို့ကို ပြည့်လျှံစေ၏။ ပြည့်လျှံပြီး အိုင်ငယ် အိုင်ကြီး၊ မြစ်ငယ် မြစ်ကြီးတို့ကို ပြည့်လျှံစေ၏။ ပြည့်လျှံပြီး မဟာသမုဒ္ဒရာတို့ကို ပြည့်လျှံစေကုန်၏။ ဤအတူသာလျှင် သမဂ္ဂပရိသတ်နှင့် စပ်၍ တည်ကြည်ခြင်း အကျိုးထိ သက်ရောက်ပုံ ဟောတော်မူသည်။

စာမျက်နှာ-487


၅-ပဌမအာဇာနိယသုတ်

ဤလောက၌ အဆင်း၊ ခွန်အား၊ လျင်မြန်ခြင်းနှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား လျောက်ပတ်၏၊ မင်း၏ အသုံးအဆောင်ဖြစ်၏။ မင်း၏အင်္ဂါ အစိတ်အပိုင်းဟူ၍သာ ရေတွက်ခြင်းသို့ရောက်၏။ ဤအတူသာလျှင် အဆင်း၊ ခွန်အား၊ လျင်မြန်ခြင်းနှင့် ပြည့်စုံသောရဟန်းသည် အဝေးမှယူဆောင်၍သော်လည်း ပေးလှူပူဇော်ထိုက်၏၊ ဧည့်သည်ဖို့ စီမံထားသောဝတ္ထုကိုလည်း ပေးလှူပူဇော်ထိုက်၏၊ တမလွန်ရှည်မြော် အလှူတော်ကို ခံထိုက်၏။ လက်အုပ်ချီခြင်းငှာထိုက်၏၊ သတ္တဝါများ၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေဖြစ်၏။

ရဟန်း၏အဆင်း ဟူသည် သီလတည်းဟူသော ဂုဏ်အဆင်းနှင့် ပြည့်စုံခြင်းတည်း။ ခွန်အား ဟူသည် အကုသိုလ်တရားများပယ်ဖို့ ကုသိုလ်တရားများ ပြည့်စုံစေဖို့ အားထုတ်ခြင်း စသော ဝီရိယအားနှင့် ပြည့်စုံခြင်းတည်း။ လျင်မြန်ခြင်း ဟူသည် သစ္စာ ၄-ပါးကို သိသော သောတာပတ္တိမဂ်ဉာဏ်အလျင်ဖြင့် ပြည့်စုံခြင်းတည်း။

၆-၇- ဒုတိယ၊ တတိယ အာဇာနိယသုတ်များကိုလည်း အလားတူ ဟောတော်မူ၏။ အထူးမှာ ရဟန်း၏လျင်မြန်ခြင်းဟူရာ၌ ဒုတိယသုတ်ဝယ် အောက်မဂ် ၃-ပါး၊ အောက်ဖိုလ် ၃-ပါး လျင်မြန်ခြင်းများကိုယူရ၍ တတိယသုတ်ဝယ် အရဟတ္တမဂ်ဖိုလ်အလျင်ကို ယူရသည်။

၈-ပေါတ္ထကသုတ်

လျှော်မြှင်ပုဆိုးအသစ်သည် လည်းကောင်း၊ တပတ်ရစ်သည်လည်းကောင်း၊ ပုဆိုးဟောင်းသည်လည်းကောင်း အဆင်းမလှ၊ အတွေ့လည်းကြမ်းတမ်း၊ အဖိုးလည်းမတန်၊ ပုဆိုးဟောင်းကိုမူ လက်သုတ်ပုဝါသော်လည်း ပြုလုပ်ကြ၊ အမှိုက်ပုံ၌သော်လည်း စွန့်ပစ်ကြသည်။

ဤအတူသာလျှင် သီတင်းငယ်ဖြစ်သော ရဟန်းသည်လည်းကောင်း၊ သီတင်းလတ်သည်လည်းကောင်း၊ သီတင်းကြီးသည် လည်းကောင်း၊ သီလမရှိ၊ သဘောယုတ်သူဖြစ်အံ့၊ ဤအဖြစ်ကား ရဟန်း၏ အဆင်းမလှခြင်းဖြစ်သည်၊ လျှော်မြှင်ပုဆိုး အဆင်းမလှသကဲ့သို့တည်း။

ထိုသီလမရှိသောရဟန်းအား ဆည်းကပ်လုပ်ကျွေး အတုလုပ်သူများအား ထိုဆည်းကပ်ခြင်းစသည် ကာလရှည်ကြာ စီးပွားမဲ့ ဆင်းရဲဖို့ရာဖြစ်၏။ ဤဆင်းရဲခြင်းသည် ရဟန်း၏အတွေ့ကြမ်းခြင်းဖြစ်သည်၊ လျှော်မြှင်ပုဆိုး အတွေ့ကြမ်းသကဲ့သို့တည်း။

စာမျက်နှာ-488


ထိုရဟန်းခံယူသော ပစ္စည်း ၄-ဖြာ အလှူဒကာတို့၏ အလှူသည် ကြီးသောအာနိသင်မရှိ၊ ဤအလှူ အကျိုးမကြီးခြင်းသည် ရဟန်း၏ အဖိုးမတန်ခြင်းဖြစ်သည်၊ လျှော်မြှင်ပုဆိုး အဖိုးမတန်သကဲ့သို့တည်း။

ဤသဘောရှိသော သီတင်းကြီးရဟန်းသည် သံဃာ့အလယ်၌ စကားဆိုအံ့၊ ထိုသီတင်းကြီးရဟန်းကို ရဟန်းများက “မိုက်မဲမလိမ္မာသော သင်၏စကားဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင်စင်လျက်လည်း စကားဆိုသင့်သည်ဟု မှတ်ထင်ဘိ၏” ဟူ၍ ပြောဆိုကြ၏။ အမှိုက်ပုံ၌ လျှော်မြှင်ပုဆိုးကို စွန့်ပစ်သကဲ့သို့ သံဃာက နှင်ထုတ်ကြောင်း သဘောရှိသောစကားကို ထိုသီလမရှိသော သီတင်းကြီးသည် အမျက်ထွက်ကာ နှလုံးမသာဘဲ မြွက်ဆို၏။

ကာသိတိုင်းဖြစ် ပုဆိုးသစ်သည် လည်းကောင်း၊ တပတ်ရစ် ပုဆိုးသည် လည်းကောင်း၊ ပုဆိုးဟောင်းသည် လည်းကောင်း အဆင်းလှ၏။ အတွေ့လည်းကောင်း၏၊ အဖိုးလည်းတန်၏၊ ပုဆိုးဟောင်းကို ရတနာထုပ်သော်လည်းပြုလုပ်၏၊ နံ့သာကြုတ်၌သော်လည်း ထည့်ကုန်၏၊ ဤအတူသာလျှင် သီတင်းငယ်၊ လတ်၊ ကြီး ရဟန်း၏သီလရှိ၍ ကောင်းသောသဘောရှိလျှင် အထက်ပါအတိုင်း အဆင်းလှ၊ အတွေ့ကောင်း၊ အဖိုးတန်ပုံကို သိအပ်သည်။

ဤသဘောရှိသော သီတင်းကြီးရဟန်းသည် သံဃာ့အလယ်၌ စကားဆိုအံ့၊ ထိုသီတင်းကြီးကို ရဟန်းများက “အရှင်တို့၊ နည်းသောအသံရှိကြပါ၊ သီတင်းကြီးရဟန်းသည် သုတ်၊ အဘိဓမ္မာ၊ ဝိနည်းကို ရွတ်ဆိုနေ၏” ဟု ပြောဆိုကုန်၏။ ထို့ကြောင့် ဤသာသနာတော်၌ “ငါသည် ကာသိကတိုင်းဖြစ် ပုဆိုးနှင့်တူစွာဖြစ်စေအံ့၊ လျှော်မြှင်ပုဆိုးပမာ မဖြစ်စေအံ့” ဟု ကျင့်ရမည်၊ ဤအတိုင်းသာ သင်တို့ကျင့်ကြဟု မိန့်။

၉-လောဏကပလ္လသုတ်

“ဤသတ္တဝါသည် ကံကိုပြုသော အခြင်းအရာအားဖြင့် ထိုကံ၏အကျိုးကို ခံစားရ၏” ဟု တစုံတယောက်က ဆိုငြားအံ့၊ ဤဆိုတိုင်းဖြစ်သော် မြတ်သောအကျင့်ကို ကျင့်သုံးမှု မဖြစ်တော့ချေ၊ ကောင်းစွာဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခွင့်မရှိတော့ချေ။ “ဤသတ္တဝါသည် ခံစားအပ်သောကံကိုပြုသော အခြင်းအရာအားဖြင့် ထိုကံ၏အကျိုးကို ခံစားရ၏” ဟု တစုံတယောက်ကဆိုအံ့၊ ဤဆိုတိုင်းဖြစ်သော် အကျင့်မြတ်ကိုကျင့်သုံးမှု ဖြစ်နိုင်၏၊ ကောင်းစွာဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခွင့်ရှိနိုင်၏။ (ဒုတိယစကား၌ “ခံစားအပ်သော” သာထူး)။

စာမျက်နှာ-489


ဤလောက၌ အချို့သူပြုအပ်သော မကောင်းမှုကံ အနည်းငယ်သည် ထိုပြုသူကို ငရဲသို့ဆောင်၏။ အချို့သူပြုအပ်သော ထိုသဘောသာရှိသော (မျက်မှောက်ဘဝ၌ ခံစားအပ်သော) မကောင်းမှုကံ အနည်းငယ်သည် ဒုတိယဘဝ၌ အကျိုးနည်းနည်းမျှ မထင်၊ အကျိုးများစွာဘယ်မှာထင်ပါအံ့နည်း။ (ကံ ၂-ပါးတူလျက်ထူးခြားပုံ)။

အဘယ်သို့ သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်သော မကောင်းမှုကံ အနည်းငယ်သည် ထိုပြုသူကို ငရဲသို့ ဆောင်သနည်း - ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း မပွားများ၊ သီလ၊ စိတ်၊ ပညာကိုလည်း မပွားများ၊ ဂုဏ်အားဖြင့်ငယ်၏။ ဂုဏ်ငယ်သောအားဖြင့် ခန္ဓာကိုယ်ငယ်၏။ မကောင်းမှု အနည်းငယ်ဖြင့် ဆင်းရဲစွာ နေရ၏၊ ဤသဘောရှိသူ ပြုအပ်သော မကောင်းမှုကံ အနည်းငယ်သည် ထိုပြုသူကို ငရဲသို့ ဆောင်၏။

အဘယ်သဘောရှိသူ ပြုအပ်သော ထိုသဘောသာရှိသော (မျက်မှောက်ဘဝ၌ ခံစားအပ်သော) မကောင်းမှုကံ အနည်းငယ်သည် ဒုတိယဘဝ၌ အကျိုးနည်းနည်းမျှမထင်၊ အကျိုးများစွာ ဘယ်မှာထင်ပါအံ့နည်းဟူသည် အဘယ်နည်း - ဤလောက၌ အချို့သူသည် ကာယဘာဝနာ၊ သီလ၊ စိတ်၊ ပညာကိုလည်း ပွားများ၏၊ ဂုဏ်အားဖြင့် မငယ်၊ ဂုဏ်ကြီးသော အားဖြင့် ခန္ဓာကိုယ်ကြီး၏၊ ရာဂ စသည်တို့ မရှိသဖြင့် နေရ၏။ ဤသဘောရှိသူပြုအပ်သော ထိုသဘောသာရှိသော (မျက်မှောက်ဘဝ၌ ခံစားအပ်သော) မကောင်းမှုကံ အနည်းငယ်သည် ဒုတိယဘဝ၌ အကျိုးနည်းနည်းမျှမထင်၊ အကျိုးများစွာ ဘယ်မှာထင်ပါအံ့နည်း။

ဤနေရာ၌ ပုစ္ဆာဝိဿဇ္ဇနာဖြင့် ဥပမာကို ဘုရားရှင်မိန့်ကြားသည်။

“ဆားခွက်ကို ရေနည်းသောခွက်၌ထည့်လျှင် ထိုအနည်းငယ်သောရေသည် ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေ ဖြစ်ရာအံ့လော” “ရေနည်းလှသဖြင့် ဆားငန်ရေ ဖြစ်ရာပါ၏” “ဆားခွက်ကို ဂင်္ဂါမြစ်၌ ထည့်လျှင် ဂင်္ဂါမြစ်သည် ဆားခွက်ဖြင့် မသောက်နိုင်သောဆားငန်ရေဖြစ်ရာအံ့လော” “ဂင်္ဂါမြစ်၌ ရေထုများသောကြောင့် ဆားငန်ရေ မဖြစ်နိုင်ပါ” ဟု ဘုရားရှင်အမေးကို ရဟန်းများဖြေလျှောက်သည်။

ဤအတူသာလျှင် ကာယဘာဝနာစသည် မပွားများသူကို မကောင်းမှုကံ အနည်းငယ်ကပင် ငရဲသို့ဆောင်၍ ပွားများသူ ပြုအပ်သော ကံကား ဒုတိယဘဝ၌ အကျိုးနည်းနည်းမျှမထင်၊ အကျိုးများစွာကား အဘယ်မှာ ထင်ပါအံ့နည်း။ (၁)

ဤလောက၌ အချို့သူသည် အသပြာဝက်ဖြင့်လည်း ချုပ်နှောင်ခံရ၏၊ တသပြာဖြင့်လည်း၊ အသပြာ ၁၀၀-ဖြင့် လည်း ချုပ်နှောင် ခံရ၏၊ ကိုယ်ပိုင် ဥစ္စာနည်း၊ အသုံးအဆောင်နည်း၍ ဆင်းရဲသော သဘောရှိသူ ဖြစ်သောကြောင့်တည်း။

စာမျက်နှာ-490


အချို့သူ ချုပ်နှောင် မခံရ၊ များသောဥစ္စာ၊ အသုံးအဆောင် ရှိ၍ ကြွယ်ဝ ချမ်းသာသော သဘောရှိသူဖြစ်သောကြောင့်တည်း၊ ဤအတူသာလျှင် မပွားများသူကို ငရဲသို့ ဆောင်၍ ပွားများသူ လွတ်သည်။ (၂)

ဤလောက၌ ဆိတ်ပိုင်ရှင်၊ ဆိတ်သတ်သမားအချို့သည် ဆိတ်သူခိုးအချို့ကို သတ်ရန်၊ ချုပ်ရန်၊ ဥစ္စာဆုံးရှုံးစေရန် အကြောင်းအားလျော်စွာ ပြုရန်စွမ်းနိုင်သည်၊ ဆိတ်ခိုးသူမှာ ဆင်းရဲသော သဘောရှိသူဖြစ်သောကြောင့်တည်း။

ဆိတ်သူခိုးအချို့ကို သတ်ရန် စသည်မစွမ်းနိုင်၊ ကြွယ်ဝချမ်းသာသော သဘောရှိသူ၊ မင်းအမတ်ကြီး သော်လည်းဖြစ်သူ ဖြစ်သောကြောင့်တည်း။ စင်စစ်သော်ကား လက်အုပ်ချီလျက် “အရှင်၊ ဆိတ်ကိုဖြစ်စေ၊ ဆိတ်၏တန်ဖိုးကိုဖြစ်စေ အကျွန်ုပ်အား ပေးသနားပါ” ဟု ထိုသူခိုးကိုပင် တောင်းပန်ရ၏။ ဤအတူပင် မပွားများသူကို ငရဲသို့ ဆောင်၍ ပွားများသူ လွတ်သည် (၃)။

ဒုတိယကံအဓိပ္ပာယ် - ပထမဇောသည် ဒိဋ္ဌဓမ္မမျက်မှောက်ကျိုးမပေးရလျှင် အဟောသိကံ၊ သတ္တမဇောသည် ဒုတိယဘဝ၌ အကျိုးမပေးရလျှင် အဟောသိကံ၊ အလယ်ဇော ၅-ချက်သည် သံသရာပြတ်လျှင် အဟောသိကံဖြစ်ရာ အကျိုးပေးလှည့်ရမည့်၊ ခံစားရမည့်ကံကို ယူရမည် ဆိုလိုသည်။ ပထမကံအတိုင်း ကံပြုသမျှ အကျိုးပေးရမည်ဆိုလျှင် မဂ်ကျင့်သုံးမှု အရာမရောက်တော့ပေ၊ မည်သည့်လောကီကံပြုထားထား မဂ်ဖြစ်ပါက ယင်းကံများ ပြတ်ရမည်၊ ထို့ကြောင့် (ခံစားအပ်သောကံ) ဟု ဒုတိယကံ၌ ဆိုထားသည်။

ကာယဘာဝနာ မပွားများ - သံသရာလည်ဦးမည့် ပုထုဇဉ်ကို ပြအပ်သည်၊ ပွားများသူကား ရဟန္တာတည်း၊ ကာယဖြင့် ဣန္ဒြိယသံဝရသီလကို လည်းကောင်း၊ သီလဖြင့် ကြွင်းသီလ ၃-ပါးကို လည်းကောင်း ပြသည်။

၁၀-ပံသုဓောဝကသုတ်

မြေမှုန့်ဆေး ယောက်ျား၊ ယင်းယောက်ျား၏ တပည့်သည် ရွှေ၏ညစ်နွမ်းကြောင်း အကြမ်းစားမြေမှုန့်၊ သဲနှင့် ကျောက်စရစ်၊ အိုးခြမ်း အညစ်အကြေးများကို ကျင်ခွက်၌ လောင်းဆေး၊ အဖန်ဖန်နယ်ဆေးသည်၊ ပြီးလျှင် ကျန်နေသေးသော အလတ်စား ကျောက်စရစ်နုနှင့် သဲကြမ်းအညစ်အကြေးကို အဖန်ဖန်နယ်ဆေးသည်၊ ပြီးလျှင် ကျန်နေသေးသော အနုစားသဲနှင့် မြေမဲအညစ်အကြေးကို အဖန်ဖန်နယ်ဆေးသည်။

ဆေးပြီးနောက် ကြွင်းကျန်သော ပကတိရွှေစစ်ကို ရွှေပန်းထိမ်သည်၊ သူ၏ တပည့်သည် မိုက်လုံး၌ ထည့်မှုတ်၊ အဖန်ဖန် ဖိမှုတ်သည်၊ မှုတ်ပြီးသော ထိုရွှေသည် အပြစ်...

စာမျက်နှာ-491


မကင်းသေး၍ မနူးညံ့၊ လက်ကောက်၊ နားတောင်း စသည်ပြု၍ မဖြစ်သေး၊ ပြိုးပြိုးပြက်ပြက် အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောရှိ၏၊ အလုပ်ခွင်သို့ ကောင်းစွာ မရောက်နိုင်သေး။

ထိုရွှေကို အဖန်ဖန် ဖိမှုတ်ပြန်မှ အပြစ်ကင်း နူးညံ့၍ လက်ကောက်စသည် ပြု၍ဖြစ်၊ အရောင်လည်း ထွက်၊ မကြွပ်ဆတ်တော့ဘဲ အလုပ်ခွင် ရောက်နိုင်သည်။ ထိုအချိန်မျိုးရှိသည်သာတည်း၊ ရွှေပြားဖြင့်ဖြစ်စေ၊ နားတောင်း၊ လည်ရွဲတန်ဆာ၊ ရွှေပန်းခိုင်ဖြင့်ဖြစ်စေ တစုံတခုသော တန်ဆာအထူးဖြင့် အလိုရှိလျှင် ထိုသူလိုရာ အကျိုးကိုလည်း ပြီးစေ၏။

ဤအတူသာလျှင် လွန်မြတ်သော သမထဝိပဿနာစိတ်ကို အဖန်ဖန် အားထုတ်သော ရဟန်းသည် ကာယ၊ ဝစီ၊ မနောဒုစရိုက်ဟူသော ညစ်နွမ်းကြောင်း အကြမ်းစား ကိလေသာကို ပယ်ဖျောက် ကင်းကွာ နောင်ဖြစ်မလာစေပြီးလျှင် ကျန်နေသေးသော ကာမ၊ ဗျာပါဒ၊ ဝိဟိံသနှင့် စပ်သော အကြံအစည်ဟူသော အလတ်စား ကိလေသာများကို ပယ်ဖျောက် ကင်းကွာ နောင်ဖြစ်မလာစေ၊ ပြီးလျှင် ကျန်နေသေးသော ဆွေမျိုး၊ ဇနပုဒ်၊ မထီမဲ့မြင် မပြုစေလိုခြင်းနှင့် စပ်သော အကြံအစည်ဟူသော အနုစား ကိလေသာများကို ပယ်ဖျောက်ကင်းကွာ နောင်ဖြစ်မလာစေ။

ပြီးသော်လည်း တရားနှင့် စပ်သော အကြံအစည် ကျန်သေး၏။ ထိုသမာဓိသည် မငြိမ်သက် မမွန်မြတ်သေး၊ ငြိမ်းချမ်းစွာ မရအပ်သေး၊ သမာဓိ တစိုက်မတ်မတ်ဖြစ်မှုကို မရအပ်သေး၊ ပယောဂနှင့်တကွ ကိလေသာတို့ကို ဖိနှိပ်တားမြစ်၍ ဖြစ်ပေါ်လာ၏။

အကြင်အခါ၌ ဝိပဿနာစိတ်သည် မိမိသန္တန်၌သာ တည်၏၊ ကောင်းစွာထိုင်၏၊ စိတ်၏ တည်ကြည်ခြင်းဖြစ်၏၊ ကောင်းသော အာရုံ၌ ထား၏။ ထိုသမာဓိ ငြိမ်သက် မွန်မြတ် ကိလေသာငြိမ်းခြင်း ဖြစ်ရ၏၊ စိတ်၏ လွတ်လပ်မှုကို ရ၏၊ ပယောဂနှင့်တကွ ကိလေသာတို့ကို ဖိနှိပ်တားမြစ်၍ ဖြစ်ပေါ်လာသည် မဟုတ်တော့၊ ထိုအခါမျိုး ရှိသည်သာတည်း။

ဉာဏ်ထူးဖြင့် သိ၍ မျက်မှောက်ပြုအပ်သော တရားတစုံတခုကို ဉာဏ်ထူးဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ညွှတ်စေ၏။ (ရှေးဘဝ အကြောင်းနှင့် ယခုဘဝ အဘိညာဉ်၏ အခြေခံဈာန်စသော) အကြောင်းရှိလတ်သော် ထိုထိုအရာ၌ပင်လျှင် သက်သေထိုက်သည့်အဖြစ် ဣဒ္ဓိဝိဓအဘိညာဉ် စသည်သို့လည်း ရောက်၏။ အဘိညာဉ် ၅-ပါး မိန့်တော်မူသည်။

စာမျက်နှာ-492


ဣဒ္ဓိဝိဓအဘိညာဉ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သည်၊ တယောက်တည်းက အများ၊ အများက တယောက် ဖြစ်နိုင်သည်၊ ကိုယ်ထင်ပြနိုင်၊ ဖျောက်နိုင်သည်။ နံရံ၊ တံတိုင်း၊ တောင်တဘက်သို့ ကောင်းကင်၌လို မထိဘဲ သွားနိုင်သည်၊ မြေ၌လည်း ရေမှာလို ငုပ်နိုင် ပေါ်နိုင်သည်၊ ရေ၌လည်း မြေမှာလို မကွဲစေဘဲ သွားနိုင်သည်၊ (ရေပေါ်သွားနိုင် လျှောက်နိုင်သည်။) ကောင်းကင်၌လည်း ငှက်လို တင်ပျဉ်ခွေ ပျံနိုင်သည်၊ တန်ခိုးကြီးသော လ၊ နေများကိုလည်း လက်ဖြင့် သုံးသပ် ဆုပ်ကိုင်နိုင်သည်၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို စိတ်လိုတိုင်း ဖြစ်စေနိုင်သည်။

ဒိဗ္ဗသောတ အဘိညာဉ် - လူနားကို လွန်သော နတ်နားနှင့် တူသော နားဖြင့် လူ၊ နတ် ၂-မျိုးလုံး၌ ဖြစ်သော အနီး၊ အဝေး ၂-မျိုးသော အသံများကို ကြားနိုင်သည်။

စေတောပရိယ အဘိညာဉ် - သူတပါးတို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြားသိနိုင်သည်၊ ရာဂစိတ်၊ ရာဂကင်းသောစိတ်၊ ဒေါသစိတ်၊ ဒေါသကင်းသောစိတ်၊ မောဟစိတ်၊ မောဟကင်းသောစိတ်၊ ကြုံ့သောစိတ်၊ ပြန့်သောစိတ်၊ မဟဂ္ဂုတ်စိတ်၊ မဟဂ္ဂုတ်မဟုတ်သောစိတ်၊ သာလွန်သော တရားရှိသောစိတ်၊ သာလွန်သော တရားမရှိသောစိတ်၊ တည်ကြည်သောစိတ်၊ မတည်ကြည်သောစိတ်၊ လွတ်မြောက်သောစိတ်၊ မလွတ်မြောက်သော စိတ်များကို သိနိုင်သည်၊ ပရစိတ္တဝိဇာနန အဘိညာဉ် ဟုလည်း ခေါ်။

ပုဗ္ဗေနိဝါသအဘိညာဉ် - ရှေးဘဝများစွာကို အောက်မေ့နိုင်သည်၊ တဘဝ၊ ၂-ဘဝ၊ ဘဝရာထောင်၊ ဘဝသိန်း၊ ပျက်ကပ်များစွာ၊ ဖြစ်ကပ်များစွာ၊ ပျက်ကပ်ဖြစ်ကပ်များစွာတို့ကို အောက်မေ့နိုင်သည်။ ဘဝတခု၌ ဖြစ်သော မိမိ၏ အမည်၊ အနွယ်၊ အဆင်း၊ အစာ၊ ချမ်းသာ၊ ဆင်းရဲ၊ အသက်အပိုင်းအခြားကို လည်းကောင်း၊ ထိုဘဝမှ သေ၍ ဤဘဝ၌ ငါဖြစ်ခဲ့၏၊ ထိုဘဝ၌ မိမိ၏ အမည်၊ အနွယ် စသည်ကိုလည်းကောင်း၊ ထိုဒုတိယဘဝမှ သေ၍ ဤဘဝ၌ ငါဖြစ်ခဲ့၏၊ ထိုတတိယဘဝ၌ မိမိ၏ အမည်၊ အနွယ် စသည်ကို လည်းကောင်း အခြင်းအရာ အဖြစ်သနစ်နှင့်တကွ ဘဝများစွာ အောက်မေ့နိုင်သည်။

ဒိဗ္ဗစက္ခု အဘိညာဉ် - လူ့မျက်စိကို လွန်သော နတ်မျက်စိနှင့် တူသော မျက်စိဖြင့် သေဆဲ၊ ဖြစ်ဆဲ သတ္တဝါ၊ ယုတ်မြတ်၊ အဆင်းလှ မလှ သတ္တဝါ၊ ကောင်းသော လားရာ၊ မကောင်းသော လားရာရှိသော သတ္တဝါများကို မြင်နိုင်သည်၊ “ဤသတ္တဝါများကား ကိုယ်၊ နှုတ်၊ စိတ် ပြစ်မှုရှိကုန်၏၊ အရိယာများကို စွပ်စွဲကြ၊ အယူမှားကြပြီး အယူမှားဖြင့် ပြုသောကံရှိကြသဖြင့် သေ၍ ငရဲရောက်ကြ၏၊ ဤသတ္တဝါများကား ကိုယ်၊ နှုတ်၊ စိတ် ကောင်းမှုရှိကြ၊ အရိယာများကို မစွပ်စွဲကြ၊ အယူမှန်ကြပြီး အယူမှန်ဖြင့် ပြုသောကံ ရှိကြသဖြင့် သေ၍ နတ်ပြည်ရောက်ကြ၏” ဟု ကံအလျောက်ဖြစ်သော သတ္တဝါတို့ကိုလည်း သိနိုင်သည်၊ နောင် အာသဝက္ခယဉာဏ် (အဘိညာဉ်) ကိုလည်း ဟောတော်မူသည်။

စာမျက်နှာ-493


၁၁-နိမိတ္တသုတ်

လွန်မြတ်သော သမထ ဝိပဿနာစိတ်ကို အဖန်ဖန် အားထုတ်သော ရဟန်းသည် သမာဓိ၊ ဝီရိယ၊ ဥပေက္ခာဟူသော အကြောင်း ၃-မျိုးကို ရံဖန်ရံခါ နှလုံးသွင်းအပ်ကုန်၏၊ သမာဓိအကြောင်းကိုသာ တဘက်သတ် နှလုံးသွင်းလျှင် ထိုသမထ ဝိပဿနာစိတ်သည် ပျင်းရိရာသော အကြောင်းရှိ၏။

ဝီရိယအကြောင်းကိုသာ တဘက်သတ် နှလုံးသွင်းလျှင် ပျံ့လွင့်ရာသော အကြောင်းရှိ၏။ ဥပေက္ခာအကြောင်းကိုသာ တဘက်သတ် နှလုံးသွင်းလျှင် အာသဝေါကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်းရှိ၏။ ရံခါသမာဓိ၊ ရံခါဝီရိယ၊ ရံခါ ဥပေက္ခာ ဟူသော အကြောင်းကို နှလုံးသွင်းမှ စိတ်သည် နူးညံ့ခြင်း၊ သင့်လျော်ခြင်း၊ ပြိုးပြိုးပြက် အရောင်ထွက်ခြင်းများသည် ဖြစ်၏၊ မပျက်စီးတော့ဘဲ အာသဝေါကုန်ရန် ကောင်းစွာ တည်ကြည်၏။

ဥပမာသော်ကား ရွှေပန်းထိမ်သည်နှင့် ယင်း၏တပည့်သည် မီးကျီးဖိုကိုပြုပြီး ဖိုဝ မီးတိုက်လျက် ညှပ်ဖြင့် ရွှေကိုယူ၍ မီးကျီးဖိုဝ၌ မိုက်လုံးတွင် ထည့်ပြီးလျှင် ရံခါမှုတ်၏၊ ရံခါရေဆွတ်ဖျန်း၏၊ ရံခါ လျစ်လျူရှု၏၊ ထိုရွှေကို အစဉ်တစိုက် မှုတ်နေလျှင် ထိုရွှေသည် ပူလောင်ရာသော အကြောင်းရှိ၏၊ ထိုရွှေကို အစဉ်တစိုက် ရေဖျန်းနေလျှင် ကောင်းစွာ ရင့်ကျက်ခြင်းသို့ မရောက်ရာသော အကြောင်းရှိ၏။ ထိုရွှေကို ရံခါမှုတ်၊ ရံခါရေဖျန်း၊ ရံခါလျစ်လျူရှုမှ ထိုရွှေသည် နူးညံ့ခြင်း၊ ပြုရန် သင့်လျော်ခြင်း၊ ပြိုးပြိုးပြက် အရောင်ထွက်ခြင်းများသည် ဖြစ်၏၊ မပျက်စီးတော့ဘဲ အလုပ်ခွင်သို့ ကောင်းစွာရောက်၏။ ရွှေပြားဖြင့်ဖြစ်စေ၊ နားတောင်း၊ လည်ရွဲတန်ဆာ၊ ရွှေပန်းခိုင်ဖြင့်ဖြစ်စေ တစုံတခုသော တန်ဆာအထူးဖြင့် အလိုရှိလျှင် ထိုသူ၏ လိုရာကျိုးကိုလည်း ပြီးစေ၏။

ဤအတူပင် လွန်မြတ်သော သမထဝိပဿနာစိတ်ကို အဖန်ဖန်အားထုတ်သော ရဟန်းသည် အကြောင်း ၃-မျိုးကို အထက်ဖော်ပြပါအတိုင်း ရံခါစီ နှလုံးသွင်းသဖြင့် နူးညံ့ခြင်းစသည်ဖြစ်ကာ မပျက်စီးတော့ဘဲ အာသဝေါတရားကုန်ရန် ကောင်းစွာ တည်ကြည်၏။

ဉာဏ်ထူးဖြင့် မျက်မှောက်ပြုအပ်သော တရားတစုံတခုကို ဉာဏ်ထူးဖြင့်သိ၍ မျက်မှောက်ပြုရန် စိတ်ကိုညွှတ်စေ၏၊ ရှေးဘဝအကြောင်းနှင့် ယခုဘဝအဘိညာဉ်၏ အခြေခံဈာန်စသော အကြောင်း ရှိလတ်သော် ထိုထိုအရာ၌ပင် သက်သေထိုက်သည့်အဖြစ်၊ ဣဒ္ဓိဝိဓအဘိညာဉ် စသည်သို့လည်း ရောက်၏ဟု မိန့်ပြီး အထက်သုတ်အတိုင်း အဘိညာဉ် ၅-ပါးနှင့် အာသဝက္ခယဉာဏ်ကိုပါ ဟောတော်မူသည်။

စာမျက်နှာ-494


၃-တတိယသုတ်

၅၀ (၁၁) ၁-သမ္ဗောဓဝဂ်၊ ၁-ပုဗ္ဗေဝသမ္ဗောဓသုတ်

သစ္စာ ၄-ပါး ထိုးထွင်းမသိမီ ဘုရားလောင်းဖြစ်စဉ်ကပင် “လောက၌ သာယာဖွယ် သဘောသည် အဘယ်နည်း၊ အပြစ်သည် အဘယ်နည်း၊ ထွက်မြောက်ရာသည် အဘယ်နည်း” ဟူသောအကြံသည် ငါ့အား ဖြစ်ခဲ့၏၊ “လောကကိုစွဲ၍ ဖြစ်သော ချမ်းသာဝမ်းမြောက်ခြင်းသည် သာယာဖွယ်၊ မမြဲဆင်းရဲ ဖောက်ပြန်ခြင်း သဘောရှိသော လောကသည် အပြစ်၊ လောက၌ လိုလားတပ်မက်မှုကို ဖျောက်ပယ်ခြင်းသည် ထွက်မြောက်ရာပေတည်း” ဟူသောအကြံသည် ငါ့အား ဖြစ်ပြန်၏။

ဤသို့ လောက၏ သာယာဖွယ်ကို သာယာဖွယ်အားဖြင့်၊ အပြစ်ကိုလည်း အပြစ်အားဖြင့်၊ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့် ဟုတ်တိုင်းမှန်စွာ ပိုင်ပိုင်ကြီး မသိသေးသမျှကာလပတ်လုံး နတ်၊ မာရ်နတ်၊ ဗြဟ္မာနှင့် တကွသော နတ်လောက၊ ရဟန်း ပုဏ္ဏား၊ မင်း၊ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်းသိပြီဟု ငါဝန်မခံခဲ့၊ ဤသို့ လောက၏ သာယာဖွယ်စသည်ကို ဟုတ်တိုင်းမှန်စွာ ပိုင်ပိုင်ကြီး သိသောအခါ၌မူကား နတ်လောက၊ လူလောက၌ သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်းသိပြီဟု ငါဝန်ခံ၏၊ “ငါ၏ အရဟတ္တဖိုလ်သည် မပျက်စီးနိုင်ပြီ၊ ဤဘဝကား နောက်ဆုံးအတည်၊ ဘဝသစ်တဖန် မဖြစ်တော့ပြီ” ဟု ငါ့အား ပစ္စဝေက္ခဏာဉာဏ်အမြင်သည် ထင်ရှားဖြစ်ပြီဟု ရဟန်းတော်များအား မိန့်ကြားသည်။

ဘုရားအလောင်းဖြစ်စဉ်ကပင် သမ္မာသမ္ဗောဓိဉာဏ်ကို ရအောင် အားထုတ်စဉ် တနည်း - ယင်းဉာဏ်ကို တပ်မက်တွယ်တာစဉ်၊ ဒီပင်္ကရာ ဘုရားခြေတော်ရင်း၌ တရား ၈-ပါးစုံ၍ ဘုရားဆုတောင်းခြင်း ပြည့်စုံသည်မှစပြီး သမ္မာသမ္ဗောဓိဉာဏ်ကို ကပ်တွယ်တာကာ ယင်းဉာဏ်ရအောင် အားထုတ်မှု မလွှတ်ဘဲ လာတော့သည်၊ ထို့ကြောင့် ဗောဓိသတ္တ (ဘုရားလောင်း) ဟု ဆိုအပ်သည်။

၂-ပဌမအဿာဒသုတ်

ငါသည် လောက၏ သာယာဖွယ်ကို၊ အပြစ်ကို၊ လောကမှ ထွက်မြောက်ရာကို သုမေဓာဘဝမှ စ၍ ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏။ ယင်းသာယာဖွယ် စသည်ကို သိရပြီး လောက၌ ရှိရှိသမျှ သာယာဖွယ် စသည်ကို ဝိပဿနာမဂ်ပညာဖြင့် ကောင်းစွာ မြင်ရပြီ၊ လောက၏ သာယာဖွယ် စသည်ကို သာယာဖွယ် စသည်အားဖြင့် ပိုင်ပိုင်ကြီး မသိရသေးခင် နတ်လောက၊ လူလောက၌ သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်းသိပြီဟု ငါဝန်မခံခဲ့၊ ပိုင်ပိုင်ကြီး သိမှသာ ငါဝန်ခံ၏၊ ငါ၏ အရဟတ္တဖိုလ်သည် မပျက်စီးနိုင်ပြီ စသည်ဖြင့် ပစ္စဝေက္ခဏာဉာဏ်ဖြစ်ပုံ မိန့်တော်မူသည်။

စာမျက်နှာ-495


၃-ဒုတိယအဿာဒသုတ်

လောက၌ အကယ်၍ ဤသာယာဖွယ် မရှိခဲ့လျှင် ဤသတ္တဝါများ မတပ်မက်ကြရာ၊ သာယာဖွယ်ရှိ၍သာ တပ်မက်ကြသည်၊ ဤအပြစ်မရှိခဲ့လျှင် မငြီးငွေ့ကြရာ၊ အပြစ်ရှိ၍သာ ငြီးငွေ့ကြ၏၊ ဤထွက်မြောက်ရာ မရှိခဲ့လျှင် ဤသတ္တဝါများ လောကမှ မထွက်မြောက်ကြရာ၊ ထွက်မြောက်ရာရှိ၍သာ ထွက်မြောက်ကြ၏၊ လောက၏ သာယာဖွယ် စသည်ကိုလည်း သာယာဖွယ် စသောအားဖြင့် ပိုင်ပိုင်ကြီး မသိရသေးခင် သတ္တဝါများသည် နတ်လောက၊ လူ့လောကမှ ထွက်မြောက်လိုကုန်၊ စပ်ယှက်လိုကုန်၊ ကင်းလွတ်လိုကုန်သည်ဖြစ်၍ ကိလေသာနှင့် ဝဋ်တို့၏ အပိုင်းအခြား မရှိခြင်းကို ပြုတတ်သော စိတ်ဖြင့် မနေကုန်၊ ပိုင်ပိုင်ကြီး သိမှသာ သတ္တဝါများသည် နတ်လောက၊ လူ့လောကမှ ထွက်မြောက်လိုကုန်သည်ဖြစ်၍ ကိလေသာနှင့် ဝဋ်တို့၏ အပိုင်းအခြား မရှိခြင်းကို ပြုတတ်သော စိတ်ဖြင့် နေကုန်၏ဟု မိန့်။

၄-သမဏဗြာဟ္မဏသုတ်

သမဏဗြာဟ္မဏအားလုံးသည် လောက၏ သာယာဖွယ် စသည်ကို သာယာဖွယ် စသည်အားဖြင့် ဟုတ်တိုင်းမှန်စွာ မသိကြ၊ ထိုသူများကို သမဏတို့၌လည်း သမဏဟု မသမုတ်အပ်ကြ၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟု မသမုတ်အပ်ကြ၊ ထိုအရှင်တို့သည် သမဏဖြစ်ကျိုး (အရိယမဂ်) ကို လည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုး (အရိယဖိုလ်) ကို လည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင်ဉာဏ်ထူးဖြင့် မျက်မှောက်ပြု၍ ရောက်မနေကြရ။ ဟုတ်တိုင်းမှန်စွာ သိကြသူများကိုသာ သမဏဗြာဟ္မဏ သမုတ်အပ်ကြပြီး ထိုအရှင်များသာ သမဏဖြစ်ကျိုး၊ ဗြာဟ္မဏဖြစ်ကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင်ရောက်နေကြရသည်ဟု မိန့်။

၅-ဂုဏ္ဏသုတ်

သီချင်းဆိုခြင်းသည် အရိယာ၏ အဆုံးအမ၌ ငိုသည်မည်၍၊ ကခြင်းကား ရူးသွပ်သည်မည်သည်၊ အလွန်အကျွံ သွားပေါ်အောင် ပြင်းစွာ ရယ်ခြင်းသည် ကလေးများ ပြုအပ်သော အလုပ်မည်ခြင်းကြောင့် ဤသာသနာတော်ဝယ် သီချင်းဆိုခြင်း၊ ကခြင်း၌ အကြောင်းကို ပယ်သတ်ရမည်၊ တရားနှင့် စပ်သော အကြောင်းဖြင့် ဝမ်းသာသော သင်သူတော်ကောင်းတို့အား ပြုံးရုံသာ သင့်လျော်၏ဟု မိန့်။

ဆဗ္ဗဂ္ဂီများ သောင်းကျန်းပုံ၊ သီချင်းဆို၊ က၊ ရယ်မောကြကာ လှည့်လည်သွားလာနေကြသဖြင့် ဘုရားရှင် ခေါ်တော်မူပြီး ဩဝါဒပေးခြင်းငှာ ဤသုတ်မိန့်၊ သွားဖျားပေါ်ရုံမျှ ပြုံးခြင်းသည် သင့်သည်။

စာမျက်နှာ-496


၆-အတိတ္တိသုတ်

အိပ်ခြင်း၊ သေအရက်သောက်ခြင်း၊ မေထုန်ကျင့်ခြင်း ဟူသော တရား ၃-မျိုးကို မှီဝဲခြင်း၌ ရောင့်ရဲမှု မရှိဟု မိန့်။

မှီဝဲခြင်း၌ ရောင့်ရဲမှုမရှိ ဘယ်ပုံမှီဝဲမှီဝဲ ကြိုက်သည်သာ၊ မရောင့်ရဲပါပေ၊ မဟာသမုဒ္ဒရာ၌ ရေသည် သူရာဖြစ်၍ သေသောက်ကြူးသည် ငါးဖြစ်ကာ ထိုသမုဒ္ဒရာ၌ သွားရာရာ အိပ်ရာရာ မရောင့်ရဲပါပေ။

၇-အရက္ခိတသုတ်

ဘုရားရှင်ထံ ရောက်လာသော အနာထပိဏ်သူဌေးအား ဘုရားရှင်က “ဒါယကာ၊ စိတ်ကို မစောင့်ရှောက်လျှင် ကာယ၊ ဝစီ၊ မနောကံ ၃-ပါးလုံးကို စောင့်ရှောက်သည် မမည်၊ မစောင့်ရှောက်သူ၏ ကံ ၃-ပါးသည် ကိလေသာဖြင့် စိုစွတ်၏၊ စိုစွတ်သော ကံ ၃-ပါးသည် ဆွေးမြေ့၏၊ ဆွေးမြေ့သော ကံ ၃-ပါးရှိသူအား ကောင်းသော သေခြင်း၊ ကွယ်လွန်ခြင်း မဖြစ်နိုင်။

အထွတ်တပ်သော အိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်၊ အခြင်၊ နံရံကို စောင့်ရှောက်သည် မမည်၊ အထွတ်၊ အခြင်၊ နံရံသည် မိုးရေဖြင့် စိုစွတ်၏၊ အထွတ်၊ အခြင်၊ နံရံသည် ဆွေးမြေ့၏၊ ဤအတူပင် စိတ်ကို မစောင့်ရှောက်လျှင် အထက်ပါ အစဉ်အတိုင်း ဆွေးမြေ့ပြီး ကောင်းသော သေခြင်း၊ ကွယ်လွန်ခြင်း မဖြစ်နိုင်။

စိတ်ကို စောင့်ရှောက်လျှင် ကံ ၃-ပါးလုံး စောင့်ရှောက်ရာ ရောက်ပြီး ကိလေသာဖြင့် မစိုစွတ် မဆွေးမြေ့ဘဲ ကောင်းသော သေခြင်း၊ ကွယ်လွန်ခြင်း ဖြစ်နိုင်သည်၊ အထွတ်တပ်သော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်၊ အခြင်၊ နံရံ စောင့်ရှောက်ရာ ရောက်ပြီး မိုးရေဖြင့် မစိုစွတ် မဆွေးမြေ့၊ ဤအတူပင် စိတ်ကိုစောင့်ရှောက်လျှင် အထက်ပါအတိုင်း မဆွေးမြေ့ဘဲ ကောင်းသောသေခြင်း ကွယ်လွန်ခြင်း ဖြစ်နိုင်သည်” ဟု မိန့်။

၈-ဗျာပန္နသုတ်

တခုသောနေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား ဘုရားရှင်က “ဒါယကာ၊ စိတ်ပျက်စီးလျှင် ကံ ၃-ပါးလုံး ပျက်စီး၍ ကောင်းသောသေခြင်း မဖြစ်နိုင်၊ အထွတ်တပ်သော အိမ်ကို ကောင်းစွာမိုးမထားလျှင် အထွတ်၊ အခြင်၊ နံရံ ပျက်စီးသကဲ့သို့တည်း။ စိတ်မပျက်စီးလျှင် ကံ ၃-ပါးလုံး မပျက်စီးသဖြင့် ကောင်းသောသေခြင်း ဖြစ်နိုင်သည်၊ အိမ်ကို ကောင်းစွာမိုးထားလျှင် အထွတ်စသည် မပျက်စီးသကဲ့သို့တည်း” ဟု မိန့်။

စာမျက်နှာ-497


၉-ပထမနိဒါနသုတ်

ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သောကံ ဖြစ်ပေါ်ရန် အကြောင်း ၃-မျိုးမှာ လောဘ၊ ဒေါသ၊ မောဟ တို့တည်း။ လောဘသည် ပြုအပ်၊ လောဘကြောင့်ဖြစ်၊ လောဘလျှင် ဖြစ်ကြောင်းနိဒါန်းရှိ၊ လောဘလျှင် ဖြစ်ပေါ်ကြောင်း သမုဒယရှိသောကံသည် အကုသိုလ်ကံမည်၏။ ထိုကံသည် အပြစ်ရှိသောတရား၊ ဆင်းရဲကျိုးရှိသော တရားဖြစ်၏။ ထိုကံသည် ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သော ကံတပါးဖြစ်ပေါ်ရန် အကြောင်းဖြစ်၏၊ ထိုကံသည် ကံတို့၏ချုပ်ငြိမ်းရာမဖြစ်၊ ဒေါသ၊ မောဟ ဤအတူပင်တည်း။

ဝဋ်ကင်းရန် နိဗ္ဗာန်သို့ ရောက်စေတတ်သောကံ ဖြစ်ပေါ်ရန် အကြောင်း ၃-မျိုးမှာ အလောဘ၊ အဒေါသ၊ အမောဟ တို့တည်း။ အလောဘသည် ပြုအပ်၊ အလောဘကြောင့်ဖြစ်၊ အလောဘလျှင် ဖြစ်ကြောင်းနိဒါန်းရှိ၊ အလောဘလျှင် ဖြစ်ပေါ်ကြောင်း သမုဒယရှိသောကံသည် ကုသိုလ်မည်၏၊ ထိုကံသည် အပြစ်ရှိသောတရား၊ ချမ်းသာကျိုးရှိသော တရားဖြစ်၏၊ ထိုကံသည် ကံတို့၏ချုပ်ငြိမ်းရန်ဖြစ်၏၊ ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သော ကံတပါးဖြစ်ပေါ်ရန် အကြောင်းမဖြစ်၊ အဒေါသ၊ အမောဟ ဤအတူပင်တည်း။

၁၀-ဒုတိယနိဒါနသုတ်

ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သောကံ ဖြစ်ပေါ်ရန် အကြောင်း ၃-မျိုးမှာ ပြင်းစွာသော တပ်မက်ခြင်း ဆန္ဒရာဂ၏ အကြောင်းဖြစ်သော အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် တရားများကိုစွဲ၍ အလိုဆန္ဒဖြစ်ခြင်းတည်း။ ဖြစ်ပုံမှာ ဆန္ဒရာဂ၏အကြောင်းဖြစ်ကုန်သော အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် တရားများကိုစွဲ၍ စိတ်ဖြင့် အဖန်ဖန် ကြံစည်သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန် ကြံစည်သုံးသပ်သူအား အလိုဆန္ဒဖြစ်၏၊ အလိုဆန္ဒဖြစ်သူသည် ထိုဆန္ဒရာဂ၏ အကြောင်းဖြစ်ကုန်သောတရားတို့နှင့် ယှဉ်စပ်၏၊ စိတ်၏ပြင်းစွာ တပ်မက်ခြင်းကို သံယောဇဉ် နှောင်ကြိုးဟု ငါဆို၏။ (ကာလ ၃-ပါး၊ ၃-ဝါကျကို ပေါင်းထားသည်။)

ဝဋ်ကင်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သောကံ ဖြစ်ပေါ်ရန် အကြောင်း ၃-မျိုးမှာ ဆန္ဒရာဂ၏ အကြောင်းဖြစ်ကုန်သော အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် တရားတို့ကိုစွဲ၍ အလိုဆန္ဒမဖြစ်ခြင်းတည်း။ မဖြစ်ပုံမှာ ဆန္ဒရာဂ၏အကြောင်း ဖြစ်ကုန်သော အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် တရားတို့၏ နောင်ဖြစ်လတ္တံ့သော အကျိုးကို သိ၏၊ သိ၍ ထိုအကျိုးကို ပယ်စွန့်၏။ ထိုအကျိုးကို ပယ်စွန့်၍ စိတ်ဖြင့်ထိုးထွင်းသိပြီးလျှင် ပညာဖြင့် ထိုးထွင်း၍ မြင်သတည်း။ ဘုရားရှင်ကား ကာလ ၃-ပါး ခွဲ၍ ဟောကြားသည်။

စာမျက်နှာ-498


အယုတ်တရားများကို မပယ်ခြင်းကြောင့် အပါယ်လားရ ငရဲရောက်ရမည့်သူ ၃-မျိုးမှာ မမြတ်သောအကျင့် ကျင့်သူဖြစ်ပါလျက် မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသူ၊ အကျင့်မြတ်ကိုကျင့်သော စင်ကြယ်သူကို အခြေအမြစ်မရှိသော မမြတ်သောအကျင့်ဖြင့် စွပ်စွဲသူ၊ ကာမဂုဏ်တို့၌ အပြစ်မရှိဟု ဆိုလေ့ယူလေ့ရှိ၍ ထိုအယူဖြင့် ကာမဂုဏ်များ၌ သုံးဆောင်ခံစားသူများတည်း။

၂-ဒုလ္လဘသုတ်

လောက၌ ထင်ရှားဖြစ်ပေါ်ခြင်းကို ရခဲသော ပုဂ္ဂိုလ် ၃-မျိုးမှာ ပူဇော်အထူးကို ခံတော်မူထိုက်သော သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရား၊ ဘုရားရှင် ဟောကြားတော်မူသော ဓမ္မဝိနယကို ဟောကြားတတ်သော ပုဂ္ဂိုလ်၊ သူ့ကျေးဇူးကိုသိ၍ သိသည့်အလျောက် သူ့ကျေးဇူးကို ထင်စွာပြလေ့ရှိသူ ကတညုတ ကတဝေဒီပုဂ္ဂိုလ်တို့တည်း။

၃-အပ္ပမေယျသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၃-မျိုးမှာ - နှိုင်းယှဉ်ရန်လွယ်သော ပုဂ္ဂိုလ်၊ ခက်သောပုဂ္ဂိုလ်၊ မနှိုင်းယှဉ်နိုင်သော ပုဂ္ဂိုလ်တို့တည်း။

နှိုင်းယှဉ်ရန်လွယ်သော ပုဂ္ဂိုလ် ဟူသည် စိတ်ပျံ့လွင့်၍ ကျူပင်ကဲ့သို့ အချည်းနှီးတက်ကြွလျက် လျှပ်ပေါ်ပြီး နှုတ်ကြမ်း၍ ပြန့်ကျဲသောစကားရှိကာ သတိလွတ်ကင်း ဆင်ခြင်ဉာဏ်မရှိ မတည်ကြည် တုန်လှုပ်သော စိတ်၊ ပေါ်လွင်သော ဣန္ဒြေရှိသော ပုဂ္ဂိုလ်မျိုးတည်း။

နှိုင်းယှဉ်ရန်ခက်သော ပုဂ္ဂိုလ် ဟူသည် စိတ်မပျံ့လွင့်၊ ကျူပင်ကဲ့သို့ အချည်းနှီး မတက်ကြွ၊ လျှပ်ပေါ်ခြင်းမရှိ၊ နှုတ်မကြမ်းတမ်း၊ ပြန့်ကျဲသောစကားမရှိ၊ သတိထင်ကာ ဆင်ခြင်ဉာဏ်ရှိ၍ တည်ကြည်သောစိတ်၊ စောင့်စည်းသော ဣန္ဒြေရှိသော ပုဂ္ဂိုလ်မျိုးတည်း။

မနှိုင်းယှဉ်နိုင်သော ပုဂ္ဂိုလ် ဟူသည် ဤသာသနာတော်၌ ကိလေသာတို့မှ ကင်းဝေး၍ အာသဝေါကုန်ပြီးသော ရဟန်းတည်း။

၄-အာနေဉ္စသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၃-မျိုးမှာ အချို့သူသည် ရူပသညာ (ရူပဈာန်၌ ဖြစ်သော သညာ) ကိုလွန်မြောက်ခြင်း၊ ပဋိဃသညာ (ပဉ္စဝိညာဏ်) တို့ ချုပ်ခြင်း၊ နာနတ္တသညာ (ပဋိဃသညာမှတပါး အမျိုးမျိုးသော ကာမာဝစရသညာ) တို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ” ဟု နှလုံးသွင်းလျက် အာကာသာနဉ္စာယတနဈာန် သို့ ရောက်၍နေ၏။

စာမျက်နှာ-499


ထိုသူသည် ထိုဈာန်ကို သာယာ၏၊ အလိုရှိ၏၊ ထိုဈာန်ဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏၊ ထိုဈာန်၌တည်၏၊ ထိုဈာန်ကိုပင် နှလုံးသွင်း၏၊ ထိုဈာန်ဖြင့် များစွာ နေလေ့ရှိ၏၊ ဈာန်မလျောဘဲ သေလွန်ခဲ့သော် အာကာသာနဉ္စာယတန ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ယင်းဗြဟ္မာတို့၏ သက်တမ်းကား မဟာကပ် ၂-သောင်းတည်း။ ထိုဘုံ၌ ပုထုဇဉ်ပုဂ္ဂိုလ်သည် အသက်ထက်ဆုံး တည်နေရ၍ အသက်ကုန်လျှင် ငရဲသို့လည်း လားတတ်၏၊ တိရစ္ဆာန်မျိုးသို့လည်း လားရ၏၊ ပြိတ္တာဘုံသို့လည်း လားရ၏။ (ငရဲစသည်တို့မှ မလွတ်သေးသောကြောင့် ပရိယာယ်တမျိုးဖြင့် သွားနိုင်ပုံကို မိန့်သည်၊ ယင်းဘုံမှ တိုက်ရိုက်အပါယ်မသွားနိုင်ပါ။)

မြတ်စွာဘုရား၏တပည့် အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ်သည်ကား အသက်ကုန်လျှင် ထိုဘုံ၌ပင် ပရိနိဗ္ဗာန်ပြု၏၊ လားရာဂတိ၊ ဖြစ်ခြင်းပဋိသန္ဓေ၌ ပုထုဇဉ်၏ ဒုဂ္ဂတိသို့လားရခြင်း၊ အရိယာ၏ ပရိနိဗ္ဗာန်ပြုရခြင်းသည်ပင် ပုထုဇဉ်နှင့် အရိယာ၏ အထူးတည်း၊ ဤသည်ပင် လွန်ကဲသော အားထုတ်ကြောင်းတည်း၊ ဤသည်ပင် ထူးခြားခြင်းတည်း။

နောက်တမျိုးကား - အချို့သူသည် အာကာသာနဉ္စာယတနဈာန် အားလုံးကို လွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ” ဟု နှလုံးသွင်းလျက် ဝိညာဏဉ္စာယတနဈာန် သို့ ရောက်၍ နေ၏။
ထိုသူသည် ထိုဈာန်ကို သာယာ၏၊ (လ) သေလွန်ခဲ့သော် ဝိညာဏဉ္စာယတန ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ယင်းဗြဟ္မာတို့၏ သက်တမ်းကား မဟာကပ် ၄-သောင်းတည်း၊ ထိုဘုံ၌ ပုထုဇဉ်ပုဂ္ဂိုလ်သည် (လ) ဤသည်ပင် ထူးခြားခြင်းတည်း။

နောက်တမျိုးကား အချို့သူသည် ဝိညာဏဉ္စာယတနဈာန်အားလုံးကို လွန်မြောက်၍ “တစုံတခုမျှ မရှိ” ဟု နှလုံးသွင်းလျက် အာကိဉ္စညာယတနဈာန် သို့ ရောက်၍ နေ၏။
ထိုသူသည် ထိုဈာန်ကို သာယာ၏၊ (လ) သေလွန်ခဲ့သော် အာကိဉ္စညာယတနဗြဟ္မာတို့၏ အသင်းဝင် အဖြစ်သို့ ရောက်၏။ ယင်းဗြဟ္မာတို့၏ သက်တမ်းကား မဟာကပ် ၆-သောင်းတည်း၊ ထိုဘုံ၌ ပုထုဇဉ်ပုဂ္ဂိုလ်သည် (လ) ဤသည်ပင် ထူးခြားခြင်းတည်း၊ ဤပုဂ္ဂိုလ်များတည်း။

၅-ဝိပ္ပတ္တိသမ္ပဒါသုတ်

ပျက်စီးခြင်း ၃-မျိုးမှာ သီလ၊ စိတ်၊ အယူ၏ ပျက်စီးခြင်းတို့တည်း။ သီလ၏ ပျက်စီးခြင်း ဟူသည် ဤလောက၌ အချို့သူများ၏ အသက်ကိုသတ်၊ မပေးသည်ကိုယူ၊ ကာမတို့၌ မှားသောအားဖြင့်ကျင့်၊ မဟုတ်မမှန်ပြော၊ ကုန်းစကားတို့ကိုဆို၊ ကြမ်းတမ်းသော စကားတို့ကိုဆို၊ ပြိန်ဖျင်းသော စကားကို ဆိုလေ့ရှိခြင်းတို့တည်း။

စာမျက်နှာ-500


စိတ်၏ပျက်စီးခြင်း ဟူသည် - အချို့သူများ၏ မက်မောမှုအဘိဇ္ဈာများခြင်း၊ ပျက်စီးစေလိုစိတ်ရှိခြင်းတို့တည်း။ အယူ၏ပျက်စီးခြင်း ဟူသည် - ဤလောက၌ အချို့သူ၏ “ပေးလှူကျိုးမရှိ၊ ယဇ်ပူဇော်ကျိုးမရှိ၊ ဟုန်းပူဇော်ကျိုးမရှိ၊ ကောင်းမှု-မကောင်းမှုကျိုးမရှိ၊ ဤလောက၊ တပါးသောလောကမရှိ၊ မိဘမရှိ၊ သေပြီးတဖန် ပြန်ဖြစ်သောသတ္တဝါများမရှိ၊ ဤလောကကိုလည်းကောင်း၊ တပါးသောလောကကိုလည်းကောင်း ကိုယ်တိုင်ဉာဏ်ထူးဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကြသော ညီညွတ်ကြ၍ အကျင့်ကောင်းရှိကြသော ရဟန်းပုဏ္ဏားများ လောက၌ မရှိကြ” ဟု မှားသော အယူရှိခြင်း၊ ဖောက်ပြန်သောအမြင်ရှိခြင်းတည်း။

သီလပျက်စီးခြင်းကြောင့်ဖြစ်စေ၊ စိတ်ပျက်စီးခြင်းကြောင့်ဖြစ်စေ၊ အယူပျက်စီးခြင်းကြောင့်ဖြစ်စေ သေလျှင် ငရဲ၌ ဖြစ်ရကုန်သည်သာ။

ပြည့်စုံခြင်း ၃-မျိုးကို အပြန်အားဖြင့် ဟောတော်မူသည်၊ သေလျှင် နတ်၌ ဖြစ်ရကုန်သည်သာ-မိန့်။

၆-အပဏ္ဏကသုတ်

ပျက်စီးခြင်း ၃-မျိုးမှာ သီလ၊ စိတ်၊ အယူ၏ ပျက်စီးခြင်းတို့တည်း၊ အထက်သုတ်အတိုင်းပင် ဟောတော်မူပြီး (အပြစ်ပြရာ၌) သေလျှင် ငရဲရောက်ရကုန်သည်၊ ၆-မျက်နှာရှိ အန်စာသည် အထက်သို့ ပစ်မြှောက်အပ်သော် ကျရာကျရာ မျက်နှာဖြင့်သာလျှင် ကောင်းစွာ ရပ်တန့်လျက် တည်သကဲ့သို့တည်းဟု လည်းကောင်း၊

သမ္ပဒါ ၃-ပါးကိုလည်း အလားတူ ဟောတော်မူပြီး (အကျိုးကိုပြရာ၌) သေလျှင် နတ်၌ဖြစ်ကြရကုန်သည်၊ ၆-မျက်နှာရှိ အန်စာသည် (လ) တည်သကဲ့သို့တည်းဟု လည်းကောင်း ဥပမာတူကိုပင် ဟောတော်မူသည်။

၇-ကမ္မန္တသုတ်

ပျက်စီးခြင်း ၃-မျိုးမှာ အမှု၊ အသက်မွေးမှု၊ အယူ၏ ပျက်စီးခြင်းတို့တည်း။ အမှု၏ ပျက်စီးခြင်း ဟူသည် - အချို့သူ၏ အသက်ကိုသတ်၊ (လ) ပြိန်ဖျင်းသော စကားကို ဆိုလေ့ရှိခြင်းတည်း။ အသက်မွေးမှု၏ ပျက်စီးခြင်း ဟူသည် - အချို့သူ၏ မှားသော အသက်မွေးမှုရှိခြင်း၊ မှားသော အသက်မွေးမှုဖြင့် အသက်မွေးခြင်းတည်း။

အယူ၏ပျက်စီးခြင်း ဟူသည် - အချို့သူ၏ “ပေးလှူကျိုးမရှိ၊ ယဇ်ပူဇော်ကျိုးမရှိ၊ (လ) ရဟန်းပုဏ္ဏားများ လောက၌ မရှိကြ” ဟု မှားသော အယူရှိခြင်း၊ ဖောက်ပြန်သော အမြင်ရှိခြင်းတည်း။

ပြည့်စုံခြင်း ၃-မျိုးကို အပြန်အားဖြင့် ဟောတော်မူသည်။

စာမျက်နှာ-501


၈-ပထမ သောဓေယျသုတ်

စင်ကြယ်ခြင်း ၃-မျိုးမှာ ကာယ၊ ဝစီ၊ မနောဒွါရတို့၌ စင်ကြယ်ခြင်းတို့တည်း။ ကာယဒွါရ၌ စင်ကြယ်ခြင်း ဟူသည် - သူ့အသက် မသတ်၊ မပေးသည်ကို မယူ၊ ကာမတို့၌ မှားသောအားဖြင့် မကျင့်ခြင်းတည်း။

ဝစီဒွါရ၌ စင်ကြယ်ခြင်း ဟူသည် - မဟုတ်မမှန် မပြော၊ ကုန်းစကား မဆို၊ ကြမ်းတမ်းသော စကား မပြော၊ ပြိန်ဖျင်းသော စကားကို မဆိုခြင်းတည်း။

မနောဒွါရ၌ စင်ကြယ်ခြင်း ဟူသည် - မက်မောခြင်း အဘိဇ္ဈာမများ၊ ပျက်စီးစေလိုစိတ် မရှိ၊ အမြင်မှန်ရှိခြင်းတည်း။

၉-ဒုတိယသောဓေယျသုတ်

စင်ကြယ်ခြင်း ၃-မျိုးမှာ - ကာယ၊ ဝစီ၊ မနောဒွါရ၌ စင်ကြယ်ခြင်းတို့တည်း။ ကာယ၊ ဝစီ၊ မနောဒွါရ၌ စင်ကြယ်ခြင်းကို အထက်သုတ်အတိုင်း ဟောတော်မူ၏။ (အထက်သုတ် ကာယ၌ မိစ္ဆာစာရရှောင်၊ ဤကာယ၌ အဗြဟ္မစရိယရှောင်သည်။)

မနောဒွါရ၌ စင်ကြယ်ခြင်း ဟူသည် - ဤလောက၌ ရဟန်းသည် မိမိသန္တာန်၌ ထင်ရှားရှိသော ကာမဂုဏ်လိုလားမှု ကာမစ္ဆန္ဒကိုလည်း “ငါ့အတွင်းသန္တာန်၌ ကာမစ္ဆန္ဒရှိ၏” ဟု အပြားအားဖြင့် သိ၏၊ မရှိသော ကာမစ္ဆန္ဒကိုလည်း မရှိဟု သိ၏၊ မဖြစ်သေးသော ကာမစ္ဆန္ဒကိုလည်း သိ၏၊ ဖြစ်ပြီးသော ကာမစ္ဆန္ဒ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ကာမစ္ဆန္ဒ၏ နောင်တဖန် မဖြစ်ကြောင်းကိုလည်း သိ၏။

ပျက်စီးစေလိုမှု ဗျာပါဒ၊ ထိုင်းမှိုင်းမှု ထိနမိဒ္ဓ၊ ပျံ့လွင့်မှု နောင်တပူပန်မှု ဥဒ္ဓစ္စကုက္ကုစ္စ၊ မဝေခွဲနိုင်မှု ဝိစိကိစ္ဆာတို့ကိုလည်း အထက်ကာမစ္ဆန္ဒနည်းတူ အပြားအားဖြင့် သိ၏။ ဤကား မနောဒွါရ၌ စင်ကြယ်ခြင်းတည်း။ ဒွါရ ၃-ပါးလုံး စင်ကြယ်ခြင်းရှိ၍ အာသဝေါမရှိသော စင်ကြယ်သူကို မကောင်းမှု ဆေးလျှော်ပြီးသော စင်ကြယ်ခြင်းဂုဏ်ရှိသူဟု ဆိုအပ်ကုန်၏။

၁၀-မောနေယျသုတ်

ပညာရှိသူ၏ အဖြစ် ၃-မျိုးမှာ - ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ၌ ပညာရှိသူ၏ အဖြစ်တို့တည်း။
ကာယဒွါရ၌ ပညာရှိသူ၏ အဖြစ် ဟူသည် - သူ့အသက် မသတ်၊ မပေးသည်ကို မယူ၊ မမြတ်သော မေထုန်မှု မပြုခြင်းတည်း။ ဝစီဒွါရ၌ ပညာရှိသူ၏ အဖြစ် ဟူသည် -

စာမျက်နှာ-502


မဟုတ်မမှန် မပြော၊ ကုန်းစကား မဆို၊ ကြမ်းတမ်းသော စကား မပြော၊ ပြိန်ဖျင်းသော စကားကို မဆိုခြင်းတည်း။ မနောဒွါရ၌ ပညာရှိသူ၏ အဖြစ် ဟူသည် - ရဟန်းသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါမရှိသော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ဉာဏ်ထူးဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ရောက်၍ နေ၏။ ဤကား မနောဒွါရ၌ ပညာရှိသူ၏ အဖြစ်တည်း။

ဒွါရ ၃-ပါးလုံး ပညာရှိသည်ဖြစ်၍ အာသဝေါမရှိသော ပညာရှိ၍ မောနေယျဂုဏ်နှင့် ပြည့်စုံသူကို အကုသိုလ်အားလုံးကို ပယ်ခွာပြီး ပုဂ္ဂိုလ်ဟု ဆိုအပ်ကုန်၏။

ကာယမောနေယျ (ကာယဒွါရ၌ ပညာရှိသူ၏ အဖြစ်) မည်သည် - ကာယဒုစရိုက် ၃-ပါး ပယ်ခြင်း၊ ကာယသုစရိုက် ၃-ပါး ရှိခြင်း၊ ကာယလျှင် အာရုံရှိသော ဉာဏ်၊ ကာယကို ပိုင်းခြားသိခြင်း၊ ပိုင်းခြားသိသော ဉာဏ်နှင့်တကွသော မဂ်၊ ကာယ၌ ဆန္ဒရာဂကို ပယ်ခြင်း၊ ကာယသင်္ခါရ ချုပ်သော စတုတ္ထဈာန် သမာပတ်တည်း။ ဝစီမောနေယျ အတူပင်။

အထူးကား ကာယ၌ စတုတ္ထဈာန် သမာပတ်၊ ဝစီမောနေယျကား - ဝစီသင်္ခါရ ချုပ်သော ဒုတိယဈာန် သမာပတ်၊ မနောမောနေယျကား - သညာဝေဒယိတနိရောဓ သမာပတ်တည်း။

(၁၃) ၃-ကုသိနာရဝဂ်၊ ၁-ကုသိနာရသုတ်

မြတ်စွာဘုရား ကုသိနာရုံပြည် ဗဟိဟရဏ တောအုပ်၌ သီတင်းသုံးတော်မူစဉ် ရဟန်းများအား - ဤသာသနာတော်၌ ရဟန်းသည် ရွာနိဂုံး တခုခုကို မှီ၍ နေ၏။ ထိုရဟန်းကို သူကြွယ်၊ သူကြွယ်သားများ ချဉ်းကပ်၍ နက်ဖြန်အတွက် ဆွမ်းဖိတ်ရာ လက်ခံပြီး နောက်နေ့ ဖိတ်အိမ်သို့ ထိုရဟန်း ကြွရာ ဆွမ်းဒကာများက မွန်မြတ်သော ခဲ့ဖွယ်စားဖွယ်ဖြင့် ရောင့်ရဲတားမြစ်သည့် တိုင်အောင် လုပ်ကျွေး၏။

ထိုရဟန်းအား “ဆွမ်းဒကာများ ပြုစုကျွေးမွေးမှုသည် ကောင်းလေစွ” ဟု အကြံဖြစ်ပြီး “နောင်အခါလည်း အလားတူ ကျွေးမွေးလျှင် ကောင်းမှာပဲ” ဟု အကြံဖြစ်ပြန်၏။ ထိုရဟန်းသည် ထိုဆွမ်းကို တပ်မက် မိန်းမောလျက် ငမ်းငမ်းတက်ဖြစ်၍ အပြစ်ကို မရှုဘဲ ထွက်မြောက်ကြောင်း ပညာမရှိဘဲ သုံးဆောင်၏။ ထိုရဟန်းသည် ထိုရွာနိဂုံး၌ ကာမဂုဏ်နှင့် စပ်သော၊ ပျက်စီးစေလိုခြင်းနှင့် စပ်သော၊ ညှဉ်းဆဲခြင်းနှင့် စပ်သော အကြံကိုလည်း ကြံ၏။ ထိုရဟန်းအား ပေးလှူခြင်းသည် အကျိုးမကြီးဟု ငါဆို၏၊ အကြောင်းမှာ ရဟန်းသည် မေ့မေ့လျော့လျော့ နေသောကြောင့်တည်း။

စာမျက်နှာ-503


ဤသာသနာတော်၌ ရဟန်းသည် ရွာနိဂုံး တခုခုကို မှီ၍ နေ၏၊ (လ) လုပ်ကျွေး၏။ ထိုရဟန်းအား “ဆွမ်းဒကာများ ပြုစုလုပ်ကျွေးမှုသည် ကောင်းလေစွ” ဟု အကြံမဖြစ်၊ “နောင်အခါလည်း အလားတူ ကျွေးမွေးလျှင် ကောင်းမှာပဲ” ဟုလည်း အကြံမဖြစ်၊ ထိုရဟန်းသည် ထိုဆွမ်းကို မတပ်မက်၊ မမိန်းမော၊ ငမ်းငမ်းတက် မဖြစ်မူ၍ အပြစ်ကို ရှုလေ့ရှိလျက် ထွက်မြောက်ကြောင်း ပညာရှိသည်ဖြစ်၍ သုံးဆောင်၏။ ထိုရဟန်းသည် ထိုရွာနိဂုံး၌ ကာမဂုဏ်မှ ထွက်မြောက်ကြောင်း အကြံ၊ မပျက်စီးစေလိုခြင်းနှင့် စပ်သော အကြံ၊ မညှဉ်းဆဲခြင်းနှင့် စပ်သော အကြံကို ကြံ၏။ ထိုရဟန်းအား ပေးလှူခြင်းသည် အကျိုးကြီး၏ဟူ၍ ငါဆို၏၊ အကြောင်းကား ရဟန်းသည် မမေ့မလျော့ နေခြင်းကြောင့်တည်းဟု မိန့်တော်မူသည်။

၂-ဘဏ္ဍနသုတ်

မျက်မှောက်မျက်ကွယ် ငြင်းခုံလျက် ဆန့်ကျင်စကား ပြောကြားပြီး အချင်းချင်း နှုတ်လှန်ထိုးနေကြသော ရဟန်းများရှိရာ အရပ်သည် ငါဘုရားအား နှလုံးသွင်းရန်သော်မျှ ချမ်းမြေ့သော အရပ်မဟုတ်၊ သွားရန်ကား အဘယ်ဆိုဖွယ် ရှိတော့အံ့နည်း။ အမှန်ပင် ထိုအရှင်တို့သည် နေက္ခမ္မဝိတက်၊ အဗျာပါဒဝိတက်၊ အဝိဟိံသဝိတက် ၃-မျိုးတို့ကို စွန့်လွှတ်ကြ၏၊ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက် တရား ၃-မျိုးတို့ကို ကြိမ်ဖန်များစွာ ပြုကြ၏ဟု ဤအရာ၌ ငါဆုံးဖြတ်၏။

ညီညွတ်ဝမ်းမြောက်ကြ၊ ငြင်းခုံခြင်း မရှိကြ၊ နို့နှင့် ရေရောစပ်ထားသကဲ့သို့ အချင်းချင်း ချစ်သော မျက်စိတို့ဖြင့် ကြည့်ရှုနေကြသော ရဟန်းများရှိရာ အရပ်သည် ငါ့အား သွားရန် ချမ်းမြေ့သော အရပ်ဖြစ်၏။ နှလုံးသွင်းရန်ကား အဘယ်ဆိုဖွယ်ရှိတော့အံ့နည်း။ အမှန်ပင် ထိုအရှင်တို့သည် ကာမ၊ ဗျာပါဒ၊ ဝိဟိံသ ဝိတက် ဟူသော တရား ၃-မျိုးကို စွန့်လွှတ်ကြ၏၊ နေက္ခမ္မ၊ အဗျာပါဒ၊ အဝိဟိံသ ဝိတက်ဟူသော တရား ၃-မျိုးကို ကြိမ်ဖန်များစွာ ပြုကြ၏ဟု ဤအရာ၌ ငါဆုံးဖြတ်၏ဟု မိန့်။

၃-ဂေါတမက စေတိယသုတ်

မြတ်စွာဘုရား ဝေသာလီပြည် ဂေါတမကစေတီ၌ သီတင်းသုံးတော်မူစဉ် ရဟန်းများအား - ရဟန်းတို့၊ ဉာဏ်ထူးဖြင့်သိ၍သာ တရားကို ငါဟောကြား၏၊ မသိမူ၍ ငါဟောကြားသည်မဟုတ်။ အကြောင်းရှိသော တရားကိုသာ ငါဟောကြား၏၊ အကြောင်းမရှိသော တရားကို ငါဟောကြားသည်မဟုတ်။ ဆန့်ကျင်ဘက် ရာဂစသည်ကို ပယ်ခြင်း ပြာဋိဟာရှိသော တရားကိုသာ ငါဟောကြား၏။ ပြာဋိဟာမရှိသော တရားကို ငါဟောကြားသည်မဟုတ်။ ဉာဏ်ထူးဖြင့်သိ၍သာ တရားကို ဟောကြား၍ မသိမူ၍ မဟောကြားသော၊ အကြောင်းရှိသော တရားကိုသာ ဟောကြားသည်ဖြစ်၍ အကြောင်းမရှိ

စာမျက်နှာ-504


သောတရားကို မဟောကြားသော၊ ဆန့်ကျင်ဘက် ရာဂစသည်ကို ပယ်ခြင်း ပြာဋိဟာရှိသော တရားကိုသာ ဟောကြား၍ ပြာဋိဟာမရှိသော တရားကို မဟောကြားသော ငါဘုရားသည် သွန်သင်ဆုံးမ၏။ မြတ်စွာဘုရားသည် တရားအားလုံးကို ကိုယ်တိုင် မှန်စွာ သိတော်မူ၏။ တရားတော်သည် ကောင်းစွာဟောအပ်သော တရားတော်ဖြစ်၏။ သံဃာသည် ကောင်းစွာကျင့်တော်မူ၏ဟု သင်တို့ နှစ်သက်ထိုက်ပေသည်။ ဝမ်းမြောက်ထိုက် ရွှင်လန်းထိုက်ပေသည်။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ရဟန်းများသည် ဘုရားရှင်၏ တရားတော်ကို ဝမ်းမြောက်စွာ လက်ခံကုန်၏။ ဤစကားဖြင့် တရားကို ဟောတော်မူလတ်သော် လောကဓာတ်တထောင် တုန်လှုပ်လေသတည်း။

ဂေါတမကစေတီ - ဂေါတမက ဘီလူး၏ ဘုံဗိမာန်တည်း။ ပဌမဗောဓိ ဝါ ၂၀-ပတ်လုံး ဘုရားရှင်သည် စာပါလ၊ သာရန္ဒဒ၊ ဗဟုပုတ္တ၊ ဂေါတမက အမည်ရသော စေတီနတ်ကွန်းများ၌သာ ရံခါစီ အနေများသည်။

ဤသုတ်ဖြစ်ရပ် အတ္ထုပ္ပတ္တိကား မူလပရိယာယသုတ် အတ္ထုပ္ပတ္တိကြောင့် ဟောတော်မူရသည်၊ ချဲ့ဦးအံ့ - ပုဏ္ဏားမျိုး ရဟန်းများစွာသည် မိမိသင်ယူထားသော ဘုရားစကားတော်ကိုမှီ၍ အဘိမာန်ဖြစ်ပွားကာ “ဘုရားဟောမှာ ငါတို့သိပြီးသားပါ” ဟု တရားနာမဏ္ဍပ် မသွားကြပေ။

ရဟန်းများက ဘုရားလျှောက်ထားသဖြင့် ထိုပုဏ္ဏားမျိုး ရဟန်းများကို ခေါ်စေကာ နှုတ်ဝန်ခံချက်ယူ၍ မူလပရိယာယသုတ် ဟောတော်မူသည်။ ထိုရဟန်းများသည် ဒေသနာတော်၏ လာရာသွားရာကို မသိသဖြင့် “ငါ့တရားသည် ဝဋ်မှထုတ်ဆောင်၏” ဟု ဘုရားရှင်သည် သူ့နှုတ်တက်ရာကို ဟောကြားသည် ကြံနေကြရကား ထိုအကြံကို ဘုရားရှင် သိတော်မူ၍ ဤဂေါတမက စေတိယသုတ်ကို ဟောတော်မူသည်။

လောကဓာတ်တထောင်လှုပ် - ၆-ပါးသော အခြင်းအရာတို့ဖြင့် မြေလှုပ်သည်၊ ဤလှုပ်ပုံမျိုး ဗောဓိမဏ္ဍိုင်၌ ဖြစ်ဖူး၏။ ချဲ့ဦးအံ့ - ဘုရားလောင်းသည် တောင်မျက်နှာဖြင့် ဗောဓိမဏ္ဍိုင်သို့ တက်သည်ရှိသော် တောင်အရပ်သည် အဝီစိရောက်၊ မြောက်အရပ်သည် ဘဝဂ်ထိသကဲ့သို့ ဖြစ်ရသည်၊ ကြွင်းအရပ် ၃-မျက်နှာလည်း ထို့အတူပင် ဖြစ်သည်၊ ဗောဓိပင်သည်လည်း တကြိမ် အောက်အဝီစိရောက်၊ တကြိမ် ဘဝဂ်ထိသကဲ့သို့ ဖြစ်သည်။

စာမျက်နှာ-505


၄-ဘရဏ္ဍုကာလာမသုတ်

မြတ်စွာဘုရား ကောသလတိုင်း ဒေသစာရီ ကြွချီတော်မူရာ ကပိလဝတ်ပြည် ရောက်လာစဉ် ကြားသိ၍ ရောက်လာသော မဟာနာမ် သာကီဝင်မင်းအား ဘုရားရှင်က ကပိလဝတ်ပြည်တွင် ယနေ့တညဉ့်တာမျှ တည်းခိုရန် လျော်သောနေရာကို ရှာခိုင်းသည်။

မဟာနာမ်သည် ကပိလဝတ်တပြည်လုံး အနှံ့ရှာပါသော်လည်း လျော်သောနေရာကို မတွေ့သဖြင့် ဘုရားထံပြန်လာပြီး “နေရာမရှိပါ၊ သို့ရာတွင် ဘုရားရှင်၏ သီတင်းသုံးဖော်ဖြစ်ခဲ့ဖူးသော ဘရဏ္ဍုကာလာမရသေ့၏ သင်္ခမ်းကျောင်း၌ ယနေ့တညဉ့် သီတင်းသုံးနိုင်ပါသည်” ဟု လျှောက်ရာ ဘုရားရှင်က “သွား၊ နေရာခင်းချေ” ဟု မိန့်လိုက်သည်။ ထိုသင်္ခမ်းကျောင်း၌ သီတင်းသုံးစဉ် မဟာနာမ်အား “ဘုရားရှင် ပင်ပန်းတော်မူ၏၊ နက်ဖြန်မှ ဆည်းကပ်တော့မည်” ကြံကာ ရှိခိုးပြန်သွားသည်။ ထိုညဉ့် လွန်မြောက်၍ ရောက်လာသော မဟာနာမ်အား ဘုရားရှင်က “မဟာနာမ်၊ ဤလောက၌ ထင်ရှားရှိသော ဆရာ ၃-မျိုးမှာ -

၁။ အချို့ဆရာသည် ကာမတို့ကို လွန်မြောက်ခြင်း ရူပါဝစရဈာန်ကိုသာ ပညတ်နိုင်၏၊ ရုပ်တို့ကို လွန်မြောက်ခြင်း အရူပါဝစရဈာန်ကို လည်းကောင်း၊ ဝေဒနာကို လွန်မြောက်ခြင်း နိဗ္ဗာန်ကို လည်းကောင်း မပညတ်နိုင်။

၂။ အချို့ဆရာကား ကာမနှင့် ရုပ်တို့ကို လွန်မြောက်ခြင်းတို့ကို ပညတ်နိုင်၏၊ ဝေဒနာတို့ကို လွန်မြောက်ခြင်းကိုကား မပညတ်နိုင်။

၃။ အချို့ဆရာကမူ ကာမ၊ ရုပ်၊ ဝေဒနာ ၃-ပါးလုံးတို့ကို လွန်မြောက်ခြင်းကို ပညတ်နိုင်၏။ ထိုဆရာ ၃-မျိုးတို့၏ ပြီးဆုံးရာဂတိသည် တူသလော၊ ကွဲပြားသလော” ဟု မိန့်တော်မူရာ ဘရဏ္ဍုကာလာမ ရသေ့က မဟာနာမ်အား “တူ၏” ဟု လျှောက်ခိုင်းသည်၊ ဘုရားရှင်က မဟာနာမ်ကို “ကွဲပြားပါ၏” ဟု လျှောက်ခိုင်းသည်။

၂-ကြိမ်မြောက် လည်းကောင်း၊ ၃-ကြိမ်မြောက် လည်းကောင်း ရသေ့က မဟာနာမ်ကို အတူလျှောက်ခိုင်း၍ ဘုရားရှင်က ကွဲပြားကြောင်း လျှောက်ခိုင်းသည်။ ထိုအခါ ရသေ့အား “တန်ခိုးကြီးသော မဟာနာမ်၏ ရှေ့မှောက်၌ ရဟန်းဂေါတမသည် ၃-ကြိမ်တိုင်တိုင် ငါ့ကို မောင်းမဲ၏၊ ငါသည် ကပိလဝတ်ပြည်မှ ထွက်သွားမှကောင်းမည်” ဟု ကြံကာ ရသေ့သည် တဖန်ပြန်မလာသော ခွဲခြင်းဖြင့် ကပိလဝတ်ပြည်မှ ခွာသွားလေသတည်း။

လျော်သောနေရာရှာမရ - ရသေ့ကား သာကီဝင်တို့၏ အစားကောင်းကိုစားကာ သွားလာနေသည်၊ ငါဘုရားရောက်လျှင် ဓမ္မဒေသနာတခု ဖြစ်မည်ဟု သိတော်မူသဖြင့် အခြားနေရာရှာမရအောင် ဘုရားရှင် ဓိဋ္ဌာန်ထား၍တည်း။

စာမျက်နှာ-506


၅-ဟတ္ထကသုတ်

ဘုရားရှင် သာဝတ္ထိ ဇေတဝန်၌ သီတင်းသုံးတော်မူစဉ် ဟတ္ထကနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအချိန်၌ အလွန်နှစ်လိုဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန်ကျောင်းတိုက်လုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေပြီးလျှင် ဘုရားထံတော် ချဉ်းကပ်လျက် ရှေ့တော်၌ ရပ်တည်မည်ဟု ရည်ရွယ်သော်လည်း နစ်မြုပ်၍သာ သွား၏။ မရပ်စွမ်းနိုင်၊ ထောပတ်ဆီကို သဲထဲ၌ လောင်းအပ်သော် စိမ့်ဝင်နစ်မြုပ်သွားသကဲ့သို့တည်း။

ထိုအခါ ဘုရားရှင်က နတ်သားအား ရုန့်ရင်းကြမ်းတမ်းသော အတ္တဘောကို ဖန်ဆင်းဖို့ မိန့်ကြားမှ ဖန်ဆင်းပြီး ရှိခိုးနေစဉ် “ရှေးလူဖြစ်စဉ်က လေ့လာထားသော ပရိယတ်တရားတို့ကို ယခု နတ်ဖြစ်သောအခါ၌ လေ့လာသေး၏လော” ဟု မေးတော်မူသည်။

“ရှေးလူဖြစ်စဉ်က လေ့လာပြီး ပရိယတ်တို့ကို ယခု နတ်ဖြစ်သောအခါ၌လည်း လေ့လာအပ်ပါကုန်၏၊ ရှေးလူဘဝက မလေ့လာရသေးသော တရားများကိုလည်း ယခု လေ့လာပါကုန်၏။ မြတ်စွာဘုရားသည် ယခုအခါ၌ ရဟန်းယောက်ျား၊ မိန်းမ၊ ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမ၊ တိတ္ထိ၊ တိတ္ထိတပည့်များနှင့် ရောနှောသီတင်းသုံးတော်မူသကဲ့သို့ တပည့်တော်လည်း နတ်သားများနှင့် ရောနေရပါသည် - ‘ဟတ္ထကနတ်သားထံ တရားနာကုန်အံ့’ ဟု အချက်ပေးမှ နတ်သားများလည်း ရောက်လာကြပါ၏။

တပည့်တော်သည် မြတ်စွာဘုရားအား ဖူးမြော်ခြင်း၊ သူတော်ကောင်းတရား နာကြားခြင်း၊ သံဃာလုပ်ကျွေးခြင်းဟူသော ဤတရား ၃-မျိုး၌ မရောင့်ရဲ မဆုတ်နစ်ဘဲ သေခဲ့ရပါသည်” ဟု လျှောက်ထားသည်။ ၁၀-ပါးဟူသော အဓိသီလကို ကျင့်သုံးလျက် သူတော်ကောင်းတရား နာကြားခြင်း၌ မွေ့လျော်၍ တရား ၃-မျိုး၌ ရောင့်ရဲတင်းတိမ်ခြင်း မရှိသော ဟတ္ထကသည် အဝိဟာ ဗြဟ္မာ့ဘုံသို့ ရောက်လေသတည်း။

၆-ကဋုဝိယသုတ်

ဘုရားရှင် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံး၍ နံနက်ပိုင်း ဗာရာဏသီပြည်သို့ ဆွမ်းခံကြွတော်မူစဉ် သာယာဖွယ် ဈာန်ချမ်းသာ ဆိတ်သုဉ်းသော ပြင်ပကာမဂုဏ်ကို သာယာသော၊ သတိလွတ်၍ ဆင်ခြင်မှုမရှိ၊ မတည်သော စိတ်ရှိကာ ပေါ်လွင်သော ဣန္ဒြေရှိသော ရဟန်းတပါးကို မြင်တော်မူ၍ “ရဟန်း၊ သင်သည် မိမိကိုယ်ကို ထွေးအန်ဖတ် မပြုလင့်၊ ထွေးအန်ဖတ်ပြုသည်ဖြစ်၍ သားစိမ်းနံ့ဖြင့်

စာမျက်နှာ-507


စိုစွတ်သော သင့်ကို ယင်ကောင်များသည် မကျရောက် မနှိပ်စက်ရာသော အကြောင်းမရှိချေ” ဟု မိန့်တော်မူရာ ထိုရဟန်း သံဝေဂဖြစ်သွား၏။ သောတာပန်လည်း ဖြစ်သွားသည်။

ထို့နောက် ဘုရားရှင်လည်း ဆွမ်းခံကြွ ဘုဉ်းပေးပြီး ပြန်ကြွလာခဲ့သော် ရဟန်းများကို ထိုနံနက်က တွေ့ခဲ့သော ရဟန်းအကြောင်းနှင့် ဟောခဲ့သော ဩဝါဒကို ပြန်လည်မိန့်ကြားသည်တွင် ရဟန်းများ၏ အမေးအရ - ထွေးအန်ဖတ် ဟူသည် အဘိဇ္ဈာ၊ သားစိမ်းနံ့ ဟူသည် ဗျာပါဒ၊ ယင်ကောင်တို့ ဟူသည် အကုသိုလ် ဝိတက်တို့တည်း။ မိမိကိုယ်ကို ထွေးအန်ဖတ်ပြုသည်ဖြစ်၍ သားစိမ်းနံ့စွတ်စိုသူကို ယင်ကောင်များ မကျရောက် မနှိပ်စက်ရာသော အကြောင်းမရှိချေဟု မိန့်တော်မူ၏။

စက္ခု၊ သောတ ၂-ဒွါရ၌ မလုံခြုံဘဲ ဣန္ဒြေမစောင့်သူအား ရာဂကိုမှီသော မိစ္ဆာဝိတက် ယင်ကောင်များ ကျရောက်ကုန်လတ္တံ့။ ထွေးအန်ဖတ်ဖြစ်၍ သားစိမ်းနံ့ဖြင့် စိုစွတ်နေသော ရဟန်းတို့သည် နိဗ္ဗာန်မှ ဝေး၏၊ ပင်ပန်းဖို့သာရှိ၏။ ပညာမဲ့ လူမိုက်သည် ရွာ၌သော်လည်းကောင်း၊ တော၌သော်လည်းကောင်း၊ မိမိ၏စိတ် ငြိမ်းချမ်းမှုမရဘဲ ယင်ကောင်များ ဝိုင်းလျက် လှည့်လည်ရ၏။ သီလနှင့် ပြည့်စုံ၍ ပညာဖြင့် ငြိမ်းအေးခြင်း၌ မွေ့လျော်သူများသည် ယင်ကောင်များကို ဖျက်ဆီးလျက် ငြိမ်းအေးကြသည်ဖြစ်၍ ချမ်းသာစွာ အိပ်ကြရ၏။

၇-ပဌမအနုရုဒ္ဓသုတ်

အရှင်အနုရုဒ္ဓါသည် ဘုရားထံတော် ချဉ်းကပ် ရှိခိုးထိုင်နေပြီး ဘုရားရှင်အား “တပည့်တော်သည် လူ့မျက်စိကို လွန်၍ နတ်မျက်စိနှင့် တူသော မျက်စိဖြင့် သေပြီးနောက် ငရဲရောက်နေရသော မာတုဂါမကို အများအားဖြင့် မြင်ရပါ၏၊ အဘယ်တရားများနှင့် ပြည့်စုံသော မာတုဂါမသည် ငရဲရောက်ရပါသနည်း” ဟု လျှောက်ထားရာ - “အနုရုဒ္ဓါ၊ ဤလောက၌ မာတုဂါမသည် နံနက်အခါ ဝန်တိုမှု အညစ်အကြေး ထကြွသောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏။ မွန်းတည့်အခါ သူတပါးစည်းစိမ်ကို ငြူစူခြင်း ဣဿာတရား ထကြွသောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ ညချမ်းအခါ ကာမရာဂ ထကြွသောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏။ ဤတရား ၃-မျိုးနှင့် ပြည့်စုံသော မာတုဂါမသည် သေလျှင် ငရဲရောက်ရသည်” ဟု မိန့်။

၈-ဒုတိယအနုရုဒ္ဓသုတ်

အရှင်အနုရုဒ္ဓါသည် အရှင်သာရိပုတ္တရာထံ ချဉ်းကပ်၍ နှုတ်ဆက်စကား ပြောကြားနေထိုင်လျက် “ငါ့ရှင်၊ အကျွန်ုပ်သည် ဒိဗ္ဗစက္ခုဖြင့် လောကဓာတ်တထောင်ကို မြင်နိုင်

စာမျက်နှာ-508


ပါ၏၊ မတွန့်မဆုတ် လုံ့လကို အားထုတ်ပါ၏၊ မေ့လျော့ခြင်း မရှိ၊ သတိသည် ထင်ပါ၏၊ ကိုယ်သည် မပူပန်၊ ငြိမ်းအေးပါ၏၊ စိတ်သည် အာရုံတခုတည်း ရှိသည်ဖြစ်၍ ကောင်းစွာ တည်ပါ၏။ သို့ပါလျက် ကျွန်ုပ်၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်းသေးပါ” ဟု လျှောက်၏။

“ငါ့ရှင် အနုရုဒ္ဓါ၊ ‘ငါသည် ဒိဗ္ဗစက္ခုဖြင့် လောကဓာတ်တထောင်ကို မြင်နိုင်၏’ ဟု အကြံဖြစ်ခြင်းသည်ပင် သင့်အား မာန ဖြစ်နေ၏။ ‘ငါသည် မတွန့်မဆုတ် လုံ့လကို အားထုတ်နေ၏၊ မေ့လျော့ခြင်း မရှိ၊ သတိသည် ထင်ပါ၏၊ ကိုယ်သည် မပူပန် ငြိမ်းအေး၏၊ စိတ်သည် အာရုံတခုတည်း ရှိသည်ဖြစ်၍ တည်ကြည်၏’ ဟု အကြံဖြစ်ခြင်းသည်ပင် သင့်အား ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ ဖြစ်နေ၏။ သို့ပါလျက် ‘ငါ၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်းသေးပါ’ ဟု အကြံဖြစ်ခြင်းသည်ပင် သင့်အား တွေးတောမှု သံသယ ကုက္ကုစ္စ ဖြစ်နေ၏။ တော်ပါပြီ၊ အရှင်အနုရုဒ္ဓါသည် ဤတရား ၃-မျိုးကို ပယ်စွန့်၍ နှလုံးမသွင်းမူ၍ အမြိုက်နိဗ္ဗာန်ဓာတ်သို့ စိတ်ကို ပို့ဆောင်ပါလော့” ဟု အရှင်သာရိပုတ္တရာက မိန့်ဆိုလိုက်သည်။

နောက်ပိုင်းတွင် ထိုအမိန့်အတိုင်း ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် ကောင်းစွာပင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးသားများ လိုလားအပ်သော အရဟတ္တဖိုလ် မကြာမီရကာ အရှင်အနုရုဒ္ဓါသည် ရဟန္တာတို့တွင် တပါးအပါအဝင် ဖြစ်လေသတည်း။

၉-ပဋိစ္ဆန္နသုတ်

လျှို့လျှို့ဝှက်ဝှက် ရွက်ဆောင်ကြ၍ ပွင့်ပွင့်လင်းလင်း မရွက်ဆောင်ကြသော ၃-မျိုးမှာ - မာတုဂါမသည် လျှို့ဝှက်စွာ ရွက်ဆောင်၏၊ ပွင့်လင်းစွာ မရွက်ဆောင်။ ပုဏ္ဏားများသည် ဗေဒင်တို့ကို လျှို့ဝှက်စွာ ရွက်ဆောင်ကြ၏၊ ပွင့်လင်းစွာ မရွက်ဆောင်။ မှားသော အယူသည် လျှို့ဝှက်စွာ ရွက်ဆောင်၏၊ ပွင့်လင်းစွာ မရွက်ဆောင်။

ပွင့်လင်းသော်သာ တင့်တယ်ကြ၍ လျှို့ဝှက်လျှင် မတင့်တယ်ကြသော ၃-မျိုးမှာ - လဝန်းသည် လည်းကောင်း၊ နေဝန်းသည် လည်းကောင်း၊ မြတ်စွာဘုရား ဟောကြားသည့် တရားတော်သည် လည်းကောင်း ပွင့်လင်းသော်သာ တင့်တယ်၏၊ ဖုံးကွယ်သော် မတင့်တယ်၊ ဤသည်တို့တည်း။

ပွင့်လင်းသော်သာ တင့်တယ်၏ ဟူရာ၌ ပွင့်လင်းမှု ၄-မျိုးမှာ -
၁။ တဘက်သာ ပွင့်လင်းမှု - ရဟန်း၊ ရဟန်းမ တဘက်စီသာ ဆိုင်သော သိက္ခာပုဒ်။
၂။ ၂-ဘက်လုံး ပွင့်လင်းမှု - ရဟန်း၊ ရဟန်းမ ၂-ဦးလုံးဆိုင်သော သိက္ခာပုဒ်။

စာမျက်နှာ-509


၃။ မိမိဘက်သာ ပွင့်လင်းမှု - ရအပ်သော တရားဂုဏ်ကျေးဇူး။
၄။ အကျိုးအားလုံးရှိသော ပွင့်လင်းမှု - ပိဋက ၃-ပုံ ဘုရားစကားတော်တည်း။

၁၀-လေခသုတ်

ကျောက်ထွင်းအက္ခရာ၊ မြေရေးအက္ခရာ၊ ရေရေးအက္ခရာနှင့် တူသော ပုဂ္ဂိုလ်ဟု လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၃-မျိုးတွင် -

၁။ ကျောက်၌ ရေးထွင်းထားသော အက္ခရာနှင့် တူသော ပုဂ္ဂိုလ် ဟူသည် - အချို့သူသည် အစဉ်မပြတ် အမျက်ထွက်တတ်၏၊ ထိုအမျက်သည်လည်း အရှည်ကိန်းအောင်းနေ၏။ ကျောက်ထွင်းအက္ခရာသည် လေ၊ ရေကြောင့် လျင်စွာ မပျက်စီးသကဲ့သို့ အမျက်အရှည် ကိန်းအောင်းနေသော ပုဂ္ဂိုလ်မျိုးတည်း။

၂။ မြေ၌ ရေးခြစ်အပ်သော အက္ခရာနှင့် တူသော ပုဂ္ဂိုလ် ဟူသည် - အစဉ်မပြတ် အမျက်ထွက်တတ်သော်လည်း ထိုအမျက်သည် အရှည်ကိန်းအောင်းမနေ။ မြေ၌ ရေးခြစ်အပ်သော အက္ခရာသည် လေ၊ ရေကြောင့် လျင်စွာ ပျက်စီးသကဲ့သို့ အမျက်အရှည် ကိန်းအောင်းမနေသော ပုဂ္ဂိုလ်မျိုးတည်း။

၃။ ရေ၌ ရေးသားအပ်သော အက္ခရာနှင့် တူသော ပုဂ္ဂိုလ် ဟူသည် - ဤလောက၌ အချို့သူသည် ရုန့်ရင်းကြမ်းကြုတ်သော စကား၊ မနှစ်သက်ဖွယ်စကားဖြင့် ဆိုအပ်သော်လည်း ဆက်စပ်နှီးနှောသည်သာ၊ သဘောတူသည်သာတည်း။ ရေ၌ ရေးသားအပ်သော အက္ခရာသည် လျင်စွာ ကင်းပျောက်လွယ်သကဲ့သို့ မနှစ်သက်ဖွယ် စကားဆိုသော်လည်း သဘောထားမတင်းမာသော ပုဂ္ဂိုလ်မျိုးတည်း။

(၁၄) ၄-ယောဓာဇီဝဝဂ်၊ ၁-ယောဓာဇီဝသုတ်

အဝေး၌လည်း မြားကို ကျရောက်စေနိုင်ခြင်း၊ မချွတ်မယွင်း စူးဝင်စေနိုင်ခြင်း၊ အထည်ကိုယ်ကြီးကိုလည်း ဖောက်ထွင်းစေနိုင်ခြင်း ဟူသော အင်္ဂါ ၃-ပါးနှင့် ပြည့်စုံသော စစ်သူရဲကောင်းသည် မင်းအား ထိုက်၍ မင်းအသုံးတော်ခံ ဖြစ်၏၊ မင်း၏ လက်ရုံးဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။

ဤအတူပင် သာသနာတော်၌ အဝေး၌လည်း ကျရောက်စေနိုင်၊ မချွတ်မယွင်း စူးဝင်စေနိုင်၊ အထည်ကိုယ်ကြီးကိုလည်း ဖောက်ထွင်းစေနိုင်သော ဤအင်္ဂါ ၃-မျိုးနှင့် ပြည့်စုံသော ရဟန်းသည် အဝေးမှ ယူဆောင်၍မူလည်း ပေးလှူပူဇော်ထိုက်၏။ (လ) အပေါင်း ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေသဖွယ် ဖြစ်၏။

စာမျက်နှာ-510


အဘယ်သို့လျှင် ရဟန်းသည် အဝေး၌ ကျရောက်စေနိုင် သနည်း - ဤသာသနာတော်၌ ရဟန်းသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်လည်းဖြစ်၊ အတွင်း၊ အပလည်းဖြစ်၊ ကြမ်း၊ နု လည်းဖြစ်၊ ယုတ်၊ မြတ်လည်းဖြစ်၊ ဝေး၊ နီး လည်းဖြစ်သော ရုပ်အားလုံးကို “ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ့ကိုယ်မဟုတ်” ဟု ဟုတ်တိုင်းမှန်စွာ ဝိပဿနာမဂ်ပညာဖြင့် ရှု၏။

အတိတ်၊ အနာဂတ် စသည် ၁၁-ပါးပြားသော (အထက်အတိုင်း) ဝေဒနာအားလုံးကို၊
အတိတ်၊ အနာဂတ် စသည် ၁၁-ပါးပြားသော သညာအားလုံးကို၊
အတိတ်၊ အနာဂတ် စသည် ၁၁-ပါးပြားသော သင်္ခါရအားလုံးကို၊
အတိတ်၊ အနာဂတ် စသည် ၁၁-ပါးပြားသော ဝိညာဉ်အားလုံးကို “ဤဝိညာဉ်သည် ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ့ကိုယ်မဟုတ်” ဟု ဟုတ်မှန်တိုင်း ဝိပဿနာမဂ်ပညာဖြင့် ရှု၏။ ဤသို့ အဝေး၌ ကျရောက်စေနိုင်၏။

အဘယ်သို့လျှင် ရဟန်းသည် မချွတ်မယွင်း စူးဝင်စေနိုင် သနည်း - ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲတည်း” စသည်ဖြင့် သစ္စာ ၄-ပါးကို ဟုတ်မှန်တိုင်း သိ၏။ ဤသို့ မချွတ်မယွင်း စူးဝင်စေနိုင်၏။

အဘယ်သို့လျှင် ရဟန်းသည် အထည်ကိုယ်ကြီးကို ဖောက်ထွင်းစေနိုင် သနည်း - ဤသာသနာတော်၌ ရဟန်းသည် ကြီးစွာသော အဝိဇ္ဇာအစုကို ဖောက်ထွင်းစေနိုင်၏။ ဤသို့ ဖောက်ထွင်းစေနိုင်သတည်း။

အဝေး၌ မြားကို ကျရောက်စေနိုင်ခြင်း - ရေ၌ ၇-ဥသဘ၊ ကုန်း၌ ၈-ဥသဘ၊ အလွန် ၉-ဥသဘ ရောက်နိုင်သည်။ ဒုဋ္ဌဂါမဏိ အဘယမင်း၏ စစ်သူရဲသည် ၉-ဥသဘ မြားကျစေနိုင်၍ ပစ္ဆိမဘဝ ဘုရားလောင်းကား တယူဇနာမျှ ကျစေနိုင်သည်။

ကိုယ်ထည်ကြီးကို ဖောက်ထွင်းစေနိုင်ခြင်း - တစပ်တည်း ပျဉ်ချပ်တရာကို လည်းကောင်း၊ ကျွဲရေ ၁၀၀၊ သံပြားထု လက် ၈-သစ်၊ ပိတောက်ပျဉ် လက် ၄-သစ်၊ ရေတဖန် ပျဉ်ထုတထွာ၊ အလျားလိုက် ကောက်ရိုးတလှည်းကိုလည်း ဖောက်နိုင်သည်။

၂-ပရိသာသုတ်

ပရိသတ် ၃-မျိုးမှာ - ဆုံးမခက်သဖြင့် မမေးမူ၍ ဆုံးမအပ်သော ပရိသတ်၊ ဆုံးမလွယ်သဖြင့် မေး၍ ဆုံးမအပ်သော ပရိသတ်၊ ပမာဏကိုသိ၍ ဆုံးမအပ်သော ပရိသတ်တို့တည်း။

စာမျက်နှာ-511


၃-မိတ္တသုတ်

မှီဝဲထိုက်သော အဆွေခင်ပွန်းကောင်း ပြည့်စုံရမည့် အင်္ဂါ ၃-မျိုးမှာ - ပေးနိုင်ခဲသည်ကို ပေးခြင်း၊ ပြုနိုင်ခဲသည်ကို ပြုခြင်း၊ သည်းခံနိုင်ခဲသည်ကို သည်းခံခြင်းတို့တည်း။

၄-ဥပ္ပါဒါသုတ်

ရဟန်းတို့၊ ဘုရားရှင်များ ပွင့်သည်ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ ထိုအနိစ္စဓာတ်သည် သဘောအားဖြင့် တည်သည်၏အဖြစ်၊ သဘောအားဖြင့် မြဲသည်၏အဖြစ်ဖြင့် တည်နေသည်သာတည်း။ သင်္ခါရအားလုံးတို့သည် မမြဲကြ၊ ထိုသဘောတရားကို ဘုရားရှင်သည် ဉာဏ်ဖြင့် ထိုးထွင်း၍ သက်ဝင်၍သိ၏။ သိပြီး၍ သင်္ခါရအားလုံးသည် မမြဲကြဟု ညွှန်ပြ ဟောကြား ပညတ်တော်မူ၏။ ဉာဏ်၌ထား၍ ဖွင့်ပြဝေဖန် ပေါ်လွင်အောင် ပြုတော်မူ၏။

ဘုရားရှင်များ ပွင့်သည်ဖြစ်စေ ထိုဒုက္ခဓာတ်သည် သင်္ခါရအားလုံးသည် ဆင်းရဲကြ၏။ ထိုသဘောတရားကို... သင်္ခါရအားလုံးသည် ဆင်းရဲကြ၏ဟု ညွှန်ပြ ပေါ်လွင်အောင် ပြုတော်မူ၏။

ဘုရားရှင်များ ပွင့်သည်ဖြစ်စေ... ထိုအနတ္တဓာတ်သည်... တရားအားလုံးသည် အလိုသို့ မလိုက်ကြ။ ထိုသဘောတရားကို... တရားအားလုံးသည် အလိုသို့ မလိုက်ကြ (အနတ္တဖြစ်ကုန်၏) ဟု ညွှန်ပြ... ပေါ်လွင်အောင် ပြုတော်မူ၏ဟု မိန့်။

သင်္ခါရအားလုံး - ဘုံ ၄-ပါး၌ဖြစ်သော တရားအားလုံးယူ။ ဖြစ်၍မရှိခြင်းဟူသော အနက်သဘောကြောင့် အနိစ္စ၊ ဖြစ်ပျက် ၂-တန် နှိပ်စက်ဒဏ်ကြောင့် ဒုက္ခ၊ အလိုမလိုက် အကြိုက်မပါသောကြောင့် အနတ္တ ဟု သိလေ။

၅-ကေသကမ္ဗလသုတ်

ချည်မျှင်ဖြင့် ရက်အပ်ကုန်သော အဝတ်ဟူသမျှတွင် လူဆံခြည်မျှင်ဖြင့် ရက်ထားသော ကမ္ဗလာကို အညံ့ဆုံးအဝတ်ဟု ဆိုထိုက်၏။ ဆံခြည်မျှင် ကမ္ဗလာသည် အေးချိန်အေး၍ ပူချိန်ပူ၏။ အဆင်းမလှ၊ အနံ့မကောင်း၊ အတွေ့မကောင်းပေ။ ဤအတူသာလျှင် များစွာကုန်သော သမဏ၊ ဗြာဟ္မဏတို့၏ အယူဝါဒဟူသမျှတွင် မက္ခလိဂေါသာလ၏ အယူဝါဒကို အယုတ်ညံ့ဆုံးဟူ၍ ဆိုထိုက်၏။

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား၊ မက္ခလိဂေါသာလသည် “ကုသိုလ်ကံ အကုသိုလ်ကံ မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်းမရှိ၊ အားထုတ်သော ဝီရိယမရှိ”

စာမျက်နှာ-512


ဟု ဆိုလေ့ရှိ၏၊ ဤသို့ ယူလေ့ရှိ၏။ ပွင့်ပြီးသော ဘုရားရှင်တို့သည် လည်းကောင်း၊ ပွင့်လတ္တံ့သော ဘုရားရှင်တို့သည် လည်းကောင်း၊ ပွင့်ဆဲဖြစ်သော ငါဘုရားသည် လည်းကောင်း “ကုသိုလ်ကံ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်းရှိ၏၊ အားထုတ်သော ဝီရိယရှိ၏” ဟု ဟောတော်မူခဲ့ကြသည်၊ ဟောတော်မူကြလတ္တံ့၊ ဟောတော်မူ၏။ မက္ခလိဂေါသာလသည် ပွင့်ပြီး ပွင့်လတ္တံ့ ဘုရားရှင်များကို လည်းကောင်း၊ ငါဘုရားကို လည်းကောင်း “ကုသိုလ်ကံ အကုသိုလ်ကံ မရှိ” စသည်ဖြင့် တားမြစ်၏။

မြစ်ဆုံမြစ်ဝ၌ ထောင်ထားသော မြှုးသည် ငါးများစွာတို့၏ စီးပွားမဲ့ ဆင်းရဲရန် ပျက်စီးရန် ဖြစ်သကဲ့သို့၊ လူထောင်မြှုးပမာ လောက၌ ဖြစ်လာသော မက္ခလိဂေါသာလသည် သတ္တဝါများစွာတို့၏ စီးပွားမဲ့ ဆင်းရဲရန် ပျက်စီးရန်ဖြစ်၏ဟု မိန့်။

၆-၇-သမ္ပဒါသုတ်၊ ဝုဒ္ဓိသုတ်

ပြည့်စုံခြင်း ၃-မျိုးမှာ - သဒ္ဓါ၊ သီလ၊ ပညာ၏ ပြည့်စုံခြင်းတို့တည်း။ ကြီးပွားခြင်း ၃-မျိုးမှာလည်း ယင်း ၃-ပါးပင်တည်း။

၈-အဿခဠုကသုတ်

မြင်းငယ် ၃-မျိုးမှာ - ဤလောက၌ အချို့မြင်းငယ်သည် လျင်မြန်ခြင်းနှင့်သာ ပြည့်စုံ၍ အဆင်း လုံးရပ် မပြည့်စုံ၊ အချို့ကား ၂-မျိုးပြည့်စုံ၊ အချို့ကား ၃-မျိုးလုံး ပြည့်စုံသည်၊ ယောက်ျားငယ် ၃-မျိုးမှာလည်း ဤအတူပင်တည်း။

၁။ အဘယ်သို့လျှင် ယောက်ျားငယ်သည် လျင်မြန်ခြင်းနှင့်သာ ပြည့်စုံ၍ အဆင်းလုံးရပ်နှင့် မပြည့်စုံသနည်း - ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲတည်း” စသည်ဖြင့် သစ္စာ ၄-ပါးကို သိ၏။ ဤသိခြင်းကို ထိုပုဂ္ဂိုလ်၏ ဉာဏ်ဟူသော လျင်မြန်ခြင်း ဟု ငါဆို၏။ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌ လည်းကောင်း၊ ဝိနယ၌ လည်းကောင်း ပြဿနာ မေးအပ်သော် တွန့်ဆုတ်၏၊ မဖြေဆိုနိုင်။ ဤမဖြေဆိုနိုင်ခြင်းကို ထိုပုဂ္ဂိုလ်၏ ဂုဏ်ဟူသော အဆင်းမရှိ ဟု ငါဆို၏။ ဆွမ်းစသော ပစ္စည်း ၄-ပါး မရ၊ ဤမရခြင်းကို ထိုပုဂ္ဂိုလ်၏ အလုံးအရပ်မရှိ ဟု ငါဆို၏။ ဤသို့လျှင် ယောက်ျားငယ်သည် လျင်မြန်မှု ပြည့်စုံ၍ အဆင်းလုံးရပ် မပြည့်စုံ။

၂။ အဘယ်သို့လျှင် ယောက်ျားငယ်သည် လျင်မြန်မှု၊ အဆင်း ပြည့်စုံ၍ လုံးရပ် မပြည့်စုံသနည်း - ရဟန်းသည် သစ္စာ ၄-ပါးကို သိ၏။ ဤသိခြင်းကို ဉာဏ်လျင်မြန်ခြင်းဟု ငါဆို၏။ ပြဿနာကို ဖြေဆိုနိုင်၏။ ဤဖြေဆိုနိုင်ခြင်းကို ဂုဏ်အဆင်းဟု ငါဆို၏။ ပစ္စည်း ၄-ပါးကိုကား မရ၊ မရခြင်းကို လုံးရပ်မရှိခြင်းဟု ငါဆို၏။ ဤသို့ ယောက်ျားငယ်သည် ၂-မျိုး ပြည့်စုံ၍ နောက်တမျိုး မပြည့်စုံ။

စာမျက်နှာ-513


၃။ အဘယ်သို့လျှင် ယောက်ျားငယ်သည် လျင်မြန်မှု၊ အဆင်း၊ လုံးရပ်နှင့် ပြည့်စုံသနည်း - ရဟန်းသည် သစ္စာ ၄-ပါးကို သိ၏။ ဤကို ဉာဏ်လျင်မြန်ခြင်းဟု လည်းကောင်း၊ ပြဿနာကို ဖြေဆိုနိုင်၏၊ ဤကို ဂုဏ်အဆင်းဟု လည်းကောင်း၊ ပစ္စည်း ၄-ပါးကိုလည်း ရ၏၊ ဤကို လုံးရပ်ဟု လည်းကောင်း ငါဆို၏။ ဤသို့လျှင် ယောက်ျားငယ်သည် ၃-မျိုးလုံး ပြည့်စုံသည်။

၉-အဿပရဿသုတ်

မြင်းတို့၌ လွန်ကဲသောမြင်း ၃-မျိုး၊ လူတို့၌ လွန်ကဲသော ယောက်ျား ၃-မျိုးကို အထက်သုတ်အတိုင်း ဟောတော်မူသည်။ အဖွင့်အထူးမှာ -

အဘယ်သို့လျှင် လူတို့၌ လွန်ကဲသော ယောက်ျားသည် လျင်မြန်မှုသာရှိ၍ အဆင်း လုံးရပ် မပြည့်စုံသနည်း - ဤသာသနာတော်၌ ရဟန်းသည် အောက်ကာမဘုံဆိုင်ရာ သံယောဇဉ် ၅-ပါးတို့၏ အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပတ်ပဋိသန္ဓေနေ၍ ထိုဘုံ၌သာ ပရိနိဗ္ဗာန်ပြုရ၏။ ထိုဘုံမှ ပြန်လည်ခြင်းသဘောမရှိ။ ဤသည်ကို ထိုပုဂ္ဂိုလ်၏ လျင်မြန်ခြင်း ဟု ငါဆို၏။ (ဓမ္မဝိနယကို မဖြေဆိုနိုင်သူ၏ အဆင်းမလှခြင်း၊ ပစ္စည်း ၄-ပါး မရသူ၏ လုံးရပ်မရှိခြင်းများနှင့် ကြွင်း ၂-ဦးကို နည်းမှီ၍ သိအပ်၏။) ဤသုတ်၌ အောက်မဂ် ၃-ခု၊ အောက်ဖိုလ် ၃-ခုကို ဟောသည်။

၁၀-အဿာဇာနီယသုတ်

အာဇာနည်မြင်းကောင်း ၃-မျိုး၊ အာဇာနည်ယောက်ျားကောင်း ၃-မျိုးကို အထက်သုတ်အတိုင်း ဟောတော်မူသည်။ လျင်မြန်မှု၌သာ - ဤသာသနာတော်၌ ရဟန်းသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ဉာဏ်ထူးဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေ၏။ ဤသည်ကို ထိုပုဂ္ဂိုလ်၏ လျင်မြန်ခြင်း ဟု ငါဆို၏ဟု အရဟတ္တဖိုလ်ကို ယူ၍ ဟောတော်မူသည်။

၁၁-ပထမ မောရနိဝါပသုတ်

ဘုရားရှင် ရာဇဂြိုဟ်ပြည် ဥဒေါင်းတို့ကို အစာပေးရာ မောရနိဝါပ ပရိဗိုဇ်တို့ အရံ၌ သီတင်းသုံးနေစဉ် ရဟန်းများအား ခေါ်တော်မူပြီး “ရဟန္တာတို့၏ ဥစ္စာဖြစ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ဤတရား ၃-မျိုးနှင့် ပြည့်စုံသော ရဟန်းသည် စင်စစ် ပြီးဆုံးခြင်းရှိ၏၊ စင်စစ် ယောဂ ၄-ပါးဖြင့် ဘေးမရှိ၊ စင်စစ် မြတ်သောအကျင့်ကို ကျင့်သုံး၏၊ စင်စစ် အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏” ဟု ဟောတော်မူသည်။

စာမျက်နှာ-514


၁၂-၁၃-ဒုတိယ - တတိယ မောရနိဝါပသုတ်

ဒုတိယသုတ်၌ တန်ခိုးပြာဋိဟာ - ဣဒ္ဓိပါဋိဟာရိယ၊ အတပ်ဟောခြင်းပြာဋိဟာ - အာဒေသနာပါဋိဟာရိယ၊ ဆုံးမခြင်းပြာဋိဟာ - အနုသာသနီပါဋိဟာရိယ ၃-ပါးတို့ကို လည်းကောင်း၊ တတိယသုတ်၌ မှန်ကန်သောအယူ ဝိပဿနာဉာဏ်၊ မှန်ကန်သောအသိ အရဟတ္တမဂ်ဉာဏ်၊ မှန်ကန်သော လွတ်မြောက်ခြင်း - အရဟတ္တဖိုလ်ဉာဏ် ၃-ပါးတို့ကို လည်းကောင်း “စင်စစ် ပြီးဆုံးခြင်းရှိ၏” စသည်ဖြင့် ဂုဏ်ကျေးဇူးအတူထား၍ ဟောတော်မူ၏။

(၁၅) ၅-မင်္ဂလဝဂ်၊ ၁-အကုသလသုတ်

အကုသိုလ် ကာယ၊ ဝစီ၊ မနောကံ ဟူသော တရား ၃-မျိုးနှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ငရဲ၌ ချထားအပ်၏။

၂-သာဝဇ္ဇသုတ်

အပြစ်ရှိသော ကာယ၊ ဝစီ၊ မနောကံ ၃-မျိုးရှိသူသည် ဆောင်...... ငရဲ၌ ဖြစ်ရ၏။ အပြစ်မရှိသော ကာယ၊ ဝစီ၊ မနောကံ ၃-မျိုးရှိသူသည် ဆောင်...... နတ်ပြည်၌ ဖြစ်ရ၏။

၃-ဝိသမသုတ်

မညီညွတ်သော ကာယ၊ ဝစီ၊ မနောကံ ၃-မျိုးရှိသူသည် ဆောင်...... ငရဲ၌ ဖြစ်ရ၏။ ညီညွတ်သော ကာယ၊ ဝစီ၊ မနောကံ ၃-မျိုးရှိသူသည် ဆောင်...... နတ်ပြည်၌ ဖြစ်ရ၏။

၄-အသုစိသုတ်

မစင်ကြယ်သော ကာယ၊ ဝစီ၊ မနောကံ ၃-မျိုးရှိသူသည် ဆောင်...... ငဲ၌ ဖြစ်ရ၏။ စင်ကြယ်သော ကာယ၊ ဝစီ၊ မနောကံ ၃-မျိုးရှိသူသည် ဆောင်...... နတ်ပြည်၌ ဖြစ်ရ၏။

၅-ခတသုတ်

အကုသိုလ် ကာယ၊ ဝစီ၊ မနောကံ ၃-မျိုးရှိသော မိုက်မဲမလိမ္မာသော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို ဆောင်၏၊ အပြစ်လည်း ရှိ၏။ ပညာရှိသူများလည်း ကဲ့ရဲ့အပ်၏၊ မကောင်းမှုများစွာကိုလည်း တိုးပွားစေ၏။

ကုသိုလ် ကာယ၊ ဝစီ၊ မနောကံ ၃-မျိုးရှိသော ပညာရှိ၍ လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို ဆောင်၏၊ အပြစ်လည်းမရှိ၊ ပညာရှိများလည်း မကဲ့ရဲ့အပ်၊ ကောင်းမှုများစွာကိုလည်း တိုးပွားစေ၏။

စာမျက်နှာ-515


၆-၇-၈-ဒုတိယ တတိယ စတုတ္ထခတသုတ်

အပြစ်ရှိသော၊ မညီညွတ်သော၊ မစင်ကြယ်သော ကာယကံ စသည်ရှိလျှင် သူယုတ်၊ အပြစ်မရှိသော၊ ညီညွတ်သော၊ စင်ကြယ်သော ကာယကံ စသည်ရှိလျှင် လူလိမ္မာဟု အမှတ် ၂-ခတသုတ်အတိုင်း အပြည့်အစုံ ဟောတော်မူသည်။

၉-ဝန္ဒနာသုတ်

ရှိခိုးခြင်း ၃-မျိုးမှာ ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ စိတ်ဖြင့် ရှိခိုးခြင်းတည်း။

၁၀-ပုဗ္ဗဏှသုတ်

နံနက်ခင်း၌ ကိုယ်၊ နှုတ်၊ စိတ်ဖြင့် အကျင့်ကောင်း ကျင့်သူများအား ကောင်းသော နံနက်ခင်း၊ နေ့လယ်ခင်း၌ ကျင့်သူများအား ကောင်းသော နေ့လယ်ခင်း၊ ညချမ်းအခါ၌ ကျင့်သူများအား ကောင်းသော ညချမ်းအခါ ဖြစ်ပေ၏ဟု မိန့်။

(သုစရိုက်နှင့် ပြည့်စုံသောနေ့သည်) ကောင်းသောနက္ခတ်၊ ကောင်းသောမင်္ဂလာ၊ ကောင်းသော မိုးသောက်လည်း မည်၏။ အိပ်ရာမှ အထကောင်း၊ ခဏကောင်း၊ မုဟုတ်ကောင်းလည်း မည်၏။ (သုစရိုက်နှင့် ပြည့်စုံသည့်အခါဝယ်) အကျင့်မြတ်ကို ကျင့်လေ့ရှိသူတို့၌ ပေးလှူခြင်းသည်လည်း ကောင်းစွာပူဇော်ခြင်းမည်၏။

(သုစရိုက်နှင့် ပြည့်စုံသောနေ့) ၌ ကာယကံ၊ ဝစီကံ၊ မနောကံသည် ပွားစီးသောကံ မည်၏။ ပွားစီးသော ထိုကံတို့ကို ဆောက်တည်သည်မည်၏။ ပွားစီးသော ထိုကံတို့ကို ပြုပြီးက ပွားစီးသော အကျိုးတို့ကို ရကုန်၏။ အကျိုးရသော ထိုသူများသည် ဆွေမျိုးအားလုံးတို့နှင့်တကွ ဘုရားသာသနာတော်၌ ချမ်းသာစည်ကားကြသည်ဖြစ်၍ ရောဂါမရှိ ချမ်းသာခြင်းတို့ ဖြစ်ကြစေကုန်သတည်း။

(၁၆) ၆-အစေလကဝဂ်

အကျင့် ၃-မျိုးမှာ - မြဲမြံစွာယူသော အကျင့်၊ မိမိကိုယ်ကို လောင်မြိုက်စေတတ်သော အကျင့်၊ အလယ်အလတ်ဖြစ်သော အကျင့်တို့တည်း။ မြဲမြံစွာယူသော အကျင့် ဟူသည် “ကာမဂုဏ်တို့၌ အပြစ်မရှိ” ဟု ဆိုလေ့ ယူလေ့ရှိကာ ကာမဂုဏ်တို့၌ သုံးဆောင်ခံစားခြင်းသို့ ရောက်သူ၏ အကျင့်တည်း။

မိမိကိုယ်ကို လောင်မြိုက်စေတတ်သော အကျင့် ဟူသည် - အဝတ်မဝတ်ဘဲနေ၊ လွှတ်လပ်စွာကျင့်၊ လက်ဖြင့်မစင်ကိုသုတ်၊ လာပါဆိုသူ၏ ဆွမ်းကို မခံ၊ ရပ်ပါဦးဆိုသူ၏ ဆွမ်းကို မခံ၊ မိမိမရောက်မီ ယူလာသော ဆွမ်းကို မခံ၊ ရည်စူး၍ ပြုသော ဆွမ်းကို မခံ၊ ဖိတ်

စာမျက်နှာ-516


သော ဆွမ်းကို မခံ၊ အိုးဝမှ ကော်လောင်းသော ဆွမ်းကို မခံ၊ တောင်းဝမှ ကော်လောင်းသော ဆွမ်းကို မခံ၊ တံခါးခုံခြားလောင်းသော ဆွမ်းကို မခံ၊ တုတ်ခြား လောင်းသော ဆွမ်းကို မခံ၊ ကျည်ပွေ့ခြား လောင်းသော ဆွမ်းကို မခံ၊ ၂-ယောက် စားနေစဉ် ထလောင်းသော ဆွမ်းကို မခံ၊ ကိုယ်ဝန်ဆောင်မိန်းမ လောင်းသော ဆွမ်းကို မခံ၊ နို့တိုက်ဆဲ မိန်းမလောင်းသော ဆွမ်းကို မခံ၊ ယောက်ျားနှင့် နှီးနှောနေသော မိန်းမ၏ ဆွမ်းကို မခံ၊ ဆော်ဩစုပေါင်း၍ လောင်းသော ဆွမ်း... ခွေးမျှော်နေရာမှ ဆွမ်း... ယင်အုံ့နေရာမှ ဆွမ်းကို မခံ၊ ငါး၊ အမဲ မစား၊ သေအရက် မသောက်၊ ဖွဲ့၌မြှုပ်သော ဆေးရည်ကို မသောက်။ တအိမ်၌သာ ဆွမ်းခံ၊ တလုတ်သာ စား၊ ၂-အိမ်၌သာ ဆွမ်းခံ၊ ၂-လုတ်သာ စား၊ ၇-အိမ်၌သာ ဆွမ်းခံ၊ ၇-လုတ်သာ စား၊ ဆွမ်းလောင်းခွက်ငယ် တခုစာဖြင့် ရောင့်ရဲ၊ ၂-ခုစာဖြင့်၊ ၇-ခုစာဖြင့် ရောင့်ရဲ။ ၁-ရက်ခြားလည်း အစာစား၊ ၂-ရက်ခြားလည်း... ၇-ရက်ခြားလည်း အစာစား၊ လခွဲတကြိမ်တိုင်အောင်လည်း ဤအတိုင်း ရက်ပိုင်း၍ အစာစား။ ဟင်းရွက်စိမ်းကိုသော်လည်း စား၊ ပြောင်းဆန်(ဂျုံဆန် ဆန်စိမ်း)၊ ကျိက်သီးဆန်(မြက်ဆန်)၊ သားရေဖတ် အစအန၊ မှော်၊ ဖွဲ့နု၊ ထမင်းရည်(ထမင်းချိုး)၊ နှမ်း၊ မုန့်ညက်၊ မြက်၊ နွားချေးကိုသော်လည်း စား၊ တောသစ်မြစ် သစ်သီးကို ကြွေကျသော သစ်သီးကို စားလျက် မျှတ။ ပိုက်ဆံလျှော်အဝတ်များကိုလည်း ဝတ်၊ ပိုက်ဆံလျှော်နှင့် ရောရက်သော အဝတ်၊ သူသေကောင်မှ အဝတ်၊ ပံ့သကူအဝတ်၊ သစ်ခေါက်အဝတ်၊ သစ်နက်ရေ၊ သစ်နက်ရေမျှင်အဝတ်၊ သမန်းမြက်အဝတ်၊ လျှော်တေအဝတ်၊ ပျဉ်ချပ်အဝတ်၊ ဆံချည်ကမ္ဗလာ၊ သားမြီးကမ္ဗလာ၊ ခင်ပုပ်ငှက်အတောင် အဝတ်ကိုလည်း ဝတ်။ ဆံမုတ်ဆိတ်ကိုလည်း နုတ်၊ ဆံမုတ်ဆိတ်နုတ်မှုကိုလည်း အားထုတ်။ ထိုင်နေရာပယ်၍ ရပ်လျက်လည်း နေ၊ ဆောင့်ကြောင့်လည်း ထိုင်၊ ဆောင့်ထိုင်ခြင်းမှုကို အားထုတ်။ ဆူးအခင်းပေါ်၌ နေ၊ အိပ်။ ညနေချမ်းလျှင် ၃-ကြိမ်မြောက် ရေဆင်းချိုးခြင်းကိုလည်း အားထုတ်။ ဤနည်းဖြင့် ကိုယ်ကို အလွန်ပူပန်စေမှုကို ပြုသူ၏ အကျင့်တည်း။

အလယ်အလတ်ဖြစ်သော အကျင့် ဟူသည် - ပြင်းစွာ အားထုတ်၊ သတိရှိလျက် အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ဆံအစရှိသော ကိုယ်အစု၌၊ ဝေဒနာတို့၌၊ စိတ်၌၊ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍ နေသော ရဟန်း၏ အကျင့်တည်း။ (၁)။

(နောက်၌ အကျင့် ၃-မျိုးစီပင် ဟောရာ ရှေ့ ၂-မျိုးမှာ တူ၍ နောက်တမျိုးကိုသာ အထူး မှတ်ရမည်။)

အလယ်အလတ်ဖြစ်သော အကျင့်ဟူသည်... မဖြစ်သေးသော အကုသိုလ် တရားယုတ်များ မဖြစ်စေရန်၊ ဖြစ်ပြီး အကုသိုလ် တရားယုတ်များ ပယ်ရန်၊ မဖြစ်သေးသော ကုသိုလ်တရားများ ဖြစ်ပေါ်စေရန်၊ ဖြစ်ပြီးသော ကုသိုလ်တရားများ တည်တံ့ မပျောက်

စာမျက်နှာ-517


မပျက် ကြီးပွား ကျယ်ပြန့် ပွားများပြည့်စုံစေရန်၊ ကုသိုလ်ဆန္ဒကို ဖြစ်စေရန်၊ လုံ့လပြု ဝီရိယစိုက်ထုတ် စိတ်ကို ပင့်မြှောက် ကြိုးစားသော ရဟန်း၏ အကျင့်တည်း။ (၂)။

အလယ် (လ) ဟူသည် - ဆန္ဒကို၊ ဝီရိယကို၊ စိတ်ကို၊ ပညာကို အကြီးအမှူးပြု၍ ဖြစ်သော သမာဓိ ဝီရိယဟူသော သင်္ခါရနှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွားများသော ရဟန်း၏ အကျင့်တည်း။ (၃)။

အလယ် (လ) ဟူသည် - သဒ္ဓါစသော ဣန္ဒြေ ၅-ပါးကို (၄)၊ သဒ္ဓါစသော ဗိုလ် ၅-ပါးကို (၅)၊ သတိစသော ဗောဇ္ဈင် ၇-ပါးကို (၆)၊ သမ္မာဒိဋ္ဌိစသော မဂ္ဂင် ၈-ပါးကို ပွားများသော ရဟန်း၏ အကျင့်တည်း။ (၇)။

(၁၇) ၇-ကမ္မပထပေယျာလ

၁။ မိမိလည်း သူ့အသက်သတ်၊ သူတပါးကိုလည်း သတ်ခြင်း၌ ဆောက်တည်စေ၊ သတ်ခြင်း၌လည်း အလိုတူသော တရား ၃-မျိုးရှိသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ငရဲသို့ ကျရောက်၏။ မိမိလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၊ သူတပါးကိုလည်း ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၊ ရှောင်ကြဉ်ခြင်း၌လည်း အလိုတူသော တရား ၃-မျိုးရှိသူသည် နတ်ပြည်သို့ ရောက်ရ၏။

၂။ ကိုယ်တိုင်ခိုး၏၊ ခိုးခိုင်း၏၊ ခိုးဖို့ သဘောတူ၏၊ ငရဲ။ ခိုးခြင်းမှ ရှောင်ကြဉ်၏၊ ရှောင်ကြဉ်ခိုင်း၏၊ ရှောင်ကြဉ်ဖို့ သဘောတူ၏၊ နတ်ပြည်။

၃။ ကိုယ်တိုင် ကာမဂုဏ်တို့၌ မှား၏၊ မှားခိုင်း၏၊ မှားဖို့ အလိုတူ၏၊ ငရဲ။ ကာမမှားမှ ရှောင်ကြဉ်၏၊ ရှောင်ကြဉ်ခိုင်း၏၊ ရှောင်ကြဉ်ဖို့ အလိုတူ၏၊ နတ်ပြည်။

၄။ ကိုယ်တိုင် အမှားပြော၏၊ ပြောခိုင်း၏၊ ပြောဖို့ အလိုတူ၏၊ ငရဲ။ အမှားမှ ရှောင်ကြဉ်၊ ရှောင်ကြဉ်ခိုင်း၏၊ ရှောင်ကြဉ်ဖို့ အလိုတူ၏၊ နတ်ပြည်။

၅။ ကိုယ်တိုင် ကုန်းတိုက်၏၊ ကုန်းတိုက်ခိုင်း၏၊ ကုန်းတိုက်ဖို့ အလိုတူ၏၊ ငရဲ။ ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်၏၊ ရှောင်ကြဉ်ခိုင်း၏၊ ရှောင်ကြဉ်ဖို့ အလိုတူ၏၊ နတ်ပြည်။

၆။ ကိုယ်တိုင် စကားကြမ်းပြော၏၊ ပြောခိုင်း၏၊ ပြောဖို့ အလိုတူ၏၊ ငရဲ။ စကားကြမ်းပြောခြင်းမှ ရှောင်ကြဉ်၏၊ ရှောင်ကြဉ်ခိုင်း၊ ရှောင်ကြဉ်ဖို့ အလိုတူ၏၊ နတ်ပြည်။

၇။ ကိုယ်တိုင် စကားဖျင်းပြော၏၊ ပြောခိုင်း၏၊ ပြောဖို့ အလိုတူ၏၊ ငရဲ။ စကားဖျင်းပြောခြင်းမှ ရှောင်ကြဉ်၏၊ ရှောင်ကြဉ်ခိုင်း၏၊ ရှောင်ကြဉ်ဖို့ အလိုတူ၏၊ နတ်ပြည်။

စာမျက်နှာ-518


၈။ ကိုယ်တိုင် မက်မောခြင်းများ၏၊ များခိုင်း၏၊ များဖို့ အလိုတူ၏၊ ငရဲ။ မက်မောခြင်း မများ၊ မများအောင်ခိုင်း၊ မများဖို့ အလိုတူ၏၊ နတ်ပြည်။

၉။ ကိုယ်တိုင် ပျက်စီးစေလိုစိတ်ရှိ၏၊ ယင်းစိတ်ရှိခိုင်း၏၊ ယင်းစိတ်ရှိဖို့ အလိုတူ၏၊ ငရဲ။ ပျက်စီးစေလိုစိတ်မရှိ၊ ယင်းစိတ် မရှိအောင်ခိုင်း၊ ယင်းစိတ်မရှိဖို့ အလိုတူ၏၊ နတ်ပြည်။

၁၀။ ကိုယ်တိုင် အမြင်မှား၊ အမြင်မှားခိုင်း၊ အမြင်မှားဖို့ အလိုတူ၊ ငရဲ။ မိမိလည်း အမြင်မှန်၊ သူတပါးကိုလည်း မှန်စေ၊ မှန်ဖို့ရာ အလိုတူ၊ နတ်ပြည်။

(၁၈) ၈-ရာဂပေယျာလ

တပ်မက်ခြင်း ရာဂကို ထူးသော ဉာဏ်ဖြင့် သိရန် ပွားများအပ်သော တရား ၃-မျိုးမှာ - အတ္တမှ ဆိတ်သုဉ်းသော တည်ကြည်ခြင်း သုညတသမာဓိ၊ နိမိတ်ကင်းသော တည်ကြည်ခြင်း အနိမိတ္တသမာဓိ၊ တဏှာဟူသော တောင့်တခြင်း ကင်းသော တည်ကြည်ခြင်း အပဏိဟိတသမာဓိ တို့တည်း။

အလားတူ ပွားများအပ်သော တရား ၃-မျိုးမှာ ဝိတက် ဝိစာရရှိသော သမာဓိ၊ ဝိတက်ကားမရှိ ဝိစာရမျှသာ ရှိသော သမာဓိ၊ ၂-ပါးစုံ မရှိသော သမာဓိတို့တည်း။

တပ်မက်ခြင်း ရာဂနည်းတူ ပြစ်မှားခြင်း ဒေါသ၊ တွေဝေခြင်း မောဟ၊ အမျက်ထွက်ခြင်း ကောဓ၊ ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ၊ သူ့ကျေးဇူးကို ချေဖျက်ခြင်း မက္ခ၊ အပြိုင်ပြုခြင်း ပလာသ (ပဋာသ)၊ ငြူစူခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယ၊ လှည့်ပတ်ခြင်း မာယာ၊ စဉ်းလဲခြင်း သာဌေယျ၊ ခိုင်မာခြင်း ထမ္ဘ၊ ချုပ်ချယ်ခြင်း သာရမ္ဘ၊ ထောင်လွှားခြင်း မာန၊ အလွန်ထောင်လွှားခြင်း အတိမာန၊ မာန်ယစ်ခြင်း မဒ၊ မေ့လျော့ခြင်း ပမာဒကို ထူးသောဉာဏ်ဖြင့် သိရန်၊ ပိုင်းခြားသိရန်၊ ကုန်ခန်းစေရန်၊ ပယ်ရန်၊ ကုန်စေရန်၊ ပျက်စီးစေရန်၊ ကင်းစေရန်၊ ချုပ်စေရန်၊ စွန့်လွှတ်ရန်၊ တဖန် စွန့်လွှတ်ရန် ပွားများရမည့် တရား ၃-မျိုးမှာ (အထက်ပြခဲ့သော) သုညတ သမာဓိ စသည် ၃-ပါး၊ သဝိတက္က သဝိစာရ သမာဓိစသည် ၃-ပါးတို့တည်းဟု မိန့်။

စာမျက်နှာ-519


စတုက္ကနိပါတ်၊ ၁-ပထမသုတ်

၁-ဘဏ္ဍဂါမဝဂ်၊ ၁-အနုဗုဒ္ဓသုတ်

ဘုရားရှင် ဝဇ္ဇီတိုင်း ဘဏ္ဍဂါမတွင် သီတင်းသုံးတော်မူစဉ် ရဟန်းတော်များကို ခေါ်ပြီး - တရား ၄-မျိုးတို့ကို လျော်စွာမသိ၊ ထိုးထွင်း၍ မသိခြင်းကြောင့် ငါနှင့် သင်တို့သည် ရှည်စွာသော ကာလပတ်လုံး တဘဝမှ တဘဝသို့ ပြေးသွားခဲ့ရ ကျင်လည်ခဲ့ရလေပြီ။ တရား ၄-မျိုးမှာ မြတ်သော သီလ၊ သမာဓိ၊ ပညာ၊ မြတ်သော ထွက်မြောက်မှု အရဟတ္တဖိုလ်တို့တည်း။ ထိုမြတ်သော သီလစသည် ၄-မျိုးကို ငါဘုရား လျော်စွာသိ၊ ထိုးထွင်း၍ သိပြီ။ ဘဝ၌ တဏှာကို ဖြတ်ပြီးပြီ၊ ဘဝတပါးသို့ ဆောင်ကြောင်း တဏှာကုန်လေပြီ၊ ယခုအခါ တဖန် ဘဝသစ်၌ မဖြစ်တော့ပြီဟု မိန့်ပြီး ဂါထာအားဖြင့်လည်း ဆက်မိန့်သည်။

၂-ပပတိတသုတ်

မြတ်သော သီလ၊ သမာဓိ၊ ပညာ၊ အရဟတ္တဖိုလ်ဟူသော တရား ၄-မျိုးနှင့် မပြည့်စုံသူကို “သာသနာတော်မှ လျောကျသူ” ဟု ဆိုထိုက်၏။ ယင်း ၄-မျိုးနှင့် ပြည့်စုံသူကို “မလျှောကျသူ” ဟု ဆိုထိုက်၏ဟု မိန့်ပြီး ယင်း ၄-ပါးနှင့် ပြည့်စုံသူသည် မဂ်ကိစ္စ ၁၆-ရပ်ကို ပြုပြီးပြီ၊ မွေ့လျော်ဖွယ် ကျေးဇူးတရား၌ မွေ့လျော်ပြီး ချမ်းသာတခုဖြင့် ချမ်းသာတခုသို့ အစဉ်ရောက်ရလေသတည်းဟု ဂါထာဖြင့်လည်း မိန့်။

သာသနာမှ လျောကျသူ - လောကီလူများတည်း။ သောတာပန် စသည်များလည်း ကိလေသာ ဖြစ်ဆဲခဏ လျှောကျ၍ ရဟန္တာများသာ စင်စစ် တည်သူ မည်ကြသည်။
ချမ်းသာတခုဖြင့် တခုသို့ - လူချမ်းသာ၊ နတ်ချမ်းသာ၊ ဈာန်၊ ဝိပဿနာမဂ်ဖိုလ် ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာသို့ အစဉ်ရောက်ရသည်။

၃-ပထမ ခတသုတ်

ဉာဏ်ဖြင့် မစိစစ် မသက်ဝင်ဘဲ ဂုဏ်မထိုက်သူ၏ ဂုဏ်ကို ပြောဆို၊ ဂုဏ်ထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆို၊ မကြည်ညိုသင့်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေ၊ ကြည်ညိုသင့်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေသော တရား ၄-မျိုးနှင့် ပြည့်စုံသော မိုက်မဲ၍ မလိမ္မာသော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူ၊ အပြစ်ရှိသူ၊ ပညာရှိများ ကဲ့ရဲ့စွပ်စွဲထိုက်သူ ဖြစ်ကာ မကောင်းမှုများစွာကိုလည်း တိုးပွားစေ၏။

စာမျက်နှာ-520


ဉာဏ်ဖြင့် စိစစ်သက်ဝင်၍ ဂုဏ်မထိုက်သူ၏ ဂုဏ်ကို မဆိုခြင်း စသော အမှန်တရား ၄-မျိုးနှင့် ပြည့်စုံသူကား ပညာရှိ၍ လိမ္မာသော သူတော်ကောင်းဖြစ်ကာ ကုသိုလ်များစွာကို တိုးပွားစေတတ်၏ဟု မိန့်။

ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၍ ချီးမွမ်းထိုက်သူကို ကဲ့ရဲ့သူကား နှုတ်ဖြင့် အပြစ်ကို ဆည်းပူးသည်မည်၍ ချမ်းသာကို မရနိုင်။ ကြွေအန်လောင်းကစားရာ၌ မိမိကိုယ်နှင့်တကွ ဥစ္စာအားလုံး ဆုံးရှုံးသူ၏ ဆုံးရှုံးခြင်းကား အပြစ်အနည်းငယ်သာတည်း။ ညီညွတ်သော ပုဂ္ဂိုလ်တို့၌ စိတ်ပြစ်မှားသူ၏ အပြစ်သည်သာ ကြီးလေးသော အပြစ်ဖြစ်၏။ အရိယာများကို စွပ်စွဲတတ်သူသည် နှုတ်၊ စိတ်မကောင်းမှုကို ဆောက်တည်၍ အကြွင်းမဲ့ ငရဲသို့ ရောက်ရ၏။ ထိုငရဲ၌ တသိန်းသော နိရဗ္ဗုဒ၊ ၃၆-ခုသော နိရဗ္ဗုဒ၊ ၅-ခုသော အဗ္ဗုဒ အရေအတွက်တို့ပတ်လုံး ဖြစ်ရလေသတည်း။

၄-ဒုတိယ ခတသုတ်

အမိ၊ အဖ၊ ဘုရားရှင်၊ ဘုရားရှင်၏ တပည့်သာဝက - ဤပုဂ္ဂိုလ် ၄-မျိုး၌ ပြစ်မှားသော မိုက်မဲ၍ မလိမ္မာသော သူယုတ်သည် (လ) မကောင်းမှုများစွာကို တိုးပွားစေ၏။ ဤပုဂ္ဂိုလ် ၄-မျိုး၌ ကောင်းစွာကျင့်သော ပညာရှိ၍ လိမ္မာသော သူတော်ကောင်းသည် (လ) ကောင်းမှုများစွာကိုလည်း တိုးပွားစေ၏ဟု မိန့်ပြီး ဂါထာဖြင့်လည်း - ပြစ်မှားသူသည် ပစ္စုပ္ပန်၌ပင် ပညာရှိများ ကဲ့ရဲ့ခံရ၍ တမလွန်၌ အပါယ်သို့ ရောက်ရ၏။ ပြုစုသူသည် ချီးမွမ်းခံရ၍ တမလွန်၌ နတ်ပြည်ဝယ် မွေ့လျော်ရ၏ဟု မိန့်။

၄-ဦး၌ ပြစ်မှားသူများ - မိတ္တဝိန္ဒကသည် အမိ၌၊ အဇာတသတ်သည် အဖ၌၊ ဒေဝဒတ်သည် ဘုရားရှင်၌၊ ကောကာလိကသည် ဘုရားရှင်၏တပည့်၌ အသီးသီး ပြစ်မှားကြသည်။

၅-အနုသောတသုတ်

သံသရာရေစုန်မျောတတ်သော ပုဂ္ဂိုလ်၊ သံသရာရေဆန် တက်တတ်သော ပုဂ္ဂိုလ်၊ ရပ်တည်သောသဘောရှိသော ပုဂ္ဂိုလ်၊ ကမ်းတဘက်ရောက် ကူးမြောက်၍ ကုန်း၌တည်သည့် မြတ်သောပုဂ္ဂိုလ်ဟု ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးတွင် -

သံသရာရေစုန်မျောတတ်သော ပုဂ္ဂိုလ် ဟူသည် - ကာမဂုဏ်များကိုလည်း မှီဝဲ၊ မကောင်းမှုကံကိုလည်း ပြုသူတည်း။

သံသရာရေဆန်တက်တတ်သော ပုဂ္ဂိုလ် ဟူသည် - ကာမဂုဏ်များကို မမှီဝဲ၊ မကောင်းမှုကိုလည်း မပြုဘဲ ကိုယ်၊ စိတ် ဆင်းရဲမှုခံကာ မျက်ရည်ယို ငိုသောမျက်နှာရှိလျက်လည်း ပြည့်စုံစင်ကြယ်သော အကျင့်မြတ်ကို ကျင့်သူတည်း။

စာမျက်နှာ-521


ရပ်တည်သော သဘောရှိသော ပုဂ္ဂိုလ် ဟူသည်... အောက်ကာမဘုံဆိုင်ရာ သံယောဇဉ် ၅-ပါး ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေတည်နေကာ ထိုဘုံ၌ပင် ပရိနိဗ္ဗာန်ယူသော ပုဂ္ဂိုလ်တည်း။

ကမ်းတဘက်ရောက် ကူးမြောက်ပြီး၍ ကုန်း၌တည်သော မြတ်သော ပုဂ္ဂိုလ် ဟူသည်... အာသဝေါကုန်ခြင်းကြောင့် (လ) အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ဉာဏ်ထူးဖြင့် မျက်မှောက်ပြုကာ ရောက်နေသော ပုဂ္ဂိုလ်တည်းဟု မိန့်ပြီး ဂါထာအားဖြင့်လည်း အဓိပ္ပာယ်တူ မိန့်သည်။

၆-အပ္ပသုတသုတ်

အကြားအမြင်နည်း၍ နာအပ်သောတရားနှင့် မပြည့်စုံသူ၊ အကြားအမြင်နည်း၍ တရားနှင့်ပြည့်စုံသူ၊ အကြားအမြင်များ၍ တရားနှင့်မပြည့်စုံသူ၊ အကြားအမြင်များ၍ နာအပ်သောတရားနှင့် ပြည့်စုံသူဟု လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးတွင် -

အကြားအမြင်နည်း၍ နာအပ်သောတရားနှင့် မပြည့်စုံသူ ဟူသည် - ဤလောက၌ ဘုရားဟောသုတ်အမည်ရသော သုတ် ကိုလည်းကောင်း၊ ဂါထာစုက္ကိမရော၍ ဟောသော ဂေယျ ကိုလည်းကောင်း၊ စုက္ကိယသက်သက်ဟောသော ဝေယျာကရဏ ကိုလည်းကောင်း၊ ဂါထာသက်သက်ဟောသော ဂါထာ ကိုလည်းကောင်း၊ ဝမ်းမြောက်၍ ရင့်ကျူးတော်မူအပ်သော ဂါထာပါသော ဥဒါန်း ကိုလည်းကောင်း၊ ဤတရားကို ဘုရားဟောအပ်၏ဟု ညွှန်ပြသော ဣတိဝုတ် ကိုလည်းကောင်း၊ ၅၅၀-သော ဇာတ် ကိုလည်းကောင်း၊ အံ့ဖွယ်အဖြစ်ထူးကို ဟောကြားအပ်သော အဗ္ဘုတဓမ္မ ကိုလည်းကောင်း၊ ပညာဟူသောဝေဒ၊ နှစ်သက်ခြင်းတုဋ္ဌိ၊ ရရှိသောအခါတိုင်း မေးမြန်းဟောကြားအပ်သော ဝေဒလ္လ ကိုလည်းကောင်း အနည်းငယ်သာ နာဖူးပြီး ထိုတရား၏ အနက်ပါဠိကိုသိ၍ လောကုတ္တရာအားလျော်သော အကျင့်ကို မကျင့်သူတည်း။

အကြားအမြင်နည်းသော်လည်း တရားနှင့်ပြည့်စုံသူ ဟူသည်... သုတ်စသည်ကို အနည်းငယ်သာ နာဖူးသော်လည်း ထိုတရား၏ အနက်ပါဠိကိုသိ၍ အကျင့်ကို ကျင့်သူတည်း။

အကြားအမြင်များသော်လည်း တရားနှင့်မပြည့်စုံသူ ဟူသည်... သုတ်စသည်ကို များစွာ နာဖူးသော်လည်း ထိုတရား၏ အနက်ပါဠိကိုသိ၍ မကျင့်သူတည်း။

အကြားအမြင်လည်းများ တရားနှင့်လည်း ပြည့်စုံသူ ဟူသည်... သုတ်စသည်ကို များစွာ နာဖူးသည့်အားလျော်စွာ ထိုတရား၏ အနက်ပါဠိကို သိ၍ ကျင့်သူတည်းဟု မိန့်ပြီး ဂါထာအားဖြင့်လည်း -

စာမျက်နှာ-522


အကြားအမြင် သီလ ၂-ဖို့လုံး ချို့ယွင်းလျှင် ၂-ဖို့အားဖြင့် ကဲ့ရဲ့ကြ၍ တဖို့ဖို့သာရှိလျှင် တဖို့ဖို့အားဖြင့်သာ ချီးမွမ်းကြကုန်၏။ ၂-ဖို့လုံး ပြည့်စုံလျှင် ၂-ဖို့အားဖြင့် ချီးမွမ်းကြကုန်၏။

တနိက္ခရှိသော ဇမ္ဗူရစ်ရွှေကဲ့သို့ အကြားအမြင်များ၍ တရားကိုဆောင်သော ကောင်းသောပညာရှိသော ထိုမြတ်စွာဘုရား၏ တပည့်သာဝကကို အဘယ်သူသည် ကဲ့ရဲ့ထိုက်ပါအံ့နည်း။ ထိုသူကို နတ် ဗြဟ္မာများ ချီးမွမ်းကြ၏ဟု မိန့်။

ဤသုတ် ပုဂ္ဂိုလ် ၄-မျိုး - ပထမပုဂ္ဂိုလ်ကား အကြားအမြင်နည်း၍ သီလမရှိသူ၊ ဒုတိယကား အကြားအမြင်မရှိသော ရဟန္တာ၊ တတိယကား အကြားအမြင်များသော သီလမရှိသူ၊ စတုတ္ထကား အကြားအမြင်များသော ရဟန္တာတည်း။

၇-သောဘနသုတ်

ကျွမ်းကျင်ကြ၊ ကိုယ်နှုတ်နှလုံး ဆုံးမပြီးဖြစ်ကြ၊ ရဲရင့်၍ အကြားအမြင်များကြ၊ တရားကိုဆောင်ကြ၊ တရားအားလျော်သော အကျင့်ကို ကျင့်ကြသော ပုဂ္ဂိုလ် ၄-မျိုးတို့သည် သံဃာကို တင့်တယ်စေကုန်၏။ ပုဂ္ဂိုလ် ၄-မျိုးမှာ ဆိုပြီးဂုဏ်အသီးသီး ရှိကြသော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမတို့တည်းဟု မိန့်။

၈-ဝေသာရဇ္ဇသုတ်

မြတ်စွာဘုရား၏ ရဲရင့်ကြောင်း ဝေသာရဇ္ဇဉာဏ် တို့သည် ဤ ၄-မျိုးတို့တည်း။ ယင်းဉာဏ်တို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သောစကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေတော်မူ၏။ ၄-မျိုးတို့မှာ -

(၁) “တရားအားလုံးကို ကိုယ်တိုင်မှန်စွာသိ၏” ဟု ဝန်ခံသော အရှင်ဘုရားသည် “ဤမည်သောတရားများကို ထိုးထွင်း၍ မသိအပ်ကုန်သေး” ဟု ငါဘုရားကို ရဟန်း၊ ပုဏ္ဏား၊ နတ်၊ မာရ်နတ်၊ ဗြဟ္မာ မည်သူကမျှ ဤအရာ၌ အကြောင်းယုတ္တိနှင့်တကွ စောဒနာမည့် အရိပ်နိမိတ်ကို ငါမမြင်သောကြောင့် ငြိမ်းချမ်းခြင်း၊ ဘေးမရှိခြင်း၊ ရဲရင့်ခြင်းသို့ ရောက်လျက်နေ၏။

(၂) “အာသဝေါတရားများ ကုန်ပြီ” ဟု ဝန်ခံသော အရှင်ဘုရားအား “ဤအာသဝေါတရားများ မကုန်သေးပါ” ဟု ငါဘုရားကို ရဟန်း၊ ပုဏ္ဏား၊ နတ်၊ မာရ်နတ်၊ ဗြဟ္မာ မည်သူကမျှ ဤအရာ၌ အကြောင်းယုတ္တိနှင့်တကွ စောဒနာမည့် အရိပ်နိမိတ်ကို ငါမမြင်သောကြောင့် ငြိမ်းချမ်းခြင်း၊ ဘေးမရှိခြင်း၊ ရဲရင့်ခြင်းသို့ ရောက်လျက်နေ၏။

စာမျက်နှာ-523


(၃) “ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏” ဟု အရှင်ဘုရားဟောသော တရားများသည် “မှီဝဲသူအား ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို မပြုစွမ်းနိုင်” ဟု ငါဘုရားကို ရဟန်း၊ ပုဏ္ဏား၊ နတ်၊ မာရ်နတ်၊ ဗြဟ္မာ မည်သူကမျှ ဤအရာ၌ အကြောင်းယုတ္တိနှင့်တကွ စောဒနာမည့် အရိပ်နိမိတ်ကို ငါမမြင်သောကြောင့် ငြိမ်းချမ်းခြင်း၊ ဘေးမရှိခြင်း၊ ရဲရင့်ခြင်းသို့ ရောက်လျက်နေ၏။

(၄) “ဝဋ်ဆင်းရဲကုန်ဖို့ အရှင်ဘုရား ဟောထားသောတရားသည် ဟောတိုင်းကျင့်သူအား ဝဋ်ဆင်းရဲကုန်ဖို့ ကောင်းစွာ မထုတ်ဆောင်နိုင်” ဟု ငါဘုရားကို (လ) ရဲရင့်ခြင်းသို့ ရောက်၍နေ၏။ ဤသည်တို့တည်း ဟု မိန့်ပြီး ဂါထာဖြင့်လည်း -

ရဟန်း ပုဏ္ဏားများစွာတို့ ပြုစီရင်အပ်ကုန်သော ဝါဒလမ်းစဉ် အားလုံးသည် လည်းကောင်း၊ ထိုလမ်းစဉ်ကို မှီကြသော ရဟန်း ပုဏ္ဏားများသည် လည်းကောင်း ရှိကြ၏။ ထိုအားလုံးသည် ရွံရှာခြင်းကင်းသော အယူဝါဒလမ်းစဉ်ကို လွန်တော်မူသော မြတ်စွာဘုရားသို့ ရောက်၍ ပျက်စီးကြရ၏။

သတ္တဝါအားလုံးကို အစဉ်သနားတတ်၍ ဂုဏ်အားလုံးနှင့် ပြည့်စုံသော မြတ်စွာဘုရားသည် လောကကို လွှမ်းမိုး၍ တရားစကြာကို လည်စေတော်မူ၏။ နတ်လူတို့ထက် မြတ်၍ ဘဝ၏ ကမ်းတဘက်သို့ ရောက်တော်မူသော ထိုမြတ်စွာဘုရားကို သတ္တဝါများသည် ရှိခိုးကြ၏ဟု မိန့်။

ရဲရင့်ကြောင်း ဝေသာရဇ္ဇဉာဏ် - ရွံရှာခြင်း သာရ၏ ဆန့်ကျင်ဘက်တည်း။ ၄-နေရာတို့၌ ရဲရင့်ပုံကို ဆင်ခြင်သော ဘုရားရှင်အား ဖြစ်သော ဝမ်းမြောက်မှု ဉာဏ်၏ အမည်တည်း။
မြင့်မြတ်ကြောင်းကို ဝန်ခံ၏ - နွားအားလုံးထက် မြတ်သော၊ ဘေးရန်အားလုံးကို သည်းခံနိုင်၍ ကိုယ်လုံးဖြူကာ ကြည်ညိုဖွယ်ရှိသော၊ ဝန်ကြီးဆောင်ဖြစ်၍ မိုးကြိုးသံတို့ဖြင့်လည်း မတုန်လှုပ်သော နိသဘမည်သော နွားလားသည် ခြေ ၄-ဘက်တို့ဖြင့် မြေကိုနင်းနှိပ်၍ မတုန်မလှုပ်တည်သလို ဘုရားရှင်သည်လည်း ဝေသာရဇ္ဇဉာဏ် ၄-ဘက်ဟူသော ခြေတို့ဖြင့် ပရိသတ် ၈-ပါးဟူသော မြေကိုနင်းနှိပ်၍ နတ်လူလောက၌ ဘယ်ရန်သူမျှ မတုန်လှုပ်စေနိုင်ဘဲ မတုန်မလှုပ် တည်သောအားဖြင့် ဝန်ခံသည်။
ရဲဝံ့သောစကားကို မြွက်ဆို၏ - ခြင်္သေ့ကဲ့သို့ ရဲဝံ့စွာ ဆိုခြင်း သီဟနာဒတည်း။ ခြင်္သေ့သည် ခြင်္သေ့အားရှိ၍ နေရာအားလုံး၌ ရဲရင့်ကာ ကြက်သီးမျှမထဘဲ ရဲဝံ့စွာ ဟောက်သကဲ့သို့၊ ဘုရားရှင်လည်း ဘုရားရှင်တို့၏ အားရှိသည်ဖြစ်၍ ပရိသတ် ၈-ပါးတို့၌ ရဲရင့်ကာ ကြက်သီးမျှမထဘဲ “ဤကားရုပ်” စသည်ဖြင့် ထူးခြားစွာ ဒေသနာတော် တင့်တယ်မှုရှိသော ရဲဝံ့သောစကားကို မြွက်ဆိုသည်။

စာမျက်နှာ-524


တရားစကြာကို လည်စေတော်မူ၏ - ပဋိဝေဓဉာဏ်၊ ဒေသနာဉာဏ်ဟု တရားစကြာ ၂-မျိုးရှိရာ ပဋိဝေဓဉာဏ်သည်လည်း ဖြစ်ဆဲ၊ ဖြစ်ပြီး ၂-မျိုးရှိ၏။ ဘုရားလောင်း တောထွက်သည်မှ အရဟတ္တမဂ်တိုင်အောင် ဖြစ်ဆဲ၊ အရဟတ္တဖိုလ်၌ ဖြစ်ပြီး။ တနည်း - တုသိတာနတ်ပြည်မှ မဟာဗောဓိပလ္လင် အရဟတ္တမဂ်တိုင်အောင် ဖြစ်ဆဲ၊ အရဟတ္တဖိုလ်၌ ဖြစ်ပြီး။ တနည်း - ဒီပင်္ကရာဘုရားထံ ဗျာဒိတ်ခံသည်မှ မဟာဗောဓိပလ္လင် အရဟတ္တမဂ်တိုင်အောင် ဖြစ်ဆဲ၊ အရဟတ္တဖိုလ်၌ ဖြစ်ပြီးဟု ခွဲရမည်။ ဒေသနာဉာဏ်သည်လည်း တည်ဆဲ၊ တည်ပြီး ၂-မျိုးရှိရာ -

အရှင်ကောဏ္ဍည၏ သောတာပတ္တိမဂ်တိုင်အောင် တည်ဆဲ၊ သောတာပတ္တိဖိုလ်၌ တည်ပြီးဟု ခွဲရမည်။ ပဋိဝေဓဉာဏ်ကား လောကုတ္တရာဖြစ်၍ ဒေသနာဉာဏ်ကား လောကီဖြစ်သည်၊ ဉာဏ် ၂-မျိုးလုံးပင် အခြားသူများနှင့် မဆက်ဆံ၊ ဘုရားရှင်တို့၏ ရင်၌ဖြစ်သော ဉာဏ်တည်း။

မှီဝဲသူအား ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို - စေတနာဖြင့် လွန်ကျူးသော အာပတ် ၇-မျိုးလုံးတည်း။ မှန်၏၊ စေတနာပါ၍ လွန်ကျူးလျှင် ဒုက္ကဋ်၊ ဒုဗ္ဘာသီသော်မှ မဂ်ဖိုလ်အန္တရာယ် ပြုနိုင်သည်၊ ဤကား မေထုန်မှု ယူရမည်မှန်၏၊ မေထုန်မှီဝဲလျှင် ဘယ်သူဖြစ်ဖြစ် မချွတ် မဂ်ဖိုလ်၏ အန္တရာယ်သာ။

၉-တဏှုပ္ပါဒသုတ်

တဏှာဖြစ်ပေါ်ရာ အကြောင်း ၄-မျိုးမှာ ရဟန်းအား တဏှာဖြစ်ပေါ်လာခဲ့သော် သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ထိုထိုဤဤ အလီလီသော ဆေးပစ္စည်းဟူသော အကြောင်းကြောင့်လည်း ဖြစ်ပေါ်လာ၏။ ဤ ၄-မျိုးတို့တည်းဟု မိန့်ပြီး ဂါထာဖြင့်လည်း -

တဏှာလျှင် အဖော်ရှိသော သတ္တဝါသည် ရှည်စွာသော ကာလပတ်လုံး ကျင်လည်ရလျက် ဤဖြစ်ဆဲ ဖြစ်လတ္တံ့ ခန္ဓာကိုယ်ဟူသော သံသရာကို မလွန်မြောက်နိုင်။ တဏှာသည် ဝဋ်ဆင်းရဲ၏ ဖြစ်ကြောင်းတည်းဟု အပြစ်ကိုသိ၍ သတိရှိသော ရဟန်းသည် တပ်မက်ခြင်းမရှိ မစွဲလမ်းဘဲ ကျင့်ရာသတည်း။

၁၀-ယောဂသုတ်

ဝဋ်ဆင်းရဲ၌ ယှဉ်စေတတ်သော ယောဂ ၄-မျိုးမှာ ကာမ၊ ဘဝ၊ ဒိဋ္ဌိ၊ အဝိဇ္ဇာ ယောဂတို့တည်း။

အဘယ်သို့ ကာမယောဂ ဖြစ်သနည်း - ဤလောက၌ အချို့သူသည် ကာမဂုဏ်တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း၊ သာယာဖွယ်၊ အပြစ်၊ ထွက်မြောက်ရာကို ဟုတ်မှန်တိုင်း မသိ။ မသိ

စာမျက်နှာ-525


သူအား ကာမဂုဏ်တို့၌ ကာမဟူသော စွဲမက်နှစ်သက် ကပ်ငြိခြင်း၊ ကာမဟူသော တွေဝေ မွတ်သိပ် ပူလောင်ခြင်း၊ ကာမဟူသော လွှမ်းမိုးပြီးဆုံးစေခြင်း၊ တပ်မက်ခြင်းသည် ကိန်းအောင်းနေ၏။ ဤကား ကာမယောဂတည်း။ ဤသို့ ကာမယောဂ ဖြစ်၏။

အဘယ်သို့ ဘဝယောဂ ဖြစ်သနည်း - ဤလောက၌ အချို့သူသည် ဘဝတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း၊ သာယာဖွယ်၊ အပြစ်၊ ထွက်မြောက်ရာကို ဟုတ်မှန်တိုင်း မသိ။ မသိသူအား ဘဝတို့၌ ဘဝဟူသော စွဲမက်နှစ်သက် ကပ်ငြိခြင်း၊ ဘဝဟူသော တွေဝေ မွတ်သိပ် ပူလောင်ခြင်း၊ ဘဝဟူသော လွှမ်းမိုးပြီးဆုံးစေခြင်း၊ တပ်မက်ခြင်းသည် ကိန်းအောင်းနေ၏။ ဤကား ဘဝယောဂတည်း။ ဤသို့ ဘဝယောဂ ဖြစ်၏။

အဘယ်သို့ ဒိဋ္ဌိယောဂ ဖြစ်သနည်း - ဤလောက၌ အချို့သူသည် ဒိဋ္ဌိတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း၊ သာယာဖွယ်၊ အပြစ်၊ ထွက်မြောက်ရာကို ဟုတ်မှန်တိုင်း မသိ။ သိသူအား ဒိဋ္ဌိတို့၌ ဒိဋ္ဌိဟူသော စွဲမက်နှစ်သက် ကပ်ငြိခြင်း၊ ဒိဋ္ဌိဟူသော တွေဝေ မွတ်သိပ် ပူလောင်ခြင်း၊ ဒိဋ္ဌိဟူသော လွှမ်းမိုးပြီးဆုံးစေခြင်း၊ တပ်မက်ခြင်းသည် ကိန်းအောင်းနေ၏။ ဤကား ဒိဋ္ဌိယောဂတည်း။ ဤသို့ ဒိဋ္ဌိယောဂ ဖြစ်၏။

အဘယ်သို့ အဝိဇ္ဇာယောဂ ဖြစ်သနည်း - ဤလောက၌ အချို့သူသည် တွေ့ထိမှု၏ အကြောင်းဖြစ်သော အာယတန ၆-ပါးတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း၊ သာယာဖွယ်၊ အပြစ်၊ ထွက်မြောက်ရာကို ဟုတ်မှန်တိုင်း မသိ။ မသိသူအား တွေ့ထိမှု၏ အကြောင်းဖြစ်သော အာယတန ၆-ပါးတို့၌ မသိခြင်း အဝိဇ္ဇာသည် ကိန်းအောင်းနေ၏။ ဤကား အဝိဇ္ဇာယောဂတည်း။ ဤသို့ အဝိဇ္ဇာယောဂ ဖြစ်၏။

ယောဂ ၄-ပါး မပယ်ရသေးသူသည် ညစ်နွမ်းခြင်းကို ဖြစ်စေတတ်၊ ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူပန်ခြင်းနှင့်တကွ ဖြစ်၍ အကျိုးဆင်းရဲကို ဖြစ်စေတတ်၊ နောင်အခါ ဖြစ် အို သေ သဘောကို ဖြစ်စေတတ်ကုန်သော အကုသိုလ် တရားယုတ်တို့နှင့် ယှဉ်၏။ ထို့ကြောင့် ထိုသူကို “ယောဂမကုန်သူ နိဗ္ဗာန်မရသူ” ဟု ဆိုအပ်၏။

ဝဋ်ဆင်းရဲ၌ မယှဉ်ကြောင်း ဝိသံယောဂ ၄-ပါးတို့မှာ ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂ ဝိသံယောဂတို့တည်း။

အဘယ်သို့ ကာမယောဂ ဝိသံယောဂ ဖြစ်သနည်း - အချို့သူသည် ကာမဂုဏ်တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း၊ သာယာဖွယ်၊ အပြစ်၊ လွတ်မြောက်ရာကို ဟုတ်မှန်တိုင်း သိ၏။ သိသူအား ကာမဂုဏ်တို့၌ ကာမဟူသော စွဲမက်ခြင်း တပ်မက်ခြင်း ကိန်းအောင်းမနေ။ ဤကား ကာမယောဂ ဝိသံယောဂတည်း။ ဤသို့ ကာမယောဂ ဝိသံယောဂ ဖြစ်၏။

စာမျက်နှာ-526


ဘဝယောဂဝိသံယောဂ စသည် ၃-ပါးကို အထက်အတိုင်း ယှဉ်၏ဟု သိအပ်၏။ ၄-ပါးကို ပယ်ခွာပြီးသူသည် ညစ်နွမ်းခြင်းကို ဖြစ်စေတတ်ကုန်သော အကုသိုလ် တရားယုတ်တို့နှင့် မယှဉ်။ ထို့ကြောင့် ထိုသူကို “ယောဂ ၄-ပါးကုန်ရာ နိဗ္ဗာန်သို့ ရောက်သူ” ဟု ဆိုအပ်၏ဟု မိန့်။

ယောဂ ၄-ပါး တရားကိုယ် - ကာမဂုဏ် ၅-ပါးလျှင် အာရုံပြုသော ရာဂကား ကာမယောဂ၊ ရူပ အရူပဈာန်၊ ထိုဈာန်၏ အကျိုးဝိပါက်ဘုံတို့၌ တပ်မက်သော ရာဂကား ဘဝယောဂ၊ သဿတဒိဋ္ဌိနှင့်တကွ ဖြစ်သော ဒိဋ္ဌိ ၆၂-ပါးသည် ဒိဋ္ဌိယောဂ၊ သစ္စာ ၄-ပါး၌ မသိသော မောဟသည် အဝိဇ္ဇာယောဂ။
ဝိသံယောဂ ၄-ပါး တရားကိုယ် - အသုဘဈာန်သည် ကာမယောဂ ဝိသံယောဂ၊ ထိုကို အခြေခံထား၍ ရအပ်သော အနာဂါမိမဂ်သည် စင်စစ် ကာမယောဂ ဝိသံယောဂ၊ အရဟတ္တမဂ်သည် ဘဝယောဂ ဝိသံယောဂ၊ သောတာပတ္တိမဂ်သည် ဒိဋ္ဌိယောဂ ဝိသံယောဂ၊ အရဟတ္တမဂ်သည် အဝိဇ္ဇာယောဂ ဝိသံယောဂ မည်သည်။

၂-စရဝဂ်၊ ၁-စရသုတ်

ရဟန်းအား သွားနေစဉ် ကာမဂုဏ်ကို ကြံစည်မှု ကာမဝိတက်၊ ပျက်စီးစေရန် ကြံမှု ဗျာပါဒဝိတက်၊ ညှဉ်းဆဲရန် ကြံမှု ဝိဟိံသဝိတက် ဖြစ်လာ၍ ထိုအကြံကို အကယ်၍ လက်ခံထား စွန့်လွှတ် မပယ်ဖျောက်၊ ကင်းပြတ်ခြင်းကို မပြု၊ မရှိခြင်းသို့ မရောက်စေလျှင် သွားနေစဉ်လည်း ဤသို့ ဖြစ်သော ရဟန်းကို ပြင်းစွာ အားမထုတ်သူ၊ မကောင်းမှုမှ ထိတ်လန့်ခြင်း မရှိသူ၊ အမြဲပျင်းရှိ၍ ယုတ်ညံ့သော လုံ့လရှိသူဟု ဆိုအပ်၏။

ဤအတူ ရပ်နေစဉ်၊ ထိုင်နေစဉ်၊ နိုးကြားနေသော ရဟန်းအား လျောင်းနေစဉ် ကာမဝိတက်စသည်တို့ ဖြစ်၍ လက်ခံထားလျှင် ဤရဟန်းကို အမြဲမပြတ် ပျင်းရှိ၍ ယုတ်ညံ့သော လုံ့လရှိသူဟု ဆိုအပ်၏။

ဤအတူပင် ဣရိယာပုထ် ၄-ပါးလုံးတို့၌ ဖြစ်လာသော ကာမဝိတက်စသည်ကို လက်ခံမထားလျှင် အမြဲမပြတ် ထက်သန်သော လုံ့လရှိ၍ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟု ဆိုအပ်၏ဟု မိန့်ပြီး ဣရိယာပုထ် ၄-ပါး၌ ဖြစ်လာသော ဝိတက်လမ်းမှားသို့ လိုက်သော ရဟန်းသည် အရဟတ္တမဂ်ဉာဏ်ကို တွေ့ထိခြင်းငှာ မထိုက်၊ ယင်းဝိတက်ကို ဝိပဿနာဉာဏ်ဖြင့် ငြိမ်းအေးစေပြီးသော ရဟန်းသည်သာ အရဟတ္တမဂ်ဉာဏ်ကို တွေ့ထိထိုက်ပေသည်ဟု ဂါထာဖြင့်လည်း မိန့်။

စာမျက်နှာ-527


၂-သီလသုတ်

သီလပါတိမောက်လာ သိက္ခာပုဒ်တို့နှင့် ပြည့်စုံ၍ နေကြကုန်လော့။ ပါတိမောက်လာ သိက္ခာပုဒ်များကို စောင့်ထိန်းကုန်၊ အကျင့်အာစာရ ကျက်စားရာ ဂေါစရနှင့် ပြည့်စုံကုန်၍ နေကြကုန်လော့။ အပြစ်ငယ်များ၌ သော်လည်း ဘေးဟု ရှုကြကာ သိက္ခာပုဒ်များ၌ ဆောက်တည်ကျင့်ကြကုန်လော့။ ဤသို့ ကျင့်ကုန်သော သင်တို့အား အထက်၌ ပြုရမည့်ကိစ္စသည် အဘယ်အရာ ဖြစ်သနည်း။

ရဟန်းအား သွားနေစဉ် အကယ်၍ အဘိဇ္ဈာ ဗျာပါဒ ကင်းသည်၊ ထိနမိဒ္ဓ ဥဒ္ဓစ္စ ကုက္ကုစ္စ ဝိစိကိစ္ဆာ ပယ်အပ်သည်၊ မတွန့်တိုသော လုံ့လရှိသည်၊ မမေ့သော သတိထင်သည် ဖြစ်မူ၊ ကိုယ်သည် ပူလောင်ခြင်းမရှိ ငြိမ်းအေးမူ၊ စိတ်သည် အာရုံတခုတည်း၌ တည်ကြည်မူ - ဤရဟန်းကို သွားနေစဉ်လည်း ပြင်းစွာ အားထုတ်သူ၊ မကောင်းမှုမှ ထိတ်လန့်ခြင်းရှိသူ၊ “အမြဲထက်သန်သော လုံ့လရှိ၍ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူ” ဟု ဆိုအပ်၏။

ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ်များကိုလည်း အလားတူ မိန့်ပြီး - ရဟန်းသည် စောင့်စည်းလျက်သာ သွားခြင်းစသည် ပြုရာ၏။ လက်စသည်ကို ဆန့်ရာ၏။ အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်းလောက၏ ဖြစ်ရာဟူသမျှ ခန္ဓာ ၅-ပါး၏ ဖြစ်ပျက်ကို ကောင်းစွာ ရှု၏။ စိတ်၏ ငြိမ်းခြင်းအားလျော်သော အကျင့်ကို ကျင့်သော အခါခပ်သိမ်းရှိသော ရဟန်းကို အမြဲ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟု ဆိုကုန်၏။

၃-ပဓာနသုတ်

ကောင်းစွာ အားထုတ်ခြင်း သမ္မပ္ပဓာန် တရား ၄-မျိုးတို့မှာ - ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော အကုသိုလ်တရားယုတ်များကို မဖြစ်ပေါ်စေရန်၊ ဖြစ်ပြီးသော အကုသိုလ်တရားယုတ်များကို ပယ်ရန်၊ မဖြစ်သေးသော ကုသိုလ်တရားများ ဖြစ်ပေါ်ရန်၊ ဖြစ်ပြီးကုသိုလ်တရားများ တည်တံ့စေ၊ မမေ့စေ၊ လွန်စွာဖြစ်စေရန်၊ ပြန့်ပြောပွားများ ပြည့်စုံစေရန် အလိုဆန္ဒကို ဖြစ်စေ၏၊ ကြိုးစားအားထုတ်၏၊ စိတ်ကို တင်းထား၏၊ ဆောက်တည်ထား၏။ ဤသည်တို့တည်းဟု မိန့်ပြီး -

ဝီရိယရှိကုန်လျက် မာရ်၏တည်ရာ တေဘူမိကဝဋ်တရားကို လွှမ်းမိုးတည်ကုန်သော ထိုရဟန္တာများသည် ဝဋ်တရားကို မမှီကုန်။ ဖြစ်သေဘေး၏ တဘက်ကမ်း ရောက်ကြသော ထိုရဟန္တာများသည် စစ်တပ်နှင့်တကွသော ကိလေသာမာရ်ကို အောင်၍ နှစ်သက်တော်ကုန်၏။ ထိုရဟန္တာများသည် တုန်လှုပ်သော တဏှာမရှိကုန်။ မာရ်၏ဗိုလ်ပါအားလုံးကို နှိမ်ကုန်ပြီး လောကုတ္တရာ ချမ်းသာဖြင့် ချမ်းသာကုန်၏ဟု ဂါထာဖြင့်လည်း မိန့်။

စာမျက်နှာ-528


၄-သံဝရသုတ်

အားထုတ်ခြင်း ၄-မျိုးမှာ - စက္ခုန္ဒြေစသည်ကို စောင့်စည်းသူ၏ အားထုတ်ခြင်း၊ ကာမဝိတက်စသည်ကို စွန့်ပယ်လျက် အားထုတ်ခြင်း၊ ဗောဇ္ဈင်ကို ပွားများသူ၏ အားထုတ်ခြင်း၊ သမာဓိနိမိတ်ကို စောင့်ရှောက်သူ၏ အားထုတ်ခြင်းတို့တည်း။

စောင့်စည်းသူ၏ အားထုတ်ခြင်း ဟူသည် - ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် ယောက်ျား-မိန်းမစသော သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ။ လက်၊ ခြေစသော အင်္ဂါ၊ ပြုံးရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာကို စွဲယူလေ့မရှိ။ မစောင့်စည်းခဲ့လျှင် မစောင့်စည်းခြင်းကြောင့် အဘိဇ္ဈာ ဒေါမနဿ အကုသိုလ်တရားယုတ်များသည် ထိုသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏။ ထို့ကြောင့် ရဟန်းသည် စက္ခုန္ဒြေကို စောင့်စည်းခြင်းငှာ ကျင့်၏၊ စောင့်စည်း၏၊ စောင့်စည်းခြင်းသို့ ရောက်၏။ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဖြင့် ဆိုင်ရာအာရုံအပေါ် စောင့်စည်းခြင်းသို့ ရောက်၏။ ဤသို့ အားထုတ်ခြင်းတည်း။

စွန့်ပယ်သူ၏ အားထုတ်ခြင်း ဟူသည် - ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဝိတက်၊ ဗျာပါဒ၊ ဝိဟိံသဝိတက်များကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းပြတ်သည်ကို ပြု၏၊ မရှိခြင်းသို့ ရောက်စေ၏။ ဤသို့ အားထုတ်ခြင်းတည်း။

ပွားများသူ၏ အားထုတ်ခြင်း ဟူသည် - ရဟန်းသည် ဆိတ်ငြိမ်ခြင်း၌ မှီသော၊ အစွဲကင်းခြင်း၌ မှီသော၊ ချုပ်ခြင်း၌ မှီသော၊ ကိလေသာပယ်စွန့်မှု ပရိစ္စာဂဝေါဿဂ္ဂ၊ နိဗ္ဗာန်သို့ ပြေးဝင်မှု ပက္ခန္ဒနဝေါဿဂ္ဂ ကို ရင့်ကျက်စေတတ်သော သတိစသော ဗောဇ္ဈင် ၇-ပါးကို ပွားများ၏။ ဤသို့ အားထုတ်ခြင်းတည်း။

စောင့်ရှောက်သူ၏ အားထုတ်ခြင်း ဟူသည် - ရဟန်းသည် ဖြစ်ပေါ်လာသော အဋ္ဌိကသညာ၊ ပုဠုဝကသညာ၊ ဝိနီလကသညာ၊ ဝိစ္ဆိန္ဒကသညာ၊ ဥဒ္ဓုမာတကသညာ ဟူသော သမာဓိနိမိတ်ကောင်းကို စောင့်ရှောက်၏။ ဤသို့ အားထုတ်ခြင်းတည်းဟု မိန့်ပြီး ဤ ၄-ပါးကို အားထုတ်လျှင် ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ပေသတည်းဟု ဂါထာဖြင့်လည်း မိန့်။

ဆိတ်ငြိမ်၊ အစွဲကင်း၊ ချုပ် ဟူသည် နိဗ္ဗာန်။ ဥပဓိမှ ဆိတ်၍ ရာဂစသည်တို့ ကင်းရာဖြစ်၍ ချုပ်ရာဖြစ်၍ နိဗ္ဗာန်၏ အမည်များ ဖြစ်ကြသည်။ အာရုံပြု၍ လည်းကောင်း၊ ရအပ်၍ လည်းကောင်း နိဗ္ဗာန်ကို မှီသည်ဟု ဆိုသည်။
ဝေါဿဂ္ဂ ၂-မျိုး - ဝိပဿနာသည် တဒင်္ဂအားဖြင့် ကိလေသာကို လည်းကောင်း၊ ခန္ဓာ၌ ရာဂကို လည်းကောင်း ပယ်စွန့်တတ်၍ ပရိစ္စာဂဝေါဿဂ္ဂ မည်သည်။ မဂ်ကား အာရုံပြုသောအားဖြင့် နိဗ္ဗာန်သို့ ပြေးဝင်တတ်၍ ပက္ခန္ဒနဝေါဿဂ္ဂ မည်သည်။

စာမျက်နှာ-529


၅-ပညတ္တိသုတ်

အလွန်အကဲဟု ပညတ်အပ်သူ ၄-မျိုးတို့မှာ - အတ္တဘောနှင့် ပြည့်စုံသူတို့တွင် ရာဟုအသူရိန်၊ ကာမဂုဏ်ခံစားသူတို့တွင် မန္ဓာတ်မင်း၊ စိုးပိုင်မှုပြုသူတို့တွင် မာရ်နတ်ယုတ်၊ နတ်လောက လူ့လောက၌ အရဟံ သမ္မာသမ္ဗုဒ္ဓသခင် ဘုရားရှင်သည် အလွန်အကဲဆုံး (အမြင့်မြတ်ဆုံး) ဖြစ်သည်။ ဤ ၄-မျိုးတို့တည်းဟု မိန့်။

ရာဟုအသူရိန်အတ္တဘောကြီးပုံ - ယူဇနာ ၄၈၀၀-မြင့်၍ မောင်း ၂-ဘက်အကြား ယူဇနာ ၁၂၀၊ လက်ခြေဖဝါးပြင် အပြန့် ၃၀၀၊ လက်ဆစ်ယူဇနာ ၅၀၊ မျက်မှောင် ၂-ဘက်အကြား ၅၀၊ နဖူးပြင် ၃၀၀၊ ဦးခေါင်း ၉၀၀-ယူဇနာ ရှိသည်။
ကာမဂုဏ်ခံစားသူ မန္ဓာတ်မင်း - လူနတ်စည်းစိမ် ၂-မျိုးလုံးတွင် အလွန်ဆုံး ခံစားရသည်။ မှန်၏၊ အသင်္ချေယျသက်တမ်း၌ ဖြစ်၍ လိုတိုင်း ရွှေမိုး ငွေမိုး ရွာစေလျက် လူ့စည်းစိမ်များကို အကြာကြီး ခံစားသည်။ နတ်ပြည်၌ကား သိကြား ၃၆-ဆက်တိုင်အောင် စည်းစိမ်မြတ်များကို ခံစားရသည်။

၆-သောခုမ္မသုတ်

သိမ်မွေ့သော လက္ခဏာကို ထိုးထွင်းသိသော သုခုမဉာဏ် ၄-မျိုးတို့မှာ - ဤသာသနာတော်၌ ရဟန်းသည် လွန်မြတ်သော ရုပ် ၌ သိမ်မွေ့သော လက္ခဏာကို သိမ်းဆည်းသော ရူပသုခုမဉာဏ် နှင့် ပြည့်စုံ၏။ ထိုရူပသုခုမဉာဏ်မှတပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော ရူပသုခုမဉာဏ်ကို မမြင်၊ မတောင့်တ။

မြတ်သော ဝေဒနာ ၌ သိမ်မွေ့သော လက္ခဏာကို သိမ်းဆည်းသော ဝေဒနာသုခုမဉာဏ်၊ မြတ်သော သညာ ၌ သိမ်မွေ့သော လက္ခဏာကို သိမ်းဆည်းသော သညာသုခုမဉာဏ်၊ မြတ်သော သင်္ခါရ ၌ သိမ်မွေ့သော လက္ခဏာကို သိမ်းဆည်းသော သင်္ခါရသုခုမဉာဏ် နှင့် ပြည့်စုံ၏။ ထိုသင်္ခါရသုခုမဉာဏ်မှတပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော သင်္ခါရသုခုမဉာဏ်ကို မမြင်၊ မတောင့်တ။ ဤ ၄-မျိုးတို့တည်းဟု မိန့်ပြီး -

သုခုမဉာဏ်ဖြင့် ရုပ်၏ သိမ်မွေ့သော လက္ခဏာကို လည်းကောင်း၊ ဝေဒနာ သညာ ဖြစ်ကြောင်းကို လည်းကောင်း၊ သညာချုပ်ရာ နိဗ္ဗာန်ကို လည်းကောင်း သိ၍ သင်္ခါရတို့ကို သူစိမ်းပြင်ပအားဖြင့် လည်းကောင်း (အနိစ္စကို ဆိုသည်)၊ ဒုက္ခ အနတ္တ အားဖြင့် လည်းကောင်း သိ၍ ငြိမ်းပြီးသော ငြိမ်းရာ နိဗ္ဗာန်၌ မွေ့လျော်သော စင်စစ်ကောင်းစွာ မြင်သော ထိုရဟန်းသည် စစ်တပ်နှင့်တကွသော မာရ်ကို အောင်မြင်၍ အဆုံးစွန်သော ကိုယ်ကို ဆောင်၏ဟု ဂါထာအားဖြင့်လည်း မိန့်။

စာမျက်နှာ-530


၇-ပထမ အဂတိဂမနသုတ်

အဂတိလိုက်စားမှု ၄-မျိုးမှာ - ချစ်ခြင်း၊ မုန်းခြင်း၊ မသိခြင်း၊ ကြောက်ရွံ့ခြင်းကြောင့် အဂတိလိုက်စားခြင်းတို့တည်းဟု မိန့်ပြီး တရားကို ကျော်လွန်၍ ကျင့်သူ၏ အခြံအရံ အကျော်အစောသည် လဆုတ်ပက္ခ၌ လကဲ့သို့ ဆုတ်ယုတ်ရသည်ဟုလည်း ဂါထာဖြင့် မိန့်သည်။

၈-ဒုတိယ အဂတိဂမနသုတ်

အဂတိမလိုက်စားမှု ၄-မျိုးမှာ - ချစ်ခြင်း... စသည်ကြောင့် အဂတိမလိုက်စားခြင်းတို့တည်းဟု မိန့်ပြီး တရားလွန် မကျင့်သူ၏ အခြံအရံ အကျော်အစောသည် လဆန်းပက္ခ လကဲ့သို့ ပြည့်ဝရသည်ဟု ဂါထာအားဖြင့် မိန့်။

၉-တတိယ အဂတိဂမနသုတ်

၇-၈၊ ၂-သုတ်ပေါင်း ဟောမှ မဂ်ဖိုလ်ရမည့် ပုဂ္ဂိုလ်များနှင့် စပ်၍ ၂-သုတ်ပေါင်း ဟောသည်။

၁၀-ဘတ္တုဒ္ဒေသကသုတ်

အထက်ပါ အဂတိ ၄-ပါး လိုက်စားသော ဆွမ်းညွှန်းရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ငရဲရောက်ရ၏။ မလိုက်စားလျှင် နတ်ပြည်ရောက်ရသည်ဟု မိန့်ပြီး -

ကာမဂုဏ်တို့၌ မစောင့်စည်းသူ လူအားလုံးသည် တရားမရှိကြ၊ တရား၌ မရိုသေကြ၊ ချစ်ခြင်းစသည်ကြောင့် အဂတိလိုက်စားကြ၏။ ဤပရိသတ်ကို အမှိုက်နှင့်တူသော ပရိသတ်ဟု ဆိုအပ်၏။ ထို့ကြောင့် တရားရှိ၊ မကောင်းမှုကင်း၊ အဂတိကင်းကြသူများသာ သူတော်ကောင်းများ ချီးမွမ်းအပ်၍ ကြည်လင်သော ပရိသတ်ဆိုအပ်ကြောင်း ဂါထာဖြင့်လည်း မိန့်။

၃-ဥရုဝေလဝဂ်၊ ၁-ပထမ ဥရုဝေလသုတ်

မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းများကို ခေါ်ပြီး - “အခါတပါး၌ ငါဘုရားသည် သစ္စာ ၄-ပါးကို သိပြီး ဥရုဝေလတော နေရဉ္စရာမြစ်ကမ်း ဆိတ်ကျောင်းညောင်ပင်ရင်း ဆိတ်ငြိမ်ရာသို့ကပ် ကိန်းအောင်းနေစဉ် - ‘ရိုသေရာ မှီဝဲရာမရှိဘဲ နေရခြင်းသည် ဆင်းရဲလှ၏။ ငါသည် အဘယ်သမဏ ဗြာဟ္မဏကို ရိုသေလေးမြတ်စွာ အမှီပြု၍ နေရပါအံ့နည်း’ ဟု အကြံဖြစ်၏။

စာမျက်နှာ-531


“ငါသည် မပြည့်စုံသေးသော သီလ၊ သမာဓိ၊ ပညာဂုဏ်၊ ကိလေသာမှ လွတ်မြောက်ကြောင်း ဝိမုတ္တိဂုဏ်ကို ပြည့်စုံစေရန် အခြားသော သမဏဗြာဟ္မဏကို ရိုသေလေးမြတ်စွာ အမှီပြု၍ နေရာ၏။ စင်စစ်သော်ကား နတ်လောက လူ့လောက၌ ရိုသေလေးမြတ်စွာ အမှီပြု၍ နေထိုက်သော မိမိထက် သာလွန်သော သီလစသော ဂုဏ်နှင့် ပြည့်စုံသူကို ငါမမြင်ချေ” ဟု အကြံဖြစ်ပြန်၏။

“ငါဘုရား ထိုးထွင်း၍ သိအပ်သော တရားကိုပင် ရိုသေလေးမြတ်စွာ အမှီပြု၍ နေရမူကား ကောင်းပေရာ၏” ဟု အကြံသည် ဖြစ်ပြန်၏။

ထိုအခါ သဟမ္ပတိဗြဟ္မာ သည် သူ၏စိတ်ဖြင့် ငါဘုရား၏ စိတ်အကြံကို သိ၍ ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့ပင် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့၍ ငါ့ရှေ့၌ ထင်ရှားဖြစ်ပြီး လက်ဝဲတဘက် ပခုံးထက်၌ အပေါ်ရုံကို စမ္ပယ်တင်လျက် လက်ယာပုဆစ်ဒူးဝန်းကို မြေ၌ ထောက်၍ ငါ့ကို လက်အုပ်ချီလျက် -

“မြတ်စွာဘုရား၊ ဤအကြံတော်သည် ဤအတိုင်း သင့်လျော်လှပါ၏။ ပွင့်တော်မူပြီး ဘုရားရှင်တို့လည်း တရားကိုပင် လေးမြတ်စွာ အမှီပြု၍ နေတော်မူခဲ့ကြပါကုန်၏။ ပွင့်တော်မူလတ္တံ့ ဘုရားရှင်တို့သည်လည်း တရားကိုပင် ရိုသေလေးမြတ်စွာ အမှီပြု၍ နေတော်မူကြပါကုန်လတ္တံ့။ ယခုအခါ ဘုရားရှင်သည်လည်း တရားကိုပင် ရိုသေလေးမြတ်စွာ အမှီပြု၍ နေတော်မူပါ” ဟု လျှောက်ထားပြီး -

အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလ ၃-ပါး ဘုရားရှင်များသည် သူတော်ကောင်းတရားကိုသာ အလေးပြု၍ နေခဲ့ကုန်ပြီ၊ နေကုန်ဆဲ၊ နေကုန်လတ္တံ့။ ဤကား ဘုရားရှင်များ၏ ဖြစ်မြဲသဘောသာ ဖြစ်သောကြောင့် ကိုယ်ကျိုးကိုလို၍ မြတ်သည်၏ အဖြစ်ကို တောင့်တသူသည် ဘုရားရှင်၏ အဆုံးအမတော်ကို အောက်မေ့လျက် သူတော်ကောင်းတရားကို အလေးအမြတ် ပြုအပ်သတည်း” ဟုလည်း ဂါထာဖြင့် လျှောက်ပြန်သည်။

ထို့နောက် သဟမ္ပတိဗြဟ္မာသည် ငါ့ကို ရှိခိုးပြီး အရိုအသေပြုကာ ထိုနေရာ၌ပင် ကွယ်လေ၏။ ထိုအခါ ငါသည် ဗြဟ္မာ၏ တိုက်တွန်းခြင်းကိုလည်းကောင်း၊ မိမိအား လျောက်ပတ်သည်ကိုလည်းကောင်း သိ၍ ငါထိုးထွင်းသိသော တရားကိုသာ ရိုသေလေးမြတ်စွာ အမှီပြု၍ နေခဲ့၏။ များမြတ်သော မဟတ္တဂုဏ် ၄-ပါး နှင့် သံဃာသည် ပြည့်စုံသောအခါ သံဃာ၌လည်း ငါဘုရား ရိုသေ၏” ဟု မိန့်သည်။

ဥရုဝေလတော - ကြီးသော သဲအစုရှိသောတော။ တနည်း - သိက္ခာပုဒ် အပိုင်းအခြားကို လွန်ခြင်းကြောင့် ဆောင်အပ်သော သဲရှိသောတော။ ချဲ့ - ဘုရားမပွင့်မီ အမျိုးကောင်းသား တစ်သောင်း ရသေ့ပြုကြပြီး ထိုနေရာ၌ “ကာယ ဝစီကံများကား သူများသော်မှ ထင်ရှားသည်၊ မနောကံကား မထင်ရှားသဖြင့် ကာမ၊ ဗျာပါဒ၊ ဝိဟိံသ

စာမျက်နှာ-532


ဝိတက်များ ကြံသူသည် သူတပါးပြောစရာမလို၊ မိမိဘာသာ သပိတ်အိတ် (လက်ခုပ်) ဖြင့် သဲယူ၍ ဤနေရာ၌ ကြဲထားပါ၊ ဤကား ဒဏ်အမှုပါ” ဟု ကတိကဝတ်ထားပြီး သဲများ ကြဲချ၍ သဲပုံကြီး ဖြစ်လာ၊ နောင်လူများ ကာရံ၍ စေတီနေရာ ပြုထားကြသည်။ ထိုညောင်ပင်ရင်း၌ ဆိတ်ကျောင်းသားများ ထိုင်ကြ နားကြ၍ ဆိတ်ကျောင်းညောင်ပင် မည်သည်။

ဘုရားဖြစ်ပြီးစ အကြံဖြစ် - ရှေးဘုရားများ အလေ့အကျင့် ဖြစ်သောကြောင့်လည်းကောင်း၊ ရှေးအလေ့အလာအားဖြင့်လည်းကောင်း ပဉ္စမသတ္တာဟ၌ ယင်းအကြံ ဖြစ်သည်။ ရှေးအလေ့အလာနှင့်စပ်၍ တိတ္တိရဇာတ်မှာ -

ဆင်၊ မျောက်၊ ခါ ၃-ဦး တနေရာ၌ နေကြစဉ် ကြီးသူကို အရိုအသေပြုကြမည်ဟု ညောင်ပင်ကို သက်သေထား၍ စုံစမ်းကြရာ ခါသည် အကြီးဆုံးဟု သိကြပြီး လေးစားမှုပြု၊ ညီညွတ်စွာ နေကြ၊ နတ်ပြည်ရောက်ကြသည်။ ထိုအကြောင်းကို သိသော သစ်ပင်စောင့်နတ်က “ယေ ဝုဍ္external: (လ) သမ္ပရာယေစ သုဂ္ဂတိ” = ကြီးသူကို လေးစား တရားလိမ္မာ သူတော်စာများသည် မျက်မှောက်ချီးမွမ်းအပ်၍ တမလွန်၌လည်း ဂတိကောင်း လားရသည်” ဟု ဂါထာကို ဆိုသည်။

ဤသို့ အဟိတ်တိရစ္ဆာန်ဖြစ်သော်မှ ဘုရားရှင်သည် ဂါရဝရှိနေခြင်းကို ကြိုက်နှစ်သက်သည်၊ ယခု ဘာကြောင့် မကြိုက်ဘဲ ရှိပါအံ့နည်း။

လောကီ လောကုတ္တရာ ခွဲပုံ - သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိဂုဏ်တို့ကား ၂-မျိုးလုံး ဖြစ်၍ ဤ၌မပါသော ဝိမုတ္တိညာဏဒဿနဂုဏ်ကား ပစ္စဝေက္ခဏာဉာဏ်ဖြစ်၍ လောကီသက်သက်သာ။

နေခဲ့ကုန်ပြီ၊ နေကုန်ဆဲ၊ နေကုန်လတ္တံ့ - ဂါထာစကား၌ ပစ္စုပ္ပန်ဆိုင်ရာကိုလည်း အများကိန်း သုံးထားသဖြင့် ပစ္စုပ္ပန်ဘုရားလည်း များစွာဟု ထင်သူများအား “ယခုအခါ အရှင်ဘုရားသည်လည်း တရားကိုပင် အမှီပြု၍ နေတော်မူပါ” ဟူသော စကားဖြင့် ပယ်အပ်သည်။

ငါ့အားဆရာမရှိ - နတ်လောက လူ့လောက၌ ငါနှင့်အတူမရှိ၊ အပြိုင်မရှိ။ လူသ စသော သုတ်တို့ဖြင့် အခြားဘုရားရှင်များ မဖြစ်ခြင်းကို ပြအပ်၏။

မဟာဂုဏ် ၄-ပါး - (၁) ရတ္တညူမဟတ္တ - ညဉ့်အပိုင်းအခြားကို သိသော ရဟန်းဝါ၊ ထေရ်ကြီးရဟန်း များခြင်း၊ (၂) ဝေပုလ္လမဟတ္တ - ပြန့်ပြောသော ရဟန်းများ များခြင်း၊ (၃) ဗြဟ္မစရိယမဟတ္တ - သာသနာတော် ကျယ်ပြန့်မှု များခြင်း၊ (၄) လာဘဂ္ဂမဟတ္တ - မြတ်သော လာဘ်များခြင်း အဖြစ် ၄-မျိုးတည်း။

စာမျက်နှာ-533


သံဃာ၌လည်း ငါဘုရားရိုသေ၏ - ဘုရားရှင်ဖို့ မိထွေးတော်ဂေါတမီ ယူလာသော သင်္ကန်းအစုံကို “ဂေါတမီ၊ သံဃာအား လှူလိုက်၊ သံဃာအား သင်လှူလျှင် ငါဘုရားကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း သင်ပူဇော်ပြီးဖြစ်မည်” ဟု မိန့်တော်မူလျက် ထိုအခါ သံဃာ၌ ဘုရားရိုသေသည်။

၂-ဥရုဝေလသုတ်

“ငါဘုရား ဘုရားဖြစ်ပြီးစ ဥရုဝေလတော နေရဉ္စရာမြစ်ကမ်း ဆိတ်ကျောင်းညောင်ပင်ရင်း၌ နေစဉ် အိုမင်းရွယ်ရင့် အဆင့်လွန်မြောက် အရွယ်ဆုံးရောက်ကုန်သော ပုဏ္ဏားများစွာတို့ ငါ့ထံချဉ်းကပ်ကာ ဝမ်းသာနှုတ်ဆက် တနေရာထိုင်ကြပြီး ထိုပုဏ္ဏားများက ငါ့အား “ရဟန်းဂေါတမသည် အိုမင်းရွယ်ရင့် အဆင့်လွန်မြောက် အရွယ်ဆုံးရောက်ကုန်သော ပုဏ္ဏားများကို ရှိမခိုး၊ မကြိုဆို၊ နေရာဖြင့်လည်း မဖိတ်ဟု သတင်းကြားပါသည်၊ ထိုသတင်းစကားသည် အကြားအတိုင်း မှန်နေပါသည်၊ ဤကိစ္စ မသင့်လျော်ပါ” ဟု လျှောက်ကြသည်။

“ဤအရှင်တို့သည် ကြီးသူတို့ကိုလည်းကောင်း၊ ကြီးသူအဖြစ်ကို ပြုတတ်ကုန်သော တရားတို့ကိုလည်းကောင်း မသိကုန်” ဟု ထိုငါအား အကြံသည် ဖြစ်၏။ မွေးဖွားသည်မှ အသက် ၈၀၊ ၉၀၊ ၁၀၀-ရှိသည် ဖြစ်၍ ကြီးသူဖြစ်သော်လည်း မသင့်သော ကာလ၌ ဆိုတတ်သူ၊ မမှန်သောစကားကို ဆိုတတ်သူ၊ အကျိုးနှင့်မစပ် တရားနှင့်မစပ် အဆုံးအမနှင့် မစပ်သည်ကို ဆိုတတ်သူ၊ မသင့်သောအခါ၌ အကြောင်းမရှိ၊ အပိုင်းအခြားမရှိ၊ အစီးအပွားများနှင့် မစပ်၊ မမှတ်သားလောက်သော စကားကို ဆိုတတ်သူ ဖြစ်ခဲ့မူ ထိုသူကို “လူကြီးလူမိုက်” ဟုသာ ရေတွက်အပ်သည်။

ပျိုမျစ်နုနယ်၊ ပထမအရွယ် ငယ်သူပင် ဖြစ်သော်လည်း သင့်သောကာလ၌ ဟုတ်မှန်သည်ကို၊ အကျိုးရှိသည်ကိုသာ၊ တရားနှင့်စပ် ဝိနည်းနှင့် စပ်သည်ကိုသာ ဆိုတတ်သူ၊ သင့်သောကာလ၌ အကြောင်းရှိ၊ အပိုင်းအခြားရှိ၊ အစီးအပွားနှင့်စပ်သော မှတ်သားလောက်သော စကားကို ဆိုတတ်သူ ဖြစ်ခဲ့မူ ထိုသူငယ်ကို “လူကြီးပညာရှိ” ဟုသာ ရေတွက်အပ်၏။

ကြီးသည်၏ အဖြစ်ကို ပြုတတ်သော တရား ၄-မျိုး မှာ ဤသာသနာတော်၌ -

(၁) ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်နေ၏၊ အကျင့်ကျက်စားရာနှင့် ပြည့်စုံ၏၊ အပြစ်အနည်းငယ်တို့၌ သော်လည်း ဘေးဟု ရှုလေ့ရှိကာ နေ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်ကျင့်၏။

(၂) အကြားအမြင်များ၏၊ ဆောင်၏၊ ဆည်းပူး၏၊ အနက်သဒ္ဒါနှင့်တကွ ဖြစ်၍ အလုံးစုံ ပြည့်စုံစင်ကြယ်သည့် အကျင့်မြတ်ကို ပြတတ်ကုန်သော အစ အလယ် အဆုံး ကောင်း

စာမျက်နှာ-534


ခြင်းရှိသော တရားတို့ကို ထိုသူသည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျင့်ထား၏၊ စိတ်ဖြင့် အဖန်ဖန်ရှု၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။

(၃) မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော စိတ်မြတ်၌ ဖြစ်သော ရူပါဝစရဈာန် ၄-ပါးတို့ကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်း ရ၏။

(၄) အာသဝေါကုန်ခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ဉာဏ်ထူးဖြင့် မျက်မှောက်ပြု၍ ရောက်ကာနေ၏။ ဤ ၄-မျိုးတို့တည်းဟု မိန့်ပြီး -

ပျံ့လွင့်သောစိတ်ဖြင့် အကျိုးမရှိ ပြိန်ဖျင်းသောစကားကို ပြောဆို၊ မတည်ကြည်သော အကြံရှိ၍ မသူတော်တရား၌ မွေ့လျော်တတ်ပြီး တောသမင်နှင့်တူသော အယူယုတ်ညံ့၍ ပုဂ္ဂလဓမ္မ၌ မရိုသေသူသည် ကြီးသူအဖြစ် ဝေး၏။

သီလပြည့်စုံ၊ အကြားအမြင်များ၊ ပညာရှိ၍ ကိုယ် နှုတ် နှလုံး စောင့်စည်းကာ သမာဓိရှိသဖြင့် ပညာဖြင့် သစ္စာ ၄-ပါး၏ အနက်ကို ရှုမြင်၏။ တရားအားလုံး၏ ကမ်းတဘက်ရောက်၏၊ ရာဂစသော ကြောင့်ကြမရှိ၊ လျင်မြန်သော ပညာရှိ၏၊ ဖြစ်သေကို ပယ်ပြီးဖြစ်၏၊ အကျင့်မြတ်အားလုံးရှိ၏၊ ထိုသူကို “ကြီးသူ” ဟု ငါဆို၏။ အာသဝေါများ မရှိသော ရဟန်းကို အာသဝေါကုန်ခြင်းကြောင့် “သီတင်းကြီးရဟန်း” ဟု ဆိုအပ်သတည်းဟု ဂါထာဖြင့်လည်း မိန့်။

အကြားအမြင်များ၏ - အင်္ဂါ ၉-ပါးရှိသော ဘုရားသာသနာတော်ကို အစဉ်စကားစပ် ရှေ့နောက်အားဖြင့် သင်ယူထားသည်။ အကြားအမြင်ကို ဆောင်ခြင်း မည်သည် အိုးပေါက်၌ ရေသည် မတည်သကဲ့သို့ ပရိသတ်အလယ်၌ ရွတ်ဖို့ ချဖို့ မစွမ်းနိုင်လျှင် ဆောင်သည် မမည်။ သင်ယူခဲ့သော ဘုရားစကားသည် သင်ယူချိန်အတိုင်း ၁၀-နှစ်၊ နှစ် ၂၀- မယုတ်သော်မှ မပျောက်ခြင်းသည် ဆောင်ခြင်းမည်သည်။

အကြားအမြင်ကို ဆည်းပူး၏ - ကျောက်၌ ထွင်းရေးသော အက္ခရာ၊ ရွှေခွက်၌ ထည့်ထားသော ခြင်္သေ့ဆီကဲ့သို့ နှလုံးအိမ်ဟူသော သေတ္တာ၌ သိမ်းထားအပ်သော ဘုရားစကားတော်တည်း။

ဆောင်ထား၏ - သင်ယူထားသော ပိဋကကို လိုရာချက်ချင်း ရွတ်နိုင်အောင် ဆောင်ထားခြင်းတည်း။ ၁၀-သုတ်၊ အပေါင်း ၁၀-ဝဂ်၊ အပေါင်း ၅၀၊ အပေါင်းနှင့်စပ်၍ နှုတ်ဖြင့် သရဇ္ဈာယ်ခြင်းသည် နှုတ်ဖြင့် လေ့ကျင့်ထားသည် မည်သည်။
စိတ်ဖြင့် အဖန်ဖန်ရှု၏ - နှုတ်ဖြင့်ရွတ်သော ပိဋကတ်ကို စိတ်ဖြင့် ကြံလိုက်လျှင် ဆီမီးထွန်းကြည့်က မြင်သလို ထင်ရှားခြင်းတည်း။

စာမျက်နှာ-535


အလိုရှိတိုင်း ရခြင်းစသည် - လိုတိုင်းခဏ၌ ဝင်စားနိုင်ခြင်းကား အလိုရှိတိုင်း ရခြင်း၊ ချမ်းသာစွာ နီဝရဏခွာ၍ ဝင်စားနိုင်စွမ်းရှိသည်ကား မငြိုမငြင်ရခြင်း၊ လိုတိုင်း ထနိုင်ခြင်းကား မပင်မပန်းရခြင်းတည်း။

တရားအားလုံး၏ တဘက်ကမ်းရောက်၏ - အဘိညာပါရဂူ၊ ပရိညာပါရဂူ၊ ပဟာနပါရဂူ၊ ဘာဝနာပါရဂူ၊ သစ္ဆိကိရိယာပါရဂူ၊ သမာပတ္တိပါရဂူဟု ကမ်းတဘက်ရောက်မှု ၆-မျိုး ရှိသည်။

၃-လောကသုတ်

မြတ်စွာဘုရားသည် လောက ကို ထိုးထွင်းသိတော်မူ၍ လောကမှ ကင်းတော်မူ၏။ လောကဖြစ်ကြောင်း ကို ထိုးထွင်းသိတော်မူ၍ လောကဖြစ်ကြောင်းကို ပယ်တော်မူ၏။ လောကချုပ်ရာနိဗ္ဗာန် ကို ထိုးထွင်းသိတော်မူ၍ နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူ၏။ လောကချုပ်ရာနိဗ္ဗာန်ရောက်ကြောင်းအကျင့် ကို ထိုးထွင်းသိတော်မူ၍ အကျင့်ကို ပွားများတော်မူ၏။

မြတ်စွာဘုရားသည် နတ်လောက လူလောက၌ မြင်အပ်၊ ကြားအပ်၊ တွေ့ထိအပ်၊ သိအပ်၊ ရှာမှီးအပ်၊ စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ထိုးထွင်း၍ သိတော်မူသောကြောင့် တထာဂတ ဟု ဆိုအပ်၏။

မြတ်စွာဘုရားသည် အရဟတ္တမဂ်ဉာဏ်ကို ထိုးထွင်း၍ သိသောညဉ့်၊ ပရိနိဗ္ဗာန်စံတော်မူသောညဉ့်၊ ထိုညဉ့် ၂-ခုတို့အကြား၌ ဟောပြောအပ်သော တရားအလုံးစုံသည် ဟောပြောတိုင်းသာ ဖြစ်၏။ တပါးသော အခြင်းအရာအားဖြင့် မဖြစ်သောကြောင့် တထာဂတဟု ဆိုအပ်၏။

မြတ်စွာဘုရားသည် အကြင်သို့သော အခြင်းအရာအားဖြင့် ပြောလေ့ရှိ၏၊ ထိုသို့သော အခြင်းအရာအားဖြင့် ပြုလေ့ရှိ၏။ အကြင်သို့သော အခြင်းအရာအားဖြင့် ပြုလေ့ရှိ၏၊ ထိုသို့သော အခြင်းအရာအားဖြင့် ပြောလေ့ရှိ၏။ ဤသို့လျှင် ပြောတိုင်းပြု၊ ပြုတိုင်းပြောလေ့ရှိသောကြောင့် တထာဂတဟု ဆိုအပ်၏။

မြတ်စွာဘုရားသည် လူလောက နတ်လောက၌ သူတပါးတို့ကို လွှမ်းမိုးတော်မူနိုင်၏၊ သူတပါးတို့က မလွှမ်းမိုးနိုင်၊ စင်စစ်မြင်တတ်၏၊ မိမိအလိုသို့ လိုက်စေနိုင်၏။ ထို့ကြောင့် တထာဂတဟု ဆိုအပ်၏။

လောကအားလုံးကို ဉာဏ်ထူးဖြင့် သိ၍ လောက၌ သိစရာအားလုံးကို ဟုတ်မှန်တိုင်း သိသောကြောင့် လောကအားလုံးမှ ကင်းတော်မူ၏။ လောကအားလုံး၌ ကပ်ငြိခြင်း တဏှာဒိဋ္ဌိ ဥပဓိ မရှိတော်မူ။

စာမျက်နှာ-536


မြတ်စွာဘုရားသည် စင်စစ်အာရုံအားလုံးကို လွှမ်းမိုးတော်မူနိုင်၏၊ ပညာနှင့် ပြည့်စုံ၍ ထုံးဖွဲ့မှုအားလုံးမှ လွှတ်တော်မူ၏။ ငြိမ်းချမ်း၍ ဘာဘေးရန်မျှ မရှိသော နိဗ္ဗာန်ကို တွေ့ထိဆိုက်ရောက်တော်မူ၏။

အာသဝေါကုန်ပြီး ဆင်းရဲကင်းပြီး ယုံမှားမှုပယ်ပြီးသော ထိုဘုရားရှင်သည် ကံအားလုံး ကုန်ခြင်းသို့ ရောက်တော်မူ၏။ ဥပဓိ ၄-ပါးတို့ ကုန်ရာနိဗ္ဗာန်သို့ လွတ်လွတ်ဝင်တော်မူ၏။

သစ္စာ ၄-ပါးကို သိတော်မူသော ထိုဘုရားရှင်သည် အတုမဲ့ ခြင်္သေ့မင်း ဖြစ်တော်မူ၍ နတ်နှင့်တကွသော သတ္တလောကအား တရားမြတ်စကြာကို လည်စေတော်မူ၏။ မြတ်စွာဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်ကြကုန်သော နတ် လူတို့သည် ကြီးမြတ်၍ ကြောက်ရွံ့ခြင်း ကင်းတော်မူသော ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ ဤသို့လျှင် ရှိခိုးကြကုန်၏။

ယဉ်ကျေးပြီးသော ဘုရားရှင်သည် ယဉ်ကျေးသူတို့ထက်၊ ငြိမ်းအေးပြီးသော ဘုရားရှင်သည် ငြိမ်းအေးသူတို့ထက်၊ လွတ်မြောက်ပြီးသော ဘုရားရှင်သည် လွတ်မြောက်ပြီးသူတို့ထက်၊ ကူးမြောက်တော်မူပြီးသော ဘုရားရှင်သည် ကူးမြောက်သူတို့ထက် မြတ်တော်မူ၏။

ဤသို့လျှင် ကြီးမြတ်၍ ကြောက်ရွံ့ခြင်း ကင်းတော်မူသော ထိုဘုရားရှင်ကို ရှိခိုးကြကုန်၏။ နတ်နှင့်တကွသော လောက၌ ငါနှင့်ပြိုင်ဘက် ပုဂ္ဂိုလ်မရှိ။

လောကအရ - ဒုက္ခသစ္စာကောက်။ သစ္စာ ၄-ပါးတို့ဖြင့် မိမိဘုရားအဖြစ်ကို ပြပြီး၍ တထာဂတအဖြစ်ကို ပြခြင်းငှာ မြတ်စွာဘုရားသည် စသည် မိန့်။

အရကောက်များ - နှာခေါင်း လျှာ ကိုယ်တို့ဖြင့် ထိ၍ ယူအပ်သော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗသည် မုတ (တွေ့ထိအပ်)၊ သုခ ဒုက္ခစသော ဓမ္မာရုံသည် ဝိညာတ (သိအပ်)၊ ရှာ၍သော်လည်းကောင်း၊ မရှာဘဲသော်လည်းကောင်း ရအပ်၊ ရသော်လည်းကောင်း မရသော်လည်းကောင်း ရှာမှီးအပ်ဟု သိလေ။

ထိုးထွင်း၍ သိတော်မူသောကြောင့် - စကြဝဠာ များစွာတို့၌ နတ်နှင့်တကွသော ဤလောကအား စက္ခုဒွါရ၌ ထင်လာသော ညိုရွှေစသော ရူပါရုံများဝယ် “ဤသူ ဤရူပါရုံကို အာရုံပြု၍ ဝမ်းသာသည်၊ စိတ်ဆင်းရဲသည်” စသည်ဖြင့် အလုံးစုံ သိတော်မူသည်။ သောတဒွါရစသည်တို့၌ ထင်လာသော သဒ္ဒါရုံ စသည်များ၌လည်း နည်းတူပတ် မနောဒွါရအထိယူ။

စာမျက်နှာ-537


သတ္တဝါအပေါင်း၏ ရှာမှီးပါလျက် မရသော၊ မရှာဘဲ မရသော၊ ရှာ၍ ရသော၊ မရှာဘဲလည်း ရသော အာရုံအားလုံးသည် ဘုရားဉာဏ်တော်အား မရောက်သည် မရှိ၊ ဉာဏ်ဖြင့် မျက်မှောက်မပြုနိုင်သည် မရှိပေ။

၄-ကာဠကာရာမသုတ်

ဘုရားရှင် သာကေတမြို့ ကာဠကာရာမ သူဌေးအရံ၌ သီတင်းသုံးစဉ် ရဟန်းများအား - “နတ်လောက လူ့လောကသည် မြင် ကြား တွေ့ထိအပ် သိအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ငါသိ၏။

ယင်းအာရုံအလုံးစုံကို ဉာဏ်ထူးဖြင့် သိပြီးပြီ၊ ထင်စွာသိပြီးပြီ၊ ထိုအာရုံအလုံးစုံသို့ မြတ်စွာဘုရားသည် တဏှာဒိဋ္ဌိတို့ဖြင့် မကပ်ရောက်။

ယင်းအာရုံအလုံးစုံကို ငါမသိဟု ဆိုငြားအံ့၊ ငါ၏စကားသည် အမှားဖြစ်ရာ၏။ ထိုအာရုံအားလုံးကို ငါသိလည်း သိ၏၊ ငါသိလည်း မသိဟု ဆိုငြားအံ့၊ ငါ၏ ထိုစကားသည် ထို့အတူသာ အမှားဖြစ်ရာ၏။

ထိုအာရုံအားလုံးကို ငါသိသည် မဟုတ်၊ မသိလည်း မဟုတ်ဟု ဆိုငြားအံ့၊ ငါ၏ ထိုစကားသည် အပြစ်ဖြစ်ရာ၏။

ဤသို့လျှင် မြတ်စွာဘုရားသည် မြင်ရမည်ကို မြင်၍ မြင်ပြီးသည်ကို တဏှာမာနဒိဋ္ဌိတို့ဖြင့် မအောက်မေ့၊ မမြင်ရသေးသည်ကို မြင်နေသည်ကို မြင်တတ်သူကို တဏှာမာနဒိဋ္ဌိတို့ဖြင့် မအောက်မေ့။

ကြားရမည့်အရာကို ကြား၍၊ တွေ့ရမည့်အရာကို တွေ့၍၊ သိရမည့်အရာကို သိ၍၊ သိပြီးသည်ကို၊ မသိရသေးသည်ကို သိနေသူကို သိတတ်သူကို တဏှာမာနဒိဋ္ဌိတို့ဖြင့် မအောက်မေ့။ ဤသို့လျှင် မြတ်စွာဘုရားသည် မြင် ကြား တွေ့ထိအပ်သော တရားတို့၌ တူမျှသော သဘောရှိသည်သာတည်း။ တူမျှသော သဘောရှိသည် ဖြစ်၍သာလျှင် တာဒီ မည်၏။ တာဒိဂုဏ်မှတပါး အထူးသာလွန် မြင့်မြတ်သော တာဒိဂုဏ်မရှိဟု ငါဆို၏” ဟု မိန့်။

သူတပါးတို့ မြင် ကြား တွေ့အပ်သော အာရုံအလုံးစုံကို အမှန်ထင်ကာ တဏှာဖြင့် လွှမ်းမိုး ပြီးဆုံးစေအပ်သူ၊ မိမိကိုယ်တိုင် စောင့်စည်း၏ဟု ဆိုသူ၊ မိစ္ဆာအယူရှိသူတို့၌ တာဒိဂုဏ်မရှိ။ ထိုမိစ္ဆာယူသူတို့၏ မှန်သောစကားကိုလည်းကောင်း၊ ချွတ်ယွင်းသော စကားကိုလည်းကောင်း အမြတ်ပြု၍ စိတ်၌ မထားရာ။

စာမျက်နှာ-538


ထိုမိစ္ဆာအညှောင့်ကိုလည်း ရှေးဦးမြင်၍ အကြင် ၆၂-ပါးသော မိစ္ဆာအယူ၌ သတ္တဝါအပေါင်းသည် လွှမ်းမိုး ပြီးဆုံးစေ၏၊ ကပ်ငြိ၏၊ ထိုမိစ္ဆာအယူကို ငါသိမြင်၏။ ထို့အတူ မြတ်စွာဘုရားတို့အား တဏှာဖြင့် လွှမ်းမိုး ပြီးဆုံးစေခြင်းသည် မရှိ။

ဤသုတ်ဖြစ်ကြောင်းအတ္ထုပ္ပတ် - ဘုရားရှင်ဂုဏ်တော် ပြောဆိုခြင်းကြောင့်တည်း။ ချဲ့ - အနာထပိဏ်သူဌေးသမီး စူဠသုဘဒ္ဒါ သည် သာကေတမြို့ ကာဠကသူဌေးသားအိမ် သွားခါနီး ဘုရားထံချဉ်းကပ်ပြီး “တပည့်တော် မိစ္ဆာဒိဋ္ဌိအမျိုးအိမ် သွားရပါတော့မည်။ ထိုမြို့မှာ ပူဇော်ခွင့်ရ၍ လူလွှတ်ပင့်က နှေးပါလိမ့်မည်၊ တပည့်တော်ကို ဘုရားရှင် နှလုံးသွင်းတော်မူပါ” ဟု လျှောက်ထား ဝန်ခံချက်ရပြီးမှ လင့်အိမ်လိုက်သည်။
လက်ထပ်ဆွမ်းကျွေးမွေးမှု ရှေးအစဉ်အလာ - သူဌေးသည် ချွေးမအလာ မင်္ဂလာပွဲ ကျင်းပမည် ကြံပြီး ခဲဖွယ်ဘောဇဉ်များ စီစဉ်ပြီး အဝတ်မဝတ်သော တက္ကတွန်း ၅၀၀-ဖိတ်ထား၍ ထိုင်နေကြစဉ် “ရဟန္တာများကို ငါ့သမီး လာရှိခိုးပါ” ဟု ပြောခိုင်းသည်။ အရိယာချွေးမသည် “ရဟန္တာများ” ဟု ဆိုစဉ်ပင် “ငါအရတော်ပြီ” ဟု ထ၍အလာ အသရေကင်းသော တက္ကတွန်းများကို မြင်လျှင် “အတွင်းအပြင် အရှက်အကြောက်ကင်းသော ဤသူများ ရဟန်းမဟုတ်ပါ” ဟု ပြောပြီး တံတွေးထွေးကာ သူ့နေရာ ပြန်သွားသည်။

သောတာပန် သုဘဒ္ဒါကို အယုတ်ဟု ဆိုသော တက္ကတွန်းများ - ထို့နောက် တက္ကတွန်းများက “သူဌေးကြီး၊ သင်ဘယ်က အယုတ်မကို ရလာသလဲ၊ ဇမ္ဗူဒိပ်မှာ တခြားကလေးမ မရှိတော့ပြီလော” ဟု စူဠသုဘဒ္ဒါကို ဆဲရေးကြသည်။ သူဌေးက “ဆရာတို့၊ သူငယ်မ သိ၍ပဲပြုပြု၊ မသိ၍ပဲပြုပြု ဤကိစ္စ တပည့်တော် သိပြီး ဆောင်ရွက်ပါမည်” ဟု တက္ကတွန်းများအား ပြောပြီး သူ(သုဘဒ္ဒါ)ထံ သွားကာ “သမီး၊ ဘာ့ကြောင့် ဤသို့ပြုပြီး ရဟန္တာများကို အရှက်ရစေတာလဲ” ဟု ပြောရာ “ရဟန္တာဆိုသည်မှာ ဤသို့ မဟုတ်ပါ” ဟု ပြောပြီး သူဌေးအမေးအရ “သမီး၏ ဆရာရဟန်းများသည် ငြိမ်သက်သော ဣန္ဒြေစိတ် တန်ခိုးရှိကြပြီး မြတ်သောဂုဏ်၌ တည်ကြပါ၏၊ မျက်လွှာချကာ နှိုင်းချိန်စွာ ပြောဆိုတတ်ကြပါသည်၊ ဆင်ပြောင်သည် အနှောင်အဖွဲ့ဖြတ်၍ တောဝင်နေသကဲ့သို့ သမီး၏ ဆရာရဟန်းများလည်း အဖော်မထား တစ်ပါးတည်း တောဝင်နေထိုင်ကြပါသည်” ဟု သုဘဒ္ဒါက ပြောပြီး ရတနာ ၃-ပါး၏ ကျေးဇူးဂုဏ်ကို ချီးကျူးဆိုလိုက်သည်။

စာမျက်နှာ-539


ပန်း ၈-ဆုပ်ကိုလွှတ်၍ ဘုရားပင့်စေသည်

“သို့ဖြစ်လျှင် သမီး၏ ရဟန်းများကို ပင့်၍ မင်္ဂလာပြုကြပါစို့” ဟု ခွင့်ပြုသဖြင့် သုဘဒ္ဒါသည် ညနေချမ်း ပြာသာဒ်ပေါ်တက် ကြီးစွာသော ပန်းတောင်းကို ယူ၍ ဘုရားဂုဏ်တော်များ စီးဖြန်းကာ ပန်း ၈-ဆုပ်တို့ကို ဘုရားထံတော်လွှတ်၊ လက်အုပ်ချီ ရှိခိုးနေပြီး “မနက်ဖြန် သံဃာ ၅၀၀-နှင့် တပည့်တော်ဆွမ်းကို အလှူခံတော်မူပါ” ဟုလည်း လျှောက်ထားသည်။

ထိုပန်းများ သွားပြီး ဘုရားထံ မျက်နှာကြက်အဖြစ် တည်ကြ၏။ ဘုရားရှင် ဆင်ခြင်တော်မူသော် အကြောင်းကို သိတော်မူသည်။ တရားပွဲအဆုံး၌ အနာထပိဏ်သူဌေးကြီးက ဘုရားရှင်အား နက်ဖြန် သံဃာ ၅၀၀-နှင့်အတူ ဆွမ်းစားပင့်ရာ “စူဠသုဘဒ္ဒါက ပင့်ပြီးပြီ” ဟု ဘုရားရှင်က မိန့်ကြားလိုက်သည်။

သူတော်ကောင်းဂုဏ်ကား ဝေးသော်လည်း ထင်ရှား

“မည်သူမျှ လာသည်ကို မမြင်ပါဘုရား” ဟု အနာထပိဏ်က လျှောက်ရာ “သဒ္ဓါရှိသူ ဥပါသိကာသည် ယူဇနာ ရာထောင်အဝေး၌ တည်သော်လည်း ဟိမဝန္တာတောင်ကဲ့သို့ ထင်ရှား၏” ဟု မိန့်ပြီး “သူတော်ကောင်းများသည် ဝေးသော်လည်း ဟိမဝန္တာတောင်ကဲ့သို့ ထင်ရှား၏၊ မသူတော်များကား ညအခါ ပစ်အပ်သော မြားလို မထင်ရှားကုန်” ဟု ဂါထာကို မိန့်သည်။

သူဌေးက ဘုရားရှင်အား “တပည့်တော်သမီးအား ချီးမြှောက်တော်မူကြပါ” ဟု လျှောက်ထားရှိခိုး ပြန်သွားသည်။ ဘုရားရှင်က အရှင်အာနန္ဒာကို “သာကေတ သွားဖို့ ဆဠဘိည ရဟန်း ၅၀၀-စာရေးတန် ပေးလိုက်” ဟု မိန့်ကြားသည်။

“ဘုရားရှင်တို့မည်သည် ကိစ္စများ၍ ငါ့ကို သတိမှ ရပါ့မလား၊ ဘယ်လိုပြုရအံ့နည်း” ဟု ညဉ့်၏ အခြားမဲ့၌ စူဠသုဘဒ္ဒါ ကြံစည်စဉ် ဝေဿဝဏ်နတ်မင်းက “ရှင်မ၊ စိတ်မပျက် စိတ်မကောင်း မဖြစ်နှင့်၊ သင့်ဆွမ်းကို ဘုရားရှင် လက်ခံပြီးပြီ” ဟု ပြောသဖြင့် ဝမ်းသာစွာ အလှူကိစ္စကို စီစဉ်နေသည်။

နတ်သိကြားကူသော သုဘဒ္ဒါဆွမ်းကျွေး

သိကြားမင်းသည်လည်း ဝိသုကြုံအား သာကေတမြို့ စူဠသုဘဒ္ဒါထံ မြတ်စွာဘုရားနှင့် သံဃာတော်များ ကြွဖို့၊ ပြာသာဒ် ၅၀၀-ဖန်ဆင်းဖို့ မိန့်ထားရာ ထိုပြာသာဒ်များဖြင့် ဘုရားရှင်နှင့် သံဃာတော်များ ကောင်းကင်ခရီး ကြွတော်မူကြရသည်။

စာမျက်နှာ-540


သုဘဒ္ဒါသည် ဘုရားရှင်နှင့် သံဃာအား ဆွမ်းကပ် ရှိခိုးပြီး “တပည့်တော်၏ ယောက္ခမတဘက်သည် အယူလွဲကြပါသည်၊ သူတို့အား လျှောက်ပတ်သော တရား ဟောကြားပါ” ဟု တောင်းပန်ရာ ဟောကြားသဖြင့် ကာဠကသူဌေး သောတာပန် တည်သည်။ သူ့ဥယျာဉ်ကိုလည်း ဘုရားရှင်အား လှူသည်။

ဘုရားကျောင်းဆောက်ရေး တက္ကတွန်းများ ကပ်နေသေး၏

တက္ကတွန်းများက “သူတို့ကို ပထမလှူထားသည်” ဟု မထွက်လိုကြ။ သူဌေးက “ဖြစ်တဲ့နည်းဖြင့် နှင်ထုတ်ကြ” ဟု ခိုင်းပြီး အားလုံးထုတ်ကာ ထိုဥယျာဉ်၌ ဘုရားကျောင်းဆောက် ရေစက်ချသည်။ ကာဠကသူဌေး ဆောက်လှူ၍ ကာဠကာရာမ မည်သည်။

သာကေတမြို့သား အမျိုးကောင်းသား ၅၀၀-တို့သည် ဘုရားတရား နာရ ရဟန်းပြုကြပြီး “ဘုရားဂုဏ်တော်များကား ဪ ကြီးမြတ်ပေစွ၊ ဤမိစ္ဆာဒိဋ္ဌိ သူဌေးကြီးကိုသော်မှ သောတာပန်ဖြစ်စေပြီး တမြို့လုံးကို နတ်ပြည်နှင့်တူအောင် ဘုရားရှင် ပြုတော်မူအပ်ပြီ” ဟု ဘုရားဂုဏ် ချီးကျူးနေကြစဉ် ဘုရားရှင်သိ၍ “ငါလျှင် ဒေသနာကြီးတခု ဖြစ်မည်၊ ရဟန်း ၅၀၀-လည်း အရဟတ္တဖိုလ် တည်မည်၊ မြေလည်း ရေဆုံးအောင် လှုပ်မည်” ဟု သိတော်မူပြီး ဓမ္မသဘင် ကြွသွားပြီး ဤသုတ်ကို ဟောတော်မူသည်။ “အာရုံအလုံးစုံကို ငါသိ၏” ဤပုဒ်အဆုံး၌ မဟာပထဝီ ရေအဆုံး လှုပ်သည်။

၅-နေရာမြေလှုပ်သော ဘုံ ၅-ပါး

(၁) ငါသိ၏၊ (၂) သိပြီးပြီ၊ (၃) ထင်စွာသိပြီးပြီ - ဤ ၃-ပုဒ်ဖြင့် သဗ္ဗညုတဘုံ ကို၊
(၄) တဏှာဒိဋ္ဌိတို့ဖြင့် မကပ်ရောက် - ဤပုဒ်ဖြင့် ခီဏာသဝဘုံ ကို၊
(၅) ငါ၏စကားသည် အမှား အပြစ် - ဤစကားများဖြင့် သစ္စာဘုံ ကို၊
(၆) သိတတ်သူကို မအောက်မေ့ - ဤစကားများဖြင့် သုညတာဘုံ ကို၊
(၇) မွန်မြတ်သော တာဒိဂုဏ်မရှိ - ဤစကားများဖြင့် တာဒိဘုံ ကို -
ဟောအပ်ရကာ ဤဘုံ ၅-ပါးတို့ဖြင့် တရားဆုံးစဉ် သက်သေအဖြစ် ၅-နေရာ မြေလှုပ်သည်။ ယခု ရဟန်းသစ် ၅၀၀-အမှူးထား၍ ထိုနေရာ ရောက်လာသမျှ လူနတ်များတွင် ၄၀၀၀- အမြိုက်ရည် သောက်ကြရသည်။

စာမျက်နှာ-541


၅-ဗြဟ္မစရိယသုတ်

လူအပေါင်းအား အံ့ဖွယ်ပြုဖို့၊ ဖြားယောင်းဖို့၊ လာဘ်ပူဇော်သကာ ကျော်စောမှုဟူသော အာနိသင်ရှိဖို့၊ ထိုထိုအကြောင်းဖြင့် ဝါဒဖြန့်ဖို့ “ငါ့ကို ဤသဘောရှိ၏” ဟု လူအပေါင်းသိစေဖို့ ဤအကျင့်မြတ်ကို ကျင့်သုံးရသည် မဟုတ်။ စင်စစ်သော်ကား စောင့်စည်းဖို့၊ ပယ်ဖို့၊ တပ်မက်မှုကင်းဖို့၊ ရာဂစသည်ချုပ်ဖို့ ဤအကျင့်မြတ်ကို ကျင့်သုံးရ၏ဟု မိန့်ပြီး ဂါထာဖြင့်လည်း အဓိပ္ပာယ်တူ မိန့်ပြီးလျှင် အဆုံးအမအတိုင်း ကျင့်သူများ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့ဟု နိဂုံးချုပ်တော်မူသည်။

၆-ကုဟသုတ်

အကြင်ရဟန်းများသည် အံ့ဖွယ်ပြုတတ်ကြ၊ ခက်ထန်ကြ၊ ဖြားယောင်းတတ်ကြ၏။ ဦးချိုနှင့်တူစွာ ထင်ရှားသော ကိလေသာများ ရှိကြ၊ အချည်းနှီး တက်ကြွကြ၏၊ မတည်ကြည်ကြ။ ထိုရဟန်းများသည် ငါဘုရားကို မမြတ်နိုးကြကုန်၊ ဤဓမ္မဝိနယသာသနာတော်မှ ကင်းကွာကုန်၏၊ ဤဓမ္မဝိနယ၌ ကြီးပွားစည်ပင်ပြန့်ပြောခြင်းသို့ မရောက်ကုန်။ အံ့ဖွယ်ကို မပြုတတ်၊ မဖြားယောင်းတတ်သော ဉာဏ်ပညာနှင့် ပြည့်စုံ၍ အပြန်အားဖြင့် ကောင်းမြတ်သော ရဟန်းများသာ ဤဓမ္မဝိနယ၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကုန်၏ဟု မိန့်ပြီး ဂါထာအားဖြင့်လည်း အဓိပ္ပာယ်တူ မိန့်သည်။

၇-သန္တုဋ္ဌီသုတ်

တာဝန်လည်းနည်း၍ ရလည်း ရလွယ်သော အပြစ်လည်း မရှိသော ပစ္စည်း ၄-မျိုး မှာ -
သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်း၊
စားဖွယ်တို့တွင် ဆွမ်းခံသွား၍ ရအပ်သောဆွမ်း၊
ကျောင်းတို့တွင် သစ်ပင်ရင်းဟူသော ကျောင်း၊
ဆေးတို့တွင် နွားကျင်ငယ်ပုပ်ဟူသော ဆေး၊
ဤ ၄-မျိုးတို့တည်း။ တာဝန်နည်း၍ ရလွယ်သော ပစ္စည်းဖြင့် ရောင့်ရဲခြင်းကို “ရဟန်း၏ ရဟန်းအဖြစ်” ဟူသော အင်္ဂါတစ်ပါးဟု ငါယူ၏ဟု မိန့်ပြီး -

ဤသို့ ရောင့်ရဲသော ရဟန်းအား ကျောင်းစသည်ကို အကြောင်းပြု၍ စိတ်ပင်ပန်းမှု ကင်း၏၊ အရပ်မျက်နှာကိုလည်း မထိခိုက်။ ရဟန်းအားလျော်သော အကြင်တရားကို ဘုရားဟောတော်မူ၏၊ သတိမမေ့မူ၍ ကျင့်သော နှစ်သက်သော စိတ်ရှိသော ရဟန်းသည် ထိုတရားများကို သိမ်းဆည်းယူအပ်သတည်းဟု ဂါထာအားဖြင့်လည်း မိန့်သည်။

၈-အရိယဝံသသုတ်

အမြတ်ဟု သိအပ်ကုန်သော၊ ရှည်မြင့်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော၊ ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏ အဆက်အနွယ်ဟု သိအပ်ကုန်သော၊ ရှေးကျကုန်သော

စာမျက်နှာ-542


အရိယာတို့၏ အနွယ်အဆက် ဖြစ်ကုန်သော အရိယဝံသတရား တို့သည် ၄-မျိုးတို့တည်း။ ထိုတရားတို့ကို မပယ်အပ်ကုန်၊ ဘုရားရှင်တို့သည် မပယ်ဖူးကုန်၊ ယခုလည်း မပယ်ကြကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ ရဟန်းပုဏ္ဏားတို့ မကဲ့ရဲ့အပ်ကုန်။ အဘယ် ၄-မျိုးတို့နည်းဟူမူ -

ဤသာသနာတော်၌ ရဟန်းသည် ရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏၊ ရောင့်ရဲခြင်းဂုဏ်ကိုလည်း ဆိုလေ့ရှိ၏။ သင်္ကန်းကြောင့် မလျော်မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ သင်္ကန်းမရ၍လည်း မတောင့်တ၊ ရ၍လည်း မမက်မော မတွေဝေ၊ တဏှာဖြင့် မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိကာ ထွက်မြောက်ကြောင်းကို သိလျက် သုံးဆောင်၏။ ထိုရသမျှ ရောင့်ရဲခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ အကြင်ရဟန်းသည် ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်းမရှိ၊ ဆင်ခြင်ဉာဏ်ရှိ၏၊ သတိနှင့်ယှဉ်၏။ ဤရဟန်းကို အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

နောက်တစ်မျိုးကား ရသမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏။ (သင်္ကန်းနည်းတူ။)

နောက်တစ်မျိုးကား ရသမျှသော ကျောင်းအိပ်ရာနေရာဖြင့် ရောင့်ရဲ၏။ (၎င်း။)

နောက်တစ်မျိုးကား ရဟန်းသည် ဘာဝနာ၌ မွေ့လျော်ပျော်ပိုက်၏၊ ကာမစ္ဆန္ဒစသည်ကို ပယ်ခြင်း၌ မွေ့လျော်ပျော်ပိုက်၏။ ၂-မျိုးဆိုင်ရာ၌ မွေ့လျော်ပျော်ပိုက်ခြင်းဖြင့် မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ အကြင်ရဟန်းသည် ဘာဝနာပွားများမှု၊ ပယ်မှု၌ ကျွမ်းကျင်၏၊ မပျင်းရိ၊ ပညာသတိရှိ၏။ ထိုရဟန်းကို အရိယာတို့၏ အနွယ်ဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။ ဤ ၄-ပါးတို့တည်း။

ဤအရိယဝံသတရား ၄-ပါးနှင့် ပြည့်စုံသော ရဟန်းသည် အရှေ့အရပ်၌ နေစေကာမူ ထိုရဟန်းကသာ မမွေ့လျော်ခြင်း (အရတိ) ကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။ အနောက်၊ မြောက်၊ တောင် အရပ်၌ နေစေကာမူ အကြောင်းကား လုံ့လရှိသော ရဟန်းသည် မမွေ့လျော်ခြင်း၊ မွေ့လျော်ခြင်းကို သည်းခံနိုင်သောကြောင့်တည်းဟု မိန့်ပြီး -

ကိလေသာကို ဖျက်ဆီးပြီး၍ တေဘူမိကကံအားလုံးကို ပယ်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို အဘယ်အကုသိုလ်တရား တားနိုင်အံ့နည်း။ တစ်နိက္ခရှိသော ဇမ္ဗူရစ်ရွှေစင် ကဲ့သို့ - အဘယ်သူသည် ကဲ့ရဲ့ထိုက်ပါအံ့နည်း၊ နတ်ဗြဟ္မာများ ချီးမွမ်းကြရ၏ဟု ဂါထာဖြင့် မိန့်။

ရဟန်း ၄-သောင်းအား ဟောသောသုတ် - ဇေတဝန်ကျောင်း ဓမ္မသဘင်၌ နေစဉ် မိမိ၏လည်းကောင်း၊ ယင်းရဟန်းတို့၏လည်းကောင်း အလိုဆန္ဒနှင့်စပ်၍ ဤအရိယဝံသတရားများ ဟောကြားသည်။ ခတ္တိယ၊ ဗြာဟ္မဏ၊ ဝေဿ၊ သုဒ္ဒ၊ သမဏ၊ ကုလ၊

စာမျက်နှာ-543


ရာဇဝံသဟု ဝံသ ၇-မျိုးနောက်၊ ၈-ခုမြောက် အရိယဝံသသည် အမြစ်နံ့စသည်တို့တွင် ကရမက်အနံ့ အမြတ်ဆုံးဖြစ်သကဲ့သို့ အမြတ်ဆုံးစံသတည်း။

သင်္ကန်း ဟူသည် - ခေါမချည်သင်္ကန်းစသော ၆-မျိုးနှင့် ဘွဲ့ဖြူပုဆိုးစသော အလျော်သင်္ကန်း ၆-မျိုး၊ ပေါင်း ၁၂-မျိုးသည် အပ်၍ သမန်းမြက်သင်္ကန်း၊ မရိုးမျှင်သင်္ကန်း စသည်များကား မအပ်။

သင်္ကန်းဖြစ်ရာခေတ် - သံဃာ၊ ဂိုဏ်း၊ ဆွေမျိုး၊ မိတ်ဆွေမှ လည်းကောင်း၊ မိမိဥစ္စာဖြင့် လည်းကောင်း၊ ပံ့သကူမှ လည်းကောင်း ဖြစ်နိုင်သော ခေတ် ၆-ပါး။

ပံ့သကူသင်္ကန်း ၂၃-မျိုး - သုသာန်၌ ကျသောသင်္ကန်း၊ ဈေးတံခါး၌ကျ၊ လမ်းခရီး၌စွန့်၊ အမှိုက်ပုံ၌စွန့်၊ ကိုယ်ဝန်အညစ်အကြေး ပယ်ကြောင်းဖြစ်သော သင်္ကန်း၊ ဘုတ်ဆေးသမားတို့ ဦးခေါင်းနှင့်တကွ ရေချိုး၍ စွန့်ပစ်၊ ရေဆိပ်စွန့်၊ သူသေကောင်လွှမ်း၊ သုသာန်ပို့ပြီးမှ ပြန်ယူလာ၊ မီးလောင်ပေါက်ရှိ၊ နွားခဲအပ်၊ ခြခဲအပ်၊ ကြွက်ခဲအပ်၊ ကလနားပြတ်၊ အမြိတ်ပြတ်၊ တံခွန်စိုက်ထောင်အပ်၊ တောင်ပို့၌ ပူဇော်အပ်၊ ရဟန်းတို့၏ သင်္ကန်း၊ သမုဒ္ဒရာလှိုင်းရိုက်တင်အပ်၊ အဘိသိက်သွန်းရာ စွန့်အပ်၊ ခရီးသွားသူများ ခိုးသူဘေးကြောင့် ကျောက်ဖြင့်ထု၍ ရုံအပ်၊ လေတိုက်လာ၊ တန်ခိုးဖြင့်ပြီး နတ်ပေး၍ ရသော သင်္ကန်းတို့တည်း။

သင်္ကန်း၌ ရောင့်ရဲခြင်း (၂၀) - ကြံခြင်းဖြင့်၊ ရောင့်ရဲခြင်းဖြင့်၊ သွားခြင်းဖြင့်၊ ရှာခြင်းဖြင့်၊ ရခြင်းဖြင့်၊ မျှရုံခံခြင်းဖြင့်၊ လျှပ်ပေါ်မှုကို ရှောင်ခြင်းဖြင့်၊ ရသလိုဖြင့်၊ စွမ်းနိုင်သမျှဖြင့်၊ လျောက်ပတ်ရုံမျှဖြင့်၊ ဆိုးရေဖြင့်၊ ဖွတ်လျှော်ခြင်းဖြင့်၊ ချုပ်ဆိုးရသည်ကို ပြုခြင်းဖြင့်၊ အတိုင်းအတာဖြင့်၊ ချုပ်ချည်ဖြင့်၊ ချုပ်ခြင်းဖြင့်၊ ဆိုးခြင်းဖြင့်၊ ဗိန္ဓုထိုးခြင်းဖြင့်၊ သုံးဆောင်ခြင်းဖြင့်၊ သိုမှီးမှုကို ရှောင်ခြင်းဖြင့်၊ စွန့်ခြင်းဖြင့် ရောင့်ရဲခြင်းတို့တည်း။

ကြံခြင်းဖြင့် ရောင့်ရဲခြင်း - ပါစီနခဏ္ဍာဇိအရပ်နေ ပံ့သကူဆောင် မထေရ်ကဲ့သို့ ဖြစ်သင့်သည်။ ထိုအရှင်ကား “ငါ့သင်္ကန်းဆွေးပြီ၊ အများနေရာမှာ ရနိုင်မည်” ကြံပြီး မဟာဝိဟာရကြွ၊ သံဃထေရ်ရှိခိုး၊ သံဃထေရ်နှင့်အတူ ရွာတံခါးသွားဖို့ မဟာဗောဓိတံခါးမုခ်၌ ရပ်လျက် “ဘုန်းရှိသူတို့၏ နေရာမှာ မြတ်နိုးဖွယ် ရနိုင်မည်” ဟု ကြံမိခြင်းကြောင့် “ငါ့အကြံ မစင်ကြယ်” ဟု သိပြီး နောက်ပြန်သည်။

နောက်တစ်နေ့ သရက်ကုန်းပြင်အနီးမှ၊ နောက်နေ့ မဟာစေတီ မြောက်တံခါးမှ နောက်ပြန်သည်။ စတုတ္ထနေ့မှ မထေရ်ကြီးက “ဤရဟန်း အကြံမစင်ကြယ်” ဟု သိ၍

စာမျက်နှာ-544


ပုစ္ဆာမေးလျက် ရွာဝင်သည်၊ ထိုည လူတစ်ယောက် ကျင်ကြီး အဝတ်၌ ပါမိ၍ ထိုအဝတ်ကို အမှိုက်ပုံ၌ စွန့်ထားသည်။

ယင်မမဲရိုင်းများ အုံနေသော ထိုအဝတ်ကို ပံ့သကူအရှင်က လက်အုပ်ချီသဖြင့် မထေရ်ကြီးက မေးရာ - “အမှိုက်ပုံကို လက်အုပ်မချီပါ၊ အဘဘုရားရှင်ကို ချီပါသည်။ ပုဏ္ဏကျွန်မ ကိုယ်ကို ပတ်၍ စွန့်ပစ်အပ်သော ပံ့သကူအဝတ်ကို တစ်လက်ခုပ်မျှသော လောက်ကောင်များခွာ၍ သုသာန်မှ ယူနိုင်သောအမှုကား ခဲယဉ်းပါသည်” ဟု လျှောက်ထားပြီး ထိုနေရာမှာပင် ပံ့သကူထေရ် ဝိပဿနာပွား အနာဂါမ်ဖြစ်၊ အဝတ်ယူ သင်္ကန်းပြုပြီး ပါစီနခဏ္ဍာဇိအရပ်ပြန် အရဟတ္တဖိုလ်ရသည်။

သင်္ကန်းနှင့်စပ်သော ဓူတင် ၂-ပါး - ပံသုကူလိကင်္ဂ၊ တေစီဝရိကင်္ဂ။

မိမိကိုယ်ကို မချီးမြှောက် - ငါကား သိမ်တန်ဆောင်းအတွင်း၌ပင် ပံ့သကူဓူတင် ဆောင်သည်၊ ငါနှင့်တူသူ ဘယ်သူရှိသလဲဟု မိမိကိုယ်ကို မချီးမြှောက်သလို ဤရဟန်းကား ပံ့သကူမဆောင်၊ ဘာအင်္ဂါမျှ မရှိဟုလည်း သူတစ်ပါးကို မရှုတ်ချ။

ဆွမ်း ဟူသည် - ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ အသား၊ နို့ရည်၊ နို့ဓမ်း၊ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်လဲ၊ ယာဂု၊ ခဲဖွယ်၊ ပြစ်ပြစ်လျက်ဖွယ်၊ ကျဲကျဲလျက်ဖွယ်၊ ၁၆-ပါးတည်း။

ဆွမ်းဖြစ်ရာခေတ် - သံဃာအားလုံး လှူဆွမ်း၊ တစ်ပါး နှစ်ပါး စသည် ညွှန်း၍ လှူဆွမ်း၊ ပင့်လှူဆွမ်း၊ စာရေးတံချ လှူဆွမ်း၊ လဆန်းလဆုတ် ပက္ခ၌ လှူဆွမ်း၊ ဥပုသ်နေ့ လှူဆွမ်း၊ အဖိတ်နေ့ လှူဆွမ်း၊ ဧည့်သည်အား လှူ၊ ခရီးသွားအား လှူ၊ သူနာအား လှူ၊ သူနာပြုအား လှူ၊ အဦးအိမ်၌ ထား၍ လှူ၊ ကုဋီကို ရည်၍ လှူ၊ အလှည့်ကျလှူ၊ ကျောင်းကို ရည်၍ လှူအပ်သော ဆွမ်းဟု ၁၅-ပါး။

ဆွမ်း၌ ရောင့်ရဲခြင်း (၁၅) - ကြံခြင်းဖြင့် ရောင့်ရဲခြင်း၊ သွားခြင်း၊ ရှာမှီးခြင်း၊ ရခြင်း၊ ခံခြင်း၊ မျှရုံခံခြင်း၊ လျှပ်ပေါ်မှုကို ကြဉ်ခြင်း၊ ရသလိုဖြင့်၊ စွမ်းနိုင်သမျှဖြင့်၊ လျောက်ပတ်ရုံမျှဖြင့်၊ ကျေးဇူးဖြင့်၊ အတိုင်းအတာဖြင့်၊ သုံးဆောင်ခြင်းဖြင့်၊ သိုမှီးမှုကို ရှောင်ခြင်းဖြင့်၊ စွန့်ခြင်းဖြင့် ရောင့်ရဲခြင်းတို့တည်း။

ကြံခြင်းဖြင့် ရောင့်ရဲခြင်း - ညနေချမ်း မထေရ်ကြီးထံ ယာဂုအချိန် “နက်ဖြန် ဤရွာ ဆွမ်းခံကြွကြမည်” ဤလောက်သာကြံ၊ ထို့ထက်လွန် မကြံရ။ တစ်ပါးတည်း နေသူလည်း ကြံစည်ရာ ဟန်ဆောင်၌ တည်၍ ကြံ၊ ထို့ထက်လွန်လျှင် အရိယဝံသမှ လျောကျသည်။

စာမျက်နှာ-545


မျှရုံခံယူခြင်းဖြင့် ရောင့်ရဲခြင်း - လှူဖွယ်များကို အလှူရှင်က နည်းနည်းလှူလျှင် နည်းနည်းခံ၊ လှူဖွယ်များများလှူလိုပေမယ့် မျှရုံခံ၊ လှူဖွယ်မများ နည်းနည်းလည်း လှူလိုလျှင် နည်းနည်းသာယူ၊ လှူဖွယ်မများပေမယ့် များများလှူလိုသည်၊ မျှရုံခံ။ မှန်၏၊ အလှူခံမှု၌ အတိုင်းအရှည် မသိလျှင် လူများကြည်ညိုမှု ချေဖျက်၍ သဒ္ဓါသဖြင့် လှူသော ပစ္စည်း ၄-ပါးကို ဖျက်ဆီးရာရောက်၍ သာသနာပြုသည် မမည်၊ မွေးမိခင်၏ စိတ်ကိုသော်မျှ မယူစွမ်းနိုင်။

ကျေးဇူးဖြင့် ရောင့်ရဲခြင်း - ဆွမ်းစား၍ ရဟန်းတရားကို စောင့်ရှောက်မည်မှန်းကာ ကျေးဇူးသိ၍ စားခြင်းတည်း။

ဆွမ်းနှင့်စပ်သော ဓူတင် ၅-ပါး - ပိဏ္ဍပါတ်၊ သပဒါနစာရိက၊ ဧကာသနိက်၊ ပတ္တပိုဏ်၊ ခလုပစ္ဆာဘတ္တိက ဓူတင်တို့တည်း။

ကျောင်းအိပ်ရာ နေရာ ၁၅-ပါး - ညောင်စောင်း၊ အင်းပျဉ်၊ ဘုံလျှို၊ အုံး၊ နှစ်ဘက်မိုး၊ တစ်ဘက်မိုးကျောင်း၊ ပြာသာဒ်ရှည်၊ ပြာသာဒ်ဦးပြည်း၊ ဂူ၊ လိုဏ်၊ ပြအိုး၊ တန်ဆောင်း၊ ဝါးရုံ၊ သစ်ပင်ရင်း၊ ရဟန်းများ ဖဲရာအရပ်တို့တည်း။ ကျောင်းဖြစ်ရာ ခေတ် ၆-ပါးမှာ သင်္ကန်းအတူ ရောင့်ရဲခြင်း ၁၅-ပါး ဆွမ်းအလှူ။

ကျောင်းနှင့်စပ် ဓူတင် ၅-ပါး - အရညက၊ ရုက္ခမူလိက၊ အဗ္ဘောကာသိက၊ သုသာန်၊ ယထာသန္တတိက ဓူတင်တို့တည်း။ (ဆေးပစ္စည်းကား ဆွမ်း၌ ဝင်သည်၊ ယထာလာဘ၊ ဗလ၊ သာရုပ္ပ သန္တောသ ၃-ပါးရ၏။)

နေသဇ္ဇကဓူတင် - ဘာဝနာရာမ အရိယဝံသသို့ ဝင်သည်။ မှန်၏၊ ကျောင်းနှင့် စပ်၍ ဓူတင် ၅-ပါး၊ ဆွမ်းနှင့် စပ် ၅-ပါး၊ ဝီရိယနှင့် စပ် ၁-ပါး၊ သင်္ကန်းနှင့် စပ် ၂-ပါး တို့တည်း။

အရိယဝံသတို့၏ ဂုဏ်ရည်များ - မြေကိုဖြန့်၊ သမုဒ္ဒရာဝမ်းကို ပြည့်စေ၊ ကောင်းကင်ကို ချဲ့သလို သင်္ကန်း၌ ရောင့်ရဲခြင်းကို ဟောပြီး လကို တက်စေ၊ နေကို ခုန်စေသလို ဒုတိယဆွမ်း၌ ရောင့်ရဲခြင်းကို ဟော၊ မြင်းမိုရ်တောင်ကို ချီးမြှောက်သလို တတိယကျောင်း၌ ရောင့်ရဲခြင်းကို ဟော၊ နည်း ၁၀၀၀-နှင့် တန်ဆာဆင်အပ်သော စတုတ္ထ ဘာဝနာရာမ အရိယဝံသကို ဟောသည်။

ပိဋက ၃-ပုံလုံး ပြီးပုံ - ရှေးအရိယဝံသ ၃-ပါးတို့ဖြင့် ဓူတင် ၁၃-ပါး၊ ပစ္စည်း ၄-ပါး၌ ရောင့်ရဲမှုနှင့် စပ်ကာ ဝိနည်းပိဋကအားလုံးကို ဟောအပ်သည်။ ဘာဝနာရာမဖြင့် ကျွင်းပိဋက ၂-ပုံကို ဟောအပ်သည် မည်သည်။ ဤသုတ်အဆုံး ရဟန်း ၄-သောင်း ရဟန္တာဖြစ်ကြသည်။

စာမျက်နှာ-546


အမြတ်ဟု သိအပ်ကုန်သော (လ) အဆက်အနွယ်ဟု သိအပ်ကုန်သော ရှေးကျကုန်သော တရားအစုတို့သည် ဤ ၄-မျိုးတို့တည်း။ ထိုတရားတို့ကို မပယ်အပ်ကုန်၊ (လ) မကဲ့ရဲ့အပ်ကုန်။ အဘယ် ၄-မျိုးတို့နည်းဟူမူ - မမက်မောခြင်း အနဘိဇ္ဈာတရားအစု၊ မပျက်စီးစေလိုခြင်း အဗျာပါဒတရားအစု၊ အမှန်အောက်မေ့ခြင်း သမ္မာသတိတရားအစု၊ အမှန်တည်ကြည်ခြင်း သမ္မာသမာဓိတရားအစု တို့တည်း။

၁၀-ပရိဗ္ဗာဇကသုတ်

မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူစဉ် အန္နဘာရပရိဗိုဇ်၊ ဝရဓရပရိဗိုဇ်၊ သကုလုဒါယီပရိဗိုဇ်နှင့် အခြားအလွန်ထင်ရှားကျော်စောကြသော ပရိဗိုဇ်များစွာတို့သည် သိပ္ပိနိကာမြစ်ကမ်း ပရိဗိုဇ်အရံ၌ နေကုန်သည်။ ညနေချမ်း တစ်ချိန် ဘုရားရှင်သည် တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူပြီး ယင်းပရိဗိုဇ်များ အရံကြွတော်မူကာ -

အမြတ်ဟု သိအပ်ကုန်သော (လ) ရှေးကျကုန်သော တရားအစုတို့သည် ဤ ၄-မျိုးတို့တည်း။ ထိုတရားတို့ကို မပယ်အပ်ကုန် (လ) မလွှဲအပ်ကုန်။ အဘယ် ၄-မျိုးတို့နည်းဟူမူ - အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူတည်း။ (ဤတရားကိုယ် ၄-ပါး၏ အဓိပ္ပာယ် အထက်သုတ်အတိုင်း။)

“ဤအနဘိဇ္ဈာတရားအစုကို ပယ်စွန့်၍ မက်မောခြင်းများသော ကာမဂုဏ်တို့၌ ထက်မြက်သည့် ရာဂရှိသူကို သမဏဗြာဟ္မဏဟု ငါပညတ်အံ့” ဟု ဆိုသူကို “လာစေ၊ ဆိုစေ၊ နှုတ်မြွက်စေ၊ ထိုသူ၏ အစွမ်းကို ရှုအံ့” ဟု ငါဘုရားဆိုမည်။ အနဘိဇ္ဈာတရားအစုကို ပယ်စွန့်၍ မက်မောခြင်းများသော ကာမဂုဏ်တို့၌ ထက်မြက်သည့် ရာဂရှိသူကို သမဏဗြာဟ္မဏဟု ထိုသူပညတ်လိမ့်မည်ဟူသော အကြောင်းမရှိ။

“ဤအဗျာပါဒတရားအစုကို ပယ်စွန့်၍ ပျက်စီးစေလို ပြစ်မှားလိုသော စိတ်အကြံရှိသူကို သမဏဗြာဟ္မဏဟု ငါပညတ်အံ့” ဟု ဆိုသူကို “လာစေ၊ ဆိုစေ၊ နှုတ်မြွက်စေ၊ ထိုသူ၏ အစွမ်းကို ရှုအံ့” ဟု ငါဘုရားဆိုမည်။ အဗျာပါဒတရားအစုကို ပယ်စွန့်၍ ပျက်စီးစေလိုသည့် ပြစ်မှားလိုသော စိတ်အကြံရှိသူကို သမဏဗြာဟ္မဏဟု ထိုသူပညတ်လိမ့်မည်ဟူသော အကြောင်းမရှိ။

“သမ္မာသတိတရားအစုကို ပယ်စွန့်၍ သတိသမ္ပဇဉ်မရှိသူကို သမဏဗြာဟ္မဏဟု ငါပညတ်အံ့” ဟု ဆိုသူကို “လာစေ၊ ဆိုစေ၊ နှုတ်မြွက်စေ၊ ထိုသူ၏ အစွမ်းကို ရှုအံ့” ဟု ငါဘုရားဆိုမည်။ သမ္မာသတိတရားအစုကို ပယ်စွန့်၍ (လ) အကြောင်းမရှိ။

စာမျက်နှာ-547


“သမ္မာသမာဓိတရားအစုကို ပယ်စွန့်၍ မတည်ကြည် ပျံ့လွင့်သောစိတ် ရှိသူကို သမဏဗြာဟ္မဏဟု ငါပညတ်အံ့” ဟု ထိုသူကို “လာစေ၊ ဆိုစေ၊ နှုတ်မြွက်စေ၊ ထိုသူ၏ အစွမ်းကို ရှုအံ့” ဟု ငါဘုရားဆိုမည်။ သမ္မာသမာဓိတရားအစုကို ပယ်စွန့်၍ (လ) အကြောင်းမရှိချေ။

ဤတရားအစု ၄-မျိုးတို့ကို ကဲ့ရဲ့တားမြစ်ထိုက်၏ဟု ယူဆသူအား မျက်မှောက်ဘဝ၌ ၄-မျိုးသော အကြောင်းနှင့်တကွ အဓမ္မိကဝါဒသို့ ကျရောက်ကုန်သော ကဲ့ရဲ့ဖွယ်တို့သည် ရောက်လာကုန်၏။ ၄-မျိုးမှာ -

အနဘိဇ္ဈာတရားအစု ကို အရှင်သည် အကယ်၍ ကဲ့ရဲ့တားမြစ်အံ့၊ မက်မောခြင်းအဘိဇ္ဈာများသော ကာမဂုဏ်တို့၌ ထက်မြက်သည့် ရာဂရှိသော သမဏဗြာဟ္မဏကို အရှင်သည် ပူဇော်ချီးမွမ်းအပ်သည် မည်၏။

အဗျာပါဒတရားအစု ကို အရှင်သည် ကဲ့ရဲ့တားမြစ်အံ့၊ ပျက်စီးစေလို ပြစ်မှားစေလိုသော စိတ်အကြံရှိသော သမဏဗြာဟ္မဏကို အရှင်သည် ပူဇော်ချီးမွမ်းအပ်သည် မည်၏။

သမ္မာသတိတရားအစု ကို အရှင်သည် ကဲ့ရဲ့တားမြစ်အံ့၊ သတိသမ္ပဇဉ်မရှိသော သမဏဗြာဟ္မဏတို့ကို အရှင်သည် ပူဇော်ချီးမွမ်းအပ်သည် မည်၏။

သမ္မာသမာဓိတရားအစု ကို အရှင်သည် ကဲ့ရဲ့တားမြစ်အံ့၊ မတည်ကြည် ပျံ့လွင့်သော စိတ်ရှိသော သမဏဗြာဟ္မဏတို့ကို အရှင်သည် ပူဇော်ချီးမွမ်းအပ်သည် မည်၏။

ဥက္ကလာဇနပုဒ်နေ ဝဿ နှင့် ဘည ၂-ဦးတို့သည် အကြောင်းမဲ့အယူ (အဟေတုကဝါဒ)၊ အပြုမဲ့အယူ (အကိရိယဝါဒ)၊ အကျိုးမဲ့အယူ (နတ္ထိကဝါဒ) ရှိကြ၏။ ထိုသူများသော်မှလည်း အနဘိဇ္ဈာစသော ဤတရားအစု ၄-မျိုးတို့ကို မကဲ့ရဲ့ မတားမြစ်ထိုက်ဟု ယူဆကြသည်၊ အကြောင်းမှာ သူတစ်ပါးတို့ ကဲ့ရဲ့ထိပါး စွပ်စွဲခြင်းတို့မှ ကြောက်သောကြောင့်တည်းဟု မိန့်ပြီး ဗျာပါဒကင်း၍ သတိရှိကာ သမာဓိရှိလျက် အဘိဇ္ဈာပျောက်ကြောင်း အရဟတ္တဖိုလ်၌ ကျင့်ဆဲဖြစ်သူကို “မမေ့မလျော့သူ” ဟု ဆိုအပ်၏ဟု ဂါထာအားဖြင့်လည်း မိန့်။

မိစ္ဆာအယူမြဲပုံ - မိစ္ဆာအယူယူ၍ နေ့ညဉ့် နေရာများ၌ နေကာ သရဇ္ဈာယ် ဆင်ခြင်သူအား မိစ္ဆာသတိဖြစ်၊ သမာဓိဖြစ်၍ ဇောများစောလျှင် ပထမဇော၌ ကုစားရသေးသည်၊ ဒုတိယဇော စသည်များ၌လည်း ရပါသေး၏။ သတ္တမဇော၌ကား ဘုရားရှင်များကသော်မှ ကုစားမပေးနိုင်၊ နောက်မဆုတ်တော့၊ အရိဋ္ဌရဟန်း၊ ကဏ္ဍကသာမဏေတို့နှင့် တူတော့သည်။

ဝဿ နှင့် ဘည - အယူတစ်မျိုးဖြစ်စေ၊ ၂-မျိုး၊ ၃-မျိုးလုံးဖြစ်စေ နိယတမိစ္ဆာဒိဋ္ဌိဖြစ်က နတ်ရွာနိဗ္ဗာန်လမ်း ပိတ်တော့သည်၊ ဝဋ်သစ်ငုတ် မြေစောင့်သတ္တဝါဖြစ်၍ ဘဝမှ မထနိုင်တော့၊ ဝဿနှင့် ဘညလည်း ယင်းလို သတ္တဝါများ ဖြစ်ကြသည်။

စာမျက်နှာ-548


၄-စက္ကဝဂ်

၁-စက္ကသုတ်

ပြည့်စုံခြင်း သမ္ပတ္တိစက် တို့သည် ဤ ၄-မျိုးတို့တည်း။ ယင်းစက်တို့နှင့် ပြည့်စုံသော နတ်လူတို့အား စက် ၄-မျိုးသည် လည်၏။ မကြာမီပင် စည်းစိမ်တို့၌ များပြားပြန့်ပြောသည်၏ အဖြစ်သို့ ရောက်ကုန်၏။ သမ္ပတ္တိစက် ၄-မျိုးမှာ -

လျောက်ပတ်သော အရပ်၌ နေခြင်း (ပတိရူပဒေသဝါသ)၊
သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း (သပ္ပုရိသုပဿယ)၊
မိမိကိုယ်စိတ်ကို ကောင်းစွာထားခြင်း (အတ္တသမ္မာပဏိဓိ)၊
ရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှုရှိခြင်း (ပုဗ္ဗေစ ကတပုညတာ) တို့တည်း ဟု မိန့်ပြီး စက် ၄-ပါးရှိသူကို စည်းစိမ်ဥစ္စာ အခြံအရံ အကျော်အစောနှင့် ချမ်းသာခြင်းသည် လွှမ်းမိုးလေသတည်းဟု ဂါထာဖြင့်လည်း မိန့်။

လျောက်ပတ်သော အရပ် - ပရိသတ် ၄-ပါး စုံလင်သော အရပ်တည်း။
သူတော်ကောင်းမှီဝဲ - ဟူရာ၌ ဘုရားစသော သူတော်ကောင်းယူ၊ မင်းကို မယူရ။
ကောင်းစွာ ထားခြင်း - ရှေးကံ သဒ္ဓါစသည် မရှိမှုကို ပယ်၍ သဒ္ဓါစသည်တို့၌ တည်စေခြင်းကား ကောင်းစွာ ထားခြင်းမည်သည်။
ရှေးကောင်းမှုရှိခြင်း - ဤစက် လိုရင်းဖြစ်သည်။ မှန်၏၊ ဉာဏသမ္ပယုတ်စိတ်ဖြင့် ကုသိုလ်ပြုလျှင် သင့်ရာအရပ် အကျိုးပေး၊ သူတော်ကောင်းမှီဝဲ၊ စိတ်ကောင်းထားနိုင်သည်။

၂-သင်္ဂဟသုတ်

ချီးမြှောက်ကြောင်း သင်္ဂဟဝတ္ထု ၄-မျိုး မှာ -
ပေးကမ်းခြင်း (ဒါန)၊
ချစ်ဖွယ်စကားဆိုခြင်း (ပီယဝါစာ)၊
အကျိုးစီးပွားကို ကျင့်ခြင်း (အတ္ထစရိယ)၊
ကိုယ်နှင့်ထပ်တူ ပြုခြင်း (သမာနတ္တတာ) တို့တည်း -

ဟု မိန့်ပြီး ဤ ၄-မျိုးတို့သည် သွားနေသော ရထား၏ နားစောင့်ကဲ့သို့ လောကကို ချီးမြှောက်ကုန်၏။ ဤ ၄-မျိုး မရှိလျှင် မိဘများသည် သားကြောင့် ပူဇော်မြတ်နိုးခြင်းကို မရရာ။ ဤ ၄-မျိုးတို့ကို ပညာရှိများ ကောင်းစွာရှု ဆင်ခြင်ကြခြင်းကြောင့် မြတ်သည်အဖြစ်သို့ ရောက်ကုန်၏။ ပညာရှိတို့သည် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။

ပုဂ္ဂိုလ်အမျိုးမျိုး -
(၁) ဒါနဖြင့်သာ ချီးမြှောက်ရမည့်သူကို လှူဖွယ်ပေးလိုက်။

(၂) အချို့သူကား “မောင်ဖြူက ပေးတော့ ပေးပါရဲ့၊ သူ့စကားတစ်ခွန်းနှင့် အားလုံး ကျေသွားအောင် အပြောဆိုးသည်၊ သူ့ဒါန ဘာပြုမှာလဲ” ပြောဆိုတတ်သည်၊ ဤလိုလူမျိုးကား ဒါနမလိုလား၊ ပီယဝါစာ ကိုသာ လိုလားသည်။ သူ့ကို ပီယဝါစာ ပြောပေး။

(၃) အချို့သူကား အထက် ၂-မျိုးလုံးမလို၊ စီးပွား ကြီးပွားကြောင်း စကားကိုသာ လိုသည်၊ ထိုသူကို “သင် ဤအလုပ်လုပ်၊ ဤအလုပ် မလုပ်နှင့်၊ ဤပုဂ္ဂိုလ်ပေါင်း၊ ဤသူမပေါင်းနှင့်” ဤသို့ ပြောရမည် (အတ္ထစရိယ )။

(၄) အချို့သူကား အထက် ၃-

စာမျက်နှာ-549


မျိုး မလိုလား၊ တစ်နေရာတည်းထိုင်၊ တစ်ခုတင်တည်းအိပ်၊ တစ်ဝိုင်းတည်းစား၊ ဤသို့ ချမ်းသာဆင်းရဲ ထပ်တူသဘော လိုလားသည် (သမာနတ္တတာ )၊ ထိုအတိုင်း ချီးမြှောက်လေ။

၃-သီဟသုတ်

သားတို့သနင်း ခြင်္သေ့မင်း သည် ညနေချမ်းအခါ နေရာမှထွက်၍ ကွန့်မြူးလျက် ပတ်ဝန်းကျင် အရပ် ၄-မျက်နှာတို့ကို စောင်းကြည့်ပြီးနောက် ၃-ကြိမ် ဟောက်လျက် ထွက်သွား၏။ ခြင်္သေ့ဟောက်သံကို ကြားကုန်သော တိရစ္ဆာန်များသည် များသောအားဖြင့် ကြောက်ရွံ့ထိတ်လန့်ခြင်းသို့ ရောက်ကြကုန်၏။ တွင်းနေသတ္တဝါများ တွင်းဝင်၊ ရေနေသတ္တဝါများ ရေငုပ်၊ ငှက်များ ကောင်းကင်ပျံတက်ကြသည်။

ရွာနိဂုံး မင်းနေပြည်တို့၌ ခိုင်ခံ့သော သားရေနှောင်ကြိုးများဖြင့် ချည်ထားကုန်သော မင်းစီးဆင်များလည်း နှောင်ကြိုးကို ဖြတ်တောက်ခွဲဖောက်လျက် ကြောက်ရွံ့ကြကာ ကျင်ကြီးကျင်ငယ် ပါပြီးလျှင် ဦးတည်ရာ ပြေးကြသည်၊ ခြင်္သေ့မင်းသည် တိရစ္ဆာန်တို့ထက် ဤသို့ တန်ခိုးကြီး၏၊ အစိုးရ၏၊ အာနုဘော်ရှိ၏။

ဤအတူသာလျှင် အကြင်အခါ လောက၌ အရဟံစသော ဂုဏ် ၉-ပါးသခင် ဘုရားရှင်သည် ပွင့်တော်မူ၏။ ထိုဘုရားရှင်သည် “ဤတရားကား ထင်ရှားရှိသော ခန္ဓာ ၅-ပါး သက္ကာယတည်း၊ ဤကား သက္ကာယအကြောင်း၊ ဤကား သက္ကာယချုပ်ရာ၊ ဤကား ချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တည်း” ဟု တရားဟောတော်မူ၏။ သက်ရှည် ဆင်းလှ ချမ်းသာခြင်း များကြကုန်သော မြင့်မားသည့် ဘုံဗိမာန်တို့၌ ကြာမြင့်စွာ တည်ကြကုန်သော နတ်ဗြဟ္မာတို့သော်မှလည်း ဘုရားတရားကို ကြားနာကြ၍ အများအားဖြင့် ကြောက်ရွံ့ထိတ်လန့်ခြင်းသို့ ရောက်ကြ၏။

“အချင်းတို့၊ ငါတို့သည် စင်စစ် မမြဲသည်၊ မခိုင်သည်၊ အမြဲမတည်ကုန်သည် ဖြစ်ကုန်လျက် မြဲ၏၊ ခိုင်၏၊ အမြဲတည်ကုန်၏ဟု ယူဆမိကုန်၏။ ငါတို့သည်ကား မမြဲကုန် မခိုင်ကုန်၊ အမြဲမတည်ကုန်၊ သက္ကာယ၌ အကျွမ်းဝင်ကုန်သတတ်” ဟု ကြောက်ရွံ့ထိတ်လန့်ခြင်းသို့ ရောက်ကုန်၏။ ဘုရားရှင်သည် နတ်နှင့်တကွသော လောကထက် ဤသို့ပင် ကြီးသော တန်ခိုးရှိ၏၊ အစိုးရခြင်းရှိ၏၊ အာနုဘော်ရှိ၏ဟု မိန့်ပြီး ဂါထာအားဖြင့်လည်း အဓိပ္ပာယ်တူ မိန့်သည်။

ခြင်္သေ့ ၄-မျိုး - တိဏ၊ ကာဠ၊ ပဏ္ဍု၊ ကေသရသီဟ ဟု ခြင်္သေ့ ၄-မျိုးတွင် ခိုအဆင်းရှိသော နွားနှင့်တူ၍ မြက်စားသော ခြင်္သေ့ကား တိဏသီဟ၊ နွားမဲနှင့်တူ၍ မြက်စားလျှင် ကာဠသီဟ၊ ဖျော့သော သစ်ရွက်ကျောက် အဆင်းရှိ နွားနှင့်တူ၍ အသားစားလျှင် ပဏ္ဍုသီဟ မည်သည်။

စာမျက်နှာ-550


ကေသရခြင်္သေ့ - ချိပ်ရေဆိုးထားသကဲ့သို့ ခံတွင်း၊ အမြီးဖျား၊ ခြေ ၄-ဘက် အပိုင်းအခြားရှိသည်၊ ဦးထိပ်မှစ၍ ချိပ်ရေဆွတ်သော စုတ်ဖြင့် ရေးထားသလို၊ ချိပ်လုံးခဲဖြင့် အရေးအသား ပြုထားသလို အရေး ၃-ကြောင်းတို့သည် ကျောက်ကုန်းအလယ်ဖြင့် သွား၍ ပေါင်ခြံ၌ လက်ယာရစ်လည်၍ တည်ကုန်သည်။ ပခုံးပေါ်၌ကား တစ်သိန်းတန် ကမ္ဗလာနီဖြင့် ခြံရံထားသလို လည်ဆံဟူသော ဝန်ရှိ၍ ကြွင်းသောနေရာကား စင်ကြယ်သော သလေးအခိုင်၊ ခရုဆင်းမှုန့်အစိုင်ပမာ အဆင်းရှိသည်၊ ဤသုတ်၌ ကေသရသီဟ ကို ယူ။

ခြင်္သေ့နေရာ - ရွှေဂူ၊ ငွေ၊ ပတ္တမြား၊ ဖန်၊ ဆေဒန်းမြင်းသီလာဂူမှ မှောင်သဖြင့် အလင်းရဖို့၊ ကျင်ကြီးကျင်ငယ်စွန့်ဖို့၊ ဆာလောင်သဖြင့် အစာရှာထွက်ဖို့၊ ရာဂဖြစ်၍ မေထုန်မှီဝဲဖို့၊ ဤအကြောင်း ၄-ပါးတို့ကြောင့် ထွက်သည်၊ ကွန့်မြူးရာ မြေ၌ နွားငယ်ကလေးလို လှည့်ပတ်ပြေးသွားသော ခြင်္သေ့မင်း၏ ကိုယ်သည် အမှောင်၌ လည်နေသော မီးစပမာ အဟုန်လျင်စွာ ထင်ရသည်။

အရပ် ၄-မျက်နှာကို စောင်းကြည့်ရှု - တစ်ပါးသော သတ္တဝါများကို သနား၍ စောင်းကြည့်သည်၊ ချဲ့ - မကြည့်ဘဲ ဟောက်လျှင် ကမ်းပါးပြတ် တွင်းစသည် မညီညွတ်သော နေရာရောက်နေကြသော ဆင်၊ စိုင်၊ နွား၊ ကျွဲ စသော သတ္တဝါများ ချောက်ကမ်းပါးစသည်ကျပြီး ပျက်စီးကြမည်၊ ထိုကို သနားသည်။

အသားစားသတ္တဝါ ခြင်္သေ့မှာ သနားကရုဏာရှိပါသည်။ - မှန်၏၊ သတ္တဝါများစွာကိုလည်း မသတ်၊ ငယ်သော သတ္တဝါများကိုလည်း မသတ်ပါ။

၃-ကြိမ်ဟောက်လျက် - အသံ ၃-ယူဇနာ တပြိုင်နက် ပဲ့တင်ထပ်သည်၊ ၃-ယူဇနာ အတွင်း သတ္တဝါများ နေမြဲနေရာ မတည်စွမ်းနိုင်။ ကွန့်မြူးရာ မြေ၌ တည်၍ ဝဲယာခုန်လျှင် ၁ ဥသဘရောက်၊ အထက်ခုန်လျှင် ၄ ဥသဘ၊ ၈-ဥသဘ ခုန်နိုင်၊ မြေညီမှာ အဖြောင့်ပြေးလျှင် ၁၆-ဥသဘ၊ ၂၀-ဥသဘ ပြေးနိုင်သည်။

ကုန်းပေါ် တောင်ပေါ်မှ ပြေးဆင်းလျှင် ဥသဘ ၆၀၊ ၈၀-ပြေးနိုင်၍ သွားလမ်းမှာ သစ်ပင်၊ တောင်မြင်၍ ရှောင်လျှင် ဝဲယာ အထက် ၁ ဥသဘမျှ ရှောင်နိုင်သည်။ ၃-ကြိမ်ဟောက်လျှင် ထိုအသံနှင့်အတူ ၃-ယူဇနာ ရောက်၍ နောက်ပြန် ၃-ယူဇနာ၌ ရပ်လျှင် မိမိ၏ ပဲ့တင်သံကို ကြားရသည်၊ ဤသို့ အဟုန်လျင်မြန်သည်။

အများကြောက်ကြသည် - မကြောက်သူများမှာ တူသော ခြင်္သေ့၊ ဆင်၊ မြင်း၊ နွား၊ ယောက်ျားအာဇာနည်၊ ရဟန္တာတို့တည်း။ တူသော ခြင်္သေ့မှာ ဇာတ်၊ ရဲရင့်မှု စသည်ဟူ၍၊ ဆင်အာဇာနည် စသည်တို့မှာ မိမိ၏ သက္ကာယဒိဋ္ဌိအားကြီး၍၊ ရဟန္တာမှာ သက္ကာယဒိဋ္ဌိ ပယ်ပြီး၍တည်း။

စာမျက်နှာ-551


တိုးအောင်းသတ္တဝါများ မြွေ မြွေပါဖွတ် စသည်နှင့် ရေနေ ငါး လိပ် ဟောနေ ဆင် မြင်း စိုင် သမင်စသည်တို့သည် “ယခုပင်လာဖမ်းတော့မည်”ထင်ပြီး လမ်းကြည့် ဝင်ကြသည်။

တန်ခိုးကြီးခြင်းစသည် ကွန်မြူးရာ မြေ၌ တည်၍ ဝဲယာ စသည် တဥသဘ အဖြောင့် ဥသဘ ၂၀ စသည် ခုန်နိုင်၍ တန်ခိုးကြီးသားတို့၏ အကြီးအမှူးဖြစ်၍ အစိုးရ၊ ၃-ယူဇနာအတွင်း အသံကြားလျှင် ပြေးကြရ၍ အာနုဘော်ကြီးသည်။
ဘုရားရှင်အား နှိုင်းခိုင်းဖွယ်ရာ အချို့သုတ်၌ ခြင်္သေ့နှင့် တူ၊ အချို့၌ ဆေးသမားနှင့် တူ၊ အချို့၌ ဗြာဟ္မဏနှင့် တူ၊ အချို့၌ လမ်းညွှန်ယောက်ျားနှင့် တူ၊ အချို့သုတ်၌ မင်းနှင့် တူသည်၊ ဤသုတ်၌ကား ခြင်္သေ့နှင့် အတူ မိမိကိုယ်ကို ဟောသည်၊ ခြင်္သေ့နှင့် ဘုရားရှင် တူပုံများတွင်-

ခြင်္သေ့မင်း ရွှေဂူစသည်တို့၌ အောင်းချိန်ကဲ့သို့ ဘုရားရှင် ဒီပင်္ကရာ ဘုရားခြေတော်ရင်း ဗျာဒိတ်ခံပြီးချိန်မှ ကာလရှည်ကြာ ပါရမီဖြည့်၊ အဆုံးဘဝ ပဋိသန္ဓေယူ၊ ဖွားမြင်ခြင်းဖြင့် လောကဓာတ် တသောင်း တုန်လှုပ်၊ ကြီးပြင်းလာ၊ (စည်းစိမ်ခံစား ပြာသာဒ် ၃-ဆောင်၌ နေချိန်တည်း။)

ရွှေဂူ စသည်မှ ထွက်ချိန်ကဲ့သို့ ဘုရားလောင်း ၂၉-နှစ်ရောက်၊ ဖွင့်ထားသော တံခါးဖြင့် ကဏ္ဍကမြင်းစီး၊ ဆန္ဒအမတ် အဖော်ခေါ်ထွက်၊ ၃-ပြည်ထောင် လွန်ပြီး အနော်မာမြစ်ကမ်း၌ ဗြဟ္မာလှူသော သင်္ကန်းဝတ်၊ ရဟန်းပြု၊ ၇-ရက်မြောက်၌ ရာဇဂြိုဟ်ကြွ ဆွမ်းခံ၊ ပဟောင်ဝှမ်း ဆွမ်းဘုဉ်းပေး၊ (ဘုရားဖြစ်ပြီးလျှင် ဦးစွာ တိုင်းကြွဖို့ ဗိမ္ဗိသာရမင်းအား ဝန်ခံချက် ပေးချိန်တည်း။)

ခြင်္သေ့မင်း ကွန်မြူးချိန်ကဲ့သို့ ဝန်ခံချက် ပေးပြီးသော ဘုရားလောင်း၏ အာဠာရကာလာမရသောကံ ချဉ်းကပ်မှုကို အစထား၍ သုဇာတာလှူ နို့ဆွမ်းကို (၄၉-လုတ်တို့ဖြင့် ဘုဉ်းပေးချိန်တည်း။)

ခြင်္သေ့မင်း ကိုယ်ကို [?] သကဲ့သို့ ညချမ်းအခါ သောတ္ထိယလုလင်လှူသော မြက် ၈-ဆုပ်ယူ၊ ကြာသောင်း နတ် ဗြဟ္မာများ ချီးမွမ်း၊ နံ့သာ စသည်တို့ဖြင့် ပူဇော်အပ်စဉ် ၃-ကြိမ် ဗောဓိပင်ကို လက်ယာရစ် လှည့်၊ ဗောဓိမဏ္ဍိုင်တက်၍ ၁၄-တောင် မြင့်သော နေရာ၌ မြက်အခင်းခင်း၊ ဝီရိယအင်္ဂါ ၄-ပါး ဆောက်တည် ထိုင်နေစဉ် မာရ်စစ်သည်ကို နှိမ်နင်း၍ ၃-ယံတို့၌ ဝိဇ္ဇာ ၃-ပါးကို သုတ်သင်ကာ အနုလုံ ပဋိလုံ ပဋိစ္စသမုပ္ပါဒ် သမုဒ္ဒရာကို ဉာဏ်အစုံဟူသော ကြောင်းယောက်မဖြင့် မွှေနှောက်၍ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိစဉ်၊ (ထိုဉာဏ်၏အာနုဘော်ကြောင့် လောကဓာတ် တသောင်း လှုပ်ချိန်တည်း။)

စာမျက်နှာ-552


ခြင်္သေ့မင်း အရပ် ၄-မျက်နှာ ကြည့်သကဲ့သို့ သဗ္ဗညုတဉာဏ်ရပြီး ဘုရားရှင် ၇-သတ္တာဟ ဗောဓိမဏ္ဍိုင်၌စံ၊ ပျားမုန့်ဆုပ်ဘုဉ်းပေးပြီး ဆိတ်ကျောင်း ညောင်ပင်ရင်း၌ မဟာဗြဟ္မာတရားဟောရန် တောင်းပန်မှုကို ခံယူ၍နေစဉ် ၂၁-ရက်မြောက်၌ နက်ဖြန်ဝါဆိုလပြည့်ဟု နှလုံးသွင်းပြီး မိုးသောက်ထအခါ ရှေးဦးဆုံးတရားဟောရမည့်သူကို ကြည့်တော်မူစဉ် အာဠာရ ဥဒကတို့ ရသေ့ ၂-ဦး သေပြီးမှန်းသိ၍ (ပဉ္စဝဂ္ဂီတို့အား တရားဟောဖို့ ကြည့်တော်မူခြင်းတည်း။)
အစာရှာ ၃-ယူဇနာသွားချိန်ကဲ့သို့ မိမိသပိတ်သင်္ကန်း ယူကာ ပဉ္စဝဂ္ဂီတို့အား ဓမ္မစကြာဟောအံ့ဟု ဆွမ်းစားပြီး ဆိတ်ကျောင်း ညောင်ပင်ရင်းမှထကာ (၁၈-ယူဇနာ ခရီး ကြွတော်မူချိန်တည်း။)
ခြင်္သေ့ဟောက်ချိန်ကဲ့သို့ ဘုရားရှင် ၁၈-ယူဇနာခရီးကြွ၊ ပဉ္စဝဂ္ဂီတို့ကို သိစေ၍ တည်ငြိမ်သောပလ္လင်၌ ထိုင်နေစဉ် လောကဓာတ်တသောင်းမှ ရောက်လာသော နတ်အပေါင်း ခြံရံလျက် (ဓမ္မစကြာတရား ဟောချိန်တည်း။) ဘုရား၏ တရားသံကား “အောက်အဝီစိ အထက်ဘဝဂ်တိုင်” လောကဓာတ်တသောင်း ဖုံးလွှမ်းသည်။

ခြင်္သေ့သံဖြင့် သတ္တဝါငယ်များ ကြောက်ခြင်းသို့ ရောက်ချိန်ကဲ့သို့ လက္ခဏာ ၃-ပါးပြ သစ္စာ ၄-ပါးကို အခြင်းအရာ ၁၆-ပါး၊ နည်း ၆-သောင်းတို့ဖြင့် ဘုရားရှင် ဝေဖန်ဟောစဉ် အသက်ရှည်သောနတ်များ ဉာဏ်ထိတ်လန့်ခြင်းသို့ ရောက်ချိန်တည်း။

တနည်းကား-ခြင်္သေ့ကဲ့သို့ သဗ္ဗညုတဉာဏ်ရသော ဘုရားရှင် နေရာရွှေဂူမှထွက်သကဲ့သို့ ဂန္ဓကုဋီတိုက်မှထွက်ချိန်၊ ကွန့်မြူးသကဲ့သို့ ဓမ္မသဘင်သို့ ချဉ်းကပ်ချိန်၊ အရပ်မျက်နှာကြည့်သကဲ့သို့ ပရိသတ်များအားကြည့်ခြင်း၊ ခြင်္သေ့ဟောက်သကဲ့သို့ တရားဟောချိန်၊ အစာရှာထွက်သကဲ့သို့ သူတပါးတို့အယူကို နှိမ်နှင်းဖို့ရာ ကြွသွားခြင်းတည်း။

တနည်းကား-ခြင်္သေ့ကဲ့သို့ ဘုရားရှင် ဟိမဝန္တာကိုမှီသော ရွှေဂူမှထွက်သကဲ့သို့ အာရုံနှင့်စပ်၍ နိဗ္ဗာန်ကိုမှီသော ဖလသမာပတ်မှထခြင်း၊ ကွန့်မြူးသကဲ့သို့ ပစ္စဝေက္ခဏာဉာဏ်၊ အရပ်မျက်နှာကြည့်သကဲ့သို့ ဝေနေယျသတ္တဝါကို ကြည့်ခြင်း၊ ဟောက်သကဲ့သို့ ရောက်လာသော ပရိသတ်အား တရားဟော၊ အစာရှာထွက်သကဲ့သို့ မရောက်လာသော ဝေနေယျသတ္တဝါတို့၏ အနီးသို့ ချဉ်းကပ်ခြင်းတည်း။

လောက၌ ပွင့်တော်မူ၏ သတ္တလောကယူ ဆုတောင်းသည်မှ ဗောဓိပလ္လင်တိုင်အောင် အရဟတ္တမဂ်တိုင်အောင် ပွင့်ဆဲ၊ အရဟတ္တဖိုလ်၌ ပွင့်ပြီး။

အများအားဖြင့် ကြောက်ရွံ့ထိတ်လန့်ကြ အရိယာနတ်များကား အာသဝကုန်ပြီး၍ စိတ်မလန့်၊ သံဝေဂရှိသူအား အကြောင်းသင့် အားထုတ်ခြင်းကြောင့် ရောက်သင့်

စာမျက်နှာ-553


သောမဂ်ဖိုလ်သို့ ရောက်ရကား ဉာဏ်ထိတ်လန့်မှုလည်း မရှိ၊ အရိယာမဟုတ်သော နတ်များသာ မမြဲဟုနှလုံးသွင်းကြ၍ စိတ်လန့်ခြင်း၊ ဝိပဿနာ အားကြီးစဉ် ဉာဏ်လန့်ခြင်း ဖြစ်သည်။

ဓမ္မစက်ဟူသည် ပဋိဝေဓ၊ ဒေသနာဟု ဉာဏ် ၂-မျိုးရှိရာ ဤ၌ ဒေသနာဉာဏ်ယူ၊ ဗြဟ္မာ ၁၈-ကုဋေနှင့်တကွ အရှင်ကောဏ္ဍည၊ သောတာပတ္တိဖိုလ်မရခင် ဓမ္မစက်လည်ဆဲ၊ သောတာပတ္တိဖိုလ်ရလျှင် လည်ပြီးဖြစ်သည်။

ပဋိဝေဓဉာဏ်ဟူသည် ဗောဓိပလ္လင်၌ သစ္စာ ၄-ပါးကို အခြင်းအရာ ၁၆-ပါး၊ နည်း ၆-သောင်းတို့ဖြင့် ထိုးထွင်းသိသောဉာဏ်တည်း။ အပြန် ၃-ပါး၊ အခြင်းအရာ ၁၂-ပါးရှိသော ဓမ္မစက်ကို လည်စေသော ဉာဏ်ကား ဒေသနာဉာဏ်ဖြစ်သည်၊ ထိုဉာဏ် ၂-ပါးလုံးပင် ဘုရားရှင်၏ရင်တော်၌သာ ဖြစ်ကြသည်။

၄-ပသာဒသုတ်

၁။ အမြတ်တို့၌ ကြည်ညိုခြင်း ၄-မျိုးတို့မှာ အခြေမရှိ၊ အခြေ ၂-ချောင်း၊ ၄-ချောင်း၊ အခြေများစွာရှိသတ္တဝါ၊ ရုပ်ရှိ ရုပ်မဲ့သတ္တဝါ၊ သညာရှိ သညာမဲ့သတ္တဝါ၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သောသညာမရှိသည် မဟုတ်သော သတ္တဝါအားလုံးတို့ထက် ပူဇော်အထူးကိုခံတော်မူထိုက်သော ဘုရားရှင်ကိုအမြတ်ဆုံးဟု ဆိုထိုက်၏၊ ဘုရားရှင်၌ ကြည်ညိုသူတို့သည်လည်းကောင်း၊

၂။ အပြုပြင်ခံ သင်္ခတတရားရှိသမျှတို့ထက် အင်္ဂါ ၇-ပါးရှိ အရိယမဂ်ကို အမြတ်ဆုံးဟု ဆိုထိုက်၏၊ အရိယမဂ်၌ ကြည်ညိုသူတို့သည်လည်းကောင်း၊

၃။ အပြုပြင်ခံသင်္ခတတရား၊ အပြုပြင်ကင်းသော အသင်္ခတတရား ရှိသမျှတို့ထက် ရာဂဟူသော ယစ်ခြင်းကင်းရာ မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ အတွယ်အတာကို ပယ်ခွာရာ ဝဋ်မြစ်ပြတ်ရာ တဏှာကုန်ကင်းချုပ်ရာ ငြိမ်းအေးရာနိဗ္ဗာန်ကို အမြတ်ဆုံးဟု ဆိုထိုက်၏၊ နိဗ္ဗာန်၌ကြည်ညိုသူတို့သည်လည်းကောင်း၊

၄။ အပေါင်းသံဃာ ဂိုဏ်းဂဏရှိသမျှတို့ထက် အဝေးမှဆောင်လာ၍လည်း ပေးလှူထိုက်ကုန်သော ဧည့်သည်ဖို့ထားသောဝတ္ထုကို ပေးလှူထိုက်ကုန်သော တမလွန်ဖို့ရည်မြော်သောအလှူကို ခံထိုက်ကုန်သော သတ္တဝါများ၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်ကုန်သော အစုံအားဖြင့် ၄-စုံ၊ ပုဂ္ဂိုလ်အားဖြင့် ၈-ပါး ဘုရားသားတော် သံဃာတော်ကို အမြတ်ဆုံးဟု ဆိုထိုက်ပါ၏။ သံဃာတော်၌ ကြည်ညိုသူတို့သည်လည်းကောင်း အမြတ်၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်၌ကြည်ညိုသူတို့အားမြတ်သောအကျိုးသည် ဖြစ်၏။ ဤ ၄-မျိုးတို့တည်းဟု မိန့်ပြီး-

စာမျက်နှာ-554


အမြတ်ဂုဏ်ကို သိကုန်၍ အမြတ်၌ ကြည်ညိုသူတို့အားလည်းကောင်း၊ ဘုရား တရား သံဃာ၌ ကြည်ညို ပေးလှူသူတို့အားလည်းကောင်း၊ မြတ်သောကောင်းမှုသည် တိုးပွား၏၊ မြတ်သော အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြံအရံများခြင်း၊ ကျော်စောခြင်း၊ ချမ်းသာခြင်းသည်လည်းကောင်း၊ ကိုယ်အား ဉာဏ်အားသည်လည်းကောင်း တိုးပွား၏၊ ရတနာသုံးပါးအား ပေးလှူတတ်သော ပညာရှိသော လူ နတ်သည် အမြတ်သို့ရောက်သည်ဖြစ်၍ မွေ့လျော်ရလေသတည်းဟု ဂါထာဖြင့်လည်း မိန့်။

၅-ဝဿကာရသုတ်

ဘုရားရှင် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးစဉ် ရောက်လာသော မဂဓတိုင်း၏အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားက ဘုရားရှင်အား တရား ၄-မျိုးနှင့် ပြည့်စုံသူကို မြတ်သော ပညာရှိ ယောက်ျားဟု ကျွန်ုပ်တို့ ပညတ်ကြပါ၏၊ တရား ၄-မျိုးမှာ-

ဤလောက၌ အကြင်သူသည် ထိုထို အကြားအမြင်ဖြင့် အကြားအမြင်များရှိ၏။ ဤသည်ကား ဤစကား၏ အနက်၊ ဤစကား၏ အဓိပ္ပာယ်တည်းဟု ထိုထို စကား၏ အနက်ကို သိ၏၊ သတိရှိ၏၊ ကြာမြင့်စွာက ပြုခဲ့သော အမှုစကားကို အောက်မေ့နိုင်၊ အပြန်ပြန်အောက်မေ့နိုင်၏။ လူမှုရေးရာတို့၌ ကျွမ်းကျင်၏၊ မပျင်းရိ၊ ပြုဖွယ်ကိစ္စတို့၌ သင့် မသင့်အကြောင်းကို ဆင်ခြင်နိုင်သော ဉာဏ်ရှိ၏။ ကိုယ်တိုင်ပြုစွမ်းနိုင်၏၊ သူတပါးကို စီမံစွမ်းနိုင်၏၊ ဤ ၄-မျိုးတို့ပါတည်း။ အကျွန်ုပ်တို့၏ စကား ကောင်းချီးခေါ်သင့်လျှင် အရှင်ဂေါတမသည် ကောင်းချီး ခေါ်တော်မူပါ၊ တားမြစ်သင့်လျှင် တားမြစ်တော်မူပါဘုရားဟု လျှောက်သည်။

ပုဏ္ဏား၊ ငါသည် သင့်စကားကို ကောင်းချီးလည်း မခေါ်၊ တားလည်း မတား၊ တရား ၄-မျိုးနှင့် ပြည့်စုံသူကို မြတ်သော ပညာရှိယောက်ျားဟု ငါဘုရား ပညတ်၏၊ တရား ၄-မျိုးမှာ-ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် လူအများ စီးပွားရှိရန်၊ ချမ်းသာရန် ကျင့်၏။

ထိုပုဂ္ဂိုလ်သည် လူများအပေါင်းကို ကောင်းသောသဘော အပြစ်မရှိသောသဘောဖြစ်သော အရိယမဂ်၌ တည်စေတတ်၏၊ ထိုပုဂ္ဂိုလ်သည် လိုသောအကြံကို ကြံ၏။ မလိုသော အကြံကို မကြံ၊ လိုသောအတွေးကို တွေး၏၊ မလိုသော အတွေးကို မတွေး၊ ဤသို့ ကြံစည်ခြင်း၌ စိတ်၏လေ့လာခြင်းသို့ ရောက်၏။

ဈာန် ၄-ပါးတို့ကို လိုတိုင်း မငြိုမငြင် မပင်မပန်း ရ၏၊ အာသဝေါကုန်ခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ဉာဏ်ထူးဖြင့် မျက်မှောက်ပြုကာ ရောက်လျက်နေ၏၊ ဤ ၄-မျိုးတို့တည်းဟု မိန့်။

စာမျက်နှာ-555


အရှင်ဂေါတမ၊ အံ့ဖွယ်သရဲ ထူးကဲပေစွ၊ အရှင်သည် ဤစကားကို ကောင်းစွာ ဟောအပ်ပါပေ၏၊ အကျွန်ုပ်တို့သည် အရှင့်ကို ဤ ၄-မျိုးတို့နှင့် ပြည့်စုံ၏ဟု မှတ်ပါကုန်၏၊ အရှင်ဂေါတမသည် လူအများ စီးပွားရှိရန် ချမ်းသာရန် ကျင့်၏။(လ)ရောက်လျက်နေရပါ၏ဟု လျှောက်သည်။

ပုဏ္ဏား၊ သင်သည် စင်စစ် ငါ့ဂုဏ်ကို ထိပါးပုတ်ခတ်လျက် ဤစကားကို ဆိုဘိ၏၊ အမှန်အားဖြင့် ငါသည်သာ သင့်အား ပြောကြားအံ့၊ ပုဏ္ဏား၊ ငါသည် လူများ စီးပွားရှိရန် ချမ်းသာရန် ကျင့်၏၊ (လ) ရောက်လျက်နေ၏ဟု မိန့်ပြီး-

အကြင်မြတ်စွာဘုရားသည် သတ္တဝါအားလုံး၏ သေမင်းကျော့ကွင်းမှ လွတ်ကြောင်း မဂ်တရားကို သိပြီး နတ်လူများ၏ စီးပွားဖြစ်သော အရိယာမဂ်တရားကို ထင်ရှားပြတော်မူ၏၊ ယင်းတရားကို စင်စစ် မြင်ရ ကြားရ၍ လူများ ကြည်ညိုကြ၏။
မဂ်ဟုတ်သည် မဟုတ်သည်၌ လိမ္မာသော မဂ်ကိစ္စ ပြုပြီးသော အာသဝေါ မရှိ၍ အဆုံးစွန်သောကိုယ်ကို ဆောင်သော ဘုရားရှင်ကို မြတ်သော ပညာရှိ ယောက်ျားဟု ဆိုအပ်၏ဟု ဂါထာအားဖြင့်လည်း မိန့်။ (ပုဏ္ဏားစကားကို လောကီဖြစ်၍ ကောင်းချီး မခေါ်၊ လောကီကျိုးယူ၍ တည်သောကြောင့် တားလည်း မတားဟု ဋ္ဌ၌ ဖွင့်သည်။)

၆-ဒေါဏသုတ်

ဥက္ကဋ္ဌမြို့နှင့် သေတဗျမြို့အကြား ဘုရားရှင် ခရီးရှည် ကြွတော်မူစဉ် အလားတူ ခရီးရှည် သွားသော ဒေါဏပုဏ္ဏားသည် ဘုရား၏ ခြေရာတော်တို့၌ အကန့်တတောင်ရှိသော အကွပ်ပုံတောင်းနှင့်တကွ ဖြစ်ကုန်သော အခြင်းအရာ အားလုံးစုံသော စက်လက္ခဏာများကို မြင်လေသော် “အချင်းတို့၊ အံ့ဖွယ်သရဲ ထူးကဲပေစွ၊ ဤခြေရာတို့သည် စစ်စစ် လူခြေရာတို့ မဖြစ်နိုင်ကုန်”ဟု အကြံဖြစ်၏။

ဘုရားရှင်လည်း လမ်းမှဖဲ၍ သစ်ပင်တပင်ရင်း တင်ပျဉ်ခွေထိုင် သီတင်းသုံးစဉ် ဒေါဏပုဏ္ဏားသည် ခြေရာတော် အစဉ်လိုက်လာရာ သစ်ပင်ရင်း၌ ကြည်ညိုဖွယ်ရှိသော ကြည်ညိုစိတ်ကို ဖြစ်စေနိုင်သော ငြိမ်သက်သော ဣန္ဒြေစိတ်ရှိသော မြတ်သော အရဟတ္တဖိုလ် ယင်းနှင့်ယှဉ်သော သမာဓိသို့ ရောက်လျက် ယဉ်ကျေးစောင့်စည်း ထိန်းသိမ်းပြီးသော ဣန္ဒြေရှိသော ဆင်ပြောင်ကြီးအလား ထိုင်နေသော ဘုရားကိုမြင်၍ ချဉ်းကပ်ပြီး အရှင်သည် နတ်ဖြစ်လိမ့်မည်လောဟု လျှောက်ရာ ငါသည် နတ်ဖြစ်လိမ့်မည်မဟုတ်ဟု မိန့်လိုက်သည်။

အရှင်သည် ဂန္ဓဗ္ဗနတ် ဘီလူး လူ ဖြစ်လိမ့်မည်လောဟု နောက်ထပ် ၃-ကြိမ် လျှောက်ပြန်ရာ ငါသည် လူဖြစ်လိမ့်မည် မဟုတ်ဟု ၃-ကြိမ်လုံး ပယ်၍ မိန့်တော်မူ

စာမျက်နှာ-556


လိုက်သည်။ အရှင်သည် နတ်စသည် ဖြစ်လိမ့်မည်လောဟု မေးလတ်သော် ငါသည် နတ်စသည် ဖြစ်လိမ့်မည်မဟုတ်ဟု ၃-ကြိမ်လုံးပယ်၍ မိန့်တော်မူ၏။ သို့ဖြစ်လျှင် အရှင်သည် ဘယ်သို့သောပုဂ္ဂိုလ် ဖြစ်ပါလိမ့်မည်နည်းဟု လျှောက်ပြန်သည်။

ပုဏ္ဏား၊ ငါသည် နတ်စသည်ဖြစ်ရာသော အာသဝေါတရားတို့ကို ပယ်နုတ်ပြီးပြီ နောင်တဖန် မဖြစ်ခြင်းသဘောရှိပြီ၊ ရေ၌ပေါက်၍ ရေ၌ကြီးသော ဥပ္ပလကြာ၊ ပဒုမ္မာကြာ၊ ပုဏ္ဍရိက်ကြာသည် ရေမှအထက်သို့တက်၍ ရေမလိမ်းကျံဘဲ တည်သကဲ့သို့ လောက၌ဖြစ်၍ လောက၌ ကြီးပွားသော ငါသည် လောကကို လွှမ်းမိုး၍ သင်္ခါရလောကနှင့် လိမ်းကျံ ကပ်ငြိခြင်းမရှိဘဲ နေ၏၊ ထို့ကြောင့် ငါ့ကို ဗုဒ္ဓဟု သိမှတ်လေဟု မိန့်ပြီး ဂါထာဖြင့်လည်း အလားတူ မိန့်တော်မူ၏။

မြို့ ၂-မြို့အမည် မီးရှူးတိုင်များ ထွန်းညှိ၍ မြို့တည်သောကြောင့် ဥက္ကဋ္ဌမြို့၊ လွန်ပြီးသော ကဿပဘုရား ဖွားမြင်သော မြို့ဖြစ်၍ သေတဗျမြို့မည်သည်။

ဘုရားရှင် ခရီးရှည်သွား ငါဘုရား ထိုလမ်းကို ခြေတော်ရာချသွားလျှင် ဒေါဏပုဏ္ဏားမြင်ပြီး ငါထိုင်ရာအထိလာ ပုစ္ဆာမေးလိမ့်မည်၊ ငါဘုရား တရားဟောသဖြင့် အနာဂါမ်ဖြစ်ကာ ပုဒ်တသောင်းနှစ်ထောင်ရှိ ဒေါဏပုဏ္ဏား ကြုံးဝါးချက် ဂုဏ်ကျေးဇူးကိုဆို၍ ငါဘုရား ပရိနိဗ္ဗာန်စံလျှင် ဇမ္ဗူဒိပ်တကျွန်းလုံး၌ ဖြစ်သော ငြင်းခုံပွဲကြီးကို ငြိမ်းစေပြီး ဓာတ်တော်များကို ဝေဖန်လိမ့်မည်ဟု မြင်၍ ကြွသည်။

ဒေါဏပုဏ္ဏား ခရီးသွား ဗေဒင် ၃-ပုံ လေ့လာပြီး တပည့် ၅၀၀-ကို ပို့ချပြီး နံနက်စောစောထ ကိုယ်လက်သုတ်သင်ကာ တသိန်းတန် ပုဆိုးဝတ်၊ ငါးရာတန် ကိုယ်ဝတ်ကိုရုံ၊ သဲကြိုးနီဖိနပ်ကိုစီး၍ တပည့် ၅၀၀-ခြံရံပြီး ထိုလမ်းကြွသည်။

ဘုရားရှင်နင်းတိုင်း ခြေတော်ရာမထင် သိမ်မွေ့အားကြီး လူများ သနားသောကြောင့်တည်း၊ ဋ္ဌ-ဘုရားရှင်တို့၏ အရေတော် သိမ်မွေ့ရကား နင်းရာအရပ်သည် လဲ ဝါဂွမ်း ထိရာအရပ်လိုဖြစ်သည်။ ထို့ကြောင့် မထင်၊ အားကြီးသောလေကဲ့သို့ လျင်မြန်သော သိန္ဓောမြင်း၏ ပဒုမ္မာကြာပေါ်၌ နင်းသွားသလို အားကြီးသောကြောင့် ဘုရားရှင် နင်းရာသည် နင်းသာဖြစ်၍မထင်၊ ဘုရားရှင်တို့၏ ခြေရာတော်ကို လူများနင်းဝံ့၊ ခရီးသွားပျက်မည်၊ ခြေရာထင်သော်မှ ကွယ်ပျောက်ရသည်၊ ထို့ကြောင့်တည်း။

ဘုရားအဓိဋ္ဌာန်ကြောင့် မည်သူမြင်စေဟု အဓိဋ္ဌာန်၍သာ မာဂဏ္ဍိယပုဏ္ဏားလို ဤဒေါဏပုဏ္ဏားလည်း မြင်ရသည်။
ဆင်ပြောင်အလား ဘုရားရှင် ဆန္ဒာဂတိ စသည်တို့သို့ မလိုက်၊ ပယ်ပြီး ကိလေသာ တဖန်ပြန်မလာ၊ အပြစ်ကိုမပြုတတ်၊ အားကြီးသောအနက်၊ ဤ ၄-ပါးတို့ကြောင့် နာဂသဒ္ဒါကို ဤသို့ ပြန်ဆိုပြန်သည်။

စာမျက်နှာ-557


အနာဂတ်ကိုမေးသောကြောင့် အရှင်ဘုရားသည် နတ်လောဟု မေးလျှင် ပြီးပါလျက် အနာဂတ်ပါဝင်ပြီး “နတ်ဖြစ်လိမ့်မည်လော” ဟု မေးခြင်းကြောင့် အမေးအားလျော်စွာ နတ်ဖြစ်လိမ့်မည်မဟုတ်ဟု ဖြေတော်မူသည်။

ဤသုတ်အဆုံးဝယ် ဘုရားရှင် ကြိုတင် မြင်တော်မူသည့်အတိုင်း ဒေါဏပုဏ္ဏား အနာဂါမ်ဖြစ်၊ ပုဒ်တသောင်း နှစ်ထောင်တို့ဖြင့် ဒေါဏပုဏ္ဏား ကြုံးဝါးချက်ဟူသော ဂုဏ်ချီးကျူးမှုများ ပြုလုပ်သည်၊ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူလတ်သော် ဇမ္ဗူဒိပ်တကျွန်းလုံးဖြစ်သော ငြင်းခုံပွဲကြီးကို ငြိမ်းစေပြီး ဓာတ်တော်များကို ဝေဖန်ပေးသည်။

၇-အပရိဟာနိယသုတ်

ဤသာသနာတော်၌ သီလနှင့်ပြည့်စုံခြင်း၊ ဣန္ဒြေတို့၌ ပိတ်ထားအပ်သော တံခါးရှိခြင်း၊ အစားအစာ၌ အတိုင်းအရှည်ကိုသိခြင်း၊ နိုးကြားမှု၌ ယှဉ်ခြင်းဟူသော တရား ၄-မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မဆုတ်ယုတ်ထိုက်၊ နိဗ္ဗာန်၏ အနီး၌သာ ဖြစ်၏၊ အဘယ်သို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံသနည်း၊ သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်းနေ၏၊ အကျင့်ကျက်စားရာနှင့် ပြည့်စုံ၏။ အပြစ်အနည်းငယ်တို့သော်လည်း ဘေး၌ရှုကာ သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ကျင့်၏၊ ဤသို့ ပြည့်စုံသတည်း။

အဘယ်သို့လျှင် ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိသနည်း၊ မျက်စိဖြင့် ရူပါရုံကိုမြင်သော် ယောက်ျား မိန်းမဟူသော အမှတ်နိမိတ်ကို စွဲယူလေ့မရှိ၊ လက် ခြေ စသော အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင်အကြောင်းကြောင့် စက္ခုန္ဒြေကိုမစောင့်စည်းဘဲနေသော ထိုရဟန်းကို အဘိဇ္ဈာ ဒေါမနဿဟု ဆိုအပ်ကုန်သော အကုသိုလ် တရားယုတ်တို့သည် အစဉ်လိုက်ကုန်ရာ၏၊ စက္ခုန္ဒြေကို စောင့်စည်းခြင်းငှာ ကျင့်၏။ စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။(ကြွင်းဒွါရအာရုံနည်းတူပင်။)ဤသို့ရှုသတည်း။

အဘယ်သို့လျှင် ရဟန်းသည် အစားအစာ၌ အတိုင်းအရှည်ကို သိသနည်း၊ ရဟန်းသည် သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ အစာစား၏။ မြူးထူး မာန်ယစ်ရန် တန်ဆာဆင်ရန်မစား၊ အရေအဆင်းဖွံ့ဖြိုးတိုးပွားရန် မစား၊ ဤခန္ဓာရှည်ကြာတည်တံ့ရန် မျှတရန်သာ၊ ဆာလောင်၍ ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်သာ၊ အကျင့်မြတ်ကို ချီးမြှောက်ရန်သာ အစာစား၏၊ ဤသို့စားခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်း၊ အပြစ်ကင်းခြင်း၊ ချမ်းသာစွာနေရခြင်း ဖြစ်ပေလိမ့်မည်ဟု အစာစား၏၊ ဤသို့ သိသတည်း။

စာမျက်နှာ-558


အဘယ်သို့လျှင် ရဟန်းသည် နိုးကြားမှု၌ယှဉ်သနည်း၊ နေ့အခါ စင်္ကြံသွားခြင်း၊ ထိုင်ခြင်း၊ ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော နီဝရဏတရားတို့မှ စိတ်ကိုသုတ်သင်၏၊ ညဉ့်ဦးယံ၌ စင်္ကြံသွားခြင်း၊ ထိုင်ခြင်းဖြင့် အလားတူသုတ်သင်၏၊ သန်းခေါင်ယံ၌ ခြေတဘက်၌ ခြေတဘက်ကို စဉ်းငယ်လွန်ကာတင်ထား၍ သတိပညာရှိကာ ထအံ့ဟူသောအမှတ်ကို နှလုံးသွင်းလျက် လက်ယာနံတောင်းဖြင့် မြတ်သော အိပ်ခြင်းကိုပြု၏၊ မိုးသောက်ယံ၌ စောစောထ၍ စင်္ကြံသွားခြင်း၊ ထိုင်ခြင်းဖြင့် အလားတူ သုတ်သင်၏။ ဤသို့ယှဉ်သတည်းဟု မိန့်ပြီး ဂါထာဖြင့်လည်း အဓိပ္ပာယ်တူ မိန့်။

၈-ပတိလီနသုတ်

သီးခြားဖြစ်သော ဒိဋ္ဌိသစ္စာတို့ကို နုတ်ပယ်ပြီးဖြစ်သော ရှာမှီးခြင်းကို လုံးဝစွန့်ပယ်ပြီးဖြစ်သော ကာယသင်္ခါရ ငြိမ်းပြီးဖြစ်သော ရဟန်းကို တယောက်တည်း ကိန်းအောင်းသူဟု ဆိုအပ်၏။ အဘယ်သို့လျှင် ရဟန်းသည် သီးခြားဖြစ်သော ဒိဋ္ဌိသစ္စာတို့ကို နုတ်ပယ်ပြီးဖြစ်သနည်း၊ သမဏ ဗြာဟ္မဏ များစွာတို့၏ သီးခြားဖြစ်သော သစ္စာများစွာတို့သည် ရှိကုန်၏၊ အဘယ်တို့နည်းဟူမူ-လောကသည်မြဲ၏။ မမြဲ၊ အဆုံးရှိ၏၊ မရှိ၊ ထိုအသက်သည်ပင် ထိုကိုယ်၊ အသက်တခြား ကိုယ်တခြား၊ သတ္တဝါသည် သေပြီးနောက်ဖြစ်၏၊ မဖြစ်၊ ဖြစ်လည်းဖြစ်၊ မဖြစ်လည်း မဖြစ်၊ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ် ဟူသည်တို့တည်း။ ထိုဒိဋ္ဌိသစ္စာအားလုံးတို့ကို ရဟန်းသည် နုတ်ပယ်ပြီး စွန့်ပြီးဖြစ်၏၊ ဤသို့ နုတ်ပယ်ပြီးဖြစ်၏။
အဘယ်သို့လျှင် ရှာမှီးခြင်းကို လုံးဝစွန့်ပယ်ပြီးဖြစ်သနည်း၊ ရဟန်းသည် ကာမဂုဏ်ကိုရှာမှီးခြင်းကို ဘဝကိုရှာမှီးခြင်းကို စွန့်ပယ်ပြီးဖြစ်၏၊ အကျင့်မြတ်ကို ရှာမှီးခြင်းသည် ငြိမ်း၏၊ ဤသို့ စွန့်ပယ်ပြီးဖြစ်၏။
အဘယ်သို့လျှင် ကာယသင်္ခါရငြိမ်းပြီး ဖြစ်သနည်း၊ ရဟန်းသည် စတုတ္ထဈာန်သို့ ရောက်၍နေ၏၊ ဤသို့ ငြိမ်းပြီးဖြစ်၏။

အဘယ်သို့လျှင် တယောက်တည်း ကိန်းအောင်းသနည်း၊ ရဟန်းသည် ငါဟူသော မာန်ကိုပယ်၏၊ နောင်တဖန် မဖြစ်ခြင်းသဘောရှိ၏၊ ဤသို့ ကိန်းအောင်းသည် မည်၏ဟု မိန့်ပြီး ဂါထာအားဖြင့်လည်း အဓိပ္ပာယ်တူမိန့်။

အသီးသီးပယ်သော မဂ်များ ကာမဂုဏ် ရှာမှီးခြင်းကို အနာဂါမိမဂ်ဖြင့်၊ ဘဝရှာမှီးခြင်းကို အရဟတ္တမဂ်ဖြင့် ပယ်တတ်သည်။ အကျင့်မြတ်မှာ လောကီကို အရဟတ္တမဂ်ဖြင့်ငြိမ်းသည်၊ ဒိဋ္ဌိဆိုင်ရာအကျင့်မြတ်ရှာမှီးမှုကို သောတာပတ္တိမဂ်ဖြင့် ငြိမ်းသည်၊ စတုတ္ထဈာန်ဖြင့် ကာယသင်္ခါရငြိမ်းပြီးသော ရဟန်းသည် ထွက်သက် ဝင်သက် ငြိမ်းပြီးသည်သာတည်း။

စာမျက်နှာ-559


၉-ဥဇ္ဇယသုတ်

ဥဇ္ဇယပုဏ္ဏားသည် ဘုရားရှင်ထံချဉ်းကပ်၊ ဝမ်းမြောက်ဖွယ်ပြောကြားပြီး သင့်ရာမှာ ထိုင်ကာဘုရားရှင်အား “အရှင်ဂေါတမသည်လည်း ယဇ်ပူဇော်ခြင်းကို ချီးမွမ်းသည် မဟုတ်ပါလော”ဟု လျှောက်ရာ ငါဘုရားသည် ယဇ်အားလုံးကို မချီးမွမ်း၊ သို့သော်လည်း ယဇ်အားလုံးကို မကဲ့ရဲ့၊ နွား၊ ဆိတ်၊ သိုး၊ ကြက်၊ ဝက် များကို သတ်ရ၊ သတ္တဝါ အထူးထူး အပြားပြား သေကျေပျက်စီးခြင်းသို့ ရောက်ကြရသော ယဇ်ကို မချီးမွမ်း၊ အကြောင်းမှာ ဤသဘောရှိသောယဇ်ကို ရဟန္တာများ၊ ရဟန္တာဖြစ်ရန် ကျင့်သူများ မချဉ်းကပ်ကုန်သောကြောင့်တည်း။

နွား၊ ဆိတ် စသည်မသတ်ရ၊ သတ္တဝါများစွာ မသေကျေ မပျက်စီးရသော အမြဲလှူနေကျ ဒါနနှင့် မျိုးရိုးစဉ်ဆက် အလှူ ယဇ်ကို ငါချီးမွမ်း၏၊ အကြောင်းမှာ ဤယဇ်သို့ ရဟန္တာများ ရဟန္တာဖြစ်ရန်၊ ကျင့်သူများ ချဉ်းကပ်ကြသောကြောင့်တည်းဟု မိန့်ပြီး အဿမေဓ၊ ပုရိသမေဓ၊ သမ္မာပါသ၊ ဝါဇပေယျ၊ နိရဂ္ဂဠယဇ်ဟူသော ပြုဖွယ်များစွာရှိကြသော ထိုယဇ်ကြီးများ အကျိုးမရှိကုန်၊ ယင်းယဇ်ကြီးများ၌ ဆိတ်၊ သိုး နွား များစွာသတ်ရသဖြင့် ရဟန္တာများ မချဉ်းကပ်ကြ။

သတ်ဖြတ်ညှဉ်းဆဲမှု မရှိ၊ အခါခပ်သိမ်း မျိုးရိုးစဉ်ဆက်လှူသော ရဟန္တာများလည်း ချဉ်းကပ်သော ယဇ်သည်သာ အကျိုးကြီးမြတ်၏၊ ပူဇော်သူအား မြင့်မြတ်သည်သာ ဖြစ်၍ ယုတ်ညံ့မှု မဖြစ်၊ ယဇ်သည်လည်း ပြန့်ပြော၍ နတ်များလည်း ကြည်ညိုကြ၏ဟု ဂါထာအားဖြင့်လည်း မိန့်။

အဿမေဓယဇ် မြင်းကိုသတ် ညှဉ်းဆဲရာ ယဇ်တည်း၊ ယဇ်တိုင် ၂၁-လုံးရှိ၏။ ယဇ်ပူဇော်ရာ မြေနှင့် ယောက်ျားကို ချန်၊ ကြွင်းစည်းစိမ်များ ပေးလှူသည်။

ပုရိသမေဓယဇ် ယောက်ျားကိုသတ် ညှဉ်းဆဲရာ ယဇ်တည်း၊ မြေနှင့်တကူ စည်းစိမ်အားလုံး ပေးလှူသည်။

သမ္မာပါသယဇ် ထမ်းပိုးပေါက်၌ ထမ်းပိုးကျည်း လှံတန်ကို ပစ်ချရာ ဖြစ်သော ယဇ်တည်း၊ နေ့စဉ် ထမ်းပိုးကျည်း လှံတန်ကို ပစ်ချ၊ ကျရာအရပ်၌ အရံအတား ပွတ်တိုင်ပြုကာ ရွှေ့ရသော ယဇ်တိုင်စသည်တို့ဖြင့် သရဿတီမြစ်၌ ငုပ်၊ ငုပ်ရာအရပ်မှ နောက်ဆုတ်သွားကာ ပူဇော်အပ်သော ယဇ်အားလုံး၏ အမည်ဖြစ်သည်။

ဝါဇပေယျယဇ် ဂါထာမန္တာန်စသည်ဖြင့် စီရင်အပ်သော ထောပတ်၊ ပျားရည် စသော အသောက် သောက်ရာဖြစ်သော ယဇ်တည်း၊ ဆိတ်၊ သိုးစသည် သားကောင် ၁၇-မျိုးဖြင့် ပူဇော်ရ၍ ယဇ်တိုင်မှာ ဥသျှစ်နှစ်တိုင် ဖြစ်သည်။

စာမျက်နှာ-560


နိရဂ္ဂဠယဇ် ဘဏ္ဍာတိုက် ကျီကြတို့၌ ပိတ်ထားသော တံခါးရွက် မရှိရသော ယဇ်တည်း၊ မြေနှင့် ယောက်ျားပါ စည်းစိမ်အားလုံးကို လှူသည်။ (သိမှတ်ဖွယ်အကျိုး ဘာမျှမရှိ၊ ရှုပ်ရုံသာဖြစ်၍ သင့်ရုံသာ ရေးသည်။)

၁၀-ဥဒါယီသုတ်

ဥဒါယီပုဏ္ဏားသည် ဘုရားရှင်ထံ ချဉ်းကပ်ပြီး သင့်ရာထိုင်နေကာ ဘုရားရှင်အား “အရှင် ဂေါတမသည်လည်း ယဇ်ပူဇော်ခြင်းကို ချီးမွမ်းသည် မဟုတ်ပါလော”ဟု လျှောက်ရာ “ငါသည် အလုံးစုံသောယဇ်ကိုချီးမွမ်းသည်မဟုတ်၊ သို့သော်လည်း မချီးမွမ်းသည်ကား မဟုတ် (ကဲ့ရဲ့သည်ကား မဟုတ်) သေးပေ၊ နွား၊ ဆိတ်စသည်ကို သတ်ရ၊ သတ္တဝါများစွာ သေကြေပျက်စီးရသော ယဇ်ကို မချီးမွမ်း၊ အကြောင်းမှာ ဤယဇ်သို့ ရဟန္တာ၊ ရဟန္တာဖြစ်အောင် ကျင့်သူများ မချဉ်းကပ်ကြသောကြောင့်တည်း။
နွား ဆိတ်စသည်ကို မသတ်ရ၊ သတ္တဝါများစွာ မသေကြေ မပျက်စီးရ၊ အမြဲလှူနေကျဒါနနှင့် မျိုးရိုးစဉ်ဆက် အလှူယဇ်ကို ငါချီးမွမ်း၏၊ အကြောင်းကား ဤယဇ်သို့ ရဟန္တာ၊ ရဟန္တာဖြစ်အောင် ကျင့်သူများ ချဉ်းကပ်ကြသောကြောင့်တည်းဟု မိန့်ပြီး-

ယဇ်၌လည်းကောင်း၊ ထိုမှတပါး ကုတ္တမင်း(သေသူအတွက်လှူ)၌လည်းကောင်း လှူဖွယ်ဝတ္ထုကို လျော်စွာပြု၍ အကျင့်မြတ်ကို ကျင့်ကုန်သော လယ်မြေကောင်းသဖွယ် အလှူခံတို့၌ ကြည်ညိုစိတ် ရှိသည်ဖြစ်၍ ပူဇော်၏၊ အလှူခံမြတ်တို့၌ ပူဇော်အပ်သော ယဇ်သည် ကောင်းစွာ ပေးလှူ ပူဇော်အပ်၊ ကောင်းစွာ ရောက်သည် မည်၏၊ ပြန့်ပြော၍ နတ်များလည်း ကြည်ညိုကြ၏။ သဒ္ဓါရှင် ပညာရှင်သည် လွှတ်လွှတ် စွန့်ကြဲသောစိတ်ဖြင့် ထိုယဇ်ကို ပူဇော်၍၊ ဆင်းရဲကင်း၍ ချမ်းသာရှိရာ ဘုံသို့ ကပ်ရောက်ရလေသတည်း။

၅-ရောဟိတဿဝဂ်၊ ၁-သမာဓိဘာဝနာသုတ်

သမာဓိပွားများမှု ၄-မျိုးတို့မှာ-ပွားများ လေ့လာအပ်သော် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရန်ဖြစ်သော သမာဓိ ပွားများမှု၊ ဒိဗ္ဗစက္ခု ဉာဏ်အမြင်ကို ရရန်ဖြစ်သော သမာဓိ ပွားများမှု၊ သတိသမ္ပဇဉ်အငှာဖြစ်သော သမာဓိ ပွားများမှု၊ အာသဝေါတရား ကုန်ရန်ဖြစ်သော သမာဓိ ပွားများမှုတို့တည်း။

မျက်မှောက် ချမ်းသာစွာနေရန် ပွားများမှုဟူသည် စတုတ္ထဈာန်သို့ ရောက်နေခြင်းတည်း။

စာမျက်နှာ-561


ဒိဗ္ဗစက္ခုဉာဏ်အမြင်ရရန် ပွားများမှု ဟူသည်...အရောင် အလင်းဟူသော အမှတ် သညာကို နှလုံးသွင်း၏။ နေ့ဟူသော အမှတ်သညာကို ဆောက်တည်၏၊ နေ့အခါ၌ ကဲ့သို့၊ ထို့အတူ ညဉ့်အခါ၌ ညဉ့်အခါ၌ကဲ့သို့၊ ထို့အတူ နေ့အခါ၌ အရောင်အလင်း ဟူသော အမှတ်သညာကို နှလုံးသွင်း၏၊ ဤသို့ ဟင်းလင်းဖြစ်သော မမြှေးမယှက်အပ်သော စိတ်ဖြင့် ဒိဗ္ဗစက္ခုဉာဏ် အရောင်အလင်းနှင့် တကွသော စိတ်ကို ပွားများ၏၊ ဤသို့ ပွားများမှုတည်း။

သတိသမ္ပဇဉ်အလို့ငှာ ပွားများမှုဟူသည်-ရဟန်းအား ဝေဒနာတို့သည် ထင်ထင်ရှားရှားဖြစ်၊ ဉာဏ်အားထင် ချုပ်ကုန်၏၊ သညာဝိတက်တို့သည် ထင်ထင်ရှားရှား ဖြစ်၊ ဉာဏ်အားထင် ချုပ်ကုန်၏၊ ဤသို့ ပွားများမှုတည်း။

အာသဝေါတရားများ ကုန်ရန် ပွားများမှုဟူသည်-ရဟန်းသည် ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာ ၅-ပါးတို့၌ ရုပ်သည် ဤမျှရှိ၏၊ ရုပ်ဖြစ်ခြင်းသည် ဤသို့ သဘောရှိ၏၊ ရုပ်ချုပ်ခြင်းသည် ဤသို့သဘောရှိ၏ စသည်ဖြင့် ခန္ဓာ ၅-ပါးတို့၏ အဖြစ်အပျက်ကို အဖန်ဖန် ရှုပွားခြင်းတည်း၊ ဤ ၄-ပါးတို့တည်း။ ဤပွားများမှုကို ရည်၍ ပါရာယနဝဂ်၊ ပုဏ္ဏကပြဿနာ၌-

အကြင်ပုဂ္ဂိုလ်အား “လောက၌ အယုတ်အမြတ်တို့ကို ဆင်ခြင်၍ တစုံတခုသော လောက၌ တုန်လှုပ်ခြင်းသည် မရှိ၊ ကိလေသာငြိမ်းပြီးသော အမျက်ထွက်မှု အခိုးမရှိသော ဆင်းရဲကြောင်း ကိလေသာမရှိသော မတပ်မက်သော ထိုရဟန်းသည် ပဋိသန္ဓေနေခြင်း၊ အိုခြင်းကို လွန်မြောက်ပြီဟု ငါဆို၏”ဟု ဖြေသည်။

၂-ပဉ္စဗျာကရဏသုတ်

ပြဿနာ ဖြေဆိုခြင်း ၄-မျိုးတို့မှာ ဧကန်ဖြေဆိုရမည့် ဧကံသဗျာကရဏီယပြဿနာ၊ ခွဲခြမ်းဝေဖန်၍ ဖြေဆိုရမည့် ဝိဘဇ္ဈဗျာကရဏီယပြဿနာ၊ ပြန်မေး၍ ဖြေဆိုရမည့် ပဋိပုစ္ဆာဗျာကရဏီယပြဿနာ၊ မဖြေဘဲ ထားရမည့် ဌပနီယဗျာကရဏီယပြဿနာတို့တည်းဟု မိန့်ပြီး—

ထိုထိုအရာ၌ ပြဿနာအားလျော်သော အဖြေကို သိသော ရဟန်းကို အမေး ၄-ပါး၌ လိမ္မာသောရဟန်းဟု ဆိုကြကုန်၏၊ သူတပါး မလွှမ်းမိုးနိုင်သော နက်နဲသော ပညာရှိသည် အကျိုးစီးပွားရှိရာ မရှိရာ ၂-ပါးစုံ၌ လိမ္မာသူ ဖြစ်၏၊ ပညာရှိသည် အကျိုးစီးပွားမဟုတ်သည်ကို ရှောင်ကြဉ်၏၊ အကျိုးစီးပွားကို ယူ၏၊ အကျိုး ၂-ပါးကို သိခြင်းကြောင့် ပညာရှိကို “ပဏ္ဍိတ”ဟု ဆိုအပ်၏။

စာမျက်နှာ-562


၃-ပဌမကောဓဂရုသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ-အမျက်ထွက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊ ကျေးဇူးချေဖျက်ခြင်းကို အလေးပြု၍... လာဘ်ရခြင်းကို အလေးပြု၍....အရိုအသေပြုမှု သက္ကာရကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်တို့တည်း။

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ-သူတော်ကောင်း တရားကို အလေးပြု၍ အမျက်ထွက်ခြင်းကို အလေးမပြုသော ပုဂ္ဂိုလ်၊ ...၍ သူ့ကျေးဇူးချေဖျက်ခြင်း၌ အလေးမပြုသော ပုဂ္ဂိုလ်....၍ လာဘ်ရခြင်းကို အလေးမပြုသော ပုဂ္ဂိုလ်၊ ...၍ အရိုအသေပြုမှု သက္ကာရကို အလေးမပြုသော ပုဂ္ဂိုလ်တို့တည်း။

အမျက်ထွက်ခြင်း စသည်ကို အလေးပြုသူ ရဟန်းများသည် ဘုရား၏ တရားတော်၌ မကြီးပွားကုန်၊ အကြင်ရဟန်းတို့သည်ကား သူတော်ကောင်းတရားကို အလေးပြုနေခဲ့ကြကုန်ပြီ၊ နေကြကုန်ဆဲ၊ ထိုရဟန်းများသာ ကြီးပွားကြ၏။

၄-ဒုတိယကောဓဂရုသုတ်

သူယုတ်တို့၏ တရား ၄-မျိုးမှာ-အမျက်ထွက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်း၊ သူ့ကျေးဇူးချေဖျက်ခြင်းကို...လာဘ်ရခြင်းကို...အရိုအသေပြုမှု သက္ကာရကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်းတို့တည်း။

သူတော်ကောင်းတရား ၄-မျိုးမှာ-သူတော်ကောင်းတရားကို အလေးပြု၍ အမျက်ထွက်ခြင်းကို အလေးမပြုခြင်း၊ သူတော်ကောင်း... သူ့ကျေးဇူး ချေဖျက်ခြင်းကို..ခြင်း၊ သူတော်ကောင်း... လာဘ်ရခြင်းကို..ခြင်း၊ သူတော်ကောင်း... အရိုအသေပြုမှု သက္ကာရကို အလေးမပြုခြင်းတို့တည်း။

အမျက်ထွက်ခြင်း စသည်ကို အလေးပြုသူ ရဟန်းများသည် လယ်ကောင်း၌ ပုပ်သော မျိုးစေ့ မကြီးပွားသကဲ့သို့ သူတော်ကောင်းတရား၌ မကြီးပွားကုန်၊ အကြင်ရဟန်းတို့သည်ကား သူတော်ကောင်းတရားကို အလေးပြုနေခဲ့ကြကုန်ပြီ၊ နေကြကုန်ဆဲ၊ ထိုရဟန်းများသာ အမေးသို့ အစဉ်လိုက်သော ဆေးပင်ကြီးပွားသကဲ့သို့ တရားတော်၌ ကြီးပွားကုန်သတည်း။

စာမျက်နှာ-563


၅-ရောဟိတဿသုတ်

မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရောဟိတဿနတ်သားသည် ညဉ့်ဦးယံအလွန် သန်းခေါင်ယံအချိန်၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိကာ တကျောင်းလုံး ကိုယ်အရောင်အဝါဖြင့် လင်းစေလျက် ဘုရားထံ ချဉ်းကပ်ရှိခိုး တနေရာရပ်လျက် “အရှင်ဘုရား၊ ပဋိသန္ဓေမနေရာ၊ မအို မသေရာ၊ မရွေ့လျောရာ၊ တဖန် မဖြစ်ရာသော လောက၏ အဆုံးကို ခြေဖြင့် သွားခြင်းဖြင့် သိမြင်ရန် ရောက်ရန် တတ်ကောင်းပါသလော”ဟု လျှောက်ရာ“သိအပ် မြင်အပ် ရောက်အပ်၏ဟုငါမဆို”ဟု ဘုရားရှင်က မိန့်လိုက်၏။

အရှင်ဘုရား၊ အံ့ဖွယ်သရဲ ထူးကဲပေစွ၊ ပဋိသန္ဓေမနေရာ စသည် သဘောရှိသော ယင်းလောက၏ အဆုံးကို ခြေဖြင့် သွားခြင်းဖြင့် သိအပ် မြင်အပ် ရောက်အပ်၏ဟု ငါမဆိုဟူသော ဤစကားကို အရှင်ဘုရားသည် အလွန်လျှင် ကောင်းစွာ ဟောအပ်ပါ၏။

အရှင်ဘုရား၊ ရှေး၌ ဖြစ်ဖူးသည်ကား တပည့်တော်သည် တန်ခိုးရှိ၍ ကောင်းကင်သွားနိုင်သော မုဆိုး၏သား ရောဟိတဿမည်သော ရသေ့ဖြစ်ခဲ့ပါသည်၊ တပည့်တော် လျင်မြန်ပုံမှာ လေးအတတ် သင်ကြားပြီး၍ လက်ကျင့်ရပြီးသော မင်းပွဲ၌ လေးပညာပြပြီးသော မြဲခိုင်သောလေးရှိသော လေးဆရာသည် မခဲယဉ်းသော မြားပေါ့ဖြင့် ထန်းပင်ရိပ်ကို ဖီလာလွန်စေသည့် ကာလနှင့်အမျှ စကြဝဠာတခုကို လွန်စေနိုင်သော လျင်မြန်ခြင်း ရှိခဲ့ပါသည်။

ခြေလှမ်းဖြစ်ပုံမှာ-အရှေ့သမုဒ္ဒရာမှ အနောက်သမုဒ္ဒရာကို လွန်စေနိုင်သော ဝေးက္ခာသောခြေလှမ်း ရှိခဲ့ဖူးပါသည်၊ ဤသို့သော လျင်မြန်ခြင်း ခြေလှမ်းနှင့် ပြည့်စုံသော တပည့်တော်အား“ငါသည် ခြေဖြင့်သွားခြင်းဖြင့် လောက၏အဆုံးသို့ ရောက်ရမည်”ဟု ဤသို့သောစိတ်အလို ဖြစ်ခဲ့ပါ၏။ အသက်တရာ အသက်ကြွင်းရှိသေးသော ထိုတပည့်တော်သည် အနှစ်တရာ အသက်ရှင်လျက် စားသောက်ချိန် ခဲလျက်ချိန်မှတပါး ကျင်ကြီးကျင်ငယ်စွန့်မှု၊ အိပ်စက်ပန်းဖြေ နားနေမှုမှတပါး အနှစ်တရာပတ်လုံးသွားခဲ့ရာ လောကအဆုံး မရောက်ဘဲ စကြဝဠာအကြား၌သာ သေရပါသည်။

အရှင်ဘုရား၊ အံ့ဖွယ်သရဲ ထူးကဲပေစွ၊ “ပဋိသန္ဓေမနေရာ စသည်သဘောရှိသော ယင်းလောက၏ အဆုံးကို သွားခြင်းဖြင့် သိမြင်အပ် ရောက်အပ်၏ဟု ငါမဆို”ဟူသောဤစကားကို အရှင်ဘုရားသည် အလွန်လျှင် ကောင်းစွာ ဟောတော်မူအပ်ပါပေ၏”ဟု လျှောက်၏။

ဒါယကာနတ်သား၊ ပဋိသန္ဓေမနေရာ (လ)လောက၏အဆုံးကို ခြေဖြင့်သွားခြင်းဖြင့် သိမြင်အပ် ရောက်အပ်၏ဟု ငါမဆို၊ လောက၏အဆုံး နိဗ္ဗာန်သို့ မရောက်ဘဲ ဝဋ်

စာမျက်နှာ-564


ဆင်းရဲ၏ အဆုံးပြုခြင်းကိုလည်း ငါမဆို၊ စင်စစ်အားဖြင့် သညာလည်း ရှိ၊ စိတ်လည်း ရှိသော တလံမျှလောက်သော ဤခန္ဓာကိုယ်၌သာလျှင် လောကကို လည်းကောင်း၊ လောက ဖြစ်ပေါ်ကြောင်းကို လည်းကောင်း၊ လောက၏ ချုပ်ရာနိဗ္ဗာန်ကို လည်းကောင်း၊ လောက၏ချုပ်ရာ နိဗ္ဗာန် ရောက်ကြောင်းအကျင့်ကို လည်းကောင်း ငါ ပညတ်၏ဟု မိန့်ပြီး ဂါထာအားဖြင့်လည်း အဓိပ္ပာယ်တူမိန့်သည်။

လောက၏အဆုံး ဘုရားရှင်က သင်္ခါရလောက၏ အဆုံးကိုရည်၍ မိန့်သည်။ နတ်သားကား စကြဝဠာ၏အဆုံးကိုမေးသည်၊ သို့သော်လည်း အမေးအဖြေညီသည်ဟု နတ်သားထင်ပြီး ရွှင်လန်းစွာ အံ့ဖွယ်သရဲ ထူးကဲပေစွစသည် လျှောက်သည်။

လေးအတတ်သင်ကြား ၁၂-နှစ်ပတ်လုံး သင်ကြားထားသည်၊ ထို့ကြောင့် တဥသဘမျှ၌လည်း သားမြီးဖျားကို ပစ်နိုင်စွမ်းရှိ၍ လက်ကျင့်ရပြီးလည်း ဖြစ်သည်။

အရှေ့သမုဒ္ဒရာမှ အနောက်သို့ အရွှေစကြဝဠာနှုတ်ခမ်း၌ တည်၍ ခြေဆန့်လျှင် အနောက်စကြဝဠာနှုတ်ခမ်းရေး လွန်ကျ၊ ဒုတိယခြေလှမ်းလျှင် တပါးသော စကြဝဠာနှုတ်ခမ်းရေး လွန်ကျသည်။

စားသောက်ချိန်မှတပါး မကြာပုံပြသည်။ ဆွမ်းခံချိန်ရောက်လျှင် ကမ်းနွယ်တံပူကိုခဲ၊ အနောတတ်အိုင် ခံတွင်းဆေး၊ အချိန်ရောက်လျှင် မြောက်ကျွန်း ဆွမ်းခံကြွ၊ စကြဝဠာမျက်နှာရစ်၌ ထိုင်ဆွမ်းစား၊ ခဏအပန်းဖြေပြီး တဖန်သွားသည်။

နှစ် ၁၀၀-အသက်ကြွင်းရှိ သက်တမ်းရှည်ချိန် ဖြစ်သည်၊ စကြဝဠာအဆုံး နှစ်တရာလုံးသွား မရောက်ဘဲသေ၊ ဤစကြဝဠာ၌ပင် ပြန်လာဖြစ်သည်။

တလံမျှသောဤခန္ဓာ မြက်ထင်းစသည်တို့၌ သစ္စာ ၄-ပါးကို ငါမပညတ်ဟု ပြ။

၆-ဒုတိယရောဟိတဿသုတ်

ပဌမသုတ်ဟောပြီးနောက် မြတ်စွာဘုရားသည် ထိုညဉ့်လွန်မြောက်သဖြင့် ရဟန်းများကို သန်းခေါင်ယံအချိန်၌ ရောဟိတဿနတ်သား လျှောက်ထားပုံ ဘုရားပြန်လည် မိန့်ကြားပုံများကို အပြည့်အစုံပြန်ဟောသည်။

၇-သုဝိရသုတ်

အလွန့်အလွန် ဝေးသောအရာ ၄-မျိုးမှာ-ကောင်းကင်နှင့် မြေကြီး၊ သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းနှင့် ဟိုမှာဘက်ကမ်း၊ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်၊ သူတော်ကောင်းတို့နှင့် သူယုတ်တို့၏ တရားတို့တည်း။

စာမျက်နှာ-565


အထက် ၃-မျိုးထက် စတုတ္ထအဝေးကို စင်စစ်အလွန်ဝေး၏ဟု ဆိုကုန်၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းသည် မပျက်စီးသော သဘောရှိ၏၊ သူတော်ကောင်းတရားတည်သမျှအတိုင်း မပျက်စီးသည်သာဖြစ်၏၊ သူယုတ်မာတို့နှင့် ပေါင်းဖော်ခြင်းသည် လျင်စွာပျက်စီး၏၊ ထို့ကြောင့် သူတော်ကောင်းတို့၏ တရားသည် သူယုတ်မာတို့မှ ဝေး၏။

ကောင်းကင်နှင့် မြေကြီး မြေကြီးမှ ကောင်းကင်မည်သည် မဝေးလှ၊ လက် ၂-သစ်မျှသာ ဖြစ်သော်လည်း မကပ်ငြိသောအနက်ကြောင့် အလွန့်အလွန် ဝေး၏ဟု ဆိုအပ်၏၊ သတိပဋ္ဌာန် ၄-ပါးစသော ဗောဓိပက္ခိယ ၃၇-ပါးကို သူတော်ကောင်းတရား၊ ၆၂-ပါးသော မိစ္ဆာအယူကို သူယုတ်မာတရားဟု သိ။

၈-ဝိသာခသုတ်

ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် ပဉ္စာလပုဏ္ဏေးမ၏ သား အရှင် ဝိသာခသည် စည်းဝေးရာအရပ်၌ ရဟန်းအပေါင်းကို သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်းမရှိသော အနက်ကို သိစေတတ်သော ဝဋ်ကင်းရာနိဗ္ဗာန်၌ အကျုံးဝင်သော ဝဋ်ကိုမမှီသော ယဉ်ကျေးသိမ်မွေ့သော တရားစကားဖြင့် အကျိုးစီးပွားကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေ၏။

ထိုအခါ ဘုရားရှင် ကြွလာ ထိုင်နေတော်မူပြီး ရဟန်းများကို ရဟန်းတို့၊ စည်းဝေးရာ ဇရပ်၌ အဘယ်ရဟန်းသည် သန့်ရှင်းသော တရားစကားဖြင့် တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေသနည်းဟု မိန့်တော်မူရာ အရှင်ဝိသာခပါဘုရားဟု ပြန်လျှောက်ကြသည်။

ဘုရားရှင်က-အရှင်ဝိသာခအား “ဝိသာခ၊ ကောင်း၏၊ ကောင်း၏၊ သင်သည် ကောင်းစွာသာလျှင် ရဟန်းအပေါင်းကို သန့်ရှင်းသောတရားစကားဖြင့် တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေပေ၏”ဟု မိန့်။

လူမိုက်တို့နှင့် ရောနှောသော ပညာရှိကို စကားမပြောမူမညာရှိဟု မသိကြကုန်၊ စကားပြောခဲ့လျှင်လည်း အမြိုက်နိဗ္ဗာန်ကို ဟောကြားသော်သာ ပညာရှိဟု သိကုန်၏။

လောကုတ္တရာတရားကို ဟောပြော ထွန်းလင်းစေရာ၏၊ အရိယာ သူတော်ကောင်းတို့၏ တံခွန်သဖွယ်ဖြစ်သော တရားကို ချီးမြှောက်ရာ၏၊ အရိယာ သူတော်ကောင်းများသည် ကောင်းစွာဟောအပ်သော တရားတံခွန်ရှိကုန်၏၊ တရားတော်သည် အရိယာသူတော်ကောင်းတို့၏ တံခွန်ပေတည်း။

စာမျက်နှာ-566


တံခွန်ဟူသည် အထက်သို့ မြင့်တက်သောကြောင့် လောကုတ္တရာတရား ၉-ပါးကို ခေါ်သည်။

၉-ဝိပလ္လာသသုတ်

သညာ၊ စိတ်၊ အယူ၏ ဖောက်ပြန်ခြင်း ၄-မျိုးတို့မှာ-မမြဲရာ၌ မြဲ၏ဟု သညာ စိတ် အယူ၏ ဖောက်ပြန်ခြင်း၊ ဆင်းရဲရာ၌ ချမ်းသာဟု သညာ စိတ် အယူ၏ ဖောက်ပြန်ခြင်း၊ အတ္တမဟုတ်ရာ၌ အတ္တဟုတ်၏ဟု သညာ စိတ် အယူ၏ ဖောက်ပြန်ခြင်း၊ မတင့်တယ်ရာ၌ တင့်တယ်၏ဟု သညာ စိတ် အယူ၏ ဖောက်ပြန်ခြင်းတို့တည်း။

သညာ စိတ် အယူ၏ မဖောက်ပြန်ခြင်း ၄-မျိုးတို့မှာ-မမြဲရာ၌ မမြဲဟု၊ ဆင်းရဲရာ၌ ဆင်းရဲဟု၊ အတ္တမဟုတ်ရာ၌ အတ္တမဟုတ်ဟု၊ မတင့်တယ်ရာ၌ မတင့်တယ်ဟု သညာ စိတ် အယူ၏ မဖောက်ပြန်ခြင်းတို့တည်းဟု မိန့်။

မိစ္ဆာဒိဋ္ဌိသည် ဖျက်ဆီးအပ်ကုန်သောစိတ် ပျံ့လွင့်ကုန်သော သညာ ဖောက်ပြန်သူတို့သည် မမြဲရာ၌ မြဲ၊ ဆင်းရဲရာ၌ ချမ်းသာ၊ အတ္တမဟုတ်ရာ၌ အတ္တ၊ မတင့်တယ်ရာ၌ တင့်တယ်၏ဟု အမှတ်ရှိကုန်၏။ ထိုလူတို့သည် မာရ်မင်း၏ ယောဂ ၄-ပါးနှင့် ယှဉ်ကုန်ရကား နိဗ္ဗာန်သို့ မရောက်ကုန်၊ ဖြစ်သေသို့ရောက်ကာ သံသရာသို့ သွားကြရကုန်၏။

အရောင်အလင်းကိုပြုကာ ပွင့်လာသော ဘုရားရှင်တို့သည် ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း သစ္စာ ၄-ပါးကို ပြကုန်၏၊ ထိုဘုရားတို့၏တရားကို ကြားနာရကုန်သည်ရှိသော် ထိုပညာရှိများသည် မိမိစိတ်ကို တဖန် ရကြကုန်သည်ဖြစ်၍ မမြဲရာကို မမြဲစသည်ဖြင့် အယူမှန်ကို ဆောက်တည်ကုန်သည်ဖြစ်၍ ဆင်းရဲအားလုံးကို လွန်မြောက်ကြကုန်သတည်း။

၁၀-ဥပက္ကိလေသသုတ်

လ နေတို့၌ ညစ်နွမ်းကြောင်း ၄-မျိုးမှာ-တိမ်တိုက်၊ ဆီးနှင်း၊ အခိုးနှင့်မြူ၊ ရာဟု အသူရိန်တို့တည်း။ ယင်းညစ်နွမ်းကြောင်း ၄-မျိုးတို့ဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက်၊ မတောက်ပ၊ မတင့်တယ်ကုန်။

ဤအတူသာလျှင် ရဟန်း ပုဏ္ဏားတို့၏ ညစ်နွမ်းကြောင်း ၄-မျိုးတို့မှာ- သေရည်သေရက် သောက်ကုန်လျက် မရှောင်ကြဉ်ကုန်သော ရဟန်း ပုဏ္ဏား အချို့တို့သည် ရှိကုန်၏၊ ဤသေအရက်ကို သောက်ခြင်းသည်လည်းကောင်း၊ မေထုန်အကျင့်ကို မှီဝဲလျက် မရှောင်ကြဉ်ကုန်သော ရဟန်း ပုဏ္ဏားအချို့တို့သည် ရှိကုန်၏၊ ဤမေထုန်မှီဝဲခြင်းသည်လည်းကောင်း၊ ရွှေငွေကိုသာယာကုန်လျက် ခံယူခြင်းမှမရှောင်ကြဉ်ကုန်သော

စာမျက်နှာ-567


ရဟန်း ပုဏ္ဏားအချို့တို့သည် ရှိကုန်၏၊ ဤရွှေငွေကို ကိုင်ခံသာယာခြင်းသည် လည်းကောင်း၊ မှားသောအသက်မွေးခြင်းဖြင့် အသက်မွေးကုန်လျက် မရှောင်ကြဉ်ကုန်သော ရဟန်း ပုဏ္ဏားအချို့တို့သည် ရှိကုန်၏၊ ဤမှားသော အသက်မွေးခြင်းသည် လည်းကောင်း ညစ်နွမ်းကြောင်းတည်း။ ယင်းညစ်နွမ်းကြောင်းတို့ဖြင့် ညစ်နွမ်းကုန်သော ရဟန်း ပုဏ္ဏားအချို့တို့သည် အရောင်မထွက် မတောက်ပ မတင့်တယ်ကုန်ဟု မိန့်။

ရာဂဒေါသတို့ဖြင့် ညစ်နွမ်းကုန်လျက် အဝိဇ္ဇာ အပိတ်ခံရကုန်သော ရဟန်းပုဏ္ဏားအချို့တို့သည် သေအရက်သောက်၊ မေထုန်မှီဝဲ၊ ရွှေငွေခံယူ၊ အသက်မွေးမှု မှားကာ အရောင်မထွက် မတောက်ပ မစင်ကြကုန်၊ မြူနှင့်တကွ ဖြစ်ကုန်၏၊ တောသမင်နှင့် တူကုန်၏၊ ထိုညစ်နွမ်းကြောင်းတို့ကို ဘုရားရှင် ဟောတော်မူ၏။

အမိုက်တိုက်ဖြင့် မြှေးယှက်ကာ တဏှာကျွန်ဖြစ်လျက် တဏှာကြိုးရှိသူတို့သည် ကြမ်းသောအတ္တဘောကို တိုးပွားစေလျက် ဘဝသစ်ကို တဖန် ယူကြကုန်သတည်း။

ရာဟုအသူရိန် ယင်းကား လ နေနှင့် ထိရောက်သော ညစ်နွမ်းကြောင်းဖြစ်၍ ရှေး ၃-မျိုးကား မထိရောက်သော ညစ်နွမ်းကြောင်းများ ဖြစ်ကြသည်၊ ရဟန်း ပုဏ္ဏားများအတွက် ဂုဏ်ရောင်မထွက် မတောက်ပ၊ မတင့်တယ်ခြင်းယူ။

၂-ဒုတိယသုတ် - ၅၀(၆)

၁-ပုညာဘိသန္ဒဝဂ်

၁-ပဌမ ပုညာဘိသန္ဒသုတ်

သာဝတ္ထိနိဒါန်း ကောင်းမှုအထုကုသိုလ်အယဉ် ၄-မျိုးတို့သည် ချမ်းသာကို ဆောင်တတ်၊ အာရုံကောင်းကို ပေးတတ်၊ ချမ်းသာကျိုးရှိ နတ်ပြည်၌ ဖြစ်စေတတ်ကုန်သည်ဖြစ်၍ အလိုရှိဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ်အလို့ငှာ၊ စီးပွားချမ်းသာ အလို့ငှာ ဖြစ်ကုန်၏။ ၄-မျိုးတို့မှာ-

အတိုင်းအရှည်မရှိသော အရဟတ္တဖိုလ်စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေသော ရဟန်းသုံးဆောင်သော သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးပစ္စည်း ဒါယကာ၏အတိုင်းအရှည်မရှိသော ကောင်းမှုအထု ကုသိုလ်အယဉ်တို့တည်း။

ဤကောင်းမှုအထု ကုသိုလ်အယဉ် ၄-မျိုးနှင့် ပြည့်စုံသော အရိယာ သာဝက၏ ကောင်းမှုပမာဏကို ဤမျှလောက်သာဟု ယူခြင်းငှာ မလွယ်၊ စင်စစ်အားဖြင့် မရေတွက်မနှိုင်းယှဉ်နိုင်သော ကြီးစွာသော ကောင်းမှုအစုဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏၊ မဟာသမုဒ္ဒရာ၌ “ဤမျှလောက် ကုမ္ဘစား ပမာဏရှိရေတို့”ဟူ၍ လည်းကောင်း၊ “ဤမျှလောက် ကုမ္ဘစား အရာ အထောင် အသိန်း ပမာဏရှိရေတို့”ဟူ၍လည်းကောင်း၊ ရေ၏

စာမျက်နှာ-568


ပမာဏကို ယူခြင်းငှာ မလွယ်၊ စင်စစ်အားဖြင့် မရေမတွက် မနှိုင်းယှဉ်နိုင်၊ ကြီးစွာသော ရေအစုဟူ၍သာ ရေတွက်ခြင်းသို့ရောက်သကဲ့သို့တည်း ဟု မိန့်။ ရေများစွာကို ဆောင်တတ်သော ကုမ္ဘစားစသည်ဖြင့် မနှိုင်းယှဉ်အပ်သော ပြင်းထန်သော အသံရှိသော ကြောက်ဖွယ်များစွာရှိသော ရတနာမြတ်တို့၏ တည်ရာလည်းဖြစ်သော သမုဒ္ဒရာသို့ လူပေါင်းများစွာတို့ မှီဝဲရာဖြစ်၍ တသွင်သွင် စီးနေကုန်သော မြစ်များစွာတို့သည် စီးဝင်ကပ်ရောက်ကုန်သကဲ့သို့-

ဤအတူ ထမင်း၊ အဖျော်၊ အဝတ်ပုဆိုး၊ အိပ်ရာ နေရာနှင့် အိပ်ရာလွှမ်းတို့ကို လှူတတ်သော ပညာရှိသို့(ရေကိုဆောင်တတ်သော မြစ်တို့သည် သမုဒ္ဒရာသို့ ကပ်ရောက်သကဲ့သို့) ကောင်းမှုအယဉ်တို့သည် စီးဝင်ကပ်ရောက်ကုန်သတည်း။

သင်္ကန်းသုံးဆောင်သည်မည်ပုံ သင်္ကန်းလျာအဝတ်ရ၍ အပ်ချည်စသည် မရှိသဖြင့် အဝတ်အတိုင်းထားစဉ်၊ ချုပ်ဆိုးစဉ်၊ ဝတ်ရုံစဉ်၊ ဟောင်း၍အိပ်ရာခင်း သုံးစဉ်၊ အိပ်ရာခင်းမသင့်၍ မြေအခင်းသုံးစဉ်၊ မလျော်တော့၍ ဆုတ်ဖြဲခြေသုတ်ဖုံပြုစဉ် တိုင်အောင် သုံးဆောင်သည်မည်သည်၊ ခြေသုတ်မဖြစ်၍ တံမြက်လှည်း လွှင့်ပစ်မှ ပြတ်စဲတော့သည်။

အတိုင်းအရှည်မရှိသော ကောင်းမှုအထု ဒါယကာ၏ ကုသိုလ်စေတနာများပုံကို မိန့်သည်။ မှန်၏၊ ရဟန္တာသည် ငါ့သင်္ကန်းကို ဝတ်ရုံ၏ဟု အဖန်ဖန်အောက်မေ့သောအားဖြင့်ဖြစ်သော စေတနာများခြင်းတည်း။

ဆွမ်းသုံးဆောင်ခြင်း ဆွမ်းစားပြီး ၇-ရက်မျှနေ၊ တခြားဆွမ်းမစားသမျှ ထိုဒကာ ဆွမ်းစားသည်မည်သည်။ တခုသော ကျောင်းနေရာ၌လည်း ည နေ့ နေရာစသည်တို့၌ စင်္ကြံသွားသော်လည်း တခြားကျောင်း မယူသေးသမျှ ထိုကျောင်းကိုပင် သုံးဆောင်သည်မည်သည်၊ ဆေးတမျိုးဖြင့် ရောဂါပျောက်သော် တခြားဆေး မစားသေးသမျှ ထိုဆေးကိုပင် သုံးဆောင်သည်မည်သည်။

၂-ဒုတိယ ပုညာဘိသန္ဒသုတ်

ကောင်းမှုအထု ကုသိုလ်အယဉ် ၄-မျိုးတို့သည် ချမ်းသာကိုဆောင်တတ် (လ) ချမ်းသာအလို့ငှာ ဖြစ်ကုန်၏၊ ၄-မျိုးတို့မှာ-

ဤသာသနာတော်၌ အရိယာသာဝကသည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် အရဟံ၊ တရားအားလုံးကို ကိုယ်တိုင် မှန်စွာ သိတော်မူသောကြောင့် သမ္မာ သမ္ဗုဒ္ဓ၊ အသိဉာဏ် အကျင့်နှင့် ပြည့်စုံတော်မူသောကြောင့် ဝိဇ္ဇာစရဏသမ္ပန္န၊ စကားကောင်းကို ဆိုတော်မူတတ်သောကြောင့် သုဂတ၊ လောကကို

စာမျက်နှာ-569


သိတော်မူတတ်သောကြောင့် လောကဝိဒူ၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသောကြောင့် အနုတ္တရောပုရိသဒမ္မသာရထိ၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသောကြောင့် သတ္ထာဒေဝ မနုဿာနံ၊ သစ္စာ ၄-ပါးကို သိတော်မူတတ်သောကြောင့် ဗုဒ္ဓ၊ ဘုန်းတန်ခိုး ကြီးတော်မူသောကြောင့်လည်း ဘဂဝါမည်တော်မူ၏”ဟု ဘုရားရှင်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံသော ပဌမ ကောင်းမှုအထု ကုသိုလ်အယဉ်သည် လည်းကောင်း၊

အရိယာသာဝကသည် “ဘုရားဟောကြား မြတ်တရားကား ကောင်းစွာဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်နိုင်သော၊ အခါမလင့် အကျိုးပေးတတ်သော၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော၊ မိမိ၏ကိုယ်ထဲ၌၊ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော အရိယာပညာရှိများသာ ကိုယ်စီ ကိုယ်ငှ သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း” ဟု တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံသော ဒုတိယကောင်းမှုအထု ကောင်းမှုအယဉ်သည် လည်းကောင်း၊

အရိယာသာဝကသည် “ဘုရားရှင်၏ တပည့်သား သံဃာတော်သည် ကောင်းစွာကျင့်၊ ဖြောင့်မတ်စွာကျင့်၊ မှန်စွာကျင့်၊ လျော်ကန်အောင် ကျင့်တော်မူပါပေ၏၊ ၄-စုံ ၈-ပါး တပည့်သား သံဃာတော်သည် အဝေးမှ ယူဆောင်၍မူလည်း ပေးလှူထိုက်ပါပေ၏၊ ဧည့်သည်ဖို့ စီမံထားသော ဝတ္ထုကိုလည်း ပေးလှူထိုက်ပါပေ၏။ တမလွန်ရှည်မြော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှာထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်တော်မူပါပေ၏” ဟု သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံသော တတိယ ကောင်းမှုအထု ကုသိုလ်အယဉ်သည်လည်းကောင်း၊

အရိယာသာဝကသည် မကျိုးမပေါက် မပြောက်မကျားကုန်သော တဏှာကျွန်အဖြစ်မှ တော်လှန်ကုန် ပညာရှိများ ချီးမွမ်းအပ်ကုန်သော မှားသောအားဖြင့် မသုံးသပ်အပ်၊ သမာဓိကို ဖြစ်စေတတ်ကုန်သော အရိယာများ နှစ်သက်အပ်သော သီလနှင့် ပြည့်စုံခြင်းဟူသော စတုတ္ထကောင်းမှုအထု ကုသိုလ်အယဉ်သည်လည်းကောင်း ချမ်းသာကိုဆောင်တတ် (လ) ချမ်းသာအလို့ငှာ ဖြစ်၏။ ဤ ၄-မျိုးတို့တည်း ဟု မိန့်။

ဘုရားရှင်၌ မတုန်လှုပ်သော သဒ္ဓါရှိသော ကောင်းမြတ်၍ အရိယာများ နှစ်သက်ချီးမွမ်းအပ်သော သီလရှိသော သံဃာတော်၌ ကြည်ညို၍ ဖြောင့်မတ်သော ဉာဏ်အမြင်ရှိသူကို မဆင်းရဲသူဟု လည်းကောင်း၊ ထိုသူ၏အသက်ရှင်နေခြင်းကို အချည်းနှီးမဟုတ်ဟု လည်းကောင်း ဆိုကုန်၏။

ထို့ကြောင့် ဘုရားရှင်၏ အဆုံးအမကို အောက်မေ့သော ပညာရှိသည် ယုံကြည်ခြင်းကို လည်းကောင်း၊ သီလကိုလည်းကောင်း၊ ကြည်ညိုခြင်းကိုလည်းကောင်း၊ သစ္စာ ၄-ပါး မြင်ခြင်းကိုလည်းကောင်း အားထုတ်ရာ၏။

စာမျက်နှာ-570


၃-ပဌမ သံဝါသသုတ်

ဘုရားရှင် မဓုရမြို့နှင့် ဝေရဉ္ဇာပြည်အကြား ခရီးရှည်ကြွစဉ် သူကြွယ် သူကြွယ်မ များစွာတို့လည်း မင်္ဂလာဆောင်ရန် ထိုလမ်းသွားကြရာ ခရီးလမ်းမှဖဲ၍ သစ်ပင်ရင်း၌ ထိုင်နေသော ဘုရားရှင်ကိုမြင်၍ ချဉ်းကပ်ရှိခိုး ထိုင်နေကြခိုက် ဘုရားရှင်က-

ဒါယကာတို့၊ အတူနေခြင်း ၄-မျိုးမှာ-သူသေလင်သည် သူသေမယားနှင့်၊ သူသေလင်သည် နတ်သမီးမယားနှင့်၊ နတ်သားလင်သည် သူသေမယားနှင့်၊ နတ်သားလင်သည် နတ်သမီးမယားနှင့် အတူ ပေါင်းသင်းနေ၏။

(၁) သူသေလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေပုံမှာ-ဤလောက၌ လင်သည် သူ့အသက်သတ်၊ မပေးသည်ကိုယူ၊ ကာမဂုဏ်တို့၌ အမှားကျင့်၊ မမှန်စကားပြော၊ သေအရက်ကို သောက်လေ့ရှိ၏။ သီလမရှိ၊ သဘောယုတ်၏၊ ဝန်တိုမှုအညစ်အကြေး နှိပ်စက်သောစိတ်ဖြင့် အိမ်၌နေ၏။ ရဟန်း ပုဏ္ဏားတို့ကို ဆဲရေး ခြိမ်းခြောက်တတ်၏၊ ထိုလင်၏မယားသည်လည်း သူ့အသက်ကို သတ်လေ့ရှိ၏၊(လ) ခြိမ်းခြောက်တတ်၏၊ ဤသို့ ပေါင်းသင်းနေ၏။

(၂) သူသေလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေပုံမှာ လင်သည် သူ့အသက်ကို သတ်လေ့ရှိ၏၊ (လ) ခြိမ်းခြောက်တတ်၏၊ ထိုသူ၏ မယားသည်ကား သူ့အသက်မသတ်၊ မပေးသည်ကိုမယူ၊ ကာမဂုဏ်တို့၌ အမှားမကျင့်၊ အမှားမပြော၊ သေအရက်မသောက်၊ သီလရှိ၏၊ သဘောကောင်း၏၊ ဝန်တိုမှုအညစ်အကြေး ကင်းသောစိတ်ဖြင့် အိမ်၌နေ၏။ ရဟန်း ပုဏ္ဏားတို့ကို မဆဲရေး မခြိမ်းခြောက်တတ်၊ ဤသို့ ပေါင်းသင်းနေ၏။

(၃) နတ်သားလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေပုံမှာ-လင်သည် သူ့အသက်မသတ်၊ (လ) မခြိမ်းခြောက်တတ်၊ ထိုလင်၏မယားသည်ကား သူ့အသက်ကို သတ်လေ့ရှိ၏။ (လ) ခြိမ်းခြောက်တတ်၏၊ ဤသို့ ပေါင်းသင်းနေ၏။

(၄) နတ်သားလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေပုံမှာ-လင်သည် သူ့အသက်မသတ်၊ (လ) မခြိမ်းခြောက်တတ်၊ ထိုလင်၏ မယားသည်လည်း သူ့အသက်မသတ်၊ (လ) မခြိမ်းခြောက်တတ်၊ ဤသို့ ပေါင်းသင်းနေ၏၊ ဤ ၄-မျိုးတို့တည်းဟု မိန့်။

ထိုလင်မယား ၂-ဦးလုံးတို့သည်ပင် သဒ္ဓါပြည့်စုံ အလှူခံတို့၏ စကားအဓိပ္ပာယ်ကိုလည်း သိကုန်၊ ကိုယ် နှုတ် နှလုံး စောင့်စည်းကုန်၏ ထိုလင်မယားတို့သည် အချင်းချင်း ချစ်ဖွယ်စကား ပြောကြလျက် တရားသဖြင့် အသက်မွေးကြ၏။ သီလတူ-

စာမျက်နှာ-571


ကုန်သော လင်မယားတို့အား အကျိုးများကုန်၏၊ ချမ်းသာစွာ နေရခြင်းလည်း ဖြစ်၏၊ ရန်သူတို့ နှလုံးမသာဖွယ်ဖြစ်ကုန်၏။ အကျင့် သီလတူကြသော လင်မယားတို့သည် ဤလူ့ဘဝ၌ တရားကျင့်ကြ၍ နတ်လောက၌ ကာမဂုဏ် အားလုံးတို့ကို လိုတိုင်းရကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန်သတည်း။

သူသေနှင့် နတ်မည်ပုံ - ဂုဏ်သေသောကြောင့် သူသေယောက်ျား၊ သူသေမိန်းမ ဆိုအပ်သလို နတ်ဖြစ်ကြောင်းဂုဏ်ရှိ၍ နတ်သား နတ်သမီးဟု ဆိုသည်။ ဆဲရေးကြောင်း ၁၀-မျိုးတို့ဖြင့် ဆိုသည်ကား ဆဲရေးခြင်း၊ ဘေးကို ပြသည်ကား ခြိမ်းခြောက်ခြင်း မည်သည်။

၄-ဒုတိယသံဝါသသုတ်

ပဌမသုတ်၌ သူကြွယ်များကို တရားနာခံထား၍ ငါးပါးသီလသာ ဟောသည်၊ ဤသုတ်၌ကား ရဟန်းတော်များအား ကမ္မပထ ၁၀-ပါးနှင့်စပ်၍ သူသေလင် သူသေမယားစသည်ဖြင့် ဟောသည်၊ ၂-သုတ်လုံး လူ့ကျင့်ဝတ်သာဖြစ်၏၊ သောတာပန် သကဒါဂါမ်တို့နှင့်လည်း သင့်သည်သာ။

၅-၆-ပဌမ ဒုတိယ သမဇီဝိသုတ်

ဘုရားရှင် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့သားတို့အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ သီတင်းသုံးတော်မူစဉ် နံနက်အခါ နကုလပိတာသူကြွယ်အိမ် ချဉ်းကပ်ထိုင်နေတော်မူသော ဘုရားရှင်အား နကုလပိတာသူကြွယ်က- “အရှင်ဘုရား၊ တပည့်တော်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတာသူကြွယ်မကို ထိမ်းမြားယူဆောင်ခဲ့သည်မှစ၍ စိတ်မျှဖြင့်လည်း သူကြွယ်မကို လွန်၍ ကျင့်မိသည်ဟု မသိစဖူးပါ၊ ကိုယ်ဖြင့်မူထား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း ရှုမြင်လိုပါကုန်၏”ဟု လျှောက်၏။

နကုလမာတာ သူကြွယ်မကလည်း- “အရှင်ဘုရား၊ နကုလပိတာ သူကြွယ်သည် ငယ်စဉ်ကပင် ငယ်သူတပည့်တော်မကို ထိမ်းမြားယူဆောင်ခဲ့သည်မှစ၍ စိတ်ဖြင့်မျှလည်း နကုလပိတာသူကြွယ်ကိုလွန်၍ (လ) ရှုမြင်လိုပါကုန်၏”ဟု လျှောက်၏။

ဒါယကာတို့၊ လင်မယား ၂-ဦးတို့သည် ခုဘဝရော နောင်ဘဝပါ အချင်းချင်းရှုမြင်လိုကုန်ငြားအံ့၊ ၂-ဦးလုံးတို့သည် တူမျှသော သဒ္ဓါ၊ သီလ၊ စွန့်ကြဲမှု၊ ပညာရှိကုန်ရာ၏၊ ယင်းသို့ဖြစ်သော် ရှုမြင်ကြရကုန်လတ္တံ့ဟု မိန့်ပြီး ပဌမသံဝါသသုတ် နောက် ၃-ဂါထာလည်း မိန့်သည်။

စာမျက်နှာ-572


နကုလပိတာအိမ်ကြွ - ဤဘဂ္ဂတိုင်း ကြွခြင်းကား ဤလင်မယားချီးမြှောက်ခြင်းငှာ ဖြစ်သည်၊ ချွဲ-နကုလပိတာကား ဘုရားရှင်၏ဖခင် ဘကြီး ဘထွေး ဘဝ ၅၀၀-စီ ပေါင်း ၁၅၀၀-ဖြစ်ခဲ့ဖူး၍ နကုလမာတာလည်း မိခင် မိကြီး မိထွေး ၅၀၀-စီ ပေါင်း ၁၅၀၀-ဘဝပေါင်းတော်စပ်ခဲ့ရကား ဘုရားရှင်ကို မြင်ချိန်မှစ၍ သားလိုချစ်ကာ “ဟင်-သားပါလား၊ ဟင်-သားပါလား”ဟု နွားသားငယ်ကိုမြင်၍ သားချစ်သော နွားမကြီးကဲ့သို့ ဆိုမြည်ကာချဉ်းကပ် ပဌမဖူးမြင်ခြင်းဖြင့်ပင် သောတာပန်ဖြစ်ကြသည်၊ အိမ်၌လည်း ရဟန်း ၅၀၀-အတွက် အမြဲနေရာခင်းထား၏၊ ဒုတိယသုတ်ကား ရဟန်းတော်များအား ဟောတော်မူသည်။

၇-သုပ္ပဝါသာသုတ်

ဘုရားရှင်ကောလိယ ဇနပုဒ် ကောလိယမင်းတို့၏ ပဇ္ဇနိကနိဂုံး၌ သီတင်းသုံးတော်မူစဉ် နံနက်အချိန် ကောလိယမင်းသမီး သုပ္ပဝါသာ ကပ်လှူသောဆွမ်းကို ဘုဉ်းပေးအပြီး သုပ္ပဝါသာ မင်းသမီးအား ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်မသည် အလှူခံပုဂ္ဂိုလ်တို့အား အသက်၊ အဆင်း၊ ချမ်းသာ၊ ခွန်အား၊ ဤ ၄-မျိုးကို ပေးလှူသည်မည်၏။ အသက်ကို ပေးလှူသည်မည်ခြင်းကြောင့် နတ်သက်သော်လည်းကောင်း၊ လူသက်သော်လည်းကောင်း ရှည်ရန်ဖြစ်၏။ အဆင်းကို...ကြောင့် နတ်အဆင်း လူအဆင်းလှရန်ဖြစ်၏။ ချမ်းသာကို... ကြောင့် နတ်ချမ်းသာ လူချမ်းသာ ရရန်ဖြစ်၏။ ခွန်အားကိုပေးလှူသည် မည်ခြင်းကြောင့် နတ်ခွန်အား သော်လည်းကောင်း၊ လူခွန်အားသော်လည်းကောင်း၊ ကြီးရန်ဖြစ်၏ဟု မိန့်။

၈-သုဒတ္တသုတ်ကို အနာထပိဏ်သဌေးအား လည်းကောင်း၊ ၉-ဘောဇနသုတ်ကို ရဟန်းတော်များအား လည်းကောင်း ဆွမ်းလှူကျိုး ၄-ပါးကိုပင် ဟောတော်မူသည်။

၁၀-ဂိဟိသာမီစိသုတ်

အနာထပိဏ်သဌေးအား ဘုရားရှင်က “တရား ၄-မျိုးနှင့် ပြည့်စုံသော အရိယာတပည့်သည် အခြံအရံ အကျော်အစောကိုရစေတတ်၊ နတ်ပြည်၌လည်း ဖြစ်စေတတ်သော လူတို့အားလျော်သော ကျင့်ဝတ်ကို ကျင့်သည်မည်၏၊ ၄-မျိုးမှာ-ဤသာသနာတော်၌ အရိယာတပည့်သည် ရဟန်း သံဃာသို့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးအသုံးအဆောင်ဖြင့် ရှေးရှုကပ်၍ တည်ခြင်း ဝါ၊ လှူခြင်းတို့တည်း”ဟု မိန့်။ (သုပ္ပဝါသာသုတ်မှ စ၍ ဤသုတ်အထိ ၄-သုတ်လုံး လူ့ကျင့်ဝတ်ကို ဟောသည်၊ သောတာပန် သကဒါဂါမ်တို့အားလည်း သင့်သည်သာ။)

စာမျက်နှာ-573


(၇) ၂-ပတ္တကမ္မဝဂ်၊ ၁၊ ပတ္တကမ္မသုတ်

ဘုရားရှင်က အနာထပိဏ်သဌေးအား ဒါယကာ၊ လောက၌ အလိုရှိအပ်၊ နှစ်သက်အပ်၊ မြတ်နိုးအပ်၊ ခဲယဉ်းသဖြင့် ရအပ်သော တရား ၄-မျိုးမှာ-
(၁) ငါ့အား တရားနှင့်အညီ စည်းစိမ်တို့သည် ဖြစ်စေကုန်သတည်း။

(၂) တရားနှင့်အညီ စည်းစိမ်တို့ရ၍ အဆွေအမျိုး အဆွေခင်ပွန်းတို့နှင့် တကွ ငါ့အား အခြံအရံသည် ရောက်လာစေသတည်း။

(၃) တရားနှင့်အညီ စည်းစိမ်တို့ရ၍ ဆွေမျိုး ခင်ပွန်းတို့နှင့် တကွ အခြံအရံကို ရ၍ ကြာမြင့်စွာ အသက်ရှည်လို အသက်ကို စောင့်ရှောက်လို၏။

(၄) တရားနှင့်အညီ စည်းစိမ်တို့ရ၍ ဆွေမျိုး ခင်ပွန်းတို့နှင့် တကွ အခြံအရံကို ရ၍ ကြာမြင့်စွာ အသက်ရှည်၍ ရှည်သောအသက်ကို စောင့်ရှောက်၍ သေသည်မှနောက် နတ်ပြည်၌ ဖြစ်ရလို၏၊ ဤ ၄-မျိုးတို့တည်း။

ဤအကျိုးတရား ၄-မျိုးတို့ကို ရရန် အကြောင်းတရား ၄-မျိုးတို့မှာ- သဒ္ဓါ၊ သီလ၊ စွန့်ကြဲမှု၊ ပညာနှင့် ပြည့်စုံခြင်းတို့တည်း။

(၁) သဒ္ဓါနှင့် ပြည့်စုံခြင်းဟူသည်- ဤသာသနာတော်၌ အရိယာတပည့်သည် သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့်လည်း အရဟံမည်တော်မူ၏၊ (လ) ဘဂဝါ မည်တော်မူ၏”ဟု ဘုရားရှင်၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်ခြင်းတည်း။ (ဂုဏ်တော် ၉-ပါး အပြည့်အစုံကို ဒုတိယပုညာဘိသန္ဒသုတ်ကြည့်။)

(၂) သီလနှင့် ပြည့်စုံခြင်းဟူသည်- သူ့အသက် မသတ်၊ (လ) သေအရက် မသောက် ရှောင်ကြဉ်ခြင်းတည်း။

(၃) စွန့်ကြဲခြင်းနှင့် ပြည့်စုံခြင်းဟူသည်- ဝန်တိုမှု အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ လွတ်လွတ် စွန့်ကြဲ၏၊ ဆေးကြောအပ်သော လက်ရှိ၏၊ စွန့်ကြဲမှု၌ မွေ့လျော်၏၊ အတောင်းခံရန် အသင့်ဖြစ်၏၊ ပေးကမ်းခွဲဝေမှု၌ မွေ့လျော်၏၊ ဤသို့ မွေ့လျော်ခြင်းတည်း။

(၄) ပညာနှင့် ပြည့်စုံခြင်းဟူသည်- အဘိဇ္ဈာ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာ နှိပ်စက်သော စိတ်ဖြင့် နေသူသည် မပြုသင့်သော အမှုကို ပြု၏၊ ပြုသင့်သော အမှုကို ပျက်ကွက်စေ၏၊ မပြုသင့်သော အမှုကို ပြု၍ ပြုသင့်သော အမှုကို ချွတ်ယွင်းစေသောကြောင့် အခြံအရံမှ လည်းကောင်း၊ ချမ်းသာမှလည်းကောင်း ဆုတ်ယုတ် ပျက်စီး၏။

စာမျက်နှာ-574


အရိယာတပည့်သည် “အဘိဇ္ဈာစသော ၅-ပါးသည် စိတ်၏ ညစ်ညူးကြောင်းတည်း”ဟု သိ၍ ထို ၅-ပါးကို ပယ်စွန့်၏၊ အကြင်အခါ၌ ပယ်စွန့်ပြီး ဖြစ်၏၊ ထိုအခါ ဤသို့သော အရိယာတပည့်ကို ကြီးသော ပြန့်ပြောသော ပညာရှိသူ၊ ထင်ရှားစွာ မြင်တတ်သော ပညာနှင့် ပြည့်စုံသူဟု ဆိုအပ်၏။ ဤပညာနှင့် ပြည့်စုံခြင်းတည်း။

ထိုအရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့် ယှဉ်ကုန် တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် လျောက်ပတ်သော အမှု ၄-မျိုးတို့ကို ပြုတတ်၏။ ၄-မျိုးမှာ-

(၁) အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ (လ) စည်းစိမ်တို့ဖြင့် မိမိကိုယ်ကို လည်းကောင်း၊ မိဘများကိုလည်းကောင်း၊ သားမယား ကျွန်အမှုလုပ်သော ယောက်ျားများကို လည်းကောင်း၊ ဆွေမျိုး ခင်ပွန်းများကို လည်းကောင်း ချမ်းသာနှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်၏၊ ဤကား ထိုအရိယာတပည့်၏ ပဌမသင့်သော အကြောင်းသို့ ရောက်သော ဖြစ်သင့်သော အရာသို့ ရောက်သော သင့်သော အကြောင်းအားဖြင့် သုံးဆောင်အပ်သော စည်းစိမ်ဖြစ်၏။

(၂) အရိယာတပည့်သည် လက်ရုံးအားကိုး (လ) စည်းစိမ်တို့ဖြင့် မီး ရေ မင်း ခိုးသူ မချစ်မနှစ်သက်အပ်သူ အမွေခံဆိုးတို့ကြောင့် ဖြစ်ကုန်သော ထိုသဘောရှိသော ဘေးရန်တို့၌ ထက်ဝန်းကျင်မှ ပိတ်ဆို့၍ဖြစ်၏၊ မိမိကိုယ်ကို ချမ်းသာအောင် ပြု၏၊ ဤကား ထိုအရိယာတပည့်၏ ဒုတိယသင့်သော (လ) စည်းစိမ်ဖြစ်၏။

(၃) အရိယာတပည့်သည် လက်ရုံးအားကိုး (လ) စည်းစိမ်တို့ဖြင့် ဆွေမျိုးအား ပြုအပ်သော ပူဇော်ခြင်းကို လည်းကောင်း၊ ဧည့်သည်တို့အား၊ ရှေး၌ သေပြီးသော ဆွေမျိုးတို့အား၊ မင်းအား၊ နတ်အား ပြုအပ်သော ပူဇော်ခြင်းကိုလည်းကောင်း ဤသို့ ပူဇော်ခြင်း ၅-မျိုးကို ပြုတတ်၏၊ ဤကား ထိုအရိယာတပည့်၏ တတိယသင့်သော (လ) စည်းစိမ်ဖြစ်၏။

(၄) အရိယာတပည့်သည် လက်ရုံးအားကိုး (လ) စည်းစိမ်တို့ဖြင့် မာန်ယစ်မေ့လျော့ခြင်းမှ ကြဉ်ကုန်သော သည်းခံခြင်း ကောင်းမှု၌ မွေ့လျော်ခြင်း၌ တည်ကုန်သော တယောက်တည်းသော မိမိကိုယ်ကို ဆုံးမကုန်သော တခုတည်းသော မိမိစိတ်ကို ကိလေသာမှ ငြိမ်းစေကုန်၊ ကိလေသပရိနိဗ္ဗာန်အားဖြင့် ငြိမ်းအေးစေကုန်သော သဘောရှိသည့် သမဏဗြာဟ္မဏတို့၌ အထက်အထက်ဘုံသို့ သွားကြောင်းဖြစ်သော နတ်ပြည်၏ အစီးအပွားဖြစ်သော ချမ်းသာကျိုးရှိသော ကောင်းမြတ်သောအာရုံကို ဖြစ်စေတတ်သော မြတ်သောအလှူတို့ ဖြစ်စေ၏၊ ဤကား ထိုအရိယာတပည့်၏ စတုတ္ထသင့်သော အကြောင်းသို့ရောက်သော (လ) စည်းစိမ်ဖြစ်၏။

စာမျက်နှာ-575


ဒါယကာ၊ မည်သူ့အားမဆို ဤလျောက်ပတ်သော အမှု ၄-မျိုးတို့ကို ပယ်ထား၍ စည်းစိမ်တို့သည် ကုန်ခန်းခြင်းသို့ ရောက်ကုန်အံ့၊ ဤစည်းစိမ်တို့သည် မသင့်သော အကြောင်းသို့ရောက်သော၊ မလျော်သောအရာသို့ ရောက်သော၊ မသင့်သောအကြောင်းအားဖြင့် သုံးဆောင်အပ်သော စည်းစိမ်တို့ဟူ၍ ဆိုအပ်ကုန်၏။

မည်သူအားမဆို ဤလျောက်ပတ်သောအမှု ၄-မျိုးတို့ဖြင့် စည်းစိမ်တို့သည် ကုန်ခန်းခြင်းသို့ ရောက်ကုန်အံ့၊ ဤစည်းစိမ်တို့ကို သင့်သောအကြောင်းသို့ ရောက်သော သင့်သောအရာသို့ ရောက်သော၊ သင့်သောအကြောင်းအားဖြင့် သုံးဆောင်အပ်သော စည်းစိမ်တို့ဟု ဆိုအပ်ကုန်၏”ဟု မိန့်ပြီး ဂါထာအားဖြင့်လည်း အတူမိန့်။

ဤသုတ် ဆောင်ပုဒ်ကို မင်းကွန်း ဓမ္မနာဒ ဆရာတော်ကြီးက-
ဥစ္စာစီးပွား ခြံရံများ၊ ရှည်လျားသက်ဇီဝ။
သေလျှင်သော်ကား၊ နတ်ရွာလား၊ ၄-ပါး ရခဲလှ။
သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ၊ သမ္ပဒါ ၄-ဖြာရကြောင်းပြ။
ကိုယ်လည်းသုံးဆောင်၊ ဘေးလွတ်အောင်ပြု၊ ငါးခုဗလိ၊ ပူဇော်ဘိ၍၊ ဒက္ခိဏာမည်၊ လှူဝတ်တည်၊ ၄-လီပတ္တ မြတ်ကမ္မ-
ဟု သီကုံးတော်မူသည်။

၂-အာနဏျသုတ်

အနာထပိဏ်သဌေးကြီးအား ဘုရားရှင်က ကာမဂုဏ် ခံစားသောလူသည် သင့်လျော်သော အချိန်အခါကိုစွဲ၍ ရအပ်သော ချမ်းသာ ၄-မျိုးမှာ- ရှိမှုချမ်းသာ၊ သုံးဆောင်မှုချမ်းသာ၊ ကြွေးကင်းမှုချမ်းသာ၊ အပြစ်ကင်းမှုချမ်းသာတို့တည်း။

(၁) ရှိမှုချမ်းသာဟူသည်- ဤလောက၌ အမျိုးကောင်းသားအား လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့်ယှဉ်ကုန်၊ တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့သည် ဖြစ်ကုန်၏၊ ထိုအမျိုးကောင်းသားသည် “စည်းစိမ်တို့သည် ငါ့အား ရှိ၏”ဟု ချမ်းသာမှု၊ ဝမ်းမြောက်မှုကို ရ၏၊ ဤချမ်းသာတည်း။

(၂) သုံးဆောင်မှုချမ်းသာဟူသည်- အမျိုးကောင်းသားသည် လက်ရုံးအားကိုး ဆည်းပူး၍ (လ) စည်းစိမ်တို့ကို သုံးဆောင်၏၊ ယင်းတို့ဖြင့် ကောင်းမှုတို့ကိုလည်း ပြုအပ်၏၊ ထိုအမျိုးကောင်းသားသည် “စည်းစိမ်တို့ကို ငါသည် သုံးဆောင်ရ၊ ကောင်းမှုလည်း ပြုရ၏”ဟု ချမ်းသာမှု ဝမ်းမြောက်မှုကို ရ၏၊ ဤချမ်းသာတည်း။

စာမျက်နှာ-576


(၃) ကြွေးကင်းမှု ချမ်းသာဟူသည်- အမျိုးကောင်းသားသည် တစုံတယောက်သော သူအား အနည်းအများ ဘာအကြွေးကိုမျှ မပေးဆပ်ရ၊ “ဘာအကြွေးကို ငါမပေးဆပ်ရ”ဟု ချမ်းသာမှု ဝမ်းမြောက်မှုကို ရ၏၊ ဤချမ်းသာတည်း။

(၄) အပြစ်ကင်းမှုချမ်းသာဟူသည်- ဤလောက၌ အရိယာတပည့်သည် အပြစ်ကင်းသော ကာယ ဝစီ မနောကံနှင့် ပြည့်စုံ၏၊ ထိုအရိယာတပည့်သည် “ငါသည် အပြစ်ကင်းသောကံနှင့် ပြည့်စုံ၏”ဟု ချမ်းသာမှု ဝမ်းမြောက်မှုကို ရ၏၊ ဤချမ်းသာတည်း”ဟု မိန့်ပြီး-

သတ္တဝါသည် သုံးဆောင်မှု ချမ်းသာကို ခံစားလျက် ကြွေးကင်းမှု ချမ်းသာ၊ ရှိမှုချမ်းသာရှိသည်ကိုလည်းသိ၍ ထို့နောက် ပညာဖြင့် အထူးရှု၏၊ အထူးရှုသော ပညာရှိသည် သုံးဆောင်မှု ၂-မျိုးကို သိ၏၊ ဤချမ်းသာ ၃-မျိုးသည် အပြစ်ကင်းမှု ချမ်းသာ၏ ၁၆-စိတ်စိတ် တစိတ်ကိုမျှ မမှီနိုင် ဖြစ်ပေသတည်း။

၃-ဗြဟ္မသုတ်

မိမိအိမ်၌ မိဘတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် ဗြဟ္မာရှိသည်၊ လက်ဦးဆရာရှိသည်၊ အိမ်ဦးနတ်ရှိသည်၊ အဝေးမှဆောင်အပ်သော အလှူကို ခံထိုက်သော အလှူခံရှိသည် မည်ကုန်၏။

ဗြဟ္မာ၊ လက်ဦးဆရာ၊ အိမ်ဦးနတ်၊ အဝေးမှဆောင်၍ လှူအပ်သော အလှူခံယူသော အမည်သည် မိဘတို့၏ အမည်တည်း။ အကြောင်းမှာ-ရဟန်းတို့၊ မိဘများသည် သားသမီးများအား များစွာ ကျေးဇူးရှိကုန်၏၊ အသက်ကို စောင့်ရှောက်တတ်၊ ကျွေးမွေးတတ်၊ ဤလောကကို ညွှန်းပြတတ်ကုန်၏၊ ထို့ကြောင့်တည်းဟု မိန့်။

ထို့ကြောင့်သာလျှင် ပညာရှိ သားသမီးသည် မိဘများကို ရှိခိုးရာ၏၊ ထမင်းဟင်း၊ အဖျော်ယမကာ၊ အဝတ်အရုံ၊ အိပ်ရာနေရာဖြင့် လည်းကောင်း၊ အမွှေးနံ့သာ လိမ်းကျံပေးခြင်း၊ ရေချိုးပေးခြင်း၊ ခြေဆေးပေးခြင်းဖြင့်လည်းကောင်း အရိုအသေပြုလျက် ပူဇော်ရာ၏။

မိဘတို့၌ ထိုသို့လုပ်ကျွေး မွေးမြူခြင်းကြောင့် ထိုသားသမီးကို ယခုဘဝ၌ပင် ပညာရှိများ ချီးမွမ်းကုန်၏။ တမလွန်ဘဝ၌လည်း နတ်ပြည်၌ မွေ့လျော်ရသတည်း။

၄-နိရယသုတ်

တရား ၄ မျိုးရှိသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ငရဲကျရောက်ရ၏၊ တရား ၄-မျိုးမှာ သူ့အသက်ကို သတ်၊ မပေးသည်ကို ယူ၊ ကာမဂုဏ်တို့၌ အမှားကျင့်၊ အမှားစကားပြောလေ့ ရှိခြင်းတို့တည်း။

စာမျက်နှာ-577


၅-ရူပသုတ်

လောက၌ ထင်ရှားရှိသောပုဂ္ဂိုလ် ၄-မျိုးမှာ- အဆင်းသဏ္ဌာန်ကိုပမာဏပြု၍ အဆင်းသဏ္ဌာန်၌ ကြည်ညိုသော ပုဂ္ဂိုလ်၊ အသံကို ပမာဏပြု၍ အသံကို ကြည်ညိုသောပုဂ္ဂိုလ်၊ ခေါင်းပါးမှုကို ပမာဏပြု၍ ခေါင်းပါးမှု၌ ကြည်ညိုသော ပုဂ္ဂိုလ်၊ သီလစသောဂုဏ်တရားကို ပမာဏပြု၍ တရား၌ ကြည်ညိုသော ပုဂ္ဂိုလ်တို့တည်း။

ရူပပမာဏ၊ ဃောသပမာဏ ပုဂ္ဂိုလ်တို့သည်ကား ဆန္ဒရာဂ၏အလိုသို့ လိုက်ပါကုန်သည်ဖြစ်၍ ဂုဏ်ကျေးဇူးကို မသိကြကုန်၊ ထက်ဝန်းကျင်မှ ပိတ်ပင်ခံရသည်ဖြစ်၍ ဘုရားစသည်တို့၏ အတ္တဂုဏ် ဗဟိဒ္ဓဂုဏ်ကို မသိကုန်သော သူမိုက်သည် စင်စစ် ချီးမွမ်းသံဖြင့် မျောရလေတော့၏။

အဇ္ဈတ္တ သန္တာန်ရှိသော ဂုဏ်ကိုမသိ၊ ဗဟိဒ္ဓသန္တာန်၌ဖြစ်သောဂုဏ်ကိုသာ ရှုမြင်၍ အပသန္တာန်၌ အကျိုးကို ရှုလေ့ရှိသူသည်လည်း ချီးမွမ်းသံဖြင့် မျောရလေ၏၊ သန္တာန် ၂-မျိုးလုံး၌ ဖြစ်သော ဂုဏ်ကိုသိ၍ အပိတ်အပင်ကင်းရာ နိဗ္ဗာန်ကို ရှုလေ့ရှိသူကား အသံဖြင့် မမျောနိုင်တော့ချေ။

ပမာဏပုဂ္ဂိုလ် ခွဲဝေပုံ - သတ္တဝါအားလုံး ၃-ပုံပုံ ၂-ပုံသည် ရူပပမာဏ၊ ၅-ပုံပုံ ၄-ပုံသည် ဃောသပမာဏ၊ ၁၀-ပုံပုံ ၉-ပုံသည် လူခပမာဏ၊ (လူခ အရ သပိတ် သင်္ကန်းတို့၌ ခေါင်းပါးမှုယူ။) အပုံတသိန်းပုံလျှင် တပုံသာ ဓမ္မပမာဏပုဂ္ဂိုလ်ရှိသည်။

၆-သရာဂသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ-ရာဂ၊ ဒေါသ၊ မောဟ၊ မာနရှိသော ပုဂ္ဂိုလ်တို့တည်း။

တပ်မက်ဖွယ်တို့၌ ပြင်းစွာတပ်မက်၊ ချစ်ဖွယ်တို့၌ ပြင်းစွာနှစ်သက်ကုန်သော မောဟဖြင့် ပိတ်ဆို့အပ် ကิလေသာတို့ဖြင့် ဖွဲ့အပ်ကုန်သော သတ္တဝါတို့သည် ကိလေသာ အနှောင်အဖွဲ့ကို ပွားစေကုန်၏။

ပညာမရှိသူသည် ရာဂ၊ ဒေါသ၊ မောဟကြောင့်လည်း ဖြစ်သော ပင်ပန်းခြင်းရှိသော ဆင်းရဲကို ပွားစေတတ်သော အကုသိုလ်တရားများကို ပြုကုန်၏။

ပညာမျက်စိ မရှိကုန်ဘဲ အဝိဇ္ဇာပိတ်ဆို့အပ်၍ သူကန်းသဖွယ်ဖြစ်သော သတ္တဝါများသည် ရာဂစသော တရားအားလျော်စွာ ဖြစ်ကုန်၍ ငါတို့သည် ဤသဘောရှိကုန်၏ဟု တရားသဘောကို မအောက်မေ့ကြကုန်။

စာမျက်နှာ-578


ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ ရဟန်းတပါး မြွေကိုက်၍ သေသဖြင့် ထိုအကြောင်းကို ရဟန်းများက ဘုရားရှင်အား လျှောက်ထားရာ ထိုရဟန်းသည် မြွေမင်း ၄-မျိုးတို့ကို မေတ္တာစိတ်ဖြင့် မပျံ့နှံ့စေယောင်တကား၊ မေတ္တာစိတ်ဖြင့် ပျံ့နှံ့စေခဲ့လျှင် ထိုရဟန်း မြွေကိုက်၍မသေရာ၊ မြွေမင်း ၄-မျိုးမှာ-ဝိရူပက္ခ၊ ဧရာပထ၊ ဆဗျာပုတ္တ၊ ကဏှာဂေါတမ မြွေမင်းမျိုးတို့တည်း။

ရဟန်းတို့၊ မိမိကိုယ်ကိုလုံခြုံစေခြင်းငှာ၊ စောင့်ရှောက်ခြင်းငှာ၊ မိမိ၏ အရံအတားအလို့ငှာ ဤ မြွေမင်း ၄-မျိုးတို့အား မေတ္တာစိတ်ဖြင့် ပျံ့နှံ့စေရန် ငါခွင့်ပြု၏။

ငါ၏မေတ္တာသည် ဝိရူပက္ခ၊ ဧရာပထ၊ ဆဗျာပုတ္တ၊ ကဏှာဂေါတမ နဂါးမင်းမျိုးတို့နှင့်အတူဖြစ်စေသတည်း၊ ငါ၏မေတ္တာသည် အခြေမရှိ၊ အခြေ ၂-ချောင်း၊ ၄-ချောင်းရှိသော သတ္တဝါ၊ အခြေများစွာရှိသော သတ္တဝါတို့နှင့် အတူဖြစ်စေသတည်း။ အခြေမရှိ၊ အခြေ ၂-ချောင်း၊ အခြေ ၄-ချောင်း၊ အခြေများစွာရှိသော သတ္တဝါသည် ငါ့ကို မညှဉ်းဆဲစေသတည်း။

အကြွင်းမရှိ အလုံးစုံသော သတ္တဝါ၊ အလုံးစုံသော ထွက်သက် ဝင်သက် ရှိကုန်သော သတ္တဝါ၊ အတ္တဘော ထင်ရှားရှိသော သတ္တဝါတို့သည် အာရုံကောင်း အားလုံးတို့ကို တွေ့မြင်ကြစေကုန်သတည်း၊ ယုတ်ညံ့သော မကောင်းကျိုးသည် အဘယ်သတ္တဝါသို့မျှ မရောက်ပါစေသတည်း။

မြတ်စွာဘုရားနှင့် တရား သံဃာတော်တို့၏ ဂုဏ်တော်သည် အတိုင်းအရှည်မရှိ၊ မြွေမျိုးတို့သည် ဂုဏ်အားဖြင့် အတိုင်းအရှည်ရှိကုန်၏၊ မြွေ၊ ကင်းမြီးကောက်၊ ကင်းခြေများ၊ ပင့်ကူ၊ တက်တူ၊ ကြွက်တို့သည် ဂုဏ်အားဖြင့် အတိုင်းအရှည်ရှိကုန်၏၊ ငါသည် အစောင့်အရှောက် အရံအတားကို ပြုအပ်ပြီ၊ သတ္တဝါတို့သည် ဖဲသွားစေသတည်း၊ ထိုငါသည် ဘုရားရှင်အား ရှိခိုးပါ၏၊ ၇-ဆူသော ဘုရားရှင်တို့အားလည်း ရှိခိုးပါ၏-ဟု အရံအတားကို ငါခွင့်ပြု၏-ဟု မိန့်။

မြွေမင်း ၄-မျိုး ကိုက်သဖြင့် ရောက်သော အဆိပ်ရှိသောမြွေများကို ရှည်သည်၊ ကိုက်၍ အဆိပ်တက်သော အားလုံး ဤ၌ အကျုံးဝင်သည်။ မိမိ၏အရံအတား ဟူသည် ပရိတ်ကို ခွင့်ပြု၏ဟု ဆိုလိုသည်။

စာမျက်နှာ-579


၈-ဒေဝဒတ္တသုတ်

ဒေဝဒတ် သံဃာသင်းခွဲပြီး ထွက်သွားသည်မှ မကြာသေးမီ ဘုရားရှင် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူစဉ် ဒေဝဒတ်ကိုအကြောင်းပြု၍ ရဟန်းများအား ရဟန်းတို့၊ ဒေဝဒတ်၏ လာဘပူဇော်သကာ အကျော်အစောသည် မိမိကိုယ်ကို သတ်ဖြတ်ရန် ပျက်စီးရန် ဖြစ်ပေါ်လာ၏။

ငှက်ပျောပင် ဝါးပင် ကျူပင်သည် မိမိကိုယ်ကို သတ်ဖြတ်ရန် ပျက်စီးရန် အသီးသီးလာသကဲ့သို့တည်း၊ အဿတိုရ်မြင်းမသည် မိမိကိုယ်ကိုသတ်ဖြတ်ရန် ပျက်စီးရန် ကိုယ်ဝန်ဆောင်သကဲ့သို့တည်းဟု မိန့်၊ ဂါထာဖြင့်လည်း အလားတူမိန့်။

အဿတိုရ်မြင်းမ သားဖွားလုချိန်... မဖွားနိုင်၍ ခြေတို့ဖြင့် မြေကို တိုက်၍တည်စဉ် ခြေ ၄-ဘက်ကို ပုတ် ၄-ခု၌ချည်၊ ဝမ်းခွဲ၍သားငယ်ကို ထုတ်ရသည်၊ မြင်းမလည်း ထိုနေရာ သေရသည်။

၉-ပဓာနသုတ်

အားထုတ်ခြင်း ၄-မျိုးတို့မှာ စောင့်စည်း၊ ပယ်၊ ပွားများ၊ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်းတို့တည်း။

(၁) စောင့်စည်းရန် အားထုတ်ခြင်းဟူသည်- ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော အကုသိုလ်တရားယုတ်များ မဖြစ်စေရန် အလိုဆန္ဒကိုဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှင့်တင်၏၊ ဆောက်တည်ထား၏။

(၂) ပယ်ရန်အားထုတ်ခြင်းဟူသည်- ဖြစ်ပြီးသော အကုသိုလ်တရားယုတ်များကို ပယ်ရန်အလိုဆန္ဒကို ဖြစ်စေ၏၊ (လ) ဆောက်တည်ထား၏။

(၃) ပွားများရန်အားထုတ်ခြင်းဟူသည်- မဖြစ်သေးသော ကုသိုလ်တရားများ ဖြစ်စေရန် အလိုဆန္ဒကိုဖြစ်စေ၏၊ (လ) ဆောက်တည်ထား၏။

(၄) အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်းဟူသည်- ဖြစ်ပြီး ကုသိုလ်တရားများ တည်စေရန် မပျောက်မပျက်စေရန် အလွန်ဖြစ်ပွားစေရန် ပြန့်ပြောပွားများ ပြည့်စုံစေရန် အလိုဆန္ဒကိုဖြစ်စေ၏၊ (လ) ဆောက်တည်ထား၏၊ ဤသို့ အသီးသီးအားထုတ်ခြင်း ၄-မျိုးတို့တည်းဟု မိန့်။

၁၀-အဓမ္မိကသုတ်

ဘုရင်မင်းများ တရားမစောင့်သောအခါ မှူးမတ်များလည်း တရားမစောင့်ကြ၊ မှူးမတ်များတရားမစောင့်လျှင် ပုဏ္ဏား သူကြွယ်များလည်း မစောင့်ကြ၊ ပုဏ္ဏားသူကြွယ်

စာမျက်နှာ-580


များ မစောင့်လျှင် နိဂုံးဇနပုဒ် နေသူများလည်း မစောင့်ကြ၊ ထိုအခါ လ နေတို့ မညီမညွတ်လှည့်လည်ကြ၊ နက္ခတ်တာရာများ မညီမညွတ် လှည့်လည်ကြ၊ ညဉ့်နေ့တို့ မညီမညွတ်ဖြစ်ကြ၊ လနှင့် လခွဲတို့ မညီမညွတ်ကြ၊ ဥတု နှစ်တို့ မညီမညွတ်ဖြစ်ကြ၊ လေတို့ မညီမညွတ်တိုက်၊ လမ်းမှန်မတိုက်ကြ၊ လေများမညီမညွတ်တိုက်၊ လမ်းမှန်မတိုက်သော အခါ နတ်များ အမျက်ထွက်ကြ၍ မိုးကောင်းစွာ မရွာသွန်းသဖြင့် ကောက်တို့သည် အမှည့်မညီကုန်ရကား စားသုံးသူများအသက်တို၊ အဆင်းမလှ၊ အားနည်းကြ၊ ရောဂါများကြသည်။

ဘုရင်မင်းများ တရားစောင့်သောအခါ မှူးမတ်များလည်း တရားစောင့်ကြ၊ မှူးမတ်များတရားစောင့်၍ ပုဏ္ဏားသူကြွယ်စသည်တို့ အဆင့်ဆင့်တရားစောင့်ကြရကား လ နေ နက္ခတ်စသည် ညီညွတ်ကြ၊ လေမိုးမှန်သဖြင့် အသီးအနှံ့ အမှည့်ညီ၊ စားသုံးသူများ အသက်ရှည် ဆင်းလှစသည် ဖြစ်ကြရသည်ဟု မိန့်။

မြစ်ကူးနွားများတွင် ရှေ့ဆောင်နွား အကောက်သွားခဲ့မူ ရှေ့ဆောင်နွား အကောက်သွားခြင်းကြောင့် နွားမအားလုံး အကောက်လိုက်ကြ၏၊ ဤအတူ လူများတွင် အမြတ်သမုတ်အပ်သူ တရားမဲ့ကျင့်အံ့၊ တပါးသူများ အဘယ်ဆိုဖွယ်ရှိအံ့နည်း၊ မင်းတရားမစောင့်လျှင် တနိုင်ငံလုံး ဆင်းရဲရ၏၊ (အပန်စကားကိုလည်း နည်းတူမိန့်ပြီး မင်းတရားစောင့်လျှင် တနိုင်ငံလုံး ချမ်းသာရပေသတည်းဟု ဟောတော်မူသည်။)

မင်းတရားမစောင့် - ရှေးမင်းများထားခဲ့သော ဆယ်ဖို့ တဖို့အခွန်ကိုလည်းကောင်း၊ အပြစ်အလျောက် ဒဏ်ကိုလည်းကောင်းမယူဘဲ ထို့ထက်အလွန်အခွန်ကောက်ခြင်း ဒဏ်ဆောင်စေခြင်းများတည်း။

နတ်များအမျက်ထွက်ကြ - လေမညီမညွတ်တိုက်၊ လမ်းမှန်မတိုက်၍သစ်ပင်ဗိမာန်များ ပျက်စီးကြရကား နတ်များ စိတ်ဆိုးပြီး မိုးရွာသွန်းခွင့် မပေးကြ။

နက္ခတ်တာရာညီညွတ် - သီတင်းကျွတ် လပြည့်သည် ကြတ္တိကာနက္ခတ်ကို ရ၍နတ်တော် လပြည့်သည် မိဂသီနက္ခတ်ကို ရခြင်းဟူသော ထိုထိုလပြည့်အား လျော်သော နက္ခတ်ကို ရခြင်းတည်း၊ မြောက်လေ ၆-လ၊ တောင်လေ ၆-လဟု ထိုထိုဇနပုဒ်များအလျော်ချိန် လေတိုက်မှုကား ရာသီလေမှန်သည်၊ မကြမ်းမနု လမ်းအတိုင်း တိုက်ခြင်းကား လေလမ်းကြောင်း မှန်သည်မည်သည်။

(၈) ၃-အပဏ္ဏကဝဂ်၊ ၁-ပဓာနသုတ်

တရား ၄-မျိုးနှင့် ပြည့်စုံသော ရဟန်းသည် မချွတ်ယွင်းသော အကျင့်ကိုကျင့်သည် မည်၏၊ ထိုရဟန်းအား အာသဝေါကုန်ရန် အကြောင်းသည်လည်း ပြည့်စုံ၏၊ ၄-မျိုးမှာ-

စာမျက်နှာ-581


ရဟန်းသည် သီလရှိ၏၊ အကြားအမြင်များ၏၊ ထက်သန်သော လုံ့လရှိ၏၊ ပညာရှိ၏၊ ဤ ၄-မျိုးတို့တည်း။

၂-သမ္မာဒိဋ္ဌိသုတ်

တရား ၄-မျိုးနှင့် (လ) အထက်သုတ်အတိုင်း။ ၄-မျိုးမှာ နေက္ခမ္မဝိတက်၊ အဗျာပါဒဝိတက်၊ အဝိဟိံသဝိတက်၊ အမြင်မှန် သမ္မာဒိဋ္ဌိတို့နှင့် ပြည့်စုံခြင်းတည်း။

၃-သပ္ပုရိသသုတ်

တရား ၄-မျိုးနှင့် ပြည့်စုံသူကို သူယုတ် ဟု သိအပ်၏၊ ၄-မျိုးမှာ-

၁။ ဤလောက၌ သူယုတ်သည် သူတပါး၏ ကျေးဇူးမဲ့ကို မမေးသော်လည်း ထင်စွာပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှာ ရှေးရှုဆောင်၍ မေးသည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ အပြည့်အစုံ အကျယ်တဝင့် သူတပါးကျေးဇူးမဲ့ကို ပြောဆိုတတ်၏၊ ထိုအကြောင်းသည် “ဤအရှင်ကား သူယုတ်တည်း” ဟု သိရမည့်အကြောင်းတည်း။

၂။ သူယုတ်သည် သူတပါး၏ ကျေးဇူးကို မေးသော်လည်း ထင်စွာမပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရှိရာ ရှိအံ့နည်း၊ ပြဿနာ...သော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ သူတပါးကျေးဇူးကို ပြောဆိုတတ်၏။ ထိုအကြောင်းသည် “ဤအရှင်ကား သူယုတ်တည်း”ဟု သိရမည့်အကြောင်းတည်း။

၃။ သူယုတ်သည် မိမိ၏ကျေးဇူးမဲ့ကို မေးသော်လည်း ထင်စွာမပြု၊ မမေး...အံ့နည်း၊ ပြဿနာအလို့ငှာ (လ) ယုတ်လျော့စေ၍ (လ) ကျေးဇူးမဲ့ကို ပြောဆိုတတ်၏၊ ထိုအကြောင်းသည် “ဤအရှင်ကား သူယုတ်တည်း”ဟု သိရမည့်အကြောင်းတည်း။

၄။ သူယုတ်သည် မိမိ၏ကျေးဇူးကို မမေးသော်လည်း ထင်စွာပြု၏။ မေးသော်ကား... အံ့နည်း၊ ပြဿနာအလို့ငှာ (လ) မယုတ်လျော့စေမူ၍ (လ) မိမိကျေးဇူးကို ပြောဆိုတတ်၏။ ထိုအကြောင်းသည် “ဤအရှင်ကား သူယုတ်တည်း”ဟု သိရမည့်အကြောင်းတည်း၊ ဤ ၄-မျိုးတို့တည်း။

တရား ၄-မျိုးနှင့် ပြည့်စုံသူကို သူတော်ကောင်း ဟု သိအပ်၏၊ ၄-မျိုးမှာ–

၁။ သူတော်ကောင်းသည် သူတပါး၏ကျေးဇူးမဲ့ကို မမေးသော်လည်း ထင်စွာမပြု၊ မမေးသော်ကား...အံ့နည်း၊ ပြဿနာအလို့ငှာ (လ) ယုတ်လျော့စေ၍ (လ) ကျေးဇူးမဲ့ကို ပြောဆိုတတ်၏၊ ထိုအကြောင်းသည် “ဤအရှင်ကား သူတော်ကောင်းတည်း”ဟု သိရမည့် အကြောင်းတည်း။

စာမျက်နှာ-582


၂။ သူတော်ကောင်းသည် သူတပါး၏ကျေးဇူးကို မမေးသော်လည်း ထင်စွာပြု၏၊ မေးသော်ကား...အံ့နည်း၊ ပြဿနာအလို့ငှာ (လ) မယုတ်လျော့စေ၍ (လ) သူတပါး၏ ကျေးဇူးကို ပြောဆိုတတ်၏၊ ထိုအကြောင်းသည် “ဤအရှင်ကား သူတော်ကောင်းတည်း” ဟု သိရမည့်အကြောင်းတည်း။

၃။ သူတော်ကောင်းသည် မိမိ၏ကျေးဇူးမဲ့ကို မမေးသော်လည်း ထင်စွာပြု၏။ မေးသော်ကား...အံ့နည်း၊ ပြဿနာအလို့ငှာ (လ) မယုတ်လျော့စေမူ၍ (လ) မိမိကျေးဇူးမဲ့ကို ပြောဆိုတတ်၏၊ ထိုအကြောင်းသည် “ဤအရှင်ကား သူတော်ကောင်းတည်း” ဟု သိရမည့် အကြောင်းတည်း။

၄။ သူတော်ကောင်းသည် မိမိ၏ကျေးဇူးကို မေးသော်လည်း ထင်စွာမပြု၊ မမေးသော်ကား....အံ့နည်း၊ ပြဿနာအလို့ငှာ (လ) ယုတ်လျော့စေ၍ (လ) မိမိကျေးဇူးကို ပြောဆိုတတ်၏၊ ထိုအကြောင်းသည် “ဤအရှင်ကား သူတော်ကောင်းတည်း”ဟု သိရမည့် အကြောင်းတည်း၊ ဤ ၄-မျိုးတို့တည်း။

ချွေးမကို အကြင်ညဉ့်၌သော်လည်းကောင်း၊ နေ့၌သော်လည်းကောင်း ခေါ်ဆောင်လာခဲ့၏။ ထိုခေါ်လာခဲ့သော ညဉ့်နေ့၌သာ ထိုချွေးမအား ယောက္ခမမိန်းမ၊ ယောက္ခမယောက်ျား၌ လည်းကောင်း၊ လင်၌လည်းကောင်း၊ အယုတ်သဖြင့် ကျွန်အမှုလုပ် ယောက်ျားတို့၌ လည်းကောင်း လွန်ကဲသော အရှက်အကြောက်သည် ရှေးရှုတည်၏။ ထိုချွေးမသည် နောင်အခါ၌ ပေါင်းသင်း အကျွမ်းဝင်ခြင်းကို စွဲ၍ ယောက္ခမများကို လည်းကောင်း၊ လင်ကို လည်းကောင်း “ဖယ်ကြစမ်းပါ၊ အဘယ်ကို သင်တို့ သိကြကုန်အံ့နည်း” ဟု ဆိုသကဲ့သို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် အကြင်ညဉ့်နေ့၌ လူ့ဘောင်မှ ရဟန်းဘောင်ရောက်၏၊ ထိုရဟန်းပြုသော ညဉ့်နေ့၌သာလျှင် ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာတို့၌ လည်းကောင်း၊ အယုတ်သဖြင့် အရံစောင့်သာမဏေတို့၌ လည်းကောင်း လွန်ကဲသော အရှက်အကြောက်သည် ရှေးရှုတည်၏၊ ထိုရဟန်းသစ်သည် နောင်အခါ၌ ပေါင်းသင်း အကျွမ်းဝင်ခြင်းကို စွဲ၍ ဆရာကိုလည်းကောင်း၊ ဥပဇ္ဈာယ်ကို လည်းကောင်း “ဖဲကြကုန်လော့၊ အဘယ်ကို သင်တို့ သိကြကုန်အံ့နည်း”ဟု ဆို၏။ ထို့ကြောင့် ဤသာသနာတော်၌ ရောက်လာခါစ ချွေးမနှင့် တူသော စိတ်ဖြင့် နေအံ့ဟု ကျင့်ရမည်၊ သင်တို့ ဤအတိုင်း ကျင့်ကြဟု မိန့်။

၄-၅။ ပဌမ၊ ဒုတိယ အဂ္ဂသုတ်

မြတ်သော တရား ၄-မျိုးမှာ- မြတ်သောသီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိတို့တည်း။ ဒုတိယအတွက် မြတ်သောရုပ်၊ ဝေဒနာ၊ သညာ၊ ဘဝတို့တည်းဟု မိန့်။ (အရဟတ္တဖိုလ် ရသော သီလ စသည်နှင့် အကြင်ရုပ်စသည်ကို သုံးသပ်၍ အရဟတ္တဖိုလ် ရ၏၊ ထိုရုပ်စသည်တည်း၊ အကြင်အတ္တဘော၌ တည်၍ ရဟန္တာဖြစ်၊ ထိုအတ္တဘောသည် မြတ်သော ဘဝတည်း။)

စာမျက်နှာ-583


၆-ကုသိနာရသုတ်

ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံခါနီး ကုသိနာရုံပြည် တောင်တံခါး၏အကွေ့ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ အင်ကြင်းပင်ပျို အစုံတို့၏ အကြား သီတင်းသုံးတော်မူစဉ် ရဟန်းတော်များအား- ဘုရား၊ တရား၊ သံဃာ၌ဖြစ်စေ၊ မဂ်၌ဖြစ်စေ၊ အကျင့်၌ ဖြစ်စေ ယုံမှားတွေးတောခြင်းသည် တစုံတယောက်သော ရဟန်းအား ဖြစ်ခဲ့မှု သင်တို့ မေးလျှောက်ကြ၊ “မြတ်စွာဘုရား ငါတို့မျက်မှောက်မှာ ထင်ရှားရှိပါလျက် ဘုရားရှင်ကို ရှေ့တော်၌ ပြန်မေးဖို့ ငါတို့ မစွမ်းနိုင်ခဲ့ကြ”ဟု နောင်အခါ နှလုံးမသာ မဖြစ်ကြစေကုန်လင့်ဟု မိန့်တော်မူသော် ရဟန်းများ ဆိတ်ဆိတ်နေကြ၏။

၂-ကြိမ်မြောက် ၃-ကြိမ်မြောက်လည်း မိန့်တော်မူ၏။ ၂-ကြိမ်မြောက် ၃-ကြိမ်မြောက်လည်း ရဟန်းတော်များ ဆိတ်ဆိတ်နေကြကုန်၏။

ထို့နောက် ဘုရားရှင်က “သင်တို့သည် ဘုရား၌ ရိုသေလေးစားသဖြင့် မမေးလျှောက်ကြကုန်သော်လည်း ဖြစ်ငြားအံ့၊ အဖော်ရဟန်း အချင်းချင်းအားမူလည်း မိမိယုံမှားတွေးတောခြင်းကို ပြောကြားလော့”ဟု မိန့်ပြန်ရာ၌လည်း ဆိတ်ဆိတ်ပင် နေကြ၏၊ ထိုအခါ အရှင်အာနန္ဒာသည် ဘုရားရှင်အား “အရှင်ဘုရား၊ အံ့ဖွယ်သရဲ ထူးကဲပေစွ၊ ဤရဟန်းသံဃာထဲ၌ ရဟန်းတပါးအားမျှသော်လည်း ဘုရား၊ တရား၊ သံဃာ၌ ဖြစ်စေ၊ မဂ်၌ဖြစ်စေ၊ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောခြင်း မရှိ”ဟု တပည့်တော် ယုံကြည်ပါသည်ဟု လျှောက်သည်။

အာနန္ဒာ၊ သင်ကား ယုံကြည်သဖြင့်သာ လျှောက်၏။ စင်စစ်သော်ကား ဤအရာ၌ ဘုရား၏ ဉာဏ်တော်အရာပင် ဖြစ်၏၊ ဤရဟန်းသံဃာထဲ၌ ရဟန်းတပါးအားမျှသော်လည်း ဘုရားစသည်၌ ယုံမှားတွေးတောခြင်း မရှိလေ၊ ဤ ၅၀၀-သော ရဟန်းတို့တွင် ဂုဏ်အားဖြင့် အယုတ်ဆုံးရဟန်းသည် သောတာပန်တည်း၊ အပါယ်မကျ၊ ကိန်းသေမြဲ၏၊ အထက်မဂ် ၃-ပါးလျှင် လည်းလျောင်းရာရှိ၏ဟု မိန့်။

တောင်တံခါးအကွေ့ - တောင်တံခါးမှထွက်၊ အရှေ့ဘက်သွားသော အင်ကြင်းတောတန်းမှ မြောက်ဘက်ပြန်ဆုတ်၍ တည်သော အလယ်အရပ်တည်း။

ဘုရား၌ ရိုသေ၍ မမေး - ငါတို့ ဘုရားထံမှာ ရဟန်းပြုကြ၊ ပစ္စည်း ၄-ပါးလည်း ဘုရားထံမှပဲ ရကြ၊ ဤအတွင်း မယုံမှားကြဘဲ ယခု နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီးမှ ငါတို့ ယုံမှားပြုရန် မသင့်ဟု ရိုသေ၍ မမေးခြင်းမျိုး မဖြစ်ကြနှင့်ဟု မိန့်တော်မူလိုရင်း ဖြစ်သည်၊ တင်းတိမ်တွင်းနေ ရဟန်း ၅၀၀-တွင် ဂုဏ်အငယ်ဆုံး သောတာပန်ရဟန်းမှာ အရှင်အာနန္ဒာသာတည်း။

စာမျက်နှာ-584


၇-အစိန္တေယျသုတ်

မကြံသင့်သော ဤ ၄-မျိုးတို့ကို မကြံအပ်ကုန်၊ ယင်း ၄-မျိုးတို့ကို ကြံသူသည် ရူးသွပ်ရန် ဆင်းရဲပင်ပန်းရန်သာ ဖြစ်၏၊ ၄-မျိုးမှာ-
၁။ မကြံသင့်သော ဘုရားရှင်တို့၏ ဘုရားအရာကို မကြံအပ်။
၂။ မကြံသင့်သော ဈာန်ရပုဂ္ဂိုလ်၏ ဈာန်အရာကို မကြံအပ်။
၃။ မကြံသင့်သော ကံအကျိုးကို မကြံအပ်။
၄။ မကြံသင့်သော လောကကို ကြံခြင်းကို မကြံအပ်။
ယင်းတို့ကို ကြံသူသည် ရှူးသွပ်ရန် ပင်ပန်းဆင်းရဲရန်သာ ဖြစ်၏၊ ဤ ၄-မျိုးတို့တည်းဟု မိန့်။

ဘုရားအရာ - သဗ္ဗညုတဉာဏ်စသော ဘုရားဂုဏ်တော်တို့၏ ဖြစ်ခြင်းနှင့် အာနုဘော်တည်း။ အဘိဉာဉ်ကား ဈာန်အရာ။ ဒိဋ္ဌဓမ္မဝေဒနိယ စသည်တို့ကား ကံအရာတည်း။

လောကကို ကြံခြင်း - မည်သူက လ၊ နေ၊ မဟာပထဝီ၊ သမုဒ္ဒရာကို ပြုအပ်သနည်း၊ မည်သူက သတ္တဝါ၊ တောင်၊ သရက်၊ ထန်း၊ အုန်းပင် စသည်တို့ကို ဖြစ်စေသနည်းဟု လောကကို ကြံခြင်းတည်း။

ဂ-ဒက္ခိဏသုတ်

အလှူစင်ကြယ်ကြောင်း ၄-မျိုးမှာ-

၁။ အလှူပေးပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သော အလှူမျိုး။

၂။ အလှူခံပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူပေးပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သော အလှူမျိုး။

၃။ ပုဂ္ဂိုလ် ၂-ဦးလုံးကြောင့်လည်း မစင်ကြယ်သော အလှူမျိုး။
၄။ ပုဂ္ဂိုလ် ၂-ဦးလုံးကြောင့်လည်း စင်ကြယ်သော အလှူမျိုးတို့တည်း။

အလှူပေးပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သော အလှူဟူသည်- ဤလောက၌ အလှူပေးသူသည် သီလရှိ၏၊ ကောင်းသောသဘော ရှိ၏၊ အလှူခံပုဂ္ဂိုလ်ကား သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ ဤအလှူတည်း။ (ကြွင်း ၃-မျိုး၌လည်း သီလရှိ မရှိ၊ သဘောကောင်း ယုတ်ဖြင့် တွဲ၍ ခွဲလေ။)

အလှူရှင်ကြောင့် စင်ကြယ် - ဝေဿန္တရာမင်းကြီး သက်သေပြ။ ချဲ့- မင်းကြီးသည် ဇူဇကာပုဏ္ဏားအား သားသမီးများလှူ၍ မြေလှုပ်ရသည်၊ ၁-အလှူတည်း။

စာမျက်နှာ-585


အလှူခံကြောင့် စင်ကြယ် - ၂-အလှူကို ကလျာဏီမြစ်ဝ ရွာတံခါးနေ တံငါသည်ကို သက်သေပြ။ ချဲ့- တံငါသည်သည် ဒီဃသုမနထေရ်အား ၃-ကြိမ် ဆွမ်းလှူပြီး သေခါနီး လျောင်းစဉ် “ယင်းဆွမ်းအလှူသည် ငါ့ကိုအပါယ်မှကယ်ထုတ်ပေးသည်”ဟု ဆိုသည်။

၂-ဦးလုံးကြောင့် မစင်ကြယ် - ခုမာနအရပ်နေ မုဆိုးကို သက်သေပြ။ ချဲ့- မုဆိုးသည် သူသေအတွက် ဒုဿီလအား ၃-ကြိမ်လှူရာ တတိယအကြိမ်၌ “နတ်ဘီလူး ဒုဿီလသည် ငါ့အစာကို လုနေသည်”ဟု အော်မည်သည်၊ နောက်ထပ် သီလရှိ ရဟန်းတပါးအားလှူ၍ အမျှဝေမှ ကောင်းမှုရောက်သွားသည်။ အသဒိသဒါနမျိုးကို ၂-ဦးလုံး စင်ကြယ်ရာ၌ သက်သေပြသင့်၏။

၉-ဝဏိဇ္ဇသုတ်

အရှင် သာရိပုတ္တရာက ဘုရားရှင်အား အရှင်ဘုရား၊ ဤလောက၌ အချို့သူ၏ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုခြင်း တူပါလျက် ပျက်စီးခြင်းသို့ရောက်ရခြင်း၊ ရည်မှန်းတိုင်း မဖြစ်ရခြင်း၊ ရည်မှန်းတိုင်း ဖြစ်ရခြင်း၊ ရည်မှန်းသည်ထက် ပို၍ အကျိုးရှိခြင်း၏အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်းဟု လျှောက်သည်။

၁။ သာရိပုတ္တရာ၊ ဤလောက၌ အချို့သူသည် မကောင်းမှုကို ပယ်ပြီး ငြိမ်းပြီးသော ရဟန်း ပုဏ္ဏားသို့ ချဉ်းကပ်၍ “အရှင်ဘုရားလိုသော ပစ္စည်းကို မိန့်တော်မူပါ”ဟု ဖိတ်ကြား၏၊ ထိုသူသည် ထိုဖိတ်ကြားသော ပစ္စည်းကို မလှူ၊ ထိုသူသည် ထိုဘဝမှ စုတေ၍ ဤလူ့ဘုံသို့ ပြန်လာခဲ့မူ အကြင် အကြင်ကုန်သွယ်မှုကိုပင် အားထုတ်၏၊ ထိုသူ၏ ထိုအားထုတ်အပ်တိုင်းသော ကုန်သွယ်မှုသည် ပျက်စီးခြင်းသို့ ရောက်၏။

၂။ ထိုဖိတ်ကြားသော ပစ္စည်းကို ရည်မှန်းတိုင်း မပေးလှူ (လ) ရည်မှန်းတိုင်း မဖြစ်။
၃။ ထိုဖိတ်ကြားသော ပစ္စည်းကို ရည်မှန်းတိုင်း လှူ၏။ (လ) ရည်မှန်းတိုင်း ဖြစ်ရ၏။

၄။ ထိုဖိတ်ကြားသော ပစ္စည်းကို ရည်မှန်းသည်ထက် ပို၍လှူ၏၊ (လ) ရည်မှန်းသည်ထက် ပို၍ အကျိုးရှိ၏၊ အကြောင်း အထောက်အပံ့ကား ဤသည်ပင်တည်းဟု မိန့်။

စာမျက်နှာ-586


၁၀-ကမ္ဗောဇသုတ်

ကောသမ္ဘီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူသော ဘုရားရှင်အား အရှင်အာနန္ဒာက အရှင်ဘုရား၊ မာတုဂါမသည် လွှတ်ရုံးသဘင်၌ မနေရခြင်း၊ ကြီးပွားရေးအလုပ်ကို မလုပ်ရခြင်း၊ ကမ္ဗောဇတိုင်းသို့ မသွားရခြင်း၏ အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်းဟု လျှောက်ရာ မာတုဂါမသည် အမျက်ထွက်တတ်၊ ငြူစူတတ်၊ ဝန်တိုတတ်၊ ပညာမရှိ၊ ထို့ကြောင့်တည်း မိန့်။

လွှတ်ရုံးသဘင် - တရားဆုံးဖြတ်ရန် နေရာတည်း။ လယ်ထွန်ကုန်သွယ်စသည်များကား ကြီးပွားရေးအလုပ် ဖြစ်သည်။ ကမ္ဗောဇတိုင်းဆိုသည်ကား ဒေသနာမျှသာ၊ ဥစ္စာဆည်းပူးရန် ဘယ်တိုင်းတပါးမျှ မသွားရ ဆိုလိုသည်။
အမျက်ထွက်ခြင်း စသည်အပြစ် - အမျက်ထွက်လျှင် အကျိုးရှိ မရှိ မသိ၊ ငြူစူလျှင် သူတပါးစည်းစိမ် သည်းမခံနိုင်၊ ဝန်တိုလျှင် ဥစ္စာပေး၍ ကိစ္စပြီးအောင် မပြုနိုင်၊ ပညာမရှိလျှင် ကိစ္စကြီးငယ်ကို စီမံနိုင်စွမ်း မရှိ။

(၉) ၄-မလဝဂ်၊ ၁-ပါဏာတိပါတသုတ်

ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ငရဲရောက်ကြောင်း တရား ၄-မျိုးမှာ- သူ့အသက်သတ်၊ မပေးသည်ကို ယူ၊ ကာမဂုဏ်တို့၌ အမှားကျင့်၊ အမှားပြောလေ့ ရှိခြင်းတို့တည်း။ ထို ၄-ပါး ရှောင်ကြဉ်က နတ်ပြည်ရောက်ရ၏။

၂-မုသာဝါဒသုတ်

ငရဲရောက်ကြောင်း တရား ၄-မျိုးမှာ- အမှားပြော၊ ကုန်းစကားဆို၊ စကားကြမ်းဆို၊ ပြိန်ဖျင်းသော စကားကို ဆိုလေ့ရှိခြင်းတည်း။ ထို ၄-ပါးကို ရှောင်ကြဉ်က နတ်ပြည်ရောက်ရ၏။

၃-အဝဏ္ဏာရဟသုတ်

ငရဲရောက်ကြောင်း တရား ၄-မျိုးမှာ- ဉာဏ်ဖြင့် မစိစစ် မသက်ဝင်ဘဲ ဂုဏ်မထိုက်သူ၏ဂုဏ်ကို၊ ဂုဏ်ထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆိုခြင်း၊ မကြည်ညိုသင့်ရာ၌ ကြည်ညိုခြင်းကို၊ ကြည်ညိုသင့်ရာ၌ မကြည်ညိုခြင်းကို ဖြစ်စေခြင်းတည်း။ ထို ၄-ပါးကို ဉာဏ်ဖြင့် စိစစ်သက်ဝင်၍ အဖြောင့်အမှန် ပြောဆိုဖြစ်စေက နတ်ပြည်ရောက်ရ၏။

စာမျက်နှာ-587


၄-ကောဓဂရုသုတ်

ငရဲသို့ရောက်ကြောင်း တရား ၄-မျိုးမှာ အမျက်ထွက်ခြင်းကို အလေးပြု၍၊ ကျေးဇူးချေဖျက်ခြင်းကို အလေးပြု၍၊ လာဘ်ရခြင်းကို အလေးပြု၍၊ အရိုအသေပြုမှုသက္ကာရကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်းတည်း။ သူတော်ကောင်းတရားကိုသာ အလေးပြု၍ အမျက်ထွက်ခြင်းစသည် ၄-ပါးကို အလေးမပြုလျှင် နတ်ပြည် ရောက်ရ၏။ (ဆောင်ယူ၍ ချထားအပ်သကဲ့သို့ကား နောက်သုတ်များ၌လည်း ပါဝင်၏။)

၅-တပောတပသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ-
(၁) အမှောင်၌ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်။
(၂) အမှောင်၌ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်။
(၃) အလင်း၌ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်။
(၄) အလင်း၌ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်တို့တည်း။

(၁) အမှောင်၌ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်ဟူသည်- ဤလောက၌ အချို့သူသည် ယုတ်နိမ့်သောအမျိုးဟု ဆိုအပ်သော ဒွန်းစဏ္ဍားမျိုး၌ သော်လည်းကောင်း၊ နှီးသမား၊ တံငါ၊ မုဆိုး၊ သားရေလုပ်သမား၊ ပန်းမှိုက်သွန်မျိုး၌ သော်လည်းကောင်း ဖြစ်၏။ ဆင်းရဲ၏။ ထမင်းအဖျော် စားသောက်ဖွယ် နည်းပါး၏။ ငြိုငြင်သဖြင့် အသက်မွေးရ၏၊ ယင်းအမျိုး၌ အစားအဝတ်ကို ငြိုငြင်စွာ ရ၏။ ထိုသူသည် အဆင်းမလှ၊ ရှုချင်ဖွယ်မရှိ၊ ပုကွ၍ အနာလည်းများ၏၊ ကန်းသူ၊ ကောက်သူ၊ ခွင်သူ၊ ဆွံ့သူသော်လည်း ဖြစ်ရ၏။ ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ဆီမီး အဆောက်အဦကို ရသူမဟုတ်၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ပြစ်မှုပြု၏၊ ပြု၍သေပြီးနောက် ငရဲ၌ ဖြစ်ရ၏၊ ဤပုဂ္ဂိုလ်တည်း။

(၂) အမှောင်၌ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်ဟူသည်- အချို့သူသည် ယုတ်နိမ့်သောအမျိုးဟုဆိုအပ်သော (လ) ရသူမဟုတ်၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းမှုကိုပြု၏၊ ပြု၍သေပြီးနောက် နတ်ပြည်၌ ဖြစ်ရ၏၊ ဤပုဂ္ဂိုလ်တည်း။

(၃) အလင်း၌ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်ဟူသည်- အချို့သူသည် မြတ်သောအမျိုးဟုဆိုအပ်သော ခတ္တိယ၊ ဗြာဟ္မဏ၊ ဂဟပတိ မဟာသာလ အမျိုး၌သော်လည်းကောင်း ဖြစ်ရ၏။ ကြွယ်ဝ၏၊ များသော ဥစ္စာစည်းစိမ် ရွှေငွေရှိ၏၊ များသော နှစ်သက်ဖွယ် အသုံးအဆောင် ဥစ္စာစပါးရှိ၏။ ထိုသူသည် အဆင်းလှ ရှုချင်ဖွယ် ကြည်ညိုဖွယ်လည်းရှိ၏၊ ကောင်းမြတ်သော အဆင်းသဏ္ဌာန်

စာမျက်နှာ-588


နှင့် ပြည့်စုံ၏၊ ထမင်း အဖျော် (လ) ဆီမီးအသုံးအဆောင်ကို ရသူဖြစ်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ပြစ်မှုကို ပြု၏၊ ပြု၍သေပြီးနောက် ငရဲ၌ ဖြစ်ရ၏၊ ဤပုဂ္ဂိုလ်တည်း။

(၄) အလင်း၌ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်ဟူသည်- အချို့သူသည် မြတ်သောအမျိုးဟု ဆိုအပ်သော (လ) ရသူဖြစ်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းမှုကို ပြု၏၊ ပြု၍သေပြီးနောက် နတ်ပြည်၌ဖြစ်ရ၏၊ ဤပုဂ္ဂိုလ်တည်း။

အမှောင်၌ဖြစ်၍ အမှောင်လျှင် လားရာရှိ - အပြင်အလင်း မမြင်ရမီ အမိဝမ်း၌ပင် သေ၍ အပါယ်ကျကာ အာယုကပ်ပတ်လုံး ခံရမည့်သူကိုလည်း ယူရမည်၊ ထိုသူကား ဖုံးကွယ်လျှို့ဝှက်သူဖြစ်၍ ဤသို့ဖြစ်တတ်သည်။

၆-ဩဏတောဏတသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ ယုတ်နိမ့်သည်ဖြစ်၍ ယုတ်နိမ့်လတ္တံ့သော ပုဂ္ဂိုလ်၊ ယုတ်နိမ့်သည်ဖြစ်၍ မြင့်မြတ်လတ္တံ့သော ပုဂ္ဂိုလ်၊ မြင့်မြတ်သည်ဖြစ်၍ ယုတ်နိမ့်လတ္တံ့သော ပုဂ္ဂိုလ်၊ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်လတ္တံ့သော ပုဂ္ဂိုလ်တို့တည်း။

၇-ပုတ္တသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ- မတုန်လှုပ်သောရဟန်း၊ ပုဏ္ဍရိက်ကြာနှင့် တူသောရဟန်း၊ ပဒုမ္မာကြာနှင့် တူသောရဟန်း၊ ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းတို့တည်း။

မတုန်လှုပ်သော ရဟန်းဟူသည်- ရဟန်းသည် သေက္ခပုဂ္ဂိုလ်ဖြစ်၍ ကျင့်ဆဲဖြစ်၏၊ အတုမရှိသော အရဟတ္တဖိုလ်ကို တောင့်တလျက်နေ၏၊ ရေမြေကို အစိုးရသော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်း၏ အဘိသိက်သွန်းထိုက်သော သားကြီးသည် အဘိသိက်မသွန်းရသေးသော်လည်း မတုန်မလှုပ်သကဲ့သို့သော ရဟန်းတည်း။

ပုဏ္ဍရိက်ကြာနှင့်တူသော ရဟန်းဟူသည်- အာသဝေါကုန်ခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ဉာဏ်ထူးဖြင့် မျက်မှောက်ပြုကာ ရောက်နေ၏၊ ဝိမောက္ခ ၈-ပါးတို့ကို နာမကာယဖြင့်ကား တွေ့ထိမနေ၊ ဤရဟန်းတည်း။

ပဒုမ္မာကြာနှင့်တူသော ရဟန်းဟူသည်- အာသဝေါကုန်ခြင်းကြောင့် (လ) ရောက်နေ၏။ ဝိမောက္ခ ၈-ပါးတို့ကိုလည်း နာမကာယဖြင့် တွေ့ထိ၍နေ၏၊ ဤရဟန်းတည်း။

စာမျက်နှာ-589


ရဟန်းတို့တွင် သိမ်မွေ့သော ရဟန်းဟူသည်- ရဟန်းသည် သုံးဆောင်ပါဟု တောင်းပန်အပ်သည်ဖြစ်၍သာလျှင် သင်္ကန်း၊ ဆွမ်း၊ ကျောင်းကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။ အတူနေ သီတင်းသုံးဖော်တို့သည် ထိုရဟန်းအား နှစ်မြို့ဖွယ် ကာယ၊ ဝစီ၊ မနောကံဖြင့်သာလျှင် ပြုမူကြသည်က များ၏၊ မနှစ်မြို့ဖွယ်ပြုကြသည်ကား အနည်းငယ်သာတည်း။ နှစ်မြို့ဖွယ်ပူဇော်ခြင်းကိုသာလျှင် ဆောင်ကြသည်က များ၏၊ မနှစ်မြို့ဖွယ်ပူဇော်ခြင်းကို ဆောင်ကြသည်ကား အနည်းငယ်သာတည်း။ သည်းခြေ၊ သလိပ်၊ လေ တပါးစီကြောင့် သော်လည်းကောင်း၊ ၃-ပါးပေါင်းဆုံမိခြင်း သန္နိပါတ်ကြောင့် သော်လည်းကောင်း၊ ဥတုဖောက်ပြန်မှု၊ မညီမညွတ်ဆောင်ရွက်မှု၊ သူတပါးတို့ လုံ့လပြုမှုကြောင့် သော်လည်းကောင်း၊ ကံအကျိုးပေးမှုကြောင့် သော်လည်းကောင်း ဖြစ်သောဝေဒနာတို့သည် ထိုရဟန်းအား များစွာမဖြစ်ကုန်၊ အနာရောဂါနည်း၏။ မျက်မှောက်ချမ်းသာကြောင်း စိတ်မြတ်၌ ဖြစ်ကုန်သော ဈာန် ၄-ပါးတို့ကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းရ၏၊ အာသဝေါကုန်ခြင်းကြောင့် (လ) ရောက်နေ၏။ ဤရဟန်းတည်း။

ရဟန်းတို့၊ “ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းမည်၏”ဟူသော အကြင်စကားကိုဆိုသူသည် ကောင်းစွာဆိုသူဖြစ်ရာ၏၊ ထိုစကားကို ကောင်းစွာဆိုသူသည် ငါဘုရားကိုသာ ရည်ညွှန်း၍ ဆိုရာ၏၊ ငါဘုရားသည် အလှူခံတော်မူပါဟု တောင်းပန်အပ်သည်ဖြစ်၍သာလျှင် သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း၊ (လ) ရောက်နေ၏၊ ဤ ၄-မျိုးတို့တည်းဟု မိန့်။

မတုန်လှုပ်သောရဟန်း - သေက္ခ ၇-ယောက်တည်း၊ သာသနာ၌ မူလဖြစ်သော သဒ္ဓါ၌တည်သောကြောင့် မတုန်လှုပ်တော့ပေ။ ပုဏ္ဍရိက်ကြာကား ပွင့်ချပ်တရာ မပြည့်သလို ဈာန်အဘိညာဉ်မရ၊ ဂုဏ်မမြင့်သော သုက္ခဝိပဿက ရဟန္တာမျှဖြစ်၏။ ပဒုမ္မာကြာကား ပွင့်ချပ်တရာပြည့်သလို ဈာန်အဘိညာဉ်ရ၏၊ ဂုဏ်ပြည့်သော ဥဘတောဘာဂဝိမုတ္တ ရဟန္တာကား ယင်းကြာနှင့် တူသည်။

သိမ်မွေ့နူးညံ့သောရဟန်း - ကိုယ် စိတ် နူးညံ့ဆင်းရဲကင်း၏၊ စင်စစ် ချမ်းသာခြင်းရှိသော မိမိကိုယ်တော်မြတ်ကို သော်လည်းကောင်း၊ အလားတူရဟန္တာများကိုလည်းကောင်း ပြသည်။

တောင်းတောင်းပန်ပန် - သင်္ကန်း၌ ဗာကုလထေရ်၊ ဆွမ်း၌ ရှားတောခရီးဝယ် သီဝလိထေရ်၊ ကျောင်း၌ အဋ္ဌကနာဂရသုတ်ဝယ် အာနန္ဒာထေရ်၊ ဆေး၌ ပိလိန္ဒဝစ္ဆမထေရ်တို့တည်း။

စာမျက်နှာ-590


ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ မတုန်လှုပ်သော ရဟန်းစသော အထက်ပုတ္တသုတ်လာ ၄-မျိုးတည်း။

မတုန်လှုပ်သော ရဟန်းဟူသည်- ဤသာသနာတော်၌ ရဟန်းသည် သံယောဇဉ် ၃-ပါး အကြွင်းမဲ့ ကုန်ခြင်းကြောင့် အပါယ်မကျ၊ ကိန်းသေမြဲသော အထက်မဂ် ၃-ပါး လားရာရှိသော သောတာပန်တည်း။ (သာသနာ၌ ထောက်တည်ရာ ရသောကြောင့်တည်း။)

ပုဏ္ဍရိက်ကြာနှင့်တူသော ရဟန်းဟူသည်- သံယောဇဉ် ၃-ပါး အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ ရာဂ၊ ဒေါသ၊ မောဟ ခေါင်းပါးခြင်းကြောင့် လည်းကောင်း တကြိမ်သာ ဤလူ့ဘုံလာ၍ ဆင်းရဲ၏ အဆုံးကို ပြုသော သကဒါဂါမ်တည်း။ (ဂုဏ်မများသေး၍ ပွင့်ချပ်မများသော ကြာနှင့်တူသည်။)

ပဒုမ္မာကြာနှင့်တူသော ရဟန်းဟူသည်- အောက်ကာမဘုံဆိုင်ရာ သံယောဇဉ် ၅-ပါး အကြွင်းမဲ့ ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပတ်ပဋိသန္ဓေနေ၍ ဤဘုံ၌သာ ပရိနိဗ္ဗာန်ပြုလတ္တံ့သော ထိုဘုံမှ ပြန်လည်ခြင်းသဘော မရှိသော အနာဂါမ်တည်း။ (ဂုဏ်များ၍ ပွင့်ချပ်တရာရှိသောကြာနှင့် တူသည်။)

ရဟန်းတို့တွင် သိမ်မွေ့သော ရဟန်းဟူသည်- အာသဝေါတရားတို့ ကုန်ခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ဉာဏ်ထူးဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ရောက်နေသော ရဟန္တာတည်း။ (ကြမ်းအောင်ပြုသော ကိလေသာအားလုံး အကြွင်းမဲ့ပြတ်၍ နူးညံ့ခြင်းသို့ရောက်သည်။)

၉-သမ္မာဒိဋ္ဌိသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ မတုန်မလှုပ်သော ရဟန်းစသော အထက်ပုတ္တသုတ်လာ ပုဂ္ဂိုလ် ၄-မျိုးတည်း။

မတုန်လှုပ်သောရဟန်းဟူသည်- အမြင်မှန်သမ္မာဒိဋ္ဌိစသော မဂ္ဂင် ၈-ပါးရှိသူတည်း။

ပုဏ္ဍရိက်ကြာနှင့် တူသော ရဟန်းဟူသည်- မဂ္ဂင် ၈-ပါး အပြင် မှန်ကန်သော ဉာဏ်၊ မှန်ကန်သော လွန်မြောက်ခြင်း အရဟတ္တဖိုလ်ရှိသူတည်း၊ ဝိမောက္ခ ၈-ပါးတို့ကို နာမကာယဖြင့် တွေ့ထိကာ မနေ။

ပဒုမ္မာကြာနှင့် တူသော ရဟန်းဟူသည်- အထက် ၁၀-ပါးအပြင် ဝိမောက္ခ ၈-ပါးတို့ကို နာမကာယဖြင့် တွေ့ထိ၍ နေသူတည်း။ ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော...

စာမျက်နှာ-591


ရဟန်းဟူသည်- အထက်ပုတ္တသုတ်လာ စတုတ္ထရဟန်းပင်တည်း၊ ဤလေးမျိုးတို့တည်း။ (ပုဂ္ဂိုလ်အားဖြင့် ပဌမ သေက္ခ ၇-ဦး၊ ဒုတိယ သုက္ခဝိပဿက ရဟန္တာ၊ တတိယ ဥဘတောဘာဂ ဝိမုတ္တရဟန္တာ၊ စတုတ္ထ ဘုရားရှင်နှင့် ဘုရားရှင်အလားတူ ရဟန္တာတည်း၊ ပထမသုတ် ပုဂ္ဂိုလ်အတိုင်းပင် ဟောသည်၊ ဒေသနာမျှသာ ထူး၏။)

၁၀-ခန္ဓသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ- မတုန်လှုပ်သော ရဟန်း စသော အထက် ပုတ္တသုတ်လာ ပုဂ္ဂိုလ် ၄-မျိုးတည်း။

မတုန်လှုပ်သောရဟန်း ဟူသည် အရဟတ္တဖိုလ်သို့ မရောက်သေးသော သေက္ခပုဂ္ဂိုလ် ဖြစ်၏။ နိဗ္ဗာန်ကို တောင့်တသည်ဖြစ်၍ နေသူတည်း။

ပုဏ္ဍရိက်ကြာနှင့်တူသောရဟန်း ဟူသည်- ဤကားရုပ်၊ ဤကားရုပ် ဖြစ်ကြောင်း၊ ဤကား ရုပ်ချုပ်ခြင်း စသည်ဖြင့် ဥပါဒါနက္ခန္ဓာ ၅-ပါးတို့၌ ဖြစ်ပျက်ကို အဖန်တလဲလဲ ရှုနေသူတည်း၊ ဝိမောက္ခ ၈-ပါးတို့ကို နာမကာယဖြင့် တွေ့ထိ၍ကား မနေ။

ပဒုမ္မာကြာနှင့်တူသောရဟန်း ဟူသည်— ဥပါဒါနက္ခန္ဓာ ၅-ပါးတို့၌ ဖြစ်ပျက်ကို အဖန်တလဲလဲ ရှုနေကာ ဝိမောက္ခ ၈-ပါးတို့ကို နာမကာယဖြင့် တွေ့ထိ၍လည်း နေသူတည်း။
ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်း ဟူသည်-- အထက် ပုတ္တသုတ်လာ စတုတ္ထရဟန်းပင်တည်း။ (ပုဂ္ဂိုလ်အားဖြင့် ပဌမ-အရဟတ္တဖိုလ်အလို့ငှာ အားမထုတ်ဘဲ မေ့လျော့နေသော သေက္ခပုဂ္ဂိုလ်တည်း။ ဒုတိယ-မမေ့မလျော့ အားထုတ်သော ဈာန်မရ သေက္ခပုဂ္ဂိုလ်၊ တတိယ- အားထုတ်သော ဝိမောက္ခ ၈-ပါးရ သေက္ခပုဂ္ဂိုလ်တည်း၊ စတုတ္ထမှာ သိမ်မွေ့နူးညံ့သော ရဟန္တာတည်း။)

(၁၀) ၅-အသုရဝဂ်၊ ၁-အသုရသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ---
၁။ အသုရာဖြစ်၍ အသုရာအခြံအရံရှိသောပုဂ္ဂိုလ်။
၂။ အသုရာဖြစ်၍ နတ်အခြံအရံရှိသောပုဂ္ဂိုလ်။
၃။ နတ်ဖြစ်၍ အသုရာအခြံအရံရှိသောပုဂ္ဂိုလ်။
၄။ နတ်ဖြစ်၍ နတ်အခြံအရံရှိသောပုဂ္ဂိုလ်တည်း။

အသုရာဖြစ်၍ အသုရာအခြံအရံရှိသောပုဂ္ဂိုလ် ဟူသည်- ဤလောက၌ အချို့သူသည် သီလမရှိ၊ သဘောယုတ်၏၊ ထိုသူ၏ ပရိသတ်သည်လည်း သီလမရှိ၊ သဘောယုတ်၏၊ ဤသူတည်း။ ဒုတိယပုဂ္ဂိုလ်မှာ မိမိက သီလမရှိ သဘောယုတ်သော်လည်း ပရိသတ်က သီလရှိ သဘောကောင်းသည်၊ တတိယမှာ မိမိက သီလရှိ၊ သဘောကောင်း၊ ပရိသတ်က သီလမရှိ၊ သဘောယုတ်၊ စတုတ္ထမှာ ၂-ဘက်လုံး ကောင်း၏ဟု မာတိကာဖြင့် အမည်တပ်လေ။ (အသုရကာယ်နှင့်အတူ အဆင်းမလှသူကို အသုရာ၊ ဂုဏ်ကျေးဇူးနှင့်စပ်၍ အဆင်းလှ ကြည်ညိုဖွယ်ရှိသူ နတ်နှင့်တူသူကို နတ်ဟု ဤသုတ်၌ ဆိုသည်။)

စာမျက်နှာ-592


၂-ပဌမ သမာဓိသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ- ဤလောက၌ အချို့သူသည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုရ၏၊ သင်္ခါရတရားကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုကားမရ၊ အချို့ကား ပညာကိုရ၏၊ တည်ကြည်ခြင်းကိုမရ၊ အချို့ကား ၂-ပါးလုံးကို မရ၊ အချို့ကား ၂-ပါးလုံးရ၏၊ ဤသည်တို့တည်း။ (အပ္ပနာသမာဓိနှင့် သင်္ခါရကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကို ရခြင်းတည်း။)

၃-ဒုတိယ သမာဓိသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ- အချို့သူသည် မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကို ရ၏၊ သင်္ခါရကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကိုကား မရ၊ အချို့ကား ပညာကိုရ၏၊ တည်ကြည်ခြင်းကိုမရ၊ အချို့ကား ၂-ပါးလုံးကိုမရ၊ အချို့ကား ၂-ပါးလုံးကို ရ၏၊ ထိုပုဂ္ဂိုလ် ၄-မျိုးတို့တွင်-

၁။ တည်ကြည်ခြင်းကိုသာ ရ၍ ပညာကို မရသေးသူသည် တည်ကြည်ခြင်း၌ တည်၍ ပညာကို အားထုတ်အပ်၏။ ထိုသူသည် နောင်အခါ မိမိသန္တာန်၌ စိတ်၏တည်ကြည်ခြင်းကိုလည်းရ၏၊ သင်္ခါရကို ရှုမြင်တတ်သော လွန်မြတ်သောပညာကိုလည်း ရ၏။

၂။ ပညာကိုသာရ၍ တည်ကြည်ခြင်းကို မရသူသည် ပညာ၌တည်၍ တည်ကြည်ခြင်းကို အားထုတ်အပ်၏၊ ထိုသူသည် နောင်အခါ...ပညာကိုလည်း ရ၏၊ တည်ကြည်ခြင်းကိုလည်း ရ၏။

၃။ တည်ကြည်ခြင်းပညာ ၂-ပါးလုံးကို မရသူသည် ထိုကုသိုလ်တရားကိုရရန် လွန်ကဲသောအလိုဆန္ဒ၊ လုံ့လကိုလည်းကောင်း၊ အားထုတ်ကြိုးစားခြင်း၊ မဆုတ်နစ်ခြင်းကိုလည်းကောင်း၊ အောက်မေ့ခြင်း ဆင်ခြင်ဉာဏ်ကိုလည်းကောင်း ပြုအပ်၏။

ပုဆိုးကို မီးလောင်၊ ဦးခေါင်းကို မီးလောင်သူသည် ထိုပုဆိုး၊ ထိုဦးခေါင်းကို မီးငြိမ်းစေရန် လွန်ကဲသော အလိုလုံ့လကိုလည်းကောင်း၊ (လ) ဆင်ခြင်ဉာဏ်ကို လည်းကောင်းပြုသကဲ့သို့ ပြုသူသည် နောင်အခါ မိမိသန္တာန်၌ တည်ကြည်ခြင်းကိုလည်း ရ၏...ပညာကိုလည်း ရ၏။

၄။ တည်ကြည်ခြင်း ပညာ ၂-ပါးလုံးကို ရသူသည် ယင်းကုသိုလ်တရားတို့၌ပင် တည်ရှိ၍ အာသဝေါကုန်ရန် အတိုင်းထက်အလွန် အားထုတ်၏၊ ဤသည်တို့တည်း။

စာမျက်နှာ-593


၄-တတိယ သမာဓိသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ (ပဌမသမာဓိသုတ်လာ ပုဂ္ဂိုလ် ၄-မျိုးအတူ။) ထိုတွင်—

၁။ မိမိသန္တာန်၌ စိတ်၏တည်ကြည်ခြင်းကိုသာရ၍ သင်္ခါရကို ရှုမြင်တတ်သော လွန်မြတ်သော ပညာကို မရသူသည် ပညာကို ရသူထံ ချဉ်းကပ်၍ “ငါ့ရှင်၊ အဘယ်သို့လျှင် သင်္ခါရတို့ကို မှတ်အပ်၊ သုံးသပ်အပ်၊ ရှုအပ်ကုန်သနည်း”ဟု ဆိုရာ၏။ ထိုသူအား ပညာကိုရသူသည် “ငါ့ရှင်၊ သင်္ခါရတို့ကို ဤသို့ မှတ်အပ်၊ သုံးသပ်အပ်၊ ရှုအပ်ကုန်၏”ဟု မြင်သိသော အတိုင်း ပြောကြား၏။ ထိုပုဂ္ဂိုလ်သည် နောင်အခါ မိမိသန္တာန်၌ စိတ်၏ တည်ကြည်ခြင်းကိုလည်း ရ၏၊ သင်္ခါရတို့ကို ရှုမြင်တတ်သော လွန်မြတ်သောပညာကို လည်း ရ၏။

၂။ ပညာကိုရ၍ တည်ကြည်ခြင်းကို မရသူသည် တည်ကြည်ခြင်း ရသူထံ ချဉ်းကပ်၍ “ငါ့ရှင်၊ အဘယ်သို့ စိတ်ကို ကောင်းစွာထားအပ်၊ အနည်ထိုင်စေအပ်၊ တခုတည်းသော အာရုံရှိသည်၏ အဖြစ်ကိုပြုအပ်၊ ကောင်းစွာ ဆောက်တည်စေအပ်သနည်း”ဟု ဆိုရာ၏၊ ထိုသူအား တည်ကြည်ခြင်း ရသူသည် “ငါ့ရှင်၊ စိတ်ကို ဤသို့ ကောင်းစွာထားအပ်၊ အနည်ထိုင်စေအပ်၊ တခုတည်းသော အာရုံရှိသည်၏ အဖြစ်ကို ပြုအပ်၊ ကောင်းစွာ ဆောက်တည်စေအပ်၏”ဟု သိမြင်သောအတိုင်း ပြောကြား၏။ ထိုပုဂ္ဂိုလ်သည် နောင်အခါ...ပညာကိုလည်း ရ၏..တည်ကြည်ခြင်းကိုလည်း ရ၏။

၃။ ၂-ပါးလုံးကို မရသူသည် ၂-ပါးလုံး ရသူထံ ချဉ်းကပ်၍ “ငါ့ရှင်၊ အဘယ်သို့လျှင် စိတ်ကို ကောင်းစွာထားအပ် (လ) ဆောက်တည်စေအပ်သနည်း၊ အဘယ်သို့ သင်္ခါရတို့ကို မှတ်အပ်၊ သုံးသပ်အပ်၊ ရှုအပ်သနည်း”ဟု ဆိုရာ၏။ ထိုသူအား ထို ၂-ပါးလုံးကို ရသူသည် “ငါ့ရှင်၊ ဤသို့ စိတ်ကို ကောင်းစွာထားအပ် (လ) ဆောက်တည်စေအပ်၏။ ဤသို့ သင်္ခါရတို့ကို မှတ်အပ်၊ သုံးသပ်အပ်၊ ရှုအပ်ကုန်၏”ဟု မြင်သိသော အတိုင်း ပြောကြား၏။ ထိုသူသည် နောင်အခါ မိမိသန္တာန်၌ စိတ်၏တည်ကြည်ခြင်းကိုလည်း ရ၏၊ ပညာကိုလည်း ရ၏။

၄။ ၂-ပါးလုံးရသူသည် ယင်းကုသိုလ်တရားတို့၌ပင် တည်၍ အာသဝေါကုန်ရန် အတိုင်းထက်အလွန် အားထုတ်ခြင်းကို ပြုအပ်၏၊ ဤသည်တို့တည်း။

၅-ဆဝါလာတသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ—
၁။ ကိုယ်ကျိုးဖို့လည်း မကျင့်၊ သူတပါးအကျိုးဖို့လည်း မကျင့်သူ။
၂။ သူတပါးအကျိုးဖို့သာကျင့်၍ ကိုယ်ကျိုးဖို့ မကျင့်သူ။
၃။ ကိုယ်ကျိုးဖို့သာကျင့်၍ သူတပါးအကျိုးဖို့ မကျင့်သူ။
၄။ ၂-မျိုးလုံး အကျိုးဖို့ ကျင့်သူတို့တည်း။

စာမျက်နှာ-594


၂-ဘက်စွန်း မီးလောင်၍ အလယ်၌ မစင်လူးသော သင်္ချိုင်းတောမှ ထင်းမီးစသည် ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း သစ်သားဖြင့် ပြုအပ်သော ကိစ္စကို မပြီးစေနိုင်သကဲ့သို့ ကိုယ်ကျိုး၊ သူကျိုး ၂-မျိုးလုံးဖို့ မကျင့်သူကို ထိုထင်းမီးစနှင့်တူ၏ဟု ငါဆို၏။

ဤပဌမပုဂ္ဂိုလ်နှင့် သူကျိုးသာကျင့်သော ဒုတိယပုဂ္ဂိုလ် ဤ ၂-ဦးတွင် ဒုတိယသည် အထူးသဖြင့် ကောင်းမြတ်၏။ ကိုယ်ကျိုးသာကျင့်သော တတိယပုဂ္ဂိုလ်ပါ ဤ ၃-ဦးတွင် ဤတတိယသည် အထူးသဖြင့် ကောင်းမြတ်၏။ ၂-မျိုးလုံး ကျင့်သူပါ ဤ ၄-ဦးတွင် ဤစတုတ္ထပုဂ္ဂိုလ်သည် လွန်ကဲ မြင့်မြတ် ကြီးမှူးအပ်သူ ဖြစ်၏။

နွားမမှ နို့ရည်၊ နို့ရည်မှ နို့ဓမ်း၊ ထိုမှတဆင့် ဆီဦး၊ ထောပတ်၊ ထောပတ်ကြည် အဆင့်ဆင့်ဖြစ်၍ အဆင့်ဆင့်မြတ်၏ဟု ဆိုအပ်သကဲ့သို့ ပုဂ္ဂိုလ် ၄-မျိုးတွင် စတုတ္ထပုဂ္ဂိုလ်သည် လွန်ကဲ မြင့်မြတ်ဆုံးဖြစ်သည်၊ ဤ ၄-မျိုးတို့တည်းဟု မိန့်။

၆-ရာဂဝိနယသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ’ ကိုယ်ကျိုးသာ ကျင့်သူ၊ သူကျိုးသာကျင့်သူ၊ ၂-ကျိုးလုံး မကျင့်သူ၊ ၂-ကျိုးလုံး ကျင့်သူတို့တည်း။

ကိုယ်ကျိုးသာ ကျင့်၍ သူကျိုးမကျင့်သူ ဟူသည်- ဤသာသနာတော်၌ အချို့သူသည် ကိုယ်တိုင်ရာဂ ဖျောက်ရန် ကျင့်၏၊ သူတပါးအား ရာဂဖျောက်ရန် မဆောက်တည်စေ၊ ကိုယ်တိုင် ဒေါသ၊ မောဟ ဖျောက်ရန် ကျင့်၏။ သူတပါးအား ဒေါသ၊ မောဟ ဖျောက်ရန် မဆောက်တည်စေ၊ ဤသူတည်း။

ရာဂစသည်ကို ပယ်ဖျောက်ရန် ကိုယ်တိုင်မကျင့်သော်လည်း သူတပါးအား ပယ်ဖျောက်ရန် ဆောက်တည်စေသူကား သူကျိုးသာ ကျင့်သူမည်၍၊ မိမိလည်း မကျင့်၊ သူတပါးအားလည်း ရာဂစသည် ဖျောက်ရန် မဆောက်တည်စေသူကား ၂-ကျိုးလုံး မကျင့်သူမည်သည်၊ မိမိလည်းကျင့်၊ သူတပါးကိုလည်း ကျင့်စေက ၂-ကျိုးလုံး ကျင့်သူတည်း၊ ဤ ၄-မျိုးတို့တည်း။

၇-ခိပ္ပနိသန္တိသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ (အထက်ရာဂဝိနယသုတ်လာ) ၄-မျိုးတို့တည်း။

မိမိကျိုးသာ ကျင့်သူ ဟူသည်- ဤသာသနာတော်၌ အချို့သူသည် ကုသိုလ်တရားတို့၌ လျင်စွာ သိမြင်နိုင်၏၊ ကြားနာပြီး တရားတို့ကို ဆောင်နိုင်သော သဘောရှိ၏၊ ဆောင်ပြီး တရားတို့၏ အနက်ကို ဆင်ခြင်နိုင်၏၊ အနက်ကို သိ၊ ပါဠိကို သိ၍ လောကုတ္တရာတရားအား လျော်သော အကျင့်ကိုလည်း ကျင့်၏။ (သို့သော်) ကောင်းသော စကား မြွက်ဆိုသံ မရှိ၊ သန့်ရှင်းသော၊ အပြစ်ကင်း၍ ကျပေါက်ခြင်း မရှိသော အနက်ကို သိစေတတ်၍ ယဉ်ကျေးသော စကားနှင့် မပြည့်စုံ၊ သီတင်းသုံးဖော်တို့အား အကျိုးစီးပွားကို မသိမြင်စေတတ်၊ တရားကို မဆောက်တည်စေတတ်၊ တရားကျင့်သုံးရန် မထက်သန် မရွှင်လန်းစေတတ်၊ ဤသူတည်း။

စာမျက်နှာ-595


သူကျိုးကိုသာ ကျင့်သူ ဟူသည်- အချို့သူသည် ကုသိုလ်တရားတို့၌ လျင်စွာ မသိစွမ်းနိုင်၊ ကြားနာပြီး တရားတို့ကို ဆောင်နိုင်သော သဘောလည်း မရှိ၊ ဆောင်ပြီး တရားတို့၏ အနက်ကိုလည်း မဆင်ခြင်နိုင်၊ အနက်ကိုသိ၊ ပါဠိကိုသိ၍ လောကုတ္တရာတရားအား လျော်သောအကျင့်ကို မကျင့်။ (သို့သော်) ကောင်းသော စကားမြွက်ဆိုသံ ရှိ၏၊ သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်း မရှိသော အနက်ကို သိစေတတ်၍ ယဉ်ကျေးမှုရှိသော စကားနှင့် ပြည့်စုံ၏၊ သီတင်းသုံးဖော်တို့အား အကျိုးစီးပွားကို သိမြင်စေတတ်၊ တရားကို ဆောက်တည်စေတတ်၏၊ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေတတ်၏၊ ဤသူတည်း။

မိမိကျိုး သူကျိုး ၂-မျိုးလုံး မကျင့်သူ ဟူသည်- အချို့သူသည် ကုသိုလ်တရားတို့၌ မသိစွမ်းနိုင်၊ (လ) အကျင့်ကိုလည်း မကျင့်၊ ကောင်းသော စကားမြွက်ဆိုသံ မရှိ၊ (လ) မရွှင်လန်းစေတတ်၊ ဤသူတည်း။

၂-မျိုးလုံး ကျင့်သူ ဟူသည်- အချို့သူသည် ကုသိုလ်တရားတို့၌ လျင်စွာ သိစွမ်းနိုင်၏၊ (လ) အကျင့်ကိုလည်း ကျင့်၏၊ ကောင်းသောစကား မြွက်ဆိုသံရှိ၏၊ (လ) ရွှင်လန်းစေတတ်၏၊ ဤသူတည်း။

၈-အတ္တဟိတသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ- ကိုယ်ကျိုးသာ ကျင့်သူ စသော (အထက်ရာဂဝိနယသုတ်လာ) ၄-မျိုးတည်း။ (ပုဂ္ဂလဇ္ဈာသယ ဒေသနာဝိလာသအားဖြင့် ဟောသည်၊ နိဒ္ဒေသမပါ။)

၉-သိက္ခာပဒသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ- အထက်သုတ်လာ ၄-မျိုးတို့တည်း။
မိမိကျိုးသာ ကျင့်သူ ဟူသည်- ဤလောက၌ အချို့သူသည် မိမိကိုယ်တိုင် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတပါးကို ရှောင်ကြဉ်စေရန် မဆောက်တည်စေ၊ မိမိကိုယ်တိုင် မပေးသည်ကို ယူခြင်း၊ ကာမဂုဏ်တို့၌ အမှားကျင့်ခြင်း၊ အမှားပြောခြင်း၊ မူးယစ်မေ့လျော့ကြောင်း ဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်၏၊ သူတပါးအား ရှောင်ကြဉ်ရန် မဆောက်တည်စေ၊ ဤသူတည်း။ (သိက္ခာပုဒ် ၅-ပါးနှင့် စပ်၍ ဤသုတ်ဟောသည်။)

သူကျိုးသာ ကျင့်သူ ကား- ၅-ပါးမှ မိမိမရှောင်ကြဉ်သော်လည်း သူတပါးအား ရှောင်ကြဉ်ရန် ဆောက်တည်စေသည်၊ ၂-ဘက်ကျိုး မကျင့်သူ၊ ကျင့်သူများအား နည်းမှီ၍ သိအပ်၏။

စာမျက်နှာ-596


၁၀-ပေါတလိယသုတ်

ဘုရားထံတော် ချဉ်းကပ်ရောက်လာသော ပေါတလိယပရိဗိုဇ်အား ဘုရားရှင်က ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ-

(၁) ဤလောက၌ အချို့သူသည် သင့်လျော်သော အခါ၌ ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကို ဆိုတတ်၏၊ သင့်လျော်သော အခါ၌ ဟုတ်မှန်စွာ ဂုဏ်ထိုက်သူ၏ ဂုဏ်ကိုမူကား မဆိုတတ်။

(၂) အချို့သူသည် သင့်လျော်သော အခါ၌ ဟုတ်မှန်စွာ ဂုဏ်ထိုက်သူ၏ ဂုဏ်ကို ဆိုတတ်၏၊ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကိုကား မဆိုတတ်။

(၃) အချို့သူသည် သင့်လျော်သောအခါ၌ ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကိုလည်း မဆိုတတ်၊ ဂုဏ်ထိုက်သူ၏ ဂုဏ်ကိုလည်း မဆိုတတ်။

(၄) အချို့သူသည် သင့်လျော်သောအခါ၌ ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကိုလည်း ဆိုတတ်၏၊ ဂုဏ်ထိုက်သူ၏ ဂုဏ်ကိုလည်း ဆိုတတ်၏၊ ဤ ၄-မျိုးတို့တည်း။

ဤ ၄-မျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်ကို အထူးသဖြင့် ကောင်းမြတ်သည်ဖြစ်၍ သင်နှစ်သက်သနည်းဟု မိန့်တော်မူ၏။

“သင့်လျော်သောအခါ၌ ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကို မဆိုတတ်၍ ဂုဏ်ထိုက်သူ၏ဂုဏ်ကိုမူလည်း မဆိုတတ်သော (အမှတ်-၃) ပုဂ္ဂိုလ်ကို အထူးသဖြင့် ကောင်းမြတ်သည်ဖြစ်၍ အကျွန်ုပ်နှစ်သက်ပါ၏၊ အကြောင်းမှာ လျစ်လျူရှုခြင်းသည် အလွန်ကောင်းမြတ်သောကြောင့်ပါ” ဟု လျှောက်သည်။

“ပေါတလိယ၊ ဤ ၄-မျိုးတို့တွင် သင့်လျော်သောအခါ၌ ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆိုတတ်၍ ဂုဏ်ထိုက်သူ၏ ဂုဏ်ကိုလည်း ပြောဆိုတတ်သော (အမှတ်-၄) ပုဂ္ဂိုလ်သည် အထူးသဖြင့် ကောင်းမြတ်၏၊ အကြောင်းမှာ ထိုထိုအရာ၌ သင့်လျော်သောအခါကို သိခြင်းသည် အလွန်ကောင်းမြတ်သောကြောင့်တည်း” ဟု မိန့်။

စာမျက်နှာ-597


ထိုအခါ ပေါတလိယပရိဗိုဇ်သည် ဘုရားရှင်စကားတော်ကို လိုက်နာဝန်ခံပြီး “အရှင်ဂေါတမ၊ တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ ဥပမာသော်ကား မှောက်ထားသည်ကို လှန်၊ ဖုံးထားသည်ကို ဖွင့်သကဲ့သို့လည်းကောင်း၊ မျက်စိလည်သူအား လမ်းမှန်ကို ပြောကြားသကဲ့သို့လည်းကောင်း၊ ‘မျက်စိမြင်သူများ အဆင်းမြင်ကြလိမ့်မည်’ ဟု အမှောင်၌ ဆီမီးတန်ဆောင် ဆောင်ပြသကဲ့သို့လည်းကောင်း အရှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ဟောတော်မူ၏” စသည်လျှောက်ထားပြီး သရဏဂုံတည် ဥပါသကာခံယူသွားသည်။ (တံတံကာလံ ဉာတိ အဝဏ္ဏာရဟ အဝဏ္ဏကထနံ၊ ဝဏ္ဏာရဟဿ စ ဝဏ္ဏကထနံ ပဏ္ဍိတာနံ ပကတီတိ ဒဿေတိ၊ ဋ္ဌ။

(၁၁) ၁-ဝလာဟကဝဂ်၊ ၁-ပဌမဝလာဟကသုတ်

သာဝတ္ထိနိဒါန်း။ ရဟန်းတို့၊ မိုး ၄-မျိုးမှာ-
၁။ ချုံးသာချုံး၍ မရွာသောမိုး။
၂။ ရွာသာရွာ၍ မချုံးသောမိုး။
၃။ ချုံးလည်းမချုံး၊ ရွာလည်းမရွာသောမိုး။
၄။ ချုံးလည်းချုံး၊ ရွာလည်းရွာသောမိုးတို့တည်း။

ဤအတူ မိုးနှင့်တူသော လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ ချုံးသာချုံး၍ မရွာသောပုဂ္ဂိုလ် စသည်တို့တည်း။

ချုံးသာချုံး၍ မရွာသောပုဂ္ဂိုလ် ဟူသည်- ဤလောက၌ ပြောသာပြော၍ မပြုလုပ်တတ်သူ အချို့တည်း၊ ချုံးသာချုံး၍ မရွာသောမိုးနှင့်အတူ ဤပုဂ္ဂိုလ်ကို ငါဆို၏။
ရွာသာရွာ၍ မချုံးသောပုဂ္ဂိုလ် ဟူသည်– ပြုသာပြုလုပ်တတ်၍ မပြောတတ်သူ အချို့တည်း။ ပြောလည်း မပြောတတ်၊ ပြုလည်း မပြုလုပ်တတ်သူကား ချုံးလည်းမချုံး၊ ရွာလည်းမရွာသော ပုဂ္ဂိုလ်။ အပြောလည်းတတ်၊ အလုပ်လည်း တတ်သူကား ချုံးလည်းချုံး၊ ရွာလည်းရွာသော ပုဂ္ဂိုလ်ဟု မိန့်။

၂-ဒုတိယဝလာဟကသုတ်

မိုး ၄-မျိုးမှာ ချုံးသာချုံး၍ မရွာသောမိုး စသည်တို့တည်း။ ဤအတူ မိုးနှင့်တူသော လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ ချုံးသာချုံး၍ မရွာသောပုဂ္ဂိုလ် စသည်တို့တည်း။

ချုံးသာချုံး၍ မရွာသောပုဂ္ဂိုလ် ဟူသည်- ဤလောက၌ အချို့သူသည် သုတ်၊ ဂေယျ၊ ဝေယျာကရိုဏ်း၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ ဇာတ်၊ အဗ္ဗုတဓမ္မ၊ ဝေဒလ္လဟူသော ဓမ္မကို သင်ကြား၏။ ထိုပုဂ္ဂိုလ်သည် ဤကား ဆင်းရဲတည်း၊ ဆင်းရဲကြောင်းတည်း၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်တည်း၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တည်းဟု ဟုတ်တိုင်းမှန်စွာမသိ၊ ဤပုဂ္ဂိုလ်တည်း၊ ချုံးသာချုံး၍ မရွာသောမိုးနှင့်အတူ ဤပုဂ္ဂိုလ်ကို ငါဆို၏။

စာမျက်နှာ-598


သုတ်၊ ဂေယျ စသောဓမ္မကို သင်ကြားခြင်းက ချုံးသည်၊ မသင်ကြားလျှင် မချုံးဟု လည်းကောင်း၊ သစ္စာ ၄-ပါးသိလျှင် မိုးရွာ၊ မသိလျှင် မရွာဟု လည်းကောင်း မှတ်သား၍ ကြွင်းပုဂ္ဂိုလ် ၃-မျိုးကို နည်းမှီ၍ သိအပ်၏။

၃-ကုမ္ဘသုတ်

အိုး ၄-မျိုးမှာ– အချည်းနှီးဖြစ်လျက် ပိတ်ထားသောအိုး၊ ပြည့်လျက် ဖွင့်ထားသောအိုး၊ အချည်းနှီးဖြစ်လျက် ဖွင့်ထားသောအိုး၊ ပြည့်လျက် ပိတ်ထားသောအိုးတို့တည်း။ ဤအတူ အိုးနှင့်တူသော လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ အချည်းနှီးဖြစ်လျက် ပိတ်ထားသောပုဂ္ဂိုလ် စသည်တို့တည်း။ (အိုးနေရာ၌ ပုဂ္ဂိုလ်သွင်းဆိုရုံသာ။)

အချည်းနှီးဖြစ်လျက် ပိတ်ထားသော ပုဂ္ဂိုလ် ဟူသည်- ဤလောက၌ အချို့သူ၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးဆန့်ခြင်း၊ ဒုကုဋ်သပိတ်သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏။ ထိုပုဂ္ဂိုလ်သည် ဤကား ဆင်းရဲတည်းစသည်ဖြင့် သစ္စာ ၄-ပါးကို ဟုတ်တိုင်းမှန်စွာ မသိ၊ ဤသူတည်း၊ အချည်းနှီးဖြစ်လျက် ပိတ်ထားသော အိုးနှင့်အတူ ဤပုဂ္ဂိုလ်ကို ငါဆို၏။

အချည်းနှီးဖြစ်လျှင် သစ္စာကို မသိ၊ ပြည့်လျှင် သိသည်၊ ပိတ်ထားလျှင် ကြည်ညိုဖွယ်ရှိ၍ ဖွင့်ထားလျှင် ကြည်ညိုဖွယ် မရှိဟု မှတ်သား၍ ကြွင်းပုဂ္ဂိုလ် ၃-မျိုးကို နည်းမှီ၍ သိအပ်၏။

၄-ဥဒကရဟဒသုတ်

ရေအိုင် ၄-မျိုးမှာ-
၁။ တိမ်လျက် နက်ယောင်ရှိသော ရေအိုင်။
၂။ နက်လျက် တိမ်ယောင်ရှိသော ရေအိုင်။
၃။ တိမ်လျက် တိမ်ယောင်ရှိသော ရေအိုင်။
၄။ နက်လျက် နက်ယောင်ရှိသော ရေအိုင်တို့တည်း။

ဤအတူ ရေအိုင်နှင့် တူသော လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ တိမ်လျက် နက်ယောင်ရှိသော ပုဂ္ဂိုလ်စသည်တို့တည်း။

တိမ်လျက် နက်ယောင်ရှိသော ပုဂ္ဂိုလ် ဟူသည်- ဤလောက၌ အချို့သူ၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ ဆုတ်ခြင်း၊ (လ) ကြည်ညိုဖွယ်ရှိ၏။ ထိုပုဂ္ဂိုလ်သည် ဤကား ဆင်းရဲတည်း စသည်ဖြင့် သစ္စာ ၄-ပါးကို ဟုတ်တိုင်းမှန်စွာ မသိ၊ ဤသူတည်း၊ တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့် အတူ ဤပုဂ္ဂိုလ်ကို ငါဆို၏။

တိမ်လျှင် သစ္စာကို မသိ၊ နက်လျှင် သိသည်၊ တိမ်ယောင်ရှိလျှင် ကြည်ညိုဖွယ်၊ နက်ယောင်ရှိမှ ကြည်ညိုဖွယ်မရှိသည်ဟု မှတ်သား၍ ကြွင်းပုဂ္ဂိုလ် ၃-မျိုးကို နည်းမှီ၍ သိအပ်၏။

စာမျက်နှာ-599


၅-အမ္ဗသုတ်

သရက်သီး ၄-မျိုးမှာ- စိမ်းလျက် မှည့်ယောင်ရှိသော၊ မှည့်လျက် စိမ်းယောင်ရှိသော၊ စိမ်းလျက် စိမ်းယောင်ရှိသော၊ မှည့်လျက် မှည့်ယောင်ရှိသော သရက်သီးတို့တည်း။ ဤအတူ သရက်သီးနှင့်တူသော လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ- စိမ်းလျက် မှည့်ယောင်ရှိသော ပုဂ္ဂိုလ် စသည်တို့တည်း။

စိမ်းလျက် မှည့်ယောင်ရှိသော ပုဂ္ဂိုလ် ဟူသည်- အချို့သူ၏ ရှေ့သို့တက်ခြင်း၊ (လ) ကြည်ညိုဖွယ်ရှိ၏၊ ထိုပုဂ္ဂိုလ်သည် ဤကား ဆင်းရဲတည်း စသည်ဖြင့် သစ္စာကို အမှန်မသိ၊ ဤသူတည်း။ စိမ်းလျက် မှည့်ယောင်ရှိသော သရက်သီးနှင့်အတူ ဤပုဂ္ဂိုလ်ကို ငါဆို၏။

စိမ်းလျှင် သစ္စာကို မသိ၊ မှည့်လျှင် သိသည်၊ စိမ်းယောင်ရှိလျှင် ကြည်ညိုဖွယ်မရှိ၊ မှည့်ယောင်ရှိမှ ကြည်ညိုဖွယ်ရှိသည်ဟု မှတ်သား၍ ကြွင်းပုဂ္ဂိုလ် ၃-မျိုးကို နည်းမှီသိအပ်၏။
၆-ဒုတိယ အမ္ဗူပမသုတ်၊ အဋ္ဌကထာ၌ အတူပြ၊ ပါဠိ၌ မထင်။

၇-ပူသိကသုတ်

ကြွက် ၄-မျိုးမှာ-- တွင်းသာ ဖောက်၍ မအောင်းသော ကြွက်၊ အောင်းသာ အောင်း၍ တွင်းမဖောက်သော ကြွက်၊ တွင်းလည်း မဖောက် အောင်းလည်း မအောင်းသော ကြွက်၊ တွင်းလည်း ဖောက် အောင်းလည်းအောင်းသော ကြွက်တို့တည်း။ ဤအတူ ကြွက်နှင့် တူသော လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ- တွင်းသာ ဖောက်၍ မအောင်းသော ပုဂ္ဂိုလ် စသည်တို့တည်း။

တွင်းသာ ဖောက်၍ မအောင်းသော ပုဂ္ဂိုလ် ဟူသည်- အချို့သူသည် သုတ်၊ ဂေယျ၊ (လ) ဝေဒလ္လသော ဓမ္မကို သင်ကြား၏။ ထိုပုဂ္ဂိုလ်သည် ဤကား ဆင်းရဲတည်း စသည်ဖြင့် သစ္စာ ၄-ပါးကို ဟုတ်တိုင်းမှန်စွာ မသိ၊ ဤသူတည်း၊ တွင်းသာဖောက်၍ မအောင်းသော ကြွက်နှင့် အတူ ဤပုဂ္ဂိုလ်ကို ငါဆို၏။

တွင်းဖောက်လျှင် သုတ်စသည်ကို သိ၍ မဖောက်လျှင် မသိ၊ အောင်းလျှင် သစ္စာကိုသိ၍ မအောင်းလျှင် မသိဟုမှတ်သား၍ ကြွင်း ၃-မျိုးကို နည်းမှီသိအပ်၏။

၈-ဗလိဗဒ္ဓသုတ်

နွားလား ၄-မျိုးမှာ- မိမိနွားအုပ်၌သာ ကြမ်းတမ်းလျက် အခြားနွားအုပ်၌ မကြမ်းတမ်းသော၊ အခြားနွားအုပ်၌သာ ကြမ်းတမ်းလျက် မိမိနွားအုပ်၌ မကြမ်းတမ်းသော၊

စာမျက်နှာ-600


မိမိနွားအုပ်၌လည်း ကြမ်းတမ်း၊ အခြားနွားအုပ်၌လည်း ကြမ်းတမ်းသော၊ မိမိနွားအုပ်၌လည်း မကြမ်းတမ်း၊ အခြားနွားအုပ်၌လည်း မကြမ်းတမ်းသော နွားလားတို့တည်း။ ဤအတူ နွားလားနှင့် တူသော လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ မိမိအုပ်စု၌သာ ကြမ်းတမ်း၍ အခြားအုပ်စု၌ မကြမ်းတမ်းသော ပုဂ္ဂိုလ်စသည်တည်း။

မိမိအုပ်စု၌သာ ကြမ်းတမ်းလျက် အခြားအုပ်စု၌ မကြမ်းတမ်းသော ပုဂ္ဂိုလ် ဟူသည်- ဤလောက၌ အချို့သူသည် မိမိပရိသတ်ကိုသာ ထိတ်လန့်စေတတ်၏၊ သူတပါး ပရိသတ်ကို မထိတ်လန့်စေတတ်၊ ဤသူတည်း။ ပဌမနွားလားနှင့် အတူ ဤပုဂ္ဂိုလ်ကို ငါဆို၏၊ ကြွင်းပုဂ္ဂိုလ် ၃-မျိုး နည်းမှီ သိအပ်၏။

၉-ရုက္ခသုတ်

သစ်ပင် ၄-မျိုးမှာ- အကာပင်ဖြစ်၍ အကာပင် အခြံအရံရှိသော၊ အကာပင်ဖြစ်၍ အနှစ်ပင် အခြံအရံရှိသော၊ အနှစ်ပင်ဖြစ်၍ အကာပင် အခြံအရံရှိသော၊ အနှစ်ပင်ဖြစ်၍ အနှစ်ပင် အခြံအရံရှိသော သစ်ပင်တို့တည်း။ ဤအတူ သစ်ပင်နှင့်တူသော လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ အကာပင်ဖြစ်၍ အကာပင် အခြံအရံရှိသော ပုဂ္ဂိုလ် စသည်တို့တည်း။

အကာပင်ဖြစ်၍ အကာပင် အခြံအရံရှိသော ပုဂ္ဂိုလ် ဟူသည်- အချို့သူသည် သီလမရှိ၊ သဘောယုတ်၏၊ ထိုသူ၏ ပရိသတ်သည်လည်း သီလမရှိ၊ သဘောယုတ်၏၊ ဤသူတည်း။ အကာပင်ဖြစ်၍ အကာပင် အခြံအရံရှိသော သစ်ပင်နှင့်အတူ ဤပုဂ္ဂိုလ်ကို ငါဆို၏။

သီလမရှိ၊ သဘောယုတ်၏၊ ဤကား အကာ။ သီလရှိ၏၊ သဘောကောင်း၏၊ ဤကား အနှစ်ဟု ၂-ဘက်လုံး မှတ်သား၍ ကြွင်း ပုဂ္ဂိုလ် ၃-မျိုး နည်းမှီသိအပ်၏။

၁၀-အာသီဝိသသုတ်

မြွေ ၄-မျိုးမှာ- လျင်စွာတက်သော အဆိပ်သာရှိ၍ မကြမ်းသော အဆိပ်ရှိသောမြွေ၊ ကြမ်းသော အဆိပ်သာရှိ၍ လျင်စွာတက်သော အဆိပ်မရှိသောမြွေ၊ လျင်စွာတက်သော အဆိပ်လည်းရှိ၊ ကြမ်းသော အဆိပ်လည်းရှိသောမြွေ၊ လျင်စွာတက်သော အဆိပ်လည်းမရှိ၊ ကြမ်းသော အဆိပ်လည်းမရှိသော မြွေတို့တည်း။ ဤအတူ မြွေနှင့်တူသော လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ လျင်စွာတက်သော အဆိပ်သာရှိ၍ ကြမ်းသော အဆိပ်မရှိသော ပုဂ္ဂိုလ် စသည်တို့တည်း။

စာမျက်နှာ-601


လျင်စွာတက်သော အဆိပ်သာရှိ၍ ကြမ်းသော အဆိပ်မရှိသော ပုဂ္ဂိုလ်ဟူသည်... အချို့သူသည် မပြတ်အမျက်ထွက်တတ်၏။ ထိုသူ၏ ယင်းအမျက်သည်ကား ကာလ ရှည်ကြာ မကိန်းအောင်း၊ ဤသူတည်း။ လျင်စွာတက်သော အဆိပ်သာရှိ၍ ကြမ်းသော အဆိပ်မရှိသော မြွေနှင့်အတူ ဤပုဂ္ဂိုလ်ကို ငါဆို၏။

မပြတ် အမျက်ထွက်တတ်သူကား လျင်စွာတက်သော အဆိပ်ရှိသူဖြစ်၍ မပြတ် အမျက်မထွက်တတ်သူသည် လျင်စွာတက်သော အဆိပ်မရှိသူဖြစ်သည်၊ ကာလရှည်ကြာ မကိန်းအောင်းသော အမျက်ကား ကြမ်းသောအဆိပ်မရှိ၊ ကိန်းအောင်းသောအမျက် သာ ကြမ်းသောအဆိပ်ရှိသည်ဟု မှတ်သား၍ ပုဂ္ဂိုလ် ၂-မျိုး နည်းမှီသိအပ်၏။

(၁၂) ၂-ကေသီဝဂ်၊ ၁-ကေသီသုတ်

ဘုရားထံ ချဉ်းကပ်ရှိခိုးထိုင်နေသော ကေသီမြင်းဆရာအား ဘုရားရှင်က “သင်သည် မြင်းဆရာဟု ထင်ရှား၏၊ မြင်းရိုင်းကိုသင် အဘယ်သို့ ဆုံးမသနည်း”ဟု မေးရာ “မြင်းရိုင်းကို အနုအားဖြင့်၊ အကြမ်းအားဖြင့်၊ အနုအကြမ်းအားဖြင့်လည်း ဆုံးမပါ၏”ဟု လျှောက်သည်၊ “ယင်း ၃-မျိုးဖြင့် အဆုံးအမမခံလျှင် မြင်းရိုင်းကို အဘယ်သို့ ပြုသနည်း”ဟု မေးရာ “ထိုမြင်းရိုင်းကို သတ်ပစ်ပါသည်၊ အကြောင်းမှာ အကျွန်ုပ်၏ ဆရာအမျိုးအား ဂုဏ်ကျေးဇူးမဲ့ မဖြစ်စေလိုသောကြောင့်ပါ” ဟု လျှောက်သည်။

ကေသီမြင်းဆရာက ဘုရားရှင်အား “မြတ်စွာဘုရားသည်ကား ဆုံးမထိုက်သူတို့ကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူပါပေ၏၊ အရှင်ဘုရားသည် ဆုံးမထိုက်သူကို အဘယ်သို့ ဆုံးမပါသနည်း” လျှောက်ရာ “အနု၊ အကြမ်း၊ အနုအကြမ်းအားဖြင့်လည်း ဆုံးမသည်၊ အနုအားဖြင့် ဆုံးမပုံမှာ-ဤကား ကာယသုစရိုက်တည်း၊ ဤကား ကာယသုစရိုက်၏ အကျိုးတည်း၊ (ဝစီ မနော ၂-စုံထိ) ဤကား နတ်၊ ဤကား လူတို့တည်းဟု ဆုံးမ၏။

အကြမ်းအားဖြင့် ဆုံးမပုံမှာ-ဤကား ကာယဒုစရိုက်တည်း၊ ဤကား ကာယဒုစရိုက်၏ အကျိုးတည်း၊ (ဝစီ မနော ၂-စုံထိ) ဤကား ငရဲ တိရစ္ဆာန်မျိုး ပြိတ္တာဘုံ တို့တည်း ဟု ဆုံးမ၏၊ အနုအကြမ်းအားဖြင့် ဆုံးမပုံမှာ-ဤကား ကာယသုစရိုက်တည်း၊ ကာယသုစရိုက်၏ အကျိုးတည်း၊ ဤကား ကာယဒုစရိုက်တည်း၊ ကာယဒုစရိုက်အကျိုးတည်း၊ (သု၊ ဒု တလှည့်စီ၊ ဝစီ မနောထိ) ဤကား နတ်လူ တို့တည်း၊ ဤကား ငရဲ တိရစ္ဆာန်မျိုး ပြိတ္တာဘုံတို့တည်းဟု ဆုံးမ၏။ ယင်း ၃-မျိုးဖြင့် အဆုံးအမ မခံလျှင် ထိုသူကို ငါဘုရား သတ်ပစ်၏” ဟု မိန့်သည်။

“မြတ်စွာဘုရားအား သူ့အသက် သတ်ခြင်းသည် မအပ်သည်သာ မဟုတ်ပါလော၊ သို့ပါလျက် မြတ်စွာဘုရားသည် “ထိုသူကို ငါဘုရား သတ်ပစ်၏”ဟု မိန့်တော်မူဘိ၏

စာမျက်နှာ-602


ဟု ကေသီက လျှောက်ရာ ဘုရားရှင်က “မှန်၏၊ မြတ်စွာဘုရားအား သူ့အသက်ကို သတ်ခြင်းသည် မအပ်သည်သာတည်း၊ စင်စစ်သော်ကား ထို ၃-မျိုးဖြင့် အဆုံးအမ မခံသူကို ငါဘုရားက လည်းကောင်း၊ ပညာရှိ သီတင်းသုံးဖော်တို့က လည်းကောင်း ပြောဆို ဆုံးမထိုက်သူဟု အသိအမှတ် မပြုကြ၊ ယင်းအသိအမှတ် မပြုကြခြင်းသည်ပင် ငါဘုရား အဆုံးအမတော်၌ သတ်ပစ်လိုက်သည် မည်ပေ၏”ဟု မိန့်သည်။

ကေသီ မြင်းဆရာသည် ဝန်ခံလျှောက်ထားပြီး သရဏဂုံတည်ကာ ဥပါသကာ ခံယူသွားသည်။

အနုအားဖြင့် ဆုံးမခြင်းမှာ ထိုမြင်းအား လျောက်ပတ်သော ချီးမြှောက်မှုပြု၊ အစာကောင်းကျွေး၊ ချိုမြိန်သော အဖျော်တိုက်ကာ နူးညံ့စွာ ပြောဆိုဆုံးမခြင်းတည်း။ ပုဆစ်ဒူးဝန်းဖွဲ့၊ ခံတွင်းဖွဲ့ခြင်း စသည်တို့ဖြင့်လည်းကောင်း၊ နှင်တံနှင့်ထိုး၊ ကြိမ်ဖြင့်ရိုက်၊ စကားကြမ်းပြောခြင်းတို့ဖြင့် လည်းကောင်း ဆုံးမက အကြမ်းမည်သည်။

၂-ဂဝသုတ်

မင်းအားထိုက်၊ မင်း၏ အသုံးအဆောင်ဖြစ်၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟု ရေတွက်ခြင်းသို့ ရောက်သော အာဇာနည်မြင်းကောင်း ပြည့်စုံရမည့် အင်္ဂါ ၄-မျိုးမှာ-ဖြောင့်မတ်၊ လျင်မြန်၊ သည်းခံ၊ အကျင့်ကောင်းခြင်းနှင့် ပြည့်စုံခြင်းတို့တည်း။

ဤအတူ ဖြောင့်မတ်၊ လျင်မြန်၊ သည်းခံ၊ အကျင့်ကောင်းခြင်း ဟူသော တရား ၄-မျိုးနှင့် ပြည့်စုံသောရဟန်းသည် အရပ်ဝေးမှဆောင်လာ၍သော်လည်း ပေးလှူပူဇော်ထိုက်၏၊ (လ) သတ္တဝါအပေါင်း ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်၏ ဟုမိန့်။

၃-ပတောဒသုတ်

လောက၌ ထင်ရှားရှိသော အာဇာနည်မြင်းကောင်း ၄-မျိုးမှာ... ဤလောက၌ အာဇာနည်မြင်းကောင်းအချို့သည် နှင်တံရိပ်ကိုမြင်၍ “ငါ့ကို ယနေ့ မြင်းထိန်းသည် အဘယ်ကိစ္စကိုပြုစေလိမ့်မည်နည်း၊ ငါသည် ထိုမြင်းထိန်းအတွက် အဘယ်ကိုပြုရအံ့နည်း” ဟု ထိတ်လန့်တုန်လှုပ်ခြင်းသို့ ရောက်၏၊ ဤသဘောရှိသော အာဇာနည်မြင်းကောင်းအချို့လည်း ရှိတတ်၏၊ ဤကား ပဌမမြင်းတည်း။

အာဇာနည်မြင်းကောင်းအချို့သည် နှင်တံရိပ်ကိုမြင်၍ မထိတ်လန့်၊ စင်စစ်သော်ကား အမွေး၌ နှင်တံဖြင့် ထိုးအပ်သည်ရှိသော် “ယနေ့ ငါ့ကို (လ) ပြုရအံ့နည်း” ဟု ထိတ်လန့်တုန်လှုပ်ခြင်းသို့ ရောက်၏၊ ဤသဘောရှိသော... ဤကား ဒုတိယမြင်းတည်း။

စာမျက်နှာ-603


အာဇာနည်မြင်းကောင်း အချို့သည် နှင်တံရိပ်ကိုမြင်၍လည်းကောင်း၊ အမွေး၌ နှင်တံဖြင့် ထိုးသော်လည်းကောင်း မထိတ်လန့်၊ အရေ၌ နှင်တံဖြင့် ထိုးအပ်သည်ရှိသော် “ယနေ့ ငါ့ကို (လ) ပြုရအံ့နည်း”ဟု ထိတ်လန့်တုန်လှုပ်ခြင်းသို့ ရောက်၏။ ဤသဘောရှိသော... ဤကား တတိယမြင်းတည်း။

အာဇာနည်မြင်းကောင်း အချို့ကား နှင်တံရိပ်ကိုမြင်၍လည်းကောင်း၊ အမွေး၌ နှင်တံဖြင့် ထိုးသော်လည်းကောင်း၊ အရေ၌ နှင်တံဖြင့် ထိုးသော်လည်းကောင်း မထိတ်လန့်၊ အရိုးကို နှင်တံဖြင့်ထိုးအပ်သည်ရှိသော် “ယနေ့ ငါ့ကို (လ) ပြုရအံ့နည်း” ဟု ထိတ်လန့်တုန်လှုပ်ခြင်းသို့ ရောက်၏၊ ဤသဘောရှိသော... ဤကား စတုတ္ထမြင်းတည်း။

ဤအတူ လောက၌ ထင်ရှားရှိသော အာဇာနည်ယောက်ျားကောင်း ၄-မျိုးမှာ အာဇာနည်ယောက်ျားကောင်းအချို့သည် ရွာနိဂုံးတခုခု၌ မိန်းမ ယောက်ျားတဦးဦး ဒုက္ခရောက်သည်၊ သေသည်ဟု ကြားခြင်းကြောင့် ထိတ်လန့်တုန်လှုပ်ခြင်းသို့ ရောက်ကာ အသင့်အားထုတ်ရကား နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နာမကာယဖြင့်လည်း မဖောက်ပြန်၊ မြတ်သောအမှန်တရား နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ ပညာဖြင့်လည်း ထိုးထွင်းမြင်၏၊ ပဌမမြင်းနှင့်အတူ ဤယောက်ျားကို ငါဆို၏။

အာဇာနည်ယောက်ျားကောင်းအချို့သည် ရွာနိဂုံးတခုခု၌ (လ) ဒုက္ခရောက်သည် သေသည်ဟု မကြား၊ ကိုယ်တိုင် မြင်ခြင်းကြောင့် ထိတ်လန့်တုန်လှုပ်ခြင်းသို့ ရောက်ကာ (လ) ထိုးထွင်းမြင်၏။ ဒုတိယမြင်းနှင့်အတူ ဤယောက်ျားကို ငါဆို၏။

အာဇာနည်ယောက်ျားကောင်းအချို့သည် ရွာနိဂုံးတခုခု၌ (လ) ဒုက္ခရောက်သည် သေသည်ဟုမကြား၊ ကိုယ်တိုင်မမြင်၊ စင်စစ်သော်ကား ထိုသူ၏ ဆွေမျိုးသားချင်းတဦးဦး ဒုက္ခရောက်ခြင်း သေခြင်းကြောင့် ထိတ်လန့်တုန်လှုပ်ခြင်းသို့ရောက်ကာ (လ) ထိုးထွင်းမြင်၏၊ တတိယမြင်းနှင့်အတူ ဤယောက်ျားကို ငါဆို၏။

အာဇာနည်ယောက်ျားကောင်းအချို့သည် ရွာနိဂုံးတခုခု၌ (လ) ဒုက္ခရောက်သည် သေသည်ဟု မကြား၊ ကိုယ်တိုင်လည်း မမြင်၊ ထိုသူ၏ ဆွေမျိုးသားချင်း တဦးဦးလည်း ဒုက္ခမရောက် မသေ၊ စင်စစ်သော်ကား ကိုယ်တိုင်ပင်လျှင် ပြင်းထန်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကို တွေ့ထိခံစားရခြင်းကြောင့် ထိတ်လန့်တုန်လှုပ်ခြင်းသို့ ရောက်ကာ (လ) ထိုးထွင်းမြင်၏၊ စတုတ္ထမြင်းနှင့်အတူ ဤယောက်ျားကို ငါဆို၏၊ ဤ ၄-မျိုးတို့တည်းဟု မိန့်။

၄-နာဂသုတ်

မင်းနှင့်ထိုက်၊ မင်းသုံးဖြစ်၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟု ရေတွက်ခြင်းသို့ရောက်သော မင်းစီးဆင်ပြည့်စုံရမည့် အင်္ဂါ ၄-မျိုးမှာ မင်းစီးဆင်သည် နာယူတတ်၊ သတ်ဖြတ်တတ်၊ သည်းခံတတ်၊ သွားတတ်ခြင်းဟူတည်း။

စာမျက်နှာ-604


နာယူတတ်ပုံမှာ- မင်း၏ဆင်သည် ပြုဖူးမပြုဖူး ဆင်ထိန်းခိုင်းသမျှကို ရိုသေလေးစား နှလုံးထား၍ စိတ်ထားထက်သန်စွာ နားထောင် နာယူတတ်ခြင်းတည်း။ သတ်ဖြတ်ပုံမှာ စစ်မြေပြင်ရောက်လျှင် ဆင်ကို၊ ဆင်စီးသူရဲကို၊ မြင်းကို၊ မြင်းစီးသူရဲကို၊ ရထားကို၊ ရထားစီးသူရဲကို၊ ခြေလျင်သူရဲကို သတ်တတ်ခြင်းတည်း။

သည်းခံတတ်ပုံမှာ-စစ်မြေပြင်ရောက်လျှင် လှံဖြင့်ထိုး၊ သန်လျက်ဖြင့်ခုတ်၊ မြားဖြင့်ပစ်၊ ပုဆိန်ဖြင့် ပေါက်ခြင်းတို့ကိုလည်းကောင်း၊ စည်ကြီး၊ တက်စည်၊ ခရုသင်း၊ စည်ပုတ်၊ ပဲ့တင်သံတို့ကိုလည်းကောင်း၊ သည်းခံတတ်ခြင်းတည်း။ သွားတတ်ပုံမှာ-ရောက်ဖူးမရောက်ဖူး ဆင်ထိန်းနှင်ရာသို့ လျင်စွာသွားတတ်ခြင်းတည်း။

ဤအတူ နာယူတတ်ခြင်းစသော အင်္ဂါ ၄-ပါးနှင့်ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှဆောင်လာ၍ သော်လည်း ပေးလှူပူဇော်ထိုက်၏၊ (လ) သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။

ရဟန်းနာယူတတ်ပုံမှာ ဤသာသနာတော်၌ ရဟန်းသည် ဘုရားဟောကြား ဓမ္မဝိနယများကို ရိုသေလေးစား နှလုံးထား၍ စိတ်အားထက်သန်စွာ နားထောင်နာယူတတ်ခြင်းတည်း၊ သတ်ဖြတ်တတ်ပုံမှာ-ဖြစ်ပေါ်လာသော ကာမ၊ ဗျာပါဒ၊ ဝိဟိံသ ဝိတက်နှင့် အကုသိုလ်တရားယုတ်များကို သည်းမခံပယ်စွန့် ဖျောက်ဖျက်တတ်ခြင်းတည်း။

သည်းခံတတ်ပုံမှာ-အချမ်းအပူ ဆာလောင်မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေတို့၏ အတွေ့ကို လည်းကောင်း၊ စကားဆိုးနှင့် ကိုယ်၌ဖြစ်သော သေလောက်သော ဆင်းရဲတို့ကိုလည်းကောင်း သည်းခံတတ်ခြင်းတည်း၊ သွားတတ်ပုံမှာ-ရှည်စွာသော ဤသံသရာခရီးဖြင့် မရောက်ဖူးသေးသော အရပ်ဖြစ်သည့် (သင်္ခါရအားလုံးငြိမ်း ဥပဓိအားလုံးစွန့်၊ တဏှာငြိမ်းရာ) နိဗ္ဗာန်သို့ လျင်စွာ သွားတတ်ခြင်းတည်း။

၅-ဌာနသုတ်

အကြောင်း ၄-မျိုးတို့မှာ-

၁။ မနှစ်သက်ဖွယ်ကို ပြုရန်အကြောင်းသည်ရှိ၏၊ ထိုအကြောင်းကိုပြုလျှင် အကျိုးမဲ့ရန်လည်း ဖြစ်၏။

၂။ မနှစ်သက်ဖွယ်ပြုရန် အကြောင်းသည်ရှိ၏၊ ထိုအကြောင်းကို ပြုလျှင် အကျိုးရှိရန်ကားဖြစ်၏။

၃။ နှစ်ခြိုက်ဖွယ်ကိုပြုရန် အကြောင်းရှိ၏၊ ထိုအကြောင်းကိုပြုလျှင် အကျိုးမဲ့ရန်ကားဖြစ်၏။

စာမျက်နှာ-605


၄။ နှစ်ခြိုက်ဖွယ်ကိုပြုရန် အကြောင်းသည် ရှိ၏၊ ထိုအကြောင်းကိုပြုလျှင် အကျိုးရှိရန်လည်းဖြစ်၏။

ထို ၄-မျိုးတွင် အမှတ် ၁-အကြောင်းကို နှစ်ခြိုက်ဖွယ် မရှိခြင်း၊ အကျိုးမဲ့ခြင်း၊ ၂-ပါးစုံကြောင့်ပင် မပြုအပ်ဟု သိမှတ်နိုင်၏။ အမှတ် ၂-အကြောင်းကို နှစ်ခြိုက်ဖွယ် မရှိခြင်းကြောင့်လည်း မပြုအပ်ဟု သိမှတ်နိုင်၏၊ အမှတ် ၃-အကြောင်းကို အကျိုးမဲ့ခြင်းကြောင့်လည်း မပြုအပ်ဟု သိမှတ်နိုင်၏၊ ဤ(၂-၃)အကြောင်းကို ၂-ပါးစုံကြောင့်ပင် မပြုအပ်ဟု သိမှတ်နိုင်၏။

ထို ၄-မျိုးတွင် အမှတ် ၂- အကြောင်းကို ယောက်ျား၏ဉာဏ်စွမ်း လုံ့လအားထုတ်ခြင်းကြောင့် သူမိုက်ကိုလည်းကောင်း၊ ပညာရှိကိုလည်းကောင်း၊ ခွဲခြားသိအပ်၏၊ သူမိုက်သည် “ဤအကြောင်းကား နှစ်ခြိုက်ဖွယ် မရှိသော်လည်း ပြုလျှင် အကျိုးရှိ၏”ဟု မဆင်ခြင်တတ်၍ ထိုအကြောင်းကိုမပြု၊ မပြု၍အကျိုးမဲ့ရန်ဖြစ်၏၊ ပညာရှိသည် ဆင်ခြင်တတ်၍ ပြုခြင်းကြောင့် အကျိုးရှိရန်ဖြစ်၏။

အမှတ်(၃)အကြောင်းကို ယောက်ျား၏ဉာဏ်စွမ်း၊ လုံ့လအားထုတ်ခြင်းကြောင့် သူမိုက်ကိုလည်းကောင်း၊ ပညာရှိကိုလည်းကောင်း ခွဲခြားသိအပ်၏။ သူမိုက်သည် “ဤအကြောင်းကား နှစ်ခြိုက်ဖွယ်ရှိသော်လည်း ပြုလျှင် အကျိုးမဲ့၏”ဟု မဆင်ခြင်တတ်၍ ထိုအကြောင်းကိုပြု၏၊ ပြု၍အကျိုးမဲ့ရန်ဖြစ်၏၊ ပညာရှိသည် ဆင်ခြင်တတ်၍ မပြုခြင်းကြောင့် အကျိုးရှိရန် ဖြစ်၏။

ထို ၄-မျိုးတွင် အမှတ်(၄)အကြောင်းကို ၂-ပါးစုံကြောင့်ပင် ပြုအပ်၏ဟု သိမှတ်နိုင်၏။ အမှတ်(၃)အကြောင်းကို နှစ်ခြိုက်ဖွယ်ကို ပြုရန် ဖြစ်သောကြောင့်လည်း ပြုအပ်၏ဟု သိမှတ်နိုင်၏။ အမှတ်(၂)အကြောင်းကို ပြုလျှင်အကျိုးရှိရန် ဖြစ်သောကြောင့်လည်းပြုအပ်၏ဟု သိမှတ်နိုင်၏။ ဤ(နှစ်ခြိုက်ဖွယ်ကို ပြုရန်ပြုလျှင် အကျိုးရှိရန်ဟူသော) ၂-ပါးစုံကြောင့်သာ ပြုအပ်၏ဟု သိမှတ်နိုင်၏၊ ဤ ၄-မျိုးတို့တည်း။

အလုပ်ခွဲဝေသတ်မှတ်ပုံမှာ တွင်းတူး၊ ငါးဖမ်း၊ တိုက်ဖောက်ခြင်းစသော ဆင်းရဲပင်ပန်းသော အမှုမျိုးကား ၁-အကြောင်းဖြစ်၍ ၂-အကြောင်းမှာ ကောင်းရောင်းကောင်းဝယ်လူများ၏ ပန်းမှိုက်သွန်၊ အင်္ဂတေထောင်း၊ အိမ်မိုး၊ မစင်သိမ်းဆည်းစသော အမှုများတည်း၊ ၃-အကြောင်းမှာ သေသောက်၊ နံ့သာလိမ်း၊ ပန်းပန်စသည်နှင့်တကွ သာယာစွာပြုသော သူ့အသက်သတ်မှုစသည်တည်း။

အမှတ် ၄-အကြောင်းမှာ စင်ကြယ်သော အဝတ်ကိုဝတ်၍ ပန်းနံ့သာ စသည်ယူကာ တရားနာသွားခြင်း၊ စေတီဗောဓိပင်ရှိခိုးခြင်း၊ တရားနာ သီလယူခြင်း စသော ဝမ်းသာစွာပြုသော ကောင်းမှုတည်း။

စာမျက်နှာ-606


၆-အပ္ပမာဒသုတ်

အကြောင်း ၄-မျိုးတို့ဖြင့် မမေ့ခြင်းကို ပြုအပ်၏၊ ၄-မျိုးမှာ- ကာယဒုစရိုက်ကို ပယ်စွန့်ကြ၊ ကာယသုစရိုက်ကို ပွားများကြ၊ ထိုကာယသုစရိုက်ကို ပွားခြင်း၌လည်း မမေ့လျော့ကြကုန်လင့်၊ (ဝစီ ဒု၊ သု၊ မနောဒု သုစရိုက်၊ မိစ္ဆာဒိဋ္ဌိ၊ သမ္မာသမ္မာဒိဋ္ဌိနည်းတူ။) အကြင်အခါ၌ ရဟန်းသည် ကာယဒုစရိုက်ကို ပယ်စွန့်၏၊ ကာယသုစရိုက်ကို ပွား၏၊ (ဝစီ ဒု၊ သုစသည်နည်းတူ၊) ထိုရဟန္တာပုဂ္ဂိုလ်သည် တမလွန်ဘဝ၌ ဖြစ်သော သေခြင်းမှ မကြောက်ဟု မိန့်။

တမလွန်ဘဝ၌ ဖြစ်သော သေခြင်း မကြောက်- ဒေသနာမျှသာတည်း။ ရဟန္တာသည် ယခုမျက်မှောက် သေခြင်းကို မကြောက်ပါ၊ ဤအဓိပ္ပာယ်ကိုသာ ယူလေ၊ ဆရာအချို့ကား သမ္မာဒိဋ္ဌိကို ပွား၏ဟု မိန့်ခြင်းကြောင့် သောတာပန် အစ အရိယာအားလုံး ယူရမည်ဟု မိန့်သည်။

၇-အာရက္ခသုတ်

အရာ ၄-မျိုးတို့၌ မိမိစီးပွား လိုလားသူသည် မမေ့လျော့မှု သတိဟူသော စိတ်၏ အစောင့်ကို ပြုအပ်၏။ ၄-မျိုးမှာ – တပ်မက်ကြောင်းတရားတို့၌ ငါ့စိတ်သည် မတပ်မက်စေလင့်ဟု လည်းကောင်း၊ အမျက်ထွက်ကြောင်း တရားတို့၌ ငါ့စိတ်သည် အမျက်မထွက်စေလင့်ဟု လည်းကောင်း၊ တွေဝေကြောင်းတရားတို့၌ ငါ့စိတ်သည် မတွေဝေစေလင့်ဟု လည်းကောင်း၊ မာန်ယစ်ကြောင်းတရားတို့၌ ငါ့စိတ်သည် မာန်မယစ်ပါစေလင့်ဟု လည်းကောင်း မိမိစီးပွားလိုလားသူသည် မမေ့လျော့မှု သတိဟူသော စိတ်၏ အစောင့်ကို ပြုအပ်၏။

အကြင်အရာ၌ ရဟန်း၏ စိတ်သည် တပ်မက်ခြင်း ကင်းပြီးသောကြောင့် တပ်မက်မှုတို့၌ မတပ်မက်၊ အမျက်ကင်းပြီး တွေဝေမှုကင်းပြီး မာန်ကင်းပြီးသောကြောင့် အမျက်ထွက်ဖွယ် တွေဝေဖွယ် မာန်ယစ်ဖွယ်တို့၌ အမျက်မထွက်၊ မတွေဝေ မာန်မယစ်၊ ထိုအခါ၌ ထိုရဟန္တာသည် ကိုယ်မခက်ထန် မတုန်လှုပ်၊ မချောက်ချား ထိတ်လန့်ခြင်းသို့ မရောက်၊ အခြားရဟန်းတို့၏ စကားကြောင့်လည်း အယူတပါး မလိုက်တော့ဟု မိန့်။

၈-သံဝေဇနိယသုတ်

သဒ္ဓါရှိသော အမျိုးကောင်းသား ရှုသင့်သည့် သံဝေဂ ဖြစ်စေတတ်သော အရပ် ၄-မျိုးမှာ ဤအရပ်၌ ဘုရားရှင် ဖွားမြင်၏ဟု လည်းကောင်း၊ ဤအရပ်၌ဘုရားရှင်သည် အတုမရှိသော ( အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်) သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်းသိ၏ဟု လည်းကောင်း၊ ဤအရပ်၌ ဘုရားရှင်သည် အတုမရှိသော ဓမ္မစကြာတရားကို ဟောတော်မူ၏ဟု လည်းကောင်း၊ ဤအရပ်၌ ဘုရားရှင်သည် (ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်) အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် စံတော်မူ၏ဟု လည်းကောင်း သဒ္ဓါရှိသော အမျိုးကောင်းသား ရှုသင့်သည် သံဝေဂဉာဏ် ဖြစ်စေတတ်သော အရပ်တို့တည်း၊ ဤ ၄-မျိုးတို့တည်း။

စာမျက်နှာ-607


၉–၁၀၊ ပဌမ ဒုတိယ ဘယသုတ်

ပဌမဘေး ၄ မျိုးမှာ-ပဋိသန္ဓေတည်နေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကို စွဲ၍ ဖြစ်သော ဘေးတို့တည်း။ ဒုတိယဘေး ၄-မျိုးမှာ...မီး ရေ မင်း ခိုးသူဘေးတို့တည်း။

(၁၃) ၃-ဘယဝဂ်၊ ၁- အတ္တာနုဝါဒသုတ်

ဘေး ၄-မျိုးတို့မှာ- အတ္တာနုဝါဒ၊ ပရာနုဝါဒ၊ ဒဏ္ဍ၊ ဒုဂ္ဂတိဘေးတို့တည်း။

အတ္တာနုဝါဒ ဘေးဟူသည်... ဤလောက၌ အချို့သူသည် “ငါသည်ပင် ကိုယ်နှုတ်စိတ်ဖြင့် ပြစ်မှုကိုပြုငြားအံ့၊ အဘယ့်ကြောင့် ငါ့ကို ငါ့သီလအားဖြင့် မစွပ်စွဲပဲရှိအံ့နည်း” ဟု ဆင်ခြင်၏၊ ထိုသူသည် မိမိကိုယ် မိမိစွပ်စွဲမည့် ဘေးကို ကြောက်သဖြင့် ပြစ်မှု ၃-ခု ကိုပယ်၍ ကောင်းမှု ၃-ခုကို ပွား၏၊ စင်ကြယ်သော မိမိကိုယ်ကို ဆောင်၏၊ ဤဘေးတည်း။

ပရာနုဝါဒ ဘေးဟူသည်... အချို့သူသည် “ပြစ်မှု ၃-ခုကို ပြုငြားအံ့၊ အဘယ်ကြောင့် ငါ့ကို သူတပါးတို့ သီလအားဖြင့် မစွပ်စွဲပဲ ရှိအံ့နည်း”ဟုဆင်ခြင်၏။ ထိုသူသည် သူတပါးတို့ စွပ်စွဲမည့် ဘေးကို ကြောက်သဖြင့် ပြစ်မှု ၃-ခုပယ်၍ (လ) ဆောင်၏၊ ဤဘေးတည်း။

ဒဏ္ဍဘေးဟူသည် - အချို့သူသည် ပြစ်မှု ပြုလေ့ရှိသော ခိုးသူကို မင်းများဖမ်း၍ ညှဉ်းပန်းပုံအမျိုးမျိုးကို တွေ့မြင်၏၊ နှင်တံ၊ ကြိမ်လုံး တုတ်တိုတိုတို့ဖြင့် ရိုက်နှက်သည်တို့ကို လည်းကောင်း၊ လက် ခြေ ၂-မျိုးစုံနှင့် နား နှာခေါင်း ၂-မျိုးစုံ ဖြတ်သည်တို့ကို လည်းကောင်း၊ ပအုံးရည်အိုးခေါ် ညှဉ်းပန်းမှု၊ ခရုသင်းဦးပြည်းခေါ် ညှဉ်းပန်းမှု၊ ရာဟုခံတွင်းခေါ် ညှဉ်းပန်းမှု၊ မီးပန်းကုန်းခေါ် ညှဉ်းပန်းမှု၊ လက်ဆီမီးခေါ် ညှဉ်းပန်းမှု၊ ပြိန်းရွက်ခေါ် ညှဉ်းပန်းမှု၊ လျော်တေအဝတ်ခေါ် ညှဉ်းပန်းမှု၊ ဧဏီသားပြေးမြှိုက်ခေါ် ညှဉ်းပန်းမှု ပြုသည်တို့ကို လည်းကောင်း၊ ငါးမျှားချိတ်ဖြင့် အသားလွှာခြင်း၊ ကျပ်ပြားလောက်အသားကို ဖြတ်ခြင်း၊ အသားကို လှန်း၍ဆားငန်လောင်ခြင်း ပြုသည်တို့ကို လည်းကောင်း၊ တံခါးကျင်လှည့်ခေါ် ညှဉ်းပန်းမှု၊ ကောက်ရိုးဟုံးခေါ်ညှဉ်းပန်းမှု ပြုသည်တို့ကိုလည်းကောင်း၊ ဆီပူဖြင့် သွန်းလောင်းသည်တို့ကို လည်းကောင်း၊ ခွေးစားစေသည်၊ အသက်ရှင်စဉ် သံကျင်ဖြင့်လျှိုသည်၊ သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်သည်တို့ကိုလည်းကောင်း မြင်၏။

စာမျက်နှာ-608


ထိုပုဂ္ဂိုလ်အား “အကြင်သို့သော ပြစ်မှုယုတ်များကြောင့် ပြစ်မှုပြုလေ့ရှိသော ခိုးသူကို မင်းများဖမ်း၍ နှင်တံတို့ဖြင့် ရိုက်နှက်ခြင်းစသော ညှဉ်းပန်းမှု အမျိုးမျိုးကို ပြုစေကုန်၏”ဟု အကြံဖြစ်၏။ ထိုသူသည် ဒဏ်ခံရမည့်ဘေးကို ကြောက်သဖြင့် သူတပါးဥစ္စာထုပ်ကို မလုယက်၊ ပြစ်မှု ၃-ခုကိုပယ်၍ (လ) ဆောင်၏၊ ဤဘေးတည်း။

ဒုဂ္ဂတိဘေး ဟူသည်-“တမလွန် ဘဝ၌ ပြစ်မှု ၃-ခု၏ အကျိုးသည် ယုတ်ညံ့၏။ ပြစ်မှု ၃-ခု ငါပြုလျှင် ခန္ဓာပျက်စီး၍ သေပြီးနောက် ချမ်းသာကင်းသော ငရဲ၌ အဘယ့်ကြောင့် မဖြစ်ပဲရှိပါအံ့နည်း”ဟု ဆင်ခြင်ကာ အပါယ်လားရမည့် ဘေးကို ကြောက်သဖြင့် ပြစ်မှု ၃-ခုကိုပယ်၍ (လ) ဆောင်၏၊ ဤဘေးတည်း။

ဘေးမှကြောက်လျှင် အကျိုး-အတ္တာနုဝါဒဘေးကို ဆင်ခြင်လျှင် မိမိသန္တာန်၌ ဟိရိဖြစ်ကာ ဒွါရ ၃-ပါးလုံးလုံခြုံ စတုပါရိသုဒ္ဓိသီလဖြစ်တော့သည်။ ထိုသီလ၌တည် ဝိပဿနာပွား အရဟတ္တဖိုလ်ရသည်၊ ပရာနုဝါဒဘေးဆင်ခြင်လျှင် မိမိသန္တာန်၌ ဩတ္တပ္ပဖြစ်ကာ ဒွါရ ၃-ပါးလုံခြုံ သီလဖြစ်၊ ဝိပဿနာပွား ရဟန္တာ ဖြစ်သည်၊ ဒုဂ္ဂတိဘေးကို ဆင်ခြင်လျှင်လည်း မိမိသန္တာန်၌ ဟိရိဖြစ်ကာ ဒွါရ ၃-ပါးလုံးလုံခြုံသည်ကစ ရဟန္တာထိ ဖြစ်သည်။

၂-ဦမိဘယသုတ်

ရေသို့ဆင်းသူအား မချွတ်တွေ့ကြုံရမည့်ဘေး ၄-မျိုးမှာ-လှိုင်းတံပိုး၊ မိကျောင်း၊ ဝဲ၊ လင်းပိုင်ဘေးတို့တည်း။ ဤအတူ ဤဓမ္မဝိနယ သာသနာတော်၌ လူဘဝမှ ရဟန်းပြုသူ အမျိုးကောင်းသား အချို့အား မချွတ်တွေ့ကြုံမည့်ဘေး ၄-မျိုးမှာ လှိုင်းတံပိုးဘေး စသည်တို့တည်း။

လှိုင်းတံပိုးဘေးဟူသည် ဤလောက၌ အမျိုးကောင်းသား အချို့သည် “ငါကား ပဋိသန္ဓေနေခြင်း၊ အိုသေ ပူဆွေး ငိုကြွေး ကိုယ်စိတ် ဆင်းရဲပြင်းစွာ ပင်ပန်းခြင်းတို့သို့ သက်ဝင်ရ၏။ ဆင်းရဲသို့ သက်ဝင်ရ၏။ ဆင်းရဲသည် နှိပ်စက်အပ်၏၊ ချမ်းသာမဖက် သက်သက်သော ဒုက္ခအစု၏အဆုံးကို ပြုနိုင်ကောင်းတန်ရာ၏”ဟု နှလုံးပြု၍ သဒ္ဓါတရားဖြင့် လူ့ဘဝမှ ရဟန်းပြု၏။

ထိုရဟန်းသစ်ကို သီတင်းသုံးဖော်များက “သင်သည် ဤသို့ ရှေ့တက်ရမည်၊ ဤသို့ နောက်ဆုတ်၊ ကြည့်၊ တစောင်းကြည့်၊ ကွေးရ ဆန့်ရမည်၊ သို့ သပိတ်နှင့် သင်္ကန်းကို ဆောင်ရမည်”ဟု သွန်သင်ဆုံးမကုန်၏၊ ထိုရဟန်းသစ်အား “ရှေးလူဖြစ်စဉ်က သူတပါးတို့ကို ငါတို့သွန်သင်ဆုံးမခဲ့ကုန်၏။ ဤရဟန်းများကား ငါတို့၏ သားမြေးလောက်ရှိကုန်လျက် သွန်သင်ဆုံးမထိုက်၏ဟု မှတ်ထင်ကုန်ဘိ၏”ဟု အကြံဖြစ်ကာ

စာမျက်နှာ-609


အမျက်ထွက် စိတ်မချမ်းမြေ့ ဖြစ်ကာ သိက္ခာချ လူထွက်၏၊ ဤရဟန်းသစ်ကို လှိုင်းတံပိုးဘေးကြောက်သဖြင့် သိက္ခာချလူထွက်သော ရဟန်းဟု ဆိုအပ်၏၊ လှိုင်းတံပိုးဘေးဟူသော အမည်သည် အမျက်ထွက်ခြင်း ကောဓ၊ ပြင်းစွာ ပင်ပန်းခြင်း ဥပါယာသ၏ အမည်တည်း၊ ဤကား လှိုင်းတံပိုးဘေးတည်း။

မိကျောင်းဘေးဟူသည် ဤလောက၌ အမျိုးကောင်းသား အချို့သည် “ငါကား ပဋိသန္ဓေနေခြင်း(လ)ရဟန်းပြု၏၊ ထိုရဟန်းသစ်ကို သီတင်းသုံးဖော်များက “သင်သည် ဤသည်ကိုခဲရမည်၊ ဤသည်ကိုမခဲရ၊ စားရမည်၊ မစားရ၊ လျက်ရမည်၊ မလျက်ရ၊ သောက်ရမည်၊ မသောက်ရ၊ သင်သည် အပ်သည်ကိုသာ ခဲရမည်၊ မအပ်သည်ကို မခဲရ၊ စားရမည်၊ မစားရ၊ လျက်ရမည်၊ မလျက်ရ၊ သောက်ရမည်၊ မသောက်ရ။ သင်သည် နံနက်ခါ၌သာ ခဲရမည်၊ မွန်းလွဲအခါ၌ မခဲရ၊ စားရမည်၊ မစားရ၊ လျက်ရမည်၊ မလျက်ရ၊ သောက်ရမည်၊ မသောက်ရ”ဟု သွန်သင်ဆုံးမကုန်၏။ ထိုရဟန်းသစ်အား “ရှေးလူဖြစ်စဉ်က ငါတို့သည် အလိုရှိသည်တို့ကိုသာ ခဲ စား လျက် သောက်ကုန်၏၊ အလိုမရှိသည်ကို မခဲ မစား မလျက် မသောက်ကုန်၊ အပ် မအပ် ၂-မျိုးလုံးကို ခဲစားလျက် သောက်ကုန်၏၊ နံနက် မွန်းလွဲအချိန် မရွေး ခဲ စား လျက် သောက်ကုန်၏၊ သဒ္ဓါရှိသည့် ဒါယကာတို့သည် အချိန်မရွေး မွန်မြတ်သောခဲဖွယ် စားဖွယ်များကို ငါတို့အားပေးလှူကုန်၏၊ ထိုသို့လှူရာ၌သော်လည်းဤရဟန်းများသည် ငါတို့ခံတွင်းကို ပိတ်ကြယောင်တကား”ဟု အကြံဖြစ်ကာ အမျက်ထွက် စိတ် မချမ်းမြေ့ဖြစ်ကာ သိက္ခာချ လူထွက်၏၊ ဤရဟန်းသစ်ကို မိကျောင်းဘေး ကြောက်သဖြင့် သိက္ခာချ လူထွက်သောရဟန်းဟု ဆိုအပ်၏၊ မိကျောင်းဘေးဟူသော အမည်သည် ဝမ်းစာရှာမှီးခြင်း၏ အမည်တည်း၊ ဤကား မိကျောင်းဘေးတည်း။

ဝဲဘေးဟူသည် အမျိုးကောင်းသားအချို့သည် “ငါကား ပဋိသန္ဓေနေခြင်း (လ) ရဟန်းပြု၏၊ ထိုရဟန်းသစ်သည် နံနက်အချိန်၌ ကိုယ် နှုတ် စိတ်မစောင့်စည်းပဲ သတိလက်လွတ် ဣန္ဒြေ ချွတ်လျက် ဆွမ်းခံဝင်၏၊ ထိုရဟန်းသစ်သည် ထိုရွာနိဂုံး၌ ကာမဂုဏ် ၅-ပါးတို့ဖြင့် ကံလုံပြည့်စုံစွာ မွေ့လျော်သော သူကြွယ် သူကြွယ်သားများကို မြင်၍ “ငါတို့သည် ရှေးလူဖြစ်စဉ်က အလားတူ မွေ့လျော်ရကုန်၏၊ ငါ၏ အိမ်၌ စည်းစိမ်များ ရှိကုန်၏၊ စည်းစိမ်ခံစား၍ ကောင်းမှုပြုရန် စွမ်းနိုင်၏၊ ငါသည် လူထွက်ပြီး စည်းစိမ်စံစား၍ ကောင်းမှုပြုရပါမူ ကောင်းပေလိမ့်မည်” ဟု အကြံဖြစ်ကာ သိက္ခာချ လူထွက်၏၊ ဤရဟန်းကို ဝဲဘေးကို ကြောက်သောကြောင့် သိက္ခာချ လူထွက်သောရဟန်းဟု ဆိုအပ်၏၊ ဝဲဘေးဟူသော ဤအမည်သည် ကာမဂုဏ် ၅-ပါးတို့၏ အမည်တည်း၊ ဤကား ဝဲဘေးတည်း။

လင်းပိုင်ဘေးဟူသည် အမျိုးကောင်းသား အချို့သည် “ငါကား ပဋိသန္ဓေနေခြင်း (လ)ရဟန်းပြု၏၊ ထိုရဟန်းသစ်သည် နံနက်အချိန်၌ (လ) ဆွမ်းခံဝင်၏၊ ထို

စာမျက်နှာ-610


ရဟန်းသစ်သည် ထိုရွာနိဂုံး၌ မလုံမခြုံဝတ်ဆင်သော မာတုဂါမကိုမြင်၍ ရာဂဖျက်ဆီးသောစိတ်ဖြင့် သိက္ခာချ လူထွက်၏၊ ဤရဟန်းကို လင်းပိုင်ဘေးကို ကြောက်သဖြင့် လူထွက်သောရဟန်းဟု ဆိုအပ်၏၊ လင်းပိုင်ဘေးဟူသော ဤအမည်သည် မာတုဂါမ၏အမည်တည်း၊ ဤကား လင်းပိုင်ဘေးတည်း၊ ဤ ၄-မျိုးတို့တည်း။

၃-ပဌမ နာနာကရဏသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ ဤသာသနာတော်၌ အချို့သူသည် ပဌမဈာန်ရကာ ထိုဈာန်ကို သာယာ၏၊ အလိုရှိ၏၊ ထိုဈာန်ဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏၊ ထိုဈာန်၌တည်၊ ထိုဈာန်ကို နှလုံးသွင်း၊ ထိုဈာန်ဖြင့် အကြိမ်များစွာနေပြီး ဈာန်မလျှောပဲ သေသော် ပဌမဈာန်ဘုံဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထိုပဌမဈာန်ဘုံသား ဗြဟ္မာတို့၏ သက်တမ်းကား အသင်္ချေယျ တကပ်တည်း။ ထိုပဌမဈာန်ဘုံ၌ ပုထုဇဉ်သည် အသက်အတိုင်းတည်ပြီး ငရဲ တိရစ္ဆာန်မျိုး ပြိတ္တာဘုံ တနေရာသို့ ရောက်၏၊ မြတ်စွာဘုရား တပည့်သည်ကား အသက်အတိုင်းတည်ပြီး ထိုဗြဟ္မာဘုံ၌ပင် ပရိနိဗ္ဗာန်ပြု၏၊ ဤဂတိ ပဋိသန္ဓေ ရှိခြင်း မရှိခြင်းသည်ပင် ပုထုဇဉ်နှင့် အရိယာသာဝက အထူးတည်း၊ ဤသည်ပင် လွန်ကဲသောအမူအရာ ကွဲလွဲခြင်းတည်း။

အချို့သူသည် ဒုတိယဈာန်ရကာ ထိုဈာန်ကို သာယာ၏၊ (လ)သေသော် အာဘဿရာ ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထိုအာဘဿရာဘုံသား ဗြဟ္မာတို့၏ သက်တမ်းကား မဟာကပ် ၂-ကပ်တို့တည်း၊ ထိုအာဘဿရာဘုံ၌ ပုထုဇဉ်သည် (လ) တနေရာသို့ရောက်၏၊ မြတ်စွာဘုရား တပည့်သည်ကား(လ) ပရိနိဗ္ဗာန်ပြု၏၊ ဤဂတိ(လ) ကွဲလွဲခြင်းတည်း။

အချို့သူသည် တတိယဈာန်ရကာ ထိုဈာန်ကို သာယာ၏၊ (လ) သေသော် သုဘကိဏှာ ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထိုသုဘကိဏှာဘုံသား ဗြဟ္မာတို့၏ သက်တမ်းကား မဟာကပ် ၄-ကပ်တို့တည်း၊ ထိုသုဘကိဏှာဘုံ၌ ပုထုဇဉ်သည် (လ) တနေရာသို့ရောက်၏၊ မြတ်စွာဘုရား တပည့်သည်ကား (လ) ပရိနိဗ္ဗာန်ပြု၏၊ ဤဂတိ (လ) ကွဲလွဲခြင်းတည်း။

အချို့သူသည် စတုတ္ထဈာန်ရကာ ထိုဈာန်ကို သာယာ၏၊ (လ) သေသော် ဝေဟပ္ဖိုလ်ဘုံသား ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ဝေဟပ္ဖိုလ်ဘုံသား ဗြဟ္မာတို့၏ သက်တမ်းကား မဟာကပ် ၅၀၀-တို့တည်း၊ ထိုဝေဟပ္ဖိုလ်ဘုံ၌ ပုထုဇဉ်သည်(လ)တနေရာသို့ ရောက်၏၊ မြတ်စွာဘုရား တပည့်သည်ကား (လ) ပရိနိဗ္ဗာန်ပြု၏။ ဤဂတိ (လ) ကွဲလွဲခြင်းတည်း။

စာမျက်နှာ-611


အသင်္ချေယျတကပ်သက်တမ်း ပဌမဈာန် ၃-မျိုးရှိရာ ယုတ်သော ပဌမဈာန်ဖြင့် ဖြစ်သော ဗြဟ္မပါရိသဇ္ဇာဗြဟ္မာများ အသင်္ချေယျကပ် ၃-ဖို့တဖို့၊ အလတ်ဖြင့် ဖြစ်သော ဗြဟ္မပုရောဟိတာ ဗြဟ္မာများ အသင်္ချေယျကပ် ထက်ဝက်၊ အမြတ်ဖြင့်ဖြစ်သော မဟာဗြဟ္မာများ အသင်္ချေယျတကပ်လုံးဟု သက်တမ်းရှိ၏။

ငရဲစသည်သို့ရောက်-ငရဲစသည်သို့ ရောက်နိုင်သောကံ မပယ်ရသေးသောကြောင့် တဆင့်စီရောက်သည်၊ ဗြဟ္မာ့ပြည်မှ ငရဲသို့ တိုက်ရိုက်ကား မကျပါ။

ထိုဗြဟ္မာ့ဘုံ၌ပင် ပရိနိဗ္ဗာန်ပြု-အရိယာများ အောက်ဘုံမဆင်းတော့ပါ၊ ထိုဘုံ၌ လည်းကောင်း၊ အတက် ဒုတိယ တတိယဈာန် ဗြဟ္မာ့ဘုံ စသည်တို့၌ လည်းကောင်း ပရိနိဗ္ဗာန်ပြုပါသည်၊ ပုထုဇဉ်ကား ငရဲစသည် သွားနိုင်၏၊ ဤကား အထူးတည်း။

မဟာကပ် ၂-ကပ်သက်တမ်း-ယုတ်သော ဒုတိယဈာန်ဖြင့်ဖြစ်သော ပရိတ္တာဘာ ဗြဟ္မာများ ၂-ကပ်၊ အလတ်ဖြင့်ဖြစ်သော အပ္ပမာဏာဘာ ဗြဟ္မာများ ၄-ကပ်၊ အမြတ်ဖြင့်ဖြစ်သော အာဘဿရာ ဗြဟ္မာများ ၈-ကပ်ရှည်သည်။

မဟာကပ် ၄-ကပ်-- ၁-ကပ် ၂-ကပ် ဟူသော အောက်စကားကိုယူ၍ အနက်သိရမည်၊ ကပ်ဟူသည် မြှောက်အပ်သောကပ်၏ ဝါ၊ တည်ကိန်းဂဏန်း၏ အမည်လည်း ဖြစ်သည်။ ထို့ကြောင့် ရှေးဦး ၁-ကပ်သည် ၂-ကိုမြှောက်၊ တခါမြှောက် ၂၊ နောက်တခါမြှောက် ၂၊ ပေါင်း ၄-ဖြစ်သည်။ ထို့ကြောင့် ၂-ခုဖြင့် မြှောက်အပ်သော မဟာကပ် ၄-ကပ် တို့တည်းဟု မှတ်။

ဘုံသက်အမှန်မှာ ၂-ခုဖြင့် ၄-ကို တကြိမ်မြှောက်၊ ၂x၄-လီ ၈-ရ၏၊ ၂-ခု ဖြင့် ၈-ကို ဒုတိယအကြိမ်မြှောက်၊ ၁၆-ရ၏၊ ၂-ခုဖြင့် ၁၆-ကို တတိယအကြိမ် မြှောက် ၃၂-ရ၏၊ ၂-ခုဖြင့် ၃၂-ကို စတုတ္ထအကြိမ်မြှောက်၊ ၆၄-ရ၏၊ ဤ ၆၄-ကမ္ဘာကား မြတ်သော သုဘကိဏှာ ဗြဟ္မာ၊ ၃၂-ကမ္ဘာကား လတ်သော အပ္ပမာဏာ သုဘာဗြဟ္မာ၊ ၁၆-ကမ္ဘာကား ယုတ်သော ပရိတ္တာသုဘာ ဗြဟ္မာတို့၏သက်တမ်းတည်း။ မဟာကပ် ၅၀၀-သက်တမ်း မြတ်သောဈာန်နှင့် စပ်၍ ဆိုသည်၊ ပဌမဈာန်ဘုံ စသည်တို့၌ကဲ့သို့ ၃-ခုံမရှိသောကြောင့်လည်း ဤသို့ မိန့်သည်။

၄-ဒုတိယနာနာကရဏသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ- ဤသာသနာတော်၌ အချို့သူသည် ပဌမဈာန်ကို ရကာ ထိုဈာန်ဘုံ၌ ရှိသော ရုပ်စသော ခန္ဓာ ၅-ပါးကို အမြဲမရှိသောအားဖြင့် ဆင်းရဲသော ရောဂါနှင့်တူသော အိုင်းအမာနှင့်တူသော ငြောင့်နှင့်တူသော

စာမျက်နှာ-612


ဆင်းရဲကို ဖြစ်စေတတ်သော အနာနှင့် တူသော သူစိမ်းပြင်ပနှင့် တူသော ပျက်စီးစေတတ်သော သတ္တဇီဝမှ ဆိတ်သုဉ်းသော အတ္တမဟုတ်သော အားဖြင့် ဉာဏ်ဖြင့် ကောင်းစွာ ရှု၏၊ ထိုသူသည် ကိုယ်ခန္ဓာ ပျက်စီးသေပြီးနောက် သုဒ္ဓါဝါသဗြဟ္မာတို့၏ အသင်းဝင် ဗြဟ္မာအဖြစ်သို့ ရောက်၏။ ဤသုဒ္ဓါဝါသဘုံ၌ ဖြစ်ရခြင်းသည် ပုထုဇဉ်တို့နှင့် မဆက်ဆံ။

အချို့သူသည် ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ကို ရကာ ထိုဈာန်ဘုံ၌ ရှိသော ရုပ်စသော ခန္ဓာ ၅-ပါးကို အမြဲမရှိသော အားဖြင့် (လ)ဉာဏ်ဖြင့် ကောင်းစွာ ရှု၏၊ ထိုသူ သေပြီးနောက် (လ)မဆက်ဆံ၊ ဤ ၄-မျိုးတို့တည်း။

အိုင်းအမာ အတွင်း၌ ဖျက်ဆီးတတ်၏၊ မစီရင်အပ်၍ သူစိမ်းပြင်ပ မည်သည် အလိုမလိုက်၍ အတ္တမဟုတ်၊ အမြဲမရှိ၊ ပျက်စီးတတ် ဟူသော ဤ ၂-ပုဒ်ဖြင့် အနိစ္စလက္ခဏာ၊ သတ္တဇီဝမှ ကင်းဆိတ် အတ္တမဟုတ်၊ ဤ ၂-ပုဒ်ဖြင့် အနတ္တလက္ခဏာ၊ ကြွင်းပုဒ်များဖြင့် ဒုက္ခလက္ခဏာကို ဟောသည်ဟု မှတ်။

၅ - ပဌမမေတ္တာသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ- ဤသာသနာတော်၌ အချို့သူသည် မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် တခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ ၂-ခုမြောက် ၃-ခုမြောက် ၄-ခုမြောက်သော အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက်အောက် ဖီလာအရပ်အားလုံး သတ္တဝါအားလုံးတို့၌ မိမိနှင့်အတူ ပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြော မြင့်မြတ် အပိုင်းအခြား မရှိ ရန်မရှိ ကြောင့်ကြမရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုသူသည် ထိုမေတ္တာဈာန်ကို သာယာ၏၊ အလိုရှိ၏၊ (လ) သေသော် ပဌမဈာန်ဘုံသား ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထိုပဌမဈာန်ဘုံသား ဗြဟ္မာတို့၏ သက်တမ်းကား အသင်္ချေယျကပ် တကပ်တည်း။ ထိုပဌမဈာန်ဘုံ၌ ပုထုဇဉ်သည် (လ) တနေရာသို့ ရောက်၏၊ မြတ်စွာဘုရား တပည့်သည်ကား (လ) ပရိနိဗ္ဗာန်ပြု၏၊ ဤဂတိ(လ)ကွဲလွဲခြင်းတည်း။(ပဌမဈာန်နှင့် စပ်၍ မေတ္တာကိုပြသည်။)

အချို့သူသည် ကရုဏာ မုဒိတာ ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် တခုသော အရပ်ကို (လ)ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုသူသည် ထိုဥပေက္ခာဈာန်ကို သာယာ၏၊ အလိုရှိ၏၊ (လ) သေသော် အာဘဿရာဘုံသား ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ယင်းဘုံသား ဗြဟ္မာတို့၏ သက်တမ်းကား မဟာကပ် ၂-ကပ်တို့တည်း။ (လ)သေသော် သုဘကိဏှာဘုံသား ဗြဟ္မာတို့၏၊ (လ) သက်တမ်းကား မဟာကပ် ၄-ကပ်တို့တည်း၊ သေသော် ဝေဟပ္ဖိုလ်ဘုံသား ဗြဟ္မာတို့၏ (လ)

စာမျက်နှာ-613


သက်တမ်းကား မဟာကပ် ၅၀၀-တို့တည်း။ ထိုဝေဟပ္ဖိုလ်ဘုံ၌ ပုထုဇဉ်သည် (လ) တနေရာသို့ ရောက်၏၊ မြတ်စွာဘုရား တပည့်သည်ကား (လ)ပရိနိဗ္ဗာန်ပြု၏၊ ဤဂတိ (လ) ကွဲလွဲခြင်းတည်း။ (ဒုတိယဈာန် စသည်နှင့် စပ်၍ ကရုဏာ စသည် ၃-ပါးကို ပြသည်။)

၆-ဒုတိယမေတ္တာသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ-အချို့သူသည် မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် တခုသော အရပ်ကို (လ) မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုသူသည် ထိုဘုံ၌ ရှိသော ရုပ်စသော ခန္ဓာ ၅-ပါးကို အမြဲမရှိသော အားဖြင့် (လ)ဉာဏ်ဖြင့် ကောင်းစွာ ရှု၏၊ သေပြီးနောက် သုဒ္ဓါဝါသဗြဟ္မာတို့၏ အသင်းဝင် အဖြစ်သို့ ရောက်၏။ ဤသုဒ္ဓါဝါသဘုံ၌ ဖြစ်ရခြင်းသည် ပုထုဇဉ်တို့နှင့် မဆက်ဆံ။

အချို့သူသည် ကရုဏာ မုဒိတာ ဥပေက္ခာ (လ)ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုသူသည် ထိုဘုံ၌ ရှိသော ရုပ်စသော ခန္ဓာ ၅-ပါးကို အမြဲမရှိသော အားဖြင့် (လ)ဉာဏ်ဖြင့် ကောင်းစွာ ရှု၏။ သေပြီးနောက် (လ)မဆက်ဆံ၊ ဤ ၄-မျိုး တို့တည်း။ (အမှတ် ၄-သုတ်နှင့် တူသည်။)

၇-တထာဂတအစ္ဆရိယသုတ်

မြတ်စွာဘုရား ထင်ရှားပွင့်လာခြင်းကြောင့် ထင်ရှားဖြစ်ပေါ်လာသော အံ့ဖွယ်သရဲ ထူးကဲသော သဘောတရား ၄-မျိုးမှာ-ဘုရားလောင်း တုသိတာနတ်ပြည်မှ စုတေ၍ သတိပညာရှိသည်ဖြစ်၍ မယ်တော်ဝမ်းသို့ သက်သောအခါ နတ်လောက လူလောက၌ မနှိုင်းယှဉ်အောင် ကြီးကျယ်သော အလင်းရောင်သည် နတ်များအာနုဘော်ကို ကျော်၍ ဖြစ်လာ၏၊ ဟင်းလင်းဖြစ် ထောက်တည်ရာမရှိ မိုက်မှောင်ကုန်သော အကြင် လောကန္တရိုက်ငရဲတို့သည် ရှိကုန်၏၊ ယင်းငရဲတို့၌ တန်ခိုးအာနုဘော်ကြီးကုန်သော ဤ လ နေများသော်လည်း မထွန်းလင်းစွမ်းနိုင်ကြ၊ ထိုငရဲတို့၌လည်း မနှိုင်းယှဉ်အောင် ကြီးကျယ်သောအလင်းရောင်သည် နတ်များအာနုဘော်ကို ကျော်၍ ဖြစ်လာ၏။ ထိုငရဲသားသတ္တဝါများလည်း “အချင်းတို့၊ ဤငရဲကျကြသော တပါးသော သတ္တဝါများလည်း ရှိကြပါသေးတကား”ဟု ထိုအလင်းရောင်ဖြင့် အချင်းချင်း သိမြင်ကြ၏၊ ဤသဘောတရား ထင်ရှားဖြစ်လာ၏။

ဘုရားလောင်းသည် သတိပညာရှိသည်ဖြစ်၍ မယ်တော်ဝမ်းမှ ဖွားမြင်သောအခါ လည်းကောင်း၊ မြတ်စွာဘုရားသည် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ် (အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်)ကို ထိုးထွင်း၍ သိတော်မူသော အခါ၌လည်းကောင်း၊ မြတ်စွာ

စာမျက်နှာ-614


ဘုရားသည် အတုမရှိသော တရားစကြာကိုလည်စေသော အခါ၌လည်းကောင်း နတ်လောက လူ့လောက၌ အလားတူဖြစ်သည်သာတည်း၊ ဤ ၄-မျိုးတို့တည်း။

မယ်တော်ဝမ်းသို့သက် သက်ဆဲ ခဏမဟုတ်၊ သက်ပြီးမှ အံ့ဖွယ်ဖြစ်သည်၊ နတ်ဝတ် ၁၂-ယူဇနာ၊ နတ်ကိုယ် ၁၂-ယူဇနာ၊ ဗိမာန် ၁၂-ယူဇနာ အရောင်တောက်သည်၊ ၎င်း ၃၆-ယူဇနာကား နတ်များအာနုဘော်မည်သည်၊ ထိုကိုကျော်သည်။

လောကန္တရိုက်ငရဲ စကြဝဠာ ၃-ခု၊ ၃-ခုအကြား ယင်း ငရဲတခု တခုရှိသည်၊ အချင်းချင်းထိထားသော လှည်းဘီးဝိုင်း ၃-ခု ခွက် ၃-ခုတို့၏ အလယ်၌ ဖြစ်သော အရပ်ကဲ့သို့တည်း၊ ယင်းငရဲပမာဏ ယူဇနာရှစ်ထောင်ရှိသည်။

တန်ခိုးအာနုဘော်ကြီးပုံ လနေများ တပြိုင်နက် ၃-ကျွန်း လင်းနိုင်ခြင်းကား တန်ခိုးကြီးခြင်းမည်၍ အရပ်တခု တခု၌ ယူဇနာ ၉သိန်း အမှောင်ဖျောက်၍ အလင်းရောက်နိုင်ခြင်းကား အာနုဘော်ကြီးခြင်းမည်သည်၊ ယင်း လ နေများကား စကြဝဠာတောင် အလယ်ဖြင့် သွားကြရာ တောင်ကိုကျော်မှ တောင်ကြားမှာ လောကန္တရိုက်ငရဲ ရှိခြင်းကြောင့် လ နေရောင် မရောက်။

လောကန္တရိုက် ငရဲသားများ မိဘ တရားရှိသော ရဟန်း ပုဏ္ဏားများ အပေါ် ကြမ်းတမ်းကြီးလေးသော ပြစ်မှုပြုသူများနှင့်နေ့စဉ် သူ့အသက်သတ်စသော ရက်စက်မှု ပြုသူများ ယင်းငရဲရောက်ကြရသည်၊ သီဟိုဠ်ကျွန်း အဘယခိုးသူ နာဂခိုးသူတို့ ကဲ့သို့တည်း။

ထိုငရဲသား အတ္တဘော ၃-ဂါဝုတ်ရှိ၍ လင်းနို့များလို စကြဝဠာတောင်၌ လက်သည်း ခြေသည်းရှည်တို့ဖြင့် ကုတ်ကပ်နေကြသည်၊ ရွေ့လျား၍ အချင်းချင်း ထိမိ တိုးမိကြ၊ အစာထင်ပြီးဖမ်းကြ၊ လိမ့်ကျပြီး လောကကို ခံသောအောက်ရေ၌ကျကြသည်။ လေတိုက်လျှင်လည်း သစ်မည်စည်သီးလို ကြွေကျ၊ ရေသို့ရောက်သည်။ ရေရောက်သည်နှင့် တပြိုင်နက် ဆားငန်ရေ၌ မုန့်ညက်စိုင်ကဲ့သို့ ကျေမှုပျက်စီးကြသည်။

တပါးသူများလည်း ရှိကြသေး ... ထိုမြင်ချိန်ကား ယာဂုတကျိုက်သောက်မှမကြာပါ၊ အိပ်ရာမှနိုး၍ အာရုံထင်ရုံမျှလောက်သာ ကြာသည်၊ ဒီဃဘာဏကထေရ်တို့ကား လက်ဖျစ်တတွက်မျှ၊ လျှပ်စစ်တပြက်မျှသာတည်း၊ ဘာရောင်ပါလိမ့်ဟု ပြောဆိုစဉ် ကွယ်ပျောက်သည်ဟု မိန့်ကြသည်။

၈-ဒုတိယ တထာဂတအစ္ဆရိယသုတ်

မြတ်စွာဘုရား ထင်ရှားပွင့်လာခြင်းကြောင့် ထင်ရှား ဖြစ်ပေါ်လာသော အံ့ဖွယ်သရဲ ထူးကဲသော သဘောတရား ၄-မျိုးမှာ-သတ္တဝါအပေါင်းသည် ကာမဂုဏ် ၅-ပါး

စာမျက်နှာ-615


ဟူသော ကပ်ငြိဖွယ်လျှင် မွေ့ လျော်ရာရှိ၏၊ ကပ်ငြိဖွယ်၌ ပျော်ပိုက်ဝမ်းမြောက်တတ်၏၊ ထိုသတ္တဝါအပေါင်းသည် ဘုရားရှင်က မကပ်ငြိကြောင်းတရားကို ဟောအပ်သော် နာလို၏၊ နားထောင်၏၊ သိရန်စိတ်ကို ရှေးရှုထား၏။ ဤသဘောတရား ထင်ရှားဖြစ်လာ၏။

သတ္တဝါအပေါင်းသည် ထောင်လွှားခြင်း မာနလျှင် မွေ့လျော်ရာ ရှိ၏၊ မာန၌ ပျော်ပိုက်ဝမ်းမြောက်တတ်၏။ ဘုရားရှင်က မာနဖျောက်ကြောင်းတရား ဟောအပ်သော် နာလို၏၊ (လ)ထင်ရှားဖြစ်ပေါ်လာ၏။

သတ္တဝါအပေါင်းသည် တေဘူမက ဝဋ်တရားဟူသော မငြိမ်းချမ်းရာလျှင် မွေ့လျော်ရာရှိ၏။ ငြိမ်းချမ်းရာ၌ ပျော်ပိုက်ဝမ်းမြောက်တတ်၏၊ ဘုရားရှင်က ငြိမ်းချမ်းကြောင်းတရားဟောလျှင် နာလို၏၊ (လ)ထင်ရှားဖြစ်ပေါ်လာ၏။

သတ္တဝါအပေါင်းသည် မသိခြင်း အဝိဇ္ဇာ၌ ဖြစ်၏၊ ဥသဖွယ်ဖြစ်၏၊ ထက်ဝန်းကျင်မှ မြှေးယှက်ခံရ၏၊ ဘုရားရှင်က အဝိဇ္ဇာဖျက်ဆီးကြောင်း တရားဟောလျှင် နာလို၏၊ (လ) ထင်ရှားဖြစ်ပေါ်လာ၏။ ဤ ၄-မျိုးတို့တည်း။

၉-အာနန္ဒအစ္ဆရိယသုတ်

အာနန္ဒာ၌ အံ့ဖွယ်သရဲ ထူးကဲသော သဘောတရား ၄-မျိုးမှာ– ရဟန်းပရိသတ်သည် အာနန္ဒာကို ဖူးမြော်လာအံ့၊ ထိုပရိသတ်သည် ဖူးမြော်ရ၍လည်း နှစ်ခြိုက်၏၊ အာနန္ဒာ တရားဟောလျှင် ဟောသောတရားဖြင့်လည်း နှစ်ခြိုက်၏၊ တရားသိမ်း၍ အာနန္ဒာ ဆိတ်ဆိတ်နေသည့်တိုင်အောင် မရောင့်ရဲနိုင်သည်သာတည်း။ ရဟန်း မိန်းမ ဥပါသကာ ဥပါသိကာမ ပရိသတ်တို့လည်း အတူပင်တည်း၊ ဤ ၄-မျိုးတို့တည်း။

ရဟန်းများ အာနန္ဒာကို ဖူးမြော်လာ ဘုရားဖူးယင်း လာကြသည်၊ အာနန္ဒာသည် အဘက်ဘက်မှ ကြည်ညိုဖွယ်ရှိ၍ လှပတင့်တယ် ကြည့်ချင်ဖွယ်ရှိသည်၊ ဗဟုသုတရှိ၍ သံဃာနှင့်လိုက်ဖက်သည်ဟု ဂုဏ်ကြား၍လည်း သူ့ထံလာကြသည်၊ သတင်းကြားနှင့် ငါတို့အမြင် ညီပါပေသည်ဟု နှစ်ခြိုက်ကြသည်။

ဟောသောတရား မျှတ ခန့်ကျန်းပါရဲ့လော၊ အသင့် နှလုံးသွင်းနိုင် ဆရာဝတ်ပြုနိုင်ပါရဲ့လော ဟူသော နှီးနှောမှုပြုသော တရားတည်း။ ရဟန်းမိန်းမတို့၌ ညီမတို့ ဂရုဓမ် ၈-ပါး ဆောက်တည် ကျင့်သုံးနိုင်ရဲ့လောဟု အထူးပြု ပြောသည်။ ယောက်ျားတို့၌ ကောင်းသောလာခြင်းပါတည်း၊ သင် ခေါင်းမကိုက် ခြေမနာ သားမယားများပါ ရောဂါကင်းကြရဲ့လား၊ ဤသို့ မနှီးနှောပဲ သရဏဂုံ သီလဆောက်တည်ကြ၊ တလ ၈-ကြိမ် ဥပုသ်ကျင့်သုံးကြ၊ မိဘဝတ်ဖြည့်ကြ၊ တရားရှိသော ရဟန်းပုဏ္ဏားများကို လုပ်ကျွေးကြရဲ့လောဟု စေ့စပ် နှီးနှော ပြောဟောသည်၊ မိန်းမပရိသတ် အတူပင်။

စာမျက်နှာ-616


၁၀-စက္ကဝတ္တိအစ္ဆရိယသုတ်

စကြဝတေးမင်း၌ အံ့ဖွယ်သရဲ ထူးကဲသော သဘောတရား ၄-မျိုးမှာ- မင်းပရိသတ်သည် စကြဝတေးမင်းကို ဖူးမြော်လာအံ့၊ ထိုမင်းပရိသတ်သည် ဖူးမြော်ရလျှင်လည်း နှစ်ခြိုက်၏၊ စကြဝတေးမင်း စကားပြောလျှင် ပြောသောစကားဖြင့်လည်း နှစ်ခြိုက်၏၊ စကြဝတေးမင်း စကားသိမ်း၍ ဆိတ်ဆိတ်နေသည်တိုင်အောင် မရောင့်ရဲနိုင်သည်သာ တည်း၊ ပုဏ္ဏားသူကြွယ် ရဟန်း ပရိသတ်တို့လည်း နည်းတူပင်တည်း။ ဤ ၄-မျိုးတို့တည်း၊(ရဟန်းများကား မင်းကိုကြည့်ရန် ကြွလာကြသည်။)

ဤအတူပင် အာနန္ဒာ၌ အံ့ဖွယ်သရဲ ထူးကဲသော သဘောတရားမျိုးမှာ အထက် အမှတ်(၉)သုတ် အတိုင်းပင်တည်း။

မင်းပရိသတ် အဘိသိက်ခံပြီး မခံရသေးသော မင်းများသည် စကြာမင်းသည် အဆင်းလှ ကြည်ညိုဖွယ်ရှိ ကောင်းကင်ခရီးသွား၍ တိုင်းပြည်ကို ဆုံးမ၏။ တရားရှိသည်ဟု ဂုဏ်သတင်းကြား၍ လာကြ၊ အကြားနှင့်အမြင် ညီညွတ်၍ နှစ်ခြိုက်ကြသည်။

ပြောသောစကား မင်းကျင့်တရား ပြည့်ကြ၊ အစဉ်အလာ စောင့်ထိန်းကြဟု လည်းကောင်း၊ ပုဏ္ဏားတို့၌- ဆရာတို့ မန္တန်ပို့ချကြ၊ တပည့်များ သင်ယူကြ၊ အလှူ အဝတ်ပုဆိုး သီလ ရကြပါ၏လောဟု လည်းကောင်း၊ သူကြွယ်တို့၌ မင်းထံမှ ဒဏ် နှောင်ဖွဲ့မှုဖြင့် အနှိပ်အစက် ကင်းကြ မိုးမှန်ကြ ကောက်များ ပြည့်စုံကြပါ၏လောဟု လည်းကောင်း၊ ရဟန်းတော်များ၌ ရဟန်းအသုံးအဆောင်များ ရလွယ်ကြ တရားကျင့်သုံးမှု မလစ်ဟင်းပဲ ရှိကြပါ၏လောဟု လည်းကောင်း နှီးနှော ပြောဆိုသည်။

(၁၄) ၄-ပုဂ္ဂလဝဂ်၊ ၁-သံယောဇနသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ-အောက်ဘုံဆိုင်ရာ ပဋိသန္ဓေ ရကြောင်း၊ ဘဝရကြောင်း သံယောဇဉ် ၃-မျိုးလုံးကို မပယ်ရသေးသော သကဒါဂါမ် ပုဂ္ဂိုလ်တမျိုး၊ အောက်ဘုံဆိုင်ရာ သံယောဇဉ်ကိုသာ ပယ်၍ ပဋိသန္ဓေရကြောင်း၊ ဘဝရကြောင်း သံယောဇဉ်ကို မပယ်ရသေးသော ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ အနာဂါမ် ပုဂ္ဂိုလ်တမျိုး။

အောက်ဘုံဆိုင်ရာနှင့် ပဋိသန္ဓေရကြောင်း သံယောဇဉ် ၂-မျိုးကို ပယ်၍ ဘဝရကြောင်း သံယောဇဉ်ကို မပယ်ရသေးသော အန္တရာပရိနိဗ္ဗာယီ အနာဂါမ် ပုဂ္ဂိုလ်တမျိုး၊ သံယောဇဉ် ၃-မျိုးလုံးကို ပယ်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်တမျိုးဟူတည်း၊ ဤ ၄-မျိုးတို့တည်း။

စာမျက်နှာ-617


သကဒါဂါမ်ပုဂ္ဂိုလ် မပယ်ရသေးသော သံယောဇဉ်ရှိ အရိယာများတွင် အထွတ်အမြတ် ပုဂ္ဂိုလ်အားဖြင့် ဆိုသည်။ အထက်၌ ရလတ္တံ အရိယာမဂ် အယဉ်ရှိသော အနာဂါမ်သည် ဥဒ္ဓံသောတအကနိဋ္ဌဂါမီ အနာဂါမ် မည်သည်။

အန္တရာပရိနိဗ္ဗာယီအနာဂါမ် အသက်အပိုင်းအခြား၏ အလယ်၌ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ပုဂ္ဂိုလ်အား အလယ်၌ ပဋိသန္ဓေ မရှိတော့ပေ။ ထိုဘုံ၌ ဝင်စားသော ဈာန်ကုသိုလ်သည် ပဋိသန္ဓေကား မဖြစ်တော့၊(အရဟတ္တမဂ်မရသေး၍ ဘဝဖြစ်ကြောင်းကား ဖြစ်သည်ဟု ဆိုရမည်၊ အရဟတ္တမဂ်လည်း ရမည်ဧကန်။)

၂-ပဋိဘာနသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ- အသင့်ကိုသာ ဖြေဆိုတတ်၍ လျင်မြန်စွာ မဖြေဆိုတတ်သောပုဂ္ဂိုလ်၊ လျင်စွာသာ ဖြေဆိုတတ်၍ အသင့်ကို မဖြေဆိုတတ်သောပုဂ္ဂိုလ်၊ လျင်စွာလည်း ဖြေဆိုတတ်သည် အသင့်လည်း ဖြေဆိုတတ်သောပုဂ္ဂိုလ်၊ ၂-မျိုးစုံ မဖြေဆိုတတ်သော ပုဂ္ဂိုလ်တို့တည်း။

၃-ဥဂ္ဃဋိတညူသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ - အကျဉ်းပြကာမျှဖြင့် တရားကိုသိသော ဥဂ္ဃဋိတညူပုဂ္ဂိုလ်၊ အကျယ်ပြမှသိသော ဝိပဉ္စိတညူပုဂ္ဂိုလ်၊ ဥဒ္ဒေသစသည်ကို ဆောင်ပြမှ သိသော နေယျပုဂ္ဂိုလ်၊ ပုဒ်မျှသာ အတိုင်းအရှည်ရှိသော (တရားနာယူရုံမျှသာဖြစ်၍ ဤဘဝ ဈာန်မဂ်ဖိုလ်မရထိုက်သော) ပဒပရမ ပုဂ္ဂိုလ်တို့တည်း။

နေယျပုဂ္ဂိုလ် ဥဒ္ဒေသစသည်ကို ဆောင်ပြဟူသည်- ပါဠိသင် အဋ္ဌကထာသင် အသင့်နှလုံးသွင်း၊ မိတ်ဆွေကောင်း မှီဝဲ ဆည်းကပ်ရမည်ပင်တည်း။ များစွာ နာ ရွတ် ဆောင် ပို့ချသော်လည်း ဤဘဝ၌ မဂ်ဖိုလ်မရနိုင်သူကား ပဒပရမ မည်သည်။

၄ - ဥဋ္ဌာနဖလသုတ်

လောက၌ ထင်ရှားရှိသောပုဂ္ဂိုလ် ၄-မျိုးမှာ− (၁) လုံ့လကျိုးကိုသာမှီ အသက်မွေးလျက် ကံကျိုးကိုမှီ အသက်မမွေးရသောပုဂ္ဂိုလ်၊ (၂) ကံကျိုးသာမှီ အသက်မွေးလျက် လုံ့လကျိုးမှီ အသက်မမွေးရသောပုဂ္ဂိုလ်၊ (၃)လုံ့လကျိုးကိုလည်းမှီ အသက်မွေး ကံကျိုးကိုလည်းမှီ အသက်မွေးရသော ပုဂ္ဂိုလ်၊ (၄) လုံ့လကျိုးကိုလည်းမှီ အသက်မမွေး ကံကျိုးကိုလည်းမှီ အသက်မမွေးရသော ပုဂ္ဂိုလ်တို့တည်း။

စာမျက်နှာ-618


ပုဂ္ဂိုလ်ခွဲပုံ လုံ့လဖြင့် တနေ့လုံးလုပ်မှ အနည်းငယ်ရ၊ အသက်မွေးရသည်၊ ဘာကောင်းမှုကျိုးမျှ မရသူသည် ၁-ပုဂ္ဂိုလ်ဖြစ်၍ ၂-မှာ စတုမဟာရာဇ်မှစ၍ နတ်များအားလုံး လုံ့လမလိုပဲ ကောင်းကျိုးရကြသည်၊ မင်း အမတ်ကြီး စသည်တို့ကား လုံ့လ အမှတ် ၃-ပုဂ္ဂိုလ်ဖြစ်၍ ငရဲသားများမှာ ၄-ဖြစ်သည်၊ ကောင်းမှုကျိုးကို ကံကျိုးဟု ဤသုတ်၌ လိုအပ်၏၊ ငရဲသားများမှာ ကောင်းမှုကျိုး မရှိကြပေ။

၅-သာဝဇ္ဇသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ- အပြစ်ရှိ၊ အပြစ်များ၊ အပြစ်နည်း၊ အပြစ်မရှိသော ပုဂ္ဂိုလ်တို့တည်း။

(၁) အပြစ်ရှိသော ပုဂ္ဂိုလ်ဟူသည် — ဤလောက၌ အပြစ်ရှိသော ကာယ ဝစီ မနောကံနှင့် ပြည့်စုံသူတည်း။

(၂) အပြစ်များသော ပုဂ္ဂိုလ်ဟူသည်-အပြစ်ရှိသော ကာယ ဝစီ မနောကံနှင့် ပြည့်စုံသည်ကများ၍ အပြစ်မရှိသော ကာယ ဝစီ မနောကံနှင့် ပြည့်စုံသည်ကား နည်းသူတည်း။

(၃) အပြစ်နည်းသောပုဂ္ဂိုလ်ဟူသည်-အပြစ်မရှိသော ကာယဝစီ မနောကံနှင့် ပြည့်စုံသည်က များ၍ အပြစ်ရှိသော ကာယ ဝစီမနောကံနှင့် ပြည့်စုံသည်ကား နည်းသူတည်း။

(၄) အပြစ်မရှိသော ပုဂ္ဂိုလ်ဟူသည်-အပြစ်မရှိသော ကာယ ဝစီ မနောကံနှင့် ပြည့်စုံသူတည်း၊ ဤ ၄-မျိုးတို့တည်း။

ပုဂ္ဂိုလ်ခွဲပုံ ပဌမ မိုက်ကန်းသော ပုထုဇဉ်၊ ဒုတိယ အကြားအကြား၌ ကုသိုလ်ပြုသော လောကီပုထုဇဉ်ဖြစ်၍ တတိယ သောတာပန် (သကဒါဂါမ် အနာဂါမ်ပါ) ယူပြီး စတုတ္ထရဟန္တာ ပုဂ္ဂိုလ်တည်း။

၆- ပဌမသီလသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ-သီလ သမာဓိ ပညာတို့၌ ဖြည့်ကျင့်လေ့မရှိသော ပုဂ္ဂိုလ်တမျိုး၊ သီလသာဖြည့် သမာဓိပညာ မဖြည့်၊ သီလ သမာဓိဖြည့် ပညာ မဖြည့်၊ ၃-မျိုးလုံးတို့၌ ဖြည့်ကျင့်လေ့ရှိသော ပုဂ္ဂိုလ်တမျိုးတို့တည်း။

ပုဂ္ဂိုလ်ခွဲပုံမှာ ပဌမ လောကီလူများ၊ ဒုတိယ သုက္ခဝိပဿက သောတာပန် သကဒါဂါမ်ဖြစ်၍ တတိယမှာ အနာဂါမ်တည်း၊ မှန်၏၊ သူမြတ်ကား သေခါနီးသော်မှ

စာမျက်နှာ-619


ဗြဟ္မာဖြစ်ကြောင်း ဈာန်ကို ရနိုင်သောကြောင့်တည်း၊ စတုတ္ထကား ရဟန္တာတည်း၊ သီလ စသည်တို့၏ ဆန့်ကျင်ဘက်အားလုံး ပယ်ပြီးဖြစ်၍ အားလုံး၌ ဖြည့်လေ့ရှိသည်။

၇-ဒုတိယသီလသုတ်

ပုဂ္ဂိုလ် ၄-မျိုးမှာ-သီလ သမာဓိ ပညာတို့ကိုအလေးမပြု အကြီးအမှူးမပြုသော ပုဂ္ဂိုလ်တမျိုး၊ သီလသာ အလေးပြု အကြီးအမှူးပြု၍ သမာဓိ ပညာ အလေးမပြု အကြီးအမှူးမပြုသော ပုဂ္ဂိုလ်တမျိုး စသည်ဖြင့် အထက်သုတ်နည်းတူတည်း၊ ပုဂ္ဂိုလ်လည်း နည်းတူခွဲအပ်၏။

၈-နိကဋ္ဌသုတ်

ပုဂ္ဂိုလ် ၄-မျိုးမှာ ကိုယ်သာကင်း၍ စိတ်မကင်းသော ပုဂ္ဂိုလ်၊ ကိုယ်မကင်းသော်လည်း စိတ်ကင်းသော ပုဂ္ဂိုလ်၊ ၂-ပါး စုံမကင်းသော ပုဂ္ဂိုလ်၊ ၂-ပါး စုံကင်းသော ပုဂ္ဂိုလ် တို့တည်း။

ကိုယ်သာကင်း၍ စိတ်မကင်းသော ပုဂ္ဂိုလ်ဟူသည်– အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲနေသော်လည်း ကာမ ဗျာပါဒ ဝိဟိံသ ဝိတက်တို့ကို ကြံနေသူတည်း၊ ဒုတိယ ပုဂ္ဂိုလ်မှာ တောကျောင်းမနေသော်လည်း ရွာနီးကျောင်း၌ နေက္ခမ္မ အဗျာပါဒ အဝိဟိံသ ဝိတက်တို့ကို ကြံသည်။ တတိယမှာ တောကျောင်းကို မမှီဝဲ၍ ကိုယ်လည်းမကင်း ကာမဝိတက် စသည်ကိုကြံ၍ စိတ်လည်း မကင်းသူတည်း၊ စတုတ္ထမှာ တောကျောင်းမှီဝဲ၍ နေက္ခမ္မ စသော ဝိတက်များကိုသာ ကြံသူတည်း။

၉-ဓမ္မကထိကသုတ်

တရားဟော ပုဂ္ဂိုလ် ၄-မျိုးမှာ– တရားဟော ပုဂ္ဂိုလ်အချို့သည် အနည်းငယ်မျှကိုလည်း ဟော၏၊ အကျိုးစီးပွားနှင့် မစပ်သည်ကိုသော်လည်း ဟော၏၊ ထိုပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း အကျိုးစီးပွားနှင့် စပ်မစပ်၌ မလိမ္မာ၊ ဤဓမ္မကထိကသည် ဤပရိသတ်အတွက် တရားဟော ပုဂ္ဂိုလ်ဟုသာ ရေတွက်အပ်၏။

တရားဟောသူသည် အနည်းငယ်မျှကိုသာ ဟောသော်လည်း အကျိုးနှင့်စပ်၏၊ ပရိသတ်ကလည်း စပ် မစပ် လိမ္မာ၊ ဤဓမ္မကထိကသည် (လ) ရေတွက်အပ်၏၊ တရားဟောသူသည် များစွာလည်း ဟော၏၊ အကျိုးနှင့်လည်း မစပ်၊ ပရိသတ်ကလည်း စပ် မစပ် မလိမ္မာ၊ ဤဓမ္မကထိကသည် (လ) ရေတွက်အပ်၏၊ တရားဟောသူသည် များစွာလည်းဟော၏၊ အကျိုးနှင့်လည်းစပ်၏၊ ပရိသတ်လည်း လိမ္မာ၊ ဤဓမ္မကထိကလည်း (လ) ရေတွက်အပ်၏။

စာမျက်နှာ-620


ပြောဆိုလေ့ရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ-အနက်အားဖြင့်သာ ကုန်ခြင်းသို့ရောက်၍ သဒ္ဒါအားဖြင့် ကုန်ခြင်းသို့ မရောက်ပဲ ပြောဆိုလေ့ရှိသောပုဂ္ဂိုလ်၊ သဒ္ဒါကုန် အနက် မကုန်၊ ၂-ပါးစုံကုန်၊ ၂-ပါးစုံကုန်ခြင်းသို့ မရောက်မူ၍ ပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်တို့တည်း။ ပဋိသမ္ဘိဒါ ၄-ပါးနှင့် ပြည့်စုံသူသည် ၂-ပါးစုံအားဖြင့် ကုန်ခြင်းသို့ရောက်ရာသော အကြောင်းအခွင့်မရှိချေ၊ (အနက်ဟူသည် အဋ္ဌကထာတည်း။)

(၁၅) ၅-အာဘာဝဂ်၊ ၁-အာဘာသုတ်စသည် ၅-သုတ်

အရောင်၊ ရောင်ခြည်၊ အလင်း၊ အလင်းရောင်၊ ရောင်လျှံ ၄-မျိုးတို့မှာ-လ နေ မီး ပညာ ရောင်လျှံတို့တည်း။ (အရောင် ၄-မျိုး ရောင်ခြည် ၄-မျိုး စသည်ဖြင့်သိ။)

၆-ပဌမကာလသုတ်

သင့်လျော်သောအခါ ၄-မျိုးတို့မှာ-အခါအားလျော်စွာ တရားနာ တရားဆွေးနွေး တရားသုံးသပ် ဝိပဿနာရှုခြင်းတို့တည်း။

၇-ဒုတိယကာလသုတ်

ကောင်းစွာ ပွားများဖြစ်စေအပ်လျှင် အစဉ်အားဖြင့် အာသဝေါ ကုန်ခြင်းသို့ ရောက်စေတတ်သောအခါ ၄-မျိုးမှာ– အခါအားလျော်စွာ တရားနာ တရားဆွေးနွေး တရားသုံးသပ် ဝိပဿနာရှုခြင်းတို့တည်း။ တောင်ထိပ်၌ မိုးကြီး သည်းထန်စွာ ရွာသွန်းလျှင် ထိုမိုးရေသည် ချိုင့်ဝှမ်းရာသို့စီး၍ ထောင်ချောက် လျှိုမြောင် ထုံးအိုင်ငယ် ကြီး၊ မြစ်ငယ် ကြီး၊ သမုဒ္ဒရာ ပင်လယ်တို့ကို အဆင့်ဆင့် ပြည့်စေသကဲ့သို့ ဤအတူသာလျှင် ဤအခါ ၄-မျိုးတို့သည် ကောင်းစွာ ပွားများဖြစ်စေအပ်လျှင် အစဉ်သဖြင့် အာသဝေါ ကုန်ခြင်းသို့ ရောက်စေတတ်ကုန်၏ ဟု မိန့်။

၈-ဒုစ္စရိတသုတ်၊ ၉-သုစရိတသုတ်

ဝစီဒုစရိုက် ၄-မျိုးမှာ-အမှားပြော၊ ကုန်းချော၊ စကားကြမ်းဆို၊ စကားဖျင်း ပြောဆိုခြင်းတို့ဖြစ်၍ ဝစီသုစရိုက် ၄-မျိုးမှာ--အမှန်ပြော၊ ကုန်းမချော၊ သိမ်မွေ့သောစကားပြော၊ ပညာဖြင့် ပိုင်းခြား၍ စကားပြောခြင်းတို့တည်း။

၁၀-သာရသုတ်

အနှစ် ၄-မျိုးမှာ-သီလ သမာဓိ ပညာ ဝိမုတ္တိ(အရဟတ္တဖိုလ်) အနှစ်တို့တည်း။

စာမျက်နှာ-621


၄-စတုတ္ထသုတ် ၅၀ (၁၆) ၁-ဣန္ဒြိယဝဂ်

၁။ ဣန္ဒြိယသုတ်

ဣန္ဒြေ ၄-မျိုးမှာ- သဒ္ဓါ၊ ဝီရိယ၊ သမာဓိ၊ သတိဣန္ဒြေတို့တည်း။ (သဒ္ဓါသည် သမ္ပယုတ်တရားတို့ကို ကြည်စေသောဝန်ဖြင့် အစိုးရမှုကို ပြုတတ်၍ သဒ္ဓိန္ဒြေမည်သည်။ ကြွင်းနည်းတူသိ။)

၂။ သဒ္ဓါဗလသုတ်

ဗိုလ် ၄-မျိုးမှာ- သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ ဗိုလ်တို့တည်း။ (မယုံကြည်မှု အကုသိုလ်ကြောင့် မတုန်လှုပ်ရကား သဒ္ဓါဗိုလ်မည်သည်၊ ကြွင်းအတူသိ။)

၃။ ပညာဗလသုတ်

ဗိုလ် ၄-မျိုးမှာ- ပညာ၊ ဝီရိယ၊ အနဝဇ္ဇ၊ သင်္ဂဟ ဗိုလ်တို့တည်း။ (အပြစ်မရှိသောဗိုလ်ကား အနဝဇ္ဇ၊ ချီးမြှောက်အပ်သူများကို ချီးမြှောက်သော ဗိုလ်ကား သင်္ဂဟတည်း။)

၄။ သတိဗလသုတ်

ဗိုလ် ၄-မျိုးမှာ- သတိ၊ သမာဓိ၊ အနဝဇ္ဇ၊ သင်္ဂဟ ဗိုလ်တို့တည်း။

၅။ ပဋိသင်္ခါနဗလသုတ်

ပဋိသင်္ခါန၊ ဘာဝနာ၊ အနဝဇ္ဇ၊ သင်္ဂဟ ဗိုလ်တို့တည်း။

၆။ ကပ္ပသုတ်

ကမ္ဘာ၏အသင်္ချေ ၄-မျိုးတို့မှာ- ကမ္ဘာပျက်ဆဲ သံဝဋ္ဋကပ်အခါကို ဤမျှလောက် နှစ်တို့ဟူ၍လည်းကောင်း၊ ဤမျှလောက် နှစ်အရာ အထောင် အသိန်းတို့ဟူ၍လည်းကောင်း ရေတွက်ခြင်းငှာ မလွယ်။

ကမ္ဘာပျက်အတိုင်း တည်နေဆဲ “သံဝဋ္ဋဋ္ဌာယီ” ကပ်အခါကို (လ) ကမ္ဘာဖြစ်ဆဲ “ဝိဝဋ္ဋကပ်” အခါကို (လ) ဖြစ်ပြီး ကမ္ဘာ၏ တည်ဆဲ “ဝိဝဋ္ဋဋ္ဌာယီ” ကပ်အခါကို ဤမျှလောက် နှစ်တို့ဟူ၍လည်းကောင်း၊ ဤမျှလောက် နှစ်အရာ အထောင် အသိန်းတို့ဟူ၍ လည်းကောင်း ရေတွက်ခြင်းငှာ မလွယ်၊ ဤ ၄-မျိုးတို့တည်း။

ကမ္ဘာပျက်ပုံနှင့် အပိုင်းအခြား: မီးလောင်၍ ကမ္ဘာပျက်လျှင် အာဘဿရာဘုံအောက် မီးလောင်သည်၊ အထက်ပိုင်းကျန်၏။ ရေကြောင့်ပျက်က သုဘကိဏှာအောက်ပိုင်း ရေဖြင့် ကျေမွသည်၊ လေကြောင့်ပျက်က ဝေဟပ္ဖိုလ်အောက် ပျက်စီးသည်။ အကျယ်အဝန်းမှာ ဗုဒ္ဓခေတ်တခုလုံး အမြဲပျက်သည်၊ အကျယ် ဝိသုဒ္ဓိမဂ်၌ လာသည်။

၇ – ရောဂသုတ်

ရောဂါ ၂-မျိုးမှာ- ကိုယ်၊ စိတ်၌ဖြစ်သော ရောဂါတို့တည်း။ တနှစ်ပတ်လုံး ကိုယ်၌ဖြစ်သော ရောဂါမရှိခြင်းကို ဝန်ခံကြသူများ၊ ၂-နှစ်တို့ပတ်လုံး၊ ၃၊ ၄၊ ၅၊ ၁၀ နှစ်၊

စာမျက်နှာ-622


၂၀၊ ၃၀၊ ၄၀၊ ၅၀ တို့ပတ်လုံး အနှစ် ၁၀၀၊ ၁၀၀ အထက် အလွန် ရောဂါမရှိခြင်းကို ဝန်ခံကြသူများ တွေ့မြင်နိုင်ကုန်၏။ ရဟန္တာပုဂ္ဂိုလ်မှတပါး တခဏမျှလည်း စိတ်၌ဖြစ်သော ရောဂါမရှိခြင်းကို ဝန်ခံကြသူတို့ကို လောက၌ အလွန် တွေ့မြင်ရခဲကုန်၏။

ရဟန်းတို့၏ ရောဂါ ၄-မျိုးမှာ- ရဟန်းသည် အလိုကြီး၏၊ ပစ္စည်း ၄-ပါးကြောင့် ပင်ပန်းခြင်းရှိ၏။ ရတတ်သမျှ ဆွမ်းစသည်ဖြင့် မရောင့်ရဲ၊ ထိုသူသည် အလိုကြီးသည်၊ ပင်ပန်းသည်၊ မရောင့်ရဲသည်ဖြစ်၍ သူတပါး အထင်သေးမခံရရန်၊ လာဘ်ပူဇော်သကာ အကျော်အစောရရန် အလိုဆိုးကို ဆောက်တည်၏၊ ထကြွစေေ့ဆော် လုံ့လပြု၏၊ ထိုသူသည် (သူတပါးတို့သိအောင်) ဆင်ခြင်၍ ဒါယကာတို့သို့ ချဉ်းကပ်၏၊ ဆင်ခြင်၍ နေထိုင်တရားဟောပြော ကျင်ကြီးကျင်ငယ် ချုပ်တည်းထား၏၊ ဤ ၄-မျိုးတို့တည်း။

ထို့ကြောင့် ဤသာသနာတော်၌ “ငါတို့သည် အလိုနည်းကုန်အံ့၊ ပစ္စည်းကြောင့် မပင်ပန်းကုန်အံ့၊ ရတတ်သမျှ ရောင့်ရဲကုန်အံ့၊ (သူတပါး အထင်သေးမခံရရန်) မထိမ်မမြင် အပြုမခံရရန် လာဘ်စသည်ရရန် အလိုဆိုးကို မဆောက်တည်ကုန်အံ့၊ မထကြွ မစေ့ဆော် လုံ့လမပြုကုန်အံ့၊ အချမ်းအပူ စသော အငွေ့တို့ကို သည်းခံကုန်အံ့၊ စကားဆိုးနှင့် ပြင်းထန်သော သေလောက်သော ဝေဒနာတို့ကို သည်းခံနိုင်သော သဘောရှိကုန်အံ့” ဟု ကျင့်ရမည်၊ ဤသို့ကျင့်ကြဟု မိန့်။

၈-ပရိဟာနိသုတ်

အရှင်သာရိပုတ္တရာက ရဟန်းများကို ငါ့ရှင်တို့၊ မည်သည့်ရဟန်း ယောက်ျား-မိန်းမ မဆို ဤတရား ၄-မျိုးတို့ကို မိမိ၌ ကောင်းစွာ တွေ့မြင်ခဲ့လျှင် ငါသည် ကုသိုလ်တရားတို့မှ ဆုတ်ယုတ်၏ဟု ဆုံးဖြတ်ရမည်။ ဘုရားရှင်ဟောသော ဆုတ်ယုတ်ကြောင်းတရား ၄-မျိုးမှာ- ရာဂ၊ ဒေါသ၊ မောဟများပြားခြင်း၊ နက်နဲကုန်သော အကြောင်းဟုတ် မဟုတ်တို့၌ ထိုပုဂ္ဂိုလ်၏ ပညာမျက်စိ မသက်ဝင်နိုင်ခြင်းတို့တည်း။ (သင်ခြင်း မေးခြင်း ပညာလည်း သင့်၏၊ သုံးသပ်ခြင်း၊ ထိုးထွင်းသိခြင်း ပညာလည်း သင့်သည်။)

အပြန်အားဖြင့် ငါသည် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ဟု ဆုံးဖြတ်ရမည့် ဘုရားဟောသော မဆုတ်ယုတ်ခြင်းအကြောင်းတရား ၄-မျိုးမှာ- ရာဂ၊ ဒေါသ၊ မောဟနည်းပါးခြင်း၊ ပညာမျက်စိ သက်ဝင်နိုင်ခြင်းတို့တည်းဟု မိန့်။

စာမျက်နှာ-623


၉-ဘိက္ခုနီသုတ်

အရှင်အာနန္ဒာ ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ နေစဉ် ရဟန်းမိန်းမတယောက်သည် ယောက်ျားတယောက်ကို သူ့၏စကားဖြင့် “အရှင်ဘုရား၊ ဤမည်သော ရဟန်းမိန်းမသည် ဖျားနာဆင်းရဲ ပြင်းစွာ မကျန်းမမာဖြစ်နေပါသည်၊ ထိုရဟန်းမိန်းမသည် အရှင်အာနန္ဒာ၏ ခြေတို့ကို ဦးခေါင်းဖြင့် ရှိခိုးပါသည်၊ ထိုရဟန်းမိန်းမထံ သနားသမှု အကြောင်းပြု၍ ချဉ်းကပ်တော်မူပါရန် တောင်းပန်ပါ၏ဘုရား” ဟု လျှောက်ပါလေဟု ဆို၏။

ထိုယောက်ျားသည် အရှင်အာနန္ဒာထံ ချဉ်းကပ်၊ ထိုအတိုင်း လျှောက်ထားသဖြင့် အရှင်အာနန္ဒာကြွလာစဉ် ထိုရဟန်းမိန်းမသည် အရှင်အာနန္ဒာကို အဝေးမှမြင်၍ ဦးခေါင်းနှင့်တကွ ခြုံပြီး ညောင်စောင်း၌ အိပ်၏၊ ထိုရဟန်းမိန်းမထံ အရှင်အာနန္ဒာ ချဉ်းကပ်ထိုင်နေကာ—

(၁) နှမ၊ ဤကိုယ်ကာယသည် သုံးဆောင်ဖွယ် အာဟာရကြောင့်ဖြစ်၏၊ အာဟာရကိုအမှီပြု၍ အာဟာရ (မနောသန္ဓေတနာ) ကို ပယ်ရမည်။

(၂) ဤကိုယ်သည် တဏှာကြောင့် ဖြစ်၏၊ တဏှာကိုမှီ၍ တဏှာကိုပယ်ရမည်။
(၃) ဤကိုယ်သည် မာနကြောင့် ဖြစ်၏၊ မာနကိုမှီ၍ မာနကိုပယ်ရမည်။

(၄) ဤကိုယ်သည် မေထုန်ကြောင့် ဖြစ်၏၊ မေထုန်၌မူကား အကြောင်းကို သတ်ရမည်ဟု ဘုရားဟောတော်မူ၏။

နှမ၊ ငါဆိုသော အမှတ် (၁) စကားသည် အဘယ်ကို စွဲဆို၍ ဆိုသောစကား ဖြစ်သနည်း၊ ဤသာသနာတော်၌ ရဟန်းသည် အကြောင်းသင့် ဆင်ခြင်၍ အာဟာရကို သုံးဆောင်၏၊ မြူးထူးမာန်ယစ်ရန်၊ ပြည့်ဖြိုးကြည်လင်ရန် မဟုတ်၊ ဤကိုယ်တည်တံ့ မျှတရန်သာ၊ ဆာလောင်မွတ်သိပ်မှု ပျောက်ရန်သာ၊ အကျင့်မြတ် အားထုတ်ရန်သာ အာဟာရကို သုံးဆောင်၏၊ သို့ဖြင့် ဝေဒနာဟောင်း ဖျောက်အံ့၊ အသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်း၊ အပြစ်မရှိခြင်း၊ ချမ်းသာစွာ နေရခြင်းသည် ဖြစ်လတ္တံ့၊ အာဟာရကို သုံးဆောင်၏။ ထိုရဟန်းသည် အခါတပါး၌ အာဟာရကိုမှီ၍ အာဟာရကို ပယ်၏၊ ဤကိုစွဲ၍ဆိုသော စကားတည်း။

ငါဆိုသော အမှတ် (၂) စကားကား- ရဟန်းသည် “ဤမည်သော ရဟန်းအား အာသဝေါကုန်ခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဗိုလ်ပညာကို ယခု၌ ဉာဏ်ထူးဖြင့် မျက်မှောက်ပြုကာ ရောက်နေ၏” ဟု ကြား၏။ ထိုရဟန်းအား “အဘယ်အခါ၌ ငါသည်လည်း မျက်မှောက်ပြုကာ ရောက်၍နေရအံ့နည်း” ဟု အကြံဖြစ်၏။ ထိုရဟန်းသည် တပါးသောအခါ၌ အရဟတ္တဖိုလ်၌ တောင့်တခြင်းကို ပို၍ တဏှာ၏၊ ဤကိုစွဲ၍ဆိုသော စကားတည်း။

စာမျက်နှာ-624


ငါဆိုသော အမှတ် (၃) စကားကား- ရဟန်းသည် “ဤမည်သော ရဟန်းသည် အာသဝေါတရားတို့ ကုန်ခြင်းကြောင့် (လ) မျက်မှောက်ပြုကာ ရောက်၍နေ၏” ဟု ကြား၏၊ ထိုကြားသော ရဟန်းအား “ထိုအရှင်ကောင်းသည် မျက်မှောက်ပြုကာ ရောက်၍ နေတုံဘိသေး၏၊ ငါသည်ကား အဘယ့်ကြောင့် မနေရဘဲ ရှိအံ့နည်း” ဟု အကြံဖြစ်၏။ ထိုရဟန်းသည် တပါးသောအခါ၌ မာနကိုမှီ၍ မာနကိုပယ်၏၊ ဤသည်ကို စွဲ၍ ဆိုသတည်း။

ဤကိုယ်သည် မေထုန်ကြောင့် ဖြစ်၏၊ မေထုန်၌မူကား အကြောင်းကို သတ်အပ်၏ဟု ဘုရားဟောတော်မူ၏ဟု မိန့်သောအခါ ထိုရဟန်းမိန်းမသည် ညောင်စောင်းမှ ထ၍ လက်ဝဲတဘက် ပခုံးထက်၌ အပေါ်ရုံကို ဧကန်တင်လျက် အရှင်အာနန္ဒာ၏ ခြေတို့ကို ဦးခိုက်ပြီး အရှင်မြတ်အား တောင်းပန်ကန်တော့ရာ အရှင်မြတ်ကလည်း ခွင့်ပြုသည်းခံတော်မူသည်။

အရှင်အာနန္ဒာကို အပင့်ခိုင်း: အရှင်အပေါ် ရာဂဖြစ်နေ၍ ထိုရဟန်းမက အပင့်ခိုင်းသည်။ သူမအမူအရာကို အရှင်မြတ်သိ၍ လောဘပယ်အောင် သိမ်မွေ့စွာ အသုဘကထာဟောသည်။
အာဟာရကိုမှီ၍ အာဟာရကိုပယ်: ပစ္စုပ္ပန်အာဟာရကိုမှီ၍ ထိုအာဟာရကို အသင့်နှလုံးသွင်းလျှင် (ရှေးကံဟု ဆိုအပ်သော) အာဟာရကို ပယ်သည်၊ ပစ္စုပ္ပန် အာဟာရ၌ကပ်သော တဏှာကို ပယ်သည်။
တဏှာကိုပယ်သည်: ပစ္စုပ္ပန်တဏှာကိုမှီ၍ ဝဋ်၏အကြောင်း ရှေးတဏှာကို ပယ်၏၊ ဤပစ္စုပ္ပန်တဏှာသည် အကုသိုလ်ဖြစ်သော်လည်း မှီဝဲအပ်၏၊ ပဋိသန္ဓေကို မငင်၊ ဤတဏှာ၌ နိကန္တိကို ပယ်အပ်သည်။ (နောက်ပစ္စုပ္ပန်မာန နည်းတူ။)
ငါဘာ့ကြောင့် အရဟတ္တဖိုလ်ရောက် မနေရမှာလဲ: ထိုအရှင်လည်း ဘုရားသားတော်၊ ငါလည်းဘုရားသားတော်၊ ငါ့အားလည်း ထိုတရားဖြစ်ရမည်ဟု မှီဝဲအပ်သော မာန်ကို မှီ၍ ဝဋ်၏အကြောင်း ရှေးမာန်ကို ပယ်သည်။
ရဟန်းမိန်းမ ကန်တော့: အင်္ဂါ ၄-ရပ်ဖြင့် အရှင်မြတ် တရားပြီးလတ်သော် အရှင်မြတ်ကိုစွဲ၍ဖြစ်သော ဆန္ဒရာဂသည် ထိုရဟန်းမိန်းမမှာ ပျောက်ကင်းသွား၍ တောင်းပန်တော့သည်။

၁၀ - သုဂတဝိနယသုတ်

ဘုရားရှင်ဖြစ်စေ၊ ဘုရားရှင်၏ အဆုံးအမဖြစ်စေ လောက၌ တည်လျှင် ထိုသို့တည်ခြင်းသည် လူများစီးပွားချမ်းသာဖို့၊ သတ္တဝါများကို အစဉ်စောင့်ရှောက်ဖို့၊ နတ်

စာမျက်နှာ-625


လူများ အကျိုးစီးပွားရှိဖို့၊ ချမ်းသာဖို့ဖြစ်ရာ၏၊ မြတ်စွာဘုရားဟူသည် အရဟံ စသော ဂုဏ်တော် ၉-ပါးသခင် ဘုရားရှင်တည်း။

ဘုရားရှင်၏ အဆုံးအမဟူသည်- အစ၊ အလယ်၊ အဆုံး ကောင်းခြင်းဂုဏ်ရှိသော အနက်သဒ္ဒါဖြင့် ပြည့်စုံစွာ ဘုရားရှင်ဟောအပ်သော တရားနှင့် အလုံးစုံ ပြည့်စုံစင်ကြယ်သော ဘုရားရှင် ပြအပ်သောအကျင့်မြတ်တည်း။

သူတော်ကောင်းတရား ပျက်ပြား ကွယ်ပျောက်ဖို့ တရား ၄-မျိုးမှာ-

(၁) ဤသာသနာတော်၌ ရဟန်းသည် မကောင်းသဖြင့် သင်ယူအပ်သော သုတ်ကို မကောင်းသဖြင့် ထားအပ်ကုန်သော ပုဒ်ဗျည်းတို့ဖြင့် သင်ကြား၏၊ ထိုသို့သော ပုဒ်ဗျည်းတို့၏ အနက်သည်လည်း သိခဲ၏၊ ဤကား ပဌမတရားတည်း။

(၂) ရဟန်းတို့သည် အပြောအဆို ခက်ကုန်၏၊ ပြောဆိုခက်အောင် ပြုတတ်သော မာနစသောတရားရှိကုန်၏၊ သွန်သင်စကားကို သည်းမခံကြ၊ ရိုသေစွာ မနာယူကြ၊ ဤကား ဒုတိယ တရားတည်း။

(၃) အကြားအမြင်များကြ၊ ပါဠိဆောင်ကြ၊ တရားဆောင်ကြ၊ ဝိနည်းဆောင်ကြ၊ ပါတိမောက်ဆောင်ကြသော ရဟန်းများသည် သုတ်ကို သူတပါးအား ရိုသေစွာ မပို့ချကုန်၊ ထိုရဟန်းများ ကွယ်လွန်သဖြင့် တရားသည် အမြစ်အရင်းပြတ်၍ တည်ရာမရှိတော့ပြီ၊ ဤကား တတိယတရားတည်း။

(၄) သီတင်းကြီး ရဟန်းတို့သည် ပစ္စည်းများအောင် ကျင့်ကုန်၏၊ သိက္ခာ ၃-ပါး၌ ပေါ့ပေါ့ယူကြကုန်၏၊ အောက်သို့ သက်စေတတ်သော တရားတို့၌ ရှေ့သွားပြု၏၊ ဆိတ်ငြိမ်ခြင်း ဝိဝေက ၃-ပါး၌ တာဝန်မဲ့ ဖြစ်ကုန်၏၊ မရရောက်သေးသော ဈာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ရရောက် မျက်မှောက်ပြုရန် လုံ့လ မထုတ်ကုန်။ နောင်လာနောင်သားတို့သည် ထိုသီတင်းကြီးတို့၏ အပြုအမူကို အစဉ်လိုက်ကုန်၏၊ ပစ္စည်းများအောင် ကျင့်ကြကုန်၏၊ (လ) လုံ့လမထုတ်ကုန်၊ ဤကား သူတော်ကောင်းတရား ပျက်ပြားကွယ်ပျောက်ဖို့ရာဖြစ်သော စတုတ္ထတရားတည်း။

သူတော်ကောင်းတရားတည်ဖို့၊ မပျက်ပြားမကွယ်ပျောက်ဖို့ဖြစ်သော တရား ၄-မျိုးမှာ- အပြန်အားဖြင့်ဖြစ်သော တရား ၄-မျိုးတို့တည်း။

(၁၇) ၂-ပဋိပဒါဝဂ်

၁-သံခိတ္တသုတ်

အကျင့် ၄-မျိုးမှာ- ဆင်းရဲငြိုငြင်စွာကျင့်၍ နှေးသော အသိဉာဏ်ရှိသောအကျင့်၊ ဆင်းရဲစွာကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသောအကျင့်၊ ချမ်းသာလွယ်ကူစွာကျင့်

စာမျက်နှာ-626


ရ၍ နှေးသော အသိဉာဏ်ရှိသောအကျင့်၊ ချမ်းသာစွာကျင့်ရ၍ လျင်သော အသိဉာဏ်ရှိသော အကျင့်တို့တည်း။

၂--ဝိတ္ထာရသုတ်

အကျင့် ၄-မျိုးမှာ အထက်သုတ်လာ ၄ မျိုးတို့တည်း။

(၁) ဆင်းရဲစွာကျင့်ရ၍ နှေးသော အသိဉာဏ်ရှိသော အကျင့်ဟူသည်- ဤလောက၌ အချို့သူသည် ပင်ကိုသဘောအားဖြင့်လည်း ပြင်းထန်သော ရာဂသဘောရှိ၏။ ရာဂကြောင့်ဖြစ်သော ဆင်းရဲခြင်း၊ နှလုံးမသာခြင်းကို မပြတ်ခံစားရ၏။ (ဒေါသ၊ မောဟနည်းတူ။) ထိုပုဂ္ဂိုလ်အား သဒ္ဓါစသော ဣန္ဒြေ ၅-ပါးတို့သည်ကား နုံ့နှေးစွာသာ ထင်ရှားဖြစ်ကုန်၏၊ ထိုသူသည် ဣန္ဒြေ ၅-ပါးတို့ နုံ့နှေးခြင်းကြောင့် အာသဝေါကုန်ခြင်းငှာ မိမိ၏အခြားမဲ့၌ အကျိုးပေးတတ်သော မဂ်သမာဓိသို့ နုံ့နှေးစွာ ရောက်၏၊ ဤအကျင့်တည်း။

(၂) ဆင်းရဲစွာကျင့်ရ၍ လျင်သော အသိဉာဏ်ရှိသော အကျင့်ဟူသည်- အချို့သူသည် ပင်ကိုသဘောအားဖြင့်လည်း ပြင်းထန်သော ရာဂသဘောရှိ၏။ (လ) မပြတ်ခံစားရ၏၊ (ဒေါသ၊ မောဟနည်းတူ။) ထိုသူအား ဣန္ဒြေ ၅-ပါးတို့သည်ကား လွန်ကဲစွာ ထင်ရှားဖြစ်ကုန်၏၊ ထိုသူသည် ဣန္ဒြေတို့ လွန်ကဲခြင်းကြောင့် အာသဝေါ ကုန်ခြင်းငှာ မဂ်သမာဓိသို့ လျင်စွာရောက်၏၊ ဤအကျင့်တည်း။

(၃) ချမ်းသာစွာကျင့်ရ၍ နှေးသော အသိဉာဏ်ရှိသော အကျင့်ဟူသည်- အချို့သူသည် ပင်ကိုသဘောအားဖြင့်လည်း ပြင်းထန်သော ရာဂသဘောမရှိ၊ ရာဂကြောင့်ဖြစ်သော ဆင်းရဲခြင်း၊ နှလုံးမသာခြင်းကို မပြတ် မခံစားရ၊ (ဒေါ-မော-တူ။) ထိုသူအား သဒ္ဓါစသော ဣန္ဒြေတို့သည်ကား နုံ့နှေးစွာသာ (လ) နုံ့နှေးစွာ ရောက်၏၊ ဤအကျင့်တည်း။

(၄) ချမ်းသာစွာကျင့်ရ၍ လျင်သော အသိဉာဏ်ရှိသော အကျင့်ဟူသည်- အချို့သူသည် ပင်ကိုသဘောအားဖြင့်လည်း ပြင်းထန်သော ရာဂသဘောမရှိ၊ (လ) မပြတ် မခံစားရ၊ (ဒေါသ၊ မောဟနည်းတူ။) ထိုသူအား သဒ္ဓါစသော ဣန္ဒြေတို့သည် လွန်ကဲစွာ (လ) လျင်စွာရောက်၏၊ ဤအကျင့်တည်း။ ဤ ၄-မျိုးတို့တည်း။

အာသဝေါကုန်ခြင်းငှာ: အရဟတ္တဖိုလ်တည်း။ ဣန္ဒြေ ၅-ပါးတွင် ပညာအရ ဝိပဿနာပညာကို ပညိန္ဒြေဟု ယူရမည်။
ပဋိပဒါများ ထင်ရှားဖြစ်ပုံ: ယောဂီသစ်သည် ရှေးအဖို့၌ ရုပ်သိမ်းဆည်းရာ၌ ပင်ပန်း၊ နာမ်၌၊ အကြောင်း၌၊ ကာလ ၃-ပါး၌၊ အကြောင်းဟုတ် မဟုတ် ပင်ပန်းရကား ၅-နေရာ ပင်ပန်းပြီးမှ ဝိပဿနာရောက်သည်။

စာမျက်နှာ-627


ဝိပဿနာရောက်သောအခါ၌လည်း ဥဒယဗ္ဗယ၊ ဘင်္ဂ၊ ဘယ၊ အာဒီနဝ၊ နိဗ္ဗိဒါ၊ မုစ္စိတုကမျတာ၊ သင်္ခါရုပေက္ခာ၊ အနုလောမ၊ ဂေါတြဘူ၊ ဤဝိပဿနာဉာဏ် ၉-ပါးလုံးတို့၌ ပင်ပန်းပြီးမှပင် ရသည်။ ထိုသူ၏မဂ်ကား ဆင်းရဲစွာကျင့်ရ၍ နှေးသော အသိဉာဏ်ရှိသော မဂ်မည်သော ဒုက္ခပဋိပဒါဒန္ဓာဘိညတည်း။ ရှေ့ဉာဏ် ၅-ပါး ပင်ပန်းသော်လည်း နောက်ဉာဏ် ၉-ပါး မပင်ပန်းဘဲ မဂ်ရလျှင် ဆင်းရဲစွာကျင့်ရ၍ လျင်သော အသိဉာဏ်ရှိသော ဒုက္ခပဋိပဒါခိပ္ပာဘိည ပုဂ္ဂိုလ်ဟုမှတ်၊ ဤနည်းဖြင့် ကြွင်း ၂-ပါးသိ။

နွားပျောက်ရှာ ဥပမာဖြင့် ပြပုံ: နွား ၄-ကောင် ထွက်ပြေး တောဝင်သွားသည်။ နွားရှင်သည် ဆူးခြုံတွင်းဝင် ပင်ပန်းစွာရှာ၊ ဆူးခြုံတွင်းမှာ ပုန်းနေသော နွားတကောင် ပြန်တွေ့။ တကောင်ကိုကား ဆူးခြုံတောလွန်၍ လွင်ပြင်မှာ လွယ်ကူစွာတွေ့။ တကောင်ကို လွင်ပြင်လမ်းက လွယ်ကူစွာ သွားရှာ၊ ခြုံတွင်းပြန်တွေ့။ တကောင်ကိုကား လွင်ပြင်လမ်းရှာ လွင်ပြင်မှာပင် လွယ်ကူစွာ ပြန်တွေ့သည်။
ဥပမာ နှီးနှောပုံ: နွား ၄-ကောင်နှင့် အရိယမဂ် ၄-ပါး၊ နွားရှာယောက်ျားနှင့် ယောဂီ၊ ခက်ခဲသော ဆူးခြုံလမ်းနှင့် ရှေးဉာဏ် ၅-ပါးတို့၌ ဆင်းရဲစွာ ကျင့်ရမှ ခြုံတွင်းပုန်းနေသော နွားကို ခက်ခဲစွာ မြင်ရသကဲ့သို့ နောက်ဉာဏ် ၉-ပါးတို့၌ ပင်ပန်းပြီးမှ မဂ်ရခြင်းတည်း၊ ကြွင်း ဥပမာယှဉ်သိလေ။

၃ - အသုဘသုတ်

အကျင့် ၄ မျိုးမှာ- သံခိတ္တသုတ်လာ ၄ မျိုးတည်း။

(၁) ဆင်းရဲစွာကျင့်ရ၍ နှေးသော အသိဉာဏ်ရှိသော အကျင့်ဟူသည်- ရဟန်းသည် မိမိကိုယ်၌ မတင့်တယ်ဟု အဖန်ဖန် ရှုနေ၏၊ အာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည်၊ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု အမှတ်ရှိသည်၊ သင်္ခါရ အားလုံး၌ အမြဲမရှိဟု အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ထိုသူအား သေခြင်းကို အာရုံပြု၍ ဖြစ်သော သညာသည် မိမိသန္တာန်၌ ကောင်းစွာ ကပ်တည်၏၊ ထိုသူသည် သဒ္ဓါစသော ဗိုလ် ၅-ပါးကို အမှီပြုနေ၏၊ ထိုသူအား နုံ့နှေးသော ဣန္ဒြေ ၅-ပါးတို့သည် ထင်ရှားဖြစ်ကုန်၏၊ ထိုသူသည် ဣန္ဒြေတို့နုံ့နှေးခြင်းကြောင့် အာသဝေါကုန်ခြင်းငှာ မဂ်သမာဓိသို့ နုံ့နှေးစွာ ရောက်၏၊ ဤအကျင့်တည်း။

(၂) ဆင်းရဲစွာကျင့်ရ၍ လျင်သော အသိဉာဏ်ရှိသော အကျင့်ဟူသည်- ရဟန်းသည် မိမိကိုယ်၌ မတင့်တယ်ဟု (လ) ဗိုလ် ၅-ပါးကို အမှီပြုနေ၏၊ ထိုသူအား လွန်ကဲသော ဣန္ဒြေတို့သည် ထင်ရှားဖြစ်ကုန်၏၊ (လ) မဂ်သမာဓိသို့ လျင်စွာ ရောက်၏၊ ဤအကျင့်တည်း။

စာမျက်နှာ-628


(၃) ချမ်းသာစွာကျင့်ရ၍ နှေးသော အသိဉာဏ်ရှိသော အကျင့်ဟူသည်- ရဟန်းသည် ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုသူသည် ဗိုလ် ၅-ပါးကို အမှီပြု၍ နေ၏၊ ထိုသူအား နုံ့နှေးသော ဣန္ဒြေတို့သည် ထင်ရှားဖြစ်ကုန်၏၊ (လ) နုံ့နှေးစွာ ရောက်၏၊ ဤအကျင့်တည်း။

(၄) ချမ်းသာစွာကျင့်ရ၍ လျင်သော အသိဉာဏ်ရှိသော အကျင့်ဟူသည်- ရဟန်းသည် ပ၊ ဒု၊ တ၊ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုသူသည် ဗိုလ် ၅-ပါးကို အမှီပြုနေ၏၊ ထိုသူအား လွန်ကဲသော ဣန္ဒြေတို့သည် ထင်ရှားဖြစ်ကုန်၏။ (လ) လျင်စွာရောက်၏၊ ဤအကျင့်တည်း၊ ဤ ၄-မျိုးတို့တည်း။

ဆင်းရဲချမ်းသာခွဲပုံ: အသုဘရှုခြင်း စသည်တို့ကား ဆင်းရဲစွာ ကျင့်ရခြင်းဖြစ်သည်။ မှန်၏၊ စက်ဆုပ်ဖွယ် အသုဘအာရုံစသည်တို့၌ ပကတိအားဖြင့်ပင် မြတ်နိုးသော စိတ်သည် မကပ်ငြိရကား ထိုအသုဘ စသည်တို့ကို ပွားများလျှင် ဆင်းရဲစွာ ကျင့်ရတော့သည်၊ ပဌမဈာန် စသည်တို့ကိုကား ချမ်းသာစွာ ကျင့်ရ၏။
ပဋိပဒါ ၄-ပါးလုံးဆိုင်ရာ ဥပမာ: တိုက်ပွဲဝင် ယောက်ျားသည် ပျဉ်ချပ်အုံကို ပြု၊ လက်နက် ၅-ပါးလွယ် တိုက်ပွဲဝင်သည်။ ထိုသူသည် အကြား၌ အပန်းဖြေလို၍ ပျဉ်ချပ်အုံသို့ဝင် အပန်းဖြေ၊ အဖျော် စားဖွယ် စသည် မှီဝဲ၊ နောက် စစ်ပွဲဝင်တိုက်သည်။
နှီးနှောလျှင်: စစ်မြေပြင်နှင့် ကိလေသာ၊ ပျဉ်ချပ်အုံနှင့် ဗိုလ် ၅-ပါး၊ တိုက်ပွဲဝင်ယောက်ျားနှင့် ယောဂီ၊ လက်နက် ၅-ပါး စွဲကိုင်ထားသကဲ့သို့ ဝိပဿနာပညာလျှင် ၅-ခုမြောက်သော ဣန္ဒြေ ၅-ပါး၊ စစ်ပွဲဝင်ချိန်နှင့် ဝိပဿနာရှုမှတ်ချိန်၊ အပန်းဖြေလို၍ ပျဉ်ချပ်အုံဝင် အဖျော်စားဖွယ် မှီဝဲချိန်ကဲ့သို့ ဝိပဿနာရှု၍ စိတ်မသာယာသောအခါ ဗိုလ် ၅-ပါးကို မှီ၍ စိတ်ရွှင်လန်းချိန်၊ အပန်းဖြေ စားသောက်ပြီး၍ တဖန် တိုက်ပွဲဝင်ချိန်နှင့် ဗိုလ် ၅-ပါးတို့ဖြင့် စိတ်ရွှင်စေပြီး တဖန် ဝိပဿနာအားထုတ်၍ ဝဋ်ကင်းကာ အရဟတ္တဖိုလ်ရချိန် တူတော့သည်။

၄-ပဌမခမသုတ်

အကျင့် ၄-မျိုးမှာ- သည်းမခံခြင်း၊ သည်းခံခြင်း၊ ဆုံးမခြင်း၊ ငြိမ်းစေခြင်းဟူသော အကျင့်တို့တည်း။

သည်းမခံခြင်းဟူသော အကျင့်မှာ- ဤလောက၌ အချို့သူသည် ဆဲရေးသူကို ပြန်၍ ဆဲရေး၊ ထိပါးသူကို ပြန်၍ထိပါး၊ ပုတ်ခတ်သူကို ပြန်ပုတ်ခတ်၏၊ ဤအကျင့်တည်း။

သည်းခံခြင်းအကျင့်မှာ- အချို့သူသည် ဆဲရေးသူကို ပြန်မဆဲရေး၊ ထိပါးသူကို ပြန်၍ မထိပါး၊ ပုတ်ခတ်သူကို ပြန်မပုတ်ခတ်၊ ဤအကျင့်တည်း။

စာမျက်နှာ-629


ဆုံးမခြင်းအကျင့်မှာ- ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်သော် မိန်းမယောက်ျား စသော သဏ္ဌာန်၊ နိမိတ်ကို စွဲယူလေ့မရှိ၊ လက်စသော အင်္ဂါ၊ ပြုံးဟန်စသော အမူအရာ၊ အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ စက္ခုန္ဒြေကို မစောင့်စည်းလျှင် ယင်းမစောင့်စည်းမှုကြောင့် အဘိဇ္ဈာဒေါမနဿဟူသော အကုသိုလ်တရားယုတ်များ ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏။ ထို့ကြောင့် ရဟန်းသည် ထိုစက္ခုကို စောင့်စည်းရန် ကျင့်၏၊ စောင့်စည်း၏၊ စောင့်စည်းခြင်းသို့ ရောက်၏၊ နားဖြင့် အသံကို ကြားသော် (လ) မနော၌ စောင့်စည်းခြင်းသို့ ရောက်၏၊ ဤအကျင့်တည်း။

ငြိမ်းစေခြင်းအကျင့်မှာ- ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်ကို ဖြစ်တိုင်းဖြစ်တိုင်းသော အကုသိုလ်တရားယုတ်များကို သည်းမခံ၊ ပယ်ဖျောက်ငြိမ်းစေ၏။ တဖန် မဖြစ်ခြင်းသို့ ရောက်စေ၏၊ ဤအကျင့်တည်း၊ ဤ ၄-မျိုးတို့တည်း။

၅-ဒုတိယခမသုတ်

အကျင့် ၄-မျိုးမှာ- သည်းမခံခြင်း စသော အကျင့် ၄-မျိုးတို့တည်း။

သည်းမခံခြင်းအကျင့်မှာ- အချို့သူသည် အချမ်းအပူ၊ ဆာလောင်မွတ်သိပ်ခြင်း၊ မှက် ခြင်စသည် ကိုက်ခြင်း အတွေ့တို့ကိုလည်းကောင်း၊ စကားဆိုးများကိုလည်းကောင်း သည်းမခံနိုင်၊ ကိုယ်၌ဖြစ်သော ပြင်းထန်သော သေလောက်သော ဆင်းရဲဝေဒနာများကို သည်းမခံနိုင်သော သဘောရှိ၏၊ ဤအကျင့်တည်း။

သည်းခံခြင်းအကျင့်မှာ- အချမ်းအပူ၊ (လ) သည်းခံနိုင်၏၊ ကိုယ်၌ဖြစ်သော (လ) သည်းခံနိုင်သော သဘောရှိ၏၊ ဤအကျင့်တည်း။

ဆုံးမခြင်းအကျင့်နှင့် ငြိမ်းစေခြင်းအကျင့်မှာ ပဌမခမသုတ်အတိုင်းပင်။

၆-ဥဘယသုတ်

အကျင့် ၄-မျိုးမှာ- သံခိတ္တသုတ်လာ ၄-မျိုးတို့တည်း၊ ထိုတွင်-

(၁) ဆင်းရဲစွာကျင့်ရ၍ နှေးသော အသိဉာဏ်ရှိသော အကျင့်ကို ဆင်းရဲစွာကျင့်ရသောကြောင့်လည်း ယုတ်ညံ့၏၊ နှေးသော အသိဉာဏ်ရှိသောကြောင့်လည်း ယုတ်ညံ့၏၊ ၂-ပါးစုံသော အကြောင်းကြောင့်ပင် ယုတ်ညံ့၏ဟု ဆိုအပ်၏။

(၂) ဆင်းရဲစွာကျင့်ရ၍ လျင်သောအသိဉာဏ်ရှိသော အကျင့်ကို ဆင်းရဲခြင်းကြောင့် ယုတ်ညံ့၏ဟု ဆိုအပ်၏။

စာမျက်နှာ-630


(၃) ချမ်းသာစွာကျင့်ရ၍ နှေးသော အသိဉာဏ်ရှိသော အကျင့်ကို နှေးသော အသိဉာဏ်ရှိသောကြောင့် ယုတ်ညံ့၏ဟု ဆိုအပ်၏။

(၄) ချမ်းသာစွာကျင့်ရ၍ လျင်သောအသိဉာဏ်ရှိသော အကျင့်ကို ချမ်းသာစွာကျင့်ရခြင်းကြောင့်လည်း မြတ်၏၊ လျင်သော အသိဉာဏ်ရှိသောကြောင့်လည်း မြတ်၏၊ ၂-ပါးစုံသောအကြောင်းဖြင့်လည်း မြတ်၏ဟု ဆိုအပ်၏ဟု မိန့်။

၇ - မဟာမောဂ္ဂလာနသုတ်

အရှင်သာရိပုတ္တရာသည် အရှင်မဟာမောဂ္ဂလာန်ထေရ်ထံ ချဉ်းကပ်ကာ “ဤအကျင့် ၄ မျိုးတို့တွင် အဘယ်အကျင့်ကိုစွဲ၍ သင်၏စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတို့မှ ကင်းလွတ်ပါသနည်း” ဟု မေးရာ အရှင်မောဂ္ဂလာန်က “ဆင်းရဲစွာကျင့်ရ၍ လျင်သော အသိဉာဏ်ရှိသော အကျင့်ကိုစွဲ၍ ငါ၏စိတ်သည် အစွဲကင်းကာ အာသဝေါတို့မှ ကင်းလွတ်ပါသည်” ဟု ဆိုသည်။

အရှင်မောဂ္ဂလာန်၏ အောက်မဂ် ၃-ခုမှာ ချမ်းသာစွာကျင့်ရ၍ နှေးသောအသိဉာဏ်ရှိသည်၊ အရဟတ္တမဂ်သာ ဆင်းရဲစွာကျင့်ရ၍ လျင်သော အသိဉာဏ်ရှိသည်၊ ဤစတုတ္ထမဂ်ကိုရည်၍ ဖြေသည်။

၈ - သာရိပုတ္တသုတ်

အရှင်မောဂ္ဂလာန်ကလည်း အရှင်သာရိပုတ္တရာအား အလားတူမေးရာ “ဤအကျင့် ၄-မျိုးတွင် ချမ်းသာစွာကျင့်ရ၍ လျင်သော အသိဉာဏ်ရှိသောအကျင့်ကိုစွဲ၍ ငါ၏စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ ကင်းလွတ်၏” ဟု ဆိုသည်။ (အရဟတ္တမဂ်ကိုရည်၍ အရှင်မြတ် ဤသို့ဖြေသည်၊ အောက်မဂ် ၃-ခုကား ချမ်းသာစွာ ကျင့်ရသော်လည်း အသိဉာဏ်နှေးသည်။)

၉-သသင်္ခါရသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-ယောက်မှာ- ဤလောက၌ အချို့သူသည် မျက်မှောက်ဘဝ၌ပင် အားထုတ်မှုရှိသည်ဖြစ်၍ ကိလေသာတို့ကို ငြိမ်းစေတတ်၏၊ အချို့ကား သေပြီးနောက်၌ အားထုတ်မှုရှိသည်ဖြစ်၍ ငြိမ်းစေတတ်၏၊ အချို့ကား မျက်မှောက်ဘဝ၌ပင် အားထုတ်မှုမရှိဘဲ ငြိမ်းစေတတ်၏၊ အချို့ကား သေပြီးနောက်၌ အားထုတ်မှုမရှိဘဲ ငြိမ်းစေတတ်၏၊ ဤ ၄-ယောက်တို့တည်း။

(၁) မျက်မှောက်ဘဝ၌ပင် အားထုတ်မှုရှိသည်ဖြစ်၍ ကိလေသာတို့ကို ငြိမ်းစေတတ်သူဟူသည်- ဤသာသနာတော်၌ ရဟန်းသည် မိမိကိုယ်၌ မတင့်တယ်သောအခြင်း

စာမျက်နှာ-631



အားဖြင့် အဖန်ဖန်ရှုနေ၏၊ အာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည်၊ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု အမှတ်ရှိသည်၊ သင်္ခါရအားလုံး၌ အမြဲမရှိဟု အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍နေ၏။ ထိုသူအား သေခြင်းကို အာရုံပြု၍ ဖြစ်သော သညာသည် မိမိသန္တာန်၌ ကောင်းစွာကပ်တည်၏၊ ထိုသူသည် သဒ္ဓါစသော ဗိုလ် ၅-ပါးကို အမှီပြုနေ၏။ ထိုသူအား လွန်ကဲသော ဣန္ဒြေ ၅-ပါးတို့သည် ထင်ရှားဖြစ်ကုန်၏။ ထိုသူသည် ဣန္ဒြေတို့လွန်ကဲခြင်းကြောင့် မျက်မှောက်ဘဝ၌ပင် အားထုတ်ခြင်းရှိသည်ဖြစ်၍ ကိလေသာတို့ကို ငြိမ်းစေတတ်၏၊ ဤသူတည်း။

(၂) သေပြီးနောက်၌ အားထုတ်မှုရှိသည်ဖြစ်၍ ကိလေသာတို့ကို ငြိမ်းစေတတ်သူဟူသည်- ရဟန်းသည် မိမိကိုယ်၌ မတင့်တယ်သော (လ) ဗိုလ် ၅-ပါးကို အမှီပြုနေ၏။ ထိုသူအား နုံ့နှေးသော ဣန္ဒြေ ၅-ပါးတို့သည် ထင်ရှားဖြစ်ကုန်၏၊ ထိုသူသည် ဣန္ဒြေတို့နုံ့နှေးခြင်းကြောင့် သေပြီးနောက် အားထုတ်မှုနှင့်တကွဖြစ်သော ကိလေသာတို့ကို ငြိမ်းစေတတ်၏၊ ဤသူတည်း။

(၃) မျက်မှောက်ဘဝ၌ပင် အားထုတ်မှုမရှိဘဲ ကိလေသာတို့ကို ငြိမ်းစေတတ်သူဟူသည်- ရဟန်းသည် ပ၊ ဒု၊ တ၊ စတုတ္ထဈာန်သို့ရောက်၍နေ၏။ ထိုသူသည် ဗိုလ် ၅-ပါးတို့ကို အမှီပြုနေ၏၊ ထိုသူအား လွန်ကဲသော ဣန္ဒြေတို့သည် ထင်ရှားဖြစ်ကုန်၏၊ ထိုသူသည် ဣန္ဒြေတို့လွန်ကဲခြင်းကြောင့် မျက်မှောက်ဘဝ၌ပင် အားထုတ်မှုမရှိဘဲ ငြိမ်းစေတတ်၏၊ ဤသူတည်း။

(၄) သေပြီးနောက်၌ အားထုတ်မှုမရှိဘဲ ငြိမ်းစေတတ်သူဟူသည်- ရဟန်းသည် ပ၊ ဒု၊ တ၊ စတုတ္ထဈာန်သို့ရောက်၍နေ၏၊ ထိုသူသည် ဗိုလ် ၅-ပါးတို့ကို အမှီပြုနေ၏၊ ထိုသူအား နုံ့နှေးသော ဣန္ဒြေ ၅-ပါးတို့သည် ထင်ရှားဖြစ်ကုန်၏၊ ထိုသူသည် ဣန္ဒြေတို့နုံ့နှေးခြင်းကြောင့် သေပြီးနောက် အားထုတ်မှုမရှိဘဲ ငြိမ်းစေတတ်၏၊ ဤသူတည်း။

ပုဂ္ဂိုလ်ခွဲပုံ: ပဌမ၊ ဒုတိယ ပုဂ္ဂိုလ်များကား- သုက္ခဝိပဿကတို့ဖြစ်၍ အားထုတ်မှုရှိ၍ သင်္ခါရနိမိတ်ကို ဖြစ်စေကြရသည်။ တဦးကား ဝိပဿနာဣန္ဒြေများ အားကြီးသောကြောင့် ယခုဘဝ ကိလေသာငြိမ်းသည်။ တဦးမှာ အားသေးသောကြောင့် နောက်ဘဝမှ မူလကမ္မဋ္ဌာန်း ပြန်ရ၊ အားထုတ်မှုရှိပြီး နိမိတ်ထင်ကာ ကိလေသာငြိမ်းသည်။

တတိယ၊ စတုတ္ထတို့မှာ သမထယာနိကတို့တည်း။ တဦးကား အားထုတ်မှုမရှိ၊ ဣန္ဒြေအားကောင်း၍ ယခုဘဝ ကိလေသာငြိမ်း၊ တဦးမှာ အားသေး၍ နောက်ဘဝမှ မူလကမ္မဋ္ဌာန်း ပြန်ရ၊ အားထုတ်မှုမပါဘဲ ကိလေသာငြိမ်းသည်။

စာမျက်နှာ-632


၁၀-ယုဂနဒ္ဓသုတ်

အရှင်အာနန္ဒာ ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌နေစဉ် ရဟန်းများအား ငါ့ရှင်တို့၊ ရဟန်းယောက်ျား ရဟန်းမိန်းမ မည်သူမဆို ငါ့ထံ၌ အရဟတ္တဖိုလ်သို့ ရောက်ခြင်းကို ပြောကြား၏။ ထိုသူအားလုံးသည် မဂ် ၄-ပါးတို့ဖြင့်လည်းကောင်း၊ ဤ ၄-ပါးတို့တွင် ၁-ပါးပါးဖြင့်လည်းကောင်း အရဟတ္တဖိုလ်ရောက်ကြောင်းကို ပြောကြား၏။

လေးပါးတို့မှာ-

(၁) ဤသာသနာတော်၌ ရဟန်းသည် သမထလျှင် ရှေ့သွားရှိသော ဝိပဿနာကို ပွားများ၏။ ထိုရဟန်းအား သောတာပတ္တိမဂ်သည် ထင်၏၊ ထိုရဟန်းသည် ထိုမဂ်ကို မှီဝဲပွားများ ကြိမ်ဖန်များစွာပြု၏။ ထိုရဟန်းအား သံယောဇဉ်တို့ပျောက်ကာ အနုသယတို့ ကင်းကုန်၏။

(၂) ရဟန်းသည် ဝိပဿနာလျှင် ရှေ့သွားရှိသော သမထကို ပွားများ၏။ ထိုရဟန်းအား မဂ်သည် ထင်၏၊ ထိုရဟန်းသည် ထိုမဂ်ကို မှီဝဲပွားများ ကြိမ်ဖန်များစွာပြု၏၊ ထိုရဟန်းအား သံယောဇဉ်တို့ပျောက်ကာ အနုသယတို့ ကင်းကုန်၏။

(၃) ရဟန်းသည် သမထ ဝိပဿနာကို အစုံပြု၍ ပွားများ၏။ (လ) ကင်းကုန်၏။

(၄) ရဟန်းအား တရားတို့၌ ပျံလွင့်ခြင်း ဓမ္မုဒ္ဓစ္စသည် အထူးသဖြင့် ယူအပ်သော စိတ်သည်ဖြစ်၏။ အကြင်အခါ၌ ထိုဝိပဿနာစိတ်သည် (ဂေါစရဇ္ဈတ္တ) နိဗ္ဗာန်၌သာ ကောင်းစွာတည်နစ်၏၊ တည်ကြည်၏၊ စိတ်ကို ကောင်းစွာထား၏၊ ထိုအခါ ထိုရဟန်းအား မဂ်သည် ထင်၏၊ (လ) ကင်းကုန်၏။ ဤ ၄-ပါးတို့ဖြင့်လည်းကောင်း၊ ဤ ၄-ပါးတို့တွင် တပါးပါးဖြင့်လည်းကောင်း ပြောကြား၏ဟု မိန့်။

ဝိပဿနာလျှင် ရှေ့သွားရှိသော သမထကိုပွား: ပကတိအားဖြင့် ဝိပဿနာရယူသည်၊ ဝိပဿနာ၌တည်၍ သမာဓိကို ဖြစ်စေသည်။

အစုံပြု၍ ပွားခြင်း: ထိုစိတ်ဖြင့် သမာပတ်ဝင်စား၊ ထိုစိတ်ဖြင့်ပင် သင်္ခါရတို့ကို မသုံးသပ်နိုင်ပါ။ အကြင်မျှလောက်သော သမာပတ်တို့ကိုဝင်စား၊ ထိုမျှလောက်သော သင်္ခါရတို့ကို သုံးသပ်သည်။ ချဲ့- ပဌမဈာန်ဝင်စား၊ ထိုမှထ၍ ပဌမဈာန်၌ရှိသော သင်္ခါရတို့ကို သုံးသပ်စသည်တည်း။

တရားတို့၌ ပျံလွင့်မှုနှောင့်ယှက်: ဝိပဿနာညစ်ညူးကြောင်း ဘေးရန် ၁၀-ပါးဟူသော ပျံလွင့်မှု နှောင့်ယှက်ခြင်းတည်း။ သပ္ပါယ ၇-ပါး ရသောအခါ ဝိပဿနာလမ်းစဉ် တက်တော့သည်။

စာမျက်နှာ-633


(၁၈) ၃-သဉ္စေတနိယဝဂ်

၁-စေတနာသုတ်

မသိခြင်း အဝိဇ္ဇာကြောင့်သာ ကိုယ် (ကာယဒွါရ) ရှိလတ်သော် ကိုယ်၌ဖြစ်သော လှုံ့ဆော်မှု စေတနာကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲ ဖြစ်ပေါ်၏။ နှုတ်ရှိလတ်သော် နှုတ်၌ဖြစ်သော စေတနာကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲ ဖြစ်၏။ စိတ်ရှိလတ်သော် စိတ်၌ဖြစ်သော စေတနာကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲ ဖြစ်ပေါ်၏။

ထိုသူအား အကြင်ကာယသင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲဖြစ်ပေါ်၏။ ကိုယ်တိုင်မူလည်း ထိုကာယသင်္ခါရကို ပြုစီရင်၏။ သူတပါးတို့သည်မူလည်း ထိုပုဂ္ဂိုလ်၏ ထိုကာယသင်္ခါရကို ပြုစီရင်ကြကုန်၏။ ကောင်းစွာသိလျက်မူလည်း ထိုကာယသင်္ခါရကို ပြုစီရင်၏၊ ကောင်းစွာမသိဘဲလျက်မူလည်း ထိုကာယသင်္ခါရကို ပြုစီရင်၏။ (ဝစီ၊ မနော သင်္ခါရ နည်းတူ။)

ဤစေတနာတရားတို့၌ အဝိဇ္ဇာသည် အဖန်ဖန် ကျရောက်၏။ အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ကင်းချုပ်ခြင်းကြောင့် ထိုသူအား အကြင်ကာယ၊ ဝစီ၊ မနော သင်္ခါရကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲဖြစ်ပေါ်၏၊ ထိုကာယ၊ ဝစီ၊ မနော သင်္ခါရသည် မဖြစ်။

ထိုသူအား အကြင်စေတနာကံကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်ပေါ်၏၊ ထိုလယ်မြေသဖွယ် ယာမြေသဖွယ်ဖြစ်သော စေတနာကံမဖြစ်။ အကြင်အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲ ဖြစ်ပေါ်၏၊ ထိုတည်ရာ အကြောင်းမဖြစ်။

အတ္တဘောရခြင်း ၄-မျိုးတို့မှာ-

(၁) မိမိ၏စေတနာ (လှုံ့ဆော်မှု) သာဖြစ်၍ သူတပါး၏ စေတနာမဖြစ်သော အတ္တဘောကို ရခြင်းတမျိုး။

(၂) သူတပါး၏စေတနာသာဖြစ်၍ မိမိစေတနာမဖြစ်သော အတ္တဘောကို ရခြင်းတမျိုး။
(၃) မိမိသူတပါး ၂-ဦးသား၏ စေတနာလည်းဖြစ်သော အတ္တဘောကို ရခြင်းတမျိုး။
(၄) ၂-ဦးသား၏ စေတနာလည်း မဖြစ်သော အတ္တဘောကို ရခြင်း တမျိုးတို့တည်း။

ဤသို့ဟောအပ်သော် အရှင်သာရိပုတ္တရာသည် ဘုရားရှင်အား “မြတ်စွာဘုရား၊ အကျဉ်းဟောအပ်သော ဤတရား၏အနက်ကို တပည့်တော် အကျယ် ဤသို့သိပါသည်။ ထိုအတ္တဘောရခြင်း ၄-မျိုးတို့တွင် ပဌမရခြင်း၌ မိမိစေတနာကြောင့် ထိုသတ္တဝါတို့၏ ထိုကိုယ်မှ ရွေ့လျောခြင်းဖြစ်၏။ ဒုတိယရခြင်း၌ သူတပါး၏စေတနာကြောင့် ထိုသတ္တဝါတို့၏ ထိုကိုယ်မှ ရွေ့လျောခြင်းဖြစ်၏။ တတိယရခြင်း၌ မိမိ သူတပါး ၂-ဦးသား၏ စေတနာကြောင့် ထိုသတ္တဝါတို့၏ထိုကိုယ်မှ ရွေ့လျောခြင်းဖြစ်၏။ စတုတ္ထရခြင်း၌ မိမိ သူတပါး ၂-ဦးသား၏ စေတနာမဖြစ်၊ ထိုအကြောင်းဖြင့် အဘယ်နတ်

စာမျက်နှာ-634


တို့ကို မှတ်အပ်ပါကုန်သနည်း” ဟု လျှောက်ရာ “နေဝသညာနာသညာယတနဘုံသို့ ရောက်ကုန်သော နတ်တို့ကို မှတ်အပ်ကုန်၏” ဟု မိန့်သည်။

အရှင်သာရိပုတ္တရာက “အကျင့်ကြောင့် ဤလောက၌ အချို့သူသည် ထိုကိုယ်မှ စုတေလျှင် ဤကာမဘုံသို့ လာရောက်တတ်ရကား အာဂါမီပုဂ္ဂိုလ်တို့ မည်ကုန်၏။ အချို့မှာ မလာရောက်တတ်ရကား အနာဂါမီပုဂ္ဂိုလ်တို့ မည်ကုန်၏။ ထိုအကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်၏။

ဘုရားရှင်က “ဤသာသနာတော်၌ အောက်ဘုံဆိုင်ရာ သံယောဇဉ် မပယ်ရသေးသူသည် မျက်မှောက်ဘဝ၌ပင် နေဝသညာနာသညာယတနဈာန်သို့ ရောက်နေ၏။ ထိုသူသည် ထိုဈာန်ကို သာယာသလိုရှိ၏၊ နှစ်သိမ့်ခြင်းသို့ရောက်၏၊ ထိုဈာန်ကို နှလုံးသွင်းကာ အကြိမ်များစွာ နေလေ့ရှိသည်ဖြစ်၍ ဈာန်မလျော့ဘဲ သေလျှင် နေဝသညာနာသညာယတနဘုံသား ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ထိုသူသည် ထိုဘုံမှ စုတေလျှင် ကာမဘုံသို့ လာရောက်တတ်သောကြောင့် အာဂါမီပုဂ္ဂိုလ်မည်၏။”

“အောက်ပိုင်းဆိုင်ရာ သံယောဇဉ်ကိုပယ်ပြီးသူသည် မျက်မှောက်ဘဝ၌ပင် နေဝသညာနာသညာယတနဈာန်သို့ (လ) အသင်းဝင်အဖြစ်သို့ ရောက်၏။ ထိုသူသည် ထိုဘုံမှ စုတေလျှင် ဤ (ခန္ဓာ ၅-ပါးရှိ) ဘုံသို့ မလာရောက်တတ်သောကြောင့် အနာဂါမီ ပုဂ္ဂိုလ်မည်၏။ အောက်ဘုံဆိုင်ရာ သံယောဇဉ်တို့ကို မပယ်ခြင်း၊ ပယ်ခြင်းကား အကြောင်းအထောက်အပံ့တည်း” ဟု မိန့်။

ကိုယ်၌ဖြစ်သော စေတနာ: ၂၀ (မဟာကုသိုလ် ၈ + အကုသိုလ် ၁၂) ၌ရှိသော စေတနာတည်း။ ဝစီစေတနာလည်း ၂၀ ပင်။ မဟဂ္ဂုတ် ကုသိုလ်စေတနာ ၉-ခုထပ်ထည့်၍ မနောစေတနာ ၂၉ တည်း။ အားလုံး အဝိဇ္ဇာကြောင့် ဖြစ်သည်။

သိပါလျက်ပြုခြင်း: ကုသိုလ်ကို ကုသိုလ်ဟု၊ ၎င်းအကျိုးကို အကျိုးဟု၊ အကုသိုလ်ကို အကုသိုလ်ဟု စသည်ဖြင့် သိ၍ပြုခြင်းတည်း။ ကံ ၂၀ ပင် ရသည်၊ မသိဘဲပြုလျှင်လည်း နည်းတူပင် ၂၀ (ကာယအတွက်တည်း)။

မသိသော်လည်း ကံဖြစ်ပုံ: ကလေးများသည် မိဘများပြုသလို စေတီရှိခိုး ပန်းပူဇော် သံဃာရှိခိုးလျှင် ကုသိုလ်ဟု မသိသော်လည်း ထိုကလေးများအတွက် ထိုအမှုသည် ကုသိုလ်သာဖြစ်သည်။ သားငှက်စသော တိရစ္ဆာန်များ တရားနာ သံဃာရှိခိုးခြင်း စသည်လည်း နည်းတူပင်တည်း။

အကုသိုလ်ဆိုင်ရာ: ကလေးများ မိဘကို လက်၊ ခြေတို့ဖြင့် ပုတ်ခတ်၊ ရဟန်းများအား လက်ဖြင့်ရွယ်၊ တုတ်ပစ်၊ ဆဲရေးခြင်း၊ နွားမများ၊ မြွေများက သံဃာကို လိုက်ခြင်း၊ ကိုက်ခြင်းတို့လည်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အကုသိုလ်သာတည်း။

စာမျက်နှာ-635


၃ ဒွါရ စေတနာပေါင်းသော်: ကာယဒွါရ၌ (ကိုယ်တိုင်ပြု၊ စေခိုင်း၍ပြု၊ သိ၍ပြု၊ မသိဘဲပြု) ၄-မျိုး တစ်မျိုး ၂၀ စီ ပေါင်း ၈၀။ ဝစီဒွါရ ၈၀။ မနောဒွါရ၌ ၂၉ x ၄ လီ = ၁၁၆။ ပေါင်းစေတနာ ၂၇၆ ရသည်။ အားလုံး သင်္ခါရက္ခန္ဓာ။ ယှဉ်ဘက်ခံစားမှုအခြင်းအရာကား ဝေဒနာက္ခန္ဓာ။ ကာယကား ဥပါဒါရုပ်၊ ထို၏အကြောင်းကား မဟာဘုတ် ၄-ပါး။ ဤအားလုံး ခန္ဓာ ၅-ပါး ဒုက္ခသစ္စာမည်သည်။
ထိုကာယစသည် မဖြစ်: ရဟန္တာအား စေတီယင်ပြင်၊ ဗောဓိယင်ပြင် တံမြက်လှည်းခြင်း၊ ဝတ်ကြီးဝတ်ငယ်ပြုခြင်းစသော ကာယကံမှုစသည် ရှိသော်လည်း အကျိုးမပေးတော့သောကြောင့် “မဖြစ်” ဟုဆိုသည်။ ဝစီကံမှုစသည်လည်း ဖြစ်နိုင်ပုံ နည်းတူ။

မိမိစေတနာကြောင့် ထိုကိုယ်မှ ရွေ့လျောခြင်း: ခိဍ္ဍာပဒေါသိက နတ်များတည်း။ နန္ဒနဥယျာဉ်၊ စိတ္တလတာဥယယဉ် စသည်တို့၌ နတ်ချမ်းသာအပြည့် ခံစားစဉ် အစားအသောက်မေ့ရကား အာဟာရပြတ်သဖြင့် နေပူထားသော ပန်းများလို နွမ်းသေကြသည်။

သူတပါး စေတနာကြောင့် သေကြ: မနောပဒေါသိက နတ်များတည်း။ စတုမဟာရာဇ်ဘုံသား ၎င်းနတ်များတွင် တဦးသည် အခြံအရံနှင့်တကွ ရထားဖြင့် နက္ခတ်ကစားလမ်းသွားစဉ် နောက်မှလိုက်လာသူ တဦးက မြင်၍ “ဤအထီးကျန်နတ်သည် ဟန်ရေးပြသွားသည်” ဟု အမျက်ထွက်သည်။ ရှေ့နတ်က နောက်ပြန်အလှည့် ထိုနတ်ကို မြင်၍ စိတ်ဆိုးသူတို့မည်သည် သိလွယ်ရကား နောက်နတ်အမျက်ထွက်ပုံကို သိပြီး “သင်စိတ်ဆိုးသော်ကော ငါအဘယ်ပြုမည်နည်း၊ ငါ၏ ဒါန သီလ စသည်တို့နှင့် စပ်၍ ဤစည်းစိမ် ငါရသည်၊ သင်နှင့် မပတ်သက်” ဟု တဖန်ပြန်၍ အမျက်ထွက်သည်။ မှန်၏၊ တဦးစိတ်ဆိုးသော်လည်း တဦးက မဆိုးလျှင် ပြီးသေးသည်၊ ၂-ဦးလုံးမူ တဦးအမျက်သည် တဦးအား ကျေးဇူးပြုသဖြင့် ၂-ဘက်နတ်သမီးများ ငိုကြကုန်စဉ် ယင်းနတ်သား ၂-ဦး စုတေကြသည်။

၂-ဦးသား စေတနာကြောင့်သေကြ: လူများတည်း။ စိတ်ဆိုး၍ မိမိကိုယ်မိမိ လက်၊ တုတ်တို့ဖြင့် ထုရိုက်၊ သန်လျက်ဖြင့်ဖြတ်၊ အဆိပ်သောက်၊ ချောက်ထဲခုန်ချ၊ ရေထဲခုန်ဆင်းကြသည်။ သူတပါးတို့ကိုလည်း တုတ်၊ လက်နက်ဖြင့် ရိုက်သတ်စေကြသည်။

အဘယ်နတ်တို့ကို မှတ်အပ်ပါကုန်သနည်း: မိမိမဖြေနိုင်၍ အရှင်သာရိပုတ္တရာမေးသည်မဟုတ်၊ ဤပြဿနာကား ဘုရားရှင်၏ အရာဟု အရှင်မြတ် သဘောထားကာ မေးလျှောက်သည်။ အောက် ကာမ၊ ရူပသတ္တဝါတို့ကို ရအပ်သော်လည်း ဘဝဂ်ဖြင့်ပိုင်းခြားကာ အကြွင်းမဲ့ ဖြေဆိုသည်။

စာမျက်နှာ-636


ဤကာမဘုံသို့ လာရောက်တတ်သူ: ထိုဘုံ၌ ပြန်မဖြစ်၊ အထက်ဘုံသို့လည်း မသွားသူတည်း။ မလာရောက်သူ ဟူသည်- အောက်ပြန်မရောက်တော့သော်လည်း ထိုဘုံပြန်ဖြစ်၊ အထက်ဘုံတက်၊ ထိုဘုံ၌သော်လည်း ပရိနိဗ္ဗာန်စံသည်။ အထက်ဘုံတက်ဆိုရာ၌ အောက် အရူပဘုံသာတည်း၊ ဘဝဂ်၌ရောက်နေသူကား တက်စရာမရှိတော့။

၂-ဝိဘတ္တိသုတ်

အရှင်သာရိပုတ္တရာက ရဟန်းများအား ငါ့ရှင်တို့၊ ရဟန်းဖြစ်၍ ၁၅-ရက်ရှိပြီးသော ငါသည် အနက် ၅-ပါးတို့၌ အပြားအားဖြင့် ခွဲခြမ်းဝေဖန်၍ သိသော အတ္ထပဋိသမ္ဘိဒါဉာဏ် ကို အကြောင်းအားဖြင့် အက္ခရာအားဖြင့် မျက်မှောက်ပြုနိုင်ခဲ့ပြီ။ ထိုအတ္ထပဋိသမ္ဘိဒါဉာဏ်ကို ငါသည် အကြောင်းအမျိုးမျိုးဖြင့် ဟောကြား၏၊ ထင်စွာဟောပြော၏၊ သိစေ၏၊ ဖြစ်စေ၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင်ပြု၏။ အတ္ထပဋိသမ္ဘိဒါ၌ ယုံမှားတွေးတောသူသည် ငါ့ကို အမေးပြဿနာဖြင့် ချဉ်းကပ်လော့၊ ငါသည် ထိုသူအား ဖြေဆိုသဖြင့် စိတ်ကို နှစ်သက်စေအံ့။ အကြင်ဆရာသည် ငါတို့သိအပ်သော တရားတို့၌ ကောင်းစွာလိမ္မာတော်မူ၏၊ ထိုဆရာသည် ငါတို့၏ မျက်မှောက်၌ ဖြစ်တော်မူ၏။

ရဟန်းဖြစ်၍ (လ) ငါသည် အကြောင်း ၅-ပါးတို့၌ အပြားအားဖြင့် ခွဲခြမ်းဝေဖန်၍ သိသော ဓမ္မပဋိသမ္ဘိဒါဉာဏ် ကို (လ) ဖြစ်တော်မူ၏။
ရဟန်းဖြစ်၍ (လ) ငါသည် မဂဓဘာသာကို အပြားအားဖြင့် ခွဲခြားဝေဖန်၍ သိသော နိရုတ္တိပဋိသမ္ဘိဒါဉာဏ် ကို (လ) ဖြစ်တော်မူ၏။
ရဟန်းဖြစ်၍ (လ) ငါသည် ရှေးဉာဏ် ၃-ပါးတို့၌ အပြားအားဖြင့် ခွဲခြမ်းဝေဖန်၍ သိသော ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ကို (လ) ဖြစ်တော်မူ၏ဟု မိန့်။

လိမ္မာသောဆရာ: ငါတို့မျက်မှောက်၌ အတ္ထပဋိသမ္ဘိဒါဉာဏ်ကို ငါမျက်မှောက်မပြုရသေးလျှင် “ရှေးဦးမျက်မှောက် ပြုဦးလော့” ဟု ငါ့ကို ဘုရားရှင်တားမြစ်လတ္တံ့ဟု ဘုရားရှေ့တော်ထိုင်လျက် သီဟနာဒကို မြွက်ဆိုသည်။ ပဋိသမ္ဘိဒါ ၃-ပါးကား လောကီ၊ အတ္ထပဋိသမ္ဘိဒါကား လောကီ လောကုတ္တရာ ရောသည်။

၃-မဟာကောဋ္ဌိကသုတ်

အရှင်မဟာကောဋ္ဌိကသည် အရှင်သာရိပုတ္တရာအား တွေ့ထိခြင်း၏တည်ရာ ဖဿာယတန ၆-ပါး အကြွင်းမဲ့ကင်းချုပ်ခြင်းကြောင့် အခြားကိလေသာ တစုံတခုရှိသေးသလောဟု လျှောက်ရာ ဤသို့မဆိုသင့်ဟု အရှင်သာရိပုတ္တရာက ပယ်သည်။

စာမျက်နှာ-637


မရှိလေသလော၊ ရှိလည်းရှိ မရှိလည်း မရှိသလော၊ ရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်သလောဟု နောက်အမေး ၃-မျိုးကိုလည်း ဤသို့မဆိုလင့်ဟုပင် ပယ်သည်။ ရှိလေသလောစသည်ဖြင့် ၄-မျိုးကို မေးလတ်သော် ဤသို့မဆိုလင့်ဟု ၄-မျိုးလုံးကိုပင် ပယ်၏။ “ဟောဆိုတော်မူသော ဤတရား၏အနက်ကို အဘယ်သို့မှတ်ရပါအံ့နည်း” ဟု အရှင်ကောဋ္ဌိကက လျှောက်ပြန်ရာ အရှင်သာရိပုတ္တရာက—

ဖဿာယတန ၆-ပါး အကြွင်းမဲ့ကင်းချုပ်ခြင်းကြောင့် အခြားကိလေသာတစုံတခု ရှိ၏၊ မရှိ၊ ရှိလည်း ရှိ၊ မရှိလည်း မရှိ၊ ရှိသည်လည်းမဟုတ်၊ မရှိသည်လည်း မဟုတ်ဟု ဤ ၄-မျိုးဆိုသူသည် မချဲ့သင့်သောအရာကို ချဲ့၏။ ဖဿာယတန ၆-ပါးဖြစ်ခြင်းနှင့်အမျှ (သံသရာကို ချဲ့တတ်သော တဏှာ မာန ဒိဋ္ဌိဟုဆိုအပ်သော) ပပဉ္စတရား၏ ဖြစ်ခြင်းသည် ရှိ၏။ ပပဉ္စတရား၏ ဖြစ်ခြင်းနှင့်အမျှ ဖဿာယတန ၆-ပါးဖြစ်ခြင်းသည် ရှိ၏။ ဖဿာယတန ၆-ပါး အကြွင်းမဲ့ ကင်းချုပ်ခြင်းကြောင့် ပပဉ္စတရား၏ ချုပ်ခြင်း ငြိမ်းခြင်းသည် ဖြစ်၏ဟု မိန့်။

အမေး ၄-မျိုးပယ်: သဿတ၊ အသဿတ၊ ဥစ္ဆေဒ၊ ဧကစ္စသဿတ၊ အမရာဝိက္ခေပနှင့် စပ်၍ မေးသောကြောင့် အားလုံးပယ်သည်။ တစုံတခုသော အတ္တရှိသေးသလော စသည်ဖြင့် အတ္တအယူနှင့် စပ်၍ သဿတစသော အခြင်းအရာအားဖြင့်လည်း မေးသည်။

ထိုင်နေသော ရဟန်းတပါးကြောင့်: အရှင်ကောဋ္ဌိကမှာ ယင်းအတ္တအယူမရှိသော်လည်း ယင်းအယူရှိ ရဟန်းတပါး ထိုပရိသတ်၌ ထိုင်နေရာ မမေးဝံ့သူဖြစ်၍ သူ့အယူဖြေစေခြင်းငှာလည်းကောင်း၊ အနာဂတ်တွင် ယင်းအယူရှိသူများအတွက် “ဘုရားလက်ထက်ကပင် ဤပြဿနာကို သာဝကကြီးများ ဖြေပြီးပြီ” ဟု စကားဆိုခွင့်ပြတ်စေခြင်းငှာလည်းကောင်း မေးသည်။

အရူပဘုံပုထုဇဉ်ဗြဟ္မာ: ဖဿာယတန ၅-ပါးသာချုပ်၊ တပါးကျန်၍ ပပဉ္စရှိသေးသည်။ ပဉ္စဝေါကာရဘုံနှင့် စပ်၍ ဤပြဿနာ ဟောအပ်သည်။

၄-အာနန္ဒသုတ်

အရှင်အာနန္ဒာမေး အရှင်ကောဋ္ဌိကဖြေ တူပြီ။

၅-ဥပဝါဏသုတ်

အရှင်ဥပဝါဏသည် အရှင်သာရိပုတ္တရာထံ ချဉ်းကပ်ပြီး “အရှင်မြတ်အား အသိဉာဏ် ဝိဇ္ဇာဖြင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပါသလော” ဟု လျှောက်ရာ ဤသို့အဆုံးကို ပြုခြင်းသည် မဖြစ်နိုင်ဟု ပြန်မိန့်သည်။ “အကျင့်စရဏဖြင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပါသလော၊ ဝိဇ္ဇာစရဏဖြင့် အဆုံးကို ပြုပါသလော၊ ဝိဇ္ဇာစရဏကို ဖယ်ထား၍ အဆုံးကို

စာမျက်နှာ-638


ပြုပါသလော” ဤအမေး ၃-မျိုးကိုလည်း “ဤသို့ အဆုံးကို ပြုခြင်းသည် မဖြစ်နိုင်” ဟုပင် ပြန်မိန့်သည်။

အရှင်ဥပဝါဏက “အရှင်မြတ်သည် အမေး ၄-မျိုးလုံးကိုပင် ပယ်၍ ဖြေသည်၊ အဘယ်သို့လျှင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပါသနည်း” ဟု လျှောက်ပြန်ရာ အရှင်သာရိပုတ္တရာက “ဝိဇ္ဇာဖြင့် ဝဋ်ဆင်းရဲ၏အဆုံးကို အကယ်၍ပြုသည်ဖြစ်အံ့၊ စွဲလမ်းခြင်းဖြစ်လျက်သာလျှင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုသည်ဖြစ်ရာ၏။ စရဏဖြင့် ပြုသည်ဖြစ်လျှင် စွဲလမ်းခြင်းဖြစ်လျက်သာ ဝဋ်အဆုံးကိုပြုသည်ဖြစ်ရာ၏။ ဝိဇ္ဇာစရဏဖြင့် ပြုသည်ဖြစ်လျှင် စွဲလမ်းခြင်းဖြစ်လျက်သာ ဝဋ်အဆုံးကို ပြုသည်ဖြစ်ရာ၏။ ဝိဇ္ဇာစရဏကို ပယ်ထား၍ ပြုသည်ဖြစ်လျှင် ပုထုဇဉ်သည် ဝဋ်အဆုံးကို ပြုသည်ဖြစ်ရာ၏။ မှန်၏၊ ပုထုဇဉ်သည် ဝိဇ္ဇာစရဏမှ ကင်း၏။ စရဏမှ ချို့တဲ့သူသည် ဟုတ်မှန်စွာ မသိမမြင်၊ စရဏနှင့် ပြည့်စုံသူသာ ဟုတ်မှန်စွာ သိမြင်၏။ ဟုတ်မှန်စွာ သိမြင်သည်ဖြစ်၍ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြု၏” ဟု မိန့်။

၆-အာယာစနသုတ်

သဒ္ဓါတရားနှင့် ပြည့်စုံသော ရဟန်းသည် ကောင်းစွာ တောင့်တလိုမူ “ငါသည် သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့၏ သဘောနှင့်တူမျှသော သဘောရှိသူဖြစ်ရလို၏” ဟု တောင့်တရာ၏။ ငါ၏ တပည့်ရဟန်းတို့တွင် သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့သည် ချိန်သဖွယ် ဖြစ်ကုန်၏၊ နှိုင်းယှဉ်ကြောင်း ပမာဏ ဖြစ်ကုန်၏။

ရဟန်းမိန်းမသည်— ခေမာနှင့် ဥပ္ပလဝဏ် ဘိက္ခုနီတို့၏။ ဥပါသကာသည်— စိတ္တသူကြွယ်နှင့် ဟတ္ထကအာဠာဝက မင်းသားတို့၏။ ဥပါသိကာမသည်— ခုဇ္ဇုတ္တရာနှင့် ဝေဠုကဏ္ဍကီရွာသူ နန္ဒမာတာတို့၏ (လ) နှိုင်းယှဉ်ကြောင်း ပမာဏဖြစ်ကုန်၏ဟု မိန့်။ (အောက် ဧကကနိပါတ် အဋ္ဌကထာ၌ ဖွင့်ပြီးအတိုင်းပင်။)

၇ – ရာဟုလသုတ်

ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုး ထိုင်နေသော အရှင်ရာဟုလာအား ဘုရားရှင်က “အတွင်းသန္တာန်၌ ဖြစ်သော အကြင်မြေဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော အကြင်မြေဓာတ်သည်လည်းကောင်း ရှိ၏၊ သဘောတရားသည် မြေဓာတ်သာတည်း။ ဤပထဝီဓာတ်သည် ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ့ကိုယ်မဟုတ်ဟု ဤသို့ ပထဝီဓာတ်ကို အမှန်အတိုင်း အကြောင်းသင့်အားဖြင့် ဝိပဿနာပညာဖြင့် ရှုအပ်၏။ ဤသို့ ရှုမြင်၍ ပထဝီဓာတ်၌ ငြိကပ်သောစိတ်သည် တပ်ခြင်းကင်း၏။”

ရေ (အာပေါ)၊ မီး (တေဇော)၊ လေ (ဝါယော) ဓာတ်များ နည်းတူပင်။

စာမျက်နှာ-639


အကြင်အခါ၌ ရဟန်းသည် ဓာတ် ၄-ပါးတို့၌ မိမိကိုယ်ဟူ၍ မရှု၊ မိမိဥစ္စာဟူ၍ မရှု၊ ဤရဟန်းကို တဏှာကို ဖြတ်ပြီး သံယောဇဉ်ကို လွန်မြောက်ပြီဟု ဆိုအပ်၏။ ကောင်းစွာ မာနကို ပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီဟု မိန့်။

အတွင်းသန္တာန်: ဆံ စသောအဖို့အစု ၂၀ တည်း။ ဣန္ဒြေနှင့် မစပ်သောတောင်၊ ကျောက်စသည်တို့ကား အပသန္တာန်မည်သည်။ ငါ့ဥစ္စာ ငါ ငါ့ကိုယ်မဟုတ် ဟူသည်- တဏှာ၊ မာန၊ ဒိဋ္ဌိ အစွဲ ၃-ခုကို ပယ်သောအားဖြင့် ဆိုသော စကားဖြစ်သည်။
ရာဟုလာအတွက် တရားများ: ဘုရားရှင်သည် သံယုတ္တနိကာယ် ရာဟုလောဝါဒသုတ်၊ စူဠရာဟုလောဝါဒသုတ်၊ မဟာရာဟုလောဝါဒသုတ်၌ ဝိပဿနာကိုလည်းကောင်း၊ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်၌ ငယ်စဉ်ဖြစ်၍ မုသားရှောင်ခြင်းကိုလည်းကောင်း၊ ဤ အင်္ဂုတ္တရနိကာယ်၌ အလုံး ၄-ပါး ဆိတ်သော ဝိပဿနာကိုလည်းကောင်း ဟောသည်။

၈-ဇမ္ဗာလိသုတ်

လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-မျိုးမှာ-

(၁) ဤသာသနာတော်၌ ရဟန်းသည် ငြိမ်သက်သော စိတ်၏ ကိလေသာမှ လွတ်မြောက်မှု မဟဂ္ဂုတ်သမာပတ်တခုခုသို့ ရောက်နေ၏။ ထိုရဟန်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော တေဘူမကတရားအပေါင်း သက္ကာယ၏ ချုပ်ရာနိဗ္ဗာန်ကို နှလုံးသွင်း၏။ ထိုရဟန်းအား နိဗ္ဗာန်၌ စိတ်သည် မသက်ဝင်နိုင်၊ မကြည်လင်နိုင်၊ ကောင်းစွာမတည်၊ မဝေခွဲနိုင်။ ဤသို့ဖြစ်သော် ထိုရဟန်းအား နိဗ္ဗာန်မချွတ်ရလိမ့်မည်ဟု မမျှော်လင့်အပ်။ ယောက်ျားသည် အစေးလိမ်းကျံနေသောလက်ဖြင့် သစ်ခက်ကို ကိုင်ဆွဲအံ့၊ ထိုယောက်ျား၏ လက်သည် ငြိကပ်ရာ စွဲယူရာဖွဲ့ရာ သကဲ့သို့တည်း။

(၂) ရဟန်းသည် မဟဂ္ဂုတ်သမာပတ် တခုခုသို့ ရောက်နေ၏၊ ထိုရဟန်းသည် (လ) နိဗ္ဗာန်၌ စိတ်သည် သက်ဝင်နိုင်၏။ ဤသို့ဖြစ်သော် ထိုရဟန်းအား နိဗ္ဗာန်ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ ယောက်ျားသည် စင်ကြယ်သော လက်ဖြင့် သစ်ခက်ကို ကိုင်ဆွဲအံ့၊ ထိုယောက်ျား၏လက်သည် မငြိကပ်ရာ မစွဲယူရာ မဖွဲ့ရာသကဲ့သို့တည်း။

(၃) ရဟန်းသည် မဟဂ္ဂုတ် သမာပတ် တခုခုသို့ ရောက်နေ၏၊ ထိုရဟန်းသည် အဝိဇ္ဇာကို ဖောက်ခွဲတတ်သော အရဟတ္တဖိုလ်ကို နှလုံးသွင်း၏။ ထိုရဟန်းအား အရဟတ္တဖိုလ်၌ စိတ်သည် မသက်ဝင်နိုင်။ ဤသို့ဖြစ်သော် ထိုရဟန်းအား အရဟတ္တဖိုလ်ကို မချွတ်ရလိမ့်မည်ဟု မမျှော်လင့်အပ်။ နှစ်ပေါင်းများစွာ ကြာမြင့်သော တန်စီးတွင်းကြီးသည် ရှိ၏။ ယောက်ျားသည် ထိုတန်စီးတွင်းကြီး၏ ရေဝင်ရာအဝတို့ကို ပိတ်ဆို့၍ ရေထွက်ရာအဝတို့ကို ဖွင့်လှစ်ခဲ့မူ၊ မိုးသည်လည်း ကောင်းစွာ မရွာသွန်းမူ ထိုတန်စီးတွင်း ကန်ပေါင်ကျိုးပျက်ခြင်း ဖြစ်လိမ့်မည်ဟု မမျှော်လင့်အပ်သကဲ့သို့တည်း။

စာမျက်နှာ-640


(၄) ရဟန်းသည် မဟဂ္ဂုတ် သမာပတ်တခုခုသို့ ရောက်နေ၏၊ ထိုရဟန်းသည် အရဟတ္တဖိုလ်ကို နှလုံးသွင်း၏၊ (လ) အရဟတ္တဖိုလ်၌ စိတ်သည် သက်ဝင်နိုင်၏။ ဤသို့ဖြစ်သော် ထိုရဟန်းအား အရဟတ္တဖိုလ်ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ နှစ်ပေါင်းများစွာ ကြာမြင့်သော (လ) ရေဝင်ရာ အဝတို့ကို ဖွင့်လှစ်၍ ရေထွက်ရာအဝတို့ကို ပိတ်ဆို့ခဲ့မူ၊ မိုးသည်လည်း ကောင်းစွာ ရွာသွန်းခဲ့မူ ထိုတန်စီးတွင်းကြီး၏ ကန်ပေါင်ကျိုးပျက်ခြင်းကို မချွတ်ဖြစ်လိမ့်မည်ဟု မျှော်လင့်အပ်သကဲ့သို့တည်း။ ဤ ၄-မျိုးတည်း။

မြစ်ကမ်းတဘက်ကူးလိုသော ယောက်ျားဥပမာ: ယောက်ျားတဦးသည် ရေစီးသန်၍ ငါးကြမ်းနှောင့်ယှက်သော မြစ်ကူးသွားလို၏။ ဤကမ်းမှာ ဘေးရန်ရှိ၍ တဘက်ကမ်းမှာ ဘေးကင်းသည်၊ အဘယ်သို့ကူးရပါမည်နည်းဟု ဆင်ခြင်သော် တန်းစီပေါက်နေသော ရေခံတက် ၈-ပင်ကိုမြင်၍ ဤသစ်ပင်အစဉ်ဖြင့် သွားသင့်သည်ဟု နှလုံးပိုက်ကာ ရေခံတက်ပင်တို့မည်သည် အခက်ချော၍ လက်ကိုင်မမြဲကြံကာ ညောင်ပင်စသော တပင်ပင်၏ သစ်စေးဖြင့် လက်ခြေတို့ကို သုတ်လိမ်း၍ လက်ယာလက်ဖြင့် သစ်ကိုင်းတခုကိုင် လက်ခွာမရပေ။ တဖန် လက်ဝဲလက် ခြေ ၂-ဘက်ဖြင့်လည်း ကိုင်း ၄-ဘက်လုံး ခွာမရ၊ စောက်ထိုးမိုးမျှော်ဖြစ် မြစ်ညာမိုးရွာ၍ ရေတက်သော် ရေ၌ နစ်မွန်း၍ မိကျောင်းစာ ငါးစာ ဖြစ်သွားသည်။

ဥပမာနှီးနှောပုံ: မြစ်ရေအယဉ်နှင့် သံသရာရေအယဉ်၊ တဘက်ကမ်းကူးလိုသော ယောက်ျားနှင့် ယောဂီ၊ ဤဘက်ကမ်းနှင့် သက္ကာယဒိဋ္ဌိ၊ ဟိုဘက်ကမ်းနှင့် နိဗ္ဗာန်၊ ရေခံတက် ၈-ပင်နှင့် သမာပတ် ၈-ပါး။ သစ်စေးပေသောလက်ဖြင့် သစ်ကိုင်းကိုင်သကဲ့သို့ ဈာန်ဝိပဿနာတို့၏ ဘေးရန်များ မသုတ်သင်ဘဲ သမာပတ်ဝင်စားခြင်း။ လက်၊ ခြေ ၄-ဘက် သစ်ကိုင်း၌ ကပ်နေသကဲ့သို့ ပဌမဈာန်၌ နိကန္တိဖြင့် ကပ်ငြိခြင်း။ မြစ်ညာမိုးရွာသကဲ့သို့ ဒွါရ ၆-ပါး ကိလေသာဖြစ်ချိန်။ မြစ်ရေနစ်မွန်း၍ မိကျောင်း၊ ငါးစာဖြစ်သကဲ့သို့ သံသရာ၌နစ်၍ အပါယ်ဆင်းရဲ ခံစားချိန်ကို သိအပ်သတည်း။

လိမ္မာသော ယောက်ျားကား: ချောမွေ့သော ခံတက်ပင်ကို ကပ်မနေအောင် လက်၊ ခြေစင်ကြယ်မှ သင့်မည်ကြံပြီး စင်ကြယ်အောင်ပြု၍ သစ်ခက်ကိုင်း ပဌမသစ်ပင်ပေါ်တက်၊ ဒုတိယအပင်သွား (လ) အဋ္ဌမအပင်မှဆင်း တဘက်ကမ်း ဘေးကင်းစွာ ရောက်တော့သည်။

နှီးနှောပုံမှာ: ဤသစ်ပင်တို့ဖြင့် တဘက်ကမ်းသွားမည်ဟု ယောက်ျား ကြံစည်ချိန်ကဲ့သို့ ယောဂီ၏ သမာပတ် ၈-ပါးမှထ၍ အရဟတ္တဖိုလ်ရောက်အံ့ဟု ကြံစည်ချိန်။ စင်ကြယ်သောလက်ဖြင့် သစ်ခက်ကိုင်သကဲ့သို့ ဈာန် ဝိပဿနာတို့၏ ဘေးရန်များကို သုတ်

စာမျက်နှာ-641


သင်၍ သမာပတ် ဝင်စားချိန်၊ ပဌမ သစ်ပင် တက်ချိန်ကဲ့သို့ ပဌမဈာန် ဝင်စားချိန်၊ ပဌမ သစ်ပင်မှဆင်း ဒုတိယ သစ်ပင်တက်ချိန်ကဲ့သို့ ပဌမဈာန်၌ နိကန္တိခါကာ ထိုမှထ၊ ဒုတိယဈာန်ဝင် စားချိန်၊ (လ) သတ္တမ သစ်ပင်မှဆင်း အဋ္ဌမ သစ်ပင်တက်ချိန် ကဲ့သို့ အာကိဉ္စညာယာနသမာပတ်၌ နိကန္တိကိုခွာကာ ထိုမှထ၍ နေဝသညာနာသညာယတန သမာပတ်ဝင်စားချိန်၊ အဋ္ဌမ သစ်ပင်မှဆင်း တဘက်ကမ်းဘေးကင်းရာ ရောက်သကဲ့သို့ နေ၀သညာဈာန်၌ နိကန္တိကိုခွာကာ သမာပတ်မှထ၊ သင်္ခါရတို့ကို သုံးသပ် ရဟန္တာ ဖြစ်ချိန်ကို သိအပ်သည်။

တန်စီးတွင်း ရွာမှထွက်သော ရေများတည်ရာ တွင်းကြီးတည်း။ ရွာနိဂုံးတည်ချိန်မှ စဖြစ်သောကြောင့် နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

ဥယျာဉ်ရှာယောက်ျား ဥပမာ မြို့သားတဦး ဥယျဉ်ရှာအသွား မြို့မှ မနီးမဝေး၌ တန်စီးတွင်းကြီးကို မြင်၍ “ဤနေရာ ပျော်ဖွယ်ဥယျာဉ်ဖြစ်မည်”မှတ်ကာ ပေါက်တူး ယူ၊ ရေဝင်မြောင်း ၄-ခုပိတ်၊ ရေထွက်ပေါက်ဖွင့်၊ မိုးကလည်း မရွာသဖြင့် ရေကြွင်း များ ထွက်ပေါက်မှ ဆင်းသွားသည်၊ သားရေစ၊ အဝတ်စုတ်စသည်တို့သာ ထိုတွင်း၌ ပုပ်ကာ ပိုးလောက်များတက်၍ ပတ်လည်မှ မည်သူမျှ မကပ်နိုင်၊ ကပ်လာသူများ နှာ ခေါင်းပိတ်ပြေးကြရသည်၊ ထိုယောကျ်ား ၂-ရက် ၃-ရက်မျှလာ နောက်ဆုတ်ရပ်ကြည့် ပြီး “လာဖို့ မလိုတော့”ဟု အပြတ်ပြန်သည်။

ဥပမာ နှီးနှောပုံ မြို့သားယောက်ျားနှင့် ယောဂီ၊ ဥယျာဉ်ရှာအသွား ရွာတံခါး၌ တန်စီးတွင်းတွေ့ချိန်နှင့် မဟာဘုတ် ၄-ပါးကို မှီသော ရုပ်ကာယ၊ ရေဝင်ပေါက် ပိတ် ချိန်နှင့် တရားနာခြင်းဟူသော ရေကို မရချိန်၊ ထွက်ပေါက်ဖွင့်သကဲ့သို့ ၆-ဒွါရ၌ စောင့် စည်းမှုကင်းချိန်၊ မိုးမရွာချိန်နှင့် လျော်သော ကမ္မဋ္ဌာန်း မရချိန်၊ ရေကြွင်းများ ထွက် ပေါက်မှ ဆင်းချိန်နှင့် ကိုယ်တွင်း၌ ဂုဏ်များ ဆုတ်ယုတ်ချိန်၊ ကန်ပေါင်ကို ရေတိုက် စား၍ အမှိုက်များယူကာ မဟာသမုဒ္ဒရာ အရောက် မသွားနိုင်ချိန်ကဲ့သို့ အရဟတ္တမဂ် ဖြင့် အဝိဇ္ဇာကန်ပေါင်ကိုခွဲ၊ ကိလေသာအစုကို ဖျက်ဆီးကာ နိဗ္ဗာန်မျက်မှောက် ပြုရန် မစွမ်းနိုင်ချိန်တည်း၊ သားရေစ၊ အဝတ်စုတ်များ ထိုအိုင်၌ ပုပ်ဆွေးခြင်းနှင့် အတွင်း၌ ရာဂ စသော ကိလေသာများ ပြည့်ချိန်၊ ထိုယောက်ျား ရောက်လာမြင်ပြီး စိတ်မချမ်း သာဖြစ်ချိန်နှင့် ဝဋ်နှင့်ပြည့်စုံသူအား ဝဋ်၌မွေ့လျော်ချိန်ကို သိအပ်သည်။

ဥယျာဉ်ကောင်းကောင်း စီစဉ် ရေဝင်မြောင်း ဖွင့်ချိန်နှင့် တရားနာခွင့် ရချိန်၊ ရေထွက်ပေါက်ပိတ်ချိန်နှင့် ၆-ဒွါရ စောင့်စည်းမှု ပြည့်စုံချိန်၊ မိုးရွာချိန်နှင့်လျော်သော ကမ္မဋ္ဌာန်းရချိန်၊ ကန်ပေါင်ရေတိုက်စား အမှိုက်များယူ သမုဒ္ဒရာ ရောက်ချိန်နှင့် အရ ဟတ္တမဂ်ဖြင့် အဝိဇ္ဇာဖျောက်၊ အကုသိုလ်ထုဖောက်ကာ အရဟတ္တဖိုလ် မျက်မှောက်ပြုချိန်၊ ရေဝင်ပေါက်မှ ဝင်သော ရေဖြင့် ရေအိုင်တန်စီးတွင်း ပြည့်ချိန် ကဲ့သို့ ကိုယ်တွင်း၌

စာမျက်နှာ-642


လောကုတ္တရာတရားများ ပြည့်ချိန်၊ ပတ်လည်စောင်ရန်းကာ၍ သစ်ပင်စိုက်ကာ ဥယျာဉ် လယ်၌ ပြာသာဒ်ဆောက် ကချေသည်တို့ကို ဖျော်ဖြေစေ၍ အစားကောင်းစား ထို နေချိန်ကဲ့သို့ တရားပြာသာဒ်ပေါ် တက် နိဗ္ဗာန်အာရုံရှိသော ဖလသမာပတ်ဝင်စားထိုင် နေချိန်ကို သိအပ်၏။

၉-နိဗ္ဗာနသုတ်

အရှင်အာနန္ဒာက အရှင်သာရိပုတ္တရာအား “ဤလောက၌ အချို့သတ္တဝါများ မျက် မှောက်ဘဝ၌ပင် ကိလေသာ မငြိမ်းကုန်သောအကြောင်း အထောက်အပံ့ကား အဘယ် ပါနည်း”ဟု လျှောက်ရာ အရှင်သာရိပုတ္တရာက “ဤလောက၌ ဤသညာတို့သည် ယုတ် သောအဖို့ ရှိကုန်၏”ဟုလည်းကောင်း၊ “တည်သောအဖို့ ထူးသောအဖို့၊ ပေါက်ကွဲတတ် သော အဖို့ရှိကုန်၏”ဟုလည်းကောင်း သတ္တဝါများ ဟုတ်မှန်စွာ မသိကုန်သောကြောင့် တည်း၊ ကိလေသာငြိမ်းကုန်သော အကြောင်း အထောက်အပံ့မှာ ဤသညာ ၄-မျိုး တို့ကို သတ္တဝါများဟုတ်မှန်စွာသိကုန်သောကြောင့်တည်း ဟု မိန့်။ (ပဌမဈာန် ရသူကို ကာမအာရုံနှင့်တကူ ဖြစ်ကုန်သော အမှတ်ပြုခြင်း၊ နှလုံးသွင်းခြင်းတို့ လွှမ်းမိုးလျှင်ယုတ် သောအဖို့ရှိသော သညာမည်သည် စသည်ဖြင့် အဘိဓမ္မာနည်းအတိုင်း သိလေ။)

၁၀-မဟာပဒေသသုတ်

ဘုရားရှင် ဘောဂမြို့ အာနန္ဒာစေတီ၌ သီတင်းသုံးစဉ် ရဟန်းများအား “မြတ်သော ညွှန်ပြချက် မဟာပဒေသ ၄-မျိုး တို့ကို ဟောကြားပေအံ့၊ ထိုတရားတို့ကို နာယူကြ၊ ကောင်းစွာနှလုံးသွင်းကြ၊ ဟောပေအံ့”ဟု မိန့်တော်မူပြီး--

မြတ်သောညွှန်ပြချက် မဟာပဒေသ ၄-မျိုးမှာ−

(၁) ဤသာသနာတော်၌ ရဟန်းသည် “ငါသည်ဤတရားကို ဘုရားရှင်မျက်မှောက် တော်မှကြားနာသင်ယူရ၏၊ ဤကား သုတ် အဘိဓမ္မာတည်း၊ ဝိနည်း တည်း၊ ဘုရားအဆုံး အမတည်း”ဟု ပြောဆိုလာခဲ့မူ ထိုရဟန်း၏စကားကို မနှစ်သက် မတားမြစ်အပ်သေး၊ မနှစ်သက် မတားမြစ်မူ၍ ထိုပုဒ်ဗျည်းတို့ကို ကောင်းစွာသင်ယူလျက် သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်၊ ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်၏၊ ထိုသို့ သက်ဝင်စေအပ် ထင်စေအပ် ကုန်သော် အကယ်၍ သုတ် အဘိဓမ္မာ၌ လည်း မသက်ဝင်၊ ဝိနည်း၌ လည်း မထင်ကုန်အံ့၊ ဤစကားသည် မြတ်စွာဘုရားရှင်၏ စကားတော် အစစ်မဟုတ်၊ ဤရဟန်း၏ သာလျှင် မကောင်းသဖြင့် သင်ယူအပ်သော စကားတည်း ဟု ဤ၌ ဆုံးဖြတ်ရမည်။ ဤသို့ ဆုံးဖြတ်၍ ထိုစကားကိုစွန့်ကြကုန်လော့။ ထိုစကားကို

,,,

စာမျက်နှာ-643


ရဟန်းသည် “ငါသည် ဤတရားကို (လ) အကယ်၍ သုတ် အဘိဓမ္မာ၌လည်း သက်ဝင်၊ ဝိနည်း၌လည်း ထင်ကုန်အံ့” ဤစကားသည် ဘုရားရှင်၏ စကားတော် အစစ်တည်း။ ဤရဟန်း၏ သာလျှင် ကောင်းစွာ သင်ယူအပ်သော စကားတည်းဟု ဤအရာ၌ ဆုံးဖြတ်ရမည်၊ ဤပဌမ မဟာပဒေသကို ဆောင်ကြကုန်လော့။

(၂) ရဟန်းသည် “ဤမည်သောကျောင်း၌ မထေရ်နှင့်တကွသော အကြီးအမှူး နှင့်တကွသော သံဃာသည် နေ၏၊ ငါသည် ဤတရားကို ထိုသံဃာ၏ မျက်မှောက်မှ ကြားနာသင်ယူရ၏” ဤကား သုတ်အဘိဓမ္မာတည်း (လ) အကယ်၍ သုတ် အဘိဓမ္မာ ၌လည်း မသက်ဝင်၊ ဝိနည်း၌လည်း မထင်ကုန်အံ့။ ဤစကားသည် ဘုရားရှင်၏ စကားတော် အစစ်မဟုတ်။ ထိုသံဃာ၏သာလျှင် မကောင်းသဖြင့် သင်ယူအပ်သော စကားတည်းဟု ဤအရာ၌ ဆုံးဖြတ်ရမည်၊ ဤသို့ ဆုံးဖြတ်၍ ထိုစကားကို စွန့်ကြ လော့။

ရဟန်းသည် “ဤမည်သောကျောင်း၌ မထေရ်နှင့်တကွသော (လ) အကယ်၍ သုတ်အဘိဓမ္မာ၌လည်း သက်ဝင်၊ ဝိနည်း၌လည်း ထင်ကုန်အံ့၊ “ဤစကားသည် ဘုရားရှင်၏ စကားတော် အစစ်တည်း။ ထိုသံဃာ၏သာလျှင် ကောင်းစွာ သင်ယူအပ် သော စကားတည်း”ဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ဤဒုတိယ မဟာပဒေသကို ဆောင် ကုန်ကြလော့။

(၃) ရဟန်းသည် “ဤမည်သောကျောင်း၌ အကြား အမြင် များကုန်သော ပါဠိအာဂုံ နှုတ်ငုံဆောင်၍ သုတ် အဘိဓမ္မာကို ဆောင်ကုန်သော ဝိနည်းကိုဆောင်၍ မာတိကာကို ဆောင်ကုန်သော များစွာသော မထေရ်ဖြစ်ကုန်သော ရဟန်းတို့သည် နေကုန်၏။ ငါသည် ဤတရားကို ထိုမထေရ်တို့၏ မျက်မှောက်မှ ကြားနာသင်ယူရ၏၊ ဤကား သုတ်အဘိဓမ္မာတည်း၊ (လ) အကယ်၍ သုတ် အဘိဓမ္မာ၌လည်း မသက်ဝင် ဝိနည်း၌လည်း မထင်ကုန်အံ့။ “ဤစကားသည် ဘုရားရှင်၏ စကားတော် အစစ် မဟုတ်၊ ထိုမထေရ်တို့၏သာလျှင် မကောင်းသဖြင့် သင်ယူအပ်သော စကားတည်း”ဟု ဤအရာ၌ ဆုံးဖြတ်ရမည်၊ ဤသို့ ဆုံးဖြတ်၍ ထိုစကားကို စွန့်ကြကုန်လော့။

ရဟန်းသည် “ဤမည်သောကျောင်း၌ အကြားအမြင် များကုန်သော (လ) အကယ်၍ သုတ် အဘိဓမ္မာ၌လည်း သက်ဝင်၊ ဝိနည်း၌လည်း ထင်ကုန်အံ့” ဤစကား သည် ဘုရားရှင်၏ စကားတော် အစစ်တည်း၊ ထိုမထေရ်တို့၏သာလျှင် ကောင်းစွာ သင်ယူအပ်သော စကားတည်းဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ဤတတိယ မဟာပဒေသ ကို ဆောင်ကြကုန်လော့။

(၄) ရဟန်းသည် ဤမည်သောကျောင်း၌ အကြား အမြင်များသော ပါဠိ အာဂုံနှုတ်ဆောင်၍ သုတ် အဘိဓမ္မာကိုဆောင်သော ဝိနည်းကိုဆောင်၍ မာတိကာ

စာမျက်နှာ-644


ကိုဆောင်သော တဦးသော မထေရ်သည် နေ၏၊ ငါသည် ဤတရားကို ထိုမထေရ်၏ မျက်မှောက်မှ ကြားနာ သင်ကြားရ၏။ ဤကား သုတ်အဘိဓမ္မာတည်း၊ (လ) အကယ်၍ သုတ်အဘိဓမ္မာ၌လည်း မသက်ဝင်၊ ဝိနည်း၌လည်း မထင်ကုန်အံ့။ “ဤစကားတော် သည် ဘုရားရှင်၏ စကားတော် အစစ်မဟုတ်၊ ထိုမထေရ်၏သာလျှင် မကောင်းသဖြင့် သင်ယူအပ်သော စကားတည်း”ဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ဤသို့ ဆုံးဖြတ်၍ ထိုစကားကို စွန့်ကြကုန်လော့။

ရဟန်းသည် “ဤမည်သောကျောင်း၌ အကြား အမြင်များသော (လ) အကယ်၍ သုတ်အဘိဓမ္မာ၌လည်း သက်ဝင်၊ ဝိနည်း၌လည်း ထင်ကုန်အံ့” ဤစကားသည် ဘုရား ရှင်၏ စကားတော် အစစ်တည်း။ ထိုမထေရ်၏သာလျှင် ကောင်းစွာသင်ယူအပ်သော စကားတည်းဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ဤစတုတ္ထ မဟာပဒေသကို ဆောင်ကြ ကုန်လော့။ ဤ ၄-မျိုးတို့တည်းဟု မိန့်။

ဘောဂမြို့၌ သီတင်းသုံးစဉ် ပရိနိဗ္ဗာန်စံခါနီး ခရီးစဉ်ကြွ ထိုမြို့ရောက်လာသည်။ အာနန္ဒဘီလူး၏ ဗိမာန်နေရာ၌ ကျောင်းတည်ထား၍ အာနန္ဒာစေတီ။

မဟာပဒေသ မြတ်ကုန်သော ဘုရား စသည်တို့ကို ရည်ညွှန်း၍ ဆိုအပ်ကုန်သော အကြောင်းကြီးများ၊ ဝါ-မြတ်သော ရည်ညွှန်းချက်များ။

မနှစ်သက်အပ်သေး နှစ်သက်လိုက်လျှင် “သုတ် စသည်နှင့် မညီ” ဟု နောင် ဆိုသော်လည်း “ဘယ်လိုလဲ၊ ရှေးကတော့ တရား၊ ယခု မတရား”ဟုဆိုပြီး အယူကို စွန့်မည် မဟုတ်ပေ၊ တားမြစ်လိုက်လျှင် ဆိုသင့်သည်ကိုမျှ ဆိုတော့မည် မဟုတ်။

ကောင်းစွာသင်ယူ၍ ဤနေရာ၌ ပါဠိကို၊ အနက်ကို၊ အနုသန္ဓေကို၊ ရှေ့ နောက် ကို ဟောသည်ဟု ကောင်းစွာ သင်ယူရမည်။

သုတ္တ ဝိနယအခွဲ ဘာသာပြန်၌ သုတ္တအရ သုတ်အဘိဓမ္မာ၊ ဝိနယအရ ဝိနည်းဟု ခွဲထားသော်လည်း ဤအဋ္ဌကထာ၌ နည်းစုံပြ၍–
-သုတ္တ-ဝိနည်း၊ ဝိနယ-ခန္ဓက ဟု အကိုးပြခဲ့သည်။ (ဝိနည်း-၅ကျမ်း မကုန်။)
-သုတ္တ-ဥဘတောဝိဘင်း၊ ဝိနယ-ခန္ဓက-ပရိဝါရ (ကုန်။)
-သုတ္တ-သုတ္တန်ပိဋက၊ ဝိနယ-ဝိနည်းပိဋက (ပိဋက ၂-ပုံသာကုန်)
-သုတ္တ-သုတ္တန် အဘိဓမ္မာပိဋက၊ ဝိနယ-ဝိနည်းပိဋက (ပိဋက ၃ ပုံကုန်ပြီမဆိုနိုင်သော သုတ်အမည်မရသော ဇာတက၊ ပဋိသမ္ဘိဒါ၊ နိဒ္ဒေသ၊ သုတ္တနိပါတ၊ ဓမ္မပဒ၊ ဥဒါန၊ ဣတိဝုတ်၊ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ ထေရဂါထာ၊ ထေရီဂါထာ၊ အပဒါန် ပိဋကများ ကျန်သေးသည်။)

စာမျက်နှာ-645


သုဒိန္နထေရ်အဆို သုတ်မမည်သော ဘုရားစကားမရှိဟု ဆိုကာ အထက်အားလုံး ပယ်၍ ပိဋက ၃-ပုံသည် သုတ္တ၊ သင့်သောအကြောင်းသည် ဝိနယ-ဟုဆိုကာ ဂေါတမီ အား ဘုရားဟော သုတ်ကို အကြောင်းပြသည်။

ယင်းသုတ်အချုပ်မှာ ဂေါတမီ၊ ဤတရားများကား ရာဂစသော တရားဆိုး များနှင့်တကွ ဖြစ်ဖို့ဖြစ်၍ ကင်းမဖြစ်ဟု အကြင်ပရိယတ် တရားများကို သိငြားအံ့၊ ထိုပရိယတ်တရားများကို ဤတရားကား ဓမ္မမဟုတ် ဝိနယမဟုတ် ... ဘုရားအဆုံးအမ မဟုတ်ဟု စင်စစ် သင်သိလေ ဂေါတမီဟု မိန့်တော်မူသည်။

သုတ်အဘိဓမ္မာ၌ မသက်ဝင်ကုန်အံ့ ... ပါဠိအစဉ်အားဖြင့်ဘယ်မှာမှမလာပဲ အမွေး ကိုထစေ၍ ဂုဠ ဝေဿန္တရ ဝေဒလ္လပိဋကများတွင် တပါးပါးမှလာသော ပုဒ်ဗျည်း များသာ ထင်ကုန်သည်၊ မှန်၏။ ဤသို့လာသော ပုဒ်ဗျည်းများသည် ရာဂစသည် ပယ်ဖို့ မထင်ကုန်ရကား စွန့်အပ်ကုန်သည်သာ။

စတုတ္ထမဟာပဒေသ ၄-ခုမြောက်သောတရား၏ တည်ရာတည်း။

(၁၉) ၄-ဗြာဟ္မဏဝဂ်၊ ၁-ယောဓာဇီဝသုတ်

မင်းအားထိုက် မင်းသုံးဖြစ် မင်း၏လက်ရုံးဟုသာ ရေတွက်ခြင်းသို့ ရောက်သော သူရဲကောင်း ပြည့်စုံရမည့် အင်္ဂါ ၄-မျိုးမှာ-ဤလောက၌ သူရဲကောင်းသည် ပစ်ကွင်း ကောင်းသော အရပ်၌လည်း လိမ္မာ၏၊ အဝေး၌လည်း မြားကို ကျစေနိုင်၏၊ မချွတ် မယွင်း စူးဝင်အောင်လည်း ပစ်နိုင်၏၊ အထည်ကိုယ်ကြီးကိုလည်း ဖောက်ထွင်းစေနိုင် ၏၊ ဤ ၄-မျိုးတို့တည်း။ ဤအတူသာလျှင်--

အင်္ဂါ ၄-မျိုးနှင့် ပြည့်စုံသော ရဟန်းသည် အဝေးမှဆောင်လာ၍မူလည်း ပေးလှူ ထိုက်၏၊ ဧည့်သည်ဖို စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူထိုက်၏၊ တမလွန်အတွက် ရည်မြော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီထိုက်၏၊ သတ္တဝါများ၏ ကောင်းမှုပြု ရန် အမြတ်ဆုံး လယ်မြေဖြစ်၏။ ၄-မျိုးမှာ’ဤသာသနာတော်၌ ရဟန်းသည် ပစ်ကွင်းကောင်းသော အရပ်၌လည်း လိမ္မာ၏ စသည်တို့တည်း။

ပစ်ကွင်းကောင်းသောအရပ်၌ လိမ္မာပုံမှာ- ရဟန်းသည် သီလရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏၊ ဤသို့လိမ္မာ၏၊ အဝေး၌လည်း မြားကို ကျရောက်စေနိုင်ပုံ မှာ-ရဟန်းသည် ကာလသုံးပါး၊ သန္တာန် ၂-ပါး၊ ကြမ်း နု ယုတ် မြတ် နီးဝေး လည်းဖြစ်သော ရုပ်အားလုံးကို “ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ့ကိုယ် မဟုတ်” ဟု ဟုတ်မှန်စွာ မှန်သော ဝိပဿနာပညာဖြင့် ရှု၏၊ ဝေဒနာစသည် ကြွင်း ခန္ဓာအားလုံးကိုလည်း အလားတူရှု၏၊ ဤသို့ ကျရောက်စေနိုင်၏။

စာမျက်နှာ-646


မချွတ်မယွင်း စူးဝင်စေနိုင်ပုံမှာ’“ဤကား ဆင်းရဲတည်း၊ (လ) ဆင်းရဲချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တည်း” ဟု ဟုတ်မှန်စွာ သိ၏၊ ဤသို့ စူးဝင်စေနိုင်၏၊ အထည်ကိုယ်ကြီးကို ဖောက်ခွဲနိုင်ပုံမှာ-ကြီးသောအဝိဇ္ဇာ အစုကို ဖောက်ခွဲနိုင်၏၊ ဤသို့ ဖောက်ခွဲစေနိုင်၏၊ ဤ ၄-မျိုးတို့တည်း။

၂-ပါဠိဘောဂသုတ်

ရဟန်း ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာ လောက၌ မည်သည့်ပုဂ္ဂိုလ်ပင်ဖြစ်စေ တရား ၄-မျိုးကို တာဝန်ခံနိုင်သူ မည်သူမျှမရှိပေ၊ ၄-မျိုးမှာ-
အိုခြင်းသဘောကို မအိုစေအံ့ဟု လည်းကောင်း၊ နာခြင်းသဘောကို မနာစေအံ့ဟု လည်းကောင်း၊ သေခြင်းသဘောကို မသေစေအံ့ဟု လည်းကောင်း၊ ကိလေသာ၏ အာရုံဖြစ်၍ ဘဝသစ်ကို တဖန်ဖြစ်စေတတ်ကုန်သော ပူပန်ခြင်းနှင့်တကွ ဖြစ်၍ ဆင်းရဲ ကျိုးရှိကုန်သော နောင်အခါ မွေး အို နာ သေ ကို ဖြစ်စေတတ်ကုန်သော ရှေးက မိမိပြု အပ်ပြီးကုန်သော ယုတ်ညံ့သော ကံတို့၏အကျိုးကို မဖြစ်စေအံ့ဟု လည်းကောင်း တာဝန်ခံနိုင်သူ မည်သူမျှမရှိပေ။ ဤ ၄-မျိုးတို့တည်း။

၃-သုတသုတ်

မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးစဉ် မဂဓမင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် ချဉ်းကပ် နှုတ်ဆက် ထိုင်နေလျက် ဘုရားရှင်အား−

အရှင်ဂေါတမ၊ “မည်သူမဆို မြင်သည်ကို “ဤသို့ ငါမြင်၏”ဟု လည်း ကောင်း၊ ကြားသည်ကို “ဤသို့ငါကြားသည်” ဟု လည်းကောင်း၊ တွေ့သည်ကို “ဤသို့ငါတွေ့သည်” ဟု လည်းကောင်း၊ သိသည်ကို “ဤသို့ငါသိ သည်”ဟု လည်းကောင်း ပြောဆိုခဲ့မူ ထိုပြောဆိုရာ၌ အပြစ်မရှိ”ဟု အကျွန်ုပ် ဤသို့ အယူဝါဒရှိသည်ဟု လျှောက်၏။

ပုဏ္ဏား၊ မြင်ရသမျှကို “ပြောဆိုအပ်၏”ဟု ငါမဆို၊ “မပြောဆိုအပ်” ဟုလည်း ငါမဆို၊ ကြားရ တွေ့ရ သိရသမျှကို ပြောဆိုအပ်၏ဟု ငါမဆို၊ “မပြောဆိုအပ်” ဟုလည်း ငါမဆို၊ အကြောင်းကား မြင်ရသည်ကို ပြောသူအား အကုသိုလ်တိုး၍ ကုသိုလ်ဆုတ်မူ ဤသို့မြင်ခြင်းကို “မပြောဆိုအပ်”ဟု ငါဆို၏၊ မြင်ရသည်ကို ပြောသူအား ကုသိုလ်တိုး၍ အကုသိုလ်ဆုတ်မူ ဤသို့မြင်ခြင်းကို “ပြောဆိုအပ်၏”ဟု ငါ ဆို၏။

ကြားရ တွေ့ရ သိရသည်ကို ပြော မပြောသင့်ရာ၌လည်း နည်းတူပင်တည်း။

စာမျက်နှာ-647


၄-အဘယသုတ်

ဇာဏုသောဏိပုဏ္ဏားသည် ဘုရားရှင်ထံ ချဉ်းကပ်နှုတ်ဆက် ထိုင်နေပြီး ဘုရားရှင် အား အရှင်ဂေါတမ၊ “သေခြင်း သဘောရှိသည် ဖြစ်ပါလျက် အသေမကြောက်သူ မထိတ်လန့်သူ မည်သည် မရှိနိုင်”ဟု အကျွန်ုပ် ဤသို့အယူဝါဒ ရှိပါသည်ဟုလျှောက်၏။ ပုဏ္ဏား၊ အသေကြောက်သူ ထိတ်လန့် သူလည်း ရှိ၏။ အသေမကြောက်သူ မထိတ်လန့်သူ လည်း ရှိ၏။

အသေကြောက်သူ ထိတ်လန့်သူဟူသည် - ဤလောက၌ အချို့သူသည် ကာမ ဂုဏ်တို့၌ မကင်းသော ရာဂ ဆန္ဒ ချစ်မြတ်နိုးခြင်း၊ မွတ်သိပ်ပူပန်ခြင်း တဏှာ ရှိ၏။ ထိုသူသို့ ပြင်းပြသော အနာရောဂါတမျိုးမျိုး ရောက်၏၊ ထိုသူအား “ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့သည် ငါ့ကို ဧကန်စွန့်ကြလိမ့်မည်၊ ငါကလည်း ချစ်ခင်ဖွယ်ရာ ကာမဂုဏ် တို့ကို စွန့်ရတော့မည်”ဟု အကြံဖြစ်၏။ ထိုသူသည် စိုးရိမ်ပင်ပန်းငိုကြွေး၏။ ရင်ဘတ် စည်တီး မြည်တမ်း၏၊ ပြင်းစွာ တွေဝေခြင်းသို့ ရောက်၏၊ ဤသူပင်တည်း။

အချို့သူသည် ကိုယ်၌ မကင်းသော ရာဂ၊ ဆန္ဒ (လ) ဤသူပင်တည်း။

အချို့သူသည် ကောင်းမှုကုသိုလ်ကို မပြုရသေး၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေး ကို မပြုရသေး၊ မကောင်းမှု၊ ကြမ်းကြုတ်မှု၊ ညစ်နွမ်းမှုကို ပြုပြီး ဖြစ်နေ၏၊ ထိုသူ သို့ပြင်းပြသောရောဂါတမျိုးမျိုး ကျရောက်၏၊ ထိုသူအား “ငါသည် ကောင်းမှုကုသိုလ် ကို မပြုမိလေစွ တကား၊ ကြောက်မက်ဖွယ် တားမြစ်ရေးကို မပြုမိလေစွ တကား၊ မကောင်းမှု၊ ကြမ်းကြုတ်မှု၊ ညစ်နွမ်းမှုကို ပြုမိခဲ့ပြီတကား၊ အချင်းတို့၊ ကောင်းမှုကုသိုလ် မပြုရသေးသော မကောင်းမှုကို ပြုပြီးဖြစ်နေသော ပုဂ္ဂိုလ်တို့၏ လားရာဂတိ ဟူသမျှသို့ ဘဝနောင်ခါ ငါလားရတော့အံ့ တကား”ဟု အကြံဖြစ်၏။ ထိုသူသည် စိုးရိမ်ပင်ပန်း ငိုကြွေး၏၊ ရင်ဘတ်စည်တီးမြည်တမ်း၏၊ ပြင်းစွာတွေဝေခြင်းသို့ ရောက်၏၊ ဤသူပင် တည်း။

အချို့သူသည် သူတော်ကောင်း တရားတို့၌ ယုံမှား၏၊ မဝေခွဲ မဆုံးဖြတ်နိုင်၊ ထို သူသို့ ပြင်းပြသော ရောဂါတမျိုးမျိုး ကျရောက်၏၊ ထိုသူအား “စင်စစ် ငါသည် သူတော်ကောင်းတရား၌ ယုံမှားခဲ့စွတကား၊ မဝေခွဲ မဆုံးဖြတ်နိုင်ခဲ့စွတကား”ဟု အကြံ ဖြစ်၏၊ ထိုသူသည် စိုးရိမ်ပင်ပန်း ငိုကြွေး၏၊ ရင်ဘတ်စည်တီးမြည်တမ်း၏၊ ပြင်းစွာ တွေဝေခြင်းသို့ ရောက်၏၊ ဤသူပင်တည်း။ အသေကြောက်သူ ၄-မျိုး။

အသေမကြောက်သူ မထိတ်လန့်သူဟူသည် - ဤလောက၌ အချို့သူသည် ကာမဂုဏ် တို့၌ ရာဂဆန္ဒ ချစ်မြတ်နိုးခြင်း မွတ်သိပ်ပူပန်ခြင်း တဏှာကင်း၏၊ ထိုသူသို့ပြင်းပြသော ရောဂါတမျိုးမျိုးကျရောက်၏၊ ထိုသူအား “ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့သည် ငါ့ကို ဧကန်စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာကာမဂုဏ်တို့ကို စွန့်ရတော့မည်”ဟု

စာမျက်နှာ-648


အကြံမဖြစ်၊ ထိုသူသည် မစိုးရိမ် မပင်ပန်း မငိုကြွေး ရင်ဘတ်စည်တီး မမြည်တမ်း ပြင်း စွာတွေဝေခြင်းသို့မရောက်၊ ဤသူပင်တည်း။

အချို့သူသည် ကိုယ်၌ ရာဂ ဆန္ဒချစ်မြတ်နိုးခြင်း (လ) ဤသူပင်တည်း။

အချို့သူသည် မကောင်းမှုကိုမပြု၊ ကောင်းမှုကို ပြုပြီးဖြစ်၏၊ ထိုသူသို့ ပြင်းပြသော ရောဂါတမျိုးမျိုးကျရောက်၏၊ ထိုသူအား “ငါသည်မကောင်းမှုကိုမပြု၊ ကောင်းမှုကို ပြုပြီးပြီ၊ အချင်းတို့၊ စင်စစ်မကောင်းမှုကိုမပြု၊ ကောင်းမှုကိုပြုပြီးသူတို့၏ လားရာဂတိ ဟူသမျှသို့ ဘဝနောင်ခါ ငါလားရတော့အံ့”ဟု အကြံဖြစ်၏၊ ထိုသူသည် မစိုးရိမ်၊ (လ) တွေဝေခြင်းသို့ မရောက်၊ ဤသူပင်တည်း။

အချို့သူသည် သူတော်ကောင်းတရား၌ မယုံမှား၊ ဝေခွဲဆုံးဖြတ်နိုင်၏၊ ထိုသူသို့ (လ)ထိုသူအား “ငါသည် စင်စစ်သူတော်ကောင်းတရား၌ မယုံမှား၊ ဝေခွဲဆုံးဖြတ် နိုင်၏”ဟု အကြံဖြစ်၏၊ ထိုသူသည် မစိုးရိမ်၊ (လ)တွေဝေခြင်းသို့မရောက်၊ ဤသူပင် တည်း။ မကြောက်သူ ၄-မျိုးဟု မိန့်။

ပုဏ္ဏားသည် တရားတော်ကို နှစ်သက်ဖွယ်ရှိကြောင်း လျှောက်ထားပြီး သရဏဂုံ တည် ဥပါသကာခံယူသွားသည်။

ယုံမှားမှု ၈-မျိုး ရတနာ ၃-ပါး၊ သိက္ခာ၊ ရှေးစွန်းနောက်စွန်း၊ ၂-ပါးသော အစွန်း၊ ပဋိစ္စ သမုပ္ပာဒ်တို့၌ ယုံမှားခြင်းတည်း၊ သင်ခြင်း၊ ပေးခြင်းနှင့်စပ်၍ မဆုံးဖြတ် နိုင်ခြင်းသို့ ရောက်သည်။

၅-သမဏသစ္စသုတ် (အဋ္ဌကထာ၌ ဗြာဟ္မဏသစ္စသုတ်)

ဘုရားရှင် ရာဇဂြိုဟ်မြို့၊ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးစဉ် သိပ္ပံနီမြစ်ကမ်း ပရိဗိုဇ် အာရာမ်၌လည်း အလွန်ထင်ရှားကျော်စောသော အန္နဘာရ၊ ဝရဓရ၊ သကုလုဒါယီ ပရိဗိုဇ်နှင့် အလွန်ထင်ရှားသော အခြားပရိဗိုဇ်များစွာလည်း နေကြသည်။

စုဝေးနေထိုင်ကြကုန်သော သာသနာတော်မှတပါး အယူရှိသည့် ထိုပရိဗိုဇ်တို့အား “ဤအကြောင်းကြောင့်လည်း ဗြာဟ္မဏသစ္စာတို့ ဖြစ်ကုန်၏”ဟု အကြားစကားဖြစ် ပေါ်နေခိုက် ညနေချမ်းအချိန် ထိုပရိဗိုဇ်အာရာမ်သို့ ဘုရားရှင် ကြွလာ ထိုင်နေပြီး “ငါဘုရားမလာမီအတွင်း သင်တို့၏ မပြီးသေးသော အကြားစကားအဘယ်နည်း”ဟု မေးရာ “ဤအကြောင်းကြောင့်လည်း ဗြာဟ္မဏသစ္စာတို့မည်ကုန်၏”ဟူသောအကြား စကား ဖြစ်ပေါ်လာပါသည်ဟု လျှောက်ကြသည်။

စာမျက်နှာ-649


ပရိဗိုဇ်တို့၊ ဤဗြာဟ္မဏသစ္စာ ၄-မျိုးတို့ကို ငါသည် ကိုယ်တိုင်ဉာဏ်ထူးဖြင့် မျက် မှောက်ပြု၍ ဟောကြားအပ်ကုန်၏၊ ၄-မျိုးမှာ’ဤလောက၌ ဗြာဟ္မဏသည် သတ္တဝါ အားလုံးကို မသတ်အပ်ဟုဆို၏၊ ဤသို့ဆိုသောဗြာဟ္မဏသည် မှန်သည်ကိုသာဆို၏၊ မှား သည်ကိုမဆို၊ ထိုဗြာဟ္မဏသည် ထိုအမှန်ဖြင့် ငါသမဏ၊ ငါဗြာဟ္မဏ၊ ငါမြတ်သူ ငါတူသူ ငါယုတ်သူဟု မထင်မှတ်၊ စင်စစ်သော်ကား ထိုသို့ဆိုရာ၌ အမှန်ကိုသာ ဉာဏ်ထူးဖြင့် သိ၍ သတ္တဝါများကို စောင့်ရှောက်သနားခြင်းငှာသာ ကျင့်၏။

ဗြာဟ္မဏသည် “အလုံးစုံသော ကာမဂုဏ်တို့သည် မရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်သောသဘောရှိကုန်၏”ဟု ဆို၏။ ဤသို့ဆိုသောဗြာဟ္မဏ သည် (လ)အမှန် ကိုသာ ဉာဏ်ထူးဖြင့်သိ၍ ကာမဂုဏ်တို့ကို ငြီးငွေ့ခြင်း၊ တပ်ခြင်း၊ ကင်းခြင်း၊ ချုပ်ခြင်း ငှာသာကျင့်၏။

ဗြာဟ္မဏသည် “အလုံးစုံသောဘဝတို့သည် အမြဲမရှိကုန်၊ (လ) အမှန်ကိုသာ ဉာဏ် ထူးဖြင့်သိ၍ ဘဝတို့ကို ငြီးငွေ့ခြင်း၊ ကင်းပြတ်ခြင်း၊ ချုပ်ခြင်းငှာသာ ကျင့်၏။

ဗြာဟ္မဏသည် “ငါသည် တစုံတခု၌ မိမိကို မမြင်၊ တစုံတယောက် ကြောင့်ကြ ခြင်း၌လည်း မိမိအတ္တကို မမြင်၊ ငါသည် တစုံတခု၌ (သူတပါးအတ္တကို) မမြင်၊ ငါသည် တစုံတခု၌လည်း (သူတပါးအတ္တကို) ငါ၏ကြောင့်ကြဖွယ် မမြင်”ဟု ဆို၏၊ ဤသို့ ဆိုသောဗြာဟ္မဏသည် မှန်သည်ကိုသာဆို၏။ မှားသည်ကိုမဆို၊ (လ)အမှန်ကိုသာ ဉာဏ် ထူးဖြင့် သိ၍ ကြောင့်ကြခြင်းမရှိသူ၏ အဖြစ်သာလျှင်ဖြစ်သော အကျင့်ကိုကျင့်၏၊ ဤ ၄-မျိုးတို့တည်းဟု မိန့်၊

ဆိုလိုရင်းမှာ ဘောဘောဆိုလေ့ရှိသော ပုဏ္ဏားများဆိုသော သစ္စာတို့မှတပါး သောပယ်ပြီး မကောင်းမှုရှိသော ဗြာဟ္မဏ၏သစ္စာ ၄-ပါးတို့ကို ၄-မဂ်တို့ဖြင့် ကိစ္စ ၁၆-ချက်ဖြင့် ငါဘုရားမျက်မှောက်ပြုသိ၍ ဟောအပ်ပြီ ဟူလို။

ထိုအမှန်ဖြင့် ငါသမဏဟု မထင်မှတ် ရဟန္တာသည် တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မမှတ်ပြီ၊ သတ္တဝါအားလုံး မသတ်အပ်စကားဖြင့် ဝစီသစ္စာ အတွင်းသွင်း၍ ပရ မတ္ထသစ္စာ နိဗ္ဗာန်ကို ပြသည်၊ ငါသည် တစုံတခု၌ မိမိအတ္တကို မမြင် စသော စကား ၄-မျိုးကား အနှုန်း ၄-ပါးရှိသော အတ္တမှ ကင်းဆိတ်ပုံ ဟောသော စကားတည်း။

၆-ဥမ္မဂ္ဂသုတ်

ရဟန်းတပါးသည် ဘုရားထံ ချဉ်းကပ် ရှိခိုးထိုင်နေပြီး ဘုရားရှင်အား “အဘယ် တရားသည် လောကကို ဆောင် လောကကို ဆွဲငင်ပါသနည်း၊ ဖြစ်ပေါ်နေသော အဘယ်တရား၏ အလိုသို့ လောကသည် လိုက်ပါနေရပါသနည်း”ဟု လျှောက်၏။

စာမျက်နှာ-650


ရဟန်း၊ ကောင်းပေစွ၊ သင့်အား ဖြစ်ပေါ် ထင်မြင်လာသော ဉာဏ်နှင့် အမေးပုစ္ဆာ သည် ကောင်းပေ၏၊” “အဘယ်တရားသည် (လ) လိုက်ပါနေရပါသနည်း”ဟု မေး သည် မဟုတ်လောဟု မေးတော်မူ၏။

အရှင်ဘုရား၊ မှန်ပါ၏ဟု လျှောက်၏၊ စိတ်သည် လောကကိုဆောင်၊ လောကကို ဆွဲငင်၏၊ ဖြစ်ပေါ်နေသော စိတ်၏ အလိုသို့ လောကသည် လိုက်ပါနေရ၏ဟု မိန့် တော်မူ၏။ ထိုရဟန်းသည် ကောင်းပါပြီဟု ဘုရားရှင်၏ တရားတော်ကို အလွန်နှစ် သက် ဝမ်းမြောက်သည်ဖြစ်၍ ဘုရားရှင်အား နောက်ထပ် ပုစ္ဆာကို မေးလျှောက်ပြန်၏၊ (နောက်၌လည်း ရဟန်းအမေး ဘုရားရှင်က အမေးကို ချီးမွမ်း၍ မေးခွန်းပြန်မေး၊ ဘုရားဖြေပြီးနောက် ရဟန်းဝမ်းမြောက်ပုံများ ပါသော်လည်း ချုံးအံ့။)

များသော အကြားအမြင်ရှိ၏။ တရားကို ဆောင်၏ဟု ဆိုအပ်ပါ၏၊ အဘယ်မျှ သော အတိုင်းအရှည်ဖြင့် များသောအကြားအမြင်ရှိသူ တရားကို ဆောင်သူ ဖြစ်ပါ သနည်းဟု လျှောက်ရာ ငါဘုရားသည် သုတ်၊ ဂေယျ၊ ဝေယျာကရုဏ်း၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ ဇာတ်၊ အဗ္ဗုတဓမ္မ၊ ဝေဒလ္လဟု ဆိုအပ်သော တရားများစွာတို့ကို ဟော အပ်ကုန်၏။ ၄-ပါးရှိသော ဂါထာ၏ အနက်ကို သိ၍ ပါဠိကို သိ၍ လောကုတ္တရာ တရား ၉-ပါးအားလျော်သော အကျင့်ကို ကျင့်သူကို “များသော အကြားအမြင် ရှိသူ တရားကို ဆောင်သူ”ဟု ဆိုထိုက်၏ဟု မိန့်။

အကြားအမြင်ရှိ၏၊ ကိလေသာကို ဖောက်ထွင်းတတ်သော ပညာရှိ၏ဟု ဆိုအပ်ပါ ၏၊ အဘယ်မျှသော အတိုင်းအတာဖြင့် အကြားအမြင်ရှိသူ ပညာရှိသူ ဖြစ်ပါသနည်း ဟု လျှောက်ရာ ဤသာသနာတော်၌ ရဟန်းအား “ဤကား ဆင်းရဲတည်း”ဟု ကြား နာ၏၊ ထိုဆင်းရဲ၏ သဘောကို မဂ်ပညာဖြင့် ထိုးထွင်း၍ မြင်၏၊ “ဤကား ဆင်းရဲ ကြောင်း၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တည်း”ဟု ကြားနာ ရ၏၊ ထိုအကျင့်၏ သဘောကိုလည်း မဂ်ပညာဖြင့် ထိုးထွင်း၍ မြင်၏၊ ဤသို့ အကြား အမြင်ရှိသူသည် ကိလေသာကို ဖောက်ထွင်းတတ်သော ပညာရှိသူ ဖြစ်၏ဟု မိန့်။

ပညာရှိ၏ ပညာကြီး၏ဟု ဆိုအပ်ပါ၏။ အဘယ်မျှသော အတိုင်းအတာဖြင့် ပညာ ရှိသူ ကြီးသူ ဖြစ်ပါသနည်းဟု လျှောက်ရာ ပညာရှိသူ ကြီးသူသည် မိမိဆင်းရဲရန် သူ တပါးဆင်းရဲရန် ၂-ပါးစုံတို့ ဆင်းရဲရန် မလှုံ့ဆော်၊ ကြံစည်ခဲ့သော် မိမိ သူတပါး ၂-ဦးသား၏ လည်းကောင်း၊ အလုံးစုံသော သတ္တလောက၏ လည်းကောင်း စီးပွား ကိုသာ ကြံစည်၏၊ ဤသို့ ပညာရှိသူ ကြီးသူ ဖြစ်၏ဟု မိန့်။

ဥမ္မဂ္ဂဟူသည် ... သုံးသပ်ခြင်း ပညာဖြစ်ခြင်းတည်း၊ ပညာဖြစ်ခြင်းကိုပင် သုံးသပ် ခြင်း အနက်ကြောင့် ဥမ္မဂ္ဂဆိုသည်၊ ဥမ္မဂ္ဂသည် ထင်ခြင်းအနက်ကြောင့် ပဋိဘာနမည် သည်(ဋ္ဌ-နိဿယ၌ ဥမင်္ဂဟု ရေးသည်။)

စာမျက်နှာ-651


၇- ဝဿကာရသုတ်

ဘုရားရှင် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးစဉ် မဂဓမင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် ဘုရားရှင်ထံ ချဉ်းကပ် နှုတ်ဆက်ထိုင်နေပြီး ဘုရားရှင်အား’
အရှင်ဂေါတမ၊ သူယုတ်သည် သူယုတ်ကို “ဤအရှင်ကား သူယုတ်” တည်းဟု သိနိုင်ရာ အံ့လောဟု လျှောက်၏၊ ပုဏ္ဏား၊ သိနိုင်ရာသော အကြောင်းအခွင့် မရှိဟု မိန့်တော်မူ၏၊ နောက်အမေးများကို ဖြေရာ၌–
သူယုတ်သည် သူတော်ကောင်းကို သူတော်ကောင်းဟု သိခွင့်မရှိ။

သူတော်ကောင်းသည် သူတော်ကောင်းကို သူတော်ကောင်းဟု သိခွင့်ရှိ၏။ သူတော်ကောင်းသည် သူယုတ်ကို သူယုတ်ဟု သိခွင့်ရှိသည်ဟု မိန့်လိုက်သည်။ အရှင်ဂေါတမ၊ အံ့ဖွယ်သရဲ ထူးကဲပေစွ၊ အထက်ပါစကားကို အရှင်ဂေါတမသည် အလွန်ကောင်းစွာ ဟောတော်မူ၏။

အခါတပါး တောဒေယျပုဏ္ဏား၏ ပရိသတ်၌ သူတပါးတို့အား ကဲ့ရဲ့ရှုတ်ချခြင်း ကို ဖြစ်စေကုန်၏။ “ရာမ၏သား (ဥဒကမည်သော ရသေ့) ရဟန်း၌ အလွန်ကြည်ညို၍ ရှိခိုးခြင်းစသော အရိုအသေပြုခြင်း သဘောရှိသည့် လွန်ကဲစွာနှိမ့်ချသော အခြင်း အရာကိုပြုသော ဤဧဠေယျ မည်သောမင်းသည် မိုက်၏။ ရာမ၏ သားရဟန်း၌ အလွန် ကြည်ညိုကုန်၍ ရှိခိုးခြင်းစသော အရိုအသေပြုခြင်း သဘောရှိသည့် လွန်ကဲစွာ နှိမ့်ချ သော အခြင်းအရာကို ပြုကုန်သော (ဧဠေယျ မင်း၏ အလုပ်အကျွေး) ယမက မောဂ္ဂလ နာဝိန္နကီ ဂန္ဓဗ္ဗ အဂ္ဂိဝေဿ မည်ကုန်သော ဤအခြံအရံ ပရိသတ်တို့သည်လည်း မိုက် ကုန်၏”ဟု ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေကုန်၏။

တောဒေယျပုဏ္ဏားသည် ထိုပရိသတ်တို့ကို ဤနည်းဖြင့် သိစေ၏။ အချင်းတို့ ငါဆိုမည့်စကားကို အဘယ်သို့ မှတ်ထင်ကုန်ကြသနည်း၊ ပညာရှိသော ဧဠေယျမင်း သည် ပြုသင့်သော အမှုနှင့် အလွန်ပြုသင့်သော အမှုတို့၌ လည်းကောင်း၊ ဆိုသင့် သော စကားနှင့် အလွန်ဆိုသင့်သော စကားတို့၌ လည်းကောင်း အကျိုးမြင်စွမ်းနိုင် သူတို့ထက် အထူးသဖြင့် အကျိုးကို မြင်စွမ်းနိုင်သလောဟု မေး၏။

အရှင်ပုဏ္ဏား၊ ဤအတိုင်း မှန်၏၊ ပညာရှိသော ဧဠေယျမင်းသည် ပြုသင့်သော အမှုနှင့် အလွန်ပြုသင့်သော အမှုတို့၌လည်းကောင်း၊ ဆိုသင့်သောစကားနှင့် အလွန် ဆိုသင့်သော စကားတို့၌လည်းကောင်း အကျိုးမြင်နိုင်စွမ်းသူတို့ထက် အထူးသဖြင့် အကျိုးကို မြင်နိုင်စွမ်းပါ၏ဟု ပြောဆို၏။

စာမျက်နှာ-652


အချင်းတို့၊ ပညာရှိသော ဧဠေယျမင်းထက် အထူးပညာရှိသော ရာမ၏ သားရဟန်း သည် ပြုသင့်သောအမှုနှင့် အလွန်ပြုသင့်သော အမှု၊ ဆိုသင့်သောစကားနှင့် အလွန် ဆိုသင့်သောစကားတို့၌ အကျိုးမြင်စွမ်းနိုင်သူတို့ထက် အထူးသဖြင့်အကျိုးကို မြင်စွမ်း နိုင်သောကြောင့် ဧဠေယျမင်းသည် ရာမ၏ သားရဟန်း၌ အလွန် ကြည်ညို၍ ရှိခိုးခြင်း စသော (လ) အခြင်းအရာကို ပြု၏။

အချင်းတို့၊ ငါဆိုမည့်စကားကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ ပညာရှိကုန်သော ယမက စသောအလုပ်အကျွေးတို့သည် ပြုသင့်သောအမှုနှင့် အလွန်ပြုသင့်သောအမှု ဆိုသင့်သောစကားနှင့် အလွန်ဆိုသင့်သော စကားတို့၌ အကျိုးမြင်စွမ်းနိုင်သူတို့ထက် အထူးသဖြင့် အကျိုးကို မြင်စွမ်းနိုင်ကုန်သလောဟု မေး၏။

အရှင်ပုဏ္ဏား၊ ဤအတိုင်း မှန်၏။ ပညာရှိကုန်သော အလုပ်အကျွေးတို့သည် ပြုသင့် သော အမှုနှင့် အလွန်ပြုသင့်သော အမှု (လ) စွမ်းနိုင်ပါ၏ဟု ပြောဆို၏။

အချင်းတို့၊ အလုပ်အကျွေးတို့ထက် အထူးသဖြင့် ပညာရှိသော ရာမ၏ သား ရဟန်းသည် ပြုသင့်သော အမှုနှင့် မပြုသင့်သောအမှု (လ) စွမ်းနိုင်သောကြောင့် အလုပ်အကျွေးတို့သည် ရဟန်း၌ အလွန်ကြည်ညိုကာ ရှိခိုးခြင်း စသော အခြင်းအရာ ကို ပြုကြကုန်၏ဟု သိစေ၏။

အရှင် ဂေါတမ၊ အံ့ဖွယ်သရဲ ထူးကဲပေစွ။ သူယုတ်သည် သူယုတ်ကို သူယုတ်ဟု သိခွင့်မရှိ၊ သူယုတ်သည် သူတော်ကောင်းကို သူတော်ကောင်းဟု သိခွင့်မရှိ၊ သူတော်ကောင်းသည် သူတော်ကောင်းကို သူတော်ကောင်းဟု သိခွင့်ရှိ၏။ သူတော် ကောင်းသည် သူယုတ်ကို သူယုတ်ဟု သိခွင့်ရှိ၏-ဟူ၍။ ဤစကားကို အရှင်သည် အလွန်ကောင်းစွာ ဟောကြားတော်မူပါ၏။ ယခုအခါ၌ အကျွန်ုပ်တို့သည် သွားပါ ကုန်အံ့၊ အကျွန်ုပ်တို့သည် အလုပ်ကိစ္ဝပြုဖွယ် များပါကုန်၏ဟုလျှောက်ရာ သွားရန် အချိန်ကို သင်သိ၏ (သွားရန်မှာ သင့်အလိုအတိုင်းပင် ဖြစ်၏)ဟု မိန့်၏။ ပုဏ္ဏား လည်း ဘုရားတရားတော်ကို အလွန် နှစ်သက် ဝမ်းမြောက်လျက် နေရာမှထ ဖဲသွား လေသည်။

တောဒေယျ သူတော်ကောင်း မိမိ သူတော်ကောင်းဖြစ်၍ ဧဠေယျမင်း သူ့ ပရိသတ် ရာမသား (ဥဒကရသေ့) ရဟန်းကို ချီးမွမ်းသည်။ အကန်းနှင့် သူယုတ်၊ မျက်စိမြင်သူနှင့် သူတော်ကောင်း တူသည်။

ကန်းသူသည် ကန်းသူ၊ ကောင်းသူ မည်သူကိုမျှမမြင်သလို သူယုတ်သည် သူယုတ် ကိုလည်းကောင်း၊ သူတော်ကောင်းကို လည်းကောင်း မသိ။ မျက်စိကောင်းသူသည် ကန်း ကောင်း ၂-ဦးလုံးကို မြင်သလို သူတော်ကောင်းလည်း ကောင်း ယုတ် ၂-ဦး လုံးကို သိသည်။

စာမျက်နှာ-653


၈-ဥပကသုတ်

ဘုရားရှင် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးစဉ် မဏိကာ၏သား ဥပက သည် ဘုရားရှင်ထံချဉ်းကပ်၍ ရှိခိုးထိုင်ပြီး ဘုရားရှင်အား သူတပါးအား ကဲ့ရဲ့ရှုတ်ချ ခြင်းကို ဖြစ်စေသူ၊ မည်သူမဆို ကုသိုလ်တရားကို မဖြစ်စေနိုင် ကဲ့ရဲ့စွပ်စွဲထိုက်သူသာ ဖြစ်၏ဟု အကျွန်ုပ် အယူဝါဒရှိပါသည်ဟု လျှောက်၏။ ဥပက၊ သင်လျှောက်ထား သလိုသာ ဖြစ်ခဲ့ပါမူ သူတပါးကို ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေ၍ ကုသိုလ်တရားကို မဖြစ်စေနိုင်သော သင်သည်ပင် ကဲ့ရဲ့စွပ်စွဲထိုက်သူဖြစ်၏ဟု မိန့်တော်မူ၏။

အရှင်ဘုရား၊ ရေမှ ဦးခေါင်းပေါ်ကာမျှဖြစ်သော ငါးကိုပင် ကျော့ကွင်းကြီးဖြင့် စွပ်ဘိသကဲ့သို့ ဦးခေါင်းပေါ်ကာမျှသာဖြစ်သော အကျွန်ုပ်ကို မြတ်စွာဘုရားသည် ဝါဒ ကျော့ကွင်းကြီးဖြင့် စွပ်အပ်ပါ၏ဟု လျှောက်၏။

ဥပက၊ ငါသည် “ဤကား အကုသိုလ်တည်း” ဟု ပညတ်၏၊ ထိုသို့ပညတ်ရာ၌ “ဤသို့သော အကြောင်းကြောင့်လည်း ထိုသဘောတရားသည် အကုသိုလ်ဖြစ်၏” ဟု ပြသောပုဒ်တို့သည် အက္ခရာတို့သည် မြတ်စွာဘုရား၏ ဓမ္မဒေသနာသည် အတိုင်းအရှည် မရှိ၊ ငါသည် “ထိုအကုသိုလ်ကို ပယ်အပ်၏” ဟု ပညတ်၏၊ ထိုသို့ပညတ်ရာ၌ “ဤ အကြောင်းကြောင့်လည်း ထိုအကုသိုလ်ကို ပယ်အပ်၏” ဟု ပြသောပုဒ်၊ အက္ခရာဓမ္မ ဒေသနာသည် အတိုင်းအရှည်မရှိ။

ဥပက၊ ငါသည် “ဤကားကုသိုလ်တည်း” ဟု ပညတ်၏၊ ထိုသို့ပညတ်ရာ၌ “ဤအကြောင်းကြောင့် ထိုသဘောတရားတို့သည် ကုသိုလ်ဖြစ်၏” ဟု ပြသော ပုဒ် အက္ခရာ ဓမ္မဒေသနာသည် အတိုင်းအရှည်မရှိ၊ ငါသည် “ထိုကုသိုလ်ကို ပွားများ အပ်၏” ဟု ပညတ်၏၊ ထိုသို့ပညတ်ရာ၌ “ဤအကြောင်းကြောင့်လည်း ထိုကုသိုလ်ကို ပွားများအပ်၏” ဟု ပြသောပုဒ် အက္ခရာ ဓမ္မဒေသနာသည် အတိုင်းအရှည်မရှိဟု မိန့် တော်မူရာ ဥပကသည် ဘုရား စကားတော်ကို အလွန်နှစ်သက်ပြီး နေရာမှထ ဘုရား ရှိခိုး အရိုအသေပြုကာ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းထံ ချဉ်းကပ်ပြီး ဘုရားရှင်နှင့် ပြောဆိုခဲ့သမျှ စကားအားလုံးကို ကြားလျှောက်၏။

ထိုအခါ အဇာတသတ်မင်းသည် အမျက်ထွက်၍ မနှစ်သက်ရကား ဥပကအား “ဤဆားဖိုရွာသား သူငယ်သည် အလွန်ဂုဏ်ကျေးဇူးကို ဖျက်ဆီးစွတကား၊ အလွန်နှုတ် ကြမ်းဖက်စွတကား၊ ယင်းဆားဖိုရွာသား ဖြစ်လျက်လည်း ထိုမြတ်စွာဘုရားကို ထိ ပါး ချုပ်ချယ်အပ်၏” ဟူ၍ မှတ်ထင်ဘိ၏၊ ဥပက၊ သင်သည် ဖဲလေလော၊ ပျက်စီး လေလော့၊ သင့်ကို ငါမမြင်လိုဟု ဆိုလေသည်။

စာမျက်နှာ-654


ပဏ္ဍိကာမိန်းမ၏သားဥပက ဒေဝဒတ် အလုပ်အကျွေး ဖြစ်ရကား ဘုရားရှင်သည် သူ့ထံရောက်လျှင် အပြစ်ပြော မပြော စုံစမ်းရန် ချဉ်းကပ်သည်၊ ဒေဝဒတ်သည် ကမ္ဘာပတ်လုံး ကုစားမရသော ငရဲသားဖြစ်သည်-ဟူသောစကားကို ကြား၍ ဘုရား ရှင်ကို ထိပါးလို၍ ချဉ်းကပ်၏ဟုလည်း ဆိုကြသည်၊ ဘုရားရှင်ကား သူ့စကားကိုပင် ယူ၍ သူ့လည်ပင်း ပြန်စွပ်သည်၊ အဇာတသတ်မင်းကလည်း မောင်းမဲပြီး လည်ကိုင် နှင် ထုတ်စေသည်။

၉-သစ္ဆိကရဏိယသုတ်

မျက်မှောက်ပြုအပ်သောတရား ၄-မျိုးမှာ-ကိုယ်ဖြင့်၊ သတိဖြင့်၊ မျက်စိဖြင့် ပညာဖြင့် မျက်မှောက်ပြုအပ်သော တရားတို့သည် ရှိကုန်၏၊ ကိုယ်ဖြင့် မျက်မှောက်ပြု အပ်သော တရားမှာ-ဝိမောက္ခ ၈-ပါး၊ သတိဖြင့်ကား ရှေး၌ နေဖူးသော ခန္ဓာအစဉ် မျက်စိဖြင့်ကား သတ္တဝါတို့၏ သေခြင်းဖြစ်ပေါ်ခြင်း၊ ပညာဖြင့် မျက်မှောက်ပြုအပ် သော တရားမှာ - အာသဝေါတရားတို့၏ကုန်ရာ အရဟတ္ထဖိုလ်တည်း၊ ဤ ၄-မျိုးတို့ တည်း ဟု မိန့်။

ပညာအဆင့်ဆင့် ဈာန်ပညာဖြင့် ဝိပဿနာပညာကို မျက်မှောက်ပြု၊ ဝိပဿနာ ပညာဖြင့် မဂ်ပညာကို၊ မဂ်ပညာဖြင့် ဖိုလ်ပညာကို၊ ဖိုလ်ပညာဖြင့် ပစ္စဝေက္ခဏာပညာ ကို မျက်မှောက်ပြုအပ်သည်။ အရဟတ္တဖိုလ်ကိုကား ပစ္စဝေက္ခဏာပညာဖြင့် မျက်မှောက် ပြုအပ်၏။

၁ ၀−ဥပေါသထသုတ်

ဘုရားရှင် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ပြာသာဒ်၌ သီတင်း သုံးစဉ် ရဟန်းအပေါင်းခြံရံကာ ထိုင်နေသော ဥပုသ်နေ့၌ ရဟန်းများကို စောင်းငဲ့ ကြည့်ရှုတော်မူလျက် - ဤပရိသတ်သည် ဒုဿီလအဖြစ်ဟူသောအဖျင်းမှကင်း၏၊ အဖျင်း မရှိ စင်ကြယ်၏၊ သီလဟူသောအနှစ်၌တည်၏၊ ယင်းသဘောရှိသော ရဟန်း သံဃာ ပရိသတ်ကို လောက၌ ဖူးမြော်ရန်မျှသော်လည်း ရနိုင်ခဲ၏၊ ယင်းသဘောရှိသော ရဟန်း သံဃာ ပရိသတ်သည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော် ထိုက်၏၊ (လ) အမြတ်ဆုံးလယ်မြေဖြစ်၏။

ယင်းသဘောရှိသော ရဟန်း သံဃာပရိသတ်အား အနည်းငယ် ပေးလှူအပ်သော အလှူသည် များစွာအကျိုးရှိ၏။ များစွာပေးလှူအပ်သော အလှူသည် များစွာ အကျိုးရှိ၏၊ ယင်းသဘောရှိသော ရဟန်းသံဃာ ပရိသတ်ကို ယူဇနာ အရာ အထောင် အရေအတွက်ရှိသော အရပ်တို့ကိုလည်း ရိက္ခာထုပ်ဖြင့် သွားသင့်၏။

စာမျက်နှာ-655


ဤရဟန်းအပေါင်း၌ နတ် ဗြဟ္မာအဖြစ်သို့ မတုန်မလှုပ်ခြင်းသို့ အရိယာအဖြစ်သို့ ရောက်နေသော ရဟန်းတို့သည် ရှိကုန်၏။

ရဟန်းသည် နတ်အဖြစ်သို့ ရောက်နေပုံမှာ’ဤသာသနာတော်၌ ရဟန်းသည် ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်သို့ ရောက်၍နေ၏၊ ဤသို့ ဥပပတ္တိ နတ်အဖြစ်သို့ ရောက်၏။

ဗြဟ္မာအဖြစ်သို့ ရောက်နေပုံမှာ - ရဟန်းသည် မေတ္တာနှင့် တကွ ဖြစ်သော စိတ်ဖြင့် အရပ်မျက်နှာတခုကို ပျံ့နှံ့စေ၍ နေ၏၊ ၂-ခုမြောက်၊ ၃-ခုမြောက်၊ ၄-ခုမြောက်သော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက်အောက် ဖီလာအရပ် အားလုံး သတ္တဝါအားလုံးတို့၌ မိမိနှင့် တူစွာ သတ္တဝါအားလုံး ပါဝင်သော သတ္တ လောကကို ပြန့်ပြော မြင့်မြတ်၍ အပိုင်းအခြားမရှိ ရန်မရှိ ကြောင့်ကြမရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့ စေ၍ နေ၏။

သနားခြင်း ကရုဏာ၊ ဝမ်းမြောက်ခြင်း မုဒိတာ၊ လျစ်လျူရှုခြင်း ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် အလားတူ ပျံ့နှံ့စေ၍ နေ၏၊ ဤသို့ ဗြဟ္မာအဖြစ်သို့ ရောက်၏။

မတုန်မလှုပ်ခြင်းသို့ ရောက်ပုံမှာ-အာကာသာနဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတန ဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ ၏၊ ဤသို့ မတုန်မလှုပ်ခြင်းသို့ ရောက်၏။

အရိယာ အဖြစ်သို့ ရောက်ပုံမှာ-ဤကား ဆင်းရဲတည်းဟု ဟုတ်မှန်တိုင်း (လ) ဆင်းရဲချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တည်းဟု ဟုတ်မှန်တိုင်း သိ၏၊ ဤသို့ ရဟန်းသည် အရိယာအဖြစ်သို့ ရောက်၏ဟု မိန့်။

ဤသုတ်မိန့်ကြောင်း စောင်းငဲ့ကြည့်စဉ် ဆိတ်ဆိတ်နေကာ ပဋိပတ် ရှိကြသော ရဟန်းများကို ကြည်ညိုသော မျက်စိတို့ဖြင့် မြင်ရကား ဝမ်းမြောက်တော်မူကာ ချီး မွမ်းလို၍ မိန့်သည်။

ရောက်ခြင်း ၃-မျိုး ရူပစတုတ္ထဈာန်၌ တည်၍ စိတ်ကို နစ်စေကာ အရဟတ္တဖိုလ် သို့ ရောက်လျှင် နတ်အဖြစ်သို့ ရောက်သူ၊ ဗြဟ္မဝိဟာရ ၄-ပါးတို့၌ တည်၍ စိတ် ကို နစ်စေကာ အရဟတ္တဖိုလ်သို့ ရောက်လျှင် ဗြဟ္မာအဖြစ်သို့ ရောက်သူ၊ အရူပဈာန် ၄-ပါး၌တည်၍ စိတ်ကို နစ်စေကာ အရဟတ္တဖိုလ်သို့ ရောက်လျှင် မတုန်မလှုပ်ခြင်းသို့ ရောက်သူမည်သည်။

စာမျက်နှာ-656


(၂၀) ၅-မဟာဝဂ်၊ ၁-သောတာနုဂတသုတ်

သောတပသာဒသို့ အစဉ်လျှောက်ကုန်သော နှုတ်ဖြင့် လေ့လာအပ် စိတ်ဖြင့် ရှုအပ်၍ ပညာဖြင့် ကောင်းစွာ ထိုးထွင်းသိအပ်ကုန်သော ပရိယတ်တရားတို့၏ (မချွတ်ရလိမ့် မည်ဟု) မျှော်လင့်အပ်သော အကျိုးဆက် ၄-မျိုးမှာ-

(၁) ဤသာသနာတော်၌ ရဟန်းသည် သုတ်၊ ဂေယျ၊ ဝေယျာကရုဏ်း၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ ဇာတ်၊ အဗ္ဗုတဓမ္မ၊ ဝေဒလ္လဟူသော တရားကို သင်ကြား၏၊ ထိုရဟန်းအား ထိုတရားတို့သည် သောတပသာဒသို့ အစဉ်လျှောက်ကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်၊ စိတ်ဖြင့် ရှုအပ်၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်းသိအပ်ကုန်၏။

ထိုရဟန်းသည် သတိလွတ်ကင်းသည် ဖြစ်၍ သေလွန်ရသော် နတ်ဘုံတမျိုးမျိုး၌ ဖြစ်၏။ ထိုနတ်ဘုံ၌ ချမ်းသာခြင်းရှိသော ပုဂ္ဂိုလ်အား တရားအစုတို့သည် ပေါ်လွင် ထင်ရှားကုန်၏၊ သတိဖြစ်ခြင်းသည် နုံ့နှေးသေး၏။ ထိုသတ္တဝါသည်ကား လျင်စွာ သာလျှင် တရားထူးကို ရနိုင်၏၊ ဤကား ပဌမအကျိုးဆက်တည်း။

(၂) ရဟန်းသည် သုတ်၊ ဂေယျ၊ (လ) နတ်ဘုံ တမျိုးမျိုး၌ ဖြစ်၏၊ ထိုနတ်ဘုံ၌ ချမ်းသာခြင်းရှိသော ထိုပုဂ္ဂိုလ်အား (ပရိယတ်)တရားအစုတို့သည် မပေါ်လွင် မထင် ရှားကုန်၊ စင်စစ်သော်ကား တန်ခိုးကြီး၍ စိတ်၏ လေ့လာခြင်းသို့ ရောက်ပြီးသော ရဟန်းသည် နတ်ပရိသတ်၌ တရားကို ဟောကြား၏။ ထိုပုဂ္ဂိုလ်အား ရှေးဘဝက “ငါ ကျင့်ခဲ့ဖူးသော အကျင့်မြတ်ဟူသော ထိုဓမ္မဝိနယသည် (ယခု ရဟန်းဟောသော) ဤဓမ္မ ဝိနယပင်တည်း” ဟု အကြံဖြစ်၏။ သတိဖြစ်ခြင်းသည် နုံ့နှေးသေး၏၊ ထိုအခါ၌ သတ္တ ဝါသည် လျင်စွာသာလျှင် တရားထူးကို ရနိုင်၏။

စည်ကြီးသံ၌ လိမ္မာကျွမ်းကျင်သော ယောက်ျားသည် ခရီးရှည်သွားလတ်သော် စည်ကြီးသံကို ကြားရာ၏။ ထိုယောက်ျားအား ထိုစည်ကြီးသံ၌ “စည်ကြီးသံလေလော၊ စည်ကြီးသံမဟုတ်လေသလော”ဟု ယုံမှားတွေးတောခြင်း မဖြစ်ပဲ စည်ကြီးသံဟူ၍ သာ လျှင် အမှန် ဆုံးဖြတ်ခြင်းသို့ ရောက်ရာသကဲ့သို့တည်း။
ဤကား ဒုတိယအကျိုးဆက်တည်း။

(၃) ရဟန်းသည် သုတ်၊ ဂေယျ၊ (လ) ပရိယတ်တရားအစုတို့သည် မပေါ်လွင် မထင်ရှားကုန်၊ တန်ခိုးကြီး၍ စိတ်၏ လေ့လာခြင်းသို့ ရောက်ပြီးသော ရဟန်းသည် လည်း နတ်ပရိသတ် တရားမဟော၊ စင်စစ်သော်ကား နတ်သားသည် နတ်ပရိသတ်၌ တရားဟော၏၊ ထိုပုဂ္ဂိုလ်အား ရှေးဘဝက “ငါကျင့်ခဲ့ဖူးသော အကျင့်မြတ်ဟူသော ထိုဓမ္မဝိနယသည် (ယခု နတ်သား ဟောနေသော) ဤဓမ္မဝိနယပင်တည်း” ဟု အကြံ ဖြစ်၏။ သတိဖြစ်ခြင်းသည် နှေးသေး၏၊ ထိုအခါ၌ ထိုသတ္တဝါသည် လျင်စွာသာ လျှင် တရားထူးကို ရနိုင်၏။

စာမျက်နှာ-657


ခရုသင်း၌ ကျွမ်းကျင် လိမ္မာသော ယောက်ျားသည် ခရီးရှည် သွားလတ်သော် ခရုသင်းသံကို ကြားရာ၏။ ထိုယောက်ျားအား ထိုခရုသင်းသံ၌ “ခရုသင်းသံလေလော၊ ခရုသင်းသံ မဟုတ်လေသလော”ဟု ယုံမှား တွေးတောခြင်းမဖြစ်ပဲ ခရုသင်းသံဟူ၍သာ လျှင် အမှန် ဆုံးဖြတ်ခြင်းသို့ ရောက်ရာသကဲ့သို့တည်း။ ဤကား တတိယ အကျိုးဆက် တည်း။

(၄) ရဟန်းသည် သုတ်၊ ဂေယျ (လ) ပရိယတ်တရားအစုတို့သည် မပေါ်လွင် မထင်ရှားကုန်။ တန်ခိုးကြီး (လ) ရဟန်းသည်လည်း တရားမဟော၊ နတ်ပရိသတ်၌ တရားမဟော၊ နတ်သားသည်လည်း တရားမဟော၊ စင်စစ်သော်ကား ရှေးဦးစွာဖြစ်နှင့် သော နတ်သားသည် နောက်ဖြစ်လာသော နတ်သားကို “အချင်းနတ်သား၊ ရှေးဘဝက ငါတို့ကျင့်ခဲ့ဖူးသော အကျင့်မြတ်ဟူသော ဓမ္မဝိနယကို သင်အောက်မေ့လော့”ဟု အောက်မေ့စေ၏။ ထိုနတ်သားသည် “ငါအောက်မေ့၏”ဟု ဆို၏။ သတိဖြစ်ခြင်းသည် နုံ့နှေးသေး၏။ ထိုအခါ သတ္တဝါသည် လျင်စွာသာလျှင် တရားထူးကို ရနိုင်၏။

မြေမှုန့်ကစားဖက် သူငယ်ချင်း ၂-ယောက်တို့ တခါတရံ တနေရာ၌ အချင်းချင်း တွေ့ဆုံပေါင်းမိကြရာ တယောက်က တယောက်ကို “အဆွေ၊ ဤအမှုကိုလည်း သင် အောက်မေ့လော့”ဟု ဆိုရာ၏။ ထိုသူငယ်ချင်းသည် “ငါ အောက်မေ့၏”ဟု ဆိုရာ သကဲ့သို့တည်း။ ဤကား စတုတ္ထအကျိုးဆက်တည်း။ ဤ ၄-မျိုးတို့တည်းဟု မိန့်။

ဤသုတ်ဖြစ်ရပ် အတ္ထုပ္ပတ် လိင် ဝုစ်ဝိဘတ်ပုဒ် ဗျည်းစသည်တို့ဖြင့် ဘုရားရှင် တရားဟောလျှင် ငါတို့သိပြီးကို ဟောမှာပဲ၊ မသိသည်ကို ဟောမည် မဟုတ်ဟု မှတ် ထင်ကြပြီး ပုဏ္ဏားမျိုးမှဖြစ်သော ရဟန်း ၅၀၀ ဘုရားထံသွား၍ တရားမနာကြ။ ထိုအကြောင်း ဘုရားရှင်သိ၍ ခေါ်ပြီး-

“ဘာ့ကြောင့် ဤသို့ ပြုကြသနည်း၊ ရိုသေစွာ တရားနာကြ၊ နာကြ ရွတ်ကြလျှင် ဤမျှသောအကျိုး”ဟု ပြုခြင်းငှာ ဤသုတ်ဟောသည်။

သတိလွတ်ကင်း၍သေ ဘုရားစကားကို သတိမရပဲ ပုထုဇဉ်တို့၏ သေခြင်းကို ရည်၏။ သို့သော် သီလစင်ကြယ်၍ နတ်၌ဖြစ်ရ၏။ နတ်ဖြစ်လျှင် ရှေးဘဝက ရွတ်ဖတ် ထားသော ဘုရားစကားများသည် မှန်ကြည်၌ အရိပ်ကဲ့သို့ အားလုံး ပေါ်လွင်လာ သည်။ ဘုရားစကားတော်ကို အောက်မေ့မှု သတိဖြစ်ရခြင်းက နှေးသေးသည်၊ လျင်စွာ နိဗ္ဗာန်ရနိုင်သည်။

တရားဟောရဟန်း တန်ခိုးရှိသော ရဟန္တာတည်း၊ နတ်သားအရလည်း ပဉ္စာလ စန္ဒနတ်သား၊ ဟတ္ထက ဗြဟ္မာကြီး၊ သနကုမာရ၊ ဓမ္မကထိက နတ်သား တဦးလည်း ဖြစ်၏။

စာမျက်နှာ-658


၂-ဌာနသုတ်

အကြောင်း ၄-မျိုးတို့ကို အကြောင်း ၄-မျိုးတို့ဖြင့် သိအပ်ပုံမှာ— အတူနေခြင်း ဖြင့် သီလကို သိနိုင်၏။ ထိုသီလကိုလည်း ကြာမြင့်မှသာ သိနိုင်၏။ ခဏတဖြုတ်ဖြင့် ကား မသိနိုင်။ နှလုံးသွင်းသူ ပညာရှိသူသာ သိနိုင်၏။ နှလုံးမသွင်းသူ ပညာမရှိသူ မသိ နိုင်။ အတူပြောဆိုခြင်းဖြင့် စင်ကြယ်ခြင်းကို သိနိုင်၏။ (လ) ဘေးရန်တို့၌ အစွမ်းကို သိနိုင်၏။ (လ) ဆွေးနွေးခြင်းဖြင့် ပညာကို သိနိုင်၏။ (လ) နှလုံးမသွင်းသူ ပညာ မရှိသူ မသိနိုင်။

အတူနေခြင်းဖြင့် သီလကို သိနိုင်၏စသော ဤစကားကို အဘယ်အကြောင်းကိုစွဲ၍ ဆိုအပ်သနည်း။ ဤလောက၌ ပုဂ္ဂိုလ်အချင်းချင်း အတူနေလျှင် “ဤအရှင်သည် ကာလကြာမြင့်စွာ သီလတို့၌ ကျိုးပေါက်ပြောက်ကျားသည်ကို ပြုလေ့ရှိ၏။ မြဲအောင် ပြုလေ့ မရှိ၊ သီလဖြင့် အသက်မွေးလေ့ မရှိ၊ ဒုဿီလတည်း၊ သီလရှိသူ မဟုတ်ဟု သိ၏။ “ဤအရှင်ကား ကာလကြာမြင့်စွာ သီလတို့၌ ကျိုးပေါက် ပြောက်ကျားသည် ကို ပြုလေ့မရှိ၊ မြဲအောင် ပြုလေ့ရှိ၏၊ သီလဖြင့် အသက်မွေးလေ့ရှိ၏၊ သီလရှိ၏၊ ဒုဿီလ မဟုတ်ဟု သိ၏။ ဤအကြောင်းကိုစွဲ၍ ဆိုအပ်၏။

အတူပြောဆိုခြင်းဖြင့် စင်ကြယ်ခြင်းကို သိနိုင်၏စသော ဤစကားကို အဘယ် အကြောင်းကိုစွဲ၍ ဆိုအပ်သနည်း။ ပုဂ္ဂိုလ်အချင်းချင်း အတူပြောဆိုလျှင် တယောက် ချင်းချင်း တမျိုးပြော၏။ ၂-ယောက်၊ ၃-ယောက် များစွာသောသူတို့နှင့် တမျိုး ပြောပြန်၏။ ဤအရှင်သည် ရှေ့စကားမှ နောက်စကားသို့ ပြောင်း၏၊ မစင်ကြယ် သော စကားရှိ၏၊ စင်ကြယ်သော စကား မရှိဟု သိ၏။ “ဤအရှင်ကား တယောက် ချင်းချင်း ပြောသကဲ့သို့ပင် ၂-ယောက်၊ ၃-ယောက် များစွာ သော သူတို့နှင့်လည်း နည်းတူပြောဆို၏။ ရှေ့စကားမှ နောက်စကားသို့ မပြောင်း၊ စင်ကြယ်သောစကား ရှိ၏၊ မစင်ကြယ်သောစကားမရှိ”ဟု သိ၏။ ဤအကြောင်းကိုစွဲ၍ သိအပ်၏။

ဘေးရန်တို့၌ အစွမ်းကိုသိနိုင်၏စသော ဤစကားကို (လ) ဆိုအပ်သနည်း။ ဤ လောက၌ အချို့သူသည် ဆွေမျိုးစည်းစိမ် အနာရောဂါ ပျက်စီးခြင်းဖြင့် တွေ့ကြုံ လတ်သော် “လာဘ်ရ မရ၊ အခြံအရံရှိရှိ၊ ကဲ့ရဲ့ ချီးမွမ်း ချမ်းသာ ဆင်းရဲဟူသော လောကဓံတရား ၈-ပါးဟူသည် လောကသို့ အစဉ်လိုက်ကုန်၍ လောကသည်လည်း လောက တရား ၈ ပါးသို့ အစဉ်လိုက်သော အခြင်းအရာအားဖြင့်သာလျှင် လောက ၌ နေထိုင်ရခြင်း၊ အတ္တဘောကို ရခြင်းသည် ဖြစ်နေ” ဟု မဆင်ခြင်၊ ထိုသူသည် ဆွေမျိုး စသည်တို့၏ ပျက်စီးခြင်းဖြင့် တွေ့ကြုံလတ်သော် စိုးရိမ်ပင်ပန်း ငိုကြွေး၏၊ ရင်ဘတ် စည်တီး မြည်တမ်း၏၊ ပြင်းစွာ တွေဝေခြင်းသို့ ရောက်၏။

စာမျက်နှာ-659


အချို့သူသည်ကား ဆွေမျိုးစသည်တို့၏ ပျက်စီးခြင်းနှင့် တွေ့ကြုံလျှင် လောကဓံ သဘောကိုဆင်ခြင်ကာ မစိုးရိမ်၊ တွေဝေခြင်းသို့ မရောက်၊ ဤအကြောင်းကိုစွဲ၍ ဆို အပ်၏။

ဆွေးနွေးခြင်းဖြင့် ပညာကို သိနိုင်၏စသောဤစကားကို (လ) ဆိုအပ်သနည်း၊ ပုဂ္ဂိုလ်အချင်းချင်း ဆွေးနွေးလတ်သော် “ဤအရှင်၏ ပြဿနာပေါ်လာပုံ၊ နှလုံးသွင်းပုံ၊ မေးပုံ အခြင်းအရာအားဖြင့်ပင် ဤအရှင်ကား ပညာမဲ့ ပညာရှိမဟုတ်ဟု သိ၏၊ သိကြောင်းမှာ” ဤအရှင်သည် နက်နဲငြိမ်သက် မွန်မြတ်၍ ကြံဆခြင်းဖြင့် မသက်ဝင်နိုင် သော သိမ်မွေ့၍ ပညာရှိတို့သာ သိအပ်သော အနက်အစုကို မထုတ်ဆောင်နိုင်သော ကြောင့်လည်းကောင်း၊ ဤအရှင်ဟောကြားသော တရား၏အနက်ကိုလည်း အကျဉ်း အကျယ်တခုခုဖြင့် ပြောဟောရန် အပြားအားဖြင့် သိစေရန်၊ ထားရန်၊ ဖွင့်ရန် ပေါ် လွင်အောင်ပြုရန် မစွမ်းနိုင်သောကြောင့် လည်းကောင်း ဤအရှင်ကား ပညာမဲ့ ပညာရှိမဟုတ်ဟု သိ၏။

ရေအိုင်ကမ်းနား၌ ရပ်တည်နေသော မျက်စိအမြင်ရှိ ယောက်ျားသည် ပေါ်လာ သော ငါးငယ်ကို မြင်ရာ၏၊ ထိုယောက်ျားအား “ဤငါး၏ပေါ်လာပုံ ရေလှိုင်းကို ဖျက်ဆီးပုံ အဟုန်လျင်မြန်ပုံ အခြင်းအရာအားဖြင့်ပင် ဤငါးသည် ငယ်၏၊ ငါးကြီး မဟုတ်ဟု သိရာသကဲ့သို့တည်း။

“ဤအရှင်၏ ပြဿနာပေါ်လာပုံ၊ နှလုံးသွင်းပုံ၊ မေးပုံအခြင်း အရာဖြင့်ပင် ဤ အရှင်ကား ပညာရှိ ပညာမဲ့ မဟုတ်ဟု သိ၏၊ သိကြောင်းမှာ ဤအရှင်သည် နက်နဲငြိမ် သက် မွန်မြတ်၍ ကြံဆခြင်းဖြင့် မသက်ဝင်နိုင်သော သိမ်မွေ့၍ ပညာရှိတို့သာ သိနိုင် သောအနက်စုကို ထုတ်ဆောင်နိုင်သောကြောင့် လည်းကောင်း၊ ဤအရှင် ဟောကြား အပ်သော တရား၏အနက်ကိုလည်း အကျဉ်းအကျယ်တခုခုဖြင့် ဟောပြောရန် (လ) ပေါ်လွင်အောင်ပြုရန် စွမ်းနိုင်သောကြောင့် လည်းကောင်း ဤအရှင်ကား ပညာရှိ ပညာမဲ့ မဟုတ်ဟု သိ၏။

ရေအိုင်၏ ကမ်းနား၌ ရပ်တည်နေသော မျက်စိအမြင်ရှိ ယောက်ျားသည် ပေါ်လာ သောငါးကြီးကို မြင်ရာ၏၊ ထိုယောက်ျားအား “ဤငါး၏ပေါ်လာပုံ ရေလှိုင်းကို၊ ဖျက်ဆီးပုံ၊ အဟုန် အလျင်မြန်ပုံ အခြင်းအရာအားဖြင့်ပင် ဤငါးသည် ကြီး၏ အငယ် မဟုတ်ဟု သိရာသကဲ့သို့တည်း၊ ဤအကြောင်းကိုစွဲ၍ဆိုအပ်၏၊ ဤသို့ သိအပ်ကုန်၏။

၃-ဘဒ္ဒိယသုတ်

ဘုရားရှင်ဝေသာလီပြည် မဟာဝနတော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံးစဉ် ဘဒ္ဒိယလိစ္ဆဝီမင်း ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုးထိုင်နေပြီး အရှင်ဘုရား၊

စာမျက်နှာ-660


၃-ဘဒ္ဒိယသုတ်

“ရဟန်းဂေါတမသည် သူတပါးတို့ကို လှည့်ပတ်တတ်၏၊ မိမိဘက် လည်စေတတ်သော အာဝဇ္ဇနိယမာယာအတတ်ကို တတ်၏၊ ယင်းမာယာဖြင့် အယူတပါးရှိသော တိတ္ထိတို့၏ တပည့်တို့ကို လှည့်ပတ်၏”ဟု ဆိုသောဤစကားကို တပည့်တော်ကြားဖူးပါသည်။

အသို့ပါနည်း၊ လှည့်ပတ်၏ဟု ဆိုသူတို့သည် ဘုရားရှင် ဆိုတိုင်း ဆိုကြပါ၏လော၊ ဘုရားရှင်ကို မဟုတ်မမှန် စွပ်စွဲရာမရောက်ပဲ ရှိပါကုန်၏လော၊ ဘုရားဟောသောတရား ကိုပင် တဆင့်ဟောကြားကြသည် ဟုတ်ပါ၏လော၊ ဘုရားရှင်၏ မူရင်းစကားနှင့် ထိုသူ တို့၏ တဆင့်စကားသည် ကဲ့ရဲ့ဖွယ်အကြောင်း လုံးဝကင်းပါ၏လော၊ တပည့်တော်များ ကား ဘုရားရှင်ကို မစွပ်စွဲလိုကြပါ”ဟု လျှောက်ထား၏။

ဘဒ္ဒိယ၊ လာကြကုန်၊ သင်တို့သည် သူတပါးပြောသံကြားကာမျှဖြင့် ဟုတ်မှန်ပြီ ဟု အတည်မယူကြလင့်ဦး၊ အစဉ်အဆက် စကားမျှ၊ ဤသို့ဖြစ်ဖူး သတတ်ဟူသောစကား မျှ၊ ပိဋကတ်စာပေနှင့် ညီညွတ်ပေသည်ဟူ၍ ကြံဆတွေးတော၍ ယူခြင်းမျှ၊ နည်းမှီး ယူခြင်းမျှဖြင့်လည်း၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း၊ ငါတို့ကြံစည်နှစ် သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း၊ မှတ်ယူထိုက်သော သဘော မျှဖြင့်လည်း၊ ငါတို့လေးစားထိုက်သော ရဟန်း၏ စကားဟူ၍လည်း မယူကြလင့်ဦး’ “ဤတရားတို့ကား အကုသိုလ်တရား၊ အပြစ်ရှိသောတရား၊ ပညာရှိများ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားများကို ပြည့်စုံစေအပ် ဆောက်တည်အပ်လျှင် စီးပွားမဲ့ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏”ဟု သင်တို့ကိုယ်တိုင်သိသောအခါ ပယ်ကြရာ၏။

ဘဒ္ဒိယ၊ ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း၊ လောဘသည် သတ္တဝါ၏ အတွင်း သန္တာန်၌ဖြစ်လျှင် စီးပွားရှိဖို့ဖြစ်သလော၊ ပဲ့ဖို့ဖြစ်သလော၊ မဲ့ဖို့ဖြစ်ပါသည်ဘုရား။ လောဘကြီးသော ပုဂ္ဂိုလ်သည် လောဘနှိပ်စက်အပ် သိမ်းယူအပ်သောစိတ် ရှိသည် ဖြစ်၍ သူ့အသက်ကိုလည်းသတ်၊ သူ့ဥစ္စာကိုလည်း ခိုး၊ သူ့မယားကိုလည်း မှား၊ အမှား ကိုလည်း ပြောဆို၏၊ သူတပါးကိုလည်း ထိုအတိုင်းပြုရန် ဆောက်တည်စေ၏၊ ထိုသူ အား ရှည်စွာသောကာလပတ်လုံး စီးပွားမဲ့ ဆင်းရဲဖို့ရာ ဖြစ်နိုင်သည်မဟုတ်လော၊ ဖြစ် နိုင်ပါသည်ဘုရား။ (အမျက်ထွက်ခြင်း ဒေါသ၊ တွေဝေခြင်း မောဟ၊ ချုပ်ချယ်ခြင်း သာရမ္ဘ နှင့် စပ်၍လည်း နည်းတူ မိန့်တော်မူသည်။)

ဘဒ္ဒိယ၊ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ အကုသိုလ်တရားတို့လော၊ အကုသိုလ်တရားတို့ပါဘုရား။ အပြစ်ရှိမရှိ၊ အပြစ် ရှိသော တရားတို့ပါဘုရား။ ပညာရှိများ ကဲ့ရဲ့ ချီးမွမ်း၊ ကဲ့ရဲ့အပ်သော တရားတို့ပါ ဘုရား။ ဤတရားတို့ကို ပြည့်စုံစေအပ် ကောင်းစွာဆောက်တည်အပ်လျှင် အကျိုးစီးပွား မဲ့ ဆင်းရဲဖို့ရာ ဖြစ်ကုန်သလော၊ မဖြစ်ကုန်သလော၊ ဤအရာ၌ သင်တို့စိတ် အဘယ် သို့ရှိသနည်း။ စီးပွားမဲ့ ဆင်းရဲဖို့သာ ဖြစ်ပါ၏၊ ဤနေရာ၌ တပည့်တော်တို့စိတ် ဤသို့ ရှိပါသည်ဟု လျှောက်၏။

စာမျက်နှာ-661


ဘဒ္ဒိယ၊ လာကြကုန်လော့၊ သင်တို့သည် သူတပါး ပြောသံကြားကာမျှဖြင့် ဟုတ် မှန်ပြီဟု အတည်မယူကြလင့်ဦး၊ (လ) သင်တို့ကိုယ်တိုင် ပယ်ကြရာ၏ဟု ငါဆိုခဲ့သော စကားသည် ဤသည်ကိုစွဲ၍ ဆိုခဲ့သောစကားဖြစ်၏၊ ဘဒ္ဒိယ၊ သင်တို့သည် သူတပါး ပြောသံကြားကာမျှဖြင့် ဟုတ်မှန်ပြီဟု အတည်မယူကြလင့်ဦး၊ (လ) ဤတရားတို့ ကား ကုသိုလ်တရား၊ အပြစ်မဲ့သောတရား၊ ပညာရှိများ ချီးမွမ်းအပ်သော တရားတို့ တည်း။ ဤတရားတို့ကို အပြည့်အစုံ ဆောက်တည်အပ်လျှင် စီးပွားချမ်းသာဖို့ရာ ဖြစ် ကုန်၏”ဟု သင်တို့ကိုယ်တိုင် သိသောအခါ ပြည့်စုံစေ၍ နေကုန်ရာ၏။

ဘဒ္ဒိယ၊ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အလောဘသည် သတ္တဝါတို့၏ အတွင်းသန္တာန်၌ဖြစ်လျှင် စီးပွားရှိဖို့ဖြစ်သလော၊ မဲ့ဖို့ဖြစ်သလော၊ ရှိဖို့ပါဘုရား။ မတပ် မက်သော (လောဘမကြီးသော) ပုဂ္ဂိုလ်သည် လောဘမနှိပ်စက်အပ်၊ မသိမ်းယူအပ် သောစိတ် ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း မသတ်၊ မပေးသည်ကို မယူ၊ သူ့မယား မမှား၊ အမှားစကားကိုလည်း မဆို၊ သူတပါးကိုလည်း ထိုအတိုင်းပြုရန် မဆောက် တည်စေ၊ ထိုသူအား ရှည်စွာသော ကာလပတ်လုံး စီးပွားချမ်းသာ ဖြစ်နိုင်သည် မဟုတ်လော၊ ဖြစ်နိုင်ပါသည်ဘုရား။ (အမျက်မထွက်ခြင်း အဒေါသ၊ မတွေဝေခြင်း အမောဟ၊ မချုပ်ချယ်ခြင်း အသာရမ္ဘနှင့် စပ်၍လည်း နည်းတူမေးတော်မူသည်။)

ဘဒ္ဒိယ၊ ထိုအရာကို သင်တို့အဘယ်သို့မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည် ကုသိုလ် တရားတို့လော၊ အကုသိုလ်တရားတို့လော၊ ကုသိုလ်တရားတို့ပါဘုရား။ အပြစ်ရှိ၊ မဲ့၊ အပြစ်မဲ့သော တရားတို့ပါဘုရား။ ပညာရှိများ ကဲ့ရဲ့ ချီးမွမ်း၊ ချီးမွမ်းအပ်သော တရား တို့ပါဘုရား။ “အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်လျှင် စီးပွားချမ်းသာဖို့ ဖြစ်ကုန် မဖြစ်ကုန်။ ဤအရာ၌ သင်တို့စိတ် အဘယ်သို့ရှိသနည်း၊ စီးပွားချမ်းသာဖို့ ဖြစ်ကုန်ပါသည်၊ ဤအရာ၌ တပည့်တော်တို့စိတ် ဤသို့ရှိပါသည် ဘုရားဟု လျှောက် ၏။

ဘဒ္ဒိယ လာကြကုန်လော့၊ သင်တို့သည် သူတပါးပြောသံ ကြားကာမျှဖြင့် (လ) သင်တို့ကိုယ်တိုင် သိသောအခါ ပြည့်စုံစေ၍ နေကုန်ရာ၏ ဟု ငါဆိုခဲ့သောစကား သည် ဤသည်ကိုစွဲ၍ ဆိုခဲ့သောစကားဖြစ်၏။

ဘဒ္ဒိယ၊ လောက၌ ကိလေသာငြိမ်းပြီးသောသူတော်ကောင်းများသည် အိုယောက်ျား၊ လာလော့၊ သင်သည် လောဘကို ပယ်ဖျောက်၍ နေလော့၊ ထိုသို့နေမူ ကိုယ် နှုတ် စိတ် ဖြင့် လောဘကြောင့်ဖြစ်သော အကုသိုလ်ကို သင်ပြုတော့မည်မဟုတ်၊ ဒေါသ မောဟ သာရမ္ဘကိုပယ်ဖျောက်၍ နေလော့၊ ထိုသို့နေမူ ကိုယ် နှုတ် စိတ် ဖြင့် သာရမ္ဘကြောင့် ဖြစ်သော အကုသိုလ်ကို သင်ပြုတော့မည်မဟုတ်ဟု ဆောက်တည်စေကုန်၏။

ဤသို့မိန့်လျှင် ဘဒ္ဒိယ လိစ္ဆဝီမင်းသည် တရားတော်ကို ကောင်းချီးပေး သရဏဂုံတည် ဥပါသကာ ခံယူပါကြောင်း လျှောက်၏။

စာမျက်နှာ-662


ဘဒ္ဒိယ၊ ငါသည် သင့်အား “ဘဒ္ဒိယ၊ လာလော့၊ သင်လည်း ငါ့တပည့် ဖြစ်ဘိ လော့၊ ငါသည် ဆရာဖြစ်အံ့” ဟု ဤသို့ဆိုသလော၊ မဆိုပါဘုရား။

ဘဒ္ဒိယ၊ ဤသို့အယူရှိ ဤသို့ဟောကြားလေ့ရှိသော ငါ့ကို ထင်ရှားမရှိ၊ အချည်းနှီး ချွတ်ယွင်းသော မမှန်စကားဖြင့် “ရဟန်းဂေါတမသည် သူတပါးတို့ကို လှည့်ပတ် တတ်၏၊ မိမိဘက် လည်စေတတ်သော အာဝဇ္ဇနိယမာယာကို သိ၏၊ ယင်းမာယာဖြင့် အယူတပါးရှိသော တိတ္ထိတို့၏ တပည့်တို့ကို လှည့်ပတ်၏”ဟု အချို့သော သမဏ ဗြာဟ္မဏ တို့သည် စွပ်စွဲကုန်၏ဟု မိန့်တော်မူ၏။

အရှင်ဘုရား၊ အာဝဇ္ဇနိယ မာယာသည် သင့်လျော် ကောင်းမြတ် ပါပေသည်၊ အကျွန်ုပ် ချစ်အပ်ကုန်သော ဆွေမျိုးသားချင်းများသည် ဤမာယာဖြင့် လှည့်ပတ် မိပါကုန်မူ အကျွန်ုပ်၏ သားချင်းများအား ကာလရှည်ကြာ စီးပွားချမ်းသာ ဖြစ်ရာပါ၏။ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးအားလုံးဤမာယာဖြင့် လှည့်ပတ်မိပါကုန်မူ သူဆင်းရဲမျိုးအားလုံးအား ကာလရှည်ကြာ စီးပွားချမ်းသာ ဖြစ်ရာပါ၏ဟု လျှောက်၏။

ဘဒ္ဒိယ၊ ဤစကား မှန်၏၊ အမျိုး ၄-ပါးလုံး အကုသိုလ်ပယ် ကုသိုလ်ပြည့်စုံ စေဖို့ ဤမာယာဖြင့် လှည့်ပတ်မိပါကုန်မူ အမျိုး ၄-ပါးလုံးအား ကာလရှည်ကြာ စီးပွားချမ်းသာ ဖြစ်ရာ၏၊ နတ်လောကနှင့် လူ့လောကသည် အကုသိုလ်ပယ် ကုသိုလ် ပြည့်စုံစေဖို့ဤမာယာဖြင့် လှည့်ပတ်မိပါကုန်မှု နတ်လောကနှင့် လူ့လောကအား ကာ လရှည်ကြာ စီးပွားချမ်းသာ ဖြစ်ရာ၏၊ ဘဒ္ဒိယ၊ အင်ကြင်းပင်ကြီး တို့သော်လည်း အကုသိုလ်ပယ် ကုသိုလ်ပြည့်စုံစေဖို့ ဤမာယာဖြင့် လှည့်ပတ်မိပါကုန်မူ ဤအင်ကြင်း ပင်ကြီးတို့အားလည်း ကာလရှည်ကြာ စီးပွားချမ်းသာ ဖြစ်ကုန်ရာ၏၊ လူဖြစ်သူအားမူ အဘယ်ဆိုဖွယ်ရာရှိတော့အံ့နည်း-ဟု မိန့်။ (နံနက်စာစားပြီး ပန်းနံ့သာစသည် ယူကာ ဘုရားထံ ရှိခိုးရန် ဘဒ္ဒိယလာသည်၊ အနီးအနား၌ အင်ကြင်းပင်ကြီး ရှိ၍ ညွှန်ပြကာ မိန့် သည်၊ ဒေသနာအဆုံး ဘဒ္ဒိယ သောတာပန်တည်သည်။)

၄-သာပုဂိယာသုတ်

အရှင်အာနန္ဒာ ကောဠိယတိုင်း ကောဠိယမင်းတို့၏ သာပုဂိယနိဂုံး၌ သီတင်းသုံး တော်မူစဉ် အရှင်အာနန္ဒာထံ ချဉ်းကပ် ရှိခိုး ထိုင်နေကြသော ယင်းနိဂုံးသား ကောဠိယ မင်းသားများစွာတို့အား အရှင်အာနန္ဒာက ဗျဂ္ဃပဇ္ဇမင်းသားတို့၊ (ကောဠိယကိုပင် ကျားသွားလမ်း၌ တည်ထားသော မြို့ဖြစ်၍ ဗျဂ္ဃပဇ္ဇမြို့ဟုလည်း ခေါ်သည်၊ ထိုမြို့ကို စွဲ၍ မင်းသားများကို ဤသို့ ခေါ်သည်။) အရဟံစသော ဂုဏ်တော်သခင် ထိုဘုရား ရှင်သည် သတ္တဝါများ စင်ကြယ်ရန်၊ စိုးရိမ်ငိုကြွေးမှုများ လွတ်မြောက်စေရန်၊ ဆင်းရဲမှု

စာမျက်နှာ-663


နှလုံးမသာယာမှုများ ချုပ်ငြိမ်းရန်၊ အရိယာမဂ်ရ၍ နိဗ္ဗာန်မျက်မှောက်ပြုရန် ဤစင် ကြယ်ကြောင်း အားထုတ်မှု ဝီရိယ အစု (ပါရိသုဒ္ဓိပဓာနိယင်္ဂ) ၄-မျိုးတို့ကို ဟောတော် မူအပ်ကုန်၏။ ၄-မျိုးမှာ-သီလ စိတ် သမာဓိ ဒိဋ္ဌိ ပညာ ဝိမုတ္တိ အရဟတ္တဖိုလ် စင်ကြယ် ကြောင်း အားထုတ်မှု ဝီရိယအစုတို့တည်း။

မင်းသားတို့၊ သီလစင်ကြယ်ကြောင်း အားထုတ်မှု ဝီရိယအစုသည် ဤသာသနာ တော်၌ ရဟန်းသည် သီလရှိ၏၊ (လ) သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့် ၏၊ ဤကား သီလစင်ကြယ်မှုတည်း။ ဤသီလစင်ကြယ်မှု မပြည့်စုံသေးမူ ပြည့်စုံစေအံ့၊ ပြည့်စုံပြီးဖြစ်မူ ထိုထိုအရာ၌ ပညာဖြင့် ချီးမြှောက်အံ့ဟု ထိုသို့ ပြည့်စုံစေရာ ချီးမြှောက် ရာ၌ အလိုဆန္ဒ၊ အားထုတ်ခြင်း ဝါယာမ၊ လွန်စွာအားထုတ်ခြင်း ဥဿာဟ၊ ထို့ထက် လွန်စွာ အားထုတ်ခြင်း ဂဟဋ္ဌီ၊ မဆုတ်နစ်ခြင်း အပ္ပဋိဝါနီ၊ အောက်မေ့ခြင်း သတိ၊ ဆင်ခြင်ဉာဏ် သမ္ပဇဉ်ဟူသော ဤတရားအစုသည် သီလစင်ကြယ်ကြောင်း အားထုတ်မှု ဝီရိယအစုတည်း။

စိတ် သမာဓိ စင်ကြယ်ကြောင်း အားထုတ်မှု ဝီရိယအစုံဟူသည်-ရဟန်းသည် ပဌမ ဈာန် (လ) စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ဤကား စိတ်၏ စင်ကြယ်မှုတည်း၊ ဤ စိတ်၏ စင်ကြယ်မှုကို မပြည့်စုံသေးမူ ပြည့်စုံစေအံ့၊ (လ) သမ္ပဇဉ်ဟူသော ဤတရားအစု သည် စိတ်သမာဓိ၏ စင်ကြယ်ကြောင်းအားထုတ်မှု ဝီရိယအစုတည်း။

ဒိဋ္ဌိ ပညာ စင်ကြယ်ကြောင်း အားထုတ်မှု ဝီရိယအစုဟူသည်- ဤကား ဆင်းရဲတည်း ဟု ဟုတ်မှန်စွာ သိ၏၊ (လ) ဆင်းရဲချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တည်းဟု ဟုတ်မှန်စွာ သိ၏၊ ဤကား ဒိဋ္ဌိ ပညာ၏ စင်ကြယ်မှုတည်း။ ဤဒိဋ္ဌိပညာ၏ စင်ကြယ်မှု ကို မပြည့်စုံသေးမူ ပြည့်စုံစေအံ့၊ (လ) သမ္ပဇဉ်ဟူသော ဤတရားအစုသည် ဒိဋ္ဌိပညာ၏ စင်ကြယ်ကြောင်း အားထုတ်မှု ဝီရိယအစုတည်း။

ဝိမုတ္တိအရဟတ္တဖိုလ် စင်ကြယ်ကြောင်း အားထုတ်မှု ဝီရိယအစုဟူသည်’ဤသီလ စိတ္တ ဒိဋ္ဌိပညာ စင်ကြယ်ကြောင်း အားထုတ်မှု ဝီရိယအစုနှင့် ပြည့်စုံသော ထိုအရိယာ တပည့်သည် စွဲမက်ဖွယ် လွတ်မြောက်ဖွယ်တရားတို့၌ စိတ်ကို ကင်းစေ လွတ်မြောက်စေ ၏၊ ထိုသူသည် စိတ်ကို ကင်းစေ လွတ်မြောက်စေ၍ အသင့်အားဖြင့် ဝိမုတ္တိ အရဟတ္တ ဖိုလ်သို့ ရောက်၏။ ဤကား ဝိမုတ္တိ အရဟတ္တဖိုလ်၏ စင်ကြယ်ခြင်းတည်း၊ ဤသဘောရှိ သောဝိမုတ္တိ အရဟတ္တဖိုလ် စင်ကြယ်မှုကို မပြည့်စုံသေးမူ ပြည့်စုံစေအံ့၊ (လ) သမ္ပဇဉ် ဟူသော ဤတရားအစုသည် ဝိမုတ္တိ အရဟတ္တဖိုလ် စင်ကြယ်ကြောင်း အားထုတ်မှု ဝီရိယ အစုတည်း ဤ ၄-မျိုးတို့တည်း။

မြို့နာမည်များ ကလောပင်များကို ပယ်၍ မြို့တည်သောကြောင့် ကောဠိယမြို့၊ ကျားသွားလမ်း၌ တည်သောကြောင့် ဗျဂ္ဃပဇ္ဇမြို့ ၂-မည်ရသည်၊ သာပုဂိယနိဂုံးသားတို့ ၏ရှေးယောက်ျားများသည် ထိုကျားသွားလမ်း၌ နေဖူးကြသည်။

စာမျက်နှာ-664


၅-ဝပ္ပသုတ်

ဘုရားရှင် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးစဉ် နိဂဏ္ဌ၏တပည့် ဝပ္ပသာကီဝင်မင်းသည် အရှင်မဟာမောဂ္ဂလာန်ထံ ချဉ်းကပ် ရှိခိုး ထိုင်နေ၏။ အရှင် မဟာမောဂ္ဂလာန်က ဝပ္ပအား--

ဝပ္ပ၊ ဤလောက၌ အဝိဇ္ဇာကင်း၍ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ကိုယ် နှုတ် စိတ် စောင့်စည်းမှု ဖြစ်ရာ၏။ ယင်းအကြောင်းကြောင့် ဆင်းရဲခံစားရကြောင်း အာသဝေါ တရားတို့သည် တမလွန်ဘဝ၌ သတ္တဝါကို နှိပ်စက်ကုန်ရာ၏။ ထိုအကြောင်းကို သင် မြင်၏လော-ဟု မေး၏။

အရှင်ဘုရား၊ ဤလောက၌ အကျိုးပေးခွင့် မရသေးသော မကောင်းမှုကံကို ရှေးဘဝက ပြုခဲ့ရာ၏။ ထိုအကြောင်းကြောင့် ဆင်းရဲခံစားရကြောင်း အာသဝေါတရား တို့သည် တမလွန်ဘဝ၌ သတ္တဝါကို နှိပ်စက်ကုန်ရာ၏။ ထိုအကြောင်းကို အကျွန်ုပ်မြင်ပါ ၏ဟု လျှောက်၏။

ဝပ္ပနှင့် အရှင် မဟာမောဂ္ဂလာန်တို့၏ ဤအကြားစကား မပြီးပြတ်သေးမီ ဘုရားရှင် ညနေချမ်းအခါ ကိန်းအောင်းရာမှ ကြွလာ၊ ခင်းထားသောနေရာ၌ထိုင်ပြီး အကြား စကားကို မေးတော်မူရာ အရှင်မောဂ္ဂလာန်က အပြည့်အစုံ ပြန်လျှောက်သည်။

ထိုအခါ ဘုရားရှင်က ဝပ္ပအား ဝပ္ပ၊ ငါ့အား လိုက်လျောသင့်သော အရာကို လည်း အကယ်၍ လိုက်လျောအံ့၊ တားမြစ်သင့်သော အရာကိုလည်း တားမြစ်အံ့၊ ငါဟောအပ်သော ပါဠိ၏အနက်ကို မသိခဲ့မူ ထိုအရာ၌ ငါ့ကိုသာလျှင် “အရှင်ဘုရား၊ ဤပါဠိသည် အဘယ်သို့ ဖြစ်ပါသနည်း၊ ဤပါဠိ၏အနက်သည် အဘယ်ပါနည်း” ဟု ပြန်၍ မေးလျှောက်ငြားအံ့၊ ဤအရာ၌ ငါတို့၏ စကားပြောဆိုမှုသည် ဖြစ်ရာ၏-ဟု မိန့်တော်မူ၏။

အရှင်ဘုရား၊ မြတ်စွာဘုရားအား လိုက်လျောသင့်သော အရာကိုလည်း အကျွန်ုပ် လိုက်လျောပါမည်၊ တားမြစ်သင့်သော အရာကိုလည်း တားမြစ်ပါမည်။ ဘုရားရှင် ဟောအပ်သော ပါဠိအနက်ကို ကျွန်ုပ်မသိပါမူ ထိုမသိရာ၌ ဘုရားရှင်ကိုသာလျှင် “အရှင်ဘုရား၊ ဤပါဠိသည်ကား အဘယ်သို့ ဖြစ်ပါသနည်း၊ ဤပါဠိ အနက်သည် ကား အဘယ်ပါနည်း”ဟု ပြန်၍ မေးလျှောက်ပါမည်။ ဤအရာ၌ ကျွန်ုပ်တို့၏ စကား ပြောဆိုမှုသည် ဖြစ်ပါစေလော့ဟု လျှောက်၏။

ဝပ္ပ၊ ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း။ ကိုယ်ဖြင့်အားထုတ်မှု ကာယကံကြောင့် ဆင်းရဲပူလောင်ကြောင်း အကြင် အာသဝေါတရားတို့သည် ဖြစ်ကုန်၏။ ကာယကံမှ ကြဉ်သူအား ဆင်းရဲပူလောင်ကြောင်း ထိုအာသဝေါတရားတို့သည် မဖြစ်ကုန်၊ ထိုသူ

စာမျက်နှာ-665


သည် အသစ်ကံကိုလည်း မပြု၊ အဟောင်းကံကိုလည်း တွေ့ထိ တွေ့ထိ၍ ကင်းသည်ကို ပြု၏၊ ကိလေသာတို့ကို ဆွေးမြေ့ စေတတ်သော (အရိယာမဂ်) အကျင့်သည် ကိုယ်တိုင် သိမြင်နိုင်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ပြထိုက်၏။ မိမိကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏။ အရိယာ ပညာရှိတို့သာ ကိုယ်စီကိုယ်ငှ သိနိုင် ခံစား နိုင်၏။ အကြင်အရိယာမဂ်အကျင့်ကြောင့် သတ္တဝါကို ဆင်းရဲခံစားကြောင်း အာသဝေါ တရားတို့သည် တမလွန်ဘဝ၌ အဖန်တလဲလဲ ဖြစ်ကုန်ကြ၏။ ထိုအကြောင်းကို သင် မြင်သလော မေးတော်မူရာ မမြင်နိုင်ပါဟု လျှောက်၏။ (ဝစီကံ မနောကံ နည်း တူ။)

ဝပ္ပ၊ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ အဝိဇ္ဇာကြောင့် ဆင်းရဲပူလောင်ကြောင်း အကြင် အာသဝေါတရားတို့သည် ဖြစ်ကုန်၏။ အဝိဇ္ဇာကင်း၍ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ထိုပုဂ္ဂိုလ်အား ဆင်းရဲပူလောင်ကြောင်း ထိုအာသဝေါတရားတို့သည် မဖြစ်ကုန်။ ထိုပုဂ္ဂိုလ်သည် အသစ်ကံကိုလည်း မပြု၊ (လ) အဖန်တလဲလဲဖြစ်ကုန်ရာ၏။ ထိုအကြောင်း ကို သင် မြင်၏လောဟု မေးတော်မူရာ မမြင်နိုင်ပါဟု လျှောက်၏။

ဤသို့ ကောင်းစွာ ကိလေသာမှ လွတ်သော စိတ်ရှိသော ရဟန်းအား အမြဲနေခြင်း ၆-မျိုးတို့ကို ရအပ်ကုန်၏။ ထိုရဟန္တာပုဂ္ဂိုလ်သည် မျက်စိဖြင့် ရူပါရုံကိုမြင်သော် ဝမ်းမမြောက်၊ ဝမ်းမနည်း၊ သတိပညာရှိသည်ဖြစ်၍ လျစ်လျူရှုလျက်နေ၏။ (နား စသည်နည်းတူ။)

ထိုပုဂ္ဂိုလ်သည် ကိုယ်လျှင်အဆုံးရှိသော ဝေဒနာကိုခံစားသော် “ကိုယ်လျှင် အဆုံးရှိ သော ဝေဒနာကို ခံစား၏”ဟု သိ၏။ အသက်လျှင် အဆုံးရှိသော ဝေဒနာကို ခံစား သော် “အသက်လျှင် အဆုံးရှိသော ဝေဒနာကို ခံစား၏”ဟု သိ၏။ “ကိုယ်ခန္ဓာ ပျက်စီး သေပြီးမှ အထက်၌ ဤဘဝ၌ပင် ခံစားဖွယ်အားလုံးတို့သည် မနှစ်သက်အပ် ကုန်သည်ဖြစ်၍ ငြိမ်းအေးကုန်လတ္တံ့”ဟု သိ၏။

ဝပ္ပ၊ ဥပမာသော်ကား သစ်ပင်ကိုစွဲ၍ အရိပ်သည် ထင်ရာ၏။ ယောက်ျားသည် ပေါက်တူး ခြင်းတောင်းကိုယူ၍ သွားရာ၏။ ထိုယောက်ျားသည် သစ်ပင်ကို အမြစ် ၎င်း၌ဖြတ်၍ ပတ်ဝန်းကျင်တူးကာ အမြစ်ကိုနုတ်ရာ၏။ အယုတ်ဆုံးအားဖြင့် ပန်းရင်း ရိုး တန်မျှသောအမြစ်သေးတို့ကိုလည်း ထုတ်ရာ၏။ ထိုသူသည် ထိုသစ်ပင်ကို အပိုင်း ပိုင်း ဖြတ် ခွဲ အစိတ်စိတ်ပြု လေနေပူ၌ ခြောက်သွေ့စေပြီး၍ မီးဖြင့်တိုက်၊ ပြာမီး သွေးပြု၊ လေပြင်း၌မူလည်းလွင့်၊ ရေစီးသန်သော မြစ်၌မူလည်း မျောရာ၏၊ ဤသို့ ဖျောက်ပယ်အပ်သော် သစ်ပင်ကိုစွဲ၍ဖြစ်သော အရိပ်သည် အမြစ်ရင်းဖြတ်ပြီး နုတ်ပြီး ထန်းပင်ရာပြုပြီး အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ အဖန် မဖြစ်ခြင်းသို့ ရောက်၏၊ နောင်အခါ ဖြစ်ခြင်းသဘောမရှိသကဲ့သို့တည်း ဟု မိန့်၏။

စာမျက်နှာ-666


အရှင်ဘုရား၊ ဥပမာသော်ကား အတိုးအပွားလိုသော ယောက်ျားသည် ရောင်းရ မည့်မြင်းငယ်ကို ကျွေးမွေးရာ၏၊ ထိုယောက်ျားသည် အတိုးအပွားကိုလည်း မရ၊ ထို့ ထက် အလွန်လည်း ပင်ပန်းဆင်းရဲခြင်းအဖို့ ရှိသည်လည်း ဖြစ်ရာ၏၊ ဤအတူသာလျှင် အတိုး အပွားကို လိုသော အကျွန်ုပ်သည် မိုက်သောနိဂဏ္ဌကို ဆည်းကပ်လုပ်ကျွေး၏၊ အတိုး အပွားမရ၊ အလွန်လည်း ပင်ပန်းဆင်းရဲရပါ၏၊ ယနေ့မှစ၍ မိုက်ကုန်သော နိဂဏ္ဌတို့၌ ကျွန်ုပ်၏ကြည်ညိုခြင်းကို လေပြင်း၌မူလည်းလွင့်ပါ၏၊ ရေစီးသန်သောမြစ်၌လည်း မျော ပါ၏စသည်လျှောက်ထား သရဏဂုံတည် ဥပါသကာခံယူသွားသည်။

ဝပ္ပသာကီဝင်မင်း ဘုရားရှင်၏ ဘထွေးတော်တည်း။ ဝေသာလီ၌ သီဟစစ်သူ ကြီး၊ နာဠန္ဒမြို့၌ ဥပါလိသူကြွယ်ကဲ့သို့ ကချေသည်သား နိဂဏ္ဌ၏ တပည့်များဖြစ် ကြသည်။

တွေ့ထိ ထိ၍ ကင်းသည်ကိုပြု၏ ဉာဏ်ဖြင့် ပယ်သတ်အပ်သောကံကို ဉာဏ်အတွေ့ ဖြင့် တွေ့ထိပြီး ကုန်ခြင်းသို့ရောက်စေ၏၊ ဝိပါက်သည် ပယ်သတ်အပ်သောကံကိုလည်း ဝိပါက် အတွေ့ဖြင့် တွေ့ထိပြီး ကုန်ခြင်းသို့ ရောက်စေ၏။

ကိုယ်လျှင်အဆုံးရှိသောဝေဒနာ ၅-ဒွါရ၌ဖြစ်သော ဝေဒနာတည်း၊ မနောဒွါရ၌ ဖြစ်သောဝေဒနာကား အသက်လျှင်အဆုံးရှိသော ဝေဒနာမည်သည်၊ အသက်ရှိသေး သမျှ ယင်းဝေဒနာ ဖြစ်သေးသောကြောင့်တည်း။ ၅-ဒွါရဝေဒနာကား နောက်မှ ဖြစ်၍ အလျင်ချုပ်၊ မနောဒွါရကား ရှေးဦးဖြစ်၍ နောက်ဆုံးသေမှချုပ်သည်၊ မနော ဝေဒနာသည် ပဋိသန္ဓေခဏ ဟဒယဝတ္ထုရုပ်ကို မှီ၏။

၅-ဒွါရဝေဒနာကား ပဝတ္တိအခါ ၅-ဒွါရနှင့်စပ်၍ ဖြစ်လတ်သော် ပဌမအရွယ် ၂၀-အချိန် တပ်ခြင်း၊ ပြစ်မှားခြင်း၊ တွေဝေခြင်း၊ အလွန်အကဲပြင်းထန်သည်၊ နှစ် ၅၀- မှာ တန့်ပြီး ၅၀-မှစ၍ဆုတ်၊ ၈၀၊ ၉၀-၌ နှံ ့တော့သည်။ “ငါတို့အတူတူ နှစ်ပေါင်း များစွာနေခဲ့ အိပ်ခဲ့ကြကုန်၏”ဟု ဆိုသူများကိုပင် “မမှတ်မိတော့ပါ”ဟု ပြောကြ၏၊ လွန်ကဲထင်ရှားသော အဆင်းတို့ကိုသော်မှ “ငါတို့မမြင်ရ” အကောင်းအဆိုးဖြစ်သော အနံ့ အရသာ အတွေ့တို့ကိုလည်း “ငါတို့မသိကြပါ”ဟု ပြောကြ၏၊ ဤသို့လျှင် ၅-ဒွါရဝေဒနာ ပျက်စီးတော့သည်၊ မနောဒွါရ ဝေဒနာကား ဖြစ်သေးသည်သာ၊ တဖြည်းဖြည်းဆုတ်ယုတ်၊ သေခါနီး ဟဒယဝတ္ထုကို မှီဖြစ်နေသေးသမျှ မသေသေး၊ မနောဒွါရဝေဒနာမဖြစ်မှ သတ္တဝါသေသည်၊ ချုပ်ပျောက်သည်၊ ယင်း အဓိပ္ပာယ်ကို ရေမြောင်း ၅-ခုရှိသော တဘက်ဆည်ကန်ကြီး ဥပမာဖြင့် အဋ္ဌကထာပြထားသည်။

ပေါက်တူး ခြင်းတောင်းကို ယူ၍ ပတ်ပတ်လည် တူးဖြတ်ဖို့ရာ တူးရွင်းကိုပါ ယူပါ၊ သစ်ပင်နှင့်အတ္တဘော၊ သစ်ပင်ကိုစွဲ၍ အရိပ်ကဲ့သို့ ကုသိုလ် အကုသိုလ်ကံ၊ အရိပ်မရှိ

စာမျက်နှာ-667


အောင်ပြုလိုသော ယောက်ျားနှင့်ယောဂီ၊ ပေါက်တူးနှင့် ပညာ၊ ခြင်းတောင်းနှင့် သမာဓိ၊ တူးရွင်းနှင့် ဝိပဿနာ၊ တူးရွင်းဖြင့် အမြစ်ပတ်လည် တူးရာအခါနှင့် အရဟတ္တမဂ် ဖြင့် အဝိဇ္ဇာဖြတ်ချိန်၊ အပိုင်းအပိုင်းဖြတ်ချိန်နှင့် ခန္ဓာမြင်ချိန်၊ ခွဲချိန်နှင့် အာယတန မြင်ချိန်၊ စိတ်ချိန်နှင့် ဓာတ်မြင်ချိန်၊ လေပူ နေပူဖြင့် ခြောက်သွေ့ ချိန်နှင့် ကိုယ် စိတ်၌ ဖြစ်သော အားထုတ်မှုပြုချိန်၊ မီးတိုက်ချိန်နှင့် ဉာဏ်ဖြင့် ကိလေသာမိုက်ချိန်၊ မီးသွေး ပြုချိန်နှင့် ပစ္စုပ္ပန်ခန္ဓာ ၅-ပါးရှိနေသေးချိန်၊ လေပြင်း၌လွင့် ရေစီးသန်မြစ်၌ မျော ချိန်နှင့် အမြစ်ပြတ်ပြီးသော ခန္ဓာ ၅-ပါးတို့၏ နောင်ပဋိသန္ဓေမရှိတော့ပဲ ချုပ်ချိန်၊ လေ လွင့်ရေမျောပါ ပြာတို့ဖြင့် ပညတ်မှုမရှိတော့သကဲ့သို့ ဘဝသစ်၌ ဝိပါက်ခန္ဓာတို့ မဖြစ် ခြင်းဖြင့် ပညတ်မျှ မရှိတော့ခြင်းကို သိအပ်သည်။

မြင်းအရောင်းအဝယ်ဥပမာ တရားအဆုံး သောတာပန်တည်၍ သာကီဝင်မင်း ဤစကားလျှောက်ထားသည်။ အတိုးအပွားလို၍ မြင်းငယ် ၅၀၀-ဝယ်မွေးရာ အမြတ် မရ၊ ကျွေးမွေးရမှုပင်ပန်းပြီး တနေ့ချင်းဖြင့် ရောဂါရ၊ မြင်းအားလုံး သေဆုံးပါသည်ဟု အဓိပ္ပာယ်ဖြင့်လျှောက်သည်။

၆-သာဠသုတ်

ဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သောကျောင်း၌ သီတင်းသုံးစဉ် သာဠ၊ အဘယ လိစ္ဆဝီမင်း ၂-ဦးသည် ဘုရားထံချဉ်းကပ် ရှိခိုးထိုင်နေ ပြီး သာဠက ဘုရားရှင်အား အရှင်ဘုရား၊ သီလစင်ကြယ်ခြင်းကြောင့် လည်းကောင်း၊ ခြိုးခြံသောအကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းကြောင့် လည်းကောင်း ၂-ပါးစုံ သော အကြောင်းကြောင့် ဩဃ ၄-ပါးမှ ထွက်မြောက်ခြင်းကို ပညတ်ကြသော သမဏ ဗြာဟ္မဏ အချို့တို့သည်ရှိကုန်၏၊ ဤသို့ ပညတ်ရာ၌ မြတ်စွာဘုရားသည် အဘယ် သို့ ဟောပါသနည်း-ဟု လျှောက်၏။

သာဠ၊ ငါသည် သီလစင်ကြယ်ခြင်းကို တခုသော ရဟန်းတရား၏ အဖို့အစုဟု ဟောတော်မူ၏၊ ခြိုးခြံသောအကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်း အယူရှိကုန် လျက် စက်ဆုပ်ခြင်း၊ အကျင့်ကို အနှစ်ဟုမှတ်ထင်ကုန်လျက် စက်ဆုပ်ခြင်း၌ ကပ် ငြိကုန်လျက်နေသော သမဏဗြာဟ္မဏတို့သည် ဩဃ ၄-ပါးမှ ထွက်မြောက်ခြင်းငှာ မထိုက်ကုန်။

သာဠ၊ မစင်ကြယ်သော ကိုယ် နှုတ် စိတ် အကျင့် အသက်မွေးခြင်းရှိသော သမဏ ဗြာဟ္မဏတို့သည် အတုမရှိသော သစ္စာ ၄-ပါးကို ကောင်းစွာသိတတ်သော ဉာဏ် အမြင်အလို့ငှာ မထိုက်ကုန်၊ ဥပမာသော်ကား-မြစ်ကူးလိုသော ယောက်ျားသည် ဓားမ ထက်ထက်ကိုကိုင်၍ တောအုပ်ဝင်ကာ ဖြောင့်မတ်ပျိုနုသော (ဘိတ်-မဘိတ်) တွေး

စာမျက်နှာ-668


တောဖွယ်မလိုသော အင်ကြင်းပင်ကြီးကို အရင်း အဖျားဖြတ်၊ အခက်အရွက်တို့ကို ကောင်းစွာ သုတ်သင်ကာ ဓားမ ပဲခွပ်တို့ဖြင့် ရွှေ့ရာ၏။ ပြီးလျှင် ကျားလျှာ တံစဉ်း တို့ဖြင့်တိုက် ကျောက်လုံးဖြင့် ပွတ်တိုက်ပြီး မြစ်ကို ကူးရာ၏။

သာဠ၊ ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း၊ ထိုယောက်ျားသည် မြစ်ကိုကူးရန်ထိုက် ပါသလော၊ မထိုက်ပါဘုရား။ အကြောင်းမှာ--ဤအင်ကြင်းတုံးကို အပ၌ အပြေ အပြစ်ပြုအပ်၏၊ အတွင်း၌ကား မစင်ကြယ်၊ “ထိုအင်ကြင်းတုံးကြီးသည် နစ်မြုပ် လတ္တံ့၊ ထိုယောက်ျားတို့လည်း အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်ကြလတ္တံ့” ဟု ထိုသူ အား ဤအပြစ်ကို မချွတ်ဖြစ်လိမ့်မည်ဟု မျှော်လင့်အပ်သော ကြောင့်တည်း” ဟု လျှောက်၏။ (ပဌမစကားကို ဤဥပမာဖြင့် သိစေ၏။)

သာဠ၊ ခြိုးခြံသောအကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်း- အယူမရှိကုန်သည် ဖြစ်၍ စက်ဆုပ်ခြင်းအကျင့်ကို အနှစ်ဟု မမှတ်ထင်ကုန်သည်ဖြစ်၍ စက်ဆုပ်ခြင်း အကျင့်၌ မကပ်ငြိကုန်သည်ဖြစ်၍ နေကုန်သော သမဏ ဗြာဟ္မဏတို့သည် ဩဃ ၄- ပါးမှ ထွက်မြောက်ရန် ထိုက်ကုန်၏။

သာဠ၊ စင်ကြယ်သော ကိုယ် နှုတ် စိတ် အကျင့် အသက်မွေးခြင်း ရှိကုန်သော သမဏ ဗြာဟ္မဏတို့သည် အတုမရှိသော သစ္စာ ၄-ပါးကို ကောင်းစွာ သိတတ်သော ဉာဏ်အမြင် အလို့ငှာ ထိုက်ကုန်၏၊ ဥပမာသော်ကား မြစ်ကူးလိုသော ယောက်ျားသည် (လ) ဓားမ၊ ပဲခွပ်တို့ဖြင့် ရွှေ့ရာ၏၊ ပြီးလျှင် ဆောက်ကိုယူကာ အတွင်း၌ ကောင်း မွန်စွာ စင်ကြယ်စွာထွင်းပြီး ကျားလျှာ တံစဉ်းဖြင့်တိုက် ကျောက်လုံးဖြင့် ပွတ်တိုက်ပြီး လှေကိုပြုကာ တက်မ ထိုးဝါး ဖွဲ့ပြီး မြစ်ကို ကူးရာ၏။

သာဠ၊ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထိုယောက်ျားသည် မြစ်ကို ကူးရန် ထိုက်ပါသလော၊ ထိုက်ပါ၏ ဘုရား။ အကြောင်းမှာ အင်ကြင်းပင်ကို အပ၌ကောင်း စွာ အပြေအပြစ် ပြုအပ်၏။ အတွင်း၌လည်း ကောင်းစွာ စင်ကြယ်အောင် ပြု၏၊ တက်မ ထိုးဝါးကို ဖွဲ့ထားသော ထိုလှေသည် မနစ်လတ္တံ့၊ ယောက်ျားသည် ချမ်း သာစွာ ကမ်းတဘက်သို့ ရောက်လတ္တံ့”ဟု ထိုသူအား ဤအကျိုးကို မချွတ်ဖြစ်လိမ့် မည်ဟု မျှော်လင့်အပ်သောကြောင့်တည်း ဟု လျှောက်၏။ (ဒုတိယစကားကိုဤ ဥပမာ ဖြင့် သိစေ၏။)

သာဠ၊ ဥပမာသော်ကား သူရဲကောင်းစစ်သားသည် မြားဖြင့် ပြုအပ်သော ဆန်း ကြယ်မှုများစွာတို့ကို အကယ်၍ ပြုတတ်သည် ဖြစ်အံ့၊ ထိုအခါ၌ သူရဲကောင်းသည် အကြောင်း ၃-မျိုးနှင့် မင်းအားထိုက်၍ မင်းသုံးဖြစ်၏၊ မင်း၏လက်ရုံးဟုသာ ရေ တွက်ခြင်းသို့ရောက်၏၊ ၃-မျိုးမှာ-ဝေးသောအရပ်၌ မြားကို ကျစေနိုင်ခြင်း၊ မချွတ် စူးဝင်အောင်ပစ်နိုင်ခြင်း၊ အထည်ကိုယ်ကြီးကို ဖောက်နိုင်ခြင်းတို့တည်း။

စာမျက်နှာ-669


သူရဲကောင်းသည် အရပ်ဝေး၌ မြားကို ကျစေနိုင်သကဲ့သို့ အရိယာတပည့်သည် ကောင်းသော တည်ကြည်ခြင်း မဂ်ဖိုလ် သမာဓိရှိ၏၊ ထိုတပည့်သည် ကာလ ၃-ပါး၊ သန္တာန် ၂-ပါး၊ ကြမ်း၊ နု၊ ယုတ်မြတ်၊ ဝေး၊ နီး ဖြစ်သော ရုပ်အားလုံးကို “ဤရုပ် အားလုံးသည် ငါ့ဥစ္စာ၊ ငါ၊ ငါ့အတ္တ မဟုတ်”ဟု ရုပ်ကို ဟုတ်မှန်စွာ ကောင်းသော ဝိပဿနာပညာဖြင့် ရှု၏ ဝေဒနာစသော ကြွင်းခန္ဓာ ၄-ပါးလုံးတို့ကိုလည်း နည်းတူရှု၏။

သူရဲကောင်းသည် မချွတ် စူးဝင်အောင် ပစ်နိုင်သကဲ့သို့ အရိယာတပည့်သည် အမှန်မြင်ခြင်း သမ္မာဒိဋ္ဌိရှိ၏၊ ထိုတပည့်သည် “ဤကား ဆင်းရဲတည်း၊ (လ) ဆင်းရဲ ချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တည်း”ဟု ဟုတ်မှန်စွာ သိ၏။

သူရဲကောင်းသည် အထည်ကိုယ်ကြီးကို ဖောက်ခွဲနိုင်သကဲ့သို့ အရိယာ တပည့်သည် ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ် ဝိမုတ္တိဖိုလ် ရှိ၏၊ ထိုတပည့်သည် ကြီးစွာ သော မသိခြင်း အဝိဇ္ဇာထုကို ဖောက်ခွဲနိုင်၏ဟု မိန့်။

ဥပမာ နှီးနှောခြင်း အင်ကြင်းပင် နှင့် အတ္တဘော၊ မြစ်ရေ အယဉ်နှင့် သံသရာ အယဉ်၊ ကမ်းကူးလိုသော ယောက်ျားနှင့် ၆၂-ပါးသော မိစ္ဆာအယူကိုယူ၍ တည်သူ၊ အင်ကြင်းပင်၏ အပသန္တာန်၌ ပြေပြစ်စွာ ပြုချိန်နှင့် သာသနာပ၌ခြိုးခြံသောအကျင့်ကို ပြင်းထန်စွာယူချိန်၊ အတွင်း မစင်ကြယ် ချိန် နှင့် အတွင်း၌ သီလ မစင်ကြယ် ချိန်၊ အင်ကြင်းသားတုံး နစ်မြုပ်သကဲ့သို့ မိစ္ဆာယူသူ၏ သံသရာအယဉ်၌မြုပ်ပုံကို သိအပ်သည်။

နိဗ္ဗာန်အထိ သွားပုံ၌ကား ကမ်းကူးလိုသော ယောက်ျား နှင့် ယောဂီ၊ အပ၌ ပြေပြစ်စွာပြုချိန်နှင့် ၆-ဒွါရတို့၌ စောင့်စည်းမှု ပြည့်စုံခြင်း၊ အတွင်း၌ ကောင်းစွာ သုတ်သင်သကဲ့သို့ အတွင်း၌ စင်ကြယ်သော သီလရှိခြင်း၊ ပဲ တက် ထိုးဝါး တပ်ခြင်း နှင့် ကိုယ်စိတ်၌ဖြစ်သော ဝီရိယကို ပြုခြင်း ချမ်းသာစွာ ကမ်းတဘက် သွားသကဲ့သို့ အစဉ်သဖြင့် သီလပြည့်၊ သမာဓိပြည့်၊ ပညာပြည့်ကာ နိဗ္ဗာန်သို့ သွားခြင်းကို မှတ် အပ်၏။

ဆန်းကြယ်သော မြားအတတ်များ မြားနွယ်၊ မြားကြိုး၊ မြားပြာသာဒ်၊ မြားရေ ကန်၊ မြားကန့်လန့်ကာ၊ မြားပဒုမ္မာစသော အတတ်များတည်း၊ ယင်းတို့ကိုတတ်သော် ၃-မျိုးတို့ဖြင့်သာ မင်းအား ထိုက်သည်။

၇-မလ္လိကာဒေဝိသုတ်

ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် (ပသေနဒီမင်း၏) မလ္လိကာမိဖုရားသည် ဘုရားရှင်ထံချဉ်းကပ် ရှိခိုးထိုင်နေပြီးဘုရားရှင်အား ဤလောက၌

စာမျက်နှာ-670


(၁) အချို့ မာတုဂါမသည် အဆင်း မလှ၊ အသွင်လည်း မကောင်း၊ ရှုချင်ဖွယ် လည်း မရှိ၊ ဆင်းလည်း ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာလည်း မရှိ၊ အသုံးအဆောင် လည်းနည်း၏၊ တန်ခိုးလည်းနည်း၏၊ ထိုအဆင်း မလှခြင်းစသည်၏အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း။

(၂) အရှင်ဘုရား၊ အချို့ မာတုဂါမသည် အဆင်းမလှ၊ သို့သော်လည်း ကြွယ်ဝ၏၊ များသောဥစ္စာ အသုံးအဆောင်လည်း ရှိ၏၊ တန်ခိုးလည်း ကြီး၏၊ ထို၏ အကြောင်းကား အဘယ်ပါနည်း။

(၃) အချို့ မာတုဂါမသည် အလွန်အဆင်းလှ၏။ ရှုချင်ဖွယ်လည်း ရှိ၏၊ ကြည် လင်ဖွယ်လည်း ဖြစ်၏။ လွန်မြတ်သော အဆင်းအသွင်နှင့် ပြည့်စုံ၏၊ သို့သော်လည်း ဆင်းရဲ၏၊ တန်ခိုးလည်း နည်း၏၊ ထို၏ အကြောင်းကား အဘယ်ပါနည်း။

(၄) အချို့ မာတုဂါမသည် အလွန်အဆင်းလှ၏၊ ကြွယ်လည်းကြွယ်ဝ၏၊ တန်ခိုး လည်း ကြီး၏၊ ထို၏အကြောင်းကား အဘယ်ပါနည်းဟု လျှောက်၏။

မလ္လိကာ၊ ဤလောက၌ အချို့ မာတုဂါမသည် အမျက်ဒေါသကြီး၏၊ စိတ် ပင်ပန်းခြင်းများ၏၊ အနည်းငယ်ပြောဆိုကာမျှ ဖြစ်လျက်လည်း ကပ်ငြိတတ်၊ အမျက် ထွက်တတ်၊ ဖောက်ပြန်တတ်၊ ရန်ငြိုးထားတတ်၏၊ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မနှစ်သက်ခြင်းကိုလည်း ထင်စွာပြု၏၊ ထိုမာတုဂါမသည် သမဏ ဗြာဟ္မဏအား ဆွမ်း၊ အဖျော်၊ အဝတ်သင်္ကန်း၊ ယာဉ်၊ ပန်းနံ့သာ၊ နံ့သာပျောင်း၊ အိပ်ရာ နေရာ၊ ဆီမီးအဆောက်အဦကို မပေးလှူတတ်၊ ငြူစူခြင်း၊ ဣဿာနှင့် ယှဉ်သော စိတ်ရှိ၏၊ သူ တပါးတို့ လာဘ်ရခြင်း အရိုအသေခံရ၊ အလေးပြုခံရ၊ မြတ်နိုးခံရ၊ ရှိခိုးခံရ၊ အပူဇော် ခံရခြင်းတို့၌ ငြူစူပြစ်မှား၏၊ ငြူစူခြင်းကို ဖွဲ့၏ ထိုမာတုဂါမသည် ထိုဘဝမှ စုတေ၍ ဤလူ့ ဘဝသို့ အကယ်၍ ရောက်လာအံ့၊ ဖြစ်လေရာရာ ဘဝ၌ အဆင်းမလှ၊ ဆင်းရဲ၍ တန်ခိုးလည်း နည်း၏။

၂။ အချို့ မာတုဂါမသည် အမျက်ဒေါသကြီး၏၊ (လ) ထင်စွာပြုတတ်၏၊ သမဏ ဗြာဟ္မဏအား ဆွမ်း၊ အဖျော်စသည်ကို ပေးလှူတတ်၏၊ ငြူစူခြင်းနှင့် ယှဉ်သော စိတ် မရှိ၊ သူတပါးတို့ လာဘ်ရခြင်းစသည်တို့၌ မငြူစူ၊ မပြစ်မှား၊ ငြူစူခြင်းဖြင့် မဖွဲ့၊ ထို မာတုဂါမ သေ၍ လူလာဖြစ်အံ့၊ အဆင်းမလှသော်လည်း ကြွယ်ဝ။ တန်ခိုးလည်း ကြီး၏။

၃။ အချို့ မာတုဂါမသည် အမျက်ဒေါသမကြီး၊ (လ) ထင်စွာမပြုတတ်၊ သမဏ ဗြာဟ္မဏအား ဆွမ်း၊ အဖျော်စသည်ကိုကား မပေးလှူတတ်၊ ငြူစူခြင်းနှင့် ယှဉ်သော_

စာမျက်နှာ-671


စိတ်ရှိသည်ဖြစ်၍ သူတပါးတို့ လာဘ်ရခြင်းစသည်တို့၌ ငြူစူတတ်၏၊ ပြစ်မှားတတ်၏၊ ငြူစူခြင်းဖြင့် ဖွဲ့တတ်၏၊ ထိုမာတုဂါမ သေ၍ လူလာဖြစ်အံ့၊ အဆင်း လှသော်လည်း ဆင်းရဲ၏၊ တန်ခိုးလည်း နည်း၏။

၄။ အချို့ မာတုဂါမသည် အမျက်ဒေါသမကြီး၊ (လ) ထင်စွာ မပြုတတ်၊ သမဏ ဗြာဟ္မဏတို့အား ဆွမ်း၊ အဖျော်စသည်ကိုလည်း ပေးလှူတတ်၏၊ ငြူစူခြင်းနှင့်ယှဉ်သော စိတ်မရှိ၊ (လ) ငြူစူခြင်းဖြင့် မဖွဲ့၊ ထိုမာတုဂါမသည် သေ၍လူလာဖြစ်အံ့၊ အဆင်းလည်း လှ၏၊ ကြွယ်လည်း ကြွယ်ဝ၏၊ တန်ခိုးလည်း ကြီး၏၊ ဤကား ထိုသို့ ဖြစ်ခြင်း၏ အကြောင်းအထောက်အပံ့ပေတည်းဟု မိန့်။

ထိုအခါ မိဖုရားက ဘုရားရှင်အား’အရှင်ဘုရား၊ တပည့်တော်သည် တပါးသော ဘဝ၌ အမျက်ကြီးခဲ့ဖူးလေယောင် တကား၊ စိတ်ပင်ပန်းခြင်းများခဲ့လေယောင်တကား၊ အနည်းငယ် ပြောဆိုကာမျှဖြင့်လည်း ငြိကပ်ခဲ့၊ အမျက်ထွက်ခဲ့၊ ဖောက်ပြန်ခဲ့၊ ရန်ငြိုး ထားခဲ့လေယောင်တကား၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ မနှစ်သက်ခြင်းကို ထင်စွာ ပြုခဲ့ဖူးလေယောင်တကား၊ အရှင်ဘုရား၊ ထိုတပည့်တော်သည် ယခုဘဝ၌ အဆင်းမလှ၊ အသွင်မကောင်း၊ ရှုချင်ဖွယ်မရှိ။

တပည့်တော်သည် တပါးသောဘဝ၌ သမဏ ဗြာဟ္မဏအား ဆွမ်း၊ အဖျော်စသည် ကို လှူခဲ့ဖူးလေယောင် တကား၊ ထိုတပည့်တော်သည် ယခုဘဝ၌ ကြွယ်ဝပါ၏၊ များ သောဥစ္စာ အသုံးအဆောင် ရှိပါ၏။

တပည့်တော်သည် တပါးသောဘဝ၌ ငြူစူစိတ် မရှိယောင်တကား၊ သူ့တပါးတို့ လာဘ်ရခြင်းစသည်တို့၌ မငြူစူ မပြစ်မှားတတ်၊ ငြူစူခြင်းဖြင့် မနှောင်ဖွဲ့တတ်သည် ဖြစ်ခဲ့ဖူးယောင် တကား၊ ထိုတပည့်တော်သည် ဤဘဝ၌ တန်ခိုးကြီးပါ၏၊ ဤမင်း၏ နန်းတော်၌ ရှိကုန်သော မင်းသမီး၊ ပုဏ္ဏား သတို့သမီး၊ သူကြွယ်သတို့သမီးအပေါင်း တို့ကို ထိုတပည့်တော်သည် အစိုးရခြင်းဖြင့် အကြီးအမှူးအဖြစ်ကို ပြုရပါ၏။

ထိုတပည့်တော်သည် ယနေ့မှစ၍ အမျက်မကြီးတော့ပါအံ့၊ များသော စိတ်ပင်ပန်း ခြင်း မရှိတော့ပါအံ့၊ (လ) ထင်စွာမပြုပါအံ့၊ သမဏ ဗြာဟ္မဏအား ဆွမ်း၊ အဖျော် စသည်ကို ပေးလှူပါအံ့၊ ငြူစူစိတ် မဖြစ်ပါတော့အံ့၊ (လ) မဖွဲ့ပါအံ့၊ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏စသည်လျှောက်ထား သရဏဂုံတည်၊ ဥပါသိကာမ အဖြစ် ခံယူသည်။

၈-အတ္တန္တပသုတ်

ထင်ရှားရှိသော ပုဂ္ဂိုလ် ၄-ယောက်မှာ‘ဤလောက၌ အချို့ပုဂ္ဂိုလ်သည် မိမိကိုယ် ကို ပူပန်စေတတ် ပူပန်စေခြင်း၌ အားထုတ်တတ်၏၊ အချို့သူသည် သူတပါးတို့ကို

စာမျက်နှာ-672


ပူပန်စေတတ် ပူပန်စေခြင်း၌ အားထုတ်တတ်၏၊ အချို့သူသည် မိမိ သူတပါး ၂-ဦးကို ပူပန်စေတတ် ပူပန်ခြင်း၌ အားထုတ်တတ်၏၊ အချို့ သူသည် ၂-ဦးသားကို မပူပန် စေတတ် ပူပန်စေခြင်း၌ အားမထုတ်တတ်၊ ထိုစတုတ္ထပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ သာလျှင် ဆာလောင်ခြင်း တဏှာမရှိသည်၊ ကိလေသာမှ ငြိမ်းအေးသည်၊ အေးချမ်း သည်ဖြစ်၍ ဈာန်မဂ်ဖိုလ် နိဗ္ဗာန်ချမ်းသာကို ခံစားလျက် မြတ်သော အတ္တဘောဖြင့် နေ၏။

(၁) မိမိကိုယ်ကို ပူပန်စေတတ် ပူပန်စေခြင်း၌ အားထုတ်တတ်သူ ဟူသည်-ဤ လောက၌ အချို့သူသည် အဝတ်မဝတ်ဘဲနေ၊ လွတ်လပ်စွာကျင့်၊ လက်ဖြင့် မစင်ကိုသုတ်၊ လာပါဆိုသူ၏ဆွမ်းကိုမခံ၊ ရပ်ပါဦးဆိုသူ၏ဆွမ်း၊ မိမိမရောက်မီ ယူလာသော ဆွမ်း၊ ရည်စူး၍ ပြုသောဆွမ်း၊ ဖိတ်ဆွမ်း၊ အိုးဝမှ ကော်၍ လောင်းဆွမ်း၊ တောင်းဝမှ ဆွမ်း၊ တံခါး ခြံခြား၍ လောင်းဆွမ်း၊ တုတ်ခြားလောင်းဆွမ်း၊ ကျည်ပွေ့ ခြားဆွမ်း၊ ၂-ယောက်စားနေစဉ် လောင်းဆွမ်း၊ ကိုယ်ဝန်ဆောင်လောင်းဆွမ်း၊ နို့တိုက် ဆဲ လောင်းဆွမ်း၊ ယောက်ျားနှင့် နှီးနှောနေသော မိန်းမလောင်းဆွမ်း၊ ဆော်ဩစု လောင်းဆွမ်း၊ ခွေးမျှော်နေရာမှ ဆွမ်း၊ ယင်အံ့ရာမှ ဆွမ်းကို မခံ၊ ငါး အမဲမစား၊ သေအရက်မသောက်၊ ဖွဲ၌မြှုပ်သော ဆေးရည်မသောက်၊ တအိမ်၌သာ ဆွမ်းခံ၊ တလုတ်သာ စား၊ (လ) ၇-အိမ်၌သာ ဆွမ်းခံ၊ ၇-လုတ်သာစား၊ ဆွမ်းလောင်း ခွက် ငယ် တခုစာဖြင့်လည်း ရောင့်ရဲ၊ (လ) ၇-ခုစာဖြင့်လည်း ရောင့်ရဲ၊ တရက်ခြားလည်း အစာ စား၊ (လ) ၇-ရက်ခြားလည်း စား၊ ဤနည်းဖြင့် လခွဲ တကြိမ်တိုင်အောင် လည်း ဤသဘောရှိသော ရက်ပိုင်းခြား၍ စားခြင်းအကျင့်ကို ကျင့်လျက် နေ၏။

ထိုသူသည် ဟင်းရွက်စိမ်းကိုသော်လည်း စားနေ၏၊ ပျောင်းဆန်၊ ကျိတ်သီးဆန်၊ သားရေဖတ်အစအန၊ မှော်၊ ဖွဲနုကိုသော်လည်း စားနေ၏၊ ထမင်းရည်သောက်၊ နှမ်း မုန့်ညက်စား၊ မြက်၊ နွားချေးကိုသော်လည်း စားနေ၏၊ တောသစ်မြစ်သစ်သီးကို စား လျက် ကြွေကျသော သစ်သီးကို စားလျက် မျှတ၏။

ထိုသူသည် ပိုက်ဆံလျှော် အဝတ်ကိုလည်း ဝတ်၏၊ ရောနှောရက်သော အဝတ် လူသေကောင်မှ အဝတ်၊ ပံ့သကူအဝတ်၊ သစ်ခေါက်အဝတ်၊ သစ်နက်ရေ သစ်နက် ရေမျှင်အဝတ်၊ သမန်းမြက်အဝတ်၊ လျှော်တေအဝတ်၊ ပျဉ်ချပ်အဝတ်၊ ဆံခြည်ကမ္ဗလာ၊ သားမြီးကမ္ဗလာ၊ ခင်ပုပ်ငှက်တောင် အဝတ်ကိုလည်း ဝတ်၏၊ ဆံမုတ်ဆိတ်ကိုလည်း နုတ်၏၊ နုတ်ခြင်းအမှုကိုလည်း အားထုတ်၏။ အထိုင်ပယ်၍ ရပ်လျက်လည်းနေ၏၊ ဆောင့် ကြောင့်လည်း ထိုင်၏၊ ဆောင့်ကြောင့်ထိုင်မှုကိုလည်း အားထုတ်၏၊ ဆူးအခင်းပေါ်၌ လည်း နေ၏၊ အိပ်၏၊ ညနေချမ်းလျှင် ၃-ကြိမ်မြောက် ရေသို့ ဆင်းခြင်းအမှုကို အားထုတ်နေ၏၊ ဤနည်းအားဖြင့် ဤသဘောရှိသော များပြားသော ကိုယ်ကို လွန်စွာ ပူပန်စေခြင်း အဖန်ဖန် ပူပန်စေခြင်း၌ အားထုတ်နေ၏၊ ဤသို့ အားထုတ်သူတည်း။

စာမျက်နှာ-673


(၂) သူတပါးကို ပူပန်စေတတ် ပူပန်စေခြင်း၌ အားထုတ်တတ်သူဟူသည်’ဤ လောက၌ အချို့သူသည် သိုးကိုသတ်၏၊ ဝက်၊ ငှက်၊ သားငါးကို သတ်၏၊ ကြမ်း ကြုတ်၏၊ ခိုးတတ်၏၊ ခိုးသူကို နွားကို သတ်တတ်၏၊ အချုပ်ထောင်ကို စောင့်တတ် ၏၊ ထိုမှတပါး ကြမ်းကြုတ်မှုအားလုံးကို ပြု၏၊ ဤသူတည်း။

(၃) မိမိ သူတပါး ၂-ဦးသားကို ပူပန်စေတတ်၊ ပူပန်စေခြင်း၌ အားထုတ်တတ် သူဟူသည်’အချို့သူသည် ရေ မြေကို အစိုးရသော ဦးထိပ်၌ အဘိသိက်သွန်းလောင်း အပ်ပြီးသော မင်းသော်လည်းကောင်း၊ ဥစ္စာအနှစ် များစွာရှိသော ပုဏ္ဏားသော်လည်း ကောင်း ဖြစ်၏။ ထိုသူသည် မြို့၏ အရှေ့အရပ်၌ ယဇ်တင်းကုပ်အသစ်ကို ပြုစေ၍ ဆံမုတ်ဆိတ်ကို ပယ်စေ၍ ခွာနှင့်တကွသော သစ်နက်ရေကို ဝတ်၍ ထောပတ်ဆီဖြင့် ကိုယ်ကိုသုတ်လိမ်း၍ သားချိုဖြင့် ကျောက်ကုန်းကို အယားဖျောက်လျက် ယဇ်တင်း ကုပ်သို့ မိဖုရား ပုရောဟိတ်ပုဏ္ဏားနှင့်အတူ ဝင်၏။

ထိုသူသည် ထိုယဇ်တင်းကုပ်၌ အခင်းမရှိသော နွားချေးစို လိမ်းကျံသော မြေ၌ အိပ်၏၊ အမိနှင့် အဆင်းတူသော နွားငယ်ရှိသော တကောင်သောနွားမ၏ နို့တခု နို့ရည်ဖြင့် မင်းသည် မျှတ၏၊ ၂-ခုမြောက်နို့ရှိနို့ရည်ဖြင့် မိဖုရားသည် ၃-ခုမြောက် ရှိ နို့ရည်ဖြင့် ပုရောဟိတ်ပုဏ္ဏားသည် မျှတ၏၊ ၄-ခုမြောက်နို့ရှိ နို့ရည်ဖြင့် မီးပူဇော် ၏၊ ကြွင်းနို့ရည်ဖြင့် နွားငယ်သည် မျှတ၏၊ ထိုမင်းက ဤမျှလောက်သော နွားလား နွားငယ် နွားမငယ် သိုး ဆိတ် မြင်းတို့ကို ယဇ်ပူဇော်ရန် သတ်ကြကုန်လော့၊ သစ်ပင် တို့ကို ယဇ်တိုင်အလို့ငှာ ဖြတ်၍ နေရာမြက်တို့ကို အကာအရံ အခင်းပြုရန် ရိတ်ဖြတ်ကြ” ဟု ဆို၏၊ ထိုမင်း၏ ကျွန် အစေအပါး အမှုလုပ်တို့သည်လည်း မင်းဒဏ်ဖြင့် ခြိမ်း ခြောက်အပ် ဘေးဖြင့် ခြိမ်းခြောက်အပ်ကုန်သည် ဖြစ်၍ မျက်ရည်ရွှဲစို ငိုယိုကုန်လျက် ယဇ်ပူဇော်ရန် အသိုင်းအဝိုင်းတို့ကို ပြုကုန်၏၊ ဤသူတည်း။

(၄) ၂-ဦးသားကို မပူပန်စေတတ်၊ ပူပန်စေခြင်း၌ အားမထုတ်တတ်သည်ဖြစ်၍ မျက်မှောက်ဘဝ၌သာ တဏှာမရှိ ငြိမ်းအေးသောငြိမ်းအေးသည်ဖြစ်၍ ချမ်းသာကို ခံစား လျက် မြတ်သော အတ္တဘောဖြင့် နေသူဟူသည်- ဤလောက၌ အရဟံစသော ဂုဏ် ၉-ပါးသခင် ဘုရားရှင်သည် ပွင့်တော်မူလာ၏၊ ထိုဘုရားရှင်သည် နတ်လောကနှင့် လူလောကကို ကိုယ်တိုင်ဉာဏ်ထူးဖြင့် မျက်မှောက်ပြုကာ ဟောကြားတော်မူ၏၊ ထို ဘုရားရှင်သည် အစ အလယ် အဆုံး ကောင်းခြင်းရှိသော အနက်သဒ္ဒါနှင့် ပြည့်စုံ သော တရားတို့ကိုဟော၍ အလုံးစုံ စင်ကြယ်ပြည့်စုံသော အကျင့်မြတ်ကို ပြတော်မူရာ တရားနာရသောကြောင့် သူကြွယ် သူကြွယ်သား အခြားမျိုးရိုး ဇာတ်ရှိသူ တဦးဦး သည် ဘုရားရှင်၌ ယုံကြည်မှုကိုရ၍ “လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏ ကိလေသာ သရာ လမ်းကြောင်းဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့်တူ၏၊ လူ့ ဘောင်၌နေသောသူသည် အကျင့်မြတ်ကို စစ်စစ် ပြည့်စုံ စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ

စာမျက်နှာ-674


ကျင့်ဖို့မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ပယ်ပြီး ဖန်ရည်ဆိုးအဝတ်ဝတ်၊ လူ့ဘောင်မှ ရဟန်း ဘောင်ဝင်ရမူ ကောင်းလေစွ”ဟု ဆင်ခြင်၏။ ထိုသူသည် နောင်အခါ ဥစ္စာ အနည်း အများ ဆွေမျိုး အနည်း အများကိုစွန့်၍ ဆံမုတ်ဆိတ်ပယ်၊ ဖန်ရည်ဆိုး အဝတ်ဝတ် ရဟန်းပြု၏။

ထိုသူရဟန်းပြုပြီးသော် ရဟန်းတို့၏ အဓိသီလသိက္ခာ ပညတ်အပ်သော သိက္ခာ ပုဒ်သို့ ရောက်သည်ဖြစ်၍ သူ့အသက်မသတ်၊ တုတ် လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်၍ သနားတတ်၏၊ သတ္တဝါအားလုံး၏ စီးပွားကို လိုလားနေ၏၊ မပေးဘဲ မခိုးမဝှက်၊ စင်ကြယ်သော ကိုယ်ဖြင့် နေ၏၊ မမြတ်သော ယုတ်သော ရွာသူတို့၏ အလေ့ မေထုန်မှု မပြု၊ အမှားမပြော၊ မှန်သောစကားချင်း ဆက်စပ်စေ၏၊ တည်တံ့ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကိုမလှည့်စားတတ်၊ ကုန်းစကားမပြော၊ ကွဲ ပြားအောင် ဤသူ ထိုသူထံမှ နားထောင်၍ ထိုသူဤသူထံ၌ မပြောတတ်၊ ကွဲလွဲသူ များကို စပ်ပေးတတ်၊ ညီညွတ်သူများကို အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော် ပျော်ပိုက်၏၊ ညီညွတ်ကြောင်း စကားကို ဆိုလေ့ရှိ၏၊ ကြမ်းတမ်းသော စကား မပြော၊ အပြစ်ကင်း၍ နားချမ်းသာသောနှစ်လိုဖွယ်ရှိ၍ နှလုံးသို့ သက်ဝင်သော ယဉ် ကျေး၍ လူများနှစ်သက်ဖွယ်ရှိသော စကားကိုသာ ဆို၏၊ ပြိန်ဖျင်းသော စကားကို မဆို၊ သင့်သောအခါ၌ ဟုတ်သည်ကိုသာ အကျိုးနှင့် စပ်သည်ကိုသာ တရားနှင့် စပ် သည်ကိုသာ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏။ သင့်သော အခါ၌ အကြောင်း နှင့်တကွ အပိုင်းအခြားရှိသော စီးပွားနှင့် စပ်သော မှတ်သားလောက်သော စကားကို ဆိုလေ့ရှိ၏။

ထိုသူသည် မျိုးစေ့သစ်ပင်အပေါင်းကို မဖျက်ဆီး၊ ဆွမ်းတထပ်သာ စား၍ ည စာမစား၊ နေလွဲသောအခါ မစား၊ ကခြင်း သီခြင်း တီးမှုတ်ခြင်း ပွဲကြည့်ခြင်း မပြု၊ ပန်းပန်ခြင်း၊ နံ့သာခြယ်ခြင်း နံ့သာပျောင်း လိမ်းခြင်း မပြု၊ မြင့်မြတ်သော နေရာ မနေ၊ ရွှေငွေမခံယူ၊ ကောက်စေ့၊ အသားစိမ်း မိန်းမပျို အို၊ ကျွန်မိန်းမ ယောက်ျား ဆိတ် သိုး ကြက် ဝက် ဆင် နွား မြင်း မြည်း လယ်ယာ မခံယူ၊ တမန် အစေအပါးမှု မပြု၊ ရောင်းဝယ် ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ် တိုင်းတာစဉ်းလဲမှု မပြု၊ တံစိုး ယူ လှည့်ဖြား အတုပြုခြင်းဟူသော ကောက်ကျစ်မှု မပြု၊ ဖြတ်၊ သတ်၊ နှောင်ဖွဲ့၊ ခရီးသွားလု၊ ရွာနိဂုံးဖျက်၊ ဒမြတိုက်မှု မပြု။

ထိုရဟန်းသည် ကိုယ်ကိုမျှတစေနိုင်ရုံသော သင်္ကန်း၊ ဝမ်းကိုမျှတစေနိုင်သော ဆွမ်း ဖြင့် ရောင့်ရဲ၏၊ သွားလေရာသို့ ပါမြဲ ပရိက္ခရာမျှသာ တပါတည်း ယူသွား၏၊ အတောင်ရှိသော ငှက် သည် ပျံလေရာရာသို့ မိမိအတောင်သာ ဝန်ရှိသည် ဖြစ်၍ ပျံသကဲ့သို့တည်း၊ မြတ်သော ဤသီလအစုနှင့် ပြည့်စုံသော ရဟန်းသည် မိမိသန္တာန်၌ အပြစ်မရှိသော ချမ်းသာကို ခံစားရ၏။

စာမျက်နှာ-675


ထိုရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်သော် ယောက်ျားမိန်းမစသော သဏ္ဌာန် နိမိတ်ကို စွဲယူလေ့မရှိ၊ လက်ခြေစသောအင်္ဂါ ပြုံးရယ်ဟန်စသော အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ စက္ခုနြေ မစောင့်စည်းခဲ့လျှင် မစောင့်စည်းခြင်းကြောင့် အဘိဇ္ဈာ ဒေါမ နဿဟူသော အကုသိုလ်တရားယုတ်များသည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက် ကုန်ရာ၏။ ထို့ကြောင့် ထိုစက္ခုနြေကို စောင့်စည်းဖို့ ကျင့်၏၊ စောင့်စည်း၏၊ စောင့် စည်းခြင်းသို့ ရောက်၏။ (နားစသည်ဖြင့် အသံစသည်ကို ကြားရာ၌လည်း နည်းတူ။) ထိုရဟန်းသည် ဤမြတ်သော ဣန္ဒြေ ၆-ပါးကို စောင့်စည်းခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ မိမိသန္တာန်၌ ကိလေသာနှင့် မရောသော ချမ်းသာကို ခံစားရ၏။

ထိုရဟန်းသည် ရှေ့သို့ တက်ရာ နောက်သို့ ဆုတ်ရာ တူရှုကြည့်ရာ တစောင်းကြည့်ရာ ကွေးရာ ဆန့်ရာ ဒုကုဋ် သပိတ်သင်္ကန်းကို ဆောင်ရာ စားရာ သောက်ရာ ခဲရာ လျက်ရာ ကျင်ကြီးကျင်ငယ်စွန့်ရာ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ် ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။

ထိုရဟန်းသည် ဤမြတ်သော သီလအစု ရောင့်ရဲခြင်း ဣန္ဒြေကို စောင့်စည်းခြင်း သတိသမ္ပဇဉ်တို့နှင့် ပြည့်စုံသည်ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာကို မှီဝဲ ၏၊ တော သစ်ပင်ရင်း တောင်ချောက် တောင်စောင်း သင်္ချိုင်း တောအုပ် လွင်ပြင် ကောက်ရိုးပုံကို မှီဝဲ၏၊ ထိုရဟန်းသည် ဆွမ်းခံပြန် ဆွမ်းစားပြီးနောက် တင်ပျဉ်ခွေပြီး ကိုယ်ကို ဖြောင့်မတ်စွာထား ကမ္မဋ္ဌာန်းရှေးရှု သတိကို ဖြစ်စေလျက် ထိုင်၏။

ထိုရဟန်းသည် ဥပါဒါနက္ခန္ဓာ ၅-ပါးဟူသော လောက၌ အဘိဇ္ဈာပယ်၍ အဘိဇ္ဈာ ကင်းသော စိတ်ဖြင့် နေ၏၊ အဘိဇ္ဈာမှ စိတ်ကို စင်ကြယ်စေ၏၊ ဗျာပါဒ ထိနမိဒ္ဓ ဥဒ္ဓစ္စ ကုက္ကုစ္စ ဝိစိကိစ္ဆာတို့ကိုလည်း နည်းတူပယ်၍ စိတ်ကို စင်ကြယ်စေ၏၊ ထိုရဟန်းသည် စိတ်၏ ညစ်ညူးကြောင်းဖြစ်၍ ပညာအားနည်းအောင် ပြုတတ်ကုန်သော ဤအပိတ် အပင် နီဝရဏတရား ၅-ပါးတို့ကို ပယ်၍ ကာမတို့မှ ဆိတ်၍သာလျှင် (လ) စတုတ္ထ ဈာန်သို့ ရောက်၍ နေ၏။

ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်ဖြူစင်လတ်သော် အညစ်အကြေးကင်း ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့၍ ပြုဖို့သင့်လျော်လတ်သော် တည်တံ့၍ မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် ရှေး၌ဖြစ်ဖူးသော ဘဝကိုအောက်မေ့၍သိသော ပုဗ္ဗေ နိဝါသာနုဿတိဉာဏ်၊ သတ္တဝါတို့၏ သေခြင်းဖြစ်ပေါ်ခြင်းကိုသိသော စုတူပပါတ ဉာဏ်၊ အာသဝေါ ကုန်စေတတ်သော အာသဝက္ခယဉာဏ် အလို့ငှာ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ညွတ်စေ၏။ ဤကား ဆင်းရဲတည်း၊ (လ) ဆင်းရဲချုပ်ရာ နိဗ္ဗာန်ရောက် ကြောင်း အကျင့်တည်း၊ ဤသည်တို့ကား အာသဝေါတရားတို့တည်း၊ (လ) အာသဝေါ တရားတို့ချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တည်းဟု ဟုတ်မှန်စွာ သိ၏။

စာမျက်နှာ-676


ဤသို့ သိမြင်သော ထိုရဟန်း၏စိတ်သည် ကာမ ဘဝ အဝိဇ္ဇာ အာသဝတို့မှ လွတ် မြောက်၏။ လွတ်ပြီးသော် “လွတ်ပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏။ “ပဋိသန္ဓေနေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။ ဤသူတည်း၊ ဤ ၄-ယောက်တို့တည်းဟု မိန့်။

တရားနာသူ သူကြွယ် မာန်ကျအရေအတွက်များသူတို့မှာ-သူကြွယ်တို့သာတည်း၊ ချဲ့’မင်းမျိုးမှ ရဟန်းပြုသူများ ဇာတ်ကိုစွဲ၍လည်းကောင်း၊ ပုဏ္ဏားမျိုးမှ ရဟန်းပြုသူ များကမူ မန္တန်ကိုစွဲ၍လည်းကောင်း မာနရှိကြသည်။ ယုတ်ညံ့သောအမျိုးမှ ရဟန်း ပြုသူများမူ မိမိဇာတ်နိမ့်၍ တရား၌ တည်ဖို့မလွယ်။ သူကြွယ်မျိုး သူငယ်တို့ကား ချွေးဒီးဒီးကျ ကျောက်ကုန်းဆားပေါက်အောင် ထွန်ယက်ကြရ၊ မာနကင်းကြသည်၊ စွမ်းအားရှိသမျှ ပရိယတ် ပဋိပတ် အားထုတ် အရဟတ္တဖိုလ်၌ တည်နိုင်ကြသည်။ အခြားအမျိုးမှ ရဟန်းပြုသူများထက်လည်း များကြ၏။ ထို့ကြောင့် ပဌမ ညွှန်ပြ သည်။

အိမ်ထောင်သည်ဘဝ ကျဉ်းမြောင်း လင်မယား ၂-ဦး အတောင် ၆၀-ရှိသော အိမ်၌ ယူဇနာတရာအတွင်း နေရစေကာမူ တဏှာဖြင့် ကျဉ်းသေးသည်သာ၊ ရဟန်း သည်ကား ရတနာ ပြာသာဒ် ဗိမာန်စသည်တို့၌ တံခါးပိတ်နေရစေကာမူ မကပ်ငြိ မတွယ်တာ၍ လွင်တီးခေါင်ပမာ ကျယ်ဝန်းသည်သာ။ တနည်း – လူ့ဘဝကား ကုသိုလ်ပြုဖို့ ချမ်းသာစွာ အခွင့်မသာ၊ ရဟန်းဘဝသာ အခွင့်သာသည်။ ဤသို့ ကျဉ်း ကျယ် မှတ်သင့်သည်။

ဥစ္စာဆွေး နည်း များ ဥစ္စာ ၁ဝဝဝ-အောက် နည်း၍ တထောင်မှစ များ သည်။ ဆွေမျိုး ၂၀-အောက်နည်း၍ ၂၀-မှစ၍ များသည်။

ဆွမ်းတနပ်သာစား နံနက်စာ ညစာ ၂-မျိုးတွင် နံနက်စာကို မွန်းတည့်ဖြင့်ပိုင်း ခြားအပ်၏၊ နေ့လယ်မှစ၍ နောက်နေ့အရုဏ်အထိ ညစာမည်သည်။ ထို့ကြောင့် မွန်း မတိမ်းမီ ၁၀-ကြိမ်စားသော်လည်း တနပ်သာ စားသည်မည်သည်။

ကျွန်မိန်းမ ယောက်ျားမအပ် ... ကပ္ပိယကာရက အာရာမ်စောင့်အဖြစ်ကား ခံယူကောင်း သည်။

ချိန်စဉ်းလဲ ၄-မျိုး အလေး ၂-ခု အသွင်တူထား၍ ယူလျှင်အကြီးဖြင့်ပေးလျှင် အငယ် ဖြင့်ချိန်ပေးသော အသွင်တူဖြင့် စဉ်းလဲခြင်း ရူပကူဋ၊ ယူလျှင် နောက်ဘက်၌ လက်ဖြင့် ချိန်ကိုနှိပ်၊ ပေးလျှင် ရှေးဘက်၌ နှိပ်ပေးခြင်းဟူသော အစိတ်အင်္ဂါဖြင့် စဉ်းလဲခြင်း အင်္ဂကူဋ၊ ယူလျှင် အရင်း၌ ကြိုးကိုကိုင်ပေးလျှင် အဖျား၌ကိုင်ပေးခြင်း ဟူသော ကိုင်ခြင်း

စာမျက်နှာ-677


ဖြင့် စဉ်းလဲခြင်း ဂဟဏကူဋ၊ ချိန်ကိုအခေါင်းဖောက်၊ အတွင်း၌ သံမှုန့်ထည့်ကာ ယူလျှင် သံမှုန့်ကို နောက်ဘက်ရောက်စေ ပေးလျှင် ရှေ့ဘက်ရောက်စေခြင်းဟူသော ဖုံးကွယ်ခြင်း ဖြင့် စဉ်းလဲခြင်း ပဋိစ္စန္နကူဋတို့တည်း။

အသပြာစဉ်းလဲပြုပုံ ရွှေခွက်တခု၊ ရွှေရောင်တောက်သော ကြေးခွက် ၂-ခု၊ ၃-ခု ပြုကာ ဇနပုဒ်သွား၍ရောင်းသည်၊ ဝယ်သူက ခွက်အားလုံး ဈေးတူပင် ပေးလိုကြသည်၊ သို့သော် “ရွှေစစ် မစစ်သိလိုကြောင်း”ဆိုရာ “စမ်းသပ်ပြီးမှ ယူကြ”ဟု ပြောပြီး ရွှေခွက် ကိုသာ မှတ်ကျောက်တင်ပြ ခွက်အားလုံး ရောင်းလိုက်သည်။

ခြင်တွယ်တိုင်းတာစဉ်းလဲ ၃-မျိုး ထောပတ်ဆီစသည်တို့ကို ယူလျှင် အောက်၌ အပေါက်ရှိသော ခြင်ခွက်ဖြင့် “ဖြေးဖြေးလောင်းပါ”ဟု ဆိုပြီး မိမိ၏ခံခွက်ထဲ များစွာ ယိုကျအောင်ယူ၏၊ ပေးလျှင် အပေါက်ပိတ် မြန်မြန်ခြင်ပေးခြင်း ဟူသော အတွင်းဖျက် ခြင်း ဟဒယဘေဒ၊ နှမ်းဆန်စသည်တို့ကို ခြင်သောအခါယူလျှင် ဖြေးဖြေး အဦးကိုတက် စေ၍ (စတုတ်တိုက်၍) ယူ၏၊ ပေးလျှင် မြန်မြန်အဦးကိုတက်စေ၍ ပေးခြင်းဟူသော အဦးကိုဖျက်ခြင်း သိခါဘေဒ၊ လယ်ယာမြေတိုင်းသောအခါ လက်ဆောင်မရလျှင် လယ်ကိုငယ်သော်လည်း ကြီးအောင်ပြုတိုင်းခြင်းဟူသော ကြိုးကိုဖျက်ခြင်း ရဇ္ဇူဘေဒ တို့တည်း။

လှည့်ဖြားခြင်းဝဥန ထိုထိုအကြောင်းတို့ဖြင့် သူတပါးတို့အား လှည့်ဖြားခြင်း တည်း၊ ဝတ္ထုမှာ- မုဆိုးသည် သမင်ကြီးငယ် ၂-ကောင်ကို ယူအလာ သေသောက်ကြူး ကမ်း၍ အကြီး ၂-ကျပ်၊ အငယ် ၁-ကျပ်ဟု ပြောလိုက်သည်၊ ငွေ ၁-ကျပ်ပေးပြီး သမင်ငယ်ကို သေသောက်ကြူးဝယ်ပြီးမှ တဖန် အငယ်မစားလောက်၊ အကြီးပေးပါ ဟု ဆိုပြန်ရာ ငွေ ၂-ကျပ် မုဆိုးကတောင်းသည်၊ သေသောက်ကြူးက ယခင် တကျပ် ပေးပြီးပြီ၊ ယခုတကျပ်တန် သမင်ငယ်ယူ ပေါင်း ၂-ကျပ်ဖြစ်ပြီဟု ဆိုပြီး သမင်ကြီးယူ သွားသည်၊ မုဆိုးလူအကား အကြောင်းမှားကို အကြောင်းမှန်ထင်ပြီး ပေးလိုက်သည်။

အတုပြုခြင်းနိကတီ အားထုတ်၍ လည်းကောင်း၊ လှည့်ပတ်၍လည်းကောင်း၊ ပတ္တမြားဟုတ်သည်ကို ပတ္တမြား၊ ရွှေမဟုတ်သည်ကို ရွှေဟု အတုပြု၍ လှည့်ဖြားခြင်း တည်း။

ပရိက္ခရာ ၈-ပါး ပစ္စည်း ၄-ပါးတို့၌ ရရသမျှဖြင့် ရောင့်ရဲမှု ၁၂-ပါးရှိသော ရဟန်းအား သင်္ကန်း ၃-ထည် သပိတ်၊ တံပူ ဖြတ်ရန် ပဲခွပ်၊ အပ်၊ ခါးပန်းကြိုး၊ ရေစစ်၊ ဤ ၈-ပါးသင့်သည်၊ ကိုယ်နှင့်ဝမ်းကို မျှစေရုံသာ ရှိ၏၊ မပိုပါ။

ပရိက္ခရာ ၉-ပါးစသည် အိပ်ရာဝင်သော ရဟန်းအား အိပ်ရာလွှမ်း အဝတ်သည် လည်းကောင်း၊ သံကောက်သော့သည်လည်းကောင်း မထည့် ၉-ပါး၊ နိသီဒိုင်သားရေပိုင်း

စာမျက်နှာ-678


ထည့် ၁၀-ပါး၊ တောင်ဝှေးဆီကျည်တောက်ထည့် ၁၁-ပါး၊ ယီး ဖိနပ်ထည့် ၁၂-ပါး၊ ဤအားလုံးကို ဆောင်သော်လည်း အလိုကြီးသည် ဝန်ကြီးသည် မဆိုအပ်။

ပရိက္ခရာ ၈-ပါး တပါတည်းယူသွား ... ငါ့ကျောင်း ငါ့ဒကာ မစွဲတော့ဘဲ ညို့ လွှတ်သောမြားပမာ လိုသောတော တောင် သစ်ပင်သို့ သွားနိုင်သည်၊ ရပ်နိုင် နေနိုင် သည်၊ အဖော်မရှိပါ၊ အရပ် ၄ မျက်နှာလုံး မည်သူအားမျှ မထိခိုက် ဘေးရန်အားလုံး လည်း သည်းခံနိုင်သည်၊ ကြံ့ချိုပမာဖြစ်တော့၏။

ငှက်သည် လိုရာသို့ပျံ ဤအရပ်၌ သစ်ပင်မှည့်သည်ဟုကြား အရပ်မျိုးစုံမှ ငှက်များ လာကြ စားကြ ယနေ့ နက်ဖြန်ဖို့ မထားကြ၊ အသီးကုန်လျှင် သစ်ပင်ကိုစောင့်မနေကြ၊ အစောင့်မထားကြဘဲ ထိုသစ်ပင်၌ မတွယ်တာ လိုရာသို့ ငှက်များသွားကြသလို ရဟန်း လည်း ဤအတိုင်းဖြစ်သင့်သည်။

တောရပုဂ္ဂိုလ်မှန်လျှင် ပြည့်စုံရမည့် အကြောင်း ၄-ပါးမှာ- သီလ၊ ရောင့်ရဲမှု၊ ဣန္ဒြေစောင့်စည်းမှု၊ သတိသမ္ပဇဉ်တို့တည်း။ ဤ၄-ပါး မပြည့်စုံလျှင် တိရစ္ဆာန်များ၊ မုဆိုးများနှင့်နေသလို ဖြစ်တော့သည်၊ တောစောင့်နတ်များ ခြောက်လှန့်ရိုက်ပုတ် ထွက်ပြေးအောင်အပြုခံရ မကောင်းသတင်းဖြစ်ရမည်၊ အကြောင်း ၄-ပါးပြည့်စုံက တောနေမှုပြည့်စုံတော့၏။ မှန်၏။ သီလကိုဆင်ခြင် မှည့်တပေါက်မှမတင်၍ ပီတိဖြစ်၊ ဖြစ် ပျက်သုံးသပ် အရိယာနယ်ရောက်နိုင်သည်၊ တောစောင့်နတ်များလည်း ချီးမွမ်းခံရ ရေပေါ်ဆီလို ကျော်စောမှုလည်း ပြန့်တော့သည်။

ဆိတ်ငြိမ်သောကျောင်း လူသံဆိတ်၍ အသံမရှိ ကြွေးကြော်သံမရှိသော ကျောင်း တည်း။ ဤအဓိပ္ပာယ်ကိုရည်၍ ဝိဘင်း ပါဠိတော်၌ ရွာနီးကျောင်း ဖြစ်စေကာမူ လူ ရှင်တို့ဖြင့် မပြွမ်းလျှင် ဆိတ်ငြိမ်ကျောင်း ဆိုအပ်သည်၏ဟု မိန့်။

ကျောင်းအိပ်ရာ နေရာများ ညောင်စောင်း အင်းပျဉ်၊ ဘုံလျှို၊ အုံး၊ ၂-ဘက် ဆောင်၊ တဘက်ဆောင်မိုးကျောင်း၊ ပြာသာဒ်ရှည်၊ ပြာသာဒ်ဦးပြည်း၊ တောင်ခေါင်း ပြအိုး၊ တန်ဆောင်း၊ လိုဏ်၊ ဝါးရုံ၊ သစ်ပင်ရင်း၊ မဏ္ဍပ်၊ ရဟန်းများဖဲရာ အရပ် တို့တည်း။

သေနာသန ၄ မျိုးခွဲ ၂-ဘက်ဆောင်၊ တဘက်ဆောင်မိုးကျောင်း၊ ပြာသာဒ်ရှည်၊ ပြာသာဒ်ဦးပြည်း၊ တောင်ခေါင်းသည် ဝိဟာရ၊ ညောင်စောင်းအင်းပျဉ်၊ ဘုံလျှို၊ အုံးသည် ပဉ္စမပီဌ၊ အိပ်ရာလွှမ်းအခင်း၊ သားရေပိုင်းမြက်အခင်း၊ သစ်ရွက်အခင်းသည် သန္တတ၊ ရဟန်းများ ဖဲရာအရပ်သည် ဩကာသဟု ခွဲသည်၊ အားလုံး ကျောင်းအိပ်ရာ နေရာချည်း။

စာမျက်နှာ-679


ပုဂ္ဂိုလ် ၄-မျိုးခွဲ အောက် ၃-အင်္ဂါတို့ဖြင့် သာသနာပ အယူ ၃-မျိုး (အယူရှိသူ ပုဂ္ဂိုလ် ၃-မျိုး) ၏ အကျိုးမရှိပုံကို ပြသည်၊ စတုတ္ထအင်္ဂါဖြင့် ဘုရားရှင်၏ သာသနာ တွင်းအယူ (အယူရှိသူ) ၏ နက်နဲပုံကိုပြ၍ ဒေသနာတော်ကို အရဟတ္တဖိုလ်ဖြင့် အထွတ် တပ်သည်။

၉-တဏှာသုတ်

ဘုရားရှင်က ရဟန်းတို့၊ အကြင်တဏှာသည် လွှမ်းမိုးဖျက်ဆီးအပ် ထက်ဝန်းကျင် မြှေးယှက်အပ်သောကြောင့် ယက်ကန်းချည်ထွေး၊ စာပေါင်းသိုက်၊ ဖြူဆံမြက် ပြိန်းမြက် ပမာ ဖြစ်နေသော ဤသတ္တလောကသည် ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ကျရောက်ရာ သံသရာကို မလွန်မြောက်နိုင်၊ ကွန်ရက်ပမာ လှည့်လည်တတ် ပျံ့နှံ့တတ် ကပ်ငြိတတ်သော ထိုတဏှာကို သင်တို့အား ဟောကြားမည်၊ နာကြ၊ ကောင်းစွာနှလုံးသွင်းကြ၊ ဟောပေအံ့ဟု မိန့်ပြီး’

ရဟန်းတို့၊ အကြင်တဏှာသည် လွှမ်းမိုးဖျက်ဆီးအပ် (လ) သံသရာကို မလွန်မြောက် နိုင်၊ ကွန်ရက်ပမာ (လ) ထိုတဏှာဟူသည်-အတွင်းသန္တာန်၌ဖြစ်သော ခန္ဓာ ၅-ပါး ကိုစွဲ၍ ဤတဏှာဝိစရိုက် ၁၈-ပါး၊ အပသန္တာန်၌ နည်းတူ ၁၈-ပါးဖြစ်ကုန်၏။

(၁) အတွင်းသန္တာန်၌ဖြစ်သော ခန္ဓာ ၅-ပါးကိုစွဲ၍ ဖြစ်ကုန်သော တဏှာဝိစရိုက် ၁၈-ပါးဟူသည်- (အတွင်းသန္တာန်၌ ခန္ဓာရှိလတ်သော်) “ငါသည်ဖြစ်၏”ဟု တဏှာ မာန ဒိဋ္ဌိအားဖြင့် စွဲယူ၏၊ ဤသို့စွဲယူလတ်သော် “ငါသည် ဤသို့သော အခြင်းအရာ အားဖြင့်ဖြစ်၏”ဟု စွဲယူ၏၊ ဤသို့စွဲယူလတ်သော် “ငါသည် ဤသူတို့နှင့်တူ၏”ဟု စွဲယူ ၏၊ ဤသို့ စွဲယူလတ်သော် “ငါသည် တပါးသောအခြင်းအရာအားဖြင့် ဖြစ်၏” ဟု စွဲယူ၏။ “ငါသည် အမြဲတည်၏” ဟု စွဲယူ၏။ “ငါသည် အမြဲမတည်” ဟုစွဲယူ၏။

(အဇ္ဈတ္တခန္ဓာ ရှိလတ်သော်) “ငါသည် ဖြစ်လေသလော” ဟု စွဲယူ၏။ “ငါသည် ဤသို့သောအခြင်းအရာရှိသည် ဖြစ်လေသလော”ဟု စွဲယူ၏။ “ငါသည် ဤသူတို့နှင့် တူလေသလော”ဟု စွဲယူ၏။ “ငါသည် တပါးသော အခြင်းအရာအားဖြင့် ဖြစ်လေ သလော” ဟု စွဲယူ၏။ (အဇ္ဈတ္တခန္ဓာရှိလတ်သော်) “ငါသည် ဖြစ်ပါမူကား ကောင်း လေစွ” ဟု စွဲယူ၏။ “ငါသည် ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်ပါမူကား ကောင်းလေစွ” ဟု စွဲယူ၏။ “ငါသည် ဤသူတို့နှင့် တူပါမူကား ကောင်းလေစွ” ဟု စွဲယူ၏၊ “ငါသည် တပါးသော အခြင်းအရာအားဖြင့် ဖြစ်ပါမူကား ကောင်း လေစွ” ဟု စွဲယူ၏။

စာမျက်နှာ-680


(အဇ္ဈတ္တခန္ဓာ ရှိလတ်သော်) “ငါသည် ဖြစ်လတ္တံ့”ဟု စွဲယူ၏။ “ငါသည် ဤသို့ သော အခြင်းအရာအားဖြင့် ဖြစ်လတ္တံ့” ဟု စွဲယူ၏။ “ငါသည် ဤသူတို့နှင့်တူသည် ဖြစ်လတ္တံ့” ဟု စွဲယူ၏။ “ငါသည် တပါးသော အခြင်းအရာအားဖြင့် ဖြစ်လတ္တံ့” ဟု စွဲယူ၏။ ဤ ၁၈-ပါးတို့တည်း။

(၂) အပသန္တာန်၌ဖြစ်သော ခန္ဓာ ၅-ပါးကို စွဲ၍ဖြစ်ကုန်သော တဏှာဝိစရိုက် ၁၈-ပါးဟူသည်’ (အပသန္တာန်၌ ခန္ဓာရှိလတ်သော်) “ငါသည် ဤခန္ဓာဖြင့် ဖြစ်၏” ဟု စွဲယူ၏။ “ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်၏” ဟု စွဲယူ၏။ “ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူ၏”ဟု စွဲယူ၏။ “ငါသည် ဤခန္ဓာဖြင့် တပါးသော အခြင်းအရာအားဖြင့် ဖြစ်၏” ဟုစွဲယူ၏။ (ဤ ၄-ပါး၌ “ဤခန္ဓာဖြင့်” စကားသည် အဇ္ဈတ္တမှ ပိုသလို ကြွင်း ၁၄-ပါးတို့၌လည်း ဤခန္ဓာဖြင့် တပ်၍မှတ်က အပသန္တာန်ဆိုင်ရာ ပြီးတော့သည်။) ဤ ၁၈-ပါးတို့တည်း။

အတွင်းအပသန္တာန် ၂-ပါး၌ တဏှာဝိစရိုက် ၃၆-ပါးဖြစ်ကုန်၏၊ ဤအတူပင် ဤ သဘောရှိသော အတိတ်ကာလ၌ ၃၆-ပါး၊ အနာဂတ်ကာလ၌ ၃၆-ပါး၊ ပစ္စုပ္ပန် ကာလ၌ ၃၆-ပါး၊ ဤသို့ တဏှာဝိစရိုက် ၁၀၈-ပါးဖြစ်ကုန်၏။ တဏှာဟူသည် ဤသည် ပင်တည်းဟု မိန့်။

ကွန်ရက်ပမာတဏှာ ကွန်ရက်သည် ပတ်ပတ်လည် ချုပ်အပ်ရကား နှောင့်ယှက် ရှုပ်ထွေးသလို တဏှာလည်း ရှုပ်ထွေးသည်၊ ဘဝ ၃-ပါးတို့ကို လွှမ်းမိုးတည်သော တဏှာအား ထိုထိုဘဝ၌ မိမိ၏အစိတ်ဖြစ်သော ကွန်ရက်ရှိသောကြောင့်လည်း တဏှာ သည် ကွန်ရက်ပမာဖြစ်သည်။

ယက်ကန်းချည်ထွေးပမာ သတ္တဝါ အထားအသို မကောင်း၊ ကြွက်လည်း ကိုက် ထားသော ယက္ကန်းချည်ထွေးသည် နေရာတိုင်းရှုပ်နေပြီး အရင်းအဖျား ရှာမရသလို တဏှာနှောင့်ယှက်အပ်သော သတ္တဝါများလည်း မိမိထွက်လမ်းကို အဖြောင့်မပြုနိုင်၊ စာပေါင်းသိုက်နှင့် မြက်များလည်း နည်းတူ အစရှာမရ ရှုပ်ထွေးသည်။

ယူခြင်း ၂-မျိုး ထောက်၍၊ မထောက်ဘဲယူခြင်းတည်း၊ တပါးသောအခြင်းအရာ သို့မကပ်ဘဲ မထောက်ဘဲ မိမိသဘောကိုသာ အာရုံပြု၍ ၂-ဤသို့သောအခြင်းအရာအား ဖြင့် ဖြစ်၏ဟု စွဲယူ၏၊ မင်း စသည်တို့တွင် ငါသည် ဤသဘောအမျိုးအစား ဖြစ်၏ဟု တဏှာစသည်ဖြင့် စွဲယူ၏၊ ဤကား မထောက်ဘဲယူခြင်းတည်း။

ထောက်၍ယူခြင်း ၂-မျိုး တူ မတူအားဖြင့် ထောက်ခြင်းတည်း၊ ၃--ငါသည် ဤသူတို့နှင့်တူ၏၊ သူလည်းမင်း ငါလည်းမင်း၊ ငါသည် ဤမင်းနှင့် တူ၏ဟု စွဲယူခြင်းကား

စာမျက်နှာ-681


အတူအားဖြင့် ထောက်၍ယူခြင်းတည်း။ ၄-ငါသည်တပါးသောအခြင်းအရာအားဖြင့် ဖြစ်၏၊ သူမင်းပေမယ့် ငါက တခြားမင်းထက်မြတ်တဲ့ ရဟန်းဟု စွဲယူခြင်းကား မတူသော အားဖြင့် ထောက်ယူခြင်းမည်သည်။ ဤကား ပစ္စုပ္ပန်နှင့်စပ်၍ တဏှာကျက်စားရာ ၄-မျိုးတည်း။

ကြွင်းတဏှာဝိစရိုက်များ ငါသည် အမြဲတည်၏၊ အမြဲမတည်၊ ဤ ၂-ပါးကား သဿတ ဥစ္ဆေဒဒိဋ္ဌိ ၂-ပါးနှင့် စပ်သည်။ ငါသည် ဖြစ်လေသလောစသော ၄-ပါး ကား ယုံမှားသောအားဖြင့် ကြံခြင်းနှင့် စပ်၍မိန့်သည်၊ ငါသည်ဖြစ်ပါမူကား ကောင်း လေစွစသော ၄-ပါးတို့ကား တောင့်တသောအားဖြင့် ကြံခြင်းနှင့်စပ်၍ မိန့်သည်။ ငါသည် ဖြစ်လတ္တံ့ စသော ၄-ပါးကား အနာဂတ်နှင့်စပ်၍ မိန့်သည်၊ အဓိပ္ပာယ်မှာ ပဌမ ၄-ပါးကဲ့သို့ပင်။

တဏှာဝိစရိုက် ၁၈-ပါးပေါင်းမှတ် မြဲ မမြဲ ၂-ပါးကား ဒိဋ္ဌိ ဦးခေါင်းရှိသော တဏှာဝိစရိုက်ဖြစ်၍ ၄-တွဲ၏ အစ အယူ ၄-မျိုးကား သုဒ္ဓသီသ သက်သက်ဦးခေါင်း ရှိသော တဏှာဝိစရိုက်များဖြစ်ကြသည်၊ ခေါင်း ၄-ခေါင်း၏ နောက် ၃-မျိုးစီ ၄-တွဲ ၁၂-ပါးကား သီသမူလက ဦးခေါင်းလျှင် အရင်းရှိသော တဏှာဝိစရိုက် တို့တည်း။ (၂+၄+၁၂=၁၈)

၁၀-ပေမသုတ်

ချစ်မြတ်နိုးခြင်း ၄-မျိုးမှာ ချစ်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏၊ ချစ်ခြင်း ကြောင့်အမျက်ထွက်ခြင်းသည် ဖြစ်၏၊ အမျက်ထွက်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏၊ အမျက်ထွက်ခြင်းကြောင့် အမျက်ထွက်ခြင်းသည် ဖြစ်၏။

ချစ်ခြင်းကြောင့် ချစ်ခြင်းဖြစ်ပုံမှာ- ဤလောက၌ ပုဂ္ဂိုလ်တဦးသည် ပုဂ္ဂိုလ်တဦး ကို အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်၏၊ ထိုသူချစ်အပ်သူကို တပါးသူများက အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော စကားဖြင့် ပြောဆို၏၊ ထိုပဌမပုဂ္ဂိုလ်အား “ငါချစ်အပ်သူ ကို တပါးသူတို့က အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော စကားဖြင့် ပြောဆိုကုန်၏၊” အကြံဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ထိုပြောဆိုသူတို့၌ ချစ်ခြင်းကို ဖြစ်စေ၏၊ ဤသို့တည်း။

ချစ်ခြင်းကြောင့် အမျက်ထွက်ခြင်း ဖြစ်ပုံမှာ- ပုဂ္ဂိုလ်တဦးသည် ပုဂ္ဂိုလ်တဦးကို အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်၏၊ ထိုသူ ချစ်အပ်သူကို တပါးသူတို့က အလိုမရှိအပ် မနှစ်သက် မမြတ်နိုးအပ်သောစကားဖြင့် ပြောဆိုကုန်၏၊ ထိုပဌမပုဂ္ဂိုလ်အား “ငါ ချစ်အပ်သူကို တပါးသူတို့က အလိုမရှိအပ်သော စကားဖြင့် ပြောကုန်၏”ဟု အကြံ သည်ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် ထိုပြောဆိုသူတို့၌ အမျက်ထွက်ခြင်းကို ဖြစ်စေ၏၊ ဤသို့တည်း။

စာမျက်နှာ-682


အမျက်ထွက်ခြင်းကြောင့် ချစ်ခြင်းဖြစ်ပုံမှာ-- ပုဂ္ဂိုလ်တဦးသည် တဦးကို အလိုမရှိ အပ်၊ ထိုသူမချစ်အပ်သူကို တပါးသူတို့က အလိုမရှိအပ်သောစကားဖြင့် ပြောဆိုကုန် ၏၊ ထိုပဌမပုဂ္ဂိုလ်အား “ငါမချစ်အပ်သူကို တပါးသူတို့က အလိုမရှိအပ်သောစကား ဖြင့် ပြောဆိုကုန်၏”ဟု အကြံဖြစ်၏။ ထိုပဌမပုဂ္ဂိုလ်သည် ပြောဆိုသူတို့၌ ချစ်ခြင်း ကို ဖြစ်စေ၏၊ ဤသို့တည်း။

အမျက်ထွက်ခြင်းကြောင့် အမျက်ထွက်ခြင်းဖြစ်ပုံမှာ– ပုဂ္ဂိုလ်တဦးသည် တဦးကို အလိုမရှိအပ်၊ ထိုသူမချစ်အပ်သူကို တပါးသူတို့က အလိုရှိအပ်သော စကားဖြင့် ပြောဆို ကုန်၏၊ ထိုပဌမပုဂ္ဂိုလ်အား “ငါမချစ်အပ်သူကို တပါးသူများက အလိုရှိအပ်သော စကားဖြင့် ပြောဆိုကုန်၏”ဟု အကြံဖြစ်၏။ ထိုပဌမပုဂ္ဂိုလ်သည် ထိုပြောဆိုသူတို့၌ အမျက်ထွက်ခြင်းကို ဖြစ်စေ၏။ ဤသည်တို့တည်း။

အကြင်အခါ၌ ရဟန်းသည် ပဌမဈာန်သို့ ရောက်နေ၏၊ ထိုပုဂ္ဂိုလ်အား ချစ်ခြင်း ကြောင့် ချစ်ခြင်းသည်လည်း ထိုအခါ၌ မဖြစ်၊ ချစ်ခြင်းကြောင့် အမျက်ထွက်ခြင်း၊ အမျက်ထွက်ခြင်းကြောင့် ချစ်ခြင်း၊ အမျက်ထွက်ခြင်းကြောင့် အမျက်ထွက်ခြင်းသည် လည်း ထိုအခါ၌ မဖြစ်၊ ဒုတိယဈာန် (လ) စတုတ္ထဈာန်သို့ ရောက်နေသော ပုဂ္ဂိုလ် အားလည်း ထိုအခါ ထို ၄-မျိုး မဖြစ်။

အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ဉာဏ်ထူးဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ရောက်နေသော ပုဂ္ဂိုလ်သည်ကား ချစ်ခြင်း မုန်းခြင်းအားလုံးကို ပယ်အပ်၏။ အမြစ် ၎င်းကို ဖြတ်ပြီး နုတ်ပြီး ထန်းပင်ရာကဲ့သို့ပြုပြီးဖြစ်၏။ တဖန် မဖြစ်ခြင်းကို ပြုအပ်၏၊ နောင်အခါ မဖြစ်ခြင်း သဘောရှိ၏။ ဤရဟန်းကို (ဒိဋ္ဌိ၏ အစွမ်းအားဖြင့်) မိမိကိုယ်ကို မချီးမြှောက်သောရဟန်း ဆန့်ကျင်သဖြင့် မိမိကိုယ်ကို မချီးမြှောက်သော ရဟန်း၊ (တဏှာ ဝိစရိုက်၏ အစွမ်းအားဖြင့်) အခိုးမလွှတ်သောရဟန်း၊ အလျှံမလွှတ်သောရဟန်း၊ (ငါဟူသော မာန၏ အစွမ်းအားဖြင့်) မကြံမှိုင်သောရဟန်းဟူ၍ ဆိုအပ်၏။

ရဟန်းသည် (ဒိဋ္ဌိအစွမ်းအားဖြင့်) မိမိကိုယ်ကို ချီးမြှောက်ပုံမှာ-ဤသာသနာတော် ၌ ရဟန်းသည် ရုပ်ကို အတ္တအားဖြင့် ရုပ်ရှိသော အတ္တကိုလည်း၊ အတ္တ၌ ရုပ်ကိုလည်း၊ ရုပ်၌ အတ္တကိုလည်း အဖန်ဖန်ရှု၏။ ဝေဒနာစသော ကြွင်းခန္ဓာ ၄-ပါးကိုလည်း နည်း တူ ရှု၏။ ဤသို့ ချီးမြှောက်၏။

မိမိကိုယ်ကို မချီးမြှောက်ပုံမှာ-ရုပ်ကို အတ္တအားဖြင့် ရုပ်ရှိသော အတ္တကိုလည်း၊ အတ္တ၌ ရုပ်ကိုလည်း၊ ရုပ်၌ အတ္တကိုလည်း အဖန်ဖန် မရှု၊ ဝေဒနာစသည်ကိုလည်း မရှု၊ ဤသို့ မချီးမြှောက်။

စာမျက်နှာ-683


ရဟန်းသည် ဆန့်ကျင်သဖြင့် မိမိကိုယ်ကို ချီးမြှောက်ပုံမှာ-ရဟန်းသည် ဆဲရေးသူ ကို ပြန်၍ ဆဲရေး၏။ ပုတ်ခတ်သူကို ပြန်၍ ပုတ်ခတ်၏။ ဤသို့ ချီးမြှောက်၏၊ မချီး မြှောက်ပုံမှာ’ဆဲရေးသူစသည်များကို ပြန်၍ဆဲရေးခြင်းစသည်တည်း။

ရဟန်းသည် (တဏှာဝိစရိုက်၏အစွမ်းအားဖြင့်) အခိုးလွှတ်ပုံမှာ...“ငါသည်ဖြစ်၏” ဟု စွဲယူ၏။ “ငါသည် ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု စွဲယူ၏။ “ငါ သည် ဤသူတို့နှင့် တူ၏”ဟု စွဲယူ၏။ “ငါသည် တပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု စွဲယူ၏။ (တဏှာသုတ်အတိုင်း ၁၈-ပါး မှတ်) ဤသို့ အခိုးလွှတ်၏။ အခိုး မလွှတ်ပုံမှာ “ငါသည် ဖြစ်၏”ဟု မစွဲယူစသည်တို့တည်း။

ရဟန်းသည် (အပသန္တာန်၌ဖြစ်သော ခန္ဓာ ၅-ပါးကိုစွဲ၍ တဏှာဝိစရိုက်၏ အစွမ်းအားဖြင့်) အလျှံလွှတ်ပုံမှာ- ငါသည် ဤခန္ဓာဖြင့် ဖြစ်၏ဟု စွဲယူ၏။ (ဤခန္ဓာဖြင့်ဟူ သော စကားအထူးထည့်၍ ၁၈-ပါးလုံး အထက်အတ္တအတိုင်း တဏှာသုတ်အတိုင်း မှတ်) ဤသို့ အလျှံလွှတ်၏။ အလျှံမလွှတ်ပုံမှာ...“ငါသည် ဤခန္ဓာဖြင့် ဖြစ်၏”ဟု မစွဲယူစသည်တို့တည်း။

ရဟန်းသည် (ငါဟူသော မာန၏အစွမ်းအားဖြင့်) ကြံမှိုင်ပုံမှာ-ရဟန်းသည် ငါ ဟူသောမာနကို ပယ်အပ်ပြီး အရင်းအမြစ် ဖြတ်အပ်ပြီး၊ နုတ်ပြီး ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီး တဖန် မဖြစ်ခြင်းကို ပြုအပ်ပြီး မဟုတ်၊ နောင်အခါ မဖြစ်ခြင်းသဘောရှိ သည် မဟုတ်၊ ဤသို့ ကြံမှိုင်၏၊ မကြံမှိုင်ပုံမှာ-ငါဟူသောမာနကို ပယ်အပ်ပြီး ဖြစ်၏။ (လ) နောင်အခါမဖြစ်ခြင်း သဘောရှိ၏။ ဤသို့ မကြံမှိုင်ဟု မိန့်။

အခိုးအလျှံလွှတ် ကြံမှိုင် အတွင်းသန္တာန် ခန္ဓာကိုစွဲ၍ တဏှာဝိစရိုက်အားဖြင့် အခိုးလွှတ်၊ အပသန္တာန် ခန္ဓာစွဲ၍ အလျှံထွက်၊ ငါဟူသောမာနနှင့်စပ်၍ ကြံမှိုင်သည်၊ ဤကား အထူးတည်း။

(၂၁) ၅-သပ္ပုရိသဝဂ်၊ ၁-သိက္ခာပဒသုတ်

သူယုတ်မာကို သူယုတ်မာထက် သူယုတ်မာကို၊ သူတော်ကောင်းကို သူတော် ကောင်းထက် သူတော်ကောင်းကို သင်တို့အား ဟောကြားပေအံ့ဟု ဝန်ခံတော်မူပြီး ဘုရားရှင်က သူယုတ်မာဟူသည်...ဤလောက၌ အချို့သူသည် သူ့အသက်သတ်၊ မပေး သည်ကိုယူ၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်၊ အမှားပြော၊ မေ့လျော့ကြောင်း သေရည်ကို သောက်၏၊ ဤသူတည်း။

သူယုတ်မာထက် သူယုတ်မာဟူသည်-မိမိလည်း သူ့အသက်ကိုသတ်၊ သူတပါးကို လည်း သတ်ခြင်း၌ ဆောက်တည်စေ၏။ (ကြွင်း ၄-ပါးနည်းတူ။) ဤသူတည်း။

စာမျက်နှာ-684


သူတော်ကောင်းဟူသည်--သူ့အသက်သတ်ခြင်းစသည် ၅-ပါးမှ ရှောင်ကြဉ်၏။ ဤသူတည်း။

သူတော်ကောင်းထက် သူတော်ကောင်းဟူသည်- မိမိလည်း သူ့အသက်ကို သတ် ခြင်းစသည် ၅-ပါးမှ ရှောင်ကြဉ်၏။ သူတပါးကိုလည်း ယင်း ၅-ပါးမှ ရှောင်ကြဉ် ခြင်း၌ ဆောက်တည်စေ၏။ ဤသူတည်းဟု မိန့်။

သူယုတ်မာဟူသည် အချည်းနှီး တွေဝေသော အဝိဇ္ဇာသည် ကန်းအောင်ပြုအပ် သော လူမိုက်တည်း။ ရန် ၅-ပါးနှင့်စပ်၍ ဤသုတ်ဟောအပ်သည်။

၂-အဿဒ္ဓသုတ်

သူယုတ်မာ သဒ္ဓါတရားမရှိ၊ ရှက်ခြင်းမရှိ၊ ထိတ်လန့်ခြင်းမရှိ၊ အကြားအမြင် နည်း၏။ ပျင်းရိ၏၊ သတိလွတ်ကင်း၏၊ ပညာမရှိ၊ ဤသူတည်း။

သူယုတ်မာထက် သူယုတ်မာ မိမိလည်း သဒ္ဓါတရားစသည် မရှိ၊ သူတပါးကို လည်း သဒ္ဓါတရားစသည် မရှိခြင်း၌ ဆောက်တည်စေသူတည်း။

သူတော်ကောင်း သဒ္ဓါတရားစသည် ရှိသူတည်း။

သူတော်ကောင်းထက် သူတော်ကောင်း မိမိလည်း သဒ္ဓါတရား စသည်နှင့် ပြည့် စုံ၍ သူတပါးကိုလည်း သဒ္ဓါတရား စသည်နှင့် ပြည့်စုံခြင်း၌ ဆောက်တည်စေသူတည်း၊ (သူယုတ်တို့၏ အကျင့်နှင့် စပ်၍ ဤသုတ်ဟောသည်။)

၃--သတ္တကမ္မသုတ်

သူယုတ်မာ သူ့အသက်သတ်၊ မပေးသည်ကို ယူ၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်၊ အမှားပြော၊ ကုန်းစကားပြော၊ စကားကြမ်းပြော၊ ပြိန်ဖျင်းသော စကားကို ပြောဆိုသူတည်း။

သူယုတ်မာထက် သူယုတ်မာ မိမိလည်း သူ့အသက်သတ်ခြင်းစသည်ကို ပြု၍ သူတပါးကိုလည်း သတ်ခြင်းစသည်၌ ဆောက်တည်စေသူတည်း။

သူတော်ကောင်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူတည်း။

သူတော်ကောင်းထက် သူတော်ကောင်း မိမိလည်း သူ့အသက်သတ်ခြင်း စသည်မှ ရှောင်ကြဉ်၍ သူတပါးကိုလည်း ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေသူတည်း။

စာမျက်နှာ-685


ကာယဒွါရ ဝစီဒွါရနှင့် စပ်၍ ဤသုတ်ဟောသည်စသည်အရ သူယုတ်မာဖြစ် ကြောင်းတွင် ပါဝင်သော တရားများအားလုံးယူ နောက်နည်းတူ။

၄-ဒသကမ္မသုတ်

သူယုတ်မာ တတိယသုတ် ၇-ပါးနှင့် မက်မောခြင်းများ၊ ပျက်စီးစေလိုစိတ်ရှိ အယူမှားရှိသူတည်း။

အလွန်ယုတ်သူ မိမိလည်း သူ့အသက်သတ်ခြင်းစသည် ပြု၍ သူတပါးကိုလည်း သတ်ခြင်း စသည်၌ ဆောက်တည်စေသူတည်း။

သူတော်ကောင်း သူ့အသက်သတ်ခြင်းစသည်မှ ရှောင်ကြဉ်သူတည်း။

အလွန်ကောင်းသူ မိမိလည်း သတ်ခြင်းစသည်မှ ရှောင်ကြဉ်၍ သူတပါးကိုလည်း ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေသူတည်း၊ (မနောဒွါရပါထပ်၍ ဒွါရ ၃-ပါးလုံး ပါဝင်စေ၍ ဤသုတ်ဟောသည်၊ သူယုတ်မာထက် သူယုတ်မာကို အလွန်ယုတ်သူဟု လည်းကောင်း၊ သူတော်ကောင်းထက် သူတော်ကောင်းကို အလွန်ကောင်းသူဟု လည်း ကောင်း အဓိပ္ပာယ်ကျ စကားချုံးပြသည်၊)

၅-အဋ္ဌင်္ဂိကသုတ်

သူယုတ်မာ အယူမှား၊ အကြံမှား၊ စကားမှား၊ အလုပ်မှား၊ အသက်မွေးမှား၊ အားထုတ်မှုမှား၊ အောက်မေ့မှုမှား၊ တည်ကြည်မှုမှား ရှိသူတည်း။

အလွန်ယုတ်သူ မိမိလည်း အယူမှားစသည်ရှိ၍ သူတပါးကိုလည်း အယူမှား စသည်၌ ဆောက်တည်စေသူတည်း။

သူတော်ကောင်း အယူမှန်စသည် ရှိသူတည်း။

အလွန်ကောင်းသူ မိမိလည်း အယူမှန်စသည်ရှိ၍ သူတပါးကိုလည်း အယူမှန် စသည်၌ ဆောက်တည်စေသူတည်း။

(မိစ္ဆတ္တတရား ၈-ပါးနှင့်စပ်၍ ဤသုတ်ဟောအပ်သည်။)

၆ - ဒသမဂ္ဂသုတ်

သူယုတ်မာ အယူမှား၊ (လ) အသိဉာဏ်မှား၊ လွတ်မြောက်မှုမှား ရှိသူတည်း၊ ကြွင်း ၃-ဦးသိသာပြီ၊ အထက် ၈-ပါးတွင် ၂-ပါးတိုး၏၊ မိစ္ဆတ္တရား ၁၀-ပါးနှင့် စပ်၍ ဟောအပ်သည်။

စာမျက်နှာ-686


သူယုတ် သူ့အသက်ကို သတ်လေ့ ရှိ၏၊ (လ) အယူမှားရှိ၏၊ ဤသူတည်း။ ကြွင်း ၃-ဦး သိသာပြီ၊ သူယုတ်ထက် သူယုတ်၊ သူကောင်း သူကောင်းထက် သူကောင်းဟု ခေါ်သည်၊ သူယုတ်ဟူသည် ညစ်ညူးသောသူ၊ သူကောင်းဟူသည် အပြစ်မရှိသူတည်း။

၈ ‘ဒုတိယ ပါပဓမ္မသုတ်

သူယုတ် အယူမှား (လ) အသိဉာဏ်မှား လွတ်မြောက်မှုမှား ရှိသူတည်း၊ သူယုတ် ထက် သူယုတ်စသည် ၃-ဦး သိသာပြီ။

၉--တတိယပါပဓမ္မသုတ်

ယုတ်ညံ့သော တရားရှိသူ သူ့အသက်သတ်၊ (လ) အယူမှားရှိသူတည်း၊ ယုတ် သော တရားရှိသူထက် ယုတ်ညံ့သော တရားရှိသူ၊ ကောင်းမြတ်သော တရားရှိသူ၊ ကောင်းမြတ်သော တရားရှိသူထက် ကောင်းမြတ်သော တရားရှိသူတို့လည်း၊ သိသာပြီ။

၁၀ – စတုတ္ထ ပါပဓမ္မသုတ်

ယုတ်ညံ့သော တရားရှိသူ အယူမှား (လ) အသိဉာဏ်မှား လွတ်မြောက်မှုမှား ရှိသူ တည်း၊ ကြွင်း ၃-ဦးအမည် အဓိပ္ပာယ် သိသာပြီ။

(ဤ ၁၀-သုတ်လုံး လူ့ကျင့်ဝတ်ကို ဟောအပ်သည်၊ သောတာပန်၊ သကဒါဂါမ် ဖြစ်စေကာမူ သင့်သည်သာ။)

(၂၂) ၂-ပရိသဝဂ်၊ ၁-ပရိသသုတ်

ပရိသတ်ကို ဖျက်ဆီးတတ်သူ ၄-မျိုးမှာ-ဤသာသနာတော်၌ ယုတ်ညံ့သောတရား ရှိသည့် ဒုဿီလရဟန်း၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမတို့တည်း။ ပရိသတ်ကို တင့်တယ် စေတတ်သူ ၄-မျိုးမှာ-ကောင်းမြတ်သော တရား ရှိသည့် သီလဝန္တ ရဟန်း၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမတို့ တည်း။ (ရှေ့ဝိသေသန ပုဂ္ဂိုလ်ကုန်လိုက်။)

၂-ဒိဋ္ဌိသုတ်

တရား ၄-မျိုးရှိသည်ဆောင်ယူ၍ထားအပ်သကဲ့သို့ ငရဲသို့ရောက်ရ၏၊ ၄-မျိုး မှာ ကာယ၊ ဝစီ၊ မနောဒုစရိုက်၊ မိစ္ဆာဒိဋ္ဌိတို့တည်း။

စာမျက်နှာ-687


တရား ၄-မျိုးရှိသည်ဆောင်ယူ၍ ချထားအပ်သကဲ့သို့ နတ်ပြည်သို့ ရောက်ရ၏၊ ၄-မျိုးမှာ-ကာယ၊ ဝစီ၊ မနောသုစရိုက်၊ သမ္မာဒိဋ္ဌိတို့ တည်း။

မိစ္ဆာဒိဋ္ဌိသည် မနောဒုစရိုက်၌ ပါဝင်သော်လည်း အပြစ်ကြီး၍ သီးခြားဆိုသည်၊ မိစ္ဆာဒိဋ္ဌိ၏ဆန့်ကျင်ဘက်ဖြစ်၍ သမ္မာဒိဋ္ဌိကိုလည်း သီးခြားပင် ဆို၏။

၃-အကတညုတာသုတ်

ငရဲမုချရောက်ကြောင်း ၄-မျိုးမှာ– ကာယ၊ ဝစီ၊ မနောဒုစရိုက်၊ သူ့ ကျေးဇူးကို မသိမူ၍ ထင်စွာမပြုခြင်းတို့တည်း။ နတ်ပြည်ရောက်ကြောင်း အပြန်အားဖြင့် သိလေ၊ (ဒိဋ္ဌိသုတ်ကဲ့သို့ ခေါင်းစီးဟောသော်လည်း ချုံးရေးသည်။)

၄ - ပါဏာတိပါတီသုတ်

ငရဲ-သူ့အသက်သတ်၊ ခိုး၊ ကာမဂုဏ်မှား၊ အမှားပြော၏။

နတ်ပြည်- အပြန်အားဖြင့် ၄-ပါးတည်း။ (ကံ၊ ကိလေသာ ၄-ပါး၊ ထို ၄-ပါး၏ ဆန့်ကျင်ဘက်နှင့် စပ်၍ ဟောသည်။)

၅-ပဌမ မဂ္ဂသုတ်

ငရဲ-အယူမှား၊ အကြံမှား၊ စကားမှား၊ အလုပ်မှား ရှိ၏။ အပြန် အားဖြင့် နတ် ပြည် မိစ္ဆတ္တ ၄-ပါးနှင့် စပ်သည်။

၆ - ဒုတိယမဂ္ဂသုတ်

ငရဲ’အသက်မွေးမှား၊ အားထုတ်မှုမှား၊ အောက်မေ့မှုမှား၊ တည်ကြည်မှုမှား ရှိ၏၊ အပြန်အားဖြင့် နတ်ပြည်၊ ကြွင်း မိစ္ဆတ္တ ၄-ပါးနှင့် စပ်သည်။

၇-ပဌမဝေါဟာရပထသုတ်

ငရဲ-မမြင်သည်၌ မြင်၊ မကြားသည်၌ကြား၊ မတွေ့သည်၌ တွေ့၊ မသိသည်၌ သိ၏ ဟု ဆို၏။ မမြင်သည်၌ မမြင်ဟု ဆို၏စသည်ကား နတ်ပြည်။

၈-ဒုတိယ ဝေါဟာရပထသုတ်

ငရဲ - မြင်သည်၌ မမြင်၊ ကြားသည်၌ မကြား၊ တွေ့သည်၌ မတွေ့၊ သိသည်၌ မသိဟု ဆို၏။ မြင်သည်၌ မြင်၏ဟုဆို၏စသည်ကား နတ်ပြည်။ ဤသုတ် ၂-သုတ်ကား အရိယာတို့၏ ဝေါဟာရနှင့်စပ်၍ မိန့်သည်။

စာမျက်နှာ-688


ငရဲ-သဒ္ဓါတရား၊ သီလ၊ ရှက်ခြင်း၊ ထိတ်လန့်ခြင်း မရှိ၊ သဒ္ဓါတရား ရှိ၏စသည် ကား နတ်ပြည်။

၁၀-ဒုဿီလသုတ်

ငရဲ-သဒ္ဓါတရား သီလ မရှိ၊ ပျင်းရိ၏။ ပညာမရှိ။ သဒ္ဓါတရား ရှိ၏စသည်ကား နတ်ပြည်။ ဤ ၂-သုတ်ကား သူယုတ်မာ သူတော်ကောင်းတို့၏ တရားနှင့်စပ်၍ ဟော သည်။ (အကောင်းဘက်၌ လောကီ လောကုတ္တရာ ရောဟောသည်၊ ၉-သုတ်တို့၌ နတ် ပြည်ဟုသာဆိုသော်လည်း ၃-မဂ် ၃-ဖိုလ် ရနိုင်သည်)။

(၂၃) ၃-ဒုစ္စရိတဝဂ်၊ ၁-ဒုစ္စရိတသုတ်

ဝစီဒုစရိုက် ၄-မျိုးမှာ-အမှားပြော၊ ကုန်းစကားပြော၊ စကားကြမ်းပြော၊ ပြိန် ဖျင်းသောစကားကို ပြောဆိုခြင်းတို့တည်း။

ဝစီသုစရိုက် ၄-မျိုးမှာ- အမှန်ပြော၊ ကုန်းစကားမပြော၊ သိမ်မွေ့ သော စကား ပြော၊ ပညာဖြင့် ချင့်ချိန်၍ ပြောဆိုခြင်းတို့တည်း။

၂--ဒိဋ္ဌိသုတ်

တရား ၄-မျိုးရှိသော မိုက်၍ မလိမ္မာသော သူယုတ်မာသည် တူးဖြို ဖျက်ဆီး အပ်သော မိမိကိုယ်ကို ရွက်ဆောင်၏၊ အပြစ် ရှိ၍ ပညာရှိများလည်း ကဲ့ရဲ့ အပ်၏၊ မကောင်းမှု များစွာကိုလည်း ဖြစ်ပွားစေ၏၊ ၄-မျိုးမှာ– ကာယ၊ ဝစီ၊ မနောဒုစရိုက်၊ မိစ္ဆာဒိဋ္ဌိတို့တည်း။

တရား ၄-မျိုးရှိသော ပညာရှိ၍ လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက် ဆီးအပ်သော မိမိကိုယ်ကို ရွက်ဆောင်၏၊ အပြစ်ကင်း၍ ပညာရှိများလည်း မကဲ့ရဲ့အပ်၊ ကုသိုလ် များစွာကိုလည်း ဖြစ်ပွားစေ၏၊ ၄-မျိုးမှာ– ကာယ၊ ဝစီ၊ မနောသုစရိုက်၊ သမ္မာဒိဋ္ဌိတို့တည်း။ (နောက်သုတ်များ၌ စာကိုယ်သာ ပြသည်။)

၃-အကတညုတာသုတ်

သူယုတ်- ကာယ ဝစီ မနောဒုစရိုက်၊ သူ့ကျေးဇူးကို မသိ၍ ထင်စွာ မပြုခြင်း တို့တည်း။

သူတော်ကောင်း- ကာယ ဝစီ မနောသုစရိုက်၊ သူ့ကျေးဇူးကို သိ၍ ထင်စွာ ပြုခြင်း တို့တည်း။

စာမျက်နှာ-689


၄ ပါဏာတိပါတီသုတ်

သူယုတ်... သတ်လေ့ရှိ၊ မပေးသည်ကို ယူ၊ ကာမဂုဏ်တို့၌ အမှားကျင့်၊ အမှားပြော ဆို၏။

သူတော်ကောင်း- သူ့အသက်သတ်ခြင်းစသည်မှ ရှောင်ကြဉ်၏။

၅-ပဌမ မဂ္ဂသုတ်

သူယုတ်− အယူမှား၊ အကြံမှား၊ စကားမှား၊ အလုပ်မှားရှိ၏။
သူတော်ကောင်း - အယူမှန်၊ အကြံမှန်၊ စကားမှန်၊ အလုပ်မှန်ရှိ၏။

၆ — ဒုတိယမဂ္ဂသုတ်

သူယုတ်-အသက်မွေးမှုမှား၊ လုံ့လမှား၊ အောက်မေ့မှုမှား၊ တည်ကြည်မှုမှား ရှိ၏။
သူတော်ကောင်း-အသက်မွေးမှု မှန်၊ လုံ့လ မှန်၊ အောက်မေ့မှု မှန်၊ တည်ကြည်မှု မှန်၏။

၇- ပဌမ ဝေါဟာရပထသုတ်

သူယုတ်က မမြင်သည်၌မြင်၊ မကြားသည်၌ကြား၊ မတွေ့သည်၌ တွေ့၊ မသိသည်၌ သိ၏ဟု ဆို၏။

သူတော်ကောင်း- မမြင်သည်၌ မမြင်၊ မကြားသည်၌ မကြား၊ မတွေ့သည်၌ မတွေ့၊ မသိသည်၌ မသိဟု ဆို၏။

၈-ဒုတိယ ဝေါဟာရ ပထသုတ်

သူယုတ်-မြင်သည်၌ မမြင်၊ ကြားသည်၌ မကြား၊ တွေ့သည်၌ မတွေ့၊ သိသည်၌ မသိ ဟုဆို၏။

သူတော်ကောင်း-မြင်သည်၌ မြင်၊ ကြားသည်၌ ကြား၊ တွေ့သည်၌ တွေ့၊ သိသည်၌ သိ၏ဟု ဆို၏။

၉-အဟိရိကသုတ်

သူယုတ်− သဒ္ဓါတရား၊ သီလ၊ ရှက်ခြင်း၊ ထိတ်လန့်ခြင်း မရှိ။
သူတော်ကောင်း- သဒ္ဓါတရားစသည်ရှိသည်။

စာမျက်နှာ-690


၁၀- ဒုပ္ပညသုတ်

သူယုတ်... သဒ္ဓါတရားမရှိ၊ သီလမရှိ၊ ပျင်းရိ၏၊ ပညာမရှိ။
သူတော်ကောင်း’သဒ္ဓါ သီလ လုံ့လ ပညာ ရှိ၏။

၁၁-ကဝိသုတ်

ပညာရှိ ကဝိပုဂ္ဂိုလ် ၄-မျိုးမှာ– ကြံ၍ စီရင်နိုင်သောပညာရှိ စိန္တာကဝိ၊ ကြား၍ ပြုစီရင်နိုင်သောပညာရှိ သုတကဝိ၊ အနက်တစုံတခုကိုမှီ၍ ပြုစီရင်နိုင်သောပညာရှိ အတ္ထ ကဝိ၊ တခဏချင်း မိမိဉာဏ်ဖြင့် ပြုစီရင်နိုင်သောပညာရှိ ပဋိဘာန ကဝိတို့တည်း။ (ဝဂီသထေရ်လိုပုဂ္ဂိုလ်ကား ပဋိဘာန ကဝိတည်း။)

(၂၄) ၄-ကမ္မဝဂ်၊ ၁-သံခိတ္တသုတ်

ဉာဏ်ထူးဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ ငါဟောကြားအပ်သော ကံ ၄-မျိုးမှာ - မည်းညစ်၍ မည်းညစ်သည့်အကျိုးရှိသောကံ၊ ဖြူစင်၍ ဖြူစင်ကျိုးရှိသောကံ၊ မည်းညစ် ဖြူစင်၍ မည်းညစ်ဖြူစင်ကျိုး ရှိသောကံ၊ မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူ စင်ကျိုးရှိသည့်ကံ၊ ကံကုန်ဆုံးရန်ဖြစ်သော ကံတို့တည်း။

မည်းညစ်သောကံ အကုိုလ် ကမ္မပထ ၁၀-ပါးတည်း၊ အပါယ်ဘုံ၌ အကျိုး ပေးသောကြောင့် မည်းညစ်သည့်အကျိုးရှိသည်။ ကုသိုလ် ကမ္မပထ ၁၀-ပါးသည် ဖြူစင်သောကံမည်၏၊ နတ်ပြည်၌ ဖြစ်စေတတ်သောကြောင့် ဖြူစင်ကျိုးရှိသည်။

မည်းညစ်ဖြူစင်သောကံ ရောနေသော ကံတည်း၊ ချမ်းသာ ဆင်းရဲ အကျိုးပေး သည်။ မှန်၏၊ ရောသောကံကိုပြု၍ အကုသိုလ်ကြောင့် တိရစ္ဆာန်မျိုး မင်္ဂလာဆင် စသည်တို့၌ဖြစ်၊ ကုသိုလ်ကြောင့် ပဝတ္တိအခါ၌ ချမ်းသာ ခံစားရသည်။ ကုသိုလ် ကြောင့် မင်းမျိုး၌ဖြစ်၊ ပဝတ္တိအခါ အကုသိုလ်ကြောင့် ဆင်းရဲ ခံစားရသည်။

မမည်းညစ် မဖြူစင်သောကံ ... ဆင်းရဲကုန်အောင် ပြုတတ်သော မဂ်ဉာဏ် ၄-ပါး။ မှန်၏၊ မည်းညစ်သောကံဖြစ်က ဆင်းရဲကျိုး၊ ဖြူစင်သောကံဖြစ်က ချမ်းသာကျိုး ပေးရပေမည်၊ ၂-မျိုးလုံး အကျိုးမပေးသောကြောင့်တည်း။

၂-ဝိတ္ထာရသုတ်

ဉာဏ်ထူးဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ ငါဟောကြားအပ်သော ကံ ၄-မျိုးမှာ- မည်းညစ်၍ မည်းညစ်ကျိုးရှိသည့်ကံစသည် ၄-မျိုးတို့တည်း။

စာမျက်နှာ-691


မည်းညစ်၍ မည်းညစ်ကျိုးရှိသည့် ကံဟူသည်’ဤလောက၌ အချို့သူသည် အပြစ် ရှိသော ကာယ ဝစီ မနော သင်္ခါရကို ပြုစီရင်သောကြောင့် အပြစ်ရှိသော လောက၌ ဖြစ်ကာ ထိုသူကို အပြစ်ရှိသော တွေ့ထိခြင်း ဖဿ တို့သည် တွေ့ထိကုန်၏၊ ထိုသို့တွေ့ လတ်သော် ထိုသူသည် ငရဲ၌ ဖြစ်သော သတ္တဝါတို့ကဲ့သို့ အပြစ်ရှိသော စင်စစ် ဆင်းရဲ သည့် ဝေဒနာကို ခံစားရ၏, ဤကံတည်း။

ဖြူစင်၍ ဖြူစင်ကျိုးရှိသည့် ကံဟူသည်’အချို့သူသည် အပြစ်မရှိသော ကာယ ဝစီ မနော သင်္ခါရကို ပြုစီရင်သောကြောင့် အပြစ်မရှိသော လောက၌ဖြစ်ကာ ထိုသူကို အပြစ်မရှိသော တွေ့ထိခြင်း ဖဿတို့သည် တွေ့ထိကုန်၏၊ ထိုသို့တွေ့ထိလတ်သော် ထိုသူ သည် သုဘကိဏှာ ဗြဟ္မာတို့ကဲ့သို့ အပြစ်မရှိသော စင်စစ် ချမ်းသာသည့် ဝေဒနာကို ခံစားရ၏၊ ဤကံတည်း။

မည်းညစ်ဖြူစင်၍ မည်းညစ်ဖြူစင်ကျိုး ရှိသည့်ကံဟူသည်- အချို့သူသည် အပြစ် ရှိမရှိ ရောနှောသော ကာယ ဝစီ မနော သင်္ခါရတို့ ပြုစီရင်သောကြောင့် အပြစ်ရှိ မရှိ ရောနှောသော လောက၌ဖြစ်ကာ ထိုသူကို အပြစ်ရှိမရှိ ရောနှောသော တွေ့ထိခြင်း ဖဿတို့သည် ထိကုန်၏၊ ထိုသို့ တွေ့ထိလတ်သော် ထိုသူသည် လူ၊ အချို့သောနတ်၊ အချို့သောဝေမာနိက ပြိတ္တာတို့ကဲ့သို့ အပြစ်ရှိ မရှိရောနှောသော ချမ်းသာဆင်းရဲ ပြိုးပြွမ်းသည့် ဝေဒနာကို ခံစားရ၏၊ ဤကံတည်း။

မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်ကျိုး ရှိသည့် ကံကုန်ဆုံးရန် ဖြစ်သော ကံဟူသည်-ထိုကံ ၄-ပါးတို့တွင် အထက်ကံ ၃-ပါးကို ပယ်ရန် လှုံ့ဆော်ခြင်း မဂ် စေတနာတည်း။

ကာယသင်္ခါရ ကာယဒွါရ၌ ဖြစ်သော စေတနာတည်း။
ငရဲသားများ သူတို့နှင့်အတူ ဆင်းရဲသူ မည်သူမျှ မရှိ၊ အချို့ နတ်ဟူသည် ကာမာဝစရနတ်များတည်း၊ ယင်းတို့ကား တန်ခိုးကြီးနတ်များကိုမြင်လျှင် နေရာမှ ထပေးရ၊ ကိုယ်ရုံချရ၊ လက်အုပ်ချီရစသည်ဖြင့် ရံခါဆင်းရဲသည်၊ နဂါးဂဠုန် ဆင်မြင်းစသည် များကား လူများလိုပင် ချမ်းသာဆင်းရဲ ရောသည်။

၃’သောဏကာယနသုတ်

သိခါမောဂ္ဂလာန်ပုဏ္ဏားသည် ဘုရားရှင်ထံ ချဉ်းကပ် နှုတ်ဆက်ထိုင်ပြီး ဘုရားရှင် အား အရှင်ဂေါတမ၊ ယခင့် ယခင် နေ့တို့၌ သောဏကာယန လုလင်သည် အကျွန်ုပ် ထံ ချဉ်းကပ်၍ “ရဟန်းဂေါတမသည် ကံအားလုံးကို မပြုရဟု ပညတ်၏၊ ထိုသို့ ပညတ်သူသည် သတ္တလောက၏ ပြတ်ခြင်းကို ဆိုရာရောက်၏၊ အရှင်၊ ဤသတ္တလောက

စာမျက်နှာ-692


သည် ကံသဘောရှိ၏၊ ကံကို အားထုတ်ခြင်းကြောင့် တည်၏”ဟု အကျွန်ုပ်အား ဤစကားကို ဆိုပါသည်ဟု လျှောက်၏။

ပုဏ္ဏား၊ သောဏကာယန လုလင်ကို မြင်ဖူးသည်ကိုမျှ ငါမသိစဖူး၊ ဤစကားမျိုး ပြောသည်ဟူသည် ဘယ်မှာ ဖြစ်နိုင်အံ့နည်း၊ ကိုယ်တိုင် ဉာဏ်ထူးဖြင့် မျက်မှောက်ပြု၍ ငါဟောကြားအပ်သော ကံ ၄-မျိုးမှာ မည်းညစ်၍ မည်းညစ်ကျိုး ရှိသည့် ကံစသည် ဖြင့် အထက်ဝိတ္ထာရသုတ်အတိုင်း ဟောတော်မူသည်။

သိခါမောဂ္ဂလာန်ပုဏ္ဏား ဦးခေါင်းအလယ်၌ ဦးစွန်းကြီးရှိသော မောဂ္ဂလာန အနွယ်ရှိသော ပုဏ္ဏားတည်း။ သောဏကာယနကား ယင်းပုဏ္ဏား၏ တပည့်ရင်း ဖြစ်၏။ လွန် ပြီးပဌမနေ့မှ စ၍ ဝါ မနေ့ကစ၍ ယခင်နေ့၊ လွန်ပြီး ဒုတိယနေ့မှ စ၍ ဝါ တနေ့ကစ၍ ယခင့် ယခင်နေ့ဟု မှတ်။

၄ - ပဌမသိက္ခာပဒသုတ်

၁-ကံမှာ’သူ့အသက်သတ်၊ ခိုးမှု၊ ကာမေသု၊ မုသာ၊ သေသူရာတည်း။
၂-ကံမှာ-သတ်ခြင်းစသည်ကို ရှောင်ကြဉ်သော ကံတည်း။
၃-ကံမှာ-အပြစ်ရှိ မရှိ ရောနှောသော ကာယဝစီ မနောသင်္ခါရကို ပြုခြင်း။
၄-ကံမှာ-အထက်ကံ ၃-ပါးပယ်ရန် လှုံ့ဆော်သော မဂ်စေတနာ။

၅-ဒုတိယသိက္ခာပဒသုတ်

၁-ကံမှာ-မိဘ ရဟန္တာသတ်၊ ဘုရားကို ပြစ်မှားလိုစိတ်ဖြင့် သွေးစိမ်းတည်စေ၊ သံဃာကို သင်းခွဲ၏။

၂-ကံမှာ-အကုသလ ကမ္မပထတရား ၁၀-ပါးမှ ရှောင်ကြဉ်ခြင်း။
၃-ကံမှာ-အပြစ်ရှိ မရှိ ရောနှောသော ကာယ ဝစီ မနောသင်္ခါရကို ပြုခြင်း။
၄-ကံမှာ’အထက်ကံ ၃-ပါးပယ်ရန် လှုံ့ဆော်သော မဂ်စေတနာ။

မှတ်ချက်။ ။မည်းညစ်၍ မည်းညစ်ကျိုးရှိသော ကံစသည်ဖြင့် အမည်အပြည့်အစုံကို ဝိတ္ထာရသုတ်အတိုင်း သိ၊ နောက်နည်းတူ။

စာမျက်နှာ-693


၆-အရိယမဂ္ဂသုတ်

၁-၂-၃-ကံမှာ’ဝိတ္ထာရသုတ်အတိုင်းပင်။
၄-ကံမှာ-အယူမှန် သမ္မာဒိဋ္ဌိ၊ (လ) တည်ကြည်မှုမှန် သမ္မာသမာဓိတို့တည်း။

သတိပညာ ၂-ပါးသာကံ သတိဖြင့် အာရုံသို့ ကပ်တည်၍ ပညာဖြင့် ပိုင်းခြား သောကြောင့်တည်း။ ကြွင်းတရားများကား အင်္ဂါသာ ဖြစ်၍ ကံမဖြစ်၊ ဗောဇ္ဈင်၌ လည်း နည်းတူ၊ အဘိဓမ္မာ၌ကား မဂ္ဂင်တရားအားလုံးကို စေတနာနှင့် ယှဉ်သော ကံ ဟု ဖွင့်သည်။

၇ – ဗောဇ္ဈင်္ဂသုတ်

၁-၂-၃ ကံမှာ-ဝိတ္ထာရသုတ်အတိုင်းပင်။

၄-ကံမှာ-သစ္စာ ၄-ပါးကို သိကြောင်း အောက်မေ့မှု သတိသမ္ဗောဇ္ဈင်၊ ပညာ (ဓမ္မဝိစယ)၊ လုံ့လဝီရိယ၊ နှစ်သိမ့်မှု ပီတိ၊ ငြိမ်းချမ်းမှု ပဿဒ္ဓိ၊ တည်ကြည်မှု သမာဓိ၊ လျစ် လျူရှုမှု ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။

၈-သာဝဇ္ဇသုတ်

တရား ၄-ပါးရှိသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ငရဲသို့ ရောက်ရ၏။ ၄-မျိုး မှာ’အပြစ်ရှိသော ကာယ ဝစီ မနောကံ မိစ္ဆာဒိဋ္ဌိတို့တည်း။ နတ်ပြည်ရောက်ရသော ၄-မျိုးမှာ’အပြစ်မရှိသော ကာယ ဝစီ မနောကံ သမ္မာဒိဋ္ဌိတို့တည်း။ ၉-အဗျာပဇ္ဈ သုတ်ကိုလည်း သုတ်နာမည်ထူးသည်မှတပါး နည်းတူပင် ဟောအပ်၏။

၁၀-သမဏသုတ်

ဤသာသနာတော်၌သာလျှင် ပဌမ ဒုတိယ တတိယ စတုတ္ထ သမဏမျိုးကို ရနိုင်ကုန် ၏၊ သာသနာပြင်ပ အယူဝါဒတို့သည် ထိုဆိုပြီးသမဏ ၄-မျိုးတို့မှ ဆိတ်သုဉ်းကုန်၏၊ ရဟန်းတို့၊ ဤသို့ရဲရင့်သောစကားကို ကြုံးဝါးကြကုန်လော့။

ပဌမ သမဏမျိုးဟူသည်... သံယောဇဉ် ၃-ပါး အကြွင်းမဲ့ ကုန်ခြင်းကြောင့် အပါယ် မကျ၊ ကိန်းသေမြဲသော အထက်မဂ် ၃-ပါး လားရာရှိသော သောတာပန်တည်း။

ဒုတိယသမဏမျိုးဟူသည်... သံယောဇဉ် ၃-ပါး အကြွင်းမဲ့ကုန်၍ ရာဂ ဒေါသ မောဟ ခေါင်းပါးခြင်းကြောင့် ဤ လူ့ပြည်သို့ တကြိမ်သာလာ၍ ဆင်းရဲ၏ အဆုံး ကိုပြုသော သကဒါဂါမ်တည်း။

စာမျက်နှာ-694


တတိယ သမဏမျိုးဟူသည်- အောက်ပိုင်းသံယောဇဉ် ၅-ပါး အကြွင်းမဲ့ ကုန်ခြင်း ကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပတ် ပဋိသန္ဓေနေ၍ ထိုဘုံ၌သာ ပရိနိဗ္ဗာန်ပြုလတ္တံ့ ဖြစ်၍ ထိုဘုံမှ ပြန်လည်ခြင်းသဘောမရှိသော အနာဂါမ်တည်း။

စတုတ္ထသမဏမျိုးဟူသည်– အာသဝေါ ကုန်ခြင်းကြောင့် အာသဝေါ ကင်းသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ဉာဏ်ထူးဖြင့် ကိုယ်တိုင်မျက် မှောက်ပြုကာ ရောက်နေသော ရဟန္တာတည်းဟု မိန့်။

သာသနာပြင်ပ အယူဝါဒများ သဿတဝါဒ ၄၊ ဧကစ္စသဿတိက-၄၊ အန္တာ နန္တိက ၄၊ အမရာဝိက္ခေပိက ၄၊ အဓိစ္စသမုပ္ပန္နိက ၂၊ သညီဝါဒ ၁၆၊ အသညီဝါဒ ၈၊ နေဝသညီနာသညီဝါဒ ၈၊ ဥစ္ဆေဒဝါဒ ၇၊ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ ၅၊ ပေါင်း ဒိဋ္ဌိ ၆၂- ပါးတည်း။

သမဏ ၄-မျိုး ၄-မျိုးဆိုသော်လည်း သောတာပန်ရဟန်း၌ သောတာပတ္တိမဂ် အလို့ငှာ အားထုတ်သူ ၁၊ သောတာပတ္တိမဂ်၌ တည်သူ ၁၊ သောတာပတ္တိ ဖိုလ်၌ တည်သူ ၁-ဟု ၃-ဦးရှိရာ သကဒါဂါမ်ရဟန်း စသည်တို့၌လည်း ၃-ဦးစီရသောကြောင့် သမဏ ၁၂-ဦးရှိသည်။

၁၁-သပ္ပုရိသာနိသံသသုတ်

သူတော်ကောင်းကို အမှီပြု၍ မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်သော အာနိသင် ၄-မျိုးမှာ- မြတ်သော သီလ သမာဓိ ပညာ ဝိမုတ္တိဖြင့် တိုးပွားခြင်းတို့တည်း။

(၂၅) ၅--အာပတ္တိဘယဝဂ်၊ ၁-သံဃဘေဒကသုတ်

ဘုရားရှင် ကောသမ္ဘီပြည်၊ ဃောသိတာရုံကျောင်း၌ သီတင်းသုံးစဉ် ချဉ်းကပ်ရှိခိုး ထိုင်နေသော အာနန္ဒာအား ဘုရားရှင်က “ အာနန္ဒာ၊ ထိုအဓိကရုဏ်း ငြိမ်းပြီလော” မေးတော်မူရာ “ဘယ်မှာငြိမ်းပါအံ့နည်း၊ အရှင်အနုရုဒ္ဓါ၏ အတူနေတပည့် ဗာဟိယ ရဟန်းသည် သံဃာကွဲပြားရန် နည်းမျိုးစုံအားထုတ်လျက် ရပ်တည်နေပါ၏၊ ထိုသို့ဖြစ် ရာ၌ အရှင်အနုရုဒ္ဓါသည် စကားတခွန်းမျှ ပြောစကောင်း၏ဟူ၍ မအောက်မေ့ပါ”ဟု အရှင်အာနန္ဒာပြန်လျှောက်သည်။

အာနန္ဒာ၊ အနုရုဒ္ဓါသည် သံဃာ့အလယ်ဝယ် အဓိကရုဏ်းတို့၌ ဘယ်အခါက မေး စိစစ်ဖူးသနည်း၊ ဖြစ်ပေါ်သမျှ အဓိကရုဏ်းအားလုံးတို့ကို သင်တို့သော်လည်းကောင်း၊ သာရိပုတ္တရာ မောဂ္ဂလာန်တို့သော်လည်းကောင်း၊ ငြိမ်းစေရမည်မဟုတ်ပါလော့။

စာမျက်နှာ-695


အကျိုးထူး ၄-မျိုးကိုမြင်သော ရဟန်းယုတ်သည် သံဃာကွဲပြားခြင်းကို နှစ်သက်လို လား၏၊ ၄-မျိုးမှာ- ဤသာသနာတော်၌ ရဟန်းယုတ်သည် သီလမရှိ၊ သဘောယုတ်၏၊ မစင်ကြယ်၊ ယုံမှားဖွယ်ရှိ၏၊ ဖုံးလွှမ်းအပ်သောအမှုရှိ၏၊ ရဟန်းမဟုတ်ပဲလျက် ရဟန်းဟု ဝန်ခံ၏၊ အကျင့်မြတ်မရှိပဲ ရှိ၏ဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာမိုးစွတ်၏၊ ယောက်သွားပုပ်ကဲ့သို့ဖြစ်၏၊ ထိုရဟန်းအား “ဤရဟန်းသည် သီလမရှိ၊ သဘောယုတ် ၏၊ (လ) ယောက်သွားပုပ်ကဲ့သို့ဖြစ်၏”ဟု ငါ့ကို ရဟန်းတို့ အကယ်၍သိကုန်မူ ညီညွတ် လျှင် ငါ့ကိုဖျက်ဆီးကြလိမ့်မည်၊ မညီညွတ်လျှင်မူကား ငါ့ကိုဖျက်ဆီးနိုင်ကြလိမ့်မည် မဟုတ်”ဟု အကြံဖြစ်၏။ ဤကား ပဌမအကျိုးတည်း။

ရဟန်းယုတ်သည် မှားသောအယူရှိ၏၊ အပိုင်းအခြားကို ယူတတ်သော မိစ္ဆာဒိဋ္ဌိ နှင့်ပြည့်စုံ၏၊ ထိုရဟန်းအား “ဤရဟန်းသည် မှားသောအယူရှိ၏၊ အပိုင်းအခြားကို ယူတတ်သော မိစ္ဆာဒိဋ္ဌိနှင့် ပြည့်စုံ၏”ဟု ငါ့ကိုအကယ်၍ ရဟန်းတို့ သိကုန်မူ ညီညွတ် လျှင် (လ) မဟုတ်”ဟု အကြံဖြစ်၏၊ ဤကား ဒုတိယအကျိုးတည်း။

ရဟန်းယုတ်သည် အသက်မွေးမှား၏၊ မှားသော အသက်မွေးမှုဖြင့် အသက်မွေး၏၊ ထိုရဟန်းအား’“ဤရဟန်းသည် ဤသို့အသက်မွေး၏”ဟု ငါ့ကို ရဟန်းတို့ အကယ်၍ သိကုန်မူ ညီညွတ်လျှင် (လ) မဟုတ်”ဟု အကြံဖြစ်၏။ ဤကား တတိယ အကျိုး တည်း။

ရဟန်းယုတ်သည် လာဘ်ကို အရိုအသေပြုမှုကို မြတ်နိုးပူဇော်မှုကို အလိုရှိ၏။ ထိုရဟန်းအား “ဤရဟန်းသည် လာဘ်စသည်ကို အလိုရှိ၏”ဟု ငါ့ကို ရဟန်းတို့ အကယ်၍ သိကုန်မူ ညီညွတ်လျှင် ငါ့ကို အရိုအသေ အလေးအမြတ် ပြုကြလိမ့်မည် မဟုတ်၊ မြတ်နိုးပူဇော်ကြလိမ့်မည် မဟုတ်၊ မညီညွတ်လျှင်ကား ငါ့ကို အရိုအသေ အမြတ် ပြုကြလိမ့်မည်၊ မြတ်နိုးပူဇော်ကြလိမ့်မည်ဟု အကြံဖြစ်၏။ ဤကား စတုတ္ထ အကျိုးတည်းဟု မိန့်။

၂- အာပတ္တိဘယသုတ်

အာပတ်ကိုအကြောင်းပြု၍ဖြစ်သော ဘေး ၄-မျိုးမှာ - ပြစ်မှုကျူးလွန်သော ခိုးသူ ကိုဖမ်း၍ “မင်းမြတ်၊ ဤသူကား ပြစ်မှုကျူးလွန်သော ခိုးသူပါတည်း၊ ဤသူအား မင်းမြတ်သည် ဒဏ်ထားတော်မူပါ”ဟု မင်းအား ပြကုန်ရာ၏၊ ထိုခိုးသူကို မင်းသည် “အချင်းတို့၊ သွားကြ၊ ဤယောက်ျားကို ကြိုးခိုင်ခိုင်ဖြင့် တင်းကျပ်စွာ လက်ပြန်တုပ် လျက် ခေါင်းတုံးရိတ်၍ အသံမြည်သော ထက်စည်တီးကာ လမ်းတိုင်း လမ်းဆုံတိုင်း သို့ လှည့်ခေါ်၍ တောင်တံခါးမှထုတ်ပြီး မြို့တောင်အရပ် သူသတ်ကုန်း၌ ဦးခေါင်းကို ဖြတ်ကြ”ဟု ဆိုရာ၏။

စာမျက်နှာ-696


ထိုခိုးသူကို မင်းချင်းယောက်ျားတို့သည် မင်းမိန့်အတိုင်း အစဉ်တကျ ပြုကြကုန်၏၊ ထိုသို့ဖြစ်ရာဝယ် တနေရာ၌ ရပ်တည်နေသော ယောက်ျားတယောက်အား “အချင်း တို့၊ ဤယောက်ျားသည် ယုတ်ညံ့၍ ဦးခေါင်းဖြတ်ထိုက်သည့် ကဲ့ရဲ့ဖွယ်အမှုကို ပြုခဲ့၏ တကား၊ ယင်းအကြောင်းကြောင့် မင်းချင်းယောက်ျားတို့သည် ကြိုးခိုင်ခိုင်ဖြင့် (လ) သူသတ်ကုန်း၌ ဦးခေါင်းကို ဖြတ်ကြကုန်ဘိ၏။ ထိုငါသည် ဦးခေါင်းဖြတ်ထိုက်သည့် ဤသဘောရှိသော ကဲ့ရဲ့ဖွယ်ရာ ထိုသူ၏ မကောင်းမှုကံမျိုးကို စင်စစ်မပြုအံ့”ဟု အကြံ ဖြစ်ရာ သကဲ့သို့ တစုံတယောက်သော ရဟန်း ရဟန်းမိန်းမအား ပါရာဇိကအာပတ်တို့၌ ဤသို့ ပြင်းပြသော ကြောက်လန့်ဖွယ်ဘေးဟူသော အမှတ်သည် ရှေးရှုထင်လာခဲ့မူ ထိုပုဂ္ဂိုလ်အား “ပါရာဇိကအာပတ် မသင့်သေးလျှင်လည်း သင့်တော့မည် မဟုတ်၊ သင့်ပြီးဖြစ်လျှင်လည်း တရားအားလျော်စွာ ကုစားလိမ့်မည်” ဟူသော ထိုအကျိုးကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။

ယောက်ျားသည် အဝတ်နက်ကိုဝတ်၍ ဆံပင်ကို ဖြန့်ကြဲလျက် ကျည်ပွေ့ ပခုံး ထမ်းကာ လူများအပေါင်းသို့ ချဉ်းကပ်ပြီး “အရှင်တို့၊ ကျွန်ုပ်သည် ကျည်ပွေ့ဖြင့် ရိုက်ပုတ်ထိုက်သည့် ကဲ့ရဲ့ဖွယ် မကောင်းမှုကို ပြုမိပြီ၊ အကျွန်ုပ်အတွက် အရှင်တို့ နှစ် သက်သည့်အမှုကို ပြုပါအံ့”ဟု ဆိုရာ၏။ ထိုသို့ပြောဆိုရာဝယ် တနေရာ၌ ရပ်တည်နေ သော ယောက်ျားတယောက်အား− “အချင်းတို့၊ ဤယောက်ျားသည် ယုတ်ညံ့၍ ကျည်ပွေ့ဖြင့် ပုတ်ခတ်ထိုက်သည့် ကဲ့ရဲ့ဖွယ်အမှုကိုပြုခဲ့၏တကား၊ ယင်းအကြောင်းကြောင့် အဝတ်နက်ကိုဝတ်၍ (လ) နှစ်သက်သည့်အမှုကို ပြုပါအံ့”ဟုဆိုရတုံဘိ၏။ ထိုငါသည် ကျည်ပွေ့ဖြင့် ပုတ်ခတ်ထိုက်သည့် ဤသဘောရှိသော ကဲ့ရဲ့ဖွယ်ရာ ထိုသူ၏ မကောင်း မှုကံမျိုးကို စင်စစ် မပြုအံ့” ဟု အကြံဖြစ်ရာသကဲ့သို့ တစုံတယောက်သော ရဟန်း ရဟန်းမိန်းမအား သံဃာဒိသိသ်အာပတ်တို့၌ ဤသို့ ပြင်းပြသော ကြောက်လန့်ဖွယ် ဘေးဟူသော အမှတ်သည် ရှေးရှုထင်လာခဲ့မူ ထိုပုဂ္ဂိုလ်အား “သံဃာဒိသိသ်အာပတ် မသင့်သေးလျှင်လည်း သင့်တော့မည်မဟုတ်၊ သင့်ပြီးဖြစ်လျှင်လည်း တရားအားလျော်စွာ ကုစားလိမ့်မည်”ဟူသော ထိုအကျိုးကို (လ) အပ်၏။

ယောက်ျားသည် အဝတ်နက်ကိုဝတ်၍ ဆံပင်ကိုဖြန့်ကြဲလျက် ပြာထုပ် ပခုံးတင် ကာ လူများသို့ချဉ်းကပ်ပြီး “အရှင်တို့၊ ကျွန်ုပ်သည် ပြာထုပ်ဖြင့် ဦးခေါင်းကို ပုတ် ခတ်ထိုက်သည့် (လ) ပြုပါအံ့” ဟု ဆိုရာ၏။ ထိုသို့ပြောဆိုရာဝယ် (လ) ပြာထုပ်ဖြင့် ဦးခေါင်းကိုပုတ်ခတ်ထိုက်သည့် ကဲ့ရဲ့ဖွယ်အမှုကို ပြုခဲ့၏တကား၊ ယင်းအကြောင်းကြောင့် အဝတ်နက်ကိုဝတ်၍ (လ) ပြုပါအံ့” ဟု ဆိုရတုံဘိ၏၊ ထိုငါသည် ပြာထုပ်ဖြင့် ပုတ်ခတ်ထိုက်သည့် ဤသဘောရှိသော ကဲ့ရဲ့ဖွယ်ရာ မကောင်းမှုကံမျိုးကို စင်စစ်မပြု အံ့” ဟု အကြံဖြစ်ရာသကဲ့သို့ တစုံတယောက်သော ရဟန်း၊ ရဟန်းမိန်းမအား ပါစိတ် အာပတ်တို့၌ ဤသို့ ပြင်းပြသော ကြောက်လန့်ဖွယ်ဘေးဟူသော အမှတ်သည် ရှေးရှု

စာမျက်နှာ-697


ထင်လာခဲ့မူ ထိုပုဂ္ဂိုလ်အား “ပါစိတ်အာပတ် မသင့်သေးလျှင်လည်း သင့်တော့မည် မဟုတ်၊ သင့်ပြီးဖြစ်လျှင်လည်း တရားအားလျော်စွာ ကုစားလိမ့်မည်” ဟူသော အကျိုးကို (လ) အပ်၏။

ယောက်ျားသည် အဝတ်နက်ကိုဝတ်ပြီး ဆံပင်ကိုဖြန့်ကြဲလျက် လူများသို့ချဉ်းကပ် ပြီး “အရှင်တို့၊ ကျွန်ုပ်သည် စွပ်စွဲထိုက်သည့် ကဲ့ရဲ့ဖွယ်မကောင်းမှုကို ပြုမိပြီ၊ အကျွန်ုပ် အတွက် အရှင်တို့ နှစ်သက်သလို ပြုပါအံ့”ဟု ဆိုရာ၏။ ထိုသို့ပြောဆိုရာဝယ် တနေရာ ၌ ရပ်တည်နေသောယောက်ျားအား “အချင်းတို့၊ ဤယောက်ျားသည် စွပ်စွဲထိုက် သည့် ကဲ့ရဲ့ဖွယ်မကောင်းမှုကို ပြုခဲ့၏တကား၊ ယင်းအကြောင်းကြောင့် အဝတ်နက်ကို ဝတ်၍ (လ) ပြုပါအံ့” ဟုဆိုရတုံဘိ၏၊ ထိုငါသည် စွပ်စွဲထိုက်သည့် ဤသဘော ရှိသော ကဲ့ရဲ့ဖွယ်ရာ ထိုသူ၏မကောင်းမှုကံမျိုးကို မပြုအံ့”ဟု အကြံဖြစ်ရာ သကဲ့သို့ တစုံတယောက်သော ရဟန်း၊ ရဟန်း မိန်းမအား ပါဋိဒေသနီအာပတ်တို့၌ (လ) ကုစားလိမ့်မည်”ဟူသော အကျိုးကို (လ) မျှော်လင့်အပ်၏၊ ဤ ၄-မျိုးတည်း။

တရားအားလျော်စွာ ကုစားခြင်း ပါရာဇိကကျပြီးက လူ သာမဏေအဖြစ်၌ တည်ခြင်း၊ သံဃာဒိသိသ်သင့်က ဝတ်ဆောင်တည်ခြင်းစသည် အားထုတ်ခြင်း ပြုရမည်၊ ပါဋိဒေသနီဖြင့် ကြွင်းသမျှ အာပတ်များပါယူ။

၃- သိက္ခာနိသံသသုတ်

သိက္ခာဟူသော အကျိုးအာနိသင်ရှိသည့် လွန်ကဲသောပညာရှိသည့် အရဟတ္တဖိုလ် အနှစ်ရှိသည့် သတိအကြီးအမှူးရှိသည့် ဤအကျင့်မြတ်ကို ကျင့်သုံးရ၏။

သိက္ခာဟူသော အကျိုးရှိပုံမှာ-ဤသာသနာတော်၌ မကြည်ညိုသေးသူတို့ ကြည် ညိုရန်၊ ကြည်ညိုပြီးသူတို့ တိုးကြည်ညိုရန် တပည့်များအား လွန်မြတ်သော ကျင့်ဝတ် အဘိသမာစာရိက သိက္ခာကို ငါပညတ်အပ်ပြီ၊ ငါပညတ်ထားတိုင်းသော သိက္ခာကို ထိုရဟန်းသည် မကျိုးမပေါက် မပြောက်မကျားသည်ကို ပြုလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။

နောက်တမျိုးကား’ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကောင်းစွာ ဝဋ်ဆင်းရဲ ကုန်ရန် တပည့်များအား မဂ်ဟူသော အကျင့်မြတ်၏ အစဖြစ်သော အာဒိဗြဟ္မစရိ ယိကသိက္ခာကို ငါပညတ်အပ်ပြီ၊ ငါပညတ်ထားတိုင်းသော သိက္ခာပုဒ်ကို ထိုရဟန်း သည် မကျိုး (လ) ကျင့်၏၊ ဤသို့ အကျင့်သိက္ခာဟူသော အကျိုးရှိ၏။

လွန်ကဲသော ပညာရှိမှာ -ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကောင်းစွာ ဝဋ် ဆင်းရဲကုန်ရာ တပည့်များအား သစ္စာ ၄-ပါး တရားတို့ကို ငါ ဟောကြားအပ်ပြီ၊

စာမျက်နှာ-698


ငါဟောကြားထားတိုင်းသော တရားတို့ကို ထိုပုဂ္ဂိုလ်သည် မဂ်ပညာဖြင့် ကောင်းစွာ ရှုမြင်အပ်ကုန်၏၊ ဤသို့ လွန်ကဲသော ပညာရှိ၏။

အရဟတ္တဖိုလ်အနှစ်ရှိပုံမှာ’ခပ်သိမ်း (လ) ငါဟောကြားအပ်ပြီ၊ ငါဟောကြား ထားတိုင်းသော တရားတို့ကို ထိုပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ဖြင့် တွေ့ထိအပ်ကုန်၏၊ ဤသို့ အရဟတ္တဖိုလ် အနှစ်ရှိ၏။

သတိအကြီးအမှူးရှိပုံမှာ-“ဤသို့ ပညတ်တော်မူတိုင်းသော မပြည့်စုံသေးသော လွန်မြတ်သည့် ကျင့်ဝတ်၊ အဘိသမာစာရိက သိက္ခာကိုမူလည်း ပြည့်စေအံ့၊ ပြည့်စုံပြီး သိက္ခာကိုမူလည်း ထိုထိုအရာ၌ ပညာဖြင့် မြှင့်တင်အံ့”ဟု မိမိသန္တာန်၌သာလျှင် သတိ သည် ကောင်းစွာထင်၏။

“ဤသို့ ပညတ်တော်မူတိုင်းသော မပြည့်စုံသေးသော မဂ်ဟူသော အကျင့်မြတ်၏ အစဖြစ်သော အာဒိဗြဟ္မစရိယိက သိက္ခာကိုမူလည်း ပြည့်စုံစေအံ့၊ ပြည့်စုံပြီး သိက္ခာ ကိုမူလည်း ထိုထိုအရာ၌ ပညာဖြင့် မြှင့်တင်အံ့”ဟု မိမိသန္တာန် (လ)ထင်၏။ “ဤသို့ ပညတ်တော်မူတိုင်းသော ကောင်းစွာ မဆင်ခြင်အပ်သေးသော တရားကိုလည်း ပညာ ဖြင့် ကောင်းစွာ ရှုဆင်ခြင်အံ့၊ ရှုဆင်ခြင်ပြီး တရားကိုလည်း ထိုထိုအရာ၌ ပညာဖြင့် မြှင့်တင်အံ့”ဟု မိမိသန္တာန်(လ)ထင်၏။

“ဤသို့ ပညတ်တော်မူတိုင်းသော မတွေ့ထိအပ်သေးသော တရားကိုမူလည်း အရ ဟတ္တဖိုလ်ဖြင့် ထိစေအံ့၊ တွေ့ထိပြီး တရားကိုမူလည်း ထိုထိုအရာ၌ ပညာဖြင့် မြှင့်တင် အံ့”ဟု မိမိသန္တာန်၌ (လ) ထင်၏။ ဤသို့ သတိအကြီးအမှူး ရှိ၏ဟု မိန့်။

၄-သေယျာသုတ်

အိပ်ခြင်း ၄-မျိုးမှာ’ ပြိတ္တာ၊ ကာမဂုဏ်ခံစားသူ၊ ခြင်္သေ့၊ ဘုရားရှင်တို့၏အိပ်ခြင်းတို့ တည်း။ ပြိတ္တာတို့သည် များသောအားဖြင့် ပက်လက်အိပ်ကုန်၏၊ ကာမဂုဏ် ခံစားသူတို့ သည် များသောအားဖြင့် လက်ဝဲနံပါးဖြင့် အိပ်ကုန်၏၊ ခြင်္သေ့မင်းသည် ခြေတဘက်ဖြင့် ခြေတဘက်ကို စဉ်းငယ်လွန်ကာ တင်ထား၍ ပေါင်တွင်း၌ အမြီးကို ထည့်သွင်းလျက် လက်ယာနံပါးဖြင့် အိပ်၏။

ထိုခြင်္သေ့အိပ်ရာမှ နိုးလတ်သော် ရွှေကိုယ်ပိုင်းကို စဉ်းငယ်ညွှတ်စေ၍ နောက်ပိုင်း ကိုယ်ကို စောင်းလှည့်ကြည့်၏၊ ခန္ဓာကိုယ် တစုံတရာ ဖောက်ပြန် ရွှေ့လျားနေသည်ကို မြင်လျှင် ခြင်္သေ့ မင်းသည် မနှစ်မြို့ခြင်း ဖြစ်၏၊ ဖောက်ပြန် ရွေ့လျားသည်ကို မမြင်ရမှ နှစ်မြို့၏၊ ဤကား ခြင်္သေ့မင်းတို့၏ အိပ်ခြင်းတည်း။

စာမျက်နှာ-699


ကာမတို့မှ ဆိတ်၍သာလျှင် ပဌမဈာန် (လ) စတုတ္ထဈာန်သို့ ရောက်၍ နေခြင်းကား ဘုရားရှင်တို့၏ အိပ်ခြင်းတည်း၊ ဤ ၄-မျိုးတို့တည်းဟု မိန့်။

ပြိတ္တာ သေသူကို ပေတ ပြိတ္တာဟု ခေါ်သည်၊ အများအားဖြင့် ပက်လက်သာ အိပ်ကြသည်၊ တနည်းကား ပြိတ္တာဘုံ၌ ဖြစ်သူများသည် အသားအသွေး နည်း၍ အရိုးဆက်သည် မှေးယှက်ကုန်အပ်ရကား စောင်း၍ မအိပ်နိုင်၊ ပက်လက်သာ အိပ်ကြ ရသည်။

ခြင်္သေ့မင်း မနှစ်မြို့ တန်ခိုးထက်သောကြောင့် လက်ခြေအထားပျက်လျှင် သင့်လို အမျိုးရိုးဇာတ်ရှိသူ ရဲရင့်သူအတွက် မသင့်ဟု စိတ်ဆင်းရဲပြီး ထိုနေရာ၌ပင် အိပ်နေ တော့၏၊ အစာရှာ မထွက်တော့ပေ၊ အနေအထားမပျက်သည်ကို တွေ့မှ ဝမ်းသာပြီး ထ၍ စံပယ်ကွန့်မြူးကာ မှန်ဆံကိုခါ ခြင်္သေ့သံ ၃-ကြိမ်ဟောက် အစာရှာထွက်သည်။

၅-ထူပါရဟသုတ်

စေတီထိုက်သော ပုဂ္ဂိုလ် ၄-မျိုးမှာ- မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ဘုရား၏ တပည့် သာဝက၊ စကြဝတေးမင်းတို့တည်း။

စကြဝတေးမင်းနှင့် ပုထုဇဉ်ရဟန်း ပုထုဇဉ်ရဟန်းများအား စေတီခွင့်ပြုလျှင် သီဟိုဠ်ကျွန်း၌ စေတီနေရာပင် မလောက်တော့၊ အခြားနေရာများလည်း နည်းတူ မြေနေရာကုန်ပေမည်၊ များလှ၍ အံ့ဖွယ်လည်း ဖြစ်တော့မည် မဟုတ်၊ စကြဝတေးမင်း ကား တဦးတည်းဖြစ်၍ အံ့လောက်သော စေတီဖြစ်မည်၊ သို့သော် ပုထုဇဉ်သီလရှိသူ အား ပရိနိဗ္ဗာန်ပြုသော ရဟန္တာအားကဲ့သို့ ကြီးကျယ်စွာလည်း ပူဇော်မှု ပြုသင့်သည်။

၆--ပညာဝုဒ္ဓိသုတ်

ပညာတိုးပွားရန်ဖြစ်သော တရား ၄-မျိုးမှာ− သူတော်ကောင်းကို မှီဝဲဆည်းကပ် ခြင်း၊ သူတော်ကောင်းတရားကြားနာခြင်း၊ အသင့်အားဖြင့် နှလုံးသွင်းခြင်း၊ လော ကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်ခြင်းတို့တည်း။

၇’ဗဟုကာရသုတ်

လူပုဂ္ဂိုလ်အား ကျေးဇူးများသော တရား ၄-မျိုးမှာ အထက် ၄-ပါးတည်း။

၈-ပဌမဝေါဟာရသုတ်

အရိယာ မဟုတ်သူတို့၏ ပြောဆိုခြင်း ၄-မျိုးမှာ-- မမြင် မကြား မတွေ့ မသိသည်၌ မြင် ကြား တွေ့ သိ၏ဟု ပြောဆိုခြင်းတည်း။

စာမျက်နှာ-700


၉-ဒုတိယ ဝေါဟာရသုတ်

အရိယာတို့၏ ပြောဆိုခြင်း ၄-မျိုးမှာ-မမြင်၊ မကြား၊ မတွေ့၊ မသိသည်၌ မမြင်၊ မကြား၊ မတွေ့၊ မသိဟု ပြောဆိုခြင်းတည်း။

၁၀-တတိယ ဝေါဟာရသုတ်

အရိယာမဟုတ်သူတို့၏ ပြောဆိုခြင်း ၄-မျိုးမှာ မြင်၊ ကြား၊ တွေ့၊ သိသည်၌ မမြင်၊ မကြား၊ မတွေ့၊ မသိဟု ပြောဆိုခြင်းတို့တည်း။

၁၁-စတုတ္ထဝေါဟာရသုတ်

အရိယာတို့၏ ပြောဆိုခြင်း ၄-မျိုးမှာ-မြင်၊ ကြား၊ တွေ့၊ သိသည်၌ မြင်၊ ကြား၊ တွေ့၊ သိသည်ဟု ပြောဆိုခြင်းတို့တည်း။

(၂၆) ၆-အဘိညာဝဂ်၊ ၁-အဘိညာသုတ်

တရား ၄-မျိုးမှာ--ဉာဏ်ဖြင့် သိ၍ ပိုင်းခြားသိထိုက်သော၊ ပယ်ထိုက်သော၊ ပွား များထိုက်သော၊ မျက်မှောက်ပြုထိုက်သော တရားတို့တည်း။

ဉာဏ်ဖြင့် သိ၍ ပိုင်းခြားသိထိုက်သော တရားတို့ဟူသည်--ဥပါဒါန်၏ အာရုံဖြစ် သော ခန္ဓာ ၅-ပါးတို့တည်း။

ဉာဏ်ဖြင့် သိ၍ ပယ်ထိုက်သော တရားတို့ဟူသည်’အဝိဇ္ဇာနှင့် ဘဝတဏှာတို့ တည်း။

ဉာဏ်ဖြင့် သိ၍ ပွားများထိုက်သော တရားတို့ဟူသည် သမထ ဝိပဿနာတို့တည်း။

ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုထိုက်သော တရားတို့ဟူသည်-- အသိဉာဏ် ဝိဇ္ဇာနှင့် ကိလေသာမှ လွတ်မြောက်မှု ဝိမုတ္တိတို့တည်း၊ ဤ ၄-မျိုးတို့တည်းဟု မိန့်။

၂- ပရိယေသနသုတ်

အရိယာမဟုတ်သူတို့၏ ရှာမှီးခြင်း ၄-မျိုးမှာ- ဤလောက၌ အချို့သူသည် မိမိက အိုခြင်းသဘော၊ နာခြင်းသဘော၊ သေခြင်းသဘော၊ ပူပန်နှိပ်စက်တတ်သော သဘော ရှိသူ ဖြစ်လျက် အိုခြင်း၊ နာခြင်း၊ သေခြင်း သဘောကိုသာလျှင် ပူပန်နှိပ်စက်တတ်သော သဘောကိုသာလျှင် ရှာမှီး၏ ဤ ၄-မျိုးတို့တည်း။

စာမျက်နှာ-701


အရိယာတို့၏ ရှာမှီးခြင်း ၄-မျိုးမှာ’အချို့သူသည် မိမိက အိုခြင်း၊ နာခြင်း၊ သေ ခြင်းသဘော၊ ပူပန်နှိပ်စက်စေတတ်သော သဘောရှိသူဖြစ်၍ အိုခြင်း၊ နာခြင်း၊ သေခြင်း သဘော၌ ပူပန်နှိပ်စက်တတ်သော သဘော၌ အပြစ်ကိုသိရကား အိုခြင်း၊ နာခြင်း၊ သေခြင်း မရှိသော မပူပန် မနှိပ်စက်တတ်သော အတုမဲ့သော ယောဂ၏ကုန်ရာ နိဗ္ဗာန်ကို ရှာမှီး၏။ ဤ ၄-မျိုးတို့တည်း။

၃-သင်္ဂဟဝတ္ထုသုတ်

ချီးမြှောက်ကြောင်း သင်္ဂဟဝတ္ထု ၄-မျိုးမှာ- ပေးကမ်းစွန့်ကြဲခြင်း (ဒါန)၊ ချစ်ဖွယ်စကား ကိုဆိုခြင်း (ပိယဝါစာ)၊ အကျိုးစီးပွားကို ကျင့်ခြင်း (အတ္ထစရိယာ)၊ ကိုယ်တူထားခြင်း (သမာနတ္တတာ) တို့တည်းဟု မိန့်။

၄’မာလုကျပုတ္တသုတ်

မာလုကျပုတ္တသည် ဘုရားရှင်ထံ ချဉ်းကပ် ရှိခိုးထိုင်နေပြီး ဘုရားရှင်အား “အရှင် ဘုရား၊ တပည့်တော်အား တရားအကျဉ်းဟောပါရန် တောင်းပန်ပါ၏။ တပည့်တော် သည် ဘုရားတရားကြားနာရပြီးနောက် တယောက်တည်း ဆိတ်ငြိမ်ရာကပ်လျက် မမေ့ မလျော့ အပြင်းအားထုတ်ကာ နိဗ္ဗာန်သို့စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေပါ အံ့” ဟု လျှောက်၏။

“မာလုကျပုတ္တ၊ ဤအရာ၌ သင်ကဲ့သို့ အိုမင်း၍ ကြီးမား ရင့်ရော်နေသူက ငါဘုရား အား အဆုံးအမအကျဉ်းကို တောင်းဘိမူ ယခုအခါ ငယ်ရွယ်သူ ရဟန်းတို့ကို အဘယ် သို့ ဆိုရကုန်အံ့နည်း” ဟု မိန့်၏။

“အရှင်ဘုရား၊ မြတ်စွာဘုရားသည် တပည့်တော်အား တရားအကျဉ်းကို ဟောတော် မူပါ၊ တပည့်တော်သည် ဘုရားဟောတရား၏အနက်ကို သိကောင်းတန်ရာ၏။ တရား တော်၏ အမွေခံဖြစ်နိုင်ကောင်းတန်ရာပါ၏” ဟု လျှောက်၏။

မာလုကျပုတ္တ၊ တဏှာဖြစ်ကြောင်း ၄-မျိုးမှာ’ရဟန်းအား တဏှာဖြစ်ပေါ်ခဲ့သော် သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ အိပ်ရာ နေရာ၊ ဆေးပစ္စည်းကြောင့် ဖြစ်ပေါ်၏။ ရဟန်း သည် တဏှာကို ပယ်ပြီး၊ အမြစ်ရင်း ဖြတ်ပြီး၊ နုတ်ပြီး ထန်းပင်ရာကဲ့သို့ ပြုပြီးသောအခါ ဤရဟန်းကို တဏှာဖြတ်ပြီး သံယောဇဉ် လွန်မြောက်ပြီး ရဟန်းဟု ဆိုအပ်၏။ ကောင်းစွာ မာနကို နုတ်ပယ်ခြင်းကြောင့် ဒုက္ခ၏အဆုံးကိုပြုပြီး ရဟန်းဟုဆိုအပ်၏ဟု မိန့်တော်မူ၏။

ဤသို့ ဆုံးမအပ်ပြီးသော အရှင်မာလုကျပုတ္တသည် နေရာမှ ဘုရားရှိခိုး အရိုအသေပြု ဖဲသွားပြီး ဆိတ်ငြိမ်ကပ် အပြင်း အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေလတ်သော် မကြာမီ ရဟန္တာဖြစ်သွားတော့သည်။

စာမျက်နှာ-702


မာလုကျပုတ္တသည် မာလုကျပုတ္တကတော် ပုဏ္ဏေးမ၏ သားတည်း။ ထိုအရှင်အား ဘုရား မိန့်သောစကားသည် မောင်းမဲရာ၊ ချီးမြှောက်ရာ ၂ မျိုးရှိသည်၊ မှန်၏။ ထိုအရှင်သည် ငယ်စဉ်က ပစ္စည်း ၄-ဖြာ တွယ်တာပြီး ကြီးမှ တောနေမှု လိုလားပြီး ကမ္မဋ္ဌာန်း တောင်းသူ ဖြစ်၏။

မောင်းမဲပုံ။ ။သင်က အိုမှ တရားတောင်းရာ၌ ရဟန်းငယ်တွေကို ငါဘုရား ဘယ်လို မိန့်ရမှာလဲ၊ မာလုကျပုတ္တလို သင်တို့လဲ ငယ်စဉ် ပစ္စည်းခင်မင်ကြ၊ ကြီးမှ တောဝင်၊ ရဟန်းတရားအားထုတ်ကြဟု မိန့်ရမှာလား၊ ဤအဓိပ္ပာယ်။

ချီးမြှောက်ပုံ။ ။သင်တရားတောင်းရာ၌ ရဟန်းငယ်များကို အသို့ ဆိုရကုန်အံ့ နည်း၊ ငါတို့၏ မာလုကျပုတ္တသည် အိုမင်းသော်လည်း တောဝင် ရဟန်းတရားအားထုတ်လို၍ ကမ္မဋ္ဌာန်း တောင်းဘိသေး၏၊ သင်တို့ကား ငယ်ပါလျက်လည်း ဦးဦးဖျားဖျား တရား မလုပ်ကြတော့ပြီလော၊ ဤကား အဓိပ္ပာယ်။

၅-ကုလသုတ်

စည်းစိမ် ဥစ္စာ များခြင်းသို့ ရောက်ပြီးမှ ကြာမြင့်စွာ မတည်သူ အားလုံးသည် အကြောင်း ၄-မျိုးကြောင့်သော် လည်းကောင်း၊ တမျိုးမျိုးကြောင့် သော် လည်း ကောင်း ဖြစ်ကုန်၏၊ ၄-မျိုးမှာ-
၁။ ပျောက်သော စည်းစိမ် ဥစ္စာကို မရှာမှီး။
၂။ ဆွေးမြေ့ ဟောင်းနွမ်းသော စည်းစိမ်ဥစ္စာကို ထပ်မံ မပြုပြင်။
၃။ အတိုင်းအရှည်မရှိ စားသောက်။

၄။ အကျင့်သီလမရှိသော မိန်းမကို ဖြစ်စေ၊ ယောက်ျားကို ဖြစ်စေ အကြီးအမှူး၊ ဘဏ္ဍာစိုး အရာ၌ ထားခြင်း၊ ဤ ၄-မျိုးတို့တည်း။

စည်းစိမ်တည်ကြောင်း ၄-မျိုးတို့ကို အပြန်အားဖြင့် သိအပ်ကုန်၏။

၆- ပဌမအာဇာနီယသုတ်

အင်္ဂါ ၄-မျိုးရှိသော အာဇာနည် မြင်းကောင်းသည် မင်းအားထိုက်၍ မင်းသုံး ဖြစ်၏၊ မြင်း၏အင်္ဂါ အစိတ်အပိုင်းဟူ၍ ရေတွက်ခြင်းသို့ ရောက်၏၊ ၄-မျိုးမှာ- အဆင်း၊ ခွန်အား၊ လျင်မြန်ခြင်း၊ အလုံးအရပ်နှင့် ပြည့်စုံခြင်းတို့တည်း။

ဤအတူ တရား ၄-မျိုးရှိသော ရဟန်းသည် အရပ်ဝေးမှဆောင်လာ၍သော်လည်း ပေးလှူပူဇော်ထိုက်၏၊ (လ) အမြတ်ဆုံးလယ်မြေဖြစ်၏။ ၄-မျိုးမှာ- အဆင်း၊ ခွန်အား၊ လျင်မြန်ခြင်း၊ အလုံးအရပ်နှင့် ပြည့်စုံခြင်းတည်း။

အဆင်းနှင့် အသို့ပြည့်စုံသနည်း။ ။ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ (လ) သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏၊ ဤသို့ ပြည့်စုံ၏။

စာမျက်နှာ-703


ခွန်အားနှင့် အဘယ်သို့ ပြည့်စုံသနည်း။ ။ရဟန်းသည် အကုသိုလ်တရားကိုပယ်ရန်၊ ကုသိုလ် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိ၏၊ အားစွမ်းရှိ၏၊ အားထုတ်ခြင်းရှိ၏၊ ကုသိုလ် တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ၊ ဤသို့ ပြည့်စုံ၏။

လျင်မြန်ခြင်းနှင့် အဘယ်သို့ ပြည့်စုံသနည်း။ ။ရဟန်းသည် ဤကား ဆင်းရဲတည်း၊ (လ) ဆင်းရဲချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တည်းဟု ဟုတ်မှန်တိုင်း သိ၏၊ ဤသို့ ပြည့်စုံ၏။

အလုံးအရပ်နှင့် အဘယ်သို့ ပြည့်စုံသနည်း။ ။ရဟန်းသည် သင်္ကန်းစသော ပစ္စည်း ၄-ပါး ကို ရ၏၊ ဤသို့ပြည့်စုံ၏၊ ဤ ၄-မျိုးတို့တည်း။

၇- ဒုတိယအာဇာနီယသုတ်

မြင်းအင်္ဂါ ရဟန်းအင်္ဂါ အတူပင်၊ ရဟန်းအင်္ဂါ အဖွင့်ထူးရာ၌— လျင်မြန်ခြင်းနှင့် အဘယ်သို့ ပြည့်စုံသနည်း ရဟန်းသည် အာသဝေါ ကုန်ခြင်းကြောင့် (လ) မျက်မှောက်ပြုကာ ရောက်နေ၏၊ ဤသို့ ပြည့်စုံ၏။

၈- ဗလသုတ်

ဗိုလ် ၄-မျိုးမှာ– ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဗိုလ်တို့တည်း။

၉ − အရညသုတ်

တရား ၄-မျိုးရှိသော ရဟန်းသည် အစွန် အဖျား ကျသော တောကျောင်းကို မမှီဝဲထိုက်၊ ၄-မျိုးမှာ– ကာမ၊ ဗျာပါဒ၊ ဝိဟိံသဝိတက်ရှိသူ၊ ပညာမရှိ မိုက်၍ မသန့်ရှင်းသော နှုတ်ရှိသူတို့တည်း။

တရား ၄-မျိုးရှိသော ရဟန်းသည် အစွန်အဖျား ကျသော တောကျောင်းကို မှီဝဲ ထိုက်၏၊ ၄-မျိုးမှာ- နေက္ခမ္မ၊ အဗျာပါဒ၊ အဝိဟိံသ ဝိတက်ရှိသူ၊ ပညာရှိ၍ မမိုက်သည့် ပြင် သန့်ရှင်းသော နှုတ်ရှိသူတို့တည်း။

၁၀ --- ကမ္မသုတ်

တရား ၄-ပါးရှိသော မလိမ္မာ၍ မိုက်မဲသော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ် သည့် မိမိကိုယ်ကို ဆောင်၏၊ အပြစ် ရှိ၍ ပညာရှိ များလည်း ကဲ့ရဲ့ထိုက်၏၊ အကုသိုလ်များစွာကိုလည်း ပွားစေ၏၊ ၄-မျိုးမှာ= အပြစ်ရှိသော ကာယ ဝစီ မနောကံ နှင့် အပြစ်ရှိသော အယူတို့တည်း။

စာမျက်နှာ-704


တရား ၄-မျိုးနှင့်ပြည့်စုံသော ပညာရှိ၍ လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်ကင်း၍ ပညာရှိများလည်း မကဲ့ရဲ့အပ်၊ ကောင်းမှု များစွာကိုလည်း ဖြစ်ပွားစေ၏၊ ၄-မျိုးမှာ’ အပြစ်မရှိသော ကာယ၊ ဝစီ၊ မနောကံနှင့် အပြစ်မရှိသော အယူတို့တည်း။

(၂၇) ၇-ကမ္မပထဝဂ်၊ ၁-ပါဏာတိပါတိသုတ်

တရား ၄-မျိုးရှိသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ငရဲသို့ ရောက်ရ၏၊ ၄-မျိုးမှာ - မိမိကိုယ်တိုင်လည်း သူ့အသက်သတ်၏၊ သူတပါးကိုလည်း သတ်ခြင်း၌ ဆောက်တည် စေ၏၊ သတ်ခြင်း၌ သဘောတူ၏၊ သတ်ခြင်း၏ ကျေးဇူးကို ပြောဆို၏၊ ဤ ၄-ပါး တို့တည်း။

နတ်ပြည်သို့ ရောက်ရှိကြောင်း ၄-မျိုးမှာ- ရှောင်ကြဉ်၏၊ ရှောင်ကြဉ်ခြင်း၌ ဆောက် တည်စေ၏၊ ရှောင်ကြဉ်ခြင်း၌ နှစ်သက်သဘောတူ၏၊ ရှောင်ကြဉ်ခြင်း၏ ကျေးဇူးကို ပြောဆို၏၊ ဤ ၄-မျိုးတို့တည်း။

၂--အဒိန္နဒါယီသုတ်

မပေးသည်ကို ယူမှု ရှောင်ကြဉ်မှုတို့၌လည်း ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ၊ ၄-မျိုးစီဖြင့် ငရဲရောက်ကြောင်း၊ နတ်ပြည်ရောက်ကြောင်းကို သိအပ်၏။
၃-မိစ္ဆာစာရီသုတ်--ကာမတို့၌ မှားယွင်းစွာ ကျင့်မှုဆိုင်ရာ၊
၄-မုသာဝါဒီသုတ်’အုမုသာပြောဆိုရာ၊
၅-ပိသုဏဝါစာသုတ်-ကုန်းစကားပြောဆိုရာ၊
၆-ဖရုဿဝါစာသုတ်-စကားကြမ်းပြောဆိုရာ၊
၇’သမ္ဖပ္ပလာပသုတ်’ပြိန်ဖျင်းသော စကားကို ပြောဆိုရာ၊
၈-အဘိဇ္ဈာလုသုတ်—မက်မောခြင်းများရာ၊
၉-ဗျာပန္နသုတ်-ပျက်စီးစေလိုစိတ်ရှိရာ၊
၁၀-မိစ္ဆာဒိဋ္ဌိသုတ်’အယူမှားရှိရာ။

(၂၈) ၈-ရာဂပေယျာလ၊ ၁-သတိပဋ္ဌာနသုတ်

ရာဂကို ဉာဏ်ထူးဖြင့်သိရန် တရား ၄-မျိုးကို ပွားများအပ်ကုန်၏။ ၄-မျိုးမှာ- ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သည်ဖြစ်၍ သမ္ပဇဉ် သတိရှိလျက်

စာမျက်နှာ-705


လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ကိုယ်၌ ကိုယ်ဟု အဖန်ဖန် ရှုနေ၏၊ ဝေဒနာတို့၌၊ စိတ်၌၊ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှုနေ၏၊ ဤ ၄- ပါးတို့တည်း။

၂-သမ္မပ္ပဓာနသုတ်

ရာဂကို ဉာဏ်ထူးဖြင့်သိရန် တရား ၄-မျိုးတို့ကို ပွားများအပ်ကုန်၏၊ ၄-မျိုးမှာ- ရဟန်းသည် မဖြစ်သေးသော အကုသိုလ်တရားယုတ်တို့ကို မဖြစ်စေရန် အလိုဆန္ဒကို ဖြစ် စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်တင်းထား၏၊ ဆောက်တည်ထား၏၊ ဖြစ်ပြီး အကုသိုလ်တရား ယုတ်တို့ကို ပယ်ရန်... မဖြစ်သေးသော ကုသိုလ်တရားတို့ကိုဖြစ်စေရန်... ဖြစ်ပြီးကုသိုလ်တရားတို့ တည်တံ့စေရန် မမေ့ပျောက်စေရန်၊ လွန်စွာ ဖြစ်စေရန်၊ ပြန့်ပြောပွားများ ပြည့်စုံစေရန် အလိုဆန္ဒကို ဖြစ်စေ၏၊ (လ) ဆောက်တည်ထား၏၊ ဤ ၄-မျိုးတို့တည်း။

၃-ဣဒ္ဓိပါဒသုတ်

ရာဂကို ဉာဏ်ထူးဖြင့် သိဒ္ဓိပွားများရန် တရား ၄-မျိုးမှာ’အလိုဆန္ဒလျှင် အားထုတ် ခြင်းဝီရိယလျှင် စိတ်လျှင် ပညာဝီမံသလျှင် အကြီးအမှူးရှိသော တည်ကြည်မှုသမာဓိ၊ ပြုပြင်တတ်သော အားထုတ်မှု၊ ပဓာနသင်္ခါရနှင့် ပြည့်စုံသော ပြည့်စုံမှုအခြေခံ ဣဒ္ဓိပါဒ် ကိုပွားများ၏၊ ဤ ၄-မျိုးတို့တည်း။

၄-၃၀၊ ပရိညာဒိသုတ်

ရာဂကိုပိုင်းခြားသိရန်၊ ထက်ဝန်းကျင်ကုန်စေရန်၊ ပယ်ရန်၊ ကုန်ခန်းရန်၊ ပျက်စေရန်၊ ကင်းပြတ်စေရန်၊ ချုပ်ငြိမ်းရန်၊ စွန့်ရန်၊ တဖန်စွန့်ရန် တရား ၄-ပါးတို့ကို ပွားများ အပ်ကုန်၏။

၃၁-၅၁၀၊ ဒေါသ အဘိညာဒိသုတ်

ဒေါသကို၊ မောဟကို၊ ကောဓကို၊ ဥပနာဟ၊ မက္ခ၊ ပဠာသ၊ ဣဿာ၊ မစ္ဆရိယ၊ မာ ယာ၊ သာဌေယျ၊ ထမ္ဘ၊ သာရမ္ဘ၊ မာန၊ အတိမာန၊ မဒ၊ ပမာဒကို ဉာဏ်ထူးဖြင့်သိရန်၊ ပိုင်းခြားသိရန်၊ (လ) တဖန်စွန့်ရန် ဤတရား ၄-မျိုးတို့ကို ပွားများအပ်ကုန်၏။ (ယင်း ပါဠိတို့၏အနက် နောက်များ၌လည်း အကြိမ်ကြိမ်ပါပြီးဖြစ်၍ မရေးတော့ပါ။)

စတုက္ကနိပါတ် ပြီး၏။

စာမျက်နှာ-706


(၁) သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
(၂) သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသူ အနနုဂိဒ္ဓေါ။
န စ ခုဒ္ဒမာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။

(၁) သစ္စာ ၄-ပါးကိုသိရန် ကျင့်စွမ်းနိုင်၍ ကိုယ် နှုတ် နှလုံး ၃-ပါးလုံး ရိုးသား ဖြောင့်မတ်ကာ ပညာရှိများ၏ အဆုံးအမကို လိုက်နာနိုင်ပြီး ဇမ္ဗူရစ် ရွှေစင်ပမာ ကိုယ် နှုတ် နှလုံး နူးညံ့သိမ်မွေ့သူ ဖြစ်ရပါလို၏။ မာန် မာနဟူသမျှ နှိမ်ချနိုင်ပြီး ပစ္စည်း ၄-ပါးတို့၌ ရရသမျှရောင့်ရဲနိုင်၍ ကောင်းဆိုး ၂-ဖြာ အစာမကျယ် မွေးမြူလွယ်ကာ အတိုအထွာ နဝကမ္မ အလုပ်ကိစ္စမများပဲ စားသောက် နေရေး နောင် အတွက် မတွေးပဲ တတောထွက်ဝင် တပင်ထွက်သွား အတောင်သာပါသော ငှက်များ ပမာ ပရိက္ခရာ ၈-ဖြာထက်မပိုပဲ ပေါ့ပါးစွာ အသက်မွေးနိုင်သူ ဖြစ်ရပါလို၏။

(၂) ကောင်း ဆိုးအာရုံ ကြုံလင့်ကစား တရားနှလုံးသွင်းကာ အရှိန်မပျက်စေပဲ ငြိမ်သက်သောဣန္ဒြေရှိပြီး ကိစ္စအားလုံးပြီးအောင် ဆောင်ရွက်နိုင်သော ရင့်ကျက်သော ပညာရှင်ဖြစ်ကာ ကိုယ် နှုတ် နှလုံး ၃-ပါးလုံး မခက်ထန် မကြမ်းကြုတ်ပဲ ပစ္စည်း ၄-ဖြာ ဒါယကာ ဒါယိကာမတို့၌ မရောယှက်၊ မမက်မော၊ မတွယ်တာသူ ပညာရှိ များကဲ့ရဲ့မည့် မကောင်းမှုဟူသမျှကို အနည်းငယ်မျှ မပြုသူ စင်စစ် ကောင်းစွာ ဖြစ်ရ လိုပါ၏။

စကြဝဠာအနန္တ သတ္တဝါမှန်သမျှ ချမ်းသာကြပါစေ။

Comments

Popular posts from this blog

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

သာရတ္ထဒီပနီ-ဋီကာ (တတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါစိတ္တိယ-အဋ္ဌကထာ +နိဿယ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...