သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁-ဒေဝတာသံယုတ် ၁-နဠဝဂ် ၁-သြဃတရဏသုတ် ֍ ၁ ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို (ကိုယ်ရောင်ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား ''အသျှင်- အသျှင်ဘုရားသည် အဘယ်သို့သော အကြောင်းအားဖြင့် သံသရာအယဉ် 'သြဃ'ကို ကူးမြောက်တော်မူခဲ့ပါသနည်း''ဟု လျှောက်၏၊ ဒါယကာနတ်သား ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'သြဃ'ကို ကူးမြောက်ခဲ့၏ဟု (မိန့်တော်မူ၏)။ ''အသျှင်- အသျှင်ဘုရားသည် အဘယ်သို့လျှင် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'သြဃ'ကို ကူးမြောက်တော်မူခဲ့ပါသနည်း''ဟု (လျှောက်၏)၊ ဒါယကာနတ်သား ငါသည် အကြင်အခါ၌ ရပ်တည်နေ၏၊ ထိုအခါ နစ်မြုပ်ရ၏၊ အကြင်အခါ၌