Skip to main content

ကမ္မဋ္ဌာန်းကျမ်းကြီး

ကမ္မဋ္ဌာန်းကျမ်းကြီး

၁-သာသနာ ၃-ရပ်ကိုပြဆိုခန်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-သာသနာ ၃-ရပ်ကိုပြဆိုခန်း

သီလံ သမာဓိ ပညာ စ၊

ယဿ ဧတေ သုဘာဝိတာ။

အတိက္ကမ္မ မာရဓေယျံ၊

အာဒိစ္စောဝ ဝိရောစတိ။

(ဣတိဝုတ်ပါဠိတော်)

အနက်။။ဘိက္ခဝေ=သံသရာဘေးကို ရှုလေ့ရှိကြကုန်သော အို-ချစ်သားချစ်သမီးတို့၊ ယဿ=အကြင်သူသည်၊ သီလဉ္စ=အဓိသီလ သိက္ခာဟုဆိုအပ်သော သီလကိုလည်းကောင်း၊ သမာဓိ စ=အဓိစိတ္တ သိက္ခာဟုဆိုအပ်သော သမာဓိကိုလည်းကောင်း၊ ပညာ စ=အဓိပညာ သိက္ခာ ဟုဆိုအပ်သော ပညာကိုလည်းကောင်း၊ ဧတေ=ဤသုံးပါးသော တရားတို့ကို၊ သုဘာဝိတာ=ဆုံးခန်းတိုင်အောင် ကောင်းစွာပွါးများအပ် ကုန်၏၊ သော=ထိုသူသည်၊ မာရဓေယျံ=မာရ်မင်း၏နိုင်ငံကို၊ အတိက္ကမ္မ= လွန်မြောက်၍၊ အာဒိစ္စောဝ=ဆီးနှင်း, မြူ, တိမ်, သူရိန်, မီးခိုးညစ်မျိုးငါးအင် ကင်းစင်တောက်ပ တင့်တယ်လှသော နေမင်းကြီးကဲ့သို့၊ ဝိရောစတိ=ထွန်းလင်းတင့်တယ်၏၊

ဆောင်ပုဒ်သံခိပ်။။အဓိသီလ၊ စိတ္တ ပညာ၊ သာသနာ၊ သိက္ခာ၃-ပါးမှတ်။

မြတ်စွာဘုရား သာသနာတော်မြတ်ကြီးသည်

၁။ အဓိသီလ သာသနာတော်မြတ်ကြီး ၁-ပါး,

၂။ အဓိစိတ္တ သာသနာတော်မြတ်ကြီး ၁-ပါး,

၃။ အဓိပညာ သာသနာတော်မြတ်ကြီး ၁-ပါး,

ဟူ၍ သာသနာတော်မြတ်ကြီး ၃-ပါး ရှိ၏၊

[သိက္ခာ ၃-ပါးဟူ၍ လည်းခေါ်၏၊ ဤသာသနာ ၃-ပါး၏ အခွင့်ကားကိလေသာကိုပယ်သတ်မှုတည်း။]

(က) ကိလေသာ အသိုက်အအုံကြီး ၃-မျိုး

ဤကိုယ်ခန္ဓာ၌ ကိလေသာအသိုက် အအုံသည်

၁။ ဝီတိက္ကမ ဘုံကြီး ၁ပါး,

၂။ ပရိယုဋ္ဌာန ဘုံကြီး ၁ပါး,

၃။ အနုသယ ဘုံကြီး ၁ပါး,

ဟူ၍ ဘုံကြီး ၃-ပါး ရှိ၏၊

(နိုင်ငံကြီး ၃-ပါးလည်း ဆိုရ၏၊ တိုက်ကြီး ၃-တိုက်လည်းဆိုရ၏၊) ထို ၃-ပါးတို့တွင်

၁။ ကာယက,ံ ဝစီကံ ၂-ပါးသည် ဝီတိက္ကမဘုံကြီး, ဝီတိက္ကမ နိုင်ငံကြီး, ဝီတိက္ကမတိုက်ကြီး မည်၏၊

(ကိုယ်အမူအရာသောင်းကြမ်းမှု, လွန်ကျူးမှု, နှုတ်အမူအရာသောင်းကြမ်းမှု, လွန်ကျူးမှု။)

၂။ မနောကံစုသည် ပရိယုဋ္ဌာနဘုံကြီး, ပရိယုဋ္ဌာနနိုင်ငံကြီး, ပရိယုဋ္ဌာနတိုက်ကြီး မည်၏၊

(အပြင်သို့မရာက် စိတ်ထဲတွင်သာ ဆူပူထကြွသောင်းကြမ်းနေမှု)

၃။ ကံ ၃-ပါးအဖြစ်သို့ မရောက်မူ၍ အနမတဂ္ဂ ဘဝသံသရာ တစ်ခွင်၌ ကိုယ်ခန္ဓာအစဉ်မှာ အမြဲနိစ္စ ထာဝရ တည်ထောင် ကိန်းဝပ် စည်ကား ပွားစီး၍နေသော အသိုက်အအုံကြီးသည် အနုသယဘုံကြီး, အနုသယ နိုင်ငံကြီး, အနုသယတိုက်ကြီး မည်၏၊

ဆောင်ပုဒ်သံခိပ်။။ အစဉ်စွဲကပ်၊ ငုပ်ကိန်းဝပ်၊ မျိုးဓာတ် နုသယံ။

အပါယ်ဇာတ်, လူဇာတ်,နတ်ဇာတ် ထွက်ရန် မျိုးစေ့အနေ အားဖြင့် စိတ်သန္တာန်တွင် စွဲ၍ကပ်၍ ငုတ်၍ဝပ်၍ကိန်း၍ အစဉ်အမြဲ နေသော ကံဟောင်းကံသစ်တို့ကို သိုလှောင်ထားသော ဂိုဒေါင်ကြီးကဲ့ သို့တည်း။

(ခြောက်ဒွါရတို့မှာ အာရုံဆက်လာတိုင်း ကိလေသာမီးတောက် ရန်, ကံ ၃-ပါးဖြစ်ပေါ်ရန် အမြစ်မူလဗီဇ အသိုက်အအုံကြီးဟူလို။) ထိုဘုံကြီး ထိုနိုင်ငံကြီးမှ မနောကံတို့ ဖြစ်လာရကုန်၏၊ မနောကံ တို့မှ ကာယကံ, ဝစီကံတို့ ဖြစ်လာရကုန်၏၊

ဥပမာ။။ ဤခန္ဓာကြီးသည် မီးခြစ်ရှိ ဆေးခဲနှင့်တူ၏၊ အနုသယနိုင်ငံကြီးသည် မီးခြစ်ရှိ ဆေးခဲတွင် အပြည့်တည် ရှိသော မီးဓာတ်မျိုးနှင့်တူ၏၊

အာရုံနှင့်တွေ့၍ စိတ်နှလုံးမှာ ကိလေသာထကြွမှုသည် ကော်ပတ်နှင့်တိုက်၍ မီးခြစ်ဆေးခဲမှ မီးတောက်သည်နှင့် တူ၏၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ, လှုပ်ရှားသောင်းကြမ်းမှုသည် ထိုမီး တောက်မှ ဝတ္ထုတစ်ပါးသို့ မီးကူး၍ အိမ်ရာ, ဝင်းခြံကို လောင်သည်နှင့် တူ၏၊

(က) လောဘဘုံကြီး ၃-ပါး,

( ခ ) ဒေါသဘုံကြီး ၃-ပါး,

( ဂ ) မောဟဘုံကြီး ၃-ပါး,

(ဃ) ဒိဋ္ဌိဘုံကြီး ၃-ပါး,

စသည်ဖြင့် အသီးသီး ဘုံကြီး ၃-ပါး စီ ရှိကြ၏၊

( ခ ) သာသနာ ၃-ရပ်

အဓိသီလ သာသနာ- အဓိသီလသိက္ခာသည် ကိလေသာတို့၏ ဝီတိက္ကမဘုံကြီး, နိုင်ငံကြီးကို ဖျက်ဆီးရန် လက်နက်မျိုးတည်း။

အဓိစိတ္တ သာသနာ- အဓိစိတ္တသိက္ခာသည် ပရိယုဋ္ဌာနဘုံကြီး, နိုင်ငံကြီးကို ဖျက်ဆီးရန်လက်နက်မျိုးတည်း။

အဓိပညာ သာသနာ- အဓိပညာသိက္ခာသည် အနုသယဘုံကြီး, နိုင်ငံကြီးကို ဖျက်ဆီးရန်လက်နက်မျိုးတည်း။

ဤအနုသယ နိုင်ငံကြီး အကုန်ပျက်စီးမှ ကိလေသာမျိုးပြတ် သည်၊ ကိလေသာမျိုးပြတ်မှ ကံ ၃-ပါး ကျွတ်လွတ်သည်၊ ကံ ၃-ပါး ကျွတ်လွတ်မှ ဝဋ်ဒုက္ခချုပ်ငြိမ်းသည်။

မြတ်စွာဘုရား၏ သာသနာတော်၌ကား

အနုသယနိုင်ငံကြီးကို ဖျက်ဆီးမှုသည်သာ လိုရင်းပဓာနတည်း။ ထိုနိုင်ငံကြီးကိုဖျက်ဆီးခြင်းငှါ ရှေးဦးစွာ သီလကိုဖြည့်ကျင့်မှု, သမထကိုပွား များမှုတို့ဖြင့် ပြင်ပအရံ နိုင်ငံနှစ်ရပ်ကို သုတ်သင်ရှင်းလင်းပြီးမှ ဘုရား သာသနာတော်တွင်းမှာ လိုရင်းပဓာနဖြစ်သော အနုသယနိုင်ငံကြီးသို့ ချဉ်းနင်းခွင့်သာလေသတည်း။

(ဤကား-ကမ္မဋ္ဌာနနယောပဒေသ-ကျမ်း၏အချက်အချာ သာသနာတော်ကြီး ၃-ပါး၏ အခွင့်ကို ပြဆိုခန်းတည်း။)

၂-သီလကိုပြဆိုခန်း

(က) အာဇီဝဋ္ဌမကသီလ

ဆောင်ပုဒ်သံခိပ်။။အာဒိဗြဟ္မ၊ စရိယ နှင့်၊ ထိုမှတစ်စိ၊ အာဘိသမာစာရိက၊ ဤနှစ်ဝ၊ သီလ သာသနာ။

အဓိသီလ သာသနာ, အဓိသီလ သိက္ခာ၌အကျဉ်းအားဖြင့်

၁။ အာဒိဗြဟ္မစရိယက သီလ,

၂။ အာဘိသမာစာရိက သီလ,

ဟူ၍ ၂-ပါးရှိသည်။

ထို ၂-ပါး တို့တွင်

၁။ သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်-ဟုဆိုအပ်သော မဂ် ၄-ပါးသည် ဗြဟ္မစရိယ မည်၏၊ ထိုမဂ် ၄-ပါးကို ယခုဘဝ ရလို ယူလို ရောက်လိုသော သူတို့၏ ရှေးဦးစွာ နိစ္စသီလအဖြစ်နှင့် ထူထောင်ဖြည့်ကျင့်အပ်သော သီလမျိုးသည် အာဒိဗြဟ္မစရိယကသီလမည်၏၊

၂။ ထိုအပေါ်တွင် အမွှမ်းတင် ဖြစ်သော သီလမျိုးသည် အာဘိသမာစာရိကသီလမည်၏၊

ဆောင်ပုဒ်သံခိပ်။။အာဇီဝဋ္ဌ၊ အကျဉ်းပြ၊ ဗြဟ္မအာဒိသာ။ အကျဉ်းချုပ်အားဖြင့်-ပြဆိုသည်ရှိသော် အာဇီဝဋ္ဌမက သီလ သည် အာဒိဗြဟ္မစရိယက သီလမည်၏၊ ရဟန်းတို့၏၂၂၇-ပါးသော သိက္ခာပဒသီလစုသည် ဤအာဇီဝဋ္ဌမကသီလ၌ အကျုံးဝင်သောကြောင့် အကျဉ်းပြဟူ၍ ဆိုသတည်း။

ဆောင်ပုဒ်သံခိပ်။။ကာယသုံးလီ၊ လေးဝစီ၊ အာဇီရှစ်သမ္မာ။

(က) ကာယသုစရိုက် ၃-ပါး,

( ခ ) ဝစီသုစရိုက် ၄-ပါး,

ပေါင်း ၇-ပါး ဖြစ်၏၊

ယင်း ၇-ပါးမှာ ၈-ခုမြောက် သမ္မာအာဇီဝ ဖြည့်၍ ''အာဇီ ဝဋ္ဌမက'' ခေါ်သည်။

(မနောသုစရိုက် ၃-ပါးကျန်ရှိသည်မှာ အဓိစိတ္တသာသနာ, အဓိပညာသာသနာတို့၏ ဆိုင်ရာဖြစ်၍ ကျန်ရှိလေသည်။)

( ခ ) အာဇီဝဋ္ဌမက သီလ၏သရုပ်

၁။ ပါဏာတိပါတာ ဝေရမဏိ,

၂။ အဒိန္နာဒါနာ ဝေရမဏိ,

၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ,

၄။ မုသာဝါဒါ ဝေရမဏိ,

၅။ ပိသုဏဝါစာယ ဝေရမဏိ,

၆။ ဖရုသဝါစာယ ဝေရမဏိ,

၇။ သမ္ဖပ္ပလာပါ ဝေရမဏိ,

၈။ မိစ္ဆာဇီဝါ ဝေရမဏိ,

ဆောင်ပုဒ်သံခိပ်။။ကျင့်ဝတ်ဓူတင်၊ အမွှမ်းတင်၊ ဖြူစင် ဘိသမာ။

(က) ရဟန်းတော်တို့၌ ဥပဇ္ဈာယဝတ်, အာစရိယဝတ် အစရှိသောကျင့်ဝတ်တရားစု, ဓူတင် တေရသစုသည် အာဒိဗြဟ္မစရိယက ပေါ်တွင် အမွှမ်းတင် အာဘိသမာစာရိက သီလမည်၏၊

( ခ ) လူတို့၌ ၈-ပါးသောဥပေါသထသီလ,၁၀-ပါးသီလ, အချို့သောဓူတင်္ဂသီလများသည် အာဘိသမာစာရိက ပင်တည်း။

( ဂ ) ဓူတင် ၁၃-ပါး သရုပ်

၁။ ပံသုကူဓူတင်-ရထားလမ်း, သုသာန်, တံမျက်ချေး စုပုံရာ အရပ် စသည်တို့၌ သူတစ်ပါးတို့ ပစ်စွန့်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်သော အဝတ်ကိုကောက်ယူ၍ ပြုအပ်သော သင်္ကန်းကိုသာ ဝတ်ရုံခြင်း။

၂။ တိစီဝရိတ်ဓူတင်-ဒုကုဋ်, ကိုယ်ဝတ် သင်းပိုင်ဟု ဆိုအပ် သော သင်္ကန်း ၃-ထည်ကိုသာ ဆောင်ခြင်း။

၃။ ပိဏ္ဍပါတ်ဓူတင်-ခံ၍ရသော ဆွမ်းကိုသာ သုံးဆောင်ခြင်း။

၄။ သပဒါနစာရိကဓူတင်-အိမ်စဉ်, ရွာစဉ်,ခရီးစဉ်, မပျက် ဆွမ်းခံခြင်း။

၅။ ဧကာသနိကဓူတင်-တစ်ထိုင်တည်း၌သာ ဆွမ်းစားခြင်း။

၆။ ပတ္တပိဏ္ဍိကဓူတင်- သပိတ်တစ်ခု၌ရှိသော စားဖွယ်ကိုသာ စားခြင်း။

၇။ ခလုပစ္ဆာဘတ္တိကဓူတင်- မိမိ ဆွမ်းစားဆဲတွင် လက်မီသော အရပ်အတွင်းသို့ စားဖွယ်ကို သူတစ်ဦးက ကပ်မည်ဟု ယူလာရာတော်ပြီ, အလိုမရှိပြီ, ဟုပစ်ပယ်ပြီသော အစာကို တစ်ဖန် စားထိုက်ပြန်အောင် အတိရိတ် ဝိနည်းကံကို ပြု၍ပင် မစားခြင်း။

၈။ အာရညကင်ဓူတင်- တောကျောင်း၌ နေခြင်း။

၉။ ရုက္ခမူဓူတင်- သစ်ပင်ရင်း၌သာ နေခြင်း။

၁၀။ အဗ္ဘောကာသိကဓူတင်- အမိုး, သစ်ရိပ်မရှိသော လွင်ပြင်၌ သာနေခြင်း။

၁၁။ သောသာနိကဓူတင်- သုသာန်သချႌုင်း၌သာ နေခြင်း။

၁၂။ ယထာသန္တတိကဓူတင်-ရရသမျှသော ကျောင်း၌ ရောင့် ရဲခြင်း။

၁၃။ နေသဇ္ဇိကဓူတင်- လျောင်း၍ မအိပ်မူ၍ ကျင့်ခြင်း။

ဆောင်ပုဒ်သံခိပ်။။ ပါတိမောက္ခ၊ သံဝရနှင့်၊ ဇီဝပါရိ၊ သုဒ္ဓိတလှစ်၊ ပစ္စယသန်၊ နိဿိတံတည့်၊ ခြောက်တန်ဣန္ဒြေ၊ လုံခြုံစေမှု၊ သုဒ္ဓိစု၊ စတုလေးလီဖြာ။

(ဃ) စတုပါရိသုဒ္ဓိသီလ သရုပ်

၁။ ပါတိမောက္ခသံဝရသီလ,

၂။ အာဇီဝပါရိသုဒ္ဓိသီလ,

၃။ ပစ္စယသန္နိဿိတသီလ,

၄။ ဣန္ဒြိယသံဝရသီလ,

၁။ ပါတိမောက္ခသံဝရသီလ-ဟူသည်ကား ၂၂၇-သွယ်သော သိက္ခာပုဒ်ကို မကျိုးမပေါက် မပြောက် မကျားအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ပါတိမောက္ခသံဝရသီလ မည်၏၊

၂။ အာဇီဝပါရိသုဒ္ဓိသီလ-ဟူသည်ကား ဤသုံးဆောင်ဘွယ် သည် ငါ့အားရှိပြီ၊ ထိုအလုံးစုံ အပိုအမို သုံးဆောင် ဘွယ်သည် တန်ပြီ, တော်ပြီဟု ဤသို့ ဆင်ခြင်ခြင်းသည် ဘောဇနမတ္တညုတာ မည်၏၊

ဤသို့ သုံးဆောင်ဘွယ် မသင့်သော ပစ္စည်းကို ပယ်၍သုံး ဆောင်ဘွယ်သင့်သော ပစ္စည်းကို သုံးဆောင် ခြင်း၌ လိမ္မာသည်၏ အဖြစ်သည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏၊

၃။ ပစ္စယသန္နိဿိတသီလ-ဟူသည်ကား ကျောင်း, သင်္ကန်း, ဆွမ်း, ဆေး ဟုဆိုအပ်သော ပစ္စည်းတို့၌ ပညာဖြင့် ဆင်ခြင်၍ သုံးဆောင်ခြင်းသည် ပစ္စယသန္နိဿိတသီလ မည်၏၊

၄။ ဣန္ဒြိယသံဝရသီလ-ဟူသည်ကား စက္ခုစသော ဣန္ဒြေ ၆-ပါးတို့၌လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်မှုသည် ဣန္ဒြိယသံဝရသီလ မည်၏၊

ပါတိမောက္ခသံဝရသီလ, အာဇီဝပါရိသုဒ္ဓိသီလ၊ ဤ ၂-ပါးကား အာဒိဗြဟ္မစရိယက သီလမျိုးတည်း။ ပစ္စယသန္နိဿိတသီလ, ဣန္ဒြိယ သံဝရသီလ၊ ဤ ၂-ပါးကား အာဘိသမာစာရိက သီလမျိုးတည်း။ သံဝရသီလ၊ ဤ ၂-ပါးကား အာဘိသမာစာရိက သီလမျိုးတည်း။

ဤ ပါတိမောက္ခသံဝရ သီလဟူသော အာဒိဗြဟ္မစရိယက ၂၂၇- ပါးသော သိက္ခာပဒသီလတို့ကို အကျဉ်းချုံးလိုက်သော် ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလ ဖြစ်လေ၏၊

ထိုသီလသည် မဂ္ဂဗြဟ္မစရိယ၏ အစအဦးဖြစ်၍ အာဒိဗြဟ္မ စရိယက သီလ မည်၏၊

အစအဦးဆိုသည်ကား- နံနက်အခါ၌အရှေ့အရပ်မှ တက်သော နေအရုဏ်သည် ထိုနေ့၏ အစအဦးဖြစ်၍ ထိုနေ့၌ အတွင်းဝင် ဖြစ်လေသကဲ့သို့ ဤ ၂၂၇-ပါးသော သိက္ခာပဒ သီလအပေါင်းသည် သောတာပတ္တိမဂ္ဂသီလ၌ သင်္ဂြီုဟ်ရေတွက်ခြင်းသို့ ရောက်၏၊ ယခုကာလ ဤသီလနှင့် ပြည့်စုံကြကုန်သော သီလဝန္တ ရဟန်း တို့သည် အရိယာပုဂ္ဂိုလ် ၈-ယောက်တို့တွင် သေက္ခပုဂ္ဂိုလ်တို့၌ သင်္ဂြီုဟ် ရေတွက်ခြင်းသို့ ရောက်ကုန်၏၊

မဟာဝါခန္ဓက စူဠဝါခန္ဓက-တို့၌လာသော ဥပဇ္ဈာယဝတ်, အာစရိယဝတ် အစရှိသော ကျင့်ဝတ်တရားတို့သည် ထိုအာဒိဗြဟ္မ စရိယကသီလပေါ်တွင် အရောင်တင် အမွှမ်းတင် သီလဖြစ်ပေ၍ အထွတ်အမြတ်ဖြစ်သော အကျင့်အာစာရဟူသော အနက်ကြောင့် အာဘိသမာစာရိက သီလမည်၏၊

လောကုတ္တရာ သီလသည်မူကား အနုတ္တရ အဓိသီလပေတည်း။ ဥပဇ္ဈာယဝတ်, အာစရိယဝတ် အစရှိသော ခန္ဓကဝတ် အကျင့် တို့ကို ပြည့်စုံစွာ မဖြည့်နိုင်သောရဟန်းအား အာဒိဗြဟ္မစရိယကသီလသည် ပြည့်စုံမြဲမဟုတ်၊ နွားပြောက် နွားကျားကဲ့သို့ အကြောင် အကျားသာ ဖြစ်မြဲတည်း။

ထိုဝတ်အကျင့်တို့ကို သဒ္ဓါ, ဝီရိယ နုံ့ကြသောသူတို့သည် ဖြည့်ကျင့်လိုသောစိတ်ပင် မရှိကြကုန်၊ ထိုသူတို့သည် သဒ္ဓါ, ဝီရိယ ထက်သန်လှမှ ဖြည့်ကျင့်နိုင်ရာသော အချို့သော အာဒိဗြဟ္မစရိယက သိက္ခာပုဒ်တို့၌လည်းကောင်း, သမထ ကမ္မဋ္ဌာန်းအလုပ် ဝိပဿနာ ကမ္မဋ္ဌာန်း အလုပ်တို့၌လည်းကောင်း စိတ်ပင် မရှိကြကုန်။ သဒ္ဓါ, ဝီရိယကို ထူထောင်၍ ထိုဝတ်အကျင့်တို့ကို ဖြည့်ကျင့်နိုင် သော သူတို့သည်မူကား အာဒိဗြဟ္မစရိယက သိက္ခာပုဒ်တို့၌လည်း ခဲယဉ်းမှုမရှိကြကုန်။

(ဤကား ရဟန်းတော်နှင့် သက်ဆိုင်သော သီလဝိသုဒ္ဓိကို ပြဆိုချက်တည်း။)

လူတို့နှင့်သက်ဆိုင်သော သီလဝိသုဒ္ဓိကို အတန်ငယ် ရှင်းလင်း၍ ပြဦးအံ့။

အဋ္ဌင်္ဂဥပေါသထ သီလ

ရှစ်ပါးသီလ- မည်သည် ဃရာဝါသ သမ္ဗာဓ၌ တည်နေကြကုန် သော ပကတိလူတိ့ု၏ သီလတည်း။

ထိုပကတိလူတို့သည် အဗြဟ္မစရိယ, ဝိကာလဘောဇန စသော အမှုများကို အမြဲနိစ္စထာဝရ ကြဉ်ရှောင် ခြင်းငှာ မတတ်နိုင်ကြကုန်ရကား တစ်လလျှင် ၄-သီတင်း, ၈-သီတင်း အမှတ်ပြု၍ စောင့်ထိန်းကြသော အနိစ္စသီလမျိုးပေတည်း။

(နိစ္စပြု၍ စောင့်လျှင်လည်း အလွန်ကောင်းမြတ်ပါ၏၊)

ဒသ သီလ

၁၀-ပါးသီလ-သည်မူကား နိစ္စ, အနိစ္စ နှစ်မျိုးရ၏၊

ဃရာဝါသကိစ္စကို စွန့်လွှတ်၍ အဝတ်ကြောင်, အဝတ်ဖြူဟူသောပကတိလူတို့ အဝတ်ကိုပယ်၍ အရဟဒ္ဓဇ အဝင်အပါဖြစ်သော ညောင်ခေါက်စသည့် ဖန်ရည်ဖြင့် ဆိုးအပ်သော အဝတ်ကို ဝတ်သော လူသူတော်များတို့အား ထို ၁၀-ပါးသော သီလသည် နိစ္စသီလမျိုးဖြစ်၏၊

ထိုအဝတ်ကို ဝတ်မိသည်နှင့် တပြိုင်နက် ထိုသူတို့အား ထိုသီလ သည်တည်လေ၏၊

တည်၏-ဆိုသည်ကား----ထိုအဝတ်ကို ဝတ်မိသည်နှင့် တစ်ပြိုင်နက်ထိုသူတို့သည် အဗြဟ္မစရိယ, ဝိကာလဘောဇန-စသော အမှုများကို ပြုခြင်းငှာ မထိုက်ကြကုန်ပြီ၊ ပြုခဲ့လျှင် အရဟဒ္ဓဇ အဝတ်အသွင်နှင့် မထိုက်တန်သောအမှုဖြစ်၍ အလဇ္ဇီသဘောသို့ ရောက်ကုန်၏၊ ဤကဲ့သို့ ပြုခြင်းငှာ မထိုက်တန်သော သဘောသို့ သက်ရောက်သည်ကို အခြေပြု၍ ထိုသီလတည်သည်-ဟုဆိုသတည်း။

(နိစ္စသီလမျိုးဟူသမျှ ဤနည်းချည်းသာတည်း။)

ပကတိ လူဝတ်ကြောင်တို့အား ထိုကဲ့သို့သော နိစ္စသီလအနေနှင့် တည်မှုကို မရအပ်၊ ၈-ပါးသီလကဲ့သို့ပင် ဆောက်တည်မှရသော အနိစ္စ မျိုးသာဖြစ်၏၊ နိစ္စပြု၍ စောင့်ထိန်းလိုလျှင် နိစ္စအနေနှင့် ခံယူမှရ၏၊

(ဤကား အကျဉ်းမျှပြဆိုချက်တည်း)

---------

အာဇီဝဋ္ဌမက သီလ

အာဇီဝဋ္ဌမကသီလ-ဆိုသည်ကား သုစရိုက် ၁၀-ပါးတွင် မနော သုစရိုက် ၃-ပါးကို ချန်လှပ်သော် ကာယ သုစရိုက် ၃-ပါး, ဝစီသုရိုက် ၄-ပါးဟူ၍ ၇-ပါးရ၏၊ ၎င်း ၇-ပါးမှာ သမ္မာအာဇီဝ ဝိရတီကိုထည့်၍ အာဇီဝဋ္ဌမက သီလခေါ်၏၊

ကာယသုစရိုက် ၃-ပါးကား သမ္မာကမ္မန္တ ဝိရတီတည်း။

ဝစီသုစရိုက် ၄-ပါးကား သမ္မာဝါစာဝိရတီတည်း။

ဝစီသုစရိုက် ၄-ပါးကား သမ္မာဝါစာဝိရတီတည်း။ ပါးဖြစ်၏၊

ထို ၃-ပါးတို့တွင် သမ္မာဝါစာ ဝိရတီသည်

၁။ မုသာဝါဒါ ဝေရမဏီ

၂။ ပိသုဏဝါစာယ ဝေရမဏီ,

၃။ ဖရုသဝါစာယ ဝေရမဏီ,

၄။ သမ္ဖပ္ပလာပါ ဝေရမဏီ,

ဟူ၍ ၄-ပါး အပြားရှိ၏

သမ္မာကမ္မန္တ ဝိရတီ သည်လည်း

၁။ ပါဏာတိပါတာ ဝေရမဏီ,

၂။ အဒိန္နာဒါနာ ဝေရမဏီ,

၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏီ,

ဟူ၍ ၃-ပါးအပြားရှိ၏၊

သမ္မာအာဇီဝ ဝိရတီမူကား အသက်မွေးမှု၏ အစွမ်းဖြင့်ပြုရသော ပါဏာတိပါတ-အစရှိသော ထိုဒုစရိုက် ၇-ပါးတို့ကို မိစ္ဆာဇီဝ ဒုစရိုက်မျိုး ခေါ်ရပြန်၏၊ ထိုမိစ္ဆာဇီဝခေါ်ရသော ဒုစရိုက် ၇-ပါးတို့မှ ရှောင်ကြဉ်မှု ဖြစ်သောကြောင့် ၇-ပါး ဖြစ်၏၊

(က) သမ္မာဝါစာ ဝိရတိ ၄-ပါး,

( ခ ) သမ္မာကမ္မန္တ ဝိရတိ ၃-ပါး,

( ဂ ) သမ္မာအာဇီဝ ဝိရတိ ၇-ပါး,

ပေါင်း ဝိရတိ ၁၄-ပါး ဖြစ်။

၎င်း ၁၄-ပါးသည်

(က) သမာဒါန ဝိရတိ ၁၄-ပါး,

( ခ ) သမ္ပတ္တ ဝိရတိ ၁၄-ပါး,

( ဂ ) သမုစ္ဆေဒ ဝိရတိ ၁၄-ပါး ဖြစ်၏၊

သမာဒါန ဝိရတီ

သမာဒါနဝိရတီ- ဆိုသည်ကား ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ သမာဒိယာမိ-အစရှိသော ပါဠိ၏ အနက်အဓိပ္ပါယ်ကိုသိ၍ သိတိုင်းအာရုံပြု၍ ခံယူသောသူတို့အား ''မိ'' အက္ခရာကို ရွတ်ဆိုမိ သည်နှင့် တစ်ပြိုင်နက် ထိုထို ဝိရတိသည် ဖြစ်၏၊

(ဤလည်း သမာဒါန ဝိရတိ ၁၄-ပါး တစ်မျိုး)

သူ့အသက်, သူ့ဝိညာဏ်-စသော ဝတ္ထုကို တွေ့ကြုံသောအခါ ငါ့မှာ ခံယူထားသော သီလရှိပေသည်။ ငါလွန်ကျူး၍ မသင့်ပေဟုရှောင်ကြဉ်၏၊ရှောင်ကြဉ်သော စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် ဝတ္ထုအားလျော်စွာ ထိုထို ဝိရတိသည် ဖြစ်၏၊

(ဤလည်း သမာဒါန ဝိရတီ ၁၄-ပါး တစ်မျိုး)

သမ္ပတ္တ ဝိရတိ

သမ္ပတ္တ ဝိရတိ-ဆိုသည်ကား ခံယူဆောက်တည်၍ ထားမှု ကားမရှိ။ ဝတ္ထုကို တွေ့ကြုံရသောအခါ၌မူကား လွတ်အောင် ရှောင်ကြဉ်ပေ၏၊ ဤသို့ ရှောင်ကြဉ်သော သူတို့အား ရှောင်ကြဉ်သော စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် ထိုထိုဝတ္ထုအားလျော်စွာ ထိုထို ဝိရတိသည်ဖြစ်၏၊

(ဤကား သမ္ပတ္တ ဝိရတိ မျိုးတည်း)

-------

သမုစ္ဆေဒ ဝိရတိ

သမုစ္ဆေဒဝိရတိ ဆိုသည်ကား သောတာပတ္တိမဂ် ခဏ၌သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းသည်နှင့် တပြိုင်နက် အပါယ်သို့ ချနိုင်သော ဒုစရိုက် ၁၀-ပါးတို့သည် အပြီးတိုင်ချုပ်ငြိမ်းကုန်၏၊

ထိုသို့ ချုပ်ငြိမ်းရာ၌

သမ္မာဝါစာ မဂ္ဂင်သည်-ဝစီဒုစရိုက် ၄-ပါးကို အပြီးတိုင် ချုပ် ငြိမ်းစေ၏၊

သမ္မာကမ္မန္တ မဂ္ဂင်သည်- ကာယဒုစရိုက် ၃-ပါးကို အပြီးတိုင် ချုပ်ငြိမ်းစေ၏

သမ္မာအာဇီဝ မဂ္ဂင်သည်-အသက်မွေးမှု၏ အစွမ်းဖြင့်ဖြစ်သော ထို ၇-ပါးသော ဒုစရိုက်တို့ကို အပြီးတိုင် ချုပ်ငြိမ်းစေ၏ ဤမဂ္ဂင် ၃- ပါးကို သမုစ္ဆေဒဝိရတိဆိုသည်။

(ပယ်အပ်သော ဒုစရိုက်အပြား ၁၄-ပါးကိုထောက်၍ သမုစ္ဆေဒ ဝိရတိ ၁၄-ပါးဆိုသည်။ မဂ်စိတ္တက္ခဏမည်သည် တစ်ချက်မျှသာ ကျသည်ဖြစ်၍ မဂ်ဝိရတိမှာမူကား လောကီဝိရတိမှာကဲ့သို့ အာရုံအမျိုးမျိုး

ခဏအမျိုးမျိုးသို့လိုက်၍ ၁၄-ပါး ဖြစ်ပွားသည်မဟုတ်။)

(က) သမာဒါန ဝိရတိ ၂၈-ပါး,

( ခ ) သမ္ပတ္တ ဝိရတိ ၁၄-ပါး,

( ဂ ) သမုစ္ဆေဒ ဝိရတိ၁၄-ပါး, ပေါင်း ဝိရတိ ၅၆-ပါး ဖြစ်၏၊

၎င်းကို ကာလ ၃-ပါးနှင့် မြှောက်ပွါးသည်ရှိသော် ၁၆၈-ပါးဖြစ်၏၊

၎င်းကို သန္တာန် ၂-ပါးနှင့်မြှောက်ပွားသည်ရှိသော် ၃၃၆-ပါးဖြစ်၏၊

၎င်းကို အရပ်မျက်နှာ ၁၀-နှင့် မြှောက်ပွားသည်ရှိသော် ၃၃၆၀-ပါးဖြစ်၏၊

၎င်းကို ပုဂ္ဂိုလ်သန္တာန် အသီးသီးနှင့် မြှောက်ပွားသည်ရှိသော်

ဝိရတိပေါင်း အသင်္ချေယျ အနန္တဖြစ်၏၊

(ဤကား အာဇီဝဋ္ဌမက သီလဝိသုဒ္ဓိအပြားကို ပြဆိုချက်တည်း။)

-------------

( င ) ကမ္ဘာစောင့်တရားကြီး ၂-ပါး

ခပ်သိမ်းသော စကြာဝဠာအနန္တ, ကမ္ဘာအနန္တတို့၌ ပကတိ သပ္ပုရိသ အင်္ဂါလက္ခဏာနှင့် ပြည့်စုံကြကုန်သော လူအမျိုးကောင်း, လူသူတော်ကောင်းတို့၏ အမြဲအစွဲ အရိုးအစဉ်ဖြစ်သော ကမ္ဘာစောင့် တရားကား

၁။ အာဇီဝဋ္ဌမက သီလ ၁-ပါး,

၂။ ဗြဟ္မစိုရ်တရား ၁-ပါး၊ ဤ ၂-ပါးတည်း။

ကမ္ဘာစောင့်တရား-ဟုဆိုအပ်သော ၂-ပါးသော တရားနှင့် အမြဲညီညာပြည့်စုံကြသောအခါတို့၌ ဤလူ့ပြည်သည် နတ်ပြည်, ဗြဟ္မာပြည်ကဲ့သို့ ကြည်လင်ခြင်း ခပ်သိမ်းနှင့် ပြည့်စုံ၏၊ အသက်ရှည်မှု, အလိမ္မာမှု တို့၌ နတ်ပြည်ခြောက်ထပ် နတ်တို့သည်ပင်မတုနိုင် မပြုနိုင် ရှိကုန်၏၊

ထိုတရား ၂-ပါးတို့ အစဉ်အတိုင်း ဆုတ်ယုတ်၍ သွားသောအခါ လူ့ပြည်၌ ဆုတ်ကပ်ဟူ၍ ဖြစ်ရ၏၊ ဤလူ့ပြည်၌ ထိုတရား ၂-ပါးတို့ လုံးလုံးကွယ်ပျောက်သောအခါ ၁၀-နှစ်တမ်း၌ ကပ်ကြီး ၃-ပါး အကြီး အကျယ်ဖြစ်၏၊

ထိုကမ္ဘာစောင့် တရားကြီး ၂-ပါးတို့ တိုးတက်ပြန်သောအခါ တက်ကပ် ဖြစ်လာပြန်၏၊ ဤသို့သော အကြောင်းကြောင့် ကမ္ဘာစောင့် တရား ၂-ပါး ဆိုသတည်း။

----------------

( စ ) ကမ္ဘာစောင့်တရားကြီး ၂-ပါးကြောင့် ဒုစရိုက် ၁၀-ပါး ကင်းလွတ်ပုံ

ထိုကမ္ဘာစောင့်တရား ၂-ပါးနှင့် ကောင်းစွာ ပြည့်စုံကြကုန်သော လူအမျိုးကောင်းတို့အား သုစရိုက်၁၀-ပါးတို့သည် အမြဲတည်ကုန်၏၊ ဒုစရိုက် ၁၀-ပါးတို့မှ အစဉ်ကင်းလွတ်ကြကုန်၏၊

အဘယ်သို့လျှင် သုစရိုက် ၁၀-ပါးတို့သည် အမြဲတည်ကုန် သနည်း၊ ဒုစရိုက် ၁၀-ပါးတို့မှ အစဉ်ကင်းလွတ်ကြကုန်သနည်းဟူမူကားလောကီဖြစ်သော အာဇီဝဋ္ဌမက သီလခိုင်လုံသည့်အတွက် ကာယသုစရိုက် ၃-ပါး, ဝစီသုစရိုက် ၄-ပါးတို့ အမြဲတည်ကုန်၏၊ ကာယဒုစရိုက် ၃-ပါး, ဝစီဒုစရိုက် ၄-ပါးတို့မှ အစဉ်ကင်းလွတ်ကြကုန်၏၊ ဗြဟ္မစိုရ် တရား ၄-ပါး ခိုင်လုံသည့်အတွက် မနောသုစရိုက် ၃-ပါးတို့ အမြဲတည်ကုန်၏၊ မနောဒုစရိုက် ၃-ပါးတို့မှ အစဉ် ကင်းလွတ်ကြကုန်၏၊ မုဒိတာ, ဥပေက္ခာ ဗြဟ္မစိုရ်တရား ၂-ပါး ခိုင်လုံသည့်အတွက် အနဘိဇ္ဈာတရား မနောသုစရိုက် အမြဲတည်၏၊ အဘိဇ္ဈာ မနော ဒုစရိုက်မှ အစဉ်ကင်းလွတ်၏၊

မေတ္တာ, ကရုဏာ ဗြဟ္မစိုရ်တရား ၂-ပါး ခိုင်လုံသည့်အတွက် အဗျာပါဒ မနောသုစရိုက် အမြဲတည်၏၊ ဗျာပါဒ မနောဒုစရိုက်မှ အစဉ်ကင်းလွတ်၏၊

ထိုတရား ၂-ပါးတို့၏ တည်မှုသည် ဒိဋ္ဌိဇုကမ္မတရားလျှင် အရင်းရှိလေရကား သမ္မာဒိဋ္ဌိ မနောသုစရိုက် အမြဲတည်၏၊ မိစ္ဆာဒိဋ္ဌိ မနောဒုစရိုက်မှ အစဉ်ကင်းလွတ်၏၊

(ဤအာဇီဝဋ္ဌမကသီလ ဗြဟ္မစိုရ်တရားတို့မှာကား အထူး ဆောက်တည်မှု, အများအားထုတ်မှုမရှိ၊ ပကတိပင်ကိုဖြစ်သော နိစ္စသီလ ပကတိသဘာဝတို့ပေတည်း။)

(ဆ) ကမ္ဘာဦးအခါ၌ အာဇီဝဋ္ဌမကသီလ အဋ္ဌင်္ဂဥပေါသထသီလ, ဒသင်္ဂသီလတို့ ပေါ်ပေါက်နေပုံ

ယခုအခါ ဤအာဇီဝဋ္ဌမကသီလ, ဗြဟ္မစိုရ်တရားတို့သည် ဥတ္တရကုရုအမည်ရှိသော မြောက်ကျွန်း၌သာ တည်ရှိကုန်တော့သည်။ ထို ကမ္ဘာဦးအခါတို့၌ ထိုတရား ၂-ပါးတို့နှင့် ပြည့်စုံကြကုန်သော လူအပေါင်းတို့တွင် အချို့သော သူတို့သည် ဘုန်းတန်ခိုးကြီးမြတ်သော လူစည်းစိမ်, နတ်စည်းစိမ်တို့ကို နောင်ဘဝအဆက်ဆက် ခံစား စံစားကြ ရန်တစ်လ တစ်လလျှင် ၄-ကြိမ်လည်းကောင်း။ ၈-ကြိမ်လည်းကောင်း အမှတ်ပြု၍ အဋ္ဌင်္ဂဥပေါသထ သီလကို ကျင့်သုံး ဆောက်တည်ကြကုန်၏၊

အချို့သောသူတို့သည် ကမ္ဘာများစွာ အသက်ခန္ဓာ ဘုန်းတန်ခိုး ကြီးကျယ်စွာနှင့် စံစားကာနေရသော ဗြဟ္မာပြည်သို့ရောက်ခြင်းငှာ ဃရာဝါသအမှုကိုစွန့်ပစ်၍ တောထွက်၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ရုံ၍ ရသေ့ရဟန်းပြုလုပ်၍ ၁၀-ပါးသော သီလ၌ နိစ္စတည်၍ ပကတိပင်ကိုဗြဟ္မစိုရ်တရား ၄-ပါးတို့ကို ပရိကံ, ဥပစာ, အပ္ပနာအစဉ်အားဖြင့် ပွားများအားထုတ်၍ စျာန်သမာပတ်ချမ်းသာနှင့် နေကြ ကုန်၏၊

(ဤကား စကြဝဠာအနန္တတို့၌ပင်လျှင် ကမ္ဘာဦးအခါမှစ၍ ကမ္ဘာမြေပေါ်မှာအာဇီဝဋ္ဌမကသီလ, အဋ္ဌင်္ဂဥပေါသထသီလ, ဒသင်္ဂသီလ၊

ဤသီလ ၃-ပါးတို့ဖြစ်ထွန်းတည်ရှိ၍ နေပုံတည်း။)

-----------

(ဇ) ကမ္ဘာစောင့်တရားကြီး ၂-ပါးနှင့် ဥပေါသထသီလ, ဒသင်္ဂသီလ တရားဆုတ်ယုတ်လာပုံ

ငါတို့ မြတ်စွာဘုရား ပွင့်တော်မူသောအခါ၌မူကား ထိုကမ္ဘာ စောင့်တရား ၂-ပါး, ဥပေါသထသီလ, ဒသင်္ဂသီလ တရား၂-ပါးတို့သည် လောက၌အလွန်နည်းပါးကုန်၏၊ မိစ္ဆာဒိဋ္ဌိတရား, ဒုစရိုက်တရားတို့သည် လောက၌ အလွန်ထွန်းကားကုန်၏၊

ထို့ကြောင့်

မြတ်စွာဘုရားသည် လောက၌ ထိုကမ္ဘာစောင့်တရား ၂-ပါး, အဋ္ဌင်္ဂဥပေါသထသီလ တရားများကိုပင် အားထုတ်ဖော်ပြ ထူထောင် တော်မူရာ၏၊

(က) သုစရိုက် ၁၀-ပါး,

( ခ ) ဒုစရိုက် ၁၀-ပါး,

( ဂ ) ဗြဟ္မစိုရ်တရား ၄-ပါး,

တို့ကို လူသတ္တဝါတို့အား အလွန်များစွာ ဟောရ၏၊

(သုစရိုက် ၁၀-ပါးတို့တွင် ရှေ့ ၇-ပါးသည် အာဇီဝဋ္ဌမက သီလပင်တည်း။)

၁၀-ပါးသီလကိုမူကား ဃရာဝါသ၌ တည်ကုန်သော ပကတိ လူတို့အား ဘုရားဟောဖူးသော ဝတ္ထုဟူ၍ ပါဠိတော်တို့၌မလာ၊ စောင့်ထိန်းကြသောဝတ္ထုတို့ကား အဋ္ဌကထာတို့၌ များစွာလာကုန်၏၊

အနာဂါမ်ဖြစ်သော သူတို့သည်ကား ၁၀-ပါးသီလ၌ တည်ကြ ကုန်၏၊ မြတ်စွာဘုရား သာသနာတော်မြတ်သည်

၁။ အဓိသီလ သာသနာ,

၂။ အဓိစိတ္တ သာသနာ,

၃။ အဓိပညာ သာသနာ,

ဟူ၍ ၃-ပါး အပြားရှိ၏၊

ထို ၃-ပါးတို့တွင် အာဇီဝဋ္ဌမက သီလသည် အဓိသီလသာသနာ မည်၏၊

ထိုအာဇီဝဋ္ဌမက သီလသည်

၁။ ရဟန်းသာမဏေတို့၏ အာဇီဝဋ္ဌမက သီလ,

၂။ ပကတိလူတို့၏ အာဇီဝဋ္ဌမက သီလ,

၃။ ဖန်ရည်ဆိုးအပ်သော အဝတ်ကိုဝတ်ရုံ၍ ပဗ္ဗဇိတအသွင်၌ တည်နေကုန်သော ရသေ့သူတော်, လူသူတော်တို့၏ အာဇီဝဋ္ဌမကသီလ ဟူ၍ ၃-ပါးအပြားရှိ၏၊

အာဇီဝကို အကြောင်းပြု၍ ပညတ်တော်မူအပ်သော ၆-ပါး သော သိက္ခာပုဒ်တို့နှင့်တကွ အလုံးစုံသော ရဟန်းတို့၏ ဝိနယသီလ၊ အလုံးစုံသောသာမဏေတို့၏ ဝိနယသီလသည် ရဟန်းသာမဏေတို့၏ အာဇီဝဋ္ဌမက သီလမည်၏၊

ထိုစကားမှန်၏၊ အလုံးစုံသော ဝိနည်းသိက္ခာပုဒ်တော်ဟူသမျှ သည်ကာယဒွါရ၊ ဝဇီဒွါရ ၂-ပါး၌ ပညတ်တော်မူအပ်သည်ဖြစ်၍ ကာယကံ, ဝစီကံ ၂-ပါး၌ အကုန်သက်ဝင်၏၊ ကာယသုစရိုက်, ဝစီ သုစရိုက် ၂-ပါး၌ အကုန်သက်ဝင်၏၊

ထို့ကြောင့်

ထိုထို ဝိနည်းသိက္ခာပုဒ်အဆုံး၌ ''ကာယကမ္မံ၊ ဝစီကမ္မံ၊ ကာယ ဝစီကမ္မံ'' ဟူ၍ ဝိနည်းအဋ္ဌကထာတို့၌ ဆိုးရိုးရှိကြကုန်၏၊ ဝိနည်းပညတ်တော်မှတစ်ပါး သုတ္တန်ဒေသနာတော်မှလာသော အသက်မွေးခြင်းလျှင် အကြောင်းရှိ-မရှိအားဖြင့် ၂-မျိုးပြားသေား သုစရိုက် ၇-ပါးသည် ပကတိလူတို့၏ အာဇီဝဋ္ဌမက သီလမည်၏၊

ထို ပကတိလူတို့၏ နိစ္စသီလမှာ အဗြဟ္မစရိယ, ဝိကာလ ဘောဇန-စသော ၆-ပါးသော သိက္ခာပုဒ်တို့ကို ထည့်၍ ရသေ့သူတော်, လူသူတော်တို့၏ အာဇီဝဋ္ဌမကသီလ ဖြစ်၏၊

(အဋ္ဌသာလိနီ အဋ္ဌကထာ၌ စက္ခုသံဝရစသော ၈-ပါးသေား သံဝရတရား, စက္ခုသံဝရ-စသော ၈-ပါးသော သံဝရတရားတို့ကို သုစရိုက်, ဒုစရိုက်တိ့ု၌ အကုန်ထည့်သွင်းနည်း ကာယကံ, ဝစီကံ, မနောကံတို့၌ အကုန်ထည့် သွင်းနည်းကို အကျယ်ပြဆိုချက်ရှိလေ၏၊)

ဝိနည်းအဋ္ဌကထာများနှင့်တကွ ထိုအဋ္ဌသာလိနီ အဋ္ဌကထာများ ကို ထောက်မျှော်၍ ရဟန်းသာမဏေတို့ ကျင့်အပ်သော ဝိနည်းသိက္ခာပုဒ်၊ သုတ္တန် သိက္ခာပုဒ်ဟူသမျှ၊ လူတို့ ကျင့်အပ်သောသုတ္တန်သိက္ခာပုဒ်ဟူသမျှ သည်တစ်စုံ တစ်ခုမျှမကျန်၊ ကာယကံ, ဝစီကံတို့၌ အကုန်သက်ဝင် ကြောင်းကိုလည်းကောင်း၊ ကာယကံ, ဝစီကံတို့၌ အကုန်သက်ဝင် သဖြင့်လည်း

''ပုဗ္ဗေဝ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ ပရိသုဒ္ဓံ ဟောတိ အာဇီဝေါ စ ပရိသုဒ္ဓေါ''

ဟူ၍ ဟောတော်မူအပ်သော အာဇီဝဋ္ဌမကသီလ အစီအရင် တွင် အကုန်သက်ဝင်ကြောင်းကိုလည်းကောင်း သိအပ်၏၊ အာဇီဝဋ္ဌမက သီလနှင့်ကင်း၍ မဂ်ဖိုလ်ကို မရနိုင်၊ နိစ္စသီလမျိုးတည်ရှိမှ သမာဓိ ဖြစ်ထွန်းနိုင်သည်။

သီလ, သမာဓိ-နှစ်ပါးရှိမှ ဝိပဿနာပညာ, မဂ်ပညာ, ဖိုလ်ပညာ ဖြစ်ထွန်းနိုင်သည်။

ထို့ကြောင့်

ယခုဘဝ၌ပင်လျှင် သမာဓိ, ပညာတို့ကို ရခြင်းငှာ အခြေခံ အနေခံကိစ္စနှင့် ကျင့်သုံးအပ်သော သီလသည် လူတိ့ုသီလပင်ဖြစ်သော် လည်း အဓိသီလ သာသနာမည်ပါ၏၊

သာဝတ္ထိပြည်၌ ဂဟဋ္ဌဖြစ်သော လူပေါင်းအရေအတွက် ၇- ကုဋေ ၅-သိန်းရှိ၏၊ ထိုတွင် တိတ္ထိတို့၏ တပည့်တို့သည် တစ်ကုဋေမျှ ရှိကုန်၏၊ မြတ်စွာဘုရားတပည့်သားဖြစ်သူ လူတို့သည် ၆-ကုဋေ ၅- သိန်းမျှ ရှိကုန်၏၊ ထိုတွင် ပုထုဇဉ်တို့သည် တစ်ကုဋေမျှ ပါရှိကုန်၏၊ ကျန်ရှိသော ၅-ကုဋေ ၅-သိန်းမျှသော ဂဟဋ္ဌဖြစ်သူ လူတို့သည် အရိယာချည်း ဖြစ်ကုန်၏-ဟု အဋ္ဌကထာတို့၌ လာ၏၊

ထိုသူတို့သည် ရှေးအဖို့၌လည်းကောင်း, ကျွတ်လွတ်သော အခါ၌လည်းကောင်း စိတ်သန္တာန်၌ တည်ရှိသော အခြေခံအနေခံ ဖြစ်သော အာဇီဝဋ္ဌမက ဝိရတီသီလနှင့်ကင်း၍ မဂ်ဖိုလ်ကို ရသူ ရောက်သူ-ဟူ၍ တစ်စုံတစ်ယောက်မျှ မရှိ၊ အာဇီဝဋ္ဌမက သီလ၏ အခွင့်သည် သောတာပတ္တိမဂ်သို့ရောက်၍ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းသော အခါ သမုစ္ဆေဒဝိရတီ အဖြစ်သို့ရောက်မှ ကိစ္စပြီးစီး၏၊ နိယတအဖြစ်သို့ ရောက်၏၊

ထိုအရိယာဖြစ်သူတို့သည် ဘဝများစွာ ကမ္ဘာအဆက်ဆက် လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ ချမ်းသာတို့ကို အစဉ်ခံစား စံစား၍ သွားကြကုန်သော်လည်း အိပ်မက်တွင်မျှ အာဇီဝဋ္ဌမက သီလပျက်မှု မရှိကြကုန်ပြီ။

ထိုသူတို့တွင် အနာဂါမ်အဖြစ်သို့ ရောက်ကြကုန်သော စိတ္တ သူကြွယ် အစရှိကုန်သော အသိန်းမကသော သူတို့သည် ကဿပ ဘုရား လက်ထက်တော်၌ ဃဋိကာရ အမည်ရှိသော အိုးထိန်းသည် ယောကျ်ား ကဲ့သို့ အနာဂါမိမဂ်၏ အစွမ်းဖြင့်ပြီးသော ၁၀-ပါးသီလ၌ အမြဲတည်ကြ ကုန်၏၊ ဆောက်တည်ဖွယ် ကိစ္စ မရှိကြကုန်ပြီ။

၁၀-ပါးသီလ အမြဲတည်သောသူတို့မှာ အဋ္ဌင်္ဂုပေါသထ သီလ သည်လည်း အတွင်းဝင်ဖြစ်၍ ပါလေ၏၊ ဆောက်တည်ဖွယ် ကိစ္စမရှိပြီ။

သောတာပန်, သကဒါဂါမ် ဖြစ်ကြကုန်သော ကုဋေများစွာသော ဝိသာခါ, အနာထပိဏ် စသော သူတို့သည်မူကား တစ်လတစ်လလျှင် ၄-ကြိမ်လည်းကောင်း, ၈-ကြိမ်လည်းကောင်း အမှတ်ပြု၍ အဋ္ဌင်္ဂုပေါ သထ သီလကို ဆောက်တည် ခံယူ၍ ကျင့်သုံးကြကုန်၏၊

ပုထုဇဉ် ဖြစ်ကြကုန်သော တစ်ကုဋေမျှလောက်ကုန်သော သာဝတ္ထိပြည်သူ တို့သည်ကား အာဇီဝဋ္ဌမက သီလမှလည်း တတ်အား သမျှသော သိက္ခာပုဒ်တို့ကို အမြဲနိစ္စ ထိန်းသိမ်းကြကုန်၏၊

အဋ္ဌင်္ဂုပေါသထ သီလကိုလည်း တတ်အားသမျှ ခံယူဆောက် တည်၍ ကျင့်သုံးကြကုန်၏၊

(ရာဇဂြိုဟ်ပြည်, ဝေသာလီပြည် အစရှိသော မဇ္ဈိမဒေသ တိုင်းကြီး သောဠသတို့၌လည်း ထိုနည်းကိုမှီ၍ အရိယာဖြစ်သူ လူတို့၏ ကျင့်နည်းကျင့်လမ်း, ပုထုဇဉ်ဖြစ်သူ လူတို့၏ ကျင့်နည်းကျင့်လမ်းကို သိကြလေ၊ သီဟိုဠ်ကျွန်းမှာ သာသနာတော်တည်ထွန်း၍ အရိယာပုဂ္ဂိုလ် ထင်ရှားရှိသော အခါတိုင်အောင် ထိုနည်းပင် သိလေ။)

(စျ) မဇ္ဈိမသာသနာမှစ၍ သာသနာအစဉ်အတိုင်း အာဇီဝဋ္ဌမကသီလ၌ ဆုံးမကြ၍ တည်ထွန်းလာကြပုံ

အရိယာပုဂ္ဂိုလ်တို့ ထင်ရှားမရှိကြသောအခါမှ စ၍ သီဟိုဠ် သာသနာ, သထုံသာသနာ, သရေခေတ္တရာ သာသနာ, ပေါက်ကံ သာသနာ, မြင်းစိုင်းသာသနာ, စစ်ကိုင်းသာသနာ, ရတနာပူရအဝ သာသနာ, အမရပူရ သာသနာ, မန္တလေးသာသနာ အစဉ်တို့၌မူကား သာဝတ္ထိပြည်စသော မဇ္ဈိမသာသနာမှ အစဉ်အဆက်လာခဲ့သော ပုထုဇဉ်သာဝကတို့၏ နည်းလမ်းအတိုင်း ကျင့်ရိုး, သုံးရိုးအစဉ် ထင်ရှား တည်ထွန်းကာ လာကြကုန်၏၊

ကျင့်ရိုးအစဉ် ထင်ရှားတည်ထွန်းလာပုံ

ကျင့်ရိုး၊ သုံးရိုး အစဉ် ၂-မျိုးတွင်

ကျင့်ရိုးအစဉ်- ထင်ရှားတည်ထွန်းကာ လာကြပုံကား ထို သာသနာ တည်ထွန်းရာဖြစ်သော ပတိရူပဒေသ အရပ်တို့၌ အမျိုးကောင်း သူတော်ကောင်းဖြစ်ကြသော လူတို့သည် မိမိတို့၏ သားသမီးမြေးမြစ် ဖြစ်သော သူတို့ကို ငယ်ရွယ်စဉ်အခါမှစ၍ အာဇီဝဋ္ဌမကသီလ၌ ဆုံးမသွန်သင်ရိုးရှိကြကုန်၏၊

ရဟန်းသံဃာ ဆရာသမားတို့သည်လည်း 'ယပ်ထောင်တရား, ယပ်လှဲတရား' အနုသာသနီ တရားတို့၌ ဒုစရိုက်၏ အပြစ်, သုစရိုက်၏ အကျိုးများကို ဟောပြော၍ တပည့်ဒါယကာ အပေါင်းတို့အား အာဇီ ဝဋ္ဌမက သီလ၌ ဆုံးမသွန်သင်ရိုး ရှိကြကုန်၏၊

ဆုံးမသွန်သင်တော်မူကြပုံ

၁။ ရှေးဦးစွာ ဩကာသ ပဏာမပြုနည်း,

၂။ ထိုနောက် သရဏဂုံ၃-ပါးနှင့်တကွ ၅-ပါးသီလ တောင်းနည်း,

၃။ ထိုနောက် သရဏဂုံ ၃-ပါး ဆောက်တည်နည်း,

၄။ ထိုနောက် ပါဏာတိပါတာ ဝေရမဏီ-အစရှိသော သီလ ခံယူနည်း,

ဤနည်းလမ်းများကို သားငယ်, သမီးငယ်, တပည့်ငယ်တို့အား စကားပြီသည်မှစ၍ အရိုးအစဉ်ကျိုးကျ၍ သွားလေအောင် ဆုံးမသွန် သင်တော်မူကြရကုန်၏၊ သရဏဂုံ သီလ ခံယူစေကြရကုန်၏၊

(ဤငါးပါးသော အင်္ဂါနှင့်ပြည့်စုံသော ပဉ္စသီလလည်း အာဇီဝဋ္ဌမကသီလတွင် ပဓာန အင်္ဂါစုပင်တည်း။)

ထို့နောက် အသက်အရွယ် ၁၀-နှစ် ၁၅-နှစ် စသည်ရှိသော အခါမှ

၁။ ဒုစရိုက် ၁၀-ပါး,

၂။ သုစရိုက် ၁၀-ပါး,

၃။ ''သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ'' ဟူသော ဗြဟ္မစိုရ်တရား,

၄။ ဆံပင်, မွှေးညင်း, ခြေသည်း လက်သည်း အစရှိသော အသုဘ ပဋိကူလတရားတို့ကို သင်ကြားကြ ကုန်၏၊

ထိုတရားတို့တွင်

သုစရိုက် ၁၀-ပါး တို့၌ ကာယသုစရိုက် ၃-ပါးကား ၅-ပါးသီလ၌ ပါဝင်ပြီး ဖြစ်၏၊

ဝစီသုစရိုက် ၄-ပါး တို့တွင် မုသာဝါဒါ ဝေရမဏီ ၁-ပါးသာ ၅-ပါးသီလမှာ ပါဝင်၏၊

၁။ ပိသုဏဝါစာယ ဝေရမဏီ,

၂။ ဖရုသဝါစာယ ဝေရမဏီ,

၃။ သမ္ဖပ္ပလာပါ ဝေရမဏီ တို့ကိုမူကားနောက်မှ ဖြည့်စွက်ကြရကုန်၏၊ ထိုအခါမှ အင်္ဂါ ၈-ပါးလုံးလုံး ပြည့်စုံ၏၊ ဒုစရိုက် ၇-ပါး ကင်းလွတ်၏၊ သုစရိုက် ၇-ပါး တည်ရှိ၏၊ ထိုဗြဟ္မစိုရ်တရား, အသုဘ ပဋိကူလ တရားတို့ကို နှလုံးသွင်း နိုင်ကြသောအခါ မနောဒုစရိုက်တို့မှ ကင်းလွတ်ကုန်၏၊ မနောသုစရိုက်တို့ တည်ကုန်၏၊

သာသနာပအခါ၌ကား-ဗြဟ္မစိုရ်တရားသာ ထင်ရှားရှိ၏၊ အသုဘပဋိကူလမနသိကာရတရားကား သာသနာတွင်းမှာကဲ့သို့ပြည့်စုံစွာ မရှိ။

ငယ်လှသေးသောအခါတို့၌ကား- စိတ်၊ စေတနာနုနယ်သေး သည် ဖြစ်၍ ဝစီဒုစရိုက်မှု ၃-ခု၊ မနော ဒုစရိုက်မှု ၃-ခုတို့၌ အကျူးကြီး အလွန်ကြီး မဖြစ်နိုင်ကြကုန်သေး၍ တဖြည်းဖြည်းမှ ဖြည့်စွမ်း ရိုးပြု ကြကုန်သည်။

မနောဒုစရိုက် ၃-ပါးတို့တွင် မိစ္ဆာဒိဋ္ဌိကိုမူကား မွေဖွားစ ကာလ မှစ၍အမျိုးအရိုး အလေ့နှင့်ပင် ကင်းရှင်းစေနိုင်၏၊

(ဤကား ကျင့်ရိုးအစဉ် ထင်ရှား တည်ထွန်းလာပုံတည်း။)

-----------

သုံးရိုးအစဉ် ထင်ရှား တည်ထွန်းကား လာပုံ

ယခုအခါ သုံးရိုးအစဉ် ထင်ရှား တည်ထွန်းကား လာကြပုံကား

၁။ ထိုအာဇီဝဋ္ဌမကသီလနှင့်လည်းကောင်း, သုစရိုက်၁၀-ပါး ကိုယ်ကျင့်တရားနှင့်လည်းကောင်း ပြည့်စုံကြပေကုန်သော ဇာတိကုလပုတ္တ, အာစာရကုလပုတ္တ-အမျိုးကောင်းသား အမျိုးကောင်း သမီးဖြစ်သော သူတို့သည်လည်းကောင်း, ၂။ မနောသုစရိုက်ကိုကား မစွဲမြဲနိုင်၊ အာဇီဝဋ္ဌမကသီလ ကိုမျှသာ စွဲမြဲနိုင်ကြကုန်သော သူတို့သည်လည်းကောင်း, ၃။ အာဇီဝဋ္ဌမကသီလကိုမျှ ပြည့်စုံစွာ မစွဲမြဲနိုင်၊ ထိုအာဇီ ဝဋ္ဌမကသီလအထဲမှာ ၅-ပါးသီလကိုမျှ စွဲမြဲနိုင်ကြကုန် သော သူတို့သည်လည်းကောင်း,

၄။ ၅-ပါးသီလကိုမျှ ပြည့်စုံစွာ မစွဲမြဲနိုင်၊ အချို့အချို့ကိုမျှသာ စွဲမြဲနိုင်ကြကုန်သော သူတို့သည် လည်းကောင်း,

၅။ အချို့အချို့ကိုမျှ အမြဲအစွဲမတတ်နိုင်၊ တစ်ခါနှစ်ခါမျှသာ တတ်နိုင်ကြကုန်သော သူတို့သည်လည်းကောင်း, နောက် နောက်ဘဝတို့၌ ကြီးမြတ်သော လောကီချမ်းသာ, လောကုတ္တရာ ချမ်းသာများကို ခံစား စံစားရခြင်းငှာ ဝါတွင်းဝါပတို့၌ တတ်အားသမျှ အဋ္ဌင်္ဂဥပေါသထသီလ သီတင်းသုံးမှုကို ပြုကြကုန်၏၊

အချို့သောသူတို့ကား-အဝတ်ကြောင်ကိုစွန့်၍ ဆံမုတ်ဆိတ်ကိုပါ ပယ်၍ ဝတ်ဖြူစင်ကြယ်ကိုဝတ်၍ သီလရင်အဖြစ်၊ သီလရင်မအဖြစ်၌ တည်၍ ၈-ပါးသီလ, ၁၀-ပါးသီလတို့ကို နိစ္စအဖြစ်ဖြင့် ကျင့်သုံးကြ ကုန်၏၊

ဤ၌ ဝတ်ဖြူမည်သည် အရဟဒ္ဓဇမျိုးမဟုတ်၊ လူဝတ်မျိုးသာ ဖြစ်ခဲ့၍ဇာတိနိစ္စ အနေနှင့် မရ၊ ခံယူ ဆောက်တည်မှရသော နိစ္စမျိုးသာ တည်း။

အချို့သောသူတို့ကား-ဆံမုတ်ဆိတ်ကိုပယ်၍ ညောင်ခေါက်ဆိုး အစရှိသောအရဟဒ္ဓဇ အဝတ်မျိုးကို ဝတ်ရုံ၍ ရသေ့သူတော်အဖြစ်၌ တည်၍ ၁၀-ပါးသီလကို နိစ္စကျင့်သုံးကြကုန်၏၊

ဤနိစ္စကား အရဟဒ္ဓဇ အဝတ်အသွင်ကို ယူသည်နှင့် တစ်ပြိုင် နက် အမြဲတည်သော ဇာတိနိစ္စမျိုးတည်း၊ ခံယူဆောက်တည်မှ ရသော နိစ္စမျိုးမဟုတ်၊ သို့သော်လည်း ခံယူဆောက်တည်မှုသည် သိက္ခာပုဒ် အစဉ်၌ နှုတ်တက်ရွရွ ကျင်လည်ရခြင်းအကျိုး, ခိုင်မြဲစေရခြင်းအကျိုး ရှိသည်သာ ဖြစ်၏၊ သာမဏေများကဲ့သို့ပေတည်း။

ဤတွင် နိစ္စဖြစ်သော ၈-ပါး, ၁၀-ပါးတို့၌မူကား ကျင့်မှု, သုံးမှု ၂-ပါးနှင့် ဆက်ဆံ၏၊ ဤ၌ အဝတ်ဖြူကို မဇ္ဈိမတိုင်းသားတို့၌သာ ပကတိလူဝတ်ဟု ဆိုထိုက်သည်။

အဝတ်ကြောင်ကို ဝတ်ရိုးရှိသော ငါတို့ မြန်မာလူမျိုးတို့ကား အရဟဒ္ဓဇ အဝတ်မျိုးတို့၌ပင် သက်ဝင် သင့်ပါသည်ဟု ဆိုရန်ရှိ၏၊ ကျမ်းဂန်များနှင့် ထောက်ထား ဆင်ခြင်လေ။

(ဤကား သုံးရိုးအစဉ် ထင်ရှားတည်ထွန်းလာပုံတည်း။)

---------

(ည) အာဇီဝဋ္ဌမကသီလသည် ကမ္ဘာ့ဓမ္မတာသီလဖြစ်ပုံ

အာဇီဝဋ္ဌမကသီလ တည်ရှိသောသူတို့၌ ဥပေါသထသီလ, ဒသသီလဆိုသော်လည်း အဗြဟ္မစရိယနှင့် ဝိကာလဘောဇန သိက္ခာ ပုဒ်တို့ကို ထိုနိစ္စသီလအပေါ်တွင် အမွှမ်းတင်သက်သက် ဖြစ်၏ဟု ဆိုထိုက်၏၊ ပါဏာတိပါတမှ ရှောင်ကြဉ်မှု-စသည်တို့မှာ ထိုနိစ္စသီလ တွင်ပါဝင်ပြီးဖြစ်ကုန်၏၊ ထို့ကြောင့်ထိုသူတို့၌နိစ္စသီလမှ အဋ္ဌင်္ဂုပေါသထ သီလ, ဒသင်္ဂသီလတို့ကိုအထူးထုတ်ဖော်၍ဆိုရာ၌ အမွှမ်းတင်ဖြစ်သော သိက္ခာပုဒ်တို့ အတွက်သာဆိုသည်ဟုမှတ်။

ဤကား ကမ္ဘာဦးမှစ၍လည်းကောင်း, မြတ်စွာဘုရားလက်ထက် တော်မှစ၍လည်းကောင်း ယခုဤနေ့တိုင် အာဇီဝဋ္ဌမကသီလ တည်သည့် ဇာတိအာစာရ ကုလပုတ္တမှန်သူ လူအမျိုးကောင်းသားတို့အား ရရှိသော မိမိတို့၏ဘဝ အဖြူထည်ချော အဖြူထည်ကောင်း ဖြစ်စေခြင်းငှာ မွေးဖွားသည်မှစ၍ ပါဏုပေတံ ကာလပတ်လုံး အစဉ်ထာဝရ စွဲမြဲကြ ရသော ကမ္ဘာ့ဓမ္မတာ သီလဖြစ်ပုံတည်း။

မိမိအလိုအလျောက်သော်လည်းကောင်း, ဆရာသမား သူတော် သူမြတ်တို့ အထံ၌လည်းကောင်း ''ပါဏုပေတံ'' ခံယူဆောက် တည် စွဲမြဲလျှင်လည်း သာ၍ကောင်း၏၊ တစ်ကြိမ်တစ်ခါ ခံယူပြီးနောက် မပျက်သမျှ ကာလပတ်လုံး ခံယူဖွယ်ကိစ္စ မရှိပြီ၊ အခါခါ ခံယူသော်လည်း အခါခါ ကုသိုလ်ပွားများ၏၊

ခံယူခြင်းကို တစ်ခါတစ်ရံမျှ မပြုမူ၍ မိမိစိတ်၌သာသိ၍ ဤ ၈-ပါးသောသီလကို အသက်ထက်ဆုံး ကျင့်မည်၊ ဤသီလပျက်ရန်အမှုကို အသက်ထက်ဆုံး ငါရှောင်ကြဉ်မည်ဟု စိတ်မှာ ဆောက်တည်၍ ကျင့်ပါ လျှင်လည်း ကောင်း၏၊ သမ္ပတ္တဝိရတိအနေနှင့် တွေ့တိုင်း တွေ့တိုင်း ရှောင်ကြဉ်၍ နေပေလျှင်လည်း ကောင်းပါ၏၊

(ဋ) အာဇီဝဋ္ဌမကသီလ၌ တည်၍ ပြုလုပ်ကြသော ဒါနမှု, ဥပေါသထမှုတို့သည် ကြီးကျယ်သော အကျိုးကိုပေးပုံ

ဤအာဇီဝဋ္ဌမကသီလ-၌ ကောင်းစွာ တည်သောသူတို့သည် လူသီလဝန္တစင်စစ်ဖြစ်ကုန်၏၊ ဤသီလဝန္တ အဖြစ်၌တည်၍ ပြုအပ်သော ဒါနမှု, ဥပေါသထမှုတို့သည် အလွန်ကြီးကျယ်သော အကျိုးကို ပေးနိုင် ကုန်၏၊ ရှေးပြဆိုခဲ့ပြီးသော ၅-ကုဋေ ၅-သိန်းမျှလောက်သော သာဝတ္ထိပြည်သူ လူအရိယာတို့မှစ၍မဇ္ဈိမဒေသ သာသနာ သီဟိုဠ် သာသနာတို့၌ အရိယာအဖြစ်သို့ ရောက်ကြကုန်သော လူအရိယာ အနန္တတို့သည် အာဇီဝဋ္ဌမကသီလ၌တည်၍ ရောက်ကြပေကုန်၏၊

အာဇီဝဋ္ဌမကသီလ-၌ မတည်သော သူတို့သည် ဒါနမှု, ဥပေါသထမှုတို့ကို ပြုကြကုန်သော်လည်း တည်သောသူတို့ကို အကျိုး အားဖြင့် မမှီနိုင်ကုန် မတုနိုင်ကုန်၊ ယခုဘဝ၌ ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်များကို ပွါးများခြင်းငှါ ထိုက်သော အခြေမျိုး မဟုတ်ကုန်။

ဥပမာပုံ

အာဇီဝဋ္ဌမကသီလ-သည် ကျောင်း, အိမ်-ဆောက်ကြရာ၌ အဖြူထည်ချော အဖြူထည်ကောင်းနှင့် တူ၏၊

ဥပေါသထသီလသည်-သည် ထိုကျောင်း အိမ်တို့၌ အမွှမ်းတင် တန်ဆာဆင်သော အပြောက်ကောင်းနှင့် တူ၏၊

ကျောင်းအိမ်တို့၌ အပြောက်မဆင်ရသော်လည်း အဖြူထည် ခိုင်ခံ့ ချောမောလျှင် သုံးဆောင်မှုခပ်သိမ်း ပြီးစီးတော့သည်။

တနည်း-အာဇီဝဋ္ဌမကသီလသည် ပကတိသော အသက်သခင် အစာထမင်းနှင့် တူ၏၊

ဥပေါသထသီလသည် ဝက်သား, ကြက်သား, ငါး, အမဲစသော ဟင်းလျာကောင်းနှင့် တူ၏၊

အာဇီဝဋ္ဌမပသီလ၌ ကောင်းစွာ တာရှည်တညြ်ပီးသော သူတို့ အား မနောသုစရိုက် ၃-ပါးတို့တွင် သမ္မာဒဋ္ဌိ သုစရိုက်သည် ထိုသီလနှင့် အတူတည်ပြီးဖြစ်၏၊ ဗြဟ္မစိုရ်တရား, ကျန်ရှိသော မနောသုစရိုက် တရားတို့သည် အလိုလို တည်လာကုန်လတ္တံ့။

(ဌ) အာဇီဝဋ္ဌမကသီလ ဆောက်တည်ပုံ

ခံယူဆောက်တည်၍ ကျင့်သောသူတို့အား သမာဒါနဝိရတိ သီလကို ရ၏၊ ခံယူဆောက်တည်မှု မရှိမူ၍ အတွေ့ကို လွတ်ကင်းအောင် ကြဉ်ရှောင် ထိမ်းသမ်း၍ သွားသောသူတို့အား သမ္ပတ္တဝိရတိသီလကို ရ၏၊ ထိုနှစ်ပါးစုံသည် ခိုင်လုံသည်သာ ပမာဏတည်း။

သမာဒါနဝိရတိ သီလသည်လည်း စင်ကြယ်ခိုင်လုံလို့ရှိခဲ့လျှင် ယခုဘဝ၌ပင် သမုစ္ဆေဒဝိရတိသို့ ပေါက်ရောက်နိုင်ခြင်းငှါ အခြေခံ အနေခံကိစ္စနှင့် ပြည့်စုံပါ၏၊

သမ္ပတ္တဝိရတိ သီလသည်လည်း စင်ကြယ်ခိုင်လုံလို့ရှိခဲ့လျှင် ယခုဘဝ၌ပင် သမုစ္ဆေဒဝိရတိသို့ ပေါက်ရောက်နိုင်ခြင်းငှါ အခြေခံ, အနေခံကိစ္စနှင့် ပြည့်စုံလေ၏၊ ဤမှ ကြွင်းသော

(၁) ဣန္ဒြိယသံဝရသီလ,

(၂) ပစ္စယသန္နိဿိတသီလ,

(၃) ဓူတင်္ဂသီလ,

တို့သည်ကား ဤအာဇီဝဋ္ဌမကသီလ၏ အမွှမ်းတင် အပြောက် တင် တန်ဆာဆင် သီလတို့သာတည်း။

ဤ အာဇီဝဋ္ဌမကသီလ-သည် မြတ်စွာဘုရားသာသနာတော်၌ အခြေခံ, အနေခံ, အထည်ခံ, အမာခံ, ဧရာတည် တရားဖြစ်ပေ၍ အာဒိဗြဟ္မစရိယက သီလမည်၏၊ နေထွက်လိုသည်ရှိသော် ရှေးဦးစွာ ဖြစ်ပေါ်၍ လာသော နေအရုဏနှင့်တူသည်ဟု မြတ်စွာဘုရား ဟောတော်မူ၏၊ နေဝန်းသည် သောတာပတ္တိမဂ်၌ ပါရှိသော သမုစ္ဆေဒ အာဇီဝဋ္ဌမက ဝိရတိသီလ၏ ဥပမာတည်း။ နေအရုဏ်သည် ဤ သမာဒါန, သမ္ပတ္တ အာဇီဝဋ္ဌမက ဝိရတိသီလ ၂-ပါး၏ ဥပမာတည်း။

ဤ အာဇီဝဋ္ဌမကသီလ-နှင့် ပြည့်စုံသောသူသည် သမ္မပ္ပဓာန် တရား ၄-ပါးကို ပြည့်စုံစွာ အားထုတ် သည်ဖြစ်အံ့၊ ယခုဘဝ၌သမုစ္ဆေဒ အာဇီဝဋ္ဌမကသီလသို့ ရောက်နိုင်ပါ၏၊ သမ္မပ္ပဓာန်တရား ပြည့်စုံစွာ အားထုတ်ခြင်းမရှိသည့်အတွက် ယခုဘဝ မဂ်ဖိုလ်ကို မရဘဲရှိပြန်သော် သီလအတွက် မဟုတ်ပေ။ ထိုသူ ညံ့ဖျင်းသည့်အတွက် သက်သက်သာ တည်း။

ခံယူဆောက်တည်ပုံမှာ

၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

၅။ ပိသုဏဝါစာယ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

၆။ ဖရုသဝါစာယ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

၇။ သမ္ဖပ္ပလာပါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

၈။ မိစ္ဆာဇီဝါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ (ဤကား ခုဒ္ဒကပါဌ ပါဠိတော်နည်းတည်း။)

အဋ္ဌကထာနည်းကား

၁။ ပါဏာတိပါတာ ဝိရမာမိ။

၂။ အဒိန္နာဒါနာ ဝိရမာမိ။

၃။ ကာမေသု မိစ္ဆာစာရာ ဝိရမာမိ။

၄။ မုသာဝါဒါ ဝိရမာမိ။

၅။ ပိသုဏဝါစာယ ဝိရမာမိ။

၆။ ဖရုသဝါစာယ ဝိရမာမိ။

၇။ သမ္ဖပ္ပလာပါ ဝိရမာမိ။

၈။ မိစ္ဆာဇီဝါ ဝိရမာမိ။

(ဤကား အဋ္ဌကထာနည်းတည်း။)

(အဋ္ဌကထာနည်းသည် အနက်သွား အလွန်သန့်ရှင်း၏၊ ဘုရားရုပ်ပွားတော်ရှေ့မှာခံယူလျှင် သီလတောင်း ဖွယ်ကိစ္စမရှိ။)

၁။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ ပါဏာတိပါတာ ဝိရမာမိ။

၂။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ အဒိန္နာဒါနာ ဝိရမာမိ။

၃။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ ကာမေသု မိစ္ဆာစာရာ ဝိရမာမိ။

၄။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ မုသာဝါဒါ ဝိရမာမိ။

၅။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ ပိသုဏဝါစာယ ဝိရမာမိ။

၆။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ ဖရုသဝါစာယ ဝိရမာမိ။

၇။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ သမ္ဖပ္ပလာပါ ဝိရမာမိ။

၈။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ မိစ္ဆာဇီဝါ ဝိရမာမိ။

(အာမ ဘန္တေ-စသည် ဆိုဖွယ်ကိစ္စ မရှိ။)

၁။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။ ပါဏုပေတံ၊ အသက်ထက်ဆုံး။ ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏၊

၂။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။ ပါဏုပေတံ၊ အသက် ထက်ဆုံး။ အဒိန္နာဒါနာ၊ အရှင်မပေးသောသူ၏ဥစ္စာကို ယူခြင်းမှ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏၊

၃။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍ ပါဏုပေတံ၊ အသက်ထက်ဆုံး။ ကာမေသု၊ ကာမ မှုတို့၌။ မိစ္ဆာစာရာ၊ မှောက်မှောက်မှားမှား ပြုကျင့်ခြင်းမှ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏၊

၄။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။ ပါဏုပေတံ၊ အသက်ထက်ဆုံး။ မုသာဝါဒါ=မဟုတ် မမှန်သည်ကိုအဟုတ်အမှန်ပြုလုပ်ပြောဆိုခြင်းမှ။ ဝိရမာမိ၊ ကြဉ် ရှောင်ပါ၏၊

၅။ ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍၊ပါဏုပေတံ၊ အသက်ထက်ဆုံး၊ ပိသုဏဝါစာယ၊ သူနှစ်ယောက်တို့၏ အကြား၌ ချောပြစ်ကုန်းတိုက်သောစကားကို ပြောဆိုခြင်းမှ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏

၆။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဇတဂ္ဂေ၊ ယနေ့ကို အစပြု၍။ ပါဏုပေတံ၊ အသက်ထက်ဆုံး။ ဖရုသဝါစာယ၊ ဇာတ်စသည်ကို ထိပါး၍ ဆဲရေးကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏၊

၇။ ဘန္တေ=အရှင်ဘုရား၊ အဟံ=အကျွန်ုပ်သည်၊ အဇ္ဇတဂ္ဂေ= ယနေ့ကိုအစပြု၍၊ ပါဏုပေတံ၊ အသက်ထက်ဆုံး။ သမ္ဖပ္ပလာပါ၊ ပစ္စုပ္ပန်အကျိုးစီးပွား၌ လိမ္မာရာသောအချက်လည်းမဟုတ်၊ သံသရာ အကျိုးစီးပွား၌ လိမ္မာရာသော အချက်လည်းမဟုတ်၊ အကျိုးမရှိသက် သက်သာဖြစ်သော ရာမ,အီနောင်, ငွေတောင်, ဘာရတ-အစရှိသော နိရတ္ထက ဒဏ္ဍာရီ ဇာတ် ဝတ္ထုများကို လေ့ကျက်ပြောဆိုခြင်းမှ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏၊

၈။ ဘန္တေ=အရှင်ဘုရား၊ အဟံ=အကျွန်ုပ်သည်၊ အဇ္ဇတဂ္ဂေ= ယနေ့ကို အစပြု၍၊ ပါဏုပေတံ=အသက်ထက်ဆုံး၊ မိစ္ဆာဇီဝါ=မတရား သောအသက်မွေးခြင်းမှ၊ ဝိရမာမိ=ကြဉ်ရှောင်ပါ၏၊

(အာမဘန္တေ-စသည် ဆိုဖွယ်ကိစ္စ မရှိ။)

မိမိနေရာမှာ မိမိအလိုအလျောက်လည်း ဆောက်တည်ရပါ၏၊ ထိုသို့နှုတ်မြွက်၍ မဆောက်တည်ပဲလည်း စိတ်ထဲ၌သာ ဤ ၈-ပါးကို အသက်ထက်ဆုံး လုံခြုံစွာစောင့် ငါစောင့်ထိန်းမည်ဟု အဓိဋ္ဌာန်ပြု၍ စောင့်ထိန်း ရပါ၏၊ လုံခြုံစွာ စောင့်ထိန်းနိုင်သည်သာ ပဓာနတည်း။

(ဤကား အာဇီဝဋ္ဌမကသီလ ခံယူဆောက်တည်ပုံကို ပြဆိုချက်တည်း။)

(ဍ) သတိပေးချက်

ဤ အာဇီဝဋ္ဌမကသီလ-ဟူသော ဝေါဟာရသည် အခေါ် အပြောအစဉ်အဆက် နည်းပါးကြ၏၊ ထို့ကြောင့် သီလအမည်ထူး, အမျိုးထူးကဲ့သို့ ထင်မှတ်ကြ၏၊ ၈-ပါးသီလ ၁၀-ပါးသီလတို့နှင့် ဘယ်လို ထူးကြသည်၊ ဘယ်သီလက အကျိုးကြီးသည်-အစရှိသည်ဖြင့် မေးကြ လျှောက်ကြ၏၊

အချို့ ဆရာတို့ကား တစ်နေ့တစ်ရက် အထူးစောင့်ထိန်းမူကို မျော်မိ၍၊ ဥပေါသထသီလက မြတ်သည်၊ အာဇီဝဋ္ဌမက ယုတ်နိမ့်သည် ဟုဆုံးဖြတ်ကြကုန်၏၊

အမှုသွားမှာမူကား-လောက၌ သူတော်ကောင်း သူမြတ်လောင်း ပီကြပေကုန်သော အမျိုးကောင်း အနွယ်ကောင်း ဖြစ်ကြကုန်သော သူခပ်သိမ်းတို့အား ကမ္ဘာဦးမှ စ၍လည်းကောင်း, ဘုရားပွင့်တော်မူသည်မှ စ၍လည်းကောင်း

၁။ သူ့အသက်ကို မသတ်အပ်။

၂။ သူ့ဥစ္စာကို မယူအပ်။

၃။ သူ့အိမ်ရာကို မပြစ်မှားအပ်။

၄။ မုသား မဆိုအပ်။

၅။ ချောပစ်ကုန်းတိုက်မှုကို မပြုအပ်။

၆။ ဇာတ်စသည်ကို ထိပါး၍ မဆဲရေးအပ်။

၇။ ပစ္စုပ္ပန် အကျိုးစီးပွါး၌ လိမ္မာရာသော အချက်လည်း မဟုတ်၊ သံသရာ အကျိုးစီးပွါး၌ လိမ္မာရာသော အချက်လည်း မဟုတ်၊ အကျိုးမရှိ သက်သက်သာဖြစ်သော ရာမ, အီနောင်, ငွေတောင် ဘာရတ အစရှိသော နိရတ္ထက ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို လေ့ကျက် ပြောဟောမှုများကို မပြုအပ်။

၈။ မတရားသော အသက်မွေးမှုကို မပြုအပ်ဟု မိရိုးဖလာ ဆရာစဉ်, သမားစဉ်, ပြောရိုး, ဟောရိုး ထင်ရှားရှိလျက်ပင် ဖြစ်၏၊ ယခုကာလ၌မူကား ထို အာဇီဝဋ္ဌမက သီလ၏ အစိတ် အင်္ဂါ ပဓါန အမျိုးဖြစ်သော ၅-ပါးသီလကိုပင် ပြည့်စုံလုံခြုံစွာ စောင့်ထိန်းသူ ပါးရှားလျက်ရှိကြသည်နှင့် အာဇီဝဋ္ဌမကသီလကို စောင့်ကြလော့, ထိန်းကြလော့ဟု တိုက်တွန်းမှုအသစ် ဖြစ်နေကြရပြန်၏၊ အာဇီဝဋ္ဌမကသီလ- သည် နိစ္စသီလ အမျိုးအရိုး ဖြစ်၏၊ အဋ္ဌင်္ဂဥပေါသထသီလ-သည် ပကတိလူတို့၌ အနိစ္စသီလမျိုး ဖြစ်၏၊ တစ်နေ့တစ်ရက်တွင် အထူးစောင့် ထိန်းကြမှုကို မျှော်၍ သီလ ၂-ပါး၏ အယုတ်အမြတ်ကို ဆုံးဖြတ်ခြင်းငှာ မသင့်၊ သူ့အခွင့်, သူ့ သဘောနှင့် သူ့လမ်း, သူ့စခန်းကို အကုန်အစင် မြော်မြင် ထောက်ထား၍ ပြောဆိုရာ၏၊

ပကတိအသက်သခင်ဖြစ်သော သလေးထမင်းနှင့် ဝက်သား, ကြက်သား, ငါး, အမဲဟင်းလျာများကို ဘယ်ဟာက ကောင်းသလဲဟုဆိုခဲ့လျှင် အတိုကိုသာ မျှော်မိသော သူငယ်တို့အား ဟင်းလျာများက ကောင်းမြတ်သည်ဟု ပြောကြပေလတ္တံ့။

အရှည်ကိုမျှော်နိုင်သော လုကြီးတို့သည်ကား သလေးထမင်းက အသက်သခင် ကျေးဇူးရှင် ဖြစ်ပေ၍ ကောင်းမြတ်သည်ဟု ပြောကြကုန် လတ္တံ့။ ဤဥပမာကဲ့သို့ ဖြစ်လေရာ၏၊

ထို့ကြောင့် အာဇီဝဋ္ဌမကသီလ၏ အရာ၌ အာဇီဝဋ္ဌမကသီလ သည် ကောင်းမြတ်၏၊

ဥပေါသထသီလ၏အရာ၌ ဥပေါသထသီလသည် ကောင်း မြတ်၏၊ နှစ်ပါးစုံကိုပင် ပြည့်စုံအောင် အားထုတ်ကြကုန်ရာသတည်း။ သီလကိုပြဆိုခန်း ပြီး၏၊

---------------

၃-ကမ္မဋ္ဌာန်းယူပုံကို ပြဆိုခန်း

(က) ကမ္မဋ္ဌာန်း ၄၀-ဆောင်ပုဒ်သံခိပ်

၁။ မြေ, ရေ, မီး, လေ၊ ညို, ရွှေ, နီ, ဖြူ၊ ပေါက်, လင်းဟူ၊ ဆယ်ဆူကသိဏာ။

၂။ ရောင်, ညို, ပြည်, ပြတ်၊ ခဲအပ်, ပစ်ထား၊ ဓားဖြတ်ပစ်ရေး၊ သွေးယို, ပိုးစု, အရိုးစု၊ ဆယ်ခု အသုဘာ။

၃။ ဗုဒ်, ခံ, သံ, သီ, စာဂီ, ဒေဝတာ၊ သမာဥပ၊ မရဏနှင့်၊ ကာယဂတာ၊ အာနာပါ၊ ဆယ်ဖြာ နုဿတိ။

၄။ မေ, က, မု, ဥ၊ ပွားများမှု၊ ၄-ခု ပမညာ။

၅။ အာဟာရတွင်၊ ရွံဖွယ်လျှင်၊ မှတ်ထင်ဧက်-သညာ။

၆။ ဓာတ်ကြီးလေးခု၊ ပိုင်းခြားမှု၊ စတုဝဝတ္ထာ။

၇။ အာ, ဝိဉ်, အာ, နေ၊ ဤလေးထွေ၊ မှတ်လေ အာရုပ္ပါ။

ကသိုဏ်း ၁၀-ပါး

၁။ မြေကသိုဏ်း,

၂။ ရေကသိုဏ်း,

၃။ မီးကသိုဏ်း,

၄။ လေကသိုဏ်း,

၅။ အဆင်းညိုကသိုဏ်း,

၆။ အဆင်းဝါကသိုဏ်း,

၇။ အဆင်းနီကသိုဏ်း,

၈။ အဆင်းဖြူကသိုဏ်း,

၉။ ပြတင်းပေါက် စသော ကောင်းကင်ပေါက်ကသိုဏ်း,

၁၀။ တိုက်နံရံစသည်၌ ထင်သောနေရောင်ကွက်-လရောင်ကွက် အစရှိသော အရောင်အလင်းကသိုဏ်း။

အသုဘ ၁၀-ပါး

၁။ ဖူးဖူးရောင်သော သူကောင်,

၂။ ပုပ်၍ ညို၍နေသော သူကောင်,

၃။ ပြည်ယို၍နေသော သူကောင်,

၄။ အလယ်၌ပြတ်၍ ၂-ပိုင်းနေသော သူကောင်,

၅။ ခွေး, မြေခွေး ခဲထားအပ်သော သူကောင်,

၆။ ခဲ၍ ထိုထိုနေရာ၌ ပစ်ထားအပ်သော သူကောင်,

၇။ ကျီးခြေသဏ္ဌာန် စသည်ဖြင့် ဓားလက်နက်နှင့် ခုတ်ဖြတ်၍ပစ်အပ်သော သူကောင်,

၈။ ယိုသော သွေးရှိသော သူကောင်,

၉။ ပိုးလောက်တို့ဖြင့် ပြည့်သော သူကောင်,

၁၀။ အရိုးစုမျှသာဖြစ်သော သူကောင်,

အနုဿတိ ၁၀-ပါး

၁။ ဗုဒ္ဓါနုဿတိ,

၂။ ဓမ္မာနုဿတိ,

၃။ သံဃာနုဿတိ,

၄။ သီလာနုဿတိ,

၅။ စာဂါနုဿတိ,

၆။ ဒေဝတာနုဿတိ,

၇။ ဥပသမာနုဿတိ,

၈။ မရဏာနုဿတိ,

၉။ ကာယဂတာသတိ,

၁၀။ အာနာပါနဿတိ,

အပ္ပမညာ ၄-ပါး

၁။ မေတ္တာ-ဗြဟ္မဝိဟာရ,

၂။ ကရုဏာ-ဗြဟ္မဝိဟာရ,

၃။ မုဒိတာ-ဗြဟ္မဝိဟာရ,

၄။ ဥပေက္ခာ-ဗြဟ္မဝိဟာရ,

ဗြဟ္မဝိဟာရ ၄-ပါးလည်း ခေါ်သည်။

ဧကသညာ ၁-ပါး

၁။ အာဟာရေ ပဋိကူလသညာ။

စတုဓာတုဝဝတ္ထာန် ၁-ပါး

၁။ ဓာတ်ကြီး ၄-ခု ပိုင်းခြားမှု

အာရုပ္ပ ၄-ပါး

၁။ အာကာသာနဉ္စာယတန,

၂။ ဝိညာဏဉ္စာယတန,

၃။ အာကိဉ္စညာယတန,

၄။ နေဝသညာနာသညာယတန။

အားလုံးပေါင်းသော် အမျှ ၄၀-ရှိကုန်၏၊

( ခ ) သပ္ပါယ အပြား

စရိုက် ၆-ပါး ဆောင်ပုဒ်သံခိပ်

၁။ ရာ, ဒေါ, မော,ဝိ၊ သဒ်, ဗုဒ္ဓိ၊ စရိ ဤ ခြောက်ဖြာ။

၂။ အသု, ကာယ၊ ဆယ့်တစ်ဝ၊ ရာဂ လျော်လှစွာ။

၃။ အဆင်းမည၊ ရှစ်ဌာန၊ ဒေါသ လျော်လှစွာ၊

၄။ အာနာပါန၊ အလျော်ကျ၊ မောဟ ဝိတက်သာ။

၅။ မရဏနှင့်၊ ဥပသမာ၊ သညာတစ်တန်၊ ဝဝတ္ထာန်၊ လေးတန် ဗုဒ္ဓိသာ။

၆။ နုဿတိ ဆ၊ သဒ္ဓါကျ၊ သေသ အားလုံးသာ။

၇။ ကသိုဏ်းကြီးမူ၊ မောဟယူ၊ ငယ်မူ ဝိတက်သာ။

စရိုက် ၆-ပါးသရုပ်

၁။ ရာဂစရိုက်

၂။ ဒေါသစရိုက်,

၃။ မောဟစရိုက်။

၄။ ဝိတက်စရိုက်,

၅။ သဒ္ဓါစရိုက်,

၆။ ဗုဒ္ဓိစရိုက်, (ပညာစရိုက်လည်းဟူ)

ဟူ၍ စရိုက် ၆- ပါး။

ရာဂစရိုက်

(က) အသုဘ ၁၀-ပါး

( ခ ) ကေသာ, လောမာ-စသော ကာယကောဋ္ဌာသ ၁-ပါး၊ ဤ ၁၁- ပါးသည်ရာဂစရိုက်နှင့် လျော်၏၊

ဒေါသစရိုက်

(က) အညို, အရွှေ, အနီ, အဖြူ-ဟူသောဝဏ္ဏကသိုဏ်း ၄-ပါး,

( ခ ) အပ္ပမညာ ၄-ပါး,

ဤ ၈-ပါးသည် ဒေါသစရိုက်နှင့် လျော်၏၊

မောဟစရိုက်, ဝိတက်စရိုက်

အာနာပါနသည် မောဟစရိုက်, ဝိတက်စရိုက်တို့နှင့် လျော်၏၊

ပညာ စရိုက်

၁။ မရဏာနုဿတိ,

၂။ ဥပသမာနုဿတိ,

၃။ အာဟာရေပဋိကူလသညာ,

၄။ စတုဓာတုဝဝတ္ထာန်,

ဤ ၄-ပါးသည် ပညာစရိုက်နှင့်လျော်၏၊

သဒ္ဓါစရိုက်

၁။ ဗုဒ္ဓါနုဿတိ,

၂။ ဓမ္မာနုဿတိ,

၃။ သံဃာနုဿတိ,

၄။ သီလာနုဿတိ,

၅။ စာဂါနုဿတိ,

၆။ ဒေဝတာနုဿတိ,

ဤ ၆-ပါးသည် သဒ္ဓါစရိုက်နှင့်လျော်၏၊

သဗ္ဗ စရိုက်

၁။ ပထဝီ-မြေကသိုဏ်း၊

၂။ အာပေါ-ရေကသိုဏ်း၊

၃။ တေဇော- မီးကသိုဏ်း၊

၄။ ဝါယော- လေကသိုဏ်း၊

၅။ အာကာသ- အပေါက်ဟင်းလင်းကသိုဏ်း၊

၆။ အာလောက- အရောင် အလင်းကသိုဏ်း၊ ပေါင်း ၆ ပါး။

၇။ အာရုပ္ပ ၄ ပါး။

ဤ ၁၀-ပါးသည် အလုံးစုံးသော စရိုက် ၆-ပါးတို့နှင့်လျော်၏၊

မောဟစရိုက်နှင့် ဝိတက်စရိုက်

မောဟစရိုက်များသောသူမှာ-ကြီးသောကသိုဏ်းနှင့် သင့် လျော်သည်။

ဝိတက်စရိုက်များသောသူမှာ-ငယ်သော ကသိုဏ်းနှင့် သင့် လျော်သည်။

(ဤကား သပ္ပါယအပြားတည်း။)

---------

( ဂ ) ပလိဗောဓကြီး ၁၀-ပါး

အဓိသီလသာသနာ့၌ ကောင်းစွာ တည်ပြီးသော ယောဂီ ပုဂ္ဂိုလ်သည် အဓိပညာသာသနာ၏ အခြေပါဒဖြစ်သော အဓိစိတ္တ သာသနာကို ကိုယ်တွေ့ဒိဋ္ဌ ရလို သိမြင်လိုသည်ရှိသော် ရှေးဦးစွာ ၁၀- ပါးသော ပလိဗောဓ ကြီးတို့ကို ပြတ်အောင် ဖြတ်ရာ၏၊

ပလိဗောဓကြီး ၁၀-ပါးကား

၁။ နေရာကျောင်းအိမ် ''အာဝါသပလိဗောဓ''

၂။ အလုပ်အကျွေး တပည့်တပန်း ''ကုလပလိဗောဓ''

၃။ လာဘ်ရခြင်း ပစ္စည်းပေါများခြင်း ''လာဘပလိဗောဓ''

၄။ ဂိုဏ်းဂဏ အပေါင်းအဖေါ် ''ဂဏပလိဗောဓ''

၅။ နဝကမ္မ အမှုကိစ္စ ''ကမ္မပလိဗောဓ''

၆။ ခရီးသွားခြင်း ''အဒ္ဓါနပလိဗောဓ''

၇။ ဆွေမျိုးဉာတကာ ''ဉာတိပလိဗောဓ''

၈။ အနာရောဂါ ''အာဗာဓပလိဗောဓ''

၉။ ကျမ်းဂန်သင်ကြားမှု ''ဂန္ထပလိဗောဓ''

၁၀။ ပုထုဇဉ်တို့၏ ဘုန်းတန်ခိုး ''ဣဒ္ဓိပလိဗောဓ'' (ဤကား ပလိဗောဓကြီး ၁၀-ပါးတည်း။)

(ဃ) ဆရာ့အင်္ဂါ ၇-ပါး

ထို့နောက် အင်္ဂါ ၇-ပါးနှင့်ပြည့်စုံသော ဆရာ့အထံ၌ စရိုက် နှင့်လျော်သော ကမ္မဋ္ဌာန်းအစီရင်ကို သင်ကြားရာ၏၊

ဆရာ့အင်္ဂါ ၇-ပါးကား

၁။ ပိယော-သီလအတွက် ချစ်အပ်သည်။

၂။ ဂရု-အလေးမူအပ်သည်။

၃။ ဘာဝနီယော-ချီးမွမ်းထိုက်သည်။

၄။ ဝတ္တာ-ကဲ့ရဲ့ပြစ်တင် ဆုံးမချင်တတ်သည်။

၅။ ဝစနက္ခမော-ပြစ်တင်ကဲ့ရဲ့ ဆုံးမခဲ့သော် မရွဲ့မစောင်း ကောင်းကောင်းသည်းခံနိုင်သည်။

၆။ ဂမ္ဘီရဉ္စ ကထံ-နက်နဲသောစကားကို ပြောဟောတတ်သည်။

၇။ အဋ္ဌာနေ နောစနိယောဇယေ-အကျိုးမရှိရာ၌ မတိုက် တွန်းတတ်။

(ဤကား ဆရာ့အင်္ဂါ ၇-ပါးတည်း။)

( င ) ကြဉ်ရှောင်အပ်သော အရပ် ၁၈-ပါး

ထို့နောက် ကြဉ်ရှောင်အပ်သော အရပ် ၁၈-ပါးကို ကြဉ်ရှောင် ရာ၏၊ ကြဉ်ရှောင်အပ်သော အရပ် ၁၈-ပါးကား

၁။ နေရာတိုက်တာ အရံကြီး၊

၂။ နေရာသစ်၊

၃။ နေရာတိုက်တာဟောင်း၊

၄။ လမ်း၏အနီးဖြစ်သော နေရာကျောင်း၊

၅။ ရေအိုင်၊ ရေကန်၏ အနီးဖြစ်သော နေရာကျောင်း၊

၆။ ဟင်းရွက်တော၏ အနီးဖြစ်သော နေရာကျောင်း၊

၇။ ပန်းတော၏ အနီးဖြစ်သော နေရာကျောင်း၊

၈။ သစ်သီးရှိသော နေရာကျောင်း၊

၉။ လူတို့ သွားချင်စဖွယ် ဆန်းကြယ်တောင့်တအပ်သော နေရာကျောင်း၊

၁၀။ မြို့၏အနီးဖြစ်သော နေရာကျောင်း၊

၁၁။ သစ်ဝါးထင်းတော၏ အနီးဖြစ်သော နေရာကျောင်း၊

၁၂။ လယ်ယာလုပ်ငန်း၏ အနီးဖြစ်သော နေရာကျောင်း၊

၁၃။ အချင်းချင်း မသင့်မတင့်သူရှိသော နေရာကျောင်း၊

၁၄။ ကုန်သည်တို့ ပြွမ်းရာသင်္ဘောဆိပ် မီးရထားဆိပ်၏ အနီးဖြစ်သော နေရာကျောင်း၊

၁၅။ သဒ္ဓါနည်းပါးသော ပစ္စန္တရစ်နေရာကျောင်း၊

၁၆။ မင်းဘေးနီးသော နယ်ခြားနေရာကျောင်း၊

၁၇။ တစ်စုံတစ်ခု ဘေးရန်ရှိ၍ မလျောက်ပတ်သော နေရာ ကျောင်း၊

၁၈။ မိတ်ဆွေကောင်းကို မရသောနေရာကျောင်း၊

(ကြဉ်ရှောင်အပ်သော အရပ် ၁၈-ပါးတည်း။)

( စ ) ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှာ လျောက်ပတ်သော အင်္ဂါငါးပါးရှိသောကျောင်း

ဆောင်ပုဒ်သံခိပ်။ ။မဝေးနီးမော၊ မရောလူရှင်၊ မှက်ခြင်ပါးနည်း၊ ပစ္စည်းမိတ်ဆွေ၊ ရလွယ်လေ၊ ငါးထွေ ကျောင်းအင်္ဂါ။

ဟူသည်နှင့်အညီ အင်္ဂါ ၅-ပါးနှင့်ပြည့်စုံသော နေရာ၌ ခိုဝင်မှီ တင်း သီတင်းသုံးနေထိုင်ရာ၏၊ အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော နေရာကား

၁။ ဆွမ်းခံရွာ မဝေးလွန်း မနီးလွန်း နေရာကျောင်းဖြစ်ခြင်း။

၂။ လူသူလေးပါး မပြွမ်းဆိတ်ငြိမ်သော နေရာကျောင်းဖြစ်ခြင်း။

၃။ မှက် ခြင်-စသည် နည်းပါးသော နေရာကျောင်းဖြစ်ခြင်း။

၄။ ပစ္စည်းလေးပါးရလွယ်သော နေရာကျောင်းဖြစ်ခြင်း။

၅။ ကျမ်းဂန် ဗဟုသုတရှိသော မိတ်ဆွေကောင်းနှင့် နီးကပ်သော နေရာကျောင်းဖြစ်ခြင်း။

(ဤကား အင်္ဂါ ၅-ပါးရှိသော ကျောင်းတည်း။)

(ဆ) ပလိဗောဓငယ် ပယ်ဖြတ်ခြင်းများ

ထိုနောက် ပလိဗောဓငယ်တို့ကို ပယ်ဖြတ်ရာ၏၊

၁။ ဆံပင်ကို ရိတ်ဖြတ်၊

၂။ မုတ်ဆိတ်-စသည်ကို ရိတ်ဖြတ်ခြင်း၊

၃။ ခြေသည်း လက်သည်းတို့ကို ဖြတ်လှီးခြင်း။

၄။ သင်္ကန်းကို ဆိုးဖွပ်ချုပ်ဖာခြင်း၊

၅။ သံချေးတက်သော သပိတ်ကို ဖုတ်ခြင်း၊

၆။ ညောင်စောင်း-စသည်ကို သုတ်သင်ခြင်း။ (ဤကား ပလိဗောဓငယ်တို့ကို ပယ်ဖြတ်ခြင်းတည်း။)

(ဇ) အင်္ဂါ ၄-ပါးနှင့် ထိုက်တန်သော

(က) ကသိုဏ်း ၁၀-ပါး၊

( ခ ) အသုဘ ၁၀-ပါး၊

( ဂ ) ဒွတ္တိံသာကာရ တည်းဟူသော ကာယကောဋ္ဌာသ ၁-ပါး၊

(ဃ) ထက်သက် ဝင်သက် တည်းဟူသော အာနာပါန ၁-ပါး၊

( င ) မေတ္တာ, ကရုဏာ, မုဒိတာ-တည်းဟူသော ဗြဟ္မဝိဟာရ ၃-ပါး၏ အာရုံဖြစ်သော သတ္တဝါဖြစ်သော ပညတ် ၃-ပါး။

ဤ ၂၅-ပါးသော ကမ္မဋ္ဌာန်းတို့တွင် စရိုက်နှင့်လျော်စွာ သင် ယူအပ်ပြီးသော တစ်ခုခုသောကမ္မဋ္ဌာန်းကို ပြုလုပ်အားထုတ်ရာ၏၊ ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့် ပုဗ္ဗကိစ္စတို့ကို ပြည့်စုံစေပြီးသော်

ဆောင်ပုဒ်သံခိပ်။ ။ကြောခြင်, ရိုး,ရေ၊ ကြွင်းလေစေ၊ ကုန်စေ သားအသွေး။

အသက်ကိုမျှ၊ မညှာရ၊ သမ္မပ္ပဓာန်လေး။

မိမိတို့သန္တာန်မှာ ကမ္မပထမြောက်ခဲ့ဖူး၍ အပါယ်သို့ပစ်ချနိုင် သည့် ဘဝအဆက်ဆက် အစဉ်ပါရှိ၍နေသော ဒုစရိုက် အကုသိုလ် ကံဟောင်းစုကို အကြွင်းမဲ့ ပယ်ခြင်းငှာလည်းကောင်း, ဤဘဝမှ နောက် အနမတဂ္ဂသံသရာ၌ ဒုစရိုက်သစ်တို့ကို မိမိသန္တာန်မှာ တစ်ဖန် မဖြစ်လာ စေခြင်းငှာလည်းကောင်း မနေမနား အားထုတ် ရာသော ဝီရိယ ၂-ပါး။

(သောတာပန်ဖြစ်ရန် အခွင့်ကိုရည်၍ ဒုစရိုက်ဟောင်း, ဒုစရိုက်သစ်ဟု ဆိုသည်။)

ယခု ရရှိ၍နေသော အာဇီဝဋ္ဌမကသီလ-စသော ကုသိုလ် ဟောင်းတို့ကို ပရိနိဗ္ဗာန် စံရာဘဝ ဆိုက်အောင် ဘယ်အခါမှာမှ ပျက် ကွက် ဖောက်ပြားခြင်းမရှိ နိယာမအဖြစ်သို့ ရောက်ပြီးဖြစ်စေခြင်း ငှာလည်းကောင်း၊

ဤ သာသနာတော်၌ ကာမ၊ ရူပ၊ အရူပ၊ လောကုတ္တရာ-ကုသိုလ် ရှိသည်တွင် မိမိမရောက်ဖူးသေး၊ မရဖူးသေး၊ မိမိသန္တာန်မှာ လို၍ နေသေးသော ကုသိုလ်သစ်မျိုးတို့ကို ယခုဘဝ နေ့ချင်း၊ ညချင်း၊ လချင်း၊ နှစ်ချင်း အမြန်ရောက်ထည့် ရထည့်ခြင်းအကျိုးငှာလည်းကောင်း မနေမနား အားထုတ်ရာသော ဝီရိယ-၂ပါး။

ဤ ၄-ပါးသော ဝီရယတို့ကို အကြောအခြင် ကြွင်းစေ၊ အရိုး အရေ ကြွင်းစေ၊အသား အသွေး ကုန်ခန်းလေစေဟု အင်္ဂါ ၄-ပါး အခိုင်အမြဲထား၍ ကိစ္စပြီးစီးလိမ့်မည်ဆိုလျှင် အသက်ခန္ဓာကိုမျှ မညှာမတာ အားထုတ်ရာသော သမ္မပ္ပဓာန အာတာပဝီရိယကို စိုက် ထူလျက်

ပထဝီ- မြေကသိုဏ်း၊ အာပေါ-ရေကသိုဏ်း၊ တေဇော-မီး ကသိုဏ်း၊ ဝါယော- လေကသိုဏ်း-စသည်တို့ကို အပူတပြင်း အတင်း အားထုတ်ရာ၏၊

ကမ္မဋ္ဌာန်းယူပုံကို ပြဆိုခန်း ပြီး၏၊

--------

၄-ကသိုဏ်းကို ပြဆိုခန်း

(က) ပထဝီ-မြေကသိုဏ်းပွားများအားထုတ်ပုံ ကသိုဏ်း ၁၀-ပါးတို့တွင်

ပထဝီ-မြေကသိုဏ်းကို ပွားများအားထုတ်လိုကြသော ရဟန်း ယောကျ်ား၊ ရဟန်းမိန်းမ၊ လူယောကျ်ား၊ လူမိန်းမ၊ ဘိုးသူတော်၊ မယ်သီလ သူတော် သူမြတ်တို့သည် ညိုရောင်၊ ရွှေရောင်၊ နီရောင်၊ ဖြူရောင် လေး ဆူသော အဆင်း ဝဏ္ဏကသိုဏ်းတို့နှင့် မရောယှက်စေခြင်းငှာလည်း ကောင်း၊ စိတ်ကြပ်ကြပ် ပျော်မွေ့စေခြင်းငှာလည်းကောင်း၊

နေအရုဏ်ရောင် အဆင်းရိုသော မဝါလွန်း မနီလွန်းသော မြေနီ နုန်းမြေစေးစေးကို သဲအမှိုက် မပါရအောင် ညက်စွာဆင့်၍ ရေနှင့်ဖျော် လျက် ညက်စွာနယ်၍ မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံ ကျယ်စွာ လှည်းဘီးဝန်းကဲ့သို့၊ ကျောက်ပြင်ကဲ့သို့ အဝိုင်းမြေချပ် ပြုလုပ်၍ ကြည့်ရှုမည့်ဘက်က ချောမှုန့် ညက်ညောစွာ စည်မျက်နှာကဲ့သို့ပြု၍ ကလနား၌ ယပ်ဝန်းအနားပတ်ကဲ့သို့ ဒန်ပူတစ်ပြားလောက် အဖြူဖြစ်စေ၊ အစိမ်းဖြစ်စေ ဆေးမင် အနားပတ် သုတ်လိမ်းတင်ထားအပ်၏၊

ကသိုဏ်းဝန်းပြုလုပ်ရာ၌- တစ်ထွာအောက် လျှော့လိုလျှင် လက် ၂-သစ်၊ ၃-သစ်လောက် လျှော့အပ်၏၊ တစ်ထွာထက် ပိုလိုလျှင် လက် ၄-သစ်၊ ၈-သစ်လောက်ပိုအပ်၏၊ ကသိုဏ်းဝန်းငယ်လျှင် စိတ်နိုင် လွယ် သည်၊ နိမိတ် ရလွယ်သည်၊ စိတ်မူကား ကြပ်ကြပ်မထွား။

ကသိုဏ်းဝန်းကြီးလျှင် စိတ်နိုင်ခဲသည်၊ နိမိတ်ရခဲသည်၊ စိတ် မူကား ကြီးထွား၏၊ ထိုကသိုဏ်းဝန်းကို အညစ်အကြေးမစွန်းရ၊ မပွန်း ပဲ့ရအောင် ကောင်းမွန်စွာ ထားအပ်၏၊ ဘုရားဓာတ်တော်ကဲ့သို့ ရိုသေစွာ ထားအပ်၏၊

(ဤကား ကသိုဏ်းဝန်း လုပ်ပုံတည်း)

နိမိတ် ၃-ပါး ထင်ပုံ

ပရိကမ္မနိမိတ်။။ ကသိုဏ်းဝန်း ပြုလုပ်ပြီးလျှင် သားငှက် တိရစ္ဆာန် လူသံဆိတ်ငြိမ် အချိန်အေးမြသော မြို့ပြ ပြည်ရွာ အိမ်ဂေဟာ၌ လည်းကောင်း၊ လူရှင်မနှော ဆိတ်ငြိမ်သော တောအရပ်၌လည်းကောင်း တစ်ယောက်တည်း ချမ်းသာစွာ တင်ပျဉ်ဖွဲ့ခွေထိုင်နေလျက် ကသိုဏ်းဝန်း ကို မနီးမဝေး ရှေ့လက်လှမ်း မီလောက်မှာ ငုံ့လည်းမငုံ့ရ၊ မော့လည်း မမော့ရအောင် မျက်စိနှင့် ပဏာရအောင် ထောင်ထားပြီးလျှင် ဘုရားရှင် ၏ ဂုဏ်တော်များကို အနည်းငယ် အောက်မေ့ရှိခိုး၍

ငါ၏ ပတ်ဝန်းကျင်၌ရှိသော သတ္တဝါခပ်သိမ်းတို့သည် ဘေးရန် ကင်းကွာ ချမ်းသာကြပါစေ၊ အခါခပ်သိမ်း ကောင်းမြတ်သော အာရုံတို့ကို တွေ့မြင်ကြပါစေ ဟုစူးစူးစိုက်စိုက် မေတ္တာပို့၍

ငါသည် မချွတ်ဧကန် အမှန်သေရလိမ့်မည်၊ ဘယ်တော့ခါသေရ မည်လည်း မသိ၊ မသေခင် မသေမီ ကိုးကွယ်ရာကို ရအောင်လုပ်မှဟုအတန်ငယ်၊ အနည်းငယ် သေခြင်း မရဏသညာကိုဖြစ်စေ၍ဤကသိုဏ်း အကျင့်သည် ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာ

အရှင်မြတ်တို့သည် အို နာ သေ ရေး ဒုက္ခဘေးတို့မှ လွတ်အံ့သောငှာ ဤအကျင့် ဤကသိုဏ်းဝန်းသည် ငါ၏ကိုးကွယ်ရာ အစစ်တည်း ဟုဆင်ခြင်၍

ဤကသိုဏ်းဝန်း၌ အလွန်မြတ်နိုးနှစ်သက်လျက် အလွန်လို ချင်သော အာသာဆန္ဒဖြင့် ထိုပထဝီ မြေကသိုဏ်းဝန်းကို ကြည့်ရှုအပ်၏၊ (ဤကား ပရိကမ္မနိမိတ် ထင်ပုံတည်း။)

ဥဂ္ဂဟနိမိတ်

ဆောင်ပုဒ်သံခိပ်။ ။ပရိကမ္မ၊ ဥဂ္ဂဟတည့်၊ ပဋိဘာဂါ၊ ဤသုံးဖြာ၊ ထင်လာနိမိတ်တည်း။

ထိုပထဝီ မြေကသိုဏ်းကို မျက်စိနှင့် မြင်သောအတိုင်းစိတ်ထဲ၌ စွဲကပ်ထင်မြင်၍နေအောင် ကသိုဏ်းဝန်း၌ စိတ်ကို တစ်စိတ် တစ်ဒေသ ၌သာ မထားဘဲ ကသိုဏ်းဝန်းတစ်ခုလုံးကို အကုန်အနှံ့ စိတ်နှင့်ငုံ၍ ကြည့်ရှု အပ်၏၊

စိတ်ကိုသန်သန်ခိုင်ခိုင်ထား၍ သတိပညာဖြင့်ခိုင်ခိုင်မြဲမြဲ မှတ်ကသိုဏ်း မြေကြီးဝန်းတစ်ခုလုံးကို စိတ်၌ အကုန်လုံး စွဲကပ်ထင်မြင်၍ ပါလာအောင် ပြူးပြူးစိစိကြည့်ရှု၍ ယူအပ်၏၊

စိတ်၌ စွဲလောက် ပါလောက် ရလောက်ချိန်တန်လျှင် မျက်စိကို မှိတ်၍စမ်း၊ မျက်စိမှိတ်သော အခါမှာလည်းဖွင့်၍ ကြည့်နေတုန်းကလို မြေကြီးဝန်းတို့ ထင်မြင်၍နေလျှင် မြေကြီးကသိုဏ်း ဥဂ္ဂဟနိမိတ်ရပြီဟု မှတ်၊ မရသေးလျှင် မျက်စိကိုဖွင့်၍ ကြည့်မြဲတိုင်းပင် ကြည့်ရှု၍ယူရာ၏၊ မျက်စိကိုခဏခဏမှိတ်၍လည်း မစမ်းအပ်၊ ကြာနိုင်သမျှ ကြာအောင် ကြည့်ရှု့၍ယူရာ၏၊ ကြည့်ရှု့ဖန်များ၍ ကြာလျှင်ရ၏၊

ဥဂ္ဂဟနိမိတ်ရအောင် ကြည့်ရှု့၍ ယူရာ၌ ပါးစပ်က ''ပထဝီ ကသိဏံ ပထဝီကသိဏံ'' ဟု တတွတ်တွတ် မရွတ်ဆိုရ။

ပထဝီ-ဆိုသည်ကား- ပါဠိစကားတည်း၊ မြန်မာတို့က မြေကြီးဟုခေါ်သည်၊ ဤမြေကြီးအဝန်းကို ကြည့်ရှု့၍ ယူသောအခါ စိတ်ကို တစ်ခြမ်း တစ်စိတ်တစ်ဒေသတွင်သာ မထားမူ၍ မြေကြီးဝန်း တစ်ခုလုံး ကို အကုန်အနှံ့ ငုံ၍ ကြည့်ရှု့ရသည်၊ ဤသို့ အကုန်လုံးငုံ၍ အနှံ့ကြည့် အပ်သောကြောင့် ''ကသိဏကသိုဏ်း'' ဟူ၍ခေါ်သည်။

အကြွင်းအကျန်မရှိ အကုန်လုံး အနှံ့ငုံ၍ ကြည့်ရှု ယူအပ်သော ကြောင့် ကသိဏ-မည်သော ဤမြေကြီး အဝန်းကို စိတ်ထဲကသာ ''မြေ၊ မြေ'' ဟုမှတ်လျက် မျက်စိနှင့်မြင်သောအတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါလာအောင် မျက်စိဖြင့်သာ ကြည့်ရှု၍နေရသည်။

ကြည့်ရှုသောအခါမှာလည်း မျက်စိကို မှေးတုပ်တုပ်လုပ်၍ မကြည့်ရ၊ အိပ်ချင်တတ်သည်၊ စိတ်ပျော့တတ်သည်၊ ရခဲတတ်သည်။ ထို့ကြောင့်မျက်စိကိုဖွင့်နိုင်သမျှ ဖွင့်၍ကြည့်ရသည်၊ မျက်တောင်ကိုလည်း မခတ်ဘဲနေနိုင်သမျှ နေ၍ကြည့်ရသည်။ ကြာလျှင်အိပ်ချင်၍ လာတတ် သည်၊ အိပ်ချင်လေလေ မျက်စိကို ပြူးလေလေ ပြူးရသည်။

အိပ်ချင်၍ လာသောအခါလည်းကောင်း၊ မျက်စိကိုမှေး၍ မှိန်၍စိတ်သညာကို ပျော့စေ၍ ကြည့်သော်လည်းကောင်း ကသိုဏ်းဝန်း နှစ်ခု ဖြစ်၍ ဖြစ်၍လည်း နေတတ်၏၊ မနေစေအပ်၊ စိတ်သညာ စိတ်အမှတ်ကို သန်သန် ခိုင်ခိုင်ထား၍ကြည့်အပ်၏၊ သတိပေါ့လွတ်လျက် စိတ်သည် ကသိုဏ်းဝန်း၌ မနေဘဲ တစ်ခြားအာရုံကို ပြေးသွားကြံစည်၍ ကြံစည်၍လည်း နေတတ်၏၊ မနေစေအပ်၊ ကသိုဏ်းအာရုံမှ တစ်ပါး ဘယ်ကိုမှ မထွက်ပြေးစေအပ်၊ ကြပ်ကြပ် သတိပြုအပ်၏၊

စိတ်ဝိတက် အကြံအစည်ကို ကြပ်ကြပ် နှိပ်ကွပ်၍ ကသိုဏ်း အာရုံ၌သာ မြဲစွာသတိဖြင့် ဖွဲ့ထားအပ်၏၊ ကြာသောအခါ စိတ်မော၍ ဝီရိယလျော့ပြီး ပျင်းလာတတ်သည်။ မပျင်းစေအပ်၊ အကျိုးအပြစ်တို့ကို ဆင်ခြင်၍ စိတ်ဝီရိယထက်သန်စေတတ်သော အာရုံများကို ဆင်ခြင်၍ မြင့်မိုရ်တောင်ကြီးကို ဖြိုချမည့် ယောကျ်ား၏ စိတ်ဝီရိယကဲ့သို့ စိတ် ဝီရိယကို အားကောင်းထက်သန်စေလျက် မရလျှင် မနေဘူးတဲ့-ဟု အံသွားခဲ၍ စိတ် ခါးတောင်းကျိုက်၍ကြည့်ရှုရာ၏၊

စိတ်မောသဖြင့် ကိုယ်ပါမော၍ ပျင်းရိ၍ ခဏခဏ နားချင် တတ်သည့်ပြင်တော်ရာကို ထ၍ လုပ်ချင်တတ်၏၊ ခဏခဏ မနားအပ် မလုပ်အပ်၊ ကြပ်ကြပ်ဇွဲကောင်းရာ၏၊ အသည်းကောင်းရာ၏၊

နိမိတ်ယူရာ၌

၁။ အချို့သောသူတို့မှာ မကြာခင် အလွယ်တကူဖြင့်ပင် နိမိတ် ရနိုင်သည်။ အချို့သော သူတို့မှာကား ပင်ပင်ပန်းပန်း သက်စွန့် ကြိုးစား အားထုတ်၍ ကြာမှပင်ရသည်၊ စိတ်ထဲ၌ယူ၍ ရသောနိမိတ်ကို ဥဂ္ဂဟ နိမိတ် ဟုခေါ်သည်၊ ပြင်ဘက် ကသိုဏ်းဝန်းကိုကား ပရိကမ္မနိမိတ်ဟု ခေါ်သည်၊ ဥဂ္ဂဟနိမိတ်ကား ပရိကမ္မနိမိတ်နှင့် တစ်ထပ်တည်းတူ၏၊ ဤ ဥဂ္ဂဟနိမိတ်ကိုရသောအခါ စိတ်သည် သံလိုက်ကောင်းကောင်းကို အပ်တွယ်ဘိသကဲ့သို့ ဤမြေကြီး ဥဂ္ဂဟနိမိတ်ကိုသာ တွယ်၍နေတော့၏၊ ဘယ်ကိုမျှ များစွာမပြေးတော့ပြီ။

၂။ မျက်စိကို ဖွင့်ထားလျှင်ကား ရှေ့တူရူရှိ အဆင်းတို့ကိုမြင်၏၊ မျက်စိကိုမှိတ်လိုက်စေကာမူ ဘယ်ကိုမှ မမြင်ဘဲ ဤမြေကသိုဏ်းဝန်း ကိုသာ မြင်၍နေတော့၏၊ မျက်စိကိုမှိတ်၍ ပက်လက်နေလျှင် မျက်နှာ ပေါ်က ကသိုဏ်းမြေချပ်ဝန်းကြီး မိုးလျက်နေ၏၊ မှောက်၍နေလျှင် အောက်က ကြမ်းရယ်၊ ဖျာရယ် မမှတ်ဘဲ ကသိုဏ်း မြေချပ်ဝန်းကြီးကိုသာ မြင်၍နေတော့၏၊

၃။ ရေထဲ၌ ငုတ်၍နေလျှင်လည်း မျက်နှာရှေ့က ရေရယ်လို့ မမှတ်ဘဲ ကသိုဏ်းမြေချပ်ဝန်းကြီးသာ ရှိ၍ မြင်၍နေတော့၏၊ မျက်နှာကို လုံလုံလက်ဝါးပိတ်ဖုံး၍ နေလျှင်လည်း လက်ဝါးဟူ၍ အမှတ်မထားဘဲ ကသိုဏ်း မြေချပ်ဝန်းကြီးသာ မြင်၍နေတော့၏၊

၄။ ညဉ့်အိပ်သောအခါမှာလည်း တစ္ဆေမသာ အလွန်ကြောက် တတ်လျက် မလွဲသာ၍ မသာလောင်းကို ကိုင်တွယ်ရသဖြင့် မသာလောင်း ဥဂ္ဂဟနိမိတ်ကြီး ထင်မြင်၍နေသောသူကဲ့သို့ ကသိုဏ်းမြေချပ် ဝန်းကြီိး ကိုသာ ထင်မြင်၍နေတော့၏၊ အိပ်၍မပျော်တော့ပြီ၊ ကြပ်ကြပ် အားထုတ် ကြည့်လေ နှလုံးသွင်းလေ မျက်စိကျယ်လေ ဖြစ်၍နေတော့၏၊ အိပ်၍ ပျော်စေချင်သဖြင့် အားထုတ်၍ နှလုံးမသွင်းဘဲနေမှ တဖြည်းဖြည်း စိတ်နုံ့၍ ကသိုဏ်းဝန်းမြေချပ်ကြီးကို မြင်ရာက မေ့ကနဲဖြစ်၍ ဘဝင်ကျ၍ အိပ်ပျော်သွားလေ၏၊

၅။ အိပ်ရာမှ နိုးပြန်လျှင်လည်း မြေချပ်ကသိုဏ်ဝန်းကြီးကိုပင် ထင်မြင်၍ နိုး၍လာ၏၊ မျက်နှာရှေ့က မြေချပ်ကသိုဏ်းဝန်းကြီး ဆီးလျက် သာနေတော့၏၊

ဤကဲ့သို့ ဥဂ္ဂဟနိမိတ်ရ၍ အတော်ခိုင်သော ရင့်သောအခါ ခပ်မှောင်မှောင် အခန်းထဲများမှာ မျက်စိ မမှိတ်ဘဲ ဖွင့်၍ထားလျှင် မြေချပ် ကသိုဏ်းဝန်းကြီးကိုသာ မြင်၍နေတော့၏၊ စင်္ကြံသွားရင်းလည်း ရှု၍ ဖြစ်တော့၏၊ ဥဂ္ဂဟနိမိတ် ထင်သည်မှစ၍ အိပ်ချင်ထိုင်းမှိုင်းသော ထိနမိဒ္ဓတို့သည် အတန်ငယ်ကွာလျက် တဖြည်းဖြည်း နည်း၍ ပါး၍ ရှား၍ ငုတ်၍ သွားကြလေ၏၊

(ဤကား ဥဂ္ဂဟနိမိတ် ထင်ပုံတည်း။)

ပဋိဘာဂနိမိတ်

ဥဂ္ဂနိမိတ် ရသောအခါ ပြင်ဘက် ပရိကမ္မနိမိတ် ပထဝီမြေ ကသိုဏ်းဝန်းကို တော်ရာမှာ သိမ်းထား၍ စိတ်ထဲ၌ ပါရသော ဥဂ္ဂဟ နိမိတ်ကိုသာ အမြဲအစွဲ ကြည့်ရှုရာ၏၊ ထိုသို့ အမြဲအစွဲ အားထုတ် ကြည့်ရှုဖန် များသောအခါ ဤ ဥဂ္ဂနိမိတ်သည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ အရာအဆာ အကြောင်း ပြုပ်မရှိဘဲ မှန်သားများကဲ့သို့ ရသစ်စဥဂ္ဂဟနိမိတ်ထက် အဆတစ်ရာမက အလွန်ချောညက် သိမ်မွေ့ ၍ နုနယ်၍လာ၏၊ အလွန်နှစ်သက်ပျော်မွေ့ဖွယ် ကောင်းသောအဖြစ်သို့ ရောက်၍လာ၏၊ စိတ်သည် ဘယ့်လောက်ပင် ကြာအောင်ကြည့်၍ နေသော်လည်း ပျင်းမုန်းခြင်း၊ အားရခြင်း မရှိနိုင်တော့ပြီ၊

ထိုကဲ့သို့သော နိမိတ်ကို ပဋိဘာဂနိမိတ်ဟု ခေါ်သည်။

ဆောင်ပုဒ်သံခိပ်။။ပဋိဘာဂ၊ ထင်လာက၊ နီဝရဏ-ကွာ။

ထိုပဋိဘာဂနိမိတ်သို့ကျသောအခါ

၁။ ကာမဂုဏ်ကို ခံစားလိုသော ကာမစ္ဆန္ဒနီဝရဏ၊

၂။ အမျက်ဒေါသဟူသောဗျာပါဒနီဝရဏ၊

၃။ ငိုက်မျဉ်းထိုင်းမှိုင်းခြင်းဟူသော ထိနမိဒ္ဓနီဝရဏ၊

၄။ ပျံ့လွင့်ခြင်း ပူပန်ခြင်းဟူသော ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ၊

၅။ ဤကဲ့သို့ ပထဝီ မြေကသိုဏ်းဝန်းကို ကြည့်ရှုအားထုတ်လျှင် ဤကဲ့သို့ဖြစ်သည်ဟု ရေးသော ဆရာ၊ ဟောပြောသော ဆရာသည် အဟုတ်တကယ်အမှန်ဘဲ သိ၍ ရေးလေသလား၊ ဟောလေ သလား၊ ပြောလေသလား၊ အဟုတ်တကယ် အမှန်မသိဘဲ စမ်းရမ်းရေးလေ သလား၊ ဟောလေသလား၊ ပြောလေသလား၊ မှန်မှ မှန်ပါလေသလား၊ အမှားများ လေလား-ဟုကမ္မဋ္ဌာန်း လမ်းကြောင်း၌လည်းကောင်း ယုံမှားခြင်း ဝီစိကိစ္ဆာ နီဝရဏ၊

ဤ နီဝရဏ ၅-ပါးတိုသည် စိတ်သန္တာန်၌ ပါးလျက် တစ်ခါ တည်းကွာ၍ကွယ်ငုပ်၍ ဝပ်၍ သွားကြလေတော့၏၊ မဖြပေါ်လာ မထ လာကြတော့ပြီ။

ကြွင်းသော အကုသိုလ် နီဝရဏတရားတို့လည်း စိတ်သန္တာန်၌ ဝပ်၍ငုပ်၍ကုန်ကြလေတော့၏၊ မပေါ်လာ မထလာကြတော့ပြီ။

ဆောင်ပုဒ်သံခိပ်။ ။နီဝရဏ၊ ကွာတုံက၊ ဥပစာရလာ။

ထိုနောက်ဖန်ဖန်၊ ပွားတုံပြန်၊ ပ စျာန်အပ္ပနာ။

အာဝဇ္ဇနံ၊ အာပဇ္ဇန်၊ ဓိဋ္ဌာန်, ဝုဋ္ဌာန။

ပစ္စဝေက္ခန်၊ ဤ ၅-တန်၊ လျင်မြန်လိုတိုင်းရ။

ရှေးရှေးစျာနင်၊ ပယ်စွန့်လျှင်၊ အစဉ် နောက်စျာန်ရ။

၁။ စိတ်ကို အာရုံပေါ်သို့ ရောက်အောင် လွှင်တင်ခြင်း သဘော ဟူသော ဝိတက်။

၂။ ဝိတက်ထင်၍ အာရုံပေါ်သို့ ရောက်ပြီးသော စိတ်ကို ထိုအာရုံပေါ်မှ ဆုတ်လန်၍ မလာရ အောင်, အကျရအောင် ဝန်းဝိုင်း ဖေးမ ကာဆီးပင့်တင်ခြင်း အနုမဇ္ဇန သဘောဟူသော ဝိစာရ,

၃။ နှစ်သက်ခြင်းဟူသော ပီတိ,

၄။ ကိုယ်စိတ် အေးမြ ရွှင်လန်း ချမ်းသာခြင်းဟူသော သုခ,

၅။ စိတ်၏ ငြိမ်သက်တည်ကြည်ခြင်းဟူသော ဧကဂ္ဂတာ,

ဤ စျန်အင်္ဂါ ၅-ပါးတို့လည်း အတန်ငယ် အားကောင်း ထင်ရှား၍ ပေါ်၍လာကြကုန်၏၊

ဤ စျာန်အင်္ဂါတို့သာ မဟုတ်၊ စျာန်အင်္ဂါတို့နှင့် လိုက်လျော နိုင်သော ကြွင်းသော စေတသိက်တရားတို့လည်း အားကောင်း ထင်ရှား၍ ပေါ်၍လာကြကုန်၏၊ ထိုအခါ သတိတရားများ အလွန်ထင်၏၊ ယခု အခါမှစ၍ အမိရင်ခွင်တွင်း နောက်ဆုံးပိတ် နို့စို့သည့်အခါကျအောင် ဤအတွင်း ပြုဖူးသမျှ အမှုကိစ္စတွေကို ယခုပြုနေရဘိသကဲ့သို့ အကုန်လုံး ပြန့်၍ အမှတ်ရ၏၊ စိတ်များလည်း အလွန်ကြီးထွား၏၊ လျင်မြန်၏၊ စကြာဝဠာတံတိုင်းပေါ်သို့ စိတ်နှင့်ပြေးသွား လျှောက်ပတ်လိုက်လျှင် လက်ဖျစ်တစ်တွက် အတွင်းမှာပင် ပတ်မိ၏၊ အကွင်းကြီးထင်၍ လိုက်၏၊ စိတ်ရှုစရာ သွားရာအရပ်မှာ မှန်ကို စိန်သွားနှင့် ခြစ်ရာ၌ကဲ့သို့ အကြောင်း ထင်၍ လိုက်၏၊ ဝိတက်သန်ပုံများမှာလည်း အလိုရှိရာအရပ်ကို လွှတ် လိုက်တိုင်း တန်းကနဲ ပြေးရောက်၏၊ ပျော့ညွတ် ကွေးကောက်၍ မနေပြီ။

သမထလမ်း၌ ဤကဲ့သို့ ပဋိဘာဂနိမိတ် အရာဌာနသို့ ရောက်နိုင် လျှင် ထိုပုဂ္ဂိုလ်ကို တိဟိတ်ပုဂ္ဂိုလ်ဟု မှတ်ကြ၊ တိဟိတ်ပုဂ္ဂိုလ်တို့မှသာလျှင် ဤနေရာဌာနဟု ဆိုက်ရောက်နိုင်သည်။ တိဟိတ်ပုဂ္ဂိုလ် မဟုတ်လျှင် မဆိုက်ရောက်နိုင်ပြီ၊ မဆိုက်ရောက်နိုင် ဆိုတယ်လို့ အားမထုတ်လို့ မဆိုက်ရောက်တာကိုလဲ မမှတ်ရ၊ အားထုတ်ပါလျက် ဆိုက်ရောက် ချိန်သင့်ပါလျက် မဆိုက်ရောက်မှသာ တိဟိတ်မဟုတ်ဟု မှတ်ရမည်။ အားထုတ်ရာမှာလည်း အချို့မှာ အနှစ် ၂၅-၃၀ ပင် ကြာမှ ဤနေရာတို့သို့ ရောက်နိုင်ကြသည်၊ စျာန်မဂ်ဖိုလ် တရားထူးတို့ကို ရရှိနိုင်ကြသည်၊ ဤနေရာ ဌာနတို့သည် တိဟိတ်, ဒွိဟိတ်ခွဲသော နေရာ တို့တည်း၊ ဤနေရာဌာနတို့သို့ ဆိုက်ရောက်၍ တိဟိတ်မှန်ခဲ့လျှင် ထိုပုဂ္ဂိုလ်သည် အလိုဆန္ဒရှိက စျာန်မဂ်ဖိုလ် တရားထူးကို ဧကန်မချွတ် ရနိုင် ယူနိုင်တော့၏၊

(ဤကား ပဋိဘာဂနိမိတ် ထင်ပုံတည်း)

ပထမစျာန်

ဤသို့ ပဋိဘာနိမိတ်ကို ရပြီးရောက်ပြီးသောယောဂီပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်ကို စကြာမင်းလောင်း ကိုယ်ဝန်ကိုချစ်ခင်စောင့်ရှောက် သော အမိကဲ့သို့ အလွန်ချစ်ခင် စောင့်ရှောက်လျက် မမေ့မလျော့ အထပ်ထပ်အားထုတ် ကြည့်ရှုဖန်များသောအခါ စိတ်သည် တဖြည်းဖြည်း ရင့်သန်ကြီးထွားလျက် အားကောင်းလျက် ငြိမ်သက်လျက် အကြင်အခါ၌ အာရုံကို ခိုင်မြဲရာတွယ်၍ အာရုံထဲသို့ ဝင်ဘိသကဲ့သို့ဖြစ်၍ အာရုံကိုစူး စိုက်၍ ငြိမ်၍ မှိန်း၍ ခံစား၍ ဖြစ်ပေါ်၏၊ ထိုအခါ၌ ဖြစ်ပေါ်သော စိတ်ကို စျာန်အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော ပထမစျာန်စတ်ဟု ခေါ်သည်။ ပထမစျာန်စိတ်ဟုမှတ်။

ဤစျာန်အပ္ပနာဝီထိကျပုံမှာ

စိတ်သည် ရှေ့ဇောဝါရ အဆုံးဘဝင်ကျ၍ ဘဝင်မှထပြီးလျှင် ဤကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြု၍ အာဝဇ္ဇန်း ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ, စျာန်-ဟု စျာန်ဇောတစ်ကြိမ်၊ ထို့နောက် ဘဝင်ကျ၍ သွား၏၊

ထိုနောက် အိပ်မက်မက်သဖြင့် နိုး၍ အိပ်မက်ကို ပြန်၍ ဆင်ခြင် သော သူကဲ့သို့ သင်ကား ဝိတက်, သင်ကား ဝိစာရ, သင်ကား ပီတိ, သင်ကား သုခ-စသည်ဖြင့် စျာန်အင်္ဂါ ၅-ပါးတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ ဇောဝါရတွေ ဖြစ်ကုန်၏၊ ဤစျာန်အပ္ပနာဝီထိမှာ။။

အာရုံ မကွဲပြားကြပြီ၊ အာရုံမကွဲပြားဘဲလျက် အဘယ့်ကြောင့် စျာန်ဇောမှန်း သိရသနည်း-ဆိုသော် ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ ဟူသော ဇောလေးကြိမ်တို့မှာကား ကာမတဏှာလည်း မကင်းသေး မငုပ်တတ် သေးပြီ၊ ဖြစ်ကြပုံလည်း ကြပ်ကြပ် မငြိမ်သက်ကြသေးပြီ၊ ဂေါတြဘူ နောက်၌ဖြစ်သော ဇောတစ်ကြိမ်မှာမူကား ကာမတဏှာလည်း ကင်း၍ ပါး၍ ငုတ်၍သွား၏၊ စိတ်လုံးလည်း အလွန်ကြီးထွား၏၊ စျာန်အင်္ဂါတို့လည်း အလွန်ထင်ရှားစွာ ကြီးထွားဖြစ်ပေါ်ကြကုန်၏၊ သံမှိုကို မြုပ်အောင် ရိုက်လိုက်လျှင် လှုပ်နဲ့၍မရ ယိမ်းယိုင်ခြင်း မရှိဘိသကဲ့သို့ ဖြစ်ပုံလည်း အာရုံထဲဝင်ဘိသကဲ့သို့ အလွန်ခိုင်မြဲစွာ တွယ်၍ စူးစိုက်၍ လှုပ်ရှား ယိမ်းယိုင်ခြင်းမရှိ အလွန်ငြိမ်သက်စွာဖြစ်၏၊ ဤသို့သော အကြောင်းကြောင့် စျာန်ဇောမှန်း သိအပ်၏၊

ဤစျာန်ဇောစေတနာကံသည်-ကာမတဏှာ ကင်းခြင်းကြောင့် ကာမဘုံ၌ အကျိုးမပေးပြီ၊ ကာမဘုံကို လွန်၍ ရူပဗြဟ္မာဘုံ၌ အကျိုးပေး ၏၊ ထို့ကြောင့် ဤစျာန်စိတ်ကို ရူပါဝစရစိတ်ဟု ခေါ်အပ်၏၊

ဤကဲ့သို့ ပထမစျာန်ကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ဤပထမ စျာန်ကို ကြပ်ကြပ် မြဲမြံခိုင်ခံ့အောင် အားကောင်းအောင် အဖန်ဖန် ဝင်စားအပ်၏၊

ဝင်စားဆိုသည်ကား- ကသိုဏ်း ပဋိဘာဂနိမိတ်ကို အဖန်ဖန် ရှု၍ စျာန်ဇော အဖန်ဖန်ကျစေမှုတည်း၊ ယခုအစဆုံးကျသော အပ္ပနာဝီထိ မှာ စျာန်ဇော ၁-ကြိမ်သာကျ၏၊ ထို့နောင် ဝင်စားဖန် များသောအခါ စိတ်အားသန်စွမ်း၍ ၁-ကြိမ်, ၂-ကြိမ်, ၃-ကြိမ်, ၄-ကြိမ် စသည်ဖြင့် စိတ်သန်သလောက် စျာန်ဇောတွေ အသင်္ချေ မရေတွက်နိုင်အောင် များစွာပင်ကျ၍ သွား၏၊ ၁-နာရီပတ်လုံး စျာန်ဇောတွေချည်းကျ၍ ဖြစ်နေ၏၊ တစ်နံနက်ပတ်လုံး, တစ်နေ့ပတ်လုံး, တစ်ရက်ပတ်လုံး, ခုနစ်ရက်ပတ်လုံး စသည် ကြာအောင်ပင် စျာန်ဇောချည်းသက်သက် ကျ၍ ဖြစ်၍နေ၏၊

ဤကဲ့သို့ စိတ်ကို စျာန်သန်စွမ်း အားကောင်းအောင် ခိုင်ခံ့အောင် ပြုပြီးလျှင် ဤပထမစျာန်ကို

၁။ သမာပဇ္ဇနဝသီ,

၂။ အဓိဋ္ဌာနဝသီ,

၃။ ဝုဋ္ဌာနဝသီ,

၄။ အာဝဇ္ဇနဝသီ,

၅။ ပစ္စဝေက္ခဏဝသီ

ဟု ဝသီဘော် ၅-ပါးတို့ဖြင့် လေ့လာနိုင်နင်းအောင် ပြုအပ်၏၊

ဆောင်ပုဒ်သံခိပ်။။ အာဝဇ္ဇနံ၊ သမာပဇ္ဇန်၊ ဓိဋ္ဌာန်, ဝုဋ္ဌာန။ ပစ္စဝေက္ခဏ်၊ ဤငါးတန်၊ လျင်မြန်လိုတိုင်းရ။

ဝသီဘော် ၅-ပါး အဓိပ္ပါယ်

ဤဝသီဘော် ၅-ပါးတို့တွင်

၁။ စျာန်ကို အလိုရှိသော ခဏ၌ အလျင်အမြန် ဝင်စားနိုင်မှုကို သမာပဇ္ဇနဝသီ-ဟု ခေါ်သည်။

၂။ တစ်ခဏ, တစ်နာရီ, တစ်နံနက်, တစ်ရက်-စသည်ဖြင့် မိမိအလိုရှိသမျှ ကာလပတ်လုံး ပိုလည်းမပိုရ လိုလည်း မလိုရအောင် စျာန်ဇောကို ဖြစ်စေနိုင်မှု, ထားနိုင်မှုကို အဓိဋ္ဌာနဝသီ-ဟု ခေါ်သည်။

၃။ အချိန်ကာလကို ပိုလည်းမပိုရ လိုလည်းမလိုရ၊ မိမိမှန်း ထားသော အချိန်၌ စျာန်ဇောမှ ထနိုင်မှုကို ဝုဋ္ဌာနဝသီ-ဟု ခေါ်သည်။

၄။ စျာန်မှထ၍ စျာန်အင်္ဂါတို့ကို ဆင်ခြင်ပြီးလျှင် တစ်ဖန် စျာန်ကို အလျင်အမြန်ဝင်စားရန်ဖို့ စျာန်အင်္ဂါတို့ကို ဆင်ခြင်သော အာဝဇ္ဇန်း လျင်မြန်စွာ ဖြစ်စေနိုင်မှုကို အာဝဇ္ဇနဝသီ-ဟု ခေါ်သည်။

၅။ စျာန်အင်္ဂါကို ဆင်ခြင်ပြီးလျှင် တစ်ဖန်စျာန်ကို အလျင် အမြန်ဝင်စားရန်ဖို့ စျာန်အင်္ဂါတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဇော တွေကို ၇-ကြိမ်လောက် များစွာ မဖြစ်စေဘဲ ၄-ကြိမ် ၅-ကြိမ်မျှ လောက်သာ ကျစေနိုင်မှုကို ပစ္စဝေက္ခဏဝသီ-ဟု ခေါ်သည်။ ဤသို့ စျာန်အင်္ဂါကို ဆင်ခြင်သော ဇောကို အလျင်အမြန် နည်းနည်းနှင့် ပြတ်စေ၍ ဇောနောင် ဘဝင်တို့ကိုလည်း များစွာမဖြစ် စေဘဲ နည်းနည်းနှင့်ပြတ်စေ၍ အလျင်အမြန် တစ်ဖန် စျာန်ကို ဝင်စားနိုင်မှုကို သမာပဇ္ဇနဝသီ-ဟု ခေါ်သည်။ ဤသို့ ဝသီဘော် ၅-ပါးကို လှည့်ခွေပတ်၍ သိအပ်၏၊

ဝသီဘော် နိုင်နင်းသော သူတကာတို့တွင် အထွတ်အထိပ်သို့ ရောက်တော်မူသော သဗ္ဗညုတဘုရားရှင်တို့အား တန်ခိုးယမိုက် ပြာဋိဟာကို ပြသောအခါ, အလွန်လျင်မြန်စွာ ပြုရသောအခါတို့၌ကား ပစ္စဝေက္ခဏာဇော ၄-ကြိမ်, ၅-ကြိမ် ဇောနောင် စျာန်၏အကြား ဘဝင် ၂-ကြိမ်, ၃-ကြိမ်မျှသာဖြစ်ကုန်သည်၊ ဤသည်လျှင် အနည်းဆုံး အနိုင် နင်းဆုံးပင်တည်း၊ သည့်ထက်ကား နည်း၍မဖြစ်နိုင်။

ဘုရားမှကြွင်းသော ပုဂ္ဂိုလ်တို့သည်ကား ဤမျှလောက် ဘဝင်ကို နည်းအောင် မတတ်နိုင်ကြပြီ၊ ဇောဘဝင်ကို နည်းအောင် အလျင်အမြန် ဖြတ်နိုင်မှု, ပြောင်းလဲနိုင်မှုသည် အလွန်စိတ်ထက်သန် အားကောင်းမှ အလွန်လျင်မှဖြစ်နိုင်သည်။

ထို့ကြောင့် စိတ်ထက်သန်ကြီးထွားအောင် အားကောင်းအောင် ကသိုဏ်းနိမိတ်ကို ကြီးအောင် တိုးပွားစေအပ်၏၊

တိုးပွားစေရမည့်အခါမှာ ဤကဲ့သို့ စျာန်ကိုရပြီးသော အခါကျ မှလည်း တိုးပွားစေအပ်၏၊ စျာန်မရခင် ပဋိဘာဂနိမိတ်သို့ကျလျှင်လည်း တိုးပွားစေအပ်၏၊ ပဋိဘာဂနိမိတ်သို့ မရောက်ခင် ဥဂ္ဂဟနိမိတ်အခါ၌ကား မတိုးပွားစေအပ်၊ ဥဂ္ဂဟနိမိတ်အခါက တိုးပွားလျှင် ထိုဥဂ္ဂဟနိမိတ်သည် ကြီးပွား၍ကားလိုက်၏၊ စိတ်နိုင်အောင် မထိန်းနိုင်, မရှုနိုင်သဖြင့် ကျဲ၍ ကွဲ၍ ပျက်စီး၍ သွားတတ်သည်။

ထို့ကြောင့် ဥဂ္ဂဟနိမိတ်ကိုကား ကြီးအောင် နှလုံးမသွင်းအပ်၊ မတိုးပွားစေအပ်၊ ပဋိဘာဂနိမိတ်သို့ကျမှ, စျာန်ကိုသော်လည်းရပြီးမှ ကြီးအောင်နှလုံးသွင်းအပ်, တိုးပွားစေအပ်၏၊

တိုးပွားစေပုံမှာလည်း- စိတ်က ''ကြီးကြီး၊ ကြီးကြီး'' ဟု နှလုံးသွင်း လျှင်စိတ်ထင်တိုင်း အောက်မေ့တိုင်း ပဋိဘာဂနိမိတ် ကသိုဏ်းဝန်းကြီး၍ လိုက်သည်၊ လိုက်တိုင်း တစ်ခါတည်း မကြီးစေအပ်၊ တဖြည်းဖြည်း လက် ၁-သစ်, ၂-သစ် ၄-သစ်, ၈-သစ်, ၁-တောင်, ၁-လံ, ၁၀-လံ စသည်ဖြင့် စကြာဝဠာနှင့် အပြည့်တိုင်သော်လည်းကောင်း၊ ထိုထက် အလွန်သော် လည်းကောင်း တစ်စတစ်စ ကြီးပွားစေအပ်၏၊ အလိုရှိသလောက်, စိတ်သန်သလောက် ကျယ်၍ကြီး၍ လိုက်၏၊

အောက်စျာန်ကို ရ၍ အထက်စျာန်ကို တက်လိုသောအခါ မိမိရပြီးသော အောက်စျာန်ကို ခိုင်မြဲအား ကောင်းအောင် ဝသီဘော်နိုင် အောင် ပြုပြီးမှ အထက်စျာန်ကို တက်အပ်, ရအောင် ပြုအပ်၏၊ ဤကဲ့သို့ မပြုဘဲ တက်လျှင် အထက်စျာန်ကိုလည်း မရ၊ အောက်စျာန်လည်းပျက်၊ ၂-ပါးစုံမှ လျောကျပျက်စီးတတ်၏၊

(ဤကား ပထမစျာန်သို့ တက်ပုံတည်း)

ဒုတိယစျာန်သို့ တက်ပုံ

ပထမစျာန်ကို ရပြီး၍ ခိုင်မြဲအားကောင်းအောင်, ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက်ဒုတိယစျာန်ကို တက်နိုင်ခြင်းငှါ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည်

၁။ ဤယခု ငါရသော ပထမစျာန်စိတ်သည် အောက်ကျသေး၏၊

၂။ နီဝရဏ-ဟူသော ရန်သူနီးသေး၏၊

၃။ ဝိတက်ပါခြင်းကြောင့် အလွန်လှုပ်ရှား ရုန့်ရင်းကြမ်းတမ်း သေး၏၊ အားအစွမ်း ညံ့ဖျင်းသေး၏၊

၄။ ဝိတက်မပါလျှင် သည့်ထက် သိမ့်မွေ့ငြိမ်သက်ရာ၏၊ အား အစွမ်းကောင်းရာ၏

ဟု ဆင်ခြင်၍ ဝိတက်ကိုမုန်း၍ ဝိတက်မပါသော စျာန်စိတ်ကို ချစ်ခင်တောင့်တ၍ ဝိတက်ကို မပါစေ လိုသောဆန္ဒဖြင့် ထိုပထဝီပဋိဘာဂ နိမိတ်ကိုပင်လျှင် ''မြေမြေ'' ဟု စိတ်ထဲက မှတ်လျက် အဖန်ဖန် ကြည့်ရှု သော အခါ စိတ်ထဲ၌ ဝိတက်သည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် ဝိတက်ငုပ်၍ ဝိတက်မပါဘဲ ပထမစျာန်ဝီထိကျသကဲ့သို့ ဝိစာရ,ပီတိ,သုခ,ဧကဂ္ဂတာဟု စျာန်အဂါင်္ ၄-ပါးနှင့် ပြည့်စုံသော စျာန်ဝီထိ ကျလာ၏၊ ဤစျာန်ကို ၂-ကြိမ်မြောက်ရအပ် ဝင်းစားအပ်သော စျာန် ဖြစ်၍ ဒုတိယစျာန်ဟု ခေါ်ဆိုမှတ်သားအပ်၏၊ ဤစျာန်ကိုလည်း ရှေး နည်းအတူ ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏၊

(ဤကား ဒုတိယစျာန်သို့ တက်ပုံတည်း။)

တတိယစျာန်သို့ တက်ပုံ

ဒုတိယစျာန်ကို ရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင် အောင် ပြုပြီး၍ အထက် တတိယစျာန်ကို တက်နိုင်ခြင်းငှါ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည်

၁။ ဒုတိယစျာန်စိတ်သည်လည်း အောက်ကျသေး၏၊

၂။ ဝိတက်ဟူသော ရသူနီးသေး၏၊

၃။ ဝိစာရ ပါနှိခြင်းကြောင့် ရုန့်ရင်းကြမ်းတမ်းသေး၏ အားအစွမ်း ညံ့ဖျင်းသေး၏၊

၄။ ဝိစာရမပါလျှင် သည့်ထက် သိမ်မွေ့ငြိမ်သက်ရာ၏၊ အား အစွမ်းကောင်းရာ၏၊

ဟုဆင်ခြင်၍ ဝိစာရကိုမုန်း၍ ဝိစာရမပါသော စျာန်ကို ချစ်ခင်တောင်းတ၍ ဝိစာရကို မပါစေလိုသော ဆန္ဒဖြင့် ထိုပထဝီ ပဋိဘာဂ နိမိတ်ကိုပင်လျှင် ''မြေ,မြေ'' ဟု စိတ်ထဲကမှတ်လျက် အဖန် ဖန်ကြည့်ရှုသော အခါဝိစာရ တဖြည်းဖြည်း သိမ်မွေ့၍ သွားလျက် ဝိစာရငုတ်၍ ဝိစာရမပါဘဲ ပီတိ, သုခ, ဧကဂ္ဂတာ-ဟုစျာန်အဂါင်္ ၃-ပါး နှင့် ပြည့်စုံသော ရှေ့နည်းတူ စျာန်ဇောဝီထိ ကျလာ၏၊ ဤစျာန်ကို ၃-ကြိမ်မြောက် ရအပ် ဝင်စားအပ်သော စျာန်ဖြစ်၍ တတိယစျာန်ဟု ခေါ်ဆိုမှတ်သားအပ်၏၊ ဤစျာန်ကိုလည်း ခိုင်မြဲ အားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏၊

(ဤကား တတိယစျာန်သို့ တက်ပုံတည်း။)

စတုတ္ထစျာန်သို့တက်ပုံ

တတိယစျာန်ကို ရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက် စတုတ္ထစျာန်ကို တက်နိုင်ခြင်းငှာ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည်

၁။ တတိယစျာန်စိတ်သည်လည်း အောက်ကျသေး၏၊

၂။ ဝိစာရဟူသော ရန်သူနီးသေး၏၊

၃။ ပီတိသည် နှစ်သက်ခြင်း သဘောဖြစ်၍ ကာမရတိနှင့် နီးစပ်သော သဘောရှိ၏၊ ကာမရတိ-ဟူသော ရန်သူနှင့်နီး၏၊

၄။ ဤပီတိပါရှိခြင်းကြောင့် စိတ်သည် ပေါ်လွင်၏၊ ရုန့်ရင်း ကြမ်းတမ်းသေး၏၊ အားအစွမ်းလည်း ညံ့ဖျင်းသေး၏၊

၅။ ပီတိမပါလျှင် သည့်ထက် သိမ်မွေ့ငြိမ်သက်ရာ၏၊ အား အစွမ်းလည်းကေင်းရာ၏၊

ဟု ဆင်ခြင်၍ ပီတိကို မုန်း၍ ပီတိမပါသော စျာန်ကို ချစ်ခင် တောင့်တ၍ ပီတိကိုမပါစေလိုသော ဆန္ဒဖြင့် ထိုပဋိဘာဂနိမိတ်ကိုပင် လျှင် ''မြေ, မြေ''ဟု စိတ်ထဲကမှတ်လျက် အဖန်ဖန်ကြည့်ရှုသောအခါ ပီတိသည် တဖြည်းဖြည်းသိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် ပီတိငုတ်၍ ပီတိမပါဘဲ သုခ, ဧကဂ္ဂတာ-ဟု စျာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသောရှေး နည်းတူ စျာန်ဇောဝီထိ ကျလာ၏၊

ဤစျာန်ကို ၄-ကြမ်မြောက်ရအပ် ဝင်စားအပ်သော စျာန်ဖြစ်၍ စတုတ္ထစာန်ဟု ခေါ်ဆိုမှတ်သားအပ်၏၊ ဤစျာန်ကိုလည်း ခိုင်မြဲအား ကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏၊

(ဤကား စတုတ္ထစျာန်သို့ တက်ပုံတည်း။ )

ပဉ္စမစျာန်သို့တက်ပုံ

စတုတ္ထစျာန်ကိုရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက်ပဉ္စမစျာန်ကို တက်နိုင်ခြင်းငှာ အားထုတ် လိုသော ယောဂီပုဂ္ဂိုသည်

၁။ စတုတ္ထစျာန် စိတ်သည်လည်း အောက်ကျသေး၏၊

၂။ ပီတိဟူသော ရန်သူ နီးသေး၏၊

၃။ သုခသည် ကာမရတိ ကာမသုခတို့နှင့် နီးစပ်သော သဘော ရှိ၏၊ ကာမရတိ ကာမသုခ-ဟူသော ရန်သူနှင့် နီး၏၊

၄။ ဤသုခပါရှိခြင်းကြောင့် စိတ်သည် ပေါ်လွင်၏၊ ရုန့်ရင်းကြမ်း တမ်းသေး၏၊ အားအစွမ်းလည်း ညံ့ဖျင်းကြမ်းတမ်းသေး၏၊

၅။ စိတ်ထဲ၌ အာရုံကို ကောင်းသည်ဟုခံစားသော သုခမျိုး မဟုတ်ဘဲ အာရုံကိုကောင်းသည်ဟူ၍လည်းကောင်း၊ မကောင်းဘူဟူ၍ လည်းကောင်း မခံစားဘဲ အလယ်အလတ် ခံစားခြင်း ဥပေက္ခာသဘော နှင့်နေလျှင် သည့်ထက်သိမ်မွေ့ ငြိမ်သက်ရာ၏၊ အားအစွမ်းလည်း ကောင်းရာ၏၊

ဟု ဆင်ခြင်၍ သုခကိုမုန်း၍ ဥပေက္ခာကို ချစ်ခင်တောင့်တ၍ ထိုပထဝီပဋိဘာဂနိမိတ်ကို ''မြေ,မြေ''ဟု စိတ် ထဲကမှတ်၍ အဖန်ဖန် ကြည့်ရှုသောအခါ သုခသည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် ကောင်းသည်ဟု ခံစားခြင်း သဘောမဟုတ်၊ မကောင်းဘူးဟု ခံစားခြင်းသဘောလည်း မဟုတ်ဘဲ ကောင်းမှု, မကောင်းမှု နှစ်ဘက်သို့ မကျဘဲအလယ်အလတ် ခံစားခြင်း ဥပေက္ခာဝေဒနာ ဖြစ်လာ၍ ဧကဂ္ဂတာနှင့်တကွ စျာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ရှေးနည်းတူ စျာန်ဇောဝီထိ ကျလာ၏၊ ဤစျာန်ကို ၅-ကြိမ်မြောက် ရအပ် ဝင်စားအပ် သော စျာန်ဖြစ်၍ ပဉ္စမစျာန်ဟု ခေါ်ဆိုမှတ်သားအပ်၏၊ ဤစျာန်ကိုလည်း ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏၊ (ဤကား ပဉ္စမစျာန်သို့ တက်ပုံတည်း။)

စတုက္ကနည်း=ပဉ္စကနည်း

ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္တစျာန်, ပဉ္စမစျာန်, တို့ကိုရအောင် အားထုတ်ရာ၌

၁။ အချို့သော ပုဂ္ဂိုလ်တို့မှာစျာန် ၅-ဆင့် ရှိသည်၊ ဤနည်းကို ပဉ္စကနည်းဟူ၍လည်းခေါ်ကြသည်။

၂။ အချို့သော ပုဂ္ဂိုလ်တို့မှာကား ဝိတက်နှင့် ဝိစာရကို တပေါင်းတည်း တစ်ကြိမ်တည်း ပယ်ချခဲ့၍ စျာန်၄-ဆင့်သာရှိသည်၊ ထိုနည်းကို စတုက္ကနည်း ဟူ၍ခေါ်သည်။

ထို စတုက္ကနည်း၌ တတိယစျာန်သည် ဒုတိယစျာန်ဖြစ်၏၊

စတုတ္ထစျာန်သည်တတိယစျာန်ဖြစ်၏၊ ပဉ္စမစျာန်သည် စတုတ္ထစျာန် ဖြစ်၏၊

စျာန်ကို ကသိဏခေါ်ပုံ

ပထဝီကသိုဏ်းကို ကြည့်ရှုပွားများ အားထုတ်လျှင် ပဉ္စမစျာန်ကျ အောင် စျာန် ၅-ပါးလုံးကို ရနိုင်၏၊ ပထဝီကသိုဏ်းကို ကြည့်ရှု၍ရသော စျာန်တို့သည်လည်း မြေဝန်း ပထဝီကသိုဏ်းကို ကြည့်ရှု၍ရသော စျာန်ဖြစ်ခြင်းကြောင့် ပထဝီကသိဏ-ဟူ၍ပင် အမည်ရကုန်၏၊

အထုံဝသီပါရမီရှိသူ မရှိသူနှင့် ကသိုဏ်းဝန်း

ပထဝီကသိဏ-စျာန်ကိုရအောင် ပထဝီကသိုဏ်းနိမိတ်ကို ကြည့်ရှုယူရာမှာ ရှေးအတိတ် နီးသောဘဝက ပထဝီမြေကသိုဏ်း နိမိတ်ကို ရခဲ့ဘူးသော အထုံဝသီပါရမီ အဓိကာရ မရှိခဲ့သောသူမှာ မြေကြီးကသိုဏ်းဝန်း အသေအချာလုပ်၍ ရှုမှပင် နိမိတ်ရနိုင်သည်၊ စျာန်ရနိုင်သည်။

ရှေးအထုံဝသီ ပါရမီ အဓိကာရ ရှိသောသူမှာကား မပြုမပြင်ဘဲ ပကတိမြေပြင် ကောက်နယ်တလင်း, ထွန်ယက် ထားသော လယ်ကွက်, ယာကွက်,လယ်ခင်း, ယာခင်းတို့ကိုပင် ''မြေ,မြေ'' ဟု နှလုံးသွင်း၍ ကြည့်ရှု လိုက်လျှင် ပထဝီကသိုဏ်းနိမိတ် ရနိုင်သည်၊ စျာန်တို့ကို ဖြစ်စေနိုင်သည်။

ပထဝီကမြေသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊

-----------

( ခ ) အာပေါ-ရေကသိုဏ်း ပွားများအားထုတ်ပုံ

အာပေါ- ရေကသိုဏ်းကို ကြည့်ရှုပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှေးအတိတ် နီးသောဘဝက ရေကသိုဏ်းကို ရခဲ့ဘူးသော အထုံဝသီ ပါရမီ အဓိကာရရှိခဲ့လျှင် မပြုမပြင်ဘဲ ပကတိ သော မြစ်, သမုဒ္ဒရာ, အိုင်, ရေကန်, ရေတွင်း-တို့ကို ကြည့်ရှုရုံမျှဖြင့် အလွယ်တကူနှင့်ပင် ရေနိမိတ် ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် တစ်တောင်လောက်, တောင်ဆုပ်လောက် အဝကျယ်သော အစောက်နက်သော အိုး, ခွက်, စည်ပိုင်းထဲ၌ ကြည်လင်စွာသော ရေကိုထည့်၍ မြေကသိုဏ်း၌ အကျယ်ဆိုခဲ့ပြီးသော ရှုနည်း ကြည့်နည်း ရှုပုံကြည့်ပုံအတိုင်း ရေကိုစိတ်ထဲ၌ ဥဂ္ဂဟနိမိတ်ရအောင် ကြည့်ရှုရာ၏၊

ဤ ရေကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ် ရေနှင့် အထပ်တည်းတူ၏၊ ပြင်ဘက်ရေကဲ့သို့ လှုပ်ရှားလျှင် လှုပ်ရှား သောအတိုင်း အပွက်ပါလျှင် အပွက်အတိုင်း ပါလျက်ထင်၏၊ ပဋိဘာဂ နိမိတ်ကား အပွက်မရှိ၊ လှုပ် ရှားခြင်းမရှိ၊ အလွန်ငြိမ်သက်လျက် ထိုဥဂ္ဂဟ နိမိတ်ထက် အဆအရာမက သာလွန်၍ ကြည်လင်စွာထင်၏၊ မှန်ညိုသား ကဲ့သို့ တသားတည်း အလွန်ကြည်လင်စွာထင်၏၊ စျာန်ပုံပေါ်မှာ ပထဝီမြေ ကသိုဏ်းနည်း အတိုင်းပေါ်၏၊ ဤရေကသိုဏ်းလည်း စျာန် ၅-ပါးလုံးကို ဖြစ်စေနိုင်၏၊

(ပထဝီမြေကသိုဏ်း ပွားများနည်းအတိုင်း အကျယ်ပွားများလေ။)

အာပေါ-ရေကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊

( ဂ ) တေဇော-မီးကသိုဏ်း ပွားများအားထုတ်ပုံ

တေဇော-မီးကသိုဏ်းကိုလည်း ရှေးအတိတ် နီးသောဘဝက အားထုတ်ခဲ့ဘူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် ပကတိသော မီးပုံ, မီးကျီး, မီးတောက်, ဆီမီး, ဖရောင်းတိုင်မီးတို့ကိုပင် ကြည့်ရှု၍ နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကရ ရှိခဲ့လျှင် ပကတိသော မီးပုံ, မီးကျီး, မီးတောက်, ဆီမီး, ဖရောင်းတိုင် မီးကိုပင် ကြည့်ရှု၍ နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မီးတောက်ကိုသော်လည်းကောင်း၊ မီးကျီးစုကိုသော်လည်းကောင်းဖြစ်စေ၍ မပူလောက်သော အနီး၌ထား၍ အလွတ်လည်းကြည့်ရှုရာ၏၊ ဖျာ, ရိုင်, သဲပွတ်, ဝါးကပ်-စသည်ကို တစ်ထွာလောက် အပေါက်ဖောက်၍ ထိုအပေါက်ဖြင့် ကာစီး၍သော် လည်း ကြည့်ရှုရာ၏၊

ဤမီးကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ် အတိုင်း မီးခဲဖြစ်လျှင် အခိုးအငွေ့ အရှိန်နှင့်တကွ မီးခဲတွေ အစိတ်အစိတ် ကွဲလျက်ပင်ထင်၏၊ ပဋိဘာဂနိမိတ်မှာ အခိုးအငွေ့ အရှိန်ကင်းလျက် မီးခဲတစ်ခုတည်း တသားတည်းတွေ ခဲလျက်ထင်၏၊ မီးတောက် ဥဂ္ဂဟ နိမိတ်မှာ အခိုးအငွေ့ အရှိန်နှင့်တကွ လောင်စာထင်းနှင့်တကွ လှုပ်ရှား လျက်ထင်၏၊ ပဋိဘာဂနိမိတ်မှာ အခိုးအငွေ့အရှိန်မရှိ လောင်စာထင်း စမရှိ ငြိမ်သက်စွာထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏၊

တေဇောမီးကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊

---------

(ဃ) ဝါယော-လေကသိုဏ်း ပွားများအားထုတ်ပုံ

ဝါယော-လေကသိုဏ်းကိုလည်း ရှေးအတိတ် နီးသောဘဝက ဝါယော-လေကသိုဏ်းကို ရခဲ့ဘူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် ပကတိကောင်းကင်ပြင်မှာ လွင့်တိုက်၍နေသော လေကိုပင် ဖမ်း၍ နိမိတ်ရအောင် ယူနိုင်၏၊

အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မြက်ပင်ဖျား, ပြောင်း ပင်ဖျား, ကြံပင်ဖျား, ဝါးရုံပင်ဖျား, သစ်ကိုင်း ဖျား, လက်လေးသစ်မျှ လောက်ရှည်သော ဆံတိုဆံပင်ဖျားတို့၌ လေတဖြတ်ဖြတ်ခတ်၍ လှုပ်၍နေသောအခါ ထိုခတ်အပ်သော မြက်ပင်ဖျား, ပြောင်းပင်ဖျား, ကြံပင်ဖျား-စသည်တို့ဖြင့်မှတ်၍ တိုက်ခတ်လာသောလေကို ဤနေရာ၌ လေတွေ ပြေးလွင့် ၍တိုက်ခတ်၍ ရှိနေသည်ဟု သတိပညာဖြင့် မှတ်၍ စိတ်ကူး၍ ''လေ,လေ''ဟု ကြည့်ရှုဖမ်းယူအပ်၏၊ လေတိုက်ခတ်သောအခါ ကိုယ်ကို လေတိုက်ခံ၍သော်လည်း ထိုလေတိုက်ခတ်၍ ထိမှန်းသိသော နေရာ၌ လေကိုနှလုံးသွင်း၍ သတိသညာဖြင့် မှတ်၍ စိတ်ကူး၍ ဖမ်းယူအပ်၏၊

ဤလေကသိုဏ်း၌ -ဥဂ္ဂဟနိမိတ်ကား ရေတွေကဲ့သို့သော် လည်းကောင်း၊ မီးခိုးကဲ့သို့သော်လည်းကောင်း စီးသွား ပြေးလွင့်သော အခြင်းအရာအားဖြင့် လှုပ်ရှားလျက် ထင်၏၊ ပဋိဘာဂနိမိတ်ကား မလှုပ်မရှား ငြိမ်သက်စွာ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီ မြေကသိုဏ်းနည်း အတိုင်း ပေါ်၏၊ လေကိုမျက်စိဖြင့် မမြင်ရသော်လည်း မီးခိုးတို့၊ ရေတို့ ကဲ့သို့ပင်တည်း။

ဝါယော လေကသိုဏ်း ပွါးများ အားထုတ်ပုံ ပြီိး၏၊

-------

( င ) နီလ အညိုကသိုဏ်း ပွါးများအားထုတ်ပုံ

နီလ -အညို ကသိုဏ်းကိုလည်း ရှေးအတိတ် နီးသောဘဝက နီလ-အညိုကသိုဏ်းကို ရဘူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ညိုညိုမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း, ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အရိုးနှင့်တကွ ကသိုဏ်းဝန်း လုပ်၍ အညိုဆုံးဆေးကို အချောဆုံး အလှဆုံး-နေအောင်လုပ်၍ သုတ်၍ အနား၌ အညိုရောင်ကို တောက်ထစေတတ်သော အနီဖြစ်စေ, အဖြူ ဖြစ်စေ- အမှတ်မရှိ တစ်ခုခု ဒန်ပူတစ်ပြား (ငွေမူးစေ့ခန့်) ဆေးမင်အနား သတ် တင်သား သုတ်လိမ်း၍ ''အညို၊ ညို''ဟု စိတ်ထဲက မှတ်၍ကြည့်ရှု ၍-နိမိတ်ယူရာ၏၊

ဤအညိုကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မ နိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင်ထင်၏၊ ပဋိဘာဂ နိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက ညိုချောပြောင် လင်းလျက် အလွန်နှစ်သက်ဖွယ် ပတ္တမြားညိုယပ်ဝန်းကဲ့သို့ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်း ပေါ်၏၊

နီလ-အညိုကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊

----------

( စ ) ပီတ- အဝါကသိုဏ်း ပွားများအားထုတ်ပုံ

ပီတ- အဝါကသိုဏ်းကိုလည်း ရှေးအတိတ် နီးသောဘဝက ပီတ-အဝါကသိုဏ်းကို ရဖူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ဝါဝါမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိ အထွာဖြင့် တစ်ထွာလောက် အလျားအနံ ကျယ်စွာ သစ်သားကို ယပ်ဝန်း, ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အရိုးနှင့်တကွ ကသိုဏ်း ဝန်းလုပ်၍ အဝါဆုံးဆေးကို အချောဆုံး အလှဆုံးဖြစ်အောင် သုတ်၍ အနား၌ အဝါရောင်ကို တောက်ထစေတတ်သော အနီဖြစ်စေ, အညိုဖြစ် စေ, အနက်ဖြစ်စေ, အဖြူဖြစ်စေ-အမှတ်မရှိတစ်ခုခု ဒန်ပူတစ်ပြား (ငွေမူး စေ့ခန့် ) ဆေးမင် အနားပတ် တင်သားသုတ်လိမ်း၍ ''အဝါ, အဝါ'' ဟု စိတ်ထဲကမှတ်၍ ကြည့်ရှု၍ နိမိတ်ယူရာ၏၊

ဤအဝါကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား ပြင်ဘက်ပရိကမ္မနိမိတ် နှင့် တထပ်တည်းတူစွာ မျက်စိနှင့်မြင်သောအတိုင်းပင် ထင်၏၊ ပဋိဘာဂ နိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက ဝါ-ချောပြောင်လင်းလျက် အလွန်နှစ်သက်ဖွယ် ပတ္တမြားဝါ ယပ်ဝန်းကဲ့သို့ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်း ပေါ်၏၊

ပီတ-အဝါကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊

-----------

(ဆ) လောဟိတအနီကသိုဏ်း ပွားများအားထုတ်ပုံ

လောဟိတ-အနီကသိုဏ်းကိုလည်း ရှေးအတိတ် နီးသော ဘဝက လောဟိတအနီကသိုဏ်းကို ရဖူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ နီနီသမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့်တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း, ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အရိုးနှင့်တကွ ကသိုဏ်းဝန်းလုပ်၍ အနီဆုံးဆေးကို အချောဆုံး အလှဆုံးနေအောင် သုတ်၍ အနား၌ အနီရောင်ကို တောက်ထစေတတ်သော အညိုဖြစ်စေ, အဝါဖြစ်စေ, အဖြူဖြစ်စေ-အမှတ်မရှိ တစ်ခုခု ဒန်ပူတစ်ပြား (ငွေမူး စေ့ခန့်) ဆေးမင် အနားပတ် တင်သား သုတ်လိမ်း၍''အနီ,အနီ'' ဟု စိတ်ထဲကမှတ်၍ ကြည့်ရှု၍ နိမိတ်ယူရာ၏၊

ဤအနီကသိုဏ်း၌-ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင် ထင်၏၊ ပဋိဘာဂ နိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက နီ-ချော ပြောင်လင်းလျက် အလွန် နှစ်သက်ဖွယ်ပတ္တမြားနီ, ယပ်ဝန်းကဲ့သို့ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်း ပေါ်၏၊

လောဟိတ- အနီကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊

------------

(ဇ) ဩဒါတ- အဖြူကသိုဏ်း ပွားများအားထုတ်ပုံ

ဩဒါတ- အဖြူကသိုဏ်းကိုလည်း ရှေးအတိတ် နီးသောဘဝက ဩဒါတ-အဖြူကသိုဏ်းကို ရဖူးသော အထုံဝသီ ပါရမီအဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ဖြူဖြူမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း, ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အရိုးနှင့်တကွ ကသိုဏးဝန်း လုပ်၍ အဖြူဆုံးသောဆေးကို အချောဆုံး အလှဆုံးနေအောင် သုတ်၍ အနား၌ အဖြူရောင်ကို တောက်ထစေတတ်သော အနက်ဖြစ်စေ, အဝါဖြစ်စေ, အနီဖြစ်စေ အမှတ်မရှိ တစ်ခုခု ဒန်ပူတစ်ပြား (ငွေမူးစေ့ခန့်) ဆေးမင်အနားပတ် တင်သား သုတ်လိမ်း၍ ''အဖြူ အဖြူ '' ဟု စိတ်ထဲက မှတ်၍ ကြည့်ရှု၍ နိမိတ်ယူရာ၏၊

ဤ အဖြူကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မ နိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင် ထင်၏၊ ပဋိဘာဂနိမိတ်မှာ ထိုဥဂ္ဂဟနိမိတ်ထက် အဆအရာမက ဖြူချောနုနယ် ပြောင်လင်းလျက် အလွန်နှစ်သက်ဖွယ် ဖြစ်၍ ထင်၏၊ အဖြူ ပရိကမ္မ နိမိတ်ကို ကြည့်ရှုသောအခါ အပေါ်ရံ၌ ရေကဲ့သို့ လှုပ်ရှားအိအိ အပေါ် ရောင်ရှိ၏၊

ထိုအပေါ်ရောင် အတွင်းက ပေါ်လာသော အဖြူထက်ပင် ပဋိဘာဂနိမိတ်က အဆများစွာ သာလွန်၍ ဖြူချောနုနယ် ပြောင်လင်း သေး၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏၊

ဩဒါတ- အဖြူကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊

------------

(စျ) အာလောက-အလင်းကသိုဏ်း ပွားများအားထုတ်ပုံ

အာလောက-အလင်းကသိုဏ်း နိမိတ်ဆိုသည်ကား အမိုးပေါက်, နံရံပေါက်များမှ နေရောင်ဝင်လာ၍ အိမ်ခန်း ကျောင်းခန်းအတွင်း ကြမ်းပြင် နံရံများမှာ ထင်နေသော နေရောင်ကွက်ကို ဆိုသည်၊ ထိုနေရောင် ကွက်ကို ''အလင်း အလင်း'' ဟု စိတ်ထဲကမှတ်၍ မျက်စိ နှင့်မြင်သောအတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါလာအောင် ကြည့်ရှု၍ ယူရာ၏၊ ဤကဲ့သို့ နေရောင်ကွက်အခင်းက ကြာရှည်မခံ၍ ရအောင် မယူနိုင်လျှင် မှန်ကိုနေပူ၌ အခန်းတွင်းသို့ မျက်နှာလှည့်ပြထား၍ ထိုမှန်ရောင် အလင်းကွက်ကို ကြည့်၍ ယူရာ၏၊ ညဉ့်အခါ အခန်းတွင်း နံရံ၌ တပါးမှ လာစေ၍ ထင်လာသော မီးရောင် အလင်းကွက်ကိုသော် လည်း ကြည့်ရှု၍ ယူရာ၏၊

ဤအလင်းကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား အပြင်ဘက် ပရိကမ္မ နိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင် ထင်၏၊ ပဋိဘာဂနိမိတ်မှာ ထိုဥဂ္ဂဟတိမိတ်ထက်သာလွန်၍ လင်းလျက် ထူးကဲစွာ တွေ့ခဲ၍ အရောင်လုံး အရောင်ခဲကြီးကဲ့သို့ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်းပေါ်လာ၏၊

အာလောက-အလင်းကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊

-----------

(ည) အာကာသ-အလင်းရောင်ကသိုဏ်း ပွားများအားထုတ်ပုံ

အာကာသ-ကောင်းကင်ကသိုဏ်းနိမိတ် ဆိုသည်ကား အမိုး ပေါက်, နံရံပေါက်, ပြတင်းပေါက်များ ကိုဆိုသည်၊ ကြည့်ရှုလိုသောအခါ ဝိုင်းဝိုင်းစက်စက် လှပစွာ ပဏာရအောင် အမိုးကိုဖြစ်စေ, နံရံကိုဖြစ်စေ မိမိအထွာဖြင့် ၂-ထွာလောက် ဝိုင်းဝိုင်းစက်စက် အပေါက်ဖောက်၍ ထိုအပေါက်ကို ''ကောင်းကင်ဟင်းလင်း, ကောင်းကင်ဟင်းလင်း'' ဟု စိတ်ထဲကမှတ်၍ မျက်စိနှင့် မြင်သောအတိုင်း ဟင်းလင်းကောင်းကင် ကွက်ကို စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါလာအောင် ကြည့်ရှု၍ ယူရာ၏၊

(အဝိုင်းမှသာမဟုတ် လေးထောင့် ပြတင်းပေါက်ကိုလည်း

ကြည့်ရှုယူရပါ၏၊ နိမိတ်ရသည်သာ လိုရင်းတည်း။)

ဤကောင်းကင်ကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား အမိုးစွန်း, နံရံစွန်း နှင့်တကွ ထင်၏၊ ပဋိဘာဂနိမိတ်မှာ အစွန်းပျောက်လျက် ကောင်းကင် ဟင်းလင်းကွက် သက်သက်ကြီးထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်း ပေါ်၏၊

အာကာသ-ကောင်းကင်ကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊

--------------

ကသိဏ ကမ္မဋ္ဌာန်း၌ မှတ်ဖွယ်

ဝဏ္ဏ-အဆင်းကသိုဏ်း၌-ကဏှ-မည်းနက်သောအဆင်း, ဟရိတ-စိန်သောအဆင်းတို့ကိုလည်း ကြည့်ရှု၍ နိမိတ်ရနိုင်၏၊ စျာန် ရနိုင်၏၊ ကဏှ-ကသိုဏ်း, ဟရိတ-ကသိုဏ်းတို့ကို နီလ-ကသိုဏ်း ဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏၊

ထိုနည်းတူ

၁။ အဝါနှင့်နီးစပ်သော အလုံးစုံသော အဆင်းကသိုဏ်းတို့ကို အဝါ-ကသိုဏ်းဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏၊

၂။ အနီနှင့်နီးစပ်သော အလုံးစုံသော အဆင်းတို့ကို အနီကသိုဏ်းဟူ၍ပင် ခေါ်ဆိုရေတွက်အပ်၏၊

၃။ အဖြူနှင့်နီးစပ်သော မွဲပြာပြာ ပြာစိမ်းစိမ်းစသော အလုံးစုံ သောအဆင်းတို့ကို အဖြူ-ကသိုဏ်းဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏၊

(လောက၌ မျက်စိဖြင့် မြင်မြင်သမျှ ကသိုဏ်းချည်းပင်တည်း၊ အရပ် ၁၀-မျက်နှာကို ဘယ်အရပ်ကိုဘဲ ကြည့်ကြည့် ကသိုဏ်းချည်းပင် မြင်ရတော့၏၊ နိမိတ်ရအောင်သာ ကြည့်ရှု၍ ယူကြလေ။)

ကသိုဏ်းကို ကြည့်ရှု ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ကသိုဏ်း ၁၀-ပါးတို့တွင် မိမိစိတ် ချစ်ခင် နှစ်သက် တွယ်တာပုံရသော တစ်ခုခုသော ကသိုဏ်းကို ရှေးဦးစွာ ကြည့်ရှု၍ နိမိတ်ယူ၍ စျာန် ၅- ပါးတို့ကို ဖြစ်စေရာ၏၊ ကသိုဏ်းနိမိတ်တစ်ခုခုကို ရသည်ရှိသော် ကြွင်းကသိုဏ်းနိမိတ်တို့ကို အလွယ်တကူဖြင့်ပင် ရရှိနိုင်တော့၏၊ ရှေး အတိတ်ကာလက အထုံဝသီ ပါရမီ အဓိကာရမရှိသော ပကတိသော ပုဂ္ဂိုလ်မှာ ပထဝီ ကသိုဏ်းလည်း ခက်ခဲသည်၊ နိမိတ် ရခဲသည်၊ ဝါယော ကသိုဏ်း, အာလောက ကသိုဏ်းတို့လည်း ခက်သည်၊ နိမိတ် ရခဲသည်။ ရေကသိုဏ်း, မီးကသိုဏ်း, ကောင်းကင်ကသိုဏ်းတို့လည်း တော်တော်လွယ်၏၊ အလွယ်ဆုံးမှာ ဝဏ္ဏ-အဆင်း ကသိုဏ်းတို့ သာ၍ လွယ်၏၊ အလုပ်ရ အကြည့်ရ လွယ်၏၊ နိမိတ်လည်း ရလွယ်၏၊ ဤဝဏ္ဏ-အဆင်းကသိုဏ်းတို့တွင်လည်း အာဒိကမ္မိက အဦးအစ ပုဂ္ဂိုလ်အား ထိန, မိဒ္ဓ ထိုင်းမှိုင်းခြင်းကို လျင်မြန်စွာ ကင်းကွာစေ တတ်သော အလွန်စိတ်ဉာဏ်ကို ကြည်စေတတ်သော နိမိတ်မရခင် လမ်းခရီး၌ပင် အထည်ဝတ္ထု အဆင်းဟူသမျှကို အလိုရှိတိုင်း မြင်စေ တတ်သော အလွန်တန်ခိုးအာနုဘော်ကြီးသော ကသိုဏ်းတို့တွင် အမြတ် ဆုံး, အကောင်းဆုံး, အသာဆုံး- ဟူ၍ ဘုရားရှင် ဧတဒဂ်ထားတော်မူ သော ဩဝါဒ-အဖြူကသိုဏ်းကို ရှေးဦးစွာ ပွားများခြင်းကို ငါတို့ လွန်စွာ နှစ်သက်၏၊

ကသိုဏ်း ၁၀-ပါး ပွားများအားထုတ်ပုံ ပြီး၏၊

----------

၅။ အသုဘကမ္မဋ္ဌာန်းကို ပြဆိုခန်း

(က) ဥဒ္ဓုမာတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ

အသုဘ ၁၀-ပါးတို့တွင်

ဥဒ္ဓုမာတက အသုဘ-ဆိုသည်ကား သေပြီး၍ ညိုကွက် မလာခင် ဖူးဖူရောင်သော လူသေကောင်ကို ဆိုသည်၊ ဥဒ္ဓုမာတက အသုဘကို ကြည့်ရှု ပွါးများလိုသော ယောဂီပုဂ္ဂိုလ်သည် ဖူးဖူးရောင်သော လူသေကောင်ကို ကသိုဏ်း နိမိတ် ယူဘိသကဲ့သို့ မျက်စိဖြင့် မြင်သော အတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါ၍လာအောင် စက်ဆုပ်ဖွယ်သော အကောင်ပုပ်ဟု စိတ်ထဲက မှတ်၍ မျက်စိဖြင့် ကြည့်၍ နိမိတ်ယူရာ၏၊ ဤဥဒ္ဓုမာတက အသုဘ၌- ဥဂ္ဂဟနိမိတ်ကား မျက်စိဖြင့် မြင်သောအတိုင်းပင် စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ်ကြီးအတိုင်းပင် ထင်၏၊ ပဋိဘာဂနိမိတ်မှာ ကြောက်မက်ဖွယ် စက်ဆုပ်ဖွယ် မရှိ၊ အလွန် ချောမွန်လှပစွာ ပြည့်ဖြိုးစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊ ဤဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ် ၂-ပါးကိုပင် စက်ဆုပ်ဖွယ်ဟု စိတ်ထား၍ နှလုံးသွင်း၍ ရှုအပ်၏၊ ကြည့်ရှုဖန်များသောအခါ ကသိုဏ်း၌ ဆိုခဲ့ပြီးသောအတိုင်း ပထမစျာန် ဇောဝီထိကျလာ၏၊ ပထမစျာန်ကို ရ၏၊

(အာရုံကြမ်းတမ်းခြင်းကြောင့် အထက် ဒုတိယစျာန်ကိုကား မဖြစ်စေနိုင်၊ မရနိုင်၊ ကြွင်းအသုဘတို့လည်း ထိုနည်းတူ ပထမစျာန်မျှကို သာ ဖြစ်စေနိုင်ကြ၏)

( ခ ) ဝိနီလက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ

ဝိနီလက အသုဘ-ဆိုသည်ကား ပုပ်၍ ညိုနေသော ဖူးဖူးရောင်ပြီး၍ ကွဲပေါက်ခါနီး အညို အနီ စသည်ရောလျက် အကွက် အကွက် ပေါ်ထပုပ်ရိသော လူသေကောင်ပုပ်ကြီးကို ဆိုသည်၊ ဤဝိနီလက အသုဘကိုလည်း''ဝိနီလက-ပုပ်၍ ညို၍နေသော သူကောင်'' ဟု စိတ်ထဲကမှတ်လျက် ဥဒ္ဓုမာတက နည်းတူ နိမိတ်ယူရာ၏၊

ဥဂ္ဂဟနိမိတ်ကား မျက်စိဖြင့် မြင်သောအတိုင်းပင် စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် အခြင်းအရာအားဖြင့် ထင်၏၊ ပဋိဘာဂနိမိတ်မှာ စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် မရှိ၊ အလွန်ချောမွန်လှပစွာ နှစ်သက်ဖွယ် ဖြစ်၍ ထင်၏၊

ဝိနီလက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊

--------------- ( ဂ ) ဝိပုဗ္ဗက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ

ဝိပုဗ္ဗက အသုဘ-ဆိုသည်ကား ပုပ်ရိပြီး၍ သွေးပြီတို့ဖြင့် အက်ကွဲယိုကျ၍နေသော လူသေကောင်ပုပ်ကြီးကိုပင် ဆိုသည်၊ ဤဝိပုဗ္ဗက အသုဘကိုလည်း ''ဝိပုဗ္ဗက-ပြည်ယို၍နေသော သူကောင်'' ဟု စိတ်ထဲကမှတ်လျက် ရှေးနည်းတူနိမိတ်ယူရာ၏၊ ဥဂ္ဂဟနိမိတ်ကား မျက်စိနှင့် မြင်သောအတိုင်း စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် အခြင်းအရာ အားဖြင့် ထင်၏၊ ပဋိဘာနိမိတ်မှာ စက်ဆုပ်ဖွယ်, ကြောက်မက်ဖွယ် မရှိ၊ အလွန်ချောမွန် လှပစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊

ဝိပုဗ္ဗက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊

(ဃ) ဝိစ္ဆိဒ္ဒက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ

ဝိစ္ဆိဒ္ဒက အသုဘ-ဆိုသည်ကား ၂-ပိုင်းပြတ်သော လူသေ ကောင်ကို ဆိုသည်၊ ဤဝိစ္ဆိဒ္ဒက အသုဘကိုလည်း ၂-ပိုင်းပြတ်ကို လက်တစ်သစ်ခန့် ကွာခြားအောင် ပူးယှဉ်စပ်ဆက်၍ ထားပြီးလျှင် ဝိစ္ဆိဒ္ဒက-ဟု စိတ်ထဲကမှတ်လျက် ရှေးနည်းတူ နိမိတ်ယူရာ၏၊ ဥဂ္ဂဟ နိမိတ်ကား မျက်စိဖြင့်မြင်သောအတိုင်းပင် စက်ဆုပ်ဖွယ်, ကြောက် မက်ဖွယ် မရှိ၊ အလွန်ချောမွန် လှပစွာ နှစ်သက်ဖွယ် တစ်ခုတည်းဖြစ်၍ ထင်၏၊ အပြစ်မရှိ။

ဝိစ္ဆိဒ္ဒက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊

( င ) ဝိက္ခာယိတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ

ဝိက္ခာယိတက အသုဘ-ဆိုသည်ကား ကျီး, ခွေး, လင်းတ စသည်တို့ ထိုးဆွ ကိုက်ခဲ၍ စားရာ တွေ့ရှိသော လူသေကောင်ကို ဆိုသည်။

ဤဝိက္ခာယိတကကိုလည်း ဝိက္ခာယိတက-ဟု စိတ်ထဲက မှတ် လျက် ရှေးနည်းတူ နိမိတ်ယူရာ၏၊

ဥဂ္ဂဟနိမိတ်ကား ကိုက်ခဲဆိတ်ကုတ်ရာနှင့်တကွ ထင်၏၊

ပဋိဘာဂနိမိတ်မှာ ကိုက်ခဲဆိတ်ကုတ်ရာ မရှိ၊ ပြေပြစ်ချောမွန် လှပစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊

ဝိက္ခာယိတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊

( စ ) ဝိက္ခိတ္တက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ

ဝိက္ခိတ္တက အသုဘ-ဆိုသည်ကား ခြေတစ်ခြား, လက်တစ်ခြား ကိုယ်တစ်ခြား ခေါင်းတစ်ခြား အားဖြင့် တစ်ကွဲစီ တစ်ကွဲစီ ပစ်လွင့်၍ ထားအပ်သော လူသေကောင်ကို ဆိုသည်။

ဤဝိက္ခိတ္တက ကိုလည်း တစ်စပ်တည်း စုပုံယှဉ်ထား၍ ဝိက္ခတ္တ ကဟု စိတ်ထဲက မှတ်လျက် ရှေးနည်းတူ နိမိတ်ယူရာ၏၊ ဥဂ္ဂနိမိတ်ကား မျက်စိနှင့် မြင်သောအတိုင်းပင် ထင်၏ ပဋိဘာဂနိမိတ်မှာ အပိုင်းအပြတ် အကွဲမရှိ တစ်လုံးတည်း၊ တစ်ဆက်တည်း၊ တစ်ခုတည်း၊ စပ်လျက် အလွန် နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊

ဝိက္ဓိတ္တက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊

(ဆ)ဟတဝိက္ခိတ္တကအသုဘကမ္မဋ္ဌာန်းပွါးများ အားထုတ်ပုံ

ဟတဝိက္ခိတ္တက အသုဘ-ဆိုသည်ကား ခြေ ကက် ကိုယ် ခေါင်း တစ်ခြားစီဖြစ်လျက် ဓားရာခြင်း ရှုပ်အောင်မွှန်း၍ တစ်ကွဲစီ တစ်ကွဲစီ ပစ်လွင့်၍ ထားအပ်သော လူသေကောင်ကိုပင် ဆိုသည်။

ဤဟတဝိက္ခတ္တက-သည် ဝိက္ခိတ္တကနှင့်တူ၏၊ ဓားမွန်းရာပို၍ ဟတဝိက္ခိတ္တကဟု စိတ်ထားမှု မှတ်မှု ပဋိဘာဂနိတ်မိတ်၌ အရာအဆာ မပါရှိမှုမျှသာ ထူးတော့၏၊

ဟတဝိက္ခိတ္တက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊

(ဇ) လောဟိတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ

လောဟိတက အသုဘ -ဆိုသည်ကား ထိုမှ ဤမှ သွေးယိုထွက် ၍ ကိုယ်၌ အနှံ့အပြား သွေးလိမ်ကျံ၍ နေသော လူသေကောင်ကို ဆိုသည်။

ဤလောဟိတက-ကိုလည်း လောဟိတက ဟု စိတ်ထဲကမှတ် လျက် ရှေးနည်းတူ နိတ်မိတ်ယူရာ၏၊ ဥဂ္ဂဟနိမိတ်ကား မျက်စိနှင့်မြင် သောအတိုင်းပင် အရာအဆာနှင့်တကွ စက်ဆုပ်ကြောက်မက်ဖွယ် အ ခြင်းအရာအားဖြင့် ထင်၏၊

ပဋိဘာဂနိမိတ်မှာ အရာအဆာ မရှိ၊ စက်ဆုပ်ကြောက်မက်ဖွယ် မရှိ။ လှပချောမောစွာ အမ္ဗလာနီ လွှမ်းခြုံ၍ထားဘိသကဲ့သို့ အလွန် နှစ်သက်ဖွယ် ဖြစ်၍ ထင်၏၊

လောဟိတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊

(စျ) ပုဠုဝက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ

ပုဠုဝက အသုဘ -ဆိသည်ကား ပိုးလောက်တွေ ကျိကျိတက် ရွရွတက် ပြည့်၍နေသော သူကောင်ပုတ်ကို ဆိုသည်။

ဤပုဠုဝက-ကိုလည်း ပုဠုဝက ဟု စိတ်ထဲက မှတ်လျက် ရှေးနည်း တူ နိမိတ်ယူရာ၏၊ ဥဂ္ဂဟနိတ်မိတ်ကား မျက်စိနှင့် မြင်သောအတိုင်းပင် အလွန်စက်ဆုပ်ဖွယ်ဖြစ်လျက် အကောင်ပုတ်နှင့်တကွ ပိုးလောက်တွေ ကျိကျိတက် သွားလာလှုပ်ရှားနေပုံ အခြင်းအရာအားဖြင့် ထင်၏၊ ပဋိဘာဂနိမိတ်မှာ စက်ဆုပ်ဖွယ်မရှိ။ ဖြူစွာသော ထမင်းလုံး ထမင်းခဲ တို့ဖြင့် ရောပြွမ်း၍ နေဘိသကဲ့သို့ ပိုးလောက်တွေ ငြိမ်သက်စွာတည်လျက် နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊ ပိုးလောက်နည်းမှု များမှုအားလျော်စွာ ထင်မှုကို မှတ်အပ်၏၊

ပုဠုဝက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံပြီး၏၊

(ည) အဋ္ဌိက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ

အဋ္ဌိက အသုဘ-ဆိုသည်ကား လူသေကောင်၏ အရိုးကို ဆိုသည်။

ဤအရိုးသည်

၁။ ကြောဆက် မပြုတ်သေး၊ သွေးအသား အကတ်အသတ် ကျန်ရှိသေးသော အရိုး၊

၂။ အသားမရှိ အသွေးဖြင့်သာ လိမ်းကျံလျက် အဆက်မပြုတ် သေးသော အရိုး၊

၃။ အသွေးအသားမရှိ အဆက်မပြုတ်သေးသော အရိုး၊

၄။ အကြောဆက်တို့ ပြုတ်ပြီး၍ တစ်ကွဲတစ်ခြားစီ နေသောအရိုး၊

ဟူ၍ ၄-ပါးရှိသော အရိုးတို့တွင် ရရာအရိုးကိုပင် ကြည့်ရှုရာ၏၊ တကွဲတခြားစီနေသော အရိုးတို့ကိုကား စု၍ရလျှင် ပေါင်းယှဉ်ထား၍ ကြည့်ရာ၏၊ ရသမျှပင် ကြည့်ရာ၏၊ တစ်ခုတည်း တစ်ချောင်းတည်းကို ပင်လည်း ကြည့်ရှုရာ၏၊ စက်ဆုပ်ဖွယ်သော အရိုးစု အရိုးစုဟု စက်ဆုပ် ဖွယ်အနေစိတ်ထား၍ ကသိုဏ်းနိမိတ် ယူဘိသကဲ့သို့ စိတ်ထဲ၌ စွဲကပ် ထင်မြင်၍ ပါ၍လာအောင် ကြည့်ရှုရာ၏၊ ကြည့်ရှု၍ နိမိတ်ယူရာ၏၊

ဤအဋ္ဌိက၌ ဤအဋ္ဌိက၌ - ဥဂ္ဂဟနိမိတ်ကား မျက်စိဖြင့် မြင်သောအတိုင်း ပင် စက်ဆုပ်ဖွယ် အခြင်းအရာအတိုင်း ထင်၏၊ ပဋိဘာဂနိမိတ်မှာ ပြေပြစ်ချောမောလှပစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊

အဋ္ဌိက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်နည်းပြီး၏၊

အသုဘကမ္မဋ္ဌာန်း၌ မှတ်ဖွယ်

အသုဘ ၁၀-ပါးတို့တွင် အကောင်အထည် မပျက်သေးသော အသုဘကောင်ကို ကြည်ညရှုရာ၌ နိမိတ်ထင်ခါနီးအခါ၌ လူသေကောင် ကြီး လာဘိသကဲ့သို့ ထ၍ မိမိထံကို လွှမ်းမိုး၍ လိုက်လာဘိသကဲ့သို့ ကြောက်အားကြီးသဖြင့် စိတ်ထဲမှာထင်လာတတ်၏၊

ထိုအခါ ကြောက်လန်၍ နှလုံးသွေးများ ပျက်မတတ် ရူးသွပ် တတ်သည်။ ကြပ်ကြပ်သတိပြုအပ်၏၊ အဝိညာဏကဖြစ်သော သစ်ပင် သစ်တုံးသည် ထ မလိုက်လာနိုင်ဘိကဲ့သို့ အသက်ဝိညာဏ်ကင်း ပြီးသော လူသေကောင်သည် အဘယ်မှာ ထ လိုက်နိုင်လိမ်မည်နည်း။

ဤကဲ့သို့ထင်မှုသည် မောင်မင်းစိတ်ရင့်သန်၍ နိမိတ်ရခါနီးမို့ ထင် ခြင်းသာတည်း။ မကြောက်လင့်ဟု မိမိကိုယ်ကို မိမိဆုံးမ၍ ကြောက်ခြင်း ကင်းစေ၍ နှစ်သက်ဝမ်းမြောက်စွာ ကြည့်ရှုရာ၏၊ အကောင်အထည် အရေပါမစုတ်သေး မပျက်သေးလျှင် ဖုတ်ဝင်၍ ဖြစ်နိုင်သေး၏၊ စုတ်ပျတ် ချွတ်ယွင်းနေလျှင် ဖုတ်ဝင်၍ မဖြစ်။ အကယ်၍ဖုတ်ဝင်၍ ထလာခဲ့လျှင် တောင်ဝှေးဖြင့် တွန်းထိုး၍ လှဲအပ်၏၊ ပရိတ် မန္တန်ဖြင့် သော်လည်း လှဲအပ်၏၊ တစ်ယောက်တည်း အသုဘရှု သွားသောသူသည် တောင်ဝှေး ပရိတ် စသည့်ကောင်းမွန်စွာ ဆောင် အပ်၏၊ သတိကောင်း ကောင်း ထားအပ်၏၊

ကသိုဏ်းအာရုံ တို့သည်ကား - လှမှု နှစ်သက်ဖွယ်မှု အတွက်နှင့် စိတ်တွယ်ဖို့ အာရုံတို့တည်း။ ဤအသုဘ အာရုံတို့ကား ကြောက်မှု ရွှံ့မှု အတွက်နှင့် စိတ်တွယ်ဖို့ အာရုံတို့တည်း။ အရပ်ထဲ၌ တစ္ဆေ မသာကို အလွန်ကြောက်တတ် ရွှံ့တတ်သော အချို့သော သူတို့ အား မလွှဲသာ၍ မသာလောင်းများကို ကိုင်ရလျှင် မသာလောင်းကောင် ကြီး စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါ၍နေ၏၊ ညအိပ်လျှင် စောင်၌အိပ်လျှင် မသာကောင်ကြီး နံဘေးက မြှောင်လျက် ပက်လက်အိပ်လျှင် မသာ ကောင်ကြီး အပေါ်က မိုးလျက်သာ နေတော့၏၊ အိပ်၍မဖြစ် လူအများ ဝိုင်းဖက်၍ထားမှ အကြောက်သက်သာရာရ၍ အိပ်ပျော် တော့၏၊ ဤလိုထင်မှုမှာ ဥဒ္ဓုမာတက အသုဘ ဥဂ္ဂဟနိမိတ် ထင်မှုဟု မှတ်။ အသုံးမချတတ်၍ကြောက်မက်ဖွယ် ဘေးဒုက္ခကြီး ဖြစ်သည်။ အသုံးချ တတ်သော ယောဂီပုဂ္ဂိုလ်မှာကား ဤ ကဲ့သို့ထင်လျှင် ပတ္တမြား တုံးကြီးကို ရဘိသကဲ့သို့ အလွန်နှစ်သက်ဖွယ် ချမ်းသာသုခကြီးဖြစ်၏၊ ဤကဲ့သို့ ထင်မြင်မှသာ ဥဂ္ဂဟနိမိတ် ထင်သည် ဟု မှတ်ရမည်။ မသာလောင်း ကောင်ထားတဲ့ ရှိတဲ့နေရာမှာ စိတ်ထဲကလှမ်း၍ သိသည်ကိုလည်း ဥဂ္ဂဟနိမိတ်ထင်သည်ဟု မမှတ်ကြနှင့်။

ဤကဲ့သို့ သိသည်ကို မြင်သည်ဟု မှတ်-မှတ်နေတတ်သည်။ (အဋ္ဌိက အရိုးစုကို ရှုနေတဲ့သူတွေ မထင်မြင်ပဲနှင့် သိသည်ကို ထင်မြင်သည်ဟု ဆရာတော်ထံသို့ လျှောက်လာကြတွေ လူရော ရဟန်း ရော အပုံကြီးများပြီ။)

(က) ထိုသို့ လျှောက်လာသောအခါ တကယ်အမှန်မြင်လျှင် ကိုယ့်အိပ်ရာနားကို တိုတိုထွာထွာ တိုလီမိုလီတွေကို လှမ်း၍ကြည်စမ်း မြင်ရဲ့လားဟုမေးရာ မြင်၏ဟု လျှောက်၏၊

( ခ ) ကိုယ်ကြည့်ရှု၍ ထားခဲ့သော စာအုပ် စာလုံး မျက်နှာ နံပါတ်ကို ကောသည်က လှမ်း၍ကြည်စမ်း မြင်ရဲ့လား ဟု မေးရာ မြင်၏ဟုလျှောက်၏၊

( ဂ ) တကယ်အမှန် မြင်လျှင် ဖတ်စမ်းခိုင်းရာ မဖတ်နိုင်ဖူး ဟု လျှောက်၏၊

(ဃ) ထိုနည်းတူ လုပ်အားကို မှောက်စေ၍ လက်ဝါးကို ကြည့် စမ်း မြင်ရဲ့ဟု မေးရာ မြင်၏ဟုလျှောက်၏၊

( င ) တကယ်အမှန်မြင်လျှင် လက္ခဏာကြောင်းကို ရေတွက် ၍ ပြစမ်း ဘယ်နှစ်ခုရှိသနည်းဟု မေးလျှင် မပြတတ် ဖူးဟု လျှောက်၏၊ သင်တို့မြင်တယ်ဆိုတာ မြင်တာ မဟုတ်သေးဖူး သိသာသည်ဟု သိမှု မြင်မှုတို့ကို ကွဲအောင်ခွဲ၍ ပေးရဖူးလှလေပြီ။

ဤအသုဘနိမိတ်က ကြောက်မှု ရွံ့မှုထင်၏၊ ကြပ်ကြပ်ကြောက် တတ် ရွံ့တတ်လျှင် ကြပ်ကြပ်ထင်လွယ်၏၊ မကြောက်တတ် မရွံ့တတ် သော စဏ္ဍာလ သုဘရာဇာတို့မှာကား မထင်တော့ပြီ။

ထို့ကြောင့် နိမိတ်ယူသော ပုဂ္ဂိုလ်သည် သချႌုင်းစောင့်, စဏ္ဍာလ, အသုဘရာဇာတို့လို လက်နှင့်မကိုင်အပ် အကျွမ်းမဝင်အပ်၊ နေရာရွှေ့လို ပေါင်းစုလိုလျှင် သူတစ်ပါးကို ခိုင်းအပ်၏၊ ခိုင်းစရာလူမရှိလျှင် တောင်ဝှေးဖြင့် ကော်ယူ၍ ရွှေ့အပ် ပေါင်းစုအပ်၏၊

ဤအသုဘ ၁၀-ပါးတို့သည် လူသေကောင်မှ မဟုတ်၊ တိရစ္ဆာန်သေကောင် အသုဘတို့ကိုလည်း ကြည့်ရှု၍ နိမိတ်စျာန် ရနိုင်၏၊ ပုလုဝကမှာ ပိုးလောက်ချည်းသက်သက် စုဝေး၍ နေသည်ကို လည်း ကြည့်ရှု၍ နိမိတ်စျာန်ရနိုင်၏၊ ကုဋီတွင်း, အိမ်သာတွင်း, မစင်ပုံ စသည်တို့မှာလည်း ပိုးလောက်အစု ပုလုဝက အသုဘကြည့်ရှု၍ ရနိုင်၏၊

၁။ အသေကောင်မှ မဟုတ်၊ အရှင်ကောင်မှလည်း ရောင်ဖော၍ နေသောအခါ ဥဒ္ဓုမာတက,

၂။ အနာများစွာ ပေါက်၍ သွေးပြည်ယို၍ လူးလဲ၍ နေသောအခါ ဝိပုဗ္ဗက,

၃။ ခြေလက်ပြတ်သောအခါ ဝိစ္ဆိဒ္ဒက,

၄။ ဓားဖြတ်ခြင်း စသည်ကြောင့် သွေးများစွာ ယိုထွက် လူးလဲ၍ နေသောအခါ လောဟိတက,

၅။ အခါခပ်သိမ်း အဋ္ဌိက အသုဘတို့ကို ရနိုင်၏၊

ဤအသုဘ ၁၀-ပါးတို့တွင် ကြပ်ကြပ် ကြောက်မက်ဖွယ်ကောင်း သော အသုဘကို နိမိတ်ယူ၍ ရလွယ်၏၊ အဋ္ဌိကမှာလည်း ပြင်ဖက် အဋ္ဌိကကို နိမိတ်ယူ၍ ရလွယ်၏၊ မိမိကိုယ်တွင်း အဋ္ဌိကကိုကား ရခဲ၏၊ မိမိကိုယ်တွင်း အဋ္ဌိကကို ရအောင်ယူနိုင်မူကား အလွန်ကောင်း၏၊ စျာန်, မဂ် ၂-ပါးလုံး အလွယ်နှင့် ရနိုင်တော့၏၊

အသုဘ ၁၀-ပါးတို့ကို အသုဘအနေနှင့် ထင်အောင် စက်ဆုပ် ဖွယ်ဟု နှလုံးသွင်း၍ စိတ်ထား၍ ရှုယူ၍ ပထမစျာန်ကို ရပြီးသော ယောဂီပုဂ္ဂိုလ်တို့သည် အထက်ဒုတိယစျာန် စသည်တို့ကို တက်လိုသော အခါ ထိုမိမိရသော အသုဘနိမိတ်၌ ''အညို, အဝါ, အနီ, အဖြူ အဆင်းတစ်ခုခု ရရှိလတ္တံ့။ ထိုအဆင်းတို့ကို အညို-အညို ဟု, အဝါအဝါဟု, အဖြူ-အဖြူ''ဟု နှလုံးသွင်း၍ ဝဏ္ဏကသိုဏ်းဖြစ်အောင် ရှု၍ တက်ရာ၏၊

အသုဘအခါမှာ နိမိတ်ကိုကြီးအောင် အပွါးအပ်၊ ကသိုဏ်းဖြစ် သော အခါကျလျှင်ကား နိမိတ်ကိုလည်း ကြီးအောင်ပွါးအပ်၏၊

အသုဘရှုရာ၌

၁။ ရေးသားပြဆိုခဲ့ပြီးသော နည်းလမ်းအတိုင်း နိမိတ်ရ အောင် စျာန်ပေါ်အောင် ရှုမှုဟူသော သမထရှုနည်းတစ်မျိုး၊

၂။ ထိုအသုဘဝတ္ထုတို့ကို တွေ့မြင်သောအခါ နိမိတ်ရ အောင် ကသိုဏ်းကြည့် မကြည့်ပဲ ဤသူသည် မမြဲပါပဲကလား၊ ဤကဲ့သို့ ဖြစ်၍ သွားပါကလား၊ ငါသည်လည်း ဤသူကဲ့သို့ပင် မမြဲပြီ၊ သေရလတ္တံ့၊ ဤကဲ့သို့ဖြစ်လတ္တံ့ဟု အနိစ္စရှုမှု။

ဤသူသည် ဤကဲ့သို့ မတင့်မတယ် စက်ဆုပ်ဖွယ်ပါကလား၊ မကောင်းဖွယ်ပါကလား၊ ငါသည်လည်း ဤသူကဲ့သို့ပင် မတင့်မတယ် စက်ဆုပ်ဖွယ်တည်း၊ မကောင်းဖွယ်တည်းဟု ဒုက္ခရှုမှု။

ဤသူသည် ဘာမှ မလှုပ်ရှားတတ် အသက်မရှိ၊ မြက်မှိုက် ထင်းချောင်းတို့နှင့်သာ တစ်ထပ်တည်းတူသော အဖြစ်သို့ ရောက်လတ္တံ့၊ ယခုလည်း တူသည်ပင်တည်းဟု အနတ္တရှုမှု ဟူသော ဝိပဿနာရှုနည်း တစ်မျိုးအားဖြင့် ၂-မျိုး ၂-စား ၂-ပါးရှိ၏၊ ထိုတွင်

သမထနည်း ရှုသောသူမှာ-ယောကျ်ားအား မိန်းမအသုဘ၊ မိန်းမအား ယောကျ်ားအသုဘဟူသော ဝိသဘာဂ အသုဘအာရုံသည် လည်းကောင်း၊ အင်္ဂါကြီးငယ် အသွင်သဏ္ဌာန် မပျက်စီးသေးသော အသုဘအာရုံသည်လည်းကောင်း မလျောက်ပတ်၊ မရှုအပ်၊ တပ်မက်ခြင်း ရာဂဖြစ်၍ လာတတ်၏၊ နိမိတ်မရခင်လည်း ဖြစ်လာတတ်၏၊ နိမိတ်ရ ပြီး၍ အကယ်၍ ဥဂ္ဂဟနိမိတ်၌ မဖြစ်လာသော်လည်း ပဋိဘာဂနိမိတ် ကျလျှင် ရာဂဖြစ်ပေါ်လာတတ်၏၊

ဝိပဿနာနည်း ရှုသောသူမှာကား-ဝိသဘာဂအသုဘ အာရုံသည် အထူးသာလွန်၍ လျှောက်ပတ်၏၊ ဝိသဘာဂ အသုဘကိုပင် တမင်ရှာ၍ ရှုအပ်၏၊ ရှုရာ၏၊ ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည် ရာဂစရိုက် လွန်စွာအားကြီးသဖြင့် ဝိပဿနာ နည်း အသုဘရှုသော ကုလ္လမထေရ်အား မာတုဂါမ မိန်းမအသေ ကောင်ကိုပင် တမင်ဖန်ဆင်း၍ ပေးတော်မူသည်။

၎င်းပြင် ပြည့်တန်ဆာမ သီရိမာကို ချစ်ကြိုက်၍ မစားနိုင် မသောက်နိုင် တတွေတွေ ကြုံမှိုင်၍နေသော ရဟန်းကလေးကိုလည်း ထို သီရိမာ၏ အလောင်းအသုဘကိုပင် ပြ၍ မဂ်, ဖိုလ်တရားထူးကို ရစေတော်မူသည်။

အသုဘကမ္မဋ္ဌာန်း၌ မှတ်ဖွယ်ပြီး၏၊

၆ အနုဿတိကမ္မဋ္ဌာန်းကိုပြဆိုခန်း

(က) ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

အနုဿတိ ၁၀-ပါးတို့တွင်

ဗုဒ္ဓါနုဿတိဟူသည်ကား-ဘုရားရှင်၏ ဂုဏ်ကျေးဇူးတို့ကို အဖန် တလဲလဲ အောက်မေ့သော သတိကို ဆိုသည်။

ဗုဒ္ဓါနုဿတိကို ပွားများအားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် ဘုရားရှင်၏ ဂုဏ်တော်တို့ကို အကျဉ်းနည်း, အကျယ်နည်း မိမိ၏ သဒ္ဓါအား, ပညာအား, ဉာဏ်အားလျော်စွာ နှုတ်ဝယ်အရ ကျက်ဆောင် မှတ်သား ပြီးခါ ပွားများပြီး အားထုတ်ရမည်။

အကျဉ်းပွားများပုံ

ဣတိပိ သော ဘဂဝါ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏ သမ္ပန္နော, သုဂတော, လောကဝိဒူ, အနုတ္တရော ပုရိသဒမ္မသာရထိ, သတ္ထာဒေဝမနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါ။

၁။ သောဂဝါ=ထိုအကျွန်ုပ်တို့ဆရာ မြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့လျှင် ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံထိုက် ကြောင်းဖြစ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူပေသောကြောင့်လည်း။ အရဟံ=အရဟ အရဟ မည်တော်မူပေ၏၊

၂။ ဣတိပိ၊ ဤသို့လျှင် သစ္စာဉေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်း သိမြင်တော်မူပေ သောကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပေ၏၊

၃။ ဣတိပိ၊ ဤသို့လျှင် စရဏအပြား တစ်ဆယ့်ငါးတည့် သုံးပါးရှစ်ဖြာ ဉာဏ်ဝိဇ္ဇာတို့နှင့် ကောင်းစွာ ပြည့်စုံတော်မူပေသောကြောင့် လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော=ဝိဇ္ဇာစရဏသမ္ပန္နော=ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပေ၏၊

၄။ ဣတိပိ၊ ဤသို့လျှင် သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ-မကပ်ငြိဘဲ မဇ္ဈိမပဋိပတ် ကောင်းမြတ်ဖြောင့်တမ်း မဂ္ဂင်လမ်းဖြင့် ရွှေနန်းပုရီ ဘေးမဲ့ ပြည်သို့ ကြွချီဆိုက်ရောက်တော်မူပေသောကြောင့်လည်း။ သုဂတော= သုဂတ မည်တော်မူပေ၏၊

၅။ ဣတိပိ၊ ဤသို့လျှင် ကာမ, ရူပ, အရူပ-ဟု လောကအပြင် ဘုံတခွင်ကို ကုန်စင်ခပင်း မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင် တော်မူပေသောကြောင့်လည်း။ လောကဝိဒူ=လောကဝိဒူ=လောကဝိဒူ မည်တော်မူ ပေ၏၊

၆။ ဣတိပိ၊ ဤသို့လျှင် ဇာတိမာန်, ပုညမာန်, ဂုဏမာန်, ဗလမာန်, ဣဒ္ဓိမာန်, ပညာမာန်တို့ဖြင့် မိုးစွန်ကြွားကြွား ငါတကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ, အင်္ဂုလိမာလ, သစ္စကနှင့် ဗကဗြဟ္မာသတ္တဝါတို့ကို ဒေသနာသံ ဆိပ်အန်ငြိမ်းဆေး အမြန်ပေး၍ ယဉ်ကျေး အောင်ပြု ဆုံးမမှုဝယ် အတုမရှိ လွန်ကဲဘိသောကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ=အနုတ္တရော ပုရိသ ဒမ္မသာရထိ မည် တော်မူပေ၏၊

၇။ ဣတိပိ၊ ဤသို့လျှင် လူ နတ် ဗြဟ္မာ သတ္တဝါအများ သောင်းထိုက်သားတို့၏ ဝပ်တွားရှိပြောင်း ညွတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်ပေသောကြောင့်လည်း။ သတ္ထာဒေဝ မနုဿာနံ=သတ္ထာဒေဝမနုဿာန မည်တော်မူပေ၏၊

၈။ ဣတိပိ၊ ဤသို့လျှင် သစ္စာလေးရပ် တရားမြတ်ကို လူနတ် အများ သိထင်ရှားအောင် ဟောကြား ထုတ်ဖေါ် သိစေတော်မူပေသော ကြောင့်လည်း၊ ဗုဒ္ဓေါ=ဗုဒ္ဓေါ=ဗုဒ္ဓ မည်တော်မူပေ၏၊

၉။ ဣတိပိ=ဤသို့လျှင် ဘုန်းတော်အနန္တ, ကံတော်အနန္တ, ဉာဏ် တော်အနန္တ, တန်ခိုးတော်အနန္တ-ကြီးမြင့်လှ၍ လောကသုံးပါး လူအများတို့ လေးစားဂရု ချီးပမှုကြောင့်လည်း၊ ဘဂဝါ=ဘဂဝါ မည်တော်မူပေ၏၊

(ဘုရားရှိခိုး ပြုလုပ်လိုလျှင်၊ တံ=ထို အရဟံအစ ဘဂဝါအဆုံး ဘဝဂ်ချုန်းမျှ ဘုန်းတော်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ အဟံ=အကျွန်ုပ်သည်၊ ဝန္ဒာမိ=ရှိခိုးပါ၏၊ဟုဆိုလေ။)

တနည်း အကျဉ်းပွားနည်း

၁။ ဣတိပိ သော ဘဂဝါ အရဟံ

အနက်။။ သောဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဝါ=အသမ္ဘိန္န ခတ္တိယဟု သမ္မတမင်းရိုး အမျိုးသာကီ ပြည်ကမ္ပီမှ လေးလီနိမိတ် သံဝေစိတ်ကြောင့် တောရိပ်ခိုစံ ကျင့်ခြိုးခြံလျက် မြလျှံရွက်စိပ် ရွှေညောင် ရိပ်ဝယ် ဖိတ်ဖိတ်ရောင်ရှင် ရွှေပလ္လင်ထက် ငါးအင်မာရ်စစ် ရန်အညစ်ကို ခေတ်ဇာတိလုံး ပဲ့တင်ချုန်းလျက် ဘုန်းဖြင့်လွယ်ကူ အောင်တော်မူ၍ လူမင်းတကာတို့၏ဥက္ကဌ် နတ်မင်းတကာတို့၏မကုဋ် အမြိုက်ခေါင်ဖျား သောင်း ထိုက်သားတို့၏ ပတ္တမြားမျက်ရှင်ကြီးတစ်ဆူ ဖြစ်တော်မူပေသော ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့လျှင် တည့် ရှိရှင်မြတ်နိုး တစ်ကြိမ်ပျိုးက ကောင်းကျိုးအသင်္ချေ ပေးနိုင်ပေ၍ မြေမှအထက် ဘဝဂ်တိုင်မြောက် နယ်တစ်လျှောက်ဝယ် တစ်ယောက် သစ်သူ ဖက်မပြုသည့်အလှူခံမြတ်ကြီး ဖြစ်တော်မူပေသောကြောင့်လည်း၊ အရဟံ=အရဟာ-ဟု သညာပျံ့ပျူး ဂုဏ်ကျေးဇူးဖြင့် အထူးပွင့်လင်းဘဝဂ် ထွင်းအောင် သတင်းကြီးမြတ်တော်မူပေ၏၊

၂။ ဣတိပိ သော ဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ

အနက်။။ သောဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့ လျှင်တည့် လေးအင်သစ္စာ နက်နဲစွာဖြင့် ငါးဖြာဉေယျ ဓမ္မအပြား အကျဉ်းအားတည့် ကျယ်ပွားအနန္တ ရှိသမျှကို တစ်စမကြွင်း အလင်း ကုန်စင် ရှိတိုင်းမြင်သည် သဗ္ဗညုတ ဘုရာ့လက်သုံး ဉာဏ်စက်ဘုန်းကို နှလုံးတော်၌ အလံစိုက်လျက် အမိုက်ခပ်သိမ်း ပျောက်ငြိမ်းလွင့်စင် အကုန်မြင်သော ပညာရှိအထွတ် တမွတ်ခေါင်ဖျား ဖြစ်ပေငြားသော ကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓ-ဟု နာမအမွန် ဂုဏ်တံခွန်ကို မိုးစွန်စွင့်စွင့် ဘဝဂ်မြင့်အောင်ဖြန့်လွင့်စိုက်ထူ ကြီးမြတ်တော်မူပေ၏၊

၃။ ဣတိပိ သောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော

အနက်။။သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့ လျှင်တည့် အယဉ်ထန်စွာ သံသရာဟု မဟာအဏ္ဏဝ အနန္တလျှင် ဆုံးဆမရှိ နက်ကျယ်ဘိကို အငြိမစွန်း ကောင်းကင်လမ်းဖြင့် ကမ်းထိုမှာဘက် နိဗ္ဗာန်ချက်သို့ ပျံ့တက်ကျော်လွှား အလွယ်အားဖြင့် သွားရန်အပေါင်း အတောင်အလက် အချက်အင်္ဂါ မှန်လှစွာသည် သိက္ခာသီလ ထိုမှစ၍ စရဏအပြား တစ်ဆယ့်ထည့် သုံးပါးရှစ်ဖြာ ဉာဏ်ပညာဟု ဝိဇ္ဇာအသင်း အမိုက်ကင်း၍ အလင်းသိမှု တရားစုကို တစ်ခုမကျန် အတန်တန်လျှင် ပြည့်လျှံမောက်ဖြိုး အမျိုးမျိုးကို အစိုးရတော်မူခြင်း တည်းဟူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော=ဝိဇ္ဇာစရဏသမ္ပန္န-ဟု နာမအမွန် ဂုဏ်တံခွန်ကို မိုးစွန်စွင့်စွင့် ဘဝဂ်မြင့်အောင် ဖြန့်လွင့်စိုက်ထူ ကြီးမြတ်တော်မူပေ၏၊

၄။ ဣတိပိ သော ဘဂဝါ သုဂတော

အနက်။။သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့ လျှင်တည့် ဒီပင်္ကရာ သမ္မာသမ္ဗုဒ္ဓ ဘုရာ့ဗျာဒိတ် ရွှေတံဆိပ်ကို ခပ်နှိပ် ကြည်ဖြူ ခံတော်မူ၍ လူတွင်ထင်ရှား ဘုရားစင်စစ် ဖြစ်သည့်တိုင်ရောက် အမြင်မှောက်သည်၆၂-ခန်း ဒိဋ္ဌိလမ်းသို့ မသန်းမငွေ့ ပြကတေ့ဖြင့် အလေ့ဖြူစင် အမြင်ဖြောင့်မှတ် အကျင့်မြတ်လျက် လူနတ်ဗြဟ္မာ သတ္တဝါ၏ ချမ်းသာ စီးပွါး များရန်အကြောင်း အစုပေါင်းလျက် ကောင်းစွာ လာပေသောကြောင့်လည်း၊ သုဂတော=သုဂတ-ဟုနာမအမော် အမည် တော်ဖြင့် ထင်ပေါ်ကျော်ဇောတော်မူပေ၏၊

၅။ ဣတိပိ သော ဘဂဝါ လောကဝိဒူ

အနက်။။သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့ လျှင်တည့် လူ့ခွင်နတ်ရွာ ဗြဟ္မာနှစ်ဆယ် အပါယ်လေးရပ် သတ်မှတ် ပိုင်းခြား ဖီလာအားဖြင့် ကျယ်ပွါးသမျှ အနန္တတွင် လောကအချက် အဆက်ဆက်လျှင် ဖြစ်ပျက်ပွါးဆုတ် မြတ်ယုတ်ဆိုးကောင်း အကြောင်း ကြောင်းကို ကောင်းစွာပိုင်ပိုင် သိစွမ်းနိုင်သော သဘောသတ္တိကြောင့် လည်း၊ လောကဝိဒူ=လောကဝိဒူ ဟူသော နာမအမော် အမည်တော်ဖြင့် ထင်ပေါ်ကျော်ဇောတော်မူပေ၏၊

၆။ ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရထိ

အနက်။။ သောဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့ လျှင်တည့် သုံးခွင်ဘုံနေ အထွေထွေလျှင် ကိလေသာဟိတ် အဆိပ်ပြင်း ထန် အကင်းသန်လျက် မာန်တလူလူ အလံထူသည့် လူအရပ်ရပ် နတ်အဖြာဖြာ ဗြဟ္မာအစားစား နဂါးအဖုံဖုံ ဂဠုန်အမျိုးမျိုး ဆိုးဆိုး သွမ်းသွမ်း ကြမ်းကြုတ်သမျှ ဝေနေယျတို့ကို ဗုဒ္ဓမန္တန် ဆိပ်အန်ငြိမ်ဆေး ထိုက်ရာပေး၍ ယဉ်ကျေးစေမှု အစုစု၌ အတုမရ အဖက်မရ ကြီးမြတ် တော်မူလှသောကြောင့်လည်း၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ= အနုတ္တရော ပုရိသဒမ္မသာရထိ-ဟူသော နာမအမော် အမည်တော်ဖြင့် ထင်ပေါ်ကျော်စောတော်မူပေ၏၊

၇။ ဣတိပိ သော ဘဂဝါ သတ္ထာဒေဝမနုဿာနံ

အနက်။။သောဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ= ဤသို့လျင်တည့် အပြင်ကျယ်စွာ သံသရာဟု မဟာအတီး မှောင်တော ကြီး၌ ခရီးအစဉ် ရှစ်မဂ္ဂင်ကို မမြင်သောအား မှားကြီးမှား၍ မနားမရပ် ချားရဟတ်သို့ တပတ်လည်လည် အရှည်ပင်ပန်းစွာ နေကြကုန်သော ဒုက္ခိတသတ္တဝါ သံသရာခရီးသည် အပါင်းတို့ကို လမ်းမှန်ကြောင်းအစဉ် ရှစ်-မဂ္ဂင်ကို မျက်မြင်ဒိဋ္ဌ စခန်းပြလျက် အမတလွင် ရွှေပြည်ခွင်သို့ အလျင်ရောက်အောင် ပို့ဆောင်ပေတတ် ယောက်ျားမြတ်ကြီး ဖြစ် ပေသောကြောင့်လည်း၊ ဒေဝမနုဿာနံ=နတ်လူဗြဟ္မာ သတ္တဝါတို့၏၊ သတ္ထာ=ဆရာအထွတ် အတုလွတ်ကြီး ဖြစ်တော်မူပေ၏၊

၈။ ဣတိပိ သော ဘဂဝါ ဗုဒ္ဓေါ

အနက်။။သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ= ဤသို့လျှင်တည့် စင်စစ်ဧကန် သိထိုက်တန်သည် အမှန်လေးချက် သဘောနက်ကို အိပ်မက်ထဲတွင် မမြင်စဖူး အလူးအလဲ ဝဋ်ဆင်းရဲ၌ တဝဲလည်လည် အမြစ်တွယ်သို့ မဖွယ်မလှ နေကြကုန်သော ဒုက္ခိတ သတ္တဝါ အပေါင်းတို့ကို အဟုတ်အမှန် အမြင်သန်သည့် မဂ်ဉာဏ်-၄ပါး ပတ္တမြားမျက်ရှင်ကြီးကိုပေးသဖြင့် မိုက်မြှေး ပြယ်လွင့် အလင်းပွင့်အောင် ပေးတတ်သော ကြောင့်လည်း၊ ဗုဒ္ဓေါ=ဗုဒ္ဓ-ဟူသော နာမအမော် အမည် တော်ဖြင့် ထင်ပေါ်ကျော်စောတော်မူ၏၊

၉။ ဣတိပိ သော ဘဂဝါ ဘဂဝါ

အနက်။။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဝါ၊ အသမ္ဘိန္န ခတ္တိယဟု သမ္မတမင်းရိုး အမျိုးသာကီ ပြည်ကပ္ပီမှ လေးလီနိမိတ် သံဝေစိတ်ကြောင့် တောရိပ်ခိုစံ ကျင့်ခြိုးခြံလျက် မြလျှံရွက်စိပ် ရွှေညောင်ရိပ်ဝယ် ဖိတ်ဖိတ်ရောင်ရှင် ရွှေပလ္လင်ထက် ငါးအင်မာရ်စစ် ရန်အညစ်ကို ခေတ်ဇာတိလုံး ပဲ့တင်ချုန်းလျက် ဘုန်းဖြင့် လွယ်ကူ အောင်တော်မူ၍ လူမင်းတကာတို့၏ဥက္ကဌ် နတ်မင်းတကာတို့၏မကိုဋ် အမြိုက်ခေါင်ဖျား သောင်းတိုက်သားတို့၏ ပတ္တမြားမျက်ရှင်ကြီး တစ်ဆူ ဖြစ်တော်မူပေသော ထိုမြတ်စွာဘုရားသည်၊ ဣတိပိ-ဤသို့လျှင်တည့် ဒီပင်္ကရာ သာသနာမှ မဟာဗောဓိ သီရိလျှံဖိတ် ရွှေညောင်ရိပ်ဝယ် အတိဿရ ဘုရာ့တန်ခိုး အမျိုးမျိုးကို အစိုးပိုင်ပိုင် ရသည်တိုင်အောင် မဏ္ဍိုင်ဗဟို မြင်းမိုရ်မေရု မြေအစုနှင့် ရေထုလေပြင် မိုးကောင်းကင် သို့ နှိုင်းယှဉ်စဖွယ် အကျယ်အပွား များကြီးများအောင် မနားမနေ ဆည်း ပူးပေသည် ဆယ်ထွေ သုံးလီ ပါရမီဟု ဝသီအထု ကြီးကျယ်မှုကြောင့် ယခုဤ၌ တိုက်တစ်သောင်းလုံး သိမ့်သိမ့်ချုန်းသည် ရွှေဘုန်းတော်သခင် အရှင်တစ်ဆူ ဖြစ်တော်မူပေသောကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါ-ဟု သညာအမွန် ဂုဏ်တခွန်ကို မိုးစွန်စွင့်စွင့် ဘဝဂ်မြင့်အောင် ဖြန့်လွှင့်စိုက်ထူ ကြီးမြတ်တော်မူပေ၏၊

မြန်မာသက်သက် အကျဉ်းပွားပုံ

၁။ ဘုရားရှင်၏ ကိလေသာဟူသော ရန်သူတို့ကို ပယ်ဖျက် သတ်ဖြတ်တော်မူနိုင်သော အစွမ်းသတ္တိတော်ဟူသော အရဟံဂုဏ် တော်။

၂။ ခပ်သိမ်းသော တရားတို့ကို ဆရာမရှိ မိမိအလိုလို မေ့ပျောက် ဖောက်ပြန်ခြင်းမရှိ ကောင်းမွန်စွာ သိတော်မူနိုင်သော အစွမ်းသတ္တိတော် ဟူသော သမ္မာသမ္ဗုဒ္ဓဂုဏ်တော်။

၃။ အဘိညာဉ်တွေ, ဝိပဿနာဉာဏ်တွေ-ဟူသော ဝိဇ္ဇာတရား၊ အကျင့်သီလတွေ, စျာန်တွေ, သဒ္ဓါ သိစသော သူတော်ကောင်းတရားတွေ ဟူသော စရဏတရား၊ ဤဝိဇ္ဇာတရား, စရဏတရားတို့နှင့်ပြည့်စုံ တော်မူခြင်းဟူသော ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်။

၄။ သတ္တဝါတို့ ချမ်းသာကောင်းကျိုး ဖြစ်ကြောင်း စကား ကောင်းကိုသာ မမှားမယွင်း ထင်လင်းသေချာ ကောင်းမွန်စွာ ဆိုတော် မူတတ်သော အစွမ်းသတ္တိတော်ဟူသော သုဂတ ဂုဏ်တော်။

၅။ သတ္တဝါဟူသော သတ္တလောက, ရုပ်နာမ်ဟူသော သင်္ခါရ လောက, ထိုသတ္တလောက, သင်္ခါရလောက နှစ်ပါး၏ တည်ရာဌာန ဟူသော ဩကာသလောက၊ ဤလောကသုံးတို့ကို ဖြစ်ကြောင်းနှင့်တကွ ဆရာမရှိ မိမိအလိုလို ကောင်းမွန်စွာ ထိုးထွင်း၍ သိတော်မူသော အစွမ်းသတ္တိတော်ဟူသော လောကဝိဒူဂုဏ်တော်။

၆။ ဆုံးမထိုက်သော မယဉ်ကျေးသော နာဠာဂီရိဆင် စသော တိရစ္ဆာန် ယောက်ျား, အင်္ဂုလိမာလ စသော လူယောက်ျား, အာဠာဝက စသော ဘီလူးယောက်ျား, သိကြားစသော နတ်ယောက်ျား၊ ဝါ၊ရာဂ အရာဖြင့်, ဒေါသအရာဖြင့်, မောဟအရာဖြင့် မယဉ်ကျေးသော အလုံးစုံသော ဝေနေယျ သတ္တဝါတို့ကို မြင်းကိုဆုံးမတတ်သော ရထား ထိန်းကဲ့သို့ အတုမရှိ ယဉ်ကျေးအောင် ဆုံးမတော်မူနိုင်သော အစွမ်းသတ္တိ တော်ဟူသော အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်။

၇။ လူနတ်ဗြဟ္မာ သတ္တဝါတို့အား ပစ္စပ္ပန်အကျိုး တိုးပွားဖြစ် ပေါ်အောင် ကောင်းစွာသွန်သင်ပြသ ဆုံးမတော်မူပေတတ်သော အစွမ်း သတ္တိတော်ဟူသော သတ္ထာဒေဝမနုဿာန ဂုဏ်တော်။

၈။ သစ္စာလေးပါး တရားတို့ကို ဆရာမရှိ မိမိအလိုလို ကိုယ် တော်မြတ်လည်း သိတတ်, ဝေနေယျ သတ္တဝါတို့ကိုလည်း သိစေတော်မူ ပေတတ်သော အစွမ်းသတ္တိတော်ဟူသော ဗုဒ္ဓဂုဏ်တော်။

၉။ (က) မိမိစိတ်ကို အစိုးရခြင်းဟူသော ဣဿရိယ,

( ခ ) လောကုတ္တရာ တရားဟူသော ဓမ္မ,

( ဂ ) အခြွေအရံ အကျော်အစော ဟူသော ယသ,

(ဃ) ဘုန်းကျက်သရေတော် ဟူသော သိရီ,

( င ) မိမိ၏ အကျိုးစီးပွား, သူတပါးတို့၏ အကျိုး စီးပွား နှစ်ပါးစုံကို လိုလားခြင်းဟူသော ကာမ,

( စ ) ထိုလိုလားတော်မူသည့်အတိုင်း ပြီးပြည့်စုံ အောင် တတ်စွမ်းတော်မူနိုင်ခြင်းဟူသော ပယတ္တ၊

ဤဘုန်းတော် ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူခြင်းဟူသော ဘဂဝါဂုဏ်တော်။

သဒ္ဓါ, ဆန္ဒ, ဉာဏ်ထက်သော ပုဂ္ဂိုလ်တို့အတွက် ဂုဏ်တော် အကျယ်

၁။ ဣတိပိ သော ဘဂဝါ အရဟံ

မေ=အကျွန်ုပ်၏၊ သတ္ထာ=ဆရာသခင် ကျေးဇူးရှင်ဖြစ်တော် မူပေသော၊ ယော ဘဂဝါ=အကြင်ဘုန်းတော် ခြောက်စုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ စိရကာလံ=လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး၊ ပါရမိယော --

(က) ဒါနပါရမီ, သီလပါရမီ, နိက္ခမပါရမီ, ပညာပါရမီ, ဝီရိယပါရမီ, ခန္တီပါရမီ, သစ္စပါရမီ, အဓိဋ္ဌာနပါရမီ, မေတ္တာပါရမီ, ဥပေက္ခာပါရမီ- တည်းဟူသော ပါရမီ ၁၀-ပါး။

( ခ ) ဒါနဥပပါရမီ, သီလဥပပါရမီ, နိက္ခမဥပပါရမီ, ပညာ ဥပပါရမီ, ဝီရိယဥပပါရမီ, ခန္တီဥပပါရမီ, သစ္စဥပပါရမီ, အဓိဋ္ဌာနဥပပါရမီ, မေတ္တာဥပပါရမီ, ဥပေက္ခာဥပ ပါရမီ-တည်းဟူသော ဥပပါရမီ ၁၀-ပါး။

( ဂ ) ဒါနပရမတ္ထပါရမီ, သီလပရမတ္ထပါရမီ, နိက္ခမပရမတ္ထ ပါရမီ, ပညာပရမတ္ထပါရမီ, ဝီရိယပရမတ္ထပါရမီ, ခန္တီ ပရမတ္ထပါရမီ, သစ္စပရမတ္ထပါရမီ, အဓိဋ္ဌာနပရမတ္ထ ပါရမီ, မေတ္တာပရမတ္ထပါရမီ, ဥပေက္ခာပရမတ္ထ ပါရမီတည်းဟူသော ပရမတ္ထပါရမီ ၁၀-ပါး။

ဤသို့အားဖြင့် အပြား ၃၀-သော ပါရမီတို့ကို၊ ပူရေတွာ=ဖြည့် တော်မူပြီး၍၊ ဗုဒ္ဓဘာဝံ=သဗ္ဗညုတဘုရားအဖြစ်သို့၊ ပတ္တော=ရောက် တော်မူပေ၏၊ မေ=အကျွန်ုပ်၏၊ သတ္ထာ=ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူသော။ သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့ လူမင်း, နတ်မင်း, သိကြားမင်း, ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း၊ အရဟံ=အရဟ-ဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏၊

၂။ ဣတိပိ သော ဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ

အနက်။။မေ=အကျွန်ုပ်၏၊ သတ္ထာ=ဆရာသခင် ကျေးဇူးရှင်ဖြစ် တော်မူသော၊ ယော ဘဂဝါ=အကြင် ဘုန်းတော်ခြောက်စုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ စီရကာလံ=လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး၊ ပါရမီယော=

(က) ဒါနပါရမီ, သီလပါရမီ။ပ။ မေတ္တာပါရမီ, ဥပေက္ခာ ပါရမီ-တည်းဟူသော ပါရမီ ၁၀-ပါး။

( ခ ) ဒါနဥပပါရမီ, သီလဥပပါရမီ။ပ။ မေတ္တာဥပပါရမီ, ဥပေက္ခာ ဥပပါရမီ-တည်ဟူသော ဥပပါရမီ ၁၀-ပါး။

( ဂ ) ဒါနပရမတ္ထ ပါရမီ, သီလပရမတ္ထပါရမီ။ပ။မေတ္တာ ပရမတ္ထပါရမီ, ဥပေက္ခာပရမတ္ထပါရမီ-တည်းဟူသော ပရမတ္ထပါရမီ ၁၀-ပါး၊

ဤသို့အားဖြင့် အပြား ၃၀-သော ပါရမီတို့ကို၊ ပူရေတွာ=ဖြည့် တော်မူပြီး၍၊ ဗုဒ္ဓဘာဝံ=သဗ္ဗညုတ ဘုရားအဖြစ်သို့၊ ပတ္တော=ရောက် တော်မူပေ၏၊ မေ=အကျွန်ုပ်၏၊ သတ္ထာ=ဆရာသခင်ကျေးဇူးရှင် ဖြစ် တော်မူသော၊ သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့လျှင်

(က) လူကောင်အထည်,နတ်ကောင်အထည်, ဗြဟ္မာကောင် အထည်, ကြီးငယ်သတ္တဝါ ခန္ဓာငါပါး ရုပ်နာမ်တရား တည်းဟူသော ဒုက္ခအစစ်အမှန်ဖြစ်သော ဒုက္ခသစ္စာ,

( ခ ) ထိုဒုက္ခအစစ်အမှန်ဖြစ်သော ဒုက္ခသစ္စာ ခန္ဓာငါးပါး ရုပ်နာမ် တရားတို့ကို ဘဝအဆက်ဆက် အသစ်အသစ်ဖြစ်ပေါ် ပေါက်ပွားအောင် တည်ထောင်ဖန်ဆင်းသူ အမှန်ဖြစ်ပေ သော လောဘ တဏှာ ကိလေသာတည်းဟူသော သမုဒယသစ္စာ,

( ဂ ) ထိုဒုက္ခသစ္စာ, သမုဒယသစ္စာ တရားနှစ်ပါး၏ ကွယ်ပျောက် ကုန်ဆုံးရာဖြစ်၍ သုခအစစ်အမှန် ဖြစ်သော နိဗ္ဗာန်တည်း ဟူသော နိရောဓသစ္စာ,

(ဃ) ထိုနိရောဓသစ္စာသို့ ဖြောင့်မှန်စွာ ဆိုက်ရောက်အောင် ပို့ဆောင်ပေးတတ်သည်ဖြစ်၍ မဂ္ဂအမှန် ဖြစ်ပေသော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာသမာဓိ-တည်းဟူသော အင်္ဂါရှစ်ပါးရှိသော မဂ္ဂသစ္စာ,

ဤသစ္စာလေးပါး တရားတို့ကို ကိုယ်တော်တိုင်သာလျှင် ကောင်းစွာထိုးထွင်း၍ သိတော်မူသော အကြောင်းကြောင့်လည်း၊ သမ္မာ သမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓ-ဟူသော အမည်နာမ ဝိသေသကိုရတော်မူပေ၏၊ သမ္မာသမ္ဗုဒ္ဓေါ=သစ္စာလေးပါး တရားတို့ကို ကိုယ်တော်တိုင် သာလျှင် ကောင်းစွာသိမြင်တော်မူပေသော အတုမဲ့ ယောက်ျားမြတ်ကြီး ဖြစ်တော်မူပေ၏၊

၃။ ဣတိပိ သောဘဂဝါ ဝိဇ္ဇာစရဏ သမ္ပန္နော

အနက်။။ မေ=အကျွန်ုပ်၏၊ သတ္ထာ=ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူသော၊ ယော ဘဂဝါ=အကြင် မြတ်စွာဘုရားသည်၊ စိရ ကာလံ=လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး၊ ပါရမိယော=ပါရမီ တို့ကို၊ ပူရေတွာ=ဖြည့်တော်မူပြီး၍၊ ဗုဒ္ဓဘာဝံ=ဘုရားအဖြစ်သို့၊ ပတ္တော= ရောက်တော်မူပေ၏၊

မေ၊ အကျွန်ုပ်၏၊ သတ္တာ၊ ဆရာသခင်ကျေးဇူးရှင်ဖြစ်တော်မူ ပေသော။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ=ဤသို့လျှင်

၁။ အထူးထူး အထွေအထွေဖန်ဆင်းမှု့, ကောင်းကင် မြေမိုး ပျံလျှိုးမှုတို့၌ စွမ်းနိုင်သော ဣဒ္ဓိဝိဓ ဝိဇ္ဇာဉာဏ်,

၂။ မိမိကိုယ်တွင်းမှ သူငယ်သဏ္ဌာန် ဖန်ဆင်း၍ ပြနိုင်သော မနောမယ ဝိဇ္ဇာဉာဏ်,

၃။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်,

၄။ လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည်တိုင်အောင် အဆင်း သဏ္ဌာန်ဟူသမျှကို နတ်မျက်စိအသွင် အကုန်မြင်နိုင်သော ဒိဗ္ဗစက္ခုဝိဇ္ဇာဉာဏ,်

၅။ သတ္တဝါခပ်သိမ်းတို့၏ စိတ်အကြံကို သိနိုင်သော စေတော ပရိယဝိဇ္ဇာဉာဏ်,

၆။ လူနတ်ဗြဟ္မာ သတ္တဝါခပ်သိမ်းတို့ ပြောဆိုသမျှ အသံစကား ကို ကြားနိုင်သော ဒိဗ္ဗသောတ ဝိဇ္ဇာဉာဏ်,

၇။ မိမိသန္တာန်, သူတစ်ပါးသန္တာန်, ခန္ဓာနာမ်ရုပ်တို့၌ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးပါးကို ထင်ရှားစွာ မြင်နိုင် သော ဝိပဿနာ ဝိဇ္ဇာဉာဏ်,

၈။ ၁၅၀၀-ကိလေသာတို့ကို ကုန်ခန်းစေနိုင်သော အာသ ဝက္ခယဝိဇ္ဇာဉာဏ်,

ဤ ၈-ပါးသော ဝိဇ္ဇာဉာဏ်တို့ကို အစိုးရတော်မူသည်၏ အဖြစ် ကြောင့်လည်းကောင်း။

၁။ ကိုယ်,နှုတ် ၂-ပါးကို စောင့်ထိန်းမှုဟူသော သီလ,

၂။ ဣန္ဒြေ ၆-ပါးတို့ကို စောင့်ထိန်းမှုဟူသော ဣန္ဒြိယသံဝရ,

၃။ အစားအစာတို့၌ အတိုင်းအရှည်ကို သိမှုဟူသော ဘောဇန မတ္တညုတာ,

၄။ အအိပ်အနေ အလွန်နည်းပါးခြင်းဟူသော ဇာဂရိယာ နုယောဂ,

၅။ သဒ္ဓါ, ၆။ သတိ, ၇။ ဟိရီ, ၈။ ဩတ္တပ္ပ, ၉။ ဝီရိယ, ၁၀။ ဗဟုဿစ္စ, ၁၁။ ပညာ, ၁၂။ ပထမစျာန်, ၁၃။ ဒုတိယစျာန်, ၁၄။ တတိယစျာန်, ၁၅။ စတုတ္ထစျာန်။

ဤ ၁၅-ပါးသော စရဏဂုဏ်တို့နှင့် ပြည့်စုံတော်မူသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ဝိဇ္ဇာစရဏ သမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္နဟူသော အမည်နာမဝိသေသကို ရတော်မူပေ၏၊

ဝိဇ္ဇာစရဏ သမ္ပန္နော=ဝိဇ္ဇာ ၈-မျိုး, စရဏ ၁၅-မျိုးတို့ကို အစိုးရ တော်မူသော အတုမဲ့ယောကျ်ားမြတ်ကြီး ဖြစ်တော်မူပေ၏၊

၄။ ဣတိပိ သော ဘဂဝါ သုဂတော

အနက်။။ မေ=အကျွန်ုပ်၏၊ သတ္ထာ=ဆရာသခင် ကျေးဇူးရှင်ဖြစ် တော်မူပေသော၊ ယော ဘဂဝါ=အကြင်မြတ်စွာဘုရားသည်၊ စိရကာလံ= လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ကာလပတ်လုံး၊ ပါရမိယော=ပါရမီတို့ကို၊ ပူရေတွာ=ဖြည့်တော်မူပြီး၍၊ ဗုဒ္ဓဘာဝံ=သဗ္ဗညုတဘုရားအဖြစ်သို့၊ ပတ္တော= ရောက်တော်မူပေ၏၊

(က) ဘိက္ခုဝိဘင်းကျမ်း, ဘိက္ခုနီဝိဘင်းကျမ်း, မဟာဝါကျမ်း, စူဠဝါကျမ်း, ပရိဝါကျမ်း-ဟူသော ဝိနည်းပိဋကတ် ၅-ကျမ်း။

( ခ ) ဓမ္မသင်္ဂဏီကျမ်း, ဝိဘင်းကျမ်း, ဓာတုကထာကျမ်း, ပုဂ္ဂလ ပညတ်ကျမ်း, ကထာဝတ္ထုကျမ်း, ယမိုက် ၁၀-ကျမ်း, ပဋ္ဌာန်း ၂၄-ကျမ်းဟူသော အဘိဓမ္မာ ပိဋကတ် ၃၉-ကျမ်း။

( ဂ ) သုတ်သီလက္ခန်, သုတ်မဟာဝါ, သုတ်ပါထေယျ-ဟူသော ဒီဃနိကယ် ၃-ကျမ်း၊ သုတ်ပေါင်း ၃၃။

(ဃ) မူလပဏ္ဏာသ, မဇ္ဈိမပဏ္ဏာသ, ဥပရိပဏ္ဏာသ, -ဟူသော မဇ္ဈိမနိကာယ်၃-ကျမ်း၊ သုတ်ပေါင်း ၁၅၀။

( င ) သဂါထာဝဂ္ဂသံယုတ်, မဟာဝဂ္ဂသံယုတ်, ခန္ဓဝဂ္ဂသံယုတ်, သဠာယတနဝဂ္ဂသံယုတ်, မဟာဝဂ္ဂ သံယုတ်-ဟူသော သံယုတ္တနိကာယ် ၅-ကျမ်း၊ သုတ်ပေါင်း ၃၇၅၀။

( စ ) ဧက အင်္ဂုတ္တရ,ု ဒုက အင်္ဂုတ္တရ, တိက အင်္ဂုတ္တ, စတုက အင်္ဂုတ္တရ, ပဉ္စ အင်္ဂုတ္တရ, ဆက္က အင်္ဂုတ္တရ, သတ္တအင်္ဂုတ္တရ, အဋ္ဌ အင်္ဂုတ္တရ, နဝ အင်္ဂုတ္တရ, ဒသ အင်္ဂုတ္တရ, ဧကာဒသ အင်္ဂုတ္တရ-ဟူသော အင်္ဂုတ္တရနိကာယ ၁၁-ကျမ်း၊ သုတ် ပေါင်း ၉၉၅၀။

(ဆ) ခုဒ္ဒကပါဌ, ဓမ္မပဒ, ဥဒါန်း, ဣတိဝုတ်, သုတ္တနိပါတ်, ဝိမာနဝတ္ထု, ပေတဝတ္ထု, ထေရဂါထာ, ထေရီဂါထာ, ပါဌဇာတ်, မဟာနိဒ္ဒေသ, ပဋိသမ္ဘိဒါမဂ်, ထေရအပါဒါန်, ထေရီအပါဒါန်- ဟူသော ခုဒ္ဒကနိကာယ် ၁၅-ကျမ်း၊ သုတ္တန်ပိဋိကတ် ၃၇-ကျမ်း။

ဤသို့လျှင် အာဒိကလျာဏဂုဏ်, မဇ္ဈေကလျာဏဂုဏ်, ပရိယော သာနကလျာဏဂုဏ်နှင့် ပြည့်စုံလှစွာ ပိဋကတ်အားဖြင့် ၃-ပါး၊ နိကယ် အားဖြင့် ၅-ပါး, အင်္ဂါအားဖြင့် ၉-ပါး, ကျမ်းအားဖြင့် ၈၁-ပါး, ဓမ္မက္ခန္ဓာ အားဖြင့် ၈၄၀၀၀-အရေအတွက်ရှိသော ကောင်းသောစကားကို ဆိုတော် မူတတ်သောကြောင့်လည်း၊ သုဂတော=သုဂတဟူသော ဂုဏ်အမည်နာမ ဝိသေသကိုရတော်မူပေ၏၊ သုဂတော=ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား။

၅။ ဣတိပိ သောဘဂဝါ လောကဝိဒူ

အနက်။ မေ=အကျွန်ပ်၏၊ သတ္တာ=ဆရာသခင် ကျေးဇူးရှင်ဖြစ် တော်မူသော၊ ယော၊ ဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်။ စီရကာလံ၊ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး။ ပါရမိယော၊ ပါရမီတို့ကို၊ ပူရေတွာ=ဖြည့်တော်မူ၍ ဗုဒ္ဓသာဝံ၊ သဗ္ဗာညုတ ဘုရားအဖြစ်သို့၊ ပတ္တော၊ ရောက်တော်မူပေ၏၊

မေ=အကျွန်ပ်၏၊ သတ္ထာ၊ ဆရာသခင်ကျေးဇူးရှင်ဖြစ်တော်မူ ပေသော၊ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ဤသို့လျှင်ကာမ ၁၁-ဘုံ

၁။ ငရဲဘုံ,

၂။ တိရစ္ဆာန်ဘုံ,

၃။ ပြိတ္တာဘုံ,

၄။ အသူရကာယ်ဘုံ,

ဟူသော အပါယ် ၄-ဘုံ,

၁။ မနုဿဘုံ,

၂။ စတုမဟာရာဇ်ဘုံ,

၃။ တာဝတိံသာဘုံ,

၄။ ယာမာဘုံ,

၅။ တုသိတာဘုံ,

၆။ နိမာနရတိဘုံ,

၇။ ပရနိမ္မိတ ဝဿ ဝတ္တီဘုံ,

ဟူသော ကာမသုဂတိ ၇-ဘုံ။

အပါယ် ၄-ဘုံနှင့်တကွ ပေါင်းသည်ရှိသော် ကာမ ၁၁-ဘုံဖြစ်၏၊

နတ် ပြည် ၆-ထပ်သည် လူ့ဘုံမှ အထက်ယူဇနာ ၄-သောင်း ၂-ထောင်စီ အဆင့်ဆင့်မြင့်ကွာကြသည်။

နတ်ပြည် ၆-ထပ် နတ်သက်

၁။ စတုမဟာရာဇ် ဘုံသက်ကား စတုမဟာရာဇ်နှစ်နှင့် အနှစ် ၅-ရာရှိ၏၊ လူတို့နှစ်နှင့် အနှစ် ၉-သန်းရှိ၏၊

၂။တာဝတိံသာ ဘုံသက်ကား တာဝတိံသာနှစ်နှင့် အနှစ့် ၁- ထောင်ရှိ၏၊ လူတို့နှစ်နှင့် အနှစ်၉-သန်း ၄-လီ။ ၃-ကုဋေ ၆သန်း ရှိ၏၊

၃။ ယာမာဘုံသက်ကား ယာမာနှစ်နှင့် အနှစ် ၂-ထောင်ရှိ၏၊ လူတို့၏နှစ်နှင့် အနှစ် ၁၄-ကုဋေ-၄-သန်းရှိ၏ ၄။ တုသိတာဘုံသက်ကား-တုသိတာနှစ်နှင့် အနှစ် ၄-ထောင် ရှိ၏၊ လူတို့၏နှစ်နှင့် အနှစ် ၅၇-ကုဋေ နှင့် ၆-သန်းရှိ၏

၅။ နိမ္မာနတိ ဘုံသက်ကား နိမ္မာနရတိနှစ်နှင့် အနှစ် ၈-ထောင် ရှိ၏လူတို့နှစ်နှင့် ကုဋေ ၂၃၀-နှင့် ၄-သန်းရှိ၏၊

၆။ ပရနိမ္မိတဝသဝတ္တီဘုံသက်ကား-ပရနိမ္မိတဝသဝတ္တီနှစ်နှင့် ၁-သောင်း ၆-ထောင် ရှိ၏၊ လူတို့နှစ်နှင့် နှစ်ပေါင်း ၉၂၁-ကုဋေ ၆-သန်းရှိ၏၊

ရူပ ၁၆-ဘုံ

၁။ ဗြဟ္မပါရိသဇ္ဇာဘုံ,

၂။ ဗြဟ္မပုရောဟိတာဘုံ,

၃။ မဟာဗြဟ္မာဘုံ,

တစ်ပြင်တည်းတည်သော ပထမစျာန် ၃-ဘုံ။

၄။ ပရိတ္တာဘာဘုံ,

၅။ အပ္ပမာဏာဘာဘုံ,

၆။ အာဘာဿရာဘုံ,

တစ်ပြင်တည်း တည်သော ဒုတိယစျာန် ၃-ဘုံ။

၇။ ပရိတ္တသုဘာဘုံ,

၈။ အပ္ပမာဏသုဘာဘုံ,

၉။ သုဘကိဏှာဘုံ,

တစ်ပြင်တည်း တည်သော တတိယ စျာန် ၃-ဘုံ။

၁၀။ ဝေဟပ္ဖိုလ်ဘုံ,

၁၁။ အသညသတ်ဘုံ,

တစ်ပြင်တည်း တည်သော စတုတ္ထ စျာန် ၂-ဘုံ,

၁၂။ အဝိဟာဘုံ,

၁၃။ အတပ္ပါဘုံ,

၁၄။ သုဒဿာဘုံ,

၁၅။ သုဒဿီဘုံ,

၁၆။ အကနိဋ္ဌဘုံ,

အဆင့်ဆင့်တည်သော သုဒ္ဓါဝါသ စတုတ္ထစျာန် ၅-ဘုံ၊ ပေါင်း ရူပ ၁၆-ဘုံဖြစ်၏၊

ရူပ ၁၆-ဘုံ အကွာအဝေး

ဝသဝတ္တိဘုံမှ အထက်ယူဇနာပေါင်း ၅-သန်း ၅-သိန်း ၈- ထောင်မြင့်သော ကောင်းကင်ပြင်၌ ပထမစျာန် ၃-ဘုံ တည်၏၊

၎င်းမှအထက် ယူဇနာပေါင်း ၅- သန်း ၅-သိန်း ၈-ထောင် မြင့်သော ကောင်းကင်းပြင်၌ ဒုတိယစျာန် ၃-ဘုံတည်၏၊

၎င်းမှအထက် ယူဇနာပေါင်း ၅- သန်း ၅-သိန်း ၈-ထောင် မြင့်သော ကောင်းကင်းပြင်၌ တတိယစျာန် ၃-ဘုံတည်၏၊

၎င်းမှအထက် ယူဇနာပေါင်း ၅- သန်း ၅-သိန်း ၈-ထောင် မြင့်သော ကောင်းကင်းပြင်၌ဝေဟပ္ဖိုလ်ဘုံ, အသညသတ်ဘုံ တည်၏၊

၎င်းမှအထက် သုဒ္ဓဝါသ ၅-ဘုံသည်လည်း အဆင့်ဆင့်ယူဇနာ ၅-သန်း ၅-သိန်း ၈-ထောင်စီ အမြင့်ကွာခြား၏၊

ရူပဗြဟ္မာတို့၏သက်တမ်း

၁။ ဗြဟ္မာပါရိသဇ္ဇာ ဗြဟ္မာတို့၏ အသက်မှာ အန္တရကပ် ၆၄- ကပ်ရှိ၏ ယင်း ၆၄-ကပ်ကို ၃-ဖို့ပြု၊ အန္တရကပ်သာသာ ရှိ၏၊

၂။ ဗြဟ္မပုရောဟိတာ ဗြဟ္မာတို့၏ အသက်မှာ အန္တရကပ် ၃၂- ကပ်ရှိ၏၊

၃။ မဟာဗြဟ္မာတို့၏ အသက်မှာ အန္တရကပ် ၆၄-ခုအပေါင်း ဖြစ်သော ဝိဝဋ္ဋဋ္ဌာယီ အင်္ချေယျ ၁-ကပ်ရှိ၏

၄။ ဒုတိယစျာန် ၃-ဘုံ၌ ပရိတ္တာဘာဗြဟ္မာတို့၏အသက်မှာ မဟာကမ္ဘာကြီး ၂-ခုရှိ၏၊

၅။ အပ္ပမာဏာဘာ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၄-ခုရှိ၏၊

၆။ အာဘဿရာ ဗြဟ္မာတို့၏အသက်မှာ မဟာကမ္ဘာကြီး ၈- ခုရှိ၏၊

၇။ တတိယစျာန် ၃-ဘုံ၌ ပရိတ္တသုဘာ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၁၆-ခုရှိ၏၊

၈။ အပ္ပမာဏသုဘာ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၃၂-ခုရှိ၏၊

၉။ သုဘကိဏှာဗြဟ္မာ တို့၏ အသက်မှာ မဟာကမ္ဘာကြီး ၆၄- ခုရှိ၏၊

၁၀-၁၁။ စတုတ္ထစျာန် ၇-ဘုံတို့တွင် ဝေဟပ္ဖိုလ်ဗြဟ္မာ, အသညသတ်ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၁၂။ အဝိဟာ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၁- ထောင်ရှိ၏၊

၁၃။ အတပ္ပါ ဗြဟ္မာတို့ အသက်မှာ မဟာကမ္ဘာကြီး ၂- ထောင်ရှိ၏၊

၁၄။ သုဒဿာ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၄- ထောင်ရှိ၏၊

၁၅။ သုဒဿီ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၈- ထောင်ရှိ၏၊

၁၆။ အကနိဋ္ဌ ဗြဟ္မာတို့၏ အသက်မှာ မဟာကမ္ဘာကြီး ၁- သောင်းခြောင်းထောင်ရှိ၏၊

အရူပ ၄-ဘုံ အကွာအဝေးနှင့် ဘုံသက်

အကနိဋ္ဌ အထက်ယူဇနာပေါင်း ၅-သန်း ၈-ထောင်စီ အဆင့် ဆင့်မြင့်သော ကောင်းကင်ပြင်၌

၁။ အာကာသာနဉ္စာယတနဘုံ,

၂။ ဝိညာဏဉ္စာယတနဘုံ,

၃။ အာကိဉ္စညာယတနဘုံ,

၄။ နေဝသညာနာသညာယတနဘုံ,

ဟူသော အရူပ ၄-ဘုံ တည်၏၊

၁။ ဘုံသည်လည်း အစဉ်အတိုင်း ကမ္ဘာ ၂-သောင်း၊

၂။ ဒုတိယ၌ ကမ္ဘာ ၄-သောင်း၊

၃။ တတိယ၌ ကမ္ဘာ ၆-သောင်း၊

၄။ စတုတ္ထ၌ ကမ္ဘာ ၈-သောင်း၊ ၄-ထောင် ရှိ၏၊ ဤ ၃၁-ဘုံကား ဩကာသလောက မည်၏၊

ပုဂ္ဂိုလ်အပြား

ပုဂ္ဂိုလ်သည် အကျဉ်းအားဖြင့်

၁။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်,

၂။ သုဂတိအဟိတ်ပုဂ္ဂိုလ်,

၃။ ဒွိဟိတ်ပုဂ္ဂိုလ်,

၄။ တိဟိတ်ပုဂ္ဂိုလ်,

ပုထုဇဉ် ၄-ယောက်။

၁။ သောတာပတ္တိ မဂ္ဂဋ္ဌပုဂ္ဂိုလ်,

၂။ သောတာပတ္တိ ဖလဋ္ဌပုဂ္ဂိုလ်,

၃။ သကဒါဂါမိ မဂ္ဂဋ္ဌပုဂ္ဂိုလ်,

၄။ သကဒါဂါမိ ဖလဋ္ဌပုဂ္ဂိုလ်,

၅။ အနာဂါမိ မဂ္ဂဋ္ဌပုဂ္ဂိုလ်,

၆။ အနာဂါမိ ဖလဋ္ဌပုဂ္ဂိုလ်,

၇။ အရဟတ္တ မဂ္ဂဋ္ဌပုဂ္ဂိုလ်,

၈။ အရဟတ္တ ဖလဋ္ဌပုဂ္ဂိုလ်, အရိယာ ၈-ယောက်။

ဘုံ၌ပုဂ္ဂိုလ်

၁။ အပါယ်ဘုံ၌ ဒုဂ္ဂတိအဟိတ် တစ်ယောက် ရ၏၊ ၄-ဘုံ ဖြစ်၍ ၄-ယောက်။

၂။ လူ့ဘုံ, စတုမဟာရာဇ်ဘုံ၌ ဒုဂ္ဂတိအဟိတ်ကို ချန်လှပ်၍ တစ်ကျိပ်တစ်ယောက်စီ ရ၏၊ နှစ်ဘုံဖြစ်ရကား ၂၂- ယောက်၊ ပေါင်း ၂၆-ယောက် ဖြစ်၏၊

၃။ အထက် နတ်ပြည် ၅-ထပ်မှာ ဒုဂ္ဂတိအဟိတ်, သုဂတိ အဟိတ် ၂-ယောက်ကြဉ် တစ်ကျိပ်စီဖြစ်၍ ၅-ကျိပ်ရ၏၊

၄။ ပထမစျာန် ၃-ဘုံ, ဒုတိယစျာန် ၃-ဘုံ, တတိယစျာန် ၃- ဘုံ, ဝေဟပ္ဖိုလ်၊ ဤ ၁၀-ဘုံ၌ တိဟိတ် ပုထုဇဉ် ၁၊ အရိယာ ၈၊ ၉-ယောက်စီ ဖြစ်၍ ၉-ကျိပ် ရ၏၊

၅။ အသညသတ်ဘုံ၌ သုဂတိအဟိတ် ၁-ယောက်သာရ၏၊

၆။ သုဒ္ဓဝါသ ၅-ဘုံ၌ ပုဂ္ဂိုလ် ၁၂-တွင် အထက်ဆုံးဖြစ်သော အနာဂါမိဖလဋ္ဌ, အရဟတ္တမဂ္ဂဋ္ဌ, အရဟတ္တဖလဋ္ဌ ၃- ယောက်စီဖြစ်၍ ၁၅-ယောက် ရ၏၊

၇။ အရူပ ၄-ဘုံ၌ အရိယာ ပုဂ္ဂိုလ် ၈-ယောက်တွင် သောတာ ပတ္တိမဂ်ပုဂ္ဂိုလ်မရ၊ ကြွင်းသော အရိယာ ၇-ယောက်နှင့် တိဟိတ် ပုထုဇဉ် ၁-ယောက်သာ ရ၏၊ ၄-ဘုံဖြစ်၍ ၃- ကျိပ် ၂-ယောက် ရ၏၊

ကာမပုဂ္ဂိုလ်, ရူပပုဂ္ဂိုလ်, အရူပပုဂ္ဂိုလ် ၃-ပါး ပေါင်းသည်ရှိသော် ပုဂ္ဂိုလ်ပေါင်း ၂-ရာ့တစ်ကျိပ် ၄-ယောက်။

(ဤကား သတ္တလောကတည်း။)

၃၁-ဘုံဟုဆိုအပ်သော ဩကာသလောကသည်လည်း သင်္ခါရ ဓမ္မ စုပင်တည်း။

ပုဂ္ဂိုလ်, သတ္တဝါ, ဗြဟ္မာ, လူနတ်ဟု ဆိုအပ်သော သတ္တလောက သည်လည်း သင်္ခါရဓမ္မ စုပင်တည်း။

ထိုသင်္ခါရသည် ရုပ်သင်္ခါရ, နာမ်သင်္ခါရဟူ၍ ၂-ပါးအပြားရှိ၏၊

ရုပ်သင်္ခါရသည်ကား-

(က) မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်-ဟူသော မဟာဘုတ်ကြီး ၄-ပါး။

( ခ ) စက္ခုဓာတ်, သောတဓာတ်, ဃာနဓာတ်, ဇိဝှါဓာတ်, ကာယဓာတ်ဟူသော အကြည်ဓာတ် ၅-ပါး။

( ဂ ) ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ-ဟူသော ဂေါစရဓာတ် ၅-ပါး။

(ဃ) ဣတ္ထိဘာဝရုပ်, ပုရိသဘာဝရုပ်, ဟဒယဝတ္ထုရုပ်, ဇီဝိတရုပ်, ဩဇာ-ဟုဆိုအပ်သော အာဟာရ ရုပ်။ ဤတရားစုသည် ရုပ်သင်္ခါရ မည်၏၊

(က) စက္ခုဝိညာဉ်ဓာတ်, သောတဝိညာဉ်ဓာတ်, ဃာန ဝိညာဉ်ဓာတ်, ဇိဝှါဝိညာဉ်ဓာတ်, ကာယ ဝိညာဉ်ဓာတ်, မနောဝိညာဉ်ဓာတ်-ဟူသော ဝိညာဉ် ၆-ပါး။

( ခ ) ထိုဝိညာဉ် ၆-ပါးနှင့် ထိုက်သည်အားလျော်စွာ ယှဉ်တွဲ၍ ဖြစ်သော ဖဿဓာတ်, ဝေဒနာဓာတ်, သညာဓာတ်, စေတနာဓာတ်, သမာဓိဓာတ်, ဇီဝိတဓာတ်, မနသိကာရ ဓာတ်, ဝိတက်, ဝိစာရ, ပီတိ, ဝီရိယ, ဆန္ဒ, လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, သဒ္ဓါ, ပညာ, သတိ-အစရှိသော စေတသိက် တရားစု။

ဤ ဝိညာဉ် ၆-ပါးနှင့် စေတသိက်တရားစုသည် နာမ်သင်္ခါရ မည်၏၊

သတ္တလောက, သင်္ခါရလောက, ဩကာသလောက-တည်း ဟူသော လောက ၃-ပါးကို အကြွင်းမရှိ သိတော်မူသော အကြောင်း ကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ-ဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏၊

လောကဝိဒူ၊ လောက ၃-ပါးကို အကြွင်းမရှိ သိတော်မူပေသော အတုမဲ့ ယောကျာ်းမြတ်ကြီး ဖြစ် တော်မူပေ၏၊

(၆) ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရထိ

အနက်။။ မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူပေသော၊ ယောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ စီရကာလံ၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး၊ ပါရမိယော၊ ပါရမီတို့ကို၊ ပုရေတွာ၊ ဖြည့်တော်မူပြီး၍၊ ဗုဒ္ဓဘာဝံ၊ သဗ္ဗညုတဘုရားအဖြစ်သို့၊ ပတ္တော=ရောက်တော်မူပေ၏၊

မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူရှင်ဖြစ်တော်မူ ပေသော၊ သောဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်၊ ဣတိပိ၊ ဤသို့လျှင် ကုသိုလ်ဖြစ်မှု၌ အချက်ကျကျ မလိမာသောသူကို ပုညကိရိယာဝတ္ထု ၁၀-ပါးကို ပြသဖြင့်ဆုံးမတော်မူပေ၏၊

ပုညကိရိယာ ဝတ္ထု ၁၀-ပါးဟူသည်ကား

၁။ ဒါန-အလှုပေးခြင်း,

၂။ သီလ-သီလသီတင်း-ဆောက်တည်ခြင်း,

၃။ ဘာဝနာ-ကမ္မဋ္ဌာန်း စီးဖြန်းခြင်း,

၄။ အပစာယန-အသက်သိက္ခာကြီးသောသူတို့၌ အရို အသေပြုခြင်း,

၅။ ဝေယာဝစ္စ-သူတပါးတို့၏ အမှုကြီးငယ်တို့ကို သဒ္ဒါကြည်ဖြူ ရွက်ဆောင်ခြင်း,

၆။ ပတ္တိ ဒါန-မိမိ၏ ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား အမျှပေးဝေခြင်း,

၇။ ပတ္တာနုမောဒန-သူတပါးတို့ပေးဝေသောကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း,

၈။ ဓမ္မဿဝန-သူတပါးတို့၏တရားကိုကြားနာခြင်း,

၉။ ဓမ္မဒေသနာ-မိမိသိသမျှသော တရားစကားတို့ကို သူတပါး တို့အား သင်ကြားဟောပြောခြင်း,

၁၀။ ဒိဋ္ဌိဇုကမ္မ-ကံ,ကံ၏အကျိုးကို ယုံကြည်၍ ဖြောင့်မှတ်သော အယူကိုယူခြင်း,

(ဤကား ပုညကိရိယာဝတ္ထု ၁၀-ပါးတည်း။)

ဒုစရိုက် ၁၀-တန် အကင်းသန်သဖြင့် ခက်ထန်ရိုင်းစိုင်း၍နေ သော သူကို ဒုစရိုက် ၁၀-ပါး၏အပြစ်, သုစရိုက် ၁၀-ပါး၏အကျိုးကို ပြသဖြင့် ဆုံးမတော်မူပေ၏၊

ဒုစရိုက် ၁၀-ပါး ဟူသည်ကား

၁။ ပါဏာတိပါတ-သူ့-အသက်ကို သတ်ခြင်း,

၂။ အဒိန္နာဒါန-သူ့ ဥစ္စာကို ခိုးယူခြင်း,

၃။ ကာမေသု မိစ္ဆာစာရ သူ့အိမ်ရာကို ကျူးလွန်ခြင်း,

(ဤကား အကုသိုလ် ကာယကံ ၃-ပါးတည်း။)

၁။ မုသာဝါဒ-မဟုတ်မမှန်စကားပြောခြင်း,

၂။ ပိသုဏဝါစာ-ကုန်းတိုက် စကားပြောခြင်း,

၃။ ဖရုသဝါစာ-အကြမ်းအတမ်းဆဲရေခြင်း

၄။ သမ္ဖပ္ပလာပ- အနက်မဲ့၍ပြိန်ဖျင်းသောစကားကိုဆိုခြင်း,

(ဤကား အကုသိုလ် ဝစီကံ ၄-ပါးတည်း။)

၁။ အဘိဇ္ဈာ-သူ့ပိုင်နက် ဥစ္စာကို ငါ့ဟာဖြစ်လျှင်ကောင်းလေစွ ဟုကြံဆ တောင့်တခြင်း,

၂။ ဗျာပါဒ-သူတစ်ပါး၏ အသက်ခန္ဓာ သေကြေပျက်စီးမှုကို တောင့်တခြင်း,

၃။ မိစ္ဆာဒိဋ္ဌိ-အယူမှားခြင်း,

(ဤကား အကုသိုလ်မနောကံ ၃-ပါးတည်း။)

ဒုစရိုက်၁၀-ပါးပြီး၏၊

သုစရိုက် ၁၀-ပါး ဟူသည်ကား

၁။ ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ဝေရမဏီ၊ ရှောင်ကြဉ်ခြင်း။

၂။ အဒိန္နာဒါနာ၊ သူ့ဥစ္စာကိုခိုးယူခြင်းမှ။ ဝေရမဏီ၊ ရှောင် ကြဉ်ခြင်း။

၃။ ကာမေသုမိစ္ဆာစာရာ၊ သူ့အိမ်ရာကို ကျူးလွန်ခြင်းမှ၊ ဝေရာမဏိ၊ ရှောင်ကြဉ်ခြင်း။

(ဤကား ကုသိုလ်ကာယကံ ၃-ပါးတည်း။ )

၁။ မုသာဝါဒါ၊ မဟုတ် မမှန်စကား။ ပြောဆိုခြင်းမှ၊ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်း။

၂။ ပိသုဏဝါစာယ၊ ကုန်းတိုက်စကားပြောဆိုခြင်းမှ၊ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်း။

၃။ ဖရုသဝါစာယ၊ အကြမ်းအတမ်း ဆဲရေးခြင်းမှ၊ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်း။

၄။ သမ္ဖပ္ပလာပါ၊ အနက်မဲ့၍ ပြိန်ဖျင်းသောစကားကို ဆိုခြင်းမှ၊ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်း။

(ဤကား ကုသိုလ် ဝစီကံ ၄-ပါးတည်း။)

၁။ အနဘိဇ္ဈာ-သူ့ပိုင်နက်ကို ကိုယ့်ဘက် မညွတ်စေဘဲ စိတ်နှလုံး ကြည်ဖြူခြင်း။

၂။ အဗျာပါဒ-သတ္တဝါတစ်ပါး၏ အသက်ခန္ဓာကို ချမ်းသာ ကြီးပွားစေလိုခြင်း။

၃။ သမ္မာဒိဋ္ဌိ-ဖြောင့်မှန်သော အယူကို ယူခြင်း။

(ဤကား ကုသိုလ် မနောကံ ၃-ပါးတည်း။)

သုစရိုက် ၁၀-ပါး ပြီး၏၊

နိဝရဏ ၆-တန် အကင်းသန်သဖြင့် ခက်ထန်ရိုင်းစိုင်းသော သူကိုကသိုဏ်းစျာန် ၁၀-ပါး, အသုဘ ၁၀-ပါး, အနုဿတိ ၁၀-ပါး, ဗြဟ္မဝိဟာရစျာန် ၄-ပါး, အာရုပ္ပစျာန် ၄-ပါး, ပဋိကူလသညာစျာန် ၄- ပါး, ဓာတုမနသိကာရစျာန် ၁-ပါး, ဤ ၄၀-သော ဥပစာရစျာန်, အပ္ပနာကမ္မဋ္ဌာန်းတို့ကိုပြ၍ ဆုံးမတော်မူပေ၏၊

ကသိုဏ်းစျာန် ၁၀-ပါးဟူသည်ကား

၁။ မြေအခန်း၌ စီးဖြန်း၍ရသော ပထဝီကသိုဏ်းစျာန် ၁- ပါး

၂။ ရေအခန်း၌ စီးဖြန်း၍ ရသောအာပေါကသိုဏ်းစျာန် ၁- ပါး

၃။ လေအခန်း၌ စီးဖြန်း၍ရသော ဝါယောကသိုဏ်းစျာန် ၁- ပါး

၄။ မီးအခန်း၌ စီးဖြန်း၍ရသော တေဇောကသိုဏ်းစျာန် ၁- ပါး

၅။ အလွန်မဲနက် စိမ်းညိုသော အဝတ်မျိုး အထည်မျိုး ပန်းမျိုး ဆေးမျိုးတို့၌ စီးဖြန်း၍ရသော နီလကသိုဏ်းစျာန် ၁-ပါး၊

၆။ အလွန်ဝါသောအဝတ်မျိုးအထည်မျိုးပန်းမျိုးဆေးဒန်း စသော ဆေးမျိုးတို့၌ စီးဖြန်း၍ရသော ပီတကသိုဏ်းစျာန် ၁-ပါး,

၇။ အလွန်နီသောအဝတ်မျိုး အထည်မျိုး ဆေးမျိုးတို့၌ စီးဖြန်း၍ရသော လောဟိတကသိုဏ်း စသောစျာန် ၁-ပါး,

၈။ အလွန်ဖြူသောအဝတ်မျိုး အထည်မျိုး ပန်းမျိုး ဆေးမျိုးတို့၌ စီးဖြန်း၍ရသော ဩဝါဒကသိုဏ်း စျာန်း၁-ပါး။

၉။ အရောင်အလင်းတို့၌ စီးဖြန်း၍ရသော အာလောက ကသိုဏ်းစျာန်၁-ပါး,

၁၀။ အပေါ်ကောင်းကင်၌ စီးဖြန်း၍ရသော အာကာသ ကသိုဏ်းစျာန် ၁-ပါး,

(ဤကား ကသိုဏ်းစျာန်၁၀-ပါးတည်း။)

-----------

အသုဘစျာန် ၁၀-ပါးဟူသည်ကား

၁။ ဖူးဖူးရောင်သော သူကောင်ပုပ်၌ စီးဖြန်း၌ရသော ဥဒ္ဓု မာတက စျာန် ၁-ပါး,

၂။ ပုပ်၍ညိုမဲသော သူကောင်ပုပ်၌စီးဖြန်း၍ရသော ဝိနီလက စျာန် ၁-ပါး,

၃။ အပုပ်လွန်သောအပုပ်ရည်ပြည်အစု၌ စီးဖြန်း၍ရသော ဝိပုဗ္ဗကစျာန် ၁-ပါး,

၄။ အလယ်၌ပြတ်၍ နှစ်ပိုင်းပြတ်နေသော သူကောင်၌ စီးဖြန်း၍ရသော ဝိစ္ဆိဒ္ဒကစျာန် ၁-ပါး,

၅။ တောခွေး, ရွာခွေး စား၍ကျန်သော သူကောင်၌ စီးဖြန်း ၍ရသောဝိက္ခာယိတကစျာန် ၁-ပါး

၆။ တောခွေး, ရွာခွေး ကိုက်ဆွဲ၍ ထိုထိုအရပ်တွင် အပိုင်းပိုင်း နှင့် နေသောသူကောင်၌စီးဖြန်း၍ရသော ဝိက္ခိတ္တက စျာန် ၁-ပါး,

၇။ ဓား လက်နက်တိ့ုဖြင့် ဖြတ်လျက် ဖရိုဖရဲဖြစ်၍ ထားအပ် သော သူကောင်၌စီးဖြန်း၍ရသော ဟတဝိက္ခိတ္တက စျာန် ၁-ပါး,

၈။ လက်နက်ထိရာမှ သွေးယိုသော သူကောင်၌ စီးဖြန်း၍ ရသောလောဟိတက စျာန် ၁-ပါး,

၉။ ပိုးလောက်တို့ဖြင့် ပြည့်သော သူကောင်၌ စီးဖြန်း၍ရသော ပုဠုဝက စျာန် ၁-ပါး,

၁၀။ အရိုးစုမျှသာဖြစ်သော သူကောင်၌ စီးဖြန်း၍ရသော အဋ္ဌိကစျာန် ၁-ပါး,

(ဤကား အသုဘ စျာန် ၁၀-ပါးတည်း။)

----------

အနုဿတိစျာန် ၁၀-ပါးဟူသည်ကား

၁။ ဘုရားဂုဏ်ကို စွဲစွဲမြဲမြဲ အောက်မေ့၍ရသော ဗုဒ္ဓါနုဿတိ စျာန် ၁-ပါး,

၂။ တရားဂုဏ်ကို စွဲစွဲမြဲမြဲ အောက်မေ့၍ရသော ဓမ္မာနုဿတိ စျာန် ၁-ပါး,

၃။ သံဃာ့ဂုဏ်ကို စွဲစွဲမြဲမြဲ အောက်မေ့၍ရသော သံဃာ နုဿတိ စျာန် ၁-ပါး,

၄။ စင်ကြယ်စွာ စောင့်ထိန်း၍ ရအပ်ပြီးသော သီလဂုဏ်ကို အောက်မေ့၍ရသော သီလာနုဿတိစျာန် ၁-ပါး,

၅။ စင်ကြယ်စွာ ပြုပြီးသော မိမိဒါန၏ ဂုဏ်ကို စွဲစွဲမြဲမြဲ အောက်မေ့၍ရသော စာဂါနုဿတိစျာန်၊

၆။ နတ်ပြည်သို့ တင်ပို့ဆောင်တတ်သော မိမိသန္တာန်၌ ဖြစ်သော သဒ္ဓါ, သီလ, ဟိရီ, ဩတ္တပ္ပ စသော သူတော် ကောင်း တရားစုကို စွဲစွဲမြဲမြဲ အောက်မေ့၍ ရသော ဒေဝတာနုဿတိ စျာန် ၁-ပါး,

၇။ မိမိသန္တာန်၌ ကိလေသာ၏ ငြိမ်းမှုကို စွဲစွဲမြဲမြဲ အောက်မေ့၍ ရသော ဥပသမာနုဿတိ စျာန် ၁-ပါး,

၈။ မိမိသေရမည်ကို စွဲစွဲမြဲမြဲ အောက့်မေ့၍ မရဏာနုဿတိ စျာန် ၁-ပါး,

၉။ မိမိသန္တာန်၌ ဆံပင် စသော ၃၂-ပါးသော အပုန်အစုတို့ကို စွဲစွဲမြဲမြဲ အောက်မေ့ရသော ကာယဂတာသတိစျာန် ၁- ပါး,

၁၀။ မိမိ၏ ထွက်သက် ဝင်သက် စွဲစွဲမြဲမြဲ အောက်မေ့၍ရသော အာနာပါနဿတိ စျာန် ၁-ပါး,

(ဤကား အနုဿတိစျာန် ၁၀-ပါးတည်း။)

---------

ဗြဟ္မဝိဟာရစျာန် ၄-ပါးဟူသည်ကား

၁။ ခပ်သိမ်းသော သတ္တဝါတို့ကို့ မေတ္တာဖြန့်ဖြူး၍ ရသော မေတ္တာစျာန် ၁-ပါး,

၂။ ဆင်းရဲသော သတ္တဝါတို့ကို ကရုဏာဖြန့်ဖြူး၍ရသော ကရုဏာစျာန် ၁-ပါး,

၃။ ချမ်းသာသော သတ္တဝါတို့ကို မုဒိတာဖြန့်ဖြူး၍ ရသော မုဒိတာစျာန် ၁-ပါး,။

၄။ ခပ်သိမ်းသော သတ္တဝါတို့ကိုဥပေက္ခာဖြန့်ဖြူး၍ရသော ဥပေက္ခာစျန် ၁-ပါး,

(ဤကား ဗြဟ္မဝိဟာရစျာန် ၄-ပါးတည်း။)

--------

အာရုပ္ပစျာန်၄-ပါးဟူသည်ကား

၁။ အာကာသာနဉ္စာယတန စျာန် ၁-ပါး,

၂။ ဝိညာဏဉ္စာယတန စျာန် ၁-ပါး,

၃။ အာကိဉ္ဇာညာယတန စျာန် ၁-ပါး,

၄။ နေဝသညာယတန စျာန် ၁-ပါး,

(ဤကား အာရုပ္ပစျာန် ၄-ပါးတည်း။)

--------

ပဋိကူလသညာစျာန် ၁-ပါးဟူသည်ကား

နေ့တိုင်းနေ့တိုင်း စားသောထမင်း အစာအာဟာရတို့၌ စက်ဆုပ် ရွံ့ရှာဖွယ်ဟု အမြဲရှု၍ရသော ဥပစာရစျာန်သည် ပဋိကူလသညာ စျာန်မည်၏၊

ဓာတုမနသိကာရစျာန် ၁-ပါးဟူသည်ကား မိမိကိုယ်ကောင် ဖြစ်၍နေသော မြေဓာတ်အစု, ရေဓာတ်အစု, မီးဓာတ်အစု, လေဓာတ်အစုတိ့ု၌ ရှု၍ရသော ဥပစာရစျာန်သည် ဓာတုမနသိကာရစျာန်မည်၏၊

ကမ္မဋ္ဌာန်း ၄၀-ပြီး၏၊

ခန္ဓာတရား ရုပ်နာမ်တရားတို့ကိုပင် ပုဂ္ဂိုလ်,သတ္တဝါ, ငါ, သူတစ်ပါး, ယောကျ်ား, မိန်းမဟု အထင် မှောက်မှား၍ နေကြကုန်သော သတ္တ အပေါင်းတို့ကို ထိုအထင်မှ စင်ကြယ် ကင်းလွတ်စေခြင်းငှါ ရုပ်တရားအစု နာမ်တရားအစုတို့ကို ပြသဖြင့်ဆုံးမတော်မူပေ၏၊ ရုပ်တရား နာမ်တရားတို့သည် အကြောင်းမရှိ မိမိအလို အလျှောက် ဖြစ်ကြကုန်သည်ဟူ၍ အထင်မှောက်မှား၍နေကြသော သတ္တဝါတို့သည် ထိုအထင်မှစင်ကြယ် ကင်းလွတ်စေခြင်းငှာ ပဋိစ္စသမုပ္ပါဒ် အကြောင်းတရား, ပဋ္ဌာန်းအကြောင်းတရားတို့ကို ပြသဖြင့် ဆုံးမ တော်မူပေ၏၊

မိမိသန္တာန်၌ရှိသော စက္ခု, သောတ, ဖဿ, ဝေဒနာ-အစရှိသော ထိုရုပ်တရား, နာမ်တရားကိုပင် မိမိအပိုင် ဥစ္စာဟု တဏှာစွဲလမ်း၍ နေသော သတ္တဝါအပေါင်းတို့ကို ထို'တဏှာ'တရား ချုပ်စေခြင်းငှာ ဒုက္ခလက္ခဏာကို ပြသဖြင့် ဆုံးမတော်မူပေ၏၊

မိမိသန္တာန်၌ရှိသော စက္ခု, သောတ, ဖဿ, ဝေဒနာ-အစရှိသော ထိုရုပ်တရား, နာမ်တရားကိုပင် ငါငါ-ဟု မာန်ဖြင့်စွဲလမ်း၍နေသော သတ္တဝါအပေါင်းတို့ကို ထို'မာန' တရား ချုပ်စေခြင်းငှာ အနိစ္စလက္ခဏာကို ပြသဖြင့် ဆုံးမတော်မူ၏၊

မိမိသန္တာန်၌ရှိသော စက္ခု, သောတ, ဖဿ, ဝေဒနာ-အစရှိသော ထိုရုပ်တရား, နာမ်တရားကိုပင် ငါ၏ကိုယ် ငါ၏ကိုယ်-ဟုဒိဋ္ဌိဖြင့် စွဲလမ်း၍ နေသော သတ္တဝါအပေါင်းတို့ကို ထို'ဒိဋ္ဌိ'တရား ချုပ်စေခြင်းငှာ အနတ္တ လက္ခဏာကို ပြသဖြင့် ဆုံးမတော်မူ၏၊

ဤသို့လျှင် ဆုံးမထိုက်သော သတ္တဝါအပေါင်းတို့ကို ဆုံးမကြ သောသူအပေါင်းတို့ထက် အတုမရှိ မြတ်တော်မူသည်၏ အဖြစ်ကြောင့် အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မသာရထိ ဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏အနုတ္တရောပုရိသဒမ္မသာရထိ ခပ်သိမ်းသောသတ္တဝါအပေါင်းတို့ကို ဆုံးမတတ်သော သူတို့ထက် အတုမရှိ မြတ်တော်မူသော မြတ်စွာဘုရား။

၇။ ဣတိပိ သောဘဂဝါ သတ္ထာဒေဝမနုဿာနံ

အနက်။။ မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင်ကျေးဇူးရှင် ဖြစ်တော်မူပေသော။ ယော ဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်။ စိရကာလံ၊ ၄-သင်္ချေနှင့် ကမ္ဘာ ၁-သိန်း ကာလပတ်လုံး။ ပါရမိယော၊ ပါရမီတို့ကို။ ပူရေတွာ၊ ဖြည့်တေည်မူပြိး၍။ ဗုဒ္ဓဘာဝံ၊ သဗ္ဗညုဘုရား အဖြစ်သို့၊ ပတ္တော၊ ရောက်တော်မူပေ၏၊

မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင် ဖြစ် တော်မူပေသော။ သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် တည်းဟူသော ဘေးမျိုးသောင်း ကျန်း လမ်းမှား လမ်းဆိုးမှသတ္တဝါ အပေါင်းတို့ကို ထုတ်ဆောင်တော် မူပြီးလျှင် နိဗ္ဗာန်တည်းဟူသော ဘေးမျိုးကင်းကွာ ချမ်းသာရာသို့ ပို့ဆောင်ကယ် တင်တော်မူပေ။

အလွန်လိမ္မာလှစွာသော လှည်းမှူးကြီးသဖွယ် ဖြစ်ပါပေ၏၊

ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ဟူသည်ကား

၁။ လူနတ်ဗြဟ္မာ ခန္ဓာငါးပါးတို့၌ ရှိသော အနိစ္စဘေး, ဒုက္ခ ဘေး, အနတ္တဘေးတို့ကို ဖုံးဝှက်ကွယ်ကာ၍နေသော အဝိဇ္ဇာတည်းဟူသော အမှောင်ဓာတ်ကြီးတစ်ခုသည် သတ္တဝါတို့၏စိတ်ထဲ၌ အမြဲကိန်းဝပ်၍ နေ၏၊

၂။ ထိုအဝိဇ္ဇာ ရှိနေခြင်းကြောင့် ပစ္စုပ္ပန်ခန္ဓာကို သာယာ မှောက်မှားသည့်အတွက် သူ့အသက်ကို သတ်ခြင်း သူ့ဥစ္စာ ကို ခိုးယူခြင်းစသော အကုသိုလ်မကောင်းမှုတို့ကို ပြုကြ ကုန်၏၊ နောက်ဘဝခန္ဓာကို မှောက်မှားသည့် အတွက် ဒါနအမျိုးမျိုး, သီလအမျိုးမျိုး, မေတ္တာစသော ဘာဝနာ အမျိုးမျိုးဟူသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်၏၊ ထိုကောင်းမှု, မကောင်းမှု ၂-ပါး သည်သင်္ခါရ မည်၏၊

၃။ ကောင်းမှု, မကောင်းမှုကို ပြုကြသည့်အတွက် သေသည်မှ နောက်ကာလ ဘဝတစ်ပါးတွင် ဝိညာဉ်ဟူသော စိတ် တစ်ခုသည် ဖြစ်ပေါ်လေ၏

၄။ ဝိညာဉ် ဟူသော စိတ် ဖြစ်ပေါ်လျှင် ထိုဝိညာဉ်၏ တည်နေ ရာ ရုပ်ခန္ဓာအိမ်နှင့် ဝိညာဉ်၏ အကိုင်း အခက်ဖြစ်ကုန် သော ဖဿ ဝေဒနာ-အစရှိသော နာမ်ခန္ဓာတို့သည် တစ်ပြိုင်နက် ဖြစ်ပေါ်ကုန်၏၊

၅။ ရုပ်ခန္ဓာ, နာမ်ခန္ဓာ ၂-ပါး ဖြစ်ပေါ်လျှင် စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနော-ဟူသော ဒွါရ ၆-ပါး၊ တံခါး ၆-ပါးတို့သည် ဖြစ်ပေါ်ကုန်၏၊

၆။ ဒွါရ ၆-ပါး ဖြစ်ပေါ်လျှင် ထိုဒွါရ ၆-ပါးတွင် ခိုက်လာ ဆိုက်လာသောအာရုံ ၆-ပါးတို့ကို စိတ်၏ တွေ့ခြင်း ဟူသော ဖဿ ၆-ပါးတို့သည် ဖြစ်ပေါ်ကုန်၏၊

၇။ ဖဿ ၆-ပါး ဖြစ်ပေါ်လျှင် ထိုအာရုံ ၆-ပါးကို ခံစားမှု စံစားမှုဟူသော ဝေဒနာ ၆-ပါးတို့သည် ဖြစ်ပေါ်ကုန် လေ၏၊

၈။ ဝေဒနာ ၆-ပါးဖြစ်ပေါ်လျှင် ခံစား စံစားဖို့ အာရုံ ၆-ပါးကို သာယာတွယ်တာသော တဏှာ ၆-ပါးတို့သည် ဖြစ်ပေါ် ကုန်၏၊

၉။ တဏှာ ၆-ပါးဖြစ်ပေါ်လျှင် အပြင်းအထန်စွဲလန်းသော ဥပါဒါန်တရား ၄-ပါးတို့သည် ဖြစ်ပေါ်ကုန်၏၊

၁၀။ ဥပါဒါန် တရားစွဲလန်းမှုကြောင့် ကာယကံ, ဝစီကံ, မနောကံ ဟူသော ကုသိုလ်ကံ ၃--ပါး, အကုသိုလ်ကံ ၃-ပါးတို့သည် ဖြစ်ပေါ်လာကုန်၏၊

၁၁။ ကုသိုလ်ကံ, အကုသိုလ်ကံ ဖြစ်ပေါ်လျှင် နောက်တဖန် ဘဝအသစ် ဖြစ်ပေါ်ပြန်၏၊

၁၂။ ဘဝသစ် ဖြစ်ပေါ်ပြန်လျှင် အိုခြင်း, သေခြင်း ဘေးကြီး ၂-ပါးတို့သည် အမြဲဖြစ်ပေါ်လာကုန်၏၊

ဤကား အနမတဂ္ဂသံသရာ၌ အစဉ်တစိုက် ဖြစ်ပွါး၍နေသော ပဋိစ္စသမုပ္ပါဒ် ရဟတ်စက်ချား လမ်းမှားလမ်းဆိုး အကြောင်းကြီးပေတည်း။

နိဗ္ဗာန်တည်းဟူသော ဘေးမျိုးကင်းကွာ ချမ်းသာရာ ဟူသည် ကား

၁။ အကြင်အခါ ကောင်းစွာအားထုတ်သဖြင့်လူ, နတ်, ဗြဟ္မာ ဤခန္ဓာတို့၌ အနိစ္စဘေးကို မြင်နိုင်သော ဝိဇ္ဇာဉာဏ်, ဒုက္ခဘေးကို မြင်နိုင်သော ဝိဇ္ဇာဉာဏ်, အနတ္တဘေးကိုမြင်နိုင်သော ဝိဇ္ဇာဉာဏ်၊ ဤဝိဇ္ဇာဉာဏ် ၃-ပါးသည် စိတ်အစဉ်မှာဖြစ်ပေါ်လာ၏၊ ထိုအခါ သတ္တဝါတို့၏သန္တာန်၌ အဝိဇ္ဇာဟူသော အမှောင်ဓါတ်ကြီးသည် ကွယ် ပျောက် ချုပ်ငြိမ်းလေ၏၊ ဤအဝိဇ္ဇာချုပ်ငြိမ်းမှုသည် ''ဘေးမျိုးကင်းကွာ ချမ်းသာရာ'' ဟူသော နိဗ္ဗာန်ကြီး တစ်ခုပေတည်း။

၂။ အဝိဇ္ဇာ ချုပ်ငြိမ်းလျှင် ကောင်းမှု, မကောင်းမှုတို့သည်လည်း အကုန်ချုပ်ငြိမ်းကုန်၏၊ ကုသိုလ်ကောင်းမှုတို့၏ ချုပ်ငြိမ်းမှု, အကုသိုလ် မကောင်းမှုတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်ကြီးတစ်ခုပေတည်း။

၃။ ဤအတူ ဝိညာဉ်ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။

၄။ နာမ်ရုပ်တို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။

၅။ ဒွါရ ၆-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။

၆။ ဖဿ၆-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။

၇။ ဝေဒနာ၆-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။

၈။ တဏှာ ၆-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။

၉။ ဥပါဒါန် ၄-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။

၁၀။ ကုသိုလ်ကံ, အကုသိုလ်ကံ, ၂-ပါးတို့၏ ချုပ်ငြိမ်းမှုသည် လည်း နိဗ္ဗာန်တစ်ခု။

၁၁။ ပဋိသန္ဓေနေခြင်း၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။

၁၂။ အိုခြင်း, သေခြင်း ဘေးကြီး ၂-ပါးတို့၏ ချုပ်ငြိမ်းမှုသည် လည်း နိဗ္ဗာန်တစ်ခု။ နိဗ္ဗာန်အပြား ၁၂-ပါးဖြစ်၏၊

စကားအစဉ်အားဖြင့် ၁၂-ပါးပြားသည်၊ တရားကိုယ် အားဖြင့် မူကား အဝိဇ္ဇာချုပ်ငြိမ်းမှုနှင့်တစ်ခုတည်း တစ်ချက်တည်းသာလျှင်တည်း။

(ဤကား အနိစ္စဉာဏ်, ဒုက္ခဉာဏ်, အနတ္တဉာဏ်-အမြင်သန် သော ဝိဇ္ဇာဉာဏ် ၃-ပါးကိုရသောအခါ အဝိဇ္ဇာဟူသော သံသရာလမ်း စပြတ်၍ ပဋိစ္စသမုပ္ပါဒ်တို့၏ ချုပ်ငြိမ်းရာနိဗ္ဗာန်တည်းဟူသော ဘေးမျိုး ကင်းစွာ ချမ်းသာအတိသို့ ပေါက်ရောက်တည်း။)

ဤသို့ သတ္တဝါတို့ကို သံသရာလမ်း ခရီးကြမ်းမှ ကယ်ထုတ်၍ နိဗ္ဗာန်တည်းဟူသော ဘေးကင်းရာဌာနသို့ ပို့ဆောင် ကယ်တော်မူပေ၍ လိမ္မာလှသော လှည်းမှူးကြီးသဖွယ် ဖြစ်ပေသောကြောင့် သတ္ထာ ဒေဝမနုဿာန-ဟူသောအမည်နာမ ဝိသေသကို ရတော်မူပေ၏၊ ဒေဝမနုဿာနံ၊ နတ်လူအပေါင်းတို့၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင်ကြီး ဖြစ်တော်မူပေသော မြတ်စွာဘုရား။

၈။ ဣတိပိ သော ဘဂဝါ ဗုဒ္ဓေါ

အနက်။။ မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူပေသော။ ယော ဘဂဝါ၊ အကြင်မြတ်စွာ ဘုရားသည်။ စိရကာလံ၊ ၄-သချေနှင့် ကမ္ဘာ ၁-သိန်း ကာလပတ်လုံး။ ပါရမိယော၊ ပါရမီတို့ကို။ ပူရေတွာ၊ ဖြည့်တော်မူပြီး၍။ ဗုဒ္ဓဘာဝံ၊ သဗ္ဗညုတ ဘုရားအဖြစ်သို့။ ပတ္တော၊ ရောက်တော်မူပေ၏၊

မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင် ဖြစ်တော် မူပေသော။ သော ဘဂဝါ= ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့လျှင် ကိုယ်တော်မြတ်လည်း သစ္စာ ၄-ပါး တရားတို့ကို သိတော်မူပေ၏, သတ္တဝါ အပေါင်းတို့အားလည်း ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့ကို ပွား များစေတော်မူသဖြင့် သစ္စာ ၄-ပါးတရားတို့ကို သိစေတော်မူပေ၏၊

၃၇-ပါးသော ဗောဓိပက္ခိယ တရားဟူသည်ကား

သတိပဋ္ဌာန် ၄-ပါး

၁။ မိမိကိုယ်အစု၌ ဖြစ်မှု ပျက်မှုကို ရှုသော ကာယနုပဿနာ သတိပဋ္ဌာန်။

၂။ မိမိဝေဒနာအစု၌ ဖြစ်မှု ပျက်မှုကို ရှုသော ဝေဒနာနု ပဿနာ သတိပဋ္ဌာန်။

၃။ မိမိစိတ်အစု၌ ဖြစ်မှု ပျက်မှုကို ရှုသော စိတ္တာနုပဿနာ သတိပဋ္ဌာန်။

၄။ မိမိ လောဘစသော တရားစုတို့၌ ဖြစ်မှု ပျက်မှုကို ရှုသော ဓမ္မာနုပဿနာ သတိပဋ္ဌာန်။

(ဤကား သတိပဋ္ဌာန် ၄-ပါးတည်း)

သမ္မပ္ပဓာန် ၄-ပါး

၁။ မိမိတို့သန္တာန်မှာ ကမ္မပထမြောက်ခဲ့ဘူး၍ အပါယ်သို့ ပစ်ချခြင်းငှာ ဘဝအဆက်ဆက် အစဉ်ပါရှိ၍နေသော ဒုစရိုက် အကုသိုလ်ကံဟောင်းစုကို အကြွင်းမဲ့ ပယ်ခြင်းငှာလည်းကောင်း။

၂။ ဤဘဝမှ နောက် အနမတဂ္ဂသံသရာ၌ ဒုစရိုက်တို့ကို မိမိသန္တာန်မှာ တဖန် မဖြစ်လာစေခြင်းငှာလည်းကောင်း မနေမနား အားထုတ်ရာသောဝီရိယ ၂-ပါး။

၃။ သောတာပန်ဖြစ်ရန် အခွင့်ကိုရည်၍ ဒုစရိုက်ဟောင်း, ဒုစရိုက်သစ်ကိုဆိုသည်၊ ယခုရရှိ၍နေသော အာဇီဝဋ္ဌမကစသော ကုသိုလ်ကံဟောင်းတို့ကို ပရိနိဗ္ဗာန်စံရာ သဝဆိုက်အောင် ဘယ်အခါမှာမှ ပျက်ကွက် ဖောက်ပြားခြင်းမရှိ နိယာမအဖြစ်သို့ ရောက်ပြီးဖြစ်စေခြင်း ငှာလည်းကောင်း,

၄။ ဤသာသနာတော်မြတ်ကြီး၌ ကာမ, ရူပ, အရူပ, လောကုတ္တရာ ကုသိုလ် ၄-မျိုးရှိသည်တွင် မိမိ မရောက်ဖူးသေး, မရ ဖူးသေး, မိမိသန္တာန်မှာ လို၍နေသေးသော ကုသိုလ်ကံသစ်မျိုးတို့ကို ယခုဘဝ နေ့ချင်း, ညချင်း, လချင်း, နှစ်ချင်း အမြန်ရထည့်ရောက် ထည့်ခြင်း အကျိုးငှာလည်းကောင်း မနေမနား အားထုတ်ရာသော ဝီရယ ၂-ပါး။

ဤ ၄-ပါးသော ဝီရိယတို့ကို အရေကြွင်းစေ, အကြောအခြင် ကြွင်းစေ, အရိုးကြွင်းစေ, အသားအသွေး ကုန်ခန်းလေစေ-ဟု အင်္ဂါ ၄-ပါး အခိုင်အမြဲထား၍ ကိစ္စပြီးစီးလိမ့်မည်ဆိုလျှင် အသက်ခန္ဓာကိုမျှ မညှာမတာ အားထုတ်ရာသော အခွင့် ၄-ပါးသည် သမ္မပ္ပဓာန် ၄-ပါး မည်၏၊

(ဤကား သမ္မပ္ပဓာန် ၄-ပါးတည်း။)

ဣဒ္ဓိပါဒ် ၄-ပါး

၁။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ အလွန်ထက်သန် သော ဆန္ဒ ၁-ပါး,

၂။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ အလွန်ထက်သန် သော စိတ်အကြံ ၁-ပါး,

၃။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ အလွန်ထက်သန် သော ဝီရိယ ၁-ပါး,

၄။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ အလွန်ထက်သန် သော ဉာဏ်ပညာ ၁-ပါး,

(ဤကား ဣဒ္ဓိပါဒ် ၄-ပါးတည်း။)

ဣန္ဒြေ ၅-ပါး

၁။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ စိတ်မကြည်လင် ခြင်းကို ပယ်နိုင်သော သဒ္ဓိန္ဒြေ ၁-ပါး,

၂။ သမထ, ဝိပဿနာ- ဘာဝနာမှုတို့၌ စိတ်၏ ဆုပ်နစ် ခြင်းကို ပယ်နိုင်သော ဝိရိယိန္ဒြေ ၁-ပါး

၃။ သမထ, ဝိပဿနာ- ဘာဝနာမှုတို့၌ စိတ်၏ မေ့လျော့ ခြင်းကို ပယ်နိုင်သော သတိန္ဒြေ ၁-ပါး

၄။ သမထ, ဝိပဿနာ- ဘာဝနာမှုတို့၌ စိတ်၏ ပျံ့လွင့်ခြင်း ကို ပယ်နိုင်သော သမာဓိန္ဒြေ ၁-ပါး

(ဤကား ဣန္ဒြေ ၅-ပါးတည်း။)

ဗိုလ် ၅-ပါး

၁။ သဒ္ဓါဗိုလ်,

၂။ ဝီရိယဗိုလ,်

၃။ သတိဗိုလ်,

၄။ သမာဓိဗိုလ,်

၅။ ပညာဗိုလ်,

(ဤကား ဗိုလ် ၅-ပါးတည်း။)

ဗောဇ္ဈင် ၇-ပါး

၁။ သတိပဋ္ဌာန်ကိစ္စရှိသော သတိသမ္ဗောဇ္ဈင် ၁-ပါး

၂။ နာမ်ရုပ်တရားတို့၌ ဟုတ်မှန်သော လက္ခဏာကို ရှာ ဖွေ၍ သိနိုင်မြင်နိုင်သော ဓမ္မဝိစယသမ္ဗောဇ္ဈင် ၁-ပါး

၃။ သမ္မပ္ပဓာန် ကိစ္စရှိသော ဝီရိယသမ္ဗောဇ္ဈင် ၁-ပါး,

၄။ ဓမ္မရသ တရားအရသာတို့၌ သာယာနှစ်သက်သော ပီတိသမ္ဗောဇ္ဈင် ၁-ပါး,

၅။ ကိုယ့်,စိတ် ၂-ပါးတို့၏ ပူပန်ခြင်းခပ်သိမ်းကို ငြိမ်းစေ တတ် သော ပဿဒ္ဓိသမ္ဗောဇ္ဈင် ၁-ပါး,

၆။ တရားအာရုံ၌ တုန်လှုပ်ခြင်း မရှိသော သမာဓိ သမ္ဗောဇ္ဈင် ၁-ပါး,

၇။ ဘာဝနာမှုတို့၌ မတွေ့မထောင့် အဖြောင့်ဆောင်ကြဉ် တတ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ၁-ပါး။

(ဤကား ဗောဇ္ဈင် ၇-ပါးတည်း။)

မဂ္ဂင် ၈-ပါး

၁။ သစ္စာ ၄-ပါးကို မြင်နိုင်သော သမ္မာဒိဋ္ဌိ ၁-ပါး

၂။ အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်စွာ ကြံဖန်ခြင်းဟူသော သမ္မာသင်္ကပ္ပ ၁-ပါး၊

၃။ ဝစီဒုစရိုက် ၄-ပါးတို့ကို အကုန်အစင်ပယ်ဖြတ်နိုင်သော သမ္မာဝါစာ ၁-ပါး၊

၄။ ကာယဒုစရိုက် ၃-ပါးတို့ကို အကုန်အစင် ပယ်ဖြတ်နိုင် သော သမ္မာကမ္မန္တ ၁-ပါး၊

၅။ မကောင်းသော အသက်မွေးမှုတို့ကို အကုန်အစင် ပယ်ဖြတ်နိုင်သော သမ္မာအာဇီဝ ၁-ပါး၊

၆။ သမ္မပ္ပဓာန် ကိစ္စရှိသော သမ္မာဝါယမ ၁-ပါး၊

၇။ သတိပဋ္ဌာန် ကိစ္စရှိသော သမ္မာသတိ ၁-ပါး၊

၈။ စျာန် ၄-ပါးနှင့်ယှဉ်သော သမ္မာသတိ ၁-ပါး၊

(ဤကား မဂ္ဂင် ၈-ပါးတည်း)

ဤ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့ကို ပွားများစေ တော်မူသဖြင့် သူတပါးတို့အားလည်း သစ္စာ ၄-ပါး တရားတို့ကို သိစေ တော်မူသော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏၊

ဗုဒ္ဓေါ၊ ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂတစ်ဖြာ ၄-သစ္စာကို ဆရာ မကူ သယမ္ဘူဖြင့် အမှန်ထိုးထွင်း အလင်းသိမြင်တော်မူသော မြတ်စွာ ဘုရား။

၉။ ဣတိပိ သောဘဂဝါ ဘဂဝါ

အနက်။ ။ မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင်ကျေးဇူး ရှင်ဖြစ်တော်မူပေသော။ ယောဘဂဝါ၊ အကြင်မြတ်စွာ ဘုရားသည်။ စိရကာလံ၊ ၄-သင်္ချေနှင့် ကမ္ဘာ ၁-သိန်းကာလပတ်လုံး။ ပါရမိယော၊ ပါရမီတို့ကို။ ပူရေတွာ၊ ဖြည့်တော်မူပြီး၍။ ဗုဒ္ဓဘာဝံ၊ သဗ္ဗညုတ ဘုရားအဖြစ်သို့။ ပတ္တော၊ ရောက်တော်မူပေ၏၊

မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင်ကျေးဇူးရှင်ဖြစ် တော်မူပေသော။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိပိ၊ ဤသို့လျှင် အတုမရှိကြီးမြတ်သော ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံ တော်မူပေ၏၊

ဘုန်းတော် ၆-ပါးကား

၁။ အလိုရှိတိုင်း ဖန်ဆင်းခြင်းငှာ စိတ်တော်ကို အစိုးရခြင်း

ဟူသော ဣဿရိယ ဘုန်းတော် ၁-ပါး,

၂။ လောကုတ္တရာ ဂုဏ်ကျေးဇူးဟူသော ဓမ္မဘုန်းတော် ၁- ပါး,

၃။ လောကသုံးပါး၌ အတုမရှိ ကျော်စောတော်မူသော ယသ ဘုန်းတော် ၁-ပါး,

၄။ အတုမရှိ တင့်တယ်သော ကျက်သရေတည်းဟူသော သိရီ ဘုန်းတော် ၁-ပါး,

၅။ အလိုတော်ခပ်သိမ်း ပြီးငြိမ်းစေခြင်းတည်းဟူသော ကာမ ဘုန်းတော် ၁-ပါး,

၆။ သတ္တဝါတို့အကျိုးကို အားထုတ်မှု၌ အတုမရှိသော လုံ့လဝီရိယရှိတော်မူခြင်း တည်းဟူသော ပယတ္တ ဘုန်း တော် ၁-ပါး။

ဤ ၆-ပါးသော အတုမရှိ ကြီးမြတ်သော ဘုန်းတော် တန်ခိုး တော်တို့နှင့် ပြည့်စုံတော်မူသောကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါ-ဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏၊

ဘဂဝါ၊ ဘုန်းတော် ၆-ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ဤကား မြတ်စွာဘုရား၏ ဂုဏ်တော် ၉-ပါး အကျဉ်းပွါးပုံ, အ လယ်အလတ် ပွါးများပုံ, အကျယ်ပွါး များပုံတို့ကို ပြဆိုခြင်းပေတည်း။)

၎င်းဂုဏ်တော် ၉-ပါးအပြင်

၁။ စက္ခု ၅-ပါးနှင့် ပြည့်စုံတော်မူခြင်း စက္ခုမန္တဂုဏ်,

၂။ မာရ် ၅-ပါးကို အကြွင်းအကျန်မရှိ အောင်တော်မူသော အစွမ်းသတ္တိတော်ဟူသော ဇိနဂုဏ်,

၃။ ကိုယ်တော်အား ၁၀-ပါး, ဉာဏ်တော်အား ၁၀-ပါးနှင့် ပြည့်စုံ တော်မူခြင်း ဒသဗလဂုဏ်,

ဤသို့အစရှိသည်ဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော် တို့သည် အပ္ပမာဏော ဗုဒ္ဓေါ-ဆိုသောအတိုင်း အသင်္ချေယျ, အနန္တများ ပြားကုန်၏၊

ထိုများပြားစွာသော ဂုဏ်တော်တို့ကို မိမိသဒ္ဓါစွမ်း, ဝိရီယစွမ်း, ဉာဏ်စွမ်းရှိသည်အားလျော်စွာ သိနိုင်သမျှ သိအောင်လုပ်၍ ဤ ဂုဏ် တော် ၉-ပါး နည်းတူပင်လျှင် ဆင်ခြင်အောက်မေ့ရာ၏၊

၁-ပါးတည်း ဆင်ခြင်အောက်မေ့ရသည်ထက် ၂-ပါး, ၃-ပါး, ၄-ပါး, ၅-ပါး-စသည်ဖြင့် များစွာ အောက်မေ့နိုင်လေ ကောင်းလေဖြစ်၏၊ စိတ်အလွန် ကြည်လင်၏၊ ဉာဏ်ပွင့်လန်း၏၊ အကျိုးအာနိသင် ကြီးမား မြင့်မြတ်၏၊

ဤကဲ့သို့ မိမိတို့ သိနိုင်သလောက် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူး တို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်သဒ္ဓါတရား ထက်သန်၏၊ မိမိဦးခေါင်းကိုပင် ဖြတ်၍ ပူဇော်ချင်အောင် သဒ္ဓါတရား ဖြစ်တတ်၏၊ အလွန်စိတ်ဉာဏ် ကြည်၏၊ ဉာဏ်တိုးပွါးကြီးရင့်၏၊ အလွန် စိတ်တည်ကြည်၏၊ ဥပစာရစျာန်ကိုရ၏၊

ဥပစာရစျာန်ဟူသည်ကား ၁။ နိမိတ်ရစကောင်းသော ကမ္မဋ္ဌာန်းတို့၌ အစမှစ၍ ပဋိဘာဂ နိမိတ် ဖြစ်ပေါ်သည့်တိုင်အောင် ဤအတွင်းကြည့်ရှု ပွါးများသော စိတ္တုပ္ပါဒ်ကို ပရိကမ္မဘာဝနာ-ဟုခေါ်၏၊

၂။ ပဋိဘာဂနိမိတ်ဖြစ်ပေါ်သည်မှစ၍ အပ္ပနာသို့ မရောက်မီ ဤအတွင်း ကြည့်ရှုပွါးများသော စိတ္တုပ္ပါဒ်ကို ဥပစာရဘာဝနာ-ဟုခေါ်၏၊

၃။ စျာန်စိတ်ကိုကား အာရုံထဲသို့ ဝင်ဘိသကဲ့သို့ စူးစိုက်၍ ဖြစ်ခြင်းကြောင့် အပ္ပနာဘာဝနာ-ဟုခေါ်၏၊

ဤဘာဝနာ ၃-ပါး၌

၁။ ပရိကမ္မဘာဝနာ အခိုက်၌ ပါရှိသော သမာဓိကို, စျာန်ကို ပရိကမ္မသမာဓိ, ပရိကမ္မစျာန်-ဟုခေါ်၏၊

၂။ ဥပစာရဘာဝနာအခိုက်၌ ပါရှိသော သမာဓိကို, စျာန်ကို ဥပစာရသမာဓိ, ဥပစာရစျာန်-ဟုခေါ်၏၊

၃။ အပ္ပနာအခိုက်၌ ပါရှိသော သမာဓိကို, စျာန်ကို အပ္ပနာ သမာဓိ, အပ္ပနာစျာန်-ဟုခေါ်၏၊

ဤကဲ့သို့ ဘာဝနာ ၃-မျိုး၊ သမာဓိ ၃-မျိုး၊ စျာန် ၃-မျိုးရှိ၏၊

ဤဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည်ကား- ဘုရားဂုဏ်ကျေးဇူးတော် များသည် အလွန်နက်နဲသိမ်မွေ့သော ပရမတ္ထတရားဖြစ်၍ နိမိတ်ရ ကောင်းသော တရားမဟုတ်ခြင်းကြောင့် စိတ်ဉာဏ်ကြည်လင်ခြင်း, ဝမ်းမြောက်ခြင်း, တည်ကြည်ခြင်း ဥပစာရစျာန်, ဥပစာရသမာဓိမျှကိုသာ ဖြစ်စေနိုင်၏၊ အပ္ပနာစျာန်, အပ္ပနာသမာဓိကို မဖြစ်စေနိုင်၊ အပ္ပနာစျာန် ကိုကား နိမိတ်အာရုံ ရကောင်းသော ကမ္မဋ္ဌာန်းမှာမူ ဖြစ်စေနိုင်ကောင်း၏၊

ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပြီး၏၊

---------

( ခ ) ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

အနုဿတိ ၁၀-ပါးတို့တွင်

ဓမ္မာနုဿတိ ဟူသည်ကား-ဘုရားရှင် ဟောကြားတော်မူ အပ်သော ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဒ-ဟူသော ၃-ပါးသော တရားတော် မြတ်၏၊ ဝါ၊ ပရိယတ္တိ, ပဋိပတ္တိ, စျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်-ဟူသော ၆-ပါးသော တရားတော်မြတ်၏ သွာက္ခာတတာ-စသော ဂုဏ်တော်တို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိကို ဆိုသည်။

ထို ဓမ္မာနုဿတိကို ပွားများအားထုတ်လိုသော ယောဂီပုဂ္ဂိုလ် သည် တရားတော်မြတ်၏ သွာက္ခာတတာ-စသောဂုဏ်တော် ၆-ပါးကို ကောင်းမွန်စွာသိ၍ ဘုရားဂုဏ်ကျေးဇူးတော်ကို ဂုဏ်လုံးပေါ်အောင် ထင်ရှားအောင် လောကကြီးနှင့်တကွ မိမိတို့ရခဲနိုင်သောအဖြစ်, မရနိုင် သောအဖြစ်တို့ကို ဆင်ခြင်၍ အောက်မေ့ရဘိသကဲ့သို့ ထို့အတူ တရားတော်မြတ်၏ ဂုဏ်တော်ကိုလည်း ဂုဏ်လုံးပေါ်အောင်, တန်ဘိုး မဖြတ်နိုင်အောင်, ထင်ရှားအောင် ဆင်ခြင်အောက်မေ့ရမည်။

ဓမ္မ ဂုဏ်တော် ၆-ပါး

၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော,

၂။ သန္ဒိဋ္ဌိကော,

၃။ အကာလိကော,

၄။ ဧဟိပဿိကော,

၅။ ဩပနေယျိကော,

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။

၁။ ဘဂဝတော၊ မြတ်စွာဘုရားသည်။ သွာက္ခာတော၊ အစ, အလယ်, အဆုံး ၃-ပါးအစုံ ကောင်းခြင်း ဂုဏ်နှင့် ပြည့်စုံစွာ ဟောကြား တော်မူအပ်သော။ ဓမ္မော၊ တရားတော်မြတ်သည်။

၂။ သန္ဒိဋ္ဌိကော၊ ကျင့်ဆောင်သူတို့အား ယခုဘဝ ပစ္စက္ခ၌ပင် ဒိဋ္ဌကိုယ်တွင် တွေ့မြင်ခံစံရသော ဂုဏ်ကျေးဇူး အထူးနှင့်လည်း ပြည့်စုံ ပေ၏၊

၃။ အကာလိကော၊ ကာလမရွေ့ကျင့်သည့်နေ့ပင် တွေ့မြင် ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့်လည်း ပြည့်စုံပေ၏

၄။ ဧဟိပဿိကော၊ လာရောက်ရှုမြင် ကျေးဇူးတင်မြဲဖြစ်၍ လာပါ ရှုပါ ကျင့်ကြံပါဟု မပါပါအောင် ခေါ်ဆောင်သွတ်သွင်း တိုက် တွန်းခြင်းငှာ ထိုက်တန်စွာသော ဂုဏ်ထူး ဝိသေသနှင့်လည်း ပြည့်စုံ ပေ၏၊

၅။ ဩပနေယျိကော၊ မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင် ကပ်၍ဆောင်ထိုက်သော ဂုဏ်ထူးဝိသေသ နှင့်လည်း ပြည့်စုံပေ၏၊

၆။ ဝိညူဟိ၊ ပညာရှိသူ ရှင်, လူအပေါင်း သူတော်ကောင်း တို့သည်။ ပစ္စတ္တံ၊ အသီးအသီးသော မိမိတို့သန္တာန်၌။ ဝေဒိတဗ္ဗော၊ ချမ်းသာလေစွ, ကောင်းလေစွ- ဟု ကာယစိတ္တ-သုခနှစ်ပြင် ထင်ထင်ရှားရှား ခံစားသိ မြင်ရသော ဂုဏ်ထူး ဝိသေသနှင့်လည်း ပြည့်စုံပေ၏၊

ဘုရားရှိခိုးပြုလုပ်လိုလျှင်-(တံ၊ ထိုသွာက္ခာတ-အစ ဝေဒိတဗ္ဗအဆုံး ဘဝဂ်ချုန်းမျှ ဘုန်းရှိန်ကြီးမား ဂုဏ် ၆-ပါးနှင့် ပြည့်စုံသော တရားတော်မြတ်ကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒာမိ၊ ရှိခိုးပါ၏)

သွာက္ခာတဂုဏ်တော်

ငါ၏ဆရာ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော တရားတော်မြတ်သည်ကား မိစ္ဆာဒိဋ္ဌိဆရာများ ဟောကြားအပ်သော တရားများကဲ့သို့ ''ဒုရက္ခာတ-မကောင်းသဖြင့် ဟောကြားအပ်သော တရား'' မဟုတ်၊ အလွဲအမှား မဟုတ်၊ ဒုက္ခဖြစ်ကြောင်း မဟုတ်၊ စင်စစ် ဖြောင့်မှန်ပေ၏၊ ခပ်သိမ်းသော ဒုက္ခကို ပျောက်စေ၍ ချမ်းသာကို ဖြစ်စေတတတ်ပေ၏၊ ထို့ကြောင့် သွာက္ခာတ- ကောင်းစွာ ဟောကြားအပ် သော တရားတော်မြတ်ပေတည်း။

မိစ္ဆာဒိဋ္ဌိ တရားတို့နှင့် ယှဉ်၍, နှိုင်းစာ၍ ဆင်ခြင် အောက် မေ့ရာ၏၊ ဤနည်းကိုမှီ၍ ကြွင်းသော ဂုဏ်တော်တို့ကိုလည်း မိစ္ဆာဒိဋ္ဌိ တရား လောကီ ဗာဟိရတရားတို့နှင့် ယှဉ်၍ ယှဉ်၍, နှိုင်းစာ၍ နှိုင်းစာ၍ ဆင်ခြင်အောက်မေ့ရာ၏၊

သန္ဒိဋ္ဌိကဂုဏ်တော်

အကြင်တရားသည် သူ့ကိုကြည့်ရှုလျှင် အကျိုးရှိ၏၊ ချမ်းသာ ကောင်းကျိုးကို ဖြစ်စေတတ်၏၊ ထိုတရားသည် ကြည့်ရှုခြင်းငှာ သင့်သော ထိုက်သော သန္ဒိဋ္ဌိက တရားတည်း။

အကာလိကဂုဏ်တော်

အကြင်တရားသည် မိမိကို ပြုကျင့် ကြည့်ရှုလာသောသူအား ချမ်းသာကောင်းကျိုးကို ပေးရာ၌ နောက်ခဏမှ နောက်ရက်မှဟု အခါကာလကို မဆိုင်းငံ့ဘဲ ထိုမိမိကို ပြုကျင့် ကြည့်ရှုသည်နှင့် တစ်ပြိုင်နက် ပင်လျှင် ချမ်းသာကောင်းကျိုးကို ဖြစ်စေ၏၊ ပေး၏၊ ထိုတရားသည် အခါမလင့် အကျိုးပေးတတ်သော အကာလိက တရားတည်း။

ဧဟိပဿိကဂုဏ်တော်

အကြင်တရားသည် သူ့ကိုကြည့်ရှုလျှင် အကျိုးရှိ၏၊ ချမ်းသာ ကောင်းကျိုးကို ဖြစ်စေတတ်၏၊ ပေးတတ်၏၊ ထိုတရားသည် လာလှည့်, ဤတရားကို ကြည့်ရှုလှည့်ဟု တိုက်တွန်းစေခိုင်းခြင်း အစီအရင်ကို ထိုက်သော ဧဟိပဿိက တရားတည်း။

ဩပနေယျိကဂုဏ်တော်

သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်စေ၍ နိဗ္ဗာန်ချမ်းသာကို ပို့ဆောင် တတ်သော ဉာဏ်ဖြင့်ကပ်၍ လေ့လာဆောင်ရွက်အပ်သော ဩပနေယျိက တရားတည်း။

ပစ္စတ္တဝေဒိတဗ္ဗဂုဏ်တော်

ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့သည် အသီး အသီးသော မိမိတို့သန္တာန်၌ ချမ်းသာလေစွ, ကောင်းလေစွ-ဟု သုခ နှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင်ရသော ပစ္စတ္တဝေဒိတဗ္ဗ တရားတည်း။

မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ၃-ပါး, ၆-ပါးသော တရားတော်မြတ်သည် ဤ၆-ပါးသောဂုဏ်တို့နှင့် ထိုက်သည်အား လျော်စွာ ပြည့်စုံကြသည်၊ ထင်မြင်အောင် ကြည့်ရှုကြရာ၏၊

တရားတော်မြတ်၏ ဂုဏ်ကျေးဇူးတို့သည် အပ္ပမာဏော ဓမ္မောဆိုသောအတိုင်း ဤ ၆-ပါးအပြင်လည်း အသင်္ချေယျ, အနန္တများစွာ ဆိုသောအတိုင်း ဤ ၆-ပါးအပြင်လည်း အသင်္ချေယျ, အနန္တများစွာ ရှိကုန်၏၊ တရားတော်မြတ်၏ ဂုဏ်တော်တို့ကို ၁-ပါးထက် ၂-ပါး, ၂- ပါးထက် ၃-ပါး စသည်ဖြင့် များများကြီး သိလေအောင် အောက်မေ့ နိုင်လေလေ အကျိုးသာလွန်၍ ကြီးမြတ်လေလေ ဖြစ်၏၊

ဤကဲ့သို့ ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန်နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်း ဖြစ်၏၊ အလွန် စိတ်ဉာဏ် ကြည်၏၊ အလွန် ဉာဏ် ထက်သန် ကြီးထွား၏၊ အလွန် စိတ်တည်ကြည်၏၊ ဥပစာရ စျာန်ကိုရ၏၊

ဤဓမ္မာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း- တရားတော် ဂုဏ် တော်မြတ်သည် အလွန်နက်နဲသိမ်မွေ့သော ပရမတ္ထဓမ္မတွေ ဖြစ်၍ နိမိတ်ရကောင်းသော တရားမဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကို မဖြစ်စေနိုင်။

သွာက္ခာတ ဂုဏ်တော် အကျယ်

သုဋ္ဌု အက္ခာတောတိ သွာက္ခာတော။ သုဋ္ဌု၊ ကောင်းစွာ။ အက္ခာတော၊ ဟောကြားအပ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ သွာက္ခာတော၊ သွာက္ခာတ မည်၏၊

မေး။ ။ ကောင်းစွာ ဟောအပ်သည်ဟူသည် အဘယ်နည်း။

ဖြေ။ ။ ဤတရားသည် အစ၌လည်းကောင်း, အလယ်၌လည်း ကောင်း, အဆုံး၌လည်းကောင်း အနက်နှင့်လည်း ပြည့်စုံ၏၊ သဒ္ဒါ, ပုဒ်, ဗျည်းနှင့်လည်းပြည့်စုံ၏၊ ဤတရားတော်ဖြင့် မြတ်စွာဘုရားသည် အလုံးစုံပြည့်စုံ၍ စင်ကြယ်သော အကျင့်မြတ်ကို ပြတော်မူ၏၊

ဤသို့လျှင် ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကို သိအပ်၏၊ ချဲ့၍ဆိုဦးအံ့

၁။ တရားတော်သည် အစ၌ ကောင်းခြင်းရှိသောကြောင့် သွာက္ခာတ မည်၏၊

မေး။။ အစ၌ ကောင်းခြင်းဟူသည် အဘယ်နည်း။

ဖြေ။။ ထိုတရားကို ဟောတော်မူသော မြတ်စွာဘုရား၏ ကောင်းသောတရား အဖြစ်သည် တရား၏ အစ၌ ကောင်းခြင်းမည်၏၊

မေး။။ ဘုရား၏ ကောင်းသော ဘုရားအဖြစ်ဟူသည် အဘယ် နည်း။

ဖြေ။။ ဘုရား၏ ကောင်းသောဘုရားဖြစ်ပုံကို ဘုရား ဂုဏ်တော် ၉-ပါး၌ ပြဆိုအပ်ပြီးသောအတိုင်း သိအပ်၏၊

၂။ ထိုတရားတော်သည် အလယ်၌ကောင်းခြင်းရှိသော ကြောင့်လည်း သွာက္ခာတ မည်၏၊

မေး။။ အလယ်၌ ကောင်းမြတ်ခြင်းဟူသည် အဘယ်နည်း။

ဖြေ။ ။ တရား၏ ကောင်းမြတ်မှန်ကန်သော တရားဖြစ်မှု သည် အလယ်၌ကောင်းခြင်းမည်၏၊

မေး။။ တရား၏ကောင်းမြတ်မှန်မှုသည် အဘယ်နည်း။

ဖြေ။။ အနက်အဓိပ္ပါယ်နှင့် ပြည့်စုံမှု, သဒ္ဒါပုဒ်ဗျည်းနှင့် ပြည့်စုံမှု သည်လည်းကောင်း၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ် သောအကျင့်မြတ်ကို ပြခြင်းသည်လည်းကောင်း တရား၏ ကောင်းမြတ် မှန်ကန်မှု မည်၏၊

မေး။။ တရားတော်၏ အနက်နှင့်ပြည့်စုံမှု, သဒ္ဒါပုဒ် ဗျည်းနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း။သီလအရာ၌ ရှေးဦးစွာ ပြဆိုပေအံ့၊

ဖြေ။။ ထိုသီလနှင့်စပ်၍ ဟောတော်မူအပ်သော အရာ၌ အကြင်မျှလောက် သဒ္ဒါအစီအစဉ်ကို ပြသောပုဒ်, ဗျည်း-တို့ကိုလည်း ကောင်း၊ အနက်အဓိပ္ပါယ်ကို ပြသောပုဒ်, ဗျည်းတို့ကိုလည်းကောင်း ရထိုက်ကုန်၏၊ ထိုမျှလောက်ကုန်သော သဒ္ဒါပုဒ်, အနက်ပုဒ်တို့ကို လိုလေသေးသည် ဟူ၍မရှိ၊ အပြည့်အစုံ စီစဉ် ထည့်သွင်း၍သာလျှင် ဟောကြားတော်မူအပ်၏၊ ထို့ကြောင့် တရားတော်သည် အနက်နှင့်ပြည့်စုံ သည်, သဒ္ဒါပုဒ် ဗျည်းနှင့်ပြည့်စုံသည်မည်၏၊

ထို့အတူ သမာဓိနှင့်စပ်၍ ဟောသောအရာ, ပညာနှင့်စပ်၍ ဟောသောအရာတို့၌ ယုတ်လျောသည်, လိုသေးသည် ဟူ၍မရှိ၊ အပြည့် အစုံ ဖြစ်ကုန်သောသဒ္ဒါပုဒ်, အနက်ပုဒ်တို့နှင့် စီစဉ်၍ ဟောကြားတော် မူအပ်သည်၏ အဖြစ်သည် တရားတော်၏ အနက်နှင့်ပြည့်စုံမှုမည်၏၊ သီလတရားနှင့်စပ်လျင်း၍ ဟောတော်မူသောအခါ အနမတဂ္ဂ သံသရာကမ္ဘာအနန္တတို့၌ ကောင်းသော အလေ့အကျင့် ဟုဆိုအပ်ကုန် သော ကုသလသီလမျိုးတို့သည် ရှိကုန်၏၊

ထိုမျှလောက်ကုန်သော အလေ့ကောင်း, အကျင့်ကောင်းသီလ ကုသိုလ်အပေါင်းတို့ကို သဗ္ဗညုတညဏ်ဖြင့် အလုံးစုံသိမြင်တော်မူပြီး၍ ကောင်းစွာဟောကြားတော်မူအပ်၏၊ ထို့ကြောင့် သီလတရားများသည် အနက်နှင့် ပြည့်စုံသည်, သဒ္ဒါနှင့်ပြည့်စုံသည်မည်၏၊

သမာဓိနှင့်စပ်လျဉ်း၍ ဟောတော်မူရာ, ပညာနှင့်စပ်လျဉ်း၍ ဟောတော်မူရာတို့၌လည်း ဤနည်းအတိုင်း သာတ္ထ, ဗျဉ္ဇန ဖြစ်ပုံကို သိအပ်၏၊

ဤဆိုလတ္တံ့သောနည်းကား- အနက်နှင့်ပြည့်စုံ, သဒ္ဒါနှင့်ပြည့်စုံ၍ သာတ္ထ, သဗျဉ္ဇန-ဖြစ်ပုံ နည်းအမြွက်ပေတည်း။

ကုသလ=ကုသိုလ်။ ဤ ကုသလ-ဟူသော စကားသည် ဗျဉ္ဇနပဒမည်၏၊ ကာမာဝစရကုသိုလ်, ရူပါဝစရကုသိုလ်, အရူပါဝစရကုသိုလ်, လောကုတ္တရာကုသိုလ်-များသည် ထိုကုသလ-ပုဒ်သည် ဟောအပ်သော ကုသလ-ပုဒ်၏ အနက်ဖြစ်သော အတ္ထပဒ-မည်ကုန်၏၊

တဖန် ကာမာဝစရကုသလ-ဟူသော စကားသည် ဗျဉ္ဇနပဒမည်၏၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ကုသိုလ် စိတ် -အစရှိသောကာမာဝစရကုသိုလ်စိတ် ၈-ပါးသည် ထို ကာမာဝစရပုဒ်၏ အနက်ဖြစ်သော အတ္ထပဒ-မည်၏၊

ရူပါဝစရကုသလ-စသော စကားတို့၌လည်း ဤနည်းအတိုင်း ပင်တည်း။

(ဤကား အဘိဓမ္မာ၌ ဗျဉ္ဇနပဒ, အတ္ထပဒ-ခွဲဝေပုံကို နည်း အမြွက်ပေတည်း။)

သုတ္တန်နည်းအားဖြင့်

ကုသလ-ဟူသော စကားသည် ဗျဉ္ဇနပဒ-မည်၏၊ ထို ကုသလ ၏ အနက်သဘောဖြစ်သော သုစရိုက် ၁၀-ပါး, ကုသလကမ္မပထ ၁၀- ပါး, ပုညကိရိယာဝတ္ထု ၁၀-ပါးသည် အတ္ထပဒ မည်၏၊

(ဤကား သုတ္တန်နည်းအားဖြင့် ဗျဉ္ဇနပဒ, အတ္ထပဒ-ခွဲဝေပုံတည်း။)

ဤကဲ့သို့ ဟောတော်မူအပ်သော ကုသိုလ်တရားသည် အန မတဂ္ဂ သံသရာ ကမ္ဘာအဆက်ဆက်တို့၌ ဤမည်သော ကပ်ကမ္ဘာတွင်, လောကဓာတ်ပေါင်းအနန္တတို့၌ ဤမည်သောလောကဓာတ်တွင်, ဤမည်သော သတ္တလောကတွင်တစ်စုံတစ်ခုသော ကုသိုလ်မျှလည်း ထိုကုသလဟူသော ဗျဉ္ဇန-ပုဒ်, အတ္ထ-ပုဒ်တို့ဖြင့် မရေမတွက်သည်မရှိ၊ အနမတဂ္ဂ သံသရာ ကမ္ဘာအနန္တ သတ္တဝါအနန္တတို့၌ ကုသိုလ်ဟူ၍ဆိုလျှင် ထိုကုသလပုဒ် အတွင်းသို့ အကျုံးဝင်ကြလေသည်ချည်းသာ ဖြစ်လေ၏၊ ကုသိုလ်မှန်လျှင် ကုသလပုဒ်ဖြင့် ဝေဖန်အပ်သည်ချည်းသာ ဖြစ်လေ၏၊

(ဤသို့လျှင် ကုသလဓမ္မ ဟူသော ပုဒ်၏ သာတ္ထ, သဗျဉ္ဇနဖြစ်ပုံ, သဒ္ဒါနှင့်ပြည့်စုံပုံ, အနက်နှင့် ပြည့်စုံပုံကို သိအပ်၏၊)

အကုသလာ ဓမ္မာ-အစရှိကုန်သော ၈-သောင်း ၄-ထောင် ကုန်သောဓမ္မက္ခန္ဓာပုဒ်အပေါင်းတို့၌လည်း ဤနည်းအတိုင်း သာတ္ထ, သဗျဉ္ဇန-ဖြစ်ပုံကိုသိရာသတည်း။

မေး။။ ထိုတရားတော်ဖြင့် အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ်သော အကျင့်မြတ် ဗြဟ္မစရိယကို အဘယ်သို့ ပြပါသနည်း။

ဖြေ။။ (က) ဗြဟ္မဇာလသုတ်၌ ဟောတော်မူအပ်သော စူဠ သီလသည်လည်း ဗြဟ္မစရိယမည်၏၊ မဇ္ဈိမသီလသည်လည်းကောင်း, မဟာသီလသည်လည်းကောင်း ဗြဟ္မစရိယပင် မည်၏၊

( ခ ) အလုံးစုံသော ဝိနည်းပိဋကတ်၌ ပညတ်တော်မူအပ်သော ဝိနည်းသိက္ခာပုဒ် ဟူသမျှတို့သည်လည်း ဗြဟ္မစရိယ မည်ကုန်၏၊

( ဂ ) ထိုမှတစ်ပါး အလုံးစုံသော ဣန္ဒြိယသံဝရသီလ, အလုံးစုံသော သတိသမ္ပဇည, ပစ္စည်းလေးပါးတို့၌ ရောင့်ရဲမှု သန္တောသ, အလုံးစုံသော နီဝရဏတရားတို့ကို ခွာမှု သမာပတ် ၈-ပါး, ဝိပဿနာဉာဏ်, မနောမယိဒ္ဓိ ဉာဏ်, ဣဒ္ဓိဝိဓဉာဏ်, ဒိဗ္ဗသောတဉာဏ်, စေတောပရိယဉာဏ်, ပုဗ္ဗေနိဝါသဉာဏ်, စုတူပပါတဉာဏ် အလုံးစုံသည်လည်း ဗြဟ္မစရိယပင် မည်၏၊

(ဃ) သတိပဋ္ဌာန် ၄-ပါး, သမ္မပ္ပဓာန် ၄-ပါး, ဣဒ္ဓိပါဒ် ၄-ပါး, ဣန္ဒြေ ၅-ပါး, ဗိုလ် ၅-ပါး, ဗောဇ္ဈင် ၇-ပါး, မဂ္ဂင် ၈ -ပါး၊ ဤဗောဓိပက္ခိယ တရား ၃၇-ပါးသည်လည်း ဗြဟ္မစရိယပင် မည်၏၊

ပြဆိုအပ်ပြီးသော ဗြဟ္မစရိယတို့၏ အကျိုးဖြစ်ကုန်သော လောကီအဘိညာဉ် ၅-ပါး, ဗိုလ် ၅-ပါးတို့ကိုလည်း ဗြဟ္မစရိယ၌ပင် သွင်း၍ ရေတွက်အပ်ကုန်၏၊

မြတ်စွာဘုရားသည် ထိုတရားတော်မြတ်ဖြင့် ဤအလုံးစုံသော ဗြဟ္မစရိယ အကျင့်မြတ်ကို ပြတော်မူ၏၊ ထိုသို့ ပြအပ်သော ဗြဟ္မစရိယ သည်လည်း စူဠသီလ စသည်တို့၌ တစ်စုံတစ်ခုမျှ မပြည့်စုံသော ဗြဟ္မစရိယမည်သည် မရှိ၊ အလုံးစုံ ပြည့်စုံသည်သာ ဖြစ်၏၊

ထိုထို ဗြဟ္မစရိယဖြင့် ထိုထိုဆိုင်ရာဆိုင်ရာဖြစ်သော ကိလေသာ အဖို့တို့ကို ထိုက်သည်အားလျော်စွာ ပယ်ရှားခြင်းကြောင့် မြတ်စွာဘုရား ပြတော်မူအပ်သော ဗြဟ္မစရိယသည် ထက်ဝန်းကျင်မှ စင်ကြယ်သည် မည်၏၊

ဤပြဆိုအပ်ပြီးသော ဗြဟ္မစရိယသည်ကား အနာဂါရိယဖြစ် သော ရဟန်းတို့နှင့် သက်ဆိုင်သော ဗြဟ္မစရိယပေတည်း။ အိမ်ရာထောင်သူ လူတို့၏ ဗြဟ္မစရိယ, နတ်တို့၏ ဗြဟ္မစရိယ သည်ကား ၅-ပါးသီလ, ၈-ပါးသီလ, အဋ္ဌင်္ဂဥပုသ်, ၁၀-ပါးသီလတို့ပေ တည်း။

ဗြဟ္မစရိယနှင့်စပ်သော စကားရပ်၌

ပုဏ္ဏကဇာတ်တွင် ဒါနကို ဗြဟ္မစရိယဟု ဟောတော်မူ၏၊

တိတ္တိရဇာတ်၌ ၅-ပါးသီလကို ဗြဟ္မစရိယဟု ဟောတော်မူ၏၊ နေမိ ဇာတ်၌ ဥပေါသထသီလကို ဗြဟ္မစရိယသီလဟု ဟောတော်မူ၏၊ ၁၀- ပါးသီလကိုကား ၈-ပါး သီလနှင့် အလားတူသောကြောင့် ဗြဟ္မစရိယဟူ၍ ဆိုအပ်၏၊

ထိုမှတစ်ပါး ထိုထိုသုတ္တန် အရပ်ရပ်တို့၌ အကြင်အကြင် ပုညကိရိယာဝတ္ထုတို့ကို ဆိုင်ရာဆိုင်ရာ၌ ဟောတော်မူ၏၊ ထိုအလုံးစုံ သော ကုသိုလ်ကောင်းမှု ပြုခြင်းနှင့် စပ်ဆိုင်သမျှသော ပုညကိရိယာ ဝတ္ထုတို့ကို ဗြဟ္မစရိယ၌ သွင်း၍ ရေတွက်အပ်ကုန်၏၊

လောက၌ ဤဗြဟ္မစရိယတို့၏ ထင်ရှားရှိနေခြင်းကြောင့် လူတို့ဟူ၍ ထင်ရှားရှိနေကြကုန်၏၊ နတ်တို့ဟူ၍, ဗြဟ္မာတို့ဟူ၍ ထင်ရှားဖြစ်ပေါ်လျက် ရှိနေကြကုန်၏၊ ဘုရားရှင်တို့လည်း ထင်ရှား ပွင့်တော်မူကြကုန်၏၊ ပစ္စေကဗုဒ္ဓါတို့လည်း ထင်ရှားဖြစ်ပေါ်ကြကုန်၏ တပည့်သာဝကတို့လည်း ထင်ရှားဖြစ်ပေါ်ကြကုန်၏၊ သူတော်ကောင်း တို့ဟူ၍ ထင်ရှားရှိကြကုန်၏၊

ဤဗြဟ္မစရိယတို့ကို ကြဉ်ဖယ်၍ ထားကြပါကုန်မူကား လူသည် လည်းကောင်း, နတ်သည်လည်းကောင်း, ဗြဟ္မာသည်လည်းကောင်း မရှိနိုင်ကုန်၊ ဘုရား ပစ္စေကဗုဒ္ဓါတို့ ပွင့်ပေါ်နိုင်ရန်မှာ ဆိုဘွယ်ရာမရှိချေ။

အကြင် အယူဝါဒ အကြင်ဘာသာတို့၌ မြတ်သောအကျင့်ဟု ဆိုအပ်သော ဗြဟ္မစရိယတို့ကို ပညတ်ခြင်း မရှိကြကုန်၊ ထို အယူဘာသာတို့၌ သွာက္ခာတ တရားမရှိ၊ ဒုရက္ခာတမကောင်းသဖြင့် ဆိုအပ်သော တရားသာ ရှိလေသောကြောင့် ထိုအယူ ဘာသာသို့ ဝင်၍ ကျင့်ကြံအားထုတ်ကြကုန်သော သူတို့သည် ပိတ်ကွယ် သော သုဂတိတံခါး ရှိကုန်သည်ဖြစ်၍ များသောအားဖြင့် အပါယ်သို့သာ လားကြရကုန်၏၊

ဤသို့လျှင် တရားတော်မြတ်၏ အလုံးစုံ ပြည့်စုံ၍ ထက်ဝန်း ကျင်မှ စင်ကြယ်သော အကျင့်ကောင်း အကျင့်မြတ်ကို ပြခြင်းသည် ဖြစ်၏၊

ဆိုအပ်ပြီးသော စကားရပ်ဖြင့် မြတ်စွာဘုရား ဟောကြားတော် မူအပ်သော တရားတော်မြတ်၏ အနက်သဒ္ဒါနှင့်ပြည့်စုံ၍ သာတ္ထ, သဗျဉ္ဇနအဖြစ်၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ်သော အကျင့်မြတ်ကို ပြသည်၏ အဖြစ်ကြောင့် မဇ္ဈေကလျာဏ ဖြစ်ပုံကို သိအပ်သတည်း။

မေး။ ။ တရားတော်မြတ်၏ အဆုံး၌ ကောင်းခြင်းဟူသည် အဘယ်နည်း။

ဖြေ။ ။ မြင့်မြတ်သော သာဝကတို့နှင့် ပြည့်စုံခြင်းသည် တရားတော်၏ အဆုံး၌ ကောင်းခြင်းမည်၏၊

သာဝကနှင့် ပြည့်စုံခြင်း ဟူသည်ကား

သွက္ခာတဖြစ်သော တရားတော်ကို ကျင့်ဆောင်ကြကုန်သော တပည့်သာဝကတို့သည် ကျင့်ကြံအားထုတ်အပ်သော ဗြဟ္မစရိယ၏ အကျိုးတို့ကို ကိုယ်တွေ့ဒိဋ္ဌ ရရှိခံစံ ကြရကုန်၍ ထူးသောပုဂ္ဂိုလ်အဖြစ်သို့ ရောက်ကြ သည်ကို သာဝကသမ္ပတ္တိ ဆိုသည်၊ ဤတရားဂုဏ်တော်၌ ဓမ္မဆိုသည်ကား သူတော်ကောင်းတို့၏ တရားပေ တည်း၊ တရားကို သဒ္ဓမ္မ ဆိုသည်။

ထို သဒ္ဓမ္မသည်

၁။ လောကိယသဒ္ဓမ္မ,

၂။ လောကုတ္တရသဒ္ဓမ္မ အားဖြင့် ၂-ပါး ရှိ၏၊

ထို ၂-ပါးတို့တွင်

လောကိယသဒ္ဓမ္မ ဆိုသည်ကား-လောက၌ ရဟန်းပညာရှိတို့ သည်လည်းကောင်း, ပုဏ္ဏားပညာရှိတို့သည်လည်းကောင်း, လူပညာရှိ နတ်ပညာရှိတို့သည်လည်းကောင်း, ဗြဟ္မာပညာရှိတို့သည်လည်းကောင်း ဒုစရိုက် ၁၀-ပါးတို့ကို ပညတ်ကြကုန်၏၊ သုစရိုက် ၁၀-ပါးတို့ကို ပညတ်ကြ ကုန်၏၊

အကုသလကမ္မပထ ၁၀-ပါးတို့ကို ပညတ်ကြကုန်၏၊ ကုသလ ကမ္မပထ ၁၀-ပါး, ပုညကိရိယာဝတ္ထု ၁၀-ပါးတို့ကို ပညတ်ကြကုန်၏၊ ကသိုဏ်းစျာန် ၁၀-ပါး, အပ္ပမညာစျာန် ၄-ပါး, ရူပ-အရူပ သမာပတ်-၈ပါး, လောကီအဘိညာဉ် ၅-ပါးတို့ကို ပညတ်ကြကုန်၏၊ ဤပစ္စုပ္ပန် လောကကိုလည်း ဟောကြားကြကုန်၏၊ တမလွန်လောက ကိုလည်း ဟောကြားကြကုန်၏၊ အပါယ် ၄-ပါးကိုလည်း ဟောကြား ကြကုန်၏၊

ကာမာဝစရ နတ်ပြည် ၆-ထပ်, ရူပဗြဟ္မာဘုံ ၁၆-ထပ်, အရူပဘုံ ၄-ထပ်တို့ကိုလည်း ဟောကြားကြကုန်၏၊ အနန္တ စကြဝဠာ ကမ္ဘာလောက ဓာတ်တို့၏ ရှိခြင်းကိုလည်း ဟောကြားကြကုန်၏၊

ဒုစရိုက် ၁၀-ပါး, အကုသလ ကမ္မပထတရား ၁၀-ပါး တို့သည် အပါယ် ၄-ပါးသို့သွားရန် လမ်းခရီး ဖြစ်ကြကုန်၏၊ သုစရိုက် ၁၀-ပါး, ကုသလ ကမ္မပထတရား ၁၀-ပါးတို့သည် လူ့ပြည် နတ်ပြည်သို့ သွားရန် လမ်းခရီး ဖြစ်ကြကုန်၏-ဟူ၍လည်း ပညတ်ကြကုန်၏၊ စျာန်သမာပတ် ၈-ပါးတို့သည် ဗြဟ္မာ့ပြည်သို့ သွားရန် လမ်းခရီး ဖြစ်ကြကုန်၏-ဟူ၍လည်း ပညတ်ကြကုန်၏၊

ထိုသို့ ဟောကြားပညတ်ကြကုန်သော ပုဂ္ဂိုလ်တို့သည် သာမည အားဖြင့် စိတ်သဘောထင်မြင်ရာ ယံဝါ တံဝါပညတ် ဟောကြားကြသည် မဟုတ်ကုန်၊ စျာန်အဘိညာဉ်ရရှိကြကုန်သော ရဟန်း, ပုဏ္ဏား, တန်ခိုး ကြီးသော နတ်, ဗြဟ္မာများတို့သည် ဤပစ္စုပ္ပန်လောက, တမလွန် လောကကြီးတွေကိုကိုယ်တိုင်သိ၍မျက်မှောက်ပြုပြီးမှ မှန်သောအတိုင်း ပညတ်ဟောကြားကြကုန်၏၊

အချို့သော ပညာရှိတို့သည်လည်း ထိုသို့ အဘိညာဉ်ရပြီးသော ရဟန်း ပုဏ္ဏား-စသည်တို့၏ အထံမှ တရားကို ကြားနာကြကုန်ပြီးလျှင် ထိုအဘိညာဉ်ရရှိသော ပုဂ္ဂိုလ်တို့၏ ဟောပြောသည့်အတိုင်း ပညတ် ဟောကြားကြကုန်၏၊ ဤသို့လောကီ၌ ပညာရှိကြကုန်သော ထိုထိုပုဂ္ဂိုလ် မြတ်တို့ ဟောကြားအပ်သော တရားသည် လောကိယသဒ္ဓမ္မ-မည်၏၊

(အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက်၌ လောကီပညာရှိများ ပညတ်ဟောကြား၍ထားသော ကမ္ဘာစောင့်တရားကြီးများ-ဟူ၍ ဆိုလိုသည်။)

အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက်တို့၌ ထိုထိုကပ်ကမ္ဘာ တည်ဦးစအခါမှစ၍ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ ဖြစ်ပေါ်ကြ ကုန်၏၊ အနန္တ လောကဓာတ်တို့၌လည်း ထိုသို့ပင် ဖြစ်ပေါ်ကြကုန်၏၊ ထိုသို့ ကမ္ဘာစောင့် လောကိယသဒ္ဓမ္မ- တရားတော်ကြီးများ ထင်ရှားဖြစ် ပေါ်ကြကုန်သောကြောင့်သာလျှင် ထိုကမ္ဘာအစဉ်အဆက်တို့၌လည်း ကောင်း, ထိုလောကဓာတ် အနန္တတို့၌လည်းကောင်း လူ့ပြည်ဟူ၍ ထင်ရှား ဖြစ်ပေါ်ကြကုန်၏၊ ထိုကမ္ဘာစောင့်ဖြစ်သော လောကိယ သဒ္ဓမ္မများ မထွန်းကားခဲ့ပါမူကား သုဂတိဘုံများဟူ၍ ဖြစ်ပေါ်နိုင်ရန် အကြောင်းမရှိ၊ သုဂတိဘုံသားတို့ဟူ၍ ပေါ်ပေါက်နိုင်ရန် အကြောင်းမရှိ၊ အပါယ်ဘုံနှင့် အပါယ်ဘုံသား တို့ချည်းသာလျှင် ဖြစ်ကြကုန်၏၊

ဤလောကိယသဒ္ဓမ္မ-သည်လည်း သူနှင့်ဆိုင်ရာ ပရိယာယ် တမျိုးအားဖြင့် အစ၌ ကောင်းခြင်းရှိသည်၊ အလယ်၌ ကောင်းခြင်းရှိသည်၊ အဆုံး၌ကောင်းခြင်းရှိသည်၊ အနက်နှင့် ပြည့်စုံသည်၊ သဒ္ဒါ, ပုဒ်, ဗျည်းနှင့်ပြည့်စုံသည်၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ်သော ဗြဟ္မစရိယ-အကျင့်မြတ်ကို ပြသည်ဟူ၍ ဆိုထိုက်၏၊

ထိုစကား၌

မေး။ လောကိယသဒ္ဓမ္မ၏ အာဒိကလျာဏ အစ၌ကောင်း ခြင်းဟူသည် အဘယ်နည်း။

ဖြေ။ ဤပစ္စုပ္ပန် လောကကိုလည်း, တမလွန်လောကကို လည်းကောင်း ကိုယ်တိုင်ထိုးထွင်း၍ သိပြီးလျှင် မျက်မှောက်ပြု၍ ပညာ ရှိပုဂ္ဂိုလ်ကြီးတို့ ကောင်းစွာဟောကြားအပ်သည်၏ အဖြစ်သည် အစ၌ ကောင်းခြင်း မည်၏၊

မေး။ မဇ္ဈေကလျာဏ-အလယ်၌ ကောင်းခြင်းဟူသည် အဘယ်နည်း။

ဖြေ။ ထိုလောကီ တရားအားလျော်စွာ အနက်နှင့်ပြည့်စုံမှု, သဒ္ဒါ, ပုဒ် ဗျည်းနှင့်ပြည့်စုံမှု, အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ် သော အကျင့်မြတ်ကို ကောင်းစွာပြုမှုသည် အလယ်၌ ကောင်းခြင်း မည်၏၊

မေး။ ပရိယောသာနကလျာဏ-အဆုံး၌ကောင်းခြင်းဟူသည် အဘယ်နည်း။

ဖြေ။ လောကီပညာရှိ ပုဂ္ဂိုလ်ကြီးတို့ ဆုံးမအပ်သော အတိုင်း တရားစဉ်ကို ကျင့်ကြံကြကုန်သောသူတို့၏ လူ့ပြည်နတ်ပြည်, ဗြဟ္မပြည်ဟုဆိုအပ်သော သုဂတိလောကသို့ ရောက်၍ သုခချမ်းသာကို ခံစားရ မှုသည် လောကိယသဒ္ဓမ္မ-၏ ပရိယောသာသနကလျာဏ-အဆုံး၌ ကောင်းမည်၏၊

ထိုစကားမှန်၏၊ မဟာဂေါဝိန္ဒသုတ်၌

''ထိုဂေါဝိန္ဒ-ပုဏ္ဏားကြီးသည် တပည့်သာဝကတို့အား ဗြဟ္မာ့ဘုံသို့ ရောက်စိမ့်သောငှါ တရားကို ဟောကြားပေ၏၊

အကြင်တပည့်တို့သည် ထိုမဟာဂေါဝိန္ဒပုဏ္ဏားကြီး၏ အဆုံး အမဩဝါဒကို အလုံးစုံသိရှိလိုက်နာ ကျင့်ကြံကြကုန်၏၊ ထိုတပည့် တို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်ကာလ၌ ကောင်းသော သူတို့၏ လားရာဖြစ်သော ဗြဟ္မာ့ဘုံသို့ ကပ်ရောက် ဖြစ်ပွားကြလေ ကုန်၏၊

အကြင်တပည့်တို့သည် ထိုမဟာဂေါဝိန္ဒပုဏ္ဏားကြီး၏ အဆုံးအမ ဩဝါဒကို အလုံးစုံသိရှိလိုက်နာ ကျင့်ကြံခြင်း မပြုကြကုန်၊ တစ်စိတ် တစ်ဒေသမျှကိုသာ ကျင့်ကြံကြကုန်၏၊ ထိုတပည့်တို့သည် အချို့ ဝသဝတ္တိနတ်ပြည်၌ ဖြစ်ကြလေကုန်၏၊ အချို့ နိမ္မာနရတိနတ်ပြည်, အချို့ တုသိတာနတ်ပြည်, အချို့ စတုမဟာရာဇ်နတ်ပြည်၌ ဖြစ်ကြကုန်၏-ဟူ၍ မြတ်စွာဘုရား ဟောတော်မူသည်။

ထိုမှတစ်ပါး အလောင်းတော် ဟတ္တိပါလ ရှင်ရသေ့စသော လောကီပညာရှိ ပုဂ္ဂိုလ်တို့၏ အဆုံးအမ ဩဝါဒ-ဟုဆိုအပ်သော လောကိယသဒ္ဓမ္မ-ကို လိုက်နာကြကုန်သော တပည့်သာဝကပေါင်း များစွာတို့၏ နတ်ပြည်, ဗြဟ္မာပြည်ဟုဆိုအပ်သော သုဂတိဘဝတို့၌ ဖြစ်ကြကြောင်းကိုလည်း ထိုထိုကျမ်းဂန်တို့၌ ပြဆိုလျက် ရှိလေ၏၊ သမ္မာသမ္ဗောဓိ, ပစ္စေကဗောဓိ, သာဝကဗောဓိ-ဟု ဆိုအပ်သော ဗောဓိ ၃-ပါးဆုကို ဖြည့်ကျင့်ကြကုန်သော အလောင်းတော် ၃-မျိုးတို့ သည်လည်း အနမတဂ္ဂ-သံသရာ ကမ္ဘာအစဉ်အဆက်မှာ ကမ္ဘာစောင့် တရားကောင်း ကြီးတွေဟုဆိုအပ်သော လောကိယသဒ္ဓမ္မ-များကို ရှေ့သွားပြုလုပ် ဖြည့်ကျင့်ခြင်း အားဖြင့်သာလျှင် ပါရမီရင့်၍ အဆုံးစွန်၌ မိမိတို့ ရည်ရွယ် မှန်းထားချက်အတိုင်း ဆိုင်ရာဆိုင်ရာ ဗောဓိသို့ ရောက်၍ ပွင့်ပေါ်ကြလေကုန်၏၊

ဤသို့လျှင် လောကိယသဒ္ဓမ္မသည်လည်း ကောင်းခြင်း ၃- ပါးနှင့်ယှဉ်သည်၏ အဖြစ်ကြောင့် ထိုက်သည့် အားလျော်စွာ သွာက္ခာတပင်မည်၏ဟူ၍ ဆိုထိုက်ပေသည်။

သာသနသဒ္ဓမ္မ

သာသနသဒ္ဓမ္မဆိုသည်ကား-သုညတဟု ဆိုအပ်သော ခန္ဓာ, နာမ်, ရုပ်, ဓာတ်, အာယတန-တို့နှင့် စပ်သောတရား၊ လက္ခဏာရေး ၃-ပါးနှင့် စပ်သောတရား၊ မဂ်ဖိုလ်နိဗ္ဗာန်ဟုဆိုအပ်သော လောကုတ္တရာ တရားနှင့်စပ်သော တရားများပေတည်း။

အဘယ်ကျမ်းဂန်များ၌လာသော တရားမျိုးကဲ့သို့ နည်းဆိုလျှင်အလုံးစုံသော အဘိဓမ္မာပိဋကတ်, အလုံးစုံသော မဟာနိဒါန သုတ်, အလုံးစုံသော နိဒါနဝဂ္ဂသံယုတ်, အာယတနဝဂ္ဂသံယုတ်, မဟာဝဂ္ဂ သံယုတ်၊ ဤသို့စသော ကျမ်းတို့၌ ဟောအပ်သော တရားမျိုးကဲ့သို့တည်း။ ပြဆိုအပ်ပြီးသော ကျမ်းတို့၌ ဟောတော်မူအပ်သော တရားတို့ သည် သာသနသဒ္ဓမ္မ-တို့ မည်ကုန်၏၊ ထို သာသနသဒ္ဓမ္မ-၏ ကောင်းခြင်း ၃-ပါးနှင့် ပြည့်စုံပုံကို ရှေး၌ ပြဆိုအပ်ခဲ့ပြီ။

အဓိပ္ပါယ်တစ်နည်း

အဓိပ္ပါယ်တစ်နည်းအားဖြင့်-ဤ မြတ်စွာဘုရား၏ သာသနာ တော်ကျမ်းဂန်ဟု ဆိုအပ်သော ပိဋကတ် သုံးဘုံတို့၌ လောကိယသဒ္ဓမ္မဟုဆိုအပ်သော ကမ္ဘာစောင့် တရားတော်ကြီးများကိုလည်း မြတ်စွာဘုရား ထည့်သွင်း၍ ဟောကြားတော်မူအပ်ကုန်၏၊

အဘယ့်ကြောင့် ဟောကြားတော်မူပါသနည်းဆိုလျှင်၁။ ထိုလောကိယသဒ္ဓမ္မ-တို့၌ အချို့သော တရားတို့သည် ဤ သာသနာတော်ဓမ္မ၏ အာဒိဗြဟ္မစရိယ-သဖွယ်ဖြစ်၍ ပထမ အခြေခံ ကျင့်ရန်တရားများ ဖြစ်ကြကုန်၏၊

၂။ အချို့သော တရားတို့သည် ဝိပဿနာကိုလွယ်ကူစွာ ဆောင် ရွက်နိုင်ရန်အကြောင်း ဖြစ်ကုန်၏၊

၃။ အချို့သော တရားတို့သည် မျက်မှောက်ဘဝ၌ ချမ်းသာစွာ ခံစား သုံးဆောင်၍နေခြင်းငှာ ဆောင်ရွက် ကြကုန်၏၊

၄။ အချို့သော တရားတို့သည် သာသနဓမ္မ၏ ပြည့်စုံခြင်းကို ညွှန်ပြတတ်ကုန်၏၊

ထို့ကြောင့် ထိုလောကိယသဒ္ဓမ္မ-များကို မြတ်စွာဘုရားသည် သာသနာတော်ကျမ်းတို့၌ ထည့်သွင်း၍ ဟောတော်မူရလေသည်။ သို့ဖြစ်၍ ဤသာသနသဒ္ဓမ္မ-သည် လောကိယသဒ္ဓမ္မ-အားဖြင့် အစ၌ကောင်းခြင်းရှိ၏၊ ရုပ်, နာမ်, ခန္ဓာ, အာယတန-တရား, ပဋိစ္စသမုပ္ပါဒ် တရားစသည်တို့၌ အစဉ်သိမြင်ခြင်း ထိုးထွင်း၍သိမြင်ခြင်း-တည်းဟူသော အသိဉာဏ်အထူးကို ရရှိခြင်းအားဖြင့် အလယ်၌ကောင်းခြင်းရှိ၏၊ ဖိုလ်တည်းဟူသော ဝိမုတ္တိ, နိဗ္ဗာန်တည်း ဟူသော ဝိမုတ္တိရသကို ရရှိခြင်း အားဖြင့် အဆုံး၌ ကောင်းခြင်းရှိ၏-ဟူ၍လည်း ဆိုအပ်၏၊ အကြင်ဘာသာ အယူဝါဒတို့၌ ကမ္ဘာဦးမှစ၍ အစဉ်အဆက် ဆင်းသက်၍လာသောလောကိယသဒ္ဓမ္မ-များသည် မရှိ၊ ထိုဘာသာ အယူဝါဒတို့၌ သွာက္ခာတ-ဂုဏ်နှင့် ပြည့်စုံသောတရား၏ မရှိခြင်းကြောင့် လူအပေါင်းတို့ကို များသောအားဖြင့် အပါယ်ဘုံ၌ ပြည့်နှက်ခြင်းကိုသာ ဖြစ်စေကုန်၏-ဟူ၍ မှတ်အပ်၏၊

ဆိုဖွယ်ရာအထူး ရှိပြန်သည်ကား

လူတို့အသက်တမ်း ရှည်လျားသော ကပ်ကမ္ဘာကာလတို့၌ ပွင့် တော်မူကြကုန်သော ဘုရားရှင်တို့သည် ထိုခေတ်အခါ ကမ္ဘာလောက အပေါ်၌ လောကိယသဒ္ဓမ္မ-ဟုဆိုအပ်သော ကမ္ဘာစောင့်တရားကြီးများ ထင်ရှားရှိ နေကြကုန်သောကြောင့် လူ, နတ်, ဗြဟ္မာ သတ္တဝါတို့အား တရားဓမ္မ ဟောပြ သွန်သင်တော်မူသောအခါ သာသနာတွင်း နှင့် သက်ဆိုင်သော သာသနသဒ္ဓမ္မ-တရားစစ်ကြီးများကိုသာလျှင် ဟော ကြားတော်မူကြကုန်၏၊ လောကိယသဒ္ဓမ္မ-မျိုးများကို ဟောကြားတော် မူရန် ကြောင့်ကြစိုက်တော် မမူကြရကုန်။

တပည့်သား ရဟန်းတို့အား သိက္ခာပုဒ်ပညတ်တော်မူခြင်း၌ လည်း ကင်းသောကြောင့်ကြခြင်း ရှိတော်မူကြကုန်၏၊

အကြောင်းကိုဆိုသော်

ထိုခေတ်အခါ ကာလသမ္ပတ္တိနှင့် ကြုံကြိုက်သဖြင့် ကမ္ဘာ စောင့်ဖြစ်သော လောကီလက်ရိုး တရားကြီးများလည်း ထွန်းကား လျက်ရှိနေဆဲဖြစ်၏၊ ထိုတရားမျိုးကို အထူးဟောကြားရန်မလို၊ လောကိယသဒ္ဓမ္မ-ကြီးတွေ ထွန်းကားနေဆဲအခါဖြစ်၍ ရဟန်းတော်တို့ သည်လည်း ပကတိသဘောအားဖြင့် စင်ကြယ်ပြည့်စုံ၍နေကြကုန်၏၊ ထိုသို့စင်ကြယ်ပြည့်စုံ၍ ကာယကံ, ဝစီကံ လုံခြုံသော ရဟန်းတို့အားလည်း သိက္ခာပုဒ်ကို ပညတ်ရန် အကြောင်းလည်း မပေါ်ပေါက်နိုင်။

ထို့ကြောင့် အသက်ရှည်သော ခေတ်၌ ပွင့်တော်မူကြသော မြတ်စွာဘုရားတို့သည် သာသနသဒ္ဓမ္မ-သက်သက်ကိုသာ ဟောကြား တော်မူကြရသဖြင့် နည်းပါးသောကိစ္စ ရှိတော်မူကြကုန်၏၊

ဂေါတမ ဗုဒ္ဓ သာသနာ

ဂေါတမမြတ်စွာဘုရားသည်ကား လူတို့အသက်တမ်း အလွန်တို သောကာလ ဆုတ်ကပ်ထဲ၌ ပွင့်တော်မူ ရ၏၊ ညံ့ဖျင်းသောခေတ်ကာလ အခါနှင့် ကြုံကြိုက်သဖြင့် လောကိယသဒ္ဓမ္မ-ကြီးများလည်း များသော အားဖြင့် ပျောက်ကွယ်တိမ်မြုပ်ဆဲဖြစ်၏၊ လူအပေါင်းတို့သည်လည်း သောင်းကျန်းဆိုးသွမ်းကြကုန်၏၊

ထို့ကြောင့် မြတ်စွာဘုရားသည် လူ, နတ်, ဗြဟ္မာ-သတ္တဝါတို့အား တရားဟောတော်မူဟောအခါ တိမ်မြုပ် မှိန်မှေး၍နေသော လောကိယ သဒ္ဓမ္မ-ကြိးများကိုလည်း အလွန်အရေးကြီးစွာ ဟောကြားတော်မူရမည့် အခွင့်နှင့် ကြုံကြိုက်လျက် ရှိနေတော်မူ၏၊

ထို့ကြောင့် တရားဒေသနာကိစ္စဖြင့် လောကိယသဒ္ဓမ္မ-ကို ဟောတော်မူရသည်က တစ်ဖက်, သာသနသဒ္ဓမ္မ-ကိုဟောတော်မူရ သည်ကတစ်ဖက်ကြောင့် အလွန်တကြီး ကြောင့်ကြစိုက်တော်မူရလေ၏၊

၁။ လောကိယသဒ္ဓမ္မ-ကို ထုတ်ဖော် ဟောတော်မူရ၏၊

၂။ သာသနသဒ္ဓမ္မ-ကိုလည်း တည်ထောင်တော်မူရ၏၊

၃။ သောင်းကျန်းဆိုးသွမ်းသော ခေတ်ကာလအတွင်းဖြစ်၍ ရဟန်းတော်တို့အားလည်း သိက္ခာပုဒ် ပညတ်တော်မူရန်အတွက် အလွန် ပင် ကြောင့်ကြစိုက်တော်မူရလေ၏၊

(ဤကဲ့သို့လျှင် တရားတော်၏ ကလျာဏ ၃-ပါးနှင့် ပြည့်စုံကြောင်းကိုသိရာ၏၊)

မေး။ ကမ္ဘာစောင့် လောကိယသဒ္ဓမ္မ-ကြီးများသည် လောက ၌ များသောအားဖြင့် အဘယ်ကာလတွင် ပျောက်ကွယ်ခြင်းသို့ ရောက် ပါသနည်း။

ဖြေ။ မိစ္ဆာဒိဋ္ဌိတို့ဖြစ်ပေါ်လာသော အခါမှစ၍ ကမ္ဘာစောင့် တရား လက်ဟောင်းကြီးများ ရောက်ကြလေကုန်သည်။

မေး။ အဘယ်အခါကစ၍ လောက၌ မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ပေါ်ကြ ကုန်သနည်း။

ဖြေ။ လူတို့ အနှစ်တစ်ထောင်တမ်းသို့ရောက်သော အခါမှစ၍ လောက၌ မှောက်မှား, ဖောက်ပြန်သော အယူရှိကြကုန်သော မိစ္ဆာဒိဋ္ဌိ ရဟန်း, ပုဏ္ဏားတို့ ပေါ်ကြကုန်သည်ဟူ၍ စက္ကဝတ္တိ-သုတ်၌ ဟော တော်မူ၏၊

မေး။ မိစ္ဆာဒိဋ္ဌိ-ဟူသည် အဘယ်နည်း။

ဖြေ။ မိစ္ဆာဒိဋ္ဌိအယူမျိုးသည် ၁၀-ပါးရှိ၏၊ ၁၀-ပါးဟူ သည်ကား

၁။ အလှူ၏ အကျိုးသည် မရှိ။

၂။ ယဇ်ကြီး ပူဇော်မှု(အလှူပွဲကြီး)၏ အကျိုးသည်မရှိ။

၃။ ယဇ်ငယ်ပူဇော်မှု(အလှူငယ်) ၏အကျိုးသည်မရှိ။

၄။ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးသည်မရှိ။

၅။ ဤပစ္စုပ္ပန် လောကလည်းမရှိ။

၆။ တမလီန်ကောလည်း မရှိ။

၇။ အမိ-ဟူ၍လည်း မရှိ။

၈။ အဖ-ဟူ၍လည်း မရှိ။

၉။ နတ်, ဗြဟ္မာ-စသည်တို့ကဲ့သို့ ဥပပါတ်ပုဂ္ဂိုလ်ဟူ၍လည်း မရှိ။

၁၀။ အကြင်ပုဂ္ဂိုလ်တို့သည် ဤပစ္စုပ္ပန်လောကကိုလည်းကောင်း, တမလွန်လောကကိုလည်းကောင်း, ကိုယ်တိုင်ထိုးထွင်းသိမြင်၍ မျက် မှောက်ပြုကြကုန်ပြီးလျှင် ဟောကြားကြကုန်၏၊ ထိုသို့ လောကနှစ်ရပ်ကို အတတ် သိမြင် ဟောကြားနိုင်၍ အညီအညွတ် ကောင်းစွာကျင့်သော ထိုရဟန်း, ပုဏ္ဏားတို့သည်လည်း လောက၌ မရှိ။

(ဤသည်လျှင် မိစ္ဆာဒိဋ္ဌိအယူကြီး ၁၀-မျိုးပေတည်း။ ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ-လည်း ခေါ်သည်။)

ထိုမိစ္ဆာဒိဋ္ဌိကြီးတွေ ပေါ်ပေါက်သည်မှစ၍ လောကိယသဒ္ဓမ္မကမ္ဘာစောင့် လက်ရိုးကောင်း တရားဟောင်း ကြီးများသည် အစွန်အဖျား ဖြစ်သော တိုင်းနိုင်ငံ, ဇနပုဒ်တို့၌ အလုံးစုံ ကွယ်ပျောက်ကြလေကုန်၏၊

ကမ္ဘာ၏ အလယ်ဗဟိုဖြစ်၍ သူတော်ကောင်းတို့ ထွန်းကာ ရာဖြစ်သော မဇ္ဈိမတိုက်ကြီးအတွင်း၌လည်း များသောအားဖြင့် ကွယ် ပျောက်ကြလေကုန်သည်သာဖြစ်၏၊ တစ်ခါတစ်ရံ ဘုရားအလောင်းတော် ကြီးများ ပေါ်ပေါက်လာသော အခါ၌သာလျှင် ဘုရားပွင့်တော်မူသော အခါကဲ့သို့ ကြီးစွာသော သမ္မာဒိဋ္ဌိ ခေတ်ကာလကြီး ပေါ်ပေါက်၍လာ၏၊ တစ်ပါးတစ်ပါးသော ဘုရားအလောင်းတော်ကြီးတို့၏ ဆုံးမ ဩဝါဒ ဒေသနာသည် နှစ်ပေါင်း ၆-သောင်း တည်ထွန်း၏-ဟူ၍ အဋ္ဌကထာတို့၌ ဆို၏၊

အကြင် တိုင်းနိုင်ငံ ဇနပုဒ်တို့၌ ထိုကမ္ဘာစောင့် တရားကောင်း တရားမှန်ကြီးများသည် အလုံးစုံကွယ် ပျောက်လေ၏၊ ထို တိုင်းနိုင်ငံ ဇနပုဒ်တို့၌ အကြင်လူအပေါင်းတို့သည် ထိုမိစ္ဆာဒိဋ္ဌိ အယူဆိုးကြီး တို့ကိုသာလျှင် စွဲလမ်းယူငင် ကျင့်ကြံကြကုန်၏ထိုလူအပေါင်းတို့သည် ဥစ္ဆေဒဒိဋ္ဌိ-တို့သာလျှင် ဖြစ်ကြလေကုန်၏၊

ဥစ္ဆေဒဒိဋ္ဌိ- အယူရှိကြလေကုန်သောကြောင့် နောင်တမလွန် လောကကို မယုံကြည်သည့်အတွက် ထိုတမလွန် လောကအလို့ငှါ ကုသိုလ်ကောင်းမှုပြုရန် ကြောင့်ကြမစိုက်ကြကုန်၊ ထိုသူတို့သည် စင်စစ်အားဖြင့် အပါယ်သို့သာ လားကြလေကုန်၏၊

ထိုဥစ္ဆေဒ ဒိဋ္ဌိကိုမစွဲလမ်းကြကုန်သည်ရှိသော် သဿတဒိဋ္ဌိကို ယူငင်စွဲလမ်းကြကုန်၏၊ သဿတဒိဋ္ဌိမှာ တမလွန် လောကကို ယုံကြည် ၏၊ ထိုတမလွန်လောကအတွက် ကြောင့်ကြစိုက်ကြပါကုန်သော်လည်း တရားကောင်း တရားမှန်မှကင်း၍ ကံကိုယုံကြည်သော ကမ္မကိရိယ ဉာဏ်မျက်စိ ကွယ်ကြကုန်သောကြောင့် မကိုးကွယ်ထိုက်ရာ၌ ကိုးကွယ် ရာဟူ၍ ရှာမှီးမှတ်ထင်၍နေကြလေကုန်၏၊

(ဤအရာ၌ ကိုးကွယ်သည်-ဟူသောစကားမှာ သရဏဂုံကဲ့သို့ သံသရာဘေးမှ ကယ်တင်လိမ့်မည်ဟု ထင်မှတ်၍ ကိုးကွယ်ခြင်းကို ဆိုလိုသည်။)

၁။ အချို့သော သူတို့သည် လောကကို အစိုးရသော အရှင်ကို ဆည်းကပ်ကိုးကွယ်ကြကုန်၏၊

၂။ အချို့သော သူတို့သည် မဟာဗြဟ္မာကြီးကို ကိုးကွယ် ဆည်း ကပ်ကြကုန်၏၊

၃။ အချိုသော သူတို့သည် လ-ကို, နေ-ကို, မဟာဒေဝ-စသော မိမိတို့ဆိုင်ရာ နတ်တို့ကို, တောကို, တောင်ကို, သစ်ပင်ကြီးကို, မြစ်ကို ကိုးကွယ်ကြကုန်၏၊

ထိုအလုံးစုံသော ကိုကွယ်မှုများသည် တစ်စုံတစ်ခုမှ အကျိုးကို မရစေနိုင်သောကြောင့် နိရတ္ထက-အချည်းနှီးတို့သာ ဖြစ်ကုန်၏၊ အား ကိုးပါသော်လည်း ကိုးကွယ်ရာမရောက် ဖြစ်ကြလေကုန်၏၊ မိမိတို့ ထင်မြင်စွဲလမ်းသောအတိုင်း ကိုးကွယ်ရာတို့ကို ကိုးကွယ် ၍ ဆုတောင်းခြင်း, ချီးမွမ်း ထောမနာပြုခြင်း, နဖူးမြေစိုက်နှင့် ခစား ဝပ်တွားခြင်း, ပူဇော်လုပ်ကျွေးခြင်း, တင်သ-ခြင်းစသော ကိစ္စတို့ဖြင့် တစ်သက် ကာလပတ်လုံး ပင်ပန်းကြီးစွာ အားထုတ်ကြပါကုန်သော်လည်း ပင်ပန်းကာမျှနှင့် အဖတ်တင်ခံ၍ သေလွန် စုတိကျသောအခါ ကိုးကွယ် ရာမဲ့သော သေခြင်းဖြင့် သေခြင်းဆိုး သေကြရကုန်၏၊ တသက်လုံး တပင်တပန်းကြီး ခစားပူဇော်ရပြီးသော နောက်ကာလ၌ အပါယ်ဒုဂ္ဂတိ သို့သာ လားကြရလေကုန်။

နွားမ၏ ဦးချိုဖျားကို နို့ရည်ထွက်မည်အထင်နှင့် ညှစ်သော သူရူး၏ အချည်းနှီး ပင်ပန်းခြင်းကဲ့သို့လည်းကောင်း, မီးကို အလိုရှိသဖြင့် ပိုးစုန်းကြူးကို အပန်းကြီးစွာ ကောက်ရိုးဖြင့် မီးမှုတ်သော သူရူးကဲ့သို့ လည်းကောင်း, ဆီကို အလိုရှိသဖြင့် သဲတို့ကို ဆီပွတ်သော သူရူးကဲ့သို့ လည်းကောင်း ဖြစ်ကြရလေကုန်၏၊

မဇ္ဈိမဒေသ၌ မူလတိုင်းရင်းသားဖြစ်သော ဟိန္ဒုလူမျိုးတို့သည် ကား မဟာဗြဟ္မာကြီးကိုလည်းကောင်း, အပါးသော ကိုးကွယ်ရာတို့ကို လည်းကောင်း, ဆည်းကပ်ကိုးကွယ်ကြကုန်သော်လည်း ကမ္ဘာဦးကစ၍ အစဉ်အဆက် မိရိုးဖလာ ဆင်းသက်၍လာသော ကံ,ကံ၏အကျိုးကို ယုံကြည်သော ကမ္မကိရိယဝါဒ-ကို မစွန့်လွှတ်ကြကုန်၊ ပုညကိရိယဝတ္ထုကို လည်း ပြုကြကုန်၏၊

ဤသို့လျှင် လူတို့၏ အနှစ် တစ်ထောင်တမ်းအခါ မိစ္ဆဒိဋ္ဌိတို့ ဖြစ်ပေါ်ထွန်းကားသည်မှစ၍ လောကိယ သဒ္ဓမ္မ-ကြီးသည် အဆင့်ဆင့် အစဉ်အတိုင်း ဆုတ်ယုတ်၍ လာလေ၏၊

ဂေါတမဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော် အခါ၌မူကား

၁။ ပုဏ္ဏားဟုခေါ်သော ဗြာဟ္မဏလူမျိုးတို့သည် အထူးထူးသော မိစ္ဆာဒိဋ္ဌိကျမ်းဂန်တို့ကိုသာလျှင် အမှီသဟဲပြု၍ နေကြကုန်၏၊

၂။ အိမ်ရာမထောင်ဘဲ ရသေ့ ရဟန်း ဇာတိနှင့် ရှိနေကြကုန် သော သူတို့သည်လည်း ဘာသာဝါဒတို့၌ တွေးတောခြင်း, စုံစမ်းခြင်းအားဖြင့် ဝိစိကိစ္ဆာတရား တလုံးထွေးထွေးနှင့် အယူအထူးထူးရှိသော မိစ္ဆာဒိဋ္ဌိတို့သာလျှင် ဖြစ်ကုန်၏၊

၃။ အိမ်ရာထောင်သော လူ့ဘောင်၌နေထိုင်ကြကုန်သော မင်းမျိုး, သူဌေးမျိုး, ကုန်သည်မျိုးတို့သည်ကား မိမိတို့နှင့်စပ်လျဉ်းရာ ပူရဏကဿပ-အစရှိကုန်သော တိတ္ထိဆရာကြီး ၆-ဦးတို့ကိုသာလျှင် ဆည်းကပ် ကိုးကွယ်ကြကုန်၍ များသောအားဖြင့် မိစ္ဆာဒိဋ္ဌိ အမျိုးမျိုး တို့သာလျှင် ဖြစ်နေကြလေကုန်၏၊

ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် အလွန်ကြီးကျယ် ထူထပ်လှ စွာသော မိစ္ဆာဒိဋ္ဌိတောကြီးထဲမှ ထူးကဲစွာ ဘုရားအဖြစ်သို့ ရောက် တော်မူလာရသည်။

ထို့ကြောင့်-

၁။ မိစ္ဆာဒိဋ္ဌိတို့၏ လွှမ်းမိုးချက်ကြောင့် ပျက်စီးတိမ်မြုပ်နေ သော''လောကိယသဒ္ဓမ္မ'' ကမ္ဘာစောင့် လက်ရိုး တရားဟောင်းကြီး တရားကောင်းကြီးတို့ကို တစ်ဖန် အသစ်ဖြစ်ထွန်း ပေါ်ပေါက်လာရလေ အောင် များစွာ ကြောင့်ကြစိုက်တော်မူပြီးလျှင် တရားဟောတော်မူခြင်း ကိစ္စ၌ လွန်မင်းစွာ ကြိုးစားတော်မူရ၏၊

၂။ ကိလေသာတရားတို့ ပြန့်ပွား သောင်းကျန်းသော ခေတ် အတွင်းမှာဖြစ်ပေါ်တော်မူလာရသောကြောင့်လည်း ရဟန်းတို့အတွက် နှင့် သိက္ခာပုဒ်တော် အမျိုးမျိုးကို ပညတ်တော်မူရခြင်းကိစ္စ၌လည်း များစွာ ကြောင့်ကြစိုက်တော်မူရလေ၏၊

ပြဆိုအပ်ပြီးသော စကားအစဉ်ကို ဆင်ခြင်သောအားဖြင့် ထိုလောကိယသဒ္ဓမ္မ-သည် ဤမြတ်စွာဘုရား၏ သာသနာတော်ဓမ္မ၌ အာဒိကလျာဏ-ဟုဆိုအပ်သော အစ၏ကောင်းခြင်းဖြစ်မှုကို ကောင်းစွာ သိအပ်လေ သတည်း။

သွာက္ခာတ ဂုဏ်တော် ပြီး၏၊

-------

သန္ဒိဋ္ဌိက ဂုဏ်တော်

သာမံ အတ္တနိ ဒဋ္ဌဗ္ဗန္တိ သန္ဒိဋ္ဌံ။ သာမံ၊ ကိုယ်တိုင်၊ အတ္တနိ၊ မိမိသန္တာန်၌။ ဒဋ္ဌဗ္ဗံ၊ ရှုအပ်မြင်အပ်သည်တည်း။ ဣတိတသ္မာ၊ ထို့ကြောင့်။ သန္ဒိဋ္ဌံ၊ သန္ဒိဋ္ဌမည်၏၊

သူတစ်ပါးပြောဟောချက်နှင့် မယုံကြည်မူ၍ ကိုယ်တိုင်ဒိဋ္ဌ ထင်ထင်ရှားရှား တွေ့မြင်အပ်သည်ကို သန္ဒိဋ္ဌဟု ဆိုသည်။

သန္ဒိဋ္ဌံ သာမညဖလံ ဧတဿာတိ သန္ဒိဋ္ဌိကော။ ဧတဿ၊ ထိုတရားတော်အား။ သန္ဒိဋ္ဌံ၊ ကိုယ်တိုင်ဒိဋ္ဌ တွေ့ကြုံ ခံစားရသော။ သာမညဖလံ၊ ရဟန်းအဖြစ်၏ အကျိုး, မဂ်၏အကျိုးသည်။ အတ္ထိ၊ ရှိ၏၊ ဣတိ-တသ္မာ၊ ထို့ကြောင့်။ သော၊ ထိုတရားတော်သည်။ သန္ဒိဋ္ဌိကော၊ သန္ဒိဋ္ဌိက မည်၏၊

မျက်မှောက်ဒိဋ္ဌ တွေ့ကြုံခံစားရသော ရဟန်းအဖြစ်၏အကျိုး, မဂ်၏အကျိုးရှိသောကြောင့် သန္ဒိဋ္ဌိက မည်၏- ဟူ၍ ဆိုလိုသည်။

သာမည ဆိုသော စကား၌

ရဟန်းအဖြစ်ကိုလည်းကောင်း, အရိယမဂ်ကိုလည်းကောင်း သာမညဆိုသည်၊ ထိုသာမည၏ အကျိုးသည် သာမညဖလ မည်၏၊ ဤတရားတော်ကို ကျင့်ဆောင်လျှင် မျက်မှောက်ဒိဋ္ဌအားဖြင့် ရဟန်း ဖြစ်မှု၏ အကျိုး, သို့မဟုတ် မဂ်၏အကျိုးများကို ခံစားရသည်-ဟူ၍ ဆိုလိုသည်။

ဤသန္ဒိဋ္ဌိက-ဟူသော ဂုဏ်ပုဒ်ကို သီလက္ခန်ပါဠိတော် သာမည ဖလသုတ်၌ အကျယ်အားဖြင့် ပြဆိုလျက်ရှိ၏၊ ထိုသာမညဖလသုတ်၌ ရဟန်း၏အဖြစ်အကျိုး, အရိယမဂ်၏ အကျိုးများကို သန္ဒိဋ္ဌိက-ဟူ၍ ဆို၏၊

ဤဂုဏ်တော်အရာ၌မူကား

ရဟန်း၏အဖြစ်, အရိယမဂ်-ဟူသော အကြောင်းတရားကိုသာ သန္ဒိဋ္ဌိက-ဟူ၍ ဆိုသည်၊ သာမညနှင့် သညမာဖလ-သည် အချင်းချင်း မကွေမကွင်းနိုင်သော တရားများ ဖြစ်ကြပေသည်။

ထိုသာမညဖလသုတ်၌ အဇာတသတ်မင်းသည် မျက်မှောက်၌ ဒိဋ္ဌတွေ့ကြုံခံစားရသော ရဟန်းအဖြစ်၏ အကျိုးဟု ဆိုအပ်သော သာမညဖလကို မေးလျှောက်လေ၏၊

မြတ်စွာဘုရားသည် ဤသို့ ဖြေကြားတော်မူသည်။ တစ်ဦးသော မင်းခယောကျ်ားသည် အသင်မင်းကြီးကို မပန် ကြားဘဲ သာသနာဘောင်၌ ရဟန်းပြုလေ၏၊ မင်းကြီး သိလေသော် ထိုမင်းခယောကျ်ား၌ အဘယ်သို့ ပြုစီရင်မည်နည်းဆိုလျှင် တစ်စုံတစ်ရာ ဒဏ်ထားခြင်း စသည် အမှုကိုမပြုရာ၊ စင်စစ်မူကား မင်းသည်သာလျှင် ထိုရဟန်းကို ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, နေရာပေးခြင်း, ပစ္စည်း ၄-ပါး တို့ဖြင့် ဖိတ်မံခြင်းကို ပြုရာ၏၊ ထိုရဟန်းအား တရားနှင့်လျော်သော အစောင့်အရှောက်ကို ပေး၍ စီရင်ရာ၏၊

(ဤသည်ကား ရဟန်းပြုလေသော ထိုမင်းခယောကျ်ား၌ ဒိဋ္ဌတွေ့ကြုံ ခံစားရသော ရဟန်းဖြစ်မှု၏ အကျိုးပေတည်း။) ရဟန်းမပြုမီ ရှေးအဖို့၌ မင်းကြီးကို မိမိက ရှိခိုးရ၏၊ ရဟန်း အဖြစ်သို့ ရောက်သောအခါ မိမိကို မင်းကြီးက ရှိခိုးရလေ၏၊ မင်း၏ ရှိခိုးခြင်းကို ခံရလေ၏- ဟူ၍ ဟောတော်မူ၏၊

ဤသာမညဖလသုတ်၌- ရဟန်းအဖြစ်ကို သာမည-ဟူ၍ ဆို၏၊ ရဟန်းအဖြစ်သို့ ရောက်သည်နှင့် တပြိုင်နက် ခံစားရသော အကျိုး အာနိသင်-ဟူ၍ ဆိုသည်၊ ဤမျှသည်သာလျှင် အကျိုးရှိသည် မဟုတ် သေး စင်စစ်သော်ကား- များလှစွာသော ကာမဂုဏ်၏ အပြစ် ဒေါသ=အာဒီနဝတို့ကို ပယ်ရှား၍ ချမ်းသာစွာ နေရခြင်း တည်းဟူသော အကျိုးသည်လည်း ရဟန်းအဖြစ်သို့ ရောက်သည်နှင့်တပြိုင်နက် ကိုယ် တွေ့ဒိဋ္ဌ တွေ့ကြုံခံစား ရသော သာမညဖလ-တို့သာလျှင် ဖြစ်ကုန်၏၊ ဤနေရာ၌ မူလပဏ္ဏာသ ပါဠိတော် တတိယဝဂ် စူဠဒုက္ခက္ခန္ဓ သုတ်, မဟာဒုက္ခက္ခန္ဓ-သုတ်, မဇ္ဈိမပဏ္ဏာသ ပါဠိတော် စတုတ္ထ-သုတ်တို့၌ ဟောတော်မူအပ်သော ကာမဂုဏ်တို့၏ အပြစ်ဒေါသတို့ကို ထုတ်ပြ သင့်၏၊ ကျယ်အံ့စိုး၍ မပြတော့ပြီ။

ဤသို့လျှင် မြတ်စွာဘုရား၏ သာသနာတော်ဓမ္မသည် မျက် မှောက်ဒိဋ္ဌ၌ ခံစားတွေ့ကြုံရသော ချမ်းသာအကျိုးထူး ရှိလေသောကြောင့် သန္ဒိဋ္ဌိက မညလေသည်။

သန္ဒိဋ္ဌိက ဂုဏ်တော်ပြီး၏၊

-------

အကာလိက ဂုဏ်တော်

အာဂမေတဗ္ဗော အနာဂတေ ဘဝေ ဖလကာလော ဧတဿာတိ ကာလိကော။

ဧတဿ၊ ထိုတရားအား။ အနာဂတေ ဘဝေ၊ နောင် အနာဂတ်ဘဝ၌။ အာဂမေတဗ္ဗော၊ ဆိုင်းငံ့ မျှော်ရသော။ ဖလကာလော၊ အကျိုးပေးချိန်သည်။ အတ္ထိ၊ ရှိ၏၊ ဣတိ-တသ္မာ၊ ထို့ကြောင့်။ သော ဓမ္မော၊ ထိုတရားသည်။ ကာလိကော၊ ကာလိက-မည်၏၊ သေသည်၏ အခြားမဲ့ဖြစ်သော နောက်ကာလ၌ အကျိုးပေး လိမ့်မည်ဟူ၍ ထင်စားမျှော်လင့်ရသော တိတ္ထိတို့၏ တရားကို ရစေ။ ထို အညတိတ္ထိတို့၏ တရားသည် ကာလိက မည်၏၊

န ကာလိကော အကာလိကော။ ကာလိကော၊ နောင်ကာလ အကျိုးပေးချိန်ကို မျှော်လင့်ရသော တရားမျိုးသည်။ န၊ မဟုတ်။ ဣတိတသ္မာ၊ ထို့ကြောင့်။ အကာလိကော၊ အကာလိက မည်၏၊ မြတ်စွာ ဘုရား၏ တရားတော်ကိုရစေ။ ထိုမြတ်စွာဘုရား၏ တရားတော်မြတ်သည် ဤမျက်မှောက်ဘဝ၌ပင် ကျင့်သုံး ဆောက်တည်သော အခါမှစ၍ ကျင့်စင်လမ်းရှိသည့်အတိုင်း အဆင့်ဆင့် ရသင့်ရထိုက်သော ''သာမ ညဖလ'' ဒိဋ္ဌ အကျိုးထူး, ဒိဋ္ဌချမ်းသာထူးကို ပေးတတ်၏၊ ထိုသို့ အခါမလင့် အကျိုးထူး, ချမ်းသာထူးကို ပေးတတ်သောကြောင့် မြတ်စွာဘုရား၏ တရားတော်သည် အကာလိက မည်၏၊

ကာလိက, အကာလိက-စကားနှင့်စပ်၍ မာရသံယုတ်၌ လာ သော သုတ္တန်ကို ထုတ်ဆောင်၍ ပြအပ်၏၊

တစ်ရံသောအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သီလဝတိမည်သောဌာန တောင်ချောက်ကြားတို့၌ သီတင်းသုံးတော် မူသောအခါ များစွာသောရဟန်းတို့သည်လည်း ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ မနီးမဝေးသော အရပ်ဌာန၌ မမေ့မလျော့ မပူမပင် ကျွတ်ကျွတ်လွတ်လွတ် ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်၍ နေ တော်မူကြကုန်၏၊

ထိုအခါ ယုတ်မာသော မာရ်နတ်သားသည် ပုဏ္ဏားအသွင် ဖန်ဆင်းပြီးလျှင် လာလတ်၍ ထိုရဟန်းတို့ကို ဤသို့ဆိုလေ၏၊ ဒဟရော ဘဝန္တော ပဗ္ဗဇိတာ အနိကိလိတာဝိနော ကာမေသု၊ ဘုဉ္ဇန္တု ဘောန္တော မာနုဿကေ ကာမေ၊ မာ သန္ဒိဋ္ဌိကံ ဟိတွာ ကာလိကံ အနုဓာဝိတ္ထ။

ဘဝန္တော၊ အရှင်ရဟန်းတို့။ တုမေ၊ အရှင်တို့သည်။ ဒဟရာ၊ ပျိုမျစ်နုနယ် အရွယ်ငယ်ငယ်တုံးက။ ပဗ္ဗဇိတာ၊ ရဟန်းပြု၍လာကြကုန်၏၊ ကာမေသု၊ ကာမဂုဏ်တို့၌။ အနိကိလိတာဝိနော၊ သက်ဝင်ပျော်ပါး ခံစား ရွှင်းမြူးခဲ့ကြဖူးသည် မဟုတ်ကြကုန်။

ဘောန္တော၊ အရှင်တို့။ မာနုဿကေ ကာမေ၊ လူ့ပြည်၌ဖြစ်သော ကာမဂုဏ်တို့ကို။ ဘုဉ္ဇန္တု၊ သုံးဆောင် ခံစားကြကုန်ဦးလော့။ သန္ဒိဋ္ဌိကံ၊ ဒိဋ္ဌတွေ့ကြုံဆဲဖြစ်သော လူတို့ကာမဂုဏ်ချမ်းသာကို။ ဟိတွာ၊ စွန့်ပစ်၍။ ကာလိကံ၊ အချိန်ကာလစောင့်ဆိုင်းမျှော်လင့်ရသော နတ်တို့ကာမဂုဏ်သို့။ မာ အနုဓာဝိတ္ထ၊ စိတ်ပြေးသွား၍ မနေကြကုန်လင့်။

ထိုမာရ်နတ်၏ စကား၌

၁။ သန္ဒိဋ္ဌိက-ဆိုသည်မှာ လူ့ဘုံ၌ တွေ့ကြုံ၍နေသော လူတို့ ကာမဂုဏ်ကို ရည်၍ဆိုသည်။

၂။ ကာလိက-ဆိုသည်မှာ သေသည်မှ နောက်ကာလ၌ ခံစားရ မည်ဖြစ်သော နတ်တို့ကာမဂုဏ်ကို ရည်၍ဆိုသည်။

မာရ်နတ်၏ အထင်မှာ ရဟန်းပျိုတို့သည် နောက်ဘဝ၌ ခံစားရန် မျှော်လင့်ရသော နတ်ကာမဂုဏ်တို့ကို အလိုရှိသောကြောင့် တွေ့ကြုံ၍ နေသော လူတို့ကာမဂုဏ်ကို စွန့်ပြီးလျှင် တောထွက်ကျင့်ကြံ၍နေသည်ဟု ထင်သဖြင့် ဤသို့ဆိုလေသည်။

ထိုအခါ ရဟန်းတို့က ဤသို့ပြောဆိုကြကုန်၏၊ အိုပုဏ္ဏား ငါတို့သည် ဒိဋ္ဌတွေ့ကြုံရသော လူတို့ ကာမဂုဏ်ကို စွန့်၍ စောင့်ဆိုင်း မျှော်လင့်ရသော နတ်တို့ကာမဂုဏ်သို့ စိတ်ပြေးသွား၍ နေကြကုန် သည်မဟုတ်၊ ငါတို့သည် စောင့်ဆိုင်းမျှော်လင့်ရသော ကာမဂုဏ်တို့ကို စွန့်၍ မျက်မှောက်ဒိဋ္ဌ တွေ့ကြုံခံစားရသော သာမညဖလ-ရဟန်း အဖြစ်၏ အကျိုးထူးဆီသို့သာလျှင် စိတ်ပြေးဝင်၍ နေကြကုန်၏၊

အိုပုဏ္ဏား-ကာမဂုဏ်တရားတို့သည် စင်စစ်အားဖြင့် စောင့်ဆိုင်း မျှော်လင့်ရသော ကာလိက-တို့မည်ကုန်၏-ဟူ၍ မြတ်စွာဘုရား ဟော ကြားတော်မူ၏၊ ကာမဂုဏ်တို့သည် များသောဒုက္ခရှိကုန်၏၊ များသော ပင်ပန်းခြင်းရှိကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်တို့သည် အလွန်များ ပြားကုန်၏၊

အိုပုဏ္ဏား-ဤကျင့်ကြံအားထုတ်အပ်သော ရဟန်းတရားသည် မျက်မှောက်ဒိဋ္ဌ ခံစားအပ်သော အကျိုးရှိ၏၊ အခါမလင့် အကျိုးပေး တတ်၏-ဟူ၍ ဆိုကြကုန်၏၊

ထိုစကား၌ ရှေးရှေးဘဝတို့၌ ကံကိုပြု၍ နောက်နောက်ဘဝတို့၌ ရရှိခံစားအပ်ကုန်သောကြောင့် အလုံးစုံသော လူ့ကာမဂုဏ်, နတ် ကာမဂုဏ်တို့ကို ကာလိက-ဟူ၍ ဆိုသည်။

(နောင်အနာဂတ်ဘဝ၌ ရရှိခံစားရန် မျှော်လင့်ရသော တရားမျိုးဟူ၍ဆိုလိုသည်။)

ဤအရာ၌ ဗုဒ္ဓဘာသာတရားနှင့် သာသနာတော်မှ အပဖြစ်သော အညတိတ္ထိယတရား ၂-ပါးတို့၏ အထူးကို ပြဆိုဦးအံ့။

၁။ ကာလိက-ဟူ၍ဆိုလျှင် အကျိုးကို စောင့်ဆိုင်း မျှော်လင့်ရ သောတရား။

၂။ အကာလိက-ဟူ၍ဆိုလျှင် လက်ငင်းဒိဋ္ဌအကျိုးပေးသော ဗုဒ္ဓဘာသာတရားဟူ၍ မှတ်လေ။

ဗုဒ္ဓဘာသာမှတပါးသော တိတ္ထိတို့၏တရားသည် ကာလိက-ဖြစ်၏၊

ဗုဒ္ဓဘာသာ တရားတော်မြတ်သည် အကာလိက-ဖြစ်၏၊

မေး။ တိတ္ထိတို့၏ တရားသည် အဘယ်သို့ ကာလိက-မျိုးဖြစ် သနည်း။

ဖြေ။ သွာက္ခာတ-ဂုဏ်တော်တို့တွင် ပြဆိုခဲ့ပြီးသော နည်း အားဖြင့်တိတ္ထိတို့၏ တရား၌ အလုံးစုံပြည့်စုံသော အကျင့်သီလဟု ဆိုအပ်သော ဗြဟ္မစရိယ-လည်း မရှိ၊ စျာန်သမာပတ်ဟု ဆိုအပ်သော ဗြဟ္မစရိယ-လည်း မရှိ၊ လောကုတ္တရာမဂ်ဟု ဆိုအပ်သော ဗြဟ္မစရိယ လည်း မရှိ၊ ရှေး၌ပြဆိုခဲ့ပြီးသော လောကိယသဒ္ဓမ္မ-ကမ္ဘာစောင့် တရားကောင်း တရားမွန်ကြီးများပင်သော်လည်း မရှိကြကုန်။

ထို့ကြောင့် ပြဆိုခဲ့ပြီးသော အဆင့်ဆင့် မွန်မြတ်ကုန်သော မျက်မှောက်ဘဝ၌ ကိုယ်တွေ့ဒိဋ္ဌ ခံစားအပ်ကုန်သော သာမညဖလ-ဟု ဆိုအပ်ကုန်သောချမ်းသာသုခတို့သည်လည်း မရှိကုန်၊ သေသည်မှ အခြားမဲ့ဖြစ်သော နောက်ကာလ, နောက်ဘဝတို့၌ အထက် ကောင်းကင် ဘုံသို့ရောက်၍ နိစ္စချမ်းသာ, ထာဝရချမ်းသာကို ရရှိခံစားရလတ္တံ့ဟူ၍ အမြဲအစွဲ မှတ်ယူပြီးလျှင် ဤပစ္စုပ္ပန်ဘဝ၌ အသက်ထက်ဆုံး ထာဝရ အရှင်ကိုလည်းကောင်း, လောကကို အစိုးရသော ဣဿရအရှင်ကို လည်းကောင်း, မဟာဗြဟ္မာကြီးကိုလည်းကောင်း ဂရုတစိုက် အပင်တပန်း ရိုသေညွတ်တွား ခစားဆည်းကပ်ခြင်း စသောအတ္တကိလမထာနုယောဂ= ကိုယ်ပင်ပန်းကြောင်းဖြစ်သော အကျင့်ကို ပြုကျင့်လိုက်စားရုံမျှသာ ဖြစ်၏၊

ဗုဒ္ဓသာသနာတော်မှအပ၌ ကိုးကွယ်ရာ မဟုတ်သည်တို့ကို ကိုးကွယ်အားထားရာဝတ္ထုတို့ဟူ၍ မှတ်ထင်ကြကုန်ပြီးလျှင် ဆုတောင်း ခြင်းအလုပ်, ဝပ်တွားခစားခြင်းအလုပ်, ချီးမွမ်းထောမနာခြင်း အလုပ်ပို တွေကို ပြုကျင့်ရုံမျှသာဖြစ်၏၊

ထို့ကြောင့် တိတ္ထိတို့၏ တရားသည် နောင်အနာဂတ်ဘဝ၌ မျှော်လင့်ရသော အကျိုးရှိသည်ဖြစ်၍ ကာလိက-မည်သတည်း။ ထိုတိတ္ထိတရားများ၏ နောင်အနာဂတ်ဘဝ၌ မျှော်လင့် အား ထားရသောအကျိုးဆိုသည်မှာလည်း ထိုတိတ္ထိတို့၏ အရမ်းမဲ့ ထင်မြင် ယုံကြည် မှတ်ယူပြောဆိုခြင်း၏ အစွမ်းအားဖြင့်သာလျှင် ဆိုရသော စကားဖြစ်၏၊

စင်စစ်မူကား-ထို တိတ္ထိတို့၏ တရားမှာ လောကိယသဒ္ဓမ္မ များပင်သော်လည်း မရှိလေသောကြောင့် ထိုတိတ္ထိတို့၏ တရားသည် အနန္တရဘဝ၌ အပါယ်သို့ ကောင်းကောင်းကြီး ဖြောင့်ဖြောင့်ကြီး သွား ရန်အကြောင်း သက်သက်မျှသာဖြစ်လေ၏၊

(ထိုတိတ္ထိတို့၏ တရားသည် ကောင်းကင်ဘုံသို့ မျှော်၍ ချိန်ရွယ် ကျင့်ကြံပါသော်လည်း သေသည်မှ နောက်ကာလ၌ အပါယ်ဘုံသို့ ငုံ့၍ ခုန်ဆင်းကြရကုန်၏-ဟူ၍ ဆိုလိုသည်။)

မေး။ ဗုဒ္ဓဘာသာ တရားတော်သည် အဘယ်သို့ အကာလိက ဖြစ်ပါသနည်း။

ဖြေ။ ဗုဒ္ဓဘာသာ တရားတော်မှာကား အာဒိကလျာဏ-ဟု ဆိုအပ်သော လောကိယသဒ္ဓမ္မ-၏ဆိုင်ရာ ကောင်းမြတ်သော အကျင့် တို့လည်း ရှိကုန်၏၊ ထိုလောကိယသဒ္ဓမ္မ-ထက် လွန်ကဲသော သာသန သဒ္ဓမ္မ-တို့၌မူကား မြင့်မြတ်သော ဗြဟ္မစရိယ-နှင့် ထိုဗြဟ္မစရိယ-၏ မျက်မှောက်ဒိဋ္ဌဖြစ်သော အကျိုးတို့သည်လည်း သာသနာတော်ဓမ္မ၏ လိုရင်းသဘောအနေအားဖြင့် ထင်ရှားရှိကြကုန်၏၊ ထို့ကြောင့် ဗုဒ္ဓ ဘာသာ တရားတော် မြတ်သည်ကား အကာလိက-အစစ် ဖြစ်လေသည်။ ဤအရာ၌ စောဒနာစကား ပြောကြားခွင့် ရှိသည်မှာထို ဗုဒ္ဓဘာသာတရားတော်မြတ်၌ လောကိယသဒ္ဓမ္မ-များလည်း ထင်ရှားပါဝင် ရှိနေသည်၏အဖြစ်ကြောင့် ထိုလောကိယသဒ္ဓမ္မ-ကြောင့် လူဖြစ်ခြင်း, နတ်ဖြစ်ခြင်း, ဗြဟ္မာဖြစ်ခြင်းတို့သည်လည်း ထင်ရှားရှိကြ ကုန်၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာတရားတော်သည်လည်း အခြားမဲ့ဖြစ်သော ဘဝ၌ သုဂတိဘုံဘဝသို့ ရောက်စေတတ်သော ကံတို့ကို ထောက်ဆသော အားဖြင့် နောင်အနာဂတ်၌ မျှော်လင့်ငံ့စားရသော ကာလိက-တရား မျိုးပင် ဖြစ်၍နေသည် မဟုတ်ပါလော-ဟူ၍ စောဒနာစကား ပြောကြား ကုန်ရာ၏၊

ထိုစောဒနာ စကားသည် တစ်စိတ်တစ်ဒေသအားဖြင့် မှန်ပေ၏၊

ထိုသို့ ကာလိက-မျိုးပင် ဖြစ်စေဦးတော့ ထိုအခြားမဲ့ဘဝ၌ သုဂတိဘဝသို့ ရောက်ရလိမ့်မည်-ဟု မျှော်လင့်ရသော အကျိုးသည် သာသနဓမ္မ-၌ လိုရင်းမဟုတ်၊ မျက်မှောက်ဒိဋ္ဌ တွေ့ကြုံရသော သာမညဖလ သန္ဒိဋ္ဌိကတို့သာလျှင် ဗုဒ္ဓဘာသာတရားတော်၌ လိုရင်းအချက် ဖြစ်၏၊ ပညာရှိ၍

ပါရမီပြည့်ကြကုန်ပြီးသော ပုဂ္ဂိုလ်မြတ်တို့သည်ကား ထိုကာလိက အကျိုးငှါ ကျင့်ကြံအားထုတ်ကြကုန်သည် မဟုတ်၊ မျက်မြင်ဒိဋ္ဌ တွေ့ကြုံ ခံစား ရသော အကာလိက-အကျိုးငှါသာလျှင် ကျင့်ကြံအားထုတ်ကုန်သည်။ ယခင်ပြဆိုခဲ့ပြီးသော မာရသံယုတ်၌ ရဟန်းတို့က ပြန်ပြောသော စကားတွင်

ကာလိကဉ္စ ခေါ မယံ ဟိတွာ သန္ဒိဋ္ဌိကံ အနုဓာဝါမ။

ဟူ၍ ဆိုသော စကားကိုထောက်ရာ၏၊

ခေါ၊ စင်စစ်။ မယံ၊ ငါတို့သည်။ ကာလိကဉ္စ၊ နောက်ဘဝ၌ မျှော်လင့်အားထားရသော ကာမဂုဏ်အကျိုးကို။ ဟိတွာ၊ စွန့်၍။ သန္ဒိဋ္ဌိကံ၊ မျက်မှောက်ဒိဋ္ဌ တွေ့ကြုံခံစားရသော သာမညဖလအကျိုးသို့သာလျှင်။ အနုဓာဝါမ၊ စိတ်ပြေးဝင်သောအားဖြင့် ကျင့်ကြံ အားထုတ်ကြကုန်၏၊ သို့ပင် အကာလိက-စင်စစ်ဖြစ်သော်လည်း အကြင်ပုဂ္ဂိုလ်တို့ သည် အကာလိက-အကျိုးငှာ ကျင့်ကြံကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် မဟာဂေါဝိန္ဒသုတ်၌ ဆိုအပ်ပြီးသော နည်းအားဖြင့် အလုံးစုံသော ဤသာသနသဒ္ဓမ္မ-ကိုထိုးထွင်း၍ သိမြင်ပေါက်ရောက်ကြကုန်ရှိသော် အကာလိက-အကျိုးအလုံးစုံကို ရရှိကြလေကုန်၏၊

အလုံးစုံ မထိုးထွင်း မပေါက်ရောက်နိုင်သော ပုဂ္ဂိုလ်တို့သည်ကား တစ်စိတ် တစ်ဒေသဖြစ်သော အကာလိက-အကျိုးကိုရ၍ ဤဘဝ၌ သုဂတိဘုံသို့ ရောက်စေတတ်သော ကံ၏အစွမ်းအားဖြင့် အခြားမဲ့ဘဝ၌ သုဂတိ ဘုံသို့သာ လားကြရလေကုန်၏၊

သာသနာတော်သဒ္ဓမ္မ-သည် အောက်ထစ်ဆုံးအားဖြင့် သုဂတိ ဘုံဘဝသို့ လားစေနိုင်၏၊ မျက်မှောက်ဒိဋ္ဌ အကာလိက အကျိုးကို ရရှိစေ နိုင်သော တရားအမှန်အစစ်ပင် ဖြစ်သော်လည်း ကျင့်ဆောင်အားထုတ် သော ပုဂ္ဂိုလ်တို့၏ ပါရမီအနုအရင့် ဉာဏ်အနုအရင့် အနုန့်အထက်သို့ လိုက်၍ အကျိုးကိုဖြစ်စေနိုင်၏၊ ဆောင်းဥတုသည် အမှန်အေးသည် ဆိုသော်လည်း အသည်းအသန် အဖျားတက်၍ နေသောသူကို အေးမြ စေလိမ့်မည် မဟုတ်သကဲ့သို့တည်း။

စောဒနာရန် ရှိပြန်သည်မှာ

ဤဗုဒ္ဓဘာသာတရားတော်၌လည်း အကြင်ပုဂ္ဂိုလ်တို့သည် ကောင်းစွာမကျင့်ကြကုန်၊ ထိုပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် အပါယ်သို့ သွားခြင်းတို့လည်း ထင်ရှားရှိကြကုန်သည်။

ထိုစကားမှန်၏၊ ထိုသို့ အပါယ်သို့လားကြကုန်ရာ၌ ကောင်းစွာ မကျင့်ကြကုန်သော သူတို့၏ အပြစ်ဒေါသ-သာလျှင်ဖြစ်၏၊ ဗုဒ္ဓဘာသာ တရားတော်၏ အပြစ်မဟုတ်ချေ၊ သို့ဖြစ်၍ ကောင်းစွာ မကျင့်ကြံကြ ကုန်သော သူတို့၏ အပါယ်သို့ လားမှုအတွက်ကြောင့် ဗုဒ္ဓဘာသာ တရားတော်ကို အပြစ်ဆိုရန် အကြောင်း မဟုတ်ချေ။

ဥပမာ- ပြဒါးဓာတ်, သံဓာတ်တို့သည် ကောင်းစွာစီရင်နိုင်သော သူတို့အား ဓနသိဒ္ဓိ, အာယုသိဒ္ဓိ-စသော ကိစ္စများကို ပြီးစီးစေနိုင်၏၊ ကောင်းစွာ မစီရင်တတ်ဘဲ သုံးစွဲသောသူတို့အား အပြစ်ကိုဖြစ်စေ တတ်၏၊ ထိုသို့ အပြစ်ကိုဖြစ်စေမှု၌ ပြဒါးဓာတ်, သံဓာတ်တို့ကို အပြစ်ဆို ထိုက်သည်မဟုတ်၊ ကောင်းစွာ မစီရင်နိုင်သောပုဂ္ဂိုလ်၏ အပြစ်သာလျှင် ဖြစ်လေသကဲ့သို့တည်း။

နာနက္ခဏိက ကမ္မပစ္စည်းအရာ၌-မဂ် ၄-ပါး၌ရှိသော စေတနာ သည် အခြားမဲ့ဖြစ်သော ဖိုလ် ၄-ပါးအား အနန္တရ, သမနန္တရ-စသော သတ္တိဖြင့်ကျေးဇူးပြု၍ အကျိုးဖြစ်စေခြင်းသည်လည်း တရားတော်မြတ်၏ အခါမလင့် အကျိုးပေးသော အကာလိက-ဂုဏ်တော်အစွမ်းပင်ဖြစ်၏ဟူ၍-ဆိုကြကုန်၏၊

အကာလိက ဂုဏ်တော် ပြီး၏၊

ဧဟိပဿိက ဂုဏ်တော်

ဣတော ဧဟိ ဣမံ ပဿ ဣတိ ဝိဓာနံ နိယောဇနံ အရဟတီတိ ဧဟိပဿိကော။

ဣတော၊ ဤအရပ်မှ။ ဧဟိ၊ သည်ကိုလာလှည့်။ ဣမံ၊ ဤတရား ကို။ ပဿ၊ ကြည့်ရှုစုံစမ်းလှည့်။ ဣတိဝိဓာနံ၊ ဤသို့သောအစီအရင်ကို။ နိယောဇနံ၊ တိုက်တွန်းခြင်းကို။ အရဟတိ၊ ထိုက်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ ဧဟိပဿိကော၊ ဧဟိပဿိက-မည်၏၊

တရားတော်မြတ်သည် ကောင်းခြင်း ၃-ရပ်နှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့် ဤအရပ်မှသည်ကို လာလှည့်, ဤတရားကိုရှုလှည့်-ဟူ၍ စီရင်ထိုက်, တိုက်တွန်း နှိုးဆော်ထိုက်သောကြာင့် ဗုဒ္ဓဘာသာ တရားတော် သည် ဧဟိပဿိက-မည်၏၊

လက်သို့ရောက်ပြီးသော စကြာမင်း၏ စည်းစိမ်ချမ်းသာကိုပင် သော်လည်း စွန့်ခွာပယ်ပစ်၍ ရဟန်းအဖြစ်သို့ ကပ်ရောက်ခြင်းအားဖြင့် လျင်မြန်စွာလာပါလှည့်၊ လျင်မြန်စွာလာပြီးလျှင် ဤတရားတော်ကို နာပါလှည့်၊ ဤတရားကို နာပြီးလျှင် အနက်, သဘောအဓိပ္ပါယ်ကို နက်နက်နဲနဲ စုံစမ်းဆင်ခြင်သော ဉာဏ်မျက်စိဖြင့် ကြည့်ရှုဆင်ခြင်ပါ လှည့်-ဟူ၍ သွင်းဆောင်ခြင်း, ဆောက်တည်ခြင်းငှာ သင့်လျော်သော တရားတော်မြတ် ဖြစ်သည်-ဟူဆိုလိုသည်။

မေး။ တရားတော်သည် အဘယ်သို့လျှင် လာလှည့်, ရှုလှည့်ဟူသော အစီအရင်ကို ထိုက်ပါသနည်း။

ဖြေ။ ဤသို့ စီရင်တိုက်တွန်းသော သူတို့သည် စီရင် တိုက် တွန်းချက်အတိုင်း လာရောက် ကြည့်ရှုကြကုန်သော သူတို့၏ ဝမ်း မြောက်ဝမ်းသာ ပူဇော်သက္ကာရပြုခြင်း, ပြော၍မပြီးနိုင်အောင် ကျေးဇူးကြီး ကျယ်စွာ တင်ခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် ဤဗုဒ္ဓဘာသာ တရားတော်မြတ်သည် လာလှည့်, ရှုလှည့်-ဟူသော စီရင်နှိုးဆော်ခြင်းကို ထိုက်သည်-ဟူ၍ မှတ်ရာ၏၊

မေး။ လာရောက် ကြည့်ရှုသောသူတို့သည် အဘယ်သို့ ကျေးဇူးတင်ခြင်း, ပူဇော်ခြင်း, ချီးမွမ်းအံ့ဩခြင်းကို ပြုကြပါသနည်း။

ဖြေ။ အရှင်သည် အကျွန်ုပ်အား ကောင်းသောအမှု ကိစ္စကြီး ဖြင့် ချီးမြှောက် ထောက်ပံ့ခြင်းကို ပြုပေ၏၊ အရှင်သည် ဤထူးမြတ်လှ စွာသော တရားတော်အတွင်း, သာသနာတော်အတွင်းသို့ သွတ်သွင်းခေါ် ဆောင်ပေ၏၊ ထိုသို့ခေါ်ဆောင် သွတ်သွင်းခြင်းကား ကောင်းသော ခေါ်ဆောင်သွတ်သွင်းခြင်းပေတည်း။ အကယ်၍ အကျွန်ုပ်ကို ဤတရား တော်အတွင်း, ဤသာသနာတွင်းသို့ သွတ်သွင်းခေါ်ဆောင်ခြင်းကို မပြုပါမူကား အကျွန်ုပ်သည် ဤတရားတော်မှ အပြင်ပ၌ မျက်ကွယ်ဖြစ်၍ နေရတော့အံ့၊ မိစ္ဆာဒိဋ္ဌိအဖြစ်နှင့်သာ ဆုံးရှုံးရတော့အံ့၊ ဤတရားတော်မှ အပဖြစ်၍နေပါလျှင် အပါယ် ၄-ပါးတည်းဟူသော ဆင်းရဲတွင်းသို့ သက် ဆင်းရတော့အံ့။

အရှင်သည် အကျွန်ုပ်ကို ဤတရားတော်အတွင်းသို့ သွတ်သွင်း ခေါ်ဆောင်လျက် အကျွန်ုပ်ကို အပါယ်ဆင်းရဲမှ ကယ်တင်ပေ၏၊ ဝဋ်ဒုက္ခမှ ထုတ်ဆောင်ပေ၏ဟူ၍ ပူဇော်ချီးမွမ်းခြင်းကို ရရှိကြကုန်၏၊ စင်စစ်မှာ ထိုသို့မြင့်မြတ်သော ပူဇော်ခြင်း, ချီးမွမ်းခြင်းကို ရသည်မူလည်း ဖြစ်စေ, မရသည်မူလည်းဖြစ်စေ၊ တရားတော်မြတ်သည် စင်စစ်သံသရာမှ ထွက်မြောက်စေတတ်သော နိယျာနိက-တရားမျိုး, ပါဠိအရသာ အနက် အရသာနှင့် ပြည့်စုံသော တရားမျိုးဖြစ်သောကြောင့် သူတပါးတို့၏ အကျိုးကို လိုလားတောင်းတလေ့ရှိသော ပညာရှိပုဂ္ဂိုလ်တို့မှန်လျှင် တစ်ပါးသောသူတို့ကို ဤတရားတော် အတွင်းသို့မချွတ်မယွင်း သွတ်သွင်း သင့် သွတ်သွင်းထိုက်သည်သာလျှင်ဖြစ်၏၊ ထိုတရားကို ဆောင်တည် ကျင့်သုံးစေခြင်းငှာ နှိုးဆော်သင့် နှိုးဆော်ထိုက် တိုက်တွန်းသင့် တိုက် တွန်းထိုက်သည်သာလျှင် ဖြစ်၏၊

မဟာဝဂ္ဂ သံယုတ်ပါဋ္ဌိတော် ရာဇိကာရာမဝဂ်၌လည်း-- ချစ်သား ရဟန်းတို့ အကြင်မိတ်ဆွေခင်ပွန်းတို့ကိုလည်းကောင်း, အကြင်ချစ်ကျွမ်းဝင်သော သူတို့ကိုလည်းကောင်း, အကြင်သွေးချင်း တော်စပ်သော ဉာတိပေါက်ဖော်တို့ကိုလည်းကောင်း သနားငဲ့ညှာကုန် သည်ဖြစ်အံ့၊ ထိုမိတ်ဆွေစသော သူတို့ကလည်း လိုက်နာထိုက်ပေသည် ဟူ၍ ထင်မြင်ယုံကြည်ကြကုန်သည် ဖြစ်အံ့။

ချစ်သားရဟန်းတို့- ထိုသူတို့ကို သောတာပတ္တိယင်္ဂတရား ၄- ပါးတို့၌ ကောင်းစွာဆောက် တည်စေအပ်ကုန်၏၊ ကောင်းစွာ သွတ် သွင်းအပ်ကုန်၏၊ ကောင်းစွာထောက်တည်ရာကို ရစေအပ်ကုန်၏-ဟူ၍ မြတ်စွာဘုရားသည် ရဟန်းတို့အား ဤတရားဒေသနာတော်ဖြင့် မြတ်စွာ ဘုရား ကိုယ်တော်တိုင်ပင်လျှင် တရားတော်အတွင်းသို့ သွတ်သွင်းသင့် သွတ်သွင်းထိုက် ခေါ်ဆောင်သင့် ခေါ်ဆောင်ထိုက်သောသူများကို ထိုတရားတော်အတွင်းသို့ သိမ်းသွင်း ခေါ်ဆောင်ရန် နှိုးဆော်တိုက် တွန်းတော်မူသည်။

သောတာပတ္တိယင်္ဂ တရား ၄-ပါးဟူသည်ကား

၁။ ဘုရား၌ အကြွင်းမဲ့ သက်ဝင်ယုံကြည်ခြင်း,

၂။ တရားတော်၌ အကြွင်းမဲ့ သက်ဝင် ယုံကြည်ခြင်း,

၃။ သံဃာတော်၌ အကြွင်းမဲ့ သက်ဝင် ယုံကြည်ခြင်း,

၄။ သီလသိက္ခာတို့ကို ဖြည့်ကျင့်လေ့ရှိခြင်း,

ဤ ၄-ပါးတို့ပေတည်း။

(သောတာပန်ဖြစ်ရန် အကြောင်းအင်္ဂါဖြစ်သောကြောင့် သောတာပတ္တိယင်္ဂ တရားခေါ်သည်။)

မြတ်စွာဘုရားကိုယ်တော်တိုင်''ဧဟိ ဘိက္ခု'' ခေါ်တော်မူ၍ ရဟန်းအဖြစ်သို့ သိမ်းသွင်းသော အစီအရင်တို့၌လည်း ဧဟိ ဘိက္ခု သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ၊ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။ ပုဂ္ဂိုလ်တဦးတည်းကို ''ဧဟိ ဘိက္ခု'' ခေါ်ယူသိမ်းသွင်းရာ၌ မြတ်စွာဘုရား အသုံးပြုတော်မူသော ဧကဝုစ် စကားတော်ဖြစ်သည်။ ဘိက္ခု၊ ရဟန်း။ ဧဟိ၊ လာလော့။ ဓမ္မော၊ တရားတော်ကို။ သွာက္ခာတော၊ ငါဘုရား ကောင်းစွာ ဟောကြားတော်မူအပ်ပြီ။ သမ္မာ၊ ကောင်းစွာ မဖေါက်မပြန်။ ဒုက္ခဿ၊ ဆင်းရဲဒုက္ခ၏၊ အန္တကိရိယာယ၊ အဆုံးကိုပြုခြင်းငှါ။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရ၊ ကျင့်လှည့် ပါလော့။

ဧထ ဘိက္ခဝေါ သွာက္ခာတော ဓမ္မော၊ စရထ ဗြဟ္မစရိယံ၊ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။

ပုဂ္ဂိုလ်အများကို ''ဧဟိ ဘိက္ခု'' ခေါ်ယူသိမ်းသွင်းတော်မူရာ၌ မြတ်စွာဘုရား အသုံးပြုတော်မူသော ဗဟုဝုစ် စကားတော်ဖြစ်သည်။ ဘိက္ခဝေါ၊ ရဟန်းတို့။ ဧထ၊ လာကြကုန်လော့။ ဓမ္မော၊ တရားတော်ကို။ သွက္ခာတော၊ ငါဘုရား ကောင်းစွာ ဟောကြားတော် မူအပ်ပြီ။ သမ္မာ၊ ကောင်းစွာ မဖေါက်မပြန်။ ဒုက္ခဿ၊ ဆင်းရဲဒုက္ခ၏၊ အန္တကိရိယာယ၊ အဆုံးကိုပြုခြင်းငှါ။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရထ၊ ကျင့်လှည့်ကြကုန်လော့။

ဤသို့လျှင် ''ဧဟိ ဘိက္ခု'' ခေါ်တော်မူ၍ ကိုယ်တော်တိုင် တရားတော်အတွင်း, သာသနာတော်အတွင်းသို့ သိမ်းသွင်း ခေါ်ဆောင် တော်မူအပ်သော ဥပသမ္ပဒ-ရဟန်းတော်တို့သည်လည်း မြတ်စွာဘုရား လက်ထက် တော်အခါ အသိမ်းမက များပြားစွာ ရှိတော်မူကြကုန်၏၊

ထို့ပြင်လည်း

ဧထ ဘိက္ခဝေ သီလဝန္တော ဟောထ၊ ပါတိမောက္ခ သံဝရသံဝုတာ ဝိဟရထ။

ဟူ၍ ထိုထိုပါဠိတော်တို့၌ ဟောကြားတော်မူ၏၊

ဘိက္ခဝေ၊ ရဟန်းတို့။ ဧထ၊ လာကြကုန်လော့။ သီလဝန္တော၊ သီလနှင့် ပြည့်စုံကြကုန်သည်။ ဟောထ၊ဖြစ်ကြကုန်လော့။ ပါတိမောက္ခ သံဝရသံဝုတာ၊ ပါတိမောက္ခသံဝရသီလ-ဟုဆိုအပ်သော ဝိနည်းသိက္ခာ ပုဒ်တို့ကို လုံခြုံစွာ စောင့်သုံးကြကုန်သည်ဖြစ်၍။ ဝိဟရထ။ နေကြကုန် လော့။

ဤပါဠိတော်ဖြင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ရဟန်းတို့ကို ဟောကြားပညတ်တော်မူအပ်သော တရားတော် အတွင်းသို့ သိမ်းသွင်း ခေါ်ဆောင်တော်မူကြောင်းကို ပြဆို၏၊

ရဟန်းတို့ကိုသာ ဤသို့ သိမ်းသွင်းခေါ်ဆောင်တော်မူသည် မဟုတ်၊ အိမ်ရာထောင်သော လူများကိုလည်း ဧထ တုမှေ ကာဠာမာ=အို-ကာဠာမ အမျိုးဖြစ်သော ဒါယကာ တို့- သင်တို့သည် လာကြကုန်လော့။

ဧထ တုမှေ သာဠာ=အို- သာဠ မည်သော ဒါယကာတို့ သင်တို့ သည် လာကြကုန်လော့။

ဤသို့ စသည်ဖြင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ခေါ်ဆောင် ခြင်း အစီအရင်တို့သည် ဖြစ်ကုန်၏၊

(ဤကား ဧဟိ-ဟူသော အစီအရင်ကို ပြဆိုသော ပါဠိသာဓကများပေတည်း။)

နိဒါနဝဂ္ဂသံယုတ် ပါဠိတော် ဒုတိယဝဂ်၌

ဇာတိပစ္စယာ ဘိက္ခဝေ ဇရာမရဏံ ဥပ္ပါဒါ ဝါ တထာဂတာနံ အနုပ္ပါဒါ ဝါ ဌိတာဝ သာ ဓာတု၊ တံ တထာဂတော အဘိသမ္ဗုဇ္ဈတိ၊ အဘိသမ္ဗုဇ္ဈိတွာ ဒေသေတိ၊ ပဿထာတိ စာဟ။

ဘိက္ခဝေ၊ ရဟန်းတို့။ ဇာတိပစ္စယာ၊ ဇာတိဟူသောအကြောင်း ကြောင့်။ ဇရာမရဏံ၊ ဇရာမရဏသည်။ ဥပ္ပဇ္ဇတိ၊ဖြစ်၏၊ သာ ဓာတု၊ ဇာတိကြောင့် ဇရာမရဏ ဖြစ်မှုဟူသော ထိုဓာတ်သဘောသည်။ တထာဂတာနံ၊ မြတ်စွာဘုရားတို့၏၊ ဥပ္ပါဒါ ဝါ၊ ပွင့်တော်မူသော် လည်းကောင်း။ အနုပ္ပါဒါ ဝါ၊ ပွင့်တော်မမူသော်လည်းကောင်း။ ဌိတာဝ၊ တည်လျက် ရှိနေသည်သာလျှင်တည်း။ တံ၊ ဇာတိကြောင့် ဇရာ မရဏဖြစ်ခြင်းဟူသော ထိုဓာတ်သဘောကို။ တထာဂတော၊ မြတ်စွာ ဘုရားသည်။ အဘိသမ္ဗုဇ္ဈတိ၊ ထိုးထွင်း၍ သိတော်မူ၏၊ အဘိသမ္ဗုဇ္ဈိတွာ၊ ထိုးထွင်းသိမြင်ပြီး၍။ ဒေသေတိ၊ သတ္တဝါတို့အား ဟောကြားတော်မူ၏၊ တုမှေ၊ သင်တို့သည်။ ပဿထ=ရှုကြကုန်လော့။ ဣတိ စ၊ ဤသို့လျှင်။ အာဟ၊ မြတ်စွာဘုရား ဟောကြားတော်မူ၏၊

အဝိဇ္ဇာပစ္စယာ ဘိက္ခဝေ သင်္ခါရာ၊ ပဿထာတိ စာဟ။

ဘိက္ခဝေ၊ ရဟန်းတို့။ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။ သင်္ခါရာ၊ သင်္ခါရတရားတို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ် ကုန်၏၊ တုမှေ၊ သင်တို့သည်။ ပဿထ၊ ရှုကြကုန်လော့။ ဣတိ စ၊ ဤသို့လျှင်။ အာဟ၊ မြတ်စွာဘုရား ဟောကြားတော်မူ၏၊ ဤပါဠိတော်တို့ဖြင့် မြတ်စွာဘုရား ကိုယ်တော်တိုင်ပင်လျှင် တရားတော်ကို ရှုကြကုန်လော့-ဟု နှိုးဆော်တိုက်တွန်းတော်မူကြောင်းကို သိအပ်၏၊

(ဤကား ပဿ-ဟူသော အစီအရင်ကို ပြသော ပါဠိတော်သာဓကများပေတည်း။)

ဧဟိ, ပဿ=လာလှည့်, ရှုလှည့်=ဟူသော တိုက်တွန်းချက် ၂- မျိုးတို့တွင်

ဧဟိ-ဟူသောပုဒ်ဖြင့်- တရားတော်အတွင်း, သာသနာတော် အတွင်းသို့ သိမ်းသွင်းခေါ်ဆောင်ခြင်း အစီအရင်ကို ပြ၏၊ ပဿ-ဟူသောပုဒ်ဖြင့်- တိုက်တွန်းချက်ဖြင့် ထိုတရားကို ကျင့်ဆောင်အားထုတ်ခြင်း, ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်ခြင်း အစီ အရင်ကိုပြ၏၊

လာလှည့်, ရှုလှည့်-ဟူသော ထိုတိုက်တွန်းချက် ၂-မျိုးတို့ဖြင့် နှိုးဆော်ခြင်းငှါ ထိုက်သောကြောင့် တရားတော်သည် ဧဟိပဿိက မည်၏၊

ဤလောက၌ လာပါလှည့်, ကြွပါလှည့်-ဟူ၍ဖိတ်လျှင် ကြွလာ သောသူအား ပြုစုကျွေးမွေးခြင်း, လှူဒါန်းပူဇော်ခြင်းဖြင့် တစ်စုံတစ်ရာ ဝမ်းမြောက် နှစ်သက်ဖွယ်ရာ ကျေးဇူးပြုနိုင်မှသာလျှင် လာပါ, ကြွပါဟူ၍ ပင့်ဖိတ်ခြင်းငှါ သင့်လျော်လေသကဲ့သို့။ ထို့အတူ တရားအတွင်းသို့ သိမ်းသွင်းခြင်း အနေအားဖြင့် ဧဟိ-လာလှည့်-ဟူ၍ ခေါ်ဆောင်ပင့် ဖိတ်လျှင် ထိုတရားအတွင်းသို့ ခိုဝင် ကပ်ရောက်လာသော သူတို့အား အကျိုး များစွာ ဖြစ်ထွန်းစေနိုင်မှသာလျှင် ခေါ်ဆောင် သိမ်းသွင်းသင့်လေ သဖြင့် ဧဟိ- ဟူသော အစီအရင်ကို ထိုက်သည်မည်၏၊

မြတ်စွာဘုရားဟောကြားတော်မူအပ်သော ကလျာဏ ၃-ပါးနှင့် ပြည့်စုံသော တရားတော်သည်ကား

မိမိအတွင်းသို့ သိမ်းသွင်းခေါ်ဆောင်၍ ရောက်လာသောသူတို့ အား အောက်ထစ်ဆုံးအားဖြင့် သုဂတိဘုံဘဝသို့ လာစေနိုင်၏၊ အလွန်ဆုံး အကျိုးအားဖြင့် အမြတ်ထက် အမြတ်ဆုံးဖြစ်သော နိဗ္ဗာန် ချမ်းသာသို့ ရောက်စေနိုင်၏၊ ထိုကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏ တရား တော်သည် ဧဟိ-ဟူသော အစီအရင်ဖြင့် နှိုးဆော်ခြင်းကို ထိုက်လေ သည်။

ဤလောက၌ တစ်စုံတစ်ခုသော ပွဲသဘင်ကို ဖြစ်စေ, တစ်စုံ တစ်ခုသော ရတနာကိုဖြစ်စေ, တစ်စုံ တစ်ခုသော အထူးအဆန်း ပန်းမန် ဥယျာဉ်ပန်းမာလ်ကိုဖြစ်စေ ရှုကြည့်လှည့်ပါ-ဟုနှိုးဆော်တိုက်တွန်းလျှင် ရှုကြည့်သောသူ၏ စိတ်နှလုံးကို ရွှင်စေခြင်း, အံ့ဖွယ်သရဲကိုဖြစ်စေခြင်း, ရှုမြင်ရသည့်အတွက် ကျေးဇူးတင်စွာနှင့် တစ်သက်လျာလုံး မှတ်သား လောက်အောင် စိတ်စွဲ၍သွားခြင်းစသော အကျိုးကို ဖြစ်စေနိုင်မှသာလျှင် ရှုလှည့်ပါဟူသော စီရင်နှိုးဆော်ခြင်းကို ထိုက်လေသကဲ့သို့၊ ထို့အတူ-

၁။ တရားကို ရှုလှည့်ပါဟု နှိုးဆော်တိုက်တွန်းလျှင် ဆန်းကြယ် သော အနက်အရသာ၊ ပါဠိအရသာကို ရရှိစေခြင်း,

၂။ စိတ်သန္တာန်၌ ဓမ္မပီတိ- ကိုရရှိ၍ ငြိမ်သက်ချမ်းသာခြင်း,

၃။ စိတ်၌ရှိသော အညစ်အကြေးတို့ကို ပယ်ရှားနိုင်ခြင်း,

၄။ ဉာဏ်ပညာ၏ တိုးတက်ပွင့်လင်းခြင်း,

၅။ နက်နဲသော တရားသဘောတို့၏ အဖြစ် အပျက်ကို ထိုးထွင်း သိမြင်နိုင်ခြင်း၊

၆။ မိမိ မူလအခြေအနေမှ ထူးသော အခြေအနေသို့ ရောက် ရှိခြင်း၊

စသော သာမညဖလ အကျိုးတို့ကို ရရှိဖြစ်ထွန်းစေနိုင်မှသာလျှင် ရှုလှည့်ပါ ဟူသော နှိုးဆော် တိုက်တွန်းခြင်းကို ထိုက်သည်မည်၏၊ ဗုဒ္ဓဘာသာတရားတော်မြတ်သည်-ကျင့်ဆောင်သောသူ, ဝိပဿနာဉာဏ်, ပစ္စဝေက္ခနာဉာဏ်တို့ဖြင့် ဆင်ခြင် ရှုစားသောသူတို့အား ဆိုခဲ့ပြီးသောအကျိုးတို့ကို ရရှိစေနိုင်၏၊ ထို့ကြောင့်ရှုလှည့်ပါဟူသော စီရင်နှိုးဆော်ခြင်းကို ထိုက်လေသည်။

ဤသို့ လာလှည့်ပါ, ရှုလှည့်ပါ-ဟူသော စီရင်နှိုးဆော်ခြင်းတို့ ထိုက်သောကြောင့် ဧဟိပဿိက-ဟူ၍ ခေါ်ထိုက်လေသည်။

အခြားသောဘာသာ တရားများသည်ကား-ထိုကဲ့သို့လာ လှည့်ပါ, ရှုလှည့်ပါ-ဟူသော အစီအရင်ကို ထိုက်သည် မဟုတ်ချေ။

ထိုသာသနာတော်မှ အပဖြစ်သော တရားများသည်ကား

လာလှည့်ပါ-ဟု ဆို၍ သိမ်းသွင်းခေါ်ဆောင်လျက် ထိုတရား အတွင်းသို့ဝင်ရောက်လျှင် ထိုဗာဟိရ တရားစုတို့၏ သွာက္ခာတ-ဂုဏ် နှင့်ပြည့်စုံသည်မဟုတ်သောကြောင့် အသိမ်းအသွင်း ခံရသောသူ, ဝင်ရောက်သော သူတို့အား အကျိုးမများ စေသည့်ပြင် အပါယ်လားခြင်း တည်းဟူသော အပြစ်ကို ရရှိကြစေကုန်၏၊ ထို့ကြောင့် လာလှည့်ပါဟူ သော စီရင်နှိုးဆော်ခြင်းကို ထိုက်သည်မဟုတ်ချေ။

ရှုလှည့်ပါ-ဆို၍ ကျင့်ကြံရှုစားသောအခါ အနက်အရသာ, ပါဠိအရသာ, ဓမ္မပီတိ-စသော သာမညဖလ အကျိုးများကို မရသည့်ပြင် မိစ္ဆာဒိဋ္ဌိ အမှားဘက်သို့ နက်နက်ကြီး စူးစိုက်သက်ဝင်၍သွားခြင်း, အပါယ်သို့ နက်နက်ကြီးကျရောက်ရန် မျိုးစေ့တို့ကို အောင်အောင်မြင်မြင် ထူထောင်နိုင်ခြင်းစသော အကျိုးယုတ်တို့ကို ရရှိလေ၏၊ ထို့ကြောင့် ထိုမိစ္ဆာတရားများသည် ရှုလှည့်ပါဟူသော အစီအရင်ကို ထိုက်သည် မဟုတ်ချေ။

ဗုဒ္ဓဘာသာ တရားတော်မြတ်ကြီးသည် လာလှည့်, ရှုလှည့်ဟူသော နှိုးဆော်ခြင်းကို ထိုက်သောကြောင့် ထိုအစီအရင် အတိုင်း နှိုးဆော်တိုက်တွန်း, သိမ်းသွင်းခေါ်ဆောင်, ပြသ, သွန်သင်သော ပုဂ္ဂိုလ်တို့အားလည်း ကုသိုလ်ပုည ပွားစည်းခြင်းတည်းဟူသော အကျိုးကို ဖြစ်ပွားစေနိုင်ကုန်သည်၊ သာသနာတော်မှ အပဖြစ်သော တရားတို့ သည်ကား ထိုကဲ့သို့ လာလှည့်ပါ, ရှုလှည့်ပါ,-ဟူသောစီရင်နှိုးဆော်ခြင်းကို မထိုက်သောကြောင့် ထိုတရားအတွင်းသို့ ခေါ်ဆောင်သိမ်းသွင်း ပြသ, သွန်သင်သော ပုဂ္ဂိုလ်တို့အား မကောင်းမှုပွားခြင်း, အပါယ်လားခြင်းစသော အကျိုးယုတ်တို့ကို ဖြစ်ပွားစေနိုင်ကုန်၏၊

ထို့ကြောင့် ဧကင်္ဂုတ္တရပါဠိတော် တေရသမဝဂ်၌--

ဒုရက္ခာတေ ဘိက္ခဝေ ဓမ္မဝိနယေ ယော စ သမာဒပေတိ၊ ယဉ္စ သမာဒပေတိ၊ ယော စ သမာဒပိတော တဒတ္ထာယ ပဋိပဇ္ဇတိ၊ သဗ္ဗေ တေ ဗဟုံ အပုညံ ပသဝန္တိ၊ တံ ကိဿ ဟေတု၊ ဒုရက္ခာတတ္တာ ဘိက္ခဝေ ဓမ္မဿ။

သွာက္ခာတေ ဘိက္ခဝေ ဓမ္မဝိနယေ ဗဟုံ ပုညံ ပသဝန္တိ၊ တံ ကိဿ ဟေတု၊ သွာက္ခာတတ္တာ ဘိက္ခဝေ ဓမ္မဿ။

ဟူ၍ဟောတော်မူ၏၊

အနက်ကား။။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒုရက္ခာတေ၊ မကောင်းသဖြင့် ဟောကြားအပ်သော။ ဓမ္မဝိနယေ၊ ဟောအပ်သော တရား, ပညတ်အပ်သောအဆုံးအမ၌။ ယော စ၊အကြင်သူသည်လည်း။ သမာဒပေတိ၊ နှိုးဆော်တိုက်တွန်း၏၊ ယဉ္စ၊ အကြင်သူကိုလည်း။ သမာဒပေတိ၊ နှိုးဆော်တိုက်တွင်း၏၊ သမာဒပိတော၊ သိမ်းသွင်း နှိုးဆော်အပ်သော။ ယော စ၊ အကြင်သူသည်လည်း။ တဒတ္ထာယ၊ ထိုနှိုးဆော် တိုက်တွန်းအပ်သော အတိုင်း။ ပဋိပဇ္ဇတိ၊ ကျင့်ကြံအား ထုတ်၏၊ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ၊ ထိုနှိုးဆော် တိုက်တွန်းသောသူ, နှိုးဆော်တိုက်တွန်းအပ်သော သူတို့သည်။ ဗဟုံ၊ များစွာ။ အပုညံ၊ မကောင်းမှုကို။ ပသဝန္တိ၊ ပွားအောင် ဆည်းပူးကြကုန်၏၊ တံ၊ ထိုသို့ဖြစ်ရခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်း ကြောင့်နည်းဟူမူကား။ ဘိက္ခဝေ၊ ရဟန်းတို့။ ဓမ္မဿ၊ မိစ္ဆာတရားများ၏၊ ဒုရက္ခာတတ္တာ၊ မကောင်းသဖြင့် ဟောကြားအပ်သော တရားများ ဖြစ်လေသောကြောင့်တည်း။

ဘိက္ခဝေ၊ ရဟန်းတို့။ သွာက္ခာတေ၊ ကောင်းစွာ ဟောကြားအပ် သော။ ဓမ္မဝိနယေ၊ သုတ်, အဘိဓမ္မာ, ဝိနည်းတော်- ဟုဆိုအပ်သော သာသနာတော်မြတ်၌မူကား။ဧဝံ ကတေ၊ ဤသို့သိမ်းသွင်းနှိုးဆော်ခြင်း, ကျင့် ဆောင်ခြင်းကို ပြုအပ်သည်ရှိသော်။ ဗဟုံ၊ များစွာ။ ပုညံ၊ ကုသိုလ်ကောင်းမှုကို။ ပသဝန္တိ၊ ပွားများကြကုန်၏၊ တံ၊ ထိုသို့ဖြစ်ခြင်း သည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ ဓမ္မဿ၊ သုတ်, ဝိနည်း, အဘိဓမ္မာ-ဟုဆိုအပ်သော တရားတော်မြတ်၏၊ သွာက္ခာတတ္တာ၊ ကောင်းစွာ ဟောကြားအပ်သော သွာက္ခာတ-ဂုဏ်နှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့်တည်း။

ဤနေရာ၌ ဆိုဖွယ်ရှိသည်ကား

သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့သည် ဧဟိပဿိက ဂုဏ်နှင့် မပြည့်စုံသော မိမိတို့၏ တရား အတွင်းသို့ သွင်းဆောင်ကြကုန်၏၊ မိမိတို့ သာသနာသို့ဝင်ရန် နှိုးဆော်တိုက်တွန်းကြကုန်၏၊

ထိုသို့ သိမ်းသွင်း နှိုးဆော်သောအတိုင်းလည်း ထို မိစ္ဆာ သာသနာသို့ ဝင်ရောက်ကြကုန်ပြီးလျှင် မိစ္ဆာတရား နည်းလမ်းအတိုင်း လိုက်နာပြုကျင့်ကြကုန်၏၊

သို့ရာတွင် ထိုမိစ္ဆာဒိဋ္ဌိသာသနာတို့၌ ချီးမွမ်း, အံ့ဩ, နှစ်သက်, မြတ်နိုးလောက်ဖွယ်ဖြစ်သည့် ဓမ္မသမ္ပတ္တိ ဂုဏ် မရှိခြင်းကြောင့် တရား၏ ဂုဏ်ကျေးဇူးတို့ကို ညွှန်ပြ၍ နှိုးဆော်တိုက်တွန်း သိမ်းသွင်းကြသည် မဟုတ်ကုန်။

စင်စစ်မူကား-လောက မျက်မှောက်၌ အသက်မွေးဝမ်း ကျောင်း လွယ်ကူရန်ဖြစ်သော လောကီ လာဘ်လာဘ ပစ္စည်းပစ္စယ, ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို ခုံမင်တွယ်တာလောက်အောင် ဗန်းပြ၍ မိမိတို့၏ သာသနာတွင်းသို့ ဆွဲဆောင် သိမ်းသွင်းကြကုန်၏၊

အယဉ္စ လောကော ယေဘုယျေန အာမိသဂရုကောဝ ဟောတိ။ ဤလောကကြီးသည် ပစ္စည်းပရိက္ခရာ လာဘ်သပ်ပကာ ၅- ဖြာအာရုံ ကာမဂုဏ်တည်းဟူသော အာမိသ-ကိုသာ အလေးပြုလေ့ ရှိသည်သာလျှင်ဖြစ်၏၊

ဧဟိပဿိက ဂုဏ်တော်ပြီး၏၊

---------

ဩပါနေယျိက ဂုဏ်တော်

ဥပေစ္စ နယနံ ဥပနယော။ ဥပေစ္စ၊ ကပ်၍ နယနံ၊ ဆောင်ခြင်း တည်း။ ဥပနယော၊ ကပ်၍ဆောင်ခြင်း။

မိမိသို့လည်းကောင်း, သူတစ်ပါးသို့လည်းကောင်း ကပ်၍ တရား ကိုဆောင်ခြင်း, ညွှန်ကြားပြသခြင်းပေတည်း၊ မိမိကိုယ်သို့ တရားနှင့် ကပ်ခြင်း, သူတစ်ပါးကို တရားနှင့်ကပ်ခြင်း ဆိုလိုသည်။

အတ္တူပနယံ ဝါ ပရူပနယံ ဝါ ကာတုံ အရဟတီတိ ဩပါနယိကော။

ယော ဓမ္မော၊ အကြင်တရားသည်။ အတ္တူပနယံ ဝါ၊ မိမိဆီသို့ ကပ်ဆောင်ခြင်းကိုလည်းကောင်း။ ပရူပနယံ ဝါ၊ သူတစ်ပါးဆီသို့ ကပ်ဆောင်ခြင်းကိုလည်းကောင်း။ ကာတုံ၊ ပြုခြင်းငှါ။ အရဟတိ၊ ထိုက်၏၊ ဣတိ-တသ္မာ၊ ထို့ကြောင့်။ သောဓမ္မော၊ ထိုတရားသည်။ ဩပနယျိကော၊ ဩပနယျိကမည်၏၊

မိမိသို့ ကပ်ဆောင်ပုံ-ဤတရားသည် ငါ၏သန္တာန်၌ ထင်ရှား တည်ရှိ၏၊ ငါသည်လည်း ဤတရား၌ တည်ရှိ၏၊ ဤသို့လျှင် မိမိဆီသို့ တရားကိုကပ်ဆောင်ခြင်းငှါ, တရားဆီသို့ မိမိကို ကပ်၍ ဆောင်ခြင်းငှါ လည်း ထိုက်၏၊

သူတစ်ပါးသို့ ကပ်ဆောင်ပုံ-ဤတရားသည် ဤသူ၌ ထင်ရှား တည်ရှိ၏၊ ဤသူသည်လည်း ဤတရား၌ တည်ရှိ၏၊ ဤသို့လျှင် သူတစ်ပါးဆီသို့ တရားကို, တရားဆီသို့ သူတစ်ပါးကို ကပ်၍ဆောင်ခြင်း ငှါလည်း ထိုက်၏၊ ထို့ကြောင့် တရား တော်သည် ဩပါနေယိက မည်၏ဟူ၍ ဆိုလို၏၊

မေး။ အဘယ့်ကြောင့် ကပ်၍ ဆောင်ခြင်းကို ပြုခြင်းငှါ ထိုက်သနည်း။

ဖြေ။ မကြည်ညိုသေး, သဒ္ဓါတရားမရှိသေးသောသူတို့၏ သဒ္ဓါတရားကို ဖြစ်ပွားစေသောကြောင့်လည်း, သဒ္ဓါတရား ဖြစ်ပွား ကြည်ညိုပြီးသော သူတို့အားလည်း တရားတော်နည်းလမ်းရှိသောအတိုင်း ကျင့်ကြံအား ထုတ်ခြင်းအမှု၌ ယှဉ်စေတတ်သောကြောင့်လည်းကောင်း တရားတော်သည် ကပ်၍ ဆောင်ခြင်းကို ပြုခြင်းငှါထိုက်၏၊

ထင်ရှားစွာ ပြဦးအံ့

အကြင်သူတို့သည် ဤဗုဒ္ဓဘာသာတရားတော်မြတ်၌ မကြည် ညိုကြကုန်၊ အကြင်သူတို့သည်လည်း ကြည်ညိုကာမတ္တသာလျှင် ဖြစ်ကြကုန်၏၊ တရားတော်နည်းလမ်းရှိသောအတိုင်း မကျင့်ဆောင် မလိုက် ပါကြကုန်၊ ထိုသူတို့သည် ပုဂ္ဂိုလ်နှင့် တရားကိုကပ်၍ ဟောပြ သဖြင့် ကြားနာရသောအခါ မကြည်ညိုသော သူတို့သည်လည်း ဤ တရားတော်၌ သဒ္ဓါတရား ဖြစ်ပွားကြည်ညိုကြကုန်၏၊

ကြည်ညိုရုံမျှသာဖြစ်၍ ကောင်းစွာ မကျင့်ကြံမလိုက်နာကြ သောသူတို့သည်လည်း မိမိသန္တာန်၌ တရားကပ်စေခြင်းငှါ ကျင့်ကြံအား ထုတ်ကြကုန်၏၊ မိမိဆီသို့ တရားကို ဆောင်ကြကုန်၏၊ ထိုစကားမှန်၏၊

မဇ္ဈိမပဏ္ဏာသပါဠိတော် ဒုတိယဝဂ်၌''တံ ကိံ မညတိ အနုရုဒ္ဓ'' စသည်ဖြင့်ဟောတော်မူသည်။

ပါဠိတော်မြန်မာပြန်

အို- အနုရုဒ္ဓါ..ငါဘုရား မိန့်ဆိုလတ္တံ့သော စကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။

မြတ်စွာဘုရားသည် အဘယ်အကျိုးကို မြင်၍ တပည့်သား သာဝကတို့ စုတိကွယ်လွန်သောအခါ ဤမည်သော တပည့်သားသည် ဤမည်သောဘုံ၌ ဖြစ်လေ၏၊ ဤမည်သော တပည့်သားသည် ဤမည် သော ဘုံ၌ ဖြစ်လေ၏-ဟူ၍ ဥပပါတ် ဘုံဘဝတို့၌ ဖြစ်ခြင်းကို ပြောကြား မိန့်ဆိုတော်မူသနည်း-ဟူ၍မြတ်စွာ ဘုရားမေးတော်မူ၏၊

အရှင်ဘုရား- တရားတော်တို့သည် မြတ်စွာဘုရားသာလျှင် အကြောင်းရင်းရှိပါကုန်၏၊ မြတ်စွာဘုရားသည် ဖြေကြားတော်မူစေချင် ပါ၏၊ ရဟန်းအပေါင်းတို့သည် မှတ်သားဆောင်ရွက်ကြပါကုန်လတ္တံ့ဟူ၍အရှင်အနုရုဒ္ဓါက လျှောက်ထားလေ၏၊

အို-အနုရုဒ္ဓါ--ကြည်ညိုယုံကြည်စွာ သဒ္ဓါတရားရှိကြကုန်သော, မွန်မြတ်သော နှစ်သက်ခြင်းရှိကြကုန်သော, မွန်မြတ်သော ဝမ်းမြောက် ခြင်းရှိကြကုန်သော အကြင်အမျိုးကောင်းသားတို့သည် ရှိကုန်၏၊

ထိုအမျိုးကောင်းသားတို့သည် ကွယ်လွန်သော တပည့် သာဝက တို့၏ ဥပပါတ်ဘုံ၌ ဖြစ်ကြောင်းကို ပြောကြားတော်မူသော ထိုမြတ်စွာ ဘုရား၏ စကားကို ကြားကြကုန်သည်ရှိသော် ထိုဥပပါတ် ဘုံဘဝသို့ ရောက်ကြောင်းဖြစ်သော တရားဆီသို့ ရှေးရှုဆောင်ကြကုန်၏၊ ကျင့်ကြံ အားထုတ်ကြကုန်၏၊ ထိုအမျိုး ကောင်းသားတို့၏ ထိုသို့စိတ်ကို တရားဆီ သို့ဆောင်ခြင်းသည် ရှည်မြင့်စွာသောကာလပတ်လုံး အကျိုးဖြစ်ခြင်းငှာ, ချမ်းသာခြင်းငှာ, ဖြစ်လတ္တံ့ ဟူ၍ မြတ်စွာဘုရား မိန်ကြားတော်မူ၏၊

ဤသို့ ပုဂ္ဂိုလ်သို့ ကပ်ဆောင်၍ ပုဂ္ဂိုလ်နှင့်ယှဉ်တွဲ၍ ပြအပ်သော တရားတော်သည် သဒ္ဓါမဲ့သော သူတို့အားလည်း သဒ္ဓါတရားကို တိုးပွားစေတတ်၏၊ သဒ္ဓါတရားရှိပါလျက် ထိုတရားကို ကောင်းစွာ မကျင့်ဆောင်သော ပုဂ္ဂိုလ်တို့အားလည်း ကောင်းစွာကျင့်ဆောင် ခြင်းကိစ္စနှင့် ယှဉ်စေ၏၊ ကျင့်ကြံအားထုတ် စေ၏၊ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့၏ ရှေးဦးစွာ ဤတရားကို ကိုယ်တော်မြတ်သို့ ကပ်၍ ဆောင်ပြီးမှသာလျှင် သတ္တဝါတို့အား ဟောကြားညွှန်ပြ တော်မူ၏၊

မေး။ အဘယ်သို့လျှင် အလုံးစုံသော သတ္တဝါတို့၏ ရှေးဦးစွာ ကိုယ်တော်မြတ်ဆီသို့ တရားကိုကပ်၍ ဆောင်ပြီး၍ ဟောကြားပြသ တော်မူပါသနည်း။

ဖြေ။ မြတ်စွာဘုရားသည် တောထွက်တော်မူသော အခါမှ စ၍ ဓမ္မစကြာတရားကို ဟောကြားတော်မူသည့်တိုင်အောင် အကြင် ဘုရားဖြစ်တော်မူခြင်း၏ အကြောင်းနှင့် ဘုရားဖြစ်တော်မူခြင်းကိုလည်း ကောင်း, ဘုရားဂုဏ်ကျေးဇူးနှင့်စပ်သော များစွာကုန်သော အကျင့်တရား တို့ကိုလည်းကောင်း များစွာသော သုတ္တန်တို့၌ များစွာသောသူတို့၏ အလယ်၌ ဟောကြားတော်မူ၏၊

ထိုမှတပါး ဘုရားဂုဏ်တော်ဖွင့်တွင် ပြဆိုခဲ့ပြီးသောအတိုင်း ဘုရားဂုဏ်ကျေးဇူးတို့ကိုပြု၍ သာသနာ ပြည့်စုံခြင်း၏ အကြောင်းများ ကိုလည်း ဟောကြားတော်မူ၏၊

တစ်ရံတစ်ခါလည်း များစွာသော ပရိသတ်အလယ်၌ ကိုယ်တော် မြတ်၏ အတုမရှိ မြင့်မြတ်သော အကျင့်သီလ တရားတို့ကိုလည်းကောင်း စျာန်, သမာဓိ, သမာပတ္တိတရားတို့ကိုလည်းကောင်း, အဘိညာဉ်တရား တို့ကိုလည်းကောင်း ဟောကြားတော်မူ၏၊ တန်ခိုးပြာဋိဟာ ပြခြင်း တို့ကိုလည်း ပြုတော်မူ၏၊ ထိုဆိုပြီး အလုံးစုံကို ဟောပြပြုလုပ် ဆောင် ရွက်တော်မူခြင်းများသည် မြတ်စွာဘုရားအား ''အတ္ထုပနယ'' တရား တော်ကို ကိုယ်တော်နှင့် ကပ်ဆောင်၍ပြုတော်မူခြင်း ပြတော်မူခြင်း မည်၏၊

မေး။ အဘယ်သို့လျှင် တရားတော်ကို သူတစ်ပါးသို့ ကပ်၍ ဆောင်ပြီးမှ ဟောကြား ပြသတော်မူပါ သနည်း။

ဖြေ။ ပရိသတ် ၄-ပါးတို့၏အလယ်၌ ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန်, ရှင်မဟာကဿပ အစရှိကုန်သော တပည့်သာဝကကြီး တို့၏ အကျင့်သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တို့ကို ဟောပြောချီး မွမ်းတော်မူ၏၊

ထို့ပြင်လည်း ဟတ္ထာဠာဝက သူကြွယ်, စိတ္တသူကြွယ်, ဥဂ္ဂ သူကြွယ်-အစရှိကုန်သော လူဥပသကာတို့၏ အကျင့်သီလဂုဏ်, သမာဓိ ဂုဏ်, ပညာဂုဏ်များကိုလည်း ဖော်ပြချီးမွမ်းတော်မူ၏၊

ထိုအလုံးစုံသော အချက်များသည် မြတ်စွာဘုရား၏ တရား တော်ကို ''ပရူပနယ'' သူတစ်ပါးသို့ ကပ်ဆောင်၍ ပြုတော်မူခြင်း ပြတော်မူခြင်းမည်၏၊

နိဒါနဝဂ္ဂ ကဿပသံယုတ်၌--

ချစ်သား ရဟန်းတို့--ငါဘုရားသည် အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကို ဝင်စား၍ နေနိုင်၏၊ ချစ်သား ရဟန်းတို့ -ကဿပ--သည်လည်း အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှ လောက် ပထမစျာန်ကို ဝင်စား၍ နေနိုင်၏၊ ဤသို့ စသည်ဖြင့်ကိုယ် တော်မြတ်နှင့်တကွ ရှင်မဟာကဿပမထေရ်၏ ကိုးဆင့်သော အနုပုဗ္ဗဝိဟာရသမာပတ်တို့၌ ဝင်စား၍ နေနိုင်ကြောင်းကို ဗျာဒိတ် မြွက်ကြားတော်မူသော စကားတော်သည်လည်းရှိ၏၊

ထို့ အတူ-

ရှင်မဟာကဿပမှ တစ်ပါးကုန်သော မထေရ်တို့၏ ထိုထိုဂုဏ် ကျေးဇူးတရားတို့၌ အသီးသီး ထင်ရှားရှိခြင်းကို ဗျာဒိတ်မြွတ်ကြား တော်မူသောစကားတော်သည်လည်းရှိ၏၊ ထိုအလုံးစုံသော စကားတော် များသည် မြတ်စွာဘုရား ကိုယ်တော်မြတ်နှင့် အခြားသော ပုဂ္ဂိုလ်တို့ဆီသို့ တရားကို ကပ်ဆောင်၍ ပြသတော်မူခြင်း ဥဘယူပနယ-ကို ပြုတော် မူခြင်းမည်၏၊

ထို့ အပြင်တစ်ပါး-

မဟာထေရ် အရှင်မြတ်ကြီးများသည်လည်း သင့်လျော် လျောက်ပတ်သောအခါ၌ အချင်းချင်းသော်လည်းကောင်း, မြတ်စွာ ဘုရား၏ ထံတော်ပါး၌သော်လည်းကောင်း ဥတ္တရိမနုဿဓမ္မ စျာန်မဂ် ဖိုလ်တရားတို့ကို ဖွင့်ဆို ပြောကြားကြကုန်၏၊ ဤသို့ပြောကြားခြင်းသည် မဟာထေရ်မြတ်ကြီးတို့၏ မိမိတို့ဆီသို့တရားကို ကပ်၍ ဆောင်ခြင်း, မိမိတို့ကို၌ တရားတော်ထင်ရှားရှိခြင်းကို ပြခြင်းမည်၏၊

ထို့ပြင်တစ်ပါး-

အိမ်ရာတည်ထောင် လူ၏ဘောင်၌ တည်နေကြကုန်သော ဥပါသကာယောကျ်ား, ဥပသိကာ မိန်းမတို့သည်လည်း တရားတော် မြတ်များကို မိမိတို့ဆီသို့ ကပ်ဆောင်၍ ပြဖူးကြလေကုန်၏၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် စိတ္တဝဂ်၌-

တစ်ရံသောအခါ စိတ္ထသူကြွယ်သည်'' အရှင်--ရဟန်းပြုသော အရှင့်အားနှစ်ပေါင်းမည်မျှကြာပါပြီနည်း'' ဟူ၍ အစေဠကကဿပကို မေးမြန်းလေ၏၊ ''ရဟန်းပြုသော ငါ့အား နှစ်ပေါင်း ၃၀-မျှ ရှိကုန်ပြီ'' ဟူ၍ အစေဠကကဿပ ဖြေကြားလေ၏၊

''အရှင်--ဤ ၃၀-မျှလောက်ကုန်သော နှစ်တို့ဖြင့်ရဟန်းပြု နေခဲ့ရာ အရှင့်သန္တာန်မှာ တစ်စုံတစ်ခုသော စျာန်, အဘိညာဉ်, မဂ်, ဖိုလ်တရားများရှိပါသလော။

အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင် အထူး များကို ရရှိပါပြီလော။

ချမ်းသာစွာနေထိုင်ရပါ၏လော''ဟူ၍ မေးမြန်းလေ၏၊

''အို-သူကြွယ်--မရှိပါ'' ဟူ၍ ဖြေကြားလေ၏၊

''အို-အချင်းတို့---အံ့ဖွယ်ရှိစွတကား၊ အို-အချင်းတို့-- မဖြစ်စဖူး ဖြစ်ပေစွတကား၊ နှစ်ပေါင်း ၃၀-မျှတို့ဖြင့် ရဟန်းပြု၍ နေပါလျက် တစ်စုံတစ်ခုသောစျာန်, အဘိညာဉ်, မဂ်, ဖိုလ်တရားကို မရဘဲ ရှိဘိ၏၊ အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင်ထူးကို မရဘဲရှိ ဘိ၏၊ ချမ်းသာစွာမနေရဘဲ ရှိဘိ၏'' ဟူ၍ စိတ္တသူကြွယ် က အံ့ဩသော စကားနှင့် ဆိုလေ၏၊

''အို-သူကြွယ်---ဥပသကာအဖြစ်သို့ ကပ်မရောက်သော အသင့် အား နှစ်ပေါင်းမည်မျှကြာပြီနည်း'' ဟူ၍အစေဠက ကဿပက မေးပြန် လေ၏၊

''အရှင်---နှစ်ပေါင်း ၃၀-မျှ ရှိပါကုန်ပြီ'' ဟူ၍ ဆိုလေ၏၊ ၁။ '' ဤ ၃၀-မျှလောက်သော နှစ်တို့ဖြင့် ဥပသကာအဖြစ်သို့ ကပ်၍နေခဲ့ရာ သင့်အား တစ်စုံတစ်ခုသော စျာန်, အဘိညာဉ်, မဂ်, ဖိုလ်တရားများ ရှိပါသလော။

၂။ အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင် အထူးကို ရအပ်ပါသလော။

၃။ ချမ်းသာစွာ နေရပါ၏လော'' ဟူ၍အစေဠက ကဿပကမေးလေ၏၊

''အို-အရှင်-ရှိပါ၏၊ အို-အရှင်...အမှန်အားဖြင့် အကျွန်ုပ် သည် အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကို ဝင်စား၍နေနိုင်ပါ၏၊ ဒုတိယစျာန်ကို, တတိယစျာန်ကို, စတုတ္ထစျာန်ကို ဝင်စား၍ နေနိုင်ပါ၏၊

အို-အရှင်... အကျွန်ုပ်သည် အကယ်၍ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ရှေးဦးစွာ ကွယ်လွန် စုတေခဲ့ပါမူကား မြတ်စွာဘုရား သည် ဤသို့ဗျာဒိတ်စကား မိန့်ကြားတော်မူရာ၏၊

အကြင်သံယောဇဉ်ဖြင့် ငြိတွယ်နှောင်ဖွဲ့အပ်သည်ဖြစ်၍ စိတ္တ သူကြွယ်သည် တစ်ဖန် ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လာရာ၏၊ ထိုသံယောဇဉ်မျိုး မရှိပြီဟူ၍ ဗျာဒိတ်စကား မိန့်ကြားတော်မူရာ၏'' ဟူ၍ပြောကြားလေ၏၊

ထိုအခါ၌ အစေဠက ကဿပ-သည် အံ့ဩဖွယ်စကား ပြော ကြားလေ၏၊

၁။ '' အို- အချင်းတို့... တရားတော်၏ ကောင်းစွာဟော အပ်သော သွာက္ခာတ-ဂုဏ်နှင့် ပြည့်စုံသည်၏ အဖြစ်သည် အံ့ဖွယ်ရှိစွ တကား။

၂။ အို-အချင်းတို့...မဖြစ်ဖူးမြဲ ဖြစ်လေစွတကား။

၃။ အဝတ်ဖြူကို ဆည်း၍ အိမ်၌နေသော လူပင်ဖြစ်ပါသော် လည်း ဤသို့သဘောရှိသော ''ဥတ္တရိ မနုဿဓမ္မ'' လူတို့ ကျင့်စဉ်တရား ထက် လွန်ကဲမြင့်မြတ်သော စျာန်, မဂ်, ဖိုလ်-တရားကို ရရှိနိုင်လေဘိ ၏တကား။

၄။ အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင် အထူးကိုလည်း ရရှိနိုင်လေဘိ၏တကား။

၅။ ချမ်းသာစွာနေခွင့် ရရှိနိုင်လေဘိ၏တကား'' ဟူ၍ အံ့ဖွယ် စကားပြောကြားလေ၏၊

ဤစကားရပ်၌ ထိုသူကြွယ်သည် မိမိ၌ ပထမစျာန်စသော စျာန်တရားများထင်ရှားရှိကြောင်းကိုလည်းကောင်း, ဩရမ္ဘာဂိယ သံယောဇဉ် တရားကင်း၍ အနာဂါမ်ဖြစ်ကြောင်းကိုလည်းကောင်း ပြောကြားပြ ဆိုလေ၏၊

စျာန်တရား, မဂ်တရားတို့ကို မိမိဆီသို့ဆောင်၍ မိမိသို့ကပ်၍ ပြလေ၏၊

နန္ဒမာတာမည်သော ဥပါသိကာသည်လည်း သာရိပုတ္တရာ မထေရ်ကို ဖွင့်ဆိုပြောကြား၍ တရားကို မိမိသို့ကပ်၍ ပြဖူးလေ၏၊။

ထိုစကားမှန်၏---

သတ္ထင်္ဂုတ္တရပါဠိတော် သတ္တမ မဟာယည ဝဂ်၌---

အရှင်ဘုရား...အကျွန်ုပ်သည် ဤသာသနာတော်မြတ် အတွင်း၌ အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကို ဝင်စား၍ နေနိုင်ပါ၏၊ ဒုတိယစျာန်ကို, တတိယစျာန်ကို, စတုတ္ထစျာန်ကို ဝင်စား၍ နေနိုင်ပါ၏၊

''အရှင်ဘုရား...ကာမတည်းဟူသော အောက်ဘုံသို့ သက် ဆင်းကျရောက်စေတတ်ကုန်သော အကြင်ဩရမ္ဘာဂိယ သံယောဇဉ် ၅- ပါးတို့သည်ရှိကုန်၏၊ ထိုသံယောဇဉ် ၅-ပါးတို့တွင် တစ်စုံတစ်ခုသော သံယောဇဉ်ကိုမျှ အကျွန်ုပ်၏ သန္တာန်၌ မပယ်အပ်သေးဘဲ ကြွင်းကျန်၍ နေသည်ကို အကျွန်ုပ်မတွေ့မမြင်ရပါ'' ဟူ၍လျှောက်ကြားလေ၏၊

ဤစကားရပ်၌လည်း---

နန္ဒမာတာသည် မိမိ၌ စျာန်တရား, အနာဂါမိမဂ်တရားရှိ ကြောင်းကို ဖော်ပြ၏၊ ထိုစျာန်တရား, မဂ်တရားတို့ကို မိမိသို့ကပ်၍ ပြ၏၊

မေး။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါ ဤသို့သဘောရှိသော ဥပသကာယောကျ်ား, ဥပသကာမိန်းမတို့သည် အဘယ်မျှလောက် ရှိပါကုန်သနည်း။

ဖြေ။ ဇဝနသုတ်ပါဠိတော်၌-

အို-အချင်းတို့--အမှတ်မထင်သော အကြင်ပုဂ္ဂိုလ်တို့သည် ဘုရား၌လည်းကောင်း, တရားတော်၌လည်းကောင်း, သံဃာတော်၌ လည်းကောင်း သက်ဝင်ကြည်ညို ယုံကြည်ခြင်းသဒ္ဓါတရားနှင့် ပြည့် စုံကြကုန်၏၊ မဂဓတိုင်းသား ဘုရားအလုပ်အကျွေးဖြစ်ကြကုန်သော သောတာပန်ဖြစ်ကြကုန်ပြီးသော တရားဖြင့် ယဉ်ကျေးပြီး ဖြစ်ကုန်သော ရှေးလွန်လေပြီးသောကာလက ကွယ်လွန်စုတေ၍ နတ်ပြည်၌ ဖြစ်ကြ ကုန်ပြီးသော ဤဥပပါတ် ပုဂ္ဂိုလ်တို့သည် ၂-သန်း ၄-သိန်း ကျော်ရှိကုန်၏၊

ဤပုဂ္ဂိုလ်တို့၌ သကဒါဂါမ် ပုဂ္ဂိုလ်တို့လည်း ပါရှိကြကုန်၏၊

အတ္ထာယံ ဣတရာ ပဇာ၊

ပုညဘာဂါတိ မေ မနော။

သင်္ခါတုံ နောပိ သက္ကောမိ၊

မုသာဝါဒဿ ဩတ္တပံ။

အနက်။။ အယံ၊ ဤဆိုအပ်ပြီးသော၂၄၀၀၀၀ဝ (နှစ်သန်း လေးသိန်း)- ကျော်သောပုဂ္ဂိုလ်တို့သည်။ အတ္ထိ=ရှိကုန်၏၊ ဣတရာ၊ ဤ ၂၄၀၀၀၀ဝ-(နှစ်သန်းလေးသိန်း) ကျော်သောပုဂ္ဂိုလ်တို့မှ တစ်ပါး ကုန်သော။ ပဇာ၊လူများအပေါင်းတို့သည်။ ပုညဘာဂါ=သောတာ ပတ္တိယင်္ဂ-တရားနှင့်ပြည့်စုံ၍ အလုံးစုံကုသိုလ်အဖို့ ရှိပြီးသော ပုဂ္ဂိုလ် တို့ချည်းသာတည်း၊ ဣတိ=ဤသို့၊ မေ-အကျွန်ုပ်၏၊ မနော=စိတ် အထင်သည်၊ ဟောတိ=ဖြစ်၏၊ သင်္ခါတုံ၊ ရေတွက်ခြင်းငှါ။ နောပိ သက္ကောမိ၊ တတ်ကားမတတ်နိုင်ပါ၊ မုသာဝါဒဿ၊ ချွတ်ယွင်းစွာ ရေတွက် ပြောဆိုမိခြင်းမှ၊ ဩတ္တပ္ပံ၊ထိတ်လန့်ပါ၏၊

ဤပါဠိတော်ဖြင့် မဂဓတိုင်းမှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြ ကုန်သော၊ သောတာပန်,သကဒါဂါမ်တို့သည် ၂၄၀၀၀၀ဝ (နှစ်သန်း လေးသိန်း)ရှိကုန်၏၊ ထိုမှတပါး ဖြည့်ဆည်းပူးအပ်သော ကုသိုလ် ကောင်းမှုရှိကုန်သော ကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ထိုမဂဓတိုင်း၌ မရေတွက်နိုင်၊ အသင်္ချေယျ ရှိ၏ ဟူ၍ ပြဆိုသည်။

ထိုပြင်လည်း-

နာတိကာမည်သော ရွာငယ်တခု၌ပင်သော်လည်း အနာဂါမ် ပုဂ္ဂိုလ်ပေါင်း ၅-ကျိပ်ကျော်, သကဒါဂါမ် ပုဂ္ဂိုလ်ပေါင်း ၉-ကျိပ်ကျော်, သောတာပန်ပုဂ္ဂိုလ်ပေါင်း ၅၀၀-(ငါးရာ)ကျော် ရှိကုန်၏ ဟူ၍ ထိုထို သုတ္တန်တို့၌ ဆို၏၊

ထိုမှကြွင်းကုန်သော ကာသိတိုင်း, ကောသလတိုင်း, ဝဇ္ဇီတိုင်း, မလ္လာတိုင်း, စေတတိုင်း, ဝံသတိုင်း, ကုရုတိုင်း, ပဉ္စာလတိုင်း, မဇ္ဈတိုင်း, သူရသေနတိုင်း, တို့၌လည်း ရှေးက ကွယ်လွန်ကုန်ပြီး၍၊ ဥပပါတ်ပုဂ္ဂိုလ် ဖြစ်နေကြကုန်သော ဘုရားအလုပ် အကျွေးပေါင်း များစွာတို့ကို မြတ် စွာဘုရား ဟောကြားတော်မူ၏ ဟူ၍ ဆို၏၊

(သုတ္တန်တို့၌ အရေအတွက် သင်္ချာပမာဏကို မည်၍ မည်မျှရှိသည်ဟု အဆိုမရှိချေ။ မိလိန္ဒပဥှာ၌ကား-ကောသလ တိုင်း၌ ၅၀,၃၅၇,ဝဝဝ (ငါးကုဋေ သုံးသိန်း ငါးသောင်း ခုနစ် ထောင်) ရှိ၏ဟူ၍ဆို၏၊)

ဤသို့လျှင် တရားတော်မြတ်သည် မိမိကိုယ်သို့ကပ်၍ ဆောင် ခြင်းကိုပြုခြင်းငှါ ထိုက်သောကြောင့်လည်းကောင်း, သူတစ်ပါးသို့ ကပ်၍ ဆောင်ခြင်းကိုပြုခြင်းငှာ-ထိုက်သောကြောင့်လည်းကောင်း'' ဩပ နေယျိက'' မည်လေသည်။

(ဩပနေယျိက-ဟူ၍လည်း ရေးသား ရွတ်ဖတ်ကြကုန်၏)

လိုရင်း အဓိပ္ပါယ် အကျဉ်းချုပ်

ထို'ဩပနေယျိက''ဂုဏ်တော်၏ဆိုလိုရင်းအဓိပ္ပါယ် အကျဉ်းချုပ် မှာ မိမိနှင့်တရားကိုကပ်၍ပြုခြင်းငှါ ထိုက်သောကြောင့်လည်းကောင်း, သူတစ်ပါးနှင့် တရားကို-တရားနှင့် သူတစ်ပါးကိုကပ်၍ ပြုခြင်းငှါ ထိုက်သောကြောင့်လည်းကောင်း ''ဩပနေယျိက''မည်၏

(ပုဂ္ဂိုလ်နှင့်တရား- တရားနှင့်ပုဂ္ဂိုလ် ကပ်၍ပြထိုက်သည်-ဟူ၍) စျာန်, အဘိညာဉ်, မဂ်,တရားရှိသောသူသည် ငါ့မှာစျာန် တရားရှိ၏၊ ငါ့မှာအဘိညာဉ်တရားရှိ၏၊ ငါ့မှာမဂ်တရားရှိ၏၊ ငါ့မှာ ဖိုလ်တရားရှိ၏- ဟူ၍ ပုဂ္ဂိုလ်နှင့်တရား ကပ်၍ ပြထိုက်၏၊

ထိုသို့ ပြခြင်းအားဖြင့် သဒ္ဓါးတရား မရှိသောသူသည် တရား တော်၌ သဒ္ဓါတရားဖြစ်ပွား၍လာ၏၊ သဒ္ဓါတရားရှိလျက်နှင့် အားမထုတ် သောသူသည် တရားကပ်သော ပုဂ္ဂိုလ်မြတ်မြင်လျှင် မိမိလည်း ထိုကဲ့သို့ တရားလက်ရှိ ပုဂ္ဂိုလ်ဖြစ်လိုသောကြောင့် အားထုတ်ချင်စိတ်သော်လည်း ပေါ်လာ၏၊ ကိုယ်တိုင်သော်လည်း အားထုတ်ကြိုးစားလေ၏၊ ဤသို့သော အကျိုးတရားများဖြစ် ထွန်းနိုင်လေ၏၊

ဥပစာ။ ။ တိုင်းပြည်ကို အစိုးရခြင်းတည်းဟူသော မင်းအဖြစ် ဂုဏ်ရှိလျှင် ထိုဂုဏ်ကိုမိမိသို့ ကပ်၍ပြောဆိုထိုက်၏၊ ထိုပြင်တစ်စုံတစ်ရာ ရာထူးဂုဏ်သိန်ရှိလျှင် ထိုဂုဏ်သိန်ကို မိမိသို့ကပ်၍ ပြောဆိုထိုက်၏၊ ထိုသို့ပြောဆိုသဖြင့် လူအပေါင်းတို့ ရိုသေကိုင်းညွတ်ခြင်း, ဩဇာအာဏာ ရှိခြင်း စသောအကျိုးများ ဖြစ်ထွန်းလေသကဲ့သို့တည်း။

ပုဂ္ဂိုလ်နှင့်တရားကို ကပ်၍ ပြောဆိုညွန်ပြထိုက်သောကြောင့် မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် မိမိ၌ မည်သည့် တရားရှိကြောင်း မည်သည့်ပုဂ္ဂိုလ်၌ မည်သည့်တရားထူး ရှိကြောင်းကို အကြောင်းအခွင့် သင့်သည့် အခါ ပြောကြားညွန်ပြတော်မူလေသည်။

ဩပနေယျိက ဂုဏ်တော် ပြီး၏၊

-----------

ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဂုဏ်တော်

အသီး, အသန့် '' သင်းသီး '' ကို ပစ္စတ္တံ ဆိုသည်။

ပဋိသန္ဓေကပင် ဉာဏ်နှင့် ယှဉ်၍လာသော တိဟိတ်ပုဂ္ဂိုလ်ကို ဝိညူဆိုသည်။

ဝိညူနှင့် ပဏ္ဍိတ ၂-ပါးအထူး

ပဋိသန္ဓိယံ ဇာတိပညာဝသေန ဝိညူ။

ပဝတ္တိယံ ဒိဋ္ဌ, သုတ, စိန္တာ ပညာဝသေန ပဏ္ဍိတော။

၁။ ပဋိသန္ဓေအခါ၌ ဇာတိအားဖြင့် ဉာဏ်ပါလာသူကို ဝိညူ ခေါ်သည်။

၂။ ပဝတ္တိအခါမြင်မှု, ကြားမှု, ကြံစည်မှုဖြင့် ပညာရှိ၍ လာသော သူကို ပဏ္ဍိတခေါ်သည်။

ဝိညူဇာတ်ရှိ၍ ပဋိသန္ဓေက ဉာဏ်ပါ၍လာသော သူတို့သည် သာလျှင် အသီးအခြား သင်းသီးပြု၍ သိသင့် သိထိုက်၏၊ ပညာမဲ့သော သူတို့နှင့် မတန်မရာ မသက်ဆိုင်၊ ထို့ကြောင့် တရားတော်သည် ''ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ'' မည်၏၊

တစ်တည်းကား-ပညာရှိသူတို့သာလျှင် သင်းသီးပြု၍ သိသင့် သိထိုက်၏အဖြစ်ဖြင့် ကိုယ်တွေ့ လက်တွေ့ ထိထိရောက်ရောက် ခံစားသင့် ခံစားထိုက်ကြောင့် ''ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ'' မည်၏၊

တစ်နည်းကား- ကြည်ညိုကာမျှ ယုံကြည်ကာမျှတွင်သာ မရပ်မူ၍ ပညာရှိတို့သည် ကိုယ်တွေ့ မျက်မှောက်-ဒိဋ္ဌ ဉာဏ်မြင်ထိ၍ သိသင့် သိထိုက်သောကြောင့် ''ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ'' မည်၏၊

ပညာရှိတို့နှင့်သာလျှင် သက်ဆိုင်သည် ပညာမဲ့သူတို့နှင့် မဆိုင်

မေး။ အဘယ်သို့လျှင် ဤတရားကို ပညာရှိတို့သာလျှင် သင်းသီးအနေအားဖြင့် သိသင့် သိထိုက်သနည်း၊ ပညာမဲ့သော သူတို့နှင့် မတန်မရာ မသက်ဆိုင်ဘဲ ဖြစ်ပါသနည်း။

ဖြေ။ စျာန်သမာပတ်တရား, မဂ်, ဖိုလ်, နိဗ္ဗာန်-ဟူသော တရားတို့သည် လွန်စွာနက်နဲလှ၏၊ သာမန် လူသားတို့သည် ကိုယ်တိုင် သိမည်ဝေးစွ၊ သေချာစွာ ဟောပြ၍ ကြားနာရသော်လည်း နားလည် ရန်ပင် လွန်စွာခဲယဉ်းလှလေ၏၊

ပဋိသန္ဓေကပါရှိသော ဇာတိဉာဏ်နှင့် ပြည့်စုံသူမဟုတ်ပါလျှင် အခြားသော လောကီ အရေးအရာတို့၌ မည်မျှလောက်ပင် ထိုးထွင်း၍ ဉာဏ်သွားစေကာမူ နက်နဲသောတရားနှင့် တွေ့ကြုံသောအခါ ကြက်ဥ တွင် အစရှာ၍ မရသကဲ့သို့တွေဝေမှိုင်ငေးလျက် နေကြရလေကုန်၏၊

နက်နဲသော တရား အာရုံတွင်းသို့ သွင်း၍ ဉာဏ်ကို အလုပ်ပေး သောအခါ ထိုဉာဏ်၏ အရည်အချင်း အတိမ်အနက် အနုံ့ အထက်ကို သိနိုင်လေသည်။

ဇာတိဉာဏ်, ပင်ကိုယ်ဉာဏ်များသည် နက်နဲသော အရာဌနကို သိမြင်မှုဖြင့် တွေ့ကြုံလေလေ အစွမ်းထက် လေလေဖြစ်၏၊ ဇာတိဉာဏ်, ပင်ကိုဉာဏ်မဟုတ်သော ပဝတ္တိဉာဏ်များသည် ရေတိမ်သွား သင်္ဘော ကဲ့သို့ ခပ်တိမ်တိမ် အရေးအရာတွင် လွန်စွာလျင်မြန်စူးရှ၍ နေစေကာမူ နက်နဲသော အရာဌာနကို သိမြင်စူးရှ ထိုးထွင်းရန် ကိစ္စနှင့် တွေ့ကြုံ သည်ရှိသော် အစွမ်းမထက်နိုင်ဘဲ ပျော့ခွေတွန့်ဆုတ်၍သာ နေ လေသည်။

ဥပမာ။ ။သံမဏိ သံကောင်းဖြင့် ပြုလုပ်အပ်သော ဓား, သံညံ့ဖြင့်ပြုလုက်အပ်သော ဓား ၂-စင်းကို ကျောက်ကောင်းကောင်းဖြင့် သွေး၍ထားရာ အသွေးကောင်းသည့်အတွက် အထက်ချင်းတူမျှသကဲ့သို့ ရှိလေ၏၊ သို့ရာတွင် မာသော သစ်သားတို့ကို ခုတ်ပိုင်း၍ ယှဉ်ကြည့်ရာ တွင်

၁။ သံညံ့ဖြင့်ပြုအပ်သော ဓားသည် အသွားကြွေလိပ်၍ မိမိကိစ္စ ကို မရွက်ဆောင်နိုင်ဘဲ တွန့်ဆုတ်ရလေ၏၊

၂။ သံမဏိဖြင့် ပြုလုပ်အပ်သော ဓားမူကား မာသောသစ်သားကို မိမိအသွားဖြင့် ဝါး၍ ရဲရဲဝံ့ဝံ့ မဆုတ်မနစ် မိမိ၏ ဖြတ်တောက်ခြင်းကိစ္စကို ပြီးစီးအောင် ဆောင်ရွက်လေ၏၊

ဤဥပမာကဲ့သို့ နက်နဲသော တရားသဘောကို ကြံစည်မှု, သိမြင်မှုအရာ၌ ဇာတိဉာဏ်, ပဝတ္တိ ၂-ပါးတို့၏ ခြားနားပုံကို သိအပ်၏၊

သို့ဖြစ်၍ နက်နဲသော တရားတော်များသည် ပညာရှိပုဂ္ဂိုလ်တို့သာလျှင် အသီးအခြားပြု၍ သိသင့်သိထိုက်သော အရာဖြစ်၏၊ ပညာမဲ့ပုဂ္ဂိုလ်တို့၏ သိနိုင်သော အရာမဟုတ်ပေ၊ ဤသို့ ပညာရှိတို့သာလျှင် သင်းသီး အဖြစ်ဖြင့် သိသင့် သိထိုက်ကြောင်းကို အင်္ဂုတ္တရပါဠိတော် တတိယဝဂ် မဟာဝိတက္ကသုတ်ဖြင့် သိအပ်၏၊

ယောကျ်ားမြတ်တို့သာ ကြံစည်ရာဖြစ်သော မဟာပုရိသ ဝိတက်တို့ကို ကြံစည်၍နေသော အရှင်အနုရုဒ္ဓါအား မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူ၏၊

''အို- ချစ်သား အနုရုဒ္ဓါ- ကောင်းပေစွ ကောင်းပေစွ၊ အိုချစ်သား အနုရုဒ္ဓါ-သင်သည် မဟာပုရိသ ဝိတက်တို့ကို ကြံစည်၍ နေ ဘိ၏၊ ကောင်းပေစွတကား'' ဟု မိန့်တော်မူ၏၊

မဟာပုရိသ ဝိတက် ၈-ပါး

၁။ အပ္ပိစ္ဆဿာယံ ဓမ္မော၊ နာယံ ဓမ္မော မဟိစ္ဆဿ။

ဤတရားသည် အလိုနည်းသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊

ဤတရားသည် အလိုကြီးသောပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။

၂။ သန္တုဋ္ဌဿာယံ ဓမ္မော၊ နာယံ ဓမ္မော အသန္တုဋ္ဌဿ။

ဤတရားသည် ရောင့်ရဲ တင်းတိမ်လွယ်သော ပုဂ္ဂိုလ်မြတ်၏

တရားဖြစ်၏၊ ဤတရားသည် မရောင့်ရဲ မတင်းတိမ်သော ပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။

၃။ ပဝိဝတ္တဿာယံ ဓမ္မော၊ နာယံ ဓမ္မော သင်္ဂဏိကာရာမဿ။

ဤတရားသည် ဆိတ်ဆိတ်ငြိမ်ငြိမ် နေလေ့ရှိသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် အပေါင်းအသင်းနှင့် မွေ့လျော်၍ ပြိုးပြွမ်း ရှုတ်ထွေးစွာ နေလေ့ရှိသော ပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။

၄။ အာရဒ္ဓဝီရိယဿာယံ ဓမ္မော၊ နာယံ ဓမ္မော ကုသီတဿ။

ဤတရားသည် အားထုတ်ကြိုးစား၍နေသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် ပျင်းရိပေါ့တန်စွာနေသော ပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။

၅။ ဥပဋ္ဌိတဿတိဿာယံ ဓမ္မော၊ နာယံ ဓမ္မော မုဋ္ဌဿတိဿ။

ဤတရားသည် အောက်မေ့လက်စွဲ သတိမြဲသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် ပေါ့လျော့ ချွတ်ယွင်း သတိကင်းသော ပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။

၆။ သမာဟိတဿာယံ ဓမ္မော၊ နာယံ ဓမ္မော အသမာဟိတဿ။

ဤတရားသည် တည်ကြည်ခိုင်ခံ့သော ပုဂ္ဂိုလ်မြတ်၏ တရား ဖြစ်၏၊ ဤတရားသည် မတည်ကြည် မခိုင်ခံ့သော ပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။

၇။ ပညဝတောယံ ဓမ္မော၊ နာယံ ဓမ္မော ဒုပ္ပညဿ။

ဤတရားသည် ပင်ကိုထက်သန် ဇာတိဉာဏ်ရှိသော ပုဂ္ဂိုလ် မြတ်၏ တရားဖြစ်၏၊ ဤတရားသည် ပညာမဲ့သော ပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။

(ဤ ၇-ပါးကား အရှင်အနုရုဒ္ဓါ ကြံစည်၍နေသော မဟာပုရိသ ဝိတက် ၇-ပါးတည်း၊ ဆိုလတ္တံ့သော ၈-ခုမြောက်တရားကို မြတ်စွာဘုရား ဖြည့်စွက်တော်မူ၏၊)

''အို-ချစ်သား အနုရုဒ္ဓါ-ထိုသို့ကြံစည်၍နေလျှင် ၈-ခုမြောက် သော ဤမဟာပုရိသဝိတက်ကိုလည်း ကြံစည်လေဦးလော့။''

၈။ နိပ္ပပဉ္စဿာယံ ဓမ္မော၊ နာယံ ဓမ္မော ပပဉ္စာရာမဿ။

ဤတရားသည် သံသရာတခွင်ဝယ် အကျယ်မကြိုက် အကျဉ်း လိုက်သော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် သံသရာ တခွင်ဝယ် အကျဉ်းမကြိုက် အကျယ်လိုက်သော ပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။

(ဤမဟာပုရိသအရာ၌ ဓမ္မဆိုသည်ကို မဂ်, ဖိုလ်, နိဗ္ဗာန် တရား၊ စျာန်, သမာဓိ, သမာပတ္တိ တရားများကို ယူအပ်၏၊)

ပဏ္ဍိတဓမ္မ

ထိုမှတပါး ကုသိုလ်ကံမြောက်ကြောင်းဖြစ်သော ကုသလကမ္မ ပထတရား ၁၀-ပါးသည် ပညာရှိတို့ ချီးမွမ်းအပ်သော ''ပဏ္ဍိတဓမ္မ'' ဖြစ်၏၊ ဒါနသည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော ''ပဏ္ဍိတဓမ္မ'' ဖြစ်၏၊ သီလ, အဋ္ဌင်္ဂဥပေါသထသည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော ''ပဏ္ဍိတဓမ္မ'' ပင်ဖြစ်၏၊ ထို့အတူ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း, သူတော် ကောင်းတို့၏ တရားကို ကြားနာခြင်း, အသင့်အတင့် နှလုံးသွင်းခြင်း, တရားတော် အားလျော်သောအကျင့်တို့ကို ကျင့်ခြင်းတို့သည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော ''ပဏ္ဍိတဓမ္မ''တို့ပင် ဖြစ်ကုန်၏၊

တိကင်္ဂုတ္တရ ပါဠိတော်၌

တီဏိမာနိ ဘိက္ခဝေ ပဏ္ဍိတပညတ္တာနိ သပ္ပုရိသ ပညတ္တာနိ၊ ဒါနံ ဘိက္ခဝေ ပဏ္ဍိတပညတ္တံ သပ္ပုရိသပညတ္တံ၊

ပဗ္ဗဇ္ဇာ။ ပ။ မာတာပိတုဥပဋ္ဌာနံ ပဏ္ဍိတပညတ္တံ သပ္ပုရိသပညတ္တံ။

အနက်။ ။ ဘိက္ခဝေ၊ ရဟန်းတို့။ ပဏ္ဍိတပညတ္တာနိ၊ ပညာရှိတို့ ပညတ်အပ်ကုန်သော။ သပ္ပုရိသ ပညတ္တာနိ၊ သူတော်ကောင်း တို့ ပညတ်အပ်ကုန်သော တရားမျိုးတို့သည်။ ဣမာနိ တီဏိ၊ ဤဆိုလတ္တံ့ သော ၃-ပါးတို့ပေတည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒါနံ၊ အလှူဒါနကို။ ပဏ္ဍိတပညတ္တံ၊ ပညာရှိတို့ ပညတ်အပ်၏၊ သပ္ပုရိသပညတ္တံ၊ သူတော် ကောင်းတို့ ပညတ်အပ်၏၊ ပဗ္ဗဇ္ဇာ၊ ရဟန်းအဖြစ်ကို။ ပဏ္ဍိတ ပညတ္တာ၊ ပညာရှိတို့ ပညတ်အပ်၏၊ သပ္ပုရိသပညတ္တာ၊ သူတော် ကောင်းတို့ ပညတ်အပ်၏၊ မာတာပိတုဥပဋ္ဌာနံ၊ မိခင်, ဖခင်တို့အား လုပ်ကျွေး ခစားခြင်းကို။ ပဏ္ဍိတပညတ္တံ၊ ပညာရှိတို့ ပညတ်အပ်၏၊ သပ္ပုရိသ ပညတ္တံ၊ သူတော်ကောင်းတို့ ပညတ်အပ်၏၊

ဤပါဠိတော်၌လာသော အလှူဒါန, ရဟန်းအဖြစ်, မိဘတို့အား လုပ်ကျွေးခြင်း တရား ၃-ပါးတို့ သည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော ''ပဏ္ဍိတဓမ္မ'' တို့သာ ဖြစ်ကြကုန်၏၊

ထို့ပြင်လည်း- ''ပဉ္စိမာနိ ဘိက္ခဝေ ဒါနာနိ မဟာဒါနာနိ'' စသည် ဖြင့် ၅-ပါးသီလကို ဒါနကြီး ၅-ပါးဟူ၍ မြတ်စွာဘုရား ဟောကြား တော်မူ၏၊

ထိုမှတပါး ဉာဏ်ပညာကို ဖြစ်ပွါးစေတတ်သော ကိုသိုလ် အမှုတို့သည်လည်း ရှိကုန်၏၊ ထိုဆိုပြီး အလုံးစုံသော တရားကောင်း, တရားမြတ်တို့သည် ပညာရှိတို့ ချီးမွမ်းအပ်သော ''ပဏ္ဍိတဓမ္မ''တို့ ဖြစ်ကုန်၏၊ ထိုတရားတို့သည် ပညာရှိတို့သည် သင်းသီးပိုင်အဖြစ်ဖြင့် သိသင့်သိထိုက်သော တရားတို့သာလျှင် ဖြစ်ကုန်၏၊ ''ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ'' ပင် မည်ကုန်၏၊

တစ်နည်း ပြဆိုချက်

''ဝေဒိတဗ္ဗော'' ဟူသောပုဒ်ကို ''ခံစားအပ်သည်'' ဟူသော အနက်ကြံ၍ တရားတော်၌ရှိသော အနက် အဓိပ္ပာယ်၏ အရသာ, ပါဠိ၏ အရသာများကို ပညာရှိသော ပုဂ္ဂိုလ်တို့သည်သာလျှင် သင်းသီးအဖြစ်ဖြင့် ခံစားသင့် ခံစားထိုက်သောကြောင့် တရားတော်သည် ''ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ''မည်၏၊

တရားတော်၌ရှိသော အနက်အရသာ, ပါဠိအရသာများကို သာမညကံ, သာမညဉာဏ်, သာမည ပါရမီရှိသော ပုဂ္ဂိုလ်တို့ ခံစားခြင်း ငှါထိုက်သည် မဟုတ်ကြကုန်၊ ''သဗ္ဗရသံ ဓမ္မရသံ ဇိနာတိ'' ဟူ၍ ဟောတော်မူသော အတိုင်း ၃-ပါးသော လောက၌ ရှိရှိသမျှသော အရသာတို့တွင် တရားအရသာ, ဓမ္မရသသည် အထွတ်အထိပ်ဆုံး အသာလွန်ဆုံးဖြစ်၏၊ ထိုသို့ ထွတ်မြတ်သော သာလွန်သော တရား အရသာသည် သာမည ဗာလပုဂ္ဂိုလ်တို့၏ အရာမဟုတ်၊ ပညာရှိတို့အား အသီးအခြား သက်ဆိုင်သော အရသာ ဖြစ်လေသည်။

(ဤသို့သော အဓိပ္ပါယ်ကို ပဉ္စင်္ဂုတ္တရပါဠိတော် ဗြာဟ္မဏဝဂ်၌ ဆိုလတ္တံ့သော သုတ်ဖြင့် သိအပ်၏)

ပါဠိတော် မြန်မာပြန်

တစ်ရံသောအခါ ဝေသာလီပြည်၌ ကာရဏပါလိ မည်သော ပုဏ္ဏားသည် ပိင်္ဂီယာနိ-မည်သော ပုဏ္ဏားကို မေးမြန်းလေ၏၊ မေးမြန်းပုံ။ အို-အရှင်ပိင်္ဂီယာနိ-အဘယ်ကဲ့သို့ အကျိုးအစွမ်း ကိုမြော်မြင်သောကြောင့် ရဟန်းဂေါတမ၌ ဤမျှလောက် အလွန်ကြည် ညိုပါသနည်း- ဟူ၍ မေးလေ၏၊

ဖြေပုံ။ ။အို-ကာရဏပါလိပုဏ္ဏား- ဥပမာသော်ကား မွန်မြတ် သော အရသာဖြင့်သာလျှင် တင်းတိမ် ရောင့်ရဲလေ့ရှိသော ယောကျ်ား သည် မွန်မြတ်သော အရသာတို့မှတစ်ပါး ယုတ်ညံ့သော အရသာတို့ဖြင့် မနှစ်သက်နိုင်, တင်းမတိမ်နိုင်, မရောင့်ရဲနိုင်ဘိသကဲ့သို့ ထို့အတူပင်လျှင် ထိုအရှင်ဂေါတမ၏ တရား တော်မြတ်ကို အကြင်အကြင်သို့သော

(က) သုတ္တ အားဖြင့်လည်းကောင်း,

( ခ ) ဂေယျအားဖြင့်လည်းကောင်း,

( ဂ ) ဝေယျာကရဏအားဖြင့်လည်းကောင်း,

(ဃ) အဗ္ဘုတဓမ္မ အားဖြင့်လည်းကောင်း ကြားနာရ၏၊ ထိုထို သို့သော အခြင်းအရာအားဖြင့် တစ်ပါးကုန်သော ရဟန်းပုဏ္ဏား တို့၏ ဟောပြောချက် တရားစကားတို့ကို ရောင့်ရဲတင်းတိမ် နှစ်သက်ခြင်း မဖြစ်နိုင်။

ဥပမာ တစ်နည်းသော်ကား

ငတ်မွတ်ခြင်း, အားနည်းခြင်းဖြင့် နှိပ်စက်အပ်သော ယောကျ်ား သည် ပျားလပို့စိုင်တစ်ခုကို ရလေရာ၏၊ ထိုယောကျ်ားသည် ထိုပျား လပို့စိုင်ကို အကြင်အကြင်နေရာမှ လျက်လေရာ၏၊ ထိုထို လျက်ရာဌာနမှ အရသာတစ်ပါး ပူဖွယ်လောင်ဖွယ်မရှိသော အချိုစင်ဖွယ်မရှိသော ပျားအရသာကို ရရှိသုံးဆောင်ရလေရာ၏၊

ဥပမာ တစ်နည်းသော်ကား

နံ့သာကို အလိုရှိသော ယောကျ်ားတစ်ဦးသည် နံ့သာတုံးတစ်ခုကို ရလေရာ၏၊ ထိုယောကျ်ားသည် ထိုနံ့သာတုံးကို အရင်းမှသော်လည်း ကောင်း, အလယ်မှသော်လည်းကောင်း, အဖျားမှသော်လည်းကောင်း အကြင်အကြင်နေရာဌာနမှ နမ်းရှုပ်လေရာ၏၊ ထိုထိုနမ်းရှုပ်ရာအရပ်မှ အမွှေးတစ်ပါးလောင်းစွက်ဖွယ် မရှိသော ပကတိအနံ့ကောင်းကို ရလေ ရာ၏၊

ဤသို့လျှင် ဤတရားတော်ကို ပညာရှိဇာတ်မဟုတ်သော ဗာလ ပုဂ္ဂိုလ်တို့ခံစားသင့် ခံစားထိုက်သည် မဟုတ်၊ စင်စစ်အား ဖြင့်သော်ကားပညာရှိပုဂ္ဂိုလ်တို့သည်သာလျှင် အသီးအခြားအားဖြင့် သိအပ် ခံစား အပ်သောကြောင့် ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ'' ဟူ၍ဆိုအပ်ပေသည်။

တနည်းပြဆိုချက်

''ပစ္စတ္တံဝေဒိတဗ္ဗော'' ဟူသောပုဒ်၌ ပစ္စတ္တ-သဒ္ဒါကို ''ကိုယ်တိုင် မျက်မှောက် ကိုယ်တွေ့ ဒိဋ္ဌ''ဟူသော အနက်ဟောကြံ၍ ပညာရှိပုဂ္ဂိုလ် တို့သည် ယုံကြည်ကာမျှ နှစ်သက်ကာမျှ တစ်ဆင့်စကား ကြားရုံမျှ အခြင်းအရာ ကြံစည်ရုံမျှ အမှတ်အယူဖြင့် ရှုစား၍ သဘောကြိုက်ညီရုံမျှ နှင့်သာ မဟုတ်ဘဲ တရားတော်မြတ်ကို ကိုယ်တွေ့ ဒိဋ္ဌအားဖြင့် သိအပ် သိထိုက်သောကြောင့် ''ပစ္စတ္တံဝေဒိတဗ္ဗော-ဝိညူဟိ''ဟူ၍ဆိုအပ်၏၊

နိဒါဝဂ္ဂသံယုတ် ပါဠိတော်၌ အရှင်ပဝိဋ္ဌ မထေရ်က အရှင်မုသိလ ကို ပြောဆိုသောစကားရပ်တွင်

အညတြေဝ အာဝုသော မုသိလ သဒ္ဓါယ၊ အညတြ

ရုစိယာ၊ အညတြ အနုဿဝါ၊ ပညတြ အာကာရ ပရိဝိတက္ကာ၊ အညတြ ဒိဋ္ဌိနိဇ္ဈာနခန္တိယာ၊ အတ္ထိ အာယသ္မတော မုသိလဿ ပစ္စတ္တမေဝ ဉာဏံ ဇာတိပစ္စယာ ဇရာမရဏန္တိ။

ဟူ၍ ဟောတော်မူချက် ရှိ၏၊

ထိုပါဠိတော်၌ ပစ္စတ္တ-သဒ္ဒါသည် ကိုယ်တိုင်လက်တွေ့ ဟူသော အနက်ကိုဟော၏၊ ပစ္စတ္တ-သဒ္ဒါဖြင့် ယုံကြည်ကာမျှဖြစ်သော သဒ္ဓါ အစရှိသည့် တရားငါးပါးတို့ကို နစ်စေ၏၊ မြစ်ပယ်၏၊

အနက်။ အာဝုသော မုသိလ=ငါ့ရှင် မုသိလ၊ သဒ္ဓါယ=ယုံကြည် ကာမျှကို၊ အညတြေဝ=ကြဉ်၍သာလျှင်၊ ရုစိယာ=နှစ်သက်ရုံမျှကို၊ အညတြ=ကြဉ်၍သာလျှင်၊ အနုဿဝါ=တစ်ဆင့်စကား ကြားရခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ အာကာရပရိဝိတက္ကာ=အခြင်းအရာ ထွေ ထွေလာလာ ကြံစည်ခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ ဒိဋ္ဌိနိဇ္ဈာန ခန္တိယာ=မိမိအထင်ဖြင့် ဆင်ခြင်သဘောကျခြင်းကို၊ အညတြ=ကြဉ်၍ သာလျှင်၊ အာယသ္မတော မုသိလဿ=ငါ့ရှင် မုသိလအား၊ ဇာတိပစ္စယာ= ဇာတိဟူသော အကြောင်းကြောင့်၊ ဇရာ မရဏန္တိ=ဇရာ မရဏဖြစ်၏ ဟူ၍၊ ပစ္စတ္တမေဝ=ကိုယ်တွေ့ဒိဋ္ဌိသာလျှင်ဖြစ်သော၊ ဉာဏံ=အသိဉာဏ် သည်၊ အတ္ထိ=ရှိ၏၊

ရှင်မုသိလစကား

ရှင်မုသိလက ပြန်၍ဆိုသော စကားရပ်တွင်လည်း

အညတြေဝ အာဝုသော ပဝိဋ္ဌ သဒ္ဓါယ၊ အညတြ ရုစိယာ၊ အညတြ အနုဿဝါ၊ အညတြ အာကာရ ပရိဝိတက္ကာ၊ အညတြ ဒိဋ္ဌိနိဇ္ဈာနခန္တိယာ၊ အဟမေတံ ဇာနာမိ၊ အဟမေတံ ပဿမိ၊ ဇာတိပစ္စယာ ဇရာမရဏန္တိ-ဟူ၍ဟောတော်မူ၏၊

အနက်။။ အာဝုသော ပဝိဋ္ဌ=ငါ့ရှင်ပဝိဋ္ဌ၊ သဒ္ဓါယ=ယုံကြည် ကာမျှကို၊ အညတြေဝ=ကြဉ်၍သာလျှင်၊ ရုစိယာ=နှစ်သက်ရုံမျှကို၊ အညတြ=ကြဉ်၍သာလျှင်၊ အနုဿဝါ=တစ်ဆင့်စကားကြားရခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ အာကာရပရိဝိတက္ကာ=အခြင်းအရာ ထွေ ထွေလာလာ ကြံစည်ခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ ဒိဋ္ဌိနိဇ္ဈာန ခန္တိယာ=မိမိအထင်ဖြင့် ဆင်ခြင်သဘောကြခြင်းကို၊ အညတြ=ကြဉ်၍ သာလျှင်၊ ဇာတိပစ္စယာ=ဇာတိဟူသောအကြောင်းကြောင့်၊ ဇရာမရဏန္တိ= ဇရာမရဏဖြစ်၏-ဟူ၍၊ ဧတံ=ဤသဘောကို၊ အဟံ=ငါကိုယ်တိုင်၊ ဇာနာမိ=သိ၏၊ ဧတံ=ဤသဘောကို၊ အဟံ=ငါကိုယ်တိုင်၊ ဇာနာမိ=သိ၏၊ ဧတံ=ဤသဘောကို၊ အဟံ=ငါကိုယ်တိုင်၊ ပဿာမိ=မြင်၏၊

ဤပါဠိတော် စကားရပ်၌

''အဟမေတံ ဇာနာမိ'' ဟူသော ပါဌ်ဖြင့် ပစ္စတ္တဉာဏ်ကို ပြ၏၊ ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ရရှိခြင်း မျက်မှောက်ပြုခြင်းကို သစ္ဆိ ကရဏ-ဟူ၍လည်းကောင်း, အတ္တပစ္စက္ခ-ဟူ၍ လည်းကောင်း, ပစ္စတ္တဟူ၍လည်းကောင်း ဆို၏၊ ယုံကြည်ကာမျှ နှစ်သက်ကာမျှ တစ်ဆင့်ကြား ကာမျှတို့ကို ကစ္စတ္တ, သစ္ဆိကရဏ, အတ္တပစ္စက္ခ-ဟူ၍ မဆိုနိုင်။

သဒ္ဓါ, ရုစိ, အနုဿဝ, အာကာရ, ပရိဝိတက ဒိဋ္ဌိနိဇ္ဈာနခန္တိ ၅-ပါးတို့၏ သဘောအထူး

၁။ ယုံကြည်ခြင်းမျှသည် သဒ္ဓါ မည်၏၊ ထိုသဒ္ဓါဖြင့် ယုံကြည်၍ နေမှုသည်လည်း အသိညဏ် မဟုတ်၊ ပုဂ္ဂိုလ်ခင်မှ တရားကို မင်-ဆိုသောစကားကဲ့သို့ ပုဂ္ဂိုလ်ကို ယုံကြည်နေလျှင် ထိုပုဂ္ဂိုလ်ပြော သမျှတို့ကို ယုံကြည်၍ နေတတ်၏၊ ထိုသို့ယုံကြည်မှု၌ ထိထိမိမိ အသိဉာဏ် မသက်ဝင်ချေ။

၂။ နှစ်သက်ခြင်းသည် ရုစိ မည်၏၊ သဘောကျခြင်း ပေတည်း၊ ထိုနှစ်သက်ခြင်းသည် မှန်သည်ဖြစ်စေ, မှားသည်ဖြစ်စေ စိတ်ညွတ်ကိုင်းသည်အတိုင်း အဟုတ်ထင်၍ နှစ်သက်တတ်၏၊ ထို့ ကြောင့် ထိုရုစိ-ဟုဆိုအပ်သော နှစ်သက်ခြင်းကိုလည်း ထိထိမိမိ အသိဉာဏ် သဘောမှန်-ဟူ၍ မဆိုနိုင်။

၃။ တစ်ဆင့်စကား ကြားရခြင်းသည် အနုဿဝ-မည်၏၊ ကြားရသောအတိုင်း မှတ်သားခြင်းသည်လည်း အသိဉာဏ်မဟုတ်၊ ကိုယ်တိုင်ဉာဏ်ဖြင့် ထိထိမိမိ ဆုံးဖြတ်နိုင်သောအရာမဟုတ်။

၄။ အခြင်းအရာ ထွေထွေလာလာ ကြံစည်ခြင်းသည် အာကာရပရိဝိတက္ကမည်၏၊ ထိုသို့ ထွေထွေလာလာ ကြံစည်၍ ထင်မြင် လာသော အချက်များသည်လည်း အသိဉာဏ်အစစ်မဟုတ်၊ ဝိတက်၏ အရှိန် အစော်ဖြင့် ပေါ်မိပေါ်ရာ, ထင်မိထင်ရာ ဖြစ်ပေါ်လာတတ်သည်၊ ဝိတက်ဖြင့် ထွေထွေလာလာ ကြံစည်ထင်မြင်ချက်နှင့် ဉာဏ်ဖြင့် ကိုယ် တွေ့ဒိဋ္ဌ ထင်မြင်ချက်သည် အလွန်ခြားနား၏၊

၅။ မိမိစိတ်သဘော ထင်မြင်ချက်ဖြင့် ကြံစည်တွေးဆ သဘောကျ၍နေခြင်းသည် ဒိဋ္ဌိနိဇ္ဈာနခန္တိ-မည်၏၊ ထို ဒိဋ္ဌိနိဇ္ဈာနခန္တိသည်လည်း အသိဉာဏ်မဟုတ်၊ စိတ်သန္တာန်၌ ထင်မိထင်ရာ စိတ်ညွတ် ကိုင်းမိရာ ထင်မြင်သဘောကျ၍ လာတတ်သည်။

ဥပမာ။ လောကကို ဣဿရအရှင် ဖန်ဆင်းသည်ဟူ၍ ဣဿရ နိမ္မာနဒိဋ္ဌိ အရင်းခံရှိနေသူသည် ထိုအဟူကို မူလထား၍ ရှုစားဆင်ခြင် သောအခါ ထင်မိထင်ရာ မိမိအယူအားလျော်စွာ ထင်မြင်၍ လာတတ် သည်၊ ထိုကြောင့် ဒိဋ္ဌိနိဇ္ဈာနခန္တိ-သည်လည်း ထိထိမိမိ အသိဉာဏ် မဟုတ်ချေ။

ဒိဋ္ဌိနိဇ္ဈာနခန္တိ-ဟူသော စကား၌

(က) ထင်မြင်ချက်သည် ဒိဋ္ဌိမည်၏၊

( ခ ) ကြံဆဆင်ခြင်ချက်သည် နိဇ္ဈာနမည်၏၊

( ဂ ) သဘောကျခြင်းသည် ခန္တိမည်၏၊

(မိမိထင်မြင်ချက်ဖြင့် ကြံစည်၍ သဘောကျမှု ဆိုလိုသည်။) ပစ္စတ္တ- ဉာဏ်, သစ္ဆိကရဏ-ဉာဏ်သည်သာလျှင် ဆိုခဲ့ပြီးသော ယုံကြည်ခြင်း သဒ္ဓါစသည့် အသိဉာဏ် ယောင်ယောင် တရားတို့ကို တွန်းလှန်၍ အမှန်အကန် ထိထိမိမိ နေရာတကျ ကိုယ်တိုင်သိရှိနိုင်သည်။

မြတ်စွာဘုရား၏ တရားတော်သည် ယုံကြည်ကာမျှ နှစ်သက် ကာမျှ သဒ္ဓါ, ရုစိ-အစရှိသည့် တရား ၅-ပါးတို့နှင့် ကင်း၍ ပညာရှိ ပုဂ္ဂိုလ်တို့သည် ကိုယ်တွေ့ဒိဋ္ဌ ထိထိမိမိ သိအပ်သောကြောင့် ''ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ'' မည်ပေသည်။

ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ-ဂုဏ်တော် ပြီး၏၊

ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း ပြီး၏၊

--------------

( ဂ ) သံဃာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

သံဃာနုဿတိ ဟူသည်ကား- မြတ်စွာဘုရား တပည့် သံဃာ တော်မြတ်၏ သုပ္ပဋိပန္နတာ-စသော ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် ဆင်ခြင် အောက်မေ့သော သတိကို ဆိုသည်။

ထိုသံဃာနုဿတိကို ပွားများအားထုတ်လိုသော ယောဂီပုဂ္ဂိုလ် သည် သံဃာတော်မြတ်၏ ''သုပ္ပဋိပန္နတာ'' စသော ၉-ပါးသော ဂုဏ်တော်တို့ကို ကောင်းစွာသိပြီး၍ မြတ်စွာဘုရား၏ တပည့် သံဃာတော် မြတ်သည် မိစ္ဆာဒိဋ္ဌိ ဆရာကြီး၏ တပည့်တို့လို '' ဒုပ္ပဋိပန္န'' မကောင်းသဖြင့် ကျင့်အပ်သော ပုဂ္ဂိုလ်မျိုးမဟုတ်၊ သုပ္ပဋိပန္န-ကောင်းစွာ ကျင့်အပ်သော ပုဂ္ဂိုလ်မျိုးတို့ ပေတည်း။

'' သုပ္ပဋိပန္န'' ပုဂ္ဂိုလ်-ဟု ခေါ်ဆိုရအောင် ကောင်းစွာ ကျင့်ခြင်း သမ္မာပဋိပတ်နှင့် ပြည့်စုံတော်မူကြပေ၏၊

ဤသံဃာတော်မြတ်၏ သဒ္ဓါစွမ်း, ဝီရိယစွမ်း, သတိစွမ်း, သမာဓိ စွမ်း, ပညာစွမ်း အစွမ်းသတ္တိတော်တို့သည် အလွန်ထက်မြက် ကြီးမားပေ ၏ဟု ဆင်ခြင်အောက်မေ့အပ်၏၊

သံဃာ့ဂုဏ်တော် ၉-ပါး

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။

၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။

၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။

၄။ သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။

၅။ ယဒိဒံ စတ္တာရိ ပုရိသ-ယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော။

၆။ ပါဟုနေယျော။

၇။ ဒက္ခိဏေယျော။

၈။ အဉ္စလိကရဏီယော။

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

၁။ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝက သံဃော=ကလျာဏ ပုထုဇဉ် သီလဝန်, ပညာဝန်, အရှင်မွန် အရှင်မြတ်တို့နှင့်တကွသော အရိယာ ၈-ပါး တပည့်သံဃာတော်မြတ် အပေါင်းသည်၊ သုပ္ပဋိပန္နော= အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် လွန်ကောင်းမြတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊

၂။ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော=ကလျာဏ ပုထုဇဉ် သီလဝန်, ပညာဝန်, အရှင်မွန် အရှင်မြတ်တို့နှင့်တကွသော အရိယာ-၈-ပါးတပည့်သား သံဃာတော်မြတ်အပေါင်းသည်၊ ဥဇုပ္ပဋိ ပန္နော=အဓိသီလ, အဓိစတ္တ, အဓိပညာ, သိက္ခာသုံးရပ် လွန်ဖြောင့် မတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊

၃။ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော=ကလျာဏ ပုထုဇဉ်သီလဝန်, ပညဝန်, အရှင်မွန် အရှင်မြတ်တို့နှင့်တကွသော အရိယာ-၈-ပါးတပည့်သားသံဃာတော်မြတ်အပေါင်းသည်၊ ဉာယပ္ပဋိ ပန္နော=အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် လွန်သင့်မြတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊

၄။ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော= ကလျာဏ ပုထုဇဉ် သီလဝန်, ပညဝန်, အရှင်မွန် အရှင်မြတ်တို့နှင့်တကွသော အရိယာ ၈-ပါး တပည့်သား သံဃာတော်မြတ် အပေါင်းသည်၊ သာမိစိပ္ပဋိပန္နော=အဓိသီလ, အဓိစိတ္တ, အဓိပညာသိက္ခာသုံးရပ် ရိုသေ အပ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊

၅။ ယဒိဒံ-ယာနိ ဣမာနိ စတ္တာရိ ပုရိသယုဂါနိ=အကြင် ၄- ပါးသော ယောကျ်ားမြတ်အစုံတို့သည်၊ သန္တိ=ရှိကုန်၏၊ ယဒိဒံ-ယေ ဣမေ အဋ္ဌပုရိသပုဂ္ဂလာ=အကြင် ၈-ပါးသော ယောကျ်ားမြတ်တို့သည်၊ သန္တိ= ရှိကုန်၏၊ ဘဂဝတော=မြတ်စွာဘုရား၏၊ ဧသ-ဧသော သာဝက သံဃော= ဤ ၄-စုံ ၈-ပါး တပည်းသား သံဃာတော်မြတ်အပေါင်းသည်၊ အာဟု နေယျော=အာဂန္တုအား ရည်၍ထားအပ်သော အလှူဝတ္ထုမျိုးကိုလည်း ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့် လည်း ပြည့်စုံတော်မူပေ၏၊

၆။ ပါဟုနေယျော=လက်ဆောင်အလို့ငှာ ယူ၍လာသော အလှူ ဝတ္ထုမျိုးကိုလည်း ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊

၇။ ဒက္ခိဏေယျော=နောက်နောက်ဘဝ အကျိုးရဖို့ မျိုးချ တုံလတ် မြတ်သောအလှူမျိုးကိုလည်း ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊

၈။ အဉ္ဇလိကရဏီယော=လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့၏ လက်အုပ်ချီခြင်းကို ခံထိုက်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့် လည်း ပြည့်စုံတော်မူပေ၏၊

၉။ လောကဿ=လူအပေါင်း၏၊ အနုတ္တရံ=အတုမရှိ မြင့်မြတ် သော၊ ပုညက္ခေတ္တံ=ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်း သဖွယ်လည်းဖြစ်တော်မူပေ၏၊

အမှာစကား။ ။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၌ ပြဆိုခဲ့ပြီးသော ဘုရားဂုဏ် ၉-ပါး, ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း၌ ပြဆိုခဲ့ပြီးသော တရားဂုဏ် ၆-ပါး, ဤသံဃာနုဿတိ ကမ္မဋ္ဌာန်း၌ ပြဆိုခဲ့ပြီးသော သံဃာဂုဏ် ၉- ပါး ကို အဓိပ္ပါယ်နှင့်တကွ ရေလည်စွာ မသိသောသောသူသည် ဘုရား, တရား, သံဃာကို ဉာဏ်နှင့် ကြည်ညိုတတ်သော သူမဟုတ်၊ ထိုသူ၌ တိဟိတ်ကုသိုလ်မဖြစ်၊ ဒွိဟိတ်ကုသိုလ်သာဖြစ်၏၊

ထိုကြောင့် ဗုဒ္ဓဘာသာလူမျိုးမှန်လျှင် ဤဂုဏ်တော် ၃-ပါး အနက်ကို နှုတ်တက်ကျေမွ တကယ်ရမှ သင့်မြတ်သတည်း။ ဤဂုဏ်တော်ကြီးကို သုတ္တန်ပိဋကတ်၌ မြတ်စွာဘုရား ကိုယ် တော်တိုင် အဖန်ဖန်ဟောတော်မူ၏၊ရဟန္တာကြီးများလည်း အဖန် ဖန်ဟောတော်မူ၏၊

ဘုရားရှိခိုးပြုလုပ်လိုလျှင်- (တံ=ထိုသုပ္ပဋိပန္န အစ ပုညခေတ္တ အဆုံး ဘဝဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူပေသော သံဃာတော်မြတ်အပေါင်းကို၊ အဟံ=အကျွန်ုပ်သည်၊ ဝန္ဒာမိ=ရှိခိုးပါ၏ဟု ထည့်၍ဆိုကြလေ၊ ဤဘုရားရှိခိုးကြီးထက် ကြီးမြတ်သော ဘုရားရှိခိုး မရှိပြီ။)

''သုပ္ပဋိပန္န'' ဖြစ်အောင် ကျင့်သောပုဂ္ဂိုလ်သည် ဥဇုပ္ပဋိပန္န, ဉာယပ္ပဋိပန္န, သာမိစိပ္ပဋိပန္န-လည်း ဖြစ်တော့၏၊ ဤသမ္မာပဋိပတ် ကိုပင်လျှင် ဥဇုပ္ပဋိပတ်, ဉာယပ္ပဋိပတ်, သာမိစိပ္ပဋိပတ်-ဟုခေါ်၏၊

သမ္မာပဋိပတ် ပုဂ္ဂိုလ်

မေး။ သမ္မာပဋိပတ်ပုဂ္ဂိုလ် ဆိုသည်ကား မည်ကဲ့သို့သော အကျင့်မျိုးကို ကျင့်သော ပုဂ္ဂိုလ်ကို ခေါ်သနည်း။

ဖြေ။ ယေဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဧဝံ ရူပံ အဘိညာယ ဧဝံ ရူပသမုဒယံ- အဘိညာယ ဧဝံ ရူပနိရောဓံ အဘိညာယ ဧဝံ ရူပနိရောဓဂါမနီပဋိပဒံ အဘိညာယ ဧဝံရူပဿ အဿာဒံ အဘိညာယ ဧဝံ ရူပဿ အာဒီနဝံ အဘိညာယ ဧဝံ ရူပဿ နိဿရဏံ အဘိညာယ ရူပဿနိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နာ၊ တေ သုပဋိပန္နာ။ ယေ သုပဋိပန္နာ၊ တေ ဣမသ္မိံ ဓမ္မဝိနယေ ဂါမန္တိ။

(သံယုတ်ပါဠိတော် သတ္တဋ္ဌာန ကုသလသုတ်)

အနက်။ ။ဘိက္ခဝေ၊ ရဟန်းတို့။ ယေ ကေစိ၊ အမှတ်မရှိ အလုံးစုံကုန်သော။ သမဏာ ဝါ၊ ရဟန်းတို့သည်လည်းကောင်း။ ဗြဟ္မဏာ ဝါ၊ ပုဏ္ဏားတို့သည်လည်းကောင်း။ ဧဝံ၊ ဤသို့ ငါဘုရားဟောကြားပြီးသော အတိုင်း။ ရူပံ၊ ရုပ်ကို။ အဘိညာယ၊ ဉာတပရိညာဖြင့်သိ၍။ ဧဝံ၊ ဤသို့ ငါဘုရားဟောကြားပြီးသောအတိုင်း။ ရူပသမုဒယံ၊ ရုပ်ဖြစ်ကြောင်းကို။ အဘိညာယ၊ ဉာတပရိညာဖြင့်သိ၍။ ဧဝံ၊ ဤသို့ ငါဘုရား ဟောကြား ပြီးသောအတိုင်း။ ရူပနိရောဓံ၊ ရုပ်ချုပ်ရာဌာနကို။ အဘိညာယ၊ ဉာတပရိညာဖြင့်သိ၍။ ဧဝံ၊ ဤသို့ ငါဘုရား ဟောကြားပြီးသောအတိုင်း။ ရူပ နိရောဓဂါမိနီပဋိပဒံ၊ ရုပ်ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကို။ အဘိညာယ၊ ဉာတပရိညာဖြင့်သိ၍။ ဧဝံ၊ ဤသို့ ငါဘုရား ဟောကြား ပြီးသောအတိုင်း။ ရူပဿ၊ ရုပ်၏၊ အဿာဒံ၊ သာယာဖွယ်ကို။ အဘိညာယ၊ ဉာတပရိညာဖြင့် သိ၍။ ဧဝံ၊ ဤသို့ ငါဘုရားဟော ကြားပြီးသောအတိုင်း။ ရူပဿ၊ ရုပ်၏၊ အာဒီနဝံ၊ အပြစ်ဒေါသကို။ အဘိညာယ၊ ဉာတပရိညာဖြင့် သိ၍။ ဧဝံ၊ ဤသို့ ငါဘုရား ဟောကြား ပြီးသောအတိုင်း။ ရူပဿ၊ ရုပ်၏၊ နိဿရဏံ၊ ကျွတ်လွတ် ထွက်မြောက် ရာကို။ အဘိညာယ၊ ဉာတပရိညာဖြင့် သိ၍၊ ရူပဿ၊ ရုပ်၌။ နိဗ္ဗိဒါယ၊ ပျင်းမုန်းငြီးငွေ့ခြင်းငှာ၊ ဝိရာဂါယ၊ ချစ်ခင် တပ်မက်ခြင်း ကင်းခြင်းငှာ။ နိရောဓာယ၊ ရုပ်၌ စွဲလမ်းသော တဏှာကို ချုပ်စေခြင်းငှာ၊ ပဋိပန္နာ၊ ကျင့်ကြကုန်၏၊ တေ၊ ထိုသို့ကျင့်ကြသော ရဟန်း ပုဏ္ဏားတို့သည်၊ သုပ္ပဋိပန္နာ၊ ကောင်းစွာကျင့်ကြသော ပုဂ္ဂိုလ်တို့ပေတည်း။ ဝါ၊ ကောင်းစွာ ကျင့်ခြင်း သမ္မာပဋိပတ်နှင့် ပြည့်စုံကြသော သုပ္ပဋိပန္န-ပုဂ္ဂိုလ်တို့ပေတည်း။

ယေ၊ အကြင်သူတို့သည်၊ သုပဋိပ္ပန္နာ၊ ကောင်းစွာ ကျင့်ကြ ကုန်၏၊ ဝါ=ကောင်းစွာကျင့်ခြင်း သမ္မာ ပဋိပတ်နှင့် ပြည့်စုံကြကုန်၏၊ တေ၊ ထိုကောင်းစွာကျင့်ကြကုန်သော ကောင်းစွာကျင့်ခြင်း သမ္မာ ပဋိပတ်နှင့် ပြည့်စုံကြကုန်သော သူတော်သူမြတ်တို့သည်။ ဣမသ္မိံ ဓမ္မဝိနယေ၊ ဤငါဘုရားသာသနာတော်၌၊ ဂါမန္တိ၊ ထောက်မှီကြကုန်၏၊ ဝါ-ထောက်ရာ, တည်ရာ, မှီရာ-ရကြကုန်၏၊

ခန္ဓာ ၅-ပါး ၇-ပါးသော အရာဌာနတို့၌ သိလိမ္မာ၍ ထိုခန္ဓာ ၅- ပါးတို့ကို ငြီးငွေ့ရွံမုန်းအောင်, ချစ်ခင် တပ်မက်ခြင်း ကင်းအောင်, စွန့်ပစ်နိုင်အောင် ကျင့်သော ပုဂ္ဂိုလ်ကို သမ္မာပဋိပတ်ပုဂ္ဂိုလ်ဟု ခေါ်သည်။

(ဤပုဂ္ဂိုလ်မျိုးကို သုပ္ပဋိပန္န, ဥဇု, ဉာယ, သာမိစိပ္ပဋိပန္န-ဖြစ်သော ပုဂ္ဂိုလ်ဟူ၍ ခေါ်သည်၊ ၎င်းပုဂ္ဂိုလ်သည် အာဟုနေယျ, ပါဟုနေယျ စသော အကျိုး ၅-ပါးနှင့်လည်း ပြည့်စုံနိုင်တော့၏၊)

ထို့ကြောင့်

(က) ''စတ္တာရော စ ပဋိပန္နာ စတ္တာရော စ ဖလေ ဋ္ဌိတာ။လ။

ဧတ္ထဒိန္နံ မဟပ္ဖလံ'' ဟူ၍လည်းကောင်း,

( ခ ) ''သောတာပတ္တိဖလသစ္ဆိကိရိယာယ ပဋိပန္နေ ဒါနံ ဒတွာ အသင်္ချေယျာ အပ္ပမေယျာ'' အစရှိသည်ဖြင့်လည်း ကောင်း

ဒက္ခိဏဝိဘင်္ဂသုတ် စသည်တို့၌ ဟောတော်မူသည်။

အာဟုနေယျ စသည်ကို ပြဆိုချက်

၁။ အရပ်ဝေးမှ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ခဲယဉ်းစွာ ဆောင် ယူခဲ့၍ လှူအပ်သော ဝတ္ထုအလှူကို ''အာဟုနေဝတ္ထု အလှူ'' ဟု ခေါ်သည်။

၂။ အရပ်လေးမျက်နှာတို့မှ လာလတ္တံ့သော ချစ်ခင်အပ် သော မိတ်ဆွေ ဧည့်သည်တို့အဖို့ ရည်စူး၍ ထားသော ထွတ်ထွတ် မြတ်မြတ် လက်ဆောင်ဝတ္ထုအလှူကို ''ပါဟုနဝတ္ထုအလှူ''ဟုခေါ်သည်။

၃။ ကံ,ကံ၏အကျိုးကို ယုံကြည်၍ နောင်သံသရာ၌ အကျိုး မြတ်ခြင်းကို လိုလားတောင့်တ၍ ဘယ်ဝတ္ထုမဆို ယုတ်စွာ့အဆုံး ပန်းတစ်ပွင့်ပင်ဖြစ်စေ လှူသော ဝတ္ထုအလှူကို ''ဒက္ခိဏဝတ္ထုအလှူ'' ဟုခေါ်သည်။

ဤအလှူ ၃-ပါးတို့ကို သာမညပုဂ္ဂိုလ်တို့ ခံယူသုံးဆောင်၍ အလှူရှင်က စိတ်မကျေချမ်းနိုင်၊ သာမညပုဂ္ဂိုလ်တို့ အလှူမခံထိုက်၊ ဤကဲ့သို့သမ္မာပဋိပတ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့မှသာလျှင် အသင်္ချေယျ အကျိုးကြီး မြတ်ခြင်းကို ဖြစ်စေတတ်သောကြောင့် ခံယူသုံးဆောင် ထိုက်သည်၊ အလှူရှင်ကလည်း စိတ်ကျေချမ်းနိုင်သည်။ သဒ္ဓါနိုင်သည်၊ ဝမ်းမြောက်နိုင်သည်။

ထို့ကြောင့် ဤသမ္မာပဋိပတ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အာဟုနဝတ္ထုအလှူကို ခံထိုက်သော အာဟုနေယျ, ပါဟုနဝတ္ထုအလှူကို ခံထိုက်သော ပါဟုနေယျ, ဒက္ခိဏဝတ္ထု အလှူကို ခံထိုက်သော ဒက္ခိ ဏေယျ-ပုဂ္ဂိုလ်ဖြစ်နိုင်ပေသည်။

မိဘ ၂-ပါးတို့သည် သားသမီးတို့ ဝတ္ထု အလှူကို ခံထိုက် မခံထိုက်

သားသမီးတို့၏ အာဟုနဝတ္ထု, ပါဟုနဝတ္ထု ၂-ပါးကိုကား သမ္မာပဋိပတ်နှင့်ပင် မပြည့်စုံငြားသော်လည်း မိဘ ၂-ပါးတို့သည် ခံထိုက် ကုန်၏၊ အမိအဖတို့သည် သားသမီးတို့၏အပေါ်၌ အာဟုနေယျ, ပါဟုနေယျဂုဏ်တို့နှင့် ပြည့်စုံကြ၏ အာဟုနေယျပုဂ္ဂိုလ် ဖြစ်ကြ၏၊

ထို့ကြောင့် မြတ်စွာဘုရားသည်

အာဟုနေယျာစ ပုတ္တာနံ၊ ပဇာယ အနုကမ္ပာယ စသည့်ဖြင့် ဣတိဝုတ်ပါဠိတော် ဟောတော်မူပေ၏၊

ဝိသာခါ, အနာထပိဏ်-စသည်တို့လို သမ္မာပဋိပတ်နှင့်ပြသည့် စုံသော သုပ္ပဋိပန္နပုဂ္ဂိုလ်ဖြစ်ခဲ့ပါလျှင် သားသမီးတို့နှင့်တကွ သတ္တဝါ ခပ်သိမ်းတို့၏ ဒက္ခိဏအလှူကိုလည်း ခံထိုက်၏၊ ဒက္ခိဏေယျပုဂ္ဂိုလ် လည်း ဖြစ်နိုင်ကြ၏၊ သမ္မာပဋိပတ်နှင့် မပြည့်စုံလျှင် ဒက္ခိဏေယျ ပုဂ္ဂိုလ်မဖြစ်နိုင်ကြကုန်၊ ဤအာဟုဏေယျ-စသော ပုဂ္ဂိုလ်ဖြစ်နိုင်မှု သည်ကား သမ္မာပဋိပတ်၏ အစွမ်းသတ္တိပင်လျှင်တည်း။ (ဤသို့လျှင် ပဋိပတ္တိ, ပဋိဝေဓ တရားတော်မြတ်၏ ဂုဏ်ကျေးဇူးကြီးမားပုံ, အာနုဘော် ကြီးမားပုံကို သိကြလေ။)

သံဃာနုဿတိ၏အကျိုး

ဤသို့သုပ္ပဋိပန္နတာ- စသောဂုဏ်တို့နှင့် ပြည့်စုံတော်မူကြကုန် သော မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်၏ ဂုဏ်တို့လည်း အဖန်ဖန်ဆင်ခြင်အောက်မေ့ကြရာ၏၊

မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်၌ ဤဂုဏ် ၉- ပါးအပြင် ဂုဏ်ကျေးဇူးတွေသည် ''အပ္ပမာဏော သံဃော'' ဆိုသော အတိုင်း အသင်္ချေ အနန္တများပြားစွာ ရှိကုန်သည်၊ သံဃာတော်မြတ်၏ ဂုဏ်ကျေးဇူးတွေကို ၁-ပါးထက် ၂-ပါး, ၂-ပါးထက် ၃-ပါး စသည်ဖြင့် များများကြီး သိနိုင်လေ ဆင်ခြင်အောက်မေ့နိုင်လေ အကျိုးသာလွန် ကြီးမြတ်နိုင်လေသည်။

ဤကဲ့သို့ ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်၏၊ အလွန်စိတ် ဉာဏ်ကြည်လင်၏၊ အလွန်ဉာဏ် ထက်သန်ကြီးထွား၏၊ အလွန်စိတ်တည်ကြည်၏၊ ဥပစာရစျာန်ကိုရ၏၊

ဤသံဃာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း-သံဃာတော်မြတ် ဂုဏ်ကျေးဇူးတွေက အလွန်နက်နဲ သိမ်မွေ့သော ပရမတ္ထဓမ္မ-တွေဖြစ်၍ နိမိတ်ရကောင်းသော တရားမဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကို မဖြစ် စေနိုင်။

သုပ္ပဋိပန္နဂုဏ်တော်

(က) သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့သည် ကောင်းစွာကျင့်နေ ဆဲဖြစ်သောကြောင့် သုပ္ပဋိပန္န-မည်ကုန်၏၊

သုဋ္ဌု ပဋိပဇန္တီတိ သုပ္ပဋိပန္နာ။

သုဋ္ဌု=ကောင်းမွန်စွာ၊ ပဋိပဇ္ဇန္တိ=ကျင့်ဆဲဖြစ်ကြကုန်၏၊ ဣတိ တသ္မာ=ထို့ကြောင့်၊ သုပ္ပဋိန္နော=သုပ္ပဋိပန္န-မည်ကုန်၏၊

( ခ ) ရဟန္တာပုဂ္ဂိုလ်သည်ကား ကျင်းခြင်းကိစ္စ ပြီးစီးပြီ ဖြစ်သော ကြောင့် သုပ္ပဋိပန္န-မည်၏၊

သုဋ္ဌု ပဋိပဇ္ဇိတ္ထာတိ သုပ္ပဋိပန္နော။

သုဋ္ဌု=ကောင်းမွန်စွာ၊ ပဋိပဇ္ဇိတ္ထ=ကျင့်ခြင်းကိစ္စပြီးစီးလေပြီ၊ ဣတိတသ္မာ=ထို့ကြောင့်၊ သုပ္ပဋိပန္နော=သုပ္ပဋိပန္န မည်၏၊ အရိယာသံဃာ တော်-၈-ပါးသည် ကောင်းစွာကျင့်ဆဲ ကျင့်ပြီးဖြစ်သောကြောင့် သုပ္ပဋိပန္န မည်တော်မူသည်။

ဥဇုပ္ပဋိပန္န ဂုဏ်တော်

ဥဇုပ္ပဋိပန္န-စသော ပုဒ်တို့၌လည်း သေက္ခ, ရဟန္တာ-ခွဲ၍ ဝိဂြိုဟ် ပြုရာ၏၊

ဥဇုကံ ပဋိပန္နာတိ ဥဇုပ္ပဋိပန္နာ။

ဥဇုကံ=ဖြောင့်မှန်တည်တံ့စွာ၊ ပဋိပန္နာ=ကျင့်တော်မူကြကုန်၏၊

ဣတိတသ္မာ=ထို့ကြောင့်၊ ဥဇုပ္ပဋိပန္နာ=ဥဇုပ္ပဋိပန္နမည်ကုန်၏၊ ဖြောင့်ဖြောင့်ကျင့်သည်ဆိုသည်ကား-ကာယကံ, ဝစီကံ, မနောကံတည်းဟူသော ကိုယ်, နှုတ်, နှလုံး အကောက်-၃-ပါးတို့နှင့် ကင်း၍ စဉ်းလဲခြင်း, လှည့်ဖြားခြင်းမရှိဘဲ ကျင့်သည်ကိုဆိုသည်။

ဉာယပ္ပဋိပန္န ဂုဏ်တော်

ဉာယေန ပဋိန္နာတိ ဉာယပ္ပဋိပန္နာ။

ဉာယေန=အသင့်လျော်အားဖြင့်၊ ပဋိပန္နာ=ကျင့်တော်မူကြ ကုန်၏၊

ဣတိတသ္မာ=ထို့ကြောင့်၊ ဉာယပ္ပဋိပန္နာ= ဉာယပ္ပန္န-မည်ကုန်၏၊

အသင့်အလျော်ကျင့်သည် ဟူသည်ကား-မချွတ်မယွင်း ကျင့် သည်၊ ကျင့်စဉ်နည်းလမ်းအတိုင်း လျော်ညီစွာ ကျင့်သည်ကိုဆိုသည်။

သာမိစိပ္ပဋိပန္နဂုဏ်တော်

သာမိစိံ ကတွာ ပဋိပန္နာတိ သာမိစိပ္ပဋိပန္နာ။ သာမိစိံ ကတွာ=အရိုအသေပြု၍၊ ပဋိပန္နာ=ကျင့်တော်မူကြ ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သာမိစိပ္ပဋိပန္နာ=သာမိစိပ္ပဋိပန္န မည် ကုန်၏၊

သာမီစိပ္ပဋိပန္နဟူသည်ကား-မြတ်စွာဘုရား ဟောကြားနည်း ပြတော်မူသောအတိုင်း မဆန့်ကျင်စေမူ၍ လေးလေးမြတ်မြတ် ဂရုတစိုက် ကျင့်သည်ကို သာမိစိပ္ပဋိပန္နဆိုသည်။

ပြဆိုအပ်ပြီးသော ဂုဏ်တော် ၄-ပါးသည် သဘောအဓိပ္ပါယ် အားဖြင့်များစွာ ထူးခြားလှသည်မဟုတ်၊ အကျင့်ပဋိပတ်ကို ကောင်းစွာ ကျင့်သည်၊ ဖြောင့်စွာကျင့်သည်၊ သင့်လျော်စွာကျင့်သည်၊ ရိုသေစွာ ကျင့်သည်ဟူ၍ အနည်းငယ်မျှသာ ထူးခြားလေသည်။

ရဟန်းရှင်လူတို့ တူညီပုံ ထူးခြားပုံ

တူညီပုံ-ရဟန်းဖြစ်စေ, လူဖြစ်စေ အကြင်အကြင် ပုဂ္ဂိုလ် တို့သည် မြတ်စွာဘုရားဆုံးမ နည်းပေးတော်မူသောအတိုင်း အပြည့်အစုံ စင်စင်ကြယ်ကြယ် ကျင့်ကြံအားထုတ်ကြကုန်၏၊ ထိုထိုပုဂ္ဂိုလ်တို့သည် သုပ္ပဋိပန္န, ဥဇုပ္ပန္န, ဉာယပ္ပဋိပန္န, သာမိစိပ္ပဋိပန္န-တို့မည်ကုန်၏၊ သို့သော် လည်း ဤသံဃာ့ဂုဏ်တော်အရာ၌ ''အနုတ္တရ ပုညက္ခေတ္တ'' အတုမရှိ သောကုသို၏ စိုက်ပျိုးရာလယ်တာမြေကောင်းကို အလိုရှိအပ်သော ကြောင့် ရဟန်းသံဃာတို့ကိုသာလျှင် သုပ္ပဋိပန္န-စသည်ဖြင့် ဂုဏ်တင်၍ ဆိုအပ်ကုန်၏၊

စင်စစ်အားဖြင့်မူကား သိက္ခာသုံးရပ်တို့တွင် အဓိစိတ္တ, အဓိပညာဟုဆိုအပ်သော အထက်ဘာဝနာ အသိက္ခာတို့၌ ကျင့်စဉ်စခန်းသည် ရဟန်း, ရှင်, လူ-ဟူ၍ အထူးအခြားမရှိ၊ အတူအမျှပင်ဖြစ်၏၊

ထူးခြားပုံ-အဓိသီလသိက္ခာ အရာ၌မူကား လူနှင့်ရဟန်းတို့ သည် လွန်စွာခြားနားကြကုန်၏၊ ထိုစကားမှန်၏၊ လူတို့မှာကား ၅-ပါး သီလဟုဆိုအပ်သော သိက္ခာပုဒ် ၅-ပါးတိုပသာလျှင် နိစ္စသီလရှိကြ ကုန်၏၊ ရဟန်းတော် အရှင်မြတ်တို့မှာကား အတိုင်းမသိသော သိက္ခာပုဒ် တော်များ ရှိကြကုန်၏

ရဟန်းတော်တို့ သိက္ခာပုဒ်ပေါင်းသည် ဝိနည်း ပိဋကတ်တော်၌ (၉၁၈၀၅၀၃၆၀၀၀)ကုဋေ ကိုးထောင် တရာ့ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင်ရှိသည်။

ဆောင်ပုဒ်သံခိပ်။ ။ကိုးထောင်တရာ၊ ရှစ်ဆယ်သာ၊ သင်္ချာကုဋေထုတ်၊ ငါးသန်းသုံးသောင်း၊ ခြောက် ထောင်ဆောင်း၊ များတောင်း သိက္ခာပုဒ်။

ထို့ကြောင့်

ဥပသမ္ပန္နဘုံ၌ တည်၍ အတိုင်းမသိ များပြားသော သိက္ခာပုဒ် တို့ကို ကျင့်ဆောင်တော်မူကြကုန်သော ရဟန်းတော် အရှင်မြတ်တို့သည် သာလျှင် အတုမရှိသော ကောင်းမှု၏ စိုက်ပျိုးရာ လယ်ယာမြေကောင်း သဖွယ်တို့ ဖြစ်ကြကုန်၏၊

မေး။ ကျင့်ဆောင် ကျိုးစားကြကုန်သော ထိုတပည့်သာဝက တို့သည် အဘယ်သို့လျှင် ကောင်းစွာ ကျင့်ခြင်းကိစ္စ ပြီးစီးကြကုန်သနည်း။

ဖြေ။ အကြင်သို့သော အခြင်းအရာအားဖြင့် မြတ်စွာဘုရား သည် ထိုတပည့်သာဝကတို့အား အကျင့် ပဋိပတ်တို့ကို ဟောကြား တော်မူအပ်ကုန်၏၊ ထိုသို့ ဟောကြားတော်မူသောအတိုင်း ကျင့်ဆောင် ကျိုးစားကြကုန်သည်ရှိသော် ထိုတပည့်သာဝကတို့သည် ကောင်းစွာ ကျင့်ခြင်းကိစ္စ, ဖြောင့်မှတ်စွာ ကျင့်ခြင်းကိစ္စ, သင့်လျော်စွာ ကျင့်ခြင်းကိစ္စ, ရိုသေစွာ ကျင့်ခြင်းကိစ္စ ပြီးစီးကြသည် မည်ကုန်၏၊

မေး။ အဘယ်သို့လျှင် မြတ်စွာဘုရားသည် ထိုတပည့် သာဝကတို့အား အကျင့်ပဋိပတ်ကို ဟောကြားတော် မူပါသနည်း။

ဖြေ။ ဆိုလတ္တံ့သော စကားရပ်ဖြင့် သာဝကတို့အား အကျင့် ပဋိပတ်ဟောကြားပုံကို သိအပ်၏၊

အရှင်ဥဒါယီအား မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ္တန်

အို-ဥဒါယီ...တဖန်တုံ ငါဘုရားသည် တပည့်သားတို့အား အကျင့်ပဋိပတ်ကို ဟောကြားတော်မူအပ်၏၊

အကြင် ပဋိပတ်အတိုင်း ကျင့်ဆောင်ကြကုန်သော ငါဘုရား၏ တပည့်သားတို့သည် သတိပဋ္ဌာန် ၄-ပါးကို ပွါးများကြကုန်၏၊ ထိုသို့ ပွါးများရာ၌ ငါဘုရား၏ များစွာသော တပည့်သားတို့သည် အထူးသိမြင် အဘိညာဉ်လမ်း ပေါက်ရောက်ကြကုန်လျက် ပါရမီ၏ ပြီးဆုံးခြင်းသို့ ဆိုက်ရောက်ကြကုန်သည်ဖြစ်၍ နေကြကုန်၏၊

ငါဘုရားသည် တပည့်သာဝကတို့အား အကျင့်ပဋိပတ်ကို ဟောကြားတော်မူအပ်ကုန်၏၊

အကြင်ပဋိပတ်အတိုင်း ကျင့်ဆောင်ကြကုန်သော ငါဘုရား၏ တပည့်သားတို့သည် သမ္မပ္ပဓာန် ၄-ပါးတို့ကို ပွားများကြကုန်၏၊ ဣဒ္ဓိပတ် ၄-ပါးတို့ကို ပွားများကြကုန်၏၊ ဣန္ဒြေ ၅-ပါးတို့ကို ပွားများကြကုန်၏၊

ဗိုလ် ၅-ပါးတို့ကို ပွားများကြကုန်၏၊ ဗောဇ္ဈင် ၇-ပါးတို့ကို ပွားများကြ ကုန်၏၊ အရိယမဂ္ဂင် ၈-ပါးတို့ကို ပွားများကြကုန်၏၊ ထိုသို့ ပွားများကြ ရာ၌ ငါဘုရား၏များစွာသော တပည့်သားတို့သည် အထူးသိမြင် အဘိညာဉ် လမ်းပေါက်ကြလျက် ပါရမီ၏ ပြီးဆုံးခြင်းသို့ ရောက်ကုန် သည်ဖြစ်၍ နေကြကုန်၏၊ ငါဘုရားသည် တပည့်သာဝကတို့အား အကျင့် ပဋိပတ်တို့ကို ဟောကြားတော်မူအပ်ကုန်၏၊

အကြင် ပဋိပတ်အတိုင်း ကျင့်ဆောင်ကြကုန်သော ငါဘုရားတို့၏ တပည့်သားတို့သည် ဝိမောက္ခစျာန် ၈-ပါးတို့ကို ပွားများကြကုန်၏၊

အဘိဘာယတနစျာန် ၈-ပါးတို့ကို ပွားများကြကုန်၏၊ ကသိဏာယတန စျာန် ၁၀-ပါးတို့ကို ပွားများကြကုန်၏၊ စျာန် ၄-ပါးတို့ကို ပွားများကြကုန်၏၊

ထိုသို့ ပွားများရာ၌ ငါဘုရား၏ များစွာသော တပည့်သားတို့သည် အထူးသိမြင် အဘိညာဉ် လမ်းပေါက်ကြကုန်လျက် ပါရမီ၏ ပြီးဆုံးခြင်းသို့ ရောက်၍ နေကြကုန်၏၊

(အထက်ပါစကားရပ်၌ စျာန်လေးပါးဆိုသည်မှာ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် လေးပါးကိုယူလေ၊ ကသိုဏ်း စျာန်, အသုဘစျာန်, အနုဿတိစျာန်, အပ္ပမညာဗြဟ္မဝိဟာရစျာန်, အာရုပ္ပ စျာန်တို့သည် ဆိုခဲ့ပြီးသော စျာန် ၄-ပါးတို့၌ အကြုံးဝင်ကုန်၏၊)

အာဟုနေယျဂုဏ်တော်

အာဟုနံ အရဟတီတိ အာဟုနေယျော။

အာဟုနံ၊ နိစ္စဘတ်တည်သော အလှူဝတ်ကို၊ အရဟတိ၊ ခံခြင်းငှာထိုက်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်၊ အာဟုနေယျော၊ အာဟုနေယျ-မည်၏၊ မိဘ, ဆရာ ပူဇော်ရိုသေထိုက်သူများကို ရည်၍ ရှေးကပြုပေဘူးသော ကျေးဇူးအထူးကို အောက်မေ့ဆင်ခြင်ပြီးလျှင် ကတညုတ,က တဝေဒီ-တရားကို ပွားများဖြည့်ဆည်းပူးသည်၏ အစွမ်း အားဖြင့် အမြဲမပြတ် နိစ္စဘတ်ဝတ်တည်ထားအပ်သော အလှူဝတ်သည် အာဟုနမည်၏၊ ထိုအလှူကို ခံထိုက်သောကြောင့် အာဟုနေယျမည်သည်။

အယံ ခေါ အာယသ္မတော ဗြဟ္မဒေဝဿ မာတာ ဗြဟ္မဏီဗြဟ္မုနော အာဟုတိံ နိစ္စံ ပဂ္ဂဏှာတိ။

ဟူသော ဗြဟ္မသံယုတ် ပါဠိတော်ကို ထောက်၍ အာဟုနဆိုသည်ကား နိစ္စဘတ်တည်သော အလှူဝတ်ဟူ၍ သိအပ်၏၊ အာဟုဘိ နှင့် အာဟုန အနက်တူ၏၊

(မိဘတို့သည်လည်း သားသမီးတို့၏ ဤသို့ နိစ္စဘတ် တည်ထား ပြုစုအပ်သောဝတ်ကို ခံထိုက်သော ကြောင့် အာဟုနေယျပင် မည်ကြပေ ကုန်၏၊)

ပါဟုနေယျဂုဏ်တော်

ပါဟုနံ အရဟတီတိ ပါဟုနေယျော။

ပါဟုနံ၊ ဧည့်သည်အာဂန္တုတို့အလို့ငှာ ရည်စူး၍ ထားအပ်သော အလှူကို။ အရဟတိ၊ ခံထိုက်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ ပါဟုနေယျော၊ ပါဟုနေယျမည်၏၊ ဧည့်သည်ကိုလည်းကောင်း, ဧည့်သည်၏အကျိုးငှာ ရည်ညွန်း၍ ထားအပ်သော အလှူဝတ္ထုကိုလည်းကောင်း ပါဟုနခေါ်သည်။

ပါဟုန၏အဓိပ္ပါယ်အကျယ်

ထို ပါဟုန၏ အနက်အဓိပ္ပါယ်ကို ပြဆိုလတ္တံ့သော တေမိယ ဇာတ် ပါဠိတော်ဖြင့် သိအပ်၏၊

ဣဒံပိ ပဏ္ဏကံ မယှံ၊

ရန္ဓံ ရာဇ အလောဏကံ။

ပရိဘုဉ္ဇ မဟာရာဇ၊

ပါဟုနော မေ ဣဓာဂတော။

(တေမိယဇာတ် ပါဠိတော်)

အနက်။ ရာဇ၊ ခမည်းတော်မင်းကြီး။ ဣဒံပိ ပဏ္ဏကံ၊ ဤကံပြင်းရွက်ကိုလည်း။ မယှံ၊ အကျွန်ုပ်သည်။ အလောဏကံ၊ ဆား မခတ်ရဘဲ။ ရန္ဓံ၊ ပြုတ်၍ထားအပ်ပါ၏၊ မဟာရာဇ၊ ခမည်းတော် မင်းမြတ်။ ပရိဘုဉ္ဇ၊ သုံးဆောင်တော်မူပါလော့။ မေ၊ အကျွန်ုပ်၏၊ ပါဟုနော၊ ဧည့်သည်တော်ဖြစ်သော အရှင်မင်းကြီးသည်။ ဣဓာဂတော၊ ဤအရပ်သို့ ဆိုက်ရောက်တော်မူလာပေ၏၊

ထို့ကြောင့်

ပါဟုနဆိုသည်ကား -မိမိနေရာဌာနသို့ ဆိုက်ရောက် လာကြ ကုန်သော ဆွေမျိုးမိတ်ဆွေ ဧည့်သည် အာဂန္တုတို့အား သူတော်ကောင်း တို့၏ ရှေးဟောင်းကျင့်ဝတ်ကို မချွတ်မယွင်းစေသောအားဖြင့် စီရင် ဧည့်ခံ ပြုစု လုပ်ကျွေးတည်ထားအပ်သော ဝတ္ထုကို ပါဟုနဆိုသည်ဟု သိအပ်၏၊ မိမိသည် ဧည့်သည် အာဂန္တုအဖြစ်ဖြင့် ဆွေမျိုးမိတ်ဆွေ စသည်တို့၏ နေရာဌာနသို့ ဆိုက်ရောက်လာသောအခါ မိမိရှေ့သို့ တည်ခင်းဆိုက် ရောက်လာသော ဝတ္ထုပစ္စည်းကိုလည်း ပါဟုန-ဟူ၍ပင် ဆိုအပ်၏၊ ထိုဧည့်သည် အာဂန္တုတို့၏အတွက် ရည်မှန်းလှူဒါန်းအပ်သော အလှူ ဝတ္ထုကို ခံခြင်းငှာထိုက်သောကြောင့် ပါဟုနေယျ-မည်သည်။

ဒက္ခိနေယျဂုဏ်တော်

ဒက္ခိဏံ အရဟတီတိ ဒက္ခိဏေယျော။

ဒက္ခိဏံ=သဒ္ဒါဖြင့် လှူအပ်သော အလှူဝတ္ထုကို၊ အရဟတိ=ခံစား ခြင်းငှာထိုက်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဒက္ခိဏေယျော=ဒက္ခိဏေယျ မည်၏၊

ဒက္ခိဏဆိုသည်ကား- အာဟုန,ပါဟုန-မျိုး မဟုတ်ဘဲ သက် သက်ကံကိုလည်းကောင်း, ကံ၏အကျိုးကိုလည်းကောင်း ယုံကြည်အား ထား၍ နောင်အခါ အကျိုးထူးကို ခံစားရလိမ့်မည်ဟူ၍လည်းကောင်း, ပါရမီ ကုသိုလ် ပြည့်စိမ့်သောငှာလည်းကောင်း, သီလစသော ဂုဏ်ကျေးဇူး တို့ကို ပူဇော်ချီးမြောက်ခြင်းငှာလည်းကောင်း သဒ္ဓါသဖြင့် စီရင်၍ထား အပ်သော သဒ္ဓါဒေယျ ဒါနသည် ဒက္ခိဏ-မည်၏၊ ထိုဒက္ခိဏ-မည်သော အလှူဝတ္ထုကို ခံထိုက်သောကြောင့် ဒက္ခိဏေယျ-မည်သည်။

အဉ္ဇလိကရဏီယဂုဏ်တော်

ဆိုအပ်ပြီးသော ဒါန ၃-မျိုးကို အရိယာသံဃာတော်အား လှူဒါန်း အပ်သည်ရှိသော် အထူးသဖြင့် ကြီးကျယ်ဖွံ့ဖြိုးသော အကျိုးအာနိသင်ကို ဖြစ်စေတတ်၏၊

ထို့ကြောင့်

အရိယာ သံဃာတော်သည် အာဟုနေယျ, ပါဟုနေယျ, ဒက္ခိဏေယျ-ဟူသောဂုဏ်ကို ရရှိတော်မူသည်။

လက်အုပ်ချီခြင်းကို အဉ္ဇလိကမ္မ- ဟူ၍လည်းကောင်း, အဉ္ဇလိ ကရဏ-ဟူ၍လည်းကောင်း ဆိုအပ်၏၊

အဉ္ဇလိကရဏံ အရဟတီတိ အဉ္ဇလိကရဏီယော။ အဉ္ဇလိကရဏံ=လက်အုပ်ချီမိုး ရှိခိုးရိုသေခြင်းကို။ အရဟတိ= ခံထိုက်၏၊ ဣတိတသ္မာ=ထို့ကြောင့်။ အဉ္ဇလိကရဏီယော=အဉ္ဇလိ ကရဏီယ-မည်၏၊

သုပ္ပဋိပန္န-စသော ဂုဏ်တို့နှင့်ပြည့်စုံ၍ မြတ်သော ပုဂ္ဂိုလ်ဖြစ် သောကြောင့် လက်အုပ်ချီခြင်းကို ခံထိုက်သည်၊ ထို့ကြောင့် အဉ္ဇလိ ကရဏီယ-မည်၏၊

ရှိခိုးခြင်း၏ အကျိုးကို ဥပမာဖြင့် ပြဆိုချက်

ဤလောက၌ ဣဿရိယဂုဏ်နှင့်ပြည့်စုံသော မင်းစိုးရာဇာ တို့အား ရှိခိုးလျှင် ထိုက်သည့်အားလျော်စွာ လောကီအကျိုးကို ပေးတတ်သကဲ့သို့၊ သုပ္ပဋိပန္န-စသော ဂုဏ်ကောင်း, ဂုဏ်မြတ်တို့နှင့် ပြည့်စုံသော အရှင်မွန်, အရှင်မြတ်တို့ကို ရှိခိုးလျှင် မရေမတွက်နိုင်သော သံသရာ၏ ကောင်းကျိုး ချမ်းသာတို့ကို ပေးနိုင်လေသည်။

ဤသို့ ရှိရှင်မြတ်နိုး တစ်ကြိမ်ခိုးက ကောင်းကျိုးအသင်္ချေ ပေးနိုင် ပေသောကြောင့် ထိုအရှင်မွန်, အရှင်မြတ်တို့သည် အဉ္ဇလိကရဏီယ ဟူသော ဂုဏ်ထူးကို ရရှိတော်မူကြကုန်သည်။

သံဃာနုဿတိ ကမ္မဋ္ဌာန်းပြီး၏၊

--------

(ဃ) သီလာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

သီလာနုဿတိဟူသည်ကား-မိမိထိန်းသိမ်း စောင့်ရှောက် အပ်သော သီလကို အဖန်ဖန်ဆင်ခြင်အောက်မေ့သော သတိကို ဆိုသည်။

၁။ လူတို့ စောင့်ရှောက်အပ်သော ဂဟဋ္ဌသီလပင် ဖြစ်စေ, ရဟန်းတို့ စောင့်ရှောက်အပ်သော ပဗ္ဗဇိတသီလပင်ဖြစ်စေ, ထိုသီလတို့၌ အစ-ကဖြစ်စေ, အဆုံးက ဖြစ်စေ, သိက္ခာပုဒ် ၁-ပါးပါး ပျက်သောသီလ သည် အစွန်အဖြား စုတ်ပြတ်သော ပုဆိုးကဲ့သို့ ပြတ်ကျိုးသော သီလ မည်၏၊

၂။ အလယ်၌ သိက္ခာပုဒ် ၁-ပါးပါး ပျက်သော သီလသည် အလယ်၌ မီးလောင်ပေါက်သော ပုဆိုးကဲ့သို့ ပေါက်သောသီလမည်၏၊

၃။ သိက္ခာပုဒ် ၁-ခုခြား, ၁-ခုခြား အစဉ်အတိုင်းပျက်သော သီလသည် နွားမ ဝါစေ့ပြောက်ကဲ့သို့ ပြောက်သောသီလမည်၏၊

၄။ သိက္ခာပုဒ် ၂-ခု ကျော်, ၃-ခု ကျော် စသည်ဖြင့် ပျက်သော သီလသည် နွားမကျားကဲ့သို့ ကြောင်ကျားသော သီလမည်၏၊

သီလာနုဿတိကို ပွားများပုံနှင့် အကျိုး

ထိုသီလာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် မိမိတို့ထိန်းသိမ်းစောင့်ရှောက်အပ်သော သီလကို မကျိုး, မပေါက်, မပြောက်, မကျားရအောင် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်၍

၁။ ငါ၏ သီလသည် မကျိုး, မပေါက်, မပြောက်, မကျား ပေပြီ။ ကောင်းစွာ ပြည့်စုံသန့်ရှင်းပေ၏၊ အလွန်ကောင်းပေစွ၊ သံသရာ ဝဋ်ဒုက္ခမှ လွတ်မြောက်ရန် နီးစွာသော အကြောင်းဖြစ်၍ တဏှာ၏ကျွန် အဖြစ်မှ တော်လှန် လွန်မြောက်ကြောင်း ဖြစ်ပေစွ။

၂။ သူတစ်ပါးတို့သည် သင်၏သီလ၌ ဤကဲ့သို့ အပြစ်ဒေါသ ရှိသည်ဟု စွပ်စွဲပြောဆိုခြင်းငှာ မထိုက်အောင် အပြစ်မှ သန့်ရှင်းဖြူစင် ပေ၏၊

၃။ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့ ချီးမွမ်း ထိုက်အောင် စိတ်အေးမြချမ်းသာ တည်ကြည်ခြင်း သမာဓိကို ဖြစ်စေ နိုင်လောက်အောင် လွန်စွာအပြစ်တို့မှ သန့်ရှင်းဖြူစင်ပေ၏၊ အလွန် ကောင်းပေစွဟု မိမိသီလကို အဖန်ဖန်ဆင်ခြင်အောက်မေ့အပ်၏၊ အောက်မေ့ရာ၏၊

ဤကဲ့သို့ အောက်မေ့သည်ရှိသော်

အလွန်နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်၏၊ စိတ်ဉာဏ် ထက်သန်

ကြီးထွား၏၊ ကြည်လင်၏၊ တည်ကြည်၏၊ ဥပစာရစျာန်ကို ရ၏၊ ဤသီလာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း- သီလဂုဏ် ကျေးဇူးတို့၏ နက်နဲသိမ်မွေ့သည်ဖြစ်၍ နိမိတ်ရကောင်းသော တရား မဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကိုကား မဖြစ်စေနိုင်။

သီလာနုဿတိ ကမ္မဋ္ဌာန်း ပြီး၏၊

---------

( င ) စာဂါနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

စာဂါနုဿတိ ဟူသည်ကား-နှမြောမဖက် သဒ္ဒါသက်သက် ဖြင့် လှူဒါန်းစွန့်ကြဲအပ်သော မိမိ၏ အလှူစာဂ၏ ဂုဏ်ကျေးဇူးကို အဖန်ဖန်ဆင်ခြင်အောက်မေ့သော သတိကို ဆိုသည်။

စာဂါနုဿတိကို ပွားများပုံနှင့် အကျိုး

ထိုစာဂါနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် တရား သဖြင့်ရရှိသော လှူဖွယ်ဝတ္ထုတို့ကို ဂုဏ်ကျေးဇူး ကြီးမြတ်သော ပုဂ္ဂိုလ်တို့၌ မလှူမီ,လှူဆဲ, လှူပြီး ၃-ပါးသော ခဏ၌ စိတ်ကိုကြည်လင် ရွှင်လန်း ဝမ်းမြောက်စေလျက် နှစ်သက်ကြည်ဖြူ စွာ ပေးလှူစွန့်ကြဲပြီး၍ စွန့်ကြဲ ပေးလှူသော စိတ်စေတနာ၏တွန့်မတိုဖြစ်ပုံ အခြင်းအရာ နိမိတ်ကို မှတ်ယူ၍။

ငါသည်မပေးလှုလို ဝန်တိုနှစ်မြောခြင်း မစ္ဆေရမရှိဘဲ ဝန်တို နှမြောခြင်း မစ္ဆေရ အညစ်အကြေး ကင်းသည်ဖြစ်၍ ကောင်းစွာပေးလှူ စွန့်ကြဲရပေပြီ၊ ကောင်းလေစွ, ကောင်းလေစွ။

ငါသည် ဖြစ်လေရာရာဘဝ၌ အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာများခြင်း ခွန်အားကြီးခြင်း ပညာကြီးခြင်းစသော အကျိုးအာနိသင် လာဘ်တို့ကို ရထိုက်ကုန်စွတကား။

ငါသည် လူဖြစ်ကျိုး နပ်စွတကား၊ သံသရာဝဋ်မှ လွတ်မြောက် ကြောင်း အမှုကို ငါပြုပေစွတကား၊ ဩော်-ကောင်းလေစွတကား၊ ဩော်ကောင်းလေစွတကား-ဟု အဖန်ဖန်ဆင်ခြင်အောက်မေ့ရာ၏၊

ဤသို့ ဆင်ခြင်အောက်မေ့သည်ရှိသော်

အလွန်နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်၏၊ စိတ်ဉာဏ်ကြည်လင်၏၊ တည်ကြည်၏၊ ဥပစာရစျာန်ကို ရ၏၊

ဤစာဂါနုဿတိ ကမ္မဋ္ဌာန်းသည်လည်း- အလှူစာဂ ဂုဏ် ကျေးဇူးတို့၏ နက်နဲသိမ်မွေ့သည်ဖြစ်၍ နိမိတ်ရကောင်းသော တရား မဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကိုကား မဖြစ်စေနိုင်။

စာဂါနုဿတိ ကမ္မဋ္ဌာန်း ပြီး၏၊

( စ ) ဒေဝတာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

ဒေဝတာနုဿတိ ဟူသည်ကား- နတ်တို့ကို သက်သေထား၍ နတ်တို့ကို တုပြိုင်အားကျ၍ မိမိ၌ရှိသော သဒ္ဓါ-စသော သူတော်ကောင်း ဥစ္စာ, သူတော်ကောင်းတရားတို့ကို အားကိုးအားထား ဝမ်းမြောက် ရွှင်လန်းစွာ ဆင်ခြင်အောင်မေ့သော သတိကို ဆိုသည်။

ဒေဝတာနုဿတိ ပွားများပုံနှင့် အကျိုး

ထိုဒေဝတာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် အထက်ကောင်းကင်၌- စတုမဟာရာဇ်နတ်, တာဝတိံသာနတ်, ယာမာ နတ်, တုသိတာနတ်, နိမ္မာနရတိနတ်, ပရနိမ္မိတဝသဝတ္တိနတ်တို့သည် ရှိကြကုန်၏

နတ်ပြည် ၆-ထပ် အထက်ဖြစ်သော ဗြဟ္မာဘုံ၌လည်း ပထမစျာန် ဗြဟ္မာ, ဒုတိယစျာန် ဗြဟ္မာ, တတိယ စျာန်ဗြဟ္မာ, စတုတ္ထစျာန် ဗြဟ္မာစသော ဗြဟ္မာကြီးတို့သည်လည်း ရှိကြကုန်၏၊ ထိုနတ် ဗြဟ္မာကြီးတို့သည် အလွန် ဘုန်းတန်ခိုး ကြီးမားကြကုန်၏၊

ထိုနတ်ဗြဟ္မာကြီးတို့သည် ဤလူ့ ပြည်၌ နေစဉ်အခါ၌ ၁။ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ- ဟူသော သူတော်ကောင်း ဥစ္စာ ၇-ပါး,

၂။ သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, ဗာဟုဿစ္စ, ဝီရိယ, ပညာဟူသော သူတော်ကောင်းတရား ၇-ပါး-တို့နှင့်ပြည့်စုံကြခြင်းကြောင့် ဤလူ့ပြည်မှ စုတေကြသောအခါ ထိုနတ်ပြည်, ဗြဟ္မာပြည်၌ ဖြစ်ကြ ကုန်၏၊

ငါ့မှာလည်း ထိုကဲ့သို့ တန်ခိုးကြီးမားစွာ နတ် ဗြဟ္မာအဖြစ်ကို ဖြစ်စေတတ်သော သဒ္ဓါ, သီလ,သုတ,စာဂ, ပညာ,ဟိရီ, ဩတ္တပ္ပ-ဟူသော အဖိုးတန် သူတော်ကောင်းဥစ္စာ ရတနာတို့သည်လည်းကောင်း၊ သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, ဗာသုဿစ္စ, ဝီရိယ, ပညာ-ဟူသော အဖိုးတန် သူတော်ကောင်း တရားတို့သည်လည်းကောင်း ရှိကြကုန်သည်တကား၊ ဩော်-ကောင်းလေစွ ကောင်းလေစွဟု အဖန်ဖန်ဆင်ခြင် အောက်မေ့ ရာ၏၊

ဤသို့ ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်အားရှိ၏ အလွန် နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်၏၊ စိတ်ကြည်လင်၏၊ ဥပစာရ စျာန်ကို ရ၏၊

ဤဒေဝတာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း- သဒ္ဓါ စသော တရားတို့က အလွန်နက်နဲ သိမ်မွေ့သော တရားဖြစ်၍ နိမိတ်ရကောင်း သော တရားမဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကိုကား မဖြစ်စေနိုင်။

ဒေဝတာနုဿတိ ကမ္မဋ္ဌာန်းပြီး၏

-------------

(ဆ) ဥပသမာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

ဥပသမာနုဿတိ ဟူသည်ကား- နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိကိုခေါ်သည်။

ထိုဥပသမာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် နိဗ္ဗာန်၏ဂုဏ် ဓမ္မာရုံကို အာရုံပြု၍ လှည့်ကာ လှည့်ကာ ရှုအပ်ရာ၏၊

နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ

၁။ မဒနိမ္မဒနော-မာန်မယစ်ရာ နိဗ္ဗာန်။

၂။ ပိပါသဝိနယော-တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။

၃။ အာလယသမုဂ္ဃါဋော-ကာမဂုဏ် အာလယကို အကြွင်းမဲ့ ခွါရာ နိဗ္ဗာန်။

၄။ ဝဋ္ဋုပစ္ဆေဒေါ-ဝဋ် ၃-ပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။

၅။ တဏှာက္ခယော-တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။

၆။ ဝိရာဂေါ-ရာဂ ကင်းလွတ်ရာ နိဗ္ဗာန်။

၇။ နိရောဓော-တဏှာ၏ချုပ်ရာ နိဗ္ဗာန်။

၈။ ဓုဝံ-အမြဲခိုင်ခန့်သော နိဗ္ဗာန်။

၉။ အဇရံ-အိုခြင်းမရှိသော နိဗ္ဗာန်။

၁၀။ နိပ္ပပဉ္စံ- သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။

၁၁။ သစ္စံ-မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။

၁၂။ ပါရံ-သံသရာ၏ ဟိုဘက်ကမ်းမှာ ရှိသော နိဗ္ဗာန်။

၁၃။ သုဒုဒ္ဒသံ-ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။

၁၄။ သိဝံ-ကိလေသာ ကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။

၁၅။ အမတံ-သေခြင်းကင်းရာ နိဗ္ဗာန်။

၁၆။ ခေမံ-ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။

၁၇။ အဗ္ဘုတံ-သင်္ခါရကင်းဖွယ် အံ့ဖွယ်သရဲ မဖြစ်ဘူးသော နိဗ္ဗာန်။

၁၈။ အနိတီကံ-အကျိုးမဲ့ယူဘိ ဤတိ-ဘေးမရှိသော နိဗ္ဗာန်။

၁၉။ တာဏံ-ဝဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။

၂၀။ လေဏံ-ဘေးရန်လွတ်ရှောင်း ပုန်အောင်းရာ နိဗ္ဗာန်။

၂၁။ ဒီပံ-ဩဃမလွမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။

၂၂။ ဝိသုဒ္ဓိ-ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။

၂၃။ ဝရံ-သူတော်ကောင်းတို့ တောင်းတအပ်သော နိဗ္ဗာန်။

၂၄။ နိပုဏံ-သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။

၂၅။ အသင်္ခတံ-အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။

၂၆။ မောက္ခော-ကိလေသာမှ လွတ်သော နိဗ္ဗာန်။

၂၇။ သေဋ္ဌော-အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။

၂၈။ အနုတ္တရော-အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။

၂၉။ လောကဿန္တော-လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။

နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်း ရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်စိတ်ကြည်လင်၏၊ ဉာဏ်ကြီး ထွား၏၊ စိတ်အေးချမ်း တည်ကြည်၏၊ ဥပစာရ စျာန်ကိုရ၏၊ ဤ ဥပသမာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း ဥပသမာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ အလွန်နက်နဲသိမ်မွေ့သဖြင့် နိမိတ်ရကောင်းသော တရား မဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကို မဖြစ်စေနိုင်။

ဥပသမာနုဿတိ ကမ္မဋ္ဌာန်းပြီး၏၊

(ဇ) မရဏာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

မရဏာနုဿတိ ဟူသည်ကား-သေရခြင်းကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိကိုခေါ်သည်။

ထိုမရဏာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ဆင်ခြင်အောက်မေ့ရာ၏၊

ငါသည်သေရခြင်းသဘောရှိ၏၊ သေရခြင်းသဘောကို မလွန်နိုင် ချေ၊ ဧကန်မုချ ငါသေရလိမ့်မည်၊ လောက၌ သေစရာအကြောင်းတို့သည် များပြား၏၊

ဆင်ဘေး, ကျားဘေး, ဝံဘေး, မြွေဘေး, ကင်းဘေး, ပင့်ကူဘေး, ငြောင့်ဘေး, သစ်ပင်ဘေး, ရေတွင်း ရေကန်ဘေး, မီးဘေး, ခိုးသူဘေး, မင်းဘေး, ဓားပြဘေး, ရန်သူဘေး, စုန်း-နတ်-တစ္ဆေ မြေဖုတ်ဘီလူးအစိမ်းသူရဲ-ပယောဂဘေး,ပိုးမျိုး ၈၀-ဘေး, အသပ္ပါယ-မသင့်သော အစာဘေး, အဆိပ်ဘေး, အနာရောဂါဘေး, ဓာတ်ကြီး ၄-ပါးဖောက် ပြန်သောဘေး, ဆနဝုတိ ၉၆-ပါး၊ အဋ္ဌနဝုတိ ၉၈-ပါး များပြားသောဘေး, အရာ အထောင် အသောင်း အသိန်း မကသော ဘေးတို့ဖြင့် ညှင်းဆဲ ထိခိုက်၍ သေရလိမ့်မည်တကား။

သတ္တဝါတို့၏ အသက်သည် ကံကြောင့်ဖြစ်၏၊ ဆိုခဲ့ပြီးသော ဘေးဥပဒ်တို့နှင့် အကယ်၍ မတွေ့မကြုံ၍ နေရငြားသော်လည်း ဤအသက်ကို ဖြစ်စေတတ်သော ကံကုန်လျှင်လည်း အသက်ကင်းပြတ် သေဆုံး၏၊ ကံအားကောင်းလျှင် အသက်ရှည်၏၊ ကံအားညံ့လျှင် အသက်တို၏၊ မည်သူ မည်ဝါ၏အသက်ကို ဖြစ်စေတတ် သောကံသည် မည်မျှအားကောင်း၏၊ အားညံ့၏-ဟူ၍လည်း မသိနိုင်ကြချေ၊ ငါ၏ ကံသည် ဘယ်လောက် အားကောင်း၍ငါ၏အသက်သည်ရှေ့သို့ ဘယ် လောက်ရှည် မည်ကိုလည်းဧကန်မသိရ၊ နောက်ကလည်း ငါ၏ အသက် ကို အခါကာလ စား၍ စား၍ လိုက်ချေ၏၊

၁-ညဉ့်လွန်၍ အားလျှင် ငါ၏အသက် ၁-ပိုင်းကုန်၍ သွား လေပြီ။ ၂-ညဉ့်လွန်၍သွားလျှင် ငါ၏အသက် ၂-ပိုင်း ကုန်၍သွားလေပြီ၊ ဤနေ့ ညဉ့်ကာလသည် ငါ၏အသက်ကို အပိုင်းပိုင်း ကုန်စေ၍ စား၍ စား၍ လိုက်ချေ၏၊

ငါ၏အသက်သည် တို၍ တို၍ ကုန်ပါပြီတကား၊ ငါသည် ၁- နေ့ထက် ၁-နေ့ သေမင်းထံသို့ နီး၍ နီး၍ သွားပါပြီတကား၊ ဩော်.. ငါ၏အသက်ကိုဖြစ်စေတတ်သောကံသည် အကယ်၍ ညဉ့်အိပ်နေဆဲ အခါ၌ ကုန်ခဲ့ငြားအံ့၊ ထိုညဉ့်အိပ်နေဆဲအခါ၌ပင် အသက်လည်းကုန် ဆုံး၍ ငါသည်အိပ်ရာမှ ထနိုင်တော့မည်မဟုတ်။

အကယ်၍ ထိုင်နေဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုထိုင်နေဆဲ ခဏ၌ပင် အသက်ကုန်ဆုံး၍ ထိုင်ရာမှ ထနိုင်တော့မည်မဟုတ်၊ အကယ် ၍ ထနေဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုထနေဆဲခဏ၌ပင် အသက် ကုန်ဆုံး၍ ထရာမှ သွားနိုင်တော့မည်မဟုတ်၊ အကယ်၍ ပထမခြေလှမ်း ဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုပထမခြေလှမ်း၌ပင်အသက် ကုန်ဆုံး၍ တစ်ဖန် ဒုတိယခြေလှမ်းကို လှမ်းနိုင်တော့မည်မဟုတ်။

အကယ်၍ ထမင်းလုတ် ဆွမ်းလုတ် ဝါးနေဆဲ စားနေဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုဝါးဆဲ စားဆဲခဏ၌ပင် အသက်ကုန်ဆုံး၍ ထိုဝါးပြီး စားပြီးသော ထမင်းလုတ် ဆွမ်းလုတ်ကို မျိုနိုင်တော့မည်မဟုတ်၊ အကယ်၍ ထမင်းလုတ် ဆွမ်းလုတ် မျိုဆဲခဏ၌ ကံသည် ကုန်ခဲ့ငြားအံ့၊ ထိုမျိုဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုမျိုဆဲခဏ၌ အသက်ကုန်၍ တစ်ဖန် အသစ် ထမင်းလုတ် ဆွမ်းလုတ်ကို ဝါးနိုင်တော့မည် မဟုတ်။

အကယ်၍ ထွက်သက်ရှူခိုက်၌ပင် အသက်ကုန်ဆုံး၍ တစ်ဖန် ဝင်သက်ရှိူက်နိုင်တော့မည် မဟုတ်၊ အကယ်၍ ဝင်သက်ရှိူက်ခိုက်၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုဝင်သက်ရှိူက်ခိုက်၌ပင် အသက်ကုန်ဆုံး၍ ငါသည် တစ်ဖန် ထွက်သက် ရှူနိုင်တော့မည် မဟုတ်ပါပြီတကား-ဟု အဖန်ဖန် နှလုံးသွင်းရာ၏၊ အဖန်ဖန်ဆင်ခြင် အောက်မေ့ရာ၏၊ ဤကဲ့သို့ အဖန်ဖန်ဆင်ခြင်အောက်မေ့သော ယောဂီပုဂ္ဂိုလ်အား မိမိသေရမှာကို မြင်၍ လွန်စွာတိုသည်တိုင်အောင်မြင်၍ မိမိသေရမှာ လိုထင်ပြီး စိတ်ငယ်၍ ကြောက်ရွံ့တုန်လှုပ်၍လည်း သွားတတ်၏၊ ထိုသို့မဖြစ် ရအောင် သတိဆောင်၍ ဆင်ခြင်အောက်မေ့ရာ၏၊

နခေါ အဟဉ္စေဝေကော မရဏဓမ္မော မရဏံ အနတီတော၊ အထခေါ ယာဝတာ သတ္တာနံ အာဂတိ ဂတိ စုတိ ဥပပတ္တိ၊ သဗ္ဗေသတ္တာ မရဏဓမ္မာ မရဏံ အနတီတော။

(ပဉ္စင်္ဂုတ္တရပါဠိတော် အဘိဏှသုတ်)

အနက်။။အဟဉ္စေဝဧကော၊ ငါတစ်ယောက်တည်းသာလျှင်။ မရဏဓမ္မော၊ သေရခြင်းသဘောရှိသည်။ မရဏံ၊ သေရခြင်းကို။ အနတီတော၊ မလွန်နိုင်သည်။ နခေါ၊ မဟုတ်။ အထခေါ၊ စင်စစ်သော် ကား။ ယာဝတာ၊ အကြင်မျှလောက်။ သတ္တာနံ၊ သတ္တဝါတို့အား။ အာဂတိ၊ ရှေးဘဝမှ ဤပစ္စုပ္ပန်ဘဝသို့ ပဋိသန္ဓေ နေရအောင် လာခြင်းသဘော သည်။ ဂတိ၊ လာပြီး၍ လာပြီး၍ပဋိသန္ဓေနေခြင်းသဘောသည်။ စုတိ၊ ပဋိသန္ဓေနေပြီး၍ ဖွားမြင်ပြီး၍ တဖန်စုတေခြင်းသဘောသည်။ ဥပပတ္တိ၊ ဤပစ္စုပ္ပန်ဘဝ စုတေသေဆုံးပြီး၍ နောက်တဖန် ပဋိသန္ဓေနေပြန်ခြင်း သဘောသည်။ အတ္ထိ၊ ရှိ၏၊ တေ သဗ္ဗေ သတ္တာ၊ ထိုပဋိသန္ဓေနေခြင်း သဘောရှိသော အလုံးစုံသော သတ္တဝါတို့သည်လည်း။ မရဏဓမ္မာ၊ သေခြင်းသဘောရှိကြကုန်၏၊ မရဏံ၊ သေရခြင်းကို။ အနတီတာ၊ မလွန်နိုင်ကြကုန်၊ သေကြရကုန်လတ္တံ့-ဟူ၍လည်း ဆင်ခြင်အောက်မေ့ ကြလေ။

မရဏာနုဿတိကို ပွါးများသောရဟန်း ၈-ပါး

မြတ်စွာဘုရား ရွှေလက်ထက်တော် အခါက မရဏာနုဿတိကို ပွားများကြသော ရဟန်းရှစ် ၈-ပါး အကြောင်း အဋ္ဌင်္ဂုတ္တရပါဠိတော်၌ လာရှိပေ၏၊

လာရှိပုံကား

၁။ တစ်ပါးမှာ တစ်နေ့နှင့်တစ်ညဉ့်လောက်သော အသက်ရှည်စွာ နေရလိမ့်မည်ဟု ထင်၏၊

၂။ တစ်ပါးမှာ တစ်နေ့လောက်သာ အသက်ရှည်စွာ နေရလိမ့် မည်ဟု ထင်၏၊

၃။ တစ်ပါးမှာ တစ်နေ့ထက်ဝက်လောက်သာ အသက်ရှည်စွာ နေရလိမ့်မည်ဟု ထင်၏၊

၄။ တစ်ပါးမှာ ဆွမ်းဝအောင် တစ်ကြိမ်စားကာမျှလောက်သာ နေရလိမ့်မည်ဟု ထင်၏၊

၅။ တစ်ပါးမှာ ဆွမ်းတစ်ကြိမ်စားထက်ဝက်စာ ကာလမျှလောက် သာ နေရလိမ့်မည်ဟု ထင်၏၊

၆။ တစ်ပါးမှာ ဆွမ်း-၄-၅-လုတ်စားသော ကာလမျှလောက်သာ နေရလိမ့်မည်ဟု ထင်၏၊

၇။ တစ်ပါးမှာ ဆွမ်းတစ်လုတ်စားပြီး၍ မျို၍ ဆွမ်း-၁-လုတ်စားပြီး ကာလမျှလောက်သာ နေရလိမ့်မည်ဟု ထင်၏၊

၈။ တစ်ပါးမှာ ထွက်သက် ရှူခိုက်မျှသာ အသက်ရှည်စွာ နေရလိမ့်မည်ဟု ထင်၏၊ တစ်ဖန်ဝင်သက် ရှိုက်ရလိမ့်မည်ဟု မထင်၊ ဝင်သက်ရှုပြန်လျှင်လည်း ထိုဝင်သက် ရှုခိုက်ဝင်ခိုက်မျှသာ အသက် ရှည်စွာ နေရလိမ့်မည်ဟု ထင်၏၊ တစ်ဖန်ထွက်သက်ရှူရ ထွက်ရလိမ့် မည်ဟု မထင်၊ သို့ကလောက် တိုစွာထင်မြင်၏၊

ဤ ရဟန်း-၈-ပါးတို့တွင် ရှေ့-၆-ပါးကို မရဏာနုဿတိ အထင် လေးသေးအောင် မေ့မေ့လျော့လျော့နေသောသူ, နောက်-၂-ပါးကို အထင်မြန်သော မမေ့မလျော့နေသောသူ-ဟု မြတ်စွာဘုရား မိန့်တော် မူ၏၊

ယခုခေတ်နောက်ပိုင်း သာသနာ၌-ပထမရဟန်းလောက် ထင်မြန်လျှင်ပင် အတော်အသင့် နေသာထိုင်သာ ရှိပေပြီ၊ အဖိုးတန်လှပြီ၊ တိုနိုင်သမျှတိုစွာ ထင်မြင်နိုင်အောင် ဆင်ခြင်အောက်မေ့ရမည်၊ ထိုသို့ တိုစွာ ထင်မြင်အောင် ကံဖြင့် ဆင်ခြင်အေက်မေ့ရသည်၊ ကံဖြင့် ဆင်ခြင် အေက်မေ့သည် ရှိသော်-၈-ယောက်မြောက် နောက်ဆုံး အပ္ပမာဒဝိဟာရီ ရဟန်းကဲ့သို့ ထွက်သက် ဝင်သက် ၁-ရှူထွက် ၁-ရှိုက်ထွက် ကာလမျှ လောက် တိုတောင်းစွာ ထင်မြင်ကြလတ္တံ့။

ဤသို့ တစ်လောကလုံးနှင့်တကွ မိမိသေရလိမ့်မည်ကို အဖန်ဖန် ဆင်ခြင်အောင်းမေ့သော ယောဂီပုဂ္ဂိုလ်သည် မိမိဉာဏ်အားလျော်စွာ သေရမည်ကို ကာလတိုတောင်းစွာ ထင်မြင်ရလေ၏၊ ဤသို့ထင်မြင်၍ မရဏသညာ မရဏဿတိ ကောင်းစွာတည်သည်ရှိသော် အလွန်စိတ် ဉာဏ်ကြည်လင်၏၊ ဉာဏ်ကြီးထွား ထက်သန်၏၊ သေရမှု မရဏတရား၌ စိတ်သည် စွဲမြဲလျက် တည်ကြည်၏၊ ဥပစာရစျာန်ကို ရ၏၊ ဤမရဏာနုဿတိကမ္မဋ္ဌာန်းသည်လည်း- သေခြင်းသဘောက ဇီဝိတိန္ဒြေ၏ ချုပ်ပြတ်ခြင်း အလွန်နက်နဲ သိမ်မွေ့သော သဘောဖြစ်၍ နိမိတ်ရကောင်းသော တရားမဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကိုကား မဖြစ်စေနိုင်။

မရဏာနုဿတိ ကမ္မဋ္ဌာန်းပြီး၏၊

-----------

(စျ)ကာယကတာသတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

ကာယကတာသတိဟူသည်ကား- ဆံပင်, အမွေး, လက်သည်း ခြေသည်း, သွား, အရေ, အသား, အကြော, အရိုး, ခြင်ဆီ, အညှို့, နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်, အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်, သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ, မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်၊ ဤ ၃၂-ပါးသော ကောဋ္ဌာသ ကာယကို အာရုံပြု၍ ဖြစ်သော သတိကိုခေါ်သည်။

ထိုကာယဂတာသတိကို ပွားများအားထုတ်လိုသော ယောဂီ ပုဂ္ဂိုလ်သည် ဤဒွတ္တိံသကာယကို အဆင်း, သဏ္ဌာန်, တည်ရာဌာန, အပိုင်းအခြားပရိတစ္ဆေဒ၊ ဤ ၄-ပါးသော အခြင်းအရာတို့ဖြင့်မှတ်၍ ဆံပင်မှသည် ကျင်ငယ်၊ ကျင်ငယ်မှသည် ဆံပင်ကျအောင် အနုလုံ ပဋိလုံ အပြန်အလှန် အားဖြင့် မရပ်မဆိုင်းအပြေးစိုင်း နှုတ်တက်ရအောင် ကျက်မှတ်၍ ရပြီးလျှင် နှုတ်ဖြင့် မရွတ်အံဘဲစိတ်ဉာဏ်ဖြင့်သာလျှင် အနုလုံ ပဋိလုံ အပြန်အလှန် အစဉ်အတိုင်း အဖန်ဖန်ကြည့်ရှုရာ၏၊

ထိုသို့ကြည့်ရှုဖန် များသောအခါ ထိုကောဋ္ဌာသတို့သည် ပကတိ မံသမျက်စိနှင့်မြင်ရသကဲ့သို့စိတ်ထဲ၌ ထင်မြင်၍ လာကုန်၏၊ ဤကဲ့သို့ ထင်မြင်လျှင် ဥဂ္ဂဟနိမိတ် ထင်ပြီဟုမှတ်၊ ဥဂ္ဂဟနိမိတ် ထင်လာသော အခါ ထိုထင်လာသော ကောဋ္ဌာသတို့တွင် ကြပ်ကြပ် ထင်ရှားသည့်, စိတ်ထဲဉာဏ်ထဲမှာ ကြပ်ကြပ်ထင်မြင်ရသည့် ကောဋ္ဌာသ တစ်ခုတည်း ကိုသာလျှင်ကြည့်ရှု၍ နေရာ၏၊

ထိုသို့ကြည့်ရှု၍ နေရာမှာလည်း ထိုကောဋ္ဌာသ တစ်ခုတည်းကို သာလျှင်ကြည့်ရှု၍ နေရာ၏၊ ထိုသို့နေရာ မှာလည်း ထိုကောဋ္ဌာသကို ကသိုဏ်းဖြစ်အောင် အဆင်းကိုလည်း နှလုံးမသွင်းဘဲ သုညတ-ဖြစ် အောင် ဓာတ်ကိုလည်း နှလုံးမသွင်းဘဲ စက်ဆုပ်ဖွယ်ဟု နှလုံးသွင်း၍ ရှုရာ၏၊ အကယ်၍ စက်ဆုပ်ဖွယ်အသုဘသဘော မထင်တည့်နိုင်လျှင် အဆင်းနေပုံ, အသွင်သဏ္ဌာန်နေပုံ, စက်ဆုပ်ဖွယ်သော အစာသစ်ချေး ဆီကြောင့် အမိအဖတို့၏ ရောနှောသော သွေးဥတုတို့ကြောင့် ဖြစ်မှု, စက်ဆုပ်ဖွယ် ညှီစော်သောအနံ့၊ ဤအကြောင်း ၄-ပါးတို့ဖြင့် စက်ဆုပ်ဖွယ် သော သဘော မပေါ်ပေါ်အောင် ဆင်ခြင်၍နှလုံးသွင်းအပ်၏၊

ဤသို့ ဆင်ခြင်လျှင် စက်ဆုပ်ဖွယ် အခြင်းအရာပေါ်၏၊ ထိုသို့ ပေါ်၍စက်ဆုပ်ဖွယ် အခြင်းအရာအားဖြင့် နှလုံးသွင်း၍ အဖန်ဖန် ကြည့်ရှုသောအခါ ထိုကောဋ္ဌာသ ဥဂ္ဂဟနိမိတ်သည် ပြေပြစ်ချောမွေ့စွာ လှပစွာ နှစ်သက်ဖွယ် ပဋိဘာဂနိမိတ်ဖြစ်၍ ထင်၏၊ ထိုကောဋ္ဌာသ ပဋိဘာဂ နိမိတ်ကိုစက်ဖွယ်ဟု စိတ်ထားလျက် နှလုံးသွင်းလျက် ကြည့်ရှု ဖန်များသောအခါစျာန်အင်္ဂါ ၅-ပါးနှင့်ပြည့်စုံသောပထမစျာန် အပ္ပနာ ဇောဝီထိ ကျလာ၏၊ ပထမစျာန်ကို ရ၏၊

ထိုပထမစျာန်ကို ထက်သန်ကြီးထွားအောင် မြဲမြံ ခိုင်ခံ့အောင် ဝသီဘော်နိုင်အောင် ပြုအပ်၏၊ ထိုသို့ ပြုပြီးမှသာလျှင် ဤနည်းအတူ ကြွင်းသောကောဋ္ဌာသတို့ကိုလည်း စေ့အောင် နိမိတ်ယူ၍ ပထမစျာန် ဇောကို ကျစေအပ်၏၊

ဤကာယကတာသတိ ကမ္မဋ္ဌာန်းသည်း- အသုဘကမ္မဋ္ဌာန်း ကဲ့သို့ အာရုံရုန့်ရင်းကြမ်းတမ်းခြင်းကြောင့် အထက်၏ဒုတိယစျာန် ကိုကား မဖြစ်စေနိုင်။

ဤသို့ကာယဂတာသတိကမ္မဋ္ဌာန်း ကောဋ္ဌာသ အသုဘ အာရုံဖြင့် ပထမစျာန်ကိုရပြီး ထက်သန်အား ကောင်းအောင်, မြဲမြံခိုင်ခံ့ အောင်, ဝသီဘော်နိုင်အောင် ပြုပြီးသော ယောဂီပုဂ္ဂိုလ်သည် အထက်ဒုတိယစျာန် စသည်တို့ကို တက်လို ဖြစ်စေလိုသောအခါ ထို ကောဋ္ဌာသတို့ကို အဆင်းကို နှလုံးသွင်း၍ ဝဏ္ဏကသိုဏ်း ဖြစ်အောင် ရှု၍ တက်အပ်၏၊ တက်ရာ၏၊။

မဂ် ဖိုလ်ကိုကူးလိုသောအခါ-ပထဝီဓာတ်-၂၀, အာဘော ဓာတ်-၁၂-ပါး ဝေဖန်ပိုင်းခြား၍ ဓာတ် သုညတ အနေရှု၍ တက်အပ်၏၊ တက်ရာ၏၊

ကာယဂတာသတိ ကမ္မဋ္ဌာန်းပြီး၏၊

----------

(ည) အာနာပါနဿတိကမ္မဋ္ဌာန်းပွါးများအားထုတ်ပုံ

အာနာပါနဿတိဟူသည်ကား- ထွက်သက်ဝင်သက်လေကို အာရုံပြု၍ဖြစ်သော သတိကိုခေါ်သည်၊ ထိုအာနာပါနဿတိကို ပွားများ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် စိတ်ကိုသန်သန် ခိုင်ခိုင်ထား၍ ထွက်သက်ဝင်သက် လေကို မနှေး, မမြန်, မပျော့, မပြင်း, မှန်မှန်ဖြစ် စေ၍နှာခေါင်းပေါက်၌စိတ်ထားလျက် ထွက်လေ ဝင်လေကို သတိချပ် လျက် သိမှတ်အပ်၏၊ ထွက်လျှင်ထွက်မှန်း, ဝင်လျှင်ဝင်မှန်း သိအောင် ပြုရမည်၊ အမှုမဲ့ အမှတ်မဲ့ သတိမလစ်စေရ၊ သတိသညာဖြင့် သိလိုက်, မှတ်မိလိုက်၍သာလျှင် ထွက်စေအပ်၏၊ ဝင်စေအပ်၏၊

ပဌမကဏ္ဍ ပထမခန်း

၁။ သော သတောဝ အဿာသတိ သတောဝ ပဿာသတိ။

ဒုတိယကဏ္ဍ- ဒုတိယခန်း

၂။ ဒီဃံဝါ အဿဿန္တော ဒီဃံ အဿဿာမီတိ ပဇာနာတိ၊ ဒီဃံ ဝါ ပဿဿန္တော ဒီဃံ ပဿဿာမီတိ ပဇာနာတိ၊ ရဿံ ဝါ အဿဿန္တော ရဿံ အဿဿာမီတိ ပဇာနာတိ၊ ရဿံ ဝါ ပဿဿန္တော ရဿံ ပဿဿာမီတိ ပဇာနာတိ။

တတိယကဏ္ဍ-တတိယခန်း

၃။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

စတုတ္ထကဏ္ဍ-စတုတ္ထခန်း

၄။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿာသိဿာမီတိ သိက္ခတိ။ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿာသိဿာမီတိ သိက္ခတိ။

(ဥပရိပဏ္ဏာသ ပါဠိတော်) ၁။ သော၊ ထိုအာနာပါနဿတိ ကမ္မဋ္ဌာန်းကို အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည်။ သတောဝ၊ မလစ်စေမှုသတိပြု၍သာလျှင်။ အဿာ သတိ၊ ထွက်သက် လွှတ်၏၊ သတောဝ၊ မလွတ်စေမှု သတိပြု၍ သာလျှင်။ ပဿာသတိ၊ ဝင်သက် ရှူ၏၊

၂။ ဒီဃံ ဝါ၊ ရှည်စွာမူလည်း။ အဿဿန္တော၊ ထွက်သက် လွှတ်သည်ရှိသော်။ ဒီဃံ၊ ရှည်စွာ။အဿဿာမီတိ၊ ထွက်သက် ငါ လွှတ်၏ဟူ၍။ ပဇာနာတိ၊ သိ၏၊ ဒီဃံ ဝါ၊ ရှည်စွာမူလည်း။ ပဿဿန္တော၊ သင်သက်ရှူသည်ရှိသော်၊ ဒီဃံ၊ ရှည်စွာ။ ပဿဿာမီတိ၊ ဝင်သက် ငါရှူ၏ဟူ၍။ ပဇာနာတိ၊ သိ၏၊ ရဿံ ဝါ၊ တိုစွာမူလည်း၊ အဿဿန္တော၊ ထွက်သက်လွှတ်သည်ရှိသော်။ ရဿံ၊ တိုစွာ။ အဿဿာမီတိ၊ ထွက်သက် ငါလွှတ်၏ဟူ၍။ ပဇာနာတိ၊ သိ၏၊ ရဿံ ဝါ၊ တိုစွာမူလည်း။ ပဿ ဿန္တော၊ ဝင်သက်ရှူသည်ရှိသော်။ ရဿံ၊ တိုစွာ၊ ပဿဿာမီတိ၊ ဝင်သက်ငါရှူ၏ဟူ၍။ ပဇာနာတိ၊ သိ၏၊

၃။ သဗ္ဗကာယပဋိသံဝေဒီ၊ ထွက်သက်၏ အစ, အလယ်, အဆုံး အကုန်လုံးထင်လင်းသည်။ ဟုတွာ၊ ဖြစ်၍။ အဿ သိဿာမိ၊ ထွက်သက် လွှတ်ပေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ အားထုတ်၏၊ သဗ္ဗကာယ ပဋိသံ ဝေဒီ၊ ဝင်သက်၏ အစ, အလယ်, အဆုံး အကုန်လုံးထင်လင်းသည်။ ဟုတွာ၊ ဖြစ်၍။ ပဿသိဿာမိ၊ ဝင်သက်ရှူပေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ အားထုတ်၏၊

၄။ ကာယသင်္ခါရံ၊ ထွက်သက်ဟူသော ကာယသင်္ခါရကို။ ပဿမ္ဘယံ-ပဿမ္ဘယန္တော၊ အစဉ်တိုင်း ချုပ်ငြိမ်းစေလျက်။ အဿာ သိဿာမိ၊ ထွက်သက် လွှတ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ အားထုတ်၏၊ ကာယသင်္ခါရံ၊ ဝင်သက်ဟူသော ကာယသင်္ခါရကို။ ပဿမ္ဘယံပဿမ္ဘယန္တော၊ အစဉ်တိုင်း ချုပ်ငြိမ်းစေလျက်။ ပဿသိဿာမိ၊ ဝင်သက် ရှူပေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ အားထုတ်၏၊

ဆောင်ပုဒ်သံခိပ်။ (က) သတိမြဲရာ၊ ပထမာ၊ ဒု-မှာ ရှည်တိုသိ။

( ခ ) လုံးစုံလင်းရာ၊ တ-၌သာ၊ စ-မှာ ငြိမ်းစေဘိ။

၁။ ပထမခန်းမှာ ထွက်သက် ဝင်သက်တို့၌ သတိမြဲမှုကို အားထုတ်ရသည်။

၂။ ဒုတိယခန်းမှာ ထွက်သက် ဝင်သက်တို့၌ ရှည်လျှင် ရှည်သည် ဟု, တိုလျှင် တိုသည်ဟု သိအောင် အားထုတ်ရသည်။

၃။ တတိယခန်းမှာ ထွက်သက် ဝင်သက်တို့ကို အစ, အလယ်, အဆုံး ထင်လင်းအောင်အားထုတ်ရသည်။

၄။ စတုတ္ထခန်းမှာ ရုန့်ရင်းသော ထွက်သက် ဝင်သက်တို့ကို အစဉ်အတိုင်းချုပ်ငြိမ်းစေ၍ သိမ်မွေ့၍ သွားအောင် အားထုတ်ရသည်။

(ဤကား စတုက္က ၄-ခု အဓိပ္ပါယ်အကျဉ်းတည်း။)

ပထမခန်း

၁။ ပထမခန်းမှာ အရှည်အတို စသည်တို့ကို နှလုံးမသွင်းနိုင်သေး၊ နှာသီးဖျား၌သော်လည်းကောင်း၊ အထက်နှုတ်ခမ်းဖျား၌သော်လည်း ကောင်း၊ ထွက်သက် ဝင်သက်တို့၏ ထိမှုခိုက်မှု ထင်ရှားရာ တစ်ခုခုသော ဌာန၌ စိတ်ကိုခိုင်မြဲစွာ စိုက်ထား၍ ထွက်တိုင်း ဝင်တိုင်းသိအောင် အားထုတ်ရသည်၊ ၁-နာရီ ၂-နာရီ စသည်ဖြင့် တတ်စွမ်းနိုင်သမျှ ကာလပတ်လုံး ထိုဌာန၌ စိတ်သည် ချည်နှောင်၍ ထားဘိသကဲ့သို့ ခိုင်မြဲ စွာနေ၍ ထွက်သမျှ ဝင်သမျှကို ၁-ခု မလွတ်သိမှုပိုင်နိုင်သည့် တိုင်အောင် အားထုတ်ရသည်။

ပထမခန်းပြီး၏၊

ဒုတိယခန်း

၂။ ဒုတိယခန်းမှာ ထိုသို့ သိမှုပိုင်နိုင်ပြီးနောက် မိမိရှူသော ထွက်သက် ဝင်သက်ကို ရှည်လျှင် ရှည်မှန်း သိစေရမည်၊ တိုလျှင် တိုမှန်းသိစေရမည်၊ တစ်ယောက်သောသူ၏ တစ်ထိုင်တွင်းမှာပင် ရှည် သည့်အလှည့် တိုသည့်အလှည့် ရှိ၏၊ ရှည်မှု တိုမှုကို ၁-ခုမလွတ် သိအောင် အားထုတ်ရသည်၊ ထွက်သက် ဝင်သက် အထွက်အဝင် နှေး သည်ကို အရှည်ဆိုသည်၊ မြန်သည်ကို အတိုဆိုသည်၊ နှေးလျှင် နှေးမှု, မြန်လျှင် မြန်မှုကို သိစေရမည် ဆိုလိုသည်။

ဒုတိယခန်းပြီး၏၊

တတိယခန်း

၃။ တတိယခန်းမှာ ထိုသို့ အရှည်အတို သိမှု ပိုင်နိုင်ပြီးနောက် နှာသီးဖျားမှ ချက်တိုင်အောင် ကိုယ်ကာယအတွင်း၌ ထွက်သက် ဝင်သက်တို့ကို အစ, အလယ်, အဆုံး-အကုန်လုံး ထင်လင်းစွာ စိတ်မှာမြင် ရအောင် အားထုတ်ရသည်။

တတိယခန်းပြီး၏၊

စတုတ္ထခန်း

၄။ စတုတ္ထခန်းမှာ ထိုသို့ အစ, အလယ်, အဆုံး-အကုန်လုံး ထင်လင်းမှု ပိုင်နိုင်ပြီးနောက် ရုန့်ရင်းစွာသော ထွက်သက်ဝင်သက်တို့ကို အဆင့်ဆင့် သိမ်မွေ့၍ သွားအောင် အားထုတ်ရသည်၊ ငါ၌ ထွက်သက် ဝင်သက် ပျောက်သွားပြီဟု ထင်ရအောင် အားထုတ်ရသည်။

(ဤကား ပထမစတုတ္ထပါဠိတော်မြတ် ပါဌ်လျှောက်အဓိပ္ပါယ်တည်း။)

အဋ္ဌကထာကြီးတို့နည်း

ယခုအခါ ဤပထမစတုက္ကအရာ၌ အဋ္ဌကထာကြီးတို့မှာ လာ သောနည်းလမ်းကို ပြဆိုပေအံ့။

ဂဏနာ-အနှေးအမြန်၊ အစဉ်မှန်၊ ၂-တန် ရေတွက်နည်း။

အနုဗန္ဓနာ-အမြဲအမြန်၊ အတွယ်သန်၊ တစ်ဖန်ဖွဲ့ထားနည်း။

ဌာပနာ-ငြိမ်ဝပ်ပျံ့ပျူး၊ စိတ်စိုက်စူး၊ အထူးစိတ်ထားနည်း။

အဓိပ္ပါယ်ကား-ထွက်သက် ဝင်သက်တို့၏ ထိခိုက်ရာဋ္ဌာနသည် နှာသီးဖျား, အထက်နှုတ်ခမ်းဖျား-ဟူ၍ ၂-ပါးရှိ၏၊ အချို့သောသူတို့အား နှာသီးဖျား၌ ထိခိုက်မှု ထင်ရှား၏၊ မိမိထင်ရှားရာတစ်ခုခုကို အစွဲပြု၍၊ အစ၌ရေတွက်နည်းဖြင့် အားထုတ်ရာ၏၊ အလယ်၌ အစဉ်လိုက်နည်းဖြင့် အားထုတ်ရာ၏၊ အဆုံး၌ ထွက်သက် ဝင်သက်တို့၌ အခိုင်အမြဲ စိတ် ထားနည်းဖြင့် အားထုတ်ရာ၏၊

ထို ၃-ပါးတို့တွင် ရေတွက်နည်းသည် နှေးနှေးရေတွက်နည်း, မြန်မြန်ရေတွက်နည်းဟူ၍ ၂-ပါးရှိ၏၊ ထိုတွင်

နှေးနှေးရေတွက်နည်းဆိုသည်ကား- ဌာန ၂-ပါးတွင် တစ်ပါး ပါး၌ စိတ်ကိုစိုက်ထား၍ ထွက်သက် ဝင်သက် ၂-ပါးကို နှလုံးသွင်းသော အခါ အစ၌ စိတ်မငြိမ်သက်သေးသည့် အတွက်ကြောင့် ထွက်သက် ဝင်သက်တို့သည် အချက်တိုင်း အချက်တိုင်း စိတ်၌ ထင်ရှားကုန်သေး သည်မဟုတ်၊ မထင်ရှားသော အချက်စုလည်း ပါရှိကုန်သေး၏၊ ထို့ကြောင့် မထင်ရှားသော အချက်စုကို မရေတွက်မူ၍ ထင်ရှားသော အချက်စုကိုသာ ရေတွက်ခြင်းကြောင့် နှေးသောရေတွက်နည်း ဖြစ်လေ သတည်း။

ဝါရ အကြိမ်ပြု၍ ဂဏနာ ရေတွက်နည်း

ရေတွက်ရာ၌လည်း

၁-၂-၃-၄-၅-တွင် တစ်ဝါရ။

၁-၂-၃-၄-၅-၆-တွင် တစ်ဝါရ။

၁-၂-၃-၄-၅-၆-၇-တွင် တစ်ဝါရ။

၁-၂-၃-၄- ၅-၆-၇-၈-တွင် တစ်ဝါရ။

၁-၂-၃-၄-၅-၆-၇-၈-၉-တွင် တစ်ဝါရ။

၁-၂-၃-၄-၅-၆-၇-၈-၉-၁၀-တွင် တစ်ဝါရ။

ဤသို့ ၆-ဝါရတို့ဖြင့် ရေတွက်ရာ၏၊

(ပထမဝါရ, ဒုတိယဝါရ, တတိယဝါရ, စတုတ္ထဝါရ, ပဉ္စမဝါရ, ဆဋ္ဌမဝါရ-ဟူ၍လည်း အစဉ်အတိုင်း ခေါ်ရ၏၊)

(ဆဋ္ဌမဝါရ ၆-ကြိမ်မြောကြ်ပီးလျှင် ပထမဝါရ အစ ရှေးဦး အကြိမ်သို့ပြန်လေ၊ ၎င်း ၆-ဝါလုံးကိုမှ တစ်ဝါရ-ဟူလည်း ခေါ်ကြ၏၊)

ရှေးဦးစွာ စိတ်ကို နှာခေါင်းဝ၌ စိုက်ထား၍ ထွက်သက် ဝင်သက် ၂-ပါးတွင် ထင်ရှားရာတစ်ခုခုကို ၁-ဟု ရေတွက်ရာ၏၊ ၎င်းနောက် ထွက်သက် ဝင်သက် ၂-ပါးပင် ထင်ရှားသည်ချည်း ဖြစ်၍လာခဲ့လျှင် အစဉ်အတိုင်း ၂-၃-၄-၅-ဟု ရေတွက်ရာ၏၊ မထင်မရှား ပါရှိခဲ့လျှင် ထိုမထင်ရှားသောအချက်ကို မရေတွက်မူ၍ ထင်ရှားသည့်အချက် မတွေ့သေးသမျှ ကာလပတ်လုံး တန့်ရပ်၍ ၁-၁-စသည်ဖြင့် ရေတွက် မတွေ့သေးသမျှ ကာလပတ်လုံး တန့်ရပ်၍ ၁-၁-စသည်ဖြင့် ရေတွက် ဆဲအတိုင်းသာ ထပ်၍နေရာ၏၊ ထင်ရှားသော အချက်ပေါ်လာမှ ၂- စသည်ဖြင့် အထက်ဂဏန်းသို့ တက်၍ ရေတွက်ရာ၏၊ ၅-သို့ကြလျှင် ၁-က ပြန်ရာ၏၊

ဤနည်းတူ ဒသက-ဝါရ ၁၀-ကြိမ်တိုင်အောင် ၆-ဝါရတို့၌ မထင်ရှားသော ထွက်သက် ဝင်သက် အချက်တို့ကို မရေတွက်မူ၍ ထင်ရှားသော ထွက်သက် ဝင်သက်တို့ကိုသာ ရွေးကောက်၍ ရေတွက် သောကြောင့် နှေးသောရေ တွက်နည်းဖြစ်လေသတည်း။ ရေတွက်ဖန်များလတ်သော် ထင်ရှားသောအချက်များ၍ လာလတ္တံ့၊ ၁-၂-စသော ဂဏန်းချက်လည်း စိပ်၍ စိပ်၍ လာလတ္တံ့၊ ထွက်သက်အချက် ဝင်သက်အချက် ထင်ရှားသည်ချည်းဖြစ်သောအခါ၌ ၁-၂-စသော ဂဏန်းချက်သည်လည်း မပြတ်မစဲ မြန်ရ၏၊ တစ်ခုကိုမျှ မလွတ်စေရ၊ ထွက်သက် ဝင်သက် အစဉ်နှင့် ဂဏန်းအစဉ်သည် အခုန် အကျော် အလစ်အလပ် မရှိ အစဉ်မှန်စေရမည်၊ ၁-၂-စသော ဂဏန်းချမှု ကိုလည်း နှုတ်ဖြင့်ရွတ်ဆိုဖွယ်မရှိ၊ စိတ်ဖြင့် ရေတွက်လျှင် ပြီးတော့ သတည်း၊ အချို့သူတို့ကား ၆-ဝါရ အဆုံးအဆုံးတွင် ပုတီးစေ့တစ်လုံး တစ်လုံးချ၍ တစ်နေ့တစ်နေ့လျှင် ပုတီးပတ်ပေါင်း မည်မျှစိပ်မည်ဟု ပိုင်းခြား၍ စိပ်ကြကုန်၏၊ အာရုံမြန်မြန် ထင်နိုင်သည်သာ ပဓာနတည်း။ အကြင်အခါ၌ အရေတွက်သော်လည်း ရေတွက်သည်နှင့် ထပ်တူ ထွက်သက်ဝင်သက်တို့၏ ထိုဌာန၌ ထိတိုင်းထိတိုင်း အသိမြဲစွဲ၏၊ အလုပ်ခွင်သို့ဝင်၍ နှလုံးသွင်းနေသမျှကာလပတ်လုံး တစ်ခုသောထွက် သက်, တစ်ခုသောဝင်သက်မျှ အမှတ်မဲ့လွတ်၍ သွားသည်မရှိပြီ၊ ထို အခါမှစ၍ ရေတွက်မှုကို ရုပ်သိမ်း၍ အနုဗန္ဓနာ-နည်းဖြင့် ရှုရာ၏၊ အနှေးအမြန် အစဉ်မှန် ၂-တန် ရေတွက်နည်း ပြီး၏၊

အနုဗန္ဓနာနည်း

အနုဗန္ဓနာနည်း ဆိုသည်ကား- ရေတွက်ခန်းတွင် အစဉ် မှန်ခဲ့သည့်အတိုင်း ထိရာဌာန စိတ်ကိုစိုက်ထား၍ ထွက်မှု ဝင်မှု အကြိမ် စဉ်အတိုင်း တစ်ကြိမ်မျှ မလွတ်စေရဘဲ ထွက်မှု ဝင်မှုအစဉ်နှင့် နှလုံး သွင်းမှု အစဉ် ဖွဲ့တွယ် စွဲမြဲ၍ နေအောင် အားထုတ်မှုသည် အနုဗန္ဓနာမည်၏၊ ရေတွက်မှုမရှိဘဲလျှက် ရေတွက်နည်းမှာ သိမှုအစဉ် မှန်ခဲ့ သည့်အတိုင်း သိမှုအစဉ်မှန်၍နေအောင် တစ်ဖန်လိုက်စား အားထုတ်မှု ဆိုလိုသည် အဘယ်မျှလောက် ကာလကြာမြင့်အောင် အနုဗန္ဓနာ နည်း ဖြင့် အားထုတ်ရာသနည်း-ဟူမူကား ပဋိဘာဂနိမိတ် ဖြစ်ပေါ်၍လာ သည့်တိုင်အောင် အားထုတ်ရာ၏၊

ပဋိဘာဂနိမိတ်

ပဋိဘာဂ နိမိတ်ဆိုသည်ကား-ပကတိသော ထွက်သက် ဝင်သက် လေအတိုင်းကိုလွန်၍ အဆင်း သဏ္ဌာန် အရောင်အလက်နှင့်တကွ လဲဝါဂွမ်း အစုကဲ့သို့, လေအယဉ်ကဲ့သို့, မိုးကြယ်ကဲ့သို့, ပတ္တမြားလုံးကဲ့သို့, ပုလဲလုံးကဲ့သို့, ပုလဲသွယ်ကဲ့သို့- အစရှိသည်ဖြင့် တစ်ခုခု ထင်ပေါ် ဖြစ်ထွန်း ၍လာသော ပညတ္တိ ဓမ္မအထူးကို ''ပဋိဘာဂ နိမိတ်'' ဆိုသည်။ ထိုပဋိဘာဂ နိမိတ် ပညတ်အာရုံအထူး အထင်အရှား စိတ်အမြင်မှာ နှလုံးသွင်းအတိုင်း ဖြစ်ပေါ် ထင်မြင်လာသောအခါမှ အနုဗန္ဓနာနည်းကို ရုပ်သိမ်းရမည်၊ ဂဏနာ-နည်း, အနုဗန္ဓနာ-နည်း ၂-ပါးမှာ ထိရာဌာန မလွတ်ရသေး။

အမြဲအမြန် အတွယ်သန် တစ်ဖန်ဖွဲ့ထားနည်းပြီး၏၊

ဌပနာနည်း

ပဋိဘာဂနိမိတ် ထင်သည်မှစ၍ ဌပနာနည်းဖြင့် အားထုတ်ရာ၏၊ ဌပနာနည်းဆိုသည်ကား- ပဋိဘာဂ နိမိတ်မည်သည် ပညတ် အာရုံအထူးဖြစ်၍ အာရုံအသစ်ကဲ့သို့ ဖြစ်ပြန်၏၊ သဘာဝဓမ္မမျိုး မဟုတ် သောကြောင့် ကွယ်ပျောက်လည်း ကွယ်ပျောက်လွယ်၏၊ ကွယ်ပျောက် ပြန်လျှင် တစ်ဖန်ထင်မြင်ရန် အမှုလည်း ခဲခက်၏၊ ထိုကြောင့် ထင်မြင် လာသောပဋိဘာဂနိမိတ်ကို မကွယ် မပျောက်စေမူ၍ တစ်နေ့တစ်ခြား ထင်ရှားပွင့်လင်း၍သွားအောင် ထိုအာရုံ၌ စူးစူးစိုက်စိုက် အားတိုက်ဖိစီး၍ စိတ်ကိုထားခြင်းသည် ဌပနာ-မည်၏၊

ဤ ဌပနာ-နည်းသို့ ရောက်သောအခါ၌မူကား အသပ္ပါယ ၇- ပါးကိုကြင်ရှောင်၍ သပ္ပါယ ၇-ပါးကို မှီဝဲရာ၏၊ အပ္ပနာကောသလ္လ ၁၀- ပါးကို ပြည့်စုံစေရာ၏

အသပ္ပါယ ၇-ပါး

၁။ ဘာဝနာမှု၏ ဆုတ်ယုတ်ကြောင်းဖြစ်သော နေရာဌာန,

၂။ ဆွမ်းခံရွာ,

၃။ စကားများမှု,

၄။ အပေါင်းအဖော်,

၅။ ဘောဇဉ်,

၆။ ဥတု,

၇။ ဣရိယာပုထ်,

(သပ္ပါယ ၇-ပါးဆိုသည်ကား ဘာဝနာမှု၏ တိုးပွားကြောင်းဖြစ်သော ထို ၇-ပါးပင်တည်း။)

အပ္ပနာကောသလ္လ ၁၀ ပါး

၁။ ကိုယ်အင်္ဂါနှင့်တကွ အသုံးအဆောင် ဝတ္ထုမျိုး သန့်ရှင်းမှု,

၂။ ထွက်သက် ဝင်သက်ဟူသော အာရုံနိမိတ် လိမ္မာမှု,

၃။ တက်ကြွလွန်းသော စိတ်ကို ဖိနှိပ်မှု,

၄။ ဆုတ်နစ်လွန်းသောစိတ်ကို ချီးပင့်မှု,

၅။ ခြောက်သွေ့လွန်းသော စိတ်ကို ရွှင်စေမှု,

၆။ ညီညွတ်သောစိတ်ကို လျစ်လျူရှုမှု,

၇။ သမာဓိမရှိသော ပုဂ္ဂိုလ်ကို ကြဉ်ရှောင်မှု,

၈။ သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲမှု,

၉။ ဣန္ဒြေ-၅-ပါးကို ညီညွတ်အောင်ပြုမှု,

၁၀။ အပ္ပနာစျာန်ကို ရခြင်းငှာ အမြဲညွတ်သော စိတ်ရှိမှု, ပေါင်း ၁၀-ပါးတည်း။

ဤသို့သောအမှုတို့ကို ပြည့်စုံစွာပြု၍ ထိုပဋိဘာဂနိမိတ်၌ စိတ်ကို အစွဲကြီးစွဲ၍ အမြဲကြီးမြဲလေအောင် နေ့ရှည်လများ ရှုသောအားဖြင့် ပွားများစေရာ၏၊

အဘယ်မျှလောက်ကြာမြင့်အောင် ဤဌပနာနည်းအားဖြင့် ပွားများအားထုတ်ရာသနည်း-ဟူမူကား ရူပါဝစရ စတုတ္ထစျာန်တိုင် အောင်သည် ဌပနာခေတ်ပေတည်း။

ငြိမ်ဝပ်ပျံ့ပျူး စိတ်စိုက်စူး အထူးစိတ်ထားနည်းပြီး၏၊

--------

နိမိတ် ၃-ပါး, ဘာဝနာ ၃-ပါးခွဲနည်း

ဂဏနာနည်း, အနုဗန္ဓနာနည်း, ဌပနာနည်း-ဟူသော နည်းသုံးပါး တို့ဖြင့် အစဉ်အတိုင်း ပွားများဖြစ်ထွန်း၍ သွားရာ၌ နိမိတ် ၃-ပါး, ဘာဝနာ သမာဓိ ၃-ပါးခွဲနည်းကား

၁။ ဂဏနာ အခန်း၌ ထင်မြင်အပ်သော ထွက်သက် ဝင်သက် အာရုံသည် ပရိကမ္မနိမိတ် မည်၏၊

၂။ အနုဗန္ဓနာခန်း၌ ထင်မြင်အပ်သော ထိုအာရုံသည်ပင်လျှင် ဥဂ္ဂဟနိမိတ် မည်၏၊

၃။ ဌပနာအခန်း၌ ထင်မြင်အပ်သော ပညတ်အာရုံသည် ပဋိဘာဂနိမိတ် မည်၏၊

ဤကား နိမိတ် ၃-ပါးခြားနားပုံတည်း။

၁။ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်နှစ်ပါးခိုက်ရာ၌ ပွားများသော ဘာဝနာသမာဓိသည် ပရိကမ္မဘာဝနာ သမာဓိမည်၏၊

၂။ ဌပနာခေတ်တွင်အပ္ပနာစျာန်သိုမရောက်မီအကြား ပဋိဘာဂ နိမိတ်ကိုအာရုံပြု၍ ပွားများသောသမာဓိသည် ဥပစာရဘာဝနာသမာဓိ မည်၏၊

၃။ စတုတ္ထနည်းအားဖြင့် ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်-ဟု ဆိုအပ်သော ရူပါဝစရစျာန် ၄-ပါးသည် အပ္ပနာဘာဝနာ သမာဓိ မည်၏၊

အာနာပါနအလုပ်ကို အားထုတ်ရာ၌ ဂဏနာ, အနုဗန္ဓနာတို့အခန်းတွင် ထွက်သက် ဝင်သက်တည်းဟူသော ကမ္မဋ္ဌာန်းအာရုံသည် အဆင့်ဆင့်သိမ်မွေ့၍ သွားသဖြင့် ပျောက်ကွယ်၍ သွားသကဲ့သို့ ဖြစ် တတ်၏၊ ထိုအခါ စိတ်ကို ထိရာဌာန၌သာ ထားမြဲထား၍ အလွန်သိမ်မွေ့ လှစွာသော ထိုအာရုံကို ထိုနေရာမှာပင် ရအောင်ယူနိုင်၍ ထိုအာရုံ ထင်ရှားပေါ်ပြန်သည့်နောက် မကြာမီ ပဋိဘာဂနိမိတ် ပေါ်လာလတ္တံ့၊ ဥပစာရစျာန်သို့ ဆိုက်လတ္တံ့၊ နီဝရဏတရား ၅-ပါးကွာပြီးသော ကာမာ ဝစရဘာဝနာ ဥပစာရသမာဓိ-ကိုဥပစာရစျာန် ဆိုသည်။ ဤကမ္မဋ္ဌာန်းအာရုံ၏ အဆင့်ဆင့် သိမ်မွေ့၍ ပျောက်ကွယ်မှုမှာ အဋ္ဌကထာနည်းလမ်း၌ သိမ်မွေ့၍သွားအောင် တမင်အားထုတ်မှုကို မဆို၊ သူ့အလိုအလျောက် အဆင့်ဆင့် သိမ်မွေ၍သွားသည်ကို ဆို၏၊ လောက၌လည်း ဤကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ကြရာ အဆင့်ဆင့် သိမ်မွေ့၍သွားသဖြင့် ထွက်သက် ဝင်သက် ပျောက်ကွယ်၍ သွားသူများ ကို တွေ့မြင်ရဖူး၏၊

ရှေ့၌ ထုတ်ပြခဲ့ပြီးသော ပါဠိတော် နောက်ဆုံးဝါရ၌ကား ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သက္ခတိ၊

ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သက္ခတိ။

ဟုဟောတော်မူ၏၊

ဤပါဠိတော်မြတ်အလိုမူကား-အနုဗန္ဓနာအခန်းသို့ ရောက် သောအခါ၌ ထွက်သက် ဝင်သက်ကို အဆင့်ဆင့် သိမ်မွေ့၍သွားလေ အောင် တမင်အားထုတ်ရမည်ပင်ဖြစ်၏၊

(ဤအာရုံ ပျောက်ကွယ်ခန်းမှာ ကမ္မဋ္ဌာန်းအစီအရင်၌ မလိမ္မာ သော ယောဂီပုဂ္ဂိုလ်သည် ထွက်သက်ဝင်သက်ပျောက်ကွယ်၍ သွားခဲ့ ပြီဟုထင်၏၊ ကမ္မဋ္ဌာန်းအလုပ်ကို လွှတ်၍ပစ်တတ်၏၊သတိမူကြလေ။)

ပါဠိတော်နှင့် အဋ္ဌကထာနှီးနှောပုံ

ထုတ်ပြခဲ့ပြီးသော ပါဠိတော် ၄-ဝါရ၏ အရဖြစ်သော

၁။ သတိမြဲရာ၊ ပထမာ၊ ဒု-မှာ ရှည်တို-သိ။

၂။ လုံးစုံလင်းရာ၊ တ၌သာ၊ စ-မှာ ငြိမ်းစေဘိ။

ဟူသော ၄-ချက်ကို ပြဆိုခဲ့ပြီးသော ဂဏနာ-အစရှိသော အဋ္ဌကထာနည်းလမ်းနှင့် နှီးနှောရာ၏၊

နှီးနှောပုံကား-ထိရာဌာန၌ စိတ်ကို စိုက်ထား၍ ဂဏနာနည်း အားဖြင့်အစဉ်မှန်စွာ ရေတွက်မှုသည် သတိမြဲရာ ပထမာဖြစ်၏၊ နာရီ အပိုင်းအခြားနှင့်ကမ္မဋ္ဌာန်းအလုပ်ခွင်သို့ဝင်၍ နှလုံးသွင်းရာ အပသို့ ခဏ ခဏ ထွက်ပြေးသော စိတ်ဝိတက်ကို ချိုးဖျက်ခြင်းငှာ ဂဏနာနည်းကို ပြုလုပ်ရသည်ဖြစ်၍ ဂဏနာခန်း၌ အရှည်အတို သိမှုကို တမင်အားထုတ် ဖွယ် မရှိသေး၊ ''သတောဝအဿသတိ သတောဝ ပဿသတိ'' ဟူသော ပါဠိတော် မြတ်နှင့်အညီ ထွက်သက် ဝင်သက်၌ သတိမြဲ၍ အပသို့ ခဏ ခဏထွက်သော စိတ် ဝိတက်ငြိမ်းမှုကိုသာ ကောင်းစွာ ငြိမ်းအောင် အားထုတ်ရာ၏၊

ထိုကြောင့် အဋ္ဌကထာ၌

ဗဟိ ဝိသဋဝိတက္ကဝိစ္ဆေဒံ ကတွာ အဿာသ ပဿာသာရမ္မဏေ သတိသဏ္ဌပနတ္ထံယေဝ ဟိ ဂဏနာ။ ဟူ၍ မိန့်ပြီ။

ဂဏနာ၊ ရေတွက်ခန်းမည်သည်။ ဗဟိ၊ မိမိကိုယ်အင်္ဂါမှ အပ, အလွတ်၌။ ဝိသဋဝိတက္ကဝိစ္ဆေဒံ၊ ဘဝ အဆက်ဆက် ပျံ့နှံ့ပြေးသွား၍ နေသောစိတ်ဝိတက်အလျဉ်၏ ပြတ်ခြင်းကို။ ကတွာ၊ ပြု၍။ အဿာသ ပဿာသာရမ္မဏေ၊ မိမိကိုယ်အင်္ဂါဖြစ်သော ထွက်သက် ဝင်သက် ဖြစ်သော အာရုံ၌။ သတိသဏ္ဌပနတ္ထံယေဝ၊ သတိကို ခိုင်မြဲစွာ ထားခြင်း ငှာသာလျှင်။ ဟောတိ၊ဖြစ်၏၊

ဂဏနာခန်းပြီးစီး၍ အနုဗန္ဓနာခန်းသို့ ရောက်သောအခါ ''ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ'' အစရှိသော ဒုတိယ ဝါရပါဠိတော်မြတ်နှင့်အညီ ထိရာဌာန၌ စိတ်ကို ခိုင်မြဲစွာထားမှုနှင့်တကွ အရှည်အတို သိမှုကိုလည်း အစဉ်မှန်စွာသိအောင် သတိပြုရာ၏၊ အရှည်အတိုသိမှုကိုသတိပြုရာ၌ ထွက်သက် ဝင်သက်တို့ကို အစ, အလယ်, အဆုံး-အစဉ်လိုက်၍တမင်အာရုံပြုရသည်မဟုတ်၊ စိတ်ကို ထိရာဌာန၌ ခိုင်မြဲစွာ ထားမြဲထား၍ အရှည်အတိုကိုလည်း အစဉ်မှန်စွာ သိအောင် ငါသတိပြုမည်ဟု ဥဿာဟတစ်ခုတိုး၍ ပြုရုံမျှသာတည်း၊ ရှည်သော အကြိမ်မှာ ထိရာဌာန၌ ထိခိုက်မှုတာရှည်၏၊ တိုသော အကြိမ်မှာ ထိရာဌာန၌ ထိခိုက်မှုတာတို၏၊ ထိခိုက်ချက်တာရှည်မှု, တာတိုမှုကို သိ၍အရှည်အတိုကို သိ၏၊

စိတ်၏ ဗျာပါရမည်သည် အလွန်ပျံ့နှံ့နိုင်သော သဘောသတ္တိ ရှိသောကြောင့် ထိရာဌာန၌ပင် စိုက်၍ ထားငြားသော်လည်း ထိရာဌာနမှ အတွင်း၌ထွက်၍လာသောအလား, ဝင်၍သွားသော အလားများသည် လည်း အလိုလို ထင်မြင်လာလတ္တံ့။

အရှည် အတိုသိမှု စွဲမြဲသောအခါ၌

သဗ္ဗကာယပ္ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊

သဗ္ဗကာယပ္ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

ဟူသော တတိယဝါရ ပါဠိတော်မြတ်နှင့်အညီ ထိရာဌာန၌ စိတ်ကိုခိုင်မြဲစွာစိုက်ထား၍ အရှည် အတို သိမှုနှင့်တကွ ထွက်သက် ကိုအစ, အလယ်, အဆုံး အကုန်လုံး ထင်လင်းစေမှု၊ ဝင်သက်ကို အစ, အလယ်, အဆုံး အကုန်လုံးထင်လင်းစေမှုကို အထူးအားထုတ်ရာ၏၊ ထွက်သက် လွှတ်မည်ရှိခဲ့လျှင် အမှတ်တမဲ့ မလွတ်မူ၍ ဝမ်းတွင်း၌ ဖြစ်ပေါ်သော အစမှစ၍ ထိရာဌာနတိုင်အောင်ထွက်သက်သဏ္ဌာန်ကို စိတ်၌ ထင်ရှားအောင်ပြု၍ ထွက်သက် လွှတ်မည်ဟု ဥဿာဟပြု၍ပြု၍ လွှတ်ရမည်၊ ထိရာဌာနမှစ၍ ဝမ်းတွင်း၌ ဆုံးရာဌာနတိုင်အောင် ဝင် သက်သဏ္ဌာန်ကို စိတ်၌ထင်ရှားအောင်ပြု၍ဝင်သက်ရှူမည်ဟု ဥဿာဟ ပြု၍ ရှူရမည်။

ထိုသို့ပြုရာ၌လည်း နှာသီးဖျားဟု ဆိုအပ်သော ထိရာဌာန၌ စိတ်ကိုခိုင်မြဲစွာ ထားမြဲထား၍သာ ဥဿာဟ ပြုရမည်၊ ထိရာဌာန၌ စိတ်ထားမှုကိုလွှတ်၍ မလိုက်ရ၊ ထိရာဌာနကို လွှတ်၍ မလိုက်သော် လည်း အစ, အလယ်, အဆုံး-အကုန်လုံးထင်ရှားစေမည်-ဟူသော ဥဿာဟနှင့်တကွ ထိရာဌာန၌စိတ်ကိုစိုက်၍ထားလျှင်ပင် တစတစ အားဖြင့် ထွက်သက် ဝင်သက်တို့သည် အစ, အလယ်, အဆုံး-အကုန်လုံး အလိုလို ထင်ရှားလာ ကုန်လတ္တံ့။

အစ, အလယ်, အဆုံး-အကုန်လုံး ထင်လင်းစွာ ထင်မြင် သောအခါ၌

ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊

ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။

ဟူသော စတုတ္ထပါဠိတော်နှင့်အညီ အဆင့်ဆင့် ရုန့်ရင်းမှု၏ ချုပ်ငြိမ်းခြင်း, အဆင့်ဆင့်သိမ်မွေ့ခြင်း ကွယ်ပျောက်၍ သွားပြီး ထင်ရအောင်သိမ်မွေ့ခြင်းသို့ အလိုအလျောက် မရောက်ခဲ့သည်ရှိသော် ထိုသို့ သိမ်မွေ့ခြင်းသို့ ရောက်အောင်အားထုတ်မည်-ဟူသော ဥဿာဟ ကိုပြု၍ ထွက်သက်ဝင်သက်ကို ဖြစ်စေရမည်၊ အမှတ်တမဲ့မဖြစ်စေရာ။ အဋ္ဌကထာနည်း၌ကား-ဂဏနာနည်းမှစ၍ပင် အလိုအလျောက် အဆင့်ဆင့် သိမ်မွေ့၍သွားမှု, ကွယ်ပျောက်သော အခြင်းအရာသို့ ရောက်မှုကို ပြပေ၏၊ အလိုအလျောက် ကွယ်ပျောက်သူများကိုလည်း ငါတို့တွေ့မြင် ရဖူး၏၊

ဂဏနာ ဝသေနေဝပန မနသိကာရကာလတော ပဘုတိ အနုက္ကမတော ဩဠာရိက အဿာသ ပဿာသ နိရောဓဝသေန ကာယဒရထေ ဝူပသန္တေ ကာယောပိ စိတ္တံ လဟုကံ ဟောတိ၊ သရီရံ အာကာသေ လင်္ဃနာ ကာရပ္ပတ္တံဝိယ ဟောတိ။

အနက်။။ အထူးဖြစ်တတ်ပုံကို ပြဆိုပေအံ့။ ဂဏနာ ဝသေနေဝ၊ ဂဏနာနည်း၏ အစွမ်းဖြင့်သာလျှင်။ မနသိကာရ ကာလ တော၊ နှလုံးသွင်းသောကာလမှ။ ပဘုတိ၊ အစပြု၍။ အနုက္ကမတော၊ အစဉ်အားဖြင့်။ ဩဠာရိက အဿာသပဿာသနိရောဓဝသေန၊ ရုန့်ရင်း သော ထွက်သက်ဝင်သက်တို့၏ အဆင့်အဆင့် ချုပ်ငြိမ်းသည်၏ အစွမ်းဖြင့်။ ကာယဒရထေ၊ ကိုယ်တွင်း သဏ္ဍာန် ပူပန်ချောက်ချားမှုသည်။ ဝူပသန္တေ၊ ငြိမ်းလတ်သော်။ ကာယောပိ၊ ရူပကာယ တစ်ခုလုံးသည် လည်းကောင်း။ စိတ္တံပိ၊ စိတ်သည်လည်းကောင်း။ လဟူကံ၊ ပေါ့ပါးသည်။ ဟောတိ၊ ဖြစ်၏၊ သရီရံ၊ ကိုယ်ကောင်သည်။ အာကာသေ၊ ကောင်းကင်၌။ လင်္ဃနာကာရပတ္တံ ဝိယ၊ ပျံတက်လွင့်ပါးတော့ မည့်အခြင်းအရာသို့ ရောက်သကဲ့သို့။ ဟောတိ၊ ဖြစ်၏၊

(ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာမှ မြေနှင့် လက်လေးသစ်ခန့် ကွာ အောင် ကောင်းကင်သို့ တက်ကြွ၍ နေသူများကို ကြားရဖူး၏၊)

ဤသို့ ကွယ်ပျောက်သော အခြင်းအရာသို့ ရောက်သောအခါ ထိရာဋ္ဌာန၌ စိတ်ကိုခိုင်မြဲစွာ စိုက်ထား၍ ထိုအာရုံကို အရယူသဖြင့် တစ်ဖန်ပေါ်လွင် ထင်ရှား၍ လာသည်ရှိသော် ပဋိဘာဂနိမိတ် ဖြစ်ပေါ် လာ၏၊ ထိုအခါ ကြောက်ခြင်း, လန့်ခြင်း,အိပ်ခြင်း, ပျင်းရိခြင်းစသော နီဝရဏတရားတို့ ကျွတ်ကွာသဖြင့် ဥပစာရစျာန်ကို ရ၏၊

(ဤကား ပထမစတုက္က ပါဠိတော်နည်းနှင့် အဋ္ဌကထာနည်းကို နှီးနှောပြပုံတည်း)

အဋ္ဌကထာ၌ ဂဏနာ, အနုဗန္ဓနာ, ဖုသနာ, ဌပနာ, သလ္လက္ခဏာ, ဝိဝဋ္ဋနာ, ပါရိသုဒ္ဓိ ဟူ၍လာသော အာနာပါန ကမ္မဋ္ဌာန်း ၇-ခန်းတို့တွင် ဖုသနာ-ဟူသော ထိရာဌာနနှင့်တကွ ဂဏနာအခန်း, အနုဗန္ဓနာအခန်း, ဥပစာရစျာန် ဟုဆိုအပ်သော ဌပနာအခန်းများကို ပြဆိုမှုပြီး၏၊ ဤ ပထမ စတုက္ကသည် လိုရင်းပဓာနတည်း၊ ယခုအခါ၌ ဤပထမစတုက္က အလုပ် ပြီးစီးလျှင်ပင် သမထဝိပဿနာ လိုရာအလုပ်ကို လုပ်နိုင်ပြီ။

(ဤကား အာနာပါနဿတိကမ္မဋ္ဌာန်းပွားများ အားထုတ်ပုံတည်း)

အနုဿတိကမ္မဋ္ဌာန်း ပြီး၏၊

-----------

၇-ဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်းကို ပြဆိုခန်း

(က) မေတ္တာဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

ဗြဟ္မဝိဟာရ ၄-ပါးတို့တွင် မေတ္တာဗြဟ္မဝိဟာရကို ပွားများ အား ထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ ပွားများရာ၏၊

ကုသိုလ်ရရုံ ပွားများနည်း

မေတ္တာပွားများနည်းသည် ကုသိုလ်ရရုံ ပွားများနည်း, စျာန် အပ္ပနာရအောင် ပွားများနည်းဟု ၂-မျိုးရှိသည်၊ ထို ၂-မျိုးတို့တွင် ကုသိုလ်ရရုံ ပွားများနည်းမှာ တစ်ကျောင်းလုံး, တစ်တိုက်လုံး,တစ်အိမ်လုံး, တစ်ရွာလုံး, တစ်မြို့လုံး-စသည်ဖြင့် သတ္တဝါအများကို တစ်လုံးတည်း အာရုံပြု၍ ဤသတ္တဝါတို့သည် ချမ်းသာပါစေ, သတ္တဝါခပ်သိမ်း အကုန်လုံး ချမ်းသာပါစေ, ကိုယ်ရောစိတ်ရော ချမ်းသာပါစေ ဟု ချမ်းသာစေလိုသော စိတ်ဆန္ဒ အဖန်ဖန် ဖြစ်ရသည်၊ ပွားများရသည်။

ဤသို့ဖြစ်ရာ ပွားများရာမှာလည်း သားငယ်အား အလွန်ချစ် ခင်သောမိခင်သည် အချိန်လွန်ခါနီးမှ ရရှိလာသော တစ်ယောက်တည်း သော သားငယ်ကို အလွန်သနားစောင့်ရှောက် ချစ်ခင်ဘိသကဲ့သို့ တကယ် အမှန် ချမ်းသာစေလိုသော စိတ်ဆန္ဒဖြစ်မှသာ မေတ္တာတည်း၊ စိတ်ကမပါဘဲနှင့် နှုတ်ကချမ်းသာပါစေ ဟုဆိုရုံနှင့် မေတ္တာမဟုတ်၊ စိတ်ကချမ်းသာစေလိုသော ဆန္ဒမရှိပါဘဲနှင့် ''အဝေရာ ဟောန္တု, အဗျာပဇ္ဇာ ဟောန္တု'' စသည်ကို အနက်ပါဠိရွတ်၍နေငြားသော်လည်း ထိရောက်သော မေတ္တာပို့ဟု မဆိုသာ၊ ကုသိုလ်ရရုံမျှသာ ဖြစ်လေသော ကြောင့် ကုသိုလ်ရရုံ မေတ္တာဘာဝနာဟု ဆိုရသည်။

ကုသိုလ်ရရုံ မေတ္တာပွားများနည်း ပြီး၏၊

စျာန်ရအောင် မေတ္တာပွားများနည်း

စျာန်ရအောင် မေတ္တာပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ''ငါသည်လည်း ဆင်းရဲဒုက္ခကိုမုန်း၏၊ ချမ်းသာသုခကို အလိုရှိ၏၊ နှစ်သက်၏၊ ခပ်သိမ်းသော သတ္တဝါတို့သည်လည်း ငါကဲ့သို့ ဆင်းရဲ ဒုက္ခကို မုန်းကြ၏၊ ချမ်းသာ သုခကို အလိုရှိကြ၏ နှစ်သက်ကြ၏၊ ငါသည်လည်း ချမ်းသာသုခကို အလိုရှိ၏၊ သတ္တဝါ ခပ်သိမ်းလည်း ချမ်းသာသုခ ရကြ ပါစေ'' ဟုခပ်သိမ်းသော သတ္တဝါတို့၌ ချမ်းသာစေလိုသော စိတ်ဆန္ဒကို ညွတ်စေ၍-ဤယခုနေ့မှစ၍ ရှေးလွန်ခဲ့ပြီးသော၂-နှစ် ၃-နှစ်လောက် ကျအောင်သော်လည်းကောင်း, ၅-နှစ် ၁၀-နှစ် လောက်ကျအောင်သော် လည်းကောင်း ထို့ထက် အလွန်သော်လည်းကောင်း၊ ဤအတွင်း၌ မိမိသွားဖူးသမျှ, ရောက်ဖူးသမျှ, နေဖူးသမျှ, အရပ်တို့၌ မိမိနှင့်တွေ့ဖူး, မြင်ဖူး, ကြုံဖူး, စကားပြောဖူး, အတူနေဖူး, အတူထိုင်ဖူး, အချင်းချင်း ကျေးဇူးပြုဖူးသမျှသော ပုဂ္ဂိုလ်ကြီးငယ်တို့ကို အကုန်ပြန်၍ စဉ်းစား၍, တွေး၍, အမှတ်ရ၍, ဤယနေ့တွေ့ဖူး, ကြုံဖူးသော ပုဂ္ဂိုလ်ကြီးငယ်မှစ၍ နောက်ပြန် အစဉ်အတိုင်း ဤသူသည် ငါကဲ့သို့ အသက်နှင့်သူပဲ၊ ချမ်းသာ ချင်ရှာတယ်၊ ချမ်းသာပါစေ၊ တစ်စုံတစ်ရာမှ ရောဂါဝေဒနာ ဘေးရန် အန္တရာယ် မတွယ်မငြိပါစေနှင့်။ ချမ်းသာပါစေ၊ ကိုယ်ရောစိတ်ရော ချမ်းသာပါစေ-ဟု မိမိတွေ့ဖူးသမျှကြုံဖူးသမျှ, ပုဂ္ဂိုလ်ကြီးငယ် သတ္တဝါ တို့ကို တစ်ယောက်ချင်း, တစ်ယောက်ချင်း နောက်ပြန် အစဉ်အတိုင်း မေတ္တာပို့၍ သွားရာ၏၊ မိမိနှင့် မတွေ့မမြင်ဖူးငြားသော်လည်း အဝေးက လှမ်း၍ မိမိကို ကျေးဇူးပြုဖူးတဲ့သူ-ဆိုလျှင် တိရစ္ဆာန်ကလေးတောင် မကျန်စေနှင့်၊ အကုန်ပါအောင်ပို့။

ဤသို့ နောက်ပြန် အစဉ်အတိုင်း မေတ္တာပို့သွား၍ ၁၀-နှစ် လောက်က တွေ့ကြုံဖူးတဲ့ အဆုံးစွန် ပုဂ္ဂိုလ်သို့ကျလျှင် ထိုသူမှ တစ်ဖန် လှည့်ပြန်၍ ယခုတွေ့ဖူးတဲ့သူကျအောင် အနုလုံ အစဉ်အတိုင်း တစ် ယောက်ချင်း တစ်ယောက်ချင်း ပို့၍လာရာ၏၊ ကာယဂတာသတိ ပွားများ ရာ၌ကောဋ္ဌာသတို့ကို အနုလုံ, ပဋိလုံ-အခေါက်ခေါက် အပြန်ပြန် ကြည့်ရှု ဘိသကဲ့သို့ မိမိတွေ့ကြုံဖူးသမျှ ပုဂ္ဂိုလ်သတ္တဝါတို့ကို နောက်ပြန် ရှေ့ပြန် ပဋိလုံ, အနုလုံအားဖြင့် တစ်ယောက်ချင်း, တစ်ယောက်ချင်း အခေါက် ခေါက် အပြန်ပြန် မေတ္တာ ပို့၍ပို့၍ သွားသည်ရှိသော် ဤ သတ္တဝါတွေထဲ၌ တဏှာပေမ မဖက်ဘဲ ကုသိုလ်မေတ္တာ သက်သက်ဖြင့် ချစ်ခင်နိုင်သော အချစ်ခင်ဆုံး, မေတ္တာစိတ် ကြပ်ကြပ်အသက်ဝင်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ကို တွေ့လတ္တံ့။

ထိုပုဂ္ဂိုလ်ကိုသာ စိတ်နှင့် ဉာဏ်နှင့်ကြည့်၍ ဤသူသည်ငါ့အား သနားချစ်ခင်ရှာတယ်၊ ဤမည်သော, ဤမည်သော ကျေးဇူးဥပကာရ ပြုရှာဖူးတယ်၊ စောင်မရှာတယ်၊ ဤသူသည် ငါကဲ့သို့ အသက်နှင့် သတ္တဝါ ဖြစ်တယ်၊ ဆင်းရဲကို မုန်းရှာတယ်၊ ချမ်းသာသုခကို နှစ်သက်လိုချင် ရှာတယ်၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေ၊ တစ်စုံတစ်ခု ရောဂါ ဝေဒနာ ဘေးရန်အန္တရာယ်မတွယ်မငြိပါစေနှင့်၊ ကိုယ်ရော စိတ်ရော အေးအေးမြမြ ချမ်းသာပါစေ-ဟု ထိုပုဂ္ဂိုလ်ကို ခြေဖျားမှသည် ဦးခေါင်း ဦးရေကျအောင်, ဦးခေါင်းဦးရေမှသည် ခြေဖျားကျအောင် အပြင်ရော တစ်ကိုယ်လုံး အနှံ့အပြား မေတ္တာစိတ် ဖြန့်ဖြန့်နှံ့နှံ့ ပို့သရာ၏၊ နှလုံးသွင်းရှိ စိတ်ကလေး ကိုလည်း မေတ္တာစိတ်နှင့်ဝင်၍ ဤသူ၏စိတ်ကလေးသည် ပူလောင်ခြင်း ဆင်းရဲခြင်းမရှိ ချမ်းသာပါစေဟု ဖြန့်နှံ့ပို့သရာ၏၊

ဤကဲ့သို့ အဖန်ဖန် မေတ္တာစိတ် ဖြန့်နှံ့၍ပို့သနေလျှင် ကြာသော အခါ ထိုပုဂ္ဂိုလ်ကို မျက်စိနှင့် မြင်ရဘိသကဲ့သို့ ထင်မြင်၍, အနီး၌ချဉ်း ကပ်၍ နေဘိသကဲ့သို့ထင်မြင်၍လာ၏၊ ချစ်ခင်ခြင်းမေတ္တာစိတ်လည်း အလွန်အားကြီး၍လာ၏၊ မေတ္တာစိတ်တွေ တဖွားဖွားဖြစ်၍ ထို ပုဂ္ဂိုလ်၌ သာ တွယ်၍နေတော့၏၊ များစွာ မပြေးလွင့်တော့ပြီ၊ ထိုအခါ ဥဂ္ဂဟ နိမိတ်ရပြီ-ဟူ၍မှတ်၊ ဥဂ္ဂဟဖြစ်အောင် ထင်မြင်ရသောထိုပုဂ္ဂိုလ်ကို အဖန်ဖန်မေတ္တာစိတ် ဖြန့်နှံ့သို့သသည်ရှိသော် ကြာသောအခါ စိတ်သည် ထိုပုဂ္ဂိုလ်၌ တွယ်၍ အလွန်ငြိမ်သက် တည်ကြည်၍ စျာန်အဂါင်္ ၅-ပါးနှင့် ပြည့်စုံသော ပထမစျာန်ဇော အပ္ပနာဝီထိကျလာ၏၊ ပထမစျာန်ကို ရ၏၊

ထိုသို့ ပထမစျာန်ကိုရပြီးသောရောဂီသည် ပုဂ္ဂိုလ်ကိုပင်လျှင် အာရုံပြု၍မေတ္တာစိတ် ဖြန့်နှံ့ပို့သ၍ ကသိုဏ်း၌ဆိုခဲ့ပြီးသော နည်းအတိုင်း အထက်ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်-ကျအောင် တက်အပ်၏၊ ဖြစ်စေအပ်၏၊ ဤသို့တစ်ဦးတည်းသော ပုဂ္ဂိုလ်ကို မေတ္တာစိတ် ဖြန့်နှံ့ ပို့သ၍, အာရုံပြု၍ စတုတ္ထစျာန်ကျအောင် ရပြီး၍ ဝသီဘော်နိုင်ပြီး သောအခါ မိမိတွေ့ဖူး ကြုံဖူး၍ ပထမမေတ္တာပို့၍ ချန်ထားခဲ့သော ပုဂ္ဂိုလ် တို့ကိုလည်း တစ်ယောက်ချင်း တစ်ယောက်ချင်း, စေ့အောင် ဤနည်းတူ မေတ္တာစိတ်ဖြန့်နှံ့ပို့သ၍အရုံပြု၍ စတုတ္ထစျာန်ကျအောင် ဖြစ်စေအပ်၏၊

ထို့နောင် မိမိမတွေ့ဖူးသော်လည်း ကြားဖူးသမျှသော အရပ် ၁၀- မျက်နှာရှိ အလုံစုံသော သတ္တဝါတို့ကို တစ်ယောက်ချင်းသော် လည်း ကောင်း, အပေါင်းများစွာသတ္တဝါကို တစ်လုံးတည်း အာရုံပြု၍သော် လည်းကောင်း မေတ္တာစိတ်ဖြန့်နှံ့ပို့သ၍ အာရုံပြု၍ စတုတ္ထစျာန်ကျအောင် ဖြစ်စေအပ်၏၊

မိမိ၏ရန်သူပုဂ္ဂိုလ်

ထိုသို့မေတ္တာပို့ရာ၌ ထိုပုဂ္ဂိုလ် အပေါင်းတို့တွင် မိမိမုန်းသော ငြိုးသောရန်သူရန်ဖက်များတွေ့ရှိ၍ ထိုရန်သူ၌ အကယ်၍ မေတ္တာစျာန် မြုဖစ်နိုင်ဘဲ မဝင်စားနိုင်ဘဲ မုန်းသောစိတ်, မြင်ပြင်းကပ်သောစိတ်, ဒေါသ စိတ်များ ဖြစ်ပေါ်လာခဲ့လျှင်

''န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ ယော န မာတာဘူတပဗ္ဗော''။

စသောဘုရားရှင် ဟောကြားတော်မူသော အနမတဂ္ဂသုတ် တော်မြတ်အတိုင်း ထိုရန်သူသည် အသင်၏ ရန်သူမဟုတ်၊ ရှေးရှေး ဘဝတို့က အမိ-အဖစသည်ဖြစ်၍ အသင့်အား ကျေးဇူးပြုဖူးလှပြီ၊ ဤစိတ်ထဲ၌ ဖြစ်ပေါ်လာသော ဒေါသသည်သာလျှင် အသင်၏ရန်သူ တည်း၊ ထိုပုဂ္ဂိုလ်သည် အသင့်ကို စျာန်မှလျော့အောင်လည်း မလုပ်၊ ငရဲသို့ကျအောင်လည်းမချ၊ အသင်၏ရန်သူမဟုတ်၊ ဤဒေါသသည် သာလျှင် အသင့်ကို စျာန်မှလျော့ကျ အောင် ညှင်းဆဲသော, ငရဲကျ အောင်ချသော ရန်သူကြီးတည်း။

အသင်သည် ရန်သူမဟုတ်သောသူကို မမုန်းနှင့်၊ မမြင်ပြင်းနှင့်၊ ရန်သူဖြစ်သော ဒေါသ-ကိုသာမုန်းလော့၊ မြင်ပြင်းလော့၊ ပယ်ဖျက် သတ်ဖြတ်လော့-ဟု မိမိကိုယ်ကိုမိမိဆုံးမ၍ မိမိရန်သူ အစစ်ဖြစ်သော အမျက်ဒေါသကိုသာလျှင် သတ်ဖြတ်ပြေငြိမ်းစေ၍ ထိုရန်သူပုဂ္ဂိုလ်၌ ရှေးရှေးက အမိအဖ-စသည်ဖြစ်ဖူးသောအဖြစ်ကို အောက်မေ့ဆင်ခြင်၍ ယခုလည်း အမိရင်း, အဖရင်း-စသည်ကဲ့သို့ မှတ်လျက် မေတ္တာစျာန်ကျစေ ဖြစ်စေအပ်၏၊

အကယ်၍ အမိ, အဖ-စသည်ကဲ့သို့ မမှတ်နိုင်ဘဲ သူစိမ်းအ နေနှင့် ထင်၍နေလျင် ဩ-သူလဲ ငါလိုပဲ၊ အသက်နှင့်အကောင်ပဲ၊ ဆင်းရဲ ဒုက္ခကို မုန်းရှာတယ်၊ ချမ်းသာသုခကို နှစ်သက်လိုလားရှာတယ်၊ ချမ်းသာ ချင်ရှာတယ်၊ ချမ်းသာပါစေ-ဟု ကိုယ်ချင်းစာ၍ မေတ္တာစျာန်ဇောကျစေ, ဖြစ်စေအပ်၏၊ အကယ်၍ ဤကဲ့သို့လည်း ကိုယ်ချင်း မစာနိုင်၍ မုန်းစိတ် မပျောက်ခဲ့ဘဲ မေတ္တာစျာန်ဇော ထိုသူ၌ မကျင့်နိုင်ခဲ့ငြားအံ့၊ ထိုသို့ဖြစ်ခဲ့ လျှင် သူခပ် သိမ်းတို့၌မေတ္တာစျာန် ကျစေပြီးမှ နောက်ဆုံးမှ ဤရန်သူ လူမုန်း၌ ကျစေအပ်၏၊

ရန်သူ မဟုတ်သော သူတို့၌ မေတ္တာစျာန်ဇော ကျဖန် ဖြစ်စ်ဖန် များ၍ မေတ္တာစိတ် ထက်သန်အားကောင်းသောအခါ အလွန်မုန်းသော ရန်သူ၌လည်း မေတ္တာစျာန်ဖြစ်နိုင်တော့၏၊ အကယ်၍ ဤကဲ့သို့ စျာန်ဇော မကျစေ နိုင်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် ထိုရန်သူမုန်းကို နှလုံးမသွင်းအပ်၊ အာရုံမပြုအပ်၊ မေတ္တာမပို့အပ်၊ တောထဲ၌ရှိသော မြက်မှိုက်, ထင်းချောင်း တို့နှင့်အတူသာ ထားအပ်တော့သည်၊ ရှိသည်ဟူ၍ပင် မမှတ်အပ်၊ အနာရမ္မဏဥပေက္ခာ ပြုအပ်၏၊ မေတ္တာစျာန်ဇောကျစေနိုင်သော ထိုရန်သူမှကြွင်းသော ခပ်သိမ်းသောသတ္တာဝါတို့ကိုသာလျှင် မေတ္တာစျာန် ဇော ဖြန့်နှံ့ပို့သအပ်၏၊

မေတ္တာဗြဟ္မဝိဟာရ ပွားများပုံ ပြီး၏၊

(ခ-ဂ) ကရုဏာ, မုဒိတာ ဗြဟ္မဝိဟာရ ပွားများအားထုတ်ပုံ

ကရုဏာ, မုဒိတာ-တို့ကို ပွါးများနည်းသည်လည်း မေတ္တာနည်း တူပင် ကုသိုလ်ရရုံ ပွါးများနည်း စျာန်အပ္ပနာကိုရအောင် ပွါးများနည်းဟု ၂-မျိုးရှိသည်။

ကုသိုလ်ရရုံ ပွါးများနည်း

ထို ၂-မျိုးတို့တွင် ကုသိုလ်ရရုံ ပွါးများနည်းမှာ သားကိုချစ်ခင် တတ်သော အမိသည် ထိုမိမိသားငယ် ဆင်းရဲဒုက္ခရောက်၍နေလျှင် ထိုဆင်းရဲဒုက္ခမှ အလွန်လွတ်စေခြင်ဘိသကဲ့သို့ အလွန်သနားခြင်း ဖြစ်ဘိသကဲ့သို့ ထိုမိမိသားစည်းစိမ်ချမ်းသာနှင့် ပြည့်ပြည့်စုံစုံ ခံစံ၍ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် နေသည်ကို တွေ့မြင်ရလျှင်လည်း ထိုစည်းစိမ် ချမ်းသာမှ မဆုတ်မယုတ် အလွန်ကြာမြင့်စွာ ဤစည်းစိမ် အတိုင်းသာလျှင် တည်စေချင်ဘိသကဲ့သို့ တိုး၍သာ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံစေခြင်ဘိသကဲ့သို့, အလွန်နှစ်သက် ဝမ်းမြောက်ခြင်း ဝမ်းသာချင်း ဖြစ်ဘိသကဲ့သို့ ထို့အတူ တစ်ယောက်တည်းသော်လည်းဖြစ်စေ, အများ သော်လည်းဖြစ်စေ ဆင်းရဲဒုက္ခရောက်၍နေသော သတ္တဝါကို ထိုဆင်းရဲ ဒုက္ခမှ လွတ်စေလိုသော စိတ်ဆန္ဒဖြင့် အလွန်သနားခြင်း ဖြစ်ရာ၏၊

စည်းစိမ်ချမ်းသာ ပြည့်ပြည့်စုံစုံနှင့် ခံစံမွေ့လျော်၍ ပျော်ပျော် ရွှင်ရွှင် တင့်တင်တယ်တယ် ချမ်းသာ၍ နေသောသူကို တွေ့မြင်လျှင် လည်း ဤသူသည် ဤစည်းစိမ်ချမ်းသာမှ မဆုတ်မယုတ်ဘဲ ဤစည်းစိမ် ချမ်းသာ အတိုင်းသာ တည်ပါစေ, တိုးတက်၍သာ စည်းစိမ် ချမ်းသာ နှင့်ပြည့်စုံပါစေ-ဟု တောင့်တလျက် အလွန်နှစ်သက် ဝမ်းမြောက်ခြင်း ဝမ်းသာခြင်းဖြစ်ရာ၏၊ ဝမ်းသာဝမ်းမြောက်သော မုဒိတာစိတ်ကို အဖန်ဖန်ဖြစ်စေရာ၏၊ ပွါးများရာ၏၊ မနာလိုဘဲ ငြူစူစောင်းမြောင်းခြင်း ဣဿာတရားမဖြစ်အပ်။

(ဤကား ကုသိုလ်ရရုံ ကရုဏာ မုဒိတာပွါးများနည်းတည်း။)

စျာန်ရအောင် ပွါးများနည်း

မေတ္တာကိုမပွါးများသော မေတ္တာစျာန်ကိုမရသောပုဂ္ဂိုလ်သည် ဆင်းရဲဒုက္ခရောက်၍ နေသောသူ၌ သနားသော ကရုဏာစိတ် ကြာမြင့်စွာ အလွန်တည်နိုင်ခဲ၏၊ စျာန်အပ္ပနာပေါ်အေင် အလွန်ကရုဏာစိတ် ဖြစ်နိုင်ခဲ၏၊ ကမ္မသကာ-ဟုအောက်ေ့မပြီး ကြောက်ကြမစိုက်ဘဲ, အာရုံ မပြုဘဲ အနာရမ္မဏဥပေက္ခာပြု၍ လျစ်လျူရှု၍သာ နေတတ်၏၊ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ၍ ချမ်းသာရွှင်လမ်း၍ နေသောသူ၌လည်း နှစ်သက်ဝမ်းမြောက်သော မုဒိတာစိတ်ကား သာလီန်၍ကြာမြင့်စွာ တည်နိုင်ခဲ၏၊ စျာန်အပ္ပနာဖြစ်အောင် အလွန်မုဒိတာစိတ်ဖြစ်နိုင်ခဲ၏၊ မနှစ်သက်မနာလိုခြင်း, ငြူစူခြင်း ဣဿာတရားသာ ဖြစ်တတ်၏၊ ထို့ကြောင့် စျာန်အပ္ပနာကိုရအောင် ကရုဏာ, မုဒိတာကို ပွါးများလိုသော ယောဂီပုဂ္ဂိုလ်သည် မေတ္တာကိုသာလျှင် ပွါးများအပ်၏၊

မေတ္တာကိုပွါးများ၍ မေတ္တာစျာန်ကိုရပြီးသောအခါမူကား ထိုမိမိမေတ္တာစျာန်စိတ်သည် အာရုံပြုအပ်သော မိမိအလွန်ချစ်ခင်၍ နေသော သတ္တဝါတို့၌ တစ်ဦးဦး ဆင်းရဲဒုက္ခရောက်၍နေလျှင် ထိုသူ့ကို အလွန်သနားခြင်း ဖြစ်တော့၏၊ ဖြစ်သည်နှင့်တစ်ပြိုင်နက် ဤသူသည် ဤဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ဆင်းရဲဒုက္ခမှလွတ်စေလိုသော အလွန် သနားသောစိတ်ဆန္ဒဖြစ်လျက် ခဏချင်း ကရုဏာ အပ္ပနာဇော ကျလေ တော့၏၊ ချစ်ခင်နေရာက သနားသော စိတ်ပြောင်းပေးလိုက်ရုံမျှသာ ဝန်ရှိတော့၏၊ ကရုဏာစျာန်ဇော ကျလာအောင် အထူးကြောင့်ကြ စိုက်၍ အားထုတ်၍ မနေရတော့ပြီ ချစ်ခင်အပ်သောသူတို့သည် အလွန် ဆင်းရဲဒုက္ခသို့ပင် မရောက်ငြားသော်လည်း ဤသူတွေ ဇတိဘေး, ဇရာဘေး, မရဏဘေးတို့မှ မလွတ်ကြရှာသေးပြီ၊ ထိုဘေးတွေ ထဲမှာပင် နစ်မွန်း၍ နေကြရှာ၏-ဟု သံသရာဘေးနှင့်ချီ၍ ဆင်ခြင်အောင့်မေ့ လိုက်လျှင်လည်း အလွန်အကဲအားဖြင့် ပုထုဇဉ် သတ္တဝါတို့သည် ဒုက္ခ သည်ချည်း ဖြစ်ကုန်သဖြင့် အလွန်သနားခြင်းဖြစ်၍ ထိုပုထုဇဉ် ပုဂ္ဂိုလ် တိုင်း၌ပင် ကရုဏာစျာန်ဇော ကျနိုင်, ဖြစ်နိုင်လေတော့၏၊ မိမိအလွန် မေတ္တာသက်ဝင် ချစ်ခင်အပ်သော, အလွန်သနား ကြင်နာအပ်သော ထိုပုဂ္ဂိုလ်တို့တွင် စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခံစံ၍ ရွှင်လန်းချမ်းသာစွာ နေသောသူကို တွေ့မြင်လျှင်လည်း အလွန်နှစ်သက် ဝမ်းမြောက်ခြင်း ဝမ်းသာခြင်း မုဒိတာ ဖြစ်လေတော့၏၊ ဖြစ်သည်နှင့်တပြိုင်နက် ဤသူသည် ဤစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ပါစေနှင့်၊ ဤစည်းစိမ် ချမ်းသာအတိုင်း နှစ်သက်ရွှင်လန်း ချမ်းသာစွာ တည်ပါစေဟု ထိုရပြီး သော စည်းစိမ်မှ မဆုတ်ယုတ်စေလိုသော ထိုကဲ့သို့ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ၍နေသည်ကို အလွန်နှစ်သက် ဝမ်းမြောက်ဝမ်းသာသော စိတ် ဆန္ဒဖြစ်လျက် ခဏချင်း မုဒိတာအပ္ပနာစျာန်ဇော ကျလေတော့၏၊

ချစ်နေရာက သနားနေရာက နှစ်သက်ဝမ်းမြောက်သော စိတ်ပြောင်းလဲပေးလိုက်ရုံမျှသာ ဝန်ရှိတော့၏၊ မုဒိတာစျာန်ဇော ကျလာ အောင် အထူးကြောင့်ကြစိုက်၍ အားထုတ်၍ မနေရတော့ပြီး၊ ထိုမိမိ သနား ချစ်ခင်အပ်သော သူတို့သည် အလွန်ပင် စည်းစိမ်ချမ်းသာသို့ မရောက်ငြားသော်လည်း မျက်နှာရွှင်ရွှင်လန်းလန်း ပြုံးပြုံးကြည်ကြည် နေကြသည်ကို မြင်ရလျှင်ပင် အလွန်နှစ်သက် ဝမ်းမြောက်ခြင်း, ဝမ်းသာ ခြင်းဖြစ်၍ ထိုပုဂ္ဂိုလ်၌ မုဒိတာစျာန်ဇောကျနိုင်, ဖြစ်နိုင်လေတော့၏၊

ဤ ကရုဏာ, မုဒိတာတို့ကိုလည်း မေတ္တာနည်းတူ စတုတ္ထစျာန် သို့ကျအောင် ပွားများအပ်ကုန်၏၊

ကရုဏာ, မုဒိတာ-ဗြဟ္မဝိဟာရ ၂-ပါး ပွားများပုံ ပြီး၏၊

------------

(ဃ) ဥပေက္ခာ ဗြဟ္မဝိဟာရ ပွားများ အားထုတ်ပုံ

မေတ္တာ, ကရုဏာ, မုဒိတာတို့ဖြင့် စတုတ္ထစျာန်ကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် အထက် ပဉ္စမစျာန်ကို တက်လိုသောအခါ အောက် က ကသိုဏ်း၌ ဆိုခဲ့ပြီးသောနည်းအတိုင်း စတုတ္ထစျာန်ကို သုခကို အပြစ်မြင်၍, မုန်း၍ ပဉ္စမစျာန်ကို ဥပေက္ခာကို သာယာချစ်ခင် လိုချင် တောင့်တ၍ တစ်ဦးဦးသော ပုဂ္ဂိုလ်၌ မေတ္တာစိတ်ဖြင့် သော်လည်း ကောင်း, ကရုဏာစိတ်ဖြင့်သော်လည်းကောင်း, မုဒိတာစိတ်ဖြင့်သော် လည်းကောင်း တစ်ခုခုဖြင့် စတုတ္ထစျာန်ကို ဝင်စား၍ စျာန်မှထပြီးလျှင် ထိုပုဂ္ဂိုလ်ကိုပင်လျှင် အာရုံဖြင့်

ဩော်-ဤပုဂ္ဂိုလ်သည် ငါကချမ်းသာပါစေ ဟု တောင့်တသော် လည်း သူချမ်းသာစရာ အကြောင်းကံရှိမှ ချမ်းသာမည်၊ ငါက ဆင်းရဲ ဒုက္ခ လွတ်ပါစေ ဟု တောင့်တသော်လည်း သူလွတ်စရာအကြောင်းကံရှိမှ လွတ်မည်၊ ငါက ဤစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ပါစေနှင့်-ဟု တောင့်တငြားသော်လည်း သူမဆုတ်စရာအကြောင်း ကံရှိမှ မဆုတ်ယုတ် မည်၊ ငါကတောင့်တ၍ ဖြစ်နိုင်သည်မဟုတ်၊ သူ့ကံရှိမှဖြစ်သည်၊ သူ့မှာကံသာလျှင် ကိုးကွယ် မှီခိုရာဥစ္စာရှိသည်၊''ကမ္မဿကာ-တည်း''ဟုစိတ်ထဲ၌ ချမ်းသာစေလိုသော ကြောင့်ကြစိုက်ခြင်း ဗျာပါရကို ရုပ်သိမ်း ၍ လျစ်လျူ ဥပေက္ခာသဘောနှင့်ဆင်ခြင်ကြည့်ရှုလိုက်လျှင် စျာန်စိတ်ထဲ၌ သုခဝေဒနာ မဟုတ်ဘဲ ဥပေက္ခာဝေဒနာဖြစ်၍ ဧကဂ္ဂတာနှင့်တကွ စျာန်အဂါင်္ ၂-ပါးနှင့် ပြည့်စုံသော ပဉ္စမစျာန် အပ္ပနာဝီထိ ကျလာ၏၊ ပဉ္စမစျာန်ကိုရ၏၊ ထိုပဉ္စမစျာန်ကိုအားကောင်းအောင်, မြဲမြံခိုင်ခံ့အောင်, ဝသီဘော်နိုင်အောင် ပြုအပ်၏၊

အောက်ဗြဟ္မဝိဟာရတို့ဖြင့် စတုတ္ထစျာန်ရပြီး၍ အထက်ပဥ္မမ စျာန်ကို ဖြစ်စေလိုသောအခါ ဤကဲ့သို့ စိတ်ထဲ၌ သတ္တဝါတို့ကို ချမ်းသာ အောင်-စသည်ဖြင့် ကြောင့်ကြစိုက်ခြင်း ဗျာပါရကို ရုပ်သိမ်း၍ သူ့မှာ ကံသာလျှင် အပြုအပြင် အစီအရင်ကိုးကွယ်ရာ ဥစ္စာရှိသည်၊ ကမ္မဿကာ-တည်းဟု လျစ်လျူဥပေက္ခာဖြင့် ဆင်ခြင်ကြည့်ရှုသည်ကို ဥပေက္ခာဗြဟ္မဝိဟာရ-ကို ပွားများသည်ဟု မှတ်ကြ၊ ဥပေက္ခာကို ပွားများ ရမည်ဆိုလို့ သတ္တဝါကို တောထဲမှာရှိနေသော မြက်မှိုက်ထင်းချောင်းတို့လို အမှတ်မရဘဲ အာရုံမပြုဘဲ မေ့လျော့နေရသည်မဟုတ်၊ အမှတ်မရ, နှလုံးမသွင်း, အာရုံမပြု, မေ့လျော့နေရသည့် အနာရမ္မဏ ဥပေက္ခာမျိုး မဟုတ်၊ အောက်ဗြဟ္မဝိဟာရ စတုတ္ထစျာန်စိတ် သက်ဝင်စွဲတွယ်၍ နေသည့် ပုဂ္ဂိုလ်ကိုပင်လျှင် စိတ်နှင့်စွဲတွယ် သက်ဝင်၍, အာရုံပြု၍ နေရသည်။

စိတ်ထဲမှာ ချမ်းသာခြင်း-စသည်ဖြစ်စေလိုတဲ့ ကြောင့်ကြစိုက်ခြင်း ဗျာပါရမျှကိုသာ ရုပ်သိမ်းရသည်၊ ကမ္မဿကာ-အနေနှင့် ကြောင့်ကြ စိုက်ခြင်းဗျာရကိုရုပ်သမ်း၍ ထိုပုဂ္ဂိုလ်ကိုပင်လျှင် လျစ်လျူ-ဥပေက္ခာ စိတ်နှင့် ကြည့်ရှု၍အာရုံပြု၍ စွဲတွယ်၍နေရသည်၊ ဤဥပေက္ခာ ဗြဟ္မဝိဟာရ-မှာ ကုသိုလ်ရရုံ ပွါးများမှုဟူ၍မရှိ၊ အောက်, ဗြဟ္မဝိဟာရ စတုတ္ထစျာန်ကိုမရဘဲ သတ္တဝါတို့ကို သူ့ကံနှင့်သူ ''ကမ္မဿကာ''တည်းဟု ရှုလို့ကုသိုလ်မဖြစ်၊ အကုသိုလ်လည်း မဖြစ်၊ တောထဲမှာရှိနေသော မြက်မှိုက်, ထင်းချောင်းတို့ကို လျစ်လျူရှုတဲ့ အနာရမ္မဏ ဥပေက္ခာမျိုး တည်း။

ဥပေက္ခာဗြဟ္မဝိဟာရ-ကမ္မဋ္ဌာန်းပြီး၏၊

---------

ဗြဟ္မဝိဟာရကမ္မဋ္ဌာန်း၌ မှတ်ဖွယ်

မေတ္တာကို ပွါးများသော သူအား ကရုဏာ, မုဒိတာ, ဥပေက္ခာတို့သည် အထူးများစွာ အားမထုတ်ရဘဲ အလိုလိုပြည့်စုံလာကြတော့၏၊ ထို့ကြောင့် မေတ္တာကိုသာလျှင် ရှေးဦစွာအားထုတ်အပ်၏၊ အားထုတ် ရာ၏၊ ဤမေတ္တာ၏ အကျိုးအာနိသင်သည် အလွန်များ၏၊ ကြီးမား မြင့်မြတ်၏၊ ဘဝသမ္ပတ္တိ အကျိုးပေးသန်သော ကောင်းသောကံ အများတို့တွင် ဤမေတ္တာကံသည် အထွတ်အမြတ်ဆုံး အသာဆုံးတည်း၊ မေတ္တာကံကို တုပြိုင်နိုင်သောကံ ဟူ၍မရှိ၊ အနုဿတိတို့တွင် ဗုဒ္ဓါနုဿတိ-ကံသည်ဘဝသမ္ပတ္တိ အကျိုးပေးသန်၏၊ ကြီးမားမြင့်မြတ်၏၊ ထို့ကြောင့် ဘဝများစွာ နေရဦးမည့် ဘုရားဖြစ်လိုသော ဘုရားဆုပန် ပုဂ္ဂိုလ်များမှာ အထူးအားဖြင့် ဗုဒ္ဓါနုဿတိနှင့် မေတ္တာ ၂-ပါးကို လက် ကိုင်ထားကြရာ၏၊ ပွါးများကြရာ၏၊ မေတ္တာကိုပွါးများလျှင် ကြွင်းသော ဗြဟ္မဝိဟာရတို့လည်းပါ၍ လိုက်ကုန်တော့၏၊

ဗြဟ္မဝိဟာရကမ္မဋ္ဌာန်း၌ မှတ်ဖွယ်ပြီး၏၊

---------

၈-အာရုပ္ပကမ္မဋ္ဌာန်းကို ပြဆိုခန်း

(က) ပဌမအာရုပ္ပကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

အာရုပ္ပ ၄-ပါးကို ပွါးများလိုသော ယောဂီပုဂ္ဂိုလ်သည် ကသိုဏ်း တို့ဖြင့် ပဉ္စမစျာန်ကိုရ၍ ထက်သန် အားကောင်းအောင်, မြဲမြံခိုင်ခံ့အောင်, ဝသီဘော်နိုင်အောင်ပြုပြီး၍ ထိုကသိုဏ်းဟူသော ရုပ်တရားကို လည်းကောင်း, ထိုရုပ်တရားလျှင် အာရုံရှိသော ရူပစျာန်ကိုလည်းကောင်း, အောက်ကျသေးသည်, ညံ့ဖျင်းသေးသည်-ဟု အပြစ်မြင်၍ မုန်း၍ အထက်အရူပစျာန်ကို သိမ်မွေ့မွန်မြတ်၏၊ ကောင်း၏-ဟု နှစ်သက်ချစ်ခင် လိုချင်တောင့်တ၍ ထိုအထက်အရူပ အာကာသာနဉ္စာယတန-စျာန် ဖြစ်စေလို, ရလိုသောအခါ

အာကာသ ကသိုဏ်းမှ ကြွင်းသောကသိုဏ်း ၉-ပါးတို့တွင်

တစ်ပါးပါးကိုအာရုံပြု၍ ပဉ္စစျာန်ကို ဝင်စား၍ စျာန်မှထပြီးလျှင် ထို ကသိုဏ်းဝန်းကိုပင်လျှင် အာရုံပြု၍ မျက်နှာရှေး၌ခင်းဖျန့်ထား၍ ထိုကသိုဏ်းဝန်းကို စေ့စေ့စပ်စပ်ကြည့်၍ ဤနေရာ၌ ကသိုဏ်းဝန်း မဟုတ်၊ မရှိ၊ ကောင်းကင်ဟင်းလင်းတည်း၊ ကောင်းကင် ဟင်းလင်းတည်း ဟုကသိုဏ်းဝန်းကို နှလုံးမသွင်းဘဲ ကောင်းကင် ဟင်းလင်းအနေနှင့် အဖန်ဖန်နှလုံးသွင်း၍ ရှုလိုက်သည်ရှိသော် ကသိုဏ်းဝန်းကွယ်ပျောက်၍ ထိုကသိုဏ်းဝန်းနေရာ၌ ဟင်းလင်း ကောင်းကင်ကွက်ဖြစ်၍ ထင်၏၊

ဥပမာ-ပြတင်းပေါက်ကို ပုဝါကားကြက် ဆီးတား၍ ကြည့်ရှု၍ နေဆဲ၌ လေတိုက်၍ ပုဝါလွင့်ကျ သွားသဖြင့် ပဝါနေရာ၌ ဟင်းလင်း ကောင်းကင်ကွက်ဖြစ်၍ ထင်မြင်ရဘိသကဲ့သို့တည်း၊ ဤကောင်းကင် ကွက်ကို ကသိုဏ်းကိုခွါ၍ ကွယ်ပျောက်စေ၍ ရအပ်သော ကောင်းကင် ဖြစ်၍ကသိဏုဂ္ဃါဋိမ-ကောင်းကင်-ဟုခေါ်၏၊ ဤ ''ကသိဏုဂ္ဃါဋိမကောင်းကင်'' ကို ဥပါဒ်, ဘင်ဟူသော အစအဆုံးမရှိသော ကောင်းကင် ဟင်းလင်း၊ ကောင်းကင်ဟင်းလင်းဟု စိတ်ထဲက မှတ်၍ အဖန်ဖန်ကြည့်ရှု သည်ရှိသော် ဥပေက္ခာ, ဧကဂ္ဂတာ-ဟူသော စျာန်အဂါင်္နှစ်ပါးနှင့် ပြည့် စုံသော ပဥ္မမစျာန် အပ္ပနာဝီထိကျလာ၏၊

ဤပဉ္စမစျာန်ကို ကသိုဏ်း-ဟူသော ရုပ်တရားကို မုန်းသော, လွန်မြောက်သော, အာရုံမပြုသော စျာန်ဖြစ်၍ အရူပစျာန်ဟု ခေါ်၏၊ ဥပါဒ်, ဘင်-ဟူသော အစအဆုံးမရှိသော ကောင်းကင်လျှင် တည်ရာ မှီတွယ်ရာ အာရုံရှိသောကြောင့် အာကာသာနဉ္စာယတန စျာန်-ဟူ၍ ခေါ်၏၊ ဤအာကာသာနဉ္စာယတန အရူပစျာန်သည်ပင်လျှင် အာကာ သာနဉ္စာယတန အာရုပ္ပမည်၏၊ ပထမ ရအပ်, ရောက်အပ်သော အရူပ စျာန်ဖြစ်၍ ပဌမာရုပ္ပစျာန်-ဟူ၍လည်းခေါ်၏၊

ပဌမာရူပ္ပကမ္မဋ္ဌာန်း ပြီး၏၊

---------------

( ခ ) ဒုတိယာ ရုပ္ပကမ္မဋ္ဌာန်း ပွားများ အားထုတ်ပုံ

ဤ ပဌမာရုပ္ပစျာန်ကို ထက်သန် အားကောင်းအောင် မြဲမြံ ခိုင်ခံ့အောင် ဝသီဘော်နိုင်အောင်ပြုပြီး၍ အထက်ဒုတိယစျာန်ကို တက်လို ဖြစ်စေလိုသောအခါ အောက်စျာန်ထက် အထက်စျာန်ကို ချစ်ခင်လိုချင်၍ ဤ''ကသိဏုဂ္ဃာဋိမ-ကောင်းကင်'' ကိုအာရုံပြု၍ ပဌမာရုပ္ပစျာန်ကို ဝင်စား၍ စျာန်မှထပြီးလျှင် ထိုယခုဝင်စား၍, ဖြစ်၍ ချုပ်လေပြီးသော အတိတ် ပဌမာရုပ္ပစျာန်စိတ်ဝိညာဉ်ကို ဥပဒ်, ဘင်-အစ အဆုံး မရှိသော ကောင်းကင်ကို အာရုံပြုသော ဝိညာဉ်, ဝိညဉ်ဟု စိတ်ထဲက မှတ်လျက် အဖန်ဖန် ကြည့်ရှုသည်ရှိသော် ဥပေက္ခာ, ဧကဂ္ဂတာ-စျာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ပဉ္စမစျာန်ဇော အပ္ပနာဝီထိ ကျလာ၏၊ ပရူပစျာန်ကို ရ၏၊

ဤစျာန်ကို အနန္တကောင်းကင်ကို အာရုံပြု၍ဖြစ်သဖြင့် အနန္တ မည်သောပဌမာရုပ္ပဝိညာဉ်လျှင် တည်ရာ, မှီတွယ်ရာ အာရုံရှိခြင်းကြောင့် ဝိညာဏဉ္စာယတန စျာန်ဟုခေါ်၏၊၂-ကြိမ်မြောက် ရအပ် ရောက်အပ် သော အရူပစျာန်ဖြစ်၍ ဒုတိယာရုပ္ပစျာန်-ဟူ၍လည်း ခေါ်၏၊

နီဝရဏကင်း၍ စိတ်ဉာဏ်ကြည်သော အခါမူကား မိမိ၏ စိတ်ဖြစ်နေပုံကို လင်းလင်းခြင်းခြင်း ထင်မြင်ရသည်၊ စိတ်တွေက ရှေ့စိတ်နောက်စိတ် အဆက်အစပ် အလွန်စေ့လျက် အလွန်မြန်စွာဖြစ်၍ နေကြသည်ဖြစ်ခြင်းကြောင့် ညဉ့်အခါ မီးစကိုယမ်းရာ၌ကဲ့သို့ ထင်မြင် ရသည်။

ထိုပဌမာရုပ္ပဝိညာဉ်ချုပ်၍ သွားပြီးငြားသော်လည်း ဝင်စား၍ နေစဉ်အခါက ကောင်းကင်ဟင်းလင်း ကွက်ကို စိပ်ပုတီးကုံးကို ပုတီး စေ့များ ထိုသီထားဘိသကဲ့သို အာရုံပြု၍ စွဲတွယ်ပြီး မတုန်မလှုပ် ငြိမ်သက်စွာ တန်းပြီးဖြစ်၍ နေပုံအတိုင်းကို ဤဒုတိယာရုပ္ပဝိညာဉ်သည် လင်းလင်းခြင်းခြင်း ထင်မြင်၍ အာရုံပြု၍ စွဲတွယ်ပြီးဖြစ်သည်။

ဒုတိယာရုပ္ပကမ္မဋ္ဌာန်း ပြီး၏၊

-------------

( ဂ ) တတိယာရုပ္ပကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

ဤ ဒုတိယာရုပ္ပစျာန်ကို ထက်သန်အားကောင်း မြဲမြံခိုင်ခံ့ ဝသီဘော်နိုင်အောင်ပြုပြီး၍ အထက် တတိယာရုပ္ပစျာန်ကို တက်လို, ဖြစ်စေလိုသောအခါ

အောက်စျာန်ထက် အထက်စျာန် သာလွန် မြင့်မြတ်၏၊

ကောင်း၏-ဟု အောက်စျာန်ကိုမုန်း၍ အထက်စျာန်ကို ချစ်ခင်လိုချင်၍ ပဌမာရုပ္ပဝိညာဉ်ကို အာရုံပြု၍ ဒုတိယာရုပ္ပစျာန်ကို ဝင်စား၍ စျာန်မှ ထပြီးလျှင်ယခု ငါအာရုံပြုအပ်သော ကောင်းကင်ကွက်၌ တန်းပြီးဖြစ် နေသည့် ဤပထမာရုပ္ပဝိညာဉ်သည် ''မရှိဘူး-မရှိဘူး'' ဟု ကသိုဏ်းကို ခွါရာ၌ကဲ့သို့ ထိုဝိညာဉ်ကိုမရှိအောင်, ပျောက်အောင်-နှလုံးသွင်း၍ ရှုလိုက်, ဖျောက်ဖျက်လိုက်သည်ရှိသော် ကောင်းကင်ကွက်၌ တန်းပြီး ဖြစ်နေသည့် ထိုပဌမာရုပ္ပဝိညာဉ်တန်းကြီးကို မြင်နေရာက မမြင်ဘဲဖြစ်၍ သွား၏၊ ကောင်းကင်ကွက်ထဲ၌ ပဌမာရုပ္ပဝိညာဉ် တန်းကြီး မရှိဘဲဖြစ်၍ သွား၏၊ ကောင်းကင်ကွက်ထဲ၌ ထိုပဌမာရုပ္ပဝိညာဉ်၏ မရှိသည်ကိုသာ မြင်လေတော့၏၊

ဥပမာ-သိမ်အပြင်၌ သံဃာအစည်းအဝေးကို မြင်ပြီး၍ တပို တပါးခဏသွား၍ သံဃာအစည်း အဝေးပျက်၍ ထသွားကြပြီး နောက် မှရောက်လာ၍ ကြည့်လတ်သော် သိမ်အပြင်၌ သံဃာကို မမြင်ဘဲ သံဃာမရှိသည်ကိုသာ မြင်လေဘိသကဲ့သို့တည်း။

ထိုအခါ ထိုပဌမာရုပ္ပဝိညာဉ်၏မရှိခြင်း အဘာဝပညတ်မျှကို အာရုံပြု၍ ''နတ္ထိ ကိဉ္စိ'', နတ္ထိ ကိဉ္စိ-ပဌမာရုပ္ပဝိညာဉ် အနည်းငယ်မျှ မရှိဘူး, အနည်းငယ်မျှမရှိဘူး-ဟုစိတ်ထဲကမှတ်လျက် ထိုမရှိခြင်း အဘာဝ ကို အဖန်ဖန် နှလုံးသွင်းလတ်, ကြည့်ရှုလတ်သော် ဥပေက္ခာ, ဧကဂ္ဂတာ စျာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ပဉ္စမစျာန်ဇော အပ္ပနာဝီထိ ကျလာ၏၊ အရူပပဉ္စ မစျာန်ကိုရ၏၊ ဤစျာန်ကို ပဌမာရုပ္ပဝိညာဉ်၏ အနည်းငယ် စိုးစဉ်းမျှ အဘာဝပညတ်လျှင် တည်ရာမှီတွယ်ရာ အာရုံရှိခြင်းကြောင့် အာကိဉ္စညာယတနစျာန်ဟု ခေါ်၏၊ ၃-ကြိမ်မြောက်ရအပ်, ရောက်အပ် သော အရူပစျာန်ဖြစ်၍ တတိယာရုပ္ပစျာန်-ဟူ၍လည်း ခေါ်၏၊

တတိယာရုပ္ပကမ္မဋ္ဌာန်းပြီး၏၊

(ဃ) စတုတ္ထာရုပ္ပကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

ဤတတိယာရုပ္ပစျာန်ကို ထက်သန်ခိုင်ခံ့ ဝသသီဘော်နိုင်အောင် ပြုပြီး၍ အထက် စတုတ္ထာရုပ္ပစျာန်ကို တက်လို, ဖြစ်စေလိုသောအခါအောက်စျာန်ထက် အထက်စျာန် သာလွန်မြင့်မြတ်၏၊ ကောင်း ၏-ဟုအောက်စျာန်ကို မုန်း၍ အထက်စျာန်ကို ချစ်ခင်လိုချင်၍ ပဌမာ ရုပ္ပဝိညာဉ်၏မရှိခြင်း အဘာဝပညတ်ကို အာရုံပြု၍ တတိယာ ရုပ္ပစျာန်ကို ဝင်စား၍စျာန်မှထပြီးလျှင် ထိုယခုဝင်စား၍ ဖြစ်၍ချုပ်လေပြီးသော အတိက်တတိယာရုပ္ပစျာန်စိတ် ဝိညာဉ်ကိုပင် ဤဝိညာဉ်သည် အလွန်သိမ် မွေ့ငြိမ်သက်၏၊ သိမ်မွေ့ငြိမ်သက်၏-ဟု စိတ်ထဲက မှတ်လျက် အာရုံပြု၍ အဖန်ဖန် နှလုံးသွင်းလတ်, ကြည့်ရှု့လတ်သည်ရှိသော် ဥပေက္ခာ, ဧကဂ္ဂတာစျာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ပဉ္စမစျာန်ဇော အပ္ပနာဝီထိ ကျလာ၏၊ အရူပစျာန်ကိုရ၏၊

ဤစျာန်ကို ပျောက်သလောက်နီးနီး အလွန်သိမ်မွေ့၍သွား သဖြင့် ရုန့်ရင်းသော သညာကား မရှိ၊ အလွန်သိမ်မွေ့သော သညာမျှသာ ရှိခြင်း ကြောင့် နေဝသညာနာသညာယတနစျာန်-ဟု ခေါ်၏၊ ၄-ကြိမ်မြောက် ရအပ် ရောက်အပ်သော အရူပစျာန် ဖြစ်ခြင်းကြောင့် စတုတ္ထာရုပ္ပစျာန်ဟူ၍လည်းခေါ်၏၊ ဤစျာန်ကိုလည်း ထက်သန်အား ကောင်းအောင် မြဲမြံခိုင်ခံ့အောင် ဝသီဘော်နိုင်အောင် ပြုအပ်၏၊

စတုတ္ထာရုပ္ပ ကမ္မဋ္ဌာန်း ပြီး၏၊

-----------

ဝိမောက္ခ ၈-ပါး, သမာပတ် ၈-ပါး, ၉-ပါး အနုပုဗ္ဗဝိဟာရသမာပတ် ၉-ပါး

၁။ ရူပစျာန်က စတုက္ကနည်းအားဖြင့် ၄-ပါး, အရူပစျာန်က ၄- ပါး ဤ ၈-ပါးကို နီဝရဏစသော ဘေးရန်တို့မှ ကင်းစင်ကျွတ်လွတ် ခြင်းကြောင့် ဝိမောက္ခ ၈-ပါး ဟူ၍လည်း ခေါ်၏၊

၂။ ဝင်စားအပ်ခြင်းကြောင့် သမာပတ် ၈-ပါး ဟူ၍လည်းခေါ်၏၊

၃။ ဤသမာပတ် ၈-ပါးထဲသို့ နိရောဓသမာပတ်ကို ထည့်သွင်း လျှင် သမာပတ် ၉-ပါး ဖြစ်၏၊

၄။ ဤ ၉-ပါးသော သမာပတ်ကို အစဉ်အတိုင်း ဝင်စားအပ် သော အနုပုဗ္ဗဝိဟာရ သမာပတ် ၉-ပါး ဟူ၍ ခေါ်၏၊

ဤ သမာပတ် ၉-ပါးကို ကာမရာဂ ကင်းစဉ်ပြိးသော ရုပ်ရှိသော အနာဂါမ်, ရဟန္တာပုဂ္ဂိုလ် ၂-ဦးတို့မှသာလျှင် ဝင်စားနိုင်၏၊

ဝင်စားပုံကား- ရှေးဦးစွာ ပဌမစျာန်ကို တစ်ခဏမျှ ဝင်စား၍ စျာန်မှထပြီးလျှင် ထိုပဌမစျာန်ကို အနိစ္စ, ဒုက္ခ, အနတ္တ-ဟု တိလက္ခဏာ တင်ရှုအပ်၏၊ ပြီးလျှင် ဒုတိယစျာန်ကို ဝင်စား၍ စျာန်မှ ထ၍ ဤဒုတိယ စျာန်ကိုလည်း ရှေးနည်းတူ အနိစ္စ, ဒုက္ခ, အနတ္တ-ဟု တိလက္ခဏာ တင်ရှုအပ်၏၊

ဤနည်းတူ အစဉ်အတိုင်း အာကိဉ္စညာယတန သမာပတ်တိုင် အောင်သမာပတ် ၇-ပါးလုံးကို ဝင်စား၍ အနိစ္စ, ဒုက္ခ, အနတ္တ-ဟု တိလက္ခဏာတင်ရှု၍ ပြီးသောအခါ နိရောဓသမာပတ် ဝင်စားရာမှ ထ၍ အလျင်အမြန် စုတိစိတ်များ ကျမသွားရအောင် စုတိစိတ်ကျမည့်အခါများ ဝေးသေး၏လား-ဟုကြည့်မျှော်၍ မိမိအလိုရှိသလောက် ကာလကို မှန်းထား၍

၁။ ဘယ်အခါကျလျှင် ထနိုင်စေသတည်း။

၂။ ထိုကာလ အတွင်းမှာလည်း ဘုရားရှင်ခေါ်လျှင်လည်း ထနိုင် စေသတည်း။

၃။ သံဃာ့ကိစ္စရှိ၍ငါ့ကိုတောင့်တမျှော်လင့်လျှင်လည်း ထနိုင်စေသတည်း။

၄။ ငါ၏ သပိတ်, ပရိက္ခရာ, ပစ္စည်းဘဏ္ဍာတို့သည်လည်း ဘာ တစ်စုံတစ်ခုကြောင့်မှ မပျက်စီးနိုင်စေသတည်းဟု ဓိဋ္ဌာန်ခြင်း ပုဗ္ဗကိစ္စကို ပြုပြီးလျှင် နေဝသညာနာသညာ ယတနသမာပတ်ကို ဝင်စားအပ်၏၊ ထိုသမာပတ် စျာန်ဇော ၁-ကြိမ်, ၂-ကြိမ်လောက် ကျပြီးလျှင် စိတ်မဖြစ်လာဘဲ စိတ်အစဉ် ပြတ်၍ ချုပ်၍ မိမိမှန်းထားသမျှ ကာလအတွင်း စိတ်, စေတသိက်-မရှိဘဲ ရုပ်ချည်း သက်သက်ဖြစ်၍နေလေတော့၏၊ ဤကဲ့သို့ စိတ်,စေတသိက်-ချုပ်ခြင်းသို့ ဆိုက်ရောက်၍နေသည်ကို နိရောဓသမာပတ် ဝင်စားသည်ဟု ခေါ်၏၊ ထချိန်ကျသောအခါ နိဗ္ဗာန်ကို အာရုံပြုလျက် ဖိုလ်စိတ် ဖြစ်ပေါ် လာ၍နိရောဓသမာပတ်မှ၏၊ ဤကဲ့သို့ ဓိဋ္ဌာန်၍ နိရောဓသမာပတ် ဝင်စား၍နေသောပုဂ္ဂိုလ်ကို တတ်နိုင်လျှင် အမြောက်နှင့်ပစ်၊ မလဲတော့ပြီ။ မီးနှင့်ရှို့၊ မလောင်တော့ပြီ၊ သူနေသော ကျောင်းကို ပျက်စီးအောင်, မီးမလောင်အောင်မတတ်နိုင်တော့ပြီ၊ ပစ္စည်းဘဏ္ဍာ ပရိက္ခရာနှင့်တကွ ကာယသိဒ္ဓိ ပြီးစီး၍နေတော့၏၊ အဓိဋ္ဌာန်ပြုလုပ်လျှင် သူသာပြီးစီး၏၊ ပရိက္ခရာဘဏ္ဍာ မပြီးစီးပြီ။

(ဤကား အနုပုဗ္ဗဝိဟာရ သမာပတ် ၉-ပါးကိုဝင်စားပုံတည်း။)

အသညသတ်ဗြဟ္မာ

ဤ သမာပတ် ၈-ပါးတို့တွင် ရူပစတုတ္ထစျာန်ကိုရသော ပုဂ္ဂိုလ်သည် ဤ နာမ်ရှိခြင်းကြောင့် စိုးရိမ် ပူပန်ရ ဒုက္ခရောက်ရသည်၊ နာမ်မရှိဘဲ ရုပ်ချည်းသက်သက်နေရလျှင် ဘာကိုမျှ မသိရဘဲ အေး အေးချမ်းချမ်း နေရ၏၊ ကောင်း၏-ဟုတောင့်တ၍ နာမ်ကိုသာ အပြစ်မြင်၍, မုန်း၍ ရုပ်ကို အပြစ်မမြင်ဘဲ မမုန်းဘဲ ရုပ်နှင့် နေလိုသော စိတ်ဆန္ဒရှိလျက် စျာန်မလျော့ဘဲ စုတေခဲ့လျှင် နာမ်မရှိသော ရုပ်သာ ရှိသော အသညသတ် ဗြဟ္မဘုံသို့ရောက်၍ အသညသတ်ဗြဟ္မာဖြစ်ရာ၏၊ ကမ္ဘာကြီး ငါးရာအသက်ရှည်၏ ကမ္ဘာကြီးငါးရာစေ့လျှင် စတုတ္ထစျာန် စေတနာကံကုန်၍ ထိုအသညသတ်ဗြဟ္မကောင် ရုပ်တုံးကြီး ကွယ်ချုပ် စုတေ၍ ရှေးကပြုဖူးသော ကာမကုသိုလ်ကံကြောင့် လူ့ဘုံ၌ ရုပ်နာမ် ၂-ပါးစုံဖြစ်ပေါ်၍ လူဖြစ်ရပြန်၏၊

အရူပဗြဟ္မာ

ဤအာရုပ္ပစျာန်ကို ရသောပုဂ္ဂိုလ်သည်လည်း အကယ်၍မိမိက ဤကိုယ်ခန္ဓာ ရုပ်ကောင်ကြီးရှိလို့သာ အရိုက်ခံရ, အထိုးခံရ, အနာ ပေါက်ရ, ဖျားရ, နာရ,ဒုက္ခမျိုးစုံ ရောက်ရသည်၊ ရုပ်မရှိဘဲ နာမ်ချည်း သက်သက် နေရလျှင် ဘာတစ်စုံတစ်ခုမျှ မထိခိုက်နိုင်ဘဲ အေးအေး ချမ်းချမ်း နေရ၏၊ ကောင်း၏-ဟုတောင့်တ၍ ရုပ်ကိုသာ အပြစ်မြင်၍ မုန်း၍ နာမ်ကိုအပြစ်မမြင်ဘဲ မမုန်းဘဲ နာမ်နှင့်နေလိုသော စိတ်ဆန္ဒရှိ လျက် စျာန်မလျှောဘဲ စုတေခဲ့လျှင် ရုပ်မရှိနာမ်သာရှိသော အရူပဗြဟ္မာ ဘုံသိုရောက်၍ အရူပဗြဟ္မာဖြစ်ရ၏၊ အထက်ဆုံးနေဝသညာ နာသညာ ယတနဘုံ၌ ကမ္ဘာကြီး(၈၄၀၀၀)အသက်ရှည်၏ ကမ္ဘာ့သက်တမ်းစေ့လျှင် စုနေ၍ ရုပ်နာမ် ၂-ပါးစုံဖြစ်ပေါ်၍ ကာမဘုံ၌ဖြစ်ရပြန်၏၊

အကယ်၍ ဤပုဂ္ဂိုလ်က ထိုစတုတ္ထစျာန်, အာရုပ္ပစျာန်တို့ကို ရငြားသော်လည်း မိမိနာမ်ကို, မိမိကရဇရုပ် ကိုမိမိကမမုန်းဘဲ ထိုဘုံတို့ကို မတောင့်တငြားအံ့၊ ထိုအသညသတ်,အရူပဘုံတို့မှာမဖြစ်၊ ရုပ်နာမ်၂- ပါးစုံသော ကြွင်းသောဗြဟ္မာဘုံတို့မှာသာ ဖြစ်၏၊ ကာမဘုံတို့မှာဖြစ်လို လျှင်လည်း ဖြစ်၏၊ ဤစကားရပ်ဖြင့် ရူပစျာန်မှ အရူပစျာန်ကို တက် သောအခါ မိမိကိုယ်တောင် ရုပ်ခဲ-ဟူသော ကရဇရုပ်ကို အပြစ်ရှု၍, မုန်းရတာမျိုးမဟုတ်၊ အာရုံကသိုဏ်းရုပ်နှင့်တကွ ရူပစျာန်ကိုသာ အောက် ကျသေးသည်, ညံ့ဖြင်းသေးသည်-ဟု အပြစ်တင်ရှု၍, မုန်းရတာမျိုး တည်းဟူသော အနက်အဓိပ္ပါယ်ကိုလည်းပြ၏၊ သိစေ၏၊

အာရုပ္ပကမ္မဋ္ဌာန်းပြီး၏၊

------------

(၉) အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်းကိုပြဆိုခန်း

အာဟာရေပဋိကူလ သညာ-ဟူသည်ကားစားသောက်မျိုသွင်း အပ်သော ကဗဠီကာရ အာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု ကောင်းစွာ ထင်မြင်၍ တည်နေသော သညာကိုခေါ်သည်၊ ထိုသညာကိုရလို,ပွားများ လိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ပွားများရာ၏၊

ဥပမာဆိုသည်ရှိသော်- ရှေးသောအခါ သားငယ်ကိုချီ၍ ကန္တာရခရီးခဲကို သွားကြသော သမီးခင်ပွန်း ၂-ဦးတို့သည် လမ်းခရီး၌ ရိက္ခာကုန်ပြတ်သဖြင့် ငါတို့အား အသက်ရှက်စွာနေရလျှင် နောင်အခါ သား အစားရလိမ့်မည်၊ ဤသားကိုသတ်၍ အသားကိုစား၍, ရိက္ခာလုပ်၍ ကန္တာရခရီးခဲကို လွန်မြောက်ကြအံ့-ဟု ကြံစည်တိုင်ပြီးလျှင် သားငယ်ကို သတ်၍သားငယ်၏ အသားကိုစားကြကုန်၏၊ စား၍ကန္တာရခရီးခဲကို လွန်မြောက်ကြကုန်၏၊

ထို မိဘ ၂-ဦးတို့၏ သား၏အသားကိုစားကြရာ၌ ဤသား၏ အသားကို

၁။ ဇာတ်တူသား ဖြစ်ခြင်းကြောင့်လည်းကောင်း,

၂။ ဆွေမျိုး၏အသား ဖြစ်ခြင်းကြောင့်လည်းကောင်း,

၃။ ဆွေမျိုးမှာလည်း အဖျားမဟုတ်၊ မိမိ၏သားရင်း ဖြစ်ခြင်း ကြောင့်လည်းကောင်း,

၄။ အလွန်ချစ်လှစွာသော သား၏အသားဖြစ်ခြင်းကြောင့် လည်းကောင်း,

၅။ အလွန်သနားကျင်နာသော သား၏အသားဖြစ်ခြင်း ကြောင့်လည်းကောင်း,

၆။ မီးမရှိ မဖုတ်မြိုက် မကင်မချက်ရဘဲ အစိမ်းဖြစ်ခြင်း ကြောင့်လည်းကောင်း,

၇။ ကြမ်းကြုတ်၊ ကြောက်မက်ဖွယ်သော လူသား ဖြစ်ခြင်း ကြောင့်လည်းကောင်း,

၈။ ဆားမရှိ ဆားမထည့်ရသောကြောင့်လည်းကောင်း,

၉။ တစ်ပါးသော အရသာမဖက်စွက်ရခြင်းကြောင့်လည်း ကောင်း,

ဤသို့သော အကြောင်းတို့ကြောင့် အလွန်စက်ဆုတ်ဖွယ် ကောင်း၏၊ အလွန်ပင် စက်ဆုတ်ကြ ရွံရှာကြ၏၊ အနည်းငယ်မျှပင် ကောင်းသည်,ကောင်းသည်-ဟုနှစ်သက်သာယာခြင်း မဖြစ်ကြရှာ၊ နှစ်သက်သာယာခြင်းမရှိ၊ အလွန်စက်ဆုပ်လျက်နှင့်ပင် ကန္တာရ ခရီးခဲမှ လွန်မြောက်ခြင်းငှါ စားကြရှာ၏၊

ထိုသားငယ်၏ အသားကဲ့သို့ ထို့အတူ ဤစားသောက် မျိုသွင်း အပ်သော ကဗဠီကာရ အာဟာရ-သည်လည်း မိုးစွတ်မရှောင်, နေပူ မရှောင်,ဘေးမရှောင်,ရန်မရှောင်-ဆင်းရဲငြိုငြင်ပင်ပန်းစွာ အရှာသွား, သွား၍ ရအောင်ရှာရသည့် အတွက်ကြောင့်လည်း အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊ ရှာမှီးသဖြင့်ရ၍ စားသောက်သောအခါလည်း ခံတွင်း၌ ဝါး၍လျှာရည် တံတွေးချွှဲတို့ဖြင့်ရောလျက် ကောင်းသောအဆင်း သဏ္ဍာန် အနံ့တို့ပျက်၍ ခွေးအံဖတ်ကဲ့သို့ ဖောက်ပြန်၍ နေပုံအခြင်းအရာ အားဖြင့်လည်း ထိုအာဟာရသည် အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊ ဝါးပြီး ၍ မျိုသောအခါလည်း သည်းခြေ, သလိပ်ပုပ်-ဟူသော ပြည်, သွေး၊ ဤ၄-ပါးသော အညစ်အကြေး အာသယတို့ဖြင့် ရောနှောလူးလဲအပ်ခြင်း ကြောင့်လည်း ထိုအာဟာရသည် အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊ မျိုပြီး၍ အစာသစ်အိမ်သို့ ရောက်သောအခါ၌လည်း ထိုအစာ သစ်အိမ်သည် ဆေးကြော သုတ်သင်ခြင်း မရှိ။ ညစ်ထေး၍နေသော ခွေးစားခွက်ကဲ့သို့ မွေးကတည်းက တစ်ရံတစ်ခါမျှ မဆေးကြော မသုတ် သင်ရဘူးသဖြင့် အလွန်စက်ဆုပ်ဖွယ်ကောင်းအောင် ညစ်ထေး၍နေ၏၊ ဤကဲ့သို့ ညစ်ထေး၍နေသော တည်ရာ အစာသစ်အိမ်အတွက်ကြောင့် လည်း ထိုအစာအဟာရ-သည် အလွန်စက်ဆုပ်ဖွယ်ကောင်း၏၊

အစာသစ်အိမ်သို့ ရောက်ပြီးသောအခါလည်း ဒွန်းစဏ္ဍားရွာနား တန်စီးတွင်းကဲ့သို့ ၃၂-ပါးသော ပိုးမျိုးသံကောင်တို့ဖြင့် ကျိကျိတက်ပြွမ်း လျက် ဓာတ်မီးချက်အပ်သဖြင့် အမြုပ်အပွက်ထလျက် အလွန်စက် ဆုပ်ဖွယ်ကောင်းသော အဆင်းအနံ့ရှိလျက် ဖောက်ပြန်ကြေကျက်၍ နေ၏၊ ဤကဲ့သို့ အစာသစ်အိမ်တွင်း၌ ဖောက်ပြန်ကြေကျက်လျက် တည်နေပုံ အခြင်းအရာအားဖြင့်လည်း ထိုအစာအာဟာရသည် အလွန် စက်ဆုပ်ဖွယ်ကောင်း၏၊

အကယ်၍ မကြေကျက်ပြန်လျှင်လည်း ဝမ်းရောင်ခြင်း, ရင် ပြည့်ခြင်း စသည်ကို ဖြစ်စေ၏၊ ဤသို့ ဝမ်းရောင်ခြင်း, ရင်ပြည့်ခြင်း စသည်ကို ဖြစ်စေတတ်သည့်အတွက်ကြောင့်လည်း ထိုအစာအာဟာရ သည် အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊

ကောင်းစွာ ကြေကျက်ပြီးလျှင်လည်း ရွှေ, ငွေ- စသော အဖိုးတန် နှစ်သက်ဖွယ်မဖြစ်၊ စင်စစ် အလွန်စက်ဆုပ်ဖွယ်သော ကျင်ငယ်, ကျင်ကြီး သာ ဖြစ်လေ၏၊ ဤသို့ကျင်ငယ်, ကျင်ကြီးဖြစ်၍ သွားခြင်းကြောင့်လည်း ထိုအစာအဟာရသည် အလွန်စက်ဆုပ်ဖွယ်ကောင်း၏၊

ထို အာဟာရ-ထဲမှ ထွက်သော အဆီတို့သည်လည်း အဖိုးတန် နှစ်သက်ဖွယ်ဝတ္ထုကို မဖြစ်စေ၊ စင်စစ် စက်ဆုပ်ဖွယ်သော ဆံပင်, အမွေး, လက်သည်း ခြေသည်း, သွား, အရိုး, ခြင်ဆီစသော ၃၂-ပါးသော အပုပ်မျိုး တို့ကိုသာ ဖြစ်စေ၏၊ ယားနာ, ပွေးနာ, နှင်းခူနာ-စသော အမျိုးမျိုးသော အနာရောဂါတို့ကိုလည်း ဖြစ်စေ၏၊ ဤသို့မကောင်း စက်ဆုပ်ဖွယ်သော အကျိုးကိုဖြစ်စေသည့် အတွက်ကြောင့်လည်း ထိုအစာအာဟာရသည် အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊

ထို အစာအာဟာရကို ဝမ်းတွင်းသို့ မျိုသွင်းပြီးပြန်လျှင်လည်း တစ်ဖန်ပြင်ဖက်သို့ မထုတ်ရ မနနိုင် ထုတ်ပြစ်ရပြန်၏၊ မိုးစွတ်မရှောင်, နေပူမရှောင်, ဘေးမရှောင်, ရန်မရှောင်, ရှက်ရှက်ကြောက်ကြောက် ပုန်းကွယ်လျက် စက်ဆုပ်ပင်ပန်းစွာ ထုတ်ရပြန်၏၊ ဤသို့ မနေသာပဲ တစ်ဖန် စွန့်ထုတ်ရမှုအတွက်ကြောင့်လည်း ထိုအစာအာဟာရ၏ အကျိုးဆက်သည် ၉-ပေါက်သော ဒွါရတို့မှ စက်ဆုပ်ဖွယ် ဝတ္ထုဖြစ်လျက် ယိုထွက်၏၊ ဤသို့ ၉-ပေါက်သော ဒွါရတို့မှ စက်ဆုပ်ဖွယ် ယိုထွက်စေ သော အတွက်ကြောင့်လည်း ထိုအစာအာဟာရသည် အလွန်စက်ဆုပ် ဖွယ်ကောင်း ထိုအစာအာဟာရ-သည် စားမည်ဟုပြုသည်မှစ၍ ဒွါရ ၉-ပေါက်မှထွက်သည့်အခါတိုင်အောင် ခွက်ကိုလည်းကောင်း လက်ကို လည်းကောင်း, ပါးစပ်ကိုလည်းကောင်း,ကိုယ်တွင်း တစ်ကိုယ်လုံးကိုလည်း ကောင်း, ဒွါရ ၉-ပေါက်ဝကိုလည်းကောင်း ပေရေညစ်ထပ် လိမ်းကပ် လူးလဲ၏၊ ဤသို့ လိမ်းကပ်လူးလဲမှုကြောင့်လည်း ထိုအစာအာဟာရသည် အလွန်စက်ဆုပ်ဖွယ်ကောင်း၏၊

ထိုအစာအာဟာရသည် ခံတွင်းသို့ ရောက်ကာမျှဖြင့်ပင်လျှင်

၁။ စိတ်ကို ညစ်နွမ်းစေ၏၊

၂။ တုန်လှုပ်ပျံ့လွင့်စေ၏၊

၃။ ဝမ်းတွင်းသို့ ရောက်လျှင်ကား ကိုယ်, စိတ်ကိုပင် ထိုင်းမှိုင်း လေးလံခြင်း, နုံ့ခြင်းကို ဖြစ်စေတတ်၏၊

၄။ စိုးရိမ်ကြောင့်ကြခြင်းကိုလည်း ဖြစ်စေတတ်၏၊

၅။ အနာရောဂါ အမျိုးမျိုးတို့ကိုဖြစ်စေ၍ ပုဂ္ဂိုလ်ကို ဆင်းရဲ ပင်ပန်းစေ၏၊

၆။ အသက်ကိုသော်လည်း သေအောင်သတ်၏၊

၇။ ဗြဟ္မစရိယ သီလကိုသော်လည်း ညှိုးနွမ်းအောင်, ပျက်စီး အောင် ပြုတတ်၏၊

၈။ မိစ္ဆာစာရ ဒုစရိုက်မှုကိုလည်း ဖြစ်စေတတ်၏၊

ဤသို့သော အကြောင်းတို့ကြောင့်လည်း ထိုအစာအာဟာရ သည် အလွန်စက်ဆုပ်ရွံမုန်းဖွယ် ကောင်း၏၊

ထိုအစာအာဟာရကို အကြောင်းပြု၍ အမျိုးမျိုးသော အနာ ရောဂါ ဆင်းရဲဝေဒနာတွေဖြစ်ရ၏၊ အမျိုးမျိုးသော အငြင်းအခုံ ခိုက်ရန်ဒေါသတွေ,အကုသိုလ် ဒုစရိုက်တွေ,ဘေးတွေ, ရန်တွေ, ဒုက္ခတွေ ဖြစ်ရ၏၊ ဤသို့ ဖြစ်သမျှတို့သည် အာဟာရကြောင့် ဖြစ်သည် ချည်းပင် တည်း၊ ဆင်းရဲဒုက္ခ ဟူသမျှသည် ကြွင်း နာမ်အာဟာရ-တို့နှင့်တကွ ဤကဗဠီပာရအာဟာရကြောင့်ဖြစ်သည်ချည်းပင်တည်း၊ လောက၌ရှိရှိ သမျှ အလုံးစုံသော ဘေးဒုက္ခတို့သည် ထိုအာဟာရ ၄-ပါးကြောင့်သာ လျှင်ဖြစ်ရကုန်၏၊ ထိုအာဟာရတို့သည် အလုံးစုံသော ဘေးဒုက္ခတို့ကို ဖြစ်စေနိုင်ကြကုန်၏၊

ဤဆိုအပ်ခဲ့ပြီးသော အကြောင်းတို့ကြောင့် ထိုကဗဠီကာရ အာဟာရသည် အလွန်စက်ဆုပ်ဖွယ်ကောင်း၏၊

ထိုစက်ဆုပ်ရွံရှာဖွယ် ကောင်းငြားသော်လည်း အနာပျောက်ခြင်း ငှါ အလွန်ခါးသောဆေးခါးကြီးကို စားသောက် သုံးဆောင်ရဘိသကဲ့သို့ ကန္တာရခရီးခဲကို လွန်မြောက်ခြင်းငှါ သား၏ အသားကိုစားရဘိသကဲ့သို့ အသက်ရှည်၍ ဣရိယာပုထ် ၄-ပါးမျှတ ကျန်းမာ၍ ကိလေသာ အနာ ကင်းပျောက်ကြောင်း ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်နိုင်ခြင်းငှါ, သံသာရာကန္တာရခရီးခဲကို လွန်မြောက်နိုင်ခြင်းငှါ ထိုကဗဠီကာရအာဟာရ ကို စားသောက်မှီဝဲအပ်၏၊ စားသောက်မှီဝဲရာ၏၊ စားသောက်မှီဝဲ ရာသည်။

ဤ''အာဟာရ ပဋိကူဠသညာ''ကို ပွားများလိုသော ယောဂီ ပုဂ္ဂိုလ်သည် ဤယခုရေးသားခဲ့ပြီးသောအတိုင်း ထိုကဗဠီကာရ အာဟာရ-၌ စက်ဆုပ်ရွံမုန်းဖွယ် အခြင်းအရာ,စက်ဆုပ်ရွံမုန်းသော အကြောင်းတို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ဆင်ခြင် အောက်မေ့ဖန် များသောအခါ စားပြီး စားဆဲ စားလတ္တံ့သော အတတ်, အနာဂတ်, ပစ္စုပ္ပန်ကာလ ၃-ပါး၌ တည်သော ထိုကဗဠီကာရအာဟာရ သည် ထိုယောဂီပုဂ္ဂိုလ်၏ စိတ်,ဉာဏ်,သညာ၌ စက်ဆုပ်ဖွယ်ဖြစ်၍ ထင်၏၊ ထိုယောဂီပုဂ္ဂိုလ်၏ စိတ်, ဉာဏ်, သညာသည် ထိုကဗဠီကာရ အာဟာရ၌ စက်ဆုပ်ဖွယ် အဖြစ်ဖြင့် ကောင်းစွာ ထင်မြင်တည်ကြည်၏၊ ဥပစာရစျာန်ကို ရ၏၊

ထိုယောဂီပုဂ္ဂိုလ်အား -

၁။ ရသတဏှာ လွန်စွာပါး၏၊

၂။ ကာမဂုဏ် ၅-ပါးလုံး၌ တပ်နှစ်သက်သော တဏှာရာဂ လည်းလွန်စွာပါးတော့၏၊

၃။ အာဟာရကို စားသောက်မှီသောအခါလည်း ကန္တာရခရီး၌ သား၏အသားကို စားကြသော သူတို့ကဲ့သို့ နှစ်သက် သာယာခြင်း ကင်းလျက်သံသရာမှ လွန်မြောက်ခြင်းငှာသာ လျှင် စားသောက် မှီဝဲလေတော့၏၊

(အာဒီနဝဒဿာဝီ နိဿရဏပညော ပရိဘုဉ္ဇတိ- ဆိုသော အတိုင်းပင်တည်း။)

အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်း ပြီး၏၊

---------------

(၁၀)စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို ပြဆိုခန်း

စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းစီးဖြန်းပွါးများလိုသော ယောဂီ ပုဂ္ဂိုလ်သည် ကာယဝိဝေက အလို့ငှါ ဆိတ်ငြိမ်ရာ အရပ်သို့ ချဉ်းကပ်သဖြင့် လည်းကောင်း, စိတ္တဝိဝေကလို့ငှါအထူးထူးသောအာရုံမှ ဖဲ့စေလျက် ကမ္မဋ္ဌာန်းသို့ စိတ်ကို သွင်းလျက်လည်းကောင်း ဆံဖျားမှ ခြေဖဝါးတိုင် အောင်, ခြေဖဝါးမှ ဆံဖျားတိုင်အောင် မဟာဘုတ်ဖြင့်ပြီးသော မိမိ ရူပကာယကိုဓာတ်အားဖြင့် ကောင်းစွာဆင်ခြင်ရမည်။

ဆင်ခြင်ပွါးများပုံ

ငါ၏ တစ်လံမျှလောက်သော ဤခန္ဓကိုယ်၌

၁။ မြေဓာတ်လွန်သော ကိုယ်အစု,

၂။ ရေဓာတ်လွန်သော ကိုယ်အစု,

၃။ မီးဓာတ်လွန်သော ကိုယ်အစု,

၄။ လေဓာတ်လွန်သော ကိုယ်အစု,

၄-ပုံ ၄-စု ဓာတ်ကွဲအောင် ရှုရမည်။

ထို ၄-ပါးသော ကိုယ်အစုတို့တွင် မြေဓာတ်လွန်သော ကိုယ် အစုဟူသည်ကား

မြေဓာတ်လွန်သော ကိုယ်အစု

၁။ ကေသာ-၂-ကုဋေ ၄-သန်းမျှသော ဆံပင် ဟူသော မြေအစု။

၂။ လောမာ-၉-သောင်း ၉-ထောင် မျှသော မွေးညင်း ဟူသော မြေအစု။

၃။ နခါ- ၂၀-အရေအတွက်ရှိသော ခြေသည်း လက်သည်း ဟူသောမြေအစု။

၄။ ဒန္တာ-၃၂-အရေအတွက်ရှိသော သွားဟူသော မြေအစု။

၅။ တစော-အရေထူ အရေပါး ၂-မျိုး ပြားသော အရေ ဟူသော မြေအစု။

၆။ မံသံ- ၉-ရာမျှ အရေအတွက်ရှိသော အသားစိုင်ဟူသော မြေအစု။

၇။ နှာရု-၉-ရာမျှ အရေအတွက်ရှိသော အကြော ဟူသော မြေအစု။

၈။ အဋ္ဌိ-၂-ရာမျှအရေအတွက်ရှိသော အရိုး ဟူသောမြေအစု။

၉။ အဋ္ဌိမိဉ္ဇံ- ရိုးတွင်းခြင်ဆီ ဟူသောမြေအစု။

၁၀။ ဝက္ကံ-ကျောက်ကပ်ခေါ်သောအညှို့ဟူသောမြေအစု။

၁၁။ ဟဒယံ-နှလုံးသား ဟူသော မြေအစု။

၁၂။ ယကနံ-အသည်း ဟူသော မြေအစု။

၁၃။ ကိလောမကံ- အမြှေးလွှာ ဟူသော မြေအစု။

၁၄။ ပိဟကံ- သရက်ရွက်ခေါ်သော အဖျဉ်းဟူသောမြေအစု။

၁၅။ ပပ္ဖါသံ- အဆုတ် ဟူသောမြေအစု။

၁၆။ အန္တံ-အူမ ဟူသော မြေအစု။

၁၇။ အန္တံဂုဏံ-အူသိမ် ဟူသောမြေအစု။

၁၈။ ဥဒရိယံ-အစာသစ် ဟူသော မြေအစု။

၁၉။ ကရီသံ- အစာဟောင်း ဟူသောမြေအစု။

၂၀။ မတ္ထလုင်္ဂံ- ဦးနှောက် ဟူသော မြေအစု။

မြေဓာတ်လွန်သော ကိုယ်အစု ပြီး၏၊

ရေဓာတ်လွန်သော ကိုယ်အစု

၁။ ပိတ္တံ- သည်းခြေ ဟူသော ရေအစု။

၂။ သေမှံ- သလိပ် ဟူသော ရေအစု။

၃။ ပုဗ္ဗော- ပြည် ဟူသော ရေအစု။

၄။ လောဟိတံ- သွေး ဟူသော ရေအစု။

၅။ သေဒေါ- ချွေး ဟူသော ရေအစု။

၆။ မေဒေါ- အဆီပျဉ် အဆီခဲ ဟူသော ရေအစု။

၇။ အဿု- မျက်ရည် ဟူသော ရေအစု။

၈။ ဝသာ- ဆီကြည် ဟူသောရေအစု။

၉။ ခေဠော-လျှာရည် တံတွေး ဟူသော ရေအစု။

၁၀။ သိင်္ဃာဏိကာ- နှာရည်နှပ်စေး ဟူသော ရေအစု။

၁၁။ လသိကာ-အစေးပုပ် ဟူသော ရေအစု။

၁၂။ မုတ္တံ- ကျင်ငယ် ဟူသော ရေအစု။

ရေဓာတ်လွန်သော ကိုယ်အစုပြီး၏၊

မီးဓာတ်လွန်သောကိုယ် အစု

၁။ သန္တာပေါ-ရက်, ရက်ချန်-ဖျားခြင်းစသော အပူလွန်သော မီးအစု။

၂။ ဒါဟော-ပေါက်နာ,ကျောက်နာ-စသောအသွေးအသားကို အကျက်လောင်သော မီးအစု။

၃။ ပါစကော-အစာကိုကြေကျက်စေတတ်သော မီးအစု။

၄။ ဇီရဏာ-ရင့်ရော် မှည့်ရွမ်း ဟောင်းနွမ်းဆွေးမြေ့စေတတ် သော မီးအစု။

မီးဓာတ်လွန်သော ကိုယ်အစု ပြီး၏၊

လေဓာတ်လွန်သော ကိုယ်အစု

၁။ ဥဒ္ဓင်္ဂမာဝါတာ-အထက်သို့ ဆန်တက်သော လေအစု။

၂။ အဓောဂမဝါနာ-အောက်သို့ စုံဆင်းသော လေအစု။

၃။ ကုစ္ဆိသဝါတာ-ဝမ်းခေါင်းထဲ၌ ကိန်းသောလေအစု။

၄။ ကောဋ္ဌာသယာဝါတာ- အူမ အူသိမ်အတွင်း၌ ကိန်းသော လေ အစု။

၅။ အင်္ဂမဂါနုသာရိနောဝါတာ- ကိုယ်အင်္ဂါ လှုပ်ရှားမှုတို့၌ အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သော လေအစု။

၆။ အဿာသ ပဿာသာဝါတာ-ထွက်သက်ဝင်သက်ဟူသော လေအစု။

လေဓာတ်လွန်သော ကိုယ်အစုပြီး၏၊

--------------

၂-ကုဋေ ၄-သန်းမျှသော ဆံပင်ဟူသော မြေအစု၌ ဓာတ် ၈-ပါး ခွဲစိတ်ကြည့်ရူ့ခန်း

ဆံပင်တစ်ခု၌ ပထဝီကာယ, အာပေါကာယ, တေဇောကာယ, ဝါယောကာယ-ဟူ၍ ကာယကြီး ၄-ပါးရှိ၏၊

၁။ ဆံပင်တစ်ခုလုံး၌ အမာခံဖြစ်သော ခက်မာမှု ကိရိယာ အပေါင်းသည် ပထဝီကာယ မည်၏၊

၂။ ဖွဲ့စေးမှု ကိရိယာအပေါင်းသည် အာပေါကာယ မည်၏၊

၃။ ပူသောအခါ၌ ပူမှုအပေါင်း, အေးသောအခါ၌ အေးမှု အပေါင်း တေဇောကာယ မည်၏၊

၄။ တေဇောကာယ၏ အရှိန်ဖြစ်သော ထောက်ကန်မှု အပေါင်း သည် ဝါယောကာယ မည်၏၊

(ဤဆံပင်၌ ဝဏ္ဏ-အဆင်း, ဂန္ဓ-အနံ့, ရသ-အရသာ, ဩဇာအဆီအဝေးဟူသော ဥပါဒ်ရုပ် ၄-ပါးကျန်ရှိသေး၏၊)

အချုပ်အားဖြင့် ရေတွက်လျှင်

ဆံပင်တစ်ခု၌ - ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ၊ ဓာတ်ရှစ်ပါး။

မွေးညင်း၌- ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ၊ ဓာတ်ရှစ်ပါး။

ခြေသည်းလက်သည်း၌- ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ၊ ဓာတ်ရှစ်ပါး။

(ကြွင်းသော ကောဋ္ဌာသတို့၌လည်း ဤနည်းအတိုင်း ဓာတ် ၈- ပါးခွဲလေ။)

ဆံပင်၌ ဓာတ် ၈-ပါး မြန်မာလိုခွဲနည်း

ဆံပင်၌ ဓာတ် ၈-ပါး ခွဲနည်းကား

၁။ ဆံပင်ကို စမ်းသပ်လျှင် မာသည်ဟု တွေ့ရှိ၏၊ ထိုမာမှုသည် ပထဝီ ဓာတ်တည်း။

၂။ လုံးပတ်သဏ္ဌာန် ဖြစ်နေသည်ကို မြင်၍ ဖွဲ့စေးမှုကို သိရ၏၊ ထိုဖွဲ့စေးမှုသည် အာပေါဓာတ်တည်း။

၃။ ပူသောအခါ ပူမှု, နွေးသောအခါ နွေးမှု, အေးသောအခါ အေးမှုကိုတွေ့ရှိ၏၊ ထိုပူမှု, နွေးမှု, အေးမှု-သည် တေဇောဓာတ်တည်း။

၄။ ပူရှိန်, နွေးရှိန်, အေးရှိန်ကို တွေ့ရှိ၏၊ ထိုအရှိန်စုသည် ဝါယောဓာတ်တည်း။

၅။ မျက်စိနှင့်ကြည့်ရှုလျှင် ဆံပင်၌ အဆင်းကို မြင်၏၊ ထိုအဆင်း သည်ဝဏ္ဏဓာတ်တည်း။

၆။ နှာခေါင်းနှင့် နမ်းလျှင် ဆံပင်၌ အနံ့ကိုနံ၏၊ ထိုအနံ့သည် ဂန္ဓဓာတ်တည်း။

၇။ လျှာနှင့်မြည်းလျှင် အရသာကို သိရ၏၊ ထိုအရသာသည် ရသဓာတ်တည်း။

၈။ ဆံပင်ကို စားသော သတ္တဝါတို့မှာ ရူပကာယကို စောင့် ရှောက်ထောက်ပံ့ခြင်း သဘောရှိသော အဆီအစေးမည်သည် ဆံပင်၌ ရှိ၏၊ ထိုအဆီအစေးသည် ဩဇာခေါ်သော အာဟာရ ဓာတ်တည်း။

ဆံပင်၌ ဓာတ် ၈-ပါးခွဲနည်း ပြီး၏၊

------

မွေးညင်း၌ ဓာတ် ၈-ပါး, ခြေသည်း-လက်သည်း၌ ဓာတ် ၈- ပါး, သွား၌ ဓာတ် ၈-ပါး, အရေ၌ ဓာတ် ၈-ပါး, အသား၌ ဓာတ် ၈-ပါး, အရိုး၌ဓာတ် ၈-ပါး, ခြင်ဆီ၌ ဓာတ် ၈-ပါး, အညှို့၌ ဓာတ် ၈-ပါး, နှလုံး၌ ဓာတ် ၈-ပါး, အသည်း၌ ဓာတ် ၈-ပါး, အမြှေး၌ ဓာတ် ၈-ပါး, အဖျဉ်း၌ ဓာတ် ၈-ပါး, အဆုတ်၌ ဓာတ် ၈-ပါး, အူမ၌ ဓာတ် ၈-ပါး, အူသိမ်၌ ဓာတ် ၈-ပါး, ဤသို့စသည်ဖြင့် ကျင်ငယ်၌ ဓာတ် ၈-ပါးတိုင်အောင် ခွဲခြမ်း၍ သိလေ၊ မြင်လေ၊ ကြွင်းသော တေဇောကာယ ၄-ပါး, ဝါယောကာယ ၆-ပါးတို့၌လည်း ဓာတ် ၈-ပါးစီ ရှိကြသည်။

ဤ ဓာတ် ၈-ပါးကား အဝိနိဗ္ဘောဂ-ရုပ်ဖြစ်၍ ခပ်သိမ်းသော ရုပ်အစုတို့မှာအရင်းခံဖြစ်ကြ၏၊ ဤဓာတ် ၈-ပါးကိုခွဲခြမ်း၍ မြင်နိုင်လျှင်ပင် ဉာဏ်၌ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ, မိန်းမ, ယောကျ်ား, ဦးခေါင်း, ခြေလက်စသည်၊ ဆံပင်,မွေးညင်း၊ ခြေသည်း, လက်သည်း, သွား, အရေ, အသား, အရိုးစသည် ဉာဏ်မျင်စိ၌ အကုန်ကွယ်ပျောက် လတ္တံ့၊ ဓာတ်စု ဓာတ်ခဲကြီးငယ် မျှသာရှိသည် ဟုဉာဏ်မျက်စိ၌ မြင်ရလတ္တံ့။

စတုဓာတု ဝဝတ္ထာန် ကမ္မဋ္ဌာန်းအကျိုး

ဤစတုဓာတု ဝဝတ္ထာန် ကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီ ပုဂ္ဂိုလ်သည်

၁။ ပုဂ္ဂိုလ် သတ္တဝါ-ဟူသော အမှတ်သညာကို ပယ်နိုင်ခြင်း,

၂။ ကြောက်မက်ဖွယ်သော ဘေးကြီး ဘေးငယ်ကို သိခံနိုင်ခြင်း,

၃။ ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ တပ်မက်ရွှင်ပြုံး နှလုံးမသာယာခြင်းသို့ မရောက်ခြင်း,

၄။ ကာမဂုဏ်တို့၌ မွေ့လျော်ခြင်း ရတိ, သမထ-ဝိပဿနာ ဆိတ်ငြိမ်ရာတို့၌ မမွေ့မလျော်နိုင်ခြင်း အရတိတို့ကို နှိမ်နှင်းနိုင်ခြင်း,

၅။ ကြီးကျယ်သော ပညာရှိခြင်း,

၆။ ဤပစ္စုပ္ပန်ဘဝ၌ နိဗ္ဗာန်ချမ်းသာကိုရခြင်း,

၇။ တမလွန်ဘဝ၌ သဂတိသို့ လားရခြင်း, အကျိုးရင်း, အကျိုးဖျား တို့ကို ရနိုင်၏-ဟုမှတ်။

စတုဓာတု ဝဝတ္ထာန် ကမ္မဋ္ဌာန်း ပြီး၏၊

--------------

(၁၁) အဘိညာဉ်ကို ပြဆိုခန်း

ဆောင်ပုဒ်သံခိပ်။။ ဣဒ္ဓိဝိဓ၊ ဒိပ္ပနှစ်ထွေ၊ စေတောပရိ၊ ပုဗ္ဗေနိဝါ၊ ယထာကမ္မံ၊ နာဂတံသ၊ ဤသတ္တ၊ မှတ်ကြ အဘိညာ။

နေဝသညာတိုင်အောင် သမာပတ် ၉-ပါးကို ရပြီး၍ ထို ၉-ပါးလုံး၌ အသီးသီးဝသီဘော်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် သမထ ဘာဝနာ၏ အကျိုးဆက်ဖြစ်သော အဘိညာဣဒ္ဓိကို ရလိုပြန်သည်ရှိသော် ရူပါဝစရ ပဉ္စမစျာန် စိတ်ကို စျာနာနုလောမအစရှိသော ၁၄-ပါးသော အခြင်းအရာ တို့ဖြင့် အလွန်ထက်သန်ခြင်းသို့ ရောက်အောင်ဆုံးမရာ၏၊ အလွန် ထက်သန်ခြင်းသို့ ရောက်သောအခါ ထိုရူပပဉ္စမစျာန်စိတ်သည် အဘိညာဉ် အဖြစ်သို့ ရောက်၏၊

အဘိညာ ၇-ပါး

၁။ ဣဒ္ဓိဝိဓအဘိညာ-ကောင်းကင် မြေမိုး ပျံလျှိုးမှု, တံခိုး အထွေ ထွေဖန်ဆင်းမှု။

၂။ ဒိဗ္ဗစက္ခု အဘိညာ-နတ်မျက်စိကဲ့သို့ အဆင်းအမျိုးမျိုးကို မြင်မှု။

၃။ ဒိပ္ပသောတ အဘိညာ-နတ်နားကဲ့သို့ အသံအမျိုးမျိုး ကိုကြားမှု။

၄။ စေတောပရိယ အဘိညာ-သူတစ်ပါးတို့၏စိတ်အကြံ အစည်ကို သိမှု။

၅။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ-ရှေးရှေးသော ဘဝအ ဆက်ဆက် ကမ္ဘာအဆက်ဆက်တွေက ဖြစ်ဖူးသောခန္ဓာ အစဉ်ကို သိမှု။

၆။ ယထာကမ္မူပဂ အဘိညာ-ဘယ်နတ်, ဘယ်လူ, ဘယ် သတ္တဝါ, ဘယ်ကံကြောင့် ဤသို့ဖြစ်ရသည်-ဟုကံဟောင်း ကိုသိမှု။

၇။ အနာဂတံသ အဘိညာ-နောက်နောက်ဘဝတွေ, ကမ္ဘာ တွေကို သိမှု။

ဆောင်ပုဒ်သံခိပ်။။ပါဒကစျာန်၊ အဓိဋ္ဌာန်နှင့်၊ တစ်ဖန် ပါဒက၊ စတုတ္ထ၊ ကျတုံအဘိညာ။

တစ်ခုတစ်ခုသော အဘိညာကိုဝင်စားလိုသော် ရှေးဦးစွာ အဓိဋ္ဌာန်၏ အခြေပါဒကပြုရာ၌

၁။ ရူပပဉ္စမစျာန်ကို ဝင်စားမှုတစ်ရပ်။

၂။ ထို့နောင် အလိုရှိရာအခွင့်ကို ဤအမှု ပြီးစေသတည်းဟု ဓိဋ္ဌာန်သော ကာမဇောဝီထိ ကျသည်တစ်ရပ်။

၃။ ထို့နောင် အဘိညာ၏ အခြေပြုရာ၌ ရူပပဉ္စမစျာန်ကိုဝင် စားမှု တစ်ရပ်။

၄။ ထို့နောင် ဘဝင် ၂-ကြိမ်, မနောဒွါရာဝဇ္ဇန်း,ပရိကံ,ဥပစာ, အနုလုံ, ဂေါတြဘု,အဘိညာတစ်ကြိမ်စီ၊ ထို့နောင် ဘဝင် ကျ၏၊

အဘိညာဖြစ်သည်နှင့် တပြိုင်နက် ကောင်းကင်မြေမိုး ပျံလျှိုးခြင်း စသော ဣဒ္ဓိကိစ္စပြီးစီး၏၊

ချဲ့ဦးအံ့

ဤသမထ ၄၀-တို့တွင် ကသိုဏ်း ၁၀-ပါးတို့၌ရသော စျာန်တို့မှ သာလျှင် အဘိညာကို ဖြစ်စေနိုင်၏၊ ကြွင်းသောကမ္မဋ္ဌာန်း၌ ရသောစျာန် တို့သည် အဘိညာကိုမဖြစ်စေနိုင်၊ ကသိုဏ်းတို့ဖြင့်ရူပသမာပတ် ၄-ပါး, ၅-ပါး လုံးကိုအကုန်ရလျှင်ပင် အရှင်သာရိပုတ္တရာအလောင်း သုရုစိ ရသေ့ဆရာကြီး၏ တပည့်ရသေ့၂၄၀၀၀-စသည်တို့ကဲ့သို့ ရှေးရှေးသော နီးသောဘဝတို့က အဘိညာကိုလေ့လာနိုင်နင်းခဲ့ဖူးသော ဉာဏ်ကြီးသော ပုဂ္ဂိုလ်တို့မှာ အဘိညာကိုဖြစ်စေနိုင်၏၊ ရှေးကမလေ့လာခဲ့ဖူးသော ဉာဏ်နုံ့ သောသူမှာကား စျာန်သမာပတ် ၈-ပါး,၉-ပါးလုံးကိုပင်ရမှ အဘိညာကို ဖြစ်စေနိုင်သည်။

ကသိုဏ်း၁၀-ပါးတို့ဖြင့် သမာပတ် ၈-ပါး,၉-ပါးကိုရသောယောဂီ ပုဂ္ဂိုလ်သည် ဣဒ္ဓိဝိဓ,ဒိဗ္ဗသောတ, ပရစိတ္တဝိဇာနန, ပုဗ္ဗေနိဝါသာနုဿတိ, ဒိဗ္ဗစက္ခု-ဟူသော အဘိညာငါးပါးတို့ကိုလည်း ရအောင်ပြုရာ၏၊ ဖြစ်စေ ရာ၏၊ ထိုအဘိညာတို့ကိုရလို ဖြစ်စေလိုသော ယောဂီပုဂ္ဂိုလ်သည် တော ခုတ်ခါနီးဓားကို ထက်သည်ထက် ထက်အောင် သွေးဘိသကဲ့သို့ ဝေးစွာ သောအရပ်၌ ဝတ္ထုကိုကြည့်ရှုခါး မှန်ပြောင်းကိုကြည်သည်ထက် ကြည် အောင် ပွတ်တိုက်ဘိသကဲ့သို့ စျာန်စိတ်ကို ဉာဏ်ကို ထက်သည်ထက် ထက်အောင် ကြည်သည်ထက် ကြည်အောင် ဤသို့သွေးရာ၏၊ ပွတ်တိုက် ရာ၏၊ စျာန်ကစားရာ၏၊

စျာန် ကစားပုံ

၁။ စတုက္ကနည်းမှာ သမာပတ် ၈-ပါး, ပဉ္စကနဉ်းမှာ သမာပတ် ၉-ပါး၊ ထို ၈-ပါးသော သမာပတ်တို့ကို ပထမစျာန်မှသည် နေဝသညာနာသညာယတနစျာန် ကျအောင် အစဉ် အတိုင်း အနုလုံချည်း အကြိမ်များစွာ ဝင်စားရာ၏၊

၂။ တစ်ဖန် နေဝသညာနာသညာယတနစျာန်မှသည် ပဌမ စျာန်ကျအောင် နောက်ပြန်အစဉ် ပဋိလုံချည်း အကြိမ် များစွာရာ၏၊

၃။ တစ်ဖန် အသွားအပြန် အနုလုံ,ပဋိလုံအားဖြင့်လည်း အကြိမ်များစွာဝင်စားရာ၏၊

ကသိုဏ်း ၁၀-ပါးလုံးကိုလည်း ထိုနည်းတူ

၁။ ပထဝီကသိုဏ်းမှသည် အာကာသကသိုဏ်းကျအောင် အစဉ်အတိုင်း အနုလုံချည်း အကြိမ်များစွာ ဝင်စားရာ၏၊

၂။ အာကာသ ကသိုဏ်းမှသည် ပထဝီကသိုဏ်းကျအောင် နောက်ပြန်အစဉ်အတိုင်း ပဋိလုံချည်း အကြိမ်များစွာ ဝင်စားရာ၏၊

၃။ တဖန်အသွားအပြန် အနုလုံ ပဋိလုံ အားဖြင့်လည်း အကြိမ် များစွာ ဝင်စားရာ၏၊

၄။ ထိုသို့ စျာန်ကသိုဏ်းတို့ကို အနုလုံအားဖြင့်လည်းကောင်း, ပဋိလုံအားဖြင့်လည်းကောင်း ဝင်စားရာတို့၌ စျာန်ကိုချည်း လည်း တစ်ခုကျော်တစ်ခုကျော် ဝင်စားရာ၏၊

၅။ ကသိုဏ်းကိုချည်းလည်း တစ်ခုကျော်တစ်ခုကျော်ဝင်စား ရာ၏၊

စျာန်ကသိုဏ်း ၂-ပါးစုံရောလျက်လည်း

တစ်ခုကျော်တစ်ခုကျော် ဝင်စားပုံကား

၁။ ပထဝီကသိုဏ်း၌ ပထမစျာန်ကို ဝင်စား၍ ထပြီးလျှင် ဒုတိယစျာန် အာပေါကသိုဏ်းတို့ကို ချန်ထားခဲ့၍ ကျော်၍ တေဇောကသိုဏ်း၌ တတိယစျာန်ကိုဝင်စားအပ်၏၊

၂။ ထို့နောင် စတုတ္ထစျာန် ဝါယောကသိုဏ်းတို့ကို ချန်ထားခဲ့၍ ကျော်၍ နီလကသိုဏ်း၌ ပဉ္စမစျာန် ဝင်စားအပ်၏၊

၃။ ထို့နောင် အာကာသာနဉ္စာယတန စျာန်ကိုချန်ထားခဲ့၍ ကျော်၍ ဝိညာနဉ္စာယတနစျာန်ကို ဝင်စားအပ်၏၊

၄။ ထို့နောင် အာကိဉ္စညာယတနစျာန်ကို ချန်ထားခဲ့၍ ကျော်၍ နေဝသညာနာသညာယတနစျာန်ကို ဝင်စား အပ်၏၊

၅။ ထို့နောင် ထိုစျာန်မှထ၍ နောက်သို့ ပဋိလုံ ပြန်ဆင်း သောအခါ အာကိဉ္စညာယတနစျာန်ကို ဝင်စားအပ်၏၊

၆။ ထို့နောင် ဝိညာဏဉ္စာယတနစျာန်ကို ချန်ထားခဲ့၍ ကျော်၍ ပီတကသိုဏ်းကို ခွါ၍ အာကသာနဉ္စာယတနစျာန်ကို ဝင်စားအပ်၏၊

၇။ ထို့နောင် ပဉ္စစျာန် နီလကသိုဏ်းတို့ကို ချန်ထားခဲ့၍ ကျော်၍ ဝါယောကသိုဏ်း၌ စတုတ္ထစျာန်ကို ဝင်စား အပ်၏၊

၈။ ထို့နောင် တတိယစျာန် တေဇောကသိုဏ်းတို့ကို ချန်ထား ခဲ့၍ ကျော်၍ အာပေါကသိုဏ်း၌ ဒုတိယစျာန်ကို ဝင်စား အပ်၏၊

၉။ ထို့နောင် ပထဝီကသိုဏ်း၌ ပထမစျာန်ကို ဝင်စား၍ ရှေးနည်းတူ အထက်သို့တက်၍ ဝင်စားအပ် ၏၊

၁၀။ ဤကဲ့သို့ပြု၍ အောက်ကသိုဏ်း ၆-ခုလမ်း ကျေပြွန်နိုင်နင်း သောအခါ အထက်ကသိုဏ်း ၆-ခုလမ်းလည်း ကျေပြွန်နိုင် နင်းအောင် နီလကသိုဏ်းမှစ၍ အထက်ကသိုဏ်းတို့၌ ရှေးနည်းတူ ဝင်စားအပ်၏၊ ပြုအပ်၏၊

နီလ, ပီတ ၂-ပါးတို့ကား အထက်အောက် ၂-ပါး၌ပင် ကသိုဏ်း ၆-ခုစေ့အောင် အရေအတွက်ပါရမည်၊ အကြင်အမှတ်မရှိ တစ်ခုခုသော ကသိုဏ်းကို ချန်လှပ်ထား၍ မကျေပြွန် မနိုင်နင်းခဲ့လျှင် ထိုကသိုဏ်းဖြင့် ခိပ္ပနိသန္တိဖြစ်အောင် ပြုအပ်သော ဆရာတို့၌ ခိပ္ပနိသန္တိမဖြစ်နိုင်ဘဲနေ တတ်သည်။

ခိပ္ပနိသန္တိ-ဟူသည်ကား တန်ခိုးဖန်ဆင်းသောအခါ အလျင် အမြန်ဖြစ်စေ ပြီးစီးစေနိုင်မှုကို ဆိုသည်၊ ထို့ကြောင့် ကသိုဏ်း ၁၀-ပါး လုံးကိုပင်ကျေပြွန်အောင် နိုင်နင်းအောင်, စေ့အောင်ပြုအပ်၏၊ မကျန် စေအပ်၊ အာကာသာနဉ္စာယတနစျာန်ကို ဝင်စားလိုသောအခါ အာကာ သကသိုဏ်းနှင့် ကြိမ်၍နေလျှင် ကြွင်းသော အမှတ်မရှိ တစ်ခုခုသော ကသိုဏ်းကိုခွါ၍ ဝင်စားအပ်၏၊ အထက်အရူပစျာန် ၃-ခုတို့သို့ကား ကသိုဏ်းနှင့် မဆိုင်၊ ကသိုဏ်းမလိုက်စေအပ်၊ စျာန်တိုင်း စျာန်တိုင်းကို ပင်လျှင် ဝင်စား၍ ထပြီးလျှင် စျာန်အင်္ဂါတို့ကိုလည်း ဆင်ခြင်၍ ဆင်ခြင်၍ပြီးမှ နောက်နောက်စျာန်ကို ဝင်စားအပ်၏၊ ဝင်စားရမည်၊ ဤကဲ့သို့ ပြုမှ ဝသီဘော် ၅-ပါးလုံး နှိင်နင်းသည်။

(ဤပြဆိုခဲ့ပြီးသော စျာန်ဝင်စားပုံ, ကစားပုံကား နည်းမျှသာ တည်း၊ အစအဆုံး မဟုတ်ဘဲ၊ အလယ်ကပဲ ဖောက်၍ဝင်စား ဝင်စား၊ ၂-ခုကျော် ၃-ခုကျော်ပဲဝင်စား ဝင်စား မိမိအလိုရှိသလို ဝင်စားအပ်၏၊ ကစားအပ်၏၊ စျာန်ကသိုဏ်းတို့၌ လေ့လာနိုင်နင်းမှုသည်သာ လိုရင်း တည်း။)

စျာန်ကစားပုံပြီး၏၊

--------------

စျာန်တန်ခိုးကြီးကျယ်ပုံ

ပြဆိုခဲ့ပြီးသောအတိုင်း ၁၈-ပါးသော အခြင်းအရာတို့ဖြင့် စျာန်ကစားခြင်းကို ပြုသည်ရှိသော် စျာန်စိတ်သည်, ဉာဏ်သည် အလွန်ထက်သန်ကြီးထွား၏၊ အားကောင်း၏၊ မြဲမြံခိုင်ခံ့၏၊ လွန်စွာ ဝသီဘော်နိုင်၏၊ လွန်စွာ တည်ကြည်၏၊ ကြည်လင်၏၊ ထိုအခါ ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ။လ။ ဌိတေ အာနဉ္ဇပ္ပတ္တေ ဣဒ္ဓိဝိဓာယ စိတ္တ အဘိနိဟရတိ အဘိနိန္နာမေတိ၊ သော အနေကဝိဟိတံ ဣဒ္ဓိဝိဓံ ပစ္စနုဘောတိ၊ ဧကောပိ ဟုတွာ ဗဟုဓာ ဟောတိ။ စသည်ဖြင့် ဟောတော်မူသောအတိုင်း တစ်ယောက်တည်း ကိုယူလျက် တစ်ရာ, တစ်ထောင် ဖန်ဆင်းနိုင်ခြင်း, မြေကိုလျှိုးခြင်း, မိုးကိုပျံခြင်း-စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖြစ်စေနိုင်တော့။

ထို စေတောဝသီပတ္တ- စိတ်အလိုအတိုင်း ပြီးစီးစေနိုင်ခြင်းသို့ ရောက်သော ဣဒ္ဓိမာ ပုဂ္ဂိုလ်သည် မိမိကိုယ်ကို တစ်ရာ, တစ်ထောင် စသည်ဖြင့်ဖန်ဆင်းလိုလျှင် အကယ်၍ တစ်ရာဖန်ဆင်းလိုအံ့၊ ဝိဇ္ဇာဓိုရ်များ ဆေးနှိုးဘိသကဲ့သို့ တန်ခိုးနှိုးသောအားဖြင့် ရှေးဦးစွာ ပထဝီကသိုဏ်း၌ တန်ခိုးနှိုး ပဉ္စမစျာန်ကို တစ်ခဏမျှ ဝင်စား၍ နှိုး၍ ထပြီးလျှင်-ငါ တစ်ရာဖန်ဆင်းမည်၊ ဖြစ်မည်- ဟုရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြု၍ အဘိညာပါဒက ပဉ္စမစျာန်ကို တစ်ဖန်တစ်ခဏမျှ ဝင်စား၍ ထပြီးလျှင် ''သတံ ဟောမိ-ငါတစ်ရာဖြစ်စေ''ဟု အဓိဋ္ဌာန်ပြုလိုက်အပ်၏၊ ထိုအဓိဋ္ဌာန် အဘိညာဇောကျသည်နှင့်တစ်ပြိုင်နက် ''တစ်ရာ'' ဖြစ်၍သွား၏၊

အဘိညာဇောဝီထိကျပုံ

ဤအဓိဋ္ဌာန် အဘိညာဇော ဝီထိကျပုံမှာ- တစ်ထောင် ဟူသောနိမ္မိတရုပ်ပွားကို အာရုံပြု၍ အာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ- ဟုကာမစိတ်ဖြစ်၍ ဂေါတြဘူ အခြားမဲ့၌ ရူပပဉ္စမစျာန် အဘိညာဇော တစ်ကြိမ်ဖြစ်၍ ထို့နောင် ဘဝင်ကျ၍ သွား၏၊

နောက် အဘိညာ ဝီထိတို့မှာလည်း ထို နည်းတူချည်း မှတ်ကြ လေ၊ အကယ်၍ တစ်ထောင်မဖြစ်လာ သေးမူ ဤနည်းတူ စသည်ဖြင့်ပြု အပ်၏၊ ဖြစ်ပေါ်လာ၏၊

အရှင်စူဠပန်စသည်တို့ကဲ့သို့လည်းကောင်း, ထို့ထက်အလွန် လည်ကောင်း, သဘောတူလည်းကောင်း, သဘောပြားလည်းကောင်း ဖန်ဆင်းလိုမူ

၁။ ဤမျှလောက် ရဟန်းစုက ပထမအရွယ် ဘယ်လို အဆင်း သဏ္ဍာန် အဝတ်သင်္ကန်း, အလုပ်အကိုင်နှင့် နေစေ။

၂။ ဤမျှလောက်သော ရဟန်းစုက ဒုတိယအရွယ် ဘယ်လို အဆင်းသဏ္ဍာန်, အဝတ်သင်္ကန်း, အလုပ် အကိုင်နှင့်နေစေ။

၃။ မိမိအလိုရှိသလိုါ်ရည်မှန်းဆင်ခြင်ခြင်း ပရိကံပြု၍ အဓိဋ္ဌာန် အပ်၏၊ ဓိဋ္ဌာန်တိုင်း အလိုရှိတိုင်းဖြစ်၏၊

ထိုသို့ ဖန်ဆင်းသောအခါ ငါဘယ်လောက် ကြာအောင် ဖန်ဆင်း ၍ နေမည်ဟူ၍လည်း ကာလအပိုင်းအခြားကို မှတ်ထား၍ ဖန်ဆင်း အပ်၏၊ ထိုမိမိမှန်းထားသော ကာလစေ့လျှင် တန်ခိုးငြိမ်း၍ မိမိ တစ်ယောက်တည်းပင် ဖြစ်၍သွား၏၊ အကယ်၍မှန်းထားသော အချိန် ကာလမတိုင်မီ အကြား၌ တန်ခိုးကို သိမ်းရုပ်လိုအံ့၊ စျာန်ကိုဝင်စား၍ ထ၍ ငါတစ်ယောက်ထည်း အတိုင်းပင် ဖြစ်မည်ဟု ရည်မှန်း ဆင်ခြင်၍ စျာန်ကိုဝင်စားပြီးလျှင် ထ၍ ''ဧကော ဟောမီ-ငါတစ်ယောက်တည်း အတိုင်းပင်ဖြစ်စေ နေစေ''ဟု အဓိဋ္ဌာန် ပြုအပ်၏၊ အဓိဋ္ဌာအဘိညာ ဇောကျသည်နှင့် တစ်ပြိုင်နက် နိမ္မိတရုပ်ပွါးတွေ ချုပ်ကွယ်သွား၍ မိမိ တစ်ယောက်တည်း အတိုင်းပင်ဖြစ်၍ ကျန်ရှိ၍ နေတော့၏၊ မည်သည့်ဟာမဆို မိမိအလိုရှိသလို ဖန်ဆင်းလို ပြုပြင်လိုလျှင် ဤနည်းအတူ ရှေးဦးစွာ တန်ခိုးနိုး စျာန်ဝင်စား၍ ထ၍ မိမိအလိုရှိသော အတိုင်း ရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြု၍ အဘိညာ၏ အခြေခံ တစ်ဖန်စျာန်ကို ဝင်စား၍ ထပြီးလျှင် မိမိအလိုရှိသောအတိုင်း အဓိဋ္ဌာန် ခြင်းကို ပြုအပ်၏၊ စေ-ဟုစေလိုက်အပ်၏၊ ဓိဋ္ဌာန်တိုင်း, စေလိုက်တိုင်း ဖြစ်တော့၊ ပြီးစီးတော့၏၊ ပြည့်စုံတော့၏၊

အထူးကား

၁။ ရေ၌ငုပ်ချည် ပေါ်ချည် လုပ်ဘိသကဲ့သို့ မြေကြီး၌ ငုပ်ချည် ပေါ်ချည် ပြုလုပ်လိုလျှင် အာပေါကသိုဏ်း၌ ဝင်စား၍ ''ဤနေရာ၌ ရေဖြစ်စေ''ဟုဓိဋ္ဌာန်ဖန်ဆင်း၍ ပြုအပ်၏၊

၂။ နံရံကို တံတိုင်းကို မြေကြီးကို ဖောက်ဝင် ငုပ်လျှိုး၍ ကောင်းကင်၌ သွားဘိသကဲ့သို့ မထိမခိုက် သွားလိုလျှင် ကာသကသိုဏ်း၌ ဝင်စား၍ မိမိသွားလိုသောနေရာ၌ ''ဤနေရာ၌ ကောင်းကင်ဖြစ်စေ''ဟု ဓိဋ္ဌာန်ဖန်ဆင်း၍ ဖောက်ဝင် ငုပ်လျှိုး၍ သွားအပ်၏၊

၃။ ငှက်ကဲ့သို့ မိုးကောင်းကင်သို့ ပျံတက်၍ ခြေဖြင့်နင်း၍ သွားလိုလျှင် ပထဝီကသိုဏ်း၌ ဝင်စား၍ မိမိသွားလိုသော မိုးကောင်း ကင်၌ ''ဤနေရာ၌ မြေဖြစ်စေ''ဟု ဓိဋ္ဌာန် ဖန်ဆင်း၍ သွားအပ်၏၊

၄။ အကယ်၍ ခြေဖြင့်နင်း၍ လှမ်း၍ မသွားလိုပဲ ရုပ်သေးဇာတ် ပွဲထဲ၌ နတ်ရုပ်တွေ ထွက်လာဘိသကဲ့သို့ ငြိမ်ငြိမ်သွားလိုလျှင် ဝါယော ကသိုဏ်း၌ ဝင်စား၍ ''ငါသည် ကောင်းကင်သို့ လွင့်တက်စေ'' ဟု ဓိဋ္ဌာန် ခြင်းကိုပြု၍ သွားအပ်၏၊

၅။ ထိုသို့သွားရာ၌ ပကတိသွားဘိသကဲ့သို့ ဖြည်းဖြည်း သွားလို လျှင် ''ငါ၏စိတ်သည် ကိုယ်ကဲ့သို့ ဖြည်းဖြည်းလေးလေး'' ဖြစ်စေဟု စိတ်ကို ရုပ်၌ ထည့်သွင်းခြင်း, ညွတ်စေခြင်းကိုလည်း ပြုအပ်၏၊

၆။ ရောဟိတ ရှင်ရသေ့ ပြေးသွားပုံကဲ့သို့ အလိုရှိရာ အရပ်သို့ အလျင်အမြန် ခဏချင်း ရောက်လိုမှု ငါ၏ကိုယ်သည် စိတ်ကဲ့သို့ ပေါ့ပါး လျင်မြန်စေဟု ရုပ်ကို စိတ်၌ ထည့်သွင်းခြင်း, ညွတ်စေခြင်းကိုလည်း ပြုအပ်၏၊

၇။ သီဟိုဠ်ကျွန်း ဓမ္မဒိန္နမထေရ်သည် အပဏ္ဏကသုတ်ကို ဟောယင်း ပရိသတ်တို့အား မြေကိုခွဲ၍ ငရဲကိုပြဘိသကဲ့သို့လည်းကောင်း, နတ်ပြည်တို့ကိုလည်း ပြဘိသကဲ့သို့လည်းကောင်း, ရှေးက သံကိစ္စ ရသေ့ကြီး ဗြဟ္မဒတ်မင်းအား ငရဲတို့ကို ခွဲ၍ ပြဘိသကဲ့သို့လည်းကောင်း, ''သုစိဏ္ဏဿ ဖလံ ပဿ၊ ဣန္ဒာ ဒေဝါ သဗြဟ္မကာ'' ဟုနတ်, ဗြဟ္မာပြည်တို့ကိုလည်းမြင်အောင် ပြဘိသကဲ့သို့လည်းကောင်း ပြလိုလျှင် အာကာသကသိုဏ်း၌ ဝင်စား၍ ''ဤမျှသော မြေအရပ်တို့သည် ဟင်း လင်းအပြင် ကောင်းကင်၌ဖြစ်စေ၊ ဤဝတ္ထုတို့သည် ထင်မြင်ရစေ'' ဟု ဓိဋ္ဌာန်ခြင်းကို ပြုအပ်၏

(က) ဣဒ္ဓိဝိဓ အဘိညာ ကသိုဏ်းတို့၏အစွမ်း

ပြဆိုခဲ့ပြီးသော တန်ခိုးအမျိုးမျိုးတို့ကို ဖန်ဆင်းရာ, ပြရာ, ဖြစ်စေ ရာတို့၌ ကသိုဏ်းတို့၏ အစွမ်းတို့ကိုသိ၍ မိမိအလိုရှိသလို ပြုရာ၏၊ ကသိုဏ်းတို့၏ အစွမ်းတို့ကား

ပထဝီကသိုဏ်း၏အစွမ်း

ပထဝီကသိုဏ်း၏ အစွမ်းဖြင့် တစ်ရာ, တစ်ထောင် စသည် ဖန်ဆင်းခြင်း, နဂါး, ဂဠုန်-ယောင်စသည် ဖန်ဆင်းခြင်း, ကောင်းကင်၌ လည်းကောင်း၊ ရေပေါ်၌လည်းကောင်း မြေဖန်ဆင်း၍ ခြေဖြင့်နင်း၍ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်းတို့ကို ပြုခြင်း, သစ်ပင်၊ တော၊ တောင်၊ မြေ၊ အိမ်၊ ကျောင်း၊ ဗိမာန်စသော အထည်ဝတ္ထုတို့ကို ဖန်ဆင်း ခြင်း, တစ်စုံတစ်ခုသော အထည်ဝတ္ထု မိုးကို ရွာစေခြင်း, ပေါ့သောဝတ္ထုကို လေးစေခြင်း, တစ်စုံတစ်ခုသော ဝတ္ထုကို လေးစေခြင်း, တစ်စုံတစ်ခုသော ဝတ္ထုကို ရွေ့ရှား၍ မရနိုင်အောင် ခိုင်မြဲစေခြင်း-စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏၊

အာပေါကသိုဏ်း၏အစွမ်း

အာပေါ-ကသိုဏ်း၏ အစွမ်းဖြင့် မြေ၌ ငုပ်မှု ပေါ်မှုကို ပြုခြင်း, မိုးရွာစေခြင်း, မြစ်-သမုဒ္ဒရာ စသည်ဖန်ဆင်းခြင်း, ပကတိရေကို ဆီ, ပျား, နို့ရည်-စသည်ဖန်ဆင်းခြင်း, ကိုယ်မှ ရေဆိုင်ထွက်စေခြင်း, မြေတောင်-ပြာသာဒ် စသည်ကိုလှုပ်စေခြင်း-စသည်တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏၊ မြေ, တောင်, ပြာသာဒ်-စသည်ကို လှုပ်စေသောအခါ အာပေါ ကသိုဏ်း၌ ဝင်စား၍ ထိုအာပေါကသိုဏ်းဖြင့် လှုပ်စေလိုသော ဝတ္ထုကို ရေပေါ်၌ ပေါလောပေါ်၍နေသော နွားချေးချပ်ကဲ့သို့နေအောင် ပြု၍ လှုပ်စေသည်။

ရှေးက မဟာနာဂမထေရ်၏ တူရင်းဖြစ်သော သံဃရက္ခိတ သာမဏေကလေးသည် သာမဏေပြုသောနေ့ ဆံချစဉ်၌ပင် ရဟန္တာ ဖြစ်၍ တန်ခိုးပါပြည့်စုံ၍ ထိုနေ့၌ပင် သိကြားမင်း၏ ယူဇနာတစ်ထောင် မြင့်စွာ ကြီးမားသော ဝေဇယန္တာပြသာဒ်ကို လှုပ်စေသောအခါ ပထဝီ ကသိုဏ်း၌ ဝင်စားပြီး လှုပ်၍ မလှုပ်သဖြင့် နတ်သမီးတွေ ဝိုင်းပြီး သရော် လှောင်ပြောင်ကြ၍ ပြန်ပြေးလာပြီးလျှင် ဆရာကိုမေးလျှောက်၍ ထိုကဲ့သို့ အာပေါကသိုဏ်း၌ ဝင်စား၍ လှုပ်မှ ပြာသာဒ်ကြီး လဲလုမတတ် လှုပ် လေသည်၊ နတ်သမီးတွေ ဝိုင်း၍ တောင်းပန်ရသည်။

တေဇောကသိုဏ်း၏အစွမ်း

တေဇော-ကသိုဏ်း၏ အစွမ်းဖြင့် မိမိကိုယ်မှလည်းကောင်း, တစ်ပါးသောဝတ္ထုမှလည်းကောင်း အခိုးထွက်စေခြင်း, မီးလျှံထထွက် စေခြင်း, မီးကျီးမိုးရွာစေခြင်း, မိမိတန်ခိုးဖြင့် သူတစ်ပါးတန်ခိုးမီးကို ကုန်စေနိုင်ခြင်း, လောင်စေလိုသော ဝထ္ထုကို လောင်စေနိုင်ခြင်း, ဒိဗ္ဗ စက္ခုရှုရာ၌ အလင်းကိုပြုခြင်း, ပရိနိဗ္ဗာန်စံသောအခါ မိမိကိုယ်ကို တေဇောဓာတ် လောင်စေခြင်း-စသည်တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏၊

ဝါယောကသိုဏ်း၏ အစွမ်း

ဝါယော- ကသိုဏ်း၏ အစွမ်းဖြင့်လေကဲ့သို့ လွင့်ပြေးစေခြင်း, လေးသောဝတ္ထုကို ပေါ့စေခြင်း, လေမုန်တိုင်း ထစေခြင်း- စသည်တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏၊

နီလကသိုဏ်း၏ အစွမ်း

နီလ ကသိုဏ်း၏ အစွမ်းဖြင့် ညိုသောအဆင်း ဝတ္ထုဖန်ဆင်းခြင်း, ပတ္တမြားညို ဖန်ဆင်းခြင်း, မှောင်ချခြင်း- စသည်တို့သည်ဖြစ်ကုန်, ပြီးစီးကုန်၏၊

ပီတကသိုဏ်း၏အစွမ်း

ပီတ-ကသိုဏ်း၏အစွမ်းဖြင့် ဝါရွှေသောအဆင်း ဝတ္ထုဖန် ဆင်းခြင်း, ရွှေအစရှိသော ဝတ္ထုဖန်ဆင်းခြင်း-စသည်တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏၊

လောဟိတကသိုဏ်း၏ အစွမ်း

လောဟိတ-ကသိုဏ်း၏ အစွမ်းဖြင့် နီသောအဆင်း ဝတ္ထုဖန် ဆင်းခြင်း, ပတ္တမြားနီ ဖန်ဆင်းခြင်း- စသည်တို့သည် ဖြစ်ကုန်, ပြီး စီးကုန်၏၊

ဩဒါတကသိုဏ်း၏ အစွမ်း

ဩဒါတ-ကသိုဏ်း၏ အစွမ်းဖြင့် ဖြူသောအဆင်း ဝတ္ထုဖန် ဆင်းခြင်း, ငွေအစရှိသော ဝတ္ထုဖန်ဆင်းခြင်း, အမိုက်မှောင်ကို ပယ် ဖျောက်ခြင်း, ဒိဗ္ဗစက္ခုရှုရာ၌ အလင်းကိုပြုခြင်း- စသည်တို့သည်ဖြစ်ကုန်, ပြီးစီးကုန်၏၊

အာလောကကသိုဏ်း၏အစွမ်း

အာလောက- ကသိုဏ်း၏ အစွမ်းဖြင်း မိမိကိုယ်မှလည်းကောင်း, တစ်ပါးသောဝတ္ထုမှလည်းကောင်း အရောင်ထွက်စေခြင်း, အရောင် တောက်ပသောရုပ်ကို ဖန်ဆင်းခြင်း, အရောင်အလင်းဖြစ်စေခြင်း, အမိုက် မှောင်ကို ပယ်ဖျောက်ခြင်း, ဒိဗ္ဗစက္ခုရှုရာ၌ အလင်းကိုပြုခြင်း-စသည် တို့သည်ဖြစ်ကုန်, ပြီးစီးကုန်၏၊

အာကာသကသိုဏ်း၏ အစွမ်း

အာကာသ- ကသိုဏ်း၏အစွမ်းဖြင့် ဖုံးကွယ်၍နေသော ဝတ္ထုကို ထင်ရှားမြင်ရအောင် ပေါ်အောင်ပြုခြင်း မြေကြီးအတွင်း-တောင် အတွင်းတို့၌ ကောင်းကင်ဖန်ဆင်း၍ ဣရိယာပုထ် ၄-ပါးပြုနိုင်ခြင်း, တံတိုင်းနံရံ တစ်ဖက်သို့ မထိမငြိ ဖောက်ထွင်း၍ သွားနိုင်ခြင်း-စသည် တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏၊

ကသိုဏ်း၁၀-ပါးလုံး၏အစွမ်း

ကသိုဏ်း၁၀-ပါးလုံး၏ အစွမ်းဖြင့် မမြင်စေလိုသော အထည် ဝတ္ထုကို မမြင်ရအောင် ကွယ်ထားခြင်း, ငယ်သောဝတ္ထုကို ကြီးစေခြင်း, ကြီသောဝတ္ထုကိုငယ်စေခြင်း, နီးသောဝတ္ထုကို ဝေးစေခြင်း, ဝေးသော ဝတ္ထုကို နီးစေခြင်း, သူတစ်ပါးတို့အား မေ့စေလိုသော အကြောင်းကို အမှတ်မရဘဲ သတိမေ့အောင် ပြုခြင်း-စသည်တို့ကိုကား ကသိုဏ်း ၁၀- ပါးလုံး၏ အစွမ်းသည်ပင်လျှင် ဖြစ်စေ, ပြီးစီးစေနိုင်၏၊

ဣဒ္မိဝိဓအဘိညာ ပြီး၏၊

-------

( ခ ) ဒိဗ္ဗသောတ အဘိညာ

ဣဒ္ဓိမာပုဂ္ဂိုလ်သည် နတ်နားကဲ့သို့ သန်း ကမျဉ်းနီတို့၏ မြည် တွန်သံ-အစရှိသော အလွန်သိမ်မွေ့သော အသံ, ဝေးစွာသော အရပ်၌ ရှိသော အသံတို့ကို ကြားလိုသောအခါ အကယ်၍ နတ်ပြည်က ပြော ဆိုသံကို ကြားလိုအံ့၊ ပေါ့ပါးသော ကသိုဏ်းတို့ကို ထိုမိမိကြားလိုသော အသံရှိရာအရပ်သို့ ဖြန့်၍ တန်ခိုးနှိုးစျာန်ကို ဝင်စား၍ ထ၍ ပကတိ လူစကားပြောသံများကို နားကကြားရဘိသကဲ့သိ့ု ဤနတ်တို့အသံကို ငါကြားအံ့ဟု ရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြု၍ တဖန်ပါဒကစျာန်ကို ဝင်စား၍ ထပြီးလျှင် ဤနတ်တို့၏ အသံကို ငါကြားစေသတည်း-ဟု အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ အဓိဋ္ဌာန်အဘိညာဇောကျသည်နှင့် တပြိုင် နက် ကြားရ၏၊ အကယ်၍ မကြားရသေးလျှင် ဤနည်းအတူ အဖန်ဖန် အဓိဋ္ဌာန်အပ်၏၊ ကြားရ၏၊ ကြမ်းပိုး, သန်း, ကမျဉ်းနီ စသည်ဖြင့် အဘယ်အသံကိုမဆို မိမိကြားလိုသောအခါ ဤနည်းတူချည်းပြုအပ်၏၊ ထိုသို့ အသံကိုကြားလိုရာ၌ မိမိနားမလည်သော ဘာသာကွဲ စကားသံ ကိုကြားရလျှင် အသံကိုသာကြားရ၏၊ ဘာကို,ဘယ်လိုဟာကို ပြောသည် ဆိုသည် ဟူသည်ကား မသိ၊ ထိုအခါ ပရစိတ္တဝိဇာနနဉာဏ်ဖြင့် ထိုစကား ပြောသူ၏ စိတ်အလိုကို သိအောင်လုပ်၍ စကားသံကိုစကားသံ၏ အဓိပ္ပါယ်ကိုလည်း သိအပ် နားလည်အပ်၏၊

ဤကဲ့သို့ ပကတိနားဖြင့် မကြားကောင်းသော အသံတို့ကို ကြားနိုင်သော ဉာဏ်ကို နတ်နားကဲ့သို့ ကြားတတ်သဖြင့် နတ်နားနှင့် တူခြင်းကြောင့် ဒိဗ္ဗသောတ အဘိညာဟု ခေါ်၏၊

ဒိဗ္ဗသောတ အဘိညာ ပြီး၏၊

-----------------

( ဂ ) ပရစိတ္တ ဝိဇာနန အဘိညာ

ထိုဣဒ္ဓိမာပုဂ္ဂိုလ်သည် သူတစ်ပါး၏ စိတ်အကြံအစည်ကို သိလိုသောအခါ တန်ခိုး၌ မနိုင်နင်းသေးသော အာဒိကမ္မိကပုဂ္ဂိုလ်သည် ဒိဗ္ဗစက္ခု အဘိညာဖြင့် သူတစ်ပါး၏ နှလုံးသွေးကို ရှေးဦးစွာကြည့်၍ နှလုံးသွေးနီလျှင် ရာဂစိတ်,မည်းလျှင် ဒေါသစိတ်, ဝါလျှင်သဒ္ဓါစိတ်, ဖြူလျှင်ပညာစိတ်-စသည်ဖြင့် နှလုံးသွေးကို မြင်သဖြင့် စိတ်ကိုလည်း ဘယ်လိုစိတ်ဟု သာမည အနုမာနအားဖြင့် သိ၍ ''ဤသူ၏ စိတ်အကြံ အစည်ကို ငါသိအံ့'' ဟု ရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြု၍ အဘိညာ ပါဒကစျာန်ကို ဝင်စား၍ ထပြီးလျှင် ''ဤသူ၏ စိတ်အကြံ အစည်ကို ငါသိစေသတည်း'' ဟု အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ စိတ်အကြံအစည်ကို သိသော အဓိဋ္ဌာန် အဘိညာ ဇောကျလာ၏၊သိ၏၊

အကယ်၍ ပထမတစ်ကြိမ်ဖြင့် မသိသေးငြားအံ့၊ ဤနည်းအတူ အဖန်ဖန်ပြုအပ်၏၊ သိအပ်၏၊ ဤကဲ့သို့ သိနိုင်ဖန်များ၍ နိုင်နင်းသော အခါကျလျှင် နှလုံးသွေးကို ကြည့်နေဖွယ်မရှိ၊ တစ်ခါတည်း စိတ်ကိုပင် ကြည့်၍ သိနိုင်တော့၏၊ နှလုံးသွေးမရှိသော အရူပဘုံ စိတ်တို့ကိုလည်း သိနိုင်တော့၏၊ ၎င်းကို စေတောပရိယ အဘိညာဟူ၍လည်း ခေါ်၏၊

ပရစိတ္တဝိဇာနန အဘိညာ ပြီး၏၊

-------

(ဃ) ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ

ထိုဣဒ္ဓိမာ ပုဂ္ဂိုလ်သည် မိမိရှေးကဖြစ်ခဲ့ဖူးသော ဘဝအစဉ်ကို သိလို, အောက်မေ့လို့ အမှတ်ရလိုသောအခါ တေဇော, ဩဒါတ, အာလောက-ဟု အလင်းကသိုဏ်း ၃-ခုတို့တွင် တစ်ခုခု၌ တန်ခိုးနှိုးစျာန်ကို ဝင်စား၍, ထ၍ ယခုအခါမှစ၍ မိမိနို့စို့အခါ, မိမိမွေးဖွားသောအခါ ကျအောင် နောက်ပြန် အစဉ်အတိုင်း မိမိနေဖူး, ပြုဖူး, ဆိုဖူးသမျှ အလုံးစုံကို ပရိကံစိတ်ဖြင့်ပင်လျှင် ဆင်ခြင်အောက်မေ့၍, အမှတ်ရ၍ သွားအပ်၏၊ နို့စို့အရွယ်ကျအောင် ပရိကံစိတ်မှာ ထင်ရှားအမှတ်ရနိုင်၏၊

ထို့နောင် အရင်းသို့ ကျအောင် တိုး၍တိုး၍ ဆင်ခြင်အောက် မေ့အပ်၏၊ ထို့နောင် မသိနိုင်သော အရာသိ့ုကျလျှင် ''ဤမွေးခါစအခါ, ပဋိသန္ဓေနေသောအခါတိုင်အောင် ငါလာခဲ့သော အစဉ်ကိုသိစေ, အမှတ် ရ စေသတည်း''ဟု အဓိဋ္ဌာန်ကိုပြုအပ်၏၊ သိနိုင်သောအဓိဋ္ဌာန် အဘိညာ ဇောကျလာ၏၊ သိ၏၊

ထို့နောင် ငါသည် ဘယ်ဘဝ ဘယ်အဖြစ်က လာခဲ့လေသနည်း။ ''ငါလာခဲ့သော ရှေးဘဝကို သိစေ အမှတ်ရစေသတည်း''ဟု ပရိကံပြုပြီး လျှင် စျာန်ကိုဝင်စား၍ ထ၍ အဓိဋ္ဌာန်ခြင်းကိုပြုအပ်၏၊ ထိုအခါ ပဋိသန္ဓေမှ အရင်းသို့တိုးလျက် ရှေးဘဝကို သိမြင် အမှတ်ရနိုင်သော အဓိဋ္ဌာန် အဘိညာဇောကျလာ၏၊ အကယ်၍ မသိနိုင်, အမှတ်မရနိုင် သေးလျှင် စျာန်ဝင်စား၍ ဝင်စား၍ အဖန်ဖန် အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ သိမြင်အမှတ်ရနိုင်တော့၏၊ ဤယခုဘဝ၌ မိမိ၏အဖြစ်အပျက် အကြောင်းခြင်းရာ အလုံးစုံကို အကုန်သိနိုင်ဘိသကဲ့သို့ ရှေးဘဝ၌ မိမိ၏ အဖြစ်အပျက် အကြောင်းခြင်းရာ အလုံးစုံကို အကုန်သိနိုင်, အမှတ်ရနိုင် တော့၏၊

(ဤနည်းတူ ရှေးရှေးဘဝတို့ကိုလည်း သိအောင်, အမှတ်ရ အောင် နောက်ပြန်အောက်မေ့၍ သိအောင် ပြု၍ သွားရာ၏၊)

ထိုသို့သွားသောအခါ မိမိတို့စိတ်ဉာဏ် ထက်သန်သလောက် ဘဝများစွာ, ကမ္ဘာများစွာ အောက်မေ့ အမှတ်ရနိုင်ကြ, သိနိုင်ကြ၏၊ သာသနာပ ရသေ့ရဟန်းတို့ အောက်မေ့ကြသောအခါ ဉာဏ်အကြီးဆုံး ပုဂ္ဂိုလ်သည် ကမ္ဘာကြီး ၄၀-ကုန်အောင် အမှတ်ရနိုင်, သိနိုင်၏၊ ရဟန္တာ ပုဂ္ဂိုလ်တို့ကား မိမိတို့ဆုတောင်းပါရမီ ဖြည့်ခဲ့ရသမျှ ကာလကုန်အောင် အမှတ်ရနိုင်, သိနိုင်ကြ၏၊ သဗ္ဗညုဘုရားရှင်တို့မူကား ကမ္ဘာသင်္ချေ အောက်မေ့အမှတ်ရနိုင်, သိနိုင်ကြ၏၊ စိတ်ဉာဏ်ထက်သန် ကြီးထွားသော ပုဂ္ဂိုလ်တို့သည် မိမိ၏ ဘဝအစဉ်ကိုသာမဟုတ်၊ သူတစ်ပါး၏ ဘဝ အစဉ်ကိုလည်း အောက်မေ့အမှတ်ရနိုင်, သိနိုင်ကြ၏၊

ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ ပြီး၏၊

------

( င ) ဒိဗ္ဗစက္ခုအဘိညာ

ထို ဣဒ္ဓိမာပုဂ္ဂိုလ်သည် နတ်မျက်စိကဲ့သို့ ကွယ်ခြားရာ, ဝေးရာ အရပ်တို့၌ရှိသော အဆင်းဝတ္ထုတို့ကို မြင်လိုသောအခါ အကယ်၍ နတ်ပြည်ကို မြင်လိုအံ့ အလင်းကသိုဏ်း၃-ခုတို့တွင် တစ်ခုခုကို ထိုမိမိမြင် လိုသော အရပ်သို့ဖြန့်ခင်း၍, နှိုးစျာန်ကိုဝင်စား၍, ထ၍ ပကတိ မျက်စိဖြင့် ဤအနီးရှိအဆင်းဝတ္ထုတို့ကို မြင်ရဘိသကဲ့သို့ ဤနတ်ပြည်ကို ငါမြင်အံ့ဟု ရည်မှန်းဆင်ခြင်ခြင်းပရိကံကိုပြုပြီးလျှင် အဘိညာပါဒကစျာန်ကို ဝင်စား၍ ထပြီးလျှင် ဤနတ်ပြည်ကို ငါမြင်စေသတည်း-ဟု အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ မြင်နိုင်သောအဓိဋ္ဌာန် အဘိညာဇော ကျလာ၏၊ မြင်ရ၏၊ အကယ်၍ ပထမအကြိမ်ဖြင့်မမြင်ရသေးလျှင် ပါဒကစျာန်ကို ဝင်စား၍ ဝင်စား၍ အဖန်ဖန် အဓိဋ္ဌာန်ခြင်းကိုပြုအပ်၏၊ မြင်ရတော့၏၊ ငရဲကို မြင်လိုလျှင်လည်း ဤနည်းတူ ကြည့်ရှုအပ်၏၊ မြင်ရ၏၊ မည်သည့် ဝတ္ထုကိုမဆို မြင်လိုလျှင် ဤနည်းတူ ကြည့်ရှုရ၏၊ မြင်ရ၏၊

၁။ ထိုသတ္တဝါတို့ကို ကြည့်ရှု၍ မြင်၍ ဤသတ္တဝါတို့သည် ဘယ်လိုကံကိုပြု၍ ဤကဲ့သို့ စည်းစိမ် ချမ်းသာကို ရပါလိမ့်မည်နည်း၊ ဒုက္ခကို ခံရပါလိမ့်မည်နည်း- ဟု ကံကို ဆင်ခြင်ကြည့်ရှုလျှင် ကံကိုလည်း သိမြင်နိုင်တော့၏၊ ထိုကံကို သိမြင်နိုင်သည့်ဉာဏ်ကို ယထာကမ္မုပဂ အဘိညာ- ဟုခေါ်၏၊

၂။ ထိုသတ္တဝါတို့ကိုနောင်ဖြစ်လတ္တံ့သည်ကိုလည်း ဆင်ခြင် ကြည့်ရှုလျှင် သိမြင်နိုင်၏၊ ထိုသို့ သိမြင်နိုင်သော ဉာဏ်ကို အနာဂတံသ အဘိညာဟုခေါ်၏၊ ဤ အဘိညာ ၂-ပါးတို့ကိုလည်း ဒိဗ္ဗစက္ခုအဘိညာသို့ သွင်း၍ လောကီအဘိညာ ၅-ပါးဟု မိန့်ဆိုကြကုန်၏၊

ဒိဗ္ဗစက္ခုအဘိညာ ပြီး၏၊

အဘိညာဉ်၌ မှတ်ဖွယ်

ဤ အဘိညာ ၅-ပါးထဲသို့ အရဟတ္တဖိုလ်ကို ထည့်၍ အဘိညာ ၆-ပါးဖြစ်၏၊ ဤအဘိညာ ၆-ပါးတို့တွင် ပုဗ္ဗေနိဝါသာနုဿတိ, ဒိဗ္ဗစက္ခု, အရဟတ္တဖိုလ်ဟူသော အာသဝက္ခယ၊ ဤ ၃-ပါးကို ဝိဇ္ဇာ ၃-ပါးဟု ခေါ်၏၊ အဘိညာ ၆-ပါးထဲကို ဝိပဿနာဉာဏ်, မနောမဟိဒ္ဓိ တန်ခိုး၊ ဤ ၂-ပါးကိုထည့်၊ ဝိဇ္ဇာ ၈-ပါးဟု ခေါ်၏၊

မနောမယိဒ္ဓိ တန်ခိုးဟူသည်ကား မိမိကိုယ်ထဲကို ကောင်းကင်ဟု ဆင်ခြင် ဖန်ဆင်း၍ ထိုကိုယ် အခေါင်းထဲမှ မိမိကိုယ်ငယ် တစ်ခုကို ဖန်ဆင်း၍ဓားအိမ်မှ ဓားကို ထုတ်နုတ်ဘိသကဲ့သို့ ထုတ်နုတ်၍ ပြသော တန်ခိုးကိုခေါ်သည် ဣဒ္ဓဝိဓ တန်ခိုးပင်လျှင်တည်း။

အဘိညာဉ်၌ မှတ်ဖွယ်ပြီး၏၊

--------------

၁၂ -စိတ္တဝိသုဒ္ဓိသည် ဝိပဿနာ၏ အခြေခံဖြစ်ပုံ

အဘိညာစျာန်လမ်းမှ ဝိပဿနာစခန်းသို့ တက်ရန်

တန်ခိုး အဘိညာတို့နှင့်တကွ စျာန်သမာပတ်တို့ကို ရပြီး၍ စိတ်ဉာဏ်အလွန် ထက်သန်ကြည်လင် လတ်သော်

သောဝိဝိစ္စေဝ ကာမေဟိ။လ။ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သောဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ။လ။ ဌိတေ အာနဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေတိ၊ သော ဣဒံ ဒုက္ခန္တိယထာဘူတံ ပဇာနာတိ။

(ပဉ္စင်္ဂုတ္တရပါဠိတော် ယောဓာဇီဝေါပမသုတ်)

အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ်အလို့ငှာ စိတ်ကို ဝိပဿနာလမ်းသို့ ညွတ်စေ, တတ်စေအပ်၏၊ စျာန်၉-ပါးတို့တွင် ၁-ပါးပါးကို ဝင်စား၍ စျာန်သမာပတ်မှ ထပြီးလျှင် ရှေ့ပညာစခန်း၌ ပြလတ္တံ့သော ဓာတ်ကြီး ၄-ပါး, ၆-ပါး စသည်တို့ကို အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာထင်အောင် ရှုရာ၏၊

မျက်မှန်, မှန်ပြောင်းဖြင့် တပ်ချိန်၍ ကြည့်သောအခါ ပကတိ မြင်နိုင်ခဲသော သိမ်မွေ့သော ဝေးသော အာရုံတို့ကိုပင်အလွယ်တကူ ချမ်းသာစွာ ထင်ထင်ရှားရှား မြင်ရဘိသကဲ့သို့ ထို့အတူ စျာန်ကိုဝင်စား၍, စျာန်သမာဓိကို အခြေခံ၍ ဝိပဿနာရှုသည်ရှိသော် အလွန်နက်နဲ သိမ်မွေ့သော အလွန်ဝေးသော အလွန်ထင်မြင်နိုင်ခဲသော အနိစ္စ လက္ခဏာ, ဒုက္ခလက္ခဏာ,အနတ္တလက္ခဏာ အာရုံတို့ကိုလည်း မပင်မပန်း ချမ်းသာ လွယ်ကူစွာ ထင်မြင်နိုင်တော့၏၊ အာသဝေါတရားတို့ကို အကြင်း မဲ့ကုန်စေတတ်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့သည် ဖြစ်ပေါ်လာကြ တော့၏၊ အလွန်နက်နဲ သိမ်မွေ့သောအလွန်ဝေးသော အလွန်ထင် မြင်နိုင်ခဲသော သစ္စာ ၄-ပါး အာရုံ, နိဗ္ဗာန်အာရုံတို့ကို ထင်မြင်နိုင်တော့၏၊

လက္ခဏာရေး ၃-ပါးကို ထင်မြင်မှသာလျှင် နိဗ္ဗာန် ထင်မြင်ရ သည်ဖြစ်၍ လက္ခဏာရေး ၃-ပါးကို ထင်မြင်အောင် ကြည့်ရှုခြင်းသည် လည်း နိဗ္ဗာန်ကို ကြည့်ရှုမှုပင် မည်၏၊ စျာန်သမာပတ်ကို ဝင်စား၍, အခြေခံ၍ အာသဝေါကုန်မှုကို ရည်တော်မူ၍

ပဌမံ ပါဟံ ဘိက္ခဝေ စျာနံ နိဿာယ အာသဝါနံ ခယံ ဝဒါမိ။ လ။ နေဝသညာနာသညာယတနံ ပါဟံဘိက္ခဝေ စျာနံ နိဿာယအာသဝါနံ ခယံ ဝဒါမိ။

(နဝင်္ဂုတ္တရပါဠိတော်)

ဘိက္ခဝေ၊ ရဟန်းတို့။ ပဌမံပိ စျာနံ၊ ပဌမစျာန်ကိုလည်း။ နိသာယ၊ အခြေပါဒပြု၍, အမှီပြု၍၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယံ၊ ကုန်မှုကို။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူလေ၏၊ လ။ ဘိက္ခဝေ၊ ရဟန်းတို့။ နေဝသညာနာသညာယတနံပိ စျာနံ၊ နေဝသညာ နာသညာယတနစျာန်ကိုလည်း။ နိဿာယ၊ အခြေပါဒပြု၍။ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယံ၊ ကုန်မှုကို။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတြားတော်မူ၏၊

မှတ်ချက်။ ။စျာန်ကို ရှေးဦးစွာ ရအောင်ပြု၍ စျာန်ကို အခြေပါဒ ခံ၍အားထုတ်သဖြင့် ရအပ်သော မဂ်,ဖိုလ်ကို စေတောဝိမုတ္တိ မဂ်,ဖိုလ်၊ ထိုပုဂ္ဂိုလ်ကို စေတောဝိမုတ္တပုဂ္ဂိုလ်ဟုခေါ်သည်။ စျာန်ကိုရအောင် ရှေးဦးစွာမပြုဘဲ, စျာန်ကို အခြေမခံဘဲလျက် ဝိပဿနာမဂ်လမ်းသက်သက်ကိုသာအား ထုတ်ရာ၌လည်း ရှေးရှေးသော နီးသောဘဝကစျာန်သမာပတ်ကို ရခဲဖူးသော အဓိကာရရှိခဲ့လျှင် မဂ်ပေါ် လာသော အခါစျာန်ပါ တစ်ခါတည်း ရ၍ ပါ၍လာ၏၊ ဤကဲ့သို့ စျာန်ပါ ပါ၍လာသောမဂ်,ဖိုလ်ကိုလည်း စေတောဝိမုတ္တိမဂ်,ဖိုလ်၊ ထိုပုဂ္ဂိုလ်ကို လည်း စေတောဝိမုတ္တပုဂ္ဂိုလ်-ဟုခေါ်၏၊

ဤကဲ့သို့ ရှေးဦးစွာ စျာန်ကိုလည်း မရဘဲ, အခြေခံမရဘဲ, မဂ်ပေါ်သောအခါမှာလည်း စျာန်မပါလာဘဲ မဂ်ချည်းသန့်သန့် ဖြစ်ပေါ် လာသော မဂ်,ဖိုလ်ကို ပညာဝိမုတ္တိ မဂ်,ဖိုလ်,ဟု ခေါ်၏၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာဝိမုတ္တ ပုဂ္ဂိုလ်-ဟုခေါ်၏၊ စျာန်သမာဓိ အစေးမှ ခြောက်သွေ့သော သုက္ခဝိပဿကပုဂ္ဂိုလ်-ဟူ၍လည်း ခေါ်၏၊

မံသစက္ခုဿ ဥပ္ပါဒေါ၊ မဂ္ဂေါဒိဗ္ဗဿ စက္ခုနော။

ယတော စဉာဏံ ဥဒပါဒိ၊ ပညာစက္ခု အနုတ္တရံ။

ယဿစက္ခုပဋိလာဘာ၊ သဗ္ဗဒုက္ခာပမုစ္စတိ။

(ဣတိဝုတ်ပါဠိတော် တိစက္ခုသုတ်)

အနက်။။ဘိက္ခဝေ၊ ရဟန်းတို့။ မံသစက္ခုဿ၊ ပကတိမံသ စက္ခု၏၊ ဥပ္ပါဒေါ၊ ဖြစ်ပေါ်ပါရှိ၍ လာခြင်းသည်။ ဒိဗ္ဗဿစက္ခုနော၊ ဒိဗ္ဗစက္ခု၏၊ မဂ္ဂေါ၊ ဖြစ်ပေါ်ရရှိနိုင်သော အကြောင်းတည်း။ ယတောစ၊ အကြင်ဒိဗ္ဗ စက္ခုဟူသောအကြောင်းကြောင့်။ ဉာဏံ၊ နိဗ္ဗာန်ကိုသိမြင်နိုင် သော ဉာဏ်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်နိုင်၏၊ ဧတံ၊ ဤကဲ့သို ဖြစ်ပေါ်သော ဉာဏ်သည်။ အနုတ္တရံ၊ အတုမရှိလွန်မြတ်သော။ ပညာ စက္ခု၊ ပညာစက္ခုပေတည်း။ ပညာမျက်စိပေတည်း။ ယဿစက္ခု ပဋိလာဘာ၊ အကြင်ပညာစက္ခုကိုရခြင်းကြောင့်။ သဗ္ဗဒုက္ခာ၊ အလုံးစုံ သောသံသရာဝဋ်ဒုက္ခမှ။ ပမုစ္စတိ၊ လွတ်၏၊

သမထဟုဆိုအပ်သော အဓိစိတ္တသိက္ခာသာသနာ-စိတ္တဝိသုဒ္ဓိ အခန်းပြီးပြည့်စုံပြီ။

စိတ္တဝိသုဒ္ဓိသည် ဝိပဿနာ၏အခြေခံဖြစ်ပုံကို ပြဆိုခန်း ပြီး၏၊

-----------

၁၃- အဓိပညာသာသနာကို ပြဆိုခန်း

(က) ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပုံ

ဆောင်ပုဒ်သံခိပ်။ (က) လက္ခဏနှင့်၊ ရသနှစ်ခု၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်၊ သိမ်းရန် နာမ်နှင့်ရုပ်။

( ခ ) လေးချက်ပိုင်ပိုင်၊ ပိုင်းခြားနိုင်က၊ သတ္တဇီဝ၊ အတ္တအယူ၊ကင်းစင်ဖြူ၊ မှတ်ယူဒိဋ္ဌိဝိသုဒ္ဓိ။

စိတ်, ဖဿ, ဝေဒနာ-အစရှိသော နာမ်တရားတို့ကိုလည်း ကောင်း၊ ပထဝီ, အာပေါ-အစရှိသော ရုပ်တရားတို့ကိုလည်းကောင်း၊ ပထဝီ, အာပေါ, အစရှိသော ရုပ်တရားတို့ကိုလည်းကောင်း ဓမ္မဝတ္ထာန ဉာဏ်ဖြင့်အသီးသီး ခြားခြားနားနား ထင်မြင်သိမ်းဆည်းနိုင်ရန် အချက် ကား

(က) လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်,ဟူ၍ ၄-ပါးရှိ၏၊

( ခ ) ရသသည် ကိစ္စရသ, သမ္ပတ္တိရသ-ဟူ၍ ၂-မျိုးရှိ၏၊

( ဂ ) ပစ္စုပဒဋ္ဌာန်သည် ဖလပစ္စုပဋ္ဌာန်, ဥပဋ္ဌာနကာရပစ္စုပဒဋ္ဌာန်ဟူ၍ ၂-မျိုးရှိ၏၊

ဥပမာ စံပြုရန်

၁။ ပူခြင်းသဘောရင်းသည် မီိး၏လက္ခဏာ-တည်း။

၂။ ဝတ္ထုတစ်ပါးကို လောင်ခြင်းအမှုသည် မီး၏ ကိစ္စရသ တည်း။

၃။ ထွန်းပခြင်း ဂုဏ်သည် မီး၏သမ္ပတ္တိရသ-တည်း။

၄။ အခိုး အလျှံသည် မီး၏ ဖလပစ္စုပဋ္ဌာန်-တည်း။

၅။ ထွန်းပခြင်း ဟူသော သမ္ပတ္တိရသသည်ပင်လျှင် မီး၏ ဥပဋ္ဌာန ကာရ ပစ္စုပဋ္ဌာန်တည်း။

၆။ ထင်းမီးစာသည်လည်းကောင်း, မီးကိုဖြစ်စေတတ်သော ပယောဂအထူးသည်လည်းကောင်း မီး၏ ပဒဋ္ဌာန်-တည်း။

၁။ အာရုံကို သိခြင်းသည် စိတ်၏ လက္ခဏာ-တည်း။

၂။ စေတသိက်၏ ရှေ့ဆောင် ရှေ့သွားဖြစ်မှုသည် စိတ်၏ရသတည်း။

၃။ ရှေ့နောက် အစဉ်စပ်မှုသည် စိတ်၏ စိတ်၏ ပစ္စုပဋ္ဌာန်-တည်း။

၄။ နာမ် ၂-ပါးသည် စိတ်၏ ပဒဋ္ဌာန်-တည်း။

(လက္ခဏာကား သဘောတည်း၊ ရသကား ကိစ္စနှင့်ဂုဏ်တည်း၊ ပစ္စပဋ္ဌာန်ကား ထင်ပေါ်သော တံခွန် တည်း၊ ပဒဋ္ဌာန်ကား အလွန်နီးစပ် သော အကြောင်းတည်း၊ အကျိုးကိုဖြစ်စေမှု၌ မချွတ်မယွင်းနိုင်သော အကြောင်းဟူလို။)

ဤ ၄-ပါးနှင့် ခြားနားစွာ ထင်မြင်သည်ရှိသော် တရား ၁-ပါးနှင့် ထွေးယှက်ခြင်း မရှိစေမူ၍ တစ်ခုတစ်ခုသော နာမ်တရား ရုပ်တရားတိုကို သီးသန့်ခြားစွာ သိမြင်လေ၏၊

ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပုံ ပြီး၏၊

----------

( ခ ) ကင်္ခါဝိတရဏဝိသုဒ္ဓိဖြစ်ပုံ

ဆောင်ပုဒ်သံခိပ်။။နာမရူပ၊ သင်္ခါရ၏၊ ပဋိစ္စဇာတ်၊ သမုပ္ပါဒ်ကို၊ အထပ်ထပ် ထင်၊ ပိုင်ပိုင်မြင်က၊ ကင်္ခါယုံမှား၊ ၁၆- ပါးနှင့်၊ ရှစ်ပါး ဝိစိ၊ ဒိဋ္ဌိဖြာဖြာ ကင်းစင်ကွာ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ။

ခပ်သိမ်းသော နာမ်ရုပ်တရားတို့၏ ပဋိစ္စသမုပ္ပါဒ်ကို ပိုင်ပိုင် ထင်မြင်နိုင်သည်ရှိသော် သုတ္တန်လာ ဝိစိကိစ္ဆာ ၁၆-ပါးနှင့် အဘိဓမ္မာလာ ဝိစိကိစ္ဆာ ၈-ပါးတို့ကို လွန်မြောက်နိုင်သော ကင်္ခါဝိတရဏဝိသုဒ္ခိ စခန်းသို့ တန်းတန်း မတ်မတ် ဆိုက်ရောက်လေတော့၏၊

သုတ္တန်လာ ဝိစိကိစ္ဆာ ၁၆-ပါး

အတိတ်၌ ယုံမှားခြင်း ၅-ပါး

၁။ ရှေး၌ ငါဖြစ်ဖူးပြီလော။

၂။ ရှေး၌ ငါမဖြစ်ဖူးသေးဘူးလော။

၃။ အဘယ်အမျိုး အနွယ်အားဖြင့် ဖြစ်ဘူးလေသနည်း။

၄။ အဘယ် အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်ဘူးလေသနည်း။

၅။ အဘယ် အမျိုးအနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ် ဖြစ်ခဲ့ရ လေသနည်း။

(ဤကား အတိတ်၌ ယုံမှားခြင်း ၅-ပါးတည်း။)

အနာဂတ်၌ ယုံမှားခြင်း ၅-ပါး

၁။ နောင်၌ ငါဖြစ်ရလတ္တံ့လော။

၂။ နောင်၌ ငါမဖြစ်ရလတ္တံ့လော။

၃။ အဘယ်အနွယ်အားဖြင့် ဖြစ်ရလတ္တံ့နည်း။

၄။ အဘယ်အဆင်း သဏ္ဌာန်အားဖြင့် ဖြစ်ရလတ္တ့နည်း။ ၅။ အဘယ် အမျိုးအနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ် ဖြစ်ရ လတ္တ့နည်း။

(ဤကား အနာဂတ်၌ ယုံမှားခြင်း ၅-ပါးတည်း။)

ပစ္စုပ္ပန်၌ ယုံမှားခြင်း ၆-ပါး

၁။ ယခု ငါသည် ဖြစ်ဆဲလော။

၂။ ယခု ငါသည် ဖြစ်ဆဲမဟုတ်လေသလော။

၃။ အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်လေသနည်း။

၄။ အဘယ် အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်လေသနည်း။

၅။ အဘယ်ဘဝမှ လာခဲ့သနည်း။

၆။ အဘယ်ဘဝသို့ သွားရမည်နည်း။

(ဤကား ပစ္စုပ္ပန်၌ယုံမှားခြင်း ၆-ပါးတည်း။)

သုတ္တန်လာ ဝိစိကိစ္ဆာ ၁၆-ပါးပြီး၏၊

--------

အဘိဓမ္မာလာ ဝိစိကိစ္ဆာ ၈-ပါး

၁။ ဘုရား၌ ယုံမှားခြင်း,

၂။ တရား၌ ယုံမှားခြင်း,

၃။ သံဃာ၌ ယုံမှားခြင်း,

၄။ အကျင့်သိက္ခာ၌ ယုံမှားခြင်း,

၅။ သံသရာ၏ ရှေ့အစွန်း၌ ယုံမှားခြင်း

၆။ သံသရာ၏ နောက်အစွန်း၌ ယုံမှားခြင်း,

၇။ သံသရာ၏ ရှေ့နောက်အစွန်း ၂-ပါး၌ ယုံမှားခြင်း,

၈။ ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှားခြင်း,

(ဤကား အဘိဓမ္မာလာ ဝိစိကိစ္ဆာ ၈-ပါးတည်း။)

ရုပ်နာမ်ခန္ဓာ သတ္တဝါတို့မှာ ရှေးအကြောင်းဟူ၍မရှိ-ဟုယူသော အဟေတုကဒိဋ္ဌိ, ရုပ်နာမ်ခန္ဓာ သတ္တဝါတို့ကို ထာဝရဘုရား ဖန်ဆင်းသည် ဟူ၍ယူသော ဝိသမဟေတုဒိဋ္ဌိ-အစရှိသော ဒိဋ္ဌိအမျိုးမျိုးတို့ကို လွန် မြောက်သော် ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏၊

ကင်္ခါဝိတရဏဝိသုဒ္ဓိဖြစ်ပုံ ပြီး၏၊

-------------

( ဂ ) ဝိပဿနာဉာဏ် ၁၀-ပါး ၁။ သမ္မသနဉာဏ်။

၂။ ဥဒယဗ္ဗယဉာဏ်။

၃။ ဘင်္ဂဉာဏ်။

၄။ ဘယဉာဏ်။

၅။ အာဒိနဝဉာဏ်။

၆။ နိဗ္ဗဒါဉာဏ်။

၇။ မုစ္စိတုကမျတာဉာဏ်။

၈။ ပဒိသင်္ခါဉာဏ်။

၉။ သင်္ခါရုပေက္ခာဉာဏ်။

၁၀။ အနုလောမဉာဏ်။

(ဤကား ဝိပဿနာဉာဏ် ၁၀-ပါး သရုပ်တည်း။)

ဝိပဿနာဉာဏ် ၁၀-ပါးအကျယ်

ဆောင်ပုဒ်သံခိပ်။ ။ခန္ဓာဝိနည်း၊ ဖွဲ့စည်းပြီးခါ၊ ၃-ဖြာလက္ခဏ၊ သုံးသပ်ရ၊ သမ္မသနဉာဏ်။

ခပ်သိမ်းသောရုပ်နာမ်တရားတို့ကို ခန္ဓာ ၅-ပါးစသည် စုပုံ ဖွဲ့စည်းအပ်၏

ရူပံ အနိစ္စံ ခယဋ္ဌေန။

ရူပံ ဒုက္ဓံ ဘယဋ္ဌေန။

ရူပံ အနတ္တာ အသာရကဋ္ဌေန

အစရှိသည်ဖြင့် လက္ခဏာရေး ၃-ပါးတင်၍ အဖန်ဖန် အထပ် ထပ် သုံးသပ်သောဉာဏ်သည် သမ္မသန ဉာဏ်မည်၏၊

ဆောင်ပုဒ်သံခိပ်။ ။ဖြစ်ပွားပျက်မှု၊ အစုံရှု၊ ဥဒယဘယဉာဏ်။

ဦးခေါင်း, ခြေ, လက်, မျက်နှာသဏ္ဌာန်-စသည်တို့၏ ခဏချင်း ဖြစ်ပေါ်မှု, ခဏချင်းပျက်ကွက်မှု, ထင်လင်းအောင် အစုအခဲအားဖြင့် ဖြစ်မှု, ပျက်မှုကို အစုံအစုံရှုသော ဉာဏ်သည် ဥဒယဘယဉာဏ်မည်၏၊

ဆောင်ပုဒ်သံခိပ်။ ။အပျက်ကိုသာ၊ ရှုတုံပါ၊သညာဘင်္ဂဉာဏ်။

အဖြစ်အပြက် ၂-ပါးတွင် အဖြစ်ကားမြင်လွယ်၏၊ အပျက်ကား မြင်ခဲ၏၊ လိုရင်းလည်းဖြစ်၏၊ ထို့ကြောင့် အဖြစ်ကို လွှတ်၍ အပျက်သက် သက်ကိုရှုသောဉာဏ်သည် ဘင်္ဂဉာဏ်မည်၏၊

ဆောင်ပုဒ်သံခိပ်။ ။အပျက်မြင်က၊ ဘယမစ္စု၊ ပျက်မှုခပင်း၊ ဘေးသေမင်းဟု၊ ကြောက်ခင်းထွေထွေ၊ ရှုတုံပေ၊ မှတ်လေဘယဉာဏ်။

ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ပျက်ပုံ, အနိစ္စသဘောကို ထင်မြင်သော အခါ ပျက်ခြင်းနှင့်တကွဖြစ်သော ရုပ်နာမ်တရားတို့၏ အပေါ်၌ သေမင်း ကြီးတမျှ ကြောက်လန့်လှသော ဉာဏ်သည် ဘယဉာဏ်မည်၏၊

ဆောင်ပုဒ်သံခိပ်။ ။ကြောက်ဖွယ်ခပင်း၊ မြင်တုံလျင်းက၊ ဘေး ဘယမျိုး၊ ရုပ်နာမ်ဆိုး၌၊ ကိုးရာမရှိ၊ ခက်မှန်း သိ၊ အာဒိနဝဉာဏ်။

ကြောက်ဖွယ်လန့်ဖွယ်ဟူ၍ ထင်မြင်လာသည်ရှိသော် ဘေး ဘယမျိုးဖြစ်သော ရုပ်ဆိုးနာမ်ဆိုး၌ အားကိုးရာမရှိ၊ အပြစ်အတိပါတကား ဟု ရှုဆင်ခြင်သော ဉာဏ်သည် အာဒိနဝဉာဏ်မည်၏၊

ဆောင်ပုဒ်သံခိပ်။ ။ကိုးရာမထင်၊ ခက်ပုံမြင်က၊ မရွှင်မလန်း၊ စိတ်ကုန်ခန်း၍၊ မချမ်းမမြေ့၊ ငြီးငွေ့သော ထွေ၊ စိတ်အနေ၊ မှတ်လေနိဗ္ဗိဒံ။

အားကိုးရာမရှိ၊ အပြစ်အတိသာဟု ထင်မြင်သောအခါ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ မပျော်မွေ့ ငြီးငွေ့လှသော အနေဖြင့် ရှုဆင်ခြင် သော ဉာဏ်သည် နိဗ္ဗိဒါဉာဏ်မည်၏၊

ဆောင်ပုဒ်သံခိပ်။။ငြီးငွေ့ အားသန်၊ စိတ်ပူပန်က၊ လျင်မြန်တစိ၊ လွတ်လိုဘိ၊ မုစ္စိတုကမျတာဉာဏ်။

မပျော်မမွေ့ ငြီးငွေ့လှသောအခါ၌ သင်္ခါရနယ်အတွင်းမှ အတင်း ထွက်မြောက်လိုသောဉာဏ်သည် မုစ္စိတုကမျတာ ဉာဏ်မည်၏၊

ဆောင်ပုဒ်သံခိပ်။ ။ထွက်လိုလှ၍၊ လွတ်ရတဲ့ငှါ၊ ဘာဝနာ ၄၀၊ အကျယ်ဖြန့်ချိ၊ အားတိုက်ဖိ၊ ပဋိသင်္ခါဉာဏ်။

အလွန်တရာ လွတ်လိုလှ၌ လွတ်ခွင့်ရတဲ့ခြင်းငှာ ဘာဝနာ ၄၀- တို့ဖြင့် အကျယ်တဝင့် အပြင်းဆင်ခြင်၍ အားထုတ်မှု ရှုသောဉာဏ်သည် ပဋိသင်္ခါဉာဏ်မည်၏၊

ဆောင်ပုဒ်သံခိပ်။ ။ အားတိုက်ရှု၍၊ လွတ်မှုလွတ်ရန်၊ အမြင်သန်က၊ ရုပ်နာမ်ဓမ္မ၊ သင်္ခါရဝယ်၊ မဖွယ်သမှု၊ လျစ်လျူရှု၊ သင်္ခါရုပေက္ခာဉာဏ်။

ဘာဝနာ ၄၀-တို့ဖြင့် အကျယ်တဝင့် အပြင်းအထန် အားထုတ် သောအခါ ဝိပဿနာဉာဏ် ထက်သန်၍ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ်မည်၏၊

(ဘာဝနာ ၄၀-ဆိုသည်ကား တော ၄၀-ပင်တည်း၊ ဤစာအုပ် တစ်နေရာမှာ ကြည့်ပါ။)

ဆောင်ပုဒ်သံခိပ်။ ။ မဂ်ရောက်လိုသော်၊ အဆော်အနှူး၊ မဂ်၄- ဦးအား၊ အထူးလျော်မှု၊ ကျေးဇူးပြု၊ အနုလောမ ဉာဏ်။

ဝိပဿနာဉာဏ်ရင့်သန်ထက်မြက်လေသဖြင့် မဂ် ၄-ခု ပေါ် အောင် နိုးဆော်ဘိသည့်ပမာ လွန်စွာ မဂ် ၄-ခုတို့နှင့်လျော်သော ဉာဏ် သည် အနုလောမဉာဏ်မည်ဧ်။။

(ဂဟေအစပ်ကောင်းလှသောဉာဏ်-ဟူလို) ဝိပဿနာဉာဏ် ၁၀-ပါးပြီးဧ်။။

---------------

ဝိပဿနာဉာဏ် ၁၀-ပါး၌ မှတ်ဖွယ်

ဝိပဿနာဉာဏ် ၁၀-ပါးတွင် သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်၊ ဤဉာဏ် ၃-ပါးသည် တီရဏပရိညာ-မည်၏၊ ထိုဉာဏ်၃-ပါးတို့တွင်-

၁။ သမ္မသနညဏ် ဆိုသည်ကား, ရုပ်တရား နာမ်တရား တို့မည်သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်သော တရားမျိုး မဟုတ်ကုန်၊ မျက်တောင်တစ်ခတ် လျှပ် တစ်ပြက် အတွင်းမှာပင် အခါများစွာ သေဆုံး ချုပ်ပျက်ရသော အနိစ္စမျိုး, ဒုက္ခမျိုး, အနတ္တမျိုးတို့သည် ဧကန်စင်စစ် ဖြစ်ကြကုန်သည်-ဟု ဉာဏ် အမြင်ပေါ်အောင် အားထုတ်အပ်သော ဝိပဿနာဉာဏ်သည် သမ္မသန ဉာဏ်မည်၏၊ မျက်စိဖြင့် မြင်သကဲ့သို့ ဉာဏ်အမြင်ပေါက်မှ ဝိပဿနာ ဉာဏ်ဖြစ်သည်။

အဘိဓမ္မာ ကျမ်းဂန်တတ်၍ ဓမ္မသဘာဝတို့ကို နေရာကျ သိနိုင် သော သဘောယုတ္တိ ဉာဏ်မျိုးသည် ဝိပဿနာဉာဏ် မဟုတ်၊ သုတမယဉာဏ်သာတည်း၊ ဝိပဿနာ-ဉာဏ်သည်ကား စိန္တာမယ-ဉာဏ်တည်း၊ ယခုကာလ၌ကား သုတမယ-ဉာဏ်အနေနှင့် ထင်မှု, မြင်မှု, နှလုံးသွင်းမှု ကိုပင် ဝိပဿနာဉာဏ်ဟု ထင်မှတ်၍ နေကြသူများ၏၊

၂။ ဆေးသောက်လို၍ မီးခြစ်ရာ၌ ခြစ်မိသော နေရာမှ မုန်ညှင်းစေ့မျှ မီးတောက် ဖြစ်ပေါ်သည်မှစ၍ တိုးပွား၍လာသည်ကိုလည်းကောင်း အတိုးအပွား ရပ်ပြီးနောက် ဆုတ်ယုတ်၍ သွားသည်ကိုလည်းကောင်း, အဆုံးသတ် သေပျောက်၍ သွားသည်ကိုလည်းကောင်း, မျက်စိဖြင့် ပစ္စက္ခ ဒိဋ္ဌမြင်ကြသကဲ့သို့ ကိုယ်ခန္ဓာအတွင်း၌ ရုပ်တရား, နာမ်တရားတို့၏ ထိုထို အခိုက်အတန့်အားလျော်စွာ သန္တတိ-အစဉ်အားဖြင့် ခုတင် တဖွားဖွား ဖြစ်ပေါ် တိုးပွားမှုကိုလည်းကောင်း, အတိုးအပွားရပ်ပြီးနောက် ဆုတ် ယုတ်၍ သွားသည်ကို လည်းကောင်း, အဆုံးမှာ အကုန်ကွယ် ပျောက်၍ သွားသည်ကိုလည်းကောင်း ဒိဋ္ဌပစ္စက္ခအားဖြင့် အသိဉာဏ်တွင် အမြင် ပေါက်အောင် အားထုတ်မှုသည် ဥဒယဗ္ဗယဉာဏ်မည်၏၊

၃။ ကွယ်ပျောက်မှုကိုသာ အထူးကွယ်ပျောက်မှုကိုသာ အထူး ကွက်ခြား၍ ဒိဋ္ဌပစ္စက္ခ အမြင်ပေါက် အောင်ရှုမှုသည် ဘင်္ဂဉာဏ် မည်၏၊ ဝိပဿနာဉာဏ် ၁၀-ပါး၌မှတ်ဖွယ် ပြီး၏၊

------------

အန္တရာယ် ၁၀-ပါး

ဆောင်ပုဒ်သံခိပ်။ ။ဥဒယဉာဏ်၊ ရင့်သန်တုံလတ်၊ ဖြစ်လာတတ်၊ ဆယ်ချက်အန္တရာယ်။

အရောင်, ပီတိ၊ ပဿဒ္ဓိနှစ်ဖြာ၊ သဒ္ဓါ, ဝီရိယ၊ သုခ, ဗုဒ္ဓိ၊ နိကန္တိနှင့်၊ သတိနှင့်၊ သတိ,ဥပေက္ခာ၊ ဤ ဆယ်ဖြာ၊ မှတ်ပါအန္တရာယ်။

ဝိပဿနာဉာဏ် ၁၀-ပါးတို့တွင် ဥဒယဗ္ဗယဉာဏ် ရင့်သန် ထက် မြက်လာသောအခါ ဖြစ်ပေါ်၍လာတတ်သော အန္တရာယ် ၁၀-ပါးကား

ဩဘာသ, ပီတိ, ကာယပဒ္ဓိ-စိတ္တပဿဒ္ဓိ, သဒ္ဓါ, ဝီရိယ, သုခ, ဗုဒ္ဓိ, သတိ, ဥပေက္ခာ, နိကန္တိ။

၁။ ဩဘာသ-ဝိပဿနာ၏ အရောင်ဖြစ်ပေါ်လာခြင်း

၂။ ပီတိ-ခုဒ္ဒကာပီတိ, ခဏီကာပီတိ, ဩက္ကန္တိကာပီတိ, ဥဗ္ဗေဂါ ပီတိ,

၃။ ကာယပဿဒ္ဓိ-စိတ္တပဿဒ္ခိ=ကိုယ်စိတ်တို့၏ ငြိမ်းခြင်း,

၄။ သဒ္ဓါ =အလွန်ကြည်စေတတ်သော သဒ္ဓါရှိခြင်း,

၅။ ဝီရိယ=မမေ့မလျော့ဘဲ အားထုတ်ချီးပင့်ခြင်း

၆။ သုခ=ဝိပဿနာနှင့်ယှဉ်သောစေတသိကသုခ-အလွန်ချမ်း သာခြင်း,

၇။ ဗုဒ္ဓိ=ထက်မြက်စူးရှသော ဉာဏ်အမြင် ပေါ်လာခြင်း,

၈။ သတိ=ဝိပဿနာနှင့် ယှဉ်သော ကျောက်စာတိုင်နှင့် တူသော သတိဖြစ်လာခြင်း,

၉။ ဥပေက္ခာ=သင်္ခါရတရားတို့ကို လျစ်လျူရှုခြင်း,

၁၀။ နိကန္တိ=ဝိပဿနာ၌ အာသာငင်းငင်းတွယ်တာခြင်း, အန္တရာယ် ၁၀-ပါး ပြီး၏၊

-------

(ဃ) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ

ဆောင်ပုဒ်သံခိပ်။။ထိုဆယ်ချက်တွင်၊ မဂ်အထင်ကို၊ ပယ်ထွင် ရှင်းကာ၊ အလင်းသာ၊ မဂ္ဂါမဂ္ဂဉာဏ ဒဿန ဝိသုဒ္ဓိ။

ဥဒယဘယဉာဏ် ထက်သန်သောအခါ မကြုံစဘူး အလွန်ထူး သောကိုယ်ရောင် ကိုယ်ဝါ-စသည် ဖြစ်ပေါ်၍ လာတတ်၏၊ ထိုအခါ ထိုကိုယ်ရောင် ကိုယ်ဝါ-စသည်ကို သာယာသော တဏှာနိကန္တိ အတွက် မဂ်ကို ငါရပြီ၊ ဖိုလ်ကို ငါရပြီဟု အထင်ကပ်၍ ဝိပဿနာကို လွှတ်၍ နေတတ်၏၊ ထိုအခါ၍ မဂ်-ဟူ၍ ထင်မိသော ထိုပီတိ, ပဿဒ္ဓီ-စသည်၏ လောကုတ္တရာမဂ် မဟုတ်သေးကြောင်းကို ရှင်းလင်းနိုင်သော ဉာဏ်သည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏၊

( င ) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ

ဆောင်ပုဒ်သံခိပ်။ ။ဥဒယဉာဏ်၊ တစ်ဖန်ပျိုးကာ၊ ကိုးဖြာဉာဏ်စဉ်၊ စခန်းထွင်၍၊ အမြင်လင်းဘိ၊ ထိုးထွင်းသိ၊ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ။

အန္တရာယ်ကို သုတ်သင်းပြီးမှ ဥဒယဗ္ဗယဉာဏ်ကိုပင် တဖန်ပြုစုပျိုးထောင်၍ ယူပြီးလျှင် ထိုဉာဏ်မှစ၍ အားထုတ်လတ်သော် အစဉ်အတိုင်း နေရာကျဖြစ်ပွါး၍စွားသော ဝိပဿနဉာဏ် ၉-ပါးသည် ပဋိပဒါဉာဏ ဒဿန ဝိသုဒ္ဓိမည်၏၊

ပဋိပဒါဉာဏဒဿနဝိသုဒဒ္ဓိဖြစ်ပုံ

ဆောင်ပုဒ်သံခိပ်။ ။သင်္ခါရုနှင့်၊ အနုလောမ၊ ဉာဏ်နှစ်ဝ၊ ဝုဋ္ဌာန ဂါမိနီလည်း ခေါ်သတည်း။

၁၀-ပါးသော ဝိပဿနာဉာဏ်တို့တွင် နောက်ဆုံးဖြစ်သောသင်္ခါရုပေက္ခာဉာဏ်သည်, အနုလောမဉာဏ်၊ ဤဉာဏ်နှစ်ခုကို ဝုဋ္ဌာန ဂါမိနီ-လည်းခေါ်သည်၊ ဝဋ် ၃-ပါးမှကျွတ်လွတ်ထမြောက်ခြင်း အနက် ကြောင့် မဂ်ကို ဝုဋ္ဌာန-ဆိုသည်၊ ထိုမဂ်သို့ မချွတ်မလွဲ ရောက်စေတတ် သောအနက်ကြောင့် ထိုဉာဏ်နှစ်ခုကို ဝုဋ္ဌာနဂါမိနီ-ခေါ်သည်။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ပြီး၏၊

-------

( စ ) ပထမ မဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ

ဆောင်ပုဒ်သံခိပ်။ ။ ဝုဋ္ဌာနဂါမ်၊ လွန်ရင့်သန်က၊ နိဗ္ဗာန်ပေါက်ခါ၊ မဂ်ရောက်လာ၊ ဉာဏဒဿနဝိသုဒ္ဓိ။

ဝုဋ္ဌာနဂါမ်မိနီဝိပဿနာဉာဏ် ရင့်သန်သောအခါ၌ နိဗ္ဗာန်ကို အာရုံပြုသော လောကုတ္တရာမဂ်ဉာဏ် ဖြစ်ပေါ်ပေါက်၍ လာ၏၊ မဂ် ဉာဏ် ၄-ပါးကို ဉာဏဒဿနဝိသုဒ္ဓိ ခေါ်သည်၊ ဤအရာ၌ကား သောတာပတ္တိမဂ် ဉာဏ်တည်း။

ဝီထိကျပုံကား။။ ဘဝင် ၂-ကြိမ်၊ လက္ခဏာရေး ၃-ပါးတွင်တစ်ပါးပါးလျှင် အာရုံရှိသော မနောဒွါရဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ၁-ကြိမ်စီ၊ နိဗ္ဗာန်ကိုအာရုံပြုသော ဂေါတြဘူ ၁-ကြိမ်၊ သောတာပတ္တိ ၁-ကြိမ်၊ သောတာပတ္တိဖိုလ် ၂-ကြိမ်၊ ထိုနောင်ဘဝင်ကျ၏၊

(ဝီထိပိုင်းဆိုင်ရာတည်း။)

မဂ်ကိစ္စ ၄-ပါး

ဆောင်ပုဒ်သံခိပ်။ ။သိ, ပယ်,ဆိုက်, ပွါး၊ လေးပါးအချက်၊ တစ်ပြိုင် နက်၊ မဂ်၏ကိစ္စတည်း။

၁။ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဒုက္ခအမှန်ကို သိခြင်း,

၂။ သမုဒယအသင်းဖြစ်သော ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့ကို အကြွင်းမဲ့ပယ်သတ်ခြင်းကိစ္စ,

၃။ ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏လည်းကောင်း, အပါယဒုက္ခတို့၏လည်း ကောင်း တစ်ချက်တည်း အပြီးတိုင် ငြိမ်းမှုသို့ ဆိုက်ရောက် ခြင်း ကိစ္စ,

၄။ မဂ်ကိုပွါးများမှု တစ်စခန်း ထမြောက်ပြီးစီးခြင်း ကိစ္စ, ဤကိစ္စ ၄-ပါးကိုမဂ်သည် တစ်ပြိုင်နက် ဖြစ်စနိုင်သည်။

ဆောင်ပုဒ်သံခိပ်။ ။ ဒိဋ္ဌိ,ဝိစိ၊ ပယ်သတ်ဘိ၊ အာဒိမဂ်သောတာ။ ဤမဂ်ကိုရသည်နှင့်တပြိုင်နက် ဒိဋ္ဌိ, ဝိစိကိစ္ဆာကို ပယ်သတ်၏၊

ဒုစရိုက်ကံဟောင်း, ကံသစ်, အကုန်ချုပ်ငြိမ်း၏၊ ထိုပုဂ္ဂိုလ်သည် ကာမဘုံ၌ ပဋိသန္တေ ၇-ကြိမ်သာရှိ၏၊

ပစ္စဝေက္ခဏာ ၅-ဝီထိဖြစ်ပုံ

ဆောင်ပုဒ်သံခိပ်။ ။မဂ်, ဖိုလ်, နိဗ္ဗာန်၊ ပယ်ကြွင်းကျန်၊ နှစ်တန် ကိလေသာ။

အစဉ်သမှု၊ အမြင်ရှု၊ ငါးခု ပစ္စဝေက္ခဏာ။

ထို သောတာပတ္တိမဂ္ဂဝီထိ၏ နောက်၌

၁။ မဂ်ကို ရှုဆင်ခြင်သော ဝီထိ,

၂။ ဖိုလ်ကို ရှုဆင်ခြင်သော ဝီထိ,

၃။ နိဗ္ဗာန်ကို ရှုဆင်သော ဝီထိ,

၄။ ပယ်ပြီး ကိလေသာကို ရှုဆင်ခြင်သော ဝီထိ,

၅။ ကိလေသာကြွင်းစုကို ရှုဆင်ခြင်သော ဝီထိ,။

ဟူ၍ ပစ္စဝေက္ခဏာ ၅-ဝီထိ ဖြစ်မြဲ။

ဆောင်ပုဒ်သံခိပ်။ ။ထက်မဂ်ကိုလျှင်၊ မရောက်ခင်၊ ဖိုလ်လျှင် လဲလျောင်းရာ။

အထက်မဂ်သို့ မရောက်မီအတွင်း သောတာပန် ပုဂ္ဂိုလ်အဖြစ်ဖြင့် နှစ်လများစွာလည်းကောင်း, ကာမဘုံ၌ ၇-ဘဝ၊ ဗြဟ္မာ့ဘုံ၌ ဘဝကမ္ဘာ များစွာပတ်လုံးလည်းကောင်း သောတာပတ္တိဖိုလ်ကို အလိုရှိတိုင်း ဝင်စား၏၊

ဝီထိကျပုံကား- ဘဝင် ၂-ကြိမ်၊ ရုပ်နာမ်ဓမ္မ သင်္ခါရလျှင် အာရုံရှိသော မနောဒွါရာဝဇ္ဇန်း၊ အနုလုံ ၃-ကြိမ်လည်းကောင်း, ၄- ကြိမ်လည်းကောင်း၊ ထို့နောင် နိဗ္ဗာန်လျှင် အာရုံရှိသော သောတာပတ္တိ ဖိုလ်ဇော အကြိမ်ပေါင်း အနန္တ အလိုရှိသမျှဖြစ်၏၊ ထို့နောင် ဘဝင်ကျ၏၊

ထိုအခါ၌ ပူအိုက်လှတုန်းအခါ အေးမြစွာသော ရေအိုင်ကြီး ထဲသို့ဆင်း၍ ငုတ်ရဘိသကဲ့သို့ ထို သောတာပန်ပုဂ္ဂိုလ်သည် ဖိုလ်၏ အတွေ့ နိဗ္ဗာန်၏အတွေ့တို့ဖြင့် အလွန်ချမ်းမြေ့လေသတည်း၊ အထက် မဂ်သို့ မရောက်မီ ဘဝများစွာ,ကမ္ဘာများစွာပတ်လုံး ထိုဖိုလ်သည် လဲ လျောင်းရာဖြစ်၏၊

(ဗြဟ္မာပြည်သို့ သွားလတ္တံ့သော ဝဋ္ဋာဘိရတသောတာပန်, ဗြဟ္မာ့ပြည်မှာဖြစ်သော ဗြဟ္မာ သောတာပန်တို့ကို ရည်၍ ကမ္ဘာများစွာဟု ဆိုသည်။)

သတ္တက္ခတ္တုပရမ သောတာပန်, ကောလံကောလ သောတာပန်, ဧကဗီဇီသောတာပန်တို့ကား ဤကာမ ဘုံမှာပင် ရဟန္တာဖြစ်၍ ငြိမ်းကြ ကုန်လတ္တံ့။

၁။ ပဋိသန္ဓေ ၇-ကြိမ်မှ ငြိမ်သည်ကား သတ္တက္ခတ္တုပရမ-တည်း။

၂။ ၆-ကြိမ်, ၅-ကြိမ်, ၄-ကြိမ်, ၃-ကြိမ်, ၂-ကြိမ်တွင် ငြိမ်သူတို့ကား ကောလံကောလ-တို့တည်း။

၃။ ၁-ကြိမ်တွင် ငြိမ်သူတို့ကား ဧကဗီဇီ-တို့တည်း။

ပဌမမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ပြီး၏၊

---------

ဒုတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ

ဆောင်ပုဒ်သံခိပ်။ ။ ကာ, ဗျာ-နှစ်ထွေ၊ အကျန်ချွေ၊ ရောက်လေ သကဒါဂါ။

သောတာပန်သည် ဝိပဿနာဉာဏ် ၁၀-တန်ကို တစ်ဖန် အားထုတ်ပြန်သည်ရှိသော် သကဒါဂါမိမဂ်သို့ ရောက်ပြန်၏၊ သောတာ ပန်အမည် ကွယ်လေ၏၊ သကဒါဂါမိအမည်ကို ရလေ၏၊ ကိလေသာမှာ သောတာပန်အခါ၌ အကျန်ကိလေသာစုတွင် ရုန့်ရင်းလျက်ရှိသေးသော ကာမရာဂ, ဗျာပါဒ ၂-ခုကိုပယ်သတ်၏၊ သိမ်မွေ့သော ကာမရာဂ, ဗျာပါဒ-သည်ကျန်ရှိသေး၏၊ ကာမဘုံမှာ ၁-ကြိမ်သာ ပဋိသန္ဓေ ရှိ၏၊

(ကြွင်းသော အစီရင်စုမှာ ပဌမမဂ္ဂဉာဏဒဿန- နည်းတူသိလေ။) ဒုတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိပြီး၏၊

-----

တတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ

ဆောင်ပုဒ်သံခိပ်။ ။ကာ, ဗျာ-နှစ်ထွေ။ အကုန်ချွေ၊ ရောင်လေ အနာဂါ။

ကာမရာဂ,ဗျာပါဒ-ကို အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်မူ, ကာမရာဂ-မရှိသဖြင့် ကာမဘုံမှာ ပဋိသန္ဓေနေရန် ကိစ္စမရှိမူ၊ ဤမျှသာထူး၏၊ အကြွင်းမှာ ရှေးနည်းတူ သိလေ။

ဤအနာဂါမ်ပုဂ္ဂိုလ်သည်

၁။ ဤဘဝ၌ ရဟန္တာဖြစ်၍ ငြိမ်းသောပုဂ္ဂိုလ်,

၂။ ဗြဟ္မာ့ပြည်သို့ သွားရသောပုဂ္ဂိုလ်,

ဟူ၍ ၂-မျိုး ရှိ၏၊

သုဒ္ဓါဝါသဘုံ၌ကား

၁။ အန္တရာ ပရိနိဗ္ဗာယီ,

၂။ ဥပဟစ္စ ပရိနိဗ္ဗာယီ,

၃။ သသင်္ခါရ ပရိနိဗ္ဗာယီ,

၄။ အသင်္ခါရ ပရိနိဗ္ဗာယီ,

၅။ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ,

ဟူ၍ ၅-မျိုး ရှိ၏၊

တတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိပြီး၏၊

---------

စတုတ္ထဉာဏဒဿန ဝိသုဒ္ဓိဖြစ်ပုံ

ဆောင်ပုဒ်သံခိပ်။။သဗ္ဗကိလေ၊ အကုန်ချွေ၊ ရောက်လေ အရဟတ္ထာ။

အနာဂါမ်ပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ် ၁၀-တန်ကို အားထုတ် ပြန်သည်ရှိသော် အရဟတ္တမဂ်သို့ ရောက်လေ၏၊ ကိလေသာဓာတ်စု အကုန်သေ၏၊ ဘဝပဋိသန္ဓေ မရှိပြီ၊ ပစ္စဝေက္ခဏာ ဝီထိမှာ ကြွင်း ကိလေသာကို ဆင်ခြင်သော ပဉ္စမဝီထိ မရပြီ၊ ၄-ဝီထိသာ ရှိတော့သည်။

စတုတ္ထမဂ္ဂဉာဏ်ဒဿနဝိသုဒ္ဓိ ပြီး၏၊

----------

မဂ်ပေါ်ပုံကို အစဉ်အားဖြင့်ပြဆိုချက်

အကြောင်းအကျိုး ဆက်စပ်ဖွဲ့စည်း၍နေသော ရုပ်နာမ်ခန္ဓာတို့၏ တစ်ခုသည် တစ်ခုအား ကျေးဇူးပြုကာ နေကြသဖြင့် သံသရာအစဉ် အမြင်မပြတ်ဘဲ ရုပ်ခဲ နာမ်ခဲတွေ ဖြစ်၍နေ၏၊ ဤရုပ်ခဲ နာမ်ခဲ ပေါင်းစပ်ဖွဲ့ယှက် ကျေးဇူးဆက်၍နေသော တရားအစုကိုပင်လျှင် ရုပ်ခဲ နာမ်ခဲတွေ-ဟု အမှန်သိနိုင်သောဉာဏ်ပညာ မပေါ်ပေါက်နိုင်ရကား ငါ၏ခန္ဓာ ငါ့ဥစ္စာပင် ငါပဲထင်၍ ပြင်ပြင်မှောက်မှား နေကြရုံမျှမက ၎င်းအထင်မှားမှု ဒိဋ္ဌိအတွက်နှင့်ပင် သံသရာအတွင်း ပဋိစ္စသမုပ္ပါဒ် ကျော့ကွင်းမိ၍ စင်စစ်ဒုက္ခနယ်ဖြစ်သော ဝဋ်ဘောင်မှ လွတ်အောင် မတက်နိုင်ကြဘဲ နေရ၏၊

ထိုသို့အကြောင်းအကျိုး အပြန်အလှန်ဖွဲ့စည်း၍နေသော ခန္ဓာအစဉ်,အာယတန အစဉ်သည်ပင်လျှင် သံသရာ အလျဉ့်ကြီးဖြစ်၍ နေ၏၊ ခန္ဓာ,အာယတန,ဓာတ်တို့မှတစ်ပါး သံသရာ-ဟူ၍မရှိ၊ ဤခန္ဓာ ကိုယ်သည် သင်္ခါရ တရားအစု အပုံကြီးမျှသာတည်း၊ ဤခန္ဓာ၌ လူဆိုဖို့ရန်, နတ်ဆိုဖို့ရန်, သတ္တဝါဆိုဖို့ရန်တစ်စုံတစ်ခုသော ဓာတ်မျှ မပါမရှိ၊ ကောက်ရိုး အမှိုက်ထွေးကို လူပုံနှင့်တူစွာစည်းနှော၍ လယ်ခင်းဥယျာဉ်မှာ ထားသည်ကို မြင်သော တောသားသတ္တဝါငှက်များစွာတို့သည် ပညာမှ ကင်းရှင်းသဖြင့် မြင်ရင်းအတိုင်းမှတစ်ပါး မကြံမစည် မတွေးမတော တတ်ဘဲ ဧကန် လူကြီးပင် ထင်မှတ်၍ လန့်ကြကုန်သကဲ့သို့ တဏှာဒိဋ္ဌိ ငြိ၍ ကျော့ကွင်းမိပြီးသော သတ္တဝါတို့ ထိုသင်္ခါရအပုံစု ရုပ်နာမ်သက်သက် အခဲအစိုင်ပေါင်းဖွဲ့၍ နေသည်ကို အပေါ်ရံမြင်သည့် အတိုင်းထက် အပိုထွက်နိုင်သော ပညာအဆင်အခြင် မရှိသဖြင့် ငါ၏ကိုယ်ပင် ငါပဲ ထင်၍ ရွှင်စရာနှင့် တွေ့လျှင်မြူးတူး, ကြောက်စရာနှင့်တွေ့လျှင် ရူးမူး မလောက် အလကား မားမောက်လန့်ထိတ်၍ နေကြရလေသည်၊ စင်စစ်ကား သက်သက်သင်္ခါရတုံး ရုပ်တုံးနာမ်ခဲတွေပင်တည်း။

ဝင်ရိုး, စက်ဘီး-စသော သေးသေးဖွဲ့ဖွဲ့မှ စ၍ ရထား၏ အင်္ဂါအပေါင်းတို့ စပ်ဖွဲ့နေသည်ရှိသော် ၎င်းသစ်အား, သံ, ကြေးအစိတ်စိတ် အစုအပုံကို ရထားဟူ၍ ခေါ်ဝေါ်ရ၏၊ ဤဝတ္ထုအစုအပုံ၌ ရထား ဘယ်ဟာပါလဲ-ဟု ရှာကြံသော် ဘာတစ်ခုမျှ မတွေ့မရှိဘိသကဲ့သို့ ထို့အတူ သက်သက် သင်္ခါရ ရုပ်နာမ်တို့စုခဲ၍ အတ္ထိပစ္စယသတ္တိဖြင့် တစ်ခုသော ပစ္စုပ္ပန်ရှိဆဲရုပ်နာမ်အား စပ်ဖွဲ့ကျေးဇူးပြု၍ 'ဌီ' အနေ တည်တံ့၍နေသော တရားစုကိုသာလျှင် သတ္တဝါဟူ၍ ထင်မြင်စွဲလမ်း၍ နေကြ၏၊ ၎င်းပစ္စုပ္ပန် ရုပ်နာမ်အစုမှာ ဘာတစ်ခုမျှ သတ္တဝါဟူ၍ ရှာလျှင်မရ။

ဤသို့ ရုပ်နာမ်အစုသက်သက်ကို မြင်လျှင် ငါပင် ငါပဲ- ဟု လွှဲမှားသော အထင်ပျောက်၍ ဒိဋ္ဌိဝိသုဒ္ဓိလမ်းပေါက်၏၊ ထိုသို့ ဒိဋ္ဌိ ဝိသုဒ္ဓိလမ်းပေါက်က ဆိုခဲ့ပြီးသော ပဋိစ္စသမုပ္ပါဒ်နည်းအတိုင်း အကြောင်းတရားရှိခြင်းကြောင့် အကျိုးတရား ဆက်လက်၍နေသော တရားတို့၏ ပစ္စည်း, ပစ္စယုပ္ပန်-အစဉ်အတန်း ရုပ်နာမ်စခန်း, ရုပ်နာမ် လမ်းမကြီးသာတည်း၊ ဘယ်ဘဝက လာ၍ ဘယ်ဘဝသို့သွားသော ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး မရှိ-ဟု ပိုင်နိုင်စွာ အသိဉာဏ်ပေါက် သောအခါ အမျိုးမျိုးသော ယုံမှားသင်္ကာ ဝိစိကိစ္ဆာပျောက်၍ ကင်္ခါ ဝိတရဏ ဝိသုဒ္ဓိ-လမ်းပေါက်လေ၏၊

ဤကဲ့သို့ ပေါက်ရောက်အောင် ကြည့်ရှုနည်းသည် အနုဆုံးသော နည်းလမ်းဖြစ်၏၊ ဤသို့ အကြောင်းအတွက် အကျိုးဖြစ်၍ နေရ၏ အကြောင်းကို နုတ်လျှင် ငုတ်တုတ်ပင်ပြိုပျက်၍အကျိုးတရား မဆက်နိုင် ဟု စင်စစ်မြင်လျှင် ဥဒယဗ္ဗယ ဉာဏ်စခန်းသို့လည်း တန်းတန်းမတ်မတ် ပေါက်ရောက်နိုင်လေ၏၊

ပေါက်နိုင်ပုံကား- ဤအကြောင်း ထင်ရှားတင်းလင်းရှိပါမူ ဗြဟ္မာ, သိကြား, ဘုရားသဗ္ဗညုတို့ တားသော်လည်း မနိုင်၊ ဧကန်ဤမည် သော အကျိုးဖြစ်ပွား၏- ဟု အကြောင်းကို ဖော်၍ကြည့်လျှင် အပြစ်ကို မြင်သော ဥဒယဉာဏ် ပေါ်ပေါက်၏၊ ဤအကြောင်း မရှိခဲ့လျှင် ဗြဟ္မာ, သိကြား, ဘုရားသဗ္ဗညုတို့ ပြုပြင်သော်လည်း မရ၊ ဤမည်သော အကျိုးတရား ဧကန် ပျက်ဆုံး၏-ဟု အကြောင်းကို နုတ်၍ကြည့်လျှင် အပျက်ကိုမြင်သော ဝယ-ဉာဏ်ပေါ်ပေါက်၏၊ ထိုဉာဏ် ၂-ပါးကိုပင်လျှင် ဥဒယဗ္ဗယ-ဉာဏ်ခေါ်၏၊ ထိုသို့ နာမ်ရုပ်တရားတို့၏ အကြောင်းနှင့် သာစပ်၍ ဖြစ်လေ့ရှိသည်၏ အဖြစ်ကိုမြင်က ၎င်းတရားတို့၏ အနိစ္စ အချက်ကို ကောင်းကောင်း ထင်မြင်နိုင်၏၊

ရေအပြင်၌ တစ်ခုသော တုတ်လှံတို့ဖြင့် ရေးခြစ်သည်ရှိသော် ရေးခြစ်သောတုတ်လှံတံသည် ရေအပြင်၍ စိုက်ဆဲအခါ၌သာ အရေး အကြောင်းလိုလို ဖြစ်၏၊ တုန်လှံတံရွှေ့သည်နှင့် တစ်ပြိုင်နက် ရေမှာ အရေးသည် တစ်ပါတည်းပျက်ကွယ်လေသကဲ့သို့လည်းကောင်း, ပွတ် ဆောက်ဖျားပေါ်၌ ချလိုက်သော မုန့်ညင်းစေ့သည် ပွတ်ဆောက်ဖျား ပေါ်၌ တည့်တည့် ကျခိုက်အခါတွင်သာတည်၍ တစ်ခဏချင်း ပျက်စီး လေသကဲ့သို့လည်းကောင်း, ပထဝီဝါယော-လွန်ကဲသော တိမ်ညွန့် ၂- ခုတို့ကို တိုက်ခိုက်ဆဲအခါ လျှပ်စစ် ပြက်၍ပြက်၍ ချက်ချင်းလျှပ်စစ် ကွယ်ပြောက်လေသကဲ့သို့လည်းကောင်း, ထို့အတူ လက်ငင်းပစ္စုပ္ပန် ထင်ရှားသော အကြောင်းတရားသည် ကျေးဇူးပြုခိုက်တွင်သာ လျှပ် စစ်ပြက်သကဲ့သို့ အကျိုးတရားပေါ်တည့်၍ တစ်ခါတည်း အကြောင်း နှင့်တကွ ပျက်စီးရလေတော့သည်။

ကျေးဇူးပြုသော ပစ္စည်းတရားက ခိုင်မြဲသောတရားဖြစ်ပါမူကား ၎င်း၏အကျိုးလည်းခိုင်မြဲလေရာ၏၊ ထိုသို့ကား မဟုတ်ပါခဲ့။ ပရမတ္ထ တရားချင်းသာ ကျေးဇူးပြုရလေသည်ဖြစ်၍ သူ့ကို မကယ်သာ, ငါလည်း မကယ်နိုင်ဆိုသကဲ့သို့ သမုဒ္ဒရာအတွင်းမှာ အပြင်းမောပန်း အားစွမ်း လျလျ လက်ပန်းကျသောသူ ၂-ယောက်ပုံကဲ့သို့ အကြောင်းအကျိုး တစ်စုံလုံးပင် စုံးစုံးစုပ်စုပ် ဘင်ခဏတွင် မြုပ်ကြလေတော့သည်၊ ဤ အတိုင်း ဉာဏ်၌ ထင်မြင်လာသောအခါ ထိုရုပ်နာမ်တရားတို့သည် အလေ့ပေါက်ပွား အလကား အမှိုက်သရိုက် မြက်ထွေး မြက်ဆွေးတို့ကဲ့သို့ အားကိုးလောက်ဖွယ် အနှစ်သာရ ဘာတစ်ခုမျှ မရှိ။ ပြင်စင်လွင်ပ အနတ္တ-တို့သာ တကားဟု ကြိုးစားဆင်ခြင်သော ယောဂီပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် မှန်ပြသကဲ့သို့ ထင်မြင်နိုင်လေ၏၊ ဤ အဖြစ်အပျက် ၂- ပါးကို ရှုသောဉာဏ်သည် ဥဒယဗ္ဗယ-ဉာဏ်မည်၏၊

ဥဒယဗ္ဗယဉာဏ် ရင့်သန်လာသောအခါ အဖြစ်ကို နှလုံး မသွင်းဘဲ အပျက်၌သာ သတိဉာဏ် တည်တော့၏၊ ထိုဘင်္ဂဉာဏ် ထက်သန်လာသောအခါ ပြင်းစွာရိုက်နှက်၍ ကွဲပျက်ဆဲဖြစ်သော အိုးခွက်, လှော်ချက်ဆဲဖြစ်သော နှမ်း, ပရမ်းပတာ မြူတို့ကဲ့သို့လည်းကောင်း၊ မိုးပေါက်ကြီးစွာ မိုးရွာတုန်းအခါ ကမ်းထိပ်ကရပ်၍ ကြည့်သော ယောကျ်ားသည် ရေအပြင်၌ ရှုပ်ယှက်ခတ်ပျက်၍,ပျက်၍ နေသော ဥဖောင်း ရေပွက်တို့ကို မြင်ရသကဲ့သို့လည်းကောင်း ခပ်သိမ်းသော သင်္ခါရတရားတို့၏ ရှုပ်ယှက်ခတ် လျင်စွာ ပျက်စီး၍နေသည်ကို မြင်ရ၏၊

ဘင်္ဂဉာဏ် ထက်သန်လာသောအခါ သက်ရှည်ချမ်းသာ အနာ ကင်းလို ဘေးကို ကြောက်တတ်လှသော သူသည် ခြင်္သေ့ သစ်ကျား, သားရဲစွယ်ပြူး, ဘီလူးရက္ခိုသ်, နွားမိုက် ခွေးကြမ်း, မုန်ပြွမ်းသောဆင်, ဆိပ်လျင် သောမြွေဆိုး, မိုးကြိုးကျခြင်း, သင်္ချိုင်းစစ်ပွဲ, ရဲရဲငြိသော ရှားမီးအစုတွေကို တွေ့သောကာလ မှိုင်မေ့ဝေနောက် သေမလောက် ကြောကြ်ခင်းဖြစ်သကဲ့သို့ ခပ်သိမ်းဥဿုံ အလုံးစုံ ပျက်ပြား၍နေသော သင်္ခါရတရားတွေကို သေမင်းဘေးကြီး ထက်ကြပ်လိုက်သောပမာ လွန်စွာကြောက် အားကြီးလှသောဘယ-ဉာဏ် ထင်မြင်လာ၏၊

ဘယဉာဏ် ထက်သန်လာသောအခါ သက်ရှည်ချမ်းသာ အနာကင်းလို ဘေးကိုကြောက်တတ်သော သူသည် သားရဲးနေသော လျို, ကျားခိုသောတောင်ခေါင်း, မိကြောင်းရဲသော ရေ, ဓားပြနေသော တောတောင်, မီးလောင်သော အိမ်, ရွယ်ချိန်လွတ်ပစ် ခုတ်ထစ် တိုက်ခိုက်ဆဲဖြစ်သော စစ်မြေသို့ရောက်၍ ကြောက်ရွံ့ထိတ်လန့် စိတ်မပျော်ရွှင် ထက်ဝန်းကျင်အားဖြင့် အပြစ်အာဒီနဝကို မြင်သကဲ့သို့ ခပ်သိမ်းသော ဘဝတို့၌ ကိုးစားရာ ရှာကြံမရ၊ အလုံးစုံသော လောကကြီးကို မီးခဲတွင်း, မီးခဲစုအဟန် အာသီဝိသောပမသုတ္တန်အလာ ဓာတ်လေးဖြာကို အဆိတ်လျင်သော မြွေ, ၅-ထွေသော ခန္ဓာကို ဥက္ခိတ္တာသိက-သန်လျက်ချီမသော သူသတ်ယောကျ်ား, အဇ္ဈတ္တိ ကာယတန ၆-ပါးကို ရွာပျက်ပမာ, ဗာဟိရာယတန ၆-ပါးကို ခိုးသူ ဓားပြကြီးဟုအပြစ်ကြီးစွာ ထင်သော အာဒီနဝဉာဏ်ပေါ်လာ၏၊

အာဒီနဝဉာဏ်ထက်သန်သောအခါ အနောတတ်အိုင်၏ အနောက်မျက်နှာရတနာ ၇-ပါးဖြင့်ပြီးသော စိတ္တကုဋ်တောင်ခြေကြာတောဝယ် ရွှင်မောပျော်နေသော ရွှေဟင်္သာသည် ဒွန်းစဏ္ဍား ရွာ၏အထွက် စိမ်းစိုသော ရွှံ့အိုင်ပွက်၌ မနှစ်သက် မပျော်နိုင်သကဲ့သို့ လည်းကောင်း, ယူဇနာ ၃၀၀၀-ဟေဝန်ချောင်နှင့် တောတောင် အကွေ့ ၌သာ ပျော်မွေ့နေကြဖြစ်သော မိဂရာဇာကေသရာသည် လူ့ရွာဝင်းခြံ၌ ပျော်စံမမွေ့ ငြီးငွေ့လေသကဲ့သို့ လည်းကောင်း, ဆဒ္ဒန္တအိုင် အနား၌သာ ပျော်ပါးနေကြဖြစ်သော ဆင်ဖြူဆဒ္ဒန် ကောင်းကင်ပျံသည့် နိုင်ငံမြို့ တွင်း၌ အလျဉ်းပင် မပျော်မွေ့နိုင်သကဲ့သို့လည်းကောင်း, ခပ်သိမ်းသော ဘုံဘဝ ရုပ်နာမ် သင်္ခါရတို့၌ အပြစ်အာဒိနဝကို မြင်ပြီးသော ယောဂီမြတ် တို့သည် ဟင်္သာ, ကေသရာ, ဆဒ္ဒန်-အလား အတန်တန်သော နာမရူပဓမ္မ သင်္ခါရတို့၌ ပျော်ပိုက်ရန် အားမသစ်, မနှစ်ခြိုက်နိုင် ညှိုးမှိုင်နွမ်းချိ ပျင်းရိငြီးငွေ့ခြင်း တည်းဟူသော နိဗ္ဗိဒါ-ဉာဏ် ပေါ်ပေါက်လေ၏၊

နိဗ္ဗိဒါ-ဉာဏ် ရင့်သန်ထက်မြက်သောအခါ မြွေမိသော ဖား အယောင်,ချိုင့်လှောင်မိသော တောကြက်, အလမ္ပာယ်၌ မြွေ, ကျော့ကွင်း မိလေသော သမင်, ဂဠုန်လက်တွင်း နဂါး, ကြောင်ဖားလက်၌ ကြွက်သူငယ်, နက်ကျယ်သော ညွန်ပျောင်း၌ ကြွက်သူငယ်, နက်ကျယ် သော ညွန်ပျောင်း၌ ကျသောဆင်အို, ရာဟုမျိုသော လဗိမာန်, ရန်သူ ဝိုင်းသော ယောကျ်ား-စသည်ကဲ့သို့ ဘယ်တစ်စုံတစ်ရာသော သင်္ခါရ၌ ပင်ပျော်ပါးငြိကပ် ဖွဲ့စပ် တပ်စွန်းခြင်းမရှိ၊ လွန်စွာထန်ပြင်း လွတ်ကင်း ထွက်မြောက်လိုသော မုစ္စိတုကမျတာ-ဉာဏ် ပေါ်ပေါက်လာ၏၊

ဤဉာဏ်သို့ ပေါက်ရောက်လာက ငါးဆောင်သော ယောက်ျား သည်မြွေဟောက်ကို အုပ်မိကပီတိရွှင်ပျ ငါးကြီးရပေါ့-ဟု အသော့လျင်စွာ ဖမ်းလိုက်ရာတွင် ကြီးစွာဆိပ်တောက် စိတ်ဒေါသပေါက်သော မြွေဟောက် ကြီးကို မြင်လေရာတွင်မှ ကြောက်လန့်တုန်အေး မြွေဟောက်ဘေးကို ဝေးအောင်ပစ်ဖို့ရန်အတွက် ချက်ကောင်းကို ရှာပြီးမှ ဝေးလှအောင် လွှင့်ပစ်ပြီးခါ လျင်စွာတက်ပြေး၍ မြွေဘေးမှ ငါလွတ်ခဲ့ပေပြီ-ဟု ဝမ်းမြောက်ဝမ်းသာ လှည့်ကာလည့်ကာ တွေးဆဘိသကဲ့သို့ ရုပ်နာမ် တရားတို့၏ အဖြစ်သနစ်ကို မစိစစ် မစုံစမ်း အကန်းပကတိ ဖြစ်၍ နေစဉ်က ၎င်းရုပ်နာမ်၏ အကြောင်းအရာကို တစ်ခါတစ်ရံမျှ မကြံဖန်မိ ဒိဋ္ဌိတဏှာ သည်းစွာ တင်းကြမ်း ငန်းမှန်းသွေးမွန်၍ နေခဲ့မိသမျှကို ဆိုခဲ့ပြီးသောအတိုင်း ပဋိစ္စသမုပ္ပါဒ်နည်းမှ အခြေစ၍ ဥဒယဗ္ဗယဉာဏ်မှ အဆင့်ဆင့်တက်ကာ မုစ္စိတုကမျတာ-ဉာဏ်သို့ရောက်က တွေးထောက် ကြံဖန် ပြန်လှန် စဉ်းစားလိုက်က မြွေဟောက်ကို လက်မှ လွတ်ပြီးသူကဲ့သို့ ငါ့မှာ ရှေးက မသိဘူးသော တရားများကို သိရပေပြီ-ဟု ရှေးကထက်ပင် များစွာ အားတက်ပြန်သဖြင့် လွတ်လိုသော မုစ္စိတုကမျတာဉာဏ် ပေါက်သောအတိုင်း လွတ်ရစိမ့်သောငှာ ဘာဝနာ ၄၀-ဖြင့် ဉာဏ်ဝယ်စူး စိုက် အားတိုက်ဖိနှိပ် ခဲကြိတ်ကြိုးစားလေရာ ရှေးကထက် အထင်အမြင် သာ၍ တဏှာဒိဋ္ဌိတို့ ပါးရှားသည်ထက် ပါးရှားသော ပဋိသင်္ခါဉာဏ် ပေါ်ပေါက်လာ၏၊

လွတ်ထွက်ရန် အားတိုက်ရူသော ပဋိသင်္ခါဉာဏ် ထက်သန်လာ သောအခါရှေးဦး ပထမ-က ချစ်ကြည်လှစွာသော မယားဆိုးကို ရန်ငြိုးမျက်ပွား မုန်းထားပြစ်မြင် ခွါကြဉ် စွန့်ပစ်ပြီးနောက် တစ်စုံတစ် ယောက်သော ယောက်ျားနှင့်ပျော်ပါးခုန်မင် ရယ်မောရွှင်၍ နေချင်တိုင်း နေသော်လည်း မမုန်းမချစ် လျစ်လျူသာဖြစ်သကဲ့သို့ ခပ်သိမ်းသော ရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ ငါပင်ငါပဲ ထင်စွဲစရာ ဉာဏ်ဖြင့် ရှာမရသော ကြောင့် ကြောက်ခြင်း, နှစ်သက်ခြင်းကိုစွန့်ပစ်၍ မမုန်းမချစ် လျစ်လျူဖြစ် သော သင်္ခါရုပေက္ခာ-ဉာဏ် ပေါ်ပေါက်လာ၏၊

သင်္ခါရတရားတို့၌ ကြောင့်ကြဗျာပါဒစိုက်မှု ပြေငြိမ်းသော သင်္ခါရုပေက္ခာဉာဏ် အလွန်ထက်သန်သောအခါ နေထွက်သောအခါ နေထွက်လိုသော် အရုဏ်လာခြင်းကဲ့သို့ မဂ်ဉာဏ် ၄-ပါးပေါ်ရန် လွန်စွာ လျော်လှသော မဂ်ပေါ်ဖို့ကျေးဇူးပြုတတ်သော အနုလောမဉာဏ် ဖြစ်ပေါ်လာ၏၊

ဤ အနုလောမဉာဏ်-ဟူသည်ကား မဂ်ဖြစ်သော ဝီထိမှာ အာဝဇ္ဇန်း,ပရိကံ ဥပစာ-ဇောတို့၏နောက် ဂေါတြဘူ-ဇော၏ရှေ့၌ ဖြစ် သောအနုလုံဇောပင်လျှင်တည်း။

ဆိုခဲ့ပြီးသော ဝိပဿနာဉာဏ်တို့တွင် သင်္ခါရုပေက္ခာဉာဏ်နှင့် အနုလောမဉာဏ်တို့ကို သံသရာဝဋ် အတွင်းက အတင်းထ၍ ကျွတ်လွတ် သော မဂ်သို့ရောက်စေတတ်သောကြောင့် ဝုဋ္ဌာနဂါမိနီ ဝိပဿနာဟူ၍ခေါ်ဝေါ်အပ်၏၊ သင်္ခါရုပေက္ခာဉာဏ်,အနုလောမဉာဏ်, ဂေါတြဘူ ဉာဏ် ၃-ပါးကိုလည်း လောကီတရားတို့၏ အထွတ်အထိတ်ဆုံးသို့ ရောက်သောဉာဏ်တို့ဖြစ်၍ သိခါပတ္တဝိပဿနာဉာဏ်-ဟူ၍ ခေါ်ဝေါ်ရ ၏၊ လောကုတ္တရာမှလွဲလျှင်ဆိုပြီးဉာဏ် ၃-ပါး အထွတ်အထိပ်ဆုံး ဆိုလိုသည်။

ဤ ဝုဋ္ဌာနဂါမိနီဝိပဿနာသို့ ဆိုက်ရောက်သောအခါ ဧကန် နမဂ်ပေါ်လာတော့မည်ဖြစ်၍ အားထုတ် ကြိုးပမ်း အလုပ်ကိစ္စ စင်ကြယ် ပြီးမြောက်ပြီးဖြစ်၍ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ဖြစ်၏၊ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ ဉာဏ်ရင့်လာသည်ရှိသော် နိဗ္ဗာန်ကိုအာရုံပြုသော ဂေါတြဘူ စိတ်နှင့်တကွ မဂ်ပေါ်ပေါက်လာ၏၊

မဂ္ဂဝီထိဖြစ်ဟန်ကား- ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိဖြစ်၍ ဥဒယဗ္ဗယ စသော ဝိပဿနာဉာဏ် အဆင့်ဆင့် သင်္ခါရုပေက္ခာဉာဏ် တိုင်အောင် အားတက်ကြိုးမင်း အတင်းဆန်တက်လာသော ယောဂီ ပုဂ္ဂိုလ်အား မဂ်တည်းဟူသော အပ္ပနာ ဖြစ်လိုလတ်သော် ယောဂီပုဂ္ဂိုလ်၏ တိဟိတ်ဘဝင်သည် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ- ဟူ၍ ဘဝင် ၂-ကြိမ် ကျ၏၊ ထို့နောင် မနောဒွါရာဝဇ္ဇန်း စိတ်သည် ရုပ် နာမ် တရားတို့၏ အနိစ္စ-စသော လက္ခဏာရေး ၃-ပါးတို့တွင် ၁-ပါးပါးကို အာရုံပြု၍ အာဝဇ္ဇန်းကိစ္စ နှင့် ဖြစ်၍ ချုပ်၏၊ ထို့နောင် မဟာကုသိုလ် သမ္ပယုတ် ၄-ပါးတွင် ၁-ပါး ပါးသည် အာဝဇ္ဇန်းကဲ့သို့ အာရုံပြု၍ ပရိကံ, ဥပစာ, အနုလုံ-အမည်ဖြင့် ဝုဋ္ဌာနဂါမိနီ ဝိပဿနာဇော ၃-ကြိမ်ဖြစ်၍ချုပ်၏၊ ထို့နောင် နိဗ္ဗာန်ကို အာရုံပြု၍ ပုထုဇဉ်၏အနွယ်ကို ဖြတ်သော ဂေါတြဘူ ကိစ္စနှင့် ဇော ၁-ကြိမ်ဖြစ်၍ချုပ်၏၊

ထို့နောင် သောတာပတ္တိ မဂ်စိတ်သည်

၁။ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဒုက္ခအဖြစ်ကို စင်စစ်သိမြင်ခြင်း,

၂။ သမုဒယသစ္စာ၏ အပင်းအသင်းဖြစ်သော ဒိဋ္ဌိသမ္ပယုတ္တ တဏှာ, ဝိစိကိစ္ဆာတို့ကို ပယ်ခြင်း,

၃။ အပါယ်ဒုက္ခမှ အပြီးတိုင်ငြိမ်းမှု ဟု ဆိုအပ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း,

၄။ မဂ္ဂသစ္စာကို ပွားများခြင်း,

ဟု ဆိုအပ်သော ကိစ္စကြီး ၄-ပါးကို တစ်ပြိုင်နက် တစ်ချက်တည်း ပြီးစီးအောင် ဆောင်ရွက်လေ၏၊

ဤ သောတာပတ္တိမဂ်သည် သမုစ္ဆေဒပဟန်ဖြင့် ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့ကိုပယ်၏၊ မဂ်ရှေ့ဇောတို့တွင် အနုလုံဉာဏ်ဇောသည် သင်္ခါရလျှင် အာရုံရှိသော ဝိပဿနာအရာ၌ အထွတ်အထိပ် အဆုံးစွန်ဖြစ်၏၊

ဂေါတြဘူ ဉာဏ်ဇောသည် ဝုဋ္ဌာနဂါမိနီ ဝိပဿနာအရာ၌ အထွတ်အထိပ် အဆုံးစွန်ဖြစ်၏၊

ဝိထိ ပုံစံကား

ဘွင် န ဒ မ ကံ စာ နု ဂေါ မဂ် ဖိုလ်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဖိုလ် ဘွင်

ဝဝဝ ဝဝဝ

ဤ သောတာပတ္တိမဂ် ဝီထိ၌ ရှေ့နောက်ဘဝင်ကို ပဉ္စဝေါကာရ တိဟိတ် ဘဝင် ၉-ခု ချ၊ မနောဒွါရာဝဇ္ဇန်း အစ အနုလုံ အဆုံးရှိသော စိတ်တို့သည် လက္ခဏာရေး ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြုကုန်၏၊ ဂေါတြဘူ, မဂ်,ဖိုလ်တို့သည် နိဗ္ဗာန်ကို အာရုံပြုကုန်၏၊ မဂ်ရှေ့ ဇောတို့ကို မဟာကုသိုလ်သမ္ပယုတ် ၄-ခုတို့တွင် တစ်ခုခုချ၊ သောတာပတ္တိမဂ်သည် ပဉ္စမစျာန်နှင့်ယှဉ်လျှင် မဟာကုသိုလ် တတိယဒွေ ချ၊ ကြွင်းသော အောက်စျာန် ၄-ပါးနှင့်ယှဉ်လျှင် ပထမဒွေ ချ၊ သောတာပတ္တိမဂ်နှင်ဖိုလ် ချ၊ တိက္ခပုဂ္ဂိုလ်ဖြစ်လျှင်ဖိုလ် ၃-ကြိမ် ချ၊ ရှေ့ ကာမဇောတွင် ကရိကံကို ချန်၊ မန္ဒပုဂ္ဂိုလ်ဖြစ်လျှင် ဖိုလ်၂-ကြိမ် ချ၊ ပရိကံကိုလည်း ထည့်။

တိက္ခပုဂ္ဂိုလ်၏ ဝီထိပုံစံ

ဘွင် န ဒ မ စာ နု ဂေါ မဂ် ဖိုလ် ဖိုလ်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဖိုလ် ဘွင်

ဝဝဝ ဝဝဝ

ထို ယောဂီပုဂ္ဂိုလ်သည် ဒုက္ခိတသတ္တဝါ သံသရာခရီးသမား ပုထုဇဉ်အလားမှ ကျွတ်လွတ်ထမြောက်၍ အရိယနွယ်ဝင် နိဗ္ဗာန်သခင် အဖြစ်သို့ရောက်လေ၏၊

ထိုပထမအဆင့် မဂ်လမ်းပွင့်ပြီးသောပုဂ္ဂုလ်သည် အရှင်းသတ် ဒိဋ္ဌိ, ဝိစိကိစ္ဆာကို ပယ်ပြီးဖြစ်၍ နောက် အပါယ်သို့ သွားရဦးမည်လောဟု တွေးတောကြောက်လန့်ဖွယ်သောဘေး, ရုပ်နာမ်ခန္ဓာတို့ကို ငါပင် ငါပဲဟ့ ထင်စွဲလိမ့်သောဘေး, ရတနာ၃-ပါး၌ ယုံမှားလိမ့်သော ဘေးတိုမှ အေးအေးသာသာ တစ်ခါတည်း လွတ်ရ၏၊ အကယ်၍ တစ်ဘဝတည်း နိဗ္ဗာန်သို့ မပေါက်ခဲ့သေးလျှင် အထွတ်အမြတ်ဖြစ်သော ဘုံဘဝတို့၌သာ ဝိသာခါ, အနာထပိဏ်တို့ကဲ့သို့ မြိန်မြိန်ကြီး ပျော်ပါး အငြိမ်းစားပင်စင် ရ၍ ၇-ဘဝထက် မလွန်ရဘဲ နိဗ္ဗာန်မြိုက်ပန်းကို ချွေလှမ်းပန်ဆင်ရ လေတော့သတည်း။

မဂ်ပေါက်သောအခါ တစ်ဆင့်တစ်တန်း အသိဉာဏ်ကိစ္စ စင်ကြယ်ပြီးစီးပြီ ဖြစ်၍ ဉာဏဒဿနဝိသုဒ္ဓိ ပေါက်၏၊ ဆိုခဲ့ပြီးသော ဥဒယဗ္ဗယ-စသော ဝိပဿနာဉာဏ်အစဉ်မှာ တစ်ဆင့်ထက်တစ်ဆင့် ရင့်ရင့်ကြီး ထူးခြားစွာ ရေးသားပြဆိုခဲ့သော်လည်း အလုပ်စခန်းမှာ ဥဒယဗ္ဗယဉာဏ် ကောင်းကောင်းပေါက်လျှင် ရုပ်နာမ်တရားတို့၏ ပဋိစ္စသမုပ္ပါဒ် နည်းစံနစ်အတိုင်း အကြောင်းအကျိုးတွဲစပ် ကျေးဇူပြုကြ ပုံကို မြင်လျှင်လည်း ဥဒယဗ္ဗယဉာဏ် အလွန်လွယ်လှတော့၏၊ ပထမမဂ်ကို ရပြီးသော ပုဂ္ဂိုလ်သည် သဒ္ဒါစွမ်း, ဝီရိယစွမ်း, ပညာစွမ်း ရှိသလောက် အထက်အဂ် ၃-ပါးသို့ အလျင်နှင့်အနှေး ပေါက်ရောက် လေတော့သည်၊ ဟိမဝန္တာမှ စီးဆင်း လာသော ဂင်္ဂါရေသည် သမုဒ္ဒရာသို့ အတွင်စီးသကဲ့သို့ ပထမအရိယာလည်း နိဗ္ဗာန်သမုဒ္ဒရာသို့သာ စီးလေ တော့၏၊

ဆောင်ပုဒ်သံခိပ်။ ။လွတ်လိုလှ၍၊ လွတ်ရတဲ့ငှါ၊ ဘာဝနာ-၄၀၊ အကျာယ်ဖြန့်ချိ၊ အားတိုက်ဖိ၊ ပဋိသင်္ခါဉာဏ်။

(ဘာဝနာ ၄၀-ဆိုသည်ကား တော ၄၀-ပင်တည်း။)

---------

ဘာဝနာ ၄၀-ဆောင်ပုဒ်

ခန္ဓာ ၅-ပါး ခန္ဓာ၊ ခန္ဓာတို့သည်။

၁။ ရူပက္ခန္ခော၊ ရုပ်အစုဟူသော ရူပက္ခန္ဓာလည်းကောင်း။

၂။ ဝေဒနာက္ခန္ဓော၊ ခံစားမှုအစုဟူသော ဝေဒနာက္ခန္ဓာလည်း ကောင်း။

၃။ သညာက္ခန္ဓော၊ အမှတ်ပြု၍ သိမှုအစုဟူသော သညာက္ခန္ဓာ လည်းကောင်း။

၄။ သင်္ခါရက္ခန္ဓော၊ စိတ်၏ စေ့ဆော်မှု, ပြုပြင်မှုအစုဟူသော သင်္ခါရက္ခန္ဓာလည်းကောင်း။

၅။ ဝိညာဏက္ခန္ဓော၊ အာရုံကို ထွေထွေ ထူးထူး သိမှုအစု ဟူသော ဝိညာဏက္ခန္ဓာလည်းကောင်း။

ဣမေ၊ ဤသည်တို့ကား။ ပဉ္စက္ခန္ဓာ၊ ၅-ပါးသော ခန္ဓာတို့တည်း။

အနိစ္စလက္ခဏာ ၁၀-ပါး

ဣမေ ပဉ္စက္ခန္ဓာ၊ ဤ ၅-ပါးသော ခန္ဓာတို့သည်။

၁။ အနိစ္စာ၊ မြဲခြင်းသဘော မရှိကုန်။

၂။ အဓုဝါ၊ ခိုင်မာခြင်းသဘော မရှိကုန်။

၃။ အသာရာ၊ အနှစ်သာရ မရှိကုန်။

၄။ စလာ၊ ရွေ့ရှားတတ်ကုန်၏

၅။ ပလောကဓမ္မာ၊ ပျက်စီးခြင်းသဘော ရှိကုန်၏၊

၆။ ဝိပရိဏာမဓမ္မာ၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏၊

ရ။ မရဏဓမ္မာ၊ သေဆုံးခြင်းသဘော ရှိကုန်၏၊

၈။ ဝိဘဝဓမ္မာ၊ ဆုံးရှုံးခြင်းသဘော ရှိကုန်၏၊

၉။ သင်္ခါတာ၊ အဖန်ဖန် ပြုပြင်အပ်ကုန်၏၊

၁၀။ ပဘင်္ဂုနော၊ ဖရိုဖရဲ ပြိုကွဲခြင်းသသော ရှိကုန်၏၊

အနိစ္စံ၊ အနိစ္စလက္ခဏာ ၁၀-ပါးတည်း။

ဒုက္ခလက္ခဏာ ၂၅-ပါး

ဣမေ ပဉ္စက္ခန္ဓာ၊ ဤ ၅-ပါးသော ခန္ဓာတို့သည်။

၁။ ဒုက္ခာ၊ ယုတ်မာညစ်ဆိုးဒုက္ခမျိုးတို့သာတည်း။

၂။ ဘယာ၊ ကြောက်ဖွယ်ညစ်ဆိုးဘေးရန်မျိုးတို့သာတည်း။

၃။ ဤတိ၊ ထိတ်လန့်သဖွယ် အန္တရာယ်မျိုးတို့သာတည်း။

၄။ ဥပဒ္ဒဝါ၊ လွန်စွာကပ်ရပ်နှိပ်စက်တတ်သော၊ ဥပဒ်မျိုး တို့သာတည်း။

၅။ ဥပသဂ္ဂါ၊ တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပဒ်မျိုး တို့သာတည်း။

၆။ ရောဂါ၊ ကြင်နာညစ်ဆိုး ရောဂါမျိုးတို့သာတည်း။

၇။ အာဗာဓာ၊ နှိပ်စက်ညစ်ဆိုး အနာမျိုးတို့သာတည်း။

၈။ ဂဏ္ဍာ၊ မဖွယ်ရုပ်ဆင်း ထွတ်မြင်းအနာမျိုးတို့သာတည်း။

၉။ သလ္လာ၊ စူးဝင်ညစ်ဆိုးမြားငြောင့်မျိုးတို့သာတည်း။

၁၀။ အဃာ၊ အကျိုးယုတ် အကျိုးမဲ့မျိုးတို့သာတည်း။

၁၁။ အတာဏာ၊ စောင့်ရှောက်မဲ့လျဉ်း ဘေး၏အသင်း တို့သာတည်း။

၁၂။ အလေဏာ၊ ကွယ်ကာမဲ့လျဉ်း ဘေး၏ အသင်းတို့သာ တည်း။

၁၃။ အသရဏာ၊ ကိုးရာမဲ့လျဉ်း ဘေး၏ အသင်းတို့သာတည်း။

၁၄။ အာဒီနဝါ၊ ဆိုးဝါးညစ်ကျု အပြစ်စုတို့သာတည်း။

၁၅။ အဃမူလာ၊ ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်တို့ သာတည်း။

၁၆။ ဝဓကာ၊ လူ, နတ်,ဗြဟ္မာ သတ္တဝါကို နာရီမလပ် အတွင် သတ်သည့် လူသတ်မျိုးရိုးတို့သာတည်း။

၁၇။ သာသဝါ၊ အာသဝေါတရား ၄-ပါးတို့၏ အစီးအပွါးတို့ သာတည်း။

၁၈။ မာရာမိသာ၊ ကိလေသာမာရ် မစ္စုမာရ်တို့၏ စားဖတ်, ဝါးဖတ်သုံးသပ်နင်းနယ်ရာတို့သာတည်း။

၁၉။ ဇာတိဓမ္မာ၊ သတ္တဝါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်း ဆိုးညစ်ဖြစ်ချင်တိုင်းဖြစ်တတ်သော သဘောရှိကုန်၏၊

၂၀။ ဇရာဓမ္မာ၊ ဆုတ်ယုတ်လျော့ပါးခြင်း သဘောရှိကုန်၏၊

၂၁။ ဗျာဓိဓမ္မာ၊ နာခြင်းသဘောရှိကုန်၏၊

၂၂။ သောကဓမ္မာ၊ စိုးရိမ်ပူပန်ရခြင်း သဘောရှိကုန်၏၊

၂၃။ ပရိဒေဝဓမ္မာ၊ ငိုကြွေးမြည်တမ်းရခြင်း သဘောရှိကုန်၏၊

၂၄။ ဥပါယာသဓမ္မာ၊ သက်ကြီးရှိုက်ငင် ပင်ပန်းရခြင်း သဘောရှိကုန်၏၊

၂၅။ သံကိလေသိကဓမ္မာ၊ တဏှာ, ဒိဋ္ဌိ, ဒုစ္စရိတ-တည်းဟူသော ညစ်နွမ်းခြင်း ၃-ပါးကို ပွားစီးစေတတ်သော သဘောရှိကုန်၏၊

ဒုက္ခံ၊ ဒုက္ခလက္ခဏာ ၂၅-ပါးတည်း။

------

အနတ္တလက္ခဏာ ၅-ပါး

ဣမေ ပဉ္စက္ခန္ဓာ၊ ဤ ၅-ပါးသော ခန္ဓာတို့သည်။ ၁။ အနတ္တာ၊ ကိုယ်မဟုတ်ကုန်၊ အစိုးမရကုန်၊ အလိုသို့ မလိုက်ကုန်။

၂။ ပရေ၊ အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပ တို့သာတည်း။

၃။ ရိတ္တာ၊ အနှစ်သာရ ဟူသမျှနှင့် မြူစမယှဉ် အစဉ်ဆိတ် ကင်းသော တရားတို့သာတည်း။

၄။ တုစ္ဆာ၊ ကောင်းမြတ်ချမ်းသာ မင်္ဂလာသုခ ဟူသမျှနှင့် မြူစမနီး အချီးနှီးသော တရားတို့သာတည်း။

၅။ သုညာ၊ ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုး တစ်စိုးတစ်စိ မရှိလုံးလုံး အသုံးမကျသော တရားတို့သာတည်း။

အနတ္တာ၊ အနတ္တလက္ခဏာ ၅-ပါးတည်း။

(က) အနိစ္စလက္ခဏာ ၁၀-ပါး။

( ခ ) ဒုက္ခလက္ခဏာ ၂၅-ပါး။

( ဂ ) အနတ္တလက္ခဏာ ၅-ပါး။

ပေါင်းဘာဝနာ ၄၀-ဖြစ်၏၊

ဘာဝနာ ၄၀-ဆောင်ပုဒ် ပြီး၏၊

----------

ဝိမောက္ခ ၃-ပါး

၁။ အနိမိတ္တ ဝိမောက္ခ။

၂။ အပ္ပဏီဟိတ ဝိမောက္ခ။

၃။ သုညတ ဝိမောက္ခ။

ဆောင်ပုဒ်သံခိပ်။ ။ဝိမောက္ခနက်၊ ကျွတ်လွတ်ချက်၊ ဖိုလ်မဂ်မည် သညာ။

ဝိမောက္ခကား ကျွတ်လွတ်ခြင်း အနက်တည်း၊ သံသရာနယ် တစ်ခွင်မှ အစဉ်သဖြင့် ကျွတ်လွတ် တတ်သော အနက်သဘောကြောင့် မဂ် ၄-ပါး, ဖိုလ် ၄-ပါးသည် ဝိမောက္ခမည်၏၊

ဝိမောက္ခ မုခ ၃-ပါး

၁။ အနိမိတ္တာနုပဿနာဉာဏ်။

၂။ အပ္ပဏိဟိတာနုပဿနာဉာဏ်။

၃။ သုညတာနုပဿနာဉာဏ်။

ဆောင်ပုဒ်သံခိပ်။ ။ဝိမောက်-မုခ၊ တံခါးဝ၊ အရ လက္ခဏာ။

ဝိမောက္ခ မုခ ၃-ပါး အထူး ၁။ အနိစ္စာနုပဿနာဉာဏ်။

၂။ ဒုက္ခာနုပဿနာဉာဏ်။

၃။ အနတ္တာနုပဿနာဉာဏ်။

ဝိမောက္ခမုခ-ကား မဂ်၏တံခါးဝ, ဖိုလ်၏တံခါးဝတည်း၊ အရ မူကား လက္ခဏာရေး ၃-ပါးတည်း၊ အနုလောမဉာဏ် ၃-ပါးဆို လိုသည်။

ဆောင်ပုဒ်သံခိပ်။ ။ဝုဋ္ဌာနဂါမိနိ၊ ဉာဏ်ဆိုက်ဘိ၊ ဝိမုနယ်အပါ။

ဝိပဿနာဉာဏ် ၁၀-ပါးတို့တွင် အဆုံးဖြစ်သော ဝုဋ္ဌာနဂါမိနီ အမည်ရှိသော သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ် ၂-ပါးသို့ ဆိုက်ရောက်သောအနုပဿနာဉာဏ် ၃-ပါးသည် မဂ်တံခါးဝမည်သော ဝိမောက္ခမုခ နယ်တွင်းသို့ ပါဝင်ပြီ-ဟူလို။

ဆောင်ပုဒ်သံခိပ်။။အနိမိတ္တ၊ အနိစ္စ၊ ဒုက္ခ ပဏိဟိတာ။

အနတ္တမူ၊ သုညဟူ၊ သုံးဆူ နုပဿနာ။

၁။ အနိစ္စာနုပဿနာဉာဏ်သည် အနိမိတ္တာနုပဿနာ-မည်၏၊

၂။ ဒုက္ခာနုပဿနာဉာဏ်သည် အပ္ပဏိဟိနုပဿနာ-မည်၏၊

၃။ အနတ္တာနုပဿနာဉာဏ်သည် သုညတာနုပဿနာ-မည်၏၊

ဆောင်ပုဒ်သံခိပ်။ ။ပုဂ္ဂိုလ်, သတ္တဝါ၊ အင်္ဂါကြီးငယ်၊ ဆန်းတကြယ်၊ မှတ်ဖွယ်နိမိတ္တာ။

ပုဂ္ဂိုလ်, သတ္တဝါသည် နိမိတ်မည်၏၊ ဦးခေါင်း, ခြေ, လက် စသောအင်္ဂါကြီးစုသည်လည်း နိမိတ်မည်၏၊ မျက်လုံးနား, နှာခေါင်း, ခံတွင်း, နှုတ်ခမ်း, လျှာ, သွား-စသော အင်္ဂါငယ်စု၊ ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း-စသော ၃၂-ပါးသော ကောဋ္ဌာသ-စုသည်လည်း နိမိတ်မည်၏၊

ဆောင်ပုဒ်သံခိပ်။ ။အကုန်နိမိတ်၊ ပျောက်အောင်ကြိတ်၊ အနိမိတ္တ သာ။

သတ္တဝါတို့၏စိတ်တွင် ဒြဗ်သဏ္ဌာန်နှင့် ကြောင်ကြောင် ထင် မြင်၍ နေကြသော ထိုနိမိတ်တရားတွေကို သဘာဝဉာဏ်, အနိစ္စဉာဏ် နှင့်အဖန်ဖန်ကြိတ်နယ်၍ကွယ်ပျောက်စေနိုင်သော ဉာဏ်ဖြစ်သော ကြောင့် အနိစ္စာနုပဿနာဉာဏ်ကို အနိမတ္တဉာဏ် ဆိုသည်။

ဆောင်ပုဒ်သံခိပ်။ ။ အတင့်အတယ်၊ အဖွယ်အရာ၊ မင်္ဂလာသုဘ၊ သုခ ဣဋ္ဌ၊ ထင်သမျှ၊ မှတ်ကြ ပဏိဟိတာ။

လူ့လောက,နတ်လောက, ဗြဟ္မာ့လောက, အဇ္ဈတ္တ, ဗဟိဒ္ဓ, တေဘူမက ဓမ္မတို့၏အတွင်း၌ နှစ်သက်ဖွယ် မြတ်နိုးဖွယ် တင့်တယ် ကောင်းမြတ်သည်ကိုတွေ့ရှိထင်မြင်၍ နေကြသောအရာသည် ပဏိဟိတ-မည်၏၊ ထိုပဏိဟိတ-တွေကိုဘေးဘယအစု ထင်အောင် ရှုသောဉာဏ်ဖြစ်၍ ဒုက္ခာနုပဿနာဉာဏ်ကို အပ္ပဏိဟိတဉာဏ် မည်၏၊

ဆောင်ပုဒ်သံခိပ်။ ။နတ်, လူ,ဗြဟ္မာ၊ ငါ,သူတစ်ပါး၊ ယောကျ်ား, မိန်းမ၊ ပုဂ္ဂလနှင့်၊ စိုးရပိုင်နိုင်၊ ခံ့ခိုင်မြင့်ရှည်၊ သက်ဆုံးတည်ဟု၊ အားစည်သမျှ၊ အနန္တ၊ အတ္တ, ဇီဝသာ။

အတ္တ,ဇီဝေ၊ ပျောက်ကင်းစေ၊ မှတ်လေ သုညတာ။

ပစ္စည်း ပစ္စယုပ္ပန္နဓမ္မအစု, သင်္ခါရအစုမျှသာ ဖြစ်သည်ကိုလည်း ကောင်း, ခဏချင်း ခဏချင်း ချုပ်ကွယ် သေဆုံး၍ နေမှုကိုလည်းကောင်း, ရှုမြင်သဖြင့် ထိုအတ္တ ဇီဝ အထင်အမြင်ကို ပျောက်ကွယ်စေတတ်သော ဉာဏ်ဖြစ်၍ အနိစ္စာနုပဿနာဉာဏ်ကို သုညတဉာဏ်-ဆိုသည်။

ဝိမောက္ခ မခု ၃-ပါးအထူးပြီးပြီ။

-----

ဝိမောက္ခ အပြား

ဆောင်ပုဒ်သံခိပ်။။သူ့တံခါးမှ၊ ပေါက်ရောက်က၊ မောက္ခ သူ့မဂ်သာ။

မဂ်သို့ဝင်ရောက်ရန် အနုပဿနာဉာဏ် တံခါး ၃-ပေါက်ရှိ သည်တွင်

၁။ အနိစ္စနုပဿနာ ဉာဏ်ပေါက်မှ ဝင်ရောင်ရရှိသော မဂ် သည် အနိမိတ္တ နည်၏၊

၂။ ဒုက္ခာနုပဿနာ ဉာဏ်ပေါက်မှ ဝင်ရောက်ရရှိသော မဂ် သည် အပ္ပဏိဟိတ-မဂ်မည်၏၊

၃။ အနတ္တာနုပဿနာဉာဏ်ပေါက်မှ ဝင်ရောက်ရရှိသော မဂ်သည် သုညတမဂ်မည်၏၊

ဤသို့ ရောက်ကြောင်းဟူသော ဝီပဿနာ အာဂမမုခ-ကို အစွဲပြု၍ မဂ်သည်အမည် ၃-ပါးတွင် တစ်ပါးပါးကိုရ၏၊ မဂ္ဂဝီထိ၌ကျသော ဖိုလ်သည်လည်း မဂ်ကိုအစွဲပြု၍ မိမိမဂ်ရသော အမည်ကိုရ၏၊ ဖလ သမာပတ္တိ ဝီထိ၌ ကျသောဖိုလ်သည်ကား သူ့ဝိပဿနာကို အစွဲပြု၍ အနိမိတ္တ-စသော အမည်သုံးပါးတွင် တစ်ပါးပါးကို ရ၏၊

(ဤကား အာဂမမုခ-၏ အစွမ်းဖြင့် မဂ်ဖိုလ်တို့၌ အမည် ၃-ပါး ဖြစ်ပုံတည်း။)

တစ်နည်း။ ။ နိဗ္ဗာန်သည် အမည် ၃-ပါးကို ရ၏၊ မဂ်ဖိုလ် တို့သည် ထိုနိဗ္ဗာန်ကို အာရုံပြုသောကြောင့် အာရုံကိုအစွဲပြု၍ အမည် ၃-ပါးလုံးကို အကုန်ရကြ၏၊

တစ်နည်း။။ ရာဂ, ဒေါသ, မောဟ ၃-ပါးသသည် နိမိတ္တလည်း မည်၏၊ ပဏိဓိ-လည်း မည်၏၊ အလုံးစုံသော မဂ်ဖိုလ်တို့သည် ထိုနိမိတ္တဓမ္မ, ပဏိဓိဓမ္မ-တို့၏ အာရုံအဖြစ်မှ လွတ်ကုန်၏၊ ထိုဓမ္မတို့မှ ဆိတ်ကင်းကုန်၏၊ ထို့ကြောင့် အလုံးစုံသော မဂ်ဖိုလ်တို့သည် မိမိတို့၏ ပကတိသဘောကို အစွဲပြု၍လည်း ၃-ပါးသော အမည်တို့ကိုလည်း ရကြကုန်၏၊

သဗ္ဗညုဘုရားရှင်တို့၏ အဆုံးအမတည်းဟူသော သာသနာ တော်၌ ဤဝိမောက္ခတို့ဖြင့် ကျွတ်လွတ်ကြကုန်သော ပုဂ္ဂိုလ်တို့သည်

၁။ သဒ္ဓါနုသာရီ ပုဂ္ဂိုလ်,

၂။ သဒ္ဓါဓိမုတ္တ ပုဂ္ဂိုလ်,

၃။ ကာယသိက္ခိ ပုဂ္ဂိုလ်,

၄။ ဓမ္မာနုသာရီ ပုဂ္ဂိုလ်,

၅။ ဒိဋ္ဌိပတ္တ ပုဂ္ဂိုလ်,

၆။ ပညာဝိမုတ္တပုဂ္ဂိုလ်,

၇။ ဥဘတောဘာဂဝိမုတ္တိ ပုဂ္ဂိုလ်,

ဟူ၍ ပုဂ္ဂိုလ် ၇-မျိုး ရှိကုန်၏၊

ဝိမောက္ခ အပြားပြီး၏၊

သမာပတ် အပြား

ခပ်သိမ်းသော ဖလဋ္ဌပုဂ္ဂိုလ်တို့သည် မိမိတို့၏ဖိုလ်ကို မိမိတို့ အသီးအသီး ဝင်စားနိုင်ကြကုန်၏၊ မဝင်စားနိုင်သူ-ဟူ၍ မရှိကြကုန်၊ ထို့ကြောင့် ဖလသမာပတ်မည်သည် ခပ်သိမ်းသော ဖလဋ္ဌပုဂ္ဂိုလ်တို့နှင့် ဆက်ဆံ၏၊

(ဤကား ဖလသမာပတ် ၄-ပါးတည်း)

ဒိဋ္ဌဓမ္မ နိဗ္ဗာန်

ဒိဋ္ဌဓမ္မနိဗ္ဗာန်ဟုဆိုအပ်သော နိရောဓသမာပတ်သည်မူကား လောကီစျာန်သမာပတ် ၈-ပါး, ၉-ပါးကို အကုန်ရရှိ၍နေသော ကာမ, ရူပ-အနာဂါမ်, ရဟန္တာ-ပုဂ္ဂိုလ်တို့သည်သာလျှင် ဝင်စားနိုင်ကုန်၏၊

ဝင်စားပုံကား - ရူပ ပထမစျာန် သမာပတ်ကို ရှေးဦးစွာ ဝင်စား၏၊ ထိုမှထ၍ ထိုပထမစျာန် သမာပတ် အတွင်း၌ရှိသော ရုပ်နာမ်တရားတို့ကို လက္ခဏာရေးတင်ရှု၏၊ စျာန်ဝင်စားမှုကား သမထ အလုပ်တည်း၊ လက္ခဏာရေး တင်မှုကား ဝိပဿနာ အလုပ်တည်း။

ဤနည်းအတူ ဒုတိယစျာန်သမာပတ်, တတိယစျာန်သမာပတ်, စတုတ္တစျာန်သမာပတ်, ပဉ္စမစျာန် သမာပတ်, အာကာသာနဉ္စာယတန သမာပတ်, ဝိညာဏဉ္စယတန သမာပတ်, အာကိဉ္စညာယတန သမာပတ်တို့ကိုလည်း အစဉ်အတိုင်း ဝင်စား၍ သွား၏၊ အာကိဉ္စညာယတန သမာပတ်မှထပြီိးသည်၏ အခြားမဲ့၌ ပုဗ္ဗကိစ္စ ၄-ပါးကို ပြုပြီးလျှင် နေဝသညာနာသညာယတန သမာပတ်ကို ဝင်စား၏၊ အနာဂါမ်ပုဂ္ဂိုလ် အား နေဝသညာ ကုသိုလ်ဇော ၂-ကြိမ်, ရဟန္တာ ပုဂ္ဂိုလ်အား နေဝသညာ ကြိယာဇော ၂-ကြိမ်ကျပြီးလျှင် စိတ်အစဉ် ချုပ်ပြတ်ခြင်းဟူသော နိရောဓသမာပတ်သို့ ရောက်လေ၏၊ စိတ်မရှိဘဲ ၇-ရက် ၆-ရက် စသည် တည်နေပြီး နောက် ထိုသမာပတ်မှ ထလိုသော် ရှေးဦးစွာ အနာဂါမ် ပုဂ္ဂိုလ်အား အနာဂါမိဖိုလ်, ရဟန္တာပုဂ္ဂိုလ်အား အရဟတ္တဖိုလ် တစ်ကြိမ် ဖြစ်ပေါ်၍ ဘဝင်ကျလေ၏၊

သမာပတ်အပြား ပြီး၏၊

(ဤတွင်ရွေ့ကား ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိကရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, ဉာဏဒဿနဝိသုဒ္ဓိ-ဟူ၍ ဝိသုဒ္ဓိဘေဒ-အားဖြင့် ၅-ပါးအပြားရှိသော အဓိပညာ သာသနာတော် မြတ်ကြီး အပြီးတိုင် အစီအရင် အကျဉ်းချုပ်ပြီး၏၊ ရှေ့၌ပြဆိုခဲ့ပြီး သော အဓိသီလသိက္ခာ သာသနာ, အဓိစိတ္တသိက္ခာ သာသနာ ၂-ပါးနှင့် ပေါင်း သည်ရှိသော် သာသနာတော်မြတ်ကြီး ၃-ပါး, ဝိသုဒ္ဓိကြီး ၇-ပါးဖြစ်၏၊)

ဝိသုဒ္ဓိ ၇-ပါး ပြီး၏၊

-----

အဋ္ဌကထာကြီးများ မိန့်ဆိုချက်

ဆောင်ပုဒ်သံခိပ်။။ ပိဋကတ် ၂-ပုံ၊ အကျဉ်းချုံ၊ နှုတ်ငုံသူတို့မှာ။

စိတ်ပိုင်း, စေတသိက်ပိုင်း, ပကိဏ်းပိုင်း, ဝီထိပိုင်း, ရုပ်ပိုင်း, ပစ္စည်းပိုင်း-ပေတည်း၊ ဘုံပိုင်း, သမုစ္စည်းပိုင်း, ကမဋ္ဌာန်းပိုင်းတို့သည် သုတ္တန်ပိဋကတ်ကိုလည်း အကျဉ်းချုံးသော အပိုင်းတို့ပေတည်း၊ ၉- ပိုင်းလုံးကို သိမ်းကျုံး မိသော သူတို့သည် အကျဉ်းချုပ်အားဖြင့် ပိဋကတ် ၂-ပုံကို နှုတ်ငုံသိမ်းပိုက်မိကြကုန်၏၊

ထိုသူတို့သည် ဤဘဝမှာပင် အကျွတ်တရားရနိုင်ရန် ဓမ္မ အဆောက်အအုံနှင့် ပြည့်စုံကြကုန်၏၊ ဤဘဝ၌ အကျွတ်တရား မရရှိခဲ့ လျှင် နတ်ပြည်၌ ကျွတ်ကြကုန်လတ္တံ၊ ဤသာသနာမှ ကျန်ရှိကြ သော သူတို့သည် သာသနာပ နောက်ကာလ၌ ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်ကြ ကုန်လတ္တံ့၊ ကျန်ရှိသော သူတို့သည် နောက်ဘုရား သာသနာ၌ ပညာ ဧတဒဂ်, အဘိညာဧတဒဂ် ထက်မြက်သီးသီး အကျော်အမော်ကြီး ဖြစ်ကြ၍ ကျွတ်ကြကုန်လတ္တံ့။

(ဤကား ဂတပစ္စာဂတ ဝတ်၌လာသော အဋ္ဌကထာကြီးများ မိန့်ဆိုချက်ပေတည်း။)

အဓိပညာသာသနာကို ပြဆိုခန်းပြီး၏၊

----------

၁၄-နိဗ္ဗာန်ကို ပြဆိုခန်း

(က) နိဗ္ဗာန်၏ အေးငြိမ်းသောသဘော

ဆောင်ပုဒ်သံခိပ်။။ဒုက္ခခပ်သိမ်း၊ ချုပ်ပြတ်ငြိမ်း၊ ဇာတ်သိမ်း ပြည်နိဗ္ဗာန်။

ဇာတိချုပ်ငြိမ်းသည်ကို ဇာတ်သိမ်းဆိုသည်၊ လွန်ခဲ့ပြီးသော အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက် ဘဝအဆက်ဆက် ဇာတ်ထွက်၍ လာခဲ့သော ကိလေသာတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှု, ပုညာ-ပုည သင်္ခါရဟူသော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်း မှု, ပဋိသန္တေပဝတ္တိဝိပါတ် ရုပ်နာမ်ခန္ဓာတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှုကို နိဗ္ဗာန်ဆိုသည်-ဟူလို။

( ခ ) အပူနှစ်မျိုး

ပုထုဇဉ်တို့၏ သန္တန်၌ အဝီစိ-အစရှိသော အပါယ်ဘဝသို့ ပစ်ချရန် အစဉ်ပါရှိ၍နေကုန်သော အကုသိုလ် ကံဟောင်းတို့သည် တစ်ယောက်တစ်ယောက်သောသူမှာပင် အသင်္ချေယျအနန္တ ရှိကြလေ ကုန်၏၊ လူမင်း, နတ်မင်း, ဗြဟ္မာမင်းကြီးပင် ဖြစ်၍နေကြကုန်သော် လည်း စိတ်နှလုံးအတွင်းမှာ အစဉ်ပါရှိ၍ နေကြကုန်သော ထိုအကုသိုလ် ကံဟောင်းတို့အတွက် အပူကောင်ကြီးတွေ သက်သက်သာတည်း။

(ဤကား ကံဟောင်းတွေအတွက်နှင့် အပူကောင်တွေဖြစ်၍ နေကြပုံတည်း။)

ထိုပုထုဇဉ်တို့၏ သန္တန်၌ ရှေ့သို့လည်း ဒုစရိုက်အကုသိုလ် အနန္တတို့သည် ဖြစ်ပွားကြကုန်လတ္တံ့သာတည်း၊ လူမင်း, နတ်မင်း, ဗြဟ္မာမင်းပင်ဖြစ်၍ နေကြကုန်သော်လည်း ရှေ့သို့ ပြုလတ္တံ့ကုန်သော ထိုဒုစရိုက် အကုသိုလ် ကံသစ်တို့အတွက် အပူကောင်ကြီးတွေ သက် သက်သာတည်း။

(ဤကား ကံသစ်တွေအတွက်နှင့် အပူကောင်တွေဖြစ်၍ နေကြပုံတည်း။)

( ဂ ) အပူမှ နိဗ္ဗာန်၏ အေးငြိမ်းပုံ

သောတာပတ္တိမဂ်သို့ရောက်သောအခါ ထိုအတိတ်ကံ အနန္တတို့ သည် အကုန်ချုပ်ငြိမ်းလေကုန်၏၊ ထိုအနာဂတ်ကံ အနန္တတို့သည် အကုန်ဇာတ်သိမ်းကုန်၏၊ အပ္ပါယ်သံသရာကြီးသည်လည်း ထိုသူတို့ သန္တာန်မှာ အကုန်ဇာတ်သိမ်းလေကုန်၏၊ ဤချုပ်ငြိမ်းမှု, ဇာတ်သိမ်းမှုသည် သောတာပန်သို့ ရောက်ကြ, ရကြ, ခံစံကြသော နိဗ္ဗာန်ကြီးပေတည်း၊ ထိုသောတာပန်တို့သည် လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာဘုံတို့မှာ ဘဝအဆက် ဆက် ကမ္ဘာအဆက်ဆက် ကျင်လည်၍ နေကြရာ ပုထုဇဉ်အပူကောင် တွေကို မြင်တိုင်း မြင်တိုင်းမြင်တိုင်း ငါတို့မှာငြိမ်းပေပြီ၊ အေးပေပြီဟူ၍ အနမတဂ္ဂကြီးကျယ်လှသော ထိုနိဗ္ဗာန်ချမ်းသာကြီးကို ဘဝအ ဆက်ဆက် ကမ္ဘာအဆက်ဆက် အစဉ်ခံစား၍ သွားကြရကုန်၏၊

ပရိနိဗ္ဗာန်စံရာ ဘဝတိုင်အောင် သာသနာပ-သောဘဝ, သာသနာပ-သောကမ္ဘာ-ဟူ၍ ထိုသူတို့မှာ မရှိကြကုန်ပြီး မိမိ၏ ငြိမ်းရန် နိဗ္ဗာန်ဟူသော အကြောင်းနှင့် တစ်ပါးသောဘုရားကိုလည်း တောင့်တ ဖွယ် မရှိကြကုန်ပြီ။ တစ်ပါးသော သာသနာကိုလည်း တောင့်တဖွယ် မရှိကြကုန်ပြီ။ မိမိတို့ရပြီး ရောက်ပြီးနိဗ္ဗာန်ကြီး၏ အတွင်းမှ ဘဝများစွာ ကမ္ဘာအဆက်ဆက် မထွက်ကြရကုန်ပြီ။ ထိုနိဗ္ဗာန်ကြီး၏အတွင်း၌ တည်၍ အလိုရှိရာ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာ တို့ကို ခံစားစံစားကြကုန်ပြီးမှ အားရကြကုန်သောအခါ ခန္ဓာကို စွန့်ပစ်ကြ ကုန်၏၊

ဥပမာကား- မြင့်မိုရ်တောင်ခြေရှိ ယူဇနာ ၈-သောင်း ၄- ထောင်နက်ကျယ်စွာသော အလွန်အေးမြ ကြည်လင်စွာသော သီတာ သမုဒ္ဒရာကြီး၏ အတွင်းမှာ ရှိနေကြကုန်သော ငါးကြီးအပေါင်းတို့သည် တစ်ပါးသော မြစ်သမုဒ္ဒရာကို တောင့်တဖွယ် မရှိကြကုန်ပြီ။ နှစ်ပေါင်း မည်မျှပင်ကြာကုန်သော်လည်း ရေကုန်မည်, ရေခန်းမည်, ရေနောက်မည်, ရေပူမည်ကိုကြောင့်ဖွယ် မရှိကြကုန်ပြီ၊ ထိုသီတာမဟာသမုဒ္ဒရာကြီး၏ အတွင်း၌သာ အသက်ရှည်ကြသမျှ ကာလပတ်လုံး အလိုရှိတိုင်း မြူးတူး ပျော်ပါးစွာ နေကြကုန်ပြီးမှ ခန္ဓာကို စွန့်ကြကုန်သတည်း။

ထိုစကားမှန်၏၊ ထိုအတိတ် အနာဂတ် ဒုစ္စရိုက်ကံ အနန္တတို့၏ ငြိမ်းခြင်းဟူသော နိဗ္ဗာန်သို့ ရောက်ကြကုန်ပြီးသော ထိုပုဂ္ဂိုလ်တို့သည် ထိုငြိမ်မှုကုန်ဆုံးပြန်၍ ပုထုဇဉ်အဖြစ်သို့ တဖန် ရောက်ကြရပြန်ကုန်သည်။ အပါယ်ဘေးကို ကြောက်ကြရပြန်ကုန်သည်၊ ဘုရားတစ်ပါး, သာသနာ တစ်ပါးကို မျှော်ကြရပြန်ကုန်သည်ဟု မရှိကြကုန်ပြီ၊ သံသရာ၌ ကျင် လည်၍ သွားကြကုန်သော်လည်း သံသရာဝဋ်မှ ကျွတ်လွတ်သော အနေ နှင့် ကျင်လည်ကြရကုန်၊ သံသရာဝဋ်၌ နစ်မွန်းမျောပါး၍ နောက်ကျသော ဝဋ်ကောင်မျိုး, အပူကောင်မျိုး မဟုတ်ကြကုန်ပြီ၊ ပြဆိုခဲ့ပြီသော အနက် တို့ကိုမူကား အဘိသမယသံယုတ် ပါဠိတော်ကြီးကို ထောက်၍ သိအပ် ကုန်၏၊

(ဤသည်ကား ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှု, အဟောင်းအသစ်ဖြစ်ကုန်သော ခပ်သိမ်းကုန်သော ဒုစရိုက်ကံတို့၏ ချုပ် ငြိမ်းမှု, ဇာတ်သိမ်းမှု, အပါယ်သံသရာကြီး၏ချုပ်ငြိမ်းမှု, ဇာတ်သိမ်းမှုဟူသော သောတာပန်တို့သည်ရကြ, ရောက်ကြ, ခံစံကြရသော အသင်္ခတ မဟာနိဗ္ဗာန်ကြီး၏ အခြင်းအရာကို အရိပ်အမြွက်မျှပြဆိုချက်တည်း၊ ကြွင်း သော အရိယာပုဂ္ဂိုလ်တို့မှာလည်း ထိုက်သည်အားလျော်စွာသိလေ။)

(ဃ) သဥပါဒိသေသ,အနုပါဒိသေသ-နိဗ္ဗာန် ၂-မျိုး

ကံ၏ အကျိုးဖြစ်သော ခန္ဓာငါးပါးသည် တဏှာ, ဒိဋ္ဌိ-တို့၏ အကျိတ်အခဲစွဲလမ်းရာဖြစ်၍ ဥပါဒိ-မည်၏၊

ဆောင်ပုဒ်သံခိပ်။။ သဥပါဒိ၊ သေသ-နိ၊ ကြွင်းရှိ ငါးရပ်ခန်။

နိ-ကား နိဗ္ဗာန်တည်း၊ ဘဝခန္ဓာ သံသရာအကြွင်းအကျန် ရှိနေစဉ်အခါပေါက်ရောက်ရရှိ ခံစံကြရသော နိဗ္ဗာန်သည် သဥပါဒိသေသ နိဗ္ဗာန် မည်၏၊

သောတာပန်တို့၌ ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏ ချုပ်ငြိမ်းမှု, ခပ်သိမ်းသော ဒုစရိုက်ကံတို့၏ ချုပ်ငြိမ်းမှု, အပါယ်သံသရာကြီး၏ ချုပ်ငြိမ်းမှုကို ဆိုသတည်း၊ ထိုသဥပါဒိသေသနိဗ္ဗာန်သို့ ရောက်ကြ၍ ထိုနိဗ္ဗာန်၌ တည်နေကြကုန်သော သောတာပန် ပုဂ္ဂိုလ်တို့အား အပါယ် ၄-ပါးဟူသော ဒုဂ္ဂတိသံသရာ မရှိကြကုန်ပြီ၊ ဘုန်းတန်ခိုး ကျက်သရေနှင့် ပြည်စုံသော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝ-ဟူသော သဥပါဒိတရား ကျန်ရှိသည့် အတွက် သဥပါဒိသေသ ခေါ်ဆိုရသတည်း။

(ကြွင်းသော အရိယာတို့မှာလည်း ထိုက်သည့်အားလျော်စွာ သိလေ။)

ဆောင်ပုဒ်သံခိပ်။။ အနုပါဒိ၊ သေသ-နိ၊ မရှိ ငါးရပ်ခန်။

ခန္ဓာကြွင်း, ဘဝကြွင်း, သံသရာကြွင်း အလျဉ်းမရှိသော အဆုံး စွန်သော ပရိနိဗ္ဗာန်စံမှုသည် အနုပါဒိသေသနိဗ္ဗာန် မည်၏၊

ဤ နိဗ္ဗာန် ၂-ပါးသည် ကျန်ရှိသော ဘဝခန္ဓာသံသရာ အတွက် နှင့်အခေါ်သာလွဲကြသည်၊ တစ်ခုတည်းသော အသင်္ခတ မဟာနိဗ္ဗာန် ကြီးပင်တည်း။

ဥပမာကား- တစ်ခုသော မိုးကောင်းကင်ကြီးကိုပင်လျှင် ရပ်ပေါ် ရွာပေါ်မှာ ရှိသည်ကို ရွာကောင်းကင် ဟူ၍, ရွာမှ ကျွတ်လွတ်ရာ၌ ရှိသည်ကို တောကောင်းကင်ဟူ၍ ဆိုအပ်သကဲ့သို့တည်း၊ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ အပါယ်သံသရာတို့၏ ချုပ်ငြိမ်းမှုမှစ၍ တစ်ဆက်တည်း, တစ်ခုတည်းသာတည်း။

( င ) သုညတ အနိမိတ္တ, အပ္ပဏီဟိတ နိဗ္ဗာန် ၃-မျိုး

ဆောင်ပုဒ်သံခိပ်။။သုည, နိမိတ်၊ ပဏိဟိတ်၊ ဖြာစိတ် သုံးနိဗ္ဗာန်။

နိဗ္ဗာန်သည် သုညတနိဗ္ဗာန်, အနိမိတ္တနိဗ္ဗာန်, အပ္ပဏိဟိတနိဗ္ဗာန် ဟူ၍ ၃-ပါးပြား၏၊

ဆောင်ပုဒ်သံခိပ်။။ပလိဗောဓ၊ ကြောင့်ကြသဗ္ဗံ၊ ကင်းဆိတ်ညံ၊ နိဗ္ဗာန်သုညတ။

သင်္ခတဓမ္မ အပေါင်းတို့တွင် အရဟတ္တဖိုလ် အမြတ်ဆုံးတည်း၊

ထိုအရဟတ္တဖိုလ်သည် ဇာတိရှိသော တရားမျိုးဖြစ်၍ ရရှိပြီးနောက် ဝင်စားလိုပြန်သည်ရှိသော် ဖြစ်ပေါ်ရန် အကြောင်းအခွင့်တွေကို ကြောင့် ကြစိုက်နိုင်မူ ဖြစ်ပေါ်၏၊ ဖြစ်ပေါ်၍ ခံစားစံစားဆဲမှာပင် မတ်တတ်ချုပ် ပျက် ကွယ်ပျောက်၍သွား၏၊ ခံစားလို ပြန်လျှင် တစ်ဖန် ကြောင့်ကြ စိုက်ရပြန်၏၊ ကြောင့်ကြစိုက်မှုပလိဗောဓ-မဆုံးရှိနေ၏၊ ထိုမှကြွင်းသော သင်္ခတ-တရားတို့၌ ဆိုဖွယ်မရှိ။

နိဗ္ဗာန်မူသည်ကား-ထိုကဲ့သို့မဟုတ်၊ ဇာတိကင်းငြိမ်းသော ဇာတ် သိမ်းမှုဖြစ်ပေ၍ သက္ကာယဒိဋ္ဌိ အပြီးချုပ်ငြိမ်းခြင်းကို တစ်ကြိမ်ရရှိ သည့်နောက် ထိုဒိဋ္ဌိငြိမ်းမှု, အပါယ်သံသရာငြိမ်းမှုသည် ဘဝအဆက် ဆက် ကမ္ဘာအဆက်ဆက် အမြဲတည်လေတော့သည်ဖြစ်၍ ထိုငြိမ်းမှု အတွက်နှင့် ကြောင့်ကြစိုက်ဖွယ် ကိစ္စတစ်စုံ တစ်ခုမျှမရှိပြီ၊ သီတာ သမုဒ္ဒရကြီး၏ အတွင်းမှာနေသော ငါးကြီးတို့ကဲ့သို့ ထိုငြိမ်းမှု အနမတဂ္ဂ ကြီးအတွင်းမှာ ကျင်လည်ကာ နေကြရတော့သည်၊ ထို့ကြောင့် သုညတဟူ၍ ခေါ်သတည်း။

ဆောင်ပုဒ်သံခိပ်။။ ဘေးပေါင်းတစ်ရံ၊ မဆက်ဆံ၊ နိဗ္ဗာန်နိမိတ္တ။

သင်္ခတဓမ္မမည်သည် ဇာတိရှိသောကြောင့် ရုန့်သော အရိပ် နိမိတ်ရှိ၏၊ ရုန့်ရင်းသော အရိပ်နိမိတ်ရှိသောကြောင့် ဘေးအပေါင်းနှင့် တစ်ရံမစဲ အမြဲဆက်ဆံ၏၊ မဇ္ဈတ္တဘေး, ဗဟိတ္တ ဘေးတို့ထိပါးနိုင်၏၊ ကိလေသာတို့ သုံးသပ်နိုင်၏၊ ဇရာ, မရဏမီးတို့လောင်နိုင်၏၊ နိဗ္ဗာန် သည်မူကား ထိုကဲ့သို့မဟုတ်၊ အနိမိတ္တဓမ္မသာ-ဖြစ်၏၊ ထိုဘေးတို့ မထိပါးနိုင်။

ဥပမာကား- ကောင်းကင်ကြီးသည်ဇာတိနှင့်ဖြစ်ပေါ်သော တရားမျိုးမဟုတ်သောကြောင့် လက်နက်ဘေးတို့ မထိပါးနိုင်၊ မစင်စ သောအညစ်အကြေးတို့ မလိမ်ကျံနိုင်၊ မီးတို့မလောင်နိုင်၊ ဟောင်းနွမ်း ဆွေးမြေ့သည်မရှိ၊ ပြိုပျက်ကွယ်ဆုံးသည်မရှိ၊ အနမတဂ္ဂ သံသရာနှင့်အမျှ နိစ္စ တည်ရှိ၏၊

ထို့အတူ သောပန်ပုဂ္ဂိုလ်တို့၏ ဒိဋ္ဌိ, ဝိစိကိစ္ဆာ-တို့ချုပ်ငြိမ်းမှု, အပါယ်သံသရာ၏ချုပ်ငြိမ်းမှု-ဟူသော နိဗ္ဗာန်သည် ဘေးအပေါင်းတို့ မထိပါးနိုင်၊ ကိလေသာတို့မလိမ်းကျံနိုင်၊ ဇရာမရဏမီးတို့ မလောင်နိုင်၊ ထိုချုပ်ငြိမ်းမှုကို ဘေးထိ၍ ဆွေးမြေ့ကုန်ခန်းမည်ကို ကြောင့်ကြ စိုးရိမ်ဖွယ်မရှိ၊ သောတာပန်သည် ပုထုဇဉ်အဖြစ်သို့ ပြန်၍ရောက်မည်ကို ကြောင့်ကြဖွယ်မရှိ၊ အပါယ်သို့ ကျရောက်ပြန်မည်ကို ကြောင့်ကြဖွယ်မရှိ၊ ထို့ကြောင့် နိဗ္ဗာန်ကို အနိမိတ္တ ဆိုသတည်း။

ဆောင်ပုဒ် သံခိပ်။။တောင့်တပူပန်၊ မဆက်ဆံ၊ နိဗ္ဗာန် ပဏိဟိတ။

တောင့်တခြင်းသည် ပဏိဟိတ မည်၏၊ ပူပန်မှုသက်သက်တည်း၊ ဒုက္ခ အများကပွါးများစေတတ်၏၊ သင်္ခတဓမ္မမည်သည် ကောင်းမွန် သောတရားကိုရအောင် အားထုတ်၍ရရှိသော်လည်း ကုန်ခန်းခြင်းသ ဘော ရှိသောကြောင့် မွဲမြဲ မွဲပြန်၏၊ ဆင်းရဲမြဲဆင်းရဲပြန်၏၊ တောင့်တ ပူပန်မှုအဆုံးမရှိ။

သောတာပန်တို့အား ရရှိ၍နေသော ထိုငြိမ်းမှုသည်ကား အဘယ်အခါမှာမှ ပျက်ကွယ်ကုန်ဆုံးခြင်မရှိ၊ တဖန် တောင့်တရန် မရှိ၊ ဒိဋ္ဌိချုပ်ငြိမ်းမှု ပျောက်ကွယ်သွားပြန်၍ ဘုရားကို တောင့်တ-ရပြန်သည် မရှိ၊ တရားကို တောင့်တ-ရပြန်သည်မရှိ၊ ဒုစရိုက်ချုပ်ငြိမ်းမှု ပျောက်ကွယ် သွားပြန်၍ ဒါနကိုအထူးအားထုတ်ရပြန်ပြီ သီလကို အထူးအားထုတ် ရပြန်ပြီ-ဟူ၍မရှိ၊ ထို့ကြောင့် နိဗ္ဗာန်ကို အပ္ပဏိဟိတ-ဟူ၍ဆိုပေသ တည်း။

(ဤအမည် ၃-ပါးသည်လည်း တစ်ခုသောအဖြစ်ငြိမ်းမှု, ဇာတ် သိမ်းမှု၏ အမည်သာတည်း။)

အရိယာပုဂ္ဂိုလ်တို့တွင် သောတာပန်သည် အညံ့ဆုံးဖြစ်၏၊ ထို့ အညံ့ဆုံး၏ ငြိမ်းချမ်းမှုသည်ပင်လျှင် အနမတဂ္ဂ ကြီးကျယ်လှလေ၏၊ ကြွင်းသောပုဂ္ဂိုလ်တို့၏ ငြိုချမ်းမှုမှာ ဆိုဖွယ်မရှိပေ-ဟု သိစေခြင်းငှါ သောတာပန်၏ နိဗ္ဗာန်ကို ထုတ်ဖေါ်၍ ပြဆိုလိုက်သည်။

နိဗ္ဗာန်ကို ပြဆိုခန်း ပြီး၏

ààààà

၁၅-ဝိပဿနာရှုနည်း ပြဆိုခန်း

ဖေဏပိဏ္ဍူပမံ ရူပံ၊ ဝေဒနာ ပုပ္ဖုဠူပမာ။

မရီစိကူပမာ သညာ၊ သင်္ခါရာ ကဒလူပမာ။

မာယူပမဉ္စ ဝိညာဏံ၊ ဒေသိတာဒိစ္စဗန္ဓုနာ။

(သံယုတ်ပါဠိတော်)

အနက်။ ။ ရူပံ၊ ရူပက္ခန္ဓာကို၊ ဏေ ပိဏ္ဍူပမံ၊ ရေမြှုပ်ဆိုင် ရေမြှုပ်ခဲနှင့်တူစွာ။ ဒဋ္ဌဗ္ဗံ၊ ရှုအပ်၏၊ ဝေဒနာ၊ ဝေဒနက်ခန္ဓာကို။ ပုပ္ဖုဠူပမာ၊ ရေပွက်နှင့်တူစွာ။ ဒဋ္ဌဗ္ဗာ၊ ရှုအပ်၏၊ သညာ၊ သညက္ခန္ဓာကို။ မရီစိကူပမာ၊ တံလှပ်နှင့်တူစွာ။ ဒဋ္ဌဗ္ဗာ၊ ရှုအပ်၏၊ သင်္ခါရာ၊ သင်္ခါရက္ခန္ဓာ ကို။ ကဒလူပမာ၊ ငှက်ပျောတုံး လက်ပန်တုံးနှင့်တူစွာ။ ဒဋ္ဌဗ္ဗာ၊ ရှုအပ် ကုန်၏၊ ဝိညာဏံ၊ ဝိညာနက္ခန္ဓာကို။ မာယူပမံ၊ မျက်လှည့်အမှုနှင့်တူစွာ။ ဒဋ္ဌဗ္ဗာရှုအပ်၏၊ ဣတိ၊ဤသို့။ အာဒိစ္စဗန္ဓုနာ၊ နေမင်း၏အနွယ်ဖြစ် တော်မူသော ငါဘုရားသည်။ ဒေသိတ၊ံ ဟောတော်မူအပ်၏၊

ရူပက္ခန္ဓာ ရှုနည်း

ကိဉ္စ ဘိက္ခဝေ ရူပံ ဝဒေထ၊ ရုပ္ပတိ ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ရူပန္တိ ဝုစ္စတိ။ ကေန ရုပ္ပတိ၊ သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ၊ ဇိဃစ္ဆာယပိ ရုပ္ပတိ၊ ပိပါသာယပိ ရုပ္ပတိ၊ ဍံသ မကသ ဝါတာတပ သရီသပ သမ္ဖေဿနပိ ရုပ္ပတိ၊ ရုပ္ပတိ ရုပ္ပတီတိ ခေါ ဘိက္ခ တသ္မာရူပန္တိ ဝုစ္စတိ။။

အနက်။ ။ ဘိက္ခဝေ၊ ရဟန်းတို့။ ကိဉ္စ၊ အဘယ့်ကြောင့်လျှင်။ ရူပံ၊ ရုပ်ဟူ၍။ ဝဒေထ၊ ဆိုကြကုန်မည်နည်း။ဘိက္ခဝေ၊ ရဟန်းတို့။ ခေါ၊ စင်စစ်လျှင်။ ရုပ္ပတိ၊ အတည်မမြဲ အနည်းနည်းလျှင် ဖောက်လွဲ ဖောက်ပြန် ဖြစ်တတ်၏၊ ရုပ္ပတိ၊ ခဏချင်းလျှင် ယိုယွင်းယိုင်ရွေ့ မြေ့မြေ့ကြေမွ ရွရွကြေကွဲ အနည်းနည်း ဖောက်ပြန်တတ်၏၊ ဣတိ တသ္မာ၊ ထို့ကြောင့်။ ရူပန္တိ၊ ရုပ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

ကေန၊ အဘယ်အကြောင်းကြောင့်။ ရုပ္ပတိ၊ ဖောက်ပြန်တတ် သနည်းဟူမူကား။ သီတေနပိ၊ သီတတေဇောနှင့် တွေ့ခြင်းကြောင့်လည်း။ ရုပ္ပတိ၊ ဖောက်ပြန်တတ်၏၊ ဥဏှေနပိ၊ ဥဏှတေဇောနှင့်တွေ့ခြင်း ကြောင့်လည်း။ ရုပ္ပတိ၊ ဖောက်ပြန်တတ်၏၊ ဇိဃစ္ဆာပိ၊ ဆာလောင်ပူပန် သော တေဇောနှောင့်ယှက်ခြင်းကြောင့်လည်း။ ရုပ္ပတိ၊ ဖောက်ပြန် တတ်၏၊ပိပါသာရပိ၊ မွတ်သိပ်ပူပန်သော တေဇော နှောင့်ယှက်ခြင်း ကြောင့်လည်း။ ရုပ္ပတိ၊ ဖောက်ပြန် တတ်၏၊ ဍံသ သမ္ဖေဿနပိ၊ ခြင်ဆိပ် တေဇောနှင့် တွေ့ခြင်းကြောင့်လည်း။ ရုပ္ပတိ၊ ဖောက်ပြန်တတ်၏၊ မကသသမ္ဖေဿနပိ၊ မှက်ဆိပ်တေဇောနှင့် တွေ့ခြင်းကြောင့်လည်း။ ရုပ္ပတိ၊ ဖောက်ပြန်တတ်၏၊ ဝါတ-သမ္ဖေဿနပိ၊ လေစိမ်းမှာပါသော သီတ, ဥဏှ-တေဇောအစိမ်းနှင့်တွေ့ခြင်းကြောင့်လည်း။ ရုပ္ပတိ၊ ဖောက်ပြန် တတ်၏၊ အာတပ သမ္ဖေဿနပိ၊ နေပူ တေဇောနှင့်တွေ့ခြင်းကြောင့် လည်း။ ရုပ္ပတိ၊ဖောက်ပြန်တတ်၏၊ သရီသပ-သမ္ဖေဿနပိ၊ မြွေဆိပ် ကင်းဆိပ်ဟူသော သီတတေဇော ဥဏှ တေဇောနှင့်တွေ့ခြင်းကြောင့် လည်း။ ရုပ္ပတိ၊ ဖောက်ပြန်တတ်၏၊

ဘိက္ခဝေ၊ ရဟန်းတို့။ ခေါ၊ စင်စစ်လျှင်။ ရုပ္ပတိ၊ဖရိုဖရဲဖောက်လွဲ ဖောက်ပြန်ဖြစ်တတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်။ ရူပန္တိ၊ ရုပ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

(က) ဝေါဟာရမြေကိုပြဆိုချက်

ဤပါဠိတော်မြတ်၌ ''သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ'' အရကိုသိသာရုံမျှပြဆိုအံ့။

ရေ, မြေ, လေ, မီး- ဟူသောဓာတ်ကြီး ၄ပါးတို့တွင် မြေဓာတ် သည် လောကဝေါဟာရမြေ, အဘိဓမ္မာ၌ ဟောတော်မူသော ပရမတ် မြေဟူ၍ ၂-မျိုးရှိ၏၊ ထိုတွင်

ဝေါဟာရမြေဆိုသည်ကား- ပရမာဏုမြူ, အဏုမြူ, တဇ္ဇာရီမြူ, ရထရေဏုမြူ, ကညစ်စာ, သန်းဥ, သန်းဖျ,သန်းမ,နှမ်း,ဆန်, မုယောတို့မှစ၍ မဟာပထဝီ, မြင့်မိုရ်တောင်စသည်တိုင်အောင် အစိုင်အခဲရှိနေ သော ဝတ္တုမျိုးကို ဝေါဟာရမြေဆိုသည်။

သတ္တဝါ၏သဏ္ဌာန်၌လည်း ဆံပင်, မွေးညင်း, ခြေသည်း လက် သည်း, သွား, အရေထူအရေပါး-အစရှိသော အထည်သဏ္ဌာန်နှင့် မျက်စိဖြင့် မြင်ကောင်းသော ဝတ္တုမျိုးသည် ဝေါဟာရမြေသာတည်း။ ဝေါဟာရမြေဟူသမျှသည် မြေအစစ်မဟုတ်သေး၊ မုချမြေ မဟုတ်သေး၊ လက္ခဏာရေးသုံးပါး၏ သက်ဆိုင်ရာ မဟုတ်သေး၊ ဝိပဿနာဉာဏ်မည်သည် ပရမတ္ထဓမ္မကို အာရုံပြု၍ဖြစ်မြဲ၊ ထိုမြေစုကား ပရမတ် မြေအစစ်မဟုတ်၊ ဝေါဟာရပညတ်မြေမျိုးသာတည်း။ ဝေါဟာရ ပညတ် ဆိုသည်ကားမုချစင်စစ် အမှန်ရှိရင်း တရားကို မထိ၊ အဟုတ်ရှိ ရင်းတရားကို မထိ ဧကန်ရှိရင်းသဘောသို့ မဆိုက်၊ တကယ်ရှိရင်း ဖြစ်သော ဓာတ်ရင်းသို့ မရောက်၊ ထို့ကြောင့် ဝိပဿနာဉာဏ်၏ အရာမဟုတ်။

(ဤကား ဝေါဟာရမြေကို ပြဆိုချက်တည်း။)

( ခ ) ပရမတ်မြေကို ပြဆိုချက်

ပရမတ်မြေဆိုသည်ကား- ခက်မာခြင်းကြိယာအမူအရာ သက် သက်သာတည်း။

ထိုထိုဝတ္တုကို ဆုပ်ကိုင်ဖိနှပ် တီးခေါက်၍ စမ်းကြရာ၌ နူးညံ့သည်၊ ခက်မာသည်ဟု-လူတိုင်းပင်သိကြကုန်၏၊ ထိုသို့ သိကြကုန်ရာ၌ ပညတ် သိ, ပရမတ်သိ ၂-မျိုးရှိ၏၊

၁။ နူးညံ့သောဝတ္ထု၌ နူးညံ့မှုကိရိယာနှင့် ထိုဝတ္ထုတစ်ခုလုံးကို တပေါင်းတည်းပြု၍ တစ်ခုတည်းပြု၍ သိကြသည်ကား ပညတ်သိတည်း၊

ပရမတ်သိမဟုတ်၊ စိတ်သိ, သညာသိတည်း၊ ဉာဏ်သိမဟုတ်။ ၂။ ထိုဝတ္ထု၌ နူးညံ့မှုကိရိယာသက်သက်ကို သီးသန့်ကွက်ခြား၍ သိသည်ကား ပရမတ်သိတည်း၊ ပညတ်သိ မဟုတ်၊ ဉာဏ်သိတည်း၊ စိတ်သိ, သညာသိမဟုတ်။

သီးသန့်ကွက်ခြား၍ သိမှုဆိုသည်ကား ထိုဝတ္ထု၌ မြေဓာတ်မှ တစ်ပါး ရေဓာတ်, မီးဓာတ်, လေဓာတ်, အဆင်းဓာတ်, အနံ့ဓာတ်, ရသဓာတ်, ဩဇာဓာတ်-ဟူ၍ ဓာတ် ၇-မျိုး ရှိကြသေး၏၊ ရော၍ မပါရအောင် ဝတ္ထုတစ်ခုလုံးကို အကုန်ခြုံ၍ ဤဝတ္ထုသည် နူးညံ့၏-ဟု ဆိုသည်ရှိသော် ထိုဓာတ် ၇-မျိုးပါ အကုန်နူးညံ့ခြင်းဟူသော မြေဓာတ် တစ်ခုပြု၍ သိမှု, ပြောမှုဖြစ်၏၊

ဤဝတ္ထုသည် ဤအဏုမြူသည်, ဤမွေးညင်းသည် အစရှိ သည်ဖြင့် အထည်ဒြပ်ပညတ်သဏ္ဌာန်ကို စိတ်၌ထင်မြင်၍ သိမှု, ပြောမှု ဖြစ်သည့်အတွက် ပညတ်သိသာဖြစ်၏၊ ဓာတ် ၇-ပါးကို အဟုတ် ထိသည်လည်းမဟုတ်၊ စမ်းသပ်လိုက်သောအခါ၌ ကာယဝိညာဉ်သည် ကား မြေဓာတ်သက်သက် ကိုသာ ထိ၏၊

ပရမတ်မြေဓာတ်သက်သက်ကို သီးသန့်ကွက်ခြား၍ ယူသေး၏၊

ထိုအခါ ဓာတ် ၇-ပါးတို့ မပါကုန်သေး၊ ပညတ်လည်း မဟုတ်သေး၊ နောက်လိုက် မနောဝိညာဉ်တို့သည်ကား ကာယဝိညာဉ်သိသော မြေ ဓာတ်နူးညံ့မှု သက်သက်ကို ထိုဝတ္ထုဒြပ် ပညတ်အထည် နူးညံ့မှုပြုလုပ်၍ သိကြကုန်၏၊ ကာယဝိညာဉ်သိကား မပြဋ္ဌာန်းနိုင်၊ မနောဝိညာဉ်သိ တို့သည်သာ ပြဋ္ဌာန်း၍နေကုန်၏၊ မနောဝိညာဉ်သိ အတိုင်းသာ လူတို့က အဟုတ်မှတ်ထင် အသိအမြင်ပြု၍ နေကြကုန်၏၊

ဥပမာ-- မီးရထားစီး၍ သွားကြရာ၌ လယ်ကွင်း, ယာကွင်း, သစ်ပင်, ချုံနွယ်, တော, တောင်-တို့ကို မျှော်ရှုကြရာ၌ စက္ခုဝိညာဉ်သည် ကား ထိုဝတ္ထုတို့ တည်ရှိကြသည့်အတိုင်းသာ မြင်ပေ၏၊ နောက်လိုက် မနောဝိညာဉ်တို့ မဟုတ်မယမ်း ဆန်းပြားပွေလီမှုအတွက် ချာချာလည်ဝိုင်း ခုန်စိုင်းပြေးသွား အမှောက်အမှား ထင်မြင်ချက်ပြဋ္ဌာန်းလျက် ရှိနေကြ သကဲ့သို့တည်း။

(စက္ခုဒွါရ၌ လူတိုင်း ဒိဋ္ဌမျက်မြင် ဥပမာတည်း။)

မဟုတ်မှန်းသိလျက်နှင့် မနောဝိညာဉ်တို့ ပြဋ္ဌာန်းလှသည့် အတွက်ကြောင့် ချာချာလည်ဝိုင်း ခုန်စိုင်း ပြေးသွား အမှောက်အမှား ထင်မြင်ချက်ကြီးကို ဖျက်သိမ်း၍ပင် မရကြလေ။ ရထားမစီးမီက သိရင်းဖြစ်ကြ၍သာလျှင် ထိုဝတ္ထုတို့ကား မပြေးမသွားသည်အမှန်၊ ရထားသည်သာ ပြေးသွားသည်-ဟု ဉာဏ်သိပေါ်နိုင်ကြသေး၏၊ ဓာတ် သဘာဝ အရာတို့၌ကား အနမတဂ္ဂသံသရာမှ တစ်ခါမှ သိရှိရင်း မဟုတ် ကြသောကြောင့် ဉာဏ်သိဟူ၍ မပေါ်နိုင်ကြပြီ။

(ဤကား နူးညံ့သောဝတ္ထု, နူးညံ့ခြင်းကိရိယာ-ဟူသော ဆတ် ဆတ်သော ပရမတ်မြေဓာတ်ကို ဝတ္ထုဒြပ် တည်းဟူသောပညတ်မှ ဉာဏ်ဖြင့် အသီးထုတ်၍ သီးသန့်ကွက်ခြား၍ သိမြင်ပုံတည်း။)

ထိုဝတ္ထုမှာ နူးညံ့မှုကိရိယာကို ပရမတ်မြေဓာတ် အစစ်ဆိုရာ ၌လည်း ထိုဝတ္ထုတစ်ခုလုံး၌ နူးညံ့မှုအားလုံးကို တစ်ခုသော ပရမတ်မြေ ဓာတ်ဟု ဆိုသည်မဟုတ်၊ အကယ်၍ တစ်ခုသော မြေဓာတ်ဖြစ်ခဲ့ငြားအံ့၊ အစိတ်အစိတ် ခွဲခြမ်းစိတ်ဖြာခြင်းငှါ မတတ်ကောင်းသည်သာ ဖြစ်ရာ၏၊

တစ်ခုသော ပရမတ္ထတရားမည်သည် အပိုင်းအပိုင်းဖြတ်၍ မရကောင်း၊ အစိတ်အစိတ် ခွဲ၍မရကောင်း၊ မျက်မြင်လက်စမ်း တွေ့ အောင် လှုပ်ရှား၍ အမူအရာပြောင်းလဲသည်-ဟူ၍ မရှိ၊ ရှေးရှေးအမှု ဟောင်း ကွယ်ပျောက် နောက်နောက်အမှုသစ်တစ်မျိုးတစ်မျိုး ဖြစ်ပေါ် သည်ကို လောက၌လှုပ်သည်, ရှားသည်,ကြွသည်, ထသည်,ရွေ့ရှားသည်ဟုခေါ်ဝေါ်ပြောဆိုကြသည်။ ပရမတ္ထတရားမည်သည် ကိရိယာအမူ အရာ သက် သက်မျှဖြစ်၍

၁။ ရှေးရှေး အမှုဟောင်း ကွယ်ပျောက်မှုဆိုသည်ကား ရှေး ပရမတ် ဓာတ်ဟောင်းတို့ ချုပ်ပျက်သေဆုံးမှုပေတည်း။

၂။ နောက်နောက်အမှုသစ်တစ်မျိုးတစ်မျိုး ဖြစ်ပေါ်မှုဆိုသည် ကား ပရမတ်ဓာတ်သစ်တို့ တစ်မျိုးတစ်မျိုး ဖြစ်ပေါ်မှုပေ တည်း။

ဓာတ်သစ်, ဓာတ်ဟောင်း, ပရမတ်သစ်, ပရမတ်ဟောင်း ပြောင်း လဲကြရာ၌ အပိုင်းအခြား အာကာသသည်ရှိ၏၊ မျက်စိနှင့်ကားမမြင်ရ၊ ပရမတ်ကိရိယာသဘာဝကို မြင်တတ်သောဉာဏ်နှင့်သာလျှင် ထိုအပိုင်း အခြားကိုမြင်နိုင်၏၊ အပိုင်းအခြားဆိုသည်ကား ရှေးရှေးတရား၏ ဘင်စွန်း နှင့် နောက်နောက်တရား၏ ဥပါဒ်စွန်းအကြားတည်း၊ ကောင်းကောင်းမြင် အောင်ကြည့်ကြကုန်ရာ၏၊

(နူးညံ့မှုပထဝီမြေဓာတ်စစ်ခန်းပြီး၏၊ ခက်မာမှုပထဝီ မြေဓာတ်မှာလည်း ဤနည်းကိုမှီ၍ သိလေ။)

(ဤကား ပရမတ်မြေကို ပြဆိုချက်တည်း။)

( ဂ )ပရမတ်မြေဓာတ်၌ ဓာတ်မျက်လုံးတည်ထောင်ပုံ

အလွန်ဆုံးသော ခတ်မာမှု, မာဆတ်သော ပရမတ်ကလာပ်ကို ပြဆိုချက်

အေးမြလှစွာသော သံလုံးသံခဲကို အားကြီးလှစွာသော ရှားမီး ကျီးစုအတွင်း၌ထည့်၍ ဖိုများစွာဆိုင်၍ ပြိုင်အားတိုက်ထိုး၍ အရည် ကျိုရာ၌ သံတုံးသံခဲ၌ နဂိုပကတိ ရှိနေသော ခက်မာမှု အခြင်းအရာ အမူအရာသည် ဥဏှမီးပူ အပြင်းအထန် နှိပ်စက်ဖိစီးမှုကြောင့် ရှေးရှေး အမူအရာ ပျက်၍ပျက်၍ အမူအရာသစ် တစ်မျိုးတစ်မျိုး ဖြစ်ပေါ် ဖြစ်ပေါ်၍အရည်ကြည်ကြည်ဖြစ်ရ၏၊ ခက်မာမှု အမူအရာဟောင်း အဆင့်ဆင့်ချုပ်ပျက် ကွယ်ဆုံးပုံ,နုးညံ့သော အမူအရာသစ် အဆင့် ဆင့်ဖြစ်နေပုံကို မြင်အောင်ကြည့်လေ။

သံတုံးသံခဲအတွင်းအပြင်တစ်ခုလုံး ပျက်မှု, ဖြစ်မှု, ရွရွ ရွရွ နေပုံကိုမြင်လိမ့်မည်၊ ရေမြှုပ်ခဲနှင့် အနှစ်မရှိခြင်း တူလှပုံကို မြင်လိမ့်မည်၊ ဉာဏ်၌အတုံးကြီး,အခဲကြီး-ဟူသောသဏ္ဌာန်ဒြဗ် ပညတ်ကြီးပေါ်ရှိ ခုခံပိတ်ဆီး၍ မနေစေနှင့်၊ အတွင်း၌ခက်မာမှုတွေ တရွရွနေသည်ကို ဉာဏ်နှင့်စူးစိုက်ထိုးထွင်း၍ မြင်အောင်ကြည့်လေ၊ တစ်ဖန် ထိုသံရည်က ရေအေးသီတဥတုနှင့်လောင်း၍အရည်ကြည်ကြည်မှ ပကတိခဲမြဲခဲ, မာမြဲမာပြန်ရာ၌လည်း နူးညံ့သော ပထဝီတွေ အဆင့်ဆင့် ချုပ်ကွယ်သေ ဆုံး၍ ခက်မာသောပထဝီတွေအဆင့်ဆင့် ဖြစ်ပေါ်လာရာ၌လည်း နည်းတူသိအပ်ကုန်ရာ၏၊

ခက်မာမှု-ဟူသော ပရမတ်မြေဓာတ်လက္ခဏာ၌ အမာကြီး အဆင့်ဆင့် အမာနုအဆင့်ဆင့် ရှိပြန်၏၊ အမာနုကို နူးညံ့မှုဆိုသည်၊ မဟာပထဝီမြေကြီး, မြင့်မိုရ်တောင်, စကြာဝဠတောင်, သတ္တရဘန်တောင် ကြီးတွေကို ကမ္ဘာမီးအပြင်းအထန် နှိပ်စက်ဖိစီး၍လောင်ရာ၌ အတွင်း ပရမတ်မြေဓာတ် အမူအရာ ကိရိယာစုကို စူးစိုက် ထိုးထွင်း၍ ကြည့်နိုင် ပါမူ ရေမြှုပ်ခဲကြီးတွေနှင့် တူပုံထင်ရှားပေါ်လာလိမ့်မည်။

(ဤကား အနမတဂ္ဂသံသရာ၌ တစ်ခါမျှ မပေါ်ပေါက်ဖူးသေး သော ဓာတ်မျက်စိ,ဓာတ်မျက်လုံး, ပေါ်ပေါက်အောင် အစစွာထူထောင်ပုံ စနစ်တည်း။)

ဤမျက်စိကို ပါဠိတော်၌''ဓမ္မစက္ခုံ ဥဒပါဒိ''ဟူ၍ဟောတော် မူသည်၊ ဤမျက်စိပေါက်မှသာ 'ဘုရားကို မြင်နိုင်သူ မည်သည်။ တရားကို မြင်နိုင်သူမည်သည်။သာသနာတော်ကို တွေ့ရသူမည်သည်။

ယော ဟိ ဝက္ကလိ ဓမ္မံပဿတိ၊ သော မံ ပဿတိ။

ယော ဓမ္မံ န ပဿတိ၊ သော မံ နပဿတိ- ဟူ၍ ဟော တော်မူသည်။

အနက်။ ။ ဝက္ကလိ၊ ဝက္ကလိရဟန်း။ ယော၊ အကြင်သူသည်။ ဓမ္မံ၊ သမ္မုတိပညတ် ဒြပ်သဏ္ဌာန်တွင်းမှ ဉာဏ်ဖြင့် သီးသန့်ကွက်ခြား၍ ထုတ်ဖော်ရှုမြင်အပ်သော ပရမတ္ထသဘောကို။ ပဿတိ၊ ဉာဏ်မျက်စိဖြင့် မြင်နိုင်၏၊ သော၊ ထိုသူသည်၊ မံ၊ ငါဘုရားကို။ ပဿတိ၊ တွေ့မြင်ရ သောသူ မည်၏၊ ဝက္ကလိ၊ ဝက္ကလိရဟန်း။ ယော၊ အကြင်သူသည်။ ဓမ္မ၊ သမ္မုတိပညတ် ဒြဗ်သဏ္ဌာန်တွင်းမှ ဉာဏ်ဖြင့် သီးသန့်ကွက်ခြား၍ ထုတ်ဖော် ရှုမြင်အပ်သော ပရမတ္ထသဘောကို။ နပဿတိ၊ ဉာဏ် မျက်စိဖြင့် မမြင်နိုင်။ သော၊ ထိုသူသည်။ မံ၊ ငါဘုရားကို။ နပဿတိ၊ မတွေ့ မမြင်ရသောသူ မည်၏၊

(ဤကား အလွန်ဆိုးသော ခက်မာမှု မာဆက်သော ပရမတ် ကလာပ်ကို ပြဆိုချက်တည်း။)

အလွန်နူးညံ့သော မုဒုပရမက်မြေဓာတ်ကို ပြဆိုချက်

ယခုအခါ၌ အလွန် နူးညံ့သိမ်မွေ့သော ပရမတ် ပထဝီကို ပြဆိုပေအံ။

လဝန်းသဏ္ဌာန်မှထွက်၍ မြေအပြင်သို့ရောက်အောင် သက် ဆင်းလွင့်ပါးရွေ့ရှားပြေးသန်း၍ ကျရောက်လာသော လရောင်တို့၌ လည်းကောင်း, ရှိန်ရှိန် ရှိန်ရှိန် လူလူလူလူ တောက်ထ၍နေသော မီးတောက်မီးလျှံတို့၌လည်းကောင်း, ရွေ့ရွေ့ ရွေ့ရွေ့ စီးသွား၍နေသော မြစ်ရေအလျဉ်တို့၌လည်းကောင်း တစ်ခဏမျှ ရပ်တန့်တည် နေခွင့်မရဘဲ ရုပ်ကိရိယာ ရုပ်အမူအရာ အပျက်, အဖြစ် အရွေ့ အပြောင်း လျင်မြန်မူကို မြင်ကြသဖြင့် ထိုဝတ္ထုတို့၌ အလွန်နူးညံ့စွာပါရှိသော ပရမတ်မြေဓာတ် အဖြစ်အပျက်ကို မြင်နိုင်ရာ၏၊

(ဤကား အလွန်သိမ်မွေ့သော ပထဝီကို ပြဆိုချက်တည်း။

အမာဆုံး အနုဆုံး ၂-ချက်ကို ပြဆိုလိုက်သဖြင့် အလယ်အလက်ဖြစ်သော ပထဝီတို့ကိုမူကား သိမြင်နိုင်ကြကုန်ရာ၏၊)

ဝိကာရရုပ္ပန အပျက်ကို ပြဆိုချက်

သတ္တဝါတို့၏ သဏ္ဌာန်၌မူကား သီတ, ဥဏှ၊ အတက်, အသက်၊ ခဏမစဲရှိနေ၏၊ ဥတု ၃-ပါး အပွားအဆုတ်,ရတု ၆-ပါး အပွားအဆုတ် ၁၂-ရာသီခေါ်သောဓာတ်မီး ၁၂-ပါး အပွားအဆုတ်, လဆန်း လဆုတ် တနင်္ဂနွေ တနင်းလာ စသော ၇-ပါးဟုဆိုအပ်သော ဓာတ်မီး ၇-ပါးတို့၏ အစဉ်အတိုင်း အတက်, အဆုတ်, နေ့နာရီ ညနာရီခေါ်သော ဥဏှ, သီတဓာတ်တို့၏ အဇ္ဈတ္တသန္တာန်မှာလည်း ရွရွရွရွ ခဏမစဲ မြစ်ရေ အလျဉ်ကဲ့သို့ အစဉ်ထာဝရ အတက်အသက် ရုပ်ကိရိယာ ရုပ်အမူအရာ တွေ ရွေ့ရွေ့ ရွေ့ရွေ့ ပြောင်းလဲ၍ နေကြပုံကိုလည်း မြင်အောင်ရှုရာ၏၊

ဤရိယာပုထ်ကြီး ၄-ပါး ခပ်သိမ်းသောကိုယ်အင်္ဂါ လှုပ်ရှားမှု၌ လည်းကောင်း, အညရဟဓာတ်မီး-အာရဟဓာတ်ဆီတို့၏အတက် အဆုတ်တို့၌လည်းကောင်း ထို့အတူမြင်အောင်ရှုရာ၏၊ မိမိသဏ္ဌာန်မှာ တစ်ခုသော အင်္ဂါ၌ ထင်မြင်အောင်ထူထောင်တစ်ကိုယ်လုံး ဓာတ်မျက်လုံး ပေါက်အောင်စွဲမြဲကြလေ၊ မိမိသသဏ္ဌာန်တစ်ခု၌ ဓာတ်မျက် လုံးလှလှ ပေါက်လျှင် ခပ်သိမ်းသောသတ္တဝါတို့၏ သဏ္ဌာန်၌လည်းကောင်း, သစ်ပင် တောတောင် စသော ဗဟိဒ္ဓ သဏ္ဌာန်တို့၌လည်းကောင်း ဓာတ် မျက်လုံး ပေါက်တော့သည်။

ခပ်သိမ်းသော ရုပ်ဟူသမျှသည် ပထဝီ၌မှီတွယ်၍ ဖြစ်ကြရ ကုန်၏၊ ခပ်သိမ်းသော ပဉ္စဝေါဟာရ နာမ်ခန္ဓာဟူသမျှသည် ရုပ်၌ မှီတွယ်၍ဖြစ်ကြရ၏၊ ပထဝီ၏ဖြစ်မှု ပျက်မှု ဥဒယဗ္ဗယ-အချက်ကို ထင်မြင်နိုင်ပါလျှင် ကြွင်းသော ရုပ်နာမ်တို့၏ ဖြစ်မှု ပျက်မှု ဥယဗ္ဗယ အချက်ကိုလည်း ထင်မြင်ခြင်းငှါလွယ်လှ၏၊

(ဤကား ဝိပကာရရုပ္ပနအပျက်ကို ပြဆိုချက်တည်း။) ပရမတ်မြေဓာတ်၌ ဓာတ်မျက်လုံးတည်ထောင်ပုံ ပြီး၏၊

Ä Ä Ä

၁၆-မဇ္ဈိမပုဂ္ဂိုလ်တို့ ရှုနည်းကိုပြဆိုခန်း

(က) ပရမတ်နှစ် မြေအစစ်

ပရမတ်နှစ် မြေအစစ်ဆိုသည်ကား ခက်မာသော အမူအရာ အခြင်းအရာကိရိယာမျှသာတည်း၊ အဏုမြူကို အစိတ်တစ်သိမ်းစိတ်၍ တစ်စိတ်စာမျှ အခဲအကျိတ် အဆန်အမာ အထည်ဒြဗ်ဟူ၍မရှိ။ အလွန်ကြည်လင်လှစွာသောမြစ်ရေ ချောင်းရေ, စိမ့်ရေ စမ်းရေတို့၌လည်း ကောင်း၊ နေရောင်, လရောင်, ကြယ်ရောင်, မီးရောင်, ပတ္တမြားရောင်တို့၌ လည်းကောင်း။ အနည်းအဝေး ပျံ့နှံ့၍ သွားသော ခေါင်းလောင်းသံ, ကုလားတက်သံ, တုံးသံ, တိုင်သံ,ကြေးစည်သံ,စည်သံ,ဗုံသံ,ဆိုင်းသံ, အော်သံ,ဟစ်သံ-စသည်တို့၌လည်းကောင်း၊ လေပြည်လေညင်း လေပြင်း မုန်တိုင်းတို့၌လည်းကောင်း၊ အဝေးအနီး ပျံ့နှံ့လွင့်ပါး၍သွားသော အမွှေးနံ့ အပုပ်နံ့တို့၌လည်းကောင်း ထိုပရမတ် မြေဓာတ်သည် အပြည့် ပါရှိ၏၊

ကျမ်းဂန် ယုတ္တိကား

၁။ ဓာတ်ကြီး ၄-ပါးတို့၏ တစ်ပါးနှင့်တစ်ပါး အချင်းချင်း အဝိနိဗ္ဘောဂဝုတ္တိ ဖြစ်ကြသည်ကို ထောက်၍လည်းကောင်း,

၂။ ဧကံမဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ၊ တယော မဟာဘူတေပဋိစ္စ ဧကံမဟာဘူတံ၊ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ။

ဧကံမဟာဘူတံ၊ ၁-ပါး ၁-ပါးသော မဟာဘုတ်ကို။ ပဋိစ္စ၊ စွဲ၍, မှီတွယ်၍။ တယော မဟာဘူတာ၊ ၃-ပါး ၃-ပါးသော ပဝတ္တန္တိ၊ ဖြစ်ကြရ ကုန်။ တယော မဟာဘူတေ၊ ၃-ပါး ၃-ပါးသော မဟာဘုတ်တို့ကို။ ပဋိစ္စ၊ စွဲ၍,မှီတွယ်၍။ ဧကံ မဟာဘူတံ ၁-ပါး ၁-ပါးသော မဟာဘုတ်သည်။ ပဝတ္တတိ၊ဖြစ်ရ၏၊ ဒွေ မဟာဘူတေ၊ ၂-ပါး ၂-ပါး,သော မဟာဘုတ် တို့ကို။ ပဋိစ္စ၊ စွဲ၍,မှီတွယ်၍။ ဒွေ မဟာဘူတာ၊ ၂-ပါး ၂-ပါးသော မဟာဘုတ်တို့သည်။ ပဝတ္တန္တိ၊ ဖြစ်ကြကုန်၏, ဟူ၍ ပဋ္ဌာန်းပါဠိတောြ် မတ်၌ ဟောတော်မူသည်ကို ထောက်၍လည်းကောင်း

၃။ ပထဝီ၊ မြေဓာတ်သည်။ သမ္ပဋိစ္ဆနရသာ၊ ရေဓာတ်,လေဓာတ်, မီးဓာတ်တို့ကို ခံခြင်းကိစ္စရှိ၏ဟူ၍ အဋ္ဌကထာကတို့၌ မိန့်ဆိုသည်နှင့် အညီအမာခံဖြစ်သော မြေဓာတ်အခံမရှိလျှင် ရေဓာတ်လည်းမရှိနိုင်၊ မီးဓာတ်လည်း မရှိနိုင်၊ လေဓာတ်လည်းမရှိနိုင်သော သဘောကို ထောက် ၍လည်းကောင်း ဆိုခဲ့ပြီးသော ရေစသည်တို့၌ မြေဓာတ်အပြည့် ပါရှိ ကြောင်းကို ဆိုအပ်သတည်း။

(ဤကား ကျမ်းဂန်ယုတ္တိတည်း။)

------------

လက္ခဏ ယုတ္တိကား

တစ်လုံးတစ်ခဲတည်း ဖြစ်ကြသော ရေတို့၌လည်းကောင်း, လေတို့၌လည်းကောင်း အထက် အထက် နေသော ရေ, လေ-တို့ကို အောက်အောက်နေသော ရေ, လေတို့က အဆင့်အဆင့်ခုခံ၍ နေမှုသည် ထင်ရှား၏၊ ထိုခုခံမှုသည် အာပေါမှုလည်း မဟုတ်၊ ကပ်တွယ်ဖွဲ့စည်း မှုသည်သာ အာပေါပေတည်း၊ ထိုခုခံမှုသည် တေဇောမှုလည်းမဟုတ်၊ ပူမှု, အေးမှုသည်သာ တေဇောပေတည်း၊ ထိုခုခံမှုသည် ပထဝီမှု, ဝါယောမှု ၂-ချက်နှင့် ဆိုင်၏၊ ထိုခုခံမှု၌ ခက်မာကြမ်းတမ်းမှုတစ်ခု, ထောက်ကန် တောင့်တင်းမှုတစ်ခု၊ ဤ ၂-ခုဖက်စပ်မှ ခုခံမှုဖြစ်နိုင်သည်၊ ထို ၂-မှုတို့တွင် ခက်မာကြမ်းတမ်းမှုကိုပင် ပရမတ်မြေဆိုသည်၊ ထောက်ကန် တောင့် တင်းမှုကိုပင် ပရမတ်လေ ဆိုသည်။

ထို၂-မှုတို့တွင် ထောက်ကန်တောင့်တင်းမှု--ဟူသော လေ ဓာတ်သည် ခက်မာကြမ်းတမ်းမှုဟူသော မြေဓာတ်ကိုမှီရသည်၊ မြေဓာတ် ကိုလွှတ်၍ မိမိအလိုလျောက် ဖြစ်နိုင်သည်မဟုတ်၊ ခက်မာကြမ်းတမ်းမှုနှင့် ထောက်ကန် တောင့်တင်းမှုကို ခြားနားအောင်ကြည့်လေ၊ ဤသို့လျှင် ထိုဆိုအပ်ခဲ့ပြီးသော ရေ, လေ-တို့၌ ခက်မာကြမ်းတမ်းမှုဟူသော ပရမတ်မြေထင်ရှားရှိကြောင်းကို ထိုရေ, လေ-တို့၌ ရေအားလျော်စွာ, လေအားလျော်စွာ ကက္ခဠလက္ခဏာ ရှိသည်ကို မြင်၍ သိအပ်သတည်း။

ဆိုအပ်ခဲ့ပြီးသော နေရောင်စသည်, ခေါင်းလောင်းသံစသည်, အမွှေးအနံ့ စသည်တို့၌သာ ထိုအားလျော်စွာ ခက်မာကြမ်းတမ်းမှု အသီးအသီးပါရှိငြားသော်လည်း အလွန်တရာအားနည်းလှသော အမှုဖြစ်ချေ၍ လက္ခဏယုတ္တိနှင့် မပြသာချေ။ ကျမ်းဂန်ယုတ္တိနှင့်သာ ပြသာချေသည်၊ ဤကြည်လှစွာသော လေ, လရောင်, အသံ, အနံ့တို့ကို ပြဆိုလိုက်သည်မှာ ကက္ခဠကိရိယာ ခက်မာကြမ်းတမ်းမှု ဟူသော အမူအရာ သက်သက်သည်သာလျှင် ပရမတ်မြေအစစ် မည်သည်၊ အဏုမြူကို အစိတ်တစ်သိန်းစိတ်သော်လည်း တစ်စိတ်စာမျှ အဆန်အမာ အထည်ဝတ္ထု မရှိကြောင်းကို ထင်ရှားစေခြင်းငှာ ပြဆိုလိုက်သည်၊ အထည်ဝတ္ထု ဟူ၍မရှိ၊ ခက်မာသော အမူအရာသက်သက်မျှသာ ဖြစ် သော ထိုမြေဓာတ်သည်လည်း လွန်ကဲသော ခက်မာမှုကို ထောက်၍ နုံ့သော ခက်မာမှုတို့ နူးညံ့သည် ဟုဆိုရသည်။

ထို့ကြောင့် ဝဇိရစိန်ကျောက်သွား၌ ရှိသော ခက်မာမှုကို အလွန် ဆုံးထား၍ လ, ရောင်ကလာပ်၌ ရှိသော ခက်မာမှုကို အနုံ့ဆုံးထား၍ စပ်ကြား၌ ခက်မာမှု အဆင့်ဆင့်, နူးညံ့မှု အဆင့်ဆင့် ဖြစ်၍နေသော ထိုမြေဓာတ်၏ သဘောသွားကို သိရမည်၊ ဤမြေဓာတ်၌ ခက်မာခြင်း လက္ခဏာဆိုသည်ကို ပရမတ်သဘောနှင့်ကြည့်ရမည်။ ပကတိလူတို့၏ အမှတ်သညာနှင့် မကြည့်ရ။ ပကတိလူတို့၏ အမှတ်သညာနှင့် ကြည့်ခဲ့ သော် လရောင် စသည်တို့၌ ခက်မာသောအမှုကို မတွေ့နိုင်ရှိလိမ့်မည်။ ထိုခက်မာသော အခြင်းအရာ ကိရိယာ သဘောသက်သက်မျှသာဖြစ် သော ပရမတ်မြေဓာတ်သည် အာပေါ ဟူသော ပရမတ်စေး ဖွဲ့စည်းမှု ကြောင့် မြေဓာတ်ပေါင်း ကုဋေ သိန်းသောင်း ပေါင်းဖွဲ့ မိသည်ရှိသော် အနုမြူတစ်ခုဟူသော ဝတ္ထုအထည်ဒြဗ် ဖြစ်၏၊ အနုမြူပေါင်း ကုဋေ သိန်းပေါင်း ပေါင်ဖွဲ့မိသည်ရှိသော် သန်း, ကြမ်းပိုးဖြစ်၏၊

ထိုမှ အဆင့်ဆင့်ပွါး၍ သတ္တဝါတွင် ယူဇနာ ၄-ထောင် ၈-ရာ ရှိသော အသူရိန်နတ်ကြီးတိုင်အောင်၊ ဗဟိဒ္ဓသဏ္ဌာန်တွင် ယူဇနာ ၈- သောင်း ၄-ထောင် ၂-ပြန်ဆောင်သော မြင့်မိုရ်တောင်ကြီး, ၂-သိန်း ၄-သောင်း ၄-ထောင် ၂-ပြန်ဆောင်သော မြင့်မိုရ်တောင်ကြီး, ၂-သိန်း ၄-သောင်း အထုရှိသော မဟာပထဝီ မြေကြီးတိုင်အောင် သိလေ၊ သန်း အစရှိသော, အနုမြူအစရှိသော သက်ရှိသက်မဲ့ ရုပ်စု ရုပ်ခဲဟူသမျှတို့၌ ခက်မာခြင်း ဟူသော ဤမြေဓာတ်သည် အထည်ခံ, အမာခံဖြစ်သတည်း၊ ဤမြေဓာတ်မှတစ်ပါး အထည်ဝတ္ထု ရကောင်းသောဓာတ် မရှိ၊ ရေဓာတ်, မီးဓာတ်တို့သည်လည်း မြေဓာတ်၌ တွယ်ကြမှီကြရကုန်သည်။

ဤသို့ မြေဓာတ်၏ကိစ္စ ကြီးကျယ်ဟန်ကို သိရမည်၊ မြင့်မိုရ် တောင်ကြီး တစ်ခုလုံး၌လည်းကောင်း၊ မဟာပထဝီမြေကြီးတစ်ခုလုံး၌ လည်းကောင်း၊ ပရမတ်မြေဓာတ်သက်သက်ကို ကြည့်လိုသည်ရှိသော် အနုမြူမျှ အထည်ဒြဗ်မရှိ၊ ခက်မာသော အခြင်းအရာ ကိရိယာသဘော သက်သက်ကို ကွက်ခြား၍ သိရသည်၊ အနုမြူမျှ အထည်ဒြပ်မရှိဘဲ မှန်ထဲ၌ထင်သော အရိပ်ကြီးကဲ့သို့, ရေထဲ၌ ထင်သောအရိပ်ကြီးကဲ့သို့ မြင်ရလိမ့်မည်၊ အနုမြူမျှလောက် အရှည်အတို အကြီးအငယ် အခဲအမာ ထင်၍လာလျှင် ပရမတ်မြေဓာတ် အစစ်မဟုတ်ပြီ၊ သဏ္ဌာနပညတ်ဒြဗ် အထည်နှင့် ရောခဲ့လျှင် ဖြစ်မှုပျက်မှုကို ရှုသောအခါ မထင်နိုင်ဘဲ နေတတ် သည်။

(ဤဓာတ်ကမ္ဓဋ္ဌာန်း၌ ရှင်အာနန္ဒာကို အရှင်ပုဏ္ဏမထေရ် ဆုံးမ သောအခါ မှန်ရိပ်ဥပမာနှင့် ဆုံးမသည်၊ ဤမှန်ရိပ်ဥပမာနှင့်ပင် ရှင် အာနန္ဒာ သောတာပန်ဖြစ်လေသည်။)

မြင့်မိုရ်တောင်, မဟာပထဝီ မြေကြီးတို့ကို အကုန်ခြုံ၍ ကြည့် သောအခါ၌ပင် အခဲအကျိတ် အထည်ဝတ္ထု အနုမြူမျှ မရောမယှက်ဘဲ ပရမတ်အစစ်အမှန်ဖြစ်သော ခက်မာမှုဟူသော မြေဓာတ်သက်သက်ကို ထင်မြင်အောင် ရှုနိုင်သောသူအား ထိုအောက်ငယ်သော သက်ရှိသက်မဲ့ တို့၌ ပရမတ်စစ်ဖြစ်သော မြေဓာတ်ကို ထင်မြင်အောင်ရှုမှု အလွန်လွယ် လှတော့သည်။

မှန်၌ထင်သော အရိပ်, ရေ၌ထင်သောအရိပ်, သစ်ပင်ရိပ်, တောင်ရိပ်တောရိပ် အစရှိသော အရိပ်တို့သည် မြင်းမိုရ်တောင်မျှပင် ကြီးမားစွာထင်မြင်ရငြားသော်လည်း အနုမြူမျှ အထည်ဒြဗ် မရှိသည့် အတွက်ကြောင့် ပျောက်ခွင့်ပျက်ခွင့်ဆိုက်ခဲ့လျှင် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာပင် အကြိမ်တစ်ရာမက ပျောက်နိုင် ပျက်နိုင် သကဲ့သို့ ထို့အတူ ထိုမြင့်မိုရ်တောင်နှင့်အမျှ ပျံ့နှံ့ကြီးကျယ်၍နေသော ထိုပရမတ် မြေဓာတ်သည်လည်း တစ်ခုတည်းသော ပရမတ်ဆန်, ပရမတ်ခဲဟူ၍ အနုမြူမျှ မရှိသည့်အတွက် မျက်ဆောင်တစ်ခတ် လျှပ် တစ်ပြက်အတွင်းမှာပင် အကြိမ်တစ်ရာမက ပျောက်ပျက်ကွယ်ပနိုင်ရာ သော အရိပ်နိမိတ် ထင်မြင်နိုင်လိမ့်မည်။

မိမိကိုယ်၌ ထိုပရမတ်စစ်ဖြစ်သော မြေဓာတ်ကို အလင်းပေါက် အောင် ကြည့်ရှုသောအခါ ဉာဏ်ငုံနိုင်လောက်ရုံ, ဉာဏ်ဝါးနိုင်လောက်ရုံ ပိုင်း၍ ပိုင်း၍ကြည့်၊ ဦးခေါင်းကို ပိုင်း၍ကြည့်သောအခါ အတွင်းအပြင် မခြားမနား ထုတ်ချင်းပေါက်အောင်ကြည့်၊ မြေဓာတ်မဟုတ်သော ဆေင်းဓာတ် ခုခံ၍ နေတတ်သည်၊ သဏ္ဌာန ပညက်ဒြဗ် အထည်ကြီး လည်းခုခံ၍ နေတတ်သည်၊ ဉာဏ်ကို ကြပ်ကြပ်လှုပ်၍ပေးလေ၊ ခြေဖဝါး တိုင်အောင်လောက် အဖို့အစုကိုလည်း ဉာဏ်နိုင်ရုံနိုင်ရုံ ပိုင်းကြည့် တစ်ကိုယ်လုံးစပ်မိသောအခါ ဉာဏ်ကိုဦးထိပ်က နေ၍ ရွယ်လိုက်လျှင် ခြေဖဝါးတိုင်အောင် ထုတ်ချင်းပေါက် ထွင်း၍သွားလိမ့်မည်။

မိမိကိုယ်ခန္ဓာတစ်ခု၌ ဓာတ်ပေါက် အောင်မြင်ခဲ့လျှင် စကြဝဠာ အနန္တ, ကမ္ဘာအနန္တ၌ ရှိသမျှသော သတ္တဝါခန္ဓာစု အကုန်လုံးသည် ဓာတ်ဖြင့်ပြီးတော့သည်၊ ဤပရမတ် မြေဓာတ်တစ်ခု ပေါက်၍သွားလျှင် ကြွင်းသော ရေဓာတ်, မီးဓာတ်, လေဓာတ်, စက္ခု-သောတ-စသော အဇ္ဈတ္တိကဓာတ်, ရူပ-သဒ္ဒ-စသော ဗာဟိရ ဓာတ်စုရှုနည်း, ဖောက်နည်း အလွန်လွယ်၍ကုန်တော့သည်။

ပထဝီဟူသော မြေဓာတ်ကို ဓာတ်ပေါက်အောင်ရှုနည်း အမြွက်ပြီး၏၊

( ခ ) ပရမတ်နှစ် ရေအစစ်

ပရမတ်နှစ် ရေအစစ်ကား တွယ်မှု, ကပ်မှု, ဖွဲ့စည်းမှုသည် သာလျှင် ပရမတ်နှစ် ရေဓာတ်အစစ်တည်း၊ ထိုတွယ်မှု, ကပ်မှု, ဖွဲ့စည်းမှု- ဟူသော ပရမတ်ရေဓာတ်သည် ထက်သန်ခြင်းသို့ ရောက်သည်ရှိသော် စိုစွတ်ခြင်း, ယိုစီးခြင်း- ဟူသော ပဂ္ဃရဏ ရေဓာတ် ဖြစ်လေ၏၊ ထိုတွယ်မှု, ကပ်မှု, ဖွဲ့စည်းမှု-ဟူသော အာဗန္ဓနကိရိယာ သက်သက်မျှသာ ဖြစ်သော ပရမတ် ရေအစစ်သည်လည်း အဏုမြူကို အစိတ်တစ်သိန်း စိတ်သော် လည်း တစ်စိတ်စာမျှ အခဲအကျိတ် အဆန်အမာ အထည်ဒြဗ်-ဟူ၍မရှိ၊ တွယ်ကပ်ဖွဲ့စည်းခြင်းကိရိယာ အမူအရာ သက်သက်မျှသာတည်း။

ထိုတွယ်ကပ် ဖွဲ့စည်းမှု-ဟူသော ပရမတ် ရေဓာတ်သည် မြေ ဓာတ်, မီးဓာတ်, လေဓာတ် ၃-ပါးတို့ကို တစ်ခုတည်း, တစ်သားတည်း ကဲ့သို့နေအောင် ဖွဲ့နှောင်စည်းကြပ်ပေးသည်ဖြစ်၍ ကလာပ်တူ မဟာ ဘုတ်တို့သည် တစ်ပါးသည် တစ်ပါးအား ကျေးဇူးပြုခွင့်ရကြကုန်သည်၊ တစ်ပါးကိုတစ်ပါး ထောက်ပံခွင့် ရကြကုန်သည်၊ ဖွဲ့နှောင်စည်းကြပ် ချုပ်ထိန်း၍နေသော ရေဓာတ် ချုပ်ကွယ် ပျောက်ပျက်ခဲ့သည်ရှိသော် ထိုဓာတ်ကြီး ၃-ပါးတို့သည် အစည်းပြေပျက်၍ ခဏချင်း ပျောက်ပြေ ကွယ်ဆုံးကြလေကုန်၏၊

(ဤကား ကလာပ်တစ်ခုတည်း၌ ရေဓာတ်၏ ကျေးဇူးကိုဆိုသော စကားရပ်တည်း။)

ပရမတ်နှစ် ရေဓာတ်စစ်၏ ကျေးဇူးကြီးမားပုံ

လောက၌ ပရမာဏုမြူမှစ၍ သတ္တဝါ၌ အသူရိန်နတ်ကြီးဟု ဆိုအပ်သော ရုပ်လုံး ရုပ်ခဲကြီးတိုင်အောင်၊ ဗဟိဒ္ဓ၌ မြင့်မိုရ်တောင်ကြီး, မဟာပထဝီ မြေကြီးတိုင်အောင် သဏ္ဌာန်ကြီးငယ် အထည်ဒြဗ်အနေနှင့် ရုပ်တရားတို အကျိတ်အခဲ အတုံးအခဲဖြစ်၍ နေကြမှုသည်လည်း ဤ ရေဓာတ်၏ ကျေးဇူးပင်တည်း၊ ဤရေဓာတ်မှတစ်ပါး အကျိတ်အခဲ ဖြစ်အောင် ဖွဲ့စည်းသောဓာတ်-ဟူ၍ မရှိပြီ။

၁။ ၈-သောင်း ၄-ထောင် ၂-ပြန်ဆောင်သော မြင့်မိုရ်တောင် ကြီး၌ရှိသော ဖွဲ့စည်းမှုသည် ယခု ခဏချင်း ပျက်ဆုံးခဲ့သည် ဖြစ်အံ့၊ ထိုမြင့်မိုရ်တောင်ကြီးသည် ယခုခဏချင်း ကွယ် ပျောက်ရာ၏၊

၂။ ၈-သောင်း ၂-ထောင် ၂-ပြန်ဆောင်သော စကြဝဠာ တောင်ကြီး၌ရှိသော ဖွဲ့စည်းမှုသည် ယခု ခဏချင်း ပျက်ဆုးံခဲ့သည်ဖြစ်အံ့၊ ထိုစကြဝဠာတောင်ကြီးသည် ယခုခဏချင်း ကွယ်ပျောက်ရာ၏၊

၃။ မဟာပထဝီ မြေကြီး၌ရှိသော ဖွဲ့စည်းမှုသည် ယခုခဏချင်း ပျက်ဆုးံခဲ့သည်ဖြစ်အံ့၊ ဤမဟာပထဝီ မြေကြီးသည် ယခု ချင်းကွယ်ပျောက်၍ ကောင်းကင်အထိသာဖြစ်လေရာ၏၊

အဘယ်ကြောင့်နည်း ဟူမူကား-ဖွဲ့စည်းမှု-ဟူသော ချုပ်ထိန်းမှု မရှိခဲ့သည်ရှိသော် မြင့်မိုရ်တောင်, စကြာဝဠာတောင်, သိလာပထဝီ ဖြစ်၍နေသော တစ်ခဲနက်သော ပရမတ်မြေ,ပရမတ်မီး, ပရမတ်လေ တို့သည် တစ်ပါးကိုတစ်ပါးထောက်ခံ မှီတွယ်မှုမှု အစည်းရုံး ခဏချင်း ကင်းလွတ်ကြလေကုန်၏၊ နိဗ္ဗာန်မှ တစ်ပါးသော သင်္ခတ လက္ခဏာ ရှိသော ပရမတ္ထဓမ္ဓတို့မည်သည် ထောက်ခံမှု, မှီတွယ်မှုကင်း၍ မျက် တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်သော အရာမည်သည် မရှိလေကုန်။

မြင့်မိုရ်တောင်ကြီး, စကြာဝဠာတောင်ကြီး, မဟာပထဝီ မြေကြီးတို့၌ ပရမတ် ရေဓာတ်သက်သက်ကို ကွက်ခြား၍ ကြည့်လိုသည် ရှိသော် ခက်မာမှု-ဟူသော မြေဓာတ်နှင့် မရောစေမူ၍ ဖွဲ့စည်း-ဟူသော ရေဓာတ် သက်သက်ကို ကွက်ခြား၍ ကြည့်ရသည်၊ အဆင်းသဏ္ဌာန် အထည်ဒြဗ်စုလည်း ခုခံ၍နေတတ်သည်၊ ကြည့်ရှုသော ဓမ္မဝဝတ္ထာ ဉာဏ်၌ အဆင်းသဏ္ဌာန် အထည်ဒြပ်စု ခုခံ၍နေခဲ့လျှင် နောက်၌ ဖြစ်မှု ပျက်မှုကို ရှုသောအခါ မထင်နိုင်ဘဲ နေတတ်သည်၊ ပရမတ်အစစ်ကို အမြင်စင်ကြယ်လှပါမှ အနိစ္စအစစ်, ဒုက္ခအစစ်, အနတ္တအစစ်ကို မြင် နိုင်သည်။

မြေဓာတ်၌ ဆိုခဲ့ပြီးသောအတိုင်း ဤရေဓာတ်၌လည်း ဖွဲ့စည်းမှု သက်သက်ဟုဆိုအပ်သော ရေဓာတ်အမြင် စင်ကြယ်သောအခါ မြင့်မိုရ်တောင်, မဟာပထဝီမြေကြီးတစ်ခုလုံး၌ အကျိတ်အခဲ အဆန် အမာ ရှိသည်အတွက် မှန်ထဲ ရေထဲမှာ မြင်ရသော မိုးရိပ်, တိမ်ရိပ်, နေဝန်း လဝန်းအရိပ်, သစ်ပင်ရိပ်တို့ကဲ့သို့ ဖွဲ့စည်းမှုဟူသော အာပေါ လက္ခဏာကြီး ထင်မြင်လိမ့်မည်၊ မြင့်မိုရ်တောင်, မဟာပထဝီမြေကြီးတို့၌ ထင်မြင်သောအခါ လူ, နတ်, ဗြဟ္မာ သတ္တဝါခပ်သိမ်းတို့၌ ထင်မှု, မြင်မှု အလွန်လွယ်လှတော့သည်။

သတ္တဝါသဏ္ဌာန်မှာ ထင်မြင်မှုသာ လိုရင်းဖြစ်သည်, မြင့်မိုရ်, မဟာပထဝီမြေကြီးတို့က စချီ၍ပြလိုက်သည်မှာ သတ္တဝါသဏ္ဌာန်၌ ထင်လွယ် မြင်လွယ်အောင် စ၍ ချီလိုက်သည်၊ မိမိသဏ္ဌာန်၌ ဦးခေါင်း ခြေဖဝါး ထုတ်ချင်းအောင် ထင်လင်းပြီးမှ သူတစ်ပါးသဏ္ဌာန်စုကိုလည်း ထို့အတူ ထုတ်ချင်းပေါက်အောင် ရှုလေ။

အာပေါဟူသောရေဓာတ်ကို

ဓာတ်ပေါက်အောင်ရှုနည်းအမြွက်ပြီး၏၊

( ဂ ) ပရမတ်နှစ် မီးအစစ်

ပူမှု, အေးမှု ဟူသော အမူရော ကိရိယာမှု သက်သက်သည် ပရမတ်နှစ်မီးဓာတ်စစ်မည်၏၊ ပူမှု အေးမှုဟူသည်လည်း ကလာပ်တူ မဟာဘုတ် ၃-ပါးတို့ကို ရင့်မာသန်စွမ်းအောင် ပေါင်းနွေးမှုဟူပေတည်း၊ အပူစွမ်း, အအေးစွမ်း, ၂-ပါးစုံသည်ပင်လျှင် ကလာပ်တူ မဟာဘုတ်တို့ကို ရင့်မာအောင်, ထက်သန်အောင်, အသီးသီး အစွမ်းသတ္တိနှင့် ပြည့်စုံအောင် ပေါင်းနွှေးမှု ရှိသည်ချည်း ဖြစ်သည်။

အမိဝမ်းမှ ဥ၍ မြုံ၌တည်ရှိသော ကြက်ဥတို့သည် အမိဖြစ်သူ ကြက်မက မပြတ်ဝပ်၍ အငွေ့ပေးမှ အစဉ်အတိုင်း ရင့်မာသန်စွမ်း၍ ကြက်သူငယ်အဖြစ်သို့ရောက်သဖြင့် ပေါက်ဖွားနိုင်သည်။ အမိကြက်မက မဝပ်ဘဲ၊ အငွေ့မပေးဘဲနေခဲ့သည်ရှိသော် ကြက်သူငယ်အဖြစ်သို့ မရောက်နိုင်ပြီ၊ အမိဝမ်းတွင်းက ထုံခဲ့သော အငွေ့အကုန်တွင် ပုပ်ခြင်းသို့ ရောက်လေတော့သည်။

ဤအတူ တေဇောဟူသော မီးဓာတ်သည် အမိကြက်မနှင့် တူသည်၊ အတူတကွဖြစ်သော မြေဓာတ်, ရေဓာတ်, လေဓာတ်၊ ဤ ဓာတ်ကြီး ၃-ပါးတို့သည် ကြက်ဥနှစ်တို့နှင့် တူကြကုန်သည်။ မီးဓာတ် နှင့်အတူတွဲဖက်ရမှ မြေဓာတ်ဟူသော ခက်မာမှုသည် အောင်မြင်စွာ ဖြစ်နိုင်သည်။ ရေဓာတ်ဟူသော ဖွဲ့စည်းမှုသည်လည်း အောင်မြင်စွာ ဖြစ်နိုင်သည်။ လေဓာတ်ဟူသော အဝှန်အဝါမှုသည်လည်း အောင်မြင်စွာ ဖြစ်နိုင်သည်။ မီးဓာတ်နှင့်ကင်း၍ အောင်မြင်စွာ မဖြစ်နိုင်ကုန်။ မဟာ သမုဒ္ဒရာရေ, သီဒါရေ, ကမ္ဘာကိုခံသော ရေတို့သည်လည်း သီတ ဓာတ်မီး၏ အစီးအပွားတို့သာတည်း၊ သီတဓာတ်မီး၏ အုပ်စိုးချက်နှင့် ဆက်လက်ဖြစ်ပွါးကာ နေကြရကုန်သည်၊ မြင့်မိုရ်တောင်, စကြဝဠာ တောင်, သိလာပထဝီမြေကြီးတို့သည်လည်း သီတဓာတ်မီး၏ အစီးအပွား တို့သာတည်း၊ တစ်ပါးသောဓာတ်တို့နှင့် မရောနှောစေဘဲ မီးဓာတ် သက်သက်ကို ရှုသောအခါ အေးသောဝတ္ထုတို့၌ အေးမှုသက်သက် ကိုရှုရမည်၊ ပူသော ဝတ္ထု၌ ပူမှုသက်သက်ကိုရှုရမည်၊ အဆင်းသဏ္ဌာန် အထည်ဒြပ် ပညတ်နှင့်ရော၍ မနေစေနှင့်။

ပူမှု အေးမှုဟူသော ဤပရမတ်မီးဓာတ်၏ အဏုမြူမျှမရှိ သည်၏အဖြစ်ကြောင့် ဤမီးဓာတ်ကို အမြင် စင်ကြယ်သောအခါလည်း ရေကြည်,မှကြည်စသည်တို့၌ နေဝန်း လဝန်းအရိပ်,တိမ်ရိပ်,မိုးရိပ်တို့ကဲ့သို့ ဉာဏ်အမြင်မှာသာ ကြီးကျယ်၍ အထည်ဒြဗ်မရှိကြောင်း ထင်ရှား လိမ့်မည်၊ မိမိကိုယ်ကိုရှုသောအခါ ဉာဏ်နိုင်ရုံ ပိုင်း၍ပိုင်း၍ရှု၊ မိမိကိုယ်မှာ အလင်းထင်မြင်လျှင် သတ္တဝါအနန္တမှာပင် ထင်တော့သည်။

တေဇောဟူသော-မီးဓာတ်ကို ဓာတ်ပေါက်အောင် ရှုနည်းအမြွက် ပြီး၏၊

------

(ဃ) ပရမတ်နှစ် လေအစစ်

မီးတောက် မီးခိုး၏အတွင်း၌မီးဓာတ်၏အာနုဘောကြောင့် မီးဓာတ်ကိုပင် အစဉ်ဖြစ်ပွား၍ သွားနိုင်အောင် လှုံ့ဆော်ချီပင့်မှု ဟူသော ဝါယောဓာတ်သည်ပါရှိ၏၊ ထိုဝါယောဓာတ်အတွက်ကြောင့် မီး၏ ပြန့်ပွားခြင်း, မီးရှိန်၏ပြန့်ပွားခြင်း, မီးရောင်၏ပြန့်ပွားခြင်း, မီးတောက် ၏ပြန့်ပွားခြင်း, မီးတောက်၏ တလူလူပြန့်ပွားခြင်း အခိုးထွက်ခြင်း, အဆင့်ဆင့်မီးကူးခြင်း အစရှိသောမီးဓာတ်၏ ပြန့်ပွားစီကားမှုတို့သည် ထင်ရှားဖြစ်ကုန်၏သို့ ထို့အတူ ဝါယောမည်သော ဤလေဓာတ်သည်ပူမှု, အေးမှုဟူသော မီးဓာတ်အရှိန်အဝှန်ပေတည်း။

မီးစာရှိရာ၌ အနည်းငယ် ချထားသောမီးသည် ထိုရှိန်အဝှန် ကြောင့် မီးစာရှိသမျှ အကုန်ပွားနိုင်သည်။ မီး၌ အတွင်းအရှိန်အဝှန်ညံ့၍ မပွားတဲ့နိုင်, မတောက်တဲ့နိုင်ရှိလျှင် ယပ်နှင့်ယပ်၍ပြောင်းမှုတ်၍အပက အရှိန်အဝှန် ကူရသေးသည်၊ ပူမှုရှိလျှင် ပူရှိန် ပူဟုန်ရှိမြဲ၊ အေးမှုရှိလျှင် အေးရှိန် အေးဟုန်ရှိမြဲ၊ ပူမှု,အေးမှုကား တခြား၊ အရှိန် အဝှန်ကား တခြား၊ ပူမှု, အေးမှုကား ပရမတ်မီးဓာတ်တည်း၊ အရှိန်အဝှန်ကား ပရမတ် လေဓာတ်တည်း၊ ထိုအရှိန်ဝှန်ဟူသော လေဓာတ်သည် ကလာပ်တူ ဖြစ်သောမြေဓာတ်,ရေဓာတ်, မီးဓာတ်တို့၏ အားခွန်ဗလလည်းမည်၏၊ ထိုအရှိန်ပွားရာ ကလာပ်တူ မဟာဘုတ် ရုပ်ကလာပ်တို့သည် ဖြစ်ပေါ်၍ လိုက်ရကုန်၏၊ ထိုအဟုန်အဝှန်သည် အလွန်ထက်သန်သည်ရှိသော် လေပြင်းမုန်တိုင်း ဖြစ်လေ၏၊ ထိုအဝှန်အဟုန်သည် လေမွေ့ရာ, လေ ခေါင်းအုံး စသည်တို့၌ကဲ့သို့ ထောင့်ကန် တောင့်တင်းမှု, ချီပင့်ထမ်း ဆောင်မှု ဝိတ္ထမ္ဘနလက္ခဏာဟု ကျမ်းဂန်၌ဆိုပေသည်၊ မြင့်မိုရ်တောင်, စကြဝဠာတောင်, သိလာပထဝီ စသည်တို့၌ရှိသော သီတဓာတ်မီးသည် ထိုအဟုန်အဝှန်ဟူသော လေဓာတ်၏ အစွမ်းဖြင့် ခဏတိုင်းခဏတိုင်း ပွားများ၍ ကမ္ဘာပျက်သည့်တိုင်အောင်ရုပ်ကလာပ် အဆက်ဆက်တို့ကို ပွားများစေနိုင်သည်။ မြင်အောင်ကြည့်။

ဟဒယဝတ္ထု၌ဖြစ်ပေါ်သော တစ်ခုခုသောစိတ်ကြောင့် ခဏချင်း ခဏချင်းတစ်ကိုယ်လုံး စိတ္တဇရုပ်ကလာပ် ပျံ့နှံ့ဖြစ်ပွားမှု, ဥတုဇရုပ် ကလာပ်တို့ ပျံ့နှံ့ဖြစ်ပါ၏၊ ဝမ်းထဲသို့ ရောက်သောအစာအဟာရ ဓာတ် တို့၏ တစ်ကိုယ်လုံး အနှံ့အပြား ပျံ့နှံ့ဖြစ်ပွားမှု, ကလလရေကြည်မှစ၍ သတ္တဝါတို့၏ အစဉ်အတိုင်း တိုးပွားစည်ကားမှု, အညွန့်အညှောင့် ပေါက်ရောက်သည်မှစ၍ သစ်ပင်ချုံမြက်တို့ အစဉ်အတိုင်း တိုးပွား စည်ကားမှုတို့သည်လည်း ဝါယောလှုံ့ဆော်မှုနှင့် ဖြစ်ကြကုန်သည် သာတည်း။

မြင့်မိုရ်တောင်, စကြာဝဠာတောင် မဟာပထဝီ မြေကြီးမှစ၍ သက်ရှိသက်မဲ့ အလုံးစုံတို့ကို ရွရွရွရွ ထင်အောင်ကြည်လေ။ မိမိ ကိုယ်မှစ၍ အကုန်လုံးနှံ့အောင်ကြည့်၊ ဦးထိပ်မှစ၍ ခြေဖဝါးတိုင် အလင်းပေါက်အောင်ကြည့်၊ ဤဝါယောဓာတ်ကိုလည်း ဆိုခဲ့ပြီးသော ဓာတ်နည်းတူ အဆန်အမာဟူ၍ အဏုမြူမျှ မရှိသည့် အတွက်ကြောင့် ရေထဲ မှန်ထဲ၌ထင်သော အရိုပ်စသည်ကဲ့သို့ ထင်မြင်လိမ့်မည်၊ မျက်စိ တွင်မြင်နေကြဖြစ်သော အဆင်းသဏ္ဌာန်အထည်ဒြပ် ပညတ်ကြီးခုခံ၍ နေတတ်သည်၊ အတုမရှိသော ထိုပညတ်ကို ဉာဏ်ဖြင့် မှုတ်၍ ပစ်လေ။

ဝါယောဟူသော လေဓာတ်ကို ဓာတ်ပေါက်အောင် ရှုနည်း အမြွက်ပြီး၏၊

--------

( င ) လောကုတ္တရာ အရိယဝိဇ္ဇာ ထွက်ရပ်လမ်း

၁။ ခက်မာမှု,

၂။ ဖွဲ့စည်းမှု,

၃။ ပေါင်းနွေးမှု,

၄။ အရိန်အဟုန်မှု,

ဤ ၄-ခုသော အခြင်းအရာ အမူအရာ ကိရိယာကြီးတို့သည် သဘောလဏ္ခဏာအားဖြင့် အသီးအသီး ထင်ရှားရှိ ကြကုန်၏ တည်ရာ ဌာနအားဖြင့် ခက်မာမှုကို ပထမဦးတည် မ-တည်ပြု၍ တစ်ခုတည်းကဲ့သို့ တည်ကြကုန်၏၊ ဖြစ်အတူ, ပျက်အတူ, တည်အတူတို့သာတည်း။

၁။ ခက်မာမှုဟူသော မြေဓာတ်ပျက်ဆုံးလျှင် တည်ရာမရှိသည် ဖြစ်၍ ကြွင်းသောဓာတ် ၃-ပါးလည်း ပျက်ဆုံးရတော့သည်။

၂။ ထို့အတူဖွဲ့စည်းမှုဟူသောရေဓာတ်ပျက်ဆုံးလျှင်လည်း အဖွဲ့ အစည်းပျက်ဆုံးသဖြင့်တစ်ပါးနှင့်တစ်ပါး ထောက်ပံ့မှုကင်းကြ၍ အကုန် လုံးပျက်ဆုံးကြတော့သည်။

၃။ ပေါင်းနွေး၍ထက်သန်အောင် ပြုမှုဟူသော မီးဓာတ် ပျက်ဆုံး လည်း ကြွင်းသောဓာတ်သုံးပါးတို့သည် မိမိတို့သဘော အတိုင်းပြည့်စုံစွာ မတည်နိုင်ကြ၍ အကုန်လုံးပျက်ဆုံးတော့သည်။

၄။ ကြံ့ခိုင်တောင့်တင်းမှုဟူသော လေဓာတ်ပျက်ဆုံးလျှင်လည်း ကြွင်းသောဓာတ်တို့သည် အားပြတ်၍ ပျက်ဆုံးကြကုန်တော့သည်။ မိုးဟူသော ပူမှုအေးမှုသည် လှုံ့ဆော်တလူလူ ဆောင်ရွက်ခြင်း ဟူသော လေဓာတ်နှင့်တွဲရမှဖြစ်နိုင်သည်၊ လေဓာတ်မရှိလျှင် အားပြတ်၍ ခဏချင်းကွယ်ဆုံးလေ၏၊ ထို့အတူ ခက်မာမှုဟူသော မြေဓာတ်သည် လည်း ခက်မာခြင်း ကိရိယာကိုကြံ့ယံ့ တင်းရင်းအေင် ချီပင့်သော လေဓာတ်မရှိလျှင် အားပြတ်၍ ကွယ်ဆုံးလေ၏၊ ဖွဲ့စည်းခြင်းဟူသော ရေဓာတ်သည်လည်းဖွဲ့တွယ်ခြင်း ကိရိယာကို ကြံ့ယံ့တင်းရင်းအောင် ချီပင့်သောလေ ဓာတ်မရှိလျှင် အားပြတ်၍ ကွယ်ဆုံးလေ၏၊

(ဤကား အခြင်းအရာကြီး ၄-ပါးတို့၏ အချင်းချင်း မှီတွယ် ကြပုံ,တစ်ပါးပျက်လျှင် အကုန်လုံးပျက်ကြပုံကို ပြဆိုလိုက်သော အချက် တည်း။)

ထိုဓာတ်ကြီး ၄-ပါးတို့၏ သက်ရှိသက်မဲ့သဏ္ဌာန် ၂-ပါးတို့၌ ဖြစ်ပုံဆန်းကြယ်မှုသည်လည်း အစိန္တေယျ အရာဖြစ်၍ မကြံအပ်မကြံရာ ကြီးကျယ်လှစွာ၏၊ ထိုဓာတ် ၄-ပါးတို့၏တန်ခိုးဣဒ္ဓိပါဒ်သည်လည်း အစိန္တေယျ အရာဖြစ်၍မကြံအပ် မကြံရာ ကြီးကျယ်လှစွာ၏၊ ဤဓာတ် ၄-ပါးကို ဘုရား၏နည်းလမ်းနှင့် အထင်အမြင် ထိုးထွင်း၍ ထမြောက် ပေါက်ရောက်အောင် လုပ်ကြံနိုင်လျှင် လောကုတ္တရာ အရိယာဝိဇ္ဇာ လမ်းပေါက်၏၊ ထိုဓာတ်ကြီး၄-ပါးတို့၌ အချုပ်အခြာ ဦးစီးဦးကိုင်ကား တေဇောပေတည်း၊ စကြာဝဠာကမ္ဘာ, ရေ,မြေနှင့်တကွ ရုပ်သဏ္ဌာန်နှင့် စပ်သော သက်ရှိသက်မဲ့ အလုံးစုံသည် တေဇော၏ အစီးအပွါးချည်း တည်း၊ ဓာတ်မီး၏ အစီးအပွါးချည်းတည်း။

တေဇာဟူသောဓာတ်မီး၏ ဣဒိပါဒ်တန်ခိုး အကျိုးသွားကို ဘုရားသဗ္ဗညုတို့၏ ဉာဏ်တော်သည်သာ မှီနိုင်ရာသတည်း၊ ဓာတ်မျက် လုံးအမြင် စင်ကြယ်စွာပေါက်သောအခါ၌မူကား မိမိ ရူပကာယ ကိုယ်ခန္ဓာ, သူတစ်ပါးတို့၏ ရူပကာယ ကိုယ်ခန္ဓာ, ဗဟိဒ္ဓသဏ္ဌာန်ရုပ်ခန္ဓာကို ဖြစ်မှု, ပျက်မှုတွေ တရွရွ နေသည်ကို မြင်ကြကုန် လတ္တံ့၊ ရုပ်တုံးရုပ်ခဲ ဟူသမျှ သည် အနှစ်သာရမရှိသော ရေမြှုပ်ခဲတွေနှင့် တူလှစွာ၏ဟု မြွက်ဆိုကြ ရလတ္တံ့၊ ထို့ကြောင့်''ဖေဏပိဏ္ဍူပမံ ရူပံ''ဟူ၍ဟောတော်မူပေသည် တကားဟု မြတ်စွာဘုရားကိုလည်း တွေ့မြင်ကြ ရလတ္တံ့။

မဇ္ဈိမပုဂ္ဂိုလ်တို့ ရှုနည်းကို ပြဆိုခန်း ပြီး၏၊

-----------

၁၇-တိက္ခပုဂ္ဂိုလ်တို့ ရှုနည်းကိုပြဆိုခန်း

(က) အချက်ကြီး ၄-ချက်

(၁) စွဲလမ်းတတ်သောတရား ၃-ပါး။

(၂) စွဲလမ်းတတ်သော အခြင်းအရာ ၃-ပါး။

(၃) စွဲလမ်းရာ ဝတ္ထု ၃-ပါး။

(၄) အစွဲအလမ်းကို ဖျောက်ပယ်တတ်သော အနုပဿနာ ဉာဏ် ၃-ပါး။

ဆောင်ပုဒ်သံခိပ်။ (က) မာနတဏှာ၊ ဒိဋ္ဌိသာ၊ မှတ်ပါ စွဲလမ်းတတ်။

( ခ ) ဧသောဟမသ္မိ၊ ဧတံ မမ၊ ဧသော မေ အတ္ထာ၊ ဤ ၃-ဖြာ၊ ခြင်းရာ ၃-ပါးမှတ်။

( ဂ ) နိမိတ်, ပဏီဟိတ၊ အတ္တဇီဝါ၊ဤ ၃-ဖြာ၊ စွဲရာဝတ္ထုမှတ်။

(ဃ) အနိမိတ္တ၊ ပဏီဟိတ၊ သုညတာ၊ မှတ်ပါ ဖျောက်ပယ်တတ်။

(က) သံပေါက်ရှင်းလင်းချက်

စွဲလမ်းတတ်သော တရား ၃-ပါး

၁။ မညနံ မာနော။ အထင်မှားခြင်း။

၂။ တဿနံ တဏှာ။ တွယ်တာခြင်း။ ။ မညနံ၊ အထင်မှားခြင်း။ မာနော၊ ။ တဿနံ၊ တွယ်တာခြင်း။ တဏှာ၊

၃။ ဒဿနံ ဒိဋ္ဌိ။။ ဒဿနံ၊ အမြင်မှားခြင်း။ ဒိဋ္ဌိ၊ အမြင် မှားခြင်း။

စွွဲလမ်းတတ်သော တရား ၃-ပါး မှတ်ရန်ပြီး၏၊

------------

( ခ ) သံပေါက်ရှင်းလင်းချက်

စွဲလမ်းပုံအခြင်းအရာ ၃-ပါး

၁။ ဧသောဟမသ္မိ။

၂။ ဧတံ မမ။

၃။ ဧသောမေ အတ္တာ။

မာနစွဲလမ်းပုံ

၁။ ဧသော၊ ဤသည်ကား။ အဟံ၊ ငါသည်။ အသ္မိ၊ ဖြစ်၏၊

တဏှာစွဲလမ်းပုံ

၂။ ဧတံ၊ ဤသည်ကား။ မမ၊ ငါ့ဟာတည်း။

ဒိဋ္ဌိစွဲလမ်းပုံ

၃။ ဧသော၊ ဤသည်ကား။ မေ၊ ငါ၏၊ အတ္တာ၊ အတ္တတည်း။ ဝါ အထည်ခံ အမာခံ အနှစ်အသားတည်း။

--------

( ဂ ) သံပေါက်ရှင်းလင်းချက်

စွဲလမ်းရာ ဝတ္ထု ၃-ပါး

နိမိတ္တ

ဆောင်ပုဒ်သံခိပ်။ (၁) ပုဂ္ဂိုလ်, သတ္တဝါ၊ ငါ, သူတစ်ပါး၊ ယောကျ်ား, မိန်းမ၊ ဦးခေါင်းစသား၊ ဒြပ်များ၊ မှတ်သား နိမိတ္တ။

ပဏိဟိတ

(၂) လှပတင့်တယ်၊ ဆန်းတကြယ်နှင့်၊ ဖွယ်ရာ လျောက်ပတ်၊ ကောင်းမြတ် ချမ်းသာ၊ မင်္ဂလာကျက်သရေ၊ မက်ဖွယ် တွေ၊ မှတ်လေ ပဏိဟိတ။

အတ္တဇီဝ

(၃) ပြုတတ်, ကြံတတ်၊ ပြောဆိုတတ်နှင့် သိမှတ်, ခံစား။ ပြောင်းသွား ကျင်လည်၊ အတ္ထမည်၏၊ အရှည်နှစ်, လ တည်သမျှ၊ ဇီဝ မှတ်သညာ။

သံပေါက်ကဗျာ ၃-ပုဒ် ရှင်းလင်းချက်

သစ်ပင်ရှိသည်ရှိသော် သစ်ပင်ကိုစွဲ၍ သစ်ပင်ရိပ် ပေါ်မြဲဖြစ်၏၊ အကိုင်းရိပ်, အခက်ရိပ်, အညွန့်ရိပ်, အရွက်ရိပ်, အပွင့်ရိပ်, အသီးရိပ်အစုံပေါ်မြဲဖြစ်၏၊ ထိုသို့ပေါ်ရာ၌ သစ်ပင်သည်အရိပ်မဟုတ်၊ အရိပ်သည် သစ်ပင်မဟုတ်၊ သစ်ပင်ကိုစွဲ၍ အရိပ်ဖြစ်၏၊ သစ်ပင်, သစ်ကိုင်း, သစ်ခက်, သစ်ညွန့်, သစ်ပွင့်, သစ်င်္သီးတို့သည်လည်း အဋ္ဌကလာပ်ရုပ် အစုတို့ကို စွဲ၍ ပေါ်ကြသော အရိပ်ကြီးငယ်တို့သာတည်း။

အဋ္ဌကလာပ်ရုပ် အစုတို့သည် သစ်ပင်, သစ်ကိုင်း-စသည် မဟုတ်ကုန်၊ သစ်ပင်, သစ်ကိုင်း-စသည်တို့သည် အဋ္ဌကလာပ်ရုပ် အစု မဟုတ်ကြကုန်၊ အဋ္ဌကလာပ်ရုပ် အစုကိုစွဲ၍ သစ်ပင်, သစ်ကိုင်း-စသော အရိပ်သဏ္ဌာန် ကြီးငယ်တိုကို စွဲ၍ သစ်ပင်ရိပ်, သစ်ကိုင်းရိပ်-စသော အရိပ်ကြီးငယ်တိုသည် ပေါ်ကုန်၏၊ ဤသို့လျှင် သစ်ပင်၌ရှိသော အဋ္ဌ ကလာပ်ရုပ်အစုတို့မှ အရိပ် ၂-မျိုးပေါ်၏၊

ပထမအရိပ်။ ။ သစ်ပင်သဏ္ဌာန်-စသော ပထမအရိပ်ကား အဋ္ဌကလာပ် ရုပ်အစုတို့ကို မှီ၍ ပေါ်ကုန်၏၊

ဒုတိယအရိပ်။။သစ်ပင်, သစ်ကိုင်းရိပ်-စသော ဒုတိယအပင် အရိပ်တို့ကား မြေအပြင်၌ ပေါ်ကုန်၏၊ ပကတိ လူတို့သည် ဤဒုတိယ အရိပ်ကိသာ အရိပ်-ဟူ၍ သိကြကုန်၏၊ ပထမအရိပ်ကိုကား အရိပ်ဟူ၍ မသိကြကုန်။

ထို့အတူ သတ္တဝါတို့၌လည်း ရုပ်ခန္ဓာတို့မှ အရိပ် ၂-မျိုးထွက်၏၊

၁။ ပုဂ္ဂိုလ်အသွင်, သတ္တဝါအသွင်-ဟူသော အရိပ်။

၂။ ဦးခေါင်းသဏ္ဌာန်, ကိုယ်သဏ္ဌာန်, ခြေသဏ္ဌာန်, လက် သဏ္ဌာန်, လည်ပင်းသဏ္ဌာန်-ဟူသော အရိပ်။

ဦးခေါင်း၌လည်း, ဦးထိပ်သဏ္ဌာန်, နဖူးသဏ္ဌာန်, မျက်နှာ သဏ္ဌာန်စသည်၊ မျက်လုံးသဏ္ဌာန်, နှာခေါင်း သဏ္ဌာန်, ခံတွင်းပေါက် သဏ္ဌာန်, မေးသဏ္ဌာန်, နားရွက်သဏ္ဌာန်-စသည် အရိပ်ကြီးငယ် အလွန်များ၏၊ ကိုယ်၌လည်း ရင်သဏ္ဌာန်, ဝမ်သဏ္ဌာန်, ဆီးသဏ္ဌာန်, ကျောက်ကုန်းသဏ္ဌာန်, ခါးသဏ္ဌာန်, နံဘေးသဏ္ဌာန်-စသည် အရိပ်ကြီး ငယ် အလွန်များ၏၊

ထို့အတူ

ဆံပင်သဏ္ဌာန်ပေါင်း ၂၄,ဝဝဝ,ဝဝဝ

မွေးညင်းသဏ္ဌာန်ပေါင်း ၉၉,ဝဝဝ

ခြေသည်းသဏ္ဌာန်ပေါင်း ၁၀

လက်သည်းသဏ္ဌာန်ပေါင်း ၁၀

သွားသဏ္ဌာန်ပေါင်း ၃၂

အရေထူ အရေပါး သဏ္ဌာန်ကြီး ၂

အသားစိုင် အသားခဲ သဏ္ဌာန်ပေါင်း ၉၀၀

အကြောကြီး အကြောငယ် သဏ္ဌာန်ပေါင်း ၉၀၀

အရိုးကြီး အရိုးငယ် သဏ္ဌာန်ပေါင်း ၃၀၀

ဦးနှောက်ခဲသဏ္ဌာန်, ထိုထိုအရိုးတွင်းရှိ ရိုးတွင်းခြင်ဆီ သဏ္ဌာန်, အညှို့သဏ္ဌာန်, နှလုံးသဏ္ဌာန်, အသည်းသဏ္ဌာန်, အဆုတ်သဏ္ဌာန်, အမြှေးသဏ္ဌာန်, အူမသဏ္ဌာန်, အူအိမ်သဏ္ဌာန်- စသည်ဖြင့် အရိပ်ကြီး အရိပ်ငယ်ပေါင်း အလွန်များပြား၏၊ အဏုမြူ, ပရမာဏုမြူမျှ အထည် ဝတ္ထုဒြပ်သဏ္ဌာန် ထင်မြင်ခဲ့လျှင် အရိပ်အသွင်-ဟူ၍သာ မှတ်။

(ဤကား ပထမအရိပ်မျိုးတည်း။)

နေရောင် မီးရောင်ကိုစွဲ၍ပေါ်သော လူရိပ်, မှန်အပြင်, ရေအပြင် တို့၌ပေါ်သော လူရိပ်တို့ကား ဒုတိယအရိပ် အသွင်မျိုးတည်း။

နာမ်ခန္ဓာ အရိပ်

နာမ်ခန္ဓာတို့မှ ထွက်သော အရိပ်မျိုးကား မြင်သောအသွင်, ကြားသောအသွင်, ကြံသောအသွင်, သိသော အသွင်, နှလုံးသာယာသော အသွင်, နှလုံးမသာယာသော အသွင်, အလိုရှိသော အသွင်, အလို မရှိသော အသွင်, အမျက်ထွက်သော အသွင်, အမျက်မထွက်သော အသွင်, ကြည်ဖြူသော အသွင်, မကြည်ဖြူသော အသွင်-စသည်တို့သည် နာမ်ခန္ဓာတို့မှ ရုပ်ခန္ဓာတို့၌ထင်သော အရိပ်တို့တည်း။

ခန္ဓာ၅-ပါး အရိပ်

ခန္ဓာ ၅-ပါး အပေါင်းတို့မှ ထွက်သော အရိပ်ကိုကား ထိုထို ကိုယ်အင်္ဂါကြီးငယ်တို့ လှုပ်သောအသွင်, ထိုင်သော အသွင်, ထသော အသွင်, ရပ်သောအသွင်, သွားသောအသွင်, ကွေးသောအသွင်, ဆန့် သောအသွင်, ထိုထိုအမှုကိုပြု လုပ်သော အသွင်, ပြောဆိုသောအသွင်စသည်ဖြင့် အမှုကိစ္စအမျိုးမျိုး ထင်မြင်ကြသမျှ အလုံးစုံတို့သည် ခန္ဓာ စသည်ဖြင့် အမှုကိစ္စအမျိုးမျိုး ထင်မြင်ကြသမျှ အလုံးစုံတို့သည် ခန္ဓာ ၅-ပါး အပေါင်းတို့မှ ထွက်သောအရိပ်တို့တည်း၊ ဤသို့လျှင် ထိုခန္ဓာ ၅- ပါးတို့နှင့် ရောနှော ဖက်စပ်၍ထင်မြင်ကြရသော အလုံးစုံသော အရိပ် အသွင်တို့ကို နိမိတ္တ- ဟူ၍ ဆိုသတည်း။

''ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး၊ ယောကျ်ား, မိန်းမ၊ ဦးခေါင်း စသား၊ ဒြပ်များ၊ မှတ်သား နိမိတ္တ'' ဟူသော သံပေါက်ကဗျာ၏သရုပ်ပြီး၏၊

အနိမိတ္တာ နုပဿနာဉာဏ်

သစ်ပင်၌ ဧကန်ရှိရင်း, အရှိန်ရှိရင်း, အဟုန်ရှိရင်း ဖြစ်ကြကုန် သော အဋ္ဌကလာပ်ရုပ်တို့ကိုလည်းကောင်း၊ ထိုရုပ်တို့၌ရှိသော အနိစ္စ အချက်ကြီးကိုလည်းကောင်းဉာဏ်အမြင်ပေါက်ခဲ့သည်ရှိသော်သစ်ပင်, သစ်ကိုင်း, သစ်ခက် သစ်ညွန့်, သစ်ရွက်, သစ်ပွင့်, သစ်သီး- အစရှိကုန် သော ပထမအရိပ်အသွင်တို့သည်ဉာဏ်၌ အကုန်ကွယ် ပျောက်ကုန်၏၊ အမှန်ရှိရင်းမျိုး, အဟုတ်ရှိရင်းမျိုး မဟုတ်ကုန်၊ စိတ်အာရုံထဲမှာသာ မျက်လှည့် အသွင်ကဲ့သို့ ထင်မြင်ရသော အရိပ်မျိုး, အသွင်မျိုး, သဏ္ဌာန် မျိုးတို့သာတည်း- ဟု ဉာဏ်၌ရှင်းလင်းစွာ ထင်မြင်၏၊

ထို့အတူ သတ္တဝါတို့သန္တာန်၌လည်း ဧကန်ရှိရင်း အမှန်ရှိရင်း ဖြစ်ကုန်သော အသီးသီးသော ရုပ်ဓာတ်တို့ကိုလည်းကောင်း၊ နာမ်ဓာတ် တို့ကိုလည်းကောင်း၊ ရုပ်ဓာတ်နာမ်ဓာတ်တို့၏ အနိစ္စအချက်ကြီးကိုလည်း ကောင်း ဉာဏ်အမြင် ပေါက်ခဲ့သည်ရှိသော် ပုဂ္ဂိုလ်, သတ္တဝါ, အင်္ဂါကြီး ငယ်-အစရှိကုန်သော အလုံးစုံသော ရုပ်နိမိတ်, နာမ်နိမိတ်, ရုပ်နာမ် နိမိတ်တို့သည် ဉာဏ်၌အကုန်ကွယ်ပျောက်ကုန်၏၊ ဧကန်အမှန် အဟုတ်ရှိရင်းမျိုး မဟုတ်ကုန်၊ သတ္တဝါတို့၏ စိတ်အာရုံထဲမှာသာ မျက်လှည့်အသွင်ကဲ့သို့ ထင်မြင်ရသော အရိုပ်မျိုး, နိမိတ်မျိုး, အသွင်မျိုး, သဏ္ဌာန်မျိုးတို့သာတည်း-ဟု ဉာဏ်၌ရှင်းလင်းစွာ ထင်မြင်၏၊ ထို့အတူ သတ္တဝါတို့သန္တာတ်၌လည်း ဧကန်ရှိရင်း ဖြစ်ကုန်သော အသီးအသီးသော ရုပ်ဓာန်တို့ကိုလည်းကောင်း၊ နာမ်ဓာတ်တို့ကိုလည်း ကောင်း၊ ရုပ်ဓာတ်နာမ်ဓာတ်တို့၏ အနိစ္စအချက်ကြီးကိုလည်းကောင်း ဉာဏ်အမြင် ပေါက်ခဲ့သည်ရှိသော် ပုဂ္ဂိုလ်, သတ္တဝါ, အင်္ဂါကြီးငယ်အစရှိ ကုန်သော အလုံးစုံသော ရုပ်နိမိတ်, နာမ်နိမိတ်, ရုပ်နာမ်နိမိတ်တို့သည် ဉာဏ်၌အကုန် ကွယ်ပျောက်ကုန်၏၊ ဧကန်အမှန် အဟုတ်ရှိရင်းမျိုး မဟုတ်ကုန်၊ သတ္တဝါတို့၏ စိတ်အာရုံထဲမှာသာ မျက်လှည့်အသွင်ကဲ့သို့ ထင်ကြရ မြင်ကြရသော အရိပ်မျိုး, နိမိတ်မျိုး, အသွင်သဏ္ဌာန်မျိုးတို့ သာတည်း-ဟု ဉာဏ်၌ထင်ရှားစွာထင်မြင်၏၊

ထိုဒြပ်သဏ္ဌာန်တို့ ကွယ်ပျောက်ကုန်လျှင်လည်း ပုဂ္ဂိုလ်ကြည့်သည်၊ ပုဂ္ဂိုလ်မြင်သည်၊ ပုဂ္ဂိုလ်နံသည်၊ ပုဂ္ဂိုလ်ကြားသည်၊ ပုဂ္ဂိုလ်ထိုင်သည်၊ ပုဂ္ဂိုလ်ထသည်၊ပုဂ္ဂိုလ်ရပ်သည်၊ ပုဂ္ဂိုလ်သွားသည်၊ ပုဂ္ဂိုလ်ရယ်သည်၊ ပုဂ္ဂိုလ်ပြုံးသည် အစရှိသောပုဂ္ဂိုလ် သတ္တဝါနှင့်စပ်သော ကိရိယာဒြဗ် အများတို့လည်း ဉာဏ်၌ကွယ်ပျောက် ကုန်လတ္တံ့၊ ပုဂ္ဂိုလ်ဒြဗ်, ပုဂ္ဂိုလ်အမူ အရာ, သတ္တဝါဒြပ်, သတ္တဝါအမူအရာအလုံးစုံ ကွယ်ပျောက်ကုန်သည်ရှိ သော် ငါ, သူတစ်ပါး, ယောကျ်ား, မိန်းမဟူသော အရိပ်ကြီးတို့လည်း အကုန်ကွယ်ပျောက်လတ္တံ့။

ဤဒြဗ်သို့လျှင် ရုပ်နာမ်တို့မှဖြစ်ကြကုန်၍ ရုပ်နာမ်တို့ကို လုံခြုံလှစွာ ဖုံးလွမ်းကွယ်ကာ၍ အပ၌ ထင်ရှားပေါ်ကာ ရှိနေကြကုန်သော ခပ်သိမ်းသော ရုပ်နိမိတ်,နာမ်နိမိတ်, ရုပ်နာမ်နိမိတ်တို့ကို အကုန်ကွယ် ပျောက်စေတတ်သောကြောင့် အနိစ္စာနုပဿနာဉာဏ်ကို အနိမိတ္တာ နုပဿနာဉာဏ်ဆိုသတည်း။

( ခ ) မဟာဘုတ်ကြီး ၄-ပါးတို့၏အလွန်သိမ်မွေ့သေးဖွဲပုံနှင့် အဖြစ်အပျက်အလွန်လျင်မြန်ပုံ

ပရာမာဏုမြူ, အနုမြူမျှ အထည်ဝတ္ထု, ဒြဗ်, သဏ္ဌာန်, နိမိတ် အသွင်ထင်မြင်ခဲ့သည်ရှိသော် ဧကန်ရှိ, အမှန်ရှိ, အဟုတ်ရှိမျိုးမဟုတ်ပြီ၊ မျက်လှည့်ဆရာပြသော ရုပ်တု, ရုသွင်မျိုး စင်စစ်မှတ်။

အဘယ့်ကြောင့်နည်းဆိုသော်ကား အနုမြူတစ်ခုဟုခေါ်ဆိုသော ဝတ္ထုကိုကြိတ်နယ်ခဲ့လျှင် အစိတ်အဖြာ ကွဲမှု ဧကန်ရှိ၏ အတွင်း၌ ကလာပ်ဖွဲ့များရှိ၏၊ အာကာသ-အခြား အများရှိ၏ဟု သိအပ်၏၊

အစိတ်အဖြာ ကွဲမှုဟူသမျှသည် ကလာပ်အခြားမှ ကွဲမြဲတည်း၊ အနုမြူ ကွယ်ပျောက်လေ၏၊ ပရမာနုမြူတွေ ဖြစ်၍ကုန်၏၊ ထိုပရမာနု မြူတို့ အသီးအသီး အစိတ်အဖြာ ကွဲကြကုန်လျှင် ပရမာနုမြူအမည် ကွယ်ပျောက်ကြကုန်၏၊ တစ်ခုတစ်ခုသော ရုပ်ကလာပ်စိတ်တွေ ဖြစ် ကြကုန်ရာ၏၊ ထိုအခါ အစိတ်အဖြာ ကွဲမှုမရှိပြီ၊ ချုပ်ဆုံး၍သာ သွား ကြကုန်လတ္တ့။

ဤသို့လျှင် အနုမြူဓာတ်, အနုမြူကလာပ်-ဟူ၍ စင်စစ်အားဖြင့် မရ၊ နိမိတ္တမျိုးသာ ဖြစ်၏၊ ပရမာနုမြူဓာတ်, ပရမာနုမြူကလာပ်ဟူ၍ စင်စစ်အားဖြင့် မရှိ၊ နိမိတ္တမျိုးသာ ဖြစ်၏၊ ဤပရမာနုမြုကား ပကတိ မျက်စီဖြင့် မမြင်အပ်၊ ဒိဗ္ဗစက္ခုအဘိညာဖြင့်သာ မြင်အပ်သည် ဟူ၏၊ ထိုပရမာနုမြုမှာပင် ရုပ်ကလာပ် ပေါင်းများစွာ, ပထဝီပေါင်းများစွာ, အာပေါပေါင်းများစွာ, တေဇောပေါင်းများစွာ, ဝါယောပေါင်း များစွာ, ကလာပ်ခြားအာကာသပေါင်းများစွာရှိသေး၏၊ ထိုထက်ကြီးသော ဝတ္ထုဒြဗ်တို့၌ ဆိုဖွယ်မရှိ။

(ဤကား ပရမတ်ဓာတ်စစ်ကြီးတို့ သိမ်မွေ့ပုံကိုဆ၍သိကြရန် အချက်ကြီးပေတည်း။)

ထိုအတူ နေရောင်, လရောင်, ကြယ်ရောင်, မီးရောင်, စိန်ရောင်, မြရောင်, ပတ္တမြားရောင်,လျှပ်ရောင်တို့၌လည်းကောင်း၊ မြေ၌ထင်သော သစ်ပင်ရိပ်, လူရိပ်, မှန်အကြည်,ရေအကြည်တို့၌ ထင်သော နေရိပ်, လရိပ်, တိမ်ရိပ်, လူရိပ် သစ်ပင်ရိပ်တို့၌လည်းကောင်း၊ ညဉ့်မှောင်ရိပ်တို့၌ လည်းကောင်း၊ ကြည်လှစွာသော ရေတို့၌လည်းကောင်း၊ အသံအမျိုး မျိုးတို့၌လည်းကောင်း၊ တောင်လေ,မြောက်လေ အစရှိသော လေအမျိုး မျိုး, ထိုလေဆောင်ရာ ပါရှိကုန်သော အနံအမျိုးမျိုးတို့၌လည်းကောင်း၊ မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်-ဟူသော မဟာဘုတ် ရုပ်ကြီး တို့သည် ပါရှိကုန်၏၊ မဟာဘုတ်ကြီးတို့နှင့် ကင်း၍ တစ်ခုတစ်ခုသော ရုပ်မျှဖြစ်ခြင်း မည်သည်မရှိ၊ မဟာဘုတ်ကြီး ရုပ်ကြီးတို့သည် အရိပ် အရောင် အစရှိသော ရုပ်တို့၏ အထည်ခံ အမာခံ ဖြစ်ကြပေကုန်၏၊

အရိပ်အရောင် အစရှိသည်တို့၌ ပါရှိသော မဟာဘုတ် ရုပ်ကြီး တို့နှင့် သတ္တဝါတို့သဏ္ဌာန်တို့၌ အထည်ခံ အမာခံ ဖြစ်ကုန်သော မဟာဘုတ် ရုပ်ကြီးတို့သည်လည်းကောင်း၊ ကျောက်တိုင်, ကျောင်တုံး, သံတိုင်, သံတုံး, သစ်ပ်, သစ်တုံး-စသည်တို့၌ အထည်ခံ အမာခံဖြစ်ကုန် သော မဟာဘုတ်ရုပ်ကြီးတို့သည်လည်းကောင်း အဏုမြူ, ပရမာဏုမြူမျှ ဒြပ်သဏ္ဌာန်မရှိကြ၊ ကိရိယာ အမူအရာမျှသာ ရှိကြမှုတို့သည် တူကြ ကုန်၏၊ ရုပ်ကလာပ်ချင်း အစုအခဲ အပေါင်းအဖွဲ့ စိပ်မှု, ကြဲမှု, ချောင်မှု အမျိုးမျိုးသို့ လိုက်၍သာ အထူးရှိနေကြကုန်၏၊

(ဤသည်လည်း မဟာဘုတ်ရုပ်ကြီးတို့၏ သိမ်မွေ့သေးဖွဲ့လှပုံကိုသိမြင်ရန် အချက်စုတည်း။)

တေဇောဟူသော မီးဓာတ်ကြီး၏ အခွင့်ကိစ္စကြီး ၂-ပါး

ထို မဟာဘုတ်ကြီး ၄-ပါးတို့တွင် တေဇောမဟာဘုတ် ဆို သည်ကား မီးဓာတ်ကြီးပေတည်း၊ ထိုမီး ဓာတ်ကြီး၏ အခွင့်ကိစ္စကား

၁။ အတူတကွဖြစ်သော မဟာဘုတ်ကြီးတို့ကို အတွင်လောင်မှု, ကျွမ်းစေမှု, ကုန်ဆုံးစေမှု-အခွင့်ကိစ္စကြီး တစ်ပါး။

၂။ ရုပ်ကလာပ်သစ်တို့ကို အတွင်ပေါက်ဖွားစေမှု, တိုးပွားစေမှုကိစ္စကြီးတစ်ပါး။

ဤအခွင့်ကိစ္စကြီး ၂-ပါးကို မျက်တောင်တစ်ခတ်မျှ မလပ်မစဲ အနိစ္စအားဖြင့် တွင်ကျယ်စွာဆောင်ရွက်၏၊ ထိုကိစ္စကြီး ၂-ပါးတွင် ရုပ်ကလာပ်သစ်ပေါက်ဖွားမှုက သဟဲကောင်းလှသောအခါ သူလောင်၍ ကလာပ်ဟောင်း တစ်ခုကုန်ရာ၌ ကလာပ်များစွာကိုဖြစ်ပေါ်စေ၏၊ သစ်ပင်များတစ်နေ့တစ်ခြား ကြီပွားမှုကိုမျှော်လေ၏၊ ပေါက်ဖွာမှုက သဟဲနည်းလှသော အခါလောင်၍ကုန်ဆုံးမှုက အားကြီး၏၊ တိုးပွားမှုက အားနည်း၏၊ သစ်ပင်များ အို၍ ကျသွားသည်ကိုမျှော်လေ။

လောင်မှု,ပွားစေမှုသဟဲမျှ- တ-၍နေသောအခါ အတိုးအဆုတ် မျှ-တ၍နေ၏၊ ထင်းမီးစာသဟဲ ကောင်းလျှင် မီးတောက်တိုးပွား၏၊ ထင်းမီးစာသဟဲနည်း၍သွားလျှင် မီးတောက်ဆုတ်ယုတ် သွား၏၊ ထင်းမီးစာကုန်လျှင် မီးတောက်ကုန်ပျောက်၏၊

လောက၌ ပကတိမီး၏ အချက်စုကို စေ့စုံစွာကြည့်၍ ပရမတ် တေဇောဓာတ်ကြီး၏ အခွင့်ကြီး ၂-ပါးကို အတတ်သိနိုင်၏၊ သီတ မီးသည်လည်း လောင်မှု, ပွားမှု, ကိစ္စကြီး ၂-ပါး ရှိ၏၊ မြစ်ရေ, သမုဒ္ဒရာရေ, ကမ္ဘာပျက်ရေတို့ကို မျှော်လေ၊ ထိုရေတို့၌ တိုးမှု, ပွားမှု, တည်နေမှု, ဆုတ်ယုတ်မှုတို့သည် သီတဓာတ်မီး၏ အခွင့်ကိစ္စကြီးပေတည်း။

(ဤကား တေဇော-ဟူသော မီးဓာတ်ကြီး၏ အခွင့်ကိစ္စကြီး၂-ပါးကို ပြဆိုချက်တည်း။)

အထက်ကပြဆိုခဲ့သော ပရမတ်ဓာတ်ကြီးတို့၏ သိမ်မွေ့သေးဖွဲ့မှုနှင့် ဤတေဇောဓာတ်ကြီး၏ အခွင့်ကိစ္စကြီး ၂-ပါးကိုနှီးနှော၍ ကြည့်ခဲ့သည် ရှိသော် ဤခန္ဓာကိုတို့၌ မျက်တောင်တခတ် လျှပ်တစ်ပျက်မျှ မပြတ်မစဲ အမြဲ ကုန်ဆုံးမှုကြီးတစ်ခု ရှိနေသည်ကိုလည်းကောင်း၊ မျက်တောင် တစ်ခတ် လျှပ်တစ်ပြက်မျှ မပြတ်မစဲ အမြဲဖြစ်ပွားမှု ကြီးတစ်ခု ရှိနေသည် ကိုလည်းကောင်း မုချဆတ်ဆတ် သိမြင်အပ်၏၊ ကုန်ဆုံးမှုကြီးကို ထင်မြင်အောင် ကြည့်ရှုသော အခါ၌ မီးလောင်၍ နေသောဂွမ်းပုံကြီး, ဂွမ်းလုံးကြီး, စက္ကူပုံကြီး, စက္ကူထုပ်ကြီးတို့၏ ကုန်မှုကဲ့သို့ ရှုမြင်ရာ၏၊ ဖြစ်မှု, ပွားမှုကို ကြည့်ရှုသောအခါ၌ ကိုယ်ခန္ဓာအတွင်းမှာ ကောင်းကင်၌ တိမ်တိုက် တိမ်ခဲတွေ ခဏချင်း ပြည့်သကဲ့သို့လည်းကောင်း, ဒီချောင်း၌ ဒီရေတက်သကဲ့သို့လည်းကောင်း ထင်မြင်အောင် ကြည့်လေ၊ ဖြစ်ပွားမှု, ပျက်ဆုံးမှုကြီး ၂-ပါးကို ဉာဏ်နှင့် သန့်ခြား၍ အချက်ကျအောင် ကြည့် တတ်မှ မြင်သာထင်သာ ရှိမည်၊ အချက်ကြအောင် ကြံဖန်၍ မကြည့် တတ်လျှင် ထွေးယှက်၍ နေလိမ့်မည်။

(ဤကား မဟာဘုတ်ကြီး ၄-ပါးတို့၏ အလွန်သိမ်မွေ့ သေးဖွဲ့ ပုံနှင့် အဖြစ်အပျက် အလွန်လျင်မြန်ကြပုံကို ရိပ်မိလောက်ရုံ ပြဆိုချက် တည်း။)

( ဂ ) အာကာသ ၄-ပါး ကြည့်ရှုရန် ပထဝီ အာကာသ

အာကသဓာတ် အပြိုင်ဖြစ်ကုန်သော ကလာပ်ဖွဲ့တို့၏ အချင်း ချင်းခြားမှု, ရှေ့နောက်အစဉ့် ဖြစ်ကုန်သော ရုပ်ဟောင်း, ရုပ်သစ်တို့၏ ဘင်စွန်း, ဥပါဒ်စွန်း ခြားမှု-ဟူ၍ ၂-ပါး ရှိ၏၊ ထိုတွင် အပြိုင်ဖြစ်သော ကလာပ်ဖွဲ့တို့၏ အချင်းချင်း ခြားမှုကို ရှေး၌အဏုမြူ, ပရမာဏုမြူတို့ဖြင့် ခွဲ၍ပြဆိုခဲ့ပြီ။ ရှေ့နောက်အစဉ် ဖြစ်ကုန်သော ရုပ်ဟောင်း, ရုပ်သစ်တို့၏ ဘင်စွန်း, ဥပါဒ်စွန်းခြားမှု၌ ခပ်သိမ်းသော ရုပ်တရား, နာမ်တရားတို့ မည်သည် ကိရိယာမျှသာ ဖြစ်ကြကုန်၏၊ အမူအရာမျှသာ ဖြစ်ကြကုန်၏၊ ထို့ကြောင့် အမူအရာတစ်မျိုးတစ်မျိုးသည် ရုပ်တစ်မျိုးတစ်မျိုး, နာမ်တစ်မျိုး တစ်မျိုးပေတည်း၊ ထိုတွင် ရုပ်အမူအရာတစ်မျိုးနှင့် ရုပ်အမူအရာ တစ်မျိုး ၏အကြား၌ အာကာသ ပရိစ္ဆေဒခြားမြဲတည်း။

ဥပမာကား-လူတို့၌ အရေပါးနှင့် အရေထူ၏ အကြား၌ အာကာသခြား၏၊ အပေါ်ရံအရေပါးကို အသီးအခြား ခွာယူလျှင် ရ၏၊ အရေထူနှင့် အသားမြှေး၏ အကြား၌ အာကာသခြား၏၊ အရေထူကို အသီးအခြား ခွာယူလျှင်ရ၏၊ အရိုးတို့၏ အသားတို့၏ အကြား၌ အာကာသခြား၏၊ အသားကို အသီးအခြားခွာယူလျှင် ရ၏၊ ဤ အာကာသမျိုးကား ဟင်းလင်းမြင်ရသော အာကာသမျိုးမဟုတ်၊ အစွန်း၂-ခု အစ၂-ခု ထိစပ်လျက်ရှိ၏၊ ထိစပ်လျက်ရှိသော်လည်း အကြားအလပ် အပြတ် အပေါက်လည်း ဧကန်ရှိ၏၊ ဤအတူ ချုပ်ကွယ် လေသော ကိရိယာဟောင်း၏ ဘင်စွန်းနှင့် ဖြစ်ပေါ်လာသော ကိရိယာ သစ်၏ ဥပါဒ်စွန်း၏ အကြား၌ အာကာသခြား၏၊

ချိပ်ခဲဥပမာ

အလွန်ခက်မာ၍ နေသော ချိပ်ခဲကို ပြင်းစွာသော မီးကျီးစု၌ချ၍ အရည်ကြည်စေရာ၌ အလွန်ခက်မာမှုကား အမူအရာကိရိယာတစ်မျိုး, ပထဝီဓာတ်တစ်မျိုး သီတမီးဓာတ်၏ သားသမီးစုပေတည်း၊ ပြင်းစွာ ပူသော မီးကျီးစု၌ ကျရောက်သည်နှင့် တပြိုင်နက် ဥဏှမီးရှိန်သည် အောက်အဖို့မှစ၍ အစဉ်အတိုင်းလောင်၍ သွားလေရာ သီတမီး ဓာတ်သည် အစဉ်အတိုင်း ချုပ်ကွယ်လေ၏၊ သီတမီးဓာတ်နှင့် သဟ ဇာတဖြစ်ကောင်းသော နူးညံ့မှု ကိရိယာအဆင့်ဆင့် ပြောင်းလဲမှု ဖြစ်ပေါ်၍ သွားသဖြင့် ချိပ်ရည်ကြည်ဖြစ်လေ၏၊

စေ့စေ့ကြည့်ရှု၍နေလျှင် ခက်မာမှုကိရိယာ ကြေပျောက်၍ ကြေပျောက်၍ သွားမှု, ပျော့ပျောင်း၍ ပျော့ပျောင်း၍လာမှု, အစိုင်အခဲ ကြေ၍ကြေ၍ သွားမှု, အရည်တွေတွေ ဖြစ်ပေါ်လာမှုတို့ကို ဒိဋ္ဌမြင်ရ၏၊ စကားတစ်မျိုး တစ်မျိုးနှင့် ပြောဆိုရန် အမူအရာတစ်မျိုးတစ်မျိုး ပြောင်း လဲဖြစ်ပေါ်၍လာမှု ထင်ရှား၏၊ ခက်မာမှုထက် ခက်မာမှုအဆင့်ဆင့် ချုပ်ကွယ်၍သွား၏၊ နူးညံ့မှုထက် နူးညံ့မှုအဆင့်ဆင့် ပြောင်းလဲ ဖြစ် ပေါ်လာ၏၊ ရေလောင်း၍ ဥဏှ-မီးဓာတ်ချုပ်ငြိမ်း၍ သီတ-မီးဓာတ် မင်းမူ၍လာပြန်လျှင် နူးညံ့မှု အဆင့်ဆင့်ချုပ်ဆုံး၍သွား၏၊ ခက်မာမှု အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်၍လာ၏၊ အလွန်ခက်မာမြဲ ခက်မာပြန်၏၊

ဤ၌ချိပ်ဟူသော, ချိပ်ခဲဟူသော, ချိပ်ပျော့ဟူသော နိမိတ္တဓမ္မကြီး ကို နှလုံးမသွင်းမူ၍ ခက်မာမှုကိရိယာ, နူးညံ့မှု ကိရိယာ-ဟူသော ပထဝီဓာတ်စစ်ကိုသာ ဉာဏ်နှင့်စိုက်၍ကြည့်။

ကြည့်ပုံကား

ပထမ ခက်မာမှုသည် အရည်ကြည် ဖြစ်သည့်တိုင်အောင် ပကတိ အတိုင်း တည်နေနိုင်၏လော- ဟုကြည့်၊ ထိုသို့ကြည့်ခဲ့လျှင် ထိုပထမ ခက်မာမှုသည် အရည်ကြည်ဖြစ်သည့်တိုင်အောင် ပကတိ အတိုင်း မတည်နိုင်မူ၍ အစမှစ၍ ခက်မာသော ပထဝီအဆင့်ဆင့် ပြိုပျက် ကုန်ဆုံး၍ သွားမှု, နူးညံ့သော ပထဝီစု လှိုင်းပွက် အလိပ်လိပ် ထသကဲ့သို့ အဆင့်ဆင့် ဖြစ်ပေါ်၍ လာမှုသည် ဉာဏ်၌ ထင်ရှားစွာ ထင်မြင်ရ၏၊ ရှေးရှေးပထဝီ မျိုးကွယ်ပျောက်မှု အဆုံးဆုံးနှင့် နောက် နောက်ပထဝီမျိုး အလိပ်လိပ်ဖြစ်ပေါ်မှု အစအစတို့၏ အကြားအကြား၌ အာကာသပရိစ္ဆေဒ အခြားအခြား အသီးသီးရှိကြသည်ကို ဉာဏ်၌ ခြားနားစွာ ထင်မြင်စေရာ၏၊

ဤ၌အာကာသပရိစ္ဆေဒကား အလွန်စိပ်၏၊ မျက်တောင် တစ်ခတ်မှာပင် အရာ, အထောင် -မကစိပ်၏၊ ဉာဏ်၌ ပထဝီကိရိယာ တစ်မျိုးတစ်မျိုးအနေနှင့် ထင်ရှားလှရာကိုသာ အပိုင်းအခြားပြု၍ ကြည့်လေ၊ ခက်မာမှုစု တစ်ပိုင်း, ပျော့ပျောင်းမှုစု တစ်ပိုင်း, အရည်စု တစ်ပိုင်း၊ ဤသို့ ၃ ပိုင်းပိုင်း၍သော်လည်း ကြည့်လေ၊ ပျက်မှုကို ကြည့်သောအခါ တစ်ပိုင်းတစ်ပိုင်း သန့်ခြား၍ အလုံးစုံကုန်သည်တိုင် အောင် စိုက်၍ကြည့်လေ၊ အရည်၌ နူးညံ့လှစွာသော ပထဝီသည် ခက်မာမှုဖြစ်သည်တိုင်အောင် ပကတိအတိုင်း တည်နေနိုင်၏လောဟူသော အပြန်အလှန်၌ ထိုနည်းအတူ သိလေ။

ပထဝီအာကာသပြီး၏၊

------------

အာပေါအာကာသ

အာပေါအာကာသ၌လည်း ပကတိခက်မာသည်မှစ၍ အရည် ကြည်ဖြစ်သည်တိုင်အောင် ဖွဲ့စည်းမှုဟူသော အာပေါ ဓာတ်အဆင့်ဆင့် ပြက်ပျောက်၍ သွားပုံ, ယိုစီးမှုဟူသော အာပေါဓာတ်အဆင့်ဆင့် စမ်းရေပွက်ကဲ့သို့ ဖြစ်ပေါ်၍သွားပုံ, တစ်ဖန် အရည်ကြည်မှာရှိသော ယိုစီးမှုမှစ၍ ပကတိခက်မာမှု ဖြစ်သည်တိုင်အောင် ယိုစီးမှုအဆင့်ဆင့် ချုပ်ပျောက်ပုံ, ဖွဲ့စည်းမှုအဆင့်ဆင့် ဖြစ်ပေါ်ပုံကို အာကာသပရိစ္ဆေဒနှင့် ပိုင်းခြား၍ကြည့်လေ။

အာပေါအာကာသ ပြီး၏၊

တေဇောအာကာသ

တေဇောအာကာသ၌ အေးမှုအဆင့်ဆင့်, ပူမှုအဆင့်ဆင့်

ပိုင်းခြား၍ ကြည့်လေ။

တေဇောအာကာသပြီး၏၊

-------------

ဝါယောအာကာသ

ဝါယောအာကာသ၌ ထောက်ခံမှုအဆင့်ဆင့် ပိုင်းခြား၍ ကြည့်လေ။

ဝါယောအာကာသပြီး၏၊

----------

ဤချိပ်ခဲတစ်ခု၌ ဓာတ်ကြီး ၄-ပါးတို့၏ ဖြစ်မှု, ပျက်မှုကို အာကာသ ပရိစ္ဆေဒနှင့်တကွ အချက်ကျ ခြားနား ထင်ရှားစွာ ထင်မြင် နိုင်ကြပါလျှင် သတ္တဝါခန္ဓာကိုယ်ကို မဆိုထားဘိ၊ မြင့်မိုရ်တောင်, မဟာပထဝီမြေကြီး တို့၌ပင် မြင်နိုင်ကြကုန်လတ္တံ့၊ ဤချိပ်ခဲ၌ မီးရှိန်ပြင်းစွာ ထိပါးမှုကို အာရုံ ပြုလိုက်သည်နှင့် တစ်ပြိုင်နက် ချိပ်ခဲအမူအရာ တစ်မျိုးပြောင်းလဲမှုကို မျက်စိနှင့် မြင်ရသကဲ့သို့ မြင်၏၊ အမူအရာ ဟောင်းပျက်သည်ကိုလည်း မြင်၏၊ အမူအရာသစ်ပေါ်သည်ကိုလည်း မြင်၏၊ မီး၌ တကယ်ချလျှင် လည်း မျက်စိနှင့်ပင် ကြောင်ကြောင် မြင်၏၊

မျက်စိအမြင်ဆိုသည်ကား- ဌီခဏ-ဌီခဏ-ရောက်ဆဲကိုသာ မြင်၏၊ ပျက်မှုအစွန်း, ဖြစ်မှုအစွန်းတို့ကို မြင်ရိုး မဟုတ်၊ အစွန်း ၂-ခုုတို့၏ကြား အာကာသပရိစ္ဆေဒ-ကိုလည်း မြင်ရိုးမဟုတ်၊ အဟောင်း အသစ် ဌီအချင်းချင်းဖြင့်သာ စပ်ဆက်၍မြင်၏၊

ထိုသို့ မြင်ရာတွင် ဌီရုပ်အချင်းချင်း အမူအရာ မတူကြသည်ကို မြင်၍ မနောဒွါရဖြင့် ရုပ်ပြောင်းမှုကို လောက၌ အလိုလိုသိကြ၏၊ အမူအရာဟောင်း ပျက်သည်ဟု သိကြ၏၊ အမူအရာသစ်တစ်မျိုး ဖြစ်ပေါ် သည်ဟု သိကြ၏၊ အမူအရာခြားသည်ဟု သိကြ၏၊

ထိုတွင်

၁။ အမူအရာဟောင်း ပျက်သည်ဟု သိမှုကား ရုပ်ဟောင်း ၏ ဘင်ကို သိမှုပင်တည်း။

၂။ အမူအရာသစ်တစ်မျိုး ဖြစ်ပေါ်သည်ဟု သိမှုကား ရုပ်သစ်၏ဥပါဒ်ကို သိမှုပင်တည်း။

၃။ အမူအရာခြားသည်ဟု သိမှုကား အာကာသပရိစ္ဆေဒ ကို သိမှုပင်တည်း။

ထိုသို့ သိသော်လည်း ချိပ်ခဲ-ဟူသော သဏ္ဌာန်ဒြပ်, ပညတ် နိမိတ်ကြီးကို စိတ်၌ စွဲလျက်ရှိနေသောကြောင့် စိတ်၌ ထိုသဏ္ဌာန် ကြီးသည်သာ ပြဋ္ဌာန်း၍ နေ၏၊ အမူအရာဟောင်း ပျက်မှု, ပျောက် ကွယ်မှု, ချုပ်ဆုံးမှုကား မရဏဓာတ်ကြီးတစ်ခုတည်းဟု ပျက်မှုကို အသီးအခြားဓာတ်ကြီး ၁-ပါး, ဓမ္မကြီး ၁-ပါးအနေနှင့် မသိကြ၊ စိတ်၌ စွဲမြဲထင်ပေါ်၍နေသော ချိပ်ခဲ၏ အပေါ်ရိက အမူအရာမျှ အနေနှင့်သာ ထင်ကြ၏၊ ထို့အတူ အမူအရာသစ် တစ်မျိုးဖြစ်ပေါ်မှု၊ ပေါက်ဖွားမှု ကိုလည်း အသီးအခြား ဇာတိဓာတ်ကြီးတစ်ပါး, ဇာတိဓမ္မကြီးတစ်ပါးဟု မသိကြ၊ ထို့အတူ အမူအရာခြားမှုကိုလည်း အာကာသပရိစ္ဆေဒဓာတ်ကြီး ၁-ပါး, ဓမ္မကြီး ၁-ပါးဟု မသိကြ။

ချိပ်ခဲ-ဟူသော အဟုတ်ရှိ, ဧကန်ရှိ မဟုတ်သော နိမိတ္တကြီးကို ဉာဏ်နှင့်ဖယ်ရှား၍ ခက်မာမှု, ဖွဲ့စည်း မှု,အေးမှု, ပူမှု, ကြွရွမှု-ဟူသော ပရမတ်ဓာတ်စစ်ကို ဉာဏ်စိုက်၍ ကြည့်တတ်မှသာလျှင် ထိုမရဏ ဓာတ်ကြီး, ဇာတိဓာတ်ကြီး, အာကာသဓာတ်ကြီးတို့သည် အမှုအသီး အခြား, ကိရိယာအသီးအခြား, ဓမ္မကြီး ၁-ပါးစီ ၁-ပါးစီ အဖြစ်နှင့် ထင်မြင်နိုင်သည်၊ ဤဓမ္မကြီး ၃-ပါးကို ကြီးကြီးမားမား သီးသီးခြားခြား ဉာဏ်အမြင် ထင်ရှားစွာ ပေါ်၍လာအောင် အားထုတ်ရသည်၊ သတိ အထူးထားကြစေ။

ဤမျှသော စကားရပ်တို့ဖြင့် အနိစ္စဆိုသော တရားသည် ငါတို့ နဂိုပကတိ စိတ်အသိထဲမှာပင် ပါဝင်ပြီးသာတည်း၊ မမီနိုင်သောတရား မဟုတ်၊ ဉာဏ်၌ နိမိတ္တဓမ္မကြီးကို ပယ်ရှားမှု, ဓာတ်ကြီး ၄-ပါးကို ထုတ်ဖော်မှု, ဓမ္မကြီး ၃-ပါးကို ထင်ရှားစေမှု လို၍နေကြသည့်အတွက် ကြောင့်သာ အနိစ္စကို မြင်လျက်နှင့် အနိစ္စမှန်းမသိ ရှိနေကြရကုန်သည်ဟု အားတက်ကြရန်အချက်ကို ပြဆိုသတည်း။

အာကာသ ၄-ပါး ကြည့်ရှုရန်ပြီး၏၊

------

(ဃ) အနိစ္စလက္ခဏာ မထင်မြင်နိုင်ပုံ

ကိဿ အမနသိကာရာ ကေန ပဋိစ္ဆန္နတ္တာ အနိစ္စလက္ခဏံ န ဥပဋ္ဌာတိ၊ ဥဒယဗ္ဗယမ္ပန ပရိဂ္ဂဟေတွာ သန္တတိယာ ဝိကောပိတာယ အနိစ္စလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။

(အဋ္ဌကထာ)

အဘယ်ကို နှလုံးမသွင်းခြင်းကြောင့်, အဘယ်သည် ဖုံးလွှမ်းခြင်း ကြောင့် အနိစ္စလက္ခဏာသည် သတ္တဝါတို့၏ ဉာဏ်၌ မထင်လေသနည်း ဟူမူကား ဖြစ်မှုပျက်မှုကို ဓာတ်အသီးအခြား, ဓမ္မအသီးအခြားဟု ထင် ရှားအောင် နှလုံးမသွင်းခြင်းကြောင့်, သန္တတိပညတ်တည်း--ဟူသော နိမိတ္တဓမ္မကြီးသည် ဖုံးလွှမ်း၍ နေခြင်းကြောင့် အနိစ္စလက္ခဏာသည် သတ္တဝါတို့၏ဉာဏ်၌ မထင်လေသည်၊ ဖြစ်မှု ပျက်မှုကို ဓာတ်အသီးအခြား, ဓမ္မအသီးအခြားဟု ထင်ရှားအောင် ဉာဏ်နှင့်သိမ်းဆည်း၍ သန္တတိ ပညတ်တည်းဟူသော နိမိတ္တဓမ္မကြီးကို ဉာဏ်နှင့်ခွာဖျက် ပယ်ရှား မှုတ်လွှင့်၍ ပစ်သည်ရှိသော် အနိစ္စလက္ခဏာသည် ဟုတ်မှန်တိုင်းသော မိမိကိစ္စနှင့်တကွ သတ္တဝါတို့၏ ဉာဏ်၌ ထင်လာ၏၊

(ဤကား အဋ္ဌကထာကြီး၏ စကားကို အကျဉ်းချုပ် သိလောက်ရုံ အဓိပ္ပါယ်ဖော်ပြချက်တည်း။)

ဓာတ်ကြီး ၄-ပါး, ဓမ္မကြီး ၄-ပါးတတို့သည် ဉာဏ်အလိမ္မာတို့၏ ကြီးပွါးစည်ကားရာ ဖြစ်ကုန်၏၊ အနိမိတ္တဓမ္မတို့သည် ကိလေသာတို့၏ ကြီးပွါးစည်ကားရာဖြစ်ကုန်၏၊ အတ္တဒိဋ္ဌိ၏ အမိသဖွယ်ဖြစ်သော သမ္မောဟ-တရားကြီးသည် ဓာတ်ကြီး၄-ပါး, ဓမ္မကြီး ၃-ပါးတို့ကို လုံခြုံစွာ ဖုံးလွမ်းကွယ်ကာ၏၊ စိတ်ဝိညာဉ်-ဟူသောမျက်လှည့်သည်ကြီး အဟုတ် မရှိသော နိမိတ္တဓမ္မကြီးကို အမြဲဖန်ဆင်းတည်ထောင်၍ ပြထား၏၊ ထို့ကြောင့်သတ္တဝါတို့သည် ဓာတ်ကြီး, ဓမ္မကြီးတို့ကို ကြောင်ကြောင်မြင် လျက် မသိကြကုန်၊ ကြောင်ကြောင် သိလျက် မမြင်ကြကုန်၊

အဘယ်သို့ ကြောင်ကြောင်မြင်၍ မသိကြကုန်သနည်း-ဟူမူကား လောက၌ ဒိဋ္ဌကိုယ်တွေ့ချည်း ဖြစ်ကြသည်ကို ကြောင်ကြောင်မြင်ဆိုသည်၊ မည်သည့်ဓာတ်ဟူ၍, မည်သည့်ဓမ္မဟူ၍ အသီးအသီးခြားနား၍ မသိကြသည်ကို မသိဆိုသည်။

ကြောင်ကြောင်သိလျက်မမြင်ကြကုန်ဆိုသည်ကား- သာသနာ ဓမ္မ၌ ကြားဖူးနားဝရှိကြသူတို့မှာ ဤကိုယ်ခန္ဓာသည် ဓာတ်ကြီး ၄-ပါး အစုသာတည်းဟု သိကြလျက် ကိုယ်ခန္ဓာ တစ်ခုလုံး ၄-စိတ် ကွဲအောင် ခွဲခြမ်း၍ မမြင်ကြ ဆိုလိုသည်။

ထို စကား ၂-ရပ်ကိုထင်ရှားစေဦးအံ့

ခက်မာမှု,ကြမ်းတမ်းမှု,ပျော့ပျောင်းမှု,နူးညံ့မှုတို့သည် ဒိဋ္ဌကိုယ် တွေ့တို့ချည်းသာတည်း၊ ထို့အတူဖွဲ့တွယ်မှု, စေးစေမှု, ယိုစီးမှုတို့သည် လည်းကောင်း၊ ပူမှု,လောင်မှု,နွေးမှု,အေးမှု,ချမ်းမှုတို့သည်လည်းကောင်း၊ ထောက်ကန်မှု, တောင့်တင်းမှု,ကြွရွမှု,လှုပ်ရှားမှု, ရွေ့သွားမှုသည်လည်း ကောင်း၊ ဒိဋ္ဌကိုယ်တွေ့ချည်းသာတည်း၊ ထို့အတူ ထိုအမူအရာတို့၏ အခြေအနေပျက်မှု, အမူအရာပျောင်းလဲမှု, တစ်မျိုးတစ်မျိုးပေါ်လာမှု, အမူအရာမှု, ရှေ့အမှုနောက်အမှု မတူမှုတို့သည် ဒိဋ္ဌကိုယ်တွေ့ ချည်း သာတည်း၊ အမူအရာတစ်ခုတစ်ခုကိုမူကား ဓာတ် ၁-ပါး ၁-ပါးဟူ၍ ဉာဏ်နှင့်ခြား တား၍ကား မမြင်ကြကုန်၊ အလုံးစုံသော အမူအရာစုကို နိမိတ်ကြီးနှင့် တစ်ခုတည်း ပြု၍သာ မြင်ကြကုန်၏၊ ကိုယ်ကိုစမ်းလျှင် ပူမှန်းသိ၏၊ နွေးမှန်းသိ၏၊ အေးမှန်းသိ၏၊ တေဇောဓာတ်ကြီးပေ-ဟူ၍ မသိကြ၊ နိမိတ်နှင့် တစ်ခုတည်းပြု၍ ကိုယ်ပူသည်၊ ကျောပူသည်၊ ဝမ်းပူသည်အစရှိသည်ဖြင့်သိကြ၏၊ အပူပျောက်ပြီ၊ အနွေးပျောက်ပြီ၊ အအေးပျောက်ပြီ-ဟုသိကြ၏၊ ထိပျောက်မှုကို တေဇော၏ သေမှု ချုပ်မှုဟူသော မရဏဓာတ်ကြီးပေ-ဟူ၍မသိကြ၊ ပူလာပြီ၊ အပူဖြစ်ပေါ်၍ လာပြီ၊ အေးလာပြီ၊ အေးမှုဖြစ်ပေါ်၍လာပြီ ဟုသိကြ၏၊ ထိုဖြစ်ပေါ်မှုကို ဇာတိဓမ္မကြီး တစ်မျိုးပေ-ဟုမသိကြ၊ ထိုအလုံးစုံကို ထင်ရှားစေခြင်းငှါ ဒွတ္တိံသာကာရနှင့်စပ်၍ပြဆိုပေအံ့။

ပဋိသမ္ဘိဒါမဂ်ပါဠိတော်--

ကေသကာယံ၊ လောမကာယံ၊ နခကာသံ၊ ဒန္တကာယံအစရှိသည်ဖြင့်ဟောတော်မူသောကြောင့် တစ်ယောက်သောသူ၏

ကိုယ်ခန္ဓာ၌ကေသကာယ,လောမကာယ-အစရှိသည်ဖြင့် ကာယပေါင်း ၃၂-ပါးရှိ၏၊ ကိုယ်ခန္ဓာပေါင်း ၃၂-ပါးရှိ၏ ဟူလို၊ ဆံပင်ပေါင်း ၂-ကုဋေ ၄-သန်း ရှိသည်ဆိုသောကြောင့် ကေသကာယပေါင်း ၂-ကုဋေ ၄-သန်း ရှိ၏၊ ဆံပင်ခေါ်သော ကိုယ်ခန္ဓာပေါင်း ၂-ကုဋေ ၄-သန်းရှိ၏ဟူလို၊

ထို့အတူ--

မွေးညင်းခေါ်သောကိုယ်ခန္ဓာပေါင်း-------၉၉၀၀၀-ရှိ၏၊

ခြေသည်းလက်သည်းခေါ်သောကိုယ်ခန္ဓာပေါင်း---- ၂၀-ရှိ၏၊

သွားခေါ်သောခန္ဓာကိုယ်ပေါင်း------၃၂-ရှိ၏၊

အရေခေါ်သောခန္ဓာကိုယ်ပေါင်း-----၂-ရှိ၏၊

အသားခေါ်သောခန္ဓာကိုယ်ပေါင်း----၉၀၀-ရှိ၏၊

အကြောခေါ်သောန္ဓာကိုယ်ပေါင်း----၉၀၀-ရှိ၏၊

အရိုးခေါ်သောခန္ဓာကိုယ်ပေါင်း-----၃၀၀-ရှိ၏၊

ဤသို့ စသည်ဖြင့် ခွဲလေဦး။

ဆံပင်တစ်၌လည်း ပထဝီကာယ, အာပေါကာယ, တေဇော ကာယ, ဝါယောကာယ-ဟူ၍ ကာယကြီး၄-ပါးရှိ၏၊

၁။ ဆံပင်တစ်ခုလုံး၌ အမာခံဖြစ်သော ခက်မာမှုကိရိယာ အပေါင်းသည် ပထဝီကာယမည်၏၊

၂။ ဖွဲ့စည်းမှု ကိရိယာအပေါင်းသည် အာပေါကာယမည်၏၊

၃။ ပူသောအခါ၌ ပူမှုအပေါင်း, အေးသောအခါ၌ အေးမှု အပေါင်းသည် တေဇောကာယမည်၏၊

၄။ တေဇောကာယ၏ အရှိန်ဖြစ်သော ထောက်ကန်မှု အပေါင်းသည် ဝါယောကာယမည်၏၊

ဤသို့ဆိုလျှင် ဆံပင်တစ်ခု၌ ကာယကြီး ၄-ပါးရှိ၏၊ ကိုယ်ခန္ဓာ ကြီး ၄-ပါးရှိ၏-ဟူလိုသည်။

ထိုကာယကြီး ၄-ပါးတို့၏ မစဲဖြစ်ပေါ်မှု, မစဲပျက်ဆုံးမှု, ဟူသော လက္ခဏာဓာတ်ကြီး ၂-ပါးလည်းရှိ၏၊ ကလာပ်ဖွဲ့ ကလာပ်ခဲတို့၏ ထက် ဝန်းကျင် အခြား ရှေ့နောက်အခါဟူသော အာကာသပရိစ္ဆေဒဓာတ်ကြီး လည်းရှိ၏၊ စိတ်ဝိညာဉ် ဖန်ဆင်း၍ပြသဖြင့် ထင်မြင်၍နေကြသော သဏ္ဌာန်နိမိတ်ကြီးလည်းရှိ၏၊ ထိုသဏ္ဌာန်အတိုင်း နှစ်လအရှည် တည်နေ သည်ဟု ထင်မြင်၍နေကြသော သန္တတိနိမိတ်ကြီးလည်းရှိ၏၊ ဤ နိမိတ်ကြီး ၂-ပါးတို့သည်ကား စိတ်ထဲတွင် ထင်မြင်ကြရသော ပညတ် မျှတို့သာတည်း၊ ထိုဆံပင်တစ်သက် ထိုနိမိတ်ကြီးတို့သည်မြဲကုန်၏၊ လူသေ၍မှ မပျက်ကြကုန်သေး။ သုသာန်မြေမ ဗာတထွေးလုံးလုံး တည်ရှိကြကုန်သေး၏၊ ထိုနိမိတ် ၂-ပါးတို့မှာဖြစ်မှုဟူ၍လည်းမရှိ၊ ပျက်မှုဟူ၍လည်းမရှိ၊ လည်းမရှိ၊ ဒုက္ခလည်းမရှိ၊ နိစ္စဓမ္မမျိုးတို့သာတည်း။ ထိုနိမိတ်ကြီး ၂-ပါးတိုမှီရာဖြစ်သော ကာယကြီး၄-ပါးတို့ ထိုဘဝ၌ အစစွာသောဖြစ်ပေါ်မှုကို ထိုနိမိတ်တို့၏ ပျက်မှုဟု သိမြင် ထင်မှတ်၍ နေကြကုန်၏၊ မသေမီအကြား၌ ထိုသူအသက်ရှည်သမျှကာလပတ်လုံး အန္တရာယ်မရှိလျှင် သုသာန်မြေသို့ရောက်သည်တိုင်အောင် ထိုဆံပင် အခါခါဖြစ်သည်၊ အခါခါပျက်သည်ဟူ၍ မရှိပြီ-ဟုသိမြင်ထင်မှတ်၍ နေကြကုန်၏၊ သတ္တဝါ၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် နိမိတ္တတုံးကြီး, နိစ္စတုံးကြီး ထင်မြင် စွဲမှတ်၍နေကြကုန်၏၊

ထိုနိမိတ်ကြီး ၂-ပါးတို့တွင် သဏ္ဌာန်နိမိတ်ကြီးသည် ဆံပင်၌ ရှိသော ကာယကြီး ၄-ပါးတို့ကို ဆံပင်ဟု တစ်ခုတည်းပြု၍ ဖုံးလွမ်း၏၊ ၁။ ဆံပင်၌ရှိသော ခက်မာမှုကို ပထဝီဓာတ်ဟု ခွဲခြမ်း၍ မသိနိုင် ကုန်၊ ဆံပင်ခက်မာသည်ဟူ၍သာ သိကြကုန်၏၊

၂။ ဖွဲ့စည်းမှုကိုအာဗောဓာတ်ဟု ခွဲခြား၍ မသိကြကုန်၊ ဆံပင်ဖွဲ့ စည်းသည်ဟု သိကြကုန်၏၊

၃။ ပူမှု, အေးမှုကို တေဇောဓာတ်ဟု ခွဲခြား၍ မသိကြကုန်၊ ဆံပင်ပူသည်ဆံပင်အေးသည်ဟု သိကြကုန်၏၊

၄။ ထောက်ကန်, တောင့်တင်းမှုကို ဝါယောဓာတ်ဟုခွဲခြား၍ မသိကြကုန်၊ ဆံပင်တောင့်တင်းသည်ဟု သိကြကုန်၏၊

သန္တတိနိမိတ်ကြီးသည် ထိုဓာတ်ကြီး ၄-ပါးတို့၏ ၁-နာရီအတွင်း မှာ အခါ ၁-ရာ အခါ ၁-ထောင်မက တစ်သုတ်တစ်သုတ် ချုပ်ပျက် သေဆုံးမှု, တစ်သုတ်တစ်သုတ် အသစ်သစ်ဖြစ်ပေါ်မှုတို့ကို လုံခြုံလှစွာ ဖုံးကွယ်၍ ရှေ့နောက်အစဉ်ဖြစ်ကုန်သော ထိုတစိသုတ်တစ်သုတ်တို့ကို ဆံပင်တစ်ခုတည်းပြု၍ တစ်သက်လုံး၌ သည်ဆံပင်-ဟုထင်မှတ်မှောက် မှားစေ၏၊ ဓာတ်ကြီး ၄-ပါးတို့ကား အနိစ္စမျိုးတို့တည်း၊ နိမိတ်ကြီး ၂-ပါးတို့ကား နိစ္စမျိုးတို့သာတည်း၊ အဟုတ်ရှိသော တရားမျိုးမဟုတ်သော ကြောင့် ပျက်စရာမရှိသည့်အတွက် နိစ္စမျိုးဖြစ်လေသတည်း။

ထိုဆံပင်၌ ကာယကြီး ၄-ပါးတို့တွင် တေဇောကာယဆိုသည် ကား မီးစုမီခဲတည်း၊ ပူမှု,နွေးမှု,အေးမှု,ချမ်းမှု, အစုအခဲတည်း၊ ပူမှု, အေးမှုတို့၌ ကိစ္စကြီးကား ၂-ပါးသာရှိ၏၊

၁။ အတူတကွ အနည်းအစပ်ဖြစ်သော ပထဝီကာယ, အာပေါ ကာယ, ဝါယောကာယတို့ကို ခဏမစဲ, ကုန်ဆုံးအောင် အမြဲလောင်မှု ကိစ္စကြီးတစ်ပါး။

၂။ ထိုကာယကြီး ၃-ပါးတို့ကို လောင်မိ,စွဲမိ,ခဲမိသည်နှင့် တစ်ပြိုင် နက် အမြဲမီးပွါးမှု ကိစ္စကြီးတစ်ပါး။

ဤသို့ ပူမှု၌ ကိစ္စကြီး ၂-ပါး, အေးမှု၌ကိစ္စကြီး ၂-ပါး အသီးအသီး ရှိကြ၏၊ ဤစကား၌ မီးပွါးမှုဆိုသည်ကား အပူအဆင့်ဆင့်ပွါးမှု, အအေး အဆင့်ဆင့်ပွါးမှုကိုဆိုသတည်း၊ ပူမှု,အေးမှု အသစ်အသစ်မီးပွါးတိုင်း မီးပွါးတိုင်း ကြွင်းသော ကာယကြီး ၃-ပါးတို့သည် အမြဲပါရှိကြကုန်၏၊

မီးပွါးပုံ

မီးပွါးပုံအခြင်းအရာကိုကား လောက၌ ရှားမီးခဲရဲရဲကြီးကို စေ့စေ့ကြည့်ရှု၍လည်းကောင်း, မီးတောက်မီးလျှံကို စေ့စေ့ကြည့်ရှု၍ လည်းကောင်း, ဥဏှမီးပွါးမှုကိုသိမြင်ရာ၏၊ မြစ်ရေအလျဉ်,စမ်းရေ အလျင်များ ကိုကြည့်ရှု၍ သီတမီးပွါးမှုကို သိမြင်ရာ၏၊ လှုပ်လှုပ်ရွရွ တစ်ဖွါးဖွါးပေါ်မှု, တက်မှု, တတွေတွေစီးထွက်မှုတို့ကိုဆိုလိုသည်။

အကြင်မျှလောက်သော နေ့,ရက်,လ,နှစ် ကာလပတ်လုံး ထို ဆံပင်၌တေဇောကာယကြီး မီးပွါးမှု အခွင့်ရရှိ၏၊ ထိုမျှလောက်သော ကာလပတ်လုံး ဆံပင်ဟူသော သဏ္ဌာန်နိမိတ် သန္တတိနိမိတ်တို့သည် ထင်မြင်ရ ကုန်၏၊ မီးပွါးမှုကုန်ဆုံးလျှင် အမှီမရှိ၍ ထင်စရာ မြင်စရာမရှိ၊ ကွယ်ပျောက်ကြကုန်၏၊ ဤမီးပွါးမှုကို ဉာဏ်စူးစိုက်မိခဲ့လျှင် ဆံပင် တစ်ခုလုံးအမြဲနိစ္စတရွရွနေသည်ကို ထင်မြင်နိုင်ကြကုန်လတ္တံ့။ ဆံပင် တစ်ခု၌ ကောင်းကောင်းမြင်ခဲ့ပေလျှင် သတ္တဝါတို့၏ ကိုယ်ခန္ဓာရှိ ရုပ်စု ရုပ်ခဲတို့ကိုမဆိုထားဘိ၊ မဟာပထဝီမြေကြီး, မြင့်မိုတောင်ကြီးတို့နှင့် တကွ တော,တောင်, သစ်ပင်-အစရှိသော ရုပ်စုရုပ်ခဲတို့သည် ဉာဏ်၌ တရွရွ တွေဖြစ်၍ ကုန်လတ္တံ့။

တရွရွထင်မြင်ခဲ့လျှင် ထိုတရွရွဆိုသော အမှုမျိုး၌ အကျအတက် အပျက်အဖြစ်တွေကို ဖက်စပ်၍ ဆိုရသော အမှုမျိုးပေတည်း။ ထို့ကြောင့်--

၁။ ရှေးရှေးအသုတ်မှ ကာယ ကြီး ၄-ပါး ပျက်ဆုံးမှု အစွန်း,

၂။ နောက်နောက်အသုတ်မှ ကာယကြီး ၄-ပါး အသစ်အသစ် ဖြစ်ပေါ်မှုအစွန်း,

၃။ ထိုအစွန်း ၂-ပါး, ၂-ပါးတို့၏ အကြား၌ အပြတ်ကြီး အပြတ် ကြီး အနေနှင့် အမြဲပါရှိသောအာကာသ ပရစ္ဆေဒမှု,

ဤအစွန်း ၂-ပါး,အခြား ၁-ခုကိုလည်း အတတ်သိမြင်နိုင်ကြ ကုန်ရာသတည်း။

(ဤကား အစဉ်အမြဲအားဖြင့် သတ္တဝါတို့၏ ကိုယ်ခန္ဓာနှင့်တကွ တစ်လောကလုံး၌ နေ, လ, နက္ခတ်တို့ကို အရင်းပြု၍ တစ်နေ့တစ်နေ့၌ ပင်လျှင် ပဟိုရ်အပိုင်းအခြား, နေ့,ညဉ့် အပိုင်းအခြားအားဖြင့် တက်တုံ့ ဆုတ်တုံ့ ဖြစ်၍နေကြသော ဥဏှဓာတ်မီး, သီတဓာတ်မီးတို့ကို အစွဲပြု၍ ပကတိသော ဆံပင်၌ ကာယကြီး ၄-ပါး, အစွန်းကြီး ၂-ပါး, အခြားကြီး ၁-ပါးတို့ကို ဖော်ပြသော အချက်တည်း၊ ချိပ်ခဲ ဥပမာနှင့်ယှဉ်၍ ကြည့် လေ။)

ဤဆံပင်၌ ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ-ဟူသော ဥပါဒါရုပ် ၄-ခု ကျန်ရှိသေး၏၊ ကာယကြီး ၄- ပါး တို့၏ဖြစ်မှုပျက်မှု ထင်မြင်နိုင်ပါလျက် ဥပါဒါရုပ်တို့၏ဖြစ်မှု, ပျက်မှုတို့ကိုလည်းထင်မြင်နိုင်တော့သည်၊ သို့ရာတွင် အဆင်းဟူသော ဝဏ္ဏဓာတ်သည် သဏ္ဌာန်နိမိတ်ကြီးနှင့် အလွန်နီး စပ်လှ၏၊ ဤအဆင်းဟူသော ဝဏ္ဏဓာတ်ကို မှုန့်မှုန့်ညက်ညက်ကြေအောင် ဉာဏ်နှင့် အထူးခြေဖျက်ရလိမ့်မည်၊ ပထဝီကာယကြီး ပျက်မှုကိုရှုခဲ့လျှင် ဝဏ္ဏဓာတ် ပျက်မှုကိုလည်း တပေါင်းတည်းပါအောင်ရှု။

ထို့အတူ အာပေါ ကာယကြီး အဖွဲ့အတွက် ပြုတ်ပျက်မှု, တေ ဇောကာယကြီး အပူအအေး ကုန်ဆုံးမှု, ဝါယောကာယကြီး အရှိန်သေ ပျောက်မှုတို့ကို ရှုခဲ့လျှင် ဝဏ္ဏဓာတ်ပျက်မှုလည်း တပေါင်းတည်း ပါလေ အောင် အထူးအားထုတ်ရမည် ဆိုလိုသည်၊ ဆံပင်၌ မည်းနက်သော အဆင်းကို ကြောင်ကြောင်မြင်ကြလျက် ဓာတ်အသီးအခြား ဟု မသိကြ၊ ဓာတ်အသီးအခြားဟု သိကြလျက် ခြားနား၍ မမြင်ကြ။ အနံ့, အရသာ, ဩဇာတို့၌လည်း ဤနည်းတူဆိုလေ၊ ဤဆံပင်၌ကဲ့သို့ မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ-အစရှိသော ကြွင်းသော ကောဋ္ဌာသ တို့၌လည်း ကာယကြီး ၄-ပါး, အစွန်း ၂-ပါး, အာကာသ ပရိစ္ဆေဒ ၁- ပါး, နိမိတ်ကြီး ၂-ပါးတို့ကို အသီးသီး အထင်အမြင် ပေါက်အောင် အားထုတ်ကြလေ။

ထိုကြွင်းသောကောဋ္ဌာသတို့တွင် မွေးညင်းမှတစ်ပါးသော ၁၈- ပါးသော ပထဝီကောဋ္ဌာသတို့၌ နိမိတ်ကြီး ၂-ပါး ကြီးကျယ်လှ၏၊

၁။ သဏ္ဌာနနိမိတ်မည်သည် အဏုမြူမျှ အထည်ဝတ္ထုဒြဗ် သဏ္ဌာန် ထင်မြင်လာလျှင် သဏ္ဌာန-နိမိတ်ကြီးပင်တည်း။

၂။ သန္တတိ-နိမိတ်မည်သည်ကား ဤဝတ္ထုသည် ၁-မိနစ် တည် နေ၏၊ ၁-နာရီ တည်နေ၏ဟု ထင်မြင်လာလျှင် သန္တတိ နိမိတ်ကြီး ပင်တည်း။

မုန်ညင်းစေ့ငယ်တွေကို တောင်ကြီးဖုံးဖိ၍ ထားဘိသကဲ့သို့ အဟုတ် အမှန်ရှိသော ပရမတ်ဓာတ်တွေက အဟုတ်အမှန်ရှိ မဟုတ်၊ စိတ်ဝိညာဉ် လုပ်ကြံလှည့်စား၍ ပြမှုနှင့် ထင်မြင်၍ နေရသော ထို နိမိတ်ကြီး ၂-ပါးတို့သည် ဖုံးအုပ်ကွယ်ကာ၍ ထားအပ်ကုန်၏၊ ပရမတ် ဓာတ်ကြီးတွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်၍ နိမိတ်ကြီးတွေကို ဉာဏ်နှင့် သန်သန်မှုတ်လွှင့်၍ ပစ်ကြလေ၊ အမိုက်မှောင် မည်သည်ကို အရာင်အလင်းသည်သာ ငယ်နိုင်ဖြစ်၏၊ ညဉ့်အခါ တိုက်ခန်း၌ ပြည့်၍ နေသော မှောင်လုံး မှောင်ခဲကြီးကို အရာင်တစ်ခုသည်သာ နိုင်၏၊ အရောင်မှတစ်ပါး ထိုမှောင်ကိုနိုင်သော အရာမရှိ၊ ဗုံးကြီး, အမြောက် ကြီးနှင့် ပစ်ခွင်း၍ ဖျက်စီးသော်လည်း ပျောက်ပျက်အောင် မတတ်နိုင်၊ မီးရောင်လာခဲ့လျှင် အဏုမြူမကျန် ခဏချင်းကွယ် ပျောက်၏၊ ထို့အတူ နိမိတ္တမှောင်ကြီးကိုလည်း ဓာတ်သဘောကို မြင်သော ဉာဏ်ရောင်သည် ငယ်နိုင်ဖြစ်၏၊ ဉာဏ်ရောင်ပေါ်လျှင် အလိုလိုကွယ် ပျောက်၏၊ နိမိတ္တမှောင်ကြီး ဖုံးလွှမ်းမှုဆိုသည်နှင့် အဝိဇ္ဇာ-မောဟ မှောင်ကြီး ဖုံးလွှမ်းမှုသည်ကား အတူတူပင်၊ စိတ်သန္တာန်၌ သမ္မောဟ တရားကြီးရှိနေသောကြောင့် စိတ်ဝိညာဉ်သည် ထိုနိမိတ္တ မှောင်ကြီးတွေ ကို ဖန်ဆင်းနိုင်လေသည်၊ စိတ်သန္တာန်၌ ဓာတ်အမြင်ပေါက်သောဉာဏ် တစ်စတစ်စပေါ်လာလျှင် သံမောဟတရားကြီး တစ်စတစ်စ ပြယ်ပျောက် ၏၊ စိတ်ဝိညာဉ် လှည့်စားမှုလည်း တစ်စတစ်စ ကွယ်ပျောက်၏၊ ထိုသမ္မောဟတရားကြီးကြောင့် စိတ်ဝိညာဉ်အမှုဖြစ်သော နိမိတ္တ မှောင်ကြီး ၂-ပါး အမြဲထင်မြင်၍ နေသဖြင့်

၁။ နိစ္စဒိဋ္ဌိကြီး,

၂။ အတ္တဒိဋ္ဌိကြီး,

၂။ အတ္တဒိဋ္ဌိကြီး,

၂-ပါးတို့ မင်းမူ၍နေကုန်၏၊ ထိုဒိဋ္ဌိကြီးတို့မှ ဒုစရိုက် ၁၀- ပါးတို့သည် ထွက်ပေါ်ကြကုန်၏၊ ဒုစရိုက် ၁၀-ပါးတို့မှ အပါယ်ဘဝ, အပါယ်ခန္ဓာတို့သည် ဖြစ်ကုန်၏၊

ဒိဋ္ဌိဘေးကြီး, ဒုစရိုက်ဘေးကြီး, အပါယ်ဘေးကြီးတို့ကို ကြောက် လန့်ကြကုန်မူကား ဓာတ်အမြင်ပေါက်သော ဉာဏ်ရောင်အလင်းက အင်တိုက်အားတိုက် ထူထောင်ကြလေကုန်။

တိမ်သလာဖုံးသော မျက်စိ

မျက်စိနှစ်ဘက်၌ ပသာဒရုပ်ကြည်ကို တိမ်သလာကြီး ထူထပ်စွာ ဖုံးလွှမ်းလျက်ရှိသောသူသည် နေ့ကြောင်ကြောင်မှာပင် မှောင်ကြီးဝိုင်း၍

နေ၏၊ မှောင်ကြီးကိုသာ မြင်၍ နေ၏၊ ထိုသူထင်မြင်၍နေသော မှောင် ကြီးကား နေ့ကြောင်ကြောင်ဖြစ်၍ အဟုတ်ရှိသော မှောင်မဟုတ်၊ ထိုသူစိတ်ဝိညာဉ် ထင်မိထင်ရာ မြင်မိမြင်ရာ မဟုတ်တရုတ်ကြီး, မတူ တယူကြီး သက်သက်သာတည်း၊ မျက်စဉ်းဆေးဝါးကို အားထုတ်မှီဝဲ၍ တိမ်သလာ ကွာပျောက်သဖြင့် အတွင်း၌ ပသာဒရုပ်ကြည်ပေါ်၍လာ လျှင် ထိုဝိုင်း၍နေသော မှောင်ထုကြီး အလိုလို ပပျောက်လေ၏၊

၁။ မျက်စိမမြင်သူနှင့် ဤသတ္တဝါတို့သည် တူကုန်၏၊

၂။ မျက်စိနှင့် စိတ်သဏ္ဌာန်သည်တူ၏၊

၃။ ပသာဒရုပ်ကြည်နှင့် ပကတိဉာဏ်သည်တူ၏၊

၄။ တိမ်သလာနှင့် အဝိဇ္ဇာသမ္မောဟ တရားကြီးသည်တူ၏၊

၅။ စိတ်ရှေးရှုရာ အရပ် ၁၀-မျက်နှာဝိုင်း၍ နေသော မှောင်ကြီး နှင့် နိမိတ်ကြီးတို့သည် တူကုန်၏၊

သတ္တဝါတို့၏ ပကတိသောစိတ်ဝိညာဉ်မည်သည် အဟုတ်အမှန် ကို ဟုတ်မှန်သည့်အတိုင်း ထင်မြင်၍နေမှု အလွန်နည်းပါး၏၊ မဟုတ် မမှန် ထင်မြင်၍နေမှုကား တစ်ယောက်တစ်ယောက်မှာပင် အနန္တများ ပြား၏၊

သည်းခြေပျက်သော အရူး

သည်းခြေပျက်၍ အလွန်ကြီး ဖောက်ပြန်၍နေသော အရူး၏ စိတ်သည် မီးကို ရွှေထင်၏၊ ရေပြင်ကို မြေပြင်ထင်၏၊ ကောင်းကင်ကို ရေပြင်ထင်၏၊ သစ်ပင် တောချုံတွေကို ရွှေဘုံရွှေနန်းတွေ ထင်၏၊ ထိုထင်မြင်မှုသည် စိတ်ဝိညာဉ် လှည့်စား သက်သက်သာတည်း၊ ဓာတ် အမြင် မပေါက်သော ပုထုဇဉ်သတ္တဝါတို့၏ စိတ်သည် ထိုအရူးစိတ်နှင့် ထပ်တူပင်တည်း။

အရူး၏ စိတ်မှာ ဘာမှမဟုတ်, ဘာမှမရှိသော ကောင်းကင်ကို ရေပြင်ကြီး, ပင်လည်ပြင်ကြီး အဟုတ်အမှန် ထင်မြင်၍နေမှုနှင့် ပုထုဇဉ် သတ္တဝါတို့၏စိတ်မှာ နိမိတ်ကြီး ၂-ပါး ထင်မြင်၍နေမှု တူလှ၏၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့သည်သာ အဟုတ်ရှိ အမှန်ရှိ ဖြစ်၏၊ ထိုအဟုတ်ရှိ အမှန်ရှိ တို့ကား မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ ခိုင်မြဲသော နိစ္စမျိုး မဟုတ်ကုန်၊ အလိုသို့ လိုက်ပါတတ်သော အတ္တမျိုးမဟုတ်ကုန်၊ အနိစ္စမျိုး, အနတ္တမျိုးတို့သာ ဖြစ်ကုန်၏၊ နိမိတ်ကြီး ၂-ပါးတို့ကား အဟုတ်ရှိ အမှန်ရှိ မဟုတ်၊ စိတ်ဝိညာဉ် ထင်ချင်တတ်တိုင်း ထင်မြင်၍နေသော အထည်ဒြဗ် ကြီးဖြစ်၍ နိစ္စအနေ, အတ္တအနေထင်မြင်၍ နေကြကုန်၏၊

နိမိတ်ကြီး ၂-ပါး ဆိုသည်ကား အထည်ဒြပ် မဟုတ်သော ရုပ် ဓာတ်, နာမ်ဓာတ်ကိုပင် အထည်ဒြပ်ပြုလုပ်၍ ထင်မြင်သော အမှုတည်း၊ အရူးသည် ကောင်းကင်ကြီးငယ်ကို ရေဟူ၍ အတပ်ထင်မြင်၏၊ အရူး ထင်သည်အတိုင်း၊ ရေမဟုတ်သည်အတွက်ကြောင့် ရေကိစ္စ၌ အသုံး သက်သက်မကျ၊ ရေဟုထင်မြင်ချက်နှင့် အမက်ကြီး အစွဲကြီး တစ်ခု ဖြစ်နေရုံမျှသာရှိ၏၊ ထို့အတူ သတ္တဝါတို့သည် ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို နိမိတ်ကြီး၂-ပါးပြုလုပ်၍ နိစ္စ, အတ္တထင်မြင်၍ နေကြကုန်၏၊ သတ္တဝါတို့ ထင်မြင်သည့်အတိုင်း မဟုတ်သည့် အတွက်ကြောင့် ထိုရုပ်ဓာတ်, နာမ် ဓာတ်တို့သည် နိစ္စကိစ္စ, အတ္တကိစ္စနှင့် သက်သက်အသုံးမကျကုန်။

နိစ္စကိစ္စ, အတ္တကိစ္စ ဆိုသည်ကား-စောင့်ရှောက်မှု, ထောက် ပံ့မှု, မွေးမြူပြုပြင်မှုတို့နှင့် အချင်းခပ်သိမ်း လွတ်ကင်း၍ အနှစ် ၁-ရာ, အနှစ် ၁-ထောင်စသည်ဖြင့် သတ္တဝါတို့ အလိုရှိသမျှ ကာလပတ်လုံး မိုးကြိုးပင် ပစ်သော်လည်း ဖောက်ပြန်ခြင်းမရှိပဲ ပကတိအတိုင်း တည်နေမှု သည် နိစ္စကိစ္စ, အတ္တကိစ္စမည်၏၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့၌ ထိုကိစ္စ ၂- ချက် သက်သက်မရှိ။

ဆီမီးတောက် ဥပမာ

မီးစာ, ဆီ, ရေနံဆီတို့ကို အစွဲပြု၍ ဖြစ်ရ, တည်နေရသော မီးတောက်သည် မီးစာ, ဆီ, ရေနံဆီတို့ လျော့ပါးကုန်လျှင် လျှော့ပါးရ တော့သည်၊ မီးစာ, ဆီ, ရေနံဆီ- တို့ကုန်ဆုံးလျှင် သေဆုံးရတော့သည်၊ မီးစာ, ဆီ, ရေနံဆီတို့နှင့်ကင်း၍ အကတိအနေနှင့် မျက်တောင် တစ်ခတ်စာမျှ တည်တံ့၍ မနေနိုင်၊ သေရလေ၏၊

မီးစာ, ဆီ, ရေနံဆီတို့ပင် အပြည့်အစုံရှိကြကုန်သော်လည်း လေ, ရေ-အစရှိသော အန္တရာယ် ဖျက်ဆီးပြန်လျှင် ခဏချင်း သေဆုံးပြန်သည်။ ထိုနှင့်ထပ်တူ သတ္တဝါတို့ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့သည် အမိဝမ်း၌, အမိကိုယ်၌ ဖြစ်ကုန်သော ဥတု, အာဟာရတို့ကို အစွဲပြု၍ ဖြစ်ရ, တည်ရကုန်၏၊ ထိုဥတု, အာဟာရ-တို့နှင့်ကင်း၍ မျက်တောင်တစ်ခတ် စာမျှ တည်တံ့စွာမနေနိုင်၊ ပျက်ဆုံးရကုန်၏၊ ဖွားမြင်သည်မှ နောက်၌ လည်း ထမင်းအစာရေစာတို့မှ ဖြစ်ကုန်သော ဥတု, အာဟာရတို့ကို အစွဲပြု၍ ဖြစ်ရတည်ရကုန်၏၊ ထိုဥတု, အာဟာရတို့နှင့်ကင်း၍ မျက် တောင်တစ်ခတ်စာမျှ အဇ္ဈတ္တခန္ဓာတို့သည် တည်တံ့စွာ မနေနိုင်ကုန်၊ ပျက်ဆုံးရကုန်၏၊

ထိုဥတု, အာဟာရတို့ ထောက်ပံ့မှု ရှိနေကုန်သော်လည်း ကိုယ်တွင်း အန္တရာယ်, ကိုယ်ပအန္တရာယ်တို့ အပြင်းအထန် ထိပါးခဲ့ပြန် လျှင် ခဏချင်း ပျက်ဆုံးရပြန်ကုန်၏၊

ကိုယ်တွင်း၌ ထမင်းရေစာတို့မှ ဖြစ်ပွားသော ဥတု- ဟူသော ဓာတ်မီး, အာဟာရ-ဟူသော ဓာတ်ဆီတို့နှင့် ကင်းလျက်လည်းကောင်း, အတွင်းအပအန္တရာယ် ပြင်းထန်စွာ ထိပါးလျက်လည်းကောင်း, ဖောက် ပြန်ခြင်းမရှိဘဲ မိမိတို့၏ နိစ္စဂုဏ်သတ္တိ အစွမ်းနှင့်သော်လည်းကောင်း, သတ္တဝါတို့၏ အလိုသို့လိုက်ပါမူ-ဟူသော အတ္တဂုဏ်-သတ္တိအစွမ်းနှင့် သော်လည်းကောင်း, သတ္တဝါတို့၏အလိုသို့လိုက်ပါမှု-ဟူသော အတ္တဂုဏ်အစွမ်း နှင့်သော်လည်းကောင်း ပကတိအနေအားဖြင့် မျက်တောင် တစ်ခတ်စာမျှ တည်နေနိုင်မှု မရှိကြလေကုန်။

ဤလောကတွင် ရေသတ္တဝါ, ကုန်းသတ္တဝါတို့၌ အသက်မွေးမှု ကိစ္စ အစာအာဟာရ ရှာမှီးစားသောက်မှုကိစ္စ, ကိုယ်တွင်းကိုယ်ပ ဘေးအန္တရာယ်တို့ကို အမြဲသတိပြုမှုကိစ္စ၊ ဤသင်္ခါရဒုက္ခ ကိစ္စကြီးတို့နှင့် နေ့ရက်ရှိသမျှ ကြပ်တည်းစွာ ကြောင့်ကြစိုက်ထုတ်၍ နေကြသည်ကား ဒိဋ္ဌမျက်မြင်ပေတည်း။

ထိုသင်္ခါရဒုက္ခ ကိစ္စကြီးတို့ကို လွှတ်ထား၍ မိမိခန္ဓာတို့၏ နိစ္စဂုဏ်သတ္တိ, အတ္တဂုဏ်သတ္တိ သက်သက်နှင့် တစ်သက်လုံး တည်နေ နိုင်သောသူဟူ၍ လောက၌ တစ်စုံတစ်ယောက်မျှမရှိ၊ တစ်နေ့ တစ်ရက်မျှ မနေနိုင်ကြ၊ တစ်ကြိမ်မှီဝဲသောအစာ အာဟာရဓာတ်စာ၏တစ်ကိုယ် လုံးပျံ့နှံ့ထောက်ပန့်မှုသည် လူတို့၌ ၇-ရက်ဟူ၏၊ နတ်တို့၌ ၁-လ, ၂- လ,ဟူ၏၊ ထိုဓာတ်ဆီ အလျဉ်ပြတ်သည့်နောက် မျက်တောင်တစ်ခတ်မျှ အဇ္ဈတ္တခန္ဓာတို့ မတည်နိုင်ကုန်၊ ဥတုဇရုပ်ကြမ်းတို့သည်သာ သူသေ ကောင်အဖြစ်နှင့် ကျန်ရစ်ကုန်တော့သည်။

နိမိတ်ကြီး ၂-ပါးတို့သည် ထိုခန္ဓာတို့၏ ထိုကဲ့သို့သော ပျက်ဆုံးမှု ကိုအဏုမြူမျှ တားမြစ်ခုခံနိုင်ကြသည် မဟုတ်ကုန် ဤသတ္တဝါ အပေါင်း တို့သည်မူကား သင်္ခါရဒုက္ခမှုကြီးတွေနှင့် အကြပ်အတည်းကြောင့်ကြ စိုက်နိုင်လှ၍ ခန္ဓာအစဉ်မပျတ်ဘဲ နှစ်လရှည်ကြာ အသက်ရှည်၍ နေကြရပါသည်ကို နိမိတ်ကြီးတို့၏ နိစ္စအစွမ်း, အတ္တအစွမ်း, ဇီဝအစွမ်းဟုထင်မှတ်မှောက်မှား၍နေကြကုန်၏၊ ခန္ဓာတို့သည်လည်းကောင်း, နိမိတ်တို့သည်လည်းကောင်း အကယ်၍ အလိုလိုက်မှု-ဟူသော အတ္တ အစွမ်းရှိကြကုန်သည်ဖြစ်အံ့၊ ထိုခန္ဓာနိမိတ်တို့ သည်ပြုပြင်မှုနှင့် ကင်၍ပင် သတ္တဝါတို့၏ နေလိုသမျှ နှစ်, လ-များစွာ ၁-ရာ ၁-ထောင် စသည် တည်နေကြကုန်ရာသည်။

သတ္တဝါတို့၏ အလိုသက်သက်နှင့် ၁-ရက် ၁-နာရီ တည်နေကြ သည်မဟုတ်ကုန်၊ ထိုကြောင့် အတ္တအစွမ်း ဟူ၍ အဏူမြူမျှ မရှိကြ သည်ကို မုချသိမြင်နိုင်၏၊

အကယ်၍ ၁-နေ့ ၁-ရက် ရှည်နိုင်သော အသက် ဇီဝ ရှိကြကုန် သည်ဖြစ်အံ့၊ ၁-နေ့ ၁-ရက် အတွင်းမှာ မိုးကြိုး ၁၀၀-ဆိုင်၍ ပစ်သော် လည်း ထိုခန္ဓာတို့ မပျက်ကုန်ရာ၊ အကယ်၍ ၁-ရက် ၂-ရက် ရှည်နိုင်သော အသက်, ၃-ရက်ရှည်နိုင်သော အသက်, ၁-လရှည်နိုင်သော အသက် စသည်ဆိုလေ၊ အကယ်၍ အနှစ် ၁၀၀-ရှည်နိုင်သော အသက်ဇီဝ ရှိကုန် ဖြစ်အံ့၊ ထိုခန္ဓာ ထိုနိမိတ်တို့သည် ပြုပြင် မွေးမြူမှုနှင့် ကင်း၍ပင် အနှစ် ၁၀၀-ရှည်နိုင်ကုန်ရာ၏၊

အနှစ် ၁၀၀-၏အတွင်းမှာ မိုးကြိုး ၁၀၀-ပင် ဆိုင်၍ ပစ်သော် လည်း မပျက်နိုင်ကြကုန်ရာ၊ ထိုသို့ မပျက်နိုင်ကုန်သည်ကား မဟုတ်၊ အာဟာရအလျဉ် ပြတ်ခဲ့လျှင် ဘယ်အခါမဆို ပျက်ဆုံးကြကုန်၏၊ အန္တရာယ်ပြင်ထန်စွာ ထိခိုက်လျှင်လည်း ဘယ်အခါမဆို ပျက်ဆုံးကြ ကုန်၏၊ ထို့ကြောင့် ၁-နာရီ ရှည်နိုင်သော အသက်ဇီဝဟူ၍ အဏုမြူမျှ မရှိ၊ ၁-ရက်စသည် ရည်နိုင်သော အသက်ဇီဝမှာ ဝေးစွ၊ စောင့်ရှောက်မှု, မွေးမြူမှု, ပြုပြင်မှု အစွမ်းသက်သက်နှင့်သာ နေ့, ရက်, လ, နှစ်-အရှည် တည်ရှိနိုင်ကြကုန်သည်ဟု မုချသိရာ၏၊

ခန္ဓာတို့သည် အတ္တဟုတ်ပါကုန်၏၊ အတ္တမှန်ပါကုန်၏၊ ကောင်း ကောင်းပြုပြင်၍ ပေးခဲ့ပါလျှင် အန္တရာယ်လည်း ကင်းခဲ့ပါလျှင် အသက် တမ်း ရှိသမျှပြည့်မီရုံ အလိုသို့လိုက်ပါကုန်၏၊ ခန္ဓာတို့သည် ပုဂ္ဂိုလ် ဟုတ်ပါ ကုန်၏၊ သတ္တဝါ ဟုတ်ပါကုန်၏၊ ငါ ဟုတ်ပါကုန်၏၊ ငါဟုတ်သော ကြောင့်ပင်လျှင် ငါ့အလိုသို့ လိုက်ပါကုန်၏၊ ခန္ဓာတို့ကို ငါအစိုးရပါ၏၊ ငါ့ကိုယ်ဟုတ်ပါ၏၊ ငါနှင့်ခန္ဓာ တစ်ခုတည်းပင်ဖြစ်၏၊ ငါ့အလိုသို့ လိုက် ကြပုံကား တစ်သက်လုံး ငါ၏ခန္ဓာတို့နှင့်ပင် ငါအလိုရှိရာ ပြုလုပ်၍ လာခဲ့သည်၊ ရှေ့အဖို့လည်း အသက်ရှိသမျှ ကာလပတ်လုံး ငါ့ခန္ဓာတို့ နှင့်ပင် ငါအလိုရှိရာ ပြုလုပ်၍ သွားရပါလိမ့် ဦးမည်ဟု ဆိုကြကုန်ငြားအံ့။

ထိုစကား၌ ကောင်းကောင်းပြုပြင်၍ပေးခဲ့လျှင်, အန္တရာယ်လည်း ကင်းခဲ့ပါလျှင် အသက်တမ်းရှိသမျှ ပြည့်မီရုံ အလိုသို့ လိုက်ပါကုန်၏ဟူသောအဆိုမှာ ပြုပြင်၍ပေးပါလျှင် အလိုသို့ လိုက်နိုင်ကြကုန်သည်၊ ပြုပြင်၍ မပေးခဲ့လျှင် အလိုသို့ မလိုက်နိုင်ကြကုန်-ဟု ဆိုရာကြ၏၊ အလို၏အစွမ်းနှင့် အလိုရှိတိုင်း မပြီးစီးနိုင်သောကြောင့် ပြုပြင်မှုကို ပဓာနထား၏၊ အလိုသို့လိုက်သော အခြင်းအရာ ထင်မြင်ရသည်မှာ ပြုပြင်မှု၏ အစွမ်းသက်သက်သာ၊ အလို၏ အစွမ်းမဟုတ်၊ အလိုသို့ လိုက်မှုဆိုသည်မှာ စိတ်ထင် သက်သက်သာဟု ထိုစကားနှင့်ပင် ထင်ရှား ပြီးဖြစ်သတည်း၊ သိမ်မွေ့လှ၏၊

ခန္ဓာတို့သည် ပုဂ္ဂိုလ် ဟုတ်ပါကုန်၏၊ သတ္တဝါ ဟုတ်ပါကုန်၏၊ ငါဟုတ်ပါကုန်၏-ဟူသော စကား၌ နိမိတ်ကြီး ၂-ပါးတို့သည် ခန္ဓာဟုတ် ကြပါကုန်လျှင် ဓာတ်ကြီး ၄-ပါး ဟုတ်ကြပါကုန်လျှင် ခန္ဓာတို့သည်၊ ပုဂ္ဂိုလ်, သတ္တဝါ, ငါဟုတ်ပေ ကုန်ရာ၏၊ နိမိတ်ကြီးတို့သည် ခန္ဓာမဟုတ်၊ ဓာတ်ကြီး ၄-ပါးမဟုတ်၊ ဘာမှမဟုတ်ကုန်၊ ကောင်းကင်ကိုရေပြင်-ဟု အရူး၏စိတ် ဖောက်ပြန်မှုနှင့်ထပ်တူ မိမိတို့ စိတ်ဝိညာဉ် လှည့်စားမှုသက်သက် ဖြစ်ကြောင်းကို ရှေး၌ ထင်ရှားစွာ ပြဆိုခဲ့ပြီ၊ အနိစ္စမျိုးဖြစ်သော ခန္ဓာတို့, ဓာတ်တို့ကို နိစ္စမျိုးဖြစ်သော နိမိတ်ကြီး ၂-ပါးတို့ လွမ်းခြုံ၍ နေကုန်၏၊ နိမိတ်ကြီး ၂-ပါတို့၏အပေါ်မှာ ပုဂ္ဂိုလ်, သတ္တဝါ, ယောက်ျား, မိန်းမဟူသော သတ္တပညတ်ကြီး ထပ်ဆင့်၍ နေ၏၊ သိမ်မွေ့စွ။

မှောင်နှင့်မီးရောင် ဥပမာကဲ့သို့ ဓာတ်ကြီး ၄-ပါးတို့ကို ဥပါဒ်စွန်း, ဘင်စွန်းတို့နှင့်တကွ ထင်ရှားစွာ မြင်နိုင်ကြမှ ထိုနိမိတ္တပညတ်, သတ္တ ပညတ်တို့အလိုလို ကွယ်ပျောက်ကုန်သတည်း၊ ခန္ဓာတို့ ငါဟုတ်သော ကြောင့်ပင်လျှင် ငါ့အလိုသို့ လိုက်ပါကုန်၏၊ ငါတစ်သက်လုံး ငါ့ခန္ဓာတို့နှင့် ပင်လျှင် ငါအလိုရှိရာ ပြုလုပ်၍ လာခဲ့သည်ဟူသော စကား၌ နောက် နောက် နေ့ရက်တို့၌ အလိုရှိရာ ကြံမှု, ဖန်မှု, ပြောမှု, ဆိုမှု, ကိုယ် အင်္ဂါကြီးငယ် လှုပ်ရှား သွားလာပြုလုပ်မှု အလုံးစုံတို့သည် ရှေးရှေးနေ့ ရက်တို့က အစာရေစာ စသည်တို့နှင့် မွေးမြူပြုပြင်မှုတို့၏ အစွမ်း ကြောင့်သာ နောက်နောက်နေ့ရက်တို့မှာ ဖြစ်ပေါ်နိုင်ကုန်၏၊ အလို၏ အစွမ်းသတ္တိကြောင့် အလိုသို့ လိုက်နိုင်ကြသော အစွမ်းရှိကြကုန်၍ နောက်နောက်နေ့ရက်တို့၌ ဖြစ်ပေါ်နိုင်ကုန်သည် မဟုတ်၊ ရှေးရှေး နေ့ရက်တို့၌ မွေးမြူပြုပြင်မှု မရှိပါမူကား အဇ္ဈတ္တခန္ဓာ ၅-ပါးတို့သည် ရှေးရှေး နေ့ရက်တို့၌ အမိဝမ်းက ဖွားမြင်စမှာပင် ချုပ်ပျက် ကုန်ဆုံးကြ ကုန်ရာ၏၊ နောက်နောက်နေ့ရက်သို့ မရောက်လာကြကုန်ရာပြီ၊ မျက်မြင် ကဲ့သို့ပင် ထင်ရှားလှပါ၏၊

ဆိုဖွယ်အထူးကား

သင်္ခါရတရားမျိုးမည်သည် ဘယ်လိုပြုလျှင် ဘယ်လိုဖြစ်၏-ဟု သိ၍ အလိုရှိရာ ဖြစ်လာရန် ပြုပြင်ပေးလျှင် အလိုရှိရာဖြစ်လာ၏၊ ပြုပြင်မှုနှင့်ကင်း၍ အလိုသက်သက်နှင့် ဖြစ်လာသည်မရှိ၊ မန္ဓာတ်မင်းကြီး သည် လက်ပမ်း ပေါက်ခတ်လိုက်လျှင် ကောင်းကင်မှ ရတနာမိုးရွာလာ ရသည်-ဟူရာ၌ ထိုသို့ဖြစ်နိုင်ရန် ရှေးရှေးဘဝတို့၌ ကံအထူးကိုပြုမှု, လက်ပမ်းပေါက်ခတ်မှု-ဟူသော ပြုပြင်မှုသာ ရတနာမိုးရွာမှု ဖြစ်လာသည်၊ အလိုသက်သက်ဖြင့် ဖြစ်လာနိုင်သည် မဟုတ်။

၁။ ဘယ်အမှုကိုပြုလျှင် ဘယ်ဟာဖြစ်လာ၏ဟု သိမှုတို့ကား သညာ, ဝိညာဉ်, ပညာ-တို့ပေတည်း။

၂။ ပြုပြင်မှုတို့ကား စေတနာ, ဝီရိယ-တို့ပေတည်း။ ထိုတရားတို့သည် နိမိတ္တပညတ်မျိုးလည်း မဟုတ်ကုန်၊ ပုဂ္ဂလ, သတ္တ, အတ္တ, ဇီဝ-ပညတ်မျိုးလည်း မဟုတ်ကုန်၊ တစ်ထိုင်တွင်း, တစ်နာရီ တွင်းမှာပင်အခါ ၁-ရာမက ချုပ်ပျောက် ပြက်ဆုံးမှုအမြဲရှိ နေကြကုန် သော ပရမတ်ဓာတ်မျိုး, အနိစ္စဓာတ်မျိုးတို့သာတည်း၊ ထို့ကြောင့် ထိုဓာတ်တို့လည်း တစ်စုံတစ်ခုကိုမျှ သိတတ် ပြုပြင်တတ်သော ပုဂ္ဂိုလ်, သတ္တဝါ မဟုတ်ကြကုန်၊ ထိုဓာတ်တို့မှ တစ်ပါးလည်း တစ်စုံတစ်ခုကိုမျှ သိတတ် ပြုပြင်တတ်သောပုဂ္ဂိုလ်, သတ္တဝါ-ဟူ၍ အသီးအခြား မရှိပြီ၊ သိမ်မွေ့လှ၏၊ သညာ, ဝိညာဉ်, ပညာ, စေတနာ, ဝီရိယ-တို့ကို ဓာတ် အသီးအခြားအနေနှင့် ဉာဏ်အမြင်ပေါက်ခဲ့လျှင်ဤ အချက်ကြီး ချော မောလတ္တံ့။

(ဤတွင်ရွေ့ကား ဆံပင်မှကြွင်သော ပထဝီကောဋ္ဌာသတို့တွင် အရေ, အသား, အရိုး အစရှိသော ကောဋ္ဌာသကြီးတို့၌ နိမိတ်ကြီး ၂- ပါး ကြီးကျယ်လှသည်ဖြစ်၍ နိစ္စ,ဓုဝ,ပုဂ္ဂလ,သတ္တ,အတ္တ,ဇီဝ-အထင်အမြင် တို့ကို ပယ်ဖျောက်ရန် အလွန်ခဲယဉ်းလှသောကြောင့် ခက်ဆစ်ခက်ပိုင်း တို့နှင့်တကွနိမိတ်ကြီး၂-ပါးပယ်ရှား နည်းကို အထပ်ထပ်ပြ ဆိုလိုက်သည်၊ ရေ, အသား, အရိုး, ဦးနှောက်, အဆုတ်, အသည်း, နှလုံး, အူမ, အူသိမ် ဤ ၉-ပါးသည် လိုရင်းတည်း။)

( င ) ဓာတ်ကြီး ၄-ပါးနှင့် ဘာဝနာကိစ္စပြီးနိုင်ပုံ

ရုပ်အဋ္ဌဝီသ-ဟု ဆိုအပ်သော ရူပက္ခန္ဓာတရား အများရှိပါလျက် ဓာတ် ၄-ပါးကိုသာ ပြဆိုသည်မှာ ဓာတ် ၄-ပါးနှင့်ပင် ဝိပဿနာကိစ္စ ပြီးစီးနိုင်ကြောင်းကို စတုက္ကအင်္ဂုတ္တိုရ်၌ ဟောတော်မူချက်ရှိသော ကြောင့်တည်း။

(က) အထ ခေါ အာယသ္မာ ရာဟုလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ နိသီဒိ၊ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ ရာဟုလံ ဘဂဝါ ဧတဒဝေါစ ယာ စ ရာဟုလ အဇ္ဈတ္တိကာ ပထဝီဓာတု၊ ယာ စ ဗာဟိရာ ပထဝီဓာတု၊ ပထဝီဓာတုယေဝ သာ၊ နေတံ မမ၊ နေသောဟမသ္မိ။ နေသော မေ အတ္တာတိ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝ မေတံ ယထာဘူတံ သမ္မာ ပညာယ ဒိသွာ ပထဝီဓာတုယာ နိဗ္ဗိန္ဒတိ၊ ပထဝီ ဓာတုယာ စိတ္တံ ဝိရာဇေတိ။

( ခ ) ယာ စ ရာဟုလ အဇ္ဈတ္တိကာ အာပေါဓာတု၊ ယာ စ ဗာဟိရာ အာပေါဓာတု၊ အာပေါဓာတုယေဝ သာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ နေသော မေ အတ္တာတိ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝ မေတံ ယထာဘူတံ သမ္မာ ပညာယ ဒိသွာ အာပေါဓာတုယာ နိဗ္ဗိန္ဒတိ၊ အာပေါဓာတုယာ စိတ္တံ ဝိရာဇေတိ။

( ဂ ) ယာ စ ရာဟုလ အဇ္ဈတ္တိကာ တေဇောဓာတု၊ ယာ စ ဗာဟိရာ တေဇောဓာတု၊ တေဇောဓာတုယေဝ သာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ နေသော မေ အတ္တာတိ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝ မေတံ ယထာဘူတံ သမ္မာ ပညာယ ဒိသွာ တေဇောဓာတုယာ နိဗ္ဗိန္ဒတိ၊ တေဇောဓာတုယာ စိတ္တံ ဝိရာဇေတိ။

(ဃ) ယာ စ ရာဟုလ အဇ္ဈတ္တိကာ ဝါယောဓာတု၊ ယာ စ ဗဟိရာ ဝါယောဓာတု၊ ဝါယောဓာတုယေဝ သာ၊ နေသံ မမ၊ နေသောဟ မသ္မိ၊ နေသော မေ အတ္တာတိ ယထာဘူတံ သမ္မာ ပညာယ ဒိသွာ ဝါယောဓာတုယာ နိဗ္ဗိန္ဒတိ၊ ဝါယောဓာတုယာ စိတ္တံ ဝိရာစေတိ။

( င ) ယတော ခေါ ရာဟုလဘိက္ခု ဣမာသု စတူသု ဓာတူသု နေဝတ္တာနံ န အတ္တနိယံသမနုပဿတိ၊ အယံဝုစ္စတိ ရာဟုလသမ္မဒသော ဘိက္ခု၊ အစ္ဆဇ္ဇိ တဏှံ၊ သမ္မာ မာနာဘိသမယာ အန္တမကာသိ ဒုက္ခဿာတိ။

အနက်ကား

(က) အထခေါ=ထိုအခါ၌၊ အာယသ္မာရာဟုလော=အရှင် ရာဟုလာသည်၊ ယေန=အကြင်အရပ်၊ ဘဂဝါ=မြတ်စွာဘုရားသည်၊ အတ္ထိ=ရှိတော်မူ၏၊ တေန=ထိုဘုရားရှိတော်မူသောအရပ်သို့၊ ဥပသင်္ကမိ= ကပ်လေ၏၊ ဥပသင်္ကမိတွာ=ကပ်လေပြီး၍၊ ဧကမန္တံ=သင့်တင့်သော အရပ်၌၊ နိသီဒိ=နေ၏၊ ဧကမန္တံ=သင့်တင့်သောအရပ်၌၊ နိသိန္နံခေါ=နေပြီး သော၊ အာယသ္မန္တံရာဟုလံ=အရှင်ရာဟုကို၊ ဘဂဝါ=မြတ်စွာဘုရားသည်၊ ဧတံ=ဤဆိုလတ္တံ့သော စကားတော်ကို၊ အဝေါစ=မိန့်တော်မူ၏၊ ရာဟုလ= ရာဟုလာ၊ အဇ္ဇတ္တိကာ=အဇ္ဇတ္တိကသန္တာန်၌ဖြစ်သော၊ ယာစပထဝီဓာတု= အကြင် ပထဝီဓာတ်သည်လည်း၊ အတ္ထိ=ရှိ၏၊ ဗာဟိရာ=အပသန္တာန်၌ ဖြစ်သော၊ ယာစပထဝီဓာတု=အကြင်ပထဝီဓာတ်သည်လည်း၊ အတ္ထိ=ရှိ၏၊ ဧသာ=ဤပထဝီဓာတ်၂-မျိုးသည်၊ ပထဝီဓာတုယေဝ=မြေသဘော သက်သက်သာတည်း၊ ဧတံ=ဤပထဝီဓာတ်၂-မျိုးသည်၊ န မမ=ငါပိုင် ဥစ္စာမဟုတ်၊ ဧသော=ဤပထဝီဓာတ်၂-မျိုးသည်၊ န ဟမသ္မိ=ငါမဟုတ်၊ ဧသော=ဤပထဝီဓာတ်၂-မျိုးသည်၊ န မေအတ္တာ=ငါ၏အတ္တမဟုတ်။ ဣတိဧဝံ=ဤသို့၊ ဧတံ=ဤပထဝီဓာတ်၂-မျိုးလုံးကို၊ ယထာဘူတံ= ဟုတ်မှန်သည့် အတိုင်း၊ သမ္မာ=ကေင်းစွာ၊ ပညာယ= ဝိပဿနာ ပညာဖြင့်၊ ဒဋ္ဌဗ္ဗံ=ရှုအပ်၏၊ ဧဝံ=ဤသို့၊ ဧတံ=ဤပထဝီဓာတ်၂-မျိုးလုံးကို၊ ယထာ ဘူတံ=ဟုတ်မှန်သည့်အတိုင်း၊ သမ္မာ=ကောင်းစွာ၊ ပညာယ=ဝိပဿနာ ပညာဖြင့်၊ ဒိသွာ=မြင်၍၊ ပထဝီဓာတုယာ=ပထဝီဓာတ်၌၊ နိဗ္ဗန္ဒတိ= ငြီးငွေ့၏၊ ပထဝီဓာတုယာ=ပထဝီဓာတ်၌၊ စိတ္တံ=စိတ်သည်၊ ဝိရာဇေတိ= တပ်ခြင်းကင်း၏၊

(ခ, ဂ, ဃ-နောက်ဓာတ်ကြီး ၃-ဝါကျ၌လည်း ဤနည်းတူ အနက်ပေးလေ။)

( င ) ရာဟုလ=ရာဟုလာ၊ ယတော=အကြင်အခါ၌၊ ဘိက္ခု=ရဟန်း သည်၊ စတူသု=၄-ပါးကုန်သော၊ ဣမာသာဓာတူသု=ဤဓာတ်တို့၌၊ နေဝတ္တာနံ=အနှစ်သာရအတ္တမဟုတ်သည်ကို၊ နအတ္တနိယံ=ကိုယ်နှင့် မစပ်သည်ကို၊ သမနုပဿတိ=ကောင်းစွာမြင်လေ၏၊ ရာဟုလ=ရာလာ၊ အယံဘိက္ခု=ဤသို့မြင်သော ရဟန်းကို၊ သမ္မဒသော=ကောင်းစွာမြင်သော ရဟန်းဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏၊ တဏှံ=တဏှာသည်၊ အစ္ဆဇ္ဇိ=ပြတ်ပြီ၊ သံယောဇနံ=သံယောဇဉ်သည်၊ ဝိဝဋ္ဋယိ=ပြီးပြတ်ပြီ၊ သမ္မာ=ကေင်းစွာ၊ မာနာဘိသမယာ=မာနကိုပယ်နိုင်ခြင်းကြောင့်၊ ဒုက္ခဿ=အမျိုးမျိုးသော ဝဋ်ဆင်းရဲ၏၊ အန္တံ=အဆုံးကို၊ အကာသိ=ပြုနိုင်၏၊

ပထဝီဓာတုယေဝေသာ-ပါဌ်၌ အဓိပ္ပါယ်ကား

မြေကြီး,တော,တောင်-စသည်တို့၌ရှိသော ဗာဟိရပထဝီ သည်လည်း ငါပိုင်ဥစ္စာမဟုတ်၊ ငါလည်းမဟုတ်၊ ငါ့အတ္တလည်းမဟုတ်ဟု ထင်ရှား၏သို့ ထို့အတူ မိမိမိမိတို့၏အဇ္ဈတ္တသဏ္ဌာန်၌ရှိသော ခက်မာမှု ကိရိယာကိုလည်း ငါပိုင်ဥစ္စာမဟုတ်၊ ငါလည်းမဟုတ်၊ ငါ၏အတ္တလည်း မဟုတ်-ဟု ဉာဏ်အမြင်၌ ထင်ရှားစေရမည်၊ ပထဝီ ၂-မျိုး ထပ်တူကျ စေရမည်။ အဇ္ဈတ္တပထဝီကို ပုဂ္ဂိုလ်, သတ္တဝါ, ငါဖြစ်၍ မနေစေနှင့်၊ ငါ၏ ဥစ္စာဖြစ်၍ မနေစေနှင့်၊ ငါ၏ အတ္တဖြစ်၍ မနေစေနှင့်-ဟု ဧဝ ကျောက်ကန် လျှာလိပ်သံ ပြင်းပြင်းနှင့် ခပ်တင်းတင်း ဟောတော်မူပေ သတည်း။

တစ်နည်းတစ်ဖုံ ဓာတုမနသိကာရ ထူထောင်ရန်

သီလဝိသုဒ္ဓိ

အာဇီဝဋ္ဌမကသီလကို လုံခြုံစေ၍ ရှေးဦးစွာ သီလဝိသုဒ္ဓိနှင့် ပြည့်စုံရာ၏၊

သီလဝိသုဒ္ဓိပြီး၏၊

----------

စိတ္တဝိသုဒ္ဓိ

စိတ္တဝိသုဒ္ဓိမှာ တတ်နိုင်လျှင် အထူးကောင်း၏၊ မတတ်နိုင်လျှင် နေရ၏၊ ဥပစာရဘာဝနာ, အပ္ပဘာဝနာ-ဟူသော စိတ္တဝိသုဒ္ဓိကို အသီး အခြားမလုပ်သော ယောဂီပုဂ္ဂိုလ်ကို သုက္ခဝိပဿက-ယောဂီဟု ခေါ် သည်၊ သုဒ္ဓဝိပဿက-ယောဂီလည်းခေါ်၏၊ ယခုကာလသည် သုက္ခ ဝိပဿကခေတ်တည်း၊ ထို့ကြောင့် သီလဝိသုဒ္ဓိ နေရာကျလျှင် ဓာတုမန သိကာရ ထူထောင်ရမည်။

ထူထောင်ပုံကား

ဤကိုယ်၌ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟူ၍ ဓာတ်ကြီး ၄-ပါး ရှိ၏၊

မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်-ဟူ၍ ဓာတ်ကြီး၄- ပါးရှိ၏ သော်လည်းဆို။

မြေ ၃-ပါး

ဤ၌ မြေသည် လောကမြေ, သုတ္တန်မြေ, ပရမတ်မြေ ဟု ၃-ပါးရှိ၏၊ ထိုတွင်-

၁။ လူအများသိကြသော သိလာပထဝီ, ပံသုပထဝီ၊ ဤမြေ ၂- ပါးသည် လောကမြေမည်၏၊

၂။ ဆံပင်, မွေးညင်း, ခြေသည်းလက်သည်း-အစရှိသော ပထဝီ ဓာတ် ၂၀-မြေသည် သုသာန်မြေ မည်၏၊

၃။ ဤမြေ ၂-ပါးကား အထည်ဒြပ် ထင်မြင်ရသော မြေမျိုးဖြစ်၍ ပရမတ်မြေ မဟုတ်၊ ပရမာဏုမြူ, အဏုမြူမျှပင်သော်လည်း အထည်ဒြပ် ထင်မြင်လျက်ရှိခဲ့လျှင် ပရမတ်မြေကို ဉာဏ်မထိ၊ ပညတ်သဏ္ဌာန်တွင် ဉာဏ်စိုက်၍နေ၏၊ အထည်ဒြပ် မဟုတ်သော ခက်မာမှုကိရိယာ သက် သက်သည်သာ ပရမတ်မြေ, အဘိဓမ္ဓာမြေ အစစ်တည်း။

လောကမြေ, သုတ္တန်မြေ ၂-ပါး၌ အနိစ္စလက္ခဏာရေး အစစ်မ ဝင်နိုင်၊ ပရမတ်မြေ အစစ်၌သာ အနိစ္စ လက္ခဏာရေး အစစ်ဝင်နိုင်သည်၊ အနိစ္စလက္ခဏာရေး အစစ်ဆိုသည်ကား ၁-နာရီအတွင်းမှာပင် အခါများ စွာ ပျက်မှု, ချုပ်မှု, သေဆုံးမှု, ကုန်ခန်းမှုတည်း၊ အထည်ဒြပ် သဏ္ဌာန်ကြီး ဖြစ်သော ဆံပင်မည်သည် ၁-နာရီအတွင်းမှာ အခါများစွာ ချုပ်ပျက် ကုန်ဆုံးမည် ဝေးစွ၊ လူသေ၍မှ ဆံပင်မသေသေး၊ သုသာန်မြေမှာပင် တထွေးလုံးလုံး နေသေး၏၊ ဆံပင်၌ ခက်မာမှု ကိရိယာတစ်မျိုးသည်ရှိ၏၊ ထို ကိရိယာသည်သာလျှင် ပရမတ်မြေ အစစ်တည်း၊ ဆံပင်၌ ထိုမြေဓာတ် အစစ်သည်မူကား ၁-နာရီအတွင်းမှာပင် အခါများစွာ ပျက်ချုပ်၏၊ သေ၏, ဆုံး၏, ကုန်၏, ခန်း၏, ကွယ်ပျောက်၏၊

ပျက်ပုံကား-ထင်ရှားစေခြင်းဌာ ဉာဏ်ဖြင့် ဆံပင်ကိုခွေ၍ကြည့်၊ မြေဓာတ်စစ် မပျက်ခဲ့လျှင် ကိုင်း၍ ညွှတ်၍ပင်မရ၊ ပကတိအတိုင်း တောင့်တင်းခိုင်မာ၍ ခံနေလတ္တံ့၊ ကိုင်း၍ ညွှတ်၍ ရခဲ့လျှင်ဆံပင် အတွင်၌ နဂိုမြေဓာတ်တွေ မြေ့မြေ့ ကြေပျောက် ပျက်ဆုံး၍ ကုန်ပြီဟု သိအပ်၏၊ ဉာဏ်စိုက်မိခဲစွ၊ ပရမတ်မြေဓာတ် စစ်မည်သည် ခက်မာမှုကိရိယာမျှကိုသာ ဆိုသောကြောင့် ဆံပင်ကိုခွေရာ၌ ထိုဆံပင် အတွင်းမှာ ကိရိယာ အပြောင်းအလဲကို မြင်အောင်ကြည့်ရသည်။

ကိရိယာပြောင်းလဲမှု ဆိုသည်ကား။။ မာမှုကိရိယာ အခြေအနေတစ်မျိုး တစ်မျိုး ပျက်၍ ပျက်၍ မာမှုကိရိယာ အသစ်အသစ် ဖြစ်ပေါ်၍ သွားမှုကို ကိရိယာပြောင်းလဲမှုဆိုသည်။

ကိရိယာပြောင်းလဲမှု ထင်မြင်ခဲ့လျှင် ကိရိယာဟောင်း ပျက်ဆုံးမှု အဆင့်ဆင့် ဧကန်ရှိ၏၊ ပျက်ဆုံးမှု မရှိခဲ့လျှင် ပြောင်းလဲမှုမရှိနိုင်၊ ကိရိယာဟောင်း ပျက်ဆုံးမှု အဆင့်ဆင့်တို့နှင့် ကိရိယာသစ်ဖြစ်ပေါ်မှု အဆင့်ဆင့်တို့၏ အကူး- အကူး-အကြား-အကြားတို့၌ အာကာသ-ဓာတ် အခြားအခြားကိုလည်း ဉာဏ်နှင့် မြင်အောင်ကြည့်၊ အာကာသ-ဓာတ်ကို မြင်တတ်မှ သန္တတိအမျှင် ပြတ်မည်။

ဤ၌ ကိရိယာဟောင်း အဆင့်ဆင့် ကုန်ဆုံးပျောက်ကွယ်မှုကို အနိစ္စလက္ခဏာအစစ်ဆိုသည်၊ ဤကိစ္စကိုမြင်နိုင်မှ ဝိပဿနာဉာဏ် အစစ်ဖြစ်သည်၊ ဓာတ်၏ပျက်ခြင်း, ဓာတ်၏ချုပ်ခြင်း, ဓာတ်၏သေခြင်း, ဓာတ်၏ဆုံးခြင်း, ဓာတ်၏ကုန်ခန်းခြင်းကို အနိစ္စဆိုသည်၊ မရဏအစစ် ပေတည်း၊ ဤမရဏအစစ်ကိုမြင်မှ ဝိပဿနာဉာဏ် အစစ်ဖြစ်သည်။

(ဤကား ဆံပင်၌ ပရမတ်မြေဓာတ်အစစ်ကို ပြဆိုချက်တည်း၊ ဤနည်းကိုမှီ၍ ရေဓာတ်, မီးဓာတ်, လေဓာတ်တို့၌လည်း လောက, သုတ္တန်, ပရမတ်စစ် ၃-ပါး ၃-ပါးစီထုတ်၍ ပရမတ်ဓာတ်စစ် ခွဲနည်း, အနိစ္စလက္ခဏာစစ် ခွဲနည်း, ဝိပဿနာဉာဏ်စစ် ခွဲနည်းသိလေ။)

ပရမတ်ဓာတ်စစ် ရေဓာတ်နှစ်မတ်

ပရမတ် ဓာတ်စစ်မျှကိုသာ ပြဆိုအံ့။။ ထိုဆံပင်၌ ခက်မာမှု ကိရိယာမျှသာဖြစ်သော ထိုမြေဓာတ်စစ် အများကို တစ်ခုနှင့်တစ်ခု ကပ်တွယ်ဖွဲ့စည်းမှုသည် ပရမတ်ရေဓာတ် အစစ်မည်၏၊ ဤရေဓာတ် ဖွဲ့စည်းမှုကြောင့် အထည်ဒြဗ် မရှိသော ခက်မာမှုကိရိယာသည် များစွာ စုမိ ခဲမိကြသဖြင့် ဆံပင်သဏ္ဌာန် အထည်ဒြဗ် ထင်မြင်ရ၏၊ ဤရေ ဓာတ်၏ ပျက်မှုဖြစ်မှုမှာ မိမိ၏မှီရာမြေဓာတ်နှင့် ဖြစ်အတူ, ပျက်အတူ ပါလေတော့သည်။

(ဤကား ဆံပင်၌ ရေဓာတ်အစစ်ကို ပြဆိုချက်တည်း။)

ပရမတ်ဓာတ်စစ် မီးဓာတ်နှစ်

ထိုဆံပင်၌ ပူသောအခါ ပူမှုကိရိယာ သက်သက်သည်လည်း ကောင်း, အေးသောအခါ အေးမှုကိရိယာ သက်သက်သည်လည်းကောင်း ပရမတ်မီးဓာတ် အစစ်မည်၏၊ ဤမီးဓာတ်ကိုပင် ကျမ်းဂန်တို့၌ ဥတု ဟုဆိုသည်၊ မှီရာဝတ္ထုကို လောင်မှု အမြဲရှိသောကြောင့် မီးခေါ်သည်၊ မှီရာဝတ္ထုကို စွဲမိလျှင် သားသမီးပေါက်ဖွားမှု အမြဲရှိသောကြောင့် ဥတု ခေါ်သည်၊ လောကမျက်မြင်ကိုကြည့်။

အဘယ်ကိုလောင်သနည်း၊ မိမိမှီရာ မြေဓာတ်ကို အမြဲလောင် သည်၊ မြေဓာတ်ကား တေဇော၏ မီးစာတည်း၊ စိတ္တက္ခဏ ၁၇-ချက်ရှိလျှင် မီးစာမြေဓာတ်ကား ကုန်မြဲတည်း၊ မီးစာကုန်လျှင် မီးကုန်မြဲ၊ ဥပါဒ်သည် နောက်ဌီသို့ရောက်လျှင် မြေဓာတ်ကို စွဲမိခဲမိ၏၊ စွဲမိခဲမိသည်နှင့် တစ်ပြိုင်နက် သားသမီးပေါက်ဖွား၏၊ ထိုသားသမီး ကလာပ်စုကို ဥတုဇကလာပ် ခေါ်သည်၊ ဤမီးဓာတ်၏ အမြဲလောင်မှု, အမြဲရုပ်သစ် ကလာပ်သစ် ပေါက်ဖွားမှုကို မြင်နိုင်ပါမူကား ပကတိဆံပင်၌ပင်ဖြစ်မှု, ပျက်မှု တရွရွ နေသည်ကို မြင်လိမ့်မည်၊ ဆံပင်၌ မြင်လျှင်လည်း တစ်ကိုယ်လုံး၌ ဖြစ်မှု, ပျက်မှု တရွရွ နေသည်ကို မြင်လိမ့်မည်၊ ဤမီး ဓာတ်၏ ပျက်မှု, ဖြစ်မှုသည်လည်း မီးစာမြေဓာတ်နှင့် ပျက်အတူ, ဖြစ်အတူပင်တည်း။

(ဤကား ဆံပင်၌ မီးဓာတ်အစစ်ကို ပြဆိုချက်တည်း။)

ပရမတ်ဓာတ်စစ် လေဓာတ်နှစ်

မီးရှိလျှင် အရှိန်မြဲဖြစ်၍ ထိုဆံပင်၌ မီးဓာတ်၏ အရှိန်ဖြစ်မှု, ကြွရွမှုကိရိယာသက်သက်သည် လေဓာတ်စစ်မည်၏၊ လှုပ်ရှားခြင်းရှိမှ ထင်ရှားသည်၊ ပျက်မှုဖြစ်မှုမှာ တေဇောနှင့် တစ်ချက်တည်းပင်။

(ဤကား ဆံပင်၌ လေဓာတ်အစစ်ကို ပြဆိုချက်တည်း။)

ဒိဋ္ဌိဝိသုဒ္ဓိ

လွယ်လည်းလွယ်၏၊ ခက်လည်းခက်လည်း၏၊ ဉာဏ်စိုက်မိလျှင် လွယ်၏၊ ဉာဏ်မစိုက်မိလျှင် ခက်၏၊ ဤသို့လျှင် ဆံပင်၌ အမှုကြီး ၄- ပါး, ကိရိယာကြီး ၄-ပါးကို ၄-စိတ်ကွဲအောင် ဉာဏ်နှင့်ခွဲမှုသည် စတုဓာတု ဝဝတ္ထာန် မည်၏၊ ဆံပင်ခေါ်သော ဒြပ်သဏ္ဌာန် ဉာဏ်၌ ကွယ်ပျောက်၍ သွားအောင် မြင်လေ ဉာဏ်၌ ဆံပင်ဒြပ်သဏ္ဌာန် ကွယ်ပျောက်၍ ဓာတ် အစု သက်သက်သာ၊ မြင်သောအခါ ဆံပင်၌ အတ္တဟူ၍ စွဲလမ်းသော သက္ကာယဒိဋ္ဌိ ကွာလေ၏၊ ဆံပင်၌ ဒိဋ္ဌိဝိသုဒ္ဓိ ဉာဏ်ပေါက်လေ၏၊

(ဤကား ဆံပင်၌ ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပုံကို စံပြချက်တည်း။ ဤနည်း ကိုမှီ၍ မိမိကိုယ်တစ်ခုလုံးကို ၄-ဖြာအကွဲကြီး ကွဲအောင်အားထုတ်ကြ လေ။)

မိမိကိုယ်တစ်ခုမှာ ၄-စိတ် ၄-ဖြာ ကွဲလျှင် ရုပ်ခန္ဓာ ရှိသမျှမှာ ကွဲနိုင်လေတော့သည်၊ မိမိကိုယ်မှာ ဆံပင်၌ကဲ့သို့ ဉာဏ်၌ ဒြဗ်သဏ္ဌာန် တွေ အကုန်ကွယ်ပျောက်၍ ဓာတ်ပုံ, ဓာတ်စု, ဓာတ်ခဲ, ဓာတ်တုံးကြီး သက်သက် ထင်မြင်နိုင်သောအခါ သက္ကာယဒိဋ္ဌိကြီး ကျွတ်ကွာ၏၊ တစ်ကိုယ်လုံး၌ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ် တည်ထောင်မိ၏၊ ''သမ္မောဟဝိနောဒနီ အဘိဓမ္မာ အဋ္ဌကထာကြီး''၌ ဤအနေ ဤစခန်းသို့ ဆိုက်ရောက်သော ပုဂ္ဂိုလ်ကိုပင် စူဠသောတာပန်အဖြစ်သို့ ရောက်ပြီးဟု မိန့်ဆိုတော်မူ၏၊

(ဤကား ဒိဋ္ဌိဝိသုဒ္ဓိ အမြွက်တည်း။)

ကင်္ခါဝိတရဏဝိသုဒ္ဓိ

ကံ, ဥတု, အာဟာရ အချက်ကြီး ၃-ပါး

ပစ္စယပရိဂ္ဂဟ-ဉာဏ်၌ ကံ, စိတ်, ဥတု, အာဟာရ-ဟူ၍ အကြောင်းတရား ၄-ပါးရှိ၏၊ ပဋိသန္ဓေအခါ၌ ခက်မာမှုကိရိယာ, ဖွဲ့စည်းမှုကိရိယာ, ပူနွေးမှုကိရိယာ, ကြွရွခြင်းဟူသော ထောက်ကန် မှုကိရိယာ၊ ဤကိရိယာကြီး ၄-ခုအစုံတို့သည် ကံကြောင့်ဖြစ်ပေါ်ကုန်၏၊

ထို ၄-ခုတို့တွင် ပူဆွေးမှုကိရိယာသည် ဥတုပေတည်း၊ သား သမီးရုပ်ကလာပ် ပေါက်ဖွားမှု၌ အတုမရှိ စွမ်းနိုင်လှသော ဓာတ်ကြီး ပေတည်း။ မီးတောက်ကိုလည်းကောင်း, မီးခဲကိုလည်းကောင်း စေ့စေ့ ကြည့်ရှု၍ နေလျှင် ရွရွရွရွနေသည်ကို မြင်ရ၏၊ မီးဓာတ်ဟု ဆိုရသော ဥတု၏ သားသမီးပေါက်ဖွားမှုပေတည်း၊ သတ္တဝါတို့၏ သန္တာန်မှာလည်း ကံသည် ရှေးဦးစွာ စ-၍ပေးရုံမျှသာတည်း၊ အစဉ်ထူထောင်၍ ပေးရုံမျှ သာတည်း၊ စ-မိသည်နောက်၌ ကြီးပွားစေရန် ကိစ္စမှာ ဓာတ်မီး၏ တာဝန်ပေတည်း၊ ဓာတ်ကရိယာကြီး ၄-ပါး ပေါ်လာသည်ရှိသော် အာဟာရဩဇာဟုဆိုအပ်သော ဓာတ်ဆီသည်လည်း ပါရှိမြဲတည်း။ ဤဓာတ်ဆီသည်လည်း သားသမီးပေါက်ဖွားမှု၌ လွန်စွာ စွမ်းနိုင်သော အရာပေတည်း။

လောက၌မီးသည် အဆီမျိုးနှင့်ပေါင်းမိလျှင် လွန်စွာသား သမီး ပေါက်ဖွား၏၊ မီးတောက်မီးလျှံဖြစ်၍ထ၏၊ အဆီသည်လည်း မီးနှင်း ပေါင်းမိလျှင် လွန်စွာ သားသမီးပေါက်ဖွား၏၊ ဓာတ်မီးနှင့် ဓာတ်ဆီတို့ကား အဖော် အဖက်တို့ပေတည်း၊ ဆီမီး, ရေနံဆီမီး, ဖယောင်းမီးတို့ကို ကြည့်လေ၊ အစစွာ ကံထူထောင်၍ ပေးသည့်နောက် တစ်ခဏတစ်ခြား ရုပ်ကလာပ်ခန္ဓာ ကြီးပွားမှုသည် ဓာတ်ဆီ, ဓာတ်မီးတို့၏ တာဝန်ပေ တည်း။

ညောင်ပင်ကြီးဥပမာ

ဥပမာကား- ညောင်ပင်ကြီးဖြစ်ရာ၌ သေးငယ်လှစွာသော ညောင်စေ့သည်-အစစွာ အညှောက်ငယ် ကလေးဖြစ်အောင် ထူထောင် ၍ပေးလေ၏၊ ထူထောင်၍ပေးသည့်နောက် ထိုညောင်စေ့ငယ်သည် ပုပ်ဆွေးပျောက်ကွယ်လေ၏၊ အစဉ်တိုင်းကြီးပွားမှုမှာ မြေဥတု, ရေဥတု ၂-ပါးတို့၏ တာဝန်ပေတည်း၊ မိုးကောင်းလှသောအခါ၌ လစဉ်ရွာ သောမိုးရေ သည် မြေနှင့်ရောနှော၍ တည်နေ၏၊ မြေဥတု, ရေဥတု ၂-ပါးဖြစ်၏၊ ထိုဥတု ၂-ပါးသည် ထိုညောင်ညှောက်ငယ်ကို အပ်ငယ်, အပ်ကြီး, ဝင်ရိုး လက်သန်း, လက်ညှိုး, သဏ္ဌာန်-စသည်ဖြင့် တစ်နေ့ တခြား ကြီးပွားစည်ကားစေ၏၊ သံတောင် ၁-ရာရှိသော ညောင်ပင် ကြီးဖြစ်စေ၍ အနှစ် ၅-ရာ, အနှစ် ၁-ထောင်တိုင်အောင် တည်စေ၏၊

၁။ သတ္တဝါတို့၏ ရုပ်ခန္ဓာ၌ ကံသည် ညောင်စေ့ငယ်နှင့်တူ၏၊

၂။ ဓာတ်ဆီ, ဓာတ်မီးတို့သည် မြေတု, ရေတုတို့နှင့် တူကုန်၏၊

ညောင်ပင်သဏ္ဌာန်တခုလုံး အပြည့်ရှိနေသော ဓာတ်မီးသည် မြေဥတုမျိုးတည်း၊ ညောင်ပင်သဏ္ဌာန် တစ်ခုလုံး၌တည်ရှိသော စိုစွတ်သော အစေးသည် ရေဥတုမျိုးတည်း၊ အတွင်းမြေဥတု, ရေဥတု၂- ပါးတည်း၊ ညောင်ပင်၏တည်ရာ မြေကြီးရှိသော ဥတုသည် အပမြေ ဥတုတည်း၊ လစဉ်မပြတ်ရွာသော မိုးရေမှထြစ်သော မြေတွင်းရှိ စိုစွတ်သော အမှုသည် အပ ရေဥတုတည်း၊ အပရေဥတု၂-ပါးတည်း၊ အပဥတု၂-ပါးက တွင်တွင်ချီးမြှောက်ထောက်ပန့်၊ ညောင်တွင်းရှိ အတွင်းဥတုနှစ်ပါးက အတွင်ကြီးပွါးစေ၏၊ ကြီးပွါးစေသော်လည်း မျိုးစေ့၏ တန်ခိုးအားဖြင့် ညောင်ပင်၏ အခြင်းအရာ အတိုင်းသာ ကြီးပွါးစေ၏၊ အသွေး, ပဆင်း, အကိုင်း, အခက်, အရွက်,သဏ္ဌာန်စသည်အလုံးစုံသည် သရက်ပင်သဏ္ဌာန်, ပိန္နဲပင်သဏ္ဌာန် စသည်ဖြစ်၍ မသွားစေရ၊ သဏ္ဌာန်ကြီးမှု, အရပ်မြင့်မှု, အသက်ရှည်မှု အလုံးစုံသည် မျိုးစေ့၏ တန်ခိုးအားဖြင့် ညောင်ပင်၏ အခြင်းအရာမျိုးအတိုင်းသာ ဖြစ်ရ၏၊ ဗီဇနိယာမ ခေါ်သည်။

မြေဥတု, ရေဥတု-ကောင်းရာ၌ ပေါက်ခဲ့လျှင် အလွန်ကြီး ပွါးစည်ကား၏၊ ခြောက်သွေ့ ခေါင်းပါးလှသော မြေ၌ ပေါက်ရောက်ခဲ့ လျှင်ကောင်းစွာ မကြီးပွါးနိုင်၊ ဥတုအတွက်တည်း၊ ခပ်သိမ်းသော သစ်ပင်မျိုး, ချုံမျိုး, နွယ်မျိုး, မြက်မျိုး, ကောက်စပါးမျိုးတို့၌လည်း ဤနည်းတူပင်။

ဤသို့လျှင်ညောင်ပင်ကြီး၌ မျိုးစေ့ဆိုင်ရာအမှု, အတွင်း, မြေဥတု-ရေဥတု၂-ပါး၏ ဆိုင်ရာ အပမြေဥတု ရေဥတု၂-ပါး၏ ဆိုင်ရာ အမှုတို့ကို ခြားနားစွာ ကြည့်မြင်၍ ထားဘိဦး၊ သတ္တဝါတို့၏ ရုပ်ခန္ဓာ၌ ကံ၏ အမှုသည် ညောင်ပင်၌ မျိုးစေ့ငယ်၏ အမှုနှင့်တူလှ၏၊

ပဋိသန္ဓေမှစ၍အစဉ်ပါရှိလာသော အတွင်းဓာတ်ဆီ, ဓာတ်မီး၂- ပါးသည် ညောင်၏ အတွင်းဥတု၂-ပါးနှင့်တူ၏၊ အမိဝမ်း၌ နေစဉ်အခါ အမိကိုယ်မှ ထိုသူငယ်၏ အတွင်းသန္တာန်ကို အတွင်ထောက်ပံ့သော အပဓာတ်ဆီ, ဓာတ်မီး၂-ပါး ဖွါးမြင်သည့်နောက်၌ မျိုအပ်သော အစာ အဟာရတို့မှ ထိုသဏ္ဌာန်ကို အတွင်ထောက်ပံ့သော အပဓာတ်ဆီ, ဓာတ်မီး၂-ပါးသည် ညောင်ပင်တည်ရာ မြေအတွင်းရှိ အပဥတု၂-ပါး နှင့်တူ၏၊ အပမှ နေ့စဉ်မျိုအပ်သော ထမင်း ရေစာတို့သည် လစဉ်ရွာ သောမိုးရေနှင့်တူ၏၊ စေ့စပ်အောင်ကြံလေ။

ကံ, ဥတု, အာဟာရအချက်ကြီး၃-ပါးအမြွက်ပြီး၏၊

--------

စိတ်ဓာတ်အချက်

စိတ်၏ အချက်ကား အထူးအားဖြင့် လှုပ်ရှားမှု, သွားမှု, လာမှု, ထမှု, ထိုင်မှု, ပြောမှု, ဆိုမှု-စသည်တို့၌ အမှုအားလျော်စွာ တစ်ကိုယ်လုံး၌ လည်းကောင်း, ပြုပြင်လိုရာ ကိုယ်အင်္ဂါအစိတ်၌လည်းကောင်း, ပြိုင်းခနဲပြိုင်းခနဲ တစ်ပြိုင်နက် ဓာတ်ကိရိယာ ၄-ပါးဖြစ်ပေါ်ရ၏၊ ညဉ့်အခါ၌ အခန်းတွင်းမှာ မီးထွန်းကြရာ မီးတောက်သည်နှင့် တစ်ပြိုင်နက် တစ်ခန်း လုံး၌ မီးရောင်တွေ အပြည့်ပေါ်လာသကဲ့သို့တည်း၊ စိတ်၏ အစွမ်းမျိုး ဖြင့်၍ အလွန်အဟုန်ပြင်းထန်သန်စွမ်း၏၊ သူ့စိတ်နှင့် သူ့အမှု အသီးသီး ပေတည်း။

စိတ်ဓာတ်၏ အချက်ပြီး၏၊

ပဋိသန္ဓေ၌ ရှေးဦးစွာ ဖြစ်ပေါ်လာသည်မှစ၍ တစ်ဘဝလုံး ထိုဓာတ်ကိရိယာ အစုအရုံး အတုံးအခဲကြီးသည် ကံ, စိတ်, ဥတု, အာဟာရ၊ ဤအကြောင်း ၄-ပါးကြောင့် ဖြစ်ရ၏၊ တည်ရ၏၊ ထိုတွင် ပြုပြင်သူ ဆိုင်ရာအကြောင်းကြီး ၄-ပါးကို ခြားနား၍ သိရာ၏၊ တစ်ကိုယ်လုံးသည် ဓာတ်မီးခဲကြီးဆိုလျှင်လည်း ဟုတ်၏၊ ဓာတ်ဆီခဲ ကြီးဆိုလျှင်လည်း ဟုတ်၏၊ လူသဏ္ဌာန်မျှတောက်၍နေသော မီး တောက်ကြီးနှင့် ဤကိုယ်ကြီးသည် တူလှ၏၊ ထိုမီးတောက်ကြီးကို စေ့စေ့ကြည့်နေလျှင် တရွရွ တရှိန်ရှိန် ရုပ်ကလာပ်တွေ ပွား၍နေမှုသည် ထင်ရှားလှ၏၊ စီး၍နေသောမြစ်ရေအလျှဉ်ကို စေ့စေ့ကြည့်၍နေလျှင် လည်း စိပ်စိပ်-စိပ်စိပ်, တရွရွ-ပွားမှုအစဉ်သည် ထင်ရှား၏၊ တရှိန်ရှိန် တရွရွ-မြင်ကြလျှင် ဆံပင်-စသော ခန္ဓာတို့၌ အာကာသ ပရိစ္ဆေဒဓာတ်၏ ခြားနားနေချက်ကိုလည်း ထင်တက် မြင်တတ်ကြစေ။

အာကာသ-ဓာတ် အခြားအခြားတွေကို မြင်တတ်မှ ဓာတ် ကိရိယာ အဟောင်းတွေ သေမှု, ဆုံးမှု, အသစ်အသစ်တွေ ဖြစ်ပေါ်မှု အနိစ္စ အချက်ပေါ်နိုင်သည်၊ ထိုမီးတောက်ကြီး မြစ်ရေအလျဉ်တို့၌ မီးတောက် မီးလျှံပွားမှု, မြစ်ရေအလျဉ် ပွားမှုကဲ့သို့ ဤကိုယ်ခန္ဓာ ကြီးမှာလည်း အမြဲပွား၍နေသော ဥတုဓာတ်မီး, ဥတုဇရုပ်ကလာပ် စသည်တို့ကို တရှိန်ရှိန်, တရွရွ-နေကြသည်ကို မျက်စိနှင့် မြင်သကဲ့သို့ ဉာဏ်နှင့် မြင်ကြစေရမည်။

ပဋိသန္ဓေမှစ၍ ကမ္မဇ-ရုပ်ကလာပ် အစဉ်မှာမှုကား ထိုဥတုဇ, အာဟာရဇ- တို့ပွားစီးလျှင် ပွားစီး၍ လိုက်၏၊ ဆုတ်ယုတ်လျှင် ဆုတ်ယုတ်၍ လိုက်၏၊ ရေပွားလျှင် ကြာပွားသကဲ့သို့, ရေဆုတ်လျှင် ကြာဆုတ် သကဲ့သို့တည်း၊ လောက၌ ကိုယ်တွေ့ မျက်မြင်တွေကိုလည်း စေ့စေ့နှံနှံ ကြည့်တတ်, သိတတ်ရသည်။

(ဤကား ကင်္ခါဝိကရဏဝိသုဒ္ဓိ အမြွက်တည်း။)

ဓာတ်ကြီး ၄-ပါးနှင့် ဘာဝနာကိစ္စ ပြီးစီးနိုင်ပုံကို ပြဆိုချက်ပြီး၏၊

-----------------

( စ ) ဓာတ်ဆီ, ဓာတ်မီးတို့ကို အမှီပြု၍ ရုပ်တရားတို့၌ ဝိပသာနာဉာဏ်အမြင် ထိုးထွင်း၍သိပုံ

ဓာတ်ဆီ ဓာတ်မီးတို့ကို အမှီပြု၍ ရုပ်ဓမ္ဓတို့၌ ထိုးထွင်း၍ သိရသော အချက်စုကို ပြဆိုအံ့။

အထက်အောက် အဖို့အားဖြင့်- အကနိဋ္ဌဘုံမှ စ၍ မဟာအဝိစိ ငရဲကြီး၊ ထို့အောက် ယူဇနာ ၁-သိန်း၂-သောင်းအထုရှိသော သိလာပထဝီကျောက်ဖျာကြီး၊ ထို့အောက်ယူဇနာ ၄-သိန်း ၈-သောင်း အထုရှသော ရေပြင်ကြီး၊ ထို့အောင် ယူဇနာ ၉-သိန်း ၆-သောင်း အထုရှိသော လေပြင်ကြီး၊ ဤမျှလောက်သော ဩကာသကို ဓာတ်ဆီ, ဓာတ်မီးတို့သည် ဖန်ဆင်းတည်ထောင်အပ်၏၊ ထိုမှ အောက်အဖို့သည် အနန္တ ကောင်းကင် နယ်သာဖြစ်၏၊ ရုပ်ဟူ၍ အဏုမြူမျှမရှိပြီ၊ အကနိဋ္ဌ ဘုံမှ အထက်အဖို့သည်လည်း အနန္တကောင်းကင်နယ်သာ ဖြစ်၍ အဏုမြူမျှ မရှိပြီ။

ဖီလာ အဖို့အားဖြင့်- အောက်လေအပြင်, ရေအပြင်တို့သည် အနန္တစကြာဝဠာ တစ်ပြင်တည်းသာ ဖြစ်ကုန်၏၊ သိလာပထဝီခေါ်သော ကျောက်အပြင်သည်လည်း စကြာဝဠာ ၃-ခုဆိုင်ရာ၌ ယူဇနာ ၈-ထောင် အပေါက်ရှိ၏၊ မြင့်မိုရ်တောင်, သတ္တရဘန်တောင်, စကြာဝဠာတောင် တို့သည်လည်း ထိုသိလာပထဝီ၌ အမြစ်စိုက်ကုန်သည်၊ ထိုတောင်တို့၏ တို့သည်လည်း ထိုသိလာပထဝီ၌ အမြစ်စိုက်ကုန်သည်၊ ထိုတောင်တို့၏ အောက်၌ ပံသုပထဝီအခြားမရှိပြီ မြင်မိုရ်တောင်သည် ရေထဲ၌ ၈- သောင်း ၄-ထောင်မြုပ်သည်ဟူသော စကားမှာ အောက်မြေမှ ပေါ်ရာ သမုဒ္ဒရာအစောက်နှင့် တိုင်း၍ ဟောသောစကားသာဟု ယူရမည်၊ သိလာပထဝီ ခေါ်သော ကျောက်ဖျာအပြင်မှ ပေါ်တက်သည်ကို ဆိုမူကား မြင့်မိုရ်တောင်သည် ရေထဲ, မြေထဲသို့မြှုပ်သည်ကား ပံသုပထဝီအထု ယူဇနာနှင့်အမျှ ၁-သိန်း ၂-ထောင်မြုပ်သည်ဟု ဆိုရပေမည်၊ သမုဒ္ဒရာသည် အောက်မြေပြင်၌ တည်ရှိ၍ထားသကဲ့သို့ဖြစ်သည်မဟုတ်၊ အသုရာပြည် တည်ရာအရပ်မူကား အထူးဖြစ်သောဩကာသပေတည်း။

ပံသုပထဝီမှာမူကား- ကျောက်ခွက်အများ၌ အသီးသီး ထည့်၍ထားသော မြေညက်ကဲ့ကို စကြာဝဠာတစ်ခုစာ အတွင်း၌သာ အသီးအသီး တည်ကြလေသည်၊ စကြာဝဠာ၁-ပါးနှင့် ၁-ပါး ပံသုပထဝီ ချင်း မစပ်ကြ၊ ဆိုအပ်ပြီးသော စကြာဝဠာ အနန္တပင် တစ်ပြင်တည်းဖြစ်၍ ဆောင်ပေသော လေပြင်သည်လည်း ဓာတ်ဆီ, ဓာတ်မီးတို့ ဖန်ဆင်းတည် ထောင်ပေ၍ ယနေ့ထက်ထိ ဖြစ်ထွန်းကာနေပေသည်။

ပဋ္ဌာန်းပါဠိတော်၌-ဗဟိဒ္ဓဓာတ်ဆီသည် ဗဟိဒ္ဓဝတ္ထု၌ ကျေးဇူး ပြုကြောင်းကို မဟောပါသော်လည်း ဗဟိဒ္ဓဝတ္ထုတို့၌ အဆီအင်အား ကောင်းလျှင် ခိုင်ခံ့အားရှိသည်များကို မြင်ကြရသောကြောင့် ဗဟိဒ္ဓဝတ္ထု တို့၌ အဆီအင်အားကောင်းလျှင် ခိုင်ခံ့အားရှိသည်များကို မြင်ကြရသော ကြောင့် ဗဟိဒ္ဓဓာတ်ဆီသည် လေ, ရေ, မြေ-စသော ဗဟိဒ္ဓဝတ္ထုတို့၌လည်း သုတ္တန်ဥပနိဿယနည်းအားဖြင့် ဓာတ်မီး၏အားကြီးစွာသော အထောက် အပံ့ အဖေါ်သဟဲကြီးတစ်ခုဖြစ်ကြောင်းကို သိရလှတော့သည်။

လောက၌ ဥဏှတေဇော လွန်သော မီးကျီးမှ အဆင့်ဆင့်ဖြစ်ပွား သော မီးတောက်ကို မီးတောက်ဟု ခေါ်ဝေါ်သည်။ ထိုမီးတောက်၏ အဆင့်ဆင့် မီးပွား၍သွားသည်နှင့်အတူတူပင်၊ ထိုလေပြင်ကြီးသည် လည်း ဓာတ်မီးအပြင်ကြီးပင်ဖြစ်၍ အဆင့်ဆင့်မီးပွား၍နေသော မီးသား, မီးမြေး, မီးစု, မီးခဲပင်တည်း၊ မီးစာပင်ကောင်းသော်လည်း နှမ်းဆီ, ရေနံဆီစသော လောင်စာအဆီရှိမှ မီးသည်အရှည်တည်နိုင် ပွားများနိုင်သကဲ့သို့ ထိုလေပြင်၌ ကလာပ်တိုင်းမှာပါသော ဩဇာဟူသော ဓာတ်ဆီကြောင့် သာ ဓာတ်မီးသည်လည်း အရှည်တည်နိုင် ပွားများနိုင်လေသတည်း။

ဓာတ်ကြီး ၃-ပါးကို ဉာဏ်ဖြင့် နုတ်၍ ကြည့်ရှုရန်

ထိုလေပြင်ကြီး၌ လေဓာန်သည် ဓာတ်လွန်, ဓာတ်ပေါ်ဖြစ်၏၊ မီးဓာတ်သည် မပေါ်လွန်း, မငုပ်လွန်းသော အလယ်အလတ် မဇ္ဈတ္ထဓာတ်ဖြစ်၏၊ မြေဓာတ်,ရေဓာတ်များသည် ငုပ်ဓာတ်စုများသာဖြစ်၏၊ မြေဓာတ်သည် သဟဇာတ်ဓာတ်တို့၏ အဖွဲ့အစည်းကိစ္စရှိ၏၊ မြေဓာတ်ကို ဉာဏ်ဖြင့် နုတ်ယူ၍ကြည့်လျှင် ထိုလေပြင်ကြီးသည် မီးတောက်လေ သကဲ့သို့ ချုပ်ပျောက်ခွင့်ထင်မည်၊ ရေဓာတ်ကိုလည်း ထို့အတူ ဉာဏ်ဖြင့်နုတ်၍ရှု၊ ဤကဲ့သို့ချည်း အရာတိုင်းမှာပင် ပစ္စည်းကိုနုတ်၍ ကြည့်တတ်မှ တုစ္ဆသဘော, သုညသဘော ပေါ်လေသည်။

ဥပမာ-မီး, ရေ, လေတို့ဖြင့် လှုပ်ရှားသွားလာ၍ နေသော စက်ရုံကြီး, သင်္ဘောကြီး,မီးရထားကြီးများကို မြင်ကြရလေရာ အသက်ရှိ သကဲ့သို့ ထင်မြင်ရသည်၊ အချက်အလကတို့ကို နေရာကျသိ၍ ဉာဏ်ဖြင့် နုတ်ကာ, နုတ်ကာကြည့်ရှုပါလျှင် လှုပ်လှုပ်မြင်သမျှ အားလုံးသည် တုံးလုံးပုံလျက် သက်သက်အသေ ထင်မြင်ပေသည်၊ ယင်းသို့ ထင်သည်ကို တုစ္ဆ, သုည-ခေါ်သည်၊ ပဋိစ္စသမုပ္ပါဒ်နည်း, ပဋ္ဌာန်း နည်းများနှင့် ပစ္စည်း အမျိုးမျိုးတို့ကို ဟောတော်မူသည်မှာလည်း ပစ္စည်းအပြားကို သိစေလို၍ ဟောတော်မူရင်းပင် မဟုတ်၊ ပစ္စည်းတရားကို နေရာကျသိ၍ နုတ်ကာ နုတ်ကာ ရှုတတ်ပါမှ လောကဓာတ်အားလုံး၏ တုစ္ဆသဘော, သုည သဘောကို သိနိုင်မည်ဟု နှလုံးပြု၍ နိဿတ္တ, နိဇ္ဇီဝ, တုစ္ဆ, သုည-အဖြစ်ကို သိစေလို၍သာ ဟောတော်မူရင်း ဖြစ်ပေသည်။

ဤကဲ့သို့သော သဘောကို မသိကြကုန်သော သူတို့သည် ပဋ္ဌာန်း ၂၄-ကျမ်းကို အသက်ထက်ဆုံး နုတ်ဝယ်ငုံသော်လည်း ဤသတ္တလောက, ဩကာသလောက၏ တုစ္ဆအဖြစ်, သုညအဖြစ်, နိဿတ္တ-နိဇ္ဇီဝ-အနတ္တအသာရအဖြစ်ကို မရိပ်မိကြလေကုန်။

လေဓာတ်သည် သဟဇာတ်တို့၏ အားခွန်ဗလပေတည်း၊ ထို့ကြောင့် လေဓာတ်ကို နုတ်၍ရှုလျှင် လေအပြင်ကြီး ခဏချင်းကွယ်ရာ၌ ဆိုဘွယ်မရှိ၊ မီးဓာတ်မှာမူကား သူမွေးဖွားမှ ဖြစ်ပွားရလေသော လေ အပြင်ကြီး ဖြစ်ပေ၍ သူ့ကိုနုတ်လျှင် လေအပြင်မရှိပြီ၊ ဩဇာ-ဟူသော ဓာတ်ဆီကို နုတ်၍ရှုလျှင်လည်း ဓာတ်မီးသေပျောက်သည်ကို မြင်လတ္တံ့။

ဤကား အထုအားဖြင့် ယူဇနာ ၉-သိန်း ၆-သောင်း, ဖီလာ အားဖြင့် စကြာဝဠာအနန္တ တပြင်တည်း ဖြစ်ပွားနေသော လေပြင်ကြီး၌ ရိတ္တသဘော, တုစ္ဆသဘော, သုညသဘောတို့ကို အလင်းထင်ရှားအောင် ရှုနည်းပေတည်း။

၁။ အနိစ္စလက္ခဏာကို သန္တတိဖုံးလွမ်းသည်။

၂။ သန္တတိကို ခွါ၍ရှုမှ အနိစ္စလက္ခဏာပေါ်သည်။

၃။ ဒုက္ခလက္ခဏာကို ဣရိယာပထ- ဖုံးလွမ်းသည်။

၄။ ဣရိယာပထကို စစ်၍ ကြည့်တတ်မှ ဒုက္ခလက္ခဏာ ပေါ်သည်။

၅။ အနတ္တလက္ခဏာကို ဃန-ဖုံးလွမ်းသည်။

၆။ ဃန-ကိုဖွင့်၍ ကြည့်တတ်မှ အနတ္တလက္ခဏာ ပေါ်သည်ဟုလာသော သမ္မောဟဝိနောဒနီ အဘိဓမ္မာအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်အဋ္ဌကထာ-တို့ကိုမှီ၍ အနတ္တ၏ ပရိယာယ်ဖြစ်သော တုစ္ဆ, သုည, အသာရ-ကို ပစ္စယသာမဂ္ဂီ ဖုံးလွမ်းသည်ဖြစ်၍ ပစ္စယသာမဂ္ဂီကို ဉာဏ်ဖြင့် ပေါက်ခွဲမှုတ်လွင့်၍ တုစ္ဆသဘောကို ရှုပုံနည်းအမြွက်ပေတည်း။

ငုတ်ဓာတ်နှင့် ပေါ်ဓာတ်ကိုရှုနည်း

ငုတ်ဓာတ်ကို ဖေါ်၍ ရှုနည်း, ပေါ်ဓာတ်ကို ငုတ်စေ၍ ရှုနည်း များကို ဆိုပေအံ့။

ဖယောင်းခဲ၌ရှိသော ရေဓာတ်သည် ငုတ်ဓာတ်တည်း၊ ထိုရေ ဓာတ်ကို ပေါ်စေလိုသည်ရှိသော် ဖိစီးလွမ်း မိုး၍နေသော မြေဓာတ်ကို အားထုတ်၍ ငုတ်သွားအောင် မီးဓာတ်တစ်ပါးဖြင့် ထိ၍သိရမည်။ ဌီသို့ ရောက်လာသော ထိုမြေဓာတ်သည် မီးဓာတ်ဖိသဖြင့် အဆင့်ဆင့်ငုတ်လေ၍ ရေဓာတ်သည် အဆင့်ဆင့်ပေါ်၍ လာ၏၊ အရည်ကြည် ဖြစ်၏၊ မီးဓာတ်ခွာစေပြန်လျှင် တစ်ဖန် မြေဓာတ်က အားတိုက် ဖိစီးပြန်၍ ရေဓာတ်ငုတ်သဖြင့် အခဲဖြစ်ပြန်၏၊ မျက်မြင် ချိပ်ခဲ၌ရှိသော မြေဓာတ်ကား ဖယောင်းခဲ၌ရှိသော မြေဓာတ်ထက် အားရှိသည်ဖြစ်၍ အတန်အားရှိသော မီးဓာတ်နှင့်ဖိမှ ဆုတ်ငုတ်သည်၊ ရေဓာတ်သည်လည်း အတန်အားရှိသော မီးဓာတ်နှင့်နိုးမှ ထနိုင်သည်။ ခဲ၌ရှိသော မြေဓာတ်, ရေဓာတ်၊ ရွှေငွေ၌ရှိသော မြေဓာတ်, ရေဓာတ်၊ ကြေးနီ၌ရှိသော မြေဓာတ်, ရေဓာတ်၊ သံတွေခဲ၌ရှိသော မြေဓာတ်, ရေဓာတ်တို့ကို ဆုတ်အောင် ငုတ်အောင် ဖိနည်း, ထအောင် နိုးနည်း များကိုလည်း ချင့်၍သိလေ၊ ဗဟိဒ္ဓ-ကခိုက်တိုက်သော ပယောဂမှု သည်သာ ပဓာဏပေတည်း၊ ပယောဂမှုက အားရှိလှလျှင် ဖိ၍ မနိုးသော ဓာတ်, မထသောဓာတ်ဟူ၍မရှိ။

ဖိသောပယောဂမှု, နိုးသောပယောဂမှု-ဟူသည်လည်း ဓာတ် အချင်းချင်းလည်း တိုက်ခိုက်၍ ဖိနိုင် နိုးနိုင်ပါ၏၊

ဂါထာမန္တရားတန်ခိုး, နတ်-နဂါး-သိကြား-ဗြဟ္မာတို့ ကမ္မဝိပါကဇ တန်ခိုး, ရသေ့ရဟန်းတို့၏ သီလတန်ခိုး, သစ္စာတန်ခိုး, အဘိညာတန်ခိုးစသည်တို့ကိုလည်း မြတ်စွာဘုရား၏ တန်ခိုးဖြင့် နိုးပေးမူကား မြင့်မိုရ် တောင် ဖြစ်၍နေသော မြေဓာတ်စုသော်မှလည်း ငုတ်ရသည်၊ ရေဓာတ် စုသော်မှလည်း ထရ ပေါ်ရသည်၊ မြင့်မိုရ်တောင်သည် ရေအလျင်ဖြစ်၍ စီးသွားရသည်။

(ဤကား အဖိအနိုး၌ မြင်နိုင်စကောင်းသော နည်းအမြွက်ပေတည်း။)

ဤလေပြင်ကြီး၌ကား ဘုရားတန်ခိုးဖြင့် လေဓာတ်ကိုနှိပ်၍ မြေဓာတ်ကိုနိုးခဲ့လျှင် မြေခဲမြေပြင်ကြီး ဖြစ်ပေသည်၊ ရေဓာတ်ကို နိုးပေးလျှင် ရေအလျင်ကြီးဖြစ်၍ စီးသွားပေသည်၊ မီးဓာတ်ကိုနိုးပေးလျှင် မီးတောက်အပြင်ကြီးဖြစ်၍ ကွယ်ပေသည်၊ ဤကား ငုတ်ဓာတ်, ဝပ်ဓာတ် တို့ကို မြင်အောင် မရှုနိုင်သောသူတို့အား ထင်ရှားစွာပြု၍ ရှုနိုင်စေခြင်းငှာ ပြလိုက်သော ဓာတ်ဖေါ်နည်းပေတည်း၊ ဤနည်းသည် အင်္ဂုတ္တိုရ်ပါဠိ တော်၌လာသော အရှင်သာရိပုတ္တရာ ရှုနည်းပေတည်း၊ ဤနည်းဖြင့် ဓာတ် ၄-ပါးကို ထင်ရှားစွာ မြင်အောင်ရှုပြီးမှ ရှေး၌ပြအပ်သော သုညတနည်းကိုရှုရသော် အလွန်ထင်ရှားပေလတ္တံ့။

လေအပြင် ပြီး၏၊

------

ရေအပြင်

အထူးအားဖြင့် ယူဇနာ ၄-သိန်း ၈-သောင်း၊ အပြန့်အားဖြင့် စကြဝဠာအနန္တ တစ်ပြင်တည်းတည်နေသော ရေအပြင်ကြီး၌ကား ရေဓာတ်သည် ပေါ်ဓာတ်၊ မီးဓာတ်သည် မဇ္ဈတ္တဓာတ် (အလယ် အလတ်ဓာတ်)၊ မြေဓာတ်, လေဓာတ်သည် ငုတ်ဓာတ်၊ ရေသည် လှုပ် ရှားခြင်း ရှိငြားသော်လည်း အပလေတွန်း၍သာ လှုပ်ရသည်၊ မိမိ၏ သဟဇာတ် ကလာပ်၌ပါသော လေဓာတ်လွန်ကဲ၍ လှုပ်ရသည်မဟုတ်၊ ထို့ကြောင့် ထိုရေပြင်မှာ လေဒာတ်ကို အငုတ်ဓာတ် ဆိုပေသည်။

နိုင်လောက်သော တန်ခိုးဖြင့် မြေဓာတ်ကို နိုးလျှင် မြေပြင် ကျောက်ပြင်ကြီးဖြစ်၍ လာလတ္တံ့၊ မီးဓာတ်ကို နိုးလျှင် မီးတောက် အပြင်ကြီးဖြစ်၍ ချုပ်လတ္တံ့၊ လေဓာတ်ကိုနိုးလျှင် လေပွ၍ ပွင့်လတ္တံ့၊ သဟဇာတ်ပစ္စည်းတို့ကို နုတ်ခွာ၍ကြည့်လျှင် တုစ္ဆ, သုည-အဖြစ် ထင်ရှားလတ္တံ့။

မြေအပြင်

ထိုအထက် သိလာပထဝီ-ခေါ်သော ကျောက်ဖျာအပြင် ထိုမှ ပေါ်သောမြင့်မိုရ်, သတ္တရဘန်, စကြဝဠာ-တောင်စုတို့နှင့်တကွ လူတို့ နေရာ ပံသုပထဝီအပြင်တို့၌ကား သိလာမြေ, ပံသုမြေဟူသော မြေဓာတ် ပေါ်သည်၊ မီးဓာတ်လျစ်လျူရှုသည်၊ ရေဓာတ်, လေဓာတ် ငုတ်သည်၊ ပေါ်ဓာတ်တို့ကို နှိပ်၍ ငုတ်ဓာတ်တို့ကို ဖေါ်၍ရှုလေ၊ ပစ္စယသာမဂ္ဂီတို့ကို နုတ်ခွာ၍ရှုလေ၊ သုညတသဘော ထင်ရှားလာလတ္တံ့။

ဤ မြေဓာတ်နယ်ကား အကနိဋ္ဌ ဗြဟ္မာကြီးသဏ္ဌာန်, နတ်ဝတ် ပုဆိုး, ဘုံဗိမာန်, ဥယျာဉ်, ပဒေသာပင် တိုင်အောင် မြေစု မြေခဲတွေသာ ဖြစ်ပေ၍ အကနိဋ္ဌမှ အောက်တစ်ပြင်ပေတည်း၊ သတ္တလောကအားဖြင့် ကား အဝီစိငရဲကောင်မှစ၍ အထက် အကနိဋ္ဌဗြဟ္မာသဏ္ဌာန်တိုင်အောင် ဤအတွင်း၌ ပရမာဏုမြူနယ် သေးငယ်လှစွာ သတ္တဝါကောင်ဖြစ်၍ နေသော မြေခဲမှစ၍ ရာဟုအသုရိန်၏ ကိုယ်ကောင်သဏ္ဌာန်ဖြစ်သော မြေခဲကြီးတိုင်အောင် မြေနယ်ပေတည်း၊ သတ္တဝါ အနန္တကို နှံ့နိုင်သမျှ နှံ့ပြားအောင် ထိုးချေ၍ရှုလေ။

ရှေးနည်းကို ပြပေအံ့

အကနိဋ္ဌ ဗြဟ္မာသဏ္ဌာန်၌ မြေဓာတ်ပေါ်၏၊ မီးဓာတ် လျစ်လျူ ရှု၏ရေဓာတ်ငုတ်၏၊ လေဓာတ်မှာ လှုပ်ရှား သွားလာသောအခါ ပေါ်၏၊ ငြိမ်သက်စွာ နေသောအခါ ငုပ်၏၊ ရေဓာတ်ကိုနိုး၍ရှုလျှင် ရေအလျဉ် ဖြစ်၍ စီးသွားလေအံ့၊ မီးဓာတ်ကိုနိုးလျှင် မီးတောက်မီးလျှံဖြစ်၍ ပျောက်လေအံ့၊ လေဓာတ်ကိုနိုးလျှင် ပွရွ၍ လွင့်ပါးလေအံ့၊ ပစ္စယ သာမဂ္ဂီကို နုတ်ခွါ၍ကြည့်လျှင် သတ္တဝါမဟုတ်၊ အသက်မဟုတ်၊ တုစ္ဆ, သုည-သဘော ထင်ရှားပေါ်လာလေအံ့၊ စကြာဝဠာအနန္တတွင် ကာမ ရူပ-ရှိသမျှသော သတ္တဝါအနန္တတွေကို အကုန်ကြိတ် နယ်၍ရှုလေ၊ မိမိကိုယ်ကို ရှေးဦးစွာ တင်၍ရှုလေ။

အထူးမှာကား-ရူပဗြဟ္မာကောင်ဆိုသော မြေခဲစုမှာ ဓာတ်မီး၏ သားမြေစုသာတည်း၊ ကာမသတ္တဝါ ကောင်ခေါ်သော မြေခဲတို့၌ကား ဓာတ်ဆီ၏ သားမြေး,ဓာတ်မီး၏ သားမြေး-ဟူ၍ ၂-ထွေပင်ရှိရလေသည်၊ ကာမသတ္တဝါတို့မှာ မပြတ်မပြတ်ဓာတ်ဆီလောင်း၍လောင်း၍ပေးနိုင်မှ ဓာတ်မီးတောက်နိုင်၍ အကောင်မပြက် အထည်မပျက် ဆက်လက် တည်နေနိုင်သည်၊ လူသတ္တဝါများမှာ တစ်နေ့လျှင်၊ လူသတ္တဝါများမှာ တစ်နေ့လျှင် ၂-ခါ ၂-ခါ ဓာတ်ဆီလောင်း၍ အသက်ကို ဆွဲငင်ရသည် ဓာတ်ဆီလောင်းချိန်ကျလျက် မလောင်းခဲ့လျှင် ထိုအချိန်ကစ၍ အဇ္ဈတ္တ ဓာတ်နုသည် တစ်ကိုယ်လုံးမှာပင် ရေမှဆယ်သော ရေမြှုပ်ဆိုင်ကဲ့သို့ အစဉ်အတိုင်း တဖြုတ်ဖြုတ် ကြေပျက်၍ ၇-ရက်တိုင်လျှင် ကမ္မဇဓာတ်နု ကုန်၍ သေဆုံးရတော့သည်။

ထိုသို့ဖြစ်ရန် အခွင့်ထင်ရှားလေသောကြောင့် မြေတပြင်လုံး မှာပင် လယ်ခင်းတွေ့ ယာခင်းတွေ့ ဥယျာဉ်တို့ကို လုပ်ဆောင်၍ ရေကြောင်း ကုန်းကြောင်း သွားလာ၍ အသက်မွေးမှအမျိုးမျိုးတို့ဖြင့် ဓာတ်ဆီ ဆက်လက်နိုင်မှုကို ကြောင့်ကြစိုက်ရသည်၊ စကြာဝဠာ အနန္တမှာ ပင် နေ့ရှိသမျှ ရွရွ ရွရွ ကြောင့်ကြစိုက်သော အမှုကို အရင်းပေါ်အောင် နေရာကျစစ်ဆေး၍ ကြည့်တတ်ပါလျှင်''အနတ္တာ အသာရကဋ္ဌေန'' ဟူသော အနတ္တလက္ခဏာ ထင်လင်းစွာပေါ်ပေမည်။

အသာရကဋ္ဌေန၊ မိမိ ပုဂ္ဂလိက အစွမ်းသတ္တိအားဖြင့် အဓွန့် ရှည်ကာ ခိုင်မြဲစွာ တည်နိုင်သော အနှစ်အနာ မရှိခြင်းအနက်ကြောင့်။ အနတ္တာ၊ အနတ္တမည်၏၊

အနှစ်အမာ မရှိသောကြောင့်ပင်လျှင် ဇရာမီး, မရဏမီးခဏချင်လောင်ကျွမ်းကုန်ဆုံးသည်ဖြစ်၍''အနိစ္စ ခယဋ္ဌေန'' ဟူသော အနိစ္စလက္ခဏာ ထင်လင်းစွာပေါ်ပေမည်။

ဇရာမီး, မရဏမီး ခဏချင်း ဖိစီးလောင်ကျွမ်းသဖြင့် ခဏချင်း ခဏချင်း ဟောင်းမြင်းရိရှား နွမ်းပါးညှိုးချုံး ပျက်ဆုံး ကွယ်ပျောက် သည်ဖြစ်၍ ကြောင်ဖွယ် လန့်ဖွယ်တွေသာ ဖြစ်ရလေတကား''ဒုက္ခံ ဘယဋ္ဌေန'' ဟူသော ဒုက္ခလက္ခဏာ ထင်လင်းစွာပေါ်ပေမည်။

အနှစ်အမာမရှိ၍ မျက်တောင်တစ်ယှက် လျှပ်တစ်ပြက်မျှ အသက်မရှည်နိုင်သော တရားစုသည် ဘယ်သူ့အလိုကို လိုက်ပါနိုင် မည်နည်း၊ အလိုသို့ မလိုက်သော တရားစုကို ''ငါ့ကိုယ်-ငါ့ကိုယ်ဟု အတွင်းထား၍ အားပြုခြင်းအမှုသည် ဟုတ်မှန် သဘောပင် မဟုတ်ပေ။ ပနှစ်မရှိခြင်းသည် လက္ခဏာယာဉ် ၃-ပါး၏ အရင်းမူလ ပေတည်း၊ ထို့ကြောင့် အနှစ်မရှိခြင်းဟူသော တုစ္ဆ, သုည-သဘောကို အနုထက်အနု မြင်အောင်ရှုနိုင်ပါလျှင် လက္ခဏာယာဉ် ၃-ပါးပေါ်လတ္တံ့။

ခရီးသွားမျက်စိလည် တစ်ယောက်သည် ညဉ့်အခါ ဂင်္ဂါမြစ်ရေ၌ မျော၍လာသော ဘော့တိုက်ကိုရ၍ တက်စီးလေရာ ညဉ့်အခါပင် သမုဒ္ဒရာပြင်သို့ မျောထွက်ရာ ပါလေ၏၊ ထိုဘော့တိုက်ကြီးသည် သစ်ကြီး, ဝါးကြီးလည်းမပါ၊ ကြိုးလွန်, ကြိမ်နွယ် အဖွဲ့အယှက်လည်းမရှိ၊ စုမိစုရာ ဆူးအမျိုးမျိုး, ငြောင့်အမျိုးမျိုးနှင့်ယှဉ်သော အမှုက်စုသာဖြစ်၏၊ တွေ့မိ တွေ့ရာက ထွက်၍ပါလာသော အဆိပ်ထန်သော ပိုးအမျိုးမျိုး, မြွေအမျိုး မျိုးနှင့်လည်း ပြည့်၏၊ လေနှင့်လှိုင်းနှင့် ဝဲနှင့် တစ်ချက်တွေ့လျှင်ပင် တစ်ဖျက်တစ်ပါး ပျက်ပြားလတ္တံ့သည်လည်းဖြစ်၏၊ ထိုသူသည် မဟာ သမုဒ္ဒရာ၏ ဆားငန်ရေ အတိဖြစ်၍ ကမ်းမရှိ၊ ကျယ်သည်၊ နက်သည်၊ ငါး,လိပ်,မကန်း-စသောဘေးအန္တရာယ် များပြားသည်ကိုလည်း မသိ။

ထိုသူသည်လည်း ညဉ့်မှောင်တွင်းဖြစ်၍ ထိုဘော့ဖောင်ကိုပင် သိကြားဖန်ဆင်းသော မဟာပစ္စရိ ဖောင်ကြီးနှင့် အတူထင်၍ ချမ်းမြေ့ သဖြင့် ကျွန်းကောင်း, မြိုကကောင်းသို့ ဆိုက်ပေတော့အံ့- ဟုအားရှိ၏ ညဉ့်အခါတွင်း၌ပင်လျှင် လေဟုန်, လှိုင်းဟုန်, ဝဲဟုန်နှင့်တွေ့၍ ဖရိုဖရဲ တစ်ဖျင့်တစ်ပါး ပျက်ပြားလေရာ တွယ်တာရုံမျှ စမ်းမရသဖြင့် ငါး,လိပ် တို့၏ အစာဖြစ်လေ၏၊

ဤဥပမာ၌ ---သာသနာတွင်းဝယ် လူ့အဖြစ်ကိုရသည်နှင့် ဂင်္ဂါမြစ်ကွေ့၌ ဘော့တိုက်ကို ရဝည်နှင့်တူ၏ ညဉ့်မှောင်နှင့် အဝိဇ္ဇာတူ၏၊ ညဉ့်မှောင်မရှိပေလျှင် ဘော့တိုက်ကြီး၏ ကြောက်လန့်ဖွယ်ကိုလည်း ကောင်း, ကမ်းမရှိသော မဟာသမုဒ္ဒရာသို့ သွားရသောဘေးကိုလည်း ကောင်း, ဂင်္ဂါ၏ကမ်းကိုလည်းကောင်း မြင်ရ၍ ဘော့တိုက်ကို ကမ်းရှိရာ သို့ အပါတွန်း၍ ရေဘေး,ဘော့တိုက်ဘေးမှ လွန်တည့်ရန် ကြံဖန်အား ထုတ်ပေလတ္တံ့။

၁။ ဂင်္ဂါကမ်းနှင့် နိဗ္ဗာန်,

၂။ မဟာသမုဒ္ဒရာနှင့် သာသနာပ သံသရာ,

၃။ ငါး, လိပ်, မကာရ်း သံသရာ ဒုက္ခ,

၄။ ဘော့တိုက်နှင့် မိမိ၏ ဥပါဒါနက္ခန္ဓာငါးပါး,

၅။ ဘော့တိုက်၌ ဆူးငြောင့်စုနှင့် ရောဂါအနာမျိုး,

၆။ ဘော့တိုက်၌ခိုကြသော အဆိပ်ထန်သော ပိုးမျိုး မြွေမျိုးနှင့် တစ်ထောင့်ငါးရာကိလေသာ,

၇။ ဘော့တိုက်ကြီး၏ အဖွဲ့အစည်း အားနည်းလျော့လျည်း ပြိုကွဲလုလုနှင့် အနမတဂ္ဂ သံသရာကွင် ခန္ဓာငါးပါး၏ အသာရကဋ္ဌ,

၈။ လေဟုန် လှိုင်းဟုန် ဝဲဟုန်နှင့် လောက၌ရှိသော ဘေးစု,

၉။ ဘော့တိုက်ကို သိကြားဖန်ဆင်းသော ဖောင်ကြီးနှင့် အတူ ထင်သော ပုထုဇဉ်,

၁၀။ ဖောင်ကို အားကိုးမှား၍ ဖောင်သွားရာ သမုဒ္ဒရာပြင်သို့ ရောက်လေသည်နှင့် ယခုဘဝခန္ဓာကို ညှာတာ၍ သေ သည်အခြားမဲ့၌ သာသနာပသို့ ရောက်သွားသောသူ,

၁၁။ ဂင်္ဂါမြစ်ကြီး ကမ်းအနီးဝယ် ရေပြင်လယ်၌ပင် ပျက်၍ သေသူှနှင့် ယခုဘဝ ပုထုဇဉ် အနေသေသူ,

၁၂။ ကမ်းမမြင်ရာ သမုဒ္ဒရာအလယ်မှာ ဖောင်ပျက်၍သေ သူနှင့် သာသနာပ အနမတဂ္ဂ၌ သေကြရသူ-တူလှကုန်၏၊ ထို့ကြောင့် ယခုဘဝ ကမ်းစ-နီးခိုက်တွင် မိမိခန္ဓာ၏ အသာရ, နိဿာရ, တုစ္ဆ, သုည- အဖြစ်များကို မြင်ကြ၍ ခန္ဓာအလိုသို့ မလိုက်ဘဲ ခန္ဓာကိုသာ ကမ်းနီးရာသို့ အပါဆွဲရမည်။ ထင်းစကိုစွဲ၍တောက်ရသော မီးတောက်သည် ထင်းစထက်ပင် အနှစ်သာရ အနှစ်အမာ နည်းလေ သကဲ့သို့ ရုပ်ကိုစွဲ၍ဖြစ်ရသော စိတ်, စေတသိက်-ဟူသော နာမ်တရား သည်လည်း ရုပ်ထက်ပင် အလွန်အနှစ်အမာ နည်းသည်ဟုသိလေ။

တောတောင် သစ်ပင် ချုံပိတ်ပေါင်းတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ

တော တောင် သစ်ပင် ချုံပိတ်ပေါင်းတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ, တုစ္ဆ, သုညကို မြင်လိုလျှင် နှစ်စဉ်ရွာသော မိုးရေမိုးပေါက် ဟူသော ဓာတ်မီးမြေ၌ မှီသောဓာတ်မီးတို့ကို ဉာဏ်ဖြင့်နှုတ်ပယ်၍ရှု၊ ယခုနှစ်တွင် စကြဝဠာအနန္တ တစ်ပြိုင်တည်း မိုးပြတ်ခဲ့အံ့၊ စကြဝဠာအပြင်သည် နောက်နှစ်မှစ၍ သစ်ရွက်, သစ်ညွန့် ကုန်မည်၊ မကြာမီ သစ်ပင်, တော, တောင်, ချုံပိတ်ပေါင်းတို့ ခြောက်သွေ့ကုန်ခန်းမည်။

ဗဟိဒ္ဓ ဓာတ်ဆီကို နေ့စဉ်လောင်း၍ သည်ရက်မှနောက်ရက်၊ သည်လမှနောက်လ၊ သည်နှစ်မှနောက်နှစ်၊ သည်အရွယ်မှနောက်အရွယ် ရောက်အောင် ဆွဲနိုင်ငင်နိုင်ပါမှ ပါနိုင်သော လူ, နွား, ကျွဲ, ဆင်, မြင်း, ငါး, လိပ်, မကာရ်း စသော အကောင်အထည်ဟုဆိုအပ်သော ဓာတ်မီး တောက်, ဓာတ်မီးခဲတို့သည်လည်း နောက်နှစ်မှစ၍ စကြဝဠာအနန္တ တစ်ပြင်လုံး အရိုးဖွေးဖွေးမျှ မကျန်အောင် ပျက်ဆုံးကုန်ခန်းမည်၊ ကမ္ဘာတည်သည်မှစ၍ လိုရာနှစ် သက္ကရာဇ်တွင် ဖြတ်၍ကြည့်၊

မိမိကိုယ်ကို ကွက်၍ ကြည့်ရှုရန်

သတ္တဝါတစ်ကောင်တွင် ကွက်၍ကြည့်လိုမူကား မိမိကိုယ်ကို ကွက်၍ကြည့်၊ ကလလသတ္တာဟ၌ ဓာတ်မီး အစောင့်အရှောက်နှင့် လာခဲ့၍ အဗ္ဗုဒသတ္တာဟ, ပေသိသတ္တာသို့ ရောက်သောအခါ အမိမှ ဖြစ်သော ဓာတ်ဆီသည် သူငယ်သို့စိမ့်ဝင်၍ ဓာတ်ကိုပွားစေသည်၊ ဓာတ်ဆီနှင့် မနှံ့ပေမူ ထိုအခါတွင် ချုပ်မည်၊ နေ့စဉ် အတိုင်း ယခုနေ့တိုင် အောင် ဓာတ်ဆီလောင်းကာ လောင်းကာ လာခဲ့ရသည်ကိုလည်း မြင်အောင်ကြည့်၊ မည်သည့်နေ့မှစ၍ မလောင်းပေးလျှင် မည်သည့်နေ့ တွင် သေမည်-ဟု မြင်အောင်ကြည့်။

နာရီတိုင်း, ခဏတိုင်း သေနာရီ, သေခဏ-ချည်း မြင်အောင်ရှု၊ အနမတဂ္ဂသံသရာက လာခဲ့ရပုံကိုလည်း ရှု၊ နောက်ရက်, နောက်လ, နောက်နှစ်သို့ ရောက်ပါရအောင် ဓာတ်ဆီလောင်းရပုံ၊ မလောင်းလျှင် ကုန်ဆုံးပုံကိုလည်း မြင်အောင်ရှု၊ ဝမ်းတွင်း၌ ရောက်ပြီးသော အစာနွမ်း သည်မှစ၍ ခဏစဉ်အတိုင်း တစ်ကိုယ်လုံး၌ရှိသော ဓာတ်နုတို့၏ အစဉ်အတိုင်း တဖြုတ်ဖြုတ် ပျက်ပြုန်းသည်ကိုလည်း မြင်အောင်ရှု၊ အစာသစ်, ဓာတ်ဆီသစ် ထပ်ခါထပ်ခါလောင်းပါသော်လည်း ဓတ်ဆီ ဟောင်း, ဓာတ်မီးဟောင်း, ဓာတ်မီး၏, သားဟောင်း, မြေးဟောင်း, ရုပ်ဟောင်း, ကလာပ်ဟောင်းတို့သည် ထိုထို ဓာတ်ဆီ ဓာတ်ဟောင်း ဓာတ်မီးဟောင်းတို့နှင့် အတူတကွပင် ကွယ်ပျောက် ချုပ်ဆုံးကာ ပါကြ ရလေကုန်၏၊

၁။ ရှေးရှေးနေ့၌ မျိုအပ်သော အစာရေစာ၌ပါသော ဗဟိဒ္ဓ ဓာတ်ဆီ ဓာတ်မီး၊ ဤဗဟိဒ္ဓဓာတ်ဆီ, ဓာတ်မီးတို့နှင့်ဖက်တွဲရမှ ထကြွ တောက်ထွန်း၍ မျက်လုံးခဲ, နားခဲ, အသည်းခဲ, အဆုတ်ခဲ-စသော ကလာပ်စု ကလာပ်ခဲတို့ကို ဖန်ဆင်းကြပေသော ကမ္မဇဓာတ်ဆီ ဓာတ်မီး, စိတ္တဇ ဓာတ်ဆီဓာတ်မီး, ဥတုဇဓာတ်ဆီ ဓာတ်မီး အာဟာရဇ ဓာတ်ဆီ ဓာတ်မီးဟူသော အဇ္ဈတ္တဓာတ်ဆီမျိုး ဓာတ်မီးမျိုးတို့သည်လည်းကောင်း၊

၂။ ထိုဗဟိဒ္ဓ, အဇ္ဈတ္တဓာတ်ဆီ ဓာတ်မီးတို့မှ ပေါက်ပွားသော ရုပ်ကလာပ်ခဲစုတို့သည်လည်းကောင်း၊ ဤအလုံးစုံတို့သည် နောက် နောက်သို့ သား မြေး မြစ်စွန်းမျှသာ ရောက်ကြကုန်သည်။

၆-သစ် ၈-သစ်ခန့်ရှိသော လျှော်မျှင်တို့ကို အလံ ၁-ရာရှည်သော ကြိုးကြီး လွန်းကြီးဖြစ်အောင် ကျစ်ရာ၌ ကြိုးကျစ်လိမ္မာလှသော ယောကျ်ားသည် မြှုပ်သောအစ, စိုက်သောအစကိုမပေါ်ရအောင် ကျစ်ပေသကဲ့သို့ နောက်နောက်နေ့တို့၌ အလျဉ်မပြတ်ရအောင် ထပ်ကာ ထပ်ကာ လောင်း၍လောင်း၍ သဏ္ဌာန်မပြတ် ဟန်ပန်မပျက်မီ ဆက်လက်ပါမှ ချုပ်လေပျက်လေသော ကလာပ်ဟောင်းတို့နေရာမှာ အစားစေ့ကာ အစဉ်ပါနိုင်လေသတည်း၊ တစ်ရက်အတွင်းမှာလည်း ဉာဏ်မီသမျှ အနုစိတ်လေ၊ အဟောင်းတို့ချုပ်ပျက်ပုံနှင့် အသစ်တို့ဖြစ် ပေါ်ပုံများကို အမျှင်ပြတ်အောင် ခြားနား၍ ရှုရမည်။

ထိုသို့ ရှုမြင်သော သူကိုပင်လျှင်

ယော စ ဝဿသတံ ဇီဝေ၊

အပဿံသ ဥဒယဗ္ဗယံ။

ဧကာဟံ ဇီဝိတံ သေယျော။

ပဿတော ဥဒယဗ္ဗယံ။

ဟူ၍ ဓမ္မပဒပါဠိတော်၌ ချီးမွမ်းတော်မူပေသည်။

အနက်။။ ယော စ=အကြင်သူသည်လည်း၊ ဥဒယဗ္ဗယံ= ရုပ်နာမ်တရားတို့၏ အသစ်အသစ် မစဲ ဖြစ်ပေါ်ခြင်း, အဟောင်း အဟောင်း မစဲ ချုပ်ကွယ်ခြင်းကို၊ အပဿံ-အပဿန္တော=မမြင်ဖူးရဘဲ၊ ဝဿသတံ= အနှစ်တစ်ရာပတ်လုံး၊ ဇီဝေ အသက်ရှင်၏၊ တဿ=ထိုသူ၏၊ ဇီဝိတံ=အနှစ်တစ်ရာ ခန္ဓာမြင့်ရှည် နေရတတ် သည်ထက်၊ ဥဒယဗ္ဗယံ=ရုပ် နာမ်တရားတို့၏ အသစ်အသစ်မစဲ ဖြစ်ပေါ်ခြင်း, အဟောင်း အဟောင်း မစဲ ချုပ်ကွယ်ခြင်းကို၊ ပဿတော=အတတ်မြင်လျက်၊ ဧကာဟံ=တစ်ရက် မျှ၊ ဇီဝိတံ=အသက်ရှင် ရခြင်းသည်သာ၊ သေယျော=မြတ်လှစွာ။ ဤဥဒယဗ္ဗယသဘောကို မြင်ရသော သူသည်သာ ဘုရားကို တွေ့ရသောသူ မည်၏၊ ဥဒယဗ္ဗယ သဘောကို မမြင်ဖူးရသောသူသည် ဘုရားကို တွေ့ရသောသူ မဟုတ်သေး။

(ဤကား အာဟာရနှင့်စပ်၍ မိမိအဇ္ဈတ္တသန္တာန်၌ ဥဒယဗ္ဗယကို ရှုပုံတည်း။)

အတိတ်သံသရာက လာခဲ့ရပုံကိုလည်း မြင်အောင် မျှော်လေ။

နောက်ရက်, နောက်လ, နောက်နှစ်သို့ သွားရလတ္တံ့သော ပုံကိုလည်း မြင်အောင် မျှော်လေ၊ ရှိသမျှ သတ္တဝါစုကိုလည်း မိမိသန္တာန်နှင့် အတူမြင် အောင် ရှုလေ၊ ဤအာဟာရနှင့် စပ်၍ ရှုနည်းသည် တစ်ဘဝ တစ်ဘဝ တွင် ပဝတ္တိအခါ၌သာ ရသည်၊ ဘဝအသစ် ထူထောင်ရန်မှာမူကား

၁။ ဒါန, သီလ, ဘာဝနာ-ဟူသော ကုသိုလ်ကံ စေတနာ, ပါဏာတိပါတ-စသော အကုသိုလ်ကံ စေတနာသည် ဘဝသစ်ဘဝသစ်ကို ပေါက်ဖွားနိုင်သော ဓာတ်မီးပေ တည်း။

၂။ နန္ဒီရာဂ-ခေါ်သော ဘဝတဏှာသည် ဓာတ်ဆီပေတည်း၊ ဓာတ်ဆီလောင်း၍ပေးမှ ဓာတ်မီး တောက်၍ ဘဝသစ် ပေါ်နိုင်သည်။

၃။ အကုသိုလ် စေတနာ ဟူသော ဓာတ်မီးသည် အပါယ်ဘုံမှာ တောက်၍ ခန္ဓာတွေကို ပေါက်ဖွား စေသည်။

၄။ ကာမကုသိုလ် စေတနာ- ဟူသော ဓာတ်မီးသည် လူ့ဘုံ, နတ်ပြည် ၆-ထပ်တို့၌ တောက်၍ ခန္ဓာတွေကို ပေါက်ဖွား စေသည်။

၅။ ရူပကုသိုလ်စေတနာ, အရူပကုသိုလ်စေတနာ-ဟူသော အဆင့်ဆင့်သောဓာတ်မီးတို့သည် ရူပ ၁၆-ဘုံ, အရူပ ၄- ဘုံတို့၌ထောက်၍ ခန္ဓာတွေကို ပေါက်ဖွါးစေနိုင်သည်။ အသစ်အသစ်ဖြစ်သည်ကို သာယာသော ဘဝတဏှာကို ဓာတ်ဆီပေါ်ပေသည်မှာ ''တဏှာ သိနေဟော'' ဟူသော ပါဌ်နှင့် အညီတည်း။ ကံကိုဓာတ်မီးခေါ်သည်မှာ ထင်လွယ်ရန်ပေတည်း၊

အနမတဂ္ဂသံသရာတွင် လိုရာဘဝကိုမှတ်၍ ဓာတ်ဆီကိုနုတ်၍ ဓာတ်မီး ကိုသတ်၍ရှု၊ ဘဝအသစ်မပေါ်ဘဲ ချုပ်ကွယ်သော ဝယ-သဘော ထင် လင်းလတ္တံ့၊ ဘဝတိုင်း အသစ်လောင်းရသော တဏှာဓာတ်ဆီနှင့် စေတနာဓာတ်မီးတို့၏ အချက်တွေကိုမြင်လျှင် ဘဝအသစ်အသစ် ဖြစ်ကာဖြစ်ကာ တက်၍လာသော ဥဒယသဘောကို မြင်ရလတ္တံ့၊ ဘဝသစ် ထူထောင်မိလျှင် ကာမဘုံမှာ အာဟာရဓာတ်ဆီနှင့် စပ်၍ရှု၊ ရူပ, အရူပဘုံမှာ ဖဿာဟာရ, ဝိညာဏာဟာရနှင့်စပ်၍ရှုလေ။

၁။ အတိတ်, အနာဂတ်သံသရာကို မဟာကမ္ဘာနှင့် အပိုင်း အပိုင်းဖြတ်။

၂။ မဟာကမ္ဘာကို အသင်္ချေယျကပ်နှင့် အပိုင်းအပိုင်းဖြတ်။

၃။ အသင်္ချေယျကပ်ကို အန္တရကပ်နှင့် အပိုင်းအပိုင်းဖြတ်။

၄။ အန္တရကပ်ကို ထိုထို အသက်တမ်း-ဟူသော အာယုကပ် နှင့်ဖြတ်။

၅။ အာယုကပ်တွင် ရောက်ရာအသက်တမ်းကို နှစ်နှင့် အပိုင်းအပိုင်းဖြတ်။

၆။ နှစ်ကို ဥတုနှင့် အပိုင်းအပိုင်းဖြတ်။

၇။ ဥတုကို လနှင့် အပိုင်းအပိုင်းဖြတ်။

၈။ လကို ပက္ခနှင့် အပိုင်းအပိုင်းဖြတ်။

၉။ ပက္ခကို ရက်နှင့် အပိုင်းအပိုင်းဖြတ်။

၁၀။ ရက်ကို ပဟိုရ်နှင့် အပိုင်းအပိုင်းဖြတ်။

၁၁။ ပဟိုရ်ကို နာရီနှင့် အပိုင်းအပိုင်းဖြတ်။

၁၂။ နာရီကို ပါဒ်နှင့် အပိုင်းအပိုင်းဖြတ်။

၁၃။ ပါဒ်ဗီဇနာကို ပြန်နှင့် အပိုင်းအပိုင်းဖြတ်။

၁၄။ ပြန်ကို ခရာနှင့် အပိုင်းအပိုင်းဖြတ်။

၁၅။ လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက်ခန့်မှာ ကုဋေအရာမက အပိုင်းအပိုင်းဖြတ်ရမည်ပင်၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နယ ဝိပဿနာတွင်လာသော အာဓာနနိက္ခေပ-စသာ အစီ အရင်နှင့်သော်လည်းဖြတ်။

(ဤကား ဓာတ်ဆီ, ဓာတ်မီးတို့ကို အမှီပြု၍ ရုပ်တရားတို့၌ ဝိပဿနာဉာဏ်အမြင် ထိုးထွင်း၍သိပုံ အကြောင်း အမြွက်ပေတည်း။)

ရုပ်တရားတို့ကို နိဿတ္တ, နိဇ္ဇီဝ, တုစ္ဆ, သုည-သဘောများကို ဆိုခဲ့တိုင်းသော အစီအရင်ဖြင့် ထင်မြင်နိုင်ပေမူကား ထိုထိုရုပ်တရား တို့ထက် အဆများစွာအားနည်းပါသော စိတ်-စေတသိက် ဟူသော နာမ်တရားတို့၏လည်း နိသတ္တ, တိဇ္ဇီဝ,တုစ္ဆ,သုည-သဘောများသည် အလိုလိုထင်ရှားလာလတ္တံ့၊ ရိလှ ပုပ်လှစွာသော အနာကြီး၏ တုစ္ဆ, သုညသဘောကို ထင်မြင်ပေလျှင် အနာကြီး၏အတွင်း၌ နာဖို့ကျင်ဖို့ နေသော ငန်းရှိန်ငန်းခိုး, မန်းရှိန်မန်းခိုးတို့၏ တုစ္ဆ,သုည-သဘောသည် ထင်ပေရာ သကဲ့သို့တည်း။

(ဆ) နာမက္ခန္ဓာ ၄-ပါးတို့၌ အနိစ္စလက္ခဏာ ဖော်နည်း ဖွင့်နည်း

ဝိညာနက္ခန္ဓာ၌ အကျဉ်းခွဲနည်း

ဝေဒနက္ခန္ဓာစသော နာမက္ခန္ဓာ ၄-ပါးတို့၌ အနိစ္စလက္ခဏာ ဖေါ်နည်း ဖွင့်နည်းကို ပြဆိုမည်။

ဝေဒနက္ခန္ဓာ စသော နာမက္ခန္ဓာ ၄-ပါးတို့တွင် ဝိညာနက္ခန္ဓာသည် အကြီးအမှူးဦးစီးဦးကိုင် အချုပ်အချာ ပဓာနကြီးဖြစ်ပါလျက် ဒေသနာ တော်အစဉ်၌ နောက်ဆုံးထား၍ ဟောတော်မူသည်မှာ သတ္တဝါတို့အား ထင်ရှားရာကို ပဓာနပြုတော်မူသည်မှတ်၊ ရူပက္ခန္ဓာသည် အထင်ရှားဆုံး တည်း။ ရူပက္ခန္ဓာကို စွဲ၍သုခ, ဒုက္ခဖြစ်မှု, သုခ ဒုက္ခနှင့် စပ်သော မှတ်သားမှု, မှတ်သားမိသည်အားလျော်စွာ ကြောင့်ကြစိုက်မှုသည် ထင်ရှားသော အစဉ်ဖြစ်၏၊ အကြား၌ ဝိညာနက္ခန္ဓာ ဝင်ခွင့်မရ၊ ထို့ကြောင့် နောက်ဆုံးထား၍ဟောတော်မူသည်။

ဤကမ္မဋ္ဌာန်းကျမ်းစာအုပ်၌မူကား ပုဗ္ဗင်္ဂမ ကိစ္စကို ပဓာနပြု၍ ဝိညာဏက္ခန္ဓာကိုရှေးထားပေအံ့။

၁။ ထွေထွေလာလာ၊ သိမှုမှာ၊ ခန္ဓာ-ဝိညာဉ်မှတ်။

၂။ ခံသာ, မခံသာ၊ လျစ်လျူမှာ၊ ဝေဒနာဟု-မှတ်။

၃။ မှတ်သိလိမ္မာ၊ မမေ့ရာ၊ သညာ-ဟူ၍မှတ်။

၄။ စေ့ဆော်ကြောင့်ကြ၊ စိုက်သမျှ၊ သင်္ခါရ-ဟုမှတ်။

ဝိညာဏက္ခန္ဓာ၌ ထွေထွေလာလာ သိမှုဆိုသည်ကား--

၁။ မြင်မှုခေါ်သော သိမှု ၁-ပါး

၂။ ကြားမှုခေါ်သော သိမှု ၁-ပါး

၃။ နံမှုခေါ်သော သိမှု ၁-ပါး

၄။ လျက်မှုခေါ်သော သိမှု ၁-ပါး

၅။ တွေ့ထိမှုခေါ်သော သိမှု ၁-ပါး

၆။ အထင်အရှား သိလင်းကြံစည်မှုခေါ်သော သိမှုအချုပ်ကြီး ၁-ပါး ဟူ၍ ၆-ပါရှိ၏၊

ဆောင်ပုဒ်သံခိပ်။ ။မြင်, ကြား, နံ, လျှက်, တွေ့, သိချက်၊ ဆက္က ဝိညာဉ်မှာ။

မြင်ချက်, ကြားချက်, နံချက်, လျှက်ချက်, တွေ့ချက်, သိချက်-ဟူ၍ဝိညာဏဆက္က ပွါး၏၊

၁။ မြင်မှုကား မျက်စိ၌ပေါ်သော ဓာတ်တည်း။

၂။ ကြားမှုကား နား၌ပေါ်သော ဓာတ်တည်း။

၃။ နံမှုကား နှာခေါင်း၌ပေါ်သော ဓာတ်တည်း။

၄။ လျှက်မှုကား လျှာ၌ပေါ်သော ဓာတ်တည်း။

၅။ တွေ့မှုကား အတွင်းအပ တစ်ကိုယ်လုံး၌ပေါ်သော ဓာတ် တည်း။

၆။ သိမှုကား နှလုံး၌ပေါ်သော ဓာတ်တည်း။

ထိုဝိညာဏဆက္ကတို့တွင် နောက်ဆုံးဖြစ်သော သိမှုကြီး ၅-ပါးမှ အသီးအခြား သိမှုကြီး ၁-ပါးဟူ၍ ပေါင်း၆-ပါးရှိပြန်၏၊

၁။ မြင်-သိ,

၄။ လျက်-သိ,

၂။ ကြား-သ,ိ

၅။ တွေ့-သိ,

၃။ နံ-သိ,

၆။ အလွတ်-သိ,

ဟူ၍ နောက်ဆုံးအသိ ၆-ပါးရှိပြန်၏-ဟူလို။

ထိုတွင် မြင်, သိ ၂-ချက် ဖြစ်ပုံကား

ထိုထိုအဆင်းမျိုးတို့နှင့် တိုက်ဆိုင်မိကြသောအခါ မျက်စိမြင်မှု ရှေးဦးစွာဖြစ်၏၊ နောက်၌ နှလုံးမှ သိမှုကြီး ဆက်လက်ဖြစ်ပွါး၏၊

သစ်ပင်မြင်၍ သစ်ပင်မှန်းသိရာ၌ မျက်စိ၏ဆိုင်ရာပေတည်း၊ သိမှုကား မနော နှလုံး၏ဆိုင်ရာပေတည်း၊ မြင်မှုအခိုက်၌ ထိုပုဂ္ဂိုလ်ထည် သစ်ပင် ပါတကား ဟူ၍မသိသေး၊ သိမှုအခိုက်သို့ ရောက်မှ ထိုပုဂ္ဂိုလ်အား သစ်ပင်ကြီးဘွားခနဲပေါ်၏၊ ပေါ်သောအခါမှစ၍ ထိုသစ်ပင်မှာ သိမှု ပေါင်းများစွာ ကျယ်ပွါး၍ သွားပေ၏၊ မျက်နှာ မလွဲခြင်း မြင်မှု, သိမှု အထပ်ထပ် အလည်လည်ဖြစ်၍ နေကြ၏၊

ပကတိလူတို့သည်ကား မြင်မှု, သိမှု, ၂-ပါးကို ခြားနား၍ မသိနိုင်ကြကုန်၊ မိမိတို့ကိုယ်၌ ဖြစ်ကြုံ၍ နေကြသော အမှုမျိုးဖြစ်သော ကြောင့် ဉာဏ်နှင့် အချက်ရှာ၍ ကြည့်တတ်သော ပညာရှိတို့သည်ကား ခြားနား၍ သိမြင်နိုင်ကြ၏၊

(ဤကား မြင်-သိ ၂-ချက်ဖက်စပ်ပုံတည်း၊ ဤနည်းကို အမှီပြု၍ ကြား-သိ ၂-ချက်, နံ သိ ၂-ချက်, လျှက် သိ ၂-ချက်, တွေ့သိ ၂-ချက် ဆက်စပ်၍ဖြစ်ပုံကို အကုန်သိကြကုန်ရာ၏၊

ထို ၅-ပါးတို့နှင့် ကင်း၍ အသီးအခြား သိမှုကြီးဆိုသည်ကား မြင်ဆဲ, ကြားဆဲ, နံဆဲ, လျှက်ဆဲ, တွေ့ထိဆဲ,အာရုံတို့မှ အလွတ်ဖြစ်သော အာရုံမျိုးတို့ကို သိမှု,ကြံမှုကြီးပေတည်း၊ ဤသိမှုကြီးကား မနောနှလုံးထဲ တွင် စဲသည်ဟုမရှိသကဲ့သို့ ထင်ရ၏၊ အလွန်ကျက်စားရာ အာရုံနယ် ကြီးကျယ်လှ၏၊

(ဤကား ဝိညာဏက္ခန္ဓာ၌ အကျဉ်းခွဲနည်းတည်း။)

ဝေဒနာက္ခန္ဓာ၌ အကျဉ်းခွဲနည်း

ဝေဒနာက္ခန္ဓာ၌ ခံသာမှု, မခံသာမှု, လျစ်လျူမှု -ဟူ၍ ၃-ပါးရှိ၏၊ ၁။ ခံသာမှု ဆိုသည်ကား သာယာသော ခံသားမှု, ကောင်းသည် ကောင်းသည်-ဟူ၍ ချီးမွမ်းဖွယ်သော ခံစားမှု, ခင်မင်ရသော ခံစားမှု ဆိုလိုသည်။

၂။ မခံသာမှုဆိုသည်ကား မသာယာသော ခံစားမှု, မကောင်း မကောင်း-ဟူ၍ ကဲ့ရဲ့ဖွယ်သော ခံစားမှု, မုန်းရသော ခံစားမှု ဆိုလိုသည်။

၃။ လျစ်လျူ ခံစားမှုဆိုသည်ကား ခံသာသည်, မခံသာသည်ဟူ၍ အမှုမစိုက်လောက်သော မထင်ရှားသော ခံစားမှု ဆိုလိုသည်။ ဤဝေဒနာက္ခန္ဓာကို လောက၌-

၁။ မျက်စိအရသာ ခံစားမှု,

၂။ နားအရသာ ခံစားမှု,

၃။ နှာခေါင်းအရသာ ခံစားမှု,

၄။ လျာအရသာ ခံစားမှု,

၅။ ကိုယ်အင်္ဂါ အရသာ ခံစားမှု,

၆။ စိတ်မနောအရသာ ခံစားမှု,

အားဖြင့် ၆-ပါးပြု၍ ခေါ်ဝေါ်ကြကုန်၏၊ ခပ်သိမ်းသော လူ, နတ်,ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ဤဝေဒနက္ခန္ဓာ-ဟူသော အရသာ ၆-ပါးတို့၌နစ်မွန်း၍ နေကြကုန်၏၊

(ဤကား ဝေဒနာက္ခန္ဓာ၌ အကျဉ်းခွဲနည်းတည်း။)

သညာက္ခန္ဓာ၌ အကျဉ်းခွဲနည်း

သညာက္ခန္ဓာ၌ မှတ်သိလိမ္မာ မမေ့ရာဆိုသည်ကား အမိဝမ်းမှ မွေးဖွားသည်မှစ၍ ဤကားအမိ, ဤအဖ, ဤကားအရှေ့, ဤကား အနောက်စသည်ဖြင့် လူအများတို့ပြောဆို ပြုလုပ်ကြသမျှတို့ကို မှတ်၍ မှတ်၍ တစ်နေ့တစြ်ခား သိကြားလိမ္မာ၍ လာကြသောအမှု၊ တွေ့ဖူး,ကြုံဖူး, ဆက်ဆံဖူးသမျှကို ထင်ရှားဌာနတို့၌ မမေ့မပျောက် စွဲမြဲထင်ရား၍ နေမှု အခြင်းအရာများကို သညာခန္ဓာဆိုသည်။

အသိအလိမ္မာ ၂-ပါး

၁။ မှတ်သိအလိမ္မာ ၁-မျိုး,

၂။ တတ်သိအလိမ္မာ ၁-မျိုး,

ဟူ၍ ၂-မျိုး ရှိ၏၊

၁။ သညာ၏ အသိအလိမ္မာကား မှတ်သိအလိမ္မာတည်း။

၂။ ပညာ၏ အသိအလိမ္မာကား တတ်သိလိမ္မာတည်း။။

အရပ်ဒေသ အမျိုးအရိုးတို့နှင့်ပင် ပြီးစီးနိုင်သော အသိ အလိမ္မာ မျိုးသည် သညာနှင့် ပြီးစီး၏၊ ဆရာသမားထံ သင်ကြားလေ့လာ နာခံမှတ်သားထားမှုနှင့် ပြီးစီးသော အသိအလိမ္မာမျိုးသည်ကား ပညာ ပေတည်း။

(ဤကား အသိ,အလိမ္မာ ၂-ပါး ခွဲနည်းတည်း)

ထိုသညာက္ခန္ဓာသည် အာရုံအပြားအားဖြင့် ၆-ပါးရှိ၏၊

၁။ ရူပသညာ,

၄။ ရသသညာ,

၂။ သဒ္ဒသညာ,

၅။ ဖောဋ္ဌဗ္ဗသညာ,

၃။ ဂန္ဓသညာ,

၆။ ဓမ္မသညာ, ဤ ၆-ပါးတည်း။

အဆင်းသဏ္ဌာန်မျိုး၌ သိမှု, အသံမျိုး၌ သိမှု, အနှံ့မျိုး၌ သိမှု, အရသာမျိုး၌ သိမှု, ပထဝီ-တေဇော-ဝါယော-ဟူသော ဖောဋ္ဌဗ္ဗမျိုးတို့၌ သိမှု, ထို ၅-မျိုးတို့မှ ကြွင်းသော ကုသိုလ်ဓမ္မ-အဗျာကတဓမ္မတို့၌ သိမှုဟူ၍ ၆-ပါးဆိုလိုသည်။

မျက်စိအရသာကို သိမှု, နားအရသာကို သိမှု, နှာခေါင်းအရသာ ကို သိမှု, လျှာအရသာကို သိမှု, ကိုယ်အရသာကို သိမှု, မနောအရသာကို သိမှုဟူ၍လည်း ၆-ပါးဖြစ်၏၊

သတ္တဝါ အပေါင်းတို့သည် ဤသညာနှင့်ပင် နေ့နေ့ ညည ကိစ္စအခွင့် အလုံးစုံမျိုးကို သိ၍ သိ၍ လုပ်ကြံရွက်ဆောင်၍ နေကြရ ကုန်၏၊

(ဤကား သညာက္ခန္ဓာ၌ အကျဉ်းခွဲနည်းတည်း။)

သညာသိနှင့် ဝိညာဉ်သိ အထူး

ဤအရာ၌ ဝိညာဏက္ခန္ဓာ သိမှုနှင့် သညာက္ခန္ဓာ သိမှုကိုလည်း ခွဲခြမ်းရာ၏၊

၁။ ၆-ဒွါရ၌ဆိုက်တိုက်လာသော အာရုံတို့ကို သင်ကားမြေ, သင်ကားရေ-အစရှိသည်ဖြင့် သိမြင်ဖေါ်ပြ၍ သွားမှုသည် ဝိညာဉ်၏ သိမှုတည်း၊ သညာ၏သိမှုမဟုတ်။

၂။ ဝိညာဉ်ဖေါ်ပြ၍ သွားသမျှကို နောင်မမေ့ရအောင် မှတ်မှုသည် သညာ၏အနမှုတည်း၊ ဝိညာဉ်၏ အမှုမဟုတ်။

ဝိညာဉ်အလိုအားဖြင့် ရှေ့သို့တွေ့ကြုံသမျှကို ထင်မြင်သိမြင်၍ သွားနိုင်ရာ၏၊ တွေ့ကြုံပြီးကိုပြန်၍ တစ်စုံတစ်ခုကိုမျှ သိမြင်မှုမရှိလေရာ။

(ဤကား သညာသိ, ဝိညာဉ်သိ ၂-ပါးတို့၏ အထူးတည်း။

သင်္ခါရက္ခန္ဓာ၌ အကျဉ်းခွဲနည်း

သင်္ခါရက္ခန္ဓာ၌ အဘိဓမ္မာနည်းအားဖြင့် သင်္ခါရက္ခန္ဓာအပါ အဝင်ဖြစ်သော တရားမျိုးသည် ၅၀-ရှိ၏၊ သုတ္တန်နည်းအားဖြင့် စေတနာ စေတသိက်တစ်ခုကို ပဓာနပြု၍ ပြဆိုရ၏၊ စေတနာ စေတသိက်တစ်ခု၌ အနိစ္စလက္ခဏာရေးပိုင်နိုင်ခဲ့လျှင် ထိုအလုံးစုံတို့၌ ပိုင်နိုင်တော့သည်၊ ဤသင်္ခါရက္ခန္ဓာ၌ စေ့ဆော်မှု, ကြောင့်ကြစိုက်မှုဆိုသည်ကား သတ္တဝါတို့ ၏ စိတ်ကို မျက်တောင်တစ်ခတ်မျှ ကြံမှုစည်မှုကိုလွှတ်၍ ငြိမ်ဝပ်ရပ်နား လျက် နေခွင့်မရအောင် နိုးဆော်မှု, ကြောင့်ကြဗျာပါရ စိုက်ထူ၍ အပူ တိုက်ဆော်ဩမှုပေတည်း။

လွန်လေပြီသော အနမတဂ္ဂသံသရာတွင် အသညသတ်ဘုံ၌ ဖြစ်ခိုက်ကိုချန်လှပ်၍ ဘဝအဆက်ဆက်ကို အကုန်မျှော်လေ၊ စိတ်တ လှုပ်လှုပ်, စိတ်တရွရွ, စိတ်တကြွကြွ, စိတ်တချီချီ, စိတ်တလူလူ နေမှုကိုမြင်ခဲ့လျှင် စေတနာအမှုကို သိမြင်လိမ့်မည်၊ တစ်ခုခုသော ဘဝတွင်စုတိ ကမ္မဇရုပ် ချုပ်ဆုံးရာ၌လည်း မျက်တောင် တစ်ခတ်မျှ ရပ်တန့်ခွင့်မရမူ၍ ဘဝအသစ် အသစ်သို့ ပစ်ချမှုသည် ဤစေတနာ၏ အမှုပေတည်း၊ ဤစေတနာ ဟူသော စေ့ဆော်မှု, ကြောင့်ကြဗျာပါရ စိုက်မှုကို ကုသိုလ်ကံ, အကုသိုလ်ကံ-ဟူ၍ ဆိုအပ်၏၊ ကာယကံ, ဝစီကံ, မနောကံ-ဟူ၍လည်း ဆိုအပ်၏၊

အာရုံအပြားအားဖြင့်

၁။ ရူပသေဉ္စတနာ,

၂။ သဒ္ဒသေဉ္စတနာ,

၃။ ဂန္ဓသေဉ္စတနာ,

၄။ ရသသေဉ္စတနာ,

၅။ ဖောဋ္ဌဗ္ဗသေဉ္စတနာ,

၆။ ဓမ္မသေဉ္စတနာ

ဟူ၍ ၆-ပါးရှိ၏၊

၁။ ရူပါရုံအတွက်နှင့် စေ့ဆော်မှု,

၂။ သဒ္ဒါရုံအတွက်နှင့် စေ့ဆော်မှု,

၃။ ဂန္ဓာရုံအတွက်နှင့် စေ့ဆော်မှု,

၄။ ရသာရုံအတွက်နှင့် စေ့ဆော်မှု,

၅။ ဖောဋ္ဌာဗ္ဗာရုံအတွက်နှင့် စေ့ဆော်မှု,

၆။ ဓမ္မာရုံအတွက်နှင့် စေ့ဆော်မှု

(ဤကား သင်္ခါရက္ခန္ဓာ၌ အကျဉ်းခွဲနည်းတည်း။)

နာမက္ခန္ဓာ ၄-ပါးတို့၌ အနိစ္စလက္ခဏာ ဖော်နည်းဖွင့်နည်း ပြီး၏၊

-----------

(ဇ) ဝိညာဉ် ၆-ပါး နာမက္ခန္ဓာ ၄-ပါးကိုပြဆိုချက်

ဒုက္ခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါး

''မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ'' ဟူသော ပါဠိတော်နှင့်အညီ နညမက္ခန္ဓာ ၄-ပါးတို့တွင် ဝိညာဏက္ခန္ဓာသည် အချုပ်အခြာ ပဓာနရှေ့သွား ဖြစ်၏၊ ရူပက္ခန္ဓာ၌ ခက်မာမှု ပထဝီသည် ခပ်သိမ်းသော ရုပ်ကလာပ်တို့၏ အမာခံဧရာ တည်ဖြစ်သကဲ့သို့ နာမက္ခန္ဓာ ၄-ပါးတို့၌သိမှုဟူသော ဝိညာဏက္ခန္ဓာသည် ခပ်သိမ်းသော စေတသိက်ခန္ဓာတို့၏ ဧရာတည်ဖြစ်၏၊ သိမှုကိုမှီ၍ ခံစားမှု, မှတ်သားမှု, စေ့ဆော်မှု-စသည်တို့သည် ဖြစ်ပွါးကြကုန်ရာ၏၊ ထို့ကြောင့် နာမက္ခန္ဓာ ၄-ပါးတို့၏ အနိစ္စအချက်ကို ပြဆိုရာ၌ ၆-ပါးကို ပဓာနပြု၍ ဆိုပေအံ့။

ဝိညာဉ် ၆-ပါးတွင်လည်း တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်နိုင်သော ကာယဝိညာဉ်ကို၊ ထိုတွင်လည်း အလွန်ထင်ရှားသော ဒုက္ခသဟဂုတ် ကာယဝိညာဉ်ကို ရှေးဦးစွာပြဆိုရာ၏၊ ခြေဖဝါးအပြင်မှ အထက်ငယ်ထိပ် အပြင်တိုင်အောင် အတွင်းအပ တစ်ကိုယ်လုံးသည် ကာယဝိညာဉ်နှင့် တကွသော နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်ရာဌာန ချည်းသာတည်း၊ အလွန် ထက်လှစွာသော အပ်သွားဖြင့်ထိုး၍ စမ်းသည်ရှိသော် နာတတ်သော အရပ်ဟူသမျှ, နာမှုပေါ်ရာ အရပ်ဟူသမျှသည် ထိုခန္ဓာ ၄-ပါးဖြစ်ရာ ဌာနချည်းသာတည်း။

ပေါ်လွင်ထင်ရှားအောင်ဆိုဦးအံ့

ကာယဝိညာဉ်ဟူသော ဝေါဟာရသည် မာဂဓဘာသာသို့ လိုက်၍ ခေါ်သောဝေါဟာရတည်း၊ မြန်မာဘာသာနှင့်ခေါ်မူကား တစ်ကိုယ်လုံး၏သိမှုဆိုလိုသည်၊ ခြေဖဝါးအရေကို အပ်သွားဖြင့်ထိုးလျှင် ခြေဖဝါး အရေသည် သိ၏၊ ဤဖြေဝါးအရေ၏ သိမှုကို ကာယဝိညာဉ် ခေါ်၏၊

ထို့အတူ--

၁။ ခြေချောင်းအရေတိုသည် သိတတ်ကြကုန်၏၊

၂။ ခြေဖနောင့်ရေ,ခြေဖမိုးရေတို့သည် သိတတ်ကြကုန်၏၊

၃။ ခြေသလုံးရေ, ဒူးပုဆစ်ရေ,ပေါင်ရေ အစရှိကုန်သော အလုံးစုံသော အရေတို့သည် သိတတ်ကြကုန်၏၊

၄။ ၉၀၀-သော သားတစ်တို့သည်လည်း သိတတ်ကြကုန်၏၊

၅။ ၉၀၀-သော အကြောတို့သည်လည်း သိတတ်ကြကုန်၏၊

၆။ ဦးနှောက်ခဲ, အဆုတ်ခဲ, အသည်းခဲ, နှလုံးခဲ, ကျောက်ကပ် ခဲ,အဖျဉ်းခဲ,အမြှေးလွှာ, အူကြီး, အူငယ်တို့ သည်လည်း သိတတ်ကြကုန်၏၊

ဤအလုံးစုံတို့၏ သိမှုကို ကာယဝိညာဉ်ခေါ်၏၊

ဤ သိမှုတို့၌ ခန္ဓာ ၄-ပါးအစုံ ပါရှိ၏၊ ဤစကား၌ သိမှုဆိုသော် လည်း ပုဂ္ဂိုလ်၏ သိမှုမဟုတ်သေး၊ အရေတို့၏ သိမှု,အသားတို့၏သိမှု, ဦးနှောက်ခဲ,အဆုတ်ခဲ-စသည်တို့၏ သိမှုသာတည်း၊ ဝိညာဉ် ၆-ပါးခွဲခန်း၌ ဤသိမှုကို တွေ့ထိမှုဟူ၍သာ ခေါ်ရသည်၊ မြင်သိ, ကြားသိ, နံသိ, လျက်သိ,တွေ့သိ-ဟူ၍ အစုံအစုံရှိသည်တွင် တွေ့သိဟူသော အစုံ၌ တွေ့မှုသာရှိသေးသည်၊ ဤတွေ့မှုကိုအရေတို့၏သိမှု,အသားတို့၏ သိမှု, အကြော တို့၏သိမှု စသည်ဖြင့်ဆိုခဲ့သည့် ကောဋ္ဌာသ အပြားသို့လိုက်၍ ခွဲမူကား အရေ၏သိမှု,နှလုံး၏သိမှု ၂-ပါးခွဲရာ၏၊ အရေ၏သိမှုကို တွေ့ထိမှုခေါ်၏၊ ကာယဝိညာဉ်ပေတည်း။

နှလုံး၏သိမှုကိုသာ သိမှုခေါ်၏၊ မနောဝိညာဉ်ပေတည်း၊

ပုဂ္ဂိုလ်၏သိမှုကား ဤနှလုံး၏သိမှုသို့ရောက်မှ ပေါ်၏၊ ဤနှလုံး၏ သိမှုပေါ်လာမှသာ ပုဂ္ဂိုလ်သိ သိ၏၊ ဤသို့လျှင် ကောဋ္ဌာသတို့၏ သိမှု, ပုဂ္ဂိုလ်၏ သိမှု ၂-ပါးကို ကိုယ်တွေ့ဒိဋ္ဌအားဖြင့် ခြားနား၍ သိကြကုန်၏၊ ပရမတ္ထအလိုအားဖြင့်မူကား-ပုဂ္ဂိုလ်ဟူ၍မရှိ၊ ခန္ဓာ ၅-ပါးသာ ရှိ၏၊ ထို့ကြောင့်ပုဂ္ဂိုလ်၏ သိမှုမည်သည်ကား နှလုံးအိမ်တွင်း၌ မနော ဝိညာဉ် ဖြစ်ပေါ်မှုသာတည်း၊ ထို့အတူ ပရမတ္ထအားဖြင့် အရေဟူ၍မရှိ၊ အသားဟူ၍မရှိ၊ အကြောဟူ၍မရှိ၊ ဦးနှောက်-စသည်ဟူ၍မရှိ၊ ခန္ဓာ ၅-ပါးသာရှိ၏၊ ထို့ကြောင့် အရေ-စသောကောဋ္ဌာသတို့၏၊ သိမှုမည် သည်ကား ထိုထိုခြေဖဝါးရေ, ခြေချောင်းရေ, ခြေဖနောက်ရေ, ခြေဖမိုးရေ-စသည်တို့၌ ကာယဝိညာဏ ဓာတ်၏ ဖြစ်ပေါ်မှုသာတည်း၊ ဤသို့လျှင် လောကအလိုအားဖြင့် ပုဂ္ဂိုလ်စကားပြောခဲ့လျှင် ပုဂ္ဂိုလ်သည် သိတတ်၏၊ ပုဂ္ဂိုလ်၏ အင်္ဂါဖြစ်ကုန်သော ဦးခေါင်း, ခြေလက်စသည်တို့သည်လည်း သိတတ်ကြကုန်၏၊

အရေ, အသား,အကြော-အစရှိသော ကောဋ္ဌာသတို့သည်လည်း သိတတ်ကြကုန်၏၊ ပုဂ္ဂိုလ်၏ သိမှု, ကိုယ်အင်္ဂါတို့၏ သိမှု,ကောဋ္ဌာသတို့၏ သိမှု အသီးသီးရှိကြကုန်၏-ဟုပြောဆိုရာ၏၊ ပရမတ္ထအလိုအားဖြင့်မူကား ထိုအလုံးစုံကို ပယ်ရှား၍ မြင်မှု-သိမှု, ကြားမှု-သိမှု, နံမှု-သိမှု, လျက်မှုသိမှု, တွေ့မှု-သိမှု, ထွေထွေလာလာကြံမှု-သိမှု, -ဟူသော အလုံးစုံသော သိမှုဟူသမျှသည် ထိုထိုကိုယ်အင်္ဂါ, ထိုထိုကောဋ္ဌာသအရပ်တို့၌ အကြောင်းဆိုက် တိုက်လာရာဖြစ်ပေါ်ကြသောဝိညာဉ် ၆-ပါး၏ အမှု သက်သက်သာတည်း-ဟုပြောဆိုရာ၏၊

သစ်ပင်, ချုံနွယ်,တုံးတိုင်စသော ဗဟိဒ္ဓသဏ္ဌာန်တို့၌ကား ဤ ကဲ့သို့သောသိမှုမရှိ၊ သိမှုမရှိသော ကြောင့်လည်း၊ ခံသာမှုမခံသာမှုမရှိ၊ မှတ်သားမှုမရှိ၊ ကာယကံမှု, ဝစီကံမှု, မနောကံမှုမရှိ၊ ဗဟိဒ္ဓသဏ္ဌာန်နှင့် ယှဉ်စပ်၍ ပြောမူကား နာမက္ခန္ဓာ ၄-ပါး၏ အမှုအသီးအခြား ထင်ရှားဖြစ် ပေါ်လေတော့သည်။

ပြောပုံကား-သစ်ပင်ကို ခုတ်ဖြတ်ခဲ့သော် ဖြတ်မှုသာရှိ၏၊ သိမှု, နာမှု, မှတ်မှု, စိတ်လှုပ်ရှားမှုမရှိ၊ ထိုခြေလက်အင်္ဂါတို့ကို ခုတ်ဖြတ်ခဲ့သော် ပြတ်မှုလည်းမရှိ၊ ထိုခြေလက်အင်္ဂါတို့၏ သိမှု, နာမှု, မှတ်မှု, စိတ်လှုပ်ရှား မှုတို့လည်း ရှိကုန်၏၊ ဤအပိုအမိုမှုတို့ကို နာမက္ခန္ဓာဆိုသည်ဟု ပြော ပြလေ။

တွေ့မှု ၂-မျိုး

မြန်မာတို့အခေါ်၌ ကာယဝိညာဉ် အတွေ့အထိဟူ၍ ခေါ်သည်၊ အတွေ့အထိ ဟူရာ၌လည်း ရုပ်ခန္ဓာ ချင်း ခိုက်တွေ့ဆဲ၌ ဖြစ်ပေါ်သော သိမှုကို အတွေ့ဟူ၍ ခေါ်သည်၊ ရုပ်ခန္ဓာချင်း ခိုက်ထိဆဲ၌ ဖြစ်ပေါ်သော သိမှုကို အထိ ဟူ၍ ခေါ်သည်၊ ရုပ်ခန္ဓာချင်း တွေ့မှု ထိမှုနှင့် ဤကာယ ဝိညာဉ်ခေါ်သော တွေ့မှု, ထိမှု ထွေးလုံး၍နေကြ၏၊ တွေ့မှု ၂-မျိုးကွဲ အောင် ခွဲခြမ်းကြလေ၊ တွေ့မှုနှင့် ထိမှုကား အတူတူလိုပင်။

ဒုက္ခဝေဒနာ မြန်မာလို အခေါ်၌ ကာယဝိညာဉ်နှင့် အတူဖြစ်ပေါ်သော ဒုက္ခဝေဒနာကို

၁။ ညောင်းသည် ညာသည်-ဟူ၍ ခေါ်၏၊

၂။ နာသည် ကျင်သည်-ဟူ၍ ခေါ်၏၊

၃။ ယားသည် ယံသည် -ဟူ၍ ခေါ်၏၊

၄။ ထုံသည် ကျင်သည်-ဟူ၍ ခေါ်၏၊

၅။ ကိုက်သည် ခဲသည်-ဟူ၍ ခေါ်၏၊

၆။ အောင့်သည် အင့်သည် နင့်သည် စူးသည်-ဟူ၍ ခေါ်၏၊

၇။ မောသည် ပန်းသည်-ဟူ၍ ခေါ်၏၊

၈။ နွမ်းသည် နယ်သည်-ဟူ၍ ခေါ်၏၊

၉။ ပူသည် အေးသည်-ဟူ၍ ခေါ်၏၊

ဤအခေါ်သည် ရုပ်ပူ, ရုပ်အေးနှင့် ထွေးလျက်ရှိ၏၊ ရုပ်ပူ, ရုပ်အေးထိ၍ မခံသာသည်ကို ပူသည် အေးသည်ဟု ခေါ်၏၊ ဤသို့ အစရှိသည်ဖြင့် မခံသာမှု-ဟူသော ဒုက္ခဝေဒနာက္ခန္ဓာသည် မြန်မာတို့ အခေါ်၌ အလွန်များပြား၏၊ ထိုအလုံးစုံသော ညောင်းမှု, ညာမှု, ကျင်မှုအစရှိသည်တို့ကို အဘိဓမ္မာ၌ ဒုက္ခဝေဒနာဟု ဟောတော်မှု၏၊ ဝေဒနာက္ခန္ဓာကြီးတွေပေတည်း၊ ထိုကာယဝိညာဉ်နှင့်အတူ ဖြစ်ပေါ်လာ သော သညာက္ခန္ဓာ, စေတနာဟူသော သင်္ခါရက္ခန္ဓာတို့ကိုလည်း ရှေး၌ ပြဆိုခဲ့ပြီးသော ခွဲခြမ်းနည်းကို အစဉ်မှီး၍ သိကြလေကုန်၏၊ ယခုအခါ မိစ္ဆာဒိဋ္ဌိအမြင်နှင့် သမ္မာဒိဋ္ဌိအမြင် ၂-ပါးကိုခြားနား၍ ပြဆိုပေအံ့။

ခြေဖဝါးအပြင်၌ မြေ, ရေ, အုတ်, ကျောက်, ဆူး, ငြောင့်, ခလုတ်စသည်ထိ၍ သိမှု, နာမှု-ဖြစ်ပေါ်သောအခါ၌ ခြေဖဝါး အရေပေါ် အရေတွင်းတို့၌ နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်၏၊ ခြေဖဝါးအရေကား ရူပက္ခန္ဓာတည်း၊ သိမှု, နာမှုတို့ကား နာမက္ခန္ဓာတို့တည်း၊ ရူပက္ခန္ဓာနှင့် နာမက္ခန္ဓာတို့သည် ဝိပ္ပယုတ္တပစ္စည်း, ပစ္စယုပ္ပန် ဖြစ်ကြကုန်၍ ပိန်းကြာ ဖက်အပြင်၌ ကျရောက်တင်နေသော မိုးရေပေါက်သည် ပိန်းကြာဖက်နှင့် ရောနှောခြင်း မရှိသကဲ့သို့ ရုပ်နာမ် ၂-ပါး ရောနှောခြင်း မရှိကုန်။

အရေ၌ ခက်မာမှု, ဖွဲ့စည်းမှု, ပူမှု, အေးမှု, တောင့်တင်းမှု, အဆင်းမှု,အနံ့မှု, အရသာမှု, ဟုဆိုအပ်ကုန်သော ရုပ်ခန္ဓာမှုတို့ကား တခြား၊ ထိုသိမှု,နာမှု-စသော နာမက္ခန္ဓာမှုတို့ကား တခြားတို့သာတည်း။

ထိုသို့ ဖြစ်ရာ၌ ရုပ်ခန္ဓာ, နာမ်ခန္ဓာခြားနားခြင်း မရှိမူ၍ ခြေဖဝါးနာသည်ဟု သိသည်ကား ဒိဋ္ဌိသိတည်း၊ ခြေဖဝါးဟူ၍ စင်စစ် အားဖြင့်မရှိ၊ ရုပ်ခန္ဓာစုလည်း သိတတ်, နာတတ်သည်မဟုတ်၊ ထိုသိမှု, နာမှုကား စင်စစ်အားဖြင့်နာမ်ခန္ဓာစုပေတည်း-ဟုသိသည်ကား ဉာဏ်သိ တည်း၊ ထိုအသိ ၂-ပါးတို့တွင် ခြေဖဝါးနာသည်-ဟုသိခြင်းကား ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့က နိစ္စ-ဟူ၍ သိခြင်း, သုခ-ဟူ၍ သိခြင်း, အတ္တဟူ၍ သိခြင်းတည်း။

ခြေဖဝါးဟူ၍ မရှိ၊ ရုပ်ခန္ဓာ,နာမ်ခန္ဓာတို့သာရှိကုန်၏၊ ထိုတွင် ခက်မာမှု,ဖွဲ့စည်းမှု-စသော ရုပ်ခန္ဓာစုသည် သိမှု, နာမှု မဟုတ်၊ သာတတ် သည် နာတတ်သည်မဟုတ်၊ နာမှုကိုသိသည်ကား ဝိညာဏက္ခန္ဓာ ပေတည်း၊ နာမှုကား ဝေဒနာက္ခန္ဓာပေတည်း၊ အမှတ်ထားမှုကား သညက္ခန္ဓာပေတည်း၊ မြွေဆိပ်တက်သကဲ့သို့ နာမှု တရွရွရှိနေရသည်ကား သင်္ခါရက္ခန္ဓာ စေတနာပေတည်း-ဟု သိသည်ကား အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ-ပေတည်း။

နိစ္စသိ, သုခသိ, အတ္တသိ

ခြေဖဝါးနာသည်-ဟု သိမှုသည် အဘယ်သို့လျှင် နိစ္စသိ, သုခသိ, အတ္တသိ ဖြစ်လေသနည်းဟူမူကား

ခြေဖဝါးမည်သည် ပရမတ္ထအားဖြင့် အဟုတ်ရှိ, ဧကန်ရှိမျိုး မဟုတ်၊ ဝိညာဉ်၏ လှည့်ပတ်မှုနှင့် စိတ်ထဲတွင် ထင်မြင်ရသော နိမိတ္တ ဓမ္မမျိုးဖြစ်၍ အသက် ၁၀၀-နေ၍ လူသေသည့်တိုင်အောင် မပျက်သေးမှု ၍သုသာန်၌ မီးရှို့မှု့ မြေမြှုပ်မှုတို့ဖြင့် တမင် ဖျောက်ဖျက်၍ပစ်ရသော နိစ္စမျိုးသာတည်း၊ ပုဂ္ဂိုလ်မျိုးသာတည်း၊ ထို့ကြောင့် ခြေဖဝါး နာသည်ဟု သိခြင်းသည် ခက်မာမှု, နာမှုစသော ထိုရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို နိစ္စဟု သိခြင်းဖြစ်လေသတည်း။

နာမှုကို နိစ္စဟု မယူသော်လည်း ခြေဖဝါးပြု၍ ယူခြင်းကြောင့် နိစ္စယူ, နိစ္စ-သိဖြစ်လေသည်၊ နိစ္စဟူသည် သတ္တဝါတို့ သာယာဖွယ်သော သုခမျိုး ဖြစ်၏၊ ထို့ကြောင့် သုခ-သိဖြစ်လေသတည်း၊ နိစ္စဟူသည် အတ္တ, သာရမျိုးဖြစ်၏၊ ထို့ကြောင့် အတ္တ-သိ ဖြစ်လေသတည်း။

အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ

နောက် ပုစ္ဆာ၌ကား ခက်မာမှုစသော ရုပ်ခန္ဓာ, နာမှုဟူသော နာမ်ခန္ဓာတို့သည် အနိစ္စမျိုးသာတည်း။

၁။ ခက်မာမှုစသည်တို့သည် အလှုပ်အရှားပင် မခံကုန်၊ ၁- နာရီအဖို့မှာပင် အခါများစွာ ကွယ်ဆုံးပြောင်းလဲနိုင်ကြကုန်၏၊ နာမှု သည်လည်း ခဏချင်းပင် ချုပ်ပျောက်နိုင်၏၊ ထို့ကြောင့် ရုပ်, နာမ်ဟူ၍ သိခြင်းသည် အနိစ္စသိ-ဖြစ်၏၊

၂။ အနိစ္စ-ဟူသည် မရဏဓမ္မမျိုး ဖြစ်၏၊ အမျိုးအားဖြင့် သတ္တဝါတို့ အလွန်ကြောက်လန့်ကြရသော သဘောမျိုးစင်စစ်ဖြစ်၏၊ ထို့ကြောင့် ဒုက္ခ-သိ ဖြစ်၏၊

၃။ အနိစ္စ-ဟူသည် အနှစ်သာရ၏ ဆန့်ကျင်ဘက်ဖြစ်၏၊ ထို ပုဂ္ဂိုလ်တစ်သက် တည်နေနိုင်သော ပုဂ္ဂိုလ်၏ အမာခံအနှစ်သာရ အတ္တမျိုးမဟုတ်၊ ဘေးဘယမျိုး, ဒုက္ခမျိုးဟူသည် သတ္တဝါတို့၏ အလိုနှင့် ဆန့်ကျင်ဘက် မျိုးသာတည်း၊ ထို့ကြောင့် ရုပ်, နာမ်-ခန္ဓာဟူ၍ သိခြင်း သည် အနတ္တ-သိဖြစ်၏၊

ခဏိကမရဏ, သန္တတိမရဏ

ဤစကား၌ အနိစ္စ ဟူသည် မရဏ ဓမ္မမျိုးဖြစ်၏၊ အမျိုးအစား အားဖြင့် သတ္တဝါတို့ အလွန်ကြောက်လန့်ကြရသော ဘေးမျိုးစင်စစ် ဖြစ်၏ဟူရာ၌-

၁။ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့၏ ခဏမစဲ ချုပ်ပျက်မှု ဟူသော ခဏိက မရဏ တစ်ပါး,

၂။ ဝိပဿနာ ယောဂီပုဂ္ဂိုလ်တို့ကို အမြင်ရှုကြရသော သန္တတိ မရဏ တစ်ပါး,

ဤမရဏ ၂-ပါးတို့သည်လည်း သတ္တဝါတို့အလွန်ကြောက်လန့် ကြရသော သေဘေးမျိုး အမှန်စင်စစ် ဖြစ်ကုန်၏၊ သို့သော်လည်း ဘဝ ဆုံးမှုကြီး မဟုတ်သေး၍ သေဘေးမျိုးဟူ၍ပင် မထင်နိုင်ကြကုန်။

ဇာတိဓမ္မ, မရဏဓမ္မ

ထိုမှတစ်ပါး ပုဂ္ဂိုလ်, သတ္တဝါမျိုးတွင် အပါအဝင်ဖြစ်သော ခြေဖဝါးကို ဖယ်ရှား၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာခြား၍ မြင်မှု၌မူကား ဣရိယာ ပုထ် တစ်ခုတစ်ခု အတွင်းမှာပင် အသစ်အသစ် အမျိုးမျိုး ဖြစ်ပေါ်မှု ဟူသော ဇာတိဓမ္မ, ဥဒယဓမ္မကိုလည်း သိမြင်နိုင်သည်၊ ပုဂ္ဂိုလ်၏ရှင်ခြင်း, ပုဂ္ဂိုလ်၏သေခြင်းဟူ၍ပင်မရှိ၊ ဓာတ်တို့၏ဖြစ်ခြင်း, ဓာတ်တို့၏ ပျက်ခြင်း, ဓာတ်တို့၏ရှင်ခြင်း, ဓာတ်တို့၏ သေခြင်းသည်သာ အမှန်ရှိသည်ဟု မြင်နိုင်လေတော့သည်။

ဤခြေဖဝါး၏ နာကျင်မှု၌လည်း ပကတိ လူတို့အားပင်လျှင် ယခုတွင်ရွေ့ပေါ်လာသည်၊ ယခုပင် အနာ အကျင် ပျောက်ပေပြီ-ဟု ပြောဆို သိမြင်ထင်ရှား၏၊ ရုပ်ခန္ဓာ,နာမ်ခန္ဓာ-ဟု ခြားနား၍ သိမှု မရှိကြသည့် အတွက်ကြောင့် ဖြစ်ပေါ်မှုကိုလည်း ဇာတိဓမ္မကြီးဟူ၍ မသိကြကုန်၊ အနာအကျင် ပျောက်မှုကိုလည်း မရဏဓမ္မကြီးဟူ၍ မသိကြကုန်။

စောဒနာဖွယ်

စောဒနာရန်ရှိ၏၊ နာမှု ကျင်မှု မည်သည် ဒုက္ခသာတည်း၊ ဒုက္ခ၏ ချုပ်ပျောက်ခြင်းသည်ကား သတ္တဝါတို့အလွန်အလိုရှိကြ, သာယာတောင့်တ ကြရသော ဣဋ္ဌမျိုး သုခမျိုး စင်စစ်တည်း၊ ထို့ကြောင့် မရဏဓမ္မမျိုးပင် ဖြစ်သော်လည်း ဒုက္ခမျိုးမဟုတ်၊ သုခမျိုးသာတည်း၊ ကြောက်လန့် ဖွယ်မျိုးမဟုတ်၊ ဤ မရဏဓမ္မကြီးသည် ဒုက္ခဝေဒနာမျိုးကိုသာ ချုပ် ပျောက်စေတတ်သည်၊ သုခဝေဒနာမျိုးကိုကား အန္တရာယ် မပြုတတ်ဟု ခြားနား ချက်ရှိခဲ့လျှင် ဆိုသင့်ပေ၏၊

ထိုသို့ကားမဟုတ်၊ သုခဝေဒနာ ပေါ်လာလျှင်လည်း အတွင်ချုပ် ပျောက်စေ၏၊ ဒုက္ခဝေဒနာ ပေါ်လာလျှင် လည်း အတွင်ချုပ်ပျောက် စေ၏၊ ဘယ်ရုပ်, ဘယ်နာမ်တစ်ခုကိုမျှ မချန်၊ အတွင် ချုပ်ပျောက်စေ၏၊ ထိုကြောင့် ဒုက္ခဝေဒနာကို ချုပ်ပျောက်စေသော အခါ၌လည်း ထိုမရဏ ဓမ္မကြီးသည် ကြောက်လန့်ဖွယ်သော ဘေးမျိုး သာဖြစ်၏၊ အကျွမ်း ဝင်ဖွယ်, သာယာဖွယ်သော သုခမျိုးမဟုတ်။

ဥပမာကား-မီးသည် မကောင်းသော အမှိုက်ကိုသာ လောင် တတ်သည်၊ ကောင်းမွန်သော ဝတ္ထု, ဘဏ္ဍာ, အိမ်ရာ, ဘုံနန်း, ပြာသာဒ်, သတ္တဝါ, ပုဂ္ဂိုလ်တို့ကို မလောင်တတ်-ဟုခြားနားချက် မရှိ၊ မိမိနှင့် ထိစပ်သမျှကို အကုန်လောင်တတ်၏၊ ထို့ကြောင့် အမှိုက်ကိုလောင်၍ နေသောအခါ၌လည်း ထိုမီးသည် ကြောက်လန့်ဖွယ်သော ဘေးမျိုး ရန်မျိုးသာတည်း၊ မိမိကိုယ်၌အချမ်းကိုပယ်ဖျောက်၍ နေဆဲအခါ ချက်မှု, ပြုတ်မှုတို့ဖြင့် ကျေးဇူးဥပကာရပြု၍ နေဆဲအခါ၌လည်း ကြောက် လန့်ဖွယ်သော ဘေးမျိုး, ရန်သူမျိုးတို့သာတည်း၊ ဤဥပမာအတိုင်း မြင်လေ။

အပါယ်ဘုံသားတို့အား သုဂတိဘဝသို့ ပြောင်းလာခွင့် မရ အောင်ပြုမှုသည်လည်း သူ့အတတ်ပင်၊ လူ, နတ်, ဗြဟ္မာတို့ကို သုဂတိဘုံမှ အတွင်သတ်၍ ချမှုသည်လည်း သူ့အတတ်ပင်၊ လွန်ခဲပြီးသော သံသရာ၌ ဂင်္ဂါသဲမျှမက ပွင့်တော်မူကြကုန်သော လောကသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူကြပေကုန်သော မြတ်စွာဘုရားတို့ကို အကုန်ကွယ်ဆုံး၍ ကုန်ရအောင်ပြုမှုသည်လည်း သူ့အတတ်ပင်တည်း၊ သမုဒ္ဒရာသဲမျှမက ပွင့်တော်မူကြကုန်သော ပစ္စေကဗုဒ္ဓါ အရိယာသာဝကတို့ကိုလည်း အကုန်ကွယ်ဆုံး၍ ကုန်အောင် ပြုမှုသည်လည်း သူ့အတတ်ပင်တည်း၊ အနန္တစကြဝဠာ လူ, နတ်, ဗြဟ္မာ သက်ရှိ သက်မဲ့ခန္ဓာတို့သည် ကမ္ဘာ မြေကြီးနှင့်တကွ အဆက်ဆက် ကွယ်ဆုံး၍ ကုန်ခဲ့သည်မူလည်း သူ့ အတတ်ပင်တည်း။

ယခုတည်ရှိဆဲဖြစ်သော အနန္တစကြဝဠာ သက်ရှိသက်မဲ့ ခန္ဓာတို့ သည်လည်း ကမ္ဘာမြေကြီးနှင့်တကွ အကုန်ကွယ်ဆုံးကြရကုန်လတ္တံ့၊ နောက် အနမတဂ္ဂသံသရာ၌ ပေါ်လာသမျှကုန်သော သက်ရှိသက်မဲ့ ခန္ဓာတို့သည်လည်း ကမ္ဘာမြေကြီးနှင့်တကွ အကုန်ကွယ်ဆုံး ကြရကုန် လတ္တံ့၊ ဤကား ခြေဖဝါး အပြင်၌ နာကျင်မှုဟု ဆိုအပ်သော နာမ်ခန္ဓာ၏ ချုပ်ပျောက်မှု-ဟူသော မရဏဓာတ်ကြီး၏ အတတ်ကို နှံ့စပ်စွာ မြော်မြင်ကြရန် အချက်ကြီးပေတည်း။

ခြေဖဝါးတစ်ပြင်လုံး၌ နာမ်ခန္ဓာ ၄-ပါးပေါ်ပုံ

ခြေဖဝါးတစ်ပြင်လုံး၌ တပြိုင်နက် တစ်ချက်တည်း ထိခိုက်မှု ရှိသော် ဤ နာမက္ခန္ဓာ ၄-ပါးတို့သည် ခြေဖဝါးတစ်ပြင်လုံး၌ဖြစ်ပေါ်ကြ ကုန်၏၊ ထိခိုက်မှု ဒဏ်ချက်သည် အသားတွင်းသို့ ၁-သစ်, ၂-သစ် စသည်ဖြင့် စူးဝင်ခဲ့သည်ရှိသော် ခြေဖဝါး အသားတွင်း၌ ၁-သစ်, ၂- သစ် စသည်ဖြင့် အနှံ့အပြား ဖြစ်ပေါ်ကုန်၏၊ ထိခိုက်မှု ဒဏ်ချက်သည် ခြေဖဝါးအပြင်မှ အထက်ခြေဖမိုးသို့ ပေါက်ရောက်တတ်သည်ရှိသော် နာမက္ခန္ဓာတို့သည် ခြေဖဝါး,ခြေဖမိုး အတွင်းအပြင် ခြေတစ်ခုလုံး အနှံ့အပြား တပြိုင်နက် အပြည့်ဖြစ်ပေါ်လာ၍ ဒဏ်မကျေသမျှ ကာလ ပတ်လုံး ၁-နာရီ ၂-နာရီ စသည်ဖြင့် တဖွားဖွားဖြစ်ပေါ်၍နေကုန်၏၊ ဒဏ်ကျေပျောက်မှပင် ချုပ်ပျောက်ကြကုန်၏၊ ကိုယ်တွေ့ဒိဋ္ဌတို့ ချည်း သာတည်း။

ဖဿပစ္စယာ ဝေဒနာ

ဖဿပစ္စယာ ဝေဒနာ-ဟူသော ပဋိစ္စသမုပ္ပါဒ်ပါဠိတော်နှင့် အညီ ဒဏ်ချက်၏ ထိခိုက်မှု-ဟူသော ဖဿသည်သာ ပမာဏပေတည်း၊ ဖဿ ဖြစ်ပေါ်လျှင် ဝေဒနာဖြစ်ပေါ်မြဲ၊ ဖဿ နှံ့ပြားသမျှ ဝေဒနာနှံ့ပြား၏၊ ဖဿချုပ်ပျောက်လျှင် ဝေဒနာ လျုပ်ပျောက်၏၊ အတွင်းအပ တစ်ခုလုံး ဒဏ်ထိသမျှ ဖဿဖြစ်ပေါ်၍ ခြေတစ်ခုလုံး ဝေဒနာတွေ အနှံ့အပြား ဖြစ်ပေါ်၍ နေကြကုန်သော်လည်း ရုပ်နှင့်နာမ်သည် ဝိပ္ပယုတ္တ-ဖြစ်ကြ သောကြောင့် ရောယှက်ငြိတွယ်ခြင်း မရှိကြကုန်။

ဥပမာ-ညဉ့်အခါ၌ ထွန်းအပ်သော မီးရောင်တို့သည် ရေခွက် အတွင်း၌ရှိသော ကြည်လင်လှစွာသော ရေတွင်း၌ အကုန်လုံး အနှံ့ အပြား ဖြစ်ပေါ်ကြကုန်သော်လည်း ရေနှင့် ရောယှက်ငြိတွယ်ခြင်း မရှိကုန် သကဲ့သို့တည်း။ ရောယှက်ငြိတွယ်ခြင်း မရှိကြပုံကား ထွန်းအပ်သော မီးတောက်ဖြစ်ပေါ်လျှင် ရေခွက်၌ မီးရောင်တို့ ဖြစ်ပေါ်ကုန်၏၊ မီးတောက်သေပျောက်ခဲ့လျှင် ရေခွက်တွင်းရှိ မီးရောင်တို့သည် တစ်ပြိုင်နက် ပျောက် ကွယ်ကုန်၏၊ လေခတ်၍ မီးတောက်လှုပ်ရှားခဲ့လျှင် ရေ၌မီးရောင်တို့သည်လှုပ်ရှားကုန်၏၊ ရေသည်မူကား မီးရောင်တို့၏ ဖြစ်ပေါ်မှုကြောင့်လည်း အနေမပျက်၊ မီးရောင်တို့၏ လှုပ်ရှားမှုကြောင့် လည်း လှုပ်ရှားခြင်းမရှိ၊ မီးရောင်တို့၏ ပျောက်ကွယ်မှု, ကုန်ခန်းမှု ကြောင့်လည်း အနေမပျက်။

(ဤကား ရေနှင့်မီးရောင် ဝိပ္ပယုတ္တ ဖြစ်ပုံတည်။)

ရေနှင့် ရေ၌ထင်သော လူရိပ်, မှန်နှင့် မှန်၌ထင်သော မျက်နှာ ရိပ်-စသည်တို့လည်း ဝိပ္ပယုတ္တမျိုး တို့ပင်တည်း၊ ထို့ အတူ နာမှု-ဟူသော နာမကန္ဓာ ၄-ပါးတို့သည် ခြေတစ်ခုလုံး အနှံ့အပြား အတွင်းအပြင် ဖြစ်ပေါ်၍ ၁-ရက် ၂-ရက် စသည် ဒဏ်ထိမှု ဖဿ မပြေမပျောက်သမျှ ကာလပတ်လုံး ဖြစ်ပေါ်၍ နေကြကုန်သော်လည်း ဝိပ္ပယုတ္တပစ္စည်း ပစ္စယုပ္ပန်ချင်း ဖြစ်ကြကုန်၍ ခြေဟူသော ရူပက္ခန္ဓာနှင့် ရောယှက်ငြိ တွယ်ခြင်း မရှိကြကုန်၊ ဖဿ ဖြစ်ပေါ်မှု၌လည်း သဠာယတနပစ္စယာ ဖေဿာ-ဟူ၍ ဟောတော်မူ၏၊ ဤကာယဝိညာဉ် နာမက္ခန္ဓာအရာ၌ ကာယာယတနနှင့် ဖောဋ္ဌဗ္ဗာယတန ၂-ပါး ထိခိုက်မှုဒဏ်ချက်ရှိရာ၌ ကာယသမ္ဖဿ ဖြစ်ပေါ်မြဲတည်း၊ ကာယသမ္ဖဿဖြစ်ပေါ်ရာ၌ ဤနာမှု ဟူသော ကာယသမ္ဖဿဇာဝေဒနာ ဖြစ်ပေါ်မြဲတည်း။

ကာယာယတန ဆိုသည်ကား အတွင်းအပဖြစ်သော ခြေတစ်ခု လုံး၌ တည်ရှိသော ကာယပသာဒ ရုပ်ကြည်ပေတည်း၊ ဖောဋ္ဌဗ္ဗာယတန ဆိုသည်ကား ခက်မာမှု, နူးညံ့မှုဟူသော ပထဝီ ၁-ပါး, ပူမှု အေးမှုဟူသော တေဇော ၁-ပါး, ထကြွလှုပ်ရှားမှု-ဟူသော ဝါယော ၁-ပါး၊ ဟူသော တေဇော ၁-ပါး, ထကြွလှုပ်ရှားမှု-ဟူသော ဝါယော ၁-ပါး၊ ဤဓာတ်ကြီး ၃-ပါးကို ဖောဋ္ဌဗ္ဗာယတန ဆိုသတည်း၊ ထိုဓာတ်ကြီး ၃- ပါးသည်လည်း ခြေတစ်ခုလုံး၌ရှိသော အတွင်းဖောဋ္ဌဗ္ဗကြီး ၃-ပါး, ကြမ်းအပြင် ခြေနှင်းပျဉ်အပြင်-စသော အပသန္တာန်၌ ရှိနေသော အပဖောဋ္ဌဗ္ဗကြီး ၃-ပါး ဟူ၍ ၆-ပါးရျိ၏၊ အပဖောဋ္ဌဗ္ဗကြီး ၃-ပါးသည် ခြေဖဝါး အရေပေါ်မှာရှိသော ကာယာယတန၌သာ ထိခိုက်နိုင်၏၊ အရေပေါ်မှာ ထိခိုက်သည်ရှိသော် ထိခိုက်မှု ဒဏ်ဟုန်ကြေင့် အတွင်း ဖောဋ္ဌဗ္ဗတို့နှင့် အတွင်းကာယာယတနတို့သည် အချင်းချင်း သွက်သွက်ခါ ထိခိုက်ကြလေကုန်၏၊

ခြေဖဝါးပေါ်၌ ပေါလောပေါ်ရှိသော ဖဿတရား, ဝေဒနာ တရားတို့သည်ကား အပဖောဋ္ဌဗ္ဗတို့၏ထိခိုက်မှု ဒဏ်ချက်ကြောင့် ဖြစ်ပေါ်ကြကုန်၏၊ အရေ၏အတွင်း ခြေတစ်ခုလုံး၌ ပေါ်ရှိသော ဖဿ တရား, ဝေဒနာတရားတို့သည်ကား အတွင်းဖောဋ္ဌဗ္ဗတို့နှင့် အတွင်း ကာယပသာဒတို့၏ ထိခိုက်မှုဒဏ်ချက်ကြောင့် ဖြစ်ပေါ်ကြကုန်၏၊ ဤအရမျိုး၌ သဠာယတနပစ္စယာ ဖေဿာ, ဖဿပစ္စယာ ဝေဒနာဟူသော ပဋိစ္စသမုပ္ပါဒ်အချက်ကြီးကိုလည်းကောင်း, ဝိပ္ပယုတ္တပစ္စယောဟူသောပဋ္ဌာန်းအချက်ကြီးကိုလည်းကောင်း ကသိုဏ်းကွက်အသွင် ထင်မြင် ကြကုန်ရာ၏၊

ရေ၌ မီးရောင်တို့၏ ဖြစ်ပေါ်တည်နေမှု, ချုပ်ကွယ်မှုတို့သည် ရေနှင့် ရောယှက်ခြင်း မရှိကုန်သကဲ့သို့လည်းကောင်း၊ ရေ၌ထင်သော မျက်နှာရိ့ပ်, မှန်တွင်ထင်သောမျက်နှာရိ့ပ်တို့၏ ဖြစ်ပေါ်မှု, တည်နေမှု, ချုပ်ကွယ်မှုတို့သည် ရေ-မှန်တို့နှင့် ရောယှက်ခြင်း မရှိကုန်သကဲ့သို့ လည်း ကောင်း ခြေ၌ဖြစ်ပေါ်သော နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်ပေါ်တည်နေမှု, သေပျောက်ချုပ်ကွယ်မှုတို့သည်လည်း ရူပက္ခန္ဓာနှင့် ရောယှက်ခြင်း မရှိကြ ကုန်။

၁။ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာဟူသော ပါဠိတော်တစ်ရပ်,

၂။ ဝိပ္ပယုတ္တပစ္စယော--ဟူသော ပါဠိတော်တစ်ရပ်,

ဤပါဠိတော် ၂-ရပ်ကို စိတ်၌ အမြဲစွဲထားကြလေကုန်၊ နာမှုဟူသော ဝေဒနာ ထင်ရှားရာ၌ သိမှု-ဟူသော ဝိညာဉ်သည် မထင်ရှား လှပြီ။

ဖဿဖြစ်ပေါ်ပုံ

ဖဿဖြစ်ပေါ်မှု၌ကား ကာယာယတန ၁-ပါး, ဖောဋ္ဌဗ္ဗာယတန ၁-ပါ, ကာယဝိညာဉ် ဟူသော မနာယတန ၁-ပါး, ဤအာယတန ၃-ပါး ပေါင်းဆုံလုံးထွေးမှုကြောင့် ကာယသမ္ဖဿ ဖြစ်ပေါ်၏၊ ကာယသမ္ဖဿ ဖြစ်ပေါ်မှုကြောင့် ကာယသမ္ဖဿဇာ ဒုက္ခဝေဒနာ--ဟူသော နာကျင်မှု ဖြစ်ပေါ်၏၊ ကာယဝိညာဉ်ဆိုသည်ကား လူတို့စွဲလမ်းချက် အလိုအားဖြင့် ထိုကိုယအင်္ဂါတို့၏ သိမှုတည်း၊ အရေတို့၏ သိမှု, အသားတို့၏ သိမှု, အကြောတို့၏ သိမှု, အရိုးတို့၏ သိမှု-စသည်တည်း။

ခြေနာသည်၊ ခြေကျဉ်သည်၊ ခြေညောင်းသည်၊ လက်နာသည်၊ လက်ညောင်းသည်၊ ခေါင်းကိုက်သည်၊ ခေါင်းခဲသည်၊ မျက်စိနာသည်၊ နားနာသည်၊ သွားနာသည်၊ သွားကိုက်သည်၊ မေးရိုးကိုက်သည်၊ လက်ချောင်းနာသည်၊ ပခုံးနာသည်၊ ရင်ဘတ်နာသည်-အစရှိသည်တို့ကို ဆိုသတည်း။

အပြင်းအထန် ပူ၍ ဖျားနာရာ၌ အတွင်းအပတစ်ကိုယ်လုံးပင် ဒုက္ခသဟဂုတ် နာမက္ခန္ဓာ ၄-ပါးတို့ဖြင့် ပြည့်သကဲ့သို့ရှိ၏၊ အဖျားကျ ငြိမ်း၍သွားပြန်လျှင် အကုန်လုံး ချုပ်ကွယ်ကြလေကုန်၏၊ ဤကာယ ဝိညာဉ် သိမှုသည်ကား လောက၌ သိမှုဟူ၍ မထင်ရှား၊ ခြေနာသည်၊ ခြေကျင်သည်၊ ခြေညောင်းသည်၊ လက်နာသည်၊ လက်ကျဉ်သည်၊ လက်ညောင်းသည်၊ အစရှိသည်တို့၌ ပါဝင်နေကြ၏၊

ခြေသည်တစ်စုံတစ်ခု ထိခိုက်လာလျှင် နာတတ်၏၊ ကျဉ်တတ် ၏-ဟူ၍ကား သိကြကုန်၏၊ ထိခိုက်သည်ကို ခြေကသိတတ်၏-ဟု မထင်ကြကုန်၊ မနောနှလုံးကသာသိတတ်သည်ဟု ထင်၍နေကြကုန်၏၊ အဘယ့်ကြောင့်နည်းဆိုသော် - မနောနှလုံးသိ ဖြစ်ပေါ်မှသာ

ပုဂ္ဂိုလ်ပေါ်လေသောကြောင့်တည်း၊ ခြေဖဝါး၌ထိခိုက်မှုသည် မနော နှလုံးတိုင်အောင်ထိခိုက်လာမြဲတည်း၊ ခြေသိ, မနောနှလုံးသိ ဟူ၍ ၂- ချက်ဖြစ်၏၊ ခြေသိကို ကာယဝိညာဉ်ခေါ်သည်၊ မနောနှလုံးသိကို မနော ဝိညာဉ်ခေါ်သည်၊ ရှေးသွားနောက်လိုက် ၂-ပါးအစုံတည်း၊ ထိုတွင် နောက်လိုက်ဖြစ်သော မနောနှလုံးသိပေါ်လာမှ ငါ၏ ခြေ၌ထိသည်ဟု ပုဂ္ဂိုလ်သိ ပေါ်လာသည် ပုဂ္ဂိုလ်ကိုသာ လောက၌ အသိဟု မှတ်ထင်ကြ သည်ဟူလို။

(ဤကား ကိုယ်၏သိမှု, ခြေလက်စသော ကိုယ်အင်္ဂါတို့၏ သိမှု, အရေစသောကောဋ္ဌာသတို့၏ သိမှုဟုဆိုအပ်သော ကာယဝိညာဉ်သည် ပရမတ္ထဓမ္မတို့တွင် အလွန်ထင်ရှားသော ဝိညာဉ်တစ်ပါးဖြစ်ပါလျက် လောက၌ လူတို့အသိဉာဏ်တွင် မထင်ရှားရှိနေကြသည်ဖြစ်၍ ထင်ရှား စေခြင်းငှါ အဖန်တလဲလဲပြဆိုလိုက်သည်၊)

နာမက္ခန္ဓာ ၄-ပါး ပြဆိုချက်

ဧကန်ဟုတ်မှန်သော ပရမတ္ထအလိုအားဖြင့်မူကား ပုဂ္ဂိုလ်ဟူ၍ လည်းမရှိ၊ ပုဂ္ဂိုလ်၏ အင်္ဂါဖြစ်သော ခြေဟူ၍လည်းမရှိ၊ အရေစသော ကောဋ္ဌာသ ဟူ၍လည်းမရှိ၊ ခန္ဓာ ၅-ပါးသာ အမှန်ရှိ၏၊ သိမှုဟူသမျှသည် ရူပက္ခန္ဓာမျိုး မဟုတ်၊ ဝိညာဏက္ခန္ဓာမျိုးသာဖြစ်၏၊ ခြေစသည်တို့၌ အတိုက်အခိုက် ရှိရာမှာ ဖြစ်ပေါ်၏၊ ထိုသိမှု ဖြစ်ပေါ်ရာတိုင်းမှာ ဝေဒနာက္ခန္ဓာ, သညက္ခန္ဓာ, သင်္ခါရက္ခန္ဓာတို့သည်လည်း လက္ခဏာမကွဲ အမြဲဖြစ် ပေါ်ကြကုန်၏၊ ဤကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့သည် တစ်ကိုယ်လုံးမှာ ဘယ်နေရာ၌ အမြဲရှိနေကြသည်ဟူ၍မရှိကြကုန်။

အတွင်းဖောဋ္ဌဗ္ဗ,အပဖောဋ္ဌဗ္ဗတို့ ထိခိုက်ရာ ထိခိုက်ရာတိုင်း အတွင်းအပ ကိုယ်အင်္ဂါတို့၌ ခဏခဏ ဖြစ်ပေါ်ကြကုန်၏၊ ထိ ခိုက်မှုဒဏ် ပျောက်တိုင်း ခဏခဏချုပ်ပျောက်ကြကုန်၏၊ လောက၌လည်း ဘယ်နေ ရာက ယခုညောင်း၍လာသည်၊ အညောင်းပျောက်ပြီ၊ နာ၍လာသည်၊ အနာပျောက်ပြီ၊ ကိုက်ခဲ၍ ထုံ၍ ကျဉ်၍လာသည်၊ အကိုက်ပျောက်ပြီ၊ အထုံပျောက်ပြီ၊ အကျဉ်ပျောက်ပြီ၊ ဘယ်နေရာက ပူ၍လာသည်၊ နွေး၍လာသည်၊ အေး၍လာသည်၊ ချမ်း၍လာသည်၊ အပူပျောက်ပြီ၊ အနွေးပျောက်ပြီ၊ အအေးပျောက်ပြီ၊ အချမ်းပျောက်ပြီ-စသည်ဖြင့် ဖြစ်ပေါ်မှု, ချုပ်ပျောက်မှု အာဂန္တု အခြင်းအရာသည် သိမြင်ထင်ရှားကြ လျက် ဖြစ်၏၊

နာမက္ခန္ဓာကြီး ၄-ပါးတို့၏ အမှုဟူ၍သာ မသိကြကုန်သည်၊ ထိုသို့ မသိကြကုန်သည့် အတွက်ကြောင့် ရုပ်ခန္ဓာ, နာမ်ခန္ဓာ ကွဲကြကုန် သည်ဖြစ်၍ မျက်လှည့်သည် ဝိညာဉ်လှည့်စားမှု လှလှရသဖြင့် ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍, ပုဂ္ဂိုလ်၏ အင်္ဂါဟူ၍, နာတတ်သည်၊ ကျဉ်တတ်သည်၊ နာမှန်းသိတတ်သည်၊ ကျဉ်မှန်း သိတတ်သည် ဟူ၍ ခြေကိုပင် အသက်ရှိသည် ဟူ၍, အရှင်ဟူ၍, လက်ကိုပင် အသက်ရှိသည် ဟူ၍, အရှင်ဟူ၍ ထိုထို အင်္ဂါကိုပင် အသက်ရှိသည်သိ၍, အရှင်ဟူ၍ မဟုတ်မမှန် ဖောက်ပြန် စွဲလမ်း၍ နေကြ ကုန်သည်၊ အလွန်ခက်ခဲ နက်နဲလှသော အရာဖြစ်၍ ကောင်းစွာထင်ရှားအောင် အနည်းနည်း အဖုံဖုံ ဖော်ပြလိုက်သည်၊ အဖန်ဖန်တလဲလဲဟု အပြစ်မတင်ကြကုန်လင့်။

(ဤကား ခြေအင်္ဂါ၌ နာမက္ခန္ဓာ ၄-ပါးကို ပြဆိုချက်တည်း။)

ဤသို့လျှင် ခြေအင်္ဂါ၌ ဖော်ပြသည့်အတိုင်း

၁။ ခြေချင်းဝတ်အင်္ဂါ- အရေပေါ် အရေတွင်း, အသားပေါ် အသားတွင်း, အကြောပေါ်အကြောတွင်း, အရိုးပေါ်အရိုးတွင်းတို့၌ လည်းကောင်း၊

၂။ ခြေသလုံးအင်္ဂါ- ဒူးပုဆစ်အင်္ဂါ-ပေါင်အင်္ဂါ- ဓါးအင်္ဂါဝမ်းအင်္ဂါ အရေပေါ် အရေတွင်း, အသားပေါ် အသားတွင်း, အကြော ပေါ်အကြောတွင်း, အရိုးပေါ်အရိုးတွင်း, အအူပေါ်အအူတွင်းတို့၌ လည်းကောင်း၊

၃။ ရင်အင်္ဂါ-ကျောက်ကုန်းအင်္ဂါ- အရေပေါ်အရေတွင်း, အသား ပေါ်အသားတွင်း, အကြောပေါ် အကြောတွင်း, အရိုးပေါ်အရိုးတွင်း, အသည်းပေါ်အသည်းတွင်း, အဆုတ်ပေါ်အဆုတ်တွင်း, နှလုံးပေါ် နှလုံးတွင်းတို့၌လည်းကောင်း၊

၄။ လည်ပင်းအင်္ဂါ- ဦးခေါင်းအင်္ဂါ- ဦးနှောက်အင်္ဂါ- မျက်လုံး အင်္ဂါ-နားအင်္ဂါ-နှာခေါင်းအင်္ဂါ-ခံတွင်းအင်္ဂါ-လျှာအင်္ဂါ-အရေပေါ် အရေတွင်း, အသားပေါ်အသားတွင်း, အကြောပေါ်အကြောတွင်း, အရိုးပေါ် အရိုးတွင်း တို့၌လည်းကောင်း၊

၅။ လက်ရုံးအင်္ဂါ-လက်မောင်းအင်္ဂါ, အရေပေါ်အရေတွင်း, အသားပေါ်အသားတွင်း, အကြောပေါ် အကြောတွင်း, အရိုးပေါ် အရိုးတွင်းတို့၌လည်းကောင်း ညောင်းမှု-ညာမှု, နာမှု, နင့်မှု, ထုံမှု-ကျဉ်မှု, ကိုက်မှု, ခဲမှု, ပင်မှု-ပန်းမှု, နွမ်းမှု-နယ်မှု, ပူမှု-အေးမှု အစရှိသော အလုံးစုံသော ဒုက္ခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါး တို့၏ဖြစ် ပေါ်မှု, ချုပ်ပျက်သေဆုံးမှုတို့ကို သိကြလေကုန်။

ဒုက္ခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ကို ပြဆိုချက်ပြီး၏၊

-------------

သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါး

ယခုအခါ သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ကို ပြဆိုပေအံ့။ ပူလှတုန်းအခါ၌ အေးမြလှစွာသော ရေ၏ ထိခြင်း, ချမ်းလှတုန်းအခါ၌ ပူနွေးသောမီးရှိန်၏ထိခြင်းတို့ဖြင့် ခြေဖဝါးအပြင်၌ခံ၍ ခံ၍ကောင်းလှသော သုခဝေဒနာနှင့်တကွ နာက္ခန္ဓာ ၄-ပါးဖြစ်ပေါ်၏၊ ခြေဖဝါးအရေ၌ရှိသော ခက်မာမှု စသည်တို့ကား ရူပက္ခန္ဓာတည်း၊ သိမှု, ခံ၍ကောင်းမှုတို့ကား နာမက္ခန္ဓာတို့တည်း၊ ရူပက္ခန္ဓာနှင့် နာမက္ခန္ဓာ တို့သည် ဝိပ္ပယုတ္တပစ္စည်း, ပစ္စယုပ္ပန် ဖြစ်ကြကုန်၏၊ ပိန်းကြာဖက်အပြင်၌ ကျရောက်တင်နေကုန်သော မိုးရေ မိုးပေါက်တို့သည် ပိန်းကြာဖက်နှင့် ရောနှောခြင်းမရှိသကဲ့သို့ ရုပ်နာမ် ၂-ပါးရောနှောခြင်းမရှိကြကုန်၊ အရေ၌ ခက်မာမှု, ဖွဲ့စည်းမှု, နွေးမှု, တောင့်တမှု, အဆင်း, အနံ့, အရသာတို့ကား တခြား၊ သိမှု, ခံ၍ ကောင်းမှုတို့ကား တခြားတို့သာတည်း။

ထိုသို့ဖြစ်ရာ၌

၁။ ရုပ်ဓမ္မကို မသိကုန်သော ဗာလပုထုဇဉ်တို့သည်ကား ခြေဖဝါး နွေးသည်၊ ခြေဖဝါးအေးသည်-ဟု သိကြကုန်၏၊ ဤသို့ သိခြင်းကား ဒိဋ္ဌိ-သိပေတည်း။

၂။ ပညာရှိသိတို့သည်ကား စင်စစ်အားဖြင့် ခြေဖဝါး- ဟူ၍မရှိ၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့သည်သာ ရှိကုန်၏၊ ထိုတွင် ရုပ်ခန္ဓာတို့ သိခြင်း ကိစ္စမရှိကြကုန်၊ ထိုသိခြင်း, ခံ၍ကောင်းခြင်းကိုကား နာမ်ခန္ဓာတို့သာ တည်းဟု သိကြကုန်၏၊ ဤသို့ သိခြင်းကား ဉာဏ်သိပေတည်း။

ပညာရှိတို့၏ သိမှု၌လည်း သုတမယဉာဏ်သိ, စိန္တာမယ ဉာဏ်သိ-ဟူ၍ ၂-ပါးရှိ၏၊

၁။ အဘိဓမ္မာ ကျမ်းဂန်တို့ကို ကောင်းစွာတတ်လှ၍ သဘော သကန် ကြေလည်ချောမောအောင် ပြောတတ်, ဟောတတ်, ချတတ်၊ ပို့တတ်, ဆုံးဖြတ်တတ်မှု, သိမှုကား သုတမယဉာဏ်သာတည်း, ဤ သိမှုကား ဝိပဿာနာဉာဏ်မျိုး မဟုတ်၊ ပရိယတ္တိဉာဏ်မျှသာတည်း။

၂။ ထိုပရိယတ္တိဉာဏ်၌ တည်၍ ထိုဉာဏ်ဖြင့် သိသည့်အတိုင်း ရှုကြည့်ဖန်များလတ်သော် ထိုခြေဖဝါး ပူနွေးမှု, အေးချမ်းမှုတို့၌ မျက်စိဖြင့် မြင်ဘိသကဲ့သို့ ရုပ်ခန္ဓာတခြား, နာမ်ခန္ဓာတခြား ကွဲကွဲပြားပြား ထင်မြင်မှု သည်ကား စိန္တာမယဉာဏ်သိ ဉာဏ်မြင်၏၊ ဘာဝနာမယဉာဏ်လည်း ဆိုရ၏၊ ဤသိမှု, မြင်မှုသည်သာလျှင် ဝိပဿာနာဉာဏ် မည်၏၊

ဤ ဘာဝနာအရာ၌ ဤသို့သော စိန္တာမယဉာဏ် အသိအမြင် ကိုသာ လိုအပ်၏၊ ဤစိန္တာမယဉာဏ်အသိ အမြင်သည်သာလျှင် ဒိဋ္ဌိကို ပယ်သတ်နိုင်၏၊

(ဤကား သုတမယဉာဏ်, စိန္တာမယဉာဏ် ၂-ပါးခြားနားချက်တည်း။)

မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိအမြင်

ထို ဗာလပုထုဇဉ်တို့ သိမှု, ပညာရှိတို့ သိမှု ၂-ပါးတို့တွင် ရုပ်ခန္ဓာ, နာမ်ခန္ဓာ-ဟု မသိမူ၍ ခြေဖဝါးအပြင် ပူသည်၊ နွေးသည်၊ အေးသည်၊ ချမ်းသာသည်-ဟု သိမြင်မှုကား မိစ္ဆာဒိဋ္ဌိသိမျိုး, မိစ္ဆာဒိဋ္ဌိမြင်မျိုးသာဖြစ်၏၊ နိစ္စသိမျိုး, နိစ္စမြင်မျိုး မည်၏၊ သုခသိမျိုး, သုခမြင်မျိုး မည်၏၊ အတ္တသိမျိုး, အတ္တမြင်မျိုးမည်၏၊ ပရမတ္ထအလိုအားဖြင့် ဖောက်ပြန် မှောက်မှားသော အသိမျိုး, အမြင်မျိုး မည်၏၊

ခြေဖဝါးအပြင်-ဟူသော နိမိတ္တဓမ္မကြီးကို ပယ်ရှား၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာကို ခြားနား၍ သိမှု, မြင်မှုသည်ကား သမ္မာဒိဋ္ဌိဉာဏ်သိမျိုး, ဉာဏ်မြင်မျိုးမည်၏၊ အနိစ္စသိမျိုး, အနိစ္စမြင်မျိုးမည်၏၊ ဒုက္ခသိမျိုး, ဒုက္ခမြင်မျိုးမည်၏၊ အနတ္တသိမျိုး, အနတ္တမြင်မျိုး မည်၏၊ လောကအလို, ပရမတ္ထအလို ၂-ပါးအားဖြင့် ဖြောင့်မတ်ဟုတ်မှန်သော အသိမျိုး, အမြင်မျိုး ၂-ပါး ရှိ၏၊

လောကအလိုအားဖြင့် ဖြောင့်မတ်ဟုတ်မှန်ပုံကား ခက်မာမှုသည် သိမှုမဟုတ်၊ သိမှုသည် ခက်မာမှု မဟုတ်၊ ခက်မာမှုကား အမှုတခြား၊ သိမှုကား အမှုတခြား၊ ခက်မာမှုကား ရုပ်မှုတည်း၊ စိတ်ဝိညာဉ် မဟုတ်၊ သိမှုကား စိတ်ဝိညာဉ်မှုတည်း၊ ရုပ်မှုမဟုတ်ဟု ပြောဆိုခဲ့လျှင် လောက၌ အမှုတစ်မျိုးစီ မဟုတ်ဟု မငြင်းနိုင်ကြကုန်လတ္တ့။

နိစ္စသိ, သုခသိ, အတ္တသိ

ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို ဤကားရုပ်ခန္ဓာ, ဤကားနာမ်ခန္ဓာဟု မသိမူ၍ ၂-ပါးစုံကို ခြေဖဝါးပြုလုပ်၍ သိခြင်းသည် အဘယ်သို့လျှင် နိစ္စသိ, သုခသိ, အတ္တသိ ဖြစ်လေသနည်း-ဟူမူကား ခြေဖဝါးမည်သည် နိမိတ္တဓမ္မမျိုးဖြစ်၍ တစ်သက်လုံးခိုင်မြဲသော နိစ္စဓမ္မမျိုးတည်း၊ သုသာန် သို့ရောက်မှ ဆုံး၏၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာ ၂-ပါးကို တစ်သက်လုံး ခိုင်မြဲသော နိစ္စမျိုးဟု သိလျက်ရှိ၏၊ နိစ္စဟူသည်သတ္တဝါတို့၏ အလိုရှိအပ်သော သုခမျိုးဖြစ်၍ ရုပ်ခန္ဓာ,နာမ်ခန္ဓာတို့ကို သုခ-ဟုသိလျက်ရှိ၏၊ အတ္တ ဟူသည် တစ်သက်လုံးခိုင်မြဲသော အနှစ်သာရမျိုးဖြစ်၍ ရုပ်ခန္ဓာ, နာမ် ခန္ဓာတို့ကို ခြေဖဝါး၏ အသားအနှစ် အတ္တ,သာရ-ဟုသိလျက်ရှိ၏၊

အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ

ခြေဖဝါးကိုပယ်ရှား၍ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို ခွဲခြမ်း၍ သိမှုသည် အဘယ်သို့လျှင် အနိစ္စသိ, ဒုက္ခသိ, အနတ္တသိမှု ဖြစ်လေသနည်းဟူမူကား ခက်မာမှုကို ရုပ်ခန္ဓာ-ဟုသိခဲ့လျှင် အလုပ်အယှက်မခံ ပျက်တတ် ပြောင်းလဲတတ်သောအနိစ္စမျိုးဟုသိတော့သည်။ ပူမှန်းသိခြင်း, နွေးမှန်းသိခြင်း, အေးမှန်းသိခြင်းကို နာမ်ခန္ဓာ-ဟုသိခဲ့လျှင် သူ့အကြောင်း ဆိုက်တိုက်ရာ ဖြစ်ချည် ပျက်ချည် အတည်မရ အနိစ္စမျိုးဟု ထင်ရှား တော့သည်။

အနိစ္စ-ဟူသည် မရဏမျိုး စင်စစ်ဖြစ်၍ကြောက်လန့်ရသော ဒုက္ခမျိုးဟု သိခြင်းဖြစ်တော့သည်၊ အနိစ္စမျိုးဟူသည် အခိုင်အမာ အနှစ်သာရမျိုးမဟုတ်သည်ဖြစ်၍ ခြေဖဝါးကဲ့သို့ တစ်သက်လုံး ပျက်ခြင်း ပြောင်းလဲခြင်းမရှိဘဲ ပကတိအနေနှင့်တည်နေနိုင်သော အနှစ်အသာရ အတ္တ, ဇီဝမျိုးမဟုတ်ဟုသိမြင်နိုင်တော့သည်။

(ဤမှနောက်၌ ဒုက္ခသဟဂုတ်၌ ပြဆိုခဲ့သမျှသော အလုံးစုံတို့ကို အကုန်ဆက်၍သိကြလေ။)

ခြေကိုသာယာစွာပွတ်မှု, နှိပ်မှု,သပ်မှု,နယ်မှု, ကိုင်မှု,ထိမှု,

ချောမွေ့ညံ့သက်သော အဝတ်အရံထိမှု, ဖျာရိုင်သင်ဖြူး အခင်းအခင်း အနှီး ထိမှု, ချောမွေ့ညံ့သက်သော အေးချမ်းသော လမ်းမြေ, သဲမြေ ရွှံ့မြေထိမှု-စသည်တို့၌လည်း ခံသာမှု, ခံကောင်းမှု-ဟုဆိုအပ်သောခြေ အရသာတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုခြေအရသာတို့သည် သုခသဟဂုတ် ကာယဝိညာဉ်နာမက္ခန္ဓာ ၄-ပါးတို့ပေတည်း၊ ခြေအင်္ဂါအရေပေါ် အရေ တွင်း အသားပေါ်, အသားတွင်း အကြောပေါ်, အကြောတွင်း အရိုး ပေါ်, အရိုးတွင်း အလုံးစုံတို့၌ ဣဋ္ဌဖြစ်ကုန်သော အပဖောဋ္ဌဗ္ဗ, အတွင်း ဖောဋ္ဌဗ္ဗတို့၏ ထိတွေ့မှုတို့ကြောင့် ထင်ရှား, မထင်ရှားသော ခြေအရသာ ဖြစ်ပေါ်မှု, ချုပ်ပျက်မှုတို့ကို အကုန်အစင်သိမြင်ကြလေကုန်၏၊

ထိုနည်းအတူ ခြေချင်းဝတ်အင်္ဂါ အရေ, အသား, အကြော, အရိုး အလုံးစုံတို့၌ သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာဟူသော အရသာ ပေါ်မှု၊ ခြေသလုံးအင်္ဂါ-ပေါင်အင်္ဂါ ခါးအင်္ဂါ အရေ,အသား, အကြော, အရိုး, အလုံးစုံတို့၌ သုခသဟဂုတ် ကာယဝိညာဉ်နာမက္ခန္ဓာ-ဟူသော အရသာပေါ်မှု၊ ဝမ်းအင်္ဂါ, ရင်အင်္ဂါ, ကျောက်ကုန်းအင်္ဂါ အအူတွင်း အသည်းတွင်း အဆုတ်တွင်း နှလုံးတွင်းတို့၌ သုခသဟဂုတ် ကာယ ဝိညာဉ် နာမက္ခန္ဓာ-ဟူသော အရသာပေါ်မှု၊ ဦခေါင်းအင်္ဂါ, မျက်နှာအင်္ဂါ, ခံတွင်း,အရေ, အသား, အကြော, အရိုးအလုံးစုံတို့၌ သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ-ဟူသော အရသာပေါ်မှု,ပျက်မှုတို့ကိုလည်း အကုန်မြင်ကြလေ။

ခွေး, ကျီး, လင်းတ - ဥပမာ

လောက၌ ခွေး, ကျီး, လင်းတတို့သည် မိမိတို့ ကိုယ်တွင်း၌ မကောင်းသော ဝဋ်ဝိပါက် အမြဲတိုက်တွန်းမှုကြောင့် အလွန်စက်ဆုပ် ဖွယ်ရှိသော လူသေပုပ်, နွားသေပုပ်, ခွေးသေပုပ်တို့ကိုပင် အလွန်ခုံမင် စုံမက် မြိန်ရှက်မြတ်နိုးကြကုန်၏၊ ထို့အတူ ဤသတ္တဝါအပေါင်းတို့သည် ထိုကိုယ်အင်္ဂါ အရသာကြီးကို အလွန်ခင်မင် စုံမက်မြိန်ရှက်လှသော ကာမတဏှာ-ဟူသော အကုသိုလ် ဝဋ်ဆိုးကြီး အမြဲတိုက်တွန်းမှုကြောင့် အပုပ်ကောင်, အညှီကောင်,အနံအစော်ကောင်ကြီးမှန်း ကြောင်ကြောင် သိမြင်ကြပါကုန်လျက် အချင်းချင်းအလွန်ခင်မင် မြိန်ရှက်ကြလေကုန်၏၊

နူနာရောဂါသည်ကြီး ဥပမာ

တစ်ကိုယ်လုံး ရွှဲရွှဲစို ကျိုက်ကျိုက်ဆူ နူနာကြီးရှိသောသူအား တစ်ကိုယ်လုံး ပိုးတွေကိုက်၍ အမြဲယားယံမှု ဒုက္ခကြီး ၁-ပါး၊ ပိုးစား၊ ပိုးချေး၊ သွေးပုပ်ပြည်ပုပ်တို့အတွက် အမြဲချမ်းမှု ဒုက္ခကြီး ၁-ပါး၊ ဤဒုက္ခကြီး ၂-ပါး အမြဲရှိနေ၏၊ အလွန်ပူအိုက်သော ကဆုန် နယုန် ဝါဆို ဝါခေါင်အခါတို့၌ပင် ရဲရဲငြိသော ရှားမီကြီး မီးအိုးကင်းကြီးကို မလွှတ်နိုင်၊ ကိုယ်တွင်းအသဲနှလုံးတွင်းတို့မှ ပိုးတွေလှုပ်ကြွသဖြင့် အလွန်ယားယံမှု, ခိုက်ခိုက်တုန်ချမ်းအေးမှု ဖြစ်လာတိုင်း ရှားမီးကျီးမီး အိုးကင်းသို့ချဉ်ကပ်၍ မီးအိုးကင်းကြီးနှင့် လုံးထွေးမိမှ အယားအယံ အတုန်အချမ်း ပြေ၍ နေသာထိုင်သာ ချမ်းသာသုခကို ရလေ၏၊

ထို့အတူ သတ္တဝါအပေါင်းတို့မှာလည်း ထိုကိုယ်အင်္ဂါအရသာကြီး အနမတဂ္ဂ သံသရာ၌ ဘဝအဆက်ဆက် ရွှဲရွှဲစို ကျိုက်ကျိုက်ဆူပွါး စည်း၍လာခဲ့သော ကာမတဏှာ နူနာစိုကြီးသည် ရှိနေကြ၏၊ ပြဆိုခဲ့ပြီး သောကိုယ်အင်္ဂါ အရသာကြီးမူကား ထိုတဏှာနူနာကို လွန်စွာပွါးစီးစေ နိုင်သော အစာဟာရကြီးပေတည်း၊ ထိုနူနာရောဂါကြီးသည် ရှားမီးကျီး မီးအိုးကင်းကြီးကို အမြဲကိုးကွယ်ရာပြု၍ နေရဘိသကဲ့သို့ ကာမတဏှာ နူနာရောဂါသည်ကြီးတွေဖြစ်၍ နေကြကုန်သော သတ္တဝါတို့သည်လည်း ကာမဝတ္ထု ကာမအထည်ကြီးတွေကို အမြဲကိုးကွယ်ရာပြု၍ ထားကြရ ကုန်၏၊

နွေလအခါ၌ ရှားမီးကျီးမည်သည် မြင်ရုံမျှနှင့်ပင် အလွန်ပူ အိုက်ခြင်း ဒုက္ခကိုသာ ဖြစ်ပွါးစေတတ်၏၊ အေးချမ်းခြင်း သုခကို မဖြစ်စေတတ်၊ ထို့အတူ ထိုကိုယ်အင်္ဂါအရသာကို ခံစားဖက်ဖြစ်သော ကာမဝတ္ထု ကာမအထည်တို့မည်သည် မြင်ရုံမျှနှင့်ပင်ကာမတဏှာ ကိလေသာအပူ အအိုက်ကိုဖြစ်ပွါးစေနိုင်ကုန်၏၊ ကာမတဏှာ ကိလေသာ အပူ၏ အေးငြိမ်းခြင်းကို မဖြစ်စေတတ်ကုန်။

ရှားမီးကျီးမည်သည် ပေါင်းဖက် ရောယှက်လာသော ဝတ္ထုမျိုး တို့ကို အကျိုးမဲ့ အချည်းနှီး ပြာမှုန့်ဖြစ်အောင် အကုန်အပြောင် လောင် ကျွမ်းစေတတ်၏၊ ထို့အတူ ထိုအင်္ဂါအရသာကို ခံစံဖက်ဖြစ်ကုန်သော ကာမဝတ္ထု, ကာမအထည်တို့သည်လည်း ပေါင်းဖက်အပ် ရောယှက် မိသောသူတို့ကို ယခုဘဝတွင်း အလွန်မြင့်မြတ်လှစွာကုန်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်ကြီးတို့မှ အပဖြစ်၍ သေသည်၏ အခြားမဲ့၌ ခွေး, ဝက်, ကြက်, ငှက်, သန်း, ကြမ်းပိုး, ပိုးလောက်, ပိုးမွှားစသော သေးနုပ် စုတ်ဖွဲလှသော ဘဝသို့ရောက်လေအောင် အကုန်အပြောင် လောင်ကျွမ်း စေတတ်ကုန်၏၊

(ဤကား ကာမဝတ္ထု, ကာမအထည်တို့နှင့် ရောယှက်မိသော အခါ ကိုယ်အင်္ဂါအတွင်း၌ လျှပ်စစ်ပျက်သကဲ့သို့ ခဏခဏဖြစ်ပေါ်ကြကုန် သော သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဟုဆိုအပ်ကုန်သော ကိုယ်အင်္ဂါ အရသာကြီးတို့၏ အပြစ်ဒေါသ အမြွက်မျှပြဆိုချက်တည်း၊)

သုခသဟဂုတ်ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကိုပြဆိုချက် ပြီး၏၊

----------------

ဇိဝှါဝိညာဉ် နာမက္ခန္ဓာ ၄-ပါး

ယခုအခါ လျှာ၏သိခြင်း, လျှာ၏သိမှု, လျှာ၏အသိဟုဆိုအပ် သော ဇိဝှါဝိညာဉ်နာမက္ခန္ဓာ ၄-ပါးကို ပြဆိုပေအံ့၊ ချဉ်လှစွာသော အရသာတခုဖြင့် လျှာတစ်ပြင်လုံးကို တို့၍စမ်းသည်ရှိသော် ချဉ်မှန်းသိမှု ဖြစ်ပေါ်လာရာ လျှာအစုသည် ဇိဝှါဝိညာဉ်နှင့်တကွသော နာမက္ခန္ဓာ ၄-ပါးတို့ဖြစ်ရာဌာနပေတည်း။

ဇိဝှါဝိညာဉ်ဆိုသည်ကား လောကအလိုအားဖြင့် လျှာ၏သိမှု ဆိုလိုသည်၊ အဘိဓမ္မာအလိုအားဖြင့် လျှာ၌ဖြစ်ပေါ်သော သိမှုဆို လိုသည်၊ ပုဂ္ဂိုလ်၏ သိမှုကားမဟုတ်သေး၊ ထိုလျှာ၏သိမှုပေါ်သည်မှ နောက်၌ မနောနှလုံး၏ သိမှုကြီးသည် ဆက်လက်၍ ဖြစ်ပေါ်၏၊ ဤမနောနှလုံးသိမှုကြီးဖြစ်ပေါ်သောအခါမှ ပုဂ္ဂိုလ်သိ ဖြစ်ပေါ်လာ၍ ချဉ်သည်၊ ချိုသည်-ဟုပုဂ္ဂိုလ်သိ သိ၏၊ ယောက်မသည် အသက်ထက်ဆုံး ဟင်းအိုးကို မွေ၍နေသော်လည်း ဟင်း၏အရသာကို ချိုသည် ချဉ်သည်ဟူ၍မသိတတ်၊ လျှာသည်တစ်ကြိမ် တစ်ခါမျှပင်ဟင်းနှင့် ပေါင်းမိသော် လည်း ဟင်း၏အရသာကို ချိုသည်၊ ချဉ်သည် ဟုသိတတ်၏ဟူ၍ လာသော ဥပမာစကား၌ လျှာသည်အချို အချဉ် စသောအရသာမျိုးကို သိတတ်၏-ဟု ဟောတော်မူ၏၊ ဤလျှာ၏သိမှုသည် လျှက်မှု၌ အတွင်း ဝင်လျက်ရှိ၏၊

ဇိဝှါဝိညာဉ် နာမက္ခန္ဓ ၄-ပါးနှင့် ကာယဝိညာဉ် နာမက္ခန္ဓာ ၄- ပါးမှာ ဤလျှာအပြင်၌ ထမင်းပူ, ထမင်းအေး စသည်တို့ကို သိသော ကာယဝိညာဉ်သည်လည်း ဖြစ်ပေါ်၏၊ အရသာမျိုးကိုသိသည်ကား ဇိဝှါဝိညာဉ်နာမက္ခန္ဓာ ၄-ပါးတည်း၊ လျှာပေါ်၌ ရောက်လာသော ဝတ္ထုတို့ကို နူးညံ့သည်၊ ကြမ်းတမ်းသည်၊ ပူသည်၊ အေးသည်၊ ရွသည်၊ မွသည်၊ လှုပ်ရှားသည်-အစရှိသော သိမှု, လျှာနာမှု, လျှာယားမှု, လျှာချမ်းသာမှု, လျှာမချမ်းသာမှု-စသည်တို့ကား ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတည်း၊ ဤသို့ သိမှုသာကွဲသည်၊ ဖြစ်ရာဌာနကား မကွဲကြ။

ဤသို့လျှင် လျှာသည် နာမက္ခန္ဓာ ၄-ပါး ၂-စုံတို့၏ဖြစ်ပေါ်ရာ ဖြစ်ပေသောကြောင့် လျှာသည် အချို,အချဉ်-စသော အရသာမျိုးတို့ကို လည်းသိတတ်၏၊ အနုအကြမ်း-စသော ဖောဋ္ဌဗ္ဗာမျိုးတို့ကိုလည်း သိတတ်၏-ဟုပြောဆိုကြရာ၏၊ ပရမတ္ထအားဖြင့်မူကား လျှာဟူ၍ပင်မရှိ၊ ခန္ဓငါးပါးသာရှိ၏၊ ခက်မာမှုသည်ရှိ၏၊ ဖွဲ့စည်းမှုသည်ရှိ၏၊ ပူနွေးမှု သည်ရှိ၏၊ တောင့်တင်းမှု,လျော့ရဲမှုသည်ရှိ၏၊ အဆင်းဓာတ်ရှိ၏၊ အနံ့ဓာတ်ရှိ၏၊ အရသာဓာတ်ရှိ၏၊ ဤအမှု ဤဓာတ်စုသည် ရူပက္ခန္ဓာ မည်၏၊ ဤရူပက္ခန္ဓာ၏အမှုသည်ကား အသီးအခြားတည်း၊ ထိုနာမက္ခန္ဓာ တို့၏ကိစ္စတို့ကား အသီးအခြားတို့တည်း၊ အရသာမျိုးကိုသိမှုသည် ထိုထိုအချိုမျိုး, အချဉ်မျိုး-စသော အာဟာရဝတ္ထုတို့ကို လျှာပေါ်သို့တင် သောအခါမှ ဖြစ်ပေါ်လာကြကုန်၏၊ လျှာပေါ်၌ ထိုဝတ္ထုမျိုးတို့ မရှိပြန်လျှင် ချုပ်ပျောက်ကြကုန်၏၊ ဖောဋ္ဌဗ္ဗသိတို့လည်း ထို့အတူတည်း။

ထိုသို့ဖြစ်ရာ၌ ရုပ်ခန္ဓာမှန်း နာမ်ခန္ဓမှန်း မသိကြကုန်သော ဗာလ ပုထုဇဉ်တို့သည်ကား ရုပ်ခန္ဓာစကို လျှာဟု တစ်ခုတည်းပြု၍ ထိုသိမှုကို နာမ်ခန္ဓာဟုမခြားနားဘဲ လျှာ၏ကိစ္စပြု၍ လျှာသိသည်ဟု မြင်ကြကုန်၏၊ ၍အမြင်ကား ဒိဋ္ဌိတည်း၊ နိစ္စအမြင်, သုခအမြင်, အတ္တအမြင်, ဇီဝ အမြင်တည်း၊ လျှာဟူသောအသိကိုပယ်ရှား၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာ ခြားနား၍သိမှုကား ဉာဏ်သိ ဉာဏ်မြင်ပေတည်း-အနိစ္စမြင်, ဒုက္ခမြင်, အနတ္တမြင်, နိဇ္ဇီဝ, နိဿတ္တ အမြင်ပေတည်း၊ အကြောင်းယုတ္တိ ကိုကား ကာယဝိညာဉ် ၂-ပါး၌ဆိုခဲ့ပြီ။

ဤ၌လျှာအရသာသည် သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ဟူသော အရသာတစ်မျိုး, ဇိဝှါဝိညာဉ် နာမက္ခန္ဓာဟူသော အရသာတစ်မျိုး ဟူ၍ ၂-မျိုးရှိ၏၊ ထိုတင်ကာယဝိညာဉ် နာမက္ခန္ဓာဟူသော လျှာအရသာ သည်ကား ကိုယ်အင်္ဂါအရသာကြီး၌ ပါဝင်လေပြီ၊ ဇိဝှါဝိညာဉ် နာမက္ခန္ဓာ ဟူသော အရသာကြီးကားကျန်ရှိ၏၊ ဤအရသာကြီးကိုလည်း သတ္တဝါတို့သည် လွန်စွာလိုက်စားကြကုန်၏၊ ဆေးအပြတ်မခံနိုင်ရှိကြကုန် ၏၊ ရသတဏှာကို ဝဋ်ဆိုးကြီး နူနာကြီးပြု၍ ထိုက်သည်အားလျော်စွာ ဥပမာ ဥပမေယျ ၂-ရပ်တို့ကိုလည်းသိကြလေ။

ဇိဝှါဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကိုပြဆိုခန်း ပြီး၏၊

-----------------

ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါး

နှခေါင်း၏သိခြင်း, နှာခေါင်း၏သိမှု, နှာခေါင်း၏ အသိဟုဆိုအပ် သော ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၌ နှာခေါင်း၏ အတွင်းဓာတ်သည် ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်ရာဌာနတည်း၊ ဤ၌လည်း ကာယ ဝိညာဉ် နာမက္ခန္ဓာ ၄-ပါး, ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါး ၂-စုံရ၏၊ အကြမ်းအနု,အပူအအေး,အလုပ်အရှားတို့နှင့် နှာခေါင်းတို့၏ တွေ့ထိမှု တို့ကြောင့် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်လာ၏၊ အတွင်းမှ ဖြစ်သောအနံ့ အပမှဖြစ်သောအနံ့တို့၏ ထိခိုက်မှုကြောင့် ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်၏၊ ဃာနဝိညာဉ်၏ သိမှုကိုကား နံသည်, မွှေးသည်ဟုခေါ်၏၊

ဤသို့ နှာခေါင်းသည် နာမက္ခန္ဓာ ၄-ပါး ၂-စုံတို့၏ ဖြစ်ရာဌာန ဖြစ်သောကြောင့် နှာခေါင်းသည် အနံ့အမျိုးမျိုးကိုလည်း နံတတ်၏၊ အနုအကြမ်းစသော ဖောဋ္ဌဗ္ဗမျိုးကိုလည်း သိတတ်၏ဟု ပြောဆိုရာ၏၊ ပရမတ္ထအားဖြင့်မူကား နှာခေါင်းဟူ၍ပင် မရှိ၊ ထိုနေရာ၌ဖြစ်သော ခန္ဓာ ၅-ပါးသာရှိ၏၊ ဇိဝှါဝိညာဉ် နာမက္ခန္ဓာ၌ကဲ့သို့ ရုပ်ခန္ဓာ, နာမ်ခန္ဓာခွဲနည်း, ဒိဋ္ဌိသိခွဲနည်း, နိစ္စ,သုခ,အတ္တ,၊ အနိစ္စ,ဒုက္ခ, အနတ္တ ခွဲနည်းတို့ကို ခွဲခြမ်း၍ သိကြလေ၊ ဇိဝှါဝိညာဉ်နည်းတူ သိကြလေ။

ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကို ပြဆိုချက်ပြီး၏၊

----------

သောတသိညာဉ် နာမက္ခန္ဓာ ၄-ပါး

နား၏သိခြင်း,နား၏သိမှု,နား၏အသိ-ဟူသောသောတဝိညာဉ် နာမက္ခန္ဓ ၄-ပါး၌ နား၏အတွင်းအရပ်သည် ဤနာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာဌာနတည်း၊ ကာယဝိညာဉ်နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာဌာနလည်း ဖြစ်၏၊ နာမက္ခန္ဓာ ၂-စုံရ၏၊ နားသည် ဖောဋ္ဌဗ္ဗမျိုးတို့ကိုလည်း သိတတ်၏၊ အသံအမျိုးမျိုးတို့ကိုလည်း ကြားတတ်၏-ဟုပြောဆိုရာ၏၊ သောတ ဝိညာဉ်ကိုကြားသည်-ဟုခေါ်၏၊ ထိုထိုအသံကို သိကြရာ၌ နားသိ, မနော နှလုံးသိ, ပုဂ္ဂိုလ်သိ ခွဲမြဲခွဲလေ၊ ပရမတ္ထအားဖြင့်မူကား နားဟူ၍ပင်မရှိ၊ ထိုနေရာ၌ ဖြစ်သောခန္ဓာ ၅-ပါးသာရှိ၏၊ ရုပ်ခန္ဓာ နာမ်ခန္ဓာ ခွဲလေ။

ရုပ်ခန္ဓာကား ထိုနေရာ၌ မြစ်ရေအလျဉ်ကဲ့သို့ အစဉ်မပြတ်ဖြစ်၍ နေ၏၊ နာမ်ခန္ဓာ ၄-ပါတို့ကား ထိုထိုအသံမျိုး ထိခိုက်ဆဲအခါ၌သာ ဖြစ်ပေါ်ကြကုန်၏၊ ထိုထိုအသံပြတ်စဲပြန်လျှင် ထိုနေရာ၌ပင်လျှင် နာမ်၏ သေဆုံးခြင်းဖြင့် သေဆုံးချုပ်ပျက်ကြကုန်၏၊ ဓာတ်၏သေဆုံးခြင်း, ဓမ္မ၏ သေဆုံးခြင်းဖြင့် သေဆုံးချုပ်ပျက်ကြလေကုန်၏၊ တစ်နာရီ အတွင်းမှာ အသံအမျိုးမျိုးကို အခါခါကြားရာ၌ သူ့အသံနှင့်သူ့နာမက္ခန္ဓာစု အခါခါဖြစ်ပေါ်၍ အခါခါပျက်ဆုံးကြကုန်၏၊

နမောတဿ--ပြောဆိုချက်

စကားပြောဆိုသံကိုကြားရာ၌ စကားမည်သည် အက္ခရာတစ်လုံး တစ်လုံး စီစဉ်၍ပြောရာ၏၊ အက္ခတို့သည် အစဉ်အတိုင်း ချုပ်ပျောက် ကုန်၏၊ နောက်နောက်အက္ခရာပေါ်လာလျှင် ရှေးရှေးအက္ခရာမရှိပြီ၊ နား ထောင်သူတို့၏နား၌ သောတဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့သည် သူ့ူ့ အက္ခရာနှင့်သူ အစဉ်အတိုင်းဖြစ်ပေါ်၍ အစဉ်အတိုင်း ချုပ်ဆုံးကြကုန်၏၊ ''နမောတဿ''ဟူသော ရွတ်ဆိုသံကို ကြားနာရာ၌ န-ဟူသောအသံ အက္ခရာသည် နားတွင်း၌ ထိခိုက်၏၊ ထိခိုက်မှု ဒဏ်ကြောင့် သောတ ဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်ရ၏၊ န-ဟူသော အသံကိုစွဲ၍ ဖြစ်ပေါ် သော နာမက္ခန္ဓာသည် ထိုအသံချုပ်ဆုံးလျှင် ချုပ်ဆုံးမြဲဖြစ်၏၊ န-အသံ ချုပ်ဆုံးလျှင် န-အသံကိုကြားမှုလည်း ပျောက်ကွယ်သည်ဟု လောက၌ လည်း ထင်ရှားပါ၏၊ လောက၌ နား၏ ကိစ္စအခွင့်မည်သည် အလွန်ကြီး ကျယ်၏၊ နား၌ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ,နိစ္စ, သုခ, အတ္တစွဲလမ်းချက် အလွန်သန်၏၊

စောဒနာရန်ရှိသည်ကား--နားကိုပုဂ္ဂိုလ်ဟူ၍,သတ္တဝါဟူ၍ စွဲလမ်းမှုမရှိပါ၊ ပုဂ္ဂိုလ်၏ အင်္ဂါ, သတ္တဝါ၏ အင်္ဂါဟူ၍သာ စွဲလမ်းပါ သည်ဟုဆိုရန်ရှိ၏၊

အဖြေကား--ငါကြားသည်ဟုစွဲလမ်းမှု, နားသည်ကြားတတ် သည်ဟုစွဲလမ်းမှုသည် နားကိုပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍ စွဲလမ်းမှုပင် တည်း၊ ထို့အတူ ခြေသန်း, လက်သန်း၌ ထိခိုက်၍နာသည်ရှိသော် ငါ နာသည်ဟုစွဲလမ်းမှုသည် ခြေသန်း, လက်သန်းကို ပုဂ္ဂိုလ်-ဟူ၍ စွဲလမ်းမှုပင်တည်း။

ယုတ်စွအဆုံး မုတ်ဆိတ်ကြင်စွယ်-ဟူသော မွေးညင်းကို နုတ်ပယ်ရာ၌ မွေးညင်း၏ အရင်းအဖို့သည် ကာယပသာဒရုပ်ရှိ၏၊ နာတတ်၏၊ ထိုနာမူ ငါနာသည်ဟုစွဲလမ်းမှုသည် တစ်ခုတစ်ခုသော မွေးညင်းကို ပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ စွဲလမ်းမှုပင်တည်း၊ မွေးညင်းပေါင်း ၉-သောင်း ၉-ထောင်ရှိသည်ဟူရကား မွေးညင်း အရေအတွက် ပုဂ္ဂိုလ်, သတ္တဝါစွဲလမ်းချက် ၉-သောင်း ၉-ထောင်ရှိ၏၊ မိမိ မိမိစွဲလမ်း၍ နေမှုကိုပင် မိမိ မရေလည်၍ စောဒနာခြင်းသာဖြစ်သည်ဟုဖြေလေ။

ပုဂ္ဂိုလ်၏ အင်္ဂါဖြစ်၍ ပုဂ္ဂိုလ်မဟုတ်ဟု အစိတ်စိတ်နုတ်ပယ်၍ ထားခဲ့လျှင်တစ်ကိုယ်လုံး အင်္ဂါချည်းဖြစ်၍ ကုန်ရာ၏၊ ပုဂ္ဂိုလ်သတ္တဝါပင် မရှိရာပြီ၊ ထို့ကြောင့် ထိုထိုဝိညာဉ်၏ဖြစ်ရာဌာန, သိတတ်ရာဌာန, အသက် ရှိသည်၊ အရှင်ဖြစ်သည်ဟု မှတ်ယူရာဌာန အလုံးစုံသည် ပုဂ္ဂိုလ်လည်း ဟုတ်၏၊ သတ္တဝါ၏ အင်္ဂါလည်းဟုတ်၏၊ အတ္တလည်း ဟုတ်၏၊ ဇီဝလည်း ဟုတ်၏ဟု လောကအလိုကိုသိအပ်၏၊ ပုဂ္ဂိုလ်သတ္တဝါ ဟု စွဲလမ်းမှုသည် နိစ္စ, သုခ, အတ္တ, ဇီဝ-ဟုစွဲလမ်းမှုပင်တည်း၊ တဏှာ, မာန, ဒိဋ္ဌိ ၃-ပါး တို့၏အမှုချည်းသာတည်း၊ ကြားတတ်သောဒြဗ်, နားသဏ္ဌာန်-ဟူ၍မရှိ။

ထိုနေရာ၌ အစဉ်ဖြစ်ပွါး၍ နေသောခက်မာမှုသည်ကား ရူပက္ခန္ဓာသာတည်း၊ ထိုရူပက္ခန္ဓာသည် ကြားတတ် သိတတ်သောတရား မျိုးမဟုတ်၊ ကြားမှု, သိမှုသည်ကား ထိုနေရာ၌ အသံထိခိုက်ဆဲအခါ ဖြစ်ပေါ် လာသော နာမ်ခန္ဓာ ၄-ပါးသာတည်း၊ နား၌ ခန္ဓာ ၅-ပါးသာရှိ၏ဟုသိမှု, မြင်မှုသည် ဉာဏ်သိဖြစ်၏၊ အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ, နိဿတ္တ, နိဇ္ဇီဝသိဖြစ်၏၊ အကြောင်းယုတ္တိကိုမူကား ကာယဝိညာဉ်၌ ပြဆိုခဲ့သည့်အတိုင်း သိလေ။

နားအရသာ ၂-မျိုး

နားအရသာသည်လည်း ၂-မျိုးရှိ၏၊ ထိုတွင် သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဟူသော အရသာသည် ကိုယ်အင်္ဂါ အရသာကြီး၌ ပါဝင်လေပြီး၊ သာယာသောအသံကိုလည်းကောင်း, မိမိအလိုရှိသော စကားမျိုးကိုလည်းကောင်း, ကြားသောအခါ၌ ခံစားရ သော နားအရသာသည်ကား သောတဝိညာဉ် နာမက္ခန္ဓာ ၄-ပါးပေတည်း၊ ဤနားအရသာကိုလည်း သတ္တဝါတို့သည် လွန်စွာလိုက်စားကြကုန်၏၊ စကားပြောဖော် စကားပြောဖက်နှင့်ကင်း၍ ဆိပ်ငြိမ်ရာ၌ တစ်ကိုယ်ရေ တစ်ကာယ နေထိုင်ခြင်းငှါပင် မတတ်နိုင်ရှိကြကုန်၏၊ အဖော်နှင့်ကင်း၍ နားဆိတ်ဆိတ်နေရလျှင်ပင် ငြီးတောက်ခြင်း ငြီးငွေ့ခြင်း ဖြစ်ကြကုန်၏၊ ရောက်မိရောက်ရာ စပ်မိစပ်ရာ သမ္ဖပ္ပလာပ စကားမျိုးကိုပင် ကြားနာ၍ နေရမှ အငြီးပြေကြကုန်၏၊ ဤသောတအရသာကြီးသည် လောက၌ အငြီးပြေ ခံစားဖွယ်ကြီး တစ်ပါးပင်တည်း၊ ခွေး, ကျီး, လင်းတ, ဥပမာ နူနာရောဂါသည်ကြီးသည် ဥပမာတို့ကိုလည်း ဤ၌ထိုက်သည့်အားလျော် စွာ သိကြလေ။

သောတဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကို ပြဆိုချက်ပြီး၏၊

------------------

စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄-ပါး

စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၌ မျက်လုံးအရပ်သည် စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာ ဌာနပေတည်း၊ ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၏ဖြစ်ရာဌာနလည်းဟုတ်၏၊ ဤမျက်စိ၌လည်း နာမက္ခန္ဓာ ၄-ပါး ၂-စုံရ၏၊ မျက်စိသည် အပူအအေးစသော ဖောဋ္ဌဗ္ဗမျိုးတို့ကိုလည်း သိတတ်၏၊ ကျင်တတ်၏၊ ကျိန်းတတ်၏၊ စပ်တတ်၏၊ အဆင်းအမျိုးမျိုးကို လည်းမြင်တတ်၏၊ ပုဂ္ဂိုလ်မျိုးသတ္တဝါမျိုးအမှန်ဖြစ်၏-ဟုဆိုရာ၏၊ စက္ခု ဝိညာဉ်သိကို မြင်သည်ဟူ၍ခေါ်၏၊ ထိုထိုသက်ရှိသက်မဲ့ ဝတ္ထုတို့ကိုမြင်၍ ဘယ်သင်းဘယ်ဟာဟု သိကြရာ၌ မျက်စိသိ, မနောနှလုံးသိ, ပုဂ္ဂိုလ်သိဟု ခွဲမြဲခွဲလေ။

ပရမတ္ထအားဖြင့်မူကား-ပရမတ္ထအားဖြင့်မူကား--မျက်စိဒြဗ် ဟူ၍ပင်မရှိ၊ ထိုနေရာ၌ ဖြစ်သောခန္ဓာ ၅-ပါးသာရှိ၏၊ ထိုတွင် ရူပက္ခန္ဓာ ၁-ပါးသာ ထိုနေရာ၌ အစဉ်မြဲ၏၊ နာမက္ခန္ဓာ ၄-ပါးတို့သည်ကား ထိုထိုအဆင်းအာရုံကို ကြည့်ရှု နေဆဲအခါ၌သာ ဖြစ်ပေါ်ကုန်၏၊ အိပ်ပျော်၍နေဆဲအခါ မှောင်မှိုက် တွင်း၌ နေဆဲအခါ, မျက်စိကိုမှိတ်၍နေဆဲအခါတို့၌ ထိုနေရာမှာချုပ် ကွယ်၍နေကြကုန်၏၊ ကြည့်ရှုနေဆဲအခါမှာလည်း မျက်တောင်ခတ် ပြောင်းတိုင်း ချုပ်ကွယ်ကြရလေကုန်၏၊

မန်ကျည်းပင်အစရှိသော အရွက်စိပ်သစ်ပင်မျိုးတို့ကို မော်၍ ကြည့်ကြရာ၌ အရွက်တစ်ခုတစ်ခုလျှင် နာမက္ခန္ဓာ ၄-ပါးအသီးအသီး ဖြစ်၍ အသီးအသီးချုပ်ကွယ်ကြကုန်၏၊ အရွက်တစ်ခုကိုမြင်မှု သိမှုနှင့် ထို့ပြင် အရွက်တစ်ခုကို မြင်မှုသိမှုတို့သည် အသီးအခြားတို့သာတည်း၊ တစ်ခုပြီးမှတစ်ခု ဖြစ်ကြမြဲပေတည်း၊ ၂-ခုပြိုင်၍ ဖြစ်မြဲမဟုတ်၊ စိတ် မည်သည် အလွန်လျင်မြန်လှ၏၊ တစ်ပင်လုံးကိုပင် တစ်ပြိုင်နက်မြင် သည် ဟုမှတ်ထင်၍ နေကြရကုန်၏၊ အရွက်တစ်ခုတစ်ခု၌ပင် မျက်စိသိ, မနောနှလုံးသိ, ပုဂ္ဂိုလ်သိအသီးသီးစီဖြစ်ကြ၏၊

စက္ခုသိ

စက္ခုသိဆိုသည်ကား--အဆင်းသက်သက်ကိုမြင်မှုသက်သက် သာတည်း၊ အကြီး,အငယ်,အဝန်း,အလျား-စသောသဏ္ဌာန်ကို သိသည် မဟုတ်၊ မနောနှလုံးသိသို့ရောက်မှ ထိုသဏ္ဌာန်တို့ အသီးအသီးပေါ်၏၊ ဤမနော နှလုံးသိကိုပင် ပုဂ္ဂိုလ်သိဆိုရသည်၊ မန်ကျည်းပင်ကြီးကို မော်၍ကြည့်ရာ၌ အရွက်တွေကို အသီးအသီး သိမှုသည် တပြိုင်နက်ပင် မှတ်ထင်ကြရကုန်၏၊ စိတ်၏ဖြစ်မှု,ပျက်မှုပြောင်းလဲမှု မြန်ပုံကို ရိပ်မိ ရုံပြဆိုလိုက်သည်၊ လောက၌ ဤမျက်စိ၏ အခွင့်မည်သည် အလွန်ကြီး ကျယ်၏၊ နား၏အခွင့်ထက်ပင် သာလွန်၏၊ မျက်စိ၌ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ,ဇီဝ, နိစ္စ, သုခ, အတ္တစွဲလမ်းမှုအလွန်ထက်သန်၏၊

(ဤစကား၌ စောဒနာချက် ဖြေဆိုချက်တို့ကို သောတ၌ ဆိုခဲ့တိုင်းသိလေ။)

အရသာနှင့် တဏှာအစွမ်းကို ပြဆိုနည်း၌ ဤမျက်စိမှာလည်း အရသာ ၂-မျိုးရ၏၊ ထိုတွင် သုခသဟဂုတ် ကာယဝိညာဉ်နာမက္ခန္ဓာ ၄-ပါးဟူသော အရသာသည် ကိုယ်အင်္ဂါအရသာကြီးတွင် ပါဝင်လေပြီ၊ လှပတင့်တယ်သော အဆင်းသဏ္ဌာန်မျိုး, မိမိအလိုရှိသော ဝတ္ထုမျိုး, မတွေ့စဖူး မမြင်စဖူးသော အာရုံဝတ္ထုမျိုးတို့ကို မြင်ကြရသောအခါ ခံစားကြရသောမျက်စိအရသာသည်ကား စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄- ပါးပေတည်း၊ ဤစကားမျိုး၌ မနောနှလုံးအမှုတို့ကိုလည်း အပါအဝင်ပြု၍ ယူကြလေကုန်၊ ပီတိ,သုခ,သောမနဿတို့ကို အရသာဆိုလိုရင်း ဖြစ်ငြားသော်လည်းခန္ဓာ ၄-ပါးတို့၏ ဖြစ်မှုအလားထင်ရှာစေခြင်းငှါ ခန္ဓာ ၄-ပါးဟူ၍ပင် ဆိုလိုက်သည်။

တစ်နည်းကား--ဥပေက္ခာ ဝေဒနာသည်လည်း ပီတိ,သုခ, သောမနဿကို မရသာရာ၌ (မရသောအခါ၌) အငြီးပြေ အရသာမျိုး ပင်ဖြစ်၏၊ မျက်စိမည်သည် ကောင်းသည်ကိုမှသာ ကြည့်လိုသည်မဟုတ်၊ ကြည့်ခွင့်ရှိပါလျက် မကြည့်ရလျှင် သက်သက် မနေနိုင်မှုမျိုးတည်း တစ်သက်လုံး တစ်နေ့တစ်နေ့လျှင် အခါခါမြင်၍နေရသော ဝတ္ထုမျိုးပင် ဖြစ်သော်လည်း မက်စရာဝတ္ထု ၁-ပါးမရှိခဲ့လျှင် ထိုအာရုံကိုပင် တမော့ မော့နေရ၏၊ မကြည့်ဘဲမနေနိုင်။

မကြည့်ဘဲ စက္ခုန္ဒြေကို ချုပ်တည်း၍ နေရမည်ဆိုလျှင် ခဏချင်း ငြီးတောက်၏၊ စိတ်ကျဉ်းကျပ်၏၊ မျက်စိဥပစာ တစ်လုံး ဖွင့်လွတ်၍ ထားမှ အကြိုက်ကျ၏၊ အရသာကောင်း တွေ့သကဲ့သို့ အငြီးအတောက် ပြေပျောက်၏၊ မကောင်းသည်ဖြစ်စေ, ကောင်းသည် ဖြစ်စေ ကြည့်မြင်ရမှုသည်လည်း အငြီးအတောက် ပြေပျောက် စေတတ် သော ဖျော်အဖြေအရသာကြီး တစ်မျိုးပင်ဖြစ်သတည်း၊ ကြွင်းသော သောတ, ဃာန-စသည်တို့၌လည်း ဤနည်းတူသိလေ၊ ထို့ကြောင့် ဥပေက္ခာဝေဒနာကိုလည်း အရသာ ဆိုသင့်၏၊ နာမက္ခန္ဓာ ၄-ပါးလုံးကို လည်း အရသာဆိုသင့်၏-ဟူ၍မှတ်လေ။

တစ်သက်လုံးမြင်၍နေသော အာရုံမျိုး အလယ်၌ပင် စက္ခုန္ဒြေကို ချုပ်ထိန်း၍ မရ၊ မျက်စိ မျက်နှာ ဦးတည်မိရာ မျက်စိဥပစာ၌ မိုးကို မျှော်လိုက်ရ၏၊ တိမ်ကိုမျှော်လိုက်ရ၏၊ မြေအပြင်ကိုမျှော်လိုက်ရ၏၊ ရေအပြင်ကိုမျှော်လိုက်ရ၏၊ တောတခွင်ကိုမျှော်လိုက်ရ၏၊ တောင် တစ်ခွင်ကိုမျှော်လိုက်ရ၏၊ လူကို, နွားကို, ခွေးကို,ဝက်ကို,အိမ်ကို,ယာကို မျှော်လိုက်ရ၏၊ မျှော်ရမှစိတ်ချောင်၏၊ စိတ်ချမ်းသာ၏၊ အရသာကြီး တစ်ပါးပင်ဖြစ်၏၊ ကိုယ်တွေ့ဒိဋ္ဌဖြစ်ကြ၏၊ ဤမှနောက်၌ ဤစက္ခုအရသာ ၌ သာယာသော တဏှာဝဋ်ဆိုးကြီး, တဏှာနူနာကြီးတို့ကို ကာယဝိညာဉ်၌ ပြဆိုခဲ့ပြီးသောနည်းကို အစဉ်မှီး၍သိကြလေ။

မနောနှလုံးသိ, ပုဂ္ဂိုလ်သိခေါ်သော မနောနှလုံး၏ သိခြင်း, မနောနှလုံး၏သိမှု, မနောနှလုံး၏အသိ-ဟုဆို အပ်သော မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကိုပြဆိုအံ့။

ရင်တွင်း၌ရှိသော နှလုံးသွေးအတွင်း၌ ဤမနောဝိညာဉ်သည် ဖြစ်၏၊ နှလုံးအိမ်သည်သာ အသားစိုင်, အသားခဲဖြစ်၍ ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဖြစ်ရာဌာနဖြစ်၏၊ နှလုံးသွေးမူကား ကာယဝိညာဉ်၏ ဖြစ်ရာဌာန မဆိုသာ၊ နှလုံးသွေး၏ အတွင်း၌ဖြစ်သော ထိုမနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးသည်ကား အလွန် အထွေအပြား များပြား၏၊

၁။ အကုသိုလ်-ဟုဆိုအပ်သော မကောင်းသော အကြံမျိုးသည် လည်း မနောနှလုံးမှဖြစ်၏၊

၂။ ကုသိုလ်-ဟုဆိုအပ်သော ကောင်းသော ဝိညာဏ်မျိုးသည် လည်း မနောနှလုံးမှဖြစ်၏၊

၃။ အိပ်ပျော်သောဘဝင် အဗျာကတဝိညာဉ်မျိုးသည်လည်း မနောနှလုံးမှဖြစ်၏၊

၄။ ကိုယ်အင်္ဂါကြီးငယ်တို့ကို ပြုပြင်ခြင်း-ဟုဆိုအပ်သော ကာယကံမှုမျိုး,ဝစီကံမှုမျိုး, စိတ်နှလုံးထဲတွင် တရှိန်ရှိန်ထ၍နေသော မနောကံမှုမျိုးတို့သည်လည်း မနောနှလုံးမှဖြစ်ကုန်၏၊

၅။ ကုသိုလ်ဇော, အကုသိုလ်ဇောတို့သည် ထိုမနောနှလုံးမှ ဖြစ်ကုန်၏၊

ဇော၏ ဥပမာ

ဇောဆိုသည်ကား--အလွန်ပြင်းထန်သော အဟုန်ရှိသော စိတ်မျိုးတည်း။

၁။ ဤကိုယ်ခန္ဓာကြီးသည်း မီးရထား, မီးသင်္ဘောနှင့် တူ၏၊

၂။ နှလုံးအိမ်သည် မီးအိုး, ရေနွေးအိုးကြီးနှင့် တူ၏၊

၃။ ဘဝင်စိတ်မျိုးသည် ရေနွေး၌ ရှိသောပြင်းထန်သော အခိုးနှင့်တူ၏၊

၄။ လောဘဇော, ဒေါသဇော- အစရှိသော အမျိုးမျိုးသော ဇောစုသည် ရေနွေးအိုးမှ တစ်ဟုန်တည်း ဆူထသော ရေလှိုင်းပွက် တွေနှင့်တူလှ၏၊

၅။ ဇောအမျိုးမျိုးမှ ဖြစ်သော စိတ္တဇဝါယောတို့သည် ရေလှိုင်း ပွက်တို့မှ ပန်း၍ထွက်သော အဟုန်ပြင်းထန်သော အခိုးတို့နှင့်တူ ကုန်၏၊

၆။ ၉၀၀--သော အကြောတို့သည် အခိုးလျှောက်သွားရာ အခိုးကြောင်းနှင့်တူကုန်၏၊

၇။ အင်္ဂါကြီးငယ်တို့သည် စက်ကိရိယာတို့နှင့် တူကုန်၏၊

၈။ ပုဂ္ဂိုလ် သတ္တဝါ သို့သည်လည်းကောင်း, အဆင်းသဏ္ဌာန်အစ ရှိသော အာရုံ ၆-ပါးတို့သည်လည်းကောင်း ရထား စက်အိုးတို့နှင့် တူကုန်၏

၉။ တဏှာ ၆-ပါးတို့သည် ရထားအစိုးရကြီးနှင့် တူကုန်၏၊

ဘဝင်စိတ်မည်သည် အလွန်နုံ့လှသော စိတ်မျိုးတည်း၊ ဤနုံ့လှ သော ဘဝင်စိတ်မျိုးသည်ပင်လျှင် အလွန်ပျံ့နှံ့သော အရှိန်အဝါရှိ၏၊

ဘဝင်စိတ်သည် ရေနံမီးတောက်ကြီးနှင့်တူပုံ

ဘဝင်စိတ်သည် ညဉ့်အခါ တိုက်ခန်းတွင်း၌ ထွန်းအပ်သော ရေနံကြမ်းမီးတောက်နှင့်တူ၏၊

တူပုံကား--ထိုမီးတောက်မှ အလွန်လျင်မြန်သော လေသည် ထွက်၏၊ ထိုလေသည် မီးနောက်မှ ထွက်သောမီးရောင်တို့ကို မီးနောက် သည်နှင့် တစ်ပြိုင်နက် တိုက်ခန်းတစ်ခုလုံး ပြည့်အောင် ဖြန့်ဖြူး၏၊ မီးတောက်မှထွက်သော အခိုးကြမ်းတို့ကိုလည်း ဝမ်းအတွင်း, ရင်အတွင်း, ဝမ်းအဖို့, ရင်အဖို့တို့ကို ပြည့်စေ၏၊

ထို့အတူ ဘဝင်စိတ်၏ အဟုန်ကြောင့်ဖြစ်သော စိတ္တဇလေသည် အလွန်လျင်မြန်၏၊ ထိုလေသည် စိတ္တဇရုပ်ကလာပ်တို့ကို ဘဝင်စိတ် ဥပါဒ်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးပြည့်အောင် ဖြန့်ဖြူး၏၊ ထွက် သက် ဝင်သက်တည်းဟူသော စိတ္တဇလေကြမ်းတို့ကို ရင်, ဝမ်းနှင့် အပြည့် ဖြစ်စေ၏၊ အိပ်ပျော်၍နေဆဲအခါ၌ပင်လျှင် ကိုယ်ခန္ဓာ အလယ်ပိုင်း တစ်ခုလုံးကို ရေလှိုင်းထသကဲ့သို့ ကြွချီ လှုပ်ရှားစေလျက် ပြင်းထန်သော ရှူခြင်း ရှိုက်ခြင်းကို ဖြစ်စေ၏၊ ဘဝင်စိတ်ဟူသော နုံ့လှစွာသော ကြံမှု အရှိန်အဝါသည်ပင်လျှင် ဤမျှလောက် ထက်သန်၏၊ ပြင်းထန်လှစွာ သော အဟုန်နှင့်တကွ ယမ်းပုံမီးကျ ဖြစ်ပေါ်၍ ထသော ဇောဟူသော အကြံ ဓာတ်ကြီး အရှိန်အဝါသည် ဆိုဖွယ်ရာမရှိပြီ။

အကြံမှု အကြံဓာတ်ကြီး အရှိန်အဝါမျိုးမည်သည် ဤကဲ့သို့ ပြင်းထန်၏၊ မီးရထား, မီးသင်္ဘောတို့၌ ထိုထိုစက်ခလုတ်တို့ကို ပြုပြင်၍ ပေးလိုက်သည်ရှိသော် ရေအခိုးတို့သည် မိုးကြိုးအဟုန်ကဲ့သို့ ထိုထိုအခိုး အကြောင်းတို့ကို ခဏချင်း ပြည့်ဖြိုး တွန်းဝှေ့တိုက်ခတ်ကာ ထွက်ကြကုန် သကဲ့သို့ ဤကိုယ်ခန္ဓာ၌လည်း ပြုလိုက်သော အမှုအားလျော်စွာ စိတ္တဇဝါယော လေမုန်တိုင်းတို့သည် ထိုထိုအကြောကြီး အကြောငယ် တို့ကို အဟုန်နှင့်တကွ ခဏချင်း ပြည့်ဖြိုးစေကြကုန်၏၊

စိတ္တဇ ဝါယောဓာတ်တို့သည် မြွေနဂါးတို့နှင့်တူပုံ

အားခွန်ဗလ သန်မြန်လှသော မြွေနဂါးကြီးငယ်တွေ ကခုန်မြူး ထူးကြကုန်သကဲ့သို့ ၆၀-သော အကြောကြီး ၉၀၀-သော အကြောငယ် တို့သည် ခဏချင်းအဟုန်နှင့်တကွ အင်္ဂါကြီးငယ်တို့သည် ချီကြွ၍ ထကြွကွန့်မြူး ကြရကုန်၏၊ ထိုအကြောကြီး အကြောငယ်တို့၏ မြူးထူး ချက်ကြောင့် ဤကိုယ်ခန္ဓာ ကိုယ်အင်္ဂါတို့၏ အဟုန်နှင့်တကွ ထကြွ လှုပ်ရှား သွားခြင်း,လာခြင်း, ကွေးခြင်း, ဆန့်ခြင်း အစရှိသည်တို့သည် ဖြစ်ကြကုန်၏၊

မီးရထား မီးသင်္ဘောတို့၌ အသံ၏ဆိုင်ရာ အပေါက်ကို ဖွင့်လှစ် လိုက်သည်ရှိသော် ထိုဆူပွက်သော ရေအဟုန်တို့မှ အသံနှင့်တကွ ပြင်းထန်သော အခိုး၏ တိုးဝှေ့ထွက်သွားခြင်းဖြင့် ဥဩသံမည်သည် ဖြစ်သကဲ့သို့ စကားစမည် ပြောဆိုမည်ဟု ဇောစိတ် အကြံဓာတ်မျိုး ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် စကားပြောမှုနှင့်ဆိုင်ရာ စိတ္တဇလေတို့ သည်လည်းကောင်း လည်ပင်းကြော,မေးကြော, လျှာကြောတို့သည်လည်း ကောင်း၊ မြွေနဂါးတွေ မြူးထူးကြကုန်သကဲ့သို့ တစ်ပြိုင်နက် လွန့် လက်မြူးထူး ကြွထရကုန်၏၊ ရယ်ဇောဖြစ်ပေါ်ခဲ့လျှင် မျက်နှာပြင်၌ ခဏချင်း ရုပ်ညှိုး ရုပ်နောက်တွေ အပြည့်ဖြစ်ပေါ်မှုတို့၌ကား ညဉ့်အခါ မီးထွန်းသော ဥပမာနှင့် တိုက်ဆိုင်၍ သိလေ။

အကြံဟူသော ပကတိစိတ်ဓာတ်ကြီး၏ အရှိန်အဟုန် ကြီးကျယ်ပုံ

မျက်နှာအပြင်၌ ရယ်ရုပ်တွေ, ငိုရုပ်တွေ ခဏချင်း အပြည့်ဖြစ် ပေါ်မှုတို့ကို မြင်သဖြင့် ဝမ်းတွင်း, ရင်တွင်း, လည်ပင်း ဦးခေါင်းတွင်း တစ်ခွင်လုံးတို့၌လည်း ထိုရုပ်တို့ပြည့်မှုကို သိကြလေ။

၁။ အာရုံပြုမှု၏အလွန် လျင်မြန်စွာ ပျံ့နှံ့ခြင်း၌လည်း ဆိုင်းသံ, စည်သံ, အမြောက်သံ, မိုးကြိုးသံတို့သည် ဖြစ်ရာအရပ်မှ အလွန်ဝေး စွာသော အရပ်မျက်နှာတို့ကို ခဏချင်း ပျံ့နှံ့ကြလေကုန်ဘိသကဲ့သို့ လည်းကောင်း,

၂။ တိမ်တိုက်မှထွက်သော လျှပ်ရောင်, နေဝန်းမှထွက် သော နေရောင်, လဝန်းမှထွက်သော လရောင် တို့သည် လျင်မြန်လှသော လေဟုန်၏အစွမ်းဖြင့် ထွက်ရာအရပ်မှ ခဏချင်းကောင်းကင်မြေပြင် တစ်ခွင်လုံးပျံ့နှံ့သကဲ့သို့လည်းကောင်း,

စိတ်ခေါ်သောအကြံဓာတ်, အသိဓာတ်မျိုးတို့သည် နေ, လ, နက္ခတ်, တာရာတို့နှင့်တကွ မိုးတစ်ပြင်လုံး, မြေတစ်ပြင်လုံး, တောတစ် ခွင်လုံး, တောင်တစ်ခွင်လုံးတို့ကိုလည်းကောင်း၊ မနောဝိညဉ်ဖြစ်ခဲ့အံ့၊ အသက်ထက်ဆုံး တွေ့ကြုံဆက်ဆံ၍ လာခဲ့သော အရပ်ဒေသဌာန မြို့ရွာ အာရုံဝတ္ထုတို့ကိုလည်းကောင်း ခဏချင်း ပျံ့နှံ့၍ ယူနိုင်၏၊

အကြံဟူသော ပကတိစိတ်ဓာတ်ကြီး၏ အရှိန်အဟုန် ကြီးကျယ် ပုံအချက်ကို အမြွက်မျှပြဆိုလိုက်သည်၊ ဘာဝနာကိစ္စဖြင့် ပွားစီးကြီး ကျယ်ခြင်းသို့ရောက်သော တန်ခိုးဣဒိဟူသော အကြံဓာတ်မျိုး၌ ဆိုဖွယ် မရှိပြီ၊ ဤအချက်ကိုမူကား ဓာတ်တို့၏အစွမ်းကို နှံ့ပြားစွာ မမြင်နိုင်ကြ ကုန်သည်ရှိသော် သတ္တဝါတို့၌ ဖြစ်၍နေကြသော အမှုတို့ကို ဓာတ်တို့နှင့် အကုန်နေရာမချနိုင်ကြကုန်သဖြင့် ပုဂ္ဂိုလ်အစွမ်း, သတ္တဝါအစွမ်းတွေ ထင်မြင်၍ နေမှုကို မဖျောက်ဖျက်နိုင် ရှိနေကြကုန်ရာသောကြောင့် ရိပ်မိရုံပြဆိုလိုက်သည်။

မနောနှလုံး၏ အရေးအခွင့် ကြီးကျယ်ပုံ

လောကဓမ္မတို့၌ ဤမနောနှလုံး၏ အခွင့်သည် အလွန်တရာ ကြီးကျယ်လှ၏၊ ခပ်သိမ်းသော အလိမ္မာ ဟူသမျှတို့သည်လည်းကောင်း, ခပ်သိမ်းသော အမိုက်အမဲဟူသမျှတို့သည်လည်းကောင်း ဤမနောနှလုံးမှ ဖြစ်ကုန်၏၊

လောကအလိုအားဖြင့့််-့-ဤမနောနှလုံးသည် ဣရိယာပုတ် ၄- ပါးကို ဆောင်တတ်၏, သွားတတ်၏, ရပ်တတ်၏, ထိုင်တတ်၏, လျောင်း တတ်၏, ပြောတတ်၏, ဆိုတတ်၏, ငိုတတ်၏, ရယ်တတ်၏, သူ့အသက် ကို သတ်တတ်၏၊ သူ့ဥစ္စာကို ခိုးယူတတ်၏၊ ဤသို့ အစရှိသည်ဖြင့် ပုဂ္ဂိုလ် သတ္တဝါ၏ ကိစ္စဟူသမျှသသည် မနောနှလုံး၏ ကိစ္စချည်းသာတည်း။

စောဒနာဖွယ်

စောဒနာရန်ရှိပြန်သည်ကား- သက်သက်သော မနောကံ ကိစ္စမျိုးကိုသာ မနောနှလုံးက ပြုတတ်ပါသည်။ ကာယကံ ကိစ္စမျိုး, ဝစီကံ ကိစ္စမျိုးတို့သည်ကား မနောနှလုံးသက်သက်နှင့် ပြီးစီးကြသည်မဟုတ်ကုန်၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါတို့မှပါရှိမှ ပြီးစီးကုန်၏၊ ထိုကြောင့် ကာယကံ ကိစ္စမျိုး, ဝစီကံ ကိစ္စမျိုးတို့ကိုမူကား မနောနှလုံးသည် မပြုတတ်၊ ပုဂ္ဂိုလ် သတ္တဝါ သည်သာ ပြုတတ်ပါသည်-ဟု ဆိုရန်ရှိ၏၊

စောဒနာချက်ကို ပြန်၍မေးရန်- ကိုယ်အင်္ဂါ, နှုတ်အင်္ဂါစု သည် သိတတ်, ကြံတတ်, အားထုတ်တတ် သလောဟု ပြန်၍မေးရာ၏၊

ဤလိုဆိုပေလတ္တံ့- ဤလိုဆိုပေလတ္တံ့- ကိုယ်အင်္ဂါ နှုတ်အင်္ဂါစုသည် မသိတတ်, မကြံတတ်, အားမထုတ်တတ်ပါ၊ မနော နှလုံးသည်သာ သိတတ်, ကြံ တတ်, အားထုတ်တတ်ပါသည်-ဟု ဆိုပေလတ္တံ့။

ဤလိုမေးမြန်းပြန်ရာ၏- ဤလိုမေးမြန်းပြန်ရာ၏- ပုဂ္ဂိုလ်, သတ္တဝါဆိုသည်ကား သိတတ်, ကြံတတ်, အားထုတ်တတ်သည်ကို ဆိုသလော၊ မသိတတ်, မကြံတတ်, အားမထုတ်တတ်သည်ကို ဆိုသလော-ဟု မေးမြန်းရာ၏၊ ဤလိုဆိုပေလတ္တံ့--သိတတ်, ကြံတတ်, အားထုတ်တတ်သည် ကို ဆိုပါသည်-ဟုဆိုပေလတ္တံ့။

ထိုအခါ မနောနှလုံးသည်သာ ပုဂ္ဂိုလ်, သတ္တဝါအစစ်ဖြစ်ကြောင်း သည် ထင်ရှားပေါ်၍လာ၏၊ မနောနှလုံး သည်သာ သွားတတ်, လာတတ်, ပြောတတ်, ဆိုတတ်, ကြံတတ်, သိတတ်, သတိတတ်, ခိုးတတ်ကြောင်း သည် ထင်ရှားပေါ်၍လာ၏၊

တစ်နည်းသော်ကား--သတ်မှု,ခိုးမှုမည်သည် မနောနှလုံး၏ သိမှု,ကြံမှု သက်သက်နှင့် ပြီးစီးသည်မဟုတ်။ ကိုယ်အင်္ဂါ,နှုတ်အင်္ဂါတို့၏ လှုပ်ရှားမှုပယောဂလည်း ပါရှိမှ ပြီးစီးသည်ဖြစ်၍ မနောနှလုံးသည်လည်း သတ်တတ်၏၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါသည်လည်း သတ်တတ်၏၊ မနော နှလုံးသည်လည်း ခိုးတတ်၏၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါသည်လည်း ခိုးတတ် ၏၊ မနောနှလုံးသည်လည်း ပုဂ္ဂိုလ် သတ္တဝါတည်း၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ သည်လည်း ပုဂ္ဂိုလ်သတ္တဝါပင်တည်း၊ လက်ဖြင့်သတ်ရာ၌ မနောနှလုံး သည်လည်း သတ်တတ်သော ပုဂ္ဂိုလ်, သတ္တဝါပင်တည်း၊ လက်သည် လည်း သတ်တတ်သော ပုဂ္ဂိုလ်သတ္တဝါပင်တည်း။

ဤနေရာ၌မူကား မနောနှလုံးကိုပြဆိုရာဖြစ်၍ မနောနှလုံးသည် သတ်တတ်၏၊ ခိုးတတ်၏-ဟုဆိုပေသည်၊ ရှေးနည်းကား မနောနှလုံး ကိုသာ ပုဂ္ဂိုလ်, သတ္တဝါအစစ်ဟု မှတ်ထင်သူတို့၏ အလိုပေတည်း၊ နောက်နည်းကား တစ်ကိုယ်လုံးကိုပင် ပုဂ္ဂိုလ်သတ္တဝါဟု မှတ်ထင်သူတို့၏ အလိုပေတည်း၊ အချို့သူတို့ကား စိတ်ကိုသာ ပုဂ္ဂိုလ် သတ္တဝါ အစစ်ဟု ယူကုန်၏၊ အချို့သူတို့ကား ခန္ဓာ ၅-ပါးလုံးကိုပင် ပုဂ္ဂိုလ် သတ္တဝါအစစ်ဟု ယူကုန်၏၊ အယူ ၂-မျိုးရှိ၏၊

(ဤကား လောကအလိုတည်း)

ပရမတ္ထအလို

ပရမတ္ထအလိုအားဖြင့်မူကား ပုဂ္ဂိုလ်သတ္တဝါ-ဟူ၍လည်း မရှိ၊ နှလုံးသွေးဟူ၍လည်း မရှိ၊ ထိုနေရာဌာန အကြောင်းအားလျော်စွာ ဖြစ်ကြသော ခန္ဓာ ၅-ပါးသာ ရှိ၏၊ ထိုတွင် ခက်မာမှု, နှူးညံ့မှု, ဖွဲ့စည်းမှု, ယိုစီးမှု, ပူနွေးမှု-စသော ရူပက္ခန္ဓာစသော ထိုနေရာ၌ ဖြစ်ချည် ပျက်ချည် အစဉ်အမြဲ လည်နေ၏၊ နာမက္ခန္ဓာ ၄-ပါးတို့သည်ကား ထိုနေရာ၌ ဖြစ်ပေါ်ခိုက်၌သာ ရှိကုန်၏၊ ထိုနှလုံးဌာနမှတစ်ပါး တစ်ကိုယ်လုံးမှာ ထိုထိုနေရာတွင် ဖြစ်ပေါ်၍နေခိုက် နှလုံးမှာ မရှိကြကုန်။

အရေတစ်ခွင်လုံးမှာ ထိုထိုနေရာ၌ နာမက္ခန္ဓာတို့ ဖြစ်ပေါ်၍ နေခိုက် နှလုံးမှာ ရူပက္ခန္ဓာ ၁-ပါးသာ ရှိ၏၊ သားတစ် ၉၀၀-တို့တွင် ထိုထိုသားတစ်မှာ ဖြစ်ပေါ်၍နေခိုက် နှလုံးမှာ ရူပက္ခန္ဓာ ၁-ပါးသာ ရှိ၏၊ အကြော ၉၀၀-တို့တွင် ထိုထိုအကြောမှာ၊ အရိုး ၃၀၀-တို့တွင် ထိုထိုအရိုးမှာ၊ ၂-ကုဋေ ၄-သန်းသော ဆံပင်တို့တွင် ထိုထိုဆံပင်မြစ်မှာ၊ ၉-သောင်း ၉-ထောင်သော မွေးညင်းတို့တွင် ထိုထိုမွေးညင်းမြစ်မှာ ဖြစ်ပေါ်၍နေခိုက် နှလုံး၌ ရူပက္ခန္ဓာ ၁-ပါးသာ ရှိ၏၊

ထိုသို့ဖြစ်ပါသော်လည်း နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်မှု, ပျက်မှု, ဖြစ်ရာဌာန ရွေ့ပြောင်းမှုမည်သည် အလွန်တရာ မြန်လှသည်ဖြစ်၍ ရှေး၌ပြဆိုခဲ့ပြီးသော နေရောင်, လရောင်, ဆိုင်းသံ, စည်သံ, အမြောက်သံ, သေနတ်သံ, မိုးသံ, မိုးကြိုးသံကဲ့သို့ ခြေဖဝါးတစ်ပြင်လုံး၌ အလွန်နာကျင်၍ နေဆဲမှာပင် ထိုနာကျင်မှုကို မနောနှလုံးကလည်း အမြဲသိ၍နေသည်ဟု မှတ်ထင်ကြရကုန်၏၊

ခြေဖဝါးတစ်ပြင်လုံးတွင်လည်း တသုတ်တသုတ် ဖြစ်ပေါ်နေ သော နာမက္ခန္ဓာ-ဟူသောနာမှု၏ ဖြစ်ရာဌာနသည် အဏုမြူမျှ ပမာဏကျယ်သည် မဟုတ်၊ တသုတ်ချုပ်ကွယ်ပြီးမှ တသုတ်ဖြစ်ပေါ်မြဲ ဓမ္မတာတည်း၊ တသုတ်တသုတ်၏ အကြားအကြား၌လည်း နာမှန်းကျင် မှန်းသိသော မနောနှလုံးသိ အသီးအသီး ညှပ်ကာ ညှပ်ကာဖြစ်မြဲ ဓမ္မတာတည်း၊ မညှပ်ခဲ့လျှင် ထိုတသုတ်နာမှုကို နာသည်ဟု ပုဂ္ဂိုလ်သိ ဖြစ်နိုင်သည် မဟုတ်၊ ခြေဖဝါးက နာမှု, မနောနှလုံးက သိမှု အစုံအစုံတို့၏ အကြားအကြား၌လည်း ဘဝင်မနော တသုတ်တသုတ် ခြားမြဲ ဓမ္မတာ တည်း။

ဤသို့ ဖြစ်ပါလျက် ခြေဖဝါးတစ်ပြင်လုံးသည် တစ်ပြိုင်နက် နာ၍နေသည်၊ နာမှုတစ်ပြင်လုံး တစ်ခုတည်း ဖြစ်၍နေသည်ဟု မှတ်ထင် ကြရကုန်၏၊ မနောနှလုံးကလည်း နာမှုနှင့် အပြိုင်သိ၍ နေသည်-ဟု မှတ်ထင်ကြရကုန်၏၊ ခြားနား ရှင်းလင်းစွာ သိမြင်ခြင်းငှာ ထိုက်လှသော အချက်ကြီးတစ်ခုပေတည်း၊ တစ်ကိုယ်လုံးရှိ ထိုထိုအင်္ဂါတို့ကို တစ်ဖက်, မနောနှလုံးကို တစ်ဖက်ထား၍ ဤနည်းအတိုင်း အကုန်သိကြလေ။

မြင်မှုနှင့်သိမှု ခြားနားအောင် ကြည့်၊ မြင်မှုနှင့် သိမှုမှာလည်း ၁-နာရီကြည့်ရှု၍ နေရာ၌ အစအဆုံးတိုင် မြင်မှုလည်း ၁-ခုတည်း၊ မျက်စိက မြင်မှုနှင့် မနောနှလုံးက သိမှုလည်း တစ်ပြိုင်တည်း မှတ်ထင်ကြ ရကုန်၏၊ ကြားမှု-သိမှုအစုံ, နံမှု-သိမှုအစုံ, လျှက်မှု-သိမှုအစုံတို့၌လည်း ထိုနည်းအတူသိကြလေ။

မြင်မှုနှင့် ကြားမှု, မြင်မှုနှင့် နံမှု, မြင်မှုနှင့် လျှက်မှု, မြင်မှုနှင့် တွေ့ထိမှု, ကြားမှုနှင့် နံမှု, ကြားမှုနှင့် လျှက်မှု, ကြားမှုနှင့် တွေ့ထိမှုစသည်တို့၌လည်း ပြိုင်သည်-ဟု ထင်မှတ်ကြရကုန်၏၊ မနောနှလုံးသိ သက်သက်၌လည်း ဝတ္ထုအာရုံ အမျိုးမျိုးတို့ကိုပင် တစ်ပြိုင်တည်း သိနိုင်သည်ဟု မှတ်ထင်ကြရကုန်၏၊

အက္ခရာတစ်လုံးလျှင် ဇော ၇-ကြိမ်

စကားပြောဆိုကြရာ၌ အက္ခရာ တစ်လုံး တစ်လုံးလျှင် ဇောစိတ် ၇-ကြိမ်, ၇-ကြိမ် တသုတ်တသုတ်စီ ဖြစ်ရ၏၊ အက္ခရာချင်းလည်း ရှေ့နောက်မရောယှက်၊ အာကာသပရိစ္ဆေဒ ခြားလျက်ရှိကြ၏၊ ဇော အသုတ်ချင်းလည်း ရှေ့နောက်မရောယှက်၊ ဘဝင်စိတ်ခြားလျက် ရှိကြ၏၊ သို့ဖြစ်ပါသော်လည်း စကားလုံး ၁-သောင်း, ၁-သိန်းကိုပင် ဇောစိတ် တစ်ခုဖြင့် ပြောဆို၍နေသည်-ဟု မှတ်ထင်ကြရကုန်၏၊

ဣရိယာပုထ် ၄-ပါး ထူးခြားချက်

ဣရိယာပုထ် ၄-ပါးတို့တွင်

၁။ သွားမှု ဥဿာဟဗျာပါရ ခေါ်သော ဇောအခြင်းအရာကား တစ်မျိုး,

၂။ ရပ်မှု ဥဿာဟ ဗျာပါရ ခေါ်သော ဇောအခြင်းအရာကား တစ်မျိုး,

၃။ ထိုင်မှု ဥဿာဟ ဗျာပါရ ခေါ်သော ဇောအခြင်းအရာကား တစ်မျိုး,

၄။ လျောင်းမှု ဥဿာဟ ဗျာပါရ ခေါ်သော ဇောအခြင်း အရာကား တစ်မျိုး, အသီးသီး ဖြစ်ကြ၏၊

ဥဿာဟ ဗျာပါရ မတူကြသည်ဖြစ်၍ စိတ္တဇလေတို့၏ ထပုံ, ကြွပုံချင်းမတူကြ၊ စိတ္တဇလေတို့၏ ထပုံ, ကြွပုံချင်း မတူကြသည်ဖြစ်၍ အကြောကြီး, အကြောငယ်တို့ထပုံ, ကြွပုံခြင်းလည်း မတူကြ၊ အကြောကြီး အကြောငယ်တို့၏ ထပုံ, ကြွပုံခြင်း မတူကြသည်ဖြစ်၍ ကိုယ်အင်္ဂါကြီး ငယ်တို့၏ သယ်ပုံ, ပိုးပုံ, လှုပ်ရှားပုံချင်းလည်း မတူကြ၊ သူ့ဥဿာဟ ဗျာပါရနှင့် သူ့ကိရိယာ အသီးအသီးဖြစ်ကြ၏၊ ၂-ခုပြိုင်၍ မရကောင်း၊ ထို့အတူသွားမှု၌လည်း ခြေတစ်လှမ်း တစ်လှမ်းလျှင် မနောနှလုံး၌ ဇော ဥဿာဟ တစ်သုတ် တစ်သုတ်စီ ဖြစ်ကြ၏၊ ကြွင်းသော ဣရိယာပုထ် တို့၌လည်းကောင်း, ထိုထိုဣယာပုထ်တွင်မှာ ထိုထိုကိုယ်အင်္ဂါ လှုပ်ရှားမှု တို့၌လည်းကောင်း အကြံဥဿာဟ ဗျာရ အသီးအသီးဖြစ်ရမှုကိုလည်း သိကြလေ။

မနောနှလုံးဖြစ်ပေါ်မှု ၃-မျိုး

၁။ မနောနှလုံး၌ အကုသိုလ်အကြံအစည် နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်မှုတစ်မျိုး,

၂။ ကုသိုလ်အကြံအစည် နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်မှုတစ်မျိုး,

၄။ ဘဝင်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်မှုတစ်မျိုး, ဟူ၍ ၃-မျိုးရှိ၏၊

၁။ အကုသိုလ်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်လာလျှင် နှလုံးသွေး တစ်မျိုးပြောင်းလဲ၏၊

၂။ ကုသိုလ်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်လာလျှင် နှလုံသွေးတစ်မျိုး ပြောင်းလဲ၏၊

၃။ ဘဝင်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်ဆဲအခါ၌ နှလုံးသွေးသည် ပကတိ နီမြန်းသော အဆင်းအတိုင်း ပကတိတိုင်းပင်တည်ရှိ၏၊ ကုသိုလ်ဖြစ်ပေါ်ခိုက်မှာ နှလုံးသွေးသည် ပကတိထက် ကြည် လင်၏၊ အကုသိုလ်ဖြစ်ပေါ်ခိုက်မှာ ပကတိထက် နောက်ကျု၏၊ ကုသိုလ်ဇောတို့တွင်လည်း သဒ္ဓါလွန်ကဲသော အလှည့်မှာ ဝါ၍ကြည်၏၊ ပညာလွန်ကဲသောအလှည့်မှာ အရောင်အလက်နှင့်တကွ ကြည်၏၊ မေတ္တာလွန်ကဲသောအလှည့်မှာ အလွန်ချမ်းမြ၍ ကြည်၏၊ လောဘ လွန်ကဲသော အလှည့်မှာ ပကတိထက်နီလျက် နောက်ကျု၏၊ ဒေါသ လွန်ကဲသောအလှည့်မှာ ညှိလျက် မည်းနက်လျက်နောက်ကျု၏၊ မောဟ လွန်ကဲသော အလှည့်မှာ သားဆေးရေးကဲသို့နီပြေပြေ နောက်ကျု၏၊ ဝိဘက်လွန်ကဲသော အလှည့်မှာ ကုလားပဲပြုတ်ရေကဲသို့ ဖြော့ တော့သောအဆင်းရှိ၍ နောက်ကျု၏၊ ပီတိသောမနဿ လွန်ကဲသော အလှည့်မှာ ရွှင်သောအဆင်းရှိ၏၊ ဒေါမနဿ လွန်ကဲသောအလှည့်မှာ ညှိုးခြောက်သောအဆင်းရှိလျက် နောက်ကျု၏၊ သောက ပရိဒေဝ လွန်ကဲသော အလှည့်မှာ အလွန်ပူလောင် မည်းညစ်၏၊ ကြောက်ခြင်း, ရွှံ့ခြင်း, ထိတ်ခြင်းဖြစ်သောအလှည့်မှာ အလွန်အေးချမ်း၍ခဲ၏၊ ဤကဲ့သို့ ဇောစိတ္တုပ္ပါဒ် နာမက္ခန္ဓာ အမျိုးမျိုးတို့ အလှည့်အလည် အားဖြင့် ဖြစ်ပေါ်လာသောအခါ နှလုံးသွေးအမျိုးမျိုး အသစ်အဟောင်း ပြောင်းလဲ၏၊ ကိုယ်တွင်းသန္တာန်၌ အထူးထူး အထွေထွေဖြစ်၍ နေကြ သော ခန္ဓာ၅-ပါးတို့၏ အထွေထွေ အလာလာ အမှုသွားတို့ကို မြင်နိုင် သော ဉာဏ်မျက်စိ မရှိကြကုန်မူ၍ အပေါ်ရံပြင်ပ အပေါင်းမျှကိုသာ သိမြင်၍ နေကြကုန်သော သူတို့မူကား စိတ်ဝိညာဉ်ဟူသည် တစ်သက်လုံး အမြဲတည်ရှိ၍ နေသည်ဟု မှတ်ကြကုန်၏၊

ထို့ကြောင့် တစ်ကိုယ်လုံး၌ နာမက္ခန္ဓာတို့၏ဖြစ်ရာဌာနတွေ ကိုလည်းကောင်း, ဖြစ်ဆဲအခိုက် အလှည့်တွေကို လည်းကောင်း, ဖြစ်ဆဲအခိုက် အလှည့်တွေကိုလည်းကောင်း အထွေထွေ အလာလာ များစွာ ဝေဖန်၍ပြဆိုလိုက် သည်။

မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၌ ဒိဋ္ဌိသိ ဉာဏ်သိခွဲပုံ

ဤမနောဝိညာဉ်နာမက္ခန္ဓာ ၄-ပါး၌ ဒိဋ္ဌိသိ ဉာဏ်သိခွဲပုံကို ပြဆို ပေအံ့၊ ဤဒိဋ္ဌိ သိမြင်မှုသည် အလွန်များ ပြားလှ၏၊ အကျဉ်းမျှကိုပြဆိုအံ့။ ၁။ သတ္တဝါအပေါင်းတို့အား မျက်စိဖြင့်မြင်၍ ထွေထွေလာလာ သိကြရာ၌လည်း ပုဂ္ဂိုလ်မြင်မှု, သတ္တဝါမြင်မှု, ပုဂ္ဂိုလ်သိမှု,သတ္တဝါသိမှုဟုထင်မြင်စွဲယူသော သက္ကာယဒိဋ္ဌိ မရိုးစိုက်ကြီးများသည် ရှိနေကြ၏၊ ၂။ နားဖြင့်ကြား၍ ထွေထွေလာလာ သိကြရာ၌လည်း ပုဂ္ဂိုလ် ကြားမှု, သတ္တဝါကြားမှု, ပုဂ္ဂိုလ်သိမှု, သတ္တဝါသိမှု-ဟုထင်မြင်စွဲယူသော သက္ကာယဒိဋ္ဌိ အရိုးစိုက်ကြီးများသည် ရှိနေကြ၏၊

၃။ နှာခေါင်းဖြင့် နံ၍ ထွေထွေလာလာ သိကြရာ၌လည်း ပုဂ္ဂိုလ် နံမှု, သတ္တဝါနံမှု, ပုဂ္ဂိုလ်သိမှု,သတ္တဝါသိမှု -ဟုထင်မြင်စွဲယူသော သက္ကာယ ဒိဋ္ဌိ မရိုးစိုက်ကြီးများသည် ရှိနေကြ၏၊

၄။ လျှာဖြင့် လျှက်၍ ထွေထွေလာလာ သိကြရာ၌လည်း ပုဂ္ဂိုလ်လျှက်မှု, သတ္တဝါလျှက်မှု, ပုဂ္ဂိုလ်သိမှု, သတ္တဝါသိမှု-ဟုထင်မြင်စွဲ ယူသော သက္ကာယဒိဋ္ဌိ မရိုးစိုက်ကြီးများသည် ရှိနေကြ၏၊

၅။ ကိုယ်အင်္ဂါဖြင့် တွေ့၍ ထွေထွေလာလာ သိကြရာ၌ ပုဂ္ဂိုလ်တွေ့မှု, သတ္တဝါတွေ့မှု, ပုဂ္ဂိုလ်သိမှု, သတ္တဝါသိမှု-ဟုထင်မြင်စွဲ ယူသော သက္ကာယဒိဋ္ဌိ မရိုးစိုက်ကြီးများသည် ရှိနေကြ၏၊

၆။ မနောနှလုံးသက်သက်ဖြင့် ထွေထွေလာလာ ကြံကြ သိကြရာ၌ ပုဂ္ဂိုလ်ကြံမှု သိမှု, သတ္တဝါကြံမှု သိမှု-ဟုထင်စွဲသော သက္ကာယ ဒိဋ္ဌိအရိုးစိုက်ကြီးများသည် ရှိနေကြ၏၊

သတ္တဝါတစ်ကောင်လုံးသည် ဒိဋ္ဌိတုံးကြီး, ဒိဋ္ဌိခဲကြီး, ဒိဋ္ဌိ ပဒေသာ ပင်ကြီးတွေဖြစ်၍နေကြလေ၏၊

(ထိုတွင်ရှေး ၅-ချက်တို့သည် ပဉ္စဝိညာဉ် နာမက္ခန္ဓာတို့၏ အခန်း၌ ပါဝင်လေကုန်ပြီ၊ နောက်ဆုံး အချက်သည်ကား ဤမနောဝိညာဉ် နာ မက္ခန္ဓာသက်သက်တို့ကို ပုဂ္ဂိုလ်သတ္တဝါပြု၍ ထင်မြင်စွဲယူမှုပေတည်း။)

မနောဝိညာဉ်နာမက္ခန္ဓာ ၄-ပါးတို့ကို နိစ္စ, သုခ,အတ္တ စွဲလမ်းချက်

မနောဝိညာဉ်နာမက္ခန္ဓာ ၄-ပါးတို့ကို နိစ္စဟူ၍, သုခဟူ၍, အတ္တ ဟူ၍စွဲလမ်းမှုပေတည်း။

စွဲလမ်းပုံကား -ပုဂ္ဂိုလ် သတ္တဝါဟူသည် ဖြစ်စရာ ပျက်စရာ သဘာဝအသားမရှိသော နိမိတ္တဓမ္မကြီးဖြစ်၍ နိစ္စမျိုး,ဓုဝမျိုးပေတည်း၊ တစ်ဘဝတစ်ဘဝတွင် တစ်ခါဖြစ် တစ်ခါပျက်သာ ရှိသည်ဖြစ်၍ တစ်သက်တစ်သက် ခိုင်မြဲသော နိစ္စမျိုး ဓုဝမျိုးပေတည်း၊ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍, ငါဟူ၍, သူတစ်ပါးဟူ၍, ယောကျ်ား မိန်းမဟူ၍ ထင်မြင်စွဲလမ်းမှုသည် ထိုရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို နိစ္စမျိုး, ဓုဝမျိုးဟူ၍ ထင်မြင်စွဲလမ်းမှု ဖြစ်လေသည်။

နိစ္စဓုဝဟူသည်--ဣဋ္ဌမျိုး, သုခမျိုး, သုတမျိုးပေတည်း၊ အနှစ် သာရ အတ္တမျိုးပေတည်း၊ ကြံတတ် သိတတ်သော ပုဂ္ဂိုလ်သတ္တဝါဟူ၍မရှိ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားသာရှိ၏၊ ထိုတွင် နှလုံးသွေး၌ရှိသော နူးညံ့မှု ကိရိယာ, ဖွဲ့စည်း ယိုစည်းမှုကိရိယာ, ပူမှု နွေးမှုကိရိယာ,ပွရွ လှုပ်ရှားမှု ကိရိယာ, အဆင်း, အနံ့, အရသာ, ဩဇာတို့ကား ရုပ်ခန္ဓာတို့တည်း၊ ထိုရုပ်ခန္ဓာ ကြံမှုမျိုး သိမှုမျိုးမဟုတ်ကုန်၊ ပုဂ္ဂိုလ်, သတ္တဝါမဟုတ်ကုန်၊ ဗဟိဒ္ဓမှ အာရုံ တိုက်ခိုက်လာသည်ရှိသော် ထိုနှလုံးအတွင်း၌ ရံခါရံခါ မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့သည် တသုတ်တသုတ် ဖြစ်ပေါ်ကုန်၏၊ ထိုနာမက္ခန္ဓာတို့ကို ကြံမှု, သိမှု ဟုဆိုသတည်း။

နှလုံးသွေး၌လည်း ထိုနာမက္ခန္ဓာတို့၏ ဖြစ်ပေါ်ရာဌာနသည် ၁- ရာမက ၁-ထောင်မက များပြား၏၊ အကြောင်းအခွင့်အထူးသင့်ရာ ဤနေရာ၌ တသုတ်, ထိုနေရာ၌တသုတ် ဖြစ်ပေါ်ကြကုန်၏၊ ၁-နာရီ အတွင်းမှာပင် ဖြစ်ရာဌာနပေါင်း ၁-ရာ ၁-ထောင်မက တစ်ဘဝတွင် တစ်ခါဖြစ်, တစ်ခါသေသာရှိရမည်၊ များပြား၏၊ တသုတ်တသုတ်၏ အကြားအကြား၌ ဘဝင်မနော အသီးအသီး ဖြစ်ပေါ်၍ခြား၏၊ အသုတ် ၂-ခုပြိုင်ရိုးမရှိ၊ ဘဝင် မနောနှင့်လည်း ပြိုင်ရိုးမရှိ၊ တသုတ်ချုပ်ဆုံးမှ ဘဝင်တသုတ်ဖြစ်ပေါ်၏၊ ဘဝင်ချုပ်မှ နောက်မနောဝိညာဉ်တသုတ် ဖြစ်ပေါ်၏၊

နှလုံးသွေးမှတပါး စက္ခု, သောတ-စသောတစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ နာမက္ခန္ဓာ ၄-ပါးတို့ ဖြစ်ပေါ်၍နေခိုက်တို့၌လည်း နှလုံး သွေးမှာ ဘဝင်ဝိညာဉ် မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ အကုန်တိတိ ကင်း၍ နေကုန်၏၊ ရူပက္ခန္ဓာ သက်သက်သာရှိနေ၏၊ တသုတ်သုတ်ချုပ်မှု, ပျက်မှု, ကုန်ဆုံးမှုတို့ကြောင့် အနိစ္စ အစစ်ပေတည်း။

အနိစ္စလက္ခဏာ မရဏဘေးကြီး

အနိစ္စလက္ခဏာ အမြဲမရှိ၍နေကြကုန်သော ထိုနာမက္ခန္ဓာ ၄-ပါးတို့သည် အနိစ္စမျိုး စင်စစ်တို့သာတည်း၊ အနိစ္စလက္ခဏာဟူသည် မရဏဘေးကြီး ခဏမစဲ မမြဲကပ်လိုက်၍နေကုန်သော ထိုနာမက္ခန္ဓာ ၄-ပါးတို့သည် ငါဟူ၍လည်းကောင်း, ငါ၏ဥစ္စာဟူ၍လည်းကောင်း သိမ်းပိုက်ဝံ့စရာမရှိ၊ ကြောက်မက်ဖွယ်အတိဖြစ်သော ဒုက္ခမျိုး စင်စစ်တို့ သာတည်း၊ မျက်တောင်တစ်ခတ်မျှ ခိုင်မြဲသည်ဟု စိတ်ချရသော အနှစ် သာရမျိုး မဟုတ်ကြကုန်သောကြောင့် ပုဂ္ဂိုလ်, သတ္တဝါ၏ အမာခံ အနှစ် သာရ အတ္တမဟုတ်သော အနတ္တမျိုး စင်စစ်တို့သာတည်း။

ပုဂ္ဂိုလ်, သတ္တဝါ၏အနှစ်သာရမှန်ခဲ့လျှင် ပုဂ္ဂိုလ်သတ္တဝါ အသက် ရှည်သမျှ ခိုင်မြဲရမည်၊ တစ်ဘဝတွင် တစ်ခါဖြစ် တစ်ခါသေသာရှိရမည်၊ ထိုသို့ကား မဟုတ်၊ နာမက္ခန္ဓာ ၄-ပါးတို့သည်ကား ၁-နာရီအတွင်းမှာပင် အခါ ၁-ရာ အခါ ၁-ထောင်မက သေဆုံးကြကုန်၏၊ ပုဂ္ဂိုလ်နှင့်တစ်လမ်းစီ နေကြကုန်၏၊ ထို့ကြောင့်နာမက္ခန္ဓာ ၄-ပါးတို့သည် ပုဂ္ဂိုလ်, သတ္တဝါ၏ အထည်ခံ အမာခံဟူသော အတ္တမဟုတ်ကုန်၊ ပုဂ္ဂိုလ်၏ကိုယ်မဟုတ်၊ သတ္တဝါ၏ကိုယ်မဟုတ်၊ ပုဂ္ဂိုလ် သတ္တဝါ၏ကိုယ်မဟုတ်ခဲ့လျှင် ပုဂ္ဂိုလ် သတ္တဝါသေဆုံးမှ သေဆုံးကြရလိမ့်မည်။-ဟူလိုသည်။

အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ

ဤသို့သိခြင်း မြင်ခြင်းသည်ကား ထိုနာမက္ခန္ဓာ ၄-ပါးတို့ကို အနိစ္စ ဟူ၍, ဒုက္ခဟူ၍ အနတ္တဟူ၍ သိခြင်း မြင်ခြင်းပေတည်း။ မနောဝိညာဉ်နာမက္ခန္ဓာ ၄-ပါးကို ပြဆိုချက်ပြီး၏၊

(စျ) နိဒ္ဒါရာမတာ-စသော တဏှာ ၄-မျိုးကိုပြဆိုချက်

အရသာ၌ စိတ်အရသာ မနောအရသာ မည်သည် အလွန်တရာ ကြီးကျယ်၏၊ ဇောစိတ်, ဇောမနော, ဇောဝိညာဉ်တို့၏အရသာကို မဆိုထားဘိဦး၊ အိပ်ပျော်မှုဟူသော ဘဝင်မနော၏ အရသာသည်ပင်လျှင် အလွန်သာယာဖွယ် ခံစားဖွယ်ကြီး တစ်ပါးဖြစ်၏၊ စားသောက်၍ အမြိန် မရှက်ခဲ့လျှင် စိတ်စက်မကြည် မချမ်းရှိကြကုန်၏၊ စားသောက်၍ မမြိန်မရှက် စိတ်စက်မကြည်မချမ်း ရှိကြကုန်သကဲ့သို့ အိပ်စက်၍ မခြိုက် မမြိုက်ရှိခဲ့လျှင် စိတ်စက်မကြည်မချမ်းရှိကြကုန်၏၊ အအိပ်ပျက်မည်၊ အစားအသောက် ပျက်မည်ကို အလိုမရှိကြ၊ အအိပ်ပျက်မခံနိုင်, အစား ပျက်မခံနိုင် ရှိနေကြ၏၊ အိပ်စက်မှုဟူသော ဘဝင်မနော အရသာ၌ သာယာသော တဏှာသည် နိဒ္ဒါရာမတာ တဏှာမည်၏၊

(ဤသာသနာတော်၌ ဗောဓိပက္ခိယဓမ္မ အစီးအပွါးသည် အထွတ် အမြတ်ဖြစ်၏၊ သတ္တဝါတို့ အိပ်ကြရာ ဆိပ်ငြိမ်သော ညဉ့်နာရီစုသည် ဗောဓိပက္ခိယ ဘာဝနာစီးပွါးကို အားထုတ်ကြရာ မြို့အလယ်, ရွာအလယ် ၌ပင် တောအသွင်ကဲ့သို့ အထူးသင့်လျော်သောအခါဖြစ်၏၊ ယခုအခါ သာသနာဂိုဏ်းဝင် လူရှင်အပေါင်းတို့အား နိဒ္ဒါရာမတာ အပေါက်ရှိနေ သည့်အတွက် ထိုအချိန်နာရီတွေကို အိပ်မှုနှင့် ဖြုန်း၍ ပစ်ကြကုန်၏၊ အန္တရာယ်ကြီး တစ်ပါးဖြစ်၏၊)

ဇောမနောအရသာကို အမြဲလိုက်စားကြကုန်၏၊ မိမိတို့စိတ် ပျော်ရာ အာရုံဝတ္ထု အမှုကိစ္စနှင့်နေရမှ နေနိုင်ကြကုန်၏၊ ဇောမနော အရသာတို့၌သာယာသော တဏှာသည်ကား ကမ္မရာမတာတဏှာ, ဘဿာရာမတာ တဏှာ, သင်္ဂဏိကာရာမတာ တဏှာ-စသည်ဖြင့် အလွန်များ၏၊

၁။ ပရိယတ္တိ, ပဋိပတ္တိ ဗောဓိပက္ခိယ စီးပွါးတို့မှ အပဖြစ်သော လုပ်ကြံမှုတို့ကို မစွန့်နိုင်သောတဏှာသည် ကမ္မာရာမတာ မည်၏၊

၂။ အပေါင်းအဖော်တို့နှင့် စကားပြောမှုကို မစွန့်နိုင်သော တဏှာသည် ဘဿာရာမတာ မည်၏၊

၃။ အဖော်နှင့်ကင်း၍ ဆိပ်ငြိမ်ရာဌာန၌ တကိုယ်ရေတစ်ကာယ မနေနိုင်သောတဏှာသည် သင်္ဂဏိကာရာမတာ မည်၏၊

ဗောဓိပက္ခိယစီးပွါးကို လွန်စွာဖျက်ဆည်းနိုင်သော ဓမ္မန္တရာယ် တို့ပေတည်း၊ ခွေး-ကျီး-လင်းတ-ဥပမာ, နူနာကြီး ဥပမာတို့ကိုလည်း ထိုက် သည်အားလျော်စွာ သိကြလေ။

နိဒ္ဒါရာမတာစသောတဏှ ၄-မျိုးကိုပြဆိုချက်ပြီး၏၊

-----------

(ည) ၂၄-ပစ္စည်းတို့ဖြင့် ထင်သာမြင်သာရှိအောင် ဝေဖန်၍ပြဆိုချက်

ဤကိုယ်ခန္ဓာအတွင်းမှာ ဘယ်နေရာကလှုပ်ရှားသည်-ဟုသိရ လျှင်ပင် ထိုနေရာ၌ နာမက္ခန္ဓာ မပေါ်ခဲ့လျှင် ထိုနေရာတစ်ခုလုံး ပြတ် ကြွေ၍ပင် သွားသော်လည်း ထိုအခါမသိနိုင်၊ ဦးခေါင်းတစ်ခုလုံး လှုပ်၍ သွားသည် ဟု သိလိုက်သောအခါ၌ ဦးခေါင်းတစ်ခုလုံး နာမက္ခန္ဓာတွေ အပြည့်ဖြစ်ပေါ်၍ သွားသည်ဟုမှတ်၊ ရင်တစ်ခုလုံး လှုပ်၍သွားသည်ဟု သိလိုက်သောအခါ၌ ရင်တစ်ခုလုံး လျှပ်စစ်ပြက်သကဲ့သို့ နာမက္ခန္ဓာ ၄- ပါးတွေ အပြည့် ဖြစ်ပေါ်၍သွားသည်ဟုမှတ်၊ တစ်ကိုယ်လုံးလှုပ်သည်ဟု သိလိုက်သောအခွ၌ အတွင်းအပ တစ်ကိုယ်လုံးမှာ လျှပ်စစ်ပေါ်သကဲ့သို့ နာမက္ခန္ဓာတွေ အပြည့်ဖြစ်ပေါ်၍သွားသည်ဟုမှတ်။

တစ်ကိုယ်လုံးမှာ ထိုထိုနေရာတို့၌ နာမက္ခန္ဓာ ၄-ပါးတို့ဖြစ်ပေါ်၍ နေဆဲအခါမှာ နှလုံးသွေး၌ မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ ပြတ်စဲ ကွယ်ပျောက်၍ နေမြဲဓမ္မတာတည်း၊ တစ်ကိုယ်လုံးမှာ ထိုထိုနေရာတို့၌ နာမက္ခန္ဓာ ၄-ပါးတို့ တသုတ်တသုတ် အချုပ်အဆုံးတွင် နှလုံး၌ နာမက္ခန္ဓာ ၄-ပါး ညှပ်ကာညှပ်ကာ ဖြစ်ပေါ်မြဲဓမ္မတာပေတည်း၊ တစ်ယောက်သော သတ္တဝါ၏နာမက္ခန္ဓာ၌ နာမက္ခန္ဓတို့မည်သည် ၂-ဌာနပြိုင်၍ ဖြစ်ရိုးမရှိ၊ ၁-ဌာန၌ချုပ်မှ ၁-ဌာန၌ဖြစ်ပေါ်မြဲတည်း။

၂၄-ပစ္စည်းတွင်-

၁။ အနန္တရပစ္စည်း,

၂။ သမနန္တရပစ္စည်း,

၃။ နတ္ထိပစ္စည်း,

၄။ ဝိဂတပစ္စည်း,

ဟူသော ၄-ပါးသော ပစ္စည်းတို့သည် တစ်ယောက်သော သတ္တဝါ တွင် နာမ်တရားတို့ ၂-ဌာနပြိုင်၍ ဖြစ်ခြင်း မရှိသည်ကို ပြဆိုသော ပစ္စည်း တို့တည်း။

ဟေတုပစ္စည်း

လောဘ,ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ တို့၏ ရုပ်နာမ်ခန္ဓာတို့အား အဖြစ်မူလ ကိစ္စဖြင့် ကျေးဇူးပြုမှုကို ဟေတု ပစ္စည်း ဆိုသတည်း။

အာရမ္မဏပစ္စည်း

အာရုံ ၆-ပါးထိခိုက်မှု ရှိမှသာ ထိခိုက်ရာဌာန၌ ဝိညာဉ် ၆-ပါး နာမက္ခန္ဓာ ၄-ပါးတို့ ဖြစ်ပေါ်နိုင်ကြသည်ကို အာရမ္မဏပစ္စည်း ဆိုသ တည်း။

အဓိပတိပစ္စည်း

အထူးအားဖြင့် အကြီးအမှူးထား၍ ခင်မင်ကြသော အာရုံမျိုးကို အဓိပတိပစ္စည်း ဆိုသတည်း။

သဟဇာတပစ္စည်း

ခက်မာမှု, ဖွဲ့စည်းမှု,ပူမှု, အေးမှု အစရှိသော ရုပ်ခန္ဓာလျှင် ရုပ်ခန္ဓာချင်း၊ သိမှု, ခံစားမှု, မှတ်မှု, စေ့ဆော်မှု- အစရှိသောနာမ်ခန္ဓာလျှင် နာမ်ခန္ဓာချင်း၊ ပြိုင်းခနဲ ပြိုင်းခနဲ အတူတကွဖြစ်ပေါ်ကြသည်ကို သဟဇာတပစ္စည်း, အညမညပစ္စည်း ဆိုသတည်း။

နိဿယပစ္စည်း

ရုပ်လျှင်ရုပ်ချင်း၊ နာမ်လျှင်နာမ်ချင်း မှီကြရသည်ကိုလည်း ကောင်း, နာမက္ခန္ဓာတို့သည် ရုပ်ခန္ဓာတို့၌ မှီကြရသည်ကိုလည်းကောင်း နိဿယပစ္စည်း ဆိုသတည်း။

ဥပနိဿယပစ္စည်း

အမိကျေးဇူး, အဖကျေးဇူး, သားကျေးဇူး,သမီးကျေးဇူး, အိမ် ကျေဇူး, ယာကျေးဇူး, နွားကျေးဇူး, ကျွဲကျေးဇူး, မြေကျေးဇူး, ရေကျေးဇူး, မီးကျေးဇူး, မိုးကျေးဇူး, လေကျေးဇူး, တောကျေးဇူး, တောင်ကျေးဇူး, ဘုရားကျေးဇူး, တရာကျေးဇူး, သံဃာကျေးဇူး, ဆရာသမားကျေးဇူးအစရှိသော လောကဉာဏ်ရှိသမျှ သိမြင်ကြရသော လောက၌ ကျေးဇူး

ကြီးငယ် အနန္တတို့ကို ဥပနိဿယပစ္စည်း ဆိုသတည်း။

ပုရေဇာတပစ္စည်း

နှလုံးသွေး၌ ဖြစ်ပေါ်ကြသော နာမက္ခန္ဓာ ၄-ပါးတို့သည်ကား အတိတ် အနာဂတ်ဖြစ်သော ရှေးရှေးနှောင်းနှောင်း အာရုံတို့ကိုလည်း ကောင်း, မိမိတို့နှင့်အပြိုင်ဖြစ်ပေါ်သော အာရုံတို့ကိုလည်းကောင်း၊ အစွဲပြု၍ ဖြစ်နိုင်ကြကုန်၏၊ နှလုံးသွေးမှတစ်ပါး စက္ခု, သောတအစရှိသော တစ်ကိုယ်လုံး တစ်ကောင်လုံး၌ ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည်မူကား ထိုသို့မဟုတ်ကြကုန်၊ စက္ခု, သောတအစရှိသော ကိုယ်အင်္ဂါတို့၌ အဆင်း, အသံ-အစရှိသော ပစ္စုပ္ပန်အာရုံ တို့၏ ခိုက်မှု, တိုက်မှုကိုသာ စွဲ၍ဖြစ်ပေါ်နိုင်ကြကုန်၏၊ ခိုက်တိုက် လာသော ပစ္စုပ္ပန်အာရုံတို့ကို အာရုံပြုနိုင်ကြကုန်၏၊ အာရုံတို့က ဖြစ်ပေါ်မှု အတန်ငယ် ရှေးကျလိုက်လျှင် တင်ကူး၍လှုံ့ဆော်ကြရကုန်၏၊ ဤသို့ သော ကျေးဇူးကို ပုရေဇာတပစ္စည်း ဆိုသတည်း။

ပစ္ဆာဇာတပစ္စည်း

ရှေးရှေးတင်ကူး၍ ပေါက်ရောက်ပြီးသော မြက်, သစ်ပင်တို့အား ကြီးပွါးခြင်းငှါ နောက်နောက်ရွာသော မိုးရေသည် ကျေးဇူးပြုသကဲ့သို့ ရှေးရှေးတင်ကူး၍ ဖြစ်ပေါ်နှင့်ကြကုန်သော ရုပ်ခန္ဓာတို့အား ထက်သန်ကြ စေခြင်းငှါ နောက်နောက်၌ တသုတ်တသုတ်ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည် ကျေးဇူးပြုကြကုန်၏၊ ဤသို့သော ကျေးဇူးကို ပစ္ဆာဇာတပစ္စည်း ဆိုသတည်း။

အာသေဝနပစ္စည်း

စက်ကိရိယာတို့သည် အဆင့်ဆင့် အားပေးကြကုန်သကဲ့သို့ နောက်နောက်သော ဇောနာမက္ခန္ဓာတို့အား ရှေးရှေးသော ဇောနာမက္ခန္ဓာ တို့သည် အဆင့်ဆင့်အားပေးကြကုန်၏၊ ဤသို့သော အားပေးမှုကို အာသေဝန ပစ္စည်းဆိုသတည်း။

ကမ္မပစ္စည်း

ရှေး၌ သင်္ခါရက္ခန္ဓာ အခန်းတွင်ပြဆိုခဲ့ပြီးသော စေတနာ၏ စိတ်ကိုရပ်တည်မရအောင် စေ့ဆော်မှု, လှုံ့ဆော်မှု, အပူတပြင်း တိုက်တွန်း မှုကို ကမ္မပစ္စည်း ဆိုသတည်း။

(သုဂတိဘုံဘဝသို့ရောက်၍ လူဖြစ်ရမှု, နတ်ဖြစ်ရမှု, ဗြဟ္မာဖြစ် ရမှု ချမ်းသာ ၃-ပါးကိုခံစား စံစားကြရမှု, ဒုဂ္ဂတိဘဝသို့ရောက်၍ အပါယ် သတ္တဝါဖြစ်ရမှု, အပါယ်ဒုက္ခ ၄-ပါးကိုခံစားကြရမှုကိုလည်း ကမ္မပစ္စည်း ဆိုသတည်း။)

ဝိပါကပစ္စည်း

အိပ်ပျော်၍နေစဉ်အခါ၌ ဘဝင်မနောတို့၏ ငြိမ်သက်မှုကို ဝိပါကပစ္စည်းဆိုသတည်း။

အာဟာရပစ္စည်း

နေ့စဉ်မျိုအပ်သော ထမင်းအစာတို့၏ တစ်ဘဝ,တစ်ဘဝ၌ ရုက်ခန္ဓာကြီးကို ခိုင်မြဲအောင် ထောက်ပံ့မှု, စိတ်, ဖဿ, စေတနာတို့ အနမတဂ္ဂ သံသရာ၌ နာမ်ခန္ဓာအစဉ်ကို ခိုင်မြဲအောင် ထောက်ပံ့မှုသည် အာဟာရ ပစ္စည်းမည်၏၊

ဣန္ဒြိယပစ္စည်း

စက္ခုရုပ်သည် စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ကို အစိုးရ၏၊ ထိုခန္ဓာ ၄-ပါးတို့သည် စက္ခုရုပ်နုံ့နှေးလျှင် နုံ့နှေးရကုန်၏၊ မျက်စိအမြင် မကြည်မလင်ဖြစ်ရ၏၊ စက္ခုရုပ်ထက်သန်လျှင် ထက်သန်ကြကုန်၏၊ မျက်စိအမြင် ကြည်လင်၏၊ လူတို့၏စက္ခုရုပ် ထက်သန်သည်ထက် နတ်တို့၏ စက္ခုရုပ်သည်ထက်သန်၏၊ ထို့ကြောင့် အမြင် ခန္ဓာတို့သည် သစ်ပင်, တော, တောင်, မြေ,ရေကို ဖောက်ထွင်း၍ မြင်ကြကုန်၏၊

သောတရုပ်, ဃာနရုပ်, ဇိဝှါရုပ်, ကာယရုပ်တို့၌လည်း သူ့ဝိညာဉ် နှင့်သူ ဆိုလေ၊ ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတို့သည် နာမ်ခန္ဓာ ၄-ပါးတို့ကို အသီးအသီး အစိုးရကြကုန်၏၊ မိမိတို့ကိစ္စ၌ မိမိတို့နုံ့ကြလျှင် နာမ်ခန္ဓာ ၄-ပါးတို့နုံ့ကြကုန်၏၊ ထက်လျှင် ထက်ကြကုန်၏၊ ဇီဝိတသက်သက်သည်လည်း ကမ္မဇရုပ်တို့ကို အစိုးရ၏၊ ဇီဝိတနုံ့လျှင် ကမ္မဇရုပ်တို့နုံ့ကြကုန်၏၊ ဇီဝိတထက်သန်လျှင် ထက်သန် ကြကုန်၏၊ အသက်ရှည်၏၊ ဤသို့သော အစိုးရမှုကို ဣန္ဒြိယပစ္စည်း ဆိုသတည်း။

စျာနပစ္စည်း

ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာ-တို့၏ နာမ်ခန္ဓာတို့ကို အာရုံ၌ စူးစူးစိုက်စိုက် နေနိုင်ကြအောင် ကျေးဇူးပြုမှုသည် စျာနပစ္စည်း မည်၏၊ သေနတ်ဖြင့် ငှက်ကိုပစ်ရာ၌ ဤစျာနပစ္စည်းမပါလျှင် ရွယ်ပင် မရွယ်နိုင်။

မဂ္ဂပစ္စည်း

ပညာ,ဝိတက်,ဝိရတီ ၃-ခု, ဝီရိယ, သတိ, ဧကဂ္ဂတာ, ဒိဋ္ဌိတို့၏ နာမက္ခန္ဓာ ၄-ပါးကို ကယကံ, ဝစီကံ, မနောကံ, မြောက်ကြောင်း ဒုဂ္ဂတိ, သုဂတိနိဗ္ဗာန်သို့ ပေါက်ရောက်ကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုမှုသည် မဂ္ဂပစ္စည်းမည်၏၊

သမ္ပယုတ္တပစ္စည်း

နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်တူ, ပျက်တူ ယှဉ်ဖက်မှုသည် သမ္ပယုတ္တပစ္စည်းမည်၏၊ ထိုသမ္ပယုတ္တပစ္စည်းကို ပြဆိုခဲ့ပြီ။

ဝိပ္ပယုတ္တပစ္စည်း

နာမက္ခန္ဓာ ၄-ပါးတို့သည် အရေတွင်း, အသားတွင်း, အကြော တွင်း, အရိုးတွင်း, ဦးနှောက်တွင်း, အဆုတ်တွင်း, အသည်းတွင်း, နှလုံးသားတွင်း, နှလုံးသွေးတွင်းတို့၌ တဝင်းဝင်း တလက်လက် မစဲဖြစ်ပေါ်၍ နေကြကုန်သော်လည်း ရုပ်ခန္ဓာတို့ ရောယှက်ငြိတွယ်ခြင်း မရှိကြကုန် သည်ကို ဝိပ္ပယုတ္တပစ္စည်း ဆိုသတည်း။

အတ္ထိပစ္စည်း, အဝိဂတပစ္စည်း

ပြဆိုခဲ့ပြီးသော ပစ္စည်းအပေါင်းတို့တွင် အကျိုးဖြစ်သော ပစ္စု္စ႖႖႖႖႖႖႖႖ပ္ပန်တရားတို့နှင့် ခဏပစ္စုပ္ပန် အပြိုင်ရ ကောင်းသော သဟဇာတ ပစ္စည်း, ပုရေဇာတပစ္စည်း-စသည်ကိုပင် အတ္ထိပစ္စည်း, အဝိဂတပစ္စည်း ဆိုသတည်း။၂၄-ပစ္စည်းတို့ဖြင့် ထင်သာမြင်သာရှိအောင် ဝေဖန်၍ပြ ဆိုချက်ပြီး၏၊ တိက္ခပုဂ္ဂိုလ်တို့ ရှုနည်းကို ပြဆိုခန်းပြီး၏၊

--------

၁၈-နိဂုံး

ဤမျှသောစကားအစဉ်ဖြင့် အဘိဓမ္မာဆရာ တပည့်မောင်သဲ လျှောက်ထားတောင်းပန်ချက်အရ ကမ္မဋ္ဌာန်းပိုင်းနှင့်ဆိုင်ရာ သရုပ် သဘောသကန်တို့ကို အကျယ်ဝေဖန်၍ ရေးသားစီရင်အပ်သော ကမ္မဋ္ဌာန်းကျမ်းကြီးသည် ၁၂၆၆-ခု၊ တန်ဆောင်မုန်းလဆန်း ၁၀-ရက် နေ့တွင် ငါတို့စီရင်ရေးသား ပြီးစီးအောင်မြင်လေသတည်း။

ကမ္မဋ္ဌာန်းကျမ်းကြီး ပြီးပြီ။

------------

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ