Skip to main content

ဝိဇ္ဇာမဂ္ဂဒီပနီကျမ်း

ဝိဇ္ဇာမဂ္ဂဒီပနီကျမ်း

အကြောင်းပြ နိဒါန်း

ကျေးဇူးတော်ရှင် ပထမလယ်တီဆရာတော်ဘုရားကြီးသည် သက်တော် ၅၂-နှစ်အရွယ်တော်ရှိတော်မူဆဲအခါ ၁၂၆၀-ပြည့်နှစ်၊ နတ်တော်လဆန်း ၄-ရက်၊ ၅-ရက်တွင် ဘီးလင်းမြို့ ကုသိနာရုံဘုရားအား ဖူးမျှော်ရန် ကြွတော်မူခဲ့ပေသည်။

ရသေ့သူတော်စင်နှင့်တွေ့ခြင်း

ယင်းတောင်ပေါ်တွင် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် ရသေ့သူတော်စင် တစ်ယောက် နှင့် တွေ့ဆုံခဲ့ပေသည်၊ ထိုရသေ့ သူတော်စင်သည် (က) လောကီယဝိဇ္ဇာ လမ်း ( ခ ) အရိယဝိဇ္ဇာလမ်းတို့ ကြိုးပမ်း ရှာဖွေနေဆဲသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

အတ္တဝါဒုပါဒါန် ဖြိုဖျက်ရန်

လောကိယဝိဇ္ဇာ အရိယဝိဇ္ဇာ နှစ်ဖြာသောလမ်း ကြိုးပမ်းနေဆဲအခါ ကျေးဇူးတော်ရှင်ကြီးအား တွေ့ကြုံဖူးမျှော်ရသည်မှာ ကံကောင်းပင့်ဆော် လူ့ဘဝကိုအရတော်လာခြင်းပင်ဖြစ်ပေတကား ဟု စိတ်အားတက်ကြွ စွာဖြင့် အတ္တဝါဒုပါဒါန်ဖြစ်သည့် သက္ကာယဒိဋ္ဌိဖြိုဖျက်ရန်တရား ကျမ်းတစ်စောင်တစ်ဖွဲ့ ရေးသားတော်မူပေးပါရန် သောမနဿသဒ္ဓါပွါး ဇောဓာတ်မဟာတရားဖြင့် လျှောက်ထားတောင်းပန်အပ်လေသည်။

ကံကောင်းသည့် အရှင်မို့ ဉာဏ်ကောင်းဝင်

ပါရမီသမ္ဘာရ ကံကောင်းသည့် အရှင်မို့ ဉာဏ် ကောင်းဝင်သည်ဟု ဆိုရပေမည်။ ဆေးဝိဇ္ဇာ အင်းဝိဇ္ဇာ,ပြဒါးဝိဇ္ဇာ,သံဝိဇ္ဇာတို့သည် လောကီယဝိဇ္ဇာမျိုးဖြစ်ကာ မြေလျှိုး မိုးပျံနိုင်ပါသော်လည်း အတ္တဝါဒုပါဒါန်ခေါ် သည့် သက္ကာယဒိဋ္ဌိကို ဖြိုခွဲဖျက်ဆီးနိုင်မှု မပြုနိုင်ခဲ့ပါမူ အန္ဓပုထုဇဉ် အကန်းမျိုး အရူးမျိုး အမိုက်မျိုးသာဖြစ်ပေသည်။

အန္ဓပုထုဇဉ်နှင့် ဒုစ္စရိုက်ကံ

မြေလျှိုးမိုးပျံနိုင်သော လောကီယဝိဇ္ဇာပင်ဖြစ် သော်လည်း အန္ဓပုထုဇဉ်၏အမြစ်ရင်း သက္ကာ ယဒိဋ္ဌိကို မပယ်မရှင်းနိုင်ခဲ့လျှင် အပါယ်တွင်းသို့ ပို့ဆောင်နိုင်သည့် ဒုစ္စရိုက်ကံဆိုး အမျိုးမျိုးကို ကြိုးပမ်းတကုပ် ပြုလုပ်ရန် ဝန်မလေးတော့ပေ၊ ဘုန်းကံ အာဏာရှိသမျှ မြင့်သမျှ ဘုန်းကို ကံကို အာဏာကို အမှီပြုကာ ပြုမှား လုပ်မှား လွဲမှားတတ်ကြပေသည်။

ဝိဇ္ဇာဓရဇာတ် မြော်ထောက်လတ်

မှန်လှပေသည်၊ ဇာတကဋ္ဌကထာ ဆက္ကနိပါတ် ခရပုတ္တဝဂ်လာ ဝိဇ္ဇာဓရဇာတ်ကို ထောက်ဆကာကြည့်မြင်အပ်ပေသည်၊ မြေလျှိုးမိုးပျံနိုင်ကာ လောကီယဝိဇ္ဇာဖြစ်သော ဝိဇ္ဇာဓိုရ်တစ်ယောက်သည် မိမိဝိဇ္ဇာတို့၏ တန်ခိုးစွမ်းအားကို မှီငြမ်းပြုလျက် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ တောင်ညာတင်ထား မိဖုရားနှင့် ပျော်ပါး ကြာခိုခဲ့ဖူးလေသည်၊ ကာမေသု မိစ္ဆာစာရကို စိတ်ပါပါနှင့် ကျူးလွန်ခဲ့ဖူးလေသည်၊ အပါယ်ရေးကို မတွေးမဆ ဒုစ္စရိတပါပ အမှုကို ပြုမှား လုပ်မှားမိခဲ့ပေသည်။

ဝိဇ္ဇာမဂ္ဂဒီပနီအဆီပြည့်စုံ

ဤသို့သော ရှေ့နောက်ကြောင်းကျိုး ကောင်းဆိုး အဆီပြည့်စုံ မြော်ထောက်လျက် အတ္တဝါဒုပါဒါန် ဖြိုဖျက်ရန် တရား လျှောက်ထားတောင်းပန်ချက်ကြောင့် အရိယဝိဇ္ဇာဖြစ်ရာ နည်းလမ်းတို့ကို ဦးတန်းညွှန်ပြကာ ဝိပဿနာ ရသာ နှစ်ဆီ ပြည့်စုံညီသည့် ဤဝိဇ္ဇာမဂ္ဂဒီပနီဝိဇ္ဇာမဂ္ဂဒီပနီကျမ်းကို ကြိုးပမ်းပြုစုတော်မူခဲ့ ပေသည်။

မုံရွာမြို့ မဟာလယ်တီတိုက်ကြီးတွင် သီတင်းသုံးနေသော ဘဒ္ဒန္တကေလာသ နဝမပဓာန နာယကဆရာတော် ကြီးမှူးသော ဦးဗိုလ်မောင် (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ဦး မောင်မောင်ဦး ( BA ) တို့က အကြိမ်ကြိမ် တည်းဖြတ်သုဓ်သင်လျက် အရှင်နန္ဒိသေန ဦးဆောင်သော လယ်တီရောင်ခြည် ကွန်ပျူတာအဖွဲ့မှ အက္ခရာပုဒ်ရင်း မချွတ်ယွင်းစေပဲ ဤ ဝိဇ္ဇာမဂ္ဂဒီပနီကျမ်း နှင့် လက္ခဏဒီပနီကျမ်း တို့ကို စာစီပြုလုပ် ထုတ်ဝေဖြန့်ချီအပ်ပေသတည်း။

၁၃၆၃-ခုနှစ်၊ တန်ဆောင်မုန်းလ

လယ်တီအရှင်ကေလာသ

(၁၀-၁၂-၂၀၀၁)

နဝမပဓာန နာယကဆရာတော်

မဟာလယ်တီတိုက်

မုံရွာမြို့

-----------------

ဝိဇ္ဇာငါးပါးရပ်နှင့် ပဓာနိယင်္ဂ ၅-ပါး

ဝိဇ္ဇာမဂ္ဂဒီပနီကျမ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဝိဇ္ဇာ ၅-ရပ် ရှင်းပြချက်

ဝိဇ္ဇာ ၅-မျိုး။ ။ ဝိဇ္ဇာသည် ဝေဒဝိဇ္ဇာ, မန္တဝိဇ္ဇာ, ဂန္ဓာရီဝိဇ္ဇာ, လောကီယဝိဇ္ဇာ, အရိယဝိဇ္ဇာဟူ၍ ငါးပါးအပြားရှိ၏။

ထိုငါးပါးတို့တွင်

၁။ ဝေဒဝိဇ္ဇာ

သာမဗေဒင်, ယဇုဗေဒင်, ဣရုဗေဒင်, အာထဗ္ဗနဗေဒင်-ဟူသော ဗေဒင်လေးမျိုးသည် ဝေဒဝိဇ္ဇာ မည်၏၊

၂။ မန္တဝိဇ္ဇာ

အမျိုးမျိုးသော လက္ခဏာကျမ်း, အမျိုးမျိုးသော နိမိတ်ကျမ်း, အမျိုးမျိုးသော နက္ခတ်ကျမ်း အမျိုးမျိုးသော ဂါထာမန္တရားကျမ်း, ဆေးကျမ်း, ဓာတ်ကျမ်းအစရှိသော လောကီပညာဟူ၍ ယခုလောက၌ ခေါ်ဝေါ်ကြသော အတတ်မျိုး ပညာမျိုးဟူသမျှသည် မန္တဝိဇ္ဇာမန္တဝိဇ္ဇာ မည်၏။

[ဤဝိဇ္ဇာနှစ်ပါးကို ''ကမ္မာယတန သိပ္ပါယတန ဝိဇ္ဇာဌာနေသု'' ဟူသော ဉာဏဝိဘင်းပါဠိတော်များ၌ သိရသည်။]

၃။ ဂန္ဓာရီဝိဇ္ဇာ

ဆေးဝိဇ္ဇာ, အင်းဝိဇ္ဇာ, ပြဒါးဝိဇ္ဇာ, သံဝိဇ္ဇာဟူ၍ ဝိဇ္ဇာဓရ ကျမ်းများ၌ လာသော ဓနသိဒ္ဓိ, ပထဝီသိဒ္ဓိ, ဥဒကသိဒ္ဓိ, အာကာသသိဒ္ဓိ, အာယုသိဒ္ဓိ, စိန္တာမယသိဒ္ဓိမျိုးသို့ ပေါက်ရောက်သဖြင့် နတ်သိကြားတို့၏ တန်ခိုး, အဘိညာဏ်တန်ခိုးတို့နှင့် အလားတူ တတ်စွမ်းနိုင်သော ဝိဇ္ဇာမျိုး ဟူသမျှသည် ဂန္ဓာရီဝိဇ္ဇာ ဂန္ဓာရီဝိဇ္ဇာ မည်၏။

ဤဂန္ဓာရီဝိဇ္ဇာ သည်ကား

ကတမာ ဝိဇ္ဇာမယာ ဣဒ္ဓိ၊ ဝိဇ္ဇာဓရာ ဝိဇ္ဇံ ပရိဇပ္ပေတွာ ဝေဟာသံ ဂစ္ဆန္တိ၊ အာကာသေ အန္တလိက္ခေ ဟတ္ထိမ္ပိ ဒေဿန္တိ၊ အဿမ္ပိ ဒေဿန္တိ၊ ရထမ္ပိ ဒေဿန္တိ၊ ပတ္တိမ္ပိ ဒေဿန္တိ၊ ဝိဝိဓမ္ပိ သေနာဗျူဟံ ဒေဿန္တိ၊ အယံ ဝိဇ္ဇာမယာ ဣဒ္ဓိ။ ဟူသော ပဋိသမ္ဘိဒါမဂ်ပါဠိတော၌လာသည်။

ဝိဇ္ဇာမယဣဒ္ဓိ ဝိဇ္ဇာဓိုရ်

ကတမာ =အဘယ်မည်သော တန်ခိုးသည်၊ ဝိဇ္ဇာမယာဣဒ္ဓိ = အတတ်ဖြင့်ပြီးသော တန်ခိုးမည်သနည်း၊ ဝိဇ္ဇာဓရာ = ဝိဇ္ဇာဓိုရ်တို့သည်၊ ဝိဇ္ဇံ =အတတ်ပညာကို၊ ပရိဇပ္ပေတွာ =စိပ်၍၊ ဝါ =နှိုး၍၊ ဝေဟာယံ = ကောင်းကင်သို့၊ ဂစ္ဆန္တိ =ပျံသွားကြကုန်၏၊ အန္တလိက္ခေ =ရေးခြစ်မထင် သော၊ အာကာသေ = မိုးကောင်းကင်၌၊ ဟတ္ထိမ္ပိ = ဆင်တပ်ကိုလည်း၊ ဒေဿန္တိ =ဖန်ဆင်း၍ပြနိုင်ကုန်၏၊ အဿမ္ပိ = မြင်းတပ်ကိုလည်း၊ ဒေဿန္တိ = ဖန်ဆင်း၍ ပြနိုင်ကုန်၏၊ ရထမ္ပိ =ရထားတပ်ကိုလည်း၊ ဒေဿန္တိ = ဖန်ဆင်း၍ပြနိုင်ကုန်၏၊ ပတ္တိမ္ပိ =လက်နက်ကိုင် ခြေသည်သူရဲတပ်ကို လည်း၊ ဒေဿန္တိ =ဖန်ဆင်း၍ပြနိုင်ကုန်၏၊ ဝိဝိဓံ =အထူးထူး အပြားပြားသော၊ သေနာဗျူဟမ္ပိ = စစ်သည်ဗိုလ်ထု အစုအရုံး အလုံးအရင်းကို လည်း၊ ဒေဿန္တိ =ဖန်ဆင်း၍ပြနိုင်ကုန်၏၊ အယံ =ဤသည်လျှင်၊ ဝိဇ္ဇာမယာ ဣဒ္ဓိ =အတတ်ဖြင့်ပြီးစေနိုင်သော ဝိဇ္ဇာမယ တန်ခိုးမည်၏။

[ဤပါဠိတော်၌ ဝိဇ္ဇာမယဣဒ္ဓိကို ပြတော်မူသဖြင့် အောက်ဖြစ်သော အာယုသိဒ္ဓိ, အာကာသသဒ္ဓိ ဥဒကသိဒ္ဓိ, ပထဝီသိဒ္ဓိ, ဓနသိဒ္ဓိ အစရှိသော သိဒ္ဓိမျိုးစုသည် ထိုပါဠိတော်တွင် အတွင်းဝင်၍ပါလေ၏ ဟုသိအပ်၏၊]

ဂန္ဓာရီဝိဇ္ဇာဖြစ်နည်း

ယခုအခါတွင် ဤဂန္ဓာရီဝိဇ္ဇာလမ်းကို လုပ်, ကြံ လိုသော သူသည် ရတနာသုံးပါးဂုဏ်ကို မိမိကိုယ်၌ အမြဲထုံစေ၍ တန်ခိုးကြီးသော တောစောင့်နတ်, တောင်စောင့်နတ်, ရုက္ခဋ္ဌ, ဘူမဋ္ဌ, ပဗ္ဗတဋ္ဌ နတ်တို့ကို လည်းကောင်း, မန္တရား အင်းအိုင်မျိုးကို အုပ်စိုးသော ဝိဇ္ဇာ ဒေဝနတ် တို့ကိုလည်းကောင်း, သိုက်သမိုင်းဝင် ဆေးပင်မျိုး ကျောက်ဓာတ်မျိုးတို့ကို အုပ်စိုးသော ဩသဓိဒေဝနတ်တို့ကိုလည်းကောင်း ဤအလုံးစုံသော နတ်တို့ကို ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် ကျွမ်းကျင် လေးမြတ်အောင် မိတ်သဟာယပြုလုပ်၍ ကြံမှ ထမြောက်နိုင်ရာသည်။

ဤဂန္ဓာရီဝိဇ္ဇာသည် နတ်တို့၏ ကမ္မဝိပါကဇိဒ္ဓိ တန်ခိုးကိုပင် လွှမ်းမိုးနိုင်သော ဝိဇ္ဇာမယိဒ္ဓိ တန်ခိုးမျိုးဖြစ်ခဲ့၍ နတ်တို့မနာလို ရှိတတ် သည်၊ မနာလိုရှိသည့်အတွက် အသက်၏အန္တရာယ်, ဆေးဝါး၏ အန္တရာယ် ဖြစ်တတ်သည်။

၄။ လောကီယဝိဇ္ဇာ

လောကီယဝိဇ္ဇာ ဆိုသည်ကား- သာသနာပအခါ၌ သရဘင်္ဂ, သုနေတ္တ, အရက- အစရှိသော ရသေ့ဆရာကြီးတို့သည် ကသိုဏ်းစျာန် တို့ကိုရပြီး နိုင်နင်းပြီးနောက် အားထုတ်၍ရအပ်သော ဣဒ္ဓိဝိဓအဘိညာ, ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတ, စေတောပရိယ, ပုဗ္ဗေနိဝါသ, ယထာကမ္မုပဂ, အနာဂတံသအဘိညာ- ဟူသော အဘိညာဝိဇ္ဇာတို့ကို ဆိုသတည်း။

[ထိုဝိဇ္ဇာတို့သည်ကား ဇာတ်တော်နိပါတ်တော်တို့၌ ထင်ရှားလှကုန်ပြီ။]

ဤလောကီ အဘိညာဝိဇ္ဇာတို့သည်ကား ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသာဝကတို့နှင့်လည်း ဆက်ဆံကုန်၏၊ ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသာဝကတို့ ရအပ်ရောက်အပ်သော ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါးတို့၌ အတွင်းဝင်ကုန်၏၊

၅။ အရိယဝိဇ္ဇာ

အရိယဝိဇ္ဇာ ဆိုသည်ကား- အနိစ္စဝိဇ္ဇာ, ဒုက္ခဝိဇ္ဇာ, အနတ္တဝိဇ္ဇာ, မဂ္ဂဝိဇ္ဇာ, ဖလဝိဇ္ဇာ တို့ကိုဆိုသတည်း၊ စတုသစ္စဉာဏ်လေးပါးကို ဆိုသည် ဟူ၍လည်း ဆိုရပါ၏၊

သာသနာခေတ်၌သာ အရိယဝိဇ္ဇာဖြစ်နိုင်ခြင်း

ဤအရိယဝိဇ္ဇာကိုကား သာသနာတော်အတွင်း၌သာ ထမြောက်ပေါက်ရောက်အောင် ကြံဆောင်နိုင်သည်၊ သာသနာပ အခါ၌ကား ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို ချန်ထား၍တစ်ပါးသော လူ, နတ်, ဗြဟ္မာတို့ ထမြောက် ပေါက်ရောက်အောင် ကြံဆောင်အားထုတ် နိုင်သော အခွင့်မရှိ။

အရိယဝိဇ္ဇာခေတ်နှင့် အရိယာဖြစ်ထိုက်သူ

သာသနာငါးထောင်ဆိုသော ခေတ်သမယသည်ကား- အရိယ ဝိဇ္ဇာ၏ ခေတ်သမယချည်းပေတည်း။

ဤအရိယဝိဇ္ဇာလမ်းကို ပေါက်ရောက်ထမြောက်အောင် ကြံ ဆောင်အားထုတ်နိုင်သော သူမှသာလျှင် ဘုရားကိုတွေ့မြင် ဖူးမြော် ရသောသူ, ဘုရားသာသနာကို တွေ့ကြုံရသောသူဟူ၍ ဆိုထိုက် ချေသည်။

ဓမ္မံ ဟိ သော ဘိက္ခဝေ ဘိက္ခု န ပဿတိ၊
ဓမ္မံ အပဿန္တော မံ န ပဿတိ၊
ဓမ္မံ ဟိ သော ဘိက္ခဝေ ဘိက္ခု ပဿတိ၊
ဓမ္မံ ပဿန္တော မံ ပဿတိ။ 
[ဣတိဝုတ်ပါဠိတော်]

ဟိ =ထိုငါဘုရား၏ သင်္ကန်းစွန်ကိုဆွဲကိုင်၍ ဖဝါးခြေထပ် လိုက် ပါလျက် ငါဘုရားနှင့် ဝေးကွာလှ၏ ဟုဆိုသောစကားသည်မှန်၏၊ ဘိက္ခဝေ =ရဟန်းတို့၊ သော ဘိက္ခု =ငါဘုရား၏ သင်္ကန်းစွန်ကို ဆွဲကိုင်လျက် ဖဝါးခြေထပ်လိုက်သော ရဟန်းသည်၊ ဓမ္မံ =သစ္စာလေးပါး တရားကို၊ နပဿတိ =မသိမြင်၊ ဓမ္မံ =သစ္စာလေးပါးတရားကို၊ အပဿန္တော = မသိမြင်ရသော ရဟန်းသည်၊ မံ = ငါဘုရားကို၊ န ပဿတိ =မဖူးမမြင်ရ။

ဟိ =ထိုငါဘုရားနှင့် ယူဇနာတစ်ရာကွာခြား၍ နေငြားသော်လည်း ငါဘုရားနှင့် နီးလှ၏ ဟုဆိုသောစကားသည် မှန်၏၊ ဘိက္ခဝေ = ရဟန်းတို့၊ သော ဘိက္ခု =ထိုငါဘုရားနှင့် ယူဇနာတစ်ရာကွာခြားသော အရပ် ဌာန၌နေသော ရဟန်းသည်၊ ဓမ္မံ =သစ္စာလေးပါးတရားကို၊ ပဿတိ = သိမြင်၏၊ ဓမ္မံ =သစ္စာလေးပါးတရားကို၊ ပဿန္တော =သိမြင်ရသော ရဟန်းသည်၊ မံ =ငါဘုရားကို၊ ပဿတိ =ဖူးမြင်ရ၏။

[ဘုရား, တရား နှစ်ပါးကို မတွေ့မမြင်ရလျှင် သံဃာကိုလည်း မတွေ့မမြင်ရ သည်သာ ဖြစ်သတည်း။]

အရိယဝိဇ္ဇာ ဖြစ်နိုင်သော ပဓာနိယင်္ဂအင်္ဂါ ၅-ပါး

ယခု သာသနာတော်အတွင်း၌ ဤအရိယဝိဇ္ဇာကို ပေါက် ရောက်ထမြောက်အောင် အဘယ်သို့သောသူသည် လုပ်, ကြံနိုင်သနည်း။

အင်္ဂါငါးပါးနှင့် ပြည့်စုံသောသူသည် ပေါက်ရောက် ထမြောက် အောင်လုပ်, ကြံနိုင်၏ဟု ဟောတော်မူသည်။

၁။ ဘုရား၌ ယုံကြည်ခြင်းသည် အင်္ဂါတစ်ပါး။
၂။ ကိုယ်လက် အင်္ဂါ ကျန်းမာခိုင်ခံ့ခြင်းသည် အင်္ဂါတစ်ပါး။
၃။ ဝမ်းတွင်းနှလုံး ဖြောင့်စင်းခြင်းသည် အင်္ဂါတစ်ပါး။
၄။ ဝီရိယ ထက်သန်ခြင်းသည် အင်္ဂါတစ်ပါး။
၅။ ရုပ် နာမ် ခန္ဓာတို့၏ ဖြစ်ပွားမှု, ချုပ်ကွယ်မှုတို့၌ ဉာဏ်၏ စူးရှခြင်းသည် အင်္ဂါတစ်ပါး။

ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသောသူသည် အရိယဝိဇ္ဇာလမ်းကို ယခုမျက်မှောက် ပေါက်ရောက်ထမြောက်အောင် လုပ်,ကြံနိုင်၏ဟု ပဉ္စင်္ဂုတ္တရပါဠိတော် စသည်၌ ဟောတော်မူ၏၊

ပထမ အင်္ဂါ

ဟောဟန်ကား

သဒ္ဓေါ ဟောတိ သဒ္ဒဟတိ တထာဂတဿ ဗောဓိံ။

ဘုရား၌ ယုံကြည်ခြင်း

သဒ္ဓေါ=ထက်သန်သော သဒ္ဓါတရားနှင့် ပြည့်စုံသည်၊ ဟောတိ= ဖြစ်၏၊ တထာဂတဿ=ငါဘုရား၏၊ ဗောဓိံ=အဟုတ်အမှန် ထိုးထွင်း သော ဉာဏ်တော်ကို၊ သဒ္ဒဟတိ=ယုံကြည်၏။

ပထမအင်္ဂါပြီး၏၊

ဒုတိယအင်္ဂါ

အပ္ပါဗာဓော ဟောတိ အပ္ပါတင်္ကော၊ သမဝေပါကိနိယာ ဂဟဏိယာ သမန္နာဂတော နာတိသီတာယ နစ္စုဏှာယ မဇ္ဈိမာယ ပဓာနက္ခမာယ။

အပ္ပါဗာဓော =အနာကင်းသည်၊ အပ္ပါတင်္ကော =ရောဂါကင်းသည်၊ ဟောတိ =ဖြစ်၏၊ နာတိသီတာယ =အလွန်မအေးလွန်းသော၊ နစ္စုဏှာယ = အလွန်မပူလွန်းသော၊ မဇ္ဇျိမာယ =အခါခပ်သိမ်းမျှတ ညီ ညွတ်စွာသော၊ ပဓာနက္ခမာယ =ကမ္မဋ္ဌာန်းတည်းဟူသော လုပ်ရပ်လမ်းကို ကြိုးပမ်း အားထုတ် တွင်တွင်လုပ်ခြင်းငှာ ခံ့လှစွာသော၊ သမဝေပါကိနိယာ = မျိုမျိုသမျှအာဟာရတို့ကို အညီအညွတ် ကြေကျက်စေခြင်းငှာ စွမ်းနိုင် ထသော၊ ဂဟဏိယာ = ပါစကဓာတ်မီးနှင့်၊ သမန္နာဂတော =ပြည့်စုံ၏၊

ကာလဝိပတ္တိအခါ၌ ပါစကတေဇောဓာတ် ဖောက်ပြန်ခြင်း

ယခု ဝိပတ္တိကာလအတွင်း၌ ဤဒုတိယအင်္ဂါပြည့်စုံခဲလှ၏၊ ယခုလူတို့၏ ပကတိသော ဝမ်းမီးသည် ကောက်ရိုးမီး, မြက်မှိုက်မီး, သစ်ရွက်မှိုက်မီးတို့နှင့် အလားတူ၏၊ ဤမီးစုသည် ထခွင့်ဆိုက်လျှင် ရုတ်တရက် တဟုန်တည်းထ၍ တောက်လျက် အနီးအစပ်တွင် ရှိရှိသမျှ သောဝတ္ထုစုကို ခဏချင်းလောင်ကျွမ်းစေတတ်၏၊ သေခွင့်ဆိုက် လျှင်လည်း ခဏချင်းအပြီးသေ၏။

ဤပါစကဓာတ်မီး ထလွယ်သေလွယ် သောင်းကျန်းသည့်အတွက် ကြောင့် ယခုကာလ မကျန်းလွယ်, မမာလွယ်, အိုလွယ်, သေလွယ်ဖြစ် ကြသည် အရပ်ဒေသကိုရွေးရ, အစာအာဟာရကိုရွေးရ, ရေမြေဥတု ကိုရွေးရ, လုံ့လပယောဂမှုကို တိုင်းထွာညှာတာရမည်။

ဤပါစကဓာတ်မီး မလိမ္မာသည့်အတွက်ကြောင့် ရူပကာယ ခန္ဓာသည် မကြည်မလင်ခြင်းများရသည်၊ ရူပကာယခန္ဓာ မကြည် မလင်ခြင်းများသည့်အတွက်ကြောင့် စိတ်မကြည် ဉာဏ်မကြည်ရှိကြသည်၊ ဥပမာပြခဲ့သော ကောက်ရိုးမီး, မြက်မှိုက်မီး, သစ်ရွက်မှိုက်မီးတို့၏ ထလွယ် တောက်လွယ်မှု သေလွယ်ပျောက်လွယ်မှုတို့မှာလည်း မီး၏ စွဲလမ်းရာ ကောက်ရိုးမှိုက် မြက်မှိုက် သစ်ရွက်မှိုက်တို့က အနှစ်အမာ မရှိသည့် အတွက်ကြောင့် ထလွယ် သေလွယ် သောင်းကျန်းရလေသည်။

ကာလသမ္ပတ္တိအခါ၌ ပါစကတေဇောဓာတ် ကောင်းခြင်း

ပြဆိုခဲ့ပြီးသော ပါဠိတော်၌လာသော ဤမဇ္ဈိမဓာတ်မီးနှင့် ပြည့်စုံသောသူမှာမူကား အရပ်ဒေသကို ရွေးချယ်ဖွယ်မရှိလှ၊ အစာ အာဟာရကို ရွေးချယ်ဖွယ်မရှိလှ၊ ရေဥတု, လေဥတု, မြေ ဥတုတို့ကို ရွေးချယ်ဖွယ်မရှိလှပြီ၊ မအီမသာရောဂါဥပဒ်ဖြစ်လောက်အောင် ထကြွ သောင်းကျန်းမှု, ယုတ်ညံ့နုန့်နှေးမှု ဟူ၍မရှိ၊ အခါခပ်သိမ်း ညီညွတ် မျှတ၍ ရူပကာယခန္ဓာကို ကြည်လင်စွာ စောင့်ရှောက်ပေသော ဓာတ်မီး ပေတည်း၊ ထိုကဲ့သို့သော မဇ္ဈိမဓာတ်မီးသည်ကား ကာလသမ္ပတ္တိအခါ၌ သတ္တဝါအများမှာပင် ရှိကြ၏၊

ဆေးဝါးဖြင့် အိုခြင်းကို တားမြစ်ခြင်း

ယခု ဝိပ္ပတ္တိအခါ၌ကား အလွန်တရာ ရှေးဘုန်းရှေးကံ ကြီးလှသော ပုရိသဝိသေသတို့၌သာ ရထိုက်၏၊ ရှေးဘုန်းရှေးကံနည်းသော သူတို့ ၌ကား ပကတိအားဖြင့် မရနိုင်၊ ဆေးကောင်း ဝါးကောင်းတို့ဖြင့် ပြုပြင်၍ယူမှ ရနိုင်သည်။

သက္ကတေဝ ဇရာယ ပဋိကမ္မံ ကာတုံ။

[နေတ္တိပါဠိတော်]

ဇရာယ =အချိန်အရွယ်ကျလျှင် အိုရခြင်းဇရာတရား၏၊ ပဋိကမ္မံ = မအိုရအောင် ကြံဆောင်တားမြစ်မှုကို၊ ကာတုံ =ပြုခြင်းငှါ၊ သက္ကတေဝ = တတ်နိုင်ကောင်းသည်သာလျှင်တည်း။

ဆေးဝါးဖြင့် နာမှုကိုလည်း တားမြစ်နိုင်ခြင်း

ဤပါဠိတော်၌ မအိုရအောင် တတ်နိုင်ကောင်း၏ဟု ဟောတော် မူသဖြင့် မနာရအောင် တတ်နိုင်ကောင်း၏ဟူသော အနက်သည်လည်း တစ်ချက်တည်းပါလေ၏။

ရသာယနဘေသဇ္ဇံ ပန သုစိရံပိ ကာလံ ဇီဝိတံ ပဝတ္တေတုံ သက္ကောတိယေဝ။

[ဝိသုဒ္ဓိမဂ်မဟာဋီကာ]

ရသာယနဘေသဇ္ဇံ ပန = ရသာယန ဆေးမျိုးသည်ကား၊ သုစိရံပိ ကာလံ =အနှစ်တစ်ရာတမ်းမှာ ငါးရာ တစ်ထောင်မကသော နှစ်ကာလ ပတ်လုံးလည်း၊ ဇီဝိတံ =အသက်ကို၊ ပဝတ္တေတုံ =တည်စေခြင်းငှါ၊ သက္ကောတိယေဝ = စွမ်းနိုင်သည်သာလျှင်တည်း။

ရသာယနဆေး

ရသာယန ဟူသောပုဒ်၌

''ရသာ အာယန္တိ ဝဍ္ဎန္တိ ဧတေနာတိ ရသာယနံ''

ဟု ဝိဂြိုဟ်ပြု။

ဧတေန =ဤဓာတ်ဆေးမျိုးဖြင့်၊ ဝါ = ဓာတ်ဆေးမျိုးကြောင့်၊ ရသာ = ရက်လနှစ်ပေါင်း ထောင်သောင်းမက ခိုင်မြဲလှသော အသွေးအသား အစရှိသော ရသဓာတ်တို့သည်၊ အာယန္တိ ဝဍ္ဎန္တိ =အစဉ်တိုးပွား၍ နေ ကုန်၏၊ ဣတိ =ဤသို့သောအကြောင်းကြောင့်၊ တံ =ထိုဓာတ်ဆေးမျိုး သည်၊ ရသာယနံ =ရသာယနဆေးမျိုး မည်၏၊

အာယုဝဍ္ဎန ဓာတ်ဆေးမျိုး ဆိုလိုသည်။

ရုပ်ပြောင်းသွားအောင် ပြုလုပ်နည်းနှင့် ဗုဒ္ဓ၏ အာယုဝဍ္ဎနဆေး

ရှေးဘုန်းရှေးကံပင် နည်းငြားသော်လည်း ဉာဏ်စွမ်း ဝီရိယစွမ်း ရှိလှ၍ ဤရသာယနဆေးမျိုးနှင့် မိမိရူပကာယခန္ဓာကို ရုပ်ပြောင်း၍ သွားအောင် တတ်စွမ်းနိုင်ပါမူ တစ်ရာတမ်းမှာပင် တစ်ထောင်မက တစ်သောင်းမကနေရသော သဘောနည်းလမ်း အမှန်ဖြစ်၏ ဆိုလို သည်။

အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။
စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

ဟူ၍ ထားတော်မူခဲ့သော မြတ်စွာဘုရား၏ အာယုဝဍ္ဎနဆေး တော်ကြီးကိုလည်း အမြဲမှီဝဲရလိမ့်မည်။

အသက်ရှည်အောင် အားထုတ်သင့်- မသင့်

အချို့သောဆရာတို့ကား- အာယုဝဍ္ဎနကို အမှုစိုက်မှုသည် အသက်ခန္ဓာ၌တွယ်တာသော ဥပါဒါန်မှုဖြစ်၏ ''အသက်ခန္ဓာကို မညှာ ရဘူး'' ဟူသော မြတ်စွာဘုရား၏ ဩဝါဒတော်နှင့်လည်း ဆန့်ကျင်၏ဟုအယူရှိကြကုန်၍ အသက်ခန္ဓာကို မညှာမငဲ့ပဲ အစားအစာကို ခြိုးခြံမှု, အဝတ်အရုံကို ခြိုးခြံမှု, အရိပ်အာဝါသကို ခြိုးခြံမှုတို့ကို အားထုတ် ကြကုန်၏၊ ထိုသို့အားထုတ်ကြသော ခြိုးခြံမှုများသည် ထိုဥပါဒါန်ကို တဒင်္ဂပဟာန်ဖြင့် ပယ်မှုမျှသာဖြစ်၏၊ ထိုဥပါဒါန်ကို လွန်မြောက်နိုင်သော အလုပ်မျိုးပင် မဟုတ်၊ သစ်ပင်တောချုံ ထူထပ်လှစွာသောနေရာ၌ ယခုနှစ် မြေပေါ်တွင် ခုတ်ထွင်ရှင်းလင်းမှုသည် နောက်နှစ်၌ ထိုနေရာ တွင် သစ်ပင်တောချုံစည်ကားရုံမျှ ဖြစ်သကဲ့သို့ နောက်ဘဝ၌ ထိုဥပါဒါန် တရား စည်းကားရန်ဖို့ ပြုသကဲ့သို့သာ ရှိ၏၊

ဝိပဿနာဉာဏ်ဖြင့်သာ ဥပါဒါန်ကို တူးဖြိုပစ်သင့်ခြင်း

ထိုဥပါဒါန်ကို လွန်မြောက်နိုင်သော အလုပ်မှာမူကား- ဝိပဿနာ ဉာဏ်တည်းဟူသော မြမြထက်သော ပေါက်တူးဖြင့် မိမိကိုယ်ခန္ဓာ သူတစ်ပါးကိုယ်ခန္ဓာ ယခုပစ္စုပ္ပန်ခန္ဓာ နောက်အနာဂတ်ခန္ဓာတို့ကို မှုန့်မှုန့် ညက်ညက် တူးဖြိုမှုသည်သာလျှင် အသက်ခန္ဓာ၌ တွယ်တာသော ဥပါဒါန်ကို လွန်မြောက်နိုင်သော အမှုမှန် ဖြစ်ပေသတည်း။

ထိုသို့သောတူးဖြိုမှုကို ပြုလုပ်အားထုတ် ပေါက်ရောက် ထမြောက် နိုင်ရာသော အင်္ဂါစုတွင် 'အနာရောဂါ ကင်းရှင်းခြင်း' ဟူသော ဤဒုတိယ အင်္ဂါသည် ပါရှိသည်ဖြစ်၍ ထိုဥပါဒါန်ကို လွန်မြောက်ခြင်းငှါ အရိယ ဝိဇ္ဇာလမ်းကို ကြိုးပမ်းအားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် အရိယ ဝိဇ္ဇာလမ်း ဆုံးကမ်းတိုင်ရောက် ထမြောက်သည်တိုင်အောင် အနာရောဂါ ကင်းရှင်းခြင်းဟူသော ဤဒုတိယအင်္ဂါကို ကောင်းစွာ အားထုတ်အပ် သတည်း။

ဒုတိယ အင်္ဂါပြီး၏၊

တတိယ အင်္ဂါ

အသဌော ဟောတိ အမာယာဝီ ယထာဘူတံ အတ္တာနံ အာဝိကတ္တာ သတ္ထရိ ဝါ ဝိညူသုဝါ သဗြဟ္မစာရီသု။ အသဌော = မစဉ်းလဲသည်၊ အမာယာဝီ =လှည့်ပတ်ခြင်းမရှိသည်၊ ဟောတိ =ဖြစ်၏၊ သတ္ထရိ ဝါ =ငါဘုရား၌သော်လည်းကောင်း၊ ဝိညူသု = မိမိထက် တရားကျမ်းဂန်အမြင်သန်ကုန်သော၊ သဗြဟ္မစာရီသု ဝါ = အတူနေ သီတင်းသုံးဖော်တို့၌သော်လည်းကောင်း၊ အတ္တာနံ =မိမိကိုယ်ကို၊ ယထာဘူတံ =ဟုတ်မှန်သောအတိုင်း၊ အာဝိကတ္တာ =ထင်စွာပြုတတ်သည်၊ ဟောတိ =ဖြစ်၏၊

စိတ်နှလုံး ဖြောင့်စင်းဖြူစင်ခြင်း

မိမိ၏ စိတ်သန္တာန်၌ရှိသော မကောင်းသောအမူအရာ အကြံ အစည် ဝါသနာစရိုက်, ကောင်းသောအမူအရာ အကြံအစည် ဝါသနာ စရိုက်တို့ကို မထိမ်ချန် ဖြောင့်မှန်စွာ လင်းရမည်။

မသိပဲနှင့် အသိလုပ်ချင်မှု, မမြင်ပဲနှင့် အမြင်လုပ်ချင်မှု, အနည်း ငယ်မျှသိသည် မြင်သည်ကို အများလုပ်ချင်မှု, အသိဉာဏ် မပါးပဲနှင့် အပါးလုပ်ချင်မှု- ဤကဲ့သို့သော ကောက်ကျစ်မှုများကို အနည်းငယ်မျှ မရှိစေရ၊ ဖြောင့်စင်း ဖြူစင်သော စိတ်နှလုံးရှိစေရမည် ဆိုလိုသည်။

တတိယအင်္ဂါပြီး၏၊

စတုတ္ထအင်္ဂါ

အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ၊ ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။ အကုသလာနံ = အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ = ယုတ်မာသောတရားတို့ကို၊ ပဟာနာယ = ပယ်ဖျောက်ခြင်းငှာ၊ ကုသလာနံ = ကုသိုလ်ဖြစ် ကုန်သော၊ ဓမ္မာနံ =စင်ကြယ်ကောင်းမြတ်သော တရားတို့ကို၊ ဥပ သမ္ပဒါယ =ပြည့်စုံစေခြင်းငှာ၊ အာရဒ္ဓဝီရိယော =အမြဲမပြတ် အားထုတ် အပ်သောဝီရိယရှိသည်ဖြစ်၍၊ ဝိဟရတိ =နေ၏၊ ထာမဝါ =ထက်သန် သောစိတ်စွမ်း ကိုယ်စွမ်းရှိ၏၊ ဒဠှပရက္ကမော =အပြင်းအထန် အလွန် သန်သော လုံ့လရှိ၏၊ ကုသလေသု ဓမ္မေသု = ကုသိုလ်လေးပါး မြတ်တရား တို့၌၊ အနိက္ခိတ္တဓုရော =အခါခပ်သိမ်း မချသောဝန် ရှိ၏၊

စိတ်စွမ်း ကိုယ်စွမ်း ဝီရိယစွမ်း အလွန်ထက်သန်ခြင်း

မိမိသန္တာန်၌ ရှိသမျှသော အဝိဇ္ဇာ, တဏှာအစရှိသော အကုသိုလ် တရားတို့ကို ယခုဘဝ နေ့ခြင်း, ညခြင်း, သမုစ္ဆေဒပဟာန်ဖြင့် အကုန် အစင်ပယ်ဖြတ်ခြင်းငှာ- ကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ် လောကုတ္တရာ ကုသိုလ်တို့ကို ရပြီးရောက်ပြီး ဖြစ်စေခြင်းငှာ စိတ်စွမ်း ကိုယ်စွမ်း ဝီရိယစွမ်း အလွန်ထက်သန်၏၊

မြွေဆိပ်-ဥပမာ

မြွေဆိုးကိုက်၍ မြွေဆိပ်မွှန်၍ မလှုပ်မယှက် မျက်စိမမြင် ထွက် သက်ဝင်သက်ချုပ်၍ နေသောသူသည် ဆေးအနည်းငယ်တွေ့၍ ထွက်သက်ဝင်သက် ရကာမျှနှင့်လည်း မအေးသာသေး၊ ဘယ်ပြောင်း ညာပြန်လှုပ်ရှားနိုင်ရုံမျှနှင့်လည်း မအေးသာသေး၊ မျက်စိမြင်ရုံမျှ နှင့်လည်း မအေးသာသေး၊ ဦးခေါင်းမှအောက်သို့ မြွေဆိပ်လျော ကာမျှနှင့်လည်း မအေးသာသေး၊ ခါးမှအောက်သို့ လျောကာမျှနှင့်လည်း မအေးသာသေး၊ ဒူးမှအောက်သို့ လျောကာမျှနှင့်လည်း မအေးသာသေး၊ ကိုက်ရာအနာဝမှ အကုန်အစင် လျောကျသောအခါမှ စိတ်အေးရ သကဲ့သို့

ကိလေသာအဆိပ်မှ အဆင့်ဆင့်လွတ်မြောက်ပုံ

ထို့အတူ လူအဖြစ်၌ ကာမဂုဏ်အဆိပ်, နီဝရဏအဆိပ်မွှန်၍ နေသောသူသည် ရသေ့ရဟန်းအဖြစ်သို့ ရောက်သောအခါ အနည်း ငယ်မျှ ဆေးတွေ့၍ ထွက်သက်ဝင်သက်ရသော သူနာနှင့်တူ၏၊ သီလ ဝိသုဒ္ဓိကို ရကာမျှနှင့် အေးခွင့်မရှိသေး ဆိုလိုသည်။

ရသေ့ရဟန်းအဖြစ်သို့ ရောက်ပြီးသောသူသည် ဓုတင်တေရသကို ဆောင်၍ ခြိုးခြံသော ပဋိပတ်၌ တည်သောအခါ ဘယ်ပြောင်းညာပြန် လှုပ်ရှားနိုင်သော သူနာနှင့်တူ၏။

သီလဓုတင် ပဋိပတ်တို့၌တည်၍ ဝိပဿနာလမ်းကို ပြနိုင်သော ဆရာကို ကောင်းစွာခစားလျက် ဝိပဿနာနည်းလမ်းကို လက်ထပ်ရ အောင်သင်ယူ၍ ဆိတ်ငြိမ်ရာအရပ်၌ ဝိပဿနာလုပ်ရပ်ကို ကျပ်ကျပ် တည်းတည်း အားထုတ်သဖြင့် မိမိကိုယ်ခန္ဓာအတွင်း၌ ရုပ်အသိုက်အအုံ, နာမ်အသိုက်အအုံ ရုပ်တိ့ု၏အဖြစ်အပျက်, နာမ်တို့၏ အဖြစ်အပျက်တို့ကို လင်းလင်းချင်းချင်း မြင်ရသောအခါ မျက်စိမြင်၍လာသော သူနာနှင့် တူ၏။

မျက်စိမြင်ရုံမျှနှင့်လည်း အဆိပ်ရောဂါသက်သာသည် မဆို လောက်သေး၊ ယခုကာလ အထက်နိုင်ငံ အောက်နိုင်ငံမှာ တောတောင် ဝင်၍ ကျင့်ကြသောသူများကား မျက်စိမြင်သော စခန်းသို့ပင် မရောက် နိုင်ကြသေး၊ ဝိပဿနာဉာဏ် အမြင်သန်၍ သောတာပန်အဖြစ်သို့ ရောက်သောအခါ ဦးခေါင်း၌ အဆိပ်ရောဂါ ပျောက်ငြိမ်းသော သူနာနှင့် တူ၏။

သကဒါဂါမ်အဖြစ်သို့ ရောက်သောအခါ ခါးမှအထက်၌ အဆိပ် ရောဂါ ပျောက်ငြိမ်းသောသူနာနှင့်တူ၏။
အနာဂါမ်အဖြစ်သို့ရောက်သောအခါ ဒူးမှအထက်၌ အဆိပ် ရောဂါ ပျောက်ငြိမ်းသော သူနာနှင့်တူ၏။
ရဟန္တာအဖြစ်သို့ရောက်သောအခါ မြွေကိုက်ရာ အနာဝမှ အကုန်အစင်အဆိပ်လျောကျ၍ အနာရောဂါ အချင်းခပ်သိမ်း ကင်းငြိမ်း စင်ကြယ်ပြီးသောသူနှင့် တူ၏။

ထိုသို့ အနာရောဂါ အချင်းခပ်သိမ်း ကင်းငြိမ်းစင်ကြယ်သော စခန်းသို့ မဆိုက်သမျှသောကာလပတ်လုံး ထိုသူနာသည် မိမိ၌ ကပ်ရောက်ညဉ်းပန်း၍နေသော မြွေဆိပ်ရောဂါ ပျောက်ငြိမ်းရာ အလုပ်မှတစ်ပါး တစ်ခြားသော ကိစ္စတို့ကို အရှင်းပယ်ဖြတ်၍ ထိုမြွေဆိပ် ရောဂါပျောက်ငြိမ်းရန်အလုပ်ကိုသာ နေ့နေ့ညည မနေမနား ကြိုးစား အားထုတ်ရသကဲ့သို့ တစ်ထောင့်ငါးရာကိလေသာတည်းဟူသော အဆိပ်ရောဂါမွှန်၍ နေကြသော သူတို့မှာလည်း ဘုရားတည်းဟူသော အရိယဝိဇ္ဇာဓိုရ်ကြီး- ဝိပဿနာပညာ, မဂ်ပညာတည်းဟူသော ဝိဇ္ဇာမယိဒ္ဓိ ဆေးတို့နှင့် ယခုတစ်ဘဝတွေ့ကြရသောအခါ၌ ထိုကိလေသာ အဆိပ် မကင်း အချင်းခပ်သိမ်း မငြိမ်းသမျှကာလပတ်လုံး သမာပတ်ရှစ်ပါး ဝိပဿနာဉာဏ် ဆယ်ပါးသို့ရောက်ပြီး, ရပြီးပင်ဖြစ်သော်လည်း မဂ်စခန်း ဖိုလ်စခန်းသို့ မဆိုက်ရောက်သမျှကာလပတ်လုံး မလျော့သောလုံ့လမလျော့သော ဝီရိယနှင့် ပြည့်စုံရမည်ဟူလိုသည်။

စတုတ္ထအင်္ဂါ ပြီး၏။

----*---

ပဉ္စမအင်္ဂါ

ပညာဝါ ဟောတိ၊ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။

ဝိပဿနာ ပညာရှိခြင်း

ပညဝါ =ပညာရှိသည်၊ ဟောတိ =ဖြစ်၏၊ ဥဒယတ္ထဂါမိနိယာ =မိမိ ခန္ဓာ, သူတစ်ပါးခန္ဓာတို့၌ ရုပ်တရား နာမ်တရားတို့၏ ခဏမစဲ တသဲသဲဖြစ်ပေါ်၍နေမှု- ခဏမစဲ တသဲသဲ ချုပ်ကွယ်၍နေမှုတို့ကို အမှီ လိုက်နိုင်စွာထသော၊ အရိယာယ =ပုထုဇ္ဇန်သာမာန် လူသာမာန် နတ် သာမာန်တို့နှင့် မတန်မရာ မွန်မြတ်စွာထသော၊ နိဗ္ဗေဓိကာယ =ကျောက် အတိပြီးသော တောင်အထွဋ် တောင်အထုတို့ကို မှုန့်မှုန့် ညက်ညက် ရက်ရက်ရဲရဲ ဝက်ဝက်ခွဲနိုင်သော ဝရဇိန်မိုးကြိုး၏ အလားကဲ့ သို့ ရုပ်ခဲနာမ်ခဲ ခန္ဓာခဲတို့ကို ရက်ရက်ရဲရဲ ဝက်ဝက်ခွဲနိုင်သော အစွမ်း လည်းရှိထသော၊ သမ္မာ =မချွတ်မယွင်း၊ ဒုက္ခက္ခယဂါမိနိယာ =ဝဋ်ဒုက္ခ၏ ကုန်ရာ စခန်းသို့ တန်းတန်းဖြောင့်ဖြောင့် မထောင့်မကွေ့ ချမ်းမြေ့ပိုင်ပိုင် ဆိုက်စေနိုင်ထသော၊ ပညာယ =ဉာဏ်ပညာအထူးနှင့်၊ သမန္နာဂတော = ပြည့်စုံ၏၊

တိဟိတ်၌သာ ရထိုက်သောအင်္ဂါ

ဤ ပဉ္စမအင်္ဂါသည်ကား တိဟိတ်ပုဂ္ဂိုလ်တို့၌သာ ရထိုက်သော အင်္ဂါပေတည်း၊ အဟိတ်ပုဂ္ဂိုလ်, ဒွိဟိတ်ပုဂ္ဂိုလ်တို့နှင့် ထိုက်တန်သော အင်္ဂါမဟုတ်၊ ဤအင်္ဂါနှင့်ပြည့်စုံသောသူကို တိဟိတ်ပုဂ္ဂိုလ်ပေဟု အမှန်မုချ သိရသည်။

ဤ အင်္ဂါငါးပါးနှင့် ပြည့်စုံသောသူသည် ယခုဘဝ၌ပင် အရိယ ဝိဇ္ဇာလမ်းကို ပေါက်ရောက် ထမြောက်အောင် လုပ်ကြံနိုင်၏ဟု ဟော တော်မူအပ်သော ပဓာနိယင်္ဂ ငါးပါးပြီး၏။

----*---

ပဓာနမည်သော ဝီရိယ၏အင်္ဂါ ၄- ပါး

ပဓာနနှင့် ပဓာနိယင်္ဂ၏ အဓိပ္ပါယ်

ပဓာနိယင်္ဂ ဆိုသည်ကား
၁။ အရိုးကြွင်းစေ,
၂။ အကြောကြွင်းစေ,
၃။ အရေကြွင်းစေ,
၄။ အသား, အသွေး အကုန်ခြောက်ခန်း၍ကုန်လေစေမပေါက်သမျှ ငါမလျော့ ဟု ဖြစ်သောအင်္ဂါလေးပါးနှင့် ပြည့်စုံသောဝီရိယသည် ပဓာန မည်၏။

ထိုပဓာနမှုကို ပြုသောသူသည် ပဓာနိယပဓာနိယ မည်၏။

ထိုပုဂ္ဂိုလ်အား ထိုက်တန်သော ပြဆိုခဲ့ပြီးသော အင်္ဂါငါးပါးသည် ပဓာနိယင်္ဂ တရားငါးပါးမည်၏။

ဤတွင်ရွေ့ကား- ပဓာနိယင်္ဂ တရားငါးပါးနှင့်တကွ ဝိဇ္ဇာငါးရပ်ကို အကျဉ်းသရုပ်ပြဆိုချက် ပြီး၏။

------------

အရိယဝိဇ္ဇာဖြစ်ရန် နည်းလမ်း အကျဉ်းချုပ်မာတိကာ ၁၀-ပါး

ယခုအခါ၌ ဤဝိဇ္ဇာငါးရပ်တို့တွင် အရိယဝိဇ္ဇာလမ်းကို ပေါက် ရောက်ထမြောက်အောင် လုပ်ကြံလိုသော ယောဂီပုဂ္ဂိုလ်တို့၏အကျိုးငှါ အနိစ္စဝိဇ္ဇာ, ဒုက္ခဝိဇ္ဇာ, အနတ္တဝိဇ္ဇာ ပေါက်လမ်း, ဖွင့်လမ်းတို့ကို အကျဉ်းမျှ ပြဆိုပေအံ့။

၁။ မဟာဘုတ် ၄- ပါး

- အယံကာယော=ဤကိုယ်ခန္ဓာသည်၊ စာတုမဟာဘူတိကော= အထည်ခံ အမာခံဖြစ်သော လေးပါးသော မဟာဘုတ်လျှင် အရင်းခံရှိ၏။

၂။ ပသာဒရုပ် ၆- ပါး

- ဆပ္ပ သာဒမဏ္ဍော=ခြောက်မျိုးသောမှန်ကြည် မှန်လင်း ကိုယ်တွင်း အပြည့် ခြယ်လှယ်လျက် ရှိ၏။

၃။ တေဇောဓာတ်မီး ၁၀- ပါး

- ဥတူနံ=ဆယ်မျိုးသောဓာတ်မီးတို့၏၊ ဥဒယော=အပွါးအစီး သာဖြစ်၏။

၄။ အာဟာရဓာတ် အဆီ ၁၀-ပါး

- အာဟာရေဟိ=ဆယ်မျိုးသော ဓာတ်ဆီတို့သည်၊ ထမ္ဘိတော= အမြဲ မပြတ် ထောက်ပံ့အပ်၏။

၅။ ဇာတိ

- ဇာတိဓမ္မော=အသစ်အသစ် မစဲဖြစ်ခြင်းသဘောရှိ၏။

၆။ ဇရာဓမ္မ

---- ဇရာဓမ္မော=ခဏချင်း ခဏချင်း အိုမင်းရင့် ရော်ခြင်းသဘော ရှိ၏။

၇။ မရဏဓမ္မ

----- မရဏဓမ္မော=ခဏမစဲ အမြဲပျက်ဆုံးခြင်းသဘော ရှိ၏။

၈။ အနိစ္စလက္ခဏာ

----- အနိစ္စော=ခိုင်မြဲသောသဘော မရှိ။

၉။ ဒုက္ခလက္ခဏာ

----- ဒုက္ခော=ချမ်းသာမဖက် သက်သက် ဒုက္ခအစုသာတည်း။

၁၀။ အနတ္တလက္ခဏာ

- အနတ္တာ=ကိုယ်မဟုတ်။

ဣတိအယံ=ဤသည်ကား၊ မာတိကာ=ခေါင်းစဉ် မာတိကာတည်း။

---*---

၁-ပထမ မာတိကာ

မဟာဘုတ် ၄-ပါး လက္ခဏာ

စာတုမဟာဘူတိကောတိ ဧတ္ထ =စာတု မဟာဘူတိကော ဟူသော မာတိကာပုဒ်၌၊ စတ္တာရော =လေးပါးကုန်သော၊ မဟာဘူတာ =မဟာဘုတ် တို့ဟူသည်ကား၊ ပထဝီ =မြေလည်းတစ်ပါး၊ အာပေါ =ရေလည်း တစ်ပါး၊ တေဇော =မီးလည်းတစ်ပါး၊ ဝါယော =လေလည်းတစ်ပါး၊ ဣမေ = လေးပါးတို့ပေတည်း။

၁ = ပထဝီ။။ တတ္ထ =ထိုလေးပါးတို့တွင်၊ ကက္ခဠဘာဝေါ = ခက်မာသော သဘောသည်လည်းကောင်း၊ မုဒုဘာဝေါ = နူးညံ့သော သဘောသည်လည်းကောင်း၊ ပထဝီ =ပရမတ် နှစ် မြေအစစ်ပေတည်း။

၂ = အာပေါ။။ အာဗန္ဓနံ = ဖွဲ့စည်းမှုသည်လည်းကောင်း၊ ပဂ္ဃရဏံ = ယိုစီးမှုသည်လည်းကောင်း၊ အာပေါ =ပရမတ်နှစ် ရေ အစစ် ပေတည်း။

၃ = တေဇော။။ ဥဏှဘာဝေါ = ပူသောအဖြစ်သည်လည်းကောင်း၊ သီတ ဘာဝေါ =အေးသောအဖြစ်သည်လည်းကောင်း၊ တေ ဇော =ပရမတ်နှစ်မီးအစစ်ပေတည်း။

၄ = ဝါယော။။ ဝိတ္ထမ္ဘနံ =ထောက်ကန် တောင့်တင်းမှုသည်လည်းကောင်း၊ သမုဒီရဏံ =လှုပ်ကြွရွေ့လျားမှုသည်လည်းကောင်း၊ ဝါယော =ပရမတ်နှစ်လေအစစ်ပေတည်း။

[ဤကား ဆောင်ပုဒ်တည်း၊ ကြေကြေမွမွ နှုတ်တက်ရအောင် ကျက်၍ဆောင်လေ။]

အရိယဝိဇ္ဇာဉာဏ်ပေါက်အောင် မဟာဘုတ် ၄-ပါးကို ဝိပဿနာရှုပွားပုံ

ယခုအခါ ထိုဆောင်ပုဒ်၌-မြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါးကို အသီးအသီးဝိဇ္ဇာဉာဏ်ပေါက်အောင် ဖွင့်ပြပေအံ့။

ပထဝီဓာတ်ကို ဝိပဿနာရူပွားပုံ

ပရမတ်နှစ် မြေအစစ်ဆိုသည်ကား- ခက်မာသောအမူအရာ အခြင်းအရာကြိယာမျှသာတည်း၊ အဏုမြူမျှကို အစိတ်တစ်သိန်းစိတ်၍ တစ်စိတ်စာမျှ အခဲအကျိတ်အဆံအမာ အထည်ဒြဗ်ဟူ၍မရှိ၊ အလွန် ကြည်လင်လှစွာသော မြစ်ရေချောင်းရေ စိမ့်ရေ စမ်းရေတို့၌ လည်း ကောင်း, နေရောင် လရောင် ကြယ်ရောင် မီးရောင် ပတ္တမြားရောင် တို့၌လည်းကောင်း, အနီးအဝေး ပျ့နှံ့၍သွားသော ခေါင်းလောင်းသံ ကြေးစည်သံစသည်တို့၌လည်းကောင်း, လေပြေလေညှင်း လေပြင်း မုန်တိုင်းတို့၌လည်းကောင်း, အဝေး,အနီး ပျံ့နှံ့လွင့်ပါး၍သွားသော အမွှေးနံ့ အပုပ်နံ့တို့၌လည်းကောင်း ထိုပရမတ်ဓာတ်မြေသည် အပြည့် ပါရှိ၏၊

ပထဝီဓာတ် အာဂမယုတ္တိ

ယုတ္တိကား-ဓာတ်ကြီးလေးပါးတို့၏ တစ်ပါးနှင့်တစ်ပါး အချင်းချင်း အဝိနိဗ္ဘောဂဝုတ္တိ ဖြစ်ကြသည်ကို ထောက်၍လည်းကောင်း,

''ဧကံ မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ၊ တယော မဟာဘူတေ ပဋိစ္စ ဧကံ မဟာဘူတံ၊ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ''

ဟူ၍ ဟောတော်မူသည်ကို ထောက်၍လည်းကောင်း, ''ပထဝီ=မြေဓာတ်သည်၊ သမ္ပဋိစ္ဆနရသာ=ရေဓာတ် လေဓာတ် မီးဓာတ်တို့ကို လက်ခံထားခြင်းရှိ၏'' ဟူ၍ အဋ္ဌကထာတို့၌ မိန့်ဆိုသည် နှင့်အညီ အမာခံဖြစ်သော မြေဓာတ်အခံမရှိလျှင် ရေဓာတ်လည်းမရှိနိုင်, မီးဓာတ်လည်း မရှိနိုင်, လေဓာတ်လည်းမရှိနိုင်သောသဘောကို ထောက် ၍လည်းကောင်း- ဆိုခဲ့ပြီးသော ရေစသည်တို့၌ မြေဓာတ်အပြည့်ပါရှိ ကြောင်းကို ဆိုအပ်သတည်း။။ ဤကား ကျမ်းဂန် ယုတ္တိတည်း။

ပထဝီနှင့် ဝါယောတို့၏ သဘာဝယုတ္တိ

လက္ခဏယုတ္တိကား တစ်လုံးတစ်ခဲတည်းဖြစ်ကြသော ရေတို့၌ လည်းကောင်း, လေတို့၌လည်းကောင်း အထက်အထက်နေသော ရေ, လေတို့ကို အောက်အောက်နေသော ရေ,လေတို့က အဆင့်ဆင့် ခုခံ၍ နေမှုသည် ထင်ရှား၏။

ထိုခုခံမှုသည် အာပေါမှုလည်း မဟုတ်၊ ကပ်တွယ်ဖွဲ့စေးမှုသည် သာ အာပေါပေတည်း။

ထိုခုခံမှုသည် တေဇောမှုလည်းမဟုတ်၊ ပူမှုအေးမှုသည်သာ တေဇောပေတည်း။

ထိုခုခံမှုသည် ပထဝီမှု ဝါယောမှု နှစ်ချက်နှင့်ဆိုင်၏၊ ထိုခုခံမှု၌ ခက်မာ ခံ့ကျန်းမှုတစ်ခု, ထောက်ကန် တောင့်တင်းမှုတစ်ခု-ဤနှစ်ခု ဖက်စပ်မှ ခုခံမှုဖြစ်နိုင်သည်။

ထိုနှစ်ခုတို့တွင် ခက်မာခံ့ကျန်းမှုကိုပင် ပရမတ်မြေဆိုသည်၊ ထောက်ကန်တောင့်တင်းမှုကို်ပင် ပရမတ်လေ ဆိုသည်။ ထိုနှစ်မှုတို့တွင် ထောက်ကန်တောင့်တင်းမှုဟူသော လေဓာတ် သည် ခက်မာခံ့ကျန်းမှုဟူသော မြေဓာတ်ကို မှီရသည်၊ မြေဓာတ်ကို လွှတ်၍ မိမိအလိုအလျောက် ဖြစ်နိုင်သည်မဟုတ်၊ ခက်မာ ခံ့ကျန်းမှုနှင့် ထောက်ကန် တောင့်တင်းမှုကို ခြားနားအောင် ကြည့်လေ။ ဤသို့လျှင် ထိုဆိုအပ်ခဲ့ပြီးသော ရေ, လေတို့၌ ခက်မာ ခံ့ကျန်းမှု ဟူသော ပရမတ်မြေထင်ရှားရှိကြောင်းကို ထိုရေ, လေတို့၌ ရေအား လျော်စွာ လေအားလျော်စွာ ကက္ခဠလက္ခဏာရှိသည်ကို မြင်၍ သိအပ် သတည်း။

ပထဝီဓာတ်၏ ခက်မာခံ့ကျန်းမှု သဘောအဆင့်

ထိုဆိုအပ်ခဲ့ပြီးသော နေရောင်စသည်-ခေါင်းလောင်းသံစသည်အမွှေးနံ့သာစသည်တို့၌ကား ထိုအားလျော်စွာ ခက်မာခံ့ကျန်းမှု အသီး အသီးပါကြငြားသော်လည်း အလွန်တရာအားနည်းလှသော အမှု ဖြစ်ချေ၍ လက္ခဏယုတ္တိနှင့် မပြသာချေ။ ကျမ်းဂန်ယုတ္တိနှင့်သာ ပြသာ ချေသည်။

ဤကြည်လှစွာသော ရေ, လေ, လရောင်, အသံ, အနံ့တို့ကို် ပြဆိုလိုက်သည်မှာ ကက္ခဠကြိယာ ခက်မာခံ့ ကျန်းမှုသော အမူအရာ သက်သက်သည်သာလျှင် ပရမတ်မြေအစစ်အမှန်ဖြစ်ကြောင်း၊ ပရမတ် မြေအစစ်မည်သည် အဏုမြူကို အစိတ်တစ်သိန်းစိတ်သော်လည်း တစ်စိတ်စာမျှ အဆံအမာ အထည်ဝတ္ထုမရှိကြောင်းကို ထင်လင်းစေ ခြင်းငှာ ပြဆိုလိုက်သည်။

အထည်ဝတ္ထုဟူ၍မရှိ, ခက်မာသော အမူအရာသက်သက်မျှသာ ဖြစ်သော ထိုမြေဓာတ်သည်လည်း လွန်ကဲသောခက်မာမှုကို ထောက်၍ နုန့်သော ခက်မာမှုကို နူးညံ့သည်ဟု ဆိုရသည်။

ထို့ကြောင့် ဝရဇိန်ကျောက်သွား၌ရှိသော ခက်မာမှုကို အလွန်ဆုံး ထား၍ လရောင်ကလာပ်၌ရှိသော ခက်မာမှုကို အနုန့်ဆုံးထား၍ စပ် ကြား၌ ခက်မာမှုအဆင့်ဆင့်, နူးညံ့မှုအဆင့်ဆင့်ဖြစ်၍နေသော ထိုမြေ ဓာတ်၏အလားကို သိရမည်။

ပထဝီဓာတ်ကို ပရမတ်သဘောဖြင့် ရှုကြည့်ပုံ

ဤမြေဓာတ်၌ ခက်မာခြင်း လက္ခဏာဆိုသည်ကို ပရမတ်သဘော နှင့် ကြည့်ရမည်၊ ပကတိလူတို့၏ အမှတ်သညာနှင့် မကြည့်ရ၊ ပကတိ လူတို့၏ အမှတ်သညာနှင့်ကြည့်ခဲ့သော် လရောင်စသည်တို့၌ ခက်မာ သောအမှုကို မတွေ့နိုင်ရှိလိမ့်မည်။

ဝတ္ထု အထည်ဒြဗ် ဖြစ်လာပုံ အဆင့်ဆင့်

ထိုခက်မာသော အခြင်းအရာ ကြိယာသဘော သက်သက်မျှသာ ဖြစ်သော ပရမတ်မြေဓာတ်သည် အာပေါဟူသော ပရမတ်ဖွဲ့စေးမှု ကြောင့် မြေဓာတ်ပေါင်း ကုဋေသိန်းသောင်း ပေါင်းဖွဲ့မိသည်ရှိသော် အဏုမြူတစ်ခုဟူသော ဝတ္ထုအထည်ဒြဗ်ဖြစ်၏။

အဏုမြူပေါင်းကုဋေသိန်းသောင်း ပေါင်းဖွဲ့မိသည်ရှိသော် သန်း, ကြမ်းပိုး ဖြစ်၏၊ ထိုမှ အဆင့်ဆင့်ပွား၍ သတ္တဝါတွင် ယူဇနာလေးထောင့် ရှစ်ရာရှိသော အသုရိန်နတ်ကြီးတိုင်အောင်-ဗဟိဒ္ဓသန္တာန်တွင် ယူဇနာ ရှစ်သောင်း လေးထောင် နှစ်ပြန်ဆောင်သော မြင့်မိုရ်တောင်ကြီး၊ နှစ်သိန်းလေးသောင်းအထုရှိသော မဟာပထဝီမြေကြီးတိုင်အောင် သိလေ။

မြေဓာတ်၏ ကိစ္စကြီးကျယ်ပုံ

သန်းအစရှိသော အဏုမြူ အစရှိသော သက်ရှိသက်မဲ့ ရုပ်စု ရုပ်ခဲ ဟူသမျှတို့၌ ခက်မာခြင်းဟူသော ဤမြေဓာတ်သည် အထည်ခံ အမာခံ ဖြစ်သတည်း၊ ဤမြေဓာတ်မှတစ်ပါး အထည်ဝတ္ထုရကောင်းသော ဓာတ် မရှိ၊ ရေဓာတ်, မီးဓာတ်, လေဓာတ်တို့သည်လည်း မြေဓာတ်၌ တွယ်ကြ ရကုန်သည်၊ ဤသို့ မြေဓာတ်၏ ကိစ္စကြီးကျယ်ဟန်ကို သိရမည်။

သဏ္ဌာန်ပညတ် ပယ်နိုင်ရန် သတိပြု

မြင့်မိုရ်တောင်ကြီး တစ်ခုလုံး၌လည်းကောင်း, မဟာပထဝီ မြေကြီးတစ်ခုလုံး၌လည်းကောင်း, ပရမတ်မြေ ဓာတ်သက်သက်ကို ကြည့် လိုသည်ရှိသော် အဏုမြူမျှ အထည်ဒြဗ်မရှိ ခက်မာသော အခြင်းအရာ ကြိယာသဘော သက်သက်ကို ကွက်ခြား၍ကြည့်ရသည်၊ အဏုမြူမျှ အထည်ဒြဗ်မရှိပဲ မှန်ထဲ၌ထင်သော အရိပ်ကြီးကဲ့သို့ မြင်လိမ့်မည်၊ ရေထဲ၌ အရိပ်ကြီးကဲ့သို့ ထင်လိမ့်မည်။

အဏုမြူမျှလောက် အရှည်အတို အကြီးအငယ် အခဲအမာ ထင်၍လာလျှင် ပရမတ်မြေအစစ် မဟုတ်ပြီ၊ သဏ္ဌာနပညတ် ဒြဗ် အထည်နှင့် ရောပြီ၊ သဏ္ဌာနပညတ် ဒြဗ်အထည်နှင့် ရောခဲ့လျှင်ဖြစ်မှု ပျက်မှုကိုရှုသောအခါ မထင်နိုင်ပဲ နေတတ်သည်။

ရှင်အာနန္ဒာ သောတာပန်ဖြစ်သော သာဓကယုတ္တိ

ဤဓာတ်ကမ္မဋ္ဌာန်း၌ ရှင်အာနန္ဒာကို အရှင်ပုဏ္ဏမထေရ် ဆုံးမ သောအခါ မှန်ရိပ်ဥပမာနှင့်ပင် ဆုံးမသည်၊ ဤမှန်ရိပ်ဥပမာနှင့်ပင် ရှင်အာနန္ဒာ သောတာပန် ဖြစ်လေသည်။

မြေဓာတ်ကို ရှုပုံ

မြင့်မိုရ်တောင် မဟာပထဝီမြေကြီးတို့ကို အကုန်ခြုံ၍ ကြည့်သော အခါ၌ပင် အခဲအကျိတ် အထည်ဝတ္ထု အဏုမြူမျှ မရောမယှက်ပဲ ပရမတ် စစ် အမှန်ဖြစ်သော ခက်မာမှုဟူသော မြေဓာတ်သက်သက်ကို ထင်မြင် အောင် ရှုနိုင်သောသူအား ထို့အောက်ငယ်သော သက်ရှိသက်မဲ့တို့၌ ပရမတ်စစ်ဖြစ်သော မြေဓာတ်ကို ထင်မြင်အောင်ရှုမှု အလွန်လွယ်လှ တော့သည်။

မှန်၌ထင်သောအရိပ်, ရေ၌ထင်သောအရိပ်, သစ်ပင်ရိပ်, တောင် ရိပ်-အစရှိသော အရိပ်တို့သည် မြင့်မိုရ်တောင်မျှပင် ကြီးမားစွာ ထင်မြင် ရငြားသော်လည်း အဏုမြူမျှ အထည်ဒြဗ် မရှိသည့်အတွက်ကြောင့် ပျောက်ခွင့်ပျက်ခွင့် ဆိုက်ခဲ့လျှင် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက် အတွင်းမှာပင် အကြိမ်တစ်ရာမက ပျောက်နိုင်ပျက်နိုင်သကဲ့သို့ ထို့အတူ ထိုမြင့်မိုရ်တောင်နှင့်အမျှ ပျံ့နှံ့ကြီးကျယ်၍နေသော ထိုပရမတ် မြေဓာတ် သည်လည်း တစ်ခုတည်းသော ပရမတ်ဆံပရမတ်ခဲဟူ၍ အဏုမြူမျှ မရှိသည့်အတွက် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက် အတွင်းမှာပင် အကြိမ်တစ်ရာမက ပျောက်ပျက်ကွယ်ပနိုင်ရာသော အရိပ်နိမိတ် ထင် မြင်နိုင်လိမ့်မည်။

မိမိကိုယ်၌ ထိုပရမတ်စစ်ဖြစ်သော မြေဓာတ်ကို အလင်းပေါက် အောင် ကြည့်ရှုသောအခါ ဉာဏ်ငုံနိုင်လောက်ရုံ ဉာဏ်ဝါးနိုင်လောက်ရုံ ပိုင်း၍ပိုင်း၍ ကြည့်၊ ဦးခေါင်ကိုပိုင်း၍ကြည့်သောအခါ အတွင်းအပြင် မခြားမနား ထုတ်ချင်းပေါက်အောင် ကြည့်။

မြေဓာတ်မဟုတ်သော အဆင်းဓာတ်ခုခံ၍ နေတတ်သည်၊ သဏ္ဌာန်ပညတ် ဒြဗ်အထည်ကြီးလည်း ခုခံ၍ နေတတ်သည်၊ ဉာဏ်ကို ကြပ်ကြပ်လှုပ်၍ ပေးလေ၊ ခြေဖဝါးတိုင်အောင် အောက်အဖို့အစုကို လည်း ဉာဏ်နိုင်ရုံ နိုင်ရုံ ပိုင်း၍ကြည့်၊ တစ်ကိုယ်လုံး စပ်မိသောအခါ ဉာဏ်ကို ဦးထိပ်ကနေ၍ ရွယ်လိုက်လျှင် ခြေဖဝါးတိုင်အောင် ထုတ်ချင်း ပေါက်ထွင်း၍ သွားလိမ့်မည်၊ မိမိကိုယ်ခန္ဓာတစ်ခု၌ ဓာတ်ပေါက်အောင် မြင်ခဲ့လျှင် စကြဝဠာအနန္တ, ကမ္ဘာအနန္တတို့၌ ရှိသမျှသော သတ္တဝါခန္ဓာစု အကုန်လုံး ဓာတ်ပေါက်ပြီး ဖြစ်တော့သည်။

ဤပရမတ်မြေဓာတ် တစ်ခုပေါက်၍သွားလျှင် ကြွင်းသော ရေ ဓာတ်, မီးဓာတ်, လေဓာတ်, စက္ခု သောတစသော အဇ္ဈတ္တိကဓာတ်, ရူပ, သဒ္ဒစသော ဗာဟိရဓာတ်စု ရှုနည်းဖောက်နည်း အလွန်လွယ်၍ ကုန်တော့သည်။

ဤတွင်ရွေ့ကား- ပထဝီဟူသော မြေဓာတ်ကို ဓာတ်ပေါက်အောင် ရှုနည်းအမြွက်ပြီး၏။

------ * -----

အာပေါဓာတ်ကို စိစစ်ရှုဆင်ခြင်ပုံ

အာပေါဓာတ်နှင့် ယိုစီးမှု ဖွဲ့စေးမှု

ပရမတ်နှစ် ရေအစစ်ကား တွယ်မှုကပ်မှု ဖွဲ့စေးမှုသည်သာလျှင် ပရမတ်ရေဓာတ်အစစ်တည်း။ ထိုတွယ်မှု ကပ်မှု ဖွဲ့စေးမှုဟူသော ပရမတ် ရေဓာတ်သည် ထက်သန်ခြင်းသို့ ရောက်သည်ရှိသော် စိုစွတ်ခြင်း ယိုစီးခြင်းဟူသော ပဂ္ဃရဏ ရေဓာတ်ဖြစ်လေ၏။

ထိုတွယ်မှုကပ်မှု ဖွဲ့စေးမှုဟူသော အာဗန္ဓနကြိယာ သက်သက် မျှသာဖြစ်သော ပရမတ်ရေအစစ်သည်လည်း အဏုမြူကို အစိတ် တစ်သိန်းစိတ်သော်လည်း တစ်စိတ်စာမျှ အခဲအကျိတ် အဆံအမာ အထည်ဒြဗ်ဟူ၍ မရှိ၊ တွယ်ကပ်ဖွဲ့စေးခြင်း ကြိယာ အမူအရာသက်သက် မျှသာတည်း။

ထိုတွယ်ကပ်ဖွဲ့စေးမှုဟူသော ပရမတ်ရေဓာတ်သည် မြေဓာတ်, မီးဓာတ်, လေဓာတ်သုံးပါးတို့ကို တစ်ခုတည်း တစ်သားတည်းကဲ့သို့နေ အောင် ဖွဲ့နှောင်စည်းကြပ်ပေသည်ဖြစ်၍ ကလာပ်တူ မဟာဘုတ်တို့သည် တစ်ပါးကိုတစ်ပါး အားပြုခွင့်ရကြကုန်သည်၊ တစ်ပါးကိုတစ်ပါး ထောက်ပံ့ခွင့်ရကြကုန်သည်၊ ဖွဲ့နှောင်စည်းကြပ် ချုပ်ထိန်း၍နေသော ရေဓာတ်ချုပ်ကွယ် ပျောက်ပျက်ခဲ့သည်ရှိသော် ထိုဓာတ်ကြီးသုံးပါးတို့သည် အစေးပြယ်ပျက်၍ ခဏချင်း ပျောက်ပျက် ကွယ်ဆုံးကြလေကုန်၏။

[ဤကား-ကလာပ်တစ်ခုတည်း၌ ရေဓာတ်၏ကျေးဇူးကိုဆိုသော စကားရပ်တည်း။]

အာပေါဓာတ်၏ ဖွဲ့စေးမှုကျေးဇူး

လောက၌ ပရမာဏုမြူမှစ၍ သတ္တဝါ၌ အသုရိန်နတ်ကြီးဟု ဆိုအပ်သော ရုပ်တုံးရုပ်ခဲကြီးတိုင်အောင်- ဗဟိဒ္ဓ၌ မြင့်မိုရ်တောင်ကြီး စကြဝဠာတောင်ကြီး မဟာပထဝီမြေကြီးတိုင်အောင် သဏ္ဌာန်ကြီးငယ် အထည်ဒြဗ်အနေနှင့် ရုပ်တရားတို့ အကျိတ်အခဲ အတုံးအခဲဖြစ်၍ နေကြ မှုသည်လည်း ဤရေဓာတ်၏ကျေးဇူးပင်တည်း။

ဤရေဓာတ်မှတစ်ပါး အကျိတ်အခဲဖြစ်အောင်ဖွဲ့စေးသော ဓာတ် ဟူ၍ မရှိပြီ။

ရှစ်သောင်းလေးထောင် နှစ်ပြန်ဆောင်သော မြင့်မိုရ်တောင်ကြီး၌ ရှိသော ဖွဲ့စေးမှုသည် ယခုခဏချင်း ပျက်ဆုံးခဲ့သည်ဖြစ်အံ့။

ထိုမြင့်မိုရ်တောင်ကြီးသည် ယခုခဏချင်း ကွယ်ပျောက်ရာ၏၊ ရှစ်သောင်းနှစ်ထောင် နှစ်ပြန်ဆောင်သော စကြဝဠာတောင်ကြီး၌ရှိသော ဖွဲ့စေးမှုသည် ယခုခဏချင်း ပျက်ဆုံးခဲ့သည်ဖြစ်အံ့၊ ထိုစကြဝဠာ တောင်ကြီးသည် ယခုခဏချင်း ကွယ်ပျောက်ရာ၏၊ မဟာပထဝီမြေကြီး၌ ရှိသော ဖွဲ့စေးမှုသည် ယခုခဏချင်း ပျက်ဆုံးခဲ့သည်ဖြစ်အံ့၊ ဤမဟာ ပထဝီမြေကြီးသည် ယခုခဏချင်းကွယ်ပျောက်၍ ကောင်းကင်အတိ သာဖြစ်လေရာ၏။

အဘယ့်ကြောင့်နည်းဟူမူ ဖွဲ့စေးမှုဟူသော ချုပ်ထိန်းမှု မရှိခဲ့ သည်ရှိသော် မြင့်မိုရ်တောင် စကြဝဠာတောင် သိလာပထဝီဖြစ်၍ နေသော တခဲနက်သော ပရမတ်မြေ ပရမတ်မီး ပရမတ်လေတို့သည် တစ်ပါးကိုတစ်ပါး ထောက်ပံ့မှု မှီတွယ်မှု အစည်းအရုံး ခဏချင်း ကင်း လွတ်ကြလေကုန်၏၊ နိဗ္ဗာန်မှတစ်ပါးသော သင်္ခတလက္ခဏာရှိသော ပရမတ္ထဓမ္မတို့မည်သည် ထောက်ပံ့မှု မှီတွယ်မှုနှင့်ကင်း၍ မျက်တောင် တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်သောမည်သည် မရှိလေကုန်။

ကွက်ခြား၍ ကြည့်ရှုလိုသော်

မြင့်မိုရ်တောင်ကြီး စကြဝဠာတောင်ကြီး မဟာပထဝီမြေကြီးတို့၌ ပရမတ်ရေဓာတ်သက်သက်ကို ကွက်ခြား၍ ကြည့်ရှုလိုသည်ရှိသော် ခက်မာမှုဟူသော မြေဓာတ်နှင့် မရောစေမူ၍ ဖွဲ့စေးမှုဟူသော ရေဓာတ် သက်သက်ကို ကွက်ခြား၍ ကြည့်ရသည်၊ အဆင်းသဏ္ဌာန် အထည် ဒြဗ်စုလည်း ခုခံ၍နေတတ်သည်။

ကြည့်ရှုသော ဓမ္မဝဝတ္ထာနဉာဏ်၌ အဆင်းသဏ္ဌာန် အထည် ဒြဗ်စု ခုခံ၍နေခဲ့လျှင် နောက်၌ ဖြစ်မှုပျက်မှုကို ရှုသောအခါ မထင်နိုင်ပဲ နေတတ်သည်၊ ပရမတ်အစစ်ကို အမြင်စင်ကြယ်လှပါမှ အနိစ္စအစစ် ဒုက္ခအစစ် အနတ္တအစစ်ကို မြင်နိုင်သည်။

ရေဓာတ်၌ ဝိပဿနာဉာဏ်ဖြစ်အောင်ရှုပုံ

မြေဓာတ်၌ ဆိုခဲ့ပြီးသောအတိုင်း ဤရေဓာတ်၌လည်း ဖွဲ့စေးမှု သက်သက်ဟုဆိုအပ်သော ရေဓာတ်အမြင်စင်ကြယ်သောအခါ မြင့်မိုရ် မဟာပထဝီတစ်ခုလုံး၌ အကျိတ်အခဲ အဆံအမာမရှိသည့်အတွက် မှန်ထဲ ရေထဲမှာ ထင်မြင်ရသော မိုးရိပ် တိမ်ရိပ် နေဝန်း လဝန်းအရိပ် သစ်ပင်ရိပ် တို့ကဲ့သို့ ဖွဲ့စေးမှုဟူသော အာပေါလက္ခဏာကြီး ထင်မြင်လိမ့်မည်။ မြင့်မိုရ်တောင် မဟာပထဝီတို့၌ ထင်မြင်နိုင်သောအခါ လူ, နတ်, ဗြဟ္မာ, သတ္တဝါခပ်သိမ်းတို့၌ ထင်မှု, မြင်မှု အလွန်လွယ်လှတော့သည်၊ သတ္တဝါသန္တာန်မှာ ထင်မြင်မှုသာ လိုရင်းဖြစ်သည်။

မြင့်မိုရ်မဟာပထဝီတို့က ချီ၍ ပြလိုက်သည်မှာ သတ္တဝါသန္တာန်၌ ထင်လွယ်မြင်လွယ်အောင် ချီလိုက်သည်၊ မိမိသန္တာန်၌ ဦးခေါင်း ခြေဖဝါး ထုတ်ခြင်းပေါက်အောင် ထင်လင်းပြီးမှ သူတစ်ပါးသန္တာန်စုကိုလည်း ထိုအတူ ထုတ်ချင်းပေါက်အောင် ရှုလေ။

ဤတွင်ရွေ့ကား- အာပေါဟူသော ရေဓာတ်ကို ဓာတ်ပေါက်အောင်ရှုနည်း အမြွက်ပြီး၏။

--------

တေဇောဓာတ်ကို စိစစ်ရှုဆင်ခြင်ပုံ

တေဇောဓာတ်နှင့် ပူမှု- အေးမှု

ပူမှု အေးမှု ဟူသောအမူအရာ ကြိယာမှု သက်သက်သည် ပရမတ်နှစ် မီးအစစ်မည်၏။

ပူမှုအေးမှုဟူသည်လည်း ကလာပ်တူ မဟာဘုတ်သုံးပါးတို့ကို ရင့်မာသန်စွမ်းအောင် ပေါင်းနွေးမှုပေတည်း၊ အပူစွမ်းအအေးစွမ်း နှစ်ပါးစုံသည်ပင်လျှင် ကလာပ်တူမဟာဘုတ်တို့ကို ရင့်မာအောင် ထက် သန်အောင် အသီးအသီး အစွမ်းသတ္တိနှင့် ပြည့်စုံကြအောင် ပေါင်းနွေးမှု ရှိသည်ချည်းဖြစ်သည်။

ကြက်ဥ ဥပမာ

အမိဝမ်းမှ ဥ၍မြုံ၌တည်ရှိသော ကြက်ဥတို့သည် အမိဖြစ် သူကြက်မက မပြတ်ဝပ်၍ အငွေ့ပေးမှ အစဉ်အတိုင်း ရင့်မာသန်စွမ်း၍ ကြက်သူငယ်အဖြစ်သို့ရောက်သဖြင့် ပေါက်ဖွားနိုင်သည်၊ အမိကြက်မက မဝပ်ပဲ အငွေ့မပေးပဲ နေခဲ့သည်ရှိသော် ကြက်သူငယ်ဖြစ်သို့ မရောက် နိုင်ပြီ၊ အမိဝမ်းတွင်းက ထုံခဲ့သော အငွေ့အကုန်တွင် ပုပ်ခြင်းသို့ ရောက် လေတော့သည်။

ဤအတူ တေဇောဟူသော ဤမီးဓာတ်သည် အမိကြက်မနှင့် တူသည်၊ အတူတကွဖြစ်သော မြေဓာတ် ရေဓာတ် လေဓာတ် ဤဓာတ်ကြီးသုံးပါးတို့သည် ကြက်ဥနှစ်တို့နှင့် တူကြကုန်သည်။

မြေဓာတ်, ရေဓာတ်, လေဓာတ်တို့ မီးဓာတ်နှင့်မကင်းနိုင်ခြင်း

မီးဓာတ်နှင့်အတူ တွဲဖက်ရမှ မြေဓာတ်ဟူသော ခက်မာမှုသည် အောင်မြင်စွာဖြစ်နိုင်သည်၊ ရေဓာတ်ဟူသော ဖွဲ့စေးမှုသည်လည်း အောင်မြင်စွာဖြစ်နိုင်သည်၊ လေဓာတ်ဟူသော အဝှန်အဝှါမှုသည်လည်း အောင်မြင်စွာဖြစ်နိုင်သည်၊ မီးဓာတ်နှင့်ကင်း၍ အောင်မြင်စွာ မဖြစ် နိုင်ကြကုန်။

သီတတေဇောဓာတ်မီး၏ အစီးအပွား

မဟာသမုဒ္ဒရာရေ, သီတာရေ, ကမ္ဘာကိုခံသောရေတို့သည်လည်း သီတဓာတ်မီး၏ အစီးအပွားတို့သာတည်း၊ သီတဓာတ်မီး၏ အုပ်စိုးချက် နှင့် ဆက်လက်ဖြစ်ပွားကာ နေကြရကုန်သည်၊ မြင့်မိုရ်တောင်, စကြဝဠာ တောင်, သိလာပထဝီ မြေကြီးတို့သည်လည်း သီတဓာတ်မီး၏ အစီးအပွား တို့သာတည်း။

တေဇောဓာတ်၌ ဝိပဿနာဉာဏြ်ဖစ်အောင်ရှုပုံ

တစ်ပါးသောဓာတ်တို့နှင့် မရောနှောစေပဲ မီးဓာတ်သက်သက်ကို ရှုသောအခါ အေးသောဝတ္ထုတို့၌ အေးမှုသက်သက်ကို ရှုရမည်၊ ပူသောဝတ္ထုတို့၌ ပူမှုသက်သက်ကို ရှုရမည်၊ အဆင်းသဏ္ဌာန် အထည်ဒြဗ် ပညတ်နှင့်ရော၍ မနေစေနှင့်၊ ပူမှုအေးမှုဟူသော ဤ ပရမတ်မီးဓာတ်၏ အဏုမြူမျှ အဆံအမာ အထည်ဝတ္ထု မရှိကြောင်းကား ထင်ရှားပါ၏၊

တေဇောဓာတ်ကို ဝါယောဓာတ်က ထောက်ပံ့ပုံ

အဆံအမာ အထည်ဝတ္ထုဟူ၍ အဏုမြူမျှ မရှိသည့် အတွက် ကြောင့် ဤမီးဓာတ်ကို အမြင်စင်ကြယ်သောအခါလည်း ရေကြည် မှန်ကြည် စသည်တို့၌ နေဝန်း လဝန်းအရိပ် တိမ်ရိပ် မိုးရိပ်တို့ကဲ့သို့ ဉာဏ်အမြင်မှာသာ ကြီးကျယ်၍ အထည်ဒြဗ်မရှိကြောင်း ထင်ရှားလိမ့် မည်၊ မိမိကိုယ်ကို ရှုသောအခါ ဉာဏ်နိုင်ရုံ ပိုင်း၍ ပိုင်း၍ရှု၊ မိမိကိုယ်မှာ အလင်း ထင်မြင်နိုင်လျှင် သတ္တဝါအနန္တမှာပင် ထင်တော့သည်။

ဤတွင်ရွေ့ကား- တေဇောဟူသော မီးဓာတ်ကို ဓာတ်ပေါက်အောင် ရှုနည်း အမြွက်ပြီး၏။

------*-----

ဝါယောဓာတ်ကို စိစစ် ရှုဆင်ခြင်ခြင်း

တေဇောဓာတ်ကို ဝါယောဓာတ်က ထောက်ပံ့ပုံ

မီးတောက်မီးခိုး၏ အတွင်း၌ မီးဓာတ်၏အာနုဘော်ကြောင့် မီးဓာတ်ကိုပင် အစဉ်ဖြစ်ပွား၍ သွားနိုင်အောင် လှုံ့ဆော်ချီးပင့်မှု ဟူသော ဝါယောသည်ပါရှိ၏၊ ထိုဝါယောအတွက်ကြောင့် မီး၏ပြန့်ပွားခြင်း, မီးရှိန်၏ပြန့်ပွားခြင်း, မီးရောင်၏ပြန့်ပွားခြင်း, မီးတောက်၏လူလူ တက်ပွားခြင်း, အခိုးထွက်ခြင်း, အဆင့်ဆင့် မီးကူးခြင်းအစရှိသော မီးဓာတ်၏ပြန့်ပွားစည်ကားမှုတို့သည် ထင်ရှားဖြစ်ကုန်၏သို့ ထိုအတူ ဝါယောမည်သော ဤလေဓာတ်သည် ပူမူအေးမှုဟူသော မီးဓာတ်၏ အရှိန်အဝှန်ပေတည်း၊ မီးစာရှိရာ၌ အနည်းငယ်ချထားသော မီးသည် ထိုအရှိန် အဝှန်ကြောင့် မီးစာရှိသမျှ အကုန်ပြန့်ပွားနိုင်သည်၊ မီး၌ အတွင်း အရှိန်အဝှန်ညံ့၍ မပွားတဲ့နိုင် မတောက်တဲ့နိုင်ရှိလျှင် ယပ်နှင့် ယပ်၍ပြောင်းနှင့်မှုတ်၍ အပက အရှိန်အဝှန်ကူရသေးသည်။

ပူမှု-အေးမှု တေဇောဓာတ်နှင့် အရှိန်အဝှန် ဝါယောဓာတ်

ပူမှုရှိလျှင် ပူရှိန်ပူဟုန်ရှိမြဲ၊ အေးမှုရှိလျှင် အေးရှိန် အေးဟုန်ရှိမြဲ၊ ပူမှု အေးမှုကား တစ်ခြား၊ အရှိန် အဝှန်ကားတစ်ခြား၊ ပူမှုအေးမှုကား ပရမတ်မီးဓာတ်တည်း၊ အရှိန်အဝှန်ကား ပရမတ်လေဓာတ်တည်း။

ဝါယောဓာတ်သည် ကြွင်းမဟာဘုတ် ၃-ပါး၏အင်အား

ထိုအရှိန်ဟူသော လေဓာတ်သည် ကလာပ်တူဖြစ်သော မြေဓာတ် ရေဓာတ် မီးဓာတ်တို့၏ အားခွန်ဗလလည်း မည်၏၊ ထိုအဟုန်အဝှန် ပွားရာကလာပ်တူ မဟာဘုတ်ရုပ်ကလာပ်တို့သည် ဖြစ်ပေါ်၍ လိုက်ရ ကုန်၏၊ ထိုအဟုန် အဝှန်သည် အလွန်ထက်သန်သည်ရှိသော် လေပြင်း မုန်တိုင်း ဖြစ်လေ၏၊

ဝါယောဓာတ်၏ ထောက်ကန်ချီးပင့်မှု ဝိတ္ထမ္ဘနလက္ခဏာ

ထိုအဝှန်အဟုန်သည် လေမွေ့ရာလေခေါင်းအုံးစသည်တို့၌ ကဲ့သို့ ထောက်ကန်တောင့်တင်းမှု ချီးပင့် ထမ်းဆောင်မှုဖြစ်၍ ''ဝိတ္ထမ္ဘန လက္ခဏာ'' ဟုကျမ်းဂန်တို့၌ ဆိုပေသည်၊ မြင့်မိုရ်တောင် စကြဝဠာတောင် သိလာပထဝီ စသည်တို့၌ရှိသော သီတဓာတ်မီးသည် ထိုအဟုန်အဝှန် ဟူသော လေဓာတ်၏အစွမ်းဖြင့် ခဏတိုင်းခဏတိုင်း ပွားများ၍ ကမ္ဘာ ပျက်သည်တိုင်အောင် ရုပ်ကလာပ် အဆက်ဆက်တို့ကို ပွားများ စေနိုင် သည်၊ မြင်အောင် ကြည့်။

တေဇောဓာတ်၌ ဝိပဿနာဉာဏ်ဖြစ်အောင်ရှုပုံ

ဟဒယဝတ္ထု၌ ဖြစ်ပေါ်သော တစ်ခုခုသော စိတ်ကြောင့်ခဏချင်း ခဏချင်း တစ်ကိုယ်လုံး စိတ္တဇရုပ်ကလာပ် ပျံ့နှံ့ဖြစ်ပွားမှု, ဥတုဇရုပ် ကလာပ်တို့ ပျံ့နှံ့ဖြစ်ပွားမှု, ဝမ်းထဲသို့ရောက်သော အစာအာဟာရ ဓာတ် တို့၏ တစ်ကိုယ်လုံး အနှံ့အပြား ပျံ့နှံ့ဖြစ်ပွားမှု, ကလလရေကြည်မှ စ၍ သတ္တဝါတို့၏ အစဉ်အတိုင်း တိုးပွားစည်ကားမှု, အညွန့်အညှောက် ပေါ်ပေါက်သည်မှစ၍ သစ်ပင်ချုံမြက်တို့ အစဉ်အတိုင်းတိုးပွား စည်ကား မှုတို့သည်လည်း ဝါယောလှုံ့ဆော်မှုနှင့် ဖြစ်ကြကုန်သည်သာတည်း။

မြင့်မိုရ်တောင် စကြဝဠာတောင် မဟာပထဝီမြေကြီးမှ စ၍ သက်ရှိသက်မဲ့ အလုံးစုံတို့ကို ရွရွရွရွ ထင်အောင် ကြည့်လေ၊ မိမိကိုယ်မှ စ၍ အကုန်လုံးနှံ့အောင်ကြည့်၊ ဦးထိပ်မှစ၍ ခြေဖဝါးတိုင် အလင်းပေါက် အောင်ကြည့်။

ပညတ်ကို ဉာဏ်ဖြင့် မှုတ်လွှင့်ပစ်ရန်လိုခြင်း

ဤဓာတ်လည်း ဆိုခဲ့ပြီးသော ဓာတ်တို့နည်းတူ အဆံအမာဟူ၍ အဏုမြူမျှမရှိသည့် အတွက်ကြောင့် ရေထဲမှန်ထဲ၌ ထင်သော လူရိပ် စသည်ကဲ့သို့ ထင်မြင်လိမ့်မည်၊ မျက်စိတွင်မြင်နေကျဖြစ်သော အဆင်း သဏ္ဌာန် အထည်ဒြဗ်ပညတ်ကြီး ခုခံ၍ နေတတ်သည်၊ အဟုတ်မရှိသော ထိုပညတ်ကို ဉာဏ်ဖြင့် မှုတ်လွှင့်၍ ပစ်လေ။

ဤတွင်ရွေ့ကား- ဝါယောဟူသော လေဓာတ်ကို ဓာတ်ပေါက်အောင် ရှုနည်း အမြွက်ပြီး၏။

------*----

ဓာတ်ကြီး ၄-ပါးတို့၏ အချင်းချင်း မှီတွယ်ကြ ကျေးဇူးပြုကြပုံ

မဟာဘုတ်လက္ခဏာ ၄- ပါး

(၁) ခက်မာမှု, (၂) ဖွဲ့စေးမှု, (၃) ပေါင်းနွေးမှု, (၄) အရှိန်အဟုန်မှုဤလေးခုသော အခြင်းအရာ အမူအရာကြိယာကြီးတို့သည် သဘော လက္ခဏာအားဖြင့် အသီးအသီး ထင်ရှားကြကုန်၏။

တည်ရာဌာနအားဖြင့် ခက်မာမှုကို မ,တည်ပြု၍ တစ်ခုတည်းကဲ့သို့ တည်ကြကုန်၏။

ဖြစ်အတူ ပျက်အတူ တည်အတူတို့သာတည်း။

ခက်မာမှုဟူသော မြေဓာတ် ပျက်ဆုံးလျှင် တည်ရာမရှိသည်ဖြစ်၍ ကြွင်းသော ဓာတ်သုံးပါးလည်း ပျက်ဆုံးရတော့သည်။

ထိုအတူ ဖွဲ့စေးမှုဟူသော ရေဓာတ် ပျက်ဆုံးလျှင်လည်း အဖွဲ့ အစည်းပျက်သဖြင့် တစ်ပါးနှင့်တစ်ပါး ထောက်ပံ့ မှုကင်းကြ၍ အကုန်လုံး ပျက်ဆုံးကြတော့သည်။

ပေါင်းနွေး၍ ထက်သန်အောင် ပြုမှုဟူသော မီးဓာတ် ပျက်ဆုံး လျှင်လည်း ကြွင်းသော ဓာတ်သုံးပါးတို့သည် မိမိတို့သဘောအတိုင်း ပြည့်စုံစွာ မတည်နိုင်ကြ၍ အကုန်လုံး ပျက်ဆုံးကြတော့သည်။ ကြံ့ခိုင် တောင့်တင်းမှုဟူသော လေဓာတ် ပျက်ဆုံးလျှင်လည်း ကြွင်းသော ဓာတ်တို့သည် အားပြတ်၍ ပျက်ဆုံးကြကုန်တော့သည်။

လေဓာတ်မရှိက မီးဓာတ်ကွယ်ဆုံးခြင်း

မီးဟူသော ပူမှုအေးမှုသည် လှုံ့ဆော်ထထူ တလူလူဆောင်ရွက် ခြင်းဟူသော လေဓာတ်နှင့်တွဲရမှ ဖြစ်နိုင်သည်၊ လေဓာတ်မရှိလျှင် အားပြတ်၍ ခဏချင်း ကွယ်ဆုံးလေ၏၊

လေဓာတ်မရှိက ပထဝီစသောဓာတ်များလည်း ကွယ်ဆုံးခြင်း

ထိုအတူ ခက်မာမှု ဟူသော မြေဓာတ်သည်လည်း ခက်မာခြင်း ကြိယာကိုကြံ့ရန့် တင်းရင်းအောင် ချီးပင့်သောလေဓာတ်မရှိလျှင် အား ပြတ်၍ ကွယ်လေဆုံးလေ၏၊ ဖွဲ့စေးခြင်းဟူသော ရေဓာတ်သည်လည်း ဖွဲ့တွယ်ခြင်းကြိယာကို ကြံ့ရန့်တင်းရင်းအောင် ချီးပင့်သောလေဓာတ် မရှိလျှင် အားပြတ်၍ ကွယ်ဆုံးလေသည်။

ဤကား- အခြင်းအရာကြီး လေးပါးတို့၏ အချင်းချင်းမှီတွယ်ကြပုံ၊ တစ်ပါး ပျက်လျှင် အကုန်လုံးပျက်ကြပုံကို ပြဆိုလိုက်သော အချက်တည်း။

မဟာဘုတ် ဓာတ်ကြီး ၄-ပါးတို့၏ တန်ခိုးကြီးမားပုံ

ထိုဓာတ်ကြီးလေးပါးတို့၏ သက်ရှိသက်မဲ့ သန္တာန်နှစ်ပါးတို့၌ ဖြစ်ပုံ ဆန်းကြယ်မှုသည်လည်း အစိန္တေယျ အရာဖြစ်၍ မကြံအပ်မကြံရာ ကြီးကျယ်လှစွာ၏၊ ထိုဓာတ်လေးပါးတို့၏ တန်ခိုးဣဒ္ဓိပါဒ်သည်လည်း အစိန္တေယျ အရာဖြစ်၍ မကြံအပ်မကြံရာ ကြီးကျယ်လှစွာ၏၊

ဓာတ်ကြီးလေးပါးနှင့် လမ်းသုံးသွယ်

ဤဓာတ်လေးပါးကို ဘုရား၏နည်းလမ်းနှင့် အထင်အမြင် ထိုး ထွင်း၍ ထမြောက်ပေါက်ရောက်အောင် လုပ်ကြံနိုင်လျှင် ''လောကုတ္တရာ အရိယာဝိဇ္ဇာလမ်း'' ပေါက်၏။

ဝိဇ္ဇာတို့၏နည်းလမ်းနှင့် ထမြောက်ပေါက်ရောက်အောင် လုပ်ကြံနိုင်လျှင် လောကီဂန္ဓာရီဝိဇ္ဇာလမ်း လောကီဂန္ဓာရီဝိဇ္ဇာလမ်း ပေါက်၏။

အလတ်သော လောကီနည်းလမ်းနှင့် ထမြောက်ပေါက်ရောက် အောင် လုပ်ကြံနိုင်လျှင် ဆေးလမ်း, ဓာတ်လမ်း, စက်ကြိယာလမ်း ပေါက်၏၊

အချုပ်အခြာ ဦးစီးဦးကိုင်ဖြစ်သော တေဇောဓာတ်

ထိုဓာတ်လေးပါးတို့၌ အချုပ်အခြာဦးစီးဦးကိုင်ကား တေဇော ပေတည်း၊ စကြဝဠာ ကမ္ဘာမြေရေနှင့်တကွ ရုပ်သဏ္ဌာန်နှင့်စပ်သော သက်ရှိသက်မဲ့အလုံးစုံသည် တေဇော၏အစီးအပွားချည်းတည်း၊ ဓာတ်မီး ၏အစီးအပွား ချည်းတည်း၊ တေဇောဟူသော ဓာတ်မီး၏ ဣဒ္ဓိပါဒ် တန်ခိုး အကျိုးအသွားကို ဘုရားသဗ္ဗညုတို့၏ ဉာဏ်တော်သည်သာ မှီနိုင်ရာ သတည်း။

ဤတွင်ရွေ့ကား- ''စာတုမဟာဘူတိကော'' ဟူသော မာတိကာပုဒ်၏ အဓိပ္ပါယ်အကျယ်ပြီး၏။

--------*------

၂- ဒုတိယမာတိကာ

ဒွါရ ၆-မျိုးနှင့် အကြည်ဓာတ် ၆-ပါး

''ဆပ္ပသာဒမဏ္ဍော=ခြောက်မျိုးသော ဓာတ်ကြည်ဓာတ်လင်း မှန်ကြည်မှန်လင်း ကိုယ်တွင်းအပြည့် ခြယ်လှယ်လျက်ရှိ၏'' ဟူသော ဒုတိယ မာတိကာပုဒ်၌ ''ပသာဒေါ=အကြည်၊ မဏ္ဍော=အကြည်၊ အစ္ဆော= အကြည်'' အကြည်ဟော သဒ္ဒါစု။

မှန်-ဟူသော ဝေါဟာရ

ထိုသဒ္ဒါတို့တွင် မဏ္ဍသဒ္ဒါ၏ နာမသတ်အနက်ကိုယူ၍ ''ဖလ်မဏ်'' ဟူသော စကား၌ ''မဏ် '' ဟူ၍ဆိုသည်၊ ထို ''မဏ်'' ကိုပင် ယခုကာလ ''မှန်'' ဟူ၍ဆိုကြသည်။

ဓာတ်မှန် ၂-မျိုး

ထိုမှန်သည် (၁) ဥတုဇဓာတ်မှန်၊ (၂) ကမ္မဇဓာတ်မှန်ဟူ၍ နှစ်မျိုးရှိ၏၊ ရန်ကုန်မြို့ မန္တလေးမြို့တို့၌ မှန်တန်းမှာ လုပ်အပ်သော မျက်မှန်မှန်စု, မှန်ပြောင်းမှန်စုသည် ဥတုဇဓာတ်မှန်တစ်စုပေတည်း။ သတ္တဝါ၏အဇ္ဈတ္တသန္တာန်အတွင်း၌ဖြစ်သော မှန်စုသည် ကမ္မဇဓာတ် မှန်စုပေတည်း။

ကမ္မဇဓာတ်မှန် ၆-မျိုး

ထိုကမ္မဇဓာတ်မှန်သည်
- စက္ခုခေါ်သော ဓာတ်မှန်တစ်မျိုး,
- သောတ ခေါ်သောဓာတ်မှန်တစ်မျိုး,
- ဃာနခေါ်သောဓာတ်မှန်တစ်မျိုး,
- ဇိဝှါ ခေါ်သောဓာတ်မှန်တစ်မျိုး,
- ကာယခေါ်သောဓာတ်မှန်တစ်မျိုး,
- မနော ခေါ်သော ဓာတ်မှန်တစ်မျိုး
ဟူ၍ခြောက်မျိုး အပြားရှိ၏၊

ဓာတ်မှန် ၆-ပါး၏တည်ရာဒွါရ

စက္ခုဓာတ်မှန်သည် မျက်လုံးအိမ်တွင်း၌တည်၏၊။သောတဓာတ် မှန်သည်နားတွင်း၌တည်၏၊။ဃာနဓာတ် မှန်သည် နှာခေါင်းတွင်း၌ တည်၏၊။ဇိဝှါဓာတ်မှန်သည်လျှာအပြင်၌တည်၏၊။ကာယဓာတ် မှန်သည် တစ်ကိုယ်လုံး အပြည့်အနှံ့တည်၏၊။ မနောဓာတ်မှန်သည် နှလုံးအိမ်၌တည်၏။

ဤအကြည်ဓာတ်ခြောက်မျိုးကိုရှု၍ ထင်မြင်သော ယောဂီ ပုဂ္ဂိုလ်အား ဤခန္ဓာကိုယ်ကြီးသည် အလွန် ကြည်လှစွာသော ဖလ်တုံး ဖလ်တိုင်ကြီး, မှန်တုံးမှန်တိုင်ကြီးနှင့် အလွန်တူလှ၏၊ ဤအကြည်ဓာတ် ခြောက်မျိုးကိုပင် ''သင်္ဂြီုဟ်'' ဒွါရသင်္ဂဟ၌ ဒွါရဟု ခေါ်သည်။

ဒွါရ အဓိပ္ပါယ်နှင့် ဒွါရနှစ်မျိုး

ဒွါရဆိုသည်ကား အပေါက် ဟင်းလင်းကိုဆိုသတည်း။ ထိုဒွါရ သည်လည်း (၁) အာကာသဒွါရ (၂) မဏ္ဍဒွါရ ဟူ၍ နှစ်မျိုးအပြားရှိ၏၊

အာကာသ ဒွါရ

ဘုန်းရှိသောသူတို့၏ အိမ်၌ တံခါးနှစ်မျိုးရှိ၏၊ အိမ်တွင်း အိမ်ပြင် ထွက်ဝင်ရန် အပေါက်တံခါး, လေဝင်ရန် လေသာပြူတင်းပေါက်တံခါး ဟူ၍ အပေါက်တံခါးတစ်မျိုး။

မဏ္ဍဒွါရ

အပေါက်ကားမရှိ၊ မှန်ချပ်တပ်၍ထားသော အကြည်တံခါး အလင်တံခါး တစ်မျိုး။

မဏ္ဍဒွါရ ကိစ္စ

ထိုနှစ်မျိုးတို့တွင် မှန်ချပ်တပ်၍ထားသော အကြည်တံခါး အလင်း တံခါး၏ ကိစ္စမူကား- ထိုမှန်ချပ်မျက်နှာစာ၌ အဝေးအနီးတွင် ရှိရှိသမျှ သော နေ, လ, နက္ခတ်, တာရာ, တိမ်တိုက်, ကောင်းကင်, မြေပြင်, ရေပြင်, တော, တောင်, သစ်ပင်, အိမ်ရာ, ကျောင်းကန်, ဘုရား, စေတီ အစရှိသော အဆောက်အအုံတို့သည် မိမိသဏ္ဌာန်အတိုင်း ထိုမှန်ချပ် အပြင်မှာ ထင်လာရကုန်၏။

အိမ်တွင်း၌ နေကြကုန်သော အိမ်သူအိမ်သားတို့သည် အိမ်တွင်း၌ နေလျက်ပင် ထိုမှန်ချပ်မှာ ထင်လာသမျှသော နေဝန်းသဏ္ဌာန် လဝန်း သဏ္ဌာန် နေရောင်လရောင်အစရှိသော အလုံးစုံတို့ကို အကုန်အစင် မြင်ရကုန်၏။

အိမ်ပြင်ကနေ၍ ထိုမှန်တံခါးဖြင့် အိမ်တွင်းသို ကြည့်ပြန်လျှင် လည်း အိမ်တွင်း၌ရှိရှိသမျှ အကုန်မြင်ရ၏၊ ထိုမှန်တံခါးမှာ နေရောင် လရောင် မီးရောင်တို့သည် မှန်၏အဖေါ်သဟဲတို့ပေတည်း၊ ထိုတံခါး နှစ်မျိုးအပြည့်ရှိသော အိမ်ကြီးနှင့်အလားတူ ဤတစ်ခုတစ်ခုသော လူ့ ခန္ဓာ, နတ်ခန္ဓာ, နွား, ကျွဲ, ဆင်, မြင်း, ကြက်, ငှက်, စသောခန္ဓာစုံမှာ လည်း အာကာသတံခါးတစ်မျိုး, မဏ္ဍတံခါးတစ်မျိုး-ဟူ၍နှစ်မျိုးစီ ရှိကြ သည်။

အကြည်ဓာတ် ၆-ပါးကို ဥပမာဖြင့် ရှုနည်း

အာကာသ တံခါးစု

အာကာသတံခါး ဆိုသည်ကား ခံတွင်းပေါက်, လည်ချောင်း ပေါက်, နှာရည်ထွက်သော နှာခေါင်းပေါက်, မျက်ရည်ထွက်သော မျက်စိပေါက် အစရှိသော ဒွါရကိုးပေါက်ဟူ၍ ဆိုအပ်သော အပေါက်စု-ကိုးသောင်း ကိုးထောင်သော မွေးညင်းပေါက်စုသည် အာကာသတံခါးမျိုးစုတည်း။

မဏ္ဍတံခါး ၆-ပေါက်

ဆိုခဲ့ပြီးသော စက္ခုအကြည်, သောတအကြည်, ဃာနအကြည်, ဇိဝှါအကြည်, ကာယအကြည်, မနောအကြည်-တည်းဟူသော အဇ္ဈတ္တ ကမ္မဇဓာတ်မှန်မျိုးတို့သည်ကား အာကာသတံခါးပေါက်မဟုတ်၊ မှန်ချပ် တွေနှင့် အလားတူသော မှန်ပေါက် အကြည်ပေါက် အလင်းပေါက်တို့ ပေတည်း။

ဓာတ်မှန် ၆-မျိုးကိစ္စ ဥပမာ

ထိုကမ္မဇဓာတ်မှန် ခြောက်မျိုးတို့၏ကိစ္စမူကား- အမိုးအကာ လေသာပြူတင်း အလုံးစုံဖလ်မှန်အတိပြီးသော နန်းအိမ်သည်ရှိ၏၊

အလယ်၌ အတုမရှိ အလွန်ကြည်သော ဖလ်လုံး မှန်လုံးတစ်ခုလည်းရှိ၏၊ ထိုအိမ်မှာ အထက်ကောင်းကင်တစ်ခွင်လုံး၌ ရှိနေကုန်သော တိမ်တိုက် တိမ်လွှာ, နေ, လ, နက္ခတ်, တာရာအပေါင်းတို့သည်လည်းကောင်း ကောင်းကင်၌ ပျံသွားသော ငှက်တို့သည်လည်းကောင်း အထက်အမိုးရှိ မှန်ချပ်တို့မှဝင်၍ အိမ်တွင်းရှိ မှန်လုံးမှာ အကုန်ပေါ်ကြကုန်၏၊ အထက် အမိုးမှန်ချပ်စုမှာ နေဝန်းလဝန်းတစ်ခုစီ အိမ်အတွင်းရှိမှန်လုံးမှာ နေဝန်း တစ်ခု လဝန်းတစ်ခုပေါ်၏၊ ထိုအတူ အထက်ကောင်းကင်၌ ရှိရှိသမျှ သော ဝတ္ထုတို့သည် အမိုးမှန်ချပ်တို့၌လည်းကောင်း အိမ်တွင်း မှန်လုံး၌ လည်းကောင်း တစ်ပြိုင်နက် တစ်ချက်တည်း ပေါ်ကြကုန်၏၊

ခန္ဓာအိမ်အတွင်း မနောဓာတ် အကြည်ကိုပြခြင်း

ထိုအတူ အရှေ့အရပ်၌ ရှိရှိသမျှသော ဝတ္ထုတို့သည် အရှေ့နံရံ ပြူတင်းမှန်ချပ်တို့၌လည်းကောင်း အိမ်တွင်းရှိမှန်လုံး၌လည်းကောင်း တစ်ပြိုင်နက်ပေါ်ကုန်၏၊ အနောက်အရပ်၌ ရှိရှိသမျှသော ဝတ္ထုတို့ သည်လည်းကောင်း တောင်အရပ်၌ ရှိရှိသမျှသောဝတ္ထုတို့သည်လည်း ကောင်း မြောက်အရပ်၌ ရှိရှိသမျှသော ဝတ္ထုတို့သည်လည်းကောင်း ထိုအတူပေါ်ကုန်၏၊ အောက်အရပ်၌ ရှိရှိသမျှသောဝတ္ထုတို့သည် အောက်ကြမ်းပြင် မှန်ချပ်စု၌လည်းကောင်း အိမ်လယ်ရှိ မှန်လုံးတစ်ခု၌ လည်းကောင်း တစ်ပြိုင်နက်ပေါ်ကြကုန်၏။

ဤအိမ်ကြီး အလားတူ ဤခန္ဓာကိုယ်၌လည်း မနောဟူသော အကြည်ဓာတ်မှန်လုံးကြီးသည် နှလုံးအိမ်တွင်း၌တည်၏၊

''ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ''

ဟူ၍ ဧကင်္ဂုတ္တရပါဠိတော်၌ ဟောတော်မူသောကြောင့် ထိုမနော ဟူသောအကြည်သည် တလျှမ်းလျှမ်း တလက်လက် ပြိုးပြိုးပြက်တောက် ထွန်း၏။

ဘိက္ခဝေ=ရဟန်းတို့၊ ဣဒံ စိတ္တံ=ဤစိတ်ဟူသောဓာတ်သည်။ ပဘဿရံ=တထိန်ထိန်တလက်လက် ပြိုးပြိုးပြက် ရှိ၏။

[ပါဠိတော်အနက်]

စိတ်ကြည်လင်ပုံ အဆင့်ဆင့်

အဟိတ်စိတ်ပင် ဖြစ်သော်လည်း အသက်ထက်ဆုံး တွေ့ဖူးသမျှ ကြုံဖူးသမျှကို အောက်မေ့လို၍ရှေ့ရှုပြုလိုက်လျှင် အလိုရှိရာအာရုံဝတ္ထု အမှုကိစ္စစုသည် ထိုစိတ်အကြည်မှာထင်လာပေါ်လာရသည်၊ အဟိတ် စိတ်ဟူသော မနောအကြည်ထက် ဒွိဟိတ်မနော သာလွန်၍ကြည်သည်၊ ဒွိဟိတ်မနောအကြည်ထက် တိဟိတ်မနော သာလွန်၍ကြည်သည်၊ ဘုံအားဖြင့် လူတိဟိတ်မနောထက် ဘူမဇိုဝ်းမနော သာလွန်၍ကြည် သည်၊ ထိုထက် တာဝတိံသာမနော, ထိုထက် ယာမာမနော- စသည်ဖြင့် ဘဝဂ်တိုင်အောင် အဆင့်ဆင့်သိလေ။

ပုဂ္ဂိုလ်အားဖြင့် ပုထုဇ္ဇန်သာမန်ထက် ပကတိသာဝကဗောဓိ အလောင်းမနော, ထိုထက်မဟာသာဝကဗောဓိ အလောင်းမနော, ထိုထက် အဂ္ဂသာဝကဗောဓိအလောင်းမနော, ထိုထက်ပစ္စေကဗောဓိ အလောင်းမနော, ထိုထက်သဗ္ဗညုတဗောဓိအလောင်းတော်ကြီးများ မနော သာလွန်၍ကြည်သည်။

သဗ္ဗညုဗောဓိ၏ မနောအကြည်ဓာတ်

ဘုရားအဖြစ်သို့ရောက်တော်မူပြီးသော မနောအကြည်သည် အထွတ်အထိပ်သို့ရောက်၏၊ ထိုထက် တိုးတက်ဖွယ်ကိစ္စ မရှိပြီ၊ စကြဝဠာ အနန္တ, ကမ္ဘာအနန္တ, သတ္တဝါအနန္တ, သခါင်္ရအနန္တ, ပညတ်အနန္တ, နိဗ္ဗာန်ဧက-ဤအလုံးစုံသော တရားစုသည် သဗ္ဗညုမနောအကြည်တွင် မထင်သည်ဟူ၍ မရှိပေ၊ အလုံးစုံ အကုန်ထင်ကြရပေ၏၊။ ဤမနော အကြည်သည် အိမ်လယ်၌ စိုက်ထားသော မှန်လုံးကြီးနှင့်တူ၏။

စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ-ဟူသော အကြည်ငါးမျိုး တို့သည် အိမ်မှာခြောက်မျက်နှာရှိ မှန်ချပ်တို့နှင့်တူကုန်၏၊

ပဉ္စာရုံသည် ရုပ်ပဉ္စဒွါရနှင့် မနောဒွါရ ၂-ပါးတို့၌ တစ်ပြိုင်နက်ထင်ခြင်း

မျက်စိဖြင့်မြင်ကောင်းသော အဆင်းသဏ္ဌာန် အထည်ဝတ္ထု ဟူဟူသမျှသည် စက္ခုအကြည်, မနောအကြည် နှစ်ဌာန၌ ဆိုက်ရသည်။ အသံဟူသမျှသည် သောတအကြည်, မနောအကြည် နှစ်ဌာန၌ဆိုက်ရ သည်။

အနံ့ဟူသမျှသည် ဃာနအကြည်, မနောအကြည် နှစ်ဌာန၌ ဆိုက်ရသည်။

အရသာဟူသမျှသည် ဇိဝှါအကြည်, မနောအကြည် နှစ်ဌာန၌ ဆိုက်ရသည်။

တွေ့၍ ထိ၍သိကောင်းသော အပူ အချမ်း အကြမ်းအနု ဟူသမျှ သည် တစ်ကိုယ်လုံးရှိ ကာယအကြည် မနောအကြည် နှစ်ဌာန၌ ဆိုက် ရသည်။

ကြွင်းသော ဓမ္မာရုံဟူသမျှသည် မနောအကြည်သက်သက်၌ ဆိုက်ရသည်။

မျက်စိဖြင့် လ-ကို ကြည့်သောအအခါ မျက်စိအကြည်မှာ လဝန်း သဏ္ဌာန်တစ်ခု, နှလုံးအိမ် မနောအကြည်မှာ လဝန်းသဏ္ဌာန်တစ်ခု, ရောင်ခြည်ရွှန်းရွှန်း ထိန်ထိန်ထွန်းသော လဝန်းသဏ္ဌာန် နှစ်ခုတို့သည် မရှေးမနှောင်း တစ်ပြိုင်နက် တစ်ချက်တည်း ထိုနှစ်ဌာနမှာ ပေါ်ရ ကုန်သည်။

* * *

စက္ခုပသာဒ, ရူပါရုံ, စက္ခုဝိညာဏ်ဓာတ် ၃-ပါး ရှုနည်း

တစ်ပြိုင်နက်ထင်ပုံ ဥပမာ

မရှေးမနှောင်း တစ်ပြိုင်နက်ကျပုံကား-ငှက်နှင့် ငှက်ရိပ်-သစ်ကိုင်း နှင့် သစ်ကိုင်းရိပ်မှာ မရှေးမနှောင်း တစ်ပြိုင်နက် နားဘိသကဲ့သို့လည်း ကောင်း မှန်ကြည့်သောအခါ လူနှင့်လူရိပ် တစ်ပြိုင်နက်ပြုံးခြင်း စသည် ကဲ့သို့လည်းကောင်း မှတ်ရမည်။

အရှေ့လောကဓာတ်မှ ထွက်ပေါ်၍လာသော နေဝန်း၏ အရိပ် သဏ္ဌာန်ကြီးသည် အိမ်မှာ အရှေ့နံရံရှိ မှန်ကြည်ပေါက်မှ အိမ်လယ်ရှိ မှန်လုံးတိုင်အောင် ထိုးဝင်၍ မှန်လုံးထဲမှာ ထိန်ထိန် ရွှန်းရွှန်း နေဝန်း သဏ္ဌာန်ကြီးထင်လေ၏၊ အရှေ့အရပ်မျက်နှာကို မကြည့်ပဲ ထိုမှန်လုံး ကိုကြည့်၍ပင် နေဝန်းသဏ္ဌာန်ကြီးကို မြင်နိုင်၏။

ဤအတူ မျက်စိဖြင့် လ-ကိုကြည့်လေရာ လ-၏ ရွှန်းရွှန်း ဖိတ်ဖိတ် အရိပ်သဏ္ဌာန်ကြီးသည် စက္ခုဟူသော ကမ္မဇဓာတ်မှန် အကြည် ပေါက်မှ နှလုံးအိမ်တွင်းရှိ မနောဟူသော ကမ္မဇဓာတ်မှန်တိုင်အောင် ထိုးဝင်၍ နှလုံးအိမ်တွင်းမှာ ထိန်ထိန်ရွှန်းရွှန်း လဝန်းသဏ္ဌာန်တစ်ခု ပေါ်လေသည်၊ စက္ခုအကြည်မှာ ပေါ်သည်နှင့် နှလုံးအိမ်တွင်းမှာ ပေါ်မှု သည် မရှေး မနှောင်းတစ်ပြိုင်နက် တစ်ချက်တည်းသာတည်း။

ဓာတ်ပေါက်အောင်ရှုပုံ

ကွယ်ပျောက်မှုမှာမူကား စက္ခုအကြည်မှာ လဝန်းသဏ္ဌာန် ကွယ်ပျောက်သော်လည်း မနောအကြည်မှာ ပျောက်တဲ့နိုင်သည်မဟုတ်၊ မြင်အောင်ကြည့်ပါလေ၊ သည်တစ်ချက် ကောင်းကောင်းမြင်လျှင် အကြည်ခြောက်မျိုး အကုန်ဓာတ်ပေါက်အောင် မြင်နိုင်လိမ့်မည်။

ထိုလဝန်းသဏ္ဌာန် အရိပ်ကြီး၏ စက္ခုမှန်ကြည်မှာထင်မှု, နှလုံးအိမ်တွင်း မနောမှန်ကြည်မှာ ထင်ပေါ်မှုသည် မိုးကြိုးမှန်သကဲ့သို့ ပြင်းထန်၏၊ ထို့အတူ နေဝန်းကိုကြည့်ရှုရာ၌လည်း မျက်စ်ိဟူသော စက္ခုအကြည်မှာ နေဝန်းသဏ္ဌာန် အရိပ်ကြီးတစ်ခု, မနောအကြည်မှာ နေဝန်းသဏ္ဌာန်အရိပ်ကြီးတစ်ခု မရှေးမနှောင်း တစ်ပြိုင်တည်း တစ်ချက် တည်း ထင်ပေါ်သည်။။ သစ်ပင်ကိုကြည့်ရာ၌ စက္ခုမှာ သစ်ပင်သဏ္ဌာန် အရိပ်တစ်ခု, မနောမှာသစ်ပင် သဏ္ဌာန်အရိပ်တစ်ခု တစ်ပြိုင်နက် ပေါ်သည်။

စက္ခုနှင့်မနော တစ်ပြိုင်နက်ထင်ပုံ

လူကိုကြည့်ရာ၌ စက္ခုမှာလူသဏ္ဌာန် အရိပ်တစ်ခု, မနောမှာ လူသဏ္ဌာန်အရိပ်တစ်ခု တစ်ပြိုင်နက်ပေါ်သည်၊ ထိုပေါ်မှုသည် မိုးကြိုး ကြီးကျသကဲ့သို့ ပြင်းထန်သည်။။ မျက်စိနှင့် မြင်မြင်သမျှ ခပ်သိမ်းတို့၌ ဤနည်းအတူချည်း သိလေ။

စက္ခုဝိညာဏ် ဖြစ်ပေါ်ပုံ

တိမ်တိုက်ချင်းချင်း ခွပ်ကြသောအခါ လျှပ်ရောင်ဖြစ်ပေါ်လာ သကဲ့သို့လည်းကောင်း, လေချင်းချင်း တိုက်ကြသောအခါ ကြယ်ပျံသည်ဟု ခေါ်ကြသော ဥက္ကာလုံးဖြစ်ပေါ်လာသကဲ့သို့လည်းကောင်း, ခက်မာ သောဝတ္ထုတစ်ခုနှင့် ခက်မာသောဝတ္ထုတစ်ခု ထိခိုက်ကြသောအခါ အသံဖြစ်ပေါ်လာသကဲ့သို့လည်းကောင်း, သံမီးခတ်နှင့် အနှစ်အဆီ ရှိသောကျောက် ထိခိုက်ကြသောအခါ မီးပွင့်မီးပွားဖြစ်ပေါ်လာသကဲ့သို့ လည်းကောင်း ထိုအတူ လဝန်းသဏ္ဌာန်စသော အရိပ်သည် စက္ခု အကြည်မှာ ထိခိုက်သောအခါ မိုးကြိုးကျသကဲ့သို့ ပြင်းထန်သော ထိခိုက် ချက်ဒဏ် အဟုန်ကြောင့် စက္ခုအကြည်ပေါ်မှာ ဝိညာဏ်စိတ် တစ်ဖွားဖွား ဖြစ်ပေါ်လေသည်၊ ထိုဝိညာဏ်စိတ်ကို စက္ခုပေါ်မှာ ဖြစ်ခြင်းကြောင့် ''စက္ခုဝိညာဏ်စိတ်'' ခေါ်သည်။

စက္ခုဝိညာဏ် သေပျောက်ပုံ

ထိခိုက်ချက် စဲပြန်လျှင် မီးပွားသေပျောက်သကဲ့သို့ ထိုဝိညာဏ် သေပျောက်ပြန်၏၊ မနောအကြည်မှာ ထိခိုက်ချက်ဒဏ် အဟုန် ကြောင့်လည်း ထိုလဝန်းသဏ္ဌာန်ကိုသိသော ဝီထိစိတ်အစဉ် တစ်ဖွား ဖွား ဖြစ်ပေါ်လေသည်၊ ခေါင်းလောင်းကြေးစည်တို့ကို တုတ်တံနှင့် တစ်ချက်နှက်လိုက်လျှင် နှက်လိုက်သောဒဏ်အဟုန်ကြောင့် အသံ ကလာပ်တွေ တစ်ဖွားဖွား ပေါ်၍နေသကဲ့သို့တည်း၊ ထိုဒဏ်ငြိမ်းပြန်လျှင် အသံပျောက်ဆုံးပြန်သကဲ့သို့ လဝန်းသဏ္ဌာန်ထိခိုက်ချက်ဒဏ် ဟုန် ငြိမ်းပြန်လျှင် ထိုဝီထိစိတ်အစဉ်သည် သေပျောက်ပျက်ဆုံးပြန်လေ၏။

မျက်စိဖြင့်မြင်သမျှမှာ ဤနည်းအတူချည်း သိလေ။

၁-စက္ခုအကြည်, ၂-ရူပါရုံ, ၃-စက္ခုဝိညာဏ်စိတ်-ဓာတ်သုံးပါး တစ်ချက်တည်း ဓာတ်ပေါက်အောင်ရှုနည်းပြီး၏၊

သောတပသာဒ, သဒ္ဒါရုံ, သောတဝိညာဏ်ဓာတ် ၃-ပါး ရှုနည်း

ဒွါရနှစ်ခု၌ သဒ္ဒါရုံ တစ်ပြိုင်နက် ထင်ပုံ

မိုးသံလုံး, ရေသံလုံး, လေသံလုံး, စည်သံလုံး, ခေါင်းလောင်းသံလုံး, လူသံ, ခွေးသံ, ကြက်သံ, ငှက်သံ- အစရှိသော အသံစုသည် နားခေါ်သော သောတဓာတ်မှန်၌လည်းကောင်း, နှလုံးအိမ်တွင်းရှိ မနောမှန်၌ လည်းကောင်း- ဤ အကြည်ဓာတ်မှန် နှစ်ခု၌ မရှေးမနှောင်း တစ်ပြိုင်နက် တစ်ချက်တည်း ပေါ်သည် ခိုက်သည်၊ ထိုထိခိုက်မှုသည်လည်း မိုးကြိုး ကျသကဲ့သို့ ပြင်းထန်သည်။

သောတဝိညာဏ် ဖြစ်ပေါ်ပုံ

သောတအကြည်မှာ အသံလုံးပေါ်ချက် ထိခိုက်ချက်ဒဏ် အဟုန် ကြောင့် သောတအကြည်ပေါ်မှာ ဝိညာဏ်စိတ် တစ်ဖွားဖွားဖြစ်ပေါ် သည်၊ ထိုဝိညာဏ်စိတ်ကို သောတအကြည်ပေါ်မှာ ဖြစ်ပေါ်ခြင်းကြောင့် ''သောတဝိညာဏ်စိတ်'' ခေါ်သည်။

သောတဝိညာဏ် ကွယ်ပျောက်ပုံ

အသံစဲပြန်လျှင် ထိုသောတဝိညာဏ်စိတ်သည် သေပျောက် ကွယ် ဆုံးပြန်၏၊ မနောအကြည်မှာ ထိခိုက်ချက် ဒဏ် အဟုန်ကြောင့် ထိုအသံ ကိုသိသော ဝီထိစိတ်အစဉ် တစ်ဖွားဖွား ဖြစ်ပေါ်သည်၊ အောက်ကပြဆိုခဲ့ ပြီးသော ခေါင်းလောင်းသံ ဥပမာကဲ့သို့- ထိုအသံခိုက် ဒဏ်ငြိမ်းပြန်လျှင် ထိုဝီထိစိတ်အစဉ် သေပျောက် ကွယ်ဆုံးပြန်၏၊ နားနှင့်ကြားကြားသမျှ ဤနည်းချည်းသိလေ။

၁-သောတအကြည်, ၂- သဒ္ဒါရုံ, ၃-သောတဝိညာဏ်စိတ်- ဓာတ်သုံးပါး ကို တစ်ချက်တည်း ဓာတ်ပေါက်အောင်ရှုနည်း ပြီး၏၊

ဃာန နှင့် ဇိဝှါတို့ကို ရှုနည်း

ရှေးနည်းအတိုင်းရှု

- (၁) နှာခေါင်းရှိ ဃာနအကြည်, (၂) အနံ့အမျိုးမျိုးဟူသော ဂန္ဓာရုံ, (၃) ထိုနှာ ခေါင်းအကြည်မှာ ဖြစ်ပေါ်သော ဃာနဝိညာဏ်စိတ် ဤဓာတ်ဓာတ်သုံးပါးတို့ကို လည်းကောင်။

- (၁) လျှာအပြင်ရှိ ဇိဝှါအကြည်, (၂) အချိုအချဉ် အစရှိသော ရသာရုံ, (၃) လျှာအကြည်ပေါ်မှာ ဖြစ်ပေါ်သော ဇိဝှါဝိညာဏ် စိတ်- ဤ ဓာတ်သုံးပါးတို့ကိုလည်းကောင်း။

ဖြစ်မှု ပျက်မှုနှင့်တကွ စက္ခု စက္ခု သောတတို့၌ ဆိုခဲ့ပြီးသောအတိုင်း ဓာတ်ပေါက်အောင်ရှုလေ။

------*-----

ကာယပသာဒ, ဖောဋ္ဌဗ္ဗာရုံ, ကာယဝိညာဏ်ဓာတ် ၃-ပါး ရှုနည်း

ကာယပသာဒတည်ရာ

ကာယဟူသော မှန်အကြည်သည်ကား ဦးခေါင်းဦးထိပ်မှစ၍ ခြေဖဝါးအပြင်တိုင်အောင် ကိုယ်တွင်းကိုယ်ပ အသားအသွေးရှိသမျှ အလုံးစုံကို အကုန်နှံ့ပြား၍ တည်၏၊ မြမြထက်သော အပ်သွားနှင့် ထိုး၍ စမ်းလျှင် နာမှန်းသိရာအရပ်စုသည် ကာယဓာတ်ကြည် ရှိသည် ချည်း တည်း။

ကာယနှင့် မနောအကြည် ၂-ခုတို့၌ တစ်ပြိုင်နက်ထင်ပုံ

ပထဝီကြမ်း ပထဝီနု အမျိုးမျိုး, အပူအအေးဟူသော တေဇော အမျိုးမျိုး, အဟုန်ကြမ်း အဟုန်နုဟူသော ဝါယောအမျိုးမျိုးစုသည် ကာယအကြည်မှာချည်း ဆိုက်ရသည်၊ ခြေဖဝါးအပြင်ကို မီးနှင့်ကင်၍ ပူမှန်းသိရာ ရေနှင့်ဆေး၍ အေးမှန်းသိရာတို့၌ ထိုပူမှု အေးမှုတို့သည် ခြေဖဝါးအပြင်ရှိ ကာယဓာတ်အကြည်စုမှာတစ်ချက်, နှလုံးအိမ်တွင်းရှိ မနောအကြည်ကြီးမှာတစ်ချက် တစ်ပြိုင်နက်ပေါ်လေ၏၊ ခိုက်လေ၏၊ တိုက်လေ၏၊ ထိုထိခိုက်မှု တိုက်မှုသည် မိုးကြိုးမှန်သကဲ့သို့ ပြင်းထန်၏၊

ကာယဝိညာဏ်ဖြစ်ပေါ်ပုံ

ပြင်းထန်သော ဒဏ်ချက်ကြောင့် ခြေဖဝါးအပြင်တစ်ခုလုံးမှာ ကာယဝိညာဏ်စိတ် အပြည့်ပေါ်လေ၏၊ နှလုံးအိမ်အတွင်းမှာ ထိုအပူ အအေးကိုသိသော ဝီထိစိတ်အစဉ် တတွေတွေ ဖြစ်ပေါ်လေ၏။

ကာယဝိညာဏ် ကွယ်ပျောက်ပုံ

ထိုအပူ ထိုအအေးစု ပျောက်စဲလျှင် ထိုဝိညာဏ်စု, ထိုဝီထိစိတ် အစဉ်စု ပျောက်ပျက် သေဆုံးလေ၏၊၊ အတွင်းအပြင် တစ်ကိုယ်လုံး၌ ပူမှန်းသိရာဌာန အေးမှန်းသိရာဌာန နာမှန်းသိရာဌာန ကျင်မှန်း သိရာဌာန ကိုက်မှန်း , ခဲမှန်း, ညောင်းမှန်း, ညာမှန်း, ထုံမှန်း, ကျင်မှန်း, အောင့်မှန်း, အင့်မှန်း, လှုပ်မှန်း သိရာဌာနစသည်တို့မှာ ဤနည်းချည်း ကာယဝိညာဏ်ဓာတ်ပေါ်မှုကိုသိလေ။

၁- ကာယဓာတ်မှန်, ၂- ဖောဋ္ဌဗ္ဗာရုံ, ၃-ကာယဝိညာဏ်စိတ်- ဓာတ်သုံးမျိုးကို ဓာတ်ပေါက်အောင် ရှုနည်းပြီး၏။

* * *

မနောဓာတ်, ဓမ္မာရုံ, မနောဝိညာဏ်ဓာတ် ၃-ပါး ရှုနည်း

ဘဝင်စိတ်-ခေါ် မနောအကြည်

နှလုံးအိမ်တွင်း၌ စမ်းရေပွက်သကဲ့သို့ တလက်လက် တလင်းလင်း တဖွားဖွား မပြတ်မစဲ အမြဲဖြစ်ပေါ်နေသော ဘဝင်စိတ်ကို မနောအကြည် ဆိုသည်။

ဘဝင်စိတ်၏အာရုံ

ထိုဘဝင်စိတ်ဟုဆိုအပ်သော မနောအကြည်သည် ရှေးဘဝ ဟောင်းနှင့်စပ်သော အာရုံကိုသာ အာရုံပြုသည်ဖြစ်၍လည်းကောင်း, ထိုသို့ ပြုသော်လည်း ထင်လင်းသော ပြုခြင်းမဟုတ်၊ မထင်မရှားသော ပြုခြင်းသာ ဖြစ်၍လည်းကောင်း အဘယ်ကိုအာရုံပြုသည်ဟု ပုဂ္ဂိုလ် သန္တာန်မှာ ပေါ်တော့သည် မဟုတ်။

သေငယ်သေ

တစ်ညဉ့်လုံး အိပ်၍နေရာ အိပ်မက်မှုကိုလွှတ်၍ ဘဝင်စိတ် အာရုံပြုချက်နှင့် ငါသည် ဘယ်အာရုံကို တွေ့မြင်ရသည်ဟု မရှိလေ၊ ထိုဘဝင်ဟူသော မနောအကြည်လည်း မြစ်ရေအစဉ်ကဲ့သို့ ဖြစ်၍ နေစဉ်အခါ ထိုပုဂ္ဂိုလ်သည် သေငယ်သေ၍ နေသတည်း။

ဝီထိစိတ်

အကြင်အခါ နေဝန်း လဝန်းစသော အာရုံနိမိတ်သည် စက္ခု အကြည်စသော အကြည်ငါးမျိုးတို့မှဝင်၍ ထိုဘဝင်ဟူသော မနော အကြည်မှာ ပေါ်၏၊ ခိုက်၏၊ ထိုအခါ ထိုဘဝင်အကြည်သည် တုတ်, လှံတံထိသော မြွေကဲ့သို့လည်းကောင်း တီကဲ့သို့လည်းကောင်း ဆတ် ဆတ်ခါထကြွ၍ ပြတ်စဲပြီးလျှင် ထိုနေရာမှာ ကြယ်ဥက္ကာလုံးတွေ ပေါ်ထွက်သကဲ့သို့ ထိုထိခိုက်လာသော အာရုံကိုသိသော ဝီထိစိတ်တွေ ပေါ်လာလေ၏၊ ထိုအခိုက်အတိုက် ပြယ်ပျောက်ပြန်လျှင် ကြယ်ဥက္ကာ လုံးတွေ ကွယ်ပျောက်ပျက်ဆုံးသကဲ့သို့ သေပျောက်ပျက်ဆုံးလေ၏။

အကြင်အခါ၌ မြင်မှု ကြားမှု နံမှု လျက်မှု ကိုယ်မှာတွေ့ထိမှုတို့မှ အလွတ်ဖြစ်၍ ခြောက်ပါးသောအာရုံတို့သည် မနောအကြည် သက် သက်မှာသာဝင်၍ထင်လာ ခိုက်လာကုန်၏၊ ထိုအခါမှာလည်း ထိုဘဝင် ဟူသော မနောအကြည်သည် ဆတ်ဆတ်ခါ လှုပ်ကြွ၍ ပြတ်စဲပြီးလျှင် အာဝဇ္ဇန်းဇောတို့သည် ဖြစ်ပေါ်၍ ထိုအာရုံဝတ္ထု အမှုကိစ္စတိုကို ကြံဖန်ကုန်၏၊ အထင်အခိုက်စဲပြန်လျှင် ထိုအာဝဇ္ဇန်းဇောတို့သည် ပေါ်ထွက်သော ကြယ်ဥက္ကာလုံးတို့ ပျောက်ကွယ်သကဲ့သို့ ပျောက်ကွယ် သေဆုံးကြလေကုန်၏။

၁-ဘဝင်ဟူသော မနောအကြည်ဓာတ်, ၂-ဓမ္မာရုံ, ၃-မနောဝိညာဏ်ဓာတ်သုံးပါး ကို ဓာတ်ပေါက်အောင် ရှုနည်းပြီး၏၊

ဤတွင်ရွေ့ကား-''ဆပ္ပသာဒမဏ္ဍော'' ဟူသော ဒုတိယ မာတိကာပုဒ်၏ အဓိပ္ပါယ် ပြီး၏။

-------------

၃-တတိယ မာတိကာ

ဥတုတေဇောဓာတ်၏ သဘောကို ရှုဆင်ခြင်ပုံ ''အယံကာယော =ဤကိုယ်ကောင်ကြီးသည်၊ ဥတူနံ =ဆယ်ပါး သော ဓာတ်မီးတို့၏၊ ဥဒယော =အပွါးအစီးသာတည်း'' ဟူသော တတိယ မာတိကာပုဒ်၌

ဥတုအဓိပ္ပါယ်

''အရတိ ပဝတ္တတီတီ ဥတု''

အရတိ ပဝတ္တတိ =မပြတ်မလပ်ဖြစ်ပွားတတ်၏၊ ဣတိ = ဤသို့သော အကြောင်းကြောင့်၊ ဥတု =ဥတု မည်၏။

ဤကား ကျမ်းဂန်တို့၌ လာသော ဝိဂြိုဟ်။

-ဥဒတိ ပသဝတီတိ ဥတု။
-ဥဒန္တိ ပသဝန္တိ ဧတေန ဩကာသ သတ္တ သင်္ခါရလောကာတိ ဥတု။

ဥဒတိ ပသဝတိ =ပွားတတ်၏၊ ဣတိ =ဤသို့သော အကြောင်း ကြောင့်၊ ဥတု =ဥတုမည်၏၊ ဧတေန =ဤဓာတ်မီးကြောင့်၊ ဩကာသ သတ္တ သင်္ခါရ လောကာ = ဩကာသလောက, သတ္တလောက, သင်္ခါရလောကတို့သည်၊ ဥဒန္တိပသဝန္တိ =သံသရာ၌ ကမ္ဘာအဆက်ဆက် ဖြစ်ပွား၍နေကြကုန်၏၊ ဣတိ = ဤသို့ လောကသုံးပါးတို့၏ ဖြစ်ပွားရန်အကြောင်းဖြစ်သော သတ္တိကြောင့်၊ ဥတု =ဥတုမည်၏။

ဤကား အသင့်ကြံဖန်၍ပြုသော ဝိဂြိုဟ်။

ဥတုနှင့်တေဇော

အောက်ကပြဆိုခဲ့ပြီးသော တေဇောဟုဆိုအပ်သော ဓာတ်မီးကို ပင်ဆိုသတည်း။

ဩကာသလောကကို ဖန်ဆင်းသော တေဇောဓာတ်

အနမတဂ္ဂ သံသရာ၌ ကမ္ဘာအဆက်ဆက်တို့ကို တည်ထောင်ဖန် ဆင်းပေသည်လည်း ဤဓာတ်မီးပင်တည်း၊ စကြဝဠာအနန္တတို့ကို ဖန်ဆင်းပေသည်လည်း ဤဓာတ်မီးပင်တည်း၊ အနန္တစကြဝဠာတွင် တစ်ခုခုသောစကြဝဠာ၌ စကြဝဠာကိုခံသော ယူဇနာကိုးသိန်းခြောက် သောင်းအထုရှိသော လေပြင်ကြီး, ထိုလေပြင်ကြီးပေါ်မှာ တည်သော ယူဇနာလေးသိန်းရှစ်သောင်းအထုရှိသော ရေပြင်ကြီး, ထိုရေပြင်ကြီး ပေါ်မှာတည်သော ယူဇနာနှစ်သိန်းလေးသောင်း အထုရှိသော သိလာ ပံသုမြေပြင်ကြီး, ထိုမြေပြင်၌ပေါက်ရောက်သော မြင့်မိုရ်တောင် စကြဝဠာတောင် သတ္တရဘာန်တောင် ဟိမဝန္တာတောင် အိုင်ကြီးခုနစ်အိုင် မဟာသမုဒ္ဒရာလေးစင်း သီတာခုနစ်တန် ကျွန်းကြီးလေးကျွန်း ကျွန်းငယ် နှစ်ထောင် အလုံးစုံသော မြေအစု ရေအစု တောအစု တောင်အစု အပါယ်လေးဘုံ လူ့ဘုံ နတ်ပြည်ခြောက်ထပ် အကနိဋ္ဌတိုင်အောင်သော ဗြဟ္မာ့ဘုံစု- ဤအလုံးစုံသော ဩကာသလောကသည်လည်း ထိုဓာတ်မီး တည်ထောင်ဖန်ဆင်းချက်သာတည်း။

[သတ္တသူရိယောပမသုတ်, အဂ္ဂညသုတ်, ၎င်းသုတ်တို့၏ အဋ္ဌကထာ, ဝိသုဒ္ဓိမဂ် တို့၌ အကျယ်လာသော ကမ္ဘာပျက်မှု ကမ္ဘာတည်ထောင်မှုတို့ကိုရှု၍ ဓာတ်မီး ၏ အစွမ်းကို သိအပ်၏၊]

တေဇော၏ ဆောင်ရွက်မှုသတ္တိ

မီး- ရေ- လေဟူသော အဖျက်သုံးမျိုးတို့တွင် မီးဟူသည်ကား ဥဏှဓာတ်မီးပင်တည်း၊ ရေဖျက်သည်ဟူရာ၌ကား- ရေဟူသော အာပေါ ကို လိုရင်းမဟုတ်၊ ထိုအာပေါနှင့်ယှဉ်သော သီတဓာတ်ကိုသာ လိုရင်း တည်း၊ သီတဓာတ်မီးဖျက်သည်ကို ရေဖျက်သည်ဟုမှတ်ရမည်။

လေဖျက်သောကမ္ဘာ၌လည်း ထိုလေကိုတည်ထောင် ဖန်ဆင်း သောသူကား ဥဏှဓာတ်မီးပေတည်း၊ ထို့ကြောင့် ကမ္ဘာကိုဖျက်သည် လည်း ဓာတ်မီးပင်တည်း၊ ကမ္ဘာကိုတည်ထောင်ဖန်ဆင်းပေသည်လည်း ဓာတ်မီးပင်တည်း။

ဤကား ဩကာသလောက တည်ထောင်မှုတည်း

-------------

သတ္တလောကကို ဖန်ဆင်းသော တေဇောဓာတ်

သတ္တလောကမှာလည်း အလွန်သေးငယ်လှ၍ ပကတိစက္ခုဖြင့် မမြင်ကောင်းသော သတ္တဝါမှစ၍ အကနိဋ္ဌ ဗြဟ္မာမင်းကြီး၏ ခန္ဓာကိုယ် တိုင်အောင် ရုပ်တို့၏ဖြစ်မှုကိုမြင်၍ ဓာတ်မီး၏အစွမ်းကို သိအပ်၏၊

သက်တမ်းကိုပြုပြင်သော တေဇောဓာတ်မီး

သိပုံကား- ရုပ်ရှိသော သတ္တဝါတို့၏ ပဋိသန္ဓေခဏ၌ ရှေးဦးစွာ ဖြစ်ပေါ်သော ရုပ်ကလာပ်တို့သည် ရှေးကံ ဟောင်း ထူထောင်ဖန်ဆင်း၍ ဖြစ်ပေါ်ကြရကုန်၏၊ ပဋိသန္ဓေ၏ဌီခဏမှစ၍ အစဉ်အတိုင်း ရုပ်စုရုပ်ခဲ ဖြစ်မှုတည်မှု တိုးမှုပွားမှု အင်္ဂါကြီးငယ်တည်ထောင်မှုတို့သည်ကား ဓာတ်မီး၏အမှုတို့ပေတည်း၊ ကမ္မဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်တို့သည်ကား- ဓာတ်မီးတည်ထောင်၍ပေးသော ကိုယ်အင်္ဂါတို့ကို အစဉ် လိုက်၍ ဖြစ်ကြရကုန်၏၊ ရေအိုင်၌ ရေနယ်ကျယ်၍သွားရာမှာ ကြာ လိုက်၍ပေါက်ပွားသကဲ့သို့တည်း၊ တိရစ္ဆာန်မျိုးတို့နှင့်တကွ ရုပ်ရှိသော လူနတ် ဗြဟ္မာသတ္တဝါတို့၏ အသက်တမ်း အတိုအရှည် ရှိသည်မှာလည်း ဤ ဓာတ်မီးအချက်ပင်တည်း။

အသက်တမ်း ရှည်မှုနှင့်တိုမှု

ဓာတ်မီးငြိမ်သက်မှု ဓာတ်မီး၏တည်ရာ ကရဇကာယရုပ် သိမ် မွေ့မှု အဆင့်ဆင့်ရှိ၍ အသက်တမ်းရှည်မှု အဆင့်ဆင့်ရှိပေသည်၊ ဓာတ်မီး၏ မငြိမ်သက်မှု ထိုဓာတ်မီး၏တည်ရာ ကရဇကာယရုပ် ကြမ်း တမ်းမှု အဆင့်ဆင့်ရှိ၍ အသက်တမ်းတိုမှု အဆင့်ဆင့်ရှိပေသည်။

ဇာတိနိယာမ

ဂဗ္ဘသေယျကသတ္တဝါတို့၌ ပဋိသန္ဓေအခါ အမိအဖတို့၏ နိဿန္ဒ ဝတ္ထု၌ ရောနှောဖက်စပ်၍ ဖြစ်သော ဥတုဟူသော ထိုဓာတ်မီးသည် အမိမျိုး အဖမျိုးသို့ အစဉ်လိုက်၏၊ သစ်ပင်တို့၌ ဗီဇနိယာမရုပ်ကဲ့သို့ သတ္တဝါတို့၌ ဇာတိနိယာမရုပ်ပေတည်း၊ ထိုဇာတိနိယာမကြောင့် အဆင်းသဏ္ဌာန်စသော အလုံးစုံသည် အမိမျိုးအဖမျိုး အတိုင်းသာဖြစ်မြဲ။

ဩဇာထက်သန်ရာသို့ လိုက်ခြင်း

နဂါးနှင့် လူ, ကိန္နရာနှင့်လူစသဖြင့် ဇာတ်မတူသော သူတို့ချင်း ပေါင်းဖက်ရာ၌ကား- ကရဇရုပ် ဩဇာထက်သန်ရာသို့ ဇာတိရုပ်လိုက် သည်ဟု ယူဖွယ်ရှိ၏။

ဤကား- သတ္တလောက တည်ထောင်မှုတည်း

သင်္ခါရလောကကို ဖန်ဆင်းသော တေဇောဓာတ်

သစ်ပင်ချုံနွယ်စသော သင်္ခါရလောကသည်ကား ဓာတ်မီး၏ အစီး အပွားသက်သက်ပေတည်း၊ အလုံးစုံသော သစ်ပင်ချုံနွယ် စသည်တို့ကို အဥအမျိုးမျိုး, အညှောက်အမျိုးမျိုး, အညွန့်အမျိုးမျိုး, ပင်စည်အမျိုးမျိုး, အကိုင်းအမျိုးမျိုး, အခက် အရွက် အပွင့် အသီး အရသာအမျိုးမျိုး တို့နှင့်တကွ ကမ္ဘာပျက်သည်တိုင်အောင် ဓာတ်မီးသည် တည်ထောင် ဖန်ဆင်းပေ၏၊ ထိုဓာတ်မီး တည်ထောင်ဖန်ဆင်းသော အပင်အရွက် အသီးအပွင့်တို့ကို တူအောင်ထုလုပ်ရေးသား ခြယ်လှယ်နိုင်သော ပန်းပု ဆရာ ပန်းချီဆရာတို့ကို လောက၌ ချီးမွမ်းကြရကုန်၏၊

သင်္ခါရ၌ ဗီဇနိယာမ

သတ္တဝါတို့၌ ဇာတိနိယာမရှိသကဲ့သို့ ဤသင်္ခါရတို့၌လည်း ဗီဇနိ ယာမရှိ၏၊ နေ, လ, နက္ခတ်, တာရာကြီး, တာရာငယ်, ဂြိုဟ်ကြီး, ဂြိုဟ်ငယ်, စသော လောကအဆောက်အအုံစု, ရွှေ ငွေ ပုလဲ ပတ္တမြား အစရှိသော ရတနာမျိုး, သံမျိုး, ကြေးမျိုး, ပြဒါးမျိုးအစရှိသော ဓာတ်မျိုးအလုံးစုံသည် လည်း ဓာတ်မီး၏ အစီးအပွားသာတည်း။

ဤကား- သင်္ခါရလောကတည်ထောင်ချက်တည်း။

--------------

ဓာတ်မီးသည်ပင် ဥတု

ဤသို့လျှင်

''ဥဒန္တိ ပသဝန္တိ ဧတေန ဩကာသ သတ္တ သင်္ခါရလောကာတိ ဥတု'' ဟူသော ဝစနတ္ထနှင့်အညီ လောကသုံးပါးတို့၏ ဖြစ်ပေါ်ကြောင်း ပွားစီးကြောင်းဖြစ်၍ ရုပ်နှင့်စပ်သော လောကသုံးမျိုးကို တည်ထောင် ဖန်ဆင်းပေတတ်သောကြောင့် ဓာတ်မီးကို ဥတုဟူ၍ဆိုသတည်း။

တေဇောဓာတ်မီး အမျိုးမျိုး

ဓာတ်မီးနှစ်မျိုး

ထိုဓာတ်မီးသည် အဇ္ဈတ္တဓာတ်မီး, ဗဟိဒ္ဓဓာတ်မီး ဟူ၍နှစ်ပါး အပြားရှိ၏၊

အဇ္ဈတ္တဓာတ်မီး

ထိုနှစ်ပါးတို့တွင် အဇ္ဈတ္တဓာတ်မီးသည် ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇဟူ၍လေးပါးရှိ၏၊ အဝီစိငရဲသူ သဏ္ဌာန်မှစ၍ အကနိဋ္ဌ ဗြဟ္မာ့သဏ္ဌာန်တိုင်အောင် ဇာတ်အမျိုးမျိုး အကြမ်းအနု အမျိုးမျိုးအားဖြင့် ထိုဓာတ်မီးသည် အနန္တများပြား၏။

ဗဟိဒ္ဓဓာတ်မီး

ဗဟိဒ္ဓဓာတ်မီးသည် သီတဓာတ်မီး, ဥဏှဓာတ်မီးဟူ၍ အကျဉ်း အားဖြင့် နှစ်ပါးဖြစ်၏၊ ဂိမှာနဓာတ်မီး, ဝဿာနဓာတ်မီး, ဟေမန္တ ဓာတ်မီး ဟူ၍ ဥတုအလိုအားဖြင့် သုံးပါးဖြစ်၏။

ထို့အတူ ရတုခြောက်ပါးဆိုသည်လည်း ဓာတ်မီးခြောက်မျိုးကိုပင် ဆိုသည်၊ တစ်ဆယ့်နှစ်ရာသီဆိုသည်လည်း ဓာတ်မီးတစ်ဆယ့်နှစ် မျိုးပင်တည်း၊ တစ်ရာ့ရှစ်နဝင်း ဆိုသည်လည်း နေဓာတ်မီးနှင့် နက္ခတ် ဓာတ်မီး ဖက်စပ်၍ အထူးအထွေပွားသော ဓာတ်မီးမျိုး တစ်ရာ့ရှစ်မျိုး ပင်တည်း၊ တနင်္ဂနွေ, တနင်္လာစသော ဂြိုဟ်ကြီးရှစ်ပါး, ကိုးပါးဟူသည် လည်း ဓာတ်မီးအပြားပင်တည်း၊ ဗေဒင်ကျမ်း, ဆေးကျမ်း, ဓာတ်ကျမ်း, နက္ခတ်ကျမ်း, နိမိတ်ကျမ်း စသည်တို့၌ ဆိုသမျှသော လောကီ ဝေါဟာရ အပြားစုသည် ဓာတ်မီး၏ အမှုချည်းသာတည်း။

ဇာတ်အမျိုးမျိုး အကြမ်းအနု အမျိုးမျိုးအားဖြင့် ထိုဗဟိဒ္ဓ ဓာတ်မီး သည် အနန္တများပြား၏၊

ဓာတ်မီးဆယ်မျိုး

မာတိကာပုဒ်၌ ဓာတ်မီးဆယ်မျိုးဆိုသည်ကား- အဇ္ဈတ္တဓာတ်မီး လေးပါးကို သီတ, ဥဏှနှစ်ပါးနှင့် မြှောက်- အဇ္ဈတ္တဓာတ်မီး ရှစ်ပါးဖြစ်၏၊ ဗဟိဒ္ဓဓာတ်မီးသည် သီတ,ဥဏှနှစ်ပါးရှိ၏၊ နှစ်ရပ်ကိုပေါင်းသော် ဓာတ်မီး ဆယ်ပါးဖြစ်၏၊

ရုပ် အစုအခဲတို့၌ ဖြစ်ပျက်ရှုပုံ

သက်ရှိသက်မဲ့အလုံးစုံ ရုပ်စုရုပ်ခဲဟူသမျှသည် ဓာတ်မီးစု ဓာတ်မီးခဲသာ ဖြစ်၏၊ ပူမှုအေးမှုဟူသော ထိုဓာတ်မီးသည် အမြဲလျှင် ထွန်း တောက်ခြင်းအမှုဖြစ်လေရကား အလုံးစုံသော သက်ရှိသက်မဲ့ ရုပ်တုံး ရုပ်ခဲစုသည် အမြဲလျှင် တသိမ့်သိမ့် တလျှမ်းလျှမ်း တရှိန်ရှိန် တောက် ထွန်းပွားစီး၍ နေ၏၊ မိမိကိုယ်၌ ဦးနှောက်ခဲ မျက်လုံးခဲစုမှ စ၍ ခြေဖဝါးထိ ဓာတ်ပေါက်အောင် ကြည့်လေ၊ တသိမ့်သိမ့် တလျှမ်း လျှမ်း တရှိန်ရှိန် ထင်မြင်သောအရာမျိုး၌ ကိုယ်ခန္ဓာနှင့် အပြည့်ရှိသော ဓာတ်မီးသည် အသစ်အသစ်သော ရုပ်တို့ကိုလည်း ကိုယ်ခန္ဓာနှင့် အပြည့် အပြည့်ပင် ဖြစ်ပေါ်စေ၏၊ ဖြစ်ပေါ်သမျှကိုလည်း ခဏချင်းလောင်၍ ကွယ်ပျောက်စေ၏။

ဤသို့ အဟောင်းကွယ်ပျောက်မှုနှင့် အသစ်ဖြစ်ပေါ်မှုအတွက် တသိမ့်သိမ့်ထင်ရလေသည်။

ဖြစ်ပျက်ရှုရာ၌ အနှောင့်အယှက်

ပရမတ္ထဓမ္မတို့၌မျက်စိဖြင့် မြင်ကောင်းလောက်အောင် လှုပ်ရှား သောတရားဟူ၍ တစ်ခုမျှမရှိ၊ အသစ် အသစ်ဖြစ်ပေါ်မှုနှင့် အဟောင်း အဟောင်းကွယ်ပျောက်မှု ရောယှက်၍နေသောအရာစုမှာ မျက်မြင် အားဖြင့် လှုပ်သည်ဟုထင်ရသည်၊ ထသည်ဟု, ကြွသည်ဟု, ကျသည်ဟု, သွားသည်ဟု, လာသည်ဟု ထင်ရသည်၊ အစိတ်အစိတ် ဓာတ်ပေါက် အောင် မြင်သောဉာဏ်ရှိမှ ထိုအထင်ကို ပယ်ဖျောက်နိုင်သည်၊ ထိုဉာဏ် သည်လည်း အားမရှိသေးသော အခါ၌ ထိုဉာဏ်ကိုပင် ထိုအထင်လိုက်၍ ဖျက်တတ်သေးသည်။

ပညတ်တို့ ခုခံနေတတ်ခြင်း

မိမိကိုယ်ခန္ဓာအတွင်း၌ ဉာဏ်ကိုသွင်း၍ ဓာတ်သဘာဝ သက် သက်ကိုကြည့်မည်ဟု ကြည့်သောအခါ ထိုအထင်လိုက်၍ ဖျက်သည် ရှိသော် ဓာတ်သဘာဝ သက်သက်သို့ ဆိုက်အောင်မစူးပဲ သမူဟ သဏ္ဌာန ပညတ်, သန္တတိပညတ်တို့ ခုခံ၍နေတတ်သည်။

သမူဟ, သဏ္ဌာနပညတ်

သမူဟသဏ္ဌာနပညတ်ဟူသည်ကား - အထည်ဒြဗ်တည်း၊ ရှုသော ဉာဏ်သည် အထည်ဒြဗ်နှင့် တိုက်၍နေလျှင် ပရမတ်အစစ်သို့ မဆိုက် နိုင်ပြီ။

သန္တတိ ပညတ်

သန္တတိပညတ်ဆိုသည်ကား- နိဗ္ဗာန်မှ တစ်ပါးသော ပရမတ်စစ်တို့ မည်သည် မျက်တောင်တစ်ခတ်မျှ အသက်ရှည်သော တရားဟူ၍ တစ်ခုမျှမရှိ၊ ဖြစ်ပျက် ဖြစ်ပျက်တို့ချည်းသာတည်း၊ ထိုသို့ဖြစ်ပါလျက် ပျက်မှုဖြစ်မှု ရောယှက်၍နေသောအခါ ပျက်ဆုံးလေသော အဟောင်း စုနှင့် နောက်ဖြစ် အသစ်စုကို တစ်ခုတည်းမှတ်ယူ၍ တစ်ခုတည်း ထင်၍ နေသော ပညတ်သည် သန္တတိပညတ်မည်၏၊

ပညတ်နှင့် ပရမတ် ကွဲအောင်ရှု

ဉာဏ်၌ ဤသန္တတိပညတ် ဝင်၍ဖျက်သောအခါ တစ်ခုသော တရားသည်ပင် သည်လိုဖြစ်ပြန်သည်, ဟိုလိုဖြစ်ပြန်သည်, သည်သို့ ရောက်ပြန်သည်, ဟိုသို့ရောက်ပြန်သည်, လှုပ်သည်,ကြွသည်, ထသည် စသဖြင့် ထင်ရလေသတည်း၊ ထို့ကြောင့် ထိုသမူဟပညတ်, သဏ္ဌာန ပညတ်, သန္တတိပညတ်စုနှင့် ပရမတ်အစစ်ကို ကွဲအောင်ခွဲ၍ ရှုလေ။

ဤကား တသိမ့်သိမ့် တအိမ့်အိမ့် တလှုပ်လှုပ် တလှက်လှက် ထင်သမျှ၌ ပညတ်မှု ထွေးယှက်ချက်ကိုပြဆိုသော စကားစုတည်း။

အချုပ်အခြာဖြစ်သော တေဇောဓာတ်မီး

ကျမ်းဂန်တို့၌ ဥတုဟူ၍ ခေါ်ဆိုသော ဤဓာတ်မီး၏ အခြင်းအရာ တန်ခိုးအာနုဘော်ကို တေဇောဓာတ် အခန်းကလည်း အတန်ငယ်ဆိုခဲ့ပြီ။ ထိုအခန်း၌ ဆိုခဲ့သောအရာစုနှင့် ဤဥတုအရာ၌ အနည်းငယ်ပြဆို လိုက်သော အရာစုကို အကုန်မြင်လျှင်ပင် ဥတုဟူသော ဤဓာတ်မီး၏ ကြီးကျယ်ဆန်းကြယ်မှု, ဆိုခဲ့ပြီးသော လောကသုံးပါး၌ ဤဓာတ်မီး သည်သာ အချုပ်အခြာဖြစ်ကြောင်း, လောကသုံးပါးသည် ဓာတ်မီး၏ အစီးအပွား သာဖြစ်ကြောင်းတို့ကို ဓာတ်ပေါက်အောင် မြင်လိမ့်မည်။

ဤတွင်ရွေ့ကား-ဤကိုယ်ကြီးသည် ဓာတ်မီး၏ အစီးအပွားသာဖြစ်၏ဟူသော တတိယမာတိကာပုဒ်၏ အဓိပ္ပါယ်ပြီး၏၊

၄-စတုတ္ထ မာတိကာ

အာဟာရ ဩဇာ ဓာတ်ဆီ

''အယံကာယော =ဤကိုယ်ကောင်ကြီးကို၊ အာဟာရေဟိ = ဆယ်မျိုးသော ဓာတ်ဆီတို့သည်၊ ထမ္ဘိတော =အမြဲမပြတ် ထောက်ပံ့ အပ်၏''

ဟူသော စတုတ္ထမာတိကာပုဒ်၌ ကျမ်းဂန်တို့၌ ဩဇာဟူ၍လည်း ကောင်း, အာဟာရဟူ၍လည်းကောင်း ခေါ်ဆိုအပ်သော ပရမတ်ရုပ်ဆီ သည်ရှိ၏၊။ ထိုရုပ်ဆီကို ဓာတ်ဆီဆိုသတည်း။

ဩဇာနှင့်အာဟာရ

ထိုဓာတ်ဆီသည် -
ဥဒယာနန္တရံ ရူပံ ဇနေတီတိ ဩဇာ
ဩဇဋ္ဌမကံ ရူပံ အာဟရတီတိ အာဟာရော
ဟူသော ဝိဂြိုဟ် နှစ်ရပ်ကြောင့် ဩဇာမည်၏၊ အာဟာရလည်း မည်၏။

ဥဒယာနန္တရံ =မိမိ ဥပါဒ်သည်၏ အခြားမဲ့၌၊ ရူပံ =ရုပ်ကို၊ ဇနေတိ = ဖြစ်ပွားစေတတ်၏၊ ဣတိ =ဤသို့သော အကြောင်းကြောင့်၊ ဩဇာ =ဩဇာ မည်၏။

ဩဇဋ္ဌမကံ =ဩဇာလျှင် ရှစ်ခုမြောက်ရှိသော၊ ရူပံ =အဝိနိဗ္ဘောဂရုပ် ရှစ်ခုကို၊ အာဟရတိ =လွန်စွာဆောင်တတ် ဖြစ်ပွားစေတတ်၏၊ ဣတိ = ဤသို့သော အကြောင်းကြောင့်၊ အာဟာရော =အာဟာရမည်၏။

(ကျမ်းဂန်တို့၌ပြဆိုသော ဝိဂြိုဟ်နှစ်ရပ်)။

ဩဇာဓာတ်ဆီ

ထိုဓာတ်ဆီသည် အဇ္ဈတ္တဓာတ်ဆီ, ဗဟိဒ္ဓဓာတ်ဆီ- ဟူ၍နှစ်ပါး ရှိ၏၊။ အဇ္ဈတ္တဓာတ်မီးရှစ်ပါး, ဗဟိဒ္ဓဓာတ်မီးနှစ်ပါးဟူ၍ ဓာတ်မီးဆယ်ပါး ပြားရကား ထိုဓာတ်မီး၏ အဖက်ဖြစ်သော ဓာတ်ဆီလည်း ဆယ်ပါး ပင်ပြား၏။

ဓာတ်ဆီ၏ကိစ္စ

ထိုဓာတ်ဆီသည် အာဟာရဇ ရုပ်ကလာပ်တို့ကို ဖြစ်စေခြင်းကိစ္စ, ကာမဘုံသားတို့၏ စတုသမုဋ္ဌာနိကရုပ်ခန္ဓာကို ထောက်ပံ့မှုကိစ္စဟူ၍ နှစ်ကိစ္စရှိ၏၊ ထိုနှစ်ကိစ္စတို့တွင်- ''မေဒေါ=အဆီပြင် အဆီခဲ၊ ဝသာ= အဆီကြည်'' ဤအဆီနှစ်မျိုးတို့ကို ဖြစ်ပွားစေခြင်းအမှုသည် အာဟာရဇ ရုပ်ကလာပ်တို့ကို ဖြစ်စေခြင်းကိစ္စမည်၏၊

အသက်မွေးမှု ကြီးကျယ်ပုံ မြင်နိုင်မှ

ကာမဘုံသားတို့၏ ရုပ်ခန္ဓာသည် အစာအာဟာရနှင့်ကင်း၍ မျက်တောင်တစ်ခတ်မျှ မတည်နိုင်၊ ထိုသို့ မတည်နိုင်သောကြောင့်ပင်လျှင် လောက၌အသက်မွေးမှုဟူသောကိစ္စသည် အကြီးအကျယ်ဆုံးသော ကိစ္စဖြစ်သတည်း၊ ကုန်းသတ္တဝါ, ရေသတ္တဝါအပေါင်းတို့၏ အသက်ရှည် သမျှ နေ့နေ့ ညည လှုပ်လှုပ်ရွရွ အားထုတ်ကြရသော အမှုတွေကို အနှံ့ အပြားမြင်နိုင်ပါလျှင် အသက်မွေးမှုကြီးကျယ်ကြောင်းကို မြင်လိမ့်မည်၊ အသက်မွေးမှု ကြီးကျယ်ကြောင်းကိုမြင်နိုင်ပါလျှင် အစာအာဟာရမှု ကြီးကျယ်ကြောင်းကို မြင်လိမ့်မည်၊ အစာအာဟာရမှု ကြီးကျယ်ကြောင်း ကို မြင်လျှင် ဤဓာတ်ဆီ၏ ထောက်ပံ့မှု ကြီးကျယ်ကြောင်းကိုလည်း ကောင်း, အဇ္ဈတ္တရုပ်ခန္ဓာတို့၏ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ ဗဟိဒ္ဓဓာတ်ဆီ ထောက်ပံ့မှုနှင့်ကင်း၍ မတည်နိုင်ကြောင်းကိုလည်း ကောင်း မြင်လိမ့်မည်။

ဥပမာကား- ဤခန္ဓာကိုယ်၌ရှိသော ခက်မာမှု နူးညံ့မှုဟူသော မြေဓာတ်, ဖွဲ့စေးမှု ယိုစီးမှုဟူသော ရေဓာတ်, ပူမှုအေးမှုဟူသော မီးဓာတ်, တောင့်တင်းစွာ ထောက်ကန်မှု လျော့လျဲစွာ ထောက်ကန်မှုဟူသော လေဓာတ်, ဤဓာတ်ကြီးလေးပါးသည် မှန်ထဲ၌ထင်သောလူရိပ်, ရေထဲ၌ ထင်သော နေရိပ်, လရိပ်, တိမ်ရိပ် မိုးရိပ်နှင့်တူသည်ဟူသော အောက်က ပြဆိုခဲ့ပြီးသောအရာကို နှလုံးသွင်း၍ထား။

ကောင်းကင်၌စို့သက်တံမည်သည် ရှိ၏၊ ထွန်ကိုင်းဟူ၍လည်း ကောင်း, သိကြားမင်း၏ပုဆိုးဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ၏၊ ထိုစို့သက်တံဟူသော သဏ္ဌာန်ဒြဗ်သည် အရှေ့က နေရောင် အနောက် က မိုးတိမ်တိုက်ရှိလျှင် အနောက်မိုးတိမ်တိုက်အပြင်မှာ ထင်ပေါ်၏၊ အနောက်ကနေရောင် အရှေ့ကမိုးတိမ်တိုက်ရှိလျှင် အရှေ့ မိုးတိမ်တိုက် အပြင်မှာ ထင်ပေါ်၏၊ နေမှဖြစ်သည်ဖြစ်၍ နေပျောက်လျှင် ပျောက် ကွယ်၏၊ မိုးတိမ်တိုက်ကိုမှီရမှ ဖြစ်နိုင်သည်ဖြစ်၍ မိုးတိမ်တိုက်ပျောက် ပျက်လျှင် ပျောက်ကွယ်၏၊ နေဝန်းသည် ထိုသဏ္ဌာန်ကို ဖြစ်ပေါ်စေမှုဖြင့် ကျေးဇူးပြု၏၊ မိုးတိမ်တိုက်သည် ထိုသဏ္ဌာန်ကို ထောက်ပံ့မှုဖြင့် ကျေးဇူးပြု၏၊ အကြင်အရပ်အစိတ်၌ နေရောင်ပျောက်၏၊ ထိုအရပ် အစိတ်၌ ထိုသဏ္ဌာန်သည် အပိုင်းအပိုင်းပြတ်၍ ကွယ်ပျောက်၏၊ နေရောင်လုံးလုံးကွယ်ပျောက်လျှင် လုံးလုံးကွယ်ပျောက်၏၊ အကြင် အရပ်အစိတ်၌ တိမ်တိုက်ပျောက်ပျက်၏၊ ထိုအရပ် အစိတ်၌ ထိုသဏ္ဌာန် သည် အပိုင်းအပိုင်းပြတ်၍ ပျောက်ကွယ်၏၊ တိမ်တိုက်ပါးရားသော နေရာ၌ ပါးရား၍ သွား၏၊ နေရောင်ပင် ထင်ရှားရှိသော်လည်း ထောက်ပံ့ သော တိမ်တိုက်ကွယ်ပျောက်လျှင် ခဏချင်းကွယ်ပျောက်လေ၏၊

ဥပမာ-နှင့် ဥပမေယျ

ဤဥပမာ၌ နေဝန်းသဏ္ဌာန်နှင့် ရှေးကံဟောင်း တူသည်၊ ထိုနေဝန်းမှထွက်သော နေခြည် နေရောင်နှင့် တစ်ကိုယ်လုံးရှိ ကမ္မဇ ဓာတ်မီးသည်လည်းကောင်း, ထိုကမ္မဇဓာတ်မီးနှင့်စပ်သော စိတ္တဇ ဓာတ်မီး, ဥတုဇဓာတ်မီး, အာဟာရဇဓာတ်မီးစုသည်လည်းကောင်း တူသည်။

ကောင်းကင်တစ်ခွင်လုံး ပျ့နှံ့၍တည်သော မိုးတိမ်တိုက် အပြင် ကြီးနှင့် တစ်ကိုယ်လုံးရှိ ဓာတ်ဆီစု တူသည်၊ စို့သက်တံ သဏ္ဌာန်ကြီး နှင့် ခန္ဓာကိုယ်၌ ဆိုခဲ့ပြီးသော မဟာဘုတ် ဓာတ်ကြီးလေးပါး တူသည်။

တိမ်တိုက်နှင့် ဓာတ်ဆီစု တူသည်ဟူသောစကားမှာ ထောက်ပံ့မှု တူသည်ကို ဆိုလိုရင်းတည်း။

ကံသည်လည်းကောင်း, ကမ္မဇဓာတ်မီးသည်လည်းကောင်း ကုန်ခဲ့သည်ရှိသော် ဓာတ်ဆီထင်ရှားရှိသော်လည်း ကိုယ်ခန္ဓာ မဟာဘုတ် ခဲကြီးသည် ပျက်ဆုံးတော့သည်။

ကံပင်ထင်ရှားရှိသော်လည်း အစာရေစာပြတ်၍ ဗဟိဒ္ဓဓာတ်ဆီ အလျဉ်းပြတ်ခဲ့သည်ရှိသော် အဇ္ဈတ္တဓာတ်ဆီ တို့လည်း အားကုန်၍ ထို ခဏမှ ကိုယ်ခန္ဓာမဟာဘုတ်ခဲကြီး ပျက်စီးရတော့သည်။

စို့သက်တံကြီးမှာ ဆိုခဲ့သမျှနှင့် အကုန်လုံး စုံအောင်စပ်၍သိလေ။

ဓာတ်ကြီးလေးပါးအခန်း၌ မှန်၌ထင်သော အရိပ်ဥပမာ, ရေ၌ ထင်သော အရိပ်ဥပမာလည်း - လူမျက်နှာ နေဝန်းလဝန်း တိမ်တိုက်တို့နှင့် ကံသည်လည်းကောင်း, ဓာတ်မီးစုသည်လည်းကောင်း တူ၏။

- မှန်အပြင်ရေအပြင်နှင့် ဓာတ်ဆီစု တူ၏။

- မှန်အပြင် ရေအပြင်၌ထင်သော လူရိပ် မျက်နှာရိပ် နေဝန်း သဏ္ဌာန် လဝန်းသဏ္ဌာန် တိမ်တိုက်ကြီး သဏ္ဌာန်စုနှင့် ကိုယ်ခန္ဓာ ဖြစ်၍နေသော ဓာတ်ကြီးလေးပါးတူ၏။

ဤဥပမာ၌လည်း ထောက်ပံ့ ခုခံမှု တူသည်ကိုယူ။

ဤမျှသော ဥပမာတို့ဖြင့် ဓာတ်ကြီးလေးပါး ဓာတ်ကြည်ခြောက်ပါး တို့၏ အစုအခဲဖြစ်သော ဤခန္ဓာကိုယ်သည် ဗဟိဒ္ဓဓာတ်ဆီ ထောက်ပံ့ မှုနှင့် တည်နေရသည်၊ ဗဟိဒ္ဓဓာတ်ဆီ ထောက်ပံ့မှုကင်းလျှင် ခဏချင်း ပျက်ဆုံးရတော့သည်ဟု ပြလိုက်သည်။

ဩဇာဓာတ်ဆီက ခန္ဓာကိုယ်ကို ထောက်ပံ့ပုံ

ယခုအခါ ထောက်ပံ့ပုံကို ဆိုအံ့၊ လောက၌အဆီနှင့် မီးသည် အဖက်ပေတည်း၊ အဆီဟူသမျှတို့သည် မီးနှင့်ပေါင်းဖက်ရမှ ပွားများ နိုင်ကုန်၏၊ မီးတို့သည်လည်း အဆီနှင့်ပေါင်းဖက်ရမှ ပွားများနိုင်ကုန်၏၊ တည်နေနိုင်ကုန်၏၊ မြေဆီဟုဆိုအပ်သော ရေနံချေး, ရေနံဆီ, နှမ်းဆီ, မုန်ညင်းဆီ, အုန်းဆီ, ပဲဆီ, သတ္တဝါမှဖြစ်သော ထောပတ်ဆီ အစရှိသော အဆီမျိုးတို့သည် မီးကိုပွားစီးစေတတ်ကုန်၏၊ မီးသည် ထိုအဆီနှင့် နေရမှ ပွားစီးနိုင်သည်၊ ဤကား ထင်ရှားသော အဆီစုကို ဆိုလိုက်သော စကားတည်း။

ဩဇာဟုဆိုအပ်သော ထိုရုပ်ဆီသည် ခပ်သိမ်းသော ရုပ်ကလာပ် စုမှာပင် ပါရှိသတည်း၊ ခပ်သိမ်းသော ဝတ္ထုမျိုး၌ပင်လျှင် ဓာတ်ဆီရှိ၏။

အဝတ်ပုဆိုး မြက် သစ်ရွက် ထင်း သစ်သားစသော ထိုထို ဝတ္ထုတို့ကို မီးလောင်ရာ၌ ထိုထိုဝတ္ထုတို့၌ရှိသော ဓာတ်ဆီသည်သာ မီး၏အစာ ပေတည်း၊ မီးသည် ဓာတ်ဆီကို အစဉ်လိုက်၍ ပွားများ၍ သွားလေရာ ထိုဓာတ်ဆီနှင့် တကွဖြစ်သော ရုပ်တို့ကို လောင်၍သွားတော့သည်သာ တည်း။ မြင်အောင်ကြည့်။

ညအခါ ဇာတ်သဘင်ခံရာ၌ အလယ်၌ ကြီးစွာသော မီးစာ တိုင်ကြီးကိုလုပ်၍ အိုးခင်း ကြီးစွာနှင့် ထားပြီးလျှင် ဆီ ရေနံလောင်း၍ မီးထွန်းကြ၏၊ ထိုသို့ ထွန်းရာ၌ မီးတောက်၏ အသက်သည် ရေနံဆီမှာ နေ၏၊ ရေနံဆီ အားကြီးလျှင် မီးတောက် အားကြီး၏၊ ရေနံဆီ လျှော့ ပါးလျှင် မီးတောက်လျှော့ပါး၏၊ ရေနံဆီကုန်ခဲ့လျှင် မီးတောက် ကွယ် ပျောက်လေ၏။

ထို့အတူ ဤကိုယ်ခန္ဓာဖြစ်၍နေသော မြေဓာတ်ကြီး ရေ ဓာတ် ကြီး လေဓာတ်ကြီး အကြည်ဓာတ်ခြောက်ပါး အလုံးစုံသည် မီးစာတိုင် ကြီးနှင့်တူ၏၊ ကိုယ်နှင့် အပြည့်ရှိနေသော အဇ္ဈတ္တဓာတ်ဆီစုသည် မီးစာတိုင်ကြီး အတွင်းမှာ ရှိနှင့်ရင်း ဓာတ်ဆီစုနှင့် တူ၏၊ တစ်ကိုယ် လုံးနှင့်အပြည့်ရှိနေသော အဇ္ဈတ္တဓာတ်မီးစုသည် ထိုမီးစာတိုင်ကြီးမှာ အတွင်းအပြင် အနှံ့စွဲကာ တောက်၍နေသော မီးတောက်နှင့်တူ၏၊ သတ္တဝါတို့၌ နေ့စဉ်စားအပ် သောက်အပ် မျိုအပ်သော အစာတွင်ပါသော ဗဟိဒ္ဓဓာတ်ဆီစုသည် ထိုမီးတိုင်ကြီးမှာ မပြတ်မပြတ် ထပ်မနား လောင်း ရသော ရေနံဆီနှင့် တူ၏။

အထက် သက်တံရေး ဥပမာဖြင့် ဓာတ်ဆီထောက်ပံ့မှု ကြီးကျယ် ကြောင်းကိုပြသည်၊ နောက်မီးစာ တိုင်ကြီးဥပမာဖြင့် ဓာတ်ဆီ၏ ရုပ် ကလာပ်တို့ကို ဖြစ်စေမှုနှင့်တကွ ထောက်ပံ့မှုကိုပင်ပြသည်။

ထင်ရှားစေဦးအံ့- ဝမ်း၌မျိုသမျှသော အစာရေစာမည်သည် အဋ္ဌကလာပ် ရုပ်စု ရုပ်ခဲစုသာတည်း၊ ကလာပ်တိုင်း, ကလာပ်တိုင်းမှာ လည်း မဟာဘုတ်ကြီးလေးပါးကိုထောက်ပံ့သော ဩဇာဟူသော ဓာတ်ဆီ သည် ပါမြဲဓမ္မတာပေတည်း၊ ထို့ကြောင့် ထမင်းအစာ တစ်ပြည်သားရှိလျှင် ဩဇာဟူသော ဓာတ်ဆီလည်း တစ်ပြည်သားပင်ရှိသည်ဟု ပရိယာယ် အားဖြင့်ဆိုထိုက်၏၊

အိမ်အိုနှင့် ထောက်တိုင်

တိုင်မြေဝင် ဆွေးမြည့်၍ လဲလုလု ပြိုလုလု ရှိနေသော အိမ်အို ကြီးကို ခိုင်ခံ့သော ထောက်တိုင်သစ်တို့ ထောက်ကူထမ်းဆောင်၍ နေ သကဲ့သို့ မျိုမျိုသမျှသော အာဟာရဓာတ်ဆီတို့သည် အစာသစ်အိမ်၌ တည်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးရှိ အဇ္ဈတ္တရုပ်တို့ကို ထောက်ပံ့ ထမ်းဆောင်ပေကုန်၏။

အိမ်အိုကြီးမှာ ထောက်တိုင်စု ယိမ်းယိုင် လျော့လျဲလျှင် တစ်အိမ် လုံး ယိမ်းယိုင် လျော့လျဲသကဲ့သို့လည်းကောင်း, ထောက်တိုင်စုပြိုလဲလျှင် တစ်အိမ်လုံးပြိုလဲသကဲ့သို့လည်းကောင်း ထိုအစာသစ်တို့သည် ခြောက် နာရီ ခုနစ်နာရီမျှ သစ်သစ်လပ်လပ် တည်နေလျက် ထောက်ပံ့ထမ်း ဆောင်၍ ခြောက်နာရီ ခုနစ်နာရီကျော်သည်မှစ၍ တရွေ့ရွေ့ ပုပ်သိုး ယိမ်းယိုင် လျော့ပါးသောအခါ တစ်ကိုယ်လုံးရှိ အဇ္ဈတ္တရုပ်နု ဓာတ်နု ကလာပ်နုတို့သည် တရွေ့ရွေ့ ယိမ်းယိုင်လျော့လျဲ ပြိုပျက်ပျောက် ဆုံးကြလေကုန်၏၊ အစာသစ်အိမ်၌ အစာသက်ကုန်လျှင် အတွင်း ဓာတ်နုစုအကုန် ပျက်ဆုံးလေ၏၊ မတကလေဝရ ဟုဆိုအပ်သော ဥတုဇ ဓာတ်ကြမ်းစုသာ ကျန်လေ၏၊

အာဟာရဩဇာ လိုအပ်ခြင်း

အစာသစ်အိမ်၌ အစာသစ်အလျဉ်းမပြတ်မီ စောစောက တင် ကူး၍ တစ်နေ့လျှင် တစ်ထပ်တစ်ထပ် ကျသော်လည်းကောင်း, နှစ်ထပ် နှစ်ထပ်ကျသော်လည်းကောင်း အစာသစ်မျိုသွင်းခြင်းကို ပြုကြရကုန်၏။

လူတို့ကား ထမင်းဆာ၍ အားခွန်ဗလ လျော့လျဲသည် ဟူ၍သာ သိကြကုန်၏၊ အစာသစ်အိမ်မှာ အစာလျော့ပါးသည်မှစ၍ အတွင်း ရုပ်ခဲ ဓာတ်ခဲ ကလာပ်ခဲ အသက်ခဲ အားခဲ အင်ခဲတို့ တရွေ့ရွေ့ ပြိုပျက် ကွယ် ဆုံး၍ သွားသည်ကိုမူကား မသိရှာကြလေကုန်။

စို့သက်တံဥပမာ၌ အခံတိမ်တိုက်အခြေအနေပျက်လျှင် စို့သက် တံ သဏ္ဌာန်ကြီး အခြေအနေပျက်သကဲ့သို့ အစာသစ်အိမ်ရှိ အစာဓာတ် ဆီ နွမ်းနယ်လျော့ပါး၍သွားလျှင် တစ်ကိုယ်လုံးရှိ မာမှုဟူသော အခြင်း အရာကြီး တရွေ့ရွေ့လျော့ပါး ပြိုပျက်၍လိုက်မှု, ဖွဲ့စည်းမှုဟူသော ရေဓာတ်ပြိုပျက်၍လိုက်မှု, ပူမှု-အေးမှုဟူသော မီးဓာတ် ပြိုပျက်၍လိုက်မှု, တောင့်တင်းခိုင်မာမှုဟူသော လေဓာတ် ပြိုပျက်၍လိုက်မှု, စက္ခုဟူသော အကြည်ဓာတ်, သောတဟူသောအကြည်ဓာတ်, ဃာနဟူသော အကြည် ဓာတ်, ဇိဝှါဟူသောအကြည်ဓာတ်, ကာယဟူသော အကြည်ဓာတ်, မနောဟူသောအကြည်ဓာတ်တို့ ပြိုပျက်၍လိုက်မှု, ဦးခေါင်းအတွင်း၌ ရှိသော ဓာတ်နုစု, ရင်တွင်း၌ရှိသော ဓာတ်နုစု, ဝမ်းတွင်း၌ရှိသော ဓာတ်နုစု, ခါးတွင်း ပေါင်တွင်း သလုံးသားတွင်း ခြေဖဝါးတွင်း ၌ရှိသော ရုပ်နု ဓာတ်နု ကလာပ်နုစုတို့သည် ရေမြှုပ်ခဲကြီးတွေ ဖြုတ်ဖြုတ် ဖြုတ် ဖြုတ်ကျေပျက်ဘိသကဲ့သို့ ကျေပျက်ကြမှုကို အတပ်မြင်အောင် ကြည့် လေ။

ထောက်တိုင်ကြီးစု ယိုင်လျှင် တစ်အိမ်လုံး စင်လုံးယို်င်သကဲ့သို့ အစာသစ်အိမ်ရှိ အစာဓာတ်ဆီယိုင်လျှင် တစ်ကိုယ်လုံးရှိ အတွင်းဓာတ်နုစု စင်လုံးယိုင်မှုကိုလည်း မြင်အောင်ကြည့်လေ။

ထမင်းဆာ၍ အားအင်လျော့ပါးသည်ဟုဆိုသောအခါ ကိုယ်တွင်း ၌ အားဟုဆိုအပ်သော ကလာပ်ခဲ ဓာတ်ခဲ ရုပ်ခဲတို့သည် ဆီးနှင်းခဲ ကြွေသကဲ့သို့ ကျေပျောက်လျော့ပါးမှုပေတည်း၊ ထမင်းဆာသူမှာ မျက်နှာ မျက်လုံးစသည်တို့ နွမ်းနယ်လျော့ပါး၍နေသည်ကို မျက်မြင်နှင့်ပင် သိသာ၏၊ ထိုသို့ပြင်ပသဏ္ဌာန်မှာ လျော့လျော့ပါးပါး ထင်မြင်ရသော အခါ အတွင်းသန္တာန်တစ်ခွင်လုံးမှာ ရုပ်ခဲ ဓာတ်ခဲ ကလာပ်ခဲတွေ ကျေ ပျောက် ပျက်ဆုံးချက် အားကြီးလှ၍ အကျန်ဓာတ်စု လျော့ပါးမှုကို ထိုး ထွင်း၍ သိရသည်။

မာမှုအဆင့်ဆင့် ပြောင်းလဲ၍သွားသည်ကို ပရမတ္ထအရာ၌ ပထဝီ ဓာတ်အဆင့်ဆင့် ချုပ်ပျောက်ကွယ်ဆုံးမှု ဆိုသည်၊ ဖွဲ့စည်းမှု အဆင့်ဆင့် ရွေ့ပြောင်းသည်ကို အာပေါဓာတ်အဆင့်ဆင့် ချုပ်ပျက်မှု ဆိုသည်၊ ကြွင်း သောဓာတ်တို့ ချုပ်မှုပျက်မှုကိုလည်း ဤနည်းအတူ ချည်းမှတ်။

လျော့ပါးပျက်ပြုန်းပုံ ပြီး၏။

----------

အာဟာရ၏ထောက်ပံ့မှု

ထိုသို့လျော့ပါး၍သွားသောအခါ အလွန်ကြီးမလျော့ပါးမီ ထမင်းအစာကို မျိုကြရသည်၊ မျို၍ အစာအိမ်၌ ထမင်းအစာ တည်သည်နှင့် တစ်ပြိုင်နက် ယိမ်းယိုင်ယိုယွင်း၍နေသော အိမ်အိုကြီးကို ခဏချင်း ပင့်ချီမြှောက်ကြွ၍ ထောက်လိုက်သောအခါကဲ့သို့ တစ်ကိုယ်လုံးရှိဓာတ်ကြီးလေးပါးတို့သည် ခဏချင်းတောင့်တင်းပြည့်ဖြိုး၍ ကုန်ပြန်၏၊ အားခဲ အင်ခဲ အသက်ခဲတို့သည် ခဏချင်းပြည့်မြဲ ပြည့်ပြန်၏၊ ကိုယ် တွေ့မျက်မြင်မှာလည်း ထင်ရှားပါ၏၊ အတွင်းကိုပေါက်အောင် ကြည့်လျှင် မိုးကြီးရွာ၍ ခဏချင်း အင်းကွက် အိုင်ကွက် ချောင်းကွက် မြောင်းကွက် ရေတွေပြည့်သကဲ့သို့ အတွင်းသန္တာန် ကြီးငယ်စု ခဏချင်း ရုပ်ကလာပ် ပြည့်၍ ကုန်သည်ကိုမြင်နိုင်လတ္တံ့။

ဤကား- တစ်ကိုယ်လုံးကို ဓာတ်ဆီထောက်ပံ့ပုံတည်း။

--------------

ဝမ်းမီး ကျိုချက်မှုကို ပြခြင်း

ပါစကတေဇော

အစာသစ်အိမ်ဟုဆိုအပ်သော အူမကြီးသည် အလွန်ကြဲရရဲ ရှိသော ပုဆိုးကြမ်း ဖျင်ကြမ်း ပိတ်ကြမ်းအလားရှိ၏၊ ထိုအစာသစ်အိမ်၏ အောက်က ပါစကဓာတ်မီးအိုး တည်၏၊ လောက၌ ''တကျည်း'' ဟူ၍ ခေါ်ကြသော အကြောဆုံကြီးကို ''ဓာတ်မီးအိုး'' ဆိုသည်၊ ထိုဓာတ်မီးအိုး၌ ပါစကခေါ်သော ကမ္မဇဓာတ်မီးသည် တည်၏။

ဥသ္မာတေဇော

တစ်ကိုယ်လုံးကို စောင့်ရှောက်ပေသော ''ဥသ္မာ'' ခေါ်သော ပကတိ ကိုယ်ငွေ့ကြီးဟုဆိုအပ်သော ကမ္မဇဓာတ်မီးကြီးသည်လည်း ထိုပါစက ဓာတ်မီး၏ အစီးအပွားပင်တည်း။

ဝမ်းမီးကျိုချက်ပုံ

အစာသစ်အိမ်၌ ရောက်သမျှသော အစာသစ်တို့ကို ဓာတ်မီး အိုးမှာ ဓာတ်မီးသည်ထ၍ ကျိုချက်ပေ၏၊ ကျိုချက်ဆိုသည်ကားလောက၌ နွားနို့ ဆိတ်နို့ စသည်တို့ကို ဆီဦးထောပတ်ဖြစ်အောင် ကျိုချက်သကဲ့သို့တည်း၊ ထိုသို့ ကျိုချက်ရာ၌ အဖတ်နု, အဖတ်ကြမ်း, အရည်နု, အရည်ကြမ်းဟူ၍ လေးပုံထွက်၏၊ ဩဇာနည်းလှသော အဖတ် ကြမ်း, အရည်ကြမ်းစုသည် အောက်သို့ကျလေ၏၊ ဩဇာရှိသော အဆီ အစေးစုသည် အထက်သို့တက်၏၊ ထို့အတူ အစာသစ်အိမ်၌ ရောက် သမျှသော အရည်အဖတ်တို့ကို အကြမ်းအနု ခြားနား၍သွားအောင် ကျိုချက်၍ စစ်မှုကို ဝမ်းမီးကျိုချက်မှု ဆိုသည်။

အဖတ်ကြမ်းစုသည် ကျင်ကြီးဖြစ်၍ အစာဟောင်းအိမ်သို့ လျော ကျလေ၏၊ အရည်ကြမ်းစုသည် ကျင်ငယ်ဖြစ်၍ ဆီးအိမ်သို့ လျော ဝင်လေ၏။

အစာ၌ ပါသမျှသော အဆီအနှစ်စုသည် ပါစကဓာတ်မီး, ဥသ္မာ ဓာတ်မီးတို့၏ အဟုန်ဖြင့် ဆူဝေ၍ ရသဟရဏီကြော တစ်ထောင်သို့ အစဉ်လျှောက်သဖြင့် တစ်ကိုယ်လုံး ပျံ့နှံ့လေ၏။

ထိုသို့ ပျံ့နှံ့သောအခါ ရောက်ရာရောက်ရာဌာန၌ တစ်ကိုယ်လုံး ရှိ ဓာတ်မီးနှင့် ပေါင်းမိကြလေ၏၊ ထိုသို့ ပေါင်းမိကြသောအခါ လောက၌ မီးနှင့်ကင်ရာ မီးနှင့်ချက်ရာ အဆီဟူသမျှသည် ပွားစီးသကဲ့သို့ ကိုယ် စောင့်ဓာတ်မီးတို့နှင့် ပေါင်းမိရာ၌ ဓာတ်ဆီသည် ရုပ်ကလာပ်တို့ကို ပွားများစေ၏၊ အဆီပြင် အဆီခဲ အဆီကြည်တို့ကို ပွားများစေ၏။

လောက၌ အဆီနှင့်ပေါင်းမိသောအခါ မီးတို့သည် လျှမ်းလျှမ်း တောက် ပွားစီးကုန်သကဲ့သို့ ထိုဓာတ်ဆီနှင့် ပေါင်းမိသောအခါ တစ်ကိုယ် လုံးရှိ ဓာတ်မီးတို့သည် လျှမ်းလျှမ်းတောက်ပွားများကုန်၏၊

ပါစကဓာတ်မီးနှင့် ကျန်းမာရေး

လောက၌ ထိုထိုဝတ္ထုတို့ကို မီးနှင့်ကျိုချက်၍ အဆီအနှစ် ထုတ် ယူကြရာ၌ မီးအားနည်းပြန်လျှင် အဆီအရနည်း၍ အဖတ်အကြမ်းသာ များတတ်၏၊ ထို့အတူ ဝမ်းမီးဟုဆိုအပ်သော ထိုပါစကဓာတ်မီး အားနည်းခဲ့လျှင် စားသမျှအစာသည် အသုံးမကျသော ကျင်ကြီး, ကျင် ငယ်, လေ, သလိပ်ဖက်သို့သာ လဲလေ၏၊ ရသဓာတ်ဟူ၍ လောကီ ကျမ်းတို့၌ ခေါ်ကြသော အဆီအနှစ်ဖက်သို့ အနည်းငယ်မျှသာ လိုက် တော့သည်။

ပါစကဓာတ်မီးကြောင့် သက်တမ်းတို, ရှည်ဖြစ်နေခြင်း

ပါစကဓာတ်မီး အလွန်အားကြီးပြန်လျှင် လောင်ကျွမ်း၍ သွား သည်သာ များ၏၊ အနှစ်အဆီ အရနည်း၏၊ ဓာတ်မီးအိုးကြီးကို လေ, သလိပ် ဖုံးလွှမ်း မြှေးယှက် ပိတ်ပင်၍နေပြန်လျှင် ဓာတ်မီး၏ အလွန် နုန့်ခြင်း, မညီညွတ်ခြင်း စသည်ဖြစ်၍ အစာမနူးမနပ် မကျေ၍ ရောဂါ ဥပဒ် ဖြစ်တတ်သည်။

ပကတိ အစာအာဟာရစုသည် အနှစ်ဩဇာမရှိလှ၍ ပါစကဓာတ် မီး, ဥသ္မာဓာတ်မီးနှစ်ပါး သောင်းကျန်းသည့် အတွက် လူတို့မှာ ရောဂါ ဥပဒ်များကြကြောင်း, သေလွယ်ပျောက်လွယ်ကြကြောင်း, သံ ပြဒါး စ သော အနှစ်ဓာတ်ဆီမျိုးတို့ကို အစိမ်းဇာတိပြောင်းအောင် စီရင်၍ အဇ္ဈတ္တဓာတ်နုတို့နှင့် မိဿကဖြစ်နိုင်သော ရသာယနဓာတ်ဆေး ဓာတ် ဆီများကို မျိုသောသူမှာ ဓာတ်မီးနှစ်ပါး ငြိမ်သက်ယဉ်ကျေးလှသည်ဖြစ်၍ ရောဂါဥပဒ်ကင်းရှင်းကြောင်း, အသက်တစ်ရာတမ်းမှာပင် နှစ်ရာ, သုံးရာ, လေးရာ, ငါးရာ, တစ်ထောင်မက အသက်ရှည်နိုင်ကြောင်းများကို ပဓာနိယင်္ဂအင်္ဂါတွင် ဆိုခဲ့ပြီ။

ဤတွင်ရွေ့ကား- ဤကိုယ်ကြီးကို ဆယ်မျိုးသောဓာတ်ဆီတို့သည် အမြဲမပြတ် ထောက်ပံ့အပ်၏ဟူသော စတုတ္ထမာတိကာပုဒ်၏ အဓိပ္ပါယ် ပြီး၏။

----*---

၅-ပဉ္စမ မာတိကာ

အသစ်အသစ် မစဲဖြစ်ခြင်း-ဇာတိဓမ္မ

''အယံ ကာယော=ဤခန္ဓာကိုယ်သည်၊ ဇာတိဓမ္မော=အသစ် အသစ် မစဲဖြစ်ခြင်းသဘောရှိ၏၊''

ဟူသော ပဉ္စမ မာတိကာပုဒ်၌

အဟောင်းကွယ်ပျောက် အသစ်ပေါ်ခြင်း

ဓာတ်ကြီးလေးပါးတို့ကို မှန်၌ထင်သော အရိပ်ဥပမာ, စို့သက်တံ ဥပမာ, ဓာတ်မီးဓာတ်ဆီတို့ ပြုပြင်ရာ ဖြစ်ကာပျက်ကာနေရသော အချက်စုကို စေ့စုံစွာမြင်နိုင်ပါလျှင် ဤခန္ဓာကိုယ်ကြီးမှာ မျက်တောင် တစ်ခတ် လျှပ်တစ်ပြက်မျှ အသစ်အသစ်ဖြစ်ပေါ်ခြင်းမှကင်းသော အကွက်မရှိ ဖြစ်ပေါ်ရာတိုင်း၌ အဟောင်းအဟောင်း ကွယ်ပျောက်ပျက် ဆုံးခြင်းမှ ကင်းသော အကွက်လည်းမရှိ၊ ကျိုက်ကျိုက်ဆူသော ရေနွေး အိုးကြီးအတွင်း၌ ဆူဆူတက်ဖြစ်ပေါ်မှု, ပျက်ကွယ်မှု ထွေးယှက်၍ နေကြကုန်သော ရေပွက်ခဲတွေကဲ့သို့ တစ်ကိုယ်လုံး ဓာတ်မီးဓာတ်ဆီတို့ အတွက် ဖြစ်မှုပျက်မှုတွေ ပွက်ပွက်ဆူ နေကြပုံကို မြင်လိမ့်မည်။

ကံ,စိတ်,ဥတု, အာဟာရတည်းဟူသော အကြောင်းတရားလေးပါး တို့ကြောင့် တစ်ကိုယ်လုံး၌ မာမှုဟူသော ပထဝီသည် ဖြစ်ပေါ်၏၊ ထို ပထဝီသည် အဆံအမာ အကျိတ်အခဲဟူ၍ အဏုမြူမျှ ရှိသည်မဟုတ်၊ အခြင်းအရာ ကြိယာသက်သက်မျှသာ ဖြစ်၏။

ထို့ကြောင့် ထိုမာမှုစုသည် ဓာတ်မီး၏အဟုန်ကြောင့် ခဏချင်း ပျက်ဆုံးရ၏၊ မျက်တောင်တစ်ခတ်မျှ အသက်ရှည်၍ တည်နေနိုင်သည် မဟုတ်၊ ပထဝီပျက်ဆုံးလျှင်လည်း ထိုပထဝီမှာ တွယ်တာရသော ဖွဲ့စေးမှု, ပူမှု,အေးမှု, တောင့်တင်း ကြွရွမှုစုသည်လည်း အတူပါရလေ၏၊ ထို ပထဝီမှာ မှီရသော အကြည်ခြောက်ပါးတို့သည်လည်း ပါရလေကုန်၏၊ တစ်ကိုယ်လုံးနှံ့အောင်ကြည့်လေ။

ဖြစ်မှု-ပျက်မှု ဉာဏ်ဖြင့်ရှု

ပျက်ဆုံးသမျှ နေရာမှာလည်း အစားစိုက်ထူသောအားဖြင့် အပြည့် အပြည့် ဖြစ်ပေါ်ရ၏၊ ဤသို့လျှင် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက် အတွင်းမှာပင် ပျက်မှု, ဖြစ်မှု အဆက်အလက် တစ်ရာ တစ်ထောင်မက ပြောင်းလဲသည်၊ ထိုဖြစ်မှု ပျက်မှုများကို မျက်စိဖြင့် ကြည့်၍ မြင်နိုင် ကောင်းသည် မဟုတ်၊ အထက်က ပြဆိုခဲ့ပြီးသော သဘာဝ အရင်းစုနှင့် ကြည့်ရှုမှ ဉာဏ်နှင့်သာ မြင်ကောင်းသော အမှုစု ပေတည်း၊ လှုပ်လှုပ်ရွရွ ထင်သမျှသည် အဟောင်းပျက်မှု, အသစ်ပေါ်မှုချည်းသာ ဖြစ်၏၊ မျက်စိအမြင်မှာမူကား တစ်ခုတည်းသော အဆင်းသည်ပင် လှုပ်သည် ရွသည်ဟု ထင်မြင်၍နေ၏၊ မျက်မြင်ကို အဟုတ်ထင်လျှင် ပရမတ် သဘောကို ဉာဏ် မစူးနိုင်ပြီ၊ သတိ ကြပ်ကြပ်ပြုလေ။

လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်သမျှသော မာမှု ဖွဲ့စေးမှု စသော ပရမတ်ဓာတ်မြေ, ဓာတ်ရေ စသည်တို့သည် အတူ တကွဖြစ်ပေါ်သော ဓာတ်မီး၏ အဟုန်ကြောင့် ခဏချင်း ခဏချင်း ပျက်ဆုံး ကွယ်ပျောက်ရကုန်သည်ဟူသော စကား၌ လောက၌ မီးတို့မည်သည် အကြင်ဝတ္ထုကို မှီတွယ်၍ ဖြစ်ပွား၏။

ထိုဝတ္ထုကို လောင်မြဲဓမ္မတာ ဖြစ်သည်နှင့်အညီ ထိုပရမတ်ဓာတ်မီး သည်လည်း မိမိနှင့်အတူ ဖြစ်ပေါ်သော မာမှု, ဖွဲ့စေးမှု, တင်းရင်းမှု ဟူသော ဓာတ်ကြီးသုံးပါးနှင့်တကွ အကြည်ဓာတ်တို့ကိုလည်း ခဏချင်း ခဏချင်း ကွယ်ဆုံးအောင် လောင်သည်သာ ဖြစ်၏၊ အမှိုက်မှ ဖြစ်သောမီးသည် ထိုအမှိုက်ကို ခဏချင်းကုန်အောင် စား၏၊ ဆီမှထသော မီးသည် ထိုဆီကိုစား၏၊ ရေနံမှထသော မီးသည် ထိုရေနံကို စား၏၊ ထိုထိုအဆီမှထသော မီးသည် ထိုထိုအဆီကို ခဏချင်း ကုန်အောင် စား၏။

ထို့အတူ သတ္တဝါတို့၏ကိုယ်၌ ကိုယ်နှင့်အပြည့် တရှိန်ရှိန် မပြတ် မစဲ ထ၍နေသော ဓာတ်မီးသည်လည်း အတူတကွ ဖြစ်ပေါ်သော ဓာတ်တို့ကို ခဏချင်းခဏချင်း ကုန်အောင်စားသည်သာလျှင် ဖြစ်၏၊ အထူးအားဖြင့် ဓာတ်ဆီဟူသမျှကို ခဏချင်းကုန်အောင်စား၏၊

ဖြစ်မှုကို မြင်မှ ပျက်မှုကို မြင်နိုင်ခြင်း

ထို့ကြောင့် ဖြစ်ပေါ်သမျှသော ခပ်သိမ်းသော ပရမတ် မြေ, ရေ-စသော ဓာတ်တို့သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အသက် ရှည်၍ တည်နေနိုင်သည် မရှိကြကုန်၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် အကြိမ်တစ်ရာ တစ်ထောင်မက တစ်ကိုယ်လုံး အကျွတ် ကွယ်ဆုံး၏၊ ထိုသို့ကွယ်ဆုံးသော်လည်း အသစ်အသစ် အစားစေ့အောင် ထူထောင် ဖန်ဆင်းကြသော အကြောင်းတရားစု အလွန်များပြားလှ၍ ငယ်ရွယ်စဉ် အခါ၌ ခဏတိုင်း ခဏတိုင်း တိုးတက် ကြီးပွား၍ပင် လာနိုင်ပြန်သတည်း။

မိမိကိုယ် တစ်ကိုယ်လုံး ခဏမစဲကျေပျက် ကွယ်ဆုံးမှုကိုလည်း မြင်အောင်ကြည့်၊ ကွယ်ဆုံးကျေပျက်မှုကို စိတ်စိတ်မြင်လျှင် တစ်ကိုယ် လုံးနှင့် အပြည့်အပြည့် အသစ်အသစ် ဆက်လက်ဖြစ်ပေါ်မှုဟူသော ဇာတိအချက်တို့ကိုလည်း စိတ်စိတ်ကြီး မြင်လိမ့်မည်။

ရေနံဆီ တစ်ပိဿာ၌ တောက်သောမီးသည် ထိုရေနံဆီကို အတွင် ကုန်အောင်စား၏၊ ရေနံဆီကို မလျော့ရအောင် လောင်းသောသူက လောင်းနိုင်သမျှကာလပတ်လုံး ရေနံဆီလည်း လျော့သည်မထင်ရ, မီးလည်းလျော့သည်မထင်ရ၊ မထင်ရသော်လည်း နှစ်ပါးလုံးပင် ခဏစဉ် အတိုင်းကုန်ကြ ဆုံးကြသည်သာ ဖြစ်၏။

အကယ်၍ မကုန်မဆုံးကြသည် ဖြစ်ခဲ့အံ့၊ ရေနံဆီအသစ် လောင်းဖွယ်ကိစ္စ မရှိရာပြီ၊ တစ်ညလုံးမှာ အခါခါလောင်းရသည့်အတွက် အချိန်အခွက် ငါးဆယ်ကုန်လျှင် မီးစား၍ အခွက်ငါးဆယ်ကုန်ကြောင်း ထင်ရှား၏၊ စေ့စေ့ကြည့်၍ နေလျှင်လည်း သူ့ဆီနှင့် သူ့မီး ခဏချင်း ခဏချင်း ကုန်ဆုံး၍သွားသည်ကို မြင်ရပါ၏၊ ဆီရော မီးတောက်ရော လျော့ပါး၍ လျော့ပါး၍ သွားသည်ကိုလည်း မြင်သာပါ၏၊ တစ်ညထွန်း လျှင် ရေနံဆီအချိန်များစွာ ကုန်သည်ဟုလည်း သိကြပါ၏၊

ပကတိဇာတိ မြင်အောင်ကြည့်

ဤအတူ တစ်ကြိမ် စားသော အစာအာဟာရအတွက် နာရီပေါင်း မည်ရွေ့မည်မျှသာ ဤကိုယ်ခန္ဓာ ပြည့်ပြည့်ဖြိုးဖြိုး နေနိုင်သည်၊ အစာ အာဟာရလျော့ပါး၍သွားလျှင် ဤခန္ဓာလျော့ပါး၍သွားသည်၊ အစာ အာဟာရပြတ်၍သွားလျှင် ဤခန္ဓာမတည်နိုင်ပြီ၊ ဤကိုယ်ခန္ဓာတို့၏ ပျက်ဆုံးမှုမြန်လှ, အားကြီးလှသည် အတွက်ကြောင့် ကိုယ်ခန္ဓာ အသစ် အသစ် အလျဉ်ဆက်လက်မှု မြန်လှ, အားကြီးလှ၏၊ ကိုယ်ခန္ဓာ အသစ် အသစ် အလျဉ်ဆက်လက် ထူထောင်မှုမြန်လှ, အားကြီးလှသည့် အတွက် ကြောင့် လောက၌ အသက်မွေးမှုဟူသော အလုပ်ကြီးသည် အကြီးကျယ် ဆုံး, အကျပ်တည်းဆုံး, မလွဲသာဆုံး, မနေသာဆုံး ဖြစ်လေသတည်း။

ဇမ္ဗူဒီပါမြေပြင်၌ တစ်နှစ်တစ်နှစ်တွင် ဖြစ်ပွားသော စပါးမျိုး ပြောင်း, ပဲ, လူး, ဆတ်အစရှိသော အစာအာဟာရမျိုးသည် မည်ရွေ့မည်မျှ များပြားလိမ့်မည်၊ တစ်နှစ်အဖို့, တစ်လအဖို့, တစ်ရက်အဖို့ စားသောက် ၍မည်ရွေ့မည်မျှ ကုန်လိမ့်မည်ဟု မြော်လိုက်လျှင် ခန္ဓာသစ် ဆက်လက် တည်ထောင်မှု, အသက်သစ် ဆက်လက် တည်ထောင်မှု ကြီးကျယ်ပုံ ကိုမြင်လိမ့်မည်၊ နေ့စဉ်အတိုင်း အသက်သစ် ခန္ဓာသစ် အလျဉ်ဆက် လက်မှု အသက်မွေးမှု ကြီးကျယ်ကျပ်တည်း၍ နေကြပုံကို မြင်နိုင်လျှင် ဤခန္ဓာဤအသက်စု ပျက်မှုဆုံးမှု ပျောက်ကွယ်မှု မြန်ကြောင်း, အားကြီး ကြောင်းကိုလည်း မြင်လိမ့်မည်။

ရေသတ္တဝါ ကုန်းသတ္တဝါတို့ အသက်မွေးမှု အစာရေစာမှု ဥစ္စာ စီးပွားမှုနှင့် နေ့နေ့ ညည ပုပုရွရွ လုလုယက်ယက် လုပ်ကြကိုင်ကြ ထမ်းကြ ပိုးကြ သွားကြ လာကြ ပြောကြ ဆိုကြ ကြံကြ စည်ကြ ကြောင့်ကြ စိုက်ကြ အားထုတ်ကြ စိုးရိမ်ကြ ပူပန်ကြ စောင့်ရှောက်ကြ ထိန်းကျောင်း ကြ ငြင်းခုံကြ ခိုက်ရန်ဖြစ်ကြသမျှ အလုံးစုံတို့ကို အရင်းသို့ဆိုက်အောင် ကြည့်တတ်ပါလျှင် ဤကိုယ်ခန္ဓာ အဟောင်းအသစ် အလျဉ်ဆက်လက်မှု အသက်ဟောင်း အသက်သစ် အလျဉ်ဆက်လက်မှု ကျပ်တည်းလှသည့် အတွက်ကြောင့်ဟု မြင်လိမ့်မည်၊ အသစ်အသစ် ဆက်လက်မှု ထူ ထောင်မှု ကျပ်တည်းပုံကို မြင်လျှင်လည်း အဟောင်း အဟောင်း ပျက်ဆုံး ပြောင်းလဲမှု မြန်ကြောင်း အနှစ်မရှိကြောင်း မြင်လိမ့်မည်၊ ဤကိုယ်ခန္ဓာ ဓာတ်ကြီးဓာတ်ငယ်တို့ ပျက်မှုဖြစ်မှု မြန်လှသည့်အတွက်ကြောင့် လောက၌ ကြောင့်ကြစိုက်ဖွယ် အနန္တ ဖြစ်ပွား၍နေသည်ဟု ဆိုလိုပါသတည်း။

ဤကား ပကတိ ဇာတိကို မြင်ဖို့အချက်စုတည်း။

ဤခန္ဓာကို တွယ်တာခင်မင်သည့်အတွက် အသက်တစ်ရာ အသက်တစ်ထောင်ရှည်ရှည်နေလို၍ အသစ် အသစ်သော ဇာတိတို့ကို ခဏမစဲ အစဉ်စပ်မိအောင် အလျဉ်ဆက်မိအောင် ထူထောင်မှုဟု ဆိုအပ်သော အသက်မွေးမှုအတွက်နှင့် ကိုယ်ခန္ဓာ၌ ပကတိဇာတိမှု ခဏမစဲ အသစ်အသစ်ဖြစ်၍ နေချက်ကို မြင်နိုင်ပါလျှင် ဝိကတိ ဇာတိကို လည်း မြင်နိုင်လတ္တံ့။

ဝိကတိဇာတိ

ဝိကတိဇာတိဆိုသည်ကား- အနာအမျိုးမျိုးဖြစ်ပေါ်မှု, ရောဂါ အမျိုးမျိုးဖြစ်ပေါ်မှု, ဘေးအမျိုးမျိုးဖြစ်ပေါ်မှု, ရန်အမျိုးမျိုးဖြစ်ပေါ်မှု, ဒဏ်အမျိုးမျိုးဖြစ်ပေါ်မှု, ဥပဒ်အမျိုးမျိုးဖြစ်ပေါ်မှုတို့ပေတည်း၊ ခဏချင်း စပ်မိအောင် ဆက်မိအောင် အစဉ်မပြတ်အောင် အလျဉ် မပြတ်အောင် အသစ်အသစ်ဖြစ်ပေါ်၍နေသော ဇာတိမှု အမြဲရှိသည့်အတွက် ကိုယ် ခန္ဓာစုမှာ ဣဋ္ဌအနိဋ္ဌ ပြောင်းလဲလိုလျှင် ခဏချင်း ပြောင်းလဲနိုင်သည်၊ ပျက်ကွယ်မှုမြန်သည့် အတွက်ကြောင့် ဣဋ္ဌ အနိဋ္ဌ သုခ ဒုက္ခ ပြောင်းလဲ လိုလျှင် ခဏချင်း ပြောင်းလဲနိုင်သည်၊ ဘယ်ခဏ၌ အနိဋ္ဌဇာတိမျိုး, ဒုက္ခဇာတိမျိုး မပေါ်နိုင်သော ခဏဟူ၍မရှိ။

ဇာတိ

ဇာတိဟူသည်ကား- ဖြစ်ပေါ်မှုတည်း၊ လောက၌ မျက်စိနာဖြစ် သည်၊ နားနာဖြစ်သည် အစရှိသည်ဖြင့် ခေါ်ဝေါ်ကြသော''ဖြစ်'' ဟူသော အချက်စုသည် ဇာတိချည်းတည်း၊ ဤခန္ဓာကိုယ်စု၌ အနိဋ္ဌ ဇာတိမျိုး ဒုက္ခဇာတိမျိုးတို့ကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရားစုသည် အတွင်းသန္တာန်ကလည်း အသင်္ချေအနန္တများပြား၏၊ အပသန္တာန် ကလည်း အသင်္ချေအနန္တများပြား၏။

ဤကိုယ်ခန္ဓာ၌ တစ်ကိုယ်လုံး၏ အမာခံအထည်ခံဖြစ်သော မာမှုဟူသော ပထဝီဓာတ်ကို ''ကဋ္ဌမုခမြွေ''ဟူ၍ ဟောတော်မှု၏၊ ခြေ ဖျား၌ အဆိပ်ထန်သော မြွေကိုက်ရာ ဦးခေါင်းတိုင်အောင် ခဏချင်း အဆိပ်နှံ့၍ လူမှန်းမသိ ဖြစ်ရာ၌ တစ်ကိုယ်လုံး ခဏချင်း ရုပ်ပြောင်း၍ ကုန်၏။

ပကတိ နဂိုရုပ်စု အကုန်ကွယ်ပျောက်၏၊ လောင်မီးအစုနှင့် တူသော ရုပ်စုသည် ခဏချင်းတည်ထောင်၏၊ တစ်ကိုယ်လုံးမှာ နဂို ပကတိရုပ်ဟူ၍ အဏုမြူမျှ အကြွင်းအကျန် မရှိပြီ၊ တစ်ကိုယ်လုံးသည် လောင်မီးအလားရှိသော ရုပ်သစ်အတိ ပြည့်၏။

ဥပမာကား- ချိန်ဝန်ပိဿာ ငါးဆယ်ခန့်ရှိသော အလွန်ထက်လှစွာ သော ယမ်းဖြင့်ပြည့်သော မီးဒုန်းကြီးကို စနက်ပေါက်မှ နှမ်းစေ့ခန့်ရှိသော အနည်းငယ်သော မီးပေါက်မီးပွား ထိပါးခဲ့သည်ရှိသော် ချိန်ဝန်ပိဿာ ငါးဆယ်ခန့်ရှိသော ယမ်းခဲကြီးသည် အကုန်လုံး ခဏချင်း မီးအတိ ဖြစ်လေသကဲ့သို့တည်း။

ဤမြွေကိုက်သောသူ၌ တစ်ကိုယ်လုံး ရုပ်သစ်ပြောင်းပုံ, ရုပ် ဟောင်းကွယ်ပျောက်ပုံကား ခြေဖဝါး အထည်ဒြဗ်ဖြစ်၍နေသော နဂို ရုပ်စုကား သာယာချမ်းမြေ့သော ဣဋ္ဌရုပ်စုဖြစ်ကြောင်းကို အများသူ ပင်သိ၏၊ မြွေကိုက်၍ မြွေဆိပ်ပျံ့နှံ့သည်အတွက် နဂိုက မရှိသောပူမှု, နာမှု, အောင့်မှု, အင့်မှု, ထိုးကျင့်မှု, ထုံမှု, ကျင်မှု, ကိုက်မှု, ခဲမှု, တောင့်မှု, တင်းမှုစသော မချမ်းသာမှု, မသက်သာမှုစုသည် ယခုမြွေကိုက်သည်နှင့် တစ်ပြိုင်နက် ယခုမှဖြစ်လာသည်ဟု ထင်ရှားပါ၏၊ မေးမြန်းလျှင်လည်း ယခုမှဖြစ်လာသော အမှုစုပါဟု ပြောကြလတ္တံ့၊ ထိုသို့ပြောကြသော်လည်း ဇာတိသစ်ရုပ်သစ် ဓာတ်သစ် ကလာပ်သစ်ဟူ၍ကား ခြားနား၍ မသိကြရှာလေ၊ ကိုယ်၏အတွင်း၌ ယခုဘာဖြစ်သည်, ဘယ်လိုဖြစ်သည်, ပေါက်လာသည်, ပေါ်လာသည်, ဘယ်ရောဂါဖြစ်သည်, ဘယ်အနာ ဖြစ်သည်စသည်ဖြင့် ဖြစ်လုံး ပေါ်လုံးနှင့် ပြောကြသမျှသော အမှုစုသည် ဇာတိသစ်ရုပ်သစ် ဓာတ်သစ် ကလာပ်သစ် ပရမတ်သစ်ချည်းသာတည်း။

မိမိကိုယ်ခန္ဓာတွင် တစ်ခုတစ်ခုသော နေရာ၌လည်းကောင်း တစ်ကိုယ်လုံး၌လည်းကောင်း ယခုပူ၍လာသည်ဟု သိလျှင် ယခုမှပေါ် သော ဇာတိအသစ်ပေတည်း၊ အသစ်ပေါ်လျှင် ထိုပေါ်ရာမှာ အဟောင်း ပျောက်မြဲ၊ တစ်ကိုယ်လုံးမှာ ယခုပူ၍လာသည်ဟု သိသာခြားနားရှိလျှင် တစ်ကိုယ်လုံးရှိ ရုပ်ဟောင်းဓာတ်ဟောင်း ကလာပ်ဟောင်းစု ကွယ် ပျောက်၍ကုန်ပြီဟု သိရသည်၊ ပြောင်းလဲပုံ မြန်လှ၍ ပြောင်းလဲမှန်း မသိနိုင်ကြသည်။

ယခုအေး၍လာသည်, နာ၍လာသည်, ကျင်၍ ထုံ၍ ကိုက်၍ ခဲ၍ ညောင်း၍ ညာ၍ တောင့်၍ တင်း၍ အောင့်၍ အင်း၍ ယားယံ၍ လာသည်, ကျိန်း၍ စပ်၍လာသည် စသည်ဖြင့် ကိုယ်သန္တာန်အတွင်း အပ၌ မခံသာသော အမှုခပ်သိမ်း ဖြစ်မှု ပေါ်ပေါက်မှုဟူသမျှသည် ဖြစ်မှန်းသိသာရာ, ပေါ်ပေါက်မှန်းသိသာရာ ကိုယ်အင်္ဂါတစ်ခုလုံး၌ ရုပ်ဟောင်းကွယ်ဆုံး၍ ဇာတိသစ် ရုပ်သစ် ပေါ်မှုချည်း မှတ်လေ။

တုန်ဖျား ဖျားသောသူ၌ အချမ်းတက်မှု အချမ်းကျမှု အပူတက်မှု အပူကျမှုများ၌ တစ်ကိုယ်လုံးအကျွတ် အဟောင်းအသစ် လဲပြောင်းမှု ထင်ရှားလှ၏၊ အစားမှား၍ ခဏချင်း အထူးဖြစ်လာမှု, ရေချိုး မိုးစွတ်မှား ၍ဖြစ်လာမှုစသည်ဖြင့် ဤကိုယ်ခန္ဓာအတွင်း၌ ထွေထွေလာလာ မခံသာ ဖြစ်ပေါ်မှုတို့သည် အသင်္ချေအနန္တများပြားလှ၏။

ဤကား ဝိကတိဇာတိ ဖြစ်ပေါ်မှုကိုဆိုသော စကားရပ်တည်း။

ဝိကတိဇာတိဒုက္ခ

ဤဝိကတိဇာတိဖြစ်ပေါ်မှု ထင်ရှားရှိနေသည့်အတွက်ကြောင့် စိတ်အလိုရှိတိုင်း မနေသာ မသွားသာ, မလာသာ, မပြုသာ, မကျင့်သာ, ဘေးဖြစ်ရန်အခွင့်, ရန်ဖြစ်ရန်အခွင့်, ဒဏ်ဖြစ်ရန်အခွင့်, ကိုယ်တွင်း အန္တရာယ်ဖြစ်ရန်အခွင့်, ကိုယ်ပအန္တရာယ်ဖြစ်ရန်အခွင့် အလုံးစုံမျိုးတို့ကို ကြောက်ရ ရွံ့ရ ထိတ်ရ လန့်ရ စိုးရိမ်ရ ကြောင့်ကြရ ပူရ ပန်ရ ရှောင်ရ ရှားရ ရပ်ရွာဖွဲ့စည်း၍နေရ, အိမ်ယာဝင်းခြံ အဆီးအကာနှင့်နေရခြင်း စသည်ဖြင့် ကျပ်တည်းကြရလေသည်၊ ထိုသို့ကျပ်တည်းသော အမှု ခပ်သိမ်းကိုမြင်လျှင် ကိုယ်ခန္ဓာ၏ ဝိကတိဇာတိဒုက္ခကို မြင်လတ္တံ့။

ဤကားမြွေကိုက်သောသူဥပမာ ယမ်းမီးဒုန်းကြီးဥပမာတို့ဖြင့် တစ်ကိုယ်လုံး၏ အမာခံဖြစ်သော ခက်မာမှုဟူသော ကဋ္ဌမုခမြွေဟူ၍ ဟောတော်မူသော မြေဓာတ်၏ ခဏချင်း ဖောက်ပြန်မှု ပြောင်းလဲမှု ထကြွမှု ခက်ထန်မှု ပြိုပျက်မှု အလွန်မြန်လှကြောင်းကို ဆိုသော စကား စုတည်။

အလွန်မာ၍နေသော လူပမာဏရှိသော ချိပ်ခဲကြီး ဖယောင်း ခဲကြီး အဆီခဲကြီးများကို ခဏချင်း အတွင်းအပြင် နှံ့ပြားအောင် မီးရှိန်သင့်လေသောအခါ ခဏချင်း မာမှုအဆင့်ဆင့် ပြိုပျက်၍ ပျော့မှု အဆင့်ဆင့် တိုးတက်၍လာပုံ မီးနှင့်ဝေး၍ အေးပြန်သောအခါ ပျော့မှု အဆင့်ဆင့် ကွယ်ပျောက်၍ မာမှုအဆင့်ဆင့် တိုးတက်၍ သွားပုံများနှင့် အလားတူမြင်အောင် ကြည့်လေ။

မာမှုအဆင့်ဆင့် ပြိုပျက်ကွယ်ပျောက်၍ သွားသည်ကို အဘိဓမ္မာ၌ မြေဓာတ်အဆင့်ဆင့် ချုပ်မှု ဆုံးမှု ကွယ်ပျောက်မှု သေမှုဆိုသည်၊ ၎င်း ကိုပင် သုတ္တန်ဒေသနာ အဘိဓမ္မာဒေသနာတို့၌ နိရောဓ, ဘင်္ဂ, ခယ, ဝယ, အတ္ထ, မရဏ, အနိစ္စဟူ၍ဟောတော်မှုသည်၊ နိရောဓ=ချုပ်၊ ဘင်္ဂ=ကွဲ၊ ခယ=ကုန်၊ ဝယ=ပျက်၊ အတ္ထ=ကွယ်၊ မရဏ=သေ အနိစ္စ=မမြဲ။

အနိစ္စ ဝိဇ္ဇာဉာဏ်

ဝိပဿနာ ယောဂီပုဂ္ဂိုလ်တို့သည် ထိုအမှုကို ဒိဋ္ဌပစ္စက္ခမြင်အောင် ရှုကြရကုန်သည် ထိုအမှုကို မြင်သောဉာဏ်ကို အနိစ္စဝိဇ္ဇာဉာဏ်ဆိုသည်။ ကဋ္ဌမုခမြွေဟူ၍ ဆိုအပ်သော မြေဓာတ်၏ ဇာတိကို မြင်နိုင်လျှင် ''ပူတိမုခမြွေ'' ဟူ၍ ဆိုအပ်သောရေဓာတ် ''အဂ္ဂိမုခမြွေ'' ဟူ၍ ဆိုအပ်သောမီးဓာတ် ''သတ္ထမုခမြွေ'' ဟူ၍ဆိုအပ်သောလေဓာတ်၊ ဤဓာတ်ကြီး သုံးပါးတို့၏ ဖောက်ပြန် ပြိုပျက်မှု အသစ်အသစ် ဖြစ်ပေါ် ပြောင်းလဲမှုကိုလည်း မြင်နိုင်လတ္တံ့။

ဝိပဿနာဉာဏ် အစစ်အမှန် ဟုတ်မဟုတ်

ရေဓာတ်၌ ဖွဲ့စေးမှုအဆင့်ဆင့် အားကြီး၍သွားမှု အဆင့်ဆင့် လျော့လျဲပြေပျက်၍သွားမှုသည် အဆင့်ဆင့်ချုပ်မှု နိရောဓ ဘင်္ဂ ခယ ဝယ မရဏ အတ္ထ အနိစ္စပေတည်း။

မီးဓာတ်၌ ပူမှုအဆင့်ဆင့် တိုးတက်ချက် ဆုတ်ယုတ်ချက်- အေးမှု အဆင့်ဆင့် တိုးတက်ချက် ဆုတ်ယုတ်ချက်သည် အဆင့်ဆင့် ချုပ်မှု နိရောဓ ဘင်္ဂ ခယ ဝယ အတ္ထ မရဏ အနိစ္စပေတည်း။

လေဓာတ်၌ တောင့်တင်းသန်မာ အဆင့်ဆင့်တိုးတက်ချက် ဆုတ်ယုတ်ချက် လျော့လျဲမှုအဆင့်ဆင့် တိုးတက်ချက် ဆုတ်ယုတ် ချက်စု သည် အဆင့်ဆင့်ချုပ်မှု နိရောဓ ဘင်္ဂ ခယ ဝယ အတ္ထ မရဏ အနိစ္စ ပေတည်း။

ဤသို့သော အနိစ္စကို မြင်မှ ဝိပဿနာဉာဏ် အမှန်ဖြစ်သည်။

လောက၌ သေချိန်ကျ သေရချေ့ အိုချိန်ကျ အိုရချေ့ ပျက်ချိန်ကျ ပျက်ရချေ့ဟု ရှုမြင်ကြသောအရာသည် ဝိပဿနာဉာဏ်ပင် မဟုတ်၊ ကုလား တရုတ် ချင်း ကရင်တို့လည်း မြင်ကြသောအမှုပင် ဖြစ်သတည်း။

ဓာတ်ကြီးလေးပါးတို့ ချုပ်မှု ပျက်မှု အနိစ္စလက္ခဏာကို မြင်လျှင် အကြည်ခြောက်ပါး ဓာတ်မီးဓာတ်ဆီတို့ကို အထူးအားထုတ်ဖွယ် မရှိ၊ အလိုလို မြင်နိုင် ထင်နိုင်လတ္တံ့။

ဤတွင်ရွေ့ကား-ဤကိုယ်ခန္ဓာကြီးသည် အသစ်အသစ် မစဲဖြစ်ခြင်း သဘောရှိ၏ဟူသော ပဉ္စမမာတိကာ ပုဒ်၏အဓိပ္ပါယ် ပြီး၏၊

-----------

၆-ဆဋ္ဌ မာတိကာ

အိုမင်း ရင့်ဆွေးခြင်း-ဇရာဓမ္မ

''အယံကာယော=ဤကိုယ်ကြီးသည်၊ ဇရာဓမ္မော=အိုမင်း ရင့်ဆွေးခြင်း သဘောရှိ၏''

ဟူသော ဆဋ္ဌမာတိကာပုဒ်၌ ဇာတိအခန်း၌ ဆိုခဲ့ပြီးသော နည်းဖြင့် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင် သောတရားဟူ၍ အဏုမြူမျှ မရှိကြောင်းကို မြင်နိုင်ပေလျှင် ဤဇရာမှု ကိုလည်း မြင်နိုင်လတ္တံ့။

မျက်မြင်ဖြစ်သော ဇရာတရား

လောက၌ ပျက်ဆုံးကွယ်ပျောက်မှုဟူသမျှသည် ဆုတ်ယုတ် လျော့ပါးခြင်းမရှိပဲ ပျက်ဆုံးကွယ်ပျောက်သည်ဟူ၍ အဏုမြူမျှမရှိ၊ ခပ်သိမ်းသောဝတ္ထုတို့သည်ပင်လျှင် ပျက်ဆုံး ကွယ်ပျောက်လိုသည်ရှိ သော် ရွှင်ရွှင်လန်းလန်း သစ်သစ်လတ်လတ်အနေမှ ဆုတ်ယုတ် လျော့ပါး ပြီးလျှင် အချင်းခပ်သိမ်း ပျက်ဆုံးကွယ်ပျောက်ကြလေကုန် သည်ကား ဓမ္မတာမျက်မြင်ပင်တည်း။

ထို့အတူ ပရမတ္ထဓမ္မတို့၌လည်း ပျက်ဆုံးကွယ်ပျောက်မှု ဟူသမျှ သည် ဆုတ်ယုတ်လျော့ပါး ဟောင်းနွမ်း အိုမင်း ဆွေးမြည့်ခြင်း ရှေ့သွားရှိ သည်သာလျှင် ဓမ္မတာဉာဏ်မြင်ပေတည်း၊ သိသာလောက်လှပြီ။

ဤတွင်ရွေ့ကား- ဆဋ္ဌမာတိကာ ပုဒ်၏အဓိပ္ပါယ် ဇရာဓမ္မကို ပြဆိုချက်ပြီး၏။

----------

၇-သတ္တမ မာတိကာ

သေပျောက် ချုပ်ပျက်ခြင်း-မရဏဓဓ္မ

''အယံကာယော =ဤကိုယ်ကြီးသည်၊ မရဏဓမ္မော =သေ ပျောက် ကွယ်ဆုံးခြင်း သဘောရှိ၏''

ဟူသော သတ္တမ မာတိကာ ပုဒ်၌ ရှေး၌ ပြဆိုခဲ့ ပြီးသော နိရောဓ, ဘင်္ဂ, ခယ, ဝယ, အတ္ထ, မရဏ, အနိစ္စမှုတို့ကိုပင် ပရမတ္ထဓမ္မတို့၏ မရဏခေါ်သည်။

မရဏ-ဟူသည်

ရှေး၌ ပြဆိုခဲ့ပြီးသောနည်းအတိုင်း မျက်တောင်တစ်ခတ် လျှပ် တစ်ပြက်မျှ အသက်ရှည်မှု တည်နေနိုင်မှု မရှိကြမူ၍ အနှစ်အဆံ အမာ မရှိသည့်အတွက် ဓာတ်မီးလောင်မှု, ဇရာမီးလောင်မှု ဘေးသင့်၍ နေကြ သည့်အတွက် ခဏချင်းခဏချင်း ပျက်ဆုံးကွယ်ပျောက်မှုကို မရဏ ဆိုသည်။

ထိုမရဏမှုသည်ကား မျက်တောင်တစ်ခတ် လျှပ်တစ်ပြက် အတွင်းမှာပင် အကြိမ်တစ်ရာမက တစ်ကိုယ်ကောင်လုံး အကျွတ် အကျွတ် မရဏဘေးသင့်၍ ပျက်ဆုံးကွယ်ပျောက်မှုပေတည်း။

ဇရာ-၃-မျိုး

အလွန်ရွှင်လန်းသန်မြန်သော ပဒုမာကြာပွင့်ကို ရေထဲမှနုတ်ယူ၍ လောလောပူသော မြေအပြင်၌ ချထားကြရာ

၁- သန္တတိဇရာ,
၂- ခဏိကဇရာ,
၃- ခဏိကမရဏ

ဤသုံးပါးသော ဘေးသင့်၍ ညှိုးနွမ်းခြောက်သွေ့ ပျက်ဆုံးသော အဖြစ်သို့ ရောက်လေ၏၊ ရေတည်းဟူသော အထောက်အပံ့မှ ကင်းလွတ် ခြင်းတစ်ပါး၊ နေပူဟူသောဓာတ်မီးရှိန် မြေပူဟူသောဓာတ်မီးရှိန် ရေပူဟူသောဓာတ်မီးရှိန် ဤအရှိန်သုံးပါး ဖိစီးနှိပ်စက်ခြင်းတစ်ပါး ဤ အကြောင်းတို့ကြောင့် ထိုကြာပန်း၌ ကြည့်တွင်း မြင်တွင်း ထင်ရှားသော သန္တတိဇရာသည် ပေါ်လာ၏။

သန္တတိဇရာ

သန္တတိဇရာ ဆိုသည်ကား မျက်မြင်နှင့် သိနိုင်သော ဆုတ်ယုတ်မှု လျော့ပါးမှု နွမ်းနယ်မှု ညှိုးချုံးမှုတည်း၊ ထိုအမှုသည်ကား မျက်မြင်နှင့် သိနိုင်သော အမှုတည်း၊ အဆုံးကျ၍ ပျက်ဆုံးမှုသည်လည်း မျက်မြင်နှင့် သိနိုင်သော အမှုပင်တည်း၊ ထိုသန္တတိဇရာမှုကို မျက်စိနှင့်မြင်သောအခါ ခဏိကဇရာ, ခဏိကမရဏတို့ကို ဉာဏ်မျက်စိနှင့် အတပ်ဒိဋ္ဌ မြင်ခွင့် ထင်ရှားလေ၏၊

ဉာဏ်မျက်စိဖြင့် မြင်ပုံ

ထိုခဏိကဇရာ, ခဏိကမရဏတို့ကား မျက်စိနှင့်မြင်ရသော တရားစု မဟုတ်ပေကုန်၊ အဘယ်သို့ ဉာဏ်မျက်စိနှင့် မြင်နိုင်ရာ သနည်းဟူမူကား ထိုပဒုမာကြာပန်းကို ရေမှနုတ်သည်နှင့်တစ်ပြိုင်နက် သန်မြန်ခက်မာမှုဟူသော မြေဓာတ်သည် ခဏစဉ်အတိုင်း ပျော့နဲသော ဘက်သို့ ပြိုလဲ၍လာ၏၊ အစဉ်အတိုင်း သန်မြန်မှု အဆင့်ဆင့် ပျက်ဆုံး၍ ပျော့နဲသော ဇာတိသစ် အဆင့်ဆင့်ပေါ်၍လာ၏၊ သန်မြန်သောရေဓာတ် အေးချမ်းသောမီးဓာတ် တောင့်တင်းစွာ ထမ်းဆောင်သောလေဓာတ် တို့သည်လည်း အစဉ်အတိုင်း ချုပ်ကွယ်၍လာကုန်၏၊ အဆင်းဓာတ် အနံ့ဓာတ် အရသာဓာတ် ဩဇာဓာတ်တို့လည်း အစဉ်အတိုင်း ချုပ်ကွယ် ၍ လာကုန်၏၊

ဉာဏ်မှီသမျှ လိုက်၍ကြည့်

ဉာဏ်နှင့်ကြည့်ခဲ့လျှင် နှင်းသီးနှင်းပေါက်ငယ်တို့ တဖြုတ်ဖြုတ် ပျက်ဆုံးသကဲ့သို့ ထင်လိမ့်မည်၊ ထိုသို့အဆင့်ဆင့်ပျက်ဆုံးပြိုလဲ၍ လာမှု အဟောင်းအသစ်အဆင့်ဆင့်လဲမှုသည် အဘယ်မျှလောက် လျင်မြန် သည်ဟု ပြောနိုင်သော အခွင့်မရှိ၊ ပြောနိုင်စရာ ဥပမာ မရှိ၊ ရှေ့အချက် နောက်အချက် ခြားနား၍ မြင်ခြင်းငှာမရ၊ ပုထုဇ္ဇန်တို့ ဉာဏ်မီအောင် လိုက်နိုင်သော အရာမဟုတ်၊ မီသမျှကို ပိုင်းခြား၍ အမျှင်ဖြတ်၍ ရှုကြ ရသည်၊ မြန်လှ၍ ဉာဏ်မီအောင် မလိုက်နိုင်ရာ ဟူသမျှတို့၌ ရှေ့ နောက် အခြားအနားမရှိ၊ တစ်ခုတည်းပင်ဟု ထင်ကြရသည်၊ လျင်မြန်ပုံ လက္ခဏာ ကို ဉာဏ်မီသမျှ လိုက်၍ကြည့်လေ။

အကယ်၍ ထိုသို့ခဏစဉ်အတိုင်း ပျက်မှု ဖြစ်ပေါ်မှု မရှိခဲ့သည် ဖြစ်အံ့၊ မျက်မြင်မှာ ရိပ်ရိပ်ရိပ်ရိပ် ခဏထက်ခဏ ရိနွမ်း သွေ့ခြောက် ၍လာမှု မရှိလေရာ ဉာဏ်သိမ်မွေ့လှစေ။

ဤကြာပန်းဥပမာအတူ ခန္ဓာကိုယ်မှာလည်းခဏမစဲ အနည်းနည်း ပြောင်းလဲဖောက်ပြန်မှုတို့သည် ကိုယ်တွေ့လည်းအနန္တ, မျက်မြင်လည်း အနန္တ, ဉာဏ်မြင်လည်း အနန္တများပြားလှ၏၊

ကိုယ်တွေ့ အနန္တ

ကိုယ်တွေ့အနန္တဆိုသည်ကား ဦးခေါင်းထဲမှာ ယခုဘယ့်နှယ်ဖြစ် လာသည် မျက်စိမှာဘယ့်နှယ်ဖြစ်လာသည်၊ မျက်နှာမှာ, နှာခေါင်းမှာ, နားမှာ, ပါးစောင်မှာ, နှုတ်ခမ်းမှာ, ပါးစပ်မှာ, လျှာမှာ, လည်ချောင်းမှာ, ရင်တွင်းမှာ, ဝမ်းတွင်းမှာ ဘယ့်နှယ်ဖြစ်လာသည်ဟု သိသမျှအနန္တကို ဆိုသတည်း၊ ထိုအနန္တမှုတို့၌ ဇာတိအချက်, ဇရာအချက်, မရဏအချက် တ်ို့ကို ဉာဏ်မှာထင်အောင်ကြည့်တတ်လျှင် မြင်သာလှတော့သည်၊ ပကတိခဏိကမှုတို့ကိုကား ဉာဏ်လိုက်နိုင်ခဲလှ၏။

လိုရင်းအဓိပ္ပါယ်ကား

ဤခန္ဓာတစ်ကိုယ်လုံးမှာ အတွင်းသန္တာန်မှဖြစ်စေ သန်း ကြမ်းပိုး ခြင် မှက် မြွေ ကင်း သန်း တုတ်ဘေး ဓားဘေး လက်နက်ဘေး မီးဘေး ရေဘေး အစရှိသော အပသန္တာန်မှဖြစ်စေ ဖောက်ပြန်လောက်အောင် အကြောင်းအခွင့် ဆိုက်တိုက်လာခဲ့သည်ရှိသော် မဖောက်ပြန်နိုင်သော ခဏငယ်ဟူ၍ တစ်ခုမျှမရှိ၊ အနိဋ္ဌဇာတိ မပေါ်နိုင်သော ခဏငယ်ဟူ၍ တစ်ခုမျှ မရှိ၊ မပျက်နိုင်သော ခဏငယ်ဟူ၍ တစ်ခုမျှ မရှိ၊ မယိုယွင်း နိုင်သော ခဏငယ်ဟူ၍ တစ်ခုမျှ မရှိ၊ ဆိုက်တိုက်လာသော အန္တရာယ်၏ ဒဏ်အားလျော်စွာ ဆိုက်တိုက်လာသောခဏမှာပင် အထူးထင်မြင် လောက်အောင် ဖောက်ပြန်ပျက်ပြား ပြောင်းလဲနိုင်သော ဇာတိသဘော ဇရာသဘော မရဏသဘော အမြဲရှိနေသော ခန္ဓာငါးပါးတရားစုဖြစ် ချေ၍ ဇာတိဓမ္မော ဇရာဓမ္မော မရဏဓမ္မော- ဟူ၍ ဆိုသတည်း။

ဤတွင်ရွေ့ကား- သတ္တမ မာတိကာပုဒ်၏ အဓိပ္ပါယ်-ဤခန္ဓာကိုယ်ကြီး၏ မရဏ ဓမ္မကို ပြဆိုသောအချက် ပြီး၏။

-----------

၈-အဋ္ဌမ မာတိကာ

မမြဲမှု-အနိစ္စဓမ္မ

''အယံကာယော=ဤကိုယ်ကြီးသည်၊ အနိစ္စော=အရှည်ခံ့ခိုင် တည်တံ့နိုင်သော တရားစုမဟုတ်''

ဟူသော အဋ္ဌမ မာတိကာပုဒ်၌ မျက်တောင်တစ်ခတ် လျှပ်တစ် ပြက်ခန့်မျှ အသက်ရှည်ကာ တည်နေနိုင်သော အခိုင်တရားစု မဟုတ် ကြောင်းကို အောက်ကပြဆိုခဲ့ပြီးသည်ကား များလှပြီ။

အဟောင်းပျက်၍ အသစ်ဖြစ်ခြင်း

အကယ်၍ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့် အသက်ရှည် ၍ တည်နေနိုင်သော အခိုင်တရားစု ဖြစ်ခဲ့ငြားအံ့၊ မျက်တောင်တစ်ခတ် ကာလ လျှပ်တစ်ပြက်ကာလမည်သည် မျက်မြင်မှာပင် သိသာထင်ရှား သော ကာလဖြစ်ခဲ့၍ ဤခန္ဓာကိုယ်ကြီးကို မိုးကြိုးလောင်မီးပင် ကျသော် လည်း ထိုမျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ကာလအတွင်း၌ ဖောက် ပြန်ခြင်း မရှိလေရာ၊ မဖောက်မပြန် ပကတိအတိုင်းကိုသာ မြင်ရရာ၏၊ ထိုသို့ကားမဟုတ်၊ အားကြီးသောဘေးဒဏ် ထိပါးခဲ့လျှင် ထိပါး သည်နှင့် တစ်ပြိုင်နက် ဖောက်ပြန်၏၊ ရွေ့ပြောင်း၏၊ ဖောက်ပြန်သမျှ, ရွေ့ပြောင်း သမျှသည် အဟောင်းပျက်ဆုံးမှု အသစ်လဲပြောင်းမှုချည်းသာတည်း။

အနိစ္စကြောင့် ဒုက္ခဖြစ်ခြင်း

လောက၌ခပ်သိမ်းသော ရေသတ္တဝါ ကုန်းသတ္တဝါတို့ နေ့ရှိသမျှ နာရီရှိသမျှ ပုပုရွရွ အားထုတ်ကြသမျှ, ကြောင့်ကြစိုက်ကြသမျှ ပူပန် ကြသမျှ ပင်ပန်းကြသမျှကို အရင်းသို့ဆိုက်အောင် ကြည့်နိုင်ပါလျှင် အနိစ္စ အတွက်ကြောင့်ဟု မြင်လတ္တံ့၊ ဤအနိစ္စအတွက်ကြောင့် ဒုက္ခဖြစ် ကြရ သည်ကို မြင်လတ္တံ့၊ ဤအနိစ္စဘေး ကြီးကျယ်ကြောင်းကို မြင်လတ္တံ့၊ အကယ်၍ နိစ္စဖြစ်ကုန်ငြားအံ့၊ ကြောင့်ကြစိုက်မှု ခပ်သိမ်းတို့သည် အနည်း ငယ်မျှ မရှိကြကုန်ရာပြီ၊ ဒါနမှု, သီလမှု အစရှိသော ပုညကြိယာမှုတို့ကို မပြုလို မနေသာ ပြုကြရကုန်သည်လည်း ဤအနိစ္စ အတွက်ကြောင့် ပင်တည်း၊ အနိစ္စအတွက်ကြောင့် ကြောင့်ကြစိုက်ကြရသော ဒုက္ခမှုစု ပင်တည်း၊ အနိစ္စမဟုတ်ပဲ နိစ္စဖြစ်ခဲ့သည်ရှိသော် နောင်ရေးနှင့် ကြောင့် ကြစိုက်ဖွယ် မရှိရာပြီ။

အနိစ္စလက္ခဏာ

အနိစ္စလက္ခဏာဆိုသည်ကား ခဏိကမရဏ, ခဏိကဘင်္ဂကို ဆိုသတည်း၊ ထိုအနိစ္စလက္ခဏာဟုဆိုအပ်သော ခဏိကမရဏ, ခဏိက ဘင်္ဂ ခဏမစဲအမြဲပါရှိ၍နေသောကြောင့် ဆိုအပ်ခဲ့ပြီးသော ပစ္စုပ္ပန် ရေးနှင့် ကြောင့်ကြစိုက်မှုပေါင်းအနန္တ သံသရာရေးနှင့် ကြောင့်ကြ စိုက်မှုပေါင်းအနန္တ ဘေးသင့်၍နေကြရကုန်သည်၊ ဤအချက်တို့ကို အောက်ကပြဆိုခဲ့ပြီးသော အသက်ခန္ဓာ အလျဉ်း ဆက်လက်မှု အသက် မွေးမြူမှု ဇာတိသစ်ပျိုးထောင်မှု ကြီးကျယ်ပုံ ကျပ်တည်းပုံများနှင့် တစ်လုံး တည်း ရောနှော၍ ကြည့်လေ သိလေ မြင်လေ။

ဤတွင်ရွေ့ကား- အဋ္ဌမမာတိကာပုဒ်၏ အဓိပ္ပါယ်-ဤခန္ဓာကိုယ်ကြီး၏ အနိစ္စလက္ခဏာကို အမြွက်မျှ ပြဆိုချက်ပြီး၏၊

၉-နဝမ မာတိကာ

ဆင်းရဲမှု-ဒုက္ခ
ဒုက္ခ ၃-မျိုး

''အယံကာယော = ဤကိုယ်ခန္ဓာကြီးသည်၊ ဒုက္ခော =ဆင်းရဲ ပင်ပန်း ရိနွမ်းညှိုးချုံး ဒုက္ခတုံးကြီးသာတည်း''

ဟူသော နဝမ မာတိကာပုဒ်၌ ဒုက္ခသည်
၁။ ဒုက္ခဒုက္ခ,
၂။ သင်္ခါရဒုက္ခ,
၃။ ဝိပရိဏာမဒုက္ခ
ဟူ၍ သုံးပါးရှိ၏၊

ဒုက္ခ ဒုက္ခ

ကိုယ်၌ အနာမျိုး ကိုးဆယ့်ရှစ်ပါးစသော အဇ္ဈတ္တဘေးရန်ထိပါး၍ ပူလောင်မှု, ကျင်နာမှု ကိုက်ခဲမှု, ညောင်းညာမှု, မီးဘေး, ရေဘေး, ဓားဘေး, လှံဘေး, ရန်သူဘေး, မြွေဘေး, ကင်းဘေးအစရှိသော ဗဟိဒ္ဓ ဘေးရန် ထိပါး၍ နာကျင်ပင်ပန်းမှု အပါယ်ဘုံသားတို့ခံရသော ကာယိက ဒုက္ခမှုစသည်သည် ဒုက္ခဒုက္ခမည်၏။

စိုးရိမ်မှု, ကြောင့်ကြမှု, နှလုံးပူပန်မှု, နှလုံးမသက်သာမှု, စိတ် မချမ်းသာမှု အလုံးစုံသည်လည်း ဒုက္ခဒုက္ခမည်၏၊ တိရစ္ဆာန်သတ္တဝါ တို့သည်ပင် ဤဒုက္ခဒုက္ခကို ဒုက္ခမှန်း သိကြ၏၊ ထိုဒုက္ခ ဖြစ်ခွင့်ကိုမြင်လျှင် ကြောက်ကြ ရွံ့ကြ ထိတ်လန့်ကြ ပြေးပုန်းကြ လျှိုးကြ ခုခံနိုင်လောက်လျှင် ခုခံကြ၏။

မိမိကိုယ်၌အနာဆိုးရှိသောသူသည် ရေနံညှော် ဆီညှော် ကြက် သွန်ညှော်စသော ညှော်မျိုးကို ကြောက်ရ၏၊ ဤကြောက်မှုမှာလည်း ညှော်ကိုကြောက်ရရင်း မဟုတ်၊ မိမိကိုယ်ဟုဆိုအပ်သော အနာထကြွ မည်ကို ကြောက်ရရင်းတည်း၊ အနာမရှိသောသူမှာ ညှော်ကိုကြောက် ဖွယ်မရှိ။

ဤခန္ဓာကိုယ်ကြီးသည် ကျိုက်ကျိုက်ဆူ ပွက်ပွက်ဆူသော အနာခဲ ကြီးအတိဖြစ်၏၊ အဇ္ဈတ္တဘေးရန်, ဗဟိဒ္ဓဘေးရန်တည်းဟူသော ညှော်တို့ နှင့် တွေ့ကြုံထိပါးခဲ့လျှင် ဘယ်နေရာကမဆို ဘယ်အခါမဆို ဤဒုက္ခ ဒုက္ခတည်းဟူသော ငန်းမန်းထကြွ သည်းထန်၍ ထွန့်ထွန့်လူး ဖျတ် ဖျတ်လူး ဖြစ်ရ၏။

လောက၌ ကြောင့်ကြမှု, ရွံ့မှု, ထိတ်လန့်မှု အလုံးစုံကို အရင်းသို့ ဆိုက်အောင် ကြည့်တတ်ပါလျှင် ဤခန္ဓာကိုယ်ကြီးသို့ ဆိုက်လိမ့်မည်၊ ဤခန္ဓာကိုယ်ကြီးကို ကြောက်ရရင်း အမှန်ဖြစ်ကြောင်း ဤဒုက္ခဒုက္ခ အတွက်ကြောင့် သတ္တဝါတို့၌ ကျပ်တည်းကျဉ်းမြောင်းမှု အနန္တရှိနေ ကြောင်းများကို အသိဉာဏ်တွင် ထင်ရှားလိမ့်မည်။

သင်္ခါရ ဒုက္ခ

သင်္ခါရဒုက္ခဆိုသည်ကား-မဖြစ်သေးသောဝတ္ထုကို ဖြစ်လာအောင် တင်ကူး၍ ကြောင့်ကြစိုက်ရသောဒုက္ခ, မရသေးသောဝတ္ထုကို ရလာ အောင် တင်ကူး၍ကြောင့်ကြစိုက်ရသောဒုက္ခ, မရောက်လာသေးသော ဝတ္ထုကို ရောက်လာအောင် တင်ကူး၍ ကြောင့်ကြစိုက်ရသောဒုက္ခ ဤသို့အစရှိသောဒုက္ခစုသည် သင်္ခါရဒုက္ခမည်၏၊

ဝိပရိဏာမ ဒုက္ခ

ဝိပရိဏာမဒုက္ခဆိုသည်ကား-သင်္ခါရဒုက္ခနှင့် တင်ကူး၍ ကြောင့် ကြစိုက်နိုင်သည့်အတွက်ကြောင့် ဖြစ်လာသောဝတ္ထု, ရလာသောဝတ္ထု, ရောက်လာသောဝတ္ထုတို့ကို မပျက်ပါစေလင့်ဟု ကြောင့်ကြစိုက်ရသော ဒုက္ခ, မပျောက်ပါစေလင့်ဟု ကြောင့်ကြစိုက်ရသောဒုက္ခ, မဆုတ်ပါစေ လင့် မယုတ်ပါစေလင့် မလျော့ပါစေလင့် မဖောက်မပြန်ပါစေလင့် မသေ ပါစေလင့် ဘေးမထိပါစေလင့် ဒဏ်မထိပါစေလင့် ရန်မထိပါစေလင့်ဟု ကြောင့်ကြစိုက်ရသောဒုက္ခစုသည် ဝိပရိဏာမဒုက္ခမည်၏၊ ထိုသို့ မပျက် ပါစေလင့် မပျောက်ပါစေလင့် မဆုတ်ယုတ်ပါစေလင့်ဟု ကြောင့်ကြစိုက် ပါလျက် ပျက်ရန်ပျောက်ရန် ဆုတ်ယုတ်ဆုံးရှုံးရန် အကြောင်း ဆိုက်တိုက် လာ၍ ဆုတ်ယုတ်ပျက်စီး ကွယ်ပျောက် ဆုံးရှုံးပြီးသောအခါ ဖြစ်ရသော ကာယိကဒုက္ခ စေတသိကဒုက္ခစုသည်လည်း ဝိပရိဏာမဒုက္ခမည်၏။

ဥပမာဖြင့် ထင်ရှားအောင် ပြဦးအံ့၊ နေ့စဉ်စား၍နေသော ထမင်း သည် ဒုက္ခသုံးမျိုးနှင့်ပြည့်စုံ၏၊ ထိုထမင်းသည် ထမင်းနှင့် မကင်းနိ်ုင် သောသူ, ထမင်းကို လက်မလွှတ်နိုင်သောသူကို ဒုက္ခသုံးမျိုးနှင့် နှိပ်စက်၏၊ အဘယ်သို့ နှိပ်စက်ပါသနည်းဟူမူ ထမင်းဖြစ်လာရန် ရှေးရှေးနှစ်က မျိုးစပါးကို အားထုတ်ရသောအမှုစုမှစ၍ နောက်နောက်နှစ်၌ ထမင်း ဖြစ်အောင် ချက်မှုပြုတ်မှုကို အားထုတ်ရသော အမှုတိုင်အောင် အကြား ကာလ၌ အားထုတ်ရ ကြောင့်ကြစိုက်ရသော အမှုခပ်သိမ်းသည် ထို ထမင်း၏ သင်္ခါရမှုမည်၏၊ ထမင်းကို မလွှတ်နိုင်သောသူသည် မလွှတ် နိုင်သမျှ ကာလပတ်လုံး ထိုသင်္ခါရမှု အပြီးစွပ်လျက်နေ၏၊ ထမင်းကို လွှတ်သောအခါ ထိုသင်္ခါရမှု ကျွတ်လွှတ်၏။

အဘယ့်ကြောင့်နည်းဟူမူ ထမင်းမည်သည် ထိုမျှလောက်သော သင်္ခါရမှုတို့ကို တင်ကူး၍ ကြောင့်ကြစိုက်နိုင်မှ ဖြစ်လာရသော သင်္ခါရ ဓမ္မမျိုးအစစ် ဖြစ်လေသောကြောင့်တည်း၊ ဤကားထမင်းကို မလွှတ်နိုင် သောသူကို ထိုထမင်းက သင်္ခါရဒုက္ခနှင့် နှိပ်စက်ပုံတည်း။

ဤပြဆိုခဲ့ပြီးသော သင်္ခါရမှုတို့ကား-သန္တတိသင်္ခါရမှုတို့သာတည်း။

ခဏိကသင်္ခါရကိုကား ပဋ္ဌာန်း ၂၄-ပစ္စည်းနှင့် သိရမည်။

ထမင်းကို မလွှတ်နိုင်သောသူကို ထိုထမင်းသည် ဝိပရိဏာမ ဒုက္ခ နှင့် အဘယ်သို့နှိပ်စက်လေသနည်းဟူမူ ရှေးရှေးနှစ်၌ စပါးမျိုးကို ပြုပြင်မှုမှစ၍ ထိုထမင်းကိုစားပြီးနောက် ကျင်ကြီးကျင်ငယ်ကိစ္စနှင့် ကြောင့်ကြစိုက်ရသော အမှုတိုင်အောင် အကြားကာလ၌ ထိုအလုပ် ပျက် ကွက်ရန် ဆုတ်ယုတ်ရန် ပျက်စီးရန်အခွင့်စုကို တင်ကူး၍ မြော်ရှု၍ ကြောင့်ကြစိုက်ရသောအမှုစု-ထိန်းသိမ်းစောင့်ရှောက်ရသောအမှုစု သည် ထိုထမင်း၏ဝိပရိဏာမမှု မည်၏။

ထမင်းကိုမလွှတ်နိုင်သောသူသည် ထိုထမင်း၏ဝိပရိဏာမမှု အမြဲ စွပ်လျက်နေ၏၊ ထမင်းကိုလွှတ်သောအခါ ထိုဝိပရိဏာမမှု ကျွတ်လွှတ်၏၊ အဘယ့်ကြောင့်နည်းဟူမူ ထိုထမင်းဖြစ်လာရန် အဆောက်အအုံဖြစ် သော အလုံးစုံသောဝတ္ထုစု အလုံးစုံသောအမှုစုသည် ပျက်စီးရန် အကြောင်းဆိုက်တိုက်လာလျှင် ပျက်စီး ဖောက်ပြန်ခြင်း သဘောရှိလေ သောကြောင့်တည်း၊ ဤကား ထမင်းကို မလွှတ်နိုင်သောသူကို ထိုထမင်း က ဝိပရိဏာမဒုက္ခနှင့် အမြဲနှိပ်စက်ပုံတည်း။

ထိုထမင်းကိုစားရန် မျိုရန်အတွက်နှင့် ထိုသင်္ခါရမှု, ဝိပရိဏာမမှုကို ကြောင့်ကြပြုရ အားထုတ် လုပ်ဆောင်ရသောအခါ၌ ကိုယ်ပင်ပန်းမှု စိတ်ပင်ပန်းမှု အလုံးစုံသည် ထိုထမင်း၏ဒုက္ခဒုက္ခမှု မည်၏၊ ထမင်းသည် ဒုက္ခဒုက္ခမှုနှင့်လည်း ထိုသူကို အမြဲနှိပ်စက်၏။

ပျက်ကွက်ရန်အကြောင်းဆိုက်တိုက်၍ ပျက်ကွက်ဆုံးပါး၍ သွားသောအခါ ထိုပျက်ဆုံးမှုကြောင့် ဖြစ်ရသော ပူပန်မှု, ပင်ပန်းမှု တို့သည်ကား-ထမင်းအဖြစ်သို့ ချောမောစွာမရောက်ပဲ ဖောက်ပြန် ပျက်ပြားသော ဝိပရိဏာမဒုက္ခမှုပေတည်း။

ထိုထမင်းသည် စားပြီးမျိုပြီးနောက် အစာမကြေမှုနှင့်စပ်၍ သေလောက်ကြေလောက်အောင်ဖြစ်သော ဝိပရိဏာမဒုက္ခမှု, အနာ ရောဂါအမျိုးမျိုးနှင့်တွေ့ကြုံရသော ဝိပရိဏာမဒုက္ခမှု, အစာကောင်းစွာ ကြေကျက်၍ ကျင်ကြီးကျင်ငယ်ကိစ္စနှင့်စပ်သော ဝိပရိဏာမဒုက္ခမှုတို့ သည်ကား ရှေးအဖို့က ချောမောခဲ့၍ ထမင်းဖြစ်ပြီးနောက်မှ ခံရသော ထမင်း၏ဝိပရိဏာမဒုက္ခမှုစုပေတည်း။

သန္တတိ ဝိပရိဏာမ

အများပြောရိုးဆိုရိုး၌ကား-ထိုထမင်းသည် ခံတွင်းသို့ရောက်၍ အဆင်းသဏ္ဌာန် အနံ့အရသာ အကုန်လုံးဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်လေ၏၊ ထိုသို့သော ဖောက်ပြန်မှုကိုသာ ဝိပရိဏာမဟု ပြောဆို ကြကုန်၏၊ ဤသို့ပြဆိုခဲ့ပြီးသော ဝိပရိဏာမစကားစုသည် သန္တတိ စကား စုပေတည်း။

ခဏိက ဝိပရိဏာမ

ခဏိကအားဖြင့်ကား-အသီးအသီးသောဥပါဒ်ဖြင့် သန္တာန်၌ ဖြစ် ပေါ်ခြင်းသိ့ု ရောက်ကြကုန်သော မြေဓာတ် ရေဓာတ် အစရှိသော ပရမတ္ထ ဓမ္မတို့သည် မျက်တောင်တစ်ခတ်မျှ သစ်သစ်လတ်လတ်ဥပါဒ်သော အတိုင်း မတည်နိုင်ကြကုန်မူ၍ ဇရာမီးလောင်သဖြင့် ခဏချင်း ရင့်ရော် ဆွေးမြေ့ကြကုန်၏၊ မရဏမီးလောင်သဖြင့် ခဏချင်း ပျောက်ပျက် ကွယ်ဆုံးကြကုန်၏။

ထိုသို့ဇရာဘေး မရဏဘေးတို့ကြောင့် ခဏချင်း ရင့်ရော်မှု

ခဏချင်းပျက်ဆုံးမှုစုသည် ခဏိကဝိပရိဏာမမည်၏၊ ထိုခဏိက ဝိပရိဏာမမှု အမြဲရောက်၍နေကုန်သော ထိုမြေဓာတ် ရေဓာတ် အစရှိကုန်သော ပရမတ္ထဓမ္မတို့သည် ဇရာမီး မရဏမီးတို့၏ လောင်စာ သက်သက်မျှ ဖြစ်ကြကုန်ရကား သာယာချမ်းမြေ့သော တရားစု မဟုတ် ကြကုန်၊ ခဏမစဲ အိုဘေး, သေဘေးထိ၍ မချိမဆန့် ဖောက်ပြန် ပျက်ဆုံး ရသော ဝိပရိဏာမဒုက္ခတရားစုတို့သာတည်း။

ဉာဏ်နှင့် ကြည့်လိုက်သည်ရှိသော် အပေါ်ရေ ဖုံးလွှမ်း၍ နေကြ ကုန်သော ကိုယ်ခန္ဓာ အကောင်ကြီးငယ်တို့သည် ပြည့်ရှင်မင်း ကြီး၏ မီးလောင်တိုက်ကြီးနှင့် အသီးအသီးတူကြကုန်၏၊ ထိုထို ခန္ဓာကိုယ် အတွင်း၌ ဖြစ်ဖြစ်သမျှသော မြေဓာတ်, ရေဓာတ် အစရှိသော ရုပ်နာမ် တရားတို့သည် ရာဇဝတ်သင့်၍ မီးလောင်တိုက်တွင်းသို့ ဝင်ကြရကုန် သော ရာဇဝတ်ကောင်တွေနှင့် တူကုန်၏၊ ခဏမစဲ လောင်၍နေကုန် သော ဇရာမီး မရဏမီးတို့သည် ထိုမီးလောင်တိုက် တစ်ခုလုံးကို တဟုန် တည်း ထ၍ လောင်ကျွမ်းကွယ်ဆုံးစေနိုင်သော အလွန်ထက်လှ ကြီး ကျယ်လှစွာသော ယမ်းအိုးမီး မီးရှုးအိုးမီးတို့နှင့် တူကုန်၏

တူကြဟန်ကား- ဤကိုယ်ခန္ဓာကြီးအတွင်း၌ ရုပ်သစ် နာမ်သစ် တို့ကို ကိုယ်ခန္ဓာနှင့် အပြည့်အပြည့် ခဏမစဲ ဖြစ်ပေါ်အောင် ဖန်ဆင်း တည်ထောင် ပစ်ချကြကုန်သော ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရားကြီး လေးပါးတို့သည် မင်းပြစ်မင်းဒဏ်သင့်သော အမှု သည်တို့ကို မီးလောင်တိုက်ကြီးအတွင်းသို့ ခဏမစဲအောင် ပစ်ချသော ထောင်မှူးကြီးလေးယောက်တို့နှင့် တူကုန်၏၊ ပါဠိတော်၌ကား ကုသိုလ်ကံ, အကုသိုလ်ကံ နှစ်ပါးဟူသော ''မနော သေဉ္စတနာဟာရ'' ကို မီးကျီးတွင်းသို့ လာလာသမျှသော သူတို့ကို ဆွဲငင်ပစ်ချသော ယောကျ်ားအားကောင်း နှစ်ယောက်တို့နှင့် တူသည်ဟု ဟော တော်မူသည်။

ကိုယ်ခန္ဓာနှင့် အပြည့်အပြည့် ခဏမစဲ အသစ်အသစ်ဖြစ်ပေါ် သော ရုပ်တရားနာမ်တရားတို့ကို ဖြစ်ပေါ်ပြီးသည်နှင့်တစ်ပြိုင်နက် ဇရာမီး မရဏမီးတို့က ပြာမှုန့်မျှ မကျန်ရအောင် ဟုန်းကနဲ ဟုန်းကနဲ ထ၍ တသုတ်တသုတ် အပြောင်အပြောင် လောင်၍ ကုန်ဆုံးကွယ် ပျောက်ကြ သည်နှင့် လောင်တိုက်ကြီးအတွင်း၌ ကျလာသမျှ ရောက်လာ သမျှသော ရာဇဝတ်ကောင်တို့ကို ယမ်းအိုး မီးရှူးအိုးကြီး နှစ်လုံးတို့က ပြာမှုန့်မျှ မကျန်ရအောင် ဟုန်းကနဲ ဟုန်းကနဲ ထ၍ တသုတ်တသုတ် အပြောင် အပြောင်လောင်၍ ကုန်ဆုံး ကွယ်ပျောက်ကြရမှု တူသည်။

ဤကား-ခဏိက ဝိပရိဏာမကို ပြဆိုလိုက်သော စကားရပ်တည်း

* * *

ခန္ဓာကိုယ်ကြီး၏ ဒုက္ခများ

အထက်သန္တတိအချက်နှင့် ပြဆိုခဲ့သော ထမင်းဥပမာနှင့် ဤခန္ဓာစု တူပုံကို ပြဆိုဦးအံ့၊ အရေပါးဖြင့် ဖုံးလွှမ်းအပ်သော ဤခန္ဓာကိုယ်ကြီး, ငယ်တစ်စုကို နပ်ပြီး ကျက်င်္ပြီးသော ထမင်းအိုးကြီး ပြု၍ထား၊ ဤဘဝတွင် ပဋိသန္ဓေမှစ၍ နေ့ရှိသမျှ ခဏမစဲ ရုပ်သစ်နာမ်သစ်တို့ကို ဖြစ်ပေါ် လာရန် ရှေ့ဘဝ၌ ဒါနသီလစသော ကံကိုပြုလို၍ လယ်လုပ်ခြင်း ကုန် သွယ်ခြင်းစသည်ဖြင့် ဒါနဝတ္ထု ပစ္စည်းဝတ္ထုတို့ကို ရှာမှီး အားထုတ် ရသောဒုက္ခမှု, ပေးကမ်း လှူဒါန်းရသောဒုက္ခမှု, ဥပုသ်သီတင်း ကျင့်သုံး ရသောဒုက္ခမှုတို့မှစ၍ ဤဘဝ၌ အနှစ်တစ်ရာနေ၍ စုတိကမ္မဇရုပ် ချုပ်သည့်တိုင်အောင် ဤအကြား၌ ဤကိုယ်ခန္ဓာကို အနှစ်တစ်ရာ ရှည်၍ပါအောင် နေ့စဉ်ကြောင့်ကြစိုက်ရ အားထုတ်ရသော ဒုက္ခမှုစုသည် နေ့စဉ် အသစ်အသစ်ဖြစ်ပေါ်၍နေသော ဤကိုယ်ခန္ဓာကြီး၏ သခါင်္ရ ဒုက္ခမှုစုပေတည်း။

ရေသတ္တဝါ ကုန်းသတ္တဝါတို့ နေ့ရှိသမျှ ညရှိသမျှ အသက်မွေးမြူမှု ကြီးကျယ်ပုံ ကျပ်တည်းပုံကို မြင်နို်င်ပါလျှင် ဤခန္ဓာ၏ သင်္ခါရဒုက္ခမှု ကြီးကျယ်ပုံကို မြင်နိုင်လတ္တံ့။

တင်ကူးပြုရ သင်္ခါရဒုက္ခ

ယခုဘဝ၌ အလှူဒါနမှုတစ်ခုအတွက် ပစ္စည်းဝတ္ထုစုဆောင်း ရသောဒုက္ခမှု, အလှူကိစ္စ ဆောင်ရွက်ရသော ဒုက္ခမှုတို့ကို ဒိဋ္ဌ မျက်မြင် ရှိသဖြင့် ဤဘဝဤခန္ဓာအတွက်နှင့် ရှေးရှေးဘဝတို့က တင်ကူး၍ ဒုက္ခစိုက်ခဲ့ရသော ဤကိုယ်ခန္ဓာ၏ သင်္ခါရဒုက္ခမှုကိုလည်း မြင်နိုင်လတ္တံ့။

ပဋိသန္ဓေတည်နေသည်မှစ၍ အဆုံးစုတိသို့ ဆိုက်သည်တိုင် အောင် အကြားဖြစ်သော အနှစ်တစ်ရာ တစ်ထောင် တစ်သိန်း တစ်ကုဋေ အသင်္ချေကာလအတွင်းမှာ နှစ်ပေါင်း လပေါင်း ပက္ခပေါင်း နေ့ရက်ပေါင်း နာရီပေါင်း ခဏပေါင်း အနန္တရှိသည်တွင် ပျက်ခွင့်ဆိုက်လျှင် မပျက်သော ခဏဟူ၍ မရှိ၊ ဖောက်ပြန်ခွင့်ဆိုက်လျှင် မဖောက်ပြန်သော ခဏဟူ၍ တစ်ခုမျှမရှိ၊ သေခွင့်ဆိုက်လျှင် မသေသော ခဏဟူ၍ တစ်ခုမျှမရှိ၊ ဤသို့ ဖောက်ပြန်ခြင်းသဘော, သေခြင်းသဘော အစဉ်ပါရှိ၍နေသည့်အတွက် လောကနှင့် အပြည့်ရှိနေသော ဖောက်ပြန်ရန်အခွင့်စု, သေကျေရန် အခွင့်စု ဆိုက်တိုက်လာမည်ကို မြော်ခေါ်၍ ကြောင့်ကြစိုက်ရ, အားထုတ် ရ, ရှောင်ရှားရ, ကြောက်ရ, ရွံ့ရ, ထိတ်လန့်ရ, စိုးရိမ်ပူပန်ရသော ဒုက္ခမှု ဟူသမျှသည် ဤကိုယ်ခန္ဓာ၏ ဝိပရိဏာမဒုက္ခမှု ချည်းသာတည်း။

ထိုသို့ ကြောင့်ကြစိုက်ပါလျက်လည်း အထူးထူး အထွေထွေသော ဖောက်ပြန်မှု ပျက်ပြားမှု ဖျားမှု နာမှု ညောင်းညာကိုက်ခဲမှု အစရှိသော ဝိပရိဏာမမှုတို့သည် ဖြစ်လာကုန်၏၊ ဖြစ်တတ်မှန်း သိလျက်နှင့်ပင် မလွဲသာ၍ သွားရလာရ ပြုရ၍ ဖြစ်လာသောဒုက္ခမှုစု, လောဘနိုင်ငံ သို့ လိုက်မှုကြောင့် တွေ့ရသောဒုက္ခမှုစု, ဒေါသနိုင်ငံသို့ လိုက်မှု မာန နိုင်ငံသို့ လိုက်မှုကြောင့် တွေ့ရသောဒုက္ခမှုစု, မိစ္ဆာဒိဋ္ဌိနိုင်ငံသို့ လိုက်၍ ဆောင်းအခါ ရေသို့ဆင်းခြင်း, နွေအခါ မီးကင်ခြင်း အစရှိသည်ကိုပြု၍ တွေ့ရသော ဒုက္ခမှုစု, ပရိယတ်ကို အားထုတ်သည့်အတွက်- ပဋိပတ်ကို အားထုတ်သည့်အတွက် တွေ့ကြုံရသော ဒုက္ခမှုစုသည်လည်း ဤခန္ဓာ၏ ဝိပရိဏာမဒုက္ခမှုစုချည်းပင်တည်း။

ခဏိက ဝိပရိဏာမ ဒုက္ခစုကိုကား ပြဆိုခဲ့ပြီ။

------------------

သင်္ခါရ ဟူသမျှ ဒုက္ခချည်းသာ

လိုရင်းကား မိမိအလိုရှိအပ်သော ဇာတိဖြစ်ပေါ်လာအောင် ရှေးအဖို့တစ်နာရီက တင်ကူး၍, တစ်ရက်က တင်ကူး၍, တစ်လက တင် ကူး၍, တစ်နှစ်ကတင်ကူး၍, ရှေးရှေးဘဝကတင်ကူး၍, ရှေးရှေး ကမ္ဘာက တင်ကူး၍ ပြုရသော ဒါနမှု သီလမှု ဘာဝနာမှု သုစရိုက်မှု ဒုစ္စရိုက်မှု ရဟန်းပြုမှု ရသေ့ပြုမှု ကောင်းသောအသက်မွေးမှု မကောင်းသော အသက်မွေးမှု အစရှိသော အလုံးစုံသော ဒုက္ခမှုစုသည် ထိုအလိုရှိအပ် သော ဇာတိဓမ္မ၏ သခါင်္ရဒုက္ခမှုချည်းပေတည်း။

ဤသို့သော သင်္ခါရဒုက္ခကို ''သဗ္ဗေ သင်္ခါရာ ဒုက္ခာ'' ဟူ၍ဟော တော်မူသည်။

ရှေး၌ တင်ကူး၍ ပြုခဲ့သည့်အတွက် နောက်အချိန်ကျ၍ ထိုထို ဇာတိဖြစ်ပေါ်လာသောအခါ၌လည်း ကာလမြင့်ရှည် တည်နိုင်ပါစေခြင်း ငှာ အားထုတ်ကြရကုန်၏၊ ထိုအားထုတ်မှုစုသည် သခါင်္ရဒုက္ခမှုစုပင် တည်း။

ရပြီးသော ကောင်းသော ဣဋ္ဌဇာတိ- အစဉ်ပျက်ဆုံးရာသော အကြောင်းကိုမြော်၍, မကောင်းသော အနိဋ္ဌဇာတိဖြစ်ပေါ်လာရန် အကြောင်းကိုမြော်၍, စောစောကတင်ကူး၍ ပြုနှင့်ရသော ဒုက္ခစုသည် ဖြစ်လတ္တံ့သော ဝိပရိဏာမဒုက္ခကိုမြော်၍ ပြုရသောအမှု ဖြစ်သော ကြောင့် ထိုခန္ဓာ၏ ဝိပရိဏာမဒုက္ခပင် မည်ပေသတည်း။

ဤတွင်ရွေ့ကား- ဤခန္ဓာကိုယ်ကြီး၏ ဒုက္ခသဘောလက္ခဏာကို အမြွက်မျှ ပြဆိုချက် ပြီး၏။

----------*--------

၁၀-ဒသမ မာတိကာ

အနတ္တ၏ သဘော

''အယံ ကာယော=ဤခန္ဓာငါးပါး အပေါင်းကြီးသည်၊ အနတ္တာ= ကိုယ်မဟုတ်''

ဟူသော ဒသမ မာတိကာ ပုဒ်၌

အတ္တ- ''ကိုယ်''

အနတ္တပုဒ်၏အရဖြစ်သော ကိုယ်ဟူသည် ကာယ, သရီရ, ဒေဟ, တနု, ဝပု, ဂတ္တ, ဗောန္ဒိ သဒ္ဒါတို့ ဟောအပ်သော ရူပကာယ ကိုယ်မဟုတ်

''ကိုယ်မချိ အမိသော်မှ သားတော်ခဲသည်'' ''အတ္တသမာ ပေမာ နတ္ထိ= ကိုယ့်ထက် ချစ်အပ်သောသူ မရှိ '' ကိုယ့်သား, သူ့သား, ကိုယ့်မယား, သူ့မယား စသည်တို့ဖြင့် အတွင်းအပြင် သန့်ခြားရာ ပြင်ပ သူတစ်ပါး မဟုတ်ပဲ အတွင်းအနေ၌ ထားအပ်သော မိမိဟုဆိုအပ်သော ကိုယ်ပေ တည်း။။ ဤကိုယ်ကိုပင်လျှင် ငါ, ဟူ၍ ခေါ်သည်။ ကိုယ်, ငါ, အတူတူ။

အနတ္တ ဝိဇ္ဇာလမ်း

ထို့ကြောင့် အောက်ကပြဆိုခဲ့ပြီးသော ကိုးပါးသော မာတိကာ ပုဒ်တို့၏အရ ဓမ္မသဘာဝတို့ကို ဤဆိုအပ်ခဲ့ပြီးသောအတိုင်း ဒိဋ္ဌ ထင်လင်း ထိုးထွင်းသိမြင်ပါလျှင် ငါ-ဟူသော ကိုယ်ကောင်သတ္တဝါ အမာ အနှစ်ပျောက်၍ အနတ္တဝိဇ္ဇာလမ်းပေါက်တော့သည်။

ဓာတ်ကြီးလေးပါး, ဓာတ်ကြည်ခြောက်ပါး, ဝိညာဏဓာတ် ခြောက် ပါး- ဤဓာတ်စုကို ဓာတ်ပေါက်အောင် မြင်လျှင် ငါဟူသော ကိုယ်ကောင် အတ္တ ပျောက်လတ္တံ့။

တေဝိဇ္ဇာ အဖြစ်

ထိုဓာတ်တို့၏ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာကို မြင်လျှင် ငါ၏ ဥစ္စာ ငါ၏ဟာဟူသော အတ္တနိယပျောက်၍ အရိယဝိဇ္ဇာလမ်း ဆုံး ကမ်းတိုင်ရောက် ထမြောက်ပြီးစီးလေတော့သည်၊ ထိုအခါ ယောဂီ အဖြစ်မှ လွတ်မြောက်၍ ''တေဝိဇ္ဇာ'' အဖြစ်သို့ ရောက်လေ၏။

----------*----------

နိဂုံး

ဤတွင်ရွေ့ကား ၁၂၆၀- ပြည့်နှစ် နတ်တော်လဆန်း ၄-ရက် ၅- ရက်တွင် ဘီးလင်းမြို့ ကုသိနာရုံဘုရားကို အဖူးအမြှော်ရောက်သော အခါ ၎င်းတောင်ပေါ်ဘုရားမှာနေသော ရသေ့ဆရာနှင့် တွေ့ကြရာ သက္ကာယဒိဋ္ဌိ ဟုဆိုအပ်သော အတ္တဝါဒုပါဒါန် ဖြိုဖျက်ရာသော နည်း လမ်းကို ရသေ့ဆရာလျောက်ထားချက်နှင့် မုံရွာမြို့ လယ်တီတော ကျောင်းဆရာငါသည် အတ္တဝါဒုပါဒါန်ဖြိုဖျက်ရန် ဝိပဿနာဝိဇ္ဇာ ပေါက်လမ်းကို ပြဆိုရေးသားလိုက်သော '' ဝိဇ္ဇာမဂ္ဂ ဒီပနီ''ဤကျမ်းစာ သစ်သည် ၁၂၆၀-ပြည့်နှစ်၊ ပြာသိုလဆန်း ၁၂- ရက်နေ့တွင် အပြီးသို့ ရောက်သတည်း။

ဝိဇ္ဇာမဂ္ဂဒီပနီ နိဋ္ဌိတာ။
နိဗ္ဗာနပစ္စယော ဟောတု။
နိဗ္ဗာနပစ္စယော ဟောတု။

ကျေးဇူးတာ်ရှင် ဆရာတော်ဘုရားကြီးသည် ဤကျမ်းကို သက်တော် ၅၂-နှစ် တွင် စီရင်တော်မူသည်။

-------*----*----*-------

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ