Skip to main content

အခြေပြု ပဋ္ဌာန်းတရားတော်

အခြေပြု ပဋ္ဌာန်းတရားတော်

နိဒါန်း

နိဒါန်း

အဘယ့်ကြောင့် ပဋ္ဌာန်းတရားတော် တန်ခိုးကြီးသနည်း?

ပဋ္ဌာန်းတရားတော်သည် တန်ခိုးကြီး၏၊ ပဋ္ဌာန်းကို ရွတ်ဖတ်လျှင် ဘေးရန် အန္တရာယ် ကင်းပျောက်၏၊ ကောင်းကျိုးချမ်းသာ ဖြစ်စေ နိုင်၏…

ဟူ၍ ပဋ္ဌာန်းတရားတော်နှင့် ပတ်သက်ပြီး ရှေးရှေးအခါမှစ၍ ယနေ့ထက်တိုင် အစဉ်အလာ စွဲမှတ်ယုံကြည်နေကြသည်။

အဘယ်ပုဂ္ဂိုလ်သည် ပဋ္ဌာန်းကို ရွတ်သောကြောင့် ဘယ်သို့သော ဘေးရန် အန္တရာယ်မှလွတ်မြောက်ခဲ့သည်။ အဘယ်ပုဂ္ဂိုလ်သည် ပဋ္ဌာန်း ရွတ်သောကြောင့် အဘယ်သို့သော ကောင်းကျိုးချမ်းသာတို့ ရရှိခဲ့သည်ဟူသော ဝတ္ထု ဇာတ်လမ်း အဖြစ်အပျက် သက်သေ သာဓကများကား များလှစွာ၏၊ ယင်း ဝတ္ထုဇာတ်လမ်း များကို ရေးရလျှင် ဤနိဒါန်းကြီး ရှည်လျား သွားပေလိမ့်မည်ဖြစ်သောကြောင့် လည်းကောင်း, စာရှုသူလည်း အထိုက်အလျောက် ကြားဖူးနေမည် ဖြစ်သော ကြောင့် လည်းကောင်း, ယင်း ပဋ္ဌာန်းအကျိုးပြု ဝတ္ထု ဇာတ်လမ်များကို မရေးသားမူ၍ ပဋ္ဌာန်းတရားတော်သည် အဘယ်ကြောင့် တန်ခိုးကြီးသနည်း ဟူသော အမေး၏ အဖြေကိုသာ ဤနိဒါန်း၌ အဓိကထား၍ ရေးသားတင်ပြ လိုပေသည်။

ပဋ္ဌာန်းတရားတော်၏ တန်ခိုးကြီးကြောင်း စိစစ်တင်ပြရာ၌ သိသာထင်ရှား စေရန်အတွက်-

၁။ သိမ်မွေ့မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားဖြစ်ခြင်း။

၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့် တရားဖြစ်ခြင်း။

၃။ သာသနာတည်တံ့ရေးအတွက် ရှေ့တန်း ခံတပ်ကြီးဖြစ်ခြင်း-ဟူသော အကြောင်း အချက်ကြီး သုံးချက်ကို အခြေခံ၍ ပိဋကပါဠိတော် အဋ္ဌကထာ ဋီကာတို့မှ ရှာဖွေတင်ပြပါအံ့။

၁။ သိမ်မွေ့ မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားဖြစ်ခြင်း ပဋ္ဌာန်းရားတော်သည် သိမ်မွေ့မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရား တော်ဖြစ်သည်။

မှန်၏၊ ပဋ္ဌာန်းတရားတော်၌ သိမြင်နိုင်ရန် ခက်ခဲသည့် စိတ် စေတသိက် ရုပ် နိဗ္ဗာန် ခန္ဓာ အာယတန ဓာတ် သစ္စာ ဟိတ် ဈာနင် မဂ္ဂင် စသော ပရမတ္ထတရားများကို ဟောကြားသောကြောင့် သိမ်မွေ့မြင့်မြတ်လှပေသည်။ ယင်း ပရမတ္ထတရားများသည် အချင်းချင်း အကြောင်းအကျိုးအဖြစ်ဖြင့် ဆက်စပ်ဖြစ်ပေါ် တည်နေပုံကို ဟောကြား ဖော်ပြသောကြောင့် နက်နဲလှ ပေသည်။

ယင်း အကြောင်းအကျိုးအဖြစ် ဆက်စပ်ဖြစ်ပေါ်တည်နေပုံကိုပင် ဘယ်သို့ ဘယ်ပုံ တည်နေသည်ကို အဆုံးအပိုင်းအခြားမရှိ များပြားလှစွာသော နည်းပေါင်း မြောက်များစွာဖြင့် ရှင်လင်း ပြဆိုထားသောကြောင့် ကြီးကျယ် များပြား လှပေသည်။

ယင်းသို့ သိမ်မွေ့မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားတော် ဖြစ်သော ကြောင့် တန်ခိုးကြီးခြင်း ဖြစ်နိုင်ပေသည်၊ ဤဖော်ပြချက် မှန်ကန်ကြောင်းကို မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ ဖြစ်တော်စဉ်တစ်ရပ်ကို သာဓကအဖြစ် တင်ပြလို ပေသည်။

သဗ္ဗညုတဉာဏ်တော်နှင့် ပဋ္ဌာန်းတရား။ ။မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် မာရ်ငါးပါး ဖယ်ရှား၍ ဘုရား စင်စစ် ဖြစ်တော်မူပြီးနောက်၂၂-ရက်မြောက်တွင် ဗောဓိပင်၏ အနောက်မြောက် အရပ် စတုတ္ထသတ္တာဟဖြစ်သော ရတနာဃရစံအိမ်တော်၌ ၇_ရက် စံနေတော် မူသည်၊ ယင်းသို့ စံနေတော်မူစဉ် အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ် ဆင်ခြင်တော် မူသည်၊ ရှေးဦးစွာ…

၁။ ဓမ္မသဂင်္ဏီကျမ်း၊

၂။ ဝိဘင်းကျမ်း၊

၃။ ဓာတုကထာကျမ်း၊

၄။ ပုဂ္ဂလပညတ်ကျမ်း၊

၅။ ကထာဝတ္ထုကျမ်း၊

၆။ ယမိုက်ကျမ်း…

ဟူသော ကျမ်း ၆-ဆူကို အစဉ်အတိုင်း သုံးသပ်ဆင်ခြင်တော်မူသောအခါ၌ ထူးထူးခြားခြား အံ့ဖွယ်သရဲများ စိုးစဉ်းမျှလည်း ဖြစ်ပေါ်မလာသေးချေ၊ သို့သော် နောက်ဆုံးဖြစ်သော ပဋ္ဌာန်းကျမ်းကြီးကို သုံးသပ်ဆင်ခြင်တော်မူသော အခါ၌မူ ကား ကိုယ်တော်မြတ်မှ ရောင်ခြည်တော် ၆-ပါးတို့ ကွန့်မြူး ထွက်ပေါ်လာကာ ကိုယ်တော်မြတ်၏ ဝဲယာ-ရှေ့နောက် ထက် အောက် ဖီလာ အရပ် ၁၀ မျက်နှာ တို့သို့ အဆုံးအပိုင်းအခြား အဆီး အတားမရှိ ထိန်လင်းတောက်ပလေသည်။

ယင်းသို့ ရောင်ခြည်တော် ၆-ပါး အဆုံးအပိုင်းအခြားမရှိ ကွန့်မြူးထွက်ပေါ် လာခြင်းသည် မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ ဘုန်းတန်ခိုးတော်အနန္တ ဖြစ်ပေါ် လာခြင်းပင် ဖြစ်သည်၊ တန်ခိုးတော်အနန္တ ဖြစ်ပေါ်လာရခြင်း အကြောင်းမှာ- အဆုံးအပိုင်းအခြားမရှိ သိမြင်နိုင်စွမ်းသော သဗ္ဗညုတဉာဏ်တော်သည် သိမ်မွေ့ မြင့်မြတ် နက်နဲလှ၍ အဆုံးအပိုင်းအခြားမရှိ ကြီးကျယ်လှသော အနန္တနယ သမန္တ ပဋ္ဌာန်းကျမ်းကြီးကို အာရုံပြုရသောကြောင့် ရွှင်လန်းကွန့်မြူးတော်မူ ရခြင်း ဖြစ်သည်။၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ နိဒါနကထာ၊ နှာ-၁၄။ ဤကျမ်း နှာ-၁၃။

သဗ္ဗညုတဉာဏ်တော် ရွှင်လန်း ကွန့်မြူးသောအခါ ဉာဏ်တော်နှင့်အတူ ယှဉ်ဖက်စိတ်နှင့် စေတသိက်တရားများလည်း ရွှင်လန်းကွန့်မြူးသည်၊ သဗ္ဗညုတ ဉာဏ်တော်နှင့်အတူ ယှဉ်ဖက် စိတ် စေတသိက်တရားတို့၏ တည်နေရာ ဟဒယ ဝတ္ထုခေါ် နှလုံးသွေးလည်း ကြည်လင် တောက်ပလာသည်၊ နှလုံးသွေးနှင့်ဆက်စပ် နေသည့် အသွေး, အသား, အရိုး, အကြော, အရေ, ဣန္ဒြေငါးပါး, အခြား စိတ္တဇ, ကမ္မဇ, အာဟာရဇ, ဥတုဇရုပ်တရားများလည်း ကြည်လင်တောက်ပ လာပြီး တဝင်းဝင်း တလက်လက် ၆-ရောင်စုံ ကွန့်မြူးပေါ်ထွက်၍ စကြဝဠာအနန္တသို့ အဆုံးအပိုင်းအခြားမရှိ ကွန့်မြူးပြေးသွားလေသည်။

ဤ၌ သဗ္ဗညုတဉာဏ်တော်ဖြင့် အခြား တရားတော်များကို ဆင်ခြင်သုံး သပ်၍ ထူးခြားမှု မရှိသေး၊ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်သုံးသပ်သောအခါ ကျမှသာ ထူးထူးခြားခြား ရောင်ခြည်တော် ၆-ပါး ကွန့်မြူး ပေါ်ထွက်လာ သည်မှာ ပဋ္ဌာန်းတရားတော် တန်းခိုးကြီးသောကြောင့် ဖြစ်ပေသည်။

ရဟန္တာဖြစ်နိုင်စေသည့် ပဋ္ဌာန်း။ ။ဩဇာဓာတ် ကောင်းမွန်ထက်သန်သော လယ်မြေ၌ မျိုးစေ့အလျောက် အပင်, အပွင့်, အသီး ဖွံ့ဖြိုး ကောင်းမွန်သကဲ့သို့ ပဋ္ဌာန်းအာရုံ၌ ကျရောက်၍ ပကတိ ဉာဏ် ပညာ သဒ္ဓါ စေတနာတို့က အကျိုးပေး ကြီးကျယ်မြင့်မြတ်ပုံကို မဟာ ဂတိဂမိယတိဿဒတ္တမထေရ် အကြောင်း ထင်ရှားစေပါအံ့…

သီဟိုဠ်ကျွန်း၌နေသော မဟာဂတိဂမိယတိဿဒတ္တ မထေရ်ကြီးသည် မဟာဗောဓိပင်ကို ဖူးမြော်ကန်တော့လိုသောကြောင့် သီဟိုဠ်ကျွန်းမှ အိန္ဒိယ ပြည်သို့ သဘောစီးကာ ပင်လယ်ရေပြင်ကို ဖြတ်ကူးတော်မူခဲ့သည်။

ပင်လယ်ပြင်ကို ဖြတ်ကူးရင်း ကမ်းမမြင် လမ်းမမြင်ဖြစ်ကာ လှိုင်းကြီး လှိုင်းငယ်တို့ဖြင့် တဝုန်းဝုန်း တဗြုန်းဗြုန်း ရိုက်ခတ်ပြီး ရေမှုန် ရေမွှား ရေပန်း များ ထနေသည့် ပင်လယ်ပြင်ကို မြင်တွေ့ရပေရာ…

{ဤပင်လယ်ပြင်ကြီးရှိ လှိုင်းတံပိုးများကပင် ကြီးမားများပြားကျယ်ပြန့် လေသလော၊ ပဋ္ဌာန်းတရားတော်ရှိ နည်းအမျိုးမျိုးကပင် ကြီးမားများပြား ကျယ်ပြန့်လေသလော}ဟူ၍ ကြံစည်စဉ်းစားလေသော်…{ပင်လယ်ပြင်ကြီး သည်ကား အောက်ဖက်၌ မြေထု, အထက်ဖက်၌ ကောင်းကင်ပြင် ဘေး တစ်ဖက်၌ ကမ်းခြေ, တစ်ဖက်၌ စကြဝဠာ တံတိုင်းများဖြင့် အပိုင်းအခြား ရှိသေး၏၊ ပဋ္ဌာန်းကျမ်းကြီးသည်သာ နည်းစုံပြွန်း၍ ဆုံးခန်းမမြင် အလွန်ပင် ကျယ်လှပေတကား}ဟူ၍ ဆုံးဖြတ်သိမြင်သောကြောင့် ပဋ္ဌာန်းတရားတော်၌ ကြည်ညိုခြင်း သဒ္ဓါတရား ဖြစ်ပေါ်လာသည်။

ယင်းသို့ သဒ္ဓါတရား ဖြစ်ပွားသောအခါ ရွှင်လန်းခြင်း သောမနဿ, နှစ်သက်ခြင်း ပီတိ, ဝမ်းမြောက်ခြင်း ပါမောဇ္ဇတရားများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာပြီး ယင်းတရားများကို အခြေခံကာ ဝိပဿနာဉာဏ် ရှုမှတ်ပွားများ၍ တစ်ထိုင်တည်းမှာပင် ကိလေသာကုန်ခန်း ရဟန္တာ ဖြစ်သွားလေသည်။၁။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ နှာ-၁၂။ ဤကျမ်း နှာ-၁၇။

ဤဖြစ်ရပ်၌ ရဟန္တာဖြစ်ရခြင်းအကျိုးမှာ တိုင်းတာနှိုင်းဆ၍ မရနိုင်အောင် ကြီးမားလှသော အကျိုးတရားကြီး ဖြစ်ပေသည်၊ ယင်းသို့ ကြီးမားလှသည့် အကျိုးတရားကို ရရှိသည်မှာ သိမ်မွေ့နက်နဲ၍ မြင့်မြတ် ကြီးကျယ်လှသော ပဋ္ဌာန်းတရားတော်ကို ကြည်ညိုသည့် စေတနာ သဒ္ဓါတရားကြောင့်သာ ဖြစ်ပေသည်။

၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့်တရား {သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့}ဟူသော မြန်မာ တို့၏ ရှေးစကားသည် စိတ်သဘောထား မြင့်မြတ်သူအချင်းချင်း ပေါင်းသင်း နေထိုင်တတ်ကြသည်၊ ချစ်ခင်မြတ်နိုး ရိုသေ လေးစားတတ်သည် ဟူသော အဓိပ္ပာယ်ကို ပြဆိုပေသည်။

ယင်းပြဆိုချက်သည် ဣတိဝုတ် ပါဠိတော် ဓာတုသောသံသဒ္ဒနသုတ်လာရဟန်း တို့သတ္တဝါတို့သည် သတ္တဝါတို့နှင့် (စိတ်ထားသဘောထား) အဇ္ဈာသယ ဓာတ်အားဖြင့်သာ လျှင် နှီးနှောကြကုန်၏၊ ညီညွတ်ကြ ကုန်၏၂။ ခု- ၁၊ ဣတိဝုတ္တက ပါဠိတော်၊ နှာ-၂၄၂။ ဟူသော တရားတော်နှင့် ညီညွတ်လှပေသည်။

ယင်းသဘောတရားအရ လူသားများသာမက နတ်ဗြဟ္မာတို့သည်လည်း မိမိတို့ သဘောကျနှစ်သက်၍ လေ့လာဆောင်ရွက်နေသည့် တရားတော် သုတ်တော်များကို လေ့လာ ဆောင်ရွက်သူတို့ကို ချစ်ခင် နှစ်သက်ကြမည်, ရိုသေလေးစားကြမည်မှာ ဓမ္မတာ သဘောတစ်ရပ်ပင် ဖြစ်ကြောင်း သိသာ လှပေသည်။

ဤအချက်နှင့် စပ်လျဉ်း၍ အထောက်အထားအဖြစ် အာဠဝကနတ်စစ်သူကြီး အကြောင်းကို ဖော်ပြပါအံ့။

အာဠဝကဝတ္ထု။ ။အာဠဝီပြည်အနီးရှိ ညောင်ပင်ကြီး၌ အာဠဝကအမည်ရှိ သော နတ်ဘီလူးကြီး နေထိုင်သည်၊ နတ်ဘီလူးကြီးသည် အလွန် ကြမ်းကြုတ်ခက်ထန် ဒေါသမာန်ကြီးလှသည်၊ ဤသည်ကို အကြောင်းပြု၍ လူ့လောက၌ အမျက်ဒေါသကြီးသောသူများကို {အာဠဝက}ဟု တင်စား ခေါ်ဝေါ်လေ့ ရှိကြသည်။

မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် ယင်း အာဠဝက နတ်ဘီ လူးကို ခြေချွတ်ရန် အတွက် အာဠဝက ဘီလူး၏ ဘုံဗိမာန်သို့ ကြွတော်မူ၍ အာဠဝကဘီလူး၏ နေရာပေါ်သို့ သီတင်းသုံး စံနေတော်မူသည်၊ ယင်းသို့ ကြွရောက်စံနေတော်မူ သည်မှာ အာဠဝက နတ်သဘင်အစည်းအဝေး သွားခိုက်ဖြစ်ပေရာ အာဠဝက ဘီလူး၏ မောင်းမမိဿံ အခြံအရံတို့သည် ကြွလာတော်မူသည့် မြတ်စွာဘုရားကို ရှိခိုးပူဇော်ကြသည်၊ ဝတ်ပြုကြသည်။

ယင်းသို့သော အခြေအနေကို နတ်သဘင်အစည်းအဝေးမှ ပြန်လာသော အာဠဝက မြင်တွေ့သောအခါ မခံမရပ်နိုင် ယမ်းပုံမီးကျ ဟုန်းဟုန်းထလျက် ဒေါသ အကြီးအကျယ်ဖြစ်၍ လက်နက်အမျိုးမျိုးသုံးစွဲကာ တိုက်ခိုက်သည်။ အာဠဝကဘီလူး အသုံးပြုတိုက်ခိုက်သမျှသော လက်နက်တို့သည် မြတ်စွာ ဘုရားအား မည်သို့မျှမထိခိုက်ဘဲ ဖူးမြော်ပူဇော်သကဲ့သို့သာ ဖြစ်လေသည်။ အာဠဝကဘီလူးသည် မြတ်စွာဘုရားအား အကြမ်းနည်းဖြင့် တိုက်ခိုက်၍ မရသောအခါ အနုနည်းဖြင့် တိုက်ခိုက်မည်ဟု ဆုံးဖြတ်ပြီး မြတ်စွာဘုရားအား ခက်ခဲသော ပုစ္ဆာ ၁၃-ချက်ကို မေးသည်၊ {အမှန်ကို ဖြေနိုင်လျှင် ဖြေ၊ မဖြေ နိုင်လျှင် အရူး အသေ နှစ်ထွေသော အပြစ်ကို ခံရမည်}ဟုလည်း ခြိမ်းခြောက် သည်။

အာဠဝက မေးလျှောက်သည့် ပုစ္ဆာ ၁၃-ချက်တို့မှာ-

(၁) ဤ ကမ္ဘာလောက၌ ယောကျ်ား၏ မြတ်သော ဥစ္စာပစ္စည်းကား အဘယ်နည်း။

(၂) ကောင်းသော အလေ့အကျင့်တို့တွင် အဘယ် ကောင်းသော အလေ့အကျင့်သည် ချမ်းသာကို ဆောင်နိုင်သနည်း။

(၃) အရသာတို့တွင် အဘယ် အရသာသည် အလွန့်အလွန် ချိုမြိန်သော အရသာ ဖြစ်သနည်း၊

(၄) အသက်မွေးမှုတို့တွင် အဘယ်သို့သော အသက်မွေးမှုကို မြတ်သော အသက်မွေးမှုဟု ဆိုသနည်း။

(၅) အဘယ်ဖြင့် သံသရာဝဲဩဃကို ကူးမြောက်နိုင်သနည်း။

(၆) အဘယ်ဖြင့် သံသရာပင်လယ်ကို ကူးမြောက်နိုင်သနည်း။

(၇) အဘယ်ဖြင့် ဆင်းရဲခြင်းကို လွန်မြောက်နိုင်သနည်း။

(၈) အဘယ်ဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင်သနည်း။

(၉) အဘယ်အကြောင်းကြောင့် ပညာကို ရနိုင်သနည်း။

(၁၀) အဘယ်အကြောင်းကြောင့် ဥစ္စာပစ္စည်းကို ရနိုင်သနည်း။

(၁၁) အဘယ်အကြောင်းကြောင့် ကျော်စောထင်ရှားခြင်းသို့ ရောက်နိုင်သနည်း။

(၁၂) အဘယ်အကြောင်းဖြင့် မိတ်ဆွေကို ဖွဲ့နိုင်သနည်း။

(၁၃) အဘယ်အကြောင်းဖြင့် နောင်ဘဝ၌ မစိုးရိမ်ရသနည်း။

ဟူသည်တို့ ဖြစ်ပေသည်။

အာဠဝက၏ မိဘတို့သည် ဤ ပုစ္ဆာ ၁၃ချက်ကို အဖြေနှင့်တကွ ကဿပ ဘုရားရှင်ထံမှ ကြားနာရ၍ မှတ်သားဆောင်ယူထားခဲ့ကြသည်၊ အမေးအဖြေ များမှာ ပါဠိ ဂါထာအားဖြင့် (၈) ဂါထာ ရှိသည်၊ သားဖြစ်သူ အာဠဝက ကို လည်း အရကျက်မှတ်စေကာ သင်ပေးခဲ့သည်၊ အာဠဝကသည်လည်း မိဘ သင်ပေးသည့် အမေးအဖြေဂါထာများကို အမြတ်တနိုး လေ့ကျက်ဆောင်ရွက် ခဲ့သည်။

သို့ပင် ဆောင်ရွက်ခဲ့ပါသော်လည်း ကာလရှည်လျား ကိစ္စများသောကြောင့် အဖြေများကို အာဠဝက မေ့လျော့သွားခဲ့လေသည်၊ ထို့ကြောင့် မေ့ပျောက်သွား သည့် အဖြေများကို ရလိုရငြား မိမိပိုင်နက်သို့ ရောက်လာသူ ရှင် လူများကို ဤ ပုစ္ဆာ ၁၃-ချက်ကို မေးသည်၊ ဖြေနိုင်က လွှတ်လိုက်၍ မဖြေနိုင်က သတ်ပစ်လိုက်သည်၊ ယခုလည်း မြတ်စွာဘုရားအား ဤ ပုစ္ဆာများကိုပင် မေးလေသည်။

ထိုအခါ မြတ်စွာဘုရားရှင်က {ငါဘုရားအား သတ်ဖြတ်နိုင်သူ ဤလောက၌ မရှိ၊ သို့သော် သင်သိလိုလျှင် သင်၏ပုစ္ဆာများကို ဖြေဆိုပေအံ့}ဟု မိန့်တော် မူပြီးလျှင် အောက်ပါအတိုင်း ဖြေကြားတော်မူသည်။

(၁) ဤကမ္ဘာလောက၌ ယောကျ်ား၏ မြတ်သော ဥစ္စာပစ္စည်းကား ယုံကြည်မှု သဒ္ဓါတရားဖြစ်သည်။

(၂) ကောင်းသော အလေ့အကျင့်ဖြစ်သော ကုသိုလ်ကမ္မပထတရားသည် ချမ်းသာကို ဆောင်နိုင်၏။

(၃) အရသာတို့တွင် မှန်ကန်စွာ ပြောဆိုခြင်း သစ္စာတရားသည် အလွန့်အလွန် ချိုမြိန်သော အရသာ ဖြစ်၏။

(၄) ပညာဖြင့် အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟု ဆိုကုန်၏။

(၅) ယုံကြည်မှုသဒ္ဓါတရားဖြင့် သံသရာဝဲဩဃကို ကူးမြောက်နိုင်၏။

(၆) မမေ့မလျော့မှု အပ္ပမာဒတရားဖြင့် သံသရာပင်လယ်ကို ကူးမြောက် နိုင်၏။

(၇) ထကြွလုံ့လဖြင့် ဆင်းရဲကို လွန်မြောက်နိုင်၏။

(၈) ပညာဖြင့် စင်ကြယ်နိုင်၏။

(၉) ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ရောက်ကြောင်းတရားကို ယုံကြည်လျက် မမေ့မလျော့ဆင်ခြင်သူ ပညာရှိသည် ကောင်းစွာ နာကြားသော ကြောင့် ပညာကို ရယူနိုင်၏။

(၁၀) သင့်လျော်သည့် အလုပ်အကိုင်ကို လုပ်လျက် တာဝန်ကို ကျေပွန် အောင် ထမ်းဆောင်သူသည် ထကြွလုံ့လကြောင့် ဥစ္စာပစ္စည်းကို ရနိုင်၏။

(၁၁) မှန်ကန်စွာ ပြောဆိုခြင်းကြောင့် ကျော်စော ထင်ရှားမှုကို ရနိုင်၏။

(၁၂) ပေးကမ်းခြင်းဖြင့် အဆွေခင်ပွန်းကို ဖွဲ့နိုင်၏။

(၁၃) ယုံကြည်မှုရှိသော အိမ်၏ အစီးအပွားကို ရှာတတ်သောသူအား မှန်ကန်ခြင်း သစ္စာ၊ လိမ္မာခြင်း ဒမ၊ ကြိုးစားမှု ဓိတိ၊ စွန့်လွှတ်မှု စာဂ၊ ဤတရားလေးပါး ရှိသဖြင့် နောက်ဘဝ၌ မစိုးရိမ် ရချေ-

ဟူ၍ အဖြေ ၁၃-ချက်ကို မိန့်တော်မူ၏။၁။ ခု ဆ၊ သုတ္တနိပါတ၊ နှာ- ၃၀၅။ မြန်မာပြန်- ၂၈၉။

ထိုအခါ အာဠဝကဘီလူးသည် အလွန်အားရ နှစ်သက်ခြင်းဖြစ်ပြီး မြတ်ဗုဒ္ဓ ရှင်တော်ဘုရားအား ဒေါသမာန်လျှော့ ဦးချကန်တော့ကာ သရဏဂုံဆောက်တည်၍ တပည့်အဖြစ် ခံယူ လေသည်။

ဤအာဠဝကဝတ္ထုကို ထောက်ရှုလျှင် နတ်ဗြဟ္မာတို့သည် မိမိတို့ လေ့လာ ဆောင်ရွက်နေသည့် တရားကို ဆောင်ရွက်သူတို့အား ချစ်ခင်သည်, ရိုသေလေး စားသည်ဟူသောအချက် ထင်ရှားသိသာပြီ ဖြစ်ပေသည်၊ သို့သော် {ဤဝတ္ထု၌ ဘုရားရှင်ဖြစ်၍သာ ပူဇော်ခံရသည်၊ သာမန်လူသားများ၌ ဤသို့ဖြစ်နိုင်မည် မဟုတ်}ဟု ဆင်ခြေတက်ဖွယ် ရှိပြန်သည်၊ ထို့ကြောင့် အခြားဝတ္ထုသက်သေ တစ်ခု ထုတ်ဆောင် တင်ပြပါဦးမည်။

နတ်မင်းကြီး၏ ပူ ဇော်ခြင်းခံရသူ။ ။ မြတ်စွာဘုရား လက်ထက်တော်အခါက အိန္ဒိယပြည် တောင်ပိုင်း၌ ဝါးစည်းရိုး မြို့ဟု အဓိပ္ပာယ်ရသည့် ဝေဠုကဏ္ဍကခေါ် မြို့ငယ်တစ်ခုရှိသည်၊ ယင်းမြို့၌ ကြွယ်ဝချမ်းသာသူ နန္ဒမာတာခေါ် အမျိုးသမီး တစ်ယောက်ရှိသည်၊ အမျိုးသမီး၌ နန္ဒခေါ်သည့် သားရှိသောကြောင့် မြန်မာလို နန္ဒမေမေ၊ ပါဠိလို နန္ဒမာတာဟု ခေါ်သည်။

နန္ဒမာတာသည် ၇-ထပ်တိုက် အထက်ဆုံးထပ်၌ ထိုင်လျက် ထိုနေ့ နံနက် စောစော၌ ပါရာယနသုတ်ကို အသံနေ အသံထား ကောင်းစွာဖြင့် ရွတ်ဆိုနေသည်၊ ပါရာယနသုတ် ဟူသည်မှာ သုတ္တနိပါတ်ပါဠိတော်လာ ဗာဝရီပုဏ္ဏားကြီး၏ တပည့်ရသေ့ ၁၆-ယောက်က မြတ်စွာဘုရားအား စိတ်ဖြင့်မေးသည့် ပုစ္ဆာများကို မြတ်စွာဘုရားရှင်က နှုတ်ဖြင့် ထုတ်ဖော် ဖြေဆို ဟောကြားသော တရားတော်များ ဖြစ်သည်။

ထိုအခိုက်၌ ဝေဿဝဏ်နတ်မင်းကြီးသည် ကောင်းကင်ခရီးဖြင့် မြောက်- အရပ်မှ တောင်အရပ်သို့ ကိစ္စတစ်ခု ရှိသောကြောင့် သွားနေဆဲဖြစ်သည်၊ ဝေဿဝဏ် နတ်မင်းကြီးသည် နန္ဒမာတာ၏ ပါရာယနသုတ် ရွတ်သံကို ကြားရသောအခါ တရားပြီးဆုံးသည်အထိ ရပ်တန့်၍ နာယူသည်၊ တရားပြီးဆုံး၍ နန္ဒမာတာ ရပ်နားလိုက်သောအခါကျမှ-

{နှမ ကောင်းလေစွာ့၊ ကောင်းလေစွာ့၊ သင်ရွတ်ဆိုသော ပါရာယန တရားတော်သည် မြတ်စွာဘုရားသခင် ပါသာဏကစေတီ၌ သီတင်းသုံး စဉ်က ဗာဝရီဆရာကြီး တပည့်ရသေ့ ၁၆-ယောက်တို့အား ဟောကြား သည့်အတိုင်းပင် ဖြစ်ပေသည်-}

ဟူ၍ ကောင်းချီးပေးလေသည်၊ ထိုအခါ နန္ဒမာတာက-

{အရှင်သည် မည်သူဖြစ်ပါသနည်း-}

ဟု မေးသည်။

{နှမ ငါကား ဝေဿဝဏ်နတ်မင်း ဖြစ်ပေသည်။}

{ကောင်းလှပါပြီအရှင်၊ သို့ဖြစ်လျှင် ယခု ပါရာယနတရားတော် ရွတ်ရဆိုသည့် ကုသိုလ်အဖို့ကို အရှင်အား လက်ဆောင်ပေးပါသည်}

{ကောင်းလှပါပြီ၊ ယခု နှမပေးသည့် လက်ဆောင်ကိုလည်း ခံယူ ပါ၏၊ နက်ဖြန် နံနက်၌လည်း ဤဝေဠုကဏ္ဍကမြို့သို့ တရားစစ်သူကြီး အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်တို့ နောက်ပါ ရဟန်းများစွာ နှင့်တကွ နံနက်ဆွမ်း မဘုဉ်းပေးရသေးဘဲ ကြွရောက်လာပါလိမ့်မည်၊

သင်နှမသည် ထိုအရှင်မြတ်များကို နံနက်ဆွမ်းကပ်လှူပါ၊ ကုသိုလ်အဖို့ ကိုလည်း မောင်ကြီးအား အမျှပေးဝေပါဦး}

ဟု ပြောဆိုပြီးလျှင် ဆက်လက်၍-

{တရားပူဇော်သည့် ဤပစ္စည်းများကို သင့်အား ပေးပါ၏-}ဟု ပြောပြီးလျှင် စပါးကျီပေါင်း ၁၂၅-ခု အပြည့် သလေးနီ စပါးများကို (တန်ခိုးဖြင့်) ထည့်လျက် ပေးလေသည်။

{ဤ အမျိုးသမီး အသက်ရှည်သမျှ ဤ စပါးများ လျော့ပါး ကုန်ခန်းခြင်း မဖြစ်စေသတည်း-}

ဟူ၍လည်း အဓိဋ္ဌာန်ထားခဲ့၍ ဝေဿဝဏ်နတ်မင်းကြီး ဖဲခွါသွားလေသည်။၁။ အဂုင်္တ္တရပါဠိတော်၊ ပထမတွဲ၊ နှာ-၄၄၄။ အဂုင်္တ္တရပါဠိတော်၊ တတိယတွဲ၊ နှာ-၁၇၀။

နတ်မင်းကြီး အဓိဋ္ဌာန်ခဲ့သည့်အတိုင်းပင် နန္ဒမာတာ အမျိုးသမီး တစ်သက်တာ ကာလပတ်လုံး စပါးများသည် မည်မျှလောက် စားသုံး လှူဒါန်း ပေးကမ်းသော်လည်း မလျော့ပါး မကုန်မခန်းဘဲ ကျီ ၁၂၅-ခု အပြည့် တည်ရှိနေလေသည်၊ နှောင်းခေတ်အခါ၌လည်း ပစ္စည်းဥစ္စာ စပါး ပေါများသူများကို တွေ့မြင်ရလျှင်-

{သူတို့တော့ ပေါများလိုက်ကြပါပေသည်၊ နန္ဒမာတာ စပါးကျီ လိုပါပဲ၊ ဘယ်တော့မှ မလျော့ဘူး} ဟူ၍ပင် စကားပုံအဖြစ် သုံးစွဲပြောစမှတ် တွင်နေလေသည်။

ဤ နန္ဒမာတာ အမျိုးသမီးဝတ္ထု၌ ပါရာယနတရားတော်ကို ကိုယ်တိုင် ကြားနာခဲ့ရ၍ နှစ်ခြိုက်သဘောကျနေသည့် ဝေဿဝဏ် နတ်မင်းကြီးသည် ပါရာယနတရားတော်ကို ရွတ်ဆိုသည့် နန္ဒမာတာ အမျိုးသမီးကို ချစ်ခင်လေးစား ရိုသေသောအားဖြင့် ပူဇော်ခြင်း ဖြစ်ပေသည်။

ဖော်ပြခဲ့သည့် အာဠဝကဝတ္ထု, နန္ဒမာတာဝတ္ထုများကို ထောက်ထားခြင်း အားဖြင့် နတ်ဗြဟ္မာတို့သည် မိမိတို့ နှစ်ခြိုက်သဘောကျ၍ လေ့လာဆောင်ရွက် နေသည့် တရားတော်များကို ရွက်ဆောင်လေ့လာ ရွတ်ဆိုသူတို့အား ချစ်ခင် နှစ်သက်ကြသည်၊ ရိုသေလေးစားကြသည်ဟူသော ဖော်ပြခဲ့သည့် အချက်သည် ထင်ရှား သိသာလောက်ပြီ ဖြစ်ပေသည်။

ယင်းသို့ဖြစ်လျှင် ပဋ္ဌာန်းတရားတော်၌ သက်ဝင်ကြည်ညိုကြသည့် နတ် ဗြဟ္မာပရိသတ် မည်မျှရှိသနည်း၊ ရှင်းပြပါဦးအံ့။

ပဋ္ဌာန်း ပရိသတ် အင်အား။ ။ ဤနေရာ၌ ပဋ္ဌာန်းတရားတော်ကို ကြည်ညို လေးစားသည့် နတ်ဗြဟ္မာပရိသတ် အင်အား မည်မျှ ရှိသည်ကို ခန့်မှန်းပြရန် သင့်ပေသည်။

မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် ၇-ဝါမြောက် ဝါကပ်တော်မူမည့် ဝါဆို လပြည့်နေ့၌ သာဝတ္ထိပြည်အနီး သရက်ဖြူပင်ရင်း၌ သီတင်းသုံးတော်မူလျက် မိစ္ဆာဒိဋ္ဌိတို့ကို နှိမ်နှင်းခြင်းငှါ ရေမီးအစုံစုံ လွှတ်သည့် ယမကပြာဋိဟာ ကို ပြတော်မူသည်၊ ယမကပြာဋိဟာကို ပြတော်မူပြီးနောက် ရှင်လူအများ ဖူးမြော် နေစဉ်မှာပင် တဝတိံသာ နတ်ပြည်သို့ ၂-လှမ်း၃-ဖဝါးဖြင့် ကြွတော် မူပြီးလျှင် သိကြားနတ်မင်းစံရာ ပင်လယ် ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာမြကျောက်ဖျာထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် မယ်တော် ဖြစ်ခဲ့ဖူးသော နတ်သားအမှူးရှိသော စကြာဝဠာတိုက်တစ်သောင်းမှ စည်းဝေး ရောက်လာကြသည့် နတ်ဗြဟ္မာတို့အား အဘိဓမ္မာ တရားတော်ကို ဟောတော်မူသည်။

ဝါတွင်း ၃-လပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောတော်မူ၍ သီတင်း ကျွတ်လပြည့်နေ့၌ အဘိဓမ္မာ ၇-ကျမ်းတွင် နောက်ဆုံးဖြစ်သည့် ပဋ္ဌာန်းတရား တော်ကို အပြီးသတ် ဟောတော်မူသည်၊ ပဋ္ဌာန်းတရားတော် ပြီးဆုံးသောအခါ စကြာဝဠာတိုက်တစ်သောင်းမှ စည်းဝေးရောက်လာကြသည့် နတ်ဗြဟ္မာအပေါင်း ကုဋေရှစ်သောင်း တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။၁။ ဓမ္မ၊ ဋ္ဌ၊ ၂၊ ၁၄၅။

တရားသိမြင် ကျွတ်တမ်းဝင်သူဟူသည်မှာ အထူးထူး သိမြင်ပြီး ရဟန္တာ ဖြစ်သွားသူဟူ၍ ဆိုလိုပေသည်၊ သာမန် တရားသိမြင်၍ ကလျာဏပုထုဇဉ် ဖြစ်သူ၊ သောတာပန် ဖြစ်သူ၊ သကဒါဂါမ် ဖြစ်သူ၊ အနာဂါမ် ဖြစ်သူ၊ အောက်မဂ်-အောက်ဖိုလ်ရသူ နတ် ဗြဟ္မာတို့မှာ အရေအတွက်အားဖြင့် မရေတွက်နိုင်အောင် များပြားပေသည်။

မှန်လှပါ၏၊ အပါဒါန် အဋ္ဌကထာ၌၂။ အပါဒါန် အဋ္ဌကထာ ပထမတွဲ၊ နှာ-၁၃၂။

ရှေး ဘုရားရှင်တို့၏ အလေ့အကျက်တော်အားဖြင့် တာဝတိံသာ နတ်ပြည်သို့ကြွတော်မူလို၍ ထိုတာဝတိံသာ နတ်ပြည်၌ဝါကပ်တော် မူကာ ဝါတွင်း၃-လပတ်လုံး မပြတ်မစဲ အဘိဓမ္မာကို ဟောတော်မူပြီး မယ်တော်နတ်သား အမှူးရှိသည့် များစွာသော နတ်ဗြဟ္မာတို့ကို သောတာပတ္တိမဂ် ရစေခြင်းကို ပြုတော်မူ၏ဟူ၍ ဖော်ပြရေးသားထားပေသည်။

ကျမ်းညှိပြဆိုချက်။ ။ ဤတွင် ဓမ္မပဒအဋ္ဌကထာ၌ အဘိဓမ္မာ ဒေသနာတော် ကြားနာရသောကြောင့် နတ်ဗြဟ္မာပေါင်း ကုဋေ ၈- သောင်း အရဟတ္တဖိုလ် တည်ကြောင်းပြဆို၍ အပါဒါန်အဋ္ဌကထာ၌ မယ်တော် နတ်သားအမှူးရှိသော များစွာသော နတ်ဗြဟ္မာများ သောတာပတ္တိမဂ်ကို ရကြောင်းပြဆိုလေရာ အဘိဓမ္မာဒေသနာကို ကြားနာရသောကြောင့် ထိုစဉ် အခါက နတ်ဗြဟ္မာပေါင်း ကုဋေ ၈-သောင်း ရဟန္တာဖြစ်ကြ၍ မရေ မတွက်နိုင်လောက်အောင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ကြသည်မှာ ထင်ရှားလှပေသည်။

အဘိဓမ္မာ ၇-ကျမ်းတို့တွင် အနန္တနယ အဆုံးအပိုင်းအခြားမရှိသည့် နည်းတို့ဖြင့် တန်ဆာဆင်အပ်သော ပဋ္ဌာန်းတရားတော်ကို ကြားနာရသောကြောင့် တရားထူးရ၍ အရိယာဖြစ်သွားကြသော ပဋ္ဌာန်းပရိသတ် နတ် ဗြဟ္မာတို့က အခြားကျမ်းများကို ကြားနာရသောကြောင့် တရားထူးရ၍ အရိယာဖြစ်သူ နတ်ဗြဟ္မာတို့ထက် များပြားရမည်မှာ အမှန်မလွဲ ဖြစ်ရပေလိမ့်မည်။

အာဠဝကဝတ္ထုနှင့် နန္ဒမာတာဝတ္ထုတို့ကို ထောက်ထားကြည့်လျှင် မရေ တွက်နိုင်အောင် များပြားလှစွာသော ပဋ္ဌာန်းပရိသတ် နတ်ဗြဟ္မာများက မိမိ တို့နှင့် သဘောချင်းတူညီသည့် ပဋ္ဌာန်းတရားတော်ကို လေ့လာသင်ယူ, ရွတ်ဖတ် သရဇ္ဈာယ်သူတို့အား မကောင်းကျိုးဘေးရန် အန္တရာယ်တို့မှ တားဆီးပေးခြင်း, ကောင်းကျိုး ချမ်းသာရရှိစေရန် ကူညီခြင်းပြုကြမည် ဖြစ်သည်။

ယင်းသို့ မကောင်းကျိုးကို တားဆီးနိုင်ခြင်း, ကောင်းကျိုးကို ရရှိစေခြင်း တို့ကြောင့် ပဋ္ဌာန်းတရားတော်သည် တန်ခိုးကြီးသည်ဟု ရှေးအခါမှစ၍ ယနေ့ထက်တိုင် အစဉ်အလာ စွဲမြဲယုံကြည်ခဲ့ကြခြင်း ဖြစ်ပေသည်။

၃။ သာသနာ တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီး

ရှေ့တန်းခံတပ်။ ။လောက၌ တိုင်းပြည်တစ်ပြည်၏ လုံခြုံရေးအတွက် ရန်သူ တို့၏ နယ်မြေနှင့် အနီးကပ်ဆုံး မိမိပြည်တွင်း၌ ရှေးတန်း ခံတပ်ကြီးတစ်ခုကို ဆောက်လုပ်ရမြဲ ဖြစ်သည်၊ ရှေ့တန်းခံတပ် ကျိုးပေါက်၍ ရန်သူစစ်သားများ တိုင်းပြည်တွင်းသို့ ဝင်လာနိုင်လျှင် ထင်သလို မွေနှောက် တိုက်ခိုက်ဖျက်ဆီး၍ တစ်ပြည်လုံးကို သိမ်းယူသွားနိုင်သည်။

နောက်ပိုင်း၌ စစ်အင်အားကောင်း၍ ပြန်လည် ခုခံနိုင်သည့်တိုင်အောင် ကိုယ့်ပြည်တွင်းမှာ စစ်တလင်းအဖြစ်ခံရ၍ များစွာ ဆုံးရှုံးနစ်နာခြင်း ဖြစ်နိုင် ပေသည်။

ထို့ကြောင့် တိုင်းပြည်တစ်ပြည်၏ လုံခြုံရေး တည်တံ့ ခိုင်မြဲရေးအတွက် ရှေ့တန်းခံတပ်သည် အရေးကြီးလှသည်၊ ဤ အကြောင်းကို သိမြင်သူ မျိုးချစ် ပုဂ္ဂိုလ်များသည် ရှေ့တန်းခံတပ် တောင့်တင်းအောင် ခိုင်ခံ့အောင် အားဖြည့် ကြသည်၊ ပြုစုကြသည်၊ စောင့်ထိန်းကြသည်၊ ဂရုစိုက်ကြသည်။

ဤ သာသနာတော်၌ ပဋ္ဌာန်းတရားတော်သည် ရှေ့တန်းခံတပ်ကြီး ဖြစ်ပေသည်၊ ထင်ရှားစေရန် အနည်းငယ် ချဲ့ပြပါအံ့။

မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ သာသနာတော်ကြီး ကွယ်ပျောက်မည်ဆိုလျှင် မည်သို့ ကွယ်ပျောက်မည်ကို ပါထိကဝဂ္ဂအဋ္ဌကထာ၁။ ဒီ၊ ဋ္ဌ-၃၊ ၁၃၂။ ၌ အောက်ပါအတိုင်း ပြဆိုထားသည်။

ပရိယတ္တိသာသနာ, ပဋိပတ္တိသာသနာ, ပဋိဝေဓသာသနာဟူသော သာသနာတော် ၃-ရပ်တို့တွင် ပရိယတ္တိသာသနာတော်က ရှေးဦးစွာ ကွယ်မည်။

ပရိယတ္တိသာသနာတွင်လည်း သုတ္တန္တပိဋက, ဝိနယပိဋက, အဘိဓမ္မာပိဋက ဟူ သော ပိဋက ၃ ပုံတွင် အဘိဓမ္မာပိဋကသည် ရှေးဦးစွာ ကွယ်မည်။

ဓမ္မသဂဏီ, ဝိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်, ပဋ္ဌာန်း-ဟူသော အဘိဓမ္မာ ၇-ကျမ်းတွင်လည်း ပဋ္ဌာန်းကျမ်းသည် ရှေးဦးစွာ ကွယ်မည်၊ ပဋ္ဌာန်းကျမ်းကွယ်ပြီးနောက်မှ ယမိုက်, ကထာဝတ္ထု, ပုဂ္ဂလပညတ်, ဓာတုကထာ, ဝိဘင်း, ဓမ္မသဂဏီ-ဟူ၍ ကျမ်းအစဉ်အတိုင်း ကွယ်မည်။

ထို့နောက်မှ သုတ္တန်ကျမ်းများ အစဉ်အတိုင်းကွယ်မည်၊ ထို့နောက်မှ ဝိနည်းငါးကျမ်း အစဉ်အတိုင်း ကွယ်မည်။

ပရိယတ္တိသာသနာ ကွယ်ပြီးနောက် ပဋိပတ္တိသာသနာ, ပဋိဝေဓသာသနာ တော် နှစ်ရပ် ကွယ်ပျောက်မည်ဟူ၍ ပြဆိုထားပေသည်။

ယင်း သာသနာကွယ်ပုံ အစီအစဉ်ကို ပြဆိုရာ၌ ထိပ်ဆုံးမှ ပဋ္ဌာန်းတရားတော် ကစ၍ ကွယ်မည်ဖြစ်ကြောင်းကို အထူးသတိထားသင့်ပေသည်၊ ယင်းသို့ဖြစ် လျှင် ပဋ္ဌာန်းတရားတော်သည် သာသနာတော်နယ်မြေ၌ ရှေ့တန်း ခံထပ်ကြီး ဖြစ်နေပေသည်၊ သာသနာတော် မကွယ်ပျောက်ရေးအတွက် ပဋ္ဌာန်းတရားတော် တည်တံ့စည်ပင်နေအောင် ပြုစုစောင့်ရှောက်ရမည်၊ ထိန်းသိမ်းရမည်၊ အားပေး ချီးမြှောက်ရမည်။

ပဋ္ဌာန်းတရားတော်ကွယ်ပျောက်လျှင် တခြားတရားတော်များ ဆက်လက် ကွယ်ပျောက်ပေမည်၊ ထို့ကြောင့် သာသနာတော် တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီးဖြစ်သည့် ပဋ္ဌာန်းတရားတော် တည်တံ့ ပြန့်ပွားရေးကို ထိန်းသိမ်းဆောင်ရွက်ရန်မှာ သာသနာတော်ကို ချစ်မြတ်နိုးသူများ၏ တာဝန် ဖြစ်နေပေသည်။

ဤအချက်ကို လူ့ပြည်မှ လူသားဗုဒ္ဓဘာသာဝင် ပညာရှိ သူတော်စင်များ သိမြင်သကဲ့သို့ပင် နတ်ပြည် ဗြဟ္မာပြည်တို့မှ မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ သာသနာတော်ကို ကြည်ညိုမြတ်နိုးကုန်သော သူတော်ကောင်း နတ်ဗြဟ္မာ အများအပြား သိရှိကြပေလိမ့်မည်။

ယင်း သူတော်ကောင်း နတ်ဗြဟ္မာတို့ကလည်း သာသနာတော် တည်တံ့ ပြန့်ပွားရေးအတွက် ရှေ့တန်း ခံတပ်ကြီးဖြစ်သည့် ပဋ္ဌာန်းတရားတော်ကို ကိုယ်တိုင်လည်း ဆောင်ရွက်သင်ယူ ရွတ်ဖတ်သရဇ္ဈာယ်ကြပေလိမ့်မည်။

ပဋ္ဌာန်းတရားတော်ကို ဆောင်ရွက်သင်ယူ ရွတ်ဖတ်သရဇ္ဈာယ်ကြရန် နတ်အချင်းချင်း ဗြဟ္မာအချင်ချင်းကိုလည်း တိုက်တွန်း နှိုးဆော်ကြပေလိမ့်မည်။

ပဋ္ဌာန်းတရားတော်ကို ဆောင်ရွက်သင်ယူ ရွတ်ဖတ်သရဇ္ဈာယ်သူ လူ့ပြည်ရှိ လူသားများကိုလည်း ဘေးအန္တရာယ် မကောင်းကျိုးများ ပျောက်ငြိမ်း ကင်းဝေးစေရန် စောင့်ရှောက်၍ ကောင်းကျိုးချမ်းသာ ရရှိအောင် ကူညီ စောင်မကြပေလိမ့်မည်။

ယင်းသို့ စောင့်ရှောက် ကူညီမှုကိုရရှိသော ပဋ္ဌာန်းပါရမီရှင်များကို တွေ့ရ ကြုံရပေါင်း များလာသောအခါ ရှေးပညာရှင်ကြီးများသည် {ပဋ္ဌာန်းတရား တော်သည် တန်ခိုးကြီး၏}ဟူ၍ အစဉ်အဆက် မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်ပေ သည်။

ဤကား သာသနာတော် တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီး ဖြစ်ခြင်း ကြောင့် ပဋ္ဌာန်းတရားတော် တန်ခိုးကြီးသည်ဟူသော အဆိုပြုချက်ကို အကျယ် ရှင်းပြခြင်း ဖြစ်ပေသည်။

ဤမျှ ပြည့်ပြည့်စုံစုံ ရေးသားခဲ့သော စကားစဉ်တို့ဖြင့် ဤနိဒါန်း၌ အစချီ၍ ဖော်ပြခဲ့သော {ပဋ္ဌာန်းတရားတော်သည် အဘယ်ကြောင့် တန်ခိုး ကြီးသနည်း}ဟူသော အမေးပုစ္ဆာ၏ အကျဉ်းချုပ် အဖြေဖြစ်သည့်…

၁။ သိမ်မွေ့မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားဖြစ်ခြင်း၊

၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့် တရားဖြစ်ခြင်း။

၃။ သာသနာ တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီးဖြစ်ခြင်း။

ဟူသော အဆိုပြု တင်ပြချက် ၃-ရပ်၏ အကျယ်သဘော အဓိပ္ပာယ်ကို စာရှု သူတို့ သဘောပေါက် သိမြင်လောက်ပြီဟု ယုံကြည်ပါသည်။

ပဋ္ဌာန်းကျမ်း ၃-မျိုး ဖော်ပြခဲ့သည့်အတိုင်း တန်းခိုးကြီးမားလှစွာသော ပဋ္ဌာန်းကျမ်းကြီးသည်-

က။ အတိဝိတ္ထာရဒေသနာ၊

ခ။ အတိသခေပဒေသနာ၊

ဂ။ နာတိဝိတ္ထာရ နာတိသခေပဒေသနာ…

ဟူ၍ ၃-မျိုး ရှိပေသည်။

ယင်း ၃-မျိုးတို့တွင် အတိဝိတ္ထာရဒေသနာဟူသည်မှာ အလွန်ကျယ်သော တရားတော်ဟု အဓိပ္ပာယ်ရသည်၊ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်၌ နတ်ဗြဟ္မာ ပရိသတ်တို့အား ဟောကြားတော်မူအပ်သော ပဋ္ဌာန်းဒေသနာသည် အလွန်ကျယ်လွန်းသောကြောင့် အတိဝိတ္ထာရဒေသနာ မည်ပေသည်။

အတိသခေပဒေသနာ ဟူသည်မှာ အလွန်းကျဉ်းသော ဒေသနာဟု အဓိပ္ပာယ်ရသည်၊ နတ်ပြည်၌ ပဋ္ဌာန်းတရားတော်ကို ဟောနေစဉ် လူသား ဖြစ်သော မြတ်စွာဘုရား၌ ခန္ဓာကိုယ်တော် မျှတစေရေးအတွက် ပြုလုပ်ရန် လိုအပ်သည်၊ ထိုအခါ၌ မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် နတ်ပြည်၌ တရား ဟောရန် နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းထားခဲ့ပြီး လူ့ပြည်သို့ ကြွခဲ့ကာ မျက်နှာတော်သစ်ခြင်း, ရေသုံးသပ်ခြင်းစသော ကိစ္စများကို ပြုလုပ်တော်မူသည်၊ ထို့နောက်မှ မြောက်ကျွန်းသို့ ဆွမ်းခံ ကြွတော်မူကာ ဆွမ်းဘုဉ်းပေးပြီး ဟိမဝန္တာရှိ စန္ဒကူးတော၌ နေ့သန့်စင်တော်မူသည်။

ယင်းသို့ နေ့သန့်နေစဉ်အခါ တရားစစ်သူကြီး အရှင်သာရိပုတ္တရာ ကြွလာပြီး ဝတ်ကြီး ဝတ်ငယ် ပြုစုတော်မူသည်၊ အရှင်သာရိပုတ္တရာ ဝတ်ပြုနေစဉ် မြတ်စွာဘုရားက နတ်ပြည်၌ ပဋ္ဌာန်းတရားဟောပုံ အစီအစဉ်ကို အကျဉ်းမျှ ဟောပြတော်မူသည်။

မြတ်စွာဘုရား အကျဉ်းဟောသည်ကို အရှင်သာရိပုတ္တရာက နည်းပေါင်း များစွာဖြင့် တန်ဆာဆင်၍ အကျယ်ကို သိရှိလေသည်။

ယင်းသို့ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာအား ဟောတော်မူသည့် ပဋ္ဌာန်းဒေသနာတော်သည် အလွန်ကျဉ်းသောကြောင့် အတိသခေပဒေသနာ မည်ပေသည်။

နာတိဝိတ္ထာရ နာတိသခေပဒေသနာ ဟူသည်မှာ မကျယ်လွန်း မကျဉ်း လွန်းသော တရားတော်ဟု အဓိပ္ပာယ်ရသည်။

အရှင်သာရိပုတ္တရာက မိမိမြတ်စွာဘုရားထံမှ ကြားနာခဲ့ရသော အဘိဓမ္မာ ဒေသနာတော်တို့ကို မိမိ၏တပည့် လင်းနို့သားငါးရာဖြစ်ခဲ့ဖူးသော ရဟန်းငါးရာ တို့အား တစ်ဆင့်ပြန်၍ ဟောတော်မူသည့် အဘိဓမ္မာ ဒေသနာတော်သည် မကျယ်လွန်း မကျဉ်းလွန်းသောကြောင့် နာတိဝိတ္ထာရ နာတိသခေပဒေသနာ မည်ပေသည်။၁။ အဘိဋ္ဌ၊ နှာ-၁၇။

ယခုထင်ရှားရှိသည့်ပဋ္ဌာန်းကျမ်း။ ။ ယခု ထေရဝါဒဗုဒ္ဓဘာသာ၌ သင်ကြား ပို့ချ လေ့လာ သုံးစွဲနေကြသည့် ပဋ္ဌာန်း ကျမ်းကြီးမှာ အရှင်သာရိပုတ္တရာကတစ်ဆင့် ပြန်လည်ဟောကြားသည့် နာတိ ဝိတ္ထာရ နာတိသခေပ(=မကျယ်လွန်း မကျဉ်းလွန်းသော) ပဋ္ဌာန်းဒေသနာကျမ်း ဖြစ်ပေသည်။

ပဋ္ဌာန်း ၂၄-ကျမ်း။ ။ယင်း ပဋ္ဌာန်းကျမ်းကြီး၌ ပဋ္ဌာန်းကျမ်းငယ်ပေါင်း ၂၄- ကျမ်း ပါဝင်ပါသည်၊ ယင်းတို့မှာ-

၁။ ။ဓမ္မာနုလောမပဋ္ဌာန်း၊

၂။ ။ဓမ္မပစ္စနီယပဋ္ဌာန်း၊

၃။ ။ဓမ္မာနုလောမ ပစ္စနီယပဋ္ဌာန်း၊

၄။ ။ဓမ္မပစ္စနီယာနုလောမပဋ္ဌာန်း-

ဟူ၍ မူရင်း ဟောပုံဟောနည်းအရ ကျမ်း ၄-ကျမ်း ရှိသည်။

ယင်း ၄-ကျမ်းတိုင်းတွင်-

၁။ ။တိကပဋ္ဌာန်း၊

၂။ ။ဒုကပဋ္ဌာန်း၊

၃။ ။ဒုကတိကပဋ္ဌာန်း

၄။ ။တိကဒုကပဋ္ဌာန်း

၅။ ။တိကတိကပဋ္ဌာန်း၊

၆။ ။ဒုကဒုကပဋ္ဌာန်း-

ဟူ၍ ကျမ်းငယ် ၆-ကျမ်းစီ ပါဝင်ဟောကြားထားပေရာ စုစုပေါင်း(၄ x ၆=) ၂၄-ကျမ်း ပါဝင်နေပေသည်။

ယင်း ဖော်ပြချက်ကို ထင်ရှားစေရန် မူရင်း ဟောပုံဟောနည်း ၄-ကျမ်း တို့တွင် ပထမဆုံးဖြစ်သော ဓမ္မာနုလောမပဋ္ဌာန်းကျမ်းမှ ကျမ်းငယ် ၆-မျိုး ဖြစ်ပုံကို ဖော်ပြရလျှင်…

၁။ ။ဓမ္မာနုလောမ တိကပဋ္ဌသာန်း၊

၂။ ။ဓမ္မာနုလောမ ဒုကပဋ္ဌာန်း၊

၃။ ။ဓမ္မာနုလောမ ဒုကတိကပဋ္ဌာန်း၊

၄။ ။ဓမ္မာနုလောမ တိကဒုကပဋ္ဌာန်း၊

၅။ ။ဓမ္မာနုလောမ တိကတိကပဋ္ဌာန်း၊

၆။ ။ဓမ္မာနုလောမ ဒုကဒုကပဋ္ဌာန်း…

ဟူ၍ ၆-ကျမ်း ဖြစ်သည်၊ ဤအတူပင် မူရင်း ဓမ္မပစ္စနီယပဋ္ဌာန်း စသော ၃- ကျမ်းတို့မှလည်း ၆-ကျမ်းစီ ဖြစ်သောကြောင့် ပဋ္ဌာန်း (၄x၆=) ၂၄-ကျမ်း ဖြစ်လာသည်ဟု ပြဆိုခဲ့ခြင်း ဖြစ်ပေသည်။

ကျမ်းနှင့်ပစ္စည်း။ ။ယင်းသို့ ပဋ္ဌာန်း ၂၄-ကျမ်း ရှိသည်ကို သတိမထားမိသည့် အချို့သူများသည် ဟေတုပစ္စယောမှ အဝိဂတပစ္စယော တိုင်အောင်သော ပဋ္ဌာန်း ၂၄-ပစ္စည်းကိုပင် ပဋ္ဌာန်း ၂၄-ကျမ်းဟု ထင်မြင် တတ်ကြပေသည်။

အမှန်မှာ ဟေတုပစ္စယောမှ အဝိဂတပစ္စယော တိုင်အောင်သော ၂၄- ပစ္စည်းမှာ ပဋ္ဌာန်းကျမ်း ၂၄-ကျမ်း၌ ဟောပုံဟောနည်း၌ ပါဝင်သော ပစ္စည်း များသာ ဖြစ်သည်၊ ပဋ္ဌာန်း ၂၄-ကျမ်း မဟုတ်ချေ၊ အထက်တွင် ရေတွက် ဖော်ပြခဲ့သည့် ဓမ္မာနုလောမတိကပဋ္ဌာန်း စသည်သာလျှင် ပဋ္ဌာန်း ၂၄-ကျမ်း ဖြစ်ပေသည်။

နိဂုံးချုပ်။ ။ ဤမျှ ရေးသားပြဆိုခဲ့သော စကားအစဉ်ဖြင့် ဤအခြေပြုပဋ္ဌာန်း တရားတော်ကျမ်းသည် ထူးခြားစွာ ပြုစုထားသည့် ကျမ်းဖြစ် သည်၊ ထူးခြားသော အမည်ရှိသည်၊ အမည်နှင့်အညီ ထူးခြားသော ရေးသား ချက်များ ပါရှိသည်ဟူသော အချက်များနှင့် ပြည့်ဝစုံလင်သော ကျမ်းဖြစ်ကြောင်း ကောင်းစွာ သိမြင်နိုင်ပေပြီ။

ယင်းသို့ သိမြင်ကြသော စာရှုသူ ပဋ္ဌာန်းသုတေသီတို့သည် ဤအခြေပြု ပဋ္ဌာန်းတရားတော်ကို စိတ်ပါဝင်စား လေ့လာ ဖတ်ရှုကြပြီးလျှင် ပဋ္ဌာန်း ပညာရှင် ပဋ္ဌာန်းသူတော်စင်များ ဖြစ်ကြပါစေသတည်း။

နေ့ညမခြား ပဋ္ဌာန်းတရားတော်ကို ပွားများကျင့်ကြံ ရွတ်အံ သရဇ္ဈာယ် နိုင်ကြပါစေသတည်း။

တန်ခိုးစွမ်းအား ကြီးမားလှစွာသော အနန္တ နယ သမန္တပဋ္ဌာန်းတရားတော် ကြီး၏ အကျိုးအာနိသင်ကို ခံယူရရှိပြီး လောကီ လောကုတ္တရာ လိုရာကိစ္စ ပြီးမြောက် အောင်မြင်ကြပါစေသတည်း။

ဦးထွန်းလှိုင် (ဝိနယပါရဂူ)

ပရိယတ္တိသာသနဟိတဓမ္မာစရိယ ဝဋံသကာ၊

သာသနဓဇသီရိပဝရဓမ္မာစရိယ သိရောမဏိ၊

စေတိယဂဏပရိယတ္တိဓမ္မာစရိယ ဂဏဝါစက။

သက္ကရာဇ် ၁၃၄၁-ခုနှစ်၊

တပေါင်းလပြည့်ကျော် (၄) ရက်၊ အဂါနေ့၊

၁၉၈၀-ခုနှစ်၊ မတ်လ (၄) ရက်။

တစ်ဘဝသံသရာ ဖြစ်စဉ် အကျဉ်း

မဟာဂန္ဓာရုံဆရာတော်

အရှင်ဇနကာဘိဝံသ ၏

တစ်ဘဝသံသရာ ဖြစ်စဉ် အကျဉ်း

၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်း သူငယ်ကို စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သရိုင်ရွာ, ဦးဇောတိ-ဒေါ်အုန်းလှိုင်ဦးဇောတိ-ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခုနှစ်, တပို့တွဲလပြည့်ကျော် (၁၄) ရက် (၁၉၀၀-ပြည့်၊ ဖေဖော်ဝါရီလ ၂၇-ရက်) အဂါနေ့တွင် ဖွားမြင်သည်။

၂။ ၁၂၆၆-ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။

၃။ ၁၂၇၅-ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။

၄။ ၁၂၇၉-ခုနှစ်၌ သက်တော် ၁၈ -နှစ် အရွယ်တွင် ပထမကြီးတန်း စာမေးပွဲကို အောင်မြင်တော်မူသည်။

၅။ ၁၂၈၀-ပြည့်နှစ် တပေါင်းလပြည့်နေ့၌ (ပထမအကြိမ်), ၁၂၈၁-ခုနှစ် နယုန်လပြည့်နေ့၌ (ဒုတိယအကြိမ်), ၁၂၈၁-ခနု စှ် တပေါင်း လပြည်နေ့၌ (တတိယအကြိမ်) ရဟန်းအဖြစ်ကို ခံယူတော်မူသည်။

၆။ ၁၂၈၃-ခနု စှ် ကဆနု လ် ဆန်း (၁)ရက်နေ့၌ ပခကုူ္က ဆရာတောြ်ကီး များ၏ {ပခုကုကုက္ကူစာချ}အဖြစ် တင်မြှောက်မှုကို ခံယူရသည်။

၇။ ၁၂၈၉-ခုနှစ်၌ {ပဌမကျော်} အောင်မြင်တော်မူသည်။

၈။ ၁၂၈၉-ခုနှစ်၌ {သကျသီဟစာမေးပွဲ} ခေါ် {ပရိယတ္တိသာသနဟိတဓမ္မာစရိယ}ဘဲွ့ ရရှိ အောင်မြင်တော်မူသည်။

၉။ ၁၃၀၃-ခုနှစ် ဝါဆိုဦး (၁၉၄၁-၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ဝင်ရာက် သိမ်းပိုက်မည့်နေ့တွင် ယခုလက်ရှိ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့ သီ တင်းသုံးတော်မူသည်၊ ပြောင်းရွှေ့ လာခဲ့စဉ်က သံဃာတော် ငါးပါးမျှသာ ရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော်မျှ သီတင်းသုံးလျက်ရှိသည်။

၁၀။ (လွတ်လပ်ရေးရပြီးနောက်) ၁၃၁၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏(ရှေးဦးစွာ) {အဂ္ဂမမဟာပဏ္ဍိတိတိတ}ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူရသည်။

၁၁။ ၄င်းနှစ်မှာပင် နိုင်ငံတော်စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်း ဗုဒ္ဓဘာသာလက်စွဲခေါ် သင်ခန်းစာများကို ရေးသားခဲ့သည်။

၁၂။ ၁၃၁၅-ခုနှစ်၌ (က) ဆဋ္ဌသံဂီတိ ဩဝါဒါစရိယ သံဃနာယက,

( ခ ) ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက,

( ဂ ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက,

(ဃ) ဆဋ္ဌသံဂီတိ ဩသာနသောဓယျပတ္တပါဌကအဖြစ် တင်မြှောက်ခြင်းကို ခံယူရသည်။

၁၃။ ၁၃၃၇-ခုနှစ် ပဲခူးမြို့၌ ကျင်းပအပ်သော ဂိုဏ်းလုံးကျွတ် အစည်း အဝေးကြီးက ရွှေကျင်ဂိုဏ်းကြီး၏ ဥပဥက္ကဋ္ဌ (ဒုတိယ သာသနာပိုင်) အဖြစ် တင်မြောက်ခြင်းကို ခံယူတော်မူသည်။

၁၄။ ၁၂၉၁-ခနု စှ်သက်တော်( ၃၀မှ စ၍ကျမ်းစာများကို စတင်ပြုစုတော်မူခဲ့ရာ ၁၂၉၃-ခုနှစ်တွင် ပထမဦးဆုံး ကျမ်းစာကို ရေးသားပြီးစီးတော်မူ၍ ၁၃၃၈-ခု၊ တန်ဆောင်မုန်းလတွင် နောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓနောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓကျမ်းစာကို ရေးသားပြီးလျှင် {တစ်ဘဝ သံသရာ}အမည်ဖြင့် ထေရုပ္ပတ္တိကို ကိုယ်တော်တိုင် ရေးသားတော်မူခဲ့သည်၊ ပဉ္စပကရဏဘာသာဋီကာနှင် မူလဋီကာနိဿယ ပါဠိတော်နိဿယများကို၁၃၃၆-ခုနှစ် တန်ဆောင်မုန်း လဆန်း ၅-ရက် (၁၈-၁၁-၇၄) တနလာနေ့ ၁-နာရီအချိန် စတင်ပို့ချ ရေးသား၍ ၁၃၃၉-ခုနှစ်၊ ဝါခေါင်လဆန်း ၁၂-ရက်နေ့မှာ ပြီးဆုံးခဲ့ပါ သည၊် သတု မ် ဟာဝါဘာသာဋကီာကို ၁၃၃၇-ခနု စှ် ဝါဆလို ပြည့်ကျော၂် - ရက် ကြာသပတေးနေ့ (၂၄-၇-၇၅) တွင် စတင် ပို့ချ ရေးသား၍ ၁၃၃၉-ခနု စှ် နတ်တောလ် ဆန်း ၁၃-ရက် (၂၁-၁၂-၇၇) သောကြာနေ့ ပျံလွန်တော်မမူမီ ၅-ရက် အလိုတွင် ပြီးတော်မူခဲ့ပါသည်၊ ပါထေယျ ဘာသာဋီကာကိုပင် တစ်ရက်မျှ ရေးသား ပို့ချခဲ့ပါသေးသည်။

၁၅။ ၁၃၃၉-ခုနှစ်၊ သက်တော် (၇၈)နှစ် အရောက် နတ်တော်လပြည့်ကျော် ၂-ရက် (၁၉၇၇-ခုနှစ် ဒီဇင်ဘာလ ၂၇-ရက်) အဂါနေ့ ညနေ ၄-နာရီ မိနစ် ၃၀-တွင် တစ်ဘဝအတွက် ငြိမ်းတော်မူပါသည်။

ဆရာတော်၏ ဆန္ဒတော်

ပဋ္ဌာန်းတရားတော်

ဖတ်ကြား နာယူသူများ ကြိုတင်သိရှိရန်

ဆရာတော်၏ ဆန္ဒတော်

ယခု စာရှုသူ ဖတ်ကြားနာယူမည့် ပဋ္ဌာန်းတရားတော်သည် စာရှုသူ၏ ရှေ့သို့ ရောက်လာသည်မှာ လွယ်ကူလှသည် မဟုတ်ပါ၊ (၁၉၆၉) ၁၃၃၁- ခုနှစ်လောက်ကပင် ပဋ္ဌာန်းတရားတော်ကို ဟောပြော ချီးမြှင့်တော်မူသော တောင်မြို့ ဆရာတော်ဘုရားအား ယခင်က ဓမ္မစကြာ, အနတ္တလက္ခဏသုတ် တရားတော်များကို ဟောပြောတော်မူပြီးဖြစ်၍ ပဋ္ဌာန်းတရားတော်ကို သာသနာ တော်၌ စိတ်ဝင်စား ကြည်ညိုကြသော ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓမြတ်စွာနှင့် သဗ္ဗညုတဉာဏ်ကို ကြည်ညိုနိုင်ရန် (ပဋ္ဌာန်းတရားတော်ကို) အချိန်ရ၍ အခွင့် သာသောအခါ ဟောပြောပေးတော်မူပါရန် စတင် လျှောက်ထားခဲ့၍ တပည့် ဒကာရင်းများ ဆုံမိတိုင်းလည်း မကြာခဏ လျှောက်ထားခဲ့ရာမှ (၁၉၇၃-ခုနှစ် ဧပြီလ ၉-ရက်) ၁၃၃၄-ခုနှစ် နှောင်းတန်ခူးလဆန်း ၇-ရက်နေ့ တိုင်မှသာ ဟောပြောပေးနိုင်ရန် အခွင့်သာခဲ့ပါသည်၊ တရားဟောသောအခါလည်း ဥတု အလွန်ပြင်းထန်၍ ပူပြင်းလှသောအချိန်တွင် နံနက်ဩဝါဒပေးချိန် အရုဏ် ဆွမ်းကပ်ပြီး အေးချမ်းဆဲ အချိန်တွင်မှာသာ ဟောကြားတော်မူနိုင်ခဲ့ရာ ဆရာတော် သည် ရက်ပေါင်း ၁၇-ရက်မျှ အလွန် ပင်ပန်းခံတော်မူခဲ့ရပါသည်။

ထိုကဲ့သို့ အလွန်ပင်ပန်းခံတော်မူလျက် ဟောကြားတော်မူခဲ့သည့် ရည်ရွယ် ချက်ကို ဆရာတော်ကိုယ်တိုင် ရေးသားထားသော အောက်ပါ မျှော်လင့်ချက် စာတမ်းကို ကြည့်ရှု၍ စာဖတ်သူများ ကြိုတင်ပြီး ဆရာတော်၏ ဆန္ဒတော်ကို သိရှိထားစေလိုပါသည်။

သို့မှသာ ဆရာတော်သည် အလွန်နက်နဲ၍ လူသာမန်တို့ သိနိုင်ခဲသော ပဋ္ဌာန်းတရားတော်ကြီးကို လူအများ သိရှိနိုင်အောင် ဘာ့ကြောင့် ဤမျှအပင်ပန်း ခံ၍ ဟောသည်ကို သဘောပေါက်ကြပါလိမ့်မည်။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ

သာသနာရေးမျှော်လင့်ချက်

အရေးကြီးသော သိဖွယ်များ။ ။ အလွန် ကြုံကြိုက်ခဲ လှစွာသော ဤ ဗုဒ္ဓ သာသနာတော်သည် ယနေ့တိုင်အောင်ပင် ဘုန်းကြီးနှင့်တကွ ဘာသာဝင် လူအပေါင်းအား လမ်းကောင်းကို ညွှန်ပြလျက် ရှိပါပေသေး၏၊ မှန်၏-ယခုအချိန်၌ ဤသာသနာတော်ကြီး ကွယ်ပပြီး ဖြစ်နေပါလျှင် ဤစာရေးသူ ဘုန်းကြီးသည်ပင် ဩကာသလောက ဘုံဌာနအတွက် မျက်မြင်လူ့လောကလောက်ကိုသာ သိနိုင်ပေလိမ့်မည်၊ ငရဲဘုံ, ပြိတ္တာတို့၏ ဌာနနှင့် နတ်ဘုံ ဗြဟ္မာ့ဘုံများကို (ရှိသေး၏ဟုမျှ)သိနိုင်မည် မဟုတ်ပါ။

သတ္တလောကအတွက်လည်း လူနှင့် မျက်မြင် တိရစ္ဆာန်များကိုသာ သိနိုင် ရ၏၊ ငရဲကောင်, ပြိတ္တာကောင်နှင့် နတ်ဗြဟ္မာများကို မသိနိုင်ရာ၊ သိနိုင်သမျှ လူနှင့် တိရစ္ဆာန်ကိုလည်း တကယ်ပင် အကောင်အထည်ထင်မှတ်၍ အတွင်းက ခြယ်လှယ်တတ်သော အသက်ကောင် (အတ္တ) ရှိသေး၏ဟု ယူဆနေရာ၏၊

ရုပ်နှင့်နာမ် ပေါင်းစပ်၍ လူဟုခေါ်ဝေါ်အပ်သော ပညတ်မျှသာဖြစ်ကြောင်း အတွင်း၌ အတ္တမရှိကြောင်းကို သိနိုင်မည် မဟုတ်ရာ၊ ထိုရုပ်နာမ်တို့လည်း အဝိဇ္ဇာနှင့် တဏှာ (မသိမှုနှင့် လိုချင်မှု) ဤ နှစ်ခု အရင်းခံ၍ ကံဟူသော သခါရ၏ စီမံမှုကြောင့် ဖြစ်ရကြောင်း, ထို အဝိဇ္ဇာနှင့်တဏှာ ကုန်ခန်း၍ ရဟန္တာ မဖြစ်သေးသမျှ ရုပ်နာမ်အစဉ်ဟူသော သံသရာသည် အမြဲလည်နေ မည်သာ ဖြစ်ကြောင်း, ထိုရုပ် ထိုနာမ် သံသရာပြတ်၍ နိဗ္ဗာနဓာတ် ရောက် ဖို့ရာ မဂ္ဂင်ရှစ်ပါးတရား အမှန်ရှိသေးကြောင်းများကိုလည်း သိနိုင်တော့မည် မဟုတ်ပါ။

မသိရလျှင် အပြစ်။ ။ထိုသို့ သိဖွယ်ဟူသမျှကို မသိနိုင်လျှင် ဘုန်းကြီးသည် {နောက်ဘဝ ရှိသေး၏}ဟုမျှ မယူဆတော့ဘဲ ဤဘဝ အတွက်သာကြည့်၍ {ကိုယ်ကျိုးရှိမည်}ထင်လျှင် မည်သည့် မတရားမှုမဆို ပြုမိတော့ရာ၏၊ ထိုသို့ ပြုမိလျှင် ဘုန်းကြီးသည် ငရဲကောင်, ပြိတ္တာကောင်, တိရစ္ဆာန်ကောင် အဖြစ်ဖြင့် ဒုက္ခမျိုးစုံ ခံစားကာ သံသရာဝဋ်ထဲမှ မလွတ်ဘဲ နေတော့လတ္တံ့။

သိရ၍ အကျိုးရပုံ။ ။ယခုသော်ကား လပေါင်းများစွာ ရွတ်ဖတ်၍ သံဂါယနာ တင်အပ်ပါသော်လည်း အကျယ်ချဲ့လျှင် မကုန်နိုင်သေး အောင် မြားမြောင်လှစွာ ပရိယတ္တိသာသနာတော် တည်ရှိနေသေးသောကြောင့် ထို သိဖွယ်ဟူသမျှကို ကြောင်းကျိုးစုံလင်စွာ သိမြင်ရပါသည်။

ထိုသို့ သိမြင်ရခြင်းကြောင့် မကောင်းမှု ဒုစရိုက်များကိုလည်း စွမ်းနိုင် သမျှ ရှောင်ရှားနိုင်၏၊ ကောင်းမှုပါရမီများကိုလည်း ထက်သန်စွာ ဖြည့်ဆည်း ဖူးနိုင်၏၊ {လောက၌ ချမ်းသာသုခ ဟူသမျှသည် နောက်ကထပ်ကြပ် ဒုက္ခ ကပ်၍ပါနေ၏}ဟု နှစ်နှစ်ကာကာ နားလည်နေရကား မည်သည့်စည်းစိမ်ကိုမျှ အထင်မကြီးဘဲ ဖြစ်ပြန် ပျက်ပြန် လောကဓံကို ခံနိုင်သော အရည်အချင်း ရရှိပါသည်။

ရှေးက ကိုးကွယ်ကြပုံ။ ။ဤသာသနာတော်သည် ဘုန်းကြီးအတွက် ဒုက္ခ ဖြစ်ကြောင်းကို ပယ်ချ၍ သုခရောက်ကြောင်း လမ်းကောင်းလမ်းမှန်ကို ညွှန်ပြပေးရကား ဘုန်းကြီး၏ အားထားကိုးကွယ်ရာ ဖြစ်သကဲ့သို့ သက်ဝင်ယုံကြည်သူ လူအများ၏ အားထားကိုးကွယ်ရာလည်း ဖြစ်ပါပေသည်၊ တိုသို့ ကိုးကွယ်စရာ ကောင်းပါလျက် ယခုအခါ အချို့သူတို့ အမြင်အားဖြင့် အထင်မကြီးနိုင်သည်မှာ အစစ်အမှန် သာသနာရေးကို မသိဘဲ အပြင်ဗန်းပြ မလှပသော သာသနာရေးကိစ္စ တချို့ကိုသာ ကြည့်၍ ဝေဖန် မိခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်၊ ထိုသူတို့လည်း အစစ်အမှန်ကို ဧကန်သိရ ပါလျှင် ဤ သာသနာတော်ကို သက်ဝင်ယုံကြည်ကြမည်သာ။

မှန်၏, ဗုဒ္ဓမြတ်စွာ လက်ထက်တော်၌ အနေအထိုင် အပြောအဆိုမှစ၍ အပြင်ဗန်းပြကလည်း လှပ, အတွင်းကြည့်ပြန်လျှင်လည်း အစစ်အမှန် တရား ကောင်းကို သိကြရသောကြောင့် ဗိမ္ဗိသာရ မဟာရာဇာစသော အထက်တန်း မင်းများနှင့် ဗြဟ္မာယုပါမောက္ခ, ပေါက္ခရသာတိ ဘုရင်ခံစသော ပညာရှိ ဗြာဟ္မဏတို့အပြင် သီဟ စစ်ဗိုလ်ကြီး, အနာထပိဏ် သူဌေးစသော ထိပ်တန်း လူကြီးလူကောင်းတို့သည် ဤ ဘုရားသာသနာတော်ကိုသာ အသက်ပေး၍ လေးလေးမြတ်မြတ် ဆည်းကပ် ကိုးကွယ်ခဲ့ကြပါသည်။

သာသနာကွယ်ရမည်သာ။ ။ထိုခေတ်မှ နောက်၌ ဓမ္မာသောက,ဒေဝါနံ ပိယ တိဿစသော မဟာရာဇာတို့အပြင် အနော်ရထာ မင်း-စသော မြန်မာမင်း အဆက်ဆက်တို့ လေးလေးနက်နက် သာသနာပြုခဲ့ ကြသည်မှာလည်း သာသနာတော်၏ အရသာကို အမှန်အတိုင်း သိကြသော ကြောင့်သာ ဖြစ်ပါလိမ့်မည်၊ ထို့ကြောင့် ဤ သာသနာတော်သည် ယခု အချိန်တိုင်အောင် ဗုဒ္ဓဘာသာဝင် လူရှင်အများ၏ စီပွားချမ်းသာကို ဆောင်လျက် ရှိပါသေးသည်၊ ထိုမျှလောက် လူအများ၏ စီးပွားချမ်းသာကို ဆောင်နိုင်သော သာသနာတော်သည် ဓာတုပရိနိဗ္ဗာန် စံရမည့် အချိန်ကျလျှင် ဧကန် ကွယ်ပရ ချေတော့မည်။

တဖြည်းဖြည်း ထိုသို့ ကွယ်ပရာ၌ {သာသနာ ငါးထောင်ပြည့်သော အားနည်းပြီးမှ ကွယ် ကြောင့်လော၊ သို့မဟုတ် အခြားအကြောင်းကြောင့် လော}ဟု တွေးတောစဉ်းစားဖွယ်ရှိ၏၊ ငါးထောင် ပြည့်သောကြောင့် ဖြစ်စေ, အခြားအကြောင်းကြောင့် ဖြစ်စေ (ပြခဲ့သော ဓာတုပရိနိဗ္ဗာန် စံရပုံကိုထောက်လျှင်) ကိုးကွယ်မည့်သူ ထိန်းသိမ်းစောင့်ရှောက် မည့်သူ မရှိသောကြောင့် ကွယ်ပရမည်မှာကား အသေအချာပင် ဖြစ်ချေသည်၊ ကိုးကွယ်မည့်သူ မရှိခြင်းမှာလည်း ရုတ်တရက် တစ်ပြိုင်နက် မရှိခြင်းမျိုး မဟုတ်ဘဲ တဖြည်းဖြည်း အားနည်းရာမှ နောက်ဆုံး၌ ကိုးကွယ်မည့်သူများ ကွယ်ပျောက် သွားခြင်း ဖြစ်လိမ့်မည်၊ ဥပမာ-လူသည် အို၍ နာ၍ တဖြည်းဖြည်း အားနည်းပြီးမှ သေပျောက်သွားရသကဲ့တည်း။

သာသနာအားနည်းခြင်း၏ ထို့ကြောင့် သာသနာတော် အားနည်းရခြင်း၏ အကြောင်းများ အကြောင်းများကို လက်တွေ့အားဖြင့် စဉ်းစားရ ပေလိမ့်မည်၊ ထိုသို့ စဉ်းစားသောအခါ အဝေးကို လှမ်း၍မစဉ်းစားဘဲ မိမိတို့နေရာ မြို့ရွာဒေသကို စဉ်းစားရုံမျှဖြင့် သဘာဝကျကျ သိနိုင်ပါလိမ့်မည်၊ မှန်၏-သမုဒ္ဒရာရေ၏ အရသာကို သိလိုလျှင် မိမိမျက်မြင် သမုဒ္ဒရာရေကို သောက်ကြည့်က သမုဒ္ဒရာတစ်စင်းလုံး ငန်သောအရသာကို သိနိုင်သကဲ့တည်း၊ ထို့ကြောင့် မိမိနေရာ၌ သာသနာတော် အားနည်းရခြင်း၏ အကြောင်းများကို စဉ်းစားသောအခါ အောက်ပါ အကြောင်း များကို တွေ့ရပေလိမ့်မည်။

(က) သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်များ၏ ဝန်ဆောင်ပုံ အားနည်းမှု။

( ခ ) ကိုးကွယ်သူ တို့အား လိမ္မာယဉ်ကျေးအောင် မသင်ပြ မဟောပြော နိုင်မှု။

( ဂ ) သာသနာကိစ္စ၌ အတုအယောင်တွေ ပေါများမှု။

(ဃ) တိုင်းသူပြည်သားတို့ စီပွားရေးကြပ်တည်းမှုနှင့် အပျော်အပါး အားကြီးမှု။

( င ) စစ်ဘေး စစ်ဒဏ် ခံရမှု။

သာသနာ့တာဝန် နှစ်မျိုး။ ။ ချဲ့ပါဦးမည်၊ သာသနာတွင်း၌ ဂန္ထဓုရ (ကျမ်းစာ သင်ယူပို့ချ ဟောပြရေးသားမှုတာဝန်)ဝိပဿနာ ဓုရ (ကမ္မဋ္ဌာန်းရှုမှုတာဝန်) ဤသို့ တာဝန်နှစ်မျိုးရှိသည်၊ ရဟန်းတော်များသည် ထိုတာဝန်ကို ဆောင်ရသော ဝန်ဆောင်ပုဂ္ဂိုလ်များ ဖြစ်ကြ၏၊ ဤတာဝန်နှစ်မျိုး ကို တိုက်ရိုက်ဖြစ်စေ,သွယ်ဝိုက်၍ဖြစ်စေ ဆောင်နေမှသာ{သာသနာ့ဝန်ဆောင်}ဟု ဆိုနိုင်၏၊ ထိုသို့ မဆောင်နိုင်သူကား သကန်းဝတ်ထားသော်လည်း ကိုးကွယ် သူတို့မှာ ထိုပုဂ္ဂိုလ်များအတွက် ပစ္စည်းလေးပါး ထောက်ပင့်ရမှုတာဝန် ပိုနေ သောကြောင့် သာသနာ့ဝန်စီးသာ ဖြစ်သည်ဟု ဆရာတို့ မိန့်တော်မူကြ၏၊ ထိုသို့ သာသနာ့ဝန်စီးများလေ သာသနာအားနည်းလေဖြစ်၍ သာသနာ့ဝန်ဆောင် များမှ သာသနာတော် အားရှိမည်ကား အထူးစဉ်းစားဖွယ် မလိုတော့ပါ။

အိန္ဒိယမှ ပြောင်းခဲ့ရပုံ။ ။ ထို့ပြင် ရှေးရှေးခေတ်က သာသနာ့ဝန်ကို ဆောင်ကြ သည်မှာ ဝိပဿနာတာဝန်ဆောင်တို့က မဂ်ဖိုလ် ရရုံသာမက ဈာန်အဘိညာဉ်ကိုလည်း ရကြသဖြင့် ကာလအားလျော်စွာ ကိုးကွယ် သူများ၏စိတ်ကို အားရနှစ်သိမ့်စေနိုင်ခဲ့ကြ၏၊ အိန္ဒိယနိုင်ငံသည် သာသနာတော် ၏ မူလဌာနကြီးဖြစ်၏၊ ထို အိန္ဒိယ၌ ဗြာဟ္မဏတို့သည် အလွန်အားရှိ၍ သူတို့ကိုယ်တိုင် ဆရာလုပ်နေကြ၏၊ ဘုရားလက်ထက်တော်၌ ဗုဒ္ဓသာသနာကို တချို့ ဗြာဟ္မဏတို့က ပြိုင်ကြသေး၏၊ သို့သော် ဓမ္မာသောကမင်းများ၏ ခေတ်ကောင်းချိန်တိုင်အောင် မနိုင်ခဲ့ကြပါ၊ နောက်၌ကား သာသနာဝင် ပုဂ္ဂိုလ် များဖက်က တန်ခိုးနည်းပါးလာသည့်အပြင် သူတို့ထက် လူဝတ်ကြောင်များက လိမ္မာယဉ်ကျေးအောင် ဝေဒကျမ်းတို့ကို သင်ပြ၍ ရသေ့တို့ကလည်း မန္တန် အစွမ်းဖြင့် တန်ခိုးပြကာ လူအများအပေါ်၌ အထင်ကြီးစေနိုင်ကြသောကြောင့် သာသနာ့ဝန်ဆောင်ပုဂ္ဂိုလ်များ တဖြည်းဖြည်း အားနည်းသည်ထက် နည်းကာ သီဟိုဠ်စသော နိုင်ငံငယ်များသို့ ပြောင်းရွှေ့ခဲ့ကြရဟန် တူပါသည်၊ ဤအချက် ကား ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ သာသနာဝင်ပုဂ္ဂိုလ်များ အခြေအနေကို ကြည့်၍လည်းကောင်း, ဘာသာခြားစာပေ သင်ကြားသူတို့ အားရှိနေပုံကို ကြည့်၍လည်းကောင်း မစဉ်းစားဘဲ မနေထိုက်သော အကြောင်းတစ်ရပ် ဖြစ် ပါသည်။

ကိုးကွယ်သူ အကျိုးမရလျှင်။ ။ ထို့ပြင် ကိုးကွယ်သူ လူတို့အား လိမ္မာယဉ် ကျေးအောင် မဟောပြနိုင်မှုလည်း သာသနာ တော် အားနည်းဖို့ရာ ကြီးစွာသော အကြောင်းတစ်ခု ဖြစ်ပါသည်၊ မှန်၏သာသနာဝင် ပုဂ္ဂိုလ်များသည် လူဝတ်ကြောင်များ၏ ပစ္စည်းလေးပါးကို မှီ၍ သာသနာ့ဝန်ကို ဆောင်ကြရ၏၊ လူဝတ်ကြောင်များကလည်း ဝန်ဆောင်ပုဂ္ဂိုလ် တို့၏ ဝန်ဆောင်ပုံကို အားရကျေနပ်မှသာ သူတို့ချွေးနဲစာကို ခွဲဝေ၍ လှူဒါန်း လိုကြပေမည်၊ ကျေနပ်ဖွယ် အကြောင်းများမှာလည်း နေပုံထိုင်ပုံကို ကြည်ညို ကျေနပ်ခြင်း, သူတို့အား လိမ္မာယဉ်ကျေးအောင် သွန်သင်ပြသ၍ ဤဘဝ နောက်ဘဝအတွက် ကောင်းကျိုးချမ်းသာကို ရစေခြင်း, သူတို့၏ ကလေးများကို တတ်သိလိမ္မာစေခြင်းများ ဖြစ်၏၊ ရှေးရှေး မြန်မာမင်းများ လက်ထက်က ဤအချက်များ အပြည့်အစုံ ရရှိကြ၍သာ ဤသာသနာကို လေးစားကြည်ညို ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်။

ရှင်ဘုရင်လဲဘုန်းကြီးကျောင်းသား။ ။ ဆက်ပါဦးမည်၊ ဤမြန်မာနိုင်ငံဝယ် အနော်ရထာမင်း လက်ထက်မှစ၍ တိုင်းသူပြည်သားနှင့် သာသနာတော်သည် လွန်စွာနေသားကျ၍ ပဏာရခဲ့လှပေ၏၊ သံဃာတော်ဖက်ကလည်း လိမ္မာယဉ်ကျေးအောင် ဟောညွှန်သင်ပြနိုင်သဖြင့် တိုင်းပြည်၏ ယဉ်ကျေးမှုအဆင့်အတန်းသည် အမှန်ပင် တိုးတက်ခဲ့ပေ၏၊ တိုင်းသူပြည်သားတို့ကလည်း ကျေးဇူးတင်လှသဖြင့် သာသနာတော်ကို အားကိုး တစ်ခုပြုကာ လေးဖြာသော ပစ္စည်းကို အသီးသီး ထောက်ပံ့ခဲ့ကြ၏၊ ထိုကဲ့သို့ အညမည ပစ္စည်းတပ်၍ အထပ်ထပ် ကျေးဇူးပြုခဲ့ကြသည်မှာ မြန်မာမင်းများ၏ နောက်ဆုံးအချိန်ကျအောင်ပင် ဆရာလုပ်သူ လည်း ဘုန်းတော်ကြီး, ရှင်ဘုရင် လုပ်သူလည်း ဘုန်းကြီးကျောင်းသားပင် ဖြစ်ခဲ့ပါသည်။

ဗုဒ္ဓသာသနာ့တက္ကသိုလ်ကြီးရှိလျှင်။ ။ ထို့နောက် စစ်ဘေးစစ်ဒဏ်ကြောင့် နိုင်ငံသည် မရှုမလှ လက်အောက်ခံ ဘဝသို့ ကျရောက်ရတော့၏၊ ထိုသို့ရောက်ရစေကာမူ ထိုခေတ်က ဘုန်းတော်ကြီး များနှင့် လူကြီးလူကောင်းတို့သည် သာသနာတော်၏ အရှိန်အဝါ ဩဇာ မသေးအောင် စီမံနိုင်ခဲ့ပါလျှင် (ထိုအချိန်က ထွန်းကားလာသော သိပ္ပဝိဇ္ဇာတွင် အပြစ်ကင်းသည့်ဖက်ကို ဘုန်းတော်ကြီးများလက်မှ မလွတ်ရအောင် ရှေ့က အားလုံး လက်ခံပြီးဖြစ်သော {နော ဧက+နော}စသည်ကို {ကိုးတစ်လီ+ကိုး} စသည်ဖြင့် ပြုပြင်၍ ရှေးရိုးအတိုင်း အထောက်အပံ့ကိုလည်း လက်မခံကြဘဲ သင်ပြခဲ့ကြပြီးလျှင် နောက်၌လည်း ခေတ်အလိုက် တိုးကာတိုးကာ သင်ပြနိုင်မည် ဆိုပါမူ) ယခုလို လွတ်လပ်ပြီးသောအချိန်မှာ အခြေခံကျောင်းသားများနှင့်တကွ ပညာစုံ ပို့ချနိုင်သော ဗုဒ္ဓသာသနာ့တက္ကသိုလ်ကြီး မားမားမတ်မတ် တည်ရှိပြီး ဖြစ်နေရာ၏။

ယခု အခြေအနေ။ ။ ထိုသို့ တည်ရှိပြီးဖြစ်နေလျှင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်နှင့် ဗုဒ္ဓမြတ်စွာသာသနာတော်သည် အတိုင်း ထက် အလွန် တံခွန်နှင့်ဘုရားကဲ့သို့ ကမ္ဘာမှာ ကြွားနိုင်လောက်အောင် ကျက် သရေကို ဆောင်လျက်ရှိရာသည် မဟုတ်ပါလော၊ ယခုသော်ကား ဖြစ်နိုင်လောက် သော အကောင်းအစုကို မစီမံနိုင်ခဲ့မှုကြောင့် သမ္မတ (သမတ) လုပ်သူလည်း ဘုန်းကြီးကျေင်းသား မဟုတ်၊ ဝန်ကြီးချုပ်စသူများလည်း ၎င်းနည်းသာ၊ တစ်တိုင်းပြည်လုံးလိုလိုပင် လူကြီးလူကောင်းဆိုသူတို့၏ သားသမီးတွေကား…

(ဘုရား…ဘုရား…ဘုရား)ဟု ညဉ်းတွားဖို့သာ ကောင်းပါတော့သည်၊ ထိုသို့ ဖြစ်နေရသည့်အတွက်လည်း အပြစ်မတင်သာပါ၊ လောလောဆယ် အသက် မွေးဝမ်းကျောင်းအတွက် ဤနည်းအတိုင်းပင် သင်ကြရှာပေလိမ့်မည်၊ ထိုသို့ သင်ကြသည့် အတွက်ကြောင့်ပင် ယခုအခါ များစွာသော ဘုန်းတော်ကြီး ကျောင်းတွေမှာ ပြောပလောက်အောင် ကျောင်းသားများ ရှိကြသေးရဲ့လား (ဘယ်သူမပြု မိမိမှုပဲနော်။)

ရှေးကလိုဆိုလျှင် မတိုက်တွန်း။ ။ ဆက်ပါဦးမည်၊ ရဟန်းတော်များသည် အလွန် ရှေးခေတ်ကကဲ့သို့ မဂ်ဖိုလ် ရအောင် ဝိပဿနာဓုရကို သဲသဲမဲမဲ ကြိုးစားနေကြပါလျှင်လည်းကောင်း, ပိဋကတော်ကိုချည်း အားရပါးရ ကြိုးစားနေကြပါလျှင်လည်းကောင်း, ရှေးခေတ် ကလို မသင်ပြဘဲ လွတ်လွတ်နေခဲ့ကြပါလျှင်လည်းကောင်း ကလေးတို့အား လောကီ သိပ္ပဝိဇ္ဇာ သင်ပြပေးကြဖို့ရန် အမှန်ပင် မတိုက်တွန်းလိုပါ၊ ယခုသော် ကား မြန်မာနိုင်ငံတော်ဝယ် ရှေးခေတ်ကစ၍ ယခုတိုင်အောင် ကလေးများကို ရဟန်းတော်များက သင်ပြနေကြပါလျက် သင်ပြရင်း သင်ပြရင်းက သင်ပြမှု အားမရ၍ လက်လွတ်ဖြစ်ကြရတော့မည်ကို (လက်လွတ်ဖြစ်ရုံမက သာသနာ တော်လည်း အားနည်းနေပုံကို) မြင်ရသောကြောင့်သာ ဤကဲ့သို့ အနဝဇ္ဇ သိပ္ပ ဝိဇ္ဇာကို ကိုယ့်ဆိုင်ဒေသ၌ မြိုင်မြိုင်ဆိုင်ဆိုင် သင်ပြနိုင်ဖို့ရန် တိုက်တွန်းလိုပါသည်။

ဘုန်းကြီးကျောင်းသား မရှိလျှင်။ ။ ဘုန်းတော်ကြီးများ၏ ကျောင်းမှာ ကျောင်းသား မရှိလျှင် ကိုရင် သာမဏေ လည်း မရှိနိုင်၊ ကိုရင်သာမဏေ မရှိလျှင် ရဟန်းတော်လည်း မရှိနိုင်၊ ဤနည်းအားဖြင့် မြန်မာနိုင်ငံ သာသနာတော်အတွက် ဝန်ထမ်းနိုင်မည့် ပုဂ္ဂိုလ်များ မကြာမီ (အဆက်မပြတ်သေးစေကာမူ) အားနည်းဖို့ကား အလွန် သေချာပြီ မဟုတ်ပါလော၊ ဤအချက်ကို ဂရုမပြု လျစ်လျူ ရှုလိုက်ကြပါလျှင် ယခုအခါ ထင်ရှားသော ဆရာတော်များ၏ တာဝန်သာလျှင် လုံးလုံး ဖြစ်ရစ်ပါလိမ့်မည်၊ မှန်၏၊ ယခုအခါ မကောင်းကျိုး ရနေသမျှသည် ရှေးရှေး ပုဂ္ဂိုလ်များ၏ တာဝန်ဖြစ်သကဲ့သို့ အနာဂတ်မကောင်းကျိုးကိုလည်း ယခုပုဂ္ဂိုလ်များကြောင့် ဟုပင် ဆိုရစ်ပါလိမ့်မည်၊ ဤကား သာသနာ အားနည်းရခြင်း၏ အကြောင်း တစ်မျိုးပါတည်း။

အတုအယောင်များကြောင့် တစ်မှောင့်။ ။ သာသနာရေး ကိစ္စများ၌ အတု အယောင်တွေ ပေါများလာခြင်း လည်း သာသနာတော်ကို အထင်သေးဖွယ်ရာ, သာသနာ ဆုတ်ယုတ်ခြင်း၏ အကြောင်းတစ်မျိုးဖြစ်၏၊ မှန်၏-အလှူဒါနပြုရာ၌ ဒါနစစ်စစ် ပါရမီဖြစ်အောင် မပြုဘဲ ဂုဏ်ပကာသနကို ပဓာနထား၍ပြုခြင်း, ဥပုသ်သီလဆောက် တည်ရာ၌ စိတ်စင်ကြယ်အောင် မဆောက်တည်ဘဲ အပျာ်အပါးနှင့် သူများ ယောင်၍ ယောင်ခြင်း, ယခုအခါ ဘာဝနာကမ္မဋ္ဌာန်း စီဖြန်းရာ၌လည်း အတုအယောင်တွေ အတော်ပေါများနေဟန်တူခြင်း၊ ဘုရားပွဲစသော သာသနာရေး ကိစ္စ၌ ဘုရား တရားတော်နှင့် မညီသော အပျော်အပါး ပွဲလမ်းသဘင်တွေ ပါဝင်နေ၍ အစစ် အမှန် ပူဇော်မှု စသည်ကိုကား ဝတ်ကျေ တမ်းကျေပြုခြင်း, ရဟန်းသာမဏေ ပြုလုပ်ရာ၌လည်း ဘာမျှ နားမလည်ဘဲ မိရိုးဖလာ ပြုကြခြင်း စသည်တို့သည် အတုအယောင်တွေချည်းသာ။

ထို အတုအယောင်ကို ကြည့်၍လည်း ဘာသာခြားနှင့် ဘာသာခြားစာပေ ကိုသာ သင်ယူခဲ့ကြသော နောင်လာနောက်သားတို့က {သူတို့ အလှူဒါနက ဒီလိုတဲ့လား၊ ဒီလို စားသောက်ပျော်ပါး၍ ညစာ မစားရတာကို ဥပုသ်စောင့်တာ ဆိုပဲ၊ ဘုရားပူဇော်ပွဲဆိုတာ ဒီ လို ဇာတ် ရုပ်သေးတွေနဲ့ ပူဇော်ကြရဆိုကိုး၊ ကမ္မဋ္ဌာန်းပေါက်တယ်လို့လဲ ဆိုသေး၊ ပြီးတော့-}ဤသို့ စသည်ဖြင့် သာသနာ တော်ကိုပါ အထင်အမြင် သေးကြပါတော့မည်၊ ဤသို့ အထင်သေးခံရခြင်း သည် သာသနာတော်အားနည်းဖို့ အကြောင်းတစ်မျိုး ဖြစ်တော့၏။

စီးပွားနှင့် ကိုယ်ကျင့်ပျက်မှု။ ။ အခြားအကြောင်းများလည်း ရှိပါသေး၏၊ ထိုအကြောင်းများကား ကိုးကွယ်သူများ၏ စီပွားဆုတ်ယုတ်မှုနှင့် အပျော်အပါးမှုပင်တည်း၊ မှန်၏၊ ကိုးကွယ်သူများ စီပွားရေး ဆုတ်ယုတ်လျှင် {အုူမ မတောင့်၍ သီလ မစောင့်နိုင်ရုံသာမက ဒါနလည်း မပြုနိုင်ကြချေ၊} ကျေးရွာများ၌ ယခုနှစ် မိုးမကောင်းလျှင် အလှူ ဒါန ဆုတ်ယုတ်ပုံကိုလည်းကောင်း, မြို့ပြတို့၌လည်း အရောင်းအဝယ် မကောင်း လျှင် ဆွမ်းအခက်အခဲ တွေ့ရပုံကိုလည်းကောင်း လက်တွေ့ မြင်နိုင်ပါသည်၊ ယခုအခါ စီးပွားရေးအတွက် အများ၏ညည်းတွားသံကို ကြားနေရ၏၊ ဝတ်မှုစားမှု အတုအပ အပျော်အပါးတွေကလဲ များသည်ထက် များလာ၏၊ သူတို့ ရှာဖွေ၍ ရသော စီပွားလည်း {ကုလား ခပ်တဲ့ရေ, ကုလား ဆေးဖို့တောင် မလောက်သလို ဖြစ်နေတော့၏၊} ဤအတိုင်းသွားလျှင် အနာဂတ်ကာလ၌ ပစ္စည်းလေးပါးနှင့် စပ်၍ ကျောင်း ဘုရား သံဃာအားလုံးပင် ခြောက်ကပ်ကပ် ဖြစ်သွားဖွယ် ရှိလေသည်။

စစ်ဘေးဒဏ်။ ။ သာသနာ ဆုတ်ယုတ်မှုနှင့်စပ်၍ အလွန် ကြောက်မက်ဖွယ် ဘေးကြီးတစ်ရပ်လည်း ရှိသေး၏၊ ထိုဘေးကြီးကား တိုင်းပြည်တိုင်းက ကြောက်ရွံ့နေကြရသော ပြည်တွင်းပြည်ပ စစ်ဘေးကြီးတည်း၊ ထိုစစ်ဘေး စစ်ဒဏ် ခံရပြန်လျှင် သာသနာ့ဝန်ဆောင်ပုဂ္ဂိုလ်များ၏ သီလ သိက္ခာ ထိန်းသိမ်းမှုလည်း လျော့သွား၏၊ ဂန္ထဓုရတာဝန်ကိုလည်း ကောင်းစွာ မဆောင်နိုင်ကြ၊ လွန်ခဲ့သော ဒုတိယကမ္ဘာစစ်အတွင်းက ဤနိုင်ငံတော် သာသနာ၏ အခြေအနေကို ပြန်သုံးသပ်ကြပါလေ။

ထိုသို့ စစ်ဖြစ်ရာ၌ ဗုဒ္ဓဘာသာ မဟုတ်သူတို့သာ နိုင်ငံကို လွှမ်းမိုးသွား ပါလျှင် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို သွယ်ဝိုက်သောနည်းအားဖြင့် ဖြစ်စေ, တိုက်ရိုက်အားဖြင့် ဖြစ်စေ ဖိစီး နှိပ်စက်တတ်လေသည်၊ (အချို့နိုင်ငံများ၌ ဤနည်းအားဖြင့် ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပုံကို ကမ္ဘာ့ရာဇဝင် လေ့လာကြည့်ပါ။)

သိုဟန်ဘွားခေတ်။ ။ ဤ မြန်မာနိုင်ငံ၌ပင် သိုဟန်ဘွားဆိုသူ အုပ်စိုးခိုက်နှင့် ကြုံစဉ်က ကျမ်းတတ်ဆရာတော် အများပင် အသတ် ခံရသည်ဟု ရာဇဝင်ဆိုသတတ်၊ ထိုအချိန်က မြန်မာသွေးစစ် ဗုဒ္ဓဘာသာဝင် ဖြစ်သော မင်းကြီးရန်နောင်နှင့် အပေါင်းပါ မှူးမတ်တို့ မကယ်တင်နိုင်ခဲ့ပါလျှင် ဤ သာသနာတော်သည် ထို အချိန်ကပင် တိုင်းတစ်ပါးသို့ ပြောင်းသွားလောက်ရာ လေပြီ၊ မှန်၏-များစွာသော တိုင်းသူပြည်သားတို့သည် ခေါင်းဆောင်နိုင်မည့် သူရဲကောင်း မပေါ်လာလျှင် အုပ်ချုပ်သူတို့ အလိုအတိုင်းသာ နေဝံ့ ထိုင်ဝံ့ကြရှာ လေသည်။

ဝန်ဆောင်သံဃာ များများလို။ ။ ယခုအခါ တစ်ကမ္ဘာလုံး စိ်တ်မအေးရသော ထိုစစ်ဘေးကြောင့် အေးအေး ချမ်းချမ်း နေနိုင်မည့် နည်းလမ်းကောင်းကို ရှာနေကြသော အချိန်ဖြစ်၍လည်းကောင်း, ဗုဒ္ဓဘာသာ နိုင်ငံများက သာသနာတစ်ဝက် အချိန်အခါဝယ် သံဂါယနာတင်ခြင်း စသည်ဖြင့် ထထကြွကြွ ရှိကြ၍လည်းကောင်း အနာဂတ်အခါ၌ ထိုထိုနိုင်ငံ ဝယ် ဗုဒ္ဓဘာသာဝင် လူအရေအတွက် များလာဖို့ရန် လမ်းရှိ၏၊ သို့သော်လည်း သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်မည့် သူတော်ကောင်း ရဟန်းတော်များကား များကောင်းမှ များနိုင်ပေတော့မည်၊ ဘာ့ကြောင့်နည်း နိုင်ငံအားလုံးမှာပင် ကိုယ်ကျင့်ပျက်ပြားမှုက သောင်းကျန်းလျက်ရှိရာ ထိုကိုယ်ကျင့် ပျက်ပြားမှုသည် ရဟန်းတော်များ၏ စိတ်ဓာတ်ကို တစ်နည်းအားဖြင့် ကူးစက်လာမည်သာ ဖြစ်သောကြောင့်တည်း၊ ထို့ကြောင့် ဝန်ဆောင်ပုဂ္ဂိုလ်များများ ထွန်းကား လာဖို့အရေးကား အနာဂတ်အတွက် မျှော်လင့်ဖို့ ဝေးလှသေးသည်။

ရဟန်းတော်များသာ ဝန်ဆောင်နိုင်။ ။ သာသနာတော် တည်တံ့ရေး၌ကား ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တို့ များနေခြင်းထက် ဝန်ဆောင်ရဟန်းတော်များခြင်းက သာ၍အရာရောက်၏၊ မှန်၏၊ ကိစ္စမြားမြောင် လူဝတ်ကြောင်တို့သည် သာသနာတော်၏ ရေသောက် မြစ်ဖြစ်သော ပရိယတ္တိဓမ္မကို သင်ယူပို့ချသောအားဖြင့် မဆောင်ထားနိုင်ကြ၊ ရဟန်းတော်များကသာ ကိစ္စနည်းပါးသဖြင့် ဆောင်ထားနိုင်ကြသည်၊ ထိုဝန်ဆောင် သံဃာများများ စုဝေးနေနိုင်ဖို့ရာလည်း ဤ ပြည်ထောင်စု မြန်မာနိုင်ငံတော်ထက် ကောင်းသောနိုင်ငံ ရှိတော့မည် မထင်ပါ၊ ထို့ကြောင့် ဤမြန်မာနိုင်ငံမှာပင် သာသနာတော်လည်း ဣန္ဒြေရ, နိုင်ငံတော်လည်း အခြေကျမည့် နည်းကောင်း လမ်းမှန်ကို အချိန်ပင် နှောင်းသော်လည်း ဆိုလတံ့သော အကြောင်းများကို အားပြုကာ ကြံစည် စဉ်းစားသင့်ကြပါသည်။

အားပြုဖွယ်အကြောင်းများကား-

(က) နိုင်ငံခေါင်းဆောင်များတွင် (ဘုန်းကြီးကျောင်းထွက် မဟုတ်စေ ကာမူ) ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်နေသူများ အများအပြား ရှိသေးခြင်း။

( ခ ) တိုင်းသူပြည်သား လူအများစုလည်း ဘုရား တရား (ရတနာနှစ်ပါး နှင့်) ကောင်းမွန်စွာ နေထိုင်ကြသော သံဃာတော်များကို လေးစား ကြသေးခြင်း။

( ဂ ) ယခုအချိန်မှာ ဝိနည်း သိက္ခာ လေးစား၍ ပိဋကကျွမ်းကျင်,ခေတ် ကိုလည်း မြော်မြင်နိုင်သော ဆရာတော်များ မနည်းပါးသေးခြင်း။

(ဃ) ထိုဆရာတော် သံဃာတော်များသည် တစ်ပါးစီတစ်ပါးစီဆိုလျှင် အင်းအား မကြီးမားလှသော်လည်း စုပေါင်းမိက အလွန်ကြီးမား သော အင်အားရှိခြင်း။

( င ) ထို့ကြောင့် သံဃာတော်များဖက်က ယခုတစ်ကြိမ် နည်းလမ်းမှန် အောင် ပြုပြင်နိုင်ကြလျှင် ကျေးလက်ရော, မြို့တွေပါ တစ်ပြုံကြီး နောက်က ပါလာဖွယ်ရှိခြင်း။

နောင်အခါ လက်လွတ်မည်။ ။ ဤအချက်များသည် ပြုပြင်ရာ၌ မျှော်လင့်ဖွယ် ကောင်းသော အချက်များဖြစ်ပါသည်၊ နောင် နှစ်ပေါင်း အတော်ကြာလျှင်ကား ဤအချက်များလည်း တစ်စတစ်စ လက်လွတ် သွားပါလိမ့်မည်၊ မှန်၏-နောင်ခါ ဆယ်နှစ်, ဆယ့်ငါးနှစ်လောက်ကြာလျှင် ယခု ဩဇာရှိနေသော ဆရာတော်တို့ အများအားဖြင့် ရှိကြတော့မည် မဟုတ်၊ ကျန်ဆရာတော်များလည်း ယခုလောက် အင်အားမရှိနိုင်၊ ထိုဆရာတော်များ မရှိချိန်မှာ သာသနာ့အရှိန်သည် ယခုထက် မှေးမှိန်ပါလိမ့်မည်၊ ယခုအခါ သာသနာတော်ကို လေးစားနေသေးသော ဒကာ-ဒကာမတို့လည်း သူတို့၏ သားသမီးများကို သူတို့ကဲ့သို့ သာသနာတော် လေးစားအောင် ယခုကပင် မသွန်သင်နိုင်ကြ၊ အနာဂတ် ဆယ်နှစ်လောက်မှာ ဘာသာခြား စာသင်ကျောင်းမှ ထွက်လာသူများ တိုင်းပြည်၌ တောရော မြို့ပါ ခေါင်းဆောင်လုပ်ကြတော့လတ္တံ့၊ ထိုအချိန်၌ ဘုန်းကြီးတို့၏ သာသနာ့အခြေအနေမှာ မြန်မာနိုင်ငံဝယ် ဘယ်လို ဖြစ်နေရစ်စရာ ရှိသည်ဟု ယခုကပင် ကိုယ်စီကိုယ်ငှ တွေးကြည့် သင့်ကြပါသည်။

ကိုယ့်အရေး ကိုယ်တွေးကြပါ။ ။ ထို့ကြောင့် နောင်ဘဝအတွက် ကိုယ်ရေး ကိုယ့်တာကို လေးလေးနက်နက် တွေးတော လေ့ရှိသူတို့လည်း ယခုတွေ့ရသော သာသနာတော်ကို အားကိုးကြပါတော့၊ နောက်တစ်ကြိမ် လူဖြစ်ရသော်လည်း ယခုလောက် အသားကျ သာသနာကို တွေ့ရမည်, မတွေ့ရမည်ဆိုတာ မသေချာပါ၊ အများအားဖြင့် တွေ့ရဖို့ ခဲယဉ်း သည့်အပြင် နောင်တစ်ကြိမ် မိဘလုပ်မည့် ယခုကလေးများ၏ ခေတ်နှင့် စိတ်ထားကို စဉ်းစားမိကာ သူတို့၏ သားသမီးဖြစ်ဖို့အရေးမှာ မတွေးဝံ့အောင် ကြောက်စရာ မဟုတ်ပါလော၊ နတ်ပြည်သို့ ရောက်သွားပြန်လျှင်လည်း ထို နတ်ပြည်စည်းစိမ်ကို ခံစားရုံသာ၊ ကုသိုလ်ပါရမီကား အလွန် ရှာတတ်သူမှ နည်းနည်းပါးပါး ရပါလိမ့်မည်၊ နတ်ပြည်က တစ်ခေါက် ပြန်လာချိန်မှာမူ ဤ သာသနာတော်သည် အစအနမျှ ကျန်တော့မည် မဟုတ်ပါ။

သာသနာ့အရေး ကိုယ့်အရေး။ ။ သာသနာတော်အရေးကိုပင် ကိုယ့်အရေးဟု ထင်မြင်နေသူများလည်း အင်အားရှိသမျှ ဝိုင်းဝန်း၍ ပြုပြင်ကာ အဖိုးတန်ပါရမီကို ယူကြပါလော၊ ဤသာသနာတော်သည် ရှေးအခါကပင် ပြုပြင်သူရှိလျှင်ရှိသလောက် တိုးတက်ခဲ့ပါသည်၊ ဓမ္မာသောကမင်း လက်ထက်, သီဟိုဠ် ဒေဝါနံပိယတိဿမင်း လက်ထက်, မြန်မာနိုင်ငံဝယ် အနော်ရထာမင်းနှင့် မင်းတုန်းမင်းတရား လက်ထက် စသည်ကို ကြည့်ပါ၊ ထို့ကြောင့် ငှက်ပျံသည့်ပမာ ပြုပြင်သူမရှိလျှင် မရှိသလို နိမ့်၍, ပြုပြင်သူရှိလျှင် ရှိသလောက် မြင့်သောအားဖြင့် နိမ့်ချည်မြင့်ချည် အလီလီဖြစ်ပျက်၍ လာခဲ့ရသော ဤ သာသနာတော်မြတ်ကြီးကို ဓာတုပရိနိဗ္ဗာန်စံသည်အထိ မကွယ်ပနိုင်စေသေး ဘဲ အဓွန့်ရှည်စွာ တည်တံ့လျက် ဗုဒ္ဓဘာသာဝင် လူရှင်အများ၏ စီပွားချမ်းသာ ဆောင်နိုင်မည့်နည်းလမ်းကို သဒ္ဓါအသစ်, ဉာဏ်အသစ်, ဝီရိယအသစ်လောင်း၍ စုပေါင်းရှာဖွေကာ အမြန်ဆုံး ပြင်ဆင်နိုင်ကြပါစေသတည်း။

အရှင်ဇနကာဘိဝံသ

သာသနာတော် … ၂၄၉၉

ပြာသိုလ … ၁၃၁၇

ဇန္နဝါရီလ … ၁၉၅၅

အထက်ပါ ဆရာတော်၏ မျှော်လင့်သော ဆန္ဒတော်နှင့်အညီ {သဒ္ဓါ အသစ်, ဉာဏ်အသစ်, ဝီရိယအသစ်}လောင်း၍ စုပေါင်း ရှာဖွေကာ သာသနာတော်အတွက် ဆရာတော်၏ ဟောတရားကို ကျမ်းစာတစ်စောင် ဖြစ်မြောက်ပြီး ကျန်ရစ်အောင် ကြိုးစားကြရခြင်း ဖြစ်ပါသည်။

သာသနာတော် ကွယ်မည့်အရေး။ ။ ဗုဒ္ဓသာသနာတော်သည် စောင့်ရှောက် မည့်သူ, ကိုးကွယ်မည့်သူ မရှိလျှင် ကွယ်ရမည်မှာ ဓမ္မတာပင် ဖြစ်ပါသည်၊ ထိုကဲ့သို့ သာသနာကွယ်ရာ၌ ပရိယတ္တိသာသနာ ကွယ်ရမည့်အကြောင်းတွင် ဝိနည်း, သုတ္တန်, အဘိဓမ္မာ တရားတော်များအနက် အဘိဓမ္မာတရားတော်သည် အလျင်ဦးစွာ ကွယ်ပါ လိမ့်မည်၊ အဘိဓမ္မာတရားတော်တွင်လည်း ပဋ္ဌာန်းတရားတော်သည် ဦးစွာ ကွယ်ပါလိမ့်မည်၊ အဘယ်ကြောင့် ဦးစွာ ကွယ်မည်နည်း? လေးလေးနက်နက် စဉ်းစားသင့်ကြပါသည်။

အလွန်ကံကောင်းသောအချိန်။ ။ ဗုဒ္ဓမြတ်စွာတစ်ဆူ လူ့လောကတွင် ပွင့်ထွန်း ဖို့ရာ အလွန် ခက်ခဲပါသည်၊ ထို့အတူ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်တွင်း လူအဖြစ်ရဖို့ရာလည်း အလွန် ကြုံကြိုက်ဖို့ ခက်ခဲပါသည်၊ သာသနာတွင်း လူ့အဖြစ် ကြုံရသော်လည်း ရဟန်းမြတ်ဘဝ ရောက်ဖို့ရာ ခက်လှပါသည်၊ လူ, ရဟန်းအဖြစ် ကြုံရပါသော်လည်း သဒ္ဓါ တရားနှင့် ပြည့်စုံဖို့ရာ အလွန်ခက်ပြန်ပါသည်၊ ထို့ထက် သူတော်ကောင်း တရားကို ဗုဒ္ဓအလိုကျ နာယူဖို့ရာ အလွန့်အလွန် ခက်လှပါသည်။

ထိုကဲ့သို့ အခက်အခဲများမှ လွန်မြောက်၍ အခါအခွင့်ကောင်း ကြုံကြိုက် ရုံသာမဟုတ်၊ ပရိယတ္တိသာသနာတွင် ဦးစွာကွယ်မည့် အလွန်နက်နဲ သိမ်မွေ့ လှသော သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားတို့သာ ကျက်စားရာဖြစ်၍ သဗ္ဗညုတ ဉာဏ်တော်မြတ်၏ ပမာဏအတိုင်းအတာကို သိနိုင်ရာဖြစ်သော တစ်ခုတည်းသော အလွန် ကြီးကျယ်နက်နဲလှသည့် ပဋ္ဌာန်းတရားတော်ကြီးကို ကိုယ်ကျင့်တရား အနေဖြင့် ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတိုင်း လက်တွေ့ မိမိစိတ်ကို ပြုပြင် ကျင့်သုံးနိုင်၍ သဒ္ဓါသစ်,ဉာဏ်သစ်,ဝီရိယသစ်တို့ကို ဆရာတော်၏ ဆန္ဒတော် အတိုင်း ဖြစ်မြောက်နိုင်ရန် ဟောကြားထားသဖြင့် စာကို ဖတ်၍ တရားတော်ကို လေးစား နာယူကြရသူများသည် အလွန် ကံကောင်းလှသည်ဟု ဆိုရပါသည်။

ကျေးဇူးတင်သင့်သူများ။ ။ ဤတရားတော်ကို အသံဖမ်းယူစဉ်က ရွှေတိဂုံ စေတီတော်ဂေါပက ဘဏ္ဍာတော်ထိန်း လူကြီး ဗိုလ်မှူး အောင်သိမ်း၏ အကူအညီသာ မရရှိခဲ့လျှင် တရားတော်ကို ဤမျှ တစ်ပြည်လုံးပျံ့နှံ့အောင် (စာရေးသူသည်) ဆောင်ရွက်နိုင်ခွင့် ရမည်မဟုတ်ပါ၊ ယခုအခါ ဤ ပဋ္ဌာန်းတရားတော်သည် တိတ်ခွေအတွင်းမှ အထက်မြစ်ကြီးနား, အောက်ဖက် မြိတ်မြို့အထိ မြန်မာပြည်အနှံ့ စာရေးသူကိုယ်တိုင် ကူးယူ၍ ပျံ့နှံ့အောင် ဆောင်ရွက်နိုင်ခွင့် ရခဲ့ပါသည်။

ယခု အသံသွင်းကြိုးခွေမှ စာအုပ်ဖြစ်အောင် ကြိုးစားရာ၌ အင်ဂျင်နီယာ ဦးကြည်တွဲ၏ တစ်ဦးတည်း သည်းခံ၍ ကူးယူခဲ့ပြီး လက်ရေးမူများကို ရရှိ၍ အဘိဓမ္မာ သင်တန်းပြဆရာ ဆရာဦးလှမောင်၏ အထူးကြိုးစား အားထုတ်မှု ဖြင့် ဤကဲ့သို့ အများ ဖတ်ရှုနိုင်အောင် ကျွန်တော်တို့ ကြိုးစားနိုင်ခွင့် ရခဲ့၍ ၎င်းတို့သည် အထူးကျေးဇူးတင်ထိုက်သူများ ဖြစ်ကြပါသည်။

ဆရာတော်အား ပူဇော်ပါသည်။ ။ ဤပဋ္ဌာန်းတရားတော်မြတ်ကြီးကို စာအုပ် အဖြစ် ရောက်အောင် ဖော်ထုတ်ပေးနိုင် ခြင်းဖြင့်လည်းကောင်း, ဓမ္မစကြာ, အနတ္တလက္ခဏသုတ် အစရှိသော တရားတော် များနှင့် ဆရာတော်၏ သာသနာရေး ဩဝါဒများကိုလည်း စာအုပ် အဖြစ်သို့ ရောက်အောင် ကြိုးစားခြင်းဖြင့်လည်းကောင်း ဆရာတော်၏ မျှော်မှန်းချက် သာသနာတော်တွင် ဖြစ်စေလိုသော အကျိုးစီးပွားတို့ကို သာသနာဝင် သဒ္ဓါ တရားရှိသူများ ကျင့်သုံးကြိုးစားနိုင်ရန် ကြိုးစားပူဇော်ကြပါသည်။

ယခု ဤပဋ္ဌာန်းကျမ်းတော်ကြီးသည် ဗုဒ္ဓမြတ်စွာ၏ သမ္မာသမ္ဗုဒ္ဓ အစစ် ဖြစ်ပုံ, သဗ္ဗုတဉာဏ်တော်၏ နက်နဲပုံ အတိုင်းအတာ ပမာဏကို သိရေး ၌ အသင့်အတင့် သဒ္ဓါတရားနှင့် ဉာဏ်ရှိသူများအတွက် အကျိုးပြုနိုင်လိမ့် မည်ဟု ယုံကြည်ပါသည်။

{ဝိဇ္ဇာနှင့်စရဏ}အသိဉာဏ်နှင့် အကျင့်တရားတို့၏ အကြွင်းမဲ့ပြည့်စုံ သူသာ သဗ္ဗညုတဉာဏ်ကို ရနိုင်ပါသည်၊ သဗ္ဗညုတဉာဏ်ကို ရပါမှလည်း သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူ ဖြစ်တော်မူပါသည်၊ ဘုရားတစ်ဆူ ဖြစ်တော်မူ ပွင့်တော်မူမှလည်း သတ္တဝါအများ အကျိုးစီပွားကို အကြွင်းမဲ့ ဆောင်ရွက် တော်မူနိုင်ပါသည်။

ယနေ့ မိမိအကျိုး,အများအကျိုးကို လိုလား၍ ဗုဒ္ဓသာသနာကို အမှီပြု၍ အားထုတ်နေသူများ မိမိတို့ကိုယ်တိုင် စရဏ-ကိုယ်ကျင့်တရားကို အဓိက ထား၍ အသိဉာဏ် ဝိဇ္ဇာ ဦးစီးလျက် မျှတအောင် ကြိုးစားနိုင်မှသာ အလို ရှိရာကိစ္စများ အောင်မြင်မည် ဖြစ်ကြောင်း၊ ယခု ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ၏ ပဋ္ဌာန်းတရားတော်ကြီးက ပြည့်ပြည့်စုံစုံ အသေးစိတ် အသိပေးနိုင်ခဲ့ပါသည်။

ထို့ကြောင့် ပဋ္ဌာန်းတရားတော်ကြီးကို နာယူကျင့်သုံးရန် အသိတရားရ အောင် ကြိုးစားလိုပါလျှင် မိမိတို့ပြည့်စုံသင့်သမျှ ရဟန်းသီလ, လူသီလများကို ပြည့်စုံအောင် ငါ ကြိုးစားမည်၊ လောဘ, ဒေါသ, မာနစသည် နည်းနိုင်သမျှ နည်းစေရမည်၊ မာယာ, သာဌေယျ, မက္ခ, ပဠာသ, အဂတိတရားလေးပါး, ဣဿာ,မစ္ဆရိယ=လှည့်ပတ်ခြင်း,ဟန်ဆောင်ခြင်း,ကျေးဇူးမဲ့ပြုခြင်း,ဂုဏ်ပြိုင်ခြင်း, ချစ်၍ မတရားလုပ်ခြင်း, မုန်း၍ မတရားလုပ်ခြင်း, ကြောက်၍ မတရားလုပ်ခြင်း, မသိ၍ မတရားလုပ်ခြင်း, သူတစ်ထူး အပေါ်၌ မနာလိုခြင်း, ဝန်တိုခြင်း စသော လူကောင်းသူကောင်းတို့ မနှစ်သက် မပြုလုပ်ထိုက်သော တရားတို့ကို မကြံစည်, မပြောဆို, မပြုလုပ်မိအောင် ကြိုးစားမည်ဟု ဆရာတော်၏ ဆန္ဒတော်အတိုင်း ကျေးဇူးဆပ်သော အနေဖြင့် သဒ္ဓါသစ်,ဉာဏ်သစ်,ဝီရိယသစ် တို့ဖြင့် ဆရာတော်အား ပူ ဇော်ကြလျက် မိမိတို့ အကျိုးစီးပွားကို ကြိုးစားကြမည် ဟု အဓိဋ္ဌာန်ပြုကြရန် အထူး ပန်ကြားအပ်ပါသည်။

ဆရာတော်၏ ဆန္ဒတော်နှင့်အညီ သာသနာတော်နှင့် အများအကျိုးစီးပွား အတွက် ကြိုးစားအားထုတ်သူများကိုယ်စား ၁၃၃၉-ခု၊ နတ်တော်လဆုတ် ၂- ရက်နေ့က ပျံလွန်တော်မူပြီးသော ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးအား ဤ ကြိုးစားအားထုတ် ပြီးမြောက်သော ကုသိုလ်အဖို့ဖြင့် ပူဇော်ကန်တော့ပါ၏။

စီစဉ်သူ

သာသနာ-၂၅၃၆၊

၁၃၅၆-ခု၊ တန်ဆောင်မုန်းလ၊

အခြေပြု ပဋ္ဌာန်း

အခြေပြု ပဋ္ဌာန်း

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တနယ, သမန္တပဋ္ဌာန်း, ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင်, ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု-အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော် သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူခဲ့ လေကုန်ပြီ၊

အနန္တဂေါစရံ-အဆုံးမရှိ, ကုန်အောင်သိသည့်, ဉာဏ်တော် ၏သာ, ကျက်စားရာဖြစ်တော်မူသော၊ တံ အနန္တနယပဋ္ဌာနံ- မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာမို့, ကြုံလာသည့်ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

အနန္တနယပဋ္ဌာန်းကျမ်း

{ပဋ္ဌာန}ဆိုတဲ့ စကားမှာ{ပ}က အမျိုးမျိုး အပြားပြား၊ {ဌာန}က အကြောင်းပစ္စည်း, ဒါကြောင့် {ပ}အမျိုးမျိုးအစားစား ဖြစ်သော {ဌာန} အကြောင်းပစ္စည်းတွေကို ဟောရာဖြစ်တဲ့ ဤကျမ်းကို {ပဋ္ဌာန်းကျမ်း}လို့ ခေါ်တယ်၊ နည်းတွေကလဲ အများကြီးရှိလို့ {အနန္တနယပဋ္ဌာန်းကျမ်း}လို့ ခေါ်တယ်။

သာသနာတော်၂၅၁၆-ခုနှစ်၊ ၁၃၃၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၇-ရက်၊

၁၉၇၃-ခုနှစ်၊ ဧပြီလ၉-ရက်၊ တနလာနေ့ နံနက် အရုဏ်ဆွမ်းစားပြီး ဩဝါဒ ပေးပြီးချိန်တွင် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၌ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသော အခြေပြုပဋ္ဌာန်းတရားတော်။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အခြေခံစကား

သယံ ဗုဒ္ဓေါ သမ္ဗာဓေသိ, ဓမ္မေပိ ဓမ္မသတ္တိယော၊

အဟော နော တဿ သုတတ္တံ, အဟော နော ဓမ္မစိန္တနံ။

(ယော ဇိနော-မကိုဋ်ရောင်လျံ, ဥသျှောင်ပျံဝယ်, အောင်လံစွင့်စွင့်, လွင့် တလူလူ, အကြင် အောင်တော်မူမြတ်စွာဘုရားသည်၊) ဓမ္မေပိ-ရှေ့နောက်စဉ် လျက်, ဖြစ်တိုင်းပျက်၍, အဆက်ဆက်မနှော, တရားသဘောတို့ကိုလည်းကောင်း၊ ဓမ္မသတ္ထိယောပိ-တရားတိုင်း၏, ဓာတ်ခံပြည့်လျက်, သတ္တိအင်အား, စွမ်းပကား တို့ကိုလည်းကောင်း၊ သယံ ဗုဒ္ဓေါ-ဗောဓိမဏ္ဍိုင်, ခန်းဝါမြိုင်ဝယ်, ကိုယ်တိုင် စတင်, သိမြင်တော်မူပြီးသည်ဖြစ်၍၊ သမ္ဗောဓေသိ-သိတန်သမျှ, ဝေနေယျကို, မြွက်ဟလှစ်ဖော်, သိစေတော်မူခဲ့ပေပြီ၊ တဿ (ဇိနဿ)-အောင်မြေနက်သန်, ဗောဓိမဏ်ဝယ်, အောင်လံစွင့်စွင့်, လွွှင့်တလူလူ, ထို အောင်တော်မူ မြတ်စွာ ဘုရား၏၊ သုတတ္တံ-တရားဓမ္မ, ဩဝါဒကို, ကြားရ ရွှင်ပျော်, သားတော် သမီးတော်, ဖြစ်ရခြင်းသည်၊ အဟော နော-ကိုယ့်တွက်ကိုယ့်တာ, ကိုယ်ကျိုး ပါသဖြင့်, ကိုယ့်မှာ ခုနှယ်, ဩော်…ဝမ်းမြောက်ဖွယ်ကြီးပါတကား၊ ဓမ္မစိန္တနံဓမ္မသက်သက်, ရှေ့နောက်ဆက်၍, ဖြစ်ပျက်နေဟန်, ကြောင်းကျိုးမှန်ကို, ဖန်ဖန်ခွဲဝေ, ကြံစည်၍ နေရခြင်းသည်၊ အဟော နော-ကိုယ့်သန္တာန်တွင်း, ဉာဏ်ရောင် လင်း၍, ရှင်းကာ ရှင်းကာ, ဩော်… အားရဖွယ်ကြီးပါတကား။

သာဓု…သာဓု …သာဓု။

ပထမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

ပထမနေ့

ဗုဒ္ဓ အမည်တော်ရကြောင်းများ။ ။ ဗုဒ္ဓမြတ်စွာက ကိုယ်တော်တိုင် တရားတွေ အကုန်လုံး သိတော်မူတယ်၊ {ဗုဒ္ဓ}

ဆိုတာ သာမန်လောက်သိတဲ့ အသိမျိုး မဟုတ်ဘူး၊ ဗုဒ္ဓဆိုတဲ့ အမည်တော် ရနိုင်တဲ့ပုဂ္ဂိုလ်က လေးအသချေနဲ့ ကမ္ဘာတစ်သိန်းလောက် ပါရမီတော်တွေ ဖြည့်ရတယ်၊ နောက်ဆုံးဘဝမှာ အင်မတန်ကျက်သရေရှိတဲ့ ရုပ်လက္ခဏာတော် မြတ် အင်မတန်မြင့်မြတ်တဲ့အမျိုးမှာ စည်းစိမ်အကြီးအကျယ် ပြည့်စုံပါလျက် တောထွက်ပြီးတော့မှ တရားကျင့်လို့ တရားတွေ သိတော်မူခဲ့တယ်။

လက္ခဏာတော်ကြီးငယ်, အသွယ်သွယ်ဖြင့်၊

သပ္ပာယ်လှစွာ, ကိုယ်အဂါဝယ်၊

ပါရမီတော်အဟုန်, ကိုယ်လုံးခြုံ၍၊

မွှမ်းထုံသင်းကြူ, သယမ္ဘူဟု၊

ဉာဏ်တူကင်းလတ်, အရဟတ်ဖြင့်၊

သတ်ဖြတ်ခပင်း, ကိလေရှင်းသား၊

ဉာဏ်ရင်းမဟာ, ကရုဏာနှင့်၊

သမ္မာသမ္ဘောဓိ, အစရှိလတ်, ဉာဏ်တော်မြတ်၏,

ကိန်းဝပ်စံပျော်, ခန္ဓာပေါ်ဝယ်,

ဘွဲ့တော်ဗုဒ္ဓ, တင်ပါရသည်……

လောကထွတ်ထား မြတ်ဘုရား။

သာဓု…သာဓု…သာဓု။

ဒါနပါရမီ။ ။ ဗုဒ္ဓလို့ အမည်ရတဲ့ပုဂ္ဂိုလ်ရဲ့ ရုပ်လက္ခဏာတော်ကို ကြည့်လို့ရှိရင် အင်မတန် သပ္ပာယ်ပါတယ်၊ သပ္ပာယ်မှာပေါ့၊ ဘဝများစွာက ဒါနပါရမီပြုတဲ့ အချိန်မှာ နည်းနည်းကလေး မှန်းကြည့်စမ်း၊ ဘုန်းကြီးက မှန်းကြည့်တယ်လေ၊ သူများမလိုက်နိုင်ဘူး၊ ဘုန်းကြီးကိုယ်တိုင် လိုက်လိုက် ကြည့်ပါတယ်၊ အား…ဒီနေရာ ဒီအချက်တော့ မလိုက်နိုင်ဘူး၊ ဆိုပါတော့-

ဝေဿန္တရာမင်းဘဝမှာ (မင်းကြီး မဟုတ်ပါဘူး၊) ၁၆-နှစ်မှာ မင်းဖြစ်တော့ အလှူရုံကြီးတွေ ဆောက်ပြီး …

မရှိဆင်းရဲတဲ့သူတွေ နေ့တိုင်း ကျွေးခဲ့တယ်၊ ဒီ ဝေဿန္တရာမင်းကသာ မကျွေးလို့ရှိရင် အဲဒီ သူတွေဟာ နေ့စဉ်နေ့စဉ် စိတ်ဆင်းရဲပြီးတော့ တောင့်တောင့် တတ ကြောင့်ကြောင့်ကြကြနဲ့ နေကြရမယ်၊ ဒါ့ကြောင့် ဝေဿန ရ္တာမင်းက {မရှိဆင်းရတဲ့သူတွေ စားကြ သောက်ကြပါစေ၊ ခရီသွားတွေ ရိက္ခာပြတ်လို့ရှိရင် ဝင်ပြီးတော့ စားကြ သောက်ကြပါစေ၊ ရသေ့တွေ(စီပွား မရှာကြတဲ့ ရသေ့တွေ) စားကြ သောက်ကြပါစေ၊ တောင်းရမ်း စားသောက် နေကြတဲ့ သူတောင်းစားတွေ စားကြ သောက်ကြပါစေ}ဆိုပြီး ကျွေးခဲ့တယ်။

နေ့တိုင်းနေ့တိုင်း ဘုန်းကြီးက လိုက်ကြည့်တယ်၊ ငါလဲ ဒီလို ပေါရင် လှူနိုင်တာပေါ့၊ ဒါက လိုက်လို့ မီပါတယ်၊ နောက်တော့ ဆင်ဖြူတော်လာပြီး အလှူခံတဲ့ အခါမှာ ဆင်ဖြူတော် လှူခဲ့ပါတယ်၊ ရှေးခေတ်တုန်းက ဆင်တပ်ဟာ အကြီးဆုံးပါပဲ၊ တိုင်းပြည်ချင်း စစ်တိုက်ကြရင် ဆင်တပ်ကောင်းတဲ့ တိုင်းပြည်က နိုင်ကြတယ်၊ အဲဒီ ဆင်တပ် ထဲမှာလဲ ဆင်ဖြူတော်ပါတဲ့ဖက်က နိုင်ပါတယ်၊ ဒါ့ကြောင့် ဆင်ဖြူတော်ဟာ တိုင်းပြည်တစ်ပြည်ရဲ့ အသက် သွေးခဲပါပဲ၊ ဆင်ဖြူတော် ရှိနေတာကတော့ တိုင်းပြည်မှာ အင်မတန် ဘေးအန္တရာယ် အေးချမ်းနေပါတယ်၊ တစ်ဖက်ရဲ့ အနှောင့် အယှက်တွေကို ဘယ်တော့မှ မကြောက်ရတော့ဘူး၊ အဲဒီအခါမျိုးမှာ ဆင်ဖြူတော်ကို လာအလှူခံတော့ ဝေဿန္တရာမင်းက လှူလိုက်ပါတယ်။

ဘုန်းကြီးက လိုက်ကြည့်တယ်၊ အဲ…ဘုန်းကြီးက ငဲ့မှာပေါ့၊ ကိုယ့်တိုင်း ပြည်ကို ဆင်ဖြူတော် လာအလှူခံရင်{လိုတာတောင်းကြပါလေ၊ လိုက်ပြီးတော့ ကူညီပါဆိုရင် တို့တိုင်းပြည်ကလိုက်ပြီးတော့ ကူညီပါ့မယ်၊ ဆင်ဖြူတော်တော့ တိုင်းပြည်ရဲ့ အသက်သွေးခဲဖြစ်လို့ မလှူပါရစေနဲ့}ဒီလို…ဒီလို ရှောင်နေမှာပါနဲ့ တူပါတယ်၊ လိုက်လို့မမီပါဘူး၊ နောက် တောထဲရောက်လို့ သားတော် သမီးတော်များ လှူတယ်၊ ဒါလဲ လိုက်လို့မမီပါဘူး၊ မမီပါဘူး။

သီလပါရမီ။ ။ ဒါကြောင့် ဒါနပါရမီဖြည့်တော့လဲ လိုက်လို့မမီဘူး၊ သီလပါရမီ တွေဖြည့်ပြန်တော့လဲ သာမန် ဥပုသ်စောင့်တာမျိုးလို့ ပြောရင် သာမန် ဥပုသ်သည်တွေက အထင်မကြီးပေဘူးပေါ့၊ ဘုရားလောင်းစောင့်တဲ့ ဥပုသ်က စည်းစိမ်နဲ့ (နဂါးစည်းစိမ်နဲ့) နေရင် ဥပုသ် မသန့်ရှင်းဘူး၊ ဥပုသ် ပျက်တယ်၊ ဒါကြောင့် မထင်မရှား လူ့လောကကြီးထဲ တက်ပြီးတော့ ဥပုသ် စောင့်တယ်၊ ဥပုသ်စောင့်ရင်း {ငါ့ရဲ့အသားကို ယူချင်တဲ့သူ ယူပါစေ၊ အရေကို လိုချင်တဲ့သူ ယူပါစေ၊ ငါ့သီ လတော့ မဖျက်ပါဘူး}လို့ အဲဒီလို အဓိဋ္ဌာန်ပြီး စောင့်တယ်၊ ဒါ ပရမတ္ထပါရမီလို့ ခေါ်ပါတယ်၊ သီလပရမတ္ထ ပါရမီလို့ ခေါ်ပါတယ်၊ လာတာပါပဲ၊ အနှောင့်အယှက်တွေ တပင်တပန်း သေလောက် ကြေလောက် နှိပ်စက်ပြီးတော့ ဖမ်းတာပါပဲ၊ အဲဒါ ခံနိုင်ရည် ရှိပါတယ်၊ ဘုန်းကြီးက လိုက်မမီပါဘူး၊ လိုက်မမီပါဘူး။

သိဝိမင်းကြီး ဘဝတုန်းက မျက်လုံး ဖောက်လှူပါတယ်၊ မလွယ်ဘူး၊ မလွယ်ဘူး၊ သိပ် မလွယ်ဘူး။

ဘုရားအလောင်းကို ဘုန်းကြီး ဒီလို လျှောက်ပြီးတော့ ကြည့်ပါတယ်၊ ကြည့်တော့ လိုက်မမီအောင် ကုသိုလ်ပါရမီတွေက တစ်ဘဝလဲမက၊ နှစ်ဘဝလဲ မက၊ တစ်ကမ္ဘာလဲ မက၊ နှစ်ကမ္ဘာလဲ မက၊ ပါရမီတော်တွေက ဒီခန္ဓာကိုယ်မှာ ထုံပြီးတော့ လာခဲ့ပါတယ်၊ ဒီဟာနဲ့စပ်ပြီး ဘုန်းကြီး ကမ္မပစ္စည်းအခန်း ကျတော့ ထပ်ပြောပါ့မယ်၊ ကံတွေဟာ မပျောက်မပျက်ဘဲနဲ့ သတ္တိပါလာတဲ့ အကြောင်းကို ထပ်ပြောပါ့မယ်။

အဲဒီတော့ နောက်ဆုံးဘဝကျတော့ ကံတွေကလေ နောက်ဆုံးအကျိုး ပေးရမှာဖြစ်လို့၊ ဆိုပါတော့ အရပ်ပြော ပြောလို့ရှိရင် သူမရ ငါမရ အကျိုး ပေးရမှာဖြစ်လို့ ဗုဒ္ဓမြတ်စွာကို မျက်လုံးတော်နှင့် စပ်လာလို့ရှိရင် (ရှေးတုန်းက မျက်လုံးတော် ထုတ်လှူခဲ့တဲ့ အလောင်းတော်ကိုး…၊ဒီ တော့ ဒီကံတွေက ဒီမျက်လုံးကို) အသပ္ပာယ်ဆုံး၊ အရပ်ပြောနဲ့ ပြောရင် အလှဆုံး ဖြစ်အောင် အကျိုးပေးလိုက်ကြတာပါပဲ၊ လက်တော်တွေ, ခြေတော်တွေ, အလှဆုံးအကျိုး ပေးလိုက်ကြတာပါပဲ၊ တစ်ကိုယ်လုံး အသားအရေတော်တွေ ရွှေအဆင်းလို လှပြီးတော့ အကျိုးပေးလိုက်ကြတာပါပဲ။

လက္ခဏာတော် ကြီးငယ်ဆိုတာဟာ…လက္ခဏာဆိုတာ အမှတ်အသား၊ ယောကျ်ားမြတ်ရဲ့အထိမ်းအမှတ်၊ ဗုဒ္ဓမြတ်စွာမှာ ကြီးကြီးမားမား ယောကျ်ားမြတ် လက္ခဏာ ၃၂-ပါး ပါပါတယ်၊ သေးသေးငယ်ငယ် အထိမ်းအမှတ်တွေက ၈၀- လောက် ပါပါတယ်၊ (အဲဒါတွေက တခမ်းတနား ပြောပေးမှ ဖြစ်ပါတယ်) ဒါကြောင့် အင်မတန် သပ္ပာယ်ပါတယ်၊ အင်မတန် သပ္ပာယ်တာမှ ဗုဒ္ဓမြတ်စွာရဲ့ လူ့လောကတုန်းက ချောပုံကတော့ ဘယ်သူနဲ့မှ နှိုင်းလို့ မရပါဘူး၊ အင်မတန် ချောပါပေတယ်လို့ဆိုတဲ့ ဇနပဒကလျာဏီတို့ကရော, ယသောဓရာတို့ကရော သူတို့ မိန်းမသားတွေထက် ပိုပြီးတော့ ချောပါတယ်လို့ ပရိနိဗ္ဗာန် စံခါနီးမှာ ချီးကျူးသွားကြပါတယ်။

ပညာပါရမီ။ ။ ဒါကြောင့် ဗုဒ္ဓဘွဲ့တော်ဟာ သာမန်ပုဂ္ဂိုလ်နဲ့ မတန်ပါဘူး၊ လောကီအပြောနဲ့ ပြောလို့ရှိရင် အင်မတန် မြင့်မြတ်တဲ့ အမျိုးမှာ အင်မတန်သပ္ပာယ်, အင်မတန်လှတယ်၊ ဒါကြောင့် {လက္ခဏာတော် ကြီးငယ်, အသွယ်သွယ်ဖြင့်, သပ္ပာယ်လှစွာ, ကိုယ်အဂါဝယ်, ပါရမီတော် အဟုန်, ကိုယ်လုံးခြုံ၍, မွှမ်းထုံသင်းကြူ, သယမ္ဘူဟု}…တစ်ကိုယ်လုံး စိတ်ကူးကြည့်စမ်း၊ ဘုန်းကြီးကတော့ မကြာမကြာ စိတ်ကူးကြည့်ထားတယ်၊ အင်မတန် သပ္ပာယ်ပြီးတော့ အင်မတန်လှတဲ့ ယောကျ်ားမြတ်က ၂၉-နှစ် အရွယ်မှာ ထီးနန်းကို စွန့်ပြီးတော့ တောထွက်တော်မူတယ်၊ ၂၉_နှစ်…၊ အရွယ်မှာ ၂၉_နှစ်…၊ ၂၉_နှစ်…ကောင်းလိုက်တဲ့ အရွယ်၊ အဲဒီ အရွယ်မှာ ထီနန်းကို စွန့်ပြီးတော့ ရှေးတုန်းက ပညာပါရမီက အင်မတန် ထုံထားတယ်။

ဘယ်လိုနည်းနဲ့ ထုံခဲ့တုန်းဆိုတော့-ဒီပကရာ မြတ်စွာဘုရား လက်ထက် တော်တုန်းက ဒီပကရာ မြတ်စွာဘုရားကို ဖူးတွေ့ရတော့ မိမိကိုယ်တိုင် လောကီဈာန် အဘိညာဉ်တွေ ရပြီးသား၊ ပညာနယ် လောကီနယ်မှာတော့ ထိပ်တန်း ရောက်ပြီးသား၊ နောက်တော့ ဒီပကရာ မြတ်စွာဘုရား ဖူးတွေ့ရတဲ့ အခါ ဒီပကရာ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးကို မိမိကိုယ်တိုင် မသိရပေ မယ့် မှန်းပြီးတော့ ကြည့်ပါတယ်၊ ဒီပကရာ မြတ်စွာဘုရားရဲ့ မေတ္တာတော် ကရုဏာတော်တို့ကို မှန်းပြီးတော့ မြင်ပါတယ်၊ အဲသလိုနည်းနဲ့ ဉာဏ်တော်ဟာ ကြီးကြီးပြီးတော့ လာခဲ့ပါတယ်။

နောက်တော့ ဒါနပြုတယ်၊ {သဗ္ဗညုတ ဉာဏ်တော်ကြီးရဲ့ အထောက်အပံ့ ဖြစ်ပါစေ}၊ ဆင်ဖြူတော်ကြီး လှူတယ်၊ {သဗ္ဗညုတ ဉာဏ်တော်ကြီးရဲ့ အထောက်အပံ့ ဖြစ်ပါစေ}၊ သားတော် သမီးတော်များ လှူတယ်၊ {သဗ္ဗညုတ ဉာဏ်တော်ကြီးရဲ့ အထောက်အပံ့ ဖြစ်ပါစေ}နဲ့၊ စိတ်အလုပ်အားဖြင့်လဲ ဉာဏ်ကြီး လာခဲ့တယ်၊ ကံအလုပ်အားဖြင့်လဲ ဉာဏ်ကြီး လာဖို့ရန်ပဲ စိတ်ညွတ် တော်မူခဲ့တယ်၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကို ဘယ်လို လုပ်ပြီးတော့ မျှော်မှန်းမလဲဆိုရင် သဗ္ဗညုတဉာဏ်တော်ရှိတဲ့ ဘုရားရှင်များနဲ့ တွေ့တဲ့အခါတိုင်း အခါတိုင်း {သိပ် ကြီးကျယ်တာပဲ…၊ သိပ် ကြီးကျယ်တာပဲ}၊ အဲဒီလို သာသနာတော်မှာ ဘုရားရှင်များနှင့် တွေ့တိုင်း တွေ့တိုင်း ဉာဏ်တော် ကြီးကျယ်တာကို မှန်းပြီးတော့ အဲဒီဉာဏ်တော်ကြီးကို ရဖို့ရန် ကြိုးစားခဲ့ပါတယ်။

သာသနာတော်နှင့် ကြုံကြိုက်လို့ သာသနာတော်ထဲ ဝင်ပြီးတော့ ရဟန်း ပြုတဲ့အခါမှာလဲ ပိဋကတ်စာပေတွေ တတ်ကျွမ်းအောင် သင်တော်မူတယ်၊ တရားကျင့်တော်မူတယ်၊ တရားကျင့်တာမှ ဘယ်လောက် ရောက်လာသလဲ ဆိုတော့ သောတာပန်ဖြစ်လုနီးပါး ကပ်နေတဲ့စိတ်အထိ (သခါရုပေက္ခာဉာဏ် အထိ) ရောက်လာတယ်၊ သောတာပန်ဖြစ်ချင်လဲ ဖြစ်နိုင်တာပဲ၊ ဘုရားဖြစ်မယ် လို့ နိယတဗျာဒိတ်ခံရတဲ့ ဘုရားလောင်းဟာ အဲဒီအချိန်မှာ အရဟတ္တမဂ်, အရဟတ္တဖိုလ်ရတဲ့ ရဟန္တာဖြစ်ချင်ရင်လဲ ဖြစ်နိုင်တာပဲ၊ ဒါပေမယ်လို့ သဗ္ဗညုတ ဉာဏ်တော်ကို မှန်းမျှော်လာခဲ့တာဖြစ်တော့ ရှေ့ကို သောတာပန်ဖြစ်အောင် မတက်ပါဘူး၊ သောတာပန်ဖြစ်လုနီးပါး ကပ်လာတယ်ဆိုရင် အနိစ္စ ဒုက္ခ အနတ္တအကြောင်း ကောင်းကောင်းကြီး ရှင်းပြီးသား ဖြစ်နေပါတယ်၊ ဒီတော့ ကိုယ်တိုင်ကျင့်လို့လဲပဲ သဗ္ဗညုတဉာဏ်တော်ကြီးကို မှန်းမျှော်လို့ရတယ်၊ ဘုရား သခင်များနဲ့ တွေ့လို့လဲပဲ သဗ္ဗညုတဉာဏ်တော်ကြီးကို မှန်းမျှော်လို့ရတယ်၊ ဘုရားများကိုမှီပြီး ကိုယ်တိုင်လဲပဲ ကျင့်စဉ်ကျင့်ခန်းတွေ ကျင့်ခဲ့တယ်၊ နောက်ဆုံး ဘဝ ကျတော့လဲပဲ ဒီအထုံတွေက ပါပြီးသားဖြစ်လို့ ကျင့်စဉ်ကျင့်ခန်းတွေဟာ တိုးတက်ပြီးတော့ ကိုယ်တော်တိုင် ဆရာမရှိဘဲနဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကို ရအောင် ကျင့်နိုင်ပါတယ်၊ သိနိုင်ပါတယ်။

{လက္ခဏာတော် ကြီးငယ်, အသွယ်သွယ်ဖြင့်, သပ္ပာယ်လှစွာ, ကိုယ်အဂါဝယ်, ပါရမီတော်အဟုန်, ကိုယ်လုံးခြုံ၍, မွှမ်းထုံသင်းကြူ, သယမ္ဘူဟု, ဉာဏ်တူကင်းလတ်, အရဟတ်ဖြင့်}…

သယမ္ဘူ ဆိုတာ ကိုယ့်ဘာသာကိုယ်ရတာ၊ ရနိုင်ရဲ့လားဆိုတော့ ရနိုင်တာပေါ့ လေ၊ ခုနက ပြောခဲ့ပြီမဟုတ်လား? ဘဝပေါင်းများစွာက ဒီဉာဏ်ကို ရဖို့ရန် သီလစတဲ့ ပါရမီတော်တွေကို ပြုတိုင်း ပြုတိုင်း ဒီဉာဏ်တော်ကို ဆုတောင်း ခဲ့တယ်၊ နောက်တော့ ကိုယ်တိုင် ရဟန်းပြုပြီးတော့ ကျင့်တော်မူခဲ့တယ်၊ ဒီ နားရောက်ရောက်လာခဲ့တယ်၊ ဒါကြောင့် ရပါတယ်၊ ရပါတယ်၊ ဒီဉာဏ်ကို ကိုယ်တိုင် ရပါတယ်။

{ဉာဏ်တူကင်းလတ်, အရဟတ်ဖြင့်, သတ်ဖြတ်ခပင်း, ကိလေ ရှင်းသား…} အဲဒီ ကိုယ်တိုင်သိတော်မူတဲ့ အရဟတ္တမဂ်ဉာဏ်နဲ့ ကိလေသာတွေ ရှင်း သွားလိုက်တာ, ရှင်းသွားလိုက်တာ၊ ဒီနားရပ်ပြောမယ်လေ၊ အသံကို ယူနေကြတဲ့ အသံဖမ်းနေကြတဲ့ ဒကာတွေကို ဘုန်းကြီးက {တရားနာရင်း နာရင်း သီလ ဆောက်တည်ထားရင် ကောင်းတယ်နော်၊ သီလ ဆောက်တည်ပြီးတော့ ဝတ်ဖြူစင်ကြယ်နဲ့ ကိုယ့်ကိုယ်ကို ပါရမီဖြည့်နေတာပဲလို့ ဒီလိုနားလည်ထားရင် ကောင်းတယ်နော်}လို့ မနေ့က သတိပေးထားတယ်။

အဲဒီတော့ဒီလို ပုဂ္ဂိုလ်တွေရဲ့စိတ်မှာ (ကိုယ့်စိတ်ကိုယ် ပြန်တွေးကြည့်လိုက် စမ်း) ငါ့မှာ ယခု လောဘဖြစ်ပါဆိုလို့တောင်မှ လောဘ မဖြစ်ပါဘဲလား?

ဒေါသ, မာနဖြစ်ပါဆိုလို့ မဖြစ်ပါဘဲလား? ခဏလေး ခဏလေး ကိလေသာတွေ ကင်းနေလိုက်တာ၊ ကင်းနေလိုက်တာ၊ ဣဿာ မစ္ဆရိယလဲ မရှိ၊ မာနလဲ မရှိ၊ စိတ်တွေ သန့်ရှင်းနေလိုက်တာ၊ ဘုရားအလောင်းကျတော့ တရားကိုကျင့်နေတဲ့ ရက်ပေါင်း, လပေါင်း, နှစ်ပေါင်းများစွာကြောင့် ကိလေသာတွေက ရှင်းလာ တဲ့အပြင် နောက်ဆုံး အရဟတ္တမဂ်ဉာဏ်ရတော့ ကိလေသာတွေ အကုန်လုံး ပြုတ်ပြုတ်ပြုန်းအောင် ရှင်းသွားပါတယ်။

ဒါကြောင့် {ဉာဏ်တူကင်းလတ်, အရဟတ်ဖြင့်, သတ်ဖြတ်ခပင်း, ကိလေ ရှင်းသား}ဲ…စိတ်ကူးကြည့်ပါနော်၊ အဲ…၃၅_နှစ်အရွယ် ဘုရားဖြစ်တော့မယ်၊ ဗောဓိညောင်ပင်အောက်မှာ တရားနှလုံးသွင်းနေပါပြီ၊ ကိလေသာတွေ အရဟတ္တ မဂ်ဉာဏ် ရလိုက်မှ အကုန်လုံး ရှင်းသွားပါပြီ၊ စိတ်တော် အင်မတန်ကြည်လင် နေပါပြီ။

{သတ်ဖြတ်ခပင်း, ကိလေရှင်းသား, ဉာဏ်ရင်းမဟာ, ကရုဏာ နှင့်, သမ္မာသမ္ဗောဓိ, အစရှိလတ်, ဉာဏ်တော်မြတ်၏ဲ…} မဟာကရုဏာ ဆိုတာနည်းနည်းကရုဏာမဟုတ်ဘူး၊ စိတ်ဖြစ်ပုံကလေးကို စဉ်းစားကြည့်စမ်း၊ သားကလေးတစ်ယောက် ရလာတယ်၊ ကိုယ့်သားကလေး အပေါ် မေတ္တာရော, ကရုဏာရော ဖြစ်ပေါ်လာလိုက်တာ၊ မရခင်တုန်းက ဒီမေတ္တာ ကရုဏာမျိုး မဖြစ်ခဲ့ဘူး၊ သားကလေး ရလာတယ်ဆိုရင် ကရုဏာ ဖြစ်လာပြီ, ဆန်းတာ, ဆန်းတာ၊ အင်မတန် ဆန်းတာ၊ တရားသဘောက ဘယ်သူမှ လုပ်ပေးနေတာ မဟုတ်ဘူး၊ နောက်တစ်ခါ သမီးဆိုပါတော့၊ အဲဒီ နှစ်ယောက်အပေါ်မှာ မေတ္တာ ကရုဏာ နည်းမသွားဘူး၊ လျော့မသွားဘူး၊ နောက်ထပ်လဲ ကြီးလာပြန်တယ်၊ ဒီလိုပေါ့ သားတွေ သမီးတွေ၊ နောက်တော့ မြေးတွေ၊ မေတ္တာ ကရုဏာတွေ ပိုပြီးတော့ ကျယ်ပြန့် ကျယ်ပြန့်လာတယ်၊ ဗုဒ္ဓမြတ်စွာက အားလုံး ဝေနေယျသတ္တဝါတွေကို သားတော်တွေ, သမီးတော်တွေ မေတ္တာစစ်စစ်နဲ့ ဆင်းရဲမှာ စိုးတော်မူလိုက်တာ၊ အပါယ်လေးပါးကို ကိုယ်တော် တိုင် ဒိဗ္ဗစက္ခုဉာဏ်နဲ့ မြင်ထားလို့ အပါယ်ငရဲမှာ ဒုက္ခတွေ, ပြိတ္တာတွေ မြင်ထားလို့ အဲဒီ ငရဲရောက်သွားမှာ, ပြိတ္တာဖြစ်သွားမှာ စိုးတော်မူလိုက်တာ၊ မေတ္တာတော် ကရုဏာတော် ကြီးမားတော်မူလိုက်တာ၊ အဲဒါကြောင့် {မဟာ ကရုဏာ=အင်မတန်ကြီးကျယ်တဲ့ မဟာကရုဏာ}လို့ ဆိုရတယ်။

တွေးတွေးခေါင်ခေါင် ပြောရရင် အင်မတန် ပစ္စည်းတွေ ပြည့်စုံပြီးတော့ ချမ်းသာနေပေမယ့် {အို…ခုဘဝ ချမ်းသာတာဟာ တော်တော်ကြာတော့ ဘဝတစ်ခု ပြောင်းလိုက်လို့ရှိရင် ဒီပစ္စည်းတွေ အကုန်လုံး ပစ်ထားခဲ့ရမှာ၊ ကုသိုလ်ဖြစ်မှ နောက်ဘဝ သံသရာမှာ အကျိုးဖြစ်မှာ}အဲဒါတွေ မြင်ပြီးတော့ ချမ်းသာတ ဲ့လူကိုလဲ သနားတော်မူတယ်၊ ဒီပကရာမြတ်စွာဘုရားနဲ့ တွေ့တော်မူ ကတည်းက ကိန်းဝပ်ပြီးတော့လာတဲ့ မဟာကရုဏာတော်ဟာ ဘုရားဖြစ်တော် မူတော့လဲ မပျောက်ဘူး၊ အဲဒီ မဟာကရုဏာတော် ကြီးမားလှတဲ့အပြင် {သမ္ဗောဓိ-အလုံးစုံကို အကုန်သိမြင်တော်မူတဲ့ သဗ္ဗညုတဉာဏ်တော်ကြီး}ကို အရဟတ္တမဂ် ရသည်နှင့် တစ်ပြိုင်နက် ရတော်မူပါတယ်။

{သယံ ဗုဒ္ဓေါ သမ္ဗောဓေသိ}ဲ…အဲဒီလို ဉာဏ်တော်ကြီး ကြီးကျယ်တဲ့ပုဂ္ဂိုလ်၊ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်နဲ့ သပ္ပာယ်တဲ့ ရုပ်ပုံတော်မှာ မဟာကရုဏာ ဉာဏ်တော်ကလဲ အင်မတန် ကြီးကျယ်တယ်၊ ကိလေသာတွေကလဲ အကုန်လုံး ရှင်းလို့ စိတ်တော်က ကြည်လင်နေတယ်၊ မဟာကရုဏာဉာဏ်တော်ကလဲ အင်မတန် ကြီးကျယ်တယ်၊ သတ္တဝါတွေကို အင်မတန် သနားတော်မူတယ်၊ သဗ္ဗညုတဉာဏ်တော်ကြီးကလဲ အင်မတန်ကြီးကျယ်တော်မူတယ်၊ အဲသလို ပုဂ္ဂိုလ်ကိုမှ {ဗုဒ္ဓ}လို့ အဲဒီလို ဘွဲ့ထူးရနိုင်ပါတယ်၊ သာမန် အတုအယောင်တွေဟာ ဗုဒ္ဓအစစ် မဖြစ်နိုင်ပါဘူး။

လက္ခဏာတော် ကြီးငယ်, အသွယ်သွယ်ဖြင့်, သပ္ပာယ်လှစွာ, ကိုယ်အဂါဝယ်, ပါရမီတော်အဟုန်, ကိုယ်လုံးခြုံ၍, မွှမ်းထုံသင်းကြူ, သယမ္ဘူဟု, ဉာဏ်တူကင်းလတ်, အရဟတ်ဖြင့်, သတ်ဖြတ်ခပင်း, ကိလေရှင်းသား, ဉာဏ်ရင်း မဟာ, ကရုဏာနှင့်, သမ္မာသမ္ဗောဓိ, အစရှိလတ်, ဉာဏ်တော်မြတ်၏, ကိန်းဝပ်စံပျော်, ခန္ဓာပေါ်ဝယ်, ဘွဲ့တော်ဗုဒ္ဓ, တင်ပါရသည်, လောကထွတ်ထား, မြတ်ဘုရား…

သာဓု…သာဓု…သာဓု။

အနိမိသသတ္တာဟ။ ။ မြတ်စွာဘုရားက ပထမဆုံး ဘုရားဖြစ်ပြီးတော့ နေရာက မထသေးဘူး၊ ခုနစ်ရက် တင်ပျဉ်ခွေပြီး တော့ နေတဲ့အတိုင်း နေရာက မထသေးဘူး၊ ခုနစ်ရက် ဒီလို သီတင်းသုံးပြီး နောက်မှ နေရာက ထပြီး ပလ္လင်တော် (တင်ပျဉ်ခွေတဲ့နေရာ) ကြည့်ပြီးတော့ {ဒီနေရာမှာ ကိလေသာတွေ အကုန်လုံး ကုန်ခဲ့တယ်၊ ဒီနေရာမှာ သဗ္ဗညုတ ဉာဏ်တော်ကြီးကို ရခဲ့တယ်}လို့ တွေးပြီး ခုနစ်ရက်လုံးလုံး မမှိတ် မသုန်သော မျက်စိဖြင့် ကြည့်တော်မူနေတယ်။

အဘိဓမ္မာတရား ဆင်ခြင်ခြင်း။ ။ အဲဒီလို ကြည့်ပြီးတဲ့ နောက် ခုနစ်ရက် လေးကြိမ်မြောက်ကျတော့ ဗုဒ္ဓမြတ်စွာ တရားတော်ကို ဆင်ခြင်တော်မူတဲ့အထဲက အဘိဓမ္မာတရားကို ဆင်ခြင်တဲ့အခန်း ရောက်လာတယ်၊ ဆင်ခြင်တော်မူလိုက်တာ၊ အဲဒီ ဆင်ခြင်တော်မူတဲ့ အခါမှာ ရှေ့အဘိဓမ္မာ ခြောက်ကျမ်းကတော့ ဗုဒ္ဓမြတ်စွာရဲ့ဉာဏ်တော် မကွန့်မြူးလောက် ဘူး၊ တရားတော်တွေက နိမ့်နေတယ်၊ တရားတော်တွေက ကျဉ်းမြောင်းနေတယ်၊ ဉာဏ်တော်ကြီးက အင်မတန် ကြီးကျယ်နေတယ်၊ ဓမ္မသဂဏီ ဝိဘင်းစတဲ့ ပထမခြောက်ကျမ်း အဘိဓမ္မာတရားတော်တွေကို ဗုဒ္ဓမြတ်စွာက သုံးသပ်တော် မူတယ်၊ တရားတော်က ကျဉ်းနေတယ်၊ ဉာဏ်တော် ကျယ်နေတယ်။

သဗ္ဗညုတဉာဏ်တော်၏ စွမ်းအင်သတ္တိ။ ။ နောက်တော့ ခုနစ်ကျမ်းမြောက် ပဋ္ဌာန်းတရားတော်လဲ ရောက် လာရော၊ ဉာဏ်တော်ကြီးကလဲ ကွန့်မြူးလိုက်တာ တကတည်း ရွှင်လာတော်မူ လိုက်တာ၊ အဲဒီ ကျတော့မှ သဗ္ဗညုတဉာဏ်တော်ကြီးဟာ ဘယ်လောက်များ ကောင်းတုန်း ဆိုတော…

အတ္ထိ ဘိက္ခဝေ အညေဝ ဓမ္မာ ဂမ္ဘီ ရာ ဒုဒ္ဒသာ ဒုရနုဗောဓာ သန္တာ ပဏီတာ အတက္ကာဝစရာ နိပုဏာ ပဏ္ဍိတဝေဒနီယာ။၁။ သီလက္ခန်-ပါဠိတော်၊ နှာ-၁၁။

ဘိက္ခဝေ-ဘိက္ခုတို့၊ အညေဝ-သီလဂုဏ် သမာဓိဂုဏ်ဆိုတဲ့ ဂုဏ်တို့မှ တစ်မျိုးတခြားသာလျှင် ဖြစ်ကုန်သော၊ သန္တာ-အလွန် ငြိမ်သက်လှကုန်သော} တဲ့၊ သဗ္ဗညုတ ဉာဏ်တော်ကြီး ဗုဒ္ဓမြတ်စွာရဲ့ စိတ်တော်အစဉ်မှာ (ခုနက ဥပမာကြည့်လေ-သားကလေးတစ်ယောက် ဖွားလာတော့ မိမိစိတ်မှာ မေတ္တာ ဝင်လာတယ်၊ မေတ္တာစေတသိက်ခေါ်တယ်၊ မေတ္တာတရား ဝင်လာတယ်၊) ဗုဒ္ဓမြတ်စွာရဲ့ အရဟတ္တမဂ်ဉာဏ် ရတော်မူတဲ့ အချိန်မှာ သဗ္ဗညုတဉာဏ် ရတော်မူပြီ၊ အဲဒီလို သဗ္ဗညုတဉာဏ်တော်ဓာတ်ဟာ ဘယ်လောက်များ နှစ်သက်စရာ,အားရစရာ,ကျေနပ်စရာ ကောင်းသလဲဆိုတော့{သန္တာ-ငြိမ်သက် လှကုန်သော…}၊ တယ် ငြိမ်သက်တယ်၊ မိမိတို့သန္တာမှာ သားကလေးတစ်ယောက် ဖွားလာတော့ မေတ္တာဆိုတဲ့ဓာတ် ပေါ်လာသလို သဗ္ဗညုတဉာဏ်တော်ကြီး သေသေချာချာ ပေါ်လာတယ်၊ ဟာ…ငြိမ်သက်လိုက်တာ၊ ဉာဏ်တော်ကြီးက ငြိမ်သက်လိုက်တာ။

ပဏီတာ-မွန်မြတ်ကုန်သော။။ မွန်မြတ်တယ်ဆိုတာ ဘုန်းကြီးတို့ အင်မတန် မွန်မြတ်တဲ့အစာကို စားရတဲ့အခါမှာလေ တင်းမတိမ်နိုင်ဘူး၊ စားပြီးလဲ စားချင်နေတာပဲ၊ မဝပါဘူး၊ ဆိုပါတော့…တကယ့် အစာစားတဲ့ အခါမှာ ဗိုက်ပြည့်လို့သာ တန်လိုက်ရတယ်၊ ဝတော့ မဝဘူး၊ အဲ…သဗ္ဗညုတဉာဏ်တော်ကြီးက အဲဒီလို သဘောရှိတယ်၊ မဝနိုင်ဘူး၊ ဒီဉာဏ်တော်ကြီးများ သိထားလို့ရှိရင် ဒီ ဉာဏ်တော်ကြီးကို အာရုံပြုပြီးနေရတာ အင်မတန်ကောင်းတဲ့ အစာကို စားနေရသလိုပါပဲ၊ မဝ နိုင်ပါဘူး။

သန္တာ ပဏီတာ အတက္ကာဝစရာ နိပုဏာ။ ။ အရာဝတ္ထုတစ်ခု နူးညံ့ သလိုပါပဲ၊ သဗ္ဗညုတ ဉာဏ်တော်ကြီးက အင်မတန် နူးညံ့တော်မူတာပဲ၊ {အတက္ကာဝစရာ} စိတ်ကူး ဉာဏ်နဲ့ ကြံကြည့်လိုက်တော့ မရဘူး၊ ခု…ဘုန်းကြီးပြောနေရတာက ဘုန်းကြီး ကိုယ်တိုင် မရတာဖြစ်လို့ စာအလိုက် ပြောနေရတာ၊ စာအလိုက် ပြောပြီး ဘေးက ကြံပြီးတော့ {ဒီလို နေမှာပါပဲ}လို့ ဒီလို ကြံလို့တော့ မရဘူးတဲ့၊ တကယ့်ကို ထိုးထိုးထွင်းထွင်း သိမှ သဗ္ဗညုတဉာဏ်တော်ကြီးကို သိမယ်၊ {ဒီလောက် နေမှာပါပဲ၊ ဒီလောက်သိမှာပါပဲ}လို့ ဒီလိုတော့ ကြံလို့ မရဘူးတဲ့၊ ဘယ်သူမှ မရဘူး၊ ဉာဏ်တော်ထဲမှာ (ဗုဒ္ဓမြတ်စွာရဲ့ သာဝကတော်ထဲမှာ ဒီ သာသနာမှာ) ပညာအကြီးဆုံးဖြစ်တဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်တိုင် ဒီဉာဏ်တော်ကြီးကို မှီအောင် မသိနိုင်ပါဘူး၊ အဲသလောက် အဲသလောက် မြင့်မြတ်တော်မူတယ်၊ နက်နဲတော်မူတယ်။

ဂမ္ဘီရာ-နက်နဲကုန်သော။ ။ ဘယ်လောက် နက်နဲတုန်း၊ သမုဒ္ဒရာမှာ ခြင်လေးရဲ့ နှုတ်သီးနဲ့ မထောက်နိုင်သလို အဲဒီ သဗ္ဗညုတ ဉာဏ်တော်ကြီးကို မထောက်နိုင်လောက်အောင် နက်နဲပါတယ်၊ ခြင်ရဲ့ နှုတ်သီးဖျားကလေးနဲ့ သမုဒ္ဒရာကို ထောက်ကြည့်တဲ့ အနေမျိုးလောက်ပဲ ရှိမယ်၊ မထောက်နိုင်ပါဘူး၊ အင်မတန် နက်နဲပါတယ်။

အတ္ထိ ဘိက္ခဝေ အညေဝ ဓမ္မာ ဂမ္ဘီရာ ဒုဒ္ဒသာ ဒုရနုဗောဓာ။ ။နက်နေတယ်ဆို တော့ ဘယ်မှာ

(ဒုဒ္ဒသာ)မြင်လို့ လွယ်ပါတော့မလဲ၊ သိပ် နက်တာကိုး၊ ဘယ်မှာ ဉာဏ်တော်ကြီးကို ပိုင်ပိုင်ကြီး မြင်နိုင်ပါ့မလဲ၊ (ပညာဧတဒဂ်ဖြစ်တဲ့ အရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ် တောင်မှ မမြင်နိုင်တဲ့ ဥစ္စာကို) ထိုးထွင်းပြီးတော့ အတွင်းရောက်အောင် ကြည့်ဖို့ဆိုတာက သာပြီးတော့ မဖြစ်နိုင်တာပေါ့။

ဒုရနုဗောဓာ။ ။ အဲဒီလို အင်မတန်မှ မြင့်မြတ်တဲ့ သဗ္ဗညုတဉာဏ်တော် ကြီးကို စိ်တ်ကူးနှင့် ကြံပြီးတော့ ဒီပြင်ပုဂ္ဂိုလ် မပြောနဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်တိုင် မဖြစ်နိုင်ဘူး၊{သဗ္ဗညုတဉာဏ်တော်ကြီးကို ဘယ်သူသာ သိမလဲဆိုရင် ဘုရားပဲ သိမယ်၊ သဗ္ဗညုတဉာဏ်တော်ကြီးရဲ့ စွမ်းအင်သတ္တိတော်ကို ဒီပြင်ပုဂ္ဂိုလ်တွေ မသိနိုင်ပါဘူး၊ သဗ္ဗညုတဉာဏ်တော် ကြီးက ဒီလောက် ကြီးကျယ်တယ်ဆိုတော့ ဘုန်းကြီးတို့က စာပြောကိုး၊ အဲဒီလို ပြောနေတော့ ဘေးက မှတ်ချက် ချချင်တိုင်း ချနိုင်တယ်}။

ဉာဏ်တော်ကြီးနှင့် ပဋ္ဌာန်းကျမ်း။ ။ သို့သော် လာမယ့်ပဋ္ဌာန်းကို ကြည့်ရမယ်၊ {ဒီဆင်ကြီးဟာ ဒီလောက်ကြီးတဲ့ ဆင် ကြီး ဖြစ်ရမယ်}ဆိုတာ ဆင်ခြေရာကို ကြည့်လို့ရှိရင် အတော်တော့ မှန်းလို့ ရတယ်၊{ဟာ…ဆင်ခြေရာကြီး မနည်းပါလား၊ ဒီ ဆင်ခြေရာကြီးကို ထောက်ရင် ဒီ သွားတဲ့ ဆင်ကြီးဟာ ဘယ်လောက်ကြီးရမယ်} လောကဓာတ်ဆရာတွေက ဘယ်လောက်ကြီးရမယ် မှန်းလို့ရတယ်၊ ဘယ်လောက်တောင် မြင့်မယ် မှန်းလို့ ရတယ်၊ ဒါတောင် ခြေရာကြည့်ရုံနဲ့ မှန်ချင်မှ မှန်မယ်၊ တချို့က ခြေသာ ကြီးတာ အကောင် မမြင့်တာ ရှိသေးတယ်၊ အဲဒါ မှားချင် မှားဦးမယ်၊ သို့သော် ဆင်ခြေရာကြည့်လို့ရှိရင် အတော်မှန်းရတယ်၊ အဲဒါ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော် ကျက်စားရာဖြစ်တဲ့ ပဋ္ဌာန်းတရားတော်ကို ကြည့်လို့ရှိရင် {အား…သိပ် သိမ် မွေ့ပါလား}၊ အာ…သိပ် နက်နဲပါလား၊ အား…သိပ်ပြီးတော့ ဉာဏ်တော် ကြီးကျယ်ပါလား}လို့ ဆိုလိုတာတော့ ပေါ်လာလိမ့်မယ်၊ ဒါကြောင့် ဘုန်းကြီး က တွေးပေမယ့် မသိဘူး၊ မသိပေမယ့်လဲ ပဋ္ဌာန်းတရားတော်နဲ့ တွေးကြည့် တော့ {အင်မတန် ကြီးကျယ်တဲ့ ဉာဏ်တော်ကြီးပါလား}ဆိုတာ ပေါ်လာ လိမ့်မယ်။

ဗုဒ္ဓမြတ်စွာရဲ့ စိတ်တော်ဟာ အလွန့်အလွန် ကြည်တာကိုး၊ ကြည်မှာပေါ့၊ တရားတော်တွေ အာရုံပြုပြီးတော့ ကွန့်မြူးနေလိုက်တာ စိတ်တော် အင်မတန် ကြည်တာ၊ အဲဒီစိတ်တော်ကြည်တော့ ရောင်ခြည်တော်တွေပါ ထွက်လာတယ်၊ ကြည်လိုက်တာ၊ ပဋ္ဌာန်းတရားတော်ကျမှ ဗုဒ္ဓမြတ်စွာရဲ့ဉာဏ်တော် ကွန့်မြူးခွင့် ရလာတယ်၊ ယူဇနာ ငါးရာလောက်အလျားရှည်တဲ့ ငါးကြီးတွေ သမုဒ္ဒရာ ထဲမှာ ရှိတယ်၊ ပင်လယ်ထဲမှာ ရှိတယ်၊ အဲဒီ ငါးကြီးတွေ ကမ်းပိုင်းလောက် ရောက်တော့ ဘာမှ မကျက်စားလောက်ဘူး၊ တော်တော်ကလေး ရေနက်သွား တော့လဲ မကျက်စားလောက်ပါဘူး၊ အဲ…သမုဒ္ဒရာ အလယ်လောက်ကျတော့ ရှစ်သောင်း လေးထောင်နက်တာကိုး၊ ယူဇနာပေါင်းက အဲသလောက် နက်တဲ့ သမုဒ္ဒရာ ရေပြင်ကျတော့ ငါးကြီးတွေ ပျော်လိုက်တာတဲ့၊ မြူးဖို့ ပျော်ဖို့ အခွင့်ရတယ်၊ ဘာပြုလို့တုန်း, ရေက အင်မတန် နက်တာကိုး၊ အင်မတန် ကျယ်တာကိုး။

အဲဒီလိုပါပဲ၊ ဗုဒ္ဓမြတ်စွာရဲ့ဉာဏ်တော်ဟာ အဘိဓမ္မာတရား ရှေ့ခြောက်ပိုင်း လောက်ကို အာရုံပြုပြီး ကျက်စားတော်မူတော့ မကျက်စားလောက်ပါဘူး၊ အဲဒါ ရေတိမ်နေသလိုပါပဲ၊ နောက်တော့ ပဋ္ဌာန်းတရားတော်ကြီး ရောက်တော့မှ အမျိုးမျိုး လှည့်ပြီး {ဒီလိုလဲဖြစ်တယ်-ဒီလိုလဲဖြစ်တယ်}နဲ့ ရှုစားတော်မူတော့ ဉာဏ်တော်ကြီးဟာလေ ပဋ္ဌာန်းတရားတော်နဲ့ လိုက်လိုက်တာ၊ တကတည်း ပဋ္ဌာန်းတရားတော်လဲ ရောက်ရော ဉာဏ်တော်ကြီးဟာ ရွှင်ပြီးတော့ ခုနက ငါးကြီးများ ပျော်နေသလိုပဲ၊ ဗုဒ္ဓရဲ့ဉာဏ်တော်ကြီးဟာ အင်မတန် ရွှင်ပျကြည်လင် တော်မူတယ်။

ရောင်ခြည်တော် ကွန့်မြူးတော်မူ ခြင်း

သတ္တသတ္တာဟမဇ္ဈမှိ, နာထော ယော သတ္တ သမ္မသိ၊

ပတွာ သမန္တပဋ္ဌာနံ, ဩကာသံ လဘတေ တထာ။

ယောဇနာနံ သတာယာမော, ပဉ္စ တိမိရပိဂလော၊

ကီဠောကာသံ သမုဒ္ဒေဝ, ဂမ္ဘီရေ လဘတေ ယထာ။၁

၁။ (အနည်းငယ် ပြင်ဆင်အပ်သော မဟာဝိသုဒ္ဓါရုံဆရာတော်ကြီး၏ ရောင်ခြည် တော်အဖွင့် ဘုရားရှိခိုးဂါထာများဖြစ်သည်၊ ထိုတွင်တရားသံ အတွင်း၌ အနက် မပေးအပ်သော နှစ်ဂါထာကို ဤသို့ အနက်ပေးပါ။)

သမ္မန္တဿ တံ ဓမ္မံ, တဿ သတ္ထု သရီရတော၊

သဗ္ဗာ ဒိသာ ဝိဓာဝန္တိ, လောဟိတာဒိ ပသီဒနာ။

တံ ဓမ္မံ-ထို ပဋ္ဌာန်းတရားတော်ကြီးကို၊ သမ္မသန္တဿ-သုံးသပ်ဆင်ခြင်တော် မူသော၊ တဿ သတ္ထု-ထိုမြတ်စွာဘုရား၏၊ သရီရတော-နဂိုက ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ခန္ဓာကိုယ်ပေါ်မှ၊ သဗ္ဗာ ဒိသာ-အလုံးစုံသော အရပ်မျက်နှာတို့သို့၊ (နီလာဒိဆဗ္ဗဏ္ဏရံသိယော-ညိုသော ရောင်ခြည်တော် အစရှိတဲ့ ခြောက်သွယ် သော ရောင်ခြည်တော်တို့သည်၊)၁ လောဟိတာဒိပသီဒနာ-စိတ်တော် ကြည်လင် သည့်အတွက် သွေးတော် အစရှိသည်တို့က သန့်ရှင်းကြည်လင်ခြင်းကြောင့်၊ (ဆဗ္ဗဏ္ဏရံသိယော-ခြောက်သွယ်သော ရောင်ခြည်တော်တို့သည်၊)၁ ဝိဓာဝန္တိ- ထိုထို ဤဤ လှည့်လည် ပြေးသွားကြလေကုန်သတည်း။

သာဓု … သာဓု … သာဓု။

ဒါကြောင့် ဘုန်းကြီးတို့ကလေ ဗုဒ္ဓမြတ်စွာရဲ့ သားတော်ဖြစ်ရတာ သိပ် တန်ဖိုးရှိတာပဲ၊ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ အာရုံပြုပြီးနေရတာ အင်မတန် အားရတယ်၊ အင်မတန် ဝမ်းမြောက်စရာ ကောင်းတယ်။

ယော နာထော-သတ္တဝါတို့၏ အားထားရာ အကြင် မြတ်စွာဘုရား သည်၊ သတ္တသတ္တာဟမဇ္ဈမှိ-ခုနစ်လီသော သတ္တာဟတို့၏ အလယ်ဖြစ်သော ရတနာဃရ သတ္တာဟ၌၊ သတ္တ-ခုနစ်ကျမ်းသော အဘိဓမ္မာ ဒေသနာတော်တို့ကို၊ သမ္မသိ-သုံးသပ် ဆင်ခြင်တော်မူလေပြီ၊ (တဿ နာထဿ-သတ္တဝါတို့ အားထားရာ ထို မြတ်စွာဘုရား၏၊ ဉာဏံ-ဉာဏ်တော်သည်၊) ယောဇနာနံ-ယူဇနာတို့၏၊ ပဉ္စသတာယာမော-ငါးရာ အလျားရှိသော၊ (ယူဇနာငါးရာ ရှည်လျားသော၊) တိမိလပိဂလော-တိမိလပိင်္ဂလ အမည်ရသော ငါးကြီးသည်၊ ဂမ္ဘီရေ-ယူဇနာပေါင်း ရှစ်သောင်း လေးထောင်နက်သော၊ သမုဒ္ဒေဝ-သမုဒ္ဒရာ၌သာ၊ ကီဠောကာသံ-မြူးတူး ပျော်ပါး ကစားခွင့်ကို၊ လဘတေ ယထာ-ရသကဲ့သို့၊ တထာ-ထို့အတူ၊ သမန္တပဋ္ဌာနံ-သမန္တပဋ္ဌာန်းကျမ်းသို့၊ ပတွာ-ရောက်၍(ရောက်မှ၊) ဩကာသံ-ကွန့်မြူးကျက်စား ပျော်ပါးခွင့်ကို၊ လဘတေ-ရ၏။

၁။ တရားသံကို နာယူသူများမှာ စကားဆက် ပြတ်သကဲ့သို့ ဖြစ်နေမည်စိုး၍ ဤ ကတ္တား တစ်မျိုးတည်းကို နှစ်နေရာ၌ ဟောထားသည်။

အကယ်၍များ တစ်စုံတစ်ခု ရည်ရွယ်ချက် မရှိဘူးဆိုရင် တရားကို ပေါက်သွားနိုင်တယ်၊ ဗုဒ္ဓရဲ့သားတော် (ဗုဒ္ဓကိုကြည်ညိုတဲ့ သာဝက၊ ဗုဒ္ဓရဲ့ သာသနာတော်ကြီးကို အတွင်းကနေပြီးတော့ အားပေးနေတဲ့ ရဟန်းတော် သံဃာတော်)ဖြစ်ရခြင်း, အပြင်ဖက်က နေပြီးတော့ သာသနာတော်ကို ထောက်ပံ့ နေတဲ့ သာသနာ့ဒါယကာ ဖြစ်ရခြင်းသည် အင်မတန်မှ ဘုန်းကြီးတို့ ရှေးဘုန်း ရှေးကံ ကြီးကျယ်တာပဲ၊ အင်မတန်ကို ဘုန်းကြီးတို့ မြင့်မြတ်တာပဲ၊ ဒီလို အခြေတည်ပြီး သွားလိုက်မယ်ဆိုလို့ရှိရင် မဂ်ဖိုလ် နိဗ္ဗာန်လမ်းကို ဖြောင့်နေ တာပဲ၊ ဒါကြောင့်…

သုတတ္တံ-တရားဓမ္မ, ဩဝါဒကို, ကြားရရွှင်ပျော်, သားတော် သမီးတော် ဖြစ်ရခြင်းသည်၊ အဟော နော-ကိုယ့်တွက် ကိုယ့်တာ, ကိုယ်ကျိုးပါသဖြင့်,ကိုယ့်မှာခုနှယ်, ဩော်…ဝမ်းမြောက်ဖွယ်ကြီးပါ တကား}

ဘုန်းကြီးတို့ ပဋ္ဌာန်းတရားကျတော့ {ဘယ်တရားပြီးတော့ ဘယ်တရား ဖြစ်…ဘယ်တရားပြီးတော့ ဘယ်တရားဖြစ်…ဘယ်တရားပြီးတော့ ဘယ်တရား ဖြစ်…ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ်…ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ်…

ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ်} ဒီလိုကို စိ်တ်တွေ ရှေ့နောက် ဖြစ်နေပုံကို ဗုဒ္ဓမြတ်စွာက ဟောတော်မူလိုက်တာ၊ ဒါကို ဘုန်းကြီးတို့ ဝီထိဆိုတဲ့ သင်ရိုး သင်စဉ်နဲ့ ဖြစ်လာခဲ့တယ်။

အနန္တရပစ္စည်းကျတော့ {ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ်တယ်…

ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ်တယ်…ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ်တယ်} ဒါမျိုးကို ဒီပြင်ပုဂ္ဂိုလ်တွေ ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး၊ ဗုဒ္ဓမြတ်စွာက အင်မတန် သေသေချာချာ ကျကျနန ခွဲပြီးတော့ ဟောတော်မူတယ်၊ ဒါတွေ ဘုန်းကြီးတို့က တွေးပြီးတော့ ကြံလို့ စဉ်းစားလို့ {ဓမ္မစိန္တနံ-ဓမ္မသက်သက်, ရှေ့နောက်ဆက်၍}…ပုဂ္ဂိုလ် မပါပါဘူး၊ ဒီအထဲမှာ ခန္ဓာကိုယ်နဲ့ပဲ စဉ်းစား စဉ်းစား၊ ပုဂ္ဂိုလ်ဆိုတဲ့ အကောင်အထည် မပါဘူး၊ သတ္တဝါ မပါဘူး၊ ဓမ္မတွေ ချည်းဆိုတာ အင်မတန် ရှင်းနေတာပဲ၊ {ဓမ္မစိန န္တံ-ဓမ္မသက်သက်, ရှေ့နောက် ဆက်၍, ဖြစ်ပျက်နေဟန်, အကြောင်းမှန်ကို}…ဖြစ်ပျက် ဆိုပေမယ့် အရမ်းမဲ့ ဖြစ်ပျက်တာ မဟုတ်ပါဘူး၊ ဒီအကြောင်းရှိလို့ ဒီအကျိုးရှိတယ်၊ ဒီစိတ်ရှိလို့ ဒီစိတ်ဖြစ်တယ်၊ ဒီစိတ်ရှိလို့ ဒီရုပ်ဖြစ်တယ်နဲ့ အကြောင်းနဲ့အကျိုးနဲ့ ခွဲဝေပြီး တော့ ဟောတော်မူလိုက်တာ၊ အဲဒါတွေ ဗုဒ္ဓဉာဏ်တော်ရဲ့ နောက်ကလိုက်ပြီး တော့ ဘုန်းကြီးတို့ စဉ်းစားလိုက်ရင် ဝမ်းသာစရာ အင်မတန် ကောင်းတယ်၊ ဘယ်လောက် ကောင်းသတုန်းဆိုတော့ ဘုန်းကြီးတို့ရဲ့ရှေ့က ဘုန်းကြီးတို့ရဲ့ နောင်တော် ခမည်းတော် ဘိုးတော်ဆိုပါတော့၊ အဲသလိုပုဂ္ဂိုလ်တွေ ဒီလိုပဲ ကြံစည်ပြီးတော့ သွားကြတယ်၊ ဒီလိုကြံစည်ရင်းက တရားတွေ ပေါက်ပြီး ရဟန္တာဖြစ်ကြတယ်၊ တစ်ခါတုန်းက သီဟိုဠ်ကျွန်းကနေပြီး ဗောဓိပင်ဖူးမယ်လို့ သဘောနဲ့ ကြွပြီးတော့ အရှင်မဟာတိဿမထေရ် (မဟာဂတိဂမိယတိဿဒတ္တ ထေရ်=မဟာဂတိမ္ဗယတိဿဒတ္တထေရ်၁) ဟာ သဘောပေါ် အထက်ထပ်က နေပြီးတော့ စဉ်းစားတယ်…။

{သမုဒ္ဒရာကြီး တယ်ကျယ်ပါလား၊ ကမ်းကို မမြင်ရတော့ဘူး၊ ဒီရေလှိုင်း တွေ တဖွားဖွားနဲ့ သဘောခုတ်နေရင်း ထနေတဲ့ ရေလှိုင်းတွေ ရေပွားတွေသာ မြင်ရတော့တယ်၊ အရှေ့ကမ်းလဲ မမြင်ရ, အနောက်ကမ်းလဲ မမြင်ရ၊ သိပ် နက်နဲတာပဲ}လို့ သမုဒ္ဒရာကြီးကို စဉ်းစားပြီးတဲ့နောက် …

ဗုဒ္ဓမြတ်စွာရဲ့ တရားတော်နဲ့ (အဘိဓမ္မာ တရားတော်နဲ့=ပဋ္ဌာန်းတရား တော်နဲ့) ဆက်ပြီးတော့ စဉ်းစားတာကိုး၊ အဲ…သမုဒ္ဒရာက မမြင်ရဘူးဆိုပေမယ့် ကမ်းအဆုံး ရှိသေးတယ်၊ အရှေ့မှာ အရှေ့ကမ်းအဆုံး ရှိတယ်၊ ပတ်ပတ်လည် မှာလဲ သူ့ကမ်းအဆုံး ရှိတယ်၊ မမြင်ရဘူးဆိုပေမယ့် အဆုံး ရှိသေးတယ်၊ ကြည့်လိုက်ရင် အဆုံးတွေ့နိုင်သေးတယ်၊ အောက်မှာလဲပဲ ရေဟာ ဘယ်လောက် နက်နက် နက်ချင်သလောက် နက်ပေမယ့် မြေကြီးဟာ သမုဒ္ဒရာ ဆုံးနေတာပဲ၊ အထက်ကျတော့လဲ ကောင်းကင်ပြင်နဲ့၊ သမုဒ္ဒရာကြီး အဆုံးမရှိဘူး ဆိုပေမယ့် အဆုံးရှာလို့ ရသေးတယ်။

ဗုဒ္ဓမြတ်စွာရဲ့ အဘိဓမ္မာတရားတော်အရ ပဋ္ဌာန်းတရားတော်ကြီး စဉ်းစား လိုက်တာ၊ တကယ်ကို ဉာဏ်နဲ့လိုက်လေ တရားတော်ကြီးက ကျယ်လေ၊ ဉာဏ်နဲ့လိုက်လေ တရားတော်ကြီးက ကျယ်လေ၊ {ရုပ်နဲ့နာမ်သာ ရှိတယ်၊ ပုဂ္ဂိုလ်,သတ္တဝါ,သူ,ငါ မရှိ၊ ပုဂ္ဂိုလ်,သတ္တဝါ,သူ,ငါ မရှိပေမယ့် အကုန်လုံး အကြောင်းအကျိုးတွေနဲ့ ဖြစ်လို့ ပျက်လို့…ဖြစ်လို့ ပျက်လို့၊ ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ ထင်ရလောက်အောင် အကောင်အထည်ဖော်လို့ ဒီ လို ဖြစ်နေပါလား၊ အားလုံးဟာ ပုဂ္ဂိုလ်,သတ္တဝါ,သူ,ငါ မရှိဘဲနဲ့ တရားသဘောတွေ ဖြစ်ပျက် နေပါလား…}လို့ တွေးရင်း…တွေးရင်း {ဖြစ်လိုက် ပျက်လိုက် အနိစ္စ၊ အဖြစ်အပျက်ဒဏ်တွေ ခံနေရတဲ့ ဒုက္ခ၊ ဒီထဲ အနှစ်သာရ အတ္တ အကောင်အထည် ဘာမှမရှိတဲ့ အနတ္တပါလား…}လို့ တွေးရင်း…တွေးရင်း သဘောပေါ်မှာ ပီတိတွေဖြစ်လို့ စိမ့်ပြီး တော့ လာရာက အဲဒီ ပီတိကို အနိစ္စ, ဒုက္ခ, အနတ္တနဲ့ ရှုလိုက်တာ အဲဒီ နေရာမှာပဲ ရဟန္တာ ဖြစ်သွားတယ်၊ ဒါကြောင့် ဘုန်းကြီးက…

ဓမ္မစိန္တနံ-ဓမ္မသက်သက်, ရှေ့နောက်ဆက်၍, ဖြစ်ပျက်နေဟန်, ကြောင်းကျိုးမှန်ကို, ဖန်ဖန်ခွဲဝေ, ကြံစည်၍နေရခြင်းသည်၊ အဟော နော-ကိုယ့်သန္တာန်တွင်း, ဉာဏ်ရောင်လင်း၍, ရှင်းကာ ရှင်းကာ ဩော်…အားရဖွယ်ကြီးပါတကား။

သာဓု…သာဓု…သာဓု။

ဒီတော့ကာ ယခု ပဋ္ဌာန်းပစ္စယုဒ္ဒေသ, ပစ္စယနိဒ္ဒေသကို ရွတ်ပြီးတော့ အသံသွင်းပါ့မယ်၊ ရွတ်နေတုန်း (ပါဠိရွတ်နေတုန်း)မှာ ဘာမှ နားမလည် ပေမယ့် {ဩော်…ဒီလောက်နက်နဲတဲ့ တရားတော်ကြီးပါလား}လို့ ဒီလိုလောက် မှန်းထားပါ၊ နောက်တော့ အဲဒီ တရားတွေကို ဘုန်းကြီးက ဆက်ဆက်ပြီးတော့ {ဟေတုပစ္စည်းဆိုတာ ဘယ်လိုသဘော}ဆိုတာ ကောက်ချက်ချပြီး အဓိပ္ပာယ် ပြောမယ်၊ ဒီနေ့တော့ အဲဒီ တရားကို အသံသွင်းရုံ (ပါဠိအသံသွင်းရုံ)ပဲ၊ သွင်းယူထားကြရမယ်။

၁။ ပစ္စယုဒ္ဒေသပါဠိတော်

ဟေတုပစ္စယော

အာရမ္မဏပစ္စယော

အဓိပတိပစ္စယော

အနန္တရပစ္စယော

သမနန္တရ ပစ္စယော

သဟဇာတပစ္စယော

အညမညပစ္စယော

နိဿယပစ္စယော

ဥပနိဿယပစ္စယော

ပုရေဇာတပစ္စယော

ပစ္ဆာဇာတပစ္စယော

အာသေဝနပစ္စယော

ကမ္မပစ္စယော

ဝိပါကပစ္စယော

အာဟာရပစ္စယော

ဣန္ဒြိယပစ္စယော

ဈာနပစ္စယော

မဂ္ဂပစ္စယော

သမ္ပယုတ္တပစ္စယော

ဝိပ္ပယုတ္တပစ္စယော

အတ္ထိပစ္စယော

နတ္ထိပစ္စယော

ဝိဂတပစ္စယော

အဝိဂတပစ္စယောတိ။

ပစ္စယုဒ္ဒေသော နိဋ္ဌိတော။

၁။ ဟေတုပစ္စယောတိဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။

၂။ အာရမ္မဏပစ္စယောတိ-

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

သဗ္ဗေ ဓမ္မာ မနောဝိညာဏာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

၃။ အဓိပတိပစ္စယောတိ-

ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ဝီရိယာဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော။

၄။ အန္တ ရပစ္စယောတိစက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ဇိဝှာဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တ ရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကထာနံ ဓမ္မာနံ အနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တ ရပစ္စယေန ပစ္စယော။

ယေသံ ယေသံ ဓမ္မာနံ အနန္တ ရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တ စေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တ ရပစ္စယေန ပစ္စယော။

၅။ သမနန္တရပစ္စယောတိစက္ခုဝိညာဏဓာတု သံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

ဇိဝှာဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပ ယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

ယေသံ ယေသံ ဓမ္မာနံ သမနန္တ ရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တ စေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တ ရပစ္စယေန ပစ္စယော။

၆။ သဟဇာတပစ္စယောတိစတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။

ဩက္ကန္တိ က္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။

ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိကာလေ သဟဇာတပစ္စယေန ပစ္စယော။

ကိဉ္စိကာလေ န သဟဇာတပစ္စယေန ပစ္စယော။

၇။ အညမညပစ္စယောတိစတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။

ဩက္ကန္တိ က္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။

၈။ နိဿယပစ္စယောတိစတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော။

ဩက္ကန္တိ က္ခဏေ နာမရူပံ အညမညံ နိဿယပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ နိဿယပစ္စယေန ပစ္စယော။

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမပ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယစ္စယေန ပစ္စယော။

၉။ ဥပနိဿယပစ္စယောတိပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ဥတု ဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။

ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။

သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။

၁၀။ ပုရေဇာတပစ္စယောတိစက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ရူပါယတနံ, သဒ္ဒါယတနံ, ဂန္ဓာယတနံ, ရသာယတနံ, ဖောဋ္ဌဗ္ဗာယတနံ, မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိကာလေ ပုရေဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န ပုရေဇာတပစ္စယေန ပစ္စယော။

၁၁။ ပစ္ဆာဇာတပစ္စယောတိပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။

၁၂။ အာသေဝနပစ္စယောတိပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။

၁၃။ ကမ္မပစ္စယောတိကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။

စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။

၁၄။ ဝိပါကပစ္စယောတိဝိပါကာစတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။

၁၅။ အာဟာရပစ္စယောတိကဗဠီ ကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။

အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။

၁၆။ ဣန္ဒြိယပစ္စယောတိစက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ရူပဇီတိန္ဒြိယံ ကဋတ္တာ စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

၁၇။ ဈာနပစ္စယောတိ-

ဈာနဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။

၁၈။ မဂ္ဂပစ္စယောတိမဂ္ဂဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။

၁၉။ သမ္ပယုတ္တပစ္စယောတိစတ္တရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။

၂၀။ ဝိပ္ပယုတ္တပစ္စယောတိ-

ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။

အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။

၂၁။ အတ္ထိပစ္စယောတိစတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။

ဩက္ကန္တိ က္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ရူပါယတနံ, သဒ္ဒါယတနံ, ဂန္ဓာယတနံ, ရသာယတနံ, ဖောဋ္ဌဗ္ဗာယတနံ, မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

၂၂။ နတ္ထိပစ္စယောတိသမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော။

၂၃။ ဝိဂတပစ္စယောတိသမနန္တ ရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။

၂၄။ အဝိဂတပစ္စယောတိစတ္တာရော ခန္ဓာ အရူပိနော အညမညံ အဝိဂတိပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ အဝိဂတပစ္စယေန ပစ္စယော။

ဩက္ကန္တိ က္ခဏေ နာမရူပံ အညမညံ အဝိဂတပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဝိဂတပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတပစ္စယေန ပစ္စယော။

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ရူပါယတနံ, သဒ္ဒါယတနံ, ဂန္ဓာယတနံ, ရသာယတနံ, ဖောဋ္ဌဗ္ဗာယတနံ, မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ပစ္စယနိဒ္ဒေသော နိဋ္ဌိတော။

သာဓု……သာဓု……သာဓု။

ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိဂုဏ် တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံ မိုး၍, ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

သာဓု……သာဓု……သာဓု။

သံဃာတော်များ မေတ္တာပို့

၁။ အရှေ့အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘသား သတ္တဝါအများ တို့သည် ဘေးရန်ကင်းကွာ ကျမ်းမာ ချမ်းသာကြပါစေ။

၂။ အရှေ့တောင်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘသား သတ္တဝါ အများ တို့သည် ဘေးရန်ကင်းကွာ ကျမ်းမာ ချမ်းသာကြပါစေ။

၃။ တောင်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘသား သတ္တဝါအများ တို့သည် ဘေးရန်ကင်းကွာ ကျမ်းမာ ချမ်းသာကြပါစေ။

၄။ အနောက်တောင်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘသား သတ္တဝါ အများတို့သည် ဘေးရန်ကင်းကွာ ကျမ်းမာ ချမ်းသာကြပါစေ။

၅။ အနောက်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘသား သတ္တဝါအများ တို့သည် ဘေးရန်ကင်းကွာ ကျမ်းမာ ချမ်းသာကြပါစေ။

၆။ အနောက်မြောက်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘသား သတ္တဝါ အများတို့သည် ဘေးရန်ကင်းကွာ ကျမ်းမာ ချမ်းသာကြပါစေ။

၇။ မြောက်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘသား သတ္တဝါအများ တို့သည် ဘေးရန်ကင်းကွာ ကျမ်းမာ ချမ်းသာကြပါစေ။

၈။ အရှေ့မြောက်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘသား သတ္တဝါအများ တို့သည် ဘေးရန်ကင်းကွာ ကျမ်းမာ ချမ်းသာကြပါစေ။

၉။ အထက်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘသား သတ္တဝါအများ တို့သည် ဘေးရန်ကင်းကွာ ကျမ်းမာ ချမ်းသာကြပါစေ။

၁၀။ အောက်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘသား သတ္တဝါအများ တို့သည် ဘေးရန်ကင်းကွာ ကျမ်းမာ ချမ်းသာကြပါစေ။

သဗ္ဗညုတဉာဏ်တော်စွမ်းအား {ပူ ဇော်}

၁။ သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။

၂။ သိသည့်တရား, အများအပြား၌, ဟောထား စဖွယ်,နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။

၃။ ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣန္ဒြေ စရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။

၄။ သဗ္ဗဉ် ဉာဏ်အား, စွမ်းသုံးပါးကြောင့်, အများ ဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော် အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ရှိ၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင်

ငါတို့ဘုရားတည်း။

သံဃာတော်များ အမျှဝေ

ဤ ကုသိုလ် အဖို့ကို မိဘ ဆရာ, သံဃာတော်အပေါင်း, ဒါယကာဒါယိကာမအပေါင်း, နတ်အပေါင်းနှင့်တကွ, သတ္တဝါ ဟူသမျှတို့အား, အမျှ ပေးဝေပါ၏, အမျှ ရကြပါစေသတည်း။

သာဓု……သာဓု……သာဓု။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယ ပဋ္ဌာနံ, ဝန္ဒေ အန န္တဂေါစရံ။

ဧတ္ထ-ဤ အနန္တနယ, သမန္တပဋ္ဌာန်း, ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိ ထွတ်တင်, ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည် များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အန န္တ ဂေါစရံ-အဆုံးမရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တနယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက် တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့်ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ ဘုရား။

သာဓု……သာဓု……သာဓု

[ဤ ပဋ္ဌာန်းတရားတော်ကို ဖတ်ရှုလေ့လာသောအခါ နံနက် စောစော မိုးမလင်းမီ အရုဏ်ဆွမ်းစားအပြီး သံဃာတော် ၅၀၀ (ငါးရာကျော်)နှင့် လူ ပရိတ်သတ်များအား ဩဝါဒပေးတော်မူနေသော ဆွမ်းစားကျောင်းကြီး အပေါ်ထပ် တွင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးသည် အလွန်နက်နဲသော ပဋ္ဌာန်း တရားတော်ကြီးကို ဩဝါဒနာယူ သူများ နားလည်အောင် ဟောကြားဆုံးမ နေတော်မူသည်ကို အာရုံပြု၍ လေ့လာတော်မူကြပါ။]

ဒုတိယနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

ဒုတိယနေ့

၁၃၃၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၈)ရက်၊ ၁၉၇၃-ခုနှစ်၊

ဧပြီလ (၁၀)ရက်၊ အဂါနေ့။

ပဏာမ

မနေ့တုန်းက ပဋ္ဌာန်းတရားတော်ရဲ့ အခြေခံကိုသာ ဟောခဲ့ရပါတယ်၊ ယနေ့ ပဋ္ဌာန်းတရား စပြီးတော့ ဟောဖို့ရန် ပဋ္ဌာန်းအကြောင်း နည်းနည်းလေး နားလည်မှ ကောင်းတယ်။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တနယ သမန္တပဋ္ဌာန်းကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာ ကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူ သော၊ တံ အနန္တနယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့်ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ ပါ၏ဘုရား။

သာဓု……သာဓု……သာဓု

ပဋ္ဌာန်းကျမ်း။ ။{ပဋ္ဌာန်း}ဆိုတဲ့ ပါဠိသက်စကားက{ပဋ္ဌာန၌ (ပ)က အမျိုးမျိုး အစားစား အပြားအားဖြင့် + (ဌာန)က အကြောင်းအရာတွေ} အဲဒီလို တရားတော်တွေ ဟောတော်မူတဲ့ကျမ်းကို {ပဋ္ဌာန်းကျမ်း}လို့ ခေါ်ပါတယ်၊ {အမျိုးမျိုး အစားစား များစွာသော အကြောင်းတရားတို့ကို ဟောတော်မူရာဖြစ်တဲ့ ကျမ်းတော်ကြီး}ကို ပဋ္ဌာန်းကျမ်းလို့ ခေါ်ပါတယ်။

တိုက်တွန်းချက်။ ။ ဒီ ပဋ္ဌာန်းကျမ်းထဲမှာ(ပဋ္ဌာန်းတရားတော်ထဲမှာ)ဘာတွေ သိရမလဲဆိုတော့ {အားလုံး အကြောင်းရှိမှ အကျိုး ဖြစ်တာပါလား, အကြောင်းရှိမှ အကျိုးဖြစ်တာပါလား, အားလုံး အကျိုး တွေဟာ အကြောင်းမရှိဘဲနဲ့ တစ်ခုမှ မဖြစ်ပါဘဲလား}၊ အဲသလို သိသွားလိုက် တော့ အကြောင်းမရှိဘဲ ဖြစ်ချင်သလိုဖြစ် ဆိုတဲ့ဝါဒဟာ အလိုလိုပျောက် သွားတယ်၊ အင်မတန်မှ မွန်မြတ်တဲ့ တရားတော်ကြီး၊ အင်မတန်မှ သတ္တဝါ တွေကို အကျိုးပြုတဲ့ တရားတော်ကြီးဖြစ်ပါယ်၊ ဒါကြောင့် မိမိတို့ နာရတဲ့ အခါဖြစ်ဖြစ်, ဘုန်းကြီးတို့ နာတဲ့အခါ ဟောတဲ့အခါဖြစ်ဖြစ် ဗုဒ္ဓမြတ်စွာကို စိတ်တော်က ဦးညွှတ်ပြီးတော့ ဒီ တရားတော်ကြီးကို နာဖို့ ဟောဖို့ ကောင်းပါ တယ်…။

{ဧတ္ထ-ဤ အနန္တနယ သမန္တပဋ္ဌာန်းကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာ ကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ} ဒီတရားတော် ကြီးကို ဗုဒ္ဓမြတ်စွာက (မနေ့က ပြောခဲ့တယ် မဟုတ်လား)၊ ဘုရားဖြစ်ပြီးတဲ့နောက် လေးခုမြောက် သတ္တာဟ, လေးခုမြောက် (၇)ရက် တစ်ပတ်မှာ ဒီတရားတော်ကြီး ဆင်ခြင်တော့ ဤအကြောင်းတရားတွေ အများကြီး တစ်မျိုးပြီး တစ်မျိုး…

တစ်မျိုးပြီး တစ်မျိုး…တစ်မျိုးပြီး တစ်မျိုး…ဆင်ခြင်တော်မူလိုက်တာ စိတ် တော်ကို ကြည်လို့။

စိတ်တော်က ကြည်တော့ အသွေးတော်, အသားတော်တွေ ကြည်လို့၊ သွေးတော်တွေ ကြည်တော့ ဝမ်းထဲမှာရှိတဲ့ သလိပ်,သည်းခြေ,သွေး,လေတွေက စပြီးတော့ သန့်ရှင်းလို့,ကြည်လင်လို့၊ အဲဒီမှာ ရောင်ခြည်တော်တွေ ထွက်တော် မူတာ၊ ဒါကြောင့် ဘုန်းကြီးတို့က ဒီတရားတော်ကို အာရုံပြုလိုက်လို့ ရှိရင်ပဲ ဘုရားကိုမြင်လာပြီး ဟောဒီ တရားတော်ရဲ့အရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို မြင်ရပြီး (ဘုရားကိုယ်တော်မြတ်ကြီးလို့သာ ပြောရတယ်၊ အဲဒီအချိန်မှာ နှစ်ဆယ့်ကိုးနှစ် တောထွက်တော်မူတော့ သုံးဆယ်ငါးနှစ် အရွယ်တော် ရှိသေး တယ်၊ အင်မတန် အရွယ်ကောင်းတဲ့ အချိန်မှာ ဗုဒ္ဓ ဖြစ်တော်မူတယ်။) {ဗုဒ္ဓ}ဆိုတဲ့ ဘွဲ့တော်ကလဲ တော်တော့ပုဂ္ဂိုလ် မရနိုင်တော့ဘူးလို့ မနေ့က ပြောခဲ့ပြီနော်၊ ဗုဒ္ဓမြတ်စွာက လွဲလို့ရှိရင် အရှင်သာရိပုတ္တရာ ဉာဏ်တော်ဟာ အကြီးဆုံးပဲ၊ အဲဒီ အရှင်သာရိပုတ္တရာတောင်မှ(အရှင်သာရိပုတ္တရာရဲ့ ဉာဏ် တောင်မှ) ကျက်စားနိုင်တဲ့ အခွင့်အလမ်း မရှိပါဘူး။

{အနန္တဂေါစရံ-အဆုံးမရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယ ပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို} ဒါ တစ်သက်တစ်ခါ ကြုံရတာပဲဖြစ်တယ်၊ ဒကာတို့ နာကြားတော့လဲ တစ်သက် တစ်ခါ ကြားနာရတာဖြစ်တယ်၊ ဘုန်းကြီးတို့မှာလဲပဲ တစ်သံသရာလုံးမှ တစ်ခါ ကြုံရတာပဲ၊ အင်မတန် ကြုံကြိုက်ခဲတဲ့ တရားတော်ကြီးကို စိုက်ပြီးတော့လဲ နာရပါ့မယ်၊ ဘုန်းကြီးကလဲ တရားတော်ရှိသမျှ ဘုန်းကြီးတို့ လေ့လာရသမျှကို ဟောလို့ မဖြစ်ပါဘူး၊ လူများနားလည်လောက်အောင်, ရိုးရိုးပုဂ္ဂိုလ် နားလည် လောက်အောင် ဒီလို ဆင်ပြီးတော့မှ ဟောရပါမယ်၊ ဒါကြောင့် အင်မတန် မွန်မြတ်တဲ့ တရားတော်ကြီးကို အင်မတန် မွန်မြတ်တဲ့ စိတ်နဲ့ နာကြပါနော်။

{အနန္တဂေါစရံ-အဆုံးမရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယ ပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ- တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့်ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့လိုက်ပါ၏ ဘုရား}။

သာဓု……သာဓု……သာဓု။

၁။ ဟေတုပစ္စယော (ဟေတုပစ္စည်း)

အဲဒီ ပဋ္ဌာန်းကျမ်းတော်ကြီးကို ပထမဆုံး ဗုဒ္ဓမြတ်စွာက {ဟေတုပစ္စယော} လို့ စဟောတော်မူခဲ့တယ်၊ ဟေတုစ္စယောလို့ ဆိုတဲ့စကားက ကျဉ်းကျဉ်းကလေး ပေမယ့် အဓိပ္ပာယ်က ကျယ်ဝန်းလိုက်တာ၊ သတ္တဝါတိုင်းနဲ့ ဆိုင်ပြီးတော့ လာ အောင် ကျယ်ဝန်းပါတယ်၊ ဘုန်းကြီးက အဲဒီ အကြောင်းအရာကို နည်းနည်း ကလေး ပြောပြမယ်။

ရေသောက်မြစ်ပမာ ဟိတ် ၆ ဖြာ။ ။ ဒီဟေတုပစ္စည်းကို ရှေးဆရာတော် များက (ဆိုပါတော့ အဋ္ဌကထာ ဆရာတော်များက) ဘာနဲ့ ဥပမာ ပြောသလဲဆိုတော့ ရေသောက်မြစ်နဲ့ တူတယ်လို့ ပြောကြတယ်၊ ရေသောက်မြစ်ဟာ ရေသောက်မြစ် ကောင်းသလောက် သစ်ပင်ခိုင်မာတယ်၊ ရေသောက်မြစ်အတွင်း နက်နက်စိုက်သလောက် သစ်ပင် ခိုင်မာတယ်၊ ရေသောက်မြစ်က အောက်က ဓာတ်မြေတွေ ရေတွေကို စုပ်ယူနိုင် သလောက် သစ်ပင်ဟာ သန့်ရှင်း သန်မာကြီးထွား စိမ်းစိုပြီးတော့ လာပါတယ်၊ ဟေတုပစ္စည်းလို့ဆိုတဲ့ တရားက ဘယ်လိုတုန်းလို့ဆိုတော့ လောဘ, ဒေါသ, မောဟ အကုသိုလ်ဖက်က အမြစ်သုံးမျိုး၊ အလောဘ, အဒေါသ, အမောဟ ကုသိုလ်ဖက်, ကိရိယာဖက်, ဝိပါက်ဖက်က သုံးမျိုး၊ လိုရင်းတော့ မကောင်း အမြစ်သုံးသွယ် ရှိတယ်၊ အဲဒီ မကောင်းအမြစ်သုံးသွယ်ဆိုတဲ့ လောဘ,ဒေါသ, မောဟ အမြစ်တွေက သူနဲ့ဆိုင်လို့ အတူဖြစ်ဖက် တရားတွေကို သူကပဲ ကျေးဇူးပြုထားလို့ လောဘကြီးသလောက် လောဘနှင့် အတူဖြစ်တဲ့ စိတ် စေတသိက်တွေ လောဘ အလိုအတိုင်း {လိုချင်…လိုချင်…လိုချင်} ဒီလို ဖြစ်ရတယ်၊ လောဘကြီးသလောက် ဒီ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေကလဲ {လိုချင်…လိုချင်…လိုချင်}တဲ့ ရုပ်တွေ ဖြစ်ပေါ်လာတယ်။

ပဋ္ဌာန်းတရား နာရတာဟာ အင်မတန်ကောင်းတယ်၊ ကိုယ်ရေး ကိုယ်တာ ကိုလဲ စဉ်းစားလို့ရှိရင် လောဘအမြစ် တွယ်လိုက်ပြီဆိုမှဖြင့် သူနှင့် အတူဖြစ်တဲ့ စိတ်စေတသိက်တွေဟာ လောဘနောက် လိုက်ပြီးတော့ လောဘအလိုအတိုင်း စည်ပင်ကြရတယ်၊ တစ်ခါ အဲဒီ စိတ် စေတသိက်ကြောင့် ဖြစ်တဲ့ ရုပ်တွေ (စိတ္တဇရုပ်တွေ)ကလဲ လောဘအတိုင်း လိုက်ပြီးတော့ တကတဲ ဖြစ်ရတာပဲ၊ အင်မတန် ဘုန်းကြီးတို့ လူတွေ, ရဟန်းတော်တွေ စဉ်းစားလို့ တယ်ကောင်းတယ်၊ ဘာလုပ်နေတယ်ဆိုတာ ဘုန်းကြီးတို့ အတိအကျ ပြောနိုင်တယ်၊ ဘာစိတ် ဖြစ်နေတယ်, ဘာစိတ် ဦးစီးနေတယ်ဆိုတာ အတိအကျ ပြောနိုင်တယ်။

တစ်ခါ ဒေါသဖြစ်နေပြန်ပြီ ဆိုလို့ရှိရင် ထုံးစံအတိုင်း စိတ်တွေ ကြမ်းကြမ်း တမ်းတမ်း ဖြစ်နေလိုက်တာ၊ တစ်ခါ စိတ်တင် ဘယ်ကမလဲ ဒေါသအတိုင်း ရုပ်တွေ ဖြစ်လာလိုက်တာ၊ မျက်နှာကလဲ မျက်မှောင်တွေ ဘာတွေကြုတ်လို့, လက်တွေဘာတွေများ တန်းလို့၊ ဘုန်းကြီးတို့က သိပြီ၊ ဒေါသဘယ်လောက် ပြင်းနေတယ်ဆိုတာ သိပြီ။

တစ်ခါ ကုသိုလ်ဖက်တို့လို ကျပြန်တော့ အလောဘ-မလိုချင်ပါဘူး၊ မလိုကို မလိုချင်ပါဘူး၊ ဒီလိုကို ဖြစ်နေပြန်တယ်၊ ဘေးက လိုချင်တဲ့သူတွေက အင်မတန် တကတဲ လိုချင်နေတာ၊ သူက ကုသိုလ်စိတ်နဲ့ မလိုကို မလိုချင် ပါဘူး၊ စိတ်ထဲပေါ်လာတာ ပြောဦးမယ်၊ ဘုရားအလောင်း တစ်ခါတုန်းက ဥဒယဘဒ္ဒမင်းသား ဖြစ်ပါတယ်၊ ခမည်းတော်များက ထီးနန်းလွှဲအပ်ချင်လို့ မိဖုရားရတနာ ရှာရပါမယ်လို့ သားတော်ကို တိုက်တွန်းတော့ သားတော်က မလိုချင်ပါဘူး၊ ကြည့်စမ်း လောဘ မဖြစ်ပါဘူး၊ ဘုန်းကြီးတို့က ကြည်ညိုတယ် ဆိုတာ ဒီလို ကြည်ညိုနေတာ၊ ထီးနန်း မလိုချင်ပါဘူး၊ အဲဒါ အလောဘ (အလောဘဟိတ်၊) အလောဘဟိတ်က အမြစ်တွယ်နေလိုက်တာ ထီးနန်း မလိုချင်ပါဘူး၊ မိဖုရားရတနာ မလိုချင်ပါဘူး။

တစ်ခါ မယ်တော်,ခမည်းတော်များ ကွယ်လွန်လို့ရှိရင် တောထွက်ပြီးတော့ တရားကျင့်ပါ့မယ်၊ မလိုချင်လိုက်တာ၊ လောဘလဲ မဖြစ် အလောဘ, ဒေါသလဲ မဖြစ် အဒေါသ, မောဟလဲ မဖြစ် အမောဟ၊ တယ်ကောင်းတယ်၊ အဲဒီ မလိုချင်, မလိုချင်ဆိုတဲ့ အလောဘ, အဒေါသ, အမောဟတွေက စိုက်ပြီးတော့ နေတဲ့ ဘုရားအလောင်း ပြောတဲ့စကားက အဲဒီ စိတ်ကြောင့် ဖြစ်တာမို့လို့ မလိုချင်ပါဘူး။၁။ ဇာ၊ ဋ္ဌ၊ ၄၊ ဥဒယဘဒ္ဒဇာတ်၊ နှာ ၁၀၆။

စိတ်နေ စိတ်ထားက မလိုချင်ပါဘူး၊ ပြောတဲ့စကားလုံးကိုက မလိုချင်ပါဘူး၊ နေပုံ ထိုင်ပုံက မလိုချင်ပါဘူး။

တစ်ခါ ဘုရားအလောင်းတို့လိုပဲ တောထဲတွင် နေလိုက်တာ သတ္တဝါတွေ ချမ်းသာကြပါစေ၊ အဒေါသ, အဒေါသ (မေတ္တာ)နဲ့{သတ္တဝါတွေ ချမ်းသာ ကြပါစေ}နဲ့ တစ်ချိန်တွင် မဟုတ်ဘူး၊ တစ်ချိန်တွင် မဟုတ်ဘူး၊ အချိန်ရှိသရွေ့၊ နောက်တော့ အဲဒီ မေတ္တာဟာ တိုးတက်ပြီးတော့ ဈာန်ကိုရလို့ နောက်တစ်ချိန် ဗြဟ္မာ့ပြည် ရောက်တာပဲ။

အဲဒီတော့ ဘုန်းကြီးတို့က မြင်လွန်းလို့ သိစေချင်လိုက်တာ, သိစေချင် လိုက်တာ၊ မြင်လွန်းလို့၊ ယခု လောဘသမားတွေ လောဘအမြစ် တွယ်နေ လိုက်တာ၊ သိလိုက်တာ, သိလိုက်တာ၊ အင်မတန်သိ, အင်မတန်သိ၊ လောဘတွေ အမြစ်တွယ်တော့ လောဘကိစ္စနဲ့ ရှာဖွေကြ၊ လောဘကိစ္စနဲ့ ဝတ်ကြ, စားကြ၊ လောဘကိစ္စနဲ့ ကြွားကြ, ဝါကြ။

ဒီစိတ်ရော,ရုပ်ရော အကုန်လုံး ဒီ ဟေတုပစ္စည်း ဖြစ်နေပုံတွေ၊ ဒါကြောင့် ရှေးဆရာတော်ကြီးများကလေ…

ဟေတုပစ္စယော-ရေသောက်မြစ်လျှင်, ယင်းသစ်ပင်ကို, စိမ်းရွှင် ညွန့်ဝေ, စည်ပင်စေထ, ထောက်ပံ့မသို့, သဟဇာတံ, ရုပ်နှင့်နာမ်ကို, သန္ဓေပဝတ်, မလွတ်စေရ, သဘာဂတာ, ဆယ့်နှစ်ဖြာတွင်, ကောင်းစွာ ခိုင်ကြည်, တည်သည်၏အဖြစ်ကို, သိစေတတ်သော, ဟေတုသတ္တိ ထူးဖြင့်, ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဟိတ်ခြောက်ပါး ပစ္စည်း တရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါပေသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှ ဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော် ထုံမွမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား။

သာဓု … သာဓု …သာဓု

၂။ အာရမ္မဏပစ္စယော (အာရမ္မဏပစ္စည်း)

အာရုံနှင့်စိတ်။ ။ ဒီတော့ကာ တရားတစ်ခု ဟေတုပစ္စည်းတင် ပြောနေလို့ မပြီးသေးဘူး၊ ဒီ ဟေတုပစ္စည်း (ဟိတ်တွေ)က ဒီလိုဖြစ်နေ ပုံကို အာရမ္မဏပစ္စည်းနဲ့ ဆက်ပြီးတော့ ပြောမှ ကောင်းတယ်၊ အကျဉ်းကလေး ပြောပေးဦးမယ်နော်၊ အာရမ္မဏပစ္စည်းဆိုတာက အာရုံအဖြစ်နဲ့ ကျေးဇူးပြုနေတာ၊ ခုနကစိတ်တွေ လောဘတွေ, စိတ်တွေ အလောဘတွေ, စိတ်တွေ မေတ္တာ (အဒေါသ)တွေ, ဟေတုတွေ ဖြစ်နေတယ်လို့ ဆိုတာဟာ အာရုံမပါဘဲနဲ့ မဖြစ်ပါဘူး၊ အာရုံပါရပါတယ်၊ ဒီတော့ ဒီဟေတုပစ္စည်းကို နားလည်ဖို့ရန် ဆိုရင် အာရမ္မဏပစ္စည်းကိုလည်း အနည်းငယ် ဆက်ပြီးတော့ ပြောရပါမယ်။

အာရမ္မဏပစ္စည်းကလဲ သူ့နည်း သူ့ဟန်နဲ့ ကျေးဇူး ပြုနေလိုက်တာ၊ သူမပါရင် ဖြစ်ကို မဖြစ်ဘူး၊ အာရုံ မရှိလို့ရှိရင် စိတ်ကို မဖြစ်ဘူး၊ ရှေးက အဋ္ဌကထာဆရာတော်များနှင့် ရှေးပညာရှိကြီးတွေက စဉ်းစားပြီးတော့ ဒီ အာရမ္မဏပစ္စည်းရဲ့ ကျေးဇူးပြုပုံကို ဘာနဲ့တူနေတုန်းလို့ တွေးတော်မူကြ, စဉ်းစားတော်မူကြ, ဟောကြ, ပြောကြတယ်။

တောင်ဝှေး,ကြိုးတန်းပမာ အာရုံ ၆-ဖြာ။ ။ ကဲ…ဒီလို ဆိုကြစို့ရဲ့၊ လူကမစွမ်း မသန် ဖြစ်နေတယ်၊ အသက် အရွယ် ကြီးရင့်အိုမင်းလို့ မစွမ်းမသန်ရင်လဲ ဖြစ်နေတယ်၊ ရောဂါဘယကြောင့် မစွမ်းမသန်ရင်လဲ ဖြစ်နေတယ်၊ အဲဒီလူဟာ တောင်ဝှေးကလေး ကိုင်လို့၊ ကြိုးတန်းကလေး ကိုင်လို့၊ အဲသလိုမှ သူထနိုင်တယ်၊ ထိုင်နိုင်တယ်၊ သွားနိုင်တယ်၊ မသန်မစွမ်းတဲ့သူဟာ တောင်ဝှေး, ကြိုးတန်းကို အားပြုနေရသလို (ဒီရှေးဆရာ တော်မြတ်တွေကလဲလေ သေချာလိုက်တာ) တောင်ဝှေးဆိုတာက တစ်ခုပဲ၊ ကြိုးကျတော့ ကြိုးမျှင်တွေ အများကြီး စုပေါင်းထားတယ်၊ တောင်ဝှေးက ဘာနဲ့တူတုန်းဆိုတော့ကို နာမ်တရားအာရုံတွေနဲ့တူတယ်၊ စိတ်တို့ စေတသိက် တို့ သူတို့က တစ်ခုချင်း တစ်ခုချင်း ဖြစ်ကြတယ်၊ ကြိုးက ဘာနဲ့တူတုန်းဆိုတော့ ရုပ်တရားတွေ၊ ရုပ်တရားတွေဆိုတာ စုပြီးတော့ ဖြစ်နေကြတယ်။

အဲဒီတော့ စိတ်ရဲ့ အာရုံတွေ, စေတသိက် အာရုံတွေက တောင်ဝှေးနဲ့ တူတယ်၊ ရုပ်အာရုံတွေက ကြိုးတန်းနဲ့တူတယ်၊ ကြိုးမျှင်ပေါင်းစပ်တဲ့ ကြိုးတန်းနဲ့ တူတယ်၊ အဲဒီခုနက မစွမ်းမသန်ဖြစ်နေတဲ့ အဘိုးကြီး, သို့မဟုတ် လူမမာဟာ တောင်ဝှေးရင်လဲ ပါရပါ့မယ်၊ ကြိုးတန်းရင်လဲ ကိုင်ရပါ့မယ်၊ တောင်ဝှေး, ကြိုးတန်း မပါဘဲနဲ့ မထနိုင်,မထိုင်နိုင်,မသွားနိုင်သလိုဘဲ၊ စိတ်, စေတသိက်ဆိုတဲ့ တရားတွေဟာလဲပဲ အာရုံမပါဘဲနဲ့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး၊ ဘယ်အခါမှ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် အာရုံ ခြောက်ပါးဟာ ဘာနဲ့ တူတုန်းဆိုတော့ တောင်ဝှေး, ကြိုးတန်းနဲ့ တူတယ်လို့ ရှေးဆရာမြတ်များက ဥပမာနှင့်တကွ အမိန့်တော် ရှိပြန်တယ်။

အာရမ္မဏပစ္စယော-တောင်ဝှေးကြိုးတန်း, သူမစွမ်းကို, မပန်းရ လေ, ထိုင် ထ စေဖို့, စိတ်စေလေးတန်, နာမက္ခန်ကို, ဖြစ်ဟန်တူစွာ, ရှစ်သဘာတွင်, ဆွဲထောက်ရာအာရုံ၏အဖြစ်တည်းဟူသော အာရမ္မဏသတ္တိထူးဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော အာရုံ၆ပါး ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရား သဘောသာ, ထင်ရှားရှိပါသည်တကား။

အာရုံ ၆ ပါးပဲ ရှိတယ်၊ စိတ်ဖြစ်အောင် ဘယ်သူကမှလဲ မလုပ်နိုင်ဘူး၊ ဘယ်သဗ္ဗညုတမြတ်စွာဘုရားကိုယ်တိုင်မှလဲ ဖန်ဆင်းမပေးနိုင်ဘူး၊ သူ့သဘော အတိုင်း ဖြစ်နေတာ၊ အာရုံရှိရင် စိတ်ဖြစ်မယ်၊ ဒါ ဗုဒ္ဓမြတ်စွာ ဖန်ဆင်း မပေးနိုင်ဘူး၊ ဒိပြင် ဒိပြင် ပုဂ္ဂိုလ်တွေ ဆိုတာကတော့ မပြောနဲ့တော့, ဖန်ဆင်း မပေးနိုင်ဘူး၊ အဲဒီ အာရုံရှိလို့ စိတ်ဖြစ်နေတဲ့နေရာမှာ အာရုံ,စိတ်,စေတသိက် ဒါပဲ ရှိတယ်၊ ဒီထဲ သတ္တဝါဆိုတာ မရှိဘူး၊ အာရုံ,စိတ်,စေတသိက် ဒါပဲ ရှိတယ်၊ သတ္တဝါ မရှိဘူး၊ သူလို့ဆိုတာ ရှာမရဘူး၊ ပုဂ္ဂိုလ်လို့ဆိုတာ ရှာမရဘူး၊ စိတ်,စေတသိက်,အာရုံ ဒါပဲ ရှိပါတယ်။

ဒီနားမှာ ထင်လာတာ ပြောရဦးမယ်၊ ကံက ပြုစီမံလိုက်တဲ့ စက္ခုပသာဒ၊ မျက်စိထဲမှာရှိတဲ့ ပသာဒရုပ်၊ အဲဒီ စက္ခုပသာဒလဲ ရှိမယ်၊ ခုနက ရူပါရုံလဲ ရှေ့မှာ ရှိမယ်၊ ဒီ အာရုံကိုလဲ နည်းနည်း သတိထားလိုက်မယ်ဆိုရင် စက္ခုဝိညာဏ်စိတ် ဖြစ်တာပဲ၊ ဘယ်သူမှ လာပြီးတော့ ဖန်ဆင်းလို့ မရဘူး၊ စက္ခုပသာဒလဲ ဖြစ်ပါတယ်၊ ရူပါရုံကလဲ ရှိနေတယ်၊ သူ့ကိုလဲ နှလုံးသွင်းတယ်၊ ဘေးက အရောင်,အလင်း ရှိတယ်၊ ဒီ လိုဆိုရင် စက္ခုဝိညာဏ်စိတ် မဖြစ်ဖို့ရာ ဘယ်သူမှ မတားဆီးနိုင်ဘူး၊ ဖြစ်ကို ဖြစ်မှာ၊ ပုဂ္ဂိုလ် မပါဘူး၊ အတ္တ မပါဘူး၊ အကောင်အထည် မရှိဘူး၊ ဒီတရားပဲ ရှိတယ်၊ ပုဂ္ဂိုလ် မရှိဘူး၊ သတ္တဝါ မရှိဘူး၊ အတ္တ မရှိဘူး၊ အကောင်အထည် မရှိဘူး၊ ဘယ်သူဖန်ဆင်းလို့မှလဲ မရဘူး၊ စက္ခုပသာဒ, ရူပါရုံ, အရောင်အလင်း, နှလုံးသွင်းမှု မရှိရင် စက္ခုဝိညာဏ် ဖြစ်ဖို့ရန် (ဒိပြင် ဒိပြင်ဘုရားကိုတော့ မပြောလိုဘူး၊) ဘုန်းကြီးတို့ ဘုရားကိုက မဖန်ဆင်းနိုင်ဘူး၊ တရားတော်က အင်မတန် သေချာတာပဲ၊ ခုနက အကြောင်းတွေ စုံလာလို့ရှိရင် ဘယ်သူမှ မဖန်ဆင်းနဲ့၊ ဖြစ်ကို ဖြစ်တယ်၊ ဘယ်သူ တားလို့မှ မရဘူး၊ ဘယ်မလဲ ပုဂ္ဂိုလ်…ဘယ်မလဲ အတ္တ…ဘယ်မလဲ အကောင် အထည်…ဘယ်မလဲ ငါ…ဘယ်မလဲ သူ…၊ အင်မတန် ကောင်းလွန်းလို့။

{အတ္ထိ-ပုဂ္ဂိုလ် သတ္တဝါ, သူငါ မနှော, တရားသဘောသာ, ထင်ရှားရှိပါ သည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား}။

သာဓု…သာဓု…သာဓု။

စိတ် ၃-မျို်း

ဒီဟိတ်, အာရုံနှစ်ပါးစုံတော့ နည်းနည်းကလေး စကားပြောလို့ ဖြစ်ပြီ၊ ခုနက ကုသိုလ်ဆိုတာ ဘုန်းကြီး ပြောဦးမယ်၊ မိမိတို့မှာ စိတ်ဖြစ်နေတာဟာ သုံးမျိုးပဲ ဖြစ်နေတယ်နော်၊ ကုသိုလ်စိတ်, အကုသိုလ်စိတ်, ဝိပါက်ကိရိယာဆိုတဲ့ အဗျာကတစိတ်၊ အချိန်ရှိသမျှ အဲဒီ သုံးမျိုးပဲ ရှိတယ်၊ ဘယ်လောက်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် အကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် ဝိပါက်,ကိရိယာဖြစ်မယ်၊ ဘယ်လောက်သေးသိမ်တဲ့ ကလေးကလေးဖြစ်ဖြစ်, တိရစ္ဆာန်သတ္တဝါပဲဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ အကုသိုလ်ဖြစ်မယ်၊ ဝိပါက် ဖြစ်မယ်၊ ကိရိယာဆိုတဲ့ အဗျကတဖြစ်မယ်၊ အင်မတန် သေချာတယ်၊ အင်မတန် သေချာတယ်။

အကုသိုလ်စိတ်။ ။ ဖြစ်တိုင်း,ပျက်တိုင်း,အာရုံ ပါရမယ်၊ အဲဒါကြောင့် အကု သိုလ်ဆိုတာ ဘယ်လိုတရားပါတုန်းလို့ ဆိုယင်-

{ဖြစ်သော်ညစ်ထေး, အပြစ်ဘေးနှင့်, ကျိုးပေးဒုက္ခ, ဆယ့်နှစ်ဝ, မုချ အကုသိုလ်ခေါ်}တဲ့။

အပြစ်တွေဖြစ်တုန်းက ဒေါသရင်လဲ ပါနေပြီ၊ ဣဿာ, မစ္ဆရိယရင်လဲ ပါနေပြီ၊ မာနရင်လဲ ပါနေပြီ၊ ဖြစ်တုန်းက အဲဒီ အညစ်အကြေးတွေ ပါနေတယ်၊ အကုသိုလ်ဖြစ်တုန်းက အညစ်အကြေးတွေ ပါနေမှတော့ အပြစ် မကင်းဘူး၊ ဖြစ်တုန်းကကို အပြစ်မကင်းဘူး၊ ဘယ်သူမှကို အပြစ်မကင်းဘူး၊ နောက်အကျိုးပေးရင် မကောင်းကျိုးကို ပေးမယ်၊ ကောင်းကျိုးကို မပေးဘူး၊ ဒီအကုသိုလ်က ခုဘဝဖြစ်ဖြစ်, နောက်ဘဝဖြစ်ဖြစ် မကောင်းကျိုးကို ပေးမယ်၊ ဒါ့ကြောင့် အကုသိုလ်ဆိုတာ ဘယ်လို ဘာလိမ့်မတုန်းဆိုရင် ကိုယ့်စိတ်ကို စဉ်းစားကြည့်၊ {ဖြစ်သော်ညစ်ထေး, အပြစ်ဘေးနှင့်, ကျိုးပေးဒုက္ခ, ဆယ့်နှစ်ဝ, မုချ အကုသိုလ်ခေါ်}၊ ဖြစ်တယ်နော်၊ လောဘရင်လဲ ပါမယ်၊ ဒေါသရင်လဲ ပါမယ်၊ ဒါ အပြစ်ပဲ၊ မာနရင်လဲ ပါမယ်၊ ဒါ အပြစ်ပဲ၊ တစ်ယောက်နှင့်တစ်ယောက် မနာလို့တဲ့ ဣဿာရင်လဲ ပါမယ်၊ ဒါ အပြစ်ပဲ၊ သူတစ်ပါးကို မကြီးပွားစေလိုတဲ့ မစ္ဆရိယရင်လဲ ပါမယ်၊ ဒါ အပြစ်ပဲ၊ အိပ်ချင်မူးတူး ငိုက်မျဉ်းနေတဲ့ ထိနမိဒ္ဓ ရင်လဲ ပါမယ်၊ ဒါ အပြစ်ပဲ၊ ဘုရားကို ဟုတ်မှ ဟုတ်ပါ့မလားလို့ ဘုရားအစစ် ကို ယုံမှားနေတဲ့ ဝိစိကိစ္ဆာရင်လဲ ပါမယ်၊ ဒါ အပြစ်ပဲ၊ ဖြစ်တုန်းက အပြစ် တစ်ခုခုနဲ့ ညစ်ပေနေတဲ့ တရားတစ်မျိုး၊ ဒါ အကုသိုလ်ခေါ်တယ်၊ နောင်အကျိုး ပေးရင်လဲ မကောင်းကျိုးကို ပေးမှာပဲ။

ကုသိုလ်စိတ်။ ။ ကိုယ့်စိတ်ဟာ ဘာဖြစ်တယ်စိုတာ သိပ်ပြီးတော့ လေ့လာဖို့ ကောင်းတယ်၊ အဲ-တစ်ခါကုသိုလ်က ဘယ်လိုပါလိမ့်မတုန်း လို့ဆိုတော့-

{ဖြစ်သော်သန့်ရှင်း, အပြစ်ကင်း၍, ကောင်းခြင်းသုခ, ကျိုးပေးက, ကုသလဟု ခေါ်}တဲ့။

ဖြစ်တုန်းက သန့်ရှင်းလိုက်တာ၊ မေတ္တာစိတ်နဲ့နော်၊ မေတ္တာစစ်စစ်နဲ့၊ {ချမ်းသာပါစေ…ချမ်းသာပါစေ}၊ ဖြစ်တုန်းက တယ်သန့်ရှင်းတယ်၊ တစ်ခါ အလှူဒါနပေးနေရင်{အင်း…ငါ့အလှူ အကြောင်းပြုပြီးတော့ စားကြပါစေ} စွန့်ကြဲပေးကမ်းရင်ပဲ မေတ္တာက ပါနေတယ်၊ သန့်ရှင်းတယ်၊ သိပ်သန့်ရှင်း တယ်၊{ဩော်…မိမိတို့ အလှူဒါန အကြောင်းပြုပြီးတော့ သာသနာတော်ကြီး တိုးတက်ပါစေ, တည်တံ့ပါစေ, ခိုင်မြဲပါစေ} အဲဒီလို ဖြစ်တုန်းကလဲ ကုသိုလ် စိတ်တွေ ထပ်ဖြစ်တယ်၊ နောက်ဆုံး ကိုယ့်သားကလေး သမီးကလေးကို မိခင်အဖြစ်နဲ့ တကတဲ ကျန်းမာစေချင်လွန်းလို့, ဝစေချင်လွန်းလို့ နို့တိုက် ပြီးတော့နေတယ်၊ ချစ်နေတဲ့ လောဘက အကုသိုလ်ကလေး၊ ကလေးကျန်းမာ စေချင်တာ,ဝဖြိုးစေချင်တာက ကုသိုလ်၊ စေတနာမေတ္တာက ကုသိုလ်၊ ကုသိုလ်နဲ့ အကုသိုလ် ကပ်နေတာပဲ, ကပ်နေတာပဲ၊ သားကလေး ချစ်လွန်းလို့ ဒါက အကုသိုလ်၊ ကျန်းမာစေချင်လွန်းလို့, ဝဖြိုးစေချင်လွန်းလို့ နို့တိုက်ပြီးနေတာက ကုသိုလ်၊ ဖြစ်နေတုန်းမှာလေ အညစ်အကြေး လုံးလုံးမပါတဲ့အပိုင်းက ကုသိုလ်ပဲ၊ အကျိုးပေးရင် ကောင်းကျိုးပေးမှာ- {ဖြစ်သော် သန့်ရှင်း, အပြစ်ကင်း၍, ကောင်းခြင်းသုခ, ကျိုးပေးက ကုသလဟု ခေါ်}။

အဗျာကတစိတ်။ ။ အဗျာကတဆိုတာက ဘယ်လိုစိတ်တုန်းဆိုတော့ ဝိပါက်၊ ဘုန်းကြီးတို့ ရုပ်တရားတွေလဲ အဗျာကတ ခေါ်တယ်၊ သူဖြစ်တော့လဲ ညစ်ထေးတာလဲ မဟုတ်ဘူး၊ သန့်ရှင်းတာလဲ မဟုတ်ဘူး၊ သူတို့ကို ကုသိုလ်လို့လဲ မဆိုရဘူး၊ အကုသိုလ်လို့လဲ မဆိုရဘူး၊ ရုပ်တရားတွေဟာ အဗျာကတ၊ ခုနက စိတ် စေတသိက်ထဲမှာလဲပဲ ဝိပါက်စိတ်တွေ၊ ဘုရားရဟန္တာမှာ ဖြစ်တဲ့ ကိရိယာစိတ်တွေ၊ အဲဒါတွေက အဗျာကတ၊ ဘုရားရဟန္တာတို့ သန္တာန်မှာ တော့ ကုသိုလ်စိတ် မဖြစ်ဘူး, မဖြစ်ဘူး၊ ဘုရားရဟန္တာမှာ မေတ္တာ မပွားဘူး လား၊ မေတ္တာပွားလို့ ရှိရင်လဲ ကုသိုလ် မခေါ်ဘူး၊ ကိရိယာအဗျာကတ ခေါ်တယ်၊ ဘုရားရဟန္တာတွေက သတ္တဝါတွေ ချမ်းသာအောင်လို့ တရားဟော တယ်၊ ဗုဒ္ဓမြတ်စွာ တရားဟောတော်မူတယ်၊ ကုသိုလ် မဟုတ်ဘူး၊ ဒါက ကိရိယာ အဗျာကတလို့ ခေါ်တယ်၊ ဘာဖြစ်လို့တုန်း နောက်အကျိုးမပေး ဘူးလေ၊ ကုသိုလ်ဆိုရင် ပဋိသန္ဓေအကျိုးပေးမယ်၊ ဗုဒ္ဓမြတ်စွာမှာ နောက်ဘဝသံသရာအကျိုး မရှိတော့ဘူး၊ ဘဝသံသရာအကျိုး မရှိလို့, အကျိုး မပေးလို့ ကောင်းတာလုပ်လဲပဲ ကိရိယာအဗျာကတ၊ မကောင်းတာ ကျတော့ လုပ်ကို မလုပ်ဘူး၊ တစ်ခါ ဝိပါက်စိတ်တွေ ဘုန်းကြီးတို့မှာ ဖြစ်နေတယ်၊ အိပ်ပျော် နေတယ်၊ ဝိပါက်စိတ် ဖြစ်နေတယ်၊ ဝိပါက်စိတ် ဖြစ်နေတော့ ခုနက ဟိတ်တွေ မပါဘူးလား?

ပါတယ်၊ နောက် တဖြည်းဖြည်းမှ နားလည်မယ်နော်၊ ဟိတ်တွေ ပါနေတယ်၊ စိတ်တွေ ဖြစ်နေတယ်၊ အိပ်ပျော်နေတုန်းမှာ ကောင်းတဲ့စိတ် တွေလဲ ဘာမှ မဖြစ်ဘူး၊ မကောင်းတဲ့စိတ်တွေလဲ ဘာမှ မဖြစ်ဘူး၊ ဒါဖြင့်ရင် အိပ်ပျော်နေတဲ့အခါ ဖြစ်တဲ့စိတ်ဟာ ဘာခေါ်တုန်း၊ ဝိပါက် အဗျာကတခေါ်တယ်၊ ခုလို ရှင်းလွန်းလို့ ဘုန်းကြီးတို့ တရားတော်က ရှင်းလွန်းလို့ ကဲ…ဒါ နားလည်ပြီနော်။

အာရုံ ၆-ပါး။ ။ ခုနက အာရုံတွေက အာရုံ ၆ ပါးတောင် ရှိတယ်၊ ရူပါရုံ အဆင်းတွေပေါ့၊ အားလုံး နားလည်တယ်၊ သဒ္ဒါရုံ အသံ တွေပေါ့၊ အားလုံး နားလည်တယ်၊ ဂန္ဓာရုံ အမွှေးအကြိုင်, အနံ့အစုံ, အနံ့တွေ ပေါ့၊ အားလုံး နားလည်တယ်၊ ရသာရုံ အရသာတွေပေါ့၊ စားသောက်နေရတဲ့ အရသာတွေပေါ့၊ ဒီမှာက စားပြီးတော့ အရသာတွေပေါ့၊ အားလုံး နားလည် တယ်၊ ဖောဋ္ဌဗ္ဗာရုံ လူလူချင်း တွေ့ထိတွေ့ထိ၊ အိပ်ရာနဲ့ အိပ်ရာခင်း, စောင်တွေနဲ့ တွေ့ထိတွေ့ထိ၊ အဲဒီ အတွေ့အထိဟူသမျှ ဖောဋ္ဌဗ္ဗာရုံ၊ အဲဒီ ငါးပါးမှ လွတ်နေတဲ့ အာရုံတွေကတော့ ဓမ္မာရုံ၊ အာရုံ ၆ ပါး ရှိတယ်၊ အဲဒီ အာရုံ ၆ ပါးကလွဲပြီး ဆွဲစရာ,ကိုင်စရာ ဘာမှ မလိုပါဘူး၊ အဲဒီ အာရုံ ၆ ပါးပဲ ရှိတယ်၊ ဒီတော့ ဘုန်းကြီးတို့က နေရာတိုင်းကို ပိုင်းရပါ့မယ်။

ဘုရားအလောင်း ပဋိသန္ဓေအာရုံ။ ။ ပထမဆုံး ဘုရားအလောင်း ပြောကြစို့၊ ဘုန်းကြီးတို့ မြတ်စွာဘုရား အလောင်း တော်ကို အားလုံးနတ်တွေ, ဗြဟ္မာတွေက ဝိုင်းပြီးတော့ {လူ့ပြည်မှာ ပဋိသန္ဓေ နေပြီး ဘုရားဖြစ်ပါ၊ သတ္တဝါတွေ ကယ်ဆယ်ပါ} တောင်းပန်ကြတယ်၊ ဗုဒ္ဓ မြတ်စွာက ဘုရားဖြစ်ဖို့ အချိန်ကိုကြည့်ပြီး အချိန်သင့်ပြီဆိုတော့ ဘုရားဖြစ် ဖို့ရာ လူ့ပြည်မှာ ပဋိသန္ဓေ နေတော့မယ်၊ အဲဒီအခါမှာ ဗုဒ္ဓမြတ်စွာ တုသိတာ နတ်ပြည်မှာ မေတ္တာပို့တော်မူလိုက်တာ သိလား? ကြည်နူးစရာ ကောင်းလိုက်တာ၊ နတ်မင်းက နတ်မင်းက{သတ္တဝါ ချမ်းသာအောင်လို့ လူလောကကြီး ဆင်းပြီး တော့ သတ္တဝါတွေကို ချေချွတ်ရမယ်၊ သတ္တဝါတွေ ချမ်းသာကြပါစေ}ဒါ မေတ္တာ ဖြစ်နေတာ။

အဲဒီ မေတ္တာစိတ်ဟာ ကုသိုလ်စိတ်လား? အကုသိုလ်စိတ်လား?ဆိုလို့ ရှိရင် ကုသိုလ်စိတ်၊ ခုနက ဟိတ် ခြောက်ပါးထဲက ဆိုလို့ရှိရင် အဒေါသဟိတ် မေတ္တာ၊ အဒေါသနဲ့ မေတ္တာနဲ့တူတယ်၊ အဒေါသ အဲဒီစိတ် ဖြစ်နေတယ်၊ ဒီတော့ အလောင်းအလျာ ပဋိသန္ဓေမနေခင် နတ်ပြည်မှာတုန်းကိုက တစ်ကိုယ်လုံး ကုသိုက်စိတ်တွေ ထုံနေခဲ့တယ်၊ ဘဝများစွာ သံသရာကလဲ ပါရမီတော်တွေ ထုံပြီးလာခဲ့တယ်၊ ယခု နောက်ဆုံးဘဝမှာ ပဋိသန္ဓေ နေရတော့မယ်ဆိုတော့ နတ်ပြည်ကနေ မေတ္တာတော် စိတ်တွေနဲ့ အလောဘဟိတ်, အဒေါသဟိတ်, အမောဟဟိတ်တွေ မူတည်ပြီး သတ္တဝါတွေကို အာရုံပြုတယ်၊ အဲဒီ သတ္တဝါ တွေ အာရုံကတော့ ဓမ္မာရုံလို့ ခေါ်ပါတယ်၊ ရူပ,သဒ္ဒစတဲ့ အာရုံငါးပါးမှတစ်ပါး ကျန်တဲ့အားလုံး အာရုံတွေကို ဓမ္မာရုံလို့ ခေါ်ပါတယ်၊ သတ္တဝါတွေကို အာရုံ ယူပြီးတော့ ကောင်းတဲ့ကုသိုလ်စိတ်တွေ ဖြစ်နေပြီးမှ စုတေလိုက်ပါတယ်။

စုတေလိုက်တယ်ဆိုတာ နတ်ဘဝမှ သေလိုက်တာပဲ၊ သေပြီးပြီးချင်း မယ်တော်မာယာဝမ်းထဲမှာ ပဋိသန္ဓေနေပါတယ်၊ ပဋိသန္ဓေစိတ်ဟာ ဒီလို စတည်ပါတယ်၊ ပဋိသန္ဓေစိတ် စတည်တဲ့အခါမှာ ပဋိသန္ဓေစိတ်ချည်း မကဘူး၊ စေတသိက်တွေ, ကမ္မဇရုပ်ဆိုတဲ့ ရုပ်တရားတွေ ပါပါတယ်၊ ဒါ အင်မတန် အာရုံပြုဖို့ ကောင်းတယ်၊ ပဋိသန္ဓေ မနေခင်တုန်းက(နတ်ပြည်မှာတုန်းက) မေတ္တာတော်တွေနဲ့ စိတ်အစဉ်တွေ ဖြစ်တယ်၊ မယ်တော်ဝမ်းထဲမှာ ပဋိသန္ဓေ စိတ် ဖြစ်တယ်၊ အလောဘ,အဒေါသ,အမောဟဟိတ်တွေ ပါတယ်၊ ပြီးတော့ ရှေးကံက ပြုစီမံလိုက်တဲ့ ကမ္မဇရုပ်၊ အဲဒီ သုံးမျိုးစုပြီးတော့ ပဋိသန္ဓေနေ ပါတယ်။

အဲဒီ ပဋိသန္ဓေနေတော့ ဟိတ်က ဘာတွေများ ပါတုန်းဆိုတော့ အလောဘ ဟိတ် (ဘာမှ လိုချင်မှုသဘော မပါတဲ့ အလောဘဟိတ်) ပါတယ်၊ အဒေါသ ဟိတ် (စိတ်တွေမှာလေ ပူပူလောင်လောင်ဆိုတဲ့ တရားမျိုး ဘာမှ မပါဘူး၊ စိတ်ကိုအေးလို့၊ အဒေါသဟိတ်) ပါပါတယ်၊ ပြီးတော့ ဒီ ထဲ အင်မတန် ထူးခြားတဲ့ {အမောဟ}ဆိုတဲ့ ပညာဟိတ် ပါပါတယ်၊ ပညာက ပဋိသန္ဓေ စိတ်ကလေးမှာနော်၊ ဘုရားအလောင်းရဲ့ ပဋိသန္ဓေစိတ်ကလေးမှာ အမောဟ ဆိုတဲ့ပညာက ဘယ်လောက်များ ကြီးကျယ် ထက်မြက်သလဲဆိုတော့ ကမ္ဘာ လောကထဲမှာ (ပဋိသန္ဓေနေကြတဲ့ သတ္တဝါတိုင်းရဲ့ စိတ်မျိုးထဲမှာ) အထက်ဆုံး စိတ်နဲ့အတူ ဖြစ်နေပါတယ်၊ ဉာဏ်ပညာဟာ အထက်ဆုံးစိတ်နဲ့အတူ ဖြစ်နေ ခဲ့ပါတယ်။

ဒါကြောင့်ပထမမူ တည်တဲ့ မျိုးစေ့အမြစ်က(ဘုရားအလောင်းရဲ့အမြစ်က) အင်မတန်ကောင်းတဲ့ သဗ္ဗညုတဉာဏ်တော်ကြီးရဖို့ရန် အခြေခံဖြစ်တဲ့ အမြစ်ကို တွယ်ပြီးတော့ မယ်တော့်ဝမ်းထဲမှာ ပဋိသန္ဓေ နေပါတယ်၊ တစ်ခါ ရုပ်က ကမ္မဇရုပ်၊ ကံကြောင့် ဖြစ်တဲ့ရုပ်၊ ပထမဆုံးတော့ ကံကြောင့် ဖြစ်တဲ့ရုပ်ပဲ ရှိတယ်၊ ကံကြောင့် ဖြစ်တဲ့ရုပ်ကလဲ ကောင်းလိုက်တာ ဘာတွေဖြစ်နေတုန်း ဆိုတော့ ပုရိသဘာဝရုပ် (ယောကျ်ားပီပီသသ၊) တစ်ခါ ဝတ္ထုရုပ် (စိတ်တွေနဲ့ တည်ပြီးတော့ နေဖို့ရန် ဝတ္ထုရုပ်၊) ပြီးတော့ ခန္ဓာကိုယ်ဖြစ်ဖို့ရန် ကာယဒသက ဆိုတဲ့ရုပ်၊ အဲဒီ ရုပ်သုံးခု၊ ရုပ်တစ်ခု,ရုပ်တစ်ခုမှာ ဆယ်ခုစီ,ဆယ်ခုစီ၊ ရုပ်သုံးဆယ်၊ ပဋိသန္ဓေနေတုန်းက ဘုရားအလောင်းမှာ ရုပ်သုံးဆယ် ဖြစ်တယ်၊ သိပ်ပြီး ကောင်းမွန်တာပဲ။

ပြီးတော့ စိတ်ကလဲပဲ ကမ္ဘာလောက သတ္တဝါတွေ ရှိသမျှရဲ့ ဒီ ကာမဘုံမှာ ဆိုကြစို့၊ ပဋိသန္ဓေနေတဲ့ စိတ်ထဲက နံပါတ်တစ် အကောင်းဆုံးစိတ်၊ အဲဒီ နံပါတ်တစ်ထဲမှာပဲ အဆင့်သုံးဆင့် ရွေးလိုက်တဲ့အခါမှာ ထိပ်တန်း အကျဆုံး ဖြစ်တဲ့စိတ်၊ အဲဒီ စိတ်နဲ့ ပဋိသန္ဓေ နေတော်မူလာပါတယ်၊ ဘုန်းကြီးတို့က ဒီအထိ သိနေတယ်၊ ဘုန်းကြီးတို့ ဘုရားကို ဒီအထိ သိနေပါတယ်၊ ဒီအထိ သိနေတဲ့အပြင် ဘုရားအလောင်းက ပဋိသန္ဓေနေတုန်းက သောမနဿနဲ့ ပဋိသန္ဓေနေပြီး ရွှင်ရွှင်ပျပျ၊ ဘုရားအလောင်းဟာ မျက်နှာ တင်းတင်း မဟုတ်ဘူး၊ ရွှင်ရွှင်ကလေး လာတယ်၊ နောက်ကို ပဋိသန္ဓေ နေတုန်းက ရွှင်ရွှင်ပျပျ သောမနဿနဲ့ ပဋသန္ဓေနေတယ်၊ ပီတိနဲ့ နှစ်သက်ဝမ်းမြောက်ပြီး ဒီလို နေခဲ့ပါတယ်၊ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာ ဉာဏ်တော်ကြီးလိမ့်မယ်ဆိုတာ ဘုန်းကြီးက တော့ မြင်ထားပြီပေါ့လေ၊ ကြီးလဲ ကြီးတာကိုး၊ ဗုဒ္ဓမြတ်စွာ ကံတွေက အင်မတန် ကောင်းတဲ့ရုပ်တွေ ဖန်ဆင်းလိုက်တယ်၊ ဗုဒ္ဓမြတ်စွာရဲ့ ရုပ်ဟာ အသပ္ပာယ်ဆုံး, ကျက်သရေ အရှိဆုံး ဖြစ်လိမ့်မယ်ဆိုတာ ဘုန်းကြီးတို့ကတော့ ပြောနိုင်တာပေါ့။

တစ်ခါ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ဟာ အင်မတန်ကြီးကျယ်တာ ဖြစ်တော့ ကမ္ဘာလောကထဲမှာ အကြီးဆုံးဉာဏ်တော် ရတော့မှာပဲ၊ တိုးတက်ပြီး စည်ကား တော့မှာပဲလို့ဆိုတာ ဘုန်းကြီးတို့က မြင်ထားတယ်၊ ဒါကြောင့်-

ဟေတုပစ္စည်း ဟေတုပစ္စည်းလို့ဆိုတာ သာမန် မဟုတ်ဘူးနော်၊ ဗုဒ္ဓမြတ်စွာ ပဋိသန္ဓေ နေတုန်းက လဲ ဟေတုပစ္စည်းနဲ့ ပဋိသန္ဓေ နေခဲ့တာပဲ၊ ဟေတုပစ္စည်းနဲ့ စိတ်, စေတသိက်, ရုပ်တွေပဲ ပါတယ်၊ ဗုဒ္ဓမြတ်စွာလို့ခေါ်ရတဲ့ ပုဂ္ဂိုလ်, သတ္တဝါ မပါသေးပါဘူး၊ ဒီ စိတ်,စေတသိက်,ရုပ်ပဲ ပါပါတယ်၊ ပုဂ္ဂိုလ်,သတ္တဝါ မပါဘူး၊ သူသူ,ငါငါ ခေါ်စရာတွေ ဘာမှ အကောင်အထည် မပါသေးပါဘူး၊ သူ့စိတ်ပဲ ပါတယ်၊ အင်မတန် ကောင်းလွန်းလို့, အင်မတန် ကောင်းလွန်းလို့။

အဲဒီလို ဗုဒ္ဓမြတ်စွာ ပဋိသန္ဓေ နေတဲ့အခါမှာ ဘယ်ဟာတွေကို အာရုံပြုပြီး ပဋိသန္ဓေ နေတာတုန်းဆိုတော့ ပဋိသန္ဓေ မနေခင်က နတ်ပြည်ကနေ သတ္တဝါတွေ ကို မေတ္တာပို့ပေးနေတော့ သတ္တဝါတွေ အာရုံယူလာတာပဲ၊ ဒီတော့ ဗုဒ္ဓမြတ်စွာရဲ့ ပဋိသန္ဓေစိတ်ဟာလဲပဲ သတ္တဝါတွေ ချမ်းသာစေလိုတဲ့ စိတ်က ပါနေတာဖြစ်တော့ သတ္တဝါတွေ အကျိုးများမယ့် အာရုံ၊ ဓမ္မာရုံ တစ်ခုခုကို အာရုံပြုပြီး ပဋိသန္ဓေ နေမှာပါပဲ၊ မယ်တော့်ဝမ်းကို အာရုံပြုပြီးတော့ ပဋိသန္ဓေ နေလို့ရှိရင်လဲပဲ မယ်တော့် ဝမ်းရေကို အာရုံပြုပြီးတော့ ပဋိသန္ဓေ နေရပါတယ်၊ မယ်တော့် ဝမ်းရေက ဘာတုန်းဆိုလို့ရှိရင် တစ်ခါ တစ်ခါလဲ ရူပါရုံအဖြစ်နဲ့ ထင်နိုင်ပါတယ်၊ အဲဒီ မယ်တော့် ဝမ်းရေ ရူ ပါရုံကို အာရုံပြုလို့ ပဋိသန္ဓေ နေတယ်ဆိုလဲ ဖြစ်နိုင် ပါတယ်၊ ခုနက စိတ်တွေပဲ။

အညံ့စား ပဋိသန္ဓေ။ ။ ဒီတော့ ထိပ်တန်းဆုံးဖြစ်တဲ့ ဟေတုပစ္စည်းနဲ့အာရမ္မဏ ပစ္စည်း ဘုန်းကြီးက ပြောပြီးတဲ့နောက် အောက်တန်း အညံ့ဆုံးကလေးတွေ ဒီလိုပဲ အမိဝမ်းထဲမှာ ပဋိသန္ဓေ နေကြတဲ့ စိတ်က ဘယ်လောက်များ ညံ့တဲ့စိတ်မျိုး ဖြစ်နိုင်သလဲဆိုတော့ ခုနက အလောဘ, အဒေါသ, အမောဟ တစ်ခုမှ မပါဘူး၊ ဒိပြင် မကင်းရာ မကင်းကြောင်း စေတသိက်တွေနဲ့ ပဋိသန္ဓေ နေတယ်၊ ကံကလဲ ညံ့လိုက်တာ၊ တချို့မှာ ဒီကံကြောင့် ယခုဘဝမှာ မျက်စိ (စက္ခုပသာဒ) မြင်ချင်မှ မြင်တော့မယ်၊ ဒီလို ကံညံ့ကလေးကြောင့် (သောတပသာဒ) နား ကြားချင်မှ ကြားတော့မယ်၊ အဲဒီလို အနေမျိုး ကံက ညံ့လို့ ယောကျ်ား,မိန်းမ ပီသချင်မှ ပီသတော့မယ်၊ အဲဒီလို ကံက ညံ့တော့ ရုပ်လဲ အကုန်လုံး ညံ့လာတယ်၊ ဒါ အောက်တန်း အညံ့ဆုံး။

အလတ်စား ပဋိသန္ဓေ။ ။ အဲဒီက အထက်တက်လာတော့ ပဋိသန္ဓေစိတ်မှာ အလောဘ,အဒေါသ, ဒီ ကုသိုလ်ဟိတ်နှစ်ပါး တော့ ပါတယ်၊ ပညာ မပါဘူး၊ အမောဟဆိုတဲ့ ဉာဏ်ပညာ မပါလာဘူး၊ ဒါကြောင့် တချို့ လူဖြစ်လာပေမယ့် ဉာဏ် သိပ်ညံ့တာပဲ၊ ပဋိသန္ဓေတုန်းက ဉာဏ်ကို မပါလာလို့၊ နောက်ကျတော့ သင်လို့, ပြလို့တော့ အတော်အတန် ဉာဏ်က ရှိလာပါတယ်၊ အတော်အတန် ဉာဏ်ရှိလာပေမယ့် ပဋိသန္ဓေဉာဏ်ကိုက မပါလာတော့ သိပ် ထက်မြက်တဲ့ ဉာဏ်သမား မဖြစ်နိုင်တော့ဘူး။

တစ်ခါတစ်ဆင့်တစ်ဆင့် တက်တက်သွားတော့ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ လောက် မမြင့်ပေမယ့်လို့ ပဋိသန္ဓေနေတော့ ခုနကလို ဉာဏ် ပါလာတယ်၊ ဉာဏ်ဓာတ်က ပါလာတော့ ဒီကလေး မွေးဖွားလာတဲ့အခါ တယ်ဉာဏ်တော်တယ်၊ ငယ်ငယ်ကတည်းက အသိဉာဏ်ကလေးတွေ ရှိတယ်၊ နောက် ပညာသင်တော့ လဲ အသိဉာဏ်တွေ ရှိတယ်၊ နောက်ကျတော့ စဉ်းစားဉာဏ်တွေ ရှိတယ်၊ အဲဒီလို ဟိတ်တွေဟာ ပဋိသန္ဓေ နေကတည်းကိုက ပါလာတာ ရှိတယ်၊ ဒါကြောင့် ဟေတုပစ္စည်းကို ကြည့်ပြီး {ငါ ကုသိုလ်စိတ် ဖြစ်နေသလား, ငါ ဘယ်အာရုံ ပြုနေပါလိမ့်မတုန်း}၊ ဒီလိုကြည့်ပါ၊ ငါ ဘာကို အာရုံပြုပြီးတော့ ကုသိုလ်စိတ်တွေ ဖြစ်နေသလဲ၊ ကုသိုလ်ဟိတ်တွေ ပါနေသလား, ငါ့မှာ အကုသိုလ် စိတ် ဖြစ်နေသလား, အကုသိုလ်ဟိတ်တွေ ပါနေသလား, ဒါကို လေးလေး နက်နက် စဉ်းစားလိုက်ရင် {အင်း…သူလဲ မရှိ၊ ငါလဲ မရှိ၊ စိတ်,စေတသိက်တွေ, ရုပ်တွေသာ ရှိပါလား၊ ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ မရှိပါဘဲလား၊ ဒီ စိတ်, စေတသိက်, ရုပ်တွေကလည်း သူ့အကြောင်းနဲ့သူ ဖြစ်နေပါလား}လို့ အဲဒီလို သိရတယ်။

လောဘတွေ ကြီးလာ။ ။ ကဲကဲ အာရမ္မဏပစ္စည်းပဲ နည်းနည်းချဲ့ပြီးတော့ ကြည့်ကြဦးစို့၊ လောကမှာ နေကြတဲ့လူတွေဆို တော့ လိုချင်စရာအာရုံတွေက အင်မတန် များတယ်၊ ဒီဘုံကိုက ကာမဘုံလို့ ခေါ်တယ်၊ ကာမဘုံဆိုတာ (ကာမ)က လိုချင်တဲ့လောဘကို ဦးတည်တဲ့ဘုံပါ၊ ဒါကြောင့် အားလုံးလူတွေမှာ လောဘ ဖြစ်နေကြတယ်၊ ကာမဂုဏ်စိတ်တွေနဲ့ လိုချင်နေကြတယ်ဆိုတာ မဆန်းပါဘူး၊ ဘုန်းကြီးတို့က မြင်ပြီးသားပဲ၊ ဒီလောက ကြီးဟာ, ဒီဘုံကြီးဟာ ကာမဘုံ၊ လိုချင်တဲ့ဘုံ၊ လိုချင်တဲ့လူတွေ နေတဲ့ဘုံ၊ လိုချင်တတ်တဲ့ တဏှာလောဘ ရှိတဲ့ဘုံ။

အဲဒီလို လောဘဘုံမှာ နေကြရတော့ သတ္တဝါတွေ မွေးကတည်းက နည်းနည်းကလေး မျက်လုံးကလေး ဖွင့်တတ်တယ်ဆိုရင် အမေကရော, ဆွေသား, မျိုးသားချင်းတွေကရော ကလေးကို လိုချင်အောင် မြှူကိုပေးတယ်၊ ဘုံကလဲ ကာမဘုံလေ၊ ကလေးလေးရဲ့စိတ်ကလဲ လိုချင်တဲ့စိတ်ကို မူတည်လာတဲ့ စိတ်လေ၊ ဒီတော့ ကလေးငယ်ကို ဒီကမြှူပေးလေ…ကလေးငယ်က လိုချင်တဲ့ စိတ်တွေ များလာလေ၊ ကလေးငယ်က တော်တော်ကလေး ကြီးလာလေ…ဒီ က အစာကလေး ကျွေးလိုက်လေ၊ ကလေးငယ်က ဒီအစာကလေးကို လိုချင်တတ် လာလေ၊ စားချင်တတ်လာလေ၊ ကလေးငယ်နားမှာ သီချင်းကလေး ဆိုပြလေ၊ ကလေးငယ်က သီချင်းကလေး နားထောင်ချင်တတ်လာလေ၊ ကလေးငယ်ကို သနပ်ခါး, ပန်းမန်တွေ လိမ်းပေးလေ…ကလေးငယ်လေးက တမွှေးမွှေး တကြိုင်ကြိုင် လိုချင်တတ်လာလေ၊ ဘုံက ကာမဘုံ၊ ပြုစုပုံကလဲ ကာမ (လိုချင်စရာ)နဲ့ ပြုစုပေးနေတယ်၊ လိုချင်လာတယ်, လိုချင်လာတယ်၊ အဲဒီ လိုချင်တာ က ဘယ်လောက်ထိအောင် ပွားလာတုန်းဆိုတော့-

ဂဝံဝ သိဂိနော သိင်္ဂံ, ဝဍ္ဎမာနဿ ဝဍ္ဎတိ၊

ဧဝံ မန္ဒဿ ပေါသဿ, ဗာလဿ အဝိဇာနတော ၊

ဘိယျော တဏှာ ပိပါသာ စ, ဝဍ္ဎမာနဿ ဝဍ္ဎတိ။၁။ ဇာ၊ဋ္ဌ၊၄၊ နှာ-၁၇၃။*်

နွားမှာ ဦးချိုပေါက်လာတော့ ဒီဦးချိုကလေးက တိုသွားတယ် မရှိဘူး၊ နွား အကောင်အထည်ကြီးလေ ချိုရှည်လေ၊ ဘယ်တော့မှ ဒီချိုဟာ ပြန်တိုမသွားဘူး၊ ဒီလိုပဲတဲ့၊ လူသတ္တဝါတွေ ဆိုကြစို့၊ နဂိုတုန်းက ကာမတဏှာ ချိုကလေး ပါလာတယ်၊ လူအရွယ် ကြီးလာလေလေ တဏှာလောဘ ကြီးလာလေပဲ၊ တစ်ခါရှိသေး နေရာဒေသက တဏှာ, လောဘကြီးတဲ့ဒေသဆိုရင် ဘုန်းကြီးက စဉ်းစားတယ်၊ ဘိုးတွေ, ဘွားတွေလက်ထက်က မလိုချင်တတ်ကြဘူး၊ ဘာဖြစ် လို့တုန်းဆိုတော့ လိုချင်စရာ အာရုံမှ မရှိဘဲ၊ မော်တော်ကားမှ မရှိဘဲနဲ့ မော်တော်ကားလိုချင်တဲ့တဏှာ မဖြစ်ခဲ့ဘူး၊ အုတ်တိုက်ကြီးတွေနဲ့ ဒီလိုပဲ များများစားစား မရှိတော့ အုတ်တိုက်လိုချင်တဲ့တဏှာ မဖြစ်ခဲ့ဘူး၊အဲ…øမာတုဂါမ' တွေ သူတို့ကလဲ အလွန်တရာ ပြင်ကြ, ဆင်ကြတာ မဟုတ်၊ အမျိုးသား တွေကလဲ အလွန်တရာ ပြင်ကြ, ဆင်ကြတာ မဟုတ်တော့ သူတို့က{ဆိုင်းဦးဟဲ့ အသက် နှစ်ဆယ်လောက်, ဆိုင်းဦးဟဲ့ အသက် အစိတ်လောက်}ဆိုရင် နေနိုင်ကြတယ်၊ သူတို့က ထိန်းနိုင်ကြသေးတယ်၊ ခုခေတ်ကျတော့လေ မော်တော်ကားလိုချင်, လိုချင်တာကလဲ လောဘ၊ တိုက်ကြီးတာကြီးတွေ လိုချင်တဲ့ လောဘတွေ တိုးလို့၊ ပြီးတော့ ကလေးတွေ ငယ်ငယ်ကတည်းက အမေတွေက ဆင်ကို ဆင်ပေးနေကြတယ်။

လှလိုက်တာ,ဝလိုက်တာ, ငါ့သမီး လှလိုက်တာ၊ တော်တော်ကြာ ကျောင်းသူ ကလေးဖြစ်လာ၊ လှလိုက်တာနဲ့သွားလိုက်တာ၊ တော်တော်ကြာ ထိန်းမရ,သိမ်း မရ ဖြစ်ပြီးတော့ ဒီ လောဘတွေ လွန်ကဲပြီး အပျက်အစီးထိအောင် ဖြစ်သွား ကြတယ်၊ ဒါ ကာလ,ဒေသ လိုက်ပြီးတော့ အာရုံတွေကပြောင်း၊ အာရုံပြောင်း တော့ လောဘတွေကလဲ တိုးတက်လာတာပဲ၊ ဒီ လောဘက ဒီ နိုင်ငံက ဒါလောက်ကလေးရယ်၊ နိုင်ငံခြားကျတော့ ဒါထက် လိုချင်လာတယ်၊ သူ တို့ နိုင်ငံခြား အာရုံတွေက သိပ်ကြီးတာကိုး၊ သိပ်ပြီးတော့ နိုင်ငံခြားက လူတွေက လိုချင်တာပဲ၊ ရူပါရုံလှလှကို လှသထက်လှအောင်, လှသထက်လှတာတောင်မှ ရိုးရိုးလှရုံ မဟုတ်ဘူး၊ အင်မတန်ကို မထိန်းနိုင်, မသိမ်းနိုင် ဘေးက လောဘ ဖြစ်လာအောင် အလှလုပ်ကြတယ်။

အဲ…ဂန္ဓာရုံတွေ မွှေးကြိုင်သမျှ, မွှေးကြိုင်သထက် မွှေးကြိုင်အောင် အမွှေးတွေ လုပ်ကြတယ်၊ တစ်ခါ ရသာရုံ အရသာတွေ ကောင်းသထက် ကောင်းအောင် လုပ်ကြတယ်၊ ရှေးတုန်းက မဖြစ်ခဲ့တဲ့ လောဘတွေဟာ ယခု ပိုလာတယ်၊ လောဘသာ ပိုလာသလားလို့ဆိုတော့ ယခုကြည့်လေ ဒေါသတွေ ပြင်းထန်လိုက်တာ သတ်ဖြတ်မှုတွေ ဘယ်လောက်များလာသလဲ၊ ဟိုရှေးတုန်း က (ဘုန်းကြီးတို့ ကလေးတုန်းက) သတ်ဖြတ်မှုနဲ့ စပ်ပြီးတော့ ရာဇဝတ်မှုဟာ တစ်နှစ်မှ ခုနစ်မှုလောက်ပဲ ရှိတယ်၊ တစ်နှစ် ခုနစ်မှုလောက် ရှိတာတောင် များလိုက်တာ၊ ယခုဆိုတော့ တစ်ရက် ခုနစ်မှုလောက်၊ ဒီလို ဖြစ်လာပြီ၊ တစ်ရက် ခုနစ်မှုတောင် ကချင်မှကမယ်၊ အဲဒါ ဘာကြောင့်တုန်း၊ အင်မတန် အာရုံက ကြီးကျယ်လာပါတယ်၊ အင်မတန် ကြီးကျယ်တော့ လောဘက အင်မတန် ကြီးကျယ်လာတယ်၊ လောဘဖြစ်တဲ့အခါတိုင်း ဒေါသက လိုက်လာ တာကြောင့်ပဲ။

ဒေါသတွေ ကြီးလာ။ ။ဒီနည်းမှ ဒေါသဟိတ်တွေကလဲ ကြီးကျယ်ပြီး အကုသိုလ်တွေက များလိုက်လာတယ်၊ ဒီ နိုင်ငံတွင် လားဆိုတော့ ကမ္ဘာမှာ စစ်တွေ တဖြည်းဖြည်းနဲ့ သတ်လိုက်တာ၊ တကတည်း အပြုံလိုက်, အပြုံလိုက်, အပြုံလိုက်၊ ဒေါသတွေ ဖြစ်လိုက်တာ၊ လောဘတွေ ကလဲ ကြီးကျယ်လိုက်တာ၊ ဒေါသတွေကလဲ ကြီးကျယ်လိုက်တာ၊ {သွားမယ်…} ဘုန်းကြီးတို့က သိပါရဲ့၊ လောကကြီး ဘယ်လိုဖြစ်ဖြစ် သွားတော့မှာပဲ၊ အစိတ်အပိုင်း အနည်းငယ်ကလေးသာ သတိကလေးနဲ့ ထိန်းကြတော့၊ လောဘကြီး တော့ တဖြည်းဖြည်း ပြင်းထန်လာပြီ၊ စိတ်တွေကလဲ လောဘအလိုအတိုင်း ပြင်းထန်လာပြီ၊ လောဘ အတိုင်း အလိုမကျတော့ ဒေါသတွေက ဝင်လာပြီ၊ ဒေါသဝင်လို့လဲ အကုသိုလ် တွေက ပြင်းထန်လာပြီ၊ စိတ္တဇရုပ်တွေ ဖြစ်တော့လဲ ဒေါသအလိုအတိုင်း စိတ် တွေက မထိန်းနိုင်တော့ ရုပ်တွေကပါ မထိန်းနိုင်လို့ သတ်ကြ, ဖြတ်ကြတယ် ဆိုတဲ့ အဖြစ်မျိုးရောက်တယ်၊ လောဘအတိုင်း မထိန်းနိုင်ကြလို့ လွန်လွန်ကြူးကြူးတွေ ဖြစ်ကြတယ်။

ပြီးတော့ ဘုန်းကြီးတို့က ပုဂ္ဂိုလ်, သတ္တဝါ မရှိဘူး၊ ဒီအာရုံနဲ့ ဒီစိတ်တွေပဲ ရှိတယ်၊ ဒီအာရုံ သောင်းကျန်းသလောက် သောင်းကျန်းပြီး လိုက်လာပါ တယ်၊ အနည်းငယ် ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်များကသာ {ကမ္ဘာကြီး ဘာဖြစ်ဖြစ် ဖြစ်ပါစေ၊ လောကကြီး ဘာဖြစ်ဖြစ် ဖြစ်ပါစေ၊ တို့ မဖြစ်ကြနဲ့ တို့ တတွေ မဖြစ်ကြ နဲ့} {တို့ အစားအသောက်တွေ တို့ သတိထားကြ, ချွေတာကြ၊ တို့ အနေအထိုင်တွေ သတိထားကြ၊ တို့ ကုသိုလ်တရားတွေ တိုးပွားအောင် မေတ္တာပို့ကြ၊ တို့ ကုသိုလ်တရားတွေ တိုးပွားအောင် ငါးပါးသီလ ကြိုးစား ထိန်းလိုက်ကြ၊ တို့ ကုသိုလ်တရား တိုးပွားအောင်, ပါရမီတရား တိုးပွားအောင် တရား နှလုံးသွင်းနေကြ}…

ဒီလို သွားနေရတယ်၊ လမ်းသွားနေရတယ်၊ လောကကြီးကတော့ ကြီးကျယ်လိုက်တာတွေကတော့ ဘုန်းကြီးတို့ သိပါရဲ့, သိပါရဲ့၊ လောဘ ကြီးကျယ်နေတာ၊ ဒေါသ ကြီးကျယ်နေတာ၊ မာန်မာန ကြီးကျယ်နေတာ၊ တစ်ယောက် တစ်ယောက် မနာလိုတဲ့ ဣဿာ ကြီးကျယ်နေတာ၊ တစ်ယောက် တစ်ယောက်ကို ဝန်တိုနေတဲ့ မစ္ဆရိယ ကြီးကျယ်နေတာ။

ရှေးတုန်းကတော့, ရှေးတုန်းကဆိုတာ မောင်နှမချင်း စီးပွားရေးကြောင့် စိတ်ဝမ်း မကွဲဘူး၊ ခုတော့ ကွဲလိုက်ကြတာ, ကွဲလိုက်ကြတာ၊ လောဘကြောင့် ဒေါသတွေ နောက်က လိုက်နေတယ်၊ လောဘကြောင့် ဣဿာ,မစ္ဆရိယတွေ နောက်ကလိုက်လို့ အကုသိုလ်တွေ ဖြစ်လိုက်ကြတာ၊ ကဲ…အဲဒီ အာရုံကလဲပဲ ရှေးတုန်းကတော့ ဘုန်းကြီးတို့ ကျေးတောမှာ ကြီးကြီးကျယ်ကျယ် ဘာမှ ရှိလှတယ် မဟုတ်ဘူး၊ တော်ပါပေတယ်ဆိုတဲ့, ပေါပါပေတယ်ဆိုတဲ့ လူတွေလဲပဲ ကျောင်းတွေဆောက်, ဘုရားတွေတည်, အမွေကလဲ ဘယ်လောက်မှ မရဘူး၊ ဒီတော့ သူတို့လောဘကလဲ ခပ်းနည်းနည်း၊ ဒေါသ, မာန်မာနကလဲ ခပ်နည်းနည်း၊ ကုသိုလ်စိတ်တွေ များလိုက်တာ, များလိုက်တာ၊ စိတ်ချမ်းသာ လိုက်ကြတာ။

လောဘနောက်လိုက်က ပျက်စီးခြင်း။ ။ ခု နောက်ပိုင်းမှာ လောဘတွေက သိပ်ကြီး လာကြပြီ၊ လောဘအလို မကျလို့ ဒေါတွေက သိပ်ကြီးလာကြပြီ၊ တစ်ယောက်နဲ့တစ်ယောက် မနာလို တာက ဆွေမျိုးချင်းကစပြီးတော့ မနာလို၊ ဘုန်းကြီးက{ဖြစ်ပြီ, ဖြစ်ပြီ, ဖြစ်တော့ မှာပဲ ထိန်းလို့မရဘူး၊ အလိမ္မာ တစ်ယောက်တလေ, ဉာဏ်ရှိတဲ့ တစ်ယောက် တလေ, တစ်အိမ်တလေ၊ ဒီလိုပဲ ထိန်းရတော့မယ်}လို့ ဘုန်းကြီးက နားလည်တယ်။

ဘုန်းကြီးက သံဃာတော်တွေကကော လောဘအလိုအတိုင်း ဘုန်းကြီးအောင်၊ ကြည့်စမ်း ဘုန်းကြီးလို့ ဘာဖြစ်တယ်၊ ဘုန်းကြီးတာက အရေးပါကြတယ်လေ၊ အရေးပါကြတော့ လူလိုပဲ ညစ်ပတ်လိုက်တာ၊ လူမလဲဘဲ ပစ္စည်းပေါပြီဆိုရင် အရေးပါကြ၊ ဟုတ်ဟုတ်, မဟုတ်ဟုတ်၊ ဘာနဲ့ ပေါပေါ၊ ပစ္စည်း ပေါလာပြီဆို အရေးပါကြ၊ ဘုန်းကြီးတွေကလဲ ဘာနဲ့ ဘုန်းကြီး, ဘုန်းကြီး၊ ဘုန်းကြီးပြီဆို အရေးပါကြ။

အဲဒါ ဘုန်းကြီးအောင် လုပ်တာပဲ၊ ဘုန်းကြီးအောင် ဘာလုပ်ရတုန်း၊ ဒကာ, ဒကာမတွေ အိမ်ဝင်ရတယ်, ထွက်ရတယ်, သွားရတယ်, လာရတယ်။

{အင်း…နေကောင်းကြတယ်နော်၊ တို့ ဘာ လုပ်ပေးရဦးမတုန်းဟေ့၊ ဘာ ကူညီရဦးမတုန်းဟေ့} အဲ…ဒါပဲ၊ သူ နောက်တော့ ကျောင်းတွေလဲ ရတယ်၊ ဘေးက ဘုန်းကြီးတွေကလဲ ကျောင်းကောင်းကောင်း နေချင်တော့ သွားပြီးတော့ စားကြ, သောက်ကြတယ်၊ သာသနာတော်ကြီး ဒီနည်း ဒီနည်းနဲ့ ပျက်စီးလာခဲ့တာ၊ ပျက်ပစေ, ပျက်ပစေ, ပျက်ပစေ၊ ဘုန်းကြီးကတော့ {သူ များ ပျက်ချင်, ပျက်ပစေ၊ ဒီကျောင်းက မဖြစ်စေနဲ့၊ ဒီကျောင်းက မဖြစ်စေနဲ့…}

မနေ့ကတင် စာတစ်စောင်က ကိုယ်တော်တစ်ပါး ဘာအောင်လို့ ဆိုလား၊ ချီးကျူးပွဲ လုပ်မယ်လို့တဲ့၊ သူက ဒီကျောင်းမှာ နေသွားဖူးတယ်၊ အဲဒီ ကိုယ်တော်ကို သူ့ဆိုင်ရာက ချီးကျူးပွဲ လုပ်မလို့တဲ့၊ ဒီကျောင်းက စာချဘုန်းကြီး တွေ, ဘာတွေ ခွင့်ပြုကြပါဘုရားတဲ့၊ ဘုန်းကြီးက စာချဘုန်းကြီးတွေကို အဲဒီစာ အပ်လိုက်တယ်၊ {သဘောလို့၊ တားလဲ မတားဘူး၊ တိုက်လဲ မတိုက် တွန်းဘူး}လို့ ဆိုတော့ စာချဘုန်းကြီးတွေက သူ တို့လဲ ဒီကျောင်းရဲ့ဝါဒကို သိနေပြီလေ၊ ဒီချီးကျူးပွဲ တွေ လုပ်ပြီးတော့ (ဂုဏ်လုပ်ပြီးတော့) ဘာသာသနာမှ မတက်ခဲ့ပါပဲလား၊ အဲဒါတွေ ဘယ် သွားသင့်ပါ့မလဲလို့ သူတို့ဘာသာ သူတို့ ဆုံးဖြတ်ကြတယ်။

အကယ်၍များ အားတက်သရောနဲ့ နှုတ်ခမ်းကလေး တပြင်ပြင်နဲ့ သွားမယ် များ လုပ်ကြတယ်, စားမယ်များ လုပ်ကြတယ် ဆိုလို့ရှိရင် ဒီတစ်ချိန်တော့ မပြောသေးဘူး၊ နောက်တစ်ချိန်တော့ ပြောမှာပဲသိလား၊ အဲဒါကြောင့် သာသနာ တော်ကြီးလဲ ပျက်တယ်၊ ခုခေတ် သွားနေပုံက လောကကြီးကလဲ ပျက်တယ်၊ ပျက်ရုံနဲ့ ရပ်သွားတယ်ဆိုရင်တော့ ဘုန်းကြီးက အနေသာကြီးပါ၊ မဟုတ်ဘူး သာသနာတော်ကြီး ဆုတ်လာတယ်၊ လူတွေ အကုသိုလ်တရား တိုးပွားလာတယ်၊ မနေ့ကဘဲ ပြောလိုက်ပြီ မဟုတ်လား၊ လျှမ်းလျှမ်းတောက် ထိတ်ထိတ်ကြဲဟာ သေတော့ ဟိုမှာ တစ္ဆေလိုလို, ပြိတ္တာလိုလို ဖြစ်နေပါပြီတဲ့၊ ဒီ တော့ ဘုန်းကြီးက ဒီ ကျောင်းတော့ တစ်ယောက်ထဲ နေတန် နေရပါမယ်၊ နေတန်ဆိုလေ သူတို့က{အရှင်ဘုရားဟာက ခေတ်မမှီတော့ဘူး၊ တပည့်တော်တို့ သွားပါရ စေတော့}လို့ သွားကြလို့ရှိရင် တစ်ယောက်ထဲ တရား နှလုံးသွင်းနေမယ်၊ စာတွေ ကြည့်နေမယ်၊ ဘယ်လောက်များ ချမ်းသာလိုက်မလဲ၊ ဘုန်းကြီးကလေ တစ်ယောက်တည်း နေမှာ, တစ်ယောက်တည်း နေမှာပါ။

မာဂဏ္ဍိယသုတ်၁။ ။ ဘယ့်နှယ် ဒီ တရားတွေက ဒီလောက် ပါနေမှတော့ ဒီတရားတွေလွန်ပြီး ဘုန်းကြီး မလိုက်နိုင်ဘူး၊ နည်းနည်း စဉ်းစား၊ တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာနဲ့ မာဂဏ္ဍိယဆိုတဲ့ ဗြာဟ္မဏပဏ္ဍိတ် တွေ့ကြတယ်၊ ဒီ ဗြာဟ္မဏတို့ရဲ့ ထုံးစံကတော့ ရူ ပါရုံ ကြည့်ရမယ်၊ သဒ္ဒါရုံ နားထောင်ရမယ်၊ ဒါ တိုးပွားမှုပဲ, တိုးတက်မှုပဲ, ကြီးကျယ်ရမယ်၊ ဒီ ရှင်ဂေါတမက ဒါတွေကို မလိုက်စားရဘူးဆိုတော့ ကြီးကျယ်မှုတွေကို ဖျက်နေ တာပဲ၊ ရှင်ဂေါတမဟာ လောကကြီးကို ဖျက်ဆီးနေတာပဲ၊ သူ တို့က ဒီလို ယူဆထားကြတာ၊ ဒါနဲ့ ဗုဒ္ဓမြတ်စွာနဲ့တွေ့ကြရော၊ တွေ့လို့ ဒီစကားစပ်တော့ {ဟုတ်ပါတယ်, ဒီလိုပဲ ယူဆပါတယ်}။

ဗုဒ္ဓမြတ်စွာက {စက္ခုံ ခေါ မာဂဏ္ဍိယ ရူပါရာမံ ရူပရတံ ရူပသမ္မုဒိတံ} မာဂဏ္ဍီ-စက္ခုပသာဒဆိုတာ ရူပါရုံကို အင်မတန် နှစ်သက်တယ်၊ စက္ခုပသာဒက ရူ ပါရုံ ရှိမှ နေတတ်တယ်၊ ဒီ ရူပါရုံကို ဘယ်လောက်များ စက္ခုပသာဒက သဘောကျနေတုန်းဆိုတော့ သူ့ကို ခြောက်နေတဲ့ ရန်သူလာတာတောင် သူ့ကို ကြည့်ရမှ ကျေနပ်တယ်၊ ဒီ စက္ခုပသာဒက ကိုယ့်ကိုနှိပ်စက်မည့်သူလာတောင် ကြည့်ကိုကြည့်လိုက်ရမှ ကျေနပ်တယ်၊ စက္ခုပသာဒက အဲသလို ရူ ပါရုံပေါ်မှာ အင်မတန် မွေ့လျော်တယ်။

၁။ မဇ္ဈိမပဏ္ဏာသ၊ နှာ-၁၆၉-၁၈၀။

သောတပသာဒကလဲ သဒ္ဒါရုံပေါ်မှာ အင်မတန် မွေ့လျော်တယ်၊ နားထောင် နေတယ်၊ {ဟော-မင်းကို ဆဲနေတယ်ဗျ} သူ က စိုက်နားထောင်နေတယ်၊ ဆဲနေတာကို သူ့စိတ် မချမ်းသာမှန်းတော့ သိတယ်၊ သိနေပေမယ့် သဒ္ဒါရုံ ဆိုရင်ပဲ သောတပသာဒက နားထောင်လိုက်ရမှ၊ {ဆဲနေတယ်၊ အင်း…

ဟုတ်တယ်၊ သူ ငါ့ကို ဆဲနေတယ်}၊ ဆဲနေတာကို သူက နားထောင်ရမှ ကျေနပ်တယ်၊ သဒ္ဒါရုံကို အင်မတန် မွေ့လျော်တယ်။

တစ်ခါ ဃာနပသာဒကလဲ နှာခေါင်းမှာရှိတဲ့ ပသာဒကလဲ အနံ့ကို ရမှ၊ {အင်း-နံလိုက်တာ၊ အမယ် ဟုတ်တယ်, နံလိုက်တာ}။သိလား၊ နံတယ် ဆိုတာကိုပဲ သူက ဒီအနံ့ကို ရှူရဦးမှ၊ မွှေးကြိုင်တာကိုတော့ မပြောနဲ့တော့၊ နံတာကို ရှူရဦးမှ။

တစ်ခါ အရသာကျတော့{ဟင် မကောင်းလိုက်တာ, ဘယ်နှယ်၊ ဟင်းကလဲ ဘယ့်နှယ်တုန်း, ပေါ့လိုက်တာ}။ {အင်း ပြစမ်း…ပြစမ်း}၊ မကောင်းပါဘူးလို့ ဆိုတာကိုလဲ သူက ပြစမ်း…ပြစမ်း ဆိုပြီး စားလိုက်သေးတယ်။

ကာယပသာဒကလဲ ဖောဋ္ဌဗ္ဗာရုံကို ဒီလိုပဲ အင်မတန် တွေ့ချင်, ထိချင် တယ်၊ အင်မတန် ထိချင်, ခတ်ချင်တယ်၊ အဲသလို…။

ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက {မာဂဏ္ဍီ…နဂိုကမှ သတ္တဝါတွေရဲ့ စိတ်က အာရုံတွေကို မွေ့လျော်နေတာဖြစ်တော့ ဒီအာရုံတွေ တိုးပွားအောင် လုပ်ရင် အကုန်လုံး ဒုက္ခများမှာပေါ့}၊ ခု အများနေတဲ့အတိုင်း အာရုံတွေ တိုးပွား အောင်လုပ်ယင် ဒုက္ခများမှာပေါ့လို့၊ ဒီ အာရုံတွေကို စက်ဆုတ်ပြီးတော့ အေးအေးဆေးဆေး နေတဲ့နည်းကို ပြောပြမယ်။

လူတစ်ယောက်ဟာ နူနာ ဖြစ်နေတယ်, နူနာစွဲနေတယ်၊ နူနာက လဲပဲ အရည်တွေယိုလို့၊ သူက ဘာလုပ်တုန်းဆိုတော့ (ယားလွန်းလို့ ယားလွန်းလို့) ကုတ်ပြီးတော့ မီးသွားကင်တယ်၊ မီးကျီး ကောင်း ကောင်းနဲ့ ကင်လိုက်ရတော့ အရည်က နည်းနည်း ခြောက်သွား တယ်၊ အတွင်းက ထတဲ့ ပိုးတွေက နောက်ဆုတ်သွားတယ်၊ အဲဒီတင် အယား ပျောက်သွားတယ်၊ နေပြန်ရော-နူနာက ပျောက်တာမဟုတ်ဘူး၊ ခဏကလေး အယားပျောက်တာ၊ တော်တော်ကြာတော့ တစ်ခါ ယားလာပြန်တယ်၊ ပိုးတွေက ထလာပြန်တယ်၊ ယားလာပြန်, အရည် ထွက်လာပြန် မီးကျီးသွားကင်၊ ခဏသက်သာလာပြန်၊ နောက်တော့ အဲဒီ လိုနဲ့ ဒီရောဂါက တိုးလာတာမှ ကင်လိုက်ပြန်တော့ ခဏကလေး သက်သာတယ်၊ ရောဂါက တိုးလာတယ်၊ အရည်တွေက ပိုထွက်နေ တယ်၊ ခဏကလေး သက်သာပြီး ရောဂါက တိုးလာတယ်။

ဒီလိုဆို မဖြစ်ပါဘူးဆိုပြီး တစ်ခါထဲ ဆေးကောင်းကောင်း ကုတတ် တဲ့ ဆရာနဲ့ ကုလိုက်တာ ရောဂါပျောက်သွားတယ်၊ ပျောက်သွားတော့, နောက် မီးကျီးခဲ ကောင်းကောင်းကြီးတွေ တွေ့တော့ မိတ်ဆွေက {ဟေ့ကိုယ့်လူ-လာဟေ့, ဟိုမှာ မီးကျီးခဲတွေမောင်ရာ၊ ကင်စရာကောင်း လိုက်တာ} {ဟာ မလုပ်ပါနဲ့မောင်ရာ}အတင်းလက်ဆွဲပြီး {လာပါ, မင်း ဟိုတုန်းက ဒီ မီးကျီးတွေ မြင်လို့ရှိရင်ဖြင့် မနေနိုင်, မထိုင်နိုင်၊ မင်းပြေးပြီးတော့ မီးကင်တဲ့ လူပါကွ၊ ဟိုမှာ မီးကျီးတွေ} {ဟာ မလုပ်ပါနဲ့၊ ဟိုတုန်းကသာ ငါအနာ မပျောက်လို့ ကင်ခဲ့တာပါကွာ၊ အခု ငါ့မှာ အနာမှ မရှိဘဲနဲ့ ဒီမီးကျီးတွေက ငါ့ကို ဒုက္ခပေးနေတာကွ၊ ငါ့ ဒုက္ခပေးနေတာ…}

အဲ ရူပါရုံတွေ သာယာနေတယ် ဆိုတဲ့ဟာ အနူမို့လို့ မီးကင် တာတဲ့၊ အနူ မီးကင်တာ၊ ရူပါရုံတွေ သာယာပြီးတော့ ရူပါရုံတွေ လိုက်စားနေတယ် ဆိုပါတော့၊ ပွဲကြည့်နေတယ်၊ ဒီပွဲ ကောင်းလိုက် တာ ဆိုတဲ့ဟာ ပွဲကြည့်ချင်တာ၊ တကတဲ တီးသံ,မှုတ်သံ ကြားရင် မနေနိုင်, မထိုင်နိုင်ဖြစ်၊ အနာထတာ မနေနိုင်, မထနိုင်ဖြစ်၊ အနာ ထတာ မနေနိုင်, မထနိုင်ဖြစ်၊ အဲဒါဆို ပွဲသွားကြည့်ပြီးတော့ မီးကင် လိုက်တာ၊ {အဲ…တော်ပြီ၊ နောက် မကြည့်တော့ဘူး၊ ပိုက်ဆံလဲ ကုန်သေး}ဆိုပြီး လေးငါးဆယ်ရက်လောက် နေလိုက်တယ်၊ နောက် ဟိုက တီးသံ,မှုတ်သံ ကြားလိုက်ပြန်၊ အနာ ထလာပြန်၊ သွားကြည့်ဦး မှပဲ၊ အနာက မလျော့ဘူး, မလျော့ဘူး၊ ခဏကလေး သူ အဆာပြေ သလိုသာ ရှိတယ်၊ နောက် သွားပြန်တာပဲ၊ ဒီနည်း, ဒီပုံ, ဒီဟန်နဲ့တော့ ဒီ ရောဂါ မပျောက်ဘူး၊ နောက်တော့ ကိုင်း-မဖြစ်ဘူး၊ သီလထိန်းပြီး တော့ တရားထိုင်မှပဲ၊ ဒီရူပါရုံ, ဒီ ပွဲလမ်းသဘင်တွေရဲ့ အပြစ်ကို ကောင်းကောင်း မြင်တဲ့အခါကျတော့ ဟိုက တီးသံကြားလဲ သူ ဘာမှ မဖြစ်ပါဘူး၊ {လာဟေ့ သွားကြရအောင်} {မလုပ်ပါနဲ့ကွာ ရှက်စရာကြီး}။

{မင်း ဟိုတုန်းကတော့ မင်းသွားတာ၊ အခု သိပ်ကောင်းတာ၊ အရင်တုန်းကထက် သာတယ်}။

{အိုကွာ-မထူးပါဘူး၊ ငါ့မှာ ပိုက်ဆံလဲကုန်သေး, လူလဲပန်းသေး၊ ဟိုတုန်းကတော့ ဒီလို နားမလည်လို့ပါကွာ၊ ခုတော့ ငါ မသွားပါ ဘူး}။

အဲသလိုပေါ့၊ အို…ကာမဂုဏ်အာရုံတွေ ခံစားတဲ့ သူတွေကလဲ ဒီ ထဲမှာ သူတို့ ရောဂါ ထနေကြတယ်၊ ဒီရောဂါ ကြီးကျယ်တုန်းတော့ ဒီသတ္တဝါတွေ ဒီလိုနေကြမှာပဲ။

ဘာပြုလို့ အနူးကိုး၊ အနူဆိုတော့ သူတို့က ရောဂါ ထလိုက်, ကုတ်လိုက်၊ သူတို့က ကုတ်လိုက်, ရောဂါက ထလိုက်၊ ရူပါရုံ လှလှ ကလေး သွားကြည့်ကြ၊ သဒ္ဒါရုံ ကောင်းကောင်းကလေး သွားနား ထောင်ကြ၊ ဂန္ဓာရုံ မွှေးမွှေးကြိုင်ကြိုင်ကလေးနဲ့ စားကြ, သောက်ကြ, နေကြ, ထိုင်ကြ၊ အနာတွေ လျော့သလား, မလျော့ဘူး၊ အနာတွေ တိုးနေတာပဲ၊ နောက်တော့ မစွမ်းနိုင်လို့သာ သူတို့ လျော့သွားကြတာ၊ စိတ်ကတော့ မလျော့ဘူး၊ ဒီနည်းနဲ့ ရောဂါက ဘယ်တော့မှ မလျော့ ဘူး၊ ဒီဘဝလဲ မလျော့ဘူး၊ တရားကို လိုက်ပြီးတော့ ကြိုးကြိုးစားစား နဲ့ အားထုတ်လိုက်မှ ဒီရောဂါ သက်သာမယ်၊ တရားတွေ ရပြီး ဒီရောဂါ မဖြစ်ဘဲ နေမယ်လို့ဆိုတာ ဘုန်းကြီးတို့ တရားတော်က သိတယ်၊ အဲဒါကို ဗုဒ္ဓမြတ်စွာက ဟောတယ်။

ခုတင်က ဘုရား ကန့်လန့်လုပ်တဲ့ မာဂဏ္ဍိယ ဗြာဟ္မဏကြီးက ဟုတ်လိုက်တာလို့ သဘောကျသွားတယ်၊ အဲဒီတော့ ငါဘုရားကလေ ဒီဟာတွေ မြင်လို့မို့ တစ်ယောက်ထဲ အာရုံတွေ မခံစားဘဲ,အေးအေး ကလေး ငြိမ်နေတာ၊ ရောဂါ ပျောက်နေတာ မကောင်းဘူးလာ?

ကောင်းလိုက်တာ၊ {ဒကာတော်ကို ရဟန်းပြုခွင့်ပေးပါ၊ ဘုန်းကြီး လုပ်ပါရစေတော့}်…

ခုနက ဘုရားကန့်လန့်လုပ်တဲ့ ဗြာဟ္မဏကြီးဟာ ဘုရား,တရား သဘောကျတော့ တရားရအောင်နေမှပဲ, ဒီရောဂါတွေ ကင်းမှာပဲလို့ သဘောပေါက်ပြီး ရဟန်းပြုတယ်၊ တရား အားထုတ်လို့ ရဟန္တာကြီး ဖြစ်သွားတယ်။

ဒါ့ကြောင့် ဘုန်းကြီးတို့က မြင်လွန်းလို့ {ဒီကျောင်းကို ခမ်းခမ်းနားနား} မဆင်ရဘူးနော်၊ သူတို့က ကျောင်းကောင်း ဆောက်ပေးတာ၊ ပေးချင် ပေးပ စေ၊ သူတို့ကလဲ ကောင်းကောင်း ဆောက်ရမှလေ၊ ဘာပြုလို့တုန်း, သူတို့ ပတ်ဝန်းကျင်ရဲ့ အသိုင်းအဝိုင်းက ရှိနေတယ်၊ ဒီတော့ ကျောင်းက ဘယ်လောက် ကောင်းနေတယ်ဆိုမှ သူတို့အသိုင်းအဝိုင်းနဲ့ တဲ့တယ်၊ ဘုန်းကြီးက ဟို အနောက် ဘက်က ဆွမ်းစားကျောင်းကြီး, ကဲ-ဘာခက်, ညာခက်နဲ့ ဝါးကပ်မိုးလိုက်လို့ ဘုန်းကြီးကပြော၊ ကျောင်းအမက ဘုန်းကြီး သဘောကျသလိုတော့ လုပ်ပါတဲ့၊ ဒါပေမယ့်လို့ ပျဉ်အုတ်ကြွပ်ကလေးမှ မမိုးရဘူးနော်လို့ ညည်းသတဲ့၊ အော်…သူ့ သိန်းထိအောင် အကုန်အကျခံပြီး ဆောက်ပါရက်နဲ့ စိတ်မချမ်းသာလို့တော့ မကောင်းပါဘူးတဲ့၊ ကဲ-ဝါးကပ်နဲ့ မမိုးကြနဲ့၊ ကျောင်းအမ သဘောကျသလို ဆိုင်းကြဦးလို့ ထားလိုက်ရတယ်။

ဘုန်းကြီး အလိုကတော့ ဘုန်းကြီးကျောင်း နေတာကိုလဲ ကြည့်လေ၊ ဘုန်းကြီးကျောင်းနေရာ နည်းနည်းကလေးသာ ပြင်ပြင်ပြီးတော့ လာခဲ့တယ်၊ ဘုန်းကြီးကတော့ ဖြစ်ပါရဲ့, နေတတ်ပါရဲ့, တရားသဘော သိပါရဲ့၊ မိုးလုံ လေလုံဆို ပြီးတာပဲ၊ ဒါပေမယ်လို့ ကျောင်းဒကာ, ကျောင်းအမတွေရဲ့ သူတို့သဘော စိတ်ချမ်းသာပါစေရဲ့လို့၊ သူတို့ကကော အကုသိုလ်တွေ ဖြစ်နေ သလားဆိုတော့ သာသနာတော်ကို မွန်မွန်မြတ်မြတ် လှူချင်တယ်ဆိုတော့ သူတို့မှာလဲပဲ ဗုဒ္ဓမြတ်စွာကို ရှေးကထားလို့၊ ဘုရားအမှူးရှိတဲ့ သံဃာကို ရည်မှန်းပြီးတော့ ကျောင်းဆောက်ကြလို့, သပ်သပ်ရပ်ရပ်, သာသာယာယာ ဆိုတော့ ဝိသာခါတို့လို သူတို့က ရှေ့သွားနေတယ်ဆိုတော့ သူတို့မှာလဲ ကုသိုလ်တော့ ရပါတယ်၊ မွန်မွန်မြတ်မြတ် ကုသိုလ်ရပါတယ်၊ ဘုန်းကြီးကလဲ အဲဒီ ကုသိုလ်အကျိုးကို မမျှော်ကြနဲ့နော်၊ နိဗ္ဗာန် မျှော်ကြ, နိဗ္ဗာန် မျှော်ကြ၊ အဲဒီ အကျိုးလောက်နဲ့ ရပ်ထားကြလို့ရှိရင် ဟိုဖက်ဘဝမှာ အကျိုးသွားရပြီး အကုသိုလ်တွေ တိုးပွားလာလိမ့်မယ်လို့ အဲဒီလိုသာ သူတို့ကို လမ်းလွှဲပြီးတော့ ပေးရပါတယ်။

{ဒါကြောင့်-ကိုယ့်နည်းကိုယ့်ဟန်နဲ့ နားလည်အောင်လေ၊ အဲ လောဘ ဟိတ်, ဒေါသဟိတ်, မောဟဟိတ်လို့ ဆိုတဲ့ ဟေတုပစ္စည်းတွေ သတိထားလိုက်ပါ၊ အာရမ္မဏပစ္စည်းနဲ့ အာရုံတွေ ဦးစားပေးလေလေ အကုသိုလ်တွေက များများ လာလေလေ၊ အကုသိုလ်ဟိတ်တွေက များလေလေ ဖြစ်ပါတယ်၊ အဲဒါကြောင့် ဒီနှစ်ပစ္စည်းကို ကြည့်ပြီးတော့ လောကကြီးမှာ ဒီနှစ်ပစ္စည်းနဲ့ လမ်းသွားနေတာဟာ တစ်ဘဝထဲ သွားနေပါလားလို့ အဲဒီလို နားလည်ပြီးတော့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ကို အာရုံပြုပြီး မိမိတို့ကိုယ်တိုင် ဒီပစ္စည်းကို အာရုံပြုပြီးတော့ သတ္တဝါလဲ မရှိပါဘဲလား၊ ငါသူတစ်ပါးလဲ မရှိပါဘဲလား၊ အကြောင်းတရား တွေသာ ရှိနေပါလားလို့ အဲဒီလို နားလည်ပြီးတော့ ဗုဒ္ဓမြတ်စွာကို အာရုံပြုရင်း မိမိစိတ်ကိုပါ ပြင်ဆင်နိုင်ကြစေကုန်သတည်း}။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန န္တ ယ ပဋ္ဌာနံ, ဝန္ဒေ အနန ေ္တ ဂါစရံ။

ဧတ္ထ-ဤ အနန္တနယ သမန္တပဋ္ဌာန်းကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာ ကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တ ဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူ သော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့်ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု

တတိယနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

တတယိယိယိ နေ့်

၁၃၃၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၉)ရက်၊ ၁၉၇၃-ခုနှစ်၊

ဧပြီလ (၁၁)ရက်၊ ဗုဒ္ဓဟူးနေ့။

လောဘဟိတ်, ဒေါသဟိတ်, မောဟဟိတ် အလောဘ,အဒေါသ, အမောဟဟိတ် ခြောက်ပါး တရားတို့သည် မိမိတို့နှင့် ယှဉ်ဖော်, ယှဉ်ဖက် ဖြစ်တဲ့ စိတ်စေတသိက်တို့အားလည်းကောင်း, ထိုစိတ်စေတသိက်ကြောင့်ဖြစ်တဲ့ ရုပ်တရားတို့အားလည်းကောင်း ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုနိုင်ပေသတည်း။

သာဓု……သာဓု……သာဓု။

{ရူပါယတနံ-ရူပါရုံသည်၊ စက္ခုဝိညာဏဓာတုယာ-စက္ခုဝိညာဏ ဓာတ်အားလည်းကောင်း၊ တံသမ္ပယုတ္တကာနံ-ထိုစက္ခုဝိညာဏဓာတ်နှင့် သမ္ပယုတ်ဖြစ်ကုန်သော၊ ဓမ္မာနဉ္စ - စေတသိက်တရားတို့အားလည်း ကောင်း၊ အာရမ္မဏပစ္စယေန-အာရမ္မဏပစ္စယသတ္တိဖြင့်၊ပစ္စယောကေ ျးဇူးပြုနိုင်သည်၊ ဟောတိ-ဖြစ်၏}…

အကုန်လုံး ရူပါရုံက စက္ခုဝိညာဉ်၊ သဒ္ဒါရုံ သောတဝိညာဉ်၊ ဂန္ဓာရုံက ဃာနဝိညာဉ်၊ ရသာရုံက ဇိဝှာဝိညာဉ်၊ ဖောဋ္ဌဗ္ဗာရုံက ကာယဝိညာဉ်၊ အဲဒီလို အာရုံပြုတဲ့အပြင် အာရုံငါးပါးစလုံးက ပြုနိုင်တဲ့ အာရုံတွေကလဲ ရှိနိုင်တယ်လို့ ဟောတော်မူပြီးတဲ့နောက်-

{ယံ ယံ ဓမ္မံ-အကြင်အကြင် တရားကို၊ အာရဗ္ဘ-အကြောင်းပြု၍၊ ယေ ယေ ဓမ္မာ - အကြင်အကြင် အကျိုးတရားတို့သည်၊ ဥပ္ပဇ္ဇန္တိ - ဖြစ်ကြကုန်၏၊ စိတ္တစေတသိကာ-စိတ်,စေတသိက်ဖြစ်ကုန်သော၊ ဓမ္မာ- အကျိုးတရားတို့သည်၊ ဥပ္ပဇ္ဇ န္တိ-ဖြစ်ကြကုန်၏၊ တေ တေ ဓမ္မာ-ထို အကြောင်းတရားတို့သည်၊ တေ တေ ဓမ္မာ-ထို အာရုံခြောက်ပါးဆိုတဲ့ အကြောင်းတရားတို့သည်၊ တေသံ တေသံ ဓမ္မာနံ-ထိုစိတ်, စေတသိက် ဆိုတဲ့ ပစ္စယုပ္ပန် တရားတို့အား၊ အာရမ္မဏပစ္စယေန-အာရမ္မဏပစ္စယ သတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုနိုင်သည်၊ ဟောတိ-ဖြစ်၏}။

လို့ အဲဒီလို ဗုဒ္ဓမြတ်စွာက အင်မတန် အတိအကျဟောတယ်။

ဒါတွေ တဖြည်းဖြည်းနဲ့ ဘုန်းကြီးက လူနားလည်လောက်ရုံကလေး ကြည့်ပြီးတော့ ဟောနေပါတယ်။

၃။ အဓိပတိပစ္စယော (အဓိပတိပစ္စည်း)

တစ်ခါ အဓိပတိပစ္စည်း၊ အာရမ္မဏပစ္စည်းပြီးတော့ အဓိပတိပစ္စည်း၊ အဓိပတိပစ္စည်းကို ဘုန်းကြီးတို့ဆရာတော်များက ဘုန်းကြီးတို့ရှေ့က သွားနေတဲ့ အဋ္ဌကထာဆရာတော်များက ဘယ်လိုများ ဥပမာ ပြကြတုန်းဆိုတော့ ဒီ…

စကြာမင်း၊ စကြာမင်းဟာ အားလုံး မင်းရော, အင်း…လူတွေရော အပြိုင်မရှိ အုပ်စိုးတဲ့ စကြာမင်း၊ သူတစ်ပါးတည်း, ကမ္ဘာမှာ သူ တစ်ယောက်တည်း အုပ်စိုးနေရမယ့် စကြာမင်း၊ အဲဒီ လိုပဲ စိတ်ရော,စေတသိက်ရော အတူတူဖြစ်တဲ့ အချိန်မှာ {အဓိပတိ တပ်ပြီတဲ့ ဟေ့, အဓိပတိ တပ်ပြီတဲ့ ဟေ့}ဆိုလျှင် စိတ်တွေ, စေတသိက်တွေ တစ်ပြိုင်နက် ဆိုပါတော့၊ သုံးဆယ်နဲ့ခြောက်ပါးလောက် ဖြစ်နိုင်တယ်။

အဓိပတိ နှစ်မျိုး။ ။ အဲဒီ သုံးဆယ်ခြောက်ပါးလောက်ထဲမှာ အဓိပတိပါပြီ ဆိုရင် ကျန်တဲ့ဟာတွေကို စကြာမင်းရဲ့ လက်အောက်ခံ ဖြစ်သလိုပဲ အားလုံး စိတ်,စေတသိက်တွေဟာ အဓိပတိရဲ့ အလိုကျ ဖြစ်ရပါ တယ်၊ အဲဒီ အဓိပတိဟာ နှစ်မျိုးရှိတယ်၊ အတူဖြစ်ဖက်ဆိုတဲ့ သဟဇာတအဓိပတိ တစ်မျိုး, အာရုံဆိုတဲ့ အာရမ္မဏာဓိပတိတစ်မျိုး၊ အဲဒီနှစ်မျိုးကို ရှေးဆရာတော် များက ပါဠိတော်ကြီးများကြည့်ပြီးတော့ စကြာမင်းကြီးများ အုပ်စိုးသလို မိမိနှင့် အတူဖြစ်ဖက် စိတ်,စေတသိက်,ရုပ်တရားတွေကို အုပ်စိုးနိုင်တယ်လို့။

ဆန္ဒအဓိပတိတပ်ပုံ။ ။ ဆန္ဒာဓိပတိ-ဆန္ဒဟု ခေါ်အပ်တဲ့ အဓိပတိ တရားသည်၊ ဆန္ဒသမ္ပယုတ္တကာနံ-ဆန္ဒနှင့် သမ္ပယုတ်ဖြစ်ကြကုန်သော၊ ဓမ္မာနဉ္စ-စိတ်,စေတသိက် တရားတို့အား လည်းကောင်း၊ တံသမုဋ္ဌာနံ-ထို ဆန္ဒ, အဓိပတိပါတဲ့ သမ္ပယုတ် စိတ်, စေတသိက်တို့ကြောင့်ဖြစ်ကုန်သော၊ ရူပါနဉ္စ-စိတ္တဇရုပ်တရားတို့ အားလည်းကောင်း၊ အဓိပတိပစ္စယေန-အဓိပတိပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

ဆန္ဒလိုပဲဝီရိယအဓိပတိ အုပ်စိုးတဲ့အခါမှာ ဝီရိယအဓိပတိက အကုန်လုံးကို အုပ်စိုးတယ်၊ ဝီရိယအုပ်စိုးသလိုပဲ စိတ္တအဓိပတိကလဲ အကုန်လုံးကို အုပ်စိုး တယ်၊ စိတ်အုပ်စိုးသလို ဝီမံသဆိုတဲ့ ပညာကလဲ အုပ်စိုးတယ်၊ ပညာက အကုန်လုံး အုပ်စိုးတယ်၊ အဓိပတိဆိုတဲ့ အထွတ်အထိပ် တရားဆိုတာ တစ်ချိန်မှာ တစ်ခုသာ ဖြစ်ပေါ်နိုင်တယ်၊ အမြင့်ဆုံးဆိုတာ တစ်ခုသာ ရှိရတယ်။

ဗုဒ္ဓမြတ်စွာက ဒီတရားတော်တွေ အများကြီးရှိတဲ့ အနက်က လေးပါးပဲ အဓိပတိနာမည် တပ်တော်မူတယ်၊ ဒီလေးပါးကလဲ အမြဲဖြစ်သလားလို့ဆိုတော့ ထက်သန်ပြင်းပြတဲ့ အခါမှသာဖြစ်တယ်၊ အို-ဆန္ဒရှိရင် ဘာမဖြစ်ဘဲ ရှိရမလဲ၊ ဆန္ဒရှိရင် ဘယ် အမှုကိစ္စမဆို ဖြစ်ရမှာပေါ့၊ ဒီဟာကလေးကို ဘုန်းကြီးတို့ စာထဲက ထင်ရှားတာက ဘုရားအလောင်းတော်များ၊ ဘုန်းကြီးတို့ ဘုရား အလောင်း ဒီပကရာမြတ်စွာဘုရားနှင့် တွေ့တော်မူတော့ ဒီလို ဘုရားဖြစ်လို့ရှိရင် ဒီလို သတ္တဝါတွေကို ကယ်တင်နိုင်တယ်၊ ဒီလို ဘုရားဖြစ်အောင် ကြိုးစားမှပဲလို့ ဆန္ဒတော်ဖြစ်တယ်တဲ့၊ {ဘုန်းကြီးတို့က ကြည်ညိုတာ အဲဒီလို ကြည်ညိုတာ} ဘုရားဖြစ်ချင်တဲ့ ဆန္ဒတော်ဖြစ်တယ်၊ ဘုရားဖြစ်အောင် ကြိုးစားတယ်။

{ငါတစ်ယောက်တည်း နိဗ္ဗာန်စံလို့ မဖြစ်သေးဘူး၊ ဘုရားဖြစ်အောင် ကြိုးစားပြီးတော့ ဒီသတ္တဝါတွေကို ကယ်ရမယ်၊ ဒီပကရာ မြတ်စွာဘုရားလိုပဲ ကယ်ရမယ်}လို့ ဆန္ဒတော်ဖြစ်တယ်၊ ဘုရားဖြစ်တော်မူတဲ့ဆန္ဒဟာ ဘယ်လောက် များ ပြင်းပြတော်မူသလဲဆိုတော့ {အို…အခု ကမ္ဘာလောက စကြဝဠာကြီး တစ်တိုက်လုံးမှာ မီးကျီးခဲတွေ အလျှံတောက်ပြီးတော့ မီးကျီးခဲတွေ ပြည့်နေ တယ်၊ ခင်ဗျား ဘုရားဖြစ်ချင်တဲ့ဆန္ဒ ပြင်း,မပြင်း သိရအောင်လေ စကြဝဠာ တောင်ဆုံးကနေပြီးတော့ မြောက်ဆုံးအထိ သွားနိုင်လို့ရှိရင် ဒီ မီးကျီးတွေ နင်းနင်းပြီးတော့ သွားနိုင်လို့ရှိရင်တော့ ခင်ဗျား ဘုရားဖြစ်နိုင်ပါတယ်၊ အဲဒီ လောက် ဆန္ဒပြင်းမှ ဘုရားဖြစ်မယ်}လို့ ဆိုတော့ကာ{သွားမယ်၊ ဒီ မီးကျီးခဲတွေ နင်းနင်းပြီးတော့ သွားမယ်}တဲ့၊ အဲဒီလောက် ဆန္ဒပြင်းတယ်။

သာမန်ဆန္ဒ မဟုတ်ဘူး၊ ဒါ ဆန္ဒာဓိပတိ၊ ဆန္ဒဆိုတဲ့ စေတသိက်တရားက အဓိပတိတရား တပ်လိုက်တော့ စိတ်ကလဲ ဆန္ဒအလိုအတိုင် သွားရမှာပေါ့၊ ဒီလိုများ စကြဝဠာအပြည့် မီးကျီးတွေ နင်းပြီးတော့ သွားနိုင်သလို ဘုရား ဖြစ်တမ်းဆိုင်ရင် သွားမှာပေါ့၊ သွားမှာပေါ့ စိတ်က၊ စိတ်ကတင် မကဘူး၊ ဒိပြင် ယှဉ်ဖက်ဆိုတဲ့ စေတသိက်တွေကလဲ သွားရမှာပေါ့၊ ဒါတင်မကဘူး၊ ဒီစိတ်, စေတသိက်ကြောင့် ဖြစ်တဲ့ရုပ်တွေက ခန္ဓာကိုယ်မှာ ရှိတယ်၊ အို…

ရုပ်ကလဲ{ပူပါစေ,ပူပါစေ၊ ကျက်သွားပါစေလေ၊ ခြေထောက်တွေ ကျက်သွား ပါစေ၊ သွားမှာပေါ့}အဲဒီလောက် ဆန္ဒပြင်းရပါတယ်၊ အဲဒါ ဆန္ဒာဓိပတိ။

တစ်ခါ စိတ်နေရာကျတော့ ပဋိသန္ဓေဆိုတာကို ထပ်ပြောလိုက်ရဦးမယ်၊ ရှေ့ရှေ့အဖို့က နည်းနည်းပြုပြင်မှုကလေး ရှိရတယ်၊ {ဆန္ဒရှိရင် ဘာမဖြစ် ရှိရမလဲ}အဲဒီလို ပြုင်ပြင်မှုနဲ့ ခုလို အားပေးလိုက်တော့ ဆန္ဒဖြစ်လာတယ်၊ အားလုံးထဲမှာ ဆန္ဒက အချုပ်ဖြစ်လာရတယ်၊ အဲဒါ ဆန္ဒာဓိပတိတပ်တယ်၊ နောက်ဖြစ်တဲ့စိတ်တွေ ဆန္ဒာဓိပတိ တပ်ပြီးတော့ ဖြစ်တာပဲ။

တချို့က {ဒီစိတ်က ပျော့ညံ့လို့ပါ၊ စိတ်ထက်သန်လို့ရှိရင် ဘာမဖြစ်ဘဲ ရှိနိုင်ရမလဲ}ဒီလို ပုဂ္ဂိုလ်ကျတော့လဲ စိတ္တာဓိပတိ ဖြစ်လာပြန်ရော။

တချို့ပုဂ္ဂိုလ်က {ဝီရိယ မရှိလို့ပါ၊ ဝီရိယရှိရင် ဘာမဖြစ်ဘဲ ရှိရမလဲ} အဲဒီလို ပုဂ္ဂိုလ်ကျတော့လဲ ဝီရိယာဓိပတိ ဖြစ်လာပြန်ရော။

တချို့ပုဂ္ဂိုလ်က {ပညာမရှိလို့ အသိမရှိလို့ပါ၊ အသိသာ ထက်သန်လို့ ရှိရင် ဘာမဖြစ်ဘဲ ရှိရမလဲ}ဆိုပြီးတော့ ဝီမံသဆိုတဲ့ပညာ, အဲဒီ ပညာကို သူ အားပေးလိုက်တာ ပညာအဓိပတိ ဖြစ်လာပြန်ရော။

အားပေးလို့ ဒီလေးပါးတည်းရတယ်၊ ရှေးရှေးစိတ်က အားပေးလို့ တပ်လာတဲ့ တရားက ဒီလေးပါးပဲရှိတယ်၊ အဲဒါ ဘုန်းကြီးတို့က သဗ္ဗညုတဉာဏ်တော်ကြီးကို အို-သိပ်ပြီးတော့ ဦးတိုက်တာပဲ၊ ကြည့်စမ်း-ကြည့်စမ်း၊ ဒီလေးပါးကို နဂိုက တော့ ခွဲခြားဖို့ အင်မတန် ခက်တယ်၊ ခွဲခြားကြည့်လိုက်တော့မှ ဒီလေးပါးဟာ မြှောက်လို့, ပင့်လို့ အထွတ်အထိပ်, အချုပ်အချာအထိ တိုးတက်အောင် လုပ်လို့ရတယ်၊ ဒိပြင်တရားတွေဟာ ဒီလို တိုးတက်အောင် လုပ်လို့မရဘူး။

ဟော-ဒီလို သိတော်မူတဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကိုလေ ဘုန်းကြီးတို့က တွေးပြီး ကြည်ညိုလိုက်တာ, တွေးပြီးတော့ အားရလိုက်တာ၊ တွေးပြီးတော့ {ဒါ တို့ဘုရား၊ အဲ-ဘုရားစကားကို တို့ နားထောင်ရမှာ}နဲ့ အားရလိုက်တာ, အားရလိုက်တာ၊ နောက် ကျင့်လို့ ရနိုင်တဲ့တရား၊ ဒီ လေးပါးပဲ ရှိတယ်၊ ကျင့်လို့ မြင်လာပြီဆိုတော့ အို…မြင့်မြင့်သွားတာပဲ, မြင့်မြင့်သွားတာပဲ၊ ဒါကြောင့်-

{ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္စျွတိ၊ အို-ဆန္ဒကြီးမားရင် ဘာကိစ္စမဆို မဖြစ်ဘဲ ရှိရမလဲ၊ မအောင်မြင်ဘဲ ရှိရမလဲ} ဝီရိယာဓိပတိတပ်ပုံ။ ။{ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္စျွတိ၊ အိုဝီ ရိယကြီးမားလို့ရှိရင် ဘာမဖြစ်ဘဲ ရှိရမလဲ}။

မဟာဇနကဇာတ်။ ။ ဗုဒ္ဓမြတ်စွာရဲ့ အလောင်းတော်ကလေး ဇနကမင်းသား၊ အားလုံး ကြားဖူးပါတယ်၊ ခမည်းတော်ကြီးရဲ့ တိုင်းပြည် ကို ပြန်ပြီးတော့ယူမည့် ဆန္ဒက ထက်သန်လိုက်တာ၊ အရွယ်က ဘယ်လောက် ရှိမလဲ၊ တစ်ဆယ့်ငါးနှစ်၊ မယ်တော့်ကို မေးတယ်၊ {သားရဲ့ အဖေ ဘယ်သူတုန်း ပြောပါ၊ မယ်တော်က စောစောက လှည့်ပတ်နေတယ်၊ ဒီတော့ အင်မတန် အကြိတ်အနယ်နဲ့မေးတော့ အကြိတ်အနယ်ဆို နို့စို့သလိုပေါ့လေ၊ ကြီးပေမယ်လို့ နို့စို့သလိုလုပ်ရင်း မလွတ်ဘဲနဲ့ နို့ကိုကိုက်ပြီးတော့ ပြော ပြော၊ အမေ ပြော} ဒါနဲ့ မနေသာလို့ {အို-သားရယ် ဘထွေးတော်နဲ့ စစ်ဖြစ်ကြလို့ သားရဲ့ ခမည်းတော် ကျဆုံးသွားတယ်၊ ဒါကြောင့် မယ်တော်က ထွက်ပြေးလာခဲ့တယ်} လို့ ပြောတော့-

{ဒီလို ပြေးရလို့ရှိရင် မယ်တော့်မှာ ဥစ္စာများ မပါဘူးလား}

{ပါတယ်}

{အို-သားကို တစ်ဝက်ခွဲပေးလေ၊ သား သုဝဏ္ဏဘုမ္မိ အရောင်း အဝယ်ကောင်းတဲ့ နေရာမှာ သမုဒ္ဒရာဖြတ်ကျော်ပြီးတော့ သွားမယ်၊ ပစ္စည်းစုမယ်, စစ်သားစုမယ်, ဘထွေးတော်ကို ပြန်တိုက်မယ်}။

လမ်းမှန်တာ, မမှန်တာကိုတော့ ထားပါတော့၊ ဘုန်းကြီးက သိပ်ပြီးတော့ ဂုဏ်ယူတယ်၊ မယ်တော်က ပြောတယ်-

{မသွားနဲ့၊ ဒီ ပါလာတဲ့ ပစ္စည်းဟာ တိုင်းပြည်စစ်သား စုလောက် အောင် ပါတယ်၊ မသွားနဲ့}

{အို-ဒီလို အချောင် မလိုချင်ဘူး}

ဒါနဲ့ ပစ္စည်းစုပေါ့လေ၊ ကူးသန်း, ရောင်းဝယ်ရေးအတွက် ဟိုခေတ် ကတော့ လှေကြီးတွေနဲ့ပေါ့၊ ရွက်လှေကြီးတွေနဲ့ပေါ့၊ ခုနစ်ရာလောက် နိုင်တယ် ဆိုတော့ အလွန်အင်မတန်မှ ကြီးကျယ်တဲ့ ရွက်လေကြီးတွေပေါ့၊ အဲဒါနဲ့ လိုက်သွားလိုက်တာ, လိုက်သွားလို့ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ ခုနစ်ရက် လောက်ကြာတော့ လမ်းမှာ လေတွေ,လှိူင်းတွေက အင်မတန်မှ ကြီးလာပြီး လှိူင်းလာတော့ ဒီရွက်လေကြီးဟာ ဒယ်အိုးနစ် နစ်ရတော့မယ်၊ အဲဒီချိန်မှာ အားလုံးတွေက နတ်တွေ ကိုးကွယ်လိုက်ကြတာ၊ သူတို့ မိဘဆိုင်ရာ နတ်တွေ ကိုးကွယ်ပသကြ၊ ဘုန်းကြီးတို့ ဘုရားအလောင်းက ဘယ်နတ်မှ မတဘူး၊ ဘယ်နတ်မှ တိုင်မတည်ဘူး၊ သဘောပေါ်မှာ ပါလာတဲ့ ပျားရည်နှင့် ပေါက်ပေါက်နဲ့ နယ်ပြီးတော့ စားတယ်၊ ထောပတ်နဲ့ နယ်ပြီးတော့ စားလိုက်တယ်၊ အားရှိ အောင်လို့၊ တစ်ခါတည်း ရွက်လှေကြီး နည်းနည်းမြုပ်တော့ ရွက်တိုင်ထိ်ပ် တက်တာပဲ။

ရွက်တိုင်ထိပ် တက်ပြီးတော့ သူ ကြားဖူး,နားဝအတိုင်း ခမည်းတော်ရဲ့ ပြည်ဟာ ဒီဖက်မှာ ရှိတယ်ဆိုပြီး ဒီ ရွက်တိုင်ထိပ်ဖျားကနေပြီး စွမ်းနိုင်သမျှ လွန်နိုင်သမျှလွန်အောင် ဘုရားအလောင်းတော်ကတော့ ခုန်ပြီးတော့ လက်ပစ်ကူး တာပဲ,ကူးနေတာပဲ၊ သဘောသား ခုနစ်ရာကတော့ ကုန်သည်တွေပေါ့လေ ခုနစ်ရာ ကတော့ မြုပ်လို့, ငါးတွေရဲ့အစာ ဖြစ်ကြပြီး ပတ်ဝန်းကျင်မှ သွေးတွေနီလို့။

ဒီလူတွေစားတဲ့ ငါးတွေကိုတော့ လွန်သွားတာပဲ၊ ကူးနေတာ ဘုန်းကြီး ဂုဏ်ယူတယ်လေ၊ တို့ဘုရား ဆယ့်ငါးနှစ်သား-သတ္တိရှိတယ်၊ ဝီရိယ ရှိတယ်၊ နောက်မဆုတ်ဘူး၊ နောက်တော့ ကြားဖူးနေကြအတိုင်းပေါ့၊ မဏိမေခလာ နတ်သမီးက ခုနစ်ရက်လောက်ကြာမှ သူသိတာနဲ့ ကယ်လိုက်တယ်ဆိုတာတော့ ကြားဖူးကြတာပေါ့၊ အဲဒီကူးနေတုန်းမှာ ဥပုသ်စောင့်လိုက်သေးတယ်၊ ဘုန်းကြီး ကျေနပ်လိုက်တာ, ကျေနပ်လိုက်တာ၊ စားစရာ ဘာမှမရှိတဲ့အပြင် ဥပုသ်စောင့် လိုက်သေးတယ်၊ ပင်လယ်ရေလေးပဲ သောက်မှာပေါ့၊ အဲဒါ ဝီရိယရှိလျှင် ဘာ မဖြစ်ဘဲ ရှိရမလဲလို့ ဝီရိယအဓိပတိ။၁။ ဇာ၊ဋ္ဌ၊ ၆ (မဟာဇနကဇာတ်)နှာ ၄၂-၄။

အဓိပတိတပ်တဲ့ စိတ်ဆန္ဒဟာ ဉာဏ်ရှိတဲ့ယောကျ်ားတွေမှာ ဖြစ်တတ်တယ်၊ သတ္တိမရှိတဲ့သူတွေမှာ မဖြစ်ဘူး၊ အင်မတန် အဖြစ်နည်းပါတယ်၊ ဘုန်းကြီးတို့ ဘုရားအလောင်းမှာတော့ ဘဝပေါင်းများစွာ အဓိပတိတစ်ပါးပါးနဲ့ လာခဲ့တာ၊ ဒီအလုပ် လုပ်တော့မယ်ဆို လုပ်ကိုလုပ်တာပဲ၊ စောစောစီးစီးကလဲ စဉ်းစား ထားတာ၊ တောထွက်မယ်ဆိုတုန်းကလဲ (မဟာဇနကဇာတ်ပဲ)နှစ်ပေါင်း အတော် ကြာတော့ တောထွက်တယ်၊ တားလိုက်တာ သီဝလိဒေဝီ, ယသောဓရာ အလောင်းက တားပေမယ့် ထွက်တာပဲ၊ ထွက်ဖြစ်အောင် ထွက်တာပဲ၊ ဒါကြောင့် သာသနာတော်ကြီး တည်ထောင်တဲ့ပုဂ္ဂိုလ်က ဘဝပေါင်းမပြောနဲ့ ကမ္ဘာပေါင်းများစွာက ဘုရားဖြစ်တော်မူလိုတဲ့ ဆန္ဒတော်အဓိပတိနဲ့ လာခဲ့တာ၊ လုံ့လဝီရိယတွေ အခွင့်သင့်ရာ, အခွင့်သင့်ရာ အဓိပတိနဲ့ လာခဲ့တာ၊ စိတ်တော် ကြီးမား ထက်သန်လိုက်တာ၊ အဓိပတိနဲ့ လာခဲ့တာ။

ဉာဏ်ပညာတော်မှာလဲ ဘဝများစွာ တက္ကသိုလ်ဆရာကြီးများဖြစ်လို့ အဓိပတိ ထိပ်တန်းဖြစ်လာခဲ့တာ၊ ဘုရားအလောင်းက တက္ကသိုလ်ပညာ သင်ပေးတဲ့ ဆရာကြီးတွေ မကြာခဏဖြစ်၊ တက္ကသိုလ်ပညာသင်ရမယ့် တပည့် ဖြစ်တဲ့အခါ မြန်မြန်တတ်၊ ဒီလို ပညာထက်ထက်မြက်မြက် တတ်လာခဲ့တာ၊ ဘုရားဖြစ်မှ{ဗုဒ္ဓံ ပူဇေမိ}မလုပ်ဘူး၊ ဘုန်းကြီးတို့ ဘုရားကို၊ တို့ ဘုရားအလောင်းကို တစ်လျှောက်လုံး ဝိုင်းပြီးတော့ ပါရမီဖြည့်ကြတဲ့ အရှင်အာနန္ဒာတို့, အရှင်အနုရုဒ္ဓါတို့, အရှင် မောဂ္ဂလာန်တို့, အရှင်သာရိပုတ္တရာတို့ ဘုရားရဲ့ ပါရမီ ဖြည့်ဖက်တော်ကြီးတွေ၊ ယသောဓရာတို့, တို့ ဘုရားရဲ့ ပါရမီဖြည့်ဖက်တော်ကြီးတွေ၊ ခေမာထေရီ, ဥပ္ပလဝဏ်ထေရီတို့, တို့ ဘုရားရဲ့ ပါရမီဖြည့်တော်မူဖက်ကြီးတွေ၊ ဘုန်းကြီး အကုန်လုံး ကြည်ညိုတယ်၊ တစ်သာသနာလုံး ကြည်ညိုတယ်။

ပါရမီဖြည့်ဖက်အကုန်လုံးကိုနောက်ဆုံးဘဝကျမှ ကြည်ညိုတာ မဟုတ်ဘူး၊ စောစောကိုက ကြည်ညိုတာ၊ ဒါ့ကြောင့် အဓိပတိဆိုတာဟာ သူ နှင့်အတူဖြစ်တဲ့ စိတ်,စေတသိက်တွေအပေါ်မှာ အချုပ်အချာ,အုပ်စိုးနိုင်တယ်၊ ဒါ့ကြောင့် ဆန္ဒ အဓိပတိဖြစ်ပြီဆို ရုပ်က ဒီဆန္ဒနောက် လိုက်ပြီးတော့ စကြဝဠာတစ်ခုလုံး မီးကျီးတွေ ပြည့်နေတာကို နင်းနိုင်မှ ဘုရားဖြစ်မယ်ဆိုရင် စိတ်က နင်းချင်တိုင်း အနင်းခံတာပဲ၊ အဲဒီလို သတ္တိရှိတယ်၊ ခုနက ဘုရားအလောင်း မဟာဇနက မင်းသားလေး ဆယ့်ငါးနှစ်, ဆယ့်ခြောက်နှစ်လောက်ရှိ၊ ဆယ့်ခြောက်နှစ်ဆို {အို…ဝီရိယရှိ, ဘာတွန့်စရာ ရှိမလဲ၊ ဝီရိယရှိ, ဘာတွန့်စရာ ရှိမလဲ}လို့ စိတ်ဆန္ဒရော, ဝီရိယရော, ရုပ်ကြီးကလဲ မတွန့်ဘူး၊ ပင်လယ်ကြီးထဲမှာ ရဲရဲကူးနေတာပဲ၊ ကျေနပ်လိုက်တာ၊ စိတ်ရော, ရုပ်ရော၊ စိတ်ရော, ရုပ်ရော, ဆန္ဒတော်ရော, ဝီရိယတော်ရော တစ်ခုတစ်ခု အဓိပတိ၊ ပညာတော်ရော တစ်ခုတစ်ခု အဓိပတိတပ်လို့၊ အဲသလို လာခဲ့လို့ ဘုရားဖြစ်တာ။

ဒါကြောင့် ဘုန်းကြီးက ကျောင်းသံဃာတွေကို အကဲခပ်ကြည့်တယ်၊ ဝီရိယ မထက်သန်လိုက်ကြတာနော်၊ သာသနာပြုမှုကိစ္စ စိတ် မထက်သန်လိုက် ကြတာ၊ ပတ်ဝန်းကျင်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ကြည့်တယ်၊ စိတ်မထက်သန် ကြဘူးနော်၊ ငါ့ချည်း ကြိုးစားနေရတာ၊ ငါ့ချည်း ကြိုးစားနေရလို့ အားလျော့ သလားဆိုတော့ မလျော့ဘူး၊ ရှေးပါရမီက ထောက်ကူလို့ရှိရင် ငါမျှော်တဲ့ အတိုင်း ဖြစ်ရမယ်၊ ကိုယ်ကျိုး, ကိုယ်စီးပွား မဟုတ်ဘူး၊ ကိုယ့်ပရိသတ် လက်တစ်ဆုတ်စာကလေးရဲ့ အကျိုးစီးပွား မဟုတ်ဘူး၊ တစ်သာသနာလုံးရယ်, တစ်နိုင်ငံလုံးရယ်၊ ဖြစ်လို့ရှိရင် အများပါ၊ အဲဒီလို မျှော်ပြီးတော့ သာသနာပြုဖို့ ကြိုးစားတာဟာ ဆန္ဒ ဘယ်လောက်များ ပြင်းထန်သလဲ၊ လုံ့လ,ဝီရိယ တစ်ခါတစ်ခါ ဘယ်လောက် ပြင်းထန်သလဲ၊ အသိဉာဏ်တွေ ဘယ်လောက် စိတ်ကူးရသလဲ၊ စိတ်ဟာ ဘယ်လောက် ထက်သန်နေသလဲ၊ ကိုယ့်ကိုယ်ကို ကြည့်ပြီးတော့ ဘုရားပူဇော်လို့ ကောင်းလိုက်တာ၊ ဗုဒ္ဓမြတ်စွာ အဲဒီလို လာခဲ့တာ။

{အရှင်ဘုရား ဗုဒ္ဓမြတ်စွာ အလောင်းတော်ကတော့ အထမြောက်လာခဲ့ တယ်၊ အရှင်ဘုရားစိတ်ကူးတွေကော အထမြောက်ပါ့မလား}ဆိုတော့ ကြည့်လေ ခုရှိနေတဲ့ အခြေအနေကိုပဲ အထမြောက်နေတာ၊ ဒါပေမယ့် ဒါက အများကို ကျေးဇူး မပြုနိုင်သေးဘူး ဆိုပြီးတော့ အားမရတာ၊ အထမြောက်နေတာပဲ၊ ရှေ့ကိုလဲပဲ မြောက်သင့်သလောက် မြောက်မှာပဲလို့ ယုံကြည်ထားတယ်၊ ဒါ့ကြောင့် {ဆန္ဒဝတော-ဆန္ဒရှိတဲ့ ပုဂ္ဂိုလ်မှာ၊ ကိံ နာမ-အဘယ်မည်သော အကျိုးတရားသည်၊ န သိဇ္စျွတိ-မပြီးစီးဘဲ ရှိနိုင်ပါအံ့နည်း}။

အင်မတန် ကောင်းတယ်၊ လုံ့လ, ဝီရိယရှိတဲ့ ပုဂ္ဂိုလ်မှာ ဘာ မပြီးစီးဘဲ ရှိနိုင်ရမလဲ၊ အသိအလိမ္မာ,အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်, ဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ် အတွက် ဘာမပြီးစီးဘဲ ရှိနိုင်ရမလဲ၊ အို…စိတ်ကိုက တစ်စိတ်တည်းထားတဲ့ ပုဂ္ဂိုလ် ဘာမပြီးစီးဘဲ ရှိနိုင်ရမလဲ၊ ဒါကို အဓိပတိပစ္စည်းလို့ ခေါ်တယ်။

အဓိပတိပစ္စည်းဟာ တစ်ကိုယ်လုံး ပါသွားတယ်၊ နားလည်ကြစမ်း နော်၊ အဲ တစ်ခုလောက် အဓိပတိဖြစ်လိုက်လို့ရှိရင် စိတ်တွေ,စေတသိက် တွေ အကုန်လုံး ပါလာတယ်၊ အကုန်လုံး ပါရုံသာ မကဘူး၊ ရုပ်ခန္ဓာ ကိုယ်ကြီးပါ ပါလာပြီး တက်တက်,ကြွကြွ ဖြစ်နေတယ်၊ တက်တက်, ကြွကြွပဲ ဘုန်းကြီးသိပါတယ်၊ ကြည့်ရင် သိပါတယ်၊ မတက်ကြွဘူး ဆိုလို့ရှိရင် ဘာစိတ်တွေလောက်သာ ရှိနေတယ်ဆိုတာကို သိပါတယ်၊ ဒါကြောင့်မို့ သိလွန်းအားကြီးလို့ လူအများနဲ့ ပေါင်းနေရတာက သိပ်မကောင်းလှဘူး၊ နေရာတိုင်း သိနေတယ်၊ သိနေတာက သိတိုင်း လဲပဲ ပြောလို့,ဆိုလို့ သိပ်မကောင်းလှဘူး၊ ဒါကြောင့် အဓိပတိ တရားဆိုတာက ပုဂ္ဂိုလ်,သတ္တဝါ,သူငါ မဟုတ်ပါဘူး၊ တရားဆိုတာ တရားပါပဲ၊ ပုဂ္ဂိုလ်,သတ္တဝါ,သူငါ မရှိပါဘူး။

အဓိပတိပစ္စယော-စကြာဘုန်းငူ, များဗိုလ်လူတို့, ပြိုင်သူမရှိ, စိုးအုပ် ဘိသို့, မိမိဆိုင်ရာ, နာမ်ခန္ဓာဝယ်, ကောင်းစွာစိုးဘိ, သတ္တိရှိသော, အဓိပတိ လေးပါး, သဟဇာတ, ပစ္စည်းတရားနှင့်, မကုန်သေးဘူး၊ အာရမ္မဏာဓိပတိ ဆိုတာက ရှိသေးတယ်၊ တယ်ကောင်းကိုး၊ ဗုဒ္ဓမြတ်စွာကလေ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ကြီးကို မှန်းမျှော်လို့ ရပါတယ်ဆိုတာ မနေ့တုန်းက ဘုန်းကြီး အာရုံ ခြောက်ပါးကို ပြောခဲ့တယ်၊ အဲဒီ အာရုံ ခြောက်ပါးထဲက အဓိပတိတပ်တဲ့ အကုသိုလ်ဆိုင်ရာ အာရုံတချို့ကို ဘုန်းကြီး ပြောပြမယ်။

အာရုံအဓိပတိတပ်ပုံ

မင်းကုသဇာတ်။၁ ။ အာရုံက အဓိပတိတပ်လို့ရှိရင် မနေနိုင်ဘူး, မနေနိုင်ဘူး၊၁။ ဇာ၊ ဋ္ဌ၊ ၅။ (ကုသဇာတ်) နှာ-၃၀၀-၅။

သူများမပြောနဲ့ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာရဲ့ အလောင်း တော်ကြီး ကာမဂုဏ် အာရုံတွေကို မကြာခဏ စက်ဆုပ်လွန်းလို့မို့ တော ထွက်တော်မူ လာတဲ့ အလောင်းတော်ကြီး၊ အဲဒီ ဘဝမှာကိုပဲ မယ်တော်,ခမည်း တော်များက ကုသဝတီတိုင်းပြည်မှာ သားတော်ကုသကို{ထီးနန်းအပ်မယ်၊ သားတော်အတွက် မိဖုရားလိုတယ်၊} {မလိုချင်ဘူး}ဒီလိုလာတာ, ဒီလိုလာတာ၊ {အို-မလိုချင်ဘူး၊ မယ်တော်,ခမည်းတော်တို့ ကွယ်လွန်တဲ့အခါမှာ တောထွက် မယ်၊} အမှန်စိတ်နဲ့ ပြောနေတာ၊, အမှန်စိတ်နဲ့ ပြောနေတာ။

မယ်တော်ကြီးက မလျှော့ဘူး၊ မကြာခဏ {သားတော် မိဖုရားလိုတယ်၊ သားတော်နှစ်သက်တဲ့ မိဖုရားရှာပါ} }မလိုချင်ဘူး, မလိုချင်ဘူး}၊ မကြာခဏ မယ်တော်ကြီး ပူဆာတော့ ရွှေရုပ်အထုခိုင်းတယ်၊ လှပေဆိုတဲ့ ရွှေရုပ်ကလေး ထုထားလိုက်တာ အသက်ဝင်နေသလိုပဲ၊ အဆောင်တော်ထဲ အသာကလေး သိမ်းထား၊ နောက်တစ်ခါ မယ်တော်က ပြောလာပြန်တယ်၊ {ထီးနန်း အပ်ချင်တယ်၊ မိဖုရားရှာပါ} {မယ်တော် ဟောဒီ, ဟောသလောက် လှတဲ့ မိဖုရားဆိုရင်တော့ ထီးနန်းနဲ့ နေမယ်}ကိုး၊ မယ်တော်ကြီးက မလျှော့ဘူး၊ {အောင်မယ် ငါ့သားတော်ရဲ့ ပါရမီဖြည့်ဖက် ရှိရမယ်ပေါ့}ဆိုပြီးတော့ အရှာထွက် တာပဲ။

ပုဏ္ဏားတွေ, လက္ခဏာကောင်းကောင်း ရွေးနိုင်တဲ့ပုဏ္ဏားတွေ ခိုင်းတာပဲ၊ နောက်တော့ မဒ္ဒရာဇ်တိုင်းရောက်တော့ ပဘာဝတီတွေ့တော့ ယှဉ်ကြည့်တယ်ကိုး၊ တကယ့်အရုပ်နဲ့ အသက်ရှိတဲ့သူနဲ့ အလှချင်းတူရင် ဘယ်တူလိမ့်မတုန်း၊ အသက် ရှိတဲ့သူက အတွင်းမှာ စိတ်တွေရှိနေတော့ ဒီစိတ်ရဲ့ ပြုပြင်မှုတွေကြောင့်ပေါ့လေ၊ ပိုပြိးတော့ ကျက်သရေရှိ၊ အဲဒီဟာနဲ့ ပဘာဝတီ မြင်တော့ {ကောင်းပြီ တို့မင်းသားနဲ့ အင်မတန် အဆင်ပြေတာပဲ, အဆင်ပြေတာပဲ}ဆိုတာ တိုင်းကြီး, ပြည်ကြီးမို့လို့၊ ပဘာဝတီ တိုင်းပြည်က ပြည်ငယ်မို့လို့၊ ဒါ ပြောလိုက်တော့ ရှင်ဘုရင်ကြီးက သဘောကျလို့ {ဒီလောက် ကြီးကျယ်တဲ့ တိုင်းပြည်ကြီးက တို့သမီးတော်ကို တောင်းရမ်းယူတယ်လို့}ဆိုတော့ အင်မတန် သဘောကျလို့၊ ဒါပေမယ့် ဘုန်းကြီးတို့ရဲ့ ဘုရားအလောင်းတော်ကြီးက အရုပ်ဆိုးတော်မူလိုက် တာတဲ့။

ဘုန်းကြီးတို့က ဘုရားအလောင်း အရုပ်ဆိုးတော်မူတာဟာလဲ ဂုဏ်ယူ တာပဲ၊ ဘာပြုလို့ အရုပ်ဆိုးတာကို အရှင်ဘုရား ဂုဏ်ယူနိုင်ပါတုန်းဆိုတော့၊ အို…အရုပ်ဆိုးလို့ကို လုံ့လ,ဝိီရိယနဲ့ သိပ်အသုံးပြုလိုက်တာလေ၊ အရုပ်ဆိုးလို့ကို စိတ်တော်တွေ အသုံးပြုလိုက်တာ၊ ကောင်းလိုက်တာမှ၊ အရုပ်သာ မဆိုးလို့ရှိရင် ဒီလောက် လုံ့လ,ဝီရိယကို အသုံးပြုလို့ ရမှာမဟုတ်ဘူး၊ ဒါနဲ့ ပဘာဝတီရောက် လာတော့ မယ်တော်ကြီးက သားတော်နဲ့ အတွေ့မခံစေဘူး၊ အဲ…သားရတနာ တစ်ပါးရမှ သားတော်နဲ့တွေ့ရတယ်၊ ညာဖြန်းပြီးတော့ လုပ်ထားတယ်၊ ဒီလိုနဲ့ နေရာက နောက်တော့ မတတ်သာ,တတ်သာနဲ့ တွေ့ကြတော့ ပဘာဝတီက ဒီလောက်လှတဲ့ အမျိုးသမီးက ဒါလောက်အရုပ်ဆိုးတဲ့သူကို မယူနိုင်ဘူးဆိုပြီး တော့ တစ်ခါတည်း သူ့ နောက်လိုက် နောက်ပါတွေနဲ့ ထွက်သွားတာပဲ။

အလောင်းတော်ကြီးက ကြည့်နေတယ်လေ၊ မသွားပါနဲ့ဆိုရင် မသွားဝံ့ ပါဘူး၊ ထွက်သွားဦးတော့ ဟို တိုင်းပြည်ကိုလိုက်ပြီးတော့ လွယ်လွယ်ကလေးနဲ့ ပြန်ယူရင်ရတယ်၊ ဟိုက ခမည်းတော်,မယ်တော်များက ချော့ချော့မော့မော့ ပြန်ထည့်ရမှာ။

မဟုတ်ဘူး၊ အလောင်းတော်ကြီးက သူ့ခမျာ စိတ်ဆင်းရဲ သွားရှာလိမ့်မယ်၊ မသွားနဲ့ဆိုလို့ရှိရင် စိတ်ဆင်းရဲ သွားရှာလိမ့်မယ်၊ သွားပေစေ,သွားပေစေ၊ကဲလေ ဒီဝတ္ထုကို ပြောလို့ရှိရင် ဒါနဲ့ အချိန်ကုန်သွား လိမ့်မယ်၊ ပဘာဝတီရဲ့ ရူပါရုံအဆင်းက အဓိပတိတပ်နေတော့ ဘုန်းကြီးတို့ ဘုရားအလောင်းကြီး မနေနိုင်ဘူး၊ လိုက်ကိုလိုက်ရတယ်၊ ခုနစ်လလောက် အဆင်းရဲခံပြီးတော့ နေရ တယ်၊ ပဘာဝတီရဲ့ ရူပါရုံအဆင်းက အဓိပတိတပ်နေလို့၊ အတော်ဆန်းတာ, အတော်ဆန်းတာ၊ သာမန် မင်းသမီးမျိုးလောက်ဆိုရင် ဘာ အရေးကြီးတုန်း၊ ယခုတော့ ကမ္ဘာမှာ ပြိုင်ဖက်မရှိ လှတဲ့ မင်းသမီးဖြစ်နေလို့မို့ အဓိပတိ တပ်တဲ့ ရုပ်ကြောင့်, ရုပ်အဆင်းကြောင့် ဘုရားအလောင်းတော်ကြီး ဒုက္ခတွေ ခံပြီးတော့ လိုက်ရပါတယ်။

အကုသိုလ်အဓိပတိတပ်ပုံ။ ။ အကုသိုလ်နေရာမှာ အဓိပတိ ဒီလောက်ကြီးမား တယ်နော်၊ တစ်ခုပြောဦးမယ်၊ ဒီလိုဟာတွေ အကုန်လုံးရှိတယ်၊ တချို့က သဒ္ဒါရုံ အင်မတန်နှစ်သက်တတ်တဲ့ အလေ့အထ ရှိလို့ရှိရင် သဒ္ဒါရုံ အသံကောင်းကောင်းနဲ့၊ ဟို ဂုတ္တိလစောင်းသံ ကြားတော့ ပြည့်တန်ဆာမ မနေနိုင်,မထိုင်နိုင်ဖြစ်ပြီးတော့ သူ့အိမ်တော်ပေါ်က ဆင်းလိုက် လာတာ၊ ဒါ လှေခါးပဲလို့ ဆင်းလိုက်တာ ပြူတင်းပေါက်က ဆင်းမိလို့ ကျပြီး တော့ ဒုက္ခဖြစ်ရတယ်၁။ အံ၊ ဋ္ဌ၊ ၁။ နှာ-၂၁။၊ ဒါ ဒီ အသံဟာ ဘယ်လောက် စွဲသွားတုန်း။

ပဉ္စပါပီအကြောင်း၂။ ။ ဇာ၊ ဋ္ဌ၊ ၅၊ နှာ-၄၇၅။ အတူတူပါပဲ၊ တချို့လဲ အရသာဟာ အငမ်းမရ မစားရ မနေနိုင် ဖြစ်ကြရတယ်။

တစ်ခုပြောဦးမယ်၊ ပဉ္စပါပီဆိုတဲ့အမျိုးသမီး သူ့ရုပ်ကြည့်လိုက်ရင် အရုပ် ဆိုးလိုက်တာမှ ဘာလောက်မှ မတန်ဘူး၊ သူတို့မိဘများကလဲ သိထားတယ်၊ တို့သမီးတော့ ဒီဘဝ ယောကျ်ားရတော့မှာ မဟုတ်ဘူးလို့သိထားတယ်၊ အရုပ် ဆိုးလိုက်တာက လွန်နေတာကိုး၊ ဒါနဲ့ သူက ကစားတဲ့အရွယ်၊ အင်း…ဆယ့်လေး, ငါးနှစ် ဖြစ်ချင်, ဖြစ်မှာပေါ့၊ အင်း…ဆယ့်ခြောက်နှစ်လောက်, ဘယ်လောက် ဖြစ်ချင်, ဖြစ်မှာပေါ့၊ ကစားတဲ့အရွယ်၊ ရှင်ဘုရင်ကလဲ တိုင်းပြည်ကို လိုက်ပြီး တော့ စုံစမ်းတဲ့အချိန်၊ ငါ့ကို တိုင်းပြည်က ဘယ်လိုများ မြင်နေကြပါလိမ့်မတုန်း၊ ငါအုပ်ချုပ်တာ တိုင်းပြည်က သဘောတူမှ တူပါ့မလား၊ လိုက်ပြီးတော့ ကိုယ်တိုင်, ကိုယ်ကျ စုံစမ်းတာကိုး၊ တစ်ယောက်ထဲထွက်ပြီးတော့ စုံစမ်းရာက ကလေးတွေက ကစားတော့လဲ တောင်ပြော,မြောက်ပြော ပြောတတ်တာမို့ အဲဒီနားလဲ မယောင် မလည် ရှင်ဘုရင်က အရပ်သားလုပ်ပြီးတော့ သွားတော့ ပြေးရင်းလွှားရင်း, ကစားရင်းက ပဉ္စပါပီရဲ့လက်နဲ့ ရှင်ဘုရင်ရဲ့လက်ကို သွားပြီးတော့ ထိမိတယ်။

ရှင်ဘုရင်ကြီး ဘယ်နှယ် ဖြစ်သွားမှန်း မသိဘူး၊ အထိအတွေ့၊ ဒါနဲ့ သေသေ ချာချာမေးတယ်၊ {မင်း ယောကျ်ားများရှိသလား} သူက ယောကျ်ားရဖို့က တစ်သက်လုံး မမျှော်တဲ့မိန်းမ၊{မရှိပါဘူး}၊{ဒါဖြင့်ကွယ် ငါက မင်း လက်ထပ် ပါရစေ}၊ {အဖေ့ သွားပြောဦးမယ်}သွားပြော၊ အဖေကလဲ မမျှော်လင့်တာလား၊ ဘာမှ မရွေးဘူး, ဘာမှ မရွေးဘူး၊ ယောကျ်ားရမယ်ဆိုတော့ ကျေနပ်လို့၊ ရှင်ဘုရင်ကလဲ ပဉ္စပါပီထံ လာရှာတယ်၊ နေ့တိုင်း,ညတိုင်း လာရှာတယ်၊ သူ ဘယ်သူရယ်လို့တော့ မပြောဘူး၊ လာနေတာပဲ၊ သူ့ရဲ့အထိအတွေ့က အဓိပတိ တပ်မနေဘူးလား၊ ဖောဋ္ဌဗ္ဗာရုံ အဓိပတိ။

အဲဒီတော့ မနေနိုင်ဘူး၊ ရှင်ဘုရင်ကြီး လာနေရရှာတယ်၊ ရှင်ဘုရင်ကြီးက စဉ်းစားတယ်၊{ညတိုင်း ငါ ဒီလို လာနေလို့လဲ မဖြစ်ဘူး၊ နန်းတော်သို့ ဆောင် ဦးမှပဲ၊ နန်းတော်ရောက်တဲ့နည်း လုပ်ဦးမှပဲ}ဆိုပြီးတော့ သန်လျက်ကို ယူလာ ပြီးတော့ ရှင်ဘုရင်က အဲဒီ အဆောင်မှာ သူနဲ့နေတဲ့ ခုတင်အောက် ပဉ္စပါပီရဲ့ အိပ်ရာခန်းထဲမှာ ထားခဲ့တယ်၊ နက်ဖြန်ခါကျတော့ {ပျောက်တယ်,ပျောက်တယ်, သန်လျက် ပျောက်တယ်၊ ရှာကြ, ရှာကြ, ရှာကြ}၊ တစ်ခါတည်း တစ်မြို့လုံး လည်ရှာလိုက်တာ{ဟော…မတွေ့ဘူး, မတွေ့ဘူး}၊ မင်းတို့ကွယ် အိပ်ခန်းရော, ဘာရော မချန်ပါနဲ့၊ အကုန်လုံး လိုက်ရှာ၊ မတွေ့လို့ ဘယ်ဖြစ်မလဲ၊ ဘာညာနဲ့ ရှင်ဘုရင်ကြီးက ဒါနဲ့လိုက်ရှာတော့ ခုနက ပဉ္စပါပီရဲ့အဆောင်က တွေ့ရော၊ {ဟာ…ဒီမှာ တွေ့ပြီ, တွေ့ပြီ၊ နေပါဦး နင် ဘယ်က ရသလဲ}၊ {ကျုပ် ဘယ်က ရတယ်လို့, ကျုပ်တော့ မသိဘူး၊ ကျုပ်ယောကျ်ား ပါလာတာပဲ}

{ဟာ…နင့်ယောကျ်ား ခိုးတာပဲ}

{မသိဘူး…}

{နင့်ယောကျ်ား နင် ဘယ်ကလို့ သိသလား}

{ဘယ်ကရယ်လို့တော့ မသိဘူး၊ ညညကျမှ လာတာပဲ၊ ကျုပ်လဲ မပြောတတ်ဘူး}

{ဘာ အထိမ်းအမှတ် ရှိတုန်း}

{လက်တော့ စမ်းကြည့်ရတယ်၊ ကျုပ်ယောကျ်ားရဲ့ လက်တော့ မှတ်မိတယ်}

ဒါနဲ့ သူ့ခေါ်လာပြီးတော့ နန်းတော်တွင်း လုံပေ့ဆိုတဲ့အခန်းထဲမှာ ဘေးက အကာတွေ, ဘာတွေ ကာပြီးတော့ အပေါက်ကလေးတစ်ပေါက် ဖောက်ထား တယ်၊ သန်လျက်နဲ့ဆိုတော့ နန်းတော်နဲ့ ဆိုင်လာပြီးကိုး၊ ကဲ…နန်းတော်ထဲက မှူးသော, မတ်သော, မင်းသားသော, ဘာသော မလုပ်ကြနဲ့၊ ဒီ သူခိုးတော့ ရှာရတော့မှာပဲလို့ ဆိုပြီးတော့၊ အင်း…အမတ်တစ်ယောက်က လက်ကလေး ထိုးပေးလိုက် ပဉ္စပါပီက လက်စမ်းကြည့်၊ {မဟုတ်ဘူး, မဟုတ်ဘူး}လို့ ပြောတယ်၊ ဒီအမတ်က တစ်ခြား မသွားဘူး၊ သူခိုး မပေါ်လျှင် ငါ သူခိုးလို့ ပြောမယ်၊ ငါ သူခိုးလို့ ပြောပြီးတော့ ဒီဒဏ်ထမ်းပြီးတော့, ဒီမိန်းမ ငါယူမယ်၊ ကဲ…ဘယ်လောက်အထိ ဟိုသူက လက်စမ်းခံနေရတာ၊ သူကလဲ ကျေနပ်လို့၊ သူခိုး ငါ လုပ်ပါ့မယ်၊ ဒီ သူခိုးတော့ ငါလုပ်ပါ့မယ်၊ မသွားဘူး၊ သွားကြ, သွားကြလို့ ပြောလဲ မသွားဘူး၊ ဟိုကလဲ လက်စမ်း၊ ဒီ သူခိုးတော့ ငါလုပ်မယ်၊ မင်းသားတွေကလဲ ဒီ သူခိုးတော့ ငါလုပ်မယ်။

ဟင် ဘယ်သူတွေ တစ်နန်းတော်လုံး ဆိုင်ရာတွေကလေ၊ သန်လျက်နဲ့ ဆိုင်ရာတွေက {ဒီသူခိုး တော့ ငါ, ငါပါလို့ပြောမယ်၊ ဟုတ်ဟုတ်,မဟုတ်ဟုတ် ငါပါပဲလို့ ပြောမှာ}အပြစ်ကလေး နည်းနည်းပါးပါး ရပြီးလို့ရှိရင် ရမှာ၊ အာ…

သဘောကျလို့၊ သဘောကျဆို, မသွားဘူးဆို, ယောင်လည်ပေါင်လည်နဲ့၊ နောက်တော့ တစ်နန်းတော်လုံးကုန်ပြီ၊ {အရှင်မင်းကြီးတစ်ပါးပဲ ကျန်တော့တယ်} ရှင်ဘုရင်ကြီးက ပြုံးစိစိနဲ့ တို့များ သူခိုးဖြစ်နေမလား၊ ဒုက္ခပါပဲ ဘာညာဆိုပြီးတော့ လက်ကလေးကို ထိုးပေးလိုက်တယ်၊ ပဉ္စပါပီကလဲ စမ်းကြည့်လိုက်ပြီး {ဟော ဒါပဲ ကျမယောကျ်ား, ဟောဒါပဲ ကျမယောကျ်ား}ဆိုတော့ ရှင်ဘုရင် ကြီးက ပြုံးပြီးတော့ ထွက်လာခဲ့တယ်။

{သင်တို့ နေစမ်းပါဦး၊ သူက လက်စမ်းကြည့်တော့ သင်တို့ ဘယ်နှယ် ဖြစ်သတုန်း၊ စိတ်ထဲရှိတာ ပြောစမ်းပါ, ပြောစမ်းပါ, မှန်မှန် ပြောစမ်းပါ}လို့ ရှင်ဘုင်က မေးတော့ {ကျုပ်တို့က သူခိုး မပေါ်လို့ရှိရင် ကျုပ်တို့က ခံမလို့}

{အေးငါလဲ ဒါကြောင့် မနေနိုင်, မထိုင်နိုင်လို့ သူနဲ့ တွေ့မိမှဖြင့် ဒီလိုကို ဖြစ်နေလို့}

{တန်ပါတယ်, အရှင်မင်းမြတ်နဲ့ တန်ပါတယ်}

နန်းတော်ကို ရောက်လာတာပဲ၊ မိဖုရား မြှောက်လိုက်ရတာပဲ၊ ရုပ်ကတော့ နှစ်ပြား မဟုတ်ဘူး၊ သူကတောင် ပြန်အမ်းရလိမ့်ဦးမယ်၊ သူ့ရုပ်က အဖိုးကို မတန်ဘူး၊ သူကကို ပြန်အမ်းရဦးမှာ၊ အဲဒီ ဖောဋ္ဌဗ္ဗာရုံ အဓိပတိကြောင့် ဖြစ်ပုံ, ဖြစ်ပုံ၊ ဒါက ဒီ အကုသိုလ်ဖြစ်တဲ့ အခန်းမှာတော့ အာရုံတွေက အဓိပတိတပ်လို့ ရှိရင် မနေနိုင်, မထိုင်နိုင် ဖြစ်ကြရတယ်လို့ဆိုတာ ဒီ အဓိပ္ပာယ်ကို ပြောတာ။

ကုသိုလ်နဲ့ စပ်လာတော့လဲ အဓိပတိတပ်ပြန်တယ်၊ ဘုန်းကြီးတို့ တရား တော်က အင်မတန်မှ စုံစုံလင်လင် ကောင်းတယ်၊{နေဦး…ဒီနတ်တွေရဲ့, နတ်သမီးတွေရဲ့ အတွေ့အထိကလဲ သိပ်ကြီးကျယ်ဟန် တူတယ်နော်}၊ တချို့ နတ်သားတွေဟာ နတ်သမီးတွေနဲ့ ပျော်ပြီးနေလိုက်ကြတာ ဘယ်လောက်ပျော် တုန်းလို့ဆိုတော့ စားချိန်, သောက်ချိန်ကို မေ့တာပဲ၊ ဒီအချိန် တို့စားချိန် နတ်သုဒ္ဓါ စားဦးမှပဲ၊ အဲဒီ စိတ်ကို မေ့ပြီးတော့ နတ်သမီးတွေနဲ့ ပျော်နေ ရှာကြတာ၊ ဘယ်လောက် အဓိပတိတပ်သလဲ၊ နောက်တော့ ပျော်ပြီးလို့ စားမလို့ ကြည့်လိုက်တော့ ဝမ်းမီးက သိပ်တောက်လာပြီ၊ ဘယ်လောက် စားစား မရတော့ဘူး၊ တစ်ခါတည်းကို ဝမ်းမီးလောင်ပြီးတော့ သေကို သေ တာပဲ၊ ဒီတော့ ဘုန်းကြီးတို့က တွေးတယ်၊ နတ်ပြည်တော့ နတ်သမီးတွေရဲ့ အတွေ့ဟာ မေ့လောက်အောင်ကို ကောင်းနေပြီ။

အဓိပတိမှ အကြီးအကျယ် အဓိပတိတပ်နေပြီ၊ သေလောက်တာပဲ, သေကို သေတာပဲ နတ်သားတွေ၊ ဒီတော့ ဘုန်းကြီးက မကောင်းတဲ့ နေရာမှာသာ ဒီအရသာ ရှိသလားဆိုတော့ ကောင်းတဲ့ဖက်ကလဲ ဘုန်းကြီးတို့ ဘုန်းတော် ကြီးတွေ ရှင်အာနန္ဒာရဲ့ ဆရာ ရှင်ဗေလဋ္ဌသီသ ရဟန္တာဖြစ်ပြီးသား၊ ရဟန္တာ ဖြစ်ပြီးတော့ နိဗ္ဗာန်ကို အာရုံပြု, သမာပတ်ဝင်စား၊ နိဗ္ဗာန်အာရုံပြု, သမာပတ် ဝင်စား ဒီလိုနေတာ၊ ခန္ဓာကိုယ်ကတော့ မစား, မသောက်ပဲနဲ့ မဖြစ်ဘဲကိုး၊ ဒီတော့ ဆွမ်းကလေး သန့်သန့်လေးကို အခြောက်လှန်းထားတယ်၊ ဘုန်းကြီးတို့, ဘုန်းကြီးတို့ ရာဇဝင် အဆက်ဆက်ကလေ အခြောက်လှန်းပြီးတော့ မစားမဖြစ်တဲ့ အချိန်ကျလို့ရှိရင် အဲဒီဆွမ်းခြောက်ကလေး ရေနဲ့ နှူးပြီးတော့ စားတယ်၊ ပြီးတော့ သမာပတ် ဝင်စားပြန်တယ်။

၁။ ဓမ္မ၊ ဋ္ဌ၊ ၁။ နှာ-၃၈၆။

သမာပတ် ဝင်းစားတယ်ဆိုတာ နိဗ္ဗာန်အာရုံ ပြုနေတာ၊ အမြင်အားဖြင့် တော့ အိပ်နေတယ်လို့ ထင်ချင်ထင်မယ်, အမြင်အားဖြင့်တော့ သေနေတယ်လို့ ထင်ချင် ထင်မယ်၊ မှိန်းလို့၊ စိတ်တော်က ဘယ်အာရုံရောက်နေသလဲဆိုတော့ အဲဒီနိဗ္ဗာန် အာရမ္မဏာဓိပတိအာရုံထဲမှာ၊ ကောင်းတဲ့အာရုံထဲမှာ ထိပ်တန်းအကျ ဆုံးပဲ၊ တစ်ခါ နည်းနည်းကလေး မစား,မဖြစ်ဘူးဆိုတော့ ခုနက ထမင်းခြောက် ကလေး နှူးပြီး စားနေပြန်ရော၊ နိဗ္ဗာန်အာရုံပြု, သမာပတ် ဝင်စားနေပြန်တာပဲ၊ ဘယ်လောက်ကောင်းသလဲလို့ မပြောနဲ့တော့၊ နိဗ္ဗာန် ဘယ်လောက်ကောင်းသလဲ, နိဗ္ဗာန်ကောင်းတဲ့အကောင်းကို မသိကြလို့၊ မလိုလဲ,လိုလဲ နိဗ္ဗာန် မြန်မြန် ရရ ပါလို၏ဆိုတာ အလကား၊ မြန်မြန်လဲ ရမှာမဟုတ်ဘူး၊ နှေးနှေးလဲ ရမှာ မဟုတ်ဘူး၊ ဒီလူတွေဟာလေ သိလာ၊ နိဗ္ဗာန်၏ အရသာကို မသိဘဲနဲ့ ဟန်လုပ်ပြီးတော့ ဆုတောင်းနေကြတာ၊ တကယ်လဲ မလုပ်ချင်ဘဲနဲ့ ဆုတောင်း နေကြတာ။

အဲဒါကြောင့် နိဗ္ဗာန်ရဲ့ အာရမ္မဏာဓိပတိ ဖြစ်ပုံဟာလေ အင်မတန်ကို ကောင်းပြီးတော့ နေလို့မို့ ခုနက အရှင်မြတ်တွေ နိဗ္ဗာန်ကို မကြာခဏ အာရုံ ပြုပြီးတော့ သမာပတ် ဝင်စားတော်မူကြတယ်၊ ဗုဒ္ဓမြတ်စွာကတော့ မပြော ပါနဲ့တော့၊ ဒီလို ပရိသတ်ကြီးနဲ့ တရားဟောပြီးတော့ နေရော, ပရိသတ်က ဗုဒ္ဓဟောတော်မူတဲ့ တရားကို စဉ်းစားပြီးတော့ တစ်မိနစ်လောက် ရှိနေတဲ့အချိန် လေးမှာ ဗုဒ္ဓမြတ်စွာက အဲဒီ တစ်မိနစ်လောက်ကို အချိန်အပို မခံဘူး၊ နိဗ္ဗာန် အာရုံပြုပြီးတော့ သမာပတ် ဝင်စားတော်မူတယ်။

{ဒီလောက်ကောင်းတယ်, ဒီလောက်ကောင်းတယ်}

တစ်ခါ ပရိသတ်က တရားဟောပြီးရင် သာဓု-သာဓု-သာဓု သုံးကြိမ်ခေါ် ကြတဲ့အချိန် တစ်စက္ကန့်ကလေးမှာ အဲဒီ အချိန်မှာတောင်မှ ဗုဒ္ဓရဲ့စိတ်တော်ဟာ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ သမာပတ် ဝင်စားတော်မူတယ်၊ အဲသလောက် ကောင်းတယ်ကိုး, အဲသလောက်ကောင်းတယ်၊ နိဗ္ဗာန်ကောင်းရုံသာ မဟုတ် သေးဘူး၊ ဘုန်းကြီးတို့ ပုထုဇဉ်နယ်က ကြည့်လို့ရှိရင် တစ်ခါတစ်လေ ကုသိုလ် သိပ်ရတယ်၊ ဘုရားရှိခိုးနေတုန်းမှာဖြစ်ဖြစ်, ဘုရားပန်း လဲ နေတုန်းမှာဖြစ်ဖြစ် ကုသိုလ်တွေ သိပ်ရတယ်၊ အဲဒီ ကုသိုလ် မယူပဲ မနေနိုင်ဘူး၊ ဘာပြုလို့တုန်း {ကောင်းလွန်းလို့, ကောင်းလွန်းလို့} {ဒီကုသိုလ်က အေးလိုက်တာ} {ဟာသွားစရာရှိတော့လဲ ဒီကုသိုလ် ယူသွားရဦးမယ်}၊ နိဗ္ဗာန်လောက်တောင် မဟုတ် သေးဘူး၊ လောကီမှာရှိတဲ့ ဒီလောကီစိတ်ကိုပဲ အပျောက်မခံနိုင်ဘူး၊ ဒီအချိန်ဟာ တရားနှလုံးသွင်းတဲ့ အချိန်ဆိုရင် တရားအာရုံပြုရမှ အရသာ ရှိနေတယ်ကိုး၊ အရသာက ရှိနေတယ်, အရသာက ဘယ်လိုရှိနေတုန်း၊ ဒီလို အာရုံပြုနေရတုန်း လဲ စိတ်က အေးချမ်းတယ်၊ နောက်အကျိုးရှိတဲ့ အချိန်ကျတော့လဲ ကောင်းတဲ့ အကျိုးရတယ်၊ အဲဒီလို မြင်နေတော့လေ ဥပုသ်စောင့်ရတဲ့ အချိန် ကျတော့ ဥပုသ်ကို စောင့်ကို, စောင့်ဦးမယ်၊ တရားထိုင်တဲ့ အချိန်ကျတော့ တရား ထိုင်ကို, ထိုင်ရမယ်၊ ဘုရားရှိခိုးတဲ့ အချိန်ကျ ဘုရားရှိခိုးကို, ရှိခိုးရမှ၊ ဒါ ဘာပြုလို့တုန်းဆိုတော့ အရသာ ရှိတယ်၊ အာရမ္မဏာဓိပတိဆိုတာ ကုသိုလ် စိတ်ထဲမှာ ရှိနေတယ်၊ တစ်ခါတလေများပေါ့လေ အဓိပတိတော့ မဆိုနိုင်ပါ ဘူး၊ တရားအာရုံပြုရင်း ပီတိတွေဖြစ်လို့ နှစ်သက်နေလိုက်တာလေ။

သုညာဂါရံ ပဝိဋ္ဌဿ, သန္တစိတ္တဿ ယောဂိနော၊

အမာနုသီ ရတီ ဟောတိ, သမ္မာ ဓမ္မံ ဝိပဿတော။၁။ ဓမ္မပဒ၊ နှာ-၆၇။

သုညာဂါရံ-မြို့ရွာအူသံ,မဆူညံဘဲ,လူသံတိတ်ချိန်,ဆိတ်ငြိမ်သောကျောင်းသို့၊ ပဝိဋ္ဌဿ-မခေါ်အပို, ဖော်မလိုဘဲ, တစ်ကိုယ်တည်းပင်, ကပ်ဝင်၍နေသော၊ သန္တစိတ္တဿ-လောကီရေးရာ, ဗျာပါမဖက်, ငြိမ်သက်တည့်မတ်, စိတ်ကောင်း စိတ်မြတ်ရှိသော၊ ယောဂိနော-ဘာဝနာကမ္မဋ္ဌာန်း, လုံးပမ်းကြိုးကုတ်, အားထုတ် သောပုဂ္ဂိုလ်၏၊ သမ္မာ-မဖောက်မပြန်, ဟုတ်မှန်စွာ၊ ဓမ္မံ-တေဘူမက, သခါရ ဟု, ရုပ်နာမ်အစုကို၊ ဝိပဿတော-ဖြစ်ပုံပျက်ဟန်, အချက်မှန်အောင်, နက်သံစေ့ငု, ကြည့်ရှုဆင်ခြင်လိုက်သည်ရှိသော်၊ အမာနုသီ-ကာမဂုဏ်ထူထပ်သည့်, လူနတ်မွေ့ လျော်, အပျော်မျိုးနှင့်မတူသော၊ ရတိ-ဘာဝနာဖြစ်ချက်, မပစ်ရက်အောင်, နှစ်သက်မွေ့လျော်, ထူးကဲသော အပျော်မျိုးသည်၊ ဟောတိ-ဉာဏ် အဟုန်မြူး, မကြုံဖူးအောင်, အထူးအထွေ, ဖြစ်ပေါ်၍ လာတတ်ပေသတည်း။

သာဓု…သာဓု…သာဓု

ကောင်းလိုက်တဲ့ စိတ်, မပြောနဲ့တော့၊ ခုနက နတ်ပြည်က နတ်တွေဟာ အစာမေ့လောက်အောင် လောကီရေးရာ ပျော်ပြီးတော့နေသလို ဘုန်းကြီးတို့ တရားရေးရာကလဲလေ အေးလို့, ငြိမ်းလို့၊ ဒီ အချိန်ကလေးဟာ {သုညာဂါရံ- မြို့ရွာအူသံ, မဆူညံဘဲ, လူသံတိတ်ချိန်, ဆိတ်ငြိမ်သောကျောင်းကလေးသို့…} ကမ္မဋ္ဌာန်းကျောင်းကလေးပေါ့၊ {ပဝိဋ္ဌဿ-မခေါ်အပို, ဖော်မလိုဘဲ, တစ်ကိုယ် တည်းပင်, ကပ်ဝင်၍နေသော…} တစ်ယောက်တည်း ကမ္မဋ္ဌာန်းကျောင်းထဲ၊ {သန္တစိတ္တဿ-လောကီရေးရာ, ဗျာပါမဖက်, ငြိမ်သက်တည့်မတ်, စိတ်ကောင်း စိတ်မြတ်ရှိသော…}လောကီအာရုံတွေ ဂရုမရိုက်ပါဘူး, ဂရုမစိုက်ပါဘူး၊ လောကီအာရုံတွေ ဆွဲသွင်းတောင် မဝင်နိုင်ပါဘူး၊ တကတဲ ယောဂီစိတ်၊ တကယ့် သူတော်ကောင်းစိတ်နဲ့{သန္တစိတ္တဿ-လောကီရေးရာ, ဗျာပါမဖက်, ငြိမ်သက်တည့်မတ်, စိတ်ကောင်း စိတ်မြတ်ရှိသော၊ ယောဂိနော-ဘာဝနာ ကမ္မဋ္ဌာန်း, လုံးပမ်းကြိုးကုတ်, အားထုတ်သော ပုဂ္ဂိုလ်၏၊ သမ္မာ-မဖောက် မပြန်, ဟုတ်မှန်စွာ၊ ဓမ္မံ-တေဘူမက, သခါရဟု, ရုပ်နာမ်အစုကို၊ ဝိပဿတော- ဖြစ်ပုံ ပျက်ဟန်, အချက်မှန်အောင်, နက်သံစေ့ငု, ကြည့်ရှုဆင်ခြင်လိုက်သည် ရှိသော်}၊ ဆင်ခြင်ကြည့်လိုက်တာ, စိတ်ထဲ ရှင်းလိုက်တာ၊ စိတ်ကို ကြည်လို့၊ အနိစ္စ, အနိစ္စ, အနိစ္စ၊ အနိစ္စထင်လို့ ကောင်းလိုက်တာ၊ ဒုက္ခ, ဒုက္ခ, ဒုက္ခ၊ အမြဲခံနေရတဲ့ ရုပ်နာမ်တွေ၊ ဒုက္ခ,ဒုက္ခ,ဒုက္ခ၊ အနတ္တ အကောင်အထည် ဘာမှ မရှိဘူး၊ ဘယ်သူ ဖန်ဆင်းတဲ့သူမှ မရှိဘူး၊ အား…ဒါတွေကြည့်ပြီးတော့, တွေးလိုက်တော့ ဉာဏ်တွေက ရှင်းလို့၊ စိတ်က မြူးလို့၊ အဓိပတိတွေ, ဉာဏ် တွေ ဖြစ်လို့၊ အဲဒီကျမှ နတ်သားတွေပျော်တဲ့ အပျော်မျိုးဟာ လောကီဖက်က အပျော်မျိုးပဲ၊ လောကီဖက်က ပျော်သလိုပဲ သူတော်ကောင်းရဲ့စိတ်လဲ ပျော်လိုက် တာ၊ တကတဲ နတ်များအပျော်နဲ့ကို မတူဘူး၊ အင်မတန် ကြီးကျယ်တဲ့ အပျော် မျိုး ဖြစ်လာပါတယ်တဲ့၊ ဒါကြောင့် ဘုန်းကြီးတို့ဖက်ကလဲ ဘုန်းကြီးတို့ နည်းလမ်းနဲ့ ပျော်စရာတွေ အင်မတန် ရှိတယ်၊ အဲဒီလို အထက်တန်းရောက်လာမှ အောက်တန်းကနေလို့တော့, တယ်…မပျော်နိုင်ပါဘူး၊ ဒါကြောင့် ဘုန်းကြီးတို့ တရားဖက်ကလဲ သူ့နည်းသူ့ဟန်နဲ့ ပျော်စရာ အင်မတန်ရှိလို့မို့ ဗုဒ္ဓမြတ်စွာက အာရုံအားဖြင့်လဲ အာရမ္မဏာဓိပတိဆိုတာ ရှိတယ်၊ ဆန္ဒ,ဝီရိယ,စိတ္တ, ဝီမံသဆိုတဲ့ လေးမျိုးအားဖြင့်လဲပဲ သဟဇာတာဓိပတိလို့ လေးမျိုးရှိတယ်။

အဲဒီလို အာရမ္မဏာဓိပတိ, သဟဇာတာဓိပတိနှစ်ပါးကို ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်နဲ့သာ ဟောတော်မူတယ်၊ တရားတော်ကို အကြောင်းပြုပြီးတော့ ဗုဒ္ဓမြတ်စွာကို ဘုန်းကြီးက အင်မတန် ဝမ်းမြောက် ဝမ်းသာနဲ့ ဖူးမြော် ရမယ်နော်။

အဓိပတိပစ္စယော-စကြာဘုန်းငူ, များဗိုလ်လူတို့, ပြိုင်သူမရှိ,အုပ်စိုး ဘိသို့, မိမိဆိုင်ရာ, နာမ်ခန္ဓာဝယ်, ကောင်းစွာစိုးဘိ, သတ္တိရှိသော, အဓိပတိလေးပါး, သဟဇာတ, ပစ္စည်းတရားနှင့်, ခြောက်ပါးအာရုံ, အဖုံဖုံသော, အာရမ္မဏာဓိပတိ, ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ် သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပေသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူသော, မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား။

သာဓု…သာဓု…သာဓု။

၄။ အနန္တရပစ္စယော (အနန္တရပစ္စည်း)

သဟဇာတာဓိပတိပြီးတော့ အနန္တရပစ္စည်းကို ဘုန်းကြီးတို့ သွားကြဦးစို့၊ စက္ခုဝိညာဏဓာတု-စက္ခုဝိညာဏဓာတ်သည်လည်းကောင်း၊ တံသမ္ပယုတ္တကာ- ထို စက္ခုဝိညာဏဓာတ်နှင့် အတူယှဉ်ဖက် ဖြစ်ကုန်သော၊ ဓမ္မာစ-စေတသိက် တရားတို့သည်လည်းကောင်း၊ မနောဓာတုယာစ-မနောဓာတ်အားလည်းကောင်း၊ တံသမ္ပယုတ္တကာနံ-ထို မနောဓာတ်နှင့် သမ္ပယုတ်ဖြစ်ကုန်သော၊ ဓမ္မာနဉ္စ- စေတသိက်တရားတို့အားလည်းကောင်း၊ အနန္တရပစ္စယေန-အနန္တရပစ္စယသတ္တိ ဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

ဒီလိုပေါ့၊ သောတဝိညာဏဓာတ်က အခြားမဲ့ စိတ်, စေတသိက်အား ကျေးဇူးပြုပုံ,ဃာနဝိညာဏဓာတ်က အခြားမဲ့ စိတ်, စေတသိက်အား ကျေးဇူး ပြုပုံ, ဇိဝှာဝိညာဏဓာတ်က အခြားမဲ့ စိတ်, စေတသိက်အား ကျေးဇူးပြုပုံ, ကာယဝိညာဏဓာတ်က အခြားမဲ့ စိတ်, စေတသိက်အား ကျေးဇူးပြုပုံ။

{ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော} ပုရိမာ ပုရိမာ-ရှေးရှေးဖြစ်ကုန်သော၊ ကုသလာ ဓမ္မာ-ကုသိုလ်တရားတို့သည်၊ ပစ္ဆိမာနံ ပစ္ဆိမာနံ-နောက်နောက်ဖြစ်ကုန်သော၊ ကုသလာနံ ဓမ္မာနံ-ကုသိုလ်တရားတို့အား၊ အနန္တရ ပစ္စယေန-အနန္တရပစ္စယ သတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

အကောင်းဆုံး အဘိဓမ္မာတရား။ ။ အကုသိုလ်ကလဲ ဒီလိုပဲ ကျေးဇူးပြုတယ်၊ အဗျာကတဆိုတဲ့ တရားတွေကလဲ ဒီလိုပဲ ကျေးဇူးပြုတယ်၊ သဗ္ဗညုတဉာဏ် မရလို့ရှိရင် အဲဒီ တရားနာမည်တောင် မတပ် နိုင်ဘူး၊ ယခုတော့ သဗ္ဗညုတ ဉာဏ်တော်ကြီးကို ရလို့ ဘယ်တရားပြီးတော့ ဘယ်တရား ဖြစ်တယ်, ဘယ်တရားပြီးတော့ ဘယ်တရား ဖြစ်တယ်, ဘယ်တရား ပြီးတော့ ဘယ်တရား ဖြစ်တယ်၊ ဘယ်စိတ်ပြီးတော့ ဘယ်စိတ် ဖြစ်တယ်နဲ့ ဟောတော်မူလိုက်တာ၊ အဲဒီ ဟောတော်မူတာကို ဘုန်းကြီးတို့က တစ်ဆင့် စဉ်းစားလိုက်တဲ့အခါ ကြီးတော်မူလိုက်တာ, သဗ္ဗညုတဉာဏ်တော်ကြီး ကြီးတော်မူ လိုက်တာ၊ စိတ်ကလေး တစ်စိတ်တည်း သိဖို့ကို အင်မတန် ခဲယဉ်းတဲ့အပြင် ဟောဒီစိတ် ပြီးတော့, ဟောဒီစိတ် ဖြစ်တယ်၊ ဒါကို ဘုန်းကြီးတို့ ကြားဖူးတဲ့ ဝီထိ ဆိုတဲ့တရား ပေါ်လာတယ်၊ ဘုန်းကြီးတို့ သင်တန်းမှာလဲလေ ရှေးဆရာ အဆက်ဆက်က နည်းစုံနဲ့ ပြပြထားလို့ ဘုန်းကြီးတို့ အဘိဓမ္မာတရားကို မြန်မာနိုင်ငံက အကောင်းဆုံးပဲ၊ အဘိဓမ္မာတရားကို မြန်မာနိုင်ငံက အသိဆုံးပဲ၊ ကျင့်တော်မူဖို့ ကျတော့လဲ လယ်တီဆရာတော် ဘုရားကြီးတို့က ကျင့်နည်းကိုပါ ဆက်ပြီးတော့ပြလို့ အဘိဓမ္မာနဲ့ စပ်ပြီးတော့ အကျင့်တတ်ဆုံးပါပဲ၊ အင်မတန် ကောင်းတယ်။

စက္ခုဝိညာဏ်စိတ်ဖြစ်ကြောင်း လေးပါး။ ။ ဘုန်းကြီးတို့ စိတ်တစ်စိတ်မှာ ပထမဆုံး မျက်စိနဲ့ ရူပါရုံမြင် တော့ အာရမ္မဏသတ္တိနဲ့ ရူပါရုံက ကျေးဇူးပြုလိုက်ရော၊ ကျေးဇူးပြုလိုက်တဲ့ အခါမှာ စက္ခုဝိညာဉ်စိတ် ဖြစ်တယ်၊ ရူပါရုံက ကျေးဇူးပြုတယ်၊ အာရမ္မဏ ပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ စက္ခုဝိညာဉ်စိတ် ဖြစ်တယ်၊ အဲဒီ စက္ခုဝိညာဏ်စိတ် ဖြစ်တာတောင်မှ ပဋ္ဌာန်းပစ္စည်းအတိုင်းပင် မကဘဲနဲ့ အဋ္ဌကထာဆရာတွေက ဒီလိုလေတဲ့၊ ရူပါရုံနဲ့ ဆုံရမယ်, ရူပါရုံကို နှလုံးသွင်းတဲ့ မနသိကာရ ရှိရမယ်၊ အဲဒီ ရူပါရုံကို မြင်နိုင်လောက်တဲ့ အရောင်အလင်းလဲ ရှိရမယ်၊ မျက်စိထဲမှာလဲ စက္ခုပသာဒ ရှိရမယ်၊ အဲဒီလို အကြောင်းလေးခုနဲ့ ပြည်စုံမှ စက္ခုဝိညာဉ်စိတ် ဖြစ်ပါတယ်လို့။

စက္ခာလောက, ရူပထင်ပြီ, မနသီ, လေးလီ စက္ခုဖို့- ဆိုတဲ့ အဋ္ဌကထာဆရာတွေ ဖွင့်ထားတဲ့အပြင်, နောက် ဆရာတော်တွေ ကလဲ ဒါတွေခြုံပြီးတော့ လွယ်လွယ်ကလေး သိအောင် ကြိုးစားတော်မူကြ တယ်၊ စက္ခုပသာဒ ရှိရမယ်၊ အရောင်အလင်းဆိုတဲ့ အာလောက ရှိရမယ်၊ အဲဒီ ရူပါရုံကို နှလုံးသွင်းတဲ့ မနသိကာရလဲ ရှိရမယ်၊ ရူပါရုံလဲ ရှိရမယ်၊ {စက္ခာလောက, ရူပထင်ပြီ, မနသီ, လေးလီ စက္ခုဖို့}…

အဲဒီလို အဂါလေးပါးစုံမှ စက္ခုဝိညာဉ်စိတ် ဖြစ်တယ်၊ အဲဒီလေးခု မစုံဘဲ နဲ့တော့ စက္ခုဝိညာဉ်စိတ် ဖြစ်ဖို့ရန် ဘယ်သူဖန်ဆင်းလို့မှ မရဘူး၊ ဘယ်အတ္တ အကောင်အထည် ဖန်ဆင်းလို့မှ မရဘူး၊ ဒီလေးပါး စုံနေလို့ရှိရင် ဘယ်သူတား လို့မှ မရဘူး၊ ဘယ်ဘုရားတားလို့မှ မရဘူး၊ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ တားလို့ တောင် မရဘူး၊ အဲဒီ အကြောင်းလေးပါး မစုံလို့ရှိရင် စက္ခုဝိညာဉ် ဖြစ်ဖို့ရန် ဗုဒ္ဓမြတ်စွာလဲ ဖန်ဆင်းလို့ မရဘူး၊ ကောင်းလိုက်တာက အဲသလောက် ကောင်းတာ၊ ဒါ ဘုန်းကြီးတို့က ဘယ် ဘာသာဝါဒတွေ ဘာ စဉ်းစားဖို့ လိုတော့သလဲ၊ မျက်စိနဲ့ ရူပါရုံမြင်တယ်လို့ အရပ်က ပြောနေတယ်၊ မျက်စိနဲ့ ရူပါရုံကို မြင်တယ်ဆိုတဲ့ အခန်းမှာ အာရမ္မဏပစ္စည်းနဲ့ ဆိုလို့ရှိရင် ရူပါရုံက စက္ခုဝိညာဉ်ကို ကျေးဇူးပြုလိုက်တာ အာရမ္မဏပစ္စည်းပဲ။

အဲဒီ စက္ခုဝိညာဉ်ကို ကျေးဇူးပြုနိုင်အောင်က ဘေးက အခြံအရံတွေက အရောင်အလင်း ရှိရတယ်နော်၊ အတွင်းမှာ စက္ခုပသာဒ ရှိရတယ်နော်၊ ပြီးတော့ အဲဒီရူပါရုံဟာ ကိုယ့်မျက်စိရှေ့ ရောက်နေပေမယ့်လို့ ကိုယ်က သတိ ထားမှု မနသိကာရ ရှိရတယ်နော်၊ ဒီလိုရှိမှ စက္ခုဝိညာဉ်စိတ် ဖြစ်ပါတယ်၊ အဲသလို ရှိလို့ရှိရင် ဘယ်သူမှ တားလို့ မရဘူး၊ အဲသလို ရှိလို့ရှိရင်တော့ တားလို့ မရရုံတင်မကဘူး၊ အဲဒီထဲက တစ်ပါးလောက် ချို့ယွင်းနေလို့ရှိရင် စက္ခုဝိညာဉ်ဖြစ်အောင် ဖန်ဆင်းလို့ မရဘူး…မရဘူး။

နိယာမတရား ငါးပါး။ ။ ဒီအထိ ဘုန်းကြီးတို့က မြင်နေတယ်, သိနေတယ်၊ ဘယ်မှာ ဘုန်းကြီးတို့ ဘာသာဝါဒ ပြောင်းလို့ ရတော့မှာတုန်း၊ ဒီတရားတော်ကြီးကို အမွှမ်းတင်ပြီးတော့ ဒီသာသနာတော်ကို အမွှမ်းတင်ရုံပဲ ရှိတယ်၊ တစ်ခါ စက္ခုဝိညာဉ်စိတ်ဖြစ်ပြီးတဲ့ အခါကျတော့ စက္ခုဝိညာဉ်စိတ်ရဲ့ နောက်နားက ရူပါရုံကို လက်ခံတဲ့ စိတ်တစ်ခု ဖြစ်လာတယ်၊ မြင်တယ်, လက်ခံတယ်၊ အိမ်မှာ ဧည့်သည်က တံခါး ခေါက်လိုက်တယ်၊ ဒေါက် ဒေါက်ဆို ဖွင့်ကြည့်တယ်၊ ဘယ်သူလဲ {ဟာ လာပါ လာပါ} အို…

ထုံးစံပဲ မြင်တယ်၊ ဒီ အာရုံကို လက်ခံပြီးတော့ နောက်စိတ် တစ်စိတ်က အာရုံဟာ အကောင်းလား-အဆိုးလားဆိုတာ စုံစမ်းတယ်, သန္တီ ရဏ၊ ဒီစိတ်ဟာ ဆက်ဖြစ်နေတယ်။

ခုနက ဧည့်သည် အိမ်ရောက်လာ၊ လာပါ လာပါလားလို့ လာပါဦး၊ ဒီလိုကို စိတ်တွေဖြစ်တာ သိပ်မြန်တယ်၊ စုံစမ်းတယ်,စဉ်းစားတယ်၊ နောက်တော့ {ဘာတုန်း, ဘာကိစ္စလာသလဲ}၊ ဆုံးဖြတ်တယ်၊ သူက ပြောလို့ဖြစ်ဖြစ်, ကိုယ်က သိလို့ဖြစ်ဖြစ် ထုံးစံဖြစ်ရိုးဖြစ်စဉ်ပဲ၊ စက္ခုဝိညာဉ် ဖြစ်တယ်၊ လက်ခံတဲ့ သမ္ပဋိ စ္ဆိုင်း ဖြစ်တယ်၊ ပြီးတော့ စုံစမ်းတဲ့ သန္တီ ရဏ ဖြစ်တယ်၊ ဆုံးဖြတ်တဲ့ ဝုဋ္ဌောစိတ် ဖြစ်တယ်၊ ပြီးတော့မှ, ဆုံးဖြတ်ပြီးတော့မှ စကားစမြည် ပြောကြ သလိုပဲ ဆုံးဖြတ်ပြီးတော့ အဲဒီ အာရုံအရသာကို, အာရုံရဲ့အရသာကို ခံစားတဲ့ ဇော ဇော ဇောစိတ်တွေ ဖြစ်တယ်၊ ဒါ စိတ်တွေ, စိတ်တွေ ဖြစ်တိုင်း, ဖြစ်တိုင်း ဒီလိုသွားနေကြတာ၊ သောတနဲ့ သဒ္ဒါရုံကျတော့လဲ ဒီလိုပဲ ဝီထိစိတ် ဖြစ်တယ်၊ သမ္ပဋိ စ္ဆိုင်းဆိုတဲ့ လက်ခံတဲ့စိတ် ဖြစ်တယ်၊ သန္တီ ရဏဆိုတဲ့ စုံစမ်းတဲ့စိတ် ဖြစ်တယ်၊ ဝုဋ္ဌောဆိုတဲ့ ဆုံးဖြတ်တဲ့စိတ် ဖြစ်တယ်၊ အာရုံ အရသာကို ခံစားတဲ့ ကောင်းကောင်းဆိုးဆိုး ဇောစိတ် ဖြစ်တယ်၊ ဒီနောက် တဒါရုံစိတ်ပြီးတော့, ပြန်ပြီးတော့ ဘဝင်စိတ်တွေ ဖြစ်ပြန်ရော၊ အင်မတန် ကောင်းကိုး၊ ဒါကို ဘုန်းကြီးတို့က စိတ္တနိယာမလို့ ခေါ်တယ်၊ အမြဲထုံးစံ ဖြစ်နေတာ စိတ္တနိယာမလို့ ခေါ်တယ်၊ ဒါ စိတ္တနိယာမကို သိဖို့ရန်ပေါ့လေ။

ဥတုနိယာမ။ ။ လောကမှာ ဥတုနိယာမဆိုတာ ရှိသေးတယ်၊ ဒီ ဥတုမှာ ဒီ ပန်းတွေ ပွင့်တယ်ဆိုတော့ ဒီပန်းတွေ ဟိုမှာလဲ ပွင့်,ဒီမှာလဲ ပွင့်၊ ဟိုမြို့မှာလဲ ပွင့်, ဒီမြို့မှာလဲ ဒီပန်းတွေ ပွင့်၊ ဒီဥတုမှာ ဒီအသီး,သီးတယ်ဆို ဟိုအရပ်မှာလဲ သီး၊ ဒီအရပ်မှာလဲ သီး၊ ဒါ ဥတုနိယာမလို့ ခေါ်တယ်။

ဗီဇနိယာမ။ ။ ဗီဇနိယာမဆိုတာ ဒီ မျိုးစေ့က ဒီ အသီး သီးရမှာ၊ ဒီ မျိုးစေ့က ဒီ အပွင့် ပွင့်ရမှာ၊ ဒါ အမြဲပဲ၊ ခါးတဲ့ အပင်က ချိုတဲ့အသီး မသီးနိုင်ဘူး၊ ခါးတဲ့ မျိုးစေ့က ချိုတဲ့ အသီး, မသီးနိုင်သလို ချိုတဲ့ မျိုးစေ့ကလဲ ခါးတဲ့အသီး, မသီးနိုင်ဘူး၊ သူ့ဟာနဲ့သူ ဗိဇနိယာမ မျိုးစေ့ရဲ့ မြဲတဲ့သဘော အတိုင်း ဖြစ်ကြရတယ်။

ကမ္မနိယာမ။ ။ ကမ္မနိယာမကတော့ ဟိုနောက် ကမ္မပစ္စည်းကျမှ ပြောဖို့ ကောင်းတယ်၊ ကံက သူ့ဟာနဲ့သူ အကျိုးပေးနေတယ်။

ဓမ္မနိယာမ။ ။ ဘုရားအလောင်းတော်များ ပဋိသန္ဓေနေတယ်ဆိုရင် မြေလှုပ်ကို လှုပ်ရတယ်၊ ဘုရားအလောင်းတော်ရဲ့ ဂုဏ်တော်ဓမ္မတွေက ဒီလောက် အစွမ်းသတ္တိ ရှိတယ်၊ အဲဒီ ဓမ္မနိယာမ ရှိသလို စိတ္တနိယာမဆိုတဲ့ ခုနက စက္ခုဝိညာဉ် ဖြစ်တယ်၊ ဒီနောက် သမ္ပဋိ စ္ဆိုင်း ဖြစ်တယ်၊ သန္တီ ရဏ ဖြစ်တယ်၊ ဝုဋ္ဌော ဖြစ်တယ်၊ ဇော ဖြစ်တယ်၊ ဇောက ခုနစ်ကြိမ် ဖြစ်လို့မို့ {ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော}ရှေးရှေးဇောက နောက်နောက်ဇောကို အနန္တ ရသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အခြားမရှိဘူး၊ တစ်ခါတည်းကို ဆက်ဖြစ်တာ, ဆက်ဖြစ်တာ၊ တစ်ခါတည်း ပြောလိုက်မယ်လေ၊ သမနန္တ ရကလဲ ဒီအတိုင်းပဲ ၊ ဘာထူးတုန်းဆိုတော့-

၅။ သမနန္တ ရပစ္စယော (သမနန္တ ရပစ္စည်း)

သမနန္တ ရ အဓိပ္ပာယ်က ဒီလိုလေ၊ စိတ်ဟာ ပုံသဏ္ဌာန် မရှိဘူး၊ စိတ်ဟာ ဘယ်လိုရယ်လို့ ပုံသဏ္ဌာန် မရှိဘူး၊ ပုံသဏ္ဌာန် မရှိလို့ ကိုယ့်ဟာကိုယ် စိတ်ကို အာရုံ ပြုကြည့်လိုက်ရင် ဘာစိတ် ဖြစ်နေတယ်၊ နည်းနည်း စဉ်းစားတတ်လို့ရှိရင် အကုသိုလ်စိတ် ဖြစ်နေတယ်၊ စိတ် မဖြစ်ဘဲ မနေဘူး၊ အချိန်ရှိသရွေ့ စိတ်ဟာ ဖြစ်နေတယ်၊ အကုသိုလ်စိတ် ဖြစ်နေတယ်၊ အဲ အကုသိုလ်စိတ် ဖြစ်နေတယ်၊ ပြီးတော့ သူ့ဟာသူ သိတယ်၊ အဲဒီ စိတ်တွေဟာ ပုံသဏ္ဌာန် အလုံးလား, အဝိုင်းလား မဟုတ်ဘူး၊ ပုံသဏ္ဌာန် မရှိဘူး၊ ဒါဖြင့် စိတ်နှစ်ခု တွဲပြီးတော့ တစ်ပြိုင်နက် ဖြစ်သလား, မဖြစ်ဘူး၊ တစ်ခုပြီးမှ တစ်ခု, တစ်ခုပြီးမှ တစ်ခု၊ ပုံသဏ္ဌာန်လဲ မရှိဘူး၊ ပူးတွဲပြီးတော့လဲ မဖြစ်ဘူး၊ တစ်ခုပြီးမှ တစ်ခုဖြစ်တယ်၊ ဘယ့်နှယ်သဘောကြောင့် ဒီလိုဖြစ်နေသတုန်း, ဒါ စိတ္တနိယာမပဲ၊ အနန္တ ရသတ္တိနဲ့ ကျေးဇူးပြုသွားတယ်၊ ဘာနဲ့တူသတုန်းလို့ဆိုတော့ စကြာမင်းပေါ့လေ၊ စကြာမင်း နတ်ရွာစံရင် သားကြီး ဘုရင်ဖြစ်ဖို့ သေချာတယ်၊ ဘယ်သူကမှ ဘာမှ ပြောမနေနဲ့၊ စကြာမင်း နတ်ရွာစံသွားတယ်၊ သားကြီးဘုရင် ဖြစ်ဖို့သေချာတယ်၊ ဒါ အနနရ္တ သတက္တိ ကျေးဇူး ပြုနေသလပို ၊ဲ တစခ်ါ စကြာမင်း တောထကွ သ်ာွးတယ၊် သားကြီး ဘုရင်ဖြစ်ဖို့ သေချာတယ်၊ ဒါ ပြောနေဖို့ မလိုဘူး။

ဘယ်သူကမှ မြှောက်ပင့်ပြောနေဖို့ မလိုဘူး၊ အဲသလို ဒီစိတ်ပြီးရင် ဒီစိတ် ဖြစ်ရမယ်ဆိုတာ သေချာတယ်၊ စိတ္တနိယာမနဲ့ ကျေးဇူးပြုပြီးတော့ ဒီစိတ်ပြီးတော့ ဒီစိတ်ဖြစ်, ဒီစိတ်ပြီးတော့ ဒီစိတ်ဖြစ်, ဒီစိတ်ပြီးတော့ ဒီစိတ် ဖြစ်နေတယ်၊ အဲဒီဖြစ်တဲ့ စိတ်နှစ်စိတ်ဟာ ပုံသဏ္ဌာန်က မရှိတော့ ကြားထဲမှာ ဘာမှ မခြားဘူး၊ ဘာမှ မခြားပဲနဲ့ ဆက်ဖြစ်တယ်။

ဆက်တာမှ ဘယ်လောက် ဆက်တာတုန်းဆိုတော့ နှစ်စိတ်မှ ဟုတ်ရဲ့လား၊ တစ်စိတ်တည်းများ ဖြစ်နေသလား၊ အဲသလောက် ဆက်တယ်, သမနန္တရ၊ အလွန်ကို အကြားမရှိအောင် ကျေးဇူးပြုပါတယ်။

{သမနန္တ ရပစ္စယော-စည်းစိမ် မမက်, တောကြီးထွက်သည့်, စက္ကဝတ် မင်းဖျား, သားကြီးအားသို့, အခြားမဲ့နေ, စိတ်နှင့်စေကို, မသွေသိပ်သဲ, တစ်စိတ်တဲသို့, အကွဲအပြား, အကြားမရှိ, မိမိနှင့်တူစွာ, ကျေးဇူးပြုနိုင် သော သတ္တိရှိသော သမနန္တ ရပစ္စည်းတရားသည်လည်းကောင်း}။

အကြားမရှိ တစ်ခုတည်းလို့ ထင်ရယ်၊ အင်မတန် သိပ်သည်းတယ်၊ ဒါ ဘယ့်နှယ်လုပ်ပြီး ဘယ်သူဟောနိုင်မှာတုန်း၊ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ ပွင့်လာလို့ ဘုန်းကြီးတို့ တစ်ဆင့်သိရတာကို ကောင်းလိုက်တာ၊ ဒါ့ကြောင့် မနေ့ တစ်မြန်နေ့က ဟို မဟာဂတိဂမိယတိဿ ထေရ်မြတ်ဟာ တရားကို စဉ်းစားရင်း ပီတိတွေ ဖြစ်လို့ ကောင်းလိုက်တာ၊ ဒါ အသိကို ကောင်းလိုက်တာ၊ သဗ္ဗညုတဉာဏ်တော်ကြီးနှင့် အသိကို ထားလိုက်၊{ဉာဏ်တော်ကြီးနဲ့ ဟောတော်မူထားတဲ့ တရား အစီအစဉ် အပိုင်းကို ငါစဉ်းစားလို့သိရတာ ကောင်းလိုက်တာ}လို့ ပီတိတွေဖြစ်ပြီး အဲဒီ ပီတိကို အနိစ္စ, ဒုက္ခ, အနတ္တလို့ ရှုလိုက်တာနဲ့ပဲ တစ်ခါတည်း ရဟန္တာဖြစ်ပြီးတော့ သွားတယ်၊ ကောင်းလွန်းလို့, ကောင်းလွန်းလို့, ကောင်းလွန်းလို့။

အနန္တရပစ္စယော-ပျော်စံနတ်ရွာ, စကြာမင်းဖျား, သားကြီးအားသို့, အခြားမဲ့နေ, စိတ်နှင့်စေကို, မသွေတူစွာ, ဖြစ်စိမ့်ငှာဖြင့်, လျော်စွာသတ္တိ, အစွမ်းရှိသား, ရှေးရှေးသော နာမ်ခန္ဓာလေးပါး အနန္တ ရပစ္စည်းတရား သည်၊ အတ္ထိ-ပုဂ္ဂိုလ် သတ္တဝါ, သူ ငါမနှော, တရားသဘောသာ, ထင်ရှားရှိပေသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံသဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူသော, မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော် ထုံမွှမ်း, ပုံတော် မှန်းလျက်, ချီးမွမ်း ထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား။

သာဓု…သာဓု…သာဓု

ဒီနေ့ ပစ္စည်းသုံးပါး ပြီးသွားတယ်၊ တော်တော် ခရီးရောက်သွားတယ်၊ နောက်နောက်ပစ္စည်းတွေဟာ ရှေးရှေးပစ္စည်းတွေကို မူတည်ပြီး လိုက်လာတာ ဖြစ်လို့ ရှေးရှေးစိတ်က နောက်နောက်စိတ်ကို ဖြစ်အောင် သမနန္တရသတ္တိနဲ့ ပြုတိုင်းပြုတိုင်း ဟေတုပစ္စည်းက ပါနေတယ်၊ ဟိတ်ခြောက်ပါးထဲက တစ်ပါးပါး က စိုက်ပြီးတော့ အာရုံကို ယူနေတယ်၊ အာရမ္မဏပစ္စည်း ပါနေတယ်၊ ဟေတု ပစ္စည်း ပါနေတယ်၊ ဟေတုပစ္စည်းက မိမိရတဲ့ အာရုံကို စိုက်ပြီးတော့ အမြစ် တွယ်သလို တွယ်နေတယ်နော်၊ တစ်ခါ အာရမ္မဏပစ္စည်းက အဲဒီ အာရုံကို အာရုံပြုပြီးတော့ နေမယ်နော်၊ အဲဒီ အာရုံက အဓိပတိ တန်လောက်တဲ့ အာရုံ ဆိုလို့ရှိရင် အဲဒီ အာရုံကို စွဲပြီးတော့ တကတည်း မခွဲနိုင်အောင်ပေါ့လေ ကျေးဇူးပြုနိုင်တယ်နော်။

ဒါကြောင့် ပစ္စည်းတစ်ပါးပြီးရင် ပြီးရော မဟုတ်ဘူး၊ ဟေတုပစ္စည်း, အာရမ္မဏပစ္စည်း, အဓိပတိပစ္စည်း, အနန္တရပစ္စည်း အဲဒီလို ပစ္စည်းတွေက အကုန်ကျေးဇူးပြုပြီး နေတာပါပဲလားလို့ အဲဒီလို နားလည်ပြီးတော့ နောက် နောက် ပစ္စည်းတွေပါ မှန်းပြီးတော့…

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တနယ သမန္တပဋ္ဌာန်းကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင်, ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာ ကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူ သော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့်ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ ဘုရား။

သာဓု……သာဓု……သာဓု။

စတုတ္ထနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

စတုတ္ထနေ့

၁၃၃၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၀)ရက်၊ ၁၉၇၃-ခုနှစ်၊ ဧပြီလ (၁၂)ရက်၊ ကြာသပတေးနေ့။

၆။ သဟဇာတပစ္စယော (သဟဇာတပစ္စည်း)

ဒီနေ့ သဟဇာတပစ္စည်း, အဲဒီတရား ရောက်လာပါတယ်၊ သဟဇာတ ပစ္စည်းနဲ့ အညမညပစ္စည်းက သိပ်ပြီးတော့ နီးကပ်တယ်၊ ပြီးတော့ တစ်ခါ နိဿယပစ္စည်းလဲ တချို့ထပ်ပြီးတော့ ရတယ်၊ ဗုဒ္ဓမြတ်စွာက ဒီတရား တစ်မျိုးကိုပဲ ဒီလိုလဲ သတ္တိရှိတယ်, ဟိုလိုလဲ သတ္တိရှိတယ်၊ တရားတစ်မျိုးကိုပဲ သတ္တိ အမျိုးမျိုးရှိတော့ အဲဒီ သတ္တိအလိုက် ပစ္စည်းများ ထပ်ထပ်ပြီးတော့ တရားတစ်မျိုးကို ဟောတော်မူရပါတယ်၊ အဲဒါကိုပဲ ဘုန်းကြီးတို့က အာရုံပြုပြီးတော့ ကြည့်တော့ ဉာဏ်တော်ကြီး အင်မတန်ကြီးပါလား၊ ဒီတရား ဒီတရားထဲမှာ ဒီသတ္တိလဲ ရှိတယ်, ဟိုသတ္တိလဲ ရှိတယ်၊ အဲ…ဒိပြင်သတ္တိလဲ ရှိတယ်နဲ့ ထပ်ထပ်ပြီးတော့ ဟောတော်မူ လိုက်တာလို့ စာပေလေ့လာတဲ့ ပုဂ္ဂိုလ်များအတွက်ကျတော့ အင်မတန်မှ ရှင်းသွားတယ်၊ လူဝတ်ကြောင်တွေကတော့ ဒီလောက်မရှင်းနိုင်တော့ ဘုန်းကြီးက နားလည်လောက်တဲ့ နည်းတွေနဲ့ လှည့်လည်ပြီးတော့ ဟောနေ ရတယ်။

ကုသိုလ်ရအောင် လုပ်နော်၊ ပါဠိတော်ရွတ်ပြီးတော့ နည်းနည်း အနက် ပေးမယ်။

သဟဇာတပစ္စယောတိစတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။

ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတ ပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။

ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိကာလေ သဟဇာတပစ္စယေန ပစ္စယော။

ကိဉ္စိကာလေ န သဟဇာတပစ္စယေန ပစ္စယော။

စတ္တာရော-လေးပါးကုန်သော၊ အရူပိနော-နာမ်ဖြစ်ကုန်သော၊ ခန္ဓာနာမက္ခန္ဓာတို့သည်၊ (နာမက္ခန္ဓာလေးပါးဆိုတာက ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ အဲဒီ လေးပါးကို ပြောတယ်၊) အရူပိနောနာမ် ဖြစ်ကုန်သော၊ စတ္တာရော-လေးပါးကုန်သော၊ ခန္ဓာ-နာမက္ခန္ဓာတို့သည်၊ အညမညံ-အချင်းချင်း၊ သဟဇာတပစ္စယေန-သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

စတ္တာရော-လေးပါးကုန်သော၊ မဟာဘူတာ-မဟာဘုတ်တို့သည်၊ (မဟာ ဘုတ်ဆိုတာ ရုပ်ထဲက ပထဝီ, တေဇော, အာပေါ, ဝါယော ဒီ လေးပါးကို ပြောတယ်၊) စတ္တာရော-လေးပါးကုန်သော၊ မဟာဘူတာ-မဟာဘုတ်တို့သည်၊ အညမညံ-အချင်းချင်း၊ သဟဇာတပစ္စယေန-သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

ဩက္ကန္တိ က္ခဏေ-ပဋိသန္ဓေအခါ၌၊ နာမရူပံ-နာမ်တရား, ရုပ်တရားသည်၊ အညမညံ-အချင်းချင်း၊ သဟဇာတပစ္စယေန-သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

စိတ္တစေတသိကာ-စိတ်, စေတသိ်က်ဖြစ်ကုန်သော၊ ဓမ္မာ-တရားတို့သည်၊ စိတ္တသမုဋ္ဌာနာနံ-စိတ်ကြောင့်ဖြစ်ကုန်သော၊ ရူပါနံ-ရုပ်တို့အား၊ သဟဇာတ ပစ္စယေန-သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ- ဖြစ်၏။

ဆီမီး ဥပမာ။ ။ အဲဒီလို ဗုဒ္ဓမြတ်စွာက ဒီသဟဇာတပစ္စည်းကို ဟောတော်မူ တယ်၊ ဒီ သဟဇာပစ္စည်းကို အဋ္ဌကထာဆရာများနဲ့ ရှေး ဆရာတော်များက ဘယ်လို ဥပမာပြထားသလဲ ဆိုတော့-

သဟဇာတပစ္စယော-အလင်းဖြစ်မှု, ဆီမီးပြုသည့်, တန္တုပမာ, သဟဇာတ, နာမနှင့်ရုပ်, ဘူတုပ္ပါဒါ, သန္ဓေခါလည်း, ဝိပါဝတ္ထု, ယင်း ခြောက်ခုအား, တူငြားအဋ္ဌ, သဘာဂတွင်, တကွ မကွေ, ဖြစ်စေခြင်းဟူသော သဟဇာတသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ်မဟာဘု, ဝတ္တု, ဝိပါက သဟဇာတခြောက်ပါး ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်, သတ္တဝါ, သူငါမနှော, တရား သဘောသာ ထင်ရှားရှိပါသည် တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံသဗ ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှ ဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

ဥပမာ ပြထားပုံကဆီမီးတဲ့၊ ယခုခေတ် ဓာတ်မီးပြောပါတော့၊ ဓာတ်မီး နှင့်အလင်းကို မီးထွန်းလိုက်သည်နှင့် တစ်ပြိုင်နက် မီးရောင် ပေါ်လာတယ်၊ မီးနှင့်မီးရောင် ဘယ်ဟာက အရင်တုန်း, ဘယ်ဟာက အရင်ကျသတုန်း၊ မီးထွန်း လိုက်သည်နှင့်တစ်ပြိုင်နက် မီးရောင်ပေါ်လာတယ်၊ ဘယ်ဟာက အရင်တုန်း၊ တစ်ဦးနဲ့တစ်ဦး ကျေးဇူးပြုလိုက်တာ၊ မီးရောင်ကြောင့် အလင်းကို မြင်, မီးကို မြင်ရတယ်၊ မီးရောင်ကြောင့် မီးကို မြင်ရတယ်ဆိုပါတော့၊ မီးထွန်း ထားတဲ့ မီးတောက်ကို မြင်ရတယ်၊ မီးကြောင့်, မီးတောက်ကြောင့် မီးရောင် မြင်ရတယ်၊ အင်မတန် သိမ်သိမ်,မွေ့မွေ့နဲ့ အပြန်အလှန် ကျေးဇူးပြုနေတယ်၊ အဲဒီလိုဘဲ နာမ်ခန္ဓာ လေးပါးဟာလေ တစ်ပါးတစ်ပါး ကျေးဇူးပြုနေလိုက်တာ၊ {ခန္ဓာ သုံးပါးကို ခန္ဓာတစ်ပါးက ကျေးဇူးပြု, ခန္ဓာတစ်ပါးကို ခန္ဓာသုံးပါးက ပြန်ပြီး တော့ ကျေးဇူးပြု, ခန္ဓာနှစ်ပါးကို ခန္ဓာနှစ်ပါးက ကျေးဇူးပြု} ဒီလိုပေါ့လေ၊ ကျေးဇူးပြုနေလိုက်တာ တစ်ပြိုင်တည်းတစ်ပြိုင်တည်း ဖြစ်တုန်းက အတူတူဖြစ်ပြီးတော့ ကျေးဇူးပြုနေလိုက်ကြတာ, အားပေးနေလိုက်ကြတာ၊ တစ်ရပ်,တစ်ပြည်က ဘုန်းကြီးတို့ ညီအစ်ကိုလေးယောက် ဆိုပါတော့၊ ညီအစ်ကို လေးယောက် တစ်ရွယ်တည်း, တစ်ရွယ်တည်း သတ္တိကောင်းတွေ၊ အဲဒီ ညီအစ်ကို လေးယောက်ဟာ အိမ်မှာ ညီအစ်ကို တစ်ယောက်က အစ်ကို သုံးယောက်ကို ကျေးဇူးပြုတယ်။

ဘယ်လို ကျေးဇူးပြုတုန်း၊ အကုန်လုံး ကျေးဇူးပြု၊ စီးပွားရှာတဲ့နေရာမှာလဲ ကျေးဇူးပြု၊ စားတဲ့,သောက်တဲ့နေရာမှာလဲပဲ ကျေးဇူးပြု၊ တစ်ဖက်က လူတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်တော့လဲပဲ ကျေးဇူးပြု၊ အချင်းချင်း,အပြန်အလှန် ကျေးဇူးပြု၊ အဲဒီလို, အဲဒီလို သဘော၊ ရုပ်နာမ်တရားတွေ အတူတူဖြစ်ကြတဲ့ နေရာမှာ နာမ်ခန္ဓာလေးပါးက အချင်းချင်း ကျေးဇူးပြုတယ်၊ တစ်ခါ နာမ်ခန္ဓာလေးပါးက သူတို့အချင်းချင်း ကျေးဇူးပြုရပုံတင်ကမဘူး၊ သူတို့ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ကို လဲပဲ ကျေးဇူးပြုလိုက်သေးတယ်။

အဲဒီ စိတ္တဇရုပ်ကတော့ စိတ်ကိုပြန်ပြီး ကျေးဇူးမပြုဘူး၊ ဒီနေရာမှာ နာမ်ကပြုတဲ့ ရုပ်ပေါ်လာပြီး၊ ဒီတော့ ဒီနေရာမှာ နာမ်နဲ့ရုပ်က ဘာနှင့်တူတုန်း ဆိုတော့ မိဘနှစ်ပါးနှင့် လူမမယ် သားကလေး နှစ်ယောက်နဲ့ တူနေတယ်၊ မိဘ နှစ်ပါးကတော့ အချင်းချင်း အပြန်အလှန် ကျေးဇူးပြု၊ စီးပွားရှာတဲ့နေရာမှာ ကျေးဇူးပြု၊ နေတဲ့ ထိုင်တဲ့နေရာမှာ ကျေးဇူးပြု၊ လူမမယ်သားကလေး နှစ်ယောက် ကတော့ မိဘကို ပြန်ပြီးတော့ ဘာ ကျေးဇူးမှ မပြုနိုင်ပါဘူး၊ သူက မှီခိုနေရုံပဲ ရှိသေးတယ်၊ အဲဒီလိုပဲ ရုပ်က နာမ်ကို ဘာမှ ပြန်ပြီး ကျေးဇူးမပြု နိုင်ဘူး၊ ဒါ ဘယ်လောက် ခက်တာတုန်း။

တစ်ခါ ဘုန်းကြီးက ဒီဟာနဲ့အလားတူ ပစ္စည်းတစ်ပါးကို ဆက်ပြောမယ်။

၇။ အညမညပစ္စယော (အညမညပစ္စည်း)

{အညမညပစ္စယောတိ စတ္တရော ခန္ဓာ အရူပိနော အညမည ပစ္စယေန ပစ္စယော}။

ဒီလိုပဲ ဆိုထားတယ်၊ နာမ်ခန္ဓာလေးပါးက အပြန်အလှန် ကျေးဇူးပြုတယ်၊ ရုပ် မပါလာဘူး၊ မဟာဘုတ်လေးပါးကလည်း ပထဝီ, အာပေါ, တေဇော, ဝါယော အတူတူ ဖြစ်ကြတယ်၊ အချင်းချင်း ကျေးဇူး ပြုကြတယ်၊ ဒိပြင် သတ္တိညံ့တဲ့ ဥပါဒါရုပ် မပါလာဘူး။

{ဩက္ကန္တိ က္ခဏေ-ပဋိသန္ဓေခဏ၌၊ နာမရူပံ-နာမ်ရုပ်သည်၊ အညမည ပစ္စယေန-အညမညပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ- ဖြစ်၏}လို့ ဆိုတော့ ရုပ်ကပြန်ပြီး ကျေးဇူးပြုတဲ့နေရာက ဒီနေရာ ရှိနေတယ်။

ပဋိသန္ဓေနေတော့ ဘုန်းကြီးက မနေ့က ပြောခဲ့တယ်၊ ပဋိန္ဓေစိတ်ရယ်, စေတသိက်ရယ်, ကံကြောင့် ဖြစ်တဲ့ရုပ်ရယ်၊ ဘုန်းကြီးတို့ လူ့လောကမှာဆိုလို့ ရှိရင် ရုပ်ကလာပ်သုံးစည်း ရတယ်၊ ဒီလို ပဋိသန္ဓေနေတော့ မယ်တော့်ဝမ်းမှာ ပဋိသန္ဓေစိတ်ရယ်, စေတသိက်ရယ်၊ ဒါ နာမ်ခန္ဓာလေးပါး၊ ပြီးတော့ ကံကြောင့် ဖြစ်တဲ့ရုပ်ရယ်၊ အဲဒီကျတော့ ပဋိသန္ဓေစိတ်နဲ့ စေတသိက်က ရုပ်ကို ကျေးဇူး ပြုတယ်။

ကမ္မဇရုပ်ကလဲ ပဋိသန္ဓေစိတ်နဲ့ စေတသိက်ကို ပြန်ပြီးတော့ ကျေးဇူး ပြုတယ်၊ ဒီနေရာမှာ ရုပ်ကပြန်ပြီးတော့ ကျေးဇူးပြုနိုင်တယ်၊ ဒါက ဘယ်လောက် ခက်တာတုန်း၊ လူတွေ ဘယ့်နှယ်မှ နားမလည်အောင် ခက်မသွားပါဘူး၊ အဲဒါ အညမညပစ္စည်းလို့ ဆိုတာဟာ ဟို သဟဇာတပစ္စည်းလို အတူဖြစ်ရုံတင် မကဘူး၊ အပြန်အလှန် ကျေးဇူးပြုနိုင်တဲ့တရား၊ ဒါတွေကို အညမညပစ္စည်းလို့ ဘုရားရှင်က ဟောတော်မူထားတယ်၊ အဲဒီ အညမညပစ္စည်းကျတော့ ရှေးဆရာ တော်များက, အဋ္ဌကထာဆရာတော်များက ဥပမာ ပြထားတယ်လေ၊ အို… သစ်သားသုံးခွ ထောက်ထားတယ်, သုံးချောင်းထောက်ပေါ့။

သုံးချောင်းထောက် ဥပမာ။ ။ သုံးချောင်းထောက် ခွေးခြေဟာ ဟို ခြေတစ် ချောင်းက နှစ်ချောင်းကို ကျေးဇူးပြု၊ ခြေနှစ် ချောင်းက တစ်ချောင်းကို ကျေးဇူးပြု၊ ခွဲလို့မရဘူး, ခွဲလို့မရဘူး၊ သူတို့သုံးချောင်း က တစ်ချောင်းလဲသွားရင် ကျန်နှစ်ချောင်းစလုံးပဲ လဲတယ်၊ ဒါ အပြန်အလှန် အင်မတန် အကျိုးကျေးဇူးပြုနေတာ၊ နည်းနည်းမှ တစ်ခုပျက်လို့ မရဘူး၊ အဲဒီလိုပဲ နာမ်ခန္ဓာလေးပါး အတူဖြစ်ကြတယ်၊ တစ်ပါးက သုံးပါးကို,သုံးပါးက တစ်ပါးကို အပြန်အလှန် ကျေးဇူးပြုတာ၊ တစ်ပါးမှ ပြောင်းလို့, လွှဲလို့ မရ ဘူး၊ ပဋိသန္ဓေအခါမှာ နာမ်နဲ့ရုပ်နဲ့ ခုနက ပြောတဲ့ဟာ နာမ်က ရုပ်ကို ကျေးဇူး မပြုရင် ရုပ်က နာမ်ကို ကျေးဇူး မပြုဘူး၊ အချင်းချင်း အပြန်အလှန် ကျေးဇူး မပြုဘဲနဲ့ တစ်ပါးတည်းနဲ့ မရဘူး။

ဒါကြောင့် သစ်သားသုံးခွဟာ တစ်ခုနဲ့တစ်ခု ထောက်မပြီးတော့ မလဲ အောင်, ပြိုမကျအောင် ကျေးဇူးပြုနေသလိုပဲ၊ နာမ်ခန္ဓာတရားတွေ, ပဋိသန္ဓေ ကမ္မဇရုပ်နဲ့၊ နာမ်ခန္ဓာတရားတွေ, မဟာဘုတ်လေးပါးတွေ, အချင်းချင်း ထောက်ပြီးတော့ ကျေးဇူးပြုနေတာပဲတဲ့၊ ဗုဒ္ဓမြတ်စွာက ဟောတော်မူတဲ့ အတိုင်းလေ ရှေးအဋ္ဌကထာ ဆရာတော်တို့က စပြီးတော့ ပုဂ္ဂိုလ်ကြီးတွေက ဥပမာ ပြောထားတယ်နော်။

{အညမညပစ္စယော-သစ်သားသုံးခွ, ချင်းချင်းမသို့, ဥပကာရာ, ထောက်ပံ့လာသော, နာမ်မဟာဘု, ဝတ္ထု နာမ်အား, တူရှစ်ပါးတွင်, ထောက်ထားလှန်ပင်း, အချင်းချင်းဟူသော, အညမညသတ္တိထူးဖြင့်, ကျေးဇူးပြုခြင်း လက္ခဏာရှိသောနာမ်, မဟာဘု, ဝတ္ထု,ပါက,အည မညသုံးပါး, ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ် သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှ ဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိဂုဏ် တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား}။

သာဓု……သာဓု……သာဓု ပစ္စည်းက ဒီတရားသဘောအတိုင်းပဲ၊ ဘုန်းကြီး ပြီးတော့ တော်တော်ကြာ တော့ သုတ္တန်သဘောနဲ့ ရှင်းပြောမယ်၊ အညမညပစ္စည်းနောက်မှာ နိဿယ ပစ္စည်းကလဲ ဤအသွားမျိုး လုံးလုံးတူနေအောင် သွားတဲ့ အသွားမျိုး ရှိသေး တယ်၊ မတူတဲ့အပိုင်းလဲ ရှိတယ်၊ တူအောင်သွားနေတဲ့ အပိုင်းကို ဘုန်းကြီး ကြည့်ပြောရမှာမို့ နိဿယပစ္စည်းကိုလဲ ဆက်ပြောဦးမယ်။

၈။ နိဿယပစ္စယော (နိဿယပစ္စည်း)

{စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော}

ခုနက ပါဠိပဲ၊ ဒီမှာကြည့်။

{စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော}။

ဩက္ကန္တိက္ခဏေ-ပဋိသန္ဓေခဏ၌၊ နာမရူပံ-နာမ်ရုပ်သည်၊ အညမညံအခ ျင်းချင်း, အပြန်အလှန်၊ နိဿယပစ္စယေန-နိဿယပစ္စယသတ္တိဖြင့်၊ ပစ္စယောကေ ျးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

အဲဒီ အလားတူ အကုန်လုံး အတူသွားတဲ့နည်းက တစ်နည်း ရှိတယ်၊ မတူတဲ့နည်းက တစ်နည်း ရှိတယ်။

မတူတဲ့ နည်းကျတော့ ဘုန်းကြီးက နောက် ပုရေဇာတပစ္စည်းကျတော့ ပြောမယ်၊ အဲဒီကျမှ, အဲဒီ ပုရေဇာတပစ္စည်းကျမှ ဒီ နိဿယပစ္စည်းကို ထပ် ပြောမှာမို့လို့, မတူတာကို ဘုန်းကြီး မပြောသေးဘူး၊ တူတာကို ပြောမှာ။

အဲဒီ နိဿယပစ္စည်းကိုတော့ ရှေးဆရာတော်များက အဋ္ဌကထာဆရာ တော် များကစပြီးတော့ ဥပမာ ပြထားတယ်၊ သစ်ပင်စိုက်တဲ့ မြေတဲ့၊ သစ်ပင်စိုက်တဲ့ မြေဟာ မြေက အရင်ဖြစ်နှင့်တယ်၊ သစ်ပင်က နောက်မှ၊ အဲဒီ သစ်ပင်ဟာ ဘယ်မှာ မှီတုန်းလို့ဆိုရင် မြေပေါ်မှာ မှီတယ်၊ အဲသလိုပဲ နိဿယဆိုတဲ့ ပစ္စည်းပေါ်မှာ နောက်မှဖြစ်တဲ့ ပစ္စယုပ္ပန်လို့ ခေါ်တဲ့, နောက်မှ ဖြစ်တာတွေက မှီတယ်၊ အကျိုးတရားတွေကို ပစ္စယုပ္ပန်လို့ ခေါ်တယ်။

မြေကြီးပမာ။ ။အဲ…မြေကြီးပေါ်မှာ သစ်ပင် မှီရသလိုပဲ၊ ဒီ အကြောင်းတရား တွေက ရှေးအကြောင်းတရားတွေ အပေါ်မှာ အကျိုးတရားက မှီရတယ်၊ သစ်ပင် ရှိတဲ့မြေဟာ အဲဒီ မှီတဲ့အချိန်မှာ မြေက ရှိတယ်၊ သစ်ပင်လဲ ရှိတယ်၊ သဟဇာတ မှီတော့ မှီတာပဲ၊ မြေလဲ ရှိတယ်၊ သစ်ပင်လဲ ရှိတယ်၊ အဲ…မြေကို သစ်ပင်က မှီရသလိုပဲ, အတူဖြစ်တဲ့ ခုနက ခန္ဓာတွေဟာ အချင်းချင်း ကျေးဇူးပြုတဲ့အပြင် တစ်ပါးတစ်ပါးကို မှီရတယ်။

ပန်းချီကားပမာ။ ။ တစ်ခါ ဟို ပန်းချီဆေးရေးရုပ် ရေးဖို့ ကားပုံ ကြက်ထား တယ်၊ ဒီကားပုံပေါ်မှာ ဘယ်သူက မှီရသလဲ, ပန်းချီ ဆေးရေးရုပ်က မှီရပါတယ်၊ ကားပုံ မပါရင် မဖြစ်ဘူး၊ အဲသလိုပဲ ကားပုံကလဲ ရှိဦးမှ ပန်းချီဆေးရေးရုပ်က မှီပြီးတော့ အရုပ်ပေါ်ရတယ်၊ အဲသလိုပဲ မှီရာ အဖြစ်နဲ့ ကျေးဇူးပြုတဲ့ တရားတွေကို နိဿယပစ္စည်းလို့ ခေါ်ပါတယ်။

ပစ္စည်းတရားကတော့ ပြောခဲ့တဲ့ သဟဇာတပစ္စည်းတို့လို သဟာဇာတ နိဿယလဲရှိတယ်၊ ဒါပေမယ့် ပုရေဇာတတို့လို ပုရေဇာတနိဿယပစ္စည်းတရားလဲ ရှိတယ်လို့ နှစ်မျိုးခွဲထားတယ်နော်။

နိဿယပစ္စယော-သစ်ပင်စိုက်မြေ, သစ်ပင်တွေ၏, မသွေမှီရာ, ပုံပမာနှင့်, တစ်ဖြာပန်းချီ, ဆေးရုပ်မှီဖို့, ညီညီကြက်ထား, အဝတ်ကားသို့, ဖြစ်ငြားမသွေ, ရှေးရှေးမြေလျှင်, ဖြစ်ရာမှီရာတည်ရာဖြစ်သော သတ္တိထူး ဖြင့် ကျေးဇူးပြုသော သဟာဇာတနိဿယ, ပုရေဇာတနိဿယနှစ်ပါး ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်, သတ္တဝါ, သူငါမနှော, တရားသဘော သာ ထင်ရှားရှိပါသည် တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော် မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

ဒုစရိုက် ၁၀-ပါးနှင့် ပစ္စည်းတရား။ ။ ဒီတော့ ဒီပစ္စည်း သုံးပါးကို ကနေ့ ဦးတည်ပြီးတော့ အပြင်ဘက်က သုတ္တန်သဘောနဲ့ ပြောပြမယ်၊ ဒီတော့ ဟိုပစ္စည်းဆိုတာ ပြီးပြီးသား, ပစ္စည်း တွေဟာ အလွတ်သက်သက် မဟုတ်ဘူး၊ ဟေတုပစ္စည်း, အာရမ္မဏပစ္စည်း, အဓိပတိပစ္စည်း သုံးပါးကလဲ ပါရပါတယ်၊ အနန္တ ရ, သမနန္တနပစ္စည်းကလဲ ဒီအတိုင်း ပါနေရပါတယ်၊ သက်သက် တခြားစီ တခြားစီ မဟုတ်ပါဘူး၊ အဲဒီတော့ ဘုန်းကြီးက ကနေ့ လူတွေ နားလည်လောက်အောင်လို့ ဆိုပြီးတော့ ဒုစရိုက် ဆယ်ပါးနှင့် ဒီပစ္စည်းတွေကို ပြောကြည့်စမ်းမယ်လေ၊ နားလည်, မလည်ဆိုတာကတော့ ပြီးတော့မှ သိရမှာ၊ ဘုန်းကြီးကတော့ နားလည်အောင် ကြိုးစားပြီးတော့ ပြောမယ်။

ပါဏာတိပါတနှင့် ပစ္စည်းတရား။ ။ပါဏာတိပါတ=သူ့အသက် သတ်မှု၊ သူ့ အသက် သတ်မှုဆိုတဲ့ ပါဏာတိပါတ

အကုသိုလ်ဒုစရိုက်မှု တစ်ခုပဲ၊ ဘယ်လောက်များ ကျယ်ပြန့်သတုန်းဆိုတော့ ဒီပိုးကောင်, မွှားကောင်တွေ, အဲ…သန်း, ကြမ်းပိုး, ခြင်ကလေးတွေ သတ်လိုက်တယ်၊ ဒီတော့ ဒေါသရှိတယ်၊ အဲ…ဘတ်ခနဲ ပုတ်လိုက်တယ်ဆိုရင် ဒီ ဒေါသရှိတယ်၊ခဏကလေး, ခဏကလေး၊ ရယ်လား, မောလား, စကား ပြောလား, စားသောက်လားထဲက ခြင်ကိုက်တာနဲ့၊ ဘတ်ခနဲ၊ အဲခြင်ကိုက်တဲ့ နေရာ, ခြင်ကလေးသည် အာရုံ, အာရမ္မဏပစ္စည်းပဲ၊ အဲ…ဒီခြင်ကို ပုတ်လိုက်တဲ့ အချိန်ကလေးဟာ ဘာမှ မကြာဘူးနော်။

ဒိပြင်ကိစ္စဆိုပါတော့ စားလို့,သောက်လို့,ပျော်လို့,ပါးလို့၊ ဒိပြင်လောဘ ကိစ္စတွေ ဖြစ်နေတယ်ဆိုပါတော့၊ ဒါမှမဟုတ် ဘုရားအာရုံပြုနေတယ် ဆိုပါတော့၊ ဘတ်ခနဲ ပုတ်လိုက်တဲ့အချိန်မှာ ခြင်ကလေးက အာရမ္မဏပစ္စည်း၊ ပုတ်လိုက်တဲ့ အခါမှာဖြစ်တဲ့ ဒေါသစိတ်က ဟေတုပစ္စည်း၊ ဒေါသက ဟေတုပစ္စည်း, ဒေါသနှင့်အတူ ယှဉ်ဖြစ်တဲ့ စိတ်,စေတသိက်က ဟေတုပစ္စည်းကြောင့်ဖြစ်တဲ့ အကျိုးပစ္စယုပ္ပန်တွေ။

အဲဒီအခါမှာ ရုပ်ကလဲ ပါလာတယ် မဟုတ်လား၊ တစ်နေ့တုန်းက ပြောတယ်၊ ဒါကြောင့် ဒီရုပ်က စိတ်ကြောင့်ဖြစ်တဲ့ရုပ်က လက်ကိုလေ ဘတ်ခနဲ ပုတ်နိုင်လောက်အောင် ဆွဲတာပဲ၊ ဒါကြောင့် ဟေတုပစ္စည်း, အာရမ္မဏပစ္စည်း၊ ဒီခြင်သေးသေးကလေး ပုတ်တဲ့နေရာမှာ ဒီဒေါသနှင့် မောဟဟိတ်က ဟေတု ပစ္စယသတ္တိနှင့် ကျေးဇူးပြုလို့ ဒီစိတ်, စေတသိက်တွေဖြစ်လို့, ဒီရုပ်တွေဖြစ်လို့ ခြင်ကလေး ဘတ်ခနဲ အပုတ်ခံရတဲ့အဖြစ် ရောက်တယ်။

ကဲဒါဖြင့် အနန္တ ရပစ္စည်းနဲ့ဆိုတော့ လက်ဖျစ် တစ်ချက်တီးခန့်ကာလ မှာ ဒေါသဝီထိစိတ်တွေ ကုဋေတစ်သိန်းလောက် ဖြစ်တယ်၊ အဲဒီ ဒေါသစိတ် တစ်စိတ်တည်း ဖြစ်တယ်လို့ မထင်လိုက်နဲ့၊ ခြင်ကလေးပုတ်တဲ့ စက္ကန့်ပိုင်း, မိနစ်ပိုင်းလောက်မှာ ခြင်ကလေး သေသွားတယ်၊ အဲဒီ ခြင်ကလေးပုတ်တဲ့စိတ်လဲ စက္ကန့်ပိုင်းမှာ ဖြစ်တယ်၊ အဲဒီ တစ်စက္ကန့်ပိုင်း လက်ဖျစ် တစ်ချက်တီးခန့်မှာ ကုဋေတစ်သိန်းလောက် ဖြစ်နေတာဖြစ်တော့ ဒေါသစိတ် စေတသိက်, ဒေါသစိတ် စေတသိက် ကုဋေတစ်သိန်းမက ဖြစ်တယ်၊ ဒီစိတ်ကြီးဟာ ခြင်ရိုက်တဲ့နေရာကို ရောက်လောက်အောင် ဒီ စိတ်တွေဟာ ဆွဲဆောင်သွားလို့ စိတ္တဇရုပ်တွေ လှမ်းပြီး တော့ ဟောဒီ ခြင်ကလေးကို ပုတ်မိတဲ့ အဖြစ်မျိုးသို့ ရောက်ပါတယ်။

ဒီ တော့ ဟေတုပစ္စည်း ပါတယ်, အာရမ္မဏပစ္စည်း ပါတယ်, အဓိပတိ ပစ္စည်းတော့ ပါချင်မှ ပါမယ်၊ ဒါပေမယ့် စိတ်တစ်ခုနဲ့စိတ်တစ်ခု ကျေးဇူးပြုတဲ့ အနန္တ ရ, သမနန္တ ရပစ္စည်း ဒီမှာ ပါနေတယ်၊ အဲဒီ ခြင်ကလေးကို ပုတ်ဖို့ရန် ဖြစ်တဲ့ဒေါသ အခိုက်အတန့်မှာ ဒေါသက အဲ…သဟဇာတ နာမ်ခန္ဓာတစ်ပါး၊ သူ နဲ့ ဖြစ်ဖော်ဖြစ်ဖက်ဖြစ်တဲ့ စိတ်တွေက နာမ်ခန္ဓာတစ်ပါး၊ အဲ ဝေဒနာ,သညာ တို့က နာမ်ခန္ဓာနှစ်ပါး၊ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတယ်၊ သဟဇာတပစ္စည်း ပါတယ်, အညမညပစ္စည်း ပါတယ်၊ သူ တို့အချင်းချင်း မှီပြီးတော့ ဒီခြင်ကလေး ပုတ်ရပါမည့်အကြောင်း ပစ္စည်းပေါင်း ဘယ်လောက် ပါသလဲဆိုတော့ သိပ်ပြီးတော့ များတာပဲ၊ ဒီတော့ အကျိုးပေးတော့ မပေးဘဲ နေမှာလား၊ မနည်းဘူး။

ဒီ သတ္တိတွေနဲ့ ခြင်ကိုသတ်ရတဲ့အကြောင်းဟာ ပါဏာတိပါတကို နက်နက် နဲနဲကြည့်လိုက်၊ ခြင်သတ်တာထက် ပိုပြီးတော့ ကြီးမားတဲ့ တိရစ္ဆာန်သတ်တဲ့ အခါကျတော့ ဒီဒေါသ, ဒီမောဟ, ဒီစိတ်, ဒီစေတသိက်တွေ ပိုပြီးတော့ ပြင်းလာတယ်, များလာတယ်၊ ဒီတော့ အကုသိုလ်က များလာတယ်၊ လူကို သတ်တော့မယ်လို့ ဆိုတဲ့အခါ ရှေးက ကြိုးစားတဲ့ စိတ်တွေ ဒီဒေါသ, ဒီစေတသိက်တွေ ပိုဖြစ်တယ်, များများ ဖြစ်တယ်, ကြာကြာ ဖြစ်တယ်, ထက်ထက်သန်သန် ဖြစ်တယ်၊ လူသတ်ရတဲ့ အခါမှာ ခြင်သတ်ရသလောက် မပေါ့ဘူး၊ ထက်ထက်သန်သန် အဲဒီလိုနဲ့ ဖြစ်တယ်၊ တဖြည်းဖြည်း တက်, တက်တက်သွားလိုက်တာ၊ တကတည်း လူ တောင်မှ လူသတ်ပြီ ဆိုလို့ရှိရင်ဖြင့် သိပ်ပြီးတော့ ဒီက စိတ်တွေက လှုံ့ဆော်ရတယ်၊ သိပ်ပြီးတော့ အားပေး ရတယ်။

အဲဒါကြောင့်သိပ်အားပေးရတယ်၊အဲဒါကြောင့် အပြစ်ကြီးတဲ့အခါကျတော့ မြင့်မြတ်တဲ့ အထက်တန်းပုဂ္ဂိုလ်တွေကို သတ်တဲ့လူတွေဟာ ပိုပြီးတော့ အကုသိုလ် ကြီးမားတယ်၊ အကုသိုလ်အပြစ်တွေက ပိုပြီး ကြီးလာတယ်၊ ဒီမှာ ဖြစ်ပုံက သိပ်ကြီးတာပဲ၊ သူများမပြောနဲ့ ဘုန်းကြီးတို့ ရှင်ဒေဝဒတ်က မြတ်စွာဘုရားကို ဂိဇ္ဈကုဋ်တောင်ပေါ်က ကျောက်နှင့်ကို လှိမ့်ပြီးတော့ သတ်တာပဲ၊ ဘုရားကို သတ်တော့လဲ ရှင်ဒေဝဒတ်ရဲ့ အဲဒီခန္ဓာမှာလေ ဒီဒေါသပဲ၊ သို့သော် ပြင်းနေ တယ်၊ ဒီစိတ်တွေပဲ, ဒီစိတ်တွေ ပြင်းနေတယ်၊ ဒီစိတ္တဇရုပ်, ဒီ ရုပ်တွေပဲ ပြင်းနေတာ, ပြင်းနေတာ၊ ဒီ တော့ မြတ်စွာဘုရားကို ကျောက်နှင့် လှိမ့်ချတော့ ရှင်ဒေဝဒတ်ရဲ့အကုသိုလ်ဒေါသမှာ ဟေတုပစ္စည်းပါတယ်၊ သဟဇာတ, အညမည ပစ္စည်း ပါတယ်၊ မြတ်စွာဘုရားတည်းဟူသော အာရုံတော်မြတ်ကြီးလဲ ပါတယ်၊ အာရမ္မဏပစ္စည်းနဲ့၊ အဲဒီ ကိစ္စမှာ သက်ဆိုင်ရာက ရှင်ဒေဝဒတ် အဝီစိမှာ ကျလောက်တဲ့ အကျိုးကို ပေးတာပဲ၊ ပြင်းထန်သလောက် ဟိုမှာ အကျိုးပေးတာပဲ။

ဘုန်းကြီးတို့က မြင်လွန်းလို့, မြင်လွန်းလို့၊ မြင်တာက ဒီလိုလေ၊ ဘုရား ဟောတာ သိလွန်းလို့,သိလွန်းလို့၊ ဒါကြောင့်မိုလို့ ဘုန်းကြီးတို့က ထိန်းပေးနေတာ, တရားနဲ့ ထိန်းပေးနေတာ၊ ဒီ အပြစ်တွေကို မြင်လွန်းလို့ ပါဏာတိပါတ အကြောင်းကို သိပြီနော်၊ အဲ…သူများ သတ်ဖြတ်နေကြတာလဲ သိပြီနော်။

အဒိန္နာဒါနာနှင့် ပစ္စည်းတရား။ ။ အဒိန္နာဒါန=သူ့ဥစ္စာကိုခိုးတယ်လို့ ဆိုတာ ဟာ အရင်ကတော့ ခိုးတယ်ဆိုတာဟာ (အိမ်များဝင်ပြီးတော့ခိုးတယ်၊) တိတ်တိတ် သူမသိအောင် ခိုးလိုက်တယ်၊ အဲ…ဓားပြ တိုက်တယ်, အနုကြမ်း စီးတယ်၊ ဒီလောက်သာ သိတာ၊ ဒီလောက်သာ သိတာ၊ သိပ်သနားစရာက ဘုန်းကြီးတို့ ကျမ်းစာ သုတ္တန်ကျတော့ အလေးကို ကောက်ကျစ်စဉ်းလဲပြီးတော့ ကိုယ်ကပေးရမယ့် အခါကျတော့ ပေါ့ပေါ့ အလေးနဲ့ ပေးတယ်၊ ကိုယ်ကယူရမယ့် အခါကျတော့ လေးလေး ပင်ပင် အလေးနဲ့ များများရအောင်၊ တစ်ခါ ကိုယ်ကပေးတဲ့ အခါကျတော့ တင်းတောင်း ခပ်သေးသေးကလေးနဲ့ မသိမသာထည့်ပုံက လျှော့တယ်၊ နို့ပေမယ့် အဝင်ချင်း မတူဘူး၊ ခွက်တို့, တင့်တောင်းတို့ ခပ်သေးသေးနဲ့ ကိုယ်ကယူရမယ့် အခါကျတော့ ခွက်တို့,တင်းတောင်းတို့ ခပ်ကြီးကြီး၊ ထည့်ပုံ ကတော့ အတူတူပဲ၊ အဲဒီလို တကတဲ အဒိန္နာဒါနတွေလေ ရောင်းရင်း, ဝယ်ရင်း, အဲ…ကူးသန်းရင်း, သူ ဌေးကြီးတွေ လုပ်ရင်း, ရောင်းလိုက်ကြ, ဝယ်လိုက်ကြတာ၊ အဲ မမှန်မကန် ရွှေကလေးတွေနဲ့, မမှန်မကန် ငွေကလေးတွေနဲ့ ရောင်းလိုက်ကြ, ဝယ်လိုက်ကြတာ အတုတွေနဲ့၊ တကတဲ အဒိန္နာဒါနတွေ ဒီ အထဲမှာ တစ်ခါ အဒိန္နာဒါန ဖြစ်ပါမည့်အကြောင်း မုသားက ရှေ့က နေရ တယ်, ညာရတယ်၊ မျက်နှာထား ဟန်ဟန်ပန်ပန်နဲ့ ညာရတယ်၊ ခု ဒီအတိုင်း လောကကြီး ဖြစ်နေတာ၊ ပြီးတော့ကာ အဒိန္နာဒါနကိစ္စမှာ လိမ်ကြ, ညာကြ, ဖြန်းကြ၊ ပရိယာယ်နှင့် လှည့်ကြ, ပတ်ကြ, ရောင်းကြ, ဝယ်ကြ၊ အကုန်လုံး ငါးပါးသီ လ ပျက်နေကြတယ်၊ ငါးပါးသီ လ ပျက်နေကြတယ်။

ပျက်နေကြတော့ အဲဒီ အခါမှာ ရောင်းရင်း, ဝယ်ရင်း၊ အဲ ခိုးရင်း, တိုက်ရင်း ဟောဒီမှာ လောဘ လာနေပြီ၊ ဟိတ် လောဘဟိတ်, အဲဒီ လောဘ ဟိတ်က ယှဉ်ဖက်ဖြစ်တဲ့ စိတ်တွေ, စေတသိက်တွေ ကျေးဇူးပြုလိုက်တာ သဟဇာတပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ အာရမ္မဏက ဘယ်လိုတုန်းဆိုတော့ ရွှေလိမ်လို့ရှိရင် ရွှေလဲအာရုံ၊ လိမ်ရမယ့်သူ လဲ အာရုံ၊ ဒီ ဒါတွေ မပါဘဲ ဖြစ်ကို မဖြစ်တာ, ဖြစ်ကို မဖြစ်တာ၊ ရွှေကလဲ ရွှေအာရုံ၊ အလိမ်ခံရမယ့်သူကလဲ အလိမ် ခံရမယ့်သူ အာရုံ၊ အဲ စပါးတွေ, ဆန်တွေ, ပဲတွေ ကူးသန်းရောင်းဝယ်တော့လဲ တင်းတွေ, တောင်းတွေ, ဆန်တွေက အာရုံ၊ ခုနက လောဘက အာရမ္မဏပစ္စည်း နဲ့ ကျေးဇူးပြုခံရတဲ့ ပစ္စယုပ္ပန်၊ ဒီလို ဖြစ်နေပြီးတော့ ဒီလောဘ ဖြစ်နေတဲ့အခါမှာ စိတ်တွေ, စေတသိက်တွေက ခန္ဓာလေးပါးလုံး ပါနေတော့ အညမညပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ မှီရာနိဿယပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ ဒါကြောင့် လိမ်လည် လှည့်လိုမှု လောဘ၊ အဲ မတရားရောင်းဝယ်မှု လောဘက နည်းနည်းကလေး လို့ သူတို့ထင်တာ၊ ဘုန်းကြီးတို့က စိတ်တွေ ဘယ်လောက် ဖြစ်နေပြီးတော့ ဘယ်လောက် ကျေးဇူးပြုနေတာ သိနေတယ်၊ ဒီ လောဘ, ဒီ ဟေတုပစ္စည်း မှာ ဝိုင်းပြီးတော့ ကျေးဇူးပြုလိုက်တာ၊ အကျိုးပေးတဲ့ အခါကျတော့လေ သူ များပစ္စည်းကို မတရားယူခဲ့တဲ့အတွက်ကြောင့် လှည့်စားပြီးတော့ မတရား ယူခဲ့တဲ့အတွက်ကြောင့် သူ ဌေးဘဝက သေသွားတော့ မရှိဆင်းရဲတဲ့ ဘဝ ရောက်နိုင်တယ်။

ရှင်ဘုရင်ဘဝက သေသွား၊ မတရားအခွန်တွေ ကောက်ပြီဆိုလို့ရှိရင် ရှင်ဘုရင်ပိုင်, တစ်ဦးပိုင် ဆိုလို့ရှိရင် ရှင်ဘုရင်မှာ အဒိန္နာဒါန အကုသိုလ် ဒုစရိုက်တွေ ဖြစ်နေတာပဲ၊ ကြောက်စရာ, ကြောက်စရာ, ကြောက်စရာ၊ တစ်ခါ ဘုန်ကြီးလုပ်ပြီးတော့, ညာပြီးတော့ အလှူခံကြတယ်၊ အဒိန္နာဒါန, အဒိန္နာဒါန၊ သူက ဘုန်းကြီး လုပ်ပြီးတော့ ပြောလို့သာ လှူလိုက်ရတာ၊ ဘုန်းကြီးက ဒီအတိုင်း လုပ်တာ မဟုတ်ဘူး၊ ဒါ ဒါ ဘုန်းကြီး အဒိန္နာဒါနတင် မကဘူး၊ ဗုဒ္ဓမြတ်စွာက ကိုယ့်မှာ တရားမရှိဘဲနဲ့ ဟန်လုပ်ပြီးတော့များ ညာနေလို့ရှိရင် (ဒီလူတွေကို ညာနေလို့ရှိရင်) ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာက သူခိုးကြီးလို့ကို အမိန့်တော်ရှိပါတယ်၊ မဟာစောရတဲ့။

ဒီတော့ ဘုန်းကြီးတို့က မြင်နေတယ် မဟုတ်လား၊ မြင်နေတော့ကာ ငတ်နေတာကို ဘုန်းကြီးတို့ ခံနေရမှာ၊ မတရားရတဲ့ ပစ္စည်းကိုတော့ ဘုန်းကြီးတို့က မသုံးရဲပါဘူး, မသုံးရဲဝံ့ပါဘူး၊ ရအောင်လဲ မိမိက မလုပ်ရဲပါဘူး၊ ဘုန်းကြီး စကား နားထောင်ကြတဲ့ သူတွေလဲ နည်းနည်းကလေးမှ မလုပ်ကြပါနဲ့လို့ ပြောလိုပါတယ်၊ နားထောင်မလား, နားမထောင်ဘူးလား ဆိုတာကတော့ ကိုယ့်ဘာသာ ကိုယ့်ပေါ့လေ၊ ရင်ထဲ ဖွင့်ပြီးတော့ မှန်းဆ ကြည့်ကြစမ်း၊ ပြောချင်တာကတော့-

ဘုန်းကြီးက ဘုန်းကြီးအတွက်ဆိုရင် ငတ်နေပါစေ, ငတ်ပြီးတော့ အသေခံသွားမယ်၊ မတရား မလုပ်ဘူး၊ မတရား ညာပြီးတော့ကာ မလုပ်ပါဘူး၊ ဘုန်းကြီးရဲ့ ဒကာ, ဒကာမတွေ စီးပွားလျော့သွားစမ်းပါစေ၊ သူများ အထင် သေးပါစေ မတရားဆိုတဲ့ ကိစ္စနဲ့ဖြင့် အဲ အဲ စက္ကူကလေး တစ်ချပ်မျှ, ကျပ်တန် စက္ကူကလေး တစ်ချပ်မျှ မပါစေကြနှင့်၊ ငါ့ရဲ့ ပိုက်ဆံအိတ်ထဲမှာ တစ်ချပ်မျှ မပါစေနဲ့၊ အားလုံး တရားသဖြင့်ရတဲ့ ပစ္စည်းချည်း ဖြစ်စေရမယ်လို့ အဲဒီလိုများ အဓိဋ္ဌာန်ထားဖို့ သိပ်ကောင်းတာပဲ, သိပ်ကောင်းတာပဲ။

ကာမေသုမိစ္ဆာစာရနှင့် ပစ္စည်းတရား။ ။ တရားတော်က သေချာလွန်းလို့ ပါဏာတိပါတ, အဒိန္နာဒါန, ဒီ ကာမေသုမိစ္ဆာစာရ အပြစ်ဒုစရိုက်ဆို ကြောက်စရာ လန့်စရာချည်း၊ ဒီ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်က တစ်ယောက်က တစ်ယောက်ကို တဏှာရာဂ စိတ်နဲ့ ကြည့်ပြီးတော့နေရင်ပဲ ကာမေသုမိစ္ဆာစာရ, အဗြဟ္မစရိယရဲ့ ရှေ့ပြေးတဲ့၊ တရားကဖြင့် မေထုန်ကလေးလို့ ဆိုတယ်၊ နှစ်ယောက်အတူတူ ပူးတွဲပြီး အိပ်နေမှ မေထုန် မဟုတ်ဘူး၊ တစ်ယောက်က, တစ်ယောက် ကြည့်နေပြီးတော့ သာယာနေလျှင် မေထုန်ပါပဲ၊ အကုသိုလ်လောဘ ဖြစ်မနေဘူးလား၊ အကုသိုလ် လောဘတွေ ဖြစ်နေတော့ လောဘတွေ ဟေတုသတ္တိနဲ့ စိတ်တွေ, စေတသိက်တွေ လောဘနဲ့လိုက်လာပြီး အဲ ရုပ်ကလဲ ဒီရုပ်တွေ ဖြစ်နေတော့ တစ်ယောက်ကို, တစ်ယောက် ကြည့်ပြီးတော့ မျက်စိက ရုပ်တွေက ဒီတော့ ဒီမှာ မေထုန်၊ တစ်ယောက်နှင့်တစ်ယောက်စကားပြောတဲ့အခါမှာ နားစိုက်ပြီးတော့ သာယာ နေတယ်၊ မေထုန်ပါပဲ, မေထုန်ပါပဲ။

တစ်ခါ ဒီလိုတော့ အသံမကြားရဘူး၊ သူကပေးတဲ့ ပစ္စည်းကြည့်ပြီးတော့ သာယာပြီးတော့ နေတယ်၊ ဒါဟာ မေထုန်ပါပဲ၊ ဗုဒ္ဓမြတ်စွာကလေ ကာမေသုမိစ္ဆာစာရအတွက်, အဗြဟ္မစရိယအတွက် သန့်ရှင်းစေချင်လွန်းလို့ ကြည့်တာရှုတာ, နားထောင်တာ, သုံးစွဲတာက စပြီးတော့ အကုန်လုံး သန့်ရှင်း အောင် ကြိုးစားနေရမယ်လို့ မဃဒေဝလကာမှာ တောထွက်တော်မူမယ်လို့ဆိုတော့ မိဖုရားက သူလိုက်ပြီးတော့ တောထဲမှာပေါ့လေ ရေပူ, ရေချမ်း ကမ်းလှမ်းပြီးတော့ ပြုစု လုပ်ကျွေးပါ့မယ်လို့ဆိုတဲ့ အတောင်းအပန်မျိုးနဲ့ တောင်းပန်စကား ပြန်ပြောတဲ့အခါမှာ တယ်ကောင်း …

{ငါးပါး သံသဂ်, မရောယှက်ဘဲ, တောထွက်ပြီးကာ, ခွာကြီးခွာ၍}ငါးပါး သံသဂ် ဆိုတာဟာ {ဒဿနသံသဂ္ဂ}မြင်နေတာလဲ တစ်ယောက်နဲ့ တစ်ယောက် ရောနေတာပဲ၊ {သဝနသံသဂ္ဂ}တစ်ယောက်စကား တစ်ယောက် အသံကြား နေတာလဲ {သဝနသံသဂ္ဂ}ရောနေတာပဲတဲ့၊ သူ့ ပစ္စည်းကို သုံးစွဲ နေတာလဲ {သံသဂ္ဂ}ရောနေတာပဲ၊ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ပြီး နေတာလဲ {ကာယသံသဂ္ဂ} ရောနေတာပဲ၊ တစ်ယောက်ကို တစ်ယောက်က ဖက်ပြီးတော့ နေတာလဲ ရောနေတာပဲ၊ အဲဒီ ငါးမျိုးစလုံး ငါ မရောက်စေရဘူး။

{ငါးပါးသံသဂ်, မရောယှက်ဘဲ, တောထွက်ပြီးကာ, ခွာကြီးခွာ၍, မဟာနေက္ခမ္မ, သကပ္ပဖြင့်, မာတဂကြီး, တောခိုမှီးသို့, ကိုယ်တည်း အောင်းခို, ဗြဟ္မစိုရ်ဖြင့်, အလိုတော်ပြည့်, ပြည့်အောင်ဖြည့်ပိမ့်, ငါ၏ နောက်တော်, တစ်ယောက်သော်မျှ, မခေါ်အပို, ဖော်မလိုသည်, ရွှေကိုယ်သက်သက် ရှင်းရှင်းတည်း}။

သာဓု…သာဓု…သာဓု

မုသာဝါဒနှင့် ပစ္စည်းတရား။ ။ ဘုန်းကြီးတို့တရားတော်က သေချာလွန်းလို့ ကာမေသုမိစ္ဆာစာရ, အဗြဟ္မစရိယနေရာမှာ၊ တစ်ခါ မုသာဝါဒက {မုသားမပါ, လကာမချော} ဆိုပြီးတော့ သာသာ ကလေး လှည့်တဲ့ လှည့်တဲ့ပြီးတော့ ပြောလိုက်တာ မဟုတ်လဲဘဲ ဟုတ်လေ ယောင်၊ မမှန်ပေမယ့် မှန်လေယောင်၊ ရောင်းတဲ့ဝယ်တဲ့နေရာမှာတောင် မဟုတ်ဘူး၊ လောကွတ်ပျုငှာ ကျေအောင်လို့မို့ ရှိလျက်သားနဲ့ မရှိပါဘူးလို့၊ ရှိလျက်သားနဲ့ မရှိယောင်၊ ပြီးတော့ မရှိဘဲနဲ့ ရှိသယောင် ဟန်ဆောင်ပြီး ကြွားကြတယ်, အဝတ်နဲ့ ကြွားကြတယ်, အစားနဲ့ ကြွားကြတယ်၊ အနေနဲ့ ကြွားကြတယ်၊ အဲဒါတွေဟာ တစ်ဖက်သားကို လှည့်စားနေတာ၊ မုသားသဘော ပေါ်နေတာ။

အဲဒါကြောင့် တည်တည်ကလေး စကားပြောပါ၊ မှန်မှန်ကလေး ပြောပါ၊ ချိုချိုသာသာကလေး ပြောပါ၊ မုသားဟာ အခုနိုင်ငံမှာ တော်တော် ကြောက်စရာ ကောင်းနေပါတယ်၊ ကမ္ဘာမှာလဲ တော်တော် ကြောက်စရာ ကောင်းနေပါတယ်၊ တော်တော် ကြောက်စရာ ကောင်းရုံသာ မကဘူး၊ ဘယ်သူ့ ဘယ်သူမှလဲ မယုံတော့ဘူး၊ ဒီ အိမ်ရေး, အိမ်တာနှင့် ရောင်းမှု, ဝယ်မှုနှင့်တကွ ကမ္ဘာ့ထိ်ပ်တန်း ခေါင်းဆောင်ကြီးတွေက တောင်မှ မုသားနဲ့, ပရိယာယ်နဲ့ ဟိုနိုင်ငံနဲ့ ဆက်ဆံတော့ တစ်မျိုး စကားပြောလို့, ဘေးနိုင်ငံက မယုံ၊ ဒီနိုင်ငံနဲ့ ဆက်ဆံတော့ တစ်မျိုး စကားပြောလို့, ဟိုနိုင်ငံက မယုံ၊ ဘာပြုလို့တုန်း သူလဲ ဒီလို ငါလဲ ဒီလို ဖြစ်နေလို့။

မုသားက အင်မတန် များနေကြတာကိုး၊ မယုံတော့ဘူး၊ ဘယ်သူ့ ဘယ်သူမှ မယုံလို့ ကမ္ဘာကြီး ဘာဖြစ်နေတုန်းဆိုတော့ ကြည့်တော့၊ မယုံဘူး, အိမ်သူ အိမ်သားချင်းလဲပဲ တစ်ယောက်တစ်ယောက် တယ် မယုံလို့, တစ်မျိုး တစ်မည် ဖြစ်ကုန်ကြရော၊ မသန့်ရှင်းကြဘူး၊ ဒါ့ကြောင့် မုသားဝါဒ သိပ်ပြီးတော့ အရေးကြီးတယ်၊ မုသားပြောလိုက်လို့ရှိရင်, လောဘကိစ္စနဲ့ မုသားပြောလိုက်လို့ ရှိရင် လောဘကစိုက်ပြီး လောဘရဲ့အလို စိတ်, စေတသိက်တွေက သဟဇာတ ပစ္စည်းနဲ့ ကျေးဇူးပြုပြီးတော့ ဒီမုသားပြောရမယ့်, လိမ်ရမယ့်အာရုံက အာရမ္မဏ ပစ္စည်းနဲ့ ကျေးဇူးပြုလျက်, အညမညပစ္စည်းနဲ့လဲ ကျေးဇူးပြုလျက်, နိဿယ ပစ္စည်းနဲ့လဲ အချင်းချင်း မှီစရာရှိလျက်၊ အဲသလောက် တရားတွေက ဝိုင်းပြီး သတ္တိတွေနဲ့ ကျေးဇူးပြုနေတာဖြစ်တော့ သေးသေးကလေးပေမယ့် သက်သာ လိမ့်မယ် မထင်ပါနဲ့၊ ဘဝများစွာ သံသရာမှာ အင်မတန် ကြောက်စရာ့ ကျေးဇူးကို ပြုလာပါလိမ့်မယ်, အကျိုးပေးလာပါလိမ့်မယ်။

ပိသုဏဝါစာနှင့် ပစ္စည်းတရား။ ။ ပိသုဏဝါစာဆိုတာဟာ တစ်ယောက်နှင့် တစ်ယောက် ရန်တိုက် ပေးနေတာပဲ၊ ဒီ စကားပြောတော့ လျှာကလေး လှည့်ပတ်ပြီးတော့ ဒီ စကားပြောလိုက်လို့ရှိရင် တော့ သူတို့နှစ်ယောက်တော့ နည်းနည်း မေတ္တာပြယ်သွားမှာပဲလို့ သိလဲ, သိတယ်၊ ပါးလဲ, ပါးကြတယ်၊ ဒီစကားပစ်သွင်းလိုက်တာပဲ၊ ဒါ ပိသုဏဝါစာ၊ ဟိုနှစ်ယောက်က သံသယဖြစ်သွားပြီ၊ သမီး, ခင်ပွန်းချင်းပေမယ့်, သမီးရည်းစား ပေမယ့် သူ က မသိလိုက်, မသိပါ ဖြစ်လို့ရှိရင် ဒီပိသုဏဝါစာနဲ့ {အင်း…မင်းက ဘယ်လိုနေပေမယ့် ဟိုက ဘယ်လိုပါလား}၊ ဟိုကျတော့လဲ {သင်က ဘယ်လို ထင်နေပေမယ့် ဟိုက ဘယ်လိုပါလား}၊ ပိသုဏဝါစာနဲ့ ရန်တိုက်လိုက်ရော, ပိသုဏဝါစာနဲ့ ရန်တိုက်လိုက်ပြီ။

ပိသုဏဝါစာနဲ့ ရန်တိုက်လိုက်တဲ့အခါမှာ တစ်ခါတစ်ခါ မုန်းလို့ရှိရင် ဒေါသနဲ့ ဒေါသဟိတ်နဲ့ စိတ်, စေတသိက်တွေနဲ့၊ ရုပ်မပြောနဲ့တော့ အသံကို ထွက်လာပြီ, အသံကို ထွက်လာပြီ၊ အသံဟာလဲပဲ စိတ္တဇရုပ်ပဲ၊ ခုနက သဟဇာတ ပစ္စည်းတွေ, အညမညပစ္စည်းတွေ, နိဿယပစ္စည်းတွေနဲ့ အကုန်လုံး ဝိုင်း ကျေးဇူးပြုနေတာ၊ အာရုံကတော့ ဘယ်သူတုန်းဆိုရင် ရန်တိုက်ခံရတဲ့ သူတွေပါပဲ, ကုန်းတိုက်ခံရတဲ့ သူတွေပါပဲ၊ ဒီ ပိသုဏဝါစာဟာ နိုင်ငံကြီးတွေ လှည့်နေတာပဲ ကြည့်တော့၊ မယုံဘူး, မယုံဘူး၊ ဒီနိုင်ငံက ဟိုနိုင်ငံနဲ့ ဆက်သွယ်ပြီ ဆိုလို့ရှိရင် ဟိုဖက်နိုင်ငံက မယုံဘူး၊ ဘယ်သူ နဲ့, ဘယ်သူနဲ့ ပေါင်းပြီး, ဘယ်သူ့ကို ချတော့မှာပဲ၊ တစ်ခါတစ်ခါ သတင်းစာထဲမှာ ဖတ်ရ တယ်၊ ဟုတ်တယ်, အင်မတန်မှ လောကကြီးလဲ မတရားကြတာကိုး။

ဘုန်းကြီးတို့ကလဲစာနဲ့ ဒီကနေ တိုင်းပြီး ကြည့်နေတာကိုး၊ နိုင်ငံကြီးတွေ ဘာဖြစ်နေတုန်း၊ မယုံကြဘူး, တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ခေါင်းဆောင်ကြီးတွေ မယုံကြဘူး၊ လုပ်ပုံ, ကိုင်ပုံက ယုံချင်စရာ မကောင်းလိုက်တာမှ၊ ဒီတော့ ခု မယုံကြတော့ ဘာဖြစ်သလဲ ဒေါသ, မာန၊ ချပါစေပေါ့ကွာ၊ တို့လဲ သူနဲ့, ဘယ်သူတွေနဲ့ ပေါင်းလိုက်မယ်၊ ဒေါသ, မာန၊ ဒေါသစိတ်က ဟေတုပစ္စည်း နဲ့ ကျေးဇူးပြုမယ်၊ မာနက သဟဇာတသတ္တိနဲ့ ကျေးဇူးပြုမယ်၊ နောက် လာ လိမ့်မယ်, ပကတူပနိဿယကလဲ လာလိမ့်ဦးမယ်၊ ဒီတော့ ဘုန်းကြီးက ကမ္ဘာကြီး ဘာဖြစ်နေတယ်၊ ဘုန်းကြီးတို့ စာနဲ့ပေနဲ့ စာအုပ်ကလေး ကိုင်ပြီးတော့ သိလွန်းလို့, စာအုပ်ကလေး ကိုင်ပြီးတော့ မြင်လွန်းလို့၊ ဒီရုပ်,ဒီစိတ်,ဒီစေတသိက် ရုပ်နာမ်တရားတွေ ဖြစ်နေတာ ဘယ်လောက်မှ ဆန်းကြယ်တာ မဟုတ်ဘူး။

ဗုဒ္ဓမြတ်စွာက သက်သက် ကြံကြံနေပြီးတော့ ဟောနေတာ မဟုတ်ဘူး၊ ဒီ သတ္တဝါတွေရဲ့ ဖြစ်နေတဲ့ စိတ်တွေကို နှစ်ဆယ့်လေးပစ္စည်းနဲ့ ခွဲပြီးတော့ ဟောတော်မူနေတာ၊ ဘုန်းကြီးကလဲ အဲဒါ လိုက်နေတာနော်။

ဖရုသဝါစာနှင့် ပစ္စည်းတရား။ ။ ဖရုသဝါစာ၊ ဒါက ရှင်းပါတယ်၊ ကြမ်းကြမ်း တမ်းတမ်း ဆဲတာ မဟုတ်လား၊ ဒါက ဒေါသဟိတ်နဲ့ ဒေါသဖြစ်လိုက်တော့ စိတ်တွေပါ, စေတသိက်တွေပါ ဒေါသထဲ ပါလာတယ်၊ ဟေတုပစ္စယသတ္တိနဲ့၊ ဒီတော့စိတ်,စေတသိက်တွေကလဲ ပါလာတော့, ရုပ်ကလဲ ပါလာတော့ အသံကို ထွက်လာတယ်၊ ဆဲတဲ့အသံကို ထွက်လာတယ်၊ ဒီအခါ အာရမ္မဏသတ္တိက အဆဲခံရသူက အာရမ္မဏပဲ၊ ဒိပြင် စိတ်, စေတသိက် တွေ, ပစ္စည်းတွေ, ပစ္စယုပ္ပန်တွေ ဖြစ်ကုန်ကြရော၊ အင်မတန်ကောင်းတယ်။

သမ္ဖပ္ပလာပနှင့် ပစ္စည်း။ ။ သမ္ဖပ္ပလာကတော့ ဘုန်းကြီးတို့ ကွက်စိတ် ဆရာတွေပေါ့လေ၊ ရယ်ရရင် ပြီးတာပဲ၊ ဟုတ်တာ မဟုတ်တာတော့ မဟုတ်တာဘဲ များနေမှာပေါ့၊ ကွက်စိပ်ဆရာတွေ, အများကြီး ရယ်အောင် လုပ်နေတဲ့သူပေါ့လေ၊ သိကြသားပဲ ၊ စကားပြော ကောင်းတဲ့ အရသာကပဲ ကွက်စိပ်ဆန်ဆန်စကားတွေ, မဟုတ်မဟတ် ရယ်ရွှန်း ပတ်ရွှန်းစကားတွေ မဟုတ်မဟတ် ပြောလိုက်သေးတယ်၊ အဲဒါက ဘာတုန်း သမ္ဖပ္ပလာပ။

အဘိဇ္ဈာနှင့်ပစ္စည်းတရား။ ။မုသာဝါဒပိသုဏဝါစာဖရုသဝါစာ သမ္ဖပ္ပလာပ ဒီ ပစ္စည်းတွေ, ပစ္စည်းတရားတွေ၊ ပြီးတော့ ဟို မနောကံက အဘိဇ္ဈာ=သူများ စည်းစိမ်ကို လိုချင်တာ၊ သူများ ဝတ်လာတဲ့ လက်ဝတ်လက်စား ကြည့်ပြီးတော့ လိုချင်လိုက်တာ၊ လိုချင်တာက ဝယ်လိုတာ မပြောလိုဘူး၊ ဒါ တရားသဖြင့် ယူလိုတာကို မပြောလိုဘူး၊ မတရားသဖြင့် ငါ ဘယ်နှယ် လုပ်ပြီးတော့ ရအောင် ယူရပါ့မလဲ၊ အဲသလို မတရားသဖြင့် လိုချင် တဲ့ တရားမျိုးကို အဘိဇ္ဈာလို့ မနောကံက ဆိုတယ်၊ ဒီအဘိဇ္ဈာဖြစ်တောလဲ လောဘကစိုက်လို့ ဒီပစ္စည်းပေါ်မှာ လောဘဟိတ်စိုက်တော့ ဒိပြင် ဟေတုပစ္စည်း ပစ္စယုပ္ပန်ဖြစ်တဲ့ ဒိပြင် စိတ် စေတသိက်တွေက ဖြစ်လို့၊ ရုပ်ကလဲ ဖြစ်တော့ မျက်စိကကြည့်ပြီး ဒီပစ္စည်းပေါ်မှာ မျက်စိရောက်လာ၊ ရုပ်က ပါနေတော့ စိတ္တဇရုပ်က ပါနေတာ၊ ဘုန်းကြီးတို့က အင်မတန် သေချာတယ်လေ။

နိဿယပစ္စည်းနဲ့, သဟဇာတပစ္စည်းနဲ့, အညမညပစ္စည်းနဲ့ အပြန်အလှန် ကျေးဇူးပြုနေကြတာပဲ။

ဗျာပါဒနှင့် ပစ္စည်းတရား။ ။ တစ်ခါ ဗျာပါဒ ဒေါသဖြစ်, ဒေါသဖြစ်တော့လဲ သေစေချင်လိုက်တာ၊ ဒေါသ ဟေတုပစ္စည်း၊ ကျန်တဲ့တရားတွေ ခုနကလို ပစ္စယုပ္ပန်၊ ဒေါသအဖြစ်ခံရတဲ့ လူကတော့ အာရမ္မဏ ပစ္စည်း၊ ဒီလို ဒီလို အကုန်လုံး အဘိဇ္ဈာ ဗျာပါဒ။

မိစ္ဆာဒိဋ္ဌိနှင့်ပစ္စည်းတရား။ ။'မိစ္ဆာဒိဋ္ဌိ 'ဘုန်းကြီးကပြောချင်တယ်၊ မိစ္ဆာဒိဋ္ဌိ ကဘယ်လောက် ကြောက်စရာကောင်း သတုန်းဆိုတော့ အားလုံး အကုသိုလ်တွေကို မိစ္ဆာဒိဋ္ဌိက ခေါင်းဆောင်နေတာပဲ ၊ ဒိပြင် ဒိပြင် မိစ္ဆာဒိဋ္ဌိ မရှိတော့ ကိုယ့်စိတ် ကိုယ်မနိုင် အကုသိုလ်ဖြစ်ရတယ်၊ မိစ္ဆာဒိဋ္ဌိ ပါလာပြီဆိုတော့ တွန်းပို့နေတာပဲ ၊ ဒီ အကုသိုလ်တွေဆီကို တွန်းပို့ နေတာ, ဖြစ်ကို ဖြစ်အောင် လုပ်ပေးနေတာပဲ။

နတ္ထိ ဒိန္နံ-ဘာ ကျေးဇူးရှိတုန်းကွ လှူတာ၊ နတ္ထိ ယိဋ္ဌံ-ယဇ်ပူဇော်တာ ဘာ ကျေးဇူးရှိတုန်းကွ၊ နတ္ထိ ဟုတံ-လက်ဆောင်ပေးကြတယ်, တစ်ယောက်နဲ့ တစ်ယောက် လောကွတ်ပျူငှာနဲ့ ကျွေးကြမွေးကြတယ်, ဘာကျေးဇူးရှိတုန်းကွ၊ {နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော}သုကတဒုက္ကဋာနံ-ကောင်းစွာ ပြုအပ်, မကောင်းသဖြင့် ပြုအပ်ကုန်သော၊ ကမ္မာနံ-ကံတို့၏၊ ဖလံ-အကျိုးဆက် သည်လည်းကောင်း၊ ဝိပါကော-အကျိုးရင်းသည်လည်းကောင်း၊ နတ္ထိ-မရှိ၊ ကောင်းတာ လုပ်လုပ်, မကောင်းတာ လုပ်လုပ် နောက် ဘာအကျိုးမှ မရှိဘူး, ဘာအကျိုးမှ မရှိဘူး၊ ပဋိသန္ဓေကျိုးလဲ မရှိဘူး၊ ဘာအကျိုးမှ မရှိဘူး။

နတ္ထိ အယံ လောကော-လောက နှစ်လောက မရှိဘူး၊ ဒီ လောကမှာ ရောက်ရင် ဒီ လောကပြီးရင် ပြီးရော၊ ဒါ့ကြောင့် ခုနက ဟာတွေ အကျိုးမရှိ ဘူးလို့ လာခဲ့တယ်၊ မူတည်က သူပဲ၊ ဒီလောက ရောက်ရင် ဒီ လောကပြီး ပြီးရော၊ နတ္ထိ ပရော လောကော-ဒီ လောကမှ မရှိဘဲနှင့် နောက် တမလွန် လောက သွားစရာ မရှိဘူး, ပရလောက မရှိဘူး၊ နတ် မရှိဘူး, ဗြဟ္မာ မရှိဘူး, ငရဲ မရှိဘူး, ပြိတ္တာ မရှိဘူး၊ ဒီဟာပြီး ပြီးတာပဲ ၊ နောက် မရှိဘူး, ဘာမှ မရှိဘူး၊ ဘယ်လောက် ချောင်သွားတုန်း၊ လှူလို့ ဘာကျေးဇူးရှိမှာလဲ , ဟိုဘဝမှ မရှိဘဲနဲ့၊ ကုသိုလ်ပြုလို့ကော ဘာအရေးကြီးလို့တုန်း၊ အကုသိုလ်ပြုတော့ ဘာအရေးကြီး လို့တုန်း၊ ဟိုဘဝမှ မရှိဘဲနဲ့, ကုသိုလ်ပြုလို့ ဘာအရေးကြီးတုန်း၊ ဟို ဘဝမှ မရှိဘဲနဲ့၊ ပြီးတော့ တစ်ဘဝဟာ သေလျှင် ပြတ်တာပဲလို့ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားတယ်, မိစ္ဆာဒိဋ္ဌိ ဖြစ်သွားတယ်။

သဿတဒိဋ္ဌိသမားကတော့ သေလျှင် မပြတ်ဘူး, ဒိဋ္ဌိတော့ ဒိဋ္ဌိပဲ၊ သူက ဟိုဖက်ဘဝ ရှိသေးတယ်၊ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ရလိမ့်ဦးမယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုး ရလိမ့်ဦးမယ်၊ သဿတဒိဋ္ဌိက ဒိဋ္ဌိတော့ ဒိဋ္ဌိပဲ ၊ အယူတော့ မှားတယ်၊ အယူ ဘယ့်နှယ် မှားတာလဲ ၊ ခန္ဓာကိုယ်ထဲမှာ အကောင်ကလေး ရှိတယ်၊ အဲဒီ အကောင်ကလေးက ဟိုဖက် လိုက်သွားတယ်၊ ဒါကြောင့် အကောင်ကလေး ရှိတယ်ဆိုတော့ မှားသွားတယ်၊ နောက်တော့ ဘုန်းကြီးက ကမ္မပစ္စည်းဆိုတဲ့ အခန်းကျတော့မှ ပြောပြမယ်၊ ကမ္မပစ္စည်း, ဝိပါကပစ္စည်းကျတော့ ပြောစရာ အများကြီး ရှိတယ်၊ ဒါကြောင့် မိစ္ဆာဒိဋ္ဌိ ဖြစ်တာကတော့ အကောင်ကလေးက ရှိလို့ဖြစ်တာ၊ နောက်ဘဝ ရှိတယ်လို့ယုံတာ မိစ္ဆာဒိဋ္ဌိ မဖြစ်ဘူး၊ အကောင်ကလေးက ပြောင်းသွားတယ်၊ အကောင်ကလေး, အသက်ကောင်ကလေး, ဝိညာဉ်ကောင်ကလေး, အတ္တကောင်ကလေး ဒီလို ယူထားတာ ရှိတယ်၊ ဒါကြောင့် သဿတဒိဋ္ဌိသမားကလဲ အယူ မှားသွား ပြန်တယ်။

ဥစ္ဆေဒဒိဋ္ဌိသမားကလဲ အဲဒီ အကောင်ကလေး ရှိပေမယ်လို့ သေရင် ပြီးတာပဲ ၊ ဘာမှ နောက်အကျိုး မရှိဘူး၊ ဥစ္ဆေဒဒိဋ္ဌိသမားက အဲသလို အယူ ရှိနေတာဖြစ်တော့ လုပ်ပေါ့၊ စာက ဘယ်လောက်များဆိုတော့ ခပ်ရွှန်းရွှန်းပဲ၊ ဒီ သစ်ပင်အောက် ခိုလို့ရှိရင်(ဒီ သစ်ပင်အရိပ် ခိုလို့ရှိရင်) ဒီ သစ်ပင် အခက် မချိုးကောင်းဘူးတဲ့၊ (ခပ်ရွှန်းရွှန်းပြောတယ်၊) ဒါပေမယ့်လို့လဲ ကိစ္စ တစ်စုံတစ်ရာ ရှိလို့ရှိရင် အမြစ်ပါ တူးလိုက်တဲ့၊ အစတုန်းကတော့ ဒီသစ်ပင် ခိုဖူးလို့ရှိရင် သစ်ပင်ကို မချိုးကောင်းဘူးနော်တဲ့၊ အများကို လိုက်ပြီးတော့ ခပ်စောင်းစောင်း ကလေး လှောင်တာ၊ ကိစ္စများရှိလို့ ဒီသစ်ပင်ကို လှဲကို လှဲမှ ဒီအလုပ် အထ မြောက်မယ်လို့ဆိုရင် အမြစ်ပါ တူးလိုက်ပါတဲ့၊ အဲ မိဘဆိုတဲ့ သူတွေက ငယ်ငယ်တုန်းက ပြုစုပြီးတော့ ထားတဲ့ မိဘများနော်, မပြစ်မှားကောင်းဘူး၊ ဒါပေမယ့် မိဘကို သတ်မှ အကျိုးရမယ်ဆိုရင် သတ်ကို သတ်လိုက်ပါတဲ့၊ ဘယ်လောက်များ ဒီ ဒိဋ္ဌိက ခရီးရောက်သွားသလဲ ၊ အဲဒါတွေကတော့ လောကကြီးထဲမှာပေါ့လေ ဘယ်လို ဖြစ်နေတယ်ဆိုတာ ဘုန်းကြီးက တရား သဘောက နေပြီးတော့ ပြောပါရစေနော်။

ဒီ တရားသဘောအတိုင်းက ကြောက်စရာ အင်မတန်ကောင်းတယ်နော်၊ ဘယ် ဒုစရိုက်ကများ သက်သာတယ်လို့ ပြောချင်သေးတုန်း၊ ဘယ် ဒုစရိုက်က တကတည်း မကောင်းသောအကျင့် မဟုတ်ပါဘူး၊ ကောင်းသောအကျင့်ပါလို့ လှည့်နိုင်သေးသတုန်း၊ ဒါ သုတ္တန်က သုတ္တန်က၊ အဘိဓမ္မာသဘောက အဲဒီ အယူမှားတဲ့ ကိစ္စမှာ ဒိဋ္ဌိဆိုလို့ရှိရင် လောဘက ပါလာပြီ၊ လောဘ ပါလာတော့ အယူမှားနေတာဟာ လောဘကလေ အင်မတန် သဘောကျတာပဲ , ဖြစ်ပုံက ဖြစ်ပုံက၊ တို့အယူ တို့အယူ၊ လူအ,ကြီးတွေမို့လို့ ဒါနပြုနေတယ်၊ ဒါနပြုတာဟာ လူအ,ကြီးတွေ၊ ဒါတို့က သေရင် ပြီးတာပဲ ၊ ဒါ မြင်နေတာပဲ မဟုတ်လား၊ အလောင်းကောင်ကြီး တစ်ကောင်လုံး ဒီဖက်ဘဝမှာ ပြုတ်ပြုတ်ပြုန်းအောင် ကျန်နေတာဟာ ဒီဘဝက ဘာလိုက်စရာ ရှိသေးတုန်း၊ ပျော်လို့, မှန်လိုက်တာ၊ လောဘက လောဘက, မိစ္ဆာအယူ မှားနေတဲ့အပြင် လောဘက သာယာပြီးတော့ တဏှာဖြစ်နေတယ်၊ မှန်လိုက်တာ တို့အယူ၊ ဒါကြောင့် အယူမှားတဲ့သူက ခေါင်းငုံ့မသွားဘူး၊ အယူမှားတဲ့ ပုဂ္ဂိုလ်က ခေါင်းငုံ့မသွားဘူး။

ထောင်ထောင် မော့မော့ မာနနဲ့, မှန်လိုက်တာ, သိလား၊ ဒီ တရားတွေပဲ ပြုပြီးတော့ အယူလွဲသွားတော့ သူတို့က မာန်ကလေးနဲ့၊ ဟိုကောင်, ဟိုလူ, ဟိုပုဂ္ဂိုလ် တကယ်ကို သနားတယ်၊ မှားနေတဲ့သူက တကတည်း ရင်ကလေး ကော့လို့၊ တို့ ဘယ်လောက် မှန်ထားတုန်း၊ ဒီ အယူကို ဘယ်လောက် သာယာ နေတုန်း၊ အသေခံမယ်၊ ဒီ အယူကို မစွန့်နိုင်ဘူး, သူတို့က၊ ဘုရားကြည်ညိုတဲ့ ပုဂ္ဂိုလ်က အသေခံမယ် ဆိုတာလိုပဲ ၊ ဒီ အယူက မပယ်နိုင်ဘူး၊ သိပ်ပြီးတော့ ထက်သန်တယ်၊ တချို့ကိစ္စက သံသရာကျတော့မှ ရှင်းမှာဖြစ်တယ်၊ ယခုနှယ်က လက်တွေ့ပြောလို့ မရဘူး။

နောက်ဘဝကျတော့ ဘုန်းကြီးတို့ အားလုံး နားလည်နေတဲ့ ဒု-သ-နသော သူဌေးသားတွေ, သူတို့ကတော့ မိစ္ဆာအယူရယ် ဘာရယ်တော့ မဟုတ်ဘူး၊ အပျော်အပါး လိုက်စားလို့ ကာမေသုမိစ္ဆာစာရ ကြိုးစားလိုက်တာ၊ သူတို့ လုံ့လဝီရိယက ထက်သန်လိုက်တာ၊ ဘယ်မှာ ဘယ်သူတဲ့ဆိုလို့ရှိရင် သူတို့က ဖျက်ဆီးဖို့ သူတို့ ပိုက်ဆံတွေနဲ့ အမျိုးမျိုး ဖျက်ဆီးလိုက်ကြတာ၊ အိမ်ထောင်ရှိတဲ့ သူတွေရော ဖျက်ဆီးလိုက်ကြတာ သူတို့ဟာနဲ့ သူတို့ မကုန်မခမ်း ပျော်လို့, တစ်သက်လုံးပေါ့လေ၊ နောက်တော့ သေကြရော၊ ငရဲ ကျသွားတာပဲ ၊ လောဟကုမ္ဘီ ငရဲကို ကျသွားကြတော့ အနှစ် သုံးသောင်းကြာမှ အောက်ခြေရောက်, အနှစ် သုံးသောင်းကြာမှ ပြန်ပြီးတော့ တက်လာတော့ အပေါ် ပေါ်လာတယ်။

တစ်ယောက်နဲ့တစ်ယောက် တွေ့တယ်ကိုး၊ မိတ်ဆွေ ၄-ယောက် ပြောချင်တဲ့ စကားတွေ ပြောဖို့ရန် ပါးစပ်က ဟပြီးတော့ ဒု-သ-န-သော စကားတစ်လုံးစီ သာ ပြောပြီးရော အောက် ပြန်ကျသွားတယ်။

အဲဒါ ဗုဒ္ဓမြတ်စွာက ချဲ့တော်မူတယ်။

ဒုဇ္ဇီဝိတမဇီဝိမှ, ယေ သန္တေ၂ န ဒဒမှသေ၊ ဝိဇ္ဇမာနေသု ဘောဂေသု, ဒီပံ နာကမှ အတ္တနော။၁။ ဇာ- ၁၊ နှာ-၁၀၀။ ၂။ ယေသံ နော (သျာ၊က)

ငါတို့ မကောင်းမှုဒုစရိုက်တွေ ပြုလုပ်ခဲ့တယ်၊ စည်းစိမ်ဥစ္စာနဲ့ အလှူခံပုဂ္ဂိုလ် ရှိပါလျက် မပေးလှူခဲ့ကြဘူး၊ မိမိအတွက် ထောက်တည်ရာ အားထားရာ ကုသိုလ် ကောင်းမှု မပြုလုပ်ခဲ့ကြဘူး။

သဋ္ဌိ ဝဿသဟဿာနိ, ပရိပုဏ္ဏာနိ သဗ္ဗသော၊

နိရယေ ပစ္စမာနာနံ, ကဒါ အန္တော ဘဝိဿတိ။၁

ငရဲရောက်တဲ့အခါမှာ အနှစ် ၆-သောင်း ရှိသွားပြီ၊ ခုပြန်ပြီးတော့ ကျသွားပြန်ပြီ၊ ဘယ်တော့များ ဆုံးမယ်လို့တော့ မသိဘူး။

နတ္ထိ အန္တော ကုတော အန္တော, န အန္တော ပဋိဒိဿတိ၊

တဒါ ဟိ ပကတံ ပါပံ, မမ တုယှဉ္စ မာရိသာ။၁

ဆုံးတော့မှာ မဟုတ်တော့ပါဘူး၊ တို့ ဟိုတုန်းက မကောင်းတာတွေ လုပ်မိတာ၊ မိတ်ဆွေတို့, ဆုံးတော့မှာ မဟုတ်တော့ဘူး။

သောဟံ နူန ဣတော ဂနာ, ယောနိံ လဒ္ဓါန မာနုသိံ၊

ဝဒညူ သီလသမ္ပန္နော, ကာဟာမိ ကုသလံ ဗဟုံ။၁

ဒီတစ်ခါ လူ့ဘဝရောက်ရင်တော့ ဘာဆိုဘာမှ မလုပ်တော့ဘူး၊ ကုသိုလ် ချည်း လုပ်တော့မယ်၊ နောင်တရတဲ့ ပုဂ္ဂိုလ်တွေက နောင်တဘယ်လောက် ရကြသလဲ၊ လူ့ဘဝတန်ဖိုး ဘယ်လောက် သိနေကြသလဲ ၊ ရတဲ့ ပုဂ္ဂိုလ်တွေက လူရော ရှင်ရော ရဟန်းရော ပေါ့ပေါ့ကလေး, ဒီလောက် တန်ဖိုးမရှိပါဘူးလို့ ထင်ကြတယ်၊ အမှန်ကတော့ ကုသိုလ်တွေချည်း, မလွှဲမကင်းသာလို့ ရောင်းရ ဝယ်ရလို့ရှိရင် တရားသဖြင့် ရောင်းကြ ဝယ်ကြ၊ ကျန်တဲ့အချိန်မှာ ကုသိုလ်စိတ် တွေချည်း၊ ငါးပါးသီလ အနည်းဆုံး ဆောက်တည်ကြ၊ ဒုစရိုက် ၁၀-ပါး ရှောင်ကြ၊ ဒီလိုကို နေကို နေရမှာ၊ ဒီလိုကို နေကို နေရမှာ၊ အင်မတန် ကောင်းတယ်၊ ငရဲကျတဲ့ လူတွေကျတော့ လူ့ပြည်ကို တယ်-လွမ်းကြတယ်၊ ဒါကြောင့် ဘုန်းကြီးက ကိုယ့်ကိုယ်ကို ပေါ့ပေါ့ဆဆ မနေလိုက်နဲ့၊ ကျေးဇူး ပြုပြီးတော့ နေတယ်။

ပဋ္ဌာန်းပစ္စည်း ကျေးဇူးပြုနေတာဟာ မလွဲတမ်း ဖြစ်နေတာ၊ ပေါ့ပေါ့ဆဆ လေး နှုတ်ကလေးနဲ့ ပေါ့ပေါ့ကလေးနဲ့ ညာလိုက်ကြ, လိမ်လိုက်ကြ၊ ယခု မလုပ်လိုက်ကြပါနဲ့၊ ဒုစရိုက် ၁၀-ပါးကို ရှောင်ကြ၊ ပြီးတော့ ငါးပါးသီလကို ထိန်းကြ။

နောက်တစ်ခန်း ပြောမယ်၊ ပြုသင့် ပြုထိုက်တဲ့ ဒါနတွေ ပြုပြီး နေကြပါ၊ ဒါမှ ဘုန်းကြီးတို့ ပဋ္ဌာန်းပစ္စည်းနဲ့ စဉ်းစား စဉ်းစား, သုတ္တန်သဘောနဲ့ စဉ်းစား စဉ်စား၊ ဒီဘဝကြီးဟာ အင်မတန်ကောင်းတဲ့ ဘဝမျိုးဖြစ်အောင် လူတိုင်း ရှင်တိုင်း ကြိုးစားဖို့ ကောင်းပါတယ်။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တ နယ, သမန္တပဋ္ဌာန်း,ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

ပဉ္စမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

ပဉ္စမမနေ့

၁၃၃၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၁)ရက်၊

၁၉၇၃-ခုနှစ်၊ ဧပြီလ (၁၃)ရက်၊ သောကြာနေ့။

၉-ဥပနိဿယပစ္စယော (ဥပနိဿယပစ္စည်း)

ဥပနိဿယပစ္စည်းဆိုတာ အင်မတန် အရာကျယ်တယ်၊ လောကကြီး တစ်ခုလုံးကို တော်တော်လေး ခြုံမိတယ်၊ ဒါကြောင့် ခပ်ကျယ်ကျယ်ကလေး ဟောရပါမယ်၊ ဥပနိဿယပစ္စည်းကို ရှေးဆရာတော်များက မိုးကို ဥပမာပြုပြီး တော့ ထားတယ်၊ ဒီတော့ ဥပနိဿယပစ္စည်းက အာရမ္မဏူပနိဿယ, အနန္တ ရူပနိဿယ, ပကတူပနိဿယအားဖြင့် ၃-မျိုး ကွဲပါတယ်။

ဥပနိဿယ ၃-မျိုး

အာရမ္မဏူပနိဿယ။ ။အာရမ္မဏူပနိဿယဆိုတာ အာရမ္မဏာဓိပတိနဲ့ အကုန်လုံး တူပါတယ်၊ မနေ့က ပြောခဲ့တဲ့ အာရမ္မဏာဓိပတိပစ္စည်း သည်ပင် အားကြီးသော မှီရာဖြစ်၍ ဥပနိဿယသတ္တိတစ်မျိုးနဲ့ ဗုဒ္ဓမြတ်စွာက ဟောတော်မူတယ်၊ အဲဒီလို တရားရဲ့ သတ္တိအမျိုးမျိုး သိတော်မူတာကိုပဲ ဗုဒ္ဓမြတ်စွာရဲ့ သဗ္ဗညုတဉာဏ်တော် အစွမ်းပါပဲ။

အနန္တ ရူပနိဿယ။ ။ တစ်ခါ အနန္တ ရူပနိဿယဆိုတာ တစ်နေ့က ပြောခဲ့တဲ့ အနန္တ ရပစ္စည်းပါပဲ၊ ရှေးရှေးစိတ်က နောက်နောက် စိတ်ကို ဖြစ်ဖို့ရန် အားကြီးသော မှီရာဖြစ်လို့မို့ ဒီနားမှာ ဥပနိဿယသတ္တိလို့ ဟောတော်မူပါတယ်၊ ရှေ့မှာ တိုက်ရိုက်တော့ မပါသေးပါဘူး၊ မပါပေမယ်လို့ အဆက်အသွယ်ကတော့ ရှိခဲ့ပြီးသား ဖြစ်တယ်၊ ဟေတုပစ္စည်း ဆက်သွယ်ပြီးသား ဖြစ်တယ်၊ အာရမ္မဏပစ္စည်းမှာ ဆက်သွယ်ပြီးသား ဖြစ်တယ်။

ပကတူပနိဿယ။ ။ အဲဒီနောက်မှာ ပကတူပနိဿယလို့ဆိုတာ တော်တော်ပဲ ကျယ်ပြန့်တယ်၊ ပကတိ ပင်ကိုယ်သဘောအတိုင်း အခြားမဲ့လဲ မဟုတ်ဘူး၊ အာရုံလဲ မဟုတ်ဘူး၊ ပင်ကိုယ်သဘောအတိုင်း အားကြီးသော မှီရာဖြစ်နေတာကို ပကတူပနိဿယလို့ ဆိုပါတယ်၊ တစ်နည်းက တော့ မိမိသန္တာန်မှာ မိမိကိုယ်တိုင် ဖြစ်ပြီးသား တရားတွေ၊ ဒါမှမဟုတ် အပြင်ဘက်မှ တွေ့ပြီး မြင်ပြီးသား တရားတွေကို ပကတူပနိဿယလို့ ခေါ်ပါ တယ်၊ ဒီ ပကတူပနိဿယကို ဥပနိဿယ ၃-မျိုးစလုံး ရှေးဆရာတော်ကြီးများက မိုးကို ဥပမာပြထားတယ်၊ အားလုံးသစ်ပင်တွေ မိုးနဲ့ မကင်းကြဘူး၊ တော တောင်တွေ မိုးနဲ့ မကင်းကြဘူး၊ မိုးနဲ့ မကင်းတဲ့ အရာမှန်သမျှ ဒီမိုးကြီး ရွာချ လိုက်ပြီလို့ဆိုရင် အင်မတန် ကြီးပွားကြ, ထွားကြိုင်း သန်စွမ်းကြ၊ ဥပမာ သစ်ပင်တွေ သန်စွမ်းကြ၊ တောတောင်တွေ, ရေမြေတွေ မိုးနဲ့ မကင်းကြဘူး၊ အဲဒါကြောင့် ဥပနိဿယက အလွန် ကျယ်ဝန်းတယ်။

ဥပနိဿယပစ္စယော-မိုးနှင့်မကင်း, စုံခပင်းတို့, မိုးတွင်းခြိမ့်အုံး, ထစ်ချုန်း မြည်ကျိုး, ရွာသည့် မိုးသို့, သုံးမျိုးပြားလတ်, စိတ္တုပ္ပါဒ်အား, ကြီးမားလှစွာ, မှီရာဖြစ်သော, အာရမ္မဏူပ, အနန္တ ရူပ, ပကတူပနိဿယ, ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါပေသည် တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိဂုဏ် တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

ခုတင်က တရားမျိုးကို သိဖို့ တော်တော်ခဲယဉ်းတယ်၊ အဲဒီ တရား တစ်ပါး တစ်ပါး အစိတ်အစိတ်ကလေးတွေ ဘယ်လို သတ္တိရှိတယ်, ဘယ်လို သတ္တိရှိတယ်၊ ဒီလို သိဖို့ဆိုတာကတော့ ဝေးလို့ ဝေးလို့၊ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာကတော့ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ တရားတွေ အစိတ်စိတ် အမွှာမွှာ သိပြီးတော့ အဲဒီ အစိတ်စိတ် အမွှာမွှာ တရားထဲမှ ဘယ်တရားက ဘယ်သတ္တိ ရှိတယ်၊ ဘယ်လို အကျိုးပေးနိုင်တယ်တဲ့၊ ဒီလို ဟောစွမ်းနိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကြီးက တော့ အင်မတန် ကြီးကျယ်သွားတာပဲ၊ ကိုယ်တော်တိုင် သိပြီးတဲ့နောက်တော့မှ ဒီအသိအတိုင်း ဘုန်းကြီးတို့ သိနေရတယ်၊ မကြည်ညိုဘဲ ဘယ်နေနိုင်ပါ့မလဲ၊ ဘုန်းကြီးတို့က ဗုဒ္ဓမြတ်စွာကို မကိုးကွယ်ဘဲ ဘယ်နေနိုင်ပါ့မလဲ၊ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ကြီးကို ဘုန်းကြီးတို့ မချီးမွမ်းဘဲ ဘယ်နေနိုင်ပါ့မလဲ၊ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာကို ချီးကျူးတာ, ဉာဏ်တော်ကြီးကို ချီးမွမ်းရပါတယ်၊ လက်အုပ်မိုး၍ ရှိခိုးကန်တော့ရပါတယ်၊ ဥပနိဿယော-မိုးနဲ့မကင်း, (ပေ) မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဘုရား။

သာဓု……သာဓု……သာဓု။

ဒီနေ့ ဥပနိဿယပစ္စည်းကို အကြီးအကျယ် ပြောရပါ့မယ်၊ နောက် ပစ္စည်း များက ဒီလောက် ပြောဖို့လဲ မလွယ်လှဘူး၊ နားလည်ဖို့ မလွယ်လှဘူး၊ ဒါ့ကြောင့် နောက် ပစ္စည်းနှစ်ပါးကိုလဲ ဘုန်းကြီးက ဆက်ပြီး နည်းနည်း ပြော ထားရဦးမယ်၊ ကျယ်ကျယ်ပြောရမှာကတော့ ခုနက ဥပနိဿယပစ္စည်းကိုပါပဲ ။

မှတ်ချက်။ ။ ပုရေဇာတပစ္စည်းနှင့် ပစ္ဆာဇာတပစ္စည်းများကို ကြားညှပ် ဟောပြ ပြီးမှ ဤ ပကတူပပစ္စည်းကို ဆက်လက် ဟောပြပါသည်။

၁၀။ ပုရေဇာတပစ္စယော (ပုရေဇာတပစ္စည်း)

ပုရေဇာတပစ္စည်းတဲ့၊ ရှေ့က ဖြစ်ပြီးတော့ နောက်မှဖြစ်တဲ့ တရားတွေကို တိုးပွားလာအောင် ကျေးဇူးပြုတဲ့ ပစ္စယသတ္တိပဲ ၊ ဘယ်သူတွေတုန်းလို့ဆိုတော့ ဘုန်းကြီးတို့ တစ်နေ့တုန်းက အာရမ္မဏတုန်းကပြောခဲ့တဲ့ ရူပါရုံဆိုပါတော့ ရူပါရုံဟာ စက္ခုဝိညာဏ် မဖြစ်ခင် အနည်းငယ်ကလေး ရှေးကျပြီး ဖြစ်ခဲ့ရတယ်၊ အရင် နည်းနည်းကလေး ဖြစ်ပြီးတော့မှ စက္ခုဝိညာဏ် ဖြစ်ဖို့ရန် ကျေးဇူးပြုတယ်၊ ဒါ့ကြောင့် …

အာရုံတွေဟာ ပုရေဇာတ-မိမိ အကျိုးပြုမယ့် တရားရဲ့ အရင် ဖြစ်ရပါတယ်၊ အသိမျိုးကိုက အင်မတန်မှ တကတည်း နှစ်နှစ်ကာကာကြီး စဉ်းစားလိုက်လို့ရှိရင် အလွန် အားရပါးရ ကြည်နူးပြီးတော့ ကြည်ညိုရပါတယ်နော်၊ အများကတော့ ရူပါရုံကို မြင်တယ်, ဒါပဲ သိတယ်၊ ဒီရူပါရုံကား စက္ခုဝိညာဏ်ဆိုတဲ့ အသိဉာဏ် ကလေး ဖြစ်ဖို့ရန် အရင်ဖြစ်တယ်၊ အကြာကြီး အရင်မဟုတ်ဘူး, မဟုတ်ဘူး၊ နည်းနည်းကလေး, နည်းနည်းကလေး၊ အို…ဥပါဒ် ဌီ ဘင်လောက်, ပြီးတော့ ဥပါဒ် ဌီ ဘင် ဆိုတာတောင် စိတ်ရဲ့ ဥပါဒ် ဌီ ဘင်လောက် ဆိုပါတော့လေ၊ စိတ်၏ ဥပါဒ်လောက် နည်းနည်းလေး ရှေးဖြစ်တော့ နောက်ကဖြစ်လာတဲ့ စက္ခုဝိညာဏ်ကို သူက အာရမ္မဏပစ္စည်းနဲ့ ကျေးဇူးပြုနိုင်တယ်။

အာရမ္မဏပစ္စည်းဟာ ပုရေဇာတပစ္စည်းလဲ ဖြစ်နိုင်ပြန်ရော၊ တစ်ခါ စက္ခုဝိညာဏ်ကလဲ သူ့ချည်း ဖြစ်နိုင်တာ မဟုတ်ဘူး၊ စက္ခုဝိညာဏ် ဖြစ်ဖို့ရန် စက္ခုဝတ္ထုဆိုတဲ့ ရုပ်တရားလေး မှီရသေးတယ်၊ အဲဒီ ရုပ်တရားလေးကလဲ အရင် ဖြစ်နှင့်ရတယ်၊ ဖြစ်ဆိုတာကလဲ အကြာကြီး မဟုတ်ပါဘူး၊ နည်းနည်းလေး ဥပါဒ်လောက် ဌီလောက် ဘင်လောက်, အဲဒါလောက် ရှေ့က ဖြစ်နှင့်ပြီဆိုမှ နောက်တရားကို ကျေးဇူးပြုနိုင်တဲ့ သတ္တိရှိတယ်။

ဥပမာ ဘာနဲ့ တူသလဲဆိုတော့ မိဘနဲ့ သားသမီး, မိဘက အရင်ဖြစ်နှင့် ရတယ်၊ မိဘက အရင်ဖြစ်ပြီးနောက် သားသမီးဆိုတာ ဖြစ်ပေါ်လာပါတယ်၊ အဲဒီ သဘောပါပဲ၊ ရှေးဆရာများက ဥပမာ ဘယ်လို ပြုကြပြန်တုန်းဆိုတော့ အလင်းမှီနေတဲ့ သတ္တဝါဟူသမျှ ဘုန်းကြီးတို့ လူရော တိရစ္ဆာန်တွေရော ဟို…ကမ္ဘာဦးက ပေါ်လာတဲ့ လ,နေ၊ လရော နေရော သူတို့က အရင် ဖြစ်နှင့် ရတယ်၊ ဘုန်းကြီးတို့ မဖြစ်ခင်, ဘုန်းကြီးတို့ မဖြစ်ခင်ဆိုတာ ဟို…ရှေးလူတွေ မဖြစ်ခင် မဆိုလိုဘူး၊ နောက်လူတွေ မဖြစ်ခင်၊ လ,နေ နေ,လက နောက်လူတွေ မဖြစ်ခင် အရင်ပေါ်ပြီး သူတို့ကလဲ ရှိနေတုန်းမှာ အလင်းအားဖြင့် ကျေးဇူး ပြုသလိုပါပဲ၊ အဲသလို ဥပမာပြကြတယ် ပုရေဇာတပစ္စယော-အလင်းမှီနေ, များဗိုလ်ခြေကို, ကပ္ပေစစွာ, ပေါ်လာထွန်းပ, နေနှင့်လတို့, နောက်မှဖြစ်လေ, စိတ်နှင့်စေအား, ပုရေဇာတ, သတ္တိထူးဖြင့်, ကျေးဇူးပြုတတ်သော ဝတ္ထုပုရေဇာတ, အာရမ္မဏပုရေဇာတနှစ်ပါး, ပစ္စည်းတရားသည်၊ အတ္ထိ - ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ ထင်ရှားရှိပါပေသည်တကား၊ ဣတိ- ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

၁၁။ ပစ္ဆာဇာတပစ္စယော (ပစ္ဆာဇာတပစ္စည်း)

ပုရေဇာတပစ္စည်းပြီးတော့ ဒီတစ်ခါ ပစ္ဆာဇာတပစ္စည်း, ပုရေဇာတပစ္စည်းက အရင်ဖြစ်နှင့်ပြီး ဖြစ်တော့ ကျေးဇူးပြုတယ်၊ ပစ္ဆာဇာတပစ္စည်းက နောက်က ဖြစ်ပြီး ကျေးဇူးပြုတယ်၊ ဟောတာကိုက ကြည်ညိုစရာကောင်းတာ၊ နောက်မှ ဖြစ်ပြီးတော့ ဘယ်လို ကျေးဇူးပြုတုန်းဆိုတော့ ခန္ဓာကိုယ်ကြီး တစ်ကိုယ်လုံးကို နောက်မှဖြစ်တဲ့ စိတ်တွေက ကျေးဇူးပြုတယ်၊ နောက်က စိတ် စေတသိက်တွေက ဖြစ်ကို ဖြစ်ရတယ်၊ မဖြစ်ဘဲကို မရှိရဘူး၊ မဖြစ်လို့ရှိရင် သေတဲ့ အဖြစ်မျိုး ရောက်တာပဲ၊ ဒီခန္ဓာကိုယ်ကြီးထဲမှာ ရုပ်တွေရှိတယ်၊ ကံကြောင့်, စိတ်ကြောင့်, ဥတုကြောင့် ဖြစ်တယ်၊ အာဟာရကြောင့် ဖြစ်တယ်၊ အဲဒီ ရုပ်တွေ ဖြစ်ပြီးလို့ နည်းနည်းကလေးလောက် ကြာရင် တစ်ခါတည်း နောက်က စိတ်တွေ လိုက်ပြီး ဖြစ်လျက်ပဲ၊ အချိန်ရှိသရွေ့ ဖြစ်နေတာပါပဲ။

စိတ်က အချိန်ရှိသရွေ့ ဖြစ်ပေမယ်လို့ ဖြစ်တဲ့စိတ်တွေ အားလုံးက ကျေးဇူး မပြုနိုင်ပါဘူး၊ နောက်မှဖြစ်တဲ့ စိတ်ကသာ ကျေးဇူးပြုနေတယ်၊ နောက်ထိအောင် ကျေးဇူးပြုနေတာပဲ၊ နောက်စိတ်ဖြစ်တော့မှ ရှေ့ရုပ်တွေက အားရှိတယ်ကိုး၊ ဒါကြောင့် စိတ်အားထက်သန်နေသူဆိုရင် ရုပ်တွေလန်းနေတာ, တစ်ကိုယ်လုံး လန်းနေတာ၊ စိတ်အားနုံ့ပြီဆိုရင် ရုပ်တွေညှိုးလို့, ယခုလို နွေအခါပင် ဖြစ်သော် လဲ စိတ်အားရှိနေလို့ရှိရင် အတော်တော့ ရုပ်တွေက လန်းနေတာ၊ အဲဒါလို စိတ်က ရုပ်ကို ကျေးဇူးပြုတဲ့ သတ္တိဟာ စဉ်းစားကြည့်ရင် သိပါတယ်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်နဲ့ ဟောတော်မူပြီးတော့ ဘုန်းကြီးတို့ ကလေ စိတ်လျှော့ထားလို့ မဖြစ်ဘူး၊ စိတ်လျှော့တာနဲ့ တစ်ပြိုင်နက် ရုပ်တွေပါ တစ်ခါတည်း ညှိုးသွားတယ်၊ သတိထားကြတော့၊ ဘုန်းကြီးတို့က စိတ်မလျှော့ရ ဘူး၊ သေသည်အထိ မလျှော့ရဘူး၊ စိတ်တွေက သတ္တိရှိတယ်လေ, ရုပ်တွေက အားရှိတယ်လေ၊ အဲဒီတော့ကာ ရှေးမထေရ်များက ဟောထားတဲ့ ဥပဒေက နည်းနည်းတော့ ခက်တယ်၊ လင်းတငယ်ကလေးများ ဥပမာပြောထားတယ်၊ လင်းတငယ်တို့ ထုံးစံက…

လင်းတငယ်ကလေးတွေ ပေါက်ပြီဆိုရင် မိဘများ အစာရှာ သွားကြတယ်၊ အစာရှာ သွားပေမယ့် သူတို့ပဲ စားလာခဲ့တယ်၊ လင်းတငယ်ကလေးတွေအတွက် ယူလာရိုး ထုံးစံမရှိဘူးတဲ့၊ လင်းတငယ်ကလေးတွေကလဲ ဘာမှ မစားရဘူး, နို့လဲ မတိုက်ဘူးတဲ့၊ ဒါပေမယ့် အင်း…မိဘတွေ ပြန်လာလို့ရှိရင် တို့ အစာ စားရလိမ့်မယ်လို့, ဒီ အာသာလေး, ဒီ စေတနာလေးကတော့ ရှိနေတယ်၊ အဲ…

မိဘတွေ သွားပြီ, တို့ အစာစားရလိမ့်မယ်ဆိုတဲ့ စေတနာ၊ ဒီလိုနဲ့ သူတို့ မျှော်နေတာ၊ ဒါပေမယ့် ပါမလာပါဘူး၊ မပါတော့လဲ မိဘများနဲ့ အတူနေရလို့ သူတို့စိတ်ထဲ အေးလို့,အစာတော့ မစားရပါဘူး၊ နက်ဖြန်ခါလဲ ဒီလိုပဲ၊ မိဘ တွေ ပြန်လာတော့ တို့ဖို့ အစာ ပါလာလိမ့်မယ်, တို့ဖို့ အစာ ပါလာလိမ့်မယ်၊ အဲဒီ မျှော်လင့်ချက်ကလေး တွေကတော့ ရှိတယ်။

ဒီ အာသာက မိဘတွေ မလာခင် သူတို့ရုပ်ကို ကျေးဇူးပြုလို့ နေပါတယ်၊ အစာ မပါဘူး, အစာမပါတော့လဲ မိဘတွေမြင်တော့ စိတ်အားထက်သန်လို့, ဒီလိုပဲ နေရှာပြန်ရောတဲ့၊ မစားရ ဝခမန်းဆိုတာမျိုးပေါ့လေ၊ ဒီ အာသာမျိုးက လင်းတရဲ့ ကိုယ်လေးကို ကျေးဇူးပြုပြီးတော့ နေတာလိုပါပဲတဲ့၊၁။ ပဉ္စပကရဏ အဋ္ဌကထာ၊ နှာ-၃၄၉။

ရှေးက ဖြစ်နေတဲ့ ရုပ်တရားတွေကို နောက်နောက်စိတ်တွေက ကျေးဇူးပြုနေတယ်။

အဲဒါကို ဥပမာပြကြတယ်၊ ဥပမာတစ်ခုကတော့ နောက်က သားကောင်း, သမီးကောင်းတွေက အဖေ အမေကို ကျေးဇူး ပြုနေသလိုပဲ၊ သားကောင်း, သမီးကောင်းတွေကတော့ တော်တော် လိမ်မာမယ်ဟေ့၊ သူ့ပုံပန်းကလေးနဲ့ဆိုရင် အဖေ အမေများက အတော်ကို စိတ်အား တက်ကြွတယ်။

နောက် သားကလေး, သမီးကလေးတွေက ပညာကလေးတွေ တတ်လာ, အဖေ အမေတွေ စိတ်အား တက်ကြွလာတယ်၊ ဘာမှတော့ မပြုသေးဘူး, ဘာမှ တော့ မပြုသေးဘူး၊ သူတို့က ထောက်ပံ့ပေးနေရတယ်၊ ဒါပေမယ့် စိတ်ကတော့ တက်ကြွလို့, နောက်တော့ သားတွေ သမီးတွေ ပညာတတ်လို့၊ အလုပ်တွေ ဘာတွေ လုပ်နေ၊ အဖေ အမေတွေ ဘာမှ မရပေမယ့် စိတ်အားတက်ကြွလို့၊ နောက်က နေနေပြီးတော့ ထောက်ပံ့ပေးနေရတဲ့ သဘောလေးတွေ၊ နောက် အဖေ အမေတွေ အိုသွားတော့ တကယ့်ကို သားသမီးတွေက ထောက်ပံ့နေ, အဖေ အမေတွေက စိတ်ချမ်းသာလို့၊ နောက်က နေနေပြီးတော့ ထောက်ပံ့တဲ့ သဘောဟာ ပစ္ဆာဇာတသတ္တိပဲလို့ ဗုဒ္ဓမြတ်စွာက ဟောတော်မူတယ်လေ။

ပစ္ဆာဇာတပစ္စယော-ပေါက်ခါစရွယ်, လင်းတငယ်အား, တာတွယ် အာသာ, စေတနာသို့, ဦးစွာဖြစ်ကြ, ကိုယ်ကာယအား, နောက်မှဖြစ်ဦး, သတ္တိထူးဖြင့်, ကျေးဇူးပြုနိုင်သော, နာမ်ခန္ဓာလေးပါး, ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါပေ သည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော် သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်း ထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု…သာဓု …သာဓု။

ပကတူပနိဿယပစ္စည်းအဆက်။ ။ဘုန်းကြီးက ပထမ ပကတူပနိဿယ ပစ္စည်းကို ပြောရမယ်နော်၊ ကျယ်လိုက် တာမှ စာအနေကလဲ သိပ်ကျယ်လိုက်တာ၊ အဲ …ဒိပြင်ပစ္စည်းကို ဟောတော်မူတဲ့ အခါမှာ ဒီလောက် မကျယ်ပါဘူး၊ ခု ဒီ ပကတူပနိဿယပစ္စည်းကို ဟောတော် မူတဲ့အခါမှာ ကျယ်တယ်ကိုး၊ နည်းနည်းကလေး ရွတ်ပြမယ်။

ပကတူပနိဿယော သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပာဒေတိ၊ ဝိပဿနံ ဥပ္ပာဒေတိ၊ မဂ္ဂံ ဥပ္ပာဒေတိ၊ အဘိညံ ဥပ္ပာဒေတိ၊ သမာပတ္တိံ ဥပ္ပာဒေတိ။

ကုသိုလ်က ကုသိုလ်ကို သဒ္ဓါကို အမှီပြုပြီးတော့ ဒါန, သီလ, ဥပုသ်စောင့်မှု ကျေးဇူးပြုပုံ တွေ, ဈာန်တွေ, ဝိပဿနာတွေ, မဂ်တွေ, အဘိညာဉ် တွေ, သမာပတ်ဝင်စားမှုတွေ ဖြစ်နိုင်ပါတယ်တဲ့၊ ဒီလိုပဲ သီလကို အကြောင်းပြုပြီးတော့, မိမိ အကြားအမြင် ဗဟုသုတတွေ အကြောင်းပြုပြီးတော့, မိမိ စွန်းကြဲ တဲ့ စာဂကို အကြောင်းပြုပြီးတော့, မိမိ ပညာကို အကြောင်းပြုပြီးတော့, ဒါနတွေ, သီလတွေ, ဥပုသ်စောင့်မှုတွေ, ဈာန်တွေ, ဝိပဿနာတွေ, မဂ်တွေ, အဘိညာဉ်တွေ, သမာပတ်ဝင်စားမှုတွေ ဖြစ်လာနိုင်တယ်တဲ့။

အဲသလို ဖြစ်ရာမှ သဒ္ဓါက, သီလက, သုတက, စာဂက, ပညာက နောက်နောက် သဒ္ဓါ, နောက်နောက် သီလ, နောက်နောက် သုတ, နောက်နောက် စာဂ, နောက်နောက် ပညာ ဖြစ်ဖို့ရန် ပကတူပနိဿယပစ္စည်းနဲ့ ကျေးဇူးပြုပါ တယ်တဲ့၊ အင်မတန်ကျယ်ဝန်းပါတယ်၊ ဒါလေးဟာ နံပါတ်တစ် ရှိသေးတယ်။

သဒ္ဓါ-ဥစ္စာရှိမှ။ ။ ဒီတော့ ဘုန်းကြီးက သဒ္ဓါအကြောင်း ပြောရပါ့မယ်၊ ဗုဒ္ဓမြတ်စွာက ကောင်းတဲ့ နေရာကျလို့ရှိရင် သဒ္ဓါကို ဦးတည်တော်မူတယ်၊ ဒါကို ဗုဒ္ဓဘာသာတွေ နှစ်နှစ်ကာကာ သတိထားလိုက်ကြ၊ ကောင်းတဲ့ တရားတွေဖြစ်ဖို့ အခန်းကျလို့ရှိရင် သဒ္ဓါကို ဦးတည်တော်မူတယ်၊ ဘာပြုလို့ သဒ္ဓါကို ဦးတည်တော်မူသလဲဆိုတော့ {သဒ္ဓီဓ ဝိတ္တံ} သဒ္ဓါဆိုတာဟာ၁။ သဂါထာဝဂ္ဂသံယုတ်၊ နှာ-၂၁၆။

အရင်းအနှီး စီးပွားဥစ္စာနဲ့ တူတယ်၊ ဘယ်လောက်ပဲ လုပ်ငန်းဆောင်တာ အချိန်ကျလို့ ကာလဒေသ ကောင်းပေမယ်လို့ အရင်းအနှီး ဥစ္စာရှိတဲ့သူမှ, အရင်းအနှီးဥစ္စာ မရှိလို့ရှိရင် ရှေ့ကို တိုးတက်အောင် မလုပ်နိုင်ဘူး၊ အဲသလိုပဲ သူတော်ကောင်းတရားတွေ ဖြစ်ဖို့ရန် အခွင့်အရေး အင်မတန် ကြုံလာပေမယ့် မိမိက သဒ္ဓါ မရှိလို့ရှိရင် သူတော်ကောင်းတရားတွေ မဖြစ်နိုင်ဘူး၊ သဒ္ဓါတရား မရှိလို့ရှိရင် ဒါန မပြုပါဘူး။

သဒ္ဓါတရား မရှိလို့ရှိရင် သီလ မဆောက်တည်ပါဘူး၊ ဥပုသ် မစောင့်ပါဘူး၊ သဒ္ဓါတရား မရှိလို့ရှိရင် ကမ္မဋ္ဌာန်းဘာဝနာ မစီးဖြန်းပါဘူး၊ ဒီတော့ သဒ္ဓါဟာ၁။ သဂါထာဝဂ္ဂသံယုတ်၊ နှာ-၁၇၅။

ဘာနှင့် တူတုန်းဆိုတော့ အရင်းအနှီး စီးပွားဥစ္စာနှင့် တူတယ်၊ သဒ္ဓါတရား မရှိလို့ရှိရင် အရင်းအနှီး စီးပွားဥစ္စာ မရှိတာနဲ့ တူတယ်၊ အရင်းအနှီးဥစ္စာ မရှိလို့ရှိရင် အခွင့်အရေး ဘယ်လောက် ကောင်းကောင်း တိုးတက်အောင် မလုပ်နိုင်ပါဘူး၊ သဒ္ဓါတရားသာ မရှိလို့ရှိရင် ဘာမှ တိုးတက်အောင် ကုသိုလ် တရား တိုးပွားအောင် မလုပ်နိုင်ပါဘူး၊ ဒါကြောင့် သဒ္ဓါတရားဟာ အရင်းအနှီး ဥစ္စာနဲ့လဲ တူပါတယ်။

သဒ္ဓါမျိုးစေ့။ ။ တစ်ခါ သဒ္ဓါတရားဟာ မျိုးစေ့နဲ့လဲ တူပါတယ်တဲ့၊ မိုးတွေ ဘယ်လောက် ရွာချနေနေ, ဘယ်လောက် မိုးကောင်းနေနေ, မိမိမှာ စိုက်ပျိုးစရာ မျိုးမရှိလို့ရှိရင် ဘာမှ မစိုက်နိုင်ဘူး၊ ဘာမှ သစ်ပင်တွေ မစိုက်နိုင်လို့ အကျိုးမရဘူးဆိုပါတော့၊ လယ်လုပ်စရာ စပါးမရှိလို့ စပါးမရဘူး၊ ပြောင်းတွေ, ပဲတွေ, ဒိပြင် သစ်သီးတွေ စိုက်ဖို့ရန် မျိုးစေ့ မရှိလို့မို့ မိုးက အင်မတန် ကောင်းတာ၊ မျိုး မရှိလို့မို့, မျိုးစေ့ မရှိလို့မို့ ဘာမှ မစိုက်နိုင်ဘူး၊ အများ ရလိုက်ကြတာ, သူ ဘာမှ မရလိုက်ဘူး၊ အဲ…သဒ္ဓါတရားလဲ မျိုးစေ့နဲ့ တူတယ်တဲ့၊ သဒ္ဓါတရား မရှိတဲ့သူဟာ သူများ ကုသိုလ်တွေ ရလို့၊ သဒ္ဓါတရား ရှိတဲ့ ရဟန်းရှင်လူတွေ, ကုသိုလ်တွေ ရလိုက်ကြတာ၊ သဒ္ဓါတရားရှိတဲ့ ကိုရင် လေးတွေ ကုသိုလ်တွေ ရလိုက်ကြတာ၊ ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကုသိုလ်ရယ်, သီလထိန်းတဲ့ ကုသိုလ်ရယ် ရလိုက်ကြတာ၊ ဦးပဉ္စင်းကလေးတွေ ရလိုက်ကြတာ၊ သဒ္ဓါတရားရှိတော့။

သဒ္ဓါတရား မရှိတဲ့သူဟာ ကမ္မဋ္ဌာန်းထိုင်ပါဆိုလဲ မထိုင်ပေါင်၊ သီလကို စောင့်ထိန်းပါဆိုလဲ မစောင့်ပေါင်၊ ဆရာသမားမြင်မယ့် ကိစ္စလောက်သာ သူတို့က ထိန်းတယ်၊ ကိုယ့်သဒ္ဓါတရားနဲ့ ထိန်းသွားတာ မရှိဘူး၊ ပြီးတော့ သူတို့မှာ မျိုးစေ့ မရှိသလိုပါဘဲ၊ လူများမှာလဲပဲ ဒီလိုပဲ , သဒ္ဓါတရား မရှိတော့ သူများကို စွန့်ကြဲ ပါ, ပေးကမ်းပါ, လှူဒါန်းပါ, ဥပုသ်စောင့်ပါ, မစောင့်ပေါင်၊ ဘာဝနာ စီးဖြန်းပါ, မစီးဖြန်းပေါင်၊ ဘုရားရှိခိုးပါ, မရှိခိုးပေါင်၊ သဒ္ဓါတရား ရှိတဲ့သူကတော့ မလုပ်ဘဲကို မနေနိုင်ဘူး၊ ဘုရားမရှိခိုးဘဲကို မနေနိုင်ဘူး၊ ဘုရားကို ရေတော်, ပန်းတော် မဆက်ကပ်ဘဲကို မနေနိုင်ဘူး၊ မရှိဆင်းရဲတဲ့ သူတွေကို မပေးဘဲကို မနေနိုင်ဘူး၊ ဥပုသ်စောင့်ချိန် ဥပုသ်မစောင့်ဘဲ မနေနိုင် ဘူး၊ ဘာဝနာပွားချိန်, ဘာဝနာမပွားဘဲ မနေနိုင်ဘူး၊ သဒ္ဓါတရား မရှိတာနဲ့ ရှိတာ အင်မတန် ကွာတယ်ကိုး။

ဒါကြောင့် သဒ္ဓါတရားကို ဗုဒ္ဓမြတ်စွာက မျိုးစေ့နဲ့လဲ တူတယ်၊ မျိုးစေ့ ရှိလို့ရှိရင် မိုးကောင်းကောင်း ရွာတဲ့အခါမှာ စိုက်လိုက် ပျိုးလိုက်ရင်, နည်းနည်းကလေး စိုက်ရင် အများကြီး အကျိုးရတယ်၊ ဗုဒ္ဓမြတ်စွာက သဒ္ဓါတရားကို စတည်ထားတယ်။

သဒ္ဓါ-လက် ၁။ ။ တစ်ခါ သဒ္ဓါတရားဟာ ဘာနဲ့တူတုန်းဆိုတော့ လက်နဲ့ တူတယ် ၁။ အဂုတ္တိုရ်၊ ဒု-တွဲ၊ နှာ-၃၀၄။

ဘယ်လောက် အဖိုးထိုက်တန်တဲ့ ရတနာတွေ ထွက်တဲ့ တောင်ကြီးပေါ် ရောက်နေပေမယ်လို့ မိမိမှာ လက်မရှိဘူး၊ တစ်နည်း အားဖြင့် လက်နဲ့လုပ်စရာ လက်နက်မရှိဘူး၊ သူများမှာ လက်ရှိတယ်, လက်နက် ရှိတယ်၊ တူးလိုက်ကြ, ဆွလိုက်ကြတာ၊ ရတနာတွေ ရလို့၊ သုံးလို့ မကုန်နိုင် အောင်၊ အဲသလိုပဲ-သဒ္ဓါလက် မပါလို့, သဒ္ဓါလက်နက် မပါတဲ့သူဟာ ဘယ် လောက် အဖိုးတန်တဲ့ သာသနာတော်ကြီးနဲ့ တွေ့နေပေမယ်လို့ တရားရတနာတွေ သူ့မှာ မရပါဘူး၊ သူများရပေမယ့် သူ့မှာ မရပါဘူး။

ဒါကြောင့် သဒ္ဓါဟာလေ လက်နဲ့လဲ တူပါတယ်၊ ဗုဒ္ဓမြတ်စွာက အစ ကတည်းက {သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ = သဒ္ဓါတရားကို မှီပြီးတော့ အလှူဒါန ပေးတယ်၊ သီလဆောက်တည်တယ်၊ ဥပုသ်စောင့်တယ်၊ ငါးပါးသီလ ဆောက်တည်တယ်၊ အဇီဝဋ္ဌမကသီလကို ဆောက်တည်တယ်၊ ဥပုသ်စောင့်တယ်၊ သမထ ဝိပဿနာကမ္မဋ္ဌာန်းတွေ စီးဖြန်းတယ်} အထက်တက်လို့ ရလိုက်တဲ့ အကျိုးတွေဟာ သဒ္ဓါအခြေခံပြီးတော့ ရတာ၊ ဒါကြောင့် သဒ္ဓါဟာ ပကတူပ နိဿယပဲ။

တစ်ခါ သီလအခြေခံလိုက်ပြန်တော့လဲ ဒီလိုပါပဲ ၊ သီလတွေ ပျက်လို့မဖြစ်ဘူး၊ ငါ့သီလလဲ ငါးပါးသီလ, ကြိုးကြိုးစားစား ဆောက်တည်မှ, သဒ္ဓါတရားက ယုံကြည်တော့ သီလပါ စင်ကြယ်မယ်၊ သဒ္ဓါတရားက ယုံကြည်တော့ သီလကို မပေါက်ကြားအောင် စောင့်ရှောက်တယ်၊ တစ်ခါ သီ လက ဆက်ပြီးတော့ အထက်ကို ကျေးဇူးပြုလိုက်ပြန်တော့ ငါ သီလစောင့်လို့ရှိရင် ကမ္မဋ္ဌာန်း အားထုတ်ဦးမှ၊ သီလစောင့်လို့ရှိရင် ဘုရားအာရုံပြုပြီးတော့ အချိန်ကုန်စေမှ၊ ဥပုသ်သီလ စောင့်တဲ့အခါ ဘုရားတရားတွေ နာနေမှ၊ ဒီလို ရှေ့တက်လမ်း တွေက အင်မတန် ကောင်းတယ်၊ ဒိပြင် သုတ-စတဲ့ တရားတွေလဲ သဒ္ဓါနဲ့ သီလနဲ့ အတူတူပေါ့၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာက သဒ္ဓါကို မူတည်တော်မူတာပဲ၊ မူတည်လောက်ပါတယ်။

ဒိဋ္ဌိနှင့် သဒ္ဓါ။ ။ တစ်ခါ မနေ့တုန်းက ဘုန်းကြီး ဒိဋ္ဌကို ပြောခဲ့တယ် မဟုတ် လား၊ အယူတွေ မှားလိုက်တာ ပြောခဲ့တယ်၊ သဒ္ဓါတရားနဲ့ ဒိဋ္ဌိနဲ့ ယှဉ်ကြစို့နော်၊ ဒိဋ္ဌိက လှူပေမယ့် အကျိုးမရှိဘူးတဲ့၊ သဒ္ဓါက လှူရင် အကျိုးရှိတယ်၊ အကျိုးရှိတယ်ဆိုတာ ယုံသလား, မယုံဘူးလားဆိုတာ သဒ္ဓါက ယုံပါသကော။

ယခု ဝင်းဝင်းစက်စက် ပြည့်ပြည့်စုံစုံတွေဟာ ရှေးက အလှူဒါနတွေ ပေးခဲ့ကြလို့မို့ပေါ့၊ သဒ္ဓါက ယုံလိုက်တာ၊ ဒါကြောင့် သဒ္ဓါကလေ ကုသိုလ်ကံလဲ ယုံတယ်၊ အကုသိုလ်ကံလဲ ယုံတယ်၊ အကုသိုလ်ကံကြောင့် အကျိုးတွေပေးလို့ ငရဲကျကြတယ်၊ တိရ စ္ဆာန်, ပြိတ္တာဖြစ်ကြတယ်၊ လူ့ဘဝ, လူ့ဆင်းရဲလေးတွေ ဖြစ်ကြတယ်၊ စားရမဲ့, သောက်ရမဲ့တွေ တောင်းရမ်းစားလို့တောင် မရပါဘူး၊ အဲဒါတွေ ဘာဖြစ်လို့လဲ ဟို ရှေးတုန်းက ဒါနမဲ့ခဲ့ကြလို့ သဒ္ဓါက ဒီလို ယုံနေ ပြီ၊ အို…ဒိဋ္ဌိက မယုံပါဘူး၊ ရှေးဘဝကို မရှိပါဘူး၊ သဒ္ဓါက ရှိပေါ့၊ ရှေးဘဝ ရှိပါတယ်။

အမြွှာမွေး ကလေးနှစ်ယောက်, မိဘရဲ့ သွေးတွေ, သားတွေ အကုန်လုံး တူတယ်၊ အပြင်ဖက်ရောက်တော့လဲ အပြုအစု အကုန်းလုံးတူတယ်၊ ဒါပေမယ်လို့ တစ်ယောက်က ဆင်းရဲတယ်၊ တစ်ယောက်က ချမ်းသာတယ်၊ တော်တော်ကြီးတဲ့ အခါ တစ်ယောက်က ပညာ တတ်တယ်၊ တစ်ယောက်က ပညာ မတတ်ဘူး၊ တစ်ယောက်က ရောဂါ များတယ်၊ တစ်ယောက်က ရောဂါ နည်းတယ်၊ တစ်ယောက်က စောစောစီးစီး သေသွားတယ်၊ တစ်ယောက်က မသေဘူး၊ မိဘ သွေးတွေ, သားတွေ အကုန်လုံး တူတယ်မဟုတ်ဘူးလား၊ ဘေးက အပြုအစုတွေ အကုန်လုံး တူတယ် မဟုတ်ဘူးလား၊ တူရဲ့သားနဲ့ ရှေးဘဝက သူတို့ပြုခဲ့တဲ့ သူတို့ကံက မတူလို့မို့ ဒီမှာ ကောင်းကျိုး, ဆိုးကျိုး ပေးပုံချင်း မတူဘူး၊ သဒ္ဓါက ယုံတယ်၊ ဒိဋ္ဌိက ဒီလောက်လဲ မစဉ်းစားဘူး၊ ယုံလဲ မယုံဘူး။

မနေ့က ဒိဋ္ဌိနဲ့ ဒီက သဒ္ဓါနဲ့, အို…ဖြောင့်ဖြောင့်ကြီး, ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်နေလိုက်ကြတာ, ဖြစ်နေလိုက်တာ၊ တစ်ခါ မနေ့က ဒိဋ္ဌိက ဒီဘဝ ရှိတယ်၊ နှစ်ဘဝ မရှိဘူး၊ ဒီဘဝသာ ရှိတယ်၊ ဟိုဘဝ မရှိဘူး၊ သေရင် ပြီးတာပဲ၊ သဒ္ဓါက ဘယ်ဟုတ်မလဲ ၊ ဟိုဘဝရှိလို့ ဒီဘဝမှာ ဒီလို အမြွှာမွေး နှစ်ယောက် တွဲပြီးတော့ ဖြစ်နေသေးတာပဲ ၊ အဲဒီတော့ ဒီဘဝက ဒီလို အမြွှာမွေး နှစ်ယောက်တွဲနေတာကို ထောက်လို့ရှိရင် ဟို နောက်ဘဝကျတော့လဲ ဒီလိုပဲ ၊ ကြည့်စမ်း အခု ဘယ်သူ ဘယ်သူတွေက အလုပ် လုပ်နေတာ၊ မကောင်းတာတွေ ချည်း လုပ်နေတယ်၊ နောက်တစ်ခါ ဘယ်သူတွေက အလုပ်လုပ်နေတာ ကောင်းတာတွေချည်း လုပ်နေတယ်၊ နောက်ဘဝ ကွဲကြဦးမှာပဲ ၊ တစ်ယောက်နဲ့ တစ်ယောက် မတူကြဦးမှာပဲ၊ ဒီ ညီအစ်ကိုနှစ်ယောက် ဒီ မောင်နှမနှစ်ယောက်, တစ်မေတည်း,တစ်ဖေတည်း, တစ်မျိုးတည်း,တစ်ဆွေတည်း ပေါက်ဖွားတာတောင် တစ်ယောက်က ဒေါသကြီးလိုက်တာ သူ့ဒေါသနဲ့ ရှူးရှူးရှဲရှဲနဲ့ချည်း နေတာပဲ။

တစ်ယောက်က ဒီ အမေ အဖေ, ဒီဆွေ ဒီမျိုး မောင်နှမဖြစ်ရဲ့သားနဲ့ တစ်ယောက်က ဒေါသမရှိလိုက်တာ ပြုံးလို့၊ သူများပြောလဲ သူက သည်းခံလို့ပဲ၊ နောက်ဘဝတော့လဲ တစ်ယောက်နဲ့တစ်ယောက် မတူဖြစ်ကြဦးမှာပဲ၊ သူကတော့ ယုံပြီးလို့, ဒိဋ္ဌိသမားက မယုံဘူး၊ သဒ္ဓါသမားက ယုံပြီ၊ ယုံတာက ဆရာသမားတွေက ပြောပြလို့ မဟုတ်လား၊ ဗုဒ္ဓမြတ်စွာရဲ့ ဟောတဲ့ တရားတော် အဆက်ဆက်ကို ဆရာသမားတွေက ဆောင်ရွက်ပြီးတော့ အကြောင်းနဲ့ အကျိုးနဲ့ ပြောပြပြီးတော့ ဟောတယ်မဟုတ်လား၊ ဟောတော့ ယုံပြီ၊ တစ်ယောက်က မယုံပေါင်၊ ဒိဋ္ဌိက ဒိဋ္ဌိပဲ , ဒိဋ္ဌိစေတသိက်ပဲ ဖြစ်တယ်၊ ယုံတဲ့သူ သဒ္ဓါပဲ ဖြစ်တယ်။

သဒ္ဓါဖြစ်တော့ အဲဒီ သဒ္ဓါအကြောင်းပြုပြီးတော့ အယူက မှန်သွားပြီ၊ သမ္မာဒိဋ္ဌိ ဖြစ်လာပြီ၊ သိပ်ကောင်းတာ, သိပ်ကောင်းတာ၊ ဒိဋ္ဌိက မယုံတာ မှန်သမျှတွေ, သဒ္ဓါက အယုံချည်းပဲ၊ ဒိဋ္ဌိက ဒီဘဝ မရှိဘူး၊ ဒီသဒ္ဓါက ဒီဘဝ ရှိတယ်၊ အဲ ရှေးက ရောက်လာတဲ့ ဘဝမရှိဘူးလို့ ပြောစရာ မရှိဘူး၊ တစ်ဘဝ ရှိတယ်၊ ရှေးက ရောက်လာတဲ့ ဘဝဆိုတာ ရှိတယ်၊ နောက် ရောက်ရဦးမယ့် နောက်ဘဝဆိုတာ ရှိတယ်၊ သူက အင်မတန် ကုသိုလ်ကံ ကြီးမားပြီးတဲ့ ပုဂ္ဂိုလ်တွေ ချမ်းသာကြွယ်ဝတာတွေက ရှေးကံကြောင့်, ရှေးကံကြောင့်၊ ဟိုဘဝက ဒီဘဝကို ရောက်လာတဲ့ သတ္တဝါဆိုတာ ရှိတယ်၊ ဒိဋ္ဌိက ဟိုဘဝ မရှိပါဘူးတဲ့၊ ဒီဘဝ ဒီဘဝတဲပဲ ပြီးတာပဲ၊ ဟိုဘဝ မရှိပါဘူး၊ သဒ္ဓါက ရှိပါတယ်, ယုံကြည်နေတယ်၊ ရှိပါတယ်လို့ ဟောတာကို ယုံကြည်နေတယ်လေ။

ရှိနေပါတယ်လို့ ဟောနေပါတယ်၊ သူက ယုံကြည်နေတော့ ဒီအတိုင်းသာ သူ က ဆုံးဖြတ်ထားလို့, သမ္မာဒိဋ္ဌိဖြစ်လို့ ကုသိုလ်ကံတွေ ကောင်းကောင်းပြု၊ ကောင်းကောင်း အကျိုးရမယ်ဆိုတာ သူ ကယုံတယ်၊ ဒိဋ္ဌိက မယုံပါဘူး၊ ဒီဘဝမှ မရှိဘဲ၊ မကောင်းတာကို မကောင်းကံတွေ နောက်ဘဝကျ အကျိုးရမယ် ဆိုတာ ဒိဋ္ဌိက မယုံပါဘူး၊ သဒ္ဓါက ယုံတယ်၊ ဒိဋ္ဌိက မယုံပါဘူး၊ သဒ္ဓါယုံတာ က ဘာ့ကြောင့်တုန်း၊ ဟောကြတယ်လေ ဆရာသမားတွေ, ဆရာသမားတွေက၊ ဘယ်က လာတုန်း၊ ဗုဒ္ဓမြတ်စွာက လာတယ်လေ၊ ဗုဒ္ဓမြတ်စွာက ဘယ်သူ ဘယ်သူ ဘယ်လို ဖြစ်နေတယ်ဆိုတာ ဟောတော်မူကြတယ်၊ ဒါကြောင့် သဒ္ဓါတရား အကြောင်းပြုပြီးတော့ သူ့မှာ ကုသိုလ်တွေ တိုးလိုက်တာ၊ သူ့မှာ ယုံကြည်တဲ့ သမ္မာဒိဋ္ဌိတွေ ကုသိုလ်တွေ တိုးလိုက်တာ၊ ဥပုသ်စောင့်ကြတယ်၊ ပေးကမ်းစွန့်ကြဲကြတယ်၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းကြတယ်၊ ဗုဒ္ဓမြတ်စွာ အာရုံပြုပြီးတော့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းကြတယ်။

မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေကြနဲ့၊ သေကြရဦးမှာ၊ သေတော့ တစ်ဘဝ သွားရဦးမှာ၊ မရဏာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းကြတယ်၊ သေကြဦးမယ်, သေကြဦးမယ်၊ ပေါ့ပေါ့ဆဆ မနေကြနဲ့၊ မေ့မေ့လျော့လျော့ကလေး မနေကြနဲ့၊ သေကြရဦးမယ်, သေကြရဦးမယ်၊ မသေခင် အိုကြရဦးမယ်, အိုကြရဦးမယ်၊ တချို့မှာ အအိုကြီး မအိုကြဘဲနဲ့ နာကြရဦးမယ်, နာကြရဦးမယ်၊ အို…

လောကကြီးမှာ ပေါ့ပေါ့ဆဆ နေထိုက်သလား၊ သူ့ကိုယ်သူ ဘဝသံသရာကြီး ယုံကြည်တဲ့ သဒ္ဓါတရား အကြောင်းပြုပြီးတော့ ကုသိုလ်တွေ တိုးပွားလိုက်တာ, တိုးပွားလိုက်တာ။

ဒါကြောင့် ဗုဒ္ဓမြတ်စွာက {ဒီ ကုသိုလ်တရားတွေကို အကြောင်းပြုပြီးတော့ နောက်နောက် ကုသိုလ်တရားတွေ တိုးပွားတယ်ဆိုတာဟာ ရှေးရှေးကုသိုလ်က ပကတူပနိဿယသတ္တိနဲ့ ကျေးဇူးပြုလိုက်လို့ ဤကဲ့သို့ တိုးပွားကြရတယ်}လို့ ဟောတော်မူလိုက်တယ်၊ သဗ္ဗညုတဉာဏ်တော်ကြီးဟာ ဘယ်လောက် ဘယ် လောက်များ ကြီးကျယ်တော်မူသတုန်း၊ ဒါ ကုသိုလ်တရားက ကုသိုလ်တရားကို တိုးပွားအောင် ကျေးဇူးပြုနိုင်ပြန်တယ်၊ တိုးပွားလိုက်တာပေါ့၊ ဆက်ဆက်ပြီးတော့ မဂ်တရားတွေ ရသွားတာဟာ ရှေးက ကုသိုလ်တွေက ကျေးဇူးပြုလိုက်တာ၊ ကမ္မဋ္ဌာန်းထိုင်တယ်, သမာဓိဖြစ်တယ်၊ ကမ္မဋ္ဌာန်းထိုင်တယ်, ဝိပဿနာပညာ ဖြစ်တယ်၊ အနိစ္စ ဒုက္ခ အနတ္တလို့ ရှုတယ်၊ ဒီဟာ ကုသိုလ်တွေ, ကုသိုလ်တွေ။

အဲဒီ ကုသိုလ်ကြောင့် ဆက်ဆက်ပြီးတော့ တက်သွားလိုက်တာ ကုသိုလ် ပြုရင် ချမ်းသာလိုက်တာ, စိတ်တွေ အေးငြိမ်းလိုက်တာ၊ တစ်နေ့က ပြောသလိုပေါ့၊ ကမ္မဋ္ဌာန်းများ ထိုင်ပြီးတော့ နေရတာဟာ တကတည်း လူတို့ နတ်တို့ရဲ့ ချမ်းသာမျိုးနဲ့ မတူတဲ့ ချမ်းသာမျိုးကို ရရှိပါတယ်လို့၊ သူ့လမ်းနဲ့သူ, သူ့လမ်း နဲ့သူ၊ လူမှာလဲ ပဲ လောကီ အာရုံ ကာမဂုဏ်တွေဟာ မချမ်းသာဘူး မဟုတ်ပါဘူး, ချမ်းသာပါတယ်၊ ဒါပေမယ့် နောက် အကုသိုလ်တွေ လိုက်လာမယ်၊ အကုသိုလ် အကျိုးတွေ ရလာမယ်၊ အို…ဘုန်းကြီးတို့ရဲ့ တရားချမ်းသာကတော့ လူတို့ ချမ်းသာတာထက်တောင် ပိုချမ်းသာသေးတယ်၊ ဒါကြောင့် အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် နေပြီးတော့ တရား နှလုံးသွင်း နေလိုက်ရတာ ပျော်လို့၊ ပြီး ရှေ့တက်လာတော့ တရားတွေကို ပေါက်လို့, မဂ်တရား ဖိုလ်တရား ရလို့, ဒီ ဒုက္ခခပ်သိမ်း အေးငြိမ်းလို့၊ ကိလေသာတွေ ကုန်ခမ်းလို့ အင်မတန်ကောင်း တယ်၊ သူ့လမ်းနဲ့သူ ကုသိုလ်တရားက ကုသိုလ်တရားကို ကျေးဇူးပြုနေပုံဟာ ပကတူပနိဿယသတ္တိ ပါတယ်။

ကုသိုလ်က အကုသိုလ်ကိုလာပြန်တယ်လေ၊ ကုသလော ဓမ္မော-ကုသိုလ် ကျေးဇူးပြုပုံ တရားသည်၊ ဝါ-ကုသိုလ်တရားက၊ အကုသလဿ ဓမ္မဿ-အကုသိုလ်တရားအား၊ ဥပနိဿယပစ္စယေန- ဥပနိဿယပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏၊ ကုသိုလ်တရားက အကုသိုလ်တရားကို ကျေးဇူးပြုပြန်တယ်။

ဒါကလဲ စဉ်းစားစရာ အင်မတန်ကောင်းတယ်၊ ဘယ်လို စဉ်းစားစရာ ကောင်းတုန်းဆိုတော့, သဒ္ဓံ-သဒ္ဓါတရားကို၊ ဥပနိဿာယ-အမှီပြု၍၊ မာနံမာနကို၊ ဇပ္ပေတိ-ဖြစ်စေ၏၊ ဇပ္ပေတိ-မာနစကားကို ပြော၏တဲ့။

ဒါလဲ ဟုတ်လိုက်တာမှ ကိုယ်က သဒ္ဓါတရား ကောင်းတယ်လေ, စွန့်ကြဲ လို့ ပေးကမ်းလို့ လှူဒါန်းလို့၊ ဟိုတစ်ယောက် သဒ္ဓါတရားမရှိဘူး၊ စိတ်ထဲ မာနဖြစ်တယ်၊ ဒီကောင် ဒီအမျိုးသမီး ဘာမှ စွန့်ကြဲ ပေးကမ်း လှူဒါန်းတဲ့ ဝါသနာ မရှိဘူး, ညံ့လိုက်တာ၊ တို့မှာတော့ ဒီ ထမင်းကလေးတစ်လုတ်ဖြစ်စေ တော့ ဝေစားလိုက်ရမှ သိပ်ဝမ်းမြောက်တယ်ကိုးနဲ့, သူ့ကိုယ်သူ မာနဖြစ်တယ်၊ ကုသိုလ်က အကုသိုလ်ကို လာကျေးဇူးပြုနေပြန်တာနော်၊ ကုသိုလ်က အကုသိုလ်ကို ကျေးဇူးမပြုဘူးများ မထင်နဲ့၊ အကုသိုလ်ကို ကျေးဇူးပြုတာပဲ၊ ဒါကို မဖြစ်အောင် ထိန်းရတယ်။

ဒိဋ္ဌိံ ဥပ္ပာဒေတိ ဂဏှာတိ-ဒီကုသိုလ်ကို အကြောင်းပြုပြီးတော့ ခုနက သဒ္ဓါတရားကောင်းတာကို အကြောင်းပြုပြီးတော့ ငါက သဒ္ဓါတရား သိပ်ကောင်း တာ၊ ဒင်းက သဒ္ဓါတရား ဘာမှမရှိဘူး၊ အဲဒါ ငါကဆိုတဲ့ မာနအပြင် ဒီ ငါဆိုတဲ့ အတ္တစွဲကလေး ပါလာပြန်တယ်၊ ဒီ ဒိဋ္ဌိ ခုနက ဒိဋ္ဌိမျိုးတော့ မဟုတ်ဘူး၊ ဒိဋ္ဌိက အမျိုးမျိုး၊ ငါဆိုတဲ့ အတ္တစွဲကလေး၊ ငါ့ဟာ ငါ့ဟာ၊ ငါ သဒ္ဓါတရားကောင်းတယ်၊ မစွန့်ကြဲ ရလို့ရှိရင် ငါက စိတ်ကို မကောင်းဘူး၊ ငါဆိုတဲ့ အတ္တလေး စွဲနေ ပြန်တယ်၊ ဒီလို မဟုတ်ဘဲ နဲ့ ရုပ်နာမ်ဘက်ကတော့ ကိစ္စမရှိဘူး၊ ယခုတော့ ငါဆိုတဲ့ အတ္တကောင်ကလေး ပေါ်နေပြန်တယ်၊ မဟုတ်ဘဲ နဲ့ မရှုဘဲနဲ့, ငါ ကောင်ကလေး ဖြစ်နေပြန်တယ်၊ အဲဒါ သဒ္ဓါတရားကို အကြောင်းပြုပြီးတော့ ဒိဋ္ဌိံ-မိစ္ဆာအယူကို၊ ဂဏှာတိ-ယူချင်၏တဲ့။

ခုနက ဒိဋ္ဌိမျိုး မဟုတ်ဘူးနော်၊ အဲ…အတ္တစွဲတဲ့ မိစ္ဆာဒိဋ္ဌိမျိုး ဖြစ်လာပြန် ရော၊ အတူတူပဲ ဒီကုသိုလ် အကြောင်းပြုပြီးတော့ မာနဖြစ်တယ်၊ ငါက သီလ မြဲတာ၊ ဟော ငါဆိုတဲ့ သတ္တဝါကလေး အစွဲအလမ်းကလေး ပါတယ်၊ ငါက သီလမြဲတာ၊ ဟိုကောင် ဟိုကောင်တွေက, ဟိုလူ ဟိုလူတွေက သီလကို ငါးပါးသီလတောင်မှ မလုံဘူး၊ ဟော ကိုယ့်ကိုယ်ကို မာန ကြီးပြန်ပြီ၊ ကြည့်စမ်း သီလ အကြောင်းပြုပြီးတော့ မာန ဖြစ်ပြန်ပြီ၊ ကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုတယ်၊ သိပ်တော့ အပြစ်မကြီးဘူးနော်၊ သိပ်အပြစ်မကြီးပေမယ့် ဗုဒ္ဓမြတ်စွာက မဖြစ်ပါစေနဲ့တဲ့၊ ကိုယ့်သီလ အကြောင်းပြုပြီးတော့ သူများကို အထင်သေးတဲ့ မာနမျိုး မဖြစ်ပါစေနဲ့၊ ငါဆိုတဲ့ အရာဝတ္ထုလေး မလုပ်လိုက်ပါနဲ့၊ မရှိလိုက်ပါနဲ့၊ ဒိဋ္ဌိ မဖြစ်ပါစေနဲ့၊ ဖြစ်တတ်တယ်, ဖြစ်နေတယ်, ဖြစ်ကြတယ်။ အဲဒါကြောင့် ဗုဒ္ဓမြတ်စွာကလေ ကုသိုလ်အကြောင်းပြုပြီး အကုသိုလ် ဖြစ်တယ်လို့, အတူတူပေါ့၊ ကိုယ်က အကြားအမြင် ဗဟုသုတတွေ များလာတယ်၊ ဆရာသမားတွေက ဟောကြပြောကြတာတွေကို ကိုယ်က မှတ်တယ်၊ အဲဒီလို မှတ်မိတော့ ကိုယ်က အကြားအမြင် ဗဟုသုတများ၊ သူတို့တစ်တွေက ဘာမှ မသိဘူး၊ အို…အင်မတန် ညံ့ရှာကိုး၊ အင်မတန် ညံ့ရှာတယ်သာ ပြောတာ၊ သူ့ကိုယ်သူ စိတ်ကြီးဝင်လျက်၊ အကြားအမြင် ဗဟုသုတ, ဒီထဲ ငါက ဘယ်လောက်များတာ၊ ဒီဆွေ ဒီမျိုးထဲမှာ ဒီရပ်ကွက်ထဲမှာ ဒီတိုက် ဒီတာထဲမှာ ဗဟုသုတ ဘယ်လောက်များတာ၊ အဲဒီ ဗဟုသုတများတာကတော့ အကောင်းသား၊ အဲဒါ အကြောင်းပြုပြီးတော့ မာနဖြစ်လိုက်ပြန်ရော၊ မိစ္ဆာဒိဋ္ဌိ ဖြစ်လိုက်ပြန်ရော၊ အဲသလိုပေါ့လေ ကုသိုလ်တရားက အကုသိုလ်တရားကို ကျေးဇူးပြုတယ်။

အကုသိုလ်က အကုသိုလ်ကို တစ်ခါ အကုသလော ဓမ္မော အကုသလဿ အကျိုးပြုပုံ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော-

အကုသိုလ်တရားက အကုသိုလ်တရားကို ကျေးဇူးပြုပြန်တယ်၊ ဘယ်လို ကျေးဇူးပြုတုန်း၊ ကြောက်စရာကြီး, ကြောက်စရာ ကြီး၊ အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုနေပြန်တော့လဲ၊ ရာဂံ-ရာဂကို၊ ဥပနိဿာယ-အမှီပြု၍၊ ပါဏံ-သတ္တဝါကို၊ ဟနတိ-သတ်၏၊ အဒိန္နံ-မပေးတဲ့ သူ့ဥစ္စာကို၊ အာဒိယတိ-ယူ၏၊ မုသာ-မုသားကို၊ ဘဏတိ-ပြောဆို၏။

အဲသလို စသည်ပေါ့လေ, အကုသိုလ် နေရာကျတော့ ရာဂကို မူတည်တယ်၊ ဘာပြုလို့တုန်းဆိုတော့ ရာဂဆိုတဲ့ တဏှာ လောဘကြောင့် အကုသိုလ်တွေ အင်မတန် တိုးတယ်, အင်မတန် တိုးတယ်၊ တဏှာ လောဘ, တဏှာလောဘကလဲ သတ္တဝါတွေမှာ ဘယ်လောက် မူတည်လာတုန်းဆိုတော့ ကလေးလေး မွေးဖွား လာပြီ, ဖွားမြင်လာရင်ပဲ ဆာတဲ့ တဏှာလောဘ, ရာဂလို့ မပြောပါနဲ့, တဏှာ လောဘ၊ တစ်နည်းအားဖြင့် ရာဂလို့ ခေါ်နိုင်ပါတယ်၊ တပ်မက်ပြီး ဆာတော့ အမေက ကလေးငိုလို့မို့ နို့ချိုတိုက်တယ်၊ အဲဒီ နို့ချိုကို သာယာတဲ့ တဏှာလောဘ ဖြစ်တယ်၊ ကလေးကလေး နောက်တော့ တစ်ခါ ဆာပြန်တယ်၊ အဲဒီကျတော့ သူနို့ချိုကို တောင်းနေပြီ၊ တဏှာလောဘ ဖြစ်ပြီ။

ကလေးကလေး ကလေးကလေး, နောက် ဒီထက် ကြီးလာတော့ အမေတွေ ကလဲ ကလေးလေးကို သာသာယာယာနဲ့ ပျော်စေချင်တယ် မဟုတ်လား၊ အရုပ်ကလေး ပြပြီ၊ အရုပ်ကလေး နှစ်သက်တဲ့ တဏှာလောဘ ဖြစ်ပြီ၊ ကလေးလေးက အရုပ်ကလေးကို ရုတ်တရက် မကြည့်တတ်လို့ရှိရင် လှုပ်လှုပ် ပြလိုက်သေးတယ်၊ ကြည့်တတ်လာအောင်လေ၊ နောက်တော့ အစားကလေး ပေးလိုက်, အရုပ်ကလေး ပြလိုက်, ပုခက်ပေါ်မှာ လွှဲပြီးတော့ လေညင်းကလေး ခံစေလိုက်, ကလေးက သာယာတတ်လာပြီ၊ တဏှာလောဘ ဖြစ်လာပြီ။

နောက်တော့ ကလေးက ကြီးလာတော့ နေရာအားလျော်စွာ တောမှာ ဆိုလို့ရှိရင်လဲ တောအလိုက် လိုချင်မှုကလေးတွေ၊ မြို့ကျတော့ သိပ်ပေါများတာ, လိုချင်မှုကလေးတွေ၊ မျက်စိနဲ့ မြင်လို့ရှိရင် ဟိုဟာကလေး လိုချင်စရာကောင်း, ဒီဟာကလေး လိုချင်စရာကောင်း။

ဒီတော့ ရာဂအကြောင်းပြုပြီးတော့ ဆိုးတယ်၊ ရာဂအကြာင်းပြုပြီးတော့ ကလေးမှာလေ အကုသိုလ်တွေ မိဘတွေက သင်ပေးနေတာ၊ အကုသိုလ်တွေ တိုးလို့ တိုးလို့၊ မသင်လို့လဲ မဖြစ်ဘူး မဟုတ်လား၊ သင်ရတော့တာပဲ, သင်ရ တော့တာပဲ၊ ကလေးလေး ပေါက်စလေး ဘုရားရှိခိုးသင်လို့ ဘယ်ဖြစ်မလဲ ၊ သူ့နည်း သူ့လမ်းနဲ့ ကလေးလေး နားလည်အောင် သင်ပေးနေတယ်၊ သင်ပေးတော့ လောဘဆိုင်ရာနဲ့ သင်ပေးမှ ကလေး နားလည်တယ်, လောဘ ဆိုင်ရာနဲ့ သင်ပေးမှ ကလေး သိလွယ်တယ်။

အဲသလို သင်ပေးရတယ်၊ ဒါ့ကြောင့် တစ်လောကလုံးဟာ တဏှာရာဂ လောဘ မူတည်နေတာပါ၊ နောက်တော့ ဆင်တတ် ပြင်တတ်တဲ့ အရွယ်ကျတော့ ပြင်ဆင်လိမ်းလို့, ပြုလို့, ဆင်ပြင်လို့၊ အမေက ပြလိုက်သေး၊ ကြည့်စမ်း သားသား ဟိုမှာ, သူက ပြုံးလို့၊ အမေကလဲ ချစ်လိုက်တာ၊ ဒီသားကလေး၊ သားကလေးကလဲ မှန်ထဲကြည့်ပြီးတော့ ပြုံးလို့, အမေ့ အယုအယကိုလဲ သူက ခံချင်လို့၊ တဏှာလောဘတွေ, တဏှာလောဘတွေ။

အဲဒီဟာက အထက်ကို နည်းနည်းတက်လာပြီဆိုတော့ ကလေးလေးက ဝတ်ချင်စားချင်ရုံတင်မကဘူး၊ လိုချင်လာတယ်၊ နောက်တော့ ကျောင်းတွေ ဘာတွေ နေတော့ အစားကိုလဲ ပိုပြီးတော့ လိုချင်လာတယ်၊ အဝတ်ကိုလဲ ပိုပြီးတော့ လိုချင်လာတယ်၊ အပြင်အဆင်ကို ပိုပြီးတော့ လိုချင်အားကြီးလာတယ်၊ တဏှာလောဘတွေ, တဏှာလောဘတွေ၊ ရာဂအကြောင်းပြုပြီးတော့ နောက် နောက် ကိစ္စတွေ ဖြစ်လိုက်တာ, တဏှာလောဘတွေ။

ဟော ဒီထက် ကြီးကျယ်သွားပြီ၊ အကြီးကြီး ဖြစ်သွားပြီ၊ အရွယ်ရောက် လာပြီ၊ ထွေရာလေးပါးတွေ ရှုပ်လာကုန်ပြီ။

ရာဂံ-ရာဂကို၊ ဥပနိဿာယ-မှီ၍၊ ပါဏံ-သူ့အသက်ကို၊ ဟနတိ-သတ်တော့၏။

ကြည့်စမ်း, တစ်ယောက်နဲ့တစ်ယောက် ဆိုပါတော့ သတို့သားနဲ့ သတို့သမီး ကလေး ချစ်ကြတယ်၊ ရာဂဖြစ်နေကြတယ်၊ ချစ်ကြိုက်နေကြတယ်၊ ဒီအထဲမှာ အနှောင့်အယှက် ပေးနေတယ်၊ အဲဒီ အနှောင့်အယှက်ပေးတဲ့ လူကို သတ်တယ်, သတ်တယ်၊ တစ်နည်းနည်းနဲ့ သတ်တယ်၊ ပါဏာတိပါတ အကုသိုလ်ဖြစ်လာပြီ၊ ဒါကြောင့် အကုသိုလ်က အကုသိုလ်တရားကို ကျေးဇူးပြုတယ်။

နောက်တော့ မိမိတို့ ချစ်တဲ့ မိသားတစ်စု စားဖို့ သောက်ဖို့ ခိုးရတယ်, တိုက်ရတယ်, မတရားတွေ လုပ်ရတယ်၊ အဒိန္နာဒါန အကုသိုလ်တွေ တိုးလာပြီ၊ ရောင်းတယ်, ဝယ်တယ်၊ အမြတ်များများရအောင် မုသားတွေ ပြောရတယ်၊ စားဝတ်နေရေးဆိုတဲ့ ရာဂကို အကြောင်းပြုပြီးတော့ {မုသာ-မုသားကို၊ ဘဏတိ-ပြောဆိုရပြန်တယ်}၊ ကြောက်စရာကြီး, ကြောက်စရာကြီး၊ ရာဂကို အကြောင်းပြုပြီး ဖြစ်နေပုံလေ။

ပိသုဏံ-ချောပစ်ကုန်းတိုက်မှုကို၊ ဘဏတိ-ပြောဆိုရ၏၊ ကုန် ရောင်းလို့ ဝယ်လို့ကောင်းအောင် ဘယ်သူနဲ့, ဘယ်သူနဲ့ နည်းနည်းကလေး ကွဲသွားအောင် တစ်ယောက်တစ်ယောက် အထင်လွဲသွားမှ ငါ ရောင်းလို့ဝယ်လို့ ရမှာ၊ ကုန်းတိုက် ပေးရတယ်, ကုန်းတိုက်ပေးရတယ်၊ ပိသုဏဝါစာ အကုသိုလ်တွေ၊ တစ်ခါတလေ ကျတော့ ရောင်းရင်း ဝယ်ရင်း မကျေနပ်လို့ ဆဲကြ ဆိုကြ ဖရုသဝါစာ ဖြစ်တယ်၊ အဲဒီတော့လေ နောက်နောက် အကုသိုလ်တွေ ဖြစ်လိုက်တာ, ဖြစ်လိုက်တာ၊ အတူတူပဲ, ဒေါသအကြောင်းပြုပြီးတော့ နောက်နောက် အကုသိုလ် တွေ၊ မောဟအကြောင်းပြုပြီးတော့ နောက်နောက် အကုသိုလ်တွေ၊ မာန အကြောင်းပြုပြီးတော့ နောက်နောက် အကုသိုလ်တွေ၊ အဲသလို ဖြစ်လေသမျှလေ ရာဂတွေ, ဒေါသတွေ, မောဟတွေ, မာနတွေ နောက်နောက် အကုသိုလ်တွေ ဖြစ်အောင် ကျေးဇူးပြုပြီးတော့ နေတာဟာ ပကတူပနိဿယပစ္စယသတ္တိပဲလို့ ဗုဒ္ဓမြတ်စွာက ဟောထားခဲ့တာ ဘုန်းကြီးတို့က ကြည်ညိုလိုက်တာ၊ လောကကြီး တစ်ခုလုံးကို ဒီ ပကတူပနိဿယသတ္တိက ဘယ်လောက် ခြယ်လှယ်နေတုန်း ဆိုတာ လာဦးမယ်လေ။

အကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုပုံ အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။

ရာဂံ-ရာဂကို၊ ဥပနိဿာယ-အားကြီးသော မှီရာဖြစ်၍၊ ဒါနံအလှူကို၊ ဒေတိ-ပေး၏၊ သီလံ-သီလကို၊ သမာဒိယတိ-ဆောက် တည်၏၊ ဥပေါသထကမ္မံ-ဥပုသ်စောင့်သုံးမှုကို၊ ကရောတိ-ပြု၏၊ ဈာနံ-ဈာန်ကို, ဈာန်ရကြောင်းဖြစ်တဲ့ သမထကမ္မဋ္ဌာန်းကို၊ ဥပ္ပာဒေတိ- ဖြစ်စေ၏၊ ဝိပဿနံ-ဝိပဿနာကမ္မဋ္ဌာန်းကို၊ ဥပ္ပာဒေတိ-ဖြစ်စေ၏၊ မဂ္ဂံ-မဂ်ကို၊ ဥပ္ပာဒေတိ-ဖြစ်စေ၏။

တကတည်း အကုသိုလ်အကြောင်းပြုပြီးတော့ ကုသိုလ်တရား လာလိုက်တာ ဝမ်းသာစရာ ကောင်းလိုက်တာ၊ ဒီကျတော့ လာတော့ လာတာပဲ ၊ ရာဂပဲ၊ ရာဂ အကြောင်းပြုပြီးတော့ ကုသိုလ်တရားတွေ ဖြစ်တယ်ဆိုတာဟာ သာမန်လူတွေ ဘာနည်းလည်လိမ့်မတုန်း၊ ဘုန်းကြီးတို့ကျတော့ တရားတော်ကလဲ ရှိနေပြန်, သုတ္တန်တရားတော်ကလဲ ရှိနေပြန်၊ ဒီကျတော့ကာ ဗုဒ္ဓမြတ်စွာအလောင်းတော် သုမေဓာရှင်ရသေ့ဘဝတုန်းက ဗုဒ္ဓမြတ်စွာအလောင်းတော်က ဒီပကရာမြတ်စွာ ဘုရား ကြွလာတော့ မပြီးသေးတဲ့လမ်း, ရွှံ့ညွန်ရှိတဲ့လမ်းကို ဗုဒ္ဓမြတ်စွာ မနင်းပါစေနဲ့, ငါ့ကို နင်းပါစေလို့, ဝမ်းလျားမှောက်ပြီးတော့ တံတားခင်းတယ်၊ ကဲ …ဒီအချိန်မှာ သုမိတ္တာဆိုတဲ့ အမျိုးသမီး, သိန်းပေါင်းများစွာ ပရိသတ်ကြီး၊ အဲဒီ သိန်းပေါင်းများစွာ ပရိသတ်ကြီးထဲက သုမိတ္တာဆိုတဲ့ အမျိုးသမီးကလေး ပါလာတယ်၊ ဘယ်လို ဘယ်လို ဘယ်စိတ် ဘယ်ဘဝက ဘယ်သံယောဇဉ် ဆိုတာတော့ မသိဘူး၊ ဒီရသေ့ကို ကြည့်ပြီးတော့ လောကပြောနဲ့ ပြောရရင် အင်မတန် ချစ်နေတယ်၊ သူယူလာတဲ့ ကြာရှစ်ခိုင်ကို ရသေ့ဆီ ကပ်ပြီးတော့ {ဗုဒ္ဓမြတ်စွာကို ပူဇော်ပါနော်}တဲ့၊ သူ့ရဲ့ လိမ္မာပုံနဲ့ စိတ်နူးညံ့ပုံကလဲ စဉ်းစားဖို့ ကောင်းတယ်။

သူက သုံးခိုင် ယူတယ်၊ ဒီတင် အသားပေး ထားတယ်လေ၊ အဲ…ဘုရား အလောင်း, သူ ဘုရားအလောင်းရယ်, ဘာရယ်, ဒီအချိန် မသိပါဘူး၊ ဟိုကလဲ ဗျာဒိတ်ပေးတော်မမူသေးပါဘူး၊ ကြာပန်းငါးခိုင် ဆက်ကပ်တယ်၊ သူက သုံးခိုင် ယူတယ်၊ ဗုဒ္ဓမြတ်စွာ အနားရောက်လာတဲ့အခါမှာ သူကလဲ ပူဇော်တယ်၊ ရှင်းရှင်း ပြောလို့ရှိရင် ဗုဒ္ဓမြတ်စွာက ဗျာဒိတ်ပေးတော်မူပါတယ်၊ ဒီဘုရားအလောင်းကို ဗျာဒိတ်ပေးတဲ့အပြင် သုမိတ္တာအတွက်လဲ ဗျာဒိတ်ပေးတော်မူပါတယ်။

ဝေဿန္တရာဇာတ် ၁ ။ ။ချစ်တဲ့ ရာဂကို အကြောင်းပြုပြီးတော့ ကုသိုလ်တရား ဘယ်လောက် ပွားသွားသတုန်း၊ ကြာပန်းလှူတာက စပြီးတော့ ကုသိုလ်တရားတွေ ပွားလာလိုက်တာ၊ နောက်ဘဝသံသရာကျတော့လဲ ဒီ ဘုရားအလောင်းကို ချစ်တဲ့ ရာဂ အကြောင်းပြုပြီးတော့ ထိန်းလိုက်တာ စောင့်ထိန်းလိုက်တာ, သူ့ကိုယ်သူ စောင့်ထိန်းလိုက်တာ၊ ဘာအပြစ်မှ မရှိအောင် ကြိုးစားတဲ့အပြင် ကူညီစရာ ရှိလို့ရှိရင်လဲ ကူညီနိုင်တဲ့ဘဝကျတော့ ယသော်ဓရာ အလောင်းဖြစ်တဲ့ မဒ္ဒီမိဖုရားဘဝမှာ သိပ်ချီးမွမ်းစရာပဲ၊ အားလုံးသိတဲ့အတိုင်း ဒီ ဆင်ဖြူတော်ကို လှူတော့ တိုင်းပြည်က မကျေနပ်လို့ နှင်ဖို့ တိုက်တွန်းလို့ ခမည်းတော်မင်းကြီးက ဝေဿန္တရာကို နှင်ရပါတယ်။၁။ ဇာတ်အဋ္ဌကထာ၊ သတ္တမတွဲ၊ နှာ-၂၄၁၊ ၃၈၇။

နှင်ရတော့ ဘုရားအလောင်းတော်က ဘယ်လို ပြောသလဲလို့ဆိုတော့-

{မဒ္ဒီ နန်းတော်မှာ နေရစ်ပြီး သီလရှိတဲ့ လူတွေကို လှူရစ်နော်၊ ဒါနမှတစ်ပါး အားကိုးစရာ ဘာမှ မရှိဘူး}၊ သူ့မှာလဲ ပဲ ဒါနကို အကြောင်းပြုပြီးတော့ အနှင်ခံရပြီ၊ ဒါပေမယ့် ဒါနတရားကိုပဲ ဟောနေတယ်၊ {လှူရစ်နော် လှူရစ် နော်}လို့ ဆိုတဲ့စကားက နည်းနည်းမှ နိမိတ်မကောင်းဘူးပေါ့၊ ဘာဖြစ်လို့တုန်း၊ {အဲ မောင်တော်တို့တော့ ဆင်ဖြူတော်လှူတဲ့အတွက် တိုင်းပြည်က မကျေနပ်လို့ ခမည်းတော်ကြီးက ဟို ဝကဘာတောင် သွားပြီးတော့နေဖို့ (တောပြစ် ပေါ့လေ) တောပြစ်ပေးနေပါတယ်, ဒဏ်ပေးနေပါတယ်၊ ဒါကြောင့် မောင်တော် သွားရမယ်၊ နှမတော် ဒါနကို ပြုရစ်ပါနော်}လို့ ဘုရားအလောင်းက မှာတယ်၊ မဒ္ဒီက ဘာပြောသလဲ-{အို ကိစ္စမရှိဘူးလေ၊ မောင်တော်သွားရင် သူလဲ လိုက်မှာပေါ့}

ကြည့်စမ်း ရာဂအကြောင်းပြုပြီးတော့ နောက်ကုသိုလ်တွေက လိုက်လာလေ၊ နောက် မယ်တော် ခမည်းတော်များဆီ နှုတ်ဆက်တော့ {သမီးတော် နေရစ်လေ, သမီးတော် နေရစ်လေ၊ သမီးတော်ကို နှင်တာမှ မဟုတ်ဘဲ} သမီးလဲ တော်တယ်, ချွေးမလဲ တော်တယ်၊ တူမလဲ ဟုတ်တယ်၊ {သမီးတော် နေရစ်လေ၊ သားတော် သမီးတော်ကလေးတွေနဲ့ ဘယ်လိုက်လို့ ဖြစ်မှာလဲ }ဆိုတော့ မဒ္ဒီမိဖုရားက ပြောတယ်၊{တချို့မိန်းမတွေက ချမ်းသာတဲ့အခါ ခံစားတုန်းက အတူတူ ချမ်းသာပြီးတော့, ဆင်းရဲတဲ့အခါကျတော့ အဆင်းရဲ မခံဝံ့ဘူး}လို့ ဆိုကြတယ်၊ အဲဒီစိတ် ဖြစ်ကြတယ်၊ အဲဒီစိတ်ကို မဒ္ဒီနားမလည်ပါ ဘူး၊ {သူနားလည်တာကတော့ ချမ်းသာတုန်းက အတူတူ ချမ်းသာလို့ရှိရင် ဆင်းရဲတော့လဲ အတူတူ ဆင်းရဲရမှ ဝတ္တရားကျေတယ်လို့ သူ နားလည်ပါတယ်၊ ဒါကြောင့် သူ လိုက်မယ်}၊ နောက် ခမည်းတော်က သားတော် သမီးတော် ကလေးတွေကို ထားရစ်ခဲ့ဖို့ တားတယ်။

{ဟင့်အင်း မဖြစ်ပါဘူး၊ ဒီ သားတော် သမီးတော်တွေ ကြည့်ပြီးတော့ တိုင်းပြည်ကို သတိမရဘဲ ဖြစ်ပါ့မယ်၊ သားတော် သမီးတော်တွေ ကစားကြ, သူတို့ ကြည့်ပြီးတော့ ပျော်လို့, စိတ်ချမ်းသာလို့၊ အဲဒီအခါမှာ တိုင်းပြည်ကို သတိမရဘဲ ဖြစ်ပါလိမ့်မယ်၊ ဒီလို မဟုတ်လို့ရှိရင် တိုင်းပြည်ကို တတမ်းတတနှင့် ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် သားတော် သမီးတော်တွေ ပါမှ ဖြစ်ပါမယ်}။

သွားကြရော, အဲဒီက နောက်ကိုလေ, တောထဲ ရောက်တဲ့အခါမှာ မဒ္ဒီ မိဖုရားက ဘယ်လိုနေရလိမ့်မယ်ဆိုတာ သူ မစဉ်းစားခဲ့ဘူး၊ စဉ်းစားဖို့လဲ မလိုဘူး၊ ဖြစ်ချင်ရာဖြစ်ပဲ၊ ဘယ်လိုစားရမယ်ဆိုတာ သူ မစဉ်းစားခဲ့ဘူး၊ စဉ်းစား ဖို့လဲ မလိုဘူး၊ ဖြစ်ချင်ရာ ဖြစ်ပဲ၊ တောထဲ ရောက်တော့ ကမ္မဋ္ဌာန်းကျောင်းကလေး နှင့် နေကြတယ်၊ {မောင်တော်က ကလေးများကို ကြည့်ပြီးတော့ နေရစ်ပါ၊ သူ သစ်သီးရှာ သွားမယ်} ရှာတာပဲ၊ သစ်သီးရှာတယ်ဆိုတာ လွယ်လွယ်နဲ့ ဘယ်ဟုတ် ပါ့မလဲ၊ တူးစရာ တူရွင်းကလေးနှင့်, လှမ်းဆွတ်စရာ တံချူကလေး နှင့်, ထည့်စရာ တောင်းကလေးနှင့်၊ ဒီလို ထွက်ပြီးတော့ ရှာတာ ဘယ်လောက် ကြာတယ်များ ထင်သလဲ၊ (၇)လလောက် ကြာတယ်, ထားပါတော့ပေါ့၊ ဒီတော့ကာ အဲဒီ ရာဂကို အကြောင်းပြုပြီးတော့ စိတ်ကောင်း နှလုံးကောင်းတွေ ဖြစ်နေလိုက် တာ၊ ရာဂ အကြောင်းပြုပြီးတော့ ကုသိုလ်တရားတွေ ဖြစ်နေလိုက်တာ။

{ကလေးတွေကို စောင့်ရှောက်တယ်၊ မောင်တော်ကို စောင့်ရှောက်တယ်၊ ပြီးတော့ ဥပုသ်သီလကို ထိန်းထားတယ်၊ တောထဲ ရောက်ကတည်းက ဥပုသ် သီလကို ထိန်းထားတယ်၊ လူလို မနေဘူး၊ ယောဂီလို နေကြတယ်၊ ဒီတော့ ရာဂအကြောင်းပြုပြီးတော့ ကုသိုလ်တွေ မဖြစ်ဘူးလား၊ ဖြစ်နေတာပဲ၊ ဒါကြောင့် အကုသိုလ်တရားက ကုသိုလ်တရားကို ကျေးဇူးပြုတယ်} လို့ ဆိုတာက ဒီလို ပုဂ္ဂိုလ်တွေ ထောက်ပြီးတော့ အကုသိုလ်ဆိုတဲ့ ရာဂကို အကြောင်းပြုပြီး သကာလ ကုသိုလ်တွေ အများကြီးဖြစ်တယ်။

ဒါန ပြုဦးတော့၊ ဒီ ဝေဿန္တရာမင်းသား သားတော် သမီးတော်တွေ လှူလိုက်တော့ သူ့စိတ်ထဲ မဒ္ဒီမိဖုရားအတွက် အင်မတန် အင်မတန် စိုးရိမ်နေ တယ်၊ သားတော် သမီးတော်တွေ လှူလိုက်လို့ရှိရင် မဒ္ဒီမိဖုရား ရင်ကွဲများ သေသွားမလားလို့၊ တော်တော်နှင့် ထုတ်ဖော် မပြောဘူး၊ တစ်ညလုံး မပြောဘူး လေ, တစ်ညလုံး မပြောဘူးလေ၊ မပြောရက်လို့ မပြောတာ၊ ထုတ်ဖော် မပြော ဘူး၊ မဒ္ဒီမိဖုရားလဲ တစ်ညလုံး ရှာတာပဲ၊ အခေါက်ခေါက် အခါခါ လှည့်ပတ်ပြီး တော့ ရှာတာပဲ, မတွေ့ဘူး, ဝမ်းနည်းတယ်၊ ဒီ ဝေဿန္တရာမင်းနား သွားတော့လဲ စကား မပြောဘူး၊ {အပြောခက်လွန်းလို့, အပြောခက်လွန်းလို့} နောက်တော့ တစ်ညလုံး ပင်ပန်းလွန်းမက ပင်ပန်းလွန်းတော့…

အနားသွားတဲ့အခါကျတော့ ဝေဿန္တရာမင်းက သိပ်ပြီးတော့ စကားလုံး ရှာလို့ မရဘူးနော်၊ ဒါနဲ့ {သင်က မနက်က အစောကြီး သွားတယ်၊ ပြီးတော့ မိုးချုပ်မှ ပြန်လာတယ်၊ ဒီ သားနဲ့ သမီးနဲ့ လင်နဲ့နေတဲ့ အမျိုးကောင်းသမီး ဆိုတာ ဒီလိုပဲလား} ဆိုတော့ သူ့ပဲ မယုံသလိုလို ဘာလိုလို၊ ဒီလို ပြောတော့ ဝမ်းနည်းပြီးတော့ လဲများသွားတယ်။

အဲဒီမှာတင် ကပျာကယာ အလောင်းတော် ဝေဿန္တရာမင်းက ထပြီးတော့ {ငါ့ မိဖုရားတော့ ဆုံးပြီထင်တယ်၊ တောကြီးထဲမှာ ဆုံးရှာပြီ} အဲဒီလို ထင်ပြီး တော့ သနားသွားတယ်၊ ဦးခေါင်းကလေးကို ပေါင်ပေါ်တင်, ရေတကောင်းက ရေလေးနဲ့ တစ်စက်စက်ချပေးတော့ သတိရလာတယ်၊ သတိရလာတော့မှ ကပျာကယာ သူ ထတဲ့ပြီးတော့ စိတ်အားတော့ ရှိသွားဟန်တူတယ်၊ ယုယုယယ ဟိုက ပြုစုနေပြီလေ၊ အဲဒီ စိတ်အားရှိလာတော့ ထပ်ပြီးတော့ မေးတယ်။

{သားတော် သမီးတော်တွေ ဘယ်ကိုများ သွားကြသလဲ} မေးတယ်၊ မေးတော့ ဒီ ဟို ပေါ့လေ သက်သက်သာသာဖြစ်အောင် {မဒ္ဒီ သိပ်ပြီးတော့လဲ ပူဆွေးမနေနဲ့, အလှူခံပုဂ္ဂိုလ်လာလို့ လှူလိုက်တယ်၊ လှူလိုက်ပေမယ်လို့ တန်ဖိုးဖြတ် လှူလိုက်တာ၊ ပြန်ရဖို့ရန် မျှော်လင့်ချက်ကလေးတွေနဲ့ ရှိပါစေတော့ လို့, သမီးတော်ကို ဘယ်လို တန်ဖိုးဖြတ်လိုက်တယ်၊ သားတော်ကို ဘယ်လို တန်ဖိုးဖြတ်လိုက်တယ်} အဲ-အဲဒီလို ပြောတော့ မျှော်လင့်ချက်က အတော်ကြီး ရသွားတယ်။

အဖိုးဖြတ် လှူလိုက်လို့ရှိရင် တစ်နေရာက ရွေးမှာ, ဒီ တန်ဖိုးက ဘုရင်မှ ရွေးနိုင်တဲ့ အဖိုးတွေ, တန်ဖိုးတွေ, ဆင်ရတနာတွေနဲ့ မြင်းရတနာတွေနဲ့၊ အဲဒီလို ရွေးမှာဖြစ်တော့ ရှင်ဘုရင်မှ ရွေးနိုင်မှာ၊ တစ်နေ့ ပြန်တွေ့မယ်လို့ မျှော်လင့်ချက်ကလေးနဲ့ ပြောရတယ်, ပြောတော့ ဒီ မဒ္ဒီမိဖုရားက သတ္တိနည်းနည်း ဆိုလို့ရှိရင် ပိုပြီးတော့ လူးလှိမ့်ငိုစရာပေါ့။

{ဝမ်းမြောက်ပါတယ်၊ ဒါ အကောင်းဆုံး ဒါနပဲ၊ အမြတ်ဆုံး ဒါနပဲ၊ လှူပါ သူ ဝမ်းမြောက်ပါတယ်}တဲ့၊ {မြန်မာလိုတော့ သူ သာဓုခေါ်တယ်ပေါ့}၊ {ဝမ်းမြောက်ပါတယ်၊ နောင်ကိုလဲ ဒီထက်ပိုပြီးတော့ လှူပါ}တဲ့၊ ကြည့်စမ်း ဒီလောကအပြောနဲ့ ချစ်နေတော့ မြန်မာတွေက သိပ်ပြီးတော့ အပြစ်တင်ချင် တင်မယ်၊ ဘုန်းကြီးက မတင်ပါဘူး၊ {ချစ်} ဘာဖြစ်တုန်း၊ သံသရာကြီးထဲ ဒီလိုပဲ ချစ်ကြမှာပေါ့၊ ချစ်ပြီးတော့ ကုသိုလ်တရားတွေ များများကြီး ရနေမယ် ဆိုရင် ဘယ်လောက်ကောင်းမလဲ ။

မဒ္ဒီမိဖုရားဟာ ကုသိုလ်တရားတွေ များများကြီးရ, အလိမ္မာတွေ များများကြီး ရှိ, သိပ်တော်ပြီးတော့ နေတယ်လေ၊ ထပ်ပြီးတော့ ဆက်ပြောရဦးမယ်၊ နောက်တော့ ဇာလီတို့ ကဏှာတို့ကို ရွေးလို့ အားလုံးပေါ့လေ ရွေးပြီးပြီ၊ ရွေးပြီးတော့ ဘိုးတော် ဘွားတော်များက မေးတယ်၊ နေကြထိုင်ကြပုံ, ခမည်းတော် အကြောင်းကို ထည့်မပြောဘူး၊ မယ်တော်အကြောင်း ပြောတာပဲ။

{မယ်တော်က နေ့တိုင်း သစ်သီးသစ်ရွက်ရှာ သွားရပါတယ်, မယ်တော်ရဲ့ အသားအရေတွေ ရှေးတုန်းကလို မဖြူပါဘူး၊ အသားညိုလာပါတယ်၊ နေပူ ခံရလို့ {ပြောတတ်လိုက်တာ} ပြီးတော့ ဆံပင်တွေ ရှေးတုန်းကလို ဆံပင် မများပါဘူး၊ ဆူးခက်နဲ့ ငြိလို့ ဟိုကပြတ် ဒီကပြတ်နဲ့ ကျဲကုန်ပါပြီ။

မယ်တော်အကြောင်း ပြောတာပဲ ၊ နားထောင်နေတဲ့ မှူးမတ်တွေအားလုံးက ခွင့်လွှတ်ပြီး, အဲ… ခမည်းတော်ကြီး မယ်တော်ကြီးများကလဲ ပြန်ခေါ်ဖို့, ဆိုပါတော့ ပြန်ခေါ်တယ်၊ ဇာလီမင်းသားက ရှေ့ဆောင်လမ်းပြ လုပ်ပြီးတော့ စစ်တပ်နဲ့တကွ သွားတာပဲ၊ ဟိုမှာ ဘိသိက်သွန်းခဲ့မလို့ တိုင်းပြည်က အကျေနပ်ကြီး ကျေနပ်နေပြီလေ၊ ဒီတော့ သွားလို့ စစ်သံတွေနဲ့ တီးပြီးတော့ တောကို ဝငလ်ာတယဆ် ရို င် {ဝေဿန ရ္တာမင်း ကြောကတ် ယတ် }ဲ့ ဘနု်း ကြီးက ဝေဿန ရ္တာ မင်း ကြောက်တယ်ဆိုတာ ကြောက်ရုံတင်မကဘူး၊ တောင်ပေါ်ကို တက်ပြီးတော့, တောင်ပေါ်ကို ပျာယီးပျာယာနဲ့ တက်သွားတာပဲ၊ သွားတော့ မဒ္ဒီမိဖုရားက လိုက်သွားတယ်။

{ဘာဖြစ်တာတုန်း}

{မင်း ဘာသိလို့တုန်း, ခမည်းတော်ကြီး သတ်ပြီးတော့ ငါ့ကို သတ်မလို့, စစ်တပ်နဲ့လာတာ}၊ ကြည့်စမ်း ဝေဿန္တရာမင်း ဖြစ်နေပုံတွေ, ဘုန်းကြီးက နည်းနည်းတော့ စိတ်က တစ်မျိုးကြီးနော်ကိုး၊ အလောင်းတော်ကြီးရဲ့ စိတ်ဟာ၊ မဒ္ဒီမိဖုရားက {အို…ဘယ်ဟုတ်ရမှာလဲ, ဒီစစ်ဟာ ကိုယ့်ဘက်က စစ်, ကိုယ့်ကယ်ဆယ်ဖို့ လာတဲ့ စစ်, သိကြားက ဆုပေးတုန်းက ပြောသွားတယ်}။

(ဘုန်းကြီးက ဒီကြားထဲ ဖြတ်ထားတယ်၊) {နောက်ကို လာပြီးတော့, ခမည်းတော်များ ကျေနပ်လို့ လာခေါ်ပါလိမ့်မယ်}လို့ ပြောသွားတယ်၊ အဲဒါလဲ ဝေဿန္တရာမင်းက သတိရချင်မှ ရမယ်၊ စိတ်နည်းနည်း လန့်နေတယ်။

ဒါနဲ့ မဒ္ဒီမိဖုရားက…{ဆင်းကြည့်ရအောင်, ဒါ ကိုယ့်စစ်ပါ, ရန်သူ့စစ် မဟုတ်ပါဘူး}၊ အဲသလို ပြောတော့မှ ဝေဿန္တ ရာမင်းက ပြန်ပြီးတော့ ဆင်းလာပြီး ကမ္မဋ္ဌာန်းကျောင်းပေါ်မှာ အေးအေးဆေးဆေး ထိုင်နေတော်မူတယ်။

ဘုန်းကြီးက တန်ဖိုးရှိလိုက်တဲ့ မိဖုရား, တန်ဖိုးရှိလိုက်တဲ့ အလောင်းတော်, ဒီလောကကြီးမှာပေါ့လေ၊ {ရာဂံ-ရာဂကို၊ ဥပနိဿာယ-မှီ၍}လို့ အကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုတယ်လို့ ဆိုတာဟာ အင်မတန်မှ မှန်တယ်, အင်မတန် မှန်တယ်။

ဒုကူလနှင့် ပါရိက။ ။ဒီကြားထဲမှာ အလောင်းတော်ကြီးတွေ, ရှင်မဟာကဿပ အလောင်း, မယ်ဘဒ္ဒါတို့ အလောင်းတွေ၊ တစ်နေရာ တုန်းက ဟိုဖက်က တံငါသူကြီးရဲ့သမီး, ဒီဖက်က တံငါသူကြီးရဲ့သားဖြစ်ကြတယ်၊ သူတို့ကို အရွယ်ရောက်တော့ လက်ထပ်တော့မယ်ဆိုတော့ နှစ်ယောက်စလုံးက မလိုချင်ဘူး, အိမ်ထောင်မပြုချင်ဘူး၊ သူတို့ တောထွက်မယ်, ဘာပြုလို့တုန်း ဆိုတော့ နှစ်ယောက်စလုံးက ဗြဟ္မာ့ပြည်က လာကြတဲ့ သူတော်ကောင်း အလောင်းအလျာတွေဖြစ်လို့။

ဒါပေမယ်လို့ လူကြီးတွေက သူတို့ ဘယ်လောက်ငြင်းနေနေ အတင်း လက်ထပ် ပေးကြတယ်၊ လက်ထပ်ပေးလိုက်တော့လဲ လက်ထပ်ပေးတယ် ဆိုရင်တော့ စိတ်ကပိုပြီးတော့ ရင်းနှီးလာကြတယ်လေ၊ ပိုပြီးတော့ ရင်းနှီးလာ လေ ကာမဂုဏ်စိတ်နဲ့ တစ်ယောက်ကိုတစ်ယောက် မကြည့်ကြဘူးလေ၊ မောင်နှမလိုပဲ ချစ်တော့ သိပ်ချစ်ကြတယ်၊ ရာဂလို့ ပြောချင်ပြော သိပ်ချစ်တာပဲ၊ သိပ်ချစ်ပေမယ်လို့ ကာမဂုဏ်စိတ်နဲ့ မနေဘူး၊ သူတို့နှစ်ယောက် ကြင်ကြင် နာနာ ချစ်ချစ်ခင်ခင် နေတာပဲ။

နှစ်ဖက်မိဘတွေက ဆွေမျိုးတွေက ငါးတွေ အလုပ်လုပ်ကြတယ်၊ သူ တို့က နှာခေါင်းရှုံ့တယ်၊ မျက်နှာရှုံ့တယ်၊ သူတို့က အလုပ် မလုပ်သည့်အပြင် ဒါတွေကို စက်ဆုတ်လို့၊ ဘုန်းကြီးကျေနပ်လွန်းလို့၊ ကျေနပ်လွန်းလို့၊ လောကမှာ အကောင်းတွေ ဘယ်လောက်ကောင်းတယ်ဆိုတာ ရှေးက ပြသွားကြတယ်နော်၊ ဒါနဲ့ ဆွေမျိုးနှစ်ဖက်စလုံးက ဒါလောက် မင်းတို့ ငါးတွေကို သနားရင် တောထွက်သွားပါလားဆိုတော့ {ဟာ…ထွက်တာပေါ့} နှစ်ယောက်စလုံး တောထွက်လို့ ဒုကူ လနှင့်ပါရိကာ သုဝဏ္ဏသာမဇာတ်၁မှာ၊ နောက် သုဝဏ္ဏသျှံ သတိုးသားလေး ရတယ်လေ၊ ရတာလဲ ပေါင်းဖော်လို့ရတာ မဟုတ်ပါဘူး၊ {သိကြားမင်းက ပေးကို ပေး}လို့, ရအောင်ကို စီမံပေးလို့ ရတာပါ။၁။ ဇာတ်အဋ္ဌကထာ၊ ဆဋ္ဌတွဲ နှာ-၈၉-၉၁။ (သုဝဏ္ဏသာမဇာတ်)

အင်မတန် ချစ်ကြတယ်၊ ဟိုမှာ ဥပုသ်စောင့်ပြီးတော့ သူ တော်ကောင်း အဖြစ်နဲ့ နေကြတယ်၊ ဒါကြောင့် ရာဂကို အကြောင်းပြုပြီးတော့ ကုသိုလ်တရား တွေ တိုးပွားနေတာ လောကမှာ များလွန်းလို့, များလွန်းလို့၊ မြန်မာတွေကတော့ ချစ်တယ်ဆိုရင်ပဲ သူတို့က အပြစ်ကြီးကြီး ထင်နေတာ၊ ဘုန်းကြီးက ချစ်ပေါ့လေ, ချစ်ပြီးတော့ ကုသိုလ်တရား အများကြီးရအောင် လုပ်ပေါ့၊ အိမ်ထောင်အဖြစ်နဲ့ နေလို့ရှိရင်လဲ ချစ်ကြပေါ့, ချစ်ကြပါ၊ ဒါပေမယ့် တစ်ယောက် တစ်ယောက် စောင့်ရှောက်ပါ။

ကုသိုလ်တရား များများရအောင် လုပ်ပေါ့၊ မိမိတို့ကိုယ်ကို မိမိတို့ စောင့် ရှောက်လို့၊ လောကအပြစ်လဲ မဖြစ်စေဘဲနဲ့၊ အကုသိုလ်အပြစ် မဖြစ်စေဘဲနဲ့၊ ငါးပါးသီလထိန်းလို့၊ ဥပုသ်နေ့လဲ ဥပုသ်စောင့်လို့၊ သမီးခင်ပွန်း ဒီလိုနေကြပါ၊ ချစ်တာကို အကြောင်းပြုလို့ ကုသိုလ်တရားတွေ အများကြီးလုပ်လို့၊ ဒါနပြုကြ စို့၊ ချစ်တာကို အကြောင်းပြုပြီးတော့ သန့်သန့်ရှင်းရှင်း ဒါနပြုလို့၊ ဘေးက ချီးမွမ်းတဲ့ ဒါနတွေဟာ အပိုတွေပါ၊ ကုသိုလ်ရတဲ့ ဒါနလုပ်ကြစို့၊ ဆရာကောင်း သမားကောင်းတွေရဲ့ စကားကို နားထောင်ပြီးတော့ ဒါနလုပ်ကြစို့၊ ဂုဏ်ရှိတဲ့ ဒါနလို့ နားလည်ခဲ့ပြီးတော့ ဒါနမဟုတ်တဲ့ အကုသိုလ် ဒါနတွေ မလုပ်ကြစို့နဲ့၊ ဒါနဆိုရင် ပေးလို့ ကမ်းလို့၊ အဲသလို နေကြစို့ရဲ့ဆိုရင် ချစ်တာကို အကြောင်း ပြုပြီးတော့ ကုသိုလ်ဘယ်လောက် ကုသိုလ်ဘယ်လောက် သန့်ရှင်းလာတုန်း၊ တရားထိုင်ကြစို့ရဲ့၊ ဘာဝနာပွားကြစို့ရဲ့၊ ဒီချစ်တာ အကြောင်းပြုပြီးတော့ တစ်ယောက်တစ်ယောက် စောင့်ရှောက်လို့ တစ်ယောက်တစ်ယောက် အရေးပေး လို့ အင်မတန် တန်ဖိုးရှိတယ်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာက အကုသိုလ်က ကုသိုလ်ကို ပကတူပနိဿယ သတ္တိနဲ့ ကျေးဇူးပြုပါတယ်လို့ အဲသလို အမိန့်ရှိတော်မူတယ်။

တစ်ခါ ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုတယ်၊ ဒါတွေကတော့ အလွယ်ကလေး, အလွယ်ကလေး၊ ကုသိုလ်က ကုသုလ်ကို ကျေးဇူးပြုတယ်, ကုသိုလ်တွေ ဆက်ပြီးတော့ တိုးပွားလိုက်တာပဲ။

ပုဂ္ဂိုလ်က ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုပုံ။ ။ ပြီးတော့ ဒီ ပစ္စည်းက အင်မတန် ကျယ်တယ်၊ ဒီ ပဋ္ဌာန်းပစ္စည်းက အင်မတန် ကျယ်တယ်၊ ပုဂ္ဂိုလ် တစ်ယောက်ကလဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုနိုင်တယ်။

{ပုဂ္ဂလော ဘောဇနံ ဥတု သေနာသနံ}

ပုဂ္ဂိုလ်တစ်ယောက်က ပုဂ္ဂိုလ်တစ်ယောက်ကို ကုသိုလ်ဖြစ်အောင်လဲ ကျေးဇူး ပြုနိုင်တယ်, အကုသိုလ်ဖြစ်အောင်လဲ ကျေးဇူးပြုနိုင်တယ်၊ ခုတင်က သမီး ခင်ပွန်းပဲ ဆိုပါတော့၊ တစ်ယောက်က ကုသိုလ်လုပ်ချင်တယ်, တစ်ယောက်က တားတယ်၊ စားစရာမရှိဘူး၊ ဒီလိုသာ ကုသိုလ်တွေ လုပ်နေလို့ရှိရင် ငတ်ကုန် လိမ့်မယ်၊ ကလေးတွေပါ ငတ်ကုန်မယ်၊ သမီး ခင်ပွန်းချင်းပေမယ့် အကုသိုလ် ဖြစ်အောင် လုပ်ပေးလို့ ရတယ်၊ သမီး ခင်ပွန်းချင်းပဲ တစ်ယောက် တစ်ယောက် ချစ်ပြီးနေလို့ တစ်ယောက် မဆင်းရဲရအောင် မတရား စီးပွားရှာလို့၊ တစ်ယောက် ကလဲ မတရား စီးပွားရှာတာ ကျေနပ်လို့၊ မတရား ရောင်းလို့ ဝယ်လို့, ခိုးလို့, ဝှက်လို့, သတ်လို့, ဖြတ်လို့၊ ဒါ ကျေနပ်လို့၊ ဒါ အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုနေတာပဲ၊ ဒါ ပုဂ္ဂိုလ်က ကျေးဇူးပြုနေတာပဲ။

သူတော်ကောင်းပုဂ္ဂိုလ်နဲ့ တွေ့ပြန်တော့ မလုပ်ပါနဲ့၊ အကုသိုလ်လုပ်မယ်ဆိုရင် အကုသိုလ်မလုပ်ပါနဲ့၊ ဈေးရောင်းလို့ ချွေတာစားတာပေါ့၊ မရှိလို့ ဒီဘဝ ငတ်သေတာက ဘာမှမဖြစ်ဘူး၊ ဟိုဘက်ဘဝမှာ ငရဲရှိ တယ်၊ တိရစ္ဆာန် ရှိတယ်၊ ပြိတ္တာ ရှိတယ်၊ ဒါတွေ တို့ရောက်သွားလို့ရှိရင် သက်သာမတဲ့လား၊ ဟာ မတရား မလုပ်နဲ့ မတရား မလုပ်နဲ့ အိမ်သူကလဲ အိမ်သားကို မတရား တော့ မရှာနဲ့၊ ချွေတာစားမယ်၊ အိမ်သားကလဲ အိမ်သူကို မတရားတော့ မရှာနဲ့၊ ချွေတာစားမယ်၊ {ကြည့်စမ်း ကြည့်စမ်း}တစ်ယောက် တစ်ယောက် ကျေးဇူးပြုနေတာ၊ ပုဂ္ဂိုလ်က ကျေးဇူးပြုနေတယ်၊ ဒီမှာကျတော့ ကုသိုလ်ကိုလဲ ကျေးဇူးပြုတယ်၊ ဗုဒ္ဓမြတ်စွာကလေ မဂလသုတ် အစဆုံးမှာ-

{အသေဝနာစ ဗာလာနံ, ပဏ္ဍိတာနဉ္စ သေဝနာ}

ဗာလာနံ-လူမိုက်, လူဖျင်း, လူအတို့ကို၊ အသေဝနာစ-မဆက်သွယ်ခြင်း, မမှီဝဲရခြင်း, မပေါင်းရခြင်း, မဆည်းကပ်ရခြင်းလည်းကောင်း၊ ပဏ္ဍိတာနံလူတတ်, လူ လိမ္မာ, လူ ပညာရှိ သူတော်ကောင်းတို့ကို၊ သေဝနာစ-ပေါင်းသင်း ဆက်ဆံရ, မှီဝဲရခြင်းလည်းကောင်းလို့၊ {ကြည့်စမ်း ကြည့်စမ်း}။

တစ်ခါတုန်းက အရှင်အာနန္ဒာတစ်ပါးတည်း ဆိတ်ဆိတ်နေတယ်၊ နေပြီး တော့ သူတော်ကောင်းများနော် တယ် တန်ဖိုးရှိတာကိုး၊ သူ တော်ကောင်းနဲ့ ပေါင်းရတာများ တယ်ကောင်းတာကိုးလို့ အရှင်အာနန္ဒာက အင်မတန် ဝမ်းမြောက် ဝမ်းသာနဲ့ စိတ်ကူးနေတယ်၊ ရသမျှ ကုသိုလ်တွေ သူတော်ကောင်း အတွက်ကြောင့် တစ်ဝက်ကတော့ ပြီးတာပဲ၊ တစ်ဝက်ကသာ ကိုယ်က ကြိုးစားရတယ်၊ တစ်ဝက်ကတော့ သူတော်ကောင်းတွေ အတွက်ကြောင့် အလိုလို ပြီးသွားတာ၊ ကိုယ် မကြိုးစားရဘဲနဲ့ ကုသိုလ်တွေ ရတယ်၊ အင်မတန် သူ့ဆုံးဖြတ်ချက်နဲ့, သူ့ရည်ရွယ်ချက်နဲ့, သူ့အကြောင်းပြချက်နဲ့ ကောင်းလှပြီးလို့ ထင်ပြီးတော့…

ဗုဒ္ဓမြတ်စွာကို အားရပါးရသွားပြီးတော့ လျှောက်တယ်၊ {မြတ်စွာဘုရား သူတော်ကောင်းနဲ့ ပေါင်းရတာကတော့ သိပ် အကျိုးများတာပဲ ဘုရား၊ တစ်ဝက် ကုသိုလ်ကတော့ ဘာမှ မလုပ်ဘဲနဲ့ တိုးသွားတာပဲ}၊ အရှင်အာနန္ဒာက ဗုဒ္ဓမြတ်စွာလျှောက်တော့{အာနန္ဒာ ဒီလို မပြောနဲ့, ဒီလို မပြောနဲ့၊ သူတော်ကောင်း နဲ့ ပေါင်းရလို့ ရသမျှကုသိုလ်တွေဟာ သူတော်ကောင်းကြောင့်ချည်း ရတာပဲလို့၊ တစ်ဝက် မကဘူး, အကုန်လုံး သူတော်ကောင်းကြောင့် ရတယ်၊ အာနန္ဒာ ငါဘုရားတည်းဟူသော သူတော်ကောင်းကို ပေါင်းကြရလို့ တစ်သံသရာလုံး တစ်အိုတည်း အိုနေမယ့်သူတွေ, တစ်နာတည်း နာရမယ့်သူတွေ, တစ်သေတည်း သေရမယ့်သူတွေ ကြည့်စမ်း၊ မအိုရတော့ဘူး, မနာရတော့ဘူး, မသေရတော့ဘူး၊ ရဟန္တာတွေဖြစ်လို့ ပရိနိဗ္ဗာန်စံကြတယ်၊ ဒါ ငါဘုရားနဲ့ ပေါင်းရလို့၊ ငါဘုရားနဲ့သာ မပေါင်းရလို့ရှိရင် တစ်ခုမှ ဖြစ်မှာ မဟုတ်ဘူး၊ တစ်ဝက် မပြောနဲ့, တစ်ပိုင်းတည်း မပြောနဲ့, တစ်စိတ် မပြောနဲ့ တစ်ခုမှ ဖြစ်မှာ မဟုတ်ဘူး၊ ခုတော့ ဗုဒ္ဓမြတ်စွာနဲ့ ပေါင်းရလို့ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ပြီးတော့ နေကြရ, သွားကြရတယ်၊ သူတော်ကောင်းနဲ့ ပေါင်းရလို့ ကုသိုလ်တွေ ရသမျှ သူတော်ကောင်းကြောင့် ရတာ၊ တစ်ဝက် မကဘူး အကုန်ရတယ်}။၁။ သဂါထာဝဂ္ဂသံယုတ်၊ ကလျာဏမိတ္တသုတ်၊ နှာ-၈၈။

ဗုဒ္ဓမြတ်စွာ မိန့်တော်မူတော့မှ အရှင်အာနန္ဒာလဲ ဟုတ်သားပဲကိုး၊ ဟုတ် သားပဲ၊ ဒါ သူတော်ကောင်းနဲ့ ပေါင်းရတာဟာ ကုသိုလ်တွေ သိပ်ရတာ၊ အဲသလိုဆိုရင် မသူတော်နဲ့ ပေါင်းရတာဟာလဲ ငရဲ ရောက်အောင်ကို ရတယ်၊ ငရဲ ရောက်ရတယ်၊ ဘာပြုလို့လဲ၊ သူက ပြောရင် မတော်တာတွေချည်း ပြောတယ်၊ မတော်တာတွေ အလုပ်ခိုင်းတယ်၊ အဇာတသတ်မင်းဟာ တကယ့်ကို သူတော်ကောင်းလေးပါ၊ မျိုးရော ရိုးရော, စိတ်ရင်း စေတနာရင်းရော အကောင်း လေးပါ၊ ရှင်ဒေဝဒတ်နဲ့ ပေါင်းလိုက်မိတဲ့အတွက်ကြောင့် အဝီစိကို ကပ်တာပါပဲ၊ ဒါကြောင့် မသူတော်နဲ့ ပေါင်းရတာဟာ နည်းနည်းကလေး မဟုတ်ဘူး, အကုသိုလ် အကုန်လုံး၊ ရသမျှ အကုသိုလ်ဟာ မသူတော်ကြောင့်ချည်းပဲ ဖြစ်နေပါတယ်၊ သိပ် သတိထားစရာ ကောင်းတယ်။

ဒါကြောင့် ဒီ ပကတူပနိဿယသတ္တိကလဲ ပုဂ္ဂိုလ်က ကုသုလ် အကုသိုလ် ရဖို့ရာ ပကတူပနိဿယသတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ ပုဂ္ဂိုလ်က သုခ ဒုက္ခရဖို့ရာ ပကတူပနိဿယသတ္တိနဲ့ ကျေးဇူးပြုကြပါတယ်၊ ပုဂ္ဂိုလ်က ကောင်းနေလို့ရှိရင် ကောင်းတာလုပ်ရင် သုခတွေ ရကြတယ်၊ မကောင်းဆိုတာ တမင် ယုတ်မာ ချင်တဲ့ မကောင်း မဟုတ်ဘူး, ညံ့တဲ့ မကောင်း၊ အဲဒီလို မကောင်းတဲ့ ပုဂ္ဂိုလ် နှင့် ပေါင်းရလို့ရှိရင် ဒုက္ခတွေ့ရတယ်၊ ဆိုပါတော့ ဆရာက မကောင်းလို့ရှိရင် တပည့်တွေ ဒုက္ခများတာပဲ ၊ မိဘ မကောင်းလို့ရှိရင် သားသမီးတွေ ဒုက္ခများနေ တာပဲ၊ အဆက်ဆက် ဒုက္ခများနေတာပဲ၊ ဒါကြောင့် ပုဂ္ဂိုလ်ဟာ သုခ ဒုက္ခ ဖြစ်အောင်လဲ ကျေးဇူးပြုနိုင်တယ်၊ ကုသိုလ် အကုသိုလ်ဖြစ်အောင်လဲ ကျေးဇူး ပြုနိုင်ပါတယ်။

အစားအသောက်က ကုသိုလ် ဘောဇနံ-အစာက ကုသိုလ် အကုသိုလ် ဖြစ် အကုသိုလ်ကို ကျေးဇူးပြုပုံ အောင်လဲ ကျေးဇူးပြုနိုင်တယ်၊ ဘောဇနံ-အစား အသောက်၊ ခုကာလ အစားအသောက်တွေ အမလေး! ဘယ်အစာ စားတော့မှ အားရှိတယ် ပြောပြီးတော့ စားကြတယ်ကိုး၊ ပြီးတော့ ဒီ အစာတွေ စားပြီးတော့ ဘာလုပ်ကြသလဲ ၊ ပျော်ပျော်ပါးပါးကြီး နေထိုင်ကြတယ်၊ ကောင်းတယ်ဆိုတဲ့ အစာ အာဟာရက အကုသိုလ်ကို ကျေးဇူး ပြုနေတာပဲ ၊ အဲ…တချို့တော့လဲ မျှတအောင် စားပြီးတော့, အဲ…မျှတရုံလေး စားပြီးတော့ တရားကျင့်ကြ, ကောင်းကောင်း စားကြ၊ ဒီတော့ ဘောဇဉ်က ပေမယ်လို့လဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုနိုင်တယ်။

ယခုလူတွေမှာ အစာကိုလေ ချိန်စားကြမယ် ဆိုလို့ရှိရင် အစာတွေကို, အဲဒါ တကတည်း အဆီ အဆိမ့်နဲ့ ဘာနဲ့ ကောင်းတာတွေကို, တကတည်း စားကြတယ်၊ ဘောဇဉ်က အကုသိုလ်ကို ကျေးဇူးပြုနေတာပဲ။

အိပ်ရာ စသည်က သေနာသနံ-အိပ်ရာနေရာတွေ ခမ်းခမ်း ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုပုံ နားနား ခင်းလို့, ပျော်ပျော်ပါးပါး နေလို့ ဘုန်းကြီးတွေ အိပ်ရာနေရာ ခမ်းခမ်း နားနား နေကတည်းက ဒီ အိပ်ရာနေရာကို သာပြီးတော့ သာယာတယ်၊ ဒီနေရာက အကုသိုလ် ဖြစ်ပေါ်နေပြီ၊ တော်တော်ကြာတော့ ဒီ အိပ်ရာနေရာပေါ်မှာ အကုသိုလ်တွေ ကြံလို့ စည်လို့ လူတွေမှာတော့ ခံစားလို့၊ အဲဒီ အိပ်ရာနေရာက အကုသိုလ်ကို ကျေးဇူးပြုနေတယ်။

အိမ်ကောင်းရာကောင်းတွေ ဆောက်လုပ်ကြတာ, နေလို့ မျှတရုံလေး, မီးထင်းကိစ္စ သက်သာရုံကလေး၊ ဒါကတော့ အကုသိုလ် မဟုတ်ပါဘူး၊ ခမ်းနားအောင် ဆောက်ပြီး အလှအပတွေ ပြင်ထားကြတယ်၊ အိမ်ကို အလှအပတွေ ဆင်ထားတာ သာယာတာ မဟုတ်လား၊ သာယာတော့ အကုသိုလ်ဖြစ်လို့, စိတ်ဟာ ကုသိုလ်နဲ့ အကုသိုလ် နှစ်ခုပဲ ဖြစ်တာ၊ ဒိပြင် စိတ်တွေကတော့ မပြောပလောက်ဘူး၊ ကုသိုလ်မဖြစ်ရင် အကုသိုလ်ဖြစ်လို့, ကျောင်းတွေ ခမ်းခမ်းနားနား ပြင်ဆင်လို့၊ ဘုန်းကြီးတွေက သာယာ၊ ကျောင်းလဲ အကုသိုလ် ဖြစ်တာပဲ၊ အိမ်တွေ ခမ်းခမ်းနားနားဆောက်လို့, သာယာလို့, ပျော်လို့ သားတွေ သမီးတွေနဲ့ ကြွားလိုက်ကြတာ၊ ဒါ အကုသိုလ် ဖြစ်တာပဲ၊ ဒီတော့ မဆောက်ရဘူး လို့ ဘုန်းကြီးတားတာ မဟုတ်ပါဘူး၊ သူတို့ ဖြစ်နေတာကို ပြောတာပါ။

ဘုန်းကြီးတို့ ကျောင်းမှာတော့ သာသာယာယာ ခမ်းခမ်းနားနား လုပ်ကို မလုပ်ရဘူး၊ ဘာပြုလို့လဲ , အကုသိုလ် ဖြစ်မှာမို့၊ ဘုန်းကြီးသိသားပဲ၊ မလုပ်ရဘူး, မဆင်ရဘူး, မပြင်ရဘူး၊ ပြီးတော့ သူတို့ ကျေနပ်သလို သူတို့ ကျောင်းဒကာတွေ ဆောက်တာတော့ ဆောက်ပါစေ၊ အဲ…မိမိတို့က သာယာအောင်တော့ မခိုင်းရ ဘူး, မပြင်ရဘူး, သန့်ရှင်းအောင်သာ လုပ်ရမယ်၊ ကိုယ့်တိုက်ထဲမှာ သန့်ရှင်း အောင် ထားပါ၊ ဒါတွေ မြင်လို့, ဒါတွေ မြင်လို့၊ အဲ…အကုန်လုံး ပြောနေတာ။

ဒီတော့ ပကတူပနိဿယမှာ ပုဂ္ဂိုလ်ကလဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြု နေတယ်၊ အိပ်ရာနေရာကလဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုတယ်၊ အစား အသောက် ဘောဇဉ်ကလဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုတယ်၊ အဲ…

အိပ်ရာနေရာတင်မကဘူး၊ အိမ်တို့ ကျောင်းတို့ကလဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုတယ်၊ အိမ်, ကျောင်းတင် မကဘူး၊ ဝတ်တဲ့ သကန်း, သကန်း ကောင်းကောင်းကလဲ ဝတ်နေရင် သာယာနေတယ် မဟုတ်လား၊ အဲဒီ ဝတ်တဲ့ သကန်းကလဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုတယ်၊ ကျောင်းကို အကြောင်းပြု ပြီးတော့ တရားထိုင်နေရင် ကုသိုလ်ကို ကျေးဇူးပြုနေတယ်၊ အကျ‚ အဝတ်ကောင်း တွေ, အစားကောင်းတွေ ဝတ်ကြ စားကြတယ်, ဖြီးကြ လိမ်းကြတယ်၊ အကုသိုလ်တွေ ဖြစ်နေတာ။

ကိုယ်ကိုယ်တိုင် အကုသိုလ် ဖြစ်နေရုံတင်မကဘူး၊ သူများကို အကုသိုလ် ဖြစ်အောင် ခေါ်နေတယ်၊ ကိုယ့် အကုသိုလ်တွင် မကဘူး၊ သူများ အကုသိုလ် တွေပါ ဖိတ်ခေါ်တယ်၊ အဲဒါကြောင့် လွန်တယ်, လွန်တယ်, လူတွေ လွန်ကြ ပြီ၊ အကုသိုလ်တွေ များကုန်ကြပြီ၊ ခု အမျိုးသမီး အမျိုးသားလေးတွေ အရွယ် ရောက်တယ်ဆိုရင် ပြင်လိုက်ကြတာ, ဆင်လိုက်ကြတာ, ကိုယ့်ကိုယ်ကိုလဲ သာယာတယ်၊ အကုသိုလ်တွေ ဖြစ်နေတယ်၊ အဲဒီ အဝတ်အစားက သူတစ်ပါး ကိုလဲ ဖိတ်ခေါ်တဲ့ သဘောမျိုးနဲ့ ကျုပ်ကြည့်ပြီးတော့ ပြင်ကြစမ်းပါ, ဆင်ကြစမ်းပါ ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ပြင်ဆင်ကြတယ်၊ ရှက်စရာလောကကြီး ဖြစ်နေတာ အဲဒါဟာ လွန်ကို လွန်နေပါပြီ။

ကြည့် ဒါကြောင့် စာကဖြင့်လေ, အိပ်ရာနေရာ, အဝတ်အစား အကုန်လုံး အကုသိုလ်တွေ ရှိတယ်၊ တောတောင်ရေမြေကစပြီး တောထဲမှာ သူတော်ကောင်း တွေကတော့ ဆိတ်ငြိမ်လို့ တရားအားထုတ်ကြတယ်၊ သူတော်ကောင်းတွေကတော့ တောက တောင်က ကျေးဇူးပြုတယ်၊ ကုသိုလ်တွေကို မဂ်ဖိုလ်ရသည်အထိ ကျေးဇူးပြုတယ်၊ အပျော်အပါးသမားတွေကတော့ တောတောင် သွားကြတာပဲ၊ တောထဲ ရောက်တော့, တောင်ထဲရောက်တော့ သီချင်းတွေ ဆိုကြ, ပျော်ကြပါးကြ၊ အဲဒီထဲက သူတို့ အဆက်အသွယ်ဖြစ်ကြ၊ သွားကို သွားကြ၊ ဘုရားဖူးတွေ နာမည်ခံပြီးတော့ တောင်ပေါ်တက်ကြတယ်, သွားကို သွားချင်ကြတယ်။

စာက ပြောနေတယ်၊ တောတောင်တွေက ကုသိုလ် အကုသိုလ်တွေကို ကျေးဇူးပြုနေတယ်၊ အဲဒီက ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုပါတယ်လို့ ပြောနေကြတယ်၊ ဒီ ပကတူပနိဿယက အင်မတန် ကျယ်ဝန်းတယ်လို့တော့ မှတ်ထားလိုက်ကြပါ၊ ဘုန်းကြီးက တစ်ခါတစ်ခါ ပြောဆို ဆုံးမတဲ့အခါ, စာရေးတဲ့အခါမှာ ထည့်ရေးတာဟာ အသားလွတ်သက်သက် ထည့်ရေးတာ ပြောတာ မဟုတ်ပါဘူး, အင်မတန် တိကျအောင် ဆုံးမပြီးတော့ထားတဲ့အတွက် ပြောရခြင်း ဖြစ်ပါတယ်၊ အင်မတန်ကောင်းတဲ့ တရားတော်ကြီး၊ ပြောလို့ ဟောလို့ ကုန်နိုင်စရာ မရှိပါဘူး၊ ဒီလောက်ကလေးပဲ ကျေနပ်ပါ၊ ပြီးတော့ အင်မတန် ကျယ်ဝန်းပါလားလို့ မှတ်ကြပါ။

တို့ အကုသိုလ်မဖြစ်အောင်တော့ စားဝတ်နေရေး သတိထားဖို့ ကောင်းပါ လားလို့၊ အဲသလို တွေးပြီးတော့ကာ မိမိကိုယ်ကို သူတော်ကောင်းဖက်ပါအောင် ကြိုးစားကြပါ၊ ကိုယ်နဲ့ နီးစပ်တဲ့ ဆွေတွေ မျိုးတွေ သားတွေ သမီးတွေ ရဟန်း သံဃာတွေကလဲ တပည့် ဒကာ ဒကာမတွေ မိဘတွေကို သူတော်ကောင်းဖက် ပါအောင် လုပ်ကြပါ၊ အင်မတန်ကောင်းတဲ့ ပဋ္ဌာန်းတရားတော်ကြီးပါ၊ လောကကြီး ထဲမှာ ရှိတဲ့ စိတ် စေတသိက် ဖြစ်ပုံတွေ, တရားတွေ ဖြစ်နေပုံတွေ ဒီပဋ္ဌာန်းက အကုန်လုံး သိမ်းကျုံးပြီးတော့ ယူထားပါတယ်။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤအနန္တနယ, သမန္တပဋ္ဌာန်း, ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင်, ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တနယပဋ္ဌာန-ံ မြားမြောင်ပေါယယ,် နည်း စြုံကယွ သ်ား, ကြီးကျယြ်မင့်မော,် ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

ဆဋ္ဌမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

ဆဋ္ဌမနေ့

၁၃၃၄-ခုနှစ်၊ တန်ခူးလဆန်း၁၂-ရက်၊ ၁၉၇၃-ခုနှစ်၊ ဧပြီလ ၁၄-ရက်၊ စနေနေ့။

၁၂။ အာသေဝနပစ္စယော (အာသေဝနပစ္စည်း)

မနေ့က ပကတူပနိဿယပစ္စည်းက အင်မတန် အရာကျယ်လို့ ခပ်ချုံးချုံး ကလေး ဟောထားပါတယ်၊ ဒီတော့ ဘုန်းကြီးက အလွတ်ပြောပြီး ဟောနေတဲ့ အကြောင်းအရာတွေ ကြားဖူးနေတဲ့ ဒကာ ဒကာမများက ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်ပုံ ဟောတော်မူတဲ့အခန်းမှာ အလွတ်ပြောတာတွေ မပါပါဘူး၊ နည်းနေပါတယ်၊ ဘုန်းကြီးက အလွတ်ပြောတော့ မြန်မာနိုင်ငံမှာ ကုသိုလ် အကြောင်းပြုပြီးတော့ အကုသိုလ်တွေ များလွန်းနေတာ သိလို့ ပြောလေ့ရှိပါတယ်၊ အဲဒါတွေ ဘုန်းကြီး ပြောတာထဲ မပါလာသေးဘူး၊ ဒီတော့ ကနေ့တော့ကာ အာသေဝနပစ္စည်းအကြောင်းပေါ့လေ, ထောက်ပြဦးမယ်၊ မြန်မာနိုင်ငံဖြစ်ပုံတွေ၊ ဒီတရားတော်မှာ အို…အာသေဝနဆိုတာဟာ အင်မတန်မှ ဒီလူတွေနဲ့ သတ္တဝါတွေ နဲ့ပေါ့လေ တိုက်ဆိုင်နေပါတယ်၊ ဒီတစ်လောကလုံး သတ္တဝါတွေ သံသရာ သွားနေတဲ့စခန်းမှာ အာသေဝနပစ္စည်းနဲ့ ကမ္မပစ္စည်းက မကွဲသလို ဖြစ်နေပါတယ်၊ ဒီတော့ ဘုန်းကြီးက အာသေဝနပစ္စည်းနဲ့ ကမ္မပစ္စည်းကို ကနေ့ပြောမယ်။

အာသေဝန သုံးမျိုး။ ။ ခွဲပြီးတော့ ပြောမယ်, ဒါပေမယ့် ကမ္မပစ္စည်းက ဒါလောက်နဲ့ မရဘူး၊ အင်မတန် ကျယ်တယ်လေ၊ ကမ္မပစ္စည်းကို ထားထားပြီးတော့လေ ပြောရပါ့မယ်၊ ပါဠိတော်က_ {အာသေဝနပစ္စယောတိ}

ပုရိမာ ပုရိမာ-ရှေးရှေး၌ ဖြစ်ကုန်သော၊ ကုသလာဓမ္မာ-ကုသိုလ် တရားတို့သည်၊ ပစ္ဆိမာနံ ပစ္ဆိမာနံ-နောက်နောက်၌ ဖြစ်ကုန်သော၊ ကုသလာနံ ဓမ္မာနံ-ကုသိုလ်တရားတို့အား၊ အာသေဝနပစ္စယေန- အာသေဝနပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

ပုရိမာ ပုရိမာ-ရှေးရှေး၌ဖြစ်ကုန်သော၊ အကုသလာဓမ္မာ-အကုသိုလ် တရားတို့သည်၊ ပစ္ဆိမာနံ ပစ္ဆိမာနံ-နောက်နောက်၌ ဖြစ်ကုန်သော၊ အကုသလာနံ ဓမ္မာနံ-အကုသိုလ်တရားတို့အား၊ အာသေဝနပစ္စယေန- အာသေဝနပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ- ဖြစ်၏။

ပုရိမာ ပုရိမာ-ရှေးရှေး၌ဖြစ်ကုန်သော၊ ကိရိယာဗျာကတာ-ကိရိယာ အဗျာကတဖြစ်ကုန်သော၊ ဓမ္မာ-တရားတို့သည်၊ ပစ္ဆိမာနံပစ္ဆိမာနံ-နောက် နောက်၌ဖြစ်ကုန်သော၊ ကိရိယာဗျာကတာနံ-ကိရိယာ အဗျာကတဖြစ် ကုန်သော၊ ဓမ္မာနံ-တရားတို့အား၊ အာသေဝနပစ္စယေန-အာသေဝနပစ္စယ သတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

အာသေဝနပစ္စည်းကို ကုသိုလ်, အကုသိုလ်, အဗျာကတ ဒီလို သုံးမျိုးခွဲပြီး ဟောတော်မူပါတယ်၊ တစ်ခါ ဖြစ်တုန်းမှာလဲ အညစ်အကြေးတွေ, လောဘတွေ, ဒေါသတွေ, ဣဿာတွေ, မစ္ဆရိယတွေ၊ နောင်အကျိုးပေးတော့လဲပဲ မကောင်းကျိုး တွေ ပေးတယ်လို့ ပြောခဲ့ပြီနော်။

ကုသိုလ်တရားဆိုတာ ဖြစ်တုန်းမှာလဲပဲ သန့်ရှင်းတယ်၊ လောဘ အညစ် အကြေး မပါဘူး၊ အကျိုးပေးတော့လဲ ကောင်းကျိုးပေးတယ်လို့ ပြောခဲ့ပြီနော်။

ကိရိယာအဗျာကတဆိုတာက ဘုရား,ရဟန္တာများ သန္တာန်မှာ ဖြစ်တာ၊ အကျိုးကို မပေးဘူး၊ သည်တော့ အဲဒီ တရားအတွက်ကတော့ ကျယ်ကျယ် ပြန့်ပြန့် ပြောနေဖို့ မလိုပါဘူး။

အာသေဝနသဘော။ ။ အကုသိုလ် ဒါက အရေးကြီးတယ်၊ အာသေဝန ပစ္စည်းကို ရှေးရှေး ဆရာတော်များက, အဋ္ဌကထာ ဆရာတော်များက ဥပမာ ဘယ်လို ပြတုန်းဆိုတော့ နံ့သာ ထုံထားသလိုပဲတဲ့၊ မကောင်းတဲ့အနံ့ရော, ကောင်းတဲ့အနံ့ရောပေါ့လေ၊ အနံ့ကူးထား, အနံ့ထုံထား၊ နံပါတ်၁-ထုံလိုက်တာ အဲ…နည်းနည်းတော့ အနံ့ရတယ်၊ ဆက်ပြီးတော့ ထုံ၊ နံပါတ်၂-ကျတော့ ပိုပြီးတော့ အနံ့ပြင်းလာတယ်၊ ပြီးတော့ အနံ့ မွှေးလာတယ်၊ မကောင်းနံ့ဖြစ်လဲ ပိုပြီးတော့ ပြင်းလာတယ်၊ နံပါတ်၃-ကျတော့ ခုနက အရှိန် လိုက်နေတာဖြစ်တော့ သာပြီးတော့ အနံ့ မကောင်းနံ့ ပြင်းတယ်၊ ကောင်းနံ့ မွှေးတယ်၊ နံပါတ်လေး, နံပါတ်ငါး, နံပါတ်ခြောက်, နံပါတ်ခုနစ်, ဇော တစ်မျိုးမျိုးဟာ ခုနစ်ကြိမ်ပဲ အများဆုံး စောတယ်၊ ဘုန်းကြီးတို့ ဒီ အကုသိုလ်, ကုသိုလ်ဆိုတဲ့ အကျိုးပေးနေတဲ့ ဇောမျိုးက (၇)ကြိမ်ပဲ လာတယ်၊ ဒီတော့ နံပါတ်ရ-ကျတော့ မကောင်းနံ့ ထုံထားလိုက်လို့ရှိရင် မကောင်းနံ့ဟာ အပြင်းဆုံး ပါပဲ၊ ကောင်းနံ့ဆိုလို့ရှိရင်လဲ ကောင်းနံ့ဟာ အမွှေးဆုံးပါပဲ၊ ဒီတော့ ဒီတော့ ဒီတင် နည်းနည်းကလေး နားလည်ထားကြ။

နံပါတ်၁-နည်းနည်းကလေး မွှေးတယ်၊ စ-ထုံရတာကိုး၊ ဒီတော့် နံပါတ်ရ- ကျတော့ သိပ်ပြီးတော့ ပြင်းတယ်၊ သိပ်ပြီးတော့ မွှေးတယ်၊ ရှေးက အဆက်ဆက် ကျေးဇူးပြုသွားတယ်၊ ဒါကြောင့် တရားတော်ကလေ_ အာသေဝနပစ္စယော-နောက်နောက်မွန်လေး, သာလွန်မွှေးအောင်, ရှေးရှေး ထုံထား, နံ့သာလားသို့, မခြား မပြတ်, မျိုးဇာတ်တူသော, နောက်နောက်ဇောအား, စွမ်းပကားအဟုန်, ထုံစေနိုင်သော, ရှေးရှေးသော, လောကီဇောဟူသော အာသေဝနပစ္စည်းတရားသည်။

{နောက်နောက်မွန်လေး, သာလွန်မွှေးအောင်}ဆိုတဲ့ အကောင်းထုံတာကို ဥပမာပြတာ၊ မကောင်းနံ့ကျတော့လဲပဲ သာလွန်ပြီးတော့ နံတာပဲ၊ နောက်နောက် အနံ့က သာလွန်ပြီးတော့ နံအောင် ထုံပြီးတော့ ထားလိုက်တာ၊ ရှေးရှေးက ထုံပြီးတော့ ရှေးရှေးဇောက နောက်နောက်ဇောကို ကျေးဇူးပြုသွားလိုက်တာ၊ နောက်ကျလေ အနံ့ပြင်းလေ, နောက်ကျလေ အနံ့မွှေးလေ၊ သတ္တမ(၇)ခုမြောက် ဇောကျတော့ အနံ့ပြင်းတယ်၊ အစွမ်းကုန် အနံ့မွှေးတယ်၊ ပထမဇော အနံ့ အရှိန်အဟုန် အညံ့ဆုံးပဲ၊ အဲဒါလေး မှတ်လိုက်စမ်းပါ။

{အာသေဝနပစ္စယော-နောက်နောက်မွန်လေး,သာလွန်မွှေးအောင်, ရှေးရှေး ထုံထား, နံ့သာလားသို့ , မခြား မပြတ်, မျိုးဇာတ်တူသော, နောက်နောက်ဇောအား, စွမ်းပကားအဟုန်, ထုံစေနိုင်သော, ရှေးရှေးသော, လောကီဇောဟူသော အာသေဝနပစ္စည်းတရားသည်}တဲ့။

ကုသိုလ်ဆို ကုသိုလ်ချင်း ဖြစ်ရမယ်၊ နံပါတ် (၁)ကုသိုလ်, နံပါတ် (၂) ကုသိုလ်၊ သုံး, လေး, ငါး, ခြောက်, ခုနစ် ကုသိုလ်ဇောချည်း ဖြစ်ရတယ်၊ အကုသိုလ် ဆိုပြန်လို့ရှိရင်လဲ အကုသိုလ်ချည်းပဲ၊ နံပါတ် (၁) အကုသိုလ်၊ နှစ်, သုံး, လေး, ငါး, ခြောက်, ခုနစ် အကုသိုလ်ချည်း ဖြစ်ရတယ်။

အာသေဝနပစ္စယော-နောက်နောက်မွန်လေး, သာလွန်မွှေးအောင်, ရှေးရှေး ထုံထား, နံ့သာလားသို့, မခြား မပြတ်, မျိုးဇာတ်တူသော, နောက်နောက်ဇောအား, ကျေးဇူးပြုနိုင်သော စွမ်းပကားအဟုန်, ထုံစေနိုင် သော, ရှေးရှေးသော လောကီဇောဟူသော အာသေဝနပစ္စည်းတရား သည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှား ရှိပါပေသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော် သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်း ထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

ဘုန်းကြီးက တရားတော်ကို ပြောရင်း ပြောရင်း မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်ကြီး ကြီးမားပုံကို စိတ်ထဲမှာ ထင်လာတော့ သိပ်အားရတာပဲ၊ ဒီလို အသိဉာဏ်မရှိလို့မို့ အမှားမှား အယွင်းယွင်းတွေ အမျိုးမျိုး ပြုနေကြတာ၊ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာမှာလဲပဲ ဒီလို အသိဉာဏ်မရှိလို့ ကုသိုလ်လိုလို, အကု သိုလ်လိုလို ပြုပြီးတော့ နေကြတယ်၊ ဒီတော့ ဒီအထဲမှာ ဇော (၇) ကြိမ် ရှိတဲ့ အနက်က ဇော (၇) ကြိမ်လို့သာ ဆိုရတယ်နော်၊ လက်ဖျစ်တစ်ချက်တီးမှာ စိတ်ဝီထိတွေ ကုဋေတစ်သိန်းမက ဖြစ်တယ်ဆိုတော့ အဲဒီ ကုဋေတစ်သိန်းမက ဖြစ်တဲ့အထဲမှာ ရှေးက အနှစ်မပါတဲ့ စိတ်တွေ ပယ်လိုက်၊ နောက်က အနှစ် မပါတဲ့စိတ်တွေ ဖယ်လိုက်ပါ၊ ရသေးတယ်, ရသေးတယ်၊ စိတ်တွေက ဇော ချည်း (၇) ကြိမ်, (၇) ကြိမ် ထပ်ဖြစ်နေတာ မဟုတ်ဘူး၊ ရှေးက ဝိပါက်တွေ, ကိရိယာတွေ၊ နောက်ကလဲ ဝိပါက်တွေ, ကိရိယာတွေ၊ ရှေးက အများကြီး, အများကြီး၊ အဲဒီ အကြားထဲမှာမှ (၇) ကြိမ်, (၇) ကြိမ် တစ်ခုစီ တစ်ခုစီ ဒီလို ဖြစ်လာတယ်။

ပထမဇော အကျိုးပေးပုံ။ ။ ဒီတော့ ဘုန်းကြီးတို့က ဒါတွေ မြင်တော့ တွေ့ကရာတော့ မယူဆနိုင်တော့ဘူး၊ အသိက ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်နောက်က မှန်မှန်ကလေး လိုက်သွားရတာကို အရသာ ရှိလွန်းလို့ ဇော (၇) ကြိမ်ထဲမှာ ပထမဇော အညံ့ဆုံးနော်၊ အဲဒီ ပထမဇော အညံ့ဆုံးဇောရဲ့ အကျိုးပေးပုံကလေးကို ဘုန်းကြီးပြောမယ်၊ ပထမဇော အကျိုးပေး ဆိုတာက ဒီဘဝမှာ တာဝန်ရှိတယ်၊ ဒီဘဝက လွန်သွားရင် နောက်ဘဝ သူ လုံးလုံးကို တာဝန်မရှိဘူး၊ ဘာပြုလို့တုန်း, သတ္တိက ညံ့ရှာတယ် မဟုတ်လား။

ခုမှစ-ကာရှိသေး၊ အကုသိုလ်လောဘဇော ဆိုရင်လဲ အခုမှ လောဘဇော ကလေး ဖြစ်တာ၊ နောက်တော့မှ ဒုတိယ, တတိယ လောဘတွေ ရင့်ရင့်ပြီး သတ္တမဇောကျတော့မှ အကြီးကြီး လောဘကြီး သတ္တိ ရှိသွားတယ်၊ ကုသိုလ် ဆိုလို့ရှိရင် ပထမ စ-ရတဲ့ ကုသိုလ် ဇောကလေးမို့ သတ္တိနည်းရှာတယ်၊ နောက်တော့မှ ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမ, ဆဋ္ဌ, သတ္တမ, ရင့်ရင့် ရင့်ရင့် သွားတယ်၊ ဒါကြောင့် အဲဒီ ပထမဇောက ဒီ ဘဝမှာပဲ အကျိုးပေးရင် ပေးရော့၊ မပေးလို့ရှိရင် နောက်တစ်ဘဝမှာ အကျိုးမပေးပါဘူး၊ ဒီ ပထမဇောကိုပဲ ကံလို့ ခေါ်ပါတယ်၊ နောက်တော့ ကံကို ထပ်ပြောပါ့မယ်။

ဒီပထမဇောလေးဟာ ကံလို့ ခေါ်ပါတယ်၊ ဒီပထမဇောပေးတဲ့ တရား တွေကို ဝိပါက် လို့၊ အကျိုးဝိပါက်လို့ ခေါ်ပါတယ်၊ ဒါလေးကို အကြမ်း စားလေး နားလည်ထားပါ၊ နောက်ကို ကမ္မပစ္စည်းလာမယ်၊ ဝိပါကပစ္စည်း လာမယ်၊ ပြီးတော့ ပထမဇောလေးရဲ့ အကျိုးကလေး ဒိဋ္ဌဓမ္မအကျိုးလို့ ခေါ်ပါ တယ်။

မဟာဒုဂ်အကြောင်း၁။ ။ ဒီနားမှာ အားလုံးကြားဖူးနေကြတဲ့ မဟာဒုဂ်၊ ကဿပ မြတ်စွာဘုရား လက်ထက်တော်တုန်းက မဟာဒုဂ်ဆိုတဲ့ သတို့သား, မဟာဒုဂ်ဆိုတဲ့ ဆင်းရဲသား, ဘယ်လောက်များ ဆင်းရဲသလဲဆိုတော့ တစ်နေ့လုပ်တာ တစ်နေ့စား၊ ဒါနဲ့ ဘုရားအမှူးရှိတဲ့ သံဃာများ ပင့်ပြီးတော့, နက်ဖြန် ဆွမ်းကပ်မယ်လို့ဆိုတော့, နိဗ္ဗာန်ဆော်က မဟာဒုဂ်နဲ့လဲ တွေ့တော့၊ မဟာဒုဂ် ဆိုတာဟာ ပါဠိက{မဟာဒုဂ္ဂတ} (အလွန် ဆင်းရဲတဲ့သူ)လို့ {မဟာဒုဂ္ဂတ}ကို မဟာဒုဂ်လို့ မြန်မာက ခေါ်ထားတယ်၊ ခေါ်လဲ ခေါ်တတ်ပါပေတယ်။၁။ ဓမ္မပဒအဋ္ဌကထာ၊ ပ-တွဲ နှာ-၃၆၆။ (ပဏ္ဍိတိတိတသာမဏေရဝတ္ထု)

အင်မတန် ဆင်းရဲရှာတယ်၊ ဒါနဲ့ မဟာဒုဂ်ကိုလဲ လေ လှောင်သလိုလို ဘာလိုလိုနဲ့ {မဟာဒုဂ်…မင်းလဲ နက်ဖြန် ဘုရားအမှူးရှိတဲ့ သံဃာတော်များ ဆွမ်းကပ်တဲ့ အထဲမှာ တတ်အားသမျှပေါ့ကွယ်, ကုသိုလ်ပါဝင်ပါလား}လို့ နိဗ္ဗာန်ဆော်က ပြောတော့၊ {ကျွန်တော်လဲ ကျွန်တော့အတွက် တစ်ပါး ပါပါရ စေ ခင်ဗျာ} ဘာမှတော့ မရှိဘူး၊ {တစ်ပါး ပါပါရစေ ခင်ဗျာ}လို့ ဝန်ခံပြီးတော့ ကြိုးစားမင်းစား အလုပ်လုပ်တယ်၊ ဆိုပါတော့, ထင်းပေါက်တယ်, ခါတိုင်းထက် ပိုပြီးတော့ ထင်းပေါက်တယ်၊ ခါတိုင်းထက် ပိုပြီး ထင်းခွဲတယ်၊ ဒါနဲ့ အလုပ်ရှင် တွေက သူ့ကို အားရလို့ နည်းနည်းပါးပါးပေါ့လေ၊ ပေးရိုးပေးစဉ်အတိုင်း အခကြေးငွေ သူ့ကို စောစောပေးတယ်, သူ့လွှတ်တယ်၊ ပိုက်ဆံလေး နည်းနည်းရ- {ငါ သံဃာတော်တစ်ပါး ဆွမ်းကပ်မယ်}၊ ခဏလေး ဖြစ်နေပုံ ကြည့်စမ်း၊ {မနက်ဖြန် သံဃာတော်တစ်ပါး ဆွမ်းကပ်မယ်}၊ အဲသလိုနဲ့ သူဆွမ်းကပ်ဖို့ လိုက်ရှာတာ ငါးကြင်းကြီး ပံသုကူရ၊ {နက်ဖြန်ခါကို သံဃာတစ်ပါး ဆွမ်းကပ် မယ်, ဒီဟင်း ချက်မယ်}၊ သူ ဒီလို စေတနာတွေနဲ့, ကြည့်စမ်း ဖြစ်နေပုံလေး, ဖြစ်နေပုံလေး၊ နက်ဖြန်ခါကျတော့ ခုနက နိဗ္ဗာန်ဆော်က ဘယ်အိမ်က ငါးပါး, ဘယ်အိမ်က ဆယ်ပါး စသည်အားဖြင့် အကုန်လုံး ဝေချပြီးပြီ, ရှိသမျှသံဃာများ၊ မဟာဒုဂ်အတွက် နဂိုကလဲ ပေါ့ပေါ့ဆဆလေး တိုက်တွန်းလာ တာကိုး၊ မဟာဒုဂ်အတွက်ကတော့ ဘယ်တစ်ပါးရယ်လို့ သူ စာရင်းမချလိုက် ဘူး၊ မြတ်စွာဘုရားကိုတော့ ဘယ်သူအတွက်မှ စာရင်းမချရသေးဘူး။

ဒီ တော့ မဟာဒုဂ်လဲ မြတ်စွာဘုရားရဲ့ ဂန္ဓကုဋိ အနီးအနားမှာ မျှော်လျက် ပေါ့၊ ဗုဒ္ဓ, ကဿပဗုဒ္ဓ မြတ်စွာဘုရားကလဲ မနက်စောစော မဟာကရုဏာ သမာပတ်တော်နဲ့ ဖြန့်ပြီးတော့ လောကကြီးကို ကြည့်တော်မူရိုး ထုံးစံအတိုင်း ကြည့်တော်မူပါတယ်၊ ဒီကနေ့မှာ မဟာဒုဂ်ကို ချီးမြှောက်ဖို့ရန် ဉာဏ်တော်ထဲ မှာ ထင်တော်မူလာပါတယ်၊ ဒါနဲ့ ဗုဒ္ဓမြတ်စွာ သမာပတ် ဝင်စားတော်မူတယ်, သမာပတ် ဝင်စားတော်မူတယ်။

သမာပတ်ဝင်စားတော်မူတဲ့ စိတ်ဟာ ဘုရားစိတ်ပေမယ်လို့ သမာပတ် ဝင်စားတော်မူတဲ့ စိတ်ဟာ နိဗ္ဗာန်အာရုံပြုပြီး အကြာကြီးနေတာ, အကြာကြီးနေ တယ်၊ သမာပတ်ဝင်စားတယ် ဆိုလို့ရှိရင် နိဗ္ဗာန်ကို အာရုံပြုနေတယ်လို့ နားလည်ထားပါ၊ နိဗ္ဗာန်အာရုံပြုပြီးတော့ အကြာကြီး နေတော်မူတာ စိတ်ကို သန့်ရှင်းသထက် သန့်ရှင်းအောင် ဘုရားစိတ်ဟာ နဂိုကလဲ အညစ်အကြေး မရှိပါဘူး၊ ဒါပေမယ့် အညစ်အကြေး မရှိတဲ့အပြင် နိဗ္ဗာန်အာရုံပြုပြီးတော့, ထုံပြီးတော့ နေတော်မူလိုက်တာလေ……

ဘုရားစိတ်တော်ဟာ ဘယ်လောက်များ မွန်မြတ်သွားသလဲ , ဘယ်လောက် များ ဉာဏ်ကြည်လင် သန့်ရှင်းသွားသလဲ၊ အဲဒီ သမာပတ်မှထတော့ လူတွေ အများကြီးပေါ့၊ မင်းတွေ စိုးတွေ၊ ဒီအထဲ မဟာဒုဂ် မထင်မရှားလေးရော၊ အဲဒီလို ဘုရားသပိတ်တော် ရအောင်လို့, တကတည်း သူ မရ ငါမရ, လုတန်ရင် လုနိုင်အောင်၊ ဒီလို အနေမျိုးနဲ့ စောင့်မျှော်နေတုန်းမှာ ဗုဒ္ဓမြတ်စွာက ဂန္ဓကုဋိ တံခါး ဖွင့်တော်မူပြီးတော့ သပိတ်တော်ကို မဟာဒုဂ်လက် လှမ်းတော်မူလိုက် ပါတယ်။

ဘယ်သူမှ ဘာ မပြောနိုင်ဘူး၊ ဘယ်သူမှ ဘာ မပြောဝံ့ဘူး၊ မဟာဒုဂ်ကလဲ ဝမ်းမြောက်လိုက်တာ, စဉ်စားသာကြည့်တော့၊ ခုတင်က ဆင်းတောင့်ဆင်းရဲ လုပ်ကိုင်ပြီးတော့ အစားအသောက်နဲ့, ငါးဟင်းနဲ့ ဗုဒ္ဓမြတ်စွာကို ဝမ်းအမြောက်ဆုံး စေတနာနဲ့ ဆွမ်းကပ်ပါတယ်၊ ဗုဒ္ဓမြတ်စွာ ဆွမ်းကပ်ပြီးလို့ လိုက်လဲ ပို့ပြီးရော မဟာဒုဂ်ရဲ့အိမ်မှာ စည်းစိမ်တိုးတက်ပြီးတော့, တိုးတက်ပြီး တော့ မိုးပေါ်က ကျလာသလိုပဲ ၊ သူ့မှာ အကျိုးပေးလိုက်တာ ချက်ချင်းအကျိုးပေးလိုက်တာ။

အဂါ သုံးတန်။ ။ ဒီတော့ကာ ဒိဋ္ဌဓမ္မအကျိုး ဘယ်သူ ပေးသလဲဆိုတော့ ပထမဇောက ပေးတာ၊ ဒီ ပထမဇော အကျိုးပေးဖို့ရန်ဟာ ဘယ်လောက်များ ပြည့်ရသတုန်းဆိုတော့ အနာဂါမ် သို့မဟုတ် ရဟန္တာ ဖြစ်ရမယ်၊ ပြီးတော့ မိမိ စေတနာက အင်မတန် ထက်သန်ရပါမယ်၊ နံပါတ်သုံးက ပစ္စည်းက ဓမ္မိယလဒ္ဓ၊ မဟာဒုဂ်ရဲ့ ပစ္စည်းလိုပေါ့လေ။

ရောင်းတယ် ဝယ်တယ်ဆိုရင်လဲ တရားသဖြင့် ရောင်းလို့ ဝယ်လို့ရတဲ့ပစ္စည်း, အလုပ်အကိုင် လုပ်လို့ရှိရင်လဲ တရားသဖြင့် လုပ်လို့ ကိုင်လို့ ရတဲ့ပစ္စည်း, အဲသလို ပစ္စည်းမျိုး ဖြစ်ရပါမယ်၊ အလှူခံပုဂ္ဂိုလ်က အဲဒီ အချိန်မှာ သမာပတ် ဝင်စားပြီးတော့ နိရောဓသမာပတ်ဆိုတာက နိဗ္ဗာန်ကိုတောင် အာရုံမပြုဘူး၊ တစ်ခါတည်း ငြိမ်လို့, ကြည်လို့, စိတ္တဇရုပ်တရား နာမ်တရားတွေ ချုပ်လို့၊ အဲသလို သမာပတ် ဝင်စားရပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့ သမာပတ်က အဲဒီ အချိန်တုန်းက နိဗ္ဗာန်အာရုံပြုတဲ့ သမာပတ် မဟုတ်ဘူး၊ ကြည်ပြီးတော့ စိတ်တွေ ဘာတွေ ချုပ်လို့၊ ဝင်စားတဲ့ အချိန် ဖြစ်နေပါတယ်၊ ဒီတော့ကာ ပထမဇော အကျိုးပေးဖို့ရန် ဆိုတာဟာ အဂါစုံမှ အကျိုးပေးတယ်၊ ရဟန္တာဖြစ်ပေမယ်လို့ ပထမဇော အကျိုးပေးဖို့ရန် ဆိုလို့ရှိရင်, နိရောဓသမာပတ်ကို ဝင်စားလိုက်ရပါသေးတယ်၊ အင်မတန် အမွှမ်းတင်ရပါ တယ် ၊အင်မတန် တကတည်း သန့်ရှင်းစင်ကြယ်အောင် ရဟန္တာအရှင်မြတ်ကြီး ပေမယ်လို့ ပြုပြင်ရပါတယ်။

အဲသလို အကြောင်းတွေစုံမှ ပထမဇောစေတနာက မဟာဒုက်တို့လို သူဌေးဖြစ်အောင် အကျိုးပေးသလိုပေါ့လေ၊ အကျိုးပေးပါတယ်၊ တစ်ခါ မကောင်းတဲ့ အကုသိုလ် စေတနာတွေကလဲလေ, ရဟန္တာတို့ကိုများ စော်ကား လိုက်လို့ရှိရင်, အဲဒီကျတော့ ဟိုက သမာပတ် ဝင်စားနေဖို့ မလိုဘူး၊ ရဟန္တာ အရှင်မြတ်ကို စော်ကားလို့ရှိရင်ဖြင့် ချက်ချင်း အကျိုးပေးတာပဲ၊ ချက်ချင်း တောင်မှ သေပြီးတော့ ငရဲ ရောက်နိုင်လောက်အောင် အပြစ်ပေးပါတယ်။

အဲဒီ အကျိုးတွေ ဒိဋ္ဌဓမ္မအကျိုးတွေ, မကောင်းလဲ ဘဲ ပထမဇောက အကျိုးပေးတယ်နော်၊ အဲဒီ ပထမဇောလေး အကျိုးပေးရပါမယ့်အကြောင်း ဘယ်လောက်များ စုံရတုန်း, ကောင်းတဲ့နေရာမှာ ကောင်းတဲ့နေရာမှာ၊ ပစ္စည်းက {ဓမ္မိယလဒ္ဓ} တရားသဖြင့် ရောင်းတာ ဝယ်တာပေါ့လေ၊ စိန်တွေ ရွှေတွေ ရောင်းဦးတော့ {ဓမ္မိယလဒ္ဓ} တရားသဖြင့် ရသမျှအမြတ်ကို တရားသဖြင့် ယူ, မှန်မှန်ပြော၊ သည့်ပြင် ပစ္စည်းတွေ ရသင့်တဲ့ အမြတ်ကို မှန်မှန်ပြော၊ အမြတ်ကို မှန်မှန်ပြောဖို့ မလိုဘူး၊ ပစ္စည်းကို မှန်မှန်ပြော၊ အဲသလို တရားသဖြင့် ရတဲ့ ပစ္စည်း, အလှူခံ ပုဂ္ဂိုလ်က အင်မတန် မွန်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်သည့် အပြင် အဲဒီအချိန်ကလေးမှာ, အဲဒီအချိန်ကလေးမှာ ဒီ ကောင်းတဲ့အကျိုးပေးရမယ် ဆိုလို့ရှိရင် သမာပတ်တို့ ဘာတို့ ဝင်စားပြီးလျှင် သန့်ရှင်းသထက် သန့်ရှင်း အောင် ပြင်ရပါသေးတယ်။

ပြီးတော့ အလှူရှင်ကလဲ စိတ်စေတနာ အင်မတန် ထက်သန်ရပါသေးတယ်၊ အဲသလောက် ပြည့်စုံတော့မှ ပထမဇော အကျိုးပေးပါတယ်၊ အဲသလို မဟုတ်လို့ ရှိရင် နောက်နောက်ဇောတွေက နောက်နောက်ဘဝမှာ အကျိုးပေးပါတယ်။

အကုသိုလ်မဖြစ်အောင် လှူဒါန်းကြ။ ။ ဒီတော့ ဘုန်းကြီးတို့ ကောက်ချက် ချစရာ ရှိသွားပြီ၊ မနေ့တုန်းက ပကတူပနိဿယပစ္စည်းကိုလဲ ဘုန်းကြီးက ပြောခဲ့တယ်၊ ယခု ဘုန်းကြီးက ဒါနပြုကြတယ်, ဥပုသ်စောင့်ကြတယ်, ဘာဝနာပွားကြတယ်၊ ဒါ ကောင်းတဲ့ အလုပ်တွေ၊ ဒီ ဒါနပြုပြီးတော့ ဒါနပြုတဲ့အခန်းကို ဘုန်းကြီးက မကြာခဏ တိုက်တွန်းပါတယ်၊ {ဘယ်လို ကျွေးပါလား, ဘယ်လို စွန့်ကြဲပါလား}လို့ ပြောပါတယ်၊ ပြောပေမယ်လို့ သူတို့ကိုယ်တိုင် {မျက်ကန်း တစ္ဆေမကြောက်} ဆိုတဲ့ ထုံးစံအတိုင်း မသိကြဘူးမဟုတ်လား၊ မသိတော့ အပြစ်ဖြစ်လောက်မယ့် ကိစ္စပေမယ်လို့ သူတို့ကိုယ်တိုင် အကျိုးထင်ပြီးတော့ အလုပ် လုပ်ကြပါတယ်။

ကဲ…ကဲ ဒါနပြုတယ်၊ ဘုန်းကြီးတို့ မဏ္ဍပ်ဆောက်ပြီးတော့ အလှူမကြာခဏ ပြုတယ်၊ အလှူဒါန ပြုမယ်လို့ဖြစ်တဲ့ သဒ္ဓါတရား စေတနာကတော့ အင်မတန် ကောင်းတဲ့ကုသိုလ်ပါ၊ {ကုသလော ဓမ္မော}ပါပဲ၊ နောက်တော့ မဏ္ဍပ်ကြီးက ဆောက်ဦးမှ ဖြစ်မှာ, နို့မို့လို့ရှိရင် လူအထင်သေး,အမြင်သေးလိမ့်မယ်၊ ဆွေမျိုးတွေ ကလဲ {လုပ်ကြဦးမှပေါ့ကွယ်, အင်း…သူများနည်းတူတော့၊ မသာတောင်မှ ဘယ်သူနဲ့ တူအောင်တော့ လုပ်ကြဦးမှပေါ့ကွယ်}ဆွေမျိုးတွေက, သူတို့ ခင်ပွန်းကလဲ ဒါ လုပ်မှပေါ့တဲ့။

{ကြည့်စမ်း} သူများ အထင်မသေးအောင်, သူများ အချီးအမွမ်းခံရအောင် လုပ်တာ၊ ဒါ ကုသိုလ်ဇောလား၊ စဉ်းစားပါ,စဉ်းစားပါ၊ သူများ အထင်သေးမှာစိုးတဲ့ စိတ်ဟာ ကုသိုလ်လား,ကုသိုလ်ဇောလား၊ နောင်ကို သူများ ချီးမွမ်းခံချင်တဲ့စိတ်ဟာ, ကုသိုလ်စိတ်လား, ကုသိုလ်ဇောလား၊ ဒီမှာ လောဘ အကုသိုလ်တွေ ပါနေပါတယ်။

{ကုသလော ဓမ္မော-အလှူဒါန ပြုလိုတဲ့ ကုသိုလ်တရားက၊ အကုသလဿ ဓမ္မဿ-အချီးအမွမ်း ခံချင်တဲ့, အကဲ့ရဲ့မှ လွတ်စေ ချင်တဲ့ အကုသိုလ်တရားအား၊ ဥပနိဿယပစ္စယေန-ပကတူပနိဿယ ပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုပါပကော}။

ကြည့်စမ်း ကြည့်စမ်း, တစ်ခါ အဲဒီ မဏ္ဍပ်တို့ ဘာတို့ ဆင်ပြင်ပြီးတော့ ကြည့်လို့ တယ်လှတယ်, တကယ်လဲ သာယာတယ်၊ ခပ်စောစောက ဆွေမျိုးတွေ ကြည့်ပြီးတော့ အဲဒီ ဆွေမျိုးတွေကလဲပဲ ကောင်းတယ်, သာယာတယ်၊ အင်း စိတ်ကြီးဝင်တယ်၊ တို့ ဆွေမျိုးက, တို့ ညီမက, တို့ အစ်ကိုက, တို့ မောင်က, ဟောဒီလိုတဲ့ ဆိုပြီးတော့ မဏ္ဍပ်ထဲက ထွက်ပြီးတော့ မျက်နှာကလေး ဟိုကြည့် ဒီကြည့်နဲ့, ခပ်ကြွကြွနဲ့ မာနကလေးများ ဖြစ်လို့, အကုသိုလ်ဇောတွေ စောလို့၊ တစ်ခါတစ်ခါ ကျွေးဖို့မွေးဖို့ စဉ်းစားရပြန်တယ်၊ ကိုယ့်ရဲ့ အိပ်ထောင်ကိုလဲ ငွေက အရင်းအနှီး ဘယ်လောက်ရှိတယ်လို့ နှိုက်ကြည့်ရပြန်တယ်၊ ကျွေးဖို့မွေးဖို့ ဘယ်သူတုန်းက ဘာတွေ ကျွေးထားတယ်၊ ကျုပ်တို့က ဒါလောက်မှ မကျွေးနိုင် လို့ရှိရင် ရှိစုမဲ့စုပေါ့, တချို့ ပိုလျှံနေတဲ့ သူကလဲ ပိုလျှံလို့ပေါ့၊ မပိုလျှံသူကလဲ ရှိစုမဲ့စု ထုတ်သုံးရပြန်တယ်။

{ကုသလော ဓမ္မော-အလှူဒါန ပြုလိုတဲ့ ကုသိုလ်တရားက၊ အကုသလဿ ဓမ္မဿ-သူများကဲ့ရဲ့မှာစိုးတဲ့ အကုသိုလ်တရား, သူများ အချီးအမွမ်း ခံချင်တဲ့ အကုသိုလ်တရားအား၊ ဥပနိဿယပစ္စယေနပကတူပနိဿယပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုနေပါပကော}။

စဉ်စားကြည့်, နောက်ကျတော့ ညဆိုပါတော့လေ၊ တောမှာရော, မြို့မှာရော ပွဲကကြ, တီးကြမှုတ်ကြ, ကျွေးကြမွေးကြ, လာလိုက်ကြတာ၊ လာလိုက်တဲ့ သူတွေကလဲ ပျော်ကြရွှင်ကြ, စားကြသောက်ကြ၊ ပြန်တော့ အပြစ်ပြောချင် ပြောမယ်၊ ဒီမှာတော့ တကတည်း နှုတ်ဆက်လို့ {ကျုပ်တို့လေ သိပ်တောင် မအားဘူး, အလှူ့ဒကာ အလှူ့အမတို့ဩော်-မျက်နှာကလေးမှ မပြရင် မကောင်းဘူးလို့} သူက လောကွတ်ကလေးနဲ့လေ၊ {ဟုတ်ကဲ့ ဟုတ်ကဲ့, ကျေးဇူး တင်ပါတယ်နော်}၊ ဘယ်မလဲ ကုသိုလ်, ကုသိုလ် ဘယ်မလဲ ၊ {ကျေးဇူးတင်ပါ တယ်နော်} ကျေးဇူးတင်လိုက်ရတာ၊ ဟိုကလဲ တကတည်း မအားတဲ့အထဲက သိလား၊ စားချင်သောက်ချင်လို့ မဟုတ်ဘူး, သိလား၊ မျက်နှာပြရအောင်လို့, တကတည်း လာခဲ့ကြတာ၊ ဟိုကလဲ လောကွတ်ကလေးနဲ့, အကုသိုလ် လောဘဇောနဲ့၊ ဒီကလဲ ပါးစပ်ကလေး လှည့်ပတ်ပြီးတော့ {ဟုတ်ကဲ့ ဟုတ်ကဲ့, ကျေးဇူးတင်ပါတယ်နော်} အကုသိုလ်၊ အကုသိုလ်တွေ, အကုသိုလ်တွေ။

ကဲ ကဲ ကုသိုလ်လေးက နည်းနည်းလေးရယ်, ကုသိုလ်လေးက နည်းနည်း လေးရယ်၊ ဒီမှာ ဖြစ်နေလိုက်တာ, ဖြစ်နေလိုက်တာ အကုသိုလ်တွေ, အကုသိုလ် တွေ၊ ဒါနဲ့ မနက်ဖြန်ရော ဘာရောပေါ့လေ၊ (အလှူနေ့ရော ဘာရော) ဘိသိက်တွေ သွန်းလိုက်တာ၊ ဘိသိက်ဆရာတွေကလဲ တကတည်း ရှေးဟောင်းနှောင်းဖြစ် တွေပါ တစ်ခါတည်း တချို့ဖော်ပြီးတော့ အမေ မပါတော့ အမေ့အတွက် မျက်ရည်ကျအောင်ပြော, အဖေ မပါတော့ အဖေ့အတွက် မျက်ရည်ကျလောက် အောင် ဆိုပါတော့ပေါ့လေ။

{ကုသလော ဓမ္မော-ကုသိုလ်ပြုမယ်ဆိုတော့ ပထမမှန်းတဲ့ ကုသိုလ် တရားက၊ အကုသလဿ ဓမ္မဿ-အဖေ အမေတွေလွမ်းတဲ့ အကုသိုလ်, သားသမီးတချို့ မပါတဲ့အတွက် လွမ်းတဲ့အကုသိုလ်, ဆွေမျိုး မပါတဲ့ အတွက် လွမ်းတဲ့အကုသိုလ်တရားအား၊ ဥပနိဿယပစ္စယေန-ပကတူပ နိဿယပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုပါပကော}။

နောက်တော့ အလှူမဏ္ဍပ်တွေနဲ့ အားလုံး သိမ်းလို့ ရေစက်ချတော့မယ်လို့ ဆိုတော့ တချို့အပိုင်းက မဏ္ဍပ်ကလေး ဖျက်ပြီ၊ အမိုးကလေး ဘာလေးတော့ ရှိသေးတယ်၊ မဏ္ဍပ်ငှားတဲ့ လူကလဲ တောင်းပန်သလို ဘာလိုနဲ့ဖျက်၊ ဘုန်းတော်ကြီးတွေက ကြွတော်မူလာကြတယ်။

ဒီမှာတော့ ဖုန်တထောင်းထောင်းလေး ဖြစ်နေပြီ၊ အဲ ရေစက်ချပြီဆိုပါတော့ ကုသိုလ်ဘယ်လောက် ပါသွားတယ်တော့ မပြောတတ်ဘူး၊ ဘုန်းတော်ကြီးတွေရဲ့ စိတ်ထားလဲ ဘုန်းကြီးမို့ သိပါရဲ့, မပြောပါရစေနဲ့၊ ဒီတော့ အလှူပြီးကြရော၊ နောက်ကျတော့ ဒီအလှူနဲ့ စပ်ပြီးတော့ ကုသိုလ်များ ဘယ်လောက်ရကြသတုန်း, တွက်ရမယ်နော်၊ ဒါ အလှူဒါနအတွက်ပေါ့လေ၊ ဖြစ်နေပုံ ဖြစ်နေပုံ၊ သာ၍ ဆိုးလာတယ်၊ ယခု ဒီမှာ အသံသွင်းတဲ့ထဲလဲ ပါပါတယ်။

ဒကာ တစ်ယောက်က သူ ရှင်ပြုတုန်းက သူ့အဖေရဲ့ မိတ်ဆွေက အရင် ရှင်ပြုလိုက်တယ်၊ ဘယ်သူ့ ဖိတ်တုန်းလို့ဆိုတော့ အရေးပိုင် ဖိတ်တယ်၊ အဂလိပ် အရေးပိုင် ဖိတ်ပြီးတော့ သူ့မဏ္ဍပ်ထဲ တကတည်း အဂလိပ်အရေးပိုင် ဖိနပ်စီး ပြီးတော့ သွားရအောင် ဟို ရှန်နီအဝတ်ကြီးများ ခင်းလို့, ခမ်းခမ်းနားနား ဖိတ်လိုက်တာ၊ {ငါကွ ပွဲစားကြီး, ငါ ဘယ်သူ, ငါ့အလှူကို အရေးပိုင်လာရတယ်} ကြွားတာ, ကြွားပစ်လိုက်တာ၊ ဘယ်မလဲ ကုသိုလ်, ကုသိုလ် ဘယ်မလဲ ,ကုသိုလ် ဘယ်မလဲ ၊ တစ်ခါ နောက်အလှူက နောက်အလှူဆိုတာ ယခုအသံသွင်းတဲ့အထဲ ပါတဲ့ ဒကာက ကိုးနှစ်သားလောက်, သူ့ကို ရှင်ပြုတယ်ကိုး၊ သူတို့ မိတ်ဆွေချင်း အင်မတန် ရင်းနှီး,အင်မတန်ချစ်, အင်မတန်ချစ်၊ {အို…ငါက ဘယ် အောက်ကျ နောက်ကျ ခံလိမ့်မတုန်းကွာ၊ ငါ့အလှူမှာ အရေးပိုင်မကဘူး, အရေးပိုင်က ဖိနပ်စီးဝင်တာ မဏ္ဍပ်ထဲမှာ၊ ငါက ဖိနပ်စီး အဝင်မခံဘူးကွ၊ ငါ့ အလှူကို ငါးထောင်စား ရာထူးရှိတဲ့ နိုင်ငံရေးလူကြီးကို ဖိတ်မယ်}။

ဖိတ်တာပဲ၊ အဲ…လာတာပါပဲ ၊ ဖိနပ်များ ချွတ်လို့၊ သူက မဲရဖို့က အရေး ကြီးတယ်ကိုး, ဖိနပ်များ ချွတ်ကိုး၊ တကတည်း ကျကျနနဝင် စကားစမြည်ပြော၊ ကျွေးလို့မွေးလို့၊ နောက်က အလှူရှင်က ယခု အသံသွင်းတဲ့ ဒကာရဲ့ အဖေက {ငါကွ, ငါက ဗုဒ္ဓဘာသာပီပီ ကျောင်းဒကာပီပီကွ, မဏ္ဍပ်ထဲ ဖိနပ်စီး မခံနိုင် ဘူး}၊ သူက တစ်မျိုး ကြွားပြန်တယ်၊ သိလား, ကြွားတာပဲ၊ ကုသိုလ်တော့ မဟုတ်ပါဘူး၊ ကြွားလိုက်တာ, ကြွားလိုက်တာ၊ ဒီ မန္တလေး ယခု ကြွားတဲ့ အကြွားကို မမီသေးဘူးနော်၊ အဲ-လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်လောက် အကြွားကို မမီသေးဘူး၊ ကြွားလိုက်ကြတာ, အဲဒီ ကြွားလိုက်တာဟာ ယခုအထိ မလျှော့သေးဘူးနော်။

မန္တ လေးအလှူတွေ အကြောင်းပြုပြီးတော့ မန္တ လေးမြို့ အလှူမျိုးဆိုပြီးတော့ ရန်ကုန်ကလဲ လုပ်ကြပါပြီ၊ ဘုန်းကြီးက သနားလိုက်တာ၊ ပိုက်ဆံတွေ ရှာတုန်းက မတရားရော တရားရော ရှာ၊ ဒီနေရာမှာ ရေသွန်သလို သွန်ပြီးတော့ သွန်ပစ်လိုက် ကြတာ သိပ်သနားတာပဲ ဘုန်းကြီးက၊ ကောင်းပြီ ဒီအလှူဒါနပြုတဲ့နေရာမှာသာ ကုသိုလ်တရားက အကုသိုလ်တရားကို ကျေးဇူး ပြုနေသလားဆိုတော့ ဘာ ဟုတ်ဦးမလဲ ။

ဂေါပကများ သတိထားဖွယ်။ ။ ဘုရားပွဲတွေ, ပြောတော့ ဘုရားပွဲ မြန်မာ လူမျိုးတွေ၊ ဒါ့ကြောင့် ဘုန်းကြီး ဝမ်းနည်း ပန်းနည်းဖြစ်နေတာ၊ ပြောတော့ ဘုရားပွဲ၊ ဒီ ခေါင်းဆောင်လုပ်တဲ့ ဘုရားလူကြီးက သူတို့က ကုသိုလ်ရတာ မရတာထက် ဘုရားပွဲ လူစည်တာ မစည်တာက သူတို့အတွက် အရေးကြီးနေတယ်၊ လူစည်ဖို့ အရေးကြီးတယ်၊ အဲ လူစည်ဖို့ဆိုတော့ ပွဲက ဘယ်နှစ်ပွဲလောက်တော့ ထည့်ရမှာပဲ ကိုး၊ ပွဲကလေး ဘာကလေး ထည့်ရ မှာကိုး၊ ထည့်လိုက်ကြတာ၊ အဲဒီ ဘုရားပွဲလို့ ဆိုပြီးတော့ ပထမတော့ ဘုရား အာရုံပြုတဲ့စိတ်ကလေး နည်းနည်း ရှိချင် ရှိပါလိမ့်မယ်။

နောက် စီမံလိုက်တဲ့ အစီအမံကဖြင့် အကုသိုလ်တွေချည်း ဖြစ်ကုန်ကြတာပဲ၊ လာလိုက်ကြတဲ့ လူတွေကလဲ မဟာမြတ်မုနိဘုရားပွဲတဲ့ဆိုရင် ကြိတ်ကြိတ်တိုး လာတဲ့ လူတွေက သူတို့က ဘုရားအာရုံပြုတာများ ဘယ်လောက်ပါတုန်း၊ ဘယ်လောက်မှ မပါဘူး၊ ဝတ်လို့ စားလို့, ဆင်လို့ ပြင်လို့ ညနေ အလှပြပွဲက လာကြပြီ၊ အလှပြ ပရိသတ် စည်စည်နဲ့၊ စိန်တွေ ရွှေတွေ ဝတ်ကြ, ဆင်ကြ ပြင်ကြ အကုသိုလ်တွေ၊ လောဘ အကုသိုလ်တွေ, လောဘ အကုသိုလ်တွေ၊ ဘုရားလူကြီးရဲ့ ပထမ ဘုရားပွဲဆိုတဲ့ ကုသိုလ် စေတနာတွေ ပျောက်ပြီးတော့ လူ စည်အောင်ဟဲ့ လူစည်အောင်ဟဲ့လို့ ကြိုးစားလိုက်ရတဲ့ အကုသိုလ်တွေနဲ့ အဲဒီ စည်စည်ကားကား လာတဲ့ လူတွေရဲ့ အလှပြ အကုသိုလ်တွေ, စည်စည် ကားကား လူတွေကို ကြည့်တဲ့ အကြည့်ထဲ မှာတော့ ဘုန်းကြီးတွေ ဘာတွေရော အကြည့်အကုသိုလ်တွေ ဖြစ်နေလိုက်ပုံ ဖြစ်နေလိုက်ပုံ။

ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာရဲ့ စာပေမှာတော့ ဘုရားပွဲ အကြီးအကျယ် လုပ်လို့ရှိရင် {ဘုန်းကြီးများ ဘုရား မသွားရဘူး, မသွားကောင်းဘူး} ဒီလိုကို တားမြစ်တော်မူတယ်၊ ဘုန်းကြီးဆိုင်ရာမို့လို့ ဘုန်းကြီးတွေ တားမြစ်တာ, လူတွေလဲ မသွားကောင်းဘူး၊ ဘုရားပွဲ အကြီးအကျယ် လုပ်နေတဲ့ အချိန်မှာ အမျိုးသမီးတွေ အမျိုးသားတွေ မသွားကောင်းဘူး၊ သွားရင် ငရဲကြီးမယ်လေ, အကုသိုလ် ဖြစ်မှာလေ၊ အဲဒါကြောင့် ဘုန်းကြီးတွေ မသွားရ၊ အဲ လူတွေလဲ မသွားကောင်း၊ ယခု မြန်မာနိုင်ငံ ဘုရားပွဲတွေ ဘယ့်နှယ် ဖြစ်နေကြတုန်း၊ နာမည်ကတော့ ဘုရားပွဲလို့ ဆိုပါတယ်၊ ဘယ့်နှယ် အကုသိုလ်တွေပါလား, ကြည့်စမ်း၊ ဇောဆိုတာလေ ကုသိုလ်ဖြစ်ရင် ဖြစ်, မဖြစ်ရင် အကုသိုလ်၊ ကုသိုလ်,အကုသိုလ်၊ ယီတီးယားတား တစ်ခုမှ မပါပါဘူး၊ ဖြစ်ရင် ကုသိုလ် ကုသိုလ်, ဖြစ်ရင် အကုသိုလ် အကုသိုလ်၊ အဲဒီ ဘုရားပွဲကို တိုးကြ ဝှေ့ကြ၊ ဝမ်းနည်းစရာ ကောင်းတာက ဗုဒ္ဓဘာသာ မြန်မာလူမျိုးချည်း တိုးကြ ဝှေ့ကြရုံမကဘူး။

ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူတွေက ဝင်ပြီးတော့ အမျိုးသမီးတွေကို တိုးကြ ဝှေ့ကြ၊ အဲဒါတွေကိုလဲ ဘုရားလူကြီးတွေက တစ်နှစ်လဲ ဒီလိုဖြစ်မှန်း သိလျက်သားနဲ့ ဘုရားပွဲ စည်မှပဲ ဆိုပြီးတော့ ဖြစ်ချင်ရာ ဖြစ်ဟာ, သာသနာပေါ် ဖြစ်ချင်ရာဖြစ်ဟာ မပြောပေမယ့် , မပြောပေမယ့် မစဉ်းစားဘဲ လုပ်လိုက်ကြတာ။

ကုသလောဓမ္မော-ကုသိုလ်တရား နည်းနည်းပါးပါးကလေးက၊ အကုသလဿ ဓမ္မဿ-အကုသိုလ်တရား အများကြီးအား၊ ဥပနိဿယ ပစ္စယေန-ဥပနိဿယပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏}။

ကဲ ကဲ စဉ်းစားကြည့်စမ်း စဉ်းစား ကြည့်စမ်း၊ ဘုရားပွဲတဲ့ ရှင်ပြုပွဲတဲ့ ကျောင်းရေစက်ချပွဲတဲ့၊ ကျောင်းတွေ ဆောက်လိုက်တာ သိန်းချီပြီးတော့ကုန်အောင် ဆောက်, နောက် ရေစက်ချပွဲကျတော့ ခုနကလိုပေါ့လေ, လာလိုက်ကြတာ ဝတ်လို့ စားလို့၊ သူတို့ ပြောသေးတယ်၊ {သိပ်တော့ ကျုပ်မအားဘူး သိလား, အမယ် ကျောင်းအမတို့လေ ဝမ်းမြောက်လွန်းလို့၊} အမယ် ပါးစပ်က ဝမ်းမြောက် လွန်းလို့ ပြောတာ၊ အင်း စိတ်ကတော့ ဟုတ်ချင်မှ ဟုတ်မယ်၊ {ဝမ်းမြောက်လွန်းလို့ ကျောင်းရေစက်ချမို့လို့ လာရတာ}၊ ဟုတ်ကဲ့ ဟုတ်ကဲ့, ကျေးဇူးတင်ပါတယ်, ကျေးဇူးတင်ပါတယ်၊ {ဒီကလဲ } ဟုတ်ကဲ့ ဟုတ်ကဲ့, ကျေးဇူးတင်ပါတယ်, ကျေးဇူးတင်ပါတယ်။

ကျေးဇူးလဲ သူလဲ အထူးတင်နေတာတော့ မဟုတ်ဘူး၊ ဒီလူတွေ လာကြည့် တာ ကို လောဘဇောနဲ့ ဝမ်းမြောက်နေတာ, ဝမ်းသာနေတာ၊ ပိုက်ဆံက ကုန်လိုက်တာ ကျွေးဖို့မွေးဖို့ ကုန်လိုက်တာ၊ ပိုက်ဆံတွေ ငွေတွေ ကုန်ပစေ, ပိုက်ဆံတွေ ငွေတွေ ကုန်ပစေ၊ လာကတည်းက စားကြသောက်ကြ၊ စားတဲ့ သောက်တဲ့အခါ လောဘဖြစ်တာ မဆန်းဘူး ထားလိုက်ပါတော့၊ ဘာတွေရ လာတယ်ဆိုတော့ ကိုင်း ပြီးတော့ တကြည့်ကြည့်နဲ့, သဘောကျတဲ့ အဝတ် သကန်းဆိုလဲ တကြည့်ကြည့်နဲ့, သဘောကျတဲ့ ပစ္စည်းဆိုလဲ တကြည့်ကြည့်နဲ့၊ သူ့မှာလဲ အကုသိုလ် ဖြစ်လျက်, သူ့မှာလဲ အကုသိုလ် ဖြစ်လျက်ပဲ။

လူတွေ နားမလည်လွန်း။ ။ကုသိုလ်တရားလေး နည်းနည်းက အကုသိုလ်တွေ အနှံ့ဖြစ်တယ်၊ ဒါ့ကြောင့် ကျောင်းရေစက်ချပွဲ ကြီးတဲ့, ဘုရားပွဲကြီးတဲ့, အလှူဒါနတဲ့, ဖြစ်နေလိုက်တာ၊ ဒီအထဲ မသာအသုဘ သနားစရာကောင်းလို့၊ မသာချလိုက်ပြီးတော့လဲ မိမိတို့ရဲ့ အဆင့်အတန်းအလိုက် ပြီးတော့ ဘုန်းကြီး ဘယ်လောက်ပင့်မှ, ဘုန်းကြီး သက်စေ့ပင့်မယ်၊ သနားစရာ ကြီး, သနားစရာကြီး၊ သက်စေ့ပင့်မှ, တစ်ပါးကို ဘယ်လောက်လှူမှ, တစ်ဆယ် လှူမှ,နှစ်ဆယ်လှူမှ,ငါးဆယ်လှူမှ၊ သူ့ရဲ့ အဆင့်အတန်းလိုက်ပြီးတော့ လှူလိုက် ရတာ နည်းတာလဲ မဟုတ်ဘူး, နည်းတာလဲ မဟုတ်ဘူး၊ ဟိုမှာ အလှူခံတဲ့ ပုဂ္ဂိုလ်ကလဲ လောဘဇောနဲ့ အလှူခံလို့, အဲ လှူတဲ့လူကလဲ မလွှဲမကင်းသာလို့, သူများ အထင်သေးမှာစိုးလို့, လောဘနဲ့ လှူတယ်ကိုး။

ဘယ့်နှယ်လုပ်မလဲ ၊ ကုန်လိုက်တာက မနည်းဘူး၊ ဒီအထဲ စဉ်းစားကြည့်နော်၊ ကုသိုလ်လား, အကုသိုလ်လား၊ မျက်ရည်စက်လက်တွေနဲ့၊ လှူတာဒါန်းတာလဲ သတိမထားအားဘူး, မျက်ရည်တွေနဲ့၊ လှူလိုက်တဲ့ ငွေတွေကလဲ မနည်းဘူး၊ ဒီငွေတွေပေါ့လေ, လျှောက်ပြီးပြောတော့ မကောင်းဘူး သိလား၊ အလှူခံတဲ့ ပုဂ္ဂိုလ်တွေမှာလဲ အပြစ်တွေနဲ့၊ ဒီတော့ ဘုန်းကြီးက သိပ်သနားတယ်၊ လူတွေ နားမလည်လွန်း, နားမလည်လွန်းတယ်၊ သနားစရာကောင်းလိုက်တာ, သနားစရာ ကောင်းလိုက်တာ၊ အဲဒီလို ဖြစ်နေပါတယ်။

ပြီးတော့ ဒီအထဲ ဘုန်းကြီးပျံတဲ့, ဘုရားပွဲအပြင်ကို ဘုန်းကြီးပျံတဲ့၊ ဘုန်းကြီး ပျံတော်မူလို့ရှိရင် သူတို့က သိပ်ဝမ်းနည်းတာတော့ မဟုတ်ဘူး၊ ခေါင်းဆောင် လုပ်သူက, ဒါမှမဟုတ် ခေါင်းဆောင်ဘုန်းကြီးက အဲဒီ ဘုန်းကြီးပျံကြီးကိုတော့ ဟို စပါးဆန်ရေ ရောင်းလို့ ဝယ်လို့ရတဲ့, ကောက်ရိတ်ပြီးတဲ့အထိ ထားမှပဲ။

ပျံတော်မူတာက တန်ခူး ကဆုန်လ ပျံတော်မူပေမယ့် ကောက်ရိတ်သိမ်းပြီးတဲ့ အထိ ထားလိုက်တာပဲ ၊ ဘာဖြစ်လို့လဲ လူတွေ နည်းနည်း အားတယ်လေ၊ စီးပွားရေး ချောင်လည်တယ်လေ၊ တစ်အိမ် ငါးကျပ်တို့,တစ်ဆယ်တို့,နှစ်ဆယ်တို့ ခွဲဖို့က လွယ်တယ်လေ၊ လူတွေကလဲ အများက ထည့်တာပဲ ၊ ဘာဖြစ်လို့လဲ၊ ဒီ ဘုန်းကြီးကို နောက်ဆုံးပူဇော်တာပဲ , နောက်ဆုံးပူဇော်တာ, ပူဇော်လိုက်တာ သိလား၊ အဲ-ပွဲက နာမည်ကြီးတာ နှစ်ပွဲလောက် ထည့်မှ၊ အို…နည်းတယ်, သုံးပွဲတော့ ထည့်မှ၊ အို…နည်းသေးတယ်, လေးပွဲတော့ ထည့်မှ၊ နာမည်ကြီးတဲ့ ဆရာတော်ကြီးကျတော့ တပည့်တွေက, တပည့်တွေကလဲ သူ့ အိတ်ထဲက ပိုက်ဆံကုန်ရတာ မဟုတ်ဘူး၊ သူ့ရွာ သူခွဲတာ, သူ့ရွာ သူခွဲတော့ သူကလဲ တစ်မဏ္ဍပ်နဲ့, တစ်ပွဲနဲ့၊ ဟို တပည့်ကြီးကလဲ တစ်မဏ္ဍပ်နဲ့, တစ်ပွဲနဲ့၊ ပြီးတော့ ပျံတော်မူတဲ့ ဘုန်းကြီးတော့ ကြာကြာကြီး ထားလို့, ဟိုထဲမှာလဲ ခြောက်လို့, အရိုးတွေ ကလောက် ကလောက်နဲ့၊ ဒီလို ဖြစ်နေပြီ၊ ဒါ တကတည်း သူတို့က ပူဇော်ကြတယ် ဆိုပြီးတော့လေ ဒီ ခေါင်းကို လှူပြီးတော့ ကလောက် ကလောက်နဲ့ သွားနေကြတာ, ဖုန်တွေ ချွေးတွေနဲ့၊ ဝမ်းနည်းလိုက်တာ, ဘုန်းကြီးက ဝမ်းနည်းလိုက်တာ၊ ပိုက်ဆံတွေ ကုန်လို့, အကျိုးကလဲ ဘယ်လောက်မှ မရတဲ့ အပြင် အကုသိုလ်တွေ ဖြစ်လို့၊ ကောင်းပြီ။

ကျေးတောရွာရော, မြို့ရော {ဘာသာရေး}လို့ ဆိုပြီးတော့ကာ အလှူ,ရှင်ပြု တာတွေ, အင်း…ဘုန်းကြီးပျံတွေ, ဘုရားပွဲတွေ, ကျောင်းပွဲတွေ, ကျောင်း ရေစက်ချပွဲတွေ၊ ဒါတွေ အကုသိုလ်တွေဖြစ်တာ ထားပါတော့၊ နိုင်ငံမှာ တိုးတက် သလားဆိုတော့, ဒီနည်းနဲ့ လာခဲ့တာ၊ ဘာသာရေး ဒီနည်းနဲ့ လာခဲ့လို့ ဘာသာရေးတွေ ကျပြီးတော့ သူများ အထင်သေး ခံနေရပြီ၊ ဗုဒ္ဓဘာသာတဲ့၊ ဟာ…ဗုဒ္ဓမြတ်စွာက အင်မတန် မြင့်မြတ်တာပဲ လို့ ဘုန်းကြီးတို့က ပြောပြီး၊ မြင့်မြတ်, မမြင့်မြတ်တော့ မသိဘူး၊ အဲဒီ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ မြန်မာ လူမျိုးတွေတော့, ဒီလို ဖြစ်နေပါလား ဆိုလို့တော့ ဘုန်းကြီးတို့ ဘာဖြေမတုန်း, ဘာဖြေကြမတုန်း၊ ဘာသာ သာသနာက အင်မတန် မြင့်မြတ်တယ်လို့ ဆိုတယ်၊ ကိုယ်တော်တို့ ဘုန်းကြီးတွေက ဒီလိုပဲ နေကြပါလား, ပွဲလမ်းသဘင်တွေထဲမှာ သွားကြပါလား, လာကြပါလား, ကိုယ်တော်တို့ ဘုန်းကြီးတွေ၊ ဘာဖြေမလဲ ၊ ဘုန်းကြီးတို့ ဘာဖြေကြမတုန်း, ဘာဖြေကြမလဲ ။

အကုသိုလ်တွေ အတွင်းကဖြစ်တာ ဖြစ်ပါဦးတော့၊ နိုင်ငံရေးသဘောနဲ့ စဉ်းစားကြည့်လိုက်တော့ နိုင်ငံကြီး ကျဆင်းသွားတယ်, အထင်သေးခံရပါတယ်၊ တစ်ခါ နိုင်ငံခြားက အထင်သေးခံရရုံတင် မကဘူး၊ ဘုန်ကြီးတို့ နိုင်ငံအတွင်းမှာ ဘာသာအမျိုးမျိုးနဲ့ နေကြရတာဖြစ်တော့ ဒိပြင် ဘာသာက လူတွေ အထင်သေး ကြပါတယ်၊ ဒိပြင် ဘာသာလူတွေက အထင်သေးရုံတင် မကဘူး၊ ဘုန်းကြီးတို့ ဘုရားဒကာ, ကျောင်းအမတွေရဲ့ သားတွေကိုက ခေတ်ပညာတွေ သင်လာပြီးတဲ့ အခါကျတော့ သူတို့ရဲ့ ဝေဖန်တဲ့ စိတ်ဓာတ်နဲ့ ဝေဖန်ကြပါတယ်။

အဖေတို့ ကျောင်းဆောက်နေလိုက်တာ, ကျောင်းဆောက်ပြီးတော့ ကိုးကွယ် လိုက်တာ, ကိုးကွယ်တဲ့ ဘုန်းကြီးက ဘယ်လို ဖြစ်နေတယ်၊ အမေတို့ ရဟန်းခံ ပေးလိုက်တဲ့ ရဟန်းက ဘယ်လို ဖြစ်နေတယ်၊ အဲဒီလို စသည်ဖြင့် နောက် ကလေးတွေ ဝေဖန်ကြပါပြီ၊ ကောင်းပြီ, ဝေဖန်ချင် ဝေဖန်, တို့ သာသနာဟာ တက်မြဲ တက်နေတယ်လို့ ဆိုရင်လဲ ခံနိုင်ပါတယ်။

ယခုတော့ သူတို့ကလဲ ဝေဖန်တယ်, ဘာသာခြားကလဲ ဝေဖန်တယ်, နိုင်ငံခြားကလဲ ဝေဖန်တယ်၊ သာသနာက တက်မြဲ တက်နေသလားလို့ဆိုတော့ မတက်ပါဘဲလား, မတက်ပါဘဲလား၊ ပြောရဦးမယ်, နိုင်ငံက နိုင်ငံက၊ စာမေးပွဲတွေ အောင်တယ်လို့ ဆိုရင်ပဲ အဖေအမေတွေက ဝမ်းသာလိုက်တာ, ကျေးရွာ ဆရာသမားတွေက သိပ်ဝမ်းသာလိုက်တာ, စာသင်တိုက် အုပ်ချုပ်တဲ့ ဆရာတော်တွေက ဝမ်းသာလိုက်တာ။

အလဂဒ္ဒူပမာ စာသင် စာချ။ ။ တို့ ကျောင်းတိုက်က သံဃာ ဘယ်လောက် စာမေးပွဲအောင်တယ်၊ သိပ်ဝမ်းသာလိုက် ကြတာ၊ အစိုးရကလဲ ပဲ သာသနာကြီး သူတို့ကြောင့်၊ အင်း…ဘယ်လောက် ချီးမြှောက်ပါတယ်လေး ဘာလေးနဲ့၊ အောင်ပွဲကျတော့ သူတို့ကလဲ စိတ်ပါပါ မပါပါ ချီးကျူးရပြန်တယ်၊ ကောင်းပြီ, ဒီ ဘုန်းကြီးတို့ စာက တိကျလွန်းလို့၊ ကိုယ်တော်ကလေးတစ်ပါး, ကိုယ်တော်ကြီးတစ်ပါး, ဆရာတော်တစ်ပါး, ဒီ လာဘ်လာဘ ရအောင်လို့ စာမေးပွဲအောင်တဲ့အခါ ဆုရအောင်လို့ ဆရာတော်က စာချတယ်၊ စာသင်သားက စာအံတယ်, စာကျက်တယ်၊ စာမေးပွဲ မှတ်စုတွေ ရှာတယ်, ဖွေတယ်၊ အဲဒါ အကုသိုလ်စိတ်တွေ၊ ကြည့်စမ်း, လိုချင်တဲ့ဂုဏ်, လိုချင်တဲ့လာဘ်၊ အဲဒါတွေ မှန်းပြီးတော့ စာချတဲ့ ဘုန်းကြီးက စာချတယ်, စာသင်သားက စာသင်တယ်၊ အဲဒါကို ဘုန်းကြီးတို့ ကျမ်းစာက {စာမသင်ဘဲ အိပ်နေတာ ကောင်းတယ်, အိပ်နေတာ ကောင်းတယ်တဲ့, ကောင်းတယ်တဲ့}၊ {ဘာဖြစ်လို့တုန်း, စာသင်ရင် အကုသိုလ် ဖြစ်သေးတယ်, အိပ်နေရင် အကုသိုလ် မဖြစ်ဘူးတဲ့} {အလဂဒ္ဒူပမာ စာသင်နည်း, စာချနည်းလို့ သေသေချချာကြီးကို အတိအကျ ဟောတော်မူထားပါတယ်}၊ အဲဒါ အိပ်နေတာက ကောင်းသေးတယ်တဲ့။

မြန်မာပြည်မှာလဲ စာမေးပွဲတွေ တစ်မျိုးပြီး တစ်မျိုး၊ စာမေးပွဲတွေနဲ့ ကြွားလိုက်ကြတာ သိလား၊ လူတွေကလဲ အဲဒါကို အထင်ကြီးလိုက်ကြတာ၊ တရားတော်ကလဲ အဲဒါ အကုသိုလ်စိတ်တွေ၊ စဉ်းစားကြည့်လေ, ဂုဏ်လိုချင်တယ်၊ လိုချင်တာမှန်သမျှ ဘာကို လိုချင်လိုချင် တရားကို လိုချင်တာမှတစ်ပါး, မဂ် တရား ဖိုလ်တရား လိုချင်တာမှတစ်ပါး, ဒိပြင် လောက လိုချင်တာ မှန်သမျှတွေ အကုသိုလ်တွေချည်းပဲ။

ဒါ{အလဂဒ္ဒူပမာ စာသင် စာချနည်း}လို့ ဆိုပါတယ်၊ {မြွေဖမ်းတာတဲ့, မြွေဖမ်းတာ ဘာဖြစ်သတုန်း, အဖမ်းမတတ်လို့ အကိုက်ခံရလို့ သေတယ်၊ ဒါမှမဟုတ် မသေသော်လဲ သေလုမျောပါး ဖြစ်တဲ့အထိ ခံရတယ်တဲ့၊ မြွေဖမ်း တာတဲ့}၊ ဂုဏ်ရှိအောင်လို့ စာချနေတယ်၊ ဘုန်းကြီးက ကိုယ်တော့်ကျောင်းတိုက် သံဃာ ဘယ်လောက်ရှိတုန်း, ဟာ-သံဃာ ဘယ်နှစ်ရာရှိတယ်လို့ ကြွားချင်လို့၊ ဘုန်းကြီး ထိန်းထားလို့ရှိရင် ဘုန်းကြီး အကုသိုလ်ဖြစ်မယ်၊ အိပ်နေတာ ကောင်းတယ်, အိပ်နေတာ ကောင်းတယ်၊ စာချဘုန်းကြီးတွေက ဘုန်းကြီးတို့ ကျောင်းတိုက် သံဃာ ဘယ်လောက် ရှိတယ်လို့ ကြွားချင်လို့ရှိရင် အကုသိုလ် ဖြစ်မယ်၊ အိပ်နေတာ ကောင်းတယ်, အိပ်နေတာ ကောင်းတယ်၊ အကုသိုလ် ဖြစ်တာ မကောင်းဘူး။

ဒီတရားတော်က ပီပီသသကြီးပါ၊ နိုင်ငံက သိပ်ကို သနားစရာ, သနားစရာ ကောင်းတယ်၊ ဒါကြောင့် ကုသိုလ်လို့ ထင်ပြီးတော့ လုပ်နေကြတာ၊ အကုသိုလ်တွေ ပါလှပါလား၊ စာသင်တိုက်တွေ စာချဘုန်းကြီးတွေ စာမေးပွဲအောင်လိုကြတာတွေ ဂုဏ်လိုချင်တယ်, ရှိပါတယ်၊ ဂုဏ်ရသွားရှာပါတယ်, လာဘ်လိုချင်တယ်, ရှိတယ်၊ လာဘ်ရသွားရှာပါတယ်၊ အဲဒါတွေ အကုသိုလ်တွေချည်းပဲ ၊ ပထမတုန်းက ကုသိုလ်လိုချင်လို့ ရဟန်း ပြုတယ်၊ နောက်တော့ အကုသိုလ်တွေ အများကြီး ဖြစ်နေတယ်။

ကုသိုလ်လိုချင်လို့ စာသင်တိုက် တည်တယ်၊ နောက်တော့ အကု သိုလ် တွေ အများကြီး ဖြစ်နေတယ်၊ ဘယ့်နှယ်လုပ်ကြမလဲ၊ ဒီလိုဖြစ်လို့, သာသနာတော်ကြီးက တိုးတက်လို့, မြန်မာလူမျိုးတွေ စိတ်ချမ်းသာ လက်ချမ်းသာနဲ့ တိုးတက်လို့ရှိရင် ဘုန်းကြီး အနေသာကြီးပါ၊ ဘေးကနေ ကြည့်နေပါ့မယ်၊ ဖြစ်တန်သလောက်တော့ ဖြစ်စေဦးတော့ သာသနာကြီး ခိုင်မြဲနေတာပဲ, တိုးတက်နေတာပဲ, တို့ သာသနာကြီးကို ကိုးကွယ်နေတဲ့ ဒါယကာ ဒါယိကာမတွေ ကုသိုလ်တွေ ရနေတာပဲ, စိတ်ချမ်းသာနေတာပဲလို့ ဆိုရင်တော့ အနေသာကြီးပါ။

ခုတော့ မဟုတ်ပါဘူး၊ စိတ်ရော ကိုယ်ပါ ချမ်းသာလှတယ် မဟုတ်ဘူး၊ ချမ်းသာသလောက်က လောဘနဲ့ ချမ်းသာပြီးတော့ သာယာနေတာ၊ တို့ကျောင်း တို့ အလှူ, တို့ ဘုရားပွဲ၊ ခေါင်းဆောင်တွေကလဲ သူတို့ ဘုရားပွဲ လူစည်လို့ ရှိရင် ငါလုပ်တဲ့ ဘုရားပွဲလို့ အိမ်ကျ ကြွားသေးတယ်၊ သူ့ ဒကာမအပေါ် ကြွားသေးတယ်၊ {ယနေ့ ကိုယ်လုပ်ထားခဲ့တာ, ဘုရားပွဲ ဘယ်လောက် စည်တုန်း, မင်းလေ…လာမကြည့်ဘူးလား}၊ သူ့ဒကာမအပေါ် သူက ကြွားလိုက် သေးတယ်၊ သူ့ဒကာမကလဲ {ဒါ အလှည့်ကျ ဘုရားလူကြီးက ကျုပ်တို့ အိမ်ကပါ} သူကလဲ ကြွားလိုက်သေးတယ်။

ဘာသာရေးဟာ အင်မတန် အရေးကြီးလိုက်တာ၊ သူက ဒီ ဗုဒ္ဓဘာသာကို အထင်သေးမှာ စိုးလို့၊ ပွဲတွေလမ်းတွေနဲ့ဆိုတော့ လုပ်ချလိုက်တာ၊ သူကလဲ ကြွားရှာတယ်, ကြွားရှာတယ်၊ ဝိုင်းပြီးတော့ အကုသိုလ်နဲ့ ကြွားကြတယ်၊ အကုသိုလ်တွေ ဖြစ်မှန်းလဲ မသိဘဲနဲ့ အကုသိုလ်တွေ ဖြစ်နေကြတယ်။

ဘုန်းကြီးက မနေ့တုန်းက ပြောလိုက်ရင်, မနည်းဘူး သွားရလိမ့်မယ်၊ တို့ သာသနာ အတွင်းရော အပြင်ရော၊ ကောင်းပြီ-အရှင်ဘုရားတို့ သာသနာက ဒီနည်းအားဖြင့် ဆုတ်ယုတ်လာတာ, ဆုတ်ပါတော့၊ ဟိုဖက်ဘဝ ကြည့်ကြဦးစို့ ဆိုတော့ သာသနာ ကိုးကွယ်တဲ့ ကျောင်းဒကာ ကျောင်းအမတွေ ဘယ်ရောက်နေ ကြတယ်ဆိုတာ မသိဘူး၊ မနေ့ကပဲ ဒီ ခုလူတွေကတော့ သူတို့တော့ စဉ်းစားပြီး, သတိထားပြီးသားဖြစ်တော့ မနေ့တုန်းက {ဘယ် ဆရာတော် ပျံတော်မူတော့ ကျောင်းပေါ်ကိုတောင် မတက်ဝံ့ဘူးတဲ့ အင်မတန် ခြောက်ဆိုကိုး၊ အင်မတန် ထင်ရှားတဲ့ ဆရာတော် ပျံတော်မူတော့ ကျောင်းပေါ်တောင် မတက်ဝံ့ဘူး, ခြောက်လိုက်တာတဲ့} ကြည့်စမ်း၊ နည်းနည်းကလေးများ ဖြစ်ကြတဲ့ကိစ္စ မဟုတ် ဘူးနော်၊ ရေစုန်ရေဆန် လိုက်တဲ့အခါမှာ ရစရာကို မရှိဘူး၊ ဒါကြောင့် ဘုန်းကြီးက မနေ့က မဟောပါဘူးလို့ ခပ်ပေါ့ပေါ့ကလေး ပြောပြီး ရှောင်သွား တယ်နော်၊ ရှောင်သွားပေမယ်လို့ ဒီဘုန်းကြီး အလွတ်ပြောနေတဲ့ စကားတွေ ကြားရတဲ့ ပုဂ္ဂိုလ်က အရှင်ဘုရား ဒါတော့ မပါလာဘူးကို, မပါလာဘူးဆိုတော့၊ ကိုင်း…ပြောရဦးမယ်။

ယနေ့ အာသေဝနပစ္စည်း ကြည့်လေ, ပထမဇောက ဒိဋ္ဌဓမ္မ အကျိုးပေးရမယ့် အကြောင်း ဘုရားကိုယ်တော်တိုင် သမာပတ် ဝင်စားတော်မူပါသေးတယ်၊ စိတ်ကို ရှင်းသထက် ရှင်းအောင်, ရှင်းသထက် ရှင်းအောင်၊ အဲဒီလို သမာပတ် ဝင်စားတော်မူပြီးမှ မဟာဒုဂ်ကို သပိတ်သနားတော်မူပါတယ်၊ ချက်ချင်း အကျိုးရပါတယ်၊ မဟာဒုဂ်ရဲ့ ပစ္စည်းကရော, ထင်းပေါက် ထင်းခွဲပြီးတော့ သူကိုယ်တိုင် အားနဲ့ ရင်းပြီးတော့ ရခဲ့တဲ့ ပစ္စည်းပါ၊ အဲဒါကြောင့် သူဌေးဖြစ်ပါ တယ်၊ မဟာဒုဂ် အဲဒီ မဟာဒုဂ်ပဲ သာသနာတော် လက်ထက်ကျတော့ သူဌေး သားလေး ပဏ္ဍိတသာမဏေလေး ဖြစ်ပြီးတော့ တရားထူး ရပါတယ်။

လမ်းဟာ ကောင်းမှ ကောင်းတယ်နော်, မကောင်းရင် မကောင်းဘဲ ဖြစ်ပါလိမ့်မယ်၊ ပြီးတော့ ဘုရားရင့်မကြီးတောင်မှ သမာပတ် ဝင်စားတော်မူရ သေးတယ်ဆိုတော့ ဘုန်းကြီးတို့ အလှူခံပုဂ္ဂိုလ်တွေ ဘယ့်နှယ်လုပ်ကြမလဲလို့၊ အဲ…နဂိုတုန်းကလဲ ဘယ်လောက် စင်ကြယ်နေကြသလဲ , တရား ဘယ်လောက် များ ကျင့်နေကြသလဲ , အဲသလို စသည်အားဖြင့်ပေါ့လေ၊ လျှောက်ပြီးတော့ စဉ်းစား, စဉ်းစားတော့ ဘုန်းကြီးတော့ ခက်သွားတာက လူတွေ နားမလည်လွန်း သွားပြီ၊ ဘုန်းကြီးတွေလဲ နားလည်ချင်မှ နားလည်မယ်ထင်တယ်၊ တချို့ နားမလည်ပြန်တော့လဲ ငြိမ်ငြိမ်ကလေး နေလိုက်မှာနဲ့ တူတယ်၊ ဒီလို ဖြစ်သွား တယ်။

ဘုရားစစ်ကို ရုပ်ပုံက ကွယ်။ ။ဒီတော့ မူရင်းကို ပြန်ရောက်အောင် တော်တော် ကြီး ကြိုးစားရပါလိမ့်မယ်၊ ပြောနေကြတယ် မဟုတ်လား၊ ရှေးတုန်းကတည်းကိုက ဘုရားအစစ်ကို ရုပ်ပုံ ရုပ်ပွား ဆင်းတုတော် များက ကွယ်နေပြီ၊ ကြည့်စမ်း, ဘုန်းကြီးတို့ မဟာမြတ်မုနိဘုရားကို သွားရင် ရုပ်ပွားတော်ကြီးမှာပဲ ရွှေချတယ်၊ သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ် မရောက်နိုင်ဘူး၊ ကွယ်နေပြီလေ၊ ရန်ကုန်ကလဲပဲ ,ခု ရန်ကုန်ဒကာများရဲ့ ရုပ်ပုံ ရုပ်ပွား စေတီတော်ကြီးများ၊ ဒီ ဘုရားအစစ်ကို ကွယ်နေပြီ၊ လာကတည်း ကိုက ဒီ စေတီတော်ကြီးလောက်ပဲ ရောက်တာဆိုတော့ ဘုရားအစစ်ကို ရုပ်ပုံ ရုပ်ပွား စေတီများက ကွယ်နေပြီ၊ ဘုရားအစစ် မမြင်တော့ဘူး, မမြင်တော့ဘူး ဆိုတာ ဘုရားအစစ်ရဲ့ စိတ်တော် စိတ်နေ စိတ်ထားတော်ကို မမြင်တော့ဘူး၊ အာရုံ မရောက်ကြတော့ဘူးလို့ဆိုတာ။

တရားအစစ်ကို ဟောတရားကကွယ်။ ။ ယခုလို ဓမ္မစကြာတရားတို့လို, ပဋ္ဌာန်း တရားတို့လို, သုတ္တန်တရားတို့လို တရားအစစ်ကို ဘယ်သူတွေက ကွယ်ထားတုန်း၊ ဘုန်းကြီးတွေ သံနေ သံထားနဲ့ ရွတ်ပြီးတော့ နေကြတယ်၊ ဟောတရားတွေက ကွယ်ထားပြီ၊ တရားအစစ် မရောက်တော့ဘူး၊ လူတွေ အဲဒီ သံနေ သံထားနဲ့ တရားတွေ နားထောင်ပြီးတော့ ဟုတ်သယောင်ယောင်နဲ့၊ ဟုတ်သလောက်လဲ ဟုတ်ပါတယ်၊ အဲဒီလိုနဲ့ တင်းတိမ် နေတဲ့အတွက်ကြောင့် တရားအစစ်အမှန်တွေ ကွယ်သွားပြီ၊ ကွယ်သွားပြီဆိုတာက ပျောက်သွားတာ မဟုတ်ဘူး၊ သူတို့က ဖုံးထားတာ၊ သူတို့က ရှေ့က ကွယ်နေ တော့ တရား အစစ်အမှန်တွေ မကျင့်တတ်တော့ဘူး, မလိုက်စားတတ်တော့ ဘူး, အတုအယောင် တွေက ကွယ်ကုန်ပြီလေ။

သံဃာအစစ်ကို ဘုန်းကြီးက ကွယ်။ ။အရိယာသံဃာတော်,တကယ်ကျင့်တဲ့ အရိယာ သံဃာတော်တွေကို ယခု ဘုန်းတော်ကြီးတွေက ကွယ်ထားတယ်၊ လှူကြတယ်ဆို ယခုဘုန်းတော်ကြီးတွေကိုပဲ စိတ်ရှိတော့တယ်၊ အရိယာ သံဃာတော်ကို စိတ်မရောက်တော့ဘူး၊ {သံဃံ သရဏံ ဂစ္ဆာမိ} သံဃာတော်တွေကို ကိုးကွယ်နေကြတာ, အရိယာသံဃာကို ကိုးကွယ်ရမှာပါ။

ယခုတော့ ဘုန်းတော်ကြီးတွေချည်း မြင်နေတော့ ဒီ ဘုန်းတော်ကြီးတွေ ကိုးကွယ်ရတာ ဟုတ်ရဲ့လား၊ သူတို့ဟာ သူတို့ စနောင့်စနင်းတွေ ဖြစ်ကုန်ပြီ၊ ဘယ့်နှယ် ကိုးကွယ်တယ်လို့သာဆိုတာ, တို့ ဘုန်းကြီးတွေဟာ ပွဲလဲ သွားနေတာ ပါလား၊ ဘယ် တို့ ဘုန်းကြီးတွေ, အို-အလှူဒါနတွေမှာလဲ ခေါင်းဆောင်နေ ပါလား၊ တို့ ဘုန်းကြီးတွေက ဘယ်မဆို ရှေ့ကပါလား၊ ဒါတွေ တို့ {သံဃံ သရဏံ ဂစ္ဆာမိ}တဲ့လား၊ သံဃာအစစ်အမှန် အရိယာ သံဃာတော်တွေကို ဘုန်းတော်ကြီးတွေက ကွယ်နေပြီလေ။

ရတနာသုံးပါးကို ဝိဇ္ဇာဂိုဏ်းက ကွယ်။ ။ယခုတစ်ဖန် ကြောက်စရာ ကောင်း တယ်လို့ ဆိုကြစို့၊ ဂိုဏ်းတွေ ပေါ် လာပြီ၊ ဂိုဏ်းတွေ ပေါ်လာတော့ အဲဒီဂိုဏ်းကို နှစ်နှစ်ကာကာ လိုက်စားသွားပြီ ဆိုလို့ရှိရင် ရဟန်ကုန်တို့ မန္တလေးတို့ ဆိုပါတော့ပေါ့၊ ဘုရားခန်းထဲမှာ ဘုရား ပန်းတင်တာတောင်မှ ဂိုဏ်းဆိုင်ရာတွေကို ပန်းအညှိုး မခံဝံ့ဘူး၊ ဟို ဘုရားပန်းတော့ မတော်တဆ ညှိုးချင်လဲ ညှိုးပါစေဦးတော့, ဂိုဏ်းပန်းက အညှိုး မခံနိုင်ဘူး ဖြစ်နေပြီ၊ ဘုန်းတော်ကြီးတစ်ပါး သနားစရာ ကြည်ညိုစရာ ကောင်းလိုက်တာက သူကိုယ်တိုင် ဂိုဏ်းပါ၊ သူကိုယ်တိုင် တန်ခိုး အထိုက် အလျောက် ရှိပါတယ်၊ ပြီးတော့ သူကိုယ်တိုင်က ဘာပြောတုန်းဆိုတော့-သူ့ ပရိသတ်ကို {ဘုရားကို, ရတနာသုံးပါးကို ဝိဇ္ဇာနဲ့ ကွယ်မထားကြနဲ့၊ တို့ ဝိဇ္ဇာက လုပ်နိုင်တာ နည်းနည်းလေး ရှိတယ်၊ တို့ လုပ်နိုင်တာက နည်းနည်းလေး, အပုံတစ်ရာပုံမှ နည်းနည်းလေး, တစ်ပုံ နှစ်ပုံ၊ ဗုဒ္ဓမြတ်စွာက အင်မတန် ဘုန်းတော်ကြီးတယ်, တရားတော်က အင်မတန် မြင့်မြတ်တော်မူပါတယ်, အရိယာသံဃာတော်က အင်မတန် မြင့်မြတ်တော်မူပါတယ်, ရတနာသုံးပါးကို ဝိဇ္ဇာ မကွယ်စေနဲ့}၊ ကြည့်စမ်း, အလွန် ကြည်ညိုစရာ ကောင်းလိုက်တာ၊ ဝိဇ္ဇာဂိုဏ်းထဲက ဘုန်းကြီးက, ဝိဇ္ဇာဂိုဏ်းထဲက ဘုန်းကြီးက ရတနာသုံးပါးကို ဝိဇ္ဇာ မကွယ်ပါစေနဲ့၊ ရတနာသုံးပါးကို ရတနာသုံးပါးပီပီ ကြည်ညိုတတ်ကြလို့ အမိန့်ရှိပါတယ်တဲ့။

ဒီတော့ အများစုမှာက ရတနာသုံးပါးကို ဂိုဏ်းက ကွယ်နေပြီ၊ ဝိဇ္ဇာက ကွယ်နေပြီ၊ ဒီ ရတနာသုံးပါးကို တစ်ခါ ထပ်ကွယ်လာပြန်တယ်၊ နဂိုက ရတနာသုံးပါး အစစ်အမှန်ကို စေတီပုထိုးက ကွယ်တာနဲ့, ဟောတရားတွေက ကွယ်တာနဲ့, အကျင့်တရားတွေ ပျောက်လို့၊ နောက် ဘုန်းကြီးတွေက ကွယ်တာနဲ့ အရိယာသံဃာတော်တွေ ပျောက်လို့၊ အာရုံမပြုတတ်တာ ပျောက်တယ်လို့ဆိုတာ, မမှန်းတတ်တာ ပျောက်တယ်လို့ဆိုတာ။

အဲဒီလို ဖြစ်နေရာက ဂိုဏ်းတွေ ပေါ်လာပြန်တော့ ဂိုဏ်းတွေက ကွယ်ထား လိုက်တာမှ ကြာလှပြီ၊ ရန်ကုန်မှာ ကြာနေတာ၊ {နတ်ပန်းတွေ မညှိုးစေနဲ့တဲ့}၊ နတ်ပန်း မညှိုးစေနဲ့ဆိုတာ ဂိုဏ်းပန်း မညှိုးစေနဲ့ ဆိုတာပဲ၊ အဲဒီပြင် ဘုရား ပန်းတော့ မတော်တဆပေါ့လေ၊ ကိုင်း…ရှိပါစေ၊ ဘုရားက ထလာပြီးတော့ မဆူဘူး၊ ဒီ ဝိဇ္ဇာတို့ ဂိုဏ်းတို့က သူတို့ မကျေနပ်လို့ ရှိရင် ချက်ချင်း မတော် မတရား လုပ်ချင်လုပ်မှာ၊ ဒီတော့ ဝိဇ္ဇာတို့ ဂိုဏ်းတို့ကိုတော့ ပန်းညှိုး မခံဝံ့ ဘူး, ဘုရားပန်းတော့ ညှိုးချင် ညှိုးပါလေ၊ လာနေပြီ လာနေပြီ, ရန်ကုန်မှာ ကြာလှပြီ။

မနေ္တ လးမာှ အငမ် တန်သာသနာ လေးစားတယလ့်ိုဆတိုာတောင် မှ တဖြည်းဖြည်း ဒီ ဝိဇ္ဇာတို့ ဘာတို့ ရောက်လာပြီလေ၊ မြတ်စွာ ဘုရား လက်ထက်တော်တုန်းက အနာထပိဏ်သူဌေး သေဆုံးပါတယ်၊ ဆုံးတာ ဆုံးတာပါပဲ, ဘုရား ဘာမှ မတတ်နိုင်ပါဘူး၊ ဝိသာခါရဲ့ မြေးလေးလဲ သေဆုံးပါတယ်၊ ဆုံးတာ ဆုံးတာပါပဲ, ဘုရား ဘာမှ မတတ်နိုင်ပါဘူး၊ ဗိမ္ဗိသာရမင်းကြီး ဓားခွဲခံရတယ်၊ ခံရတာ ခံရတာပဲ, ဘုရား ဘာမှ မတတ်နိုင်ပါဘူး။

သူ့ကံနဲ့ သူ့အကြောင်းနဲ့ လာလို့ရှိရင် ဘာမှ မတတ်နိုင်ပါဘူး၊ ဘုရား မတတ်နိုင်တာကို နတ် တတ်နိုင်ပါမတဲ့လား, ဝိဇ္ဇာ တတ်နိုင်မတဲ့လား, ဟုတ်တယ်, တချို့ တချို့က ဒီ အပြုသဘောလေးတွေ ရှိပါတယ်၊ တတ်နိုင်တယ်, နည်းနည်းတော့ တတ်နိုင်တယ်, ဘေးရန် မဟုတ်တဲ့ နေရာမှာ တတ်နိုင်ပါတယ်၊ ဘုန်းကြီးလဲ သိပါတယ်၊ ဘုန်းကြီး ကျောင်းတိုက်ကိုလဲပဲ လေးစားကြပါတယ်၊ တစ်ခါတုန်းက ဝိဇ္ဇာတို့ ဂိုဏ်းတို့ ဆိုင်ရာက သူတို့ကလဲ ဒီဘုန်းကြီးက ဘယ်လို ဘာဘာညာညာနှင့် ပြောတော့ သူတို့တစ်တွေက_ {ဂန္ဓာရုံဆရာတော် ဥုးဇနက ဒီဂိုဏ်းထဲ မဝင်ဘူးလားလို့ ပြောကြတယ်တဲ့} ဒီစကားက ဘုန်းကြီးဆီ ရောက်လာရော၊ အဲဒီတော့ ဘုန်းကြီးက ပြောလိုက် တယ်, ဂိုဏ်းထဲဝင်ဖို့ မလိုဘူး၊ ဘုန်းကြီးက ဘုရားသာသနာတော်ကို ပီပီကြီး အလုပ်လုပ်နေတယ်၊ ဂိုဏ်းက ဘုန်းကြီးအလုပ်ကို ကျေနပ်လို့ရှိရင်, ဝိဇ္ဇာက ဘုန်းကြီးအလုပ်ကို ကျေနပ်လို့ရှိရင် ကူပါ, မကူညီချင်လဲ နေပါ, မကူချင်လဲ နေပါ, ကူချင်တယ် ဆိုလို့ရှိရင် လာကူပါ၊ ဘုန်းကြီးက ဂိုဏ်းထဲဝင်ဖို့ မလိုပါ ဘူး၊ ဟို ဂိုဏ်းထဲ ဒီ ဂိုဏ်းထဲဝင်, ဘုန်းကြီးဝင်လိုက်လို့ ရှိရင်……

{ဥုးဇနကက မကြီးပွားဘဲ နေပါ့မလား၊ သူက ဂိုဏ်းဘုန်းကြီး၊ အို…ပြီးရော ပြီးရော ပျက်ရော၊ ဘုန်းကြီးတို့ သာသနာတော်ကြီး အကုန်လုံး ပျက်တာပဲ, ပြီးတာပဲ။

{သိလား ဥုးဇနက,က မကြီးပွားဘဲ နေပါ့မလား, ဆန်တို့ဘာတို့ မရဘဲ နေပါ့မလား၊ သူက ဂိုဏ်းဘုန်းကြီး, သူက ဂိုဏ်းနတ် ကိုးကွယ် ထားတာ, ဂိုဏ်း ကိုးကွယ်ထားတာ ဥုးဇနက,က, ငါးပါးသီလ မြဲ ရတယ်, သူက ဂိုဏ်းကိုးကွယ်ထားလို့}။

လောကကြီး သွားတော့မှာ သွားတော့မှာ, သာသနာကြီး သွားတော့မှာ, ပျက်တော့မှာ၊ ဒါကြောင့် ဘယ်ဂိုဏ်းကိုမှ ဘုန်းကြီးဝင်ဖို့ မလိုဘူး၊ ဘုန်းကြီး အလုပ်ကို ကျေနပ်လို့ရှိရင် ဂိုဏ်းများက ဝိဇ္ဇာများက ဘုန်းကြီးအလုပ်ကိုတော့ အားပေးချင် အားပေးပေါ့, အားမပေးချင်ဘူးဆိုလို့ရှိရင်လဲ အားမပေးနဲ့ပေါ့, ဘုန်းကြီးလမ်းနဲ့ ဘုန်းကြီး သွားမှာပေါ့, အဲဒီလို ပြောထားရတယ်။

ဒါကြောင့် ဘုန်းကြီးကျောင်းတိုက်မှာ ရောက်လာလို့ရှိရင်လဲ ဘုန်းကြီးက မဟုတ်ဘူးနော် ကုသိုလ်တွေ, အလှူဒါန လုပ်တဲ့အခါမှာ အကုသိုလ်တွေ နောက်က နောက်က များလွန်းတယ်၊ ဒီ အကုသိုလ်တွေက အပါယ်ချတာ မဟုတ်ပါဘူး, အကျိုးမရတာပါ, အပါယ်တော့ မချပါဘူး, ငွေကုန်သလောက် အကျိုး မရပါဘူး၊ ကျောင်းတွေ ဆောက်ကြတယ်, ဘုန်းကြီးတွေ ကိုးကွယ်ကြ တယ်၊ ဘယ်ဘုန်းကြီး ဘယ်လောက် လှူခဲ့တယ်၊ သွားရော့ သွားရော့ သွားရော့, လှူပါစေ လှူပါစေ၊ ဘယ်နှစ်ထောင် လှူခဲ့တယ်, လှူလှူ သွားရော့ သွာရော့, နင့်ဟာ နင့်ဟာ မဟုတ်ပါဘူးလေ။

သင်တို့ဟာ သင်တို့ဟာ ဟို ရေထဲ သွန်ချလိုက်တာနဲ့ အတူတူပါပဲ၊ ဒီ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်တောင်မှ အလှူခံခါနီးမှာ ဒိဋ္ဌဓမ္မ ရမည့်အခန်းကျတော့ စိတ်တော်တွေက ထပ်ပြီးတော့ စင်ကြယ်အောင်ပေါ့လေ, စင်ကြယ်ပြီးသား, စင်ကြယ်ပြီးသား၊ တချို့ ဘုန်းကြီးတွေက ဘာမှ မရှိဘူး, ဘာမှ မရှိဘူး၊ သင်တို့ လှူကြ ဒါန်းကြတာတော့ ဒီအပြင် အကျိုးရတာတော့ ဝေးပါသေးတယ်၊ စာက ရှိတယ်ကို, စာက {သတဂုဏာ} အဆတစ်ရာ အကျိုးပေးတယ်လို့ ဆိုပါတယ်၊ ဟုတ်တယ်, တိရိ စ္ဆာန်လှူတဲ့ အလှူက, ဟော-ခွေးကလေး ငတ်နေတယ်, ခွေးကလေး ငတ်နေတယ်၊ ကဲ ကဲ-လုပ်ပါဦးဟေ့,လုပ်ပါဦးဟေ့၊ တို့ စားဖို့ သေက်ဖို့ထဲက ဖြစ်ဖြစ်, လာလာ, တကတည်း ခွေးကလေး ကျွေးလို့, ခွေးကလဲ အမြီးကလေး တနန့်နန့်နဲ့ ပြုံးလို့ စားရှာတယ်, သောက်ရှာတယ်၊ ဝမ်းသာ လွန်းလို့, ဒီတော့ ကြည့်ရတာ ဝမ်းသာလို့၊ အဲဒီ အလှူမျိုးကို ပေးလှူရင် ဒီက ထမင်းတစ်ပွဲလောက်ဟာ ဟိုမှာ အဆတစ်ရာ အကျိုးပေးတယ်, အဲဒီ ခွေးကျွေးတဲ့ အလှူက အဆတစ်ရာ အကျိုးပေးတယ်။

ဘာပြုလို့တုန်း, အဲဒီ ခွေးကလေးကို သနားတဲ့ ကရုဏာနဲ့, ခွေး ကလေးကို စားပါစေဆိုတဲ့ မေတ္တာနဲ့, ကုသိုလ်စိတ်နဲ့ ကြည့်ပြီးတော့ အလှူပေးနေတာ, အဲဒါ အဆတစ်ရာ အကျိုးပေးပါတယ်၊ အခု လူတွေကို ဖိတ်ပြီးတော့ ရှေ့က တီးစရာလေးနဲ့ တီးလို့ ကလို့ ခုန်လို့, နောက်က လဲပဲ ဘာမုန့် ညာမုန့်ဆိုတာတွေ စားလို့, သူတို့က ပွဲလမ်းသဘင်တွေ ကြည့်လို့, ဒီကလဲ {ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်}ဆိုတဲ့ လောကွတ်ကလေးနဲ့၊ ဘယ်မလဲ ကုသိုလ်,ဘယ်မလဲ ကုသိုလ်, ခွေး ကလေးကို ကျွေးနေတာက ကုသိုလ်တွေ သိပ်ကြီးကျယ်တာ, ခု ကုသိုလ် ဘယ်မတုန်း၊ အကယ်၍ ကုသိုလ်ဖြစ်လို့ရှိရင်တော့ ဟုတ်ပါတယ်, အဆတစ်ရာမက အကျိုးပေးမယ်, ယခု ကုသိုလ်ပြုကြရဲ့လားလို့၊ အဲဒါတွေ ထောက်ပြီးတော့ ဘုန်းကြီးပြောတာတွေကိုလေ သိပ် နားထောင်ဖို့ ကောင်းတယ်။

အလှူအဒါန်းတွေ ပြင်ဖို့ကောင်းပြီ။ ။ ဘုရားပွဲ, ကျောင်းပွဲတွေ တစ်နေ့ ပြင်ဖို့ ကောင်းပြီ၊ ရှင်ပြုပွဲတွေ တစ်နေ့ ပြင်ဖို့ ကောင်းတယ်၊ ပိုက်ဆံကုန်ပြီးတော့ အကျိုးက နည်းလွန်းလို့၊ ဘုန်းကြီးပျံတွေ တစ်နေ့ လုံးလုံးပြင်လိုက်ဖို့ ကောင်းတယ်၊ တစ်ခု ထပ်ပြီးတော့ ပြောရဦးမယ်၊ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့ အိန္ဒိယနိုင်ငံမှာ ကျောင်းကန်ကြီးကြီး, ဒီလောက် မကြီးကျယ်ဘူး, မပေါဘူး၊ အဲဒီက ရွှေ့ပြောင်းပြီးတော့လာတဲ့ သီဟိုဠ်ကျွန်းမှာ ယခုထိ ရှိတယ်, ကြည့် သီဟိုဠ်ကျွန်း ပျက်မသွားသေးဘူး၊ ဘာသာရေးဟာ ယခုထိကြည့်, ယခု သီဟိုဠ်ကျွန်းလဲ ဆုတ်လာပြီ၊ ဘုန်းကြီးတွေ အချိုးမကျလို့ ဆုတ်လာခဲ့ပြီ၊ ကျောင်းကြီးတွေ ဘယ်လောက်ကြီးကြီးရှိတုန်း, သိပ်မရှိဘူး၊ ဘာပြုလို့လဲ, ဒါနက ဒီမှာတင် အင်မတန် ကြီးကျယ်တာ, ဒိပြင်နိုင်ငံက ဒါန ဒီလောက် မကြီးကျယ်ပါဘူး။

ဘာပြုလို့ ဒီနိုင်ငံက ဒါန ဒီလောက် ကြီးကျယ်သတုန်းဆိုတော့ ရှင်အရဟံတို့ ရောက်တဲ့အခါက စပြီးတော့ တရားဟောလို့ လွယ်တာက ဒါနက လွယ်တယ်၊ လွယ်တော့ လူတွေကလဲ ကြွေး မရှိ, သူ များ ဥစ္စာတွေ မရှိ၊ ချောင်ချောင် လည်လည်ဆိုတော့ ဟို ပုဂံခေတ်ကစပြီးတော့ ဘုရားတွေ တည်လို့ လှူကြ ဒါန်းကြ၊ တချို့က ပြောတယ်, ပုဂံခေတ်က ဘုရားတည်မှာပေါ့, အဇ္ဇဂေါဏတို့ ရွှေတွေ ငွေတွေ သိပ်ဖြစ်တာ၊ အိုအို…အဇ္ဇဂေါဏ ဟိုတုန်းက ရွှေတွေ ငွေတွေ ဖြစ်တာလား၊ ဟော တောင်မြို့ ဘုန်းတော်ကြီးတစ်ပါးက ရွှေတွေ ငွေတွေဖြစ်ပြီး တော့ တောင်မြို့က လူတွေ အိမ်တွေမှာ ရွှေတွေ ငွေတွေ ပေးထားလိုက်တယ်ဆို တော့, ကဲ-ဘုရားတည်လို့ ဖြစ်မလားလို့, ကျောင်းဆောက်လို့ ဖြစ်မလားလို့။

{ဟေ့ ငါဘုရားတည်ချင်လို့ အုတ်ကလေး ဘာလေး တိုက်ပေးစမ်းပါ}၊ {အောင်မာ လူ အုတ်တိုက်တဲ့လူ မှတ်လို့လား၊ ကျုပ်ဘုန်းကြီးက ပေးထားတဲ့ ရွှေတုံးကြီးရှိသူ, အုတ်မတိုက်ဘူး, သူလဲ အုတ်မဖုတ်ဘူး, သူလဲ လက်သမား မလုပ်ဘူး}၊ ဘာဖြစ်လို့လဲဆိုတော့ ရွှေဖြစ် ငွေဖြစ်ဘုန်းကြီးက ရွှေတွေ ငွေတွေ ပေးထားတာလေ၊ လက်သမား ရှာမရဘူး, ပန်းရန် ရှာမရဘူး, အုတ်ဖုတ်မယ့်သူ ရှာမရဘူး, အိမ်ခိုင်းစရာ ရှာမရဘူး, အိမ်ဖော် မရှိဘူး၊ ကိုယ့်ဘာသာ ကိုယ် လုပ်ကြ၊ နောက်ဆုံးတော့ စပါးလုပ်မယ့်သူ တောင် မရှိဘူး။

တို့က တောင်သူ မဟုတ်ဘူး, တို့က ရွှေရှိတယ်၊ ငတ်ကြရော၊ တစ်ယောက် ကများ ရွှေဖြစ် ငွေဖြစ်လို့လေ ပေးလို့ရှိရင် ငတ်ပြီးတော့ သေကို သေကုန်ကြမှာ၊ အဲဒါ အဇ္ဇဂေါဏတို့ လက်ထက်ကလဲ မဟုတ်ဘူး၊ ဟုတ်လို့ရှိရင် ဒီ ဘုရား တည်လောက်အောင် အုတ်ကို မရှိဘူး၊ အဲဒါကြောင့် ရွှေတွေ ငွေတွေဖြစ်လို့ ငွေများ ပေးလို့ရှိရင် တောင်သူလဲ လုပ်မည့်သူ မရှိလို့ ငတ်ကို ငတ်လိမ့်မယ်၊ ဆန်တစ်ပြည် လေးကျပ်မကဘူး, လေးဆယ်ဖြစ်လဲ ဝယ်ရတော့မှာ၊ ဝယ်လဲ ရမှာ မဟုတ်ဘူး, သေကို သေကြမှာ၊ ဒါကြောင့် မဟုတ်ပါဘူး။

ဒါပေမယ့် ဒါနကို ဦးကျိုးလာရော၊ ရှင်ဘုရင်ဆိုတဲ့ သူတို့ကလဲ ဘာလုပ် ချင်ကြတုန်း, ရှင်ဘုရင် ပြန်ဖြစ်ချင်တယ်၊ ရှင်ဘုရင် ပြန်ဖြစ်ချင်တော့…

နန်းတော်ကြီးလို ကျောင်းကြီးတွေ ဆောက်။

မိဖုရားတွေကလဲ နန်းတော်ကြီးတွေလို ကျောင်းကြီးတွေ ဆောက်, သူတို့ ဘာဖြစ်ချင်လို့တုန်း, နိဗ္ဗာန်ကို မလိုချင်ပါဘူး, ရှင်ဘုရင် ပြန်ဖြစ်ချင်တာပဲ၊ မှူးကြီး မတ်ကြီးတွေက မှူးကြီး မတ်ကြီးတွေ ပြန်ဖြစ်ချင်တော့ သူတို့ကလဲ နန်းတော်တမျှ ကျောင်းကြီးတွေ ဆောက်, မြန်မာနိုင်ငံမှာ ဒီလို ဦးကျိုး လာတယ်။

နောက်တော့ ရှင်ဘုရင်က သားတော် ရှင်ပြုတယ်ဆိုတော့ ခမ်းခမ်းနားနား နဲ့ မင်းမြောက်တန်ဆာတွေ ဘာတွေနဲ့, အမတ်ကြီးတွေကလဲ သူတို့သားကျ တော့ ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းမြောက်တန်ဆာတွေ ဘာတွေနဲ့, နောက် အမတ်ကြီး အကြောင်းပြုပြီး သူတို့သား ချူနာပါတေးကို မင်းမြောက်တန်ဆာတွေ ဘာတွေ ဆင်၊ ဒီလိုနဲ့ လာပြီးတော့ ဦးကျိုးကုန်ကြတာ ဘုန်းကြီး သိပါရဲ့။

{ကုသလော ဓမ္မော - ကုသိုလ်တရား ပေါက်စကလေးက၊ အကုသလဿ ဓမ္မဿ-အကုသိုလ်တရား အကြီးကြီး အများကြီးအား၊ ဥပနိဿယပစ္စယေန- ပကတူပနိဿယ ပစ္စယသတ္တိဖြင့်၊ ပစ္စယောသည်၊ ဟောတိ-၏}။

အဲသလို ဖြစ်လို့ ဘဝသံသရာ အကျိုးရလို့ရှိရင် ဟုတ်ပါရဲ့၊ ကုသိုလ်မှ မဟုတ်ဘဲနဲ့, အကုသိုလ်က ဘယ်တော့မှ ကောင်းကျိုးမရပါဘူး၊ အဲဒါကြောင့် ဇောဆိုတာဟာ (ကုသိုလ်ဖြစ်ရင် ဖြစ်, မဖြစ် အကုသိုလ် အကုသိုလ်) ကုသိုလ် အကုသိုလ် နှစ်မျိုးပဲရှိတယ်၊ ဒိပြင် စိတ်တွေဟာ ဘယ်လောက်မှ အရာထင်တဲ့ စိတ်တွေ မဟုတ်ပါဘူး၊ ဒီတော့ မိမိစိတ်ကို မိမိ ကြည့်ပြီးတော့ ကုသိုလ်လား, အကုသိုလ်လား အဲသလို ဆုံးဖြတ်ပြီးတော့ ကုသိုလ်ဖြစ်အောင် ကြိုးစားကြပါ။

ဘုန်းကြီးတို့ ပဋ္ဌာန်းပစ္စည်းက အင်မတန် တိကျပါတယ်၊ ဒီပစ္စည်းကို အကြောင်းပြုပြီး မိမိတို့လည်း တိကျတဲ့ အလုပ်ကို လုပ်နိုင်အောင် ကြိုးစားရ ပါမယ်။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တ နယ, သမန္တပဋ္ဌာန်း,ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

သတ္တမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

သတ္တမမနေ့

၁၃၃၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၃)ရက်၊

၁၉၇၃-ခုနှစ်၊ ဧပြီလ (၁၅)ရက်၊ တနဂနွေနေ့။

၁၃။ ကမ္မပစ္စယော (ကမ္မပစ္စည်း)

၁၄။ ဝိပါကပစ္စယော (ဝိပါကပစ္စည်း)

ကမ္မပစ္စည်း, ဝိပါကပစ္စည်း ဟောရမယ်။

ဒီ ကမ္မပစ္စည်းဆိုရင် အင်မတန် လေးနက်တယ်၊ ဘုန်းကြီးက ယနေ့ လေးနက်တဲ့ အပိုင်းကို တချို့ ချန်ထားပြီးတော့ နားလည်လောက်တဲ့ အပိုင်း ကို ကနေ့ ဟောမယ်၊ နောက်ကိုတော့ လေးနက်တဲ့အပိုင်း ဆက်ဟောမယ်။

ကမ္မပစ္စယောတိကုသလာကုသလံ-

ကုသိုလ်,အကုသိုလ်ဖြစ်သော၊ ကမ္မံ-ကံသည်၊ ဝိပါကာနံ-အကျိုးဖြစ်ကုန်သော၊ ခန္ဓာနဉ္စ-နာမ်ခန္ဓာတို့အားလည်း ကောင်း၊ ကဋတ္တာစရူပါနံ-ကမ္မဇရုပ်တို့အားလည်းကောင်း၊ ကမ္မ ပစ္စယေန-ကမ္မပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ- ဖြစ်၏။

စေတနာ-စေတနာသည်၊ သမ္ပယုတ္တကာနံ-ယှဉ်ဖက်ဖြစ်ကုန်သော၊ ဓမ္မာနံ စ-တရားတို့အားလည်းကောင်း၊ တံသမုဋ္ဌာနာနံ-ထို စေတနာ ကြောင့် ဖြစ်ကုန်သော၊ ရူပါနံ စ-စိတ္တဇရုပ်တို့အားလည်းကောင်း၊ ကမ္မပစ္စယေန-ကမ္မပစ္စယသတ္တိဖြင့်၊ ပစ္စယော-သည်၊ ဟောတိ-၏။

ကမ္မပစ္စည်းက နှစ်မျိုးရှိတယ်၊ စေတနာဟူသမျှကို ကံလို့ ခေါ်လိုက်လို့ ရှိရင် စေတနာနဲ့ သမ္ပယုတ်ဖြစ်တဲ့ စိတ် စေတသိက် အားလုံးရယ်, စိတ္တဇရုပ် ရယ်၊ အဲဒီ တရားတွေ ကျေးဇူးပြုနိုင်ပါတယ်၊ ယနေ့ ဟောမည့်ကံက အများ နားလည်နေတဲ့ ကမ္မပစ္စည်းကို ဟောမယ်၊ ကုသလာကုသလံ-ကုသိုလ်,အကုသိုလ် ဖြစ်သော၊ ကမ္မံ-ကံသည်၊ ကုသိုလ်,အကုသိုလ်ကံဆိုတာက ကုသိုလ် အကုသိုလ် ထဲမှာ ရှိတဲ့ စေတနာကို ပြောနေတာ, စေတနာကို ဟောတော်မူနေတာ။

အဲဒီ ကုသိုလ်,အကုသိုလ်ကို စိတ်ထဲမှာ ယှဉ်တဲ့ စေတသိက်ထဲမှာ စေတနာ ဆိုတဲ့ ကံက အကျိုးဝိပါက်တွေကို ကျေးဇူးပြုတယ်၊ အများ နားလည်နေတဲ့ အကျိုးပေး, အကျိုးပေးဆိုတာ အဲဒီ အကျိုးဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာ တရားတွေ ကိုလဲ ကျေးဇူးပြုတယ်၊ ပြီးတော့ ကံကြောင့်ဖြစ်တဲ့ ယခု နားလည်နေတဲ့ ရုပ်တွေပေါ့၊ သူက တယ် ကံကောင်းတာကိုး၊ ရုပ်, ဘယ်လို နေမှာပေါ့စသည်၊ အဲဒီ ကမ္မဇရုပ်တရားတွေကိုလဲ ကျေးဇူးပြုတယ်၊ အဲဒီ ယခု ကမ္မပစ္စည်းကို ဘုန်းကြီးက ဟောပါ့မယ်။

ကမ္မပစ္စည်းနဲ့ ဆိုင်ပြီးတော့ သိရမှာက ဝိပါက-အကျိုး, ကံက အကြောင်း၊ ဝိပါက-အကျိုး၊ အဲဒီ ပစ္စည်းပါ ဆက်ရပါ့မယ်။

ဝိပါကပစ္စယောတိဝိပါကာ-ဝိပါက်ဖြစ်ကုန်သော၊ စတ္တာရော-လေးပါးကုန်သော၊ အရူပိနော-နာမ်ဖြစ်ကုန်သော၊ ခန္ဓာ-ခန္ဓာတို့သည်၊ (ဝိပါက်ဆိုတာ ခုနက ကံကြောင့်ဖြစ်တဲ့အကျိုး၊ အကျိုးတရားလဲပဲ သူတို့ နာမ်ခန္ဓာ အချင်းချင်း) အညမညံ-အချင်းချင်း၊ ဝိပါကပစ္စယေန-ဝိပါကပစ္စယ သတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

နာနာက္ခဏိကကံ။ ။ဒီနှစ်ပစ္စည်းကို ဘုန်းကြီးက ဆက်ပြီးတော့ ဟောရပါ့မယ်၊ ဒီတော့ကာ နှစ်မျိုးထဲက ဒီ အများနားလည်နေတဲ့ ကံကို နာနာက္ခဏိကကံလို့ ခေါ်ပါတယ်၊ အများနားမလည်တဲ့ ကံက သဟဇာတကံလို့ ခေါ်ပါတယ်၊ နာနာက္ခဏိကကံဆိုတာ ခု ကုသိုလ်ပြု, နောက်မှ အကျိုးပေး, ဒီလိုကိုး၊ ကုသိုလ် ပြုပြုချင်း အကျိုးမပေးဘူး၊ နောက်မှ အကျိုးပေးတယ်၊ ဒါ အများ နားလည်နေတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံဆိုတာ သူပါပဲ၊ ချက်ချင်း အကျိုး မပေးဘူး၊ နောက်ကျမှ အကျိုးပေးတယ်၊ ဘယ်လောက် နောက်တုန်း ဆိုတာကတော့ ဟောရင်း နားလည်သွားလိမ့်မယ်။

မျိုးစေ့အလား ကမ္မတရား။ ။ ဒီ ကမ္မပစ္စည်းကို ရှေးဆရာတော်များက အဋ္ဌကထာ ဆရာတော်ကြီးများက ဥပမာ ဘယ်လို ပေးထားကြတုန်းဆိုတော့ သစ်ပင်မှာ မျိုးစေ့ရှိတယ်၊ မျိုးစေ့ဆိုတာ သစ်ပင်မဟုတ်ဘူး၊ အညွန့်မျိုးလဲ ပါတယ်,အခက်မျိုးလဲ ပါတယ်,ပင်စည်မျိုးလဲ ပါတယ်, အမြစ်မျိုးလဲ ပါတယ်, အစေ့မျိုးလဲ ပါတယ်၊ မျိုးအားလုံးကို နားလည်ထားပါနော်, မျိုးစေ့တစ်ခုတည်းကို နားလည်မထားပါနဲ့နော်၊ အဲဒီ မျိုးတွေကို သစ်ပင်ပေါက်ဖို့ရန် ဘယ်သူက ကျေးဇူးပြုတုန်းလို့ဆိုတော့ ရေတို့ မြေတို့, ဘေးက ကျေးဇူးပြုတာ၊ ဒီ သစ်ပင်ပေါက်ဖို့ကတော့ မျိုးပဲ ၊ သစ်ပင် ဘာကြောင့်ဖြစ်တုန်းဆိုရင် မျိုးကြောင့်ဖြစ်တယ်၊ အမြစ်မျိုးလား, ပင်စည်မျိုးလား, အခက်အညွန့်မျိုးလား, အစေ့မျိုးလား, ဒီလိုတော့ မပြောနိုင်ဘူး၊ မျိုးတော့ မျိုးတစ်မျိုးပဲ။

သစ်ပင်ကြီး ဘာဖြစ်လို့ ပေါက်တုန်းဆိုရင် မျိုးရှိလို့ ပေါက်တယ်၊ မျိုးမရှိလို့ ရှိရင် သစ်ပင်မပေါက်ပါဘူး၊ အဲဒီလို ကုသိုလ်,အကုသိုလ် ပြုနေကြတော့ ကုသိုလ်,အကုသိုလ်ဆိုတဲ့ အထဲမှာ စေတနာဆိုတာဟာ အင်မတန် ဗျာပါရ ကြီးတယ်၊ ခု ဘုန်းကြီး ပြောနေတဲ့ နေရာမှာပဲ ကြည့်စမ်း, တစ်ခါ တစ်ခါ ဘုန်းကြီး ဗျာပါရ တော်တော်ကြီးကြီးနဲ့ ပြောနေတယ်၊ ဘာဖြစ်လို့တုန်း, နားလည် စေချင်လွန်းလို့၊ အသံ ဒီအသံပဲ၊ ဒါပေမယ့် ဗျာပါရ တော်တော်ကြီးတယ်, နားလည်စေချင်လို့၊ ဒါ စေတနာပေါ့, စေတနာပေါ့၊ ဘုန်းကြီး ပြောနေတဲ့ အသံထဲမှာပဲ စေတနာ အရင်းခံ ပါနေပါတယ်၊ အဲဒီလိုပေါ့, ဘယ်ကုသိုလ်မျိုး မဆို ကနေ့ ဆွမ်းကပ်ကြ, ဆွမ်းမကပ်တဲ့ သူများရဲ့ စိတ်နဲ့မတူဘူး၊ ဆွမ်းကပ်တဲ့ ဆွမ်းအမများမှာ စေတနာ ဗျာပါရကလေး ရှိတယ်, ဆွမ်းလောင်းနေတယ်, စောစောက ဆွမ်းတို့ ဘာတို့ ကြည့်ရှုနေတယ်၊ ဒိပြင်လူနဲ့ မတူဘူး၊ သူ့မှာ စေတနာ ဗျာပါရကလေး ပိုလာတယ်။

ဒါ နားလည်ဖို့ နားလည်ဖို့, ကိုယ်ရေးကိုယ်တာ နားလည်ဖို့၊ ကျောင်း ဆောက်တဲ့ သူကလဲ ကျောင်းဆောက်တော့လေ, ကျောင်းကြီး ကောင်းစေချင် လိုက်တာ, ကျောင်းကြီး သာသာယာယာ ဖြစ်စေချင်လိုက်တာ, တစ်ခါ ကျောင်းကြီး မြန်မြန်ပြီးစေချင်လိုက်တာ၊ စေတနာတွေ ဒိပြင်လူတွေနဲ့ မတူဘူး၊ မတူလိုက်တာ၊ အဲသလိုပေါ့လေ၊ စေတနာဆိုတာဟာ ကြောင့်ကြ ဗျာပါရ တော်တော်များတယ်, သူ့ကို ကံလို့ခေါ်တယ်၊ ကုသိုလ်စိတ် စေတသိက်တွေ အများကြီးဖြစ်တဲ့ အထဲက စေတနာကို ကံလို့ ခေါ်တယ်၊ ဘာဖြစ်လို့တုန်း, ဗျာပါရ များတယ်, နှစ်ဆလောက်မက များတယ်, ဒိပြင် စိတ်တွေထက်, ဒိပြင် စေတသိက်တွေထက်၊ အဲဒါကြောင့် အင်မတန် ဗျာပါရများလို့မို့ စေတနာကို ကံလို့, ဒီလို ကောက်ချက်ချလိုက်ရတယ်။

ကမ္မပစ္စယော-သစ်ပင်တို့အား, မျိုးစေ့လားသို့, အားပါးထုတ်ထ, ဗျာပါရဖြင့်, ကြောင့်ကြကြီးစွာ, စေတနာဟူသော သဟဇာတကမ္မ, နာနာက္ခဏိကကမ္မနှစ်ပါး, ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါပေသည်တကား၊ ဣတိ- ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

ဝိပါက်သဘော အကဲခတ်ကြည့်။ ။ ကံပြောလိုက်လို့ရှိရင် ကံရဲ့ အကျိုးဆိုတဲ့ ဝိပါက်က လာမှာပေါ့, ပြောရမှာပေါ့၊ ဝိပါက်ဆိုတဲ့ တရားက တယ် ငြိမ်သက်တယ်၊ အကုသိုလ်ကြောင့် ဖြစ်တဲ့ မကောင်းကျိုး ဝိပါက်ကလဲ ငြိမ်သက်တယ်၊ ကုသိုလ်ကြောင့်ဖြစ်တဲ့ ကောင်းကျိုး ဝိပါက်ကလဲ တယ် ငြိမ်သက်တယ်၊ မဂ်ကြောင့်ဖြစ်တဲ့ ဖိုလ်ဆိုတဲ့ ဝိပါက်ကလဲ ငြိမ်သက်တာပဲ၊ ဒီတော့ နားလည်ကောင်း နားလည်လိမ့်မယ်၊ အိပ်ပျော်နေတဲ့ စိတ်ကလေးကို ကြည့်စမ်း, အိပ်ပျော်နေတာများ စိတ်က မဖြစ်ဘူးလို့ မထင်နဲ့၊ စိတ် ဖြစ်နေတယ်၊ အဲဒီ စိတ်ဟာ ဘာ စိတ်တုန်းလို့ဆိုရင် ဝိပါက်စိတ်၊ ဘာ ဝိပါက်တုန်းလို့ ဆိုတော့ ပဋိသန္ဓေနေတုန်းက ပဋိသန္ဓေဝိပါက်စိတ်နဲ့ ထပ်တူ တူတဲ့ စိတ်၊ ပဋိသန္ဓေနေ,နေတုန်းက ဉာဏ်ပါပြီးတော့ ဘုရားအလောင်းများရဲ့ ပဋိသန္ဓေတို့လို အလောဘဟိတ်, အဒေါသဟိတ်, အမောဟဟိတ်တို့နဲ့ ဖြစ်ပြီး တော့ အထက်တန်း ပဋိသန္ဓေဝိပါက်စိတ် ဖြစ်လို့ရှိရင် အိပ်ပျော်နေတဲ့အခါ ဒီ ဝိပါက်စိတ်ပဲ ဖြစ်တယ်။

ဒီ ကလေးလေး, ဒီ ကလေးမလေး ပဋိသန္ဓေနေတုန်းက စိတ်ထက်ထက် သန်သန်နဲ့ နေလို့ရှိရင် အိပ်ပျော်နေတဲ့ အခါမှာလဲ ဒီ ဝိပါက်စိတ်ပဲ၊ ဒီ ကလေးလေး, ဒီ ကလေးမလေး ပဋိသန္ဓေနေတုန်းက စိတ် ထက်ထက်သန်သန်နဲ့ နေလိုက်လို့ ရှိရင် အိပ်ပျော်နေတဲ့စိတ်ဟာ ဒီ စိတ်ပဲ, ဒီ ဝိပါက်စိတ် မငြိမ်ဘူးလား, သိပ် ငြိမ်တာပဲ၊ ပဋိသန္ဓေနေတုန်းက သောမနဿနဲ့ နေလို့ရှိရင် အိပ်ပျော်နေတဲ့အခါ သောမနဿနဲ့, မျက်နှာကိုတောင် ဘုန်းကြီးတို့က အကဲခတ်တယ်၊ တချို့က ဥပေက္ခာနဲ့ ပဋိသန္ဓေနေလာတော့ အိပ်ပျော်နေတုန်းလဲပဲ မျက်နှာမရွှင်လှပါဘူး၊ မှန်မှန်တည်တည်ပါပဲ၊ ဒီတော့ ဘုန်းကြီးက လူတစ်ယောက်ရဲ့ အကဲကို နည်း အမျိုးမျိုးနဲ့ ခတ်လို့ရတယ်။

ဒီ တရားတော်နဲ့ ကိုယ့်အိမ်က ကလေးတွေကိုလဲ ကိုယ်အကဲ ခတ်ကြည့်ကြ၊ ကလေးကလေး ပဋိသန္ဓေနေတုန်းက သောမနဿနဲ့ ပဋိသန္ဓေနေလာတယ်၊ အမောဟနဲ့ ဉာဏ်နဲ့ယှဉ်ပြီး ပဋိသန္ဓေနေလာတယ်ဆိုရင် ဒီကလေးဟာ သိတတ် လိုက်တာ, သိတတ်လိုက်တာ၊ မျက်နှာကလဲ ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျ ရှိလိုက်တာ၊ တချို့ကလေးတွေကျတော့ မျက်နှာကလဲ ထူး မရွှင်ပါဘူး၊ မှန်မှန် ပါပဲ ၊ ဆိုပါတော့, ဉာဏ်ကလဲ သိပ်ပြီးတော့ မထက်ပါဘူး၊ အဲသလို ပုဂ္ဂိုလ်တော့ ပဋိသန္ဓေနေတုန်းက ဘယ်လိုဆိုတာ မှန်းလို့ရတယ်၊ ဒီတော့ အိပ်ပျော်နေတဲ့အခါ စိတ်မျိုး, ပဋိသန္ဓေနေတဲ့အခါ စိတ်မျိုး, သွားရင်း လာရင်း ဘာမှ ဂရုမစိုက်ဘဲနဲ့ အမှတ်တမဲ့ ဖြစ်တဲ့စိတ်တွေ တော်တော်များများ အဲဒီ စိတ်တွေဟာ ဒီဝိပါက် စိတ်ပဲ၊ ဟို ရှေးကံကြောင့် အကျိုးပေးနေတဲ့ ဝိပါက်စိတ်တွေပဲ ။

ကြည့်စမ်း, အိပ်ပျော်နေတာ သိပ် သိသာတာပဲ , ငြိမ်လို့၊ အိပ်မက်တောင် မမက်ဘူးဆိုရင် ဒီ ဝိပါက်စိတ်ပဲ, ငြိမ်လို့၊ ဝိပါက်စိတ်ရဲ့ သတ္တိဟာ ဘယ်လို သဘောရှိတုန်းလို့ဆိုတော့ ငြိမ်သက်တဲ့ သစ်ပင်အောက်တို့ ဘာတို့ အောက်မှာ နားနေတဲ့သူဟာ ဘေးက လေပြေကလေး သွင်းလိုက်တော့ အေးလို့၊ အဲသလို ပဲတဲ့၊ ဝိပါက်စိတ်တွေဆိုတာ ဘာမှ မလှုပ်ရှားဘူး, ဗျာပါရ ဘာမှ မရှိဘူး, အေးလို့၊ စိတ်က ကျုပ်အေးသလိုနော် အသင်တို့ စေတသိက်များလဲ အေးကြ၊ စေတသိက်တွေကလဲ {ဟုတ်ကဲ့} ကျုပ်တို့ အေးသလို ခင်ဗျားစိတ်ကလဲ အေးလို့၊ ဒီလို အအေးဓာတ်ချည်းဖြစ်နေတာ၊ အအေးဓာတ်ဆိုတာ ငြိမ်သက်တာကို ပြောတာနော်။

ဟို တကယ့်နိဗ္ဗာန် အေးချမ်းတာမျိုး မဟုတ်သေးဘူး၊ အကုသလဝိပါက် ကလဲ ဒီလိုပဲ၊ ဆိုပါတော့, တိရ စ္ဆာန်ကလေး အိပ်နေတယ်, ကြောင်ကလေး သူလဲ ငြိမ်လို့၊ အိပ်ပျော်နေတယ်, အကုသလဝိပါက်၊ သူတို့ ဝိပါက်ဟာ အကုသလဝပါက်ပေမယ့် အဲသလို အိပ်နေရင် ငြိမ်လို့, ဝိပါကပစ္စည်းတွေ ဝိပါကပစ္စည်းတွေ။

ဝိပါကပစ္စယော-ချမ်းရိပ်နားနေ, သွင်းလေပြေသို့, တစ်သွေဖြစ်ဟန်, နာမက္ခန်ကို, ပူပန်ဝေးလျက်, ငြိမ်သက်စေနိုင်သော ဝိပါက် ပစ္စည်း တရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါပေသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေ တော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော် မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

ပထမဇော သတ္တိရှိပုံ။ ။ အဲဒီ ကံနှင့် ကံ အကျိုးပေးပုံကို ကောင်းကောင်း နားမလည်ကြလို့ လူတွေမှာ ပရမ်းပတာ ကုသိုလ်တွေ အကုသိုလ်တွေ ဖြစ်နေကြတာပါ၊ အင်မတန် နားလည်ဖို့ ကောင်းပါတယ်, အင်မတန် နားလည်ဖို့ ကောင်းပါတယ်၊ ဒီတော့ ဘုန်းကြီးက နားလည်အောင် ကြိုးစားပြီးတော့ ပြောမယ်လေ၊ ဒါပေမယ့် သိပ်ပြီးတော့ နားစိုက်ကြမှ နားလည်မှာ။

မနေ့က ပြောတယ် မဟုတ်လား၊ ကံက-ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဒီကံ အကျိုးပေးပါမည့်အကြောင်း ဗုဒ္ဓမြတ်စွာ ကဿပမြတ်စွာဘုရားဟာ သမာပတ် ဝင်စားတော်မူရပါသေးတယ်၊ သမာပတ် ဝင်စားတာဟာ တချို့ သမာပတ်က ငြိမ်လို့, နိရောဓသမာပတ် ခေါ်ပါတယ်၊ ငြိမ်ပြီးတော့ နဂိုကလဲ ဘုရား စိတ်တော်ဟာ သန့်ရှင်းတယ်, သန့်ရှင်းတော်မူတဲ့အပြင်ကို ထပ်ပြီးတော့ သိပ် ငြိမ်ပြီးတော့ နေအောင် သမာပတ် ဝင်စားပြီးတော့မှ ဒီအလှူကိုခံတော့ ဒီ အလှူက သိပ်ပြီးတော့ အကျိုးပေးသွားတယ်၊ ဒါကို ပြောင်းပြန် ပြန်လိုက်စမ်း၊ လှုပ်လှုပ်ရွရွနဲ့, စိတ်တွေ တောင်ရောက်မြောက်ရောက်နဲ့, မကြည်မလင် မသန့်မရှင်းနဲ့၊ အဲဒီလို ပုဂ္ဂိုလ်ကို လှူနေရင် အကျိုးက အင်မတန်မှ ခက်ခဲပါ တယ်, ခက်ခဲပါတယ်၊ နားလည်စေချင်လိုက်တာ။

အဲဒီ ဒိဋ္ဌဓမ္မ အကျိုးပေးပါမည့်အကြောင်း, အရှင်သာရိပုတ္တရာတို့, အရှင် မဟာကဿပတို့လဲ ဒီလိုပါပဲ , နိရောဓသမာပတ် ဝင်စားရပါသေးတယ်၊ ကနေ့ ဘယ်သူ့ကို ချီးမြှောက်ရမယ်လို့ဆိုရင် အရှင်မဟာကဿပကလေ သမာပတ် ဝင်စားတော်မူပါတယ်၊ သမာပတ်က ထပြီးတော့မှ ဆွမ်းခံတို့ ဘာတို့ ကြွလို့၊ အဲသလို မကြာမကြာပေါ့လေ၊ ဒိဋ္ဌဓမ္မအကျိုးကလေး ပေးဖို့ရန်ဟာ အလှူခံ ပုဂ္ဂိုလ်များဘက်က အင်မတန် သန့်ရှင်းအောင် ကြိုးစားတော်မူရပါတယ်၊ နဂို သန့်ရှင်းပြီးသား ရဟန္တာပုဂ္ဂိုလ်ကြီးတွေ ဘာ အပြစ်မှ မရှိဘူး၊ အဲဒါကိုပဲ ပိုပြီးတော့ အကျိုးများအောင်လို့ သမာပတ် ဝင်စားတော်မူရပါသေးတယ်။

ဒီတော့ ဘုန်းကြီးတို့ကတော့ ဒါတွေ မြင်လို့မို့လေ၊ တွေ့ကရာ ပုဂ္ဂိုလ်တွေကို မပေးနိုင်ဘူး၊ ဟင်း-တွေ့ကရာကို ပေးတယ်ဆိုရင်လဲ အကျိုး မလိုလားပါဘူး၊ ချီးမြှောက်တဲ့ သဘောမျိုးနဲ့သာ ပေးပါတယ်၊ ကိစ္စမရှိဘူး, ပေးတယ်၊ ဒီလို မဟုတ် ဘဲနဲ့ အကျိုးလိုလားလို့ ရှိရင်တော့ {သံဃဿ ဒေမ=သံဃာကို လှူရပါတယ်}၊ ဒါ ထားခဲ့ပါ၊ ဇော(၇)ချက်ထဲက ဒိဋ္ဌဓမ္မဝေဒနီယကံဆိုတဲ့ အင်မတန် သတ္တိ ညံ့တဲ့ ပထမဇောက အကျိုးပေးရပါတယ်လို့ မနေ့တုန်းက ပြောခဲ့ပြီနော်, ပြောခဲ့တယ်နော်၊ ဘာပြုလို့ ပထမဇောကို သတ္တိညံ့သလဲလို့ဆိုတော့ ဟို နံ့သာနဲ့ ထုံထားတဲ့ အဝတ်ဟာ ပထမနေ့ ထုံ, ဒုတိယနေ့ ထုံ, ဟော ဒုတိယနေ့ကျတော့ ပထမနေ့ထက် မွှေး, တတိယနေ့ ထုံ, ဒုတိယနေ့ထက် ပိုမွှေး၊ အဲသလိုအားဖြင့် ၇ ကြိမ်သာ များသောအားဖြင့် ဖြစ်ရိုးရှိတဲ့ ဇောထဲမှာ သတ္တမဇောကျတော့ အရှိန်အဝါ သတ္တိ အကောင်းဆုံးပါပဲ။

ပထမဇောက အားအသေးဆုံးပါပဲ ၊ ဥပမာတစ်ခု ပြောဦးမယ်၊ လူ တစ်ယောက်က သူဌေးသားဆိုပါတော့, ပစ္စည်း ဘယ်နှစ်သိန်း အမွေရ, နောက်လူကလဲ နောက်သားကလဲ သတ္တိဗျတ္တိနဲ့၊ သူကလဲ သိပ်ကြိုးစားတယ်၊ အဖေထက် သားက ပေါများလာပြီ၊ ဘာပြုလို့တုန်း, အဖေအရင်းအနှီး အခြေခံက ရလို့လေ၊ သားကျတော့ ပေါများလာပြီ၊ နောက်သားကလဲ သိပ် သတ္တိကောင်း, ဒီ အချိုးအတိုင်း မလျော့ဘူး, သူက ကြိုးစားတယ်၊ ဟို နံပါတ်တစ် အဖေထက် နံပါတ် နှစ်, နံပါတ်နှစ် သားထက် နံပါတ်သုံး ပို ပေါများသွားပြီ၊ ပထမအရှိန်က ရတယ်ကိုး, ဒုတိယအရှိန်ကလဲ ရတယ်ကိုး၊ တစ်ခါ နံပါတ်လေးသားပဲ ဆိုကြပါစို့, ပို ပေါများပြန်တယ်၊ ပထမ ဒုတိယ တတိယ အရှိန်တွေက ရတယ်ကိုး၊ နံပါတ်ငါး သွားပါ, နံပါတ်ခြောက်, နံပါတ်ခုနစ် အပေါများဆုံး သူအပေါများဆုံးပဲ ။

ဘာပြုလို့တုန်း, ရှေးက အမွေတွေက သူ့မှာ အရှိန်ရလာတယ်ကိုး၊ အဲသလိုပဲ , အဲသလိုပဲ ၊ ဒါကြောင့် နောက်က သတ္တိထက်တယ်ဆိုတဲ့ဟာကို သဘောမပေါက်လို့ ပြောနေရတာ, အမှန်ကတော့ ပထမဇောက သတ္တိထက်ဖို့ ကောင်းတာပေါ့၊ မဟုတ်ဘူး, မဟုတ်ဘူး၊ သတ္တမဇောကျမှ သတ္တိကောင်းတာ၊ ပထမဇောက သတ္တိအညံ့ဆုံးပါပဲ ၊ နားလည်အောင် ပြောနေရတယ်။

ကောင်းပြီ, အဲဒီ သတ္တမဇောက သတ္တိအကောင်းဆုံးလို့ဆိုတော့ ဘယ်တော့ အကျိုးပေးတုန်း, ဟော ဒုတိယဘဝ အကျိုးပေးတယ်၊ သူ့နယ်ပဲ သူ့နယ်ပဲ။

ပထမဇောအကျိုးပေး, မပေး။ ။ ပထမဇောက သတ္တိညံ့လို့မို့ ဒီဘဝ အကျိုး ပေးခွင့်ရှိရင် ပေးတယ်၊ ပထမဇောကတော့ မျက်မှောက်ဘဝမှာပဲ အကျိုးပေးတယ်၊ ဒါက သူ့နယ်ပဲ၊ ပေးခွင့် မရှိလို့ရှိရင် ပြီးရော,{အဟောသိကံ} အကျိုး မပေးတော့ဘူး, ပထမဇောတာဝန် မရှိတော့ ဘူး၊ {အဟောသိကံ} အဟောသိကံဆိုတာ ဖြစ်ရုံမျှသာဖြစ်တာ အကျိုးမပေး တော့ဘူး၊ ပထမဇောကလဲ {မဟာဒုဂ်}တို့လို {ကာကဝလ္လိယ}တို့လို, ဒီလို ချက်ချင်း သူဌေးဖြစ်ဖို့ဆိုတဲ့ အကျိုးပေးဖို့ကတော့ ဘုရား ရဟန္တာတို့လို ပုဂ္ဂိုလ် မျိုး, သမာပတ်မှ ထပြီးသား အလွန်စင်ကြယ်တဲ့ ပုဂ္ဂိုလ်မျိုး, မိမိပစ္စည်းကလဲ အင်မတန် စင်ကြယ်, ဒီလိုမှ အကျိုးပေးတာပါ၊ သူဌေးဖြစ်လောက်အောင် အကျိုးပေးတယ်၊ ဒီလိုက အင်မတန် နည်းတယ်။

ဒါပေမယ့် ပထမဇောက လုံးလုံး အကျိုးမပေးဘူးလားလို့ဆိုတော့ ပေးပါ တယ်၊ ကုသိုလ်ပြုနေတဲ့ လူတွေကို ပထမဇော အကျိုးပေးနေပါတယ်၊ ဘုန်းကြီးတို့က နားလည်နေပါတယ်၊ ဘုန်းကြီးတို့ ကျမ်းစာတို့ ဘာတို့ ရေးမယ် ဆိုလို့ရှိရင် ဘုရား,တရား,သံဃာကို အင်မတန် ဦးတည်ရတယ်၊ ဘာ ပြုလို့တုန်း, အဲဒီ စေတနာက ဘေးရန် အန္တရာယ်များ ကာကွယ်ပေးနိုင်သမျှ ကာကွယ်ပေးတယ်။

ဒါ ပထမဇော အကျိုးပေးနေတာ၊ သူ့ချည်း မတတ်နိုင်လို့ရှိရင် ရှေးက ကံနဲ့ ပေါင်းပြီးတော့ အကျိုးပေးတယ်တဲ့၊ ဥပမာ ရေမြောင်းလေး တစ်ခုမှာ မိုးရွာချ တယ်၊ ဟို အထက်က စီးလာတဲ့ ရေကလေးလဲ ရှိ၊ မိုးရွာချလိုက်တော့ ရေအား တော်တော်ကောင်းသွားတယ်၊ ဘာပြုလို့တုန်း, အထက်က စီးလာတဲ့ ရေဟာ သူ့ချည်းဆိုရင် တွန့်တွန့်တွန့်တွန့်နဲ့ မိုးရေနဲ့ ပေါင်းလိုက်တော့မှ တစ်ခါတည်း ဒလဟော စီးပြီးတော့ သွားတာပဲ။

ရှေးကံကလဲ ပါတယ်, ယခုကံကလဲ မိုးရွာချလိုက်သလို ချလိုက်တယ် ဆိုရင် အကျိုးပေးလို့၊ ဒီ ဘဝဟာ ပထမဇော အကျိုးပေးနေတာ၊ ယီတီးယားတား သာမန် ပထမဇောတွေကတော့ အကျိုးမပေးဘူး၊ အဟောသိကံပဲဖြစ်နေတာ၊ အကျိုးမပေးဘူး, နားလည်ပါစေ။

သတ္တမဇော အကျိုးပေးပုံ။ ။ အထက်မြက်ဆုံးဖြစ်တဲ့ သတ္တမဇောက အကျိုး ပေးတော့ ဒုတိယဘဝမှာ ဘာ အကျိုးပေးတုန်း၊ လူဖြစ်နိုင်တယ်, လူချမ်းသာ ရနိုင်တယ်၊ နတ် ဖြစ်နိုင်တယ်, နတ်ချမ်းသာ ရနိုင်တယ်၊ ပထမဇောက အကျိုးပေးတော့ ယခု ဘဝမှာသာ သူဌေးသာ ဖြစ်နိုင်တယ်၊ တစ်ဘဝ မထူထောင်နိုင်ဘူး၊ သတ္တမဇောကျတော့ တစ်ဘဝ ထူထောင်လိုက်တာ, ဘယ် သူဌေးကမလဲ၊ အသက်ရှိတဲ့ သတ္တဝါတစ်ယောက် ဖြစ်အောင်ကို ထူထောင်လိုက်တာ၊ ပထမဇောက အဲသလို မထူထောင်နိုင်ဘူး၊ ဖြစ်ပြီးသား ဘဝလေး ချမ်းသာရုံကလေးမျှလောက် သူက အကျိုးပေးနိုင်တာ၊ နောက်ဘဝ ဖြစ်အောင် ပဋိသန္ဓေအကျိုး မပေးနိုင်ဘူး၊ သတ္တမဇောကျတော့ ရှိပြီးသား ဘဝ မဟုတ်ဘူး, ဘဝအသစ်ကို ပေးနိုင်တယ်၊ စည်းစိမ် အသစ်ကို ပေးနိုင်တယ်၊ ဒါက ကုသိုလ်လမ်း ပြောနေတာနော်။

အကုသိုလ်လမ်းကလဲ ဒီလိုပဲ, ပထမဇောက တစ်ခါတလေများ ရဟန္တာကြီး တို့ ဘာတို့ကို ပြစ်မှားလိုက်ပြီဆိုမှဖြင့် ချက်ချင်း အကျိုးပေးတာပဲ၊ ဒါ ပထမဇော က အကျိုးပေးတာ၊ အရှင်သာရိပုတ္တရာ ဆံတော်ချပြီးတော့ ခေါင်းပြောင်ပြောင်နဲ့ နေတုန်းမှာ ဘီလူး(နန္ဒဘီလူး)က ခေါင်းခေါက်တယ်၊ ချက်ချင်း သေတယ်, ချက်ချင်း သေတယ်, သေပြီးတော့ အဝီစိကျရတယ်၊ ချက်ချင်း သေတာက ပထမဇော အကျိုးပေးတယ်, အဝီစိ ကျတာက သတ္တမဇော အကျိုးပေးတာ။၁။ ဥဒါနပါဠိတော်, ယက္ခပဟာရသုတ်၊ နှာ-၁၂၃-၅။ ဥပရိပဏ္ဏာသအဋ္ဌကထာ၊ နှာ-၅-၆။

အဲသလို အဲသလို ဒါကြောင့် ကုသိုလ် နေရာမှာရော, အကုသိုလ်နေရာမှာ ရော သတ္တမဇောက ဘဝသစ်တစ်ခု ထူထောင်ပေးလို့ သတ္တိပိုရှိတယ်၊ အရှိဆုံး ပါပဲ ၊ အကယ်၍များ ဒုတိယဘဝမှာ အခွင့် မရဘူးတဲ့, ဒုတိယဘဝမှာ အကျိုး မပေးရင် အဟောသိကံ အဟောသိကံတွေ, ပြောပါတော့လေ, မြန်မာလိုတော့ နှမြောစရာကံတွေ အများကြီးရှိတယ်။

ကံတွေ အများကြီး ပြုထားတဲ့ ပုဂ္ဂိုလ်ရဲ့ ကံအားလုံး တစ်ပြိုင်တည်း ဒုတိယဘဝမှာ အကျိုးမပေးဘူး၊ တစ်ကံကပဲ ပဋိသန္ဓေအကျိုးပေးတာ, ကျန်တဲ့ ကံတွေ သတ္တမဇောတွေက {အဟောသိကံ} အကျိုးမပေးတော့ဘူး။

အလယ်ဇော ၅-ချက် အကျိုးပေးပုံ။ ။ ကောင်းပြီ, အလယ်ဇော ၅-ချက် ကျန်သေးတယ်နော်၊ အဲဒီ အလယ် ဇော ၅-ချက်ကတော့ အေးအေးပါပဲ၊ အကုသိုလ်ကံကလဲ နိဗ္ဗာန်မရမခြင်းပေါ့, အခွင့်သာတဲ့အခါ အကျိုးပေးမယ်, ကုသိုလ်ကံကလဲ နိဗ္ဗာန်မရခြင်း အခွင့်သာတဲ့ ဘဝမှာ အကျိုးပေးမယ်၊ ဘယ်ဘဝမှာ အကျိုးပေးမယ်လို့တော့ သတ်မှတ်ချက် မရှိဘူး, အခွင့်သာတဲ့ ဘဝမှာ အကျိုးပေးမယ်။

ဒီတော့ မှန်းလိုက်ကြ, ဘုန်းကြီးတို့ တစ်တွေမှာ ရှေးက ပြုထားတဲ့ ကုသိုလ်ကံတွေ ဒီဘဝမှာ အကျိုးပေးမယ်ဆိုရင်တော့ ပဋိသန္ဓေနေတုန်းက ပေးပြီးပြီ၊ ယခု နောက်ထပ် အကျိုးပေးမယ်ဆိုလို့ရှိရင် ဟို ရှေးကံတွေကလဲ ပါတယ်၊ ဟို ရှေးက အလယ်ဇော ၅-ချက်ဆိုတဲ့ ကံတွေ ပါတယ်၊ ဒါပေမယ့် သူတို့ချည်း ကုသိုလ်က အကျိုးမပေးချင်ဘူး, ပေါင်းပေါင်းပြီးတော့ ပေးကြတယ်၊ ကောင်းတဲ့သူတွေ ကောင်းကျိုးတွေ များများရတယ်ဆိုတာ ဒီအဓိပ္ပာယ် ရှိတယ်၊ မကောင်းလုပ်တဲ့ သူတွေကျတော့ ကောင်းကျိုးတွေက တို့နဲ့ တို့နံ့နဲ့, အကျိုး မပေးရဲဘူး ဆိုသလိုပဲ သတ္တိနည်းသွားတယ်။

ကောင်းကောင်းနေရင် ကောင်းကောင်းအကျိုးပေး များစရာ ရှိတယ်၊ အလယ်ဇော ၅-ချက်နဲ့ ပါလာပြီ၊ ဘုန်းကြီးတို့ ဘဝများစွာက ပြုလာတဲ့ အလယ်ဇော ၅-ချက်ကတော့ မနည်းဘူး၊ ဟို တစ်ဘဝ တစ်ဘဝ လက်ဖျစ် တစ်ချက်တီးမှာ ကုဋေတစ်သိန်းမက ဆိုတာတွေဆိုတော့ အလယ်ဇော ၅ ချက် တွေ ဘဝများစွာက ပါလာတာပေါ့။

ယခု သံဃာတော်များရော, လူဝတ်ကြောင်များရော အလယ်ဇော ၅ ချက် တွေကတော့ ပြည့်လို့ ပြည့်လို့ ပါလာလိုက်တာ၊ ဒါပေမယ့် ဘယ်လိုမှ အကျိုး ပေးတယ်ဆိုတာ နောက်ထပ် ပြောမယ်နော်၊ အလယ်ဇော ၅-ချက်က ဘယ်လို အကျိုးပေးစရာ ရှိတုန်းလို့ဆိုရင် ဒုတိယဘဝ ပြီးတဲ့နောက် တတိယဘဝကစပြီး တော့ နိဗ္ဗာန် မရမခြင်း သူ့နယ်ပယ်ပဲ, အခွင့်သင့်ရင် အကျိုးပေးမယ်, အခွင့် မသင့်ရင် အကျိုးမပေးဘူး၊ ပဋိသန္ဓေအကျိုးလဲ ပေးမယ်, ပဋိသန္ဓေ နေပြီးမှ ပဝတ္တိဆိုတဲ့ အကျိုးလဲ ပေးမယ်, အခွင့်မရရင် မပေးဘူး။

ဟို ဘုရား ရဟန္တာတွေ ပရိနိဗ္ဗာန် စံသွားကြတယ်၊ ဒီလိုပေါ့, အကျိုးမပေးတဲ့ ကံတွေ ပြည့်လို့၊ ကျန်နေရစ်တာ ပျောက်သွားတာ, {အဟောသိကံ}ပေါ့၊ ဒီတော့ကာ သုံးမျိုးနားလည်ပြီနော်၊ ယခုဘဝ ဒိဋ္ဌဓမ္မအကျိုးကို ပထမဇောက ပေးတယ်၊ ဒုတိယဘဝမှာ အကျိုးပေးတဲ့ ကံကို {ဥပပဇ္ဇဝေဒနီယကံ}လို့ခေါ်တယ်၊ ဒုတိယဘဝမှာ သတ္တမဇောက အကျိုးပေးတယ်၊ နိဗ္ဗာန်မရမခြင်း အခွင့်သာရင် ပေးမယ်ဆိုတဲ့ အလယ်ဇော ၅-ချက်, သတ္တဝါတိုင်းမှာ ရှိတယ်၊ နားလည်ထားပါ နော် နားလည်ထားပါ၊ ကုသိုလ်ဖက်ကလဲ ရှိတယ်, အကုသိုလ်ဖက်ကလဲ ရှိ တယ်၊ အဲဒီ အလယ်ဇော ၅-ချက်ကိုတော့ {အပရာပရိယဝေဒနီယကံ}လို့ ခေါ်တယ်၊ ပထမဘဝ, ဒုတိယဘဝမှတစ်ပါး တတိယဘဝကစပြီး နိဗ္ဗာန် မရောက်မခြင်း အခွင့်သင့်ရင် အကျိုးပေးလို့။

ဂရုကကံ။ ။ တစ်ခါ ဂရုကကံ အင်မတန် ကြီးလေတဲ့ကံ, အားကြီးတဲ့ကံ၊ ကုသိုလ်ဖက်က ဆိုလို့ရှိရင် ဈာန်တွေ ရတယ်, အကျိုးပေးတာ၊ ဘာတွေ ညာတွေ မပြောနဲ့, ဒုတိယဘဝမှာ မလွဲမသွေ သေချာပေါက် အကျိုး ပေးကို ပေးတာ၊ ဈာန်ရထားရင် ဈာန်ရထားတဲ့ ပုဂ္ဂိုလ်ဟာ သေပြီးနောက် ဒုတိယဘဝမှာ ဗြဟ္မာ့ပြည်ကို ရောက်တာ, ဒါ {ဂရုကကံ}လို့ ခေါ်တယ်၊ ကုသိုလ်ဖက်က ဈာန်ရထားရင် အဲဒီ ကံကို ဂရုကကံ, အင်မတန် လေးလေး နက်နက်ရှိတဲ့ ကံပဲ၊ အကျိုး ပေးကို ပေးတယ်၊ မပေးပဲ မနေဘူး၊ ဘာမှ အနှောက်အယှက်တွေ ဘာတွေ ပေးကို မပေးနိုင်ဘူး၊ သေချာပေါက် အကျိုးပေး တယ်, {ဂရုကကံ}။

အကုသိုလ်ဖက်မှာတော့ မိဘကို သတ်တာ, အကျိုး ပေးကို ပေးတယ်၊ မပေးဘဲ မနေဘူး, အကျိုး ပေးကို ပေးမယ်၊ အဝီစိကို ရောက်စေတယ်၊ ဒီ ဂရုကကံဟာ မိဘကို သတ်တာ,ရဟန္တာကို သတ်တာ, မလွဲမသွေ အကျိုးပေးတယ်၊ အကျိုး ပေးကို ပေးတယ်၊ ရှင်ဒေဝဒတ်ကတော့ ဘုရားကို သွေးစိမ်းတည်အောင် လုပ်လို့ အကျိုးကို ပေးတယ်၊ ဘယ်ကံကမှ တားလို့ မရဘူး၊ ဘယ် ကုသိုလ် ထပ်ပြုပြု တားလို့ မရဘူး၊ နည်းနည်း သက်သာတာပဲ ရှိတယ်၊ အကျိုးက တော့ သေချာပေါက် ပေးကို ပေးရမယ်။

စဉ်းစားဖွယ်။ ။ အကုသိုလ်ကံမှာလဲ ဂရုကကံ, ကုသိုလ်မှာလဲ ဂရုကကံ၊ အဲဒီ ကံဟာ နောင်လာမယ့်ဘဝမှာ သေချာပေါက် အကျိုး ပေးတယ်၊ သတ္တမဇော စေတနာက အကျိုးမပေးဘဲ မနေဘူး၊ ပေးကို ပေးတယ်၊ ဒီတော့ ဘုန်းကြီးတို့က ရပ်ပြီး စဉ်းစားကြစို့၊ ဂရုကကံ ဘုန်ကြီးတို့ တစ်တွေမှာ ရှိရဲ့လား၊ ကုသိုလ်ဖက်က ရှိသလား, မရှိပါဘူး၊ အကုသိုလ်ဖက်ကကော ဒီလောက် ကြောက်စရာကောင်းတဲ့ ကံများ ပြုမိပါသလား, မပြုမိပါဘူး၊ ဒါဖြင့် ဒုတိယဘဝမှာ သေချာပေါက် အကျိုးပေးမယ့် ကုသိုလ်, အကုသိုလ် ဘုန်းကြီးတို့မှာ မရှိ, နားလည်ထားပါ။

အာသန္နကံ။ ။ တစ်ခါ အာသန္နကံ, အာသန္နကံလို့ဆိုတာ သေခါနီးကျမှ ကပ်ပြီးတော့ ပြုတဲ့ကံ၊ တစ်ယောက်က တစ်ယောက်ကို သတ်ဖြတ် ထိုးခုတ် ဒေါသကြီးနဲ့, သူ့လက်နက် ကိုယ့်လက်နက်နဲ့ သေကြရော၊ ဒါ အာသန္နကံ၊ သူတို့ အကျိုးပေးဖို့ သိပ်များတာပဲ , သိပ်များတာပဲ၊ ပြီးတော့ သူတို့ အကျိုးပေးဖို့ သေခါနီးကျတော့မှ ဆရာသမားများက, ဆွေကောင်း မျိုးကောင်းများက ပရိတ်တရားတော်တွေ ရွတ်လို့, ကြေးစည်တွေ ဘာတွေများ တီးလို့, တရားသံတွေ ပေးလို့, နားစိုက်လို့၊ ဂရုကကံ မရှိတော့ ဒုတိယဘဝမှာ ဧကန် ဒီ အာသန္နကံက အကျိုးပေးမယ်။

တစ်ခါတုန်းက ဖားကလေး ဖားကလေး, ရဟန်းတော်တစ်ပါး တရားဟော နေတယ်၊ သူ ဘာမှ အဓိပ္ပာယ် မသိပါဘူး၊ မသိပေမယ်လို့ ကြည်နူးလို့, သူနာ ပြီး နားထောင်နေတယ်၊ ကုသိုလ်စိတ် ဖြစ်နေတာပေါ့, ဖားကလေး၊ နွားကျောင်း သားက အဲဒီ အပေါ်မှာ တုတ်နဲ့ ထောက်ပြီးတော့ ဖိလိုက်တာ သေပါရောလား၊ ဖားကလေး နတ်ပြည်ရောက်သွားတယ်၊ ဒီကံက အကျိုးပေးသွားတယ်။ ၁။ ဝိမာနဝတ္ထုအဋ္ဌကထာ၊ နှာ-၂၀၁-၃။ (မဏ္ဍူကဒေဝပုတ္တဝိမာန)

တစ်ခါ သတို့သားတစ်ယောက် မမာမကျန်းဖြစ်တယ်၊ အိမ်တွင်းမှာ သေမှာစိုးလို့ အိမ်အပြင်ဖက်မှာ သူ့အဖေက ထုတ်ထားတယ်၊ ဗုဒ္ဓမြတ်စွာက မြင်တော်မူလို့, ဉာဏ်တော်နဲ့ မြင်တော်မူလို့ ရောင်ခြည်တော်လွှတ်၊ ကလေးက ဆယ့်သုံးလေးငါးနှစ်ပေါ့, ကြည့်လို့၊ ဗုဒ္ဓဘာသာ မဟုတ်ပါဘူး၊ ဒီ ကလေးက ဘုရားကို တစ်ခါမှ မကိုးကွယ်ဖူးဘူး, ဗုဒ္ဓဘာသာ မဟုတ်ပါဘူး၊ ကြည့်ပြီး တော့ အမလေး ဒီလောက် ကြည်ညိုစရာကောင်းတဲ့ ပုဂ္ဂိုလ်ကို အနားကပ်ပြီး တော့ မဖူးရဘူး၊ ဒီ အဖေကြောင့် ဒီ အဖေကြောင့်၊ ကောင်းလိုက်တာ ကြည့်ပြီး တော့, ကြည်ညိုပြီးတော့နေရင်း, ဗုဒ္ဓမြတ်စွာက ဒီလောက်ဆို တော်လောက်ပြီလို့, အဲဒီလို ဆုံးဖြတ်တော်မူပြီးသွားတဲ့နောက် ကြွသွားတော်မူတယ်။

ဒီဘုရားကို အာရုံမပျောက်ဘူး, စုတေသွားရော၊ နတ်ပြည်ရောက်သွားတယ်၊, နတ်ပြည်ရောက်သွားတယ်၊၁ ဒါ အာသန္နကံ, သေခါနီး ကပ်ပြုတဲ့ ကံတွေ၊ စောစောက ဒီ ကံမျိုး မရှိဘူး၊ သေခါနီးမှာ ကပ်ပြုတဲ့ကံ, သူ အခွင့်သာသွား တာပဲ၊ ကံလေး သေးပေမယ်လို့ သေခါနီးကျတော့ အခွင့်သာတယ်။၁။ ဝိမာနဝတ္ထုအဋ္ဌကထာ၊ နှာ-၃၀၃-၄။ (မဋ္ဌကုဏ္ဍလီဝိမာန)

အာစိဏ္ဏကံ။ ။ တချို့ကံတွေက သေခါနီးတော့ မဟုတ်ပါဘူး၊ ဆိုပါတော့ မကောင်းမှု သတ်ဖြတ်မှု ရိုက်မှု အမြဲ လေ့ကျက်, အမြဲ လေ့ကျက်နေတော့ သူ့မှာ ထုံလို့ စွဲလို့၊ သေခါနီးလဲ အခြား ဘာကံမှ မရှိဘူး၊ မရှိလို့ရှိရင် အဲဒီ အမြဲ လေ့ကျက်နိုင်တဲ့ ကံက အာစိဏ္ဏကံလို့ ခေါ်တယ်၊ အဲဒီ ကံက အကျိုးပေးတယ်။

ကုသိုလ် နေရာမှာလဲ အမြဲလေ့ကျက်လို့, ဘုရားမှန်မှန် အာရုံပြုလို့, ဘုရား ရှိခိုးလို့, ဆွမ်းမှန်မှန် လောင်းလို့, ရေတော် ပန်းတော်များ မှန်မှန်လဲလို့, ဘုရား ရှိခိုးလို့, ရောင်းစရာ ဝယ်စရာရှိတာ ရောင်းလို့ ဝယ်လို့, စားစရာ သောက်စရာ ရှိတာ စားလို့ သောက်လို့၊ ပြီးတော့ ဒီ ကုသိုလ်ပဲ အလုပ်လုပ်နေတယ်၊ အာစိဏ္ဏကံလို့ ခေါ်တယ်၊ အာသန္နကံ မရှိရင် အာစိဏ္ဏကံက အကျိုးပေးမယ်၊ ရှိရင်တော့ အာသန္နကံက လွှမ်းရင် လွှမ်းသွားဦးမယ်၊ မရှိရင် အာစိဏ္ဏကံက အကျိုးပေးမယ်။

ဒါကြောင့် ကောင်းကောင်း နေကြစမ်းပါ၊ ကိုယ့်သီလ ကိုယ်ကောင်းကောင်း ထိန်းကြစမ်းပါ၊ သေတော့ စိတ်ချရအောင်လို့ ပြောနေတာ, နားလည်ပါစေ နော်၊ ဘုန်းကြီးတို့ တစ်တွေမှာ အင်မတန် ကြီးလေးတဲ့ အကုသိုလ်ကံ မရှိပါဘူး၊ အင်မတန် ကြီးလေးတဲ့ အကုသိုလ်ကံဖြစ်တဲ့ မိဘကို သတ်တာ, ရဟန္တာကို သတ်တာမျိုးလဲ မရှိပါဘူး၊ ဒီလိုဆိုရင် ကံနှစ်မျိုးကို စဉ်းစားရမယ်၊ အာသန္နကံ ဆိုတဲ့ သေခါနီးမှာ ပြုတဲ့ကံတွေက အကျိုးပေးမယ်၊ ဒါမှ မဟုတ် အမြဲ လုပ် နေတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေက အကျိုးပေးပါတယ်၊ သူတော်ကောင်းတွေ အတွက် အမြဲ ကုသိုလ်ကံတွေ ရှိနေဖို့ လိုပါတယ်။

ကဋတ္တာကံ။ ။ ဒီနောက်ဆို ကဋတ္တာကံဆိုတာကတော့ သူများ အကျိုး မပေး မှသာ ပေးမှာပါ၊ ဟိုနား ဒီနား ပြုနေတာ၊ အင်မတန် စပ်မိ စပ်ရာ လုပ်နေ, ဟို ဘဝ ဘဝတွေက ပါလာတဲ့ ကံတွေ စပ်မိ စပ်ရာပဲ၊ ဒီလောက်လဲ အရေးမကြီးဘူး၊ အဲသလို ကံတွေကတော့ ရှေးကံ သုံးမျိုးမရှိရင် သူက အကျိုးပေးတယ်၊ ရှေးကံ သုံးမျိုး ရှိရင်တော့ ရှေးကံ သုံးမျိုး အခွင့် ရသွားတယ်၊ သူက အကျိုးမပေးပါဘူး၊ ရှေးကံ သုံးမျိုး ဆိုတာက ဂရုကကံ, အာသန္နကံ, အာစိဏ္ဏကံများ ဖြစ်တယ်။

ကုသိုလ်ပြုတိုင်းများလဲ အကျိုးပေးလိမ့်မယ်လို့ ဒီလို မယူဆပါနဲ့၊ သူ့အခါ အခွင့် အများကြီး လိုက်ရပါတယ်၊ ဒါနဲ့ စပ်ပြီးတော့ သဘောပေါက်အောင်လို့လေ၊ ဘုန်းကြီးတောင် ခက်ခက်ခဲခဲ မနေ့တုန်းက စီစဉ်ရပါတယ်၊ သူများ မဟုတ်ပါ ဘူး, ရှင်ဘုရင်ကြီး တစ်ယောက်ရဲ့ မိစ္ဆာအယူကို, သမီးတော်ကလဲ သူများ မဟုတ်ပါဘူး၊ ရှင်အာနန္ဒာ အလောင်းက မိန်းမ, သမီးတော် ဖြစ်နေတယ်၊ ဖြစ်ပုံတွေက, ဖြစ်ပုံတွေက အဲဒီ ဝတ္ထုမှာ မှတ်စရာကလေးတွေပါလို့ ဘုန်းကြီးက ဒီကံနဲ့ စပ်ပြီးတော့ ဒီဟာကို ပြောဦးမယ်၊ ဒိပြင်ကံနဲ့ ဆိုင်ရာကို နောက်တစ်ရက် သတ်သတ်ပြောမယ်လို့ ဒီ ဝတ္ထုကို ဘုန်းကြီး ပြင်ဆင်လာခဲ့တယ်။

မဟာနာရဒဇာတ် ၁

အဂတိမင်း မေးမြန်းချက်။ ။ ဝိဒေဟတိုင်းပေါ့လေ, မိထိလာမြို့မှာ အဂတိမင်း ဆိုတာ ရှိတယ်, တရားမင်းပါ, သူတော်ကောင်း မင်းကြီးပါပဲ၊ သူ့မှာ သမီးတော် တစ်ယောက် ရှိတယ်, အမည်က ရုစာတဲ့, အင်မတန် တင့်တယ်လှပတဲ့ သမီးလို့ ဆိုတယ်၊ သူက ဘယ်သူတုန်းလို့ ဆိုတော့ ရှင်အာနန္ဒာ အလောင်း၊ အကြောင်းမသင့်လို့ မိန်းမဖြစ်နေတဲ့ အချိန်၊ အကြောင်း မသင့်တာတွေက ပေါ်လာမယ်နော်၊ အကြောင်းမသင့်လို့ မိန်းမဖြစ်နေတဲ့ အချိန်, ဘုရင်ကြီးမှာလဲ ဒီ သမီးတော်တစ်ယောက်သာ ရှိတယ်, သားလဲ မရှိဘူး၊ နေ့တိုင်း ဒီ သမီးတော်အတွက် ပန်းတောင်းတွေ အမြဲ ပို့တယ်၊ အဖိုးတန်တဲ့ အဝတ်တွေ {သမီးတော် နေ့တိုင်းလဲ နော်၊ အင်း-နေ့တိုင်း ဆင်ပါ နော်}၊ သမီးရဲ့ အခြွေအရံတွေကလဲ ပန်းတွေကုံးလို့, အို-သမီးကို ဆင်ပေးတာ၊ ဒီလိုနဲ့ သားအဖ ဆိုပါတော့ပေါ့, အဲ-သမီးတော်နဲ့ ခမည်းတော် တယ်ပြီးတော့ အဆင်ပြေနေကြတယ်။၁။ ဇာတ်အဋ္ဌကထာ၊ သတ္တမတွဲ၊ နှာ-၁၃၅-၁၄၉။

ဒါပေမယ့် တန်ဆောင်မုန်းလပြည့်နေ့ကျတော့ အဂတိမင်းတဲ့နော်, မင်းက မှူးတွေ မတ်တွေစု, အစည်းအဝေးနဲ့၊ ခုလို လကြီးသာသာနဲ့ ဘာများ လုပ်ရရင် ကောင်းမတုန်းလို့ စည်းဝေးတိုင်ပင်ကြတော့ {ပုဂ္ဂိုလ်တစ်ပါးပါးဆီ သွားပြီး တော့ မရှင်းမလင်းတာတွေ, ပြဿနာတွေ မေးရရင်တော့ ကောင်းမှာပဲ}လို့ အကြံဉာဏ်ပေးတော့, အဲဒီနည်း ကောင်းတယ်, ဟို-ဒိပြင် အကြံဉာဏ်တွေက တော့ နေ့တိုင်း သိနေတာပဲ, ဒီနည်းကောင်းတယ်ဆိုပြီးတော့ သွားကြရော။

ညပရိသတ်နဲ့ အဲဒီအချိန်မှာ အဲဒီတိုင်းမှာ တော်တော် ထင်ထင်ရှားရှား နာမည်ကြီးနေတာက {ရသေ့ကြီး ဦးဂုဏ,ရသေ့ကြီး ဦးဂုဏ}၊ သူတို့ကတော့ ကိလေသာ အာသဝေါ မရှိလို့မို့ အဝတ် ဝတ်ဖို့ မလိုဘူး၊ တုံးလုံး နေတာ၊ ရသေ့ကြီး ဦးဂုဏက တုံးလုံး နေတာ၊ အဝတ် ဝတ်တဲ့ သူတွေ မရိုးသားလို့ ဝတ်နေတာ, တို့ကတော့ အင်မတန် စင်ကြယ်လို့မို့ ဟော တုံးလုံး နေတာ၊ ဘာမှ မဖြစ်ဘူး, ဘာမှ မဖြစ်ဘူး, တို့တော့ တုံးလုံး နေတာပဲ ၊ သူတို့က သည်ဟာကို အင်မတန် ကောင်းတဲ့အကျင့်ကြီးအဖြစ်နဲ့ ကျင့်ထားတာပဲ။

ဒါနဲ့ ဦးဂုဏဆီ မင်းပရိသတ်များ ရောက်တဲ့အချိန်, နဂိုကလဲ ပရိသတ် ရှိတယ်, ပရိသတ်တွေ ရှိတော့ အဖယ်မခိုင်းပါဘူး၊ အို-သူတို့ အရင်ရောက်နေ တယ်, နေကြပါ၊ ရှင်ဘုရင်ကလဲ တစ်နေရာမှာ နေရာထိုင်ခင်းလေး ခင်းပြီး သူ့ပရိသတ်နဲ့ သူပေါ့၊ ပြီးတော့ ဦးဂုဏအနီး ဆည်းကပ်တယ်ကိုး၊ ဘေးကလဲ ပရိသတ်တွေ, အရပ်သား ပရိသတ်တွေ ရှိတယ်၊ ဆည်းကပ်ပြီးတော့ နှုတ်ဆက် စကားများ ပြော, ရိုရိုသေသေ လေးလေးစားစား ပြောလို့, ပြောပြီးတော့ကို ရှင်ဘုရင်က ဒီ ရသေ့ကြီး ဦးဂုဏကို မေးတယ် ဟို မယ်တော် ခမည်းတော်များဆိုတဲ့ ပုဂ္ဂိုလ်တွေအပေါ် ဘယ်လို ကျင့်မှ လူကောင်း သူကောင်း ဖြစ်ပါမတုန်း၊ ဆရာသမားဆိုတဲ့ ပုဂ္ဂိုလ်များအပေါ် ဘယ်လို ကျင့်မှ လူကောင်း သူကောင်း လူလိမ္မာ ဖြစ်မတုန်း၊ သားတော် သမီးတော်, အဲ-အိမ်ရှင်သူမတွေ အပေါ် ဘယ်လို ကျင့်မှ လူကောင်း သူကောင်း ဖြစ်ပါမတုန်း၊ စစ်သည် ဗိုလ်ပါတွေအပေါ် ဘယ်လို ကျင့်မှ မင်းကောင်း စိုးကောင်း ဖြစ်နိုင်ပါမတုန်း၊ ဘယ်လို ကျင့်မှ နောင် သုဂတိ ရောက်ပါမတုန်း။

ဘယ်လို မတရားနေတဲ့ ပုဂ္ဂိုလ်တွေ ငရဲရောက်ကြပါသတုန်း။

အဲဒီလို မေးတယ်, သိပ်ကောင်းတဲ့ မေးခွန်းတွေကို မေးတယ်ကိုး၊ မေးခွန်းတွေက အင်မတန် မြင့်ပြီးတော့ နေတယ်, ရသေ့ကြီး ဦးဂုဏက ဘာမှ မသိဘူး, ဘာမှ မသိဘူး၊ ဘာမှ အလေ့အထ မရှိဘူး။

ရသေ့ကြီး ဦးဂုဏတရား။ ။ ဘာမှ မသိတော့ ဒီလောကမှာ နာမည်ကြီး ပုဂ္ဂိုလ်တွေက သူတို့ မသိဘူးလို့ တယ် ပြောရိုး ဆိုရိုး မရှိလှဘူး၊ သူတို့နည်း သူတို့ဟန်နဲ့ သူတို့ လေ့ကျင့်ထားတဲ့ သူတို့ တရားတွေက ရှိတယ်၊ အဲဒီ တရားကို သူ ဆက်ဟောတာပဲ၊ ဒီက အမေးနဲ့ အဖြေကတော့ မပါဘူး၊ သူတို့ ဟောနေကျတရား ဟောတယ်။

နတ္ထိ ဓမ္မစရိတဿ, ဖလံ ကလျာဏပါပကံ၊ နတ္ထိ ဒေဝ ပရော လောကော, ကော တတော ဟိ ဣဓာဂတော။၁။ ဇာ၊ ဋ္ဌ၊ ၇၊ နှာ-၁၁၂။ ၂။ ဇာ၊ ဋ္ဌ၊ ၇၊ နှာ-၁၁၂-၃။

မဟာရာဇာ-ဒီ တရားကျင့်ဆိုတဲ့ ကောင်းကျိုး, မတရားကျင့်ဆိုတဲ့ မကောင်းကျိုး မရှိပါဘူး, မရှိပါဘူး၊ နတ္ထိကဝါဒ (မရှိအယူ)၊ ဟိုဘဝက ဒီဘဝကို လာဖို့ရန် ဟိုဘဝဆိုတဲ့ ဘဝလဲ မရှိပါဘူး၊ ဘယ်မှာ ဟိုဘဝ ဒီဘဝ လာလိမ့် မှာတုန်း, ဒီဘဝမှ ဒီသတ္တဝါတွေဟာ သူ့ဟာနဲ့ သူ ဖြစ်လာကြတာပဲ။

နတ္ထိ ဒေဝ ပိတရော ဝါ, ကုတော မာတာ ကုတော ပိတာ၊ နတ္ထိ အာစရိယော နာမ, အဒန္တံ ကော ဒမေဿတိ။၁

ဟို ဘိုးတွေ ဘွားတွေဆိုတာ ဘယ်ရှိလိမ့်မတုန်း, ဒကာတော်က မိဘများ အပေါ် ဘယ်လို ကျင့်မယ်၊ အဲဒီ အမေ အဖေဆိုတာ ရှိတာမဟုတ်ဘူး, အမေ အဖေဆိုတာ ရှိတာမဟုတ်ဘူး၊ ဘယ်လို ကျင့်မှ ဘာတွေ လိုက်နေဖို့ မလိုဘူး, မလိုဘူး၊ မယဉ်ကျေးတာကို ယဉ်ကျေးအောင် ဆုံးမနိုင်တဲ့ ဆရာဆိုတာတောင် ရှိတာ မဟုတ်ဘူး၊ သူဟာနဲ့သူ ယဉ်ကျေးချင်တဲ့သူက ယဉ်ကျေးတာပဲ, မယဉ်ကျေးချင်တဲ့သူက မယဉ်ကျေးတာဘဲ၊ သူများတွေက ဆုံးမလို့ ယဉ်ကျေးတဲ့ သူဟာ မရှိပါဘူး, မရှိပါဘူး။

သမတုလျာနိ ဘူတာနိ, နတ္ထိ ဇေဋ္ဌာပစာယိကာ၊ နတ္ထိ ဗလံ ဝီရိယံ ဝါ, ကုတော ဥဋ္ဌာနပေါရိသံ။၂

အားလုံး ပထဝီ အာပေါ တေဇော ဝါယော ဆိုတဲ့ ဓာတ်ကြီးတွေ အတူတူ ပဲ၊ ဒကာတော်မှာ ရှိတဲ့ ပထဝီ အာပေါ တေဇော ဝါယောဓာတ်, ဆရာကြီးမှာ ရှိတဲ့ ပထဝီ အာပေါ တေဇော ဝါယောဓာတ် အတူတူပဲ၊ ဘာမှ မထူးဘူး၊ ဘယ်သူ့ ဘယ်သူမှ သာနေဖို့ မလိုဘူး၊ အဲဒီတော့ ကြီးတဲ့ ပုဂ္ဂိုလ်ကို ရိုသေဖို့ဆိုတာ ဝေးလို့, ဝေးလို့, ဘာမှ မထူးဘူး၊ ဘာမှ အစွမ်းသတ္တိ မရှိပါဘူး။

နိယတာနိ ဟိ ဘူတာနိ, ယထာ ဂေါဋဝိသော တထာ၊ လဒ္ဓေယျံ လဗ္ဘတေ မစ္စော, တတ္ထ ဒါနဖလံ ကုတော။၁။ ဇာ, ဋ္ဌ- ၇၊ နှာ-၁၁၂-၃။

ဟို မဟာဘုတ်ကြီးတွေဆိုတာ အမြဲပဲ, ဘာပြီးတော့ ဘာဖြစ်ရ, ဘာပြီးတော့ ဘာဖြစ်ရ၊ ဒါ နိယတိ အမြဲ၊ အဲ လူပြီးတော့ နတ်ဖြစ်ရမယ်, နတ်ပြီးတော့ တိရစ္ဆာန် ဖြစ်ရမယ်၊ ဘာပြီးတော့ ဘာဖြစ်ရမယ်၊ သူ့ဟာသူ စီကာစဉ်ကာ အမြဲသတ်မှတ်လိုက်ပြီးသားတွေ၊ ဘာမှ ပြုလို့ ပြင်လို့ ရတာမဟုတ်ဘူး၊ ဟို လှေကြီးနောက်က လှေကလေး ချည်ထားတော့ လှေကြီးသွားရင် လှေကလေး လိုက်, လှေကြီးရပ်ရင် လှေကလေး ရပ်၊ အဲဒီ လှေကလေးလိုပဲ ။

ဒီ ရှေးက နိယတိ အမြဲသတ်မှတ်တဲ့အတိုင်း အကုန်လုံး ဖြစ်နေရတာနော်၊ အမြဲ သတ်မှတ်ချက်ပဲ ရှိတယ်၊ ဘာမှ ပြုလို့ ပြင်လို့ရတာ မဟုတ်ပါဘူး။

နတ္ထိ ဒါနဖလံ ဒေဝ, အဝသော ဒေဝ'ဝီရိယော၊ ဗာလေဟိ ဒါနံ ပညတ္တံ, ပဏ္ဍိတေဟိ ပဋိ စ္ဆိတံ။၁

ဒါနရဲ့ အကျိုးလဲ မရှိပါဘူး၊ ဒကာတော် ဘယ်သူမှာမှ ဘာအစွမ်းသတ္တိ ဘာဝီရိယ အကျိုးမှ မရှိပါဘူး၊ စွန့်ကြဲ ပေးကမ်း လှူဒါန်းရတယ်ဆိုတာ လူပြိန်းတွေ ပညတ်ထားတာပဲ၊ အဲဒီ လူပါး လူနတ်တွေ ခံယူတာ ဘာမှ အကျိုးမရှိပါဘူး။

သတ္တိမေ သဿတာ ကာယာ, အစ္ဆေဇ္ဇာ အဝိကောပိနော၊ တေဇော ပထဝီ အာပေါ စ, ဝါယော သုခံ ဒုခံ ဇီဝေ။၂။ သတ္တိမေ၊ ပေ၊ အဝိကောပိနော

တေဇော၊ ပေ၊ ဒုခဉ္စိမေ။

ဇီဝေ စ သတ္တိမေ ကာယာ, ယေသံ ဆေတ္တာ န ဝိဇ္ဇတိ။

[ဆဋ္ဌမူ ဇာ, ဋ္ဌ-၇၊ နှာ-၁၁၃။]

ခုနစ်ခု ရှိတယ်၊ ပထဝီ,တေဇော,အာပေါ,ဝါယော,သုခ,ဒုက္ခ,ဇီဝဆိုတဲ့ အသက်, ဘယ်သူမှ ဘယ်လောက်လုပ်လို့ မရဘူး၊ သူ့ဟာနဲ့သူအတိုင်း မြဲပြီးသား, မြဲပြီးသား၊ ဘယ်သူမှ ဖျက်ဆီးလို့ မရဘူး, ဘယ်သူမှ ပြုပြင်လို့ မရဘူး၊ ဒီ ဓာတ်ကြီး (၇)ပါးကို ပထဝီ, တေဇော, အာပေါ, ဝါယော, သုခ, ဒုက္ခ, ဇီဝကို ပြောင်းအောင် လွဲအောင် ဘယ်သူမှ လုပ်လို့ မရဘူး။

နို့ လူတစ်ယောက်ကို သတ်တယ်ဆို, အားလုံးက ပြောနေကြတယ်၊ ဓာတ်ကြီး (၇)ပါးရဲ့ ကြားထဲ ဓားဝင်သွားတာ, ဒါ သတ်တာ မဟုတ်ဘူး၊ ဓာတ်ကြီး (၇)ပါးရဲ့ ကြားထဲ ဓားဝင်သွားတာ, ဒါကို လူတွေက သတ်တယ်လို့ နာမည် တပ်ထားတာ၊ အမှန်ကတော့ မသတ်နိုင်ပါဘူး, သတ်လို့ မရပါဘူး၊ ဒီ ဓာတ်ကြီး (၇)ပါးရဲ့ ကြားထဲ ဓားဝင်သွားတာပဲ ရှိတယ်, သတ်တာ မဟုတ်ပါဘူး၊ နို့ သေသွားတာ, ဒါ နိယတလေ၊ သေမယ်ဆိုတဲ့ နိယတက အမြဲရှိတော့ သေတာပေါ့, သေတာပေါ့၊ သတ်လို့ သေတာ မဟုတ်ဘူးတဲ့၊ သူ့ဘာသာသူ နိယတ မြဲတဲ့သဘောကြောင့် သေရတာ။

စုလ္လာသီတိ မဟာကပ္ပေ, သဗ္ဗေ သုဇ္ဈ န္တိ သံသရံ၊ အနာဂတေ တမှိ ကာလေ, သညတောပိ န သုဇ္ဈတိ။၁။ ဇာ, ဋ္ဌ- ၇၊ နှာ-၁၁၃။

အဲဒီအချိန် မရောက်ခင်တော့ ဘယ်လောက် ကြိုးစားပြီးတော့ ဘယ်လောက် ကျင့်ကျင့် စင်ကြယ်သွားတယ်လို့ မရှိပါဘူး၊ ဘယ်လောက် ကျင့်ကျင့် ဘယ်လောက်ကျင့်ကျင့် မလွယ်ပါဘူး။

စရိတွာပိ ဗဟုံ ဘဒြံ, နေဝ သုဇ္ဈ န္တိ နာဂတေ၊ ပါပေဉ္စပိ ဗဟုံ ကတွာ, တံ ခဏံ နာတိဝတ္တရေ။၁

သူတော်ကောင်းဟဲ့ ဘာဟဲ့လို့ ပြောပြီး သိပ် အကောင်းတွေ သိပ်ကျင့်, အဲဒီ ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင် မပြည့်မခြင်းတော့ မလွတ်ဘူးနော်၊ မိုက်တဲ့သူကလဲ မိုက်ချင်တိုင်း မိုက်, ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင် ဟိုဖက် ကျော်မတက်ပါဘူး၊ အဲဒီကျတော့ သူလဲ ပြီးတာပဲ။

အနုပုဗ္ဗေန နော သုဒ္ဓိ, ကပ္ပာနံ စုလ္လသီတိယာ၊ နိယတိံ နာတိဝတ္တာမ, ဝေလန္တမိဝ သာဂရော။၁။ ဇာ, ဋ္ဌ- ၇၊ နှာ-၁၁၃။

သမုဒ္ဒရာရေဟာ ကမ်းကို ဘယ်တော့မှ မလွန်ဘူး၊ အဲ အားလုံးသတ္တဝါ တွေလဲ ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ ကမ်းကို မလွန်ပါဘူး၊ ဟိုဖက်ကျတော့ အလိုလို ပြီးကြတာပဲ၊ တော်တော် ဟောချလိုက်တာ, ရှင်ဘုရင် ကလဲ စဉ်းစားပြီးတော့ နားထောင်, အဲဒီထဲ စစ်သူကြီး ပါလာတယ်၊ အားလုံး စိုက်ပြီးတော့ နာကြတာ စစ်သူကြီး ပါလာတယ်၊ {ဟုတ်လိုက်တာ, ဆရာကြီး ဟောတာ သိပ်ဟုတ်တယ်}၊ ဒီ သူ့နိယတအတိုင်း သတ်မှတ်ချက်အတိုင်း သွားနေတာ, သိပ်ဟုတ်တယ်၊ ကုသိုလ်ကံကြောင့် ကောင်းကျိုး, အကုသိုလ်ကံ ကြောင့် မကောင်းကျိုး၊ အဲဒါ မဟုတ်ဘူး။

အလာတစစ်သူကြီး ဆရာကြီး ဟောတာဟုတ်တယ်, ဆရာကြီးဟောတာ သိပ် အတိတ် အကြောင်း ဟုတ်တယ်၊ {ကျုပ် ရှေးဘဝကို မှတ်မိတယ်} မြန်မာလို {ဇာတိဿရဉာဏ်}ရတယ်၊ ရှေးဘဝကို မှတ်မိတယ်၊ တစ်ဘဝပါ တစ်ဘဝပါ၊ ကျုပ် ဟိုလွန်ခဲ့တဲ့ ဘဝတုန်းက ပိဂလဆိုတဲ့ နွားသတ် သမား ဖြစ်ခဲ့တယ်၊ ဟင် အဲဒီတုန်းက နွားတင်ဘယ်ကမလဲ အကောင်ဘလောင် တွေ ကျုပ် သတ်လိုက်တာ၊ ဟိုဖက် လွန်ခဲ့တဲ့ ဘဝတုန်းက သတ်လိုက်တာ၊ အဲဒီက သေလာတော့, ကျုပ် စစ်သူကြီးမျိုးမှာ လာပြီးတော့ ကျုပ် ဖြစ်တယ်၊ {ကြည့်စမ်း ကြည့်စမ်း} ဟိုဖက် ဘဝတုန်းက နွားသတ်တာရော ဘာရော ဘာမှ အကျိုးမရှိဘူးတဲ့၊ ဟာ သူတို့ ပြောတဲ့အတိုင်းဆိုရင် ကျုပ် ငရဲသွားရ မှာပေါ့, မသွားဘူးဗျာ၊ ကျုပ် စစ်သူကြီး ဖြစ်လာတယ်၊ ဒီအမျိုးမှာ လာဖြစ်တာ၊ ကျုပ်အမျိုးကလဲ စစ်သူကြီးမျိုး။

သည်တော့ ဒီစကားကလဲ ယုံစရာတွေ ဖြစ်မကုန်ဘူးလား, ဖြစ်ကုန်ကြပြီ၊ သည်တော့ ဒီကံတွေကို ဒါရှင်းရမယ်၊ သူ ကဿပဘုရားလက်ထက်တော်တုန်းက အနောဇာပန်းကုံးနဲ့ မြတ်စွာဘုရားစေတီတော်ကို သူ ပူဇော်ခဲ့ဖူးပါတယ်၊ လွန်ခဲ့တဲ့ ဘဝတုန်းက မဟုတ်ဘူးနော်, ဟို ရှေးရှေး ဘဝတုန်းက ပူဇော်ခဲ့ဖူးပါတယ်၊ ဒီတော့ အဲဒီ ပူဇော်ခဲ့တဲ့ ကုသိုလ်ကံကို ဖုံးနေပြီးတော့, သံသရာထဲမှာ လိုက်လာ ပြီးတော့ လွန်ခဲ့တဲ့ ဘဝမှာ နွားသတ်ကံကို ပြုပေမယ်လို့ သေခါနီးကျတော့ အဲဒီ ကဿပမြတ်စွာဘုရားရဲ့ စေတီတော်ကို ပူဇော်ခဲ့ဖူးတဲ့, ပန်းပူဇော်ခဲ့ဖူးတဲ့ ကုသိုလ်ကံက အကျိုးပေးခွင့်ရလို့, အဲဒီ ကုသိုလ်ကံကြောင့် ဒီ စစ်သူကြီးမျိုးမှာ လာ ဖြစ်တာပါ။

ဟိုတုန်းက မြုပ်နေတဲ့ ကံက ဒီမှာ လာ ပေါ်ပြီးတော့ အကျိုးပေးတာ၊ လွန်ခဲ့တဲ့ နွားသတ်တဲ့ အကုသိုလ်ကံက {မီးခဲ ပြာဖုံးသွားပြန်တယ်}၊ နောင် တစ်ချိန်မှာ အကျိုးပေးမှာ, အဲဒါက စာက ရှင်းထားတာ, စာက ရှင်းထားတာ၊ အလာတဆိုတဲ့ သူက ဘယ်သူတုန်းဆိုတော့ ရှင်ဒေဝဒတ်အလောင်း၊ သူက ဦးဂုဏကြီးရဲ့ တရားကို ထောက်ခံနေပြီ၊ ရှင်ဘုရင်ကလဲ စဉ်စားနေပြီ၊ ငါ့ စစ်သူကြီးလဲ ဟိုဖက်ဘဝတုန်းက နွားသတ်တယ်၊ ငါ့ စစ်သူကြီးလဲ စစ်သူကြီး မျိုးမှာ ဖြစ်တယ်။

ဗီဇကကျွန် အတိတ်အကြောင်း။ ။ ဒီ ပရိသတ်ထဲပါတဲ့ ဗီဇက ကျွန်က ရှိုက်ရှိုက်ပြီးတော့ ငိုလိုက်တာလေ, ငိုလိုက်တာလေ၊ ရှင်ဘုရင်က {ဘာလို့ ငိုတာတုန်း}လို့ မေးတော့ ကျုပ်က ဟိုဖက်ဘဝတုန်းက ကျွန်မဟုတ်ပါ၊ ဟိုဖက်ဘဝ အမှတ်ရနေတယ်၊ ကျုပ် ဟိုဖက်ဘဝတုန်းက သူဌေးပါတဲ့၊ ကောင်းတဲ့ အလုပ်တွေကို လုပ်ပြီးလာတဲ့ သူဌေးပါတဲ့၊ အလှူခံပုဂ္ဂိုလ်တွေကို ကျုပ် ပေးတယ်, လှူတယ်၊ ကျုပ်ကို အားလုံးက ချီးမွမ်းကြတယ်၊ အားလုံးက ကျုပ်ကို ချီးမွမ်းရုံတင် မကဘူး၊ ကျုပ် မကောင်းတဲ့ အလုပ်ကို တစ်ခုမှ မလုပ်ခဲ့ဘူး, ဟိုဖက်ဘဝတုန်းက၊ အဲဒီ ဘဝက စုတေတော့ဗျာ, ကျုပ် ကျွန်မရဲ့ဝမ်းထဲ ပဋိသန္ဓေနေလို့ ကျွန်မသား ဖြစ်ရတယ်၊ ကျုပ်လေ ကျွန်မသား ဖြစ်နေပေမယ်လို့ ကျုပ် မလျှော့ဘူး၊ ကျုပ် စိတ်ဟာ အင်မတန် ကောင်းတယ်၊ ထမင်းစားမယ့် တစ်ပွဲတောင်မှ တစ်ဝက် လောက် ကျုပ် စားပြီး အလှူခံပုဂ္ဂိုလ်များရှိရင် လှူမယ်လို့ ကျုပ် တွေးနေတာ၊ ကျွန်က ကျွန်က၊ ဒါလောက် ကျုပ် စိတ်ကောင်းတယ်၊ ဥပုသ်နေ့တွေဆိုလို့ရှိရင် ကျုပ် ဥပုသ်စောင့်ရစ်တယ်။

ဒီဘဝမှာကို ဒီဘဝမှာကို, ကောင်းတာတွေ လုပ်တုန်းပဲ ၊ ဟိုဘဝတုန်းက အကောင်းတွေ လုပ်လာရုံ မကဘူး၊ ဒါနလဲ ပြုနေတာပဲ, ဥပုသ်လဲ စောင့်နေ တာပဲတဲ့၊ ဒါပေမယ်လို့ အလာတစစ်သူကြီး ပြောတာ ဟုတ်လိမ့်မယ်တဲ့၊ ဒါန တွေ သီလတွေ ဘာအကျိုးမှ မရှိဘူးဆိုတာ, ဟုတ်လိမ့်မယ်တဲ့၊ ကျုပ်လေတဲ့ ကျွန်မ ဝမ်းထဲမှာ မွေးပြီးတော့ ကျွန် ဖြစ်နေရတယ်တဲ့၊ လုပ်လိုက်တဲ့ အလုပ်က ဟိုဖက်ဘဝတုန်းက အကောင်းတွေ လုပ်လိုက်တာ, ဒီဖက် ဘဝမှာလဲ အကောင်း တွေ လုပ်ပါတယ်။

ကဲ မျက်စိလည်စရာ မကောင်းဘူးလား၊ ဒါကို ရှင်ဘုရင် တွေးနေတယ်၊ ဦးဂုဏ ပြောတယ်၊ အလာတစစ်သူကြီးကလဲ နွားသတ်လာတဲ့ စစ်သူကြီး ဖြစ်တယ်၊ ဟင်း_ဗီဇက ရှိုက်ကြီးငင်ကြီး ငိုရှာတယ်၊ {ငိုလောက်ပါ့,ငိုလောက်ပါ့} ဟိုဖက်ဘဝက သူ သူဌေးဖြစ်ခဲ့တယ်, လှူခဲ့ ဒါန်းခဲ့တယ်၊ ဒီဖက်ဘဝက သူ ကျွန်ဖြစ်တော့ လှူရှာသေးတယ်, ဥပုသ်တွေ စောင့်တယ်၊ ဟုတ်ပါပြီ, အလာတ ပြောတဲ့အတိုင်း မှန်ပြီ၊ ဦးဂုဏ ဟောတဲ့အတိုင်း သေချာပြီနဲ့ ရှင်ဘုရင်က သိပ် သဘောကျ၊ ကဲ ဗီဇကကျွန်နဲ့ စပ်လျဉ်းပြီး ပြောကြဦးစို့။

ဗီဇကဟာ ကဿပဘုရားရှင် လက်ထက်တော်မှာ သူ့နွား ပျောက်လို့ တောထဲမှာ လိုက်ရှာနေတုန်း ရဟန်းတစ်ပါး မျက်စိလည်လို့ သူ့ကို မေးတယ်၊ ဒကာ ဘယ်များ သွားတဲ့လမ်းဟာ ဘယ်လမ်းလဲတဲ့၊ သူကလဲ နွားပျောက်လို့ စိတ်ညစ်နေတာ, မလှုပ်ဘူး, နွားရှာမရလို့ စိတ်ညစ်နေတာ, လာမေးတာ၊ သူကလဲ မလှုပ်ဘူး၊ ဒကာရေ ဘယ်နား သွားရတုန်းတဲ့၊ {သင်တို့ ဘုန်းကြီးတွေ ဆိုတာ သိပ် စကားများတယ်, ဒီလို စကားများတာဟာလေ ကျွန်တွေကမှ စကားများတာ, အသင်လဲ ကျွန်မျိုးဖြစ်ပါလိမ့်မယ်}တဲ့။

နွားပျောက်လို့ စိတ်ညစ်ညစ်နဲ့ ပြောလိုက်မိတယ်၊ အဲဒီ ကံက{မီးခဲ ဖြာဖုံး ဖုံးနေတဲ့ ကံ}က အခွင့်သာလို့မို့ ရှေးဘဝက ရှေးဘဝက ကုသိုလ်ကံတွေ ပြုခဲ့ပေမယ်လို့ သေခါနီး အဲဒီ ကံက အခွင့်သာလို့မို့ ဒီမှာ ကျွန်ဖြစ်ရတယ်တဲ့၊ ကုသိုလ်ကံတွေ အကျိုးမရှိလို့ မဟုတ်ဘူး၊ ရှေး ကုသိုလ်ကံတွေက ဝင်ပြီး အကျိုးပေးတာ။

အဂတိမင်း မိစ္ဆာအယူ ယူပြီ။ ။ ပြီးကြရော, အဲဒီ ဗီဇက ဆိုတာ သူများ မဟုတ်ဘူး၊ ရှင်မောဂ္ဂလ္လာန်အလောင်းတဲ့၊ သံသရာထဲမှာ ကျင်လည်လာခဲ့ရတာတွေ၊ ရှင်မောဂ္ဂလ္လာန်အလောင်းတဲ့၊ ဒီတော့ ရှင်ဘုရင်ကြီး ဆုံးဖြတ်ပြီ, ဗီဇကရဲ့ စကား သူ ကြားပြီ, အလာတရဲ့ စကားလဲ သူ ကြားပြီ၊ ဆရာကြီး ဦးဂုဏကလဲ သတ်မှတ်ပြီးသား၊ ဘာပြီး ဘာဖြစ်, ဘာပြီး ဘာဖြစ်, ဘယ်ဘဝ ဘယ်လိုနေ, ဘယ်ဘဝ ဘယ်လို ခံစား, ဒါတွေ သတ်မှတ်ပြီးသားလို့၊ အမြဲ သတ်မှတ်ပြီးသားလို့ ဆိုတယ်၊ ဒီ သုံးချက် ကောက်ချက်ချလိုက်တော့…

ဟုတ်နေပြီ, ဟုတ်နေပြီ၊ အလာတဟာ နွားသတ်သမားဘဝကနေ စစ်သူကြီး ဖြစ်တယ်၊ ဗီဇကက ကုသိုလ်တွေ အများကြီး ပြုပြီးတော့ ခု ကျွန်ဖြစ်တယ်၊ ဦးဂုဏကလဲ သူ့ဟာနဲ့သူ ဘာပြီး ဘာဖြစ်မယ်လို့ ပြောတယ်၊ ဒီတော့ ဟုတ်ပြီ လို့ ဆိုပြီးတော့, ကိုယ်တော်ပြောတာ ကျုပ် သဘောကျတယ်, ကိုယ်တော့်ဆီ ဆက်ပြီး ကျုပ် တရားနာနေရင် အချိန်ဖြုန်းတာပဲ၊ ကျုပ် ပျော်ပျော်ပါးပါးနဲ့ နေဖို့ လိုလာပြီ၊ ကိုယ်တော့်ဆီ ဆက်ပြီး ကျုပ် တရားနာနေလို့ရှိရင် ကျုပ် ပျော်တဲ့အချိန်တွေ ကုန်သွားလိမ့်မယ်။

တော်တော့နော်, ကြုံတော့ တွေ့လိမ့်ဦးမယ်၊ နိယတိအတိုင်းပေါ့၊ ကြုံခွင့် ကြုံတဲ့အခါကျတော့ တွေ့လိမ့်ဦးမယ်၊ ခု ကျုပ် သွားတော့မယ်၊ ဝပ်တောင် မချဘူး၊ ဘာပြုလို့လဲ၊ လာတုန်းက ရိုရိုသေသေ ဝပ်ချပြီးတော့ မေးတာ၊ ယခု ပြန်တော့ ဦးဂုဏကြီး ဟောလိုက်တဲ့ တရားကြောင့် ဦးဂုဏကြီးကို ဝပ်တောင် မချဘူး၊ သွားဦးမယ်နော်, နောက် ကြုံတော့ တွေ့မှာပေါ့, ဟုတ်လား၊ နိယတိ သတ်မှတ်ပေးရင် တွေ့မှာပေါ့, သွားတော့မယ်၊ ဆက်ပြီးတော့ ခင်ဗျားတရားတွေ နာနေလို့ရှိရင် ပျော်ပျော်ပါးပါးနေဖို့ အချိန်တွေ ကုန်သွားလိမ့်မယ်, ပျော်ပျော် ပါးပါးနေဖို့ အချိန်တွေ ကုန်တော့မယ်လေ၊ နောက် ကြုံတော့ တွေ့မှာပေါ့။

နောက်နေ့ နံနက် မိုးလင်းတော့ မင်းကြီးက အမတ်တွေကို ခေါ်ပြီး စည်းဝေးတယ်၊ အမတ်တွေ စည်းဝေးပြီးတော့ အမတ်တို့ မင်းမှုကိစ္စ ဘာကိစ္စကို ဖြစ်ဖြစ် အလာတတို့ စီမံကြလိမ့်မယ်၊ ဒိပြင် အမတ်တွေ စီမံကြလိမ့်မယ်၊ ငါ့ကို ဘာမှ မပြောနဲ့၊ ငါ့အတွက်ကတော့ဖြင့် နန်းတော်မှာ လှပေ့ ချောပေ့ ဆိုတဲ့ ဟာကလေးတွေ ပို့ကြ, ရှာပို့ကြ ရှာပို့ကြ၊ ဘယ်မှာ သူ့အိမ်သားနဲ့ ဘာနဲ့ အရှင်လင် ရှိတယ်ဆိုရင်လဲပဲ ချောဆွဲပေါ့၊ ပို့ကြ ပို့ကြ၊ ဟာ တိုင်းပြည် တစ်ပြည်လုံးကို သိမ့်သိမ့်တုန်သွားတာပဲ၊ ရှင်ဘုရင်ကြီး, ဦးဂုဏကြီးရဲ့ တရား နာလာလို့ ရှင်ဘုရင်ကြီး မိစ္ဆာအယူ ယူသွားပြီတဲ့, ယူသွားပြီတဲ့၊ မင်းမှုကိစ္စ ဘာမှ မလုပ်တော့ဘူးတဲ့၊ သူ့နန်းတော်ပေါ်မှာ တပျော်တည်း ပျော်နေတာပဲတဲ့၊ တိုင်းသူပြည်သားတွေလဲ စိတ်ညစ်လို့, ဘယ်သူမှလဲ ဘာမှ မပြောဝံ့။

ရှင်ဘုရင့် သမီးတော်က ကြားရော၊ သမီးတော် ချက်ချင်းသွားရင်, ချက်ချင်းသွားရင် မလေးစားဘဲ နေလိမ့်မယ်၊ သမီးတော်က ခမည်းတော်ဆီကို ခုနစ်ရက်နှစ်ပတ် ဆိုလို့ရှိရင် ခမည်းတော်ဆီ သွားနေကျ, ခုနစ်ရက် နှစ်ပတ် လောက်သွားရင် အသပြာ တစ်ထောင် ပေးတယ်၊ စွန့်ကြဲပေးကမ်းဖို့ဆိုပြီး အသပြာ တစ်ထောင် ပေးတယ်၊ ဒိပြင် ဝတ်စား ဆင်ပြင်ဖို့ကတော့ နေ့တိုင်း ပေးတယ်၊ လှူဖို့ ဒါန်းဖို့ကတော့ ခုနစ်ရက်နှစ်ပတ် တစ်ထောင် တစ်ထောင် ပေးတယ်။

{လှူနော် သမီး လှူနော်}၊ အဲဒီလို ပေးနေကျ၊ အဲ နောက် ခုနစ်ရက် နှစ်ပတ်လောက်ကျော်တော့, ရှင်ဘုရင်ဆီ သွားရမယ့်နေ့ကျတော့ ကဲ-မိတ်ဆွေမတို့, ဆင်ကြပြင်ကြ နက်ဖြန်ခါ ဥပုသ်နေ့ ငွေသွားတောင်းရအောင်, ခမည်းတော်ဆီ ဆည်းကပ်ရအောင်, အားလုံး လှလှပပ ပြင်ဆင်ပြီး သွားကြတယ်။

ရှင်ဘုရင်ကြီးက သမီးတော်လာတော့ ဘေးက ပတ်ပတ်လည် သမီးတော်ရဲ့ အခြွေအရံတွေ ခြံရံ ခြံရံလို့ လာတော့ အင်မတန် ဝမ်းမြောက်တယ်၊{သမီးတော်, သမီတော် နန်းပြသာဒ် အထက်မှာ နေရတာ ပျော်ရဲ့လား၊ ရေကန်နား ဘာနား သွားပြီး ကြည်နူးရဲ့လားလို့} သမီးတော်ကို နှုတ်ဆက်တယ်၊ သမီးတော်ကလဲ ဒါတွေ သိပ်အရေးကြီးတာ မဟုတ်ဘူး၊ အရေးကြီးတာက သိပ်အရေးကြီးနေတာက- {မဟာရာဇ ခမည်းတော်, ပြည့်စုံနေပါတယ်, ခမည်းတော်ရဲ့အထံက ရလို့ အားလုံး ပြည့်စုံပါတယ်, နက်ဖြန်တော့ {ပန္နရသီ} တစ်ဆယ့်ငါးရက်နေ့ ဖြစ်လို့ အလှူဒါန ပြုရပါမယ်နော်၊ ဒါကြောင့် ချီးမြှောက်ရိုးအတိုင်း အလှူဒါနပြုဖို့ ငွေ (၁၀၀၀) တစ်ထောင် ချီးမြှောက်ပါ}လို့ တောင်းရော၊ တောင်းတော့ ခမည်းတော်က_

ဗဟုံ ဝိနာသိတံ ဝိတ္တံ, နိရတ္ထံ အဖလံ တယာ၊

ဥပေါသထေ ဝသံ နိစ္စံ, အန္နပါနံ န ဘုဉ္ဇသိ၊

နိယတေ'သံ အဘုတ္တဗ္ဗံ, နတ္ထိ ပုညံ အဘုဉ္ဇတော။၁။ ဇာ, ဋ္ဌ-၇၊ နှာ-၁၂၁-၂။

သမီးတော်, အလကား ပစ္စည်းဖြုန်းတီးပစ်တယ်, သိလား, ဘာအကျိုးမှ မရှိဘူး၊ ဥပုသ်နေ့လဲပဲ ထမင်းမစား ဘာမစားနဲ့၊ ဥပုသ်စောင့်တယ်ဆိုတာ ဒါက နိယတိ သမီးတော်, ဒီက ဥပုသ်စောင့်ရမယ်လို့ အမြဲ သတ်မှတ်ချက်က ရှိလို့ စောင့်ရတာ၊ အကျိုးတော့ ဘာမှ မရှိဘူး၊ မှတ်ထား, မှတ်ထား၊ အသက် ရှင်သမျှ ဘယ်သူ့ကိုမှ ဘာမှ မပေးနဲ့, သိလား၊ ဘာ အကျိုးမှ ရှိတာ မဟုတ်ဘူး။

{ပရလောက}နောင်ဘဝဆိုတာလဲ ရှိတာ မဟုတ်ဘူး၊ သိပ် အကျိုးမရှိဘဲ သမီးတော် ပင်ပန်းခံမနေပါနဲ့လို့ သမီးတော်ကို သူက ပြန်ပြီးတော့ ဆုံးမနေတယ်ကိုး၊ သမီးတော်က ဒီစကား လိုချင်နေတာ, ဒီစကား ရမယ်ထင်လို့ ငွေတောင်းတာ, သူက ပြောလိုက်သေးတယ်၊ သမီးတော် သက်သေမရှိ မဟုတ်ဘူး, အလာတ စစ်သူကြီးက ဟိုဖက် ဘဝတုန်းက နွားသတ်လာတာ, နွားသတ်သမား၊ ခု စစ်သူကြီး လာဖြစ်တယ်၊ ပြီးတော့ ဗီဇကကျွန်က ငိုလိုက် တာ သိလား, ရှေးက အလှူဒါနလဲ ပြုတယ်၊ ဥပုသ်သီတင်းလဲ ဆောက်တည် တယ်, ပြီးတော့ သူ ကျွန်ဖြစ်နေတယ်၊ ဒီတော့ အားလုံး နိယတိပါပဲ၊ သတ်မှတ်တဲ့အတိုင်း ဖြစ်ကြရတာပါ၊ ဖြုန်းမနေနဲ့နော်လို့ ပြောတော့

ရုစာမင်းသမီး လျှောက်ထားချက်။ ။{သမီးတော်က ဟိုရှေးတုန်း ကြားသာ ကြားဖူးတယ်၊ လူမိုက်နဲ့ ပေါင်းရင် လူမိုက်ဖြစ်တတ်တယ်လို့ ကြားသာ ကြားဖူးတယ်၊ အလာတတို့ ဗီဇကတို့က ဦးဂုဏကြီးနဲ့ ပေါင်းလို့ မိုက်ကြပါပကော}လို့ သမီးတော်က ညည်းရှာတယ်ကိုး၊ နဂိုကမှ အလာတတို့ ဗီဇကတို့က ဘာ ဉာဏ်မှ ရှိတာ မဟုတ်ဘဲ၊ သူတို့က မိုက်နေတာ, မသိဘိတ်တုံး ဖြစ်နေတာ, မသိဘိတ်တုံး ဖြစ်တဲ့သူက ဦးဂုဏနဲ့ ပေါင်းလိုက်တော့ မသိဘိတ်တုံး ဖြစ်သွားတာပေါ့၊ ရှေးတုန်းက ကြားသာ ကြားဖူးတယ်, တကယ်ကို လက်တွေ့ ဖြစ်နေပါမင့်လား။

တွံ စ ဒေဝါသိ သပ္ပညော, ဓီရော အတ္ထဿ ကောဝိဒေါ၊

ကထံ ဗာလေဘိ သဒိသံ, ဟီနဒိဋ္ဌိံ ဥပါဂမိ။၁။ ဇာ, ဋ္ဌ-၇၊ နှာ-၁၂၃။

ခမည်းတော်က ပညာရှိပါ၊ ဟို နှစ်ယောက် မိုက်တာကတော့ နဂိုမိုက်လို့ မိုက်တာ, ခမည်းတော်က ပညာရှိပါ၊ အားလုံး စဉ်းစားတတ်ပါတယ်၊ ခမည်းတော်ရယ် ဘာဖြစ်လို့ ဒီလို ပညာရှိ ခမည်းတော်က လူမိုက်တွေနဲ့ တန်းတူနေတဲ့ မိစ္ဆာအယူကို ယူရပါသတုန်း။

သံသရာက သူ့ဘာသာသူ အချိန်စေ့ရင် သံသရာက စင်ကြယ်သွားတာပဲ၊ ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်ပြည့်ရင် စင်ကြယ်သွားတာပဲဆိုရင် ဘာ့ကြောင့် ဒီ ဦးဂုဏကြီးက ဘာဖြစ်လို့ ဒီအကျင့် ကျင့်နေရတာလဲ၊ အဝတ် မဝတ်ဘူး, ကလေးလိုပဲ , အရှက်မရှိဘူး၊ ဘာဖြစ်လို့ ဒီရသေ့ကြီး ဒီအကျင့်ကို ကျင့်နေရ တာလဲ၊ သံသရာက သူ့ဘာသာသူ စင်ကြယ်မှာပဲ၊ ကျင့်ဖို့ လိုသေးလား၊ ယခု ဦးဂုဏ ကြီးက သံသရာက သူ့ဘာသာသူ စင်ကြယ်တယ်လဲ ဆိုသေးတယ်၊ ဒီ ဦးဂုဏ ကြီးကိုက အမြီးအမောက် မတည့်တာ, ဘာဖြစ်လို့ ရှက်စရာကြီးကို မရှက်ပဲ နဲ့ ကျင့်ပြီးတော့ သူနေသတုန်း။

ခမည်းတော် နောက်ဘဝကို ဟို လွန်ခဲ့တဲ့ ဘဝကို သမီးတော်လဲ သိပါ တယ်၊ သမီးတော်လေ တစ်နေရာကနေပြီး စဉ်းစားလိုက်တာ, လွန်ခဲ့တဲ့ (၇) ဘဝလဲ သိတယ်, နောက်လာမယ့် (၇)ဘဝလဲ သိတယ်၊ တစ်နေရာကနေ သမီးတော် စဉ်းစားတုန်းက သမီးတော် ဘာဖြစ်သလဲ ဆိုလို့ရှိရင်

ပန်းထိမ်သည်သား။ ။ တစ်ခါတုန်းက ပန်းထိမ်သည်သား ဖြစ်ခဲ့ပါတယ်၊ ဟို လွန်ခဲ့တဲ့ ဘဝတုန်းက ရွှေပန်းထိမ်သည်သား ဖြစ်တုန်းက ရုပ်က ခပ်ချောချောနဲ့, မကောင်းတဲ့ မိတ်ဆွေ, မတော်တဲ့ မိတ်ဆွေ တွေနဲ့ ပေါင်းလိုက်တာ၊ ဒါပေါ့

ပုဂ္ဂလောပိ-ပုဂ္ဂိုလ်သည်လည်း၊ ဥပနိဿယပစ္စယေန-ပကတူပနိဿယ ပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုတတ်သည်၊ ဟောတိ-ဖြစ်၏-

ဆိုတာလေ နည်းနည်းကလေး နားလည်ပြီး သတိထားလိုက်ပါ၊ ဒီ ဦးဂုဏနဲ့ ပေါင်းလိုက်လို့ ရှင်ဘုရင်ကြီးဟာ မိစ္ဆာအယူ ယူနေပြီ၊ ပုဂ္ဂိုလ်က {ပကတူပ နိဿယ}သတ္တိဖြင့် ကျေးဇူးပြုလိုက်တာ နည်းနည်းကလေး မထင်နဲ့, ပုဂ္ဂိုလ် မကောင်းတာနဲ့ ပေါင်းလိုက်လို့ ရှိရင်ဖြင့် မကောင်းတဲ့ ပုဂ္ဂိုလ် ဖြစ်ဖို့ရန်ဟာ {ဥပနိဿယသတ္တိ}နဲ့ ကျေးဇူးပြုပြီးသား ဖြစ်နေတယ်။

ယခုလဲပဲ ရှင်အာနန္ဒာ အလောင်းဖြစ်တဲ့ သတို့သားကလေး ရွှေပန်းထိမ်သည် သား ဖြစ်တုန်းက သူကလဲ

ပုဂ္ဂိုလ်တစ်ယောက်က ပကတူပနိဿယသတ္တိနဲ့ ကျေးဇူးပြုတာ နည်းနည်း ကလေ မထင်နဲ့, ပုဂ္ဂိုလ် မကောင်းတာနဲ့ ပေါင်းလိုက်လို့ ရှိရင်ဖြင့် မကောင်းတဲ့ ပုဂ္ဂိုလ် ဖြစ်ဖို့ဟာ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုပြီးသား ဖြစ်နေပြီ။

ယခုလဲ ပဲ ရှင်အာနန္ဒာ အလောင်း သတို့သားကလေး ရွှေပန်းထိမ်သည် သား ဖြစ်တုန်းက သူက ရုပ်ချောချော, ဘေးက မိတ်ဆွေတွေက သူ့ကို ဝိုင်း မြှောက်မြှောက် မြှင့်မြှင့်ပေးလို့ လုပ်ချင်ရာ လုပ်ပြီး သူများ မယားတွေ ဖျက်ဆီးခဲ့တယ်၊ ကာမေသုမိစ္ဆာစာရကံကို အများကြီး ကျူးလွန်ခဲ့တယ်။

ကောသမ္ဗီသူဌေးသား။ ။ တစ်ဘဝတုန်းက အဲဒီလို ကျူးလွန်ပေမယ်လို့ မီးခဲ ပြာဖုံး ဖုံးပြီးတော့ နောက်ဘဝကျတော့ ကောသမ္ဗီ ပြည်မှာ သူဌေးသား သွားဖြစ်တယ်၊ ကြည့်စမ်းနော် ချက်ချင်း အကျိုးမပေးဘူး နော်, မီးခဲ ပြာဖုံး ဖုံးသွားတာပဲ၊ နောက်ဘဝကျတော့ သူဌေးသား ဖြစ်လို့, ဥပုသ်များ ဘာများ စောင့်လို့, သူတော်ကောင်း သူဌေးသားလေး ရှင်အာနန္ဒာ အလောင်းနော်၊ နောက်နှစ်ဘဝ ဆက်နေပုံလေး ကြည့်ပါနော်။

ရောရုဝငရဲ ကျ။ ။ တတိယ ဘဝကျတော့ ရောရုဝငရဲကို အဲဒီ ကာမေသု မိစ္ဆာစာရကံကြောင့် ရောရုဝငရဲကို ကျတာပဲ၊ တတိယဘဝ ကျတော့ သေခါနီး အာရုံ ထင်လာပုံတွေ နောက်တစ်ကြိမ် ပြောပါ့မယ်နော်, ရောရုဝငရဲ ကျတယ်။

ဆိတ်ဖိုဖြစ်။ ။ အဲဒီ ငရဲက ဒုက္ခအမျိုးမျိုးနဲ့ တကတည်း နှစ်ပေါင်းများစွာ ခံစားပြီးတဲ့နောက် လွတ်လာတဲ့အခါကျတော့ ဘိန္နာဂတတိုင်း မှာ ဆိတ်ဖြစ်တယ်၊ ဆိတ်ဖြစ်တော့ ဆိတ်ကြီးက တောင့်တောင့်တင်းတင်းနဲ့ သန်သန်မာမာကြီးမို့လို့၊ အာ-ဒီဆိတ်ဟာ အမျိုးကောင်းတာပဲ ဆိုပြီးတော့ အမတ်သားတွေက ဆိတ်ကို သင်းကွပ်ကြတယ်၊ ဝှေးစေ့ကို ထုတ်တယ်၊ ဆိတ် ကြီးကြီးမားမားမို့လို့ တစ်ခါတစ်ခါ ကျောပေါ်တက်လို့ စီးကြတယ်၊ တစ်ခါ တစ်ခါ ရထားဆွဲကြတယ်၊ ရှင်အာနန္ဒာ အလောင်း ၄-ဘဝမြောက်နော်။

မျောက်ထီးဖြစ်။ ။ နောက် ၅-ခုမြောက် ဘဝကျတော့ ကာမေသုမိစ္ဆာစာရ ကံပြုခဲ့တဲ့ ရှင်အာနန္ဒာ အလောင်းဟာ တောကြီးထဲမှာ မျောက်ဖြစ်တော့လဲပဲ အုပ်ချုပ်တဲ့ မျောက်ကြီးက ငယ်ငယ်မျောက်ကလေးကို ဟာ-ဒီကောင်လေး သန်သန်မြန်မြန်နဲ့ တက်လမ်းရှိတယ်, ငါ့ရန်သူ ဖြစ်လိမ့် မယ် ဆိုပြီးတော့ တစ်ခါတည်း ဝှေးစေ့ကို ကိုက်ပစ်တာပဲ , သွားပြန်ရော၊ သူတစ်ပါး မယားကို ပစ်မှားခဲ့တာမို့_

နွားထီးဖြစ်။ ။ထို့နောက် ၆-ခုမြောက် ဘဝကျတော့ သုဒဿနတိုင်းမှာ နွားဖြစ်ပြန်ရော၊ နွားဖြစ်တော့လဲပဲ ဒီနွားကို စောစောစီးစီး ဝှေးစေ့ထုတ်မှဘဲဆိုပြီး ဝှေးစေ့ထုတ်ပြီးတော့ အင်မတန် ကောင်းတဲ့နွား, အင်မတန် အပြေးသန်တဲ့နွား, အင်မတန် တကတည်း လှည်းတွေ ဘာတွေ စီးလို့ ကောင်းတဲ့နွား၊ ရှင်အာနန္ဒာ အလောင်း နွားကောင်းကြီး ဖြစ်ပြန်ရော။

လူနပုံးဖြစ်။ ။ နောက် ၇-ဘဝမြောက်ကျပြန်တော့ ဝဇ္ဇီတိုင်းမှာ လူ့ဘဝ ရပြန်ရော၊ ယောကျ်ားလဲ မဟုတ်, မိန်းမလဲ မဟုတ်၊ ရှင်အာနန္ဒာ အလောင်းနော်, ယောက်ျားလား-မဟုတ်ဘူး, မိန်းမလား-မဟုတ်ဘူး, ယောကျ်ားလဲ မဟုတ်, မိန်းမလဲ မဟုတ်၊ သူ့ကို နပုံးပဏ္ဍုက်လို့ ခေါ်တယ်, ဒီလို ဖြစ်ပြန်ရော။

သိကြားမင်း မိဖုရား ၄-ဘဝဖြစ်။ ။ နောက် အဲဒီက တစ်ခါ နတ်ပြည်မှာ အင်မတန်လှတဲ့ နတ်သမီး ဖြစ်ပြန်ရော, ကြည့်စမ်း ကြည့်စမ်း,ရှင်အာနန္ဒာအလောင်း ယောက်ျားဘဝ မရောက်လာသေးဘူး, နတ်သမီးဖြစ်ပြန်ရော, နတ်သမီးဖြစ်တော့ သိကြားမင်းရဲ့ မိဖုရားပေါ့လေ၊ အဲဒီလို ဖြစ်ပြန်ရော, နောက်ကို နတ်မိဖုရားဘဝနဲ့ ဘယ်လောက်ကြာတုန်း ဆိုတော့ ငါးဘဝ ဖြစ်တယ်။

နတ်မိဖုရားဖြစ်။ ။ နောက်တော့ တစ်ခါ ဒီ သိကြားမင်းရဲ့ မိဖုရား မဖြစ်ဘဲ နဲ့ နတ်သားတစ်ယောက်ရဲ့ မိဖုရား ဖြစ်ပြန်ရော။

ဘုရင့်သမီး ရုစာဖြစ်။ ။ ဒီ နတ်သားရဲ့ မိဖုရားအဖြစ်က လွတ်တော့ လူ့ပြည် ရောက်တော့, ရုစာဆိုတဲ့ သတို့သမီး ဖြစ်ပြန်ရော။

ကြည့်စမ်း ကြည့်စမ်း, သူတစ်ပါး မယားကို ပြစ်မှားလိုက်တဲ့ ပရဒါရကံက ဆိုးဆိုးရွားရွား နွားဖြစ်ရတယ်, မျောက်ဖြစ်ရတယ်, ဆိတ်ဖြစ်ရတယ်, ငရဲ ကျရတယ်၊ နောက်တော့ ဥပုသ်စောင့်တဲ့ ကံကြောင့်မို့လို့ နတ်ပြည်ရောက်ပေမယ့် မိန်းမဘဝက မလွတ်သေးဘူး၊ သူ့ ပရဒါရ, ပရဒါရ ကာမေသုမိစ္ဆာစာရကံက လိုက်လာတာမို့လို့, ကုသိုလ်ကံအကျိုးပေးလို့ နောက် နတ်သမီးဘဝပဲ ဖြစ်သေး တယ်, ယောက်ျားဘဝ မရောက်သေးဘူး။

ယခု နောက်ဆုံး ဆိုပါတော့, ဒီဘဝမှာ ရှင်ဘုရင့် သမီးတော် လာပြီး ဖြစ်တယ်၊ အဲဒီ သမီးတော်ရဲ့ ဘဝတွေကို သိနိုင်ပါတယ်, အောက်မေ့နိုင်ပါ တယ်၊ ဒီဘဝတွေ သမီးတော်ကိုယ်တိုင် ဖြစ်လာတာမို့ ကံရဲ့အကျိုးတွေ ရှိတာ ပေါ့၊ ဦးဂုဏရဲ့ စကားကို ယုံပြီးတော့ {ဘာမှ မရှိဘူး}လို့ မပြောလိုက်ပါနဲ့, ခမည်းတော်ရယ်လို့_

ဣဃာနု စိန္တေသိ သယမ္ပိ ဒေဝ,

ကုတော နိဒါနာ တေ ဣမာ ဇနိန္ဒ၊

ယာ တေ ဣမာ အစ္ဆရာသန္နိကာသာ,

အလကတာ ကဉ္စနဇာလဆန္နာ။၁။ ဇာ, ဋ္ဌ-၇၊ နှာ-၁၃၃။

ခမည်းတော်ရဲ့ အခြွေအရံဖြစ်တဲ့ မိဖုရားတွေ ကြည့်ပါ, စဉ်းစားစမ်းပါ၊ အဲသူတို့ အဆင့်အတန်း မြင့်နေတုန်းမို့၊ ဝတ်ကြ, စားကြ, ကြီးကျယ်ကြလို့ ပါပဲ၊ တန်ဆာဆင်ထားပြီး ကြီးကျယ်လိုက်တာ၊ အဲဒီ ပုဂ္ဂိုလ်တွေ ကြပ်ကြပ် စဉ်းစားစမ်းပါ, သူတို့ ဒီ ဦးဂုဏကြီး ပြောသလို, အဲဒီ နိယတိနဲ့ ဖြစ်နေတာလား၊ ကံပြုခဲ့လို့, ကံကောင်း ပြုခဲ့လို့ ဒီလို ဖြစ်တာ, ဒါ ခမည်းတော် ကြပ်ကြပ် စဉ်းစားစမ်းပါ။

ဟာ-ဟောလိုက်တာလေ၊ ဒီ ရှင်ဘုရင်ကြီးကို အကြာကြီး ဟောနေတယ်၊ ရှင်ဘုရင်က ဘယ်လို အောင့်မေ့ထားသလဲဆိုရင် ငါ့ သမီးတော်ကြီးက တယ် စကားပြော ကောင်းပါလား၊ တရားတော့ နားမဝင်ဘူး, စကားပြော တယ်ကောင်း တော့ ပြုံးလို့ ပြုံးလို့ နားထောင်နေတာပဲ၊ ဦးဂုဏ တရားကိုတော့ လက်မလွှတ် ဘူး ၊ ဟို တစဆ် ယ့်လေးဘဝ ဖြစပ် ေုံ တ၁ွ လျှောက်ပြောနေပေမယလ့်ို သမီး တော် တယ် စကားပြော ကောင်းကိုးလို့ ထင်မှတ်ပြီး ဦးဂုဏတရားကိုတော့ မလွှတ်ဘူး။

ရုစာမင်းသမီး အဓိဋ္ဌာန်။ ။ ဒါပေမယ့် သမီးတော်က မလျှော့ဘူး, သူ့ ခမည်းတော် မိစ္ဆာအယူ မစွန့်လွှတ်မှန်းလဲ သိပြီလေ၊ လက်အုပ်ချီပြီး_ လောကကြီးကို စောင့်ရှောက်ပြီးတော့ နေကြတဲ့ ရဟန်း ပုဏ္ဏား တွေ ရှိကြပါတယ်၊ ကြွပါ ကြွပါ၊ လောကကြီးကို စောင့်ရှောက်နေ ကြတဲ့ နတ်မင်းများရှိရင် ကြွပါ၊ ခမည်းတော်ရဲ့ အယူအဆကို ချွတ်လှည့်ကြပါ,ချွတ်လှည့်ကြပါ၊ ဗြဟ္မာမင်းများရှိရင် ကြွပါ၊ ခမည်းတော်ရဲ့ မိစ္ဆာအယူကို ချွတ်လှည့်ကြပါ, ချွတ်လှည့်ကြပါ၊ အိုလှည့်လည်ပြီးတော့ ဆုတောင်းလိုက်တာ။

၁။ [တစ်ဆ်ဆယ့့််ေလေးဘဝ_

၁။ ရာဇဂြိုဟ် ရွှေပန်းထိန်သည်သား၊ ၇။ လူနပုံးဘဝ၊ (အတိတ် ၇-ဘဝ)

၂။ ကောသမ္ဗီသူဌေးသား၊ ၈,၁၁။ သိကြားမိဖုရား ၄-ဘဝ၊

၃။ ရောရုဝငရဲသား၊ ၁၂။ ဇဝနနတ်သား၏ မိဖုရား၊

၄။ ဆိတ်ဖို၊ ၁၃။ အဂတိမင်၏ သမီးတော် ရုစာ၊

၅။ မျောက်ထီး၊ ၁၄။ တာဝတိံသာ နတ်သားဘဝ။

၆။ နွားထီး၊ (အနာဂတ် ၇-ဘဝ)

ပထမအကြိမ် သိကြားမင်း၏ မိဖုရားဖြစ်စဉ်က ဇာတိဿရဉာဏ်ဖြင့် လွန်ပြီး ၇- ဘဝ,လာလတ္တံ့ရ-ဘဝကို သိမြင် အောက်မေ့နိုင်သည်၊ ဇာ,ဋ္ဌ-၇၊ နာှ -၁၂၉-၁၃၀။]

{ဧတဿ-ဤခမည်းတော်၏၊ ဂုဏေ-ဂုဏ်သည်၊ အသတိမရှိလတ်သော်၊ မမ ဂုဏေန-အကျွန်ုပ်၏ ဂုဏ်ကြောင့်၊ မမ သီလေန- အကျွန်ုပ်၏ သီလကြောင့်၊ မမ သစ္စေန-အကျွန်ုပ်၏ သစ္စာကြောင့်၊ ဣဓ-ဤနန်းတော်သို့၊ အာဂန္တွာ-ကြွလာတော်မူ၍၊ ဣမံ မိစ္ဆာဒဿနံ- ဤ မိစ္ဆာအယူကို၊ ဝိသဇ္ဇာပေတွာ-စွန့်လွှတ်စေပြီး၍၊ သကလဿ လောကဿ-အလုံးစုံသော တိုင်းသူပြည်သားများ၏၊ သောတ္ထိံ- ချမ်းသာမှုကို၊ ကရောန္တု-ပြုလှည့်ကြပါကုန်။}

ဓိဋ္ဌာန်ပြီးတော့ ရှိခိုးလိုက်တာ, ဒီ ရှင်အာနန္ဒာ ဆိုတဲ့အလောင်း ရုစာဆိုတဲ့ မင်းသမီးက ရှိခိုးလိုက်တာ၊ အဲဒီတင် ဘုန်းကြီးတို့ ဘုရားလောင်းက နာရဒ ဗြဟ္မာမင်းကြီး ဖြစ်နေတယ်။

နာရဒဗြဟ္မာ တရားဟော။ ။ ဒီ ဘုရားလောင်းတွေ ဆိုတာဟာ အမှတ်တမဲ့ မနေဘူး၊ လောကကြီးကို မကြာခဏ စဉ်းစားတယ်, ကြည့်တယ်၊ ကောင်းတဲ့ အကျင့် ကျင့်တဲ့သူတွေက ဘယ်လောက် ကျင့်ပြီး ဘယ်လောက် များတယ်၊ မကောင်းတဲ့ အကျင့်ကို ကျင့်တဲ့သူတွေက ဘယ်လောက် များတယ်ဆိုတာ မကြာခဏ ကြည့်တယ်။

ဒါကြောင့် ဘုရားအလောင်း နာရဒဗြဟ္မာကြီးက ကြည့်ပြီးတော့, အင်း-

မင်းသမီးက တကတည်း ပင့်နေတာကို သူ ကြားတယ်၊ အဲ-အဂတိမင်းကြီး မိစ္ဆာအယူကို ယူနေတာလဲ မြင်ရော, အား-ယနေ့တော့ သွားမှ ဖြစ်မယ်၊ အဲ လူယောင် ဖန်ဆင်းပြီးတော့ သွားမှဖြစ်မယ်၊ မင်းသမီးကလဲ သာမန် မဟုတ်ဘူး, အင်မတန်တော်တဲ့ မင်းသမီး၊ ဒီ ရှင်ဘုရင်ကြီးရဲ့ မိစ္ဆာအယူက တစ်နိုင်ငံလုံး လွှမ်းပြီးတော့ ဒုက္ခပေးနေတာ၊ အင်း-သွားမှပဲ ဆိုပြီးတော့ ဘယ်လို အသွင်နဲ့ သွားရပါ့မလဲ ၊ အဲဒီမှာ ရသေ့ ရဟန်းအသွင်ကတော့ လူအများ ယုံကြည်ကြတယ်၊ ဒီတော့ ရသေ့ ရဟန်း အသွင်နဲ့ ဖန်ဆင်းပြီးတော့ သွားမှပဲ ၊ ရသေ့ ရဟန်း ဖန်ဆင်းလိုက်တာပဲ။

ရသေ့ ရဟန်း ဖန်ဆင်းတော့လဲ အိုနာကျိုးကန်း ရသေ့ကြီးမျိုးဆိုလို့ ရှိရင် လူမလေး ခွေးမခန့် ဖြစ်နေလိမ့်မယ်၊ ဒီတော့ တောင့်တောင့်တင်းတင်း သပ်သပ်ပါယ်ပါယ် ရသေ့ ရဟန်းအသွင်နဲ့ ဝတ်ထားတဲ့ အတွင်းက ခါးဝတ်ကလဲ အသွေးအရောင် ကောင်းကောင်းနဲ့, အပြင် အပေါ်က ရုံထားတာကလဲ အသွေး အရောင် ကောင်းကောင်းနဲ့, ဒီ အပေါ်မှာ အပေါ်ရုံကလေးများက အပေါ်တင်လို့, ရသေ့အသွင် ကောင်းကောင်းနဲ့၊ ရသေ့ပရိက္ခရာများ ထမ်းပြီးတော့ လူယောင် ဖန်ဆင်းပြီးတော့ ကောင်းကင်က လာတာကိုး။

လာတော့ လ-များ ထွက်လာသလားလို့ ထင်လောက်အောင် တင့်တယ် တယ်၊ နန်းတော်အတွင်း အနီးအနား ရောက်တော့လဲ အားလုံးက ကြည့်ကြတယ်၊ အဲ တိုင်းသူပြည်သားတွေကလဲ သတိထားပြီးတော့ ကြည့်ကြတယ်၊ ဒီ စန္ဒက ဆိုတဲ့ နန်းပြာသာဒ်အတွင်းမှာ ဝင်လာပြီးတော့ ရှင်ဘုရင်ရဲ့ အပေါ်က ဒီလို ကောင်းကင်ပြင်မှာ မတ်တတ်ရပ်ပြီး နေတယ်၊ ကျက်သရေ ရှိလိုက်တာ, ကျက်သရေ ရှိလိုက်တာ, ကျက်သရေ ရှိလိုက်တာ၊ ရုစာက ဟာ ငါတော့ အကူအညီလာပြီဆိုပြီးတော့ ဝမ်းသာလိုက်တာ, ဝမ်းသာအားရနဲ့ ရှိခိုးလို့၊ ရှင်ဘုရင်ကလဲ မြင်ပြီ၊ ရှင်ဘုရင်က မြင်တော့ ဗြဟ္မာအရှိန်က ရှိတယ်လေ၊ လူယောင်ဖန်ဆင်းပြီး လာပေမယ့် အတွင်းက ဗြဟ္မာအရှိန်ကရှိတော့ ရှင်ဘုရင်မှာ သူ့ နေရာသူ မထိုင်နိုင်ဘူး၊ မထိုင်ဝံ့ဘူး, မထိုင်ဝံ့ဘူး၊ အဲဒီ နေရာက ဆင်းပြီး တကတည်း ကြမ်းပြင်ပေါ်မှာ ရပ်ပြီးတော့ {ဘယ် ကိစ္စနဲ့ လာပါသတုန်း, နာမည်က ဘယ်လို ခေါ်ပါသတုန်း, အမျိုးက ဘယ်သူတဲ့တုန်း}၊ ဒီလို မေးတော့မှ လာခဲ့တာကတော့ ဟို-ဗြဟ္မာ့ဘုံက လာခဲ့တယ်၊ ဗြဟ္မာ့ပြည် မရှိဘူးဆိုတဲ့ ရှင်ဘုရင်ကြီးကိုလေ။

ဗြဟ္မာ့ပြည်က လာခဲ့တယ်၊ ဟို အားလုံးက သူ့ကို နာရဒလို့ ကဿပ အနွယ် နာရဒလို့ ခေါ်ကြတယ်၊ အားလုံးက အသိအမှတ် ပြုကြတယ်၊ ကောင်းပါပြီ, အရှင်နာရဒ, ဒီကို အရှင် ဘယ်လိုများ လုပ်ပြီး ရောက်အောင် လာပါသတုန်း၊ သူက နိယတိကို လိုချင်တာကို, ဘယ်လိုများ လုပ်ပြီးတော့ ဒီ တန်ခိုးတွေ ရပါသတုန်း။

သစ္စံ-မှန်ကန်သော ဝစီသစ္စာလည်းကေင်း၊ စကားပြောရင် မှန်မှန်ပြောတယ်, နည်းနည်းကလေးမှ အညွှန့်မတက်ဘူး, အလိမ်အပြု မရှိဘူး၊ သစ္စံ-မှန်ကန်တဲ့ ဝစီသစ္စာလည်းကောင်း၊ ဓမ္မော စ-သုစရိုက် ဆယ်ပါး မြတ်တရားလည်းကောင်း၊ ဒမော စ-စက္ခုစတဲ့ ဣန္ဒြေ ကို ငြိမ်ငြိမ်သက်သက် ဆုံးမခြင်းသည်လည်းကောင်း၊ စာဂေါ-စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်းဆိုတဲ့ စာဂလည်းကောင်း၊ ဧတေ ဂုဏာ- ဤဂုဏ်တို့သည်၊ ပုရာဏာ-မိမိ သန္တာန်၌ ရှေး၌ ဖြစ်ကုန်၏၊ ဧတေ ဂုဏာ- ဤဂုဏ်တို့ကို၊ ပကတာ-မိမိ သန္တာန်၌ ဖြစ်စေအပ် ပြုအပ်ကုန်ပြီ။

ကျုပ်က ဒီဂုဏ်တွေ ပြုလုပ်လာတယ်၊ တစ်ခဏတည်း မဟုတ်ဘူး၊ အကြိမ်ပေါင်း များစွာ ပြုလုပ်ပြီးတော့ လာခဲ့တာဖြစ်တော့ ကျုပ်တန်ခိုးတွေ ဟာ ဟို စိတ်လိုပါပဲ ၊ ကျုပ် သွားချင်တဲ့ နေရာကို ရောက်အောင် သွားနိုင်ပါ တယ်၊ ဒီမှာ ကုသိုလ်ကံအကျိုး စသည်ကို ပြောပြီလေ။

ဗြဟ္မာ့ပြည်က လာတယ်၊ ဒီကုသိုလ်ကံတွေကြောင့် ဒီလို ဖြစ်နိုင်တယ်လို့ တိုက်ရိုက် ပြောပြီလေ။

{အရှင် နာရဒ မေးပါရစေလေ၊ အို မေးတော့လဲ မုသားတော့ မပြော ပါနဲ့နော်, မပြောပါနဲ့နော်}၊ (သူက မိစ္ဆာအယူကို ယူထားတာကိုး၊) ပရလောက ရှိတယ်ဆိုတာ အမှန်ပဲလား, မေးတော့

အတ္ထေဝ ဒေဝါ ပိတရော စ အတ္ထိ,

လောကော ပရော အတ္ထိ ဇနော ယ'မဟု၊

ကာမေသု ဂိဒ္ဓါ စ နရာ ပမူဠှာ,

လောကံ ပရံ န ဝိဒူ မောဟယုတ္တာ။၁။ ဇာ, ဋ္ဌ-၇၊ နှာ-၁၃၈။

ပရလောက ရှိတယ်ဆိုတာ အမှန်ပဲ , မိဘတွေ ဘာတွေ ရှိတာ အမှန်ပဲ ၊ ဒါတွေက ကာမကို မက်ပြီးနေတဲ့ သူတွေက ပရလောက ရှိတယ်ဆိုလို့ရှိရင် ကာမဂုဏ် မခံစားနိုင်မှာစိုးလို့, ပရလောက ရှိတယ်, ငရဲ ရှိတယ်, ဘာရှိတယ် ဆိုလို့ရှိရင် သူတို့ ခံစားချင်တဲ့ ကာမဂုဏ်ကို မလုပ်နိုင်မှာ စိုးလို့၊ မောဟက ပိတ်ဖုံးနေတဲ့အတွက် ပရလောက မရှိဘူးလို့ ပြောနေကြတာ, အမှန်ကတော့ ပရလောက ရှိတာပေါ့လို့၊ အဲဒီလို ပြောတော့- ရှင်ဘုရင်က သူက ဦးဂုဏရဲ့ တရားတွေကို သိပ်စွဲနေတာ, မရှိဘူးလို့ ကြားချင်တာ, မရှိဘူးလို့ သဘောကျနေတာ, သဘောကျရုံတွင် မကဘူး၊ သူတစ်ပါးရဲ့ သားမယားတွေကိုလဲ ပြစ်မှားပြီလေ၊ သူ့မှာလဲပဲ လက်လွန်နေတာက ရှိပြီလေ၊ ဒီတော့ သူက ပရလောက မရှိတဲ့ဘက်က ဖြစ်စေချင်တာ၊ ပရလောက ရှိတယ်လို့ ပြောနေတာကို တယ် နားမထောင်ချင်ဘူး၊ နားမထောင်ချင်တော့ သူက ခပ်ရွှန်းရွှန်းပေါ့လေ_

အတ္ထီတိ စေ နာရဒ သဒ္ဒဟာသိ,

နိဝေသနံ ပရလောကေ မတာနံ၊

ဣဓေဝ မေ ပဉ္စ သတာနိ ဒေဟိ,

ဒဿာမိ တေ ပရလောကေ သဟဿံ။၁။ ဇာ, ဋ္ဌ-၇၊ နှာ-၁၃၈။

သူ့ နန်းတော်ထဲမှာလဲပဲ ဖြစ်တယ်, ရှင်ဘုရင်လဲ ဖြစ်တယ်၊ ဗြဟ္မာ့အရှိန် ကြောင့်သာ သူက အောက်ကနေပြီး မေးတာ၊ မေးနေပေမယ့် သူ့အယူကို မစွန့်ချင်တော့, အို အရှင်နာရဒ ပရလောက ရှိတယ်ဆိုတာ အဟုတ်ယုံသလား၊ ဒီဘဝက သေသွားတဲ့ လူတွေဟာ နောက်ဘဝ နေစရာ ဘဝလောက ရှိသလား၊ ယုံလို့ရှိရင် ကျုပ်ကို ခု ငွေ ငါးရာလောက် ချေးထားစမ်းပါ၊ ဟိုဖက် ဘဝကျတော့ ကျုပ်က တစ်ထောင်ပေးမယ်လေ, တစ်ထောင် ဆပ်ပါ့မယ်၊ ငါးရာ ချေးထားစမ်းပါ, ငါးရာ ချေးထားစမ်းပါ၊ ကျုပ် ဟိုဖက်ဘဝကျတော့ တစ်ထောင် ဆပ်ပါ့မယ်၊ ဟိုဖက်ဘဝ ရှိတယ်ဆိုရင် ကျုပ်က တစ်ထောင် ပေးရဲတယ်။

ဗြဟ္မာမင်းက, ရသေ့ယောင် ဆောင်ထားတဲ့ ဗြဟ္မာမင်းက အသင့်ကို သီလရှိတဲ့ သူတော်ကောင်းလို့ သိရင်တော့ ကျုပ်က ငါးရာ ပေးရဲတယ်၊ ဘာဖြစ်လို့တုန်း, ဟိုဘဝမှာ ကောင်းတဲ့ဘဝကို ရောက်ပြီးတော့ သင်က ကျုပ်ကို ပြန်ဆပ်မှာကိုး, ပေးရဲတယ်၊ အသင်က ခု မတရား လုပ်နေတဲ့သူ, အသင်က ငရဲရောက်မှာ, ငရဲရောက်မယ့်သူကို ကျုပ် ဘယ်လိုလုပ်ပြီးတော့ ပေးရဲမတုန်း၊ ငွေလိုက်ပြီးတော့ ဘယ့်နှယ်လုပ် တောင်းမတုန်း။

ခု လောကကြီးကိုက ကြွေးပေးတဲ့ လူဆိုတာလေ, ယုံကြည်လောက်တဲ့ သူကိုမှ ပေးတာ၊ ဒီလူ့ဆီ ပေးလို့ရှိရင် ပြန်ရမယ်၊ ဒီလူက ကောင်းကောင်း အလုပ် လုပ်တယ်, မပျင်းမရိဘူး၊ ဒီလူက တိုးတက်လမ်း ရှိတယ်၊ ယခု ကြွေးပေး လိုက်လို့ရှိရင် အမြတ်အစွန်းနှင့်တကွ ပြန်ဆပ်လိမ့်မယ်၊ အဲဒီလိုဆိုမှ ကြွေးပေး တာ၊ ဒီလူက အင်မတန်ပျင်းတယ်, ငါ့ဆီသာ ကြွေးလာချေးတာ အင်မတန် ပျင်းတယ်၊ သူ့မှာ အရင်းအနှီးလဲ ဘာမှ မရှိဘူး၊ ဖြုန်းပစ်မှာ, ပြန်ရမှာ မဟုတ်ဘူး၊ ငါ ပြန်ရမှာ မဟုတ်ဘူးဆိုရင် လောကကိုက ကြွေးမပေးဝံ့ကြဘူး။

အသင်က ငရဲကျမှာ, ငါ ကြွေးမပေးဝံ့ဘူး၊ အသင် ငရဲကျမှာ၊ အဲဒီတင် ဗြဟ္မာမင်းက ငရဲအကြောင်းတွေ ပြောလိုက်တာ၊ ဟော_ငရဲကျတော့လေ ဘယ်လို နှိပ်စက်တယ်, ဘယ်လို ခံရတယ်၊ အဲဒီ ခံနေတဲ့သူကို ငါက လိုက်ပြီး တော့ ကြွေးတောင်းလို့ ဖြစ်ပါ့မလား, အကြွေးပေးနိုင်မလား, အကြွေး ဆပ် နိုင်မလား၊ ဒါကြောင့် ငါ အကြွေး မပေးရဲဘူး။

တစ်ခါ ဟို-အင်မတန် အေးပြီးတော့ မှောင်မည်းနေတဲ့ ငရဲဆိုတာ ရှိတယ်၊ မှောင်လို့, တစ်ငရဲလုံး မှောင်လို့, အေးလိုက်တာကလဲ လွန်လို့, လောကန္တရိက်ငရဲ ဆိုတာ ရှိတယ်။

အဲဒီ အထဲမှာ ငရဲသားတွေ တစ်ဦး တစ်ဦးလဲ အချင်းချင်း မမြင်ရဘူး၊ ရွရွ ရွရွနဲ့, နံရံကြီးကို ဖက်ပြီး ကုတ်ပြီး, တွဲပြီး ဖက်ပြီးတော့ သွားနေကြတာ, လင်းနို့ကလေးများလိုပဲ၊ ကျောက်နံရံကြီးကို ဖက်ပြီးတော့ သွားနေကြတာ၊ လက်နဲ့ ကုတ်ပြီးတော့ သွားနေကြတာ၊ စားစရာလဲ မရှိဘူး, ဘာမှလဲ မမြင်ရ ဘူး၊ တစ်ဦးအနား တစ်ဦးရောက်တော့ အစာထင်ကာ ဟတ်လိုက်တာ၊ တစ်ခါတည်း လွတ်ကျပြီးတော့ အင်မတန်အေးတဲ့ ငရဲထဲ ကျသွားတာ မွမွကို ကြေသွားရရှာတယ်။

အဲဒီလို ငရဲခံနေရတဲ့ သင့်ကို ငါက ဘယ်လိုလုပ်ပြီးတော့ တောင်းမတုန်း၊ ကြွေး မပေးနိုင်ဘူး, သင့်ကို ကြွေးမပေးနိုင်ဘူး၊ သင့်မှာ ငွေပြန်ရဖို့ရန် မမြင် ဘူးတဲ့၊ ငရဲအကြောင်းတွေ ဟောလိုက်တာ ရစရာမရှိဘူး၊ နည်းနည်း ကိုယ်ရေး ကိုယ်တာကျတော့ ထိတ်လာပြီ၊ {မတော်လို့ ငါ ငရဲကျသွားရင် ဒုက္ခ ဒုက္ခ, သူပြောတဲ့ ငရဲ ကျလိုက်ရင် ဒုက္ခ ဒုက္ခ} ထိတ်လာပြီ၊ ဟိုက ငရဲတွေ ဟော လိုက်တာ၊ ဟို လက်ပံပင်ငရဲဆိုတာ လက်ပံဆူးတွေနဲ့, နောက်ပြီးတော့ လက်နက်တွေနဲ့ ရိုက်ပြီးတော့ အတင်း တင်တာပဲ၊ အဲဒီလို တင်နေတဲ့ အသင့် ကို ငါက လိုက်ပြီး ကြွေးတောင်းလို့ ဖြစ်ပါ့မလား, ငါမပေးနိုင်ဘူး။

အင်း_သင်က ငရဲကို သည်လို ကျမှာ ကျမှာ ကျမှာနဲ့ ငရဲအကြောင်းတွေ ပြောလာတော့ ထိတ်လာပြီ၊ နောက်တော့ ကောင်းကောင်းကျင့်တဲ့ ပုဂ္ဂိုလ်တွေက နတ်ပြည်ရောက်တော့ ဘယ်လို ချမ်းသာတယ်ကိုလို့, နတ်ချမ်းသာကို ပြောပြန် တာကိုး၊ ဒီ တိုင်းသူပြည်သားတွေလဲ ရှင်ဘုရင့် သမီးတော် တရားဟောလို့ မရလို့ ယခု ဗြဟ္မာ့ပြည်က လာပြီး ရသေ့က တရားဟောနေသတဲ့၊ တိုင်းသူ ပြည်သားတွေလဲ ဒီ မိစ္ဆာအယူကို စွန့်စေချင်တာကိုး၊ တချို့ကလဲ နားထောင် ကြတယ်၊ နားထောင်တော့ ဗြဟ္မာ့တန်ခိုးကြောင့် ကြားကြတယ်၊ တိုင်းသူပြည် သားတွေကလဲ မိစ္ဆာအယူတော့ လွတ်တော့မှာပဲလို့ သဘောပေါက်နေကြတယ်။

ဒါနဲ့ တိုင်းသူပြည်သားတွေ ဝမ်းသာအားရနဲ့တစ်ခါ နတ်ပြည်အကြောင်းတွေ ဟောပြန်ရော, ဥပုသ်သီတင်း ဆောက်တည်လို့, ဒါနပြုလို့, နတ်ပြည်မှာ သည်လို ခံစားရတယ်, သည်လို ခံစားရတယ်၊ စောစောစီးစီးကလဲ ရုစာ မင်းသမီးက နတ်ပြည်အကြောင်းကို ပြောထားတာ ဖြစ်တယ်၊ ဘုရင်ကြီး ငိုင်နေတယ်, တွေးလို့၊ အဲဒီ နတ်ပြည်အကြောင်းတွေလဲ ဟောပြီးရော ဘုရင်ကြီး မိစ္ဆာအယူ စွန့်လွှတ်ပြီးတော့ တမလွန်လောက ရှိတယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါရော၊ အဲဒီမှာ အားလုံး ဝမ်းသာအားရဖြစ်ပြီး, မိစ္ဆာအယူက လွတ်လဲ လွတ်ပြီးရော, ဗြဟ္မာမင်းကြီးကလဲ ဗြဟ္မာ့ပြည် ပြန်သွားရော, ရုစာလဲ အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတယ်။

ကောင်းတဲ့ကံတွေ ပြုကြ။ ။ ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ တရားတော်က လေ, ခုချက်ချင်း ကုသိုလ်ပြုရင် ခုဘဝ အကျိုး ပေးတယ်, ဒီလိုက မသေချာဘူး၊ သေချာတာက ဂရုကကံပဲ ရှိတယ်၊ ကောင်းတဲ့ ထဲက ကံတို့ ဈာန်တို့, ဒီ ကံတွေ ဒီ ဈာန်တွေ ဟိုဖက်ဘဝ သေချာတယ်။

မကောင်းတဲ့ ကံထဲက အမိ အဘ သတ်တာတို့, ရဟန္တာ သတ်တာတို့, ဟို ဘဝမှာ အပါယ်လားမှာ သေချာတယ်, အကျိုးပေးမယ်။

ဒိပြင် ကံတွေကတော့ အခွင့်ရှာရပါတယ်၊ အခွင့်ရှာလို့ အခွင့်သာတော့မှ လိုက်ပြီးတော့ အကျိုးပေးတယ်၊ အဲဒီလို အကျိုးပေးတဲ့ အခွင့်ကောင်း အခါ ကောင်းကို လက်မလွတ်အောင် ခုဘဝက ကောင်းတဲ့ ကံတွေချည်း ပြုဖို့ရန် ဘုန်းကြီးတို့ တာဝန်ရှိပါတယ်၊ အဲသလို ကံတွေကို ကိုယ်စီကိုယ်ငှ ပြုကြရ ပါမယ်။

ဒီ ပဋ္ဌာန်းတရားတော်က ကမ္မပစ္စည်းနဲ့ လိုက်ပြီးတော့ ဝိပါကပစ္စည်းနဲ့ အကျိုးပေးပုံတွေကို ပြုနေပါတယ်၊ ကမ္မပစ္စည်း ဝိပါကပစ္စည်း ဆိုပေမယ်လို့ အခွင့်သင့်မှ အကျိုးပေးတယ်ဆိုတာကို ဘုန်းကြီး မနက်ဖြန်မှ ဆက်ပြီးတော့ ဟောပါမယ်။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တ နယ, သမန္တပဋ္ဌာန်း,ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

အဋ္ဌမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

အဋ္ဌမနေ့

၁၃၃၅-ခုနှစ်၊ နှစ်ဆန်း (၁)ရက်၊ ၁၉၇၃-ခုနှစ်၊ ဧပြီလ (၁၆)ရက်။

ဒါနထက် သီလသာခြင်း။ ။ ကမ္မပစ္စည်းနဲ့ ဝိပါကပစ္စည်းကို ထပ်ပြီးတော့ ဟောရပါဦးမယ်၊ ဘုန်းကြီးတို့ သာသနာမှာ ကံနှင့် ကံ၏အကျိုးကို မပိုင်လို့ရှိရင် ဘာမှ လုပ်လို့ ခရီးမရောက်ပါဘူး၊ ရဟန်းသံဃာ အဖြစ်နဲ့ နေလဲပဲ ကံနဲ့ ကံရဲ့အကျိုးကို ကောင်းကောင်း နားလည် မှ နေလို့ ကောင်းပါတယ်၊ သာသနာပြုတဲ့ ဒကာ-ဒကာမအဖြစ်နဲ့ နေလဲပဲ ကံနဲ့ ကံရဲ့အကျိုးကို ပိုင်နေမှ သာသနာပြုတတ်ပါတယ်၊ ဗုဒ္ဓဘာသာများက လူဝတ်ကြောင်များက တို့ တာဝန်ဟာ လှူဖို့ပဲလို့ ဒီလို ထင်နေပါတယ်၊ ကံနဲ့ ကံရဲ့အကျိုးထဲမှာ ဒါနထက် သီလ သာတယ် ဆိုတာကို သူတို့ သဘောမပေါက် ပါဘူး၊ သဘောမပေါက်တော့ကာ ကံနဲ့ ကံရဲ့အကျိုးကို မရှင်းမလင်းဘူး၊ အမှန်ကတော့ သီလကို အခြေခံပြီးတော့မှ ရောင်းရ ဝယ်ရတယ်, ဆက်သွယ် ရတယ်, စကားပြောရတယ်။

သီလပြီးတော့မှ အထိုက်အလျောက် ပိုတာ လျှံတာကို သို့မဟုတ် မိမိ ဝါသနာပါတာကို လှူရတယ်၊ သီလမပါဘဲနဲ့ ဒါနချည်း သွားနေလို့ရှိရင် ဘဝတောင်မှ ကောင်းကောင်း သုဂတိ မရောက်နိုင်ပါဘူး။

စိတ်ကောင်းရှိဖို့ ပထမ။ ။ တစ်ခါ ဘုန်းကြီးတို့ ရဟန်းတော်များလဲပဲ ခေတ်အားလျော်စွာ စာသင်မှ၊ ဒီလို ထင်ပြီး စာကိုပဲ သင်ကြပါတယ်, ပို့ချပါတယ်၊ ခုနကပဲ သံဃာတော်များ ရွတ်တဲ့ ဂါထာထဲမှာ သီလကို အခြေမခံရင်တော့ အထက် မတက်နိုင်ဘူး၊ သာသနာ တော်မှာ သီလသာ အခြေခံဖြစ်တယ်၊ တရားဂါထာက သည်လိုပဲ လမ်းညွှန်နေ ပါတယ်၊ ဒါကြောင့် ဘုန်းကြီးကျောင်းမှာ အဲ-{စိတ်ကောင်းရှိဖို့က ပထမ} စိတ်မကောင်းဘဲနဲ့ ဘုန်းကြီးလုပ်နေတာကိုက မှားတယ်၊ ဘုန်းကြီး လုပ်ချင်ရင်, ကိုရင် သာမဏေ ရဟန်းလုပ်ချင်ရင် ကု သိုလ်ရလွယ်တဲ့ စိတ်ကောင်းကို အထက်ဆုံး ထားမှ ဖြစ်မယ်။

ဒါကြောင့် {စိတ်ကောင်းရှိဖို့က ပထမ}၊ စိတ်ကောင်းရှိပြီးတော့ ဘာလုပ် ရမလဲ ၊ ခုနက ဝိနည်း သီလပေါ့၊ {ဝိနည်း သီလ လေးစားဖို့က ဒုတိယ} ပြီးတော့မှ ရှေ့လျှောက်ပြီးတော့မှ စာတတ်ဖို့ကျတော့ {ဒသမ} ဆယ်ခုမြောက် ကျမှ စာတတ်ဖို့ လမ်းညွှန်ထားတယ်။

လူများမှာလဲပဲ ဒီလိုပဲ , စိတ်ကောင်းရှိဖို့ အင်မတန် ကြိုးစားရတယ်၊ လောဘကြီးတဲ့ လူက လောဘကို လျော့လို့နေအောင်, ဒေါသကြီးတဲ့ လူက ဒေါသကို လျော့လို့နေအောင်, မာန်မာန ရှိတဲ့လူက မာန်မာနတွေ မရှိသလောက် ကင်းသွားအောင်, မနာလို ဝန်တိုတတ်တာကို ဣဿာ, မစ္ဆရိယ ခေါ်တယ်၊ အဲဒီ ဣဿာ, မစ္ဆရိယ မရှိသလောက် ဖြစ်အောင် ကြိုးစားကြရတယ်၊ ဒါမှ စိတ်ကောင်းတယ်။

အဲဒီက ဟိုဖက်တော့ မရှိဆင်းရဲတဲ့ သူတွေကို လှူချင်လှူပေါ့, လှူနိုင်ရင် လှူ, စွန့်ကြဲနိုင်ရင် စွန့်ကြဲ၊ မရှိဆင်းရဲတဲ့ သူတွေကို ပေးကမ်းနိုင်ရင် ပေးကမ်း, ဒီလို လုပ်ရပါတယ်၊ ပြီးတော့မှ တစ်ဆင့်တက်ပြီး ဘာဝနာနဲ့ နေရပါတယ်။

ကံရဲ့ သတ္တိလိုက်ပုံ။ ။ ယခုတော့ကာ အဲဒီ အစီအစဉ်တွေကို နားမလည်ကြ ဘူး၊ နားမလည်ကြတော့ ယနေ့ ကံရဲ့ အကျိုးပေးပုံ, ကံရဲ့ သတ္တိလိုက်ပုံကို ဘုန်းကြီး ပြောပြပါ့မယ်၊ အင်မတန် သိမ်မွေ့ပါတယ်၊ အင်မတန် သိမ်မွေ့ပါတယ်၊ ဒီ ကုသိုလ်ကံ, အကုသိုလ်ကံ ပြုကြရော, ပြုတော့ ကာ ဒီကံက ပြုပြီးတော့ရင် ချုပ်သွားတာပဲ၊ ခု ဘုန်းကြီး ကုသိုလ်စေတနာ တွေနဲ့ ပြောနေတာ၊ ပြောနေတဲ့ စေတနာတွေဟာ ဖြစ်ပြီး ပျက်, ပျက်ပြီး ဖြစ်, ဖြစ်ပြီး ပျက်၊ ဒီက ပြန်သွားတော့ ကျောင်းကို ပြန်သွားတယ်ဆိုရင် ဒီ စေတနာတွေဟာလေ လုံးလုံးမရှိသလောက် ပျောက်သွားတယ်၊ အဆက်ပြတ် သွားတယ်။

ပြီးတော့ ဒီ စေတနာဆိုတဲ့ ကံက ဘယ့်နှယ်လုပ်ပြီးတော့ ဘဝတစ်ခု, နောက် ဘဝမှာ အကျိုးပေးနိုင်ပါ့မတုန်း၊ အင်မတန် သံသယ ဖြစ်စရာ၊ အင်မတန် ယုံမှားစရာ ဖြစ်တယ်၊ ဒီတော့ကာ ဟိုမနေ့က ပြောတဲ့ ကုသိုလ်ဇော, အကုသိုလ် ဇော၊ ဇောဆိုတဲ့ စကားဟာ အင်မတန် ပြင်းတယ်၊ ဒိပြင် စိတ်တွေနဲ့ မတူဘူး၊ ဆိုပါတော့, အိပ်ပျော်ပြီးတော့ နေတဲ့အခါမှာတော့ ဖြစ်တဲ့ စိတ်တွေဟာ ဝိပါက်စိတ်လို့ ခေါ်တယ်၊ ဝိပါက်ဆိုတာ ရှေးကံရဲ့ အကျိုး ဖြစ်နေတာ။

အိပ်ပျော်နေတုန်းမှာ ရှေးက အကျိုးပေးနေတဲ့ ဝိပါက်တွေပဲ ဖြစ်နေပါ တယ်၊ ငြိမ်လို့, ဒါပြောပြီးပြီနော်၊ ဇောက သည်လို မဟုတ်ဘူး၊ လှုပ်လှုပ်ရွရွ ဗျာပါရ သိပ်ရှိတယ်၊ ဇောတွေက ဝိပါက်စိတ်တွေလို ငြိမ်မနေဘူးဆိုပါတော့၊ ခု ဘုန်းကြီး အသံထွက်နေတဲ့စိတ်ဟာ ဇောစိတ်တွေ အများကြီး ဖြစ်နေတယ်၊ အဲဒီ ဇောစိတ်တွေကြောင့်, စိတ်တွေ လှုံ့ဆော်မှုကြောင့် ဒီအသံ ထွက်လာတာ၊ ဇောစိတ်တွေ လှုံ့ဆော်မှုဟာ ဘယ်လောက်များ ကျယ်ပြန့်သတုန်းဆိုတော့ ပီပီသသပဲ, အသံသွင်းတဲ့ ပုဂ္ဂိုလ်များကိုလဲ ရစေချင်တယ်၊ နားထောင်နေတဲ့ သံဃာတော်များ, ဒကာ-ဒကာမများကိုလဲ နားလည်စေချင်တယ်၊ ဗျာပါရတွေ, ဗျာပါရတွေ၊ အသံတစ်ခု ထွက်ရုံတင်မကဘူး၊ စိတ်ထဲမှာ ဗျာပါရတွေ များတယ်, များလိုက်တာ၊ အဲဒီ စိတ်ဇော ဗျာပါရများတဲ့ အထဲမှာ စေတနာ ဆိုတာ သတ္တိအရှိဆုံးပဲ။

ဥပမာတစ်ခု အသင်းအဖွဲ့မှာ ဆိုပါတော့ ဥက္ကဋ္ဌလဲ ရှိတယ်၊ အကျိုး ဆောင်လဲ ရှိတယ်၊ အသင်းသူ အသင်းသားများလဲ ရှိတယ်၊ ဒါပေမယ့် အကျိုးဆောင်လုပ်တဲ့ ပုဂ္ဂိုလ်မှာ ဗျာပါရတွေ များလိုက်တာ, အစည်းအဝေး လာအောင်လဲ ကြိုးစားရတယ်၊ အစည်းအဝေး ရောက်တော့လဲ သူတို့ ကောင်း ကောင်းမွန်မွန် နေနိုင်အောင် ကြိုးစားရတယ်၊ ဒီအစည်းအဝေးနဲ့ စပ်ပြီးတော့ ပြောစရာ ဆိုစရာကိုလဲ စီစဉ်ရတယ်။

ဥက္ကဋ္ဌကြီးက ဥက္ကဋ္ဌလုပ်ပြီးတော့ အုပ်ချုပ်ရုံပဲ ရှိပါတယ်၊ အကျိုးဆောင် မှာ ဗျာပါရများလိုက်တာ, ဒါ လက်တွေ့ စာထဲမှာ၁ ဘယ်လို ဆိုလဲဆိုတော့ ဒီ ကျောင်းသားတွေ ကျောင်းဆရာက စာပြတဲ့ ဆရာက အုပ်ချုပ်နေပေမယ့် ပြောပြနေပေမယ့် ဒီထဲ လက်ထောက်ဆရာက သိပ် ဗျာပါရများတာပဲ၊ ကျောင်းသားတွေ ငြိမ်ငြိမ်နေဖို့ရန်လဲ သူကြိုးစားတယ်၊ အလုပ်တစ်ခုကို အထ မြောက်အောင်လဲ ကြိုးစားတယ်၊ ဆရာကြီး ပြောတာလဲ နားထောင်တယ်၊ သူများထက် နှစ်ဆလောက် လုံ့လ ဝီရိယ ဗျာပါရ များနေတယ်၊ လုံ့လ ဝီရိယ တော့ မဆိုပါနဲ့၊ လုံ့လ ဝီရိယကလဲ စေတသိက်တစ်ပါးမို့, စေတနာကလဲ စေတသိက်တစ်ပါးမို့၊ အဲဒီ စေတနာမှာ ဗျာပါရ များနေလိုက်တာ။၁။ အဋ္ဌသာလိနီအဋ္ဌကထာ၊ နှာ-၁၅၄-၅။

ဒါကြောင့်မို့လို့ ကိစ္စတစ်ခုကို ဦးစီးပြီးတော့ လုပ်ကြတဲ့အခါမှာ ဗျာပါရ များတဲ့ စေတနာက သူများထက် ဗျာပါရကြီးလာလို့မို့ ကြီးနေလို့မို့၊ အဲဒီ စေတနာကို ကံလို့ ခေါ်တယ်၊ အမှုသည်, လက်သည်, ကောင်းတဲ့ အလုပ်လဲ သူပဲ, အလုပ် လက်သည်၊ မကောင်းတဲ့ အလုပ်လဲ သူပဲ, အလုပ် လက်သည်။

လူတစ်ယောက်ကို တကတည်း ဝိုင်းပြီးတော့ သတ်လိုက်ကြတာ၊ တစ် ယောက်ကတော့ အင်မတန်ကို တကတည်း ပြင်းပြင်းထန်ထန် သတ်ပုတ်လိုက် တယ်၊ အဲသူ့ကို စွဲချက်တင်ရတာပဲ ၊ သူသတ်တာ၊ အဲဒီလို တကတည်း ဗျာပါရ များတဲ့သူမှာ လက်သည် ဘယ်သူဖြစ်သတုန်းဆိုရင် ဒီလိုပဲ၊ ကုသိုလ် ကောင်းမှုပြုတဲ့ နေရာမှာလဲ ပဲ ဒီလိုပဲ ၊ အင်မတန် ဗျာပါရ များတဲ့သူဟာ သူပဲ၊ ဒီအလုပ် လုပ်တာ သူ့အလုပ်ပါပဲ ၊ အဲသူလက်သည်ပါပဲ ၊ စေတနာက ဒီ သဘော ရှိတယ်၊ စေတနာဆိုတာ စေတသိက်တစ်ပါး၊ သဒ္ဓါတို့လို, ဝီရိယတို့လို, ပညာတို့လို စေတနာကလဲ စေတသိက်တစ်ပါးပါပဲ၊ ဒါပေမယ့် ကိစ္စတစ်ခုမှာ သူ အင်မတန် ကြောင့်ကြ ဗျာပါရ များတယ်။၁။ အဂုတ္တိုရ်၊ ဒု-တွဲ၊ နှာ-၃၆၃။

ဒါကြောင့် ကံ ဘယ်သူ့ကို နာမည်တပ်မလဲဆိုရင်{စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ} စေတနာကိုပဲ ကံလို့, လက်သည်, အမှုသည်လို့၊ အဲသလို ဗုဒ္ဓမြတ်စွာက နာမည်တပ်တော်မူတယ်၊ အဲဒါ စေတနာ၊ ကောင်းပြီ, ဒီစေတနာဟာ ချုပ်သွားတာ ပဲ, ထုံးစံကိုး၊ ရုပ်နာမ် ထုံးစံအတိုင်း ချုပ်တာပေါ့၊ လက်ဖျစ် တစ်ချက်တီးမှာ ဒီစေတနာတွေဟာ ကုဋေတစ်သိန်းမက ဖြစ်နေတာပဲ၊ ဖြစ်တိုင်းလဲ ပျက်နေတာ ပေါ့၊ ဒါ့ပြင် စေတနာဟာ ဘာနဲ့ လုပ်ပြီးတော့ အကျိုးပေးဦးမှာတုန်း၊ ဒီမှာပေါ့ ဉာဏ်က အရေးကြီးသွားပြန်တာ၊ တစ်ခါ ဒီစေတနာက နောက်ဘဝ အကျိုးပေး ပြန်တယ်၊ {အို-ဖြစ်နိုင်စရာ မရှိပါဘဲလား}လို့ သံသယဖြစ်စရာ ရှိတယ်, သံသယဖြစ်စရာ ရှိတယ်။

ဒီစေတနာကပဲ တကတည်း အင်မတန် ကမ္ဘာပေါင်းများစွာ ကြာနေတောင်မှ အကျိုးပေးနိုင်သေးသတဲ့၊ သံသယ ဖြစ်စရာ ရှိတယ်၊ ဒီတော့ ဘုန်းကြီးတို့ရဲ့ တရားတော်က အင်မတန် ကြည်ညိုစရာ ကောင်းပါတယ်၊ {ဗုဒ္ဓမြတ်စွာရဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးက အင်မတန်မှ ကြည်ညိုစရာ ကောင်းပါတယ်}၊ အဲဒီ တရားတော်ကို သန့်ရှင်းသထက် သန့်ရှင်းအောင်လို့ မြတ်စွာဘုရားထံ မေးလို့, မြန်းလို့, လျှောက်လို့, ထားလို့ လာပြီးတော့ တစ်ဆင့် ကျမ်းစာအဖြစ်နဲ့ ရှင်မဟာကဿပတို့က သဂါယနာ တင်ထားခဲ့လို့ နောက်နောက် ပညာရှိတွေက ထပ်ထပ် ထပ်ထပ်ပြီးတော့ နားလည်အောင် ကြိုးစားပြီးတော့ ဒီ အဓိပ္ပာယ် ပြောထားတာ၊ ဘုန်းကြီးတို့ လက်ထက်ကျတော့ သိပ် သန့်ရှင်းသွားပြီ၊ ဒီ စေတနာဟာ ဘဝသံသရာမှာ လိုက်လာပုံ သိပ် ရှင်းသွားပြီ၊ ဘုန်းကြီးကလဲ ဘုန်းကြီးတို့ နားလည်တဲ့အတိုင်း ပြောပြဦးမယ်။

အရှိန်သတ္တိ ကျန်ရစ်နေခြင်း

သန္တာနေတံ ကမ္မံ နာမ, န နိရုဇ္ဈတိ သဗ္ဗသော၊

သဝိသေသံ နိဓေတွာပိ, သမယမှိ ဝိပစ္စိတုံ။

သန္တာနေ-သတ္တဝါတို့ သန္တာန်၌၊ (သန္တာန်ဆိုတာ ရုပ်အစဉ် နာမ်အစဉ်လို့ ခေါ်တယ်၊) သန္တာနေ-သတ္တဝါတို့ သန္တာန်၌၊ ဧတံ ကမ္မံနာမ-ကောင်းကောင်း ဆိုးဆိုး, အမျိုးမျိုးဖန်, ကံဟုခေါ်ရိုး, ဤ စေတနာမျိုးသည်၊ နိရုဇ္ဈမာနံအေ ကြာင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊ သဗ္ဗသော-ကြွင်းမဲ့ဥဿုံ, အရှိန်ကုန်အောင်, လုံးစုံခပင်း, မချန်ခြွင်းပဲ၊ န နိရုဇ္ဈတိ-ပြီးပြီးပျောက်ပျောက်, အနေရောက်အောင်, ချုပ်ပျောက်ပျက်စီး၍ အချည်းနှီး မဖြစ်ချေ။

(ချုပ်တော့ ချုပ်တယ်၊ ရုပ်နာမ် ထုံးစံအတိုင်း ချုပ်တာပေါ့၊ ချုပ်ပေမယ်လို့ အချည်းနှီး ပျောက်သွားအောင် ဘာမှ မကျန်အောင် အဲဒီလို ချုပ်တာတော့ မဟုတ်ပါဘူး၊ ဒါ သိပ် စဉ်းစားစရာကောင်းတယ်။)

သဝိသေသံ-မိမိတွက်တာ, မပျက်သာအောင်, ထက်စွာကျစ် လျစ်, သတ္တိနှစ် ကို၊ (ဤ ကမ္မပစ္စည်းပေါ့၊) သဝိသေသံ-မိမိတွက်တာ, မပျက်သာအောင်, ထက်စွာ ကျစ်လျစ်, သတ္တိနှစ်ကို၊ နိဓေတွာပိ-မကင်းအမှန်, အရင်းခံဖို့, သွင်းနှံ မြှုပ်ထား၍သာလျှင်၊ (ဒီ ချုပ်တော့ ချုပ်တယ်, ချုပ်ပေမယ်လို့ သူ့ရဲ့ သတ္တိကို ဒီ ခန္ဓာအစဉ်ထဲမှာ မြှုပ်ပြီးတော့ သွားတယ်၊ ဒီ ခန္ဓာအစဉ်ထဲ သတ္တိကျန်ရစ် တယ်လို့ ဆိုလိုတယ်။) ဥပမာ-ဒီ မိဘ, သတ္တိအရှိန်ရှိတဲ့ မိဘ, သတ္တိအရှိန် မရှိတဲ့ မိဘ၊ ဒါကို မြင်ကြမှာပေါ့၊ တချို့မိဘတွေ ဘာသတ္တိ ဘာအရှိန်မှ မရှိဘူး၊ သေသွားတာပဲ၊ သားသမီးတွေ အပေါ်မှာ ဘာအရှိန်မှ မကျန်ရစ်ဘူး၊ တချို့မိဘတွေကတော့ ကွယ်လွန်သာ သွားတယ်၊ အရှိန် ကျန်ရစ်တယ်၊ သူက ဘယ်သူ့သား, သူက ဘယ်သူ့ သမီးနဲ့၊ အဲဒီ အရှိန် ကျန်ရစ်တယ်၊ ဒါတော့ လူတွေ နားလည်မှာပေါ့၊ {ဟုတ်တယ်} ကျန်ရစ်တယ်၊ တချို့မိဘတွေ အရှိန် မကျန်ရစ်ဘူး၊ တချို့ မိဘတွေ အရှိန် ကျန်ရစ်တယ်၊ {ဟုတ်တယ်}။

တစ်နေ့က ဥပမာ ပြောတယ်၊ စကြဝတေးမင်းများကျတော့ စကြာမင်းကြီး နတ်ရွာစံတယ် ဆိုလို့ရှိရင်ပဲ သား ရှင်ဘုရင်ဖြစ်ဖို့ သေချာတယ်၊ စကြာမင်းရဲ့ အရှိန်ဟာ သားတော် အပေါ် ကျန်ရစ်တယ်၊ ဒိပြင် လူဟာ ရှင်ဘုရင် မဖြစ် နိုင်ဘူး၊ ဒီ သားတော်ကြီးဟာ ရှင်ဘုရင်ဖြစ်မှာ သေချာတယ်၊ ကောင်းကောင်း ကျန်ရစ်တယ်။

ဘာပြုလို့တုန်း, အရှိန်ကျန်ရစ်တယ်, အရှိန်ကျန်ရစ်တယ်၊ အရှိန်ဆိုတာ အကောင်အထည် မဟုတ်ဘူး၊ သတ္တိပဲ၊ ဒီတော့ ဘုန်းကြီးတို့ ဒီ အိပ်ပျော်ပြီးတော့ နေတဲ့စိတ်တွေ အိပ်မက်တောင် မမက်ဘူး၊ အိပ်ပျော်ပြီးတော့ နေတဲ့အခါဖြစ်တဲ့ စိတ်တွေဟာ ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ချုပ်နေတာပဲ၊ ခန္ဓာအစဉ်မှာ သတ္တိ ကျန်ရစ်မလား၊ ဘာမှ မကျန်ရစ်ပါဘူး။

အဲဒီ စိတ်မျိုးလိုပဲ၊ သွားရင် ဟိုနား ဒီနား မြင်လို့မို့ စိတ်တွေ ဖြစ်လိုက် တာ၊ ဘာသတ္တိမှ မကျန်ရစ်ပါဘူး၊ ဟိုနား ဒီနားကိုလဲ ဂရုမစိုက်ပေါင်၊ စိတ်တွေ ဖြစ်လိုက်တာ, ဘာသတ္တိမှ မကျန်ရစ်ဘူး၊ မည်မည်ရရ ယခုလို ဘုန်းကြီးတို့ တရားစိုက်ပြီးတော့ နာနေတယ်, တရားဟောပြီးတော့ နေတယ်၊ အဲဒီကမှ ခုနကဖြစ်တဲ့ ဇော စေတနာတွေ ချုပ်သွားတယ်၊ ချုပ်သွားပေမယ်လို့ သတ္တိ ကျန်ရစ်ပါတယ်။

ဘယ်လိုအတွက် ကျန်ရစ်သတုန်း၊ နောင် အခွင့်သင့်တဲ့အခါမှာ အကျိုး ပေးဖို့ရန် ဖြစ်တယ်၊ သူ့ချည်းတော့ အကျိုး မပေးနိုင်ဘူး၊ အကြောင်း တိုက် ဆိုင်မှ အခွင့်သင့်မှ ပေးနိုင်တာ၊ ဒါ နားလည်ထားပါ၊ သူ့ချည်းပေးနိုင်တာကတော့ မနေ့တုန်းက ပြောတဲ့ ဂရုကကံ ဈာန်တွေက သူ့ချည်းပေးနိုင်တယ်၊ ဒိပြင် အဖော် မလိုဘူး၊ အခွင့်သင့်စရာ မလိုဘူး။

မိဘကို သတ်တဲ့ ကံတွေလဲ သူ့ချည်းကိုက အဝီစိ ချနိုင်တယ်၊ အဖော် မလိုဘူး၊ ဒါ အင်မတန် ကြီးကျယ်တဲ့ စေတနာတွေမို့, ပြီးတော့ မိဘကို သတ်တယ်ဆိုတာ မိဘဂုဏ်က ဒိပြင်ဂုဏ် ရှိရှိ မရှိရှိ, ဒီ သားသမီးရဲ့အပေါ်မှာ ကျေးဇူးတွေ အများကြီး ရှိလို့၊ အဲဒါကြောင့် အကုသိုလ် ပြင်းထန်တယ်၊ သူ့ချည်းကိုက အကျိုးပေးတယ်၊ အဝီစိကို ချတယ်။

ဈာန်တရားတွေဆိုတာလဲအင်မတန် သမာဓိ ကြီးကြီးမားမားနဲ့ ရတာမို့လို့ သူတို့ချည်း အကျိုးပေးတယ်၊ နောက်ဘဝ သူတို့ပဲ အခွင့်ရတယ်၊ ဒါ နားလည်ပါ။

ဒီလောက် မကြီးကျယ်တဲ့ ကုသိုလ်တွေကျတော့ အခွင့်ကောင်း အခါကောင်း ကြည့်ပြီးတော့ အဲဒီအခါ အကျိုးပေးဖို့ရန် ခုနက ဘုန်းကြီး ခန္ဓာအစဉ်မှာ သတ္တိကို မြှုပ်ပြီးတော့ သွားရပါတယ်။

သန္တာနေ-သတ္တဝါတို့ သန္တာန်၌၊ ဧတံ ကမ္မံနာမ-ကောင်းကောင်း ဆိုးဆိုး, အမျိုးမျိုးဖန်, ကံဟုခေါ်ရိုး, ဤစေတနာမျိုးသည်၊ နိရုဇ္ဈမာနံအေ ကြာင်းအားလျော်စွာ ချုပ်ပျောက်သည်ရှိသော်၊ သဗ္ဗသော-ကြွင်းမဲ့ ဥဿုံ, အရှိန်ကုန်အောင်, လုံးစုံခပင်း, မချန်ခြွင်းဘဲ၊ န နိရုဇ္ဈတိ- ပြီးပြီး ပျောက်ပျောက်, အနေရောက်အောင်, ချုပ်ပျောက် ပျက်စီး၍, အချည်းနှီး မဖြစ်ချေ၊ သမယမှိ-အကြောင်းသင့်၍, အခွင့်လျော်ရာ, အချိန်အခါ၌၊ ဝိပစ္စိတုံ-ဆိုင်ရာအကျိုးကို ပေးခြင်းငှာ၊ သဝိသေသံမိမိတွက်တာ, မပျက်သာအောင်, ထက်စွာကျစ်လျစ်, သတ္တိနှစ်ကို၊ နိဓေတွာပိ-မကင်းအမှန်, အရင်းခံဖို့, သွင်းနှံမြှုပ်ထားပြီး၍သာလျှင်၊ နိရုဇ္ဈတိ-ဥပါဒ် ဌီ ဘင်, အစဉ်စေ့ရောက်, ချုပ်ပျောက်ရပေသတည်း။

သာဓု - - - သာဓု - - - သာဓု။

ပါရမီ။ ။ ကံတွေ, ဒါနကံတွေ, ဒါနပါရမီသတ္တိတွေ၊ နည်းနည်း ထပ်ပြော လိုက်ဦးမယ်၊ ပါရမီဆိုတာ လောကီစည်းစိမ်ကို တောင့်တတဲ့ကံကို ပါရမီလို့ မခေါ်ဘူး။

{ပရမာနံ-မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တို့၏၊ ဧသာ-ဥစ္စာဖြစ်တဲ့ အကျင့်တည်း၊ ပါရမီ-မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တို့ရဲ့ အကျင့်} ဗုဒ္ဓမြတ်စွာ အလောင်းအလျာ ဖြစ်ဖြစ်, အဂ္ဂသာဝက, မဟာသာဝက အလောင်းအလျာပဲ ဖြစ်ဖြစ်, ဘိက္ခုနီအလောင်းအလျာပဲ ဖြစ်ဖြစ် ကုသိုလ် ပြုတယ်ပေါ့၊ သံသရာချမ်းသာကို လိုချင်လို့လား, မဟုတ်ပါဘူး၊ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုချင်လို့, မဂ်ဖိုလ်နိဗ္ဗာန် မြင်ချင်လွန်းလို့၊ အဲဒီလို အနေမျိုးနဲ့ ပြုတဲ့ ဒါန,သီလ,ဘာဝနာကို ပါရမီလို့ ခေါ်ပါတယ်။

ဒါနပါရမီ။ ။ ဒီ သာမန် သူတော်ကောင်းတွေလဲ ဒီ ပါရမီကို ဖြည့်နိုင်ပါတယ်, ဖြည့်ကြရပါတယ်၊ ဟိုဘဝသံသရာ ဘဝစည်းစိမ် လိုချင်တယ် ဆိုတာတော့ မတောင့်တကြနဲ့၊ မဂ်ဖိုလ်နိဗ္ဗာန် ရဖို့သာ, ဒီလို သန့်သန့်ကြီးနဲ့ စိတ်သွားရင် ပါရမီဖြည့်တာပဲ၊ ဒီတော့ ဗုဒ္ဓမြတ်စွာရဲ့ အလောင်းအလျာဟာ လေးသချေနှင့် ကမ္ဘာတစ်သိန်းဆိုတော့ အင်မတန် ကြာခဲ့ပြီလေ၊ အဲဒီတုန်းက စပြီးတော့ ဒါနပါရမီတွေ စပြီး ဖြည့်တယ်လို့သာဆိုတာ စတာတောင် မဟုတ် ဘူး, အရှိန်တော်တော် ရနေပြီ၊ အဲဒီ ဒါနပါရမီတွေ ဘဝတိုင်း ဘဝတိုင်း ပြု၊ စိတ်, စေတနာ, ဇောတွေ ဖြစ်၊ အဲဒီတော့ စေတနာတွေက ချုပ်သွားတာ, သတ္တိက ခန္ဓာအစဉ်မှာ ကျန်ရစ်တယ်၊ နောင်တစ်ခါ ဒီလိုပဲ ဒါနတွေပြု၊ နောက်နောက်ဘဝမှာ စေတနာတွေ, ဇောတွေက ချုပ်သွား၊ သတ္တိက ကျန်ရစ် တယ်၊ နောက် ဝေဿန္တရာမင်း ဘဝအထိ ဒါနတွေ ပြု, ချုပ်သွား၊ စိတ် စေတသိက်တွေက, ဇောတွေက ချုပ်သွား၊ သတ္တိက ကျန်ရစ်တယ်၊ ဝေဿန္တရာမင်း ဘဝကျတော့မှ ဒါနတွေ, ပရမီတွေ ပြည့်ပြီ၊ သတ္တိတွေ ပြည့်နေပြီ, သတ္တိတွေ လုံလောက်နေပြီ, ဖြည့်ပြီး လုံလောက်နေပြီ။

အဲဒီ ကျတော့မှ ဗုဒ္ဓမြတ်စွာအလောင်း တုသိတာနတ်ပြည်မှာ သွားပြီးတော့ ဖြစ်, တုသိတာ နတ်ပြည်က ဆင်းတဲ့အခါ သိဒ္ဓတ္ထမင်းသား ဖြစ်ပြီးတော့ ဘုရားဖြစ်ရတယ်၊ ပါရမီတွေကို ဖြည့်ကို ဖြည့်ရတယ်၊ ခုနကလို သတ္တိတွေ ပြည့်ကို ပြည့်နေရတယ်။

မေတ္တာပါရမီ။ ။ ဗုဒ္ဓမြတ်စွာ အလောင်းအလျာ တောထွက်ပြီ ဆိုလို့ရှိရင် တောထဲမှာ ဘာလုပ်ပြီးတော့ နေသလဲဆိုရင် မေတ္တာပို့ နေတာ၊ {သတ္တဝါတွေ ချမ်းသာကြပါစေ}လို့ မေတ္တာပို့နေတာ၊ နဂိုကလဲ ဘုရားဖြစ်ချင်တာကိုး၊ နဂိုကလဲ ဘုရားဖြစ်ချင်တာကိုက {မေတ္တာတော်, ကရုဏာတော် ကြီးမားတော်မူလွန်းလို့} ဘုရားဖြစ်ဖို့ရန် ကြိုးစားတော်မူပါတယ်။

အဲဒီတော့ တောထဲ ရောက်ရင်ကိုပဲ မေတ္တာပို့လို့, {သတ္တဝါတွေ ချမ်းသာ ကြပါစေ}လို့၊ အဲဒီ မေတ္တာပါရမီဟာ အဲ-ဇောစိတ်ဟာ ချုပ်သွားပြီ၊ သတ္တိ ကျန်ရစ်တယ်, သတ္တိ ကျန်ရစ်တယ်၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာလေ မေတ္တာပါရမီ တော် ထုံပြီးတော့ လာခဲ့တာ၊ နောက်ဆုံး ဘုရားဖြစ်တဲ့ ဘဝကျတော့ ပါရမီ တော်တွေ ပြည့်နေပြီ၊ မေတ္တာပါရမီတော်တွေ ပြည့်သွားပြီ။

သစ္စာပါရမီ။ ။ သစ္စာ ပါရမီတော်တွေ မှန်တာချည်း ပြောတော်မူခဲ့တယ်၊ မှန်တာကို ပြောတယ်, မှန်တာကို လုပ်တယ်၊ အဲဒီ သစ္စာ ပါရမီတွေ ဘုရားမဖြစ်ခင် ဖြည့်ခဲ့တာ၊ ဘုရားဖြစ်တဲ့ ဘဝကျတော့ ပြည့်ပြီ, ပြည့်ပြီ၊ ဒီ သတ္တိတော့ ကျန်ရစ်လို့ ပြည့်ပြီလို့ ပြောနိုင်တာ၊ အကယ်၍ သတ္တိတွေရော ဘာတွေရော ဘာမှ မကျန်ရစ်ဘူးဆိုရင် ပြီးပြီးပျောက်ပျောက် ဖြစ်သွားမှာပေါ့လေ၊ ပြီးပြီးပျောက်ပျောက်ပေါ့၊ ဘယ်ပြည့်တယ်လို့ ရှိလိမ့်မတုန်း၊ ယခုတော့ သတ္တိတွေ ကျန်ရစ်လို့မို့ ပြည့်ပြီ, ပြည့်ပြီ၊ အဲဒီလို ဘုန်းကြီးက နားလည်ပြီးတော့ နေတယ်လေ။

ပညာပါရမီ။ ။ ဩော်…ဒီဘဝ ပြုလိုက်တာ ကုသိုလ်တွေ, ပညာတွေနှင့် ဆိုင်ရာ ကုသိုလ်တွေကို သိအောင်လဲ ဟောပေးတယ်, သိအောင်လဲ ရေးပေးတယ်, သိအောင်လဲ စဉ်းစားတယ်၊ ဘယ်လို ဟောမှ သိမတုန်း, ဘယ်လို ရေးမှ နားလည်မတုန်း၊ အဲဒီလို စဉ်းစားမှုပြုတဲ့ ပညာ ပါရမီတွေ၊ သတ္တိ ကျန်ရစ်တယ်၊ ဘဝသံသရာမှာ ဆိုလို့ရှိရင် {အဖျင်း, အအ, အန, အထိုင်း} နိဗ္ဗာန် မရမချင်း ဘယ်တော့မှ မဖြစ်ဘူး၊ ဘယ် ဖြစ်မတုန်း၊ ပညာဓာတ်တွေက ထုံပြီးတော့နေလို့၊ ဒီဘဝမှာ ဒီလိုများ ဖြစ်လာတယ်။

ယခုလဲပဲ သံဃာတော်တွေ သိအောင် နားလည်အောင်, လူ ဒကာဒကာမတေွ သိအောင် နားလည်အောင် ယခု ဟောတဲ့တရားလဲပဲ နားလည်အောင် စဉ်းစားပြီးတော့ နေရတယ်၊ ဘယ်လို ဟောရင် သူတို့ နားလည်မလဲဆိုတာ, စဉ်းစားပြီးတော့ နေရတယ်၊ ဒီတော့ အဲဒီလို စိတ်စေတနာတွေ ချုပ်ပေမယ့် သတ္တိ ကျန်ရစ်တယ်၊ အင်မတန် ကောင်းတယ်, အင်မတန် ကောင်းတယ်။

အနန္တ ရသတ္တိနှင့်။ ။ ကောင်းပြီ၊ သတ္တိတွေ ကျန်ရစ်တယ်ဆိုတော့ အဲဒီ သတ္တိ ဘယ်လို လိုက်လာတုန်းဆိုရင်၊ ယခု ပဋ္ဌာန်းတရား နာနေတာဖြစ်တော့ ရေးရေးကလေး ထင်ရမယ်နော်၊ စိတ်တွေဟာ အနန္တ ရသတ္တိနဲ့ တစ်စိတ်ပြီး တစ်စိတ်ဖြစ်, တစ်စိတ်ပြီး တစ်စိတ်ဖြစ်, တစ်စိတ်ပြီး တစ်စိတ်ဖြစ်၊ ချုပ်သွား, နောက်ဖြစ်, ချုပ်သွား, နောက်ဖြစ်၊ ဟော-သတ္တိဟာ, သတ္တိဟာ ရှေးစိတ်တွေ ပေါ်မှာလဲ ဖြစ်နေတယ်၊ သတ္တိတွေ, အဲဒီ ရှေးစိတ်တွေ ပေါ်မှာလဲ ပါနေတယ်၊ ဒါလေး, ဒါလေး နည်းနည်းကလေး ခက်သွားတယ်နော်, နားလည်ပါနော်။

ရှေးစိတ် ချုပ်ပြန်တော့ နောက်စိတ် ဖြစ်ပြန်, နောက်စိတ် ဖြစ်ပြန်တော့လဲ သတ္တိက ပါလာတာပဲ၊ အဲဒီစိတ် ချုပ်သွားတော့ နောက်စိတ် ဖြစ်ပြန်တော့လဲ ဒီစိတ်မှာ ပါလာတာပဲ, ဒီသတ္တိတွေ၊ ဒီသတ္တိတွေ ဆိုတာဟာ ကိုယ့်ကိုယ်ကို ပြန် ကြည့်စမ်းပါ၊ ငါ စကားပြောတတ်တဲ့ သတ္တိရှိတယ်, ငါ သွားနိုင်တဲ့ သတ္တိရှိတယ်, ငါ ရောင်းနိုင် ဝယ်နိုင်တဲ့ သတ္တိရှိတယ် စသည်အားဖြင့် ကိုယ့်သတ္တိလေးတွေ နှင့်ကို၊ အဲဒီ သတ္တိဆိုတာ အကောင်အထည် မဟုတ်ဘူး၊ အကောင်းအထည် မဟုတ်တော့ လေးမနေဘူး၊ သတ္တိတွေ ဘယ်လောက်များများ လေးမနေဘူး, အကောင်အထည်မှ မဟုတ်ဘဲ။

ဒါဖြင့် မရှိဘူးလား, ရှိသားပဲ ၊ ကိုယ်ကိုယ်တိုင်လဲ သိသား, ကိုယ် ဘယ် လောက် သတ္တိရှိတယ်ဆိုတာ၊ အကောင်အထည် မဟုတ်တော့လဲ တော်တော် လေး မနေဘူး၊ ဒီ သတ္တိတွေ ဘယ်လောက်များများ လေးမနေဘူး။

သတ္တဝါတို့ ခန္ဓာအစဉ်မှာ, ဘုရားအလောင်းတို့ ခန္ဓာအစဉ်မှာ စိတ်က တစ်စိတ်ပြီး တစ်စိတ်, တစ်စိတ်ပြီး တစ်စိတ်, ဖြစ်တိုင်း ဖြစ်တိုင်း, ဒီ သတ္တိ တွေ ကူးစက်ပြီးတော့ ပါလာတယ်၊ ဒါလေး နားလည်ပါနော်၊ ပျောက်မသွား ပါဘူး, ပျောက်မသွားပါဘူး။

သန္တာနေ-သတ္တဝါတို့ သန္တာန်၌၊ ဧတံ ကမ္မံနာမ-ကောင်းကောင်း ဆိုးဆိုး, အမျိုးမျိုးဖန်, ကံဟုခေါ်ရိုး, ဤစေတနာမျိုးသည်၊ နိရုဇ္ဈမာနံအေ ကြာင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊ သဗ္ဗသော- ကြွင်းမဲ့ ဥဿုံ, အရှိန်ကုန်အောင်, လုံးစုံ ခပင်း, မချန်ခြွင်းဘဲ၊ န နိရုဇ္ဈတိ-ပြီးပြီး ပျောက်ပျောက်, အနေရောက်အောင်, ချုပ်ပျောက် ပျက်စီး၍, အချည်းနှီး မဖြစ်ချေ။

မကြောက်ကြနဲ့။ ။ ဝမ်းသာစရာလဲ ကောင်းတယ်, အကုသိုလ်ကံတွေက ဒီလို လိုက်နေပါတယ်လို့ဆိုတော့ ကြောက်စရာ ကောင်း တယ်၊ အလို-ဘဝများစွာ သံသရာက အကုသိုလ်တွေလဲ ဘယ်လောက် ပြုလာ ခဲ့မှန်းလဲ မသိဘူး၊ နားလည်ပါနော်၊ အဲဒီ အကုသိုလ်ကံရဲ့ သတ္တိကလဲ ငါ့မှာ လိုက်နေတယ်လို့, ဒါလေး တွေးကြည့်ပါနော်၊ ဘဝများစွာ သံသရာက ကုသိုလ် တွေ၊ ဒီဘဝမှာလဲ ကုသိုလ်တွေ ပြုထားလိုက်တာ၊ အဲဒီ ကုသိုလ်တွေရဲ့ သတ္တိ တွေကလဲ ငါ့ ခန္ဓာမှာ လိုက်နေပါလားလို့, ဒါလေး တွေးကြည့်ပါနော်၊ ဘုန်းကြီးလဲ တွေးကြည့်တယ်လေ၊ တွေးကြည့်တော့ ကြောက်စရာလားဆိုတော့ ဘုန်းကြီးက ဒီလို ယူဆတယ်။

{ဘုန်းကြီးရဲ့ ခန္ဓာမှာ မပေးရင်မဖြစ်တဲ့ အကုသိုလ်ဂရုကံဆိုတာ မရှိပါဘူး၊ ရှိရင် ပေးပြီးပြီ၊ အမေ အဖေကို သတ်တဲ့အနေရောက် အောင်, မြတ်စွာဘုရား စော်ကားတဲ့ အနေရောက်အောင်, ရဟန္တာ ကြီးတွေ စော်ကားတဲ့ အနေရောက်အောင် အကုသိုလ်ကြီးတွေ ငါ့ သန္တာန်မှာ မရှိဘူး။

ဘုန်းကြီး သန္တာန်မှာ မရှိသလိုဘဲ, ဒကာ ဒကာမများ သန္တာန်မှာ မရှိဘူး၊ ဒီတော့ ကြောက်မနေနဲ့, သိပ် ကြောက်မနေနဲ့၊ အကျိုးမပေးရင် မနေနိုင်လောက် တဲ့ အကုသိုလ်တွေ အကျိုးပေးပြီးပြီ၊ ဘုန်းကြီးတို့မှာ မရှိပါဘူး။

ကုသိုလ်များများ လုပ်။ ။ ပြီးတော့ မလိုလဲ လိုလဲ အခွင့်သာရင် အကျိုးပေး မယ်ဆိုတဲ့ အကုသိုလ်ကတော့ ဘုန်းကြီးတို့မှာလဲ ရှိတယ်, အားလုံးမှာလဲ ရှိတယ်၊ အခွင့်သာရင် အကျိုးပေးမယ်ဆိုတဲ့ အကုသိုလ် ကတော့ အားလုံးမှာ ရှိတယ်၊ သိပ် ကြောက်မနေနဲ့၊ ကုသိုလ်တွေ များများလုပ်၊ အကုသိုလ်တွေက သူတို့ ပေးချင်တိုင်း ပေးလို့မရဘူး၊ အခွင့်သာမှ အကျိုး ပေးမှာ၊ ကုသိုလ်ကလဲ အခွင့်သာမှ အကျိုးပေးမှာ၊ ဒီတော့ကာ တစ်စိတ်ပြီး တစ်စိတ်, တစ်စိတ်ပြီး တစ်စိတ် သတ္တိတွေ လိုက်နေတာ, နည်းတဲ့ သတ္တိတွေ မဟုတ်ဘူး၊ ဘဝများစွာက ဘုရားအလောင်းတို့လိုကျတော့ သတ္တိတွေနည်းတာ မဟုတ်ဘူးနော်၊ သတ္တိတွေ လိုက်နေတာ မပျောက်မပျက်ဘဲနဲ့ သတ္တိတွေ လိုက်လာတာ။

အာသန္နကံ အကျိုးပေး။ ။ ဒီတော့ ဘုန်းကြီးတို့ သေခါနီး စဉ်းစားကြစို့၊ သေခါနီးကျတော့၊ ဆိုပါတော့ မိနစ်အနည်းငယ် လောက်ကြာရင် သေတော့မှာ, သူ့ဆိုင်ရာ ရောဂါ တစ်ခုခုကြောင့် သေတော့မှာ၊ သတ္တိတွေက လိုက်ရက်နော်၊ ကုသိုလ်တွေ, အကုသိုလ်တွေ, ကံရဲ့သတ္တိတွေ လိုက်ရက်နော်၊ သေခါနီးလဲ ပါရက်နော်၊ ဘယ်သူ အကျိုးပေးမလဲ ၊ သိပ် အရေးကြီးပြန်တယ်, သိပ် အရေးကြီးပြန်တယ်၊ ဒီတော့ကာ ဘုန်းကြီးတို့ အာရုံဆိုတဲ့ အာရမ္မဏပစ္စည်းကို ပြန်ပြီးတော့ သိထားပါ၊ အာရုံ မပါဘဲနဲ့ စိတ်ဟာ ဖြစ်ကို မဖြစ်ဘူး၊ အာရုံပါရပါတယ်၊ ယခု ဖြစ်နေတဲ့ စိတ်တွေလဲ အာရုံပါရပါတယ်၊ အာရုံမပါဘဲနဲ့ စိတ် မဖြစ်ပါဘူး။

ဒီတော့ သေခါနီးမှာ ကပ်ပြီးတော့ နေလို့ရှိရင် မနေ့တုန်းက ဘုန်းကြီး ပြောတယ်၊ အာသန္နကံ နီးတဲ့ကံက အကျိုးပေးတယ်နော်၊ အင်မတန် ကြီးလေး တဲ့ ဂရုကံ မရှိလို့ရှိရင် သေခါနီးပြုတဲ့ အာသန္နကံ အကျိုးပေးတယ်နော်၊ ဒါ ပြောတယ်၊ သေခါနီးကျတော့ လူက သတိမရဘူး၊ မေ့နေတယ်လို့ ဆိုဆို, စိတ်က ဖြစ်ရက်, စိတ်က ဖြစ်ရက်, အာရုံတစ်ခုခု ယူလျက်၊ အဲဒီ အာရုံများက မကောင်းအာရုံဆိုလို့ ရှိရင်ပေါ့ အဲဒီ အာရုံနဲ့ ဆိုင်တဲ့ ကံက အကျိုးပေးတော့မှာပဲ ။

သောဏမထေရ်ရဲ့ ဖခင်မုဆိုး။ ။ ဒီတော့ ဘုန်းကြီး ပြောမယ်၊ ရှေးတုန်းက သောဏမထေရ်ရဲ့ အဖေ မုဆိုး လုပ်နေ, ပြောလို့ မရဘူး, တားလို့ မရဘူး၊ နောက် အင်မတန် အသက်ကြီးလာတော့ ဒီ ဒကာကြီး ဒီလိုဆိုရင် ငရဲသွားရတော့မှာပဲ ဆိုပြီးတော့ အတင်း သကန်းဝတ် ပြီးတော့ တောထွက်ကိုယ်တော်ကြီး အလုပ်ခိုင်း, ကောင်းကောင်း အနေခိုင်း၊ သူတစ်သက်လုံး သူ့စိတ်အစဉ် ထုံလာတာက မုဆိုးအလုပ်နဲ့ ထုံလာတာ၊ စိတ် အစဉ်မှာ မုဆိုးအလုပ်, မုဆိုးအလုပ်, မုဆိုးအလုပ်နဲ့ ထုံလာတာ၊ နောက်ပိုင်း ကျမှ သူတော်ကောင်း အနေမျိုးနဲ့ နေပေမယ့် သေခါနီးကျတော့ မေ့မြောပြီး သွားတော့ ငရဲ နိမိတ်တွေ ထင်လာတယ်။

ခွေးကြီးတွေ သူကိုင်တဲ့ခွေးက ခပ်သေးသေး, အာရုံထင်လာတဲ့ ခွေးကြီးတွေက အကြီးကြီးတွေ၊ သူနေတာက တောင်ပေါ်မှာနေတယ်၊ တောင်အောက်ခြေက နေပြီးတော့ ခွေးကြီးတွေ တက်လာလိုက်လာ၊ သူ့ စားမလို့ ဝါးမလို့။

{ဟဲ့-ငါ့ သားရဲ့ ခြောက်ပါဟဲ့, ခြောက်ပါဟဲ့, ခြောက်ပါဟဲ့} ဘာတုန်း ဦးပဉ္စင်းကြီး၊ ခွေးကြီးတွေ, ခွေးကြီးတွေ၊ ဩော်-ငရဲ နိမိတ် ထင်လာပြီ၊ ရှင်သောဏကလဲ ဓမ္မကထိက နားလည်ပါးလည်ဆို တော့ ပန်းတွေ တစ်ခါတည်း ခူးခိုင်းပြီးတော့ ဘုရားရင်ပြင်တော်အပေါ် ပန်းတွေ အကုန်လုံး ပန်းမွေ့ရာခင်းပြီးတော့ ညောင်စောင်းနဲ့ အတင်းခေါ် သွား၊ ဦးပဉ္စင်းကြီး ဒီမှာ ပန်းတွေ ပန်းတွေ, ဦးပဉ္စင်းကြီးဖို့ ပူဇော်နေ တယ်, ပူဇော်နေတယ်ဆိုတော့ သူ သတိရလာပြီးတော့, ပန်းတွေ ကြည့်ပြီးတော့ သေခါနီးဆိုတာ ရိက္ခာကို အင်မတန် အားကိုးတာ၊ ပန်းတွေကြည့်ပြီးတော့ မေ့သွားပြန်၊ နတ်ပြည်က ဥယျာဉ်ဗိမာန်တွေ ထင်လို့, နတ်သမီးတွေ ထင်လို့၊ သားရဲ့ ဖယ်ပေးပါဟဲ့, သားရဲ့ ဖယ်ပေး ပါဟဲ့၊ ဦးပဉ္စင်းကြီး ဘာတုန်း၊ အင်း-မင်းမိထွေးတွေ လာနေတယ်၊ မင်းမိထွေးတွေ လာနေတယ်၊ အင်း-နတ်ပြည် နိမိတ်တော့ ထင်နေပြီ၊ ငရဲကျမယ့် သူက နတ်ပြည်နိမိတ်လောက် ထင်ရင် တော်လောက်ပြီ၊ ဒီလိုလဲ နေရော စုတေသွားရော နတ်ပြည် ရောက်သွားတယ်။၁။ သမ္မောအဋ္ဌကထာ၊ နှာ-၄၂၀-၁။

ဓမ္မိကဥပါသကာ။ ။ တစ်ခါ ဓမ္မိကဥပါသကာ၊ သေခါနီး အရေးကြီးတယ် ဆိုတာ တွေးနော်၊ ဘယ့်နှယ် လုပ်ပြီးတော့ ဒီကံက အကျိုးပေးတုန်းဆိုတော့ ဒီ အာရုံ ပေါ်လာတယ်၊ မပေါ်လို့ မဖြစ်ဘူး၊ စိတ် မှန်သမျှ အာရုံရှိရပါတယ်၊ တစ်ခုခု တစ်ခုခု၊ ဓမ္မိကဥပါသကာကြီးကတော့ အာသန္နကံသာ မကဘူး၊ အာစိဏ္ဏ အမြဲ လေ့ကျက်လို့, ဥပုသ်စောင့်လို့, လူတွေနဲ့ ဥပုသ်စောင့်လို့၊ ဥပါသကာ ငါးရာလောက်နဲ့ အတူတူ ဥပုသ်စောင့်, တရားဆွေးနွေး, ဒီလို နေကြတယ်။

နောက်တော့ ဥပါသကာကြီး ကွယ်လွန်ခါနီးကျတော့ နည်းနည်း မကျန်း မမာ ဖြစ်တယ်၊ သိပ် မဟုတ်ဘူး၊ နည်းနည်း မကျန်းမမာ ဖြစ်တယ်၊ ဒါနဲ့ ရဟန်းတော်များရဲ့ တရားနာချင်တယ်ဆိုလို့ ရဟန်းတော်များပင့်ပြီး တရားစာ တွေ ရွတ်စေပါတယ်၊ ရဟန်းတော်များ တရားစာတွေ ရွတ်နေတုန်းမှာ နတ်ပြည်ခြောက်ထပ်က နတ်ရထားခြောက်စင်း ရောက်နေပြီ။

ဥပါသကာကြီး တရားနာရင်းက နည်းနည်းမေ့ပြီးသွားတော့ နတ်ရထား ခြောက်စင်းက နေပြီးတော့ နတ်သံတွေနဲ့ {တို့ရထား တင်မှာ} ဟိုရထားကလဲ {တို့ရထား တင်မှာ} သူတို့ အသံနဲ့ သူတို့ ဆူညံနေတာပေါ့၊ လူကသာ မကြားတာ၊ ဥပါသကာကြီးကတော့ ကြားတယ်၊ {နေကြပါဦး}လို့ လှမ်းပြီးတော့ သူက တားလိုက်တယ်၊ သူက ကြားလို့ကိုး၊ နေကြပါဦးဆိုတော့ ရဟန်းတော် များက သူတို့ကို တရားဟောတာ တရားစာ ရွတ်တာကို တားတယ် ထင်တာ နဲ့ ရပ်၊ သားသမီးတွေက ငိုကြ။

တို့အဖေ တစ်သက်လုံး တရားမမုန်းဘဲနဲ့ သေခါနီးကျမှ တရားမုန်းရတယ်၊ ဝမ်းနည်းပြီး ငိုကြတယ်၊ နောက် သတိရတော့ ရဟန်းတော်များ ဘယ်ရောက်တုန်း၊ အဖေက နေပါဦးဆိုလို့ ပြန်ကြွသွားပြီ၊ ဟာ-ကိုယ်တော်တွေကို ငါပြောတာ မဟုတ်ပါဘူး၊ နတ်ရထားတွေက ဆူကြလွန်းလို့ ပြောတာပါ၊ အဲဒီလို ပြော ဆိုတော့လဲ အဖေကြီး ကယောင်ကတမ်း ဖြစ်နေပြီလို့ ထင်ပြန်ရော၊ ဒါနဲ့ အဖေက ငါ့ဖို့ ဘုရားလှူဖို့ ပန်းကုံးထားတာ ရှိတယ်၊ အဲဒီ ပန်းကုံးကို တုသိတာဘုံက နတ်ရထား ဆွဲပါစေလို့ ပစ်လိုက်ကြစမ်း ကောင်းကင်ကို၊ ကောင်းကင်ကို ဓိဋ္ဌာန်ပြီးတော့ ပစ်လိုက်တာ ပန်းစည်းကြီးတော့ မြင်ရတယ်၊ ရထားတော့ မမြင်ရဘူး၊ အဲဒီတွင် သားသမီးတွေ အင်မတန် စိတ်ချမ်းသာ သွားတယ်၊ အဖေကလဲ အင်မတန် ဝမ်းသာပြီးတော့ မင်းတို့ ငါသွားတဲ့ လမ်းကို လိုက်ချင်ကြလို့ရှိရင် ငါလို ကောင်းကောင်း နေရစ်ကြလို့ ဩဝါဒ ပေးပြီးတော့ သေဆုံးသွားတယ်။၁။ ဓမ္မပဒအဋ္ဌကထာ၊ ပ-တွဲ, နှာ-၈၃-၅။

အဲ နတ်ရထားမှာ နတ်သားအဖြစ်နဲ့ ပါသွားတာပဲ၊ ဒီက သူ့ခန္ဓာကြီးက ဒီမှာ ကျန်ရစ်တယ်၊ နတ်ပြည် မရောက်ခင်ကလေး ဖြစ်နေတဲ့ စိတ်အစဉ်က နတ်ပြည်နဲ့ဆိုင်တဲ့ စိတ်အစဉ်တွေ ဖြစ်နေတယ်၊ ကုသိုလ်တွေက အကျိုးပေးဖို့ရန် အဆင်သင့် ဖြစ်နေတယ်၊ ရှေ့စိတ်က နောက်စိတ် ကမ္မသတ္တိတွေနဲ့ လိုက်နေတယ်၊ ဒီ တစ်သက်လုံး ဆိုပါတော့ ဥပုသ်စောင့်လာတဲ့ ကံတွေကလဲ ကမ္မသတ္တိနဲ့ လိုက်နေတယ်။

ဟို နတ်ပြည်က နတ်ရထား အာရုံကလဲ ဆိုက်လာပြီ၊ အဲဒီ ဥပုသ်ကံက အကျိုးပေးမလား၊ ဘယ်ကံက အကျိုးပေးမလဲတော့ မသိဘူး၊ အဲဒီ ကံက အကျိုးပေးလိုက်တာ၊ နတ်ပြည်က နတ်ရထားနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ကို လိုက်သွားတာ၊ ဒီတော့ ဒီလောက် သေချာတဲ့ လမ်းတွေကို ယခု အလုပ်တွေ ဘာတွေ သိပ်မကြီးကျယ်သေးတဲ့ လူတွေ တယ်ပြီးတော့ ဒီနည်းနေဖို့ ကောင်း တယ်၊ ရဟန်းသံဃာတော်တွေက ဘယ်စာမေးပွဲ ဘယ်လောက်အောင်အောင် ဒီလောက် စိတ်မချမ်းသာနိုင်ဘူး၊ ကုသိုလ်ပြုပြီးတော့ သူတော်ကောင်း အနေမျိုး နဲ့ ဒီလိုနေရင် သေခါနီးအထိ ဒီလို သွားရရင် အင်မတန် သေချာတယ်။

ဘာပြုလို့လဲ, တစ်စိတ်ပြီး တစ်စိတ်, တစ်စိတ်ပြီး တစ်စိတ်, တစ်စိတ်ပြီး တစ်စိတ် ကမ္မသတ္တိတွေက လိုက်လို့၊ သေခါနီးအထိ ဒီ ကမ္မသတ္တိတွေက လိုက်လို့၊ အလုံးလဲ လိုက်နေပါတယ်၊ ဒါပေမယ့် သတ္တိရှိရှိ ကံက ဒီနေရာမှာ ထင်လာရင် ဒီ ကံက ဒီ နေရာမှာ အကျိုးပေးပါတယ်၊ သူ အကျိုးပေးဖို့ရာလဲ ဟိုက ဒီအကြောင်း အာရုံတွေ ပေါ်လာတာပဲ။

ရေချမ်းအမကြီး။ ။တစ်ခု ပြောရဦးမယ်၊ ဘုန်းကြီး ပြောနေကျ၊ ဒီ မြို့မှာ ဒကာမကြီး တစ်ယောက် ကျောင်းအမကြီး, ကျောင်း အမကြီးက ဟို တောင်သမန်ဖက်က ကျောင်းတိုက်ကြီးရဲ့ ကျောင်းအမကြီး၊ နွေအခါကျလို့ရှိရင် အားလုံး ရေ ဆင်းရဲကြလွန်းလို့,ရေချမ်းအိုးစင်တွေ သူက တည်၊ ရေတွေ လောင်းလို့, သူနဲ့ ဝေးတဲ့နေရာ သူများ ရေလောင်းခိုင်းလို့ ပေါ့လေ၊ ဒီလိုနဲ့ ရေချမ်းအမကြီး ကျောင်းအမကြီး ဆိုတဲ့ နာမည်နဲ့, အများသိ ရေချမ်းအမကြီးလို့ ပိုပြီး နားလည်တယ်။

ဒကာမကြီး အသက်ကြီးတော့ ကွယ်လွန်သွား၊ ကွယ်လွန်သွားတော့ ဒီ သချုငိ်းမှာ လှူကြ ဒါန်းကြ၊ နောက် ရက်လည်ဆွမ်းဆိုတာ အိမ်မှာ ထုံးစံ အတိုင်း ကျောင်းအမကြီးရဲ့ ဆရာတော် ပင့်ပြီးတော့ တရားနာ ရေစက်ချ၊ သားသမီးတွေက အမျှဝေ, နောက် ဆရာတော် ပြန်သွားတော့ တံတားထိပ်က နည်းနည်းလေး လွန်ရင်ပဲ , တံတားထိပ်လောက်က နေပြီးတော့ {ဆရာတော် ဘုရား, ဆရာတော်ဘုရား}လို့ဆိုတော့ {ဟဲ့ ဒါ တို့ ကျောင်းအမကြီးရဲ့ အသံ ပါလား}, {ဟုတ်တယ်ဘုရား}၊ နည်းနည်း ဆရာတော် စိတ်မကောင်း ဖြစ် သွားမှာပေါ့လေ၊ {ဘာဖြစ်နေတုန်း},ကျောင်းအမကြီးက {တပည့်တော် သေခါ နီးတုန်းက သားသမီးတွေ ငိုကြလို့, သူတို့ကို စွဲလမ်းပြီး သေသွားလို့ တစ္ဆေ ဖြစ်နေတယ်၊ သချုငိ်းမှာ လှူကြ ဒါန်းကြတုန်းက တပည့်တော် ဘာမှ မသိ လိုက်ရဘူး၊ အဖော်တစ္ဆေတွေက ရေတံခွန်တောင် ခေါ်သွားလို့, တပည့်တော် ဘာမှ မသိလိုက်ရပါဘူး၊ ဒီနေ့တော့ဘုရား ဆရာတော်ဘုရား ဟောတဲ့ တရား လဲ နာရပါတယ်၊ အမျှဝေတော့လဲ ရပါတယ်၊ တပည့်တော် ခုပဲ ကျွတ်တော့မှာ ဘုရား}လို့ ပြောလဲ ပြော အသံလဲ ပျောက်သွားတာပဲ။

ကြည့်စမ်း၊ အင်မတန် သူတော်ကောင်းမကြီး၊ သေခါနီးမှာ အာရုံကလေး, အာရုံကလေးက အသံကြားလိုက်လို့မို့, အဲဒီအသံ စွဲသွားလိုက်တာ၊ ဒီနား တစ္ဆေ ဖြစ်နေသေးတယ်ဆိုပါတော့, ၇-ရက်လောက် ဆိုပါတော့၊ ပြီးတော့မှ သူ့ကံအားလျော်စွာ ကောင်းတဲ့ဘဝကို လွတ်မြောက်သွားပါတယ်။

ဟိုဘဝဆိုတာ။ ။ ဒီတော့ သေခါနီး, သေခါနီးဆိုတာ အရမ်းမဲ့ ဖြစ်တာ မဟုတ်ဘူး၊ ဒီဘဝက အာရုံတွေ, ရှေးဘဝက အာရုံတွေ, နောက်ရောက်မယ့် အာရုံတွေ, ဒီအာရုံတွေ ထင်လာပြီးတော့မှ ဒီစိတ်က စွဲပြီး တော့ ဒီ ကုသိုလ် အကျိုးပေးလို့မို့ ဟိုဘဝမှာ ပဋိသန္ဓေစိတ်ဆိုတာ ဖြစ်တယ်၊ ဟိုဘဝမှာလို့ဆိုတော့ အင်မတန်ကြီးများ ဝေးတယ်လို့ ထင်ရှာလိမ့်မယ်၊ ဘယ်လောက်မှ မဝေးဘူး။

ဒီ အနန္တရပစ္စည်းနဲ့ ဒီဘဝက စုတိ, ဟိုဘဝက ပဋိသန္ဓေ အတူတူပဲ၊ တစ်ဆက်တည်း, တစ်ဆက်တည်း၊ လူ့ပြည်က စုတိ, နတ်ပြည်က ပဋိသန္ဓေ၊ ဒီအရပ်ခေါ်က ဝေးနေတာ၊ စုတိ ပဋိသန္ဓေ တစ်ဆက်တည်း, တစ်ဆက်တည်း၊ ဘယ်လောက်မှ မဝေးဘူး၊ အဲဒါကြောင့်မို့လို့ အကူးအပြောင်းက သိပ်ပြီးတော့ လွယ်နေတာ၊ အဲလူ့ပြည်က မသေခင်တုန်းက ခုနက ကျောင်းအမကြီးတွေ ပေါ့လေ, သားသမီးတွေ ငိုသံစွဲပြီးတော့ နေတယ်၊ ဒီ စိတ်အစဉ် ဖြစ်နေတယ်၊ အဲ စိတ်အစဉ် ဖြစ်နေတော့ကာ စွဲလမ်းတဲ့ လောဘဇောကလေးက အကျိုးပေး လိုက်တာ ပဋိသန္ဓေနေတော့ တစ္ဆေဘဝ ပဋိသန္ဓေနေတယ်၊ ဒီ လောဘဇော အကျိုးပေးနေတာ၊ နောက် ဒီ ကျောင်းအမကြီးပဲ နောက် ၇-ရက်လောက် ရက်လည် ဆွမ်းကျွေးလို့ ကုသိုလ်စေတနာတွေက သူ့သန္တာန်မှာ ထုံပြီးတော့ နေတယ်။

အဲဒီ ဆရာတော်နောက် လိုက်ပြီးတော့, {ဆရာတော်ဘုရား, ဆရာတော် ဘုရား, ဆရာတော်ဘုရား}လို့ လိုက်ပြီးတော့ လျှောက်သည်အထိ သူ့မှာ သူ့မှာ ကုသိုလ်စေတနာတွေက တစ်ခုပြီး တစ်ခု, တစ်ခုပြီး တစ်ခု ထုံလို့၊ {တပည့်တော် ခုပဲ ကျွတ်တော့မှာ}လို့ ပြောသည့် အချိန်အထိလဲ အဲဒီ စေတနာတွေ ထုံရက်၊ ဒီ ကုသိုလ်စေတနာတွေက အကျိုးပေးပြီးတော့ သူ ရောက်တဲ့ဘဝက နတ်ပြည် ဆိုပါတော့၊ နတ်ဘဝ ပဋိသန္ဓေကို ဆက်ပေးတာပဲ, စုတိပဋိသန္ဓေ ဆက်ပေးတာပဲ, ဆက်ပေးတာပဲ ။

ဒီတော့ အာရုံဟာ သိပ် အရေးကြီးတယ်, သိပ် အရေးကြီးတယ်၊ အဲဒီ အာရုံအတိုင်း ဟိုမှာ ပဋိသန္ဓေက အကျိုးပေးရပါတယ်၊ ဒီတော့ ပြတ်မသွားဘူး, ပြတ်မသွားဘူး၊ စိတ်အစဉ်တွေ တစ်ခုပြီး တစ်ခု, တစ်ခုပြီး တစ်ခု၊ သေခါနီး ကျတော့ ဒီလိုပဲ တစ်ခုပြီး တစ်ခု, တစ်ခုပြီး တစ်ခု၊ အာရုံအားလျော်စွာ အာရုံယူပြီးတော့ ပဋိသန္ဓေ အကျိုးပေးတဲ့အခါ နောက် ပဋိသန္ဓေဆိုတာ တစ်ဘဝကြီးဆိုလို့များ အဝေးကြီး မထင်နဲ့၊ {စုတိ ပဋိသန္ဓေ, စုတိ ပဋိသန္ဓေ} ဆက်လို့နေတာ၊ ခုစိတ်တွေ တစ်ခုပြီး တစ်ခု, တစ်ခုပြီး တစ်ခု ဆက်နေသလိုပဲ၊ စုတိ ပဋိသန္ဓေကလဲ ဆက်လို့၊ အဲဒါကြောင့်မို့လို့ အကျိုးပေးနိုင်တာပါ။

သေခါနီး သိပ်အရေးကြီး။ ။ ဒီတော့ စဉ်းစားကြည့်, ဒီဘဝ သိပ် အရေးကြီး ပါလား, သေခါနီး သိပ် အရေးကြီးပါလား၊ တို့အိမ်မှာ စီးပွားတွေနဲ့, သားတွေ သမီးတွေနဲ့, ဆွေတွေ မျိုးတွေနဲ့ သေရင် စိတ်ချရပါ့မလား၊ ဒီပြဿနာ ကိုယ့်ကိုယ်ကို မေးရမယ်၊ ဘုန်းကြီးက ပြောတယ်, ဘုန်းကြီးတို့နဲ့ ဆိုင်ရာပေါ့လေ၊ ဒကာမကြီး မနုဆိုတာ ဒီကျောင်းကို လာပြီး ဥပုသ်စောင့်နေချင်တယ်ဆိုတော့ ဘုန်းကြီးက အိမ်မပြန်နဲ့၊ ကျောင်းမှာ နေရာ လေး ဘာလေး လုပ်ပြီး ကျောင်းမှာ ဥပုသ်စောင့်နေလို့ဆိုတော့, သူ့စိတ်ထဲ အိမ်မပြန်နဲ့ဆိုတာလေး တော်တော် မကျေမနပ် ဖြစ်နေတယ်တူရဲ့၊ ဘုန်းကြီးက ဒီနည်း သိတယ်လေ၊ အိမ်ပြန်လို့ အိမ်မှာသေရင် စိတ်မချရပါဘူး။

ကျောင်းနားကန်နားမှာ တကယ့်သူတော်ကောင်းစိတ်နဲ့ အမြဲ နေသွားလို့ ရှိရင် စိတ်အစဉ်တွေက ကောင်းနေမယ်၊ ဒီလိုဆိုရင် သေခါနီးမှာ ဧကန္တ ဘဝကောင်း ရမယ်ဆိုတာ သိလို့ ဘုန်းကြီးက အိမ်မပြန်နဲ့ပေါ့လို့ ပြောတော့ မလာဘူး၊ နောက် မကြာပါဘူး, သေတာပဲ ၊ အဲဒီကျတော့ မသိဘူးလေ, ဘုန်းကြီးတာဝန် မရှိပါဘူး၊ ဘုန်းကြီးတာဝန်ကျတော့ ဘုန်းကြီး တာဝန်အတိုင်း စီမံရမှာပါ၊ မပြန်ပါနဲ့ အိမ်ကို, သိတယ်, သိတယ်။

သေခါနီးမှ အိမ်ပေါ်မှာ, တိုက်ပေါ်မှာ, ဒီ အိမ်, ဒီ တိုက်တွေ မြင်နေ တယ်၊ ပတ်ဝန်းကျင် အသုံးအဆောင်တွေ မြင်နေတယ်၊ ပတ်ဝန်းကျင်က ဘေးက ဆွေတွေ မျိုးတွေ မြင်နေတယ်၊ တချို့က မျက်နှာငယ်ကလေး ငယ်ငယ်နဲ့ လာကြည့်ကြတယ်၊ ရှုပ်တာပဲ, ရှုပ်တာပဲ, သိပ် ရှုတ်တာပဲ၊ ဒါတွေ သူတော်ကောင်းတွေအတွက် အထက်တက်ရန် ဆွဲထားတာပဲ ၊ သိပ် ဝမ်းနည်း စရာကောင်းတာပဲလို့။

ဘုန်းကြီးက ကိုယ်ကလဲ အသက်ကြီးနေတာဖြစ်တော့ ဘဝသံသရာအတွက် သွားတဲ့သူတွေ, ဒီလောကကြီးက သွားတဲ့သူတွေကို လေ့လာနေရပါတယ်၊ သတိထားနေရပါတယ်လေ၊ တခြား မဟုတ်ဘူး၊ ဒကာကြီး ဦးဖူးစိန်ဆိုတာ အဲ ဒကာမကြီး ဒေါ်တင်တို့က သူတို့နဲ့ မကင်းရာ မကင်းကြောင်းပေါ့၊ ဒကာမကြီးတစ်ယောက် ဆုံးသွား, ဆုံးသွားတော့ ဘယ်မှာ ရောက်တယ်ဆိုတာ ဘာမှ မသိရဘူး၊ နောက်တော့ တစ်နှစ်, နှစ်နှစ် ဆိုပါတော့ ချက်ချင်း ဝင်စား တဲ့ အဓိပ္ပာယ်မျိုးနဲ့_

တစ်ဘဝ တစ်နေရာမှာ ဖြစ်ပြီးတော့ ဝင်စားတဲ့ အဓိပ္ပာယ်မျိုးနဲ့ သူ လူဝင်စား ဖြစ်လာတယ်၊ လူဝင်စား ဖြစ်လာတော့ သူက လာတယ်ဆိုရင် ဘယ်မှာ ငါ့ပစ္စည်း, ဘယ်မှာ ဘာ၊ သူက ဒါတွေက အမှန်တွေ ဖြစ်နေတယ်၊ ဒီတော့ ဒီဘဝ မဝင်စားခင် ဘာဖြစ်နေတုန်း, တစ္ဆေဖြစ်နေတယ်၊ ဒီလမ်းမှာ တစ္ဆေ ဖြစ်နေတယ်၊ တစ္ဆေဖြစ်နေတော့ သူတို့က ဆက်မေးတယ်၊ မကြောက် ဘူးလား၊ လူတွေကို မကြောက်ပါဘူးတဲ့၊ ကလေးတွေက ခဲနဲ့ပေါက်လိုက်, သူတို့ ပေါက်တာမဟုတ်ဘူး၊ သူတို့ ဘာသာ သူတို့ ဆော့ကြတာ၊ တုတ်ကလေးနဲ့ ပစ်လိုက်တဲ့အခါ အဲဒါ ကျုပ်တို့ကို မှန်တယ်။

ကလေးတွေကို ကြောက်တယ်, လူကြီးတွေကို မကြောက်ပါဘူး၊ သူတို့ဟာ သူတို့ လုပ်နေတာ၊ အသင်းအပင်းနဲ့ ရယ်လား မောလား၊ ကျုပ်တို့ ဒီလမ်း ကြားထဲမှာ, အမေက ဆွမ်းတော်တင်ပြီးလို့ရှိရင် အမျှဝေတယ်၊ ကျုပ်တို့ သာဓု မခေါ်ပါဘူး၊ အမေ ဆွမ်းတော်တင်တဲ့ မုန့်တွေ ငှက်ပျောသီးတွေ ကျုပ်တို့ လုစားကြတာပဲ, ပျော်လိုက်တာ။

မီးလောင်နေတာရယ်, ငတ်နေတာရယ် မဟုတ်တော့ တစ္ဆေ တစ္ဆေချင်း ပျော်လို့၊ လမ်းမှာတဲ့, ဒီလမ်းမှာတဲ့၊ နာမည် မတပ်ချင်လို့, ဈေးချိုဖက်က ဒီလမ်းမှာပဲ၊ ဒီတော့ကာ တစ္ဆေတွေ ပြည့်လို့, ရပ်ထဲရွာထဲရော ပြည့်လို့။

ဗုဒ္ဓဘာသာ မဟုတ်တဲ့ တစ္ဆေ။ ။ တစ်ခါက ဒီ ကျောင်းမှာ ဘုန်းကြီးက သီတင်းကျွတ်တော့ တို့က နတ်တော့ မပူဇော်ကြနဲ့နော်၊ နတ်များက ဘုရားပူဇော်ရအောင်လို့ အနီးအပါးမှာ မီးထွန်း ပေးလိုက်ကြလေ၊ နတ်များ ဘုရားပူဇော်ဖို့ မီးထွန်းပေးတယ်၊ ဘုရားပူဇော်ပါလို့ ပြောတော့ ဖိုးသူတော် တစ်ပါးက ဥသျှစ်ပင်ပေါ်တက်ပြီး သူက နည်းနည်းလဲ ကဲ တယ်၊ အဲဒီပေါ် မီးထွန်းရင်း နေမကောင်းသလို ဖြစ်ပြီး ဆင်းလာတော့ လက်တွေ ခြေတွေ အေး, ကိုယ်တွေလဲ အေး၊ ဒါနဲ့ သူ့ဆိုင်ရာ ဆရာသမား တွေက ဆေးရုံပို့မလို့ လုပ်တော့ နည်းနည်းပါးပါး နားလည်တဲ့ ကိုယ်တော် တစ်ပါးက ရောက်သွားလို့, သူက စမ်းကြည့်တယ်။

ဟာ-ရိုးရိုးသားသား မဟုတ်ဘူး၊ ကိစ္စမရှိဘူးဆိုပြီးတော့ သူက ခေါ်ပြီးတော့ မေးတယ်၊ ဥသျှစ်ပင်က သတ္တဝါက သူလုပ်ထားတာတဲ့၊ သူ့အပင်ပေါ် တက်ပြီး မီးထွန်းလို့တဲ့, သူက ဗုဒ္ဓဘာသာ မဟုတ်ဘူးတဲ့။

တစ္ဆေက တစ္ဆေက ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ ဒါနဲ့ သူမကြိုက်လို့ သူလုပ် လိုက်တာတဲ့၊ သူ့အပင်ပေါ်တက်ပြီး မီးထွန်းလို့တဲ့၊ မင်း ဗုဒ္ဓဘာသာ မဟုတ်ဘဲနဲ့ ဘာလုပ် လာနေတုန်း၊ သူသေတော့ ဒီအပင်မှာ နေမယ့်သူ မရှိလို့တဲ့၊ အရှင် မရှိလို့ ကျုပ်လာနေတယ်၊ ဘာပြုလို့ ကျောင်းဝင်းထဲ လာနေတာလဲ,ဗုဒ္ဓဘာသာ မဟုတ်ဘဲနဲ့၊ ဒီအထဲမှာ ထမင်းလုံး ဟင်းလုံးလေးတွေက ပေါတယ်တဲ့၊ ကိုယ်တော်တွေ ပစ်တာ ထမင်းလုံး ဟင်းလုံးတွေက၊ ဒါကြောင့် ကောက်လို့ စားလို့ လွယ်တာနဲ့, နေရာကလေး လစ်လပ်တာနဲ့, ကျုပ်လာနေတာတဲ့၊ ဒီလိုဆို မင်း မနေရဘူး၊ မနေရရင်လဲ သွားတာပေါ့၊ သွားရှာတယ် ထင်တယ်။

ဘုန်းကြီးသာ သိရင် နေပါစေလို့ ပြောမှာ၊ အေးအေးဆေးဆေးနေ, မင်း မနှောင့်ယှက်ပါနဲ့လို့ ပြောမှာ၊ သွား, မနေရဘူး ဆိုတာနဲ့ သွားရှာဟန်တူတယ်၊ ဒီတော့ ပြည့်လို့, ပြည့်လို့၊ ဒီထဲမှာ မြို့ထဲမှာ ပြည့်လို့, ပြည့်လို့၊ ခုနပြောတဲ့ အထဲမှာ, မန္တ လေးဈေးချို လူစည်ကားပါတယ်ဆိုတဲ့ နေရာ, အနောက်ဘက်တန်းမှာ တစ္ဆေတွေ ပြည့်လို့၊ ပြိတ္တာတွေဆိုတာ တစ္ဆေတွေပေါ့၊ အဲဒီလိုပေါ့လေ, ဘဝ သေခါနီးကျလို့ရှိရင်, ကောင်းတဲ့ အာရုံရှိရင် ကောင်းတဲ့ ဘဝ ရောက်သွား တယ်၊ မကောင်းတဲ့ အာရုံရှိရင် မကောင်းတဲ့ဘဝ ရောက်သွားတယ်၊ ပျက် ပျက် ဆိုတဲ့ စုတိနဲ့ ပဋိသန္ဓေ ဆက်လို့။

အနာထပိဏ္ဍိကနတ်သား။ ။ ဘုရားလက်ထက်တော်တုန်းက အနာထပိဏ် သူဌေး စုတေခါနီး အရှင်သာရိပုတ္တရာကို ပင့်ပြီး တရားနာပြီးလို့ မကြာခင်ဘဲ စုတေသွားတယ်၊ ဟို တာဝတိံသာနတ်ပြည် ရောက်သွားတယ်၊ ရောက်သွားသွားခြင်း သူ {ငါက ဘယ်က လာပါလိမ့်မလဲ} လို့, ငါ လူ့ပြည်က လာတာ၊ ဩော်-သူကျောင်းဒကာပါလို့ဆိုပြီး ဝမ်းမြောက် ဝမ်းသာနဲ့ ဘုံဗိမာန်ထဲတောင် မဝင်သေးဘူး၊ တစ်ခါတည်း လူ့ပြည်ဆင်းလာပြီးတော့ ဣဒံ ဟိ တံ ဇေတဝနံ, ဣသိသံဃနိသေဝိတံ၊

အာဝုတ္တံ ဓမ္မရာဇေန, ပီတိ သဉ္ဇနနံ မမ။၁။ ဥပရိပဏ္ဏာသ၊ နှာ-၃၀၁-၇။ သဂါထာဝဂ္ဂသံယုတ်၊ နှာ-၃၁၊ ၅၃-၄။

ဆိုပြီး ဇေတဝန်ကျောင်းကြီး ကြည့်ပြီး ဝမ်းသာလိုက်တာ, ဗုဒ္ဓမြတ်စွာ သီတင်းသုံးလို့ သူ အင်မတန် ပီတိဖြစ်လို့တဲ့၊၁ စုတိ ပဋိသန္ဓေ-အနာထပိဏ် သူဌေးဘဝတုန်းက စုတေခါနီး ဖြစ်ပျက် ဖြစ်ပျက် ရှု, ရှင်သာရိပုတ္တရာရဲ့တရား နာ, ဖြစ်ပျက် ဖြစ်ပျက် ရှု၊ စိတ်တွေက သူ့တစ်ကိုယ်လုံး ထုံထားတဲ့ ကုသိုလ် စိတ်တွေလဲ ပြည့်လို့ပေါ့။

အဲဒီ ကုသိုလ်စိတ်တွေက သေခါနီးကျတော့ ထင်ပြီးတော့ တာဝတိံသာ နတ်ပြည်မှာ ပဋိသန္ဓေ နေရတယ်၊ ကြည့်စမ်း, ကြည့်စမ်း၊ ဒီက စုတိနဲ့ တာဝတိံသာက ပဋိသန္ဓေ ဘယ်လောက်မှ မခြားဘူး၊ ဘယ်လောက်မှ မခြား ဘူး၊ ဒီ အနန္တ ရသတ္တိနဲ့ ကျေးဇူးပြုနေတာ၊ အဲဒီ ကျေးဇူးပြုနေရင်း အနာထပိဏ် သူဌေးမှာ ဒီဘဝက ကုသိုလ်ဇော စေတနာတွေ, ရှေးရှေးက ကုသိုလ်ဇော စေတနာတွေ, သူ့ရဲ့ စိတ်အစဉ်မှာ ပါတယ်၊ စုတိတုန်းကလဲ ပါတယ်၊ နောက် နတ်ပြည်မှာ ပဋိသန္ဓေ နေတော့လဲ ပါတယ်၊ ဒီ ဓာတ်တွေဟာ ပျောက်မသွားဘူး။

ဒါကို မြင်လို့မို့ ဘုန်းကြီး အလုပ် လုပ်နေရတယ်၊ ကုသိုလ်တွေက ပီပီလုပ်လို့ရတယ်၊ ဘာဖြစ်လို့တုန်း, ပျောက်မသွားဘူး၊ အမြဲ ဒီကုသိုလ်တွေ ဒီသန္တာန်မှာ ဒီပစ္စည်းအဖြစ်နဲ့ ဖြစ်နေတာ၊ ဒါကို ကမ္မဿကာ၊ ကမ္မ-ကံပဲ၊ သက-ကိုယ့်ဥစ္စာ၊ စဉ်းစားကြည့်လေ, သိန်းပေါင်း ဘယ်လောက် ချမ်းသာတယ်၊ စုတေတယ်, အကုန်လုံး ပစ်ထားခဲ့ရတယ်၊ အကယ်၍ အဲဒီ ပစ္စည်းကို ငဲ့ပြီး တော့,ဆွေးပြီးတော့,တွေးပြီးတော့ သေသွားရင် ပြိတ္တာဖြစ်တာ၊ ပြိတ္တာဆိုတာ ဒီနားမှာ တစ္ဆေ ဖြစ်တာ၊ တစ္ဆေ ဖြစ်လိုက်ကြတာ မပြောနဲ့တော့၊ ဒီ ဥစ္စာကို စွဲပြီးတော့ မကျွတ်ဘူး, မကျွတ်ဘူးနဲ့ ပြောလိုက်ကြတာပဲ၊ ဒီ ဥစ္စာကို စွဲပြီး တော့ သည်နားမှာပဲ တဝဲလည်လည်နဲ့ တစ္ဆေ ပြိတ္တာ ဖြစ်နေကြတယ်၊ ဘုန်းကြီးတို့ ဆိုင်ရာတွေရော မဆိုင်တာတွေရော စာထဲ ပေထဲ မှာလဲ ဖြစ်ကြတယ်။

သေခါနီး အာရုံအတိုင်း လိုက်ရတယ်ကိုး၊ အာရုံတွေကလဲ တိုက်ကြီး ထင်နေတယ်, စိန်တွေ ရွှေတွေ ထင်နေတယ်, သားတွေ သမီးတွေ ထင်နေတယ်, မေ့မြောပြီးတော့ နေလဲ ဆွေတွေ မျိုးတွေ ထင်နေတယ်၊ အဲဒါတွေ ထင်နေ တော့ စိတ်ကလဲ အဲဒီ စိတ်ပဲ ဖြစ်နေတယ်၊ သေတော့ကာ အဲဒီစိတ်နဲ့ သေလို့ ရှိရင် ကံက အခွင့်သာလို့မို့ ဘဝသံသရာ နောက်တစ်ခုမှာ အဲ ခုနက ပြိတ္တာခေါ်တဲ့ တစ္ဆေ အကျိုးပေးတာပဲ၊ ဘုန်းကြီးတို့ ဘုန်းကြီးတွေ အဲ စောစောကတည်းက ဒီဘုန်းကြီး နှမြောတတ်တယ်ဆိုရင် သတိသာထားတော့, နှမြောတတ်တယ်၊ ဘယ်သူ့မှ တစ်ခုမှ မပေးဘူး၊ သူ့တပည့်တွေကို သူ ဒီလိုကြည့်နေတာပဲဆိုရင် သတိသာ ထားတော့၊ ဧကန်မုချ သေလို့ရှိရင် ဟောဒီနားက တယ် မကျွတ် ချင်ဘူး။

ဘုန်းကြီးတို့ ပရမတ္ထသဘောတရားက ဘုန်းကြီးရယ်,လူရယ်, တိရ စ္ဆာန် ရယ် မျက်နှာမရွေးဘူး၊ သူ့သဘာဝအတိုင်း,သူ့သဘာဝအတိုင်း ဆရာတော်ကြီး ပျံတော်မူသွားတယ်၊ (ဒီလိုသာ စွဲနေရင်) ဆရာတော်ကြီး ဒီမှာ နေမှာပဲ ၊ ဟို အင်မတန် အကုသိုလ် မကြီးကျယ်တော့ ငရဲတော့ မကျဘူး၊ ဒီလို ပြိတ္တာ လောက်တော့ ဖြစ်တာပဲ၊ ဒါကြောင့် ဘုန်းကြီးက ကံရဲ့ သတ္တိလိုက်နေပုံကို နားလည်စမ်းပါလို့ ပြောနေတာ။

စိတ်အစဉ်မှာ ကံရဲ့သတ္တိ လိုက်နေ။ ။ပြီးတော့ နောက် ဘဝကျပြန်တော့ ရှေးကပြုတဲ့ ကုသိလ်ကံတွေ အကုန် လုံး လိုက်လာကြတာပဲ၊ ဘုရားအလောင်းတို့မှာ ဒါနပါရမီတွေ တစ်ဘဝပြီးလို့ တစ်ဘဝ ပြောင်းသွားပေမယ်လို့ စိတ်အစဉ်မှာ ကံရဲ့သတ္တိက လိုက်နေတော့ ပါရမီတွေ မပျောက်သွားဘူး၊ ပြည့်ပြည့်လာတာပဲ၊ ဝေဿန္တရာမင်း ဘဝကျတော့ ပါရမီပြည့်ပြီ၊ ဘုရားဖြစ်လောက်အောင် အခြေအနေ ရပြီ၊ အဲဒီလို အနေမျိုးနဲ့ ဘုရား ဖြစ်ဖို့ရန် ကျေးဇူးပြုတာပဲ၊ သီလပါရမီတွေကလဲ ဒီလိုပဲ ပျောက်မသွားဘူး။

ပစ္စည်းစွဲလမ်းရင် ပြိတ္တာဖြစ်နိုင်။ ။ ပစ္စည်းတွေက ပျောက်ကျန်ရစ်တယ်၊ ပျောက်ရုံတင်မကဘူး၊ ဒီအပါယ်လေးပါး ဆိုပါတော့ ပြိတ္တာ ဖြစ်ဖို့ရန် ပစ္စည်းတွေက ဆွယ်, ဆွေမျိုးတွေက ပြိတ္တာ ဖြစ်ဖို့ရန် ဆွယ်တယ်၊ ရဟန်း သံဃာတော်တွေ ကျောင်းတွေ ကန်တွေ ဒါတွေ သာ မက်မောနေရင် ဆွယ်တယ်၊ ရဟန်းသံဃာတော်တွေ ပြိတ္တာ ဖြစ်နိုင်တယ်၊ အဲဒီ တပည့်တပန်းတွေ, ဒကာ ဒကာမတွေ, ကျောင်းဒကာ ကျောင်းအမ သံယောဇဉ်တွေ အစွဲကြောင့် ဒီနားတွင်ပဲ ပြိတ္တာ ဖြစ်နိုင်တယ်၊ တော်တော် ကြောက်စရာ ကောင်းတယ်, တော်တော် ကြောက်စရာ ကောင်းတယ်၊ ပြိတ္တာ မဖြစ်တောင်မှ အကုသိုလ်လေးတွေ နည်းနည်း ဘေးကရှိရင် သတ္တိ ညံ့သွားတယ်။

ကုသိုလ် အာသန္နကံ အကျိုးပေးပုံ။ ။ တစ်ခါတုန်းက ဒီ သေခါနီးမှာ သေခါ နီးဆို လူတစ်ယောက်ပေါ့လေ၊ သား တစ်ယောက်တည်း၊ တစ်ယောက်ကလဲ သမီးတစ်ယောက်တည်း၊ ကုဋေများစွာ ချမ်းသာတယ်၊ သူတို့ နှစ်ယောက် ပေးစားလိုက်တာ ကုန်နိုင်စရာ မရှိပါဘူး၊ ကုဋေများစွာ ဆိုပါတော့, ကုဋေလေးဆယ် ဆိုပါတော့၊ သူဌေးဆိုရင် ကုဋေ လေးဆယ်က အနည်းဆုံး ရှိရပါတယ်၊ အဲဒါလဲ သူတို့ ကုန်နိုင်စရာ မရှိဘူး၊ ဒါပေမယ့် သူတို့ အလုပ် မလုပ်တတ်ဘူး၊ မိဘတွေကလဲ မလုပ်ချင် နေပစေလေ၊ တို့ သားသမီးတွေ တစ်သက်တော့ မဆင်းရဲဘူး၊ နောက်တော့ မိဘတွေ ကွယ်လွန်သွားတော့ အပေါင်းအသင်းတွေက လာပြီ, သောက်ကြပြီ, စားကြပြီ, ကစားကြပြီ။

သူဌေးသားဘက်က ပါတဲ့ ပစ္စည်းတွေ ကုန်ရော၊ ဆက်ပြီးတော့ စားကြ တယ်, သောက်ကြတယ်, ကစားကြတယ်, သူဌေးသမီးဘက်က ပါတဲ့ ပစ္စည်း တွေ ကုန်ရော၊ နောက်ဆုံး အိမ်တောင် နေစရာ မရှိဘူး၊ ဒါနဲ့ သမီး ခင်ပွန်း ရောက်တတ်ရာရာ သွား, တောင်းရမ်း စား၊ ဒီ သချုိင်းဇရပ်ထဲမှာ သွားအိပ် ကြတုန်း, ဓားပြတစ်စု, အဲဒီ ဇရပ်လာပြီးတော့ တိုင်ပင်ကြတယ်၊ ဘယ်သွား တိုက်ရအောင်ကိုး၊ ဒီတင် ခုနက လူတွေနဲ့ တွေ့တော့, ဟာ ငါ့လူ ဒီလို ခြောက်ကပ်ကပ်နဲ့ တောင်းရမ်းစားပြီးတော့ မနေပါနဲ့၊ တို့ အဖွဲ့ထဲ လိုက်ပါကွာ, ပြောတော့၊ ဟင်း သူကလဲ ပစ္စည်းမရှိတော့, ပစ္စည်းကို လိုချင်နေတာဖြစ်တော့ ကျုပ်က ဘာမှ မလုပ်တတ်ဘူးဗျ၊ တို့ခိုင်းတာ လုပ်ပေါ့ကွ၊ အေး ကောင်းပြီဆို ပြီးတော့ သူတို့ အိမ်တစ်အိမ် ဓားပြတိုက်ရော။

မင်း ဒီနားက စောင့်နေ, မင်းဆီလာရင်တော့ ဒီတုတ်, ဒီတင်းပုတ်နဲ့သာ ချ၊ ကောင်းပြီ,လာရင် တင်းပုတ်နဲ့ ချမှာပဲ ၊ ဒိပြင် သူ မလုပ်တတ်ဘူး၊ ဟိုကဓားပြ တွေက အိမ်တွင်းလဲ ဝင်ရော, အိမ်ရှင်တွေ နိုးတော့,ဟဲ့ ဓားပြဟဲ့,ဓားပြဟဲ့လို့ ဆိုတော့ ဟိုလူတွေက ပါးတာကိုး၊ လှည့်ပတ်ပြီးတော့ ပြေးလိုက်တာ,ဟိုလူတွေ ကို မမိဘူး၊ သူ့ မိနေတာပေါ့၊ တင်းပုတ်ကြီးနဲ့၊ ဟာ ဒီ ဓားပြတစ်ယောက် တွေ့ပါပြီ ဆိုပြီး ရှင်ဘုရင် အပ်, ရှင်ဘုရင်ဆို သတ်ဖို့ပဲကိုး၊ ဓားပြကို သတ်စေ။

အေး မနက်ဖြန်တော့ သတ်ဖို့ရန် သုသာန် ထုတ်သွားရော၊ ထုတ်သွား တော့ သူဌေးဘဝတုန်းက ပျော်ပါးနေကျဖြစ်တဲ့ အမျိုးသမီးက (ဟိုတုန်းက ဆိုတာ ဒီလို ပျော်ပါးနေကျဖြစ်တဲ့ အမျိုးသမီးက ငါးရာ, တစ်ထောင် ပေးရ တယ်, လူသိ ရှင်သိပါ၊) ဒီ အမျိုးသမီးက သူ့အိမ် အထက်ပေါ်ကနေ ကြည့် တော့, ဟယ် ဟိုဟာ ငါ့လူပါလား၊ ဟိုတုန်းက ငါနဲ့ ပျော်ပါးနေတဲ့ လူ၊ ဒါနဲ့ သူ ဘယ်လို ဖြစ်တာတုန်းလို့ သူစုံစမ်းတော့ သိရော၊ ဒါဖြင့် ရှင် ဒီ လူကို မသတ်ခင် ဒီ မုန့်လေးနဲ့ ဒီ ရေကလေး ကျွေးပါရစေဦးနော်၊ သတ်မယ့် လူတွေ သူ တံစိုးလက်ဆောင် ပေးပြီးတော့ ဒါလေး ပေးလိုက်တယ်။

တိုက်ကြပါဦးနော်, ကျွေးကြပါဦးနော်, ချစ်ခင်နေတယ်၊ ဒါနဲ့ သတ်မယ်လို့ ဆိုတာ့ မုန့်နဲ့ ရေ ပေးတာကိုး၊ ဒါ ဘယ်က ရတာတုန်းဆိုတော့ ရှေးတုန်းက သူ ပျော်ပါးနေတဲ့ ပြည့်တန်ဆာ ဆိုပေမယ့် အညံ့စား မဟုတ်ဘူး၊ အဲဒီ အမျိုးသမီး ပေးတာဆိုတော့ ကျေးဇူးတင်လိုက်တာ, ရှေးတုန်ကလဲ ချစ်လက်စနဲ့ ပို ချစ်လိုက်တာ သိလား၊ အဲဒီ အချိန်မှာ အရှင်မောဂ္ဂလ္လာန်က ဆွမ်းခံကြွလာ တယ်၊ သတ်တော့မှာ၊ အရှင်မောဂ္ဂလ္လာန်လဲ အခြေအနေ မြင်လို့မို့ကို ကြွလာတာ။

အား-ငါ မစားတော့ဘူး၊ အရှင်မောဂ္ဂလ္လာန်ကိုပဲ လှူတော့မယ်၊ ငါ စားလဲ မထူးတော့ဘူး၊ သေတော့မှာ၊ အင်မတန် သဒ္ဓါတရားကြီးနဲ့ လှူလိုက်ပါရော၊ ဒီ အချိန်မှာ သတ်ချလိုက်ပါရော, သတ်လိုက်တော့ သူ ရုက္ခစိုး ဖြစ်သွားတယ်၊ ရုက္ခစိုး ဖြစ်ပေမယ်လို့ ဘသားက ခုနက အမျိုးသမီးကို ရုက္ခစိုးဘဝနဲ့ စွဲတုန်း ရှိသေးတယ်၊ စွဲနေတော့ သူ ကြည့်နေတယ်၊ တစ်ခါတော့ ထို အမျိုးသမီးက ဥယျာဉ်ထဲ သူ့အမေနဲ့ လှည့်လာတော့ အမှောင်ချပြီးတော့ ခိုးတာပဲ , ခိုးတော့ ပါသွားရော၊ အမေလုပ်တဲ့သူ ကျန်ရစ်, သမီးပါသွားပြီ။

အမေကလဲ နတ်တွေမေး ဘာတွေမေးနဲ့ မေးရှာတယ်၊ သမီးကလဲ ဟိုမှာ ရုက္ခစိုးနဲ့ ပျော်လို့၊ လူနဲ့ နတ်နဲ့ ပျော်နေတာကတော့ ဘုန်းကြီး ဒီ ဝတ္ထု တစ်ခုပဲ ပီပီသသ တွေ့ဖူးသေးတယ်၊ ခိုးယူတာ, နတ်က လူ့သမီးကို ခိုးယူ တာ, ပျော်လို့၊ နောက်တော့ တော်တော်လေးကြာတော့ ကိုဒေဝရယ် ပြန်ပို့ပါ ဦး, အမေ မျှော်နေလိမ့်မယ်၊ မျှော်တယ်, ဟိုက အမေက နတ်မေး ဘာမေးနဲ့၊ ဒါနဲ့ သူ့ကို ဟိုက ဘယ်လို ဟောထားသလဲ ဆိုတော့ ဒီလိုကိုး, ခုခေတ်ဆို ဝိဇ္ဇာလဲ မေးမှာပေါ့နော်။

ဒါနဲ့ သူ့ကို ဘယ်လို ဟောသလဲ ဆိုတော့ ဝေဠုဝန်ကျောင်းထဲ လာ လိမ့်မယ်၊ တွေ့လိမ့်မယ်ဆိုတော့ အမေက ဝေဠုဝန်ကျောင်းထဲမှာပဲ မျှော်နေ တယ်၊ ပရိသတ်က လာပြီဆို ကြည့်လို့၊ နောက် ဝေဠုဝန်ကျောင်းထဲ တရား နာတဲ့ပွဲမှာ ရောက်လာတယ်၊ ရောက်လာတော့ သူတို့နှစ်ယောက်ကလဲ တရား နာလို့၊ တရားလဲ ပြီးရော, သူတို့ သောတာပန် ဖြစ်သွားရော၊ ဒီမှာပဲ အမေနဲ့ သွားတွေ့တယ်။၁။ ပေတဝတ္ထု အဋ္ဌကထာ၊ နှာ-၃-၉။

ဒီစွဲလမ်းမှုဆိုတာဟာ အကယ်၍ ခုနက သူဌေး လူဖြစ်တုန်းက မစွဲမလမ်း ဘဲ နဲ့များ အရှင်မောဂ္ဂလ္လာန်ကို လှူရတဲ့ ကုသိုလ်နဲ့သာ သေရလို့ရှိရင် အထက် နတ်ပြည်ကို တက်သွားမှာ၊ ယခုတော့ အထက် နတ်ပြည်ကို မတက်ရောက် နိုင်ဘူး၊ ဒီ စွဲလမ်းမှုကြောင့် လူ့နီးနီးပါးပါး ရုက္ခစိုး ဖြစ်လာတယ်၊ ရုက္ခစိုး ဖြစ်ပြီးတော့တောင် စွဲလမ်းလို့ ခိုးတောင်ယူတာ၊ ဒီတော့ လောကကြီးမှာ ဆန်းကြယ်ပုံကို မြင်လို့ ကမ္မသတ္တိ လိုက်နေပုံတွေကို ဘုန်းကြီးက သိလို့ ပရိနိဗ္ဗာန် စံသည်အထိ ပါရမီ ပြည့်အောင် ပါရမီတွေ အကျိုးပေးနေပါတယ်။

နားလည်လို့မို့ ဒီ ကမ္မသတ္တိကို ကြိုးကြိုးစားစား သန့်သန့်ရှင်းရှင်း လုပ်ကြပါ၊ ကမ္မသတ္တိဟာ သည်လိုပဲ လိုက်ပါတယ်လို့ သိစေချင်တယ်၊ နောက် ဒီကံတွေဟာ ဘယ်လိုများလုပ် အကျိုးပေးသတုန်း ဆိုတာကိုတော့ မနက်ဖြန်မှ ဟောပါ့မယ်၊ ယနေ့တော့ အချိန်က မရဘူး၊ ဘုန်းကြီး ကိုယ်တော် တွေ ဆွမ်းခံသွားရဦးမယ်၊ မနေ့ကလိုသာဆိုရင် ဘုန်းကြီးက ဆက်ဟောဖို့ပါပဲ၊ ဒီတော့ ဘုန်းကြီးရဲ့ ကိုယ်တော်လေးတွေ ဆွမ်းခံသွားရဦးမယ်၊ ဒါကြောင့်မို့လို့ မနက်ဖြန်မှ ဒီ ကမ္မသတ္တိ အကျိုးပေးပုံတွေကို ဆက်ပြီး ဟောပါဦးမယ်။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တ နယ, သမန္တပဋ္ဌာန်း,ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

နဝမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

နဝမနေ့

၁၃၃၅-ခုနှစ်၊ နှစ်ဆန်း (၂)ရက်၊ ၁၉၇၃-ခုနှစ်၊ ဧပြီလ (၁၇)ရက်။

ကျမ်းစာ။ ။ ကျမ်းစာဆိုတာ ဘုရား, တရားကို မ,တည်ပြီးတော့ ရှေ့ပိုင်း ပထမပိုင်းက ရှင်မဟာကဿပတို့, နောက်ပိုင်းကျတော့ ပညာရှိ သူတော်ကောင်းကြီးတွေ ထပ်ထပ်ပြီးတော့ နားလည်အောင် စီမံတော်မူကြတယ်၊ ပို့ချတော်မူကြတယ်၊ ဒီတော့ ဘုန်းကြီးတို့ လက်ထက်ကျတော့ ပိုင်ပိုင်လေ့လာ ကြဖို့သာ ရှိတယ်၊ များသောအားဖြင့် ရှင်းပြီး လင်းပြီးသားတွေပဲ ဖြစ်နေကြတယ်၊ သေခါနီးမှာ ကံ,ကမ္မနိမိတ်,ဂတိနိမိတ် သုံးမျိုးထဲက တစ်ပါးဖြစ်စေ, နှစ်ပါး ဖြစ်စေ,သုံးပါးဖြစ်စေ ထင်လာတတ်တယ်၊ စိတ်ကူးကြည့်ပါ၊ မိမိတို့ မျိုးရိုးထဲက စုတေခါနီးမှာ ဘယ်လို ဖြစ်ကြတယ်၊ ဒါကို လေ့လာကြည့်ပါ၊ ဘုန်းကြီးတို့ ပြောတဲ့ စကားက စာထဲမှာပေမယ်လို့ ဒီစာက လူထဲမှာ ရောက်နေတဲ့ အကြောင်းအရာတွေချည်း ရေးထားတာ။

ကံအကြောင်း။ ။ ဟို ကံဆိုတာက ရှေးခပ်စောစောက ပြုထားတဲ့ ကံ, ဥပမာကေ ျာင်းကြီး ဆောက်ပြီး လှူဒါန်းထားတယ်ဆိုရင် အဲဒီ အခါတုန်းက ကုသိုလ်စေတနာတွေ သေခါနီးကျတော့ လှူနေရသလိုပဲ၊ စိတ် ချမ်းသာလို့, ပျော်လို့, စိတ်ကြည်လင်လို့၊ အဲ-ဟိုတုန်းက လှူနေသလိုပဲ ၊ ဒီ အာရုံထင်လာတယ်၊ ဒီဟာကြောင့် ဘုန်းကြီးက ကျောင်းရေစက်ချမှာဖြစ်ဖြစ်, ဒိပြင် ကုသိုလ်ရေးမှာဖြစ်ဖြစ် သန့်ရှင်းအောင် ပြုလုပ်ကြစမ်းပါလို့ ပြောနေရတာ၊ သေခါနီး (အာရုံ) အထင် အရေးကြီးလွန်းလို့၊ သေခါနီး အထင်က ရှုပ်ရှုပ် ပွေပွေတွေနဲ့, လောကွတ် ပျူငှာတွေနဲ့ဆိုရင် ကုသိုလ်စေတနာဟာ သိပ်နည်းသွားတယ်။

သိပ်နည်းသွားရုံ မကဘူး၊ ဒီ အကုသိုလ်တွေ ခြံရံပြီး အကျိုးပေးမှာဖြစ်တော့ ဟိုမှာ ညံ့ညံ့ကလေး အကျိုးပေးတယ်၊ ဒါကြောင့် ဒီ ကုသိုလ်ပြုတဲ့အခါ သန့်သန့်ရှင်းရှင်း ပြုကြစမ်းပါ၊ နောက်ဆုံး ဒီကနေ့လိုပဲ ဆွမ်းကပ်ဦးတော့ သံဃဿ ဒေမ-သံဃာအား လှူပါ၏, သံဃာအား လှူပါ၏၊ စိတ်ကြည်နူး အောင်လို့ သံဃာများလဲပဲ ညီညီညွတ်ညွတ် တန်းစီပြီးတော့ အလှူခံကြွကြ၊ အလှူရှင်များကလဲ ဒီ သံဃာများ ကြည့်ပြီးတော့ သံဃဿ ဒေမသံဃာအား လှူပါ၏၊ နိဗ္ဗာနပစ္စယော ဟောတု-နိဗ္ဗာန်ရဲ့ အထောက်အပံ့ ဖြစ်ပါစေ၊ အဲဒီလို ဆိုတော့ စေတနာတွေကလေ ပြန်ပေါ်နေတယ်၊ အိပ်မက်, မက်သလိုပဲ ၊ ကုသိုလ် ထပ်ပြုနေရသလိုပဲ ၊ ဘယ်လောက် ကောင်းတုန်း, ဘယ်လောက် ကောင်းတုန်း။

အကုသိုလ် ပြုတုန်းကလဲ ဒီလိုပဲ၊ အဲ-စောစောက အကုသိုလ်တွေ ပြုထား တယ်၊ ပါဏာတိပါတ-သူ့အသက် သတ်မှုတွေ လုပ်ခဲ့တယ်၊ အဒိန္နာဒါနသူ့ဥစ္စာ မတရား ယူခဲ့တယ်၊ မုသာဝါဒ-လှည့်ကာ ပတ်ကာနဲ့ ပြောခဲ့တယ်၊ အဲဒီ အကုသိုလ်များက သေခါနီး ထင်လာရင် ဟိုတုန်းကလိုပဲ၊ စိတ်ဟာ ဟိုတုန်းက ပြုနေသလိုပဲ, ဖြစ်နေတယ်၊ ဘာထင်လာတုန်းဆိုတော့ ကံအာရုံ ထင်လာတယ်၊ နားလည်ပါနော်၊ ဒါ သေခါနီး အရေးကြီးတယ်ဆိုတာ၊ ကိုယ်လဲ သေရတယ်၊ ယခု သေခါနီးမှာ ဒီလို ထင်လာတဲ့ အာရုံအလိုက် ဟိုဖက်ဘဝမှာ ဖြစ်ရမယ်၊ ကိုယ်လဲ ပြောင်းရမှာပဲ ၊ ခုနက စောစောစီးစီး ကံပြုထားကတည်းက အကုသိုလ်ကံတွေ နည်းနိုင်သမျှ နည်းရပါတယ်။

ပုထုဇဉ်ဆိုတာ အကုသိုလ်တွေ အကုန်လုံးနည်းအောင် ကြိုးစားတယ်လို့ ဆိုပေမယ့် အကုသိုလ်ကံ ကြီးကြီးမားမား မရှိအောင် ရှောင်ရပါတယ်၊ ဟို နည်းနည်းပါးပါး လောဘကလေး, နည်းနည်းပါးပါး ဒေါသကလေး, မာန ကလေး, ဒါကတော့ မကင်းနိုင်ဘူးပေါ့၊ ဒါပေမယ့် ကြီးကြီးမားမား အကုသိုလ် ကတော့ မဖြစ်အောင် ရှောင်ရပါတယ်၊ ပြုတဲ့ ကုသိုလ်ကလဲ သန့်သန့်ရှင်းရှင်း ဖြစ်အောင် ပြုရပါတယ်၊ ဘာပြုလို့တုန်း သေခါနီးမှာ ထင်တတ်လို့။

ဂရုကံ အကျိုးပေးချိန်။ ။ ဟို ရှေးရှေး ဘဝကဆိုတဲ့ အကြောင်းအရာက အင်မတန် နည်းပါတယ်နော်၊ ထပ်ပြီးတော့ ပြောပါမယ်။

ဒီဘဝမှာ ဂရုကံ ကုသိုလ်ဖက်က ဈာန်တို့ ရနေတယ်၊ ဒါ သူ့ အကျိုး ပေးကိုး၊ စဉ်းစားနေဖို့ မလိုဘူး၊ ဘယ် ကံအာရုံ ထင်တာတွေ ဘာတွေ ဘာမှ မစဉ်းစားနဲ့၊ သူတို့မှာ ဆိုင်ရာ အာရုံထင်မှာ, အခြားအာရုံတွေ မပေါ်ဘူး။

အကုသိုလ်ဖက်က မိဘကို သတ်တဲ့ ပါဏာတိပါတမျိုး, ဘုရား ရဟန္တာကို နှိပ်စက် စော်ကားထားတဲ့ အကုသိုလ်မျိုး၊ သူတို့နဲ့ ဆိုင်တဲ့ကံ သူတို့နဲ့ အာရုံ ထင်မှာ၊ ဒိပြင် အပြောင်းအလွဲ မရှိနိုင်ဘူး၊ ဒီ ကံတွေကတော့ ဘုန်းကြီးရော, ရဟန်း ရှင် လူ ပရိသတ်များရော မရှိကြဘူး။

အာသန္နကံ အကျိုးပေးချိန်။ ။ ဂရုကံ မရှိတော့, ဘယ်လိုကံက လာပြန်တုန်း ဆိုတော့ အာသန္နကံ-သေခါနီးကျတော့မှ ပြုတဲ့ကံ၊ သေခါနီးကျတော့မှ ပြုတဲ့ကံဆိုတာ မိမိကိုယ်တိုင် သတိရလို့ ဟိုကိစ္စ ဒီကိစ္စ ဆောင်ရွက်ပြီးတော့ ဒါနပြုလို့, ဥပုသ်သီတင်း ဆောက်တည်လို့, ဒီလို ဖြစ်တဲ့ ဘေးက ဆွေကောင်း မျိုးကောင်းတွေက တိုက်တွန်းလို့မို့၊ ဒါန ပြုလို့, ကုသိုလ်ပြုလို့, တရားနာလို့, ပရိတ်တော်တွေ နာလို့ ဒီလိုလဲ ဖြစ်ရဲ့၊ သေခါနီးမှာ ပြုတဲ့ အာသန္နကံ၊ ဂရုကံ မရှိတဲ့ ဘုန်းကြီးတို့ တစ်တွေမှာလဲ အဲဒီ အာသန္နကံ ထင်လာဖို့ သိပ် များတာပဲ, သိပ် အခွင့်သာတာပဲ။

အာစိဏ္ဏကံ အကျိုးပေးချိန်။ ။ တစ်ခါ အာသန္နကံ မရှိဘူး၊ ဒါ ဒီဘဝကံတွေ နော်, ဒီဘဝ ကံတွေ၊ အာသန္နကံ မရှိလို့ရှိရင် တစ်ဘဝလုံး လေ့ကျင့်လာတဲ့ ဘုန်းကြီးတို့ စာတွေ ပို့ချလို့၊ သံဃာများ ဩဝါဒပေးလို့, သာသနာတော်ကြီး ကောင်းအောင် ဆောင်ရွက်လို့၊ ဒါတွေဟာ အာစိဏ္ဏကံ-အမြဲလေ့ကျက်နေတဲ့ ကံတွေ၊ လူများမှာလဲဘဲ ဘုရားကိစ္စ နေ့တိုင်း ဆောင်ရွက်လို့, ဆွမ်း နေ့တိုင်း လောင်းလို့, ဘုရား ဝတ်ပြုလို့၊ ကုသိုလ်ရေးတွေ မှန်မှန် လုပ်နေတာ ရှိတယ်၊ မှန်မှန်လုပ်နေတယ်၊ ဒါတွေဟာ အာစိဏ္ဏကံလို့ ခေါ်တယ်၊ အာသန္နကံ မရှိရင် သူတို့ အကျိုးပေးဖို့ အခွင့်ရှိတယ်။

မကောင်းတဲ့ အကုသိုလ်ကံထဲကလဲ သူ့အသက် သတ်ပြီးတော့ အသက်မွေး နေတယ်၊ သူ့ဥစ္စာ မတရားယူပြီးတော့ အသက်မွေးနေတယ်၊ သူ့သားအိမ်ရာတွေ ပြစ်မှားနေတယ်၊ လိမ်လည် လှည့်ဖြားနေတယ်၊ ဒီလို အကုသိုလ်ကံတွေဟာ အာစိဏ္ဏကံတွေပဲ, အမြဲ လေ့ကျက်နေတာ၊ အဲအာသန္နကံ အထူးမရှိလို့ရှိရင် ဒီ အာစိဏ္ဏကံက အကျိုးပေးတယ်၊ ဒါ ဒီဘဝကံပဲ ရှိသေးတယ်။

ဒီ ဂရုကံ, အာသန္နကံ, အာစိဏ္ဏကံ ကံသုံးကံစလုံးဟာ ဒီဘဝ ကံချည်းပဲ ရှိသေးတယ်၊ နောက်ဘဝ ရောက်ဖို့ရန် ဒီကံ ဒီကံတွေဟာ အရေးကြီးနေတုန်း၊ ဒါကို ရဟန်းရှင်လူတို့ သိရပါ့မယ်၊ သိလဲ သိထိုက်ပါတယ်၊ လေ့လဲ လေ့ကျက်ရပါတယ်၊ အဲဒီ သုံးမျိုး မရှိရင်တော့, ဂရုကံကြီးလဲ မရှိဘူးဆိုရင် သေခါနီး ရုတ်တရက် သေရလို့မို့, ကုသိုလ် ဘာမှ မဖြစ်ဘူး၊ အကုသိုလ် ဖြစ်ရင်သာ ဖြစ်မယ်၊ သတ်ရင်း ဖြတ်ရင်း, တိုက်ရင်း ခိုက်ရင်းမို့လို့, ကုသိုလ်က တယ်မလွယ်ဘူး ဆိုပါတော့၊ အာစိဏ္ဏကံ အမြဲလေ့ကျက်ပြီးတော့ လာတဲ့ကံ၊ အဲဒီ ကံကလဲ မရှိပါဘူးတဲ့၊ ဟိုနား ဒီနားမှာ အမှတ်တမဲ့ ပြုမိတဲ့ ကံကလေးတွေက သိပ်တော့ဖြင့် များလှတယ်တော့ မဟုတ်လှဘူး။

ဒီဘဝမှာ အမှတ်တမဲ့ ပြုမိတဲ့ ကံကလေးတွေက အကျိုးပေးမှာ မဟုတ်၊ ဟို-ရှေးရှေးဘဝက, ဘဝများစွာက, သံသရာက ပြုလာခဲ့တဲ့ကံတွေ ခန္ဓာ အစဉ်မှာ ပါနေတယ် မဟုတ်လား၊ အဲဒီကံတွေက အကျိုးပေးတတ်ပါတယ်။

နောက်ဘဝ ကောင်းမွန်ရေး။ ။ ဒီတော့ နှစ်နှစ်ကာကာ မှတ်ဖို့က, တို့ နောက်ဘဝ ကောင်းဖို့အတွက် ဒီ ဘဝ ကံ တွေကို အင်မတန် အားကိုးရပါတယ်၊ ဒီဘဝကံတွေ ရှိကိုရှိမှ၊ ဟိုနား ဒီနား ပြုမိတဲ့ ကံနဲ့ ရှေးဘဝက ကံတွေဟာကတော့ ဒီဘဝ ဂရုကံ, အာသန္နကံ, အာစိဏ္ဏကံတွေ မရှိမှသာ အခွင့်ရလာတာ ဖြစ်တယ်၊ ဒါကြောင့် တို့ ဒီဘဝက ကောင်းကောင်းကြီးများ နေလိုက်လို့ရှိရင်, ဒီဘဝ သန့်သန့်ရှင်းရှင်းများ နေလိုက်လို့ရှိရင် စိတ်ချ, စိတ်ချ၊ ဟိုဖက်ဘဝမှာ ကောင်းကောင်း ဘဝရဖို့ စိတ်ချတော့, သိပ် သေချာတာပဲ။

ကမ္မနိမိတ် ထင်လာ။ ။ သိပ်ပြီးတော့ ဒါတွေသိလို့၊ ဒီအလုပ် လုပ်တော့ ဝမ်းသာ လိုက်တာ၊ ဒါ အာရုံ ထင်လာပုံကို ပြောတယ်နော်၊ ကမ္မနိမိတ်ဆိုတာ ဒီကံတွေ ပြုတုန်းက အာရုံတွေကို ကမ္မနိမိတ်လို့ ခေါ်တယ်၊ ဒီတော့ ကျောင်းဆောက်ပြီးတော့ လှူလာတဲ့သူ ဟာ ကျောင်းကြီး အာရုံထဲ ထင်လာတယ်၊ ဟိုတုန်းက လှူတုန်းက ကျောင်းကြီးပဲ အာရုံထဲ ပေါ်လာတယ်၊ သူ့မှာလဲ ပဲ ဒီ ကုသိုလ်စေတနာတွေ ထပ်ပြီးတော့ ဖြစ်တယ်, ဒါ ကမ္မနိမိတ်။

ဟို ရှေးတုန်းက ပါဏာတိပါတမှုတွေကို ပြုလာ၊ သေခါနီးကျတော့ ဒီ အမှုတွေ အာရုံထင်လာ, ဒါ ကမ္မနိမိတ်၊ ကံ မဟုတ်ဘူးနော်၊ ကံရဲ့ အာရုံ ကမ္မနိမိတ်တွေ ထင်လာတယ်။

ကံထင်လာ။ ။ သေခါနီးကျတော့မှ တကတည်း ရှေးတုန်းက ပြုမိတဲ့ အကုသိုလ်တွေ ထင်လာလို့ တချို့များ မေ့မြောသွားရာက ဟို ခုနက အာရုံတွေ ထင်လာလို့မို့၊ သူ့ကို ကယောင်ကတမ်းတွေ ပြောလို့, ဝမ်းနည်းပန်းနည်း စကားတွေ ပြောလို့၊ မေ့မြောသွားရာက ပြန်သတိရလာ၊ အကုသိုလ်ကံတွေ ပေါ်နေလို့, အကုသိုလ်လုပ်တုန်းက အကြောင်းအရာတွေ ပေါ်နေလို့, သိပ် ဝမ်းနည်းသွားတယ်။

ဂတိနိမိတ် ထင်လာ။ ။ တချို့လဲပဲ ကုသိုလ်လုပ်တုန်းက အကြောင်းအရာတွေ ပေါ်နေလို့, မေ့မြောသွားရာက သတိရလာတော့ ဝမ်းသာသွားတယ်၊ တချို့ကျတော့ ရောက်မယ့်ဘဝက ဂတိနိမိတ်တွေ ထင်လာ တယ်၊ သုံးမျိုးနော်, ရောက်မယ့်ဘဝက, တစ်နေ့တုန်းက ပြောတဲ့ သောဏ မထေရ်ရဲ့ အဖေ ဦးပဉ္စင်းကြီး သိပ်ဝမ်နည်းပြီးတော့ ပထမရောက်မယ့်ဘဝမှာ ခွေးကြီးတွေ ကိုက်စားတတ်တဲ့ ခွေးကြီးတွေ ထင်လာတယ်၊ ဒါ ဂတိနိမိတ်၊ ဂတိ-ရောက်မယ့်ဘဝ, လားမယ့်ဘဝရဲ့၊ နိမိတ္တ-အကြောင်းအရာတွေ ထင်လာ တယ်၊ အဲ နောက်တစ်ခါ အရှင်သောဏက ပြုပြင်ပေးလိုက်လို့မို့ နတ်ပြည်က နတ်သမီးတွေ ထင်လာပြန်တယ်။

အဲဒီတော့ကာ ဒါတွေက ဂတိနိမိတ်တွေ, ရောက်မယ့်ဘဝ ဖြစ်မယ့်ဘဝရဲ့ အကြောင်းအရာတွေ, လူပြန်ဖြစ်မယ့် လူများ ရောက်မယ့်ဘဝ ဖြစ်မယ့်ဘဝ အကြောင်းအရာတွေ ဘယ်လို ထင်လာတတ်သတုန်း၊ အမိ ဝမ်းရေများ ထင် တတ်တယ်၊ ကိုယ်လဲ တစ်ခါမှ မမြင်ဖူးဘူး, မစဉ်းစားဖူးဘူး၊ မစဉ်းစားပေ မယ့် ကိုယ်က အမိဝမ်းထဲမှာ ပဋိသန္ဓေ နေရတော့မှာဖြစ်တော့ အမိဝမ်းရေ နီနီရဲရဲ ကလေးတွေ ထင်ပြီးတော့ လာတတ်ပါတယ်တဲ့၊ ဂတိနိမိတ်။

အဝိဇ္ဇာ, တဏှာ, သခါရ။ ။ ဒီတော့ အာရုံ နိမိတ်တွေကို ဒီလို ထင်လာ, ထင်လာတော့ကာ ဒီ သူ့ကိုယ်ရဲ့ သန္တာန်မှာ အဝိဇ္ဇာ, တဏှာက ရှိနေတော့ အဝိဇ္ဇာက ဘဝတစ်ခုလုံးရဲ့ အပြစ်တွေကို ဖုံးလွှမ်းတယ်, ဖုံးလွှမ်းတယ်၊ ဒီ တဏှာက အဲဒီ ရောက်တဲ့ဘဝကို ညွတ်နေတယ်၊ ကုသိုလ် အကုသိုလ် စေတနာက အဲဒီ ရောက်မယ့်ဘဝကို ပေးဖို့ရန် သခါရ အဖြစ်နဲ့ ရှိနေတယ်၊ နားလည်ပါစေနော်။

အဲဒီ အခါမှာ အဝိဇ္ဇာက အပြစ်ကို ဖုံးလွှမ်းထားလို့မို့, မကောင်းကံ, မကောင်း အာရုံ, မကောင်းတဲ့ ဘဝ အကြောင်းအရာတွေ ထင်လာရင်လဲပဲ အဝိဇ္ဇာက အပြစ်ကို ဖုံးလွှမ်းထားတာဖြစ်တော့ အပြစ်မမြင်ဘူး၊ နောက်ဘဝ တစ်ခု အမိဝမ်းထဲမှာ ပဋိသန္ဓေ နေရတော့မယ်၊ အမိဝမ်းရေ ထင်လာတော့လဲ အဲ-အပြစ်ကို မမြင်ဘူး၊ မမြင်ရုံတင် မကဘူး၊ အဲ-တဏှာက ညွတ်နေတာ, သွားဖို့ရန်ကို စိတ်ညွတ်နေတာ, အဲ-တဏှာ ညွတ်နေတာ၊ သိပ်သိပ်ပြီးတော့ သေချာတာပဲ ,တဏှာ ညွတ်နေတယ်၊ အဲဒီ တဏှာကို ဘဝနိကန္တိလို့ ခေါ်တယ်။

အပါယ်လေးပါး ငရဲကျမယ့်သူ ငရဲဆိုင်ရာ ထင်လာလဲယူမှာပဲ၊ အဝိဇ္ဇာက ဒီ အာရုံကို အာရုံပြုနေတာပဲ၊ ငရဲဆိုပြီးတော့ ကြောက်ပြီးတော့ မယူဘဲ မနေဘူး, မယူဘဲ မနေဘူး, ယူတာပဲ၊ တဏှာကလဲ မညွတ်ဘဲ မနေဘူး, ညွတ်တာပဲ၊ ဘာဖြစ်လို့လဲ, ဒီဘဝက အာရုံတွေ အကုန်လုံးကို လွှတ်ရတော့မယ်, ဘဝတစ်ခုလုံး လွှတ်ရတော့မယ်, စွန့်ရတော့မယ်၊ စွန့်ရတော့မယ်ဆိုတော့ နောက်ထပ် စွဲတယ်လေ, နောက်အာရုံကို စွဲတယ်, နောက်အာရုံ စွဲတယ်၊ တဏှာက မကောင်းလဲ စွဲမှာပဲ , ကောင်းလဲ စွဲမှာပဲ ။

ဥပမာ-ရေနစ်သွားတယ်, ဘွားကနဲ ပေါ်လာတဲ့အချိန်မှာ ဘာမဆို ဆွဲမှာပဲ၊ အကယ်၍များ မိကျောင်းကြီးတွေ့လိုက်ရင် ဒီ မိကျောင်းကြီး လှမ်း ဖက်မှာပဲ၊ ဘာဖြစ်လို့တုန်း, ရေနစ်နေတဲ့ ဒုက္ခက, ရေနစ်နေတဲ့ ဒုက္ခက သေမှာ သေချာနေတယ်၊ အဲဒီတော့ သိပ်ကြောက်ပြီးတော့ကို ပေါ်လာတဲ့အခါမှာ ဝါးလုံးတွေ့လဲ ဝါးလုံးကို ဆွဲမယ်၊ ကိုယ့်ကိုက်သတ်မယ့် မိကျောင်းတွေ့လဲ မိကျောင်းကြီးကို ဖက်မှာပဲ၊ အဲဒီလိုပဲ သေခါနီးကျတော့ မကောင်းအာရုံလဲ စွဲမှာပဲ, တဏှာ ညွတ်တာပဲ။

တစ်ခါတုန်းက-ဒီစောစောက မီးပူဇော်တဲ့ အလေ့အထနဲ့ နေတဲ့သူ ရသေ့များရဲ့ အဆုံးအမနဲ့ နေတဲ့သူတို့က မီးပူဇော်တဲ့အလုပ်ဟာ အင်မတန် မွန်မြတ်တဲ့ အလုပ်ကြီးလို့ ဆိုပြီးတော့ မီးကို မသေအောင် ထောပတ်တွေ ထည့်တယ်, ထင်းကောင်းကောင်းတွေ ထည့်တယ်။

မီး မသေစေနဲ့, မီးကို ပူဇော်တယ်ကိုး၊ အဲဒီလို အနေမျိုးနဲ့ ဒကာဟာ မီးနတ်ပူဇော်တယ်ကိုး၊ စုတေခါနီးကျတော့ မီးအာရုံတွေ ထင်လာတယ်၊ သူ့အနီး အပါးမှာ သူ့ဆရာ ရသေ့တွေကလဲ ရှိတယ်၊ ဆရာတို့-မီးတွေ ထင်နေတယ်၊ ကောင်းပြီ, မီးတွေ ထင်နေလို့ရှိရင် ဗြဟ္မာ့ပြည် ရောက်တော့မှာပဲ , ဘေးက ဆရာ တွေက ပြောတော့, ဟို-ဗြဟ္မာ့ပြည်ဆိုတာ ဘယ်မှာတုန်း, အထက်မှာလား၊ ယခု မီးတွေ ထင်နေတာ အောက်မှာ ထင်နေတယ်၊ သူတို့ မပြောသာဘူး၊ မီးတွေ အောက်က ထင်နေတယ်၊ မီးတွေ အောက်က ထင်ချင် ထင်ပါစေ,ဗြဟ္မာ့ပြည်ရောက် မှာပဲ၊ သူတို့ ဒီလိုပဲ အတင်းပြောနေရင်း သေသွားတာ ငရဲကို ရောက်တာပဲ။၁။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ, နှာ-၃၀၂-၃။ (သုဘသုတ် အဖွင့်)

ဒါကြောင့် ဒီ အာရုံဟာ စွဲကိုင်ပါတယ်၊ အဝိဇ္ဇာက ဖုံးထားတယ်၊ တဏှာက ဘဝသစ်ကို ညွတ်ပါတယ်၊ ပြီးတော့ မိမိတို့ ပြုထားတဲ့ ကံတွေက, သခါရက အကျိုးပေးဖို့ရန် အသင့်ရှိပါတယ်၊ ဒါကြောင့်မို့လို့ သေခါနီးမှာ စိတ်တွေ အစဉ်အတိုင်း ဘုန်းကြီးတို့ ဝီထိစိတ်တွေ ဖြစ်လာတယ်၊ နောက် စုတိအာရုံ ထင်လာတယ်၊ အင်း-ဇော,ဇော,ဇော,ဇော,ဇောနဲ့ မရဏာသန္နဇောဟာ ငါးကြိမ်ပဲ စောနိုင်တယ်၊ အဲဒီ မှီရာ ဟဒယဝတ္ထုက အားနည်းလာပြီ၊ ဒီ ဇော များများ မစောနိုင်ဘူး၊ ဒီ ငါးကြိမ်လဲ စောပြီးရော၊ တဒါရုံ, စုတိ၊ စုတိဟာ ဒီဘဝရဲ့ နောက်ဆုံး စိတ်ပဲ၊ စုတိပြီးရင် ခုနက ကံဆိုတဲ့ သခါရက အကျိုးပေးမယ်, ပဋိသန္ဓေက ဆက်ဖြစ်တယ်။

ဂတိ ငါးမျိုး။ ။ ဘုန်းကြီးတို့က သိပ် သန့်ရှင်းတာပဲ, ရှင်းလင်းတာပဲ, အရေး ကြီးလိုက်တာ, ဟို ဘဝအတွက်ဟာ သိပ်အရေးကြီးတာပဲ, သိပ်အရေးကြီးတာ, ဒီတော့ နောက်ရောက်ရမယ့် ဘဝက ဂတိလို့ ဆိုတယ်၊ ဒီ ဂတိဟာ ငါးမျိုးရှိတယ်၊ ဘုရား မပွင့်လို့ရှိရင် ဘုန်းကြီး မပြောနဲ့,ဘုန်းကြီးတို့ ရှေ့က ပညာရှိတွေ ဘယ့်နှယ်မှ မသိနိုင်ပါဘူး၊ မြတ်စွာဘုရားက ဟောထား တယ်, ဂတိ ငါးမျိုးရှိတယ်၊ ဂတိဆိုတာ ရောက်ရမယ့် ဘဝ, သွားရမယ့် ဘဝ ငါးမျိုး ရှိတယ်။

နိရယဂတိ-ငရဲ၊

ပေတဂတိ-ပြိတ္တာ၊

တိရ စ္ဆာနဂတိ-တိရ စ္ဆာန်၊

မနုဿဂတိ-လူ၊

ဒေဝဂတိ-နတ် ဗြဟ္မာ။

သွားရမယ့် ဂတိ ငါးမျိုးရှိတယ်၊ သေခါနီး ထင်နေတဲ့ ကံတွေ အထင် ကြောင့် သွားရမယ့်, ရောက်ရမယ့် ဘဝဟာ အဲဒီ ငါးမျိုးထဲက တစ်မျိုးရောက်မှာပဲ၊ အဲဒီအထဲမှာ အသူရကာယ် မပါပါဘဲလားဆိုတော့, အသူရကာယ်ဆိုတာ ပြိတ္တာ အကြီးစားကိုး၊ ပြိတ္တာအကြီးစားဆိုတော့ကာ ဒီ ပြိတ္တာလို့ ဆိုလိုက်လို့ ရှိရင်ပဲ အသူရကာယ်တွေဟာ ပါသွားပြီ၊ အသူရကာယ်တွေက ပိုဆင်းရဲတယ်၊ ပြိတ္တာထက် ပိုပြီးတော့လဲ အကောင်အထည်လဲ ကြီးပုံရတယ်၊ ပြိတ္တာဆိုတာ တချို့ တစ္ဆေ လေးတွေဆိုတော့, သိပ် သေးမွှားတယ်။

ပြိတ္တာဘဝ။ ။ ပေပင် ဆရာတော်ဘုရားကြီးဆိုတာ တရားလဲ ဟောတော်မူ တယ်၊ ကမ္မဋ္ဌာန်းလဲ ထိုင်တော်မူတယ်၊ သုသာန်ထဲ ကြွပြီးတော့ တရားလဲ ဟောတော်မူတယ်၊ ကမ္မဋ္ဌာန်းလဲ ထိုင်တော်မူတယ်၊ တစ်ခါ သုသာန် ကြွရင်, ဒီ တစ္ဆေတွေ လာပြီးတော့ အနားမှာ ကောင်းကောင်း တရားနာတဲ့သူ ရှိတယ်, ကိုးရိုးကားယား လုပ်တတ်တဲ့ သူလဲ ရှိတယ်၊ အဲဒီလို လုပ်တဲ့သူလဲ ရှိတယ်၊ ခပ်လှမ်းလှမ်းက နေပြီးတော့ ညစာအံ စာပြန်နေလိုက်ကြတဲ့ တစ္ဆေတွေလဲ ရှိတယ်၊ ဒီ ပေပင်ဆရာတော် ကြားနေတာ၊ ည စာပြန်နေလိုက်ကြတာ၊ ဘုန်းကြီးတို့ ဦးပဉ္စင်း တစ္ဆေတွေပေါ့လေ၊ စုပြီးတော့ စာပြန်နေလိုက်ကြတာ, ဒီလိုပဲ ရှိတယ်၊ အဲဒီ နေရာက ဆရာတော်ကြီး ထိုင်နေတဲ့ နေရာနဲ့ အနီးအပါးမှာပေါ့၊ တွင်း ကလေး တစ်တွင်းက နေပြီးတော့ အကောင် နှစ်ကောင် ထွက်လာလိုက်တာ, တွင်းကလေးက သေးသေးလေး, ပုရွက်ဆိတ်တွင်းလောက်ပဲ ရှိတယ်၊ အကောင် နှစ်ကောင် ထွက်လာတော့ ခပ်ကြီးကြီးမားမား ဖြစ်နေတယ်။

တစ်ကောင်က တောင်ဘက် အစာသွားရှာတယ်၊ နောက် တစ်ကောင်က မြောက်ဘက် သွား အစာရှာတယ်၊ နောက် သူတို့နှစ်ကောင် အချိန်ကျ ပြန်လာ၊ ဒီတွင်းထဲ ဝင်သွားတာပဲ၊ ဘယ်လောက်များ ဆန်းကြယ်နေသတုန်းဆိုတော့ ဟို ဘုန်းကြီးတို့ ကြပ်တွင်း ခေါ်တာပေါ့၊ တစ္ဆေ ပြိတ္တာကလေးတွေ, တစ္ဆေ ပြိတ္တာကလေးတွေ၊ အဲဒီလိုပေါ့ ဘဝသံသရာမှာ အမျိုးမျိုးတွေ နောက်ဘဝ ဖြစ်ရမှာ, သေခါနီး စွဲလမ်းမှုကြောင့် အမျိုးမျိုး ဖြစ်ကြတယ်။

တချို့က စွဲလမ်းမှု မရှိဘဲနဲ့ ဖြစ်ကြတယ်၊ စွဲလမ်းမှု မရှိတော့ ကံပစ်ချ သလိုပဲ သွားရတယ်၊ စွဲလမ်းမှုရှိတဲ့ သူတွေက အိမ်အနီးအနားမှာ ဒီလိုပဲ သားသမီးလေး စွဲလမ်းလို့, ပစ္စည်းကလေး စွဲလမ်းလို့ ဒီ အနီးအပါးမှာ ဖြစ်ကြ တယ်၊ ဒါလဲ မြန်မာက တစ္ဆေလို့ ခေါ်တာပေါ့။

အလှူခံ သီလရှိမှ။ ။ အဲဒီ ဂတိငါးပါးထဲမှာ {ပေတ-ပြိတ္တာ}ပြိတ္တာဖြစ်ကြ တာ၊ သူတို့ အဲဒီ ပုဂ္ဂိုလ်တွေက သိပ်တော်တယ်၊ ဘာပြုလို့တုန်းဆိုတော့ လူပြန်ဖြစ်ဖို့ရန် အင်မတန် နီးကပ်တယ်၊ သိပ်မဆိုးလှဘူး၊ ပြိတ္တာ ဖြစ်နေသူအတွက် ဘာလုပ်ရသလဲ၊ အမျှအတန်းဝေ, ကုသိုလ်ပြု၊ ဝမ်းနည်းပန်းနည်းနဲ့ ငိုနေဖို့ မလိုဘူး၊ ကုသိုလ်ပြု, အဖေတို့ အမေတို့ ဆွေတို့ မျိုးတို့ ဟောဒီမှာ ကုသိုလ်ပြုပါတယ်၊ အဲဒီ ကုသိုလ်ပြုတဲ့အခါကျတော့ သတိထားဖို့ သိပ်လိုပြန်တယ်၊ ကုသိုလ်ကို အလှူခံတဲ့ ရဟန်းသံဃာ ဖြစ်လို့ ရှိရင် သီလရှိမှ ဖြစ်တယ်။

တစ်ခါတုန်းက ဒီက ဒကာတစ်ယောက်, ဒီလိုပဲ သူ့ဆွေမျိုး ပြိတ္တာဖြစ် နေလို့ သူလဲ သိနေတာနဲ့ ရဟန်းတစ်ပါးကို သူကိုးကွယ်နေတဲ့ ဘုန်းကြီး တစ်ပါးပင့်ပြီး အမျှဝေ, မရဘူး၊ နောက်တစ်ခါ သူအိပ်မက်သလား, ပူးပြောသလား မသိဘူး၊ သူ အမျှ မရဘူးတဲ့၊ ဒီလိုပဲ ကုသိုလ်ပြုပြန်,အမျှဝေပြန်၊ ဒီကိုယ်တော်ပဲ, အမျှတော့ မရဘူး၊ နောက်တစ်ခါလဲ ဒီလိုပဲ ဒီကိုယ်တော်ပင့်ပြီး ကုသိုလ်ပြုပြန် အမျှဝေပြန်၊ ဒီတော့ သူက ပူးပြီးတော့ ဘာပြောသလဲလို့ဆိုတော့ {ငါ့အတွက် ရမယ့်ဟာတွေ ဒုဿီလကြီး စားကုန်ပြီ} ပြောတယ်တဲ့၊ ခုနက အမျှဝေတဲ့ ပုဂ္ဂိုလ်က ဒုဿီလ-သီလမရှိဘူး။

သံဃာရည်လှူပါ။ ။ ဒီတော့ ဘုန်းကြီးက ဝမ်းနည်းလွန်းလို့၊ တစ်ခါတစ်ခါ အမျှအတန်း ဝေတယ်ဆိုရင် သီလရှိတာ မရှိတာ သူတို့ မစဉ်းစားဘူး၊ အဲဒီ မိမိတို့ ကိုးကွယ်နေတာလဲ, ပေါင်းသင်းဆက်ဆံနေတာလဲ လူလို ဆက်ဆံနေကြတာ၊ အဲဒါတွေနဲ့ အမျှအတန်းဝေတယ်၊ ဘယ့်နှယ်လုပ်ပြီး အမျှ ရကြမတုန်း၊ ဒါကြောင့် ဘုန်းကြီးက {သံဃဿ ဒေမ} သံဃာ လှူပါ၊ ဘုန်းကြီးကျောင်းတိုက်လာပေမယ့်{သံဃဿ ဒေမ}သံဃာ လှူပါ၊ ဟိုအရပ်မှာ, အဲဆိုင်ရာ တောတို့ ရွာတို့ သွားပြီး လှူလဲ,{သံဃဿ ဒေမ}သံဃာ လှူပါ၊ သကန်းတို့ ဆွမ်းတို့လှူလဲ {သံဃဿ ဒေမ} သံဃာ လှူပါလို့ ပြောနေရပါတယ်။

တစ်ခါတုန်းက အရှင်သာရိပုတ္တရာရဲ့ ငါးဘဝမြောက်က မယ်တော်၊ ဒီ တစ်ဘဝ,နှစ်ဘဝ,သုံးဘဝ,လေးဘဝက မယ်တော် မဟုတ်သေးဘူး၊ ဟိုငါးဘဝမြောက်က မယ်တော် ပြိတ္တာဖြစ်နေတယ်၊ တော်တော် အစွန်အဖျားမှာ ပြိတ္တာဖြစ်နေတယ်၊ ပြိတ္တာဖြစ်နေတော့ အဲဒီ ပြိတ္တာက ရဟန်းတွေကို ပြောတယ်။

{သူ ဟာ အရှင်သာရိပုတ္တရာရဲ့မယ်တော် ဖြစ်ခဲ့ဖူးပါတယ်၊ အရှင်သာရိပုတ္တရာ ကို လျှောက်ပေးကြပါ၊ ကုသိုလ်ပြုပြီးတော့ အမျှဝေပါလို့၊ ကုသိုလ်ပြုပြီးတော့ အမျှဝေပါလို့}လျှောက်တော့ အရှင်သာရိပုတ္တရာကိုယ်တော်တိုင် ဆွမ်းခံပြီးတော့ သံဃာကို လှူ, သံဃာကို လှူပြီးမှ ငါးဘဝမြောက်က မယ်တော်ကို အမျှဝေရ ပါတယ်။၁။ ပေတဝတ္ထု အဋ္ဌကထာ, နှာ-၇၃-၆။

သိဖို့ သိပ်ကောင်းကြတယ်နော်, သိဖို့ သိပ်ကောင်းကြတယ်၊ ယခု ယီးတီး ယားတား ဖြစ်မနေကြနဲ့၊ ယခု ဘုန်းကြီး ကြားကြားနေတယ်၊ ဘယ်သူတော့ မကျွတ်ဘူးတဲ့၊ အမျှအတန်းဝေတယ်, ဒါလဲ ကျွတ်တဲ့ လက္ခဏာ မရှိဘူး၊ သိပ် ဆိုးဆိုးရွားရွားကြီး ဒုက္ခခံစားနေရတယ်၊ လှူပုံ, အမျှဝေပုံတွေ ဟုတ်ပုံမရဘူး။

ကြောက်စရာကောင်းတဲ့ စွဲလမ်၊မှု။ ။ ပစ္စည်းကို စွဲလမ်းတယ်၊ သိပ်ကြောက် စရာကောင်းတာပဲ၊ သိပ်ကြောက်စရာ ကောင်းတာပဲ၊ ပစ္စည်းစွဲလမ်းလို့ ဘဝတစ်ခုမှာ ပြိတ္တာဖြစ်နေရတယ်ဆိုတာ, ဒီ ပစ္စည်းရဲ့ အစောင့်အရှောက် ဖြစ်ရတယ်ဆိုတာ စာထဲမှာလဲ ပါနေတယ်၊ ယခုလဲ ကြုံနေရတာပဲ, ကြားနေရတာပဲ၊ အားလုံး ကြားဖူးတယ်, ရဟန်းတော်တစ်ပါး သကန်းစွဲလမ်းလို့ သကန်းမှာ သန်းဖြစ်နေတယ်။၁။ ဓမ္မပဒအဋ္ဌကထာ, ဒု-တွဲ, နှာ-၂၁၈-၂၂၀။ (တိဿတ္ထေရဝတ္ထု)

ဒီ စွဲလမ်းမှုဆိုတာ အင်မတန် ကြောက်စရာ ကောင်းပါတယ်၊ ဘဝသံသရာမှာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး, ဖြစ်နိုင်ပါတယ်၊ ဒီတော့-ဟိုဘဝ ရောက်သွားပြီ ဆိုမှဖြင့် မကျွတ်တော့ဘူး, မကျွတ်တော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ကျွတ်ဖို့ရန် အင်မတန် ခဲယဉ်းတယ်၊ မနေ့တုန်းက ပြောတဲ့ ရေချမ်းအမကြီးတို့လိုကတော့ လတ်လတ်ဆတ်ဆတ်ကြီး, သူတော်ကောင်းကြီးကိုး၊ သားသမီးတွေ ငိုသံ ကြားလို့ စွဲလမ်းပြီးတော့ သေသွားတယ်၊ တစ္ဆေ ပြိတ္တာဖြစ်တယ်၊ သူက သူတော်ကောင်းစိတ်က မပျောက်ဘူး၊ ဒီတော့ ရက်လည်ဆွမ်း ကျွေးတယ်၊ တရား လာနာတယ်, အမျှရတယ်၊ ခုပဲ ကျွတ်တော့မှာဘုရားလို့ ဆိုပြီးတော့ ကျွတ်သွားတာပဲ။

နားလည်ဖို့ လိုပြီ။ ။ ဒါကြောင့် ဘာသာရေး သာသနာရေး လိမ္မာဖို့ဆိုတာဟာ နည်းနည်းကလေး, ပေါ့ပေါ့ကလေး မယူဆပါနဲ့၊ အင်မတန် နားလည်ဖို့ လိုနေပါတယ်၊ သနားစရာတွေ လုပ်နေကြလို့၊ သချုိင်းကုန်းမှာ အားလုံး ပုဂ္ဂိုလ်တွေဟာ သူတို့ ပင့်ရိုး ပင့်စဉ်အတိုင်း ပင့်လာ ကြတယ်၊ ငွေတွေလဲ တစ်ဆယ်,နှစ်ဆယ်,သုံးဆယ်၊ သက်စေ့လှူကြတယ်၊ လေးဆယ်,ငါးဆယ်,တစ်ရာ၊ သိပ်ပြီးတော့ စွန့်ကြဲလိုက်တာပဲ၊ ဒီလို စွန့်လိုက်တဲ့ အကြောင်းကို ဘုန်းကြီးက သိပါရဲ့၊ ဒီ ငါးဆယ်လောက် စွန့်ရမယ့် အမျိုးအစား က ပစ္စည်းရှင်က တစ်ဆယ်လောက်သာ လှူတယ်ဆိုရင် ဘေးက ဝိုင်းပြီး ကဲ့ရဲ့ကြတယ်၊ အမလေး အများကြီး ကျန်ရစ်တာ, ခု တစ်ပါးမှ တစ်ဆယ်တဲ့၊ သနားစရာ၊ တစ်ပါး တစ်ရာလဲ အလကားလိုလိုပဲ, တစ်ပါး ငါးဆယ်လဲ အလကားလိုလိုပဲ၊ သိပ် ခရီးမရောက်ပါဘူး၊ ဘေးကနေ အပြစ်တင်မှာ ကြောက်လို့ ငါးဆယ်ကို လုပ်ကို လုပ်ရတယ်, လုပ်ရတယ်၊ သနားလွန်းလို့, ဘုန်းကြီးက သနားလွန်းလို့။

ဒီအထဲမှာ အချို့ကိုယ်တော်တွေက ငွေတွေကို သူ့ဘာသာသူ ယူသွားတာပဲ ၊ ဒီက မျက်ရည်စက်လက်နဲ့ ဘာမှ မသိဘူး၊ ကုန်လိုက်တဲ့ငွေတွေဟာ မသက်သာဘူး၊ ဒီတော့ ဘုန်းကြီးက အလှူဒါနတွေ, အသုဘကိစ္စတွေ လွန်လွန်းတယ်နော်၊ နားမလည်လွန်းတယ်နော်လို့ ပြောချင်တယ်၊ ဘုန်းကြီးက အဲဒီလို မြင်နေပါတယ်။

တံငါသုံးယောက်။ ။ တစ်ခါတုန်းကပေါ့လေ၊ တံငါသုံးယောက်, ဘုန်းကြီး အလွတ်တော့ ပြောနေကျပါ၊ မော်လမြိုင်ရဲ့ အနီးအပါး မှာ တံငါသုံးယောက် အတူတူ လုပ်နေကြတယ်၊ တစ်နေ့တော့ ကမ်းစပ်မှာ ရွှေဆင်းတုတော်လေး တွေ့ကြရော၊ ဆင်းတုတော်လေး တွေ့တယ်ဆိုရင်ပဲ တံငါနှစ်ယောက် ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ တို့ ဟောဒီ ဆင်းတုတော် တွေ့ပြီ၊ လာ, ဝေကြစို့ ဆိုပြီးတော့, ဟာ မလုပ်နဲ့ ဆိုရင်းပဲ တစ်ခါတည်း သုံးပိုင်း သုံးခြမ်း ခြမ်းလိုက်တယ်၊ နှစ်ယောက်ကတော့ ဗုဒ္ဓဘာသာမဟုတ်လို့ သူတို့ဟာ သူတို့ ယူသွားရော၊ တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်တော့ ဆင်းတုတော် အခြမ်းကလေးကို ဘယ့်နှယ်မှ မသုံးပါဘူး, မသုံးရက်ဘူး၊ သဲပုံစေတီ လုပ်ပြီး တော့ သဲပုံစေတီထဲမှာ ဌာပနာပြီး ရှိခိုးသွားတယ်၊ ဘုန်းကြီးက ဗုဒ္ဓဘာသာ ဆိုရင် ဘုန်းကြီးလိုပဲ သနားတယ်, ချစ်တယ်၊ ဒါနဲ့ ထုံးစံအတိုင်း နောက်တော့ အလုပ် လုပ်ကြတာပဲ။

နောက်တော့ လေမုန်တိုင်းတွေ ဘာတွေမိတော့ ဒီ လှေကလေးနဲ့ သုံးယောက် သား မျောသွားတယ်၊ လှေကလေးလဲ နေက်ဆုံး ပျက်ဟန်တူပါရဲ့၊ ဒိပြင် လူနှစ်ယောက် ဘယ်ဆီရောက်သွားတယ် မသိဘူး၊ ခုနက ဗုဒ္ဓဘာသာလူကတော့ ကမ်းနားတစ်ခု ရောက်သွား, တောကြီးထဲမှာ ဘာမှ အစွန်းအစ လူ မရှိဘူး၊ ရောက်သွားတော့, သူ ဆာလွန်းလို့မို့ လှည့်ပြီးတော့ အစာများ ရလိုရငြားနဲ့ သွားတော့, ဒီဘဝက မယား, သူ့အရင် သေနှင့်တဲ့ မယားနဲ့ တွေ့ရော၊ ဟာ-

ဘယ်က လာတုန်း၊ မင်း ဒီမှာ ရောက်နေသလား၊ ဟုတ်တယ်, ဘယ်ကလာတုန်း၊ ဘယ်က လာတယ်၊ လာ လာ ဆိုပြီးတော့ သူ့နေရာ ခေါ်သွားပြီး ထမင်းများ ကျွေးလို့, ထမင်းများ ကောင်းကောင်းမွန်မွန် စားရပါတယ်၊ ညနေကျ မိုးချုပ် တော့ တစ်ရွာလုံး {လာကြဟေ့}လို့ အော်ပြီးတော့ တောင်ပေါ်ကို သွားလိုက် ကြတာ၊ သူတစ်ယောက်တည်း ရွာထဲမှာ ကျန်နေရစ်ခဲ့တယ်၊ ကြောက်လိုက်တာ, ဘယ်မှလဲ မသွားဝံ့, ဘယ်သူမှလဲ မရှိ, တစ်ယောက်တည်း။

မနက်ကျတော့ လာကြဟေ့ ဆိုပြီးတော့ ဆူဆူညံညံနဲ့ တောင်ပေါ်က ပြန်ပြီးတော့ လာကြပြန်ရောတဲ့၊ ဒီတော့ ခုနက သူ့မိန်းမကို မင်းတို့က ဘာ တွေတုန်း၊ ကျုပ်တို့က နေ့လည်တော့ ဒီလိုပဲ, ချမ်းချမ်းသာသာ နေပြီးတော့ ညကျတော့ တောင်ပေါ်က ခွေးတွေ အစားသွားခံရတယ်၊ နေ့တိုင်း ဒီလိုပဲ၊ ငါ ကြောက်တယ်ကွာ, မနေဝံ့ဘူးဆိုတော့၊ ကြောက်ရင် ရှင်သွားတော့, ဒီလိုပဲ ကျုပ်တို့ ဖြစ်နေတယ်၊ ဟိုကျတော့ ကျုပ်ကို အမျှဝေပါနော်, ကုသိုလ်ပြုပါ နော်တဲ့။

သေတော့မှ ဟိုဖက်ကျတော့မှ ကုသိုလ်တွေ သိပ် လိုချင်တာ၊ ဘယ့်နဲ့မှလဲ မတတ်နိုင်ဘူး၊ ဒီ ကုသိုလ်တွေဟာ လိုချင်ပေမယ့် လိုချင်တာပဲ ရှိတယ်။

အကုသိုလ်တွေက တိုက်ရိုက် ခံနေရပြီလေ၊ ဒါနဲ့ ဒီ ဒကာလဲ ပြန်ပြီးလာ၊ မော်လမြိုင် ရောက်ပါရော၊ မော်လမြိုင် ရောက်တော့, သူမနေတတ်ဘူး၊ မနေ ဝံ့တော့ဘူး, ဘုန်းကြီး လုပ်ပါရောတဲ့၊ သာမန် ဘုန်းကြီးမျိုး မလုပ်ဝံ့တော့ဘူး၊ ကောင်းကောင်း ကျင့်တယ်, ကောင်းကောင်း ကျင့်ပြီးတော့ သစ်သီးဆွမ်းတွေ, ဘာတွေ စားပြီးတော့ တရားကျင့်သွားတာပဲ၊ ဒီတော့ ဘုန်းကြီးက လက်တွေ့ သမားတွေက သိပ်ဟုတ်တယ်၊ ဒီ ခုလူတွေက စာတွေ့မို့လို့ သိပ်ပြီးတော့ ထိတ်ထိတ်ပျာပျာ မရှိဘူး၊ ငါဘယ်လောက် ကြိုးစားရတော့မယ်ဆိုတာ မရှိဘူး, စာတွေ့မို့လို့၊ ကိုယ်တွေ့ တွေ့ရတဲ့ ဦးပဉ္စင်းကြီးမတော့ ရဟန်းပြုတယ်, ရဟန်းပြုတော့လဲ ကောင်းကောင်းကြီး နေမှ ဖြစ်မယ်၊ သစ်သီးဆွမ်းတွေ စားပြီးတော့ တရားကျင့်သွားတယ်၊ ဒါ လက်တွေ့တွေ, သိပ်ပြီး စွမ်းတာပဲနော်၊ ဟုတ်တယ်, စာတွေ့သမားတွေက သိပ်ပြီးတော့ ပေါ့တာပဲ လို့၊ ဒါနဲ့ စပ်ပြီး ပြောရဦးမယ်၊ ဘုန်းကြီးတို့ ဂတိဘဝဆိုတဲ့ ဥစ္စာ, ကံ ပစ်ချသလို ဖြစ်ချင်ရာ ဖြစ်သွားကြတာပဲ၊ ဆိုပါတော့ ဘုန်းကြီးတို့ ငယ်ငယ် ရှိဦးမယ်၊ သူရိယမဂ္ဂဇင်း ထဲမှာ ပါတယ်လား, တစ်ဆင့် တစ်ဆင့် ပြောလို့ ဘုန်းကြီးလဲ မှတ်မိနေပါ တယ်၊ အဂလန်နိုင်ငံမှာ ကာလသားကလေးနှစ်ယောက်, သူတို့ ပစ္စည်းလဲ ရှိဟန်တူပါရဲ့၊ ပင်လယ်လေ ခံရင်း သဘောပေါ်မှာ သူတို့ လိုက်နေကြတယ်၊ လိုက်နေရာက မြန်မာပြည်ကို သူတို့ စပ်မိသွားကြတယ်။

အေးကွာ, တို့_မြန်မာပြည် သွားရအောင်ဟေ့၊ ဒီနှစ်ယောက်က ပစ္စည်းလဲ ရှိတာမို့လို့, မြန်မာပြည် သွားတဲ့ သဘောပေါ်မှာ ပြောလွှွဲပြီးတော့ မြန်မာပြည် လိုက်လာတော့ နာမည်ကြီးတဲ့ ရွှေတိဂုံ ကုန်းတော်ပေါ် တက်လိုက်ရင်ပဲ , တစ်နေရာမှာ ခုနက သတို့သားနှစ်ယောက်ထဲက တစ်ယောက်က တစ်နေရာ ရောက်တော့, ဟာ-မင်း ငါ့သားပါလားလို့, တန်ဆောင်းကြီးအတွင်းက လူတစ်ယောက်ကို{ဟာ-မင်း ငါ့သားပါလား၊ ဒါ ငါ့တန်ဆောင်းပဲ၊ ဆင်းတုတော် အောက်မှာ ငါ မြှုပ်ထားတဲ့ ပစ္စည်းတွေရှိတယ်}လို့ ပြောပြီးတော့ နောက်ထပ် မြန်မာစကား မပြောတတ်ဘူး၊ ဒီ သုံးခွန်းလောက်ပဲ၊{မင်း ငါ့သားပါလား, ဒါ ငါ့ တန်ဆောင်းပဲ, ငါ့ပစ္စည်းတွေ ဆင်းတုတော်အောက်မှာ ရှိတယ်}၊ ဒီစကား သုံးခွန်းလောက်သာ မြန်မာလို ပြောတတ်တယ်၊ နောက်လဲ မြန်မာလို မပြော တတ်တော့ဘူး၊ သူပြန်ပြီးတော့ မြန်မာဘဝတွေးလို့, မြန်မာဖြစ်ခဲ့တယ်ကိုး၊ ခုနက သူပြောတဲ့အတိုင်း ဆင်းတုတော်အောက်က ပစ္စည်းတွေ ဖော်ကြည့်တော့လဲ သူပြောတဲ့အတိုင်း ရွှေတွေ, လက်ဝတ်လက်စားတွေ တွေ့ရတယ်၊ ဒီတော့ ဟိုကလဲပဲ တို့ အဖေတဲ့၊ နောက် တန်ဆောင်းအမွေခံကလည်း ဝမ်းမြောက် ဝမ်းသာ ချစ်ချစ်ခင်ခင်၊ သူ အဂလန်က သံယောဇဉ်တွေ မရှိဘဲနဲ့၊ ဒီမှာပဲ သံယောဇဉ် ဖြစ်ပြီးတော့ မပြန်တော့ဘူး၊ မပြန်တဲ့အပြင် ဘုန်းကြီး လုပ်ပြီးတော့ စာတွေ သိပ်တတ်တယ်, မဟုတ်လှဘူး။

သဗ္ဗေ သခါရာ အနိစ္စာ, အနိစ္စာဝတ သခါရာ၊ ဒီ ဂါထာ ရွတ်နေတာပဲ၊ သခါရာ-ရုပ်နာမ်ဆိုတဲ့ သခါရတရားတို့သည်၊ အနိစ္စာဝတ-မမြဲကုန်စွတကား၊ မြန်မာပြည်က သေသွားတယ်, အဂလန် ရောက်သွားတယ်၊ မြန်မာပြည်က သေတာ, ဘယ့်နှယ်လုပ် အဂလန် ရောက်နိုင်တုန်းဆိုတော့, စွဲလမ်းမှုကလေး တွေက ရှိတယ်လေ၊ အဂလန်က အုပ်ချုပ်နေတယ် မဟုတ်လား၊ အဂလိပ် အုပ်ချုပ်နေတာဖြစ်တော့ အဂလိပ် အထင်ကြီးစိတ်က ပါနေတာဖြစ်တော့ သေခါနီးမှာ အဲဒီ စိတ်ဓာတ်ကလေးကြောင့် ဟိုမှာ အဂလန်မှာ သွားပြီးဖြစ်တယ်၊ တစ်ခါ ကံအားလျော်စွာ (ကံကြောင့်)(ကံကြောင့်) ပကတူပနိဿယပေါ့၊ ဒီ မြန်မာနိုင်ငံ ပြန်ရောက်ပြီးတော့ ရဟန်းဘဝနဲ့ နေတယ်၊ အနိစ္စာဝတ သခါရာ, သခါရာ အနိစ္စာ။

သဗ္ဗေ သခါရာ အနိစ္စာတိ, ယဒါ ပညာယ ပဿတိ၊

အထ နိဗ္ဗိန္ဒတိ ဒုက္ခေ, ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

ဒီ တရားဂါထာ ရွတ်ပြီးတော့ ရဟန်းဘဝနဲ့နော်၊ ရဟန်းဘဝနဲ့ပဲ ကွယ်လွန်တော်မူရှာတယ်တဲ့၊ သံသရာကြီးက ရီးတီးယားတား ပေါ့ပေါ့ဆဆ ဒီလို နေလို့တော့ မဖြစ်ပါဘူး၊ လက်တွေ့သမားတွေက အင်မတန် စွမ်းကြပါတယ်, အင်မတန် လိုက်နာကြပါတယ်။

တိုတိုလေး ပြောရဦးမယ်လေ၊ ဘုန်းကြီးတို့ တေမိမင်းဘဝ,ဘုရားလောင်း ရင့်မကြီးက တစ်ချိန်တုန်းက ငရဲကျ ခံရတယ်၊ ငရဲကျ ခံရတဲ့ ဒုက္ခကို ကြောက်လွန်းလို့ တေမိမင်းသားကလေး ဘဝကျတော့ ထီးနန်း မစံဝံ့ပါဘူး၊ ထီးဖြူကြီး မြင်ကတည်းက လန့်ပြီးတော့ နန်းစံရမှာ ကြောက်လို့ နေရပါတယ်၊ ထီးချက်စောင့် နတ်သမီးကလဲ {သားရယ်, ထီးနန်း မလိုချင်လို့ရှိရင်ဖြင့် အ,အကလေး အယောင်ဆောင်နေလိုက်ပါ၊ အ,အကို ထီးနန်း မအပ်ပါဘူး၊ ကိုယ်တွေ ဘာတွေ မသယ်နိုင်တဲ့ အဆွံ့ကလေးယောင် ဆောင်နေလိုက်ပါ၊ အဆွံ့ကလေးကို ထီးနန်း မအပ်ပါဘူး၊ နားမကြား, နားထိုင်းကလေးဟန် ဆောင်နေလိုက်ပါ၊ နားထိုင်းကလေးကို ထီးနန်း မအပ်ပါဘူး}၊ အဲဒီလို ထီးချက်စောင့် နတ်သမီး အကြံပေးချက်အရ အ,တယ်, ဆွံ့တယ်, နားပင်းတယ်၊ ဒီလို ဟန်ဆောင်ပြီး နေလိုက်တာ (၁၆)နှစ်ကို ကြာတာပဲ၊ ဘာဖြစ်လို့လဲ, ထီးနန်းအပ်မှာ ကြောက်လွန်းလို့, ထီးနန်းအပ်မှာ ကြောက်လွန်းလို့၊ ခု လူတွေက ထီးနန်းရဲ့ အပုံတစ်ရာပုံမှ တစ်ပုံ မရှိတဲ့ စည်းစိမ်ကြီး မက်လွန်းလို့, မက်လွန်းလို့၊ ဟိုမှာ ငရဲကို တိုက်ရိုက်မြင်လာတဲ့ ပုဂ္ဂိုလ်က ထီးနန်းစည်းစိမ် ကြီးကို လုံးလုံး မစံဝံ့ဘဲနဲ့ ရှောင်တယ်။

ယခုတော့ လက်တွေ့ မဟုတ်တဲ့ လူတွေက စာတွေ့လောက်တော့ သူတို့က အရေးမကြီးဘူးဆိုပြီး ပေါ့ပေါ့ဆဆ နေလိုက်ကြတာ၊ ဘုန်းကြီးက ဝမ်းနည်းစရာ ကောင်းလွန်းလို့, ဝမ်းနည်းစရာ ကောင်းလွန်းလို့၊ လူတွေက စာတွေ့ကို သိပ် အရေးမကြီးဘူး၊ ဘုန်းကြီးတို့မှာတော့ စာတွေ့က လက်တွေ့လောက်မက လေးနက် နေလို့မို့ ဒီဘဝမှာ ဘုန်းကြီး ဘာပဲ ဖြစ်ရဖြစ်ရ, တခြားဘုန်းတော်ကြီးတွေက ဘုန်းကြီး နေပုံထိုင်ပုံကို မကျေနပ်လို့ ဘယ်လောက်ပဲ အပြစ်ပြောပြော, ဒကာ ဒကာမတွေ, သူတို့နဲ့ အဆင်မပြေလို့ ဘယ်လောက်ပဲ ဝေးနေနေ, လက်ရှိ သံဃာတွေက အရှင်ဘုရားရဲ့ ခေတ်မမီတဲ့နည်းကို တပည့်တော်တို့ မလိုက်ဝံ့ပါ ဘူးလို့ ဆိုပြီးတော့ ထွက်သွားချင် ထွက်သွားကြ, တစ်ယောက်တည်း မသေထမင်း မသေဟင်းကလေးနဲ့ နေမယ်၊ မသေထမင်း မသေဟင်းတောင် မရရင် သေသွားပါစေ၊ ဒီလမ်းဟာ လမ်းကောင်းပဲ , တရားမှန်ဟာ တရားမှန် အတိုင်းပဲဆိုတာ ဆုံးဖြတ်လို့ ရပါတယ်၊ ဘာဖြစ်လို့တုန်း, စာတွေက အင်မတန် သေချာနေလို့, အင်မတန် သေချာနေလို့ လက်တွေ့ကို ဘုန်းကြီးတို့က ရဲရဲဝံ့ဝံ့ မလိုက်ဝံ့ပါဘူး၊ စာတွေ့အတိုင်း နေရဲပါတယ်၊ ခု လူတွေက စာတွေ့ ကို အရေးမကြီး, စာကိုလဲ ပိုင်ပိုင်နိုင်နိုင် မသိတော့ လက်တွေ့လောက်ပဲ အရေးကြီးနေကြပါတယ်။

ဥပမာတစ်ခု ပြောမယ်, ဥပမာတစ်ခုဆိုတာ ဖြစ်တတ်တဲ့သဘော ပြောမယ်၊ လူတစ်ယောက်, ဒကာ-ဒကာမတစ်ယောက်၊ သင် ဒီလို ကံငါးပါး သီလ မလုံဘဲနဲ့ စီးပွားဥစ္စာတွေ ရှာပြီးတော့ နေ, ပေါ့ပေါ့ဆဆ နေ, ငါးပါးသီလလဲ မလုံဘူး၊ ဒုစရိုက် ၁၀ပါးလဲ ပေါက်ပေါက်ကြားကြားကြီးနဲ့ စိတ်မချရဘူး၊ သေရင်တော့ သင်ဟာ ငရဲလဲ သွားနိုင်တယ်, ပြိတ္တာလဲ ဖြစ်နိုင်တယ်, တိရ စ္ဆာန်လဲ ဖြစ်နိုင်တယ်လို့ ပြော, အနားက အဟုတ်မြင်လို့ ပြော, သူက အပြုံးတောင် မပျက်ဘူး၊ မနေ့တုန်းက ရုစာက ပြောတယ် မဟုတ်လား၊ မင်းသမီးက ပြောနေတယ်, ရှင်ဘုရင်ကြီးက အပြုံး မပျက်ဘူး။

ဘဝသံသရာရေး အလေးထားကြ။ ။ရုစာမင်းသမီးက ငရဲလဲ ကျခံခဲ့ရပါတယ်, အဲ-ဆိတ်ဘဝတွေ ဘာတွေ သင်းကွပ် ခံခဲ့ရပါတယ်, မိန်းမဘဝနဲ့ နတ်သမီးအဖြစ် ဖြစ်ရပါတယ်၊ အဲ-ယောက်ျား မဟုတ် မိန်းမမဟုတ် ဖြစ်ရပါတယ်၊ ကိုယ်တွေ့မို့လို့ သူကိုယ်တိုင် အဟုတ် နားလည်နေတယ်၊ အဟုတ် ကြောက်တတ်လို့ ပြောနေပေမယ့် ရှင်ဘုရင်ကြီးက စာတွေ့မို့လို့ အရေးကို မစိုက်ဘူး, အပြုံးကို မပျက်ဘူး၊ ဒီတော့ လောကကြီးဟာ ဒီလိုပါပဲ ၊ သင်ဟာ ဒီလိုနဲ့သာ နေလို့ရှိရင်တော့ တိရ စ္ဆာန်, ပြိတ္တာဖြစ်လိမ့်မယ်၊ သုစရိုက် ၁၀ပါးမှ လုံအောင် မထိန်းဘူး၊ သင်ဟာ လောဘတွေ အားကြီးတယ်, ဒေါသတွေ အားကြီးတယ်, မာန်မာနတွေ အားကြီးတယ်, မနာလို ဝန်တို ဣဿာ မစ္ဆရိယတွေနဲ့ သေရင်တော့ ငရဲ, တိရ စ္ဆာန်, ပြိတ္တာဘဝက လွတ်မှာ မဟုတ်ဘူးဆိုပေမယ့် သိပ် အရေးမကြီးပေါင်, စာတွေ့ကိုး, နားကြားကိုး၊ သိပ်အရေးမကြီးဘူး။

ကြည့်, ဟော အဲဒီ လူကိုပဲ၊ အသင် ဒီလိုလုပ်နေတဲ့ အလုပ်တွေကိုလေ စုံထောက်က လိုက်နေတယ်၊ စုံထောက်ကလိုက်နေလို့မို့, စုံထောက်က လိုက်ရုံတင် မကဘူး၊ အထက်မှာ စာတင်ထားပြီ၊ ဒီအတိုင်းသာ သွားလို့ရှိရင်တော့, အိုရင် တွေဘာတွေ ထိပ်ပြီးတော့ ကြောက်လိုက်တာမှ၊ မလုံတော့ဘူး, မလုံတော့ဘူး၊ အင်း-ဘယ်ပြေးရမလဲ, ဘာလုပ်ရမလဲ၊ တကတည်း စုံထောက်က လိုက်နေပြီ, ဖမ်းလိမ့်မယ်ဆိုတော့ ကြောက်လိုက်တာ၊ ငရဲကျလိမ့်မယ်ဆိုတော့ အပြုံး မပျက်ဘူး, စုံထောက်လိုက်နေတယ်ဆိုတော့ ကြောက်လိုက်တာ။

တစ်ခါ သင်ရဲ့သား, ခင်ပွန်း ဒီလိုသာဆိုရင် ငရဲကျမှာပဲ ဆိုလဲ ကိစ္စမရှိပေါင်၊ သူက ဘယ်နှစ်နှစ် ပြန်ကျနေနေ, တယ် ကိစ္စမရှိပါဘူး၊ သင်ရဲ့သား, သင်ရဲ့ ဇနီးကို စုံထောက်က လိုက်နေတယ်, ဖမ်းလိမ့်မယ်လို့ အခု ကြားနေတယ်၊ ဟာ-ဟုတ်သလား, ဒီလိုတဲ့လား၊ အဖေဖြစ်ရင်လဲပဲ ဘယ်သွားနေဦးမှ ဖြစ်မယ်, ဥပုသ်ကလေးရင်လဲ သွားစောင့်နေဦးမှ ဖြစ်မယ်, အစ်ကို အစ်မတွေ ဘယ်လို လုပ်ဦးမှ ဖြစ်မယ်နဲ့, ပျာလို့, ပျာလို့၊ ဒီဘဝအတွက်တော့ ကြောက်လိုက်တာ, လာမယ့် ငရဲ တိရ စ္ဆာန် ပြိတ္တာအတွက်တော့ ကိစ္စမရှိပါဘူး။

တစ်ဖန် သင့် အမေဟာလေ, ငရဲ မဟုတ်ဘူးလေ, ပြိတ္တာ ဖြစ်နေတယ်၊ သင်တို့ကို စွဲပြီးတော့ ပြိတ္တာဘဝက မလွတ်ဘူးဆိုတော့လဲ ,မလွတ်လဲ ဆွမ်းလေး ဘာလေး သွတ်ဦးမှပဲလေတဲ့၊ ပေါ့ပေါ့ကလေး,ပေါ့ပေါ့ကလေး၊ သင့် အမေဟာ အခု ဖမ်းထားတယ်လို့ဆိုရင် ဟိုကပ် ဒီကပ်, ဟိုသွား ဒီသွား၊ ဖမ်းထားတာက သေတာလဲ မဟုတ်ဘူး သိလား၊ နည်းနည်း နာမည် ပျက်တယ်, နည်းနည်း ဆင်းရဲချင် ဆင်းရဲမယ်၊ ဟိုကပ် ဒီကပ်, ပိုက်ဆံတွေ ဘတွေ အကုန်ခံ၊ ဒီ ပြိတ္တာဖြစ်နေတယ်, ပူးတယ်ဆိုတော့, အင်း-ဆွမ်းကလေး ဘာလေးတော့ သွတ်လိုက်ဦးမှပဲ, အဲ-အမျှလေးတော့ ဝေလိုက်ဦးမှပဲတဲ့၊ ပေါ့ပေ့ါကလေး။

ဘုန်းကြီးကလေ ဘယ့်နှယ်ဟာတွေတုန်းလို့ တွေးမိတယ်၊ လူတွေဟာ ဘဝသံသရာအတွက် အရေးမကြီးဘူးလို့ ပေါ့ပေါ့ဆဆ နေကြတယ်၊ ဒီဘဝ အတွက်တော့ အရေးကြီးလိုက်ကြတာပါလားလို့ လိုက်ပြီး တကတည်း စစ်ရ ပြန်တယ်၊ ဘာဖြစ်လို့ အရေးကြီးတုန်း၊ ဒီလိုလေ တဏှာဆိုတဲ့ တွယ်တာမှုက ဒီကိုယ်သာ တွယ်တာတာ၊ ဒီကိုယ်ရဲ့ ပတ်ဝန်းကျင်ကိုသာ တဏှာက ရှိနေတာ၊ ဟိုဖက်ဘဝကျတော့ ကိုယ့်ကိုယ်တောင် မတွယ်တာဘူး၊ မရောက်သေးတဲ့ ဘဝကို မရှိမှ မရှိသေးဘဲ၊ ဒီလို ဖြစ်လိမ့်မယ်ဆိုလဲ သိပ် အရေးမကြီးဘူး၊ အဲ-

မိဘဆွေမျိုး ဒီလို ဖြစ်နေတယ်, သေတယ်ဆိုရင်လဲ သိပ်အရေးမကြီးဘူး၊ ဒီတော့ လူတွေဟာ သိပ် အမြင်ကျဉ်းတာပဲ၊ ဒါကြောင့် ဒီလူတွေဟာ ဒီလို ဖြစ်နေကြတာပဲလို့ ဘုန်းကြီးက စဉ်းစားမိတယ်။

အင်း-လူတွေဟာ နောက်ဘဝအတွက်ကျတော့ ပေါ့ပေါ့ဆဆနဲ့၊ ဒီဘဝ အတွက်ကျတော့ ကြိုးစားလိုက်ကြတာ၊ လူတွေရဲ့ အမြော်အမြင် အင်မတန် နည်းနေတယ်၊ ပြောလို့ ဟောလို့လဲ သိပ်ပြီးတော့ သဘောမပေါက်ပါဘူး၊ ပြောင်းပြန်ကို ဖြစ်လို့၊ ဘုန်းကြီးကတော့ ဒီဘဝမှာ ဖြစ်ချင်တာ ဖြစ်ပါစေ၊ ဒီ အခြေအနေတွေ ပျက်ချင် ပျက်ပါစေ၊ ဘာမှ အရေးမကြီးဘူး၊ ခဏကလေးရယ်၊ ဒကာ-ဒကာမတွေ အကြည်ညို ပျက်ပါစေ, သံဃာတွေက မိမိကို အလေးအစား ပျက်ပါစေ၊ တစ်ယောက်တည်း နေရမယ် ဆိုရင်လဲ ဝန်မလေးပါဘူး၊ တစ်ယောက်တည်း တောထဲ နေရမယ်ဆိုရင်လဲ ဝန်မလေးဘူး၊ ဟို ဒိပြင် တစ်နေရာမှာ နေရမယ်ဆိုရင်လဲ ဝန်မလေးပါဘူး။

ဘုန်းကြီးတို့ကတော့ စာတွေက အင်မတန် လေးနက်နေတာကိုး၊ ဒါကြောင့် လူတွေကတော့ စာတွေ့တို့, နားကြားတို့ကတော့ ပေါ့နေတယ်၊ လက်တွေ့ ကလေး တစ်ဘဝကျတော့မှ သိပ်အရေးကြီးနေတယ်ဆိုတာ မှားတယ်၊ အဲဒါတွေ ပြန်ပြီးတော့ ကိုယ့်ဟာကိုယ် စစ်ကြနော်။

တစ်ခါ ဘုန်းကြီးတို့ လူ့ဂတိ ရောက်ပါပြီ၊ နတ်ပြည်ရောက်တဲ့ သူကို ကံက ဘာမှ လိုက်ပြီး ဖာထေးနေဖို့ မလိုဘူး၊ နတ်စည်းစိမ်နဲ့, နတ်ချမ်းသာနဲ့ နေတာပဲ၊ ငရဲ သွားနေတဲ့သူ ကံက ဘယ်လိုမှ ဆွဲလို့ငင်လို့ မရဘူး၊ သူ့အပြစ်နဲ့သူ ခံရမှာပဲ၊ တိရ စ္ဆာန် ဖြစ်သွားတဲ့လူ ကံက ဘာမှ မတတ်နိုင်ဘူး၊ သူ့ဘဝနဲ့သူ နေရမှာပဲ ။

ပြိတ္တာဖြစ်တဲ့သူဟာ ပြိတ္တာအကြီးကြီး တောထဲမှာ ပြိတ္တာကြီးတွေ တော ထဲမှာ မီးလောင်ခံနေရတယ်၊ အဲ-ရေ မသောက်ရဘူး, အစာ မစားရဘူး၊ အဲဒီ ပြိတ္တာတွေကိုလဲ ဒီက ဘာမှ မတတ်နိုင်ဘူး၊ အနီးအပါးမှာ တစ္ဆေလို့ဆိုတဲ့ ပြိတ္တာလောက်ကိုသာ တတ်နိုင်လို့ ဆွမ်းတို့ ဘာတို့ ကျွေးလို့ အမျှဝေလို့ ရပါတယ်။

ကဲ-တစ်ခါ တစ်ဘဝရောက်တော့ လူ့ဘဝရောက်ပါပြီတဲ့၊ အဲဒီ လူ့ဘဝ ရောက်တဲ့အခါမှာ လူ့ဘဝရဲ့ အကျိုး ရ-မရကတော့ ရှေးကံတွေ ဘယ့်နှယ်များ တတ်နိုင်သတုန်းကိုး၊ ဒီလို တစ်ခါလိုက်ပြီး စိစစ်စရာ ရှိပါတယ်နော်၊ ဒီတော့ ဗုဒ္ဓမြတ်စွာက အင်မတန် တိကျပါတယ်။

ကံသည် သမ္ပတ္တိ ဝိပတ္တိလိုက်၍ အကျိုးပေးခြင်း ကလောပဓိပယောဂါနံ, ဂတိယာ စ ယထာရဟံ၊

သမ္ပတ္တိဉ္စ ဝိပတ္တိဉ္စ, ကမ္မမာဂမ္မ ပစ္စတိ။၁။ နာမရူပပရိစ္ဆေဒကျမ်း, နှာ-၂၁၊ ဂါထာ-၄၅၇။

ဒီ ရောက်တဲ့ ဘဝမှာ သမ္ပတ္တိဘဝ ရောက်လာလို့ရှိရင် ကုသိုလ်ကံတွေ အကျိုးပေးတယ်၊ ပါလာတာက ကုသိုလ် အကုသိုလ် အမြဲ ပါနေတာကိုး၊ လူတွေမှာ ဘဝများစွာက လာခဲ့တာဖြစ်တော့ ကုသိုလ်တွေလဲ အပြည့်ပါနေတယ်၊ ဓာတ်သတ္တိတွေ, အကုသိုလ်တွေကလဲ အပြည့်ပါနေတယ်၊ ဘုန်းကြီးမှာလဲ ကုသိုလ် အကုသိုလ်တွေ အပြည့်ပါနေတယ်၊ ဒါပေမယ်လို့ နောက်ဘဝအတွက် ရဖို့ရာ ဒီဘဝက အရေးကြီးတယ်ဆိုတာ ပြောခဲ့ပြီနော်၊ ဒီဘဝ ကံတွေက အရေးကြီးတယ် ဆိုတာ ပြောခဲ့ပြီနော်၊ အဲဒီ အပြည့်ပါတဲ့ ကံတွေထဲက ဒီဘဝကံ အကျိုးပေး ပြီးလို့ရှိရင် ဟိုဘဝကျတော့ ဘယ်လိုကံတွေ အကျိုးပေးတတ်သတုန်း၊ စိစစ် စရာ ရှိတယ်။

ဂတိသမ္ပတ္တိ။ ။ ဒီအခါမှာ သမ္ပတ္တိနဲ့ ဆုံလို့ရှိရင် ကံကောင်းတွေ အကျိုးပေးဖို့ အခွင့်သာတာပဲ၊ ဝိပတ္တိ-အပျက်အစီးနဲ့ ဆုံလို့ရှိရင် အကုသိုလ် ကံတွေ အကျိုးပေးဖို့ အခွင့်သာတာပဲ ၊ ဒီတော့ သမ္ပတ္တိ, ဝိပတ္တိက လေးပါးစီ ရှိတယ်၊ ဂတိသမ္ပတ္တိ, ပထမဆုံး ဘုန်းကြီးတို့ ဂတိရောက်သွားပြီ၊ ဂတိရောက် သွားတော့ လူ့ပြည်လို့ ဆိုပါတော့, ဒါ ကောင်းတဲ့ ဂတိ၊ သမ္ပတ္တိဘဝမှာ သိပ် ဆိုးဆိုးရွားရွား အကုသိုလ်ကံတွေ အကျိုးမပေးနိုင်ပါဘူး။

ဆိုပါတော့ ငရဲသားက လာပြီးတော့ မသတ်နိုင်ဘူး၊ ထမင်း ငတ်ပြီးတော့ နေလောက်အောင်, ရေကို မသောက်ရဘဲ နေလောက်အောင် ပြိတ္တာဘဝမျိုး ကို မဖြစ်နိုင်ပါဘူး၊ ဂတိက ကောင်းတဲ့ ဂတိလေ၊ အစာရေစာ ဆင်းရဲရင် ဆင်းရဲမှာပေါ့, လုံးလုံး ငတ်ပြတ်ပြီးတော့ ငရဲသားလို, ပြိတ္တာများလို ဒီလိုတော့ မဖြစ်နိုင်ပါဘူး၊ ဂတိက ကောင်းနေတယ်၊ ဂတိကောင်းနေတော့ အကုသိုလ် ပေးချင်တိုင်း ပေးလို့ မရဘူး၊ ကုသိုလ်ကံတွေကတော့ အခွင့်တော်တော်ကို သာပါတယ်။

ကာလသမ္ပတ္တိ။ ။သို့သော် ဂတိချည်းကတော့ ကောင်းကျိုး မပေးသေးဘူး၊ အချိန်ကာလကလဲ ရှိသေးတယ်၊ မိမိရောက်နေတဲ့ ကာလက ဘယ်လို ကာလတုန်းဆိုတာကို လိုက်ပြီး စိစစ်ရဦးမယ်၊ တချို့ကာလတွေက ကံနဲ့ အဆင်ပြေတယ်, တချို့ကာလတွေက ကံနဲ့ အဆင်မပြေဘူး၊ ဆိုပါတော့ မိမိတို့ ရောက်နေတဲ့ လူ့ဘဝ, ကာလက ဆင်းရဲသားတွေကို အားပေးတဲ့ကာလ ဖြစ်နေရင် ဓနရှင်ဘဝနဲ့ အကျိုးရသင့်သလောက် မရဘူး၊ ရသင့်သလောက် မရဘူးဆိုတာ အင်မတန် လိမ်မာမှ, အင်မတန် နေတတ် ထိုင်တတ်မှ။

ဒီ ဆင်းရဲသားတွေကတော့ ဆင်းရဲသားဘဝနဲ့ အကျိုးပေးမယ့် ကာလနဲ့ ဆုံနေလို့မို့ အတော်များများကြီး အခွင့်သာတယ်၊ အပြည့်အစုံတော့ မဟုတ် ပါဘူး၊ တော်တော်များများပါပဲ။

ဒီအထဲ ဂတိက သမ္ပတ္တိ, လူ့ဘဝ, ကာလက ဓနရှင်တွေအတွက် သမ္ပတ္တိ ဖြစ်နေတယ်ဆိုရင် ဒီ ဓနရှင်တွေ အတွက်ကို အင်မတန် တကတည်း အရင်းအနှီးများလေလေ အကျိုးရလေလေဆိုတဲ့ ကာလမျိုးနဲ့ ကြုံလာပြန်တော့လဲ ဓနရှင်တွေ သိပ် အလုပ် လုပ်လို့ ကောင်းလိုက်တာ, နေလို့ ထိုင်လို့ ကောင်းလိုက်တာ၊ ဒီလို ဖြစ်လာပြန်ရော၊ မသေချာဘူးနော်၊ အပြောင်းအလွဲ ရှိပါတယ်၊ {ကာလောပဓိ ပယောဂါနံ}။

ဥပဓိသမ္ပတ္တိ။ ။ ဥပဓိဆိုတာ ရုပ်အဆင်း, ရုပ်အဆင်းလှရင် ကလေးကလေး ဖွားလာကတည်းကိုက လှတယ်ဆိုလို့ရှိရင်ပဲ အမေကလဲ စိတ်ချမ်းသာတယ်၊ အဖေကလဲ စိတ်ချမ်းသာတယ်၊ ဥပဓိ လှနေရင် ဘိုးဘွားတွေ ကလဲ {ငါ့မြေး ငါ့မြေးနဲ့}နေတာပဲ၊ ဥပဓိက အရုပ်ဆိုးနေရင် အမေမှာတော့ကာ သွေးသားမို့လို့ မချစ်ဘဲ မနေနိုင်ပါဘူး၊ အဖေက နည်းနည်း အင်တင်တင်ကလေး။

တစ်ခါတစ်ခါ စိတ်ပေါက်စရာကြီး၊ {ငါ့ ကလေးမှ ဟုတ်ရဲ့လား}၊ အမယ် စိတ်ပေါက်စရာကြီး၊, စိတ်ပေါက်စရာကြီး၊ အဖေက, အဖေက၊ အမေကတော့ ချစ်ရှာရပါတယ်၊ ဥပဓိက ပျက်နေတော့ အဖေက နည်းနည်းကလေး ရှောင် တောင်တောင်လုပ်ပြီး, ဘိုးတွေ ဘွားတွေကလဲ တယ်ပြီး ချီပွေ့လှတယ် မဟုတ်ပါဘူး၊ ဥပဓိရုပ်အဆင်းဟာ အဲဒီလောက် ကောင်း,မကောင်း ကွာခြား ပြီးတော့ အကျိုးရတာ ကောင်း, မကောင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းကြီးက ဒီဘဝ ကောင်းကြစမ်းပါ၊ ဒေါသ မကြီးပါနဲ့၊ အရုပ်ဆိုးနေလိမ့်မယ်နော်၊ စိတ် စေတနာကလေးတွေ ကြည်ကြည်လင်လင် ထားကြစမ်းပါလို့ ပြောနေတာ၊ မြင်လွန်းလို့, မြင်လွန်းလို့ ပြောနေတာ၊ ဟိုဘဝ မှာ အကျိုးရ, မရ ဒီ ဥပဓိရုပ်အဆင်းက လိုက်လွန်းနေလို့ ပြောနေတာ၊ နောက်တော့ ဒီ ဥပဓိရုပ်က ကြီးလာတော့ အသက်အရွယ် ကြီး လာတယ်ဆိုရင်ပဲ ရုပ်က ချောနေပြီလေ၊ ရုပ်ကချောနေတော့ ဟိုက တောင်းချင်, ဒီက ရမ်းချင်တယ်၊ အမျိုးသားကလေးပေမယ်လို့ ဟိုက လာစပ်, ဒီက လာ စပ်နဲ့၊ ရုပ်က ချောတော့ အဲဒီအထဲ ပညာကလဲ တတ်နေမယ် ဆိုရင် မပြော နဲ့တော့၊ ရုပ်ကလဲ ကောင်းတယ်, ပညာကလဲ တတ်တယ်၊ အမျိုး အဆွေကလဲ အဆင့်အတန်း ရှိမယ်ဆိုရင် မပြောနဲ့တော့, မပြောနဲ့တော့ အားလုံး ဝိုင်းကြရမယ်၊ ထုံးစံပါ။

ဒါ ဘယ်သူ့အပြစ်ရယ်လို့ မဟုတ်ပါဘူး၊ လောကသဘောပါ၊ ဒီတော့ ဥပဓိက ဘယ်လောက် အရေးကြီးတယ်ဆိုတာ နားလည်စမ်းပါ။

တစ်ခါတုန်းက သီဟိုဠ်မှာ ဟို သူတို့က နွားသားတွေ စားတာကို သိပ် မကြိုက်ဘူး၊ ဒီတော့ အမျိုးတစ်မျိုးက နွားတွေ ဘာတွေ သတ်ဖြတ်ပြီးတော့ စားတယ်၊ အကုန်လုံး တစ်မျိုးလုံး ဖမ်းတာပဲ၊ ဖမ်းပြီးတော့ ဒိပြင် ကြီးကြီး မားမား အပြစ်က ပေးစရာ မရှိလို့မို့ နန်းတော် ပတ်ဝန်းကျင် အမှိုက်ရှင်းရမယ်, မြက်တွေ သန့်ရှင်းရမယ်၊ အဲဒီလို ဒဏ်ပေးထားတယ်၊ အဲဒီအထဲ အမျိုးသမီးလေး တစ်ယောက်က လှလိုက်တာ, ရှင်ဘုရင်က မြင်ရော, ရှင်ဘုရင်က မြင်တော့ သူ့ကို အကျွမ်းတဝင်နဲ့ နန်းတော်ထဲ ထားရော, ထားရင်း ရင်နှီးပြီး နောက် တော့ သူက ချမ်းသာလို့၊ မိဖုရားငယ်လေးပေါ့လေ၊ သူ့ကို အကြောင်းပြုပြီး တော့ သူ့ဆွေမျိုးတွေလဲ လွတ်လို့၊ မင်းဒဏ်က လွတ်လို့၊ ဒီ ဥပဓိရုပ်က ဘယ်လောက် အကျိုးပေးတုန်းဆိုရင် သူတင်မကဘူး၊ သူ့အမျိုးတွေပါ အပြစ်က လွတ်သွားတယ်။၁။ သမ္မော အဋ္ဌကထာ, နှာ-၄၂၁-၂။

ဒါကြောင့် ကာလရယ်, ဥပဓိရယ်, အဲဒါကလဲလေ ကောင်းတာ,မကောင်း တာ လိုက်ပြီးတော့ ကုသိုလ်,အကုသိုလ်, အကျိုး ရ,မရ ကွာခြားပါတယ်၊ နားလည်ပါနော်။

ပယောဂသမ္ပတ္တိ။ ။ ဒီ အထဲက ပယောဂက သိပ် အရေးကြီးပြန်တယ်၊ ပယောဂဆိုတာ ကိုယ်မှု,နှုတ်မှု,စိတ်မှု လိုရင်းအချုပ် ကတော့ ဉာဏ် ဝီရိယ, သတိ၊ ဒီဉာဏ်က သိရမယ်, ဒီကာလဟာ ဘယ်လို ကာလမျိုး, တို့ဘဝက ဘယ်လောက်သာ အကျိုးရနိုင်တဲ့ဘဝမျိုးလို့ ဉာဏ်က သိရမယ်၊ အဲဒီ ဉာဏ်ရှိသလောက် သတိထားလိုက်ရမယ်။

အဲ-ဒါနဲ့ ခြေချော်လက်ချော် မလုပ်နဲ့နော်, ကာလကြီးက သတိထားလိုက် ရမယ်၊ ခြေချော်လက်ချော် မရှိစေနဲ့နော်၊ သတိထားလိုက်ရမယ်၊ အားလုံးအားလုံး သတိထားရမယ်၊ ဝီရိယနဲ့ ကြိုးစားရမယ်၊ အဲဒီလို ဉာဏ်ရော, ဝီရိယရော, သတိရော ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ {ပယောဂသမ္ပတ္တိ ပြည့်စုံတယ်,ပယောဂသမ္ပတ္တိ ပြည့်စုံတယ်}လို့ ပြောတယ်။

အဲဒီ အထဲမှာ အသိ အလိမ္မာဉာဏ်က ညံ့, ဗဟုသုတက မရှိ, သတိက ကင်း, လုံ့လဝီရိယက ဖျင်းဆိုရင် ပယောဂဝိပတ္တိဖြစ်လို့ နံပါတ်(၁)အကျိုးရမယ့် ဟာတောင် မရတော့ဘူး၊ ပယောဂဝိပတ္တိဖြစ်နေလို့၊ အပြစ်ကျတော့ ပယောဂ ဝိပတ္တိဖြစ်နေလို့ အပြစ်ရမယ့်ဟာလဲ ရှောရှောရှူရှူ အပြစ်ရသွားတယ်။

ဉာဏ်,ဝီရိယ,ပယောဂ။ ။ ဒါကြောင့်{ဉာဏ်,ဝီရိယ,သတိ,ပယောဂ} အဲဒီ အရေးကြီး ဟာက လိုလိုက်တာမှ သိပ် လိုတာ၊ ပြီးတော့ ဗဟုသုတ၊ အဲဒီ ပယောဂတွေ ပြည့်စုံလို့ရှိရင် ပြည့်စုံသလောက် ကုသိုလ်ကံတွေက အကျိုးပေးပါတယ်၊ မပြည့်စုံလို့ရှိရင် မပြည့်စုံသလောက်, ညံ့သလောက် အကုသိုလ်ကံတွေ အကျိုးပေးပါတယ်၊ ဒါတွေ အားလုံး ခြုံပြီးတော့ပေါ့လေ၊ စာအတိုင်း {မဃဒေဝလကာသစ်, နှာ- ၁၇၆၊ ပိုဒ် ၂၄၅-၌ မန်လည်ဆရာတော်ဘုရားကြီး}က_ {ကံဟု မူလ, သမ္ဗုဒ္ဓတို့, ဟောပြသည်မှာ, အရင်းသာရှင့်} ကံဆိုတာ အရင်းအမြစ်ပဲ၊ မြတ်စွာဘုရားက ကံသာ ကိုယ့်ဥစ္စာ၊ ကံသာ ကိုယ့်ဥစ္စာလို့ ဟောတော်မူတဲ့ဟာ, ဒါ အရင်းခံ၊ ဒါကြောင့်လဲ မန်ကျည်းပင်ကြီး တစ်ပင် ပေါက်နေတယ်၊ ဘာပြောပြော, ဒီမန်ကျည်းပင်ကြီးဟာ ဒီမန်ကျည်းစေ့ မပါဘဲ နဲ့ မပေါက်နိုင်ဘူး၊ မန်ကျည်းစေ့ဟာ မန်ကျည်းပင်ကြီးရဲ့ မူလအရင်း ခံပဲ၊ ဒါကြောင့် မန်ကျည်းစေ့ကလေး တစ်စေ့တည်းနဲ့ ဒီမန်ကျည်းပင်ကြီးဟာ ပြီးရောလားလို့ဆိုတော့ ဘယ်ဟုတ်မလဲ ၊ ရေတွေ လောင်းလိုက်ရတာ, မြေကောင်း မြေသန့်တွေ လိုလိုက်တာ၊ ဘေးက ပယောဂတွေ ဝိုင်းကူတော့မှ ဒီမန်ကျည်းပင် ကလေး ပေါက်လာတာ၊ အဲဒီ ပေါက်လာတဲ့အခါမှာ ဖျက်ဆီးပစ်လိုက်ရင် လွယ်လွယ်ကလေး ပျောက်ပြန်ရော။

ဒါကြောင့် မန်ကျည်းပင်တစ်ပင် ပေါက်ဖို့ရာ မန်ကျည်းစေ့ဟာ မူလ ဆိုပေမယ့် ဘေးကနေပြီးတော့ လုံ့လ ပယောဂတွေနဲ့ ထောက်ကူတော့မှ ဒီမန်ကျည်းပင်ကြီးဟာ ကြီးကြီးမားမား စည်စည်ကားကား ဖြစ်တယ်၊ အဲဒါ တောင်မှ ဘေးက နှောက်ယှက်လို့ အချိန်မရွေးရတယ်။

ခန္ဓာကိုယ် သစ်ပင်ကြီးဟာလဲ ကံမျိုးစေ့ကြောင့်ပဲ၊ ခန္ဓာကိုယ် သစ်ပင်ကြီး ပေါက်လာပေမယ်လို့ ဘေးက အနှောက်အယှက်တွေက အချိန်မရွေး ရှိနိုင်တယ်၊ အဲဒါကို သတိမထားလို့ရှိရင်ဖြင့် ခန္ဓာကိုယ် သစ်ပင်ကြီးဟာ အပြီးသတ် မစည်ကားပဲ နဲ့ အကိုင်းတွေ အတက်တွေ ကျိုးပြီးတော့ကာ ကြားထဲမှာ မန်ကျည်းပင်ကြီး ပျက်စီးရသလိုပဲ၊ အသက်တမ်း မကုန်ဘဲနဲ့ သေနိုင်တယ်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာ အလိုတော်အတိုင်း_ {ကံဟု မူလ, သမ္ဗုဒ္ဓတို့, ဟောပြသည်မှာ, အရင်းသာရှင့်၊ ဥစ္စာဘောဂ, ဇီဝိတနှင့်, သုခပွားရန်, ဤလူ့ဌာန်၌, ဉာဏ် ဝီရိယ, ပယောဂတည်း}။၁။ မဃဒေဝလကာသစ်, နှာ-၁၇၆, ပိုဒ်-၂၄၅။ (ဆဋ္ဌမူ)

ဒီ လူ့လောကကြီးဟာ နတ်နဲ့ မတူဘူး၊ နတ်မှာ ဉာဏ် ဝီရိယကူဖို့ မလိုဘူး၊ ကူလဲ မကူနိုင်ဘူး၊ ငရဲ, ပြိတ္တာတို့က ဉာဏ် ဝီရိယတို့ မတိုးနိုင်ဘူး၊ သူ့အတိုင်း သူ, ဒုက္ခ-ဒုက္ခပဲ ရှိမယ်၊ ဒီ လူ့ဘဝကိုတော့ ပယောဂက အပြောင်းအလဲ သိပ်ရနိုင်တာပဲလို့_ {ကံဟု မူလ, သမ္ဗုဒ္ဓတို့, ဟောပြသည်မှာ, အရင်းသာရှင့်၊ ဥစ္စာဘောဂ, ဇီဝိတနှင့်} ဥစ္စာစည်းစိမ် တိုးတက်ဖို့ရန်, အသက်ရှည်ဖို့ရန်ကတော့ ဉာဏ် ဝီရိယ ပယောဂတည်း။

အသိဉာဏ်က ရှိမှ, အသိဉာဏ်က အစားအသောက်ကို ဆင်ခြင်တတ်မှ, ဆင်လဲ ဆင်ခြင်မှ, ရောဂါ ကင်းရှင်းတယ်, အသက်ရှည်တယ်၊ ဉာဏ် ဝီရိယ ပယောဂ သိပ် အရေးကြီးတာပဲ၊ ခပ်ငယ်ငယ်တုန်းကတော့ မိဘတွေရဲ့ ပယောဂကြောင့် ကလေးတွေ ကျန်းမာတယ်, မကျန်းမာဘူး၊ ဒီလိုရှိတယ်၊ အဲ ဒါနဲ့ စပ်ပြီးတော့ နည်းနည်း ထပ်ပြောမယ်။

ငယ်ငယ်တုန်းက မိဘများက လိမ္မာလို့ ကလေးရဲ့ ကျန်းမာရေးကို ဂရုစိုက် တယ်၊ ရေချိုးမိုးချိုးပြီး အချိန်မှန်မှန် ဂရုစိုက်တယ်၊ အဲ ဆေးကလေး ဘာလေး ကျွေးတယ်၊ အစားအသောက်ကို တည့်တာမှ ကျွေးတယ်၊ ဒီ ကလေးဟာ ငါးနှစ်လောက်ကျတော့ ဒိပြင် ပေါက်လွှတ်ပဲစား ကြီးပွားလာတဲ့ ငါးနှစ်ကလေးနဲ့ မတူဘူး၊ ဘာဖြစ်လို့တုန်း၊ အမေများက ပြုပြင် ပေးလိုက်တဲ့အတွက်ကြောင့် ကလေး ကျန်းမာတယ်ကိုး၊ ငါးနှစ်သားကလေး, ဟို ငါးနှစ်သားကလေးက ချိနဲ့ရှာတယ်၊ ဘာပြုလို့တုန်း အပြုအပြင် မရှိလို့။

တစ်ခါ ဆယ်နှစ်လောက် ရောက်ပြန်တော့ ဒီကလေးက ကျန်းမာနေတယ်၊ ဟိုကလေးတွေ မကျန်းမာဘူး၊ ဘာဖြစ်လို့လဲ၊ ဒီက အပြုအပြင် ရှိလို့၊ တစ်ဆယ့်ငါးနှစ်, အနှစ် နှစ်ဆယ်လောက် ကျပြန်တော့ ဒီ ကလေးက ကျန်းမာတယ်၊ ဟိုကလေးက မကျန်းမာဘူး၊ ဘာဖြစ်လို့တုန်း၊ အပြုအပြင်ရှိတဲ့ မိဘအပြင် သူတို့ကလဲ ပြုပြင်တတ်လို့၊ အဲသလို သွားလိုက်တာ, တစ်သက်လုံး ဘဝတစ်ခု ပြောင်းသည်အထိ ကျန်းကျန်းမာမာနဲ့ နေပြီးတော့ ရောဂါရှင်းရှင်းနဲ့ သွားရတယ်။

ဒီတော့ တစ်ခါ ထပ်စဉ်းစားစရာက ငယ်ငယ်တုန်းက ငါးနှစ် အတွင်းက အဖေအမေများ ကျွေးတဲ့ ဆေးဟာ ခြောက်နှစ်သားလောက်မှာ ရှိသေးလား, မရှိပါဘူး၊ ဓာတ်ကို ဘုန်းကြီးက ပြောမလို့၊ အမေများက ငါးနှစ်သားအတွင်း ကျွေးတဲ့ ဆေးများ မရှိတော့ဘူး၊ ဒါပေမယ်လို့ ဓာတ်ပါနေတယ်၊ ကလေးလေး မှာ ပါနေတာပဲ၊ အဲ-ဆယ်နှစ်လောက်ကျတော့လဲ ငါးနှစ်ခြောက်နှစ်က ဆေးတွေ မရှိပါဘူး၊ ဟိုမှာ ဓာတ်ပါနေတယ်, ကလေးကလေး ကျန်းမာနေတယ်။

အသက် နှစ်ဆယ်လောက်ကျတော့ ဆယ်နှစ်လောက်က ဆေးတွေ ဘာတွေ ဘာမှ မရှိတော့ဘူး၊ ဒါပေမယ့် ဓာတ်ပါနေတယ်၊ ကလေးလေး ကျန်းမာနေ တယ်၊ ဒီလိုသွားပါတယ်၊ ကုသိုလ် အကုသိုလ်မှာလဲ ဒီလိုပါပဲ၊ ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်တွေကတော့ ချုပ်သွားပါပြီ, ပါ မလာတော့ဘူး, မရှိဘူး၊ မရှိပေမယ့် ဓာတ်က လိုက်လာတာဖြစ်တော့ ကုသိုလ် အကုသိုလ်ရဲ့ ဓာတ်သတ္တိ တွေက ပါနေတယ်၊ ဒါလေး မှတ်ထားလိုက်ပါ။

ပြီးတော့ တစ်ခုက, ကလေး ငယ်ငယ်တုန်းက, ငါးနှစ်လောက်က ဟိုဖက်မှာ ပညာသင်တယ်၊ ဆရာ ကောင်းကောင်းနဲ့ သင်တယ်၊ ခြောက်နှစ် ခုနစ်နှစ်ကျတော့ ဆရာ ကောင်းကောင်းနဲ့ မသင်ရတဲ့ သူနဲ့ ကွာနေပြီ၊ အတတ်ချင်း ကွာသွားပြီ၊ ဘာပြုလို့တုန်း၊ ဓာတ်ခံချင်း ကွာသွားပြီ၊ ဒါတွေကို နားလည်လို့ ဘုန်းကြီးက အခြေခံ ကောင်းအောင် လုပ်ကြပါ, အခြေခံကောင်း အောင် လုပ်ကြပါလို့၊ ဒါကြောင့်မို့ ပြောနေတာ၊ အခြေခံ ကောင်းလာတာနဲ့, မကောင်းလာတာနဲ့ အထက်ရောက်တော့ ဓာတ်ချင်း အင်မတန် ကွာသွားတယ်၊ ကုသိုလ် အကုသိုလ် ပြုတုန်းက ဉာဏ် ဝီရိယ ရှိတာနဲ့ မရှိတာနဲ့, အလိမ္မာ ပါတာနဲ့ မပါတာနဲ့ ဟို ဘဝသံသရာကျတော့ ဓာတ်ချင်း သိပ်ကွာသွားတယ်။

အဲဒါကြောင့် ဘုန်းကြီးက ဓာတ်ခံတွေ အရေးကြီးတယ်၊ ဒီပဋ္ဌာန်းပစ္စည်း တွေပေါ့၊ ပကတူပနိဿယသတ္တိနဲ့ အကျိုးပြုနေပုံတွေပေါ့၊ သိပ် အရေးကြီး တာပဲ၊ ကမ္မပစ္စယသတ္တိရဲ့ ကျေးဇူးပြုပုံတွေပေါ့၊ သိပ် အရေးကြီးတာပဲ။

{ကံဟု မူလ, သမ္ဗုဒ္ဓတို့, ဟောပြသည်မှာ, အရင်းသာရှင့်၊ ဥစ္စာဘောဂ, ဇီဝိတနှင့်, သုခပွားရန်, ဤလူ့ဌာန်၌, ဉာဏ် ဝီရိယ, ပယောဂတည်း}။

ဤ လူ့ဘဝဟာ ဉာဏ်ရှိဖို့ သိပ် အရေးကြီးတာပဲ၊ လုံ့လ ဝီရိယရှိဖို့ သိပ် လိုတာပဲ၊ သတိရှိဖို့ သိပ် လိုတာပဲ။

{ကာလဒေသ, ပုဂ္ဂလကို, နှိုင်းဆအပ်တုံ, ကံကိုယုံ၍, မီးပုံအတွင်း, မဆင်းထိုက်စွာ} ကာလ,ဒေသ,ပုဂ္ဂလကို အခါကာလ ကြည့်နော်, အခါကာလကြည့်၊ ကာလ နှိုင်းဆအပ်ခြင်း သမ္ပတ္တိ ဟုတ်,မဟုတ်၊ မိမိအတွက် ကာလသမ္ပတ္တိ ဟုတ်,မဟုတ် အခါကာလကြည့်ပါတဲ့၊ ဒီပုဂ္ဂိုလ်နဲ့ အပေါင်းအသင်း ဆက်ဆံကြလို့မို့ မိမိအကျိုး ရှိ,မရှိ ပုဂ္ဂိုလ်လဲ နှိုင်းယှဉ်ပါ၊ ပုဂ္ဂိုလ် ပကတူပနိဿယနဲ့ ကျေးဇူးပြုတယ်ဆိုတာ ဘုရားရှင်တို့လို ပုဂ္ဂိုလ်က သတ္တဝါ အများကြီးအပေါ်မှာ အများကြီး ကျေးဇူးပြုတယ်။

မလိမ္မာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ခေါင်းဆောင်မှုကြောင့် အများသတ္တဝါ တွေမှာ ဆင်းရဲကြတယ်၊ အဲဒါကြောင့် {ကာလ ဒေသ, ပုဂ္ဂလကို, နှိုင်းဆအပ်တုံ}၊ ဒီဒေသဟာ ဒီလို နေလို့ဖြစ်တဲ့ ဒေသဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ အဲဒီ ဒေသကိုလဲ ကြည့်ပါ၊ ဒီဒေသဟာ ဒီလောက် အကျိုးပြုတဲ့ ဒေသ, နိုင်ငံက ဒီလောက် အကျိုးပေးနိုင်တဲ့ နို်ငံ်ငံ၊ ဒီနိုင်ငံက ဟိုလောက် အကျိုးပေးနိုင်တဲ့ နို်င်ငံ၊ အဲဒီလို ကာလ, ဒေသ, ပုဂ္ဂလကို နှိုင်းဆပါ။

{ကံကို ယုံ၍, မီးပုံအတွင်း, မဆင်းထိုက်စွာ}

ကံချည်း တစ်ဖက်သတ် ယုံမနေနဲ့၊ ဘဝက ပါလာတဲ့ ကံသတ္တိက နည်းနည်းကလေး ရှိတယ်၊ ခုနက သစ်ပင်ကြီးတစ်ပင် ပေါက်ဖို့ရန်မှာ မျိုးစေ့ ကလေးချည်းပဲ ယုံမနေနဲ့၊ မျိုးစေ့ရှိရင် သစ်ပင်ပေါက်မှာပဲ လို့ မမျှော်နဲ့၊ ဒီလို မမျှော်နဲ့၊ အရင်းခံတော့ မှန်တယ်၊ ရေ ကောင်းကောင်းလိုတယ်၊ မြေကောင်း ကောင်း လိုတယ်၊ စိုက်တဲ့သူရဲ့ ဥယျာဉ်မှူး ကောင်းကောင်း လိုတယ်၊ အဲဒီလို အကုန်လုံးကောင်းတော့မှ ဒီ သစ်ပင်ဟာ စည်ကား ထွားကျိုင်းပြီးတော့ အသီး သီးတဲ့ သစ်ပင်က အသီးသီးတယ်၊ အပွင့် ပွင့်တဲ့ သစ်ပင်က အပွင့် ပွင့်တယ်၊ အားလုံးက ကာလ,ဒေသ,ပုဂ္ဂလတွေကို နှိုင်းဆပြီးတော့မှ အကျိုးရှိပါတယ်လို့။

{ကာလ ဒေသ, ပုဂ္ဂလကို, နှိုင်းဆအပ်တုံ, ကံကိုယုံ၍, မီးပုံ အတွင်း, မဆင်းထိုက်စွာ၊ ကျားရဲရာလည်း, ကြမ္မာ အကြောင်း, မရိုးကောင်းဟု, သူကောင်း ရှေးက, ဆိုကုန်ကြ၏}။

အင်း_အင်း ကံကို ယုံပြီးတော့ မီးပုံကြီးထဲ မဆင်းနဲ့၊ ကံကို ယုံပြီး, မီးပုံ ကြီးထဲ ဆင်းလို့ရှိရင် မီးလောင်မှာ သေချာတယ်၊ ကံကို ယုံပြီးတော့, ငါ အင်မတန် ကံကောင်းတာပဲဆိုပြီးတော့ မီးပုံထဲ သွားမဆင်းလိုက်နဲ့ လောင်သွားမယ်။

ကျားရဲနေတဲ့ နေရာ မသွားနဲ့, မသွားနဲ့၊ အို-ကံရှိ ဘာမှ မဖြစ်ဘူး၊ ကျားက လာတာနဲ့ လူတွေကို ကိုက်နေတယ်လို့ သိရက်သားနဲ့ သွားတယ်၊ ကျားကိုက်ခံရ မှာပဲ ၊ ကံကြမ္မာ မကောင်းလို့ အကိုက်ခံရတာလို့ မပြောနဲ့, ကျားကိုက်ခံရမှာပဲ။

{ကျားရဲရာလည်း, ကြမ္မာ အကြောင်း, မရိုးကောင်းဟု, သူကောင်း ရှေးက, ဆိုကုန်ကြ၏၊ လုံ့လမထူ, ဉာဏ်မကူဘဲ , အယူတစ်ချောင်း, ကံတစ်ကြောင်းမျှ, မကောင်းလည်းကံ, ကောင်းလည်းကံဟု, ကံကိုချည်းသာ, မကိုးရာဘူး}၊ အယူတစ်ချောင်း ရွဲ့စောင်းပြီး မကောင်းတာလဲ ကံပါ၊ ကံမကောင်းလို့ပါ၊ ဘယ်သူတွေ ဘာမှ မဖြစ်ဘူးလို့, ကံ မကောင်းလို့ ဖြစ်တာ၊ ကိုယ့်ကံ မကောင်း လို့ ဖြစ်တာ, မဟုတ်ဘူးလေ၊ ဘယ်သူတွေက ဘယ်ဉာဏ်နဲ့, ဘယ် ဝီရိယနဲ့ ဘယ်လို ကူထားမှန်း မသိဘူး၊ ကိုယ်က ဘယ်ဉာဏ်, ဘယ် ဝီရိယ ဘယ် လောက် ညံ့နေမှန်း မသိဘူး။

အဲဒါကြောင့် ကံကိုချည်း လာပြီး မယုံပါနှင့်၊ ဉာဏ်,ဝီရိယ,ပယောဂတွေဟာ အင်မတန် အရေးကြီးပါတယ်။

{လုံ့လမထူ, ဉာဏ်မကူဘဲ , အယူတစ်ချောင်း, ကံတစ်ကြောင်းမျှ, မကောင်းလည်းကံ, ကောင်းလည်းကံဟု, ကံကိုချည်းသာ, မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်, သင့်မသင့်ကို, အခွင့်ရှု၍, အပြုလုံ့လ, ရှိအပ်စွတည့်}။

ဉာဏ်ယှဉ် လုံ့လကူ။ ။ ဉာဏ်ပညာနှင့် ရှောင်ကြဉ်တန် ရှောင်ကြဉ်ရတယ်၊ တိမ်းတန် တိမ်းရတယ်၊ မလုပ်ဘဲ နေတန် နေရတယ်၊ အဲဒီလိုပေါ့လေ၊ ဉာဏ်ပညာနဲ့ ရှုပြီးတော့ အပြုလုံ့လက သိပ်အရေးကြီးတာပဲ။

{တံငါလက်တွင်း, ရောက်လျင်းတုံငြား, သုံးကောင်ငါးကို, မှတ်သားဝမ်းထဲ, နည်းယူစွဲလော့}။

ငါးသုံးကောင် တံငါလက်တွင်း ရောက်သွားတာ, ဥပမာ သဘောပဲ ၊ ငါး တစ်ကောင်ကတော့ ကံပါပဲ၊ တံငါလက်တွင်း လှေပေါ်မှာတော့ ရောက်နေပြီ၊ တံငါလက်တွင်း ရောက်ပြီ၊ ကံပေါ့လေ, ကံရှိ လွတ်လိမ့်မပေါ့။

ငါးတစ်ကောင်ကတော့ လုံ့လ ဝီရိယ အရေးကြီးတယ်၊ တံငါ့လက်တွင်း လှေထဲတော့ ရောက်နေပြီ၊ လုံ့လ ဝီရိယ အရေးကြီးတယ်ဆိုပြီး သူက စွပ်ကနဲ, စွပ်ကနဲ ခုန်ခုန်ကြည့်တယ်၊ လုံ့လ ဝီရိယ အရေးကြီးတယ်, ခုန်နေတာ သူ လှေပေါ် ကျော်သွားနိုင်ပါ့မလားလို့, ခုန်ခုန်ကြည့်နေတယ်၊ တံငါက တယ် ဆော့တဲ့ငါးဟ ဆိုပြီး တက်နဲ့ချလိုက်တာ သေရော၊ ဝီရိယသမား,ဝီရိယသမား။

ကံသမားက ကံရှိ လွတ်လိမ့်မပေါ့, ဝီရိယသမားတော့ သေသွားပြီ၊ ကံသမား က ကံရှိ လွတ်လိမ့်မပေါ့, ကံရှိ လွတ်လိမ့်မယ်ဟေ့၊ ဉာဏ်သမားကတော့ ကွာ, နေဦးကွာ၊ အခါအခွင့် ကြည့်ရမှာပဲ, နေဦးကွာ၊ အခါအခွင့်ကြည့်ရမှာပဲ၊ ကမ်းနားရောက်တော့ လှေသမားက ခပ်ပေါ့ပေါ့ကလေးနဲ့ လှေကလေး စောင်း နင်းမိတာနဲ့ ခုန်ချလိုက်တာ လွတ်သွားရော၊ ဉာဏ်သမားက ဉာဏ်လဲ ရှိတယ် နော်, ခုန်ချတဲ့ ဝီရိယလဲ ရှိတယ်နော်, လွတ်လောက်တဲ့ ကံလဲ ရှိတယ်နော်၊ ကံလဲ ရှိတယ်, ဉာဏ်လဲ ရှိတယ်, ဝီရိယလဲ ရှိတယ်၊ လွတ်သွားရော, ကံ ဖြစ်သလိုပေါ့ဆိုတဲ့ ငါးကတော့ ကုန်းပေါ် ရောက်သွားရော၊ သူမလွတ်ဘူး, ချက်စားခံရလိုက်တာပဲ ရှိတော့တယ်။

အဲဒါကြောင့်{တံငါလက်တွင်း, ရောက်လျင်းတုံငြား, သုံးကောင်ငါးကို, မှတ်သားဝမ်းထဲ, နည်းယူစွဲလော့}။ (ကံလဲ ရှိရတယ်, ဉာဏ်လဲ ရှိရတယ်, ဝီရိယလဲ ရှိရတယ်၊) {မှတ်သားဝမ်းထဲ, နည်းယူစွဲလော့, ကံမွဲဉာဏ်နုံ့, မလုံ့မလ, နတ် မ,မဘူး}။

နတ်မ, မမ။ ။ ကံကလဲ ညံ့သေး, ကံကလဲ မွဲသေးတယ်, ဉာဏ်ကလဲ ညံ့ သေးတယ်၊ လုံ့လ ဝီရိယလဲ မရှိဘူးတဲ့, အဲဒါကတော့ နတ် တောင် မ,မဘူးတဲ့၊ နတ်က မ-ချင်ပါတယ်၊ ကံမရှိတဲ့သူ သွားမရင်, နတ် နာမည်ပျက်မှာပေါ့၊ သူ အကျိုးရမှာ မဟုတ်ဘူး၊ ကံ မရှိတဲ့သူ နတ်က မ,မပါဘူးတဲ့၊ ဉာဏ် ဝီရိယ မရှိတဲ့သူ နတ် မ,မပါဘူးတဲ့။

ဟိုမြားသုံးစင်း လိုရာရတယ်ဆိုတာ လူတိုင်း သိနေကြတာပဲ၊ အဲဒီ မြား သုံးစင်းပေးလိုက်မိတာ ဘာမှ သူ အကျိုးမရဘူး၊ နဂိုအတိုင်း, နဂိုအတိုင်း ပြန်ဖြစ်တာပါပဲ၊ ဒါကြောင့်{ကံမွဲ ဉာဏ်နုံ့, မလုံ့မလ, နတ် မ,မဘူး၊ အလသမျိုး, အကျိုး ယွင်းယို, အလိုလျော့ရည်း, မကျော့ကျည်းနှင့်, ကိုယ်လည်း လုံ့လ, နတ်လည်း မ၍, တောင့်တ ကြံရာ, မြန်မကြာလျှင်, လွယ်ကာကိစ္စ, ပြီးနိုင်ကြ၏}။

(လူကလဲ လုံ့လပြုပါတဲ့, ဉာဏ်လဲ ရှိပါတဲ့, နတ်မပါလိမ့်မယ်တဲ့။) {အန္ဓဗာလ, လူ့ထိုမျှတို့, ကမ္မဝီရိယ, မယုံကြဘူး}

လူပြိန်း,လူအ။ ။ များစွာသော လူပြိန်းတွေကလေ ကံ, ဉာဏ်, ဝီရိယ မယုံ ဘူးတဲ့။

{သိဝမဟေ, ပရမေသွာ, ဗြဟ္မာ ဗိဿနိုး, ကမ္ဘာစိုးနှင့်} ဗိဿနိုးနတ်မင်းကြီးက ဖန်ဆင်းလိုက်တာ, တို့ကို ဒီလို နေရမယ်၊ ဒီလို ထိုင်ရမယ်, ဒီလို ဖြစ်ရမယ်၊ ဒါတွေ အကုန်လုံး ဗိဿနိုးနတ်မင်းကြီးက ဖန်ဆင်းလိုက်တာ။

{တန်ခိုးကြီးမား, နတ်ဘုရားတို့, ပေးစားဖန်ဆင်း, ဖြစ်တုံလျင်းဟု} ဘယ်သူနဲ့ ဘယ်သူ ရတယ်ဆိုတာလဲ အဲဒီနတ်, ဖူးစာနတ်က ဖန်ဆင်းပေး လိုက်တာ, သိဝနတ်က ဖန်ဆင်းပေးတာ,ဖူးစာအတိုင်းပေါ့အေ။

ဘယ်ဟုတ်မလဲ , ဉာဏ်, ဝီရိယနဲ့ သွားနေတာ၊ အကုန်လုံး ဖန်ဆင်းတဲ့ သူချည်း, ယုံကြည်နေတယ်တဲ့၊ လူပြိန်းတွေ, လူအတွေပါ။

{အန္ဓဗာလ, လူ့ ထိုမျှတို့, ကမ္မဝီရိယ, မယုံကြဘူး၊ သိဝမဟေ, ပရမေသွာ, ဗြဟ္မာ ဗိဿနိုး, ကမ္ဘာစိုးနှင့်၊ တန်ခိုးကြီးမား, နတ်ဘုရားတို့, ပေးစား ဖန်ဆင်း, ဖြစ်တုံလျင်းဟု, ချွတ်ယွင်းသမှု, အမှားရှုသည် တောင်သူ့ ယူလေ့ ယူလာတည်း}။

သာဓု, သာဓု, သာဓု။

ဘာသာခြားလဲ ရှေးကံရှိခြင်း။ ။ ဒီတော့ တရားဟာ ပြီးတော့ ပြီးနိုင်တယ်၊ မနေ့က စကားပြောကြတယ်၊ စကားပြော တော့ နိုင်ငံကြီးတွေမှာ ဗုဒ္ဓဘာသာလဲ မဟုတ်၊ တချို့များ သူဌေးကြီးတွေဟာလေ တစ်နေ့သုံးလိုက်တဲ့ အသုံးစရိတ်ဟာ ဒီမြန်မာနိုင်ငံက သူဌေးတွေ တစ်သက်လုံး စားလောက် သုံးလောက်တယ် မြန်မာနိုင်ငံရဲ့ ပစ္စည်းရှိတဲ့ သူဌေးတွေနဲ့ တစ်သက်လုံး စားလောက်တဲ့ စည်းစိမ်ကို တစ်နေ့တည်း သုံးပစ်တာပဲ၊ အဲဒါလောက် ပေါတယ်တဲ့။

ဒါ ဗုဒ္ဓဘာသာ မဟုတ်ဘူးတဲ့၊ ဒီတော့ ဗုဒ္ဓဘာသာနိုင်ငံဟာ အညံ့ဆုံး ဖြစ်နေတယ်၊ သီဟိုဠ်တို့,လာအိုတို့,ကမ္ဗောဒီးယားတို့,ယိုးဒယားတို့,မြန်မာနိုင်ငံတို့ ဒီနိုင်ငံကလေးတွေ ဗုဒ္ဓဘာသာနိုင်ငံက လူတွေဟာ အညံ့ဆုံးဖြစ်နေကြတယ်တဲ့၊ ဒါ ဘယ့်နှယ် အဓိပ္ပာယ်တုန်းတဲ့။

{ဟာ-ဟုတ်တယ်}လို့ စိတ်ထဲက ဇဝေဇဝါ ဖြစ်စရာပါပဲ၊ နိုင်ငံကြီးတွေက သူဌေးကြီးတွေ ရှေးကံပြုတုန်းက ဘယ်လို ပြုခဲ့ကြတယ်ဆိုတာ စဉ်းစားကြည့် လိုက်ပါလေ၊ စဉ်းစားကြည့်တော့ ရှေးကံပြုတုန်းက သူတို့လဲ ကံရှိမှာပေါ့၊ ဗုဒ္ဓဘာသာ မဟုတ်ဘူးတဲ့၊ အိုဘုန်းကြီးက ပြောချင်လိုက်တာ၊ ဘုရားအလောင်း ပါရမီဖြည့်တုန်း ဗုဒ္ဓဘာသာဖြစ်နဲ့ ဖြည့်တဲ့ဘဝ ဘယ်နှစ်ဘဝများ တွေ့ခဲ့ဖူးတုန်း၊ ကဲဇာတ်ကြီးဆယ်ဘွဲ့ကို အကြမ်းစား စဉ်းစားကြစို့။

တေမိမင်း ဗုဒ္ဓဘာသာဘဝ မဟုတ်ဘူး၊ ဘုန်းကြီး မဟုတ်ဘူး၊ တေမိမင်း, မဟာဇနကမင်း ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ သူတို့ ကုသိုလ်တွေ သူတို့ ပြုသွား တာပဲ၊ ဇနကမင်းကလဲ ကုသိုလ်တွေ ပြုသွားတာပဲ၊ ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ တေမိမင်းကလဲ ကုသိုလ်ပြု, တောထွက် တရားကျင့်, ဈာန်တွေရ, ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ သုဝဏ္ဏသျှံ တောထဲမှာ မေတ္တာနဲ့ နေရှာတာ, ဗုဒ္ဓဘာသာ မဟုတ် ဘူး၊ မိဘလဲ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ အဲနေမိမင်းကြီး, တစ်နေ့တော့ ပြောလိုက်တဲ့ နာရဒဗြဟ္မာမင်းကြီး ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ အကုန်လုံးပေါ့လေ၊ ဝေဿန္တရာ မင်းကို ကြည့်ပါ၊ ဗုဒ္ဓဘာသာဟုတ်ရဲ့လား၊ ဘယ်ဘုန်းကြီးက တရားဟောနေတုန်း၊ သူက ရသေ့တွေ အလှူပေးနေတာပဲ၊ ဘယ်သူကမှ တရား လာမဟောဘူး။

လူတိုင်း ကုသိုလ်ပြုတတ်ခြင်း။ ။ ဒီတော့ကာ လူတွေက ဗုဒ္ဓဘာသာတွေမှ ကုသိုလ်ပြုတတ်တယ်, ဗုဒ္ဓဘာသာ မဟုတ် ရင် မပြုတတ်ဘူးဆိုတော့ ဘုရားလောင်း ပါရမီဖြည့်တာတွေဟာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ဘဝချည်း များတယ်၊ ဘုရားအလောင်း လေးသချေနှင့် ကမ္ဘာတစ်သိန်း ထဲမှာ နှစ်ကျိပ်လေးဆူပဲ ဘုရားပွင့်တယ်၊ ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာ ၂၄_ခါသာ ပေါ်ခဲ့တယ်၊ ကျန်တဲ့အချိန်တွေ ဗုဒ္ဓဘာသာ ခေတ်ကို မဟုတ်ဘူး၊ အဲဒီ အတောအတွင်းမှာ ဘုရားအလောင်းတွေ ပါရမီဖြည့်တော်မူလိုက်ကြတာ၊ ဒီတော့ ဒီအချက်ကလေးကို ပထမဆုံး နားလည်ပါစေ။

ဒီတော့ကာ ဟို ခုနက သူဌေးကြီးတွေ ဗုဒ္ဓဘာသာမဟုတ်ပေမယ့် သူတို့လဲ သူတို့နည်း သူတို့ဟန်နဲ့၊ အင်း_လွန်ခဲ့တဲ့ ဖြစ်လေရာ ဘဝတုန်းက ကုသိုလ်တွေ ဖြစ်မှာပေါ့၊ သေခါနီးကျတော့ နိမိတ်ထင်မှာပေါ့၊ နိမိတ်တွေ ထင်တဲ့အခါကျ တော့ အမျိုးမျိုးသော ကံကြောင့် တချို့က ခုနက ပေါများတဲ့ နိုင်ငံမှာ သွားပြီး တော့ ပဋိသန္ဓေ နေကြမယ်၊ ဟို အဖေက သူဌေးလေ, အမေက သူဌေးလေ, သူတို့ကျတော့ သူဌေး၊ ဘာပြောစရာရှိတုန်း၊ ဗုဒ္ဓဘာသာနဲ့ ဘာဆိုင်တုန်း၊ ဗုဒ္ဓဘာသာနဲ့ ဘာမှ မဆိုင်ဘူး၊ အဖေက သူဌေးနဲ့, အမေက သူဌေးနဲ့သာ ဆိုင်တယ်, နိုင်ငံကြီးနဲ့သာ ဆိုင်တယ်၊ အဲဒါနဲ့ သူတို့ သုံးမကုန်အောင် ပေါကြတယ်။

သုံးလို့ကို မကုန်နိုင်အောင် ပေါတော့ကာ လူတွေက သုံးချည်းပစ်နေသလား ဆိုတော့ သုံးလို့ကို မကုန်နိုင်တော့ ဆေးရုံတွေ တည်ဆောက်ကြတယ်၊ (ကံက, ကံက,ကံက၊) ဆေးရုံတွေ တည်ဆောက်ကြတယ်၊ သူတို့ ပိုက်ဆံကြောင့် ဆင်းရဲတဲ့သူတွေ ကျန်းမာ ချမ်းသာစေချင်လိုက်တာ, {မေတ္တာ ကရုဏာ} ကြီးမားလိုက်တာ၊ (ကံက,ကံက,ကံက၊) စာသင်ကျောင်းတွေ တကတည်း ထူးထူးခြားခြား သင်နိုင်အောင်လို့မို့ စာသင်ကျောင်းတွေ ထောက်ပံ့ပေးနေတယ်၊ မရှိဆင်းရဲတဲ့သူတွေ ကြက်ခြေနီအသင်းဆိုပြီး တကတည်း ငွေတွေထည့်ပြီး တော့ ထောက်ပံ့ပေးနေကြတယ်၊ ဆေးရုံတွေ ဆောက်တယ်, စာသင်ကျောင်းတွေ တည်တယ်၊ မရှိဆင်းရဲတဲ့သူတွေ, နိုင်ငံတွေကို ကြီးပွားအောင်ကို ထောက်ပံ့ ပေးနေတယ်၊ နည်းတဲ့သတ္တိတွေလား, နည်းတဲ့ ကံတွေလား။

ဒီလူတွေက ရှေ့ကို တက်ကြဦးမယ်, ရှေ့ကို တိုးကြပါဦးမယ်၊ အကယ်၍ များ အရိမေတ္တေယျ မြတ်စွာဘုရားလက်ထက်မှာ သူတို့က လူအဖြစ်နဲ့ဆိုလို့ ရှိရင် ဘုရားဆီ ရောက်ကြပါဦးမယ်၊ ဘုရားဆီ ရောက်တဲ့အခါကျတော့ သစ္စာ လေးပါး တရားကို နာကြရဦးမယ်။

ဒီ လူတွေ, ဒီ ဉာဏ်ရှိတဲ့ လူတွေ နာတော့ကာ ကျွတ်တန်းဝင်ချင်လဲ ဝင်သွားမယ်၊ ဒါမှ မဟုတ်, နောက် ဘုရားလက်ထက် ကျွတ်တန်းဝင်ဖို့ရန် အထောက်အပံ့ ကောင်းကောင်းကြီး ရသွားကြပါလိမ့်မယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာ ဆိုပြီးတော့ စိတ်ကြီးဝင်မနေကြပါနဲ့, ကောင်းကောင်း နေကြဖို့ အရေးကြီးပါ တယ်၊ ဗုဒ္ဓဘာသာဆိုပြီးတော့ အမှတ်တမဲ့ နေရင်တော့ တခြားလူတွေက ဘုန်းကြီးတို့ အပေါ်မှာ ကျော်ပြီးရင်း ကျော်ရင်း သွားကြပါလိမ့်မယ်။

နိုင်ငံ ငယ်ငယ်ကလေးတွေမှာ ဗုဒ္ဓဘာသာ ဖြစ်နေတာကတော့ နိုင်ငံငယ် ကလေးတွေက စားစရာတွေ ရှိတယ်, စားစရာလေးတွေ ရှိတယ်၊ ပြီးတော့ ဘုန်းကြီးတွေက စားစရာကို မှီပြီးတော့ ဘုန်းကြီးတွေ ဖြစ်ရတယ်၊ အဲဒီ ဘုန်းကြီးတွေက ဟောပြောပြီးပေးတော့မှ သူတို့က အသိဉာဏ်တွေ ရင့်ကျက် ပြီးတော့ လာခဲ့တယ်။

ရှင်အရဟံ ကျေးဇူး။ ။ နဂိုတုန်းက မြန်မာနိုင်ငံရဲ့ အသိဉာဏ်ဟာ လှမ်းပြီး တော့ ကြည့်စမ်း၊ အရည်းကြီးတွေ လက်ခံပြီး နေကတည်းကိုက မြန်မာနိုင်ငံ ဘယ်လောက် ညံ့နေတုန်း၊ အရည်းကြီးတွေကို လက်ခံရမှာ မဟုတ်ဘူး၊ အရည်းကြီးတွေကို မောင်းထုတ်ရမှာ၊ အဲဒါကို ရှင်ဘုရင်နှင့်တကွ အရည်းကြီးတွေ လက်ခံလာကတည်းကိုက မြန်မာနိုင်ငံရဲ့ အသိဉာဏ်က ဘယ်လောက် ညံ့နေတုန်း၊ ရှင်အရဟံသာ မလာလို့ရှိရင် မြန်မာနိုင်ငံက သိတဲ့ အသိဉာဏ် ညံ့ပါတယ်၊ ရှင်အရဟံ ကြွလာပြီးတော့ ဗုဒ္ဓ တရားတော်တွေ ပါလာလို့ ဒီ အခြေအနေ, ဒီ အရည်အချင်းတွေကို မြင်ရတာ ပါ၊ အကယ်၍များ ဗုဒ္ဓဘာသာ မဖြစ်လို့ရှိရင်, ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ မပါလာလို့ရှိရင်တော့ မြန်မာနိုင်ငံ အခုထိ သည်ထက် ညံ့ပါဦးမယ်၊ အဲဒါလေး နားလည်ကြပါ။

ဗုဒ္ဓဘာသာကို မလဲ နိုင်ကြောင်း။ ။ ဒါပေမယ့် ဘုန်းကြီးက ဗုဒ္ဓဘာသာ ဖြစ်ရ တာကနေပြီး ဘာနဲ့မှ မလဲဘူး၊ ဟိုက သူဌေးစည်းစိမ်တွေနဲ့ မလဲပါဘူး၊ အစားတော့ ဆင်းဆင်းရဲရဲနဲ့ စားရတာ ဟုတ်ပါတယ်၊ ပဲကြော်လေးတွေနဲ့ စားနေရတောင်မှ ဟို သူဌေးစည်းစိမ်တွေနဲ့ မလဲပါဘူး၊ အဲ ဘုန်းကြီးတို့ တစ်သက်လုံး သုံးတဲ့ အသုံးကို သူတို့က တစ်နေ့ တောင် မသုံးလောက်သေးဘူး၊ ဒါပေမယ့် မလဲဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဘုန်းကြီးတို့က{ဇာတိပိ ဒုက္ခာ, ဇရာပိ ဒုက္ခာ, ဗျာဓိပိ ဒုက္ခော, မရဏမ္ပိ ဒုက္ခံ} မြင်နေပြီလေ၊ ပဋိသန္ဓေ နေရတဲ့ဒုက္ခ, ကြားနေပြီလေ, ကြားနေပြီလေ, သိနေ ပြီလေ၊ အိုရတဲ့ ဒုက္ခ, နာရတဲ့ ဒုက္ခ ဒါတွေ သိနေပြီလေ။

သူတို့က မသိ တသိ၊ သိလဲ သိပ်အရေးမကြီးဘူး၊ ဒုက္ခ မဖြစ်အောင် သူတို့က ကြိုးစားပေးနေတယ်လေ၊ ချစ်တဲ့သူတွေနဲ့ ကွဲပြီးနေရတဲ့ ဒုက္ခ, မုန်းတဲ့သူတွေနဲ့ အတူနေရတဲ့ ဒုက္ခ၊ ဘုန်းကြီးတို့က ဒါတွေ တွေးပြီးတော့ သိရတော့ သံသရာကြီးထဲမှာ ကြာရှည်နေလို့ မကောင်းဘူးလို့ ငြီးငွေ့နေတဲ့ ဉာဏ်ကလေး ရလာတာက သူတို့ထက် မသာဘူးလား၊ သူတို့ ဘယ်တော့မှ တစ်သက်လုံး ဒီဉာဏ်မျိုး မဖြစ်ဘူး၊ ဘုန်းကြီးတို့က မကြာခဏ ဖြစ်တယ်၊ ဒီ ဉာဏ်က သာလာပြီနော်။

ငရဲ,တိရ စ္ဆာန်,ပြိတ္တာ ရှိတယ်လို့ ဆိုတာကို ဗုဒ္ဓမြတ်စွာ ဟောတော်မူတယ်၊ ယုတ္တိယုတ္တာတွေနဲ့ စဉ်းစားကြတယ်၊ ဟုတ်တယ်, ရှိထိုက်တယ်၊ တိရ စ္ဆာန်တွေ ဆိုတာ ရှိထိုက်တယ်၊ သူ့ကံကြောင့် သူဖြစ်လာတာ၊ ဒါတွေ ဘုန်းကြီးတို့က ယုံကြည်တယ်၊ သူတို့က မယုံကြည်ဘူး၊ ငရဲရှိတယ်ဆိုတာကို သူတို့က မယုံ ကြည်ဘူး၊ ယခု တစ္ဆေတို့ ဘာတို့ နည်းနည်းလေး ယုံလာကြပြီ၊ ယုံတာလဲ ယောင်ယောင်ဝါးဝါးနဲ့၊ ဘာတွေမှန်း မသိဘူး၊ ခုထိ စာတွေ ရေးကြပြီ, ဖတ်ကြပြီ၊ တစ္ဆေတွေ ရှိနေပြီ၊ သူတို့ ဆွေတွေ မျိုးတွေ တစ္ဆေဖြစ်တာလဲ သူတို့ စာဖတ်ရပြီ။

ဒါလဲ ဘာတွေတုန်း၊ ခုမှ ဘာတွေတုန်း ရှိသေးတယ်၊ သူတို့က ကကြီး ခခွေး ရှိသေးတယ်၊ ဒီနေရာမှာ ဘုန်းကြီးတို့က မဂလသုတ်တွေ ရောက်ကုန်ပြီ၊ ဒီ အသိကျတော့ မဂလသုတ်တွေ ရောက်ကုန်ပြီ၊ ပဋ္ဌာန်းတွေ ရောက်လာပြီ၊ ဒီအသိကျတော့ သူတို့ဟာ ခုမှ ကကြီး ခကွေး ရှိသေးတယ်၊ အံမယ်, ဒီလိုက် လာမှာ, ဒီလိုက်လာမှာ မသေဘဲနဲ့ စောင့်နေ၊ ဘုန်းကြီးတို့က စောင့်နေချင်လိုက် တာ, လိုက်လာမှာ၊ ဘုန်းကြီးတို့နောက် လိုက်လာမှာ၊ ဒါတွေ လိုက်လာလိမ့်မယ်၊ သူတို့က ကကြီး ခခွေး၊ တစ္ဆေ ရှိတယ်, တစ္ဆေ ရှိတယ်၊ သေသွား, ဟိုဖက် ဘဝမှာ၊ အင်း-ပြောနေတဲ့နောက် ကကြီးရေး ကတို့ နည်းနည်း တက်လာပြီ, နည်းနည်း တက်လာပြီ၊ ဒီက ပဋ္ဌာန်းရောက်နေပြီ, ဒီက ပဋ္ဌာန်းရောက်နေပြီ၊ အဲဒီမှာ ဘုန်းကြီးတို့က သူတို့နဲ့ ကွာသွားပြီ။

တစ်ခါ ကုသိုလ်ပြုတဲ့ အခါကျတော့ နိဗ္ဗာန်က ရှိနေပြီလေ, နိဗ္ဗာန်ရှိနေတော့ သူတို့က ဆေးရုံကြီးတွေ ဆောက်တယ်၊ နိဗ္ဗာနပစ္စယော မပါဘူး၊ ကံတော် ကံငြား ဘုရားနဲ့ နောက်ထပ် တွေ့ရဦးမယ်၊ ဘုန်းကြီးတို့က ဆွမ်းကလေး လောင်းတာတောင် မနက်က နိဗ္ဗာနပစ္စယော ဟောတုနော်၊ နိဗ္ဗာန်ကို မှန်းနော်, နိဗ္ဗာန်ကို မှန်းနော်၊ နိဗ္ဗာန်ဆိုတာဟာ ဘုရား ပရိနိဗ္ဗာန်စံတဲ့ နိဗ္ဗာန်, အရှင် သာရိပုတ္တရာ, အရှင်မောဂ္ဂလ္လာန်တို့ ပရိနိဗ္ဗာန် စံတော်မူတဲ့ နိဗ္ဗာန်၊ တို့လဲ အဲဒီ နိဗ္ဗာန်ကို နောက်ဆုံး ရောက်ရမယ်လို့ ဒါလေး သိထားတယ်။

သူတို့ အဲဒီလို မသိကြဘူး, သူတို့ မကြားဖူးဘူး, ခု သူတို့ ဒီလို မသိဘူး၊ သူတို့က နေ့တိုင်း သုံးချင်းတာ သုံးနေလေ, အကောင်း စားချင်တာ စားနေ လေ၊ ဒီ အသိမျိုး မသိဘူး၊ ဘုန်းကြီးတို့က နိဗ္ဗာန်ကိုလဲ သိနေတယ်၊ နိဗ္ဗာန် ရောက်ရပါလိုရဲ့, နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလိုရဲ့၊ နိဗ္ဗာနပစ္စယော ဟောတု, နိဗ္ဗာနပစ္စယော ဟောတု၊ ဘုန်းကြီးတို့က အဆင့်အတန်းတွေ သိပ်ပြီး မြင့်တာပဲ၊ ဒီမြင့်တဲ့ အဆင့်အတန်းကို ဘုန်းကြီးတို့က ထပ်ပြီးတော့ ကိုယ်တိုင် တကယ့် ပီပီသသ သူတော်ကောင်းဖြစ်အောင် ကြိုးစား, အကုသိုလ်တွေ ရှောင်ပြီးတော့ ဒီလို နေနိုင်ကြလို့ရှိရင် သူတို့လို မသုံးနိုင်ပေမယ်လို့, သူတို့လို မစားနိုင်ပေမယ်လို့ တရားအသိဉာဏ် ရနေတော့ သူတို့ထက် အရင်ပဲ နိဗ္ဗာန်ကို မြင်မယ့်ပုဂ္ဂိုလ်တွေ ဖြစ်လို့မို့ ဝမ်းမြောက်စရာကြီး အင်မတန် ကောင်းပါတယ်၊ ဒါကြောင့် ပဋ္ဌာန်းတရားတော်နဲ့ စပ်ပြီးတော့ သိစရာတွေ အများကြီး သိလာ ကြပြီလေ။

အဲဒီ သိတာကို အကြောင်းပြုပြီး သကာလ, မိမိတို့ ကိုယ်တိုင် စိတ်နေ စိတ်ထားတွေကို ပြုပြင်ပြီးတဲ့ သကာလ ဝီရိယ ရှိရှိနဲ့ နေနိုင်အောင် ကြိုးစားကြပါ။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တ နယ, သမန္တပဋ္ဌာန်း,ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

ဒသမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

ဒသမနေ့

၁၃၃၅-ခုနှစ်၊ တန်ခူး လဆုတ် ၁-ရက။် ၁၉၇၃-ခုနှစ်၊ ဧပြီလ ၁၈-ရက။် (ဗုဒ္ဓဟူးနေ့) ၁၅။ အာဟာရပစ္စယော (အာဟာရပစ္စည်း)

အာဟာရပစ္စယော တရားတော်များကလဲ ချဲ့ထွင်ပြီးတော့ ကြည့်ပြီဆိုလို့ ရှိရင် သူ့အခန်းနဲ့, သူ့အခန်းနဲ့၊ သိစရာတွေ များလွန်းလို့ မပြီးနိုင်ဘူး၊ ဒါပေမယ့် အင်း-နေက တဖြည်းဖြည်း ပူလာတယ်၊ ဒီတော့ မပြီးလို့ မဖြစ် တော့ဘူး၊ ရက် နည်းနည်းကလေး စေ့အောင် ပြောပြီးရင်တော့ တော်မှဖြစ်မယ်။

အာဟာရပစ္စယောတိကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။

အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။

ကဗဠီကာရော-ထမင်းလုတ်, ဟင်းလုတ် စသည်တို့၌ပါသော၊ အာဟာရော- အဆီ ဩဇာဟူသော အာဟာရသည်၊ ဣမဿ ကာယဿ-ဤခန္ဓာကိုယ် ကာယ ရုပ်အပေါင်းအား၊ အာဟာပစ္စယေန-အာဟာရပစ္စယသတ္တိဖြင့်၊ ပစ္စယောကေ ျးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

အရူပိနော - နာမ် ဖြစ်ကုန်သော၊ အာဟာရာ - အာဟာရတို့သည်၊ သမ္ပယုတ္တာကာနံ-သမ္ပယုတ် ဖြစ်ကုန်သော၊ ဓမ္မာနံ-တရားတို့အားလည်းကောင်း၊ တံသမုဋ္ဌာနံ-ထိုအာဟာရဟူသော ဖြစ်ကြောင်းရှိကုန်သော၊ ရူပါနဉ္စ-ရုပ်တရား တို့အားလည်းကောင်း၊ အာဟာရပစ္စယေန-အာဟာရပစ္စယသတ္တိဖြင့်၊ ပစ္စယောကေ ျးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

အာဟာရ နှစ်မျိုး။ ။ အာဟာရ နှစ်မျိုး ရှိတယ်၊{ရုပ်အာဟာရ,နာမ်အာဟာရ} ရုပ်အာဟာရကလဲ ဒီခန္ဓာကိုယ်ကြီးကို ကျေးဇူးပြုပြီး တော့ နေတယ်၊ နာမ်အာဟာရကလဲ စိတ်စေတသိက်တွေကို ကျေးဇူးပြုပြီး တော့ နေတယ်၊ အာဟာရလို့ ဆိုတဲ့အတိုင်း အစာသဘောမျိုးကို၊ ရုပ်အာဟာရ ကျတော့ တကယ့်ကို အစာပါပဲ၊ ဒီအာဟာရပစ္စည်းကို ရှေးဆရာတော်များက ပြိုမယ့်အိမ်ကို ထောက်ထားတဲ့ ကျားသဘောမျိုး, ကျားနဲ့ ဥပမာတူတယ်လို့ အဓိပ္ပာယ် ပြောကြတယ်။

ထောက်ကျားပမာ။ ။ အိမ်ကြီးထဲက ထောက်ကန်ထားတဲ့ ကျားမရှိရင် ပြို တော့မယ်၊ ခန္ဓာကိုယ်မှာလဲ ခုနက ရုပ်အာဟာရလို့ ဆိုတဲ့ အစာအာဟာရ ထောက်ကျားမရှိရင် မတည်နိုင်ပါဘူး၊ ယခု နွေအခါမှာပဲ အစာ နည်းနည်း နည်းနေပြီဆို အားလျော့ အားနည်းလာကြတယ်၊ စားဖြစ်အောင် ကြံဖန်ပြီးတော့ စားကြရတယ်။

ဘုန်းကြီးတို့လို, ဥပုသ်သည်တို့လို ဆိုတာက ညနေစာ မစားရတော့ကာ လေနာတယ်၊ သာပြီးတော့ လျော့ရဲတယ်၊ ရုပ်ခန္ဓာကြီးဟာ လျော့ရဲတော့ကာ ဒီဟာကို မနက် အစာကလေး ဘာကလေး စားပြီးတော့မှ နည်းနည်း တောင့် တောင့်တင်းတင်း ဖြစ်လာတယ်၊ တောင့်တောင့်တင်းတင်း ဖြစ်လာတော့ကာ ဒီတစ်ကိုယ်လုံး တောင့်တောင့်တင်းတင်း ဖြစ်လာတယ်၊ အံ့ဩစရာ, အံ့ဩစရာ၊ စားလိုက်တာကတော့ ဒီ အစားအစာ တစ်မျိုးတည်းရယ်၊ တကယ်ဆိုတော့ အစာနှင့်ဆိုင်ရာ ရုပ်တစ်မျိုးသာ တောင့်တင်းဖို့ ကောင်းတယ်၊ မဟုတ်ဘူး၊ ကံကြောင့်, စိတ်ကြောင့်, ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေဟာ အကုန်လုံး တောင့်တင်း လာတယ်၊ ဒီ အာဟာရက ကျေးဇူးပြုလိုက်တော့ ဒါ လက်တွေ့ပဲ၊ ဘုန်းကြီး ကိုယ်တိုင်ပဲ ထိန်းပြီးတော့ နွေအခါ နေရတယ်။

အင်မတန် ပူနေပြီ၊ အစားအသောက်လဲပဲ သင့်တော်သလို ဖြစ်နေတော့ကာ စားရတယ်, ကြံဖန်ပြီးတော့ စားရတယ်၊ စားလိုက်ပြီးလို့ နည်းနည်းပါးပါး အရည်လေး ဘာလေး သောက်လိုက်ပြီ ဆိုလို့ရှိရင် ယခု တရားဟောနိုင်လောက် အောင် ရုပ်ပါ တောင့်တင်းလာတယ်။

ဒါကြောင့် ရှေးဆရာတော်များကလေ_

အာဟာရပစ္စယော-မယိမ်းမယိုင်, ခိုင်စေသောအား, ထောက်သည့် ကျားသို့, နှစ်ပါးရုပ်နာမ်, သဟဇံနှင့်, လေးတန်ကြောင်းအင်, ရုပ် အစဉ်ကို, မပြိုမကျ, မလဲရအောင်, ထောက်ပံ့သောအား, ကျေးဇူးများ သော, နာမ်အာဟာရသုံးပါး, ဩဇာဟူသော ရုပ်အာဟာရပစ္စည်း တရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါပေသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေ တော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော် မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုး ကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

ဒီအထဲ သိဖို့ကောင်းတာက ခန္ဓာကိုယ်ထဲမှာ ရုပ်အစဉ်တွေ ဘယ်လိုများ ဖြစ်နေကြလဲ၊ သိဖို့ ကောင်းတယ်၊ ကံကြောင့်ဖြစ်တဲ့ ရုပ်အစဉ်တွေ ဒီခန္ဓာ ကိုယ်ထဲမှာ, စိတ်ကြောင့်ဖြစ်တဲ့ ရုပ်အစဉ်တွေ ဒီ ခန္ဓာကိုယ်ထဲမှာ, ဥတုကြောင့်ဖြစ် တဲ့ ရုပ်အစဉ်တွေ ဒီ ခန္ဓာကိုယ်ထဲမှာ, အာဟာရကြောင့်ဖြစ်တဲ့ ရုပ်အစဉ်တွေ ဒီ ခန္ဓာကိုယ်ထဲမှာ။

ဣန္ဒကဘီလူး အမေး၁။ ။ ဒါကြောင့် ကံ, စိတ်, ဥတု, အာဟာရ ဆိုတဲ့ အကြောင်းတရား လေးပါးက ပြုပြင်ထားတဲ့ ရုပ်ခန္ဓာကြီးပဲလို့ ပြောစမှတ် ပြုနေကြတယ်၊ ဒီဟာနဲ့ စပ်ပြီးတော့ စဉ်းစားစရာ တစ်ခုရှိတယ်၊ ဣန္ဒကဘီလူး, သာမန်ဘီလူး မဟုတ်ပါဘူး၊ အသိဉာဏ်လဲ ရှိပါတယ်၊ ထိုက်သင့်သလောက် တန်ခိုးလဲ ရှိပါတယ်၊ အဲဒီ ဣန္ဒကဘီလူးရဲ့ ယူဆပုံလေးဟာ ဘုန်းကြီးတို့ လူကြီးလူကောင်းခေါ်ခေါ် ဘာခေါ်ခေါ် ဒီလို လူတွေ အယူ မှားနေပုံကလေးတွေ ဘုန်းကြီးတို့အတွက် မဆန်းဘူးလို့ဆိုတာ ဖြစ်လာတယ်၊ ဣန္ဒကဘီလူးဟာ ဘီလူးညံ့ မဟုတ်ပါဘူး၊ ဒါပေမယ့် သူ အယူမှားနေတယ်။၁။ သ-ံ ၁၊ နှာ-၂၀၈။ သံ, ဋ္ဌ-၁၊ နှာ-၂၇၄-၂၇၆။

ရူပံ န ဇီဝန္တိ ဝဒန္တိ ဗုဒ္ဓါ။

ဗုဒ္ဓါ-ဘုရားရှင်တို့က၊ ရူပံ-ရုပ်ခန္ဓာကြီးကို၊ န ဇီဝန္တိ-အသက်,ဇီဝ,အတ္တ မဟုတ်ဟူ၍၊ ဝဒန္တိ-ဟောပြောတော်မူကြကုန်၏တဲ့။

ဗုဒ္ဓဘုရားရှင်တို့က ဒီ ရုပ်ခန္ဓာကြီးမှာ အတ္တမဟုတ်ဘူး၊ အသက်ကောင် ဝိညာဏ်ကောင်ဆိုတဲ့ အကောင် မဟုတ်ဘူးလို့ ဟောပြောတော်မူကြတယ်တဲ့။

ဒီလိုဆိုရင် ကထံ နွယံ ဝိန္ဒတိ မံ သရီရံ။

အယံ-ဤသတ္တဝါသည်၊ ဣမံ သရီရံ-ဤ ခန္ဓာကိုယ်ကြီးကို၊ ကထံ ဝိန္ဒတိ နု-အဘယ်ပုံ အဘယ်နည်းဖြင့် ရနိုင်ပါသနည်း။

ဒီ ဝမ်းထဲမှာ, အမိဝမ်းထဲမှာနေတုန်း ဒီ ခန္ဓာကိုယ်ကြီး ဘယ်လို လုပ်ရ မှာတုန်း၊ သူကတော့ အတ္တဆိုတဲ့ အကောင်က ပြုပြင်ပေးလို့ ဒီ ခန္ဓာကိုယ်ကြီး ပေါ်နေတာ၊ ဒီလို မဟုတ်ရင် ဒီ ခန္ဓာကိုယ်ကြီး ဘယ်လိုလုပ်ပြီး ရနိုင်မှာတုန်း။

ကုတဿ အဋ္ဌိယကပိဏ္ဍမေတိ။

အဿ-ထိုသတ္တဝါအား၊ အဋ္ဌိယကပိဏ္ဍံ-အရိုးအသား အပေါင်းသည်၊ ကုတော-အဘယ်မှ၊ ဧတိ-ဖြစ်ပေါ်၍လာနိုင်ပါအံ့နည်း။

ဒီ အတ္တက မပြုမပြင်ဘဲနဲ့ ဆိုရင်တော့ ဒီ အသားတွေ, ဒီ အရိုးတွေ ဘယ့်နှယ်လုပ်ပြီး ဖြစ်ပေါ်လာမှာလဲ၊ ဒီ အတ္တကလေးက ပြုပြင်ပေးနေလို့, ဒီ အတ္တကောင်ကလေးက အမိဝမ်းထဲမှာ ပြုပြင်ပေးနေလို့, ဒီ အသားတွေ, ဒီ အရိုးတွေ ရတာပေါ့၊ အတ္တ မရှိဘဲနဲ့ဆိုရင် ဘယ့်နှယ်လုပ် ရနိုင်မှာတုန်း။

ကထံ နွယံ သဇ္ဇတိ ဂဗ္ဘရသ္မိံ။

အယံ-ဤ သတ္တဝါသည်၊ ဂဗ္ဘရသ္မိံ-စားလိုက်သမျှ, အစာအာဟာရလျှင်, မွမွချေလိုက်, အမိဝမ်းတိုက်၌၊ ကထံ သဇ္ဇတိ နု-အဘယ်ပုံ အဘယ်နည်းဖြင့် တည်တံ့၍ နေနိုင်ပါသနည်း။

အတ္တဆိုတဲ့ ကောင်ကလေးသာ, အတ္တဆိုတဲ့ အမာခံ အကောင်ကလေးသာ မရှိဘူး ဆိုရင်တော့ ဒီ ရုပ်ခန္ဓာကိုယ်ကြီးဟာ ဘယ့်နှယ်လုပ်ပြီးတော့ အမိ ဝမ်းထဲမှာ နေနိုင်ပါ့မတုန်းလို့၊ သူတို့အယူက အတ္တဆိုတာ အမာခံ အကောင် ကလေး အသက်ကောင်ကလေး ဖြစ်တယ်၊ ဒီ အသက်ကောင်ကလေး ဒီ ခန္ဓာ ကိုယ်ထဲမှာ ရှိတယ်၊ အမိဝမ်းထဲမှာ အတ္တဆိုတဲ့ အမာခံကောင်,အသက်ကောင်, ဝိညာဏ်ကောင် မရှိဘူးဆိုရင် ဒီ ရုပ်ခန္ဓာကိုယ်ကြီး ဘယ့်နှယ်လုပ်ပြီးတော့ အမိဝမ်းထဲ နေနိုင်ပါ့မတုန်း။

ဘာပြုလို့၊ ဂဗ္ဘရသ္မိံ-စားလိုက်သမျှ, အစာအာဟာရလျှင်, မွမွကျေလိုက်, အမိဝမ်းတိုက်၌၊ ကထံ သဇ္ဇတိ နု-အဘယ်ပုံ အဘယ်နည်းဖြင့် တည်တံ့၍ နေနိုင်ပါသနည်း၊ ဟို-အမိဝမ်းတိုက်မှာ စားလိုက်တာ, ဒီက မာမာတောင့်တောင့် တွေ စားလိုက်တာ၊ အဲဒါတွေ ကြေသွားတာပဲ, ကြေသွားတာပဲ, အမိဝမ်းထဲမှာ၊ အား-တော်တော်ကြာကြာ အစာမကြေနိုင်တဲ့ဟာ အမိဝမ်းထဲမှာ ကြေသွားတာပဲ။

ဒီတော့ကာ အတ္တ မဟုတ်လို့ရှိရင် ဒီ ရုပ်ခန္ဓာကြီး အမိဝမ်းထဲမှာ ဘယ့်နှယ်မှ တည်နိုင်စရာ မရှိဘူး၊ ကြေမွသွားမှာ, ကြေမွသွားမှာ၊ ဘာပြုလို့တုန်း၊ ဒီ ဝမ်းထဲမှာ ဝမ်းမီးတွေက သတ္တိရှိတယ်၊ အင်မတန် ပူပြင်းတယ်၊ ဒီတော့ အတ္တကလေးဟာ သူ့ခန္ဓာကိုယ် တည်တံ့အောင် ပြုပြင်ပြီးတော့ နေလို့မို့ ဒီ အတ္တကလေး မပျက်စီးဘဲနဲ့ ခန္ဓာကိုယ် အကောင်အထည် ပေါ်လာပြီးတော့ သတ္တဝါ တစ်ယောက်အဖြစ်နဲ့ ရောက်လာတာပေါ့။

ဒါ နတ်ဘီလူး၊ သူ့တန်ခိုးနဲ့ နတ်မျက်စိနဲ့ ကြည့်ချင်လဲ ကြည့်နိုင်ပါတယ်၊ ဒီ နတ်ဘီလူးက သာမန်သူတွေထက် ပိုပြီး ထက်မှာပဲ၊ ဒါပေမယ့် မှားလိုက် တာမှ တော်တော်ကို မှားလိုက်တယ်။

အဲဒါ သူမှားတဲ့ဟာ ဗုဒ္ဓမြတ်စွာကို လာပြီးတော့ လျှောက်ပါတယ်၊ ကောင်းလွန်းလို့, ကောင်းလွန်းလို့၊ အာဟာရဇရုပ်နဲ့ စပ်ပြီးတော့ ထည့်ပြောမှ ဖြစ်မယ်၊ ယခုခေတ် ဆရာဝန်များကလဲ သူတို့က ခွဲစိတ်ပြီးတော့ အမိဝမ်းထဲမှာပဲ ရက်ပိုင်းလပိုင်း အချိန်အမျိုးမျိုးမှာ သေကြတဲ့ သူတွေကို ခွဲစိပ်ကြည့်ကြလို့ သိတယ်၊ အတော်များများ သိတယ်၊ ဘုန်းကြီးတို့ကလဲ ဘုန်းကြီးတို့ နည်းလမ်းနဲ့ သူတို့ မသိခင် အချိန်တုန်းကတည်းက လှမ်းပြီးတော့ ပြောနိုင်တယ်၊ သူတို့ မမြင် သေးတဲ့ အချိန်တုန်းက ပြောနိုင်တယ်၊ ဆရာဝန်များသိတာက ပဋိသန္ဓေနေပြီး တဲ့နောက် တစ်သတ္တာဟလောက်တောင်မှ ဆရာဝန်များ ဘယ်နည်းနှင့်မှ နားမလည်နိုင်ဘူး။

ဘုရားရှင် အဖြေ။ ။ အဲ-ဘုန်းကြီးတို့ တရားတော်မှာ ဟောထားတာ ရှိတယ်၊ ဗုဒ္ဓမြတ်စွာက အတ္တမရှိဘူး၊ အတ္တဆိုတဲ့ အကောင် ကလေး မရှိဘူး, အတ္တဆိုတဲ့ အမာခံ မရှိဘူးတဲ့၊ ကံဆိုတဲ့ တရားတော်ကလဲ အင်မတန်မှ သတ္တိရှိတယ်၊ ကံကြောင့် အမိဝမ်းထဲမှာ ပထမဆုံး တည်ရတယ်လို့လဲ မကြာခဏ ဟောတော်မူပါတယ်။

လူတွေ သိနေတာက မိဘနှစ်ပါးရဲ့ သုက်သွေးကြောင့် ဒီ အမိဝမ်းထဲမှာ ဒီ ကိုယ်ကလေး ပေါ်လာတယ်လို့, ဒီလို သိနေကြတယ်၊ အဲ-ဘုန်းကြီးတို့ရဲ့ တရားတော်က မိဘနှစ်ပါးရဲ့ သုက်သွေးက အထောက်အပံ့ကလေးပါ၊ ဒီ မိဘ သွေးသားက ဒီ ကိုယ်ကလေးဖြစ်လာတာ မဟုတ်ပါဘူး။

ခန္ဓာကိုယ် ဖြစ်ပေါ်ပုံ။ ။ ကိုယ်ကလေး ဖြစ်ဖို့ရန် ကြီးကျယ်သော အထောက် အပံ့ ဖြစ်တယ်ဆိုတာကတော့ မှန်တယ်၊ ကိုယ် ကလေး ဖြစ်လာတာကတော့ ပထမနေ့တုန်းက ပြောခဲ့တဲ့အတိုင်း ဟိုဘဝက, လွန်ခဲ့တဲ့ ဘဝက ကံ,ကမ္မနိမိတ်,ဂတိနိမိတ်တွေ ထင်လို့၊ ပဋိသန္ဓေ ဖြစ်ဖို့ရန် ကံ တစ်ခုခုက ရှေးရှုလို့၊ အဲဒါ ကံရဲ့အစွမ်းကြောင့် ခုနက မိဘနှစ်ပါးရဲ့ သွေးသား တည်ရှိတယ်၊ ဆိုပါတော့ သားအိမ်ထဲမှာ ပထမဝိညာဏ်စိတ်ရယ်, စေတသိက် သုံးဆယ်နဲ့သုံးပါး၁လောက်ရတယ်၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ကလာပ် သုံးစည်းရယ်, ဒါပဲ စခဲ့တယ်၊ ဒါ အမိအဘ သွေးသားမဟုတ်ဘူး၊ ခန္ဓာကိုယ်ကလေးရဲ့ အစဟာ ဒီတရားပဲ ပထမဆုံး။၁။ အညသမာန်းစေတသက် ၁၃-သုံးပါး, ဝိရတီ အပ္ပမညာကြဉ်သော စေတသိက် ၂၀-ပါး၊ ပေါင်း ၃၃-ပါး။

ထပ်ပြောရမယ်နော်၊ စိတ်ဝိညာဏ်, စိတ်ဝိညာဏ်နဲ့ အတူဖြစ်တဲ့ စေတသိက်၊ ဆိုပါတော့ သုံးဆယ့်သုံးပါးလောက်၊ ဒါပဲ၊ ဒါ နာမ်တရားခေါ်တယ်၊ ဒီ စိတ်ဝိညာဏ်နဲ့ စေတသိက်ကို နာမ်ခန္ဓာ ခေါ်တယ်၊ ပြီးတော့ ဒီရုပ်ကလာပ်က အထည်ကိုယ် ခန္ဓာကိုယ် ဖြစ်ဖို့ရန် ကာယဒသကကလာပ်, ဒီကလာပ် တစ်ခု ပါတယ်၊ ရုပ် ဆယ်ခုစုနေတဲ့ ကလာပ်တစ်ခုပါတယ်၊ တစ်ခါ စိတ်ဝိညာဏ်ရဲ့ တည်တံ့ဖို့ရန် ဘုန်းကြီးတို့ ဟို-ဝတ္ထုပုရေဇာတနိဿယတို့ ဘာတို့နှင့် ကျေးဇူး ပြုဖို့ရန်, ယခုတော့ သဟဇာတနိဿယနဲ့ ကျေးဇူးပြုဖို့ရန် ဝတ္ထုဒသကကလာပ် တစ်ခု၊ ဟဒယဝတ္ထုပါတဲ့ ရုပ်ဆယ်ခု စုနေတဲ့ ကလာပ်တစ်ခု၊ ပြီးတော့ မိန်းမ ဖြစ်လို့ရှိရင်လဲ မိန်းမနှင့်ဆိုင်တဲ့ ဣတ္ထိဘာဝ ရုပ်ကလာပ်တစ်ခု၊ ယောကျ်ား ဖြစ်လို့ရှိရင်လဲ ယောကျ်ားနှင့်ဆိုင်တဲ့ ပုရိသဘာဝ ရုပ်ကလာပ်တစ်ခု၊ ကာယ, ဘာဝ, ဝတ္ထု ဟောဒီ ကလာပ်သုံးစည်း ရှိတယ်၊ အဲဒီ ပဋိသန္ဓေစိတ်, စေတသိက်, ရုပ်ကလာပ် သုံးစည်းဟာ တစ်ပြိုင်နက် ဖြစ်တာပဲ။

ရုပ်ခန္ဓာကိုယ်ကလေး အဲဒီတုန်းကတည်းက ရုပ်ကလေး ပါလာပြီ၊ ဒါ ကံကြောင့် ဖြစ်တာ၊ အဲဒီ ကံကြောင့်ဖြစ်တာမို့ ယောက်ျားမိန်းမဆိုတဲ့ ခွဲခြား ချက်ဟာ စကတည်းက ကွဲလာခဲ့တယ်၊ ဒါကို နောက်တော့ ပြောမယ်၊ ရှေး ကံက ဘယ်လိုဆိုတာ နောက်မှ ပြောမယ်၊ ဟို-ဣန္ဒြိယပစ္စည်းကျတော့ ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေဆိုတာ ပါဦးမယ်၊ အဲဒီကျတော့မှ ပြောမယ်။

ဒီတော့ ဘုန်းကြီးတို့က ရှင်းလွန်းလို့, သေချာလွန်းလို့၊ အဲဒီ စိတ် စေတသိက်ဆိုတဲ့ နာမ်ခန္ဓာဖြစ်တုန်းကတည်းက ပြောပြီးခဲ့တဲ့ ဟေတုပစ္စယသတ္တိနဲ့ ကျေးဇူးပြုကုန်ကြပြီ၊ အာရမ္မဏပစ္စယသတ္တိနဲ့ ကျေးဇူးပြုကုန်ကြပြီ၊ သဟဇာတ ပစ္စယသတ္တိနဲ့ ရုပ်ခန္ဓာ အချင်းချင်း ကျေးဇူးပြုကုန်ကြပြီ၊ နာမ်ခန္ဓာ အချင်းချင်း ကျေးဇူးပြုကုန်ကြပြီ၊ ရုပ်မှာလဲ ပဲ ခုနက မဟာဘုတ်အချင်းချင်း ကျေးဇူးပြု ကုန်ကြပြီ၊ အညမညပစ္စယသတ္တိနဲ့ ကျေးဇူးပြုကုန်ကြပြီ၊ နိဿယပစ္စယသတ္တိနဲ့ ကျေးဇူးပြုကုန်ကြပြီ။

ဝိညာဏ်ချင်းတူပေမယ့် သတ္တိချင်းမတူ။ ။ဒီတော့ ဘုန်းကြီးတို့က လူတစ်ယောက်နဲ့ တစ်ယောက် ခြားနားချက်ဟာ သိပ်ရှိ တာပေါ့၊ ပဋိသန္ဓေဝိညာဏ် ဖြစ်တုန်းကတည်းကိုက ရှေးကံကြောင့် ဖြစ်ရတယ်၊ ရှေးကံက နံပါတ် ၁-ဆိုရင် ပဋိသန္ဓေဝိညာဏ်က နံပါတ် ၁-ဖြစ်လာတယ်၊ ရှေးကံက နံပါတ် ၂-ဆိုလို့ရှိရင် ပဋိသန္ဓေဝိညာဏ်က နံပါတ် ၂-ဖြစ်လာတယ်၊ အဲဒီလို စသည်အားဖြင့်ပေါ့လေ၊ အမျိုးအစား ကိုးခုလောက် ရှိတယ်၊ အဲဒီ တစ်နံပါတ်,တစ်နံပါတ်မှာဆိုရင်လဲ သတ္တိချင်းတွေ ကွာလိုက်တာ ဒီတရား တွေက, သတ္တိချင်းတွေ ကွာလိုက်တာ ဒီတရား တွေက။

ဗုဒ္ဓမြတ်စွာရဲ့ ဝိညာဏ်တော်လဲ ဒီ နံပါတ်တစ်ပဲ၊ အရှင်သာရိပုတ္တရာရဲ့ ဝိညာဏ်တော်လဲ နံပါတ်တစ်ပဲ၊ အရှင်မောဂ္ဂလ္လာန်, အရှင်မဟာကဿပတို့ ဝိညာဏ်တော်တွေလဲ နံပါတ်တစ်ပဲ၊ နံပါတ်တစ်ချင်း တူပေမယ်လို့ သတ္တိချင်း ကွာလိုက်တာ၊ ဗုဒ္ဓမြတ်စွာရဲ့ နံပါတ်တစ် ဝိညာဏ်တော်ကို မမီပါဘူး။

ဒီတော့ ခုကာလ လူတွေ တစ်ယောက်နှင့်တစ်ယောက် ကွာခြားတယ်ဆိုတာ ဟာ ဘာပြောစရာ ရှိတုန်း၊ နံပါတ်တစ်ချင်း တူပေမယ်လို့ သတ္တိချင်း အများကြီး ကွာကြသေးတယ်၊ ဒီတရားပဲ, ဒီစိတ်ပဲ, ဒီစေတသိက်တွေပဲ, ဒီရုပ်တွေပဲ သတ္တိချင်း အင်မတန် ကွာကြသေးတယ်၊ ထားခဲ့။

အဲဒီ ပထမဆုံး ရုပ်ကလာပ်သုံးစည်းနဲ့, နာမ်ခန္ဓာလေးပါးနဲ့ ဒီခန္ဓာကိုယ် ကြီးကို စတည်လိုက်တာ၊ ကံကြောင့်,ကံကြောင့်,ကံကြောင့် စတည်လိုက်တာ၊ ဒီအချိန်ကို ဘယ်လောကဓာတ်ဆရာမှ မသိနိုင်ဘူး၊ ဒီအကြောင်းကို လောကဓာတ် နည်းနဲ့, ဘယ်နည်းနဲ့မှ မသိနိုင်ဘူး၊ ဒါကြောင့် ဘုန်းကြီးတို့က သိက္ခာကြီးကြီးနဲ့ ထိန်းပြီးတော့ကာ တရားတွေကို ဖြန့်ရလို့ရှိရင် ကမ္ဘာက လက်ခံဦးမှာ, လက်ခံဦးမှာ။

ယခု နိုင်ငံက သေးငယ်တဲ့နိုင်ငံ ဖြစ်နေပြန်တယ်၊ ဒီနိုင်ငံမှာ ပညာရှိ အကြီး အမားတွေ ဖြစ်ရမယ်,ထွက်ရမယ်ဆိုတာ သူတို့ မယူဆနိုင်ဘူး၊ ပြီးတော့တစ်ခါ ဒီတရားတွေကို လက်ကိုင်လုပ်တဲ့ ဘုန်းတော်ကြီးတွေက သမာဓိကြီးကြီး သိက္ခာ ရှိရှိနဲ့ နေရမှာ၊ ဒီလို မတွေ့ရဘူး၊ အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့မှာ အထင်သေး ခံပြီးရင်း ခံရရင်း, အထင်သေး ခံပြီးရင်း ခံရရင်း ဖြစ်နေရပါတယ်။

ယခု ဘုန်းကြီးပြောတဲ့ တရားသဘောမျိုးဟာ ယခုလို ပဋ္ဌာန်းတို့လို, အဘိဓမ္မာတို့လို မလေ့လာဘဲ နဲ့ ဆိုလို့ရှိရင် ကမ္ဘာမှာ ဘယ်ပညာရှိမှ မသိနိုင် ပါဘူး၊ ဘယ်ပညာရှိမှ ပီပီသသ မပြောနိုင်ပါဘူး၊ မှန်းရင်တော့, မှန်းနိုင်ပါတယ်၊ ပီပီသသ မပြောနိုင်ပါဘူး။

ကလလရေကြည် ၇-ရက်။ ။ အဲဒီ ပထမဆုံးဖြစ်တဲ့ ရုပ်ကလာပ်ကလေးတွေ ပြောကြစို့၊ ရုပ်ကလာပ်ကလေး ၃ စည်းရှိတယ်၊ ယောက်ျား,မိန်းမ ဒီမှာ ကွာသွားပြီနော်၊ နောက်တော့ ဒီလိုနဲ့ နေလိုက်တာ ဒါကလေးက ဘာခေါ်တုန်းဆိုတော့ ဗုဒ္ဓမြတ်စွာက ကလလရေကြည်တဲ့၊ ပုံသဏ္ဌာန်ကလေးက နည်းနည်း အချိန်ကြာလာလို့ရှိရင် ရေကြည်ကလေး သဘောပဲ ရှိတယ်၊ ခန္ဓာကိုယ်ကလေးဟာ အဲဒီ ရေကြည်လေး သဘောနဲ့ ဘယ်လောက် ကြာကြာနေတုန်းဆိုတော့ ပထမံ ကလလံ ဟောတိ=ခုနစ်ရက်လုံးလုံး ကလလရေကြည်လေး ဖြစ်နေတယ်၊ အဲဒီ ရေကြည်လေး ပေါ်လာရင်တော့ ဟို-လောကဓာတ်ဆရာဝန် တို့ မှန်ပြောင်းက မြင်ကောင်း မြင်လိမ့်မယ်ထင်တယ်၊ စောစောက ဘုန်းကြီး ပြောနေတဲ့ ရုပ်ကလာပ် သုံးစည်းကိုတော့ သူတို့ မှန်ပြောင်း မမြင်နိုင်ပါဘူး၊ သူတို့မှန်ပြောင်းတင် မဟုတ်ဘူး၊ အဏုမြူကို မြင်နေတဲ့ မှန်ပြောင်းလဲ မမြင်နိုင်ပါဘူး။

အဲဒါတွေ တော်တော်လေးများမှ, ဆိုပါတော့ တစ်ရက် နှစ်ရက်လောက် ကြာလို့ ရုပ်ကလေးတွေက အစုလေးတွေ တော်တော်လေး အစိုင်အခဲ စုမိမှ မြင်တယ်၊ မှန်ပြောင်းကလဲပဲ ဟို-ပထမဆုံးတည်တဲ့ ရုပ်ကလာပ် သုံးစည်းတုန်း ကတော့ မှန်ပြောင်းလဲ မမြင်နိုင်ပါဘူး၊ စိတ်ဝိညာဏ်နဲ့ စေတသိက်ဆိုတာ ကတော့ ဝေးလို့, ဝေးလို့, ဝေးလို့၊ ခုကို မှန်ပြောင်းနဲ့လာကြည့်, ဘုန်းကြီး ဘာစိတ် ဖြစ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။

ဒီတော့ ဘုန်းကြီးက တရားတော်တွေ ပြောရင်း, ပြောရင်းပေါ့လေ၊ နိုင်ငံ ကိုလည်း အားမရဘူး၊ ဒီတရားတော်ကို ထိန်းသိမ်းနေရတဲ့ ရဟန်းတော် များများကိုလဲ မကျေနပ်ဘူး၊ ဒီ သံဃာတော်များကို ကူညီအားပေးနေတဲ့ ဒကာ, ဒကာမတွေရဲ့ လှူကြ ဒါန်းကြ ထောက်ပံ့ကြပုံကိုလဲ နည်းလို့ မဟုတ် ဘူး၊ လမ်း မမှန်လို့ မကျေနပ်ဘူး၊ တရားကတော့ အင်မတန်မှ ကောင်းတဲ့ တရားတော်ကြီးပါ။

အမြှုပ် ၇-ရက်။ ။ပထမံ ကလလံ ဟောတိ, ကလလာ ဟောတိ အဗ္ဗုဒံ= ၇-ရက်လောက် ကြာတော့ ဒီရုပ်ခန္ဓာနော်, ခုမြင်နေရတဲ့ လူများရဲ့ ခန္ဓာနော် ၇-ရက်လောက် ကြာတော့ အမြှုပ်ကလေး, ဘုန်းကြီးတို့ ရေမြှုပ်ကလေးလိုပေါ့၊ အမြှုပ်ကလေး ဖြစ်လာတယ်၊ ဘာမှ မကြီးကျယ်ဘူး, ဘာမှ မကြီးကျယ်ဘူး၊ အမြှုပ်ကလေး ဖြစ်လာတယ်၊ ဒီအချိန်မှာ သေဖို့ရန် လွယ်လွယ်လေးရယ်၊ အမိရဲ့ ဝမ်းထဲမှာ, သားအိမ်မှာ လေတို့ ဘာတို့ မကောင်းလို့ ရှိရင်လဲ အဲဒီ လေကြောင့် သေသွားနိုင်တယ်၊ အမိတို့ရဲ့ သားအိမ်ထဲမှာ ပိုးတွေ, မကောင်းတဲ့ ပိုးတွေပေါ့လေ၊ အဲဒီလို ပိုးများ ရှိလို့ရှိရင်လဲ အဲဒီ ပိုးကလေး စားတာပဲတဲ့၊ ဒီ ခန္ဓာကိုယ်လေး သေသွားနိုင်တယ်။

ဒီတော့ ဘယ်လောက်မှ မခိုင်မြဲဘူး, ဘယ်လောက်မှ မခိုင်မြဲဘူး၊ ဟို- ဣန္ဒကနတ်က အတ္တကလေးက သူစီမံတယ်ဆိုတာကို အတ္တမရှိဘူး၊ ကံအကြောင်း ပြုပြီးတော့ တဖြည်းဖြည်းကလေး အမိဝမ်းထဲမှာ ရင့်ကျက်ရတယ်လို့ဆိုတဲ့ အဓိပ္ပာယ်ကို ဗုဒ္ဓဟောတော်မူပါတယ်၊ အဲဒါကို အခု နှစ်သတ္တာဟလောက်ကျ ရင်ပဲ ဆရာဝန်တွေ ဘာတွေ မြင်ကောင်း မြင်ပါလိမ့်မယ်၊ မှန်ပြောင်းနဲ့ကြည့်လို့ ရကောင်း ရပါလိမ့်မယ်၊ ဘာပြုလို့တုန်း၊ အမြှုပ်ကလေး ဖြစ်နေပြီလေ,ဖြစ်နေပြီ။

သားတစ် ၇-ရက်။ ။ပထမံ ကလလံ ဟောတိ, ကလလာ ဟောတိ အဗ္ဗုဒံ၊ အဗ္ဗုဒါ ဇာယတေ ပေသိ=နောက် သုံးသတ္တာဟလောက် အတွင်းရောက်တော့ ခုနက အမြှုပ်ကလေးဟာ အသားတစ်ကလေး ဖြစ်လာပြီ၊ မြင်ပါတယ်, သေသေချာချာ မြင်ပါတယ်၊ သုံးသတ္တာဟလောက်ကျတော့ အသားတစ်ကလေး ဖြစ်လာပြီ။

အာဟာရဇရုပ် စဖြစ်ချိန်။ ။ အဲဒီမှာ ခု အာဟာရဇရုပ် ပေါ်လာမယ်၊ ရပ်ပြီးတော့ ပြောလိုက်မယ်။

ပထမဆုံး သတ္တာဟတုန်းက ရုပ်ကလာပ်တွေ သုံးစည်းပါလာတုန်းက အာဟာရဇရုပ် မဖြစ်နိုင်သေးဘူး၊ အစာ အာဟာရကြောင့် ရုပ် မဖြစ်နိုင်ဘူး, ရုပ်မပါနိုင်သေးဘူး၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ် ပါလာပြီ၊ ဥတုကြောင့်ဖြစ်တဲ့ အမိဝမ်းထဲမှာ ဥတုငွေ့တွေ ရှိတယ် မဟုတ်လား၊ ဥတုကြောင့် ဖြစ်တဲ့ ရုပ်ကလာပ်ကလေးတွေ ပါလာပြီ၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ကလေးတွေ, ဥတု ကြောင့်ဖြစ်တဲ့ ရုပ်ကလေးတွေ, စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလေးတွေ, ရုပ်ကလေး နည်းနည်း နည်းနည်း ကြီးနေတာ၊ ရုပ်ကလေးတွေက တိုးနေတယ်ကိုး၊ နည်းနည်း နည်းနည်း ကြီးနေတယ်၊ အစာကြောင့်ဖြစ်တဲ့ရုပ် ပထမသတ္တာဟမှာ မပါနိုင်ဘူး။

ဒုတိယ သတ္တာဟလောက်ကျတော့ သေသေချာချာတော့ မပြောနိုင်ဘူး, မလွယ်သေးဘူး၊ တတိယသတ္တာဟလောက်ကျတော့ အသားတစ်ကလေး ဖြစ်နေ ပြီ မဟုတ်လား၊ အဲဒီ အခါမှာလေ အမေက စားတဲ့အစာ ရှိတယ်၊ ယဉ္စဿ ဘုဉ္ဇတိ မာတာ, အန္နံ ပါနဉ္စ ဘောဇနံ-အမေက စားလိုက်တဲ့ အစာကလေး တွေဟာ သူ့ရဲ့ အစာအိမ်မှာ ရောက်ပြီးတော့ ကလေးရဲ့ ခန္ဓာကိုယ်လေး ရောက်သွားအောင် တဖြည်းဖြည်း အမိ အစားအစာက ပြန်ပြီးတော့ ကလေးရဲ့ ခန္ဓာကိုယ်ထဲ ဒီ အစာအာဟာရ ထိပါတယ်၊ တော်တော်လေး ကြီးတဲ့အခါ ကျတော့ ချက်ကြိုးကလေးများ ပေါက်တော့ ချက်ကြိုးက ဆက်သွယ်ပြီးတော့ ဝမ်းထဲအထိ ဝင်ပါတယ်။

အဲဒီနည်းနဲ့ ကလေးလေး အစာ ရလာပြီ၊ နှစ်သတ္တာဟ နောက်ပိုင်းလောက်နဲ့ သုံးသတ္တာဟမြောက်လောက် ရရင်ပဲ ကလေးလေး အစာရလာပြီ၊ ဘုန်းကြီးတို့ နားလည်လိုက်တာကလေ, ကလေး အစာရလာတော့ကာ ကလေးအမေ လိမ္မာဖို့ သိပ် အရေးကြီးတာပဲ၊ ကလေးအမေက အပူအစပ်တွေကို စားလို့ ရှိရင်လဲ ပဲ ကလေးရဲ့ အင်မတန် နုတဲ့ရုပ်မှာ ဒီ အပူအစပ်ကလေးတွေ ရောက် သွားတာက မကောင်းပါဘူး၊ ရောက်သွားပါတယ်။

အဲ-ပင်ပန်းတယ်လို့တောင်မှ စာကဆိုပါတယ်၊ ဘုန်းကြီးတို့က မပြောနိုင် ပါဘူး၊ အမိက အင်မတန် အေးတဲ့ ရေခဲတို့လို စားလိုက်ပြန်လို့ ရှိရင်လဲပဲ ကလေးကလေးဟာ အင်မတန် ပင်ပန်းပါတယ်လို့ ပြောပါတယ်၊ ဒီက အစာက ဟိုမှာ ကလေးရဲ့ ရုပ်ထိအောင် နည်းနည်း ပျံ့နှံ့သွားပြီလေ၊ ဒီတော့ အမေ လိမ္မာဖို့ ဆိုတာဟာ ပြောသာ ပြောရတယ်, ဘယ်အမေမှ လိမ္မာမယ်လို့ မထင်ပါဘူး။

ဒီတော့ ကလေး အစာဟာ သုံးသတ္တာဟလောက်ဆိုတော့ ကလေး အစာ ရပြီနော်၊ ရတော့ ဒီလူတွေရဲ့ အမြင်က ဘယ်လို ဘယ်လို မှားမြင်လာကြတယ် မသိဘူး၊ ကိုယ်ဝန်ရှိတယ်ဆိုရင် အစားကို ခြိုးခြံလို့ နေကြတယ်၊ ဒီ အစာက ကလေးထိအောင် သွားနေတာကို အမေ ခြိုးခြံလို့, အမေက အစာကြောင့် ရုပ်အားနည်းရင် ကလေးလဲ ရုပ်အားနည်းတယ်၊ အမေက အစာကြောင့် ရုပ်အား ရှိလို့ရှိရင် ကလေး ရုပ်အားရှိတယ်။

အမေဆိုတဲ့ ကိုယ်ဝန်ဆောင်က စားတတ် သောက်တတ်ဖို့လဲ လိုတယ်၊ စားစရာ သောက်စရာလဲ သင့်တော်အောင် ကြည့်စားဖို့ လိုပါတယ်၊ စားစရာ သောက်စရာ မရှိလို့ သို့မဟုတ် ခြိုးခြံလို့ အမေက သိပ်ပြီးတော့ အားနည်းနေရင် ဟိုကလေး အားမရှိနိုင်ပါဘူး၊ အင်မတန် ကံကြီးမားတဲ့ ကလေးများသာလျှင် ကံကြောင့်ဖြစ်တဲ့ ရုပ်တွေကြောင့် တောင့်တောင့်တင်းတင်း ဖြစ်ပါလိမ့်မယ်၊ အမေအစာကတော့ အမေအစာညံ့နေလို့ရှိရင် ကလေးမှာလဲ ပဲ အစာကြောင့် ဖြစ်တဲ့ ရုပ်ကလေးတွေ ညံ့နေပါတယ်။

အာဟာရဇရုပ်။ ။ ခုနက ပဋ္ဌာန်းပါဠိတော်က{ကဗဠီကာရော-ထမင်းလုတ် ဟင်းလုတ် ပြု၍စားရတဲ့၊ အာဟာရော-အာဟာရသည်}၊ အာဟာရဆိုတာ ထမင်းတစ်လုတ်လုံးကို မပြောလိုဘူး၊ ထမင်းတစ်လုတ်လုံး ထဲမှာပါတဲ့ အဆီဩဇာကို ပြောတာ၊ ဒီတင် အစာကောင်း သိပ်လိုနေတာပေါ့၊ ဒီ အဆီဩဇာရှိတဲ့ အစာကို စားမှ သူက ရုပ်ကို ဖြစ်စေတာ, ထမင်းလုတ်ကြီး တစ်လုတ်လုံးက ရုပ်ကို ဖြစ်စေတာ မဟုတ်ဘူး။

ဒီ ရေသောက်နေတဲ့ ရေတွေ အကုန်လုံးက ရုပ်ကို ဖြစ်စေတာမဟုတ်ဘူး၊ ရေထဲမှာ ပါတဲ့ အဆီဩဇာက ရုပ်ကို ဖြစ်စေတာ၊ ဘယ်လောက်များ သေချာ နေတုန်း၊ ဒီတော့ တွေ့ရာ စားနေလို့လဲ ရုပ်ကောင်းကောင်း ဖြစ်စေတာ မဟုတ်ဘူး၊ အဆီဩဇာပါတဲ့ ရုပ်နဲ့ ဆရာဝန်တွေ ဘာတွေ သူတို့ လေ့လာ ထားတဲ့ အစားမျိုးနဲ့ အဲသလို စားသောက်နေမှ အမေက အားရှိတယ်၊ အမေ့ ရုပ်တွေက ကလေးကို ပြန်ပြီးတော့ ခုနက အာဟာရဇရုပ် ဖြစ်တယ်။

{ကဗဠီကာရော-ထမင်းလုတ်,ဟင်းလုတ် ပြု၍စားရတဲ့၊ အာဟာရော- အဆီဩဇာဆိုတဲ့ အာဟာရသည်၊ ဣမဿ ကာယဿ-ဤ တစ်ကိုယ်လုံးအား} တဲ့၊ ကြည့်စမ်း, ကြည့်စမ်း၊ စားတာကတော့ အစာကလေး စားလိုက်တာ, ကျေးဇူးပြုတော့ တစ်ကိုယ်လုံး ကျေးဇူးပြုတယ်၊ တစ်ကိုယ်လုံး အားရှိတယ်၊ ဘုန်းကြီး မနက်က စားလိုက်တယ်၊ စားလိုက်တာကတော့ အစာအာဟာရ နည်းနည်းလေး၊ ဒါပေမယ်လို့ တစ်ကိုယ်လုံး အားအင်တွေ တောင့်တင်းလာတယ်။

ဒီလောက် ဘုရားက ဟောတော်မူတာ သေချာနေတယ်၊ ဘုန်းကြီးတို့ကလေ ဒီအတိုင်း လိုက်နေတာ၊ ဘုန်းကြီး အစားအသောက် ဆင်ခြင်စားသောက်တယ်၊ ဒီက တချို့က ဘယ်အစာက ဘယ်လို ရုပ်ဖြစ်စေတယ်၊ ဘယ်လို မတည့်တဲ့ အစာက ဘယ်လို ရုပ်တွေ ဖြစ်ပြီးတော့ ရောဂါတွေ ဖြစ်မယ်၊ ဒါတွေ နားမလည်ကြတော့ စားကြတာပဲ၊ ဘုန်းကြီးတို့က နားလည်တော့လေ, စားကောင်းတိုင်း မစားဘူး၊ စားသင့်မှ စားတယ်၊ ဘာပြုလို့တုန်း၊ သိနေတယ် မဟုတ်လား၊ ဒီရုပ်က တစ်ကိုယ်လုံးကို ကျေးဇူးပြုနေတယ်ဆိုတာ သိနေတယ် မဟုတ်လား၊ ကဲ-ခုနက ကလေးလေး သွားကြဦးစို့။

အမေစားလိုက်တဲ့ အစာအာဟာရနဲ့ ကလေးလေးဟာ သုံးသတ္တာဟလောက် ရှိရင်ပဲ, နှစ်ဆယ့်တစ်ရက်လောက် ရှိရင်ပဲ အမိဝမ်းထဲမှာ အစာကလေး ဘာလေး နဲ့ မျှတပြီး, ကံကြောင့်ဖြစ်တဲ့ ရုပ်တွေကလဲ တိုးတိုး တိုးတိုးလာပြီ၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေကလဲ ထပ်ထပ်တိုးနေပြီ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေကလဲ မှန်မှန်ကလေး တိုးပြီးတော့ နေပြီ၊ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်က အမေစားရင် စားသလို, အမေက အစာ ကောင်းကောင်းစားရင် စားသလို ကလေး ရုပ်ကလေးတွေဟာ ထွားကျိုင်းပြီးတော့ အမိဝမ်းထဲမှာ နေတယ်နော်, အမိဝမ်းထဲမှာ နေတယ်။

အမေက အစာအာဟာရ ချို့တဲ့ရင် ချို့တဲ့သလောက် ကလေးရုပ်ကလေးလဲ ခပ်လှီလှီကလေး, ဒီလို ဖြစ်နေပြန်တယ်၊ ကံတော့ ရှိပါသေးတယ်၊ ကံကတော့ မပြောနိုင်ဘူးပေါ့၊ ခုဟာက အစာနဲ့ ဆိုင်ရာကို ဘုန်းကြီးပြောနေတယ်။

အစိုင်အခဲ ၇-ရက်

ပထမံ ကလလံ ဟောတိ, ကလလာ ဟောတိ အဗ္ဗုဒံ၊ အဗ္ဗုဒါ ဇာယတေ ပေသိ, ပေသိ နိဗ္ဗတ္တတေ ဃနော။

လေးသတ္တာဟလောက်ကျတော့ ခုနက အသားတစ်ကလေး ပျော့ပျော့ ကလေးဟာ မာလာပြီ၊ ဒီ ခန္ဓာကိုယ် ဖြစ်ဖို့ရန် ဘယ်လောက်များ အစီအစဉ်နဲ့ သွားနေရတုန်း၊ အသားတစ်ကလေးဟာ လေးသတ္တာဟလောက် ရောက်တော့ ၇-ရက် လေးပတ်လောက်ကြာတော့ မာလာပြီ။

ခက်မ ငါးဖြာ ၇-ရက်။ ။ဃနာ ပသာခါ ဇာယန္တိ= ၇-ရက် ငါးပတ် လောက်ရောက်တော့ ခုနက မာလာတဲ့ ကိုယ် ကလေးဟာ ခေါင်းပေါက်မယ့် နေရာက ခေါင်းရာကလေး၊ လက်နှစ်ဖက်, ခြေနှစ်ဖက် ပေါက်မယ့် နေရာက အရာကလေး ပေါ်လာပြီ၊ ဘယ်မှ ပုဂ္ဂိုလ် သတ္တဝါ မရှိပါဘူး၊ ကံက အခြေပြုပြီးတော့ ဝမ်းထဲမှာ ဒီလို ဖြစ်ပြီးတော့ နေရပါတယ်။

ဘယ်လောက်မှလဲ မခိုင်မြဲပါဘူး၊ အပြုအပြင် တတ်လှမှ တော်ကာကလေး ကျပါတယ်၊ အဗ္ဗုဒါ ဇာယတေ ပေသိ, ပေသိ နိဗ္ဗတ္တတေ ဃနော၊

ဃနာ ပသာခါ ဇာယန္တိ, ကေသာ လောမာ နခါပိ စ။

နောက်တော့ ဒီလိုပဲ သတ္တာဟတွေ ကြာကြာ ကြာကြာ ကြာကြာသွားတော့ မဖွားခင်ဘဲ ဆံပင်တို့, လက်သည်း ခြေသည်းတို့ အဲသလို ပေါ်ပေါက်ပြီးတော့ လာပါတယ်။

ဒါကြောင့် ကလေးလေး မွေးဖွားပြီ ဆိုလို့ရှိရင် ဆံပင်လေးများလဲ ပါလာ တယ်၊ လက်သည်း ခြေသည်းကလေးများလဲ ပါလာတယ်၊ အဲသလို ဝမ်းထဲမှာ တဖြည်းဖြည်း ကြီးပွားလာရတယ်၊ ဟို-ဣန္ဒကနတ် ထင်သလို အတ္တက ပြင်နေတာ မဟုတ်ဘူး၊ ကံ,စိတ်,ဥတု,အာဟာရ လေးပါးက ပြင်နေတာပဲလို့ ဒီလို ဗုဒ္ဓမြတ်စွာက ဟောတော်မူပါတယ်။

ဒီတော့ကာ ဘုန်းကြီးတို့ ဒီ ၉ လ ၁၀ လ ရောက်လို့ ကိုယ်ဝန် အရင့် အမာနဲ့ ဖွားနိုင်လောက်ပြီလို့ ဆိုတော့ တရားတော်က အင်မတန် စစ်တယ်၊ ၇ လနဲ့လဲ ဖွားနိုင်တယ်၊ ဒါပေမယ်လို့ ၇ လနဲ့ ဖွားတဲ့သူဟာ အင်မတန် အားနည်းတယ်၊ အသက် ရှင်ချင်မှ ရှင်မယ်၊ အားလဲ အင်မတန် နည်းတယ်၊ ၈ လလောက်ကျတော့ ၇ လနဲ့စာရင်တော့ အားကြီးပါတယ်၊ အဲ ၉ လ လောက်ဆိုရင် အားတော့ ရှိပါတယ်၊ ဒါပေမယ်လို့ အတိုက်အခိုက် မခံနိုင်ဘူး၊ အမိဝမ်းက ဖွားရတဲ့ဟာ သက်သက်သာသာ လွယ်လွယ်ကူကူနဲ့ ဖွားရတာ မဟုတ်ဘူး။

တပင်တပန်းကြီး အင်မတန် ကျဉ်းမြောင်းတဲ့ အမိရဲ့ ဖွားလမ်းကြောင်းက နေပြီးတော့ ထွက်ပြီး ဖွားရတာ၊ ဒီတော့ကာ အတိုက်အခိုက် မခံနိုင်လို့ရှိရင် ကလေးအသက် မရှင်တတ်ပါဘူး၊ အင်မတန် အားရှိလို့ ၁၀ လလောက် ဘယ်လောက်ကျတော့ အတိုက်အခိုက်ကလေးတွေ အထိအခိုက်ကလေးတွေ ခံနိုင်လို့မို့ အသက် ရှင်နိုင်ပါတယ်၊ စာက အဲသလောက် သေသေချာချာ ပြောပြီးတော့ ထားပါတယ်။၁။ သုတ်မဟာဝါ အဋ္ဌကထာ, နှာ-၂၉။

ပဋိသန္ဓေနေပုံ။ ။ အဲဒီ အမိဝမ်းထဲမှာ နေတုန်းက ကလေးဘယ်လိုနေတုန်း ဆိုတော့{အစာသစ် အစာကျက်, အောက်ထက်ဝန်းရံ} အထက်က အမေရဲ့ အစာသစ်, အောက်က အစာဟောင်း၊ ကျင်ကြီး ကျင်ငယ် ဖြစ်မယ့် အစာတွေ၊ အထက်နဲ့အောက် ဒီကြားထဲ သားအိမ်, အဲဒီ သားအိမ်ထဲမှာ နေရတယ်။

{အစာသစ် အစာကျက်, အောက်ထက်ဝန်းရံ, ပုပ်နံညှီလောင်း} ဒီလို စိတ်ကူးကြည့်ပေါ့လေ၊ တစ်သက်လုံး ဘယ်တော့မှ မဆေးကြောရတဲ့ အစာသစ် အစာဟောင်းတွေ သွားနေတဲ့ အူရဲ့ အနီးအပါးမှာ သားအိမ်မှာ နေရတယ်၊ ပုပ်လို့ လှောင်လို့ ညှီလို့။

{ကျဉ်းမြောင်းမဲ မိုက်, မိဝမ်းတိုက်ဝယ်} ကျဉ်းကျဉ်းကျပ်ကျပ်ကလေးပါ, ချောင်ချောင်လည်လည် ခြေဆန့်လက်ဆန့် မဟုတ်ဘူး၊ ခြေလက်ကလေးတွေ ကုတ်ကွေးလို့_ {ဘင်၌ လောက်လို, ကျောက်ကို ဝမ်းပြု, ဒူးနှစ်ခုကြား, ဦးခေါင်း ထားလျက်, မေးဖျား လက်ဆုပ်, သစ်ငုတ်တိုမှာ, မျောက်အို ကုတ် သည့်နှယ်} မစင်ထဲက လောက်ကလေးများ အပုပ်ထဲ နေရသလိုပါပဲ၊ မျောက်အိုကလေး ကုတ်ပြီးတော့ နေရသလို, အမိဝမ်းထဲမှာ ကုတ်ကုတ်ကလေး နေရပါတယ်၊ အမိဝမ်းက ကျယ်ကျယ်ပြန့်ပြန့်ကြီး မဟုတ်ပါဘူး။

{မလှုပ်မယှက်, သေသောက်လက်ဝယ်, ဆိတ်သူငယ်လို} သတ်မယ်လို့နေတဲ့ သေသောက်ရဲ့ လက်ထဲမှာ ဆိတ်ကလေးများ နေရသလို ပေါ့လေ၊ ကြောက်စရာကလေးပါ။

{အလမ္ပာယ်မိ, မြွေငယ်ချိသို့} အလမ္ပာယ်မိတဲ့ မြွေကလေး တကတည်း နှိပ်စက်ထားလိုက်တာ၊ ပြန်ပြီး တော့ မကိုက်နိုင်အောင် အဆိပ်တွေ ဘာတွေ ထုတ်ပြီးတော့, အစွယ်တွေ ဘာတွေ ဖြတ်ပြီးတော့ မြွေကလေး ချိသလိုပါပဲ။

{အမိစပ် ခါး, ပူအေး စားလည်း, ကိုယ်သား ဆတ်ဆတ်} အမိက အစပ်အခါးတွေ စားလိုက်, ကလေးကလေးမှာ မသက်သာရှာဘူးတဲ့၊ ဒီ အမိရဲ့ အစာက သူ့ကိုယ်ကို ထိပြီကိုး၊ ချက်ကြိုးက ဆက်ပြီးတော့ ဝမ်းထဲ ဝင်ပြီကိုး။

{အမိစပ် ခါး, ပူအေး စားလည်း, ကိုယ်သား ဆတ်ဆတ်, သက်ပြတ် တစေ, ဆယ်လနေ၍} ဆယ်လလောက် အမိဝမ်းထဲမှာ နေခဲ့ရတယ်။

ကိုယ်အခု အပြင်ဖက်ရောက်လို့ ကိုယ့်ကိုယ်ကို သ,ပြီးတော့နေပေမယ့် အမိ ဝမ်းထဲမှာ နေခဲ့တုန်းက ဘယ်လောက်များ ဒုက္ခများခဲ့သတုန်းလို့ ဆိုတာ ကလေးဟာ တွေးကြည့်ရတယ်၊ ဩော်-နောက်ထပ် ဒီလို အမိ ဝမ်းထဲနေရမှာ ကြောက်စရာပါလားလို့လဲ သံဝေဂ ဖြစ်ရပါတယ်။

{သက်ပြတ်တစေ, ဆယ်လနေ၍, လေကမ္မဇ, ဦးစောက်ချသား} နဂိုတုန်းက အများအားဖြင့် နေကြတာ ခေါင်းက အထက်မှာ, မျောက် ကလေးများ ကုတ်ပြီးတော့ နေသလိုပဲ ခေါင်းက အထက်က၊ နောက်တော့ ဖွားခါနီးကျတော့ ကံကြောင့်ဖြစ်တဲ့လေ ပေါ်လာလိုက်တဲ့ဟာ တစ်ခါတည်း ခေါင်းအောက်စိုက်သွားတာပဲ၊ ဘယ်လောက်များ မေ့မြောသွားမယ်ဆိုတာ မပြောနဲ့တော့၊ နဂိုတုန်းက ခေါင်းကလေး အထက်ထောင်ပြီးတော့ ကုတ်ကုတ် ကလေး နေရစေကာမူ သူ့ အတွေးနဲ့ သူရဲ့ စိတ်က ဖြစ်နေပြီ မဟုတ်လား၊ သူ့အတွေးနဲ့ သူနေရှာတာ၊ ဖွားတော့မယ်ဆိုတော့ ဒီအမိဝမ်းထဲမှာ ကမ္မဇလေ က မွှေလိုက်တာ ခေါင်းအောက်စိုက်လာတာပဲ၊ အများအားဖြင့် ခေါင်းအောက်စိုက် ပြီးတော့ ဖွားရပါတယ်တဲ့။

{လေကမ္မဇ, ဦးစောက်ချသား, မဂ်ဝသို့ရောက်, သံကောက် ပေါက်မှ, ဆွဲမြှောက်ဆင်ပြောင်, သံတောင်ကြိတ်ချေ} ဖွားလာခဲ့ရတာကတော့ အင်မတန် ပင်ပန်းပါတယ်၊ အပြင်ရောက်လာ တော့ ကိုင်လိုက်ကြတာ၊ တချို့ နုနုနယ်နယ် ဖလန်ထည်တို့လို မရှိတော့ ဘုန်းကြီးတို့ တောရွာတွေမှာ အဝတ်ကြမ်းကြီးတွေနဲ့ ကိုင်ကြတာ၊ အသား ကလေးကနု, အသားနု တက်နေတော့ နာကျင်ပါတယ်, ပင်ပန်းပါတယ်။

{ပုံနေရယိက, ပြင်သို့ကျလည်း, အပ်ဆွသည့်ဟန်, ကြီးပြန်ဒုက္ခ, များပြားလှသည်} အင်မတန် ဒုက္ခများပါတယ်၊ ဒါကြောင့် အသင် ဣန္ဒကနတ် ထင်သလို အတ္တကလေးက ဒီ ခန္ဓာကိုယ်ကလေးကို ပြုပြင်စီမံပေးနေတာ မဟုတ်ပါဘူး၊ ကံက စီမံပေးနေတော့ စိတ်ကြောင့်, ဥတုကြောင့်, အာဟာရကြောင့် ရုပ်တွေက ကြီးပြင်းလာခဲ့ရတယ်၊ {အတ္တ-ကလေးမဟုတ်ဘဲ ရုပ်အစဉ် နာမ်အစဉ်ပါပဲ }လို့ ဗုဒ္ဓမြတ်စွာက ဟောတော့မှ သဘောပေါက်ပြီးတော့ သွားပါတယ်။

နတ်ရော, လူကြီးလူကောင်းရော နားမလည်တာ, နားမလည်တာ, နား မလည်ပါဘူး၊ နားလည်တာက ဆရာဝန်တွေ နားလည်ပါတယ်၊ ယခု အတော် နားလည်တာက လက်တွေ့ ခွဲစိပ်ပြီးတော့ ကြည့်ထားလို့ နားလည်ပါတယ်၊ တချို့နေရာတွေမှာ ဘုန်းကြီး ပြောတာထက် သေချာပါတယ်၊ ဒါပေမယ့် ဘုန်းကြီး ပြောတဲ့အတိုင်း စိတ်ဝိညာဏ်တွေ, နာမ်ခန္ဓာတွေရဲ့ ဖြစ်ပုံကိုတော့ ဘယ်မှန်ပြောင်းနဲ့ ကြည့်ကြည့်၊ ဘယ်ပါရဂူတွေပဲ ကြည့်ကြည့် မသိပါဘူး။

ဘုန်းကြီးတို့က ရှေးကံ အစွမ်းအားလျော်စွာ ဉာဏ်ပညာ ကွာခြားမှုဟာ အမိဝမ်းထဲ ပဋိသန္ဓေ ပထမနေတုန်းကတည်းကိုက ကွာခြားပြီးတော့ လာခဲ့ပါ တယ်ဆိုတာ သိလို့မို့၊ ကောင်းကောင်း ကံပြုပါ၊ ဒေါသကြီးတဲ့သူက ဒေါသ မကြီးလိုက်ပါနဲ့၊ ဒေါသကြီးရင် ဒုက္ခပေးပါတယ်၊ မာနကြီးတဲ့သူက မာန မကြီးလိုက်ပါနဲ့၊ မာနကြီးရင် ဒုက္ခပေးတတ်ပါတယ်။

အမိဝမ်းထဲက ထွက်လာတော့ အမျိုးအဆွေတွေ ညံ့တတ်ပါတယ်၊ လောဘ ကြီးတဲ့သူက လောဘမကြီးလိုက်ပါနဲ့၊ လောဘကြီးသလောက် အမိ ဝမ်းထဲက ထွက်လာအခါမှာ ရှာရ ဖွေရ, စီးပွားဥစ္စာတွေ ညံ့ဖျင်းလာတတ်ပါတယ်။

ခုနယ်က သီလတွေ ထိန်းပြီးတော့ လက်လှမ်းမှီတဲ့ ဒါန, ဘာဝနာတွေနဲ့ နေကြပါလို့, အဲဒီလို ပြောကြရ ဟောကြရတယ်လို့ဆိုတာ အကြောင်းမဲ့သက်သက် မဟုတ်ဘူး၊ လာခဲ့ရတဲ့ လမ်းစဉ်ကိုက ကံ အင်မတန်ကောင်းတဲ့ လမ်းစဉ်မို့လို့၊ ကံကောင်းတွေ ဖြည့်ကြပါလို့ ပြောပြီးရင်း ပြောရင်း၊ ရဟန်း သံဃာတော်တွေ လဲပဲ ဒီတရား နားလည်လို့ရှိရင် သဘောပေါက်လို့ရှိရင် ပါရမီဖြည့်ပြီးတော့ သူတော်ကောင်းတွေဖြစ်အောင် ကြိုးစားကြပါလို့ ပြောရင်း အဲဒီလို ပြောနေရတယ်။

ကံကြောင့် ရုပ်ချင်း မတူကြ။ ။ ဒါကြောင့်မို့လို့, အမှတ်တမဲ့ကလေးများ မနေ ကြပါနဲ့နော်၊ ခန္ဓာကိုယ်ဟာ အပြင်ရောက် လာတော့လဲ ကံ ကြောင့် ဖြစ်တဲ့ရုပ်တွေက အကုန်လုံး စီမံလာလို့ တစ်ယောက်နဲ့ တစ်ယောက် ရုပ်ချင်း မတူပါဘူး၊ အဖေ အမေ တူတယ်, ဒီသွေး ဒီသား တူတယ်၊ ဒါပေမယ့် ကံကြောင့်ဖြစ်တဲ့ရုပ်ရဲ့ ပြုပြင်ပုံက မျက်နှာအနေအထား မတူပါဘူး၊ မျက်လုံး အနေအထား မတူပါဘူး၊ ဒီကံကြောင့် ဒီကံကြောင့်။

တစ်မိသားချင်းတင် မပြောနဲ့၊ အမြွှာပူး မွေးတာတောင်မှ တစ်ယောက်နဲ့ တစ်ယောက်က ရုပ်ချင်း အကြမ်းစား တူတယ်၊ ဒါပေမယ်လို့ ကံကြောင့် ဖြစ်တဲ့ ရုပ်ချင်းက မတူဘူး။

စိတ္တဇရုပ်။ ။ တစ်ခါ စိ်တ်ကြောင့်ဖြစ်တဲ့ ရုပ်ချင်းက မတူ, တစ်ယောက်က နည်းနည်း ဒေါသကြီးတယ်၊ တစ်ယောက်က လောဘကြီး တယ်၊ တစ်ယောက်က စိတ်ကောင်း စေတနာကောင်း ရှိတယ်ဆိုရင်ပဲ အမြွှာ မွေးချင်းတောင် မတူဘူး, ရုပ်ဖြစ်နေပုံက, ရုပ်ဖြစ်နေပုံက၊ ဒေါသကြီးတဲ့သူက ဒေါသနဲ့ဆိုင်တဲ့ရုပ်တွေ နည်းနည်းကြမ်းနေတယ်၊ မျက်နှာအနေအထား နည်းနည်း ကြမ်းနေတယ်၊ အသွားအလာ နည်းနည်း ကြမ်းတယ်၊ အပြောအဆို နည်းနည်း ထန်တယ်၊ ဒီ ဒေါသကြောင့်ဖြစ်တဲ့ ရုပ်တွေက တစ်ကိုယ်လုံးမှာ နည်းနည်း ပါနေတယ်။

လောဘကြောင့်ဖြစ်တဲ့ ရုပ်တွေကလဲ တစ်ကိုယ်လုံး သူ့မှာ အချိန်ရှိသရွေ့ ဖြစ် နေတယ်၊ လောဘကြီးတဲ့သူက လောဘစကားကို ပြောတယ်၊ လောဘအလုပ်ကို လုပ်တယ်၊ အရောင်းအဝယ်တို့မှာ လောဘတွေ ဦးစားပေးပြီးတော့နေတယ်၊ အဲဒီ စိတ်ဖြစ်သလိုပဲ ရုပ်က လိုက်နေတာပဲ။

ဒါကြောင့် လောဘကြီးတဲ့သူက လောဘလမ်းမှာ ကိုယ်ခန္ဓာပါ ရောက်သွား တာဟာ ဒီရုပ်တွေက လောဘကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေက ဖြစ်နေလို့မို့ ဒီ လောဘဖြစ်ရင် ဒီ လောဘနား ရောက်သွားတာပဲ၊ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာရှိတယ်လို့ ပြောနေကြတဲ့ သူတွေမှာလဲဘဲ မေတ္တာ မဟုတ်ပါဘူး၊ ဒီ လောဘတွေပါ၊ တဏှာရာဂတွေပါ၊ အဲဒါတွေနဲ့ ဒီ သူနဲ့ စကားပြောနေတာပဲ၊ ဒီသူ့ဆီ ရောက်သွားတာပဲ၊ ဒီ သူ့အနား ရောက်လာတာပဲ၊ ဒါ ဘာလိုလို့လဲ အတွင်းက စိတ်ကြောင့်ဖြစ်နေတဲ့ စိတ္တဇရုပ်တွေ ဖြစ်နေတယ်, စိတ္တဇရုပ်တွေ ဖြစ်နေတယ်၊ ဒီ စိတ္တဇရုပ်တွေ ဖြစ်နေတော့ ဒီ စိတ္တဇရုပ်အတိုင်းပဲ ပြောဆိုသံ တွေ, လေသံတွေ, နေပုံထိုင်ပုံတွေ အကုန်လုံး ပါလာတာပါပဲ။

ဥတုဇရုပ်။ ။ အဲဒီ အထဲမှာ ကံကြောင့်,စိတ်ကြောင့်,ဥတုကြောင့်၊ ယခုကြည့်၊ ဥတုက ပူပြင်းတယ် ဆိုလို့ရှိရင် ရုပ်တွေ ညှိုးလို့၊ အင်မတန် ပြုပြင်တတ်မှ တော်ရုံကလေးကျတယ်၊ ဒါ ဥတုဇရုပ်၊ ဥတုဇရုပ်က ညှိုးနေတယ် ဆိုရင် စိတ္တဇရုပ်ကလဲ ညှိုးညှိုးကလေး ပါသွားတယ်၊ ကမ္မဇရုပ်တွေကလဲ ညှိုးရရှာတယ်၊ ဥတုဇရုပ်တွေက ညှိုးနေတာကိုး။

အစာကြောင့် ရုပ်ဖြစ်ပုံ မတူကြ။ ။ အဲဒီ အထဲမှာ အာဟာရနဲ့ ပြင်ရပါတယ်၊ ရေကလေး မကြာခဏ သောက်ရပါ တယ်၊ ရေသောက်တော့ ရေထဲမှာပါတဲ့ ဩဇာပါတော့ ရေကြောင့်ဖြစ်တဲ့ ရုပ်ကလေးကလဲ အထိုက်အလျောက် လန်းလို့၊ ဒီ အာဟာရဇရုပ်က အစား အသောက်ကလေးတွေကလဲ ခုလို ပြုပြင်ပေးလို့၊ အစားအသောက်ကြောင့် ဖြစ်တဲ့ အာဟာရဇရုပ်ကလေးတွေကလဲ ဖြစ်လို့ တစ်ကိုယ်လုံး တောင့်တင်းလို့၊ တောင့်တောင့်တင်းတင်းနဲ့ အားရှိပါးရှိ ဖြစ်လာပါတယ်။

ဒါကြောင့် {ကဗဠီကာရော-အလုတ်အလွေး ထမင်းလုတ် စသည်၌ပါသော၊ အာဟာရော-ဩဇာဆိုတဲ့ အာဟာရသည်} ထမင်းလုတ်ကြီး တစ်လုတ်လုံးက ရုပ်ကို ကျေးဇူးပြုတာ မဟုတ်ပါဘူး၊ ထမင်းလုတ်ထဲမှာပါတဲ့ အဆီဩဇာက ဖြစ်စေတာပါ။

ဒါကြောင့်မို့လို့လေ၊ ကျေးတောက လူတွေနဲ့ ဘုန်းကြီးတို့ မြို့က ဆိုပါတော့ မြို့က လူတွေနဲ့ ရုပ်ချင်း မတူလိုက်တာ၊ ဘာဖြစ်လို့တုန်း၊ ဟိုခမြာများမှာ စားရတဲ့ အစာက ကြမ်းတယ်မဟုတ်လား၊ ဒီတော့ ခမြာများမှာ အာဟာရ ကြောင့်ဖြစ်တဲ့ရုပ် နည်းနည်း ကြမ်းနေပါတယ်၊ ဒီမြို့မှာ နေကြတဲ့သူတွေ, ပစ္စည်းဥစ္စာတွေ အတော်အတန်ရှိတဲ့ လူတွေရဲ့ ရုပ်ကလေးတွေက စားတဲ့ အာဟာရ က နည်းနည်းဩဇာရှိတယ် မဟုတ်လား၊ အဆီဩဇာ ကောင်းတယ် မဟုတ် ပါလား၊ အဲဒါကြောင့်မို့လို့လေ၊ ရုပ်ကလေးတွေ, ဒီ အာဟာရဇရုပ်ကလေး တွေဟာ အတော်အတန် နူးနူးညံ့ညံ့ ဖြစ်နေပါတယ်နော်။

ပြီးတော့ စိတ်ကလဲပဲ ကျေးတောက လူတွေမှာ မြင်ရတာကလဲ ခပ်ကြမ်း ကြမ်း, ကြားရတာကလဲ ခပ်ကြမ်းကြမ်းဆိုတော့ စိတ်ကလေးတွေလဲ ခပ်ကြမ်း ကြမ်း ဖြစ်ရရှာတယ်။

ဒါကြောင့် ကျေးတောက လူတွေကို ခပ်ကြမ်းကြမ်းကလေးပဲ မြင်ရပါ တယ်၊ စိတ္တဇရုပ်တွေဟာ မြို့ပြကျတော့ လောဘဖြစ်တာ ဖြစ်တာ တခြားထား, ရုပ်ကလေးတွေက ခပ်နုနုကလေးတွေ မြင်ရပါတယ်၊ အဲဒီဟာ ဘုန်းကြီးတို့ စာက တစ်ဆင့်နဲ့တစ်ဆင့် တစ်ဦးနဲ့တစ်ဦး ကွာခြားကြောင်းကိုလေ, တကတည်း လူနဲ့ နတ် ကွာခြားပုံ, နတ်ကျတော့လဲ စတုမဟာရာဇ်နဲ့ တာဝတိံသာ ကွာခြားပုံ, တာဝတိံသာက ရုပ်နဲ့ ယာမာကရုပ် ကွာခြားပုံ, ဟို အထက်ဆုံး နိမ္မာနရတိဆိုတဲ့ ရုပ်တွေက သာကြပုံ၊ မြို့ကြီးပြကြီး ကွာခြားသာလို ဟို နတ်ပြည်ဘုံကြီး ဘဝကြီးကလဲ ကွာခြားသွားပြန်တာပဲ၊ ဘုန်းကြီးတို့က သိလွန်းလို့, မြင်လွန်းလို့၊ အာဟာရဇရုပ်တွေ ဘယ်လို ဖြစ်နေတယ်ဆိုတာ သိလွန်းလို့။

အစားအသောက်ကို ဆင်ခြင်ကြပါ၊ အစားအသောက်ကို တည့်တာကလေး စားကြပါ, မတည့်တာကို ရှောင်ကြပါ, မစားပါနဲ့၊ အစာကြောင့် ဒီရုပ်ဖြစ်ပုံ ဆိုတာဟာ လူတစ်ယောက် မကျန်းမမာ ဖြစ်နေတယ်၊ ဒီ ဓာတ်စာ ကောင်း ကောင်း ပေးတတ်တဲ့ ဆရာက ဓာတ်စာ ပေးလိုက်တယ်ဆိုရင် အဲဒီ ရောဂါ ပျောက်သွားတယ်၊ ဘာဖြစ်လို့ ပျောက်သွားသလဲဆိုတော့ အဲဒီ ဓာတ်စာဆိုတဲ့ အထဲမှာပါတဲ့ အဆီဩဇာကြောင့် ရုပ်က ကောင်းပြီးတော့လာတော့ စောစောက မကောင်းဆိုတဲ့ ရုပ်ဟာ ရောဂါရုပ်ပဲ၊ အဲဒီ မကောင်းတဲ့ ရုပ်တွေဟာ နောက်ထပ် မဖြစ်တော့ဘူး၊ မဖြစ်တော့ တဖြည်းဖြည်း အဲဒီရုပ်တွေက မပေါ်ဘဲနဲ့ ကောင်းတဲ့အစာ ဆေးဝါကြောင့်ဖြစ်တဲ့ ရုပ်တွေ ပေါ်လာတော့ ဟို ရောဂါ ပျောက်တယ်၊ ဒါ အာဟာရဇရုပ်။

စိတ်ချမ်းသာအောင် နေကြ။ ။ ပြီးတော့ ခုတော့ ဆရာဝန်တွေ ပြောတတ် လာပြီ၊ စိတ်ကောင်းကောင်း ထားပါ၊ သူတို့ စိတ္တဇရုပ်ရယ် ဘာရယ်လို့ မသိကြပေမယ်လို့ စိတ်ချမ်းသာလို့ရှိရင် ရောဂါ ကုလို့ လွယ်တယ်ဆိုတာ သူတို့ သဘောပေါက်လာကြပြီ၊ ဘုန်းကြီးတို့က အစောကြီးကတည်းက စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေ ဖြစ်နေတယ်၊ တစ်ယောက်နဲ့ တစ်ယောက် အိမ်သူ အိမ်သားချင်း မတည့်ဘူးဆိုရင် ရုပ်တွေဟာ မကောင်းဘူး၊ မျက်နှာကြည့်တာ ရုပ်မကောင်းဘူး၊ ဘယ်လို ဟန်ဆောင် ဟန်ဆောင် မကောင်းဘူး၊ ဘာပြုလို့တုန်း၊ အိမ်သားချင်း မတည့်မှ မတည့်ဘဲကိုး၊ ဒီတော့ မတည့်ရုပ်ကလေးတွေ ဖြစ်နေတာပဲ၊ ဟန်ဆောင်ချင် ဆောင်ဦး၊ ရုပ်မကောင်းမှ မကောင်းဘဲ ၊ နဂိုကလဲ ရောဂါတို့ ဘာတို့ရှိရင် တိုးတယ်၊ အိမ်သူ အိမ်သားချင်း မတည့်လို့ရှိရင် ရောဂါရှိရင် တိုးတယ်၊ နှလုံးရောဂါတို့ ဘာတို့ရှိရင်ဖြင့် ကြောက်စရာ လန့်စရာကို ကောင်းတယ်၊ စိတ္တဇရုပ်တွေက အပြောင်းအလဲ ရှိတယ်၊ အဲဒါကြောင့် စိတ်ချမ်းသာအောင် နေကြ, စိတ်ချမ်းသာအောင် နေကြ, လိမ်လိမ်မာမာ နေကြ၊ တယ် ပြောရတယ်, တယ် ပြောရတယ်။

ဘုန်းကြီးတို့ကျောင်းမှာ ဘုန်းကြီး တစ်ခါ တစ်ခါ ဒေါသ ထွက်တယ်၊ မကောင်းမှန်းတော့ သိတယ်၊ ဒေါသ မထွက်ရဘူး၊ သင်တို့ ကောင်းကောင်းနေကြ၊ ပြန်သွားကြ,ပြန်သွားကြ၊ ငါ အကုသိုလ် အဖြစ်မခံနိုင်ဘူး၊ ရောဂါလဲ အဖြစ်မခံ နိုင်ဘူး၊ ပြန်သွားကြ, ပြန်သွားကြ၊ သင်တို့ ကောင်းကောင်း မနေနိုင်လို့ရှိရင် ဒီ ကျောင်းမှာ မနေကြနဲ့၊ ငါ့မှာ အကုသိုလ် ဖြစ်မယ်၊ ငါ့မှာ ရောဂါလဲ ဖြစ် မယ်၊ ငါ ဒေါသလဲ မထွက်ချင်ဘူး၊ သင်တို့ကို အဆင့်အတန်း မြင့်အောင်လို့ မြှင့်ပေးနေတာ ငါ့မှာ ဒုက္ခဖြစ်စေတဲ့ သူတွေဆိုရင် ပြန်သွားကြ, ပြန်သွားကြ။

အဲဒီလို ဘုန်းကြီးတို့က သိနေလို့မို့ ဘယ် ဒါယကာ ဒါယိကာမသော နားမလည်ဘူး၊ ကိုယ့်ကို စိတ်အေးချမ်းသာအောင် နေတဲ့ ဒကာ ဒကာမပဲ ကောင်းတယ်၊ ဒီလို မဟုတ်ဘဲနဲ့ဆိုရင် ဒေါသ မောဟ ဖြစ်စေမယ့် ဒကာ ဒကာမ တွေ ဘာတွေ မလာနဲ့၊ မလိုချင်ဘူး, မလိုချင်ဘူး၊ သိတယ်၊ စိတ်တွေ ဖြစ် သလောက် ရုပ်တွေ ဖြစ်နေတယ်၊ စိတ်ချမ်းသာသလောက် ရုပ်ချမ်းသာတယ်၊ စိတ်မချမ်းသာသလောက် ရုပ်မချမ်းသာဘူးဆိုတာ သိနေပါတယ်။

ကောင်းတဲ့ကံ ပြုကြ။ ။ ဒါကြောင့် အိမ်မှာ နေတဲ့သူပဲ ဖြစ်ဖြစ်,ကျောင်းမှာ နေတဲ့သူပဲ ဖြစ်ဖြစ်, ရဟန်းသံဃာတော်ပဲ ဖြစ်ဖြစ်၊ ကံကြောင့် ဖြစ်လာတဲ့ ရုပ်တွေ၊ ကံကြောင့် ကောင်းအောင်ကတော့ ခုကောင်းတဲ့ ကံတွေကို ပြုပါ၊ ရှေးကံက ပါလာတဲ့ကံကို ဒီကံက ထောက်ပံ့တော့ အသက် ရှည်ပါလိမ့်မယ်၊ ရှေးကံက ပါလာပေမယ့်လဲ ဒီကံက မကောင်းတဲ့ကံကို, အလုပ်ကို လုပ်နေရင် အသက် တိုပါလိမ့်မယ်၊ ကံကို ဒီလို ပြင်ကြပါ။

စိတ်ကိုလဲ ချမ်းသာအောင် နေကြပါ၊ ပစ္စည်းပေါမှ ချမ်းသာတာ မဟုတ် ပါဘူး၊ စိန်တွေ ရွှေတွေ မြင်နေရမှ ချမ်းသာတာ မဟုတ်ပါဘူး၊ စိန် ရွှေကို မမြင်ရပေမယ်လို့ အစားအသောက် မှန်မှန်စားလို့ အေးအေးဆေးဆေးနဲ့ မိမိ အိမ်သားချင်း ချစ်ချစ်ခင်ခင်နဲ့ သားတွေ သမီးတွေ ဆွေတွေ မျိုးတွေနဲ့ သင့်သင့်မြတ်မြတ်ဆိုရင် စိတ်ချမ်းသာရင် စိတ္တဇရုပ်တွေ ကောင်းနေပါတယ်၊ စိတ်မချမ်းသာလို့ရှိရင် ပစ္စည်း ဘယ်လောက်ချမ်းသာချမ်းသာ စိတ္တဇရုပ်တွေ မကောင်းပါဘူး၊ သိတယ် မဟုတ်လား, သိတယ် မဟုတ်လား။

ရာသီဥတု ကောင်းတဲ့နေရာမှာ နေကြ။ ။ ဥတု၊ ဒီယခုလို ပူတဲ့အခါကျရင် နည်းနည်း သက်သာတဲ့ နေရာကို ရှာပြီး ပြောင်းနေတာကောင်းတယ်၊ ဘုန်းကြီးမှာတော့ မနေနိုင်ပါဘူး၊ ဘာပြုလို့ မနေနိုင်တာတုန်းဆိုတော့ ဒကာ ဒကာမတွေ လာတယ် မဟုတ်လား၊ တပည့်တပန်းတွေ မကြာခဏ ဝင်လာတဲ့သူက လာတယ်၊ ပြန်သွားတဲ့သူက ပြန်တယ် မဟုတ်လား၊ ဥတုကောင်းတဲ့ နေရာကို သွားနေလိုက်ရင် ကောင်းတယ် လို့ ဆိုတာတော့ သိပါရဲ့။

ဥတုကောင်းတဲ့ နေရာကို နေလို့မို့ ကိုယ့်ကျန်းမာရေး ကောင်းမယ်, နေလို့ ကောင်းမယ်ဆိုတာ သိပါရဲ့၊ မနေနိုင်ပါဘူး၊ ဘာပြုလို့လဲဆိုတော့ ဘဝက ဒီလို ဘဝမျိုး ရောက်နေပါတယ်၊ လာကြတဲ့ သူတွေကိုလဲ တွေ့ရပါ တယ်၊ ပြန်တဲ့သူတွေကိုလဲ တွေ့ရပါတယ်၊ ဒကာ ဒကာမတွေကိုလဲ တွေ့ရပါတယ်၊ အဲဒါကြောင့် ဘုန်းကြီးမှာ ပူတယ်၊ မနေ့တုန်းက ပြောတယ်၊ ဒီနားမှာ ဘုန်းကြီး နွေအခါ နေဖို့လို့ လုပ်တာပဲ၊ ဒါပေမယ်လို့ ဘုန်းကြီးက နွေအခါ ဒီ အေးတဲ့နေရာကို လာနေလို့ ရှိရင် လာတဲ့ သူတွေ ဘယ့်နှယ်လုပ်ပြီး ဘုန်းကြီး နေတဲ့နေရာ သိမလဲ၊ ဒါ့ကြောင့် ဘုန်းကြီးကျောင်းပေါ်မှာ ဘုန်းကြီး ဖြစ်သလို ချမ်းသာသလို နေရ ပါတယ်၊ သပ္ပာယ မဖြစ်ဘူးဆိုတာတော့ သိတယ်၊ သိတော့ သိတယ်။

ကဲ -ကံကသာ စီမံပေးပေတော့ပေါ့၊ ဆင်းရဲတာကတော့ ဆင်းရဲပါစေတော့ ပေါ့၊ အဲစီမံပေးလို့ ရှိရင်တော့ ကံက စီမံပေးသလောက်ပဲ အလုပ် လုပ်ရ တာပေါ့လို့၊ အဲဒီလို အနေမျိုးနဲ့ ရုပ်တွေဖြစ်ပုံ သိရက်သားနဲ့ ရုပ်တွေကို ကောင်းအောင် ပြုနိုင်ပါရက်သားနဲ့၊ မလိုက်နိုင်ပါဘူး။

နတ်ကို အထင်မကြီး။ ။ ကံ,စိတ်,ဥတု,အာဟာရ အစားအသောက်ကိုလဲပဲ ကြံကြံဖန်ဖန် စားလို့ရှိရင် အားရှိမယ်ဆိုတာ သိပါ ရဲ့၊ သို့ပေမယ်လို့ ဘုန်းကြီးတို့က စိတ်အလုပ်ကို ပဓာနထားပြီးတော့ လုပ်နေတာ ဖြစ်တော့, ပတ်ဝန်းကျင်ကို မေတ္တာပို့ပြီးတော့ နေရတာဖြစ်တော့, အားလုံးလေ နတ်တွေ ဘာတွေ နတ်တွေကလဲ သိတာမဟုတ်တော့ သူတို့က အပြစ် မြင်ရင် မြင်နေမှာ။

ဒီဘုန်းကြီး ဟိုတုန်းက ဘယ်လိုစားပြီးတော့ ခု ဘယ်လို စားနေတယ်လို့၊ သူတို့လဲ သိတာ မဟုတ်ဘဲနဲ့၊ နတ်တွေကို ဘုန်းကြီးက အထင်မကြီးတာက ဣန္ဒကနတ်က ဒီနတ်တွေထက် သာတယ်၊ ဣန္ဒကနတ်တောင် အယူအဆ လွဲနေတာဖြစ်တော့, ဒီ ပတ်ဝန်းကျင် နတ်တွေလဲ အယူအဆ လွဲမှာပဲ လို့၊ စောင့်ရှောက်နိုင်ရင်လဲ စောင့်ရှောက်ပေါ့၊ မစောင့်ရှောက်နိုင်ရင်လဲ နေကြပေါ့၊ နတ်ကလဲ လုပ်ချင်လဲ လုပ်ကြပေါ့၊ အနှောက်အယှက် လုပ်ချင်လဲ လုပ်ပေါ့လို့ နတ်တွေကိုလဲပဲ မေတ္တာပို့ရပါတယ်။

အဲဒါကြောင့် ဘုန်းကြီးမှာလေ အသိက အမျိုးမျိုး သိနေတာဖြစ်တော့ ကံကောင်းအောင် ပြုပြင်ရပါတယ်၊ ဒီဘဝ ကံကောင်းချင်လို့ မဟုတ်ပါဘူး၊ ပါရမီဖြစ်အောင်လို့ ကြိုးစားရပါတယ်၊ ကံကောင်းချင်လို့ ဆိုတာဟာ ဒီ သာသနာတော်ကြီး ပြင်ချင်လို့ ကြိုးစားရပါတယ်၊ ဒီနိုင်ငံကြီးဟာ မကျဆင်း ထိုက်ဘဲ နဲ့ ကျဆင်းရတယ်၊ ဒီ သာသနာတော်ကြီး မကျဆင်းထိုက်ဘဲ နဲ့ ကျဆင်း ရတယ်လို့၊ အဲဒီလို မြင်လွန်းလို့, ပြုပြင်ချင်လွန်းလို့ ကြိုးစားနေရပါတယ်။

ပြုပြင်ကြပါ။ ။ ဒီတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ, ကံကောင်းအောင် ပြုပြင် ကြပေါ့နော်လို့, ဘေးက ဝိုင်းနိုင်လို့ ရှိရင် ဝိုင်းနိုင်အောင်လို့ နတ်တွေ ဘာတွေကို မေတ္တာပို့ရပါတယ်၊ စိတ်ကို ချမ်းသာအောင် ကြည့်ပြီး တော့ နေရပါတယ်၊ ဥတု မျှတနိုင်သလောက် မျှတအောင် နေရပါတယ်၊ အစာ အာဟာရကို သင့်တော်အောင် စားနေရပါတယ်၊ ဒီ တရားတော်ကို သဘောပေါက်တဲ့ ပုဂ္ဂိုလ်တွေကလဲပဲ အာဟာရကို တွေ့ကရာ စားတာဟာ အင်မတန် တော့ ရိုင်းတာပဲ၊ ရိုင်းတဲ့အတွက်ကြောင့်လဲ သူတို့မှာ ရောဂါတွေ ရကြပါတယ်၊ ရောဂါတွေ ရရုံတင်မကဘူး အသေလဲ မြန်ကြပါတယ်။

ဘာဖြစ်လို့တုန်း၊ ပြုလဲ မပြုပြင်တတ်ဘူး၊ အစားလဲ မပြုပြင်တတ်ဘူး၊ ကံကိုလဲ ကောင်းအောင် မပြုပြင်တတ်ဘူး၊ မိရိုးဖလာပဲ နားလည်တယ်၊ အဲဒီ ဟာတွေကြောင့် ဒီလူတွေ ရောဂါတွေ ရကြပါတယ်၊ ဒီကံကိုတော့ ထားပါတော့၊ ဒီစိတ်ချမ်းသာရင် စိတ်ချမ်းသာသလောက် ရုပ်တွေ ကြည်လင်တယ်၊ စိတ် မချမ်းသာရင် စိတ်မချမ်းသာသလောက် ရုပ်တွေ ညှိုးနေပါတယ်၊ မျက်နှာတွေ နွမ်းတယ်၊ ခန္ဓာကိုယ် အသား အရေတွေ ညှိုးနွမ်းတယ်၊ အင်မတန် သိသာ တယ်, သိသာတယ် စိတ္တဇရုပ်က။

ခုနက ဥတုကိုတော့ ခုနကလို အပြောင်းအလွဲနဲ့ ရေလေး ဘာလေး ချိုးလိုက်ရင်ပဲ လန်းဆန်းပြီးတော့ သွားတာ၊ ဥတုဇရုပ်တွေ ပြောင်းလွဲသွားတာ အင်မတန် သိသာပါတယ်။

အာဟာရဇရုပ်တွေ မတည့်တာတွေ စားတဲ့သူတွေ တော်တော်ကြာတော့ ရောဂါတွေ ဖြစ်လာပါတယ်၊ တည့်တဲ့ အစာကလေး စား၊ တည့် မတည့်ဆိုတာ လဲ ကိုယ်က ဉာဏ်ရှိမှ သိတာ၊ ကိုယ်လဲ မသိဘဲနဲ့၊ တည့် မတည့်ဆိုတာလဲ ပြောလို့ မဖြစ်ဘူး၊ အထိုက်အလျောက် ဆရာသမားတွေ မေးမြန်းလို့၊ ကိုယ် ကိုယ်တိုင်လဲ ဉာဏ်ရှိလို့ သတိထားလို့၊ ဒီလိုမှ တည့် မတည့် သိတာပေါ့၊ တည့်တဲ့ အစာအာဟာရတွေ စားနေလို့ ရုပ်တွေ ကျန်းမာရေးကောင်းလို့, ကြည်လင်လို့၊ အဲဒါကြောင့် ခန္ဓာကိုယ်ကြီးဟာ အတ္တမရှိပါဘူး၊ ဘယ်သူမှ ပြုပြင်လို့ မပေးနိုင်ပါဘူး၊ မိမိက မိမိကိုယ်ကို ပြုပြင်ပေးတယ်၊ မိမိ စိတ်က မိမိကို ပြုပြင်ပေးတယ်။

ရုပ်ချုပ်ပုံ။ ။ မိမိစားတဲ့ အာဟာရက မိမိကို ပြုပြင်ပေးတယ်၊ ဘယ်ထိအောင် ပြုပြင် ပေးသလဲ, သေခါနီးထိအောင် ပြုပြင်ပေးတယ်၊ သေခါနီးကျတော့ ကံကုန်တော့မယ်လို့ဆိုလို့ရှိရင်ပဲ အဲဒီနောက် စိတ္တက္ခဏ (၁၇)ချက်လောက် အချိန်မှာ သေတော့မယ်ဆိုရင် ဒီ အချိန်က ကမ္မဇရုပ်တွေ မဖြစ်တော့ဘူး၊ နောက်ထပ် မဖြစ်တော့ဘူး၊ ဒီ ကမ္မဇရုပ်တွေလဲပဲ (၁၇)ချက် လောက် စိတ္တက္ခဏဖြစ်ရော, ကမ္မဇရုပ်တွေ ပြတ်ကို ပြတ်သွားတာ။

စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေလဲပဲ နောက်ဆုံး စုတိစိတ်အချိန် ရှေ့နားက ဖြစ်တဲ့ စိတ္တဇရုပ်တွေဟာ စိတ္တက္ခဏ (၁၇)ချက်လောက်ကျတော့ ပြတ်သွားတာ၊ စုတိစိတ်မှာ ဖြစ်ကြတဲ့ စိတ္တဇရုပ်တွေဟာလဲ ကမ္မဇရုပ် ချုပ်ပြီးနောက်, စုတေ ပြီးနောက် စိတ္တက္ခဏ (၁၆)ချက်လောက်ကျတော့ ပြတ်သွားတာပဲ၊ အစာ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်တွေလဲပဲ သေခါနီးမှာ အစာ စားလို့မရတော့ဘူး၊ မဝင်တော့ဘူး၊ ဝင်သည့်တိုင်အောင်လဲပဲ ဟိုအပြင်ဖက်က အစာအာဟာရတွေက အထောက်အပံ့ရမှ, ဝမ်းထဲက အစာအာဟာရတွေက အထောက်အပံ့ရမှ အပြင်ဖက်က စားတဲ့ အစာတွေက ရုပ်ဖြစ်စေတာပါ။

သေခါနီးကျတော့ ဝမ်းထဲက အထောက်အပံ့ မရတော့ဘူး၊ မရတော့ ရုပ်ကို မဖြစ်စေပါဘူး၊ တချို့ မသေခင် အဝေးကြီးထဲကိုက စားတော့ စားတယ်၊ ရုပ်မဖြစ်ဘူး၊ စားတော့ စားလိုက်တာ သူက ပိန်လို့နဲ့၊ အဲဒီ အတွင်းက အစာ အာဟာရ ဩဇာက အထောက်အပံ့ရမှ ရုပ်ကို ဖြစ်စေပါတယ်။

သေခါနီးကျတော့ အတွင်းက အထောက်အပံ့ မရှိတော့ဘူး၊ ကံမှ မရှိ တော့ပဲကို၊ ကမ္မဇရုပ်မှ မရှိတော့ဘဲကို၊ အဲဒီတော့ လူမမာ စားချင်တိုင်းစား ရုပ်မဖြစ်စေနိုင်ဘူး၊ ဆရာဝန်တွေ ဆေးသွင်းချင်တိုင်း သွင်း၊ ဒီ ရုပ်မဖြစ်တော့ ဘူး၊ ဘာပြုလို့လဲ အတွင်းက ဩဇာဆိုတဲ့ ကမ္မဇဩဇာ မရှိတော့ အပြင်ဖက်က ဩဇာချည်း ရုပ်ကို ဖြစ်စေလို့ မရဘူး၊ ဒါကြောင့် သွင်းပါ၊ အစာတွေ အကြောက နေပြီးတော့ သွင်းပါ၊ သေတော့မယ့် လူကို သွင်းပါ၊ သေခါနီး သွင်းပါ၊ သေပြီးရင် ဆေးသွင်းပါ၊ အစာတွေ အကြောကနေပြီး သွင်းပါ၊ ဒီ ရုပ်မဖြစ်စေပါဘူး။

အဲ ကမ္မဇရုပ်တွေ ချုပ်၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေက ခဏလေးဖြစ်ပြီး တော့ ချုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်တွေကလဲ ချုပ်၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေကလဲ အပြင်ဖက်က ကောင်းတဲ့ ဥတုကြောင့်ဖြစ်တဲ့ ရုပ်လဲ မရှိတော့ဘူး၊ အတွင်းကလဲ အထောက်အပံ့ မရတော့ဘူး၊ အလောင်းကောင်ကြီးချည်း ကျန်နေတဲ့ အချိန်မှာလေ, ကမ္မဇရုပ်မရှိ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်မရှိ၊ အာဟာရ ကြောင့်ဖြစ်တဲ့ ရုပ်မရှိ၊ ဥတုလဲ ကောင်းတဲ့ဥတုကြောင့်ဖြစ်တဲ့ ရုပ်မရှိ။

ဒါကြောင့် အလောင်းကောင်ကြီးဟာ တဖြည်းဖြည်း ပုပ်ကို ပုပ်ရမယ်၊ ဘာပြုလို့လဲ နောက်ပြောစရာရှိတယ်၊ ဇီဝိတရုပ် အစောင့်အရှောက် မရှိဘူး၊ အစောင့်အရှောက်မရှိတော့ ဒီခန္ဓာကိုယ်ကြီး ပုပ်ကို ပုပ်ရပါတယ်၊ ဆေးထိုးလို့ မပုပ်ဘူးဆိုတာ ပုပ်စေတတ်တဲ့ အရာဝတ္ထုတွေကို ခြောက်သွားအောင် လုပ်လို့ မပုပ်တာပါ။

သူရဲ့ သဘာဝကတော့ စိုစိုပြည်ပြည် မဟုတ်တော့ပါဘူး၊ မြန်မြန်ကြီး မီးသဂြိုဟ်လိုက်တာ အင်မတန်ကောင်းတယ်၊ မြန်မြန်ကြီး မြေမြှုပ်လိုက်တာ အင်မတန် ကောင်းတယ်၊ ဒီ ခန္ဓာကိုယ်ကြီး ဘယ်လောက်မှ အသုံးမကျ တော့ဘူး။

ကံကြောင့် ဖြစ်တဲ့ ရုပ်တွေ မရှိဘူး၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေ မရှိဘူး၊ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်တွေ မရှိဘူး၊ ဥတုကြောင့် ဆက်ဖြစ်တဲ့ ရုပ်တွေသာ ရှိတော့တယ်၊ မကောင်းတဲ့ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေဖြစ်လို့ မကောင်းတဲ့ ရုပ်ပဲ ရှိတော့တယ်။

ဒါကြောင့် ပုပ်ရပါတယ်၊ ဒါကြီးကို အလောင်းကောင်ကြီးကို အိမ်ပေါ်မှာ ကြာကြာ မပြောနဲ့ ချစ်ချစ် မချစ်ချစ် ပြီးပြီးသားကို အာရုံပြုပြီးတော့ ဒီ အလောင်းကောင်ကြီးကို ချစ်စရာ မဟုတ်တော့ဘူး၊ အသက်ဝိညာဏ် မရှိတော့ ဘူးဆိုရင် အချိန်ရှိရင် မြန်မြန်ကြီး ဒီကနေ့ သုသာန်ကို ပို့ရတာ အကောင်းဆုံး ပါပဲ, အကောင်းဆုံးပါပဲ။

နားမလည်လို့ လူတွေက အချိန်ဆွဲနေကြတယ်၊ နားမလည်တိုင်း အချိန် ဆွဲနေကြတာပဲ၊ နားမလည်တဲ့လူတိုင်း ဒီလို ဖြစ်နေကြတာပဲ၊ အဲဒီလို နားမလည် တဲ့အတွက်ကြောင့် ပိုက်ဆံလဲ ကုန်သေးတယ်၊ သူတို့မှာလဲ သောကပိုပြီးဖြစ်ရ သေးတယ်၊ ဘေးက လူတွေကလဲ တရားရအောင်တော့ မပြောဘူး၊ ဖြစ်ရလေ ဟယ်, အို့-ဘာ့ကြောင့်တုန်း၊ အင်းနဲ့၊ ဘေးကလူတွေကလဲ ဝမ်းနည်းအောင် ပြောကြ၊ ပိုပြီးတော့ ဝမ်းနည်းအောင် ပြောတဲ့ သူမှ ကျေနပ်ကြတယ်လေ။

တရားစကားနဲ့ ဝမ်းမနည်းအောင် ပြောတဲ့ လူဆိုရင် ရက်စက်လိုက်တာ၊ ပြောလိုက်တာလဲ ဘာမှ ရစရာမရှိဘူး၊ ချက်ချင်း ပစ်လိုက်ရမလောက် ပြော တယ်၊ တရားကို လာပြောတဲ့ သူကို ရန်သူ၊ ဝမ်းနည်းအောင် ဆွပေးတဲ့ သူကို တော့ မိတ်ကောင်း ဆွေကောင်း အဖြစ်နဲ့ ဆက်ဆံပြီးတော့ နေကြတယ်၊ အင်မတန် အသိညာဏ်နဲတဲ့ ဘဝကြီးမှာ ရောက်နေကြပါတယ်။

ဘုန်းကြီးတို့မှာ ကျေးတောသားပင် ဖြစ်သော်လဲပဲ အင်မတန် မွန်မြတ်တဲ့ ဗုဒ္ဓတရားတော်ကြီး ကြည့်ပြီးတော့ နေရတာဖြစ်တော့ အမြဲ ဘုန်းကြီးတို့မှာ တရားဖက် လိုက်ပြီးတော့ နေရတာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဒီတရားတော် ကြီးဟာ ဗုဒ္ဓမြတ်စွာက ပုဂ္ဂိုလ်မရှိဘူး၊ သူမရှိဘူး, ငါမရှိဘူး၊ ရုပ်တွေ နာမ်တွေ ချည်းပဲ ဖြစ်ပျက်နေတယ်လို့ တရားတော်ကြီးမှာ ကောင်းလွန်းမက ကောင်း လွန်းလို့မို့ အင်မတန် မွန်မြတ်တဲ့ ပဋ္ဌာန်းတရားတော်ကြီးပါလားလို့။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တ နယ, သမန္တပဋ္ဌာန်း,ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……ဇသာဓု……သာဓု။

ဧကာဒသမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

ဧကာဒသမနေ့

၁၃၃၅-ခုနှစ်၊ တန်ခူးလပြည့်ကျော် (၂)ရက်၊ ၁၉၇၃-ခုနှစ်၊ ဧပြီလ (၁၉)ရက်၊ ကြာသပတေးနေ့။

၁၆-ဣန္ဒြိယပစ္စယော (ဣန္ဒြိယပစ္စည်း)

အဓိပတိနဲ့ ဣန္ဒြိယ။ ။ ဣန္ဒြိယပစ္စည်းအကြောင်းပြုပြီးတော့ ဟောရပါ့မယ်၊ ဣန္ဒြိယလို့ဆိုတဲ့ စကားက {အစိုးရ}လို့ အဓိပ္ပာယ် ရတယ်၊ တစ်နေရာတုန်းက အဓိပတိပစ္စည်းလို့, အကြီးအကဲ အချုပ်၊ ဒီလို ပစ္စည်းတစ်ပါးလဲ တွေ့ခဲ့ပြီ၊ အဲဒီတုန်းက အစိုးရတာက အကြီးအကဲ တစ်ပါး တည်း, အပြိုင် မရှိဘူး၊ သူဖြစ်တုန်းမှာ တခြားတစ်ပါး မဖြစ်ရဘူး၊ အဓိပတိ ဆိုတဲ့ အဓိပ္ပာယ်ကိုက အကြီးအချုပ် ဒီလို အဓိပ္ပာယ်ရတယ်၊ သူနဲ့ တန်းတူ မရှိဘူး၊ အားလုံး သူ့လက်အောက်ခံချည်း ဖြစ်ရမယ်။

ဆိုပါတော့, ဆန္ဒက အုပ်စိုးနေရင်, ဆန္ဒရှိရင် ဘာမဖြစ်ဘဲ ရှိရမလဲဆိုတဲ့ ဘုရားအလောင်းများရဲ့ ဆန္ဒမျိုးလို ဖြစ်ပြီဆိုရင် ကျန်တဲ့တရားတွေက ဆန္ဒ အတိုင်း လိုက်ရတယ်၊ ဝီရိယကလဲ ဆန္ဒအတိုင်း လုံ့လထုတ်ပေးရတယ်၊ ပညာကလဲ ဆန္ဒ အလိုအတိုင်း စိစစ်ပေးရတယ်၊ ဒီ ဆန္ဒ အလိုကို အကုန် လိုက်ရတယ်။

ခု ဣန္ဒြိယကျတော့ ဒီလို မဟုတ်တော့ဘူး၊ ကိုယ့်အပိုင်းနဲ့ကိုယ် တစ်ပြိုင်နက် အစိုးရကြတယ်၊ တစ်ပြိုင်နက်, တစ်ပြိုင်နက်၊ ဥပမာ-စက္ခုန္ဒြေက သူနဲ့ဆိုင်ရာ အစိုးရတယ်၊ စက္ခုန္ဒြေနဲ့ အတူတူဖြစ်တဲ့ ဇီဝိတိန္ဒြေကလဲ သူနဲ့ဆိုင်ရာ အစိုးရ တယ်၊ အတူတူဖြစ်တာ, တစ်ပြိုင်နက် ဖြစ်တာ၊ တစ်ပြိုင်နက် ဖြစ်ပေမယ်လို့ ကိုယ့်သတ္တိနဲ့ကိုယ် ဖြစ်နေကြတယ်။

ပြီးတော့ ဣန္ဒြိယပစ္စည်းကို ရှေးဆရာများက ဘယ်လို ဥပမာပြကြသလဲ ဆိုရင် တစ်နိုင်ငံထဲမှာ ရှင်ဘုရင်မျိုး မဟုတ်သေးဘူး၊ ဟို မင်းကြီးတွေ,အမတ် ကြီးတွေ, မင်းကြီးတွေ ဆိုပါတော့၊ ပြည်ထဲရေးမင်းကြီးက, ပြည်ထဲရေးအမတ် က ပြည်ထဲရေးကိစ္စမှာ အစိုးရတယ်၊ သူနဲ့ အတူတူ အလုပ်လုပ်ဖက်က ပညာရေး အမတ်က ပညာရေးကိစ္စမှာ အစိုးရတယ်၊ သူတို့နှစ်ယောက် တစ်ပြိုင်တည်း ဖြစ်တာ၊ တစ်ပြိုင်နက် အလုပ် လုပ်ကြတယ်၊ တစ်ယောက် တစ်ယောက် မကန့်ကွက်ဘူး၊ ပညာရေးကိစ္စ ကြုံလာရင် ပြည်ထဲရေးက ပညာရေးအလို အတိုင်းပါပဲ။

အဲဒီလိုပေါ့လေ၊ ပြည်တစ်ခုရဲ့ အတွင်းမှာ ရှင်ဘုရင်မျိုး မဟုတ်ဘဲနဲ့ မှူးတွေ မတ်တွေ ကိုယ့်ဆိုင်ရာ ကိုယ့်ဆိုင်ရာ အစိုးရကြတယ်၊ သူ အစိုးရတုန်းမှာ ဒိပြင် အစိုးရဖြစ်ပြန်တော့လဲ အဲဒီ အစိုးရကလဲ သူ့ကိစ္စကျတော့ သူ့အလို လိုက်ရတယ်, ဟို ဒိပြင် ကိစ္စကျတော့လဲ အဲဒီလူ အလိုအတိုင်း ဒီလူက လိုက်ရပြန်တယ်၊ ဣန္ဒြေအုပ်စိုးမှုက အဓိပတိလောက် မကြီးကဲဘူး၊ မကြီးကဲပေမယ့် သူ့နည်းသူ့ဟန်နဲ့တော့ သိပ်စွမ်းတာပဲ၊ ဒါကြောင့် ဣန္ဒြိယပစ္စယော-တစ်ပြည်တွင်း၌, ချင်းချင်းမဆန့်, သီးမသန့်ဘဲ, ခွဲခန့်ပိုင်စား, မှူးမတ်များသို့, သုံးပါးပြားလတ်, သဟဇာတ်နှင့်, ဓာတ်ပဉ္စဝိညာဏ, ကမ္မဇကို, မိမိအလိုသို့ လိုက်စေနိုင်သော သတ္တိထူး ဖြင့် ကျေးဇူးပြုနိုင်သော သဟဇာတိန္ဒြိယ, ပုရေဇာတိန္ဒြိယ, ရူပဇီဝိတိန္ဒြိယ သုံးပါး, ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရား သဘောသာ, ထင်ရှားရှိပါပေသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံသဗ ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှ ဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

ပုရေဇာတိန္ဒြိယ။ ။ တရားတော်က_ စက္ခုန္ဒြိယံ-စက္ခုန္ဒြေသည်၊ စက္ခုဝိညာဏဓာတုယာ-စက္ခုဝိညာဏ ဓာတ်အားလည်းကောင်း၊ တံသမ္ပယုတ္တကာနံ-ထိုစက္ခုဝိညာဏဓာတ် နှင့် သမ္ပယုတ်ဖြစ်ကုန်သော၊ ဓမ္မာနံ စ-စိတ် စေတသိက်တရားတို့အား လည်းကောင်း၊ ဣန္ဒြိယပစ္စယေန-ဣန္ဒြိယပစ္စယသတ္တိဖြင့်၊ ပစ္စယောသည်၊ ဟောတိ-၏။

ဒါ ပုရေဇာတိန္ဒြိယလို့ ခေါ်တယ်။

စက္ခုန္ဒြေ စက္ခုပသာဒ။ ။ ဒီ စက္ခုန္ဒြေဆိုတာ စက္ခုပသာဒ၊ စက္ခုပသာဒက ဘယ်ကိစ္စမှာ တာဝန်ရှိသလဲဆိုရင် မြင်ခြင်းကိစ္စမှာ တာဝန်ရှိတယ်၊ အားလုံး သိနေကြတာပေါ့၊ စက္ခုဝိညာဏ် မြင်တယ်လို့ သိနေ ကြတာ၊ ဒါပေမယ့် အဲဒီ မြင်ခြင်းကိစ္စကို စက္ခုပသာဒက အစိုးရတယ်၊ သူ့ကို စက္ခုန္ဒြေလို့ ခေါ်တယ်။

ဒါတွေ နှစ်နှစ်ကာကာလေး စဉ်းစားကြည့်စမ်း၊ စက္ခုပသာဒဆိုတာ ကံ ကြောင့် ဖြစ်တာ၊ ဒီ မျက်စိအတွင်း အလယ်ခေါင်မှာ သူငယ်ရိပ်ကလေးထင်တဲ့ နေရာမှာ အဲဒီ စက္ခုပသာဒတွေ အတော်များများကြီး စုပြီးတော့ စက္ခုပသာဒ ရုပ်ကလာပ်တွေ ရှိတယ်၊ အဲဒီ စက္ခုပသာဒရုပ်ကလာပ်က အားကောင်းလေ အမြင်ကောင်းလေ။

ဆိုပါတော့လေ, ကလေးခပ်ငယ်ငယ်၊ အင်း-ဆယ်နှစ်သားလေး ဘာလေး၊ သူ့ စက္ခုပသာဒက တယ်အားကောင်းတယ်၊ အဲဒီ အချိန်မှာ မြင်တယ်၊ လူကြီးတွေ မမြင်ပေမယ့် ကလေးက မြင်တယ်၊ ဘာဖြစ်လို့တုန်း၊ စက္ခုပသာဒ အားကောင်းနေလို့၊ ဒီလို စက္ခုဝိညာဏ် အသိက ပိုသိနေတယ်။

ဒီတော့ကာ ဒီ မြင်ခြင်းကိစ္စမှာ စက္ခုပသာဒရဲ့ အလိုကို အားလုံး လိုက်ကြရတယ်၊ သင် မြင်ချင်တိုင်း မမြင်ရဘူး၊ စက္ခုဝိညာဏ်က မြင်ချင် လိုက်တာ သင်မြင်ချင်တိုင်း မမြင်နိုင်ဘူး၊ ငါ စက္ခုပသာဒက အစွမ်းရှိသလောက် သာ မြင်ရမယ်၊ ဟော-သူက ဒီလို အုပ်စိုးနေသလိုပဲ၊ ကလေးလေးရဲ့ စက္ခု ပသာဒက ဘာဖြစ်လို့ အားကောင်းနေသတုန်းဆိုရင် ဘေးမှာ စက္ခုပသာဒရုပ်ကလာပ်ချည်း ဖြစ်နေတာ မဟုတ်ဘူး၊ ဒိပြင် ရုပ်ကလာပ်တွေကလဲ စက္ခုပသာဒနဲ့ ဆက်စပ် ကပ်ပြီးတော့ ဖြစ်နေတာ၊ ဖြစ်နေကျတော့ ဒိပြင် ရုပ်ကလာပ်တွေကလဲ အသက်နည်းနည်းကြီးလာလေ သူတို့အားက လျော့လာလေ၊ အင်း-ဆိုပါတော့ အသက်ကြီးတော့ လေးဆယ် ကျော်ရောက်လေ ဘေးက ရုပ်ကလာပ်တွေက အားနည်းနည်းလျော့လာလေ၊ စက္ခုပသာဒကလဲ နည်းနည်း အားလျော့လာလေ၊ ဘေးက ကလာပ်တွေ အနှောင့်အယှက်ကများလေ စက္ခုပသာဒက အားလျော့လာလေ၊ အဲဒီတင် စက္ခုပသာဒ အမြင်ညံ့သွားတယ်။

ဒါပေါ့, မျက်မှန်ကူပေးရတယ်ဆိုတာ ဒီ အဓိပ္ပာယ်ပဲ၊ စက္ခုပသာဒကိုက အမြင်ညံ့သွားပြီ၊ ညံ့တာက စက္ခုပသာဒ ကိုယ်တိုင်ကိုက အားနည်းညံ့တာလဲ ရှိတယ်၊ ဘေးပတ်ဝန်းကျင်နဲ့ အတူတူဖြစ်နေတဲ့ ရုပ်တွေရဲ့ အနှောင့်အယှက်လဲ ရှိတယ်၊ ဥပမာ-လေက နှောင့်ယှက်နေရင် စက္ခုပသာဒက အားနည်းတယ်၊ အဲ-သွေး, သည်းခြေ, သလိပ်၊ အင်း-ဒီလို ဘေးပတ်ပတ်လည် ရုပ်တွေက နှောင့်ယှက်နေပြီဆိုရင် စက္ခုပသာဒက အားသေးသွားပြီ၊ စက္ခုဝိညာဏ် မြင်ချင်တိုင်း မမြင်ရတော့ဘူး၊ ဒါကြောင့် အဲသလို ကိစ္စမှာတော့ စက္ခုပသာဒက {ငါ့ အစွမ်းအတိုင်း သင်တို့ မြင်ကြရမယ်}လို့ အမိန့်မပေးပေမယ့် ပေးသလိုပဲ သူ့အလိုကို လိုက်ကြရတယ်။

သောတပသာဒ။ ။ တစ်ခါ သောတပသာဒက ဒီလိုပဲ၊ နားထောင်ချင်တိုင်း မကြားနဲ့၊ အသင်တို့က ကြားချင်တာကတော့ တစ်ယူဇနာ က အသံတွေကိုပါ ကြားချင်တာပဲ၊ ငါ သောတပသာဒက အဲဒီလောက် အား မရှိဘူး၊ ငါအားရှိသလောက်သာ သင်တို့ ကြားရမယ်။

နောက်တော့ တဖြည်းဖြည်းပေါ့၊ ခုနကလို တော်တော်လေး ကြီးလာလေ ဘေးက ရုပ်တွေက အားသေးလာလေ၊ ပတ်ဝန်းကျင် သွေး,လေဆိုတဲ့ ရုပ် ကလာပ်တွေက ရှုပ်လာလေ၊ အဲဒီ သောတပသာဒ အကြား အားနည်းသွား တယ်၊ တချို့ နားလေးသွားတယ်၊ တချို့ အဘိုးအဘွားတွေ နားလေးသွား တယ်၊ အဲဒီ သောတပသာဒ ညံ့သွားတယ်၊ အဲ-ဘေးက အနှောင့်အယှက်ကလေး တွေက များလာတယ်၊ အဲဒီမှာ နားကြပ်တို့ ဘာတို့နဲ့ လုပ်လိုက်တော့ အကြား နည်းနည်း များလာပြန်ရော၊ သူ အကြား များလာပြန်ရော၊ သူ အားနည်းနည်း ရှိသွားပြန်ရော။

ဃာနပသာဒ။ ။ ဃာနပသာဒ နှာခေါင်းက, အဲ- သူ့ ပတ်ဝန်းကျင်က ရုပ် ကလေးတွေရဲ့ အနှောင့်အယှက်ကလေးတွေ ရှိနေတော့ သူ အနံ့မရတော့ဘူး၊ မရတော့ ဘာမှ မသိဘူး။

ဇိဝှာပသာဒ။ ။ ဇိဝှာပသာဒ လျှာက ဒီလိုပဲ စားလို့ မကောင်းပါဘူး၊ ဟုတ် တယ်၊ ငယ်ငယ်တုန်းက ဇိဝှာပသာဒက ဘာစားလိုက် စားလိုက် အရသာရှိတယ်၊ တော်တော်လေး ကြီးလာတော့ ပတ်ဝန်းကျင် ရုပ် တွေရဲ့ အနှောင့်အယှက်ကြောင့် ဇိဝှာပသာဒ မကြည်လင်ဘူး၊ မသန့်ရှင်းဘူး၊ ဒီတော့ စားတော့ စားတာပဲ၊ အရသာက အရင်လောက် မရှိချင်ဘူး။

မရှိလေ အစားကောင်း ရှာလေ၊ အရသာ မပေါ်လာလေ၊ အစားကောင်း ရှာလေ၊ အဘိုးကြီး အဘွားကြီးတွေ ချေးများလေ၊ အမှန်ကတော့ သူ့ရဲ့ ဇိဝှာ ပသာဒ ပျက်နေတာကိုတော့ သူ သတိမထားမိဘူး၊ ဇိဝှာပသာဒ ပျက်နေတာ နှလုံးသွင်းရင်း တရားနှလုံးသွင်းဖို့ သိပ်ကောင်းတာပဲ၊ အခုတော့ မဟုတ်ဘူး၊ ကောင်းသထက် ကောင်းအောင် ရှာပြီးတော့ စားကြတာပဲ။

ကာယပသာဒ။ ။ ကာယပသာဒ အတွေ့အထိက ဒီလိုပဲ၊ ဒါကြောင့် ဒါကို {ပုရေဇာတိန္ဒြိယ}လို့ ခေါ်တယ်၊ သူတို့က စိတ်မဖြစ်ခင် အရင် ဖြစ်နှင့်တယ်၊ နည်းနည်းလေးပါ၊ နည်းနည်းလေးပါ၊ စိတ်မဖြစ်ခင် အရင် ဖြစ်ပြီးတော့မှ သူတို့ ဖြစ်ပြီးတော့မှ ခဏလေးနေတော့မှ ခုနက စက္ခု ဝိညာဏ်စိတ်တို့, သောတဝိညာဏ်စိတ်တို့, ဃာနဝိညာဏ်စိတ်တို့, ဇိဝှာဝိညာဏ် စိတ်တို့, ကာယဝိညာဏ်စိတ်တို့ ဖြစ်ကြရတယ်၊ ဒါကို ပုရေဇာတိန္ဒြိယလို့ ခေါ်ပါတယ်။

မနိန္ဒြေ။ ။ တစ်ခါ ဘုန်းကြီးတို့ နည်းနည်း ပြောလို့ လွယ်တာကို ပြောမယ်၊ ဒီ မနိန္ဒြေဆိုတဲ့ စိတ်လဲ ပါတယ်၊ စိတ်က အာရုံကို ရအောင် ယူထားတာပဲ၊ သူသိပ်ပြီးတော့ မဆန်းပါဘူး၊ ထားပါတော့။

ဒီထဲ ဇီဝိတိန္ဒြေဆိုတဲ့ နာမ်ဇီဝိတပါတယ်၊ အသက်, သူတို့ကိုတော့ ရုပ်ဇီဝိတနဲ့ တွဲပြီးတော့ ဘုန်းကြီး ပြောပြမယ်၊ နာမ်မှာလဲ အသက်ရှိတယ်၊ {နာမ်ဇီဝိတ}၊ နောက် ရုပ်မှာလဲ အသက်ရှိတယ်၊ {ရုပ်ဇီဝိတ} သူတို့နှစ်ခုကျမှ တွဲပြောမယ်။

သဒ္ဓိန္ဒြေ အာရုံမှန်မှ ဘုန်းကြီးက ယခု ဘာပြောသလဲဆိုတော့ {သဒ္ဓိန္ဒြေ} သဒ္ဓါမှန် သဒ္ဓါစစ် သဒ္ဓါတရား သဒ္ဓါတရားနဲ့ ပြောကြတယ်၊ မြန်မာများကလဲ သဒ္ဓါကောင်း၊ တယ် သဒ္ဓါကောင်း၊ မြန်မာလူမျိုးတွေ တယ် သဒ္ဓါကောင်းလို့ ပြောကြတယ်၊ သဒ္ဓါဆိုတဲ့ တရားက ယုံကြည်တယ်၊ အဲဒီ ယုံကြည်တဲ့ သဒ္ဓါမှန်, မမှန်ကတော့ အရေးကြီးပြန်ရော၊ မှန်, မမှန်ကလဲ သဒ္ဓါက ပြောနေဖို့ မလိုဘူး၊ သူ ယုံတဲ့ အာရုံ မှန်, မမှန် လိုက်ရတယ်။

ဆိုပါတော့ ဗုဒ္ဓမြတ်စွာက တကယ့် ဗုဒ္ဓအစစ်၊ ဘုန်းကြီးတို့က ဗုဒ္ဓက လေးသချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတော်တွေဖြည့်လို့၊ ပါရမီတွေ ဉာဏ်တော်တွေ ရင့်ရင့် ရင့်ရင့် လာတော့မှ သဗ္ဗညုတဉာဏ်တော်ကြီးကို ရတယ်၊ အဲဒီ ဗုဒ္ဓ မြတ်စွာကို ယုံကြည်ရင်တော့ ဟို ယုံစရာအာရုံက မှန်နေတယ်၊ သဒ္ဓါအစစ်ပဲ ယုံလို့, ယုံရုံသာမကဘူး၊ ဘုရားကို အာရုံပြုပြီးတော့နေတဲ့ အချိန်မှာ စိတ်ကို ကြည်လို့။

ဒါကြောင့် {ယုံ+ကြည်} နှစ်ကိစ္စ သုံးထားတယ်၊ ယုံတယ်, ယုံရုံတင် မကဘူး၊ စိတ်ကို ကြည်နေတယ်၊ ဒီ ဘုရားကို ယုံတယ်၊ ဗုဒ္ဓရဲ့ တရားတော်တွေ ကျင့်သာကျင့်, ကျင့်သာကျင့် အပြစ်မရှိဘူး၊ ဟုတ်တယ်လေ၊ ချက်ချင်းတော့ အကျိုးရချင်မှ ရမယ်၊ ဒါပေမယ်လို့ မှန်မှန်သာ ကျင့်နေ_ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ။

ဓမ္မော-သုစရိုက် ဆယ်ပါး မြတ်တရားသည်၊ တရားဆိုတာကလဲ ရမ်းပြီး တွေးပြီး တောပြီးတော့ ပိဋကတ်သုံးပုံတွေ ထင်မနေနဲ့၊ မိမိတို့ ဒုစရိုက်ဆယ်ပါးက ရှောင်ပြီးတော့ သုစရိုက်ဆယ်ပါး ကျင့်နေတာ၊ သုစရိုက်ဆယ်ပါး ရှိနေတာ၊ ဆိုပါတော့, ငါးပါးသီလ ရှိနေတာ၊ ဒါကို {ဓမ္မ}လို့ ခေါ်တယ်။

ဓမ္မော-သုစရိုက် ဆယ်ပါး, မြတ်တရားသည်၊ ဓမ္မစာရိံ-တရားကို ကျင့်လေ့ရှိတဲ့ ပုဂ္ဂိုလ်ကို၊ ရက္ခတိ-ပြန်၍စောင့်ရှောက်၏။

ဒါ လူလူချင်း စောင့်ရှောက်သလိုတော့ ဘယ်ထင်ရှားမလဲ၊ ဒါပေမယ့် သိပ်ပြီးတော့ စောင့်ရှောက်တာပဲ၊ ဘုန်းကြီးတို့က အကြွင်းမဲ့ ယုံကြည်တယ်လေ၊ ဘုန်းကြီးတို့ သဒ္ဓါက သဒ္ဓိန္ဒြေက အကြွင်းမဲ့ ယုံကြည်တော့ကာ ဒီ ကျောင်းမှာ ဝိနည်း, ဝိနည်းဆိုတာ သီလ၊ ဝိနည်းသီလကို လေးစားရမယ်၊ စာမတတ်ချင် နေပါ၊ ကျန်းမာရမယ်။

သာသနာအသက်သည် ဝိနည်း။ ။{ဤကျောင်းတိုက်၌ စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ} ဟောဒီလို အစီအစဉ် လုပ်ထားရတယ်၊ ရမ်းပြီးတော့ ဘုန်းကြီးဉာဏ်နဲ့လုပ်တာ မဟုတ်ဘူး၊ ဒီ ဗုဒ္ဓသာသနာတော်ရဲ့ အခြေခံက ဝိနည်းသီလပဲ၊ ဒီတော့ဝိနည်း သီလကို ကျင့်ကြ၊ မကျင့်လို့ကို မဖြစ်ဘူး၊ တစ်ပါးစီလဲ ကျင့်ကြ၊ တစ်တိုက်လုံးလဲ ကျင့်ကြ။

ဘာဖြစ်လို့ ဒီလောက် ဘုန်းကြီး အကျင့်ခိုင်းနေရတာလဲ၊ ဗုဒ္ဓမြတ်စွာကဝိနယောနာမ သာသနဿ အာယု= ဝိနည်းသီလဆိုတာ သာသနာတော်ရဲ့ အသက်ပဲ ၊ သာသနာတော် တည်တယ် ဆိုတာ ဒီ ဝိနည်းသီလတွေ တည်နေတာ။

ဝိနယေ-ဝိနည်းသီလသည်၊ ဌိတေ-ရဟန်းသံဃာတို့ အပေါ်၌, လဇ္ဇီ သူတော်ကောင်းတို့ အပေါ်၌ တည်သည်ရှိသော်၊ သာသနံသာသနာတော် သည်၊ ဌိတံ-တည်သည်၊ ဟောတိ-ဖြစ်၏။

ဝိနည်းတည်ရင် သာသနာတော် တည်တာပဲ၊ ဝိနည်း မတည်လို့ရှိရင် ဘုန်းကြီးတွေ ရှိနေပေမယ်လို့ သာသနာ မတည်ပါဘူး။

သာသနာတော်ကြီး ကျနေပြီ။ ။ ဒီတော့ ခု သာသနာတော်ကြီး ကျနေတယ် ဆိုတာ ဘုန်းကြီးက သိသားပဲ၊ ဝိနည်း မကျင့်ကြလို့၊ စောစောက ဝိနည်း မကျင့်ကြလို့မို့ အကျင့်ဖက်က နေပြီးတော့ သာသနာတော်ကြီး ကျတယ်လို့၊ ဒီလို သိပြီးတဲ့နောက် သိပ် မကြာဘူး၊, အရေအတွက်ပါ ကျသွားတယ်။

သာသနာတော် ကျမှာပေါ့, ကျမှာပေါ့၊ သာသနာတော်ရဲ့ အသက်ဖြစ်တဲ့ ဝိနည်းကိုမှ ဂရုမစိုက်ကြဘဲ ကျမှာပေါ့၊ ပျောက်ကို ပျောက်သွားမှာ, ဒီသာသနာ ပျောက်ကို ပျောက်သွားမှာ၊ ဘုန်းကြီးက သေသေချာချာ သိတာ၊ ခု ကျသွား ပြီ၊ အရေအတွက်ပါ ကျသွားပြီ၊ ဘုန်းကြီးကတော့ မလျှော့ပါဘူး၊ ကျပါစေ၊ ဒီကျောင်းတိုက် ဝိနည်းအသက်ကို ပြန်ပြီးတော့ ဆက်ရမယ်၊ ဆက်ရမယ်လို့ဆို တော့, ဒီ အရေအတွက် ကျသွားဖို့ ကောင်းတာ၊ ကျမသွားဘူး၊ ဒါတော်တော် ဆန်းတာ, တော်တော် ဆန်းတာ။

ပြီတော့ ဒကာ ဒကာမတွေ, ဘယ် ဒကာ ဒကာမမှ အဆက်အသွယ် မလုပ်ပါဘူး၊ ကျောင်းဒကာ ကျောင်းအမတွေကစပြီး အဆက်အသွယ် မလုပ်ပါ ဘူး၊ သူတို့ဟာ သူတို့ ရောက်လာကြတာ၊ ခု ဒီနားမှာ တည်နေတဲ့ တိုက် တစ်တိုက်ဟာ ဘုန်းကြီးရဲ့ နှမဝမ်းကွဲ တော်ပါတယ်၊ သူကျောင်းဆောက်ချင် တယ်, ကျောင်းဆောက်ချင်တယ် ဖြစ်နေတာ ကြာပြီ၊ အဲ-ဘုန်းကြီးက မပြောနဲ့ နေပါစေ၊ မဆွယ်ကြနဲ့၊ တော်ကြာတော့ ကျောင်းဆောက်ရင်း စိတ် မကောင်းဖြစ်လို့ရှိရင် ဘုန်းကြီးဆီ လာဆောက်လို့ ဖြစ်ရတယ်, ဘယ် သွား ဆောက်ရင် ဖြစ်မှာပဲလို့ ဆိုတာကို သူ နောင်တရနေလိမ့်မယ်၊ မဆွယ်ကြနဲ့။

ဒီတော့ သူ့ဆီလာပြီးတော့ ဘယ်က လာဆောက်ပါ၊ ဘယ်မှာ ဘာကြီး ဆောက်ပါလို့ သူ့ကို ဝိုင်းဆွယ်နေကြတယ်၊ ဘုန်းကြီးက မဆွယ်နဲ့၊ တို့ ဒီလို ဆွယ်တရားထဲ မပါကြနဲ့၊ ဆွေမျိုးတွေကိုလဲ ပြောထားတယ်၊ သွား မပြောကြ နဲ့လို့၊ နောက်တော့ သူ့ဘာသာသူ လာပြီးတော့ လျှောက်တော့မှ ကောင်းတာ ပေါ့လို့၊ ဘုန်းကြီးကတော့ ဆွေမျိုးပေမယ်လို့ မဆွယ်ရဘူးလို့ ပြောထားတာပဲ၊ လာဆောက်တော့ ဘုန်းကြီးမှာလဲ ဂုဏ်ရှိပါတယ်၊ သူ့ ဆွေမျိုးက တိုက်ကြီး လာတည်သတဲ့ဆိုတော့ ဘုန်းကြီးမှာလဲ ဂုဏ်ရှိပါတယ်။

ပြီးတော့ တိုက်အမလဲပဲ သူ့ဆွေမျိုးရှိတာ သွားတည်ရတယ်ဆိုတော့ ဂုဏ်ရှိပါတယ်၊ အမျိုးကျောင်းတိုက်က သာမန်ကျောင်းတိုက် မဟုတ်တော့ ဂုဏ်ရှိတာပေါ့လို့၊ ကောင်းတာပေါ့လို့၊ အဲဒီလို ဘုန်းကြီးက ပြောလိုက်ပါတယ်၊ ဒိပြင် ဒကာ ဒကာမဆိုတာ ဝေးလို့ ဝေးလို့၊ ဒီ ဆွေမျိုးတောင် မဆွယ်ရဘူးလို့ ပြောထားတယ်။

{ဓမ္မော-သုစရိုက်တရား, မြတ်ဆယ်ပါးသည်၊ ဓမ္မော-ဝိနည်းကို ကျင့်တဲ့ တရားသည်၊ ဓမ္မစာရိံ-တရားကို ကျင့်လေ့ရှိသော ပုဂ္ဂိုလ်ကို၊ ဓမ္မစာရိံ-တရားကို ကျင့်လေ့ရှိတဲ့ သံဃာအစု ကျောင်းတိုက် တစ်ရပ် လုံးကို၊ ရက္ခတိ-ပြန်၍ စောင့်ရှောက်နေ၏။} တရားတော်က ဒီ အတိုင်းရှိတယ်၊ ဘုန်းကြီးက ပြန်ပြီးတော့ စောင့် ရှောက်ဖို့ကို အကျင့်ခိုင်းတာ မဟုတ်ဘူး၊ မစောင့်ရှောက်ချင် နေပါလေ၊ တရားကို ယုံပါလေ၊ တရားက ပြန်ပြီးတော့ မစောင့်ရှောက်လဲ အရိုအသေ မပျက်ပါဘူး၊ အကြည်ညို မပျက်ပါဘူး၊ တရားကို တရားအတိုင်း ကျင့်ရပါ့ မယ်လို့။

ယခု ကျင့်ပါ၊ အများက ဒီထက် ပိုကျင့်ရင် ပိုကောင်းမှာပါ၊ ဒီထက် ပိုကျင့်ရင်ဆိုတော့ အကျင့်က လျော့နေပါတယ်၊ ဘုန်းကြီးကလဲ သိပါတယ်၊ နေရာတိုင်းမှာ ဘုန်းကြီး မလိုက်နိုင်လို့ အသာကလေး သိသလောက်ကလေးနဲ့ မြုံနေရပါတယ်၊ တစ်နေ့နေ့ကို ထုတ်ပစ်ရတဲ့ အဖြစ်မျိုး ရောက်ပါလိမ့်မယ်၊ မသိလို့ မဟုတ်ပါဘူး၊ သိပါတယ်၊ လိုက်ပြီးတော့ ဘုန်းကြီး မစဉ်းစားနိုင်ပါ ဘူး၊ ဒါကြောင့် ပိုပြီးတော့ စောင့်ရှောက်ရင် ပိုပြီးတော့ အကျိုးရတယ်၊ ပြီးတော့ ပိုပြီးတော့ စောင့်ရှောက်ရင် ကုသိုလ် စေတနာ ပိုပြီးတော့ ဖြစ်ပါ တယ်။

စာရိတ္တဆိုတဲ့ ဝိနည်းကို ဒါကြောင့်မို့လို့ ဘုန်းကြီးက သိနေလို့ သိနေလို့၊ ဂရုစိုက်ပါ နိုင်ငံကြီး ကျသွားပြီ၊ သာသနာတော်ကြီး ကျသွားပြီ၊ ဘာဖြစ်လို့ ကျသလဲ၊ တိုင်းသူပြည်သားတွေ စိတ် မအေးဘူး၊ ဘာဖြစ်လို့ မအေးဘူးဆိုတာ သိတယ်၊ အကျင့်စာရိတ္တတွေ အကုန်လုံး ပျက်စီးကြတယ်၊ အကျင့်စာရိတ္တတွေ အခုမှ ပျက်တာ မဟုတ်ဘူး၊ ဟို စစ်အတွင်းထဲက စပျက်ခဲ့တာ၊ ကောင်းနိုး ကောင်းနိုးနဲ့ လာခဲ့တာ၊ ယခု လူတွေရဲ့ စာရိတ္တတွေ အင်မတန် လျော့သွားလို့ လူတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ရဲ့လားဆိုတော့ အုပ်ချုပ်သူ အစိုးရလဲ စိတ်မချမ်းသာဘူး၊ အုပ်ချုပ်ခံ တိုင်းသူပြည်သားတွေလဲ စိတ်မချမ်းသာဘူး၊ သိတယ် သိတယ်၊ ဘုန်းကြီးက သိတယ်၊ ဘာပြုလို့လဲ၊ ကိုယ်ကျင့်တရားတွေ အကုန်လုံး ပျက် သွားပြီလေ၊ သိတယ် သိတယ်၊ နောက်ချမ်းသာဖို့ဆိုတာလဲ ကိုယ်ကျင့်တရား နဲ့ပဲ ပြန်ဆယ်ရမယ်၊ သာသနာတော်ကြီးလဲ ဆုတ်သွားပြီ၊ သိတယ်၊ အရေအတွက် ပါ ဆုတ်သွားပြီ၊ သိတယ် ဘာပြုလို့လဲ၊ စာရိတ္တဆိုတဲ့ ဝိနည်းကို ဂရုမှမစိုက်ဘဲနဲ့။

အကျင့်စာရိတ္တကို ဂရုမစိုက်လို့ လူတွေလဲ ကျဆင်းသွားပြီ၊ ကျဆင်းသွား တော့ စိတ်ဆင်းရဲနေကြတယ်၊ တချို့ စီးပွားဥစ္စာတွေ ရပေမယ်လို့ စိတ်မကြည် ပါဘူး၊ မအေးပါဘူး၊ သာသနာတော်မှာ တချို့ ဘုန်းကြီးတွေလဲ ဘုန်းတွေ ကံတွေ ကြီးပါတယ်လို့ ဆိုပေမယ်လို့ စိတ်မချမ်းသာဘူး၊ စိတ်မချမ်းသာရုံတင် မကဘူး၊ သေတော့လဲ အသေမကောင်းပါဘူး၊ မကောင်းဘူးဆိုတာလဲ ဘုန်းကြီး မှာ ကြားနေပါတယ်၊ မကြားလဲ ဘုန်းကြီးက သိနေပါတယ်လေ။

ဘာပြုလို့တုန်း၊ တရားက လွဲမှ မလွဲဘဲနဲ့၊ ဒီ ဘုန်းကြီးတွေဟာ ဂတိ မကောင်းနိုင်ပါဘူး၊ ဒီတော့ ဒီကျောင်းက လျှော့ပေးလို့ မဖြစ်ဘူး၊ သိကို သိနေ တယ်၊ ဒါကြောင့် တရားသဘောကို သိနေကြတာဖြစ်တော့ ဝိနည်းကို ကျင့်ကို ကျင့်ကြပါ။

{ဓမ္မော-သုစရိုက်တရား, မြတ်ဆယ်ပါးသည်၊ ဓမ္မစာရိံ-တရားကို ကျင့်လေ့ရှိသော ပုဂ္ဂိုလ်ကို၊ ရက္ခတိ-ပြန်၍ စောင့်ရှောက်၏၊ သုစိဏ္ဏေ- ကောင်းစွာအသင့်, သဒ္ဓါပွင့်၍, ပြုကျင့်အပ်သော၊ ဓမ္မော-သုစရိုက်တရား, မြတ်ဆယ်ပါးသည်၊ သုခံ-လူချမ်းသာ, နတ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာ တိုင်အောင် သုံးတန်သော ချမ်းသာကို၊ အာဝဟတိ-ရွက်ဆောင်နိုင် ပါပေသတည်း။}

တရားတော်က ဒီအတိုင်း ဟောထားတယ်၊ လက်တွေ့ ဒီအတိုင်း ဟုတ်နေတယ်၊ ဒါ ဘာဖြစ်လို့ မလုပ်ကြသလဲ၊ သဒ္ဓါတရား မရှိလို့၊ ယုံကြည်မှု သဒ္ဓါတရား ပိုင်ပိုင်ကြီး မရှိလို့၊ ဘုန်းကြီးက ဘုရားကို ပိုင်ပိုင်ကြီး ယုံကြည်တယ် လေ၊ ဒိပြင် ပုဂ္ဂိုလ်တွေကရော မယုံကြည်ဘူးလားဆိုတော့ လုပ်ပုံကိုင်ပုံ ကြည့် ရတာ ယုံကြည်မှု နည်းနေတယ်လို့ ထင်တယ်၊ ဘုန်းကြီးက ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ကို လုံးဝ ယုံကြည်တယ်လေ။

ဒီဘဝ အကျိုးမပေးလဲ ကျင့်ရမှာပဲ၊ အဲ-ကိုယ်တော်တို့ ဝိနည်းသာ ကျင့်နေတာ ခြောက်သွေ့သွေ့ကြီးပါလားဆိုရင် ခြောက်သွေ့ချင် ခြောက်သွေ့ ပါစေ ကျင့်မှာပဲ၊ ဘာပြုလို့တုန်း, တရားရဲ့ သဘောကို ဘုန်းကြီး နားလည်တယ် လေ၊ ဗုဒ္ဓဓမ္မ ယုံကြည်တယ်၊ ယုံကြည်ရတဲ့ အရာဝတ္ထုက မှန်မှ သဒ္ဓါမှန်တယ် နော်၊ ယုံကြည်ခံရတဲ့ ဝတ္ထုက မှားနေလို့ရှိရင် နှုတ်က သဒ္ဓါ သဒ္ဒါလို့ ပြော နေပေမယ်လို့ သဒ္ဓါအစစ် မဟုတ်ပါဘူး။

ကဲ-တစ်ခါ သံဃာ၊ ဘုန်းကြီး ကြည်ညိုတဲ့ သံဃာက မကြာခဏပြောတယ်၊ အရိယာသံဃာတော်တွေ၊ သာသနာ့ဝန်ကို အရှင်မဟာကဿပတို့ ဆောင်သွား တယ်၊ အရိယာလည်း ဖြစ်ပြီးသား၊ ရဟန္တာတွေ သိပ် ကြည်ညိုတာပဲ၊ ဒုတိယ တစ်ခါ ဒုတိယသံဂါယနာ တင်တော့ အရှင်မဟာယသတို့ သဗ္ဗဂါမိမထေရ်ကြီးတို့ ကောင်းစွာ ဆောင်သွားတယ်၊ တရားလဲ ရပြီးသား ရဟန္တာလဲ ဖြစ်ပြီးသား၊ သာသနာကို ဆောင်သွားတယ်၊ ဘုန်းကြီးက ယုံကြည်ပြီးသား၊ ယုံကြည်တာမှ သိပ် ယုံကြည်တယ်၊ အသက်အတိုင်း ကြည်ညိုတယ်၊ မိမိ အသက်နဲ့ တန်းတူ ကြည်ညိုတယ်လေ။

တတိယသံဂါယနာတင်တော့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ကြီးတို့ ဗြဟ္မာစည်းစိမ် စွန့်ပြီးတော့ လူ့လောကကြီးထဲ ပဋိသန္ဓေ နေပြီးတော့ ရဟန္တာ ကြီး ဖြစ်လို့၊ သာသနာတော် ဆောင်တော်မူတယ်လေ။

ယုံတယ်၊ အဲဒီ သံဃာတော်တွေ၊ အရှင်မဟိန္ဒ အရှင်မြတ်ဟာ အိမ်ရှေ့မင်း စည်းစိမ်ကို စွန့်ပြီးတော့ ရဟန်းပြုတယ်လေ၊ ပြီးတော့ သာသနာ့ဝန်ကို ဆောင်တယ်လေ၊ ရဟန္တာဖြစ်တယ်လေ၊ သိပ်ယုံတာ ဘုန်းကြီး ယုံတာ၊ ဒီ အရိယာရဟန္တာကြီးတွေကို ယုံတာ၊ အရိယာရဟန္တာကြီးတွေကို ယုံသလောက် ယခု ပုထုဇဉ်ပုဂ္ဂိုလ်တွေကျတော့ ကောက်ချက်တွေ သိပ်ချတာပဲ။

ဆရာတော်ကြီး ဒီ စကားပြောတာ ဘယ်စိတ်နဲ့ ပြောတာ၊ စာချဘုန်းကြီး ဒီ စကားပြောတာ ဘယ်စိတ်နဲ့ ပြောနေတာ၊ ဒကာ ဒကာမတွေတော့ မပြော နဲ့, မပြောနဲ့၊ သိလိုက်တာမှ သိလိုက်တာမှ၊ ဒီတော့ ယုံသင့်သလောက်သာ ယုံတယ်၊ ဒီ ပုထုဇဉ်ပုဂ္ဂိုလ်များကိုတော့ မယုံသင့်သလောက် မယုံပါဘူး။

ရဟန္တာ ဖြစ်ပြီးသား အရိယာပုဂ္ဂိုလ်တွေကိုတော့ အကြွင်းမဲ့ ယုံပါတယ်၊ အဲဒီ ယုံကြည်တဲ့ သဒ္ဓါတရားက ဘုန်းကြီးတို့ကို ပြန်ပြီးတော့ စောင့်ရှောက် နေပါတယ်၊ ဒီ ကျောင်းတိုက်ကို ဒီလို စောင့်ရှောက်နေပါတယ်၊ မစောင့်ရှောက်လဲ ဘုန်းကြီး ယုံမှာပါ၊ စောင့်ရှောက်လို့ ယုံတာ မဟုတ်ပါဘူး၊ ဒီ အကျိုး မရလဲ ဘုန်းကြီး ယုံမှာပါ၊ ဒါ သဒ္ဓိန္ဒြေ။

လူများရဲ့ သဒ္ဓါ။ ။ကောင်းပြီ၊ ဒါ ဘုန်းကြီးတို့ သဒ္ဓါက ရှင်းသွားပြီ၊ လူများရဲ့ သဒ္ဓါက စဉ်းစားစရာ သိပ် ကောင်းပါတယ်၊ ဘုရား ယုံကြည်မှု အပေါ်မှာလဲပဲ ရုပ်ပွားတော်တွေ, ဆင်းတုတော်တွေနဲ့ ကိုးကွယ်ပြီး ထားလို့ ရုပ်ပွား ဆင်းတုတော်ကို ပူဇော်ကြ ကိုးကွယ်ကြနဲ့၊ ဘုရားအစစ်ပေါ် မှာ ယုံကြည်မှု သဒ္ဓါက အရောက်နည်းနေပါတယ်။

ဒါကြောင့် ရုပ်ပွားဆင်းတုတော် ကိုးကွယ်ပူဇော်တာ ကုသိုလ်မရဘူးလား၊ ရပါတယ်၊ သူတို့ ဉာဏ်က ဒီလောက် ရှိတာကိုး၊ ဒီလောက်ရှိတော့ ဒီလောက် ကုသိုလ်ရတာ၊ ဒီလောက် သဒ္ဓါတရားပဲ ဖြစ်တယ်၊ ခုနက လေးနက်တဲ့ သဒ္ဓါ တရားထိအောင် မရောက်တတ်ဘူး၊ ဒီလောက်ပဲ သူတို့ ယုံတယ်၊ ဘုရားရှေ့မှာ ပန်းများ ပူဇော်လို့၊ ဘုရားရှိခိုးနေတာ သိပ်ကြည်ညိုတယ်၊ သိပ်ကြည်နူးတယ်၊ အင်မတန် ကောင်းတယ်၊ ဒီ သဒ္ဓါတရားက မမှားပါဘူး။

ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်စားတော်ဖြစ်တဲ့ ရုပ်ပွားတော်, ဆင်းတုတော်, ဓာတ်တော် မွေတော်၊ ဒီ အရာဝတ္ထုကို ယုံပြီးတော့ ကြည်ညိုပြီးတော့ နေတာဟာ အင်မတန် ကောင်းပါတယ်။

အစစ်ပါပဲ၊ သဒ္ဓိန္ဒြေအစစ်ပါပဲ၊ သဒ္ဓါအစစ်ဆိုတော့ သဒ္ဓါက သဒ္ဓါချည်း မနေပါဘူး၊ သဒ္ဓါနှင့် အတူတူတွဲဖြစ်တဲ့ စိတ်,စေတသိက်,ရုပ်၊ ယုံတဲ့ နေရာမှာ စိတ်ရော စေတသိက်ရော စိတ္တဇရုပ်တွေရော ရောက်နေတော့ အဲဒီ ရုပ်နှင့်တကွ အတူတူတွဲဖြစ်တဲ့ ကမ္မဇရုပ်တွေရော, ဘာတွေရောဆိုပါတော့ တစ်ကိုယ်လုံး ဘုရားရှေ့မှာ ရောက်သွားရော၊ ယုံလို့ ရောက်သွားတာ၊ အိမ်မှာ မိမိအိမ်မှာ ပူဇော်ထားတာ ယုံလို့၊ ဘုရားရှေ့ ရောက်သွားတယ်။

ဒီ ရောက်လောက်အောင်လဲ သဒ္ဓါက ဆွဲဆောင်ပါတယ်၊ ယုံတော့ကာ စိတ်ရော, စေတသိက်ရော ယုံတယ်၊ စိတ်ရော, စေတသိက်ရော ယုံတော့ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလဲပဲ ယုံတဲ့နောက် ပါရပါတယ်၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကပါတော့ ဒိပြင် ကမ္မဇ,ဥတုဇ,အာဟာရဇတွေက ဒီနောက် လိုက်ရတယ်။

ဒါကြောင့်မို့လို့ အမျိုးသား အမျိုးသမီးက ဘုရားရှေ့တော်မှာ ရောက်ပြီး တော့ လက်အုပ်ချီပြီး ဘုရားကို ကြည်ညိုနေတယ်၊ သိပ်ကောင်းတာ, သိပ် ကောင်းတာ၊ ဒါ သဒ္ဓါက ဆွဲဆောင်ပြီးတော့ သွားလိုက်တာ၊ အကုန်လုံး ရောက်သွားတာပဲ၊ ကောင်းပြီ၊ တရားတော်ကို ယုံတယ်လို့ဆိုတော့ စဉ်းစား ကြစို့၊ တစ်ခါ ဘုရားကို ယုံတာလဲ ဘုရားပွဲတွေ စဉ်းစားကြစို့။

ဘုရားကို ယုံကြည်ရင် ဘုရားအလိုတော်အတိုင်း ပြုကြပါ၊ တီးကြမှုတ်ကြ ဆိုတဲ့ ဘုရားပွဲကြီးတွေဟာ ဘုရားအလိုတော် ဟုတ်ပါရဲ့လားလို့၊ ဗုဒ္ဓမြတ်စွာ လက်ထက်တော်တုန်းက အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလ္လာန်ရဲ့ တောက တပည့်တွေက ဆူညံဆူညံနဲ့ စကားပြောကြလို့ ဗုဒ္ဓမြတ်စွာက ထွက်သွားကြပါစေ, ထွက်သွားကြပါစေ၊ နှင်ကိုထုတ်တယ်၊ အရှင်သာရိပုတ္တရာ,အရှင်မောဂ္ဂလ္လာန် နှစ်ပါးတောင်မှ ထွက်သွားရပါတယ်။၁။ မဇ္ဈိမပဏ္ဏာသပါဠိတော်, နှာ-၁၁၉၊ (စာတုမသုတ်)

တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာကို ပူဇော်ချင်လို့ ဇေတဝန်ကျောင်းပေါက်က နေပြီး တော့ လူတွေ ဆူညံဆူညံနဲ့ တံခါးတောင် မဖွင့်သေးဘူး၊{နာဂိတ ဘာသံတွေလဲ} {ဗုဒ္ဓမြတ်စွာကို ပူဇော်ဖို့ရန် စောစော လာကြပါတယ်} {ငါဘုရားနဲ့ လာဘ် လာဘတွေနဲ့ ရောလို့ မဖြစ်ဘူး၊ သွားကြပါစေ၊ ငါ ဘုရားအနားမှာ ဒီလို ဆူညံဆူညံ မဖြစ်ပါဘူး}။၁။ အဂုတ္တိုရ် ဒု-တွဲ, နှာ-၂၅၊ (နာဂိတသုတ်)

ကြည့်စမ်း ကြည့်စမ်း တိတ်လို့၊ တစ်ခါတစ်ခါ ဒီကျောင်းတိုက်ကို တိတ်နေတယ်လို့ ပြောကြတယ်၊ ဘုန်းကြီးက ဒီထက် တိတ်စေချင်ပါ သေးတယ်၊ ဘာပြုလို့လဲ၊ ဗုဒ္ဓကျောင်းတော် ဘုန်းကြီးက မရောက် ဖူးပေမယ်လို့ စာက ရောက်သလောက် ဖြစ်သွားပြီ၊ ရောက်သလောက် ဖြစ်သွားတော့ ဗုဒ္ဓအလိုတော်ကို သိနေတယ်၊ ဒါကြောင့်မို့လို့ ဒီကျောင်း ထဲမှာ စကားတောင် ကျယ်ကျယ် မပြောကြပါနဲ့၊ တိုးတိုးတိတ်တိတ်၊ စာကို ကျယ်ကျယ် မအံကြပါနဲ့၊ တိုးတိုးတိတ်တိတ်၊ စာချတဲ့ ပုဂ္ဂိုလ် များကလဲ တိုးတိုးတိတ်တိတ် စာချကြပါလို့၊ ဒါကြောင့်မို့လို ကျောင်းကို ပြောနေတယ်။

ဘာပြုလို့လဲ၊ ဗုဒ္ဓမြတ်စွာရဲ့ ဇေတဝန်ကျောင်းတော်ကြီးကို မြင် တယ်လေ၊ ယုံကြည်တာက အဲဒီလောက်ထိအောင် ယုံကြည်တယ်လေ၊ လူတွေရဲ့ ယုံကြည်မှုက နည်းလွန်းတယ်၊ နည်းတာပဲ၊ သိပ်နည်းတာပဲ၊ မှန်တော့ မှန်ပါတယ်၊ မှန်ပေမယ်လို့ ယုံကြည်မှုက နည်းလွန်းတော့ ကြည့်စမ်း၊ ဘုရားပွဲကြီးတွေ, ကျောင်းပွဲကြီးတွေ ဘယ်လောက် ဆူညံ နေတုန်း၊ ဒါ ဗုဒ္ဓမြတ်စွာကို ယုံကြည်မှု နည်းလွန်းလို့၊ တရားတော်ကို ယုံကြည်မှု နည်းလွန်းလို့၊ မှန်တယ်၊ ယုံကြည်မှု နည်းနေတယ်၊ အရိယာ သံဃာတော်များကို ယုံကြည်မှု နည်းလွန်းလို့၊ ဒီ အခြေအနေမျိုး ဖြစ်ရတာပါ။

ဒီတော့ကာ ဘုန်းကြီးတို့ တစ်ခါ ပြောကြဦးစို့၊ အခြေအနေကို တစ်ခါ စဉ်းစားပြီးတော့ ဘယ်ကိုယ်တော် ဘယ်ဆရာတော်ကတော့, ကြည်ညိုလိုက်ကြ တာပဲ၊ တော်တော်ကြာတော့ အဲဒီ ကိုယ်တော်နဲ့ အဲဒီ ကြည်ညိုတဲ့ ဒကာမနဲ့ ထွက်သွားကြရော၊ ဒါ သဒ္ဓါအစစ်လား၊ နဂိုကတည်းကိုက သဒ္ဓါက မစစ်ဘူး၊ ဒါတွေက သဒ္ဓါအတု၊ သဒ္ဓါအယောင်ဆောင်ပြီးတော့ ကျောင်းတွေဆောက် ကျောင်းကြီးတွေဆောက်၊ ဘာလေးတွေ လှူဒါန်းနေပြီးတော့၊ ကိုယ်တော် ဆိုတဲ့ ကိုယ်တော်ကလဲ ဘာမို့လို့လဲ၊ ပုထုဇဉ်မှ ကြမ်းကြမ်းပုထုဇဉ်၊ ဒီက ဒကာ ဒကာမတွေ နားလည်သလား၊ နားမလည်ပါဘူး၊ သူတို့က လှူဒါန်းရ ပေးကမ်းရရင် သဒ္ဓါတရားရှိတယ်လို့ ဆိုကြတယ်၊ ဘယ်ဟုတ်မလဲ၊ အတုတွေ, အတုတွေ။

သဒ္ဓါတု=မိစ္ဆာဓိမောက္ခ။ ။ ပြီးတော့ကော ယုံနေတာပဲ၊ အယုံခံရတဲ့ ပုဂ္ဂိုလ်က မှန်မှ အယုံမှန်တယ်၊ အယုံခံရတဲ့ ပုဂ္ဂိုလ်က မမှန်ရင် အယုံ မမှန်ဘူး၊ {အရှင်ဘုရားပြောတာ တပည့်တော်တို့ သိပ်မရှင်း သေးဘူး}ဆိုရင် ကဲ-ပြောကြစို့၊ အဲ-တခြားဘာသာကို ဘုန်းကြီး မပုတ်ခတ် ပါဘူး၊ ပုတ်ခတ်ရိုး မရှိပါဘူး၊ ဒီ ဘာသာဝင်တွေက ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာဝင်တွေက ယုံလိုက်တာမှလေ၊ တကတည်း စိတ်ကို ကြည်လို့၊ အင်း_ ဖန်ဆင်းပေးလိုက်တဲ့ ပုဂ္ဂိုလ်ကလဲ ဖန်ဆင်းပေးတယ်လို့ကို ယုံပြီးတော့ တကယ် ဖန်ဆင်းပြတယ်လို့ ယုံပြီး ဦးညွှတ်ကြတယ်လေ၊ တချို့လဲပဲ ယုံပြီးတော့ ကြည်ညိုပြီးတော့ ဘုရားအာရုံ ယူနေလိုက်တာ၊ အားရစရာ ကောင်းလိုက်တာ, အားရစရာ ကောင်းလိုက်တာ။

ဒါဖြင့် သူတို့ သဒ္ဓါမှန်ပလားလို့ဆိုတော့ အစစ်လားလို့ဆိုတော့ ခုနက ဘုန်းကြီး ပြောပြီလေ၊ အာရုံမှန်မှ သဒ္ဓါမှန်တယ်၊ အာရုံ မမှန်ရင် သဒ္ဓါမမှန် ဘူးလို့ ဘုန်းကြီး ပြောပြီလ၊ ယုံလိုက်တာမှ အင်မတန်ကို ယုံလိုက်တာပဲ၊ ကြည်ညိုလိုက်တာမှ အင်မတန် ကြည်ညိုလိုက်တာပဲ၊ သဒ္ဓါတရား အစစ်လားလို့ ဆိုတော့ မဟုတ်ပါဘူး၊ သဒ္ဓါအတုလို့ ခေါ်ပါတယ်၊ သဒ္ဓါအတုကို တရား တော်က ဘုန်းကြီးတို့ တရားတော်က{မိစ္ဆာဓိမောက္ခ=မှားသော ဆုံးဖြတ်ချက်} တဲ့၊ ဒါ ဘယ်လောက်များ စဉ်းစားစရာကောင်းတုန်း။

သဒ္ဓါစစ်မှန်ရအောင် ကြိုးစားကြ။ ။ ဘုန်းကြီးတို့က{လာပါ ဆွေးနွေးကြရ အောင်, လာကြစမ်းပါ ဆွေးနွေးကြရ အောင်}၊ အင်မတန် လူသူတော်ကောင်းတွေဟာ သဒ္ဓါတရား အစစ်အမှန်ရအောင် ကြိုးစားကြစမ်းပါ၊ ဆွေးနွေးကြစမ်းပါလို့၊ ဘုန်းကြီးစိတ်ရင်းမှာ ဒီလိုပဲ ဖြစ်နေတယ်။

အခု မြန်မာများကို မြန်မာဗုဒ္ဓဘာသာများကို အခြား ဘာသာဝင်တွေက သင်တို့ရဲ့ သဒ္ဓါတရားတွေဟာ အတုတွေပါလို့ပြောရင် မခံချင်ဘူး၊ မခံသာ မခံချင်တာ၊ ယုံကြည်တဲ့နေရာက စစ်မှ သဒ္ဒါစစ်တယ်ဆိုတာ ဘုန်းကြီး ပြောပြီ မဟုတ်လား၊ ကြည့်စမ်း၊ ဘာသာခြားတွေ ဘယ်လောက် ယုံနေတုန်း၊ ဘယ်လောက် ဦးတိုက်နေတုန်း၊ ဘယ်လောက် စိတ်ဝင်စားပြီးတော့ အာရုံပြု နေကြတုန်း၊ ယုံလိုက်တာမှ စိတ်ကို ကြည်လို့။

ကဲ-ဒီသဒ္ဓါ အစစ်ဟုတ်ပါ့မလား၊ အရာဝတ္ထုက မမှန်တော့ သဒ္ဓါဟာ မစစ်ပါဘူး၊ မစစ်လို့ရှိရင် ဘာ့ကြောင့် ယုံနေကြတုန်း၊ သဒ္ဓါအတုလို့ဆိုတဲ့ {မိစ္ဆာဓိမောက္ခ}နဲ့ ဆုံးဖြတ်ပြီးတော့ တို့ အားကိုးစရာကြီး၊ တို့ကို ဖန်ဆင်း ပေးလိုက်တာ၊ တို့ကို ယခု စောင့်ရှောက်ပြီးတော့ နေတာ၊ ဒီလိုပဲ ယုံကြည် နေကြတာ။

ဗုဒ္ဓမြတ်စွာက {ငါဘုရား ဟောတော်မူတယ်၊ ဟောတော်မူတဲ့အတိုင်း ကျင့်လို့ရှိရင်တော့ ဒုက္ခက လွတ်မြောက်ကြလိမ့်မယ်၊ ငါဘုရား ဖန်ဆင်း မပေးပါဘူး၊} ဗုဒ္ဓမြတ်စွာက ကျောင်းအမကြီး ဝိသာခါရဲ့ မြေးကလေး သေခါနီး ဖန်ဆင်းမပေးပါဘူး၊ အနာထပိဏ်သူဌေးကို ရောဂါ အကြီးအကျယ် ဖြစ်နေတုန်း ဗုဒ္ဓမြတ်စွာက သက်သာအောင် ဖန်ဆင်းမပေးပါဘူး၊ ကံတရားဟာ ကံအတိုင်းပဲ သွားပါ့မယ်လို့။

ဗုဒ္ဓမြတ်စွာက ဖန်ဆင်းပြီးတော့ မပေးဘူး၊ တခြားဟာက ဖန်ဆင်းပေးပါ တယ်၊ ဗုဒ္ဓမြတ်စွာက ကြည်နူးအောင်တော့ စိတ်ကို ပြုပြင်ပေးပါတယ်။

ဒါကြောင့်မို့လို့ ယုံတယ်ဆိုတိုင်းတော့ သဒ္ဓိန္ဒြေမဟုတ်ပါဘူး၊ ယုံတယ် ဆိုတိုင်းတော့ သဒ္ဓါမဟုတ်ပါဘူး၊ အလွဲတွေကို ယုံပြီးတော့ အလွဲတွေကို ကြည်ညိုပြီးတော့ သောင်း သိန်းအကုန်ခံပြီးတော့ ဘုန်းကြီးက ဘာသာရေး ဘက်က နေပြီးတော့ ဝမ်းနည်းလွန်းလို့ ဝမ်းနည်းလွန်းလို့၊ နောက် သောင်း သိန်း အကုန်ခံတဲ့ ပစ္စည်းကိုရတဲ့ ပုဂ္ဂိုလ်ကကော ဒီရတဲ့အတွက်ကြောင့် သူ့မှာ ဘယ်လောက် မြင့်သွားသလဲဆိုရင် သူ့မှာ လောဘတွေ ဖြစ်နေတာ၊ အကုသိုလ် တွေ အများကြီး ဖြစ်နေတာ။

ကောင်းပြီ၊ သေတော့ အို-အဲဒီ ကျောင်းကြီးကို စုံမက် တွယ်တာပြီးသေတာ မပြောနဲ့၊ သကန်း စွဲပြီး သေတာတောင်မှ သန်း ဖြစ်သေးတယ်၊ တွက်ပုံ ရှုံးလိုက်တာ သဒ္ဓါတရားကလဲ မမှန်ဘဲနဲ့၊ ငွေကုန်ကြေးကျတွေ များပြီးတော့ နောက်ဆုံး အကျိုးရတော့ မကောင်းကျိုး ရနေတာ၊ ဘာသာရေးနဲ့ စပ်ပြီးတော့ စိတ် မရှင်းပါဘူး။

ဒါကြောင့် သဒ္ဓါအစစ် ရဖို့ရန် အင်မတန် အရေးကြီးပါတယ်၊ သဒ္ဓါအစစ် ရဖို့ရန်ကလဲ ကံကောင်းမှ ရကြပါတော့မယ်၊ ကံမကောင်းလို့ရှိရင် သဒ္ဓါအစစ် ရဖို့ရန် အင်မတန် ခဲယဉ်းသွားပါတယ်။

ပညာ အတု,အစစ်။ ။ ကဲ-ဒါနဲ့ စပ်ပြီးတော့ သဒ္ဓါသာ အစစ်,အတု ကွဲနေ သလားဆိုတော့ မဟုတ်သေးဘူး၊ {ပညိန္ဒြေ} ပညာ ကလဲ အစစ်,အတု ကွဲပြန်တာပဲ၊ ပညာအစစ်ကလဲ မိမိတို့ ယူဆတဲ့ အာရုံက အမှန်အတိုင်းဖြစ်မှ၊ မိမိ ယူဆတဲ့ အာရုံက တစ်မျိုးဖြစ်နေလို့ရှိရင် လွဲသွားတာပဲ၊ မိမိတို့ ကိုးကွယ်နေတဲ့ အရာဝတ္ထုဆိုပါတော့၊ အသိဉာဏ်က အမှန်လို့ သိနေ တယ်၊ အာရုံက မမှန်ဘူး၊ မိမိတို့ ကိုးကွယ်နေတဲ့ ဘုန်းကြီးကို သူတော်ကောင်း လို့ မိမိတို့က သိနေတယ်၊ သူက သူတော်မကောင်းဘူး။

ပညာကတော့ သိတာပဲလို့ ဆိုတာပဲ၊ ပညာ မစစ်ပါဘူး၊ ပညာ မစစ်ပါ ဘူး၊ ပညာအတုနဲ့ သူတို့ သိနေကြတာပါ၊ ပညာအစစ် မဟုတ်ပါဘူး။

အဲဒါကြောင့်မို့လို့ အကျိုးလဲ ကောင်းကောင်း မရပါဘူး၊ ဟိုမှာ အပြစ် တွေနဲ့၊ ဒီ ပညာအတုကလဲ ဘုန်းကြီးတို့ ကိုးကွယ်နေတဲ့ နေရာမှာ ထားလိုက် ပါဦး၊ ခု အများ လောကဓာတ် ပညာရှင်တွေလို့ဆိုတဲ့ ပညာရှိတွေ၊ ပညာက ဒီလိုလေ၊ အနိစ္စကို အနိစ္စလို့ အမှန်အတိုင်း သိမှ၊ ဒုက္ခကို ဒုက္ခလို့ အမှန်အတိုင်း သိမှ ပညာအစစ်၊ အတ္တ မဟုတ်တာကို အနတ္တလို့ သိမှ ပညာအစစ် ဖြစ်တယ်၊ အဲဒီလို မဟုတ်လို့ ပြောင်းပြန် သိနေလို့ရှိရင် သိတော့ သိတယ်လို့ ပြောတာပဲ ပညာအတု။

ဒီ နိုင်ငံခြားက လောကဓာတ် ပညာရှင်ကြီးတွေ သိပ်သိတာမှာ ဆေးဝါး အကြောင်းတွေ သိတာမှန်တယ်၊ မှန်တာသိရင် ပညာအစစ်ပဲ၊ အဲ-လောကဓာတ် အကြောင်းအရာတွေကိုတော့ သူတို့က တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲသွားတယ်၊ ဟို ပထမ ဆရာကြီးတုန်းက ဒီလို ဆုံးဖြတ်ပြီးတော့ အခု နောက် ဆရာကြီး ကျတော သူပြောတာ လွဲနေပြန်ရောလို့ ပြောနေပြန်ရော၊ ဘုန်းကြီးကတော့ ဘုန်းကြီးကျောင်းသားဘဝက ထွက်လာလို့မို့ ဘုန်းကြီး ဒီဟာကို မဝေဖန်နိုင်ပါ ဘူး၊ ဒါပေမယ်လို့ မှန်မှ ပညာစစ်တယ်၊ လောကဓာတ် ဆရာကြီးတွေလဲ သူတို့ရဲ့ အယူအဆ မှန်မှ ပညာစစ်တယ်၊ သူတို့ အယူအဆ မမှန်လို့ရှိရင် ပညာအတုပါပဲ။

ပညာမစစ်, ဝိတက်။ ။ ဒါဖြင့် လောကဓာတ် ပညာရှင်ကြီးတွေဟာ လက်နက် ကိရိယာကြီးတွေကို သိပ်ပြီးတော့ လုပ်တတ်ကြတယ်၊ ခံစားမှု အာရုံတွေကို သိပ်ပြီးတော့ လုပ်တတ်ကြတယ်၊ တတ်တယ်,တတ်တယ်, တတ်တယ်၊ ဒါ ပညာမဟုတ်ဘူးလား၊ မဟုတ်ပါဘူး၊ ဒီ ပညာကို အရင်းခံပြီးတော့ ဖြစ်နေတဲ့ လက်နက်ကိရိယာလုပ်တဲ့ နေရာမှာ အကုသိုလ် ဒေါသ ပြဋ္ဌာန်းနေ ပါတယ်၊ ခံစားမှု အာရုံကြီးတွေ ကြီးကျယ်နေသမျှ ခမ်းနားနေသမျှဟာ လောဘ ပြဋ္ဌာန်းပြီးတော့ အကုသိုလ်တွေ ဖြစ်နေတယ်။

ဒါပေမယ်လို့ ဒီလို ပုဂ္ဂိုလ်တွေ မူရင်းသန္တာန် ပဋိသန္ဓေ နေကတည်းကိုက ဉာဏ်ပညာ ဓာတ်ခံတွေ ပါလာတယ်၊ ဓာတ်ခံပါလို့ သူတို့ ကြံတိုင်းစည်တိုင်းလဲ အထက်တန်း ရောက်ပါတယ်၊ ဉာဏ်ပညာ ဓာတ်ခံအစစ် မပါလာလို့ရှိရင် သူတို့ ကြံတိုင်းစည်တိုင်း အထက်တန်း မရောက်ပါဘူး၊ အဲဒီ ပညာတွေကို ဘာလို့တုန်းဆိုတော့ ဝိတက်-အကြံဉာဏ် ဝိတက်တွေ၊ မူလ ပညာဓာတ်ခံက အင်မတန် ကောင်းနေတဲ့ လူကြီးတွေဖြစ်တော့ သူတို့ ကြံစည်လိုက်တဲ့ အကြံ အစည်တွေဟာ အတော်များများကြီး မှန်သွားတယ်၊ ဒါ ဝိတက်တွေပါ၊ ပညာ အစစ် မဟုတ်ပါဘူး၊ ပညာအစစ်က အလွဲကို မရှိပါဘူး၊ အမှန်ချည်း ဖြစ်ပါ တယ်၊ နားလည်ပါစေနော်။

ဝီရိယိန္ဒြေ။ ။လူတွေ သိဖို့ လိုလွန်းလို့,သိဖို့ လိုလွန်းလို့၊ ကောင်းပြီ၊ သဒ္ဓိန္ဒြေ, ပညိန္ဒြေ, ဝီရိယိန္ဒြေ၊ ဝီရိယကလဲ ခုနကလို မှန်မှန်ကလေး ကြိုးစားလို့ရှိရင် ပညာမှန်နဲ့, သဒ္ဓါမှန်နဲ့, ဝီရိယမှန်နဲ့ သွားတာပဲ၊ ဝီရိယကလဲပဲ သဒ္ဓါ, ပညာတို့က လွဲနေလို့ရှိရင် ဝီရိယ ကြိုးစားသမျှလဲ အလွဲချည်းပါပဲ၊ ဒီ ဝီရိယက အမှားချည်း လုပ်နေတာပါပဲ၊ အကုသိုလ်တွေ များနေပါတယ်၊ ဒီ ဘုရားပွဲ ကျောင်းပွဲ အလှူဒါနပွဲတွေ၊ အဲဒီ ပွဲတွေမှာ ဝီရိယတွေ စိုက်လိုက်ကြ တာ၊ သွက်သွက်လက်လက်နဲ့ လှုပ်လှုပ်ရွရွတွေ သိပ်လုပ်ကြတာ၊ အဲဒီ သိပ် လုပ်ပေမယ်လို့ သဒ္ဓါတို့, ပညာတို့က မူလက မမှန်လို့ရှိရင် ဝီရိယလဲ အမှား ချည်း ပါပဲ။

ဘုန်းကြီး တာဝန်ရှိ။ ။ ဒါတွေ သိလို့မို့ ပြင်ပါတယ်၊ နားမစိုက်ပါဘူး၊ ဂရု မစိုက်ပါဘူး၊ ဘုန်းကြီးက, ဘုန်းကြီး တာဝန်က ဘုန်းကြီးနယ်မှာ ရှိတယ်၊ ဂရုစိုက်တာ မစိုက်တာ သူတို့နယ်မှာ ရှိတယ်၊ ဒါ့ကြောင့် ဘုန်းကြီး ဘာမှ စိတ်အနှောင့်အယှက် မရှိပါဘူး၊ ကံအတိုင်းပေါ့၊ ငါက ဒီဘဝက သေလို့ရှိရင် မြန်မာပြည်မှာ ဟုတ်ချင်မှ ဟုတ်တော့မယ်၊ ငါ့လမ်းနဲ့ ငါသွားမှာ၊ ငါ့ပရိသတ် ငါ့စကားကို နားထောင်တဲ့သူတွေကိုသာ သယ်သွားဖို့ တာဝန်ရှိတယ်လို့၊ အဲဒီလို လုပ်ပြီးတော့ ကျောင်းသံဃာတွေကို စစ်စစ်ဆေးဆေးနဲ့ ကြိုးစားပြီးတော့ ထိန်းသိမ်းနေပါတယ်၊ ကျောင်းဒကာ ကျောင်းအမတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဟောပြောပြီးတော့ နေပါတယ်၊ ဘုန်းကြီး တာဝန်ရှိလို့ပါ။

ဇီဝိတိန္ဒြေ။ ။ ကောင်းပြီ၊ သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ၊ ဒါတွေ ထားပါ တော့၊ အင်မတန် ပြောလို့ ကောင်းတယ်, ပြောလို့ ကောင်း တယ်၊ ယခု ဘုန်းကြီး ဇီဝိတိန္ဒြေကို ပြောမယ်၊ ဒီ ဇီဝိတိန္ဒြေကို ပြောပြီးတဲ့ နောက်တောင်မှ ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေတို့ကို လောကကြီးနဲ့ အရေးပါလို့ ပြောစရာ ရှိသေးတယ်၊ ကနေ့ ပြောနိုင်မယ်လို့ မထင်ဘူး၊ ဘုန်းကြီး ဇီဝိတိန္ဒြေကို ပြောမယ်။

အသက်အကြောင်း။ ။ ဒီ သတ္တဝါတို့က အများက ဝမ်းထဲမှာ အသက်ကောင် ကလေး ရှိတယ်လို့ ထင်နေတယ်၊ အသက်ကောင် ကလေး, ဝိညာဏ်ကောင်ကလေး, အကောင်ကလေးရှိတယ်လို့ ထင်နေကြတယ်၊ အဲဒီ အသက်ကောင်, ဝိညာဏ်ကောင်ကလေးကို အတ္တလို့လဲ သူတို့ ထင်နေကြ တယ်၊ တစ်ဘဝ သေပြီးလို့ရှိရင် အဲဒီ အသက်ကောင်, ဝိညာဏ်ကောင်ကလေးက တစ်ဘဝကို ပြောင်းပြီးတော့ သွားတယ်၊ ဒီအသက်ကောင် ရှာနေတယ်၊ တစ်ဘဝ သေရင် ရုပ်ခန္ဓာကြီးက ဒီမှာ နေရစ်တယ်၊ အသက်ကောင်, ဝိညာဏ်ကောင်က ခန္ဓာအသစ်ကလေးနဲ့ ဘဝတစ်ခုမှာ ရောက်သွားတယ်လို့ ဒီလို ထင်နေကြတယ်၊ အဲဒီလို အသက်ကောင်, ဝိညာဏ်ကောင်ကလေး မရှိပါဘူးနော်။

ခုနက အသက်လို့ ဆိုရတဲ့ ဇီဝိတတရား ရှိတယ်၊ နာမ်မှာလဲပဲ စိတ် စေတသိက်ထဲမှာ ဒီ စိတ် စေတသိက်နဲ့ ဆိုင်တဲ့ အသက် ဇီဝိတ ရှိတယ်၊ အဲဒါက တခြား ရုပ်နာမ်များလိုပဲ၊ ဥပါဒ်,ဌီ,ဘင်, ဖြစ်ပျက်၊ ဒီ ရုပ်ထဲမှာလဲပဲ ရုပ်ဇီဝိတက ကံကြောင့် ဖြစ်တာ အင်မတန် သတ္တိရှိတယ်၊ ပဋိသန္ဓေ နေတုန်း ကတည်းကိုက ပါလာတာ၊ ပဋိသန္ဓေ နေတုန်းက မနေ့က ပြောခဲ့တဲ့ ဒီ ကလာပ် သုံးစည်းထဲမှာ ဒီ ဇီဝိတဆိုတဲ့ အသက် ပါလာတယ်၊ ပဋိသန္ဓေဝိညာဏ် ထဲမှာ ဒီ အသက်ဝိညာဏ်, စိတ်ဝိညာဏ် ပါလာတယ်၊ အဲဒါကြောင့် ပဋိသန္ဓေ နေကတည်းက ဘုန်းကြီးတို့က အသက်က ဘုန်းကြီးတို့ တရားတော် အလို အရ ရှိပြီးသား၊ တစ်လမ်းလုံး, တစ်လမ်းလုံး၊ ဒီ ဇီဝိတ ပါနေတယ်၊(နာမ်ဇီဝိတ ရုပ်ဇီဝိတ) ရုပ်သက် နာမ်သက် ပါနေတယ်၊ ယခုလဲ ဘုန်းကြီး ပြောနေတာ အသက်ရှိလို့ ပြောနေတာ၊ အသက် မရှိလို့ရှိရင် ဘုန်းကြီး ပြောနိုင်တဲ့ အရည်အချင်းကို မရှိတော့ဘူး၊ အသက် သေသွားလို့ရှိရင်, အသက် ချုပ်သွား လို့ရှိရင် ပြောနိုင်တဲ့ အရည်အချင်းကို မရှိတော့ဘူး။

ဒီတော့ ဒီ အသက်ဟာ ဘယ်လို သဘောရှိတုန်းဆိုတော့ သူဖြစ်နေတုန်းမှာ အတူဖြစ်ဖက်ဖြစ်တဲ့ ရုပ်တရား နာမ်တရားတွေကို အသက်ရှင်ပြီးတော့နေအောင် လုပ်နေတယ်၊ အသက်ရှင်ပြီးတော့ဆိုတာ ကိုယ့် အလုပ်ကို ကိုယ် လုပ်တာ ပြောတာ။

ဇီဝိတ ရှိလို့ ရုပ်ကြီး တည်နေ။ ။ ဆိုပါတော့ စိတ်ဝိညာဏ် သိအောင်ဟာ ဇီဝိတ အသက်ရှိလို့ သိတာ၊ ဇီဝိတ အသက် မရှိလို့ရှိရင် စိတ်ဝိညာဏ်ဟာ သိကို မသိဘူး၊ ဝေဒနာ ခံစားတယ် ဆိုတာဟာ ဒီ ဇီဝိတ အသက်ရှိလို့ ခံစားတာ၊ ဇီဝိတ အသက် မရှိလို့ရှိရင် ဒီ ဝေဒနာဟာ မခံစားနိုင်ဘူး၊ အသေပဲ ဖြစ်တယ်။

ပြီးတော့ ဇီဝိတဟာ ရုပ်ဘက်မှာရော, နာမ်ဘက်မှာရော သိပ်ပြီးတော့ စောင့်ရှောက်နေတာပဲ၊ စောင့်ရှောင့်ရတယ်လို့ကို စာက ဆိုတယ်၊ သိပ် စောင့် ရှောက်နေတယ်၊ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေကို ဟောဒီ ဇီဝိတက အကုန်လုံး စောင့်ရှောက်နေတယ်၊ ဥပမာ ဘယ်လို ပြောကြတုန်းဆိုတော့ အမေက မွေး ပြီးတော့ အမေ ဆုံးသွားတယ်၊ နို့ထိန်းနဲ့ ကြီးနေရတယ်၊ အဲသလိုပဲ ကံက ဖြစ်ပြီးရင် ကံသတ္တိ ပြီးသွားတာပဲ၊ အဲဒီ ဖြစ်ပြီးတဲ့အခါမှာ အချိန်ရှိသမျှ တည်နိုင်အောင်ကတော့ ဒီ ဇီဝိတက လိုက်စောင့်ရှောက်တာပဲ။

ဒီတော့ ကလေးကို အမေက မွေးရုံသာ မွေးတတ်တယ်၊ နောက် ကလေး ကြီးပွားအောင်ကတော့ နို့ထိန်းက ကလေး ကြီးသည်အထိ ထိန်းပြီးတော့ နေရသလိုပဲ ကံက ရုပ်ကို ဖြစ်အောင်သာ ပြုသွားတယ်၊ ဖြစ်ပြီး ရုပ်ကို တည်ပြီးတော့ အချိန်ရှိသမျှ နေအောင်ဟာ ဇီဝိတက လိုက်ပြီးတော့ စောင့်ရှောက် နေတယ်၊ ဒီတော့ စိတ်ကူးကြည့်လိုက်စမ်း၊ တစ်ကိုယ်လုံးထဲမှာ ဇီဝိတဆိုတဲ့ ရုပ်တရား ရှိနေပါလား၊ တစ်ကိုယ်လုံးထဲမှာ ဇီဝိတဆိုတဲ့ နာမ်တရားရှိနေ ပါလား။

အိုတို့နည်း တို့ဟန်နဲ့ ရုပ်နာမ်ထဲမှာ အသက် ရှိနေပါလား၊ တို့နည်း တို့ဟန်နဲ့ အသက်ကောင်ကလေးတော့ မဟုတ်ဘူး၊ အသက်တော့ ရှိနေတယ်၊ (အင်မတန် ဆန်းတယ်, အင်မတန် ဆန်းတယ်၊) အဲဒီ ဇီဝိတဆိုတဲ့ အသက်က သူနဲ့ တွဲဖက်ဖြစ်တဲ့ ရုပ်တွေကို ဖြစ်တုန်းကို စောင့်ရှောက်တဲ့အပြင် မိမိတို့ ချုပ်တော့ကာ ဒုတိယ အဆက်ဖြစ်ရအောင် တို့က တို့က ဖြစ်နေသလိုလေ အသင်တို့လဲ ဖြစ်ရစ်ကြလို့, နောက်ရုပ်လဲ ဒီအတိုင်းဖြစ်အောင် သူက ဆက်ပြီး စောင့်ရှောက်သွားတယ်၊ တတိယရုပ် ဖြစ်ဖို့ကျတော့လဲ ဒုတိယရုပ်မှာပါတဲ့ ဇီဝိတက ဟေ့-တို့ဖြစ်သလို ဖြစ်ရစ်ကြနော်၊ ဖြစ်ကို ဖြစ်ရစ်ကြနော်၊ ဒါ့ကြောင့် ဒီ ပုံပန်း မပျောက်ဘဲနဲ့ ဒီ ခန္ဓာကိုယ်ကြီး ဆက်ဖြစ်နေတယ်။

ယောက်ျားက ယေက်ျားပုံပန်း မပျောက်ဘဲနဲ့ ကံမထူးရင် သေသည့်တိုင် အောင် ဒီ ရုပ်ကြီး ဆက်နေတာ ဒီ ဇီဝိတကြောင့်၊ မိန်းမက မိန်းမပုံပန်း မပျောက်ဘဲနဲ့ သေသည့်တိုင်အောင် ဒီ ရုပ်ကြီး ဆက်နေတာ ဒီ ဇီဝိတကြောင့်, ဒီ အသက်ကြောင့်၊ သေချိန်ကျတော့ သေလို့, ဇီဝိတလဲ ချုပ်၊ ရုပ်တွေ နာမ်တွေလဲ ချုပ်၊ သေကို သေတာပဲ၊ ကဲ-ဒီနားမှာ နည်းနည်းကလေး ဉာဏ် တိုးအောင် ပြောမယ်လေ။

ဇီဝိတပြတ်လို့ သေခြင်း။ ။ ဒီ လူတစ်ယောက်ကို အဲ- တုတ်နဲ့ ရိုက် သေ, ဓားနဲ့ခုတ် သေ, သေနတ်နဲ့ပစ် သေ၊ ဟောဒီ တုတ်နဲ့ရိုက်တုန်းက ဒီတုတ်နဲ့ ထိတဲ့နေရာမှာ ဇီဝိတတွေပါတယ်၊ တုတ်ထိတဲ့ ရုပ်တွေ အစဉ်ထဲမှာ ဇီဝိတတွေပါတယ်၊ ဇီဝိတတွေ ပါတော့ တုတ်ဒဏ်ရာကြောင့် အထိခံရတဲ့ ဇီဝိတက နောက်နောက်ရုပ်တွေကို {တို့လို ဖြစ်ရစ်နော်,တို့လို ဖြစ်ရစ်နော်,တို့လို ဖြစ်ရစ်နော်}လို့ မပြောသော်လဲ ပြောသကဲ့သို့ ကျေးဇူးပြုတာက သိပ်ပြီးတော့ ကြာကြာကြီး ကျေးဇူးမပြုနိုင်ဘူး။

တုတ်နဲ့ ရိုက်တော့ အတော်ကလေးကြာရင် သေတယ်၊ သေတာ ဘာပြု လို့တုန်း၊ ဘာ့ကြောင့်လဲ ဇီဝိတပြတ်သွားတယ်၊ အဲဒါကြောင့် နောက် ဘာမှ ရုပ်တွေ ဆက်မဖြစ်နိုင်ဘူး၊ နောက် သေတယ်။

တစ်ခါ ဓားနဲ့ ခုတ်တာ, တုတ်နဲ့ ရိုက်တာထက် နာတယ်၊ ဇီဝိတရုပ် အထိနာ တယ်၊ ဇီဝိတရုပ် အထိနာတော့ တုတ်နဲ့ ရိုက်တုန်းက တစ်မိနစ်လောက် ကြာဦးမယ်လို့ဆိုရင် ဓားနဲ့ ခုတ်တော့ တစ်မိနစ်လောက်နဲ့ သေတာပဲ၊ ဇီဝိတ နာတော့ သိပ် အားသေးသွားတယ်၊ သိပ်အားသေးသွားတော့ မြန်မြန်သေတယ်။

သေနတ်နဲ့ ပစ်တယ်၊ သေနပ်နဲ့ ပစ်တော့ ဇီဝိတတို့ ထိလိုက်တာ တကတည်း တော်တော်ကို နာသွားတယ်၊ တော်တော်ကို ထိထိရောက်ရောက် ထိတယ်၊ ထိလိုက်တော့ နောက်ရုပ်တွေကို ဆက်ပြီးတော့ တို့လို ဖြစ်ရစ်လို့၊ သိပ် မလုပ် နိုင်ဘူး၊ သိပ် အားမပေးနိုင်တော့ဘူး၊ ဒီတော့ သေနတ်နဲ့ ပစ်ခံရရင် တစ်စက္ကန့် လောက်နဲ့ သေတယ်။

ဂုဏ်အရည်အချင်းအလိုက် ဒီ ပါဏာတိပါတ-သူ့အသက်သတ်,သူ့အသက် အပြစ်ရကြ သတ်တယ်ဆိုတာ အကောင်လုံးကြီး သတ်နေတာ မဟုတ်ဘူး၊ အဲဇီဝိတ သတ်တာပဲ၊ အသက်ဆိုတဲ့ ဇီဝိတသတ်တော့ ဇီဝိတလဲ သေရော ဇီဝိတကို ဒိပြင် ရုပ်တွေက ဘာမှ မတတ်နိုင်တော့ဘူး၊ ဇီဝိတက စောင့်ရှောက်လို့ ဖြစ်နေတာ၊ ကဲ ဘယ်လောက်များ ဘုန်းကြီးတို့ တရားတော်က သေချာနေတုန်း။

တစ်ခါ သူ့အသက် သတ်တဲ့နေရာမှာ ဇီဝိတက ဂုဏ်ရှိတဲ့သူရဲ့ အသက်ကျ တော့ ဇီဝိတကလဲ ဂုဏ်ရှိတယ်၊ အပြစ်ပိုကြီးတယ်၊ သာပြီးတော့ အပြစ်ကြီး တယ်၊ ဇီဝိတက ဂုဏ်မရှိဘူးဆိုရင် အပြစ်နည်းနည်းသက်သာတယ်၊ ရဟန္တာများ သတ်တော့ ရဟန္တာမှာ ကိလေသာ အာသဝေါ ကင်းရှင်းနေတာ ဖြစ်လို့မို့ ဇီဝိတကလဲ သိပ် စင်ကြယ်သန့်ရှင်းတာပဲ၊ အဲဒီ ရဟန္တာသတ်လို့ရှိရင်တော့ အဝီစိကို ကျတာပဲ၊ ဒီအပြစ်ဟာ ဒါလောက် ကြီးသွားတာပဲ။

မိဘကို သတ်တဲ့အခါကျတော့ မိဘဂုဏ်ရှိရှိ, မရှိရှိ မိမိကို ကျေးဇူးပြုထားတဲ့ သူကို သတ်တဲ့အတွက်ကြောင့် မိဘရဲ့ ကျေးဇူးတွေက မိမိမှာ အကျိုးများနေတဲ့ အတွက် များများကြီး သူ့မှာ အပြစ်ရှိတယ်၊ အဝီစိကို ကျတယ်။

တစ်ဖန် လိမ်ပြောတဲ့ မုသားက ခုနက အသက်ရှိတဲ့ ပုဂ္ဂိုလ်ကို လိမ်မိတော့ ပုဂ္ဂိုလ်က အဆင့်အတန်း မြင့်လေ, မုသားက အပြစ်ကြီးလေလေ၊ ပုဂ္ဂိုလ်က အဆင့်အတန်း နိမ့်ကျနေရင် မုသားက နည်းနည်းလေး သက်သာတယ်, သက်သာ တယ်၊ ဒါပေမယ့် ငရဲတော့ ချနိုင်တယ်, ငရဲတော့ ချနိုင်တယ်၊ ပုဂ္ဂိုလ်က အင်မတန် နိမ့်လို့မို့ သက်သာတယ်ဆိုလို့များတော့ တောသားတွေကို လိမ်မယ်များ မကြံလိုက်ကြနဲ့၊ ငရဲချနိုင်တယ်၊ ဒါကြောင့် မုသားပဲ ဖြစ်ဖြစ်, ပါဏာတိပါတပဲ ဖြစ်ဖြစ် ငရဲချနိုင်တယ်။

ကာမေသုမိစ္ဆာစာရ ကာမဂုဏ်ကို အင်မတန် ကျူးလွန်တယ်ဆိုလို့ရှိရင် အကျူးလွန်ခံရတဲ့ ယောက်ျား သို့မဟုတ် မိန်းမ၊ အဲဒီ မိန်းမက သီလရှိတဲ့သူ ဖြစ်လေ အပြစ်ကြီးလေလေပဲ၊ အကယ်၍များ ရဟန္တာဖြစ်ပြီးသား ဘိက္ခုနီတို့ကို စော်ကား ကျူးလွန်လို့ရှိရင် နန္ဒဆိုတဲ့ သတို့သားဟာ ဥပ္ပလဝဏ်ဘိက္ခုနီ စော်ကားလို့ အဝီစိကို ကျတယ်၊ အဝီစိကို ချက်ချင်းကျတယ်၊ ဒါကြောင့် ဒီလူရဲ့ အတွင်းမှာ ရှိတဲ့ သီလ သိက္ခာတွေကလေ လူကို အဆင့်အတန်း မြင့်အောင် ခွဲပြီးသား ဖြစ်နေတယ်။

ဒါကြောင့် ငါးပါးသီလ လွန်ကျူးတဲ့အခါမှာ လွန်ကျူးခံရတဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်အရည်အချင်းကို လိုက်ပြီးတော့ ဒီ သီလ ပျက်ချင်း တူပေမယ့် အပြစ် အကြီးအငယ် ကွာသွားတယ်၊ ဒါကို နားလည်ထားပါ၊ ဒါလောက် ပြောလို့ ရှိရင် ဘုန်းကြီး ပြောပြီးသား နားလည်လောက်ပြီလို့ ထင်တယ်၊ ယူဆတယ်။

ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေ နှစ်ပါးက လောကကြီးမှာ အရေးကြီးလွန်းလို့၊ အစတုန်းက ယနေ့ ပြီးအောင် ပြောမယ်လို့ စိတ်ကူးပါတယ်၊ ပြောလို့ မရပါ ဘူး၊ ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေ-မိန်းမ ယောက်ျား၏ ဖြစ်ပုံတွေကို ပြောဖို့ရာက လိုပါတယ်၊ အင်မတန်လဲ သိဖို့ကောင်းတယ်၊ အင်မတန်လဲ လောကကြီးမှာ အရေးကြီးပါတယ်၊ အဲဒါကြောင့်မို့လို့ ဒီကိစ္စကို နက်ဖြန်မှ ဆက်ပြီး ပြောကြစို့။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤအနန္တနယ, သမန္တပဋ္ဌာန်း, ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင်, ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တ ဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တနယပဋ္ဌာန-ံ မြားမြောင်ပေါယယ,် နည်း စြုံကယွ သ်ား, ကြီးကျယြ်မင့်မော,် ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက် တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာ သည့်ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

သာဓု……ဇသာဓု……သာဓု။

ဒွါဒသမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

ဒွါဒသမနေ့

၁၃၃၅-ခုနှစ်၊ တန်ခူးလပြည့်ကျော် (၃)ရက်၊ ၁၉၇၃-ခုနှစ်၊ ဧပြီလ (၂၀)ရက်၊ သောကြာနေ့။

အသက်ရှည်ဖို့ အကြောင်းများ။ ။ မနေ့က သတင်းစာထဲမှာပါတဲ့ အကြောင်း အရာကို ဖတ်ပြလို့ ကနေ့ ဣန္ဒြိယပစ္စည်းနဲ့ ဆက်ပြီးတော့ ဒါလေးကို ပြန်ပြီး ပြောရဦးမယ်၊ ရှေ့ကို မတိုးနိုင်သေးဘူး၊ သတင်းစာထဲမှာ နိုင်ငံခြား လူအိုများရဲ့ အသင်းဥက္ကဋ္ဌ ပညာရှိကြီးတစ်ယောက်က အသက်ရှည်ဖို့ အကြောင်းများကို သူက ထည့်ပြောထားတယ်။

{အသက်ကြီးသူများသည် မိမိဘဝနှင့် လိုက်လျောညီစွာ သတိနှင့် စားသောက်ခြင်း, ကိုယ်လက် လှုပ်ရှားခြင်း, ကိုယ်ကာယ အခြေအနေ အရ အလုပ်လုပ်ခြင်း, အားလပ်ချိန်ကို ကောင်းစွာ စီစဉ်ခြင်းနှင့် မိသားတစ်စု သင့်မြတ်ခြင်းတို့ကို ပြုလုပ်ရမည်။} ဟု ပြောပါတယ်တဲ့။

သူ့နည်း သူ့ဟန်နဲ့ မှန်တယ်၊ ဘုန်းကြီးတို့က အဲဒီထက် သေချာတယ်၊ အဲ-သူ့ခမျာမှာတော့ ပညာရှိပါပဲ၊ သူတို့နိုင်ငံမှာ ထိပ်တန်းပဲ၊ ဒါကြောင့်လဲ ဥက္ကဋ္ဌကြီး ဖြစ်နေပါတယ်၊ ဒါပေမယ့် သေသေချာချာ တိတိကျကျ ပြောနိုင် စွမ်းတဲ့ အဖြစ်မျိုးကတော့ ဘုန်းကြီးတို့ တရားတော်က လွဲပြီးတော့ မရပါဘူး။

ဒါကြောင့် ဒီ သတင်းစာ ဖတ်ပြပြီးရင်ပဲ ဘုန်းကြီးတို့ တရားတော်က သိပ်ပြီးတော့ တိကျပြတ်သားပါတယ်၊ ဒီ အသက်ရှည်ဖို့ ကိစ္စမှာ သိပ် ပြတ်သား ပါတယ်လို့ ဘုန်းကြီးက ပြောတယ်၊ ပြောပြီးတော့ကာ တရားတော် ပြတ်သားပုံကို ကနေ့တော့ ဟောမယ်။

ထပ်ပြီးတော့ ကံ,စိတ်,ဥတု,အာဟာရကြောင့် ဒီ ခန္ဓာကိုယ်ကြီး ဖြစ်နေပုံကို ထပ်ပြီးတော့ ဟောပါ့မယ်၊ တစ်နေ့က ပြောခဲ့တယ် မဟုတ်လား၊ ကမ္မပစ္စည်း တုန်းက ကံရဲ့ အစွမ်းသတ္တိဟာ အင်မတန် အစွမ်းထက်တဲ့အကြောင်း၊ ဟို ဘဝတစ်ခုမှာ ရုပ်သစ် နာမ်သစ် ခန္ဓာသစ်ကို ဖြစ်စေနိုင်လောက်အောင် သတ္တိ ရှိတဲ့ အကြောင်းကို ပြောခဲ့တယ်နော်၊ အဲဒီ ပထမဆုံး လူကို ပြောကြစို့။

ကမ္မဇရုပ်အစဉ် ကြီးထွားလာ။ ။ အမိ ဝမ်းထဲမှာ စိတ်ဝိညာဏ်, ပဋိသန္ဓေ ဝိညာဏ် တည်သည်နှင့် တစ်ပြိုင်နက် စေတသိက်တွေ ပါလာတယ်၊ အဲဒါကို ဘုန်းကြီးက ဟေတုပစ္စည်းတုန်းက စပြီး ပြောခဲ့တယ်၊ ပဋိသန္ဓေ စိတ်ဝိညာဏ်မှာ တချို့ အမောဟဆိုတဲ့ ဉာဏ် ပါတယ်၊ တချို့မှာ မပါဘူးလို့ ပြောခဲ့တယ်, ဟေတုတုန်းက၊ ပြီးတော့ ဒီ နောက်လဲပဲ ပဋ္ဌာန်းပစ္စည်းထဲမှာ {ပဋိသန္ဓေ ခဏ၌ နာမ်တရားနှင့် ရုပ်တရား တို့သည် အချင်းချင်း သဟဇာတသတ္တိနဲ့လဲ ကျေးဇူးပြုတယ်၊ ဥပနိဿယသတ္တိ နဲ့လဲ ကျေးဇူးပြုတယ်၊ အညမညသတ္တိနဲ့လဲ ကျေးဇူးပြုတယ်} စသည်အားဖြင့် ပဋ္ဌာန်းပစ္စည်းမှာ အကုန်လုံး ပဋိသန္ဓေစိတ် အချိန်တုန်းက ပဋိသန္ဓေစိတ်နဲ့ တစ်ပြိုင်နက်ဖြစ်တဲ့ ကမ္မဇရုပ်တွေ ကျေးဇူးပြုပုံကို ပဋ္ဌာန်းထဲမှာ ပါပြီးတော့ လာခဲ့ပါတယ်၊ ပစ္စည်း အများထဲမှာ ပါပြီးတော့ လာခဲ့ပါတယ်။

အဲဒီ ပဋိသန္ဓေစိတ်နဲ့ အတူ ဖြစ်တဲ့ ရုပ်ကလာပ် သုံးခု ပြောခဲ့တယ်နော်၊ ကလလရေကြည်ဆိုတဲ့ အချိန်မှာ ရုပ်ကလာပ် သုံးခု စခဲ့တယ်လို့ တစ်နေ့က ပြောခဲ့ပြီနော်၊ ဒါ ကံကြောင့်ဖြစ်တဲ့ ဝိပါက်၊ ဝိပါက်နှင့်တကွ ဖြစ်ရတဲ့ ရုပ်တရား၊ ဘုန်းကြီးတို့မှာတော့ အင်မတန် သေချာတယ်။

ကံကြောင့်ဖြစ်တဲ့ ရုပ်မှာလဲပဲ ပထမ ကလာပ်သုံးစည်းမှာ ခန္ဓာကိုယ် စတည်ဖို့ ကာယဒသကကလာပ်၊ ကလာပ်ဆိုတဲ့ စကားကို ရုပ်ကလေးတွေ ပေါင်းထားတာကို ကလာပ်လို့ ခေါ်တယ်၊ ကလာပလို့ ခေါ်တယ်၊ အစိတ်အစိတ် ရုပ်ကလေးတွေ ပေါင်းထားတာ, ရုပ်ဆယ်ခု ပေါင်းထားတယ်၊ ကာယဒသက ကလာပ်၊ ခန္ဓာကိုယ် စတည်လိုက်တာ၊ ပြီးတော့ စိတ် စေတသိက်တွေ မှီဖို့ရန် ဝတ္ထုဒသကကလာပ် စတည်လိုက်တာ၊ ပြီးတော့ မိန်းမ ယောက်ျား ဖြစ်ဖို့ရန် ဘာဝဒသကကလာပ်၊ အဲဒီလို စတည်ခဲ့တယ်။

စတည်တော့ကာ အဲဒီ ကံရုပ် အစဉ်ဟာလေ ခဏတိုင်း ခဏတိုင်း ခဏတိုင်း ဆိုတာ လက်ဖျစ်တစ်ချက်တီးလို့ရှိရင် စိတ္တက္ခဏပေါင်း ကုဋေတစ်သိန်း ဖြစ်တယ်လို့ ဆိုတယ်၊ အဲဒီ ကုဋေတစ်သိန်းလောက် ဖြစ်တိုင်း ဖြစ်တိုင်းမှာ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေက ထပ်ထပ် ထပ်ထပ် ဖြစ်နေတယ်၊ ဘုန်းကြီးတို့ ခန္ဓာကိုယ်လေးထဲမှာ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ၊ ထပ်ထပ် ထပ်ထပ်ပြီးတော့ ဖြစ်နေလိုက်တာ, ခန္ဓာကိုယ်ထဲမှာ။

ဒီတော့ ခန္ဓာကိုယ်ထဲမှာ ရုပ်ခန္ဓာက ကံနဲ့ဆိုင်တာပဲ ကြီးလာမှာပေါ့၊ ကြီးလာတယ်၊ ဒီတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေကို ဘုန်းကြီးက ထပ်ထပ် ပြီးတော့ ကံအတွက် သက်သက်ချည်း ရုပ်အစဉ်တစ်ခု ပြောမယ်နော်၊ ဒီ ရုပ်ခန္ဓာအစဉ်ဟာ အဟောင်းက ၁၇-ချက်လောက်၊ စိတ္တက္ခဏ ၁၇-ချက်လောက် ကြာရင် ချုပ်၊ အသစ် ထပ်ဖြစ်၊ အဟောင်းချုပ် အသစ်ဖြစ်, အဟောင်းချုပ် အသစ်ဖြစ်၊ ဒါဖြင့် ဟို ကံကြောင့်ဖြစ်တဲ့ ရုပ်က ဘယ်ကြီးလာနိုင်ပါ့မတုန်း ဆိုတော့ မဟုတ်ဘူး၊ ရှေ့ပိုင်းက အဖြစ် များများနေတယ်။

ဆိုပါတော့ပေါ့၊ အဟောင်းချုပ် အသစ်ဖြစ်၊ နောက်တစ်ခါ ဖြစ်ပြန်တော့ အဖြစ်က နှစ်မျိုး ဒီလို လာပြန်တယ်၊ နောက်တစ်ခါ ဖြစ်ပြန်တော့ (၃)မျိုး, (၄)မျိုး, (၅)မျိုး၊ ဒါကြောင့် ကံကြောင့်ဖြစ်တဲ့ ရုပ်အစဉ် ကြီးထွားလာလို့၊ ကလေးလေးဟာ အမိဝမ်းထဲမှာပေါ့လေ၊ ဖြည်းဖြည်း ကြီးပြီးတော့ လာခဲ့ရ တယ်, လာခဲ့ရတယ်။

အဲဒီ ကံကြောင့်ဖြစ်တဲ့ ရုပ်အစဉ်ကို ဘုန်းကြီးတို့က ကမ္မဇရုပ်လို့ ဆိုလို တယ်၊ ဒီလို ခေါ်မယ်နော်၊ အဲဒီ ကမ္မဇရုပ်အစဉ်ဟာ ရှေးကံ အစွမ်းရှိသလောက် ကြီးနေတာပဲ၊ ယခု ဘုန်းကြီး ခန္ဓာကိုယ်ထဲမှာ အဲဒီ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ အဆက်ဆက် ဖြစ်နေတယ်၊ မနေ့တုန်းက ပြောတဲ့ စက္ခုပသာဒဟာ ကံကြောင့် ဖြစ်တာ။

ဒါကြောင့် တချို့ စက္ခုပသာဒ ကောင်းတယ်၊ တချို့ မကောင်းဘူး၊ တချို့ကျတော့ ကံ မကောင်းတော့လေ စက္ခုန္ဒြေကို မပါဘူး၊ သောတိန္ဒြေ မပါဘူး၊ ဃာနိန္ဒြေကို မပါလာဘူး၊ ဒါတွေကတော့ အင်မတန် ကံဆိုးတဲ့ လူ၊ လူ အညံ့စားကလေးတွေမှာ ဒီလို ဖြစ်နေတယ်၊ တလောတုန်းက မျက်စိ မမြင်တဲ့ သူတွေကို မြင်အောင် မျက်စိမြင်အောင် လောကဓာတ်ဆရာတွေက လုပ်ကြတယ်၊ လုပ်တော့ သိပ် အထမမြောက်ဘူးတဲ့၊ နားမကြားတဲ့သူတွေ နားကြားအောင်လုပ်တော့ တော်တော်လေး အထမြောက်တယ်တဲ့။

ဒါက ဒီလိုရှိတယ်၊ နဂိုတုန်းက စက္ခုန္ဒြေဆိုတာ စက္ခုပသာဒ လုံးလုံး မပါလာလို့ရှိရင် လုပ်လို့ကို မဖြစ်ဘူး၊ တချို့က ပါတော့ ပါတယ်၊ အင်မတန် ညံ့ပြီးတော့ နေလို့, မထင်မရှား ဖြစ်နေတယ်၊ အဲဒါ လုပ်ရင် ဖြစ်တယ်၊ ဘေးက အကူအညီ ရုပ်တွေနဲ့ လုပ်လို့ရှိရင် မြင်နိုင်လောက်အောင် ရှိတယ်၊ သောတိန္ဒြေလည်း ဒီလိုပဲ၊ နဂိုက ကံကြောင့် လုံးလုံးကို မပါလာဘူးဆိုရင် လုပ်လို့ မဖြစ်ဘူး၊ နည်းနည်းပါးပါးတော့ ပါတယ်ဆိုလို့ရှိရင် လုပ်လို့ ဖြစ်တယ်၊ ဒါကြောင့် သူတို့ကတော့ မျက်စိမမြင်တဲ့ သူတွေ မျက်စိမြင်အောင် လုပ်တာမှာ သိပ် အထမမြောက်ဘူး၊ ဒါပဲ ပြောနိုင်တယ်။

ဘုန်းကြီးတို့က လုံးလုံး အထမမြောက်တာလဲ ရှိရမယ်၊ နည်းနည်းပါးပါး အထမြောက်တာလဲ ရှိရမယ်၊ ကံနဲ့ဆိုင်တဲ့ ရုပ်မို့လို့ နားကျတော့ အထမြောက်တာ တော်တော်များတယ်တဲ့၊ ဒါလဲ ကံနဲ့ဆိုင်တဲ့ သောတပသာဒရုပ်မို့လို့ အဲဒီလိုနဲ့ ဒီ ကမ္မဇရုပ် အစဉ်ဟာ ရှေးကံ ရှိသလောက်ပေါ့လေ၊ ဒီ ခန္ဓာကိုယ်ထဲမှာ အချိန်ရှိသရွေ့ ဖြစ်နေတယ်၊ မွေးလာတော့လဲ ဖြစ်နေတာပဲ၊ ဒီ ကံကြောင့် ဖြစ်တဲ့ ရုပ်တွေက စက္ခုတို့,သောတတို့,ဃာနတို့,ဇိဝှာတို့ ဖြစ်တယ်၊ ကံကြောင့် ဖြစ်နေတာပဲ၊ ကံကြောင့် ရုပ်တွေ ဖြစ်နေတာဟာ ဘယ်လောက်ထိအောင် ဖြစ်သတုန်းဆိုရင် တစ်ဘဝ အဆုံးသတ်ခါနီး စိတ္တက္ခဏ ၁၇-ချက်ခန့်အထိ ကံကြောင့်ဖြစ်တဲ့ ရုပ်အစဉ်တွေ ဖြစ်နေတာ။

အသက်ရှည်ရှည် နေနိုင်ရေး။ ။ ရုပ်အစဉ်ဆိုတာ နည်းနည်း မဟုတ်ဘူးနော်၊ ခန္ဓာကိုယ် တစ်ခုလုံးမှာ အများကြီး အများကြီး အပြည့်ဖြစ်နေတာ၊ ဒီတော့ကာ ဒီ ကမ္မဇရုပ် အစဉ်ပြတ်ရင် သေတယ်၊ ဘယ်နည်းနဲ့ မှ ဆက်လို့ မရဘူး၊ ဒီတော့ သူတို့က အသက်ရှည်အောင်လို့ဆိုပြီးတော့ကာ ဒီ ကမ္မဇရုပ်ကို ဘယ်နည်းနဲ့မှ မတတ်နိုင်ပါဘူး၊ နားမလည်ပါဘူး၊ ဘုန်းကြီး တို့က ကံကြောင့်ဖြစ်တဲ့ ရုပ်ဟာ ကြာရှည် တည်ဖို့ရန် ကြိုးစားရင် ရတယ်။

ကံ နှစ်မျိုး။ ။ လူတိုင်းတော့ ရချင်မှ ရမယ်၊ ကြိုးစားရင် ရတယ်၊ ဘာပြု လို့တုန်း၊ ကံက နှစ်မျိုး ရှိတယ်လေ၊ ပဋိသန္ဓေကို ဖြစ်စေနိုင်တဲ့ ကံက တစ်မျိုး၊ ယခု ပဋိသန္ဓေကို နေပြီးတဲ့နောက်မှာ ပဝတ္တိလို့ ခေါ်တယ်၊ ပဝတ္တိအကျိုးကို ပေးနိုင်တဲ့ ကံက တစ်မျိုး၊ အဲဒီ ပဝတ္တိအကျိုးကို ပေးနိုင်တဲ့ ကံကို ဒီက ထပ်ပြီးတော့ ကူလို့ ပြင်လို့ ရတယ်၊ ထပ်ပြီးတော့ နောက်ထပ် ကံအသစ်တွေကို ပြုလို့ရှိရင် ရတယ်။

ဝသဘမင်း ထုံး နှလုံးမူ။ ။ ရှေးတုန်းက ဝသဘမင်း လို့ သီဟိုဠ်ကျွန်းမှာ ရှိခဲ့တယ်၊ သူ့ကို ဗေဒင်ဆရာတွေက ဘယ့်နှယ် ဟောတုန်း၊ နန်းစံ ၁၂-နှစ်သာ ရှိတယ်၊ ဟိုဖက် သေမယ်ပေါ့လေ၊ ဒါ ဗေဒင် ဆရာတွေက ကံရဲ့ အခြေအနေကို ကြည့်ပြီးတော့ လက္ခဏာတို့, ဇာတာတို့ ဟောရတယ်၊ ကံ ဒီလောက်သာ ရှိတယ်ပေါ့၊ ဒီတော့ ရှင်ဘုရင်က ကောင်းပြီ၊ နေပါစေ ဆိုပြီးတော့ ရဟန်းတော်များကို လျှောက်ပါတယ်၊ သီဟိုဠ်ကျွန်းက သာသနာ ထွန်းကားတုန်းကိုး၊ ရဟန်းတော်များ လျှောက်တော့ ရဟန်းတော် များက ဒီမှာ အကျိုးရှိဖို့ရန် ရည်ရွယ်ပြီးတော့, ဇရပ်ဟောင်းတွေ ပြင်, ကျောင်းအဟောင်း အပျက်တွေကို ပြင်တဲ့ ကံတွေက ဒီမှာ အကျိုးရဖို့ရန် ရည်ရွယ်ပြီးတော့ ဇရပ်ဟောင်းများကို ပြင်၊ ပြင်တာပေါ့၊ ကျောင်းအို ကျောင်း ပျက်များကို ပြင်၊ ပြင်တာပေါ့။

ဘုရားအို ဘုရားပျက်များကို ပြင်၊ လူသွားတဲ့ လမ်းမှာ တံတားဟောင်းတွေ ပြင်၊ မရှိရင် အသစ်ဆောက်၊ အဲဒီလို စီမံတဲ့အတိုင်း လုပ်လိုက်တာ၊ နန်းစံ ၁၂-နှစ်လဲ မကဘူး၊ ၂၄-နှစ်လဲ မကဘူး၊ ၃၆-နှစ်လဲ မကဘူး၊ အသက်ရှည်သွား လိုက်တာ, အသက် ရှည်သွားလိုက်တာ။

ဒါ ဘယ်သူ့ကို ပြင်တာလဲဆိုတော့ ကံကို ပြင်တာ, ကံကို ပြင်တာ, ကံကို ထောက်ပေးနေတာ၊ ရှေးကံကို အားသေးနေတဲ့ကံကို နောက် ကုသိုလ်တွေနဲ့ ထောက်ပေးနေတာ၊ မြန်မာ ဗေဒင်ဆရာများကလဲ ဟောကြတယ်၊ နည်းနည်း ကံဇာတာလေး ညံ့နေတယ်၊ ညောင်ထောက်ပါ၊ တံတားခင်းပါ၊ ပြောကြတယ်။

ဒါ မှန်တယ်၊ သောက်ရေအိုးစင်တို့ ဘာတို့ တည်ပါ၊ ဒါ မှန်တယ်၊ နောက် ကံနဲ့ ပြုပြင်ပေးနေတာ၊ ညောင်ထောက်တယ်ဆိုတာ ညောင်ပင်များက အများအားဖြင့် အရိပ်ရအောင် နဂိုက စိုက်ကြတာ၊ အကိုင်း အောက် ညွှတ်ပြီး နေတော့ အရိပ်က အပြန့် နည်းသွားတယ်၊ အဲဒီ ညောင်ပင်ကို အောက် ထောက်တိုင် မာမာနဲ့ ထောက်ပေးတော့ ညောင်ကိုင်းက အထက်တက်သွား တယ်၊ အရိပ်က တော်တော်လေး ပြန့်သွားတယ်။

ဒါကြောင့် ညောင်ထောက်ပါ၊ တံတား ခင်းပါ၊ အဲဒီလို ရှေးလူကြီးတွေ ကလဲ လုပ်ပေးလေ့ရှိကြတယ်၊ မန်ကျည်းပင်ကြီးတွေ လမ်းသွား လမ်းလာ နေပူတဲ့နေရာ စိုက်ထားလိုက်ကြတာ၊ ကြည်ညိုစရာ ကောင်းလိုက်တာ, ရှေး လူကြီးတွေ, ဒီ တောင်မြို့မှာပဲ မန်ကျည်းပင်ကြီးတွေ လမ်းဘေးမှာ စိုက်ထား လိုက်ကြတာ၊ ရှေး လူကြီးတွေက မန်ကျည်းပင်ကြီးတွေ စိုက်ထားလိုက်ကြ တာ, နောက် လူတွေက ခုတ်ခုတ် ခုတ်ခုတ် ပစ်လိုက်ကြတာ၊ ကောင်းရော, ကောင်းရော။

အဲဒီလို ရှေးကံတွေကို ပြုပြင်လို့ ရပါတယ်၊ ဒီလို နားလည်ကြပါနော်၊ ဒါပေမယ့် အတော်အတန်သာ ရတယ်နော်၊ သိပ်ပြီးတော့ ရတယ်လို့ မယူဆ ကြနဲ့၊ အတော်အတန်တော့ ရတယ်။

အသက်ရှည်ဖို့ ဆုမတောင်း။ ။ ဘုန်းကြီးကလဲ ဘုန်းကြီးကို ဘုန်းကြီး ငါ ရှေးကံ ပါလာတယ်၊ ယခုဘဝ သာသနာရေး နဲ့ စပ်ပြီးတော့ ငါ ကောင်းတဲ့ ကံတွေကို ငါ အများကြီး ပြုနေတယ်၊ ဒါကြောင့်မို့လို့ ငါရဲ့ အသက်ဟာ ရှည်သင့်သလောက်တော့ ကောင်းကောင်း ရှည်မှာပဲလို့ ဒါကို ယုံကြည်ထားတယ်၊ ဒါကြောင့် လုပ်နေတာပဲ၊ မပန်းဘူးလား၊ ပန်းတယ်၊ ပန်းရင် မနွမ်းဘူးလား၊ နွမ်းတယ်၊ လုပ်ပါ သူ့ကံ ထိုက်တန် သလောက်တော့ လိုက်နေမှာ။

ဒါပေမယ့် ဘုန်းကြီးရဲ့ဝါဒ တစ်မျိုးရှိတယ်၊ {အလုပ် မလုပ်နိုင်ဘဲနဲ့ သူများရဲ့ အပြုအစု, အိုပြီးတော့ သူများရဲ့ အပြုအစုခံတဲ့ အသက်ရှည်ခြင်းမျိုးကို မလို ချင်ဘူး၊ အရှင်ဘုရား ဒီ တစ်နှစ်လောက် ဟိုဖက်ကို အလုပ် လုပ်နိုင်တော့မယ် မဟုတ်တော့ဘူး၊ အသက်တော့ ရှည်ဦးမယ်ဆိုရင်တော့ မရှည်နဲ့ မလိုချင်ဘူး၊ ဘာပြုလို့တုန်း၊ အလုပ်မလုပ်ဘဲနဲ့ ရှည်တဲ့အရှည်ဟာ အသေပဲ၊ ဘုန်းကြီးအတွက် အသေပဲ၊} ဘာပြုလို့တုန်း၊ ဒီလို စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ် ဒီလို အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ် ဒီမှာ ကံတွေက ဆက်ရက် လာနေတာ။

စိတ်တွေက ဆက်ရက် ဆက်ရက် လာနေတာ၊ သေသွားလို့ ဟိုဖက် ဘဝ ပဋိသန္ဓေ နေလို့ရှိရင် အလုပ် လုပ်တဲ့ဘဝကို ရောက်မှာ၊ အလုပ် လုပ်နိုင်တဲ့ ရုပ်ခန္ဓာကို ရမှာ၊ အလုပ် လုပ်နိုင်တဲ့ ဉာဏ်ပညာကို ရမှာ၊ ဒီတော့ ခု ဘဝကြီး တောင့်တပြီးတော့ နေကြသလို ဘာလေး လုပ်ပေးပါဦး၊ ဘာကလေး ရေးပေး ပါဦး၊ အသက်ရှည်ပါစေနဲ့, ဝိုင်းကြသလိုပဲ၊ လာမယ့်ဘဝလဲ ဘုန်းကြီးအတွက်က ဒီလိုပဲ ဝိုင်းမှာပဲ၊ ဒီလိုပဲ အလုပ် လုပ်နိုင်မှာပဲ။

ဒီက ပျင်းနေတဲ့ ဘုန်းကြီး မဟုတ်ဘူး၊ အလုပ် လုပ်နေတဲ့ ဘုန်းကြီး၊ အဲဒီတော့ စိတ်ဓာတ်ဟာ မပြတ်ဘူး၊ ဟိုဖက် ဘဝလဲ ဒီအတိုင်း သွားမှာ၊ ဒီတော့ အလုပ် မလုပ်နိုင်ဘူးဆိုရင် ဒီ ခန္ဓာကိုယ်ကြီး ရှည်မနေပါနဲ့၊ ဒီလို အသက်ရှည်ဖို့ကို ဆုတောင်းတဲ့ ဘုန်းကြီး မဟုတ်ပါဘူး၊ အလုပ် လုပ်ဖို့ကိုသာ ဆုတောင်းတဲ့ ဘုန်းကြီး ဖြစ်ပါတယ်။

ဒါကြောင့် အများစုကတော့ သေမှ သေရော၊ တစ်ခါတည်း အသက်ကို ရှည်ပြီးတော့ နေချင်ကြတယ်၊ ဘယ်လို ကွာသတုန်းလို့ဆိုတော့ အများစုက မျှော်လင့်ချက် သိပ် မရှိကြဘူး၊ နောက် ဘဝအတွက် မျှော်လင့်ချက် သိပ် မရှိ ကြဘူး၊ ဒီတော့ ဒီ ဘဝကလေးကို သိပ်ပြီးတော့ သူတို့ တွယ်တာနေတာပဲ၊ အိုနေလဲ အိုအိုနဲ့ပဲ နေချင်ပါသေးတယ်၊ နာနေလဲ နာနာနဲ့ပဲ နေချင်ပါသေးတယ်၊ ဒီလူတွေက ဒီလူတွေက၊ ဘာပြုလို့တုန်း၊ သူများလိုလဲ လုပ်လဲ လုပ်တတ်တာ မဟုတ်ဘဲနဲ့၊ သူ့ကိုယ်ရေးအတွက်က နောင်ရေးဘဝအတွက်က စိတ်မချရဘူး၊ စိတ်မချရတော့ ဒီ ဘဝအတွက် သိပ် တွယ်တာနေတာပဲ။

ဒါကြောင့် သူတို့ အသက်ရှည်ဖို့ကို ကြိုးစားကြတယ်၊ အသက်ရှည်ဖို့ကို ကြံစည်ကြတယ်၊ ဘုန်းကြီးရဲ့ ဘုန်းကြီး တစ်ကိုယ်ရေ တစ်ကာယအတွက် ဝါဒကတော့ အသက်ရှည်ဖို့ မဟုတ်ဘူး၊ အလုပ် လုပ်နိုင်ဖို့ပဲ၊ ဒါကြောင့် ကံကို ပြုပြင်လို့ ရတယ်လို့ ဆိုတာကို နားလည်ကြပါ၊ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေကို ရှည်အောင် ကြိုးစားလို့ ရတယ်၊ ထောက်ခံလို့ ရတယ်၊ ညောင်ပင်များကို ညောင်ထောက်ရမယ်၊ တံတားခင်းရမယ်၊ ဇရပ်အို ဇရပ်ပျက်တွေ, ကျောင်းအို တွေကို ပြင်ရမယ်၊ ဘုရားပျက် ကျောင်းပျက် စသည်တွေကို ပြင်ရမယ်၊ အဘိုးကြီး အဘွားကြီးတွေကို ထောက်ပံ့ပေးရမယ်၊ အဘိုးကြီး အဘွားကြီး တွေကို စားစရာ သောက်စရာ ကူညီရမယ်။

ဆိုပါတော့ပေါ့၊ ဘုန်းကြီး အိုကြီးတွေ သိပ်ကိုးကွယ်စရာ မရှိတဲ့ ဘုန်းကြီးတွေ လှူဒါန်းရမယ်၊ ရှိပြီးသား လှူပြီးသားတွေကတော့ တစ်ခုက နှစ်ခု သုံးလေး ငါးခု ထပ်နေတာ မကောင်းပါဘူး၊ အဲဒီလို ဟာတွေဟာ အသက်ရှည်ဖို့ အကြောင်းတွေ ဖြစ်လာပါတယ်လို့၊ အဲဒီလို နားလည်ကြပါစေ။

ရုပ်စဉ်တွေ တိုးတိုးလာ။ ။ တစ်ခါ အမိဝမ်းထဲမှာ နေတုန်းကတည်းကိုက ပဋိသန္ဓေစိတ် ဖြစ်ပြီးတဲ့နောက် ဘုန်းကြီးတို့ တရားတော်က အင်မတန် သေချာတယ်၊ ဘဝင်ဆိုတဲ့ စိတ် ၁၅-ချက် သို့မဟုတ် ၁၆-ချက် ဖြစ်တယ်၊ အဲဒီ ပထမဘဝင်၌ ဖြစ်ကတည်းကိုက စိတ်ကြောင့် ဖြစ်တဲ့ ရုပ်တွေ ဖြစ်လာတယ်၊ ခန္ဓာကိုယ်လေး မကြီးဘဲ နေပါ့မလား၊ ကမ္မဇ ရုပ်တွေကလည်း ထွားထွား ထွားထွားပြီးတော့ များလာတယ်၊ ခုတစ်ခါ စိတ် ကြောင့်ဖြစ်တဲ့ ရုပ်ကလဲ ပဋိသန္ဓေနောင်မှာ ပထမဘဝင်က စပြီးတော့ စိတ် ကြောင့်ဖြစ်တဲ့ ရုပ်က တိုးပြန်ပြီ၊ စိတ် ဖြစ်တိုင်း ဖြစ်တိုင်း ဖြစ်တိုင်း ဒီရုပ်တွေ က တိုးလာတယ်၊ အဟောင်းချုပ် အသစ်ဖြစ်၊ ဒါပေမယ့် စိတ်ကြောင့်, ကံ ကြောင့်ဖြစ်တဲ့ ရုပ်ထဲမှာ ဥတု ပါလာပြန်ပါတယ်၊ အဲဒီ ဥတုကြောင့်လဲ ရုပ်တွေ ဖြစ်ပြန်ရော။

ကံကြောင့်ဖြစ်တဲ့ ရုပ်ထဲမှာပါတဲ့ ဥတုကြောင့် ရုပ်ဖြစ်တာ၊ ဒါကို ကမ္မပစ္စယဥတုဇရုပ်လို့ ခေါ်တယ်၊ စိတ်ကြောင့် ရုပ်ဖြစ်၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ထဲမှာလဲ ဥတု ပါပြန်ရော၊ ဥတုဆိုတာဟာ ဓာတ်ကြီးလေးပါးထဲမှာ တေဇောဓာတ်၊ အဲဒီ ဥတုတေဇောဓာတ်က ပါလာတော့ သူကြောင့်တစ်ခါ ရုပ် ဖြစ်ပြန်ရော၊ ပြီးတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်က တစ်မျိုးတည်းမကဘူး၊ ကံကြောင့် ဖြစ်တဲ့ရုပ်၊ ကံအရင်းခံပြီးတော့ ဥတုကြောင့်ဖြစ်တဲ့ ရုပ်၊ တစ်စုံ ဖြစ်သွား ပြန်ရော။

စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလဲ ရုပ်တစ်ခုတည်း တစ်မျိုးတည်း မဟုတ်ဘူး၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ထဲမှာပါတဲ့ ဥတုကြောင့်ဖြစ်တဲ့ ရုပ်၊ တစ်စုံ ဖြစ်သွားပြန်ရော။

ဒီမှာ ကိုယ်ကလေးက မကြီးဘဲ နေပါ့မလား၊ ကိုယ့်ကံလေးက ကြီးစရာ ရုပ်တွေ တိုးတိုး တိုးတိုးလာတာပဲ၊ စိတ်ကတော့ တစ်စိတ်တည်းပဲ တန်းဖြစ် နေတာ၊ တစ်စိတ်တည်း တန်းဖြစ်နေတာ၊ မတိုးပါဘူး၊ အပြောင်းအလွဲသာ ရှိတာ၊ မတိုးပါဘူး၊ ရုပ်တွေကတော့ တိုးတိုး တိုးတိုး လာတာပဲ။

တစ်ခါ တေဇောဆိုတဲ့ ဥတုသက်သက်ကြောင့် ရုပ်ဖြစ်သေးတယ်၊ တေဇော ကြောင့် အဲဒီဟာက ဘယ်တုန်းက စဖြစ်တုန်းဆိုတော့ ပဋိသန္ဓေစိတ် ဖြစ်ပြီး သည့်နောက် သူဖြစ်ပြန်တာပဲ၊ ဥတုကလဲ ဥတုကြောင့် ဖြစ်တဲ့ရုပ်က ဥတုဆိုတာ တေဇောဓာတ်ကို ခေါ်တယ်၊ ဓာတ်ကြီးလေးပါးထဲက အဲဒီ တေဇောဓာတ် ကြောင့် ဖြစ်တဲ့ရုပ်က ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ပြီးတဲ့နောက် ဖြစ်လာတာပဲ၊ အဲဒီ ဥတုကလဲ ပထမ ဥတုကြောင့် ဖြစ်တဲ့ရုပ် တိုးတယ်၊ အဲဒီ ပထမ ဥတုကြောင့် ဖြစ်တဲ့ ရုပ်ထဲမှာပါတဲ့ ဥတုကြောင့် ဖြစ်တဲ့ရုပ် တိုးပြန်ရော၊ ဥတုပစ္စယဥတုဇ ရုပ်လို့ ခေါ်တယ်။

ဒီတော့ ဒီ ခန္ဓာကိုယ်ကလေးထဲမှာပေါ့လေ၊ ပထမသတ္တာဟမှာပဲ ကမ္မဇ ရုပ် အစဉ်တွေ ကြီးနေပြီ၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ထဲမှာပါတဲ့ ဥတုဇရုပ်တွေ၊ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေ၊ အဲဒီထဲ ပါလာတဲ့ ဥတုဇရုပ်တွေ၊ ပထမ ဥတုကြောင့်ဖြစ်တဲ့ ဥတုဇရုပ်တွေ၊ အဲဒီ ဥတုထဲပါလာတဲ့ ဥတုပစ္စယဥတုဇရုပ်တွေ၊ ကမ္မဇ, ဥတုဇ, စိတ္တဇရုပ်တွေ ပထမသတ္တာဟမှာ နည်းနည်း နည်းနည်း တိုးပြီးတော့ ကြီးလာတယ်နော်၊ သေချာလွန်းလို့ပါ, သေချာလွန်းလို့ပါ။

နိုင်ငံခြား ပညာရှင်တွေ လက်လှမ်းမမီတဲ့ အချက်တွေမို့လို့ ဘုန်းကြီးက သေချာအောင် ပြောနေတာ၊ ပြီးတော့ ဘုန်းကြီးမှာ ဒါတွေ လေ့လာနေတာ ဖြစ်တော့ ဒီအတိုင်း ခန္ဓာကိုယ်ကို ထိန်းနေတယ်လေ၊ ထိန်းနေတယ်၊ အလုပ် လုပ်နိုင်အောင်လို့ ဒီအတိုင်း ထိန်းနေရတယ်။

အာဟာရဇရုပ်အစဉ်။ ။ ပြီး တစ်ခါ နှစ်သတ္တာဟလောက် ၇-ရက် နှစ်ပတ် သုံးပတ်လောက်ကျတော့ ခန္ဓာကိုယ်ကလေးက နည်းနည်းကလေး ဟိုနေ့က ပြောခဲ့တယ် မဟုတ်လား၊ အသားတစ်ကလေး ဖြစ်လာတယ်၊ အဲဒီတော့ ဘေးက အမေစားတဲ့ အစာက ကလေးရဲ့ အသားတစ် မှာ ပြန့်ပြီးတော့ ထိလာပြီ၊ အဲဒီတင် အဲဒီ အာဟာရဇရုပ်ကလေးများ ဖြစ်ပြန်ပြီ၊ ဒါကြောင့် အမေ အစားကောင်းကောင်း စားတတ်ဖို့ လိုတယ်လို့၊ မြန်မာပြောသလို သိပ် အစားဆင်ခြင်ပြီးတော့ အာဟာရ မဖြစ်တာ စားနေလို့ မတော်ဘူး၊ နှစ်ယောက်စာ အမေ စားရတော့တယ်၊ ကိုယ်ဝန်ရှိကတည်းကိုက သုံးပတ်လောက် ရောက်ရင်ပဲ ကလေးကို အစာပေးနေရပြီ။

ဒါကြောင့် အမေက နှစ်ယောက်စာ စားရတယ်၊ နှစ်ယောက်စာ စားရတယ်၊ ဒါမှ ကလေး အားရှိတယ်၊ အမေ အားရှိတယ်၊ သိပ်ခြိုးခြံနေလို့ရှိရင် ကလေးလဲ အားနည်းမယ်၊ အမေလဲ အားနည်းမယ်၊ အဲဒီလို ဘုန်းကြီးတို့ တရားတော်က သိပ်သိတာပဲ၊ မတည့်ဘူးဆိုရင် မတည့်တာ မစားနဲ့ပေါ့၊ တည့်တာ စားပေါ့၊ ယခုတော့ အားမရှိတဲ့ အစာကလေးတွေ ငါးခြောက်, အဆီဩဇာ ကုန်ခမ်းနေတဲ့ ငါးခြောက်ကို စားရှာကြတယ်။

ဘာပြုလို့တုန်း၊ ဒိပြင် စိုစိုဖတ်ဖတ်ဆိုတော့ ဘာရောဂါ ဖြစ်မှာစိုးလို့ဆိုပြီး တော့ အဆီဩဇာ ညံ့ပြီးတော့ အဆီဩဇာ ကုန်ခမ်းနေတဲ့ ငါးခြောက်တို့ကို စားရှာကြတယ်၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် ကြိုချက်စားသောက် တာတွေကတော့ ကောင်းပါတယ်။

စိတ္တဇရုပ် ကောင်းအောင် ဒီတော့ကာ ကမ္မဇရုပ်အစဉ် စိတ္တဇရုပ်အစဉ် ဥတုဇ စိတ်ကို ပြုပြင်ပေးကြ ရုပ်အစဉ်, အာဟာရဇရုပ်အစဉ် လေးမျိုးမှာ_တစ်ခါ စတ္တဇရုပ် အစဉ်ကို ကောင်း မကောင်း လိုက်ရတယ်၊ မွေးလာပြီး ကောင်း မကောင်း လိုက်ရတယ်၊ ဒီတော့ ဘုန်းကြီးတို့က စိတ်ကို ပြုပြင်ပေးပါ၊ သားသည် အမေ ကိုယ်ဝန်နှင့် နေတုန်းကလဲ ချမ်းသာပါစေ၊ ဒါမှ အမေ့ စိတ္တဇရုပ်, အမေ့ စိတ္တဇရုပ်ကို မှီပြီးတော့ မကင်းနိုင်တဲ့ ကလေးရဲ့ စိတ္တဇရုပ်၊ အဲဒါတွေဟာ ကျန်းမာတဲ့ရုပ် ဖြစ်နိုင်ပါတယ်။

အမေ စိတ်ချမ်းသာဖို့ဆိုတာ ကလေး ကိုယ်ဝန် ရှိစဉ်ကတည်းကိုက စိတ်ချမ်းသာရပါတယ်၊ စိတ်ချမ်းသာအောင် ပြုပြင်ရပါတယ်၊ စိတ်ချမ်းသာ အောင် ကြိုးစားရပါတယ်၊ ဖွားမြင်လာပြီ၊ ဖွားမြင်လာကတည်းက ကြောက် ကြောက် လန့်လန့် မဖြစ်ပါစေနဲ့၊ စောစောကတည်းကိုက ကောင်းသော ဖွားမြင်သည်နဲ့ ပူးပေါင်းပြီးတော့ စိတ် ကြည်ကြည်လင်လင် ရွှင်ရွှင်လန်းလန်း နဂိုတုန်းကလဲ ကျန်းမာအောင် ကိုယ့်ကိုယ်ကို ထိန်းလို့၊ ဖွားမြင်ပြီးတဲ့ နောက်လဲ စိတ်ကို ကြည်လို့၊ ဒီလို နေရပါတယ်။

ဒီမှာမှ အမေ့ နို့ရည် စိတ္တဇရုပ်ကြောင့်ဖြစ်တဲ့ အမေ့ နို့ရည်က ကောင်းသော နို့ရည်ဖြစ်ပြီးတော့ ကလေးကို တိုက်ရတာ အင်မတန်မှ ကောင်းပါတယ်၊ နောက် ကလေး စိတ်ချမ်းသာဖို့ရယ်, အမေ စိတ်ချမ်းသာဖို့ရယ်၊ စိတ္တဇရုပ် မှီနေတာနော်၊ စိတ္တဇရုပ် ပြင်နေတာ၊ အဲဒီလိုနဲ့ နောက် တဖြည်းဖြည်း ဘုန်းကြီးတို့ သိတတ်တဲ့အရွယ် ကလေး ရောက်လာပြီဆိုပါတော့။

စိတ်ချမ်းသာရတယ်၊ ကလေးလေး စိတ်ချမ်းသာစေရတယ်၊ စားတဲ့ သောက်တဲ့ အခါမှာလဲပဲ နေပါစေဦး၊ ဒါတော့ တခြားထား၊ အာဟာရဇရုပ်က စိတ်ချမ်းသာနေလို့ ကလေးလေး ပျော်နေတယ်ဆိုရင်ပဲ ကလေးရဲ့ မျက်နှာဟာ ကြည်လို့၊ အဲဒါ ရောဂါ မဖြစ်အောင် ကြိုးစားရပါတယ်၊ ရောဂါဖြစ်လို့ ကလေးစိတ်ဟာ ညှိုးနွမ်းနေမယ်ဆိုရင် ရုပ်ကလေးတွေဟာ ရုပ်မကောင်းတာ ဖြစ်လာပါတယ်၊ ရုပ်ဟာ အဖြစ်ကလေး မရပ်ဘူးနော်၊ မကောင်းရုပ် ကောင်းရုပ် ဖြစ်နေတာ။

ဒါကြောင့် မမာတဲ့ ကလေးလေးတွေဟာ မမာတဲ့ ရုပ်ကလေးတွေ ကြာ ကြာကြီး ဖြစ်နေတာ၊ အဲဒီတော့ ကလေးလေး စိတ်ချမ်းသာပြီဆိုရင် မာတဲ့ ရုပ်ကလေးတွေ ဖြစ်နေတာ၊ အမေ စိတ်ချမ်းသာရမယ်၊ ကလေး စိတ်ချမ်းသာ ရမယ်၊ စိတ္တဇရုပ်ကို ဘုန်းကြီးက ပြင်နေတာ၊ အသက်ရှည်ဖို့ရန် အကြောင်း တွေချည်းပဲ၊ အသက်ရှည်ဖို့ရန် အကြောင်းတွေချည်းပဲ၊ ကောင်းလွန်းလို့, ကောင်းလွန်းလို့။

နောက် တော်တော်ကြီးတော့ စိတ်ချမ်းသာပါစေ, စိတ် မဆင်းရဲပါစေနဲ့၊ စီးပွားကို ရှာပါ၊ မပျင်းပါနဲ့၊ ပျင်းလို့ စီးပွား မရလို့ရှိရင် စိတ်ဆင်းရဲရပါလိမ့် မယ်၊ ဘယ်သူတွေ စိတ်ဆင်းရဲမလဲ၊ တစ်အိမ်လုံး စိတ်ဆင်းရဲပါလိမ့်မယ်၊ စိတ်ဆင်းရဲလို့ရှိရင် ရုပ်က မဖြစ်မနေဘူး၊ မကောင်းတဲ့ရုပ်တွေ ဖြစ်လိမ့်မယ်၊ စိတ်ချမ်းသာလို့ရှိရင် ကောင်းတဲ့ စိတ္တဇရုပ်တွေ ဖြစ်ပါတယ်၊ ဒါကြောင့် စီးပွားဥစ္စာ ရှာရပါတယ်၊ မှန်မှန် ရှာရပါတယ်၊ လောဘ အင်မတန် မကြီးရ ပါဘူး၊ ဒေါသ မထွက်ရပါဘူး၊ ဒေါသဖြစ်တယ်ဆိုလို့ရှိရင် ဒေါသဖြစ်တဲ့မျက်နှာ ကို ကြည့်ပါ၊ ရုပ် မကြည်လင်ပါဘူး၊ စိတ္တဇရုပ်တွေ မကောင်းနေတာ။

ဒါကြောင့် လောဘမကြီးပါနဲ့၊ သင့်တင့်ရုံကလေး လောဘရှိပါစေ၊ စိတ်ကို ပြင်နေတာ၊ ဒေါသ မဖြစ်ပါစေနဲ့၊ မလွှဲသာ ဖြစ်လို့ရှိရင် မြန်မြန်ကြီး ပျောက်ပါစေ၊ ဒီ ဒေါသဟာ ဘာဖြစ်လို့တုန်း၊ ဒီ သူ့ကြောင့်ဖြစ်တဲ့ စိတ်တွေ က ဖြစ်နေတာ၊ မကောင်းစိတ်တွေ မကောင်းရုပ်တွေ ဖြစ်နေမှာ၊ ဒါကြောင့် မို့လို့ စိတ်ကို ပြုပြင်ပါ၊ ဘယ်လောက်ထိအောင် ပြုပြင်ရမတုန်း၊ ခု အချိန် ထိလဲ ပြုပြင်ရမယ်၊ ဘုန်းကြီး ဒီလောက်လဲပဲ စိတ်ကို ပြုပြင်နေရပါတယ်။

စိတ်ဆင်းရဲအောင်တော့ ဘာကိစ္စနဲ့မှ မဖြစ်စေရဘူး၊ ကျောင်း သံဃာတွေ စိတ် မဆင်းရဲရအောင်လို့ အကုန်လုံး စောစောကြပ်နေတာ၊ ဘာပြုလို့တုန်း၊ သူတို့ မကောင်းလျှင် စိတ်ဆင်းရဲနေရမယ်လေ၊ သူတို့ ကောင်းနေမှလို့ဆိုပြီး တော့ ကျောင်းသံဃာတွေကို စောစော ကြပ်တယ်၊ ကိုယ့် ဒကာ ဒကာမတွေ ဘေးအန္တရာယ် မရှိအောင် သတိပေးနေတယ်။

ဘာပြုလို့တုန်း၊ သူတို့ ဖြစ်လို့ရှိရင် ကိုယ့်စိတ်ဟာ အရိယာစိတ် မဟုတ် တော့ သူတို့ မချမ်းသာလို့ရှိရင် ကိုယ့်စိတ်လဲ မချမ်းသာတဲ့စိတ် ဖြစ်မှာပဲ၊ ဒါကြောင့်မို့လို့ ဒကာ ဒကာမတွေ လောဘ မကြီးပါနဲ့,လောဘ မကြီးပါနဲ့၊ လက်ရှိအခြေအနေ မလျော့ရင် ပြီးရောပေါ့၊ သိပ် လောဘ မကြီးနဲ့၊ မတော် တဆ ခြေချော်လက်ချော် ဆိုလို့ရှိရင် တစ်အိမ်လုံးလဲ စိတ်ဆင်းရဲတယ်၊ စိတ် ဆင်းရဲရင် မကောင်းတဲ့ စိတ္တဇရုပ်တွေ ဖြစ်တယ်၊ မကောင်းတဲ့ စိတ္တဇရုပ် ဖြစ်ရုံသာမကဘူး၊ ဘေးပတ်ဝန်းကျင်ရဲ့ အထင်သေးမှု အပြောအဆိုတွေကြောင့် မို့လို့ မကောင်းတဲ့စိတ်တွေ စိတ္တဇရုပ်တွေ ထပ်ပြီးတော့ ဖြစ်တယ်၊ အဲဒီ အခါမှာ မကောင်းတဲ့ ရုပ်တွေ ဖြစ်တာသိလွန်းလို့။

ဘုန်းကြီးတို့က လောဘ မကြီးပါနဲ့၊ ပစ္စည်းတွေ သိပ်ပေါနေပြန်တော့လဲ စိတ်ချမ်းသာလှတယ် မဟုတ်ပါဘူး၊ ဟို သိမ်းရ, ဒီသိမ်းရ၊ ဟို ကြွေးတောင်းရ, ဒီ ကြွေးတောင်းရနဲ့၊ ဒီတော့ ဘုန်းကြီးက စိတ်ချမ်းသာအောင်ဆိုတာ မှန်မှန် ရှိဖို့ လိုပါတယ်၊ အင်း-အစား မတောင့်တရဘူး၊ အနေ မတောင့်တရဘူး၊ အဝတ် မတောင့်တရဘူး၊ မှန်မှန်ရှိရင် ပြီးတာပဲ၊ ပေါများတာကတော့ ကောင်း တယ်လေ၊ ပေါများပြန်တော့လဲပဲ စွန့်ကြဲဖို့, ပေးကမ်းဖို့, လှူဒါန်းဖို့ စိတ်ကို ဒီလို မြင့်မြတ်အောင် ထားပါ။

သေခါနီးထိ စိတ် ပြုပြင်ကြ။ ။ ဒါ ဘုန်းကြီး စိတ် ပြုပြင်နေတာ၊ ဘယ် လောက်ထိအောင် ပြုပြင်နေရမလဲဆိုတော့ ဘုန်းကြီးတို့ သေခါနီးထိ၊ ဘုန်းကြီးက ငါ ဘာရောဂါနဲ့ သေမလဲဆိုတာ မသိဘူး၊ ဘုန်းကြီးအတွက် စိတ်ကို သေခါနီးထိ တွေးထားတာ။

သေခါနီးမှာ မျက်နှာငယ်ကလေးနဲ့ လာမမေးပါနဲ့၊ ကိုယ့်ဘာသာ ကိုယ်ခံနေမှာ၊ ရောဂါဒဏ်ရှိရင် ကိုယ့်ဘာသာ ကိုယ်ခံနေမှာ၊ သူများက မျက်နှာငယ်ကလေးနဲ့ လာပြီးတော့၊ အို-ဖြစ်မှ ဖြစ်ရပလေ, ဘာညာနဲ့၊ လူတွေ နားလည်းမလည်ဘူး၊ စကားလဲ မပြောတတ်ဘူး၊ မလာကြနဲ့၊ ငါ့ ရောဂါဒဏ်နဲ့ ငါ့ဘာသာငါ ငါ့စိတ်ကို ငါ စဉ်းစားနေမယ်၊ ဗုဒ္ဓ မြတ်စွာ ရင့်မကြီးတောင်မှ ပရိနိဗ္ဗာန် စံတော်မူခါနီးကျတော့ ဝမ်းတော် လားပြီးတော့ ပရိနိဗ္ဗာန် စံတော်မူရတယ်။

အကယ်၍များ ဘုန်းကြီး ဒီ ရောဂါမျိုးဖြစ်ရင် ဘုရားကို အာရုံ ပြုနေမှာ၊ ပါရမီရှင်ကြီး မြတ်စွာဘုရား, ပါရမီဖြည့်ပြီးသား မြတ်စွာ ဘုရားတောင် ဒီ ခန္ဓာကိုယ် ဒီ ရုပ်ခန္ဓာနဲ့ နေသမျှ ဝမ်းတော်လားရ သေးတာ၊ ငါ ဘာမို့လို့တုန်း ဖြစ်ပေါ့ ဒီရောဂါ။

ဘုန်းကြီးက စိတ်ကို အဲဒီအထိ တွေးထားတာ။

အရှင်သာရိပုတ္တရာ သွေးတော် အန်ပြီးတော့ ပရိနိဗ္ဗာန် စံရတယ်၊ ဘုန်းကြီး ဒီရောဂါ အလားတူ နီးနီးစပ်စပ်ဖြစ်ဖြစ် ဒီ ရုပ်နာမ် ခန္ဓာနဲ့ လာရှိနေသမျှ အရှင်သာရိပုတ္တရာမှ ဒုက္ခမှ မလွတ်ဘဲနဲ့ ငါကော ဘာမို့လို့တုန်း၊ ငါ့ ပါရမီက ဘယ်လောက် ရင့်သေးလို့တုန်း၊ ဖြစ်, ခံပေါ့၊ ဒီ ရောဂါလဲပဲ မြဲတာမဟုတ်ဘူး၊ အနိစ္စပေါ့၊ ပြီးတော့ ဒီ ရောဂါလဲပဲ သေသွားတော့ သူ့ဟာသူ ပြီးသွားတာပဲ၊ ဒါကြောင့် ဒီ အနိစ္စဖြစ်တဲ့ ရောဂါကို အကြောင်းပြုပြီး သူများက လာပြီး မျက်နှာငယ်ကလေးနဲ့ လာမကြည့်လာနဲ့၊ မလိုချင်ဘူး။

အကယ်၍ သူတစ်ပါးရဲ့ ဒဏ်ရာဒဏ်ချက်ကြောင့် သေလုမျောပါး ဖြစ် နေရင် တန်ခိုးအင်မတန် ကြီးတဲ့ အရှင်မဟာမောဂ္ဂလ္လာန် ပုဂ္ဂိုလ်ကြီးတောင်မှ ခိုးသား ငါးရာ လက်ချက်ကြောင့် အရိုးကလေးတွေ ကြေမွသွားအောင် အရိုက် အနှက် ခံရသေးတာပဲ, ငါ ဘာမို့လို့တုန်း၊ ဖြစ်ပါစေ, ခံပေါ့၊ ဟောဒါ ဘုန်းကြီးက သေခါနီးအထိ စိတ်ကို တင်းပြီးတော့ ဒီ စိတ်သက်သက်သာသာနဲ့ သေဖို့ရန် စောစောကတည်းကိုက စီစဉ်ထားတယ်လေ၊ နေရာတိုင်းမှာ နေရာတိုင်းမှာ၊ စောစောကတည်းကိုက စီစဉ်ထားတယ်၊ အားလုံးကို ပြောလို့ရှိရင်လဲ သူတို့ သဘောမပေါက်ဘူး၊ လာပြီးတော့ မေးကြမှ ကြိုက်တယ်ကိုး၊ အို-အလကား သူတို့ နားလည်တဲ့ သူတွေလဲ မဟုတ်ဘူး၊ သူတို့ အတွက်ကြောင့် အသေတောင် ဖြောင့်ချင်မှ ဖြောင့်မှာ, မလာနဲ့၊ ဒါကြောင့် ဘုန်းကြီးက သေခါနီ်းအထိ စိတ်ကို ဘယ်လို နေရမယ်ဆိုတာ ပြင်ပြီးသား။

ယခု သံဃာတွေ ဘယ်လောက် များနေလို့ စိတ်တော့ ဝမ်းသာ တယ်ဆိုရင်လဲ သာမယ်ပေါ့၊ သိပ်မသာပါဘူး၊ ခု ဒကာ ဒကာမတွေ ကြည်ညိုနေကြတယ်၊ ဝမ်းသာတယ်တော့ ဖြစ်ချင် ဖြစ်မယ်၊ သိပ် မသာဘူး၊ မရှိရင်လဲ ဘာမှ ဝမ်းမနည်းပါဘူး၊ ဒီ သံဃာတွေလဲ အကုန်လုံး ဘုန်းကြီးကို မကျေနပ်လို့ သွားကြပြီ၊ ဒကာ ဒကာမတွေလဲ ဘုန်းကြီးကို မကြည်ညိုလို့ ရှောင်တိမ်းကြပြီ၊ ကိစ္စမရှိပါဘူး၊ ကိုယ့် ဘာသာ နေတတ်အောင် စဉ်းစားပြီးသား, သတ္တိရှိပြီးသား။

စိတ်ငယ်ပြီး ရုပ်ညံ့၍ ရောဂါဖြစ်။ ။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကို ပြုပြင်တာပါ၊ ယခု လူတွေက စိတ်ကို မပြုပြင်တတ်လို့၊ စိတ်ငယ်တယ်၊ စိတ်သိပ်ငယ်တော့ ဘာဖြစ်လာသလဲ၊ ရုပ် တွေက ညံ့လာတယ်၊ စိတ္တဇရုပ်တွေက ညံ့လာတယ်၊စိတ္တဇရုပ်တွေက ညံ့တော့ ဘာရောဂါ ဖြစ်တယ်၊ နှလုံး ဘာဖြစ်တယ်၊ အသည်း ဘာဖြစ်တယ်၊ အဆုတ် ဘာဖြစ်တယ်၊ ဝမ်းထဲ လျှောက်တော့ စိတ္တဇရုပ်တွေ မဟုတ်လား၊ ဝမ်းထဲမှာ လဲပဲ နှလုံးတို့, အသည်းတို့ နာမည်တပ်ထားပေမယ့် ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ, စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေ, ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေ၊ ဒီ ရုပ်တွေ ပေါင်းထား တာ၊ ဒီ ရုပ်တွေ ပေါင်းပြီးတော့ကို နှလုံးတို့, အဆုတ်တို့, ကျောက်ကပ်တို့ ဒီလို ခေါ်နေတာ၊ ဒီတော့ ကံကြောင့်, စိတ်ကြောင့်, ဥတုကြောင့် ပေါင်းထား တဲ့ ဒီ နှလုံး,အသည်း,ကျောက်ကပ် စသည်တွေဟာ စိတ်မကောင်းလို့ရှိရင် ရောဂါဖြစ်ဖို့ လွယ်တာပေါ့၊ အဲဒီ ရောဂါ ဖြစ်လာလို့ရှိရင် ကုဖို့ ခဲယဉ်းပြန် တာပေါ့။

ဒါကြောင့် ဘုန်းကြီးက စိတ်ကောင်းကောင်းထား၊ ကံကောင်းအောင်လဲ မတော်မတရားတွေလဲ မလုပ်ပါနဲ့၊ ကောင်းတဲ့ ကံနဲ့ ပြုပြင်စရာရှိတာတွေ ပြုပြင် လို့၊ လှူသင့်တာ လှူလို့၊ စိတ်ကိုလဲ ကောင်းကောင်းထားပါ၊ စိတ်လဲ မငယ်ပါနဲ့၊ စိတ်အား မငယ်ပါနဲ့၊ သေတာထက် ဟိုဖက် ဘာမှ မရှိဘူး၊ အများက ပြောကြတယ်, ဆိုကြတယ် ဆိုတာဟာ အလကားတွေပါ၊ အလကားတွေပါ၊ ကိုယ့်ကိုယ်ကိုသာ ပဓာနပါ၊ ကိုယ်နဲ့ ရင်းနှီးတဲ့လူက ပဓာနပါ၊ ဂရုစိုက်စရာ မရှိပါဘူး၊ ကံကို ကောင်းအောင်သာ သတိထားနေပါ၊ စိတ်ကို အဲဒီနည်းနဲ့ ပြုပြင်ပါလို့ ဘုန်းကြီးက ပြောတယ်၊ ဘုန်းကြီးကလဲ ဒီနည်းနဲ့ လုပ်နေတာ။

ဥတုဇရုပ်ကို ပြုပြင်ကြ။ ။ တစ်ခါ စိတ္တဇရုပ် ပြီးတော့ ဥတုဇရုပ်၊ ဥတုဇရုပ်ကို လဲပဲ ပြုပြင်ရပါတယ်၊ မွေးခါစ ကလေးလေးကို အပူ မမိအောင် တချို့က အဝတ်တွေနဲ့ သိပ်ထုပ်ထားကြတယ်၊ ကလေးလေးကို လှောင်ပြီးတော့ နေတယ်၊ အေးတဲ့အခါရယ်လို့ ဆိုပြီးတော့ ဂွမ်းစောင်တွေ ဘာတွေနဲ့ ကလေးလေးကို ထုပ်ပြီး ထားကြတယ်၊ ကလေးလေးဟာ အဲဒီ အငွေ့ကြောင့် တော်တော်ကြာ အရိုးမသန်တဲ့ အဖြစ်မျိုး ရောက်သွားတတ်တယ်။

ဒါ နားလည်ဖို့က သိပ် အရေးကြီးတာ၊ ကလေးလေးဟာ အေးတဲ့ အရပ် ဆိုလို့ရှိရင် အအေးသက်သာရုံကလေး၊ ပူတဲ့ အရပ် ဆိုလို့ရှိရင်လဲပဲ အပူ သက်သာရုံကလေး မီးနေခန်းတွေ ဘာတွေမှာ အပူတွေ သိပ်ပြီး မသုံးပါနဲ့၊ သက်သာရုံကလေး၊ အဲဒီဟာက ဥတုနဲ့ ဆိုင်တယ်နော်။

ယခုခေတ်မှာတော့ မြို့ကြီးပြကြီးမှာ အတော်သက်သာတဲ့ နည်းတွေရှိနေ ပြီလို့ ထင်တယ်၊ ဒါတွေကို အသုံးချရတယ်၊ စောစောစီးစီးက သတိထားရ တယ်၊ ကိုယ်ရေးကိုယ်တာအတွက် သတိထားရတယ်၊ ကိုယ်နဲ့ ဆိုင်တဲ့သူတွေ အတွက် သတိထားရတယ်၊ အဲဒီ ဥတုဟာ ကလေး မမွေးခင်ကလဲ အရေးကြီး တယ်၊ မွေးပြီးတော့လဲ အရေးကြီးတယ်၊ ကလေးတွေအတွက်ရော မိခင်အတွက်ပါ ရေတို့ ဘာတို့ သန့်ရှင်းဖို့ကလဲ အရေးကြီးတယ်။

ဗုဒ္ဓမြတ်စွာ အလောင်းတော် ဖွားမြင်တော်မူလာတဲ့အခါ ရေနှစ်မျိုး ပေါ် လာတယ်၊ တစ်မျိုးက ရေနွေး, ဆေးဖို့ ကြောဖို့၊ ဘုရားလောင်းမှာ လူးလဲ ပြီးတော့ ညစ်ပေနေတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ်လို့ သန့်ရှင်းဖို့ရန် ရေအေးလဲ ပါလာတယ်၊ ရှိလာတယ်၊ ရေနွေးလဲ ရှိလာတယ်၊ ဒီ ဘုရားလောင်း ဖွားတော်မူတဲ့အခါမှာ သန့်ရှင်းဖို့ရန်, သုတ်သင်ဖို့ရန်, သိပ် ညစ်ညစ်ပေပေ မယ်တော်မှာလဲ မဟုတ်ပါဘူး၊ ဘုရားလောင်းမှာလဲ မဟုတ်ပါဘူး၊ ဒါပေမယ့် သန့်ရှင်းဖို့ ရေ နှစ်မျိုး ပါလာတယ်။

ဒီတော့ ဘုန်းကြီးတို့က စာကလေ ဥတု ပြောတယ်နော်၊ ဥတုနဲ့စပ်ပြီးတော့ နောက် တော်တော်လေး ကြီးလာတော့ အမေက ရေချိုးပေးတတ်တယ်၊ ရေချိုးပေးတဲ့အခါမှာ အေးသလား မအေးဘူးလား၊ ဒီအခါမှာ ကလေးလေး ဘယ့်နှယ်နေတုန်း၊ ကလေးကလေး စမ်းရတယ်၊ ဓာတ် ဘယ့်နှယ်နေတုန်း၊ ကလေးလေးကို မေးရတယ်၊ ဓာတ်သွားရဲ့လား၊ ဘယ့်နှယ်နေတုန်း၊ ရေချိုးချင် သလား၊ မချိုးချင်ဘူးလား၊ ဆောင်းအေးတယ်ဆိုလို့ရှိရင် ရေနွေးကလေး စပ်လို့၊ ရေချိုးပေးတယ် ဆိုတော့ ချိုးသင့်တယ်ဆိုလို့ရှိရင် ရေချိုးပေးတာက တော့ အင်မတန် ကောင်းတယ်၊ ဘာပြုလို့တုန်းဆိုတော့ ဒီ ခန္ဓာကိုယ်မှာ ချေးတွေ ဘာတွေ ပိတ်နေတယ်၊ အဲဒီ ပိတ်နေတဲ့ ချေးတွေကြောင့် အထဲက အငွေ့တွေ မထွက်ပါဘူး၊ ဒီတော့ ရေချိုးပေးရတယ်၊ နေမကောင်းလို့ရှိရင် အဝတ်တွေနဲ့ တိုက်ပြီးတော့ကို ဒီ ချေးတွေကို ထွက်အောင် သန့်ရှင်းပေးရတယ်။

ဘာလို့တုန်း၊ အခိုးအငွေ့ အပြင်ဖက် ထွက်အောင်လို့ လုပ်ပေးရတယ်၊ ဥတုတွေ ဥတုဇရုပ်တွေကို ပြုပြင်တဲ့အခါ နည်းဟာ ရှိပါတယ်၊ အင်မတန် ကောင်းပါတယ်၊ အဲဒါ လူလိမ္မာသလောက် အသိဉာဏ် ရှိသလောက် ဥတုကို ပြုပြင်ရပါတယ်။

တချို့က အဝေးကြီးက လာတယ်၊ ရေချိုးတယ်၊ ရေချိုးမှားတယ်၊ ဖျား တယ်၊ ဒါ ဥတုဇရုပ် ပြောင်းသွားတာ၊ ဒီ ရေချိုးမှားတယ်ဆိုတဲ့ဟာ ရေချိုး တော့ ဒီက အခိုးအငွေ့တွေက အတွင်းကို ပြန်ပြီးတော့ ဝင်သွားတယ်၊ အဲဒီ အခါမှာ ဖျားတယ်လို့ ဆိုကြတယ်၊ ဖျားတာ, အဲဒါ ဘာဖြစ်တုန်း၊ ဥတု ဖောက်ပြန်သွားတာ။

တချို့က ခေါင်းကို လျှော်လိုက်သေးတယ်၊ မိန်းမသားတွေဟာ ခေါင်းလျှော် လိုက်သေးတယ်၊ ဒီ ဆံပင်ဟာ ရုတ်တရက် မခြောက်ဘူး၊ ပြီးတော့ ဥတုကလဲ မကောင်းတဲ့အခါနဲ့ ကြုံ၊ အတော်ကြာတော့ အအေးမိပြီးတော့ ဖျားတယ်၊ လမ်းသွားတယ်၊ အအေးခံသွားတယ်၊ ဖျားတယ်၊ အဲဒါ ဥတုအပြောင်းအလဲ၊ ဥတုဇရုပ်တွေ ခန္ဓာကိုယ်မှာ ရှိနေတာ၊ အချိန်ရှိသရွေ့ ရှိနေတယ်။

ဒါကြောင့် ဘုန်းကြီးက မပူလွန်းအောင်,မအေးလွန်းအောင် နေတတ်ရတယ်၊ နေကို နေတတ်မှ ဒီ ဥတုဇရုပ် အဆက်ဆက်က မှန်မှန်ကလေး သွားနေပါတယ်၊ အနေအထိုင် ချို့ယွင်းလို့ရှိရင်, ရေချိုးမိုးချိုး ချွတ်ယွင်းလို့ရှိရင် အဘိုးကြီး အဘွားကြီးအထိ အမှားအယွင်း ရှိနိုင်ပါတယ်။

ဒါကြောင့် အသက်ရှည်အောင် ဆိုလို့ရှိရင် ဥတုကို ဒီနည်းနဲ့ ပြုပြင်ကြရ ပါတယ်၊ အချိန်ရှိသရွေ့ ပြုပြင်ကြရတယ်၊ အေးတဲ့အခါမှာ အနွေးထည်ကလေး တွေ ဝတ်လို့၊ ပူတဲ့ အိုက်တဲ့အခါမှာ အပေါ်ယံမှာ ထူထူထဲထဲ အဝတ်တွေကို ဖယ်လို့၊ အဲဒီလို နေပြီးတော့ ခန္ဓာကိုယ်ရဲ့ ဥတုဇရုပ်တွေကို ပြုပြင်ပေးရပါတယ်၊ အဲဒီလို ပြုပြင်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ အသက်ရှည်တာပဲ, အသက်ရှည်တာပဲ၊ မပြုပြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ အသက် မရှည်တာပဲ။

အာဟာရဇရုပ်ကို ပြုပြင်ကြ။ ။ ဒါကြောင့် စိတ်ချမ်းသာဖို့ အရေးကြီးတယ်လို့ စိတ္တဇရုပ်တွေ ပြုပြင်ဖို့ ပြောခဲ့ပြီ၊ ဥတု ကောင်းကောင်းနဲ့ နေတတ် ထိုင်တတ်ဖို့ရာ အရေးကြီးတယ်လို့ ပြောခဲ့ပြီ၊ ယခု ဘုန်းကြီးက အာဟာရဇရုပ်ကို အရေးတကြီး ပြောရပါမယ်၊ ခန္ဓာကိုယ်မှာ ဥတုဇရုပ်တွေက များတယ်နော်၊ ကံကြောင့်ဖြစ်တဲ့ ရုပ်က ကမ္မဇရုပ်၊ အဲဒီ ရုပ်ထဲပါတဲ့ ဥတုတေဇောကြောင့် ရုပ်တစ်ခါ ဆက်ဖြစ်ပြန်တယ်၊ ကမ္မဇရုပ် အဆက်ဆက်ထဲမှာ ဥတုဇရုပ်တွေ, စိတ္တဇရုပ် အဆက်ဆက်ထဲမှာ ဥတုဇရုပ်တွေ, ဥတုဇရုပ် အဆက်ဆက်ထဲမှာ ဥတုဇရုပ်တွေဆိုတော့ ဒီ ခန္ဓာကိုယ်ကြီးထဲမှာ ဥတုဇရုပ် အလေးချိန် သိပ် များတာပဲ၊ အရေအတွက် သိပ် များတာပဲ၊ ဒါကို နားလည်ပါနော်။

အာဟာရဇရုပ်, အာဟာရဟာ စိတ် မြန်သလိုပဲ၊ သူ ရုပ်ဖြစ်တာလဲ သိပ် မြန်တာပဲ၊ ဘယ်မှာ သိသာသတုန်းဆိုတော့ လူမမာဟာ မတည့်တဲ့ အစာကလေး စားမိတယ် ဆိုရင်ပဲ ရုပ်တွေ တစ်ခါတည်း ပြောင်းပြီးတော့ သေကို သေတယ်၊ ဒါ ဘာပြုလို့တုန်း၊ အာဟာရဇရုပ် အင်မတန် မြန်ပါတယ်၊ ခုနက ဥတုကလဲ မြန်တာပဲ၊ အာဟာရဇရုပ်လောက် အပြောင်းအလဲသာ မမြန်တာ၊ အာဟာရဇ ရုပ်က သိပ်မြန်တာပဲ။

တစ်ခါ နေထိုင်မကောင်း ဖြစ်ပြီးတော့နေတာ အင်မတန် ဓာတ်စာအပေး ကောင်းတဲ့ ဆရာကြီးက ဘာကလေး စားလိုက်ပါလားလို့ဆိုလို့ စားလိုက်တာ နေ့လည်ကျတော့ နေကောင်းသွားတယ်၊ တချို့ ဓာတ်ဆရာတွေ ဆန်းလိုက်တာ လူက လူမမာ ပူလို့ ခြစ်လို့၊ တစ်ခါတည်း မခံမရပ်နိုင် ဖြစ်နေတယ်၊ ထမင်း မစားရလို့ သူ့ခမျာလဲပဲ စားချင်တယ်၊ လူကလဲ ပူလောင်နေတယ်၊ ဓာတ် ဆရာကြီးက လာပြီးတော့ အမဲခြောက်ဖုတ်နဲ့ ထမင်း မစားချင်ဘူးလား။

ဟာ-စားချင်လိုက်တာ ဆရာရယ်၊ ကောင်းတယ် ကောင်းတယ်၊ ခြင်ထောင်ချ၊ ဟင်း-ဟင်း- မီးကျီးတွေနဲ့ ခြင်ထောင်ထဲ အမဲခြောက် ဖုတ်လို့၊ ဘာဖြစ်လို့တုန်း၊ အခိုးတွေ ဖွင့်နေတာ ဖွင့်နေတာ၊ ခြင်ထောင်ချ မီးကျီးတွေနဲ့ အမဲခြောက်တွေ ဖုတ်၊ စားချင်လှပြီ, သွားရည် တမြားမြားနဲ့၊ ကိုင်း-နှမ်းဆီ လေး ဘာလေး ဆမ်းပြီးတော့ ထမင်း ပူပူနွေးနွေးလေးနဲ့ နည်းနည်းလေး စား နော်၊ နည်းနည်းလေး စားနော်၊ ပြီးရော, အခိုးတွေ အငွေ့တွေလဲ ပွင့်လို့၊ အားကလေးတွေလဲ ရှိလို့၊ သိပ်ကောင်းတဲ့ ဓာတ်ဆရာကြီးပါလားလို့ နာမည် ကျော်သွားရော။

ဒါ အာဟာရဇရုပ် ပြင်လိုက်တာ၊ အာဟာရဇရုပ် ပြင်လိုက်တာ၊ ကျန်းမာရေး ဟာ အစာ အာဟာရကို နားလည်လို့ရှိရင် ကျန်းမာတယ်၊ အင်မတန် နေလို့ ကောင်းတယ်၊ နားမလည်လို့ ရှိရင်လဲပဲ ကြောက်စရာ အင်မတန် ကောင်းတယ်၊ ဘာပြုလို့တုန်း၊ စားနေကြတာကိုး၊ မတည့်တာလဲ မသိဘူး၊ တည့်တာလဲ မသိဘူး။

နွေအခါကြီးထဲမှာ ဖရဲသီး အအေးတွေ စားကြတယ်၊ ဘုန်းကြီးက ဖရဲသီး တွေကို ဒါလောက် ပူတဲ့ အခါကြီးထဲမှာ ကျောင်းထဲ မယူခဲ့ကြစေနဲ့၊ မယူခဲ့နဲ့၊ ဝမ်းထဲမှာ အအေးတွေ စားနေတဲ့အတွက်ကြောင့် ဝမ်းမီးက နဂိုက ညံ့နေတဲ့ အထဲမှာ ပိုညံ့သွားလိမ့်မယ်၊ ရေခဲရေတွေ ရေခဲမုန့်တွေ မကျွေးရဘူး, ဒီ ကျောင်းထဲမှာ၊ ဘာပြုလို့တုန်း၊ နဂိုကမှ ဝမ်းမီးတွေ ညံ့ပြီးတော့ နွေအခါမှာ ဖြစ်နေတဲ့အထဲမှာ ရေခဲမုန့်တွေ ဘာတွေ စားလို့ရှိရင် ဝမ်းမီး ပိုညံ့သွားမယ်၊ မကျွေးရဘူး။

ဒီကျောင်းမှာ တစ်ခွက်တစ်လေ စားတာ ကိစ္စမရှိဘူး၊ တစ်ကျောင်လုံးအတွက် ဘုန်းကြီးမှာ တာဝန်ရှိတယ်၊ ဖရဲသီးတွေ မယူခဲ့ပါနဲ့၊ ဘာဖြစ်လို့တုန်း၊ အခိုးအငွေ့ ပွင့် နေမှ ကောင်းတယ်၊ ရေချိုးပြီးလို့ရှိရင်လဲပဲ အခိုးအငွေ့တွေ ပွင့်နေမှ ကောင်းတယ်၊ ဘာဖြစ်လို့တုန်း၊ အာဟာရဇရုပ်ရော, ဥတုဇရုပ်ရော ဘုန်းကြီး ပြုပြင်နေတယ်၊ အများအတွက်လဲ ဘုန်းကြီး ပြုပြင်နေတယ်၊ ဘုန်းကြီးအတွက်လဲ ပြုပြင်နေတယ်၊ အစာ အာဟာရက တည့်တာလေးတွေကို စားပြီးတော့နေလို့ရှိရင် ရုပ်ကောင်း ကလေးတွေ မှန်လို့၊ မတည့်တာ စားလိုက်လို့ရှိရင် ရုပ်တွေပြောင်းလို့, မကောင်း တဲ့ ရုပ်တွေ ဖြစ်လို့ အာဟာရဇရုပ်တွေ ဒီ ခန္ဓာကိုယ်မှာ အသက်ရှည်ချင်လို့ ရှိရင်တော့ဖြင့် ကျန်းမာတဲ့ အစာကို စားပြီးတော့ နေရပါတယ်။

စားချင်တဲ့ အစာကို စား မနေရပါဘူး၊ စားချင်တဲ့ အစာကို မစားနဲ့၊ မစားချင်ပေမယ်လို့လဲ တည့်တဲ့ အစာကို စားပြီးတော့ နေရပါတယ်၊ အဲဒီလို နေမှ အာဟာရဇရုပ်တွေ ကောင်းပြီးတော့ ခန္ဓာကိုယ်ပါ ကျန်းမာတဲ့ ရုပ်မျိုး ဖြစ်နေပါတယ်။

ဒါကြောင့် ဒီ လူတွေဟာလေ နားမလည်လွန်းအားကြီးပြီးတော့ နေတဲ့ အတွက်ကြောင့် ကံကိုလဲ သူတို့ မပြုပြင်တတ်ဘူး၊ စိတ်ချမ်းသာတဲ့ သတ္တိကိုလဲ သူတို့ မသိဘူး၊ အစာ အာဟာရ တည့်, မတည့်ကိုလဲ မသိဘူး၊ စားချင်တာ ကိုပဲ သိတယ်၊ စားချင်တာပဲ စားကြတယ်၊ ရေချိုးမိုးချိုး အချိန်လဲ မသိဘူး၊ ချိုးချင် ချိုးကြတာပဲ၊ အဲဒီလို ဖြစ်နေတာဖြစ်တော့ လူတွေဟာလေ ကျန်းမာရေး သိပ် ညံ့ပြီးတော့ ဒီလို ဖြစ်နေရပြန်ပါတယ်။

ပင်ပန်းရင် စိတ်ညှိုး ရုပ်နွမ်းခြင်း။ ။ဒီတော့ကာ ဘုန်းကြီးတို့ တရားတော်က စုံလွန်းလို့ စုံလွန်းလို့၊ ခုနက ပညာရှိ ကြီးက မိမိ တန်သလောက်သာ အလုပ်လုပ်ပါ၊ ဒါ သူ့နည်းနဲ့သူ မှန်တာပေါ့၊ မှန်ပေမယ်လို့ မတိကျလို့၊ ဘုန်းကြီးက အပြစ်တင် ပြောနေတာ မဟုတ်ဘူး၊ ဘုန်းကြီးတို့ တရားတော်က တိကျလွန်းလို့ ပြောတာ၊ အလုပ်ကို တပင်တပန်း ကြီး လုပ်လိုက်လို့ရှိရင် စိတ်ညှိုးနွမ်းသွားတယ်၊ ယခု လူတွေ အလုပ် ဖိနေတယ် ဆိုတာ ဘုန်းကြီးက သိတယ်၊ စိတ်ညှိုးတယ်၊ စိတ်ညှိုးတော့ စိတ်ကြောင့်ဖြစ် တဲ့ ရုပ်တွေ ညှိုးတယ်။

ဆိုပါတော့ တောရွာမှ လူတွေ သိပ် ပင်ပန်းတယ်၊ လယ်ယာ ကိုင်းကျွန်းတွေ လုပ်ကြရတာ သိပ်ပင်ပန်းတယ်၊ ဒီတော့ ဘယ့်နှယ်ပြောပြော သူ့ခမျာများ စိတ်ညှိုးနွမ်းတယ်၊ ပင်ပန်းပြီးတော့ နေရတဲ့အတွက် စိတ်ညှိုးပြီး နေရတဲ့ အပြင် ရုပ်တွေကလဲ ညှိုးနွမ်းလို့၊ ဒါကြောင့် များသောအားဖြင့် အလုပ် ပင်ပင် ပန်ပန်း လုပ်တဲ့ သူတွေ အသက် တိုကြပါတယ်။

တစ်ခါ အရိပ်ထဲမှာ နေပြီးတော့ကာ ဆရာဝန်တို့လို, ဒိပြင် ရုံးအရာရှိတို့လို, စာရေး စာချီတို့လို လုပ်နေပြန်တော့ သူ့ခမျာများလဲပဲ အလုပ်ချိန်ကို ထောက်ပြီး တော့ အားရှိသလောက်သာမက ပင်ပန်းကြတယ်၊ စိတ် ညှိုးနွမ်းကြတယ်၊ စိတ်ညှိုးနွမ်းလို့ရှိရင် ရုပ်ဟာ ညှိုးနွမ်းတဲ့ ရုပ်တွေ ဖြစ်မယ်၊ သူ့ခမျာများ နောက်ထပ် ဘာမှ မလုပ်ချင်အောင် ပင်ပန်းသွားတဲ့ အချိန်မှာ ဘာမှ မပြော ချင်တော့ဘူး၊ ဒီတင် စိတ်ကလေး သက်သာ သက်သာပါစေတော့ ဆိုပြီး ဂေါက်သီး ရိုက်တဲ့သူက ရိုက်ကြတယ်၊ အရက်သောက်တဲ့သူက သောက်ကြတယ်၊ ဂေါက်သီးရိုက်တဲ့သူက တော်ပါတယ်၊ အရက်သောက်တဲ့သူက သာပြီး ဆိုးသွား ပြန်ရော၊ ဒါကြောင့် ခုလူတွေဟာ ကျန်းမာရေး ချို့ယွင်းနေတာဟာ ချို့ယွင်း လောက်တဲ့ အခြေအနေက ရှိနေလို့မို့ ကျန်းမာရေး ချို့ယွင်းရတယ်လို့ ဘုန်းကြီးတို့ ပြောနိုင်ပါတယ်၊ ပြောလို့ ဖြစ်ပါတယ်။

အသက်တိုခြင်း အကြောင်းများ။ ။ ဘုန်းကြီးတို့ တရားတော်က {ဥတု ဘောဇနဝသေန-အအေး အပူ ဥတု အစာ အာဟာရတို့နှင့် စပ်သဖြင့်၊ အာယု-အသက်သည်၊ ဟာယတိပိ-ဆုတ် လည်း ဆုတ်နိုင်၏၊ ဝဍ္ဎတိပိ-တိုးလည်း တိုးနိုင်၏၊၁ တရားတော်က ဟော တော်မူတယ်၊ အသက်ရှည်ဖို့, အသက်တိုဖို့မှာ ဥတု, အစာ ဒီနှစ်မျိုး သိပ် အရေးကြီးတာပဲ။၁။ သုတ်မဟာဝါ အဋ္ဌကထာ၊ နှာ-၇။

ဒီတော့ တစ်ခါ လိုက်ပြန်တယ်၊ ဥတု အစာက ဘယ်လိုများ ဖြစ်လာတုန်းလို့ ဆိုတော့ ဒီလိုလေတဲ့၊ ကောက်ပဲသီးနှံ အသီး အရွက်တွေက အစာတွေပေါ့၊ ခုဟာက ဘုန်းကြီး ကနေ့ ခံစားရတဲ့ အပူ ဥတုဟာ ဘယ့်နှယ် ပြောပြော ညှိုးရှာတာပဲ၊ ရုပ်တွေ ညှိုးရှာတာပဲ၊ ညှိုးပြီးတော့ နေတာပဲ၊ ဒီ ဥတု ကြောင့် နည်းနည်းတော့ အသက်ကပေါ့လေ အားနည်းနည်း လျော့သွားတာပဲ၊ ဆိုပါတော့ အသက်တိုဖို့ရန် အကြောင်းကလေး ဖြစ်လာတယ်၊ ဥတုနဲ့ အာဟာရကို ပြောလို့ရှိရင်။

သတ္တဝါတွေ စိတ်ဓာတ် ညံ့လာ။ ။ ဒီတော့ တစ်ခါ နေပါဦး၊ ဒီ ဥတု, ဒီ အာဟာရ , ဒီ အစာတေကွ ယခလို အပြောင်းအလွဲ ဖြစ်ရအောင် ဘာက ဘယ်လို အခြေတည်လာပြန်တုန်းဆိုတော့ ကောင်းလိုက်တာ, ကောင်းလိုက်တာ၊ သတ္တဝါတွေရဲ့ စိ်တ်ဓာတ်ဟာ ညံ့လာ တယ်တဲ့၊ ဘာညံ့လာတုန်း၊ အကုသိုလ် များလာတယ်၊ ကာမဂုဏ် ခံစားချင်တဲ့ ရာဂစိတ် ကြီးလာတယ်၊ ဒီ ခု လက်တွေ့ လှမ်းပြီးတော့ ကိုယ့်နောက်ကို မှန်းကြည့်လိုက်စမ်း၊ ဒီတော့ တစ်ယောက် တစ်ယောက် လောဘ၊ သွေးချင်း သားချင်း မောင်နှမချင်းတောင် အမွေကိစ္စကျတော့ လောဘ သိပ်ကြီးလာတယ်၊ ဒီတော့ တစ်ယောက်က တစ်ယောက်ကို မနာလို ဝန်တိုတာ ဖြစ်လာတယ်၊ ရောင်းဘက် ဝယ်ဘက်တွေ ကြည့်၊ ဣဿာ သိပ်ပေါလာတယ်။

ဒါနဲ့ စပ်ပြီးတော့ ရှေ့တုန်းက ဒီမြို့မှာ ကြားလိုက်ဖူးတယ်၊ ဒီ မြို့မှာဆို တာ ဘုန်းကြီးတို့ ငယ်ငယ်ကလေးနေမှာ၊ ညနေကျပြီဆိုရင် အလုပ် လုပ်ကြတဲ့ သူချင်း ရက်ကန်းပိုင်ရှင်ချင်း စကားစမြည် ပြော{ကိုရင် အခု အဆင်ကလေးကို ကုန်သည်တွေ တော်တော် သဘောကျနေကြတယ် ကိုရင် တင် ကြည့်စမ်း, တင် ကြည့်စမ်း}၊ ဣဿာ မဖြစ်တဲ့အပြင် သိပ် ချစ်စရာ ဘယ်လောက် ကောင်းထားတုန်း၊ သူ့အဆင်ကလေးကို ကုန်သည်တွေက သဘောကျတယ်ဆိုလို့ သူ့ မိတ်ဆွေကို တင်ကြည့်စမ်း ကိုရင်၊ အတော် သဘောကျနေကြတယ်၊ ဣဿာ, မစ္ဆရိယ မဖြစ်တဲ့အပြင် မေတ္တာ ကရုဏာတွေ ပါလာတယ်။

ယခု ဒီလို မဟုတ်ဘူး၊ အဆင်ကောင်းကောင်းကလေး နည်းနည်း သဘော ကျပြီဆိုရင် ဝင်တာ မကြိုက်ဘူး၊ ဒီအထဲ ရက်ကန်းရုံထဲ ဝင်တာ မကြိုက်ဘူး၊ ပြောဖို့တောင် ဝေးဝေးလံ၊ ပွဲရုံထဲ ဝင်တာ မကြိုက်ဘူး၊ ကိုယ့်အဆင်ကလေး သဘောကျတယ်ဆိုရင် သူ တက်သုတ်နှင်ပြီးတော့ လုပ်တာပဲ ဒီဟာကို၊ ဣဿာ ဘယ်လောက်များတုန်း၊ မစ္ဆရိယ ဝန်တိုမှု ဘယ်လောက်များတုန်း။

ဒီ လွန်ခဲ့တဲ့ အနှစ်လေးငါးဆယ်လောက်က မေတ္တာ, ကရုဏာတွေနဲ့ ဆက်ဆံကြပြီးတော့ နေတယ် လူကြီးတွေဟာ၊ ယခု မေတ္တာ, ကရုဏာ နေရာမှာ ဣဿာ, မစ္ဆရိယတွေ ဘယ်လောက် ရောက်နေတုန်း၊ ဒီ တောင်မြို့ကို နီးလို့ ဘုန်းကြီး ပြောတာ၊ ဟို မန္တ လေး, ရန်ကုန် အကုန်လုံး ဒီလိုချည်းပါပဲ၊ ဣဿာ, မစ္ဆရိယတွေ များလိုက်တာ၊ ဟို ကိစ္စ ဒီ ကိစ္စမှာ ကိုယ့်ထက်သာ မနာလို၊ သူ ကြီးပွားမှာ စိုးတယ်၊ သူ ရလာမှာ စိုးတယ်၊ မစ္ဆရိယ များလာပြီ၊ ရာဂ အားကြီး နေပြီ၊ လောဘ အားကြီးနေပြီ၊ အဲ-ဒေါသစိတ်တွေလဲ အားကြီးနေပြီ၊ ဣဿာ, မစ္ဆရိယတွေကလဲ မေတ္တာ, ကရုဏာ နေရာမှာ သူတို့ နေရာယူကြပြီ၊ သတ္တဝါ တစ်ယောက်တိုင်း, တစ်ယောက်တိုင်းမှာ ဒီလို ဖြစ်နေပြီ၊ ပြီးတော့ စိတ်တွေဟာ အအေးဓာတ် မဟုတ်ဘူး၊ ဒီ စိတ်တွေဟာ အပူဓာတ်တွေ၊ ရုပ်ကို ညှိုးနွမ်းစေတတ် တယ်, ဒီ စိတ်ဓာတ်တွေ။

ဒီ စိတ်တွေက မသိမသာ ရုပ်ကို သူတို့ နှိပ်စက်ပေးနေတယ်၊ မသိမသာ ရုပ်ကို နှိပ်စက်ပေးရုံတင်မကဘူး၊ သူတို့ရဲ့ အပူရှိန်ကလေးတွေ, ပတ်ဝန်းကျင်မှာ ထွက်နေတယ်၊ အပူရှိန်တွေ ထွက်နေတော့ ဘာဖြစ်ကုန်သလဲဆိုတော့ သစ်ပင် တွေမှာလဲ ဒီ အပူရှိန်ဓာတ်ကလေးတွေ ခံနေရတယ်။

အဆီဩဇာ ညံ့ကုန်ပြီ။ ။ ပြီးတော့ ဥတုကလဲပဲ ဒီ အပူရှိန်ဓာတ်နဲ့ တွဲပြီးတော့ နေပြီ၊ အဲဒီလို အပူရှိန်ဓာတ်နဲ့ တွဲပြီးတော့နေတဲ့ ဥတုရုပ်ညှိုးပြီးတော့ မိုးတွေ မမှန်တော့ဘူး၊ အဲ-မိုးတွေက မမှန်ဆိုတာဟာ မရွာသင့်တဲ့ အချိန်မှာ မိုးတွေ ရွာတယ်၊ ရွာသင့်တဲ့ အချိန်မှာ မိုးတွေ မရွာဘူး၊ အဲဒီတင် သစ်ပင်တွေ ညံ့ကုန်ပြီ၊ သစ်ပင်တွေ ပျက်စီးကုန်ပြီ၊ အဲဒီ သစ်ပင်တွေက သီးတဲ့ အသီးတွေမှာ အဆီဩဇာ ညံ့လာပြီ၊ အဲဒီ သစ်ရွက်တွေမှာ, သစ်ရွက်ကို စားရတဲ့ သစ်ပင်တွေမှာ အဆီဩဇာ ညံ့လာပြီ၊ အဲဒီ မမှန်တဲ့ မိုးကို အကြောင်း ပြုပြီးတော့ ပေါက်ရတဲ့ စပါးဆန်ရေတွေမှာ အဆီဩဇာ ညံ့နေပြီ၊ ရှေးတုန်းက အဆီဩဇာမျိုး မဟုတ်တော့ဘူး။

ဒီတော့ကာ ဥတု ပျက်လို့ ဒီ အစားအသောက်တွေမှာ အဆီဩဇာ ပျက်ရ တယ်၊ ညံ့ရတယ်၊ မိုးလေဝသ မမှန်ဘဲ ဖြစ်ရတယ်၊ ယခု မိုးလေဝသဟာ မမှန် ပြီးရင်း မမှန်ရင်း ဖြစ်နေပါပြီ၊ မမှန်ပြီးရင်း မမှန်ရုံနဲ့ ကိစ္စ ပြီးမှာ မဟုတ်ဘူး၊ သစ်ပင်ဝါးပင်တွေမှာ အဆီဩဇာ ညံ့နေပါပြီ၊ အသီးတွေမှာ အဆီဩဇာ ညံ့နေပါပြီ၊ အသီးတွေမှာ အဆီဩဇာ ညံ့တော့ အဲဒီ ညံ့တဲ့ အဆီဩဇာကို စားသောက်ပြီးတော့ နေရတဲ့ လူတွေမှာ အာဟာရဇရုပ်တွေ ညံ့နေပါတယ်။

ဒါကြောင့်မို့လို့ အသက် တိုကို တိုမှာ၊ အများစုက အသက် တိုကို တိုမှာ၊ အနည်းစုက ဒီလိုလေ အဆီဩဇာညံ့တဲ့ အစာတွေ များနေပေမယ့်လို့ သူက အဆီဩဇာ ဖြည့်ဖြည့်ပြီးတော့ ဆေးကောင်း ဝါးကောင်းလေးများ မှီရတယ်၊ ဆေးကောင်း ဝါးကောင်းလေး မှီရလို့ သိပ်တော့ စိတ်မချနဲ့၊ ခု ဆရာဝန် ပါရဂူကြီးတွေ ကွယ်လွန်တယ်လေ၊ ကွယ်လွန်သွားတဲ့ဟာ တချို့ အသက်တမ်း သိပ် မကြီးလှသေးဘူး၊ ဒီတော့ သူတို့လဲ အစားကောင်း အသောက်ကောင်း ဆေးကောင်း ဝါးကောင်း စားနေတာပဲ၊ စားနေပေမယ်လို့ အတွင်းက ရောဂါက ဖြစ်လာပြီလေ၊ သူတို့ စိတ်ကို ဘယ့်နှယ်မှ မတတ်နိုင်ပါဘူး၊ စိတ်ကို ချမ်းသာ အောင် ပြင်ချင်မှ ပြင်နိုင်မယ်၊ အဲဒီတော့ စိတ္တဇရုပ်တွေ မကောင်းတော့ဘူး။

ဥတုရဲ့ ဒဏ်ကို ခံရတယ်၊ ဒီတော့ ဥတုဇရုပ်တွေ မကောင်းဘူး၊ ကံကလဲ ကောင်းချင်မှ ကောင်းမယ်၊ ကမ္မဇရုပ်တွေက မကောင်းဘူးဆိုတော့ ပါမောက္ခ တွေရော, ပါရဂူတွေရော, ဘာတွေရော အချိန်မရကျဘဲနဲ့ သေကြရပါတယ်။

ဘုန်းကြီးတို့က သိလွန်းလို့, သိလွန်းလို့၊ ဒီတော့ ခု လူတွေဟာ အသက် တဖြည်းဖြည်း တိုတို လာတယ်၊ အများစုက အင်မတန် ဆေးကောင်း ဝါး ကောင်းနဲ့ တစ်ဦးတလေ ချန်ပြီးတော့ တစ်ရာ တစ်ယောက် ချန်ပြီးတော့၊ အများစုက အစာ အာဟာရထဲမှာ အဆီဩဇာနည်းတဲ့ အစာ အာဟာရတွေကို စားနေရပါပြီ၊စိတ်တွေလဲပဲ အေးအေးမြမြ မရှိကြပါဘူး၊ ဥတုကလဲပဲ တစ်မျိုး ပြီး တစ်မျိုး, တစ်မျိုးပြီး တစ်မျိုး ပျက်ပါတယ်၊ ဒါ အကုသိုလ်တွေများနေတာ။

ဒီတော့ သူတို့က အကုသိုလ်တွေများတော့ ရှေးကံကိုလဲပဲ အားမပေး တတ် ကြပါဘူး၊ အများစုက အဲဒါကြောင့်မို့လို့ ခု နောက်ပိုင်းမှာ ပိုပြီး ရောဂါတွေ များပါတယ်၊ သိပ် များပါတယ်၊ အသေအပျောက် သိပ်များပါတယ်၊ အင်မတန် ကြိုးစားကြပါတယ်၊ ဆေးတွေလဲ ကောင်းလဲ ကောင်းပါတယ်၊ ဆရာဝန်တွေလဲ အင်မတန် စွမ်းပါတယ်၊ တော်လဲ တော်ပါတယ်၊ အဲဒီလို ဆရာဝန်တွေ တော်တဲ့အထဲက ဆေးတွေ ကောင်းရက်ထဲက အစာ အာဟာရတွေကို, အဆီဩဇာရှိတဲ့ အစာတွေကို စားတဲ့ အထဲက ရောဂါတွေ များနေကြပါတယ်, သေနေကြပါတယ်။

အဲဒါကြောင့် မိမိတို့မှာ အင်မတန် သေချာတဲ့ တရားတော် ရှိနေတာ ဖြစ် တော့ ဘုန်းကြီးအတွက်က ပြုပြင်မယ်လေ, ပြုပြင်မယ်၊ ပြုပြင်ပေမယ်လို့ ကံမကောင်း အကြောင်းမလှလို့ ပြုပြင်လို့ မရဘူးဆိုရင် မြန်မြန် သေပါ၊ အလုပ် မလုပ်ဘဲနဲ့တော့ ခန္ဓာကိုယ်ကြီးကို သူများ အပြုအစု ခံပြီးတော့ အသက်ရှည် မခံနိုင်ပါဘူး၊ အလုပ် လုပ်ပြီးမှ အသက်ရှည်ချင်ပါတယ်။

ဒါနဲ့ စပ်ပြီးတော့ သေတာကို ဘုန်းကြီး ပြောဦးမယ်၊ ဘုန်းကြီးတို့စာက အကုန်လုံး သေချာလို့ ဘုန်းကြီးက မေးပါလို့ ပြောနေတယ်၊ မေးပါ၊ ဘုန်းကြီးကို မေးရင် ဘုန်းကြီးက ပြောစရာတွေ များလာပါ့မယ်၊ မမေးတော့ သတိရတာကို ပြောရပါတယ်လို့ ပြောနေတယ်။

ပါရာသိမင်း အယူ။ ။ ဒီ ရှေးတုန်းက ရှင်ဘုရင်တစ်ယောက် ဘုရင်ခံပေါ့လေ၊ ဘိသိက်သွန်းခံရတဲ့ ရှင်ဘုရင်တော့ မဟုတ်ဘူး၊ ပါရာသိဆိုတဲ့ ဘုရင်ခံက သူတို့အတွက်က တခမ်းတနား ဟောဖို့ရန် ရှိပါတယ်၊ ရှိ ပေမယ်လို့ ဘုန်းကြီးက လိုရင်း ဖြတ်ဟောမယ်၊ {လူတွေဟာ အသက် ထွက် မသွားဘူး၊ နောက်ဘဝ အသက် မပြောင်းဘူး၊ ဒါကြေင့် နောက်ဘဝဆိုတာ မရှိဘူး၊ ဒီ ဘဝပြီး ပြီးတာပဲ}၊ သူက ဒီလို ယူနေတယ်၊ သူကတော့ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အသက်ရှိတယ်လို့ သူက ဒီလို မြင်နေတယ်၊ ဒီလို မြင်နေ တော့ကာ ဒီ အသက်ဟာ နောက်ဘဝအတွက် ထွက် မသွားဘူး၊ ထွက်မသွားဆိုရင် နောက်ဘဝ မရှိဘူး၊ ယူပြီးတော့ကို အရှင်ကုမာရကဿပနဲ့ သွားတွေ့တဲ့အခါ {ဒကာတော်ကတော့ နောက်ဘဝ မရှိဘူးလို့ ယူဆထားတာပဲ}၊ ဘာပြုလို့ တုန်း, တစ်နေ့တော့ကာ သတ်ခွင့် သတ်မိန့် ပေးလောက်တဲ့ ခိုးသူတစ်ယောက် ရောက်လာတယ်၊ ရောက်လာတော့ {သူ့ကို ဒီအတိုင်း မသတ်ကြနဲ့ဟေ့}၊ ဟို အောက်က မီးကောင်းကောင်းနဲ့ မီးထိုးပြီးတော့ လူတစ်ကိုယ် ကောင်းကောင်း ဆံ့တဲ့ အိုးကြီးထဲ ထည့်ပြီးတော့ အဲဒီ မီးဖိုပေါ် အိုးတင်ပြီး သူ့ကို သတ်ရ မယ်။၁။ သုတ်မဟာဝါ ပါဠိတော်, နှာ-၂၆၅၊ ၎င်း မြန်မာပြန်, နှာ-၂၉၅-၆။

အပေါ်က အာဏာပိတ်ထား, အဝတ်တွေ အာဏာပိတ်ထား၊ သူ အသက် ထွက်သွားတာကို ကြည့်ချင်လို့၊ ဒါနဲ့ သူ့အမိန့်အတိုင်းပဲ စီမံတယ်၊ အာဏာ ပိတ်ပြီးတော့၊ ကဲ-ဒီကောင် မင်းတို့ မျက်စိရှင်ရှင်နဲ့ ကြည့်ကြနော်၊ ကြည့်ကြ နော်၊ အသက်ထွက်တာကို မင်းတို့ တွေ့ရမယ်ကွ။

အသက် ထွက်ပြီးတော့ ဟို ဘဝမှာ သူက သူ့ခန္ဓာအိမ် အသစ်နဲ့နေတာကို သူ့ကို တွေ့ရမယ်၊ ကြည့်ကြလို့ ဆိုပြီးတော့ အသာကလေး ပထမဆုံး နည်းနည်းကလေး လှပ်လိုက်တယ်၊ ဝိုင်းပြီးတော့ မျက်စိရှင်ရှင်နဲ့ ကြည့်ကြတယ်၊ မြှောက်လိုက်ဦး, ထပ်လှပ်လိုက်၊ မျက်စိရှင်ရှင်နဲ့ ကြည့်၊ ထပ်လှပ်လိုက်, မျက်စိရှင်ရှင်နဲ့ ဝိုင်းကြည့်ကြ၊ အကုန်လုံး လှပ်လိုက်၊ ဘယ်မလဲ အသက်မထွက်ဘူး၊ ဒီထဲတင် ပျောက်တာ၊ အသက် မထွက်ဘူး၊ အသက်မထွက်လို့ရှိရင် နောက်ဘဝ မရှိဘူး၊ သူက အဲဒီလို နည်းနဲ့ချည်း သူ စုံစမ်းလိုက်တာလေ အသက်မထွက်ဘူး၊ နောက်ဘဝ မရှိဘူး၊ အသက်မထွက်ဘူး၊ နောက်ဘဝ မရှိဘူး၊ နောက်တော့ အို-နောက်ဘဝ မရှိပါဘူးဆိုပြီးတော့ မိစ္ဆာအယူ ယူတော့တာပဲ၊ သည်တော့ သင်က အသက် ရှာတာဟာ ဒီနည်းနဲ့ ရှာတာကိုး၊ ဒီနည်းနဲ့ ရှာလို့တော့ ဘယ်မှာ ရမှာတုန်း၊ အသက်ထွက်မှာလဲ အသက်ဆိုတဲ့ အကောင်ကိုက ရှိတာ မဟုတ်ဘူး။

ဇီဝိတအုပ်စိုးလို့ အိုသာအို ရုပ်မပြောင်း။ ။ဘုန်းကြီးတို့ တရားတော်က ကံရယ်, ကံကြောင့်ဖြစ်တဲ့ စိတ်ဝိညာဏ်ရယ်, ဥတုရယ်,အာဟာရရယ်၊ စိတ်နဲ့ ဒိပြင် အာရုံတွေနဲ့၊ ဒါတွေ တစ်သက်လုံး လူ့ ကိစ္စတွေ ဆောင်ရွက်နေတာ၊ ဒီတော့ သေခါနီးကျတော့ ဘာ ဖြစ်တုန်းဆို တော့, မနေ့က ဘုန်းကြီး ပြောခဲ့တယ် မဟုတ်လား၊ ဇီဝိတ, ဇီဝိတဆိုတဲ့ဟာ ယခု သူဖြစ်တဲ့ အပြင်ကို နောက်လဲ ရုပ်ကလေးတွေ ငါနဲ့ အလားတူ ဖြစ်ရစ်၊ ငါလို ဖြစ်ရစ်၊ ဒီလို မှာသလိုပဲ ကျေးဇူးပြုပြီး ချုပ်သွားတယ်၊ ဒါကြောင့် နောက် အလားတူ ရုပ်တွေ ဖြစ်နေတာ။

ရုပ်ကလေးတွေ တစ်သက်လုံး မပြောင်းဘူး၊ အိုသာ အိုသွားတယ်၊ ရုပ် မပြောင်းဘူး၊ ဘာဖြစ်လို့တုန်း ဇီဝိတက အုပ်စိုးနေတာ၊ ငါ့လို ဖြစ်ရစ်, ငါ့လို ဖြစ်ရစ်, ငါ့လို ဖြစ်ရစ်၊ စိတ်က ဒီလို မရဘူး၊ စိတ်က အပြောင်းအလဲတွေ သိပ်များတယ်၊ ရုပ်က ဒီလို မဟုတ်ဘူး၊ ဇီဝိတရုပ်ဆိုတာက ငါလို ဖြစ်ရစ်, ငါလို ဖြစ်ရစ်, ငါလို ဖြစ်ရစ်လို့ မပြောပေမယ့် ပြောသလိုပဲ၊ ကျေးဇူးပြုပြီးသွားတာ။

ဒါကြောင့် ဒီ တစ်သက်လုံး ဒီရုပ်အတိုင်းပဲ၊ ဒီ ကံပေးသမျှ တစ်သက်လုံး ဒီရုပ်အတိုင်းပဲ၊ များသောအားဖြင့်ပေါ့လေ၊ ဣတ္ထိဘော ပုမ္ဘော ပြောင်းတာ ရှိပါသေးတယ်။

အသက် ဇီဝိတရုပ်။ ။ တစ်ခါ ဟိုဖက်ဘဝ ရောက်လာလို့ ပဋိသန္ဓေဝိညာဏ် စပြီးတဲ့နောက် ကမ္မဇရုပ်က ပါလာပြီ၊ ဇီဝိတရုပ် ပါလာပြီ၊ ဇီဝိတရုပ်က ဒီအထဲမှာ ငါ့လို ဖြစ်ရစ်, ဒီလို တကတည်း အုပ်စိုးပြီး တော့ (သူက ဇီဝိတိန္ဒြေကိုး, ဣန္ဒြေကိုး၊) သူက ခန္ဓာတစ်ခုလုံး အုပ်စိုးပြီးတော့ သွားလိုက်တာ၊ ငါလို ဖြစ်, ငါလို ဖြစ်နဲ့ ဒီလိုပဲ ဖြစ်ရတာပဲ၊ သူ့ကို အဲဒီ ဇီဝိတရုပ်ကို အာယု-အသက်လို့ ခေါ်တယ်၊ ရုပ်ပါ၊ နာမ်ထဲမှာလဲပဲ ဇီဝိတနာမ် လို့ ဆိုတယ်၊ အာယု-အသက်လို့ ဆိုတယ်။

မနေ့တုန်းက ဘုန်းကြီး ပါဏာတိပါတကံ ပြုတဲ့အခါမှာ ဇီဝိတရုပ်အစဉ် မဖြစ်တော့ဘူးဆိုတာ ပြောတယ် မဟုတ်လား၊ အဲဒါကြောင့် အသက်ပြတ်တယ်၊ သူ့အသက် သတ်တယ်, သူ့အသက် သတ်တယ်လို့ ပြောနေကြတာ အာယု ဆိုတာဟာ ဇီဝိတရုပ်, ဇီဝိတနာမ်ပဲ။

ကိုယ်ငွေ့ ဥသ္မာ။ ။ ပြီးတော့ ခန္ဓာကိုယ်ထဲမှာ ကံကြောင့်ဖြစ်တဲ့ ကိုယ်ငွေ့ ကလေးတွေ ရှိသေး၊ တော်တော် ဆန်းကြယ်တာ၊ ဒီ ကိုယ်ငွေ့ဟာ သေသေချာချာ စမ်းကြည့်လဲ ရတယ်၊ ကိုယ်ငွေ့ကလေးတွေဟာ ဒိပြင် အကြောင်းကြောင့်ဖြစ်တဲ့ အငွေ့အပြင် ကံကြောင့်ဖြစ်တဲ့ ကိုယ်ငွေ့ရှိတယ်။

တချို့ ကိုယ်ငွေ့များ, ဒါကတော့ မဆိုင်ဘူးလား, မဆိုနိုင်ဘူးပေါ့လေ၊ ဒီ စကြာမင်းရဲ့ မိဖုရားရတနာ ကိုယ်ငွေ့ဟာ ခုနက ကမ္မဇကိုယ်ငွေ့ပဲ၊ အေးတဲ့ အခါကျလို့ရှိရင် ဒီ ကိုယ်ငွေ့က နွေးလို့၊ ခုလို နွေအခါမှာ ပူအိုက်တဲ့အခါ ကျလို့ရှိရင် အေးလို့တဲ့၊ စကြာမင်း မိဖုရားမှာ ကံကြောင့်ဖြစ်တဲ့ ကိုယ်ငွေ့၊ ဘယ်လောက် ကောင်းထားတုန်း၊ တချို့ လူတွေလဲ ဒီ အဓိပ္ပာယ်ရှိတယ်၊ ဒီ အဓိပ္ပာယ်မျိုး ဆောင်ပါတယ်၊ အေးတဲ့အခါမှာ သူက နွေးလို့၊ နွေးတဲ့အခါ သူက အေးလို့၊ ဒါ ကံကြောင့်ဖြစ်တဲ့ ကိုယ်ငွေ့ ဥသ္မာလို့ ခေါ်တယ်။

ဝိညာဏ်။ ။ ြ္ပိပီးတော့ ပထမဆုံးဖြစ်တဲ့ ဝိညာဏ်, ပဋိသန္ဓေဝိညာဏ်ကတော့ ဒိပြင် စိတ်ဖြစ်ရင် ဖြစ်ရော၊ မဖြစ်ရင် သူ့ချည်း ဖြစ်တယ်၊ အိပ်ပျော်နေတုန်းလဲပဲ ပဋိသန္ဓေစိတ်တုန်းက ဝိညာဏ်မျိုးပဲ ဖြစ်တယ်၊ နောက် သေခါနီးကျတော့လဲပဲ ဒီ ဝိညာဏ်ဟာ နောက်ဆုံး ချုပ်သွားတာပဲ။

သေရင် အသုံးမကျ။ ။ ဒါ့ကြောင့် သေ ဆိုတဲ့ဟာ_ အာယု ဥသ္မာ စ ဝိညာဏံ, ယဒါ ကာယံ ဇဟန္တိမံ။၁။ သံ-၂၊ နှာ-၁၁၇။ ဋီကာကျော်, နှာ-၂၁၄။

အကြင်အခါမှာ အာယုဆိုတဲ့ ဇီဝိတိန္ဒြေ, ဥသ္မာဆိုတဲ့ ကိုယ်ငွေ့, ပဋိသန္ဓေ ဝိညာဏ်တုန်းက ပါလာတဲ့ ဝိပါက်ဝိညာဏ်, အဲဒီ သုံးခုဟာ ဒီ ခန္ဓာကိုယ်မှာ စွန့်ပြီ၊ စွန့်ပြီဆိုတာ သူတို့ ချုပ်သွားပြီ။

အပဝိဒ္ဓေါ တဒါ သေတိ, နိရတ္ထံဝ ကလိဂရံ။၁

အဲဒီအခါ လုံးလုံး စွန့်ပစ်အပ်တဲ့ အနေမျိုး ရောက်ပါပြီ၊ စွန့်ပစ်ရမယ်၊ ဘာပြုလို့တုန်း, ဘာအသုံးမှ မကျတော့ဘူး၊ ဘယ်လောက် အသုံးမကျတုန်း, ထင်း အနုတ်အဖွဲများ အသုံးမကျသလိုပဲတဲ့၊ ထင်းဟာ မာမာတောက်တောက် ထင်းဆိုရင် မီးဆိုက်ဖို့ အသုံးကျသေးတယ်၊ အနုတ်အဖွဲ ဆွေးနေတဲ့ ထင်းပုပ် ထင်းဆွေးဟာ ဘာမှ အသုံးမကျဘူး။

ဒီ ခန္ဓာကိုယ်ကြီးလဲပဲ ရုပ်နာမ် ဇီဝိတ အသက်လဲ မရှိတော့ဘူး, ချုပ်သွား ပြီ၊ ဝိပါက်ဝိညာဏ်ကလဲ မရှိတော့ဘူး, ချုပ်သွားပြီ၊ ဥသ္မာဆိုတဲ့ ကိုယ်ငွေ့လဲ မရှိတော့ဘူး, ချုပ်သွားပြီ၊ ဒါ့ကြောင့် အသေကောင်တွေ အေးနေတာသာ ကြည့်တော့၊ ဥသ္မာဆိုတဲ့ ကိုယ်ငွေ့က မရှိတော့ သေတယ်ဆိုရင် အေးတာပဲ၊ အများအားဖြင့် အင်မတန် ရောဂါဒဏ် ပြင်းထန်လို့ ပူနေတယ်ဆိုရင် ဒိပြင် နည်းနဲ့သာ ပူနေတာ၊ အဲသလို ရုပ်နာမ် ဇီဝိတကလဲ ချုပ်ရော၊ ကိုယ်ငွေ့ကလဲ ချုပ်ရော၊ အသက်ဝိညာဏ်ကလဲ ချုပ်ရော၊ ဘယ်လောက်မှ ဒီ ခန္ဓာကိုယ်ကြီး အသုံး မကျတော့ဘူး၊ ထင်းပုပ် ထင်းဆွေးလောက်ပဲ ဖြစ်နေပါပြီလို့ အဲသလို ပြောကြတယ်။

ဒါဖြင့် ထင်းပုပ် ထင်းဆွေး ဖြစ်နေလို့ရှိရင် ဘုန်းကြီးက တစ်နေ့တုန်းက ချက်ချင်း စွန့်ပစ်လိုက်ပါတော့လို့ ပြောတော့ ဒကာတစ်ယောက်က {မိဘဆိုတော့ သူ့အမွေတွေ ယူထားပြီးတော့ ချက်ချင်း စွန့်ပစ်လိုက်ရင် မတရားကျနေမလား ဆိုလို့ ချက်ချင်း မစွန့်နိုင်သေးဘဲနဲ့ အိမ်ပေါ် ခဏ တင်ထားတယ်}၊ ဒါက မိဘမို့ ပြောကောင်းလို့ ပြောတာ၊ မယား, ချက်ချင်း မစွန့်နိုင်တာက ဘာပြု လို့လဲ၊ ဒါက မယားက ကြည့်လို့ ရှုလို့ နည်းနည်း ကြည့်သာ ရှုသာ ရှိသေး တယ်၊ လင်ကလဲ ဒီလိုပဲ ကြည့်သာရှုသာ ရှိသေးတယ်၊ သေပေမယ့်လဲ အလောင်းက မပျက်သေးဘူး၊ ဒီအခါ သူ အမွေ ယူထားလို့ မဟုတ်ဘူး၊ သူ မပစ်ရက်ဘူး, မပစ်ရက်ဘူး၊ မပစ်ရက် နေပေါ့လေ။

ဘုန်းကြီး ဒကာကြီး ဆုံးတုန်းက ဒီထက် မနက် စောစောလေး ထင်တယ်၊ ဘုန်းကြီးဆီ လိုက်လာရှာတယ်၊ ဘုန်းကြီးက ဘယ့်နှယ်လုပ် စံမံမှာတုန်း၊ ညနေ ကိစ္စတုံးပေါ့၊ ဟာ-ငိုတဲ့သူက ငို၊ ဟာ-ဦးပဉ္စင်းကြောင့်တော့ ဦးဇဉ်း ခေါ်ပါသေး တယ်၊ ဦးပဉ္စင်းကြောင့်တော့ သူများ ဒုက္ခ မဖြစ်ပါစေနဲ့၊ အလိုရှိသလို ထား, အလိုရှိသလို ထား, ထားကြရော၊ မသာကြီးချ ဆိုပြီးတော့, အဲ-အလောင်း တွေနဲ့ ပြသာဒ်တွေနဲ့ ဘာတွေနဲ့ ထားကြ၊ ဘုန်းကြီးကတော့ စဉ်းစားသမားကိုး၊ အမေက ပထမတော့ အိမ်ပေါ်တက်တက် ငိုတယ်, ၃-ရက်လောက်ကျတော့ နံလာပြီ၊ အိမ်ပေါ် မတက်ဘူး၊ လှေကားက လှမ်းကြည့်၊ ဒကာမကြီး အိမ်ပေါ် တက်ပါဦးလားလို့ ကိုယ်က ပြောချင်လိုက်တာ သိလား၊ မတက်ဘူး၊ ဘာပြု လို့ ၅-ရက်ထဲ ထားတုန်း၊ ၁၀-ရက်,၁၅-ရက် ထားကြပါလား ဘုန်းကြီးက၊ နံကုန်ပြီလေ၊ သူတို့ မထားချင်တော့ဘူး၊ ဒါကြောင့် မှတ်ဟလို့, မှတ်ဟလို့၊ ငါ ပြောတာများ သဘောမပေါက်ဘူး၊ မှတ်ကြဟလို့။

အားလုံးလဲပဲ ဒီလိုပဲ ဘုန်းကြီးက မှတ်ကြဟလို့, ထားချင်လိုက်ကြတာ၊ ဆရာတော် ပျံတော်မူတော့ ထားချင်ကြတယ်၊ ဘုန်းကြီး ပျံတော်မူတော့ ဘယ့်နှယ်တဲ့၊ အဲ-မယားသေတော့ ဘယ့်နှယ်၊ မယားသေ, ဒီလောက် ချစ်လို့ ရှိရင် ဒီ အလောင်း ဘယ်တော့မှ မပစ်နဲ့, ဘယ်တော့မှ မပစ်နဲ့၊ ဘယ်တော့မှ မနေဘူး, မနေပါဘူး၊ ၇-ရက်လောက် ဆိုလို့ရှိရင်ဖြင့် မင်းတို့ သဘောပါကွာ၊ ဒီလင် သေတော့လဲ မယားက မပစ်ဘူး၊ ခဏပါကွာ၊ ဒါတွေ ဟုတ်တာမဟုတ် ဘူး၊ ပြီးရင် ပြီးကြတဲ့ ဟာတွေ၊ သူတို့က လူကြားကောင်းအောင်ရယ်, ဟန်လုပ် ကောင်းအောင်ရယ် လျှောက်လုပ်နေကြတာ၊ အလွဲတွေချည်း လုပ်နေ ကြတာ။

အဲဒါကြောင့် ခန္ဓာကိုယ် သေလို့ရှိရင် ဘာမှ ရစရာ မရှိဘူးလို့၊ ဘုန်းကြီးတို့ တရားတော်ကလေ သိပ်ပြီးတော့ သေချာတာပဲ၊ တကယ် သေချာတဲ့ တရား တော်တွေကို လူတွေက မလိုက်ချင်ကြလို့၊ အင်း_သံဃာများက သိသလောက် သိပြီးတော့ မလိုက်ကြဘူး။

ဒါ့ကြောင့် ဘုန်းကြီးတို့ တရားတော်တွေ မြုပ်ပြီးတော့ ခုနက အမယ် ပညာရှိကြီးနဲ့ ဥက္ကဋ္ဌကြီးက ပြောတဲ့ မသေမချာ စကားများကျတော့ အမယ်လေး သတင်းစာက အင်မတန် ကော်လံ ကောင်းကောင်း အကွက်ပေးပြီးတော့ ရေးပေးလိုက်ကြတာလေ လုပ်ပါ, တို့တော့ ဒီထက် သေချာတာတွေ ရှိပါရက် သားနဲ့ တို့နိုင်ငံကလေးကလဲ ပေါက်စကလေး ဖြစ်နေပြန်၊, အဲဒီ ရှိတဲ့ ပညာရှိ တွေကလဲ သိပ်ပြီးတော့ မစွမ်းကြပြန်၊ ဒါကြောင့် တို့ အထင်သေး ခံရပါတယ်၊ အမှန်ကတော့ တို့ တရားတော်ကတော့ အပြည့်အစုံရှိပါတယ်လို့ ဘုန်ကြီးက ပြောလိုပါတယ်။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တ နယ, သမန္တပဋ္ဌာန်း,ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……ဇသာဓု……သာဓု။

တေရသမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

တေရသမနေ့

၁၃၃၅-ခုနှစ်၊ တန်ခူးလပြည့်ကျော် (၄)ရက်၊ ၁၉၇၃-ခုနှစ်၊ ဧပြီလ (၂၁)ရက်၊ စနေနေ့။

ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေ ဣန္ဒြိယပစ္စည်း အကြောင်းကို ပြောခဲ့တုန်းက ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေတို့ကို မပြောခဲ့ရသေးဘူး၊ လောကမှာလဲ ထင်ရှားရှိနေလို့ ချန်ထားခဲ့ရတယ်၊ ကနေ့ အဲဒီ ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေ အကြောင်းကို ပြောပါ့မယ်။

ယောက်ျား, မိန်းမ ပဋိသန္ဓေ တည်ခါစတုန်းက အမိ ဝမ်းထဲမှာ ဖြစ်ရခြင်း အကြောင်းများ ပဋိသန္ဓေ တည်ခါစတုန်းက ရုပ်ကလာပ် သုံးစည်း ဖြစ်တယ်လို့ ပြောခဲ့ပြီနော်၊ အဲဒီ ရုပ်ကလာပ် သုံးစည်းထဲမှာ စ,စခြင်း ရုပ်ကလာပ် သုံးစည်းထဲက ဘာဝရုပ်, ဘာဝရုပ်လို့ ပြောခဲ့တာ ယောက်ျား ဖြစ်မည့်သူ၌ ပုရိသဘာဝရုပ်ကလာပ်၊ ပုရိသဘာဝ ရုပ်ကလာပ် ပါတယ်၊ မိန်းမ ဖြစ်မည့်သူ၌ ဣတ္ထိဘာဝရုပ်ကလာပ် ပါတယ်၊ စ,စခြင်းနော်၊ အဲဒီ ရုပ်ဟာ ဘာ့ကြောင့် ဖြစ်တုန်း ဆိုလို့ရှိရင် ဒီ ကံကြောင့် ဖြစ်တာ၊ နည်းနည်းကလေး ဆန်းလွန်းလို့, ဆန်းလွန်းလို့၊ ကံကြောင့် ဖြစ်တာ။

မိဘရဲ့ သွေးသားကြောင့် မဟုတ်သေးဘူး၊ တချို့က အမိ သွေးအားကောင်း လို့ရှိရင် မိန်းမ, အဖ သွေးအားကောင်းလို့ရှိရင် ယောက်ျား} ဒီလို ပြောတယ်၊ မဟုတ်ဘူး၊ ရှေးကံကြောင့် မိန်းမဖြစ်ရမည့်သူဟာ ဣတ္ထိဘာဝရုပ်က စ,ကတည်းက ပါတယ်၊ ယောက်ျား ဖြစ်ရမည့်သူ ပုရိသဘာဝရုပ် စ,ကတည်းက ပါတယ်၊ ပုံပန်းကလေး ဘာမှ မပေါ်သေးဘူးနော်၊ နားလည်ကြပါ၊ ရုပ်ကလာပ် ရုပ်မှုန့် ကလေးလို့ ဆိုတာဟာ မှန်ပြောင်းနဲ့ ကြည့်လို့တောင် မမြင်နိုင်သေးဘူး။

ကာမတဏှာ အရင်းခံ။ ။ အဲဒီ ကလာပ်သုံးစည်း အချိန်မှာ ကောင်းပေ့ဆိုတဲ့ မှန်ပြောင်းနဲ့ ကြည့်လို့ မမြင်နိုင်သေးပါဘူး၊ အဲဒီ လောက် သိမ်မွေ့နေပါတယ်၊ အဲဒီ သိမ်မွေ့နေတဲ့ အထဲမှာ မိန်းမဖြစ်မည့်သူ, ယောက်ျားဖြစ်မည့်သူ ရနေပြီ၊ သေချာနေပြီ၊ ကံကြောင့် ကံကြောင့်၊ နေစမ်းပါဦး၊ ဒီကံက ဘာဖြစ်လို့ ဒီလို အကျိုးပေးရတုန်းလို့ဆိုတော့ သေချာလွန်းလို့, သေချာလွန်းလို့၊ ကာမတဏှာ အရင်းခံတဲ့ ကံတဲ့၊ ကံက ကံက။

သိပ်ဆန်းမနေပါနဲ့၊ ဘုန်းကြီးတို့ ကာမာဝစရဘုံမှာ အကျိုးပေးတဲ့ကံ မှန်သမျှ ကာမတဏှာ အရင်းခံတာချည်းပဲ၊ နားလည်ပါနော်၊ ကာမာဝစရဘုံမှာ လူ့ပြည်, နတ်ပြည် ဖြစ်လေသမျှ ကာမတဏှာ အရင်းခံတာချည်းပဲ၊ ဒါ ထူးထူးဆန်းဆန်းကြီးလို့ ဒီလို မထင်နဲ့၊ ခုနက ဣတ္ထိဘာဝရုပ်, ပုရိသဘာဝရုပ် ဆိုတဲ့ ကမ္မဇရုပ်=ကံကြောင့်ဖြစ်တဲ့ ရုပ်ဟာ ဘာပြုလို့ ဖြစ်ရတုန်းဆိုတော့ ကာမတဏှာ အရင်းခံလာတယ်၊ ထပ်ပြီးတော့ ပြောမယ်။

ယခု မိန်းမများ, ယောက်ျားများ စိတ်ထားကို စဉ်းစားကြည့်နော်၊ စိတ်ထား စဉ်းစားကြည့်၊ မိန်းမများက အများစု ရာခိုင်နှုန်း ကိုးဆယ့်ကိုး လောက်က မိန်းမလိုပဲ ကြီးကြီးကျယ်ကျယ်, မိန်းမလိုပဲ ထင်ထင်ရှားရှား, မိန်းမလိုပဲ လှလှပပ ဖြစ်ချင်ရုံတင် မကဘူး၊ အလှအပ ပြင်တဲ့ နေရာမှာရယ်, ခံစားတဲ့ နေရာမှာရယ်, မိန်းမလိုပဲ ခံစားချင်တယ်၊ စိတ်ရှိတယ်၊ ဒါ ကာမ တဏှာ၊ မိန်းမအတွက် ဣတ္ထိကာမတဏှာ။

ယောက်ျားများကလဲ ရာခိုင်နှုန်း ကိုးဆယ့်ကိုးက ယောက်ျားလိုပဲ ကြီးကြီး ကျယ်ကျယ် ဖြစ်ချင်တယ်၊ ယောက်ျားလိုပဲ အာရုံ ခံစားချင်တယ်၊ ယောက်ျား လိုပဲ လှချင်တယ်၊ ယောက်ျားလိုပဲ ဝတ်ချင် စားချင်တယ်၊ ဒါတွေဟာ ပုရိသကာမတဏှာ။

ဒီတော့ အဲဒီ စိတ်ဓာတ်က အရင်းခံပြီးတော့ ဘုန်းကြီးတို့ ကာမာဝစရကုသိုလ် ကံတွေ ပြုကြရော၊ ဘုရားတည်တယ်,ကျောင်းဆောက်တယ်,အလှူဒါန ပေးတယ်, ဥပုသ်သီတင်း ဆောက်တည်တယ်၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတယ်၊ ကာမာဝစရ ကံတွေ ပြုကြတော့ ကာမတဏှာ အရင်းခံနေတာဖြစ်တော့ ဒီကံက ဘယ်လို အကျိုးပေးရမလဲ၊ ယောက်ျားဖြစ်မည့်သူကို ယောက်ျားလို ပုရိသဘာဝရုပ်ကိုပဲ အကျိုးပေးရပါတယ်၊ မိန်းမဖြစ်မည့်သူကို ဣတ္ထိဘာဝရုပ်ကိုပဲ အကျိုးပေးပါတယ်။

ဒီတော့ကာ မိန်းမဟာ တစ်သံသရာလုံး မိန်းမ မိန်းမ မိန်းမ၊ ယောက်ျား ကလဲ တစ်သံသရာလုံး ယောက်ျား ယောက်ျား ယောက်ျား၊ အနှောက်အယှက် မရှိရင် နားလည်ပါစေနော်၊ အနှောက်အယှက် မရှိရင်လို့ ပြောတယ်နော်၊ ဒီ ဥပမာ ဗုဒ္ဓမြတ်စွာရဲ့ အလောင်းအလျာ ပါရမီ ဖြည့်တော်မူတုန်းက ယောက်ျား ယောက်ျားဘဝနဲ့ ပရိနိဗ္ဗာန်စံဖို့ရန် ပါရမီ ဖြည့်တော်မူလာခဲ့တယ်၊ ဒီတော့ ယောက်ျား စိတ်ဓာတ်ချည်းပဲ ကြားထဲမှာ။

ဗုဒ္ဓမြတ်စွာ အလောင်းအလျာ ဗျာဒိတ် ရပြီးတဲ့နောက် တစ်ခါမှ မိန်းမ မဖြစ်ဖူးဘူး၊ ဘာပြုလို့တုန်း, ဒီ စိတ်ဓာတ်, ဒီ ဆန္ဒက ယောက်ျားစိတ်ဓာတ် ယောက်ျားဆန္ဒနဲ့ နေရုံတင်မကဘူး၊ ကာမေသု မိစ္ဆာစာရကံ အကျူးအလွန်ကလဲ မရှိဘူး၊ နည်းနည်းပါးပါး ရှိတာကလဲ ကိစ္စမရှိဘူး၊ ဒီတော့ ဗုဒ္ဓမြတ်စွာရဲ့ အလောင်းအလျာဟာ တစ်လမ်းလုံး တိရ စ္ဆာန်ဖြစ်လဲ အထီး၊ လူဖြစ်လဲ ယောက်ျား, နတ်ဖြစ်လဲ ယောက်ျား၊ ဒီလိုပဲ ဖြစ်လာခဲ့တယ်။

ယသော်ဓရာ အလောင်းကို ကြည့်ပါ၊ သူ နဂိုကတည်းက ဆုတောင်း ကတည်းက ဗုဒ္ဓမြတ်စွာ အလောင်းအလျာရဲ့ အလုပ်အကျွေး ဖြစ်ဖို့ရန် သူ စိတ်ညွတ်လာခဲ့တယ်၊ စိတ်ညွတ်လာခဲ့တော့ တစ်သံသရာလုံး သူ မိန်းမစိတ်ပဲ၊ ယောက်ျား တစ်ခါမှ ဖြစ်ပုံ မရပါဘူး၊ စာကတော့ ထူးထူးခြားခြား မဆိုပါဘူး၊ မဖြစ်ပါဘူး၊ မိန်းမဘဝနဲ့ပဲ နေခဲ့တယ်၊ မိန်းမလိုပဲ လှချင်တယ်၊ မိန်းမလိုပဲ ကြီးကျယ်ခဲ့တယ်၊ မိန်းမလိုပဲ ပညာရှိလာခဲ့တယ်၊ မိန်းမလိုပဲ ဘုရားအလောင်းကို ကူညီလာခဲ့တယ်၊ ဒါ မိန်းမတို့ရဲ့ ကာမတဏှာက မိန်းမဘဝကို သာယာနေတာ ဖြစ်တော့ မိန်းမဘဝက အပြောင်းအလွဲ မရှိဘူး။

မိန်းမများ ယောက်ျား ဖြစ်နိုင်တဲ့နည်း။ ။ ကောင်းပြီ, မိန်းမများဟာ တစ်ခါ တလေမှ ယောက်ျား မဖြစ်ဘူးလား ဆိုတော့ သိပ်လွယ်တာ၊ ခု ဘဝ မိန်းမဘဝ ဖြစ်ရတာဟာ သိပ်ပြီးတော့ အထင်သေးခံရတယ်ပေါ့လေ၊ မိန်းမ ဖြစ်ရတာဟာ ဒုက္ခတွေ သိပ်များတယ် ပေါ့လေ၊ ဒီလို တွေးပြီးတော့ မိန်းမဘဝ မဖြစ်ချင်ဘူး၊ အကြောင်းအားလျော် စွာ အိမ်ထောင်နဲ့ နေရပေမယ်လို့၊ မိန်းမဝတ္တရားတွေ ပြုနေရပေမယ်လို့၊ မိန်းမ ဘဝကို သူက အမြဲ စက်ဆုပ်တယ်၊ ဒီတော့ သူ့မှာ မိန်းမဘဝကို စက်ဆုပ်တဲ့အတွက်ကြောင့် ကာမတဏှာပေမယ်လို့ မိန်းမနဲ့ ဆိုင်တဲ့ ကာမတဏှာ မဖြစ်ဘူး၊ သူ့မှာ သိသိသာသာကြီး မဖြစ်ဘူး၊ အိမ်ထောင်သည်မို့လို့ မိန်းမ တာဝန် ရွက်ဆောင်နေပေမယ်လို့ စိတ်ကတော့ စက်ဆုပ်လျက်။

အဲဒီ မိန်းမမျိုးဟာလေ, သီလသာ မှန်မှန်ကလေး လုံလိုက်။

မိမိ အိမ်ထောင်ရှင် ယောက်ျားကိုလဲ သူ မိန်းမဘဝ ဖြစ်ချင်တဲ့ စိတ်မျိုးနဲ့ မဟုတ်ဘဲ မိန်းမဘဝ စက်ဆုပ်တဲ့စိတ်နဲ့ ပြုစုနေတယ်။

နောက်ဘဝမှာ ယောက်ျားကို ဖြစ်တာပဲ၊ {ကဲ-ဘယ်လောက် လွယ်ထား တုန်း၊ မိန်းမများ ယောက်ျား ဖြစ်ချင်လို့ရှိရင် လွယ်တယ် သိပ်လွယ်တယ်}၊ ဒါပေမယ့် အများစုက ဖြစ်ချင်စိတ် မရှိဘူး၊ မိန်းမလိုပဲ တင့်တင့်တယ်တယ် နေချင်တယ်၊ ဒါကြောင့် မပြောင်းလွဲကြဘူး။

ဆိုပါတော့ ယသော်ဓရာ မပြောင်းလဲဘူး၊ ခေမာထေရီအလောင်း မပြောင်း လွဲခဲ့ဘူး၊ ဥပ္ပလဝဏ်အလောင်း ပြောင်းလွဲတယ်လို့ မကြားခဲ့ဘူး, မသိခဲ့ဘူး၊ ဓမ္မဒိန္နာတို့ ထိပ်တန်းတွေ မိန်းမဘဝက ပြောင်းလွဲတယ်လို့ မသိခဲ့ဘူး, မကြားခဲ့ဘူး, မတွေ့ခဲ့ဘူး၊ မိထွေးတော် ဂေါတမီတို့ ထိပ်တန်းတွေ မိန်းမဘဝက ပြောင်းလွဲတယ်လို့ မတွေ့ခဲ့ဘူး, မကြားခဲ့ဘူး, မသိခဲ့ဘူး၊ ဒီတော့ကာ မိန်းမ ဘဝဟာ မိန်းမ ဖြစ်ဖို့ရန် ဆန္ဒက အရင်းခံလာတာဖြစ်တော့ အကျိုးပေးတော့ မိန်းမဘဝပဲ အကျိုးပေးရတယ်။

ရှင်အာနန္ဒာအလောင်း။ ။ ကောင်းပြီ၊ ယောက်ျားများကကော အရှင်အာနန္ဒာ အလောင်းလေ, ကာမေသု မိစ္ဆာစာရ အမှုတွေနဲ့ တစ်ဘဝလုံး ဆိုပါတော့, သိသိသာသာကြီး ပြုကျင့်လာခဲ့တာ၊ မိန်းမမဖြစ်ခင် ငရဲ ကျရတယ်၊ နောက်တစ်ခါ ငရဲက လွတ်လာတော့ ဆိတ် ဖြစ်တယ်၊ ဝှေးစေ့ကို အထုတ်ခံရတယ်၊ နွား ဖြစ်တယ်၊ သင်းကွပ်ခံရတယ်၊ မျောက် ဖြစ်တယ်၊ ဝှေးစေ့ကို အထုတ်ခံရတယ်၊ ဒါ မိန်းမ မဟုတ်သေးဘူးနော်၊ သူ့မှာ ဒုက္ခဖြစ်နေတာ၊ နောက်တစ်လှည့်ကျတော့ မိန်းမမဟုတ်, ယောက်ျားမဟုတ် လာဖြစ်ပြီ၊ မိန်းမမဟုတ်, ယောက်ျားမဟုတ်ဆိုတာ ခုနက ဘာဝရုပ်ကိုက မပါလာဘူး။

ပဋိသန္ဓေနေတုန်းက ရုပ်ကလာပ်သုံးစည်းလို့ဆိုတဲ့ အထဲမှာ ဘာဝရုပ် မပါဘူး၊ ရုပ်ကလာပ် နှစ်စည်းနဲ့ ပြီးနေတယ်၊ ဒါကြောင့် အဲဒီ တစ်ဘဝလုံးဟာ မိန်းမလဲ မဟုတ်ဘူး, ယောက်ျားလဲ မဟုတ်ဘူး၊ သူ့မှာ မိန်းမလိုလဲ အဂါဇာတ် ပီပီသသ မပါဘူး၊ ယောက်ျား အဂါဇာတ်လဲ ပီပီသသ မပါဘူး၊ အလေးအပေါ့ စွန့်ရုံလောက်သာ ပါတယ်၊ ထုံးစံအတိုင်း မပါနိုင်တော့ဘူး၊ ဒါကို နပုံးပဏ္ဍုက်လို့ ဆိုပါတယ်။

ဥဘတောဗျည်း။ ။ တချို့ကျတော့ကာ စိတ်က မသန့်ရှင်းခဲ့လို့ မိန်းမလိုလဲ ဖြစ်, ယောက်ျားလိုလဲ ဖြစ်တယ်၊ တစ်ဘဝထဲမှာ မိန်းမ လိုလဲ ဖြစ်, ယောက်ျားလိုလဲ ဖြစ်တော့ကာ ဟို ခုနက ဘာဝရုပ်က နှစ်ခုစလုံး ပါသလားလို့ဆိုတော့ ဘာဝရုပ်နှစ်ခု မပါဘူး၊ မိန်းမပဏ္ဍုက် ဆိုလို့ရှိရင် မိန်းမ ဘာဝရုပ်က ပါခဲ့ပြီ၊ နောက်တော့ သူ မိန်းမကလေးတွေလို မိန်းမ ဘာဝနဲ့ နေရင်းနေရင်းက, မိန်းမလို ခံစားရင်း ခံစားရင်းက သူက ယောက်ျားလို စိတ် ဖြစ်နေပြန်ရော၊ ယောက်ျားလို ဖြစ်နေပြန်တော့ ခုနက ဘာဝရုပ်က ပြောင်းသွားတယ်၊ ဝမ်းထဲမှာ ဘာဝရုပ်က ပြောင်းသွားတယ်၊ ပုံပန်းက ယောက်ျားလို ပေါ်လာတယ်၊ ဒါ မိန်းမတွေနဲ့ ဖောက်ပြန်လိုက်တယ်၊ အဲဒီလို ပုဂ္ဂိုလ်ကို ဥဘတောဗျည်းလို့ ဘုန်းကြီးတို့ စာက ဆိုတယ်။

{ဥဘတော-ယောက်ျား ဖြစ်နိုင်တဲ့ ကံ, မိန်းမ ဖြစ်နိုင်တဲ့ ကံနှစ်မျိုးကြောင့်၊ ဗျဉ္ဇန-ဖြစ်တဲ့ အဂါဇာတ် ရှိတဲ့သူ} တစ်ပြိုင်နက် ရှိသလားဆိုတော့ တစ်ပြိုင်နက် မရှိဘူး၊ မထင်ရှားဘူးပေါ့လေ၊ မိန်းမစိတ်နဲ့ မိန်းမလို ခံစားတဲ့အခါမှာ ယောက်ျား အဂါဇာတ်က ခပ်ကွယ်ကွယ်ကလေး, ပျောက်တော့ မသွားဘူး၊ ယောက်ျား စိတ်ဖြစ်လို့ မိန်းမတွေနဲ့ ပေါင်းဖော်တဲ့ အခါမှာ ယောက်ျားအဂါက ထင်ရှား ပြီးတော့ မိန်းမအဂါက လျှို့ဝှက်သလို ဖြစ်သွားတယ်၊ စာဆိုနော်, စာဆို။

အဲဒါကြောင့် ဥဘတောဗျည်းလို့ဆိုတဲ့ဟာလဲ အကုသိုလ်ကံ ပါလာလို့ ဖြစ်ရတာ၊ အဲဒါကို ဆရာဝန်တွေ ဘာတွေက ပြောင်းလွဲလို့ ကုလို့ ရပါတယ်လို့ ဆိုပြီးတော့ ဥဘတောဗျည်း တချို့ကို ပြောင်းလဲနေတယ်လို့ ကြားရတယ်၊ ဒါ မရဘူးလဲ ဘုန်းကြီးက မငြင်းပါဘူး၊ သူ့ဆိုင်ရာရှိတဲ့ ပစ္စည်းတွေကို ထုတ်ပစ် လိုက်လို့ရှိရင် ပြောင်းလို့ရနိုင်တယ်လို့ ယူဆပါတယ်။

ယောက်ျား, မိန်းမ ထားခဲ့၊ ကဲ-ဘုန်းကြီးတို့ ဆက်ပြောရမှာက မိန်းမ ပီပီသသ ဖြစ်ရကြောင်း ပီပီ, ယောက်ျား ပီပီ, ဒီလို လာရမယ်နော်၊ ဒီတော့ မိန်းမ ပီပီ, ယောက်ျား ပီပီ အမိဝမ်းထဲမှာ ဣတ္ထိ ဘာဝရုပ်နဲ့ ပုရိသဘာဝရုပ်နဲ့ ပီပီသသ ကိုယ့်လမ်းနဲ့ ကိုယ်နဲ့ ခွဲလာခဲ့ကြပြီ၊ ခွဲလာခဲ့ကြတော့ ဒီ ဘာဝရုပ်က ဣတ္ထိန္ဒြေ ပုရိသိန္ဒြေလို့ ဣန္ဒြိယနာမည် တပ်ပြတယ်၊ ဣန္ဒြိယဆိုတာ ကိုယ့်နယ်ကို အစိုးရတယ်၊ ဣန္ဒြိယဟာ အစိုးရ တယ်လို့ ဆိုတယ်။

အဲဒီ ဣတ္ထိဘာဝရုပ်ကလဲ သူက မိန်းမနဲ့ ဆိုင်တာကို အစိုးရတယ်၊ ဘယ်လို အစိုးရတုန်း၊ ငါ့ရှိတဲ့ ရုပ်အဆင်းမှာ စိတ်ကြောင့်, ဥတုကြောင့်, အာဟာရကြောင့် အမိဝမ်းထဲမှာ ကြီးနေပေစေ၊ ရုပ်တွေ တိုးပွားပေစေ၊ တိုးပွားလေသမျှ ပုံသဏ္ဌာန် ပေါ်လာလို့ရှိရင် သားတစ်ကလေးက ဖြစ်ပြီးတဲ့ နောက် ပသာခ-ခက်မတွေ, ခေါင်းနေရာတွေ, လက်နေရာတွေ, ခြေနေရာတွေ ပေါ်လာတယ်၊ အဲဒီလို ပေါ်လာလို့ရှိရင်ပဲ ဣတ္ထိဘာဝရုပ်က အမိန့်ပေးသလို ပါပဲ၊ တကယ်ပေးတာ မဟုတ်ဘူး၊ သူတို့မှာ သတ္တိရှိတယ်၊ အင်း-ငါဖြစ်တဲ့ နေရာမှာ မိန်းမပုံသဏ္ဌာန် ဖြစ်ရမယ်နော်၊ လက်တွေ ခြေတွေ မိန်းမပုံသဏ္ဌာန် ဖြစ်ရမယ်။

ခြေဆံ လက်ဆံတွေ အမိဝမ်းထဲမှာ ကြီးနေပေစေ၊ မိန်းမပုံသဏ္ဌာန်ပဲ ဖြစ်ရတယ်၊ ဒါက ခုနက ဘာဝရုပ်က အမိန့်ပေးနေသလိုပဲ၊ သူက အစိုးရ နေလို့၊ အဲ-ပြောရစေတော့ပေါ့လေ၊ မိန်းမအဂါလဲပဲ အမိဝမ်းထဲမှာတုန်း ကတည်းက မိန်းမအဂါ သိသိသာသာ ပေါ်ရတယ်။

ယောက်ျားဖြစ်မယ့်သူကျတော့လဲ ဘာဝရုပ်က ပုရိသဘာဝရုပ်က ငါရှိတဲ့ ခန္ဓာအစဉ်မှာ ရုပ်အစဉ်မှာ လက်ခြေ ယောက်ျားပုံသဏ္ဌာန် ပေါ်ရမယ်, မျက်နှာ အနေအထား ယောက်ျားပုံသဏ္ဌာန် ပေါ်ရမယ်၊ အမိန့်ပေးသလို ဖြစ်နေတယ်၊ သူတို့က ဣန္ဒြိယ-အစိုးရတယ်လေ၊ အဲ-နောက်ဆုံး ယောက်ျားအဂါလဲ ပီပီသသကလေး ပေါ်ရမယ်၊ သူ့အချိန် သူ့အချိန် ရုပ်တွေ တိုးနေတဲ့အခါမှာ ယောက်ျားအဂါ ပီပီသသ ပေါ်နေရမယ်, ပါနေရပါမယ်။

ဒါကြောင့် ဆယ်လလောက် ကြာလို့ ဖွားမြင်လာပြီ ဆိုတော့ ယောက်ျားကလေး ဖွားတယ်၊ မိန်းကလေး ဖွားတယ်၊ ပီပီသသ သူတို့ သိကြရပြီ၊ အဲဒါ ဘယ်သူ့ သတ္တိကြောင့် ဒီလို ရုပ်တွေ ပီပီသသ ဖြစ်ရတာတုန်းဆိုတော့ ဘာဝရုပ်အတွက်ကြောင့် ပီပီသသ ဖြစ်ရတယ်၊ ဒီ ဘာဝရုပ်က ဘယ်က လာခဲ့တာတုန်း၊ တဏှာ အရင်းခံတဲ့ ကံကြောင့် ဖြစ်ရတဲ့ ဘာဝရုပ်၊ ဒီ ဘာဝရုပ်ရဲ့ တန်ခိုး အရှိန်ကြောင့် မိန်းမပုံသဏ္ဌာန် အကုန်လုံး ပေါ်လာတယ်၊ အဲဒီ ဘာဝရုပ်ရဲ့ တန်ခိုးအရှိန်ကြောင့် ယောက်ျားပုံသဏ္ဌာန် အကုန်လုံး ပေါ်လာရပါတယ်၊ ဒါ နားလည်ကြနော်။

ဒီလို ပုံသဏ္ဌာန် ပေါ်ပြီးတော့ မွေးဖွားပြီးတော့ လာတဲ့အခါမှာ ယောက်ျား ကလေးကလဲ တဖြည်းဖြည်း ကြည့်တတ် မြင်တတ်, အဲဒီ အချိန်ကျလို့ရှိရင် ဒိပြင် ယောက်ျားကလေးတွေရဲ့ သွားပုံ လာပုံ, နေပုံ ထိုင်ပုံ မသိမသာကလေး အတုယူတယ်၊ နောက်ဆုံး အဖေရဲ့ အနေအထားကို မသိမသာကလေး အတု ယူတယ်။

မိန်းကလေးကလဲပဲ ဒိပြင် ကစားဖော် ကစားဖက် မိန်းကလေးတွေရဲ့ သွားပုံလာပုံ, ပြောပုံဆိုပုံ, နေပုံထိုင်ပုံ အထူးအားဖြင့် မိမိ အမေရဲ့ အချိုးအစား တွေ အကုန်လုံး သူ့မှာ အတတ်တွေ သင်သလိုပဲ ဖြစ်နေတာပဲ, ရနေတာပဲ။

အဲဒါကြောင့်မို့လို့ မိန်းမကလဲလေ မိန်းမလိုဘဲ ပြောတယ်၊ မိန်းမလိုပဲ ပုံသဏ္ဌာန် ပေါ်ရုံတင်မကဘူး မိန်းမလိုပဲ ပြောတယ်၊ မိန်းမလိုပဲ နေတယ်၊ မိန်းမအမူအရာတွေ သူ့မှာ အကုန်လုံး ဖြစ်လာတယ်။

ယောက်ျားကလဲပဲ ယောက်ျားလိုပဲ ပြောတယ်၊ ယောက်ျားလိုပဲ နေတယ်၊ ယောက်ျားလိုပဲ အကုန်လုံး ပုံသဏ္ဌာန် အပြုအမူတွေ အကုန်လုံး ဖြစ်လာ ပါတယ်။

တစ်ခါ ဒီထဲ စဉ်းစားရမယ်၊ အမေနဲ့လဲ တချို့တူ, အဖေနဲ့လဲ တချို့တူ, မိန်းကလေး ဖြစ်ပေမယ့် အဖေတူတာ ရှိသေး၊ ယောက်ျားကလေး ဖြစ်ပေမယ့် အမေတူတာ ရှိသေး၊ ဒါတွေ ဘယ်လို အဓိပ္ပာယ်တုန်း၊ ဘုန်းကြီးတို့ တရားတော် က သိပ်ကောင်းတယ်၊ အမိ ဝမ်းထဲမှာ ရုပ်တွေ ဖြစ်တုန်းက ကံကြောင့်, စိတ် ကြောင့်, ဥတုကြောင့်, အာဟာရကြောင့် ရုပ်တွေ ဖြစ်တုန်းက အမေ အဖေရဲ့ သွေးသားကို အခြေတည် မူတည်ပြီးတော့ သားအိမ်ထဲမှာ ဖြစ်ရတာ၊ ဒါ လွယ်လွယ်ကလေးပဲ၊ သားအိမ်ထဲမှာ အဖေ အမေရဲ့ သွေးသား အခြေတည်ပြီး တော့ ဖြစ်ရတာ ဖြစ်တော့ အမေရဲ့ သွေးသားထဲမှာ အမေ့ရုပ် အစိတ်အပိုင်း ကလေးတွေ ပါတယ်၊ အဖေရဲ့ သွေးသားထဲမှာ အဖေရဲ့ ရုပ်အစိတ်အပိုင်း ကလေးတွေ ပါတယ်။

အဲဒီ သွေးသားနဲ့ ထိတွေ့ပြီးတော့ ခုနက သူငယ်လေးတွေက ရုပ်အစဉ် တွေ ဖြစ်နေရတာဖြစ်တော့ အမေ အဖေရဲ့ သွေးသားထဲမှာပါတဲ့ ဥတုက ကလေးရဲ့ ရုပ်အစဉ်ထဲမှာ ရုပ်ကို ဖြစ်စေပြီး ကံကြောင့်, စိတ်ကြောင့်, ဥတု ကြောင့်, အာဟာရကြောင့် ဖြစ်တဲ့အထဲမှာ ဒီ အဖေရဲ့ သွေးသား ဥတုက ကူးစက်ပြီးတော့ ကလေးလေးမှာ ရုပ်တွေ ရလာတယ်။

ဒါကြောင့်မို့လို့ ကလေးလေးဟာလေ တချို့ အစိတ်အပိုင်းက အမေ တူတယ်၊ တချို့ အစိတ် အပိုင်းက အဖေ တူတယ်၊ သမီးက အမေနှင့် များများ တူတယ်, သားက အဖေနှင့် များများတူတယ်၊ ရုပ် အကူးအဆက် ရှိတယ်၊ အမိ ဝမ်းထဲမှာ ရုပ်အကူး အဆက် ရှိတယ်၊ အမိ ဝမ်းထဲမှာ ရုပ် အကူးအဆက် ရှိတယ်။

အဲဒါကြောင့် မိဘနှစ်ဦးက အသားဖြူရင် ကလေးလေး အသားဖြူတယ်၊ မိဘနှစ်ဦးက အသားဝါရင် ကလေးလေး အသားဝါတယ်၊ မိဘနှစ်ဦးက အသားမည်းရင် ကလေးလေး အသားမည်းတယ်၊ ဒါကြောင့် စောစောစီးစီး ကတည်းကိုက လက်ထပ်မဂလာ အချိန်ထဲကိုက ရွေးနိုင်ရင်လေ သိပ် ရွေးဖို့ ကောင်းတာပဲ။

ဘာပြုလို့တုန်း, နောင် ဒီ သွေး ဒီ သားဟာက နောင် သားသမီးတွေ ပေါ်လာမယ်၊ သားသမီးတွေရဲ့ ကံရှိရုံတင် မကဘူး၊ ဒီပုံပန်းကလေးတွေ ဆိုပါတော့၊ အဖေ အမေ ချောရင် သားသမီးကလေးတွေ ချောစရာ တော်တော် များတယ်၊ အဖေ အမေ အရုပ်ဆိုးလို့ရှိရင် သားသမီးလေးတွေ ရုပ်ဆိုးဖို့ရန် အတော်များတယ်၊ အတော်များတယ်ဆိုတာ အတိအကျ မဟုတ်လို့ ပြောတာ၊ ဟိုက ကံက ပါလာခဲ့တယ်၊ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေက အဖေ အမေနဲ့ မဆိုင်ပါဘူး၊ ဒီ ခုနက ဥတုကြောင့်ဖြစ်တဲ့ ရုပ်ကသာ အဖေ အမေနဲ့ ဆိုင် ပါတယ်။

ပြီးတော့ အမေ အဖေ သွေးသားထဲမှာ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေလဲ ပါတယ်၊ သွေးသားထဲမှာ အမေ အဖေက အမှတ်တမဲ့ ကာမဂုဏ် ခံစားတယ်လို့ ဆိုပြီးတော့ သားအိမ်ထဲမှာ သွေးသားတွေ ရောက်နေပေမယ်လို့ စိတ်က ပါနေ တယ်၊ စိတ်ကြောင့် ဖြစ်တဲ့ ရုပ်တွေက ပါလာတော့ကာ မသိမသာကလေး သားသမီးများမှာ အဲဒီ စိတ္တဇရုပ်က ဆက်နေတယ်၊ ကူးဆက်နေတယ်၊ ကူးဆက်နေတော့ ကလေးတွေမှာ မိဘများရဲ့ ဉာဏ်ရည် ဉာဏ်သွား ခပ်တူတူ ကလေး, စိတ်နေ စိတ်ထား ခပ်တူတူကလေး ဖြစ်လာတယ်၊ ဒါ အမြဲ တူရမယ်လို့ မဆိုနိုင်တာက မသေချာလို့ များသောအားဖြင့် ဖြစ်တယ်။

ဘုန်းကြီးက လောကကြီး တစ်ခုလုံးကို ပြောရတာ၊ နားလည်စေရတာ၊ သေချာလွန်းလို့ ဘုန်းကြီးတို့ တရားတော်က သေချာလွန်းလို့, စာက ဥပမာများ ပြလိုက်သေးတယ်၊ ဖွတ်ဟာ မြေဝါတွင်းထဲမှာ အောင်းလို့ရှိရင် ဖွတ်ဝါ ဖြစ်တယ်တဲ့၊ အင်း-ဖွတ်ရဲ့ အသွေးအရောင်ဟာ ဝါတယ်တဲ့၊ မြေနီတွင်းထဲမှာ အောင်တဲ့ဖွတ်ဟာ ဖွတ်နီ ဖြစ်တယ်၊ မြေနက်တွင်းထဲမှာ အောင်းတဲ့ ဖွတ်ဟာ ဖွတ်နက် ဖြစ်တယ်၊ ဒါ အမိ အဖတွေ သွေးသားလောက်တောင် မဆက်ဘူး၊ မြေနဲ့ ဖွတ်ကောင်နဲ့ ဆက်နေတာတောင်မှ အသွေးအရောင် ပြောင်းတယ်လို့ စာက ဆိုတယ်။

ရွေးကြပါ။ ။ ဒီတော့ ဘုန်းကြီးတို့က အင်မတန် သေချာတယ်၊ အင်မတန် သေချာတော့ ဘယ်လိုတုန်းဆိုတော့ သိပ် ရွေးရတာပဲလေ၊ လက်ထပ်မဂလာ အခမ်းအနားတုန်းက လက်မဆက်ခင် စိတ်နေစိတ်ထားက ဘယ်လိုရှိတုန်း၊ အင်း_ဉာဏ်ရည် ဉာဏ်သွေးက ဘယ်လိုရှိတုန်း၊ ရုပ်အဆင်းက ဘယ်လိုရှိတုန်း၊ အမျိုးက ဘယ်လိုရှိတုန်း၊ အမျိုးအလိုက်လဲ စိတ်တွေက ဖြစ်နေတယ်ကိုး၊ အကုန်လုံး ရွေးရမှာပဲ။

အဲဒီတော့ အကုန်လုံး ရွေးနိုင်ရင် ကောင်းတယ်၊ ဘုန်းကြီးတို့ ရှေးတုန်းက အထူးအားဖြင့် ဘုန်းကြီးတို့ အမျိုးမှာတော့ ဒါတွေကို အကုန်လုံးလဲ မလိုက် နိုင်ဘူး၊ မောင်နှမချင်း လက်ထပ်ပေးလိုက်တာပဲ၊ ပြီးရော၊ အမျိုးလဲ ဒီအမျိုးပဲ၊ ပထမဆုံးရွေးရင် မောင်နှမ တစ်ဝမ်းကွဲချင်း ရွေးတယ်၊ ဘယ့်နှယ် ပြောပြောပဲ၊ တစ်ဝမ်းကွဲချင်း ရွေးတာပဲ၊ တစ်ဝမ်းကွဲချင်း မရတော့မှ နှစ်ဝမ်းကွဲကို ရွေးတယ်၊ နှစ်ဝမ်းကွဲချင်း မရတော့မှ သုံးဝမ်းကွဲ ရွေးတယ်၊ အဲဒီက ဟိုဖက်တော့ ဒီလောက် မဆက်တော့ဘူး။

ဘာပြုလို့တုန်း, သူတို့ စုဆောင်းထားတဲ့ ပစ္စည်းတွေကို တခြားသူတွေ သုံးတာ မခံနိုင်ဘူး၊ အမွေသဘော ပေးရလို့ရှိရင် ကိုယ့်တူ ကိုယ့်သား ကိုယ့် တူမ ဒါပဲ ခံစားစေချင်တယ်၊ ပြီးတော့ အမျိုးအားဖြင့်တော့ ကိုယ့်အမျိုးဟာ အင်မတန် ကောင်းတယ်လို့ သူတို့က ယူဆထားတယ်၊ ယူဆထားတော့ အမျိုး ပြောစရာ မရှိဘူး၊ ပစ္စည်း ပြောစရာ မရှိဘူး၊ ရုပ်အဆင်းကတော့ မြင်တဲ့အတိုင်းပဲ။

ဒါကြောင့် ဒီလို ရွေးကြရတယ်၊ ထုံးစံအတိုင်း ရွေးမှပဲ၊ နောက် အရှည် ကောင်းပါတယ်၊ သားသမီးတွေရဲ့ အရည်အချင်း ကောင်းပါတယ်၊ သားသမီး တွေရဲ့ ရုပ်အဆင်းက ကောင်းပါတယ်၊ အဲဒီလို အဲဒီလို ဖြစ်လာကြတယ်၊ တစ်ယောက်နဲ့ တစ်ယောက် အတော် ကွဲပြီးတော့ ကလေးတွေ ကြီးရင့်ပြီးတော့ လာကြတော့ အရွယ်တော်တော် ရောက်တယ်ဆိုရင်ပဲ အင်း-စာက ပြောတာ ကတော့ သူတို့မှာ ဆိုပါတော့, လူလားမြောက်တယ်ဆိုရင် ကာမစိတ်ကလေး တွေ ဝင်နေပြီ၊ ဟို-လောကီ ဆရာတွေက ဘယ်ဓာတ်ဟာ ဘယ်ရုပ်ဟာ ထင်ရှားလာပြီလို့ သူတို့ ပြောကြတယ်၊ သူ့နည်းနဲ့သူ ယူတာပဲ။

ပြီးတော့ အဲဒီ အခါမှာ ဘုန်းကြီးတို့က နားလည်တဲ့ မိဘများက ပေါက် လွှတ် မထားနိုင်ဘူး၊ ကိုယ့်သမီးကလေး စိတ် ဘယ်လို ဖြစ်နေပြီ၊ သားကလေး စိတ် ဘယ်လို ဖြစ်နေပြီ၊ အဲဒီ အခါမှာ အသွားအလာ, အပေါင်းအသင်းတို့ ဘာတို့ သိပ်ပြီးတော့ ကြောင့်ကြရှိဖို့ လိုတယ်၊ ဘာပြုလို့တုန်း, မှားကုန်မှာ စိုးလို့လေ၊ မှားလဲ မှားမယ်၊ မှားကုန်မှာ စိုးသည့်အတိုင်း မှားလဲ မှားတတ် တယ်၊ မှားတတ်ရုံတင် မကဘူး၊ အဲဒီ အခါမှာ ဖြစ်တဲ့စိတ်ဟာ တော်တော် ဆန်းသွားတယ်၊ ဘုန်းကြီးက အထူး မပြောဘူး၊ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ကို ဘုန်းကြီး ဟောပေးမယ်။

ဆွဲဆောင်နိုင်ဆုံး အရာဝတ္ထု ၅-ပါး

နာဟံ ဘိက္ခဝေ အညံ ဧကရူပမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ၊ ယထယိဒံ ဘိက္ခဝေ ဣတ္ထိရူပံ။၁။ အဂုတ္တိုရ်, ပ-တွဲ, နှာ-၁။

ဘိက္ခဝေ-ဘိက္ခုတို့၊ ဣတ္ထိရူပံ-မိန်းမ၏အဆင်းသည်၊ ပုရိသဿ-ယောက်ျား ၏၊ စိတ္တံ-စိတ်ကို၊ ပရိယာဒါယ-အကုန်သိမ်းကျုံးနိုင်၍၊ တိဋ္ဌတိ ယထာ-တည် သကဲ့သို့၊ ဧဝံ-ဤအတူ၊ ယံ-အကြင်အဆင်းရူပါရုံသည်၊ ပုရိသဿ-ယောက်ျား ၏၊ စိတ္တံ-စိတ်ကို၊ ပရိယာဒါယ-အကုန်သိမ်းကျုံး၍၊ တိဋ္ဌတိ-တည်နိုင်၏၊ အညံ-မိန်းမ၏ အဆင်းမှ တစ်ပါးသော၊ တံ ဧကရူပမ္ပိ-ထို တစ်ခုသော အဆင်းကိုလည်း၊ အဟံ-ငါဘုရားသည်၊ န သမနုပဿာမိ-မြင်တော်မမူ။

အဆင်း ရူပါရုံ။ ။ အရွယ်ရောက်လာတော့ ယောက်ျားရဲ့ စိတ်ကို အဆွဲဆောင် နိုင်ဆုံး အဆင်းထဲမှာ ဘယ်အဆင်းတုန်းဆိုတော့ မိန်းမ အဆင်းပဲ၊ မိန်းမအဆင်းလောက် ယောက်ျားစိတ်ကို ဆွဲဆောင်နိုင်တဲ့ အဆင်းဟာ ကမ္ဘာလောကကြီးထဲမှာ တစ်ခုမှ မရှိဘူးတဲ့၊ ပြောလေ၊ အဝတ်အစားတွေ လှ တယ်၊ သဘောကျတယ်, နှစ်သက်တယ်, မရမက လိုချင်တယ်, ငိုတယ်၊ ဒါပေမယ့် မိန်းမအဆင်းလောက် စိတ်ကို မဆွဲဆောင်နိုင်ဘူး၊ အဲ-ဟိုပစ္စည်း ဒီပစ္စည်းတွေ အင်မတန်လှတယ်၊ လိုချင်တယ်, ငိုတယ်, မရမက ရှာတယ်၊ ခိုးတယ်, တိုက်တယ်, ဝှက်တယ်၊ ဒါပေမယ့် မိန်းမအဆင်းလောက် စိတ်ကို မဆွဲဆောင်နိုင်ပါဘူး။

တစ်ခါ, ဘိက္ခဝေ-ဘိက္ခုတို့၊ ယဒိဒံ(ယံ ဣဒံ)ပုရိသရူပံ-အကြင်ယောက်ျား၏ အဆင်းသည်၊ အတ္ထိ-ရှိ၏၊ ယံ-အကြင် အဆင်းသည်၊ ဣတ္ထိယာ-မိန်းမ၏၊ စိတ္တံ-စိတ်ကို၊ ပရိယာဒါယ-အကုန်သိမ်းကျုံး၍၊ တိဋ္ဌတိ-တည်နိုင်၏၊ အညံယောက် ျားအဆင်းမှ တစ်ပါးသော၊ တံ ဧကရူပမ္ပိ-ထို တစ်ခုသော အဆင်းကို လည်း၊ အဟံ-ငါ ဘုရားသည်၊ န သမနုပဿာမိ-မြင်တော်မမူ။

မိန်းမရဲ့ စိတ်ကို ဆွဲဆောင်နိုင်တဲ့ အဆင်းဟာ ဘယ်အဆင်းတုန်းဟု ဆိုရင် ယောက်ျား အဆင်းပဲ၊ ဒီ ပစ္စည်းတွေကို လိုချင်တယ်, သိပ် လိုချင်တယ်၊ အဝတ်တွေ အစားတွေ၊ အဝတ်ကောင်း ကြိုက်တယ်, အစားကောင်း ကြိုက်တယ် ဆိုပေမယ်လို့ စိတ်ထဲမှာ ယောက်ျား ရူပါရုံ အဆင်းလောက် စိတ်မထိခိုက်ပါ ဘူး၊ ယောက်ျားအဆင်း, ယောက်ျား ရူပါရုံကို မြင်ရလို့ရှိရင် မိန်းမများရဲ့ စိတ်ဟာ အင်မတန် ထိခိုက်ပါတယ်၊ တရားတော်က အပြန်အလှန်ပဲနော်။

အသံ သဒ္ဒါရုံ။ ။ တစ်ခါ, သဒ္ဒါရုံ ယောက်ျားတွေ ဘယ်လောက် စကားပြော ကောင်းကောင်း၊ ယောက်ျားအချင်းချင်း သိပ်ပြီး မဆွဲဆောင် နိုင်ဘူး၊ မိန်းမကျတော့ ယောက်ျား သီချင်း ဆိုလိုက်တယ်ဆိုရင်ပဲ စိတ်ကို ထိခိုက်လို့။

တစ်ခါ, မိန်းမများရဲ့ အသံကိုလဲပဲ ယောက်ျားတွေက အသံ ကြားရင်ပဲ တချို့ အသံကောင်းတာတော့ မဟုတ်လှပါဘူး၊ မကောင်းပေမယ်လို့ မိမိ ချစ်တဲ့သူရဲ့ အသံကြားရင်ပဲ စိတ်ဟာ ရင်ထဲမှာ အေးပြီးတော့ နေသလိုလို၊ အဲဒီလို အသံက စိတ်ကို သိပ် ဆွဲတာပဲတဲ့၊ အတူတူပဲ။

ယထယိဒံ ဘိက္ခဝေ ဣတ္ထိဂန္ဓော၊

ယထယိဒံ ဘိက္ခဝေ ပုရိသဂန္ဓော။၁။ အဂုတ္တိုရ်, ပ-တွဲ, နှာ-၁။

အနံ့ ဂန္ဓာရုံ။ ။ ယောက်ျားရဲ့ ပင်ကို ကိုယ်နံ့က မိန်းမစိတ်ကို ဆွဲဆောင်နိုင် ဆုံးပဲတဲ့၊ ဒီအထဲမှာ ပြုပြင်ထားပြီးတော့ အမွှေးအကြိုင်တွေနဲ့ ပါလာလို့ရှိရင် သူက အမွှမ်းတင်တာပဲ၊ နဂို ကိုယ်အနံ့နဲ့ပဲ ဆွဲဆောင်တယ်၊ မိန်းမရဲ့ ကိုယ်အနံ့, အဲဒီ အနံ့ကပေါ့လေ၊ မဆိုးဝါးရင် မဆိုးဝါးရင်, တချို့ တော့ ကိုယ်အနံ့တွေက ဆိုးဝါးပါတယ်၊ အနံ့က မဆိုဝါးလို့ရှိရင် မိန်းမရဲ့ ကိုယ်အနံ့ဟာ ယောက်ျားရဲ့စိတ်တွေကို အဆွဲဆောင်နိုင်ဆုံးပါပဲတဲ့။

ယထယိဒံ ဘိက္ခဝေ ဣတ္ထိရသော၊

ယထယိဒံ ဘိက္ခဝေ ပုရိသရသော။၂။ အဂုတ္တိုရ်, ပ-တွဲ, နှာ-၂။

အရသာ ရသာရုံ။ ။ ဒီ မိန်းမရဲ့ အရသာ, ယောက်ျားရဲ့ အရသာ ဆိုတော့ကာ ဒီလို မိန်းမ ချက်ပြုတ်ပြီးတော့ ကျွေး, မိန်းမက ပြုပြင် ပြီးတော့ ကျွေး၊ ဒီ အရသာကလေးဟာ ရိုးရိုး ဟိုတယ်တို့ ဘာတို့ သွားစားလို့ ကောင်းတာက တစ်မျိုးကောင်းတာပဲ၊ ဒါပေမယ်လို့ ကိုယ့်ဇနီး ကိုယ့်ချစ်သူက ပြုပြင်ပြီး ကျွေးတဲ့ အရသာက တယ်မြိန်တယ်တဲ့။

ဒီ ယောက်ျားများကလဲ ဒီလိုပဲ၊ အဲ-အဲဒီ မိမိဇနီးကို ဆိုပါတော့ နေထိုင် မကောင်းလို့ ဒီဟာလေး စားလိုက်ပါနော်၊ စားလိုက်စမ်းပါ၊ အဲဒီ ဆေးလေး စားလိုက်စမ်းပါ၊ မစားချင်ဘူး ဆိုပေမယ်လို့, ယောက်ျားက သာသာယာယာ ကရုဏာကြီးစွာနဲ့ ပြောလို့ရှိရင် သူ စားဖြစ်တယ်၊ စားနိုင်တယ်၊ စားရက်တယ်၊

အဲဒီ အရသာ ယောက်ျားက ပြုပြင်ပေးလို့ရှိရင် အင်မတန် ဝမ်းသာတယ်။

ဒါကြောင့် ဒါကြောင့် ဘုန်းကြီးတို့ စာက သိလွန်လွန်းလို့၊ လူတွေက အ,လွန်းလို့၊ မပြုပြင်တတ်ကြဘူး,မပြုပြင်တတ်ကြဘူး၊ အဲ-ကိုယ့်ဇနီး ချစ်သာ ချစ်ကြတယ်၊ မချစ်တတ်ကြဘူး၊ အဲဒီ စာက အဲဒီလောက် သေချာနေတယ်၊

အရသာဆိုတဲ့ဟာ ပြုပြင်ပြီးတော့ ကျွေးတဲ့ အရသာပဲ။

ဒါကြောင့် တချို့ ဟို ဆေးရုံတို့ ဘာတို့ ဆရာမလေးတွေ ဘာလေးတွေ အပြောအဆို ပြုပြင်ရတယ် သင်ရတယ်ဆိုတာ ဒီ အဓိပ္ပာယ် ရှိတယ်၊ ဒါကြောင့် သူတို့ ဆရာမလေးတွေ သန့်သန့်ရှင်းရှင်း နေရတယ်၊ စကားပြောတဲ့အခါ ချိုချိုသာသာ လူမမာတွေကို သက်သာအောင် ပြောရတယ်၊ လူမမာတွေကို စားချင်အောင် ဆေးတို့ ဘာတို့ကို ပြောဆိုပြီးတော့ ကျွေးရတယ်၊ ဒါက လူမမာတွေ များလွန်းလို့ မတတ်နိုင်လို့သာကိုး၊ တကယ် ပြုပြင်နိုင်လို့ရှိရင် အင်မတန် ကောင်းတာပဲ, အင်မတန် လမ်းမှန်တာပဲ။

သူများ မပြောနဲ့, တစ်ခါတုန်းက ဘုန်းကြီးတို့ရဲ့ ဘုရားအလောင်း မဟော်သဓာကို သိန်း, ဒေဝိန်း, ကာမိန်းတို့က ကုန်းတိုက်လို့၊ အဲ-{အရှင် မင်းမြတ်ကို ကြံပါလိမ့်မယ်}လို့ ကုန်းတိုက်လို့ ထွက်ကို ပြေးရတာပဲ၊ ထွက် ပြေးတော့ နန်းတော်မှာရှိတဲ့ နတ်သမီးက မဟော်သဓာရဲ့ ပြဿနာ အဖြေလေး တွေကို ကြားရတာ သူ့စိတ်ထဲ တယ်သဘောကျ, မဟော်သဓာ ပြောတဲ့စကား တွေ သူ သဘောကျတယ်၊ အဲဒါတွေ မကြားရတာ ကြာတော့ သူက နည်းနည်း စိတ်ပေါက်တယ်၊ ဒါနဲ့ သူ့ပြဿနာ မေးတယ်၊ ဒီ ပြဿနာ ဘယ်ရက်အတွင်း ဖြေနိုင် ဖြေရော့၊ မဖြေနိုင်လို့ရှိရင် ဘယ့်နှယ်လုပ်မယ်ကိုး၊ ရှင်ဘုရင်ကြီး ကြောက်ပြီး သူကလဲ အပြစ်ရှာထားတာ ဖြစ်တော့ ပြန်ခေါ်ပါလို့ မပြောနိုင်၊ အမတ်ကြီးတွေကို အဖြေခိုင်းတယ်၊ ဒီ ပြဿနာ ဖြေတတ်သူ ရှာလို့ကို မတွေ့ဘူး၊ ကဲ-မဟော်သဓာ ပြန်ခေါ်မှပဲလို့၊ မဟော်သဓာကလဲ ထွက်ပြေးတုန်းကိုက အထင်မလွဲအောင်လို့မို့ ဟို-နိဂုံးမှာရှိတဲ့ အိမ်တစ်အိမ်မှာ အခစား သဘောနဲ့ ဝင်လုပ်တယ်၊ နို့မို့လို့ရှိရင် စစ်သည် စုဆောင်းတယ် ဘာတယ်နဲ့ ရှုပ်နေမှာစိုးလို့ အခစားကို ဝင်လုပ်နေတာပဲ၊ အခစားဆို ထမင်းစား ရေသောက်ပေါ့လေ၊ ဝင်လုပ်နေတာပဲ၊ နောက်တော့ အရပ်လေးမျက်နှာ လိုက်ပြီး ရှာတဲ့အထဲမှာ မြို့တောင်ဘက် ရှာတဲ့ အမတ်က မြင်းနဲ့ စီးပြီးတော့ လိုက်ရှာတဲ့ နေရာမှာ မဟော်သဓာက မြင်ရော၊ အဲဒီ အမတ်လဲ မြင်ရော မဟော်သဓာက သူစားမလို့ ပြင်ထားတဲ့ ထမင်း ခပ်ကြမ်းကြမ်း, အင်း-ဆိုပါတော့ ဆန်ကြမ်းထမင်းတွေ၊ အဲဒီ အမတ်လဲ မြင်ရော {ဟာ-ကနေ့တော့ အမရာ ပြင်ကျွေးတဲ့ထမင်း စာရတော့မှာပဲ}လို့ ဆိုပြီးတော့ အဲဒီ ဆန်ကြမ်းထမင်းကို မစားတော့ဘူး။

ဘုန်းကြီးက သနားလာတယ်, သနားတယ်၊ အမရာ ပြင်ကျွေးတဲ့ထမင်း စားရတော့ ဟို အလောင်းတော်ကြီး ဘယ်လောက် သူ သဘောကျနေလဲလို့ ဟိုမှာ ခပ်ကြမ်းကြမ်းလဲ ဖြစ်တယ်၊ အင်း-သူ့ဘာသာသူ ဖြစ်သလို စားရတဲ့ ထမင်းကို ကနေ့ အမရာက မေတ္တာ အပြည့်အစုံနဲ့ ပြင်ပြီးတော့ကျွေးတဲ့ ထမင်းကို သူစားရတော့မှာ၊ အဲဒါကြောင့် ဒီထမင်း မစားပဲ နေလိုက်တယ်။

ဒါ လူတွေ နားမလည်ဘူး၊ နားမလည်ကြလို့ မနေ့တုန်းက အသက်ရှည် ရေးထဲမှာပဲ အိမ်တွင်း ချမ်းသာရေး ပါလာတယ် မဟုတ်လား၊ အိမ်တွင်း နားမလည်လို့ ဒီလို ဖြစ်နေကြတာ၊ အင်မတန် တစ်ယောက် တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ လက်ထပ်ပြီးတဲ့အခါကစပြီး ဒီ ချမ်းသာရေးကို အမျိုးမျိုး ပြုစုရပါ တယ်၊ အမျိုးမျိုး ထိန်းသိမ်းရပါတယ်၊ အပြန်အလှန် ထိန်းသိမ်းရပါတယ်။

အတွေ့ ဖောဋ္ဌဗ္ဗာရုံ။ ။ ပြီး,တစ်ခါ ဣတ္ထိဖောဋ္ဌဗ္ဗာရုံ ဆိုတာကတော့ ကာမဂုဏ် မေထုန်အတွေ့ပဲ၊ ဒီ ကာမဂုဏ် မေထုန်အတွေ့ဟာ လူတွေကတော့ အမှတ်တမဲ့နဲ့ ကာမဂုဏ် မေထုန်အတွေ့ကို ပြီးတယ်ပဲ သိတယ်၊ ဟုတ်တယ်၊ ဒါ ဖြစ်တယ်၊ ဒါပေမယ်လို့_ ဟို သန္ဓေ တည်ဖို့ရာ အမျိုးသား အမျိုးသမီး အလောင်းကလေးတွေက ဒီအချိန်ကို သူတို့ စောင့်မျှော်နေတယ်, တချို့မှာ အိမ်အနီးအပါးမှာ၊ ဆိုပါတော့ တစ္ဆေပဲ ဖြစ်နေနေ, နတ်ပဲ ဖြစ်နေနေ မိဘနှစ်ပါး ပေါင်းသင်းတဲ့အချိန်ကို သူတို့ စောင့်မျှော်နေတယ်၊ အမိရဲ့ သားအိမ်ထဲမှာ သွေးသားနှစ်ခု ရှိနေတဲ့အချိန် သူတို့ သန္ဓေတည်ဖို့ အဆင်အပြေဆုံးပဲ၊ အဲဒါကို ကြည့်နေတယ်။

ဒါကြောင့် ဘုန်းကြီးက သန့်သန့်ရှင်းရှင်းနဲ့ နေကြ အိပ်ကြပါ၊ သန့်သန့် ရှင်းရှင်းနဲ့ ရွှင်ရွှင်ပျပျ နေကြပါ၊ ဘာပြုလို့တုန်း, သန္ဓေသူကလေး သန္ဓေသား ကလေး မျှော်နေတယ်၊ ရောက်လာတတ်တယ်၊ ရှိလာတတ်တယ်။

ဒီအခါမှာ ဘုရားအလောင်းများကျတော့ မယ်တော်ကြီးက အဲဒီနေ့မှာ ဥပုသ် စောင့်ပြီးတော့လပြည့်နေ့ ဥပုသ်နေ့မှာ ဥပုသ်စောင့်ပြီးတော့ နေတဲ့အချိန်မှာ သန္ဓေ တည်ပါတယ်၊ ဘယ့်နှယ် မိဘနှစ်ပါးလဲ အတူ မစပ်ယှက်ပါဘဲလား၊ ဘယ့် နှယ်ကြောင့် သန္ဓေတည်နိုင်လဲဆိုတော့၊ ဒီလိုလေ မိဘနှစ်ပါး အတူ စပ်ယှဉ်တာက တစ်ကြိမ်လောက်ဆိုရင် ၇-ရက်လောက် သန္ဓေတည်ဖို့ရန် အခွင့်ရှိတယ်၊ တချို့များ ၁၅-ရက်လောက် သန္ဓေတည်ဖို့ရာ အခွင့်ရှိတယ်လို့ ပြောပါတယ်။

ဒါကြောင့်မို့လို့ ဒီ မိဘနှစ်ပါးဟာ ပေါ့ပေါ့ဆဆကလေး ဒီလို မဟုတ်ရဘူး၊ သန္ဓေတည်မည့် ကလေးကလေးရဲ့ လာမည့် အစီအစဉ်ကို ကြည့်ပြီးတော့ မိမိတို့ စိတ်ချမ်းချမ်းသာသာကလေး ပျော်ပျော်ရွှင်ရွှင်ကလေး သန့်သန့်ရှင်းရှင်း ကလေး ဒီလို ပျော်ပျော်ပါးပါး နေရပါတယ်။

လောကီကျမ်းအလို။ ။ ဘုန်းကြီးတို့ ဒီ ကျမ်းစာ ပိဋကတ်က မဟုတ်ဘူး၊ လောကီကျမ်းစာကဖြင့် ဘယ်လောက်များ ပြော သတုန်းလို့ ဆိုတော့ အဂမဂါ သမ္ဘဝတိ, ဟဒယမပိ ဇာယတိ၊

အတ္တာ ဝေ ပုတ္တော နာမာတိ, သ ဇီဝ သရဒေါ သတံ။

အဂမဂါ-အဂါကြီးငယ်တိုင်း, အဂါကြီးငယ်တိုင်းမှ၊ သမ္ဘဝတိ-ဖြစ်၏၊ ဟဒယမပိ-စိတ်နှလုံးမှာလည်း၊ သမ္ဘဝတိ-ဖြစ်၏၊ ပုတ္တော နာမ-သားဆိုတဲ့ အရာဝတ္ထုဟာ၊ အတ္တာ-ငါ့ ကိုယ်ပါပဲ။

ဒီသား ဟာ ဘယ်က ဖြစ်လာသလဲဆိုရင် သူတို့က ပဋိသန္ဓေ ကမ္မဇရုပ်တွေ ဘာတွေ ဆိုတာ မသိဘူးလေ၊ ဒီ အတ္တ-သားဆိုတဲ့ အရာဝတ္ထုဟာ ဒီ မိဘနှစ်ပါး အတူ အိပ်စက်တုန်းက စိတ်လဲ ပါတယ်, ရုပ်လဲ ပါတယ်, ငါ့ နှလုံးသားတွေလဲ ပါတယ်၊ ဒီ သွေးသားထဲမှာ။

အဲဒါကြောင့် နှလုံးသားတွေက ဖြစ်လာတဲ့ ဒီ သားကလေးဟာ ငါပဲ၊ သူများ မဟုတ်ဘူး၊ ငါ့ နှလုံးသားက ဖြစ်လာတဲ့ သားမို့လို့ သူများ မဟုတ်ဘူး၊ ဒီ သားဟာ ငါပဲ၊ သိပ် ချစ်တာ၊ သားကို သိပ်ချစ်သလိုပဲ, သမီးကိုလဲ သိပ် ချစ်တယ်၊ သူများမဟုတ်ဘူး ငါပဲ။

အတ္တာ ဝေ ပုတ္တော နာမာတိ, သ ဇီဝ သရဒေါ သတံ။

သ (သော)-ထို ငါဆိုတဲ့ သားကလေးသည်၊ သရဒေါ သတံ-အနှစ်တစ်ရာ ကာလပတ်လုံး၊ ဇီဝ-အသက်ရှည်စေသတည်း။

အင်မတန် မေတ္တာပို့နေတာပဲ, အင်မတန် မေတ္တာစူးနေတာပဲ သားပေါ်မှာ, သမီးပေါ်မှာ၊ ဒါက လောကီဆရာတွေက ဆိုတာနော်၊ နည်းနည်းတော့ လွန်တယ် လို့ ထင်တယ်၊ နည်းနည်းတော့ လွန်တယ်လို့ ထင်ပေမယ်လို့ ဒါ ကောင်းပါ တယ်လေ၊ ဒီလိုပဲ မှတ်လိုက်တာပဲ၊ သားဆိုတာ သူများ မဟုတ်ဘူး၊ ငါပဲ, သားဆိုတာ ငါပဲ။

တစ်ခါတလေ သားက မိုက်လို့ အဖေကို သူကများ ဆဲလို့ရှိရင် အဖေက ပြုံးပြီးတော့ {အင်း-ငါကလေးပဲ} အဖေက စိတ်မဆိုးရက်ဘူး သိလား၊ သူ ဆဲပေမယ်လို့ သူ မလိမ္မာလို့ ဆဲတာ၊{ငါကလေးပဲ} ဒီလောကီက လောကီက ဒီလိုကိုး၊ ဘုန်းကြီးမှာတော့ကာ လောကီစာရယ်, တရားတော်ရဲ့စာရယ်, အဲသလို စုံပြီးတော့ပေါ့လေ၊ စဉ်းစားရပါတယ်, စဉ်စားရပါတယ်။

ဒါကြောင့်မို့လို့ ဘုန်းကြီးကလေ ပစ်ပစ်ခါခါကြီး မဟုတ်ဘူး၊ ကျောင်း သံဃာတွေ, ဒကာ ဒကာမတွေ ရှေး အဆက်တွေရှိတယ်၊ ရှေးအဆက်တွေ ရှိတယ်၊ ရှေး အဆက်တွေက လာခဲ့တာဖြစ်လို့မို့ ကျောင်းသံဃာတွေ, ဒကာ ဒကာမတွေ သူတို့ လိမ္မာရင် ကောင်းတယ်၊ မလိမ္မာလို့ရှိရင် နောက်တစ်သက် ပြန်တွေ့ရမှာ ခက်တယ်၊ ဘုန်းကြီးမှာတော့ ကိစ္စတွေ ပိုများပြီးတော့ နေတယ်။

ဒီဟာနဲ့ ဗုဒ္ဓမြတ်စွာက ယောက်ျားရဲ့ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ အတွေ့တွေဟာ မိန်းမရဲ့ စိတ်ကို အဆွဲဆောင်နိုင်ဆုံး၊ မိန်းမရဲ့ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတွေဟာ ယောက်ျားရဲ့ စိတ်ကို အဆောင်နိုင်ဆုံး, အဆွဲနိုင်ဆုံး၊ ဒီလောက် ဆွဲဆောင်နိုင်ဆုံးဟာ တခြား ဘာ တစ်ခုကမှ မရှိပါဘူးလို့ ဗုဒ္ဓမြတ်စွာက အမိန့်လဲ ရှိတော်မူတယ်၊ လက်တွေ့ ကလဲ ဒီအတိုင်း ဖြစ်နေကြတယ်။

ဒါပေမယ့် တစ်ခါတော့ အားအားရှိလို့ ရှင်ဘုရင်တွေ စကားစမြည် ပြောကြတယ်၊ တချို့ ရှင်ဘုရင်က အာရုံထဲမှာတော့ ရူပါရုံ အကောင်းဆုံးပါပဲ၊ တချို့ ရှင်ဘုရင်က မဟုတ်ပါဘူး, သဒ္ဒါရုံ အကောင်းဆုံးပါပဲ၊ တချို့ ရှင်ဘုရင် က မဟုတ်ဘူး, ဂန္ဓာရုံကို ကျုပ်တော့ သဘောအကျဆုံးပဲ၊ တချို့ ရှင်ဘုရင် က ရသာရုံ အစားအသောက် ကောင်းကောင်း စားနေရရင် ပြီးတာပဲ၊ တချို့ ရှင်ဘုရင်က မဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် တွေ့ထိပြီး နေရတာ အကောင်းဆုံးပဲ၊ သူတို့ ရှင်ဘုရင်ချင်းဆိုတော့ ဘယ်သူ့ ဘယ်သူမှ စကား နားမထောင်ဘူး၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုး။

ဟာ-ဗုဒ္ဓမြတ်စွာတော့ အကုန်လုံး သိတော်မူတာပဲ၊ ဗုဒ္ဓမြတ်စွာ သွား လျှောက်ချေရအောင်, မရှက်ပါဘူး၊ ရှင်ဘုရင်တွေက သိလား၊ ဗုဒ္ဓမြတ်စွာဆီ သွားကြရော။

ဟင်း-သွားပြီးတော့ သူတို့ ငြင်းတဲ့ အကြောင်းတွေကို လျှောက်, လျှောက်ပြီးတော့မှ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးလို့ ယူဆထားတဲ့ဟာ ဘယ်လိုပါတုန်း မြတ်စွာဘုရားလို့ လျှောက်တော့ ဗုဒ္ဓမြတ်စွာက ကြိုက်ရာပါပဲတဲ့၊ ကိုယ် ကြိုက်ရာ ကြိုက်ရာပဲ၊ ကောင်းလိုက်တာ ဘုန်းကြီးတို့ ဘုရားက၊ ဘယ်ဟာ အရေးကြီးဆုံး, ဘယ်ဟာ အရေးကြီးဆုံး မလာဘူး၊ ကိုယ်ကြိုက်ရာ ကြိုက်ရာပဲတဲ့။

ရူပါရုံကို အားစိုက်တဲ့သူ, သဘောကျတဲ့သူကလဲ ရူပါရုံအကောင်းဆုံး ပေါ့လေ၊ ဒီလိုပဲ သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတွေလဲပဲ ကိုယ်ကြိုက်ရာ ကိုယ်ကြိုက်ရာပဲ၊ ရှင်ဘုရင်တွေ သဘောကျလို့ အငြင်း မရှိတော့ဘူး၊ ဟုတ်တယ်, ကိုယ်ကြိုက်ရာ အကောင်းဆုံးပါပဲ။ (ကောသလသံယုတ်, ပဉ္စရာဇသုတ်။) ဒီတော့ကို ဒီအာရုံတွေက အဲသလောက် စိတ်ကို ဆွဲဆောင်နိုင်တော့ အပြစ် ပေါ်လာတယ်၊ ဘယ်လို အပြစ်ပေါ်လာတုန်း၊ ဒီအာရုံ ခံစားဖို့ရာ ဟိုနောက် ထပ် အသစ်တွေ့, ဟိုက အသစ်တွေ့, ဒီက အသစ်တွေ့၊ ဒီ စိတ်ကလဲ မထိန်းနိုင်ဘူး။

စိတ်ထိန်းပါ။ ။ အမှန်ကတော့ စိတ်ကို ထိန်းထားရမှာ၊ စိတ်ကို ထိန်းထားတဲ့ နည်းလဲ နောက် လာမယ်လေ၊ စိတ်ကို ထိန်းထားရမယ်၊ စိတ်ကို မထိန်းဘူး၊ စိတ်ကို ပေါက်လွှတ်ပေးလိုက်တယ်ဆိုတော့ အိမ်ထောင် ကျပြီးလဲ စိတ်က လွတ်ရက်ပဲ၊ စိတ်ဟာ ဒိပြင် ဘယ်သူ့ တွေ့ပြန်လဲ၊ သူက စိတ်တစ်မျိုး ပြောင်းနေပြန်, အိမ်ကဟာလဲ မဟန်သလို ထင်နေပြန်၊ ဒါစိတ်တွေ ရှုပ်နေတာပါ၊ စိတ်တွေ ရှုပ်နေတာက သိပ်ထူးတာတော့ မဟုတ်ဘူး သိလား၊ နို့ပေမယ်လို့ စိတ်က သိပ်ဆိုးတော့ နေဦး၊ ဒါနဲ့ စပ်ပြီးတော့ သတိရတုန်း ပြောရဦးမယ်။

ခွက်သာ လွဲတာ အရသာ ဘာမျှ မထူး။ ။ ရှေးတုန်းက ရှေးတုန်းက ပုရောဟိတ် ပုဏ္ဏားကြီး, မိဖုရားကို စွဲနေတယ်၊ ခက်ကို ခက်တာ, ခက်တာက ပုရောဟိတ်ပုဏ္ဏား က ရှင်ဘုရင်ရဲ့ မိဖုရားကို စွဲနေတယ်၊ ရှင်ဘုရင့်မိဖုရားကို စွဲနေတာလဲ မိဖုရားက သိတယ်၊ အခြေအနေ အကဲခတ်လို့ရှိရင် သိတယ်၊ ဘာပြုလို့ တုန်းဆိုတော့ တစ်ချိန်မှာ မိဖုရား အိပ်နေတဲ့ လမ်းနဲ့ ခပ်နီးနီးမှာ ပုဏ္ဏား ဖြတ်သွားတယ်၊ မိဖုရား အိပ်နေပုံကလဲ နည်းနည်း မရှင်းမလင်းနဲ့ တူရဲ့၊ ဒါနဲ့ ပုဏ္ဏား စွဲနေတယ်။

ပုဏ္ဏား စွဲနေတာက မစားနိုင် မသောက်နိုင် ဖြစ်နေတယ်၊ ပြောလဲ မပြောဝံ့၊ ဒါနဲ့ ရှင်ဘုရင်မှာလဲ အင်မတန် အကျိုးများတယ်, တိုင်းပြည်မှာလဲပဲ အင်မတန် အကျိုးများတယ်၊ ဒါနဲ့ မိဖုရားကလဲ ပညာရှိ၊ {ပုဏ္ဏား မစားနိုင် မသောက်နိုင်ဖြစ်တာ ဘယ်နှစ်ရက် ရှိပြီတုန်း}၊ နည်းနည်း သူ့ဟာသူ ပြန်တွေးတယ်၊ ဒီ ပုဏ္ဏားဟာ ငါ့ကိုများ စွဲနေတာ ဖြစ်နေမလား၊ ဒါနဲ့ {အင်း-ပုရောဟိတ်ကြီးတော့ ဆေးတိုက်ရဦးမယ်၊ ပုရောဟိတ်ကြီး မစားနိုင် မသောက်နိုင် ဖြစ်နေတာ ဆေးတိုက်ရဦးမယ်} တိုက်ပါ တိုက်ပါကိုး {တိုက်ပါ တိုက်ပါ}၊ ဒီ {မြေခွက်ရယ်, ငွေခွက်ရယ်, ရွှေခွက်ရယ်} ခွက် သုံးခွက်မှာ ပုန်းရည်ကလေးတွေ ထည့်ပြီးတော့ တစ်ဇွန်းစာစီပေါ့လေ။

{အင်း-လာ လာ လာ, ပုရောဟိတ်ကြီးတော့ ဆေးတိုက်ရဦးမယ်}၊ မြေခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို တိုက်တော့ {ဒီဆေး ဘယ့်နှယ်လဲ} {ဖန်တန်တန်ပါဘုရာ့}၊ ဒုတိယ ငွေခွက်နဲ့ ဆေးတိုက်ပြန်တယ်၊ ငွေခွက် ကလေးကလဲ လှက လှနဲ့၊ {ဘယ်နှယ်လဲ}၊ {ဖန်တန်တန်ပါဘုရာ့}၊ နောက်တစ်ခါ ရွှေခွက်ကောင်းကောင်းနဲ့ တိုက်ပြန်တယ်၊ ခုနက ပုန်းရည်ပါပဲ၊ {ဘယ်နှယ်လဲ}၊ {ဖန်တန်တန်ပါဘုရာ့}၊ အေး ခွက်သာ လွဲတာ အရသာ ဘာမှ မထူးဘူး၊ ဒါနဲ့ ပုဏ္ဏား သဘောပေါက်ပြီးတော့ သူ့ ပုဏ္ဏေးမနဲ့ ဖန်တန်တန်နဲ့ ပြီးကြရော။

စိတ်မထိန်းလို့ မှားယွင်းကြ။ ။ ဒီတော့ကာ အင်မတန် စိတ်တွေက ဆန်းကြယ် လွန်းလို့၊ ဒီ အာရုံတွေက ဒီလောကကြီးမှာ ဆန်းကြယ်လွန်းလို့၊ ရှုပ်ထွေးပြီးတော့နေတာ၊ ဘယ်လောက်များ ဆိုးတယ်လို့ ထင်သလဲ၊ ရှင်ဘုရင်တွေ အမှားမှား အယွင်းယွင်းနဲ့၊ ဒီ ကိစ္စကြောင့် အမှားမှား အယွင်းယွင်း ဖြစ်ရတယ်။

အင်းဝမှာတုန်းက ဘုန်းကြီးက ရာဇဝင် ကောင်းကောင်း မမှတ်မိလို့၊ ဟို တောင်ငူရှင်ဘုရင်နဲ့ အင်းဝရှင်ဘုရင် သူတို့ အဆက်အသွယ်ရှိတယ်ထင်တယ်၊ တောင်ငူဘုရင်ရဲ့ နှမတော်နဲ့ အင်းဝရှင်ဘုရင်နဲ့ လက်ဆက်တယ် ထင်တယ်၊ သူတို့ရဲ့ မွေးဖွားလာတဲ့ သားနဲ့ သမီးကို လက်ဆက်တယ်လို့ ထင်တယ်၊ နောက်တော့ သားနဲ့သမီးက မတည့်ကြဘူး၊ မတည့်ကြတော့ သားက သမီးကို တွန်းလိုက်တာ ခုတင်ပေါ်မှာ ခုတင်စွန်းနဲ့ ခိုက်မိလို့ သွေးထွက်တယ်၊ အဲဒီတင် မိဖုရားက ဝမ်းနည်းသွားတယ်၊ သမီး အနှိပ်စက်ခံရလို့။

ဝမ်းနည်းတော့ မိဖုရားက ဘာပြောတုန်းဆိုတော့ {မောင်ကောင်း နှမ တော့ ဖြစ်ပါရဲ့, လင်ကောင်းမယား မဖြစ်ရလို့ သမီး အနှိပ်စက်ခံရတယ်}၊ လင်ကောင်းမယားဆိုတာ လင်သတ္တိနည်းလို့ပေါ့၊ အဲဒီ စကားအရ ရှင်ဘုရင်က မခံနိုင်ဘူး ထတိုက်တာပဲ, စစ်ကိုတိုက်တာ, စစ်တိုက်တော့လဲ ရှုံးတယ်။

ဒါကြောင့် ဒီ အာရုံအတွေ့ဟာပေါ့လေ၊ မယားနဲ့ ရန်ဖြစ်ရင် ယောက်ျား တွေ ပါတာ ဘာမှ မဆန်းဘူး၊ ဘုန်းကြီးက ဘာမှ မဆန်းဘူး၊ ယောက်ျား တွေက ထိန်းနိုင်ဖို့သာ အရေးကြီးတယ်၊ အဲ-ယောက်ျားတွေ ရန်ဖြစ်တော့ မိန်းမတွေက ပါတယ်၊ ဒါ ဘာမှ မဆန်းဘူး၊ ထိန်းနိုင်ဖို့သာ လိုတယ်၊ ဒီ အာရုံတွေဟာ နောက်ကနေပြီးတော့ တကောက်ကောက် အကုသိုလ်ဖြစ်စရာ, အမှားအယွင်း ဖြစ်စရာ အများကြီး အများကြီး။

တစ်ခါတုန်းက ပြောဦးမယ်၊ ဒီ မိန်းမတွေ အပြစ်ပြောရင် ယောက်ျားတွေ အပြစ်လဲ ပြောပါ့မယ်နော်၊ အဲဒီတော့ မိန်းမတွေ နှာခေါင်း မရှုံ့နဲ့၊ များများ မပြောဘူး၊ နှစ်ခုတည်း ပြောမယ်၊ ယောက်ျားတွေ အတွက်လဲ နှစ်ခုတည်း ပြောမယ်၊ များများ မပြောဘူး။

မရီးနဲ့မတ် လင်ကိုသတ်။ ။ တစ်ခါတုန်းက မတ်ကလေးနဲ့ အစ်ကို့ မိန်းမနဲ့ ဖောက်ပြန်တယ်၊ ဖောက်ပြန်တော့ မိန်းမက {ဒါ မင်းအစ်ကို သိလို့ရှိရင် ဒီ အမှုတွေ တစ်နေ့နေ့ပေါ်ရင် ကျော်မကောင်း ကြားမကောင်း ဖြစ်မယ်၊ မင်း အစ်ကိုကို သုတ်သင်လိုက်ပါ}၊{မတော်တာပဲ မမရာ}၊ ဒီလိုနဲ့ နေပြန်၊ နောက်တစ်ခါ ပြောပြန်၊ သုတ်သင်ချင်လာပြီ၊ သူတို့ ဖောက်ပြန်မှုကလဲ မလျှော့ဘူး၊ နောက်တစ်ခါ ပြောပြန်တော့ {ဘယ့်နှယ်လုပ် သုတ်သင်မတုန်း}၊ {ငါ ကြံမယ်လို့ဆိုပြီး} မယားက ယောက်ျားကို {အမလေး- လာပါဦး၊ ခေါင်းတွေ ဘာတွေ, သန်းတွေ ဘာတွေ ရှာရအောင်လို့}၊ ခေါင်း သန်းရှာ၊ {ခေါင်းတွေကလဲ ပေလို့၊ ခေါင်းတွေ ဘာတွေ လျှော်ပါဦး ဘာဦးနဲ့} မိန်းမက အင်မတန် ယုယလိုက်တာတဲ့၊ ယောက်ျားကလဲ သိပ်ချစ်တာပဲ သူ့မိန်းမကို၊ {ဘယ်သွားပြီးတော့ ခေါင်းလျှော်ရမှာလဲ}၊ {ဟို-ရေကန်နား, ကမ်းနားစပ်လေ} ဘယ်နားဆီမှာ အဲဒီနား သွားလျှော်ပါ၊ ခုနက မတ်ကလေး ကိုတော့ အဲဒီနား မင်း ဓားကိုင်ပြီးတော့ အရိုးရှည်ရှည်နဲ့ ဓားကိုင်, အခွင့် သာလို့ရှိရင် အဲဒီနား မင်းသတ်ခဲ့, ပြောပြီးသား၊ ယောက်ျားကလဲ မိန်းမခိုင်းတဲ့ အတိုင်း သွားရှာတယ်လေ၊ ဟိုမှာ ရေထဲက ခေါင်းလျှော်ရင်း ရေလဲငုပ်ရော ဟိုက အရိုးရှည်ရှည် ဓာနဲ့ လှမ်းပြီးတော့ ခုတ်လိုက်တာ သေရော၊ လက်စ လက်န မပေါ်ဘူး၊ ပြီးကြရော။

မြွေဘဝ။ ။ အဲဒါ ယောက်ျားက မိန်းမကို စွဲပြီး သေသွားတယ်၊ သေသွား တော့ ဒီအိမ်ပေါ်မှာ လာပြီးတော့ မြွေ ဖြစ်တယ်၊ လင်းမြွေလိုလို, ခုနက မြွေစိမ်းလိုလိုပေါ့လေ၊ အဲဒီလို မြွေကို လာဖြစ်တာပဲ၊ မြွေမျိုးလာဖြစ် တော့ သူ့မိန်းမကို မြွေဘဝကနေပြီး ချစ်ရှာတာ၊ တကြည့်ကြည့်နဲ့၊ ဒါနဲ့ တစ်ချိန်တော့ ခုနက သူ့မတ်နဲ့ပေါ့လေ၊ ဒီ မရီးနဲ့ ပျော်ပါးနေတုန်း သူ အိမ်ပေါ် ကနေ ဟိုလျှောက် ဒီလျှောက်ရာက သူလဲပဲ စိတ်မထိန်းနိုင်လို့လား မသိဘူး လွန်ပြီး ကျသွားရော၊ ဟာ-ဒီ မြွေ ဘယ့်နှယ်ဆိုပြီးတော့ သတ်ကြပြန်ရော။

ခွေးဘဝ။ ။နှစ်ဘဝ ရှိပြီ သတ်တာ၊ နောက်တော့ သူ့မိန်းမကို စွဲလမ်းမှုက မပျောက်တော့ ဒီအိမ်မှာ သူ ခွေးကလေး လာဖြစ်တယ်၊ ဒုတိယ ခွေးကလေး လာဖြစ်တယ်၊ ခွေးကလေး လာဖြစ်လို့ သူနည်းနည်း သွားနိုင် လာနိုင်တယ်ဆိုလို့ရှိရင်ပဲ မိန်းမနောက် တကောက်ကောက် လိုက်နေတာပဲ၊ ဒီတော့ ပတ်ဝန်းကျင် အိမ်တွေက သူ့ကို ကဲ့ရဲ့ကြတယ်၊ လှောင်ကြတယ်၊ {ဟေ့-ခွေးမုဆိုးကြီး ဘယ်သွားမလို့တုန်း, ဘာတုန်း}နဲ့ လှောင်ကြတော့ မိန်းမကလဲ ရှက်ပြီ၊ ရှက်တော့ {အင်း-ဒီ ခွေးတော့ သတ်မှပဲ} ဆိုပြီးတော့ မိန်းမက သူ့နည်း သူ့ဟန်နဲ့ ဒီ ခွေးကလေးကို သတ်ပါရော၊ သုံးဘဝ ရှိပြီ။

နွားဘဝ။ ။ နောက်တစ်ခါ ဒီ အိမ်မှာပဲ နွားကလေး လာဖြစ်ပြန်တယ်၊ နွား ကလေး လာဖြစ်ပြန်တော့လဲ နွားကလေး အရွယ်ကလေး နည်းနည်း သွားတတ်တယ် ဆိုလို့ရှိရင် မိန်းမနောက် လိုက်နေတာပဲ၊ သနားစရာကလေး, သိပ် သနားစရာ ကောင်းတာပဲ၊ အဲဒါနဲ့ သူ့ကို လှောင်ကြ, ပြောင်ကြတော့ သူတစ်ခါ ဒီ နွားကလေးကို သတ်ပြန်ရော၊ သတ်တာ လေးဘဝ ရှိပြီ၊ ဒါကြောင့် {မရီးနှင့် မတ်, လင်ကိုသတ်, လေးဇာတ်တိုင်အောင်ပင်}လို့ ဒီလို အထူးတလည် မှတ်ထားကြတယ်။

ရဟန္တာဖြစ်။ ။ ပြီးတော့ နောက်တစ်ချိန်ကျတော့ ဒီ ကလေးက ဒီ မိန်းမဝမ်းထဲ ဝင်စားပြီးတော့ သားကလေး လာဖြစ်ပြန်တယ်၊ ဒီကလေး မွေးကတည်းက သူက ဇာတိဿရဉာဏ် ရတယ်၊ ရလို့ ရှေးဖြစ်ဟောင်းတွေကို အောက်မေ့တော့ {ငါ့ အမေ တယ်ဆိုးပါလား}လို့ အထိကို မခံဘူး၊ ငိုတာပဲ၊ အပွေ့တို့ ဘာတို့ နို့တိုက်ဖို့ဆိုတာ မပြောနဲ့ အထိကို မခံဘူး ငိုတာပဲ၊ ဒါနဲ့ အဖွားက မွေးရတယ်၊ နို့ဘူးနဲ့ ဆိုပါတော့လေ၊ အဲဒီနောက်တော့ နည်းနည်းကလေး နားလည်တော့ အဲဒီ အချိန်လဲ အမေ အထိမခံဘူး၊ နားလည်လို့ မေးလို့မြန်းလို့ ရလောက်တဲ့ အချိန်ရောက်တော့ {ငါ့မြေး ဘာဖြစ်လို့တုန်း, အမေကို ဒီလောက် ကြောက်ရအောင် ဘာဖြစ်လို့တုန်း} {အမေလေး-အမေ မဟုတ်ဘူး} ဒီ ရှေးဖြစ်ဟောင်းတွေ, လေးဘဝသတ်တဲ့ အကြောင်းတွေ ပြောတယ်ကိုး၊ {ဟယ်-ဒီလိုဆိုရင် တို့ မြေးအဘွား မနေကြစို့နဲ့}ဆိုပြီးတော့ ထွက်သွားတာ၊ ထွက်သွားပြီးတော့ ကျောင်းတစ်ကျောင်းမှာ ဒီ ယောက်ျားကလေးကလဲ သကန်းဝတ်, အဘွားက ဘိက္ခုနီကျောင်းမှာ သကန်းဝတ်၊ သံဝေဂရလို့ လောကကြီး အပြစ်ကို မြင်လို့, တရားနဲ့ နေလိုက်တာ နှစ်ယောက်လုံး ရဟန္တာ ဖြစ်သွားကြတယ်။

ဒီလို မိန်းမတွေ အများကြီးကို မပြောလိုဘူး၊ အဲဒီ မိန်းမကတော့ သိပ်ဆိုး တာပဲ, သိပ်ဆိုးတာပဲ၊ သိပ်ဆိုးပေမယ့် သူ့ကြောင့် ရဟန္တာ ဖြစ်ကြတာ။၁။ အဂုတ္တိုရ် အဋ္ဌကထာ, ဒု-တွဲ, နှာ-၁၈၉-၁၉၀။

သူခိုး ဓားရိုးကမ်း။ ။ မိန်းမတစ်ယောက်က တက္ကသိုလ် ဆရာကြီးရဲ့သမီး, တက္ကသိုလ် ပညာရှိ၊ စိတ်ချရလို့မို့ ပေးစားလိုက်တာ၊ သွားရော၊ မြားအတတ်တွေ ဘာတွေ အကုန်လုံး တတ်တယ်၊ သိပ်တော်တဲ့ ယောက်ျား၊ အဲဒါနဲ့ လမ်းမှာ ဓားပြတွေနဲ့ တောပုန်းတွေနဲ့တွေ့တော့ တောပုန်း တွေက ဝိုင်းတော့ ဒီက မြားနဲ့ ပစ်တာပဲ၊ အင်း-မြားနဲ့ပစ်တော့ တောပုန်းတွေ အကုန်လုံး အတုံးအရုံး သေတာပဲ၊ နောက်တော့ မြားကုန်ရော၊ ဒီတင် တောပုန်းဓားပြကြီးနဲ့ လုံးကြထွေးကြတာပဲ၊ သတ္တိ, လုံးနိုင်ပါတယ်၊ အဲဒီ အချိန်မှာ ဓားက မိန်းမလက်ထဲမှာ ဓားကပါတော့ {မိန်းမ ဓားပေး ဓာပေးဟ} ဆိုတော့ မိန်းမက ဒီ တောပုန်းဓားပြကြီးကို ကြိုက်နေတာမို့လို့ ဓားကို တောပုန်းဓားပြဘက် အရိုးလှည့်ပြီး အရိုးပါတဲ့ဘက် လှည့်ပြီး ပေးလိုက်တယ်။

ဒါပေါ့ သူခိုးဓားရိုးကမ်းဆိုတာ ဒါပဲ၊ တောပုန်းဓားပြကြီးက ဓာရိုးဘက်က နေပြီး ဓားလုပြီးတော့ ခုတ်လိုက်တာ ယောက်ျားကြီး သေပါရော၊ ဒီတော့ ဒီ မိန်းမရော မဆိုးဘူးလား၊ နောက် ပြောစရာတွေ အများကြီး ရှိသေးတယ်၊၂။ ဓမ္မပဒ အဋ္ဌကထာ ဒု-တွဲ, နှာ-၃၄၆။ ဇာတ် အဋ္ဌကထာ တ-တွဲ, နှာ-၂၀၅-၂၁၀။

နှစ်ဝတ္ထုလောက်ဆို တော်ပြီ၊ အများကြီး၊ ဘုန်းကြီးက အများကြီး သိထားလို့ လဲပဲ, ဒီ လောကကြီးတော့ ဘယ်လိုပဲဆိုတာ စဉ်းစားလို့ ရနေတယ်လေ။

ယုတ်မာတဲ့ ယောက်ျား။ ။ တစ်ခါ မိန်းမတွေသာလားဆိုတော့ ယောက်ျား တွေကလဲ ယုတ်မာလိုက်တာ မပြောနဲ့တော့၊ ယောက်ျားတစ်ယောက် သူခိုးကြီး, ဘုရင်က သတ်ဖို့ရာ အမိန့်ပေးတယ်၊ သတ်ဖို့ရာ ထုတ်သွားပြီ၊ သူဌေးသမီးက တိုက်ပေါ်က နေပြီးတော့ ကြည့်တော့ ဒီ သူခိုးကြီးကို ကြိုက်နေတယ်၊ သူခိုးကြီး ဆိုပေမယ့် အရွယ်ကောင်း နေမှာပေါ့၊ ကြိုက်လို့ သူ့အဖေကို ပြောတယ်၊ ဒီ သူခိုး ရရင် ရရော, မရရင်တော့ သူ သေမှာပဲ၊ ကြိုက်တယ်ဆိုတာကို သူကိုယ်တိုင်က မသိတော့ ဘယ်လို ကြိုက် မှန်းလဲ သိမှ မသိဘဲကို၊ သူက မရရင် သေတာ့မှာပဲတဲ့, သူက မရရင် သေတော့မှာပဲ၊ ဒါနဲ့ အဖေက ငွေတစ်ထောင် ပိုက်ပြီးတော့ သူသတ်တွေကို လက်ဆောင်ထိုးပြီးမှ ဒီ သူခိုးကြီး ရွေးထုတ်ယူလာခဲ့တယ်၊ သမီးနဲ့ ပေးစားတယ်။၁။ ဓမ္မပဒ, ဋ္ဌ၊ ပ-တွဲ, နှာ-၄၁၃-၄၁၅။ ထေရီ, ဋ္ဌ၊ နှာ-၁၀၂-၁၀၄။

ရက် ဘယ်လောက် ကြာသလဲ၊ လ ဘယ်လောက် ကြာသလဲဆိုတာ မသိဘူး၊ တစ်ချိန်ကျတော့ သူခိုးကြီးက သူ့မိန်းမ သူဌေးသမီးကို ပြောတယ်၊ {ငါ့ကို သတ်မယ်လို့ လုပ်တုန်းက ငါက တောင်စောင့်နတ်ကြီးကို တိုင်တည် တယ်၊ သူ့ကို မသတ်အောင် စောင့်ရှောက်ပေးပါ၊ အရှင်နတ်မင်းကြီးကို ပူဇော်ပသပါမယ်လို့ တိုင်တည်ခဲ့တယ်၊ ဒါကြောင့်မို့လို့ အဲဒီ နတ်မင်းကြီးဆီ သွားပြီးတော့ ပူဇော်ရအောင် မင်းလိုက်ခဲ့ပါ၊ မင်း လက်ဝတ်လက်စားတွေ အကုန်လုံး ယူခဲ့နော်၊ နတ်မင်းကြီး ပူဇော်ရအောင်} သူကလဲ ယုံကြည်ပြီးတော့ လက်ဝတ်လက်စားတွေ အခြွေအရံတွေနဲ့ပါ ပါတယ်၊ တောင်ခြေရောက်တော့ အခြွေအရံတွေ ထားခဲ့ပြီးတော့ သူတို့နှစ်ယောက် တက်သွားတယ်၊ တောင်ထိပ် ရောက်, တောင်စောင်းနားကျတော့{နတ်ပူဇော်ဖို့ မဟုတ်ဘူး၊ ငါက မင်းကို သတ်ပြီးတော့ မင်းလက်ဝတ် လက်စားတွေ ယူဖို့လို့ ခေါ်လာတာ}{အို-ဘယ့်နှယ် ပြောတာလဲ၊ ကျုပ် တစ်ကိုယ် လုံး ပိုင်နေတဲ့ဟာ, လက်ဝတ်လက်စားလဲ ပိုင်တာပေါ့}{ဒီလို မလိုချင်ဘူး၊ ငါ လက်ဝတ်လက်စားပဲ လိုချင်တယ်၊ မင်းကို သတ်ရမှာပဲ} ဒီတင် {ဒီလိုဆိုရင် ကျုပ် အင်မတန် ချစ်လို့ ယူထားတဲ့ မောင့်ကို ကန်တော့ပါရစေ} တောင် စောင်းမှာနော်, တောင်စောင်းမှာ၊ ပတ်ပတ်လည် လှည့်ပြီး ကန်တော့တော့ တောင်စောင်းနဲ့ တစ်ဖက်စီ နေတဲ့အခါမှာ ကန်တော့ဟန် ဆောင်ပြီးတော့ တစ်ခါတည်း တွန်းချလိုက်တာ သူခိုးကြီး သေရော။

ဒါတော့ ဘုန်းကြီးက သဘောကျတယ်၊ သူခိုးကြီးကလဲ မတရားလိုက် တာမှ၊ ကြည့်စမ်းပါဦး၊ သူ့ကို ရွေးနုတ်ပြီးတော့ ယူထားတဲ့ အမျိုးသမီးကို သူက သတ်ပြီးတော့ လက်ဝတ်လက်စားတွေကို ယူမလို့တဲ့၊ ဘယ်လောက်များ မတရားတဲ့ ယောက်ျားလို့၊ အားလုံး ယောက်ျားတွေလို့တော့ မဆိုနဲ့၊ ဒီ ယောက်ျားကတော့ သိပ် မကောင်းတာ အမှန်ပဲ, မကောင်းတာဘဲ။

တစ်ခါလဲ သူဌေးသားတွေ ပြည့်တန်ဆာမကို တောထဲ ခေါ်ပြီးတော့ ပြည့်တန်ဆာမနဲ့ ပျော်ပါး၊ ပြည့်တန်ဆာမကလဲ သူဌေးသားတွေနဲ့ဆိုတော့ လက်ဝတ်လက်စားတွေ ဝတ်ပြီးတော့ သူက အကျ လိုက်လာခဲ့တာ၊ ပျော်ပါးပြီး တော့ သူ့ကို ပေးဖို့ နေနေသာသာ အဲဒီ ပြည့်တန်ဆာမကို သတ်ပြီးတော့ လက်ဝတ် လက်စားတွေ ယူသွားကြတယ်၊ သူခိုးကြီးထက်တောင် ဆိုးကောင်း ဆိုးမလား မသိဘူး၊ ဒီလို ယောက်ျားတွေလဲ မနည်းဘဲ။၁။ ဓမ္မပဒ, ဋ္ဌ၊ ပ-တွဲ, နှာ-၄၁၃, ၄၁၅။ ထေရ,ီ ဋ္ဌ၊ နာှ -၁၀၂, ၁၀၄။

ဒါကြောင့် မဃဒေဝလကာဆရာတော်ကြီးက ဒီ မိန်းမ ယောက်ျားလို့ ဒီလို ခွဲမနေပါနဲ့တဲ့၊ ဓာတ်သဘောပါ၊ ဒီလိုချည်းပါပဲ၊ အသိအလိမ္မာ ဉာဏ်ပညာ ဗဟုသုတ မရှိလို့ရှိရင် ယောက်ျားလဲ မကောင်း, မိန်းမလဲ မကောင်းပါဘဲတဲ့၊ လက်ဝါးနဲ့ လက်ခုံပါပဲတဲ့၊ ဘာမှ မထူးပါဘူး။

ဘုန်းကြီးက ဒီလိုဆိုလို့ရှိရင် မိန်းမတွေ အပြစ်ကို စာက ဘာကြောင့် ပြောရသလဲဆိုလို့ရှိရင် မိန်းမတွေ အပြစ်ဟောတဲ့ အချိန်တုန်းက ရဟန်းတော်တွေ မိန်းမကို အကြောင်းပြုပြီးတော့ မပျော်တဲ့အချိန်၊ အဲ-မပျော်တဲ့ အချိန်မှာ ဗုဒ္ဓမြတ်စွာက မိန်းမတွေရဲ့ အပြစ်ကို များများ ဟောတော်မူပါတယ်၊ သူ့ အကြောင်းနဲ့ သူနဲ့ ဟောတာပါ၊ မိန်းမတွေက ထူးပြီး ဆိုးလို့ ဒီလို မဟုတ်ပါဘူး။

ဆွဲဆောင်အား။ ။ ဒါကြောင့် မိန်းမများက အသိအလိမ္မာဉာဏ်ပညာ ဗဟုသုတ ရှိဖို့ သိပ်လိုပါတယ်၊ ယောက်ျားများရဲ့ ရူပ,သဒ္ဒ,ဂန္ဓ,ရသ, ဖောဋ္ဌဗ္ဗတွေ အားလုံးကို သိပ် ဆွဲဆောင်နိုင်တယ်၊ သိပ် ဆွဲဆောင်နိုင်တယ်၊ ယောက်ျားတွေကလဲ မိန်းမတွေရဲ့ ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗတွေဟာ ယောက်ျားတွေရဲ့ စိတ်ကို ဆွဲဆောင်နိုင်တယ်ဆိုတာကို အားလုံး နားလည်ပြီး တော့ သတိနဲ့ နေကြရပါတယ်၊ မိန်းမတွေ ဒီလောက် ဆိုးပေမယ်လို့ ဘုန်းကြီးတို့ ဘုရားအလောင်း ဘဝကတော့ အဖြစ်အပျက်ကို {ဘုရားဖြစ်တဲ့အခါ မိန်းမ တွေရဲ့ အပြစ်ကို ဖော်ပြီး ဟောရတာက သာကီဝင်မင်းသား ရဟန်းတော် ငါးရာ, သူတို့ရဲ့ ဇနီး မိန်းမတွေရဲ့ အကြောင်းတွေကို ပြောပြောပြီးတော့ လူထွက်ဖို့ရန် ပြောကြလွန်းလို့ ဟောရတာပါ} သဘာဝအားဖြင့် မိန်းမတွေရဲ့ အပြစ် ကြီးလွန်းလို့ ဟောရတာ မဟုတ်ပါဘူး။

မဟာဟံသဇာတ်။ ။ ဘာဖြစ်လို့တုန်းဆိုတော့ ဘုရားအလောင်းတော်ကြီး ဒီ မဟာဟံသ ဇာတ်တော်၁မှာ ပြောတဲ့စကားက ဘုန်းကြီး လေ မပြောဘူး, မပြောဘူး၊ ဒိပြင်နေရာမှာ မပြောဘူး၊ ဘာပြုလို့ မပြောတုန်း ဆိုတော့ မိန်းမတွေ မြှောက်တယ်လို့ ထင်ကြမှာစိုးလို့ မပြောတာ။

မုဆိုး ဖမ်းမိ။ ။မဟာဟံသ ဇာတ်တော်မှာ ဘုရားအလောင်း ရွှေဟသာက ဟသာ ကိုးသောင်းရဲ့မင်း၊ အရှင်အာနန္ဒာအလောင်းက သုမုခစစ်သူကြီး ဖြစ်တယ်၊ နောက်ဆုံးတော့ တိုတို ဒီဇာတ်ရဲ့ အလိုက ခေမာ ဘေးမဲ့ ရေကန်ကြီးကို ဖန်ဆင်းပြီးတော့ ရွှေဟသာမင်းကို ဖမ်းချင်လို့ စီမံတဲ့ အခါမှာ ဘုန်းကြီးတို့ ဘုရားအလောင်း ရွှေဟသာက ရွှေရောင်တောက်နေတယ်၊ သုမုခ စစ်သူကြီးကလဲ ရွှေရောင် တောက်နေတယ်။၁။ ဇာတ် အဋ္ဌကထာ, ပဉ္စမတွဲ၊ နှာ-၃၇၇, ၄၀၇။

အဲဒီ ရွှေဟသာ နှစ်စီးကို ဆန္နအမတ်က မုဆိုး အဖြစ်နဲ့ ဖမ်းရပါရော, ရပါရော ဆိုပါတော့၊ မိတာက ရွှေဟသာမင်းကို မိတယ်၊ ဘုရားအလောင်း ရွှေဟသာမင်းကို မိပေမယ်လို့ အရှင်အာနန္ဒာအလောင်း သုမုခစစ်သူကြီးက အနားက မခွာဘူး။

သုမုခ ပြောပုံ။ ။ အဲဒီတင် မုဆိုးက ပြေးလာတဲ့အခါမှာ သုမုခစစ်သူကြီးက ရှေ့ကနေ ဝဲပြီးတော့ {ဘာပြုလို့ ဖမ်းတာတုန်း}၊ အသားကို စားဖို့ဆိုရင် သူနဲ့ခုမိတဲ့ ရွှေဟသာမင်းနဲ့ အတူတူပါပဲ၊ သူ့ သတ်ပါ၊ ကျုပ် အသား စားပါ၊ အလှအပ ကပြပြီးတော့ ငွေတွေ ရအောင်လို့ဆိုရင် ကျုပ် ကတတ်ပါတယ်၊ ကျုပ် ဖမ်းသွားပါ၊ ဒီ ဟသာကိုတော့ လွှတ်ပါ၊ ခု မိနေတဲ့ ဟသာကတော့ ဟသာ ကိုးသောင်းရဲ့ မင်းပါ၊ ဒီ ဟသာကိုတော့ လွှတ်ပါ၊ သူက မေတ္တာရပ်ခံတယ်။

နဂိုကလဲ အဆက်ပါတယ်မဟုတ်လား၊ ဆန္န အမတ်လောင်းကိုး၊ ဒါနဲ့ ဒီ ဘုရားအလောင်း ရွှေဟသာမင်းဆီ သွားပြီးတော့ ကျော့ကွင်းကို အသာကလေး ဖြုတ်တယ်၊ ဒီ ကျော့ကွင်းမိတုန်းကလဲ ဘုရားအလောင်း ရွှေဟသာ ရုန်းပါတယ်၊ ရုန်းတော့ အရေပါးတွေ ပြတ်တယ်၊ အရေထူတွေ ပြတ်တယ်၊ အသားတွေ ပြတ်တယ်၊ နောက်ထပ် ရုန်းလို့ရှိရင် အရိုး ပြတ်တော့မှာမို့လို့၊ ဟာ_ရှင်ဘုရင် ဆိုတာ သေတာပဲ ကောင်းတယ်၊ အရိုးကျိုးနေတဲ့ ထော့နင်း ထော့နင်း ရှင်ဘုရင်တော့ မကောင်းပါဘူး ဆိုပြီးတော့ ဒီလို ရပ်နေလိုက်တာ၊ နို့မို့ ကျိုးမှာ။

အဲဒါ အသာကလေး ဖြုတ်ပြီးတော့ ကမ်းစပ်မှာ မြက်ခင်းပေါ်မှာ အသာ ကလေး ချ၊ ရေကလေးတွေ ယူပြီးတော့ ဆုပ်ပြီး မေတ္တာနဲ့ မေတ္တာနဲ့ မေတ္တာ အပြည့် ဆုပ်၊ အဲ-ဆုပ်ပြီးတော့ အသာ လွှတ်ပေးလိုက်တယ် ဆိုရင်ပဲ ဘုရား အလောင်း ထောက်နိုင်လာပြီ၊ ဝမ်းသာလိုက်တာ၊ သုမုခ စစ်သူကြီးကလည်း ဝမ်းသာလိုက်တာ၊ မုဆိုးကလဲ ဝမ်းသာလိုက်တာ။

ရှင်ဘုရင်ဆီက ဆုတော် လာဘ်တော် ရမှန်း သိရက်သားနဲ့ မုဆိုး ဘယ်လောက် သတ္တိရှိသလဲဆိုရင်၊ အင်း-ဘာဖြစ်လို့ ဖမ်းတာတုန်း၊ ရှင်ဘုရင်ရဲ့ မိဖုရားက တရား နာချင်လို့၊ ရှင်ဘုရင်က အဖမ်းခိုင်းလို့ ဖမ်းရပါတယ်၊ ခုတော့ အရှင်နှစ်ပါးလုံး ပြန်ကြပါတော့၊ ကြည့်စမ်း, သူ ဘေးသင့်ချင် သင့်ပါ စေ၊ ပြန်လွှတ်တာပဲ၊ ဘုန်းကြီးက ပါရမီဖြည့်ဖက်တွေလေ သဘောကျလွန်းလို့၊ ပြန်လွှတ်တော့ သုမုခ စစ်သူကြီးက နည်းနည်း လျှာရှည်တယ်၊ ရှင်ဘုရင်က အဖမ်းခိုင်းလို့ရှိရင် ပြန်လွှတ်လို့ သင့်မှာ ဘေးရန် ရှိလိမ့်မယ်၊ မလွှတ်နဲ့ဦး၊ တို့ကို ရှင်ဘုရင်ဆီ ပို့ပါ။

ဘုရားအလောင်းက ဒါကို တယ်ပြီး သဘောမကျဘူး၊ သဘောမကျပေမယ့် မပြောဘူး၊ သုမုခကြောင့်လဲ လွတ်နေပြီ၊ ဟာ-မဟုတ်ဘူး၊ ရှင်ဘုရင်ဆိုတာ စိတ်မချရဘူး၊ တော်တော်ကြာ ညနေ စားဖိုဆောင်က တို့ ဟသာသား ချက်လိုက်ဟေ့ဆို မခက်လား၊ ရှင်ဘုရင်ဆီ မလိုက်ချင်ပါနဲ့၊ အို-အသင့်ကို တောင်မှ တို့ ပြောလို့ရသေးတာပဲ၊ ဉာဏ်ရှိတဲ့ ရှင်ဘုရင် တို့ ပြောလို့ရမှာပေါ့၊ တို့ကို ပို့သာ ပို့လို့ဆိုတော့ ဆန္နအမတ် မုဆိုးက ဆိုင်းတွေ ဘာတွေ ပြင်ပြီး တော့ ဘေးက ပန်းတွေ ဘာတွေ ကြာပန်းတွေ ရံပြီးတော့ ဆိုင်းနှစ်ဖက် တင်ပြီးတော့ ထမ်းပြီး နန်းတော်ကို ယူရတယ်ကိုး။

ဟသာမင်း စိုးရိမ်။ ။ အဲဒီတင် ဘုန်းကြီးတို့ ဘုရားအလောင်း ဟသာမင်းက အင်း-ဟသာလို ဘာသာနဲ့ ပြောတယ်ကိုး၊ {ငါရဲ့ ဟသာဒေဝီမကလေးကတော့ တို့ ပြန်မလာလို့ရှိရင် သေပြီလို့ ယူဆပြီးတော့ သူ့ကိုယ်သူ သတ်သေမှာ ငါ စိုးလိုက်တာ}လို့ အဲသလို ဟသာလို ပြောလိုက် တော့ သုမုခ (အာနန္ဒာအလောင်း) ဟသာမင်းက ဒီလောက်ကြီးကျယ်တဲ့ ဟသာကိုးသောင်းရဲ့ အုပ်ချုပ်တဲ့ ရှင်ဘုရင် လုပ်နေတဲ့သူက မိန်းမကလေး တစ်ယောက်အတွက် စိတ်အားငယ်နေရသလားလို့ ကြိမ်းပါရောလား၊ ဟုတ်တော့ ဟုတ်တယ်၊ ဘုရားအလောင်းက သူ အခု မတော်တဆများ သေသွားလို့ရှိရင် သူ့ ဟသာဒေဝီကလေးဟာ ဟသာဒေဝီကလေး ချောကြောင်းလဲ သူထည့်ပြော တယ်၊ တို့ မရောက်ခင် ဟသာဒေဝီကလေး စိတ်အားငယ်ပြီး သူ့ကိုယ်သူ သတ်သေလိုက်ရင် ဒုက္ခပဲ တို့ မရောက်ခင်။ အဲဒါပြောလို့_ ဧဝံ မဟန္တော လောကဿ, အပ္ပမေယျော မဟာဂဏီ၊ ဧကိတ္ထိံမနုသောစေယျ, နယိဒံ ပညာဝတောမိဝ။

သုမုခ ပြောပုံ။ ။ ဒီလောက် ကြီးကျယ်တဲ့ လောကကြီးရဲ့ အားကိုးရာဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ရှင်ဘုရင်တစ်ဦးက မိန်းမကလေးအတွက် စိုးရိမ် ဝမ်းနည်းနေတယ် ကြောင့်ကျနေတယ်လို့ဆိုတာဟာ လူကြီးလူကောင်း မပီသပါဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ပေါ့လေ၊ ကြီးကျယ်တဲ့ပုဂ္ဂိုလ် မပီသပါဘူးလို့ ပြောတော့ ပြောရုံတင်မကဘူး မိန်းမအပြစ်တွေ သိပ်ပြောတာပဲ။

မာယာ စေသာ မရိစီ စ, သောကော ရောဂေါ စုပဒ္ဒဝေါ၊ ခရာ စ ဗန္ဓနာ စေသာ, မစ္စုပ္ပာသော ဂုဟာသယော။၁။ ဇာတကပါဠိတော်၊ ဒု-တွဲ၊ နှာ-၉၂, ၉၃။ (မဟာဟံသဇာတ်)

မိန်းမတွေဆိုတာဟာ ငှက်သော ဘာသော ဟသာသော မထူးဘူး၊ ဒီဓာတ် သဘောဟာ ဒီလိုချည်းပဲ၊ ငှက်သော ဘာသော မထူးဘူး၊ ပရိယာယ် မာယာ အင်မတန် များတာပဲ၊ ပရိယာယ် မာယာ အင်မတန် များတာပဲ၊ ဟို-ရေ တံလျှပ်ဆိုတာဟာ အရောင်က ရေရောင် ပေါက်နေလို့မို့ မနက် စောစောဆိုရင် ရေပြင်ကြီးလို့ ထင်ရတယ်၊ တကယ်ရေပြင် မဟုတ်ပါဘူး၊ ရေအရောင် ပေါက်နေတဲ့ တံလျှပ်ပါ၊ မိန်းမတွေက ဒီလိုပါပဲ၊ အထင် တစ်မျိုးပဲတဲ့။

တကယ် အတွင်းက တစ်မျိုးတဲ့၊ တံလျှပ်နဲ့ တူပါတယ်၊ ပရိယာယ်မာယာ လဲ အလွန်များတယ်၊ ဒီ သူတို့ အကြောင်းပြုပြီးတော့ ဝမ်းနည်းစရာတွေလဲ အင်မတန် ပြည့်နေတာပဲတဲ့, ဒီ သူတို့ အကြောင်းပြုပြီးတော့ ရောဂါဘယ ဖြစ်ဖို့ရန် အင်မတန် များတာပဲတဲ့၊ ဒါကြောင့် မိန်းမတွေကို ဒီလောက် ဦးစားပေးပြီးတော့ လွမ်းဆွတ်မနေရပါဘူးလို့ အပြစ်တွေ ပြောပြီးတော့ ကြိမ်းတာကိုး။

ဟသာမင်း အပြော။ ။ဒီလို ကြိမ်းတော့ ဘုရားအလောင်းက ငယ်နိုင် မဟုတ် လား၊ တကယ်လဲ သူ လွမ်းနေရှာတာ၊ ငယ်နိုင် ဖြစ်တော့ အသင်ကတော့ ခု သေပန်းပွင့်နေလို့၊ ရှင်ဘုရင်ဆီ ရောက်လို့ရှိရင် သေမှန်း မသိဘူး၊ ဟိုက ဒီ မုဆိုးက ပြန်ပါတော့လို့ ပြောတာတောင် သူက လျှာရှည်ပြီးတော့ မပြန်နဲ့, ရှင်ဘုရင်ဆီ ပို့လေး ဘာလေးနဲ့ ရှင်ဘုရင်ဆီ ရောက်ရင် ချက်ခိုင်းလိုက်ရင် ဘယ့်နှယ်လုပ်မတုန်း၊ ခု သူက သေပန်းပွင့်နေတာ၊ သေခါနီးမို့လို့ တရားတွေနဲ့ ဘာတွေနဲ့။

တစ်ချိန်တုန်းက သုမုခ ဘယ်သွားတုန်းဆိုတော့ သူ့ ဟသာမလေးနဲ့ ပျော်နေတယ်လို့ ငါ့ကို ပြောကြတယ်၊ သင်က ခုမှ သေခါနီးမို့လို့ သေပန်း ပွင့်နေတယ်၊ မင်းက သေခါနီးမှာ တရားတွေ ရနေတယ်။

ယံ ဝုဒ္ဓေဟိ ဥပညာတံ, ကော တံ နိန္ဒိတု့ မရဟတိ၊

မဟာဘူတိ'တ္ထိယော နာမ, လောကမှိ ဥဒပဇ္ဇိသုံ။၁။ ဇာတကပါဠိတော်၊ ဒု-တွဲ၊ နှာ-၉၃။ (မဟာဟံသဇာတ်)

ဝုဒ္ဓေဟိ-လူကြီး လူကောင်းတို့က၊ ဥပညာတံ-အသိအမှတ် ပြုအပ်တဲ့ မာတုဂါမ မိန်းမဟူသော ဝတ္ထုကို၊ ကော-အဘယ်သူသည်၊ နိန္ဒိတုံ-ကဲ့ရဲ့ခြင်း ငှာ၊ အရဟတိ-ထိုက်ပါအံ့နည်း။

လူကြီးလူကောင်းတွေက အသိအမှတ်ပြုထားတဲ့ ဒီ မိန်းမသားဆိုတဲ့ဟာ အလေဏတော မဟုတ်ပါဘူး၊ လူကြီးလူကောင်းတွေ အင်မတန် မြတ်မြတ် နိုးနိုး ဆက်ဆံနေကြတာပါတဲ့၊ ဒါကို ဘယ်သူ ကဲ့ရဲ့ထိုက်မတုန်း။

မဟာဘူတိတ္ထိယော နာမ, လောကမှိ ဥဒ္ဒပဇ္ဇိုသုံ၊ မဟာဘုတ်တွေ အကြောင်းပြုပြီးတော့ မိန်းမလို့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဟာ ကမ္ဘာ တည်စတုန်းက သူတို့က အရင်စပြီးတော့ ဖြစ်ကြတယ်တဲ့၊ ဒါက ဘုရားအလောင်း အယူအဆနော်၊ ဒီအပြင် ကျမ်းတစ်ကျမ်းကတော့ ယောက်ျား တွေက အရင် စဖြစ်တယ်လို့ ပြောပါတယ်၊ ထားပါတော့လေ။

ခိဍ္ဍာ ပဏိဟိတာ တျာသု, ရတိ တျာသု ပတိဋ္ဌိတာ၊၁။ ဇာတကပါဠိတော်၊ ဒု-တွဲ၊ နှာ- ၉၃။ (မဟာဟံသဇာတ်)

ခိဍ္ဍာ-ကိုယ်နဲ့ နှုတ်နဲ့ မြူးတူး ပျော်ပါးခြင်းတို့သည်၊ တျာသု-သူတို့ မိန်းမသားတို့ အပေါ်၌၊ ပဏိဟိတာ-တည်ကြလေကုန်၏။

မိန်းမတွေရှိလို့ လောကကြီး စိုပြေ။ ။ မိန်းမတွေ မရှိဘဲနဲ့ယောက်ျားတွေချည်း နေကြည့်စမ်း၊ ကမ္ဘာလောကကြီးထဲမှာ ယောက်ျားဆိုတဲ့ သတ္တဝါတွေချည်း နေကြည့်စမ်း၊ မိန်းမတွေ မရှိပါဘူးဆိုပါတော့, ဒီလိုဆိုရင် ခန္ဓာနဲ့ ကိုယ်စိတ်, ခန္ဓာနဲ့ ကိုယ်စိတ် ရွှင်ရွှင်ပျပျ နေစရာကို မရှိဘူး၊ ယောက်ျားတွေချည်း နေကြည့်စမ်း၊ နှုတ်နဲ့လဲပဲ ရယ်လားမောလားနဲ့ ချစ်ချစ် ခင်ခင် ပြောစရာကို မရှိဘူးတဲ့၊ လောကကြီး သိပ် ခြောက်သွေ့နေမှာ။

မိန်းမတွေရှိလို့ စိုစိုပြေပြေ ရှိတာတဲ့၊ မိန်းမတွေ မရှိလို့ရှိရင် လောကကြီး မှာလေ ခြောက်သွေ့ပြီးတော့ အသက်မရှိသလိုကို၊ ယောက်ျားတွေ မနက် အိပ်ရာကထ, ဘာလုပ်ကြမတုန်း၊ ဘာမှ လုပ်စရာ မရှိပါဘူး၊ ထမင်းစားဖို့ ဘာဖို့ ခက်တာမှ မဟုတ်ဘဲနဲ့၊ တက်တက်ကြွကြွနဲ့ နေတယ်ဆိုတာ မိန်းမတွေရှိလို့။

မိန်းမတွေကြောင့်မို့လို့,သူတို့ စိတ်ချမ်းသာပါစေတော့လို့,စားဖို့သောက်ဖို့ ရှိ ပါစေတော့လို့,သူတို့ ဖွားမြင်တဲ့ သားတွေသမီးတွေ စားကြသောက်ကြပါစေတော့လို့ ယောက်ျားတွေ တက်တက်ကြွကြွ နေတာပါတဲ့၊ မိန်းမတွေသာ မရှိလို့ရှိရင် အိမ်တွေယာတွေ မရှိပါဘူး၊ အလကား ခြောက်ခြောက်သွေ့သွေ့ တောကြီးပါတဲ့၊ ဒီ မိန်းမတွေကြောင့် လောကကြီးဟာ စိုစိုပြေပြေ ရှိတာ၊ ကိုယ်အားဖြင့် ပျော်ပျော်ပါးပါး နေနိုင်တာ မိန်းမတွေကြောင့်၊ နှုတ်အားဖြင့် ပျော်ပျော်ပါးပါး ရယ်လားမောလား နေနိုင်တာ မိန်းမတွေကြောင့်၊ ကိုယ်နှုတ်နှစ်ပါး ပျော်ပျော်ပါးပါး နဲ့ ချမ်းချမ်းသာသာ ရွှင်ရွှင်ပျပျ နေနိုင်တာ မိန်းမတွေကြောင့်၊ မိန်းမတွေရှိလို့ လောကကြီးမှာ နေနိုင်တာပါ။

ဒီတော့ စိတ်နဲ့ ပျော်ပျော်ပါးပါး မွေ့မွေ့လျော်လျော် နေနိုင်တာဟာ_ ရတိ-ကာမဂုဏ်အားဖြင့် ပျော်မြူးခြင်းသည်၊ တျာသု-ထို မိန်းမတို့ အပေါ်၌၊ ပတိဋ္ဌိတာ-တည်လေ၏။

မိန်းမတွေ ရှိလို့ စိတ်အားဖြင့်လဲ ပျော်ပျော်ပါးပါး နေနိုင်တာ။

ဗီဇာနိ တျာသု ရုဟန္တိ, ယဒိဒံ သတ္တာ ပဇာယရေ။၁။ ဇာတကပါဠိတော်၊ ဒု-တွဲ၊ နှာ- ၉၃။ (မဟာဟံသဇာတ်)

ယဒိဒံ သတ္တာ-သံသရာမှ, မှန်စွာလွတ်ကြောင်း, လမ်းကောင်းကိုပြ, ဗုဒ္ဓ မြတ်စွာ, လောင်းလျာညွန့်ဖူး, အကြင် ပုဂ္ဂိုလ်မြတ် ပုဂ္ဂိုလ်ထူးတို့သည်၊ ပဇာယရေသုခန ှင့် ပနာသင့်က, အခွင့်လျော်စွာ, ပွင့်ပေါ်လာကြလေကုန်၏၊ တေသံ-ထို ဗုဒ္ဓမြတ်စွာ, လောင်းလျာညွန့်ဖူး, ပုဂ္ဂိုလ်မြတ် ပုဂ္ဂိုလ်ထူးတို့၏၊ ဗီဇာနိ- အကြောင်းရင်းမှန်, ပဋိသန္ဓေ, တည်နေခိုအောင်း, မျိုးစေ့အပေါင်းတို့သည်၊ တျာသု-ထိုမိန်းမသားတို့ အပေါ်၌၊ ပဇာယရေ-သိကြားဗြဟ္မာ, မင်းမဟာတို့, ဆင်းကာကူညီ, ပေါက်ရောက် ဖြစ်ပေါ်ရလေကုန်သတည်း။

သာဓု……သာဓု……သာဓု။

မိန်းမဟာ သံသရာက လွတ်ကြောင်း။ ။ လောကကြီးထဲမှာ မိန်းမတွေသာ မရှိလို့ရှိရင် ဘုရား မဖြစ်ပါဘူးတဲ့၊ ဘုရားဖြစ်လို့မို့ တရားထူး တရားမှန်တွေကို သိကြရတာပဲ၊ အဲဒီ တရားစစ် တရားမှန်တွေကို ဟောနိုင်တဲ့ ဘုရားအလောင်းတွေဟာ ဘယ်မှာ ဖြစ်ကြတုန်း ဆိုလို့ရှိရင် မိန်းမတွေရဲ့ ဝမ်းဗိုက်ထဲမှာ ဖြစ်ကြရပါတယ်၊ မိန်းမတွေသာ မရှိလို့ ရှိရင်တော့ လောကကြီး ပျော်စရာ မရှိတဲ့အပြင် သံသရာကလွတ်ကြောင်း လဲ မရှိနိုင်တော့ပါဘူးလို့ ဟောချလိုက်တော့ သုမုခ စစ်သူကြီး မှန်လဲ မှန်တာ ဖြစ်လို့ မလှုပ်တော့ဘူး။

ပါရမီဖြည့်ဖက်တွေ။ ။ ဗုဒ္ဓမြတ်စွာကလေ မိန်းမသားတွေ အကြောင်းကို အကောင်းဆုံးဟောတဲ့ တရားဟာ ဒီနေရာမှာ ရှိတာပဲ၊ ဗုဒ္ဓမြတ်စွာကလေ မိန်းမတွေ အထင်မသေးပါဘူး၊ အထင်မသေးရုံသာ မကဘူး၊ ပါရမီဖြည့်ဖက် သဘောမျိုးနဲ့ အမရာဒေဝီတို့ ကူညီလို့၊ ဒီ မဟော်သဓာကိုယ်တိုင် ထွက်ပြီးတော့ ရှာတာပဲ၊ အမရာဒေဝီနဲ့ လမ်းတွေ့တဲ့အခါကျတော့ သူရဲ့ရုပ်အဆင်း ကိုလဲ မြင်တယ်၊ သူ့ရဲ့ ပုံပန်းသဏ္ဌာန်ကိုလဲ သဘောကျတယ်၊ အမရာဒေဝီကို သူပဲ ရအောင် စီမံခဲ့တယ်၊ ဒီ အမရာဒေဝီရဲ့ အကူအညီကြောင့်ပဲ၊ မဟော်သဓာ ထွက်ပြေးတော့လေ သိန်း,ဒေဝိန်း,ကာမိန်း,ပဂုတ်တို့ကလဲ {ကဲ-မဟော်သဓာ တော့ ထွက်ပြေးပြီ, အမရာဒေဝီတော့ ငါတော့ ရအောင်ယူမှပဲ}ဆိုပြီးတော့ သေနကအမတ်ကြီးကလဲ အမရာဒေဝီထံ လူပျိုလာလှည့်တယ်၊ သူက လူပျို မဟုတ်ပါဘူး၊ လူအို လှည့်တယ်၊ လူအိုလှည့်တော့ အမရာဒေဝီက ကောင်းပါပြီ အဲ-ည ဘယ်အချိန် လာပါကိုး၊ နောက် ဒေဝိန္ဒ, ကာမိန္ဒတို့, ပဂုတ်တို့ အသီးသီး လာကြတယ်၊ လာပြီး ၁-နာရီစီလောက် ခွာပြီးတော့ သူချိန်းလိုက်တယ်၊ လေးယောက်စလုံး ချိန်းပြီးတော့ရင် နဂိုက သူတို့ အိမ်မှာ ရေတွင်းရှိဟန် တူ တယ်၊ အဲဒီ တွင်းထဲ မစင်တွေထည့်, အဲဒီ အပေါ်က ပျဉ်ပြားတွေ ဖုံးအုပ် ထားတယ်၊ ရေချိုးခိုင်းမယ်, ရေများချိုးလို့ရှိရင် ပျဉ်ပြားတွေ ဆွဲဖွင့်လိုက်မယ်၊ ပျဉ်ပြားတွေလဲပဲ ဘေက ဆွဲလိုက်ရင် လွယ်လွယ်ကလေး ရအောင် လုပ်ပြီး ပျဉ်ပြားတွေ ပိတ်ထားတယ်။

လာပြီ၊ ညဘက် သေနကအမတ်က အဲ-သူတော့ မဟော်သဓာ မရှိတုန်း အချောင်ပဲဟဲ့လို့ လာလိုက်တာ၊ နေဦးလေ, ပြီးတော့ စကားစမြည် ပြောတာပေါ့၊ သွားပါဦး, ရေမိုးချိုးပါဦး၊ ရေမိုးချိုးပြီးမှ ပျော်ပျော်ပါးပါး နေရတာ ကောင်းပါတယ်။

အဲ-ဟုတ်သားပဲ ဆိုပြီးတော့ ခုနက ပျဉ်တွေ ဖုံးထားတဲ့ ရေတွင်းပေါ် သွားပြီးတော့ ရေမိုးချိုးလိုက်တာ ပျဉ်ပြားကြီး ဆွဲချလိုက်တယ်ဆို တစ်ခါတည်း အောက်ကျသွားရော မစင်တွင်းထဲ၊ ဘယ့်နှယ်မှ သူ မတတ်နိုင်တော့ဘူး၊ အော်လဲ မအော်ဝံ့တော့ဘူး၊ ဘယ့်နှယ်မှ မတွေးနိုင်တော့ဘူး၊ ဒေဝိန်းတို့ လာ, ဒီအတိုင်းချ၊ ဘယ်သူတုန်း, ကျုပ်ပဲ၊ ဟင်-အမတ်ကြီးတို့ ရောက်နေသကိုး၊ အင်း-အင်း၊ နောက် ကာမိန်း, ပဂုတ်တို့လာ, လေးယောက်စလုံး ဒီ တွင်းထဲ တွေ့နေကြပြီ။

မဟော်သဓာ ပြေးရတာလဲ သူတို့ ကုန်းတိုက်လို့ ပြေးရတာ၊ အရှင်မင်းမြတ် ကြည့်စမ်း, ယခု {အရှင်မင်းမြတ် သန်လျက်လဲ မရှိဘူး, ဗောင်းတော်လဲ မရှိဘူး၊ မဟော်သဓာ ခိုးထားတာ၊ မဟော်သဓာက ရှင်ဘုရင်ဖြစ်ဖို့ ကြံစည် နေတာ}လို့ သူတို့ပဲ ပြောတာ၊ သူတို့ပဲ ပြောပြီးတော့ ဒီ ပစ္စည်းတွေကို သန်လျက်တို့ ဘာတို့ကို မဟော်သဓာအိမ် ရောက်အောင် သူတို့အိမ်က ကျွန်မတွေကို ဈေးရောင်းသလို အရောင်းခိုင်းပြီးတော့ ဒီ အမရာကလဲ အဲဒီထဲက အကြောင်းတော့ ရှိတယ်ဆိုပြီး စာနဲ့ ရေးပြီး တော့ {ဘယ်နေ့ ဘယ်ရက်က ဘယ်သူ့အိမ်က လာရောင်းတယ်}ဆိုတာ စာနဲ့ ရေးမှတ်ထားတာ၊ အဲဒီလို အကုန်လုံး ရေးမှတ်ထားတာ။

ဒီတင် မနက်ကျတော့ အမတ်ကြီး လေးယောက်ကို ရေတွင်းထဲက ဆယ်၊ သူ့မှာလဲ သူ့ပရိသတ် အခြွေအရံနဲ့ ဘာကြောက်စရာရှိတုန်း၊ အမတ်ကြီး တွေ ခေါင်းရိတ်, ရေချိုးခိုင်း၊ ရေချိုးခိုင်းပြီး ဖျာနဲ့ လိပ်ပြီးတော့ ယူ၊ ယူပြီး တော့ သူတို့ လာပို့ထားတဲ့ သန်လျက်တို့ ဘာတို့ ယူလာပြီးတော့ ရှင်ဘုရင်ဆီ သွားတာပါပဲ၊ ဘယ်လောက် သတ္တိကောင်းထားတုန်း။

ရှင်ဘုရင်ဆီိကို ဖျာလိပ်ကြီး လေးလိပ်နဲ့ သွားတာပဲ၊ အရှင်မင်းမြတ် မျောက်ကြီးလေးကောင် ဆက်သချင်လို့ပါ အရှင်ဘုရား၊ အရှင်မင်းမြတ်က ကျွန်မရဲ့ ယောက်ျားကို ပုန်ကန်လိမ့်မယ်လို့ ဆိုတယ်၊ ဟောဒီ သန်လျက်ဟာ ဘယ်သူ့အိမ်ကပါ၊ ဘယ်နေ့ ဘယ်ရက်က လာရောင်းတာပါ၊ ဘယ်သူ့အိမ်က ပါ၊ ဘယ်နေ့ ဘယ်ရက်က လာရောင်းတာပါ၊ လက်မှတ်တွေနဲ့ အကုန် လက်မှတ် ထိုးခိုင်းလိုက်တယ်၊ အကုန်လုံး ထိုးပြီးတော့ ရှင်ဘုရင်ကို ပြ၊ မျောက်ကြီး လေးကောင်ဆိုတာလဲ ဖျာလိပ်ကြီး ဖွင့်ပြီးပြ၊ ရှင်ဘုရင်ကြီးလဲ ဘယ့်နှယ်မှ မတတ်နိုင်ဘူး၊ အဲ-အင်မတန် မြတ်မြတ်နိုးနိုးထားတဲ့ သုခမိန် အမတ်ကြီးတွေကိုး၊ အမရာလဲ အပြစ်မတင်နိုင်ဘူး၊ သူ့အမတ်ကြီးတွေကိုလဲ ဘာမှ မပြောနိုင်ဘူး၊ သည်ဟာက နောက်တော့ မဟော်သဓာ ပြန်ရောက်လာတာပါပဲ။

ကြည့်စမ်း, အမရာဒေဝီလဲ ဘယ်လောက် ပါရမီဖြည့်ဖက် ဖြစ်သလဲ၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာကတော့ အထင်မသေးဘူး၊ ဗုဒ္ဓမြတ်စွာ အလောင်းတော် ဘဝတုန်းကလဲ အထင်မသေးဘူး၊ အမရာ, ကိန္နရီ, မဒ္ဒီမိဖုရားတို့ ပါရမီဖြည့်ဖက် လိုက်လာပုံတွေ, တောထဲ လိုက်လာပုံတွေ တလောက ပြောခဲ့ပြီလေ၊ အဲဒီလိုပဲ မိန်းမမြတ်တွေ သမ္ဘူလဒေဝီ, ယသော်ဓရာ မဟုတ်ဘူး၊ မလ္လိကာ မိဖုရား အလောင်း၊ အဲဒီလို မိန်းမတွေကလဲ ယောက်ျားကို ကယ်ပြီးတော့ လာခဲ့တယ်။

ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာက ဘုရားဖြစ်တဲ့ဘဝမှာ မိန်းမတွေ အပြစ်ဟောတာကတော့ ရဟန်းတွေ ပျင်းပြီးတော့ နေတဲ့အချိန်မှာ ဟောတာပါ၊ အမှန်မှာ မိန်းမတွေ အပြစ်ရယ်လို့ သီးခြား ဟောတော်မမူပါဘူး၊ ကိုယ်တော်တိုင် ပါရမီ ဖြည့်တဲ့အခါတုန်းက ပါရမီဖြည့်ဖက်အနေနဲ့ ချီးမြှောက်ပြီးတော့ လာခဲ့ ပါတယ်။

ဒါကြောင့်မို့လို့ မိန်းမတွေဟာ ကိုယ့်ကိုယ်ကို သတ္တိရှိရှိနဲ့ သူတော်ကောင်း ဖြစ်အောင် စောင့်ရှောက်ကြ, ထိန်းသိမ်းကြ၊ ဗဟုသုတ ဉာဏ်ပညာရှိအောင် ကြိုးစားကြ၊{တို့လဲ တရားရနိုင်တာပဲ, တို့လဲ ကျွတ်တန်းဝင်နိုင်တာပဲ}လို့ အဲဒီလို သဘောထားပြီးတော့ ကိုယ့်ကိုယ်ကို စိတ်ထက်ထက်သန်သန်နဲ့ အဲဒီလို ထိန်းနေကြပါ။

ကာမဂုဏ် အပြစ်များ၁။ ။ ဒီတော့ မိန်းမသားအတွက်ကြောင့် စီးပွားရှာရတယ်၊ ဒုက္ခများတယ်၊ အင်း-ဖောက်ဖောက်ပြန်ပြန်တွေ များတယ်၊ ယခု လောကမှာလဲ တွေ့နေရတယ်၊ ဘုန်းကြီးတို့ကလေ မိန်းမတွေကို နှစ်သက်သင့်သလောက်, အရေးစိုက်သင့်သလောက် စိုက်ပေမယ်လို့, ကာမဂုဏ်ရဲ့ အပြစ်ကိုတော့ အပြစ်လို့ မြင်ပြီးနေကြပါ၊ ဒါက မိန်းမတွေရဲ့ အပြစ်မဟုတ်ဘူး၊ မိမိတို့ရဲ့ ကိလေသာ ကာမဂုဏ်တွေရဲ့ အပြစ်ဖြစ်တယ်၊ အပြစ်ကိုတော့ အပြစ် လို့ မြင်အောင် တရားဆေးကို နည်းနည်းကလေး တရားဆေး စားရအောင်လေ။

အရိုးစုပမာပုံ ကာမဂုဏ်။ ။ ကာမာ-လောကီအာရုံ, ကာမဂုဏ်တို့သည်၊ အဋ္ဌိကကလူပမာ-အသားမကပ်, အညှီစပ် သဖြင့်, ခွေးငတ်မလွှတ်ရက်နိုင်သောအရိုးစုနှင့် တူလှလေကုန်၏၊ ဗဟုဒုက္ခာမ ျားသော ဒုက္ခရှိကုန်၏၊ ဗဟုပါယာသာ-များသော ပင်ပန်းကြောင်း ရှိကြလေကုန် ၏၊ ကာမာ-လောကီအာရုံ, ကာမဂုဏ်တို့သည်၊ အပ္ပသာဒါ-အနည်းငယ်သာ သာယာဖွယ် ရှိကြလေကုန်၏၊ ဗဟုဒုက္ခာ-များသောဒုက္ခ ရှိလေကုန်၏။

ကာမဂုဏ်တွေ မသာယာဘူးလို့ မဆိုလိုပါဘူး၊ သာယာတာက နည်းနည်း လေးရယ်, ဒုက္ခတွေက အများကြီးပါပဲ၊ တစ်အိမ်လုံး တစ်အိမ်လုံး၊ ယခုဆိုရင် နှစ်ယောက်လုံး အလုပ် လုပ်ရတာဟာ ဘာအတွက်တုန်း၊ ကာမဂုဏ်အတွက် ကြောင့် အလုပ်တွေ လုပ်နေရတာ၊ သာယာစရာ မရှိဘူး မဟုတ်ပါဘူး၊ နည်းနည်း ကလေး ရှိပါတယ်၊ ဒုက္ခတွေကတော့ အင်မတန် များတာပဲ၊ ပင်ပန်းလိုက်တာ။

ယခု အဖမ်းအဆီးတွေ ခံနေရတယ်ဆိုတာဟာ ကာမဂုဏ်အတွက်တွေ ချည်းပဲ၊ အဲဒါကတော့ မျက်ခြေပြတ်လို့ မဖြစ်ဘူး၊ အော်-ကာမဂုဏ်တွေဟာ ဒုက္ခ ဒီလောက်ပေးတယ်၊ သာယာစရာကတော့ နည်းနည်းကလေးရယ်၊ ဒုက္ခတွေ အများကြီးပါလား၊ ဒီလို နားလည်ပါ၊ ဘာနဲ့ တူသတုန်းဟု ဆိုတော့ အဋ္ဌိကကလူပမာ-အသားမကပ်, အညှီစပ်သဖြင့်, ခွေးငတ်မလွှတ်ရက်နိုင် သော အရိုးစုနှင့် ဥပမာ တူကြလေကုန်၏၊ ဗဟုကိစ္စာ-များသော ကိစ္စရှိကုန်၏၊ ဗဟုပါယာသာ-များသော ပင်ပန်းကြောင်း ရှိလေကုန်၏၊

၁။ မဇ္ဈိမပဏ္ဏာသပါဠိတော်, နှာ-၂၇, ၃၁။ မဟာနိဒ္ဒေသပါဠိတော်, နှာ-၅။

ဇာတက အဋ္ဌကထာ၊ ပဉ္စမတွဲ, နှာ-၂၂၀။

ဟို နွားသတ်တဲ့ နေရာက အသားတွေကို အကုန်လုံး ခွာပြီးတော့ အရိုးကို ပစ်လိုက်တော့ အဲဒီ အရိုးကို ခွေးငတ်ကလေးကရ, ခွေးငတ်ကလေးက ဝမ်းသာလိုက်တာ၊ အဲဒီ အရိုးကို သူ့သွားနဲ့ ကြိတ်ကြိတ်ပြီးတော့ သူ စားနေ လိုက်တာ အရိုးချည်းပဲ ၊ နင့် သွားသာ ကျိုးသွားလိမ့်မယ်, အရိုးချည်းပဲဆိုပြီး တော့ ယူတော့လဲ မရဘူး၊ သူ ဟိန်းသာနေတာပဲ၊ ကာမဂုဏ်တွေဟာ ဒီလိုပါ ပဲ၊ ခွေးငတ် မလွှတ်နိုင်တဲ့ အရိုးစုလိုပါပဲ၊ ခွေးငတ်ဟာ ခုနက အရိုးစုကို ခဲပြီးတော့ နေတဲ့ဟာ သာယာစရာကတော့ နည်းနည်းကလေးရယ်၊ အဲဒီ ကာမဂုဏ် အာရုံတွေလဲပဲ သူ့ကို ကြည့်နေတယ်, ကိုယ့်ကို ကြည့်နေတယ်၊ ဒါ ခဏလေး သာယာရတာ၊ ဟို လုပ်ရ ကိုင်ရတဲ့ အလုပ်တွေက များလိုက်တာ၊ ဒုက္ခတွေ များလိုက်တာ၊ ဒုက္ခတွေနဲ့ သာယာတာတွေနဲ့ မကာမိပါဘူး၊ အရိုးကို ခွေးကလေး ကိုက်နေရတဲ့ ဒုက္ခနဲ့ သာယာတဲ့ အရသာနဲ့ဟာ မကာမိ ပါဘူး၊ ခွေးကလေး အင်မတန် ပင်ပန်းသလိုပါပဲ၊ ခု ပြောသလိုပါပဲ။

သားတစ်ပမာပုံ,ကာမဂုဏ်။ ။ ကာမာ-လောကီအာရုံ, ကာမဂုဏ်တို့သည်၊ မံသပေသူပမာ-ကျီးများဘောင်တွင်,တစ်ကောင် ရလစ်, ဝိုင်းအော်ဟစ်သည့်,အသားတစ်နှင့် ဥပမာတူလှလေကုန်၏၊ ဗဟုဒုက္ခာမ ျားသောဒုက္ခ ရှိကုန်၏၊ အပ္ပသာဒါ-အနည်းငယ်သာ, သာယာဖွယ် ရှိကုန်၏။

ဒီ သားတစ်ကလေး, အသားတစ်ကလေး၊ အသားတစ်ကလေး ရတော့ ကျီးတစ်ကောင်က ထိုးသုတ်သွားတယ်၊ နောက်တော့ ကျီးတွေက လိုက်တာပဲ၊ ဒီ သားတစ် မစွန့်သမျှ ဒီ ကျီးကို ဟိုကလိုက်, ဒီကလိုက်၊ ဟိုကထိုး, ဒီကထိုး၊ အသားတစ်လဲ စွန့်လိုက်ရော ဒီကျီးလဲ လွတ်ရော၊ အဲဒီလိုပါပဲ၊ ကာမဂုဏ်တွေ ဆိုတဲ့ဟာ ယောက်ျား မိန်းမအာရုံတွင် မကဘူး၊ စီးပွားဥစ္စာတွေ ဘာတွေပါ ပါတာပဲ၊ ပစ္စည်းဥစ္စာတွေ များလေလေ, ကာမဂုဏ်တွေ များလေလေ၊ ဘေးက နေပြီးတော့ ကျီးတွေ ဝိုင်းထိုးနေသလို ဝိုင်းထိုးနေကြတာပဲ၊ ထိုးလေ ထိုးလေ ဟိုကလိုချင်, ဒီကလိုချင်၊ ပစ္စည်းက များလာတော့ အဲဒီလို ကာမဂုဏ်ဟာ အသားတစ်နဲ့ တူတယ်။

ဆရာတော်ကြီး တစ်ပါးက အဲ-ဆရာတော်လေးတွေ တစ်ပါးနဲ့ တစ်ပါး မတည့်ကြဘူး၊ တစ်ပါးနဲ့ တစ်ပါး မတည့်တော့ ဘယ်လို ဥပမာပေးသလဲဆိုရင် ခွေး အဝတ်စုတ်ကလေးရတော့ ဟိုက ပြေးလု, ဒီက ပြေးလု၊ ဟိုက ပြေးလု, ဒီက ပြေးလု၊ သူတို့ မကိုက်ပါဘူး၊ အဝတ်စုတ် ရတုန်းကတော့ သူတို့ လု ကစားနေကြတယ်၊ ရန်မဖြစ်ပါဘူး, လုကစားနေတာ၊ နောက်တော့ အသားတစ် ကလေး ရတော့ ခွေးတွေ ဟိန်းပြီ,ဟိန်းပြီ၊ ခုလဲ ဘုန်းကြီးတွေက မပြောပလောက် တဲ့ ပစ္စည်းတွေကျတော့ တစ်ပါးတစ်ပါး ပြုံးပြုံးရွှင်ရွှင် ချစ်ချစ်ခင်ခင်နဲ့၊ ခု ဒကာ ဒကာမတွေ,ကျောင်းဒကာ ကျောင်းအမတွေ, ကျောင်းနဲ့ ကန်နဲ့ဆိုတော့ သူတို့ အသားတစ် ရလာလို့ ရန်ဖြစ်ကုန်ကြပြီ၊ ဘုန်းကြီးတွေ ရန်ဖြစ်ကုန်ကြပြီ။

ဘုန်းကြီးတောင်မှ ဒီ ဥပမာတွေ ပြောသေးတာပဲ, လူဆိုတာတော့ ဘာပြော ကောင်းမတုန်း၊ ဆွေတွေ မျိုးတွေ စောစောတုန်းကတော့ ချစ်ချစ်ခင်ခင်, အမွေခွဲတော့ ရန်ဖြစ်ကုန်ကြပြီ၊ ဒါကြောင့် ကာမာ-လောကီအာရုံ, ကာမဂုဏ်တို့သည်၊ မံသပေသူပမာ-ကျီးများ ဘောင်တွင်, တစ်ကောင်ရလစ်, ဝိုင်းအော်ဟစ်သည့်, အသားတစ်နှင့် ဥပမာတူလှလေကုန်၏။

မြက်မီးရှူးပမာပုံ ကာမဂုဏ်။ ။ ကာမာ-လောကီအာရုံ, ကာမဂုဏ်တို့သည်၊ တိဏုက္ကူပမာ-လေတင်လှည့်ဆောင်, လက် ထိလောင်သည့်, တန်ဆောင် မြက်မီးရှူးနှင့် တူလှချေကုန်၏။

ဟို လေတင်ထဲမှာ မြက်မီးရှူး ကိုင်ပြီး သွားတာ မီးက တောက်လျက်၊ နောက်တော့ မြက်မီးရှူးကြီး ကိုင်ပြီးတော့ သွားတဲ့ဟာ ဟိုက လေတင်ကဖြစ် တော့ မိမိကို ပြန်ပြန်ပြီး လောင်တာပဲ၊ အဲဒီ ကာမဂုဏ်တွေဟာ ဒီလိုပါပဲ၊ စီးပွား ဥစ္စာတွေရော ဘာတွေရော ကိုယ့်ကို ပြန်ပြီးတော့ တယ်လောင်တယ်။

အိပ်မက်ပမာပုံ ကာမဂုဏ်။ ။ ကာမာ-လောကီအာရုံ, ကာမဂုဏ်တို့သည်၊ သုပိနကူပမာ-စားရ ယောင်ယောင်, ဝတ်ရ ယောင်ယောင်, နတ်လှည့်ဆောင်သည့်, သန်းခေါင် အိပ်မက်နှင့် အလားတူ ကြလေကုန်၏။

ကာမဂုဏ်တွေ ဆိုတဲ့ဟာ စားရတော့လဲ ခဏလေး, သာယာသလိုလို၊ ပြီးတော့လဲ ပြီးတာပဲ၊ ပြီးတော့လဲ အိပ်မက်လိုပါပဲ၊ နှစ်ယောက် အတူတူ ခံစားကြရတယ်, ခဏလေးတော့ သာယာတာပါပဲ၊ ပြီးတော့လဲ ပြီးတာပဲ၊ အိပ်မက် မက်သလိုလို ရှိပါတယ်။

ကာမာ-လောကီအာရုံ, ကာမဂုဏ်တို့သည်၊ ယာစိတကူပမာ-ငှားရမ်းယူငင်, ပွဲသဘင်၌, ဝတ်ဆင်ခဏ, သုံးစွဲရသော ဝတ်စားတန်ဆာနှင့် တူလှလေကုန်၏။

ဟို ပွဲထိုင် အခမ်းအနား သွားစရာရှိလို့ သူများဆီက ငှားဝတ်, သူ့ဟာသူ တော်တော် သာယာသွားတယ်၊ ငါ ဒီလောက် လှတယ်၊ မော်တော်ကားကြီး ငှားစီး၊ ဘယ်လောက်ကောင်း, ဘယ်လောက် ကြီးကျယ်သလဲ၊ ပွဲလမ်းသဘင် အသွား ငှားဝတ်ရတဲ့ ပစ္စည်းများလိုပါပဲ၊ လောကီအာရုံ ကာမဂုဏ်တွေဟာ ခဏလေး ခဏလေးပါ၊ ပြီးတော့လဲ ပြီးတာပဲ၊ ဘာမှ မဟုတ်ဘူး။

ခုနက ငှားဝတ်တဲ့ ပစ္စည်းတွေ ပြန်ပေးလိုက်ရတော့ ကိုယ့်မှာ ဟာတာတာ ကြီး၊ လောကီအာရုံ ကာမဂုဏ်တွေဟာလဲ အဲဒီ အငှားဆင်ရတဲ့ ပစ္စည်း အဝတ်အစားတွေနဲ့ တူပါတယ်၊ ပြီးတော့လဲပဲ ဘာမှ မဟုတ်ပါဘူး၊ အဲဒီလို ဗုဒ္ဓမြတ်စွာက များစွာ ဒီ ကာမဂုဏ်တွေရဲ့ အပြစ်ကို အစအဆုံး မြင်ဖို့ရန် ဟောတော်မူတယ်။

ဒါကြောင့် အဲဒီ အသိဉာဏ်တွေနဲ့ သိပ်ရှာပေမယ်လို့ ထူးတာ မဟုတ်ပါဘူး၊ သိပ်ဝတ်စား ဆင်ပြင်နေပေမယ့် သိပ်ထူးတာ မဟုတ်ပါဘူး၊ တို့ဟာ ခုကတည်း ကိုက သူတော်ကောင်း အဖြစ်နဲ့ တရားရနေမှ တန်ဖိုးရှိမယ်လို့ဆိုတာ သဘော ပေါက်ပြီးတော့ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာလို့ ဗုဒ္ဓတည်းဟူသော ပုဂ္ဂိုလ်က ပကတူပနိဿယသတ္တိနဲ့ ကျေးဇူးပြုလို့၊ တရားတော်တွေ ဟောလို့၊ အဲဒီ တရားတော်တွေကို မိမိတို့ သိလို့၊ မိမိတို့ ရနေတဲ့ဟာ_ {ပုဂ္ဂလောပိ-ပုဂ္ဂိုလ်ကလည်း၊ ဥပနိဿယပစ္စယေန-ပကတူပနိဿယ ပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏} လို့ အဲဒီလို ဗုဒ္ဓမြတ်စွာက ပဋ္ဌာန်းပစ္စည်းနဲ့ ဟောတော်မူပါတယ်၊ ဒါကြောင့် မိမိတို့ ပဋ္ဌာန်းတရားနာရင်း အသေးစိတ် သေသေချာချာ သိပြီးတော့ ပဋ္ဌာန်း တရားနဲ့ လျော်ညီအောင် မိမိစိတ်ကို မိမိ ပြုပြင်နိုင်ကြလို့ရှိရင် အဖိုးတန်တဲ့ ဘဝကြီးကို မိမိ ရနေပြီလို့ ဝမ်းသာစရာ ဖြစ်ပါလိမ့်မယ်။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တ နယ, သမန္တပဋ္ဌာန်း,ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……ဇသာဓု……သာဓု။

စုဒ္ဒသမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

စုဒ္ဒသမနေ့

၁၃၃၅-ခုနှစ်၊ တန်ခူးလပြည့်ကျော် (၅)ရက်၊ ၁၉၇၃-ခုနှစ်၊ ဧပြီလ (၂၂)ရက်၊ တနဂနွေနေ့။

ဘာဝရုပ် ဣန္ဒြိယပစ္စည်း မထိုက်။ ။ ဣတ္ထိဘာဝရုပ်, ပုမ္ဘာဝရုပ်ကို အကြောင်း ပြုပြီးတော့ တစ်လောကလုံး ဖြစ်ပျက် နေပုံ၊ ဒီဘာဝရုပ်ကြောင့် လူ့လောက နတ်လောက တိရ စ္ဆာန်လောက ဒီ အတိုင်း ဖြစ်ပျက်နေကြတယ်၊ ဒီလောက် သတ္တိကောင်းတဲ့ ဘာဝရုပ်ကို ဣန္ဒြိယပစ္စည်းလို့ ဘုရားဟောတော်မမူပါဘူး၊ ဣန္ဒြေလို့သာ ဘုရားဟောတာ၊ ဣန္ဒြိယပစ္စည်းထဲမှာတော့ ဒီဘာဝရုပ်နှစ်ပါး မပါဘူး၊ ဘာပြုလို့တုန်းဆိုတော့ သူ့ကြောင့်ဖြစ်တဲ့ တိုက်ရိုက်အကျိုးပေးက ယောက်ျားပုံသဏ္ဌာန်,မိန်းမပုံသဏ္ဌာန်၊ အဲ-ယောက်ျား ဟန်အမူအရာ မိန်းမ ဟန်အမူအရာ၊ ဒါတွေ သူက တိုက်ရိုက် အကျိုးပေးတယ်။

အဲဒီ အကျိုးပေးက မမှန်ချင်ဘူး၊ ယောက်ျား ဖြစ်ပေမယ့် တစ်ခါတစ်ခါ မိန်းမလို မိန်မရ အမူအရာတွေက ရှိနေပြန်ရော၊ မိန်းမ ဖြစ်ပေမယ်လို့ ကြမ်းကြမ်းတမ်းတမ်း ယောက်ျားရဲ့အမူအရာ အပြောအဆို အနေအထိုင် ဖြစ်နေပြန်ရော၊ အဲဒီလို သူ့အကျိုးက မသေချာလို့ ဣန္ဒြိယပစ္စည်းထဲမှာတော့ သူတို့နှစ်ပါး မပါဘူး။

ဒီတော့ ဗုဒ္ဓမြတ်စွာ ဟောတော်မူတဲ့ ပစ္စည်းဆိုတဲ့ တရားတွေဟာ သေချာတာချည်းပဲ၊ မသေချာ လို့ရှိရင် ပစ္စည်းထဲ မှာ မပါဘူး၊ လောကကြီးမှာ အင်မတန် ထင်ရှားတဲ့ ဘာဝရုပ် နှစ်ခုဟာ ဣန္ဒြိယပစ္စည်းထဲ မပါတာသာ သတိထားတော့၊ ဗုဒ္ဓတရား ဟာ အင်မတန် သေချာတယ်၊ ပဋ္ဌာန်းပစ္စည်းဟာ အလွန့်ကို သေချာတယ်၊ ပြောနေတဲ့ အကြောင်းအရာတွေဟာ ဘုန်းကြီးရဲ့ လက်တန်းတွေ မဟုတ်ဘူး၊ အမှန်ကို ရှိနေတဲ့ အကြောင်းအရာတွေကို ဘုန်းကြီး တရားတော်အရ ပြောနေတာ ဖြစ်တယ်။

ဒီတော့ မနေ့တုန်းက ဒီ ဘာဝရုပ်နှစ်ခုကြောင့် ဒီ ဘုရားအလောင်းတော် ရင့်မာကြီးတောင်မှ လောကအလိုက်ပေါ့လေ,စွဲလမ်းရသေးတယ်၊ ဒီပြင် ယောက်ျား မိန်းမ မပြောပါနဲ့၊ ပါရမီရှင်ဖြစ်တဲ့ အမျိုးသမီးတွေ ယသော်ဓရာတို့ အလောင်းတွေ ဘဝပေါင်းများစွာက ဘုရားအလောင်း အပေါ်မှာ စွဲလမ်းလာခဲ့ပါတယ်။

ဒီတော့ စွဲလမ်းမှုကတော့ တစ်ယောက် တစ်ယောက်ကို အရေးပါမှုကတော့ ဒါက ထုံးစံ ဖြစ်နေလို့ ထားပါတော့၊ အဲဒီ အရေးပါလွန်းလို့မို့ သေခါနီး စွဲလမ်းမှာ ကြောက်ရတယ်၊ သေခါနီး စွဲလမ်းလိုက်တော့ ဘာဖြစ်သွားတုန်း၊ ငရဲ ကျသူ ကျတယ်၊ တိရ စ္ဆာန်ဖြစ်သူ ဖြစ်တယ်၊ ပြိတ္တာဖြစ်သူ ဖြစ်တယ်၊ အဲဒါက သိပ် ကြောက်ရတယ်။

ဒီတော့ ဒီလို မကြောက်ရအောင်ဟာ သူတော်ကောင်း ဖြစ်ကြပါစေ၊ သူတော်ကောင်း ဖြစ်အောင် ကြိုးစားကြပါ၊ တို့ တစ်နေ့နေ့မှာ ခွဲကြရမယ်၊ ခွဲကြတဲ့အခါ ကိုယ့်ကံနဲ့ ကိုယ် သွားကြရမယ်၊ ဒါဟာ အင်မတန် နှစ်နှစ်ကာကာ စောစောက ပြင်ဆင်ထားရပါတယ်၊ သီလတွေကို တို့ စောင့်ရပါ့မယ်, အနိစ္စ- မမြဲတဲ့ အဓိပ္ပာယ်ကို တို့ စဉ်းစားထားရပါ့မယ်၊ ဘယ်ဘဝမှာမှ မမြဲဘူး၊ တစ်မျိုးပြီး တစ်မျိုး ပြောင်းနေကြရတယ်ဆိုတာကို စဉ်းစားထားရပါ့မယ်။

ဒါကြောင့် စွဲလမ်းတဲ့ အစဉ်အတန်း, စွဲလမ်းတဲ့ အပိုင်းကို မစွဲလမ်းနဲ့ဆိုလို့က မဖြစ်ဘူး၊ အဲဒီ အစွဲအလမ်း လျော့သွားအောင် သေခါနီးအထိ စွဲလမ်းမနေ အောင်{စောစောက ခပ်ခွာခွာကလေး, ခပ်ခွဲခွဲလေး}ဒီလို နေပြီးတော့ တရားက နောက်က လိုက်နေရပါတယ်၊ ဒီတရားမှာလဲ ဒါန မစွမ်းဘူး၊ သီလ စွမ်း တယ်, ဘာဝနာ စွမ်းတယ်။

ဒါကြောင့် ဘုန်းကြီးက ပဋ္ဌာန်းပစ္စည်း ဟောရာက လောကအကြောင်း အရာတွေ စုံစုံလင်လင် ဟောပြီးတဲ့အချိန်မှာ ဘာဝနာ မပါလို့ မဖြစ်ပါဘူး၊ ဘာဝနာကို ဟောပါ့မယ်၊ ဒီ ဘာဝနာ မပါလို့ မပြီးဘူး၊ ဘုန်းကြီးက ဘာဝနာကိုလဲ ဆက်ပြီးတော့ ဆက်သွယ်ပြီး တော့ ဟောရပါမယ်။

၁၇။ ဈာနပစ္စယော (ဈာနပစ္စည်း)

ဈာနသတ္တိ။ ။ ယခု ဈာနပစ္စည်းကို ဘုန်းကြီး နည်းနည်း ပြောပေးမယ်၊ ဈာန ပစ္စည်းကို ဗုဒ္ဓမြတ်စွာက_ ဈာနဂါနိ-ဈာန်အဂါ ငါးပါးတို့သည်၊ ဈာနသမ္ပယုတ္တကာနံ-ဈာန်နှင့် သမ္ပယုတ်ဖြစ်ကုန်သော၊ ဓမ္မာနံ စ-တရားတို့အားလည်းကောင်း၊ တံ သမုဋ္ဌာနာနံ-ထို ဈာန ဈာနသမ္ပယုတ် ပစ္စည်းတရားတို့ကြောင့် ဖြစ်ကုန် သော၊ ရူပါနံ စ-စိတ္တဇရုပ်တရားတို့အားလည်းကောင်း၊ ဈာနပစ္စယေန- ဈာနပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

ဒါက ဗုဒ္ဓမြတ်စွာက ပစ္စယနိဒ္ဒေသမှာ ဟောတော်မူထားပါတယ်၊ ဒီဟာကို ရှေးဆရာတော်များက ဘုန်းကြီးတို့ရဲ့ ရှေးဆရာတော်များကလဲ အင်မတန် အဋ္ဌကထာ ဆရာကြီးတွေက စပြီးတော့ ရှေးဆရာတော်များကလဲ အင်မတန် ကြည်ညိုစရာ ကောင်းတယ်။

ဈာနဆိုတဲ့ စကားဟာ စူးစူးစိုက်စိုက် ရှုနေတယ်၊ သာမန် မြင်ရုံလောက် မဟုတ်ဘူး၊ မြင်ပြီးရင် စူးစူးစိုက်စိုက် ရှုတယ်၊ သာမန် ကြားရုံလောက် မကဘူး၊ ကြားပြီးရင် စူးစူးစိုက်စိုက် ရှုတယ်၊ သာမန် တွေ့ရုံလောက် မကဘူး၊ တွေ့ပြီးလို့ရှိရင် စူးစူးစိုက်စိုက် ရှုတယ်၊ စိုက်ပြီးတော့ ကြည့်နေတယ်။

သစ်ပင်တက်သူ ဥပမာ။ ။ ဒီတော့ ဈာနပစ္စည်းရဲ့ သတ္တိက မြင်ရုံ ကြားရုံ တွေ့ရုံတင်မကဘူး၊ စူးစူးစိုက်စိုက်ကြီးကို ရှုတတ် တဲ့ သတ္တိရှိတယ်၊ ဒါကို ဥပမာ ဘယ်လို ပြကြတုန်းဆိုတော့-သစ်ပင်ပေါ်မှာ တက်သွားတဲ့လူက သူက မြင်တယ်ကိုး၊ ဘယ်လိုဟေ့, ဘယ်နေရာ ဘယ်လိုဟေ့၊ အင်း-သူ့အောက်က လူတွေကို ဒီလိုက ဒီလို ဖြစ်နေတယ်ဟေ့၊ ဘယ်လိုက ဘယ်လို၊ အောက်ကလူတွေကို ပြောတယ်။

တောင်ပေါ် တက်သွားတဲ့ သူက တောင်ပေါ် ရောက်လေ အမြင်က ကျယ်လေ၊ တောင်ပေါ် ရောက်လေ အမြင်က ကြီးကျယ်လာလေပဲ၊ အောက်ကလူတွေကို ပြောတယ်၊ ဟေ့ ရေတွေ ဘယ်လို စီးနေတယ်၊ သစ်ပင် တွေက ဘယ်လို ကြည့်ကောင်း နေတယ်၊ အဲဒီလို အောက်လူတွေကို သူမြင်သလို မြင်အောင် ပြောတယ်၊ သူ ရှုသလို ရှုအောင် ပြောတယ်၊ အဲဒီ ဈာနသတ္တိကလဲပဲ အဲဒီ ဈာနက ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာလို့ ငါးပါးရှိတယ်၊ ဈာန်အဂါ ငါးပါးလို့ ခေါ်တယ်၊ ကုသိုလ်ဘက်မှာလဲ ရှိတယ်၊ အကုသိုလ်ဘက်မှာလဲ ရှိတယ်၊ ဘုရား ရဟန္တာ ဖြစ်တဲ့အခါမှာ အဗျာကတမှာလဲ ရှုစရာရှိတယ်၊ ဟို နိဗ္ဗာန်များကို ရှုလို့၊ ဘုရား ရဟန္တာတို့ဟာ သိပ်ပြီး စူးစိုက်တာပဲ။

ဒါကြောင့် သစ်ပင်, တောင်ငူမှာ တက်တဲ့လူက အောက်လူတွေကို ဘယ်က ဘယ်လိုဟေ့လို့ ပြောသလို, ဒီ ဝိတက်, ဝိစာရစတဲ့ ဈာန်အဂါ ငါးပါးက သူနဲ့ ယှဉ်ဖက် ဖြစ်တဲ့ သမ္ပယုတ်တွေကို ရှု ရှု ရှု ရှု၊ တို့ ရှုသလို ရှု, သူ စူးစိုက် သလို စိုက်။

တစ်ခါ သူ့ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ကို စူးစိုက်တဲ့နေရာမှာ သင်တို့က ပါဝင်ပါစေ၊ တို့ရှုသလို သင်တို့က မရှုတတ်ပေမယ့် တို့နေတဲ့ နေရာ, တို့ရှုတဲ့ အာရုံမှာ သင်တို့လဲ စိုက်နေပါစေလို့ မပြောသော်လဲ ပြောသကဲ့သို့ သမ္ပယုတ် တရားတွေကို ရှုစေတတ်တဲ့ သတ္တိ၊ မိမိတို့လဲ ရှုတယ်၊ သမ္ပယုတ်တရားတွေကိုလဲ ရှုစေတတ်တဲ့ သတ္တိကို ဈာနပစ္စည်းလို့ ခေါ်တယ်လို့ ရှေးဆရာတော်များက_ ဈာနပစ္စယော-သစ်ပင်တောင်ငူ, တက်သည့်သူသည်, အောက်လူ တို့အား, ပြောသည့်လားသို့, နှစ်ပါးရုပ်နာမ်, သဟဇံအား, ရှုစားစေခြင်း ဟူသော သတ္တိထူးဖြင့် ကျေးဇူးပြုတတ်သော ဈာန်အဂါငါးပါး ပစ္စည်း တရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော် မူတတ်သော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဘုရား။

သာဓု……သာဓု……သာဓု။

စူးစိုက်ရှုတာ ဈာန်။ ။ အို-အများ သိနေတာက ဈာန်ဆိုလို့ရှိရင် အင်မတန် အထက်တန်းကျတဲ့ အဲ-ရူပါဝစရ ဈာန်စိတ်တွေ, အရူပါဝစရဈာန်စိတ်တွေ, လောကုတ္တရာဈာန်စိတ်တွေ အဲဒီလောက်ပဲ နားလည် ကြတယ်၊ မှတ်ဖူးကြတယ်၊ ယခု ဈာနပစ္စည်းက ဒီလောက်သာ မဟုတ်ဘူး၊ အကုသိုလ်စိတ်ထဲမှာလဲပဲ ဝိတက်, ဝိစာရတွေက ပါနေတာဖြစ်တော့ အကုသိုလ် မှာလဲ စူးစူးစိုက်စိုက် ရှုတယ်၊ အင်မတန် စွဲစွဲလမ်းလမ်း ရှုတယ်၊ ဒီ ရှုဆိုတာ ဟာ အဆန်းမဟုတ်ဘူး။

ဝိတက်က ဒီ အာရုံကို ကြံပြီးတော့ နေတယ်၊ ဝိစာရက ဒီ အာရုံကို ထပ်ထပ် ထပ်ပြီးတော့ အာရုံပြုတယ်၊ ပီတိက အဲဒီ အာရုံကို အင်မတန် နှစ်သက်ပြီးတော့ နေတယ်၊ သုခက အဲဒီ အာရုံရဲ့ အရသာကို ခံစားပြီးတော့ ချမ်းသာနေတယ်၊ ဧကဂ္ဂတာဆိုတဲ့ သမာဓိက အဲဒီ အာရုံပေါ်မှာ စိုက်ပြီးနေတယ်၊ တည်ကြည်နေ တယ်၊ ဒါ ရှုတယ်လို့ ခေါ်တယ်။

ဒါကြောင့် လယ်တီဆရာတော်ဘုရားကြီးက_ {စိုက်စိုက်စူးစူး, အထူးမြဲမြံ, ရှုအားသန်, ဈာန်ဟုခေါ်သတတ်}။

တယ် ရှင်းတယ်၊ စိုက်ပြီးတော့ ရှုတယ်ဆိုတာ သူများ မဟုတ်ဘူးနော်၊ ဒီ ဝိတက်တို့, ဝိစာရတို့ပဲ၊ ဘုန်းကြီးတို့ကတော့ ရှင်းပါသော်ကော။

အကုသိုလ် ဈာန်။ ။ အကုသိုလ်မှာ ပြောမယ်လေ၊ အကုသိုလ်မှာ မနေ့တုန်းက အဆက်ပဲ၊ တစ်ယောက်နဲ့ တယောက်ကို အချင်းချင်း တွယ်တာပြီးတော့ နေပြီဆိုတော့ မျက်စိနဲ့ မြင်နေတော့လဲ သူ့ကိုပဲ ကြည့်၊ စိုက်စိုက် စူးစူး ကြည့်၊ ဒီ သာမန်ကာလျှံကာလေး ပြီးပြီးပျောက်ပျောက်အကြည့် မဟုတ် ဘူး၊ စူးစူးစိုက်စိုက် ကြည့်၊ ဝိတက်နဲ့ သူ့ကို ကြံစည်ပြီးတော့ ကြည့်၊ သူတခြား သွားလို့ရှိရင် ဝိတက်နဲ့ ကြံပြီးတော့ နေတယ်၊ ဒီ အာရုံပဲ ကြံနေတယ်၊ စိုက်စိုက် စူးစူး ကြံနေတယ်၊ အဲဒီ ဝိတက်နောက်မှာ ဝိစာရကလိုက်ပြီးတော့ ထပ်ကာထပ်ကာ ဒီအာရုံကို မပျောက်အောင် အာရုံပြုတယ်၊ ဘုန်းကြီးတို့မှာတော့ သိပ်ကို ရှင်းတာ ပဲ၊ အကုသိုလ်နယ်မှာ အဲ အိမ်သူအိမ်သားချင်းဟာ ဒီသဘော ရှိနေတာပဲ။

ဘုန်းကြီးကတော့ ရှိပါစေပဲ၊ ပြီးတော့မှ တရားနဲ့ လိုက်ပါ၊ ထမင်းဟင်း ကောင်း စားတဲ့ဟာ စားပါစေ၊ ပြီးတော့မှ အစာကြေဆေးကလေးနဲ့ ဖြေပါ၊ မစားနဲ့လို့ မပြောလိုက်ပါနဲ့, သူစားချင်တာ စားပါစေ၊ ပြီးတော့ အစာကြေဆေး ကလေးနဲ့ ဖြေပေးပါ၊ ဒီသဘောမျိုးပဲ၊ လူတွေက လောကကြီးထဲမယ် သမီး ခင်ပွန်းလို့ ဖြစ်နေရင် စိုက်စိုက်စူးစူး ရှုပြီးတော့ နေသလိုပဲ၊ တစ်ယောက် တစ်ယောက် အင်မတန် ကြင်နာမှ သဘောကျတယ်၊ လောကကြီး ဒါမှ စိတ် ချမ်းသာတယ်၊ အဲဒီဟာမှ အိမ်မှာ ချမ်းသာတယ်။

ဒါကြောင့် စိုက်စိုက်စူးစူး ရှုတယ်ဆိုတာဟာ အဆန်းမဟုတ်ပါဘူး၊ ရူပါရုံ, အိမ်သူအိမ်သားရဲ့ ရူပါရုံ အချင်းချင်းကြည့်လို့ စိတ်ချမ်းသာတယ်ကိုး၊ ရှုလို့, ပီတိဖြစ်လို့, နှစ်သက်လို့, အဲဒီမှာ စိတ်ချမ်းသာမှု ခံစားတဲ့ သုခဖြစ်လို့,အကယ်၍ မျက်နှာလွှဲသွားလို့ရှိရင် သူ့အကြောင်းကို ကြံစည်လို့၊ စာက သိပ်ပြောတာပဲ ဒီ အကြောင်းတွေကို၊ ဝိပ္ပယောဂသိဂါရ ရသဆိုတာ ကွဲကွာတဲ့အခါ သူ့ အကြောင်းကို တတွတ်တွတ် ပြောနေတာ၊ ဒီ ဈာနသတ္တိတင် ဘုန်းကြီးတို့က သိတာ မဟုတ်ဘူး၊ ဟို အလကာကျမ်းက ချစ်သူနဲ့ ကွဲကွာတဲ့အခါမှာ သိဂါရ ရသဟာ ဘယ်လို ဖြစ်နေတယ်ဆိုတာ {အဘိလာပေါ တတ္ထ စိတ္တံ} သူ့ အကြောင်း ပြောနေတာပဲ၊ မဆီမဆိုင်ဘဲ သူ့အကြောင်း လာပြောနေတာပဲ၊ အင်း-အမေ အဖေက ငေါက်ချင် ငေါက်တယ်၊ ပြောပေးစမ်းပါ ဒီဟာလေးကို၊ ပြောမနေစမ်းပါနဲ့ ဒါတွေကို, အမေ အဖေ နားမလည်ဘဲနဲ့၊ ဒီ သူ့အကြောင်း လာပြောနေတယ်၊ မပြောရလို့ရှိရင် သူ့အကြောင်း ကြံပြီးတော့ စူးစိုက်လို့ အာရုံယူနေတယ်၊ အဲဒါကိုက အရသာတစ်ခုပါတဲ့။

ဒါကြောင့် အကုသိုလ်မှာ ဒီ ဈာန်နဲ့ ရှုနေတယ်ဆိုပါတော့၊ ဈာန်ဝင်စား နေတဲ့နည်း ရှိတယ်ဆိုတာကို နားလည်ကြပါတော့နော် အကုန်လုံး၊ တစ်ခါတလေ ပွဲကြည့်ရင် စူးစိုက်ပြီးတော့ ရှုနေတယ်၊ အဲ-ပွဲကြည့်ရင် အသံကို စူးစိုက်ပြီး တော့ နားထောင်နေတယ်၊ အဲဒီလို အာရုံယူပုံတွေဟာ ဒီလို စူးစိုက်တဲ့ သဘောချည်းပဲ၊ ဒီတော့ကို အကုသိုလ် နေရာမှာ ဒီလို သတ္တိရှိတယ်ဆိုတာ သိရင် တော်ပါပြီ။

ကုသိုလ်ဈာန်။ ။ ကုသိုလ်ဘက် လိုက်ကြစို့၊ ကုသိုလ်အရာကျတော့ ဘုရား ဂုဏ်တော်ကို အာရုံပြုပြီးတော့ နေလိုက်စမ်းပါ၊ ဘုရားဂုဏ် တော်ကို ခုနက ကိုယ်ချစ်တဲ့ အာရုံကို စိုက်သလောက်များ စိုက်သလားလို့၊ ဘုန်းကြီးတို့က ဘုရားအာရုံကို အာရုံစိုက်ပြီး နေတယ်လို့ ထင်တယ်၊ ဘုရားဂုဏ် တော်ကို အာရုံပြုနေတဲ့ အချိန်မှာ ဝိတက်ကလဲ ဘုရားဂုဏ်တော်ကို ကြံစည်လို့, ဝိစာရကလဲ ဘုရားဂုဏ်တော် ထပ်ထပ်ပြီး အာရုံပြုလို့၊ ပီတိကလဲ နှစ်သက်လို့၊ ဘုရားဂုဏ်တော်ကို အာရုံပြုရင်း ပီတိတွေ ဖြစ်လို့၊ တကယ့်ကို ပီတိဖြစ်နေတာ၊ နှစ်သက်နေတာ၊ ခုနက အကုသိုလ်နယ်မှာ စိုက်သလိုပဲ၊ ဘုရားဂုဏ်တော် အာရုံယူပြီး စိုက်လိုက်တာ ပီတိဖြစ်လို့, နှစ်သက်လို့၊ အဲဒီလို ပီတိဖြစ်တဲ့အချိန် မှာ အင်မတန် သုခရှိတယ်ကိုး၊ သုခရှိတယ်၊ အဲဒီလို သုခရှိတော့ ဒီ အာရုံက မခွာဘူး၊ ဧကဂ္ဂတာကျပြီးတော့ သမာဓိရလို့၊ ဘုရားအာရုံ အာရုံပြုပုံတွေလေ။

ဘာသာခြားများလဲ စူးစိုက်။ ။ ပြီးတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒီ ဘာသာခြား ပုဂ္ဂိုလ်တွေ သူတို့ဘုရားအာရုံ ပြုပုံ တွေ့မိကြမှာပေါ့၊ ဘယ်လောက် စိုက်တုန်း၊ တစ်ခါတလေများ သွားရင်း လာရင်းတောင်မှ သူတို့လေ မတ်တတ်ရပ်ပြီးတော့ သူတို့ ဘုရားကို အာရုံပြု ပြီးတော့ စိုက်နေလိုက်တာ၊ အဲဒါဟာ ဈာန်ပဲ၊ ဈာန်တရားတွေ ဖြစ်နေတာပဲ၊ အဲ-ပြီးတော့ ဝတ်ကျောင်းထဲမှာ သူတို့ ငြိမ်ပြီးတော့ စိုက်နေလိုက်ကြတာ။

အာရုံမှန်မှ ကုသိုလ်ရ။ ။ကုသိုလ် မရဘူး ရတယ်ဆိုတာတော့ အာရုံမှန်မှ ရပါတယ်၊ စိုက်တာကတော့ စိုက်နေတာပဲ၊ အာရုံ ယူပုံက အင်မတန် အားရစရာ ကောင်းတယ်၊ စိုက်နေတာပဲ။

ပြီးတော့ ဘုန်းကြီးတို့က ဘုန်းကြီးတို့တရားနဲ့ သူတို့ကို ကြည့်လိုက်တော့ ဟယ်-သဘာဝ သိပ်ကျတာပဲ၊ ကုသိုလ် ရတာ မရတာ ဘုန်းကြီးပြောတာ မဟုတ်ဘူးနော်၊ ဒီ အာရုံက မှန်မှ ကုသိုလ်ရတယ်၊ ဟို-ခုနက စောစောက ပြောတယ် မဟုတ်လား၊ အကုသိုလ်နယ်မှာလဲ စူးစူးစိုက်စိုက် ရှုပါတယ်။

ဒါကြောင့်မို့လို့ စိုက်လို့၊ သူတို့ ဝတ်ကျောင်းထဲမှာ ပရိသတ်တွေ စုလို့ စိုက်ပြီး အာရုံ ယူနေလိုက်ကြတာ ဘယ်လောက်ကောင်းတုန်း၊ ဘယ်လောက် ကောင်းတုန်း၊ ဒီ အသွားနဲ့ အင်မတန်တူတယ်။

ဘုရားအာရုံပြုနည်း။ ။ ဒီတော့ကာ လောကကြီးထဲမှာ သဘာဝနော်၊ သူများ လှတာကို မြင်ရလို့ရှိရင်, ကိုယ့်အိမ်က မလှတာကို မြင်ရလို့ရှိရင် နည်းနည်းကလေး မကျေနပ်ချင်ဘူး၊ ဒါထုံးစံ၊ သူများ လှနေရင် ကိုယ့်အိမ်ကလဲ လှနေမှ အင်မတန် ကောင်းတယ်။

ဘုန်းကြီးတို့ မြန်မာများက ဘုရားဆိုရင် အဲ-ရွှေတိဂုံဘုရားလူကြီးက မိမိတို့ ရွှေတိဂုံကို လှမ်းပြီးတော့ မျှော်ကြည့်, မဟာမြတ်မုနိ ဘုရားလူကြီးက မိမိတို့ မဟာမြတ်မုနိကို လှမ်းပြီးတော့ မျှော်ကြည့်၊ ဘုရားရှိခိုးလာတဲ့ သူတွေ ဟာ စိုက်ပြီးတော့ အာရုံယူတာ ဘယ်နှစ်ယောက်များ တွေ့သတုန်း၊ တွေ့ဖူးကြ တုန်း၊ ပတ်ဝန်းကျင်ကတော့ ဆူဆူညံညံနဲ့၊ တစ်ခါတစ်ရံ ဘုရားပွဲဆိုရင် ဗြုန်းဒိုင်းဗြုန်းဒိုင်းနဲ့၊ အင်း-ဘုရားရှိခိုးရတဲ့သူကလဲ သူ့အသံကို အသံကုန် ဟစ်ပြီးတော့ ကြွားတာပဲ၊ ဒီနားမှာ ဘေးက ခပ်တိုးတိုးလေး, ဘုရားရှိခိုး မရလို့ တိုးတိုးလေး ခိုးနေတယ်၊ ဘုရားရှိခိုးရတဲ့သူကလဲ အသံကောင်းတဲ့ သူက သူ့အသံကို သူဟစ်တာပဲ၊ ဘယ်မလဲ စူးစိုက်တာ၊ ဗုဒ္ဓါနုဿတိအာရုံ ဘယ်မလဲ စူးစိုက်တာ၊ ဘုန်းကြီးက ဒီ အသံကျယ်ကျယ်နဲ့ မရှိခိုးရဘူးလို့ မဆိုလိုပါဘူး။

တစ်ခါတစ်ခါ အသံထုတ်ပြီးတော့ ဘုရားအာရုံ ယူနေတာဟာ အင်မတန် အရသာ ရှိပါတယ်၊ အဲဒီလို အတွက်ကတော့ အသံလဲထုတ်ရင်း စိတ်ကလဲ စူးစိုက်ရင်းဆိုတာ အင်မတန် အရသာ ရှိပါတယ်၊ စိတ်ကို ကြည်လို့, ပီတိကို ဖြစ်လို့၊ အသံကျယ်ကျယ်နဲ့ ဘုရားဂုဏ်တော် ရွတ်ပြီးနေကြတဲ့အခါ တိတ်ဆိတ်တဲ့ ကိုယ့်အိမ်မျိုးမှာ, တိတ်ဆိတ်တဲ့ ဘုရားရှေ့တော်မှာ ဒီ အရသာ ပေါ်တယ်၊ ဈာန်အရသာ ခေါ်တယ်၊ ပီတိ ဖြစ်တယ်၊ အဲဒီအခါကျတော့ အဲဒီလို ပုဂ္ဂိုလ် အတွက်ကတော့ ဘုန်းကြီး ဘယ်လောက်မှ အပြစ်ပြောနေစရာ မလိုဘူး၊ အင်မတန် ကောင်းတယ်။

အသံကလဲ ဂုဏ်တော်ကို ထုတ်ပြီးတော့ ရွတ်နေတယ်၊ အသံအလိုက်လဲ စိတ်က ဂုဏ်တော်ထဲမှာ စိုက်ပြီးတော့ နေတယ်၊ ရွတ်ရင်း ရွတ်ရင်းကို ပီတိတွေ ဖြစ်ပြီးတော့ လာတယ်၊ စိတ်တွေ ဘယ်ကိုမှ မရောက်ဘူး၊ ဒီ ဂုဏ်တော် အာရုံ မှာပဲ ရွတ်ရင်း ရွတ်ရင်း စိတ်တည်နေတယ်ဆိုရင် ဒါ ဈာန်ဖြစ်နေတာပဲ၊ အဲဒီလို ပုဂ္ဂိုလ် အတွက်ကတော့ ဘုန်းကြီး ဘာမှ ဝေဖန်စရာ မလိုဘူး၊ အင်မတန် ကောင်းတယ်။

ယခုတော့ကာ ဘုရားပွဲတွေနဲ့ ဗြုန်းဒိုင်းဗြုန်းဒိုင်း အသံတွေက ကျယ်လောင် ကျယ်လောင်၊ ဟိုက စကားတွေက အမျိုးမျိုး ပြော၊ ဒီမှာ ဟစ်ကြ အော်ကြ၊ ဘုရားဂုဏ်တော် ရွတ်ကြ ဖတ်ကြတယ်၊ ဒီ ဈာနပစ္စည်းနဲ့၊ ဒီတော့ကာ နိုင်ငံခြားလူများနဲ့ စူးစိုက်ပုံနှင့် ဘယ်လောက် ကွာတုန်း၊ ဘယ်လောက် ရှက်စရာ ကောင်းတုန်း။

ပြီး တစ်ခါ ကိုယ့်အိမ်မှာလဲ ဒီလိုပဲ၊ ဘုရားရှိခိုးနေလိုက်တာ၊ စိတ်က တခြားမှာ အသံကတော့ ရွတ်နေတာပဲ၊ ဣတိပိ သော ဘဂဝါတို့ ဘာတို့ ရွတ်နေတာပဲ၊ ရွတ်သာ ရွတ်နေတယ် စိတ်က တခြားမှာ၊ ပါးစပ်က ရလို့ ရွတ်နေတယ်၊ စိတ်ကတော့ တခြားမှာ၊ ဒါ ဈာန်ရတာ မဟုတ်ဘူး၊ ဒါ ဈာန် စူးစိုက်မှု မပါ ပါဘူး။

အဲဒါကြောင့် ဘုန်းကြီးတို့ ဗုဒ္ဓဘာသာတွေဟာ အဆင့်အတန်း မြင့်မြင့်နဲ့ ဖြစ်စေချင်လွန်းလို့၊ {အသံတိုးတိုး ဘုရားရှိခိုး၊ စိုက်ပြီး ဘုရား အာရုံပြုနေလို့၊ စိုက်ပြီး ဘုရား အာရုံပြုနေ}လို့ ပြောနေရတယ်၊ ရှိခိုးလို့ရှိရင် အသံကောင်းတဲ့ သူက တိုးတိုးရွတ်ပါ၊ အသံကောင်းတဲ့သူ ဘေးက ကြားလို့ရှိရင် သာယာ နာပျော်ဖွယ်ဖြစ်အောင် တိုးတိုးကလေး ရွတ်စမ်း၊ အဲဒါက ကောင်းတယ်။

ဒီလို ဆူဆူညံညံ ဘုရားရှိခိုးနည်းကတော့ သဘာဝ သိပ်မကျပါဘူး၊ နည်းနည်းပါးပါး အကျိုးရှိတာကတော့ ထားပါတော့၊ လုံးလုံးတော့ မဆုတ်ယုတ် ပါဘူး၊ ဒီလို ဈာနပစ္စည်းဖြစ်တဲ့ အနေရှိအောင်ကတော့ အတော်ကြီးကို ကြိုးစားရဦးမယ်။

မေတ္တာဈာန်။ ။ တစ်ခါ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာက ဘုရားအာရုံပြုတဲ့ နေရာ မှာသာ အစူးအစိုက် နည်းတာ မဟုတ်သေးဘူး၊ မေတ္တာပို့ ကြပြီ၊ ပါးစပ်က {အဝေရာ ဟောန္တု, အဗျာပဇ္ဇာ ဟောန္တု} စိတ်က တခြား ရောက်နေတာ၊ ပါးစပ်က {ကျန်းမာကြပါစေ, ချမ်းသာကြပါစေ}လို့ ပါးစပ်က ဆိုပေမယ်လို့ စိတ်က တခြားရောက်နေတာ မစူးစိုက်ဘူး၊ အများနဲ့ ရောပြီး တော့ ဒီမှာ သံပြိုင် မေတ္တာပို့နေကြတာတော့ ထားပါတော့၊ တစ်ယောက်တည်း, သံဃာတော် တစ်ပါးတည်း မေတ္တာပို့လို့ရှိရင် ဒီ နှုတ်ကလေး လှုပ်တယ် ရှိရုံလေး လှုပ်၊ ဒါမှ မဟုတ် မလှုပ်ဘဲနေ၊ {အရှေ့အရပ်၌ နေကြတဲ့ သတ္တဝါတွေ} စိတ်က အာရုံပြုပြီးတော့ {ကျန်းမာကြပါစေ, ချမ်းသာကြပါစေ} စိတ်က အာရုံပြုပြီးတော့ ရွတ်ပြန်တော့လဲ တိုးတိုးကလေး ရွတ်ပြီးတော့ စိတ်က စူးစိုက်လို့၊ ဒါမှ မေတ္တာဈာန် ဖြစ်တယ်။

မေတ္တာ ကာမာဝစရကုသိုလ်ဈာန်နော်၊ ဒီ ရူပ, အရူပဈာန်မျိုး မဟုတ် သေးဘူး၊ မေတ္တာ ကာမာဝစရဈာန် ဖြစ်တယ်၊ ဒီလိုပဲ တောင်ဘက်ကို အာရုံပြု တယ်ဆိုလို့ရှိရင် တောင်ဘက်ကို စိတ်ကို စိုက်လို့၊ {တောင်ဘက်အရပ်၌ ရှိကြတဲ့ သတ္တဝါတွေ ကျန်းမာကြပါစေ, ချမ်းသာကြပါစေ} အဲသလိုပေါ့၊ အရပ်ဆယ်မျက်နှာ စူးစိုက်ပြီးတော့ အာရုံပြုရပါတယ်။

ဒီ {အဝေရာ ဟောန္တု} စသည်ဖြင့် အကျယ်ကြီး ရွတ်ပြီးတော့ စိတ်မပါ တပါနဲ့ မေတ္တာပို့တာကတော့ မေတ္တာကို မဟုတ်ပါဘူး၊ မေတ္တာကို မဖြစ်ဘူး၊ ဖြစ်ရင် သာမန်ကလေး ဖြစ်မယ်၊ နည်းနည်းကလေး ဖြစ်မယ်၊ စူးစိုက်တာ မဟုတ်လို့မို့ လေးလေးပင်ပင် မေတ္တာမျိုး မဟုတ်ပါဘူး၊ ဒါလေးကို နားလည် စေချင်တယ်။

ဖုဿဒေဝထေရ်ပမာ စူးစိုက်ပါ။ ။ တစ်ခါတုန်းက မထေရ်တစ်ပါး(ဖုဿဒေဝ မထေရ်), မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီး ပြီနော်၊ ခု အချိန်မျိုးလိုပဲ စေတီတော်ကို တံမြက်လှည်းလို့၊ စေတီရင်ပြင်တော် ပတ်ဝန်းကျင်မှာ သဲတွေ ခင်းပြီးထားတော့ တံမြက်စည်းလှည်းပြီး ကြည့် လိုက်ရင် သဲတွေက ဖြူဖြူဖွေးဖွေး ဆိုတော့ စိတ်ကြည်နူးတာပေါ့၊ အဲဒီတင် သူ ဘုရား အာရုံပြုပြီးတော့, သက်တော်ထင်ရှား ဘုရားကို အာရုံပြုပြီး စေတီတော်မှာရှိတဲ့ ဓာတ်တော်ကို အခြေခံပြီး သက်တော်ထင်ရှား ဘုရားကို အာရုံပြုနေတယ်။

အလုပ်လုပ်တာက စေတီတော်ရှေ့မှာ စေတီတော်ကို ပူဇော်နေတာနော်၊ စိတ်က ဘယ်ရောက်နေသလဲ၊ သက်တော်ထင်ရှား မြတ်ဘုရားကို ရောက်နေပြီ၊ သိပ်ပြီးတော့ သမာဓိကြီးနဲ့ ဧကဂ္ဂတာကျကျနဲ့ ဈာန်ဝင်စားသလို စူးစိုက်ပြီး တော့ နေတုန်းမှာ မာရ်နတ်က တရားထူး ရသွားမှာစိုးလို့ တစ်ခါတည်း မျောက်ညိုကြီးယောင် ဆောင်ပြီးတော့ လာတယ်ကိုး၊ ဒီတင် အာရုံပြောင်း သွားပြီ၊ မျောက်ညိုကြီး ကြည့်လိုက်တာနဲ့ အာရုံပြောင်းသွားပြီ၊ ကနေ့တော့ ဘာမှ ရှေ့တိုးလို့ မရတော့ဘူး။

နက်ဖြန် တစ်ခါ လာပြန်ရော၊ ဒီလိုပဲ အာရုံပြုပြီး၊ စူးစိုက်နေကျ စူးစိုက် ကို နေတာ၊ သက်တော်ထင်ရှား ဘုရားကို အာရုံပြုလို့, အာရုံပြုလို့၊ တော်တော်ကြာတော့ မာရ်နတ်က လာပြန်ပြီ၊ နွားအိုကြီးယောင် ဆောင်ပြီးတော့ စေတီတော်ထဲ လျှောက်သွားတယ်၊ ကနေ့ သမာဓိ ပျက်ပြန်ပြီ၊ ကြည့်စမ်း, ဒီလောက်ကလေးနဲ့ သမာဓိ ပျက်တယ်နော်၊ ဘုရားလူကြီးတွေရဲ့ ဗြုန်းဒိုင်း ဗြုန်းဒိုင်းကတော့ မပြောနဲ့တော့၊ အဲဒီလောက်ကလေးနဲ့ သမာဓိ ပျက်လို့မို့ ရှေ့တိုးလို့ မရပါဘူး။

နောက်တစ်ခါ တတိယနေ့ကျတော့ ခြေထောက်ခွင်ခွင်နဲ့ လူကြီး အရုပ် ဆိုးဆိုး လူတစ်ယောက်က ဒီအထဲ လျှောက်လာပြန်ရော၊ သမာဓိပျက်အောင် လုပ်နေတာ၊ {ဒီနယ်မှာ ဒီလောက် အရုပ်ဆိုးတဲ့သူ မရှိပါဘူး၊ ငါ့ မာရ်နတ်များ နှောင့်ယှက်တာလား}လို့ မထေရ်မြတ်က စဉ်းစားတော့မှ {ဟုတ်ပြီ မာရ်နတ် နှောက်ယှက်ဟန် တူတယ်၊ အသင် မာရ်နတ် မဟုတ်လား}လို့ ဆိုတော့ မလိမ်ပါဘူး၊ မုသားမပြောပါဘူး၊ {ဟုတ်တယ်}တဲ့၊ ဟာ-သူ စိတ်မဆိုးဘူး၊ {အသင် မာရ်နတ်က သိပ် တန်ခိုးကြီးတယ်၊ ဟို ငါ့ကိုလေ ဗုဒ္ဓမြတ်စွာရဲ့ ပုံတော် ဖန်ဆင်းပြစမ်းပါ} {ဟာ-တူအောင်တော့ အကုန်လုံး မဖန်ဆင်းနိုင်ဘူး, အတော်တော့ တူပါတယ်} {ဒါဖြင့်ရင် အတော်တူတူ ဖန်ဆင်းပြစမ်းပါ}လို့ ဆိုတော့ မာရ်နတ်က ဟန်နဲ့ပန်နဲ့ ဘုရားပုံတော် ဖန်ဆင်းပြီးတော့ ပြပါရောကိုး။

အဲ-မာရ်နတ်ကြည့်ပြီးတော့ ကြည်ညိုပြီးတော့ ကြည့်ပြီး {ရာဂ ဒေါသ မောဟ} မကင်းတဲ့ မာရ်နတ် ပြတဲ့ပုံဟာ ဒီလောက် သပ္ပာယ်သေးတယ်၊ {ရာဂ ဒေါသ မောဟ ကင်းပြီးတော့ မေတ္တာ ကရုဏာ သဗ္ဗညုတဉာဏ်တော် ဂုဏ်တို့ဖြင့် ထုံမွှမ်းထားတဲ့ မြတ်စွာဘုရား ဘယ်လောက်များ သပ္ပာယ်မလဲ}လို့ တွေးပြီးတော့ စိုက်ပြီးတော့ ပီတိဖြစ်, သုခဖြစ်, ဧကဂ္ဂတာဆိုတဲ့ သမာဓိ ကျပြီးတော့နေရာက ဖြစ်လာတဲ့ ပီတိကို {အနိစ္စ, ဒုက္ခ, အနတ္တ}လို့ ရှုလိုက်တာ တစ်ခါတည်း တရားတွေ တက်ပြီးတော့ ရဟန္တာ ဖြစ်သွားတယ်။၁။ ဝ၊ိ ဋ္ဌ-၄၊ နှာ-၁၇၄။ (ပရိဝါအဋ္ဌကထာ) ဝိသုဒ္ဓိ၊ ဋ္ဌ, ပ-တွဲ၊ နှာ-၂၂၁။

ကြည့်စမ်း-ဘုရားရှိခိုးတာ,ဘုရားပူဇော်တာ၊ တိတ်တိတ်ဆိတ်ဆိတ် ဆိုလို့ ရှိရင် ယခုလဲ တရားရနိုင်တယ်၊ ဒါကြောင့် ဘုန်းကြီးက ဘုရားရှေ့တော်မှာ သန့်ရှင်းကြပါ၊ တိတ်ဆိတ်ကြပါ၊ မိမိတို့ အိမ်မှာ ဘုရားပူဇော်လို့ရှိရင် ရှုပ်ရှုပ် ပွေပွေနဲ့ မပူဇော်ဘဲနဲ့ သန့်သန့်ရှင်းရှင်းနဲ့ သက်တော်ထင်ရှား ဘုရားရှေ့မှာ မိမိရောက်နေသလိုအထိ ပူဇော်လိုက်ကြစမ်းပါ၊ အင်မတန် ကောင်းပါတယ်လို့။

ဓမ္မာသောကမင်းပမာ စူးစိုက်ပါ။ ။ တစ်ခါတုန်းကလဲ ဓမ္မာသောကမင်းကြီး ဗုဒ္ဓဘာသာ ဖြစ်ပြီးတော့ ဒီ ဘုရား ကြည်ညိုတဲ့ နည်းတွေ အမျိုးမျိုးသော နည်းတွေနဲ့ ကြည်ညိုတာ၊ ကြည့်ချင် လိုက်တာ, သက်တော်ထင်ရှား ဘုရားကို ကြည့်ချင်လိုက်တာ၊ သူတို့က နောက်မှ ကြည်ညိုရတာဖြစ်တော့ ဘုရားအစစ်ကို မတွေ့လိုက်ရလို့ စိတ်ထဲမှာ မခံချိ မခံသာ ဖြစ်နေတယ်၊ ဒါနဲ့ ဓမ္မာသောကမင်းဟာ အထက် တစ်ယူဇနာ, အောက်တစ်ယူဇနာ နိုင်တာဖြစ်လို့မို့ အောက်တစ်ယူဇနာ အတွင်းမှာနေတဲ့ ကာလနဂါးမင်း ခေါ်ပါရော၊ လာပါတယ်။

ကာလနဂါးမင်းက တစ်ကမ္ဘာလုံး အသက်ရှည်တာပါ၊{ကျုပ်တို့ ဗုဒ္ဓမြတ်စွာ ရဲ့ ရုပ်ပုံတော်ကို ဖန်ဆင်းပြစမ်းပါ}လို့ဆိုတော့ ရာဇပလ္လင်ပေါ်မှာ ထီးဖြူအောက် မှာ ကာလနဂါးမင်းကို တင်ပြီးတော့ ပူဇော်တော့၊ ဗုဒ္ဓမြတ်စွာရဲ့ ရုပ်ပုံတော် ဖန်ဆင်းပါလို့ တောင်းပန်တော့မှ ကာလနဂါးမင်းက ဖန်ဆင်းပြလိုက်တာ သိပ် သပ္ပာယ်တာပဲတဲ့၊ အဲဒီမှာတင် ရှင်ဘုရင်ကြီးက ဝမ်းမြောက်ဝမ်းသာ ပီတိတွေဖြစ်လို့ ပူဇော်ရပါတယ်၊ စာအဆိုကတော့ ၇-ရက်လုံးလုံး မျက်လုံးနဲ့ ကြည့်နေတာပဲလို့ ပြောတယ်၊ ဒီတော့ ဘုန်းကြီးတို့ ရှေးက သူတော်ကောင်းတွေ ဗုဒ္ဓ ပူဇော်နည်းဟာ အင်မတန် စူးစိုက်ပါတယ်။၁။ မဟာဝသံ -၅၊ နှာ-၈၉-၉၄။

အသန္ဓိမိတ္တာပမာ စူးစိုက်ပါ။ ။တစ်ခါ ဓမ္မာသောကမင်းရဲ့မိဖုရား အသန္ဓိမိတ္တာ၊ ဒီ ခုလို လိမ္မာတဲ့ သူတွေဟာ ဘဝသံသရာက လဲ လိမ္မာလာတယ်၊ အကျိုးပေးတော့လဲ လိမ္မာတယ်၊ အသန္ဓိမိတ္တာဆိုတဲ့ မိဖုရားဟာ ဒီ ဘုရားအသံတော် ကြားချင်လိုက်တာ၊ မကြားရတော့ အင်း_ရဟန်း တော်များကို လျှောက်တယ်၊ ကောင်းတဲ့ အသံများ ဘယ်မှာရှိတုန်းလို့ လျှောက်တယ်၊ ဘုရား အသံတော် ကောင်းတာတော့ ကရဝိတ်ငှက်မင်းများရဲ့ အသံကတော့ ဘုရားအသံတော်နဲ့ မှန်းလို့ မျှော်လို့ ရလောက်အောင် ကောင်း ပါတယ် ပြောတော့ ဓမ္မာသောကမင်းကြီးကိုပဲ ပူဆာပါတယ်၊ {ကရဝိတ်ငှက် မင်းရဲ့ အသံကို နားထောင်ချင်ပါတယ်}လို့ ဆိုတော့ လောကကြီးဟာပေါ့လေ၊ ဘုန်းကြီးတို့က အကောင်းဘက်မှာလဲ အရေးပေးတာ, အလေးပေးတာ တွေ့တယ်၊ မိဖုရားတစ်ယောက်က ဒီလောက် အာသာပြင်းထန်နေလို့ရှိရင် မရ ရအောင် ကြိုးစားရမယ်၊ ကြိုးစားတော့ ဆိုပါတော့ ကရဝိတ်ငှက်ကို ရပြီ၊ ရတော့ ကရဝိတ်ငှက်က ဒီ နန်းတော်ထဲ ရောက်လာတော့ အသံမမြည် မတွန်ဘူး၊ တစ်ကောင်ထဲ ခြောက်ကပ်ကပ် ဖြစ်နေတာကိုး။

ဒါကြောင့်မို့လို့ ပတ်ဝန်းကျင်က မှန်တွေကို အကာခိုင်းတယ်၊ မှန်တွေ အကာခိုင်တော့ တစ်ခါတည်း ကရဝိတ်ငှက်က ဝမ်းသာပြီးတော့ မြူးပြီးတော့ တွန်လိုက်တာ အို-မိဖုရား နားထဲမှာ ကြည်နူးသွားတာပဲ၊ ဒီ လောဘ ဒေါသ မောဟ မကင်းတဲ့ ကရဝိတ်ငှက်ရဲ့ အသံတောင်မှ ဒီလောက် သာယာသေးတယ်၊ {မေတ္တာ ကရုဏာ အဟုန်တွေ ထုံပြီးတော့ တဏှာ ရာဂ လောဘ ဒေါသ မောဟတွေ ကင်းနေတဲ့ ဗုဒ္ဓမြတ်စွာရဲ့ အသံတော်ဟာ ဘယ်လောက်များ သာယာမလဲ}လို့ တွေးပြီးတော့ ပီတိတွေဖြစ်ပြီး စူးစိုက်ပြီးတော့ ဈာန်ဖြစ်နေတာ၊ အဲဒါ ကာမာဝစရဈာန် ဖြစ်နေတာ၊ တစ်ခါတည်း အဲဒီ ဈာန်အစွမ်းကြောင့် ရှေ့ကို တိုးပြီး တရားအားထုတ်လိုက်တာ သောတာပန် ဖြစ်သွားတယ်၊ သူတင် ဖြစ်တာ မဟုတ်ဘူး၊ မောင်းမ မိဿံတွေပါ သောတာပန် ဖြစ်သွားတယ်။၁။ သုတ်မဟာဝါ အဋ္ဌကထာ၊ နှာ-၄၄, ၄၅။ မဇ္ဈိမပဏ္ဏသ အဋ္ဌကထာ၊ နှာ-၂၆၃။

ဒီတော့ ဘုန်းကြီးတို့က မစူးစိုက်တဲ့အတွက်ကြောင့် အကျိုးနည်းပုံတွေ, စူးစိုက်တဲ့အတွက်ကြောင့် အကျိုးများရပုံတွေ သိနေပြီ မဟုတ်လား၊ အဲဒီလို သိနေတာ ဖြစ်တော့ စူးစူးစိုက်စိုက် ရှုတာကိုပဲ ဘုန်းကြီးက တိုက်တွန်းပါတယ်၊ ကျောင်းသံဃာတွေရော ဘုန်းကြီးတို့ ဒကာ ဒကာမတွေရော ဘုရားအာရုံကို ယူပြီးတော့ ရတာကလေး ရွတ်တဲ့အပြင် ရွတ်ချင် ရွတ်ဦးတော့ စိတ်နဲ့ စိုက်ပြီး တော့ ရှုနည်းကို ကြိုးစားကြပါ။

မေတ္တာပို့ပုံ ပို့နည်း။ ။ ကဲ-ဗုဒ္ဓမြတ်စွာ ဗုဒ္ဓါနုဿတိ အာရုံတွင် မဟုတ်သေး ဘူး၊ မေတ္တာပို့တော့လဲ စူးစိုက်ပြီးတော့ ပို့ရပါတယ်၊ တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာ ကြွလာလို့ရှိရင် အားလုံး မှူးကြီး မတ်ကြီးတွေ ကြိုရမယ်လို့ ဝေသာလီပြည်မှာ ထင်တယ်၊ မကြိုလို့ရှိရင် (၅၀) ဒဏ်ခတ်မယ် ဆိုတော့ အားလုံး မှူးကြီး မတ်ကြီးတွေ ကြိုရတယ်၊ အဲဒီ အထဲမှာ လူတုန်းက အရှင်အာနန္ဒာရဲ့ သူငယ်ချင်းဖြစ်တဲ့ နာမည် ဘုန်းကြီး သတိမရဘူး၊{အသင် တို့လို လူကြီး လူကောင်းတွေ ဘုရား ကြည်ညိုတယ်ဆိုတော့ ကောင်းတာပေါ့}လို့ အရှင်အာနန္ဒာက ပြောတော့ {ကိုယ်တော် ကြည်ညိုလို့မဟုတ်ဘူးကိုယ်တော်, မကြိုလို့ရှိရင် ဒဏ်(၅၀) ခတ်မှာဆိုလို့ လိုက်လာတာ}၊ အဲဒီတော့ အရှင်အာနန္ဒာ စိတ်မချမ်းမသာ ဖြစ်သွားတယ်၊ နောက် မြတ်စွာဘုရား လျှောက်တယ်။

{မြတ်စွာဘုရား ဒီလို လူကြီးလူကောင်းတွေက သာသနာကြည်ညိုတယ် ဆိုရင် သူတို့မှာလဲ အကျိုးမယုတ်ပါဘူး၊ သာသနာတော်မှာ အကျိုးများပါတယ် ဘုရား၊ ကြည်ညိုများ ကြည်ညိုရင် သိပ်ကောင်းမှာပဲ}လို့ အရှင်အာနန္ဒာကလျှောက် တော့ မြတ်စွာဘုရားက {မခက်ပါဘူး အာနန္ဒာ}လို့ ဆိုပြီးတော့ စိုက်ပြီးတော့ မေတ္တာပို့တော်မူလိုက်တာ နောက် ခုနက ဒီဓာတ်ဟာ ဘယ်လို ရောက်သွားတယ်လို့ ဘုန်းကြီး မပြောတတ်ဘူးပေါ့၊ ခုနကအမတ် တစ်ခါတည်း {ဘုရား ဘယ်မှာ တုန်း, ဘုရားဘယ်မှာတုန်း}လို့ နွားကလေး အမေ ပျောက်လို့ လိုက်ရှာသလိုပဲ ဗုဒ္ဓဘယ်မှာတုန်း, ဗုဒ္ဓဘယ်မှာတုန်း လိုက်ရှာတာပဲ၊ အဲဒီလောက် ကြည်ညိုတာ, စူးစိုက်ပြီးတော့ ပို့တဲ့မေတ္တာ၊ တရားသဖြင့်နော်, တရားသဖြင့်နော်၊ တော်တော် ကြာ ဒီလို စူးစိုက်ပြီးတော့ ပို့တဲ့မေတ္တာ မဟုတ်ဘဲနဲ့ တစ်စုံတစ်ခု လိုချင်လို့ ပို့တဲ့ မေတ္တာကတော့ ဟန်ကို မဟန်ဘူး။

ဘုန်းကြီး ပခုက္ကူမှာ နေတုန်းက ညကျ မေတ္တာပို့၊ အဲ-ဆွမ်းခံသွားတဲ့ လမ်းကို မေတ္တာပို့၊ ဆွမ်းခံသွားတဲ့လမ်း မေတ္တာပို့တော့ နက်ဖြန်ခါကျတော့ မေတ္တာပို့တဲ့ လမ်းက ဟင်းကလေး ဘာလေးရတော့ ဟင်းကလေး ဘာလေး လောင်းလိုက်လို့ရှိရင် ငါ့ မေတ္တာ စူးတာပဲလို့ နည်းနည်း သဘောကျတယ်၊ နက်ဖြန်ခါညလဲ မေတ္တာပို့တယ်၊ အဲဒီ မနေ့က ဟင်းလောင်းတဲ့အိမ်က {ကန်တော့ဆွမ်းပါ}လို့ ဆိုတော့ အင်း-ငါ့မေတ္တာကိုက ရိုးတာမဟုတ်ဘူး၊ ဟင်းလိုချင်လို့ ပို့တဲ့ ငါ့မေတ္တာ ဘယ်ရိုးလိမ့်မတုန်း၊ ဘုန်းကြီးမှာ ဖြစ်ခဲ့ရဖူးတယ်။

တစ်စုံတစ်ခု လိုချင်လို့တော့ မပို့ပါနဲ့၊ တကယ် ချမ်းသာစေချင်လို့ ပို့တဲ့ မေတ္တာကတော့ ခုနကလို ဗုဒ္ဓမြတ်စွာ မေတ္တာကတော့ ဒီ နာဠာဂီရိဆင်ကြီး, ဓနပါလဆင်ကြီး, အဲဒီ ဆင်ကြီးကို အရက်တိုက်ပြီးတော့ လွှတ်တဲ့အခါတုန်းက ဒေဝဒတ်ရဲ့ စကားနားထောင်တဲ့ ဆင်ထိန်းတွေက အရက်တိုက်ပြီးတော့ လွှတ်တဲ့အခါတုန်းက ဆင်ကြီးက တကတည်း တစ်ရှူးထိုးကို ပြေးလာတယ်။

အရှင်အာနန္ဒာက {မြတ်စွာဘုရား ဆင်ကြီးလာနေပါတယ်}နဲ့ အင်မတန် ကြောက်, တိမ်းဖို့ ရှောင်ဖို့၊ အဲ-မြတ်စွာဘုရားက မတိမ်းတော့ အရှင်အာနန္ဒာက ရှေ့က ကာဆီးကာဆီး လုပ်တော့ မြတ်စွာဘုရားက {အာနန္ဒာ အာနန္ဒာ နေပါစေ နေပါစေ}ဟု ဗုဒ္ဓမြတ်စွာက စိုက်ပြီးတော့ ဒီဆင်ကြီးကို မေတ္တာပို့တယ်၊ တစ်ခါတည်း ဗုဒ္ဓမြတ်စွာရဲ့ အနားလဲ ရောက်ရော၊ တစ်ခါတည်း ဒူးတုပ်ပြီး နေတယ်။၁။ စူဠဝါပါဠိတော်၊ နှာ-၃၅၆,၇။ ဇာ,ဋ္ဌ-၅၊ နှာ-၃၅၅,၈။

ဒါကြောင့် မေတ္တာ မေတ္တာ သိပ်ကောင်းတာပဲ၊ မေတ္တာ သိပ်ကောင်းတာပဲလို့ ဘုန်းကြီးကလေ ကျောင်းကို မေတ္တာပို့ကြပါ၊ အရပ် ဆယ်မျက်နှာကို မေတ္တာ ပို့ကြပါ၊ ဆွမ်းဒကာ ဆွမ်းအမကို မေတ္တာပို့ကြပါ၊ ကိုယ်က လိုချင်လို့ မဟုတ် ဘူး၊ သူတို့ လောင်းလှူနေပြီလေ၊ ကျောင်းဒကာ ကျောင်းအမများကို မေတ္တာ ပို့ကြပါ၊ ကိုယ်က လိုချင်လို့ မဟုတ်ဘူး၊ သူတို့က ပြုစုနေကြပြီလေ၊{ကျန်းမာ ကြပါစေ, ချမ်းသာကြပါစေ}လို့ မေတ္တာပို့ရပါတယ်၊ ပို့ကို ပို့ခိုင်းပါတယ် ဘုန်းကြီးက၊ ဒီတော့ မေတ္တာဟာ စူးစူးစိုက်စိုက် ပို့လို့ရှိရင် အင်မတန်မှ ကောင်းတယ်, အင်မတန်မှ ကောင်းတယ်။

တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာက ကောသမ္ဗီပြည် ကြွလာတယ်၊ အဲဒီအချိန်မှာ ဗုဒ္ဓမြတ်စွာကို ရန်ဘက်လုပ်နေတဲ့ မိဖုရား မာဂဏ္ဍီဆိုတာ ရှိတယ်၊ မာဂဏ္ဍီ လက်ထပ်ဖို့ရန် လျှောက်တော့ ဗုဒ္ဓမြတ်စွာကလေ မလိုချင်ရုံတင်မကဘူး, အသုဘတရားတွေ ဟောလွှတ်လိုက်လို့၊ မလိုချင် မလိုချင်ဘူးပေါ့, ဘာပြုလို့ ဘယ့်နှယ် ညာ့နှယ်နှင့် အသုဘတွေ ဟောရမလား ဆိုပြီးတော့ ဒီကတည်းက သူရန်မူလာတာ။

ငါ့ရုပ်နဲ့တော့ အထက်တန်းရောက်မှာ၊ မိဖုရား ဖြစ်လို့ရှိရင်တော့ လက်စား ချေမယ်လို့ သူတွေးထားတယ်၊ အဲဒါနဲ့ သူကလဲ မိဖုရား ဖြစ်နေပြီ၊ ဗုဒ္ဓမြတ်စွာ ကလဲ ကြွလာပြီ၊ ကြွလာတော့ နဂိုကမှ ဗုဒ္ဓဘာသာ မဟုတ်တဲ့သူတွေက ဘုရားကို မကြည်ညိုနေတာ၊ ပစ္စည်း မရှိတဲ့ သူတွေကို ပိုက်ဆံပေးပြီးတော့ ဆဲကြဟေ့ ဂေါတမ လာလို့ရှိရင် မင်းတို့ ဆဲရင် ပိုက်ဆံဘယ်လောက် ပေးမယ်၊ နှစ်နှစ် ကာကာကြီး ဆဲနိုင်ရင် ပိုက်ဆံပေးမယ်၊ မိဖုရား ခိုင်းထားတော့ နဂိုကမှ ဆဲချင်ချင်၊ တိတ္ထိတွေကလေ တစ်ခါတည်း အဆဲမျိုးစုံနဲ့ ဆဲဖို့ရန် ပြင်ထားကြတာပဲ။

ဗုဒ္ဓမြတ်စွာက မနက်ဖြန် ဆွမ်းခံဝင်တယ်၊ ဆဲကြမယ်ဆိုတာလဲ အရှင်အာနန္ဒာ က သတင်းကြားပြီး အားလုံး ဗုဒ္ဓဘာသာတွေကလဲ လျှောက်ထားကြပါလိမ့်မယ်၊ ဒါနဲ့ အရှင်အာနန္ဒာက မြို့ပေါက်ရောက်တော့{မြတ်စွာဘုရား ဒီလမ်းတော့ ဆွမ်းခံမဝင်ပါနဲ့ဘုရား}{ဘာပြုလို့တုန်း}{ဒီလမ်းက ဆဲဖို့ရန် လူစုထားပါတယ် ဘုရား}၊ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာက အင်မတန် တယ် ကြည်ညိုစရာကောင်း၊ ခပ်ရွှင်ရွှင်ပဲ၊{နို့ ဒီလမ်း ဆွမ်းခံ မဝင်လို့, ဘယ်လမ်း ဆွမ်းခံ ဝင်မလဲ } ဟိုဘက်လမ်းက လှည့်ဝင်ပါဘုရား၊ အဲဒီလမ်း လိုက်ဆဲတော့ ဘယ့်နှယ်လုပ် မလဲ၊ ဟိုဘက်တစ်လမ်း ပြောင်းသေးတာပေါ့ ဘုရား။

အဲဒီတစ်လမ်း လိုက်ဆဲတော့ကော အာနန္ဒာ ဘယ့်နှယ်လုပ်မလဲ၊ ဟိုမြို့ပြောင်း တာပေါ့ဘုရား၊ အဲဒီမြို့ လိုက်ဆဲတော့ကော အာနန္ဒာ ဘယ့်နှယ်လုပ်မတုန်း၊ ဘုန်းကြီးတို့ ဘုရားကလေ, ဘုန်းကြီးတို့ ဘုရားက အင်မတန်လဲ ရွှင်ပါတယ်လေ၊ ဒီတော့ အာနန္ဒာ အမှုတစ်ခု ဖြစ်လို့ရှိရင် အဲဒီအမှုကို အဲဒီ နေရာမှာပဲ ပြီးအောင် လုပ်ရမယ်၊ ပြောင်းသွားနေလို့ရှိရင်ဖြင့် ဒီအမှု နောက်က တစ်ကောက်ကောက်နဲ့ ပါလာလိမ့်မယ်။

အဟံ နာဂေါဝ သဂါမေ, စာပတော ပတိတံ သရံ။၁။ ဓမ္မပဒအဋ္ဌကထာ, ပ-တွဲ၊ နှာ-၁၃၅, ၆။ ၎င်း ဋ္ဌ,ဒု-တွဲ၊ နှာ-၃၀၈,၉။

စစ်မြေပြင်ဝင်တဲ့ ယဉ်ကျေးပြီးသား ဆင်ပြောင်ကြီးဟာ ပတ်ဝန်းကျင်က ကျလာတဲ့ မြားတွေကို ခါထုတ်ပြီးတော့ ရှေ့တက်သလိုပေါ့၊ ငါဘုရားလဲပဲ ဘေးက မကြားကောင်း မနာသာ ပြောတဲ့ စကားတွေကို အကုန်လုံး ခါထုတ် ပြီးတော့ ရှေ့တက်တော်မူမယ်၊ မဟာကရုဏာ ရှေ့ထားပြီးတော့ ဆွမ်းခံ ကြွတော်မူတာပဲ၊ ဆဲရင် ဘာဖြစ်တုန်း၊ ဆဲသူက ဆဲရင် ဆွမ်းလောင်းသူက လောင်း၊ သာပြီးတော့တောင် မြိုင်သွားသေးတယ်၊ ဆဲတာတွေက တချို့, ဆွမ်းလောင်းသူတွေက တချို့၊ ချီးမွမ်း သာဓုသံက တချို့, ဆဲသံက တချို့၊ သာတောင် မြိုင်သွားသေးတယ်၊ အဲဒါကြောင့် ဗုဒ္ဓမြတ်စွာက မဟာကရုဏာတော် ကို အမြဲ သုံးတော်မူပါတယ်။

ဒါကြောင့် မေတ္တာပို့တဲ့အခါ တစ်ယောက်တည်း အကျယ်ကြီး ဟစ်ပြီးတော့ ပို့မနေစမ်းပါနဲ့၊ စူးစူးစိုက်စိုက် ရှုပြီးတော့ ဒီက ဈာန်ဖြစ်အောင် စူးစူးစိုက်စိုက် ရှုလိုက်ကြစမ်းပါ၊ အဲဒီ ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူတွေက တို့ ဗုဒ္ဓဘာသာထက် ငြိမ်ပြီးတော့ မေတ္တာပို့နေလိုက်ကြတာ။

တစ်ခါတုန်းကများ လေးရာလောက် စည်းဝေးနေလိုက်ကြတာ တုတ်တုတ်မှ မလှုပ်ဘူးတဲ့၊ ငြိမ်လို့ သူတို့ အာရုံနဲ့ သူတို့ ယူနေကြတာ၊ မေတ္တာပို့ကြဆိုရင် မေတ္တာပို့ပြီးတော့ ငြိမ်နေကြတယ်၊ ဒီက ဘုရားဒကာကြီးတွေရဲ့ ဘုရားလူကြီး တွေရဲ့ ဝိုင်းထဲမှာတော့ ဝုန်းဒိုင်းဝုန်းဒိုင်းကြားက မေတ္တာပို့တဲ့သူက မေတ္တာ ပို့ကြ၊ ရွတ်တဲ့သူက ရွတ်ကြ၊ ဆွမ်းလောင်းတဲ့သူတွေကလဲ ဆွမ်းလောင်းကြ၊ ဆွမ်းတော်တင်တဲ့ သူတွေကလဲ ဆွမ်းတော်တင်ကြနဲ့ ရှုပ်နေလို့။

ဒီတော့ {ဘုန်းကြီးတို့ရဲ့ အကောင်းတွေကို ဘယ်သူတွေက ယူနေကြတုန်း ဆိုတော့ ဘုန်းကြီးတို့ ဘာသာဝင် မဟုတ်တဲ့ သူတွေက ယူပြီးတော့ အသုံးချ နေကြတယ်၊ ဘုန်းကြီးတို့ ဘာသာဝင်တွေကတော့ မိမိတို့ဟာ မိမိတို့ ဟုတ်လှပြီလို့ ထင်နေကြပြီးတော့ ဘယ့်နှယ်ကြောင့် ကြမ်းကြမ်းတမ်းတမ်း အသံတွေနဲ့ ဒီ ဘာသာရေး ကိစ္စကို အသုံးချနေကြသလဲ၊ သိပ် စဉ်းစားစရာ ကောင်းပါတယ်}။

အသုဘ ရှုပုံရှုနည်း။ ။ တစ်ခါ မေတ္တာပို့တာသာ မဟုတ်ဘူး၊ ဘုန်းကြီးတို့ ဗုဒ္ဓါနုဿတိ, မေတ္တာ, အသုဘဘာဝနာ၊ အသုဘ ဘာဝနာလဲ စူးစိုက်ပြီးတော့ ရှုနေရင်လေ တကယ်ကို တရားပေါက်တယ်။

တစ်ခါတုန်းက ရဟန်းတော်လေး တစ်ပါးနဲ့ ကိုရင်လေးတစ်ပါးက ဒံပူခုတ် တောထဲ သွားကြတယ်လေ၊ ဒံပူခုတ် တောထဲသွားကြတော့ ကိုရင် လေးက လမ်းက ဖယ်ပြီးတော့ တစ်နေရာကို သွားလိုက်တော့ အသုဘအလောင်း ကောင် တွေ့ထားလို့ ရှုလို့၊ နဂိုကလဲ တရားနဲ့နေတဲ့ ကိုရင်ကိုး၊ သူ အသုဘ ရှုရင်း သောတာပန် ဖြစ်သွားတယ်၊ အဲ-အသုဘချည်းကတော့ သောတာပန်, သကဒါဂါမ် မဖြစ်ဘူး၊ အသုဘရှုရင်း သမာဓိရပြီးတော့ {အနိစ္စ,ဒုက္ခ,အနတ္တ} ရှုလိုက်ပါသေးတယ်၊ အဲဒီလို အနိစ္စ, ဒုက္ခ, အနတ္တ ရှုလိုက်တော့ သောတာပန် ဖြစ်၊ ထပ်ရှု သကဒါဂါမ် ဖြစ်၊ ထပ်ရှု အနာဂါမ် ဖြစ်၊ နောက်တော့ ဦးပဉ္စင်းက {ကိုရင်, ကိုရင်}လို့ ခေါ်လိုက်တော့မှ နောက်မှ ရှေ့ဆက်မယ်လေ ဆိုပြီးတော့ ဦးပဉ္စင်းဆီ သွား၊ {အရှင်ဘုရား ဟောဒီလမ်း ကြွပြီးတော့ ဟိုနား ကြည့်စမ်းပါ ဘုရား}လို့ ပြောတော့ ဦးပဉ္စင်းကလဲ သွားကြည့်တော့ အသုဘတွေ့၊ သူတို့က တရားနဲ့ နေကြတာလေ၊ ခုနကလိုပဲ ရှုလို့၊ အသုဘရှု ဆိုတာဟာ ဒီ ဈာန ပစ္စည်းနဲ့ ဆက်သွယ်ပြီးတော့ သုံးသပ်ဟန် တူတယ်။

ရှေးတုန်းက ဘုန်းတော်ကြီးများ အသုဘရှု ကြွတော်မူပါ၊ အသုဘရှုလိုက် ကြတာ၊ အဲဒီလို တရားတော်နဲ့ ပင့်ခေါ်တာပါ၊ ခုနက ကိုယ်တော်ကလဲ ရှုပြီး တော့ နေလိုက်တာ၊ သူလဲ သောတာပန်, သကဒါဂါမ်, အနာဂါမ် ဖြစ်သွား တယ်၊ အသုဘအလောင်းကောင် တစ်မျိုးတည်းနဲ့ ရဟန်းတော်နဲ့ ကိုရင်တစ်ပါး ချက်ချင်း တရားထူး ရသွားတယ်။

ဒါကြေင့် အသုဘပို့တဲ့ နေရာမှာလဲ ဘုန်းကြီးတို့ မြန်မာတွေ, ဘုန်းကြီး တွေရော, လူတွေရော ဟိုက ဖိတ်တော့ အသုဘရှုရန်၊ အင်း-အသုဘပို့ရန် ဖိတ်တော့ ဖိတ်ပါရဲ့၊ ဒီက အထိုက်အလျောက် ပြင်လို့,ဆင်လို့၊ ဟိုပွဲထိုင်လောက် သာ မမှီတာ အထိုက်အလျောက် ပြင်လို့,ဆင်လို့၊ မော်တော်ကားကြီးတွေနဲ့ ခမ်းခမ်း နားနားနဲ့၊ စကားစမြည် ပြောလို့၊ ရောင်းမှုဝယ်မှုတွေ ပြောလို့၊ အင်း-ဟိုကိစ္စ ဒီကိစ္စတွေ ပြောလို့၊ အသုဘ မပါပါဘူး၊ မလိုက်ရင် မကောင်းလို့ လိုက်ကြတာ။

ဘုန်းကြီးတို့ ဘုန်းတော်ကြီးတွေကလဲ ဘယ်လိုဆိုတာ သုသာန် သွားပြီး တော့ ကြည့်ကြပေါ့လေ၊ ဘုန်းကြီးက ပြောနေဖို့ မလိုပါဘူး၊ ခုတော့ ဘုန်းကြီးတို့ရဲ့ အသုဘရှုတာကလဲ အသုဘဘာဝနာကို တကယ်တမ်း ရှုရင် တကယ့်ကို တရား ရလောက်တယ်၊ တကယ် မရှုဘဲနဲ့ ဝတ်ကျေတန်းကျေ ရှုနေတဲ့အတွက် ဘာမှ အကျိုးမရတဲ့အပြင် အချိန်ကုန်တာသာ အဖတ်တင်တယ်၊ နိုင်ငံခြားက ဘာသာခြား က လူတွေလာပြီး အသုဘ လာပို့တော့ ငြိမ်လို့, တိတ်ဆိတ်လို့၊ အဝတ်များတောင်မှ အသုဘအဝတ်ကို တစ်မျိုး ဝတ်လို့၊ တယ် ကြည်နူးစရာ ကောင်းတယ်၊ အသုဘရှုပြီး တွေးလို့၊ ငါတို့လဲ ဒီလို သေရဦးမယ်ဆိုတဲ့ အတွေးမျိုး ဖြစ်ကောင်းလိမ့်မယ်, တွေးလို့။

ဗုဒ္ဓဘာသာဝင်ဆိုတဲ့ လူတွေက ဘုရားတရားက ဒါလောက် ညွှန်ပြထား ပေမယ့် ဘယ်လောက်များ တွေးလိုက်ကြတုန်း၊ ဘယ်လောက်များ တရားရလိုက် ကြတုန်း၊ ရယ်တဲ့သူက ရယ်, ငိုတဲ့သူက ငို၊ တချို့ အော်ဟစ်ပြီး ငိုသူက ငို၊ ဘေးက လူတွေက နီးစပ်ရာ လူတွေက နည်းနည်းပါးပါး ချော့တန်တဲ့သူက ချော့၊ ဘေးက ခပ်ဝေးဝေးက လူတွေက အမှတ်တမဲ့ပေါ့၊ ပြီးတော့ ဘုန်းကြီးတို့ရဲ့ ဘာသာရေးကိုလေ သူများက အထင်သေးတာပဲ၊ ဘာသာက လွဲလို့ ညံ့လို့ မဟုတ်ပါဘူး၊ ဒီ ဘာသာကို လက်ကိုင်လုပ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ညံ့မှုကြောင့် ဒီ ဘာသာကြီးပါ အထင်သေး ခံနေရပါတယ်။

မရဏာနုဿတိ။ ။ ဒီ အသုဘအပြင် မရဏာနုဿတိ အသုဘနဲ့ ဆက်ပြီး တော့ အသုဘ သွားပို့တယ်ဆိုရင် ဇာတိဓမ္မော ဇရာဓမ္မော, ဗျာဓိဓမ္မော သဟံ သဒါ။

ငါလဲ သူ့လိုပဲ သေရဦးမယ်၊ ငါလဲ သူတို့လို အိုရဦးမယ်၊ နာဦးမယ်၊ သူတို့ရဲ့ အဖြစ်အပျက်တွေကို ကိုယ့်ခန္ဓာကိုယ်ပေါ် ရောက်အောင် တွေးယူရ ပါတယ်။

တွေးယူလိုက်တော့ ဘာတုန်းဆိုရင် မနေ့တုန်းက ပြောခဲ့တဲ့ ခင်မင်မှုတဏှာ တွေဟာ လျော့လျော့ လျော့လျော့ သွားပြီးတော့ သေခါနီး ခွဲခွာရတဲ့ အချိန်ကျ သိပ်လွယ်တယ်၊ သိပ်လွယ်တယ်၊ လွယ်လွယ်ကူကူ ခွဲနိုင်ပါတယ်၊ ဒါကြောင့် မရဏာနုဿတိ သေမှုကိုလဲ အောက်မေ့ရပါတယ်၊ သေတာတွေကို ကြည့်ပြီး-

{ငါနဲ့ ရွယ်တူ, ငါ့အောက်လူ, ကြီးသူ သေကြ များလှပြီ} တရားတော်အတိုင်း တရားတော်အတိုင်း၊ မဟာဂန္ဓာရုံ ဆရာတော်တို့ လက်ထက်ကစပြီးတော့ သုံးစွဲလာကြတယ်။

{ငါနဲ့ ရွယ်တူ, ငါ့အောက်လူ, ကြီးသူ သေကြ များလှပြီ}၊ ငါနှင့် ရွယ်တူတွေလဲ သေကြပြီ၊ မရဏဆိုင်ရာ ကျလို့ရှိရင် တွေးရတယ်၊ အဲ-ယခု သေတဲ့ သူက ငါ့ထက် ဘယ်လောက် ကြီးတယ်၊ ယခု သေတဲ့သူက ငါနဲ့ ရွယ်တူ ဖြစ်တယ်၊ ယခု ဆုံးတဲ့သူက ငါ့အောက် ငယ်တယ်။

{ငါနဲ့ ရွယ်တူ, ငါ့အောက်လူ, ကြီးသူ သေကြ များလှပြီ၊ ခဏမစဲ, အိုစမြဲ, ကိုယ်လဲ သေဘက် နီးခဲ့ပြီ} လို့ တွေးလို့၊ စိုက်ပြီးတော့ တွေးလာတယ်၊ ကြီးလာတယ်၊ ခုသေတဲ့သူက ငါနဲ့ ဘယ်လောက်သာ ကွာတယ်၊ ငါလဲ မသိနိုင်ဘူး၊ ခု ကျန်းမာနေပေမယ်လို့ နောက် တစ်ရက် မပြောနိုင်ဘူး၊ သေစရာတွေက များလိုက်တာ။

အဇ္ဇေဝ ကိစ္စမာတပ္ပံ, ကော ဇညာ မရဏံ သုဝေ။၁။ ဥပရိပဏ္ဏာသပါဠိတော်၊ နှာ-၁၄၃, ၂၂၆။

ယနေ့ သေမယ်၊ နက်ဖြန် သေမယ်လို့ ဘယ်သူ သိနိုင်မလဲ။

န ဟိ နော သဂရံ တေန, မဟာသေနေန မစ္စုနာ။၁

သေမင်းနဲ့ တိုက်ခိုက်ယူလို့လဲ သေမင်းကို မနိုင်ဘူး၊ လက်ဆောင်တံစိုး ထိုးလို့လဲ သေမင်းက ရမှာ မဟုတ်ဘူး၊ ချော့ပြီးတော့ လုယက်လို့လဲ မရဘူး။

ဒီတော့ကာ သေမင်းကို ဘယ့်နှယ်မှ မတတ်နိုင်တော့ စောစောစီးစီးက သေမင်း မလာခင်, သေမင်းက လက်မဦးအောင် မိမိက ကြိုတင်ပြီးတော့ ပြင်ဆင်ထားရမယ်။

{ငါနဲ့ ရွယ်တူ, ငါ့အောက်လူ, ကြီးသူ သေကြ များလှပြီ}နဲ့ တွေးလို့၊ အသုဘပို့ရတယ် ဆိုလို့ရှိရင်လဲ ဒါတွေးလို့ ငြိမ်လို့ ဖြစ်နိုင်လို့ရှိရင် ခြေလျင် လိုက်ပြီးတော့ပေါ့လေ၊ တချို့က ရထားနဲ့ ကားနဲ့၊ တချို့က ခြေလျင်၊ ဒီလို တော့ မကောင်းဘူး၊ သိပ်မဝေးလို့ရှိရင် ဘယ်က ဘယ်ထိတော့ ရထားနဲ့ပေါ့, ဘယ်ကျတော့ ခြေလျင်လိုက်ပြီးတော့ ဒါတွေးလို့၊ ငြိမ်လို့ပေါ့၊ လမ်းသွားတာကိုက ညီညီကလေးသွားလို့၊ အင်း-နှစ်ယောက်တစ်တွဲ ဖြစ်ဖြစ်, သုံးယောက်တစ်တွဲ ဖြစ်ဖြစ် ညီညီသွားလို့ {သေရဦးမယ်, သေခြင်းကို ဘယ်သူမှ မလွန်ဆန်နိုင် ဘူး}လို့ တွေးပြီးတော့ မရဏာနုဿတိ အာရုံယူပြီးတော့ နေလို့ရှိရင်လဲပဲ တရား ပေါက်နိုင်တာပေါ့၊ အဲ-သောတာပန်, သကဒါဂါမ် ဖြစ်နိုင်တာပဲ၊ ဒီနောက် ထပ်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ ရှုပေးလိုက်ရင်ပဲ သောတာပန် သကဒါဂါမ် ဖြစ်နိုင်တာပဲ။

ကမ္မဋ္ဌာန်းတွေ ပေါများ။ ။ ဒါကြောင့် ကမ္မဋ္ဌာန်းတွေ ပေါလွန်းလို့၊ ခုနက ဗုဒ္ဓါနုဿတိနဲ့လဲ တရားတွေ ရသွားပြီနော်၊ အင်း-မေတ္တာနဲ့လဲ တရားတွေ ရကြပြီနော်၊ အင်း-အသုဘနဲ့လဲ တရားတွေ ရကြပြီနော်၊ မရဏာနုဿတိနဲ့လဲ တရားတွေ ရကြပြီနော်။

အရှင်အာနန္ဒာနဲ့ အင်မတန် ထင်ရှားတဲ့ အရှင်အာနန္ဒာရဲ့ တရားဟာလေ ကောဋ္ဌာသဘာဝနာ ဘာမှ ခက်တာမဟုတ်ဘူး၊ အရှင်အာနန္ဒာဟာလေ{ဆံပင်, မွေးညှင်း,ခြေသည်း,လက်သည်း,သွား}ဆိုတဲ့ ကောဋ္ဌာသ ဘာဝနာနဲ့ပဲ တရားနှလုံးသွင်းနေတာ၊ တရားရမယ့် အချိန်မှာလဲ ကောဋ္ဌာသ ဘာဝနာနဲ့ပဲ တရားရဖို့ရန် ပြင်ဘက် စင်္ကြံလျှောက်ပြီးနေတာ၊ အင်း-{ဆံပင်, မွေးညှင်း, ခြေသည်း,လက်သည်း,သွား} ဒီဟာပဲ၊ ဒါကို နှလုံးသွင်းပြီးနေရာက လုံ့လဝီရိယ လွန်နေလို့ တရားမရတာ ဆိုပြီးတော့ အတွင်းဝင်ပြီး ညောင်စောင်း လေးပေါ်မှာ လှဲလိုက်တယ်ဆိုရင်ပဲ တစ်ခါတည်း ရဟန္တာ ဖြစ်သွားတယ်။၁။ ဝ,ိ ဋ္ဌ-၁၊ နှာ-၉, ၁၀။

မဟာတိဿထေရ်နှင့် ဒီတော့ တရားတွေက ခက်တာ မဟုတ်ပါဘူး၊ တရား အရိုးစု ကမ္မဋ္ဌာန်း ရဖို့ တရားတွေ ပြည့်လို့၊ ဘုရားလက်ထက်တော်မှာလေ ရဟန်းတော် တစ်ပါးဟာ အဋ္ဌိက-အရိုးကို ရှု လေ့ရှိတယ်၊ အဋ္ဌိကကမ္မဋ္ဌာန်းဆိုတာလဲ အသုဘကမ္မဋ္ဌာန်းပေါ့၊{အရိုးစု အရိုးစု}လို့ နှလုံးသွင်း နေရာက တစ်နေ့တော့ ဆွမ်းခံကြွလာတယ်၊ ဆွမ်းခံကြွလာတော့ ဒကာမ တစ်ယောက်က သူ့ယောက်ျားနဲ့ ရန်ဖြစ်လို့ မိဘအိမ် ပြန်မယ်လို့ သူ က လာတုန်းမှာ ကိုယ်တော်လေး မြင်တာနဲ့ ရယ်လိုက်တယ်။

အသံထုတ် ရယ်လိုက်တော့ ကိုယ်တော်လေးက ကြည့်လိုက်ရင်ပဲ သွားတွေ မြင်လာတယ်၊ အထက်သွားက အထက်ပိုင်း, အောက်သွားက အောက်ပိုင်း တစ်ကိုယ်လုံးကို နဂိုကမှ အဋ္ဌိကကမ္မဋ္ဌာန်း ရှုနေတာဖြစ်တော့ တစ်ကိုယ်လုံး အရိုးစုပဲမြင်တယ်၊ ယောက်ျား မိန်းမ မကွဲလိုက်ဘူး၊ ဟိုနား ဖယ်ပြီးတော့ တရားနှလုံးသွင်းလိုက်တာ ရဟန္တာ ဖြစ်သွားတယ်။

နောက်က ယောက်ျား လိုက်လာတယ်၊ {အရှင်ဘုရား ဒီနားမှာ မိန်းမ တစ်ယောက် မမြင်လိုက်မိဘူးလား}ဆိုတော့၊{မိန်းမလား,ယောက်ျားလား မသိဘူး ဒကာရဲ့၊ ဒီနား အရိုးစုကြီးတော့ သွားလေရဲ့}လို့ အဲဒီလို အမိန့်ရှိတယ်။၂။ သ,ံ ဋ္ဌ-၃၊ နှာ-၂၁၁။ ဝိသုဒ္ဓိ, ဋ္ဌ၊ ပ-တွဲ၊ နှာ-၂၀, ၁, ၁၈၇။

ဒီ အရိုးစု အဋ္ဌိကကမ္မဋ္ဌာန်းနဲ့လဲ တရားပေါက်တယ်၊ ခု မြန်မာများက တရား ရှာနေလိုက်ကြတာ လွန်လွန်းတယ်၊ ဒီ တရားရှာပေမယ်လို့လဲပဲ သူတို့ တရား တွေ့ချင်မှလဲ တွေ့မယ်၊ တရားတွေက လွယ်လိုက်တာ၊ အရှင်အာနန္ဒာ တို့လို ပုဂ္ဂိုလ်ရင့်မကြီးတွေက {အသုဘဘာဝနာနဲ့ ကာယဂတာသတိဘာဝနာနဲ့ ဆံပင် မွေးညှင်းဘာဝနာနဲ့ပဲ တရားထူးရပါတယ်။

ခေမာမိဖုရားနဲ့ ဒီအရိုးစုကမ္မဋ္ဌာန်းနဲ့ပဲ တရားထူးရပါတယ်၊ အင်မတန်ထင်ရှား အသုဘကမ္မဋ္ဌာန်း တဲ့ ခေမာမိဖုရားဟာ အသုဘကမ္မဋ္ဌာန်းဟောမှာ ကြောက် ရက်သားနဲ့ ဘုရားက အသုဘကမ္မဋ္ဌာန်းကို ဟောတာပဲ၊ အာတုရံ အသုစိံ ပူတိံ, ပဿ ခေမေ သမုဿယံ၊

ဥ ဂíရ န္တံ ပဂíရ န္တံ, ဗာလာနံ အဘိနန္ဒိတံ။၁။ အပါဒါန်ပါဠိတော်, ဒု-တွဲ၊ နှာ-၂၂၆။ ဓမ္မပဒအဋ္ဌကထာ, ဒု-တွဲ၊ နှာ-၃၄၀။

လို့ လူ့ဗာလတွေ မက်မောနေကြတာ။

{အာတုရံ-ဒုက္ခမျိုးစုံ, အဖုံဖုံတို့ဖြင့်, မပြတ်နှိပ်စက်အပ်သော၊ အသုစိံ- မစင်မကြယ်, စက်ဆုပ်ရွံရှာဖွယ် ဖြစ်ထသော၊ ပူတိံ-ပုပ်နံညှီလှောင်း, မကောင်း သော အနံ့ရှိထသော၊ ဥ ဂíရ န္တံ-မျက်စိ နား နှာ, အဂါရှိတိုင်း, အထက်ပိုင်းဝယ်, ရွံဖွယ်သိုးပုပ်, အန်ထုတ်၍နေထသော၊ ပဂíရ န္တံ-ကျင်ကြီး ကျင်ငယ်, အသွယ်သွယ် ဟု, မဖွယ်မရာ, အဖြာဖြာကို, မှန်စွာနေ့ည, ယိုချ၍နေထသော၊ ဗာလာနံဘဝါဘဝ, သံသာရက, ရာဂစရိုက်ပွား, ငမိုက်သားတို့သည်၊ အဘိနန္ဒိတံရှိရင်းပြောင်းပြန်, မမှန်ကန်အောင်, ကြံဖန်နှစ်သက်, စွဲမက်အပ်ထသော၊ သမုဿယံ-သုံးဆယ့်နှစ်ဝ, ကောဋ္ဌာသတို့, လုံးဝခိုမှီး, ဤကိုယ်ကြီးကို၊ ပဿ-ဉာဏ်ရောင်လင်းသလောက်, အတွင်းရောက်အောင်, ထွင်းဖောက်စေငု, ကြည့်ရှုစမ်းပါလော့}။

ဗုဒ္ဓမြတ်စွာက ဟောလိုက်တာအသုဘကမ္မဋ္ဌာန်းကို ခန္ဓာကိုယ်မှာ စိုက်ပြီး တော့ ရှုလိုက်တာ တရားရသွားတယ်၊ ဒီ ခေမာမိဖုရား သောတာပန် ဖြစ်သွားတယ်။

ဣန္ဒြိယသံဝရသီလ ဒီတော့တရားတွေက ဝေးတာမဟုတ်ဘူး, ခက်တာ မဟုတ် လုံအောင်ထိန်း ဘူး၊ မိမိတို့ စိတ်ကတရားအားထုတ်ပါလို့ဆိုတော့ သီလ စင်စင်ကြယ်ကြယ် လုပ်ဖို့ဆိုတော့ တော်တော်ခက်သွားပြီ၊ သီလစင်ကြယ် တော့မှ ရှေ့ကို သမာဓိ ရနိုင်ပါတယ်၊ သီလ မစင်ကြယ်တော့ ရှေ့ကို သမာဓိ မရနိုင်ပါဘူး၊ သီလစင်ကြယ်တာက ဘယ်လောက် စင်ကြယ်ရ မတုန်းလို့ဆိုတော့ ဥပုသ်သီလတင်မကဘူး၊ ဣန္ဒြိယသံဝရသီလ-ဣန္ဒြေကို ထိန်းပြီးတော့ မျက်စိနဲ့ မြင်လဲပဲ လောဘမဖြစ်, ဒေါသမဖြစ်၊ ဘယ်လောက် လှတာပဲ ဖြစ်ဖြစ် မျက်စိနဲ့ မြင်လဲပဲ လောဘမဖြစ်, ဒေါသမဖြစ်၊ ဒါက အလေ့အထ လုပ်ထားရတယ်၊ ဘယ်လောက် အရုပ်ဆိုးတဲ့ အာရုံကြီးတွေ့တွေ့, ဒေါသမဖြစ်၊ နားနဲ့ ကြားရလဲ လောဘမဖြစ်, ဒေါသမဖြစ်၊ ဒါက အလေ့အထ လုပ်ကို နေရပါတယ်။

ဘုန်းကြီးက {အရှင်ဘုရား တရား ဘယ်နှစ်ရက်လောက်နဲ့များ ပေါက် အောင် ပေးနိုင်တုန်း}ဆိုတော့၊ ဟာ-ဘယ်နှစ်ရက်လောက်နဲ့မှ ပေါက်အောင် မပေးနိုင်ဘူး၊ ဣန္ဒြိယသံဝရသီလက နှစ်ပေါင်း အကြာကြီး ကြိုးစားရမှာ၊ ဣန္ဒြိယသံဝရသီလ လုံတော့ ကမ္မဋ္ဌာန်း မခက်ပါဘူး၊ ကမ္မဋ္ဌာန်းက လွယ်လွယ် ကလေးရယ်၊ ခက်နေတာက ဣန္ဒြိယသံဝရသီလ ခက်နေတာ။

သင်တို့က ကောင်းကောင်းလေး စားပြီးတော့ ကမ္မဋ္ဌာန်း အားထုတ်ချင်တယ်၊ ကောင်းကောင်းလေး စားကတည်းကိုက လောဘပါနေပြီ၊ သင်တို့က ကောင်း ကောင်းလေး ဝတ်ပြီးတော့ ကမ္မဋ္ဌာန်း အားထုတ်ချင်တယ်၊ ကောင်းကောင်းလေး ဝတ်ကတည်းကိုက လောဘပါနေပြီ၊ မကောင်းတာများ တွေ့လို့ရှိရင် ဒေါသ ဖြစ်နေပြီ၊ အဲဒီ ကတည်းကိုက ဣန္ဒြေ ပျက်နေပြီ၊ စက္ခုန္ဒြေ, သောတိန္ဒြေ တစ်ခုခု ပျက်လို့မို့ ဣန္ဒြိယသံဝရသီလ ပျက်သွားပြီ၊ ကမ္မဋ္ဌာန်းအားထုတ်တယ်၊ သူတို့က နည်းနည်းလေးတော့ ဖီးလိမ်းလိုက်ရဦးမှ၊ လိမ်းလို့, စားလို့၊ အနိစ္စ, ဒုက္ခ, အနတ္တ၊ ဘယ့်နှယ်မှ ကမ္မဋ္ဌာန်း မပေါက်နိုင်ဘူး။

{အရှင်ဘုရား ဝိသာခါတို့တောင် ငယ်ငယ်လေးနဲ့ ကမ္မဋ္ဌာန်းပေါက်သွား တာ}၊ ဝိသာခါက ပါရမီ ကမ္ဘာတစ်သိန်း ပြုပြီးသား ဖြစ်တယ်၊ ဝိသာခါနဲ့ ဆုံတဲ့ အချိန်မှာ ဘုရားရှင်က သက်တော်ထင်ရှား ရှိတယ်၊ အဲဒီ ဟာကတော့ လူတစ်ယောက် အမွေရသလိုပေါ့၊ သူဌေးသား တစ်ယောက်, သူဌေးအမွေရဖို့က ဘာခက်တုန်း၊ သူက သူဌေးသားကိုး။

သူဌေးသား, သူဌေးအမွေ ရတာပဲ၊ ဒီသူဌေးသား သူဌေးဖြစ်သလို ဖြစ်ချင် ကြရင်တော့ တစ်ကျပ် နှစ်ကျပ် မူးက စပြီးတော့ စုရပါလိမ့်မယ်၊ အဲဒီလိုဆို အကြာကြီး ကြာပါလိမ့်မယ်၊{ဝိသာခါတို့ တရားရတာတွေ ဘယ့်နှယ် လုပ်မှာ တုန်း}၊ အဲဒီ ဝိသာခါ သောတာပန် ဖြစ်ရက်သားနဲ့ သားသမီးတွေ မွေးလိုက်တာ ၂၀တဲ့၊ သူတို့က အဲဒီဟာတွေ အားကျပြီးတော့ မွေးမယ် ကြံနေကြတာ၊ ဝိသာခါက ဝိသာခါလမ်းအတိုင်း သွားတာ၊ မိမိတို့က မူးစု ပဲစုက စပြီး စုရမယ့် အစားတွေ၊ ဣန္ဒြိယသံဝရသီလ မလုံဘဲနဲ့တော့ ဘုန်းကြီးက တရား ရလိမ့်မယ်လို့တော့ ဝန်မခံနိုင်ပါဘူး။

ဟိုဘက်တော့ အထုံပါရုံတော့ ဖြစ်ပါလိမ့်မယ်၊ ကဲ-ကဲ ဗုဒ္ဓမြတ်စွာရဲ့ ဈာနပစ္စည်းကို ဟောရာက တရားတွေ အမျိုးမျိုး ပေါပါတယ်လို့ ဘုန်းကြီး ပြောပါတယ်နော်၊ တရားတွေ ပေါရက်သားနဲ့ လူတွေ တရားမရကြတာကတော့ ဣန္ဒြိယသံဝရသီလကို မထိန်းနိုင်ကြလို့ တရားမရတာ ဖြစ်တယ်၊ ဗုဒ္ဓမြတ်စွာရဲ့ သာဝကပီပီ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်ကြီးကို ဂုဏ်ရှိစေလိုရင်တော့, ဂုဏ်ရှိစေလိုတဲ့ ဆန္ဒရှိရင်တော့ ဘယ်တရားမဆို ငြိမ်ငြိမ်သက်သက် စူးစူးစိုက်စိုက် ရှုကြပါ၊ ငြိမ်ငြိမ်သက်သက် စူးစူးစိုက်စိုက် ရှုပြီးတော့ ဣန္ဒြိယသံဝရသီလ လုံလို့ရှိရင်တော့ ယခုလဲ တရား ရနိုင်ပါတယ်။

တရားနဲ့ နေရင် ကျောင်းတိုက် အတွင်းမှာလဲ စာအံပြီးတော့ ဘုရားကို ပူဇော်ရာ ရောက်ခြင်း အော်ကျယ် အော်ကျယ်နဲ့ စာမေးပွဲ ဝင်ဖို့ရန် မကြိုးစားပါနဲ၊ ငြိမ်ငြိမ်သက်သက်နဲ့ တရားနဲ့ နေပြီးတော့ သူတော်ကောင်း စစ်စစ်ဖြစ်အောင်ကြိုးစားကြပါ၊ အဲဒီလိုဆိုလို့ရှိ ရင်ဗုဒ္ဓဘာသနာကို အားပေးရာလဲရောက်တယ်၊ ဗုဒ္ဓမြတ်စွာကို ပူဇော်ရာလဲရောက် ပါတယ်။

ဒီလိုမဟုတ်လို့ရှိရင် မိမိတို့က ဗုဒ္ဓသာသနာထဲမှာ နေပေမယ်လို့ ဗုဒ္ဓသာသနာ ထဲမှာ လှူဒါန်းနေပေမယ်လို့ အတွင်းကနေပြီးတော့ ဗုဒ္ဓသာသနာကို ဖျက်ရာ ရောက်ပါတယ်၊ ဖျက်ရာမရောက်ဖို့ရန် စျာနပစ္စည်း အကြောင်းပြပြီးတော့ ကုသိုလ်ဈာန်တွေလဲ ရှိတယ်၊ အကုသိုလ်စျာန်တွေလဲ ရှိတယ်၊ ရဟန္တာ များ နှလုံးသွင်းရတဲ့ အဗျာကတဈာန်တွေလဲ ရှိတယ်ဆိုတာကို သိပြီးတော့ ဗုဒ္ဓမြတ်စွာကို နှစ်နှစ်ကာကာကြီး ယုံကြည်ပြီးတော့ ကြိုးစားပြီးတော့ ကိုးကွယ်လိုက်ကြပါ၊ ဘုရား စကားကို ဘုရားကို အာရုံပြုသည်က စပြီးတော့ နားထောင်လိုက်ကြပါ။

{နာနာပ္ပကာရဋ္ဌာနာနိ} {ပဋ္ဌာန}ဆိုတဲ့ စကားမှာ- {ပ}က အမျိုးမျိုး အပြားပြား, {ဌာန}က အကြောင်းပစ္စည်း၊ ဒါကြောင့် {ပ-အမျိုးမျိုးအစားစား များသော၊ ဌာန-အကြောင်းပစ္စည်းတွေကို ဟောတော်မူရာဖြစ်တဲ့ကျမ်းမို့လို့} ဒီကျမ်းကို {ပဋ္ဌာန်းကျမ်း}လို့ ခေါ်တယ်၊ နည်းတွေက အများကြီး ရှိလို့မို့ {အနန န္တ ယပဋ္ဌာန်း }လိ့ု ခေါ်တယ၊် အဒဲီ ပဋ္ဌာန်းကျမ်းကို ဒြိပင် ရဟန္တာ ကယို်တော် မြတ်များ မကျက်စား နိုင်ပါဘူး၊ ဗုဒ္ဓမြတ်စွာက စပြီးတော့ အနန္တဉာဏ်တော်နဲ့ ကျက်စားမှရတဲ့ တရားတော် ဖြစ်တယ်လို့ ဒီ ဂါထာကို ဘုန်းကြီးက ရေးထား ပါတယ်။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တ နယ, သမန္တပဋ္ဌာန်း,ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……ဇသာဓု……သာဓု။

ပန္နရသမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

ပန္နရ္နရသမနေ့

၁၃၃၅-ခုနှစ်၊ တန်ခူးလပြည့်ကျော် (၆)ရက်၊

၁၉၇၃-ခုနှစ်၊ ဧပြီလ (၂၃)ရက်၊ တနလာနေ့။

၁၈-မဂ္ဂပစ္စယော (မဂ္ဂပစ္စည်း)

မဂ္ဂပစ္စယောတိ မဂ္ဂဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။

မဂ္ဂဂါနိ-မဂ္ဂင်တရား, တစ်ဆယ့်နှစ်ပါးတို့သည်၊ မဂ္ဂသမ္ပယုတ္တကာနံမဂ် နှင့် ယှဉ်ဖက်ဖြစ်ကုန်သော၊ ဓမ္မာနံ စ-စိတ် စေတသိက် တရားတို့အား လည်းကောင်း၊ တံသမုဋ္ဌာနာနံ-ထို မဂ္ဂသမ္ပယုတ္တကြောင့် ဖြစ်ကုန်သော၊ ရူပါနံ စ-စိတ္တဇရုပ်တို့အားလည်းကောင်း၊ မဂ္ဂပစ္စယေန-မဂ္ဂပစ္စယသတ္တိဖြင့်၊ ပစ္စယောကေ ျးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။

မဂ္ဂလမ်းနှစ်မျိုး။ ။ ဘုရားရှင်က ဟောတော်မူထားတယ်၊ ဒါကို ရှေး ဆရာတော် များက မဂ္ဂဆိုတာ လမ်းပဲတဲ့၊ လမ်းဆိုတော့ကာ ရိုးရိုး သွားတဲ့ လမ်းဟာ ဆိုင်ရာနေရာကို ရောက်အောင်ပို့တယ်၊ ဒီလိုပဲ မဂ္ဂင်မည်တဲ့ တရားများကလဲပဲ သူနဲ့အတူ ယှဉ်ဖက်တရားများကို ဆိုင်ရာ ရောက်အောင် ဆိုင်အာရုံရောက်အောင် ပို့ဆောင်တာပဲ၊ လမ်းဟာ မကောင်းလမ်း, ကောင်းလမ်း နှစ်မျိုးရှိတယ်၊ တချို့လမ်းတွေက မျက်စိလည် လမ်းမှားပြီးတော့ တောပုန်း ဓားပြရှိတဲ့ နေရာလဲ ပို့တာပဲ၊ တချို့လမ်းတွေကလဲ လိုရာ မြို့ရွာရောက်အောင် ပို့တာပဲ။

ဒီတော့ လမ်းဟာ နှစ်မျိုးရှိသလိုပဲ၊ မဂ္ဂအမည်ရတဲ့ တရားကလဲ ကောင်းတဲ့ တရား, မကောင်းတဲ့တရား နှစ်မျိုး ရှိပါတယ်၊ မကောင်းတဲ့ တရားကလဲ ကြောက်စရာ ကောင်းလိုက်တာ, မိစ္ဆာဒိဋ္ဌိမဂ္ဂ၊ ကောင်းတဲ့ တရားကလဲ ကျေနပ်စရာ ကောင်းလိုက်တာ, သမ္မာဒိဋ္ဌိမဂ္ဂ၊ ဒါတွေ အားလုံးကို {မဂ္ဂ}လို့ ခေါ်တယ်၊ အဲဒီ မဂ္ဂဟာ တစ်ဆယ့်နှစ်ပါး ရှိပါတယ်။

ဒါကြောင့် မဂ္ဂပစ္စည်းကို လမ်းနဲ့ ဥပမာပြပြီးတော့ လမ်းဟာ မိမိ အပေါ် သွားတဲ့ သူတွေကို ဆိုင်ရာရောက်အောင် ပို့တယ်၊ ကောင်းလမ်းက ကောင်းရာ ရောက်အောင်, မကောင်းလမ်းက မကောင်းရာ ရောက်အောင် ပို့ဆောင်တယ်။

အဲဒီလိုပဲ မိမိနှင့် အတူဖြစ်ဖက် တရားတို့ကို ပို့ဆောင်တတ်လို့မို့ မဂ္ဂပစ္စည်း ခေါ်တယ်လို့၊ ရှေးဆရာတော်များကလေ_ မဂ္ဂပစ္စယော-ပကတိလမ်း, လိုရာမြန်းဖို့, ဆောင်စွမ်းသည့်နှယ်, သတ္တိ ကြွယ်သို့,(ရိုးရိုးလမ်းက လိုရာရောက်အောင် သတ္တိကြွယ်သလိုပဲ) သွယ်သွယ် တကွ, ဖြစ်သမျှကို, ကိစ္စအာရုံ, လိုရာကြုံအောင်, ပို့ဆောင်တတ်သော သတ္တိ ထူးဖြင့်, ကျေးဇူးပြုတတ်သော မဂ္ဂင်တစ်ဆယ့်နှစ်ပါး, ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါပေသည် တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိဂုဏ် တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

မဂ္ဂင် ရှစ်ပါး။ ။ ဒီလို ဟောနိုင်ဖို့ဆိုတာ မလွယ်ဘူးနော်၊ သဗ္ဗညုတဉာဏ်တော် ကြီးနဲ့မှ ဟောနိုင်တာ၊ ဒီတော့ မဂ္ဂပစ္စည်းဆိုတာဟာ သမ္မာဒိဋ္ဌိ-ကောင်းတဲ့အမြင်, ကောင်းတဲ့အယူ, ကောင်းတဲ့ အသိဉာဏ်၊ သမ္မာ သကပ္ပ-ကောင်းတဲ့အကြံ၊ သမ္မာဝါစာ, သမ္မာကမ္မ န္တ, သမ္မာအာဇီဝ-ကောင်းတဲ့ စကားကို ပြောတယ်၊ ကောင်းတဲ့ အလုပ်ကို လုပ်တယ်၊ အပြစ်မရှိတဲ့ အသက် မွေးဝမ်းကျောင်းကို မွေးတယ်၊ သမ္မာဝါယာမ-လုံ့လဝီရိယကလဲ ကောင်းတာကိုပဲ အားထုတ်တာပဲ၊ သမ္မာသတိ, သမ္မာသမာဓိ-သတိကလဲ ကောင်းတာပဲ၊ သမ္မာ သမာဓိကလဲ သိပ်ပြီးတော့ တည်ကြည်တာပဲ၊ ကောင်းတဲ့ လမ်းကလဲ ဒီလို မဂ္ဂင်တွေ ရှိတယ်၊ မဂ္ဂင်ရှစ်ပါးဆိုတာ ကြားဖူးကြမှာပေါ့။

မိစ္ဆာမဂ္ဂင် လေးပါး။ ။ မကောင်းတဲ့ လမ်းကလဲ ဒီလိုပါပဲတဲ့၊ မိစ္ဆာဒိဋ္ဌိ, မိစ္ဆာဝါယာမ, မိစ္ဆာသကပ္ပ, မိစ္ဆာသမာဓိနဲ့၊ သူကလဲ ရှိတာပဲ မကောင်းတဲ့ဟာ။

သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိ။ ။ ဒီထဲ ဘုန်းကြီး ဦးတည်ပြီး ပြောဖို့က သမ္မာဒိဋ္ဌိ, မိစ္ဆာဒိဋ္ဌိ နှစ်ပါးကို ဦးတည်ပြီးတော့ ပြောမယ်၊ ဒါ လောကမှာ အရေးကြီးဆုံး ဖြစ်နေတယ်၊ သမ္မာဒိဋ္ဌိက မိစ္ဆာဒိဋ္ဌိကို ပယ်လိုက်လို့ရှိရင် သမ္မာဒိဋ္ဌိ ဖြစ်တာပဲ၊ မိစ္ဆာဒိဋ္ဌိက ဘယ်လောက်များ ကြီးကျယ်နေသလဲဆိုတော့ ဒီ(ဗြဟ္မာ) ပရမအတ္တ-အင်မတန် တန်ခိုးကြီးတဲ့ အတ္တရှိတယ်၊ မိစ္ဆာဒိဋ္ဌိကလဲ ဒီလိုပဲ ယူနေကြတယ်၊ သမ္မာဒိဋ္ဌိကလဲ အဲဒီ အတ္တ မရှိဘူးတဲ့၊ ပရမအတ္တ- အင်မတန် တန်ခိုးကြီးတဲ့ အတ္တဆိုတာ မရှိဘူးတဲ့။

မိစ္ဆာဒိဋ္ဌိက ခန္ဓာကိုယ်တစ်ခုလုံးမှာ စိုးအုပ်ပြီးတော့ ကိုင်းရှိုင်းနေတဲ့ ဇီဝ အသက်ကောင်လို့ဆိုတဲ့ ဝိညာဉ်ကောင်လို့ဆိုတဲ့ အတ္တရှိတယ်၊ (သမ္မာဒိဋ္ဌိက ခန္ဓာကိုယ်တိုင်းမှာ အတ္တ မရှိဘူး၊ တရားသဘောတွေသာ ရှိတယ်၊) အပြန်အလှန် ငြင်းနေကြတာ၊ တရားချင်း ငြင်းနေကြတာ၊ နားလည်ပါစေနော်။

မိစ္ဆာဒိဋ္ဌိက ပရမအတ္တဆိုတာ အင်မတန် တန်ခိုးကြီးတယ်၊ ပရမက အလွန်အမင်းပါပဲ၊ အစွမ်းကုန်ပါပဲ၊ အတ္တက သူ့အလိုကို လိုက်စေနိုင်တယ်၊ ဒါ ပေါ်လာလိမ့်မယ်၊ သမ္မာဒိဋ္ဌိကလဲ အဲဒီ အတ္တ မရှိပါဘူး၊ သူ့ဘာသာ သူ့သဘာဝ ဖြစ်နေကြတာ၊ အတ္တ မရှိပါဘူးတဲ့၊ ဒီလိုကိုး။

တစ်ခါ ဇီဝအတ္တက ခန္ဓာကိုယ် တစ်ကိုယ်တစ်ကိုယ်ထဲမှာ အသက်ကောင်, ဝိညာဉ်ကောင် (မြန်မာက လိပ်ပြာကောင်), အဲဒီလို ပြောနေကြတဲ့ အတ္တကို ဇီဝအတ္တလို့ ခေါ်တယ်။

အဲဒီ ဇီဝအတ္တကို သမ္မာဒိဋ္ဌိက မရှိပါဘူးတဲ့၊ ရုပ်, နာမ် သူ့သဘာဝအတိုင်း သာ ရှိတာ, ဇီဝအတ္တဆိုတာ မရှိပါဘူး၊ တယ်ကောင်း, တယ်ကောင်းတယ်၊ သိဖို့ တယ်ကောင်းတယ်ပေါ့လေ၊ ဘုန်းကြီးက ပရမအတ္တ အစွဲအလမ်းဟာ သာမန်ကလေး စွဲလမ်းတာ မဟုတ်ဘူး၊ သူတို့ ပညာရှိကြီးတွေ စွဲလမ်းတာ၊ ပညာရှိကြီးတွေ စွဲလမ်းတာကို ဘုန်းကြီးက အဲ-ဗဟုသုတပေါ့လေ, အကြား အမြင်များအောင် အစကစပြီး ပြောပေးပါမယ်။

ကမ္ဘာကြီး ပျက်ပုံ။ ။ ပထမဆုံး တစ်ကမ္ဘာ တစ်ကမ္ဘာဟာ ပျက်ရပါတယ်၊ အချိန်ကျလို့ရှိရင် ပျက်ရပါတယ်၊ အင်မတန် ကြာသွား လို့ရှိရင် ယခု ဒီ ကမ္ဘာကြီးဟာ ဘုန်းကြီးတို့နေတဲ့ မြေကြီးနှင့်တကွ အရာ ဝတ္ထုတွေဟာ ပျက်ရပါတယ်။

ဆုတ်ကပ်။ ။ ဒီတော့ ပျက်တဲ့အခါမှာ ဘယ်လို ပျက်ကြသလဲ၊ သိဖို့ ကောင်း တယ်၊ ဘုန်းကြီးတို့ တရားတော်ကလဲ စုံစုံလင်လင်ပါတယ်။

ဒီ ကမ္ဘာ ပျက်မယ်လို့ ဆိုတော့ကာ တစ်ကမ္ဘာတည်းတင် ပျက်တာ မဟုတ်ဘူး၊ အိမ်တစ်အိမ် မီးလောင်လို့ရှိရင် နီးစပ်ရာ အိမ်တွေ အကုန်လုံး မီးလောင်သလို, ကမ္ဘာမီးလောင်တဲ့အခါမှာ ဒီ တစ်ကမ္ဘာတည်းတင် မီးလောင် တာ မဟုတ်ပါဘူး၊ ကမ္ဘာပေါင်း ကုဋေတစ်သိန်းလောက် မီးလောင်တာ၊ အဲဒီ မီးမလောင်ခင် ဘာဖြစ်နေတုန်းလို့ဆိုတော့ ကမ္ဘာကြီးထဲမှာ မိုးကြီးတွေ ရွာလာ တယ်၊ မိုးတွေ ရွာ၊ အင်မတန် ကောင်းတဲ့လက္ခဏာရှိတဲ့ မိုးပါ။

မိုးကြီးရွာတော့ ဝမ်းမြောက်ဝမ်းသာနဲ့ စိုက်ကြပျိုးကြတယ်၊ မျိုးစေ့တွေ အကုန်လုံး ထုတ်စိုက်ကြ, စိုက်လိုက်တော့ကာ ဒီ တဖြည်းဖြည်း အပင်ကလေးတွေ ပေါက်လို့ နွားတွေ စားလောက်ပြီဆိုတဲ့ အချိန်ရောက်တဲ့ သစ်ပင်ကလေးတွေ စပါးပင်ကလေးတွေ ဆိုကြပါစို့၊ ကောက်ပဲသီးနှံပင်ကလေးတွေ အဲဒီလောက် ရောက်တဲ့အခါ တစ်ပေါက်မှ မိုးမကျဘူး၊ သတ္တဝါတွေရဲ့ ကံက အင်မတန် ဆိုးလာပြီဆိုလို့ရှိရင် ကမ္ဘာ ပျက်ပေးရတယ်၊ ပျက်ကို ပေးရတာ သတ္တဝါတွေရဲ့ ကံဆိုးလို့ ပျက်တာနော်, အလကားပျက်တာ မဟုတ်ဘူး၊ သတ္တဝါတွေက ယုတ်မာလွန်းလို့ စိတ်နေစိတ်ထားတွေက ညံ့ဖျင်းကြလွန်းလို့ ကမ္ဘာပျက်တာ။

နေဦး, အဲဒီလို မပျက်ခင် ကြားကမ္ဘာပျက်ကလေးတွေ ရှိသေးတယ်၊ ဒါက ဗဟုသုတ, နားလည်မှ ကောင်းတယ်၊ ကြားကမ္ဘာ ပျက်တာကတော့ ကမ္ဘာကြီး တစ်ခုလုံး အပျက်မျိုး မဟုတ်သေးဘူး၊ အင်မတန် ဆိုးလာပြီ ဆိုလို့ ရှိရင် လက်နက်တွေ အင်မတန်ကြီးကျယ်, အင်မတန်ကောင်းတယ်၊ တဖြည်းဖြည်း ခု ၇၅-နှစ်တမ်းလောက် သတ်မှတ်ကြတယ်၊ တဖြည်းဖြည်း အသက်တမ်းတွေ ဆုတ်ဦးမယ်၊ ဆုတ်ဆုတ် ဆုတ်ဆုတ်သွားလာလိုက်တာ အကုသိုလ်များသလောက် အဆုတ်မြန်တယ်၊ အကုသိုလ်များသလောက် ကောက်ပဲသီးနှံတွေက အဆီဩဇာ ညံ့တယ်၊ အဲဒီဟာ စားရသလောက် အသက်တမ်းက ဆုတ်ဆုတ်သွားတယ်၊ နားလည်ပါစေနော်၊ ရမ်းဆုတ်တာ မဟုတ်ဘူး၊ အကုသိုလ်များသလောက်, သတ္တဝါတွေရဲ့ စိတ်နေစိတ်ထားတွေ ယုတ်မာသလောက်, ဒီခန္ဓာကိုယ်ထဲက ထွက်တဲ့ အငွေ့တွေက မကောင်းသလောက် မိုးလေဝသ မကောင်းကြဘူး၊ အဲဒီ မိုးတွေ ဘာတွေထဲမှာ စိုက်ပျိုးကြတဲ့ ကောက်ပဲသီးနှံတွေ အဆီဩဇာ ညံ့ပြီးရင်း ညံ့ရင်း,ညံ့ပြီးရင်း ညံ့ရင်း၊ အဲဒီ အဆီဩဇာ ညံ့နေတဲ့ အစာအာဟာရ တွေကို စားရတဲ့ သတ္တဝါတွေမှာ အသက်တမ်းက ဆုတ်ဆုတ် ဆုတ်ဆုတ်ပြီး သွားတာ အကြောင့်မဲ့ ရမ်းဆုတ်တာ မဟုတ်ဘူး။

ယခု လက်တွေ့က သတ္တဝါတွေ ကံညံ့နေတယ်၊ ဘုန်းကြီးက သွားမယ်, တစ်ယောက် နှစ်ယောက် ညံ့တာ ကိစ္စမရှိဘူး, အများစု ညံ့လာရင် သွားမယ်၊ အများစုလဲ ခုညံ့တာပဲ၊ ဆုတ်လာတယ်၊ ဆုတ်လာတာက ရမ်းဆုတ်တာ မဟုတ် ဘူး၊ မိုးလေဝသက စပြီးတော့ ကောက်ပဲသီးနှံအဆီဩဇာတွေပါ ဆုတ်တာ၊ အဲဒါ နဲ့ တဖြည်းဖြည်း ဆုတ်လိုက်တာ၊ ၇၅-နှစ်တမ်းက ၇၀ တမ်း,၆၀,၅၀,၄၀ တမ်း ပေါ့လေ၊ တစ်ယောက် တစ်ယောက် ထူးထူးခြားခြား ရှည်တာတော့ ရှိပါတယ်။

အများစုက ဒီလိုပဲ လျော့လျော့သွားတယ်၊ နောက်တော့ ဆယ်နှစ်တမ်း လောက် ရောက်သွားတယ်၊ အသက်အရှည်ဆုံးက ဆယ်နှစ်တမ်းပါ၊ အဲဒီ ဆယ်နှစ်တမ်းလောက် ရောက်တော့ ငါးနှစ်သမီးဆိုရင် အိမ်ထောင်ပြုရပြီ၊ ဖြစ်ပုံက ဖြစ်ပုံက၊ အဲဒီလို အနေမျိုးနဲ့ ဆယ်နှစ်တမ်း ရောက်လာတော့ လူတွေက ပိုပြီးတော့ ယုတ်မာကြပါတယ်။

ယုတ်မာကြတော့ကာ တစ်ခါ တစ်ခါ လက်နက်တွေက အင်မတန်ကောင်း ပြီးတော့ကာ သတ္ထန္တရကပ် တိုက်တာပါပဲ၊ တစ်ခါ တစ်ခါ ရောဂါတွေ အကြီး အကျယ် ဖြစ်ပြီးတော့ ရောဂန္တရကပ် တိုက်ပါတယ်၊ တစ်ခါ တစ်ခါ စားစရာ ပြတ်ပြီးတော့ ဒုဗ္ဘိက္ခန္တရကပ် တိုက်ပါတယ်၊ သုံးကပ်စလုံးလဲ နည်းနည်း ဆက်သွယ် တတ်ဟန် တူပါတယ်၊ အဲဒီ အခါမှာ လူတွေ သေလိုက်ကြတာ မပြောနဲ့တော့။

တက်ကပ်။ ။ အဲဒီ သေတော့ကာ တချို့ ကြောက်လန့်ပြီးတော့ တောထဲ ဘာထဲ ပြေးပုန်းနေကြ၊ နှစ်ပေါင်းအတော်ကြာတော့မှ ပြန်လာတော့ {ဟာ-တို့ဆွေမျိုးတွေ မရှိဘူး၊ တို့အမျိုးတွေ သေကုန်ကြပြီ} ကျန်တဲ့ သူတွေက ဟိုကလဲ ဆွေမျိုးမတော်, ဒီကလဲ ဆွေမျိုးမတော်၊ တစ်ယောက် တစ်ယောက် သိပ်ပြီးတော့ မေတ္တာရှိသွားကြပြန်ရော၊ ကိုယ့်ရှိတာလဲ သူစား, သူ့ရှိတာလဲ ကိုယ်စား၊ သိပ်ပြီးတော့ မေတ္တာကြီးကျယ်သွားပြန်တယ်၊ ဘာဖြစ်လို့တုန်း, ဆွေမျိုးတွေ သေကုန်ကြပြီလေ, သေကုန်ကြပြီလေ၊ ကျန်တဲ့ လူတွေက ဆွေမျိုးလိုပဲ၊ တစ်ခါတည်း သူ့ပစ္စည်း ကိုယ့်ပစ္စည်း မခွဲခြားဘူး၊ မေတ္တာများ လိုက်ကြတာ။

အဲဒီတင် ပြန်တက်လာပြန်ပြီ၊ ဆယ်နှစ်တမ်းကနေ တဖြည်းဖြည်း အသက် နှစ်ဆယ်တမ်း, လေးဆယ်တမ်း, ရှစ်ဆယ်တမ်း, တစ်ရာတမ်း, တစ်ရာကျော်တမ်း, ရှည်သွား လိုက်ကြတာ၊ အသက်တွေ ရှည်လာလိုက်တာ၊ စိတ်တွေ ကောင်းလာ လိုက်ကြတာကိုး၊ အဲဒီနည်းအားဖြင့် တက်သွားလိုက်တာ၊ ဘယ်လောက် တက်သွားတုန်းဆိုတော့ အသခေျတမ်းထိအောင် သွားတယ်၊ အဲဒီအခါ နတ် ထက်ကို အသက် ရှည်တယ်၊ လူတွေက နတ်များထက်ကို အသက်ရှည်တယ်၊ ဒီလိုနည်းနဲ့ တဖြည်းဖြည်း တရားလျော့လာပြန်, ကျသွားပြန်ရော၊ အဲဒီလို ဆုတ်ကပ် တက်ကပ် အစုံကို အန္တရကပ် တစ်ကပ်လို့ ခေါ်ပါတယ်။

မိုးခေါင်ခြင်း။ ။ ကြားကပ် ကမ္ဘာကြီးမပျက်ခင် ကြားပျက်တဲ့ ကပ် တစ်ကပ်လို့ ခေါ်ပါတယ်၊ အဲဒီလို ကပ်မျိုး ဘယ်လောက် များသလဲ ဆိုတော့ ၆၄-ကပ်၊ ဒါလောက် ကြာတဲ့အခါ ကမ္ဘာကြီး ပျက်ဖို့ရန် အခွင့်ကြုံလာ တယ်၊ ဘယ်လောက် ကြာသလဲဆိုတာတော့ မပြောနဲ့တော့၊ အင်မတန် ကြာ ပါတယ်၊ အဲဒီလို ကမ္ဘာပျက်တဲ့အခါကျတော့ ယခုတင်က မိုးကြီးတွေ ရွာလာ, စိုက်ကြ ပျိုးကြ၊ နွားစားလောက်တဲ့ အချိန်ရောက်တော့ တစ်ပေါက်မှ မိုးမကျဘူး၊ လူတွေကလဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့ အကုန်လုံး မျိုးရော, စားဖို့ ချန်ထားတာတွေရော, အကုန်လုံး ထုတ်ပြီး စိုက်လိုက်ကြတာဟာ တစ်ပေါက်မှ မိုးမရွာတော့ဘူး၊ အဲဒီလို မိုးမရွာတဲ့ အချိန်လောက် ရောက်တော့ လူတွေက ငတ်ကြတော့မယ် မဟုတ်လား, ငတ်ကြတော့မယ်။

နတ်များကြွေးကြော်။ ။ ဒါပေမယ့် ဒီလိုကမ္ဘာကြီး ပျက်တော့မယ်လို့ဆိုတော့ ဟို နှစ်ပေါင်း တစ်သိန်းလောက်က နေပြီးတော့ နတ်တွေ, ဒီ ကာမာဝစရ နတ်တွေက ကြွေးကြော်ကြတယ်။

{အသင်တို့ နှစ်ပေါင်း တစ်သိန်းလောက် ကြာလို့ရှိရင် ဒီ ကမ္ဘာကြီး ပျက်လိမ့်မယ်၊ နှစ်ပေါင်း တစ်သိန်းလောက် ကြာရင် ကမ္ဘာကြီး ပျက်လိမ့်မယ်၊ မေတ္တာပွားကြ, ဒီလို မနေကြနဲ့, ပျက်လိမ့်မယ်၊ မိဘများကို ပြုစုလုပ်ကျွေးကြ, လူကြီးသူမတွေကို လေးစားကြ}နဲ့။

ဗြဟ္မာ့ပြည်ရောက်ကြခြင်း။ ။ ကြွေးကြော်ထားတာဖြစ်တော့ ကမ္ဘာပျက်မယ်တဲ့ လို့ ဆိုကတည်းကိုက လူတွေလဲ အတော် တရား ရကုန်ပြီ၊ ဟာ-ပျက်တော့မှာပါပဲလား၊ အဲဒီလို တရားရလာတော့ မေတ္တာတွေ တော်တော် ပွားကြလို့, တရားတွေ ဘာတွေ တော်တော် ပွားကြလို့, အများစုက ဈာန်ရကြတယ်၊ ဈာန်ရပြီးတော့ တချို့လဲ ဈာန်မရလို့ နတ်ပြည်ရောက်မှ ထပ်ပွားလို့ တရားရကြတယ်။

အဲဒီလိုနဲ့ ကမ္ဘာမပျက်ခင်ကလေး ကပ်ပြီးတော့ အများစု လူတွေဟာ ဗြဟ္မာ့ပြည် ရောက်ကြတယ်၊ တိရ စ္ဆာန်တွေကလဲ တဖြည်းဖြည်း လူ့ဘဝ ရောက်၊ လူ့ဘဝကနေ ကုသိုလ်တွေ ပြု, နတ်ပြည်ရောက်၊ တချို့လဲပဲ နတ်ဘဝက ဈာန်တွေရနဲ့၊ တိရ စ္ဆာန်တွေရော,ဘာတွေရော အကုန်လုံး အများစုက ဗြဟ္မာ့ပြည် ရောက်ကြတယ်။

အကုသိုလ်တွေ အင်မတန်ကြီးတဲ့ သူမျာကြတော့ မပျက်တဲ့ ကမ္ဘာမှာ ရွှေ့ပြီးတော့ ဒီအကုသိုလ်ကျိုးကို ငရဲ ရွှေ့ခံရပါသေးတယ်၊ အင်မတန် ရှင်းတယ်နော်၊ အဲဒီလို အနေအားဖြင့် ပျက်တော့မယ်လို့ ဖြစ်လာလို့ သတ္တဝါတွေလဲ ဈာန်တွေ ဘာတွေ ရကြ၊ နည်းနည်းပါးပါးလောက် သတ္တဝါတွေဟာ လူ့လောကကြီးထဲ ရှိတော့တယ်။

နေ ၇-စင်း ထွက်လာ။ ။အဲဒီအခါမှာ နှစ်ခုမြောက်နေ ပေါ်လာတယ်၊ ပထမနေ တစ်စင်းက ထုံးစံအတိုင်း ထွက်၊ ညနေကျတော့ ဒုတိယ နေတစ်စင်း ပေါ်လာတယ်၊ ည မရှိဘူး၊ ပူလိုက်တာ မပြောနဲ့တော့ မပြောနဲ့တော့ ညကို မရှိတော့ဘူး၊ အကုန်လုံး နေချည်း ဆက်ထွက်နေတယ်, နှစ်စင်းမြောက်။

ကာလကြာ၍, ဒုတိယာနေ, ပေါ်လာချေသော်, မြစ်ငယ်ရေခြောက်, ညဉ့်လည်း ပျောက်၏။

မြစ်မှာ ရှိတဲ့ ရေတွေ ခြောက်ကုန်ပြီ၊ နေက ဆက်ထွက် နေတာကိုး၊ ဘယ်ရေရှိတော့မလဲ။

သုံးမြောက် လေးစင်း, ငါးစင်း ဆဋ္ဌ, သတ္တမနေ, ပေါ်ထွက်ချေသော်။

နောက် သုံးခုမြောက် နေတစ်ခု ထွက်လာတယ်၊ မြစ်ငယ်တင် မကဘူး၊ မြစ်ကြီးတွေ ခြောက်ပြီ၊ ဧရာဝတီမြစ်တို့လိုဟာ ခြောက်ပြီ၊ ဂဂါမြစ်ဝှမ်းတို့လို ရေတွေ ခြောက်ပြီးနောက် အိုင်ကြီးတွေ ဆိုတာဟာ မြစ်ထက်တောင် သာသေးတယ်။

ဟို-ဟိမဝန္တာတောင်မှာ ရှိတဲ့ အိုင်ကြီးတွေ တတိယနေ, စတုတ္ထနေ ပေါ်လာတော့ သူတို့ ခြောက်ပြီ၊ နောက်တော့ ပဉ္စမနေတို့, ဆဋ္ဌမနေတို့ ပေါ်လာတော့ စကြဝဠာတောင်ကြီးတွေ ဘာကြီးတွေ အခိုးထကုန်ပြီ၊ ပူလွန်းလို့ အခိုးထကုန်ပြီ၊ နောက်တော့ သတ္တမနေ ပေါ်လာတော့ မီးလျှံတွေ ထပြီးတော့ အကုန်လုံး မီးလောင်တာပဲ၊ တောင်ကြီးတွေပါ မီးလောင်တယ်၊ တောင်ကြီးတွေ မီးလောင်တော့ ကျောက်တောင်ကြီးတွေက ကျောက်ခဲတွေ မီးစာ ဖြစ်ကုန်ရော၊ မွမွ ကြေပြီးတော့ ပြာလိုဖြစ်ပြီး အဲဒီ ပြာတောင်မှ မီးလောင်လို့မို့ အကုန်လုံး ကုန်ပါတယ်။

ဒီ ကမ္ဘာကြီး ပျက်သွားတာပဲ၊ ဘုန်းကြီးတို့ ခုနက စာက ပရမအတ္တရှိ, မရှိကို ဒီလို လာရမယ်လေ၊ ကမ္ဘာကြီး ပျက်ရော, ပျက်နေတာ ဘယ်လောက် ကြာတုန်းဆိုတော့ စကားပြောတာ ပြီးလွယ်တယ်၊ ပျက်နေတာက လူတွေနေတဲ့ အချိန်လောက်ကို ကြာတယ်၊ ဆိုပါတော့ တစ်နာရီ ဆိုပါတော့ပေါ့၊ တစ်နာရီဟာ လူတွေနေတာက တစ်ဆယ့်ငါးမိနစ်၊ လူတွေနေတာက တစ်ဆယ့်ငါးမိနစ်ဆိုရင် ပျက်နေတာလဲ တစ်ဆယ့်ငါးမိနစ် ကြာတယ်၊ နောက် ပျက်ပြီးတဲ့နောက် ပျက်တဲ့အတိုင်း တည်နေတာက တစ်ဆယ့်ငါးမိနစ် ကြာတယ်။

နောက်တစ်ခါ ပျက်တဲ့အတိုင်း တည်ပြီးတဲ့ နောက်ကို ကမ္ဘာပြုမိုး ရွာပြီး တော့ကို ကမ္ဘာကြီး ပြုနေတာက တစ်ဆယ့်ငါးမိနစ် ကြာတယ်၊ တစ်နာရီ လေးပုံ ပုံတာပေါ့၊ ပျက်တဲ့အချိန်ဟာ တစ်နာရီ လေးပုံ ပုံရင် တစ်ပုံလောက် ကြာတယ်၊ အကြာကြီး ပျက်တာပါ၊ ပျက်ပြီးလို့ ပျက်တဲ့အတိုင်းကို တစ်ဆယ့် ငါးမိနစ် ကြာတယ်၊ ကမ္ဘာရဲ့ လေးပုံ တစ်ပုံလောက် ကြာတယ်။

အဲဒီလို ပျက်ပြီးတော့ ပျက်တဲ့အတိုင်း ဘာမှ မလုပ်သေးဘဲနဲ့၊ ဆိုပါတော့ အိမ်ကြီးတစ်ဆောင် မီးလောင်နေတာ, မီးလောင်ပြီး နောက်ထပ် အိမ်သစ် မဆောက်ဘဲနဲ့ ဒီနေရာမှာ ဟာလာဟင်းလင်းကြီး နေတာလိုပဲ၊ ကမ္ဘာကြီးလဲ ပျက်ပြီးတော့ ဟာလာကြီး နေတာပါ၊ ကမ္ဘာရဲ့ လေးပုံတစ်ပုံ ကြာတယ်။

ကမ္ဘာပြုမိုးရွာ။ ။ နောက်တော့ ကမ္ဘာပြုမိုး ရွာလာပါရော။

{ထို့နောက်ကမ္ဘာ-ပြုမိုးရွာသော်, လောင်ရာတစ်လျှောက်, လေခံ ထောက်သား}၊ မီးလောင်တဲ့ နေရာ တစ်လျှောက်လုံးမှာ လေတွေ ဖြစ်နေပြီ။

{ခန်းခြောက် စဉ်သင့်, ရှေ့တိုင်းဖြစ်လျှင်, တည်လင့် ထက်ဘုံ, မြေရောက်တုံသော်}၊ ကမ္ဘာပြုမိုး ရွာရော၊ ကမ္ဘာပြုမိုး ရွာတော့ အစတုန်းက နည်းနည်းလေး, နောက်တော့ မိုးပေါက်ကြီးတွေ ကြီးလိုက်တာ အိမ်လုံးလောက်, တောင်လုံး လောက် မိုးပေါက်ကြီးတွေ ရွာချလိုက်တာ၊ ဒီ လောင်နေတဲ့နေရာ တစ်နေရာလုံး ဟာ ရေပြင်ကြီးကို ပြည့်သွားတာပဲ၊ ရေပြင်ကြီး ပြည့်သွားတော့ အောက်က လေက ခံထားပြီ၊ ဒီရေပြင်ကြီးဟာ အောက်မကျဘူး၊ လေခံထားလို့၊ နောက်တော့ ခဏလေးနော်၊ ပြောတာက ကြာတာ၊ ခဏလေးနော်၊ ဟိုမှာက အကြာကြီး အကြာကြီး၊ ကမ္ဘာရဲ့ လေးပုံတစ်ပုံ ကြာအောင် ပြုနေမှာ။

နောက်တော့ ရေတွေက တဖြည်းဖြည်း ခန်း,ခန်း လာတယ်ကိုး၊ ကြာတော့ ရေတွေ ခန်းလာတဲ့အခါမှာ ကမ္ဘာပျက်တုန်းက မီးကြောင့်ပျက်ရင် ဗြဟ္မာကြီး ရဲ့ ပထမဈာန်, နတ်ပြည် ခြောက်ထပ် ပါသွားတယ်၊ ဗြဟ္မာ့ ပထမဈာန် သုံးဘုံ ပါသွားတယ်၊ ကမ္ဘာပြုတဲ့ အခါကျတော့ အဲဒီ ပထမဈာန် သုံးဘုံက အောက်လျှောက်ပြီးတော့ ရေပြင်ကြီး ဖြစ်လာတယ်၊ အဲဒီအခါမှာ ရေက တဖြည်းဖြည်း ခန်းလာတော့ ပထမဈာန်ဘုံ တည်လောက်တဲ့ နေရာကျတော့ ပထမဈာန်ဘုံ တည်တာပဲ၊ ဘုံနေရာတွေ တည်တာပဲ။

နောက် နတ်ပြည်ခြောက်ထပ် တည်ရမယ့် နေရာကျတော့လဲ နတ်ပြည် ခြောက်ထပ်နေရာတွေ ရှိတာပဲ၊ ဘုံကတော့ သူ့ကံနဲ့ သူနဲ့ပဲ ပေါက်မှာပေါ့၊ လူ့ပြည် ရောက်တော့လဲ လူ့ပြည်နေရာမှာ အောက်က လေကခံထားတာဖြစ်တော့ တဖြည်းဖြည်း ရေတွေ ခန်း,ခန်းပြီးတော့ လူ့ပြည်နေရာမှာလဲပဲ နည်းနည်း မို့မို့မောက်မောက် နေရာကလေးတွေ, ချိုင့်ဝှမ်းတဲ့ နေရာကလေးတွေ၊ အဲဒီ နေရာကလေးတွေ နေရာကလေးတွေနဲ့ လူ့ပြည်နေရာလဲ ပေါ်လာတာပဲ။

{ဝါယုံဆို့နေ, ရေစစ်ရေသို့, တည်နေ မယို, ခန်းတိုင်း မိုလျက်, ရေချိုအထက်, မြေချိုတက်သား}၊ ဒီ လူ့ပြည်ရောက်တော့ ရေတွေ ခန်းခန်းသွားလို့ လူ့ပြည်ရောက်တော့ ရေက ရေကောင်းတွေပါ၊ ကမ္ဘာပြုမိုးရေဆိုတာ ရေငန်ကြီးတွေ မဟုတ်ဘူး၊ ကမ္ဘာပျက်တုန်းကတော,့ ဆားငန်ရေကြီးတွေ, ယခုတော့ ရေကောင်းတွေ၊ အဲဒီ ရေပေါ်မှာ ရေချိုကလေးတွေ တက်လာ၊ မြေကလေးတွေ ရှိနေပြီ၊ မြေချို ကလေးတွေ အင်မတန် ကောင်းတယ်, ပုံပန်းလှတယ်, အရသာလဲ ကောင်းတယ်၊ သတ္တဝါတော့ မရှိသေးဘူး။

ကမ္ဘာကြီး ဗြဟ္မာဖန်ဆင်းတာ မဟုတ်။ ။ {ရေချိုအထက်, မြေချိုတက်သား, ထို့ထက်ဗြဟ္မာ, စုတေလာ၍၊} လူတွေက ကမ္ဘာကြီးကို ဗြဟ္မာကြီးလေးယောက် ဖန်ဆင်းတယ်လို့ဆိုတယ်၊ မဟုတ်ဘူးနော်၊ အဲဒီ မဟုတ်တာကိုလဲ မဟုတ်မှန်းသိပါ၊ အင်မတန် ပညာရှိ တွေက ကြားဖူးနားဝ တစ်စွန်းတစ်စနဲ့ စကားပြောဆိုပြီး မြန်မာကတော့ ဗြဟ္မာကြီးလေးယောက်က ဆင်းပြီးတော့ ဖန်ဆင်းတယ်တဲ့၊ မဟုတ်ပါဘူး,မဟုတ် ပါဘူး၊ ဗြဟ္မာကြီးတွေက ဖန်ဆင်းတာမဟုတ်ဘူး၊ သူ့သဘာဝအတိုင်း ဖြစ်လာတဲ့ အချိန်မှာ ဟိုအထက်က ဗြဟ္မာတွေက မီးမလောင်ဘဲနဲ့ အထက်မှာ တည်ရှိနေတဲ့ ဗြဟ္မာ့ဘုံက ဗြဟ္မာတွေက အချိန်စေ့လို့ ကံကုန်လို့ သေလာတာ၊ သေလာ တော့ ထုံးစံအတိုင်းပေါ့၊ နတ်ဖြစ်တဲ့သူက ဖြစ်မယ်၊ လူဖြစ်တဲ့သူက ဖြစ်မယ်၊ တိရ စ္ဆာန် မဖြစ်သေးဘူး၊ မဖြစ်နိုင်ဘူး၊ သူတို့ ကံတွေက အင်မတန် ကောင်းလို့မို့ အညံ့ဆုံး လူပဲ ဖြစ်နိုင်တယ်၊ အဲဒါကြောင့် ဘယ်သူကမှ လာပြီး ဖန်ဆင်းတာ မဟုတ်ဘူး။

သူ့သဘာဝအတိုင်း မိုးကြီးတွေရွာပြီးတဲ့နောက် မြေလေးတွေ, မြေချိုကလေး တွေ ပေါ်ပေါက်တဲ့အချိန်မှာ ဟိုက ကံကုန်လို့ စုတေပြီးတော့ နတ်လဲဖြစ်တယ်၊ လူလဲဖြစ်တယ်၊ အဲဒီမှာ လူဖြစ်တာလေးတွေ ရှိတော့ လူဆိုတဲ့ သတ္တဝါရယ်လို့ ပေါ်လာရတယ်၊ နားလည်ပါနော်။

ကမ္ဘာကြီး ဘယ်သူ ဖန်ဆင်းတယ် ဘာတယ် မရှိပါဘူး၊ ဘယ်သူမှ ဖန်ဆင်းတာ မဟုတ်ဘူး၊ သူ့အကြောင်းနဲ့သူဖြစ်လာတာပါ၊ ကံတော့ မကင်းကြ ဘူးပေါ့၊ မိုးရွာတာကိုက ဖြစ်မယ့်သတ္တဝါတွေရဲ့ ကံမကင်းပါဘူး၊ ဆိုပါတော့, အဲ-အိမ်မှာ ကံကောင်းတဲ့ကလေး သားသမီး ဖြစ်ထွန်းလိမ့်မယ်ဆိုတော့, သူကတော့ ကိုယ်ဝန်တောင် မရှိသေးဘူး၊ ဒါပေမယ်လို့ မိဘများက တိုက်တို့ ဘာတို့, ကောင်းကောင်း ဆောက်ထားတယ်၊ ငါ့သား ငါ့သမီးများ နေဖို့၊ သားသမီးက ကိုယ်ဝန်တောင် မရှိသေးဘူး၊ အမြော်အမြင်ကြီးတဲ့ မိဘများက တိုက်တို့ ဘာတို့ တည်ထား၊ သားသမီးက မပေါ်လာသေးဘူး၊ နောက်တော့ သားသမီးတွေ ပေါ်လာရော၊ ဒီတိုက် အဆင်သင့် နေရရော၊ အဲဒီ တိုက်ဟာ ဒီ သားသမီးတွေရဲ့ ရှေးကံက ပကတူပနိဿယသတ္တိနဲ့ ကျေးဇူးပြုလို့မို့ တိုက်တည်ပြီးသားကို ဖြစ်နေတယ်။

အဲဒါလိုပဲ၊ လက်တွေ့ လူတွေမှာ ကြည့်လိုက်ပါလား၊ ကံကောင်းတဲ့ သားသမီးတွေ လက်ထက်မှာ မိဘတွေ ပစ္စည်းပေါလာတာပဲ၊ ကံညံ့တဲ့ သား သမီးတွေ ဖြစ်ထွန်းလာတဲ့အခါ မိဘတွေလဲ ပစ္စည်း ညံ့သွားတာပဲ၊ အဲဒါ ဖြစ်မယ့်သတ္တဝါ သားသမီးတွေရဲ့ ကံနဲ့ မကင်းပါဘူး။

သတ္တဝါ စပုံ

တဏှာလောင် ကိုယ်ရောင်ပျောက်။ ။ ဒီကတော့ ခုနက ဗြဟ္မာကြီးတွေက သေတာနော်၊ သေပြီးတော့ လူ,နတ် ဖြစ် လူဖြစ်၊ ဖြစ်တဲ့အထဲမှာ လူလာပြီးတော့ ဖြစ်တဲ့အတွက် လူသတ္တဝါတွေ စပုံကို ပြောရမယ်၊ လူ ဖြစ်ပါရော။

{ထိုထက်ဗြဟ္မာ, စုတေလာ၍, ရသာပထဝီ, မြေအဆီကို, လုပ်ချီ သုံးဆောင်, တဏှာလောင်လျက်, ကိုယ်ရောင်ကွယ်ပျောက်။

ဗြဟ္မာ့ပြည်က စုတေလာတုန်းက လူတွေဟာ ကိုယ်ရောင်ကိုယ်ဝါနဲ့ နေကြ တာ၊ ဘယ်နေမှ ဘယ်လမှ မရှိဘူး၊ ကိုယ်ရောင် ကိုယ်ဝါကိုက သွားလို့ လာလို့ ဖြစ်တယ်၊ နောက်တော့ ခုနက မြေကို ကြည့်တော့ အဆင်းကလေးက လှတယ် ကိုး၊ အရသာ ဘယ့်နှယ်နေပါ့မလဲလို့ လျှာကလေးနဲ့ လျက်ကြည့်တယ်၊ ဟာ တယ်ကောင်းပါလား၊ စောစောက မစားတတ်သေးပါဘူး၊ ဗြဟ္မာ့ပြည်က စုတေလာပြီးတဲ့နောက် သူတို့ မစားတတ်သေးပါဘူး။

နောက်တစ်ယောက်က တဏှာလောဘကလေးနဲ့ တို့ကြည့်လိုက်တော့ {ဟာ-တယ်ကောင်းပါလား}{ဟေ့-သတ္တ မင်းဘာလုပ်တုန်း}{ငါ-ဒီဟာကလေး လျက်တာ ကောင်းတယ်}{ဟုတ်ရဲ့လား}{ဟုတ်တယ်-ကောင်းတယ်}နဲ့ သူလဲ လျက်, ငါလဲလျက် မြေချိုတွေ လျက်ကြတာနဲ့ ကိုယ်ရောင် ပျောက်သွားတယ်၊ လောဘဖြစ်လေ, ဒီက ကိုယ်ရောင်ကိုယ်ဝါတွေ လျော့သွားလေပဲ။

နေ,လ ပေါ်လာ။ ။ တဏှာ လောဘဖြစ်လေ ဒီက လျော့သွားလေပဲ၊ အကျိုး တရား လျော့လေပဲ၊ ကိုယ်ရောင် ပျောက်သွားပြီ၊ ကြောက်လာပြီ၊ ဒီတော့ သူတို့ ဗြဟ္မာ့ပြည်က စုတေလာတဲ့သူကော ဘာမို့တုန်း၊ ကြောက်လာပြီ၊ ဒီတော့ ရှေးကံက ပါလာကြတယ်လေ၊ ရှေးကံကပါတော့ သူတို့ မကြောက်ရအောင် ရဲရဲဝံ့ဝံ့ နေနိုင်အောင်လို့ နေ ပေါ်လာတယ်။

ကဲ-သူတို့ ဆန္ဒအတိုင်း အရောင်ရရင် ကောင်းမှာပဲ၊ ကိုယ်ရောင်တွေ မှောင်နေပြီ၊ ကြောက်နေပြီ၊ အဲဒီမှာ သူတို့ရဲ့ အလိုဆန္ဒအတိုင်း လပေါ်လာလို့ ဆန္ဒ ဆန္ဒ, အဲဒီနောက်မှာ{စန္ဒ စန္ဒ}လို့ ဖြစ်တယ်၊ နောက်တော့ နေ ပေါ်လာ တယ်၊{သူရိယ သူရိယ} ရဲတယ် ရဲတယ်၊ နောက်တော့{စန္ဒ စန္ဒ}လ ပေါ်လာ တယ်၊ နေနဲ့လ ပေါ်လာတယ်၊ ပထမဆုံး နေ ပေါ်တယ်, ရဲတယ်၊ နေပျောက် သွားတဲ့ အခါကျတော့, နေက သူ့ဟာနဲ့ သွားလို့ ဟို တောင်ကွယ်တဲ့အခါ ကျတော့ ပျောက်သွားတော့ ကြောက်ကြပြန်ရော,အဲတင်{စန္ဒ စန္ဒ}ဆိုတဲ့ လ ပေါ်လာတယ်၊ နေနဲ့လ ညနဲ့နေ့, အဲဒီလို ကွဲပြီး၊ နောက် အတော်လေးကြာတော့ နက္ခတ်တွေပါ ပေါ်လာလို့မို့၊ နက္ခတ်တွေက လှည့်ပတ်ပြီး ကမ္ဘာကြီး သွားနေလို့ {တပေါင်းလ}လို့ သတ်မှတ်တဲ့ နေရာဟာ အဲဒီ အချိန်တုန်းက အဲဒီ ပစ္စည်းတွေ အထက်က စုံလာကြတာပဲ။

မြေနွယ်ချို ပေါ်လာ။ ။ အဲဒီလို လတွေ နေတွေ အစုံအလင်နဲ့ ပေါ်ပြီးတဲ့ နောက်ကျတော့ ခုနက မြေက တဖြည်းဖြည်း ဒီက လောဘကြီးလေ ဒီ မြေချိုကလေးတွေက ပြောက်ကျား ပြောက်ကျားဖြစ်ပြီး တော့ မြေနွယ်ကလေးတွေ ဖြစ်သွားတယ်၊ မြေ မချိုတော့ဘူး။

အချို့ မြေပြင်မဟုတ်တော့ဘူး၊ ဒီက လောဘ ရှိတယ်လေ၊ လောဘ ရှိတော့ ဘာဖြစ်သွားတုန်းဆိုတော့ နွယ်ချိုလေးတွေ ပေါ်လာတယ်၊ အဲဒီ နွယ်ချိုလေးတွေ ကျပြန်တော့လဲ စားကြပြန်ရော၊ နွယ်ချိုလေးတွေ စားကြပြန်၊ တဏှာက ဖြစ်ရက်, တဏှာက ဖြစ်ရက်၊ အဲဒီအချိန်မှာ မြေဆီတို့, မြေလွှာတို့, နွယ်ချိုတို့ ဆိုတဲ့ဟာက ဒီ ဝမ်းထဲမှာ ကျင်ကြီး ကျင်ငယ် မဖြစ်ဘူး၊ ကျင်ကြီး ကျင်ငယ် မဖြစ်ဘဲ ဒီလိုနဲ့ အကြာကြီးနေတာ၊ ပါးစပ်က ပြောတာကသာ မြန်တယ်နော်၊ ဟိုမှာကတော့ သတ္တဝါတွေ အကြာကြီး အကြာကြီး၊ နှစ်ပေါင်း အတော်ကြာမှ မသိမသာကလေး ပြောင်းသွားတာ, ချက်ချင်း ပြောင်းတာ မဟုတ်ဘူး၊ ခဏကလေး မဟုတ်ဘူး၊ နှစ်ပေါင်း အတော်ကြာမှ ပြောင်းတာ။

ဘာဝရုပ် ပေါ်လာ။ ။ အဲဒီလိုနဲ့ နောက်တော့ လောဘတွေ တိုးတိုးလာ၊ တိုးတိုး လာတော့ မြေဆီ မြေလွှာ မြေဩဇာတွေ ကွယ်ပြီးတော့ ကာ သလေးဆန်အပင်တွေ ပေါက်ပြီးတော့ သလေးဆန်သီးတွေ သီးလာတယ်၊ အခွံ မရှိပါဘူး, အခွံ မရှိပါဘူး၊ အဲဒီ သလေးဆန်တွေကို ဟို ကျောက်ပေါ် တင်ပြီးတော့ အိုးနဲ့ တယ်လိုက်လို့ရှိရင် ထမင်းဖြစ် ကျက်တယ်၊ ဟင်းမလိုဘူး, ဟင်းမလိုဘူး၊ အဲဒီ အဖတ်တွေ စားပြီနော်၊ အဖတ်တွေစားတော့ ဝမ်းထဲမှာ ကျင်ကြီး ကျင်ငယ် အရည် ဖြစ်လာပြီ၊ အဲဒီ ကျင်ကြီး ကျင်ငယ် အရည်တွေ ဖြစ်လာတော့ ကျင်ကြီး ကျင်ငယ် အရည် ထွက်ဖို့ရာ လမ်းဖြစ်ရမယ် မဟုတ်လား၊ လမ်းဖြစ်ရမယ်ဆိုတော့ ဘာဝရုပ်ကလဲ အဲဒီမယ် ပေါ်လာလို့လေ၊ မိန်းမဖြစ်တဲ့သူက ဣတ္ထိဘာဝရုပ် ပေါ်လာလို့ မိန်းမအဂါနဲ့ မိန်းမလမ်း ပေါ်လာရော၊ ယောက်ျား ဖြစ်ခဲ့တဲ့ သူကလဲ ကျင်ကြီး ကျင်ငယ်တွေ စွန့်ဖို့ရန် ယောက်ျား ဖြစ်ခဲ့တဲ့အတိုင်း ယောက်ျား အဂါတွေ ပေါ်လာရော။

အိမ်ထောင်ပြုကြ။ ။ အဲ-စာဆိုအတိုင်းက ဒီ အချိန်အထိ အဝတ်အစားတွေ သိပ်ရှိပုံ မရဘူး၊ ရှိလို့ ရှိရင်လဲ သူတို့ တော်ရုံကလေး ရှိမှာပဲ၊ အဲသလို နေရာက တစ်ယောက်နဲ့ တစ်ယောက် ပုံပန်းချင်းက မတူဘူး၊ ကြည့်ရ တာက ဘယ့်နှယ်လိုလို၊ အဲဒါနဲ့ သူတို့ ရှေးဘဝမှာ ကုသိုလ် အကုသိုလ် ပြုတုန်းက ကာမာဝစရတဏှာက ရှိနေတာဖြစ်တော့ တစ်ယောက်နဲ့ တစ်ယောက် ပုံပန်းချင်း မတူတာနဲ့မို့လို့ စမ်းသပ်ကြည့်ရာက မေထုန်မှီဝဲကြပါရော၊ အဲဒီတင် ကျင်ကြီး ကျင်ငယ်တွေဖြစ်၊ မေထုန်မှီဝဲကြတော့ {ဟဲ့ကောင် ဟဲ့ကောင်}နဲ့ တစ်ယောက် တစ်ယောက် ဘာလုပ်တုန်း ဆိုပြီးတော့ ခဲနဲ့ပေါက် တုတ်နဲ့ပစ် ပြေးကြ၊ နောက်တော့ ခဲနဲ့ ပေါက်, တုတ်နဲ့ ပစ်သူတွေကလဲ ဒီ အလုပ် လုပ်ကြပြန်တော့ သူတို့ကိုလဲ ခဲနဲ့ပေါက်,တုတ်နဲ့ပစ်၊ ဒီ မဂလာဆောင် ခဲပေါက်တာ ဟို ကမ္ဘာဦးက စလာတာ၊ ခဲနဲ့ပေါက်, ခဲနဲ့ပေါက်။

အဲဒီလိုနဲ့ နောက်တော့ မဖြစ်ပါဘူး၊ ဒါလဲ ဘယ်သူတွေမှ မစွန့်နိုင်ဘူး၊ ကိုင်း-ကာကွယ်ဖို့ရန် အိမ်ကလေး ဆောက်ကြစို့ရဲ့၊ ဒီတော့ အိမ်ဆောက်ကြ၊ သူ့တစ်အိမ်ထောင် ငါ့တစ်အိမ်ထောင်,သူ့တစ်အိမ်ထောင် ငါ့တစ်အိမ်ထောင်၊ ဒီမှာ ပြောတာသာ မြန်တယ်နော်၊ ဟိုမှာ ဖြစ်တာက အင်မတန်ကြာမှ တစ်ခါ ဖြစ်တာ၊ ပြောတာ မြန်သလောက် ဟိုမှာ မမြန်ပါဘူး။

အဒိန္နာဒါန စဖြစ်။ ။ အဲသလို ဖြစ်ရာက နောက်တော့ အဲ-စပါးခွံတွေ ဘာ တွေက အခွံတွေ ပါလာပြီ၊ အဲ-နောက်ကို သူတို့အိမ်နဲ့ ငါ့အိမ်နဲ့ဆိုတော့ မင်းတို့ တစ်ကွက်၊ အဲ-ငါတို့ တစ်ကွက်၊ အရင်တုန်းကတော့ သွားယူ, ညနေကျ ပြန်ပေါက်၊ အဲဒီလိုနဲ့ နေလာတာ နောက်တော့ မပေါက်ဘူး၊ လောဘတွေ ကြီးလာတယ်၊ ဘုန်းကြီးကလေ ခုလူတွေ လောဘကြီးလွန်းလို့ တဖြည်းဖြည်း ပျောက်ကုန်မယ်ဆိုတာ သိတယ်၊ လောဘကြီးလာတော့ ပြန်မပေါက် တော့ဘူး၊ မပေါက်တော့ ဒီလိုဆိုရင် မဖြစ်ဘူး၊ ကဲ-မင်းတို့ရဲ့လယ်ကွက်ပေါ့လေ၊ မင်းတို့ရဲ့လယ်ကွက် ခွဲကြစို့ကိုး၊ နောက်တော့ လယ်ကွက်ခွဲရာက ဒီလိုဆိုရင် တို့လယ်ကွက် နေ့တိုင်း စားနေရင်တော့ ကုန်မှာပဲ ဆိုပြီးတော့ သူ့လယ်ကွက် ထဲက နည်းနည်း ခိုးယူတယ်၊ အခိုးစတာ, ပထမဆုံး စတာက အခိုးစတာပဲ ၊ အဒိန္နာဒါန ပထမဆုံး အကုသိုလ် စဖြစ်ခဲ့ကြတယ်။

မဟာသမ္မတ ခတ္တိယမျိုး ပေါ်လာ။ ။ ခုတော့ တို့လယ်ကွက်က နည်းနည်း အကုန် များတယ်၊ နောက်ကျတော့ ဘယ်သူ ခိုးတယ်၊ ဟဲ့ကောင် ငါ့ဟာ ခိုးတယ်ကွာ၊ အဲဒီတင် တုတ်တွေ ဘာတွေနဲ့ ဖြစ်ကုန်ကြရတာ၊ နောက်တော့ မဖြစ်ဘူး, တို့ကို စောင့်ရှောက်မယ့် လူကြီး တစ်ယောက်တော့ သမုတ်မှပဲဆိုပြီးတော့ အဲဒီတင် ခင်ဗျားကဗျာ မတော်တဲ့ လူတွေကို တားမြစ်ဖို့၊ အဲ ခင်ဗျား အားလုံး အုပ်ချုပ်တဲ့ {မဟာသမ္မတ}လို့ သူ့ကို {ရာဇာ}လို့ သမုတ်လိုက်ကြရော၊ အဲ-သူ့ကို အခွန်ဆက်, ခိုးမှုတွေ မလုပ်ရဘူးလို့ သူကတား၊ အဲဒီတင် {မဟာသမ္မတ}ဆိုတဲ့ {ခတ္တိယ}အမျိုး ပေါ်လာတယ်၊ သူ့သားစဉ်မြေးဆက် ခတ္တိယမျိုး ဖြစ်သွားရော။

ဗြာဟ္မဏမျိုး ပေါ်လာ။ ။ ဒိပြင် သူတွေကလဲပဲ တို့ကတော့ တရား ကျင့်မှပဲ၊ လူတွေ မကောင်းဘူး, မတရားဘူးဆိုပြီး တောထွက် ပြီးတော့ တရားကျင့်, တရားကျင့်တော့ မကောင်းမှုတွေ သူက မျှောပစ်၊ သူတို့ သူတော်ကောင်းကြီးတွေ၊ အဲဒီထဲက အချို့ သူတော်ကောင်းကြီးတွေက နောက်တော့ တရား မကျင့်နိုင်တော့ ဝေဒကျမ်းတွေကို သူတို့က စီမံကြရော၊ စီမံပြီးတော့ ကျမ်းစာတွေ သူတို့က ရွတ်ဖတ်၊ သူတို့ကလဲ စောစောစီးစီးက ဈာန်တွေ ဘာတွေ ရထားတာဖြစ်တော့ ဘယ်ကံ ပြုလို့ရှိရင် ဘာဖြစ်တယ်၊ ဘယ်ကံ ပြုလို့ရှိရင် ဘာဖြစ်တယ်၊ သူတို့ ကျမ်းတွေ စီမံကြတယ်၊ အဲဒီတင် {ဗြာဟ္မဏ}ဆိုတဲ့ လူမျိုးက ပေါ်လာပြန်ရော။

ဝေဿနှင့် သုဒ္ဒမျိုး ပေါ်လာ။ ။ အဲဒီ ခတ္တိယနဲ့ ဗြာဟ္မဏ နောက်တော့ ဒီ သီးခြား အလုပ်လုပ်တဲ့ ခုနက လူတန်းစား အမျိုးတွေက {ဝေဿ}မျိုး ပေါ်လာပြန်ရော၊ အဲဒီနောက် အလုပ်ကြမ်းတွေ လုပ်တဲ့သူ {သုဒ္ဓ}မျိုးလို့ ပေါ်လာပြန်ရော။

အမျိုးလေးပါး ကမ္ဘာဦးထဲက ပေါ်လာတယ်၊ ပေါ်လာတော့ ဗြာဟ္မဏ အမျိုးအစားတွေက တောထဲမှာ ထွက်ပြီးတော့ တရားကျင့်ရာက ဈာန်တွေ ရတယ်ကိုး၊ ဈာန်တွေရတော့ အဘိညာဉ်တွေရတော့ သူတို့ ဘာမြင်လာလဲ၊ သူတို့ ဗြဟ္မာ့ပြည်က လာခဲ့ကြတာ မြင်တယ်၊ အမယ်-ငါတို့ ဒီ လူ့ပြည် မရောက်ခင် ဟို-အထက် ဗြဟ္မာ့ပြည်က လာခဲ့တာပါလား၊ (ငါတို့ လူညံ့တွေ မဟုတ်ဘူး၊ ငါတို့ လူညံ့တွေ မဟုတ်ဘူး။)

ဖန်ဆင်းသူ မရှိ။ ။ ကမ္ဘာပျက်တုန်းက, ကမ္ဘာပျက်တုန်းက အထက် ဗြဟ္မာ ပြည်တွေမှာ ရောက်ပြီးတော့ နောက် ကမ္ဘာတည်တဲ့ အခါကျတော့, စုတေတဲ့အခါကျတော့ တချို့က ဗြဟ္မာ့ပြည်မှာပဲ ထပ်ပြီးတော့ ဖြစ်တယ်၊ အောက် ဗြဟ္မာ့ပြည်မှာ ထပ်ပြီးတော့ ဖြစ်တယ်၊ နောက်တစ်ခါ အဲဒီသူ သေရင် ဒီ လူ့ပြည် ရောက်လာတယ်၊ နတ်ပြည်ရောက်, လူ့ပြည်ရောက်၊ အဲဒီသူက ပြန်ကြည့်လိုက်တော့, ဘယ် ဗြဟ္မာ့ပြည်က စုတေလာတာ၊ ဒီ စုတေတဲ့ ဗြဟ္မာ့ပြည်မှာ ဗြဟ္မာတွေ ခုထက်ထိ ရှိနေတယ်၊ ဟို-တို့ မဖြစ်ခင်တုန်းက ဟို-အထက်ဘုံမှာ ရှိနေတုန်းက အဲဒီ ဗြဟ္မာကြီးက သူတို့ထက် သုံးပုံ, နှစ်ပုံ လောက် သို့မဟုတ် တစ်ပုံ အသက်ရှည်တယ်။

ဒီတော့ ကမ္ဘာရဲ့ သုံးပုံ, နှစ်ပုံ, တစ်ပုံ အသက်ရှည်တယ်၊ ရှည်တယ်ဆိုတော့ အကြာကြီးပေါ့၊ ဘယ်သေနိုင်လိမ့်မတုန်း၊ အဲဒီ ဗြဟ္မာကြီးကို သူတို့က လှမ်းမြင်တယ်၊ တို့တစ်တွေ ဒီ ဗြဟ္မာကြီးက ဖန်ဆင်းတာပဲလို့ ထင်နေတယ်၊ တို့တစ်တွေ ဟို ဗြဟ္မာ့ပြည်မှာ အထက်ဘုံက စုတေတုန်းကလဲ သူ့လက်အောက်ခံ မဟုတ်လား၊ ဟိုက ဗြဟ္မာမင်းကိုး။

ယခု တို့ လူ့ပြည် ရောက်လာပြန်တော့လဲ သူက ဟိုမှာ ရှိနေတယ်၊ ဗြဟ္မာမင်းကြီးက ဟာ-ဒီ လူတွေ ဒီ ဗြဟ္မာမင်းကြီးက ဖန်ဆင်းတာပဲ၊ ဖန်ဆင်းတဲ့ပုဂ္ဂိုလ် ရှိတယ်လို့ ကမ္ဘာဦးကတည်းက ဗြဟ္မာ့ပြည်က စုတေလာတဲ့ ဈာန်အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေကိုက စပြီးတော့ ယူဆလာတာ၊ ခု နောက်မှ ခရစ်သက္ကရာဇ်တွေ ဘယ်လောက်မှတွေ ဘာတွေ တစ်ခုမှ မဟုတ်ဘူး၊ အဲဒါ နောက်မှ အဆက်ဆက်က ဖြစ်တာ၊ ပထမဆုံးကို ဖန်ဆင်းတဲ့သူရှိတယ်လို့ ဆိုတဲ့ဟာ ဟို ဗြဟ္မာ့ပြည် ကမ္ဘာဦးက စကတည်းက ဗြဟ္မာတွေက စလာတာ၊ ဗြဟ္မာတွေက ဗြဟ္မာ့ပြည်က ဆင်းလာတဲ့ လူတွေက စလာတာ၊ အဲဒီ လူတွေဟာ သာမန်လူတွေ မဟုတ်ဘူး၊ ဈာန်တွေ အဘိညာဉ်တွေ ရပြီးတော့ ရှေးဟောင်း နှောင်းဖြစ်ကို ကောင်းကောင်းမြင်တဲ့ သူတွေ, အဲဒီ လူတွေက စပြီးတော့လာတာ။

ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာတော့ သူတို့က အတိအကျ ဟောနေပြီ၊ {ဒီလူတွေ သတ္တဝါတွေကို ဗြဟ္မာမင်းကြီး ဖန်ဆင်းတာ}လို့ အတိအကျ ဟောနေပြီ၊ သူတို့ ဝါဒတွေက အင်မတန် ပြန့်နေပြီ၊ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာတော့ အဲဒီ အခါမှာ ဗုဒ္ဓမြတ်စွာက ဖန်ဆင်းတဲ့ပုဂ္ဂိုလ် မရှိဘူး၊ ထို ဗြဟ္မာမင်းဆိုတဲ့ ဗြဟ္မာမင်းကိုက အသက်ရှည်တာသာ ရှိတယ်၊ ဘယ်သူ့ကိုမှ မဖန်ဆင်းနိုင်ဘူး, ဒီလိုကိုး၊ ပြီးတော့ ထပ်ပြောမယ်။

ဒီ အောက်က လူတွေကသာ ရသေ့တွေကသာ ဟို ဗြဟ္မာမင်းကြီး ဖန်ဆင်းတယ်လို့ ထင်တာ မဟုတ်ဘူး၊ သူတို့ ဗြဟ္မာ့ပြည် နေတုန်းကလဲ ဒီ ဗြဟ္မာမင်းကြီးက အရင်ဆုံး ရောက်နှင့်တာ၊ အရင်ဆုံး ရောက်နှင့်တာဖြစ်တော့ ကိုယ်ရောင်ကိုယ်ဝါအားဖြင့် သာတယ်၊ တန်ခိုးအားဖြင့်လဲ သာတယ်၊ အရှိန်အဝါ အားဖြင့်လဲ သာတယ်၊ ဗြဟ္မာ့ပြည်တုန်း ကတည်းကိုက ဒီ ဗြဟ္မာမင်းကြီး, တို့ကို ဖန်ဆင်းတာပဲလို့ ဗြဟ္မာ ဗြဟ္မာချင်းကို အောက်မေ့ လာခဲ့တာ၊ အဲဒီ ဗြဟ္မာမင်းကြီးကလဲ အများက အထင်ကြီးနေတာဖြစ်တော့ သူ့ကိုယ်သူ ငါဟာ ဖန်ဆင်းရှင် ဖြစ်တယ်လို ထင်လာတာ၊ ဒီ သတ္တဝါတွေ ငါ ဖန်ဆင်း တာ၊ သူ့ကိုယ်သူလဲ ဖန်ဆင်းရှင်လို့ ထင်လာခဲ့တယ်။

ဓာတ်ကြီးလေးပါးချုပ်ရာ အဲဒါနဲ့ စပ်ပြီးတော့ တစ်ခု ပြောဦးမယ်၊ နည်းနည်း ရှာဖွေသော ရဟန်း လေး အချိန် ကြာမလား မသိဘူး၊ ဘုန်းကြီးတို့ ဘုရားလက်ထက် ရဟန်းတော် တစ်ပါးက ပထဝီ, အာပေါ, တေဇော, ဝါယောဓာတ်တွေဟာ ဘယ်မှာ ချုပ်သလဲ၊ သူ့စိတ်ကူးနဲ့ စဉ်းစားနေတယ်၊ အဲ-သာမန် မဟုတ်ဘူးနော်၊ ဈာန်အဘိညာဉ်တွေ ရတဲ့ရဟန်း၊ ဘုရားက ဒီမှာ သီတင်းသုံးနေတာ၊ သူက ဒီစိတ်ကူးနေတယ်၊ ဒီ ပထဝီ, အာပေါ, တေဇော, ဝါယောဓာတ်တွေ ဘယ်မှာ ချုပ်သလဲ၊ နတ်တွေတော့ သိမှာပဲ ဆိုပြီးတော့ နတ်ပြည် တက်။

{အဲဒီ ပထဝီ, အာပေါ, တေဇော, ဝါယောဓာတ်ကြီးတွေ ဘယ်မှာ ချုပ်သလဲ ပြောစမ်းပါ}။

{မသိဘူး ကိုယ်တော်}။

{ဘယ်သူ သိတုန်း}။

{တာဝတိံသာ နတ်တွေ တန်ခိုးကြီးတယ်, ကျုပ်တို့ထက် သာတယ်}။

{ပြောစမ်း}။

သူက ဒီ ဓာတ်ကြီးလေးပါး ဘယ်မှာ ချုပ်တယ်ဆိုတာ အပြီးသတ် သိချင်နေတာ, သိချင်နေတာ။

{မသိဘူး ကိုယ်တော်}။

{ဘယ်သူ သိတုန်း}။

{သိကြား သိတယ်, သိကြား သိလိမ့်မယ်, သိကြား သိပ် ဉာဏ်ကြီးတာပဲ}။

သိကြားဆီ သွား, သူက သတ္တိက ခပ်ကောင်းကောင်း, ဈာန်အဘိညာဉ်က ရပြီးသားကိုး။

{သိကြားမင်း ပထဝီ, အာပေါ, တေဇော, ဝါယောဓာတ်ကြီးလေးပါးတွေ ဘယ်ချုပ်တုန်း}။

သိကြားမင်းက တယ်ခက်တဲ့ ကိုယ်တော်ပဲ, ဘုရားမေးရမည့်ဟာ ငါ့လာ မေးနေတယ်၊ ဘုရားဆီ ငါပို့လိုက်မှ ထင်ပါရဲ့, ဟာ-ဒီကိုယ်တော် ဒုက္ခ ဖြစ် ပစေဦး, သွားပစေဦး။

{ဟာ, ဟင်-ကိုယ်တော် ကျုပ် မသိဘူး}။

{ဘယ်သူ သိတုန်း}။

{ဟို-ယာမာနတ်တွေ သိလိမ့်မယ်}။

အထက်နတ် ညွှန်တာပဲ၊ ယာမာနတ်တွေကလဲ {ယာမာနတ်မင်း သိလိမ့် မယ်, တုသိတာနတ်တွေ သိလိမ့်မယ်, နိမ္မာနရတိနတ်တွေ သိလိမ့်မယ်, နိမ္မာနရတိနတ်မင်း သိလိမ့်မယ်, ပရနိမ္မိတနတ်တွေ သိလိမ့်မယ်, ပရနိမ္မိတနတ်မင်း သိလိမ့်မယ်}နဲ့ တစ်ဆင့် တစ်ဆင့် ညွှန်တာပဲ၊ ရဟန်းကလဲ သွားနေတာပဲ၊ {ပြောကြစမ်းပါ}၊ ဟာ-ကိုယ်တော် ဗြဟ္မာတွေ သိလိမ့်မယ်၊ ဟင်-နတ်တွေကလဲ ဘယ်သိလိမ့်မတုန်း၊ ပထဝီ, အာပေါ, တေဇော, ဝါယောဓာတ်ကြီးလေးပါး အပြီးသတ် ချုပ်တာကို နိဗ္ဗာန်လို့ ပြောနေတာ၊ နိဗ္ဗာန် ရှာနေတာ၊ ဗြဟ္မာတွေ သိလိမ့်မယ်, ဗြဟ္မာ့ပြည် တက်တာပဲ၊ {အသင် ဗြဟ္မာတို့ …ဒီ ဓာတ်ကြီးလေးပါး အပြီးသတ် ဘယ်မှာ ချုပ်တုန်း}။

ဖြစ်ပျက်ချုပ်တော့ သူနားလည်တယ်, အပြီးသတ်ချုပ်တာ သူပြောနေတာ။

{ကိုယ်တော်… ကျုပ်တို့ မသိဘူး}။

{ဘယ်သူ သိတုန်း}။

{ကျုပ်တို့ကို အုပ်စိုးတဲ့ ဗြဟ္မာမင်းကြီး ရှိတယ်}။

{ဘယ်မလဲ ဗြဟ္မာမင်းကြီး}။

{အဲဒါ ဘယ်နေမှန်းလဲ မသိဘူး}။

ကြည့်စမ်း တစ်ဘုံတည်း တစ်ပြင်တည်း နေတာနော်၊ တစ်ပြင်တည်း နေတာ၊ မင်းဆိုတဲ့ သူကို လက်အောက်ခံတွေက မမြင်ရဘူး၊ ဒီက တစ္ဆေ မမြင်ရတဲ့သူတွေ အဆန်းလုပ်လို့, ဗြဟ္မာ ဗြဟ္မာချင်းတောင် မမြင်ရဘူး။

{ဘယ်နေလို့တုန်း}။

{ဘယ်နေမှန်းတောင် မသိဘူး၊ ဟာ-လာတော့မယ် ကိုယ်တော်, အရောင် ကလေး မြင်လာပြီ}။

အဲဒီ ဗြဟ္မာကြီး လာမယ်ဆိုရင် ရှေ့က အရောင်ကလေး ပေါ်ထွက်လာတယ်။

{လာတော့မယ် ကိုယ်တော်, စောင့်ပါ စောင့်ပါ} ပြောပြောဆိုဆို ဗြဟ္မာမင်းကြီး ရောက်လာရော။

ဗြဟ္မာမင်းကြီး ရောက်လာတော့ ရဟန်းက သတ္တိရှိရှိနဲ့{ဗြဟ္မာမင်းကြီး…

ဓာတ်ကြီးလေးပါး အပြီးသတ် ဘယ်ချုပ်သလဲ} ဗြဟ္မာမင်းကြီးလဲ မသိပါဘူး၊ မသိတော့ မသိပီပီ မနေဘူး။

{ကိုယ်တော်… ကျုပ်က ဗြဟ္မာ, ဗြဟ္မာမှ မဟာဗြဟ္မာ ကိုယ်တော်, အကုန်လုံးကို ကျုပ် ဖန်ဆင်းတာ, (သူကလဲ ဒီလို ထင်နေတာ၊) အကုန်လုံး ကျုပ်လက်အောက်ခံတွေ ကိုယ်တော်}။

ရဟန်းက {သင့်ကို မေးနေတာ ဗြဟ္မာ ဟုတ်သလား, မဟုတ်ဘူးလား မေးနေတာ မဟုတ်ဘူး၊ သင် ဖန်ဆင်းသလား, မဖန်ဆင်းဘူးလား မေးနေတာ မဟုတ်ဘူး၊ ဓာတ်ကြီးလေးပါး ဘယ်ချုပ်သလဲလို့ မေးနေတာ, ဒါ ပြောပါ}။

{ကိုယ်တော်… ကျုပ်က ဗြဟ္မာမင်း, ကျုပ်မသိတာ ဘာမှ မရှိဘူး} ဗြဟ္မာကြီးက {အကုန်လုံး ကျုပ် ဖန်ဆင်းထားတာ}။

{ဒါ မေးတာ မဟုတ်ဘူး၊ ဓာတ်ကြီးလေးပါး အပြီးသတ် ချုပ်တာ မေးနေတာ}။

{လာခဲ့ လာခဲ့}။

ကိုယ်တော်ကို အသာကလေး လက်ဆွဲပြီးတော့ ဟို ဗြဟ္မာတွေ မကြား အောင် သူ ကွယ်ပြီးတော့ {ကိုယ်တော်က မဟုတ်မဟတ်တွေ ကျုပ် လာမေးနေတယ်၊ ကျုပ်လဲ မသိဘူးကိုယ်တော်၊ အားလုံးက ကျုပ်ကို တန်ခိုးကြီးတယ်လို့ ထင်နေကြတာ၊ အရှင်ဘုရား လာပြီး အရှက်ခွဲတာလား၊ ကိုယ်တော့်ကိုက မှားတာ, ဘယ့်နှယ် ဒီ ပြဿနာကို ဗြဟ္မာလာမေးလို့ သိပါ့မလား ကိုယ်တော်, ဘုရား သွားမေးမှ ပေါ့၊ ဗုဒ္ဓမြတ်စွာမှ သိမှာပေါ့}လို့ ဆိုတော့{ဟင်-ဟုတ်သားပဲ}ဆိုပြီး လက်လျှော့ပြီးတော့ သူ ဘုရားဆီ ပြန်လာ မေးရတယ်။

ဒီတော့ ဗြဟ္မာဆိုတဲ့ ဗြဟ္မာဟာ သူ့ကိုယ်သူ အထင်ကြီးနေတာ,အထင်ကြီး နေတာ၊ အချောင် အထင်ကြီးနေတာ၊ သူ မတတ်မှန်းလဲ သိသားပဲ,မဖန်ဆင်းနိုင်မှန်း လဲ သိသားပဲ၊ သူများက ဖန်ဆင်းတယ်လို့ ပြောတာနဲ့ သူ့ကိုယ်သူ ဖန်ဆင်းတယ် လို့ သူ့ဟာသူ ကြွားနေတာ၊ ခု တချို့ဘုန်းကြီးတွေကို လူတွေက အထင်ကြီးတယ်၊ အထင်ကြီးတဲ့အတိုင်းလဲ တတ်တယ်လို့ ဟန်ဆောင်တာ၊ သိပ်လဲ မတတ်ဘူး။

ကြည့်စမ်း, ဗြဟ္မာကြီးကိုယ်တိုင် ဟန်ဆောင်နေတာသာ ကြည့်တော့၊ အဲဒီ ဗြဟ္မာကြီးကို ဖန်ဆင်းနိုင်တဲ့သူလို့ လူ့လောက-က လှမ်းကျော်ပြီးတော့ မှန်းမျှော်ပြီးတော့ ထာဝရ ဘယ်တော့မှ မသေဘူး,မသေဘူး၊ ဒီ ဗြဟ္မာမင်းကြီးက အားလုံး သတ္တဝါတွေ သူဖန်ဆင်းတာပဲ၊ အဲဒီလို အယူအဆဟာ ကမ္ဘာ့ အစထဲက ကမ္ဘာဦးအစ ရှေ့ပိုင်းထဲက လက်ဆင့်ကမ်းပြီးတော့ ပြောလာကြတာ, ပြောလာကြတာ၊ ခုမှ ဖန်ဆင်းတဲ့သူ ရှိတယ်လို့ မဟုတ်ဘူး၊ လက်ဆင့်ကမ်း ပြီးတော့ အဆင့်ဆင့် လာခဲ့ကြတာပါ။

၁။ သီလက္ခန်ပါဠိတော်, နှာ-၂၀၈, ၂၁၂။

ရုပ်နာမ်သာ ရှိ။ ။ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာတဲ့အခါကျတော့ န ဟေတ္ထ ဒေဝေါ ဗြဟ္မာ ဝါ, သံသာရဿတ္ထိ ကာရကော၊ သုဒ္ဓဓမ္မာ ပဝတ္တ န္တိ, ဟေတုသမ္ဘာရပစ္စယာ။၁။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ, ဒု-တွဲ၊ နှာ-၂၃၈။

တယ် ကြည်ညိုစရာ ကောင်းတယ်ကိုး။

ဧတ္ထ-ဤ ရုပ်နာမ်အပေါင်း, အကြောင်းသင့်စွာ, ဖြစ်ပျက်၍နေရာ၌၊ သံသာရဿ-အဆက်မပြတ်, ဖက်စပ်တုံ့ပြန်, ရုပ်နာမ်ခန္ဓာ, သံသရာကြီးကို၊ ကာရကော-မဖြစ် ဖြစ်အောင်, တည်ထောင်ဖန်ဆင်းနိုင်သော၊ ဗြဟ္မာဝါ- ကမ္ဘာကို စနိုင်သည့်, ထာဝရသခင်, အရှင်ဗြဟ္မာမင်းကြီးသည်လည်းကောင်း၊ ဒေဝေါဝါ-ကျေးဇူးကိုတင်, ဂုဏ်အင်ကိုမှတ်, ပျပ်ဝပ်ရှိခိုး, ဗိဿနိုးနတ်မင်းကြီး သည်လည်းကောင်း၊ န အတ္ထိ-ကြောင်းကျိုးစစ်က, စနစ်ဧကန်, အမှန်ပင်မရှိ ပေတည်း၊ သုဒ္ဓဓမ္မာ-အနှစ်သာရ, အတ္တမဖက်, သက်သက်ရုပ်နာမ်တရားတို့ သည်သာ၊ ဟေတုသမ္ဘာရပစ္စယာ-အကြောင်းအဆောက်အအုံ, လောက်လုံသိုက် မြိုက်, တို်က်ဆိုင်ခြင်းဟူသော အကြောင်းကြောင့်သာလျှင်၊ ပဝတ္တန္တိ-စင်စစ် မသွေ, အမှန်ပင် ဖြစ်ပေါ်၍ နေကြပေသတည်း။

သာဓု……သာဓု……သာဓု။

ဒီမှာ ပရမအတ္တ ဖန်ဆင်းတဲ့သူ အစွဲအလမ်းဟာ ယခု လူတွေက နောက် ပိုင်းကျမှ ဖြစ်နေတယ်လို့ ထင်တာ၊ ဘယ်ဟုတ်မလဲ၊ ကမ္ဘာဦးကတည်းက ဖြစ်နေတာပါ။

အဲဒီ အထင်ကြီး ခံရတဲ့ ဗြဟ္မာမင်းကလဲပဲ တကယ် ဖန်ဆင်းနိုင်တယ်လို့ကို ယူဆနေတာ၊ ဒီတော့ အမှားမှား အယွင်းယွင်း မိစ္ဆာဒိဋ္ဌိက ကြာပါပြီ, ကြာပါပြီ၊ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့အခါကျတော့ မရှိပါဘူး၊ အကြောင်းနဲ့ အကျိုးနဲ့, အကြောင်းနဲ့ အကျိုးနဲ့၊ ကမ္ဘာပျက်တဲ့အခါကျတော့ သတ္တဝါတွေ ဗြဟ္မာ့ပြည် အရောက်များ၊ ကမ္ဘာကြီး ပြန်ပြီးတော့ ပြုပြင်ပြီးတော့ ကမ္ဘာဖြစ်တဲ့ အခါကျတော့ သတ္တဝါတွေ ကံကုန်လို့ သေကြ, ကံကုန်လို့ သေကြ၊ ကံအား လျော်စွာ ဗြဟ္မာ့ပြည်ရောက်, နတ်ပြည်ရောက်, လူ့ပြည်ရောက်၊ အဲဒီလို သတ္တဝါတွေ ပြန်ပြီးတော့ ဒီလို လာခဲ့တာပါ။

လူ့ပြည်ရောက်တဲ့အခါကျတော့လဲ ခတ္တိယ အမျိုးအစားတွေ, ဗြာဟ္မဏ အမျိုးအစားတွေ, ဝေဿဆိုတဲ့ လယ်လုပ်ကုန်ရောင်း အမျိုးအစားတွေ, သုဒ္ဒ ဆိုတဲ့ အလုပ်ကြမ်းသမားတွေ၊ အဲဒီလို ပေါ်ပြီးတော့ လာတာပါ။

မိစ္ဆာဒိဋ္ဌိ။ ။ တစ်ခါ အဲဒီ မိစ္ဆာဒိဋ္ဌိအယူက ဇီဝ,အတ္တ,အသက်ကောင်,လိပ်ပြာ ကောင်၊ ဘုန်းကြီးတို့ ခန္ဓာကိုယ်ထဲ ရောက်လာပြီလို့ ဆိုတယ်၊ အသက်ကောင် ရှိတယ်၊ အသက် ထွက်သွားပြီ၊ ကွယ်လွန်တဲ့ အဖေရဲ့ ဝိညာဉ်နဲ့ ဒီက သား သို့မဟုတ် သမီးရဲ့ ဝိညာဉ်နဲ့ ဝိညာဉ်ချင်း ဆက်ပြီးတော့ နေလို့မို့ သမီးကလေး သေမှာ စိုးရတယ်၊ သားကလေး သေမှာ စိုးရတယ်၊ သားကလေး, သမီးကလေးရဲ့ လိပ်ပြာနဲ့ အဖေရဲ့ လိပ်ပြာနဲ့ မကွဲပဲ ဖြစ်နေလို့ အဲဒီ လိပ်ပြာချင်း ဆက်နေလို့မို့ ဟိုမှာ ပါသွားမှာ စိုးရတယ်။

ဒါကြောင့် လိပ်ပြာခွဲ, လိပ်ပြာခွဲ၊ ဇီဝ,အတ္တ,အသက်ကောင်,လိပ်ပြာကောင် ပြောနေတာ၊ ဇီဝအတ္တ ပြောနေတာ၊ သေပြီ ဆိုလို့ရှိရင် အသက်ထွက်သွား တာပဲ၊ တစ်နေ့က ပြောခဲ့တဲ့ ပါယာသိမင်းဟာ ဒီ အသက်ကို သူ ရှာတာပဲ၊ အသက် ရှာမရဘူး၊ ဒီလို အသက်ကောင်လို့လဲ ခေါ်တယ်, ဝမ်းထဲမှာ လိပ်ပြာ ကောင်လို့လဲ ခေါ်တယ်, ဝိညာဉ်ကောင်လို့လဲ ခေါ်တယ်၊ အဲဒါ မရှိပါဘူး။

ဇီဝအတ္တ၊ ဇီဝက အသက်, အတ္တက အတ္တ၊ အတ္တက ဘယ်တော့မှ မပျက် ဘူး၊ အနှစ် အမာခံ၊ ဘယ်တော့မှ အတ္တ မပျက်ဘူး၊ ဒါကြောင့် တရုတ်သေလို့ ရှိရင် လိပ်ပြာအိမ် ဆိုပြီးတော့ အကြီးအကျယ် လုပ်တာ၊ ဒီ အတ္တကလေးပဲ၊ လိပ်ပြာဆိုတာ အတ္တပဲ၊ မပျောက်ဘူး၊ သူက ရှိတယ်၊ ဒီ ခန္ဓာကိုယ်ကြီး ဘယ်လောက်ပဲ မြေမြှုပ်ခဲ့ရခဲ့ရ လိပ်ပြာက မသေဘူး၊ အဲဒီ လိပ်ပြာနေဖို့ရာ အိမ်ကလေး, တချို့တတ်နိုင်တော့ အိမ်ကြီး လုပ်ကြတယ်၊ လိပ်ပြာအိမ် လုပ်ကြတယ်၊ လိပ်ပြာလို့ စွဲတာ, အသက်လို့ စွဲတာ, ဝိညာဉ်ကောင်လို့ စွဲတာ၊ ခန္ဓာကိုယ်မှာ အတ္တ ရှိတယ်လို့ စွဲတဲ့ဟာ မိစ္ဆာ အယူချည်းပဲ၊ တစ်ခုမှ မဟုတ် ဘူး၊ အကြောင်းနဲ့ အကျိုးနဲ့ ဖြစ်နေတာချည်းပဲ။

ခန္ဓာငါးပါးသာရှိ။ ။ မပျက်စီးနိုင်ဘဲနဲ့ မြဲတယ်ဆိုတဲ့ အတ္တကို ဇီဝအတ္တလို့ သူတို့က ခေါ်တယ်၊ အဲဒီ ဇီဝအတ္တ မရှိပါဘူး၊ အသက် ကောင် မရှိပါဘူး၊ ဝိညာဉ်ကောင် မရှိပါဘူး၊ သေရင် အသက် မထွက်ပါဘူး။

တစ်နေ့တုန်းက ပြောခဲ့တဲ့အတိုင်း ကံ တစ်ခုနဲ့တစ်ခု ဆက်ပြီးတော့ ပဋိသန္ဓေ နေရတာပါ၊ ဒါလေး နားလည်ပါနော်၊ လူတွေ မှားကြလွန်းလို့၊ ဒါဖြင့် ဘာသာ ရှိတုန်း, ခန္ဓာငါးပါးသာ ရှိတယ်၊ ရုပ်ခန္ဓာကြီး ရှိတယ်၊ ဒီ ရုပ်ခန္ဓာကြီး ဆိုတာ ဟာ အတုံးအခဲနဲ့ တစ်ခါတည်း စုပုံထားတာ မဟုတ်ဘူး၊ မျက်စိနဲ့ဆိုင်ရာ ကလာပ်တစ်ခုမှာ ရုပ်ကလေး ဆယ်ခု စုပြီးတော့ နေတယ်၊ သောတနဲ့ ဆိုင်ရာ ကလဲ ရုပ်ကလေးတွေ စုပြီးတော့ ဆယ်ခု၊ ရုပ်ဆယ်ခုကို ကလာပ်တစ်စည်း၊ ကလာပ်တစ်စည်းနဲ့ အဲဒါလို စုနေတာ၊ ခန္ဓာကိုယ်မှာ ရုပ်မှုန်ကလေးတွေ။

ဥပမာ မုန့်ညက်ကလေးကို ရေနဲ့ ဘာနဲ့ ဆွတ်ပြီးတော့ အရုပ်လုပ်တတ်တဲ့ လူက အရုပ်လုပ်လို့ရှိရင် မုန့်ညက်ရုပ်ကလေး ဖြစ်ရော၊ အဲဒီ မုန့်ညက်ရုပ်ကလေး ဟာ သည်တစ်ခုတည်းလားဆိုတော့ ဘယ်ဟုတ်မလဲ၊ မုန့်မှုန့်ကလေးတွေ၊ အဲဒါလိုပေါ့၊ ရုပ်မှုန့်ကလေးတွေကို ကံက ပြုစီမံပြီးတော့ ပေးနေတာမို့လို့ တစ်နေ့တုန်းက ပထမဆုံး ကလလရေကြည်ဆိုတဲ့ ရေကြည်က တဖြည်းဖြည်း ကြီးပြီးတော့ လူကောင်ပေါ်လာတယ်၊ ဘယ်သူမှ ဖန်ဆင်းတာ မဟုတ်ဘူး၊ ကိုယ့်ကံ ကိုယ့်ကံက ဖန်ဆင်းတာ၊ လှအောင်လဲ ကိုယ့်ကံ၊ အရုပ်ဆိုးအောင်လဲ ကိုယ့်ကံက ဖန်ဆင်းတာပဲ, ကိုယ့်ကံက ဖန်ဆင်းတာပဲ။

ခုနက ဇီဝအတ္တဆိုတဲ့ အသက်ကောင်, ဝိညာဉ်ဆိုတဲ့ အကောင်, လိပ်ပြာ ဆိုတဲ့ အကောင်, အတ္တဆိုတဲ့ အရာဝတ္ထုဆိုတာ မရှိပါဘူး၊ ခုနက ရုပ်ခန္ဓာသာ ရှိတယ်၊ စိတ်ဆိုတဲ့ ဝိညာဏ် ဝိညာဏက္ခန္ဓာသာ ရှိတယ်၊ ပြီးတော့ လောကကြီး ထဲမှာ ခံစားမှုဆိုတာဟာ အင်မတန် အရေးကြီးတယ်၊ အင်မတန် အရေးကြီး တော့ သူ့ကိုလဲ ဗုဒ္ဓမြတ်စွာက ဝေဒနာစေတသိက် တစ်ခုတည်းကို ခန္ဓာလို့ ဟောထားတာ၊ ခံစားမှုခန္ဓာ, ဝေဒနာက္ခန္ဓာ၊ စိတ်ဝိညာဏ်က ဝိညာဏက္ခန္ဓာ၊ အားလုံး သတ္တဝါတွေက ခံစားချင်နေတာဖြစ်တော့ ခံစားမှုဟာလဲ နောက်ကို နှစ်နှစ်ကာကာ အနိစ္စ, ဒုက္ခ, အနတ္တ ရှုရမှာ ဖြစ်လို့မို့ ခံစားမှုဆိုတဲ့ ဝေဒနာ ကိုလဲ ခန္ဓာအဖြစ်နဲ့ ဟောထားတော်မူတယ်။

တရားက တစ်ခုတည်းပဲ၊ စေတသိက်က တစ်ခုတည်းပေမယ့် သူလဲပဲ တစ်ခုတည်း တစ်ခန္ဓာပဲ၊ ခံစားတာကို သညာက အမှတ်လွဲနေလို့ ခံစားချင်တာ၊ အမှတ်က လှတယ်လို့ ထင်တော့ ဝေဒနာက သာယာတယ်၊ အမှတ်က အရုပ် ဆိုးတယ်လို့ ထင်မှတ်တော့ ဒုက္ခဝေဒနာက လာတာပဲ၊ မကောင်းလဲ ဒီဝေဒနာ လာတာပဲ၊ မကောင်းမှတ်လိုက်လဲ ဒီ ဝေဒနာလာတာပဲ, ကောင်းမှတ်လိုက်လဲ ဒီ ဝေဒနာလာတာပဲ၊ ကောင်း,မကောင်း ကြားထဲလဲ ဥပေက္ခာဝေဒနာ လာတာပဲ၊ အဲဒီတော့ အမှတ်နဲ့ ခံစားမှုဟာ လောကကြီးမှာ အင်မတန် အရေးကြီးတယ်လို့ ဆိုပြီးတော့ သညာ အမှတ် သညာက္ခန္ဓာ၊ ဝေဒနာ ခံစားမှု ဝေဒနာက္ခန္ဓာ၊ စိတ်သိမှု ဝိညာဏက္ခန္ဓာ၊ ရုပ်အားလုံး အစုတွေကို ရူပက္ခန္ဓာ၊ အဲဒီ လေးပါးမှ လွတ်တဲ့ စေတသိက် ဟူသမျှ ၅၀-ကို သခါရက္ခန္ဓာ-လို့ ဗုဒ္ဓမြတ်စွာက နာမည် တပ်တော်မူတယ်၊ ဘာပြုလို့ သခါရက္ခန္ဓာလို့ နာမည်တပ်ထားရသလဲဆိုတော့ စေတနာဆိုတဲ့ လှုံ့ဆော်နေတဲ့ စေတနာက ပါနေတယ်ကိုး၊ စေတနာဆိုတဲ့ လှုံ့ဆော်တဲ့ တရားက ပြုပြင်စီမံတတ်တော့ ပါဠိလို {သခါရ}၊ အဲဒါကြောင့် စေတနာကို နာမည်တပ်ပြီးတော့ ကျန်တဲ့ စေတသိက် ၅၀-က သခါရက္ခန္ဓာလို့ မြတ်စွာဘုရား က ခန္ဓာငါးပါးသာ ရှိတယ်လို့ ဟောထားပါတယ်။

ခန္ဓာငါးပါးက အလုပ်လုပ်နေတာ၊ ခန္ဓာငါးပါး ပေါင်းလိုက်လို့ရှိရင် ပုဂ္ဂိုလ် နာမည် ပေါ်လာတာပဲ၊ နာမည် ပညတ်ပါ၊ ပုဂ္ဂိုလ်ရယ်လို့ မရှိပါဘူး၊ သတ္တဝါရယ်လို့ နာမည်သာ ပေါ်လာတာ, သတ္တဝါလို့ မရှိဘူး၊ သူ သူလို့သာ ပြောတာ, သူ မရှိဘူး၊ ဒီ ခန္ဓာငါးပါးပဲ ရှိတယ်၊ ငါလို့သာ ပြောတာ၊ ငါဆိုတဲ့ အကောင်အထည် မရှိပါဘူး။

ရထားပမာ သတ္တဝါ

ယထာပိ အဂသမ္ဘာရာ, ဟောတိ သဒ္ဒေါ ရထော ဣတိ၊

ဧဝံ ခန္ဓေသု သန္တေ သု, ဟောတိ သတ္တောတိ သမ္မုတိ။၁။ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်, နှာ-၁၃၇။ဝိသုဒ္ဓိ-ဋ္ဌ, ဒု-တွဲ၊ နှာ-၂၂၈။

အဂသမ္ဘာရာ-ဝင်ရိုးစက်ဘီး, အသီးသီးတို့, ဖွဲ့စည်းပေါင်းစုံ, အဆောက် အအုံကြောင့်၊ ရထောဣတိ သဒ္ဒေါ-လူသူအများ, စီးနင်းသွားဖို့, ရထားခေါ်အပ်, နာမည်ပညတ်သည်၊ ဟောတိယထာ-ဖြစ်ပေါ်လာသကဲ့သို့၊ ဧဝံ-ဤအတူ၊ ခန္ဓေသု-ရုပ်နာမ်နှစ်ဖြာ, ခန္ဓာငါးပါးတို့သည်၊ သန္တေ သု-ထင်ရှားပေါင်းဆုံ, ရှိကြကုန်သော်၊ သတ္တောတိ သမ္မုတိ-သတ္တဝါဟု, ခေါ်ဝေါ်ပြုဖို့, သမ္မုတိမှတ်, နာမပညတ်သည်၊ ဟောတိ-ရုပ်နာမ်နှစ်ပါး, မကွဲပြားက, ထင်မှားဖွယ်ရာ ဖြစ်ပေါ်၍ လာပေသည်တကား။

သာဓု _ သာဓု _ သာဓု။

ရုပ်ခန္ဓာနဲ့ {ဝေဒနာ, သညာ, သခါရ, ဝိညာဏ်}ဆိုတဲ့ နာမ်ခန္ဓာလေးပါး ဒါပဲ ရှိတယ်၊ သူတို့ အလုပ် လုပ်နေတာ၊ သူတို့ ပေါင်းမိပြီ ဆိုလို့ရှိရင် သတ္တဝါလို့ နာမည်ခေါ်ထားတာ, သတ္တဝါလို့ တိုက်ရိုက် မရှိဘူး၊ ပုဂ္ဂိုလ်လို့ တိုက်ရိုက် မရှိဘူး။

ဥပမာ-လှည်းလို့ဆိုတာ လာပါ လှည်း, ဟိုမှာ လှည်းကြီး လာပါ၊ မင်း ဘယ်သူ့ပြောတာတုန်း၊ လှည်းဝင်ရိုး ပြောတာ၊ အဲဒါ ဘာတုန်း၊ ဒါ လှည်း ဝင်ရိုး၊ လှည်းလား, မဟုတ်ဘူး၊ ဒါက ဘာလဲ လှည်းဘီးပဲ၊ လှည်းလား, မဟုတ်ဘူး၊ ဒါက ဘာတုန်း၊ ဒါ လှည်းအိမ်ပဲ၊ ဒါ လှည်းလား မဟုတ်ဘူး၊ နို့ မင်းလှည်း ဘယ်မတုန်း၊ အားလုံးပေါင်းတဲ့အခါ လှည်းဖြစ်တာပဲ၊ လှည်း ရယ်လို့တော့ သီးခြား မရှိဘူး၊ အားလုံးပေါင်းတဲ့အခါ လှည်းလို့ ပေါ်လာတာ၊ လှည်းနာမည် တပ်ရတာပဲ၊ လှည်းဘယ်ရှိမလဲ၊ ဝင်ရိုးရယ်, လှည်းဘီးရယ်, လှည်းအိမ်ရယ် သူ့လှည်း အဆောက်အဦတွေ ရှိတယ်၊ အဲဒီ အဆောက်အဦပဲ ရှိတယ်၊ အရာဝတ္ထု သီးခြားမရှိဘူး။

အဲဒါလိုပဲ ခန္ဓာကိုယ် လက်ညှိုးထိုးပြီးတော့ ဒါဘာတုန်း၊ အဲဒါ ရုပ်တွေလေ၊ အသင် ခုန ဒေါသဖြစ်တာ ဘာတုန်း၊ အဲဒါ နာမ်လေ၊ နာမ်တရားထဲက သခါရက္ခန္ဓာလေ၊ အသင် ခု မှတ်နေတယ်၊ ဒါ ဘာတုန်း၊ သညာက္ခန္ဓာလေ၊ သင် ခံစားနေတယ်၊ ဒါ ဘာတုန်း၊ ဝေဒနာက္ခန္ဓာလေ၊ ဒါပဲ ရှိတယ်၊ နာမ် ခန္ဓာသာ ရှိတယ်၊ သင်လို့ ခေါ်ရတဲ့ ပုဂ္ဂိုလ် မရှိဘူး၊ သင်လို့ ခေါ်ရတဲ့ သတ္တဝါ မရှိဘူး၊ အကောင်အထည် မရှိပါဘူး။

အိမ်ကျောင်းပမာ ကိုယ်ခန္ဓာ

ယထာ ပဋိစ္စ ကဋ္ဌာဒိံ, အဂါရ န္တိ ပဝုစ္စတိ၊

ဧဝံ ပဋိစ္စ အဋ္ဌျာဒိံ, သရီရ န္တိ ပဝုစ္စတိ။၁။ မူလပဏ္ဏာသ ပါဠိတော်, နှာ-၂၄၈ လာ စုဏ္ဏိယကို မှီ၍ စီထားသော ပရမတ္ထသရူပဘေဒနီ၊ ဒု-တွဲ၊ နှာ-၅၀၆ လာ ဂါထာဖြစ်သည်။

ကဋ္ဌာဒိံ-တုံးတိုင်သစ်ဝါး, ကြိမ်နွယ်အားဖြင့်, များပြားစုပုံ, အဆောက် အအုံကို၊ ပဋိစ္စ-စုပေါင်းစွဲမှီ, တွဲကာချည်သဖြင့်၊ အဂါရ န္တိ-အိမ်ကျောင်းမဏ္ဍပ်, ဇရပ်တိုက်တာ, နေရာဌာန, အာဝါသဟူ၍၊ ပဝုစ္စတိ ယထာ-ခေါ်ဝေါ်ပညတ်, သမုတ်အပ်သကဲ့သို့၊ ဧဝံ-ဤအတူ၊ အဋ္ဌျာဒိံ-အရိုးအဆက်, အကြောယှက်၍, ဖွဲ့ကြက်အသား, ဖုံးအပ်သော အရေများကို၊ ပဋိစ္စ-စုပေါင်းစွဲမှီ, တွဲကာတည်သဖြင့်၊ သရီရ န္တိ-သူ့ကိုယ်ငါ့ကိုယ်, ခန္ဓာကိုယ်ဟူ၍၊ ပဝုစ္စတိ-ခေါ်ဝေါ်ပညတ်, သမုတ် အပ်ပေသည်တကား။

ခန္ဓာကိုယ်လဲ တိုက်ရိုက် မရှိဘူး၊ အိမ်ဆိုတဲ့ အရာဝတ္ထုကို ကြည့်စမ်း၊ ဒါက တိုင်ပဲ, ဒါက အုတ်တွေပဲ၊ ဘယ်မလဲ အိမ်၊ ဒါက ထုတ်လျောက်ပဲ၊ ဘယ်မလဲ အိမ်၊ ဟာ-အိမ်ရယ်လို့တော့ သီးခြား မရှိပါဘူး၊ ဒါတွေ ပေါင်းလိုက် တော့ အိမ်လို့ သမုတ်ကြတာပဲ၊ အဲသလိုပါပဲ, ခေါ်ရတာပါပဲ၊ ဒါက ဘာတုန်း၊ ဒါ ရုပ်ခန္ဓာလေ၊ ယခု အသံထွက်နေတာ ဘာတုန်း, ဒါက သဒ္ဒ၊ ရုပ်ထဲကပဲ, ရုပ်ခန္ဓာ အစိတ်အပိုင်းပဲ၊ အဲဒီ အသံထွက်ဖို့ရာ ဘယ်သူလာ လှုံ့ဆောင်ပေးနေတုန်း၊ စိတ်က လှုံ့ဆောင်ပေးနေတယ်လေ၊ စိတ်ချည်းလား ဆိုတော့ ဘယ်ဟုတ်မှာလဲ၊ စေတသိက်တွေကလဲ လှုံ့ဆော်ပေးနေတယ်လေ၊ ဟာ-လိုက်စစ်တော့ အကုန်လုံး တစ်ခုစီ တစ်ခုစီ ပေါင်းလိုက်တော့မှ အိမ်လို့ နာမည်ပေါ်လာတယ်၊ တကယ်တော့ အိမ် မရှိပါဘူး။

အဲသလိုပါပဲ၊ အရိုးတွေ,အသားတွေ,အကြောတွေ,အရေတွေ အဲဒါတွေ စုပေါင်းလိုက်တော့မှ ကိုယ်လို့ ပေါ်လာတာ၊ အရိုးတွေ အသားတွေ ဒါတွေကလဲ စုပေါင်းနေတာ, ရုပ်ရဲ့ အစိတ်အပိုင်းကလေးတွေ စုပေါင်းနေတာ၊ ဘယ် မှာလဲ ကိုယ်လို့ တိုက်ရိုက် ဘယ်ရှိတုန်း၊ သေသေချာချာ ပြစရာကို ဘယ်ရှိတုန်း၊ ဘာမှ မရှိဘူး၊ ဒီခန္ဓာငါးပါးပဲ ရှိတယ်၊ ရုပ်ခန္ဓာကြီးထဲက အသားတွေ, အရိုးတွေ, အရေတွေ ပေါင်းလိုက်တဲ့အခါမှာ ကိုယ်လို့ ပြောနေတယ်၊ ဘယ်မှာလဲ ခန္ဓာကိုယ် တိုက်ရိုက်ရှိလို့တုန်း, မရှိပါဘူး၊ သိပ်ကောင်းတာ,သိပ်ကောင်းတာ။

သစ်သားရုပ်အလား ရုပ်နာမ်နှစ်ပါး

ရဇ္ဇုယောဂါ ဒါရုယန္တံ, သဗျာပါရံဝ ခါယတိ၊

ဧဝံ သုညံ နာမရူပံ, အညမညသမာယုတံ။၁။ ဝိသုဒ္ဓိမဂ္ဂ, ဋ္ဌ၊ ဒု-တွဲ၊ နှာ-၂၃၀ လာ စုဏ္ဏိယကို မှီ၍ စီထားသော ပရမတ္ထသရူပဘေဒနီ၊ ဒု-တွဲ၊ နှာ-၅၀၆ လာ ဂါထာဖြစ်သည်။

ရဇ္ဇုယောဂါ-အရုပ်ကြိုးနှင့်, အသင့်တွဲကပ်, ပေါင်းစပ်မိခြင်းကြောင့်၊ ဒါရုယန္တံ-သစ်သားကိုလုပ်, မင်းသမီး မင်းသားရုပ်သည်၊ သဗျာပါရံဝ-သွား ရပ် ကခုန်, ဗျာပါရရှိပုံကဲ့သို့၊ ခါယတိ-ရှုသူစိတ်တွင်, မှတ်ထင်ရလေ၏၊ ဧဝံ- ဤအတူ၊ သုညံ-အနှစ်သာရ, အတ္တမဖက်, အသက်ကင်းဆိတ်သော၊ နာမရူပံရုပ် နာမ်နှစ်ဖြာ, ငါးခန္ဓာသည်၊ အညမညသမာယုတံ-အချင်းချင်းကပ်, ပေါင်းစပ်မိသည်ဖြစ်၍၊ သဗျာပါရံဝ-သွားရပ်ထိုလျောင်း, လိုရာပြောင်းလျက်, အကြောင်းအားလျော်စွာ, ဗျာပါရရှိနေသကဲ့သို့၊ ခါယတိ-ရုပ်နာမ်နှစ်ပါး, မကွဲပြားက, အများစိတ်တွင်, ထင်မြင်စွဲလမ်းရသည်တကား။

လူဆိုတာ အသိဉာဏ်နည်းရင် နည်းသလို အရုပ်တွေကို ကြိုးနဲ့ဆွဲပြီးတော့ ကခုန်, နှိပ်စက်သူက နှိပ်စက်၊ မင်းသမီးလုပ်တဲ့ သူက ငို၊ ကလေးတွေက စိတ်မရှည်ဘူးလေ၊ တစ်ခါတည်း အောက်ကနေပြီးတော့ တုတ်နဲ့ ခဲနဲ့ချတာပဲ၊ ဘယ်ဟုတ်မတုန်း၊ သူ့အထင်ကလေ အရုပ်ကို အရုပ်လို့ မထင်ဘူး၊ တကယ် အသက်ရှိတယ်လို့ ထင်သွားပြီ။

ရဇ္ဇုယောဂါ-ကြောင့်၊ ပေ၊ သဗျာပါရံဝ-ကဲ့သို့၊ အဲသလိုပါပဲ၊ ရုပ်တရား နာမ်တရားတွေဟာ သူတို့နှစ်ခု ပေါင်းလိုက်တော့ သွား, ရပ်, လှုပ်ရှားပြီးလို့ နေတော့ ဒီ ရုပ်နာမ်တွေက ဗျာပါရ ရှိသကဲ့သို့ ထင်ရတာ၊ မဟုတ်ဘူး၊ ကိုယ့်အကြောင်းနဲ့ ကိုယ်နဲ့ လုပ်တာ။

ဆိုပါတော့ပေါ့၊ ဘုန်းကြီး ခုလုပ်နေတဲ့ အသံတွေဟာ သဒ္ဒရုပ်တရားပဲ၊ ဝမ်းထဲလို့ ပြောပါတော့ပေါ့လေ၊ စိတ်တွေက သိစေချင်တဲ့တရားကို ဟော နေတော့ စိတ်အစွမ်းကြောင့် အသံ ထွက်နေတာ၊ စိတ္တဇသဒ္ဒရုပ်လို့ ခေါ်တယ်၊ အဲဒီ စိတ်ကြောင့် အသံ ထွက်နေတာပဲ၊ ဒီအထဲ ဘုန်းကြီးလို့ ပြောစရာ တိုက်ရိုက် မရှိဘူး၊ ငါလို့ ပြောစရာ တိုက်ရိုက် မရှိဘူး၊ စိတ္တဇသဒ္ဒရုပ် ဒါပဲ ရှိတယ်။

စောင်းသံပမာ ရုပ်နာမ်ဖြစ်ပျက်။ ။ အဲဒီတော့ ရုပ်နာမ်နှစ်ပါးကို နားမလည်တဲ့ သူတွေက ဒီအထဲ ဝင်ပြီးတော့ ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါနဲ့ ဒီလို လုပ်နေကြတာ၊ အဲဒီလို လုပ်ရာက တစ်ယောက် တစ်ယောက် စွဲလမ်းပြီးတော့ လောကီရေးရာတွေ များပြီးတော့ အပါယ်လေးပါး သွားကုန်ကြတာ၊ အမှန်ကတော့ ခုနက ကြိုးဆွဲတတ်တဲ့သူက ကြိုးဆွဲလိုက်တော့ သစ်သားရုပ်ကလေး လှုပ်နေသလိုပဲ၊ ရုပ်နာမ်ခန္ဓာလဲ ဒီ ခန္ဓာကိုယ်ကြီးမှာ အတွင်းက စိတ်ဓာတ်ကြောင့် အသံတွေ ထွက်ပြီးတော့ လှုပ်ရှားနေတယ်လို့ ထင်ရတာ၊ ကောင်းပြီ, အဲဒီ စိတ်ဓာတ်က ခန္ဓာကိုယ်ထဲ ဘယ်နားမှာ နေသလဲ ဆိုတော့ အဲဒါ သိဖို့ သိပ်ကောင်းတယ်။

အနုပ္ပန္နာ ဝုပ္ပဇ္ဇန္တိ, ဥပ္ပန္နာပိ နိရုဇ္ဈရေ၊

နိစ္စံ နဝါဝ သခါရာ, ဝီဏာသဒ္ဒသမူပမာ။၁။ ဝိသုဒ္ဓိမဂ္ဂ, ဋ္ဌ၊ ဒု-တွဲ၊ နှာ-၂၆၅, ၂၆၉ လာ စုဏ္ဏိယကို မှီ၍ စီထားသော သဂြုဟိ်ဘာသာဋီကာ, နှာ-၆၉၃ လာ ဂါထာဖြစ်သည်။

သခါရာ-ရုပ်နာမ်နှစ်ပါး, သခါရတရားတို့သည်၊ အနုပ္ပန္နာဝ-စုဆောင်း သိမ်းဆည်းပြီး မဟုတ်ကုန်ဘဲသာလျှင်၊ ဥပ္ပဇ္ဇန္တိ-အကြောင်းကို စွဲ၍, ရုတ်ခနဲ ဖြစ်ပေါ်လာကြကုန်၏၊ ဥပ္ပန္နာပိ-အကြောင်းအားလျော်စွာ, ပေါ်လာကုန်ပြီး၍ လည်း၊ နိရုဇ္ဈရေ-ချက်တဖြုတ် ရုတ်တရက်, ချုပ်ပျက်ကြလေကုန်၏၊ နိစ္စံနဝါဝ- ခဏမစဲ, အမြဲဖြစ်လျက်, အသစ်စက်စက်တို့သာလျှင်တည်း၊ ဝီဏာသဒ္ဒသမူပမာစောင်း ကြိုးစောင်းခွက်, တီးမှုတ်ချက်ကြောင့်, ပေါ်ထွက်ပျောက်ဟန်, စောင်းသံနှင့် တူလေကုန်စွတကား။

သာဓု _ သာဓု _ သာဓု။

သခါရဆိုတဲ့ စိတ်တို့, အသံတို့ဟာ ဝမ်းထဲ ဘယ်နေရာမှ စုထားတာ မရှိပါဘူး၊ ရွတ်ချင် ပြောချင်တဲ့စိတ် ဖြစ်ပေါ်လာတယ်၊ ပေါ်လာတော့ သူ့ကြောင့် ရုပ်တရားလေးတွေ လှုပ်ရှားပြီးတော့ တစ်ခုနဲ့တစ်ခု ထိခိုက်ပြီး ပထဝီဓာတ်ချင်းပါပဲ၊ ပထဝီဓာတ်ချင်း ထိခိုက်ပြီးတော့ အသံထွက်တယ်၊ အသံထွက်လာတော့လဲ တွေ့ရာအသံတွေ မထွက်ဘဲနဲ့ စိတ်အလိုအတိုင်း ဝိညတ်ရုပ်ဆိုတာ ပါတယ်၊ ဝိညတ်ရုပ်က ပဲ့ကိုင်ပေးတော့ အသံ ပေါ်ပြီးတော့ လာတာ၊ ဘုန်းကြီးတို့ တရားက ရှင်းလွန်းလို့, ရှင်းလွန်းလို့, ရှင်းလွန်းလို့၊ ဘယ်သူကမှ လုပ်ပေးနေတာ မဟုတ်ဘူး၊ ဘယ် ထာဝရဘုရားကမှ ဖန်ဆင်းပေး တာ မဟုတ်ဘူး, ပြုပြင်ပေးတာ မဟုတ်ဘူး၊ ကိုယ့်စိတ်နဲ့ ကိုယ်နဲ့ ဖြစ်နေတာ။

ဝိညတ် ပဲ့ကိုင်ပေးခြင်း။ ။ ဒါကြောင့် ပင်ကိုက စုဆောင်းပြီး ဘာမှ မရှိပါဘူး၊ ပြောချင် ပြောလိုတဲ့ ဆန္ဒ ဖြစ်ပေါ်လာတဲ့အခါ ပြောလိုတဲ့စိတ်, အဲဒီ ပြောလိုတဲ့စိတ်ကြောင့် ရုပ်တွေ ဖြစ်၊ အဲဒီမှာ နဂိုက လည်ချောင်း အာခေါင်မှာ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေရှိတယ်၊ ရှေးက ကံကြောင့် ဖြစ်တဲ့ ပထဝီဓာတ်နဲ့ နောက်က စိတ်ကြောင့်ဖြစ်တဲ့ ပထဝီဓာတ်နဲ့ ပွတ်လိုက်တာ အသံထွက်လာတာပဲ၊ ဒိအပြင် တွေ့ရာ အသံတွေ ထွက်လာပါလားဆိုတော့ ဝိညတ်က ပဲ့ကိုင်ပေးလို့လေ၊ ပြောချင်တဲ့ အသံလေးတွေ စီကာပတ်ကုံး ထွက်လာတာပဲ၊ ဘယ်သူမှ မရှိဘူး၊ ဘယ်သူမှ ဖန်ဆင်းတဲ့သူ မရှိဘူး၊ စိတ်နဲ့ စိတ္တဇသဒ္ဒရုပ်, ဒါပဲ ရှိတယ်၊ ခန္ဓာကိုယ်ထဲမှာလဲ စုပြီးသား, ဆောင်းပြီးသား ဘာမှ မရှိဘူး၊ သိပ်ကောင်းတာ, သိပ်ကောင်းတာ။

နေရောင်နှင့် ကျောက် စက္ခုပသာဒနဲ့ ရူပါရုံ တိုက်ခိုက်တဲ့ အခါမှာ စက္ခု မီးထတောက် ဝိညာဏ်စိတ် ဖြစ်လာတယ်၊ အဲဒီ စက္ခုဝိညာဏ်စိတ် ဖြစ်လာအောင် ဘယ်သူကမှ မဖန်ဆင်းရဘူး၊ ဥပမာ ဘာနဲ့ တူတုန်းဆိုတော့ စာကတော့ ကြီးကြီးကျယ်ကျယ်မို့လို့ {သူရိယကန္တ ကျောက်}နဲ့ နေရောင် တွေ့တဲ့အခါ မီးထတောက်တာပဲ၊ ဒါက လူတွေက မကြားဖူးဘူး၊ ကျောက်နဲ့နေနဲ့ တွေ့တဲ့အခါမှာ ကျောက်ထဲမှာ မီးပါသလား, မပါဘူး၊ နေထဲမှာ မီးပါသလား, မပါဘူး၊ လရောင်နဲ့{စန္ဒြကန္တ}ကျောက်နဲ့ တွေ့တဲ့အခါမှာ ရေထွက်လာတယ်၊ ရေကုန်သွားတာ မရှိဘူး၊ အဲဒီ ရေက လထဲမှာ ပါသလား, မပါဘူး၊ ကျောက်ထဲမှာ ပါသလား, မပါဘူး၊ စုဆောင်းထားတာ မရှိဘူး၊ အကြောင်းစုံလာမှ ရုတ်တရက် ဖြစ်လာတာ။

မဏိန္ဓနာ တပေ အဂ္ဂိ, အသန္တောပိ သမာဂမေ၊

ယထာ ဟောတိ တထာ စိတ္တံ, ဝတ္ထာလမ္ဗာဒိသဂမေ။၁။ သစ္စသံခိပ် အဋ္ဌကထာဂါထာ-၃၁၁။

အဲဒီလို ဘုန်းကြီးတို့ တရားတော်က ကောင်းနေလို့ လူတွေကိုလေ သနားသလိုလို ဘာလိုလို ဖြစ်ရပါတယ်၊ ဘာမှ မသိရှာကြဘူး၊ ဘုန်းကြီးတို့ သိလိုက်ရတဲ့ တရားတွေကလဲ အလွန်ကောင်းတာပဲ။

သီလစင်ကြယ်ဖို့လို။ ။ ဒီတော့ကာ ဘုန်းကြီးတို့ မနေ့ကပြောတဲ့ သီလစင်ကြယ် ဖို့ သိပ်လိုတာပဲ၊ သီလစင်ကြယ်တော့ တရား ထိုင်လို့ သိပ်ကောင်းတာပဲ၊ သီလကလဲ မျက်စိနဲ့ စပ်လို့ရှိရင် လောဘမဖြစ်, ဒေါသမဖြစ်၊ နားနဲ့ ကြားလို့ရှိရင်လဲ လောဘမဖြစ်, ဒေါသမဖြစ်၊ နှာခေါင်းနဲ့ မွှေးလို့ရှိရင်လဲ လောဘမဖြစ်, ဒေါသမဖြစ်၊ စားလို့ ရှိရင်လဲ လောဘမဖြစ်, ဒေါသမဖြစ်၊ ဘာသိဘာသာ စိတ်တွေ ဖြစ်နေလို့ရှိရင်လဲ လောဘမဖြစ်, ဒေါသမဖြစ်။

အဲဒီလို ဣန္ဒြိယသံဝရသီလ တိုင်အောင်လေ လပေါင်းများစွာ အဲဒီလို စင်္ကြံလျှောက်လို့ {ငါ့သီလ စင်ကြယ်တယ်}၊ သီလစင်ကြယ်ရင်လေ ဘုရားအာရုံ ဖြစ်ဖြစ်, ဒိပြင် အဋ္ဌိကကမ္မဋ္ဌာန်းဖြစ်ဖြစ် နှလုံးသွင်းထားရတယ်၊ အသံတွေ ကြားပါစေ၊ ဘာကြားကြား ကမ္မဋ္ဌာန်းနဲ့ နေလိုက်၊ အဲဒီလိုနဲ့ တရားအမျိုးမျိုး ကို နှလုံးသွင်းပြီးတော့ နေရတယ်။

ကမ္မဋ္ဌာန်းကျောင်းလေးမှာ တရားနှလုံးသွင်းလို့ လောဘမဖြစ်, ဒေါသ မဖြစ်၊ လောဘ, ဒေါသ ထိန်းပြီးတော့ တရားမျိုးနဲ့ နေရမယ်၊ အနိစ္စ, ဒုက္ခ မရှုသေးပဲနဲ့ ဒီ ကိုယ့်စိတ်ကို ဘယ်လောက် ထိန်းထားရမယ်ဆိုတာ သိရမယ်၊ ဒီ တရားတွေကိုလဲ နာထားလို့ သိရမယ်၊ အဲဒီလို တရားနှလုံးသွင်းလို့ သီလတွေ စင်ကြယ်ပြီးပြီဆိုရင် ရှေ့မခက်ပါဘူး။

စူဠသောတာပန်။ ။ ဒါမှမဟုတ် ပါရမီဖြည့်တဲ့ ပုဂ္ဂိုလ်ကလဲ ပါရမီဖြည့်ပေါ့၊ တရားနှလုံးသွင်းရင် ဒီ တရားနှလုံးသွင်းလို့ ပါရမီ ဖြည့် လို့ပဲ ဖြစ်ဖြစ်, တရားပေါက်အောင် အားထုတ်လို့ပဲ ဖြစ်ဖြစ်, သီလစင်ကြယ် ပြီးတော့ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး၊ ရုပ်နာမ်တွေသာ ရှိတယ်လို့ နှလုံးသွင်းရမယ်။

အကြောင်းအားလျော်စွာ အကျိုးတွေသာ ဖြစ်နေတာပဲလို့ နားလည်လို့ ရှိရင် ကြီးကြီးကျယ်ကျယ်တော့ မဖြစ်ဘူး၊ {စူဠသောတာပန်} ဖြစ်တယ်၊ သေရင်တော့ အပါယ်မကျတော့ဘူး၊ မဟာသောတာပန်ကြီးလိုတော့ ဆက်ပြီး တော့ အပါယ်မလွတ်ဘူးပေါ့၊ ဒီဘဝက သေလို့ရှိရင်တော့ အပါယ်မကျတော့ဘူး၊ ဘာပြုလို့တုန်းဆိုတော့ {စူဠသောတာပန်} ဖြစ်နေတာကိုး၊ ပြီးတော့ ရုပ်တွေ နာမ်တွေသာ ရှိတာ၊ ပုဂ္ဂိုလ် သတ္တဝါ သူ ငါ မရှိဘူးလို့ သိနေတာကိုး။

အဲဒီတော့ အင်မတန်ကောင်းတဲ့ ဘဝကြီးက ဘာပြုလို့ ယီးတီးယားတား အချိန်ဖြုန်းချင်တာလဲ၊ အင်မတန် ကောင်းပါလား။

ဝိသုဒ္ဓသီလစိတ္တေဟိ, ကခါဝိတရဏညာဏိကော၊

စူဠသောတာပန္နော နာမ, တဒတ္ထံ ဝါယမေ တတော။၁။ ဝိသုဒ္ဓိမဂ္ဂ, ဋ္ဌ၊ ဒု-တွဲ၊ နှာ-၂၄၀ လာ စုဏ္ဏိယကို မှီ၍ စီထားသောသဂြုဟိ ဘ်ာသာဋီကာ, နှာ-၆၉၁ လာ ဂါထာဖြစ်သည်။

ကခါဝိတရဏဉာဏ်ဆိုတာ ယုံမှားသံသယမရှိတော့ဘူး၊ ဘုရားကိုလဲ ဘုရားအတိုင်း သိတယ်၊ ရုပ်နာမ်ကိုလဲ ရုပ်နာမ်အတိုင်း သိတယ်၊ အတ္တအသက် ကောင် ဝိညာဉ်ကောင် မရှိဘူး၊ ဇီဝ မရှိဘူးဆိုတာလဲ ဒီအတိုင်း သိနေတယ်၊ ဖန်ဆင်းတဲ့သူ မရှိဘူးဆိုတာလဲ ဒီအတိုင်း သိနေတယ်၊ အကုန်လုံး ယုံမှား သံသယ မရှိဘူး၊ ဒါကို {ကခါဝိတရဏဝိသုဒ္ဓိ}လို့ ခေါ်ပါတယ်။

သီလသာ စင်ကြယ်ပါစေ၊ ဒီ ကခါဝိတရဏဝိသုဒ္ဓိကို ဘုန်းကြီးပြောပေးတာနဲ့ နားလည်ပါတယ်၊ သီလ စင်ကြယ်ဖို့သာ လိုတယ်၊ အဲဒီလိုဆိုရင် စူဠသောတာပန် ဖြစ်ပြီး သေတယ်၊ နည်းနည်းမှ အပါယ်မကျဘူး။

{ဝိသုဒ္ဓသီလစိတ္တေဟိ-ညစ်ကြေး မတင်, လွန်သန့်စင်သည့်, လေးအင် သီလ, သမထကြောင့်, တောက်ပလျှံဖိတ်, စင်ကြယ်သော စိတ်တို့နှင့်တကွ၊ သီလလေးပါးဆိုတာ ဘုန်းကြီးအတွက် လေးပါးပြောတာ၊ လူတွေလဲ ပါတာပဲ၊ ခုနက ဣန္ဒြိယသံဝရ, စက္ခုန္ဒြေစသည်ကို စောင့်စည်းတဲ့ သီလဟာ အလွန်အရေး ကြီးတာပဲ၊ သမထဆိုတာ ဘုရားအာရုံပြုနေ, သမထ ဖြစ်တာပါပဲ၊ အရိုးစု အရိုးစုလို့ စိတ်စိုက်လိုက်, သမထ ဖြစ်တာပဲ။

ဝိသုဒ္ဓသီလစိတ္တေဟိ, ကခါဝိတရဏညာဏိကော၊ စူဠသောတာပန္နော နာမ, တဒတ္ထံ ဝါယာမေ တတော။

ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်ခွာနိုင်ပြီ၊ အယူမှား မရှိတော့ဘူးလေ၊ ခုနက ပြောလိုက်ပြီ မဟုတ်လား၊ အယူမှားတွေ မရှိတော့ဘူး၊ ယုံမှားသံသယ မရှိ တော့ဘူး၊ သေသေချာချာ ဆုံးဖြတ်နိုင်ပြီ၊ {ကခါဝိတရဏညာဏိကောဒိ ဋ္ဌိ ဝိစိကိစ္ဆာ, ပယ်ခွာနိုင်ဘိ, ဝိသုဒ္ဓိဉာဏ်, အမြင်သန်သော ယောဂီသည်၊ စူဠသောတာပန္နော နာမ-သောတာပန်ဖြစ်, ပုဂ္ဂိုလ်စစ်နှင့်, စနစ်တူဟန်, စူဠမှန်သည့်, သောတာပန် မည်နိုင်ပေပြီ။} ဟို မဟာသောတာပန် အစစ်ကတော့ အပါယ်ကို တစ်ခါတည်း မကျတော့ ဘူး၊ စူဠသောတာပန်လဲ အပါယ်မကျတော့ဘူး၊ မဟာသောတာပန်က ဒိဋ္ဌိ မရှိတော့ဘူး၊ ယုံမှားသံသယ မိစ္ဆာအယူ မရှိတော့ဘူး၊ ဝိစိကိစ္ဆာ မရှိတော့ဘူး၊ ဒီ စူဠသောတာပန်ကလဲ ခဏတစ်ဖြုတ် ဆရာသမားတွေ ဟောထားလို့ မိစ္ဆာအယူ မရှိတော့ဘူး၊ ယုံမှားသံသယ မရှိတော့ဘူး၊ ဝိစိကိစ္ဆာ မရှိတော့ဘူး။

စူဠသောတာပန်ဆိုတာ မဟာသောတာပန်နဲ့ တူလို့{စူဠသောတာပန္နော နာမ-သောတာပန်ဖြစ်, ပုဂ္ဂိုလ်စစ်နှင့်, စနစ်တူဟန်, စူဠမှန်သည့်, သောတာပန် မည်နိုင်ပေပြီ၊ တတော-ထို့ကြောင့်၊ တဒတ္ထံ-ထို စူဠသောတာ, ဖြစ်စိမ့်ငှာဖြင့်, ကခါလွန်မြောက်, ဝိသုဒ္ဓိရောက်ဖို့အကျိုးငှာ၊ ဝါယာမေ-အချိန်ကောင်းဆဲ, အားကုန်လွှဲ၍, တစ်ပွဲတစ်လမ်း, လွန်ကြိုးပမ်းလျက်, စမ်းသပ်အားထုတ် သင့်ပေတော့သတည်း။}

ကောင်းလိုက်တဲ့အချိန်က ဒီ ဘုရားပွင့်တော်မူလာတဲ့ အချိန်၊ ဘုန်းကြီး သိတာကိုက ဘုရားပွင့်တော်မူလို့ သိတယ်လေ၊ ဘုန်းကြီးသိပြီးတော့ ဘုန်းကြီးက ပိုင်ပိုင်နိုင်နိုင် ဟောတဲ့အချိန်၊{ဝါယာမေ-အချိန်ကောင်းဆဲ, အားကုန်လွှဲ၍, တစ်ပွဲတစ်လမ်း, လွန်ကြိုးပမ်းလျက်, စမ်းသပ်အားထုတ် သင့်ပေတော့သတည်း။}

သာဓု - သာဓု - သာဓု။

ဒီ မဂ္ဂပစ္စည်းမှာ မဂ္ဂင်ရှစ်ပါးထဲ, နှစ်ပါးအတွက် ဘယ်လောက် ကောင်း ထားသလဲ၊ မဂ္ဂပစ္စည်းဟာ တစ်ဖက်က မိစ္ဆာဒိဋ္ဌိ အမှားတွေ အမှားတွေ၊ တစ်ဖက်က သမ္မာဒိဋ္ဌိ အယူမှန်တွေ၊ ကောင်းလိုက်တာ, ကောင်းလိုက်တာ၊ အဲဒီ တရားကို ဟောတော်မူလိုက်တာ၊ ဗုဒ္ဓမြတ်စွာရဲ့ ဒီ ပဋ္ဌာန်းတရားကြီး ပေါ့နော်၊ သိပ်ပြီးတော့ အားရစရာ ကောင်းတာပဲလို့_

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တ နယ, သမန္တပဋ္ဌာန်း,ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……ဇသာဓု……သာဓု။

သောဠသမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

သောဠသမနေ့

၁၃၃၅-ခုနှစ်၊ တန်ခူးလပြည့်ကျော် (၇)ရက်၊

၁၉၇၃-ခုနှစ်၊ ဧပြီလ (၂၄)ရက်၊ တနဂနွေနေ့။

ပရမအတ္တ။ ။ မနေ့တုန်းက ပြောခဲ့တဲ့ ပရမအတ္တ, အဲဒီ ပရမအတ္တဆိုတာ အင်မတန် မြတ်တယ်၊ မွန်မြတ်တယ်လို့ အယူမှားနေတဲ့သူတွေ ယူဆထားတဲ့ အတ္တ၊ အဲဒီ အတ္တဟာ ဘယ်လိုလဲလို့ ပြောခဲ့ရင် ထာဝရဘုရားလို့ အယူမှားနေတဲ့ မဟာဗြဟ္မာကြီးပဲ၊ သူ့ကို ပရမအတ္တ၊ ဒီလို စွဲလမ်းထားကြ တယ်၊ သူ ဖန်ဆင်းတယ်လို့ ဆိုတာဟာ ခုလူတွေ အမြင်နဲ့ နည်းနည်းလေး ရှိတယ်၊ ဗြဟ္မာမင်းကြီးကိုယ်တိုင်က ဒီ သတ္တဝါတွေကို သူ ဖန်ဆင်းတယ်လို့ ယူဆထားတာ၊ အဲဒါ တစ်ခါ ဗြဟ္မာမင်းရဲ့ လက်အောက်ခံ ဗြဟ္မာငယ်များကလဲ တို့ကို ဒီ ဗြဟ္မာမင်း ဖန်ဆင်းတယ်လို့ ယူဆထားတယ်၊ တစ်ခါ အဲဒီ ဗြဟ္မာတွေ က လူ့ပြည်ကို ပဋိသန္ဓေနေလာတော့ ဟိုက ဗြဟ္မာမင်းကြီးက မသေသေးဘူး။

လူ့ပြည် ပဋိသန္ဓေနေပြီး တချို့က တောထွက်ပြီးတော့ တရားကျင့်တော့ ဈာန်အဘိညာဉ်တွေ ရ, သူတို့က လှမ်းကြည့်ပြန်တော့ ဗြဟ္မာမင်းကြီးကို လှမ်းမြင်နေပြန်၊ တို့ကို အဲဒီ ဗြဟ္မာမင်းကြီး ဖန်ဆင်းလိုက်တာပဲလို့ ဖန်ဆင်းတဲ့ ဝါဒဟာ ကမ္ဘာဦးကတည်းက ပေါ်လာတာ၊ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတော့မှ ဒီ ဗြဟ္မာမင်းကြီးဟာ ဖန်ဆင်း, မဖန်ဆင်း မပြောနဲ့တော့၊ ဘုန်းကြီးတို့ စာက တော့ ဗြဟ္မာမင်း ညာတာ တွေ့နေရပြီ၊ ဘာမှ အစွမ်းသတ္တိ ကြီးကြီးကျယ်ကျယ် မရှိပါဘူး၊ ဒါပေမယ့် ဘေးက အထင်ကြီးနေကြတယ်။

အင်း-ဒါနဲ့ စပ်ပြီးတော့ တစ်ခါ ဗြဟ္မာကို ဗြဟ္မာက အထင်ကြီး၊ ဘုန်းကြီးက ဒီ လောကကြီးထဲကို တချို့ ခေါင်းဆောင်တွေ ဘေးက အထင် ကြီးလိုက်ကြ၊ မစွမ်းဘူး, မစွမ်းဘူး၊ အထင်ကြီးလို့ ဟိုကလဲ အထင်ကြီးခံနေတာ။

တစ်ခါ တချို့ဘုန်းကြီးတွေ ဘေးက အထင်ကြီးလိုက်ကြတာ၊ မစွမ်းဘူး, မစွမ်းဘူး၊ ဘေးကသာ အထင်ကြီးနေတာ၊ ဟိုက အထင်ကြီးခံရတဲ့ သူကလဲ ယခုခေတ်မှာ သိပ်စွမ်းတာ မဟုတ်ဘူး၊ ဒါပေမယ့် လောကကြီးဟာ လက် အောက်ခံတွေက များလာပြီဆိုလို့ရှိရင် သူ့ကိုယ်သူ အထင်ကြီးချင်ကြတယ်၊ ဒါကြောင့် အင်မတန် သတိထားဖို့ကောင်းတယ်။

ဇီဝအတ္တ။ ။ ပရမအတ္တဆိုတဲ့ ဗြဟ္မာကြီး အကြောင်းကို ပြောပြီးပြီ၊ ဒီနေ့ ပြောရမှာကတော့ ဇီဝအတ္တ၊ သမ္မာဒိဋ္ဌိနဲ့ မိစ္ဆာဒိဋ္ဌိက ပြောင်းပြန် ပဲ ၊ မရှိတာကို မိစ္ဆာဒိဋ္ဌိက အရှိလို့ ယူထားတယ်၊ မဟုတ်တာကို မိစ္ဆာဒိဋ္ဌိက အဟုတ်လို့ ယူထားတယ်၊ သမ္မာဒိဋ္ဌိက မရှိတာကို မရှိအတိုင်း မြင်တယ်၊ သိပ် ကောင်းတာပဲ, မဟုတ်တာကို မဟုတ်အတိုင်း မြင်တယ်၊ ဒီ သမ္မာဒိဋ္ဌိက ဘယ်လောက်များ တက်သွားတုန်းလို့ဆိုတော့, ပထမဆုံးတော့ ကံနဲ့ ကံရဲ့ အကျိုးကို မြင်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ဒါကို ပိုင်အောင် လုပ်ရပါတယ်၊ မပိုင်ဘူးနော်, မပိုင်ဘူးနော်။

တစ်ခါ ဒီက တစ်ဆင့်တက်ပြန်တော့ ကြားထဲ ဈာန်တို့ ဘာတို့ ထားလိုက် ပါတော့၊ ဝိပဿနာသမ္မာဒိဋ္ဌိ အနိစ္စ, ဒုက္ခ, အနတ္တလို့ ဝိပဿနာကို ပိုင်အောင် ရှုရပါတယ်၊ အဲဒီက တက်တော့ ဝိပဿနာရဲ့အကျိုး မဂ်ဖိုလ်၊ ဒါတွေကတော့ အကျိုးရတွေပါ၊ ဝိပဿနာကို သိပ်ပိုင်ဖို့ဟာ ယခုလူတွေက သိပ်ပိုင်တဲ့လက္ခဏာ မရှိဘူး၊ သူတို့ ပိုင်တာ, မပိုင်တာကတော့ ဘုန်းကြီး မသိဘူးပေါ့လေ။

ပိုင်ပုံ မရဘူး၊ ဘာပြုလို့တုန်း၊ ဝိပဿနာပိုင်ရင် ဒီ အဝတ်အစား ဒီ အနေ အသွားမျိုး ဘယ်နည်းနဲ့မှ မနေရဘူး၊ ဘုရားလက်ထက်က ဝိသာခါတို့ သောတာပန်တောင် ဆင်သေးတယ်၊ ဘယ့်နှယ်, သူတို့က ပေါ့တဲ့ဘက်ကို အားကျနေတာကိုး၊ တစ်ကယ် လေးနက်တဲ့ဘက်မှာ ဒီလို တရားရသွားလို့မို့ တောထွက်ပြီးတော့ ရဟန်း ပြုကြ, ဘိက္ခုနီ ပြုကြ၊ အဲဒါတော့ မမြင်ဘူး၊ ဝိသာခါ တယ်ပြင်တယ်, သားသမီးတွေ မွေးတယ်, သောတာပန် ဖြစ်ပြီးပြီ၊ ဒါကို သူတို့က သွားပြီး အစားထိုးကြတယ်။

ဝိသာခါက တစ်နေ့က ဘုန်းကြီး ပြောခဲ့တဲ့ အမွေရတဲ့ သူဌေးသား သူဌေးသမီးလိုပါပဲ၊ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်လာတဲ့ အမျိုးသမီးမို့လို့ လွယ်လွယ်ကလေးနဲ့ ဘုရားဆီက တရားအမွေ ရတာပါ၊ အဲဒီလို ပုဂ္ဂိုလ်မျိုး ကတော့ ဖြစ်နိုင်ပါတယ်၊ သူတို့နည်း သူတို့ဟန်နှင့် သောတာပန် ဖြစ်နိုင်ပါ တယ်၊ ကာမဂုဏ်အာရုံလဲ ခံစားနိုင်ပါတယ်၊ ဘုရားလက်ထက်ကလဲ တရားတွေ ရတော့ တစ်ခါတည်း တောထွက်, တောထွက်, တောထွက်လာကြတာ၊ တော မထွက်တောင်မှလဲ သိက္ခာရှိရှိနဲ့ နေလို့, ဒီလို လာကြာတာ။

ဒါကြောင့် ဘုန်းကြီးက ဒီ လူတွေကို ပိုင်ပုံ မရဘူး၊ မပိုင်လို့မို့ ဒီ အခြေ အနေမျိုး နေကြတာပါ၊ ဒီ ဘုန်းကြီးတွေကလဲ ပိုင်ပုံ မရပါဘူး၊ မပိုင်လို့မို့ ဒီ အစားမျိုး စားပြီးတော့ ဒီ အဝတ် ဒီ အနေမျိုး နေကြတာပါ၊ ပိုင်လို့ရှိရင် ဒီ အဝတ်မျိုး မဝတ်ထိုက်ဘူး၊ ဒီ အစားမျိုးကို မစားထိုက်ဘူး၊ ဒီလို ပရမ်းပတာ မနေထိုက်ဘူး၊ အာပတ်သင့်အောင် ရပ်ထဲ ရွာထဲမှာ မနေထိုက်ဘူး၊ ယခု အာပတ်အသင့်လဲ ခံကြတယ်။

ဒါပေမယ့် ပတ်ဝန်းကျင်က အထင်ကြီးနေတော့ သူ့ကိုယ်သူလဲ အထင်ကြီး နေဟန် တူတယ်၊ ဒီတော့ကာ ဒီ လောကကြီးထဲမှာ အနိစ္စ, ဒုက္ခ, အနတ္တ မပိုင်ကြပါဘူး၊ သူတို့ရဲ့ အခြေအနေတွေ ကြည့်တော့ ဒီလိုပဲ ဘုန်းကြီး တွေ့ရတယ်။

အတ္တအကြောင်း။ ။ ဒီနေ့ အတ္တကို သိမှ အနတ္တကို သိပါတယ်၊ အတ္တက ဘယ်လိုတုန်းဆိုတော့ ကာရကော ဝေဒကော သာမီ, နိဝါသီ သော သယံဝသီ။

သော-ထို အတ္တဆိုတဲ့ အရာဝတ္ထုသည်၊ (အရာဝတ္ထုဆိုတာမရှိလို့ ဘုန်းကြီးက အရာဝတ္ထုလို့ ပြောနေတာ၊) ကာရကော-ပြုရေးပြုရာ, ပေါ်ပေါက်လာလျှင်, လျော်စွာတစ်ခုခုဖြင့်, ပြုစုလည်း ပြုစုတတ်လေ၏၊ ဝေဒကော-ကောင်းကောင်း ဆိုးဆိုး, အမျိုးမျိုးကို, အကျိုးလျော်ကန်, ပေါ်လာပြန်လျှင်, ခံစံလည်း ခံစံ တတ်လေ၏၊ သာမီ-ခန္ဓာအိမ် ဆိုင်သမျှ၌, ပိုင်သအုပ်စီး, အရှင်သခင်ကြီး ပေတည်း၊ နိဝါသီ-ဟောင်းခန္ဓာအိမ်, ပျက်သည့်ချိန်ဝယ်, ခန္ဓာအိမ် အသစ်လဲ၍်, တကတဲမှီ, အမြဲတည်သော အရာဝတ္ထုပေတည်း၊ သယံဝသီ-ခန္ဓာအိမ်မှု, အစုစု၌, တစ်ခုမကျန်, စီမံခွဲဝေ, မိမိနှစ်ခြိုက်, စနစ်ကိုက်အောင် လိုက်ပါစေ နိုင်သော သဘောပေတည်း။

ခန္ဓာကိုယ်ထဲမှာ အတ္တဆိုတဲ့ အကောင်ကလေး ရှိကိုရှိတယ်၊ မနေ့က နည်းနည်းပြောခဲ့ပြီနော်၊ အတ္တဆိုတဲ့ အကောင်ကလေးဟာ ဘာသာခြားလူမျိုး များက တကယ့်ကို အကောင်ကလေး ရှိလို့မို့ သေသွားလို့ရှိရင် အဲဒီ အကောင် ကလေး နေဖို့ရန် အိမ်များတောင်မှ ဆောက်ပေးကြတယ်၊ အကောင်ကလေး ရှိကို ရှိနေတယ်လို့ ယူဆတာနော်၊ အဲဒီ အတ္တအကောင်လေးဟာ ဘယ်လောက် များ သတ္တိရှိသလဲဆိုတော့ သူတို့က သတ္တိတောင်မှ ကြံဖန်ထားကြသေးတယ်၊ ဒါ သာမန် မဟုတ်ပါဘူး။

ရှေးပညာရှိတွေက သာသနာပမှာ ဖြစ်နေတဲ့ ရှေးပညာရှိတွေက ဒီ အတ္တ ကို အင်မတန် အမွှန်းတင်ထားကြတယ်၊ မရှိတဲ့ အတ္တကို အင်မတန် အမွှန်း တင် ထားကြတယ်၊ {ကာရကော-ပြုရေး၊ ပေ၊ လေ၏။} အတ္တ ဘယ်နားနေတုန်း လို့ဆိုတော့ ကြံကြဖန်ကြတာဖြစ်တော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး၊ တချို့က ဟဒယနှလုံးမှာ အတ္တ နေတယ်၊ ဟို စိတ်ဝိညာဉ်နဲ့ နည်းနည်း ဆင်ဆင်ကလေး ဖြစ်သွားတယ်၊ တချို့က အတ္တဆိုတာက တစ်ကိုယ်လုံး ပျံ့နှံ့ နေတာ, ခန္ဓာကိုယ် ကြီးသလောက် အတ္တ ကြီးတယ်၊ ခန္ဓာကိုယ် သေးသလောက် အတ္တ သေးတယ်၊ တချို့ကလဲ ဝမ်းထဲမှာ အကြောကြီး သုံးခုရှိတယ်၊ အဲဒီ အကြောကြီးများရဲ့ အလယ်မှာ အရောင်အလင်းနဲ့ တောက်ပြီးတော့ ဒီ အတ္တ နေတယ်၊ ခန္ဓာကိုယ်ထဲမှာ အတ္တကို အမျိုးမျိုး ကြံကြတယ်နော်။

ကာရက။ ။ အတ္တဆိုတဲ့ အကောင်ပဲ, အသက်ရှိတဲ့ အကောင်ပဲ၊ အသက် ကောင်ပဲ၊ ဝိညာဉ်ကောင်လို့လဲ ပြောချင် ပြော၊ မြန်မာက လိပ်ပြာကောင်တဲ့၊ ဒီ အတ္တကို ကြံဖန်ထားကြတာ၊ အဲဒီ အတ္တဟာ ဘယ်လို သဘောတုန်းလို့ဆိုတော့ ဟုတ်တော့ မဟုတ်ဘူးနော်၊ ပြောနေကြတာက {ကာရကော-ပြုရေး၊ ပေ၊ လေ၏။} ခု ဘုန်းကြီး အသံထွက်ပြီးတော့ တရားဟောတာ တရားဟောဖို့ ဝစီကံ နှုတ်အမှုတစ်ခု ပြုစရာ ပေါ်လာတယ်၊ အဲဒီ နှုတ်မှုတစ်ခု ပြုစရာ ပေါ်လာတော့ အတ္တက ဒီလို ပြောချင်လို့၊ ဒီလို ဟောချင်လို့၊ ဒီလို အသံထွက်လာရတာ၊ ဒီတော့ ပါးစပ်, ဒါက အတ္တ မဟုတ်ဘူး၊ အသံ, ဒါက အတ္တ မဟုတ်ဘူး၊ အသံထွက်လာအောင်, နှုတ်က အသံတွေဖြစ်လာအောင် လုပ်တာကတော့ အတ္တက လုပ်တာ၊ ဟောဒီမှာ အတ္တ ဝင်လာပြီ၊ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာက အတ္တက လုပ်တာမဟုတ်၊ စိတ်ကလုပ်လို့ စိတ်ကြောင့် စိတ္တဇရုပ်တွေဖြစ်တယ်၊ အဲဒီ စိတ္တဇရုပ်တွေ ဖြစ်တဲ့ နေရာမှာ{က}လို့ အသံတစ်ခု ဖြစ်ဖို့ရန်ပဲ စိတ်တွေ အများကြီးဖြစ်၊ ဘာပြုလို့တုန်း၊ လက်ဖျောက်တစ်ချက်တီးမှာ စိတ်က ကုဋေ တစ်သိန်းလောက် ဖြစ်တယ် မဟုတ်လား၊ ဒီတော့{က}ဆိုတဲ့ အသံကလဲ လက်ဖျောက်တစ်ချက်တီးမှာ တစ်သံလောက်ပဲ ထွက်တယ်၊ {က}သံ ဖြစ်ဖို့ရန် စိတ်တွေ အများကြီး၊ စိတ်တွေက ဘယ်လိုလုပ်သလဲဆိုတော့ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေ အမြဲပါတယ်၊ ပဋ္ဌာန်းမှာ နားမလည်လိုက်ကြလို့။

{တံသမုဋ္ဌာနာနံ-ထိုဟိတ်ခြောက်ပါးကြောင့် ဖြစ်ကုန်သော၊ တံသမုဋ္ဌာနာနံဟို မနေ့က မဂ္ဂင်ကြောင့် ဖြစ်ကုန်သော၊ ရူပါနံ စ- ရုပ်တို့အားလည်းကောင်း၊} စိတ် ဖြစ်တိုင်းဖြစ်တိုင်း အဲဒီ ရုပ်တွေက ပါနေတာ၊ ပဋ္ဌာန်းမှာ စိတ္တဇရုပ် စိတ္တဇရုပ် ဆိုတာတွေ ပါနေတာ၊ ခုနက ဘုန်းကြီးရဲ့ အသံဖြစ်ဖို့ရန် စိတ်ဖြစ်ရော၊ စိတ်ဖြစ်တဲ့အခါမှာ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေကလဲ စိတ်တစ်ခါဖြစ်ရင် ရုပ်တစ်ခု, စိတ်တစ်ခါဖြစ်ရင် ရုပ်တစ်ခု၊ လက်ဖျစ်တစ်တွက်မှာ ကုဋေတစ်သိန်းလောက် ရုပ်တွေဖြစ်နေတော့ကာ စိတ်တွေက ဖြစ်နေတော့ကာ စိတ္တဇရုပ်တွေကလဲ ကုဋေတစ်သိန်းလောက် ဆိုပါတော့ပေါ့ ဖြစ်နေကြတာ၊ အဲဒီတော့မှ ဝမ်းထဲမှာ အာခေါင်မှာ ဆိုပါတော့ နဂိုက ပထဝီဓာတ်တွေ ရှိတယ်၊ ကံ, စိတ်, ဥတု, အာဟာရကြောင့် ပထဝီဓာတ်တွေ ရှိတယ်၊ ယခု စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ် ထဲမှာပါတဲ့ ပထဝီဓာတ်နဲ့ နဂို ခန္ဓာကိုယ်ထဲမှာ အမြဲ ဖြစ်ပျက်နေတဲ့ ရုပ်ပထဝီ ဓာတ်တွေနဲ့ ပွတ်တိုက်ကြတာ၊ ပွတ်တိုက်ကြတော့ အသံ ထွက်လာရော။

အသံထွက်လာတဲ့အခါမှာ တွေ့ကရာ အသံမျိုး မထွက်ဘဲနဲ့၊ စိတ်အလိုကျ ဘုန်းကြီးတို့ ဝိညတ်ရုပ် ဆိုတာရှိတယ်၊ ဝိညတ်ရုပ်က ပဲ့ကိုင်ပြီးပေးတော့ {က က}ဆိုတဲ့ အသံ ဖြစ်ဖို့ရန် အသံကလေးတွေ စီကာပတ်ကုံး ဖြစ်လာတယ်၊ အဲဒါ ဘယ်အတ္တကမှ လုပ်တာ မဟုတ်ပါဘူး၊ စိတ်က ပြုလို့၊ စိတ္တဇရုပ် ကြောင့် ဒီ အသံထွက်ရတာပါလို့ဆိုတော့ ပြီးသွားရော၊ အတ္တ မလိုတော့ဘူး။

ရှေး ဗုဒ္ဓမြတ်စွာ ပွင့်တော်မမူခင်တုန်းကတော့ အတ္တက ဒီ အသံဖြစ်အောင် လုပ်လို့မို့ ဒီ အသံဖြစ်တယ်၊ ဒီလို လာတယ်ကိုး၊{ကာရကော-ပြုရေးပြုရာ, ပေါ်ပေါက် လာလျှင်, လျော်စွာတစ်ခုခုဖြင့်, ပြုစုလည်း ပြုစုတတ်လေ၏၊}

မှားတာကိုပဲ အင်မတန် အမွှန်းတင်ထားကြတယ်နော်။

ဝေဒက။ ။{ဝေဒကော-ကောင်းကောင်းဆိုးဆိုး, အမျိုးမျိုးကို, အကျိုးလျော် ကန်, ပေါ်လာပြန်လျှင်, ခံစံလည်း ခံစံတတ်လေ၏၊} ကောင်းတာ ဖြစ်ဖြစ်,မကောင်းတာဖြစ်ဖြစ် အတ္တက ခံစားတာပါ၊ ဘာပြုလို့တုန်း, ဝမ်းထဲမှာ အတ္တကောင်ကလေးက ရှိတယ်ကိုး၊ ဆိုပါတော့ပေါ့, စားရင်းသောက်ရင်း တစ်စုံတစ်ခု ကျောက်ခဲ ကိုက်လိုက်မိတယ်၊ စားနေတာက အတ္တအလိုအတိုင်း အထက်သွားနဲ့ အောက်သွားနဲ့ လက်နဲ့ အတ္တအလိုအတိုင်း ထမင်းလုတ်ကို ယူပြီးတော့ အတ္တအလိုအတိုင်း သွင်းတာ၊ ဒါက အတ္တက ပြုနေတာတဲ့။

ဒီနေ့တော့ ထမင်းစားလို့ ကောင်းလိုက်တာလို့ ခံစားတာဟာ အတ္တက ခံစားတာတဲ့၊ အတ္တက အကောင်းလဲ ခံစားတာ၊ အဲဒီ စားရင်းသောက်ရင်းပဲ ကျောက်ခဲတို့ ဘာတို့ ကိုက်မိတယ်ဆိုရင် သွားတွေ ဘာတွေ အင်မတန် နာသွား တယ်၊ အဲဒီ သွားနာဖြစ်တဲ့ ဒုက္ခဝေဒနာ ဖြစ်တာဟာ အတ္တက ခံစားတာအတ္တပဲ၊ ခံစားစရာ ရှိရင် အတ္တပဲ၊ လူတစ်ယောက် ရူပါရုံတွေ ဘာတွေ မြင်လို့၊ ဟယ်- တယ်ကောင်းပါလား၊ တယ်လှပါလား၊ ဒါ အတ္တက သာယာတာ၊ အရုပ်ဆိုးဆိုးကြီး မြင်လိုက်လို့, ဟာ-မလှလိုက်တာလို့ အရုပ်ဆိုးလိုက်တာ ဘယ့်နှယ် ညာ့နှယ် အားဖြင့် စိတ်ပျက်လို့၊ အဲဒါ အတ္တက စိတ်ပျက်တာ၊ အတ္တက မကျေနပ်တာ၊ အတ္တက မကြိုက်တာ၊ {ဝေဒကော-ကောင်းကောင်းဆိုးဆိုး, အမျိုးမျိုးကို, အကျိုးလျော်ကန်, ပေါ်လာပြန်လျှင်, ခံစံလည်း ခံစံတတ်လေ၏။}

ဘုန်းကြီးတို့ တရားတော်ကတော့ အတ္တက ခံစားတာ မဟုတ်ပါဘူး၊ ဝေဒနာက ခံစားတာ၊ စေတသိက်ထဲမှာ ဝေဒနာဆိုတဲ့ စေတသိက်ရှိတယ်၊ ကောင်းတာလဲ သုခဝေဒနာဆိုတဲ့ နာမည်နဲ့ ခံစားလိုက်တယ်, မကောင်းတာလဲ ဒုက္ခဝေဒနာဆိုတဲ့ နာမည်နဲ့ ခံစားလိုက်တယ်၊ အကောင်း မကောင်း မထင်ရှားတဲ့ အာရုံကျတော့ ဥပေက္ခာဝေဒနာနဲ့ ခံစားလိုက်တယ်။

ဘုရားပွင့်လာလို့ပါ၊ ဘုရား မပွင့်ခင်ကတော့ အင်မတန် ပညာရှိတွေက ဒီ ဝေဒနာ မရှိပါဘူး၊ အတ္တက ခံစားနေတယ်။

သာမီ။ ။ ကာရကော, ဝေဒကော, သာမီ၊ {သာမီ-ခန္ဓာအိမ် ဆိုင်သမျှ၌, ပိုင်သအုပ်စီး အရှင် သခင်ကြီးပေတည်း၊} ခန္ဓာအိမ်နဲ့ ဆိုင်တာက တော့ သူပဲ၊ အတ္တက သူပဲ၊ အတ္တက အုပ်စိုးနေတာ၊ ဒီ ခန္ဓာကိုယ် တစ်ခုလုံးကို အတ္တက အုပ်စိုးနေတာ၊ ဘုန်းကြီးတို့ တရားတော်က အတ္တမရှိဘူးဆိုတော့ မအုပ်စိုး နိုင်ဘူး၊ ဒီခန္ဓာကိုယ်ကြီးဖြစ်မယ်၊ ပျက်မယ်၊ အိုမယ်,နာမယ်,သေမယ်၊ အုပ်စိုး နိုင်တဲ့ အတ္တမရှိဘူး၊ အကယ်၍ အတ္တကသာ ခန္ဓာကိုယ်ကို အုပ်စိုးနိုင်လို့ရှိရင် ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့အခါမှာ-{ရူပံ ဘိက္ခဝေ အနတ္တာ၊ ဝေဒနာ၊ သညာ ဘိက္ခဝေ အနတ္တာ}နဲ့ အကုန်လုံး အတ္တမဟုတ်ဘူးချည်း ဟောတော်မူတာပဲ။

{ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊} ရုပ်ဟာ အတ္တဆိုလို့ရှိရင်-

{နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ}= ဒီ ရုပ်ကြီး မကျန်းမမာတယ်လို့ ဘာဖြစ်နိုင်မှာလဲ တဲ့၊ သူပိုင်တယ် မဟုတ်လားလေတဲ့၊ သူပိုင်လို့ရှိရင် သူက မကျန်းမမာချင်တာမှ မဟုတ်ဘဲနဲ့၊ ဒီ ရုပ်ကြီးဟာ သူ့အလိုအတိုင်း မကျန်းမမာ မဖြစ်ဘူးတဲ့၊ ကျန်းကျန်းမာမာ,လှလှပပ,ဝဝဖြိုးဖြိုး ဒီလိုချည်းဖြစ်မှာပေါ့၊ အတ္တ မရှိလို့မို့ မကျန်းမာလဲ ဖြစ်ရတယ်၊ ပြီးတော့ ပိန်ခြောက်ခြောက်လဲ ဖြစ်ရတယ်၊ သူ့ အလိုအတိုင်း ဘာမှမဖြစ်နိုင်ဘူး၊ ကိုယ့်အလိုအတိုင်းလဲ ဘာမှ မဖြစ်နိုင်ဘူး၊ အကြောင်းအားလျော်စွာ ဖြစ်ရတာပါ၊ ဘယ်လောက်မှ မပိုင်လို့ အိုနေပြီလေ၊ ပိုင်တယ်လို့ဆိုသေး, ဘယ့်နှယ်ကြောင့် အအို ခံရတုန်း၊ ပိုင်တယ်လို့ ဆိုသေး, ဘယ့်နှယ်ကြောင့် အနာ ခံရတုန်း၊ ပိုင်တယ်လို့ဆိုသေး,ဘယ့်နှယ်ကြောင့် အနာ ရောဂါတွေ ဒုက္ခတွေ အဖြစ်ခံရတုန်း၊ အတ္တ မဟုတ်လို့ပေါ့, အတ္တ မရှိလို့ပေ့ါ၊ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူမှ ပြန်ပြီး ရှင်းရပါတယ်။

နိဝါသီ။ ။{နိဝါသီ-ဟောင်းခန္ဓာအိမ်, ပျက်သည့်ချိန်ဝယ်, ခန္ဓာအိမ်သစ်, ပြောင်းကာဖြစ်၍, စနစ်မကွဲ, အသစ်လဲလျက်, တကတဲမှီ, အမြဲတည်သော သဘောပေတည်း၊}အဟောင်းခန္ဓာအိမ်က ခန္ဓာအိမ်ပဲ၊ အိမ့်ရှင်က အတ္တ၊ ခန္ဓာဟောင်းကြီး အိုတော့ သူ့ဟာသူ မအိုအောင်တော့ သူမပြောဘူး၊ ခန္ဓာအိမ်ဟောင်းကြီး အိုလို့ ပျက်တော့ ခန္ဓာအိမ်အသစ် ပြောင်းတယ်၊ အဲဒါ ကံကြောင့် ပြောင်းတာ၊ အတ္တက ပြုတဲ့ ကံကြောင့် ခန္ဓာအိမ် အကောင်းအဆိုး ရတယ်၊ အတ္တက ဈာန်များတောင် ရလို့ရှိရင် ခန္ဓာက ဗြဟ္မာ့ပြည်ကို ရတယ်၊ အတ္တက ကုသိုလ် ကောင်းမှုတွေ များများကြီး ပြုလို့ရှိရင် အတ္တက လှလှပပ နတ်ခန္ဓာတို့, လူ့ခန္ဓာတို့ ရတယ်၊ အတ္တက အကုသိုလ်တွေ များနေလို့ရှိရင် ငရဲခန္ဓာအိမ်, တိရ စ္ဆာန်ခန္ဓာအိမ်, ပြိတ္တာခန္ဓာအိမ် ဒီလို ရတယ်၊ အတ္တက ပြုတဲ့ ကံအတိုင်းပဲ ခန္ဓာအိမ်တော့ ရတယ်၊ ခန္ဓာအိမ် အဟောင်း ပျက်ချိန်ကျလို့ရှိရင် ခန္ဓာအိမ်အသစ် ပြောင်းပြီးတော့ အတ္တက တည်နေတယ်တဲ့, မပျက်ဘူးတဲ့။

သူ့တို့ဟာနဲ့ သူတို့တော့ ရှင်းလိုက်တာ၊ သေတော့ ဘယ့်နှယ်လုပ် ဆက်တုန်း လို့ဆိုတော့ အတ္တက ဆက်သွားတာတဲ့၊ အတ္တက ပြုတဲ့ကံကြောင့် ခန္ဓာအိမ် အကောင်း, အဆိုး ရတယ်၊ ကိုယ့်ခန္ဓာအိမ် ဆက်တာကတော့ အတ္တက ဆက် သွားတာ ရှင်းလို့၊ ရှင်းအောင်လဲ ရှေးပညာရှိတွေ လုပ်သွားကြတယ်၊ တော်ပါ ပေတယ်၊ တော်ပါပေတယ်။

နောက်ဘဝ ဘယ်လို ပြောင်းတုန်း ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့အခါကျတော့ အတ္တ မရှိဘူး၊ ဒါဖြင့် ခန္ဓာတစ်ခု ဘယ်လိုလုပ် ရတုန်း၊ ဒါကံကြောင့်ရတယ်လေ၊ ဘယ်လိုလုပ် ပြောင်းတုန်း၊ ရုပ်နာမ်တွေက ဖြစ်ပျက် ဖြစ်ပျက် နေတာပဲ၊ ဒီဘဝက သေတော့ ဟိုဘဝကို ဘယ့်နှယ်လုပ်ပြီးတော့ ပြောင်းတုန်း၊ ဒီပြဿနာ သိပ်ရှုပ် သွားတယ်၊ ဘုန်းကြီးတို့ သာသနာတော်မှာရော တော်တော်နဲ့ မရှင်းဘူး၊ ပြောခဲ့ပြီး မဟုတ်လား၊ ခန္ဓာရဲ့ ရုပ်နာမ်အစဉ်မှာ ကံရဲ့ သတ္တိတွေ ပါနေတယ်၊ သေခါနီးကျတော့ ကံအာရုံဖြစ်ဖြစ်, ကံပြုတုန်းက တွေ့ခဲ့ရတဲ့ အာရုံတွေဖြစ်ဖြစ်, နောက် ရောက်မယ့် ဘဝက အာရုံတွေဖြစ်ဖြစ် ထင်လာပါတယ်။

အဲဒီ ထင်လာတဲ့ အာရုံကို စွဲပြီးတော့ ခုဘဝမှာ ပြုတဲ့ကံကဖြစ်စေ, ရှေး တုန်းက ပြုခဲ့တဲ့ ကံကဖြစ်စေ အကျိုးပေးလို့မို့ ရုပ်နာမ်အသစ် ဘဝသစ်မှာ ရပါတယ်၊ အဲဒီနည်းနဲ့ ကံကြောင့်ပဲ ပြောင်းရပါတယ်လို့ ပြောတယ်၊ ဒါဖြင့် ဟို-ဆိုးဝါးတဲ့ ဘဝကြီး ဘာကြောင့် ပြောင်းနိုင်တုန်းဆိုတော့ အဝိဇ္ဇာက ဖုံးထားတယ်၊ တဏှာကလေ အဟောင်းခန္ဓာ အကုန်လုံး စွန့်ရတော့မယ်ဆိုရင် ညွတ်နေတာပဲ၊ ဒီတော့ကာ မကောင်းအာရုံကြီး ထင်လာပေမယ်လို့ သူက ဆွဲစရာ ဖမ်းစရာ မရှိတော့ ရေနစ်ရာက ပေါ်လာတော့ မိချောင်းကြီးပေမယ့် ဆွဲသလိုပဲ၊ ဆွဲစရာ အာရုံတစ်ခုခု ရလို့ရှိရင် ဆွဲတာပဲ၊ ငရဲအာရုံ ပေါ်လာလဲ ဆွဲတာပဲ၊ ငရဲကို ရောက်သွားတာပဲ။

ဒါကြောင့် ဒီဘဝက သေလို့ ဟိုဘဝကို အတ္တပြောင်းတာ မဟုတ်ဘူး၊ ကံကြောင့် ကံရဲ့အကျိုးပေးဖြစ်တဲ့ ရုပ်သစ်နာမ်သစ် ရတာပဲလို့ ဘုန်းကြီးတို့က ရှင်းလိုက်ပြန်ရော။

သယံဝသီ။ ။{သယံဝသီ-ခန္ဓာအိမ်မှု, အစုစု၌, တစ်ခုမကျန်, စီမံခွဲဝေ, မိမိနှစ်ခြိုက်, စနစ်ကိုက်အောင်, လိုက်ပါစေနိုင်သော သဘော ပေတည်း။}

ခန္ဓာအိမ်မှာ သူ့အလို လိုက်ရတယ်၊ ဒီအိမ်ကို ပိုင်တယ်ဆိုရင် ဒီလူ့အလို အတိုင်း ဒီအိမ်ဟာ လိုက်ရတယ်၊ ဖြစ်ချင်တာ ဖြစ်ရမယ်၊ သူပြုပြင်ချင် ပြုပြင် မယ်၊ သူဖျက်ချင် ဖျက်မယ်၊ ဒီအိမ်ကို ရောင်းချင် ရောင်းမယ်၊ အဲဒီလိုပဲ ဒီ ခန္ဓာအိမ်ကို အတ္တက ပိုင်နေတာ ဖြစ်တော့တယ်၊ ဒီလို ခန္ဓာအိမ်ကို အကုန်လုံး ဘယ်သွားလိုက် အတ္တက ခိုင်းတာ။

ဟို-ဈေးသွားစရာရှိတယ်၊ အတ္တက ဈေးသွားစရာရှိတယ်လို့ ပြောတာ၊ အဲ-သွားလိုက် သွားလိုက်၊ ဒီ ရုပ်ခန္ဓာကြီးက ဈေးကို ရောက်သွားတယ်၊ အတ္တ အလိုအတိုင်း ထမင်းဆာတယ်၊ ဘယ်သူ ဆာလဲ၊ အတ္တ ဆာတယ်၊ ထမင်းစား, ထမင်းစား၊ ပြီးတော့ ကျန်လက်တွေ အကုန်လုံး လှုပ်ရွပြီးတော့ ပါးစပ်တွေ, သွားတွေ ကြိတ်ခဲပြီးတော့ နေရတာ၊ အတ္တအလိုအတိုင်း၊ တစ်ယောက် တစ်ယောက် မြင်လို့ ချစ်ကြတယ်, အတ္တက ချစ်တာ၊ ကြိုက်ကြတယ်, အတ္တက ကြိုက်တာ၊ ခံစားကြတယ်, အတ္တက ခံစားတာ၊ သူတို့က ဒီလို အယူရှိတယ်။

မြတ်ဗုဒ္ဓဝါဒက ဒီလို မဟုတ်ဘူး၊ ရုပ်နာမ်,ရုပ်နာမ်,ရုပ်နာမ်၊ စိတ်ကြောင့် ဖြစ်တဲ့ စိတ္တဇရုပ်တွေ ဖြစ်လို့မို့ မြင်ဖူးလား၊ ဟေတုပစ္စည်းတုန်းကလဲပဲ ဒီ လောဘဟိတ်နဲ့ အာရုံတစ်ခုခု စိုက်နေလို့ရှိရင် အာရုံတစ်ခုခုကို ချစ်ကြည့်နဲ့ ကြည့်နေလို့ရှိရင် စိတ္တဇရုပ်တွေကလဲပဲ ဒီအတိုင်း လိုက်ပြီးတော့ ဒီ အာရုံမှာ ရောက်နေပါတယ်၊ ဒီ အာရုံနဲ့ ဆိုင်နေပါတယ်၊ မုန်းလို့ရှိရင်လဲပဲ ဒေါသကြောင့် မုန်းလို့ရှိရင်လဲပဲ ယှဉ်ဖော်ယှဉ်ဖက် စိတ်တွေကလဲ ဒီအာရုံမှာ ရောက်နေပါတယ်။

စိတ္တဇရုပ်က ကြည့်တဲ့အနေမျိုး ရောက်တော့လဲပဲ မုန်းကြည့် ကြည့်တာပဲ၊ ဘုန်းကြီးတို့က အတ္တမပါဘူး၊ ရှေ့စိတ်, နောက်စိတ်, ရုပ်တရားတွေချည်းပဲ၊ နားလည်လောက်ပြီနော်၊ အတ္တကို {ဇီဝအတ္တ}လို့ ခေါ်တယ်၊ အသက်ကို {ဇီဝ}လို့ ခေါ်တယ်၊ တချို့က {လိပ်ပြာ}လို့ ခေါ်တယ်၊ {ဝိညာဉ်ကောင်}လို့ ခေါ်တယ်၊ အဲဒီ {အတ္တ မရှိဘူး}လို့ ဗုဒ္ဓမြတ်စွာက အကုန်လုံး ရှင်းပြီးတော့ ဟောတော်မူပါတယ်၊ အတ္တဝါဒသမားတွေကတော့{သဗ္ဗော-အလုံးစုံသော သတ္တဝါသည်၊ ယဿ-အကြင် သတ္တဝါဆိုတဲ့ အကောင်အထည်၏၊ ဝသေနေဝ-အစွမ်းသတ္တိကြောင့်သာလျှင်၊ ဟောတိ- ထိုဤအမှု, ကိုယ်စီပြု၍, ယခုအနေ, ဖြစ်၍နေ၏၊ ဣတိ ပရိကပ္ပိတော- ဤကဲ့သို့ပင်, ပုထုဇဉ်တို့, အစဉ်မပြား, အထင်မှား ကြံဆအပ်သော၊ သော အတ္တာ-အသက်ကောင် လိပ်ပြာကောင်ဟုဆိုရတဲ့ ထိုအတ္တသည်၊ ကာရကော- ပြုရေးပြုရာ, ပေါ်ပေါက်လာလျှင်, လျော်စွာတစ်ခုခုဖြင့်, ပြုစုလည်း ပြုစု တတ်လေ၏၊ ဝေဒကော-ကောင်းကောင်း ဆိုးဆိုး, အမျိုးမျိုးကို, အကျိုး လျော်ကန်, ပေါ်လာပြန်လျှင်, ခံစံလည်း ခံစံတတ်လေ၏၊ သာမီ-ခန္ဓာအိမ် ဆိုင်သမျှ၌, ပိုင်သအုပ်စီး, အရှင်သခင်ကြီးပေတည်း၊ နိဝါသီ-ဟောင်းခန္ဓာအိမ်, ပျက်သည့်ချိန်ဝယ်, ခန္ဓာအိမ်သစ်, ပြောင်းကာဖြစ်၍, စနစ်မကွဲ, အသစ်လဲလျက်, တကတဲမှီ, အမြဲတည်သော သဘောပေတည်း၊ သယံဝသီ-ခန္ဓာအိမ်မှု, အစုစု၌, တစ်ခုမကျန်, စီမံခွဲဝေ, မိမိနှစ်ခြိုက်, စနစ်ကိုက်အောင် လိုက်ပါစေနိုင်သော သဘောပေတည်း။}လို့ ပြောထားကြတယ်၊ အဲဒီ ပုဂ္ဂိုလ်တွေဟာ သာမန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူးနော်၊ ဘုန်းကြီးတို့ ကျမ်းစာကလဲ ရှိတယ်၊ တကယ့်ကို ပညာရှိရုံတင် မကဘူး၊ တချို့က ဈာန်အဘိညာဉ်များတောင် ရတယ်၊ ဒီ ဈာန်အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေက လက်ကမ်းပြီးလာလို့ အတ္တရှိတယ်, အတ္တရှိတယ်၊ လက်ကမ်းပြီး လာခဲ့လို့ ထာဝရဘုရားရှိတယ်, ဖန်ဆင်းတဲ့သူရှိတယ်၊ အဲဒီလို ဖြစ်လာခဲ့တာ၊ အင်မတန်မှ ဘုရားကို ကျေးဇူးတင်စရာ ကောင်းတယ်၊ ဘုရားပွင့်လာတော့မှ မရှိတာကို မရှိလို့ သိကြတယ်၊ ရှိတာကို ရှိလို့ သိကြတယ်။

သိလို့မို့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော် အဆက်ဆက်နဲ့ ရဟန်းတော်တွေ ဘုရားလက်ထက်က ဘိက္ခုတွေကလဲ ဘိက္ခုတွေကို ဟောလို့, အင်မတန် အမြင်ကျယ်တဲ့ ဘိက္ခုတွေကလဲ ဘိက္ခုနီတွေကို ဟောလို့, ဘိက္ခုနီတွေကလဲ ဘိက္ခုနီတွေ ဟောလို့။

တရားလိုချင်ရင် ပြုပြင်ပါ။ ။ ဒီတော့ကို အဲဒီ ဘိက္ခုနဲ့ ဘိက္ခုနီတို့မှာတော့ အနိစ္စ, ဒုက္ခ, အနတ္တ သိပ် ရှင်းကြတယ်၊ သိပ်ကြိုးစားတဲ့အခါကျတော့ တရားတွေ ပေါက်လို့ မဂ်ရောက် ဖိုလ်ရောက် ရောက်ကြတယ်၊ သူတို့မှာတော့ကား သီလအခြေခံက အင်မတန် ကောင်းတယ်၊ ဘုန်းကြီးတို့ လူစု ဘုန်းကြီးတို့ ရဟန်း သံဃာတော်များမှာတော့ သူတို့လောက် သီလအခြေခံ မကောင်းပါဘူး၊ ဘာဖြစ်လို့တုန်း၊ ဒီ လူတွေက ငါးပါးသီလတောင် ပေါ့ပေါ့ကလေး၊ တရားတော်က အဲဒီလောက်တင် ဘယ်ကမလဲ ၊ ငါးပါးသီလ အပြင် ဣန္ဒြေကိုလည်း စောင့်စည်းပါတဲ့။

မျက်စိနဲ့ မြင်လို့ရှိရင် လောဘမဖြစ်အောင်, ဒေါသမဖြစ်အောင် စောင့် စည်းပါ၊ သောတ, ဃာန, ဇိဝှာ, ကာယနဲ့ ဆိုင်ရာအာရုံတွေနဲ့ တွေ့ကြလို့ ရှိရင်လဲ လောဘ, ဒေါသ မဖြစ်အောင် စောင့်စည်းပါ၊ လောဘ, ဒေါသ မတိုးပွားအောင် ထိန်းပါ၊ အဓိဋ္ဌာန် ပြုပါ၊ ဒီလို လုပ်ရပါတယ်။

ဒါကြောင့် ဘုန်းကြီးက သာယာအောင် မလုပ်ကြပါနဲ့၊ ဘာဖြစ်တုန်း, လောဘ ဖြစ်နေပြီ၊ လောဘ ဖြစ်နေလို့ရှိရင် တရားနဲ့ အင်မတန်မှ အလှမ်း ဝေးနေပါပြီ။

ဒါကြောင့်မို့လို့ ကျန်းမာရေးလောက်နဲ့ သန့်ရှင်းရုံကလေးလောက်သာ စားကြ, သောက်ကြ, ဝတ်ကြစမ်းပါ၊ အဲ-အင်မတန်ကြီး အမွှမ်းတင်ပြီးတော့ မပြင်လိုက်ကြပါနဲ့၊ တရားလိုချင်ရင်ပေါ့လေ၊ သူတော်ကောင်း ဖြစ်ချင်ရင်ပေါ့ လေ၊ အဲဒီလို ဘုန်းကြီးက ပြောနေတာ၊ ဘုန်းကြီးက စိတ်ကူးနဲ့ ပြောနေတာ မဟုတ်ဘူး၊ တရားက ပီသလွန်းလို့ ပြောနေတာ။

ဟိုတုန်းက ဘိက္ခုတွေ ဘိက္ခုနီတွေ သီလ သိပ်လုံတာ၊ သူတော်ကောင်း ဆိုလို့ရှိရင် သီလသိပ်လုံတာ၊ ခု သူတော်ကောင်းလို့ အခေါ်ခံတယ်၊ အာပတ် အသင့်ခံတယ်၊ အဲဒီ အာပတ်အသင့်ခံတဲ့ ပုဂ္ဂိုလ်တွေကိုပင် အများစုလူတွေက ဘယ်လို ထင်ထားကြတုန်း၊ ရဟန္တာလို့ ထင်ထားကြတယ်၊ ဝေးပါတယ်, ဝေး ပါတယ်၊ အဝေးကြီး, အဝေးကြီး, အဝေးကြီး၊ ကြည်ညိုကြတာကိုး။

ဒီတော့ကာ ဘုန်းကြီးတို့က ခုလူတွေ ဒကာ ဒကာမတွေ ငါးပါးသီလ လုံကြစမ်းပါ၊ အသက်မွေးဝမ်းကျောင်းနဲ့ စပ်တဲ့ သီလကို စင်ကြယ်အောင် ရောင်းကြ ဝယ်ကြစမ်းပါ၊ ပြောနေတယ်၊ ဘာပြုလို့တုန်း, အထက်တက်ဖို့က သူမပါရင် မပြီးလို့ပါ၊ အခက်ဆုံးပါ, အခက်ဆုံးပါ, အခက်ဆုံးပါ၊ ဣန္ဒြိယ သံဝရသီလကျတော့ စိတ်ပါ ထိန်းရပါတယ်၊ အဲ-သိပ်ခက်ပါတယ်၊ သိပ်ခက်လို့ စိတ်ပါ မထိန်းနိုင်လို့ရှိရင် တရားမရပါဘူး။

ဒါကြောင့်မို့လို့ မနေ့တုန်းကလေ ဣန္ဒြိယသံဝရသီလကို ထိန်းလို့၊ သီလ တွေလဲ စင်ကြယ်လို့၊ ဒီ ရုပ်နာမ်ပဲလို့၊ ခွဲလိုက်ရင်ပဲ စူဠသောတာပန်ဖြစ်ပြီလို့ မနေ့က ပြောခဲ့ပြီ မဟုတ်လား၊ ဟော-သီလစင်ကြယ်နေရင် ဘယ်မှာ အပါယ် ကျပါ့မလဲ၊ ယုံမှားသံသယ မရှိဘူး၊ ရုပ်ပဲ နာမ်ပဲ ရှိတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တ ချည်းပဲ၊ အတ္တ မရှိပါဘူး၊ အဲဒီတော့ စူဠသောတာပန် ဖြစ်တာပေါ့၊ အပါယ် ဘယ် ကျတော့မလဲ။

ယခု လူတွေရော, ဘုန်းကြီးတွေရော ခက်နေတာက ဣန္ဒြိယသံဝရသီလပဲ၊ ခက်တယ်၊ ဒီ ရိုးရိုးသီလလဲ ဘုန်းကြီးတွေမှာ ခက်တာပဲ၊ အဲဒါကြောင့် ဒီ တရားတွေ သိရက်နဲ့ တရားမပေါက်ဘဲနဲ့ သို့မဟုတ် စိတ်မရှင်းဘဲနဲ့ ဒီလို သေသွားကြရတယ်, နားလည်စေချင်တယ်နော်။

ရှေးက ဘုရားလက်ထက်က ဘိက္ခုနီတွေဟာ တရားရကြတယ်ဆိုတာဟာ ဘုရားလက်ထက်က တရားဟောတဲ့ ပုဂ္ဂိုလ်တွေက အင်မတန် သေချာတယ်၊ လက်နဲ့ ကိုင်ယူပြသလို သေချာတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တတွေ ပီပီသသကို ပြောလို့ရတယ်၊ အနတ္တကောင် အတ္တမဟုတ်ဘူးလို့ ပြောရရင် ဒိပြင်ဟာတွေ ဆိုရင် မပြောနဲ့တော့ သိပ်ရှင်းတာပဲ၊ အဲဒီအခါမှာ သူတို့က သီလ စင်စင် ကြယ်ကြယ်နဲ့ တကယ်လဲ မဂ်ဖိုလ်ကို လိုချင်တယ် ဆိုလို့ရှိရင် ရကို ရပါတယ်၊ ဟောပြီးရင်ကို ရပါတယ်၊ ဒါနဲ့ စပ်ပြီးတော့ ဘုန်းကြီး {နန္ဒကောဝါဒသုတ်}ကို ဘုန်းကြီး နည်းနည်း ပြောမယ်လေ။

နန္ဒကောဝါဒသုတ်တော် ၁

ဒီသုတ်က ကြည်ညိုစရာလဲ ကောင်းတယ်၊ စဉ်းစားစရာလဲ ကောင်းတယ်၊ တစ်ခါတုန်းက မဟာပဇာပတိဂေါတမီ ဆိုတဲ့ မိထွေးတော် ဂေါတမီက သူတို့ သာကီဝင်မင်းသမီး ငါးရာ ဘိက္ခုနီလုပ်လာတော့ ဒီ သာကီဝင်မင်းသမီးငါးရာက နေပြီး ဘိက္ခုနီလုပ်လာတဲ့အခါမှာ တရားဟောဖို့ လိုနေပြီ၊ မြတ်စွာဘုရား- တရားဟောတော်မူပါလို့ လျှောက်တယ်၊ မြတ်စွာဘုရားက ကောင်းပြီ၊ ဘိက္ခုနီမ များကို တစ်လှည့်စီ ဩဝါဒပေးရမယ်လို့, ဩဝါဒ ပေးစွမ်းနိုင်တဲ့ ပညာကလဲရှိ, အသက်ကလဲ ၄၀ -ကျော်, ကာမဂုဏ်တွေ ဘာတွေ ထိန်းနိုင် သိမ်းနိုင်, တချို့ ပုဂ္ဂိုလ်တွေက ရဟန္တာတွေ၊ အဲဒီလို ပုဂ္ဂိုလ်တွေကို ဘိက္ခုနီ ဩဝါဒ ပေးရမယ်လို့ အမိန့်တော်ရှိတယ်။၁။ ဥပရိပဏ္ဏာသပါဠိတော်, နှာ-၃၁၄, ၃၂၄။

ဗုဒ္ဓမြတ်စွာက အရှည်ကြီး မြင်တော်မူလိုက်တာ မပြောနဲ့တော့၊ အမိန့်တော် ရှိတော့ ရဟန်းတော်တွေ အစဉ်အတိုင်း ဟိုတစ်ပါးအလှည့် ဟိုနေ့၊ ဒီတစ်ပါး အလှည့် ဒီနေ့၊ ဒီလိုပဲ ဩဝါဒ ပေးကြရတယ်၊ ဒီ ဘိက္ခုနီ ငါးရာကို {အရှင် နန္ဒက}က သူ့အလှည့် ရောက်ပြီဆိုရင် တပည့်တော် ကိစ္စလေးရှိလို့၊ ကိစ္စဆိုတာ သူ့ကိစ္စဆိုတာ ကိုယ့်ဟာကိုယ် လုပ်လဲပဲ ဖြစ်တာပဲ၊ ဘယ်လို ကိစ္စလေး ရှိနေ လို့၊ အရှင်ဘုရား တပည့်တော်ကိုယ်စား သွားပေးလိုက်စမ်းပါဘုရား။

သွားကြရော၊ ဒီလိုနဲ့ပဲ နည်းနည်းကလေး နှောင်းလာခဲ့တယ်၊ ဒီတော့ ဗုဒ္ဓမြတ်စွာက အရှင်အာနန္ဒာကို {အာနန္ဒာ…ဘိက္ခုနီများကို ဩဝါဒ ပေးကြ တယ် မဟုတ်လား၊ ဒီနေ့ ဘယ်သူ့အလှည့်တုန်း} ဗုဒ္ဓမြတ်စွာက သိတော်မူလဲပဲ စကားလက်စရအောင် မေးတော်မူရပါတယ်လေ၊ {ဒီကနေ့ အရှင်နန္ဒကရဲ့ အလှည့်ပါဘုရား၊ အရှင်နန္ဒကက သူ့အလှည့်ကျရင် သူက မပေးဘူး၊ သူများချည်း ကိုယ်စား လွှတ်ပြီးတော့ ပေးခိုင်းပါတယ်ဘုရား။}

မြတ်စွာဘုရားက မြင်တော်မူတယ်ကိုး၊ ဒီ အရှင်နန္ဒက မပေးတာကလဲ ဘိက္ခုနီ ငါးရာက အလွန်မကြာသေးတဲ့ ရှေးဘဝအခါတုန်းက သူရှင်ဘုရင် ဖြစ်တဲ့ ဘဝမှာ သူ့ရဲ့ မောင်းမမိဿံ ဖြစ်ခဲ့ဖူးတယ်၊ ဒီ ဖြစ်ပုံက အရှင်နန္ဒက ကလဲ ရဟန္တာဖြစ်ပြီးသား, ရဟန္တာဖြစ်ပြီး သူကလဲ ဈာန်အဘိညာဏ်တွေ ဘာတွေရ၊ ရှေးဟောင်း နှောင်းဖြစ်တွေ သိ၊ သူက ဘိက္ခုနီမတွေနဲ့ ရင်းရင်းနှီးနှီး တရားစကား ပြောပြီး ဩဝါဒပေးနေလို့ရှိရင် သူလို အဘိညာဏ်ရတဲ့ ပုဂ္ဂိုလ်တွေ က လှမ်းကြည့်ပြီးတော့ {ဦးနန္ဒကကြီး သူ့ဥစ္စာတွေနဲ့ ကနေ့ထိတောင် ရောရောနှောနှော နေတုန်းပဲ}လို့ ငါ့ အပေါ်ကို ပြောစရာကြီး ဖြစ်နေလိမ့်မယ်။

ဟိုတုန်းက သူ့ မောင်းမမိဿံ ခြွေရံတွေ, ခုလဲ သူ ရောရောနှောနှောနဲ့ နေပြီး ဩဝါဒပေးနေတယ်လို့ ငါ့ကို ပြောစရာ ဖြစ်နေလိမ့်မယ်၊ ဒါပေမယ့် ရှက်တာတော့ မဟုတ်ဘူး၊ ရှောင်တာနော်၊ ရှက်တယ်လို့တော့ မဟုတ်ဘူး ထင်တယ်၊ ဘာဖြစ်လို့တုန်း၊ ရဟန္တာ မပြောနဲ့၊ ဘုန်းကြီးတောင် မရှက်တတ်တာ ခက်နေတယ်, ခက်နေတယ်၊ အဲဒီတော့ ဒီ ရဟန္တာ ရှက်မှာ မဟုတ်ဘူး၊ {ရှက်}ဆိုတာလေ, ဟို-{ဟိရီ}တို့ {ဩတ္တပ္ပ}တို့ ဆိုတာက အကုသိုလ်မှ ရှက်ရတာ၊ အကုသိုလ်ဖြစ်မယ့်နေရာသာ ရှက်ရတာ၊ မြန်မာလူမျိုးက အကုသိုလ် မဟုတ်တဲ့ နေရာမှာ ရှက်နေတာ အလွဲ ရှက်နေတာ၊ ဘုန်းကြီးက အကုသိုလ် မဟုတ်တဲ့ နေရာမှာ မရှက်ပေါင်၊ အကုသိုလ် နည်းနည်းပါးပါး ဖြစ်တာတောင် အိုဒီ အကုသိုလ်မျိုး လူတိုင်း ဖြစ်တာ။

အဲဒါကြောင့် ဘုန်းကြီးနဲ့ လူတွေနဲ့ရော, ဘုန်းကြီးတွေနဲ့ရော တစ်ခါတစ်ခါ ကန့်လန့်ကြီးကို ဖြစ်လို့, မရှက်ပေါင်၊ ဘုန်းကြီးက လောကကြီး ဘယ်လိုဆိုတာ သိသားပဲ၊ အဲဒီတော့ အရှင်နန္ဒကက မရှက်ပေါင်၊ ဒါအကုသိုလ်မှ မဟုတ်ဘဲနဲ့၊ သူက ဒီဘိက္ခုနီမတွေကို သာယာတာမှ မဟုတ်ဘဲနဲ့, သူက ရဟန္တာ ဖြစ်ပြီးပြီ၊ မရှက်ပေါင်၊ ဒါပေမယ့် ပြောစရာ ဖြစ်နေမယ်၊ အဲ-သူ့မောင်းမတွေနဲ့ ခုအထိတောင် မခွဲသေးဘူးလို့ ပြောစရာ ဖြစ်နေမယ်။

ဒါကြောင့် မရှက်ပေမယ့် မသွားဘူး အရှင်နန္ဒကက၊ ဒါနဲ့ ဗုဒ္ဓမြတ်စွာက ဘိက္ခုနီမများ ဩဝါဒပေးတဲ့ ရဟန်းတွေဟာ ကိုယ်စား မထည့်ရဘူး, ကိုယ်တိုင် သွားရမယ်လို့ ဗုဒ္ဓမြတ်စွာက ပညတ်တော်မူပါရော၊ အခက်တော့ ကြုံသွားပြီ၊ ဒါနဲ့ အရှင်နန္ဒက အလှည့်ကျတော့ ကြွရရော၊ ဘိက္ခုနီမတွေကလေ အရှင်နန္ဒက ကြွတယ်ဆို ရွှင်လို့ ရွှင်လို့, ဓာတ်က ဓာတ်က ဓာတ်က၊ ဒိပြင် ဘုန်းကြီးတွေ လာတုန်းက သိပ် အရေးမကြီးပါဘူး၊ သူတို့ ဝတ္တရားအတိုင်း လာပြီးတော့ ဝတ္တရားအတိုင်း တရားနာ ပြီးကြတာပဲ။

အရှင်နန္ဒက ကြွလာတယ်ဆိုတော့ ရွှင်လို့၊ တကတည်း ခြေဆေးဖို့ရာ ရေခပ်တဲ့ သူက ခပ်လို့၊ အဲ-ခြေဆေးဖို့နေရာ ထလုပ်တဲ့သူက လုပ်လို့၊ ရွှင်လို့, ပျော်လို့, ဘိက္ခုနီမတွေ၊ ဒါ ဓာတ်တွေ ဓာတ်တွေ သိလွန်းလို့၊ ဒါကြောင့် ဘုန်းကြီးက မရှက်တာ၊ ဓာတ်တွေဟာ တော်တော်ဆန်းတယ်။

ဓာတ်ဆန်းကြယ်ပုံ။ ။ နေဦး-ဓာတ်ဆန်းတာကို ပြောဦးမယ်၊ တစ်နေရာတုန်း ကလေ၊ အရှင်မေဃိယဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ သပိတ် များ ယူပြီး ဗုဒ္ဓမြတ်စွာရဲ့ နောက်က လိုက်လာတာ၊ ခရီးသွားရင်း နောက်က လိုက်လာတော့ တစ်နေရာရောက်တော့ ဥယျာဉ်ကြီး ကောင်းလိုက်တာ၊ သူက ကြည့်ပြီးတော့ {ဟာ-မြတ်စွာဘုရား တပည့်တော် ဒီမှာ တရားအားထုတ် နေခဲ့ပါရစေဘုရား၊ မြတ်စွာဘုရား သပိတ်တော် မြတ်စွာဘုရား ယူတော်မူပါ ဘုရား} ခက်တာက ဘုရားကိုတောင်မှ သိလား၊ {မေဃိယ ငါက တစ်ပါး တည်း, ငါ တစ်ပါးတည်းရယ်။}

{အာ-မြတ်စွာဘုရားက တရားပေါက်ပြီးသားပါဘုရား၊ တပည့်တော်က တရားမပေါက်သေးဘူး, အားထုတ်ပါရစေ} ငါတစ်ပါးတည်းရယ် ဆိုတာလဲ မလျှော့ဘူး သိလား၊ {ကဲ-ယူခဲ့, ယူခဲ့ ဆိုပြီးတော့ မြတ်စွာဘုရား သပိတ်တော် ယူပြီးတော့ ကြွသွားတယ်၊ အရှင်မေဃိယ (ဦးမေဃိယ) အဲဒီထဲဝင်ပြီးတော့ သူက တရားအားထုတ်မယ်လို့ ထိုင်လိုက်တာ၊ ထိုင်လိုက်တော့ တရား ထင်မလာဘူး၊ ရှင်ဘုရင်စိတ် ပေါက်လာတယ်၊ ထိုင်တာတော့ တကယ် တရား ထိုင်တာပါ၊ တကယ် လိုလိုချင်ချင် တရားထိုင်တာ။

ရှင်ဘုရင်စိတ် ပေါက်ပြီးတော့ မောင်းမမိဿံတွေနဲ့, အခြွေအရံတွေနဲ့, သူက စည်းစိမ်နဲ့ ခံစားမယ်ဆိုတဲ့စိတ်တွေ ရောက်ရောက်လာတယ်၊ ဘာလဲ ငါ ဘာဖြစ်တာလဲ၊ ခုဟာ ငါ တရားထိုင်တာ၊ ထပ်ထိုင်တယ်၊ မရဘူး။

သူက ရှင်ဘုရင်ပဲ ဖြစ်နေတယ်၊ ဓာတ်, ဓာတ်၊ မဖြစ်ဘူး၊ ငါ ဒီနေရာ နေလို့တော့ မဖြစ်ဘူး၊ အကုသိုလ်တွေ ဖြစ်တော့မှာပဲ၊ ရှင်ဘုရင်ဖြစ်ပြီး သာယာ နေတာကိုး၊ မောင်းမမိဿံ အခြွေအရံတွေနဲ့ စည်းစိမ်နဲ့ နေတာကိုး၊ ဒါနဲ့ မဖြစ်ချေဘူး, မဖြစ်ချေဘူး ဆိုပြီးတော့ တရားထိုင်ရာက ထပြီး ဘုရားဆီ လိုက်သွားတယ်၊ မြတ်စွာဘုရားက ဒီလို ဖြစ်လိမ့်မယ်ဆိုတာ သိတယ်၊ ဒီလို ဖြစ်ရင် ငါဘုရား တစ်ပါးတည်းရယ်လို့ ငဲ့ပြီးတော့ သူပြန်လာလိမ့်မယ်၊ နို့မို့လို့ရှိရင် သူ ရှက်ကိုးရှက်ကန်း ဖြစ်ပြီးတော့ ငါဘုရားနောက် လိုက်လာမှာ မဟုတ်ဘူး၊ အဲဒီလို မြင်တော်မူလို့ {ငါဘုရား တစ်ပါးတည်းရယ်}လို့ မြတ်စွာဘုရားက သနားစဖွယ် အမိန့်တော်ရှိခဲ့တယ်။

လိုက်သွားတော့ {အသင်-ဘာလို့ လိုက်လာတာလဲ}လို့ ဘုရားကမေးတော့ {တပည့်တော် တရားထိုင်တာ တရားမရဘူး၊ ရှင်ဘုရင်ချည်း ဖြစ်နေတယ်၊ ဟို တောထဲမှာ၊} အင်း-မြတ်စွာဘုရားက သိတယ်၊ ဒီနေရာမှာ သူ ထီးနန်း စံဖူးတယ်၊ ဓာတ်က ဓာတ်က၊ ဘယ်လောက်ကြာနေမှန်း မသိဘူး၊ အဲဒီ ဓာတ် သူ့မှာ ရှင်ဘုရင်စိတ် ပေါက်လာတယ်၊၁ ဒါကြောင့် လောကကြီးမှာ ဓာတ်တွေ သိပ်ပြီး ဆန်းကြယ်တာပဲ။

ဒါကြောင့် ဘုန်းကြီးက သံဃာတွေ မခေါ်နဲ့၊ သူတို့ နေချင်မှ,ကောင်းကောင်း နေချင်မှလာ၊ ဓာတ်ကို ဘုန်းကြီးက သိတယ်လေ၊ အင်မတန် နေချင်တဲ့ ဓာတ်ရှိလာလို့ရှိရင် ဒီ သံဃာတော်တွေ လာလိမ့်မယ်၊ ကောင်းကောင်း နေ၊ ပြောမယ် ဆုံးမမယ်၊ ဒီလို ဓာတ်ခံ မရှိတဲ့သူတွေ မလာနဲ့,မလာနဲ့၊ အတူတူပါပဲ, ဒကာ ဒကာမတွေကလဲ ဒီလိုပဲ၊ အင်မတန် ရင်းရင်းနှီးနှီး ကြည်ညိုတဲ့ သူတွေလဲ ရှိ၊ ဓာတ်ခံနဲ့ လာတယ်၊ လာ ဆုံးမမယ်၊ ဘုန်းကြီးတို့ ကတော့ သိတာက အဲဒီလို သိနေတာကိုး။

ဒါနဲ့ ခုနက အရှင်နန္ဒကက ရောက်လာတော့ ဘိက္ခုနီမတွေ ရွှင်နေတာက ရှေးတုန်းကတည်းက ပျော်ပျော်ပါးပါး နေပြီးတော့ မောင်းမမိဿံ အခြွေအရံ အဖြစ်နဲ့ နေလာတာဖြစ်တော့ အဲဒီ ဓာတ်ပါလာတယ်၊ ဒီ ဘဝ မဟုတ်ပါဘူး၊ ဒီ ဘဝမှာ သူတို့ ယောက်ျားတွေနဲ့ သူတို့နဲ့၊ သူတို့ ယောက်ျားတွေက ရဟန်း ပြုတော့ သူတို့လဲ ဘိက္ခုနီ လုပ်ကြတာပါ၊ ဒီ အရှင်နန္ဒကနဲ့ မဆိုင်ပါဘူး။

အရှင်နန္ဒက ကြွလာတယ်ဆိုရင် ရှေးဓာတ်အားလျော်စွာ ပျော်ကြရွှင်ကြ အားလုံး အားလုံး၊ အရှင်နန္ဒကကလဲ တရားဟော ကောင်းလိုက်တာ, မပြော နဲ့တော့၊ အရှင်နန္ဒက တရားနာရတော့မယ် ဆိုရင်ပဲ ဝမ်းသာလို့၊ ကြွလာပြီးတော့ အားလုံး ခြေဆေးပြီး ထိုင်ကြ၊ ကန်တော့ပြီးတော့ အရှင်နန္ဒက မိန့်တော်မူတဲ့ စကားဟာ ကောင်းလိုက်တာ။

{ကနေ့ တရားဟောမှာကလေ ပြန်ပြန်ပြီးတော့ မေးတဲ့နည်းနဲ့ ဟောမယ် နော်၊ မေးမယ်, မေးတဲ့အခါမှာ မသိရင် မသိဘူးလို့ ရှင်းရှင်းလျှောက်ရမယ်၊ နားမလည်ဘူး, သံသယဖြစ်နေတယ် ဆိုရင်လဲ သံသယဖြစ်နေတာကို ထပ် မေးရမယ်နော်၊ (စကတည်းက မကောင်းဘူးလား, သူများလို တောက်လျှောက် ဟောသွားမယ် မဟုတ်ဘူး၊) မေးမယ်, အဲဒီ မေးတဲ့အခါမှာ မသိရင် မသိဘူး လို့ လျှောက်ပါ၊ သိရင် သိတယ်လို့ သိတဲ့အတိုင်း ဖြေပါ၊ ယုံမှား သံသယ ဖြစ်လို့ရှိရင် ထပ်မေးပါနော်။}

ဧတ္တကေနပိ မယံ ဘန္တေ အယျဿ နန္ဒကဿ အတ္တမနာ အဘိရဒ္ဓါ၊ ယံ နော အယျော နန္ဒကော ပဝါရေတိ။

{အရှင်ဘုရားက တပည့်တော်တို့ကို ဒီလို မိန့်တာနဲ့ကိုပဲ တပည့်တော်တို့ ဝမ်းသာလိုက်တာ ဘုရား}တဲ့၊ ဝမ်းသာလိုက်တာတဲ့၊ တပည့်တော်တို့ အင်မတန် ဝမ်းမြောက်ပါတယ်၊ ကဲ-ကောင်းပြီ။

ဓာတ် ၁၈-ပါး တရားတော်

စက္ခုပသာဒ မမြဲ။ ။ ရှေးတုန်းက ဘိက္ခုနီတွေကို ဘိက္ခုများက {နှမ} လို့ ခေါ်တယ်, ထုံးစံ။

{ဘဂိနိယော-နှမတို့၊ စက္ခု-စက္ခုပသာဒသည်၊ နိစ္စံ ဝါ-နိစ္စ ဟု ထင်ကြသလော၊ အနိစ္စံ ဝါ-အနိစ္စ ဟု ထင်ကြသလော။}

မျက်စိထဲမှာလေ သူ ငယ်အိမ် အရိပ်ထင်တဲ့ နေရာမှာ အလယ်ခေါင် {ပသာဒ}ဆိုတဲ့ အကြည်ဓာတ် ရှိတယ်၊ ဒါတော့ ဒီမို့လို့ ပြောနေတာ၊ သူတို့ နားလည်ပြီးသားလေ၊ အဲဒီ {ပသာဒ}ဆိုတဲ့ အကြည်ဓာတ်ဟာ ဘုန်းကြီးတို့ စဉ်းစား ကြည့်လိုက်စမ်း။

လက်ဖျောက်တစ်ချက်တီးမှာ စိတ်ပေါင်း ကုဋေတစ်သိန်း ဖြစ်သလိုပဲ၊ ဒီရုပ်တွေကလဲပဲ ကုဋေသိန်းပေါင်းများစွာ ဖြစ်နေတာ၊ အဟောင်း ဖြစ်ပြီးပျက်၊ အသစ် ဖြစ်ပြီး တည်နေ၊ ဒီနားက ရုပ်က ဖြစ်ပျက်၊ ဟိုနားက ရုပ်ကတော့ ဖြစ်ပြီး တည်နေ၊ ဟိုနားက ရုပ်ကတော့ ဖြစ်ပြီးတော့ တည်နေတာက ရှေ့နား တော်တော်ရောက်၊ ဟိုနားက ရုပ်က ဖြစ်ပြီး တည်နေတာက ချုပ်ခါနီး။

အဲဒီလိုပဲ မျက်စိထဲမှာ စက္ခုပသာဒတွေ အများကြီး၊ တချို့က ဖြစ်စ, တချို့က ဖြစ်ပြီး နည်းနည်းကြာ, တချို့က ဖြစ်ပြီး တော်တော်ကြာ, တချို့က သိပ်ကြာ, တချို့က ဖြစ်ပြီး ချုပ်ခါနီး၊ တချို့က ဖြစ်ပြီး ချုပ်နေ၊ စက္ခုပသာဒ တွေ မျက်စိထဲမှာ အများကြီး ရှိတယ်။

အဲဒါလို နောက်တော့ သောတပသာဒလဲ နားထဲမှာ အများကြီး ရှိတယ်၊ သိပါတယ်နော်၊ ဖြစ်ခါစ, ဖြစ်ပြီးခါစ, ဖြစ်ပြီး အတော်ကြာ, ဖြစ်ပြီး ချုပ်ခါနီး နေ, ဖြစ်ပြီး ချုပ်နေ, အများကြီး ရှိတယ်ဆိုတဲ့ဟာကို မှတ်ထားပါနော်။

စက္ခုပသာဒရုပ်ကလာပ်တွေ, သောတပသာဒရုပ်ကလာပ်တွေ မှတ်ထားပါ နော်၊ သူတို့က ဒါကို သိပြီးသား၊ ဒီတရား ကောင်းတဲ့ လက္ခဏာက ခန္ဓာ ငါးပါးထဲ ကျဉ်းကျဉ်းကလေးဟောတာ မဟုတ်ဘူး၊ အာယာတန ၁၂-ပါးထဲ အလယ်အလတ်ဟောတာ မဟုတ်ဘူး၊ ဓာတ် ၁၈-ပါးလုံး အကျယ်ကြီးကို ဟောတာ၊ အဲဒါကြောင့် တရားကို ရကြတာပဲ, သိပ်ကောင်းသွားတာပဲ။

{နှမတို့…စက္ခုပသာဒဟာ မြဲသလား မမြဲဘူးလား} ရှင်းလို့ ရှင်းလို့။

{အနိစ္စံ ဘန္တေ-မမြဲပါဘုရား။}

ခု ပရိသတ် မေးလဲ ရတာပဲ၊ ဒီလို ပြောပြီးလို့ရှိရင် ခု ပရိသတ်မေးလဲ ရတာပဲ၊ ကောင်းပြီ။

{ယံ-အကြင် စက္ခုပသာဒသည်၊ အနိစ္စံ-မမြဲ ဖြစ်ပြီးပျက်၊ တံ-ထို မမြဲသော အနိစ္စဖြစ်သော စက္ခုပသာဒသည်၊ ဒုက္ခံ ဝါ-မကောင်းသော ဒုက္ခလော၊ သုခံ ဝါ-ကောင်းသော သုခလော။}

နာတဲ့ ကျင်တဲ့ဒုက္ခ မဟုတ်ဘူးနော်၊ {သခါရဒုက္ခ}ဆိုတာ ကောင်းတဲ့ဒုက္ခ, မကောင်းတဲ့ ဒုက္ခ၊ ဒီ အဖြစ် အပျက်ဒဏ်ကို ခံနေရလို့ရှိရင် မနာပေမယ့် ဒုက္ခ ဖြစ်တယ်၊ လူတွေက ဒုက္ခဆိုရင် နာမှ ဒုက္ခထင်တယ်၊ မဟုတ်ဘူး၊ မကောင်းတာ မှန်သမျှ ဒုက္ခချည်းပဲ၊ အဲဒီ စက္ခုပသာဒဟာ ဖြစ်ပြီး ပျက်, ဖြစ်ပြီး ပျက်။

ဒီ စက္ခုပသာဒကို နှမတို့က သုခထင်သလား, ဒုက္ခလို့ ထင်သလားလို့ ဆိုတော့ {ဒုက္ခံ ဘန္တေ-ဒုက္ခပါဘုရား} ရှင်းလို့, ရှင်းလိုက်တာမှ ရှင်းလိုက်တာမှ အားလုံး ငါးရာစလုံး ရှင်းတယ်၊ ငါးရာစလုံး နားလည်တယ်။

{ယံ-အကြင် စက္ခုပသာဒသည်၊ ဒုက္ခံ-ဒုက္ခတည်း၊ ယံ-အကြင် စက္ခုပသာဒသည်၊ အနိစ္စံ-မြဲလဲ မမြဲ၊ ဒုက္ခံ-မကောင်းဒုက္ခလဲ ဖြစ်၏၊ ဝိပရိဏာမဓမ္မံ-ဖောက်ပြန်ခြင်းသဘော ရှိ၏၊ တံ-ထို စက္ခုပသာဒကို၊ ဧတံ-ဤစက္ခုပသာဒသည်၊ မမံ-ငါ့ဥစ္စာတည်း၊ ဧသော-ဤစက္ခုပသာဒ သည်၊ အဟံ အသ္မိ-ငါဖြစ်၏၊ ဧသော-ဤစက္ခုပသာဒသည်၊ မေငါ၏၊ အတ္တာ-အတ္တတည်း၊ ဣတိ-ဤသို့၊ သမနုပဿိတုံ-အဖန်ဖန် ရှုခြင်းငှာ၊ ကလ္လံနု-သင့်တော်ပါဦးမည်လော}။

မမြဲဘူးလေ၊ ပြီးတော့ ဒုက္ခလေ၊ ဖောက်ပြန်တယ်လေ၊ ပျက်တယ်လေ၊ အဲဒီ အနိစ္စ ဒုက္ခ ဖြစ်နေတဲ့ စက္ခုပသာဒကို ငါလို့, ငါ့ဥစ္စာလို့,ငါ့ရဲ့အတ္တလို့ အဲဒီလိုများ ရှုလို့ သင့်ပါဦးမတဲ့လား၊ ပျက်နေတာပဲတဲ့၊ အတ္တ ဘယ်ဟုတ် တော့မလဲ, ပျက်နေတာပဲတဲ့၊ ငါ့ဥစ္စာဆိုလို့ရှိရင် မပျက်အောင် ငါက ထိန်းထား နိုင်မှာပေါ့တဲ့၊ ငါမပိုင်လို့ ပျက်တာပေါ့ ၊ ဘယ် ငါ့ဥစ္စာ ဟုတ်တော့မှာဝာုန်း၊ ဘယ်မှာ အတ္တ ဟုတ်တော့မတုန်း၊ ဘယ်မှာ ဒီ စက္ခုပသာဒ ငါဟုတ်ပါတော့ မတုန်း၊ သူတို့မှာ ရှင်းလို့။

အဲဒီလို မမြဲ ပြီး အဖြစ်အပျက်ဒဏ် ခံရပြီးတော့ ဒုက္ခဖြစ်နေတဲ့ စက္ခုပသာဒ ဟာ{ငါ့ဥစ္စာလို့ ရှုသင့်ရဲ့လား၊}{မသင့်ပါဘုရား၊} {ငါပဲလို့ ဒီ စက္ခုပသာဒကို ရှုသင့်ရဲ့လား၊}{မသင့်ပါဘုရား၊}{ငါ့ရဲ့ အတ္တပဲလို့ ပျက်နေတဲ့ စက္ခုပသာဒ ကို ရှုဖို့ သင့်ရဲ့လား၊} {မသင့်ပါဘုရား။}

{ဘန္တေ-အရှင်ဘုရား၊ ဧတံ-ဤ မမြဲတဲ့, ဆင်းရဲတဲ့ စက္ခုပသာဒကို ငါ, ငါ့ဥစ္စာ, ငါရဲ့ အတ္တဟု ရှုခြင်းငှာ၊ နောဟိ-မသင့်တော့ပါဘုရား။

စက္ခုပသာဒ ရှင်းသွားပြီ, ရှင်းသွားပြီ၊ တစ်ကိုယ်လုံးထဲက စက္ခုပသာဒ ရှင်းသွားပြီ၊ အနိစ္စ, ဒုက္ခ, အနတ္တ။

သောတပသာဒ မမြဲ။ ။ ဒီလိုပဲ နားထဲမှာ,နားကလောင်ထဲမှာ အကြည်ရှိတယ်၊ သောတပသာဒလို့ခေါ်တယ်၊ ကံကြောင့် ဖြစ်တာ၊ စက္ခုပသာဒလဲ ကံကြောင့် ဖြစ်တာ၊ သောတပသာဒလဲ ကံကြောင့် ဖြစ်တာ၊ အဲဒီ သောတပသာဒ နားကလောင်ထဲမှာနော် အကြည်ဓာတ်၊ သူ့ကြောင့် ကြားရတာ၊ အဲဒီ အကြည်ဓာတ်ဖြစ်တဲ့ သောတပသာဒကိုလဲ ဒီလိုပဲ မေးတာပဲ၊ {နိစ္စလား, အနိစ္စလား} {အနိစ္စပါဘုရား}{ကောင်းပြီ၊ အနိစ္စဖြစ်တဲ့ သောတ ပသာဒကို သုခ-အကောင်းလို့ ဆိုမလား, ဒုက္ခ-မကောင်းလို့ ဆိုမလား}

{ဒုက္ခပါဘုရား} {ဖောက်ပြန် ပျက်စီးတတ်တဲ့ အဲဒီ သောတပသာဒကို ငါ, ငါ့ဥစ္စာဟု ရှုသင့်ပါတော့မလား}ဟု ဆိုတော့ {မရှုသင့်ပါဘုရား}၊ သောတ ပသာဒဟာ အနိစ္စ, ဒုက္ခ, အနတ္တ ရှင်းသွားရော။

ဃာနပသာဒ မမြဲ ။ ။ ဃာနပသာဒ နှာခေါင်းထဲမှာ ဟို နှာခေါင်းအတွင်းက ခပ်ရောက်ရောက်မှာ အနံ့ရတဲ့ အခါမှာ သိတဲ့ ဃာန ဝိညာဏ် ဖြစ်ဖို့ရန် ဃာနပသာဒဆိုတာ ရှိတယ်၊ ကံကြောင့် ဖြစ်တဲ့ရုပ်ပဲ၊ အဲဒီ ဃာနပသာဒကို ခုနကလိုပဲ၊ အနိစ္စ, ဒုက္ခ, အနတ္တလို့ ဆုံးဖြတ်ကြရော။

သူတို့ ဘယ်တုန်းက ဆုံးဖြတ်ထားတုန်း၊ စောစောစီးစီးကလဲ သူတို့ တရားကို လေ့လာထားကြတာဖြစ်တော့ ဒါတွေကို သူတို့ ဆုံးဖြတ်လို့ ရတယ် လေ၊ သူတို့ လျှောက်ပုံဟာ, စက္ခု, သောတ, ဃာန အားလုံး၊ ဃာနပသာဒ ကိုလဲ ခုနကလိုပဲ လျှောက်တယ်၊ {အနိစ္စ, ဒုက္ခ, အနတ္တပါဘုရား။}

ဇိဝှာပသာဒ မမြဲ။ ။ {ဇိဝှာ}လျှာမှာလေ၊ လျှာအဖျားရဲ့ အရင်းနားမှာ ဩဇာကို ယူတဲ့ ပသာဒ ရှိတယ်၊ အရသာကို ယူတဲ့ ဇိဝှာပသာဒ ရှိတယ်၊ ကံကြောင့် ဖြစ်တာ, ကံကြောင့် ဖြစ်တာ၊ အဲဒီ ဇိဝှာပသာဒကိုလဲ {နိစ္စလား, အနိစ္စလား}၊ {သုခလား, ဒုက္ခလား}၊ {အတ္တလား, အနတ္တလား}

အဲဒီလို မေးတဲ့အခါမှာ အနိစ္စ, ဒုက္ခ, အနတ္တလို့ သူတို့ လျှောက်လဲ လျှောက် နိုင်တယ်၊ သိလဲ သိထားတယ်။

ကာယပသာဒ မမြဲ။ ။ ကာယ-ဒီ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ နာတယ်,ကျင် တယ်ဆိုတဲ့ အသိဓာတ် ဖစ်တဲ့နေရာတိုင်းမှာ ကာယ ပသာဒ ရှိတယ်၊ တစ်ကိုယ်လုံး ရှိတယ်, တစ်ကိုယ်လုံး ရှိယ်၊ ဒီ လက်ဖျား ခြေဖျား ခြေသည်း လက်သည်းဖျား, ဆံပင်အဖျား, အသားမာ၊ အဲဒီလို နေရာက လွဲလို့ရှိရင် ကာယပသာဒ တစ်ကိုယ်လုံး ရှိတယ်,တစ်ကိုယ်လုံး ရှိတယ်၊ တစ်ကိုယ်လုံးမှာ ရှိတဲ့ ကာယပသာဒလဲ ကံကြောင့် ဖြစ်တယ်၊ အဲဒီ ကံကြောင့် ဖြစ်တဲ့ ကာယပသာဒကိုလဲပဲ {နိစ္စလား, အနိစ္စလား}၊ {သုခလား, ဒုက္ခလား}၊ {အတ္တလား, အနတ္တလား}လို့ မေးတော့, အားလုံး {အနိစ္စ, ဒုက္ခ, အနတ္တပါ ဘုရား}လို့ ဒီလို သူတို့ လျှောက်နိုင်ကြတယ်၊ လျှောက်လဲ လျှောက်နိုင်နေကြ တယ်၊ အဲ-တကယ်လဲ သိကြတယ်။

မနောဒွါရ-ဘဝင်စိတ် မမြဲ။ ။ တစ်ခါ မနောဒွါရဆိုတဲ့ ဘဝင်စိတ်တစ်ခု ရှိ တယ်၊ ဒါက လူတွေ နားမလည်ကြဘူး၊ အဲဒီ ဘဝင်စိတ်ကိုလဲ နိစ္စလား, အနိစ္စလားဆိုတော့၊ စိတ်အနိစ္စက အင်မတန် ရှင်းတာပဲ၊ စိတ်တွေကတော့ တစ်စိတ်ပြီး တစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ် ဖြစ်လို့ သူက အင်မတန် ရှင်းတာပဲ၊ မနောဒွါရလို့ဆိုတဲ့ စိတ်လဲပဲ အနိစ္စ, ဒုက္ခ, အနတ္တပါဘုရားလို့ ဒွါရခြောက်ပါး ကုန်သွားရော၊ ဒါကို {အဇ္ဈတ္တိက} ခန္ဓာကိုယ်တွင်းမှာဖြစ်တဲ့ ခြောက်ပါး၊ ဒါကို သူတို့ နားလည်တယ်၊ အရှင်နန္ဒက ကလဲ တစ်ခုချင်း မေးတယ်။

{ဣတိပိ-ဤသို့လျှင်၊ ဆ-ခြောက်ပါးကုန်သော၊ ဣမေ အဇ္ဈတ္တိကာယတနာ- ဤ ခန္ဓာကိုယ်အတွင်းမှာဖြစ်တဲ့ အာယတန(ဒွါရ)တို့သည်၊ အနိစ္စာ-မမြဲကုန်}၊ {အသင်တို့ ဘယ့်နှယ်ကြောင့် အနိစ္စ, ဒုက္ခ, အနတ္တလို့ ပြောနိုင်ကြသတုန်း} ဆိုတော့{ဘန္တေ-အရှင်ဘုရား၊ ပုဗ္ဗေဝ-အရှင်ဘုရား မမေးမီ ရှေးအဖို့ကပင်၊ နော-တပည့်တော်တို့သည်၊ ဧတံ-ဤ အဇ္ဈတ္တိကာယတနဆိုတဲ့ အာယတန ခြောက်ပါး၏ အနိစ္စ, ဒုက္ခ, အနတ္တ အဖြစ်ကို၊ သမ္မပ္ပညာယ-မဖောက်မပြန် မှန်ကန်သော ဝိပဿနာပညာဖြင့်၊ ယထာဘူတံ-ဟုတ်တိုင်းမှန်စွာ၊ သုဒိဋ္ဌံကောင်း စွာ မြင်အပ်ပါပြီဘုရား။}

အာရုံခြောက်ပါး မမြဲ ။ ။ စောစောကတည်းက ကမ္မဋ္ဌာန်နဲ့ နေကြတာ၊ မြင်နေ ပြီ၊ ဒါ မမြဲဘူး, အနိစ္စ ဖြစ်တယ်လို့ တပည့်တော်တို့ မြင်နေကြပါပြီ၊ စောစောကတည်းက တပည့်တော်တို့ ဝိပဿနာပညာနဲ့ မြင်နေ ပြီးပါပြီ၊ ကောင်းပြီ၊ အပြင်ဖက်က ရူပါရုံတွေ-အဆင်းတွေ၊ နိစ္စလား,အနိစ္စလား၊ ရှင်းတာပဲ၊ ရူပါရုံ အပြောင်းအလဲတွေက မြင်ကြသားပဲ၊ ခုပဲ ဒီ ရူပါရုံတွေဟာ နည်းနည်း ကြည့်ကောင်းတယ်ဆို, နေ့လယ်ကျတော့ ညှိုးလို့, နည်းနည်း ကြည့်မကောင်းဘူး၊ ညနေကျတော့ တကတည်း ဒီသူပဲ၊ ပြီး ညကျတော့ သူတို့ အဆင်းကလေးတွေက တစ်မျိုးကြီး ဖြစ်လို့၊ မပြုမပြင် မဖီးမလိမ်းလို့ ရှိရင် ကြည့်လို့ကို မကောင်းဘူး၊ ဒါက အဲဒီလောက် မမြဲ တာတွေ မကဘူး၊ လက်ဖျောက်တစ်ချက်တီး အတွင်းမှာပဲ ဖြစ်ပျက်ကြတဲ့ ရူပါရုံတွေ ရှိနေတယ်။

ဒါကြောင့် အပြင်ဖက်က ရူပါရုံတွေ၊ နိစ္စလား, အနိစ္စလားမေးတော့၊ အနိစ္စပါ ဘုရား။

အပြင်ဖက်က သဒ္ဒါရုံ အသံတွေ၊ နိစ္စလား, အနိစ္စလား မေးတော့၊ အနိစ္စပါ ဘုရား။

အပြင်ဖက်က ဂန္ဓာရုံ-အနံ့တွေ, မွှေးတာ ကြိုင်တာတွေ နံတာစော်တာတွေ, နိစ္စလား, အနိစ္စလား မေးတော့၊ အနိစ္စပါ ဘုရား။

ယခု စားနေတဲ့ ရသာရုံတွေ, အစာတွေထဲမှာပါတဲ့ {ချို,ချဉ်,စပ်,ဖန်, အငန်,အခါး}ဆိုတဲ့ အရသာတွေ၊ နိစ္စလား, အနိစ္စလားမေးတော့၊ အနိစ္စပါ ဘုရား။

ဒီ အတွေ့အထိဖြစ်တဲ့ ဖောဋ္ဌဗ္ဗာရုံတွေ, တုတ်နဲ့ရိုက်လို့ နာတော့လဲ ဒါ ဖောဋ္ဌဗ္ဗာရုံပဲ ၊ လက်ကလေးနဲ့ကိုင်လို့ အရသာရှိတော့လဲ ဖောဋ္ဌဗ္ဗာရုံပဲ၊ အဲဒီ ဖောဋ္ဌဗ္ဗာရုံတွေဟာ နိစ္စလား, အနိစ္စလားဆိုတော့၊ အနိစ္စပါ ဘုရား၊ အားလုံး သိတယ်။

အပြင်ဖက်က အမျိုးမျိုးပေါ့လေ၊ ဒီ ကျောင်းကြီးဟာ လှလိုက်တာဆိုရင် ဒါ ဓမ္မာရုံ၊ ဟာ ဒီကျောင်းကြီးဟာ မကောင်းပါဘူးဆိုရင် ဒါ ဓမ္မာရုံ၊ အပြင် ဖက်က {ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ} မှတစ်ပါး ကျန် အာရုံတွေကို ဓမ္မာရုံလို့ ခေါ်တယ်။

အဲဒီ ဓမ္မာရုံတွေ၊ နိစ္စလား, အနိစ္စလား ဆိုတော့၊ အနိစ္စပါ ဘုရား၊ အဲဒီလို ဖြေကြတယ်၊ ဘာ့ကြောင့် ဒီလို ဖြေနိုင်တုန်းဆိုတော့ တပည့်တော်တို့ ရှေးတုန်းကတည်းကိုက ဝိပဿနာပညာနဲ့ {ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ} ဆိုတဲ့ အပြင်က အာရုံတွေဟာ အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်ကြောင်းကို အစ ကတည်းက သိပြီးသား ဖြစ်ကြပါတယ် ဘုရားလို့။

{ဧဝံ ဟေတံ ဘဂိနိယော ဟောတိ အရိယသာဝကဿ ယထာဘူတံ သမ္မပ္ပညာယ ပဿတော} အရိယာဖြစ်တဲ့ မြတ်စွာဘုရားရဲ့ တပည့်မများက မှန်မှန်ကန်ကန် သိပြီဆိုရင် ဒီအတိုင်းပဲ, ဒီအမြင်ပဲ မြင်နေတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တလို့ မြင်နေတယ်၊ အဲဒီလို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်၊ ဘုရားလဲ ကျေကျေနပ်နပ် ခွင့်ပြုလို့ပေါ့။

ဝိညာဏ် ၆-ပါး မမြဲ။ ။ နောက်တစ်ခါ, အားလုံး ၁၂-ပါး ပြီးသွားပြီနော်၊ အတွင်းက အဇ္ဈတ္တိကဆိုတဲ့ အာယတနခြောက်ပါး, စက္ခု သောတ စသည် အပြင်ဖက်က အာရုံခြောက်ပါး ၁၂-ပါး ပြီးသွားပြီနော်၊ အဲဒါနောက် ယခု လာမယ်နော်။

{ဘဂိနိယော-နှမတို့၊ စက္ခုဝိညာဏံ-စက္ခုဝိညာဏ်သည်၊ နိစ္စံဝါ- နိစ္စဟု မှတ်ထင်ကြသလော၊ အနိစ္စံ ဝါ-အနိစ္စဟု မှတ်ထင်ကြသလော}၊ {ဘန္တေ-အရှင်ဘုရား၊ အနိစ္စံ-အနိစ္စပါတည်း}။

{ယံ-အကြင် စက္ခုဝိညာဏ်သည်၊ အနိစ္စံ-မမြဲ၊ တံ-ထို မမြဲတဲ့ စက္ခုဝိညာဏ်သည်၊ ဒုက္ခံ ဝါ-ဒုက္ခဟူ၍ မှတ်ထင်ကြသလော၊ သုခံ ဝါ-သုခဟူ၍ မှတ်ထင်ကြသလော}၊ {ဘန္တေ-အရှင်ဘုရား၊ ဒုက္ခံဒုက္ခပါတည်း}။

{ယံ-အကြင် စက္ခုဝိညာဏ်သည်၊ အနိစ္စံ-မမြဲ ၊ ဒုက္ခံ-ဒုက္ခတည်း၊ ဝိပရိဏာမဓမ္မံ-ဖောက်ပြန်ခြင်းသဘော ရှိ၏၊ တံ-ထို စက္ခုဝိညာဏ်ကို၊ ဧတံ-ဤ စက္ခုဝိညာဏ်သည်၊ မမ-ငါ့ဥစ္စာတည်း၊ ဧသော-ဤ စက္ခု ဝိညာဏ်သည်၊ ဧသော အသ္မိ-ငါဖြစ်၏၊ ဧသော-ဤ စက္ခုဝိညာဏ် သည်၊ မေ အတ္တာ-ငါ၏ကိုယ်တည်း၊ ဣတိ-ဤသို့၊ သမနုပဿိတုံမိစ္ဆာဒိဋ္ဌိဖြင့် အဖန်ဖန်ရှုခြင်းငှာ၊ ကလ္လံနု-သင့်လျော်ပါအံ့လော}။

{ဘန္တေ-အရှင်ဘုရား၊ နော ကလ္လံ-မသင့်လျော်ပါဘုရား}။

တကတည်း စက္ခုဝိညာဏ်ကို မေးတယ်၊ စက္ခုဝိညာဏ်ဆိုတာ ရူပါရုံကို သိတဲ့အသိ, ဘယ် မြဲ မလဲ၊ ရူပါရုံကို သိတဲ့အသိ, ဘယ်မြဲမလဲ၊ စက္ခုဝိညာဏ်ဟာ တော်ကြာတော့ ပျောက်သွား၊ ဒိပြင် အာရုံတစ်ခု ရောက်လာ, ဘယ် မြဲမလဲ၊ အတူတူပေါ့။

ချုံးပစ်လိုက်ကြစို့၊ သောတဝိညာဏ်-နားထဲ ကြားနေတဲ့ သောတပသာဒ ကို မှီပြီးတော့ဖြစ်တဲ့ သောတဝိညာဏ်၊ အဲဒီ သောတဝိညာဏ်က အသံကို ကြားတယ်၊ သောတပသာဒက ကြားတာ မဟုတ်ဘူး၊ သောတပသာဒက ဓာတ်ခွက်သဘောမျိုး, ကြားတာက လူကကြားသလိုပဲ၊ ပသာဒက ဓာတ်ခွက်၊ သောတဝိညာဏ်က ကြားတာ။

ဃာနပသာဒ-နှာခေါင်းထဲမှာရှိတဲ့ ပသာဒဓာတ်ခွက်၊ ဒီ ဂန္ဓာရုံကို လာပြီး ထိတော့ကာ ဓာတ်ခွက်ထိတော့ကာ, ဃာနဝိညာဏ်က သိတာ၊ ဒီက ပါးစပ်ထဲမှာ အစာတွေ, အစာ စားနေကြတယ်ဆိုပေမယ့် ဇိဝှာပသာဒနဲ့ ခုနက ရသာရုံနဲ့ ထိခိုက်ကြတာ၊ ထိခိုက်တော့ကို ဇိဝှာဝိညာဏ်က သိတာ၊ ကောင်းတယ်,ဆိုး တယ် ဇိဝှာဝိညာဏ်က သိတာ၊ ခန္ဓာကိုယ်မှာ ကောင်းကောင်း ဆိုးဆိုး ထိကြပြီဆိုရင် အဲဒီ ထိတာက ကာယပသာဒကို ဖောဋ္ဌဗ္ဗာရုံက လာပြီး ဓာတ် ခိုက်တာ၊ အဲဒီ ဓာတ်ခိုက်တဲ့အခါမှာ ကောင်းတယ် ဆိုးတယ်ဆိုတာ သိတာ။

ဒီ စက္ခု,သောတ,ဃာန,ဇိဝှာ,ကာယဝိညာဏ် ဖြစ်ပြီးတဲ့နောက် မနော ဝိညာဏ်ဆိုတာက လိုက်လာတယ်၊ မနက်ဖြန်ခါကျရင် ဘုန်းကြီးဆက်ပြီးတော့ ပြောမယ်, ဒီ မနောဝိညာဏ်ကို၊ မနောဝိညာဏ် လိုက်လာတော့ မနောဝိညာဏ် ကလဲ သိတာပဲ၊ ဆက်ပြီးတော့ အဲဒီ သိတဲ့အသိတွေဟာ နိစ္စလား,အနိစ္စလား လို့ မေးတော်မူတဲ့အခါကျတော့ သူတို့ကလဲ ကမ္မဋ္ဌာန်းအားထုတ်ထားတာ ဖြစ်တော့ တကယ်သိတာ တကယ်သိတာ၊ နှုတ်နဲ့ရွတ်တဲ့ အသိမျိုး မဟုတ်ဘူး နော်၊ တကယ်ကို မမြဲတဲ့ အနိစ္စပါလားလို့ သိတယ်၊ မမြဲလို့ရှိရင် အဖြစ်အပျက် ဒဏ်ကို ခံနေရမှာပဲပေါ့၊ ခံနေရတယ်လေ။

ဒါဖြင့် သုခလား,ဒုက္ခလား၊ နာကျင်တာမဟုတ်ဘူး၊ ကောင်းသလား, မကောင်းဘူးလားဆိုတော့ မကောင်းဘူးပေါ့၊ အနှစ်သာရ အတ္တကောင်ကလေးဆိုတာ ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ အနှစ်သာရ, အတ္တ, အကောင်ကလေးဆိုရင် ဒီလို မမြဲဘဲ နေပါ့မလား၊ ယခုတော့ အနှစ်သာရ, အတ္တအကောင်ကလေး မဟုတ် တော့ အနတ္တတွေပေါ့လို့၊ တကတည်း စက္ခုပသာဒစတဲ့ အတွင်းအာယတန ၆-ပါးကိုလဲ အနိစ္စ, ဒုက္ခ, အနတ္တလို့ သူတို့က မြင်ပြီ၊ နဂိုကလဲ ဝိပဿနာ အားထုတ်လာလို့ သိတယ်၊ ခုလဲ ထပ်ပြီးမေးတော့ ရှင်းတယ်။

တစ်ခါ အပြင်ဖက်က အာရုံတွေလဲ အနိစ္စ, ဒုက္ခ, အနတ္တလို့ ရှုလို့ သိပြီ၊ မြင်ပြီ၊ နဂိုကလဲ ဝိပဿနာအားထုတ်ထားတာ သိတယ်၊ ယခု ထပ်မေးတော့လဲ ရှင်းတယ်၊ ခုနက စက္ခုဝိညာဏ်က ဖြစ်လိုက် ပျက်လိုက်နဲ့ ဆိုတာဟာ ခုန အပေါင်းစုက အပြောင်းအလွဲဖြစ်တဲ့ စိတ်တွေလဲပဲ အနိစ္စ, ဒုက္ခ, အနတ္တလို့ သိပြီ၊ ဒီ အာယတန ၁၂-ပါးလုံးဆိုတော့ ခန္ဓာကိုယ်ထဲ ဘယ်အပိုင်း ကျန် သေးသတုန်း။

ဆိုပါတော့ ခေါင်းမှာ ဆိုလို့ရှိရင် ခေါင်းမှာ ကာယပသာဒ ရှိတယ်၊ ဒီ ခေါင်းကို ထိလိုက်တဲ့အခါမှာ ကာယပသာဒနဲ့ ဖောဋ္ဌဗ္ဗာရုံနဲ့ ထိတယ်၊ ထိတဲ့ အခါမှာ ကာယဝိညာဏ်ဖြစ်တယ်၊ ကာယပသာဒလဲ အနိစ္စ, ဖောဋ္ဌဗ္ဗာရုံလဲ အနိစ္စ, ကာယဝိညာဏ်လဲ အနိစ္စ၊ ဒီ နောက်ဖြစ်တဲ့ မနောဝိညာဏ်လဲ အနိစ္စ၊ ဘယ်မှာ ကျန်သေးသလဲလို့ ဘုန်းကြီးက ပြောချင်တယ်၊ ဘယ်မှာ ကျန်သေးသလဲ၊ ခြေဖဝါးမှာဖြစ်တဲ့ ရုပ်တွေ၊ အဲဒီ ရုပ်တွေကို ဆိုပါတော့, ခလုတ်တိုက်လို့ရှိရင် တိုက်တဲ့ခလုတ်က ခလုတ်ရဲ့ အထိအတွေ့က ဖောဋ္ဌဗ္ဗာရုံ၊ သွားတုန်းက ခုန ကာယပသာဒတွေ၊ အဲဒီ ဖောဋ္ဌဗ္ဗာရုံနဲ့ အထိအတွေ့ ခံရတယ်၊ အဲဒီမှာ ကာယ ဝိညာဏ်ဖြစ်တယ်၊ ကာယပသာဒလဲ အနိစ္စ, ဖောဋ္ဌဗ္ဗရုံလဲ အနိစ္စ, ကာယဝိညာဏ် လဲ အနိစ္စ, ခြေဆုံးခေါင်းဆုံး တစ်ကိုယ်လုံးဟာ အနိစ္စ, ရုပ်လဲ အနိစ္စ, နာမ်လဲ အနိစ္စ, အထိအခိုက်ဓာတ်တွေလဲ အနိစ္စပါလားလို့ အကုန်လုံး မြင်နေပြီလေ။

ဆီမီးတောက် ဥပမာ။ ။ အကုန်လုံး မြင်နေတော့ အရှင်နန္ဒကက တရားဟော ကောင်းတာ ဖြစ်တော့ ဥပမာ ပြောရဦးမယ်တဲ့။

{ဘဂိနိယော-နှမတို့၊ သေယျထာပိ-ဥပမာမည်သည်ကား၊ ဈာယတောတောက် ပသော၊ တေလပ္ပဒီပဿ-ဆီမီး၏၊ တေလမ္ပိ-ဆီသည်လည်း၊ အနိစ္စံ-မမြဲ၊ ဝိပရိဏာမဓမ္မံ-ဖောက်ပြန်သော သဘောရှိ၏၊ ဝÁိပိ-မီးစာသည်လည်း၊ အနိစ္စာမ မြဲ၊ ဝိပရိဏာမဓမ္မာ-ဖောက်ပြန်သော သဘောရှိ၏၊ အစ္စိပိ-မီးတောက်မီးလျှံ သည်လည်း၊ အနိစ္စာ-မမြဲ၊ ဝိပရိဏာမဓမ္မာ-ဖောက်ပြန်သော သဘောရှိ၏၊ အာဘာပိ-အရောင်အလင်းသည်လည်း၊ အနိစ္စာ-မမြဲ၊ ဝိပရိဏာမဓမ္မာ-ဖောက်ပြန် သော သဘောရှိ၏}။

ဒီ မီးတောက်နေတဲ့ နေရာကိုပဲ ကြည့်စမ်း၊ ဆီ, ဆီကလဲ မီးတောက်တိုင်း တောက်တိုင်း ဒီ ဆီကုန်သွားတယ်၊ မီးစာ, မီးစာကလေးလဲပဲ မီးလောင်တိုင်း လောင်တိုင်း မီးစာကလေး ကုန်သွားတယ်၊ အာလုံး အနိစ္စတွေ။

နောက်ကို တစ်ခါ ဒီ ဆီနဲ့မီးစာကြောင့် တောက်တဲ့မီး၊ ဆီနဲ့မီးစာကမှ အနိစ္စဆိုလို့ရှိရင် တောက်တဲ့မီးက ဘာမို့လို့တုန်း၊ သူက သာပြီး မမြဲသေး အနိစ္စ၊ သူတို့က အနိစ္စ ဖြစ်လို့ရှိရင် သူတို့ကြောင့်ဖြစ်တဲ့ အရောင်အလင်းလဲ အနိစ္စပေါ့၊ အဲ-အဲသလိုပါပဲတဲ့၊ စက္ခုပသာဒဆိုတာလဲ အနိစ္စ၊ ရူပါရုံဆိုတာလဲ အနိစ္စ၊ စက္ခုဝိညာဏ်ဆိုတာလဲ အနိစ္စ၊ အားလုံးအတွင်းမှာပဲ ကြည့်ကြည့်, အပြင်မှာပဲ ကြည့်ကြည့်၊ အာလုံး အနိစ္စတွေချည်းပါပဲတဲ့။

သစ်ပင် ဥပမာ။ ။ ဥပမာတစ်မျိုး ပြောဦးမယ်။

{ဘဂိနိယော-နှမတို့၊ မဟတော-ကြီးကျယ်သော၊ တိဋ္ဌတော-တည်၍ နေသော၊ သာရဝတော-အနှစ်သာရရှိသော၊ ရုက္ခဿ-သစ်ပင်၏၊ မူလမ္ပိ- အမြစ်သည်လည်း၊ အနိစ္စံ-မမြဲ၊ ဝိပရိဏာမဓမ္မံ-ဖောက်ပြန်သောသဘော ရှိ၏၊ ခန္ဓောပိ-ပင်စည်သည်လည်း၊ အနိစ္စော-မမြဲ၊ ဝိပရိဏာမဓမ္မော-ဖောက်ပြန်သော သဘော ရှိ၏၊ သာခါပလာသမ္ပိ-သစ်ခက်သစ်ရွက်သည်လည်း၊ အနိစ္စံ-မမြဲ၊ ဝိပရိဏာမဓမ္မံ-ဖောက်ပြန်သောသဘော ရှိ၏၊ ဆာယာပိ-အရိပ်သည်လည်း၊ အနိစ္စာ-မမြဲ၊ ဝိပရိဏာမဓမ္မာ-ဖောက်ပြန်သောသဘော ရှိ၏}။

ကြည့်စမ်း သစ်ပင်တစ်ပင်လုံး ရှာပြီးတော့ ကြည့်စမ်း၊ နိစ္စရှာလို့ မရဘူး၊ အနိစ္စ-ဖောက်ပြန်တဲ့ သဘောချည်းပဲ၊ သူ့အရိပ် ဘယ့်နှယ်နေလဲ၊ ဟာ သူလဲ အနိစ္စပေါ့။

{ဆာယာပိ-အရိပ်သည်လည်း၊ အနိစ္စာ-မမြဲ၊ ဝိပရိဏာမဓမ္မာဖောက် ပြန်သော သဘောရှိ၏။}

ဘဂိနိယော-နှမတို့၊ ယော-အကြင်သူသည်၊ ဧဝံ-ဤသို့၊ ဝဒေယျ-ပြော ရာ၏၊ ကိံ-အဘယ်သို့ ပြောရာသနည်း၊ တဿ မဟတော ရုက္ခဿ-ထို သစ်ပင်ကြီး၏၊ မူလမ္ပိ-အမြစ်သည်လည်း၊ အနိစ္စံ-မမြဲတာအမှန်၊ ဝိပရိဏာမဓမ္မံဖောက် ပြန်တာလဲ အမှန်၊ သာခါပလာသမ္ပိ-သစ်ခက်သစ်ရွက်သည်လည်း၊ အနိစ္စံ-မမြဲတာအမှန်၊၊ ဝိပရိဏာမဓမ္မံ-ဖောက်ပြန်တာလဲ အမှန်}။

{အဿ-ထို သစ်ပင်ကြီး၏၊ ယာ ဆာယာ-အကြင် အရိပ်သည်၊ အတ္ထိ- ရှိ၏၊ သာ-ထိုအရိပ်သည်၊ နိစ္စာ-မြဲ၏}။

ဒီလိုဆိုရင် မှန်သလားတဲ့၊ အခြေခံတွေ အကုန်လုံး မမြဲဘဲနဲ့ အရိပ်ကျမှ မြဲတယ်ပြောရင် မှန်သလားတဲ့၊ အဲဒါကြောင့် ဒီခန္ဓာနဲ့ ဆိုင်ရာတွေဟာ အကုန်လုံး အနိစ္စ, ဒုက္ခ, အနတ္တချည်းပါပဲလို့ အမိန့်ရှိပြီးတော့။

နွားသတ်သမား ဥပမာ။ ။အရှင်နန္ဒကက တစ်ခါ ဥပမာ ပြပြန်တယ်။

{ဘဂိနိယော-နှမတို့၊ သေယျထာပိ-ဥပမာမည်သည်ကား} (ဒီဟာတော့ ရှည်လို့ အနက်မပေးတော့ဘူး ဘုန်းကြီးက၊) နွားကို သတ်တတ်တဲ့, အင်မတန် နားလည်တဲ့, ဖြတ်တတ် ခွဲတတ်တဲ့ နွားသတ်သမားက နွားတစ်ကောင်ကို သတ်တယ်၊ သတ်ပြီးတော့ အပေါ်အရေကို ဘာမှ မပျက်စေဘူး, အသားတွေကို ဘာမှ မပျက်စေဘူး၊ အရိုးတွေကို ဘာမှ မပျက်စေဘူး၊ ကြားထဲမှာ အကြော ကလေးတွေ သူ လျှောက်ဖြတ်, အမြှေးကလေးတွေ လျှောက်ပြီးတော့ ဖြတ်တာပဲ။

ပြီးတော့ သူ့အတိုင်း ထားတယ်၊ သူ့အတိုင်းထားပြီးတော့ အရေနဲ့ပြန်ပြီး တော့ ဖုံးထားလိုက်တယ်၊ နဂိုအတိုင်း ဟုတ်သေးလား၊ နွားသတ်သမား ကျွမ်းကျွမ်းကျင်ကျင်နဲ့ သတ်ကတည်းက အကြောကလေးတွေ အကြီးအငယ် တွေ အမြှေးတွေ, အသားအရေနဲ့ ကပ်နေတဲ့ နေရာက အမြှေးတွေ အကုန်လုံး သူ ခွာပစ်လိုက်ပြီ။

အဲသလို အဲသလိုပဲတဲ့၊ အနိစ္စ, ဒုက္ခ, အနတ္တ ထင်နေတဲ့ ခန္ဓာကိုယ်ကြီးထဲမှာ တွယ်တာတဲ့ တဏှာရာဂကို အကုန်လုံး ခွာပစ်လိုက်ပြီ၊ အနိစ္စဖြစ်တဲ့ စက္ခု ပသာဒကို ဘယ့်နှယ်လုပ်ပြီးတော့ တွယ်တာမလဲ၊ ငါလို့မှ မဆိုင်ဘဲနဲ့ ဘယ့်နှယ် လုပ်ပြီးတော့ တဏှာနဲ့ တွယ်တာထိုက်တော့မလဲ၊ ရူပါရုံ အနိစ္စတွေကို ဘယ့်နှယ် လုပ်ပြီးတော့ တဏှာနဲ့ တွယ်တာထိုက်တော့မလဲ၊ ကိုယ်က တွယ်တာနေတယ်၊ ကိုယ်က သာယာနေတယ်၊ သူက ဖြစ်ပျက်နေတယ်၊ ကိုယ်က ဒီ အာရုံကို သာယာနေတယ်၊ သူက ဖြစ်ပျက်နေတယ်၊ ကိုယ်က သာယာနေတာ မှားနေတာ ပေါ့၊ ကိုယ်က သာယာနေတယ်လို့ ဆိုတုန်းမှာ သူက ဖြစ်ပျက်နေပြီ။

ခုနက နွားဟာ အားလုံး အခြေအနေတွေ မပျက်ဘဲနဲ့ကို အမြှေးတွေ, အကြောကြီး အကြောသေးတွေကို ဖြတ်တောက်လိုက်သလိုပါပဲတဲ့၊ တဏှာ ရာဂဆိုတဲ့ အဆက်အသွယ်တွေကို အားလုံး ဖြတ်တောက်လိုက်လို့ရှိရင် ဒီ နွားကြီးမှာလဲပဲ ဘာမှ ရစရာ, ဘာမှ နှစ်သက်စရာ မရှိတော့ပါဘူးလို့၊ အဲဒီလို ဟောတော့ အားလုံး သဘောကျလိုက်ကြတာလေ။

ဒီရုပ်နာမ် ခန္ဓာကြီးကို တဏှာရာဂတွေက တွယ်တာနေလို့၊ ဒီလို ခန္ဓာ ကိုယ်ကြီး ဖြစ်နေရတာ, အဲဒီ ခန္ဓာကိုယ်ကြီး မတွယ်တာလို့ရှိရင် ဒီလို မဖြစ် တော့ဘူးလို့ အဲဒီလို အမိန့်တော်ရှိပြီးလို့၊ {ကိုင်း-ကိုင်း ပြန်ကြတော့နော်, ပြန်ကြတော့}အချိန်တော်ပြီကိုး၊ တစ်ခါ ဘိက္ခုနီမတွေ မြတ်စွာဘုရားဆီ သွားပြီးတော့ ဝပ်ချကြ၊ ဝပ်ချပြီးတော့ မြတ်စွာဘုရားက ဘာမှ အမိန့်မရှိဘူး၊ {ကဲ-ကဲ မိုးချုပ်ပြီ၊ ပြန်ကြတော့, ပြန်ကြတော့}၊ နောက်တော့ ရဟန်းတော် တွေကို အမိန့်ရှိတယ်။

{ဘိက္ခုတို့…ကနေ့ နန္ဒကရဲ့ ဩဝါဒနဲ့ ဘိက္ခုနီမများရဲ့ စိတ်ထဲမှာ ဘယ်လို ဖြစ်ကြတုန်းဆိုတော့ ၁၄-ရက်နေ့ ညမှာ 'လ'ထွက်တော့ 'လ'ဟာ ပြည့်သလား မပြည့်ဘူးလားဆိုတော့ နည်းနည်း လျော့နေတယ်၊ အဲဒီ ၁၄- ရက်နေ့ည ထွက်တဲ့ 'လ'လိုပဲ သူတို့ စိတ်သဘောထားအတိုင်း နည်နည်း မပြည့်တတ်တာရှိတယ်၊ နန္ဒက နက်ဖြန် ထပ်ပြီးတော့ တရားဟောပါ}။

အဲဒီလို မြတ်စွာဘုရားက ထပ်ပြီးတော့ အမိန့်ရှိတာဖြစ်တော့ ရှောင်လို့ တိမ်းလို့ မရတော့ဘူး၊ ဒီတော့ နက်ဖြန်ခါ ဟောပြန်ရော၊ အဲဒီတော့ ဒီထက် ရှင်းပြီးတော့၊ ဒီထက် တဏှာ ရာဂတွေ ကျပြီးတော့ သောတာပန် တချို့, သကဒါဂါမ် တချို့, အနာဂါမ် တချို့, ရဟန္တာ တချို့ ဖြစ်ကြလို့ အင်မတန် စိတ်ထဲမှာ ပြည့်ပြီးတော့ သွားကြတယ်၊ နောက် မြတ်စွာဘုရားဆီ ဘိက္ခုနီမတွေ ရောက်လာ, ပြန်လွှတ်၊ လွှတ်ပြီးတော့ ရဟန်းများကို အမိန့်တော်ရှိတယ်။

{ဘိက္ခုတို့…ကနေ့တော့ ၁၅-ရက်နေ့ ထွက်တဲ့ 'လ'ကြီး ပြည့်နေသလိုပါပဲ၊ သောတာပန် ဖြစ်ချင်တဲ့ ဘိက္ခုနီတွေ သောတာပန် ဖြစ်ကြပြီ၊ သကဒါဂါမ် ဖြစ်ချင်တဲ့ ဘိက္ခုနီတွေ သကဒါဂါမ် ဖြစ်ကြပြီ၊ အနာဂါမ် ဖြစ်ချင်တဲ့ ဘိက္ခုနီတွေ အနာဂါမ် ဖြစ်ကြပြီ၊ ရဟန္တာ ဖြစ်ချင်တဲ့ ဘိက္ခုနီတွေ ရဟန္တာ ဖြစ်ကြပြီ၊ ၁၅-ရက်နေ့ 'လ'ကြီး ပြည့်သလို အားလုံးအလို ပြည့်ကြပြီ}လို့ ဗုဒ္ဓမြတ်စွာက မိန့်တော်မူတယ်။

သမ္မာဒိဋ္ဌိ ဖြစ်အောင် လုပ်။ ။ ဒါကြောင့်မို့လို့ မိမိတို့ရဲ့ လေးလေးစားစား ပုဂ္ဂိုလ်ရဲ့ စကားကို ပြောတာ နားထောင်ပါ၊ ဒီလို သမ္မာဒိဋ္ဌိနဲ့ မိစ္ဆာဒိဋ္ဌိ နှစ်ပါးမှာ သမ္မာဒိဋ္ဌိ ဖြစ်ရင်ပဲ ရှေ့ကို တက်လမ်း ရှိလို့ နေပါတယ်။

{ဘိက္ခဝေ-ဘိက္ခုတို့၊ ဣဓ-ဤ သာသနာတော်၌၊ ဘိက္ခု-ရဟန်းသည်၊ ရာဂဝိနယပရိယောသာနံ-ရာဂကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော၊ ဒေါသဝိနယပရိယောသာနံ-ဒေါသကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော၊ မောဟဝိနယပရိယောသာနံ-မောဟကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော၊ သမ္မာဒိဋ္ဌိံ-မှန်ကန်တဲ့ အယူကို၊ ဘာဝေတိ-မိမိသန္တာန်၌ တိုးပွားစေ၏။

ဘိက္ခဝေ-ဘိက္ခုတို့၊ ဧဝံ ခေါ-ဤနည်းအားဖြင့်၊ ဘိက္ခု-ရဟန်းသည်၊ အရိယံ-မြတ်သော၊ အဋ္ဌဂိကံ-အဂါရှစ်ပါးရှိသော မဂ်ကို၊ ဘာဝေန္တော-မိမိ သန္တာန်၌ ဖြစ်စေလတ်သော်၊ ဗဟုလီကရောန္တော-ကြိမ်ဖန်များစွာ အလေ့အလာ ပြုလတ်သော်၊ နိဗ္ဗာနနိန္နော-နိဗ္ဗာန်သို့ ညွတ်ကိုင်း၍သာ နေတော့သည်၊ နိဗ္ဗာနပေါဏော-နိဗ္ဗာန်၌ ရှိုင်း၍သာ နေတော့သည်၊ နိဗ္ဗာနပဗ္ဘာရော-နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၍ နေတော့သည်၊ ဟောတိ-ဖြစ်၏}။၁။ အဂုတ္တိုရ်၊ တ-တွဲ၊ နှာ-၃၃, ၃၄။

ဒီ သမ္မာဒိဋ္ဌိ-အယူမှန်ကိုပဲ မိမိ သန္တာန်မှာ ထပ်ခါ ထပ်ခါ ဖြစ်ပါစေ၊ ဘယ်လို ဖြစ်ရမှာတုန်း၊ မိမိသန္တာန်မှာ လောဘတွေ နည်းနည်း သွားပြီးတော့ ကုန်စေရမယ်၊ ငါ့သန္တာန်မှာ တပ်မက်တဲ့ ရာဂကို နည်းနည်းသွားပြီးတော့ ကုန်စေရမယ်၊ ငါ့သန္တာန်မှာ ဒေါသတွေ နည်းနည်း သွားပြီးတော့ ကုန်စေရ မယ်၊ ဒီရုပ် ဒီနာမ်ကို အကြောင်းပြုပြီးတော့ဖြစ်တဲ့ ဒေါသတွေ ကုန်စေရမယ်၊ ငါ့သန္တာန်မှာ မောဟတွေ နည်းနည်း သွားပြီးတော့ ကုန်စေရမယ်၊ ငါ့မှာရှိတဲ့ လောဘတဏှာရာဂတွေ, ဒေါသတွေ, မောဟတွေ မကောင်းဘူးလို့, ဒီလို သိပြီးတော့ သမ္မာဒိဋ္ဌိ-အယူမှန်နဲ့ အနိစ္စ အနိစ္စ, ဒုက္ခ ဒုက္ခ, အတ္တမရှိဘူး၊ အနတ္တ၊ ဒီရုပ် ဒီနာမ်သာ ရှိတယ်၊ အဲဒီ ရုပ် အဲဒီ နာမ်ကလဲ ဖြစ်ပျက် ဖြစ်ပျက် နေတယ်။

ဒီရုပ် ဒီနာမ်တွေကို သာယာပြီးတော့ နေတဲ့ တဏှာလောဘကြောင့် ငရဲ ကျရတယ်၊ အဲဒီ ရုပ်နာမ်တွေကို သာယာပြီးနေတဲ့ တဏှာလောဘကြောင့် ပြိတ္တာတွေ ဖြစ်ရတယ်, တိရစ္ဆာန်တွေ ဖြစ်ရတယ်၊ လူနုံ လူမွဲ လူဆင်းရဲတွေ ဖြစ်ရတယ်၊ ဒီ ရုပ်နာမ်လဲ မကောင်းဘူး၊ ဒီ ရုပ်နာမ်ကို စွဲပြီး ရာဂ ဒေါသ တွေလဲ မကောင်းဘူး၊ ဒီ ရာဂ, ဒေါသ, မောဟတွေကို ပြုတ်အောင် ငါ ဖြုတ်မယ်လို့ အဲဒီလိုသာ ပွားများလို့ရှိရင် ရာဂ ကုန်ပါတယ်, ဒေါသ ကုန်ပါ တယ်၊ မောဟ ကုန်ပါတယ်၊ အဲဒီ ရာဂ ကုန်အောင်, ဒေါသ ကုန်အောင် ဒီ ပဋ္ဌာန်းပစ္စည်းနဲ့ စဉ်းစားပြီးတော့ သမ္မာဒိဋ္ဌိ ဖြစ်စေရမယ်။

သမ္မာသကပ္ပ-ကောင်းတဲ့အကြံပဲ ကြံတော့မယ်လေ၊ ရာဂဖြစ်တဲ့ အကြံကို မကြံဘူး၊ ရာဂ မဖြစ်တဲ့ အကြံကို ကြံမယ်၊ ဒေါသဖြစ်တဲ့ အကြံကို မကြံဘူး၊ ဒေါသ မဖြစ်တဲ့ အကြံကို ကြံမယ်။

သမ္မာသကပ္ပ ပြီးတော့ သမ္မာဝါစာ-ကောင်းတဲ့ စကားကို ပြောမယ်၊ ဒုစရိုက်ပါတဲ့ စကား, မုသားပါတဲ့ စကား-စသည့်စကားတွေကို ငါမပြောဘူး၊ သမ္မာကမ္မန္တ-ကောင်းတဲ့ အလုပ်ကို ငါလုပ်မယ်၊ ပါဏာတိပါတ, အဒိန္နာဒါန, အဗြဟ္မစရိယနဲ့ဆိုင်တဲ့ အလုပ်ကို ငါမလုပ်ဘူး၊ ကောင်းတဲ့အလုပ်ကို ငါလုပ်မယ်။

သမ္မာအာဇီဝ-ကောင်းတဲ့ အသက်မွေးမှုနဲ့ အသက်မွေးပြီးတော့ အခု စွန့်စရာရှိရင် စွန့်မယ်၊ ပေးစရာရှိရင် ပေးမယ်၊ လှူစရာရှိရင် လှူမယ်၊ စားစရာရှိရင် ချွေချွေတာတာ စားမယ်၊ အဲဒီလိုသာ သွားလိုက်လို့ရှိရင် ဘယ်မှာ အပါယ်လေးပါး ကျနိုင်တော့မလဲ၊ ဘယ်မှာ စူဠသောတာပန် ကတော့မလဲ ၊ စူဠသောတာပန် အထက်တက်ပြီးတော့ မဟာသောတာပန်နား ကပ်ပြီးတော့ အပါယ်လေးပါးက တစ်ခါတည်း လွတ်တဲ့ပုဂ္ဂိုလ် ဖြစ်နိုင်ပါတယ်။

ဒါကြောင့်မို့လို့ ပေါ့ပေါ့ဆဆ တရားနာရုံတင် မဟုတ်ဘဲနဲ့ ဒီတရားကို တို့ လိုက်နာစရာ တရားပါလားလို့ သဘောထားပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ပေါ့လေ၊ ဒီ မဂ္ဂင်တရား မဂ္ဂင်ပစ္စည်းကို အကြောင်းပြုပြီး သကာလ ငါတို့ဟာ ဒီ မဂ္ဂင်တရားကို အကြောင်းပြုပြီးတော့ နိဗ္ဗာန်အထိ သွားမယ်လို့ အဲဒီလို နှလုံးသွင်းကြပါ။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တ နယ, သမန္တပဋ္ဌာန်း,ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……ဇသာဓု……သာဓု။

သတ္တရသမနေ့

အခြေပြု ပဋ္ဌာန်းတရားတော်

သတ္တရသမနေ့

၁၃၃၅-ခုနှစ်၊ တန်ခူးလပြည့်ကျော် (၈)ရက်၊

၁၉၇၃-ခုနှစ်၊ ဧပြီလ (၂၅)ရက်၊ ဗုဒ္ဓဟူးနေ့။

သံဝေဂဝတ္ထု ၈-ပါး

အမိဝမ်းခေါင်း, ဆယ်လညောင်းမျှ, အောင်းခဲ့ရချေ, တည်သန္ဓေနှင့်, လူ့ပြည်လူ့ရွာ, ရောက်ပြန်ပါလည်း, အို နာ သေ ရေး, ဒုက္ခဘေးကြောင့်, စိတ်အေးကိုယ်ခိုင်, မနေနိုင်ခဲ့, ဆိုင်ဆိုင်ဒုက္ခ, ခံပြီးမှလည်း, များလှ ပါယ်ရွာ, ရောက်ကြရာ၏၊ အတီတာရှေး, ဤဝ!်ဘေးကြောင့်, နောင်ရေး နာဂတ်, ဒုက္ခထပ်လိမ့်, မပြတ်ခုခါ, ဖြစ်တုန်းမှာလည်း, အစာရှာရ, ထို ဒုက္ခကြောင့်, နေ့ညမဟူ, ကိုယ်စိတ်ပူ၍, သူသူ ငါငါ, မသက်သာသည်, ရှစ်ဖြာသံဝေ ရကြောင်းတည်း။၁။ သ,ံ ဋ္ဌ-၃၊ နှာ-၂၀၀။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ, ပ-တွဲ၊ နှာ-၁၃၁။

သာဓု _ သာဓု _ သာဓု။

ခြေတစ်လှမ်း၌ ခြောက်ခြမ်း ခွဲရှု

အို-အို-လူများ, သတိထားလော့၊ သွားဆဲကာလ, ခါသမယဝယ်, ပထမခြေလှမ်း, ရုပ်နာမ်တန်းတို့, လှမ်းဒုတိယ, မရောက်ကြဘူး၊ ဒုတိယ လှမ်း, ရုပ်နာမ်တန်းလည်း, လှမ်းတတိယ, မရောက်ကြပင်၊ တစ်လှမ်း တွင်လည်း, မြှောက်စဉ်တစ်မျိုး, ရှေ့တိုးတစ်ဖုံ, ရှောင်တုံတစ်ဝ, အောက်ချ တစ်ခင်း, ထိခြင်းတစ်လေ့, ဖိနင်းစေ့အောင်, တရွေ့ရွေ့မြန်း, ခြေလှမ်း ပိုင်းခြား, စိတ် ခြောက်ပါးဝယ်, သွယ်သွယ် နာမ်တန်း, ရုပ် နာမ်တန်းတို့, နှမ်းအိုးကင်းထက်, နှမ်းတွေကျက်သို့, ဖြစ်ပျက်နေရ, အနိစ္စသည်, ဒုက္ခ အနတ္တချည်းတည်း။၁။ ဒ,ီ ဋ္ဌ-၂၊ နာှ -၁၇၂, ၃။ မ, ဋ္ဌ-၁၊ နာှ -၂၆၅။ သံ, ဋ္ဌ-၃၊ နာှ -၂၂၄,၅။ အဘိ, ဋ္ဌ-၂၊ နှာ-၃၃၉။

သာဓု _ သာဓု _ သာဓု။

သခါရ၌ လက္ခဏာရေး တင်၍ရှု

ရုပ်နာမ်နှစ်ဝ, သခါရဟု, ကိုယ်အစု၏, ခုဖြစ် ခုပျက်, မမြဲချက်ကို, ကွက်ကွက်ကွင်းကွင်း, ဉာဏ်ရောင်လင်းက, ယင်းသည့်ကာယ, ဟူသမျှ၌, အနိစ္စချည်းသာ, ငြီးငွေ့လာ, မှန်စွာ စင်ကြယ်ကြောင်း။

ရုပ်နာမ်နှစ်ဝ, သခါရဟု, ကိုယ်အစု၏, ခုဖြစ် ခုပျက်, ဒဏ်ခပ်ချက်ကို, ကွက်ကွက်ကွင်းကွင်း, ဉာဏ်ရောင်လင်းက, ယင်းသည့်ကာယ, ဟူသမျှ၌, ဒုက္ခချည်းသာ, ငြီးငွေ့လာ, မှန်စွာ စင်ကြယ်ကြောင်း။

ရုပ်နာမ်နှစ်ဝ, သခါရဟု, ကိုယ်အစု၏, ခုဖြစ် ခုပျက်, နှစ်မဲ့ချက်ကို, ကွက်ကွက်ကွင်းကွင်း, ဉာဏ်ရောင်လင်းက, ယင်းသည့်ကာယ, ဟူသမျှ၌, အနတ္တချည်းသာ, ငြီးငွေ့လာ, မှန်စွာ စင်ကြယ်ကြောင်း။

အသံ၌ လက္ခဏာရေး တင်၍ရှု

{က}သံတစ်ခု, ဖြစ်ပေါ်မှု၌, စိတ်ထုစစ်စစ်, ရုပ်ထုဖြစ်ဖို့, သစ်သစ် ပေါ်အောင်, အတော်ဆောင်၏၊ ဆောင်သည့်ရုပ်ဓာတ်, ထိုကလာပ်တွင်, စိတ်ဓာတ် ပထဝီ, ကံ ပထဝီတို့, အလီလီ အဖန်ဖန်, ပွတ်တိုက်ခံမှ, {က}သံပီပီ, နှုတ်၌မည်သည်, ထိုဤ အနိစ္စ, မှတ်ကုန်ကြ၊ ထိုဤ ဒုက္ခ, မှတ်ကုန်ကြ၊ ထိုဤ အနတ္တ, မှတ်ကုန်ကြ။

သာဓု _ သာဓု _ သာဓု။

ရှင်းတော့လဲ အင်မတန် ကောင်းတဲ့တရား အရသာတွေ ရှိနေတယ်၊ မကုန် နိုင်အောင်ပေါ့လေ၊ ဒီတော့ မကုန်နိုင်သလောက် ချဲ့ပြီးတော့ ဟောနေပြန်လို့ရှိရင် မပြီးနိုင်တော့ဘူး၊ ဒါကြောင့် ပဋ္ဌာန်းနဲ့ ဆိုင်ရာကိုတော့ ကနေ့ တစ်ခန်းရပ်ကြ စို့ရဲ့လို့ အဲဒီလို ပြောထားတယ်၊ ပဋ္ဌာန်းပစ္စည်းက ခုမှ (၁၈)ပစ္စည်း ကုန်ပါ သေးတယ်၊ (၆)ပစ္စည်းလောက် ကျန်နေပေမယ်လို့ သဘောပြောတော့ သင့်ရုံကလေး ပြောရင် ဖြစ်နိုင်တယ်လို့ ယူဆပြီးတော့ ဒီနေ့ ပြီးအောင် ပြောရပါ့မယ်။

၁၉-သမ္ပယုတ္တပစ္စယော (သမ္ပယုတ္တပစ္စည်း)

သမ္ပယုတ္တပစ္စယော-စတုမဓူ, ရောစပ်မူနှင့်, နည်းတူလှစွာ, ယှဉ်ကြရာဝယ်, မကွာသဘော, လိုက်လျောနိုင်သော သမ္ပယုတ္တသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ်ခန္ဓာလေးပါး ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါပေသည်တကား။ (မနေ့တုန်းက ပုဂ္ဂိုလ်သတ္တဝါ သူ ငါ မရှိ၊ အတ္တ မရှိလို့ မနေ့က ပြောခဲ့ရတယ်၊ ပဋ္ဌာန်း ပစ္စည်းတိုင်းက ဒီ အဓိပ္ပာယ်ကို ပြနေပါတယ်။) အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, ဘယ်ပုဂ္ဂိုလ်ရယ်လို့ ရှိလိမ့်မတုန်း၊ ဒီ တရားသဘောတွေသာ ရှိတယ်၊ သတ္တဝါလို့ ထင်နေရပေမယ်လို့ ဘယ်မှာ သတ္တဝါ ရှိလိမ့်မတုန်း၊ ဒီ တရားသဘောတွေသာ ရှိတယ်၊ ငါလို့ အကောင် အထည်လို့ အသက်ကောင်, လိပ်ပြာကောင်လို့ တစ်လောကလုံးက ယူဆနေပေ မယ်လို့ ဗုဒ္ဓမြတ်စွာက မရှိဘူး, အတ္တမရှိဘူး၊ အတ္တကို အမျိုးမျိုး နာမည်တပ် ပြီးတော့ နေကြပေမယ်လို့ အတ္တမရှိဘူး။

ဒီ ရုပ်တရား နာမ်တရားတွေသာ ဆိုင်ရာကိစ္စကို ဆောင်ရွက်နေကြတယ်၊ {အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါပေ သည်တကား}လို့ ဒါလောက် သိသွားတော့,ဒါလောက် မြင်သွားတော့ လောကမှာ ဖြစ်ပျက်နေကြတဲ့ လောကမှာ အရေးတကြီး ကြိုးစားနေကြတဲ့ ကိစ္စတွေ ရေဖြစ်ကုန်တာပဲ, ရေဖြစ်ကုန်တာပဲ၊ အင်မတန် ပိုတဲ့ ကိစ္စတွေပဲ။

သမ္ပယုတ္တသဘော။ ။ ဒီ သမ္ပယုတ္တပစ္စည်းကို ဗုဒ္ဓမြတ်စွာ ဟောတော်မူတာ ကလဲ {သံ} က သမပြီးတော့ နေအောင်, {ပ} က ဧကုပ္ပာဒ-အတူ ဖြစ်တယ်၊ ဧကနိရောဓ-အတူ ချုပ်တယ်၊ ဧကာလမ္ဗဏ- အာရုံတစ်ခုခုကို အတူတူ ဝိုင်းပြီးတော့ ယူကြတယ်၊ ဧကဝတ္ထုက-အာရုံတစ်ခုခုကို ဝိုင်းပြီးတော့ မှီကြတယ်။

ဥပမာ-စိတ်ရယ်, စေတသိက် (၃၃)လောက်ရယ် အတူတူဖြစ်ကြပြီ၊ အတူတူဖြစ်ကြပြီဆိုလို့ရှိရင် သမသွားတာပဲ၊ ဒီတရားက ဒီသဘောက စိတ်ရဲ့ သဘော, ဒီသဘောက ဖဿရဲ့သဘော, ဒီသဘောက ဝေဒနာ,သညာရဲ့ သဘောလို့ ခွဲမရဘူး၊ သမသွားတယ်၊ အဲဒီ အတူဖြစ် အတူချုပ်၊ အဲဒီ အာရုံ တစ်ခုကို အတူတူယူ၊ မှီရာဖြစ်တဲ့ ဝတ္ထုရုပ်ကို အတူမှီ၊ ဒီလို အပြားအားဖြင့် ယှဉ်တဲ့နေရာမှာ သမနေအောင် ခွဲလို့မရအောင် ယှဉ်ကြတယ်။

စတုမဓူ ဥပမာ။ ။ ဥပမာ ဘာနဲ့ တူတုန်းလို့ဆိုတော့ စတုမဓူ ချက်တဲ့နေရာမှာ ပျားရည်, ထောပတ်, သကာ, ဆီ၊ အမွှေကောင်းကောင်းနဲ့ မွှေလိုက်တာ သမသွားတယ်၊ သမသွားပြီးလို့ မြီးကြည့်တော့ ဒီ အရသာက ပျားရည်ရဲ့ အရသာပဲ၊ ဒီ အရသာက သကာရဲ့ အရသာ၊ ထောပတ်ရဲ့ အရသာ၊ ဆီရဲ့ အရသာ ခွဲလို့ မရတော့ဘူး၊ အကုန်လုံး သမသွားပြီးတော့ အရသာ တစ်မျိုးတည်း စုနေကြတယ်။

အဲဒီလိုပဲ၊ စိတ်ရယ်, ဖဿ ဝေဒနာ သညာစတဲ့ စေတသိက်တွေရယ် အာရုံတစ်ခုခု ယူပြီးတော့ တစ်ပြိုင်နက် ဖြစ်ကြပြီဆိုရင် သမသွားတာပဲ၊ ဒီ သဘောက စိတ်ရဲ့သဘောလို့ ခွဲပြီးတော့ မသိနိုင်ဘူး၊ ဒီ သဘောက ဖဿရဲ့ သဘော, ဝေဒနာရဲ့သဘော, သညာရဲ့သဘောလို့ ခွဲပြီးတော့ မသိနိုင်ဘူး၊ အဲဒါလောက် ယှဉ်ပြီး ရောနေတဲ့ တရားတော်တွေကို ဗုဒ္ဓမြတ်စွာကတော့ သိတော်မူတယ်ကိုး၊ အကယ်၍များ ဗုဒ္ဓမြတ်စွာ ပွင့်တော်မမူလို့ရှိရင် ဘုန်းကြီးတို့က အဲဒီ အချိန်မှာ အတ္တလို့ စိတ်နဲ့ စေတသိက်ကို အတ္တလို့ စွဲမှာ၊ စွဲကို စွဲခဲ့ကြပြီ။

ဗုဒ္ဓမြတ်စွာက မဟုတ်ဘူး၊ ဒီ အာရုံကို သိတဲ့အချိန်မှာ ဖဿလဲပါတယ်၊ ဝေဒနာ, သညာလဲ ပါတယ်၊ သညာက အာရုံကို မှတ်သားတယ်၊ စိတ်က အာရုံကို ရအောင်ယူတယ်၊ ကုသိုလ်ဖြစ်တယ်ဆိုလို့ရှိရင် သဒ္ဓါက ယုံကြည်တယ်၊ သတိက အာရုံကို အမှတ်ရနေတယ်၊ အဲဒီလိုပေါ့လေ။

ဗုဒ္ဓမြတ်စွာက ခွဲဟောတော်မူလိုက်တာ၊ ဗုဒ္ဓမြတ်စွာက သမပြီးတော့နေတဲ့ တရားတွေကို တစ်မျိုးစီ တစ်မျိုးစီ ခွဲတော်မူလိုက်တာ၊ ဘယ်လောက်များ ဉာဏ်တော်ကြီး အံ့ဩစရာကောင်းတုန်း၊ အဲဒီလို မခွဲနိုင်ကြလို့ ဗုဒ္ဓမြတ်စွာ မပွင့်တဲ့ အချိန်ကျတော့ကာ ဟို-အာရုံကလေး မြင်တယ်ဆိုရင် အတ္တက မြင်တာ၊ ဟို-အသံကြားတယ်ဆိုရင် အတ္တက ကြားတာ၊ ဟို-အရသာကို သာယာတယ် ဆိုရင် အတ္တက သာယာတာ၊ ဟို-ကမ္ဘာကြီး ရှေးကတည်းကိုက ပညာရှိ အခေါ်ခံတဲ့ ပုဂ္ဂိုလ်တွေက အတ္တဆိုတဲ့ အရာဝတ္ထုကလေးတစ်မျိုး သွင်းထား လိုက်ကြတယ်၊ ဒါ တရားသဘော မသိရင် သွင်းရမှာပဲ။

ဘုရားရှင် ပွင့်လို့သာ။ ။ ဒါကြောင့် ဘုန်းကြီးတို့မှာတော့လေ၊ ဒီတရားတွေနဲ့ ဗုဒ္ဓမြတ်စွာရဲ့ အာရုံကို ယူပြီးတော့ အများစုပေါ့လေ၊ ရဟန်းရှင်လူ ခပ်သိမ်းသူတွေ လုပ်ကိုင်နေကြတဲ့ အလုပ်တွေဟာ သင့်ရုံ တော်ရုံ မကဘူး၊ မှားကုန်ကြပြီ၊ မှားကုန်ကြလို့ လောဘတွေ ကြီးကုန်ကြပြီ၊ ဒေါသတွေ ကြီးကုန်ကြပြီ၊ လောဘ ဒေါသတွေ ကြီးကုန်ကြလို့မို့ ဒီတင် ဒုစရိုက်တွေ ပြုလို့, အပါယ်ကို ကျရပြီ၊ ကျခဲ့လှပြီ၊ ကျကြဦးမှာပဲနဲ့ ဒီလို မြင်နေတော့ ဗုဒ္ဓမြတ်စွာကို ကျေးဇူးတင်လိုက်တာလေ။

အင်း-ဗုဒ္ဓမြတ်စွာတည်းဟူသော {နေမင်း}သာ ပေါ်ထွန်းမလာရင်တော့, ဗုဒ္ဓမြတ်စွာတည်းဟူသော {လမင်း}သာ ပေါ်ထွန်းမလာရင် လောကကြီး အမှောင်ကြီး ဖြစ်နေခဲ့တယ်ဆိုတာ ဟုတ်တယ်၊ ဘာမှ မသိကြဘူး၊ အမှောင်ကြီး ဖြစ်မယ်ဆိုတာ မှန်တယ်၊ ဘာမှ မသိခဲ့ကြဘူး၊ ယခု လေးအသချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီတော်တွေ အနည်းဆုံး ဖြည့်ခဲ့ပြီးတော့ ကြီးကျယ်တဲ့ဉာဏ်တော်ရှင် အဖြစ်နဲ့ ဗုဒ္ဓမြတ်စွာတည်းဟူသော {နေမင်းကြီး} ထွက်လာလို့ သိရတယ်ကိုး၊ တစ်ဆင့် သိရတယ်ကိုး၊ ဘယ်လောက် ကောင်းသလဲ၊ တစ်ဆင့် သိရတဲ့ အသိကိုပဲ အများလိုက်လို့ မမီဘူး။

ဆိုပါတော့ပေါ့, ကမ္ဘာသူ ကမ္ဘာသား အများ လိုက်လို့ မမီဘူး၊ တစ်ဆင့် သိရတာ,တစ်ဆင့်သိရတာ၊ အသိကလေးလဲ မကြီးကျယ်လှသေးဘူး၊ အဲဒါတောင် လိုက်လို့ မမီသေးဘူး၊ ဘုန်းကြီးတို့က ဒီအခြေအနေ ကြည့်ပြီးတော့ အင်မတန် ဝမ်းမြောက်နေပါတယ်။

သမ္ပယုတ္တပစ္စယော-စတုမဓူ, ရောစပ်မူနှင့်, နည်းတူလှစွာ, ယှဉ်ကြရာဝယ်, မကွာသဘော, လိုက်လျောနိုင်သော သမ္ပယုတ္တသတ္တိထူးဖြင့် ကျေးဇူးပြုနိုင်သော နာမ်ခန္ဓာလေးပါး ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါပေသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံသဗ ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှ ဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား။

သာဓု _ သာဓု _ သာဓု။

၂၀-ဝိပ္ပယုတ္တပစ္စယော (ဝိပ္ပယုတ္တပစ္စည်း)

ပစ္စည်းနှစ်မျိုးကလေ၊ နောက် ပစ္စည်းက ဝိပ္ပယုတ္တပစ္စည်း-တဲ့။

သမ္ပယုတ္တပစ္စည်းက ခွဲမရအောင် ယှဉ်တယ်၊ ဝိပ္ပယုတ္တပစ္စည်းက ယှဉ်ကို မယှဉ်ဘူး၊ ယှဉ်ပြီးတော့ ကျေးဇူးပြုတာက မဆန်းဘူး၊ အတူတူ ယှဉ်ပြီးတော့ ခရီး အတူတူ သွားပြီးတော့ တစ်ယောက် တစ်ယောက် ကျေးဇူးပြုတာ မဆန်း ဘူး၊ ယခုတော့ မယှဉ်ဘူးတဲ့၊ မယှဉ်ပေမယ့် ကျေးဇူးပြုတယ်တဲ့၊ ဉာဏ်တော် တစ်မျိုး လာပြန်တယ်။

ဝိပ္ပယုတ္တပစ္စယော-ရသာခြောက်ပါး, ပေါင်း၍ထားသို့, နှစ်ပါးရုပ်နာမ်, ပစ္စယုပ္ပန်ပစ္စည်း, တစ်ချိန်တည်းဝယ်, သီးသီးတွေ့ကြ, ဆုံမိကြလည်း, ဆန့်ကျင် သဘော, မလိုက်ရောဘဲ, ကျေးဇူးပြုနိုင်သော ဝိပ္ပယုတ္တသတ္တိထူးဖြင့် ကျေးဇူး ပြုနိုင်သော သဟဇာတဝိပ္ပယုတ်, ပုရေဇာတဝိပ္ပယုတ်, ပစ္ဆာဇာတဝိပ္ပယုတ် တရားသုံးပါး, ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရား သဘောသာ, ထင်ရှားရှိပါပေသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှ ဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု _ သာဓု _ သာဓု။

သုတ္တန်နည်းပါမှ နားလည်ကြ။ ။ ပြောင်းပြန် ပြောင်းပြန်၊ သမ္ပယုတ္တပစ္စည်းက ယှဉ်ပြီးတော့မှ အချင်းချင်း ကျေးဇူးပြုတယ်၊ ဝိပ္ပယုတ္တပစ္စည်းက မယှဉ်ပါဘူးတဲ့၊ မယှဉ်ပေမယ်လို့ ကျေးဇူးပြုနေပြန်ရော၊ ဒါက အင်မတန် သိဖို့တော့ ကောင်းတာပေါ့လေ၊ ဒါပေမယ့် လူများက နားလည် ဖို့ မလွယ်ပါဘူး၊ နားလည်ဖို့ မလွယ်ဘဲနဲ့ အရှင်ဘုရားက ဘယ့်နှယ်ကြောင့် ဟောပြီးတော့ သုတ္တန်နည်းတွေ ထည့်သွင်း ဟောနေရသတုန်းလို့ ဆိုတော့-

ဗုဒ္ဓမြတ်စွာ တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတော်မူတော့ နာလို့လဲ ကောင်းတယ်၊ နတ်တွေ ဉာဏ်ကြီးတော့ တော်တော်လဲ နားလည် ကြတယ်၊ ဒါပေမယ့် တရားမရကြဘူး၊ တရားရဖို့ရန် ကြားထဲမှာ သုတ္တန် သွင်းသွင်းပြီးတော့ ဟောတော်မူရပါတယ်၊ အဲဒီ သုတ္တန်တရား ဟောတော်မူလိုက်မှ နတ်တွေ သဘောပေါက်ပြီးတော့လေ တရားရကြတယ်။

ဘုန်းကြီးက အဲဒီနည်းကို မှီပြီးတော့ အဘိဓမ္မာသက်သက် ဟောလို့ရှိရင် ဒီ ပရိသတ် စိတ်ဝင်စားဖို့ မလွယ်ဘူး၊ ဒါကြောင့် သုတ္တန်ကို များများသွင်းပြီး ဟောပေးမှ ဒီ ပရိသတ် စိတ်ဝင်စားမယ်ဆိုတာကို, အတုယူပြီးတော့ သုတ္တန်ကို များများသွင်းပြီးတော့ ဟောပေးနေတာ။

ဝိပ္ပယုတ္တပစ္စည်း ကျေးဇူးပြုပုံ။ ။ ဝိပ္ပယုတ္တပစ္စည်းဆိုတာ ဟို ဟေတုပစ္စည်း ကတည်းကိုက စိတ်ဖြစ်ရင် စိတ်ကြောင့်ဖြစ် တဲ့ ရုပ်တွေ ဖြစ်တယ်၊ စိတ္တဇရုပ်ဖြစ်တာမှ အတူတူဖြစ်တာ၊ အတူတူ ဖြစ်ပေ မယ့် ယှဉ်ကြသလားဆိုတော့ မယှဉ်ပါဘူး၊ သမနေအောင် ညီမျှသလား, မညီမျှပါဘူး၊ မညီမျှရင် ကျေးဇူးမပြုဘူးလားဆိုတော့ ကျေးဇူးပြုပါတယ်။

ဘယ်လိုနည်းနဲ့ ကျေးဇူးပြုတုန်း၊ မယှဉ်ပေမယ်လို့ ဝိပ္ပယုတ္တသတ္တိနဲ့ အချင်းချင်း ကျေးဇူးပြုနေတယ်၊ တယ်ကောင်းတယ်, တယ်ကောင်းတယ်၊ အဲဒီ ဟေတုပစ္စည်းနဲ့ ဆိုင်ရာကလဲ ပဋိသန္ဓေအချိန်မှာ ပဋိသန္ဓေစိတ်ဖြစ်တယ်၊ ကမ္မဇရုပ်ဖြစ်တယ်၊ ကလာပ်သုံးစည်းဆိုတဲ့ ရုပ်ကလေးတွေ ဖြစ်တယ်၊ အဲဒီ ကလာပ်သုံးစည်းဆိုတဲ့ ရုပ်နဲ့ စိတ်နဲ့ မယှဉ်ပါဘူး၊ သမ, ဘယ်တော့မှ သမ ဖြစ်အောင် မရပါဘူး၊ သမဖြစ်အောင် မယှဉ်ပေမယ့် ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်နဲ့ ကြည့်လိုက်တော့ အချင်းချင်း ကျေးဇူးပြုနေကြတယ်၊ လူ့ဘုံမှာ ဆိုလို့ရှိရင် အဲဒီ ရုပ်သုံးခု မပါလို့ရှိရင် စိတ်ကို မဖြစ်နိုင်ဘူး၊ စိတ် စေတသိက်ကို မဖြစ်နိုင်ဘူး၊ စိတ် စေတသိက် မဖြစ်နိုင်လို့ရှိရင် ရုပ်သုံးပါးလဲ မဖြစ်နိုင်ဘူး။

တစ်ခါ စိတ် စေတသိက် မပါရင်လဲ ခုနက ကလာပ်သုံးစည်း ရုပ်သုံးခု မဖြစ်နိုင်ပါဘူး၊ အဲဒါ ကျေးဇူးပြုနေကြတာပါပဲ၊ အချင်းချင်း ကျေးဇူးပြုနေကြတာ၊ သတ္တိကတော့ ပဋ္ဌာန်းပစ္စည်းထဲမှာ ဟေတုသတ္တိနဲ့လဲ ကျေးဇူးပြုတယ်၊ သဟဇာတ သတ္တိနဲ့လဲ ကျေးဇူးပြုတယ်၊ ဥပနိဿယသတ္တိနဲ့လဲ ကျေးဇူးပြုတယ်၊ ဒါတွေ သိပ်ပြီးတော့ သိနေဖို့ ပြောနေဖို့တော့ ကောင်းတာပေါ့၊ ဉာဏ်ကြီးဖို့တော့ ကောင်းတာပေါ့၊ တရားရဖို့တော့ မဟုတ်ပါဘူး၊ ဉာဏ်ကြီးတော့ ကြီးပါတယ်။

ဒီ ဝိပ္ပယုတ္တပစ္စည်းကို ဆရာတော်, ရှေးဆရာတော်များက အရသာ ခြောက်ပါး ရောထားတယ်လေ၊ {ချို, ချဉ်, စပ်, ဖန်, ငန်, ခါး} အရသာ ခြောက်ပါး ရောထားတဲ့ ပစ္စည်းတစ်ခုကို, ဆိုပါတော့ပေါ့၊ စားစရာတစ်ခုကို အရသာ ခြောက်ပါး ရောထားတော့ အဲဒီ အရသာ ခြောက်ပါးဟာ သမပြီးတော့ တစ်ထပ်တည်း သွားသလား၊ မသွားဘူး၊ အရသာ ခြောက်ပါး ကွဲနေတာပဲ၊ အရသာ ခြောက်ပါး ကွဲနေတာ သိသာပါရဲ့။

အရသာ ခြောက်ပါး ကွဲနေလို့များ အချင်းချင်းတော့လေ ကျေးဇူးမပြုဘူး လို့ မထင်လိုက်နဲ့၊ ဟင်းချက်တာပဲ ပေါ့လေ၊ စပ်တဲ့ အရသာပါမှ၊ အံမယ်- နည်းနည်းကလေး အချဉ်ကလေးများ ထည့်လိုက်ရင် ကောင်း၊ အံမယ်-ဟယ် ဟယ်နော်၊ အံမယ် အချဉ်ကလဲ ပါမှ၊ အချို နည်းနည်းပေါ့သလားလို့, အချို ကလေးလဲ ပါမှ၊ အငန်က မပါဘဲကိုး၊ အငန်ကလေးလဲ ပါမှ အရသာကလေ၊ ဒီ ဟင်းတစ်ခုဟာ ကျေးဇူးပြုနိုင်တာ၊ တယ်ကောင်းတဲ့ ဟင်းလို့ ချီးမွမ်းလာ အောင်လို့ ကျေးဇူးပြုနိုင်တဲ့ ဥစ္စာဟာ အရသာ ခြောက်ပါး ရောထားပေမယ် လို့, ဟင်းချင်း သမသွားပေမယ်လို့ အချင်ချင်း ကျေးဇူးပြုတယ်၊ ဟင်းတစ်ခွက်, ဟင်းတစ်မျိုး ကျေးဇူးပြုနေပုံကိုသာ ကြည့်တော့။

ဒါကြောင့် ဝိပ္ပယုတ္တပစ္စယော-ရသာခြောက်ပါး, ပေါင်း၍ထားသို့, နှစ်ပါး ရုပ်နာမ်, ပစ္စယုပ္ပန်ပစ္စည်း, တစ်ချိန်တည်းဝယ်, သီးသီးတွေ့ကြ, ဆုံမိကြလည်း, သမသဘော မလိုက်လျောသော ဝိပ္ပယုတ္တသတ္တိထူးဖြင့် ကျေးဇူးပြုနိုင်သော သဟာဇာတဝိပ္ပယုတ်တဲ့။

ဒါက သဟဇာတပစ္စည်းတုန်းက ကျေးဇူးပြုပုံကို ဘုန်းကြီး ပြောခဲ့ပြီနော်၊ အတူတကွဖြစ်, အတူတူဖြစ်, အတူတကွ ဆုံမိကြတယ်၊ ရုပ်နဲ့နာမ်နဲ့၊ နာမ် ဆိုတာ စိတ် စေတသိက်ပါ၊ ရုပ်နဲ့ နာမ်နဲ့ ဆုံမိတော့ ရောလား မရောဘူးလား၊ ကျေးဇူး မပြုဘူးလား, ပြုတယ်၊ ဒါ သဟဇာတဝိပ္ပယုတ်။

ပုရေဇာတဝိပ္ပယုတ်-ရှေ့ကနေပြီးတော့ ရူပါရုံက အရင်ဖြစ်၊ ဆိုပါတော့ပေါ့ လေ၊ စက္ခုဝတ္ထုက အရင်ဖြစ်၊ စက္ခုပသာဒက အရင်ဖြစ်၊ နောက်က စက္ခု ဝိညာဏ်ဖြစ်၊ ရှေ့နဲ့ နောက်နဲ့တော့ နည်းနည်းလေး ကွာတယ်၊ ကွာပေမယ်လို့ ကျေးဇူးမပြုဘူးလား သိပ်ပြုတာပဲ, သိပ်ပြုတာပဲ၊ ဒါ ပုရေဇာတဝိပ္ပယုတ်။

ပစ္ဆာဇာတဝိပ္ပယုတ်-အရင် ရုပ်ခန္ဓာကြီး ဖြစ်ပြီးတဲ့နောက် စိတ်တွေ, စေတသိက်တွေ နောက်က ဖြစ်လိုက်လာတာ ရှိတယ်၊ နောက်က ဖြစ်လိုက်လာတဲ့ စိတ်တွေ စေတသိက်တွေကလဲ ရှေ့က ဖြစ်ပြီးသားဖြစ်တဲ့ ရုပ်ခန္ဓာကြီးကို ကျေးဇူးပြုနေတာ၊ စိတ်ထက်သန်လို့ရှိရင် ရုပ်တွေ လန်းလာတာသာ ကြည့်တော့၊ စိတ်က လျော့ညံ့သွားလို့ရှိရင် ရုပ်က ညှိုးသွားတာသာ ကြည့်တော့၊ ဒီတော့ ပစ္ဆာဇာတဝိပ္ပယုတ်က နောက်က နေပြီးတော့ ကျေးဇူးပြုနေပါတယ်၊ ပစ္ဆာဇာတ ဝိပ္ပယုတ်က သူများနဲ့မရောဘူး၊ ကျေးဇူးမပြုဘူးလား၊ သိပ်ပြုတာပဲ။

ဝိပ္ပယုတ္တပစ္စယော-ရသာခြောက်ပါး, ပေါင်း၍ထားသို့, နှစ်ပါးရုပ်နာမ်, ပစ္စယုပ္ပန်ပစ္စည်း, တစ်ချိန်တည်းဝယ်, သီးသီးတွေ့ကြ, ဆုံမိကြလည်း, သမသဘော, မလိုက်ရောဘဲ, ကျေးဇူးပြုနိုင်သော သဟဇာတဝိပ္ပယုတ်, ပုရေဇာတဝိပ္ပယုတ်, ပစ္ဆာဇာတဝိပ္ပယုတ်သုံးပါး, ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါ မနှော, တရားသဘောသာ, ထင်ရှားရှိပါသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံသဗ ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှ ဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု _ သာဓု _ သာဓု။

၂၁-အတ္ထိပစ္စယော (အတ္ထိပစ္စည်း)

အတ္ထိပစ္စည်းတဲ့၊ အတ္ထိပစ္စည်းက ရှိတယ်၊ ရှိပြီးတော့ ကျေးဇူးပြုတယ်၊ ဒါက ဘုန်းကြီးတို့ ရှေ့တုန်းက ပြောခဲ့ပြီးတာတွေ၊ သဟဇာတပစ္စည်းတုန်းက သဟဇာတပစ္စည်းဟာ ပစ္စည်းရော အကျိုးပြုခံရတဲ့ ပစ္စယုပ္ပန်ရော ရှိကို ရှိတယ်၊ မရှိဘဲနဲ့ ကျေးဇူးမပြုပါဘူး။

ပုရေဇာတပစ္စည်းဆိုတာလဲ ရှိကို ရှိတယ်၊ ပစ္စည်းကလဲ ရှိရတယ်၊ ပစ္စယုပ္ပန် ကလဲ ရှိရတယ်၊ အဲဒီလို ဆိုနေတဲ့ဥစ္စာကို {အတ္ထိ}လို့ ခေါ်ပါတယ်၊ ခုနက ပစ္ဆာဇာတပစ္စည်း ဆိုတာလဲ ရှိကို ရှိရတယ်၊ ဒါကို ပစ္ဆာဇာတတ္ထိ၊ အစာ အာဟာရတွေက ခန္ဓာကိုယ်ကို ကျေးဇူးပြုနေရတယ်ဆိုတာ ရှိကို ရှိနေရတယ်၊ အဲဒီ ရှိတုန်းမှာ ကျေးဇူးပြုလို့မို့ အာဟာရတ္ထိ၊ ဣန္ဒြိယတ္ထိဆိုတာ ရုပ်ဇီဝိတိန္ဒြေက ဟို တစ်နေ့တုန်းက ပြောခဲ့တဲ့ ဇီဝိတက ခန္ဓာကိုယ်ကို ကျေးဇူးပြုနေတယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ ပစ္စည်းတရားကလဲ ရှိရတယ်၊ ကျေးဇူးပြုခံနေရတဲ့ ပစ္စယုပ္ပန်တရားကလဲ ရှိနေရတယ်၊ အဲဒီလို ရှိနေတုန်းမှာ ကျေးဇူးပြုနိုင်တယ်လို့၊ အဲဒီလို ဟောတော်မူတဲ့ ပစ္စည်းက {အတ္ထိ}လို့ ခေါ်ပါတယ်။

{အတ္ထိပစ္စယော-မြေမြင်းမိုရ်သည်, ထိုထိုစိမ်းရွှင်, မြက်သစ်ပင်အား, ထောက်ပံ့လားသို့, ထင်ရှားရှိပြိုင်, ထောက်ပံ့နိုင်သော သတ္တိထူးဖြင့်၊} ဟို မြေကြီးက သစ်ပင်တွေကို စိမ်းရွှင်နေအောင် ထောက်ပံ့တယ်၊ မြင်းမိုရ်တောင် ကလဲ သစ်ပင်တွေကို စိမ်းရွှင်နေအောင် ထောက်ပံ့တယ်၊ ထောက်ပံ့တယ်ဆိုတာ မြေကြီးက ရှိနေရတယ်၊ သစ်ပင်ကလဲ ရှိရတယ်၊ မြင်းမိုရ်တောင်ကလဲ ရှိနေ ရတယ်၊ သစ်ပင်တွေ ရှိနေရတယ်၊ အဲဒီလိုပေါ့လေ၊ အကြောင်းနဲ့အကျိုးဟာ ရှိနေမှ ကျေးဇူးပြုတာကို {အတ္ထိ}ပစ္စည်း ခေါ်တယ်လို့ သိရအောင်လို့။

ဟော-မြေကြီးနဲ့ သစ်ပင်တွေ ရှိကြတုန်း ကျေးဇူးပြုသလို, မြင်းမိုရ်တောင် ကြီးက သစ်ပင်တွေကို ရှိတုန်း စိမ်းရွှင်နေအောင် ကျေးဇူးပြုသလို၊ မရှိလို့ရှိရင် သူမရှိရင် ကျေးဇူးမပြုနိုင်ဘူး၊ သစ်ပင်မရှိလဲ ကျေးဇူးမပြုနိုင်ဘူး၊ အပြန်အလှန် ရှိရတယ်လို့ အဲဒီလို ပစ္စည်းကို {အတ္ထိ}ပစ္စည်းလို့ ခေါ်တယ်။

အတ္ထိပစ္စည်းက {သဟဇာတတ္ထိ, ပုရေဇာတတ္ထိ, ပစ္ဆာဇာတတ္ထိ}တဲ့ ခုနက ပြောခဲ့တဲ့ ဝိပ္ပယုတ် သုံးပါးလဲပါတယ်၊ {အာဟာရတ္ထိ}တဲ့ ကဗဠီအာဟာရ ဆိုတာလဲ ပါတယ်၊ အဲ-တစ်နေ့တုန်းက {ရုပ်ဇီဝိတိန္ဒြေ}ဆိုတဲ့ {ဣန္ဒြိယတ္ထိ}တဲ့ အဲဒီ တရားတွေလဲ ပါတယ်၊ အတ္ထိပစ္စည်း ငါးမျိုးတောင် ရှိတယ်လို့ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ ဟောတော်မူပါတယ်နော်။

အတ္ထိပစ္စယော-မြေမြင်းမိုရ်သည်, ထိုထိုစိမ်းရွှင်, မြက်သစ်ပင်အား, ထောက်ပံ့လားသို့, ထင်ရှားရှိပြိုင်, ထောက်ပံ့နိုင်သော သတ္တိထူးဖြင့်, ကျေးဇူး ပြုနိုင်သော သဟဇာတတ္ထိ, ပုရေဇာတတ္ထိ, ပစ္ဆာဇာတတ္ထိ, အာဟာရတ္ထိ, ရူပဇီဝိတိန္ဒြိယတ္ထိငါးပါး, ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါ မနှော, တရား သဘောသာ, ထင်ရှားရှိပါပေသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှ ဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ ပါ၏ ဘုရား။

သာဓု _ သာဓု _ သာဓု။

၂၂-နတ္ထိပစ္စယော (နတ္ထိပစ္စည်း)

အတ္ထိပစ္စည်းနဲ့ တွဲပြီးတော့ {နတ္ထိ}ပစ္စည်းတဲ့၊ မရှိမှ ကျေးဇူးပြုသတဲ့၊ အင်မတန် ဉာဏ်တော်ကြီးပါတယ်, အင်မတန် ဉာဏ်တော်ကြီးပါတယ်၊ ရှိတုန်း ကျေးဇူးပြုတဲ့ တရားကလဲ တစ်မျိုးရှိပါတယ်၊ မရှိကို မရှိမှ ကျေးဇူး ပြုတာကလဲ ရှိပါတယ်၊ ဥပမာ-ဘာနဲ့ ပြတုန်းဆိုတော့ ဆီမီးငြိမ်းသွားလို့ရှိရင် အမှောင်ရဖို့ တမင် လုပ်ရသေးလား, မလုပ်ရပါဘူး၊ မီးသာ ငြိမ်းလိုက် မှောင် သွားတာပဲ၊ အဲဒါ မီးရဲ့ ငြိမ်းခြင်းသည် အမှောင်အား ကျေးဇူးပြုသလိုပဲ၊ ရှေးရှေးစိတ်, ရှေးရှေးစိတ်ရဲ့ ချုပ်ငြိမ်းခြင်းသည် နောက်နောက်စိတ် ဖြစ်ဖို့ရန် ကျေးဇူးပြုလိုက်တာပဲ။

အနန္တရ နှင့် နတ္ထိ အထူး။ ။ ရှေ့တနု်း က အနန္တရ , သမနန္တရ ပစ္စည်း နဲ့ သဘော တူတယ်၊ အခြားမဲ့ စိတ် စေတသိက်တွေဖြစ်အောင် ကျေးဇူးပြုတယ် ဆိုတာလိုပဲ၊ ဒီ နတ္ထိပစ္စည်းကလဲ တို့ မရှိဘူး၊ တို့ မရှိရင် အသင် ဖြစ်ရစ်လို့ မပြောသော်လဲ ပြောသလိုပဲ ကျေးဇူးပြုတာပဲ၊ အဲဒီ နတ္ထိ ပစ္စည်းမျိုးကလဲ အင်မတန် ဆန်းတယ်၊ အနန္တ ရ, သမနန္တ ရနဲ့ အကုန်လုံး တူတယ်၊ တရားသဘော အကုန်လုံးတူတယ်၊ ကျေးဇူးပြုပုံ သတ္တိချင်းက မတူဘူး၊ ဟိုက အနန္တ ရက မိမိအခြား မရှိအောင်ဖြစ်ရင် နောက်က ထပ်ဖြစ်တဲ့ စိတ်က ကြားထဲ လပ်မနေစေနဲ့ ဆက်ဖြစ်၊ အဲဒီ ဆက်ဖြစ်နေအောင် ကျေးဇူး ပြုတာကိုတော့ အနန္တ ရသတ္တိလို့ ခေါ်တယ်။

အဲဒီ တရားတွေပဲ မရှိမှ ကျေးဇူးပြုတာနော်၊ {ဥပါဒ်, ဌီ, ဘင်} အဲဒီ သုံးချက်စလုံး မရှိမှ ကျေးဇူးပြုတာနော်၊ အဲဒီ မရှိမှ ကျေးဇူးပြုတာကို {နတ္ထိပစ္စည်း}လို့ ခေါ်တယ်၊ သတ္တိချင်း ကွဲလို့ ထပ်ပြီးတော့ ဟောတော်မူတာပါ၊ သက်သက် အပို ဟောတာ မဟုတ်ဘူး၊ သတ္တိက မရှိကို မရှိမှ ကျေးဇူးပြုနိုင် တာမို့လို့ {နတ္ထိပစ္စည်း}လို့ ဗုဒ္ဓမြတ်စွာက ဟောတော်မူပါတယ်။

၂၃-ဝိဂတပစ္စယော (ဝိဂတပစ္စည်း)

နတ္ထိပစ္စည်းနဲ့ သဘောတူ ဝိဂတပစ္စည်းတဲ့။

ဝိဂတပစ္စယော-နေရောင်ကွယ်ပျောက်, လရောင်ရောက်သို့, ကိုယ့်နောက် စိတ်စေး, ဖြစ်ခွင့်ပေးလျက်, ရှေးရှေးစိတ်၏ ကင်းပျောက်ခြင်းဟူသော သတ္တိထူး ဖြင့် ကျေးဇူးပြုနိုင်သော ဝိဂတပစ္စည်းတရားသည်။

နေရောင် ကွယ်ပျောက်တော့ လထွက်တဲ့ အချိန်ပေါ့နော်၊ နေရောင်ရှိတုန်း {လ} မထွက်နိုင်ဘူး၊ နေရောင်ကင်းမှ လရောင် လင်းနိုင်တယ်။

အဲဒီလိုပါပဲ ရှေးရှေးစိတ် စေတသိက်တွေ ကင်းသွားမှ နောက် စိတ် စေတသိက်တွေ ဖြစ်စေနိုင်တယ်၊ မကင်းလို့ရှိရင် မဖြစ်စေနိုင်ဘူး။

နတ္ထိနှင့် ဝိဂတ အထူး။ ။{နတ္ထိ} မရှိတာနဲ့ {ဝိဂတ} ကင်းသွာတာနဲ့ ဘာထူးသေးတုန်းလို့ဆိုတော့ ဟို ဘုန်းကြီးတို့ရဲ့ ရှေးရှေးဆရာတော်ကြီးတွေကလေ ချုပ်ပြီးတဲ့နောက် ဘာမှ မရှိတော့ခြင်းသည် မရှိလို့ ခေါ်တာ၊ ချုပ်ပြီး ဘာမှ မရှိတော့ဘူး။

တချို့က ချုပ်ပြီးတဲ့နောက် နည်းနည်းပါးပါးကလေး ကျန်သေးတယ်လို့, ချုပ်ပြီးပြီ၊ ဘာမှ မရှိတော့ဘူး၊ ဘာမှ မရှိမှ ကျေးဇူးပြုနိုင်တဲ့ သတ္တိကို{နတ္ထိ} သတ္တိလို့ ခေါ်ပါတယ်၊ ဘာမှ မရှိတဲ့ သတ္တိမျိုး မဟုတ်သေးဘူး၊ ကင်းသွားပြီ၊ {ဥပါဒ်, ဌီ, ဘင်} ကင်းသွားပြီ၊ ကင်းမှ ကျေးဇူးပြုနိုင်တဲ့ သတ္တိကို {ဝိဂတ သတ္တိ}လို့ ခေါ်ပါတယ်၊ နားလည်ပါစေနော်၊ {ဝိဂတ}ပစ္စည်းက ကင်းသွားပြီ၊ {နတ္ထိ}က မရှိတော့ဘူး၊ အဲဒါကြောင့်မို့လို့ ပစ္စည်းနှစ်မျိုး ဗုဒ္ဓမြတ်စွာက ခွဲပြီးတော့ ဟောပါတယ်၊ ဥပမာနဲ့ ရှေးဆရာတော်တွေက ပြလို့ ကျေးဇူးပြုပုံကို သိရပါတယ်။

ဝိဂတပစ္စယော-နေရောင်ကွယ်ပျောက်, လရောင်ရောက်သို့, ကိုယ့်နောက် စိတ်စေး, ဖြစ်ခွင့်ပေးလျက်, ရှေးရှေးစိတ်၏ ကင်းပျောက်ခြင်းဟူသော သတ္တိထူး ဖြင့် ကျေးဇူးပြုနိုင်သော ဝိဂတပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါပေသည်တကား၊ ဣတိ-ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှ ဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ ပါ၏ ဘုရား။

သာဓု _ သာဓု _ သာဓု။

၂၄-အဝိဂတပစ္စယော (အဝိဂတပစ္စည်း)

ဒီ ဝိဂတနဲ့ အဝိဂတ အပြန်အလှန် လာပြန်ရော၊ ခုနက {အတ္ထိ, နတ္ထိ}၊ ယခု {ဝိဂတ, အဝိဂတ}၊ ဒီ အဝိဂတပစ္စည်းက ကင်းပျောက်မသွားမှ ကင်းပျောက်သွားရင် ကျေးဇူးကို မပြုနိုင်ဘူး၊ အဲဒီ သတ္တိကို {အဝိဂတပစ္စည်း}လို့ ခေါ်ပါတယ်၊ ဒါကို ဘာနဲ့ တူတုန်းလို့ဆိုတော့ ဟို-သမုဒ္ဒရာရေထဲမှာ ငါးတွေ လိပ်တွေ နေကြတော့ သမုဒ္ဒရာရေက ငါးလိပ်တွေရှိတုန်း ကျေးဇူးပြုတာ၊ ငါး လိပ်တွေ တစ်စုံတစ်ယောက် ဖမ်းသွားလို့ ကုန်းပေါ် ရောက်သွားရင် သမုဒ္ဒရာရေက ကျေးဇူးမပြုဘူး၊ သမုဒ္ဒရာရေက ငါး လိပ်တွေကို မကင်းကွာဘဲနဲ့ အတူတကွ မကင်းကွာတုန်း ကျေးဇူးပြုတာမျိုး ကို {အဝိဂတ}ပစ္စည်းလို့ ခေါ်တယ်၊ အဲဒီလို တရားတွေ အပြန်အလှန် မကင်းမကွာဘူး ရှိနေကြတယ်၊ အဲဒီ မကင်းမကွာတဲ့အတိုင်း ကျေးဇူးပြုနိုင်တဲ့ သတ္တိကို အဝိဂတသတ္တိလို့ ခေါ်ပါတယ်၊ အတ္ထိပစ္စည်းနဲ့ အကုန်လုံးတူတယ်။

အတ္ထိနဲ့ အဝိဂတ အထူး။ ။ ဒါဖြင့် အတ္ထိပစ္စည်းနဲ့ အဝိဂတပစ္စည်း ဘယ်လို ထူးတုန်းလို့ဆိုတော့ အတ္ထိပစ္စည်းက {ဥပါဒ်,ဌီ, ဘင်}ရှိ {ဥပါဒ်}တုန်းလဲ ကျေးဇူးပြုတယ်၊ {ဌီ}တုန်းလဲ ကျေးဇူးပြုတယ်၊ {ဘင်}တုန်းလဲ ကျေးဇူးပြုတယ်၊ သူက သတ္တိတစ်မျိုး။

အဝိဂတပစ္စည်းက မကင်းမချုပ်ခင် ကျေးဇူးပြုတယ်၊ ဥပါဒ်,ဌီ,ဘင်တုန်းက ကျေးဇူးပြုပေမယ့် သူက ချုပ်ခါနီး ကျေးဇူးပြုတာက သတ္တိရှိတယ်။

ချုပ်ခါနီး မချုပ်သေးဘူး၊ ငါ မချုပ်သေးဘူး, မင်းတို့ မဖြစ်သေးနဲ့၊ (အံမယ် ဒီလိုကိုး၊){နောက်စိတ် မဖြစ်သေးနဲ့, ငါ မချုပ်သေးဘူး} ဒီလိုပေါ့လေ၊ လူကြီးတွေက {ငါ မသေသေးဘူး, ငါ့သား မင်းတို့ မနှိပ်စက်ပါနဲ့၊ ငါမသေ သေးဘူး, ငါ့သမီး မင်းတို့ မနှိပ်စက် မစော်ကားပါနဲ့} အဲဒါမျိုးလိုပဲ၊ သူ မကင်းမကွာခင် ကျေးဇူးပြုနိုင်တဲ့ သတ္တိကို အဝိဂတပစ္စယသတ္တိလို့ ခေါ်ပါ တယ်၊ သမုဒ္ဒရာထဲက ငါး လိပ်တွေကို သူမကင်းမကွာခင် ကျေးဇူးပြုတဲ့ အနေမျိုးကို ကျေးဇူးပြုကြပါတယ်လို့ ဥပမာပြကြပါတယ်။

အဝိဂတပစ္စယော-သမုဒ်နက်ရေ, ငါးလိပ်တွေကို, မကင်းလေဘဲ, ထောက်ပံ့ နဲသို့, ပစ္စဲပစ္စယုပ်, မကင်းချုပ်ဘဲ, ပစ္စုပ္ပန်အခိုက်၌ ထောက်ပံ့တတ်သော အဝိဂတသတ္တိထူးဖြင့် ကျေးဇူးပြုနိုင်သော ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ် သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါပေသည်တကား၊ ဣတိ- ဤသို့၊ ဗောဓေန္တံ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာရိုကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ ပါ၏ ဘုရား။

သာဓု _ သာဓု _ သာဓု။

သွားဆဲကာလ ဖြစ်ပျက်ရှု။ ။ ကောင်းလိုက်တာနော်၊ ဗုဒ္ဓမြတ်စွာရဲ့ဉာဏ်တော် ကြီးလေ၊ အာရုံပြုလို့, ချီးကျူးလို့ အားမရနိုင် လောက်အောင် ကောင်းတယ်နော်၊ အဲဒီ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ကြီးနဲ့ ဟောထားတော်မူတဲ့အတွက်ကြောင့်မို့လို့ ဘုန်းကြီးတို့ ခုနက ကိုယ်တော်များ ရွတ်သွားတဲ့ ဗုဒ္ဓမြတ်စွာက အားလုံး အနိစ္စတွေ {အို-အို-လူများ, သတိထားလော့၊ အားလုံး သတိထားလိုက်စမ်းတဲ့}။

{သွားဆဲကာလ, ခါသမယတွင်, ပထမခြေလှမ်း, ရုပ်နာမ်တန်းလည်း, လှမ်း ဒုတိယ, မရောက်ကြဘူး}၊ အနိစ္စ ဒုက္ခတွေ ပထမခြေလှမ်း, လှမ်းချင်တဲ့စိတ်က ဖြစ်တယ်လေ၊ လှမ်းချင်တဲ့စိတ်က ဖြစ်တော့ ပထမခြေလှမ်း လှမ်းလိုက်တယ်၊ ဟော-စိတ် စေတသိက် နာမ်တရားတွေ ဖြစ်တယ်၊ အဲဒီ နာမ်တရားတွေကြောင့် စိတ္တဇဆိုတဲ့ ရုပ်တရားတွေ ဖြစ်တယ်။

ပထမခြေလှမ်းမှာဖြစ်တဲ့ ရုပ်နာမ် စိတ် စေတသိက် ရုပ်တရားတွေဟာ ဒုတိယခြေလှမ်း မရောက်ဘူး၊ ဒီမှာ ပျက်ခဲ့တာပဲ။

{ဒုတိယခြေလှမ်း, ရုပ်နာမ်တန်းလည်း, လှမ်းတတိယ, မရောက်ကြဘူး}၊ ဒုတိယခြေလှမ်းမှာ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေဟာ တတိယခြေလှမ်း မရောက်ပါဘူး၊ ကောင်းပြီလေတဲ့၊ ဒီလို တစ်လှမ်းချင်းသာ မရောက်တာ မဟုတ်ဘူးတဲ့။

{တစ်လှမ်းတွင်လည်း, မြှောက်စဉ်တစ်မျိုး}တဲ့။

ဒီ ခြေထောက်ကို မြှောက်ဖို့ရန် စိတ်ဖြစ်မှ ခြေထောက်ကြီး မြောက်သွားတာ၊ မြှောက်တဲ့စိတ်ဖြစ်မှ ခြေထောက်ကြီး မြောက်သွားတာ၊ ဘယ်နည်းနဲ့ မြောက်တုန်း ဆိုတော့ ဘုန်းကြီးတို့က သိပ် ရှင်းတာ။

ဒီ စိတ်ကြောင့် ဖြစ်တဲ့ ရုပ်တွေက တစ်ကိုယ်လုံးဖြစ်တာ, စိတ်ဖြစ်ပြီဆိုလို့ ရှိရင် ဒီ စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် ရုပ်တွေက တစ်ကိုယ်လုံးဖြစ်တာ၊ တစ်ကိုယ်လုံးဖြစ်တော့ စိတ်က ခြေထောက်ကြီးကို မြှောက်ပြီးတော့, ကြွပြီးတော့ ရှေ့တိုးချင်တော့ကာ အဲဒီ စိတ္တဇရုပ်ထဲမှာပါတဲ့ ဝါယောဓာတ်က, လေဓာတ်က (ထို ပထဝီ အာပေါ တေဇော ဝါယောဆိုတဲ့ ဓာတ်ကြီး လေးပါးထဲက လေဓာတ်က) သတ္တိကောင်းလာတယ်၊ လေဓာတ်က သတ္တိကောင်းလာတော့ ခြေထောက်ကြီးဟာလေ ပထမဖြစ်တော့လဲ {ဝါယော}ဓာတ်ကြောင့် မသိမသာ လေး မြှောက်၊ ဒုတိယ ဖြစ်တော့လဲ စိတ် စေတသိက်တွေ ဖြစ်တဲ့နေရာမှာ ရုပ်ဓာတ်က ဝါယောဓာတ်ကြောင့် မသိမသာလေးမြှောက်၊ တတိယဖြစ်ပြန် တော့လဲ မသိမသာလေးမြှောက်။

လက်ဖျောက်တစ်ချက်တီးအချိန်မှာ ကုဋေတစ်သိန်းမက ဖြစ်တယ် မဟုတ် လား၊ အဲဒီတော့ မသိမသာ မြှောက်, မြှောက်, မြှောက်, မြှောက်လာရာက လက်ဖျောက်တစ်ချက်တီးအချိန်မှာ ခြေထောက်ကြီး မြှောက်ပြီးသား ဖြစ်သွား တယ်၊ ဒီ ဝါယောဓာတ်ကြောင့်, ဝါယောဓာတ်ကြောင့်။

{တစ်လှမ်းတွင်လည်း, မြှောက်စဉ်တစ်မျိုး, ရှေးတိုးတစ်ဖုံ}၊ ခြေထောက်ကြီး မြှောက်ပြီးတော့ ရှေ့တိုးရတယ်၊ ခုနကလိုပဲ စိတ်ကြောင့် ဖြစ်တဲ့ရုပ်တွေ ဆက်ဆက် ဆက်ဆက် ဖြစ်တဲ့နေရာမှာ ဝါယောဓာတ်ရဲ့ သတ္တိ ကြောင့် ခြေထောက်ကြီးဟာ ရှေ့တိုးသလို မြင်နေကြတာ၊ အမှန်ကတော့ ခြေထောက်ကြီး ရှေ့တိုးတာ မဟုတ်ဘူး၊ ဝါယောဓာတ်တွေက ရှေ့နား တိုး တိုး တိုးပြီးတော့ ရုပ်တွေဖြစ်အောင် ကျေးဇူးပြုနေတာ ရုပ်တွေက ရှေ့ တိုး တိုး တိုးပြီးတော့ ဖြစ်နေတယ်၊ စိတ်တွေကလဲ ရှေ့တိုး တိုး တိုးပြီးတော့ ဖြစ်စေလိုတဲ့စိတ်က ဖြစ်နေတယ်၊ အဲဒီ စိတ်ကြောင့် ရုပ်ကြောင့် ခြေထောက်ကြီး ရှေ့တိုးသွားတယ်။

{တစ်လှမ်းတွင်လည်း, မြှောက်စဉ်တစ်မျိုး, ရှေးတိုးတစ်ဖုံ, ရှောင်တုံ တစ်ဝ}တဲ့။

နောက်ခြေက ရှေ့ကို တိုးတော့ ရှေ့ခြေကို လွန်ရသေးတယ်၊ ရှောင်ရ သေးတယ်၊ ရှေ့ခြေကို ရှောင်တဲ့အခါ ဖြစ်တဲ့စိတ်တွေ ရုပ်တွေက ရှေ့ခြေကို ရှောင်တဲ့ အနေမျိုးနဲ့ချည်း ခဏကလေး ခဏကလေး လက်ဖျောက်တစ်ချက်တီး ထဲမှာ စိတ် စေတသိက်တွေ အများကြီး ဖြစ်ပြီးတော့ အများကြီး ပျက်နေတာ။

{ရှေးတိုးတစ်ဖုံ, ရှောင်တုံ တစ်ဝ, အောက်ချ တစ်ခင်း}တဲ့။

အောက်ချပြီ၊ ဝါယောဓာတ် သိပ်မစွမ်းဘူးနော်၊ ပထဝီဓာတ် စွမ်းလာပြီ၊ စိတ်က အောက်ချချင်လာပြီလေ၊ အောက်ချချင်တော့ ပထဝီဆိုတဲ့ဓာတ်က စွမ်းလာပြီ၊ ခြေထောက်ကြီး အောက်ကို ကျလို့။

အောက်ကျတော့ နင်းတဲ့နေရာ ထိပြီ၊ အောက်ကျတုန်းမှာ ဖြစ်တဲ့ရုပ်တွေ နာမ်တွေ ထိတဲ့နေရာ မရောက်ပါဘူး။

တစ်ခါ ထိတော့ကာ ဖိပြီးတော့ နင်းလိုက်၊ ဒီ အားလုံး အစိတ် ခြောက်ပါး ရှိတယ်နော်၊ ထိပြီးတော့၊ ထိပြီးတဲ့နောက် ဖိနင်းတယ်၊ ပထဝီဓာတ် လွန်ကဲနေတယ်၊ အဲဒီ အချိန်မှာ ဖြစ်တဲ့ ရုပ်တွေဟာ အဲဒီ အစိတ် ခြောက်ပါးမှာ တစ်စိတ် တစ်စိတ်ဖြစ်တဲ့ ရုပ်တွေ နာမ်တွေဟာ နောက်စိတ် ဒုတိယစိတ် မရောက်ဘူး၊ မရောက်ဘဲနဲ့ သူ့ ဖြစ်ရာ ဖြစ်ရာ အစိတ်မှာပဲ တကတည်း ချုပ် ချုပ်သွားလိုက်ကြတာ။

ဥပမာ-ဘယ်လိုတုန်းဆိုတော့ နှမ်းအိုးကင်းထဲမှာ နှမ်းတွေ ထည့်ပြီးတော့ လှော်လိုက်တဲ့အခါမှာ နှမ်းတွေ ဖျစ် ဖျစ် ဖျစ်မြည်ပြီးတော့ ကျက်ကုန်ကြသလိုပဲ၊ ရုပ် နာမ်တွေလဲ ဒီလိုပဲ၊ သူ့အပိုင်းနဲ့ သူ့အပိုင်းနဲ့ ဖြစ်ချုပ် ဖြစ်ချုပ်သွားလိုက် ကြတာ၊ အားလုံး အနိစ္စချည်းပါပဲ၊ မမြဲလို့ ရှိရင်တော့ အဖြစ်အပျက်ဒဏ် ခံနေရလို့ ဒုက္ခချည်းပါပဲ၊ အဲဒီ အဖြစ်အပျက်ဒဏ် ခံနေရလောက်အောင် မမြဲလို့ရှိရင် အတ္တ-ခိုင်မာတဲ့ အနှစ်သာရ ဘယ်မှာ ရှိမှာလဲ၊ အားလုံး အနတ္တ ကျည်းပါပဲလို့ တရားတော်က သိပ်ပြီးတော့ အနိစ္စ,ဒုက္ခ,အနတ္တကို ရှင်းထားတယ်။

{အို-အို-လူများ, သတိထားလော့၊ သွားဆဲကာလ, ခါသမယဝယ်, ပထမခြေလှမ်း, ရုပ်နာမ်တန်းတို့, လှမ်းဒုတိယ, မရောက်ကြဘူး၊ ဒုတိယလှမ်း, ရုပ်နာမ်တန်းလည်း, လှမ်းတတိယ, မရောက်ကြပင်, တစ်လှမ်းတွင်လည်း, မြှောက်စဉ် တစ်မျိုး, ရှေ့တိုး တစ်ဖုံ, ရှောင်တုံ တစ်ဝ, အောက်ချ တစ်ခင်း, ထိခြင်းတစ်လေ့, ဖိနင်းစေ့အောင်, တရွေ့ရွေ့မြန်း, ခြေလှမ်းပိုင်းခြား, စိတ်ခြောက် ပါးဝယ်, သွယ်သွယ်နာမ်တန်း, ရုပ်နာမ်တန်းတို့, နှမ်းအိုးကင်းထက်, နှမ်းတွေ ကျက်သို့, ဖြစ်ပျက်နေရ, အနိစ္စသည်, ဒုက္ခ အနတ္တချည်းပါတကား}။

သာဓု _ သာဓု _ သာဓု။

ခုနက အတိုင်းပေါ့လေ၊ တဖြည်းဖြည်းလေး အကုန်လုံး ပြန်ပြီးတော့ စဉ်းစားကြ၊ အနိစ္စ,ဒုက္ခ,အနတ္တချည်းပဲ၊ ခန္ဓာကိုယ်ထဲ သူ ငါ မရှိဘူး၊ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး၊ အတ္တ အကောင်အထည် မရှိဘူး၊ အဲဒီ အကြောင်းအရာတွေကို ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် သိလို့ သတ္တဝါတွေ သိအောင် ဟောတော်မူလိုက်တာ၊ ကိုယ်တော်တိုင် သိတော်မူတာကလဲ တအံ့တဩ၊ အဲဒီ သိတော်မူပြီးတော့ ဟောတော်မူလိုက်တာကလဲ တအံ့တဩကြီး။

ဒီ တအံ့တဩကြီးကို လိုက်ပြီးတော့ သူတော်ကောင်းတွေ သိလိုက်ကြတာလဲ မရေမတွက်နိုင်အောင် အသချေမက သတ္တဝါတွေလဲ သိလိုက်ကြတာ, ဝမ်းသာ စရာ ကောင်းလိုက်တာလို့, ဘုန်းကြီးတို့ကလေ အဲဒီ ဗုဒ္ဓမြတ်စွာရဲ့ တရားတော် တွေကို ကြည့်ပြီးတော့ စိတ်ကြီးဝင်တယ် ဆိုကြပါစို့။

အို-အို တို့ ဘုရား ကိုယ်တော်တိုင် သိတော်မူတာမှ သေသေချာချာသိ၊ အဲဒီ တရားတွေကို ပဋ္ဌာန်းပစ္စည်းနဲ့ သတ္တိတွေ ခွဲပြီးတော့ သိတော်မူလိုက်တာကလဲ သေသေချာချာ သိ။

သတ္တိတွေ ခွဲရုံတင် မကဘူး၊ အနန္တ ရပစ္စည်းများနဲ့ဆိုတော့ ဘယ်စိတ်ပြီး တော့ ဘယ်စိတ် ဖြစ်, ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ်။

ဥပမာ-ဒီ မျက်စိနဲ့ ရူပါရုံကို မြင်တယ်လို့ အားလုံးက သိနေကြတယ်နော်၊ ဘုန်းကြီးတို့က ဒါကို အသေးစိတ်ပြီးတော့ သတိထားလိုက်လို့ရှိရင်

ရူပံ ပထမစိတ္တေန, တီတံ ဒုတိယစေတသာ၊

နာမံ တတိယစိတ္တေန, အတ္ထံ စတုတ္ထစေတသာ။၁။ မဏိသာရမဉ္ဇူသာဋီကာ, ဒု-တွဲ၊ နှာ-၄၇၂။

ရူပါရုံတစ်ခုကို မြင်တယ်ဆိုရင်ပဲ စိတ်လေးမျိုး ကွဲလာပြီ၊ ပထမဆုံးမြင်တဲ့ စိတ်, မြင်တာပဲ ရှိတယ်၊ ဘာမှ မသိဘူး၊ အဖြူမှန်း အမည်းမှန်း ဘာမှကို မသိလိုက်ဘူး၊ မြင်ရက်သားနဲ့ မသိဘူး။

အဲ-ဟို မိမိတို့ အမှတ်တမဲ့ မြင်တာတွေ အများကြီးပေါ့၊ သိလိုက်ကဲ့လား, မသိလိုက်ဘူး၊ အဲဒီလိုပေါ့၊ မြင်တော့ မြင်တယ် မသိလိုက်ဘူး၊{ရူပံ ပထမစိတ္တေန} အဲဒီ မြင်တယ်ဆိုတုန်း ကတည်းက စိတ်တွေ ဘယ်လောက် ရှိသတုန်းလို့ဆို တော့ {စက္ခုဝိညာဏ်} မြင်တာသိ၊ မြင်တာ သိလို့ စကားပြောတော့ မြင်တာ ပါပဲ၊ မသိပါဘူး၊ မြင်တဲ့ဟာကို အသိလို့ ခေါ်လိုက်တာ၊ သိတော့ သိတယ်၊ ဒီလို မထင်ဘဲ မြင်တဲ့ အသိ၊ ဒါပဲ ပြောတယ်၊ ဘာမှ မသိဘူး။

စက္ခုဝိညာဏ် နောက်ကို အဲဒီ အာရုံကို လက်ခံတဲ့ {သမ္ပဋိ စ္ဆိုင်း}စိတ်၊ လက်ခံပြီးတော့ကို ဒီ စိတ်ကို စုံစမ်းတဲ့ {သန္တီရဏ}စိတ်, အာရုံကို စုံစမ်းတဲ့ သန္တီ ရဏစိတ် ဆက်ဖြစ်တယ်။

ဒီတော့ ဒါပါပဲလို့ {ဣဋ္ဌ}ပဲ {အနိဋ္ဌ}ပဲလို့ ဆုံးဖြတ်နိုင်လောက်တဲ့ အခြေအနေရှိတဲ့ {ဝုဋ္ဌော}စိတ် ဖြစ်တယ်၊ ဣဋ္ဌ, အနိဋ္ဌတောင် မဆုံးဖြတ်နိုင် သေးပါဘူးလေ၊ ဒီဟာ ဘာပဲ ဆုံးဖြတ်နိုင်တဲ့ ဝုဋ္ဌောစိတ် ဖြစ်တယ်၊ ပြီးတော့မှ {ဇော} ၇-ကြိမ် စောတယ်၊ {စက္ခုဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီ ရဏ, ဝုဋ္ဌော, ဇော ၇-ကြိမ်၊ ပြီးတော့မှ {တဒါရုံ}စိတ် နှစ်ကြိမ် ဖြစ်တယ်။

အဲဒီ ဟာတွေ ဘုန်းကြီးတို့ ဘယ့်နှယ်လုပ် သိမတုန်း၊ ဗုဒ္ဓမြတ်စွာ ဟောတော် မူလို့, ဘုန်းကြီးတို့မှာ ရှင်းလို့၊ အဲဒီလို စိတ် ဆိုပါတော့ပေါ့၊ အားလုံးတော့ ၁၇-ချက်လောက် ရှိပါတယ်၊ အဲဒီ ၁၇-ချက်လောက် ဖြစ်တဲ့ အချိန်မှာ ရူပါရုံကို သိပြီလားဆိုတော့ မသိသေးပါဘူး၊ မြင်တာပဲ ရှိတယ်၊ မသိဘူး၊ ဒါကြောင့် သွားရင်း လာရင်းဖြစ်နေတဲ့ စိတ်တွေဟာ နောက်စိတ်တွေ မဖြစ်လို့မို့ သူတို့ မသိဘူး။

{ရူပံ ပထမစိတ္တေန}ပထမစိတ် ဆိုတာ တစ်စိတ်တည်း မဟုတ်ဘူးနော်၊ ၁၇-ချက်အတွင်းပါတဲ့ စိတ်တွေ၊{တီတံ ဒုတိယစေတသာ} ခုနက ရူပါရုံကိုပဲ အာရုံပြုပြီးတော့ အတိတ်ရူပါရုံ အာရုံပြုပြီးတော့ {မနောဒွါရာဝဇ္ဇန်း, ဇော ၇- ကြိမ်} ဖြစ်ပါရော၊ တစ်စိတ်ပြီး တစ်စိတ်, တစ်စိတ်ပြီး တစ်စိတ်၊ အနန္တ ရ သတ္တိနဲ့ ကျေးဇူးပြုနေကြတာ။

{နာမံ တတိယစိတ္တေန} နာမည်ကလေးတော့ ပေါ်လာပြီ၊ ဟိုက ဘာ ရူပါရုံပဲ, ဆိုပါတော့ လူရဲ့ အဆင်းပဲ၊ နာမည် ဒီလောက် ပေါ်သေးတယ်၊ အဲ {မနောဒွါရာဝဇ္ဇန်း ဇော, ဇော, ဇော, ဇော, ဇော, ဇော, ဇော} သွားပြန်ရော။

ပြီးတော့မှ ဩော်-ဘာ ရူပါရုံပဲ, ဖြူတဲ့ ရူပါရုံပဲ ၊ {မောင်ဘယ်သူ, မိဘယ်သူ, မိဘယ်ဝါ}နဲ့ ရူပါရုံကိုပဲ အဲဒီလို သိရသေးတယ်၊ အဲ-သူ ဒီရူပါရုံကို နက်နက်နဲနဲ မသိနိုင်သေးဘူး၊ ဘယ်လောက်ကြာမှ သိတုန်းလို့ ဆိုတော့ ဒီစိတ် လေးမျိုး လေးမျိုး လေးစု ဖြစ်ပြီးတဲ့နောက်{မနောဒွါရ} သက်သက်နဲ့ ဒီအာရုံကို ကြည့်ပြန်ရော၊ ဟာ-ဒါ ဘယ်သူရဲ့ ရူပါရုံပဲ၊ ဒါလဲ {မနောဒွါရာဝဇ္ဇန်း ဇော, ဇော, ဇော, ဇော, ဇော, ဇော, ဇော} ဖြစ်ပြန်ရော၊ ဟင်-မလှပါဘဲလား၊ {မနောဒွါရာဝဇ္ဇန်း ဇော, ဇော, ဇော, ဇော, ဇော, ဇော, ဇော} ဖြစ်ပြန်ရော၊ အံမယ်-တယ်လှတယ်နော်၊ {မနောဒွါရာဝဇ္ဇန်း ဇော, ဇော, ဇော, ဇော, ဇော, ဇော, ဇော} ဖြစ်ပြန်ရော။

ဝီထိတွေ အများကြီး ကျတော့မှ ဘယ်သူ့ ရူပါရုံ, ဘယ်သူ့ အဆင်း၊ လှတယ်, မလှဘူး၊ ဒီလို ဆုံးဖြတ်တတ်တဲ့ စိတ်တွေဖြစ်တယ်၊ စိတ်ပေါင်းကိုလေ, ဒီ ကြားထဲဖြစ်တဲ့ ဘဝင်ကို မပြောနဲ့၊ တကယ့်ကို အရာထင်တဲ့ စိတ်တွေကို အများကြီး ဖြစ်တော့မှ ဘာ ရူပါရုံလို့ သိရပါတယ်၊ အမယ်-ကြာလှပါလား နော်၊ သိတော့ သိပ်မြန်တာပဲ၊ အို-လက်ဖျောက်တစ်ချက်တီးမှာ ကုဋေတစ်သိန်း မက စိတ်တွေ ဖြစ်နေတဲ့ဟာ ဘာ ကြာလိမ့်မတုန်း, အကုန်လုံး ဒီ စိတ်တွေ ဖြစ်တာပေါ့လို့။

{ရူပံ ပထမစိတ္တေန, တီတံ ဒုတိယစေတသာ} အဲဒီလို ဘုန်းကြီးတို့မတော့ လေ, ဝီထိတွေချပြီး ဗုဒ္ဓမြတ်စွာရဲ့ နောက်ကလိုက်ပြီး ရဟန်း သံဃာတော်ကြီး တွေက စပြီး ပြထားလို့, ဘုန်းကြီးတို့ကျတော့လေ၊ အို-စိတ်ကြီးဝင်မယ်ဆို ဝင်စရာကြီး၊ လူတွေ လုံးလုံးမသိနိုင်တဲ့ အသိတွေကို အများကြီး သိထားတော့ ဘာဖြစ်သွားတုန်းဆိုတော့ ငြိမ်သက်တဲ့ နေရာမှာ ဒီတရားတွေ စဉ်းစားလို့ ရေးလို့, ဒီ တရားတွေ ပြောလို့, ဒီတရားတွေ အာရုံယူပြီးတော့ အနိစ္စတွေ, အနိစ္စတွေ၊ ဖြစ်ပျက် ဖြစ်ပျက်၊ အဲဒီလို တွေးနေရတော့ ဩော်-ဗုဒ္ဓမြတ်စွာရဲ့ သာဝက, ဗုဒ္ဓမြတ်စွာရဲ့ တပည့်ဖြစ်ရတာဟာ အင်မတန် ကောင်းပါလား။

ဘယ်လောက် ကောင်းတုန်း, ကမ္ဘာကမ္ဘေ လွန်သော်လဲ ဒီ ဘုရား မတွေ့ ရဘူး၊ ဒီ ကမ္ဘာကမ္ဘေ လွန်သော်လဲ မတွေ့ရတဲ့ ဗုဒ္ဓမြတ်စွာရဲ့ သာဝကတပည့်, ဆိုပါတော့ ဒကာ, ဒကာမ၊ အဲဒီလို ဖြစ်ရတာဟာ သိပ်ကောင်းပါလားလို့ ဝမ်းသာလိုက်တာ၊ ပီတိဖြစ်လိုက်တာ၊ ဒီ ဘုရားရဲ့ တပည့်သား သာဝက, ဒီ ဘုရား သာသနာကို ပြုနေတဲ့ ဆရာသမား၊ ဒီ ဘုရားရဲ့ သာသနာကို ပြုနေတဲ့ ဒကာ, ဒကာမ၊ အမလေး-အဲဒီ ကမ္ဘာများစွာ လွန်ပေမယ့် မဖြစ်ဖူးဘူး၊ ယခု ဖြစ်ရတာ ဟာ-သိပ်ကောင်းပါလားလို့ ပီတိတွေ ဖြစ်ပြီးတော့ စိတ်ကြီး ဝင်တယ်, စိတ်ကြီးဝင်တယ်။

ဘုန်းကြီးတို့က ဒီ တရားတွေကို စဉ်းစားပြီးတော့ ဆိတ်ဆိတ်ငြိမ်ငြိမ် နေရာများမှာလေ စဉ်းစားပြီးတော့ နေလိုက်မှဖြင့် အနိစ္စ, ဒုက္ခ, အနတ္တတွေ ကွက်ကွက်ကွင်းကွင်း ထင်လာလို့ ဝမ်းသာလိုက်တာ၊ ဒီ ဗုဒ္ဓမြတ်စွာနဲ့ တွေ့ပြီး တော့ ဒီတရားတွေ သိရတာဟာ ကြံစည်နေရတဲ့ အကြံအစည်ဟာ ဘာ အကြံ အစည်နဲ့မှ မတူအောင် သိပ်ပြီးတော့ ကောင်းပါလားလို့ အင်မတန် ဝမ်းမြောက် သွားတယ်နော်။

ဘုရားသားတော် ဖြစ်ရ၍ အားရဝမ်းမြောက်

{သယံ ဗုဒ္ဓေါ သမ္ဗောဓေသိ, ဓမ္မေပိ ဓမ္မသတ္တိယော၊ အဟော နော တဿ သုတတ္တံ, အဟော နော ဓမ္မစိန္တနံ။}

{ယော ဇိနော-မကိုဋ်ရောင်လျှံ, ဦးသျှောင်ပျံဝယ်, အောင်လံစွင့်စွင့်, လွှင့် တလူလူ, အကြင် အောင်တော်မူ မြတ်စွာဘုရားသည်၊ ဓမ္မေပိ-ရှေ့နောက် စဉ်လျက်, ဖြစ်တိုင်းပျက်၍, ဆက်ဆက်မနှော, တရားသဘောတို့ကိုလည်းကောင်း။} ဝီထိသဘောနဲ့လေ, ဘာဖြစ်ပြီးတော့ ဘာဖြစ်, ဘာဖြစ်ပြီးတော့ ဘာဖြစ်၊ ရှေ့နောက် စဉ်ပြီးတော့ ဖြစ်နေတဲ့ဟာကိုလဲ ဗုဒ္ဓမြတ်စွာက ဟောတော်မူတယ်၊ ဖြစ်ပြီးရင်လဲပဲ ဖြစ်ပြီးပျက်, ဖြစ်ပြီးပျက်, ဖြစ်ပြီးပျက်၊ တစ်ခုနဲ့ တစ်ခု ဆက် မသွားဘူးနော်၊ ဖြစ်ဖြစ်ပြီးတော့ ပျက်ပျက်သွားတယ်၊ တရားသဘောတွေကို ဗုဒ္ဓမြတ်စွာက ဟောတော်မူတယ်။

{ဓမ္မေပိ-ရှေ့နောက်စဉ်လျက်, ဖြစ်တိုင်းပျက်၍, ဆက်ဆက်မနှော, တရား သဘောတို့ကိုလည်းကောင်း၊ ဓမ္မသတ္တိယော-တရားတိုင်း၏, ဓာတ်ခံပြည့်လျက်, သတ္တိအင်အား, စွမ်းပကားတို့ကိုလည်းကောင်း။}

စိတ် ဝိညာဏ်၊ ဝိညာဏ်က ဘယ်တရား၊ ဘယ်တရားတွေကို ကျေးဇူးပြု နေတယ်၊ ဒီလိုလဲပဲလေ ဗုဒ္ဓမြတ်စွာက ဟောတော်မူလိုက်တာ၊ အဲဒီ စိတ် နောက်ကပါတဲ့ {ဖဿ}တို့၊ အို-{ဖဿာဟာရ}နဲ့ ကျေးဇူးပြုတယ်၊ ဝေဒနာ ကျတော့ကော {ဝေဒနာဟာရ}နဲ့ ကျေးဇူးပြုနေတယ်၊ အဲ-သညာကျတော့လဲ သညာအတိုင်း ကျေးဇူးပြုတယ်၊ စေတနာကျတော့လဲ {စေတနာဟာရ}နဲ့ ကျေးဇူးပြုတယ်၊ တရား တစ်ပုဒ် တစ်ပုဒ် တရား တစ်ပါး တစ်ပါးမှာ ခု ပဋ္ဌာန်းပစ္စည်းနဲ့ ယှဉ်ပြီးတော့ ဟောတော်မူလိုက်တာ။

ရုပ်တွေမှာလဲပဲ ဓာတ်ကြီးလေးပါး အချင်းချင်း ကျေးဇူးပြုတယ်၊ အဲဒီ ပထဝီဓာတ်,တေဇောဓာတ်,ဝါယောဓာတ်,အာပေါဓာတ်,ဓာတ်ကြီးလေးပါးက အတူတူ နောက် ဖြစ်တဲ့ ဥပါဒါရုပ်တွေကို ကျေးဇူးပြုတယ်၊ သိတော်မူလိုက်တာ, ဟောတော်မူလိုက်တာ။

{သယံ ဗုဒ္ဓေါ သမ္ဗောဓေသိ, ဓမ္မေပိ ဓမ္မသတ္တိယော၊ သယံ ဗုဒ္ဓေါ-ဗောဓိမဏ္ဍိုင်, ခန်းဝါမြိုင်ဝယ်, ကိုယ်တိုင်စတင်, သိမြင်တော် မူပြီးသည်ဖြစ်၍။}ဟို-အမှတ်တမဲ့ကလေးနော်၊ ဒီအသိ, ဒီဉာဏ် ရတော်မူအောင်, ဒီဉာဏ်တော် ကြီး ရတော်မူအောင် အသက်,စည်းစိမ်ပေါင်းများစွာ စွန့်ပြီးတော့ ဒါန ပြုခဲ့ရပါတယ်နော်၊ ဂုဏ်ပကာသနဒါန တစ်ခုမှမပါဘူး၊ ဒါန စစ်စစ်ကြီးကို {လေး အသခေျနှင့် ကမ္ဘာတစ်သိန်း} ပြုခဲ့ရပါတယ်နော်၊ သီလတွေ ငါးပါးသီလ ကနေ စပြီးတော့ ဆောက်တည်ခဲ့ရပါတယ်, ဖြည့်ခဲ့ရပါတယ်နော်၊ ဒီ သိတဲ့ အချိန်ကလေးကသာ ဗောဓိမဏ္ဍိုင်မှာ သဗ္ဗညုတဉာဏ်တော်ကြီးရတယ်၊ ဒီ ရပါမယ့်အကြောင်း ရှေးက အထောက်အပံ့တွေ အသက်ကိုတောင် စွန့်ခဲ့ရပါ တယ်နော်။

{သယံ ဗုဒ္ဓေါ-ဗောဓိမဏ္ဍိုင်, ခန်းဝါမြိုင်ဝယ်, ကိုယ်တိုင်စတင်, သိမြင် တော်မူပြီးသည်ဖြစ်၍၊ သမ္ဗောဓေသိ-သိတန်သမျှ, ဝေနေယျကို, မြွက်ဟ လှစ်ဖော်, သိစေတော်မူခဲ့လေပြီ။}

သိတန်သမျှ ခု ဘုန်းကြီးသိတာ သိတန်သမျှလေးပါ၊ ဗုဒ္ဓမြတ်စွာ သိသလို အဝေးကြီး, အဝေးကြီး၊ ဘုန်းကြီး မပြောနဲ့, ကန်တော့ပါရဲ့၊ မယှဉ်သာအောင် ပညာကြီးတဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်တိုင် ဗောဓိမဏ္ဍိုင်မှာ ဗုဒ္ဓမြတ်စွာ သိတော်မူတဲ့ အသိမျိုးကို မသိပါဘူး၊ အဲဒီလောက် ကြီးကျယ်တဲ့ ဉာဏ်တော် ကြီးနဲ့ အဲဒီလောက် ကြီးကျယ်တဲ့ တရားတော်တွေကို ဟောတော်မူခဲ့ပါတယ်။

{တဿ ဇိနဿ-အောင်မြေနက်သန်, ဗောဓိမဏ်ဝယ်, အောင်လံစွင့်စွင့်, လွှင့်တလူလူ, ထို အောင်တော်မူ မြတ်ဘုရား၏၊ သုတတ္တံ-တရားဓမ္မ, ဩဝါဒ ကို, ကြားရရွှင်ပျော်, သားတော် သမီးတော် ဖြစ်ရခြင်းသည်၊ အဟော နောကိုယ့် တွက်ကိုယ့်တာ, ကိုယ်ကျိုးပါသဖြင့်, ကိုယ့်မှာခုနှယ်, ဩော်-ဝမ်းမြောက် ဖွယ်ကြီးပါတကား။}

ဒီ ဗုဒ္ဓမြတ်စွာရဲ့ ဩဝါဒတွေကို ကြားနာပြီးတော့ နေရတာ ငါ ဗုဒ္ဓမြတ်စွာရဲ့ သားတော်, ငါ ဗုဒ္ဓမြတ်စွာရဲ့ သမီးတော်, ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးကို ချီးမြှောက်နေတဲ့ သမီးတော်၊ အဲဒီလို ဖြစ်ရမယ့်ဟာ မဖြစ်ခဲ့ပါဘူး, မဖြစ်ခဲ့ပါဘူး၊ ကမ္ဘာပေါင်းများစွာ လွန်ပေမယ့် မဖြစ်ခဲ့ပါဘူး။

{အဟော နော-ကိုယ့်တွက်ကိုယ့်တာ, ကိုယ်ကျိုးပါသဖြင့်, ကိုယ့်မှာခုနှယ်, ဩော်-ဝမ်းမြောက် ဖွယ်ကြီးပါတကား၊ ဓမ္မစိန္တ နံ-ဓမ္မသက်သက်, ရှေ့နောက် ဆက်၍, ဖြစ်ပျက်နေဟန်, ကြောင်းကျိုးမှန်ကို, ဖန်ဖန်ခွဲဝေ, ကြံစည်၍နေရ ခြင်းသည်။}

တိတ်ဆိတ်တဲ့ နေရာမှာ တရားတွေ တွေးပြီးတော့ ကြံနေရတာတွေ သိပ် ကောင်းတာပဲ, သိပ်ကောင်းတာပဲ၊ တရားတွေချည်းပဲ၊ ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ မရှိ၊ ဒီ တရားသဘောတွေသာ ရှိနေတယ်၊ တရားသဘောတွေကလဲ ရှေ့နောက် ဆက်ပြီးတော့ ဖြစ်ပျက်, ဖြစ်ပျက်, ဖြစ်ပျက် ဒီလို နေတယ်လို့ ဒါတွေ တွေးပြီးတော့ နေရတဲ့ဟာ သိပ်ကောင်းပါလားလို့။

{ဓမ္မစိန္တ နံ-ဓမ္မသက်သက်, ရှေ့နောက်ဆက်၍, ဖြစ်ပျက်နေဟန်, ကြောင်း ကျိုးမှန်ကို, ဖန်ဖန်ခွဲဝေ, ကြံစည်၍နေရခြင်းသည်၊ အဟော နော-ကိုယ့်သန္တာန် တွင်း, ဉာဏ်ရောင်လင်း၍, ရှင်းကာရှင်းကာ, ဩော်-အားရဖွယ်ကြီးပါတကား။}

သာဓု _ သာဓု _ သာဓု။

နိဗ္ဗာန်ထိ သိအောင်လုပ်။ ။ ဘုန်းကြီးတို့က ဒီနည်းနဲ့ သာသနာတော်ကြီးကို ချီးမြှောက်နေတာ၊ ဒီနည်းနဲ့ ဒီသာသနာ့ဝန်ကြီးကို ထမ်းနေတာ၊ ဘုန်းကြီးတို့ရဲ့ ဒကာ, ဒကာမတွေကို ဒီနည်း သိပါစေတော့လို့, ဘုန်းကြီးတို့ရဲ့ ရဟန်းတော်တွေ သာမဏေများ ဒီနည်းအတိုင်း လိုက်နိုင်ပါစေ တော့လို့၊ ဒီ ဩဝါဒတွေ ရှောင်လွှဲလို့ မရဘူး၊ ဘုန်းကြီးတို့က ဒီနည်းအတိုင်း နေရာက ရှေ့တိုးဖို့သာ ရှိတယ်၊ ဘုန်းကြီးတို့ရဲ့ ဒကာ, ဒကာမတွေ ဒီအတိုင်း သိရာက ရှေ့တိုးဖို့သာ ရှိတယ်၊ နောက် ပြန်ဆုတ်ပြီးတော့ အပေါစားနေလို့ မဖြစ်ဘူး၊ ဘုန်းကြီးတို့ ကျောင်းက သံဃာတော်တွေ ဒီအတိုင်း နေရာက ရှေ့တိုးဖို့သာ ရှိတယ်၊ ပြန်ပြီးတော့ လျှော့ပေးလိုက်ဖို့ ဘုန်းကြီးမှာ မရှိဘူး။

သူတို့က ဘုန်းကြီးကို ဆန့်ကျင်ဘက် လုပ်ပြီးတော့ကို အရှင်ဘုရားညွှန်တဲ့ လမ်းအတိုင်း တပည့်တော်တို့ မလိုက်နိုင်ပါဘူးဆိုရင် ဘုန်းကြီးက ခွဲရပါ့မယ်၊ ဒီပရိသတ်တွေအတွက် ဘုန်းကြီးက လျှော့မပေးနိုင်ပါဘူး၊ မှန်လွန်းလို့,မှန်လွန်းလို့၊ ယခု ပဋ္ဌာန်းအဓိပ္ပာယ်တွေ, ပဋ္ဌာန်းနဲ့ဆိုင်တဲ့ သုတ္တန်အဓိပ္ပာယ်တွေ ပြောရင်း ပြောရင်းက တစ်ခါတလေ ငါ တစ်ယောက်တည်း နေမှ ထင်ပါရဲ့, ဖြစ်မှာ မဟုတ်ပါဘူး ထင်ပါရဲ့၊ တစ်ချိန်တုန်းကများ ဒီစိတ်ကို အမြဲ ဖြစ်သွားတယ်။

ဒါကြောင့် လျှော့ပေးလိမ့်မယ်လို့ မထင်လိုက်ပါနဲ့၊ တို့ ဘယ်လို လိုက်နိုင် မယ် ဆိုတာကိုသာ ကြိုးစားကြပါ၊ လိုက်နိုင်သရွေ့ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ နီးလွန်းလို့, နီးလွန်းလို့၊ ကောင်းပြီ၊ ဒီလို သိရတော့ သိရုံနဲ့ပဲ ကျေးဇူးများသလားဆိုတော့ သိတာကတော့ ကောင်းပါတယ်၊ ဒါပေမယ်လို့ သိသည့်အတိုင်း တွေးပြီးတော့ {ရုပ် နာမ်သာ ရှိတယ်၊ ပုဂ္ဂုလ် သတ္တဝါ သူ ငါ မရှိ၊ ရုပ်သာ ရှိတယ်၊ နာမ်သာ ရှိတယ်၊ ပုဂ္ဂုလ် သတ္တဝါ သူ ငါ မရှိ} အဲဒီထိအောင် လိုက်ရပါတယ်။

အမယ် သိရုံနဲ့တောင်မှ မပြီးသေးဘူးတဲ့လား၊ မပြီးသေးပါဘူး၊ ရုပ်နာမ်သာ ရှိတယ်၊ ပုဂ္ဂုလ် သတ္တဝါ သူ ငါ မရှိ၊ အဲဒီ ထိအောင်ကို လိုက်ကို လိုက်ရမှာ ပါ၊ ပုဂ္ဂုလ် သတ္တဝါ သူ ငါ မရှိလို့ သိရုံနဲ့ တာဝန်ကျေပြီလားလို့ဆိုတော့ ဘယ်ဟုတ်မလဲ၊ အားလုံး ရုပ်နာမ်တွေဟာ ဖြစ်ပျက် အနိစ္စ, ဒုက္ခ, အနတ္တ၊ ဒီလို သွားရပါမယ်၊ တစ်ဆင့် တက်ရပါမယ်၊ အားလုံး ရုပ်နာမ်တွေဟာ ဖြစ် ပျက်, အနိစ္စ, ဒုက္ခ, အနတ္တ၊ အနိစ္စ, ဒုက္ခ, အနတ္တ၊ ဒီမှာ သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်ပြီးတော့ ရှေ့တက်သွားပြီး အထပ်ထပ် အခါခါ ရှုလို့ရှိရင်တော့ဖြင့် အဝိဇ္ဇာ ကင်းပြီးတော့ တဏှာ လောဘတွေ လျော့သွားမယ်၊ သိပ်ကျေးဇူး များလာပြီ၊ ဒါကြောင့် သိရုံနဲ့လဲ မပြီးသေးပါဘူး။

အနိစ္စ, ဒုက္ခ, အနတ္တလို့ ရှုရပါမယ်၊ အနိစ္စ, ဒုက္ခ, အနတ္တလို့လဲ ရှုရုံနဲ့ မပြီးသေးပါဘူး၊ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဝိဇ္ဇာ မောဟ မှောင်ကြီး ကင်းပြီးတော့မှ တဏှာ လောဘတွေ လျော့သွား, လျော့သွားရာက ကုန်သွား၊ ကုန်သွားတယ်ဆိုတော့ အရိယာအောက်တန်းဖြစ်၊ သိပ် လျော့သွားတယ်ဆိုတော့ အရိယာ အလယ်တန်းဖြစ်၊ သိပ်ကုန်ခန်းသွားတယ်ဆိုတော့ အရိယာရဟန္တာကြီး ဖြစ်လို့၊ အဲဒီကျမှ အို, နာ, သေရေး ဒုက္ခဘေးက လွတ်ပြီးတော့ အသခတ နိဗ္ဗာနဓာတ် အဖြစ်နဲ့ ကျန်ရစ်မှာပါ။

အဲဒီထိအောင် သိနိုင်မှ ဘုန်းကြီးတို့ အသိဟာ ကျေးဇူးများတယ်လို့ နားလည်စမ်းပါနော်၊ ဒီလို နားလည်စမ်းပါ၊ ဒီတော့ ဘုန်းကြီးက ကောင်းတော့ဖြင့် သိပ်ကောင်းနေပြီ။

မဂ္ဂင်ရထား စီး၍သွား

သမ္ပတ္တိစက်လေးပါး။ ။ တရားကလဲ သိပ်ကောင်းပြီ၊ တရားကို အဆင့်ဆင့် သိဖို့ လမ်းညွှန်တာကလဲ သိပ်ကောင်းနေပြီ၊ နောက်ဆုံး အဝိဇ္ဇာ ကုန်ခန်းလို့ ရဟန္တာဖြစ်တဲ့အထိ လမ်းက ညွှန်နေပြီ၊ အာသဝေါကုန်ခန်း တဏှာကုန်ခန်းလို့ ရဟန္တာဖြစ်တဲ့အထိ လမ်းက ညွှန်နေပြီ၊ သိပ်ကောင်းပြီ, သိပ်ကောင်းပြီ၊ ဒုက္ခခပ်သိမ်း အေးငြိမ်းသွားပြီဆိုတော့ ဘုန်းကြီးတို့က ပြန်ပြီး တော့ တို့ရှေးကံက အင်မတန် ကောင်းတယ်၊ ပုဗ္ဗေစ ကတပုညတာ-တို့ ရှေးကံကို ကောင်းကောင်း ပြုခဲ့ပြီ၊ သိပ်ကောင်းတာပဲ၊ ဘယ်သူ ဘယ်ဝါနဲ့ ပြုခဲ့တယ်တော့ မသိဘူး။

ရှေးက ဆွေမျိုး မိဘ ဆရာသမားတွေက, ရှေးရှေးဘဝ ဆွေမျိုး မိဘ ဆရာသမားတွေက သိပ်ကောင်းခဲ့လို့ တို့ ရှေးကတော့ ကံကောင်း ပြုခဲ့ပြီ၊ ကံကောင်းပြုခဲ့လို့ ဒီဘဝမှာ ပဋိသန္ဓေနေတယ်ဆိုရင်ပဲ ပဋိရူပဒေသ-သင့်တင့် လျောက်ပတ်တဲ့ ဒေသမှာ တို့ ပဋိသန္ဓေနေရတယ်၊ ရှေးကံ ကောင်းလေစွ၊ ရှေးက ဘယ်မိ ဘယ်ဘ ဘယ်ဆွေ ဘယ်မျိုး ဘယ်ဆရာသမားတွေနဲ့ ပြုခဲ့ တယ်တော့ မသိဘူး၊ ရှေးကံ တို့ ကောင်းလေစွ၊ ရှေးကံက ကောင်းလို့မို့ တို့ ဖြစ်နေရတဲ့ ဒေသဟာ {ပဋရူပဒေသ} သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့ ဒေသပဲ။

ဒီမှာ ပြောစရာရှိတယ်၊ {အရှင်ဘုရား-စားရေးသောက်ရေးကလဲ သိပ် မကောင်းလှဘူး၊ ဟို နိုင်ငံခြားတွေမှာတော့ သိပ်ပြီးတော့ အထက်တန်းကျတာပဲ၊ သူတို့က သာပြီးတော့ ပဋိရူပဒေသ မဖြစ်ပါပေဘူးလား၊ တပည့်တော်တို့ ရောင်းရေးဝယ်ရေးတွေမှာ အင်မတန် ဆင့်တောင့်ဆင်းရဲ ဖြစ်ပါတယ်၊ သူတို့ မှာတော့ တကတည်း တစ်နေ့မှာ သန်းပေါင်းများစွာဝင်တဲ့ သူဌေးကြီးတွေ တောင် ရှိပါတယ်၊ တပည့်တော်တို့ဆီမှာ မရှိပါဘူး၊ သူတို့ဆီက သာပြီးတော့ ပဋိရူပဒေသ မဖြစ်ပေဘူးလား}လို့ ဆိုတော့ ဘုန်းကြီးက အဲဒီထက်, သူတို့ထက် နတ်ပြည်က သာပြီးတော့, ဒီလိုသာ တွေးကြစတမ်းဆိုလို့ရှိရင် နတ်ပြည်က သာပြီးတော့ {ပဋရူပဒေသ}ဖြစ်မှာပေါ့၊ ဒီလိုသာ တွေးတမ်း ဆိုလို့ရှိရင် ဘုန်းကြီး ပြောနေတဲ့ {ပဋရူပဒေသ}က ရှေ့ကို အဆက်ကောင်းတာ မကောင်းတာ ပြောနေတာပါနော်၊ ရုတ်တရက် ကလေး ခံစားဖို့ရန်အရေးကို တွေးပြီးတော့ ပြောနေတာ မဟုတ်ပါဘူး၊ ရုတ်တရက် ခံစားဖို့အရေးကို ကြည့်ပြီးတော့ ပြောနေလို့ရှိရင် နိုင်ငံခြားမှာ တစ်နေ့တည်းနဲ့ သိန်းပေါင်းများစွာ ဝင်နေတဲ့ သူဌေးကြီးတွေထက် သာတဲ့ နတ်ပြည်ရှိပါတယ်။

ရှိတဲ့ နတ်ပြည်က ဘာသာတာတုန်း, သူဌေးကြီးက ဘယ်လောက်ပေါပြီး တော့ ဘယ်လောက် အစာစားတယ် ဆိုပေမယ်လို့ သူတို့စားတဲ့ အစာတွေက အဖတ်အကာချည်းပဲ၊ ဟိုက နတ်သမီး နတ်သားတွေ စားတဲ့ အစာတွေက အဖတ်အကာ ဘာမှ မရှိဘူး၊ ဘာပြုလို့ အဖတ်အကာ မပါမှန်းသိလဲ ၊ သူတို့ အစာက ကျင်ကြီး ကျင်ငယ် မဖြစ်ဘူး၊ ဒီ သူဌေးကြီးတွေ ကျင်ကြီး ကျင်ငယ်နဲ့, ကျင်ကြီး ကျင်ငယ်သွားတဲ့ လမ်းကလေးကို အင်မတန် ကောင်းအောင် လုပ်ပြီးတော့ အိမ်သာတွေ လုပ်ထားရတယ်။

ဟိုက မရှိဘူး, အိမ်သာတွေ မရှိဘူး၊ ဥတုက ဒီမှာ နေအောက်မှာ နေရ တော့ နေရဲ့ အလှည့်အတိုင်း ပူလိုက်တာက တစ်မျိုး၊ အေးလိုက်တာက တစ်မျိုး၊ ဟို တာဝတိံသာ နတ်ပြည်ဆိုတာက နေအထက် အဝေးကြီး, အဝေးကြီး၊ အပူအအေးမျှလို့, ဥတုမျှလို့၊ နတ်သမီး နတ်သားတွေ ယပ်တစ်ခပ်ခပ်နဲ့ မနေပါဘူး၊ အင်မတန် သာယာတယ်, အင်မတန် သာယာတယ်၊ အစာရှာရတဲ့ ဒုက္ခ နတ်ပြည်မှာ မရှိဘူး၊ ဘာမှ မရှာရဘူး၊ ကံအလိုက်ပဲ၊ လွယ်လွယ်ကလေး စားစရာတွေက အဆင်သင့်, နေစရာတွေက အဆင်သင့်၊ စိတ်ကလဲ အင်မတန် ချမ်းသာတယ်။

အဲ ကံကလဲ အင်မတန် ကြီးကျယ်တယ်၊ စိတ်ကလဲ အင်မတန် ချမ်းသာ တယ်ဆိုတော့ ဖြစ်တဲ့ ရုပ်ကလေးတွေကလဲ ကြည်လို့, ဥတုကလဲ အင်မတန် ကောင်းတယ်ဆိုတော့ ဥတုကြောင့်ဖြစ်တဲ့ ရုပ်ကလေးတွေကလဲ အင်မတန် ကောင်းလို့။

အာဟာရကလဲ အင်မတန် ကောင်းတယ်ဆိုတော့ ဒီ နတ်သား နတ်သမီး တွေ နတ်သုဒ္ဓါလေးတွေ စားနေကြတာဖြစ်တော့ အာဟာရကြောင့် ဖြစ်တဲ့ ရုပ်ကလဲ ဘေးကင်း ရန်ကင်း, အင်မတန်ကောင်းလို့၊ ဒီတော့ လောကီစည်းစိမ် ချမ်းသာတဲ့ နေရာကို {ပဋိရူပဒေသ}လို့ ပြောကြစတမ်း ဆိုရင်တော့ နတ်ပြည်က သိပ်ချမ်းသာတာပဲ, သူတို့ နိုင်ငံခြားထက် သာပါတယ်။

ဒါဖြင့် အရှင်ဘုရား_နတ်ပြည် မသွားချင်ဘူးလား၊ ပြော ယုံမှာ မဟုတ်ဘူး၊ မသွားကို မသွားချင်ဘူး၊ ဒီ တရား သိနေတာနဲ့ကို မသွားချင်တာ၊ ဘာပြုလို့တုန်း, ချမ်းသာလို့ ပျော်ကြတော့ မေ့နေကြတယ်၊ အဲဒီဟာ ကြောက်လို့ မသွားချင် တာ၊ တရားရှုနေမယ် ဆိုလို့ရှိရင်တော့ နတ်ပြည် တက်ပြီးတော့ တပည့်တပန်းတွေ စာဝါပြောလို့, စာတွေရေးလို့ ဒကာ ဒကာမတွေကို တရားဟောလို့ နေရမယ် ဆိုလို့ရှိရင်တော့ နတ်ပြည် နေချင်တာ အမှန်ပဲ၊ ခုတော့ နတ်ပြည်ကျတော့ ဒီ ဒကာ ဒကာမတွေကို တရားဟောလို့မရ, ဒီ တပည့်တပန်းတွေကလဲ တရား ကျင့်မှာ မဟုတ်ဘူး၊ ဒီတော့ နတ်ပြည်ကို အဟုတ် မသွားချင်တာ၊ ချမ်းသာမှန်း အသိသားပဲ၊ ဒါကြောင့် ဘုန်းကြီးက ဒီတရားရှိတဲ့ နိုင်ငံကို ပဋိရူပဒေသလို့ ဆုံးဖြတ်ထား ပါတယ်။

ရှေးကံက ဘယ်လောက် ကောင်းသလဲဆိုရင် တရားရှိတဲ့ ဒီနိုင်ငံကို ပို့လိုက်တာကိုလဲ ရှေးကံကို ကျေးဇူးတင်တယ်၊ ရှေးကံက ပဋိရူပဒေသ ပို့လိုက်လို့မို့ ဘုန်းကြီးတို့ ဒီ တရားတွေနဲ့ တွေ့ရတယ် မဟုတ်လား၊ ဘာဖြစ်လို့တုန်း, ငယ်ငယ်တုန်းက ဘိုးတွေ ဘွားတွေက တချို့မိဘတွေက ဆိုလို့ရှိရင် ငါ့မြေးဆို {ဗုဒ္ဓံ ပူဇေမိ} ကြိုက်လိုက်တာ, သဘောကျလိုက်တာ၊ {ဓမ္မံ ပူဇေမိ၊ သံဃံ ပူဇေမိ} ဆွမ်း လောင်းစမ်း, ဆွမ်းလောင်းစမ်း၊ ငါ့မြေး_ ဟော ဆွမ်းလောင်းလိုက်, ဆွမ်း လောင်းလိုက်၊ သိပ်သဘောကျလို့, သိပ်သဘောကျလို့၊ ဒါ ပဋိရူပဒေသ ရောက်တော့ သပ္ပုရိသ-သူတော်ကောင်းတွေ, ဘိုးဘွား မိဘတွေက စပြီးတော့ တွေ့ခဲ့ရတယ် မဟုတ်လား။

နတ်ပြည်မှာ နတ်သမီး နတ်သားတွေ ဆွမ်းလောင်းစရာ မရှိဘူး၊ ဒါန ပြုစရာ မရှိဘူး၊ အင်မတန် တကတည်း သတိထားတဲ့ သိကြားတို့ဟာ ဒါန ပြုချင်ရင် လူယောင်ဆောင်ပြီးတော့ လူ့ပြည် လာပြုရတယ်၊ ဟိုမှာ ဒါန ပြုစရာ မရှိဘူး၊ ကောင်းပြီ, ဒါန ပြုစရာမရှိတော့ သီလဆောက်တည်စရာ ရှိသလား၊ ပြောတယ်, ဥပုသ် ကျိုးတယ်လို့ ဆိုတယ်၊ နတ်သမီးတွေက အနား ပွတ်သီး ပွတ်သပ်နဲ့နေတော့ နတ်သားတွေ ဥပုသ်ကျိုးတယ်တဲ့။

ဒီတော့ နတ်ပြည်ကို ဘုန်းကြီး ဘယ့်နှယ်လုပ်ပြီး သွားဝံ့မတုန်း၊ မသွား ဝံ့ဘူး၊ ဒါဖြင့် နတ်ပြည် ဥပုသ်ကျိုးတယ် ဆိုလို့ရှိရင် ဒီကနေ့ သန်းပေါင်း များစွာ ဝင်ငွေတွေ ရှိနေတဲ့ သူဌေးကြီးတွေ, သူဌေးကတော်တွေ ဥပုသ်စေင့်ကြ မတဲ့လား၊ စောင့်ရမှန်းကော သိမတဲ့လား၊ စောင့်ရင်ကော သင်းတို့ ဥပုသ် မကျိုးပေဘူးလား။

ဒီတော့ ဘုန်းကြီးက မလိုချင်ဘူး၊ နတ်ပြည်မှ မလိုချင်ဘဲနဲ့ အဲဒီနိုင်ငံ တွေလဲ မလိုချင်ဘူး၊ ပဋိရူပဒေသလို့ ဘုန်းကြီး မဆိုနိုင်ပါဘူး၊ ဘာပြုလို့တုန်း, သူတော်ကောင်းတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ရန် အင်မတန်မှ ခဲယဉ်းသွားပြီ၊ ဒါကြောင့် ဘုန်းကြီးတို့ဆီမှာတော့ ရှေးက ကုသိုလ်ကံတွေ ပြုခဲ့လို့နဲ့ တူရဲ့၊ အဲ-နောက်ထပ် ဆက်ပြီးတော့ ကံတွေ ကောင်းဖို့ရန်ဟာ ဒီလို ဘဝမျိုးကို ရှေးကံက ညွှန်ပြလိုက်တာ, အကျိုးပေးလိုက်တာ၊ ပဋိရူပဒေသ ဒီလို ဘဝမျိုး ကို ရောက် လာရတယ်။

ပဋိရူပဒေသ ရောက်လာတော့ ဘိုးဘွားက စပြီးတော့ ကောင်းတဲ့ လမ်းကို ညွှန်ပြကြတယ်၊ တကတည်း ကောင်းတဲ့ အဆုံးအမ ဩဝါဒ {သဒ္ဓမ္မဿဝန}ကို ကြားနာရတယ်၊{သဒ္ဓမ္မဿဝန}ကို ကြားနာရတော့ ဘုန်းကြီး တို့ စိတ်ကလေးတွေ ကောင်းကောင်းထားတတ်တယ်၊ {အတ္တသမ္မာပဏိဓိ} စက်လေးပါး ဘုန်းကြီးတို့မှာ ပြည့်စုံနေတယ်။

စက်လေးပါး ပြည့်စုံနေတော့ {အတ္တသမ္မာပဏိဓိစက်} စိတ်ထားကောင်းဖို့ သိပ်လိုတာပဲ၊ မိဘတွေ ကောင်းကြပြီနော်, ဘိုးဘွားတွေ ကောင်းကြပြီနော်။

နေရာဌာနက အများစု မကောင်းကြပေမယ်လို့ ဒီတရားနဲ့နေတဲ့ ပုဂ္ဂိုလ်တွေ အတွက် ကောင်းနေကြပြီနော်၊ ပုဗ္ဗေစ ကတပုညတာ သမ္ပတ္တိစက်၊ သင့်တင့် လျောက်ပတ် ကောင်းမြတ်တဲ့ ပဋိရူပဒေသ သမ္ပတ္တိစက်၊ မိကောင်း,ဖကောင်း ဘိုးကောင်း,ဘွားကောင်းတွေနဲ့ တွေ့ရတဲ့ သပ္ပုရိသူပနိဿယ သမ္ပတ္တိစက်၊ အဲဒီလို စက်တွေနဲ့ ပြည့်စုံပြီး နေလို့မို့ ဘုန်းကြီးတို့ တရားကောင်းတွေ နာရတယ်။

ငယ်ငယ်ကစပြီး အဆုံးအမကောင်း တွေ့ခဲ့ရတယ်၊ ဘုန်းကြီးတို့ ဘယ်သူ့ကို အားကျရမှာတုန်း, ဘယ်နိုင်ငံကို အားကျရမှာတုန်း၊ ဒီလို သပ္ပုရိသူပနိဿယနဲ့ သူတို့ တွေ့ကြရဲ့လား၊ ဒီလို သူတော်ကောင်းတရားတွေကို သူတို့ နာကြရရဲ့လား၊ ဒီလိုဆိုရင် မိမိစိတ်ကို မိမိ ဘယ့်နှယ်လုပ်ပြီးတော့ ကောင်းအောင် သူတို့ ထားတတ်ကြမလဲ၊ ဘုန်းကြီးတို့က စိတ်ကောင်းကောင်း ထားတတ်ပြီ၊ သူတော်ကောင်း ဓာတ်ခံသာရှိ, လောဘမကြီးနဲ့, လောဘမကြီးနဲ့၊ ဖြစ်ချင် ဖြစ်ဦးတော့ လောဘမကြီးနဲ့၊ ကုသိုလ်တရားတွေ ဒါနပြုတဲ့အခါ သန့်သန့် ရှင်းရှင်း ပြုစမ်းပါ။

ဂုဏ်ပကာသနဒါန ပါလာရင် လောဘ ပါလာပြီ၊ ပိုက်ဆံလဲ ကုန်တယ်၊ လောဘလဲ ပါတယ်၊ တွက်ပုံ ရှုံးလွန်းလို့, အဖက်ဖက်က တွက်ပုံရှုံးလွန်းလို့၊ သာသနာပြုဒါန ပြုပါ၊ မရှိဆင်းရဲတဲ့ သူတွေကို ပေးကမ်းစွန့်ကြဲပါ၊ ဒါနပြုပါ၊ ဂုဏ်ပကာသနဒါနကို လုံးလုံးမပါစေနဲ့, တွက်ပုံရှုံးလွန်းလို့၊ တွက်ပုံ ရှုံးရုံတင် မကဘူး, နောက်လူပြိန်းတွေ လိုက်လွန်းလို့,အတုယူလွန်းလို့၊ ရှေးက ပစ္စည်း ရှိတဲ့သူ, နည်းနည်းဂုဏ်ရှိတဲ့သူ ဒီလို ဂုဏ်ပကာသနဒါန ပြုလိုက်ရော၊ ဒီနောက် တော့ မရှိဆင်းရဲတဲ့ သူတွေက ဒီလိုပဲ ပြုရတယ်ဆိုပြီး လိုက်ကြရော၊ တစ်လောက လုံး အမှားလမ်းကို ပြနေတာပါ၊ ဂုဏ်ပကာသနဒါနကို မပြုကြပါနဲ့။

ဥပုသ်သီတင်း စောင့်တဲ့အခါလဲ အပျော်အပါးဥပုသ်ကို မစောင့်ကြပါနဲ့၊ ပီပီသသ ဥပုသ်သီတင်း စောင့်ကြပါ၊ ဝိပဿနာဘာဝနာ ပွားများတဲ့အခါလဲ ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ တကယ့်ကို တရားရအောင် ပွားများကြပါ၊ တကတည်း သူများ အထင်ကြီးရုံလေး မပွားများကြပါနဲ့၊ ဘုန်းကြီးတို့ကလေ အကုန်လုံး လမ်းမှန်ကို ပြောနိုင်တယ်နော်။

ဒါကြောင့် အားလုံးသော ဒီ ဒကာ, ဒကာမတွေ ကိုယ့်ကိုယ်ကို သမ္ပတ္တိ စက်လေးပါးနဲ့ တိုက်ဆိုင်တဲ့အချိန်မှာ ကြိုးကြိုးစားစားနဲ့ အလုပ် လုပ်ကြစမ်းပါ၊ ဘုန်းကြီးကတော့လေ နတ်ပြည်လဲ အားမကျဘူး၊ ခုနက သူဌေးတွေကိုလဲ အားမကျဘူး၊ ကိုယ့်ဟာကိုယ် ကောင်းအောင်ပြင်ဖို့ပဲ နှလုံးထားပြီးတော့-

စတုစက္ကံ ဝတ္တိယာန, ယာနံ ဗလပရိဂ္ဂဟံ၊

ယာနာယ အမတံ ပါရံ, ကဿံ ပုရိသကာရိယံ။

စတုစက္ကံ-သမ္ပတ္တိစက်, လေးချက်စုပေါင်း, စက်ခေါင်းလေးခုလည်း တပ်ထသော၊ ဗလပရိဂ္ဂဟံ-ရန်ပေါင်းခွင်းဖြို, ငါးဦးဗိုလ်တို့, ကိုယ်စီစောင့်ကြပ်, အုပ်ချုပ်အပ်ထသော။

ဗိုလ်ငါးပါး။ ။ ဗိုလ်ငါးပါးဆိုတာသဒ္ဓါဗိုလ် လေ, သဒ္ဓါတရားက ယုံလိုက်တာ၊ {ဗလ} ဘာနဲ့တွေ့တွေ့ မတုန်မလှုပ်ဘဲ, သဒ္ဓါတရားက ယုံတယ်၊ ဝီရိယဗိုလ်-ကြိုးစားနေတယ်လေ၊ ကျန်းမာရေးကိုသာ ကြည့်ပြီးတော့ ကြိုးစားနေတယ်၊ ဝီရိယဗိုလ်က ဘယ်လောက်ကောင်းတုန်း၊ သတိဗိုလ်-ဒါပဲ တွေးလို့၊ သာသနာကြီး ဘယ်လို ကောင်းအောင် ပြုကြရမလဲ၊ စာတွေ ဘယ်လို လွယ်အောင် ရေးရမလဲ၊ စာတွေ ဘယ်လို နားလည်အောင် ချရမလဲ ၊ ဒါတွေ သတိရလို့။

သဒ္ဓါဗိုလ်ကလဲ ကောင်းလိုက်တာ ယုံလိုက်တာမှ၊ ဝီရိယဗိုလ်ကလဲ ကောင်းလိုက်တာ, ကျန်းမာရေး ညီညွတ်လာလို့ရှိရင် လုံ့လဝီရိယ နောက်မဆုတ် ဘူး၊ သတိဗိုလ်ကလဲ ဒီဖက်မှာပဲ၊ အများ ကောင်းစားအောင်, နိုင်ငံကောင်း စားအောင်, သာသနာကောင်းစားအောင်, ကျမ်းစာတွေကို နားလည်လွယ်အောင် ဒီလိုပဲ သတိက ရှိနေတယ်၊ သမာဓိဗိုလ်ဆိုတဲ့ ဧကဂ္ဂတာကလဲ ဒီလိုနေရာမှာပဲ စိုက်လို့နေတယ်၊ ပညာဗိုလ်-အများ ကောင်းစားအောင်, နိုင်ငံ ကောင်းစားအောင်, သာသနာ ကောင်းစားအောင်, ကျမ်းစာတွေ နားလည်လွယ်အောင် ဘယ်လို လုပ်မယ်ဆိုတဲ့ အသိဉာဏ်ကလဲ ရှိနေတယ်၊ ဘုန်းကြီးတို့ရဲ့ ဗိုလ်ငါးပါးကလဲ သိပ်ကောင်းတာပဲ၊ {သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ} ဗိုလ်ငါးဦးကလဲ အင်မတန် ကောင်းတယ်။

{စတုစက္ကံ ဝတ္တိယာန, ယာနံ ဗလပရိဂ္ဂဟံ၊}

{စတုစက္ကံ-သမ္ပတ္တိစက်, လေးချက်စုပေါင်း, စက်ခေါင်းလေးခုလည်း တပ်ထသော၊ ဗလပရိဂ္ဂဟံ-ရန်ပေါင်းခွင်းဖြို, ငါးဦးဗိုလ်တို့, ကိုယ်စီစောင့်ကြပ်, အုပ်ချုပ်အပ်ထသော။} အားလုံးပဲ ဒီအတိုင်း ရှိတယ်နော်၊ ကြိုးစားပြီးတော့ တိုးတက်အောင်သာ လုပ်ပါ၊ အားလုံး ဒီအတိုင်း ရှိတယ်နော်။ {ယာနံ-အသွားလျင်လျင်, အများတင်လည်း, အားအင်ခိုင်ဖြီး, မဂ္ဂင်တည်း ဟူသော ယာဉ်ပျံတော်ကြီးကို} နိဗ္ဗာန်ထိအောင် ပျံရမှာလေ၊ အားအင်ကောင်းတဲ့ ယာဉ်ပျံကြီး ဖြစ်ရမယ်၊ ဘာယာဉ်ပျံတုန်း, ခုနက သဒ္ဓါစတဲ့ ဗိုလ်တွေ အုပ်ချုပ်နေရတဲ့ ယာဉ်ပျံပေါ့၊ ဒီ သမ္ပတ္တိစက်လေးချက် တပ်ထားတဲ့ ယာဉ်ပျံပေါ့၊ ဒီ မဂ္ဂင်ရှစ်ပါတည်းဟူသော ယာဉ်ပျံပေါ့၊ သမ္ပတ္တိစက်လေးခု တပ်ထားတဲ့ မဂ္ဂင်တည်းဟူသော ယာဉ်ပျံကြီး၊ ဗိုလ်ငါးဦး အုပ်ချုပ်ပြီးတော့ စက်တွေ မပျက်အောင် ကြိုးစား အုပ်ချုပ်ထားတဲ့ မဂ္ဂင်ယာဉ်ပျံကြီး။

စတုစက္ကံ ဝတ္တိယာန, ယာနံ ဗလပရိဂ္ဂဟံ၊ ယာနာယ အမတံ ပါရံ, ကဿံ ပုရိသကာရိယံ။

{စတုစက္ကံ-သမ္ပတ္တိစက်, လေးချက်စုပေါင်း, စက်ခေါင်းလေးခုလည်း တပ်ထသော၊ ဗလပရိဂ္ဂဟံ-ရန်ပေါင်းခွင်းဖြို, ငါးဦးဗိုလ်တို့, ကိုယ်စီစောင့်ကြပ်, အုပ်ချုပ်အပ်ထသော၊ယာနံ-အသွားလျင်လျင်, အများတင်လည်း, အားအင်ခိုင်ဖြီး, မဂ္ဂင်တည်းဟူသောယာဉ်ပျံတော်ကြီးကို}၊သိပ်နှေးတာမကြိုက်ဘူး၊ မြန်ရမယ်, အားလဲ ရှိရမယ်၊ လိုက်ခဲ့, အားလုံးလိုက်ခဲ့၊ ဒီယာဉ်ပျံကြီးက တင်နိုင်ရမယ်။

{ယာနံ-အသွားလျင်လျင်, အများတင်လည်း, အားအင်ခိုင်ဖြီး, မဂ္ဂင်တည်း ဟူသော ယာဉ်ပျံတော်ကြီးကို၊ ဝတ္တိယာန-မတိမ်းမစောင်း, လည်စေကြောင်း ဖြင့်, ကောင်းစွာအစဉ်, မောင်းကာနှင်၍၊ အမတံ ပါရံ-ဤဖက်မှာနေ, အားလုံးသေ၍, ဟိုပြေရောက်မှ, ဘေးကင်းရမည့်, အမတခေါ်, နေပြည်တော်သို့၊ ယာနာယ-ကိလေသာဟူ, ရန်သူပစ်ဖောက်, ဗုံးအမြောက်တို့, မကြောက်မနား, အရောက်သွားခြင်းငှာ၊ ပုရိသကာရိယံ-ယောက်ျားမှန်က, ပြုရဲရမည့်, ကမ္ဘာ့ လက်ရိုး, လုံ့လမျိုးကို၊ ကဿံ-ငါးဦးဗိုလ်ချုပ်, အဖော်လုပ်၍, မဆုတ်ရစေ, ပြုလုပ်ပေအံ့သတည်း။}

သာဓု _ သာဓု _ သာဓု။

တိုက်တွန်းချက်။ ။ ဒါလောက်ကောင်းတဲ့ အသိဉာဏ်, ဒါလောက်ကောင်းတဲ့ လမ်းစဉ်ကို ဘုန်းကြီး ပြောပေးနိုင်တာ, သံဃာတော်များကို နေ့တိုင်း ဩဝါဒပေးနိုင်တာ, ဘုန်းကြီးရဲ့ ဒကာ ဒကာမများကို တွေ့ရာကြုံရာမှာ ပြောပေးနိုင်တာဟာ ဒီ တရားတော်ကြီးကြောင့်ပါပဲ၊ ဘယ်နည်းနဲ့မှ မလွဲနိုင်တဲ့ ဒီ ပဋ္ဌာန်းတရားတော်ကြီးဟာ {ဟောဒီ အကြောင်းကြောင့် ဒီအကျိုးဖြစ်သည်} လို့ သွန်သင်တော်မူထားတဲ့ တရားတော်ကြီးပါ။

ဒါကြောင့် ပဋ္ဌာန်းတရားတော်ကြီးကိုလေ ဘုန်းကြီးတို့ အမြဲ သတိထား ပြီးတော့ ရက်ပေါင်းများစွာ ကြားနာခဲ့ရတဲ့ ပဋ္ဌာန်းတရားတော်ကြီးကို မိမိတို့ အိမ်မှာ ဖွင့်ပြီးတော့ နာတဲ့အခါမှာ တရားတော်ကို မြင့်မြင့်ခုံပေါ်မှာ ရှိပါစေ နော်၊ မိမိတို့က ကုလားထိုင်ပေါ်မှာ ချမ်းချမ်းသာသာကလေးနဲ့၊ မစဉ်းမစား နားထောင်ပြီးတော့ မနေလိုက်ကြပါနဲ့နော်။

မိမိတို့က ဘုရားရှေ့တော်မှာဖြစ်ဖြစ်, တရားတော်ကြီး ဖွင့်ပြီးတော့ ဒူးကလေး တုပ်လို့, ရိုရိုသေသေ လက်အုပ်ချီလို့, စိတ်ဝင်စားစွာ ဒီလို နာကြပါနော်၊ ဘုန်းကြီးလေ အင်မတန် စေတနာကြီးနဲ့ သိအောင် ဟောနေတာ၊ သိစေချင်တဲ့ တရားတွေ မကုန်ပေမယ်လို့ အင်မတန် ကြာနေပြီမို့လို့ ရပ်ဆိုင်း လိုက်ရပါတယ်နော်။

အဲဒါကြောင့် အိမ်မှာ ဖွင့်ပြီးတော့ နာတဲ့အခါမှာ လေးလေးစားစားနဲ့ ဘုရားရှေ့မှာ လက်အုပ်ချီပြီးတော့ နှစ်နှစ်ကာကာ စဉ်းစားပြီးတော့ (၁၅)မိနစ်, မိနစ်(၂၀)လောက် ရပ်နားပြီး အဲဒီလို နာကြပါနော်၊ ပျင်းနေအောင် ဒီ ရက်ပေါင်းများစွာအတွက် ဟောထားတဲ့ တရားတော်တွေကို ပျင်းနေအောင် တစ်စဉ်တစ်တန်းကြီး မဖွင့်ကြပါနဲ့၊ တစ်ရက်စာ တစ်ရက်စာလောက်ကို ဖွင့်ပြီးတော့ ဖြည်းဖြည်းသက်သာ နာကြပါနော်။

အင်မတန်ကောင်းတဲ့ တရားတော်ကြီးကို အကြောင်းပြုပြီး သကာလ မိမိတို့အတွက် မဂ် ဖိုလ် နိဗ္ဗာန်အထိ အကျိုးရလိမ့်မယ်လို့, နာရင်း နာရင်း အနိစ္စ ဒုက္ခ အနတ္တ ရှုပြီးတော့ ရုပ်နာမ်တွေသာ ရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါ မရှိ၊ တရားတိုင်း တရားတိုင်းမှာ ပါနေတာဖြစ်တော့ ဒီ တရားတွေ နှလုံးသွင်းပြီး သကာလ ပဋ္ဌာန်းတရားတော်ကြီးကို မြတ်မြတ်နိုးနိုးနဲ့ ရှိခိုးပြီးတော့ နာကြ ပါနော်။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊

အနန္တနယပဋ္ဌာနံ, ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ-ဤ အနန္တ နယ, သမန္တပဋ္ဌာန်း,ကျမ်းတော်ကြီး၌၊ မုနိနာ-မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ-ဟေတု, အာရမ္မဏ, စသည်များစွာ, အကြောင်းအရာတို့ကို၊ ဗောဓိတာနိ-သဗ္ဗညုတာ, ဉာဏ်တော်သာဖြင့်, ဦးစွာကျန, သိပြီးမှလျှင်, များလှဝေနေ, သိစေတော်မူအပ်ခဲ့လေကုန်ပြီ၊ အနန္တဂေါစရံအဆုံး မရှိ, ကုန်အောင်သိသည့်, ဉာဏ်တော်၏သာ, ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တ နယပဋ္ဌာနံ-မြားမြောင်ပေါယယ်, နည်းစုံကြွယ်သား, ကြီးကျယ်မြင့်မော်, ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ-တစ်သက်တစ်ခါ, ကြုံခဲစွာဖြင့်, ကြုံလာသည့် ခိုက်, ဦးဖြင့်တိုက်၍, နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု……သာဓု……သာဓု။

သံဃာတော်များ မေတ္တာပို့

၁။ အရှေ့အရပ်၌ နေကြသော, ကမ္ဘာသူ-ကမ္ဘာသား သတ္တဝါအများ တို့သည်, ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၂။ အရှေ့တောင်အရပ်၌ နေကြသော, ကမ္ဘာသူ-ကမ္ဘာသား သတ္တဝါ အများတို့သည်, ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၃။ တောင်အရပ်၌ နေကြသော, ကမ္ဘာသူ-ကမ္ဘာသား သတ္တဝါအများ တို့သည်, ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၄။ အနောက်တောင်အရပ်၌ နေကြသော, ကမ္ဘာသူ-ကမ္ဘာသား သတ္တဝါ အများတို့သည်, ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၅။ အနောက်အရပ်၌ နေကြသော, ကမ္ဘာသူ-ကမ္ဘာသား သတ္တဝါအများ တို့သည်, ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၆။ အနောက်မြောက်အရပ်၌ နေကြသော, ကမ္ဘာသူ-ကမ္ဘာသား သတ္တဝါ အများတို့သည်, ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၇။ မြောက်အရပ်၌ နေကြသော, ကမ္ဘာသူ-ကမ္ဘာသား သတ္တဝါအများ တို့သည်, ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၈။ အရှေ့မြောက်အရပ်၌ နေကြသော, ကမ္ဘာသူ-ကမ္ဘာသား သတ္တဝါ အများတို့သည်, ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၉။ အထက်အရပ်၌ နေကြသော, ကမ္ဘာသူ-ကမ္ဘာသား သတ္တဝါအများ တို့သည်, ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၁၀။ အောက်အရပ်၌ နေကြသော, ကမ္ဘာသူ-ကမ္ဘာသား သတ္တဝါအများ တို့သည်, ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

သံဃာတော်များ

သဗ္ဗညုတဉာဏ်တော်စွမ်းအား ပူဇော်

၁။ သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော်အစွမ်းတည်း။

၂။ သိသည့်တရား, များအပြား၌, ဟောထား စဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော်အစွမ်းတည်း။

၃။ ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣန္ဒြေစရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော်အစွမ်းတည်း။

သဗ္ဗဉ် ဉာဏ်အား, စွမ်းသုံးပါးကြောင့်, အများ ဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော် အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ရှိ၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်…ဘုန်းခေါင် ငါတို့ ဘုရားတည်း။

သံဃာတော်များ အမျှဝေ

ဤ ကုသိုလ်အဖို့ကို မိဘ ဆရာ, သံဃာတော်အပေါင်း, ဒါယကာဒါယိကာမအပေါင်း, နတ်အပေါင်းနှင့်တကွ သတ္တဝါဟူသမျှတို့အား အမျှ ပေးဝေပါကုန်၏၊ အမျှ ရကြပါစေကုန်သတည်း။

သာဓု - သာဓု - သာဓု။

အသံသွင်း ပဋ္ဌာန်းတရားတော် ပြီးပြီ။

ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏ ပဋ္ဌာန်းပစ္စည်း အနက်-အဓိပ္ပာယ်

ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏

ပဋ္ဌာန်းပစ္စည်း အနက်-အဓိပ္ပာယ်

သဒါ ပါလေတု မံ ဇိနော။

ဇိနော-ငါးမာရ်အောင်နှိမ်, မာရဇိန်ရှင်, ဘုရားသခင်သည်၊ မံ-စတုဝီသ, ပစ္စယ၏, မှီရာအတ္ထ, နိဿယကို, ရေးသားပြုပြင်, စီရင်သော အကျွန်ုပ်ကို၊ သဒါ-အခါခပ်သိမ်း၊ ပါလေတု-ကျမ်းပြီးခြင်း၏အကြောင်း, အပေါင်းအန္တ ရာယ်, ငြိတွယ်မနှောင့်, စောင့်ရှောက်တော်မူပါစေသတည်း။

၁။ ဟေတုပစ္စယော-ပညောင်ပင် အစရှိသည်တို့၏ အမြစ်သည် ထို သစ်ပင်တို့အား စည်ပင်ပြန့်ပွားခြင်း၏ အကြောင်းဖြစ်၍ ကျေးဇူးပြုသကဲ့သို့၊ လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ အားဖြင့် ခြောက်ပါးသော ဟိတ်တရားတို့၏ သဟဇာတ် သမ္ပယုတ်ဖြစ်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့အား စည်ပင်ပြန့်ပွားကြောင်း၏အဖြစ်ဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဟေတုပစ္စည်းလည်းကောင်း။

၂။ အာရမ္မဏပစ္စယော-ကြိုးလွန်, တောင်ဝှေး အစရှိသည်သည် မစွမ်း နို်င်သူ လူအပေါင်းအား ဆွဲရာ, ထောက်ရာအားဖြင့် ကျေးဇူးပြုသကဲ့သို့၊ ရူပါရုံ အစရှိသော အာရုံခြောက်ပါး ပစ္စည်းတရားတို့၏ လေးပါးသော နာမက္ခန္ဓာတို့အား ဆွဲရာ, ထောက်ရာ, အာရုံပြုရာအားဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော အာရမ္မဏပစ္စည်းလည်းကောင်း။

၃။ အဓိပတိပစ္စယော-လေးကျွန်းသနင်း, စကြာမင်းသည်, စက်တွင်း အာဏာ, ပိုင်ထိုက်ရာဟူ, ခပ်သိမ်းလူကို, ပြိုင်သူဝေးကွာ, အာဏာလွှမ်းမိုး, အစိုးရခြင်းဖြစ်သကဲ့သို့၊ အလေးအမြတ်, ပြုစေအပ်သည်, ခြောက်ရပ်အာရုံ, လေးစုံသော ဆန္ဒ-စိတ္တ-ဝီရိယ-ဝီမံသတို့၏ မိမိဆိုင်ရာ, နာမ်ခန္ဓာနှင့်, သဟဇာတ်မှန်, ရုပ်နာမ်များစွာ, ငါးခန္ဓာကို, အာဏာလွှမ်းမိုး, အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော အဓိပတိပစ္စည်းလည်းကောင်း။

၄။ အနန္တ ရပစ္စယော-စတုဒီပ, စက္ကိန္ဒသည်, သားလှသည်းချာ, ဩရသာကို, နန်းလျာထီးဖြူ, ဆောင်နှင်းမူလျက်, နတ်ရွာတက်၏သို့၊ ပဋိသန္ဓေ အစရှိသော ရှေးရှေးသော နာမက္ခန္ဓာတို့၏ ထင်ရှားမရှိ ချုပ်လေခြင်းဖြင့် ပထမဘဝင် အစရှိသော နောက်နောက်သော နာမက္ခန္ဓာတို့အား မိမိ၏ အခြားမဲ့၌ ဖြစ်ခွင့် ပေး၍ ကျေးဇူးပြုခြင်းလက္ခဏာရှိသော အနန္တ ရပစ္စည်းလည်းကောင်း။

၅။ သမနန္တ ရပစ္စယော-လေးကျွန်းရောင်ရှိန်, တောက်လောင်ထိန်သည့်, ဘူမိန္ဒရာဇ်, စောသနစ်၏, သားချစ်ဩရသာ, ဥပရာကို, နန်းလျာဆောင်နှင်း, အလှည့်သွင်းလျက်, တောထွက်ခြင်းအမှုသည် ထိုသားကြီးရတနာအား မင်း အဖြစ်ကို ရစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့၊ နောက်နောက်သော နာမက္ခန္ဓာတို့အား ဖြစ်ခွင့်ပေး၍ ရှေးရှေးသော နာမက္ခန္ဓာတို့၏ ချုပ်ပျောက်ခြင်းဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သမနန္တ ရပစ္စည်းလည်းကောင်း။

၆။ သဟာဇာတပစ္စယော-ဆီမီးတောက်သည် မိမိ တောက်ထွန်းသည်နှင့် တစ်ပြိုင်နက် အလင်းရောင်ကို ဖြစ်စေဘိသကဲ့သို့၊ ဝေဒနက္ခန္ဓာ အစရှိသည်တို့၏ သဟဇာတ် ရုပ်နာမ်တရားတို့အားလည်းကောင်း, ပထဝီ အစရှိသော မဟာဘုတ် တို့၏ ကြွင်းသော မဟာဘုတ် ဥပါဒါရုပ်တို့အားလည်းကောင်း မိမိနှင့် မရှေး မနှောင်း တပေါင်းတည်း ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဟဇာတပစ္စည်းလည်းကောင်း။

၇။ အညမညပစ္စယော-အခြေလေးခု, အခြေနှစ်ခုရှိသော သတ္တဝါတို့၌ ထို အခြေလေးခု, အခြေနှစ်ခုတို့သည် အချင်းချင်း တစ်ချောင်းသည် တစ်ချောင်း အား အပြန်အလှန် အထောက်အပံ့ဖြစ်၍ ကျေးဇူးပြုသကဲ့သို့၊ နာမက္ခန္ဓာလေးပါး တို့၏လည်းကောင်း, မဟာဘုတ်လေးပါးတို့၏လည်းကောင်း, ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထုတို့၏လည်းကောင်း အချင်းချင်း တစ်ပါး သည် တစ်ပါးအား အပြန်အလှန် အထောက်အပံ့ဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော အညမညပစ္စည်းလည်းကောင်း။

၈။ နိဿယပစ္စယော-မြေကြီးအစရှိသည်သည် သစ်ပင်နွယ်,သတ္တဝါတို့၏ မှီရာဖြစ်သကဲ့သို့၊ စက္ခုအစရှိသော ခြောက်ပါးသော ဝတ္ထုရုပ်တို့၏ စက္ခုဝိညာဏ် အစရှိသော ခုနစ်ပါးသော ဝိညာဏ်တို့အား ရှေး၌ မှီရာဖြစ်၍ ကျေးဇူးပြုခြင်း, ပုဆိုးအစရှိသည်သည် ပန်းချီ ဆေး အစရှိသည်တို့၏ တကွမှီရာဖြစ်၍ ကျေးဇူး ပြုသကဲ့သို့၊ နာမက္ခန္ဓာလေးပါး, မဟာဘုတ်လေးပါးတို့၏ မိမိမှကြွင်းသော နာမက္ခန္ဓာ, မဟာဘုတ်, စိတ္တဇရုပ်, ဥပါဒါရုပ်တို့အား တကွမှီရာ ဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော နိဿယပစ္စည်းလည်းကောင်း။

၉။ ဥပနိဿယပစ္စယော-မိုးတွင်း လေးလပတ်လုံး ရွာသော မိုးကြီးသည် မိုးကို မှီကုန်သော မြက်,သစ်ပင်တို့အား တစ်နေ့တခြား တိုးပွားစည်ပင်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့၊ ရှေးရှေး၌ဖြစ်သော ကုသိုလ်, အကုသိုလ်တို့၏ နောက်နောက်၌ ဖြစ်သော ကုသိုလ်, အကုသိုလ်တို့အား တရွေ့ရွေ့ တိုးပွားအားရှိစေသောအားဖြင့် အားကြီးသော မှီရာဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဥပနိဿယပစ္စည်း လည်းကောင်း။

၁၀။ ပုရေဇာတပစ္စယော-ကမ္ဘာဦးက, ကွန့်မြူးရောင်ရွှန်း, နေလဝန်းတို့ သည် အလင်းကို မှီကုန်သော သတ္တဝါတို့အား ရှေ:၌ဖြစ်၍ ထိုထို အလိုရှိအပ် သော အမှုကြီးငယ်တို့ကို ပြီးစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့၊ ရှေး၌ဖြစ်သော ဝတ္ထု ခြောက်ပါးတို့၏ နောက်၌ဖြစ်သော နာမက္ခန္ဓာတို့အား ဆွဲမှီရာပြုလျက် ရှေ့၌တည်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ပုရေဇာတပစ္စည်းလည်းကောင်း။

၁၁။ ပစ္ဆာဇာတပစ္စယော-အစာမစား, ဖွားစနုနယ်, လင်းတငယ်တို့၏ နောင်ဝယ် စားရလတ္တံ့ဟု ချင်ခြင်းစေတနာသည် ထို လင်းတငယ်တို့အား ခန္ဓာမကြေ, မသေမပျောက်, မွေးတောင်ပေါက်၍, အလျောက်ဘာသာ, ကြီးမြင့်လာအောင်, ကောင်းစွာကျေးဇူးပြုသကဲ့သို့၊ နောက်၌ဖြစ်သော ပဉ္စဝေါကာရ နာမက္ခန္ဓာတို့၏ ရှေး၌ဖြစ်သော ရူပက္ခန္ဓာတို့အား မချုပ်မပျောက် တစ်ဆယ့် ခုနစ်ချက် စိတ္တက္ခဏတိုင် ရောက်အောင် အသက်ရှည်စေခြင်းဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ပစ္ဆာဇာတပစ္စည်းလည်းကောင်း။

၁၂။ အာသေဝနပစ္စယော-ရှေးရှေးလိမ်းကျံအပ် ထုံအပ်သော အရက်, နံ့သာ အစရှိသည်တို့၏ အနံ့သည် နောက်နောက် ထုံအပ်သော အရက်,နံ့သာ ၅၂၂ ပထမ ရွှေကွှကွှကျင်ဆ်ဆရာတော်ဘ်ဘုရုရုရားကြီးီးီး၏ အစရှိသည်တို့အား အတိုင်းထက်အလွန် အခိုး အနံ့ထွက်စေခြင်းငှာ ကျေးဇူး ပြုသကဲ့သို့ ရှေးရှေး၌ဖြစ်သော ပထမဇော အစရှိသည်တို့၏ နောက်နောက်ရှိသော ဒုတိယဇော အစရှိသည်တို့အား အဆင့်ဆင့်တိုးပွား အားရှိစေသဖြင့် အဖန်တလဲလဲ မှီဝဲ ထုံတတ်သောအဖြစ်ဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော အာသေဝနပစ္စည်း လည်းကောင်း။

၁၃။ ကမ္မပစ္စယော-သရက်, မာလကာ, တမာ, ခွေးတောက်ပင် အစရှိ သည်တို့၏ မျိုးစေ့သည် ထိုထို သရက်, မာလကာ, တမာ, ခွေးတောက်ပင် အစရှိသည်၏ ပေါက်ရောက်ကြောင်း ဖြစ်သကဲ့သို့၊ ကုသိုလ်, အကုသိုလ် အစရှိသော စေတနာတို့၏ ယခုဘဝ သဟဇာတဖြစ်သော ရုပ်နာမ်တရားတို့အား လည်းကောင်း, နောက်နောက်သော ခဏ နောက်နောက်သော ဘဝတို့၌ ရလတ္တံ့သော ဝိပါက်နာမက္ခန္ဓာ, ကဋတ္တာရုပ်တို့အားလည်းကောင်း ဖြစ်ကြောင်း ဖြစ်၍၊ ဝါ-ဖြစ်စေခြင်းငှာ ပြုပြင်တတ်သည်ဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ကမ္မပစ္စည်းလည်းကောင်း။

၁၄။ ဝိပါကပစ္စယော-ချမ်းအေးခြင်းသဘောကို ဖြစ်စေဘိသကဲ့သို့ သာယာ ဖြည်းညှင်း သိမ်မွေ့ခြင်းလက္ခဏာရှိသော အကျိုးဝိပါက်နာမက္ခန္ဓာတို့၏ သာယာ ဖြည်းညှင်း သိမ်မွေ့ခြင်း သဘောရှိသော သဟဇာတ်ဝိပါက် ရုပ်နာမ်တရားတို့အား သိမ်မွေ့စွာ ဖြစ်စေခြင်း လက္ခဏာရှိသော ဝိပါကပစ္စည်းလည်းကောင်း။

၁၅။ အာဟာရပစ္စယော-သည်တိုင် အစရှိသည်သည် ထုပ်,လျောက်,ခြင်,ခံ နံရံ,အမိုး အစရှိသည်တို့အား ထောက်ပံ့ တည်တံ့စေသောအားဖြင့် ကျေးဇူးပြု သကဲ့သို့ ဖဿ, စေတနာ, ဝိညာဏ်, ကဗဠီကာရအာဟာရဟု ဆိုအပ်သော အာဟာရတရား လေးပါးတို့၏ သဟဇာတ် ရုပ်နာမ်တရားတို့အား ထောက်ပံ့ ဆောင်ရွက်သောအားဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော အာဟာရပစ္စည်း လည်းကောင်း။

၁၆။ ဣန္ဒြိယပစ္စယော-မြို့ပြကျေးရွာ သီးသန့်ပေး၍ မွေးကျွေးခန့်ထား မှူးမတ်များတို့သည် အချင်းချင်း အစိုးရခြင်း သတ္တိကို မဖြစ်မူ၍ မိမိပိုင်ရာ အာဏာအတွင်း, လူခပင်းကို, နှိမ်နင်း လွှမ်းမိုး, အစိုးရခြင်းဖြင့်, ကိုးစား အားပြုရာ ဖြစ်၍ ကျေးဇူးပြုသကဲ့သို့၊ နာမက္ခန္ဓာ လေးပါးတို့၏ သဟဇာတ် ဖြစ်သော ရုပ်နာမ်တရားအား တကွဖြစ်၍ အစိုးရခြင်း, စက္ခုအစရှိသော ဝတ္ထု ခြောက်ပါးတို့၏ စက္ခုဝိညာဏ် အစရှိသော သတ္တဝိညာဏဓာတ်တို့အား ထိုက်သည်အားလျော်စွာ ရှေ့၌တည်၍ အစိုးရခြင်း, ရုပ်ဇီဝိတိန္ဒြေ၏ ကလာပ်တူ ကမ္မဇရုပ်တို့အား တကွဖြစ်၍ အစဉ်စောင့်ရှောက်သောအားဖြင့် အစိုးရခြင်း ဤသို့ ဆိုအပ်ခဲ့ပြီးသော အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဣန္ဒြိယပစ္စည်းလည်းကောင်း။

၁၇။ ဈာနပစ္စယော-ကြီးလှခွန်အား, စွမ်းပကားနှင့်, တောင်ဖျားတောင်ပေါ်, တက်မျှော်နိုင်သောသူသည် အားပါးနွဲ့လျ, မစွမ်းကြ၍, အောက်ကနေသူ လူအပေါင်းတို့အား အဝေးအနီး အကြီးအငယ်မဆို ထိုထိုအရပ်၌တည်သော အလိုရှိအပ်သော ဝတ္ထုတို့ကို ထင်ရှားရှုစေ, သိစေခြင်းငှာ ပြောကြားသောအား ဖြင့် ကျေးဇူးပြုသကဲ့သို့၊ ဝိတက်, ဝိစာရ အစရှိသော ဈာနင်တရား ငါးပါး တို့၏ သဟဇာတ် ရုပ်နာမ်တရားတို့အား ထိုထိုသော အာရုံ, ဝတ္ထု, အမှု ကြီးငယ်တို့၌ ပျော်ပိုက် ကျက်စားနိုင်စေခြင်းငှာ ကျေးဇူးပြုခြင်းဟုဆိုအပ်သော ဈာနပစ္စည်းလည်းကောင်း။

၁၈။ မဂ္ဂပစ္စယော-သားရဲရှိရာ ဤမှာဖက်မှ သားရဲကင်းရာ ဟိုမှာဖက်သို့ ပို့ဆောင်သော ကူးတို့သူကြီး ပညာရှိသည် ကူးတို့စီးသူ လူအပေါင်းတို့အား သားရဲဘေးဒဏ် ရမ္မက်ကင်းရာ ဟိုမှာဖက်သို့ ရောက်စေကြောင်းဖြစ်သကဲ့သို့၊ ကုသိုလ်, ဝိပါက်, ကိရိယာ မဂ္ဂင်တရား ရှစ်ပါးတို့၏ သဟဇာတ် ရုပ်နာမ်တရား တို့အား မည်းညစ်သော သာဝဇ္ဇအကုသိုလ်အဖြစ်မှ ဖြူစင်သော အနဝဇ္ဇအဖို့သို့ ရောက်ကြောင်းအားဖြင့် ကျေးဇူးပြုခြင်း, သားရဲကင်းရာ ထိုမှာဖက်မှ, သားရဲရှိရာ ဤမှာဖက်သို့ ပို့ဆောင်သော ကူးတို့သူကြီး သူစဉ်းလဲသည် ကူးတို့စီးသူ လူအပေါင်းတို့အား သားရဲရှိရာ ဤမှာဖက်သို့ ရောက်မှားစေကြောင်း ဖြစ်သကဲ့ သို့၊ မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသတိ အစရှိသော အကုသိုလ် မဂ္ဂင်တရား လေးပါးတို့၏ သဟဇာတ် ရုပ်နာမ်တရားတို့အား ဖြူစင်သော အနဝဇ္ဇဓမ္မမှ မည်းညစ်သော သာဝဇ္ဇ အကုသိုလ်ဓမ္မသို့ ရောက်စေကြောင်းအားဖြင့် ကျေးဇူးပြုခြင်းဟု ဆိုအပ်သော မဂ္ဂပစ္စည်းလည်းကောင်း။

၁၉။ သမ္ပယုတ္တပစ္စယော-နို့ရည်, ထောပတ်, ပျား, သကာ ဟူသော စတုမဓူ အရသာသည် အချင်းချင်း နှီးနှောသင့်လျော် အစပ်တော်သကဲ့သို့၊ ဝေဒနာစသော နာမက္ခန္ဓာတို့၏ သမ္ပယုတ်ဖြစ်သော နာမက္ခန္ဓာတို့အား ဧကုပ္ပာဒ ဧကနိရောဓစသောလက္ခဏာ, အာရုံ၌ညွတ်ခြင်း နမနသဘော နှီးနှောပေါင်းယှဉ် သောအားဖြင့် ကျေးဇူးပြုခြင်းဟု ဆိုအပ်သော သမ္ပယုတ္တပစ္စည်းလည်းကောင်း။

၂၀။ ဝိပ္ပယုတ္တပစ္စယော-အစပ်, အဖန်, အငန်, အခါး စသည်ပြားသော အရသာသည် အချင်းချင်း ရောနှောပေါင်းထား ဖြစ်လေငြားသော်လည်း တစ်ပါး သည် တစ်ပါးနှင့် နှီးနှောသင့်လျော် စပ်မတော်သကဲ့သို့၊ ရူပက္ခန္ဓာ, နာမက္ခန္ဓာ တရားတို့၏ အတူတကွ အကြောင်းအကျိုးဖြစ်သော်လည်းကောင်း, ရှေ့နောက် မဝေး, အကြောင်းအကျိုး ဖြစ်ကြသော်လည်းကောင်း, ရုပ်၏သဘော နာမ်၏ သဘော မနှောမယှက် သက်သက်သော အကြောင်းအကျိုးဖြစ်၍ ကျေးဇူးပြုခြင်းဟု ဆိုအပ်သော ဝိပ္ပယုတ္တပစ္စည်းလည်းကောင်း။

၂၁။ အတ္ထိပစ္စယော-မြေကြီး, မြင်းမိုရ် အစရှိသည့် ခပ်သိမ်း စိမ်းရှင် မြက်သစ်ပင် အပေါင်းတို့အား မိမိထင်ရှားရှိသောအားဖြင့် ကျေးဇူးပြုသကဲ့သို့၊ ဆိုအပ်ခဲ့ပြီးသော နာမက္ခန္ဓာလေးပါး, မဟာဘုတ်လေးပါး, အာရုံခြောက်ပါး၊ ရုပ်ဝတ္ထု ခြောက်ပါး, ပဉ္စဝေါကာရနာမက္ခန္ဓာ၊ ဖဿ, စေတနာ, ဝိညာဏ, ကဗဠီကာရအာဟာရ၊ ရုပ်ဇီဝိတိန္ဒြေ အစရှိသော ပစ္စည်းတရားတို့၏ မိမိနှင့် ဆိုင်ရာ ပစ္စယုပ္ပန်တရားတို့အား တကွနက်ဖြစ်၍ ထင်ရှားရှိခြင်း, ရှေ့၌တည်၍ ထင်ရှားရှိခြင်း, နောက်၌ထည်၍ ထင်ရှားရှိခြင်း, ထောက်ပံ့စေနိုင်သောအားဖြင့် တကွထင်ရှားရှိခြင်း, အစိုးရသောအားဖြင့် တကွ ထင်ရှားရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုခြင်းဟု ဆိုအပ်သော အတ္ထိပစ္စည်းလည်းကောင်း။

၂၂။ နတ္ထိပစ္စယော-နောရောင်၏ ဝင်ပျောက်ခြင်းသည် လရောင် ထွန်း တောက်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၊ ရှေးရှေးသော စိတ်တို့၏ မိမိတို့ ထင်ရှား မရှိ ချုပ်ပျောက်ခြင်းဖြင့် နောက်နောက်သော စိတ်တို့အား ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်းဟု ဆိုအပ်သော နတ္ထိပစ္စည်းလည်းကောင်း။

၂၃။ ဝိဂတပစ္စယော-ညဉ့်၏ ကင်းကုန်ခြင်းသည် နေအရုဏ်တက်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေးရှေးသော စိတ်တို့၏ မိမိတို့ ချုပ်ပျောက်ကင်းကုန် ခြင်းဖြင့် နောက်နောက်သော စိတ်တို့အား ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်းဟု ဆိုအပ်သော ဝိဂတပစ္စည်းလည်းကောင်း။

၂၄။ အဝိဂတပစ္စယော-မဟာသမုဒ္ဒရာသည် တိမိရ, တိပိဂလ, မဟာတိမိရ စသော ငါးကြီးတို့အား မိမိနှင့် မကင်းစကောင်းသောအာဖြင့် ကျေးဇူးပြုသကဲ့သို့၊ ဆိုအပ်ခဲ့ပြီးသော နာမက္ခန္ဓာ အစရှိသည်တို့၏ မိမိတို့ဆိုင်ရာ ပစ္စယုပ္ပန်တရား တို့အား ထင်ရှားတည်ခြင်း, မကင်းခြင်းဖြင့် ကျေးဇူးပြုခြင်းဟု ဆိုအပ်သော အဝိဂတပစ္စည်းလည်းကောင်း။

ဣတိ-ဤသို့၊ စတုဝီသတိပစ္စယာ-နှစ်ဆယ့်လေးပစ္စည်းတို့သည်၊ မဟာ ပကရဏေ-အနန္တ နယဖြစ်သော သမန္တ ပဋ္ဌာန်းကျမ်းကြီး၌၊ ဌိတာ-တည်ကုန်၏။

ဤတွင် နှစ်ဆယ့်လေးပစ္စည်းအနက် ပြီး၏။

ဆုတောင်းဂါထာ

ဣမိနာနန္တဌာနမှိ, ဆေကော ဘဝေမိ သဗ္ဗဓိ၊

သိတ္တာ နာဝါဝ နိဗ္ဗာနံ, လောကေ ကုဟိဉ္စိ နာလယံ။

အဟံ-ငါသည်၊ ဣမိနာ ပုညကမ္မေန-ဤ ပစ္စယုဒ္ဒေသ, နိဿယကို, ရွရွ နှုတ်တက်, ဆောင်ရွက်ကျက်မှတ်, ရွတ်ဖတ်ဖွေနည်း, ကြံစည်မြဲမြံ, ကုသိုလ်ကံ ကြောင့်၊ သဗ္ဗဓိ ဘဝေ-ဘဝတိုင်း၌၊ သဗ္ဗဓိ အနန္တ ဌာနမှိ-ကြွင်းမဲ့ကုန်စင်, မထင်ဆုံးကမ်း, ပဋ္ဌာန်းကျမ်း၌၊ ဆေကော-တတ်ပွန်သိမြင်, ကျွမ်းကျင်လိမ္မာ သည်၊ ဧမိ-ဖြစ်ရပါလို၏၊ သိတ္တာ-လေးသည့်ရေဝန်, ပက်သွန်ပြီးသော၊ နာဝါ- လှေသည်၊ တိတ္ထံ-လိုရာဆိပ်ကမ်းသို့၊ ဧတိဣဝ-မတွယ်မတာ, လျင်စွာ ထုတ်ချောက် ရောက်သကဲ့သို့၊ ကုဟိဉ္စိ လောကေ-ရူပ-သဒ္ဒ, စသည့်အာရုံ, တစ်စုံတစ်ခုသော လောက၌၊ အနာလယံ-မတွယ်မတာ, ဆိတ်စာမထောက်သည် ဖြစ်၍၊ နိဗ္ဗာနံ-အမတမွန်, ငြိမ်းရာမှန်သည်, နိဗ္ဗာန်ပြည်နန်းသို့၊ ဧမိ-လျင်စွာ ထုတ်ချောက် ရောက်ရပါလို၏။

[ဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး၏ ပရမတ္ထသရူပဘေဒနီမှ ဆုတောင်းဂါထာ]

၂၄-ပစ္စည်း အဓိပ္ပာယ်

၂၄-ပစ္စည်း အဓိပ္ပာယ်

ယခုအခါ နေတ္တိဟာရနည်းကို မှီ၍ အဓိပ္ပာယ် အရကောက်ကို အမြွက်မျှ ဆိုပေအံ့။

ဟေတုပစ္စည်း စသည် ဟောရကြောင်း

အဆိပ်ပင်၌ အဆိပ်မြစ် မသေမပြတ်နိုင်သောကြောင့် အဆိပ်ပင် အဆိပ်ခက် အစရှိသည် ပြန့်ပွားလေသကဲ့သို့၊ လောဘ, ဒေါသ အစရှိသော အမြစ်မူလ ဟိတ်တရားကို မပယ်နိုင်ကြ၍ ခန္ဓာငါးပါးတည်းဟူသော သံသရာအဆိပ်ပင်ကြီး သီးပွင့် စည်ပင်၍ နေလေ၏၊ ခန္ဓာငါးပါးတည်းဟူသော သံသရာဝန်ကို ကြောက်သော အမျိုးသားတို့သည် လောဘ အစရှိသော ဟိတ်တရားတို့ကို ပယ်ရှားရမည် စသည်ဖြင့် အာဏတ္တိကို ပြတော်မူလို၍ ဟေတုပစ္စည်းကို ဟောတော်မူသည်။

အာရမ္မဏပစ္စည်း

ကာမဂုဏ်ငါးပါး အာရုံခြောက်ပါး၌ တွယ်တာမကင်း မက်မောခြင်း မကင်းနိုင်ကြသောကြောင့် သံသရာဒုက္ခကို ဖြစ်စေဆဲ ဖြစ်စေလတ္တံ့သော စိတ်, စေတသိက် အစဉ်မပြတ်ဖြစ်၍ သံသရာစက်ရဟတ် မပြတ်နိုင်သည်၊ သံသရာ စက်ရဟတ် ပြတ်လိုသော အမျိုးကောင်းသားသည် လောကီကာမဂုဏ်, အာရုံခြောက်ပါးကို မြစ်၍ လောကုတ္တရာ နိဗ္ဗာန်အာရုံကို အလွန်စုံမက် တောင့်တအပ်သည်ဟု ပြတော်မူလို၍ အာရမ္မဏပစ္စည်းကို ဟောတော်မူသည်။

အဓိပတိပစ္စည်း

နီလမက္ခိကဟု ဆိုအပ်သော ယင်ညိုတို့သည် စတုမဓူအရသာကို ပယ်ရှား၍ စဏ္ဍနိကရသဟု ဆိုအပ်သော တစီးပွက်,တစီးတွင်း၌သာလျှင် အလွန်အလေးအမြတ် ပျော်ပိုက်နှစ်သက်သကဲ့သို့ လောဘပြဋ္ဌာန်းသော စိတ္တုပ္ပာဒ်သည် ကာမဂုဏ် ငါးပါး, အာရုံခြောက်ပါး၌သာလျှင် အလေးအမြတ် ပြုတတ်သည်၊ ယင်း လောဘကို နာနာ သတ်မှ အပါယဒုက္ခ စသည် ပြတ်နိုင်သည်၊ ကာမာဝစရ ကုသိုလ်သည်လည်း အဆိပ်နှင့်ရောသော ဘောဇဉ်ကို စုံမက်စားမှားသော ပုရိသဗာလကဲ့သို့ ဇာတိဒုက္ခ စသောဘေးကို ဖြစ်စေတတ်သော လောကီ ကုသိုလ်ကို အလေးအမြတ် ပြုတတ်သည်၊ ယင်းကုသိုလ်ဟု ဆိုအပ်သော အဘိသခါရမာရ်ကိုလည်း အလျင်ဖြတ်မှ ခန္ဓာဝန်ဒုက္ခ ပြတ်နိုင်မည်၊ လောကုတ္တရာတရားသည်ကား နိဗ္ဗာန်ကိုသာ အလေးအမြတ် ပြုတတ်သည်၊ ဘေးကင်းရာ နိဗ္ဗာန်ကို အလိုရှိသော အမျိုးသားတို့သည် လောကုတ္တရာမဂ်ဖိုလ် ကိုသာ လွန်စွာရအောင် အားထုတ်ရမည်ဟု ပြတော်မူလို၍ အာရမ္မဏာဓိပတိ ပစ္စည်းကို ဟောတော်မူသည်။

ရာဂနှင့် စပ်သော အမှု, ဝတ္ထု, အာရုံ၌ အလွန်အလိုရှိတတ်သော ဆန္ဒ, ထို အာရုံ၌ အားကြီးစွာ ညွှတ်ခြင်းတည်းဟူသော စိတ္တ၊ ထို အာရုံ၌ လွန်စွာ အားထုတ်ခြင်းတည်းဟူသော ဝီရိယတို့သည် ကြီးကဲလွှမ်းမိုး အစိုးရခြင်းဖြင့် တိုက်တွန်းနှိုးဆော်သောကြောင့် လောဘ, ဒေါသ, အကုသိုလ် ကိလေသာတို့ နှိပ်စက်၍ ဒုစရိုက်ကို ပြုမှားမိသဖြင့် အပါယိက ဝဋ်ဒုက္ခ၌ နစ်မွမ်း၍ သံသရာ ခါးပန်း မသတ်နိုင်ကြသည်၊ ထို ယုတ်မာသော အာရုံ၌ စုံမက်တတ်သော ဆန္ဒ အစရှိသည်ကို အသုဘသညာ မရဏဿတိကမ္မဋ္ဌာန်း စသည်ဖြင့် နှိပ်ကွပ်ဆုံးမ၍ ကာယဒုစရိုက် အစရှိသည်မှ ကြဉ်ရှောင်သဖြင့် ကောင်းမြတ်သော အကျင့်မြတ် ပဋိပတ်အာရုံ၌ လွန်စွာအလိုရှိခြင်းတည်းဟူသော ဆန္ဒ၊ လွန်စွာ ညွှတ်ခြင်း, ကိုင်းရှိုင်းခြင်းတည်းဟူသော စိတ္တ၊ အားထုတ်ခြင်းတည်းဟူသော ဝီရိယ၊ ပညာဖြင့် အသင့် ဆင်ခြင်ခြင်းတည်းဟူသော ဝီမံသတရားတို့ကို လွန်စွာ အားကြီးအောင်ပြု၍ ကာယသုစရိုက် အစရှိသော ကုသိုလ်ကမ္မပထတရားကို အားထုတ်ကျင့်ဆောင်မှသာလျှင် အပါယ်ဘေး ကင်းနိုင်ရာသည်ဟု ပြတော်မူလို၍ သဟဇာတာဓိပတိပစ္စည်းကို ဟောတော်မူသည်။ (ဗျဂျတ္ထအဓိပ္ပာယ်ကို မှတ်။)

အနန္တရပစ္စည်း

အရဟတ္တမဂ်ဖြင့် အာသဝေါတရားတို့ကို အကြွင်းမဲ့ မပယ်မဖြတ်ခြင်း ကြောင့် စုတိ၏ အခြားမဲ့ ဤဘဝသစ်၌ ပဋိသန္ဓေ နေရပြန်သည်၊ ဘဝသစ်၌ အရဟတ္တမဂ်ဖြင့် ကိလေသာကို အကြွင်းမဲ့ မပယ်မဖြတ် အမှတ်မဲ့ ပေါ့ဖျင်း၍ နေပြန်ခြင်းကြောင့် စုတိသည်မှ အခြားမဲ့၌ အသူတစ်ရာ နက်လှစွာသော နရက်ချောက်သို့ ကျရသည်နှင့်တူသော ပဋိသန္ဓေအသစ် တစ်ဖန်နေရပြန်သဖြင့် ပထမဘဝင် အစရှိသော နာမက္ခန္ဓာ အစဉ်မပြတ်ဖြစ်၍ တစ်ဖန် စုတိပြန်လျက် သေစ မဆုံး, ပဋိသန္ဓေနေခြင်း အစရှိသော ဝ!်ဆင်းရဲ ကင်းလိုသော အမျိုး ကောင်းသားတို့သည် အရဟတ္တမဂ်ဖြင့် အာသဝေါတရားတို့ကို အကြွင်းမဲ့ ပယ်ဖြတ်၍ ပစ္ဆိမစုတိစိတ်ဖြင့် ဘဝအဆုံးသတ် နိဗ္ဗာနဓာတ်သို့ ရောက်အောင် ကြံဆောင် အားထုတ်ကြကုန်လော့ဟု တိုက်တွန်းခြင်း အာဏတ္တိကို ပြတော်မူ လို၍ အနန ရ္တ ပစ္စည်းကို ဟောတော်မူသည်။

သမနန္တရ ပစ္စည်း

သမနန္တ ရပစ္စည်းမှာ အနန္တ ရပစ္စည်းနှင့် အနက်သဘော အထူးမရှိ ဝေနေယျဇ္ဈာသယဖြင့်သာ သဒ္ဒါပြား၍ ပရိယာယ်တစ်ပါးဖြင့် ဟောတော်မူသည်။

သဟဇာတပစ္စည်း

ကာမဂုဏ်ငါးပါး, အာရုံခြောက်ပါး တရားတို့၌ ပျော်ပါး စံစားခြင်း ဝေဒနာက္ခန္ဓာ ဖြစ်သောကြောင့်သာလျှင် သညာက္ခန္ဓာ အစရှိသော ခန္ဓာလေးပါး ရုပ်နာမ်တရား ဖြစ်ပွားလေသည်၊ နိဿတ္တ, နိဇ္ဇီဝ, နိဗျာပါရသာဖြစ်သော အနိစ္စ, ဒုက္ခ, အနတ္တ အစုမျှသာ ဖြစ်သော ခန္ဓာငါး အာရုံခြောက်ပါး၌ မုစ္ဆိတ, ဂဓိတ, အဇ္ဈောပန္န ဖြစ်၍ တွေဝေမိန်းမောသဖြင့် သတ္တသညာ, ဇီဝသညာ စသော သညာဝိပလ္လာသတရား ဖြစ်ပွားကြကုန်၍ ဝေဒနာက္ခန္ဓာ, သခါရက္ခန္ဓာ အစရှိသော ခန္ဓာ, အာယတန, ဓာတ် အစဉ်မပြတ် ဖြစ်သဖြင့် သံသရာရဟတ် မပြတ်နိုင်ကြလေသည်။

ကာမဂုဏ် ငါးပါး, အာရုံ ခြောက်ပါး၌ ခံစားခြင်း ဝေဒနာက္ခန္ဓာ ပြတ်မှ သညာက္ခန္ဓာ စသည် ပြတ်နိုင်မည်၊ သတ္တသညာ, ဇီဝသညာ စသော သညာဝိပလ္လာသပြတ်မှ သခါရက္ခန္ဓာစသော ခန္ဓာလေးပါး ရုပ်နာမ်တရား ပြတ်နိုင်မည်၊ ခန္ဓာဝန်ကို လွန်နိုင်မှသာလျှင် သံသရာဝ!် ကင်းငြိမ်းမည်ဟု ပြတော်မူလို၍ သဟာဇာတပစ္စည်းကို ဟောတော်မူသည်။

အညမညပစ္စည်း

ဣဋ္ဌာရုံ, အနိဋ္ဌာရုံကို ခံစားတတ်သော သုခ, ဒုက္ခ, ဥပေက္ခာဝေဒနာဖြစ်၍ ထိုအာရုံ၌ အမှတ်ပြု၍ သိတတ်သော သညာက္ခန္ဓာ ဖြစ်သည်၊ ထိုအာရုံ၌ အမှတ်ပြု၍ သိတတ်သော သညာက္ခန္ဓာ အစရှိသည်ဖြစ်၍ ထိုအာရုံ၌ ခံစားခြင်း ဝေဒနာက္ခန္ဓာ စသည် ဖြစ်သည်၊ ထို နာမက္ခန္ဓာလေးပါးတို့သည် ခိုးသား လေးယောက်တို့ကဲ့သို့ တစ်ပါးသည် တစ်ပါးအား မှီရာပစ္စည်းပြု၍ သတ္တဝါတို့အား ဇာတိ, ဇရာစသော ဘေးကို ဖြစ်စေလျက် ညှင်းဆဲနှိပ်စက်တတ်သည်၊ ထိုခန္ဓာ လေးပါးကို အကြွင်းမဲ့ ပယ်ဖြတ်မှ ဇာတိ, ဇရာစသော ဘေးဒုက္ခ ပြတ်နိုင်မည်၊ မဟာဘုတ်လေးပါးသည်လည်း ဘီလူးမလေးယောက်ကဲ့သို့ မိန်းမ, ယောက်ျား, ငါ, သူတစ်ပါး ထင်ရှားမရှိဘဲလျက် ထင်ရှားရှိသကဲ့သို့ လှည့်စားသဖြင့် တစ်ပါးသည် တစ်ပါးအား မှီရာပြု၍ သတ္တဝါတို့ကို ဖျက်ဆီးတတ်သည်၊ ထို မဟာဘုတ် ရူပက္ခန္ဓာ၌ တပ်ခြင်း ကင်းမှ သံသရာဘေး ကင်းနိုင်ရာသည်၊ ကင်းအောင် ပြုကြလော့ဟု တိုက်တွန်း နှိုးဆော်ခြင်း အာဏတ္တိကို ပြတော်မူလို၍ အညမညပစ္စည်းကို ဟောတော်မူသည်။

နိဿယပစ္စည်း

အာရုံခြောက်ပါး ဝတ္ထုရုပ်ခြောက်ပါးတို့သည် အဆိပ်ပင်တို့၏ တည်ရာ ဥယျာဉ်မြေနှင့် တူကုန်သည်၊ ပဋိသန္ဓေအစရှိသော အဗျာကတ တရားတို့သည် အမြင် ဆိုးရွား ခါးစပ်သော အရသာရှိသော မူးယစ်စေတတ်သော သစ်ပင်နှင့် တူကုန်သည်၊ လောဘမူ, ဒေါသမူ အစရှိသော အကုသိုလ်ဇော နာမက္ခန္ဓာတို့သည် စားဆဲ, စားပြီးသည်မှ အခြားမဲ့၌ ဒုက္ခကို ဖြစ်စေတတ်သော စပ်ခါးသော အဆိပ်ပင်နှင့် တူကုန်သည်၊ မဟာကုသိုလ်ဇောစသော လောကီကုသိုလ်ဇော နာမက္ခန္ဓာတို့သည် စားဆဲ၌ ချိုမြိန်သော အရသာကို ဖြစ်စေလျက် စားပြီးသည်မှ အခြားမဲ့၌ လတ်တလော သေစေတတ်သော အဆိပ်ပင်နှင့် တူကုန်သည်။

အကြင်မျှလောက်သောကာလပတ်လုံး ဥယျာဉ်စောင့်သော ပုရိသဗာလသည် အဆိပ်ပင်တို့၏ရောက်ရာ အဆိပ်ခင်းမြေ၌ မိုးရေသွန်းခြင်း, နွးချေးလောင်း ခြင်း, ပေါင်းသင်ခြင်း အစရှိသည်ဖြင့် ပြုပြင်၏၊ အကြင်မျှလောက်သော ကာလပတ်လုံး အဆိပ်ပင်တို့သည် ပွားများကုန်၏၊ ထိုမျှလောက်သော ကာလပတ်လုံး အဆိပ်သီးကို စားမှားသဖြင့် ပျက်စီးသူတို့ အပိုင်းအခြားမရှိကုန်။ ဤနည်းအတူ အဆိပ်ပင်တို့ရောက်ရာ ဥယျာဉ်မြေနှင့်တူသော ခန္ဓာငါးပါး စွဲလမ်းရာ မှီရာ အာရုံခြောက်ပါး, ဝတ္ထုရုပ် ခြောက်ပါးတို့၌ စွဲလမ်းခြင်း, မိန်းမောခြင်း မကင်းသရွေ့ကာလပတ်လုံး ခန္ဓာငါးပါး ရုပ်နာမ်တရား ဖြစ်ပွား၍ ဝ!်ဆင်းရဲမှ မထမြောက်နိုင်ကုန်၊ ဝ!်ဆင်းရဲမှ ထမြောက်လိုသော အမျိုးသား တို့သည် လောကီအာရုံခြောက်ပါး, ဝတ္ထုရုပ် ခြောက်ပါးစသည်တို့၌ စွဲလမ်းခြင်း စသည်ကို မပြုကျင့်အပ်ကုန်၊ လောကမှ လွတ်မြောက်ရာ လောကုတ္တရာ တရားမြတ်ကိုသာလျှင် ကောင်းစွာ ကြပ်ကြပ် အားကိုးအပ် မှီဝဲအပ်သည်ဟု ပြတော်မူလို၍ နိဿယပစ္စည်းကို ဟောတော်မူသည်။

ဥပနိဿယပစ္စည်း

အဏုမြူမျှသော မီးပွားသည် တရွေ့ရွေ့ ကြီးပွားသဖြင့် မြို့ရွာ, နိဂုံး, တောင်ကြီး, တောကြီးတို့ကို လောင်စာ၏ အဖြစ်သို့ ရောက်စေနိုင်သကဲ့သို့ အနည်းငယ်သော ကာမရာဂမီးသည် တရွေ့ရွေ့ ကြီးပွားသဖြင့် အဆုံးမရှိ မဟာအဝီစိနိရယဘေးကို ဖြစ်စေတတ်သည်၊ ထို့ကြောင့် အနည်းငယ်သော နူနာကို လွန်စွာ ကြောက်အပ်သကဲ့သို့ အနည်းငယ်သော ကာမရာဂ စသည်ကို သော်လည်း လွန်စွာ ကြောက်အပ်သည်ဟူ၍လည်းကောင်း၊ အနည်းငယ်သော မိုးရေမိုးပေါက်သည် တရွေ့ရွေ့ ကျဖန်များသဖြင့် ထုံး, အိုင်, ကန်, ချောင်း, မြစ်, သမုဒ္ဒရာတို့ကို ဖြည့်စွမ်းစေနိုင်သကဲ့သို့ အနည်းငယ်သော ဒါနစသော ကုသိုလ်တရားသည်လည်း အဆင့်ဆင့်ပွားသဖြင့် နိဗ္ဗာန်တည်းဟူသော မဟာသမုဒ္ဒရာကို ဖြည့်စွမ်းနိုင်စေသည်၊ ထို့ကြောင့် အနည်းငယ်သော ဒါနစသော ကုသိုလ်ကိုသော်လည်း လွန်စွာ နှစ်သက် ပွားများ အားထုတ်အပ်သည်ဟူ၍လည်းကောင်း။

ယင်းသို့ အားထုတ်အပ်သော ဒါန, သီလ အစရှိသည်ကို အာရုံပြု၍လည်း ငါကား အလှူကြီးရှင်တည်း၊ ငါကား သီလရှိသောသူတည်း စသည်ဖြင့် မာနတက် ပွားတတ်သည်၊ မာနတက်ပွားက ကောဓ, ဥပနာဟ, မက္ခီ, ပဠာသီ, ထမ္ဘ, သာရမ္ဘ, ဣဿာ, မစ္ဆရိယ အစရှိသော ယုတ်မာသော အကုသိုလ်တရား ဖြစ်ပွား၍ အပါယ်လားတတ်သည်၊ အပါယ်လားမည်မှာ ကြောက်၍ ပြုအပ်သော ဒါန, သီလ စသည်ကို အမှီပြု၍ အပါယ်လားကြောင်း မကောင်းမှုကို မဖြစ်စေရာ ဟူ၍လည်းကောင်း။

သဒ္ဓါတရားရှိမှ သီလကို ဖြည့်စွမ်းနိုင်မည်၊ သီလဖြူစင်မှ နှလုံးရွှင်လန်းခြင်း ဖြစ်သည်၊ နှလုံးရွှင်လန်းမှ ဝမ်းမြောက်ခြင်း ပါမောဇ္ဇဖြစ်သည်၊ ပါမောဇ္ဇဖြစ်မှ နှစ်သက်ခြင်း ပီတိဖြစ်သည်၊ ပီတိဖြစ်မှ ကိုယ်စိတ် ငြိမ်းခြင်း ပဿဒ္ဓိဖြစ်သည်၊ ပဿဒ္ဓိဖြစ်မှ သုခဖြစ်သည်၊ သုခဖြစ်မှ သမာဓိကို ရရာသည်၊ သမာဓိကိုရမှ ယထာဘူတဉာဏ် ဖြစ်နိုင်သည်၊ ယထာဘူတဉာဏ်ဖြစ်မှ ငြီးငွေ့ခြင်း နိဗ္ဗိဒါ ဉာဏ် ဖြစ်နိုင်သည်၊ နိဗ္ဗိဒါဉာဏ်ဖြစ်မှ သမ္မသနဉာဏ် ဖြစ်နိုင်သည်၊ သမ္မသနဉာဏ် ဖြစ်မှ ဝိပဿနာဉာဏ် ဖြစ်နိုင်သည်၊ ဝိပဿနာဉာဏ်ဖြစ်မှ မဂ်ဉာဏ်,ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်၊ ထို့ကြောင့် မဂ်, ဖိုလ်, နိဗ္ဗာန်ကို အလိုရှိသော အမျိုးသားသည် သဒ္ဓါတရားကို ပွားအောင် ပြုအပ်၏၊ သဒ္ဓါတရား ပွားများခြင်း အကြောင်း သုတ္တန်ဓမ္မကို လေ့လာဆောင်ရွက်အပ်၏၊ သဒ္ဓါတရားကို ဖြစ်ပွား စေတတ်သော သပ္ပုရိသူပနိဿယ, ကလျာဏမိတ္တပုဂ္ဂိုလ်တို့ထံ မှီဝဲဆည်းကပ် အပ်၏ စသည်ဖြင့်လည်းကောင်း ပြတော်မူလို၍ ဥပနိဿယပစ္စည်းကို ဟောတော် မူသည်။

ပုရေဇာတပစ္စည်း

လောကီကာမဂုဏ် အာရုံခြောက်ပါး, ဝတ္ထုရုပ်ခြောက်ပါးတို့၌ မက်မောခြင်း အဿာဒ ကင်းစေရမည်၊ လောကုတ္တရာ နိဗ္ဗာန်အာရုံကိုသာ စုံမက်မြတ်နိုး အပ်သည်ဟု ပြတော်မူလို၍ အာရမ္မဏပုရေဇာတ, ဝတ္ထုပုရေဇာတပစ္စည်းကို ဟောတော်မူသည်။

ပစ္ဆာဇာတပစ္စည်း

နောက်နောက်သော နာမက္ခန္ဓာလေးပါးတို့မှ အထောက်အပံ့ရသောကြောင့် ရှေးရှေးသော ရူပက္ခန္ဓာ ဖြစ်ရသည်၊ နာမက္ခန္ဓာ၌ တပ်မက်ခြင်း, ဖြစ်ပွားခြင်း စသည် ကင်းမှ ရူပက္ခန္ဓာဖြစ်စ ပြတ်နိုင်မည်၊ ဤမှာဖက်ကမ်းကို စွန့်မှ ဟိုမှာဖက်ကမ်းသို့ ရောက်မည်ဟူသကဲ့သို့, ခန္ဓာဝန်ကို လွန်မှ နိဗ္ဗာန်သို့ ရောက်ချိမ့်မည်၊ ခန္ဓာဝန်ကို လွန်အောင် ပြုကြလောဟု ဥယျောဇဉ်ကို ပြတော် မူလို၍ ပစ္ဆာဇာတပစ္စည်းကို ဟောတော်မူသည်။

အာသေဝနပစ္စည်း

ရှေးရှေးသော အကုသိုလ်ဇောကြောင့် နောက်နောက်သော အကုသိုလ်ဇော အားကြီးသည်၊ ထို့ကြောင့် ဒုတိယဘဝ စသည်၌ အပါယဒုက္ခကို ဖြစ်စေနိုင် သည်၊ ရှေးရှေးသော ကုသိုလ်ဇော၏ အစွမ်းကြောင့် နောက်နောက်သော ကုသိုလ်ဇောတို့သည် အားကြီးသဖြင့် ဒုတိယဘဝ အစရှိသည်၌ လူ့ဘုံနတ်ရပ် သုဂတိသို့ကပ်၍ မရဏမင်းနိုင်ငံသို့ လိုက်ကြရလေသည်၊ ရှေးရှေးသော ဝိပဿနာဇောကြောင့် နောက်နောက်သော ဝိပဿနာဇော အားကြီး၍ မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရလေသည်၊ မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရကြောင်းဖြစ်သော ဝိပဿနာကိုသာ လွန်စွာပွားအပ် ထုံမွှမ်းအပ်သည်ဟု ပြတော်မူလို၍ အာသေဝန ပစ္စည်းကို ဟောတော်မူသည်။

ကမ္မပစ္စည်း

အကုသိုလ်ကံသည် လတ်တလော သေစေတတ်သော ပြင်းထန်သော အဆိပ်ကဲ့သို့ လတ်တလော အပါယ်ဘေးကို ဖြစ်စေတတ်သည်၊ လောကီ ကုသိုလ်ကံသည် တရွေ့ရွေ့ တမျှဉ်းမျှဉ်းတက်၍ သေစေတတ်သော အဆိပ်ကဲ့သို့ သုဂတိဘုံသို့ သွေးဆောင် ဖြားယောင်းလျက် တရွေ့ရွေ့ အပါယိကဒုက္ခကို ဖြစ်စေတတ်သည်၊ လောကုတ္တရာ မဂ်ကုသိုလ်သာလျှင် လောကမှ ထွက် မြောက်ရာ ဖလသမာပတ်ကို ဖြစ်စေလျက် နိဗ္ဗာန်သောင်ကမ်း ခပ်လိုသော အမျိုးကောင်းသားတို့သည် သောတာပတ္တိမဂ် အစရှိသော လေးပါးသော မဂ်ဉာဏ်၏အကြောင်း ပဋိပတ္တိတရားကို မပြတ်မလပ် အားထုတ်အပ်သည်ဟု ပြတော်မူလို၍ ကမ္မပစ္စည်းကို ဟောတော်မူသည်။

ဝိပါကပစ္စည်း

လောကီဝိပါက်နာမက္ခန္ဓာတို့တွင် အကုသလဝိပါက်နာမက္ခန္ဓာ ရခြင်းသည် ဆားကန်တွင်း၌ နစ်၍ သေရသောသူနှင့် တူ၏၊ ကာမာဝစရကုသလဝိပါက် နာမက္ခန္ဓာကို ရခြင်းသည် ချမ်းအေးချိုမြိန်သော ရေရှိသော ဧရာဝတီမြစ်၌ နစ်၍ သေရသောသူနှင့် တူ၏၊ ရူပဝိပါက်,အရူပဝိပါက်နာမက္ခန္ဓာကို ရခြင်း သည် စတုမဓူခွက်၌ နစ်၍သေရသော ပျားပိတုန်းနှင့် တူလေသည်၊ လောကုတ္တရာ ဝိပါက်ဟု ဆိုအပ်သော ဖလသမာပတ်ကို ဝင်စားခြင်းသည် ချိုမြိန်သော စတုမဓူရေကို သောက်၍ ကမ်းတစ်ဖက်သို့ ရောက်သော သူနှင့် တူလေသည်၊ ထို့ကြောင့် လောကီဝိပါက် နာမက္ခန္ဓာ၌ တွေဝေမိန်းမော စွဲလမ်းတပ်မက်ခြင်း ကို ကင်းစေ၍ လောကုတ္တရာ ဖလသမာပတ်ဖြင့် နိဗ္ဗာန်သောင်ကမ်းခပ်အောင် အားထုတ်အပ်သည်၊ အားထုတ်ကြကုန်ဟု အာဏတ္တိကို ပြတော်မူလို၍ ဝိပါကပစ္စည်းကို ဟောတော်မူသည်။

အာဟာရပစ္စည်း

ကိလေသာ၏ ဝတ္ထုကာမဂုဏ် အာရုံခြောက်ပါး၌ တွေ့ခြင်းသဘောရှိသော ဖဿာဟာရ စသည်လည်း အရေထူ, အရေပါးကို လှစ်ခွာ၍ ထားအပ်သော နွားတို့၌ မည်သည့်အရပ် အလပ်မရှိ ယင်ငယ်တစ်ကောင်မျှ အနားမခံနိုင်အောင် နာကျင်ခြင်းဒုက္ခကို ခံရသကဲ့သို့၊ မည်သည့်အာရုံကို မဆို ထိုထိုအာရုံ ဟူသမျှ၌ ပင် ထိခိုက်၍ ရာဂ, ဒေါသ အစရှိသော အကုသိုလ် ကိလေသာ ခန္ဓာငါးပါး ရုပ်နာမ်တရား ဖြစ်ပွား၍ အဆုံးမရှိ ကြီးမားစွာသော သံသရာဝဋ်ဒုက္ခမှ မထွက်မြောက်နိုင်ကြကုန်သည်၊ သံသရာဝဋ်ဒုက္ခမှ ထွက်မြောက်လိုသော အမျိုးကောင်းသားတို့သည် ကာမဂုဏ်ငါးပါး, အာရုံခြောက်ပါးဟူသမျှ၌ တွေ့ထိ ခြင်းသဘော လက္ခဏာရှိသော ဖဿာဟာရ အစရှိသည်၌ ငြီးငွေ့ခြင်း နိဗ္ဗိဒါဉာဏ်ကို ဖြစ်စေ၍ သမ္မသနဉာဏ်, ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်တိုင်အောင် လွန်စွာအားထုတ်အပ်၏ဟု ပြတော်မူလို၍ အာဟာရပစ္စည်း ကို ဟောတော်မူသည်။

ဣန္ဒြိယပစ္စည်း

စက္ခုစသော ဣန္ဒြေခြောက်ပါးကို မြို့တံခါး ခြောက်ပေါက်ကဲ့သို့ မှတ်အပ်၏၊ ကိုယ်တွင်း သန္တာန်၌ရှိသော သဒ္ဓါ, သီလ အစရှိသော သူတော်ကောင်းတရားကို မြို့တွင်းရှိ ဥစ္စာ ဘဏ္ဍာတို့ကဲ့သို့ မှတ်အပ်၏၊ လောဘ, ဒေါသ, မောဟ အစရှိသော အကုသိုလ်ကိလေသာ ဆယ်ပါးတို့ကို ခိုးသားကြီးတို့ကဲ့သို့ မှတ်အပ်၏၊ မြို့တံခါး ခြောက်ပေါက်ကို လုံခြုံစွာစောင့်ရှောက်မှ ခိုးသားကြီး ဆယ်ယောက်တို့ နှောင့်ယှက်ခြင်း ခွင့်မရသည်ဖြစ်၍ မြို့တွင်းရှိ ဥစ္စာဘဏ္ဍာတို့သည် အမြဲတည်သကဲ့သို့၊ စက္ခုစသော ခြောက်ပါးသော ဣန္ဒြေတို့ကို ထိန်းသမ်းစောင့် ရှောက်မှ သဒ္ဓါ, သီလ အစရှိသော သူတော်ကောင်း ဥစ္စာတို့သည် ကိုယ်တွင်း သန္တာ န၌် အမြအဲ ရညှ်တညန် ငို ရ်ာသည၊် အလုးံ စုံ ကောင်း , မကောင်းဟသူ မျှသည် ထို ခြောက်ပါးသော ဣန္ဒြေတို့ကို မှီ၍ ဖြစ်လေသည်၊ ထို့ကြောင့် အကုသိုလ် မကောင်းမှုကို ပယ်ရှား၍ ကုသိုလ်တရားကို အားထုတ်ဖြည့်စွမ်းလိုသော ပုဂ္ဂိုလ်သည် ထို စက္ခုစသော ခြောက်ပါးသော ဣန္ဒြေတို့ကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်အပ်၏၊ စောင့်ရှောက်ကြလေ၊ ဤသို့ အစရှိသဖြင့် တိုက်တွန်းခြင်း အာဏတ္တိကို ပြတော်မူလို၍ ဣန္ဒြိယပစ္စည်းကို ဟောတော်မူသည်။

ဈာနပစ္စည်း

လောဘ, ဒေါသ အစရှိသည်တို့၏ အစွမ်းအားဖြင့် ကိလေသာ၏ အာရုံ ကာမဂုဏ် ဒုစရိုက်တရားတို့ကို ပြုမှား၍ အပါယ်လားကုန်သော သူတို့၏ အရင်း မူလ တရားကား ထိုမကောင်းသော ဒုစရိုက်အာရုံ၌ အဖန်တလဲလဲ ကာမဝိတက်, ဗျာပါရဝိတက်, ဝိဟိံသာဝိတက်ကို ကြံခြင်း, ထို မကောင်းမှုဒုစရိုက်အာရုံ၌ အဖန်တလဲလဲ ဝိစာရအစွမ်းဖြင့် သုံးသပ်ခြင်း, အဆိပ်ရောက်သော ပျားသကာကို စားမှားသောသူကဲ့သို့ အထင်အမှတ် မှားသဖြင့် မကောင်းသော အာရုံ၌ ပီတိအစွမ်းအားဖြင့် နှစ်သက်ခြင်း, ချမ်းသာတစ်ခုကို အာရုံပြု၍ ရှုခြင်း, ဧကဂ္ဂတာ၏ အစွမ်းအားဖြင့် ထိုအာရုံ၌ မတုန်မလှုပ် သက်ဝင်တည်ကြည်ခြင်း ဟု ဆိုအပ်သော အကုသိုလ်ဈာနင် ငါးပါးတို့သည် ရှေ့ဆောင်အပ်ကုန်သည် ဖြစ်၍ တိမိရ, တိပိဂလ အစရှိသော ငါးကြီးတို့သည် မဟာသမုဒ္ဒရာ၌ ကျက်စားမြူးထူးခွင့်ကို ရသကဲ့သို့ လောဘ, ဒေါသ အစရှိသော အကုသိုလ် ကိလေသာတို့ ကျက်စားမြူးထူးခွင့်ကို ရ၍ အရပ်လေးမျက်နှာမှ တစ်ခဲနက်လိမ့်၍ လာသော ကျောက်တောင်ကြီးသည် သတ္တဝါဟူသမျှကို မှုန့်မှုန့်ညက်ညက် ပျက်စီးစေနိုင်သကဲ့သို့ အဆုံးမရှိ ကြီးမားလှစွာသော အာပါယိက သံသာရဒုက္ခကို ဖြစ်စေနိုင်သည် ဖြစ်ရကား ထို ကာမဝိတက်, ဝိဟိံသာဝိတက် အစရှိသော မိစ္ဆာဈာနင်တရား ငါးပါးတို့ကို ပယ်ရှား၍ လောကီ လောကုတ္တရာသမာဓိကို ဖြစ်စေတတ်သော ကသိုဏ်းအစရှိသည်လျှင် အာရုံရှိသော အပ္ပနာဈာန်အဂါ ငါးပါး တရားကိုသာလျှင် ကောင်းစွာ အားထုတ်အပ်သည်ဟု ပြတော်မူလို၍ ဈာနပစ္စည်းကို ဟောတော်မူသည်။

မဂ္ဂပစ္စည်း

မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသကပ္ပအစရှိသော အကုသိုလ်မဂ္ဂင်တရား လေးပါးသည် ယူဆောင် ဆွဲငင်အပ်သည်၏ အဖြစ်ကြောင့် အကုသိုလ်တရား ဖြစ်ပွား၍ သံသရာ ဤမှာဖက်မှ မထမြောက်ကြသည်၊ သမ္မာဒိဋ္ဌိ, သမ္မာသကပ္ပ အစရှိသော ကုသိုလ်မဂ္ဂင်တရား ရှစ်ပါးသည် ယူဆောင် ခေါ်ငင်အပ်သည်၏ အဖြစ်ကြောင့် ကုသိုလ်တရား ဖြစ်ပွား၍ သံသရာ ထိုမှာဖက်ကမ်းသို့ လှမ်းရောက်နိုင်ကြသည်၊ သံသရာ ထိုမှာဖက်ကမ်းသို့ လှမ်းရောက်လိုသော အမျိုးကောင်းသားတို့သည် အကုသိုလ် မဂ္ဂင်တရားကို ပယ်ရှား၍ ကုသိုလ် မဂ္ဂင်တရားကို ပွားများအားထုတ် အပ်သည်၊ အားထုတ်ကြလော့၊ ဤသို့ အစရှိသည်ဖြင့် တိုက်တွန်းခြင်း အာဏတ္တိကို ပြတော်မူလို၍ မဂ္ဂပစ္စည်းကို ဟောတော်မူသည်။

သမ္ပယုတ္တပစ္စည်း

လောကီနာမက္ခန္ဓာတရား လေးပါးတို့သည် သဘောတူတိုင်ပင် ပေါင်းဖက်၍ မြို့ရွာကို ဖျက်ဆီးတတ်သော သူခိုးလေးယောက်ကဲ့သို့ အချင်းချင်း သဘောတူ ပေါင်းယှဉ်၍ သခါရဒုက္ခ, ဝိပရိဏာမဒုက္ခ, ဒုက္ခဒုက္ခဟု ဆိုအပ်သော တေဘူမက ဝဋ်ဒုက္ခကို ပွားစေတတ်သည်ဖြစ်ရကား ထိုကုသိုလ်, အကုသိုလ်, ဝိပါက်, ကိရိယာ, လောကီ နာမက္ခန္ဓာဟူသမျှကို အနိစ္စ, ဒုက္ခ, အနတ္တ သဘောသာတည်းဟု ဝိပဿနာဉာဏ်ဖြင့် အဖန်ဖန်ဆင်ခြင်၍ လောကုတ္တရာ နာမက္ခန္ဓာဟု ဆိုအပ် သော မဂ်ဖိုလ်တရားကိုသာ လွန်စွာ အားထုတ်အပ်သည်ဟု ပြတော်မူလို၍ သမ္ပယုတ္တပစ္စည်းကို ဟောတော်မူသည်။

ဝိပ္ပယုတ္တပစ္စည်း

အဆိပ်ပင်၌ အဆိပ်မြစ်သည် အဆိပ်သီး၏အကြောင်းဖြစ်ငြားသော်လည်း မူလဖလအားဖြင့် အကြောင်းအကျိုး ကွဲပြားသကဲ့သို့ ပဉ္စဝေါကာရနာမက္ခန္ဓာသည် မိမိမူကား နာမ်တရားဖြစ်လျက် တစ်ဆယ့်တစ်ပါးသော မီးတို့၏ လောင်စာ ရူပက္ခန္ဓာကို ပွားစေတတ်သည် ဖြစ်ရကား တစ်ဆယ့်တစ်ပါးသော မီးတို့၏ လောင်စာ ရူပက္ခန္ဓာမှ လွတ်လိုသော သံသာရဘီရုက ပုဂ္ဂိုလ်သည် ကာမချမ်းသာ, လူချမ်းသာ, နတ်ချမ်းသာဟူ၍ သမုတ်အပ်သော ပဉ္စဝေါကာရ နာမက္ခန္ဓာကို လွန်စွာ ကြောက်အပ်သည်၊ လည်ရေးသုံးဆင့်ရှိသော အဆိပ်ထန်သော မြွေကို ကိုင်မိသော ယောက်ျားကဲ့သို့ လျင်စွာ လွှတ်အပ်သည်ဟု ပြတော်မူလို၍ ဝိပ္ပယုတ္တပစ္စည်းကို ဟောတော်မူသည်။

အတ္ထိပစ္စည်း

ခြသေ့, သစ်ကျား,သားရဲ, ဘီလူးတို့သည် ထူထဲလှသော တော,တောင် ချောက်ကမ်းပါးကို မှီလျက် သတ္တဝါတို့ကို နှိပ်စက်ဖျက်ဆီးသကဲ့သို့ အလုံးစုံသော အကုသိုလ်ကိလေသာတို့သည် ဝတ္ထုအာရုံအစရှိသော စွဲလမ်းရာ မိမိတို့ အကြောင်း တရား ထင်ရှားရှိ၍သာလျှင် သတ္တဝါတို့ကို ဖျက်ဆီးနိုင်သည်၊ အကုသိုလ် ကိလေသာတို့ နှိပ်စက်ခြင်းမှ ကင်းလိုသော အမျိုးကောင်းသားတို့သည် လောကီ ကာမဂုဏ်, အာရုံခြောက်ပါး, ဝတ္ထုခြောက်ပါး, ခန္ဓာငါးပါး, ရုပ်နာမ်တရားတို့၌ တွယ်တာမက်မောခြင်းကို မဖြစ်စေရာ၊ မြင်းမိုရ်တောင်မင်းကို အမှီရသော မြက်သစ်ပင်တို့သည် ယာခုတ် တောထွင် အစရှိသော ဖျက်ဆီးသူ ဘေးရန်ကင်းသကဲ့သို့ လောကုတ္တရာနာမက္ခန္ဓာအမှီ ထင်ရှားရှိသောသူသာလျှင် အလုံးစုံသော ဘေးဒုက္ခမှ ကင်းနိုင်ရာသည်ဟု ပြတော်မူလို၍ အတ္ထိပစ္စည်းကို ဟောတော်မူသည်။

နတ္ထိ, ဝိဂတ, အဝိဂတပစ္စည်း၊

နတ္ထိ, ဝိဂတမှာ အနန္တ ရပစ္စည်းနှင့် သဘောမထူးပြီ၊ အဝိဂတပစ္စည်းမှာလည်း အတ္ထိပစ္စည်းနှင့် အထူးအခြား မရှိပြီ၊ ဝေနေယဇ္ဈာသယအားဖြင့် သဒ္ဒါပြား၍ ဟောတော်မူသည်၊ နေတ္တိဟာရနည်းကို အမှီပြုသဖြင့် အမြွက်မျှ ပြဆိုအပ်သော အဓိပ္ပာယ်, အရကောက်နှင့်တကွ နှစ်ဆယ့်လေးပစ္စည်း၏ မှီရာ အတ္ထနိဿယသည် ဤတွင် အပြီးသတ်လတ်ပြီ။

ရွှေကျင်ဆရာတော်ဘုရားကြီး ရေးသားပြုပြင် စီရင်အပ်သော ဤ နှစ်ဆယ့်လေးပစ္စည်းအနက်သည် ကျမ်းကြီး, ကျမ်းမ မသင်ကြားနိုင်သော အမျိုးသားတို့အား လွန်စွာအထူး အကျိုးများလတ္တံ့။

ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏ ပဋ္ဌာန်းပစ္စည်း အနက်နှင့် အဓိပ္ပာယ် အရကောက် ပြီး၏။

ဩဝါဒမှ ကောက်နုတ်ချက် အချို့

ပဋ္ဌာန်းတရားတော် နာယု ပြီးသူများ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် နိဗ္ဗာန်ကို ကြည်ညိုနိုင်စေရန်

မဟာဂန္ဓာရုံဆုံဆုံဆရာတော်

အရှင် ဇနကာဘိဝံသ ၏ ဩဝါဒမှ ကောက်နုတ်ချက် အချို့

သောတာပန် ဖြစ်ဖို့ ခက်သလား ပါဠိတော်။ ။ တသ္မာ တိဟာနန္ဒ ဓမ္မာဒါသံ နာမ ဓမ္မပရိယာယံ ဒေသေဿာမိ၊ {ယေန သမန္နာဂတော အရိယသာဝကော အာကခမာနော အတ္တနာဝ အတ္တာနံ ဗျာကရေယျ၊ ခီဏနိရယောမှိ ခီဏတိရ စ္ဆာန ယောနိ ခီဏပေတ္တိဝိသယော ခီဏာပါယဒုဂ္ဂတိဝိနိပါတော၊ သောတာပန္နောဟမသ္မိ အဝိနိပါတဓမ္မော နိယတော သမ္ဗောဓိပရာယဏော}တိ။၁။ မဟာဝဂ္ဂသံယုတ် ပါဠိတော်, နှာ-၃၁၁။

မြန်မာပြန်။ ။ နောက်၌ ဘုရားဂုဏ်တော် ၉-ပါး, တရားဂုဏ်တော်၆-ပါး, သံဃာ့ဂုဏ်တော် ၉-ပါး ဤဂုဏ်တော်များ၌ အဝေစ္စပသာဒ (ဉာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း) ၃-မျိုး, ငါးပါးသီလနှင့် ပြည့်စုံခြင်း, ဤဂုဏ်အဂါ ၄-ပါးနှင့် ပြည့်စုံသူသည် မိမိကိုယ်ကို သောတာပန်ဖြစ်ပြီဟု ဆုံးဖြတ်နိုင်သည်။

သောတာပန်ဖြစ်ဖို့ မခဲယဉ်း။ ။ ဤ တရားမှန်ကြီးကို ကြည့်ရှုသောအခါ သောတာပန် ဖြစ်ဖို့ အကြောင်းမှာ ရတနာ သုံးပါး၏ ဂုဏ်တော်ကို လေးလေးနက်နက် ကြည်ညိုခြင်းနှင့် လူဝတ်ကြောင်များ၌ ငါးပါးသီလ စင်ကြယ်ဖို့သာဖြစ်၏၊ ထို့ကြောင့်လည်း ဝိသာခါကျောင်းအမသည် ဗုဒ္ဓမြတ်စွာကို ပထမဖူးရစဉ် ၇-နှစ်အရွယ်ကပင် သောတာပန် တည်ခဲ့၏၊ ဓမ္မာသောကမင်း၏ အသန္ဓိမိတ္တာဒေဝီသည် ဘုရားရှင်၏ အသံတော်နှင့် အထိုက်အလျောက်တူသော ကရဝိတ်ငှက်၏ အသံကို ကြားရ၍ ဘုရားကို မဖူးလိုက်ရဘဲ ကြည်ညိုသော အဝေစ္စပသာဒ (သဒ္ဓါ)ကြောင့် မောင်းမ ရဝဝနှင့် အတူ သောတာပန်ဖြစ်ကြ၏၊{ပင်ကိုက ငါးပါးသီလ စင်ကြယ်သူများအတွက် ယခုလို သာသနာတွင်း၌ သောတာပန်ဖြစ်ဖို့ မခဲယဉ်း}ဟု မှတ်သင့်ပါသည်။

ဆောင်။ ။ ထောက်မှန်ပေါ်တွင်, ကိုယ့်အသွင်ကို, ဆင်ပြင်လိုဘိ, နေ့စဉ်ကြည့် သို့၊ မိမိသီလ, ဆိုင်သမျှကို, နေ့ညခပင်း, လွန်သန့်ရှင်း၍, ပျံ့သင်းမွှေးမှု, အလေးပြုလျက်, သုံးလူ့ထွတ်ထား, မြတ်ဘုရားနှင့်, တရား သံဃာ, အရိယာ၏, ဆိုင်ရာဂုဏ်တော်, ဉာဏ်၌ပေါ်အောင်, ရွှင်ပျော်ရှုစား, သဒ္ဓါပွားမူ, မလားအပါယ်, တရားကယ်မည-်----

ရှုဖွယ်ထောက်မှန် အစစ်တည်း။

ကမ္မဋ္ဌာန်းမှန်သမျှ အဝိဇ္ဇာနှင့် တဏှာကြောင့် သံသရာဝယ် အဝိဇ္ဇာနှင့်တဏှာ ကုန်ဖို့သာ ဒုက္ခအမျိုးမျိုးနှင့် ကျင်လည်နေရပုံကို သိသော အခါ ထိုအဝိဇ္ဇာနှင့် တဏှာကုန်အောင် ကြိုးစား နေရသောနည်းကို ရှာကြရ၏၊ ထိုနည်းကို ဘုရားတစ်ဆူ ပွင့်တော်မူမှသာ ဘုရား ဟောတော်မူ၍ သိကြရ၏၊ သမုဒ္ဒရာသို့ ဝင်ဖို့ရန် ဆိပ်ကမ်းများစွာ ရှိသကဲ့သို့ သံသရာ၏ တစ်ဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ ဝင်ဖို့ရန်လည်း ကမ္မဋ္ဌာန်းတည်း ဟူသော ဆိပ်ကမ်းတွေ အများအပြားပင် ရှိ၏၊ ထိုကမ္မဋ္ဌာန်းကို အားထုတ်ရင်း ပင် အဝိဇ္ဇာ တဏှာတို့ နည်း၍ နည်း၍ လာမှသာ ထိုကမ္မဋ္ဌာန်း လမ်းစဉ်သည် မှန်သော လမ်းစဉ်ဖြစ်၏၊ ကမ္မဋ္ဌာန်းအားထုတ်သော်လည်း အဝိဇ္ဇာနှင့်တဏှာ မနည်းလျှင် ကမ္မဋ္ဌာန်းသော်လည်း မှားနေလိမ့်မည်၊ သို့မဟုတ် မိမိကသော်လည်း အဝိဇ္ဇာနှင့်တဏှာ နည်းလိုသောဆန္ဒ မရှိသောကြောင့် ဖြစ်လိမ့်မည်၊ ကမ္မဋ္ဌာန်း နည်းမှန်၍ မိမိဆန္ဒက အဝိဇ္ဇာနှင့်တဏှာ ကုန်စေလိုလျှင်ကား ကမ္မဋ္ဌာန်း ဟူသမျှသည် အဝိဇ္ဇာ,တဏှာ နည်းပါးရာမှ တစ်စတစ်စ ကုန်ဖို့သာဖြစ်သည်၊ ထို့ကြောင့် ဤအချက်လည်း ကမ္မဋ္ဌာန်းအားထုတ်ရင်း တဏှာ နည်း,မနည်းကို ကြည့်ရှုရန် တရားကြေးမုံ ထောက်မှန်ကြီး ဖြစ်သည်ဟု မှတ်ပါ။

နိဗ္ဗာန်, ပရိနိဗ္ဗာန်

ပရိနိဗ္ဗာန် ၃-မျိုး။ ။ နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်သည် သဘောတူ၏၊ ထိုပရိနိဗ္ဗာန် သည် ကိလေသာတို့၏ ငြိမ်းအေးခြင်းဟူသော ကိလေသ ပရိနိဗ္ဗာန်, ရုပ်ခန္ဓာတော်၏ ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန်, ဓာတ်တော် တို့၏ ငြိမ်းအေးခြင်းဟူသော ဓာတုပရိနိဗ္ဗာန်အားဖြင့် ၃-ပါး အပြားရှိ၏။

ကိလေသပရိနိဗ္ဗာန်။ ။ သတ္တဝါတိုင်း၌ရှိသော လောဘ, ဒေါသ, မောဟစသော ကိလေသာတို့သည် စိတ်ကို ပူလောင်စေကြကုန်၏၊ တဏှာ ရာဂ လောဘမီး၏ ပူလောင်မှုကြောင့် ဆရာ မိဘစသူတို့၏ စကား ကိုမျှ နားမထောင်နိုင်ဘဲ လုပ်ချင်တာ လုပ်ကြသူတွေ, အလိုမကျသော ဒေါသမီးကြောင့် ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံကြသူတွေကို ကြည့်လျှင် လောဘ, ဒေါသမီးတို့ ပူလောင်ပုံမှာ အလွန်ထင်ရှား၏၊ ထိုသို့ လောဘမီး, ဒေါသမီး အလောင်ခံရခြင်းမှာလည်း မောဟမီးက အကြောင်းအကျိုး မသိ မမြင်နိုင်အောင် ဖုံးကွယ်ထားသောကြောင့် ဖြစ်၏၊ ဥပမာ-ကလေးငယ်သည် ပူမှန်း မသိသောကြောင့် မီးကို ကိုင်ချင်သကဲ့သို့ (တချို့မှာ ကိုင်မိသကဲ့သို့) တည်း၊ ဗုဒ္ဓမြတ်စွာသည် အရဟတ္တဖိုလ်ကို ရသောအခါ ထို ကိလေသာအပူမီးတို့ အလုံးစုံကုန်၍ ငြိမ်းအေးကြလေတော့၏၊ ထို့ကြောင့် {ကိလေသပရိနိဗ္ဗာနံဗုဒ ္ဓမြတ်စွာ၏ ကိလေသပရိနိဗ္ဗာန်သည်၊ ဗောဓိပလ္လကေ အဟောသိ-ဘုရားဖြစ်ရာ မဟာဗောဓိ ပလ္လင်၌ ဖြစ်ခဲ့ပြီ}ဟု ဉာဏဝိဘဂ အဋ္ဌကထာ (နှာ-၄၁၃ ၌) မိန့်သည်။

ခန္ဓပရိနိဗ္ဗာန်။ ။ ရုပ်နာမ်နှစ်ရပ် ပေါင်းစပ်၍ တည်နေသော ဤခန္ဓာကိုယ်သည် အေးချမ်း ငြိမ်သက်ခြင်းမရှိသော အပူတုံးသာ ဖြစ်၏၊ ဇာတိမီး,ဇရာမီး,မရဏမီး စသော(ရှေ့၌ပြအပ်ခဲ့သော) မီးတစ်ဆယ့်တစ်ပါးသည် ခန္ဓာကိုယ်၌ တစ်မျိုးပြီးတစ်မျိုး လောင်လျက်ရှိ၏၊ ဓမ္မစကြာပါဠိတော်၌လာသော ချစ်သူနှင့် ကွဲရခြင်း, မုန်းသူနှင့်တွဲရခြင်း, အလိုရှိတာ မရခြင်းကြောင့် ဖြစ်ရ သော ဒုက္ခများလည်း အပူများပင် ဖြစ်၏၊ ထို့ကြောင့် သတ္တဝါတိုင်း၏ ခန္ဓာ ကိုယ်သည် ဒုက္ခအပူ, မီးအပူတို့ဖြင့် အမြဲပူ၍နေ၏။

အခြားသူ၏ ခန္ဓာကိုယ်ကို မဆိုထားဘိ, ဗုဒ္ဓမြတ်စွာ၏ ခန္ဓာကိုယ်တော် သော်မှလည်း ဝမ်းတော်လားချိန်မှစ၍ အားတော် နည်းပါးရကား သုံးဂါဝုတ် ခရီး၌ မကြာမကြာ နားတော်မူရခြင်း, ရေသောက်တော်မူလိုသောကြောင့် ရေခပ်စေတော်မူရခြင်းအားဖြင့် ခန္ဓာကိုယ်၏ အပူဒဏ်ကို ပင်ပန်းကြီးစွာ ခံတော်မူရပါသေးသည်၊ ထို့ကြောင့် ညောင်စောင်းကလေး အပေါ်မှာပင် ဈာန်ပေါင်းများစွာ အကြိမ်ကြိမ်အခါခါ ဝင်စားတော်မူပြီး၍ စတုတ္ထဈာန်မှ ထတော်မူသောအခါ ပဋိသန္ဓေနေတော်မူတုန်းကဖြစ်သော မဟာဝိပါက်ပထမ စိတ်နှင့်တူသော ဘဝင်စိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူခြင်းသည် ရုပ်နာမ်ခန္ဓာဟူသော အပူတုံးကြီး၏ ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန်ပင် ဖြစ်ပါသည်၊ ထို့ကြောင့် {ခန္ဓပရိနိဗ္ဗာနံ ကုသိနာရာယံ-ခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံမြို့၌ ဖြစ်ခဲ့ပြီ}ဟု ဉာဏဝိဘဂ အဋ္ဌကထာ (နှာ-၄၁၃)၌ မိန့်သည်။

မီးငြိမ်းခြင်း ဥပမာ။ ။ ဤ ခန္ဓပရိနိဗ္ဗာန် ဖြစ်တော်မူပုံကိုပင် ရည်ရွယ်တော်မူ၍ နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ-ဘုရား,ပစ္စေကဗုဒ္ဓါ, ရဟန္တာဖြစ်သော ပညာရှိတို့သည် နောက်ဆုံးဝိညာဉ်ဖြစ်သော စုတိစိတ်တော်၏ ချုပ်ခြင်းအားဖြင့် ငြိမ်းအေးတော်မူကြပြီ၊ ဥပမာ-တောက်နေသော ဆီမီးသည် ဆီကုန်သောအခါ ငြိမ်းသကဲ့သို့ ဖြစ်သည်}ဟု ရတနသုတ်၌ ဗုဒ္ဓမြတ်စွာ မိန့်တော်မူ၏၊ ဤ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော် (နှာ-၁၂၉)၌္ခလည်း {ပဇ္ဇောတေဿဝ နိဗ္ဗာနံ, ဝိမောက္ခော စေတသော အဟု=ပရိနိဗ္ဗာန် စုတိ စိတ်တော်၏ လွတ်မြောက်တော်မူခြင်းသည် မီးငြိမ်းပုံနှင့် တူသည်}ဟု အရှင် အနုရုဒ္ဓါ မိန့်တော်မူသည်။

ဓာတုပရိနိဗ္ဗာန်။ ။ ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်အားလုံး စုပေါင်း၍ ဓာတ်ပေါင်း ကိုယ်တော်ကို ဓာတ်မီးလောင်ပြီးမှ ငြိမ်းခြင်းကို {ဓာတု ပရိနိဗ္ဗာန်} ဟု ခေါ်၏၊ ချဲ့ပါဦးမည်၊ သာသနာတော် ကိုးကွယ်မည့်သူ လူတစ်ယောက်တလေမျှ မရှိလောက်အောင် သာသနာ ဆုတ်ယုတ်သောအခါ နေရာဌာန အသီးသီး၌ တည်တော်မူသော ဓာတ်တော်များသည် ဘုရားဖြစ်ရာ ဗောဓိပင်၌ စုပေါင်းကာ ရွှေတုံးကြီးကဲ့သို့ဖြစ်၍ ရောင်ခြည်တော်လွှတ်လိမ့်မည်။

ထိုရောင်ခြည်တော်ကို ဖူးမြင်ရသောအခါ နတ်ဗြဟ္မာတို့သည် ကပျာကယာ လာကြပြီးလျှင် အရိုးတော် ရွှေတုံးကြီး၌ တေဇောဓာတ် လောင်နေသည်ကို မြင်ရသောအခါ {ယခုမှ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူတာပဲ, ယခုမှ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူတာပဲ}ဟု ပြောကာ ပြောကာ အလွန်ဝမ်းနည်း စွာ ငိုကြွေးကြလေ၏၊ အနာဂါမ်, ရဟန္တာ နတ်ဗြဟ္မာတို့ကား {ဖြစ်လေသမျှ ပျက်ရသည်သာ}ဟု တရားသဘောကို တွေးကာ သံဝေဂဉာဏ်ဖြင့် သည်းခံနိုင် ကြပေသည်။

လကာ။ ။ဓာတ်တော်မွေတော်, ကြွင်းပါသော်လည်း, ချွတ်ချော်သာသနာ, နောင်သောခါဝယ်, ရှိန်ဝါပျက်ကြွေ, ကွယ်ပချေသော်, ထွေထွေ ရပ်နယ်, ဓာတ်သွယ်သွယ်လည်း, ကိုးကွယ်ကြမည့်, လူမရှိ၍, ဗောဓိပင်မှာ, စုပေါင်းကာဖြင့်, ရောင်ဝါလွှတ်ပြီး, ရွှေတုံးကြီးသို့, ဓာတ်မီးလောင်တောက်, ကုန်ဆုံးပျောက်က, လာရောက်ကြရှာ, နတ်ဗြဟ္မာတို့, သာသနာဗုဒ္ဓ, ယခုမှပင်, မုချအတည်, ကွယ်ရပြီဟု, ငိုမြည်တမ်းတ, သံဝေဂဖြင့်, မရယူကျုံး, ကိုယ်စိတ်ချုံးသည်, နောက်ဆုံးသာသနာ့ပွဲတော်ဘုရား။

နိဗ္ဗာန် နှစ်မျိုးမှ တစ်မျိုး နိဗ္ဗာန် ရဟန္တာအားလုံး၌ ရနိုင်သော ကိလေသပရိနိဗ္ဗာန်, ခန္ဓပရိနိဗ္ဗာန် နှစ်မျိုး သည် {သိဝံ ပတ္ထေထ ဘိက္ခဝေ၊ သိဝံ ပတ္ထေတွာ ဒါနံ ဒါတဗ္ဗံ-ဘိက္ခုတို့ ဘေးခပ်သိမ်းတို့၏ အေးငြိမ်းရာ နိဗ္ဗာန်ကို တောင့်တကြလော့၊ နိဗ္ဗာန်ကို တောင့်တ၍ ဒါနကို ပြုကြလော့, သီလကို ဆောက်တည်ကြလော့, ဘာဝနာကို ပွားစေကြလော့} ဤသို့ ဗုဒ္ဓမြတ်စွာ တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။

ပြအပ်ခဲ့သော နိဗ္ဗာန်နှစ်မျိုးသည် {ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော အသခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏} ဟု လူအများ တောင့်တအပ်, ဆုတောင်းအပ်သော အသခတဓာတ် နိဗ္ဗာန် တရားမြတ် မဟုတ်သေးပါ။

ပြအပ်ခဲ့သော နိဗ္ဗာန်နှစ်မျိုးသည် {ငါဘုရားသည် ယနေ့ညဉ့်၏ နောက်ဆုံးအချိန်၌ ရှေးရှေးဘုရားရှင်တို့ ဝင်အပ်သော အမြိုက်နိဗ္ဗာန်သို့ ဝင်ရ တော့မည်}ဟု ဆင်ခြင်တော်မူသောအခါ {စိတ်တော်သည် အလွန်ကြည်၏} ဟု မိန့်တော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။

ပြအပ်ခဲ့သော နိဗ္ဗာန်နှစ်မျိုးသည်{အနေဇော သန္တိ မာရ ဗ္ဘ, ယံ ကာလမကရီ မုနိ-ငါးဖြာအာရုံ ကာမဂုဏ်၌ တုန်လှုပ်တတ်စွာ တဏှာကင်းပြီးသော အကြင် မုနိထွတ်တင် ဘုရားရှင်သည် ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို ရည်ရွယ်တော်မူ၍ ကွယ်လွန်ချိန်ကို ပြုတော်မူပြီ}ဟု အရှင်နုရုဒ္ဓါ မိန့်တော်မူ အပ်သော စကားတော်အရ ဘရုားရငှ် ရညရ် ယွ်တောမ် အူ ပ်သော သနသ္တိ ခု အမတ မဟာနဗ္ဗာ န် မဟတု်သေးပါ။

ပြအပ်ခဲ့သော နိဗ္ဗာန်နှစ်မျိုးသည် {နိဗ္ဗာနံ ပန လောကုတ္တရသခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ မဂ္ဂဖလာနမာရမ္မဏဘူတံ ဝါနသခါတာယ တဏှာယ နိက္ခန္တ တ္တာ နိဗ္ဗာနန္တိ ပဝုစ္စတိ}ဟု အဘိဓမ္မတ္ထသဂဟကျမ်း၌ {မဂ်, ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်}ဟုလည်းကောင်း, {နိဗ္ဗာနံ ပရမံ သုခံ}ဟု ဓမ္မပဒအဋ္ဌကထာ သုခဝဂ် ဧကဥပါသကဝတ္ထု၌ {နိဗ္ဗာန်သည် အမြတ်ဆုံးသုခ}ဟု လည်းကောင်း, {အသခတာ စ ဓာတု}ဟု ဓမ္မသဂဏီ ရူပကဏ္ဍဥဒ္ဒေသ၌ {အသခတဓာတ်}ဟုလည်းကောင်း ဟောတော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။

ပြအပ်ခဲ့သော နိဗ္ဗာန်နှစ်မျိုးသည် သစ္စာလေးပါးတွင် နိရောဓသစ္စာအဖြစ်ဖြင့် ပါဝင်သော သောတာပတ္တိမဂ်ကို ရလျှင်ပင် ဝိသာခါကဲ့သို့ ၇-နှစ်သမီးအရွယ် သူငယ်မတို့ ထိုက်တန်သမျှ မြင်အပ်သော တစ်ခါမြင်ပြီးလျှင် ဒိဋ္ဌိဝိစိကိစ္ဆာတို့ ကင်းကွာရကြောင်းဖြစ်သော, တစ်ခါမြင်ဖို့ရန်လည်း ငါးပါးသီလ လုံခြုံမှု အခြေခံရသော နိဗ္ဗာန် မဟုတ်သေးပါ။

ထို့ကြောင့် ယခုအခါ၌ အကြောင်းတရားတို့ မပြုအပ်သောကြောင့် {အသခတဓာတ်}ဟု အမည်တော်ရသော, ဘုရားရှင်သာမက ရဟန္တာ ဟူသမျှတို့သည် ပရိနိဗ္ဗာန် မဝင်စံခင်ကာလ၌ မကြာမကြာ အာရုံပြု၍ နေအပ်သော, ပရိနိဗ္ဗာန်စံတော်မူပြီးနောက်လည်း မပျောက်မပျက် ဆက်လက် တည်ရှိရစ်သော, လူအများတို့ ဆုတောင်းအပ်သော, ဘုရားရှင်လည်း ဆုတောင်းဖို့ရန် တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန် တရားတော်မြတ်ကို ရိုသေလေးမြတ်စွာ ရေးသားပူဇော်ပါမည်။

လူအများတို့ ဆုတောင်းနေသော နိဗ္ဗာန်၏ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန် ရှေးပညာရှိများ ဖွင့်ပြပုံ။ ။ စိတ်,စေတသိက်,ရုပ်,နိဗ္ဗာန်ဟူသော ပရမတ္ထ တရားတို့သည် ရူပါရုံမှတစ်ပါး မျက်စိဖြင့် မြင်ကောင်းသောတရားများ မဟုတ်ကြပါ၊ ထိုသို့ မမြင်ကောင်းသော်လည်း ရှေးပညာရှိ အဋ္ဌကထာဆရာတို့သည် မျက်စိဖြင့် မြင်ရသကဲ့သို့ ဉာဏ်ထဲ၌ ထင်မြင်လာအောင် လက္ခဏာအားဖြင့်လည်းကောင်း, ကိစ္စရသ-သမ္ပတ္တိရသ တစ်မျိုးမျိုးအားဖြင့်လည်းကောင်း, ဉာဏ်ဖြင့် ရှုစားသော ယောဂီပုဂ္ဂိုလ်- ပညာရှိပုဂ္ဂိုလ်တို့၏ ဉာဏ်အားထင်လာသော အခြင်းအရာအားဖြင့်လည်းကောင်း, အနီးဆုံးအကြောင်းဟူသော ပဒဋ္ဌာန်အားဖြင့်လည်းကောင်း ဖွင့်ပြကြပါသည်၊ နိဗ္ဗာန်ကိုလည်း ဉာဏ်၌ ထင်လာမြင်လာအောင် လက္ခဏ, ရသ, ပစ္စုပ္ပဋ္ဌာန် အားဖြင့် ဖွင့်ပြရမည်ဖြစ်၍ ထိုသို့ မဖွင့်ပြမီ သန္တိ လက္ခဏာရှိသော နိဗ္ဗာန်နှင့် တစ်ဖက်တစ်လမ်း (ဟိုဖက်ကမ်း ဤဖက်ကမ်းကဲ့သို့) ကွာလှမ်းသော ရုပ်နာမ်၏ မငြိမ်မသက် ဖြစ်ပျက်ပုံကို ရှေးဦးစွာ ပြပါမည်။

သခတဓာတ်။ ။ ရုပ်နာမ်တို့ကို ရှေ့(နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ)၌ ပြခဲ့ပြီ၊ ရုပ်နာမ်တို့သည်အဝိဇ္ဇာ, တဏှာ, ကံစသော အကြောင်းတို့က ပြုအပ်သော သခတဓာတ် (ပြုပြင်အပ်သောဓာတ်) ဖြစ်၏၊ ပြု၍ဖြစ်သောအခါ ချက်ချင်း ပျက်၏၊ ပျက်ပြီးလျှင်လည်း ထပ်၍ဖြစ်၏၊ ဖြစ်လျှင်လည်း ပျက်ပြန်၏၊ ဤသို့ ဖြစ်ပျက်, ဖြစ်ပျက် ဆက်၍နေသော အစဉ်သည် လက်ဖျောက်တစ်ချက်တီးခန့်ကာလ၌ ကုဋေသိန်းပေါင်းများစွာပင်တည်း။

(စိတ်,စေတသိက်တို့ တစ်ဆယ့်ခုနစ်ကြိမ် ပျက်ပြီးမှ ရုပ်က တစ်ကြိမ်သာ ပျက်၏၊) ဤအချိန်ကလေး၌ ဤမျှလောက်များအောင် ဖြစ်ပျက်နေရသော ရုပ်နာမ်သည် အဘယ်မှာ ငြိမ်သက်အေးမြ၍ သုခဖြစ်နိုင်တော့အံ့နည်း၊ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် အမြဲပင် ဒုက္ခဖြစ်၏၊ {ဥဒယဗ္ဗယ ပဋိပီဠနဋ္ဌေန ဒုက္ခာ-အဖြစ်အပျက် ဒဏ် အမြဲခံနေရသောကြောင့် ရုပ်နာမ်ဟူသမျှ ဒုက္ခ ချည်းသာ}။

သန္တိလက္ခဏာ။ ။{လက္ခဏ} ဟူသည် မှတ်သားကြောင်း အမှတ်အသား, မှတ်သားအပ်သော သဘောတည်း၊ လူတစ်ယောက်၌ အများနှင့်မတူသော ထူးခြားသော အမှတ်အသား ရှိသကဲ့သို့, ပရမတ္ထတရား လေးပါး၌လည်း တစ်ပါးနှင့်တစ်ပါး မတူအောင် ထူးခြားသော အမှတ်အသား တူးခြားသော သဘောရှိ၏၊ နိဗ္ဗာန်အတွက် ထူးခြားသောလက္ခဏာ (အမှတ် အသား)ကား သန္တိလက္ခဏာတည်း။

သန္တိ ဖြစ်ပုံ။ ။ ရုပ်, စိတ်, စေတသိက် နာမ်တို့သည် ပြအပ်ခဲ့သည့်အတိုင်း အမြဲ ဖြစ်ပျက်, ဖြစ်ပျက်နေရကား ငြိမ်ငြိမ်သက်သက် မရှိ ကြ၊ အမြဲ ပူလောင်နေသကဲ့သို့ ငြိမ်းငြိမ်းအေးအေးလည်း မရှိကြ၊ အသခတဓာတ် နိဗ္ဗာန်တရားမြတ်ကား အဖြစ်မရှိသောကြောင့် အပျက်လည်း မရှိ၊ အဖြစ်အပျက် လှုပ်လှုပ်ရွရွ မရှိသောကြောင့် အလွန် ငြိမ်သက်၏၊ အဖြစ်အပျက် အပူအလောင် မရှိသောကြောင့် အလွန်အေးငြိမ်း၏၊ ထိုငြိမ်သက် အေးငြိမ်းခြင်းသည် နိဗ္ဗာန်၏ {သန္တိ}ဟု ခေါ်ရသော ထူးခြားသော လက္ခဏာဖြစ်သည်။

အစ္စုတရသ။ ။ ရုပ်နာမ်ခန္ဓာတို့သည် ရှေးဦးစွာ ဖြစ်ရ၏၊ ဖြစ်ပြီးသောအခါ ပျက်ရခြင်းအားဖြင့် ပင်ကိုသဘောမှ ရွေ့လျောရ၏၊ နိဗ္ဗာန် ၏ သန္တိသဘောကား ဘယ်အခါမှ မပျောက် မပျက်သောကြောင့် ပင်ကိုသဘောမှ မရွေ့လျောခြင်းဟူသော ထူးသောအရသာရှိ၏။

အနိမိတ္တပစ္စုပဋ္ဌာန်။ ။ ကမ္မဋ္ဌာန်းအားထုတ်သော ယောဂီပုဂ္ဂိုလ်ဖြစ်စေ, တရား သဘောကို စဉ်းစားသော ပညာရှင်ဖြစ်စေ ဉာဏ်ဖြင့် ရှုမြင်သောအခါ အမှန်အတိုင်း ထင်လာ၏၊ ထိုသို့ ထင်လာသည်ကို {ပစ္စုပဋ္ဌာန်} ဟု ခေါ်၏၊ နိဗ္ဗာန်၏သဘောကို ဉာဏ်ဖြင့် ရှုသောအခါ(စိတ်,စေသသိက်, ရုပ်တို့မှာ သဘောအထည်ကိုယ် ရှိသကဲ့သို့) {အထည်ကိုယ် မရှိသောတရား}ဟု ဉာဏ်အားဖြင့် ထင်လာသည်၊ {နိမိတ္တဓမ္မာ သခါရာ၊ တေဟိ သနိမိတ္တာ သဝိဂ္ဂဟာ ဝိယ ဥပဋ္ဌဟန္တိ၊ (အဋ္ဌသာလိနီ လောကုတ္တရာကုသိုလ် အဖွင့်, အနုဋီကာ၊ နှာ-၁၂၁။)

ပဒဋ္ဌာန်။ ။ နီးကပ်သော အကြောင်းကို ပဒဋ္ဌာန (ပဒဋ္ဌာန်) ဟု ခေါ်၏၊ (စိတ်သည် ယှဉ်ဖက်စေတသိက်, မှီရာရုပ်ဟူသော နီးကပ်သော အကြောင်း ရှိသကဲ့သို့) နိဗ္ဗာန်မှာ နီးကပ်သော အကြောင်းမရှိ၊ အရိယာတို့ သန္တာန်၌ နိဗ္ဗာန်တရား ပေါ်လာဖို့ရန် ဒါန, သီလ, ဘာဝနာစသော ဝေးသော အကြောင်းကား များစွာရှိရပါသည်။

သန္တိလက္ခဏံ အစ္စုတ-ရသံ နိဗ္ဗာနအမတံ၊

အနိမိတ္တဥပဋ္ဌာနံ, ပဒဋ္ဌာနံ န လဗ္ဘတိ။၁။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ, ဒု-တွဲ၊ နှာ-၁၂၆။ အဘိ, ဋ္ဌ-၂, ၇၉။

နိဗ္ဗာနအမတံ-အမြိုက်နိဗ္ဗာန်သည်၊ သန္တိ လက္ခဏံ-ငြိမ်သက်အေးငြိမ်းခြင်း လက္ခဏာရှိ၏၊ အစ္စုတရသံ-ပင်ကိုသဘောမှ မရွေ့လျောခြင်း သမ္ပတ္တိရသ ရှိ၏၊ အနိမိတ္တဥပဋ္ဌာနံ-အထည်ကိုယ်ဟန် ပုံသဏ္ဌာန် မရှိသော တရားဟု ဉာဏ်အား ထင်လာ၏၊ ပဒဋ္ဌာနံ-နီးစွာသော အကြောင်းကို၊ န လဗ္ဘတိမရအပ်။

နိဗ္ဗာန်၏ ဂုဏ်တော်တချို့ ခယဂုဏ်တော်။ ။ ထိုနိဗ္ဗာနဓာတ် တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင် လိုက်သည်နှင့် တစ်ပြိုင်နက် ရာဂစသော ကိလေသာအချို့ သည်လည်းကောင်း, ထိုကိလေသာ ရှိသူတိုင်း (၇-ဘဝနောက် ရရှိမည့်)ရုပ် နာမ်တို့သည်လည်းကောင်း ကုန်ခန်းကြရတော့၏၊ အထက်မဂ်များကိုရသော အခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်၊ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာတို့၏လည်းကောင်း, ရုပ်နာမ်တို့၏ လည်းကောင်း ကုန်ခန်းကြောင်း ခယဂုဏ်နှင့် ပြည့်စုံပါသည်။

ဝိရာဂဂုဏ်တော်။ ။ တပ်မက်ခြင်းသဘောကို ပါဠိလို {ရာဂ} ဟု ခေါ်၏၊ ထိုရာဂသည် ရုပ်နာမ်ခန္ဓာအပေါ်၌လည်းကောင်း, ခန္ဓာနှင့် စပ်သော ပညတ်အပေါ်၌လည်းကောင်း ဖြစ်ရသော တရားတည်း၊ ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးလုံးမစပ်တော့ရကား {ဝိရာဂ-ရာဂမရှိ}ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။

အမတဂုဏ်တော်။ ။{သေခြင်း} ဆိုသည်မှာ တစ်ဘဝအတွက် နောက်ဆုံး ပျက်ခြင်းတည်း၊ ထို အပျက်ဟူသည်လည်း အဖြစ်ရှိပြီးမှ ပေါ်လာ၏၊ ပျက်ဖို့ ရှေးရှုနေသော (ပျက်ဖို့ပြင်နေသော) သဘောကို {အိုခြင်း- ဆွေးမြေ့ခြင်း}ဟု ခေါ်၏၊ ပါဠိလို ဇာတိ, ဇရာ, မရဏ၊ မြန်မာလို {ဖြစ်ခြင်း, ရင့်ခြင်း(အိုခြင်း), သေခြင်း(ပျက်ခြင်း)} ဟူသော သဘောသည် ရုပ်တရား, နာမ်တရားတို့၏ သဘောဖြစ်၏၊ ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထိုနိဗ္ဗာန်သည် သေခြင်း{မတ} မရှိရကား {အမတ}ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။

ပဏီတဂုဏ်တော်။ ။ နိဗ္ဗာနဓာတ် တရားမြတ်သည် ရဟန္တာပုဂ္ဂိုလ်များအတွက် (စား၍ မဝနိုင်အောင် အရသာရှိသော အစာကဲ့သို့) မကြာ မကြာ အာရုံပြု၍ နေချင်စရာ ကောင်းလောက်အောင် အရသာရှိသော တရား တော်ဖြစ်၏၊ ဗုဒ္ဓမြတ်စွာသည် (ဖလသမာပတ်ကို ဝင်စားကာ) ထိုနိဗ္ဗာန်ကို အာရုံ ပြု၍ မကြာမကြာ သီတင်းသုံးတော်မူလေ့ရှိ၏၊ တရားဟောတော်မူတုန်းမှာပင် ပရိသတ်က သာဓု,သာဓု ခေါ်ပြီးမှ တရားကို ဆက်၍ဟောတော်မူ၏၊ နိဗ္ဗာန် တရားတော်သည် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူး တရားမွန်ဖြစ်သောကြောင့် ပဏီတဂုဏ်နှင့်လည်း ပြည့်စုံပါသည်။

ယဒဇ္ဈဂါ (ယံ+အဇ္ဈဂါ)။ ။ ထို နိဗ္ဗာန်တရားတော်ကို ဤ သာသနာတော်၌ ဗုဒ္ဓမြတ်စွာသည် အစဆုံး သိတော်မူ, တွေ့မြင် တော်မူရ၏၊ တွေ့မြင်ရာဌာနနှင့် ကာလကား ဘုရားဖြစ်ရာ ဗောဓိရိပ်သာ၌ ကဆုန်လပြည့်ညဉ့် အရုဏ်တက်တော့မည့်ဆဲဆဲ အချိန်အခါတည်း။

နိရောဓသစ္စာ။ ။ ထိုအချိန်ဝယ် ဗုဒ္ဓမြတ်စွာသည် ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာဟူသော သစ္စာလေးပါးကို ပိုင်းခြား ထင်ထင် သိမြင်တော်မူ၏၊ ထိုသို့ သိမြင်တော်မူရာဝယ် {နိရောဓသစ္စာ}ဟူသည် ဤ နိဗ္ဗာနဓာတ်တရားမြတ်ပင်ဖြစ်၏၊ ထိုအချိန်၌ မျက်စိအောက်သို့ ရောက် နေသော အရာဝတ္ထုကို မြင်ရသကဲ့သို့ ဗုဒ္ဓမြတ်စွာသည် မဂ်ဉာဏ်ဖြင့် ခယ, ဝိရာဂ, အမတဂုဏ်အပေါင်းနှင့် ပြည့်စုံသော နိဗ္ဗာန်ဟူသော နိရောဓသစ္စာကို ထင်ထင်ရှားရှား မြင်တော်မူပါသည်။

ဥပမာဆောင် ထင်ရှားအောင် ပြပေအံ့ အဏုမြူဓာတ်၏ စွမ်းအားကို ရှာဖွေကြသော လောကီပညာချွန်တို့သည် အလွန်ကြိုးစားသောအခါ ထိုအဏုမြူအားကို တွေ့မြင်ကြရ၏၊ ထိုတွေ့မြင်အပ် သော ထိုဓာတ်အားသည် သူတို့တွေ့မှ ဖြစ်သည်မဟုတ်၊ နဂို သဘာဝအတိုင်း ရှိနေသော အားဖြစ်သကဲ့သို့လည်းကောင်း, လေးနက်သော ကျမ်းစာ၏ အဓိပ္ပာယ် ကို အမှန်သိအောင် စဉ်းစားကြသော စာပေ ပညာချွန်တို့သည် ရက်ပေါင်းများစွာ အတော် ကြိုးစားသောအခါ ထိုအဓိပ္ပာယ်ကို သိရ၏၊ ထိုသိအပ်သော အကြောင်းအရာ အဓိပ္ပာယ်စာသည် ထိုအချိန်မှ ဖြစ်ရသည်မဟုတ်ဘဲ နဂိုသဘာဝ အတိုင်းပင် ရှိနေသကဲ့သို့လည်းကောင်း တရားထူးရအောင် အားထုတ်သော ယောဂီသူမွန်သည်လည်း နိဗ္ဗာန်နှင့်တကွ သစ္စာလေးပါးကို သိရအောင် တရား အားထုတ်သောအခါ အလွန့်အလွန် ကြိုးစားမှ ထိုတရားကို သိရ၏၊ ထိုသိအပ် သော နိဗ္ဗာန်တရားသည် ထိုအချိန်မှ ဖြစ်ပေါ်လာသောတရားမဟုတ်၊ သဘာဝ အတိုင်း ရှိနေသော သနိ သ္တုခတရားသာ ဖြစ်ပါသည်။

သမံ နတ္ထိ။ ။ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဟူသော ပရိယတ်တရား, ကိလေသာတို့ကို သူ့နည်းသူ့ဟန်ဖြင့် ပယ်နိုင်သော ဈာန်တရား, မြေလျှိုးမိုးပျံ ပုံသဏ္ဌာန် အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း စသော တန်ခိုးရှိသော အဘိညာဉ်တရား, ဆိုင်ရာကိလေသာကို အကြွင်းအကျန် မရှိအောင် ပယ်နိုင်သော မဂ်တရား, ဖိုလ်တရားတို့သည် ဆိုင်ရာအကျိုး အမျိုးမျိုးကို ပေးနိုင်ကြသော် လည်း နိဗ္ဗန်နှင့် တန်းတူသောတရား တစ်ပါးမျှ မရှိပါချေ။

ဒိဋ္ဌဓမ္မိကနိဗ္ဗာန်။ ။ ပရိနိဗ္ဗာန် စံတော်မမူမီ ဖလသမာပတ် ဝင်စားသောအခါ ဗုဒ္ဓမြတ်စွာ၏ စိတ်တော်၌ မကြာမကြာ ထင်ပေါ်နေသော နိဗ္ဗာန်ကို မျက်မှောက်ဘဝ၌ အာရုံပြုသောကြောင့် {ဒိဋ္ဌဓမ္မိကနိဗ္ဗာန်}ဟု ခေါ်၏၊ ဝိပါက်စိတ်များနှင့် ကမ္မဇရုပ်များကို {ဥပါဒိ}ဟုခေါ်၏၊ ထိုဥပါဒိ ရှိစဉ်အခါ၌ အာရုံပြုရသောကြောင့် {သဥပါဒိသေသ နိဗ္ဗာန်}ဟုလည်း ခေါ်သည်။

သမ္ပရာယိကနိဗ္ဗာန်။ ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူပြီးသောအခါ တည်ရှိ ရစ်သော ထိုနိဗ္ဗာန်ကိုပင် {သမ္ပရာယိကနိဗ္ဗာန်}ဟု ခေါ်၏၊ ဝိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်ဟူသော ကမ္မဇရုပ် အကြွင်းအကျန် မရှိသောကြောင့် {အနုပါဒိသေသနိဗ္ဗာန်}ဟုလည်း ခေါ်သည်၊ ထို့ကြောင့် {ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူပြီးသော်လည်း ဗုဒ္ဓမြတ်စွာ သိတော်မူအပ် ပြီးသော အသခတနိဗ္ဗာနဓာတ်သည်ကား ယနေ့တိုင်အောင် တည်ရှိနေသည်}ဟု မှတ်ပါ။ (ဣတိဝုတ္တကဋ္ဌကထာ၊ ဒုက, ဒုဝဂ်-နိဗ္ဗာနဓာတုသုတ်အဖွင့်)

သုခနှစ်မျိုး။ ။ သုခသည်{ဝေဒယိတသုခ,သန္တိ သုခ}ဟု နှစ်မျိုးရှိ၏၊ ယခုခေတ် လူအများတို့ မြင်ရ, ကြားရ, နမ်းရ, စားသောက်ရ, တွေ့ထိ ရသောအခါ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာခြင်း, စိတ်ချမ်းသာခြင်းကို {ဝေဒယိတသုခ}ဟု ခေါ်သည်၊ ထိုသို့ ခံစားမှု မရှိဘဲ ဒုက္ခခပ်သိမ်း ငြိမ်းအေး ခြင်း သဘောကို {သန္တိ သုခ}ဟု ခေါ်သည်။

ဝေဒယိတသုခ။ ။ ခံစားမှုဟူသော {ဝေဒယိတသုခ} သည် ခံစား ခံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ် အသစ်ရအောင် ပစ္စည်း ဥစ္စာ ရှာရခြင်းစသော ဒုက္ခဖြင့် ထူထောင်ရ၏၊ ထို အသစ်အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ၊ ထိုသို့ ဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် မတင်းတိမ်နိုင်ကြ သောကြောင့် အပိုအမို အကြွေးယူကာ မတရား ခံစားမှုအတွက် အပါယ်သွား၍ သုခကြွေးကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရလေသည်။

သန္တိ သုခ။ ။ ထိုကဲ့သို့ ခံစားမှုနှင့် မရောသော သန္တိ သုခသဘောကား ရုပ်နာမ် သခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်းသဘောတည်း၊ ထင်ရှားစေအံ့, လောကီအာရုံ ကာမဂုဏ်တွေ ပြည့်စုံလှသော သူဌေးတစ်ယောက် သည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ခံစားဖို့ အာရုံများကို ပြင်ဆင်၍ အစေခံ တို့က နှိုးလာသောအခါ{အအိပ်ဖျက်ရမည်လား}ဟု ကြိမ်းဝါးမောင်းမဲ မည်သာ၊ ထိုသူ၏ အိပ်နေစဉ်အခါ၌ ခံစားမှုအထင်အရှား မရှိ၊ သို့ပါလျက် နှစ်ခြိုက်စွာ အိပ်ရမှုကိုပင် ခံစားမှု သုခထက် နှစ်သက်၍ {အိပ်ရကောင်းလိုက်တာ}ဟု အမွှမ်းတင်ကြသေး၏၊ ရုပ်နာမ်အားလုံးကင်း၍ ငြိမ်းချမ်းခြင်း {သန္တိ သုခ}ကား {မည်မျှလောက် ကောင်းလိမ့်မည်}ဟု မှန်းဆသင့်တော့သတည်း။

နိရောဓသမာပတ်ကို ဝင်စားခြင်း။ ။ စိတ်, စေတသိက်နှင့် စိတ်ကြောင့်ဖြစ် သော ရုပ်များ၏ အသစ် မဖြစ်ဘဲ ချုပ်ငြိမ်းနေအောင် ပြုနိုင်သော သမာပတ်ကို{နိရောဓသမာပတ်}ဟု ခေါ်၏၊ အနာဂါမ်,ရဟန္တာဖြစ်ပြီး, ဈာန်အကုန်ရပြီးပုဂ္ဂိုလ်သာ ထိုသမာပတ်ကို ဝင်စား နိုင်၏၊ အနာဂါမ်, ရဟန္တာအရှင်မြတ်တို့သည် ရုပ်နာမ်ခန္ဓာကြီးကို လေးလံလှစွာ သော ဝန်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြကုန်၏၊ ထို့ကြောင့် ရုပ်နာမ်ခန္ဓာမှ ကင်းနိုင်သမျှ ကင်းဖို့ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူကြ၏၊ ထိုသမာပတ် အတွင်း၌ ခံစားမှု လုံးဝမရှိ၊ နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ဘဲ ရပ်စဲနေခြင်းသာတည်း၊ ထိုရပ်စဲခြင်းသည်ပင် ချမ်းသာသေးလျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းနေသော နိဗ္ဗာန်သည် အဘယ်မှာ မချမ်းသာဘဲ ရှိအံ့နည်း။

ထင်ရှားရှိသော နိဗ္ဗာန်။ ။ ထိုသန္တိ သုခနိဗ္ဗာနဓာတ် တရားမြတ်သည် ဘာမျှ မရှိသော (အဘာဝ) ပညတ်မဟုတ်ပါ၊ အများဆိုင် ဘုံပစ္စည်းကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ၊ ကိုယ့်နိဗ္ဗာန်နှင့် ကိုယ်အသီးသီး ရှိကြပါသည်၊ ထို့ကြောင့်ပင် ရဟန္တာအရှင်တို့သည် ခန္ဓာကိုယ် ထင်ရှားရှိစဉ် မိမိ သိအပ်သော နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ဝင်စား၍ နေလေ့ ရှိကြပါသည်၊ ထိုသမာပတ် ဝင်စားခိုက်၌ နိဗ္ဗာန်ကို အာရုံပြု၍ နေရသည်မှာ အလွန်သုခ ရှိပါသည်တဲ့၊ ထို့ကြောင့်ပင် ထေရာထေရီ အလီလီတို့ ရွှေပြည် နိဗ္ဗာန် ဝင်စံခါနီးဝယ် ဥဒါန်းကျူးကာ ရုပ်နာမ်ခန္ဓာဝန်ကြီး အပြီးသတ် ပယ်ချတော် မူကြပါသည်။

ဩဝါဒ ကောက်နုတ်ချက် ၅၅၁ ရတနသုတ် ပါဠိတော်

ခယံ ဝိရာဂံ အမတံ ပဏီတံ,

ယဒဇ္ဈဂါ သကျမုနိ သမာဟိတော ၊

န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ,

ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။၁။ ခုဒ္ဒက ပါဠိတော်, နှာ-၅။

သန္တံ-ဖြစ်ပျက်မစပ်, အငြိမ်းဓာတ်ဖြင့်, မပြတ်ပုံသေ, အေးမြပေထသော၊ ခယံ-ရုပ်နာမ်ဆူဆူ, အပူခပ်သိမ်း, ကုန်ငြိမ်းကြောင်းလည်း ဖြစ်ပေထသော၊ ဝိရာဂံ-ရုပ်နာမ်အဆက်, အကုန်ပျက်သဖြင့်, မတပ်မက်ကြောင်းလည်း ဖြစ်ပေ ထသော၊ အမတံ-ဇရာမရဏ, ရှာမရအောင်, ကာလပုံသေ, အမြုတေလည်း ဖြစ်ပေထသော၊ ပဏီတံ-အရသာရှိ, စားဖွယ်၏သို့, သိ၍မဝ, မွန်မြတ်ပေထသော၊ ယံ ဓမ္မံ-အသခတ, နိဗ္ဗာနဓာတ်, အကြင် တရားတော်မြတ်ကို၊ သမာဟိတော- ဘာဝနာကမ္မဋ္ဌာန်း, လွန်ကြိုးပမ်းသဖြင့်, စိတ်စွမ်းတည်ဘိ, သမာဓိရှိတော်မူသော၊ သကျမုနိ-သာကီနွယ်ဖွား,ငါတို့ဘုရားသည်၊ အဇ္ဈဂါ-ဗောဓိအောင်မြေ, ပလ္လင်ဗွေ၌, လေးထွေသစ္စာ, သိသောအခါဝယ်, ကောင်းစွာလှလှ, ရတော်မူခဲ့လေပြီ။

တေန ဓမ္မေန-အသခတ, နိဗ္ဗာနဓာတ်, ထိုတရားတော်မြတ်နှင့်၊ သမံတန်း တူထား၍, ရှုစားလောက်သော၊ ကိဉ္စိ-တစ်မျိုးတစ်ခြား, တရားဆိုင်ရာ, တစ်စုံတစ်ခုသော ရတနာသည်၊ န အတ္ထိ-လူ့ဘုံနတ်ရောက်, အကုန်ပေါက် အောင်, မွှေနှောက်ရှဖွေ, မရှိပါချေ၊ ဓမ္မေ-အသခတ, နိဗ္ဗာနဓာတ်, တရားမြတ်၌၊ ပဏီတံ-တရားများစွာ, ရတနာထက်, ကဲသာမြတ်မွန်, တုဖက်လွန်သော၊ ဣဒမ္ပိ ရတနံ-ရတနာဖြစ်ကြောင်း, ကောင်းထက်ကောင်းသည့်, ဂုဏ်ပေါင်းကိုခြုံ, ဤ ခယဝိရာဂ စသောဂုဏ်တော်သည်၊ အတ္ထိ-စင်စစ်ဧကန်, အမှန်မသွေ, ရှိပါပေ၏၊ ဧတေန သစ္စေန-မှန်ကန်လှစွာ, ဤ ဝစီသစ္စာကြောင့်၊ ပါဏီနံဘေး ရန်ခပ်သိမ်း, အေးငြိမ်းကြလို, များလူဗိုလ်တို့အား၊ သုဝတ္ထိ-တင့်တယ်ဖို့ရန်, အဖန်ဖန်ဖြင့်, ဘေးရန်ခပ်သိမ်း, အေးငြိမ်းခြင်းသည်၊ ဟောတု-စင်စစ်မသွေ, ဖြစ်ပါစေသတည်း။ [အကျယ်ကို နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓတွင် ရှုပါ။]

အမရပူရမြို့

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၏

သံဝေဂလင်္ကာ

၁။ ငါတို့ုနေရာ, ဤကမ္ဘာ, တဏှာ အုပ်စိုးသည်။

၂။ တဏှာစေရာ, မနေသာ, ဖွေရှာ ဆက်ရ်ရသည်။

၃။ ရသည့်ဥစ္စာ, ချစ်သူပါ, စွန့်ခွာသွားရမည်။

၄။ တကယ့်အရေး, တကယ့့််ေဘေး, ဘယ်သွေး ဘယ်သ်သား မကယ်ပြီ။

၅။ ငါနှင်ရွယ်တူ, ငါ့အောက်လူ, ကြီးသူသေကြ များလှပြီ။

၆။ ခဏမစဲ, အိုစမြဲ, ကိုယ်လဲသေဘက်, နီးခြဲ့ပီ။

၇။ ဇရာမီးတောင်, ကိုယ်တည်းလောင်, သေအောင် မြှိုက်တော့သည်။

၈။ မသေရခင်, သွားလမ်းစဉ်, ကြိုတင် ပြင်သင်ြ့ပီ။

၉။ ဒါန သီလီလာ, ဘာဝနာ, လမ်းသာ ထွင်လိမ့်မည်။

၁၀။ မဂ္ဂင်ယာဉ်ကြီး, အမြန်စီး, ခရီးထွက်တော့မည်။

[ဆရာတော် ပျံလွန်တော်မူခါနီး ရေးသွားသည်ဟု ထင်ရပါသည်။]

အာသီသ

စိရဋ္ဌိတတ္ထံ ဓမ္မဿ, ကရောန္တေ န မယာ ဣမံ၊

သဒ္ဓမ္မဗဟုမာနေန, ယဉ္စ ပုညံ သမာစိတံ။

သဗ္ဗဿ အာနုဘာဝေန, တဿ သဗ္ဗေပိ ပါဏိနော၊

သဒ္ဓမ္မရသသေဝိနော, ဘဝန္တု ဓမ္မရာဇဿ။

ဓမ္မဿ-ဘုရားဟောဖော်, တရားတော်၏၊ စိရဋ္ဌိတတ္ထံ-ကြာမြင့်စွာတည်ခြင်း အကျိုးငှာ၊ ဣမံ-ဤ ဓမ္မဒါနကောင်းမှုကို၊ (ဤအနန္တ သဗ္ဗညုတဉာဏ်တော် ကြီးနှင့် အတုမဲ့ချမ်းသာမြတ်, နိဗ္ဗာနဓာတ်, တရားတော်မြတ်ကို, ဉာဏ်မီသမျှ, အာရုံရပါစေခြင်း အကျိုးပြု စီမံအားထုတ်ရသော ကုသိုလ်ကို၊) ကရောန္တေ န- ပြုသော၊ မယာ-ငါသည်၊ သဒ္ဓမ္မဗဟုမာနေန-သူတော်ကောင်းတရား၌ များစွာ မြတ်နိုးခြင်းရှိသည်ဖြစ်၍၊) ယဉ္စ ပုညံ-အကြင် ပရဟိတအကျိုး, သယ်ပိုး ဆောင်ရွက်ကြောင်း ကောင်းမှုကုသိုလ်ကိုလည်း၊ သမာစိတံ-ကောင်းစွာ ဆည်းပူး အပ်ပေပြီ၊ သဗ္ဗဿ-အလုံးစုံသော၊ တဿ (ပုညဿ)-ထိုကောင်းမှု ကုသိုလ်၏၊ အာနုဘာဝေန-တန်ခိုးရှိန်စော်, အာနုဘော်ကြောင့်၊ သဗ္ဗေပိ-အလုံးစုံလည်းဖြစ် ကုန်သော၊ ပါဏိနော-လူ,နတ်,ဗြဟ္မာ, သတ္တဝါတို့သည်၊ ဓမ္မရာဇဿ-တရားမင်း ဘုရား၏၊ သဒ္ဓမ္မရသသေဝိနော-သူတော်ကောင်းတရား၏ အရသာ, သုံးဖြာသော ဗောဓိဉာဏ်တွင် ထိုက်တန်သော ဗောဓိဉာဏ်ကို မှီဝဲနိုင်ကြကုန်သည်၊ ဘဝန္တု- ဖြစ်ပါစေကုန်သတည်း။

စိရံ တိဋ္ဌတု သဒ္ဓမ္မော, ကာလေ ဝဿံ စိရံ ပဇံ၊

တပ္ပေတု ဒေဝေါ ဓမ္မေန, ရာဇာ ရက္ခတု မေဒိနိံ။

သဒ္ဓမ္မော-ရှင်တော်ဘုရား, ဟောဖော်ထားသည့်, တရားတော်မြတ်, ပိဋကတ် သည်၊ စိရံ-ကျင့်သူရှိသော်, ထောင်သောင်းကျော်အောင်၊ တိဋ္ဌတု-ပါဠိအနက်, မပျက်စုံညီ, လဇ္ဇီပုဂ္ဂိုလ်တို့ သန္တာန်၌ တည်ပါစေသတည်း၊ ဒေဝေါ-မိုးသည်၊ ကာလေ-သင့်လျော်လျောက်ပတ်, ကောင်းမြတ်သော အခါ၌၊ ဝဿံ-ရွာဖြိုးလျက်၊ စိရံ-ကြာမြင့်စွာ၊ ပဇံ-သတ္တဝါ အပေါင်းကို၊ တပ္ပေတု-ဝမ်းသာရွှင်ပျို့, နှစ်မြို့ ပါစေသတည်း၊ ရာဇာ-တိုင်းပြည်စောင့်ကြပ်, မင်းဟု သမုတ်အပ်ကုန်သော အုပ်ချုပ်သူအပေါင်းသည်၊ ဓမ္မေန-တရားသဖြင့်၊ မေဒိနိံ-တစ်မြေပြင်လုံးကို၊ ဝါ-မြေပြင်ထက်နေ, လူဗိုလ်ခြေကို၊ ရက္ခတု-အမြဲချီးမြှောက်, စောင့်ရှောက် နိုင်ပါစေသတည်း။

ဤကုသိုလ်အဖို့ကို သိသင့်သိထိုက်၍ ရသင့်ရထိုက်သော ပုဂ္ဂိုလ်သတ္တဝါ မှန်သမျှတို့သည် ထပ်တူ အမျှ ရကြ၍ ချမ်းသာကြပါစေသတည်း။

ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ သာသနာတော်မြတ်ကြီးကို အမှီပြုလျက် သူတော်ကောင်းတရား တည်မြဲ ပျံ့နှံ့၍ သတ္တဝါအပေါင်း ချမ်းသာစေကြောင်း ကြိုးစားအားထုတ်လျက်ရှိကြသော လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့သည် မိမိတို့ ကြိုးစားသလောက် ပြီးမြောက် အောင်မြင်ကြပါစေသတည်း။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ