Skip to main content

အနတ္တ ဒီပနီကျမ်းသစ်

အနတ္တ ဒီပနီကျမ်းသစ်

သစ္စာနှစ်ပါး ခွဲပြခန်း

နမော တေသံ သတ္တန္နံ ဘဂဝန္တာနံ အရဟန္တာနံ သမ္မာသမ္ဗုဒ္ဓါနံ

ယခုအခါ ဗုဒ္ဓဘာသာ၌ လွန်စွာအရေးကြီးသော အနတ္တ အချက်ကြီးတို့ကို၊ တပည့် ရှင်ကုသလ လျှောက်ထားတောင်း ပန်ချက် အရ၊ မုံရွာ လယ်တီတောရ ဆရာ,ငါသည်၊ ဗုဒ္ဓဘာသာဝင်၊ ရှင်လူ အပေါင်းမှစ၍ ယောဂါဝစရပုဂ္ဂိုလ်၊ တောတောင် ခို၍၊ ကြည်ညို လေးမြတ်၊ ဝိပဿနာလုပ်ရပ်၊ အထပ်ထပ်ကြိုးစားကြသဖြင့်၊ ဉာဏ်သွား ဝရဇိန်၊ တက်ထွန်းထိန်၍၊ အရှိန်ကြီးမား၊ အမျိုးသားတို့အား၊ ထောက်ထားမြော်ရှု၊ ဟောပြောမှုအရာဝယ်၊ ပဒေသာဉာဏ်ကဲ့သို့၊ ဝေဘန်ပိုင်းခြား၊ ဟောကြားဆုံးမ၊ သာသနာတော်ကိုပြုစုကြရန်၊ ရည်သန်စိတ်ထားဖြင့်၊ တရားသဘောပေါ်လွင်၍ ဉာဏ်အမြင် ဖောက်ထွင်း၊ သန့်ရှင်းသောအား၊ မေးလျှောက်သော တရားတို့ကို ရေးသားချီးမြှောက်ပေအံ့သတည်း။

------*-----

ရှေးဦးစွာ သစ္စာနှစ်ပါးခွဲခန်းကို ပြဆိုရာ၏၊ သစ္စာနှစ်ပါး ဆိုသည်ကား
၁။ သမ္မုတိ သစ္စာ
၂။ ပရမတ္ထ သစ္စာ ဟူ၍ နှစ်ပါး ရှိ၏၊ ထိုတွင်

သမ္မုတိသစ္စာ ဆိုသည်ကား- လောက၌ သတ္တဝါမည်သည် အမှန်ရှိ၏၊ ပုဂ္ဂိုလ်မည်သည် အမှန်ရှိ၏၊ အတ္တမည်သည်အမှန်ရှိ၏၊ ထိုပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ,တို့သည် အနမတဂ္ဂ သံသရာ၌ ကုသိုလ်ကံ, အကုသိုလ်ကံ ပစ်ချရာသို့ အစဉ်တစိုက်လိုက်၍ အစဉ်မပြတ် ကျင်လည် ပြောင်းရွှေ့၍ နေကြကုန်၏ဟု အခိုင်အမြဲ မှတ်ယူစွဲလမ်း ခေါ်ဝေါ် ပြောဆိုကြခြင်းသည် သမ္မုတိသစ္စာမည်၏။

ထိုတွင် သတ္တဝါရှိ၏ ဟူသောစကားဖြင့် လူဟူ၍ အမှန်ရှိ၏၊ နတ်ဟူ၍ အမှန်ရှိ၏၊ နွား, ကျွဲ, ခွေး, ဝက်,ကြက်, ငှက်, တိရစ္ဆာန်, သတ္တဝါဟူ၍ အမှန်ရှိ၏၊ ယောကျ်ား, မိန်းမဟူ၍ အမှန်ရှိ၏၊ ငါဟူ၍, သူတစ်ပါးဟူ၍ အမှန်ရှိ၏၊ ဦးခေါင်း, ခြေ, လက်, မျက်စိ, နား, နှာခေါင်း စသော အင်္ဂါကြီးငယ်ဟူ၍ အမှန်ရှိ၏၊ ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း, သွား, အရေ, အသား, အကြော, အရိုး, ဟူ၍ အမှန်ရှိ်၏ စသည်ဖြင့် ထင်မှတ်စွဲလမ်း ခေါ်ဝေါ်ပြောဆိုခြင်းများသည်လည်း၊ သတ္တဝါရှိ၏ ဟူသောစကား၌ ပါဝင်လေ၏၊ ပုဂ္ဂိုလ်ရှိ၏ ဟူသော စကားသည်၊ သတ္တဝါရှိ၏ဟူသော စကားနှင့် အထူးအခြား မရှိကြ။

အတ္တရှိ၏ဟူသောစကား၌ အတ္တဆိုသည်ကား၊ သတ္တဝါတို့၏ သန္တာန်မှာ အမာခံဖြစ်သော အနှစ်သာရကို အတ္တဟူ၍ ဆို၏၊ ဥပမာကား- မြေအိုးဟူသော စကား၌ မြေဆိုသည်ကား ပထဝီဓာတ်၏ အမည်ပေတည်း၊ အိုးဆိုသည်ကား အဝန်းအဝိုင်းစသော အိုးသဏ္ဌာန်ဟု ဆိုအပ်သော သဏ္ဌာနပညတ်၏ အမည်ပေတည်း။

ပညတ်ဟူသည်လည်း သဘောအားဖြင့် အမှန်ရှိရင်းမဟုတ်၊ မြေဓာတ်အပေါင်းအစုကို အစွဲပြု၍ သတ္တဝါတို့၏ စိတ်ထဲတွင် ဝန်းဝိုင်းသည်ဟူ၍ ထင်မြင်ရသော အခြင်းအရာမျှသာတည်း၊ သို့သော် ပရမတ်နှင့် ပညတ်ကို ခြားနား၍ သိနိုင်ရန် ဉာဏ်ပညာမရှိသော လောကီဘုံသားတို့မှာ၊ မြေဓာတ်အပေါင်း အစုသည်ပင်လျှင် အိုးဖြစ်၏ဟု မြေနှင့်အိုးကို တစ်ခုတည်းပြု၍ မှတ်ယူကြ၏၊ ထိုသို့မှတ်ယူရာ၌ အမှန်ရှိသောမြေသည်၊ အမှန်မရှိသောအိုး၏ အမာခံအနှစ်သာရ အတ္တ ဖြစ်ရလေ၏၊ မြေမရှိခဲ့သော် မြေအိုးဟူ၍ မရှိနိုင်၊ မြေရှိမှသာလျှင် မြေအိုးဟူ၍ရှိနိုင်၏၊ ထိုကြောင့် မြေအိုး၏ အနှစ်သာရ အတ္တမည်ပေ သတည်း။

ထိုအတူ အမှန်ရှိဖြစ်သော ခန္ဓာငါးပါးနှင့် အမှန်ရှိမဟုတ်သော သတ္တဝါဟူသော သဏ္ဌာနပညတ်ကို တစ်ခုတည်း ပြု၍ မှတ်ယူကြရာ၌ လည်း ခန္ဓာငါးပါးသည် သတ္တဝါပညတ်၏ အမာခံ အနှစ်သာရ အတ္တ ဖြစ်ရလေ၏၊ ခန္ဓာငါးပါး မရှိခဲ့သော် သတ္တဝါဟူ၍ မရှိနိုင်၊ ခန္ဓာငါးပါး ရှိမှသာလျှင် သတ္တဝါဟူ၍ ရှိနိုင်၏၊ ထိုကြောင့် ခန္ဓာငါးပါးသည် သတ္တဝါ၏ အနှစ်သာရ အတ္တမည်လေသတည်း။ ဤကား ခန္ဓာငါးပါးကို အတ္တဟူ၍ ပြဆိုချက်တည်း၊ ထိုမှတစ်ပါးလည်း ခန္ဓာငါးပါးမှ အလွတ်ဖြစ်သော ခန္ဓာအိမ်၏ အရှင်သခင်ဟူသော အတ္တသည်ရှိ၏။

ဥပမာကား- လူသေကောင်မှာ၊ ဘုတ်တစ္ဆေဝင်ပူး၍နေရာ၌ လူသေကောင်သည်တစ်ခြား၊ ဘုတ်တစ္ဆေသည် တစ်ခြားဖြစ်သကဲ့သို့၊ ခန္ဓာငါးပါး တစ်ခြား, ခန္ဓာငါးပါးကို အုပ်စိုး၍နေသော အတ္တသည်တစ်ခြား ဟူ၍လည်း ယူကြ၏၊ ဇီဝ ဆိုသည်ကား ထိုအတ္တ၏ ဦးခေါင်းသဖွယ် ဖြစ်၍ ထိုအတ္တကို နှစ်ရှည်လများ တည်နေနိုင်အောင် စောင့်ရှောက်၍နေသော အသက်ရှိ၏၊ ထိုအသက်ကို ဇီဝဆို၏၊ ဤကား ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ, လေးပါးခွဲခန်းတည်း။ သဏ္ဌာန်သည်အမှန်ရှိ၏၊ သန္တတိသည် အမှန်ရှိ၏၊ နိမိတ်သည် အမှန်ရှိ၏၊ အနုဗျဉ္ဇနသည် အမှန်ရှိ၏ ဟူ၍မှတ်ယူကြ၏၊ ထိုတွင် သဏ္ဌာန်ဆိုသည်ကား ပရမာဏုမြူ သဏ္ဌာန် အဏုမြူ သဏ္ဌာန်တို့မှစ၍၊ မဟာပထဝီမြေကြီး သဏ္ဌာန်၊ မြင့်မိုရ် တောင်သဏ္ဌာန်တိုင်အောင် အဝန်းအဝိုင်း အလုံးအပြား၊ အထောင့် အကွေး၊ အရှည်အတို စသောသဏ္ဌာန် ပညတ်ကို သဏ္ဌာန ဆိုသည်။

သန္တတိ ဆိုသည်ကား တစ်ခုတည်းသော ဝတ္ထုသည် တစ်မိနစ် တည်နေ၏၊ တစ်နာရီတည်နေ၏၊ နာရီပေါင်းများစွာ တည်နေ၏၊ ရက်ပေါင်းများစွာ လပေါင်းများစွာတည်နေ၏၊ နှစ်ပေါင်းများစွာ တည်နေ၏၊ သတ္တဝါတစ်ယောက်သည်၊ အနမတဂ္ဂ သံသရာ၌ ဘဝပေါင်း များစွာ ကျင်လည်၍ နေရ၏ဟု ယူခြင်းပေတည်း။

နိမိတ္တဆိုသည်ကား သတ္တဝါသဏ္ဌာန် ဦးခေါင်းသဏ္ဌာန်၊ ခြေသဏ္ဌာန်၊ လက်သဏ္ဌာန်၊ စသောသဏ္ဌာန် နိမိတ်မျိုး ကိုဆို၏၊ ထိုနိမိတ်သည် သုဘနိမိတ္တ အသုဘနိမိတ္တ ဟူ၍နှစ်ပါးရှိ၏၊ ထိုတွင် လှပတင့်တယ်သည်ဟူ၍ မှတ်ယူကြသော သဏ္ဌာန်မျိုးသည် သုဘ နိမိတ်မည်၏၊ အသုဘနိမိတ်ဆိုသည်ကား မလှမပ မတင့်မတယ် ဟူ၍ မှတ်ယူကြသော သဏ္ဌာန်မျိုးသည် အသုဘနိမိတ်မည်၏။

အနုဗျဉ္ဇနဆိုသည်ကား အနေ, အထိုင်, အထ,အကြွ, အသွား, အလာ, အပြု,အမူ, အပြော,အဆို, အမူ, အရာ,မျိုးကို အနုဗျဉ္ဇန ဆို၏၊ ထိုအနုဗျဉ္ဇနသည်လည်း သုဘ, အသုဘ, ဟူ၍ နှစ်ပါးရှိ၏၊ ထိုတွင်နေပုံ ယဉ်ကျေး သည်၊ ကြွပုံ, ထပုံ, ယဉ်ကျေးသည်၊ စသည်ဖြင့် မှတ်ယူ ကြသော အမူအရာမျိုးသည် သုဘ အနုဗျဉ္ဇနမျိုးမည်၏၊ အနေအထိုင် ရိုင်းစိုင်းသည်၊ အထ, အကြွ ရိုင်းစိုင်းသည် စသည်ဖြင့် မှတ်ယူကြသော အမူအရာမျိုးသည် အသုဘ အနုဗျဉ္ဇနမျိုးမည်၏၊ သတ္တဝါတို့၏ ကိုယ်အင်္ဂါ၌၊ ကောင်းသောလက္ခဏာ, မကောင်းသောလက္ခဏာ, သူမြတ်၏လက္ခဏာ, သူယုတ်၏လက္ခဏာ စသော လက္ခဏာများသည် လည်းသုဘ, အသုဘ အနုဗျဉ္ဇန မည်၏။

ဤကား သဏ္ဌာန သန္တတိ နိမိတ္တ အနုဗျဉ္ဇနခွဲခန်းတည်း၊ ပြဆိုခဲ့ပြီးသော ပုဂ္ဂိုလ်- သတ္တဝါ- အတ္တ- ဇီဝ- သဏ္ဌာနသန္တတိ- နိမိတ္တ- အနုဗျဉ္ဇန- အလုံးစုံးသည်၊ သမ္မုတိသစ္စာမည်၏၊ဤကားသမ္မုတိသစ္စာကို ပြဆိုခန်းပေတည်း။

ပရမတ္ထသစ္စာဆိုသည်ကား၊ လောက၌ သဘောအားဖြင့် ထင်ရှားရှိနေကြသော ပထဝီဓာတ်- အာပေါဓာတ်- တေဇောဓာတ်ဝါယောဓာတ်- အာကာသဓာတ်-ဝိညာဏဓာတ်- ဖဿ ဝေဒနာ အစရှိသော စေတသိက်ဓာတ်-စက္ခု သောတစသောရုပ်ဓာတ်နိဗ္ဗာန်ဟူသော အသင်္ခတဓာတ်များကို ပရမတ္ထသစ္စာဟူ၍ဆို၏။

ဤကား ပရမတ္ထသစ္စာကို ပြဆိုခန်းတည်း။

--------------

သမုတိနှင့် သစ္စာ ခွဲသိပါ

ထိုသစ္စာနှစ်ပါးတို့တွင်-သမ္မုတိသစ္စာဟူ သော စကား၌ အဘယ်ကြောင့် သမ္မုတိဆိုသနည်း၊ အဘယ့်ကြောင့် သစ္စာဆိုသနည်းဟူမူကား။

သတ္တ ပုဂ္ဂလ အတ္တ ဇီဝ အစရှိသည်တို့သည် ပထဝီဓာတ် အာပေါဓာတ် အစရှိသည်တို့ကဲ့သို့ သဘောအားဖြင့်အသီး အခြားထင်ရှား ရှိကုန် သည်မဟုတ် ပထဝီဓာတ် အာပေါဓာတ် အစရှိသည်တို့ကိုစွဲမှီ၍ သတ္တဝါတို့၏ စိတ်ထဲတွင် ထင်မြင်အပ်သောအခြင်းအရာ မျှတို့သာ တည်း။ ထိုအခြင်း အရာမျှတို့ကိုပင် ဧကန်ရှိ အမှန်ရှိဟု အခိုင်အမြဲ စွဲလမ်းကြကုန်ပြီးလျှင် အမည်နာမ အသီးအသီးတင်၍ လောကီဘုံသား လူအများတို့အစဉ်အဆက် ခေါ်ဝေါ်သမုတ်၍ နေကြသည်အတွက် ကြောင့် သမ္မုတိ ခေါ်ပေသတည်း။

ထိုသို့ခေါ်ဝေါ်ကြရာ၌လည်း လောကီဘုံသား မဖြစ်မုသား တို့ အများညီညာ ခေါ်ဝေါ်ရိုးရှိကြသည့် အသစ္စာတရား တိုင်း ပုဂ္ဂိုလ်သည်အမှန်ရှိ၏၊ သတ္တဝါသည်အမှန်ရှိ၏၊ အတ္တဇီဝသည်အမှန်ရှိ၏ဟူ၍ ထိုသူတို့အလယ်၌ ပြောဆိုငြားသော်လည်း၊ တစ်စုံတစ်ယောက် သောသူကိုမျှ လှည့်စားခြင်း မဖြစ်၊ မုသာဝါဒမဖြစ်၊ မုသာဝါဒမဖြစ်သောကြောင့် သစ္စာ ဟူ၍ ဆိုရသတည်း။

ဤကား သမ္မုတိ ခေါ်ကြောင်း-သစ္စာခေါ်ကြောင်းကို ပြဆိုချက်ပေတည်း။

ဤသမ္မုတိသစ္စာသည် မုသာဝါဒမျှကိုသာ ပယ်နိုင်၏၊ သဘော အားဖြင့် ဧကန်ရှိ၏ဟု မှတ်ယူသိမြင်ကြသော သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ, ဒိဋ္ဌိဝိပလ္လာသ ဟူသောဝိပလ္လာသတရားများကိုမူကား မပယ်နိုင်ချေ အဘယ်ကြောင့်နည်းဆိုသော် ဝိပလ္လာသတရားတို့၏ ပညတ်ချက်ထဲတွင် အပါအဝင်ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ပင်လျှင် ပုဂ္ဂိုလ် သတ္တဝါ အတ္တ ဇီဝ အစရှိသော အခြင်းအရာများသည် ဖောက်လဲဖောက်ပြန် ဖြစ်တတ်သောကြောင့် သမ္မုတိသစ္စာဟူ၍သာ ဆိုအပ်၏၊ ပရမတ္ထသစ္စာဟူ၍ မဆိုအပ်၊ အဘယ်သို့ ဖောက်လဲ ဖောက်ပြန်ဖြစ်သနည်း ဟူမူကား ဝိပလ္လာသတရား ထင်ရှားရှိနေသော သူမှာ ထိုသဏ္ဌာန ပညတ် သန္တတိပညတ်၊ အစရှိသောပညတ်များသည် ဧကန်ရှိအမှန်ရှိဟု ဖြစ်၍နေ၏၊ ဝိပလ္လာသတရားကိုပယ်ပြီးသောအခါ၊ ထိုသူမှာပင်ထိုပညတ်များသည် ဧကန်ရှိမဟုတ်၊ အမှန်ရှိ- မဟုတ်ဟု ဖြစ်ရပြန်၏၊ ဤသို့ဖောက်လဲဖောက်ပြန်ဖြစ်တတ်သောကြောင့် ပရမတ္ထသစ္စာဟူ၍မခေါ်အပ်။

ပထဝီဓာတ် အာပေါဓာတ် အစရှိသည်တို့ကို အဘယ့်ကြောင့် ပရမတ်ခေါ်သနည်းဟူမူကား၊ ပထဝီဓာတ် အာပေါဓာတ် အစရှိသော ဓာတ်သဘာဝများသည် ပုဂ္ဂိုလ်သဏ္ဌာန် သတ္တဝါသဏ္ဌာန် အစရှိသည်များ ကဲ့သို့ စိတ်ထဲတွင် ထင်မြင်ရသော အနက်မျိုးမဟုတ်၊ သဘောအားဖြင့် ဧကန်ရှိသောအနက်မျိုးဖြစ်သောကြောင့် သမ္မုတိပညတ်အနက်များ ထက်၊ လွန်ကဲသောအနက်ဖြစ်ချေ၍ ပရမတ္ထ ခေါ်ဆိုရသတည်း။

ထိုပထဝီဓာတ် အာပေါဓာတ် အစရှိသော သဘောများသည် လည်း လောကတွင် ဧကန်ရှိအမှန်ရှိဟု မှတ်ယူသည်အတိုင်း ဘယ်အခါ မှာမှ ဧကန်ရှိမဟုတ်ပြန်ပြီ၊ အမှန်ရှိမဟုတ်ပြန်ပြီဟု ဖောက်ပြန်ခြင်း မရှိခြင်းကြောင့် သစ္စာခေါ်ပေသတည်း။ ဤပရမတ္ထသစ္စာသည်သာလျှင် မုသာဝါဒနှင့်တကွ သညာဝိပလ္လာသ စိတ္တဝိပလ္လာသ ဒိဋ္ဌိဝိပလ္လာသ ဟူသော ဝိပလ္လာသတရားတို့ကို၊ အကုန်အစင်ပယ်ဖျောက်နိုင်၏။

ဤကား ပရမတ္ထသစ္စာ မည်ကြောင်းကို ပြ ဆိုချက်ပေတည်း။

------------

ဤပရမတ္ထသစ္စာသည်လည်း သဘာဝသစ္စာ အရိယသစ္စာဟူ၍ နှစ်ပါးရှိ၏၊ ထိုတွင်

သဘာဝသစ္စာဆိုသည်ကား- ကောင်းသောချမ်းသာကို ပေးတတ်သောသဘာဝကြောင့် ကုသိုလ်ဆိုရသောတရားသည်ရှိ၏။
ချမ်းသာစွာခံစားမှု သဘာဝကြောင့် သုခဝေဒနာခေါ်ရသော ဝေဒနာ ကောင်းသည်လည်းရှိ၏။

ဤကား သဘာဝသစ္စာပေတည်း။

သဘာဝဆိုသည်ကား- မကောင်းကျိုးကို ပေးတတ်သော သဘာဝကြောင့် အကုသိုလ်ဆိုရသော တရားသည် ရှိ၏၊ ဆင်းရဲစွာ ခံစားမှုသဘာဝကြောင့် ဒုက္ခဝေဒနာခေါ်ရသော ဝေဒနာဆိုးသည် လည်းရှိ၏၊ ဤသို့ သဘာဝချင်းခြာနားလျက် ရှိနေသောကြောင့် ကုသလ အကုသလဟူ၍ နှစ်မျိုးခေါ်ရပြန်၏၊ ဤသို့သဘာဝနှစ်ပါးခြားနားလျက် ရှိနေသောကြောင့် သုခဝေဒနာ ဒုက္ခဝေဒနာဟူ၍ နှစ်မျိုးခေါ်ရပြန်၏။

ဤကား သဘာဝသစ္စာအလိုတည်း။

အရိယသစ္စာဆိုသည်ကား ဘယ်အခါမှာမှ သဘာဝ ဝေါဟာရအားဖြင့် လှုပ်ရှားခြင်းမရှိသောကြောင့် အရိယသစ္စာဆိုပေ သတည်း၊ လှုပ်ရှားခြင်းမရှိပုံကား- သဘာဝသစ္စာ၌ လောကီကုသိုလ် တဆယ့်ခုနစ်ခု သည်၊ ကောင်းသော အကျိုးကိုပေးတတ်သည်ဟုဆို၏၊ အရိယသစ္စာသို့ ရောက်သည်ရှိသော် ထိုလောကီကုသိုလ် တစ်ဆယ့် ခုနစ်ခုသည် ဖြစ်ချုပ်တတ်သော မကောင်းသောတရားမျိုးဖြစ်သော ကြောင့် ဒုက္ခသစ္စာ ဖြစ်ရပြန်၏၊ ထိုကုသိုလ်တို့၏ အကျိုးဖြစ်သော ကုသလဝိပါက်တရားများသည်လည်း ဒုက္ခသစ္စာဖြစ်ရပြန်၏၊ မကောင်း သောသစ္စာ မကောင်းသောတရား မချမ်းသာသော တရားများဟူ၍ ဆိုလို၏။

အဘယ့်ကြောင့်မကောင်းသနည်း မချမ်းသာသနည်းဆိုသော် ကိလေသာတရားတို့၏ စားဖတ် ဝါးဖတ် သုံးသပ်နင်း နယ်ရာ အာရုံတရားများဖြစ်သောကြောင့်လည်းကောင်း လောဘမီး ဒေါသမီး မောဟမီး အစရှိသော မီးတစ်ဆယ့်တစ်ပါးတို့၏ တောက်လောင်ရာ မီးစာတရားများဖြစ်လေသောကြောင့်လည်းကောင်းတည်း။

ဤသို့လျှင် သဘာဝသစ္စာသည် အရိယသစ္စာကို ထောက်သော် လှုပ်ရှားခြင်းရှိ၏၊ အရိယသစ္စာမှာမူကား အသင်္ခတဖြစ်သော နိဗ္ဗာန်သည် သာလျှင် ကောင်းကျိုးချမ်းသာအမှန်ဖြစ်၏၊ နိဗ္ဗာန်သို့ ရောက်စေတတ် သော လောကုတ္တရာ မဂ္ဂင်ရှစ်ပါးသည်သာလျှင် ကောင်ကျိုးချမ်းသာကို ပေးတတ်သောတရားဖြစ်၏၊ ဤ၌နိဗ္ဗာန်ကို ကောင်းကျိုးချမ်းသာဆိုခြင်း သည် လှုပ်ရှားခြင်းမရှိ၊ အခါခပ်သိမ်းမြဲ၏၊ မြဲသောကောင်းကျိုးချမ်းသာကို ပေးတတ်သောကြောင့်မဂ္ဂင်ရှစ်ပါးသည် ကောင်းကျိုးချမ်းသာကို ပေးတတ်သောတရားအမှန်ဖြစ်၏၊ လှုပ်ရှားခြင်းမရှိ၊ ထိုကြောင့်အရိယသစ္စာခေါ်ပေသတည်း။

ဤကား သဘာဝသစ္စာ အရိယသစ္စာ နှစ်ပါးခွဲခန်းတည်း။

ဤသို့ သမ္မုတိသစ္စာ ပရမတ္ထသစ္စာ အားဖြင့်နှစ်ပါးရှိသည်တွင် သတ္တ ပုဂ္ဂလ အစရှိသော သရတိသစ္စာဘက်၌ ၎င်းသမ္မုတိသစ္စာကို အစွဲပြု၍ ဖြစ်ပွါးသောတရားမျိုးကား အကုသိုလ်တရား ကုသိုလ်တရား ဟူ၍ နှစ်မျိုးရှိ၏၊ ထိုတွင်

အကုသိုလ်တရားမျိုးဆိုသည်ကား၊ ဒုစရိုက်တရားဆယ်ပါး အကုသလကမ္မပထတရားဆယ်ပါး မာတုဃာတက ပိတုဃာတကအစ ရှိသော ပဉ္စာနန္တရိယကံကြီးငါးပါး သက္ကာယဒိဋ္ဌိနှစ်ဆယ် မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါး နိယတ မိစ္ဆာဒိဋ္ဌိကြီးသုံးပါး ဤတရားတို့သည်၊ သမ္မုတိသစ္စာကို အစွဲပြု၍ဖြစ်ပွါးသော အကုလ်တရားတို့ပေတည်း။

သမ္မုတိ သစ္စာကို အစွဲပြု၍ ဖြစ်ပွါးသော ကုသိုလ်တရား မျိုးကား၊ ဒါန, သီလ, ဘာဝနာ, တရားသုံးပါး သုစရိုက်တရားဆယ်ပါး သမာပတ်ရှစ်ပါး လောကီ အဘိညာဏ်ခြောက်ပါး သဗ္ဗေသတ္တာ သဗ္ဗေ ပါဏာ အစရှိသည်ဖြင့်လာသော ဗြဟ္မဝိဟာရတရားကြီးလေးပါး ဘုရား အလောင်း ပစ္စေကဗုဒ္ဓါအလောင်း အရိယာသာဝကအလောင်း ဟူသော အလောင်းအလျာတို့ ဖြည့်ကျင့်ပ္ပါးများကြရသော ဒါနပါရမီ သီလပါရမီ အစရှိသောပါရမီဆယ်ပါး ဒါနဥပပါရမီ သီလဥပပါရမီ အစရှိသော ဥပပါရမီဆယ်ပါး ဒါနပရမတ္ထပါရမီ သီလပရမတ္ထပါရမီ အစရှိသော ပရမတ္ထပါရမီဆယ်ပါး ဤတရားတို့သည် သမ္မုတိသစ္စာကို အစွဲပြု၍ ဖြစ်ပွါးသော ကုသိုလ်တရားပေတည်း။

ပထဝီဓာတ် အာပေါဓာတ် အစရှိသော၊ ပရမတ္ထသစ္စာ ဘက်၌ လည်းကောင်း ပရမတ္ထသစ္စာကို အစွဲပြု၍ဖြစ်ပွါးသော ကုသိုလ်တရား မျိုးကား- ဝိသုဒ္ဓိ ခုနစ်ပါးတို့တွင် ဒိဋ္ဌိဝိသုဒ္ဓိအစရိုသော အထက်ဝိသုဒ္ဓိ ငါးပါး ဝိပဿနာဉာဏ်ဆယ်ပါး မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်တရားများ ပေတည်း၊ ဤတရားတို့သည် ပရမတ္ထသစ္စာကို အစွဲပြု၍ ဖြစ်ပွါးသော တရားတို့ပေတည်း။

လောက၌ အကြင်သူတို့သည် သမ္မုတိသစ္စာကို ငြင်းပယ်ကြ ကုန်၏၊ ထိုသူတို့သည် ဒါနသီလ ဘာဝနာ အစရှိသော ကုသိုလ်တရားမျိုး အလောင်းအလျာတို့ ဖြည့်ကျင့်ပွါးများအပ်သော ပါရမီမျိုးနှင့် ဝေးကွာကြ ကုန်၏၊ အကြင်သူတို့သည် ပရမတ္ထသစ္စာကို ငြင်းပယ်ကြကုန်၏၊ ထိုသူ တို့သည် ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသောတရား မဂ်ဉာဏ်, ဖိုလ်ဉာဏ် နိဗ္ဗာန်တရား တို့မှ ဝေးကြကုန်၏။

ဤအရာ၌ ပရမတ်သင်္ဂြီုဟ်ကို လေ့ကျက်ကြကုန်သော အချို့သောသူတို့သည်၊ သမ္မုတိသစ္စာကို လုံးလုံးပယ်ကြကုန်၏၊။ ပယ်ပုံကား- လောက၌ ပုဂ္ဂိုလ် သတ္တဝါ အတ္တဇီဝဟူ၍ မရှိ၊ ရုပ်နာမ်တရား ခန္ဓာငါးပါးသာ အမှန်ရှိ၏၊ ထိုခန္ဓာငါးပါးသည်လည်း ဘဝအဆုံးသို့ကျ၍ စုတိကမ္မဇရုပ်ချုပ်ရာတွင် အကုန်လုံး ချုပ်ဆုံးကြလေကုန်၏၊ ဘဝတစ်ပါး ကူးပြောင်း၍ သွားနိုင်သော တရားဟူ၍ တစ်ခုမျှမရှိ၊ ပုဂ္ဂိုလ် သတ္တဝါ အတ္တဇီဝဟူ၍လည်း ခန္ဓာငါးပါးကိုစွဲမှီ၍ သမုတ်အပ်သော ပညတ်တရား မျှသာတည်း၊ ထို့ကြောင့် ထိုပညတ်တရားများသည်လည်း ယခုဘဝ သေကြသောအခါ ခန္ဓာငါးပါးပျက်ဆုံး ရာတွင် အကုန်ပျက်ဆုံးကြရ၏၊ ဘဝတစ်ပါးသို့ ပြောင်းသွားနိုင်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တဇီဝဟူ၍ တစ်စုံတစ်ခုမျှမရှိ၊ လောက၌ ပုဂ္ဂိုလ်ရှိသည် သတ္တဝါရှိသည် အတ္တရှိသည် ဇီဝရှိသည်ဟု ယူမှတ်ပြောဆို ကြသောအရာသည် အလွန်မှား၏၊ ဤကား သမုတိသစ္စာကို လုံးလုံးပယ်ပုံတည်း။

ဤ၌အဖြေကား- ပုဂ္ဂိုလ် သတ္တဝါ အတ္တဇီဝဟူသော ပညတ်များ သည် ခန္ဓာငါးပါးကို အစွဲပြု၍ ဖြစ်၏၊ ဖြစ်ပုံကား ခန္ဓာငါးပါးအပေါင်း အစုကို အစွဲပြု၍ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ အတ္တရှိ၏၊ ဇီဝရှိ၏ဟုဖြစ်၏၊ ခန္ဓာငါးပါးတို့၏ မြစ်ရေအယဉ်ကဲ့သို့ အစဉ်မပျက် ဆက်လက် ဖြစ်ပွါး လျက် နေသည်ကို အစွဲပြု၍ ဤသတ္တဝါသည် ပထမအရွယ်မှလည်း ဒုတိယအရွယ်သို့ရောက်၏၊ ဤဘဝမှလည်း ထိုဘဝသို့ရောက်၏၊ ထိုဘဝမှလည်း ဤဘဝသို့ရောက်၏ဟု သမုတိသစ္စာတရား ထင်ရှားရှိ နေ၏၊ အကြင်မျှလောက်သော ကာလပတ်လုံး ကိလေသာအာသဝေါ ကင်း၍ ပရိနိဗ္ဗာန်စံခြင်းသို့မရောက်သေး၊ ထိုမျှလောက်သော ကာလ ပတ်လုံး ခန္ဓာငါးပါးသည်လည်း မြစ်ရေအယဉ်ကဲ့သို့ အစဉ်မပြတ် ဖြစ်ပွါးလျက်သာနေ၏၊ ခန္ဓာငါးပါး မြစ်ရေအယဉ်ကဲ့သို့ အစဉ်မပြတ် ဖြစ်သမျှကာလပတ်လုံး ဤသတ္တဝါသည် ထိုဘဝသို့ရောက်၏၊ ထိုသတ္တဝါ သည် ဤဘဝသို့ရောက်လာ၏ဟူသော သမုတိသစ္စာတရားသည်လည်း အစဉ်တည်ထွန်းလျက်ရှိသည်သာလျှင်တည်း။

ဤအရာ၌ မေးရန်ရှိ၏၊ အဘယ်သို့ မေးရန်ရှိသနည်းဟူမူကား ဤဘဝတွင် မသေမီအတွင်း၌ ခန္ဓာငါးပါးသည် မြစ်ရေအယဉ်ကဲ့သို့ အစဉ်မပြတ်ဖြစ်နေခြင်းကြောင့် သတ္တဝါပညတ်သည်လည်း ထိုအစဉ်ကို အမှီပြု၍ တည်နေသည်ကား မှန်ပေ၏၊ ဤလူ့ပြည်မှ စုတေ၍ အထက်နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ဖြစ်ရသည်ဟူသောစကား, ဤလူ့ပြည်မှစုတေ၍ အောက်ငရဲပြည်တို့၌ ဖြစ်ရသည်ဟူသော စကားများမှာ စုတိရာဌာနနှင့် ဖြစ်ရာဌာနများသည် အလွန်ဝေးစွာ ကွာခြားလျက် ရှိသောကြောင့် ခန္ဓာငါးပါးသည် အစဉ်အပြတ်ကြီး ပြတ်သည်မဟုတ် ပါလော၊့ ခန္ဓာငါးပါး အစဉ်အပြတ်ကြီးပြတ်ခဲ့သော် ပုဂ္ဂိုလ် သတ္တဝါသည် လည်း အပြတ်ကြီး ပြတ်လေတော့သည် မဟုတ်ပါ လော့ဟု မေးရန်ရှိ၏။

အဖြေကား ဤလူ့ပြည်မှစုတေ၍ အထက်နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ဖြစ်ရသည်ဟူသောစကား, ဤလူ့ပြည်မှ စုတေ၍ အောက်ငရဲပြည်တို့၌ ဖြစ်ရသည်ဟူသော စကားများမှာလည်း စုတေရာဌာနနှင့် ဖြစ်ရာဌာနများသည် အလွန်ဝေးစွာကွာခြားလျက် ရှိသောကြာင့် ဌာနဒေသ အလိုအားဖြင့် အလွန်ဝေးစွာ ကွာခြားလျက် ရှိသော်လည်း ခဏကာလ အလိုအားဖြင့် အစဉ်မပြတ်သည်သာဖြစ်၏။

မပြတ်ပုံကား ဤလူ့ပြည်မှ စုတေ၍ အထက်နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ဖြစ်ကြရသည်မှာလည်း ဤလူ့ပြည်၌ စုတိစိတ်၏ ဘင်ခဏနှင့် နတ်ပြည် ဗြဟ္မာ့ပြည်၌ ပဋိသန္ဓေ ဥပါဒ်ခဏသည် မျက်တောင်တစ်ခတ်, လျှပ်တစ်ပြက်, ခဏကာလကို အစိတ်တစ် အထောင်စိတ်သော်လည်း တစ်စိတ်စာမျှ ကွာခြားခြင်းမရှိ၊ တစ်စဉ်တည်း တစ်ဆက်တည်းပင် ဆက်လျက်ရှိ၏၊ နတ်ဗြဟ္မာတို့၏ နတ်မျက်စိ အဘိညာဉ်ရ ရသေ့ ရဟန်းတို့၏ အဘိညာဉ် မျက်စိတို့ကို လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် ငရဲပြည် အနှံ့အပြား ဖြန့်ခင်း၍ ထိုလူ့ပြည်မှ သေသောသူ၏ အလားအလာကို ကြည့်ရှု၍နေခဲ့သော် ဤသူသည် လူ့ပြည်မှ စုတေ၍ အထက်ဘယ်ဘုံ ဘယ်ဘဝမှာ ဖြစ်လေ၏ ဟူ၍လည်း ကောင်း၊ အောက်ဘယ်ငရဲပြည်မှာ ဖြစ်လေ၏ဟူ၍လည်းကောင်း တစ်ဆက်တည်း တစ်စဉ်တည်း ထင်နိုင်ကြမြင်နိုင်ကြသည် သာဖြစ်၏။

ဥပမာကား တိမ်တိုက်မှာ လျှပ်ပြက်သည်ကို ကြည့်ရှု၍ နေကြရာ၌ လျှပ်ပြက်ရာဌာနနှင့် လျှပ်ရောင်ရောက်ရာ မြေအပြင်သည် အလွန်ကွာခြားလျက်ရှိသော်လည်း တိမ်တိုက်၌ လျှပ်ဖြစ်ပေါ်သော ခဏနှင့် မြေအပြင်၌ လျှပ်ရောင်ကျ ရောက်သောခဏသည် တစ်ပြိုင်နက် တစ်ချက်တည်းကဲ့သို့ ဆက်လက်လျက်ရှိသောကြောင့် တိမ်တိုက်က လျှပ်သည်ပင်လျှင် မြေအပြင်သို့ ရောက်လာသည်ဟု မျက်မြင်ဒိဋ္ဌ မှတ်ယူနိုင်ကြသကဲ့သို့တည်း။

ဤစကား၌ နတ်မျက်စိ အဘိညာဉ် မျက်စိတို့ဖြင့် ကြည့်ရှု၍ နေသော သူတို့မှာ စုတေသော သူ၏ စုတိစိတ်၏ ဘင်ခဏကိုပင် မြင်နိုင်ကြသည်မဟုတ် ထိုသတ္တဝါ သည်ပင်လျှင် ထိုခန္ဓာမှထွက်၍ ဘယ်ဘုံ ဘယ်ဘဝမှာ ဖြစ်လေ၏ဟု တစ်ဆက်တည်း ဆက်လျက် ထင်မြင်ရလေ၏ အကြား၌မူကား အတ္တဇီဝမည်သည် အလွန်သိ်မ်မွေ့ လှ၏ အကူးအပြောင်းလည်း အလွန်လျင်မြန်လှ၏ ဤသို့အလွန်သိမ်မွေ့ လှ အလွန်လျင်မြန်လှသောကြောင့်၊ ရှေ့ဘဝ စုတိနှင့် နောက်ပဋိသန္ဓေ၏ အကြား၌ ကူးပြောင်း၍ သွားသည်ကိုမူကား မထင်နိုင်ကြ မမြင်နိုင်ကြ ရှိ၏ဟု မှတ်ယူကြကုန်၏၊ လျှပ်ဥပမာ၌လည်း လျှပ်ဖြစ်ရာဌာနနှင့် လျှပ် ရောက်ရာဌာန၏အကြား ကောင်းကင်ပြင်တွင် လျှပ်သွားသည်ကို မမြင်ရသော်လည်း၊ အလွန်လျင်မြန်လှသောကြောင့်သာလျှင် မမြင်ရ သည်၊ ထိုလျှပ်သည်မူကား ဖြစ်ရာတိမ်တိုက်မှသည် မြေအပြင်ကျအောင် ကောင်းကင်မှာပင် လွင့်စင်၍လာခဲ့သည် အမှန်ဖြစ်၏ဟု မှတ်ယူနိုင်ကြ သကဲ့သို့တည်း၊ ဤသို့လျှင် လူ့ပြည်မှစုတေ၍ နတ်ပြည် ဗြဟ္မာပြည် ငရဲပြည်တို့မှာ ဖြစ်ကြရာ၌လည်း၊ ခန္ဓာအစဉ်သည် မပြတ်သည်သာဖြစ်၏။

ခန္ဓာအစဉ်မပြတ်ခဲ့သော် ထိုသတ္တဝါပညတ်သည်လည်း မပြတ်လေတော့ သည်သာလျှင်တည်း၊ လောက၌မူကား အချို့အချို့သော သူတို့သည် စုတိနှင့်ပဋိသန္ဓေသည် ခဏကာလအားဖြင့် တစ်ဆက်တည်း ဆက်လျက် ရှိနေသည်ကို မကြံမိကြမူ၍ ဌာနဒေသအားဖြင့် အလွန်ဝေးစွာကွာခြား ချက်ကိုသာ ထင်မြင်၍ နေကြသဖြင့် ရှေ့ဘဝ နောက်ဘဝဆက်လက် နိုင်ရန်မရှိဟု ယောင်ဝါးကြီးဖြစ်၍ နေကြ၏။

ဤတွင်ရွေ့ကား သမ္မုတိသစ္စာ
ပရမတ္ထသစ္စာခွဲခန်းပြီး။

သဿတ ဥစ္ဆေ နှစ်ထွေဒိဋ္ဌိ

လျှောက်လွှာတွင်ပါရှိသော သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးကို ပြဆိုပေအံ့၊ ထိုဒိဋ္ဌိနှစ်ပါးသည် အတ္တဒိဋ္ဌိလျှင်အရင်းရှိ၏၊ အတ္တဒိဋ္ဌိရှိ နေသောသူတို့၌သာဖြစ်၏၊ အတ္တဒိဋ္ဌိ ရှိနေပုံကား အတ္တဒိဋ္ဌိ၏ အစွမ်း သတ္တိသည်
- ဝီတိက္ကမအစွမ်းသတ္တိ တစ်ပါး၊
- ပရိယုဋ္ဌာနအစွမ်းသတ္တိ တစ်ပါး၊
- အနုသယအစွမ်းသတ္တိ တစ်ပါး

ဟူ၍ သုံးပါးရှိ၏၊ ထိုတွင်

- ဝီတိက္ကမအစွမ်းသတ္တိ ဆိုသည်ကား အတ္တဒိဋ္ဌိနှင့် ယှဉ်သော လောဘမူစိတ်ဖြင့်ကိုယ်အင်္ဂါနှုတ်အင်္ဂါတို့ကို လှုပ်ရှားစေနိုင်သော သတ္တိ ဆိုလိုသည်။

- ပရိယုဋ္ဌာနအစွမ်းသတ္တိ ဆိုသည်ကား စိတ်မနော၏ အတွင်း၌သာ ဇောကိစ္စနှင့်ထကြွခြင်းငှာ စွမ်းနိုင်သော အစွမ်းသတ္တိသည်၊ ပရိယုဋ္ဌာနအစွမ်းသတ္တိမည်၏။

- အနုသယအစွမ်းသတ္တိ ဆိုသည်ကား ဇောကိစ္စနှင့်မျှ ထကြွခြင်း မရှိမူ၍ စိတ်အစဉ်၌ အမြဲကိန်းဝပ်ငုပ်လျှိုးလျက် ပါရှိ၍နေသော အစွမ်းသတ္တိသည် အနုသယအစွမ်း သတ္တိမည်၏။

စိတ်သန္တာန်၌ ထိုအနုသယအစွမ်းသတ္တိ ရှိနေသေးသရွေ့ ကာလပတ်လုံး ထိုသူမှာအတ္တဒိဋ္ဌိမရှိပြီဟူ၍မဆိုအပ်၊ အတ္တဒိဋ္ဌိမျိုး ပြတ်သည်မဟုတ်သေး၊ နောင်အတ္တဒိဋ္ဌိ ဖြစ်ပေါ်ခွင့် ဆိုက်လာခဲ့သော် ဝီတိက္ကမကိစ္စတိုင်အောင် ထကြွသောင်းကျန်း၍လာလတ္တံ့။

ဥပမာကား ဗြဟ္မာပြည်၌ဖြစ်သောသူတို့မှာ အသက်ထက်ဆုံး ဒေါသဟူ၍ အငွေ့အသက်မျှမထင် အထက်ဆုံးဖြစ် သောဘဝဂ်ဘုံ၌ ဖြစ်သောသူတို့၏သန္တာန်မှာ ကမ္ဘာကြီးရှစ်သောင်းလေးထောင် ကာလ ပတ်လုံး ဒေါသဟူ၍ အငွေ့အသက်မျှမထင်၊ သို့သော်ထိုသူတို့မှာ ဒေါသမရှိဟုမဆိုရ၊ ထိုသူတို့၏စိတ်သန္တာန်မှာ ဒေါသသည် အနုသယ ကိစ္စနှင့်တည်ရှိ၏၊ ထိုသူများသည် ကာမဘုံသို့ရောက်လာကြ၍ အနိဋ္ဌအာရုံ နှင့်တွေ့ကြုံကြသောအခါ ထိုဒေါသသည် ဝီတိက္ကမကိစ္စ တိုင်အောင် ထကြွသောင်းကျန်း၍လာလတ္တံ့၊ ထိုအတူအတ္တဒိဋ္ဌိ သည်လည်း အကြင်မျှလောက်သောကာလပတ်လုံး သမထဝိပဿနာ ဘာဝနာတို့ဖြင့် ဘိနှိပ်ပယ်ရှား၍ထား၏၊ ထိုမျှလောက်သော ကာလ ပတ်လုံး ထိုသူ၏စိတ်သန္တာန်မှာ အတ္တဒိဋ္ဌိသည်အငွေ့ အသက်မျှမထင်၊ သို့သော်ထိုသူမှာအတ္တဒိဋ္ဌိ မရှိပြီဟူ၍မဆိုရ၊ အနုသယကိစ္စနှင့် တည်ရှိ သည်သာဖြစ်၏၊ နောင်သမထ ဝိပဿနာအလုပ်ကို လက်လွှတ်၍ အတ္တဒိဋ္ဌိဖြစ်ရာ အခွင့်နှင့်တွေ့ကြုံသောအခါ အတ္တဒိဋ္ဌိသည် ဝိသိက္ကမကိစ္စတိုင်အောင် ထကြွသောင်းကျန်း၍လာလတ္တံ့၊ ဤသို့ အနုသယ ကိစ္စနှင့် တည်ရှိသောသူသည် အတ္တဒိဋ္ဌိရှိနေသော သူမည်၏၊ ဤ အတ္တဒိဋ္ဌိရှိနေသောသူ၌သာလျှင် ထိုဒိဋ္ဌိနှစ်ပါးသည် ဖြစ်နိုင်၏၊ ထိုတွင် အကြင်သူသည် ခန္ဓာငါးပါးနှင့်အတ္တဇီဝကို တစ်ခုတည်းပြု၍ယူ၏၊ ထိုသူသည်ဥစ္ဆေဒဒိဋ္ဌိသို့ရောက်၏။

ရောက်ပုံကား- ခန္ဓာငါးပါးနှင့်အတ္တဇီဝသည် တစ်ခုတည်း ဖြစ်၏၊ ခန္ဓာငါးပါးသည်လည်း တစ်ဘဝတွင် တစ်ခါအကုန်လုံးချုပ်ဆုံးမြဲ ဓမ္မတာ ဖြစ်၏၊ ခန္ဓာငါးပါးချုပ်ဆုံးလျှင်လည်း အတ္တဇီဝသည်ချုပ်ဆုံးလေ တော့သည်သာဖြစ်၏၊ အတ္တဇီဝသည်ချုပ်ဆုံးလျှင်လည်း ပုဂ္ဂိုလ်သတ္တဝါ သည် ချုပ်ဆုံးလေတော့သည်သာဖြစ်၏၊ ဘုံတစ်ပါးဘဝတစ်ပါးသို့ ပြောင်းသွားခြင်းဟူ၍မရှိ၊ ပုဂ္ဂိုလ်သတ္တဝါသည်သေသည်မှနောက်၌ ဘုံတစ်ပါးဘဝတစ်ပါးသို့ ပြောင်းသွားရသည် ဟူသော အယူစကားသည် မဟုတ်၊ မှား၏။

ဤကား ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပုံတည်း။

--------

ဤဒိဋ္ဌိသည် အလွန်ဆိုးဝါ၏၊ ကုသိုလ်ကံ အကုသိုလ်ကံ တို့ကိုလည်းကောင်း ထိုကံ၏အကျိုးတို့ကိုလည်းကောင်း ပယ်ဖျက်ပုံကားထိုဒိဋ္ဌိ အလိုအားဖြင့်ခပ်သိမ်းသော သတ္တဝါတို့မှာ ပစ္စုပ္ပန်တစ်ဘဝသာ ရှိကြ၏၊ အတိတ်ဘဝဟူ၍လည်း မရှိကြ၊ အနာဂတ်ဘဝဟူ၍လည်း မရှိကြသောကြောင့်၊ အနာဂတ်ဘဝအကျိုးငှာ ပစ္စုပ္ပန်ဘဝ၌ပြုလုပ်ကြ သော ကုသိုလ် အကုသိုလ်မှုတို့သည်လည်း အကျိုးမရှိ အချည်းနှီးသာဖြစ် ကုန်၏၊ ကုသိုလ်အရာ၌ ဇျာန်သမာပတ်ကြီးတို့ကို ပွါးများ၍ ထားသော်လည်း နောက်ဘဝအတွက် အကျိုးမရှိ၊ အကုသိုလ်အရာ၌ အမိအဘကို သတ်သော်လည်း နောက်ဘဝအတွက် အပြစ်မရှိ၊ ဤကား ကံကိုလည်း ကောင်း ကံ၏အကျိုးကိုလည်းကောင်း အချင်းခပ်သိမ်း ပယ်ခြင်းတည်း၊ ဤကား ဥစ္ဆေဒဒိဋ္ဌိ အယူရှိသောသူသည် သေသည်၏အခြားမဲ့၌ သုဂတိဘဝသို့ မရောက်နိုင်ပြီ၊ အပါယ်လေးပါး တစ်လမ်းသွား သာရှိ၏၊ ထိုမှတစ်ပါးလည်း အတ္တဇီဝသည် အထက်နတ်ဘုံဗြဟ္မာဘုံတို့တွင် ဘယ်ဘုံသို့ရောက်မှ ပြတ်သည်ဟူ၍ ယူကြသော ဥစ္ဆေဒဒိဋ္ဌိ အယူများ သည်ရှိသေး၏။

ဥစ္ဆေဒဒိဋ္ဌိသဘောကို ပြဆိုခန်းပြီး၏။

-------------

သတဿဒိဋ္ဌိ၌ အကြင်သူသည် ခန္ဓာငါးပါးနှင့် အတ္တဇီဝကို တစ်ခြားစီဟုယူ၏။

ဥပမာကား လောက၌အိမ်ဟူ၍ရှိ၏၊ အိမ်ရှင်ဖြစ်သောလူ ဟူ၍ရှိ၏၊ ထိုလူသည် အိမ်နှင့်စပ်သော အမှုကိစ္စတို့ကို စီရင်ဆောင်ရွက် ပေ၏၊ အိမ်စောင့်နတ် ဟူ၍လည်းရှိ၏၊ ထိုနတ်သည် ရိုသေစွာကိုးကွယ် သည်ရှိသော် ထိုအိမ်ကိုလည်းကောင်း၊ ထိုအိမ်ရှင်ကိုလည်းကောင်း အန္တရာယ် မရှ၊ိ အသက်ရှည်စွာနေရအောင် စောင့်ရှောက်ပေ၏။

ဤဥပမာ၌ ခန္ဓာငါးပါးသည် အိမ်နှင့်တူ၏ အတ္တသည် အိမ်ရှင် တူ၏ ခန္ဓာငါးပါးကို အုပ်စိုး၍ မြင်ခြင်း, ကြားခြင်း, သွားခြင်း, လာခြင်း, ပြောခြင်း, ဆိုခြင်း, ကြံခြင်း, စည်ခြင်း အစရှိသော ကိစ္စတို့ကို စီရင် ဆောင်ရွက်ပေ၏၊ ဇီဝသည် အိမ်စောင့်နတ်နှင့်တူ၏။

ထိုခန္ဓာ ထိုအတ္တတို့ကို အသက်ရှည်အောင် စောင့်ရှောက်ပေ၏၊ သေသောအခါ၌မူကား ခန္ဓာသည်သာလျှင် ချုပ်ဆုံး၏ အတ္တဇီဝသည် မူကား ချုပ်ဆုံးသည်ဟူ၍မရှိ၊ ထိုခန္ဓာမှထွက်၍ ကုသိုလ်ကံ အကုသိုလ်ကံ ပစ်ချရာ ခန္ဓာအသစ်သို့ ပြောင်း ရွှေ့လေ၏၊ ပုဂ္ဂိုလ်သတ္တဝါသည်လည်း အတ္တဇီဝပြောင်းရွှေ့ရာ အမြဲလိုက်ပါရလေ၏၊ အနမတဂ္ဂသံသရာမှာ ဤနည်းအတိုင်း ကျင်လည်ပြေးသွား၍ နေကြရလေ၏။

ဤကား သဿတဒိဋ္ဌိသဘောတည်း။

---------

ဤဒိဋ္ဌိ၌ကံနှစ်ကံ အကျိုးကို မြစ်ပယ်ခြင်းမရှိ၊ စုတေသည်မှ နောက်၌ သုဂတိဘဝသို့လည်း ရောက်နိုင်၏၊ ဤဒိဋ္ဌိကို မစွန့်သမျှ ကာလပတ်လုံး ပရမတ္ထသစ္စာနှင့် ဝေးကွာ၏၊ ထိုမှတစ်ပါးလည်း အထက် နတ်ဘုံ ဗြဟ္မာဘုံတို့တွင် ဘယ်ဘုံသို့ရောက်လျှင် အိုခြင်း, သေခြင်း, ပြောင်းရွှေ့ခြင်းမရှိ၊ ထာဝရအမြဲတည်နေရ၏၊ ထိုဘုံသို့မရောက်သမျှ ကာလပတ်လုံး၊ အိုခြင်း သေခြင်း ပြောင်းရွှေ့ခြင်းမရှိ၊ထာဝရ အမြဲတည် နေရ၏ ထိုဘုံတို့ မရောက်သမျှကာလပတ်လုံး အိုခြင်း, သေခြင်း, ပြောင်းရွှေ့ခြင်းကို မလွန်ကြဟုယူသော သဿတဒိဋ္ဌိများလည်း ရှိကြ၏။

ထိုမှတစ်ပါးလည်း အထက်ဆုံးဖြစ်သော ကောင်းကင်ဘုံကြီးမှာ အနမတဂ္ဂသံသရာတွင် အစဉ်ထာဝရ အမြဲတည်နေသော မဟာဗြဟ္မာ မင်းကြီးသည်ရှိ၏၊ ကမ္ဘာကိုလည်းကောင်း သတ္တဝါတို့ကိုလည်းကောင်း ထိုဗြဟ္မာမင်းကြီးသည် ဖန်ဆင်းပေ၏၊ ထိုဗြဟ္မာမင်းကြီးသည် မိမိကို ယုံကြည်စွာ ကိုးကွယ်ကြသော သူအပေါင်းတို့ကို သေသည်၏ အခြားမဲ့၌ အနန္တတန်ခိုးတော်ဖြင့်၊ မိမိထံသို့ ရောက်အောင် ကယ်တင်ပေ၏၊ ထိုသို့ရောက်ကြကုန်သော သူအပေါင်းတို့သည် ထိုအနန္တကောင်း ကင်ဘုံကြီးမှာ အိုခြင်း သေခြင်းကင်းလွတ်၍ ထာဝရချမ်းသာကြီးကို ရကြလေ ကုန်၏ဟူ၍ ယူသော သဿတဒိဋ္ဌိသည် ရှိ၏။

ထိုမှတစ်ပါးလည်း ဤသတ္တဝါအပေါင်းတို့သည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုမရသေးသမျှ ကာလပတ်လုံး သံသရာမှာ အတ္တဇီဝ နှင့်တကွ ကျင်လည်၍ နေကြရကုန်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုရ၍ ပရိနိဗ္ဗာန်စံကြသောအခါမှ အတ္တဇီဝနှင့်တကွ ပြတ်ငြိမ်း ကြကုန်၏ ဟူ၍ ယူသောသဿတဒိဋ္ဌိသည် ရှိ၏။

အချို့သောသူတို့က ပရိနိဗ္ဗာန်စံကြသော အခါ၌လည်း မပြတ်ကြ ကုန်သေး၊ အသင်္ခတနိဗ္ဗာန်ဘုံသို့ ကူးပြောင်းကြကုန်၍ ထိုနိဗ္ဗာန်ဘုံမှာ အိုခြင်း နာခြင် သေခြင်း မရှိ၊ ထာဝရချမ်းသာကို ခံစား၍ နေကြရကုန်၏ ဟူသော သဿတဒိဋ္ဌိလည်းရှိ၏။

ဤကား သဿတဒိဋ္ဌိသဘောတည်း။

ထိုဒိဋ္ဌိနှစ်ပါးတို့ကိုပယ်နိုင်သော သမ္မာဒိဋ္ဌိဉာဏ်သည်ကား-
- သမုတိသစ္စာဖက်၌ သမုတိသစ္စာအနေနှင့် ဖြောင့်မတ် စွာမြင်နိုင်သော သမ္မာဒိဋ္ဌိဉာဏ်လည်းတစ်ပါး၊
- ပရမတ္ထသစ္စာဖက်၌ ပရမတ္ထသစ္စာအနေနှင့် ဖြောင့်မတ် စွာ မြင်နိုင်သော သမ္မာဒိဋ္ဌိဉာဏ်လည်းတစ်ပါး ဟူ၍နှစ်ပါးရှိ၏။

ထိုတွင် ပရမတ္ထသစ္စာဖက်၌ သမ္မာဒိဋ္ဌိဉာဏ်သည်
- ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်တစ်ပါး,
- ကင်္ခါဝိတရဏဝိသုဒ္ဓိဉာဏ်တစ်ပါး,
- ဝိပဿနာဉာဏ်တစ်ပါး,
- အရိယာမဂ်ဉာဏ်တစ်ပါး

ဟူ၍ လေးပါးရှိ၏။

ထိုလေးပါးသောဉာဏ်တို့ဖြင့် အတ္တဒိဋ္ဌိကို ပယ်ဖျက်ရာ၏၊ အတ္တဒိဋ္ဌိသည် အနုသယကိစ္စမျှ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းသည်ရှိသော် အထက်နတ်ဘုံ ဗြဟ္မာ့ဘုံတို့တွင် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိနှစ်ပါးတို့ သည်လည်း အကြွင်းအကျန်မရှိ ချုပ်ငြိမ်းကုန်၏၊ သမ္မာဒိဋ္ဌိဉာဏ် လေးပါးတို့တွင်

ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်ဆိုသည်ကား ပရမတ္ထတရားနှင့် ပညတ် တရားတို့၏ ခြားနားချက်ကို ကောင်းစွာမြင်နိုင်သောဉာဏ်တည်း၊ ထိုဉာဏ်သည် အတ္တဒိဋ္ဌိမှ အထူးစင်ကြယ်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိဉာဏ် မည်၏။

ကခါင်္ဝိတရဏဝိသုဒ္ဓိဉာဏ်ဆိုသည်ကား ပရမတ္ထသစ္စာဖက်၌ ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်းတို့ဖြင့် အကြောင်းတရား အကျိုးတရား တို့ကို ကောင်းစွာမြင်နိုင်သောဉာဏ်တည်း၊ ထိုဉာဏ်သည် အတ္တဒိဋ္ဌိလျှင် အရင်းရှိသော ယုံမှားခြင်းရှစ်ပါး ယုံမှားခြင်း တစ်ဆယ့်ခြောက်ပါးတို့မှ အထူးစင်ကြယ်သောကြောင့် ကင်္ခါဝိတရဏဝိသုဒ္ဓိမည်၏။

ဝိပဿနာဉာဏ်ဆိုသည်ကား ပရမတ္ထသစ္စာဖက်၌ လောကီ ခန္ဓာ တရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တ အချက်တို့ကို ကောင်းစွာ မြင်နိုင်သော ဉာဏ်တည်း။

အရိယမဂ်ဉာဏ်ဆိုသည်ကား လောကုတ္တရာမဂ္ဂင်ရှစ်ပါးတွင် ပါရှိသောသမ္မာဒိဋ္ဌိပေတည်း၊ ထိုဉာဏ်သည် သောတာပတ္တိမဂ်ဉာဏ် သကဒါဂါမိမဂ်ဉာဏ် အနာဂါမိမဂ်ဉာဏ် အရဟတ္တမဂ်ဉာဏ်ဟူ၍ လေးပါးရှိ၏။

ထိုလေးပါးတို့တွင် သောတာပတ္တိမဂ်ဉာဏ်သည် အတ္တဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ကို အကြွင်းမဲ့ပယ်ဖြတ်နိုင်၏၊ အတ္တဒိဋ္ဌိကို ပယ်သည်ဟူသော စကား၌လည်း အတ္တဒိဋ္ဌိ၏အနုသယကိစ္စကို ပယ်သည်ဟုဆိုလို၏၊ ထိုအနုသယကိစ္စသည်လည်း အကြမ်း အလတ် အနု အနုထက်အနုဟူ၍ လေးပါးရှိ၏၊ ထိုတွင်

- ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်သည်အကြမ်းကိုသာပယ်နိုင်၏။
- ကင်္ခါဝိတရဏ ဝိသုဒ္ဓိဉာဏ်သည်၊ အလတ်ကိုပယ်နိ်ုင်၏။
- ဝိပဿနာဉာဏ်သည်၊ အနုကိုပယ်နိုင်၏။
- သောတာပတ္တိမဂ်ဉာဏ်သည်၊ အနုထက်အနုကို အကြွင်း အကျန်မရှိပယ်နိုင်၏။

ဝိစိကိစ္ဆာကိုပယ်သည်ဟူသော စကား၌လည်း ထိုအတူ အနုသယကို ပယ်ခြင်းပင်တည်း။

ပရမတ္ထသစ္စာဖက်၌ အဘယ်မျှလောက်သော တရားကို ကောင်းစွာမြင်သည်ရှိသော် အတ္တဒိဋ္ဌိ၏ အနုသယကိစ္စ လေးချက်တို့ကို၊ အစဉ်အတိုင်းပယ်နိုင်ပါသနည်း ဟူမူကား။

ရုပ်တရားဖက်၌
- ပထဝီဓာတ်တစ်ပါး၊
- အာပေါဓာတ်တစ်ပါး၊
- တေဇောဓာတ်တစ်ပါး၊
- ဝါယောဓာတ်တစ်ပါး၊
- အာကာသဓာတ်တစ်ပါး

ဟူ၍ငါးပါး။

နာမ်တရားဖက်၌
- ဝိညာဏ်တစ်ပါး၊
- ဝေဒနာတစ်ပါး၊
- သညာတစ်ပါး၊
- စေတနာတစ်ပါး

ဟူ၍လေးပါး။

ထိုရုပ်နာမ်တရားတို့၌ ရှိနေသော
- ဇာတိတစ်ပါး၊
- ဇရာတစ်ပါး၊
- မရဏတစ်ပါး

ဟူ၍သုံးပါး။

ထိုရုပ်တရား တို့ကိုဖြစ်ပွားစေတတ်သော ကံ စိတ် ဥတု အာဟာရဟူ၍အကြောင်းတရားလေပါး၊ ဤတစ်ဆယ့်ခြောက်ပါး သောတရားတို့ကို ကောင်းစွာမြင်သည်ရှိသော် အတ္တိဒိဋ္ဌိ၏အနုသယကိစ္စ လေးချက်တို့ကို အစဉ် အတိုင်းပယ်နိုင်၏။

ထိုတွင် အကြောင်းတရားလေးပါးကို၊ ရှေးဦးစွာပြ ဆိုရာ၏၊ ကံဆိုသည်ကား ကုသိုလ်စေတနာ အကုသိုလ်စေတနာ ကိုဆို၏၊ ထိုကံ၏ အခိုက်အတန့်သည် သုံးပါးရှိ၏။-

စေတနာအခိုက်အတန့်တစ်ပါး၊
- ပရိယုဋ္ဌာန်အခိုက်အတန့် တစ်ပါး၊
- ကမ္မပစ္စယအခိုက်အတန့်တစ်ပါးပေတည်း၊ ထိုတွင်-

စေတနာအခိုက်အတန့်ဆိုသည်ကား ပါဏာတိပါတ အမှုကိုပြုရာ၌ ရိုက်ခြင်းနှက်ခြင်း အစရှိသော အမှုကိုပြုဆဲ အခိုက်အတန့်သည်၊ စေတနာအခိုက်အတန့်မည်၏။

ပရိယုဋ္ဌာန် အခိုက်အတန့်ဆိုသည်ကား ထိုစေတနာ ချုပ်ပြီးသည်နောက် ထိုသူ၏စိတ်သန္တာန်မှာ ထိုအမှု အတွက်နှင့် လှုပ်ရှားလျက်နေရစ်သော အခိုက်အတန့်သည် ပရိယုဋ္ဌာန် အခိုက်အတန့်မည်၏။

- ကမ္မပစ္စယအခိုက်အတန့်ဆိုသည်ကား ထိုလှုပ်ရှားခြင်း ငြိမ်းသည်မှနောက်၌လည်း အခွင့်သာရာ၌ အကျိုးပေရန် ထိုပါဏာတိပါတအမှုသည် ထိုသူဖြစ်လေရာရာ အစဉ်ပါ၍ နေ၏၊ ထိုပါရှိ၍နေသော အခိုက်အတန့်သည် ကမ္မပစ္စယ အခိုက်အတန့်မည်၏။

ဥပမာကား- ကြမ်းတမ်းလှစွာသောအမိသည် သားငယ်ကလေး ကို ပြင်းထန်လှစွာ ရိုက်ရာ၌ ထိုရိုက်မှုမှာ အခိုက်အတန့်သုံးပါးရှိ၏၊ ရိုက်ဆဲကြိယာအခိုက်အတန့်တစ်ပါး၊ ထိုကြိယာပြတ်စြဲပီးနောက် ထိုသားငယ်မှာ ငါးရက်ဆယ်ရက်စသည်ဖြင့် ကျင်နာ၍နေသော အခိုက်အတန့်တစ်ပါး၊ ကျင်နာခြင်းပျောက်ငြိမ်းသောအခါ၌ ထိုသားငယ် သန္တာန်မှာအသက် အရွယ်ကြီးရင့်သောအခါ၌ ဒဏ်ရာကြီးဖြစ်ပေါ်ရန် ပါရှိ၍နေသော ဒဏ်မှုကြီးအခိုက် အတန့်တစ်ပါး။

ဤသုံပါးပေတည်း။

ထိုသူငယ်မှာ ဆယ်နှစ်ရွယ်ကရိုက်နှက်သော ဒဏ်ရာဒဏ်ချက် သည် အရွယ်ကောင်းတုန်းအခါ၌ မပေါ်သေး အရွယ်ဆုတ်ယုတ်သော အခါ ထိုဒဏ်နာသည်ပေါ်လာတတ်၏၊ မောနာပန်းနာစသည်တစ်ပါး ပါးဖြစ်ပေါ်လာတတ်၏။

ထိုတွင်-

သူငယ်၌ရိုက်နှက်ဆဲကြိယာအခိုက်အတန့်နှင့် ကံအရာ၌စေတနာအခိုက် အတန့်သည်တူ၏။
- သူငယ်မှာ ကျင်နာ၍နေသော အခိုက်အတန့် နှင့်ကံအရာ၌ ပရိယုဋ္ဌာနအခိုက်အတန့်သည် တူ၏။
- သူငယ်ဒဏ်ပါ၍နေသော အခိုက်အတန့်နှင့် ကံအရာ၌ ကမ္မပစ္စယအခိုက်အတန့်သည် တူ၏။
- သူငယ်မှာဒဏ်နာ မပေါ်သေးမီ အခိုက်အတန့်နှင့် ကံအရာ၌ထိုကံအကျိုးမပေးသေးသော အခိုက် အတန့်သည်တူ၏။

အထူးမူကား- သူငယ်၌ဒဏ်နာသည် ရုပ်တရားမျိုးဖြစ်၍ ထိုဘဝတွင်သာလိုက်နိုင်၏၊ ဘဝတစ်ပါးသို့ မလိုက်နိုင်၊ ကံအရာမှာ ပါဏာတိပါတဒဏ်သည် နာမ်တရားမျိုးဖြစ်၍ အကျိုးပေးခွင့်မရ သေးလျှင် ထိုကံသည် သတ္တဝါတို့မှာ ဘဝများစွာကမ္ဘာများစွာ လိုက်ပါ လေ၏။

ကံအရာ၌ဇောခုနစ်ချက်ရှိသည်တွင် ပထမဇောသည် ဒိဋ္ဌဓမ္မ ဝေဒနီယကံမျိုးဖြစ်၍ အကျိုးပေးခွင့်ရလျှင် ယခုဘဝ၌ အကျိုးပေး၏၊ အကျိုးပေးခွင့်မရလျှင် ယခုဘဝတွင်ကုန်ဆုံး၏၊ သတ္တမဇောသည် ဥပပဇ္ဇ ဝေဒနီယကံ မျိုးဖြစ်၍ အကျိုးပေးခွင့်ရလျှင် အနန္တရဘဝ၌အကျိုးပေး၏။

အကျိုးပေးမှုဆိုသည်ကား ယခုဘဝသေသည်မှနောက်၌ ထိုသတ္တမဇောကံ၏ဒဏ်ချက်သည် အပါယ်ဘုံပဋိသန္ဓေမှ စ၍ ဘဝ တစ်ခုဖြစ်ပေါ်၍ သွားလေ၏၊ အကျိုးပေးခွင့်မရလျှင် ဒုတိယဘဝ၏အဆုံးမှာ ကုန်ဆုံး၏၊ အလယ်ဇောငါးချက်သည် အပရာပရိယဝေဒနီယ ကံမျိုးဖြစ်၍ ဒုတီယဘဝ၏ နောက်၌ တတီယဘဝမှစ၍ အခွင့်ရရာဘဝ၌ အသီးအသီး တစ်ဘဝစီအကျိုးပေး၏၊ အခွင့်မရခဲ့သည်ရှိသော် နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် လိုက်ပါသည်ဟု ကျမ်းဂန်တို့၌ဆို၏။

ဤကား ပဋိသန္ဓေအကျိုးပေးပုံတည်း။

-------------

ဝိပါက်အကျိုးရှိသေး၏- ထိုငါးချက်သော ဇောစေတနာ တို့တွင် ဒုတီယဇောစေတနာကံသည် ပဋိသန္ဓေအကျိုး ပေးခွင့်ရ၍ အပါယ်၌ တစ်ဘဝထွက်ပေါ်ပြီးနောက် ဝိပါက်အကျိုးမှာဘဝငါးရာ စသည် တိုင်အောင် အကြိမ်ပေါင်း ငါးရာစသည်ဖြင့် ပဝတ္တိဝိပါက်အကျိုး ကို ဖြစ်စေ၏။

ဤပါဏာတိပါတကံ၌ ပဝတ္တိအကျိုးဆိုသည်ကား တစ်ပါးသော ကံသည် ပဋိသန္ဓေအကျိုးကိုပေး၍ လူ့ဘဝစသည်၌ ထိုသူဖြစ်၍နေရာမှာ အသက်တိုခြင်း အနာရောဂါများခြင်း ရန်သူရန်ဖက်များခြင်း အစရှိ သည်တည်း၊ ကြွင်းကျန်သော ဒုစ္စရိုက်ကံသုစရိုက်ကံတို့၌လည်း စေတနာ အခိုက်အတန့် ပရိယုဋ္ဌာန်အခိုက်အတန့် ကမ္မပစ္စယအခိုက်အတန့် ဟူ၍ အခိုက်အတန့်သုံးပါးစီ ရှိကြောင်းကို သိလေ။

ဤကား ကံဟူသောအကြောင်းတရား၏ အခြင်းအရာကိုပြဆိုချက်ပေတည်း။

စိတ်ဆိုသည်ကား ကြံမှုသိမှုကိုဆို၏၊ အနန္တရပစ္စည်း သမနန္တရ ပစ္စည်း အာသေဝနပစ္စည်းအစွမ်းဖြင့် စိတ်အစဉ်ကို မြစ်ရေအလျဉ်ကဲ့သို့ အစဉ်မပြတ်ဖြစ်ပွားလျက်နေစေရန် ကျေးဇူးပြုပေ၏၊ ကိုယ်ခန္ဓာ တစ်ကောင်လုံး၌ စိတ္တဇရုပ်တို့ကိုအနှံ့အပြား ဖြစ်ပွား၍နေစေရန် အမြဲကျေးဇူးပြုပေ၏၊ ကိုယ်အင်္ဂါနှုတ်အင်္ဂါတို့၏ လှုပ်ရှားမှုသွားလာမှု ပြောမှုဆိုမှုစသည်တို့၌ စိတ္တဇရုပ်တို့၏ကိစ္စသည် ထင်ရှား၏။

ထိုစိတ်ဟူသောအကြောင်းမှာလည်း ကုသိုလ်စိတ် အကုသိုလ် စိတ်တို့၌ အခိုက်အတန့်သုံးပါးစီရှိကြ၏၊ အာရုံတင်းလင်း အမှုတင်း လင်းနှင့် ဖြစ်နေဆဲကိစ္စတစ်ပါး ထိုမှနောက်၌ ထိုအာရုံ ထိုအမှု လွန်ပြီး သောအခါ၌ လွန်ပြီးသော ထိုအာရုံထိုအမှုကို အာရုံပြု၍ တကြွကြွ တရွရွ ထကြွလှုပ်ရှား၍နေသော အခိုက်အတန့်တစ်ပါး ထိုအခိုက်အတန့် ပျောက်ငြိမ်းပြီးနောက် စိတ်သန္တာန်မှာ ထိုအလေ့ ထိုအလာ ထိုဝါသနာ အထုံပါ၍နေသော အခိုက်အတန့်တစ်ပါး ဟူ၍သုံးပါးရှိ၏၊ ထိုတွင် ဝါသနာ အခိုက်အတန့်သည် နောက်နောက်ဘဝသို့ပင် လိုက်ပါ၍ နေတတ်၏။

စိတ်အကြောင်းအရာကို ပြဆိုချက်ပြီး၏။

-----------

ဥတုဆိုသည်ကား- တေဇောဓာတ်ပေတည်း၊ တေဇောဓာတ် ဆိုသည်ကား-မီးဓာတ်ပေတည်း၊ ထိုမီးဓာတ်သည် သီတ ဥဏှနှစ်ပါးရှိ၏၊ ဥဏှဆိုသည်ကား ပူမှုပေတည်း၊ သီတဆိုသည်ကား- အေးမှုပေတည်း၊ ပူမှုတွင်လည်း ပူသည်ထက် ပူမှုအဆင့်ဆင့်ရှိ၏၊ အေးမှုသည်လည်း အေးသည်ထက်အေးမှု အဆင့်ဆင့်ရှိ၏၊ ဤဥတုခေါ်သောမီးဓာတ်သည် ရုပ်တရားတို့ကိုပွားစေမှု၌ အကြီးအကျယ်ဆုံးသော အကြောင်းဖြစ်၏။

ဗဟိဒ္ဓသန္တာန်မှာ ကမ္ဘာတည်မှုကမ္ဘာပျက်မှုသည် ဥတုကိစ္စ ပေတည်း၊ ထိုဥတုတွင်လည်း အလွန်သိမ့်မွေ့၍ တန်ခိုး သတ္တိအထူး ရှိသော ဗီဇခေါ်သောမျိုးစေ့ဓာတ်အထူးသည်လည်း ရှိ၏၊ သရက်မျိုးစေ့ ပိန္နဲမျိုးစေ့အစရှိသည်ဖြင့် ထိုမျိုးစေ့ဓာတ်သည် အနန္တများပြား၏၊ ထိုမျိုးစေ့ ဓာတ်၏၊ အစွမ်းသည်လည်း အလွန်ကြီးမား၏။

ကြီးမားပုံကား- သရက်ပင်ဟူ၍မရှိဘူးသေးသော အရပ် ဒေသ၌ သရက်မျိုးစေ့ကို စိုက်ပျိုး၍ထားခဲ့သော် ထိုအရပ်ဒေသမှာ သရက်ပင် ပေါင်းသိန်းသောင်းမက ဖြစ်ပွားစေတတ်၏၊ ဖြစ်ပွားရာ၌ လည်း အပင်သဏ္ဌာန် အကိုင်းသဏ္ဌာန် အခက်သဏ္ဌာန် အရွက်သဏ္ဌာန် အပွင့်သဏ္ဌာန် အသီးသဏ္ဌာန်တို့သည် ပထမမျိုးစေ့ရင်း၏ သရက် ဟူသော အနွယ်ကို မကျူးလွန်မူ၍ ထိုအနွယ်အတိုင်းသာဖြစ်ကြရကုန်၏။

ဤကား မျိုးစေ့ဓာတ်၏တန်ခိုးသတ္တိ ကြီးကျယ်ပုံပေတည်း။

------*------

သတ္တဝါတို့၏အဇ္ဈတ္တသန္တာန်မှာမူကား
- ရှေးကံဟောင်းသည်လည်းမျိုး တစ်ပါး၊
- အမိအဘတို့မှ ဆက်နွယ်၍လာသောဥတု ဟူ သောမီးဓာတ်သည်လည်း ဗီဇမျိုးတစ်ပါး

ဟူ၍ မျိုးဓာတ်နှစ်ပါးရှိ၏၊ ထိုတွင်- ကံဟောင်းဟူသော မျိုးဓာတ် သည် သတ္တဝါတို့၏သန္တာန်မှာ ပဓာနအင်္ဂါဖြစ်သော စိတ်ဓာတ် စက္ခုဓာတ် သောတဓာတ်အစရှိသော အတွင်းဓာတ်နုတို့ကို ဖြစ်ပွားစေတတ်၏၊ ဥတုဟူသောမျိုးဓာတ်သည် အဆင်းအမျိုးမျိုး သဏ္ဌာန်အမျိုးမျိုးတို့ကို ဖြစ်ပွားစေတတ်၏၊ ကျီးတိရစ္ဆာန်မျိုးမှဖြစ်ပွားသော သားသမီးအဆက် ဆက်သည် ကျီးအဆင်းကျီးသဏ္ဌာန်အတိုင်းသာ ဖြစ်ပွားကြရ၏။

ဗျိုင်းတိရစ္ဆာန်မျိုး စသည်တို့၌လည်း ထိုအတူတည်း။

ဤကား ဥတုအကြောင်းအရာကို ပြဆိုချက်ပြီး၏။

----*---

အာဟာရဆိုသည်ကား- မျိုအပ်သောအရေ မျိုအပ်သော အဖတ်မျိုးကိုလည်းဆိုရ၏၊ ထိုအရေမျိုးအဖတ်မျိုးတို့၌ပါ ရှိသော ဩဇာဟူ၍ခေါ်ဝေါ်အပ်သော အဆီဓာတ်မျိုးသည်မုချအာဟာရမည်၏၊ ထိုအာဟာရသည်လည်း စားဆဲအခိုက် အတန့်တစ်ပါး ဝမ်းတွင်း၌ တည်ရှိဆဲ အခိုက်အတန့်တစ်ပါး တစ်ကိုယ်လုံး၌ခုနစ်ရက်တိုင်တိုင် ဩဇာ ဟူသော အဆီဓာတ်တို့၏ပျံ့နှံ့မှု အခိုက်အတန့်တစ်ပါးဟူ၍ အခိုက် အတန့် သုံးပါးရှိ၏။

ဤကား အာဟာရအကြောင်းအရာကို ပြဆိုချက်ပြီး၏။

ဤကား အကြောင်းတရားလေးပါးကို ပြဆိုချက်တည်း။

-----*----

ကျန်ရှိသောတရား တစ်ဆယ့်နှစ်ပါးတို့တွင် ပထဝီဓာတ် ဆိုသည်ကား ခက်မာမှုပေတည်း ခက်မာမှုဆိုသည်လည်း ခပ်သိမ်းသော ရုပ်ကလာပ်တို့၏ အမာခံမှုပေတည်း၊ ခပ်သိမ်းသောရုပ်ကလာပ်တို့သည် ထိုအမာခံမှုကိုစွဲမှီ၍ဖြစ်ကြရကုန်၏ လရောင်ခေါ်သောရုပ်ကလာပ် နေရောင်ခေါ်သောရုပ်ကလာပ်တို့မှာလည်း ထိုအမာခံမှုသည်ပါရှိ၏။

ထိုပထဝီဓာတ်သည်လည်း ခက်မာသောပထဝီဓာတ် နူးညံ့သော ပထဝီဓာတ်ဟူ၍နှစ်ပါးရှိ၏၊ထိုတွင် ခက်မာသော ပထဝီဓာတ်သည်လည်း ခက်မာသည်ထက်ခက်မာမှုအဆင့်ဆင့်ရှိ၏၊ နူးညံ့သောပထဝီ ဓာတ် သည်လည်း နူးညံ့သည် ထက်နူးညံ့မှု အဆင့်ဆင့်ရှိ၏၊ ပထဝီဓာတ်၏ အနိစ္စအချက်ကို ရှုသောယောဂီပုဂ္ဂိုလ်သည် ခက်မာမှု အဆင့်ဆင့် ပြောင်းရွေ့ချက်နူးညံ့မှု အဆင့်ဆင့် ပြောင်းရွေ့ချက်တို့ကို ကိုယ့်ဉာဏ်ဖြင့် စေ့စုံစွာရှာကြံ၍ ကြည့်ရှုရသည် ပြောင်းရွေ့မှုတို့သည်လည်း ကိုယ်အင်္ဂါ တို့၏ လှုပ်ရှားမှုတို့မှာ ထင်ရှားကုန်၏၊ လှုပ်ရှားမှုဆိုသည်ကား- ရုပ် ကလာပ်ဟောင်းတို့၏ အကုန်ကွယ်ပျောက်၍ ရုပ်ကလာပ်သစ်တို့၏ ဖြစ်ပေါ်မှုဆို၏။

အာပေါဓာတ်ဆိုသည်ကား- ဖွဲ့တွယ်မှု စေးကပ်မှု စေးချွဲမှု အရည်ကျဲအရည်ကြည်ဖြစ်မှုကိုဆိုသတည်း၊ ထိုအာပေါဓာတ်သည်လည်း ကျပ်တင်းစွာဖွဲ့မှု ရော့ရဲစွာဖွဲ့မှု ဟူ၍နှစ်ပါးရှိ၏၊ ထိုတွင်ကျပ်တင်း စွာဖွဲ့မှုသည်လည်း ကျပ်တင်းသည်ထက်ကျပ် တင်းမှုအဆင့်ဆင့်ရှိ၏၊ ရော့ရဲစွာဖွဲ့မှုသည်လည်း ရော့ရဲသည်ထက် ရော့ရဲမှု အဆင့်ဆင့်ရှိ၏၊ ဤကျပ်တင်းမှု ရော့ရဲမှုတို့၏ အဆင့်ဆင့်ပြောင်းလဲခြင်းသည် အာပေါ ဓာတ်၏ အနိစ္စအချက်ပင်တည်း။

တေဇောဓာတ်ဆိုသည်ကား- မီးဓာတ်ပေတည်း၊ ထိုမီးဓာတ် ဆိုသည်ကား ပူမှုအေးမှုပေတည်း၊ ထိုတေဇောဓာတ်သည် သီတဥဏှ ဟူ၍ နှစ်ပါးရှိ၏၊ သီတဆိုသည်ကား အေးမှုပေတည်း၊ ဥဏှဆိုသည်ကား ပူမှုပေတည်း၊ အေးမှုသည်လည်း အေးသည်ထက် အေးမှုအဆင့်ဆင့် ရှိ၏၊ ပူမှုသည်လည်း ပူသည်ထက်ပူမှုအဆင့်ဆင့်ရှိ၏၊ ထိုအေးမှုပူမှုတို့၏ အဆင့်ဆင့်ပြောင်းလဲခြင်းသည် တေဇောဓာတ်၏ အနိစ္စအချက် ပင်တည်း။

ဝါယောဓာတ်ဆိုသည်ကား- ထောက်ကန်မှု, ဖောင်းပွမှု, ကြွရွမှု လှုပ်ရှားမှု, တွန်းဝှေ့မှု, လွန့်ပါးမှုကိုဆိုသတည်း၊ ထိုဝါယော ဓာတ်သည် တောင့်တင်းစွာထောက်ကန်မှု ရော့ရဲစွာထောက်ကန်မှု, ဟူ၍နှစ်ပါးရှိ၏၊ ထိုတွင် တောင့်တင်းစွာထောက်ကန်မှုသည်လည်း တောင့်တင်းသည်ထက် တောင့်တင်းမှု အဆင့်ဆင့်ရှိ၏၊ ရော့ရဲစွာ ထောက်ကန်မှုသည်လည်း ရော့ရဲသည် ထက်ရော့ရဲမှုအဆင့်ဆင့်ရှိ၏၊ ထိုအဆင့်ဆင့် ပြောင်းလဲမှုသည်လည်း ဝါယောဓာတ်၏ အနိစ္စအချက် ပင်တည်း၊ ထိုဓာတ်လေးပါးတို့တွင်လည်း တစ်ပါးတစ်ပါးပြောင်လဲခဲ့လျှင် ကျန်သုံးပါး တို့သည်လည်း ပြောင်းလဲကြကုန်ရသည်သာတည်း။

အာကာသဓာတ်ဆိုသည်ကား- ရုပ်ကလာပ်တို့၏ အချင်းချင်း ခြားမှုတည်း၊ ဤခြားမှုကိုအစွဲပြု၍ ဤသည်ကား ရုပ်ကလာပ်တစ်ခု ဤသည်ကား ရုပ်ကလာပ်တည်းဟု ပိုင်းခြားမှု ဤဝတ္ထု၌ရုပ်ကလာပ် ပေါင်း တစ်ဆယ်ရှိသည် တစ်ရာရှိသည် တစ်ထောင်ရှိသည် စသည် ဖြင့်ရေတွက်မှုများသည်ထင်ရှားရှိနေ၏။

ဥပမာကား- အလွန်ခက်မာသော မြေဆိုင်ခဲကို ကြည့်ရှုရာ၌ ဤကားမြေမှုန့်တစ်ခု ဤကား မြေမှုန့်တစ်ခု ဟုခွဲနိုင်ခြင်းသည် အာကာသ ဓာတ်၏ အစွမ်းပေတည်း။

ဤ၌ရုပ်ကလာပ်တို့၏ အချင်းချင်းခြားမှုဆိုသည်ကား ကလာပ် တစ်ခုတွင်း၌ ရှိသောရုပ်တို့၏ အချင်းချင်းခြားမှုမ ဟုတ်၊ တစ်ခုသော ကလာပ်အတွင်း၌ ရုပ်ချင်းချင်းခြားမှု အာကာသဟူ၍ မရှိပြီရှိသည်ဟူ၍ ဆိုငြားအံ့ ကလာပ်တစ်ခု အတွင်း၌ရှိသော ရုပ်တို့တွင် ဤရုပ်ကား အထက် ဤရုပ်ကားအောက် ဤရုပ်ကားလက်ဝဲ ဤရုပ်ကားလကျ်ာ ဟူ၍ ပိုင်းခြားနိုင်ရာ၏၊ ထိုသို့ပိုင်းခြားနိုင်ကောင်းသည်မဟုတ်၊ လောကမှာ ထိုသို့အထည် ဝတ္ထုတို့ကို ထုခွဲကြိတ်နယ်ကြရာ၌ ထိုအာကာသရှိသေး သမျှ ကာလပတ်လုံး အစိတ်အစိတ်အမွှာအမွှာ ကွဲလေရာ၏၊ အလွန် သေးနုပ်၍ သွားသဖြင့် ကလာပ်တစ်ခုစီ အသီးအသီးဖြစ်ကြသောအခါ၌ ကွဲပြားခြင်းမရှိပြီ၊ ကုန်ဆုံးခြင်းသို့ရောက်ကြကုန်ရာ၏၊ ရုပ်ကလာပ်တို့၏ ကွဲပြားမှုသည် အာကာသဓာတ်၏ အနိစ္စပင်တည်း။

ရုပ်ဓာတ်ငါးပါးပြီး၏။

*----*----*

နာမ်ဓာတ်လေးပါးတို့တွင် စိတ်ဆိုသည်ကား-

ကြံမှု သိမှု ပေတည်း။ ဝိညာဏ်လည်းခေါ်၏။ ထိုဝိညာဏ်သည်လည်း စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ် မနောဝိညာဏ်ဟူ၍ ခြောက်ပါးအပြားရှိ၏။ ထိုတွင်

- မျက်စိ၌ဖြစ်၍ မျက်စိတွင်ပျက်ရသော ဝိညာဏ်သည် စက္ခုဝိညာဏ်မည်၏။ အဆင်းအမျိုးမျိုးကို မြင်ပေတည်း။

- နားတွင်း၌ဖြစ်၍ နားတွင်း၌ ပျက်ရသောဝိညာဏ်သည် သောတဝိညာဏ်မည်၏။ အသံအမျိုးမျိုးကို ကြားမှုပေတည်း။

- နှာခေါင်တွင်း၌ဖြစ်၍ နှာခေါင်းတွင်း၌ ပျက်ရသော ဝိညာဏ်သည် ဃာနဝိညာဏ်မည်၏။ အနံ့အမျိုးမျိုးကို နံမှုပေတည်း။

- လျှာပေါ်၌ဖြစ်၍ လျှာပေါ်တွင်ပျက်ရသောဝိညာဏ်သည် ဇိဝှါဝိညာဏ်မည်၏။ အရသာအမျိုးမျိုးကို သိမှုပေတည်း။

- အောက်၌ ခြေဖဝါးပြင်မှစ၍ အထက်၌ငယ်ထိပ် အပြင်တိုင်အောင် တစ်ကိုယ်လုံးတွင် ထိုထိုအပအင်္ဂါ အတွင်းအင်္ဂါတို့၌ ဖြစ်ပေါ်၍ ဖြစ်ရာဌာန၌ပျက်ရသော ဝိညာဏ်သည် ကာယဝိညာဏ်မည်၏။ ပထဝီ၏ အတွေ့အထိ တေဇော၏အတွေ့အထိ ဝါယော၏ အတွေ့အထိတို့ကို သိမှုပေတည်း။

- ရင်တွင်းနှလုံးတွင်း၌ စမ်းရေထွက်သကဲ့သို့ အစဉ်အမြဲ ဖြစ်ပေါ်၍နေသော ဝိညာဏ်သည် မနောဝိညာဏ်မည်၏။ ခပ်သိမ်းသော အာရုံတို့ကို ကြံမှု သိမှုပေတည်း။


ထိုတွင် စက္ခုဝိညာဏ်ဟူသော မြင်မှု၌ မြင်သေး၏၊ မမြင်ပြီ ဟူ၍ နှစ်မျိုးရှိ၏။ မြင်သေး၏ဆိုသည်ကား စက္ခုဝိညာဏ်၏ ဖြစ်ပေါ်မှုပေတည်း။ မမြင်ပြီဆိုသည်ကား စက္ခုဝိညာဏ်၏ ချုပ်ဆုံးမှုပေတည်း။ ထိုအတူ သောတဝိညာဏ်၌လည်း ကြားသေး၏၊ မကြားပြီဟူ၍ နှစ်မျိုးရှိ၏။ ဃာနဝိညာဏ်၌လည်း နံသေး၏၊ မနံပြီဟူ၍ နှစ်မျိုးရှိ၏။ ဇိဝှါဝိညာဏ်၌လည်း အရသာကို သိသေး၏၊ မသိပြီဟူ၍ နှစ်မျိုးရှိ၏။ ကာယဝိညာဏ်၌လည်း တွေ့ထိမှုရှိသေး၏၊ မရှိပြီဟူ၍ နှစ်မျိုးရှိ၏။


ဤဝိညာဏ်လေးပါးတို့၌လည်း ရှိသေး၏ဆိုသည်ကား ထိုထိုဝိညာဏ်၏ ဖြစ်ပေါ်မှုပေတည်း။ မရှိပြီဆိုသည်ကား ထိုထိုဝိညာဏ်၏ ချုပ်ဆုံးမှုပေတည်း။ မနောဝိညာဏ်သည် ကုသိုလ်မနောဝိညာဏ် အကုသိုလ်မနောဝိညာဏ် ဝိပါက်မနောဝိညာဏ် ကြိယာမနောဝိညာဏ် ဟူ၍ လေးပါးရှိ၏။ ထိုတွင် အကုသိုလ်ဝိညာဏ်မှာလည်း ငါ၌ ယခု အကုသိုလ်စိတ်ဖြစ်၍ နေသည်၊ ယခု ထိုအကုသိုလ်စိတ် မရှိပြီ၊ ဟု သိကြ၏။ အကုသိုလ်တွင်လည်း လောဘအကြံဖြစ်မှု၊ ထိုအကြံပျောက်ကွယ်မှု၊ ကုသိုလ်တွင်လည်း သဒ္ဓါစိတ် ပညာစိတ်ဖြစ်မှု၊ ထိုသဒ္ဓါစိတ် ပညာစိတ် ပျောက်ကွယ်မှုတို့ကို ဖြစ်ထင်ရှားသိကြ၏။ ထိုလေးပါးသောဝိညာဏ်တို့တွင်လည်း တစ်ပါးတစ်ပါးသော ဝိညာဏ်ချုပ်ကွယ်မှ တစ်ပါးတစ်ပါးသော ဝိညာဏ် ဖြစ်ပေါ်နိုင်၏။ ဤ၌လည်း ချုပ်ဆုံးမှုဟူသမျှသည် ထိုထိုဝိညာဏ်၏ အနိစ္စအချက်ပင်တည်း။


ဝေဒနာဆိုသည်ကား ခံစားမှုပေတည်း။ သညာဆိုသည်ကား မှတ်သားမှုပေတည်း။ စေတနာဆိုသည်ကား သမ္ပယုတ်တရားတို့ကို စေ့ဆော်မှုပေတည်း။ ဤတရားလေးပါးတို့သည် ဝိညာဏ်နှင့်ဖြစ်အတူ ပျက်အတူ အမြဲယှဉ်ဖော် ယှဉ်ဖက်တရားတို့ပေတည်း။ ထိုဝိညာဏ်၏ အနိစ္စအချက်အစုသည် ဤတရားတို့၏ အနိစ္စအချက်အစုပင်တည်း။


တစ်နည်းကား ဝေဒနာသည် သုခဝေဒနာ ဒုက္ခဝေဒနာ သောမနဿဝေဒနာ ဒေါမနဿဝေဒနာ ဥပေက္ခာဝေဒနာ ဟူ၍ ငါးပါးရှိ၏။ သုခဝေဒနာဆိုသည်ကား ချမ်းသာစွာ ခံစားမှုပေတည်း။ ဒုက္ခဝေဒနာဆိုသည်ကား ဆင်းရဲစွာ ခံစားမှုပေတည်း။ သောမနဿဝေဒနာဆိုသည်ကား ဝမ်းမြောက်မှု ဝမ်းသာမှုပေတည်း။ ဒေါမနဿဝေဒနာဆိုသည်ကား နှလုံးမသာယာမှုပေတည်း။ ဥပေက္ခာဝေဒနာဆိုသည်ကား မထင်မရှား လျစ်လျူအားဖြင့် ခံစားမှုပေတည်း။ ထိုတွင် သုခဝေဒနာ ဒုက္ခဝေဒနာ နှစ်ပါးသည် ခြေဖဝါးအပြင်မှစ၍ ငယ်ထိပ်အပြင်တိုင်အောင် တစ်ကိုယ်လုံးတွင် အထိအပါးရှိရာ ဌာန၌ ဖြစ်ပေါ်၏။ သောမနဿ ဒေါမနဿ နှစ်ပါးသည် နှလုံးအိမ်တွင်း၌သာ ဖြစ်ပေါ်၏။ ဥပေက္ခာသည် စက္ခု သောတ ဃာန ဇိဝှာတို့၌လည်းကောင်း၊ နှလုံးအိမ်တွင်း၌လည်းကောင်း ဖြစ်ပေါ်၏။ ဤဝေဒနာငါးပါးတို့သည် တစ်ပါးချုပ်မှ တစ်ပါးဖြစ်ပေါ်နိုင်၏။ နှစ်ပါးပြိုင်၍ ဖြစ်ပေါ်သည်မရှိ။ သညာသည် ကုသိုလ်သညာ အကုသိုလ်သညာစသည်ဖြင့်လည်းကောင်း၊ ရူပသညာ သဒ္ဒသညာ ဂန္ဓသညာ စသည်ဖြင့်လည်းကောင်း အလွန်များပြား၏။ များပြားရာတွင်လည်း တစ်ခုချုပ်ဆုံးမှ တစ်ခုဖြစ်ပေါ်ရ၏။ နှစ်ခုပြိုင်၍ ဖြစ်ပေါ်သည်မရှိ။

ဤကား သညာအနိစ္စပင်တည်း။


စေတနာသည်လည်း ကုသိုလ်စေတနာ အကုသိုလ်စေတနာ စသည်ဖြင့်လည်းကောင်း၊ ရူပစေတနာ သဒ္ဒစေတနာ ဂန္ဓစေတနာ စသည်ဖြင့်လည်းကောင်း အလွန်များပြား၏။ များပြားရာတွင်လည်း တစ်ခုချုပ်ဆုံးမှ တစ်ခုဖြစ်ပေါ်၏။ နှစ်ခုပြိုင်၍ ဖြစ်ပေါ်သည်မရှိ။

ဤကား စေတနာအနိစ္စပင်တည်း။


နာမ်ဓာတ်လေးပါးပြီး၏။

--------- * --------

ဇာတိ ဇရာ မရဏ သုံးပါးတွင်

- ဇာတိဆိုသည်ကား ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်ပေါ်မှု၊ ပေါက်ပွားမှု၊ ကြီးထွားဖွံ့ဖြိုးမှု၊ တိုးတက်မှု၊ စည်ကားမှုပေတည်း။

- ဇရာဆိုသည်ကား ရုပ်နာမ်ခန္ဓာတို့၏ အိုမင်းမှု၊ ရင့်ဆွေးမှု၊ ဆုတ်ယုတ်လျော့ပါးမှု၊ ညှိုးနွမ်းပိန်ချုန်းမှုများပေတည်း။

- မရဏဆိုသည်ကား ရုပ်နာမ်ခန္ဓာတို့၏ သေကျေပျက်စီးမှု၊ ကုန်ဆုံးကွယ်ပျောက်မှု၊ ဆုံးပါးပျောက်ပျက်မှုပေတည်း။


သမ္မုတိဇာတိ သမ္မုတိဇရာ သမ္မုတိမရဏ သန္တတိဇာတိ သန္တတိဇရာ သန္တတိမရဏ ခဏိကဇာတိ ခဏိကဇရာ ခဏိကမရဏ ဟူ၍ သုံးပါးစီရှိကြ၏။ ထိုတွင် လောကီဘုံသားလူအများတို့သည် တစ်ဘဝတစ်ခါ ပဋိသန္ဓေနေမြဲဓမ္မတာ၊ တစ်ဘဝတစ်ခါ အိုမြဲဓမ္မတာ၊ တစ်ဘဝတစ်ခါ သေမြဲဓမ္မတာဟူ၍ ခေါ်ဝေါ်သမုတ်လျက်ရှိကြသော ဇာတိ ဇရာ မရဏသည် သမ္မုတိဇာတိ သမ္မုတိဇရာ သမ္မုတိမရဏမည်၏။ ဤ၌အနှစ်တစ်ရာတမ်းမှာ တစ်ကြိ်မ်တစ်ခါသာ သေမြဲဓမ္မတာရှိ၏။

ဤကား သမ္မုတိဇာတိ ဇရာ မရဏပေတည်း။ သန္တတိဇာတိ ဇရာ မရဏသန္တတိသည် အမျိုးမျိုးရှိ၏။ အသက်တစ်ရာတမ်း၌ ပထမအရွယ် ဒုတိယအရွယ် တတိယအရွယ်ဟူသော သန္တတိကြီးသုံးပါး၊ မန္ဒဒသကအရွယ် ခိဋ္ဋဒသကအရွယ် ဝဏ္ဏဒသကအရွယ် အစရှိသည်ဖြင့်လာသော အရွယ်ဆယ်ပါးဟူသော သန္တတိဆယ်ပါး၊ မွေးဖွားသည်မှစ၍ တစ်နှစ်ရွယ်၊ နှစ်နှစ်ရွယ်၊ သုံးနှစ်ရွယ် စသည်ဖြင့်လာသော နှစ်သန္တတိတစ်ရာ၊ တစ်နှစ်တစ်နှစ်တွင်လည်း နွေဥတု ဆောင်းဥတု မိုးဥတုဟူ၍လာသော ဥတုသန္တတိပေါင်း သုံးရာ၊ တစ်နှစ်တစ်နှစ်တွင်လည်း တန်ခူးလ ကဆုန်လစသည်ဖြင့် ခေါ်ဆိုကြသော လသန္တတိပေါင်း တစ်ထောင့်နှစ်ရာ၊ တစ်လတစ်လတွင်လည်း တစ်ရက်၊ နှစ်ရက် စသည်ဖြင့်ခေါ်ဆိုကြသော ရက်သန္တတိပေါင်း သုံးသောင်းခြောက်ထောင်၊ တစ်ရက်တစ်ရက်၌လည်း နေ့အဖို့ ညဉ့်အဖို့ ဟူ၍ခေါ်ဆိုကြသော နေ့ညဉ့်သန္တတိပေါင်း ခုနှစ်သောင်းနှစ်ထောင်၊ နေ့အဖို့ညဉ့်အဖို့မှာလည်း ပထမယာမ် ဒုတိယယာမ် တတိယယာမ်ဟူ၍ ခေါ်ဆိုကြသော အယာမ်သန္တတိပေါင်း နှစ်သိန်းတစ်သောင်းခြောက်ထောင်ရှိ၏။


အယာမ်သုံးပါးတွင်လည်း တစ်ပါးတစ်ပါး၌ အစ အလယ် အဆုံးဟူ၍ အပိုင်အခြားသုံးပါးစီရှိကြ၏။ ထိုတွင် အစသည် သန္တတိဇာတိ၏ခေတ်မည်၏။ အလယ်သည် သန္တတိဇရာ၏ခေတ်မည်၏။ အဆုံးသည် သန္တတိမရဏ၏ခေတ်မည်၏။ အရွယ်ဆယ်ပါးစသည်တို့၌လည်း ထိုအတူ သန္တတိဇာတိ သန္တတိဇရာ သန္တတိမရဏဟူ၍ သုံးပါးစီ သုံးပါးစီ ဝေဖန်လေ။ ဤ၌ သန္တတိအမျိုးမျိုးဆိုသည်ကား အမျိုးမျိုးသော ရုပ်ခန္ဓာနာမ်ခန္ဓာတို့၏ အစဉ်အမျိုးမျိုးကိုဆို၏။ အရွယ်သုံးပါးတို့တွင် ပထမအရွယ်သည် ပျိုနုသော ရုပ်ခန္ဓာနာမ်ခန္ဓာမျိုးတို့၏ အစဉ်ပေတည်း။ ထိုအရွယ်၏ ကုန်ဆုံးမှုသည် ပထမအရွယ်၏ သေဆုံးခြင်းဟူသော သန္တတိမရဏကြီးတစ်ပါးပေတည်း။ အနှစ်တစ်ရာတမ်းတွင် သန္တတိမရဏကြီး သုံးပါးရှိ၏။ သေမြဲဓမ္မတာကြီးပေါင်း သုံးခါဖြစ်၏။ သို့သော် ရုပ်ခန္ဓာနာမ်ခန္ဓာအစဉ်ပြတ်ဆုံးခြင်းမရှိသည့်အတွက် သတ္တဝါသေဆုံးသည်ဟူ၍ မခေါ်ကြ။ ပထမအရွယ်ဆုံးသည်ဟူ၍သာ ခေါ်ကြ၏။ ဒုတိယအရွယ်သည် ရင့်သန်သော ရုပ်ခန္ဓာနာမ်ခန္ဓာမျိုးတို့၏ အစဉ်ပေတည်း။ တတိယအရွယ်သည် ဆုတ်ယုတ်သော ရုပ်ခန္ဓာနာမ်ခန္ဓာမျိုးတို့၏ အစဉ်ပေတည်း။ ဤအရွယ်နှစ်ပါး၌လည်း သေဆုံးမှုကြီးအသီးသီးရှိကြ၏။ တတိယအရွယ်၏ သေဆုံးမှုသည် သမ္မုတိမရဏကြီးပင် ဖြစ်သတည်း။


ဤနည်းတူ အရွယ်ဆယ်ပါးမှစ၍ အယာမ်သုံးပါး ပိုင်းခြားမှုတိုင်အောင် အမျိုးမျိုးသော ရုပ်ခန္ဓာနာမ်ခန္ဓာအစဉ်တို့၏ သေဆုံးမှုကြီးအသီးသီးရှိသည်ကို သိကြလေ။


ထိုမှတစ်ပါးလည်း သွားခြင်း ဣရိယာပထသန္တတိတစ်ပါး၊ ရပ်ခြင်း ဣရိယာပထသန္တတိတစ်ပါး၊ ထိုင်ခြင်း ဣရိယာပထသန္တတိတစ်ပါး၊ အိပ်ခြင်း ဣရိယာပထသန္တတိတစ်ပါးဟူ၍ ဣရိယာပထသန္တတိကြီးလေးပါးရှိ၏။ ထိုလေးပါးတို့တွင်လည်း တစ်ပါးတစ်ပါး၌ အဆုံးဟူသော သန္တတိမရဏကြီးအသီးအသီးရှိကြ၏။ သွားမှုတွင်လည်း ပထမခြေလှမ်း ဒုတိယခြေလှမ်း တတိယခြေလှမ်းစသည်ဖြင့် ခြေလှမ်းအပိုင်းအခြား အရေအတွက်များစွာရှိ၏။ တစ်ခုတစ်ခုသော ခြေလှမ်း၏အဆုံးသည် တစ်ခုတစ်ခုသောခြေလှမ်း၏ သေမှုကြီးပေတည်း။ ခြေလှမ်းသေမှုဆိုသည်လည်း တစ်ခုတစ်ခုသော ခြေလှမ်းအတွင်း၌ ရှိနေကြကုန်သော ကိုယ်ခန္ဓာကြီးငယ်တို့၏ သေဆုံးမှုပင်တည်း။


ထိုစကားမှန်၏။ တစ်ခုတစ်ခုသော ခြေလှမ်းအတွင်း၌ ရှိနေကြကုန်သော ရုပ်ခန္ဓာနာမ်ခန္ဓာတို့သည် နောက်နောက်ခြေလှမ်းသို့ ကူးပြောင်း၍ လိုက်နိုင်သော ရုပ်တရားနာမ်တရားဟူ၍ တစ်ခုမျှမရှိကြကုန်။ သူ့ခြေလှမ်းအဆုံးမှာ သူအကုန်ကွယ်ကြလေကုန်၏။ ထိုတွင် သွားခြင်းဣရိယာပထဆိုသည်ကား ပရမတ္ထသစ္စာဘက်၌ အစဉ်အားဖြင့် သွားသောအခြင်းအရာနှင့် ဖြစ်ပွါး၍နေကြကုန်သော ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတို့ကို သွားခြင်းဟူ၍ဆို၏။ သမ္မုတိသစ္စာဘက်၌ ပုဂ္ဂိုလ်သွား၍နေသည်၊ သတ္တဝါသွား၍နေသည်ဟု ခေါ်ဝေါ်ကြ၏။


ရပ်ခြင်းဣရိယာပုထ်ဆိုသည်ကား ပရမတ္ထသစ္စာဘက်၌ အစဉ်အားဖြင့်ရပ်သောအခြင်းအရာကိုဆို၏။ သမ္မုတိသစ္စာဘက်၌ ပုဂ္ဂိုလ်ရပ်နေသည်၊ သတ္တဝါရပ်နေသည်ဟု ခေါ်ဝေါ်ကြ၏။ ထို့အတူ ရပ်ခြင်းဣရိယာပုထ်၊ ထိုင်ခြင်းဣရိယာပုထ်၊ အိပ်ခြင်းဣရိယာပုထ်တို့၌လည်း ပရမတ္ထသစ္စာဘက်၌ အစဉ်အားဖြင့် ရပ်သောအခြင်းအရာနှင့် ဖြစ်ပွားနေကြကုန်သော ရုပ်ခန္ဓာနာမ်ခန္ဓာ၊ ထိုင်သောအခြင်းအရာနှင့် ဖြစ်ပွားနေကြကုန်သော ရုပ်ခန္ဓာနာမ်ခန္ဓာ၊ အိပ်သောအခြင်းအရာနှင့် ဖြစ်ပွားနေကြကုန်သော ရုပ်ခန္ဓာနာမ်ခန္ဓာတို့ကို ရပ်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်းဟူ၍ဆို၏။ သမ္မုတိသစ္စာဘက်၌ကား ပုဂ္ဂိုလ်ရပ်သည်၊ သတ္တဝါရပ်သည်၊ ပုဂ္ဂိုလ်ထိုင်သည်၊ သတ္တဝါထိုင်သည်၊ ပုဂ္ဂိုလ်အိပ်သည်၊ သတ္တဝါအိပ်သည်ဟူ၍ ခေါ်ဝေါ်ကြ၏။


ထိုဣရိယာပုထ်လေးပါးသည် သစ္စာနှစ်ပါးပင် တစ်ခြားစီဖြစ်ကြ၏။ တစ်ပါးနှင့်တစ်ပါး ကူးစက်ခြင်းမရှိ၊ ရောနှော၍မရကောင်း။ သမ္မုတိသစ္စာဘက်၌လည်း သွားဆဲအခါမှာ ဤသူသွားနေသည်ဟု မျက်မြင်ဒိဋ္ဌဖြစ်ကြ၏။ နောက်ရပ်ခြင်းသို့ရောက်သောအခါ သွားနေသော အခြင်းအရာနှင့်တကွ သွားနေသော သန္တာန်ကြီးကွယ်ပျောက်၍သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်ကြ၏။ ရပ်ဆဲအခါမှာ ဤသူရပ်နေသည်ဟု မျက်မြင်ဒိဋ္ဌဖြစ်ကြ၏။ နောက်ထိုင်ခြင်းသို့ ရောက်သောအခါ ရပ်နေသော အခြင်းအရာနှင့်တကွ ရပ်နေပုံ သန္တာန်ကြီးကွယ်ပျောက်၍သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်ကြ၏။ ထိုင်နေဆဲအခါမှာ ဤသူထိုင်နေသည်ဟု မျက်မြင်ဒိဋ္ဌဖြစ်ကြ၏။ နောက်အိပ်ခြင်းသို့ ရောက်သောအခါ ထိုင်နေသော အခြင်းအရာနှင့်တကွ ထိုင်နေသော ပုံသဏ္ဌာန်ကြီး ကွယ်ပျောက်သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်ကြ၏။ အိပ်နေဆဲအခါမှာ ဤသူအိပ်နေသည်ဟု မျက်မြင်ဒိဋ္ဌဖြစ်ကြ၏။ နောက်ထိုင်ခြင်းသို့ ရောက်သောအခါ ထိုအိပ်နေသော အခြင်းအရာနှင့်တကွ အိပ်နေပုံ သဏ္ဌာန်ကြီး ကွယ်ပျောက်၍သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်ကြ၏။ သွားခြင်းဣရိယာပုထ်၌လည်း ပထမခြေလှမ်းသို့ ရောက်နေဆဲအခါမှာလည်း ဤသူပထမခြေလှမ်းကို လှမ်းနေသည်ဟု မျက်မြင်ဒိဋ္ဌသိမြင်ကြ၏။ နောက်ဒုတိယခြေလှမ်းသို့ ရောက်သောအခါ ပထမခြေလှမ်းလှမ်းနေသော အခြင်းအရာနှင့်တကွ ပထမခြေလှမ်းလှမ်းနေပုံ သန္တာန်ကြီးကွယ်ပျောက်၍ သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်ကြ၏။ ဒုတိယခြေလှမ်းလှမ်းနေဆဲအခါမှာလည်း ဤသူဒုတိယခြေလှမ်းလှမ်းနေသည်ဟု မျက်မြင်ဒိဋ္ဌသိမြင်ကြ၏။ နောက်တတိယခြေလှမ်းသို့ ရောက်သောအခါ ဒုတိယခြေလှမ်းလှမ်းနေသော အခြင်းအရာနှင့်တကွ ဒုတိယခြေလှမ်းလှမ်းနေပုံ သဏ္ဌာန်ကြီး ကွယ်ပျောက်၍သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်ကြ၏။ နောက်နောက်ခြေလှမ်းတို့၌လည်း ထိုအတူသိလေ။


ခြေတစ်လှမ်းအတွင်းမှာလည်း ချီနေပုံသန္တာန်ကြီးတစ်မျိုး၊ ချနေပုံသန္တာန်ကြီးတစ်မျိုးဟူ၍ နှစ်မျိုးရှိကြ၏။ ချီနေပုံသန္တာန်ကြီး ကွယ်ပျောက်မှ ချနေပုံသန္တာန်ကြီး ဖြစ်နိုင်သည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်နိုင်ကြ၏။ ချီနေပုံသန္တာန်မှာလည်း အဆင့်ဆင့်မြင့်ရာသို့ ပြောင်းရွှေ့၍သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌဖြစ်ကြ၏။ ချနေသောသန္တာန်မှာလည်း အဆင့်ဆင့်နိမ့်ရာသို့ ပြောင်းရွှေ့၍သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်ကြ၏။ ဤအရာ၌ ရုပ်နာမ်ခန္ဓာတရားတို့သည် မိမိတို့ဖြစ်ရာဌာနမှ ဌာနတစ်ပါးသို့ တစ်ဆံဖျားမျှ ပြောင်းရွှေ့ခြင်းမရှိကြကုန်၏ဟု ကျမ်းဂန်တို့မှာ အဆိုရှိကြ၏။


ပြောင်းရွှေ့ခြင်းမရှိပုံကား- ခြေလှမ်းတစ်ခုအတွင်းမှာ ခန္ဓာကိုယ်ကြီးပေါင်းအရာမက နဘေထပ်စီစဉ်ဆက်လက်ဖြစ်ပွားနိုင်မှ ခြေလှမ်းဖြစ်ပွားနိုင်ရာ၏။ ထိုတွင် ရှေ့သို့အဆင့်ဆင့် အသစ်အသစ်ဖြစ်ပေါ်၍သွားသော ခန္ဓာကိုယ်ကြီးပေါင်းလည်း အရာမကရှိရာ၏။

နောက်နောက်က အဆင့်အဆင့်ချုပ်ပျက် ကွယ်ပျောက်၍သွားသော ခန္ဓာကိုယ်ကြီးပေါင်းလည်း အရာမကရှိရာ၏။ ထို့ကြောင့် မျက်မြင်မှာ ခန္ဓာကိုယ်ကြီးတစ်ခုသာ ထင်မြင်ရ၏။ ဒိဋ္ဌသက်သေမှာမူကား ခြေလှမ်းတစ်ခုအတွင်းမှာ ခန္ဓာကိုယ်ကြီးတစ်ခုလုံး အနှံ့အပြားလှုပ်ရှားမှုကြီး ထင်ရှားရှိနေသည်ကား ဒိဋ္ဌသက်သေပေတည်း။


ဤစကား၌ လှုပ်ရှားမှုဆိုသည်ကား- ရုပ်တရားအသစ်အဟောင်းပြောင်းလဲမှုပေတည်း။ လှုပ်ရှားမှုအကြိမ်ပေါင်း အရာမကရှိ၍ ရုပ်တရားပြောင်းလဲမှုပေါင်း အရာမကရှိမှ ခြေတစ်လှမ်းဆုံးရာ၏။ ဤအရာ၌ ကျမ်းဂန်တို့မှာ နဒီသောတောဝိယ=မြစ်ရေအယဉ်ကဲ့သို့ ဟူ၍လည်းကောင်း၊ ဒီပဇာလာဝိယ=ဆီမီးလျှံ ဆီမီးတောက်ကဲ့သို့ဟူ၍လည်းကောင်း ဥပမာကို ပြဆိုကြပေ၏။


ထိုတွင် မြစ်ရေဥပမာ၌ အစဉ်မပြတ် စီးသွား၍နေသော မြစ်ရေကို ကြည့်ရှု၍နေကြရာ မျက်မြင်အလိုမှာ ရေသည်စီးသွား၍နေ၏၊ ဤအရပ်မှရေသည်ပင် ထိုအရပ်သို့ရောက်လေ၏ဟု ပြောရိုးဆိုရိုးဖြစ်၏။ ဉာဏ်မြင်အလိုမှာ မြစ်ရေကို အနီးမှကပ်၍ ကြည့်ရှုဆင်ခြင်ရာ လှုပ်လှုပ်ရွရွရှိနေသည်ကို သိမြင်ရသဖြင့် အဆင့်ဆင့် အသစ်အသစ် ဖြစ်ပေါ်တိုးပွား၍နေသော ရေကိုလည်းကောင်း၊ နောက်နောက်က ရှေ့သို့အဆင့်ဆင့် ကွယ်ပျောက်၍သွားသော ရေကိုလည်းကောင်း အမှန်သိမြင်နိုင်လေ၏။ မြစ်ရေသည်ဖြစ်ရာဌာနမှ ဌာနတစ်ပါးသို့ တစ်ဆံဖျားမျှ ရွေ့ရှားခြင်းမရှိ၊ ဖြစ်ရာဌာန၌သာ ပျောက်ကွယ်လေသည်ဟု အမှန်ဆိုနိုင်၏။


ဤအရာ၌ လှုပ်ရှားမှုသည် အသစ်အဟောင်းပြောင်းလဲမှုမှာ ခိုင်လုံစွာသော သက်သေဖြစ်၏။ လှုပ်ရှားမှုရှိသည်ဆိုခဲ့လျှင် အသစ်အဟောင်းပြောင်းလဲမှုရှိသည်ဟု အမှန်ဆိုနိုင်၏။ လှုပ်ရှားမှုရှိသည်ဆိုလျှင် အခြေပျက်အနေပျက်ရှိသည်ဟု အမှန်ဆိုနိုင်၏။ အခြေပျက်အနေပျက်ဆိုသည်ကား- ရုပ်ခန္ဓာဟောင်းတို့ပျက်ဆုံးမှုပင်ဖြစ်၏။


ဆီမီးလျှံဥပမာ၌ တစ်ညဉ့်လုံး အစဉ်မပြတ်တောက်၍နေသော မီးတောက်မီးလျှံကို ကြည့်ရှု၍နေကြရာ မျက်မြင်အလိုမှာ ညဉ့်ဦးယာမ်က မီးတောက်သည်ပင်လျှင် သန်းခေါင်ယာမ်တိုင်အောင် ရှိနေ၏။ ဤအရာမှာ ညဉ့်ဦးယာမ်က မီးတောက်သည် သန်းခေါင်းယာမ်၊ မိုးသောက်ယာမ်တိုင်အောင်ရှိ၏ဟု ပြောရိုးဆိုရိုးဖြစ်၏။ စိတ်၌လည်းထင်၍နေ၏။ ဉာဏ်မြင်အလိုမှာ မီးတောက်ကို အနည်းငယ်ကပ်၍ ကြည့်ရှုဆင်ခြင်ရာ လှုပ်လှုပ်ရွရွရှိနေသည်ကို မြင်ရသဖြင့် ရှေ့သို့အဆင့်ဆင့် ဖြစ်ပေါ်တိုးပွား၍နေသော မီးကိုလည်းကောင်း၊ နောက်နောက်က အဆင့်ဆင့် ကွယ်ပျောက်၍သွားသော မီးကိုလည်းကောင်း အမှန်သိမြင်နိုင်လေ၏။ မီးဓာတ်သည် ဖြစ်ရာဌာနမှ ဌာနတစ်ပါးသို့ တစ်ဆံဖျားမျှ ရွေ့ရှားခြင်းမရှိ၊ ဖြစ်ရာဌာန၌သာ ပျောက်ကွယ်လေသည်ဟု အမှန်ဆိုနိုင်၏။ ဤမီးဓာတ်၌လည်း မြစ်ရေ၌ကဲ့သို့ သက်သေထောက်ခံမှုကို အပြည့်အစုံဆိုလေ။


ဤသို့ ကျမ်းဂန်တို့၌လာသော မြစ်ရေဥပမာ ဆီမီးတောက်ဥပမာအတိုင်း ခြေလှမ်းတစ်ခုအတွင်း၌လည်း ကိုယ်ခန္ဓာကြီးပေါင်း အရာမက ပြောင်းလဲဆက်လက်၍ သွားပုံကိုသိလေ။ ဤနည်းအတိုင်း သွားခြင်းဣရိယာပုထ် ကွယ်ဆုံး၍ ရပ်ခြင်းဣရိယာပုထ်သို့ ပြောင်းလဲရာ၌လည်းကောင်း၊ ရပ်ခြင်းဣရိယာပုထ်ကွယ်ဆုံး၍ ထိုင်ခြင်းဣရိယာပုထ်သို့ ပြောင်းလဲရာ၌လည်းကောင်း၊ ထိုင်ခြင်းဣရိယာပုထ်ကွယ်ဆုံး၍ အိပ်ခြင်းဣရိယာပုထ်သို့ ပြောင်းလဲရာ၌လည်းကောင်း၊ လှုပ်ရှားမှု၊ ပြောင်းလဲမှု၊ အခြေအနေပျက်မှုတို့ကို စေ့စုံစွာသိမြင်လေ။ တစ်ဖန် အိပ်ခြင်းဣရိယာပုထ်မှထ၍ ထိုင်ခြင်းဣရိယာပုထ်သို့ ပြောင်းရွှေ့ရာ၌ အိပ်ရုပ်၊ အိပ်ဟန်၊ အိပ်သန္တာန်ကတစ်မျိုး၊ ထိုင်ရုပ်၊ ထိုင်ဟန်၊ ထိုင်သန္တာန်ကတစ်မျိုး၊ ထရုပ်၊ ထဟန်၊ ထသန္တာန်ကတစ်မျိုးဟူ၍ သုံးမျိုးရှိ၏။ ထိုတွင် အိပ်ရုပ် ထိုင်ရုပ်တို့သည် လှုပ်ရှားခြင်းမရှိ၊ ငြိမ်သက်ကြကုန်၏။ အကြား၌ ထရုပ်သည် ငြိမ်သက်ခြင်းမရှိ၊ လှုပ်ရှား၏။ အိပ်နေသောသူသည် ထတော့မည်ဟု အားယူလိုက်သောအခါ၌ တစ်ကိုယ်လုံးလှုပ်ရှားမှုကြီးသည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာပင် တစ်ကိုယ်လုံးပျံ့နှံ့လှုပ်ရှား၍သွား၏။ လှုပ်ရှားသောရုပ်တို့သည်ကား အိပ်ခြင်းဣရိယာပုထ်၏ဆိုင်ရာမဟုတ်၊ ထခြင်းဣရိယာပုထ်၏ဆိုင်ရာသာ ဖြစ်ကုန်၏။ အိပ်ခြင်းဣရိယာပုထ်၌ တည်ရှိသော ရုပ်ခန္ဓာကြီးသည် ထိုလှုပ်ရှားမှုကြီးပျံ့နှံ့သည်နှင့်တစ်ပြိုင်နက် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာပင် အကုန်လုံးကွယ်ဆုံးလေ၏။


ဤအရာ၌ ကိုယ်ခန္ဓာကြီးတစ်ကောင်လုံးသည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာ ရုတ်တရက်ဖြစ်ပေါ်နိုင်ရာ၊ ကွယ်ပျောက်နိုင်ရာတို့၌ ဥပမာကား- ဓာတ်ရှင်ရုပ်စုံပွဲ ကျင်းပရာ၌ လူလောက်ရှိသော လူရုပ်သဏ္ဌာန်ကြီး၏ အရိပ်တို့သည် တခဏချင်းဖြစ်ပေါ်မှု ပျောက်ကွယ်မှုသည် လုံလောက်သောဥပမာ၊ လုံလောက်သော သက်သေကြီးပေတည်း။ မျက်မြင်ဒိဋ္ဌပြောင်းလဲပုံ ထင်လျားစွာပြဆိုချက်ပေတည်း။ ရှေ့၌ပြဆိုခဲ့သော ခြေတစ်လှမ်း၏အတွင်း၌ ခန္ဓာကိုယ်ကြီးပေါင်းအရာမက ဆက်လက်ရသည်ဟူသော စကားမှာလည်း ဤဓာတ်ရှင်ရုပ်ကြီးခြေတစ်လှမ်းသွားရာ၌ ဓာတ်ရှင်ရုပ်ကြီးပေါင်း အကြိမ်များစွာဆက်လက်ရခြင်းသည် ခိုင်လုံသော ဥပမာ၊ ခိုင်လုံသောသက်သေကြီးပေတည်း။


ဝိပဿနာယောဂီပုဂ္ဂိုလ်တို့မှာမူကား- ဤသို့ပြဆိုခဲ့ပြီးသော ဣရိယာပုထ်လေးပါးပြောင်းရွှေ့မှု၌လည်း အစအလယ်အဆုံးအသီးသီး ရှိနေသည်ကိုသိကြ၏။ အဆုံးဟူသမျှသည် အနိစ္စ၏အချက်ကြီးပေတည်း။ ထိုတွင် အိပ်ခြင်းဣရိယာပုထ်၏အတွင်း၌ ထွက်သက်ထုတ်မှုနှင့်လှုပ်ရှားခြင်း၊ ဝင်သက်ရှိုက်မှုနှင့်လှုပ်ရှားခြင်း၊ ကိုယ်အင်္ဂါတို့ကို မှောက်မှု၊ လှန်မှု၊ ဝဲယာစောင်းမှု၊ ကွေးမှု၊ ဆန့်မှု စသည်ဖြင့် လှုပ်ရှားခြင်းအမျိုးမျိုးရှိပြန်၏။ ထိုင်ခြင်းဣရိယာပုထ်၌လည်း ရှေ့သို့ထိုင်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ လက်ဝဲလက်ယာကိုင်းရှိုင်းခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း အစရှိသည်ဖြင့် လှုပ်ရှားခြင်းအမျိုးမျိုးရှိပြန်၏။ ရပ်ခြင်းဣရိယာပုထ်၌လည်း ထိုအတူပင်တည်း။

(ဤကား သန္တတိဇာတိ သန္တတိဇရာ သန္တတိမရဏတို့ကို ပြဆိုခန်းပေတည်း)

ဤ၌ အရွယ်သုံးပါးမှစ၍ ပြဆိုခဲ့ပြီးသော သန္တတိတို့တွင် ဝိပဿနာယောဂီပုဂ္ဂိုလ်တို့မှာ ဣရိယာပထသန္တတိသည် လိုရင်းပဓာနဖြစ်၏။

ဤတွင်ရွေ့ကား သန္တတိဇာတိ သန္တတိဇရာ သန္တတိမရဏတို့ကို ပြဆိုခန်းပြီး၏။

ခန္ဓာငါးပါးသည် ဒုက္ခမျိုးအစစ်အမှန်ဖြစ်သည်ဟု အတပ်သိနိုင်ရန် အကျဉ်းအမြွက်မျှ ပြဆိုပေအံ့။

ခဏိကဇာတိ ခဏိကဇရာ ခဏိကမရဏသုံးပါးတို့တွင်

- ခဏိကဇာတိဆိုသည်ကား တစ်ခုသောရုပ်၊ တစ်ခုသောနာမ်တရားတို့၏အစ၌ ဖြစ်ပေါ်မှုကို ဇာတိဆိုသတည်း။

- ခဏိကဇရာဆိုသည်ကား အလယ်၌ ရင့်ရော်ဆုတ်ယုတ်မှုကို ဇရာဆိုသတည်း။

- ခဏိကမရဏဆိုသည်ကား အဆုံး၌ ချုပ်ကွယ်မှုကို မရဏဆိုသတည်း။


ခဏိကဇာတိ ဇရာ မရဏတို့သည်မူကား မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာ အကြိမ်ပေါင်းကုဋေအရာမက ဖြစ်မှု၊ ပျက်မှု လျင်မြန်လှကုန်သည်ဟု ကျမ်းဂန်တို့၌လာရှိသောကြောင့်သာ ပြဆိုလိုက်သည်၊ သာဝက ဝိပဿနာယောဂီပုဂ္ဂိုလ်တို့ ဉာဏ်မှီနိုင်သောအရာမဟုတ်ကုန်။ ထို့ကြောင့် ဤအရာ၌ ကျယ်ဝန်းစွာ မဆိုလိုက်ပြီ။


ဤတွင်ရွေ့ကား ပရမတ္ထသစ္စာဘက်၌ အကျဉ်းအားဖြင့် ရုပ်၌ငါးပါး၊ နာမ်၌လေးပါး၊ ဇာတိ ဇရာ မရဏသုံးပါး၊ ကံ စိတ် ဥတု အာဟာရတည်းဟူသော အကြောင်းတရားလေးပါး၊ ဤတစ်ဆယ့်ခြောက်ပါးသောအရာအချက်တို့ကို ကောင်းကောင်းကြီးသိနိုင်၊ မြင်နိုင်၊ ထင်နိုင်ကြလျှင် ဒိဋ္ဌိဝိသုဒ္ဓိစသော အထက်ဝိသုဒ္ဓိကြီးငါးပါး ပေါက်ရောက်နိုင်ရန် အစီအရင်ကို ပြဆိုခန်းပြီး၏။


-----*----

လက္ခဏာရေးသုံးပါးတို့ကိုပြဆိုပေအံ့

လက္ခဏာရေးသုံးပါးဆိုသည်ကား- အနိစ္စလက္ခဏာတစ်ပါး၊ ဒုက္ခလက္ခဏာတစ်ပါး၊ အနတ္တလက္ခဏာတစ်ပါးပေတည်း။ ထိုတွင်


အနိစ္စဆိုသည်ကား- မမြဲတတ်သောတရားမျိုးပေတည်း။ အနိစ္စလက္ခဏာဆိုသည်ကား- ထိုအနိစ္စတရားမျိုး၌ပါရှိ၍နေသော ဇာတိအချက် ဇရာအချက် မရဏအချက်များပေတည်း။ ထိုအချက်များကိုမြင်၍ ဤတရားမျိုးသည် မမြဲတတ်သောတရားမျိုးပေတည်းဟု အတပ်သိနိုင်၏။ ဤသို့လျှင် မမြဲတတ်သောတရားမျိုးတို့ကို ဤတရားကား မမြဲတတ်သော တရားတည်းဟု အတပ်သိနိုင်ရန် အကြောင်းမျိုးဖြစ်၍ ဇာတိ ဇရာ မရဏသုံးပါးကို အနိစ္စလက္ခဏာဟု ဆိုအပ်၏။ လက္ခဏာသဒ္ဒါသည် အတပ်သိကြောင်း အနက်ကိုဟော၏။ ဤလက္ခဏာသုံးပါးတို့ကို အချက်ကျ မသိတတ်၊ မမြင်တတ်၊ မထင်တတ်ကြလေသော လောကီဘုံသားလူအများတို့မှာ တစ်နေ့တစ်ရက်မျှ မမြဲတတ်သော ပထဝီဓာတ်ကိုပင် တစ်သက်လုံး၊ တစ်ဘဝလုံး မြဲသည်ဟု စွဲလမ်းမှုကြီးရှိနေ၏။ ထိုစွဲလမ်းမှုကြီးကို ပယ်ဖျောက်၍ ပထဝီဓာတ်သည် တစ်နေ့တစ်ရက်မျှ မြဲသောတရားမဟုတ်ဟု အတပ်သိနိုင်ကြစေခြင်းငှာ ပထဝီဓာတ်၌ရှိနေသော ဤဇာတိအချက်၊ ဇရာအချက်၊ မရဏအချက်ကို သက်သေပြု၍ ပထဝီဓာတ်သည် တစ်နေ့တစ်ရက်မျှ မြဲနိုင်သောဓာတ်မဟုတ်၊ မမြဲတတ်သောတရားတည်းဟု ပြောကြ၊ ဟောကြရကုန်၏။ ဤအနိစ္စလက္ခဏာကိုလည်း အရွယ်ကြီးသုံးပါး ပိုင်းခြားသည်မှစ၍ ဣရိယာပထခန်းတွင် မြစ်ရေအယဉ်ဥပမာ၊ ဆီမီးလျှံဥပမာများတိုင်အောင် သေချာစွာပြဆိုခဲ့ပြီ။

အနိစ္စပြီး၏။


ဒုက္ခလက္ခဏာဆိုသည်ကား- ထိုအနိစ္စအချက်စုပင်လျှင် ကြောက်မက်ဖွယ်ကောင်းသော အနက်ကြောင့် ဒုက္ခလက္ခဏာမည်၏။ ဤ၌လည်း ပထဝီဓာတ်သည် ကြောက်မက်ဖွယ်ကောင်းသော တရားမျိုးဖြစ်၍ ဒုက္ခတရားမျိုးအမှန်ဖြစ်၏။ ကြောက်မက်ဖွယ်ကောင်းကြောင်းကိုလည်း ထိုပထဝီ၌ပါရှိ၍နေသော ဇာတိအချက်၊ ဇရာအချက်၊ မရဏအချက်တို့ကို မြင်သဖြင့်သိအပ်၏။ ထို့ကြောင့် ထိုအချက်တို့ကို ဒုက္ခလက္ခဏာဆို၏။


ကြောက်မက်ဖွယ်ကောင်းပုံကား- သတ္တဝါအပေါင်းတို့မှာ ပဋိသန္ဓေစွဲနေသည်မှစ၍ ပထမရက်၊ ဒုတိယရက်၊ တတိယရက်အစရှိသည်ဖြင့် ရှိနေကြသော ရက်အစဉ်တို့တွင် မသေနိုင်သောရက်၊ မသေတတ်သောရက်ဟူ၍ တစ်နေ့တစ်ရက်မျှမရှိ။ ဤနေ့ ဤရက်သည်ကား- မသေနိုင်သောရက်၊ မသေတတ်သောရက်တည်းဟု စိတ်ချ၍နေချင်တိုင်းနေနိုင်သောရက်၊ ကျင့်ချင်တိုင်းကျင့်နိုင်သောရက် တစ်ရက်မျှမရှိ ဆိုလိုသည်။


ထိုစကားမှန်၏။ ပဋိသန္ဓေစွဲနေသော ပထမရက်အတွင်း၌ပင်လျှင် အမိဖြစ်သူသည် နေချင်တိုင်းနေ၊ ကျင့်ချင်တိုင်းကျင့်ခဲ့ငြားအံ့၊ သူငယ်၏ရုပ်အစဉ်နာမ်အစဉ်သည် ဖောက်လဲဖောက်ပြန်ဖြစ်၍ ထိုနေ့အတွင်းမှာပင် ပျက်ဆုံးလေရာ၏။ နောက်နောက်သောရက်တို့မှာလည်း ထိုအတူပင်တည်း။ ဖွားမြင်ပြီးသောနောက်၌လည်း ထိုသူငယ်ကို တစ်စုံတစ်ယောက်သောသူမျှ ပြုစုစောင့်ရှောက်သူမရှိငြားအံ့၊ ထိုသူငယ်သည် ဖွားမြင်ရာဌာန၌ပင် ဖောက်လဲဖောက်ပြန်ဖြစ်၍ သေဆုံးလတ္တံ့။ ဤ၌ ဖောက်လဲဖောက်ပြန်ဟူသောစကားသည် ဇာတိ ဇရာ မရဏတို့ကိုဆိုသော စကားပင်တည်း။


ထိုတွင်

- ဇာတိဆိုသည်ကား ပကတိညီညွတ်စွာဖြစ်၍နေသော ရုပ်အစဉ်၊ နာမ်အစဉ်သည်ပင်လျှင် မညီမညွတ်သောအနနှင့်ဖြစ်၍လာသည်ကိုဆိုသတည်း။

- ဇရာဆိုသည်ကား ညီညွတ်စွာဖြစ်၍နေသော ရုပ်အစဉ်၊ နာမ်အစဉ်၏ ဆုတ်ယုတ်လျော့ပါးခြင်းကိုဆိုသတည်း။

- မရဏဆိုသည်ကား ညီညွတ်စွာဖြစ်သော ရုပ်အစဉ်၊ နာမ်အစဉ်၏ ကုန်ဆုံးခြင်းကိုဆိုသတည်း။


ဤသို့လျှင် ထိုသူငယ်မှာ ပထမရက်အတွင်း၌ပင်လျှင် ဇာတိဘေး ဇရာဘေး မရဏဘေးဟုဆိုအပ်သော ဘေးကြီးသုံးပါး သင့်နိုင်သောအ ခွင့်၊ သင့်တတ်သောအခွင့်ကြီးပါရှိလျက်နေ၏။ ထို့ကြောင့် ထိုပထမရက်အတွင်း၌ရှိနေသော ရုပ်အစဉ်နာမ်အစဉ်စုသည်လည်း စိုးရိမ်ကြောင့်ကြဖွယ်ရှိနေသော ရုပ်အစဉ်နာမ်အစဉ်ဖြစ်ချေ၍ ဒုက္ခသာ အမှန်ဖြစ်၏။ နောက်နောက်ရက်တို့၌လည်း ထိုအတူပင်တည်း။


ဖွားမြင်ပြီးနောက်၌လည်း ထိုသူငယ်ကို တစ်စုံတစ်ယောက်သောသူမျှ ပြုစုစောင့်ရှောက်သူမရှိငြားအံ့၊ ထိုသူငယ်သည် ဖွားမြင်ရာဌာန၌ပင်လျှင် ဖောက်လဲဖောက်ပြန်ဖြစ်၍ သေဆုံးလတ္တံ့။ ဤ၌ ဖောက်လဲဖောက်ပြန်ဟူသောစကားသည် ဇာတိ ဇရာ မရဏကိုဆိုသောစကားပင်တည်း။

ဤ၌ နောက်နောက်ရက်တို့၌လည်း အစာအာဟာရ စားသောက်ခြင်းအစရှိသော ပြုပြင်စောင့်ရှောက်မှုကို မပြုမူ၍ နေချင်တိုင်းကျင့်ချင်တိုင်းကျင့်ခဲ့သော် ထိုသူ၏ ရုပ်ခန္ဓာနာမ်ခန္ဓာအစဉ်သည် ထိုရက်ထိုခဏ၌ပင်လျှင် ဖောက်လဲဖောက်ပြန်ကြီးဖြစ်၍ သေဆုံးလတ္တံ့။ ဘယ်အခါ၌မဆို သေဆုံးပြန်လျှင်လည်း ထိုခန္ဓာသည် သေသည်၏အခြားမဲ့၌ ပရမ်းပတာ ကျရောက်တတ်သောအလေ့ရှိ၏။


ပရမ်းပတာကျရောက်ခြင်းဆိုသည်ကား ပုထုဇ္ဇန်ဖြစ်ကြသော လူ၊ နတ်၊ ဗြဟ္မာသတ္တဝါအပေါင်းတို့သည် သေသည်မှနောက် ဘယ်ဘုံသို့ငါသွားမည်၊ ဘယ်သတ္တဝါမျိုး၌ငါဖြစ်မည်ဟု ရည်ရွယ်မှန်းထား၍ သွားနိုင်သောသတ္တဝါမည်သည် အလွန်နည်းပါးကြကုန်၏။ သတ္တဝါတစ်သိန်း တစ်သန်းတွင် တစ်ယောက်တစ်လေမျှသာရှိလေရာ၏။ ကျန်ရှိသောသတ္တဝါတို့မှာ ဘယ်ဘုံ၊ ဘယ်ဘဝသို့ ကျရောက်မည်မသိ၊ ထန်းပင်ပေါ် အုန်းပင်ပေါ်တို့မှ ထန်းသီးခိုင် အုန်းသီးခိုင်များ ကျသကဲ့သို့ ဤခန္ဓာကြီးသည် အပါယ်ဘုံသို့သာ ပရမ်းပတာကျတတ်သောအလေ့ရှိ၏။ ခန္ဓာကျလျှင်လည်း ထိုခန္ဓာကို ငါ၏ကိုယ်၊ ငါ၏အတ္တဟု စွဲလမ်းသူသတ္တဝါလည်း ပါရလေတော့သည်၊ အပါယ်ဘုံသို့ တစ်ကြိမ်ကျပြန်လျှင်လည်း လူ့ဘုံလူ့ဘဝသို့ ပြန်ရရန်အရေး အလွန်ဝေးလှပေ၏။ အပါယ်ဘုံတွင်သာ ယုတ်နိမ့်သည်ထက်ယုတ်နိမ့်ရာသို့ ဘဝအဆက်ဆက် လျောကျ၍ ဘဝပေါင်းအသောင်းများစွာ ထိုခန္ဓာသည် အပါယ်ဘုံ၌သာ အဆက်ဆက်ဖြစ်လေ၏။


ဤကား ခန္ဓာငါးပါးသည် ဒုက္ခမျိုးအစစ်အမှန်ဖြစ်သည်ဟု အတပ်သိနိုင်ရန် အကျဉ်းအမြွက်ပြဆိုချက်ပေတည်း။


အနတ္တလက္ခဏာ၌ ပဋိသန္ဓေနေပြီး၍ ပထမနေ့အတွင်းမှာ သေရသောသူ၌ သမ္မုတိသစ္စာအလိုအားဖြင့် တစ်ရက်မျှ အသက်ရှည်သောသတ္တဝါသည်ရှိ၏၊ ထိုသတ္တဝါ၏အတ္တသည်ရှိ၏၊ ဇီဝသည်ရှိ၏ဟု စွဲလမ်းချက်ကြီးရှိကြ၏။ ဘယ်ဝတ္ထုကို အတ္တဇီဝခေါ်သနည်းဟု မေးခဲ့သော် ရုပ်ခန္ဓာနာမ်ခန္ဓာကိုပင် အတ္တဇီဝခေါ်သည်ဟု ပြောကြကုန်ရာ၏။


ဤ၌ အတ္တဆိုသည်ကား သတ္တဝါ၏ အမာခံအနှစ်သာရဟုဆိုလို၏။ အမာခံအနှစ်သာရဆိုသည်ကား ထိုအတ္တရှိမှ သတ္တဝါမည်သည်ရှိနိုင်၏။ ထိုအတ္တမရှိခဲ့သော် သတ္တဝါမည်သည်မရှိနိုင်၊ မြေရှိမှ မြေအိုးမည်သည်ရှိနိုင်၏၊ မြေမရှိခဲ့သော် မြေအိုးမည်သည်မရှိနိုင်သကဲ့သို့တည်း။ ထိုအတ္တသည် မချုပ်မပျက် အသက်ရှည်စွာတည်နေပါမှ သတ္တဝါမည်သည်လည်း မချုပ်မပျက်တည်နေနိုင်၏။ ထိုအတ္တချုပ်ရာ၌ သတ္တဝါသည်လည်း ချုပ်ဆုံးရလေ၏။

ဤကား သတ္တဝါ၏အမာခံအနှစ်သာရ ဟူသောစကား၏အဓိပ္ပါယ်တည်း။

သမ္မုတိသစ္စာအလို၌ ထိုသတ္တဝါအတ္တဇီဝများသည် တစ်ဘဝအတွင်းမှာတစ်ကြိမ်သာ သေဆုံးမြဲရှိ၏။ တစ်ဘဝအတွင်းမှာ အခါခါသေဆုံးသည်ဟူ၍မရှိကြ။

(ဤကား သမ္မုတိသစ္စာ၏အလိုတည်း)


ပရမတ္ထသစ္စာအလိုမှာမူကား ပထမရက်မျှနေ၍ သေဆုံးရသော ထိုသတ္တဝါမှာ ထိုပထမနေ့ရက်အတွင်း၌ အမိဖြစ်သူ၏ ဣရိယာပထပြောင်းရွှေ့ချက်၊ ထွက်သက်မှုတ်ထုတ်ချက်၊ ဝင်သက်ရှိုက်ချက်စသော လှုပ်ရှားချက်အမျိုးမျိုးကိုအစွဲပြု၍ ထိုရက်အတွင်းမှာပင် ထိုသူ၏ ရုပ်ခန္ဓာအစဉ်၊ နာမ်ခန္ဓာအစဉ်လှုပ်ရှား ပြောင်းလဲချက်ပေါင်း ထောင်သောင်းမကရှိလေရာ၏။ ဇာတိမှု၊ ဇရာမှု၊ မရဏမှုအပေါင်းလည်း ထောင်သောင်းမကရှိလေရာ၏။


ထို့ကြောင့် ထိုရုပ်ခန္ဓာနာမ်ခန္ဓာတို့သည် ထိုရက်အတွင်းမှာပင် အကြိမ်ပေါင်းများစွာ သေဆုံးမှုရှိနေသည်ဖြစ်၍ ထိုရက်အတွင်းမှာ အနိစ္စမျိုးသာဖြစ်လေ၏။ ဤသို့လျှင် ထိုသတ္တဝါအတ္တဇီဝများသည် နိစ္စမျိုးဖြစ်၏။ ရုပ်ခန္ဓာနာမ်ခန္ဓာသည် အနိစ္စမျိုးဖြစ်၏။ ထို့ကြောင့် အနိစ္စမျိုးဖြစ်သော ရုပ်ခန္ဓာနာမ်ခန္ဓာသည် နိစ္စမျိုးဖြစ်သော ထိုသတ္တဝါ အတ္တဇီဝ၏ အမာခံအနှစ်သာရဖြစ်သည်ဟူသောအယူသည်လွဲ၏။ ရုပ်ခန္ဓာနာမ်ခန္ဓာသည်ပင်လျှင် သတ္တဝါဖြစ်၏၊ အတ္တဖြစ်၏၊ ဇီဝဖြစ်၏ဟူသောအယူသည်မှား၏။ ရုပ်ခန္ဓာနာမ်ခန္ဓာ သတ္တဝါမဟုတ်၊ အတ္တမဟုတ်၊ ဇီဝမဟုတ်၊ အနတ္တသာဖြစ်၏ဟူသောအယူသည် ဖြောင့်မှန်၏။ နိစ္စမျိုးနှင့်အနိစ္စမျိုးသည် အလွန်ကွာခြားကြသည်ဖြစ်၍ ဤရုပ်ခန္ဓာနာမ်ခန္ဓာသည်ပင်လျှင် ပုဂ္ဂိုလ်ဖြစ်၏၊ သတ္တဝါဖြစ်၏၊ ငါဖြစ်၏၊ သူဖြစ်၏ဟု တစ်ခုတည်းပြုခြင်းငှာ မထိုက်ချေ။

ဤကား အသာရကဋ္ဌေနအနတ္တာဟူသောစကား၏အနက်အဓိပ္ပါယ်ပေတည်း။


အဝသဝတ္တနဋ္ဌေနဟူသောစကား၏အနက်အဓိပ္ပါယ်ကား

ထိုသူငယ်သည် တစ်နေ့တစ်ရက်မျှသာနေ၍ သေခြင်းကိုအလိုမရှိ၊ သူတစ်ပါးများကဲ့သို့ အသက်ရှည်ရှည်နေခြင်းငှာ အလိုရှိ၏။ ထိုသူငယ်၏ ရုပ်ခန္ဓာနာမ်ခန္ဓာသည်မူကား ထိုသူငယ်၏အလိုသို့မလိုက်၊ တစ်ရက်မျှနေ၍ သေဆုံးလေ၏။ ထိုသူငယ်၏အလိုနှင့် အလွန်ဝေးကွာလျက်ရှိ၏။ ထိုသို့ဝေးကွာလျက်ရှိသောကြောင့် ရုပ်ခန္ဓာနာမ်ခန္ဓာသည်ပင်လျှင် ငါဖြစ်၏၊ ငါ၏အတ္တဖြစ်၏၊ ဇီဝဖြစ်၏ဟု မှတ်ယူခြင်းသည် အလွန်မှား၏။

ရုပ်ခန္ဓာနာမ်ခန္ဓာသည် ငါမဟုတ်၊ ငါ၏အတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်၊ အနတ္တသာဖြစ်၏ဟု မှတ်ယူခြင်းသည် မှန်ကန်၏။ တစ်သက်လုံး နေ့ရက်ရှည်သမျှတို့မှာ ဤနည်းအတိုင်း စစ်လေ။


ဤ၌ အနတ္တာ=အစိုးမရသောအနက်တစ်ချက်၊ အနတ္တာ=အလိုသို့မလိုက်ဟူသောအနက်တစ်ချက်၊ ဤနှစ်နက်သည် အတူတူပင်တည်း။ အလိုသို့လိုက်မှသာလျှင် အစိုးရသည်ဟုဆိုနိုင်၏။ အလိုသို့မလိုက်လျှင် အစိုးရသည်ဟုမဆိုနိုင်။ အနတ္တာ=ငါ၏ကိုယ်မဟုတ်ဟူသောအနက်သည်ကား အနှစ်သာရမဟုတ်ဟူသောအနက်၊ အလိုသို့မလိုက်ဟူသောအနက်နှစ်ချက်နှင့်ဆက်ဆံ၏။

ဤကား အနတ္တဟူသောစကား၏အနက်အဓိပ္ပါယ်ပေတည်း။ လက္ခဏာရေးသုံးပါး၏အနက်ကို အမြွတ်မျှပြဆိုခန်းပြီး၏။


* * *

ထိုမှတစ်ပါးလည်း အနမတဂ္ဂသံသရာ၌ ဘဝအဆက်ဆက်ဖြစ်ပွားလျက်နေသော ဤခန္ဓာကြီးမှာ စုန်လမ်း ဆန်လမ်းဟူ၍ နှစ်လမ်းရှိ၏။ ဓမ္မတာလမ်း သင်္ခါရလမ်းဟူ၍လည်း နှစ်လမ်းရှိ၏။ ထိုတွင်


အပါယ်လေးဘုံသည် ဤခန္ဓာကြီး၏ စုန်လမ်းမည်၏။ ဓမ္မတာလမ်းလည်းမည်၏။ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံဟူသော သုဂတိဘုံသည် ဆန်လမ်းမည်၏။ သင်္ခါရလမ်းလည်းမည်၏။


ထိုတွင် စုန်လမ်း ဓမ္မတာလမ်းသည်လည်း ယုတ်ညံ့သည်ထက်ယုတ်ညံ့ရာ၊ မိုက်မဲသည်ထက်မိုက်မဲရာ၊ ဆင်းရဲဒုက္ခကြီးမားသည်ထက်ကြီးမားရာသို့ ကျရောက်ခြင်းသည် စုန်လမ်း ဓမ္မတာလမ်းပင်ဖြစ်၏။


ဆန်လမ်း သင်္ခါရလမ်းမှာလည်း မြင့်မြတ်သည်ထက်မြင့်မြတ်ရာ၊ လိမ်မာသည်ထက်လိမ်မာရာ၊ ချမ်းသာသုခကြီးမားသည်ထက်ကြီးမားရာသို့ ဆန်တက်ခြင်း၊ ရောက်နိုင်ခြင်းသည် ဆန်လမ်း သင်္ခါရလမ်းမည်၏။


အဘယ်ကြောင့် သင်္ခါရလမ်းဖြစ်သနည်း၊ အထက်အထက်သို့ ဆန်တက်မှုမည်သည် ဒါနမှု၊ သီလမှု၊ ဘာဝနာမှုကိုပြုနိုင်ပါမှ ဆန်တက်နိုင်၏။ ဆန်တက်နိုင်ပါသော်လည်း ဒါနအဟုန်၊ သီလအဟုန်၊ ဘာဝနာအဟုန်ရှိနေခိုက်၌သာ တည်တန့်နိုင်၏။ ထိုအဟုန်ကုန်ခဲ့သော် စုန်လမ်း ဓမ္မတာလမ်းသို့သာ ကျရောက်လာရပြန်၏။ ထို့ကြောင့် ဤခန္ဓာကြီးသည် အနိစ္စမျိုးသာအမှန်ဖြစ်သည်၊ ဒုက္ခမျိုးသာအမှန်ဖြစ်သည်၊ အနတ္တမျိုးသာအမှန်ဖြစ်သည်ဟုသိရ၏။


အဘယ်ကြောင့် စုန်လမ်းကို ဓမ္မတာလမ်းဟုဆိုသနည်းဟူမူကား စုန်လမ်းမည်သည် နိမ့်ရာသို့လျောကျလမ်းဖြစ်၍ ပြဆိုခဲ့ပြီးသော သင်္ခါရမှုနှင့်ကင်းကွာခဲ့သည်ရှိသော် မကျချင်သော်လည်း မနေနိုင်၊ ကျရောက်မြဲဖြစ်သော နိယာမတရားမျိုးဖြစ်၍ ဓမ္မတာလမ်းမည်၏။ သို့သော် အပါယ်ခန္ဓာ အပါယ်ဘဝများသည်လည်း သင်္ခါရမျိုးပင်မဟုတ်ပါလောဟုဆိုရန်ရှိ၏။ သင်္ခါရမျိုးပင်မှန်၏။ ထိုသင်္ခါရများသည်မူကား နိမ့်သည်ထက်နိမ့်ရာ၊ နက်သည်ထက်နက်ရာသို့ တွင်တွင်ကြီးပို့နိုင်ရန် သင်္ခါရများဖြစ်ကြ၏။


ထိုစကားမှန်၏။ အပါယ်ဘုံသားတို့၏သန္တာန်၌ နေ့ညဉ့်မစဲဖြစ်ပွား၍နေသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုများသည် ဘဝအဆက်ဆက်နိမ့်သည်ထက်နိမ့်ရာ၊ နက်သည်ထက်နက်ရာသို့ ဘဝအဆက်ဆက် တွင်တွင်ကျဘို့သာဖြစ်လေ၏။ ထို့ကြောင့် အပါယ်သို့တစ်ကြိမ်ကျလေသောသူသည် တဘဝထက်တဘဝ ယုတ်နိမ့်ရာသို့သာ မြုပ်မျော၍သွားလေတော့သည်။ သုဂတိဘဝသို့ ပြန်ရောက်ရန်အရေး ဝေးကြီးဝေးလေတော့သည်။


ကာဏကစ္ဆေပေါပမသုတ္တန်ဒေသနာတော်ကြီးကို ထောက်မြော်လေ။


ဆန်တက်မှု့ဟူသော သင်္ခါရလမ်းမှာလည်း- ဒါနမှု၊ သီလမှု၊ ဘာဝနာမှုမည်သည်အလွန်ဖြစ်နိုင်ခဲ၏။ ကုသိုလ်မှန်၊ အကုသိုလ်မှန်၊ သုဂတိမှန်၊ ဒုဂ္ဂတိမှန်၊ သိနိုင်သောဘဝသည် အလွန်နည်းပါး၏။ ဘဝထောင်သောင်းတွင် သိနိုင်သော ဘဝတစ်ကြိမ်တစ်ခါမျှ အလွန်ကြုံကြိုက်ခဲလှ၏။


ဤအရာ၌ သင်္ခါရလမ်းနှင့် ဓမ္မတာလမ်းနှစ်ပါး အားရှိအားမဲ့ကိုသိနိုင်ရန် ဥပမာကား ဂင်္ဂါမြစ်ရေမှာ စုန်လမ်း ဆန်လမ်းဟူ၍ နှစ်လမ်းရှိ၏။ ဓမ္မတာလမ်း သင်္ခါရလမ်းဟူ၍လည်း နှစ်လမ်းရှိ၏။ ထိုတွင် စုန်လမ်းဆိုသည်ကား နိမ့်သည်ထက်နိမ့်ရာသို့စီးသွားမှု၊ လျောကျမှုပေတည်း။ ဆန်လမ်းဆိုသည်ကား အထက်မြစ်ညာသို့ ဆန်တက်မှုပေတည်း။ စုန်လမ်းသည် ဓမ္မတာလမ်းမည်၏။ အဆီးအတားမရှိခဲ့သော် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှရပ်တန့်၍နေနိုင်သောလမ်းမျိုးမဟုတ်။ ထိုမြစ်ရေသည် အောက်မြစ်စဉ်တစ်လျှောက်သို့ မရပ်မနားစီးသွားပြီးလျှင် ကမ်းမမြင်သောပင်လယ်ပြင်ကြီးသို့ ဆိုက်ရောက်၍ တဝဲလည်လည်နေလေတော့သည်။

ဤကား ဂင်္ဂါမြစ်ရေ၏ဓမ္မတာလမ်းကို ပြဆိုချက်ပေတည်း။


သင်္ခါရလမ်းဆိုသည်ကား- ထိုမြစ်ရေကိုအညာသို့ ဆန်တက်စေရန် လှော်မှု၊ ပက်မှု၊ ခပ်မှု၊ ပိတ်မှုများပေတည်း။ ထိုအမှုများကိုပြုမှပင်ဆန်တက်၏။ ဆန်တက်သော်လည်း ထိုပြုပြင်မှု၏အရှိန်ရှိသမျှသာလျှင် ထိုအမှုများကိုပြုမှပင်ဆန်တက်၏။ အရှိန်ကုန်လျှင် စုန်မြဲမျောမြဲဓမ္မတာအတိုင်းသာ စုန်လေမျောလေ၏။


- သံသရာကြောင်းကြီးသည် ဂင်္ဂါမြစ်ကြောင်းနှင့်တူ၏။ အပါယ်ဘုံကြီးသည် ကမ်းမမြင်သောပင်လယ်ကြီးနှင့်တူ၏။

- ပုထုဇ္ဇန်သတ္တဝါတို့၏ခန္ဓာတွေသည် ဂင်္ဂါမြစ်ရေနှင့်တူ၏။

- ထိုဂင်္ဂါမြစ်ရေသည် ကမ်းမမြင်သော ပင်လယ်ရေပြင်ကြီးသို့ရောက်သောအခါ ပင်လယ်ကြီး၌သာ တဝဲလည်လည်စီးသွား၍နေလေဘိသကဲ့သို့ ဤခန္ဓာတွေသည်လည်း အပါယ်ဘုံအပါယ်ဘဝသို့ ကျရောက်သောအခါ အပါယ်ဘုံကြီးအတွင်း၌သာ ဘဝအဆင့်ဆင့်ဖြစ်ပွား၍ နေရလေတော့သည်။


အကြောင်းမူကား ထိုခန္ဓာအစဉ်မှာ အနီးအစပ်ဖြစ်သော ဘဝတို့၌ ဖြစ်ခဲ့သောအကုသိုလ်ကံမျိုး သိန်းသန်းကုဋေအသင်္ချေများစွာ ပါရှိလျက်နေသည်တစ်ကြောင်း၊ အပါယ်ဘဝတို့၌လည်း အကုသိုလ်ကံတရား နေ့စဉ်ဖြစ်ပွားသဖြင့် ထိုအပါယ်ဘဝ၌ဖြစ်သော အကုသိုလ်ကံသစ်တွေ တစ်ဘဝထက်တစ်ဘဝ ပွားများ၍သွားသည်တစ်ကြောင်း၊ ထိုအကြောင်းများကြောင့် ထိုခန္ဓာမှာ အပရာပရိယဝေဒနီယ ကုသိုလ်ကံဟောင်းများပါရှိသော်လည်း ထိုကံဟောင်းများအခွင့်ရနိုင်ရန် အလွန်ဝေးကွာလျက်ရှိလေ၏။


ဤကား လူ၊ နတ်၊ ဗြဟ္မာ၊ ပုထုဇ္ဇန်သတ္တဝါတို့၏ ခန္ဓာကြီးငယ်သည် သုခမျိုးမဟုတ်၊ အလွန်ကြီးကျယ်သော ဒုက္ခမျိုးသာဖြစ်သည်ဟု ဒုက္ခအချက်ကြီးကို ပြဆိုခန်းပေတည်း။


အတ္တစွဲလမ်းမှု၏အပြစ်၊ အနတ္တထင်မြင်မှု၏အကျိုးကို ပြဆိုရာ၏။ စွဲလမ်းမှုသည် သုံးပါးရှိ၏။


- တဏှာစွဲလမ်းမှုတစ်ပါး၊

- မာနစွဲလမ်းမှုတစ်ပါး၊

- ဒိဋ္ဌိစွဲလမ်းမှုတစ်ပါး

ဟူ၍ သုံးပါးရှိ၏။


ထိုတွင် ငါ၏အင်္ဂါ၊ ငါ၏ဦးခေါင်းအင်္ဂါ၊ ငါ၏ခြေအင်္ဂါ၊ လက်အင်္ဂါ၊ ငါ၏မျက်စိအင်္ဂါ၊ နားအင်္ဂါစသည်ဖြင့်လည်းကောင်း၊ ငါ၏အမိ၊ ငါ၏အဖ၊ ငါ၏မယား၊ ငါ၏သား၊ ငါ၏သမီးစသည်ဖြင့်လည်းကောင်း၊ ငါ၏နွား၊ ငါ၏ကျွဲ၊ ငါ၏မြင်းစသည်ဖြင့်လည်းကောင်း၊ ငါ၏အိမ်၊ ငါ၏တိုက်၊ ငါ၏လယ်၊ ငါ၏ယာ၊ ငါ၏ရွှေ၊ ငါ၏ငွေစသည်ဖြင့်လည်းကောင်း၊ မိမိကိုယ်ကို အပိုင်အရှင်ပြု၍ ကိုယ်အင်္ဂါ၊ ဦးခေါင်းအင်္ဂါစသည်တို့ကို ပိုင်နိုင်ရာ ဥစ္စာပြု၍ စွဲလမ်းမှုသည် တဏှာ၏စွဲလမ်းခြင်းမည်၏။


မာန၏စွဲလမ်းခြင်းမည်သည်ကား ဤကိုယ်အင်္ဂါသည်ပင်လျှင် ငါဖြစ်၏၊ ဤဦးခေါင်းသည်ပင်လျှင် ငါဖြစ်၏စသည်ဖြင့် မိမိကိုယ်အင်္ဂါ၌ ထောင်ထောင်လွှားလွှား ငါတကားဟု စွဲလမ်းမှုသည် မာန၏စွဲလမ်းခြင်းမည်၏။


ဒိဋ္ဌိ၏စွဲလမ်းခြင်းမည်သည်ကား ဤကိုယ်အင်္ဂါသည်ပင်လျှင် ငါ၏အနှစ်သာရ အတ္တဖြစ်၏စသည်ဖြင့် ကိုယ်ခန္ဓာကို အမာခံအနှစ်သာရ အတ္တအနေနှင့် စွဲလမ်းခြင်းသည် ဒိဋ္ဌိ၏စွဲလမ်းခြင်းမည်၏။


ထိုသုံးပါးသောစွဲလမ်းခြင်းတို့တွင် တဏှာစွဲလမ်းခြင်းသည် လျော့သေး၏။ မိမိကိုယ်ခန္ဓာမှ အပဝတ္ထုများသို့ ထွက်၍စွဲလမ်း၏။ မာနစွဲလမ်းချက်သည် တဏှာစွဲလမ်းချက်ထက် တင်းကြပ်၏။ အပဝတ္ထုသို့မထွက်ပြီ။ ဤမာနစွဲလမ်းချက်ထက် ဒိဋ္ဌိစွဲလမ်းချက်သည် အလွန်တင်းကြပ်၏။


ဥပမာကား မာန၏စွဲလမ်းချက်သည် ဂင်္ဂါရေနှင့် ယမုနာရေကို တစ်ခုတည်းဖြစ်အောင်ရောနှောသကဲ့သို့ ငါနှင့်ခန္ဓာကိုယ်တစ်ခုတည်းဖြစ်အောင် ရောနှောခြင်းမျှသာဖြစ်၏။ ခဲနှင့်ငွေကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း တစ်ခုတည်းဖြစ်အောင် ရောနှောရာ၌ ခဲသည်ကား အကာမျှသာဖြစ်၏။ ရွှေငွေသည်ကား အနှစ်သာရဖြစ်၏ဟုဆိုရသကဲ့သို့ ငါသည်ကား အကာမျှကဲ့သို့ဖြစ်၏။ ငါ၏ရုပ်ခန္ဓာနာမ်ခန္ဓာသည်ကား ငါ၏အနှစ်သာရ အတ္တဖြစ်ပေ၏ဟု စွဲလမ်းမှုဖြစ်၍ ဤဒိဋ္ဌိစွဲလမ်းမှုသည် တဏှာစွဲလမ်းမှုထက် အလွန်တင်းကြပ်၏။ ခင်တွယ်မှုအပေါင်းတို့တွင် ကမ်းကုန်လမ်းကုန် ခင်တွယ်ခြင်းဖြစ်၏။ ထို့ကြောင့် အတ္တသမာပေမာ နတ္ထိဟုဆိုရိုးကြီးရှိကြ၏။

ဤကား အတ္တစွဲလမ်းမှု၏နက်နဲပုံနက်နဲချက်ကို ပြဆိုခြင်းတည်း။


ဤမျှလောက်နက်နဲသောစွဲလမ်းခြင်းဖြင့် မိမိခန္ဓာကိုငါ၏အတ္တဟု အခိုင်အမြဲစွဲလမ်းခြင်းသည် မိမိ၏အလိုကို လုံးလုံးလွှတ်ထား၍ ခန္ဓာ၏အလိုကိုသာ ငါလိုက်မည်ဟု သံသရာစာချုပ်ကြီးချုပ်လုပ်မှုဖြစ်၏။ ထိုသံသရာစာချုပ်ကြီးအတိုင်း ခန္ဓာ၏အလိုကို လိုက်စား၍နေကြသည့်အတွက် မိမိကိုယ်ခန္ဓာသွားရာ ဓမ္မတာလမ်းကြီးသို့ ယနေ့ထက်တိုင်လိုက်ပါ၍ နေကြရကုန်၏။ ထိုသံသရာစာချုပ်ကြီးသည် အဘယ်မျှလောက်ခိုင်မြဲသနည်းဟူမူကား အပါယ်လေးဘုံ၌ ကျရောက်၍နေကြကုန်သော သတ္တဝါတို့ကို အဘယ်သူပစ်ချ၍ ကျရောက်ကြလေသနည်းဆိုသော် အဘယ်သူတစ်ဦးတစ်ယောက်မျှ ပစ်ချနိုင်သည်မဟုတ်။ မိမိကိုယ်ခန္ဓာသည်သာလျှင် ပစ်ချ၍ကျရောက်ကြရလေကုန်၏။ အဝီစိငရဲမီးထဲမှာ အနှစ်တစ်သိန်း၊ နှစ်သိန်းစသည်ဖြင့် နစ်မြုပ်၍နေကြသော သတ္တဝါတို့ကိုလည်း အဘယ်သူတစ်ယောက်မျှ ပစ်ချရသည်မဟုတ်၊ မိမိကိုယ်ခန္ဓာသည်သာလျှင် ပစ်ချ၏။ ထိုငရဲ၌ အနှစ်တစ်သိန်း၊ နှစ်သိန်းစသည်ဖြင့် အလွန်ကာလရှည်ကြာစွာ လှောင်ထားမှုသည်လည်း သူတစ်ပါးလှောင်ထားသည်မဟုတ်၊ မိမိခန္ဓာသည်ပင်လျှင် လှောင်ထား၏။


ထိုငရဲသားတို့သည် ထိုမျှလောက်နှိပ်စက်တတ်သော ခန္ဓာကိုယ်ကိုပင်လျှင် အပြစ်မထင်နိုင်၊ ထိုစာချုပ်ကိုမဖျက်နိုင်၊ ငါ၏အတ္တ ငါ၏အတ္တဟု မိမိခန္ဓာကိုယ်ကိုပင် အခိုင်အမြဲစွဲလမ်းလျက်ပင်ရှိကြ၏။ ဤစကားရပ်ဖြင့် မိမိတို့မှာ မိမိတို့၏ခန္ဓာကဲ့သို့ ကြီးကျယ်သောရန်သူဟူ၍မရှိ၊ မိမိတို့၏ခန္ဓာသည်သာလျှင် မိမိတို့မှာအကြီးအကျယ်ဆုံးသော ရန်သူဖြစ်၏ဟု ထင်ရှားလှလေ၏။ ထို့ကြောင့် အတ္တသမာ ဝေရီနာမနတ္ထိဟုဆိုရိုးကြီးရှိကြ၏။

ဤကား အတ္တစွဲလမ်းချက်၏အပြစ်ကြီးပုံကို ပြဆိုချက်ပြီး၏။


-----------------

အကြင်အခါ၌ အနတ္တဉာဏ်သည်ပေါက်ရောက်၏။ ထိုအခါ၌ အတ္တဒိဋ္ဌိသည်အကြွင်းမဲ့ချုပ်ငြိမ်း၏။ အတ္တဒိဋ္ဌိချုပ်ငြိမ်းသည်နှင့် တစ်ပြိုင်နက် အနမတဂ္ဂသံသရာအတ္တ၏သိမ်းပိုက်ချက်တွင် ထိုခန္ဓာမှာ အစဉ်ပါရှိ၍နေကြကုန်သော ဒုစရိုက်ကံဟောင်းအပေါင်းအနန္တတို့သည် အကုန်ချုပ်ငြိမ်းရကုန်၏။ အတ္တဒိဋ္ဌိကို အကြီးအမှူးပြု၍ ထိုခန္ဓာမှာ သောင်းကျန်း၍နေကြကုန်သော ကိလေသာအပေါင်းတို့သည်လည်း ကမ္မပထမြောက်လောက်အောင် ထကြွသောင်းကျန်းခြင်းမရှိကြကုန်ပြီ။ ထိုအခါမှစ၍ ဤခန္ဓာကြီးမှာ အောက်သို့လျောကျခြင်းဟူသော ဓမ္မတာလမ်းကြီးကွယ်ဆုံးလေ၏။ အထက်သို့ဆန်တက်ခြင်းဟူသော သင်္ခါရလမ်းကြီးသည် အတည်အမြဲဖြစ်၍ ထိုသတ္တဝါသည် တစ်ဘဝထက်တစ်ဘဝ မြတ်သည်ထက်မြတ်ရာ၊ မြင့်သည်ထက်မြင့်ရာသို့သာ ဆန်တက်၍သွားလေတော့၏။

ဤကား အနတ္တဉာဏ်ပေါက်ရောက်ချက်၏အကျိုးကြီးပုံကို ပြဆိုချက်တည်း။


------------

ဗုဒ္ဓဘာသာနိဗ္ဗာန်ကို ပြဆိုရာ၏

သံသရာဒုက္ခမှ ကျွတ်လွတ်ခြင်း ထွက်မြောက်ခြင်းကိုဆိုပေအံ့၊ ဤစကား၌

  1. သံသရာသည်ရှိ၏။
  2. သံသရာဝဋ်သည်ရှိ၏။
  3. သံသရာဝဋ်ဒုက္ခသည်ရှိ၏။
  4. သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ခြင်းသည်ရှိ၏။

ထိုတွင်

၁။ သံသရာ ဆိုသည်ကား တစ်ယောက်တစ်ယောက်သော သတ္တဝါဟု ခေါ်ဝေါ်အပ်သော ခန္ဓာအာယတနဓာတ်တို့၏ အနမတဂ္ဂသံသရာကာလ၌ ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက်အားဖြင့် မပြတ်မလပ် ဆက်လက်ဖြစ်ပွားလျက်နေသော အစဉ်သည် သံသရာမည်၏။

ထိုသံသရာသည်
- အောက်သံသရာ၊
- အလယ်သံသရာ၊
- အထက်သံသရာ ဟူ၍ သုံးကြောင်းသုံးသွယ်ရှိ၏။

- အပါယ်သံသရာ၊
- ကာမသုဂတိသံသရာ၊
- ဗြဟ္မာသံသရာ ဟူ၍လည်းဆိုရ၏၊ ထိုတွင်-

အပါယ်လေးဘုံနယ်ပယ်ကြီးသည် အောက် သံသရာ မည်၏။

လူ့ပြည်နှင့်နတ်ပြည်ခြောက်ထပ်သည် အလယ် သံသရာ မည်၏။

ဗြဟ္မာပြည်နှစ်ဆယ်သည် အထက်သံသရာ မည်၏။

ဤကား သံသရာသုံးကြောင်းကို ပြဆိုချက်တည်း။


၂။ သံသရာဝဋ် သည်
- ကိလေသာဝဋ်တစ်ပါး၊
- ကမ္မဝဋ်တစ်ပါး၊
- ဝိပါကဝဋ်တစ်ပါး၊ ဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးသည်လည်း
- အောက်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါးတစ်မျိုး၊
- အလယ်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါးတစ်မျိုး၊
- အထက်သံသရာကြီး၏ ဆိုင်ရာ ဝဋ်သုံးပါးတစ်မျိုး၊ ဟူ၍ သုံးမျိုးသုံးလီရှိ၏။ ထိုတွင် အောက်သံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး၌

ကိလေသာဝဋ် ဆိုသည်ကား အတ္တဒိဋ္ဌိကြီး ကိုဆို၏။

ကမ္မဝဋ် ဆိုသည်ကား တစ်ယောက်သော သတ္တဝါ၏ သန္တာန်မှာ ရှေးရှေးသောဘဝအနန္တတို့၌လည်းကောင်း၊ ယခုဘဝ၌လည်းကောင်း အမိုက်အမှားဖြစ်ပွားခဲ့၍ အတ္တဒိဋ္ဌိ၏သိမ်းပိုက်ချက်ဖြင့် အတ္တဒိဋ္ဌိ၏ လက်ဆုပ်ထဲတွင် ယနေ့ထက်တိုင်ပါရှိ၍နေကြကုန်သော အပါယ်လားကြောင်း အကုသိုလ် ကံဟောင်းအနန္တတို့သည် ရှိကုန်၏၊ နောင်အတ္တဒိဋ္ဌိရှိနေသမျှ ကာလပတ်လုံး ထိုအတ္တဒိဋ္ဌိမှ ဖြစ်ပွားလတ္တံ့ကုန်သော အပါယ်လားကြောင်း အကုသိုလ်ကံပေါင်းအနန္တသည် ကမ္မဝဋ်မည်၏။

ဝိပါကဝဋ် ဆိုသည်ကား ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်ဟုဆိုအပ်သော အပါယ်လေးဘုံသားတို့၏ ခန္ဓာကိုယ်တွေကို ဝိပါကဝဋ်ဆို၏။

အဘယ့်ကြောင့် အတ္တဒိဋ္ဌိကို အပါယ်သံသရာ၏ ဆိုင်ရာ ကိလေသာဝဋ်ဟူ၍ ဆိုသနည်းဟူမူကား ထိုအတ္တဒိဋ္ဌိရှိနေသောသူသည် လူ့ဘုံလူ့ဘဝမှာ ဖြစ်နေသော်လည်း အပါယ်ဘုံသို့ တစ်လဲလဲသာ ကျရောက်ရ၏၊ ထို့အတူ နတ်ဘုံနတ်ဘဝ ဗြဟ္မာဘုံဗြဟ္မာဘဝမှာ ဖြစ်နေသော်လည်း အပါယ်ဘုံသို့ တလဲလဲသာ ကျရောက်ရ၏၊ ထို့ကြောင့် အတ္တဒိဋ္ဌိကို အပါယ်သံသရာ၏ဆိုင်ရာ ကိလေသာဝဋ်ဆိုသတည်း။

အလယ်သံသရာ၏ဆိုင်ရာ ကိလေသာဝဋ် ဆိုသည်ကား ကာမတဏှာကြီး ကိုဆို၏၊ ကာမတဏှာကြီးဆိုသည်ကား မျက်စိအရသာအကောင်းကြိုက်မှုကြီးတစ်ပါး၊ နားအရသာအကောင်းကြိုက်မှုကြီးတစ်ပါး၊ နှာခေါင်းအရသာအကောင်းကြိုက်မှုကြီးတစ်ပါး၊ လျှာအရသာအကောင်းကြိုက်မှုကြီးတစ်ပါး၊ ကိုယ်အင်္ဂါအရသာအကောင်းကြိုက်မှုကြီးတစ်ပါး၊ ဤအကောင်းကြိုက်မှုကြီးငါးပါးကို ကာမတဏှာဟုဆို၏၊ ကာမဂုဏ်ငါးပါးတို့၌ သာယာမက်မောမှုကြီးငါးမျိုးပေတည်း။

အလယ်သံသရာ၏ဆိုင်ရာ ကမ္မဝဋ် ဆိုသည်ကား လူ့ချမ်းသာ နတ်ချမ်းသာကို တောင့်တ၍ ပြုအပ်သော ဒါနမှု၊ သီလမှု၊ ဘာဝနာမှုတို့ကို အလယ်သံသရာ၏ဆိုင်ရာ ကမ္မဝဋ်ဆို၏၊ ထိုကမ္မဝဋ်သည်လည်း ကံဟောင်း ကံသစ်နှစ်မျိုးရှိ၏။

အလယ်သံသရာ၏ဆိုင်ရာ ဝိပါကဝဋ် ဆိုသည်ကား လူ့ဘုံသား နတ်ပြည်ခြောက်ထပ်နတ်ဘုံသားတို့၏ ခန္ဓာတွေကို ဝိပါကဝဋ်ဆို၏။

အဘယ်ကြောင့် ကာမတဏှာကြီးကို အလယ်သံသရာ၏ဆိုင်ရာ ကိလေသာဝဋ်ဟူ၍ ဆိုသနည်းဟူမူကား ထိုကာမတဏှာနုသယကြီး ရှိနေသောသူသည် အထက်ဘဝဂ်ဘုံမှာ ဖြစ်နေသော်လည်း အောက်လူ့ဘုံနတ်ဘုံသို့ တလဲလဲသာကျရောက်ရ၏၊ ထို့ကြောင့် ကာမတဏှာနုသယကြီးကို အလယ်သံသရာ၏ဆိုင်ရာ ကိလေသာဝဋ်ဆိုသတည်း၊ နောက်၌လည်း ထိုအတူပင်တည်း။

အထက်သံသရာ၏ဆိုင်ရာ ကိလေသာဝဋ် ဆိုသည်ကား ဘဝတဏှာကြီး ကိုဆို၏၊ ဘဝတဏှာဆိုသည်ကား ဗြဟ္မာတို့၏ သန္တာန်၌ရှိသော စျာန်အဘိညာဏ် သမာပတ်ဟုဆိုအပ်သော ကမ္မဘဝ၌ သာယာသော တဏှာတစ်ပါး၊ ထိုကမ္မဘဝ၏ အကျိုး တန်ခိုးဣဒ္ဓိပါဒ်တို့၌ သာယာသော တဏှာတစ်ပါး၊ ဤတဏှာနှစ်ပါးကို အထက်သံသရာ၏ဆိုင်ရာ ကိလေသာဝဋ်ဆို၏။

ကမ္မဝဋ် ဆိုသည်ကား ပထမစျာန်ကုသိုလ်၊ ဒုတိယစျာန် ကုသိုလ် အစရှိသော ရူပကုသိုလ်ငါးပါး၊ အရူပကုသိုလ်လေးပါး၊ ဤမဟဂ္ဂုတ်ကုသိုလ်ကိုးပါးကို ကမ္မဝဋ်ဆို၏။

ဝိပါကဝဋ် ဆိုသည်ကား ရူပဗြဟ္မာ အရူပဗြဟ္မာတို့၏ ခန္ဓာကိုယ်ကို ဆို၏။

ဤကား ဝဋ်သုံးပါးသုံးလီကို ပြဆိုချက်တည်း။



၃။ သံသရာဝဋ်ဒုက္ခ ဆိုသည်ကား
- ဇာတိဒုက္ခတစ်ပါး၊
- ဇရာဒုက္ခတစ်ပါး၊
- မရဏဒုက္ခတစ်ပါး၊
- သောကဒုက္ခတစ်ပါး၊
- ပရိဒေဝဒုက္ခတစ်ပါး၊
- ဒုက္ခဒုက္ခတစ်ပါး၊
- ဒေါမနဿဒုက္ခတစ်ပါး၊
- ဥပါယာသဒုက္ခတစ်ပါး၊
- အပိယသမ္ပယောဂဒုက္ခတစ်ပါး၊
- ပိယဝိပ္ပယောဂဒုက္ခတစ်ပါး၊
- ဣစ္ဆာဝိဃာတဒုက္ခတစ်ပါး၊ ဤတစ်ဆယ့်တစ်ပါးသော ဒုက္ခအချက်ကြီးတို့ကို သံသရာဝဋ်ဒုက္ခဟုဆို၏။

ထိုဒုက္ခ၏အကျယ်ကိုမူကား ဒုက္ခသစ္စာ၏ နိဒ္ဒေသတို့၌ ကြည့်လေ၊ ထိုသံသရာဝဋ်ဒုက္ခသည်လည်း အောက်သံသရာ၏ဆိုင်ရာ သံသရာဝဋ်ဒုက္ခတစ်မျိုး၊ အလယ်သံသရာ၏ဆိုင်ရာ သံသရာဝဋ်ဒုက္ခတစ်မျိုး၊ အထက်သံသရာ၏ဆိုင်ရာ သံသရာဝဋ်ဒုက္ခတစ်မျိုးဟူ၍ ထိုက်သည်အားလျော်စွာ သုံးမျိုးစီရှိကြသည်။

ဤကား သံသရာဝဋ်ဒုက္ခသုံးမျိုးကို ပြဆိုချက်တည်း။



၄။ သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ခြင်း

နိဗ္ဗာန် ကို ဆိုသတည်း၊ ထိုနိဗ္ဗာန်သည်လည်း
- ပထမနိဗ္ဗာန်
- ဒုတိယနိဗ္ဗာန်
- တတိယနိဗ္ဗာန်
ဟု သုံးပါးရှိ၏။ ထိုတွင်

ပထမနိဗ္ဗာန် ဆိုသည်ကား အပါယ်သံသရာ၏ဆိုင်ရာ ဝဋ်ဒုက္ခတို့၏ နောင်ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကို ပထမနိဗ္ဗာန်ဆို၏။

ဒုတိယနိဗ္ဗာန် ဆိုသည်ကား လူ့ဘဝ နတ်ဘဝအဆက်ဆက်ဟုဆိုအပ်သော အလယ်သံသရာ၏ဆိုင်ရာ ဝဋ်ဒုက္ခတို့၏ နောင်ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကို ဒုတိယနိဗ္ဗာန်ဟုဆို၏။

တတိယနိဗ္ဗာန် ဆိုသည်ကား ရူပ အရူပဗြဟ္မာဘဝ အဆက်ဆက်ဟုဆိုအပ်သော၊ အထက်သံသရာ၏ဆိုင်ရာ ဝဋ်ဒုက္ခတို့၏ နောင်ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကို တတိယနိဗ္ဗာန်ဟုဆို၏။

ထိုတွင် မိမိခန္ဓာ၌ အနတ္တဉာဏ်အမြင် ပေါ်ရောက်၍ အတ္တဒိဋ္ဌိ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းပြီးသောသူသည် ခပ်သိမ်းသောဒိဋ္ဌိ အမှောက်အမှားတို့မှလည်း ကျွတ်လွတ်ကြလေ၏၊ ခပ်သိမ်းသော အပါယ်လားကြောင်း မကောင်းမှုကံဟောင်း မကောင်းမှုကံသစ်တို့မှလည်း ကျွတ်လွတ်ကြလေ၏၊ နောင်အပါယ်သံသရာ၌ ဖြစ်လတ္တံ့သော အပါယ်ခန္ဓာ အပါယ်ဘဝအနန္တတို့မှလည်း အတ္တဒိဋ္ဌိကျွတ်လွတ်သည်နှင့်တစ်ပြိုင်နက် အကြွင်းအကျန်မရှိ ကျွတ်လွတ်ကြလေ၏၊ ထိုသူများ၏ ခန္ဓာအစဉ်မှာ အပါယ်ဘုံအပါယ်ဘဝ အောက်ဘုံအောက်ဘဝသို့ လျောကျမြဲဓမ္မတာလမ်းကြီးသည်လည်း ပျောက်ကွယ်လေ၏၊ မိမိအလိုရှိရာ သုဂတိဘုံဘဝ မြင့်သည်ထက်မြင့်ရာဘဝ အဆက်ဆက်သို့ ဆန်တက်ခြင်းဟူသော ဓမ္မတာလမ်းသစ်ကြီးတစ်ခုတည်းသာ တည်ရှိလေ၏၊ လူ့ဘုံလူ့ဘဝတွင်လည်း သီလသိက္ခာအလိမ္မာ ယုတ်ညံ့သောလူ့ဘဝ စည်းစိမ်ချမ်းသာ ကိုယ်အင်္ဂါယုတ်ညံ့သောလူ့ဘဝတို့မှလည်း ကျွတ်လွတ်လေ၏၊ သီလသိက္ခာအလိမ်မာကြီးမြတ်သော လူ့ဘဝ စည်းစိမ်ချမ်းသာ ကိုယ်အင်္ဂါမြင့်မြတ်သောလူ့ဘဝ၌သာ ဖြစ်ရလေ၏။

နတ်ဘုံနတ်ဘဝတို့၌သာ ဖြစ်ရလေ၏၊ နတ်ဘုံနတ်ဘဝတို့၌လည်း ထိုအတူပင်တည်း၊ ထိုပထမနိဗ္ဗာန်၌တည်သောသူသည် ပုထုဇ္ဇန်အဖြစ်မှ ကျွတ်လွတ်၍ အရိယာအဖြစ်၌တည်လေ၏၊ လောကီဘုံသားအဖြစ်မှ ကျွတ်လွတ်၍ လောကုတ္တရာဘုံသားအဖြစ်၌ တည်လေ၏၊ ပထမနိဗ္ဗာန်ဘုံသားအဖြစ်၌တည်ရှိလေ၏၊ ထိုသူသည် လူ့ဘုံနတ်ဘုံ ဗြဟ္မာဘုံတို့၌ ဘဝများစွာကမ္ဘာများစွာ သံသရာ၌ကျင်လည်ရငြားသော်လည်း သံသရာအလျဉ်၌ မြုပ်သောသွားခြင်း မျောသောသွားခြင်းဟူ၍ မရှိလေပြီ။

အတ္တဒိဋ္ဌိရှိနေကြသောသူတို့၏ သံသရာ၌ကျင်လည်ခြင်းသည် မြစ်ရေအယဉ်၌ ကျရောက်ခြောက်သွေ့သော သစ်တုံးကဲ့သို့ မြုပ်သောကျင်လည်ခြင်း မျောသောကျင်လည်ခြင်းဖြစ်လေ၏၊ အတ္တဒိဋ္ဌိအကြွင်းအကျန်မရှိ ကျွတ်လွတ်ကြကုန်သောသူတို့၏ ကျင်လည်ခြင်းမှာမူကား မြုပ်သောကျင်လည်ခြင်း မျောသောကျင်လည်ခြင်းလည်းမဟုတ်၊ မြစ်ရိုးမြစ်စဉ်တလျှောက်၌ သင်္ဘောကြီးငယ်တို့သည် အလိုရှိရာမြစ်စဉ်တလျောက် သွားလာ၍နေကြဘိသကဲ့သို့ မိမိတို့အလိုရှိရာ သုဂတိဘုံဘဝတလျောက်သို့ သွားလာ၍သာနေကြကုန်၏၊ ဖြစ်လေရာဘုံဘဝ၌လည်း လောကီချမ်းသာ လောကုတ္တရာချမ်းသာ နှစ်ပါးကို အစုံခံစားရလေ၏၊ လူဖြစ်သောဘဝ၌ လူချမ်းသာ နိဗ္ဗာန်ချမ်းသာဟုဆိုအပ်သော ချမ်းသာနှစ်ပါးကို စွယ်စုံခံစားရလေ၏။

ထိုတွင် လူ့ချမ်းသာကို ခံစားမှုကား ထင်ရှားသိသာပြီ၊ နိဗ္ဗာန်ချမ်းသာကို အဘယ်သို့ ခံစားသနည်းဟူမူကား ဒုစ္စရိုက်မှုကို ပြုကျင့်၍နေသောသူများကို မြင်ရကြားရသည်ရှိသော် ဤသူများသည် ဒုစရိုက်အမှုကိုပြုကြပေ၏၊ အပါယ်သို့ကျရှာကြရလိမ့်မည်၊ ငါ့မှာ ဤကဲ့သို့သော ဒုစရိုက်မှ ဘဝအဆက်ဆက်လွတ်ငြိမ်းပေပြီဟု ဝမ်းမြောက်ခြင်းကြီးစွာဖြစ်ရလေ၏၊ ခွေး ဝက် ကြက် ငှက်အစရှိသော အပါယ်ဘုံသားသတ္တဝါများကို တွေ့မြင်ရာ၌ ဤသတ္တဝါများသည် ဆင်းရဲတွင်းကြီး နက်နဲလေစွ၊ ငါ့မှာ ဤကဲ့သို့သော အပါယ်ဆင်းရဲဒုက္ခမှ လွတ်ငြိမ်းပေပြီဟု ဝမ်းမြောက်ကြီးစွာဖြစ်ရလေ၏။

ဤကား နိဗ္ဗာန်ချမ်းသာကို ခံစားပုံတည်း။

ဤ၌ လောကီချမ်းသာမှာ မျက်မြင်ဒိဋ္ဌဖြစ်ကြ၍ အလွန်ကြီးကျယ်ကောင်းမြတ်သည်ဟု ထင်ကြတတ်၏၊ နိဗ္ဗာန်ချမ်းသာမှာ လွတ်ငြိမ်းမှုဖြစ်၍ အထည်ဝတ္ထုကို မမြင်ရသောကြောင့် ကြီးမြတ်သည်ဟု မထင်တတ်ကြ၊ ထိုသို့ကား မဟုတ် လောကီချမ်းသာတို့ထက် လွတ်ငြိမ်းမှုဟူသော နိဗ္ဗာန်ချမ်းသာသည် ကြီးကျယ်မြင့်မြတ်၏၊ လေးကျွန်းလုံးကိုအစိုးရသော စကြာမန္ဓာတ်မင်းတို့၏ စည်းစိမ်ချမ်းသာထက် ငရဲဘဝမှ အစဉ်ထာဝရလွတ်ငြိမ်းမှုသည်၊ ဘဝသိန်းသန်းကုဋေ မရေတွက်နိုင်အောင် ကြီးမြတ်၏၊ ထို့အတူ နတ်မင်းသိကြားမင်း ဗြဟ္မာမင်းတို့၏ လောကီစည်းစိမ်ချမ်းသာထက် အဆသိန်းသန်းကုဋေ မရေတွက်နိုင်အောင်ကြီးမြတ်၏။

မြတ်စွာဘုရားသာသနာတော်ကြီးကို တွေ့ကြုံလိုသည်ဟု လွန်လွန်စွာ တောင့်တကြရာ၌၊ လောကီချမ်းသာအတွက်နှင့် တောင့်တကြရသည်မဟုတ်၊ ဤလွတ်ငြိမ်းမှုဟူသော နိဗ္ဗာန်ချမ်းသာအတွက်နှင့်သာ တောင့်တကြရကုန်၏။

ဤကား ပထမနိဗ္ဗာန်ဘုံသူ ပထမနိဗ္ဗာန်ဘုံသားတို့၏ ပထမနိဗ္ဗာန်ချမ်းသာကို ခံစားရပုံတည်း။

ဒုတိယနိဗ္ဗာန်၌

ကာမတဏှာကြီး ကို ပယ်ဖြတ်ခြင်းငှာ လူ့ခန္ဓာနတ်ခန္ဓာတို့၏ ဒုက္ခအချက်တို့ကို ထင်လင်းစွာကြည့်ရှုရာ အနာဂါမိမဂ် ကိုရသဖြင့် ထိုကာမတဏှာကြီးသည် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းလေ၏၊ ကာမတဏှာကြီးချုပ်ငြိမ်းသည်နှင့်တပြိုင်နက် လူ့အဖြစ်နတ်အဖြစ်ကို ပေးနိုင်သော ကုသိုလ်ကမ္မဘဝတို့သည်လည်းကောင်း၊ လူ့ခန္ဓာနတ်ခန္ဓာအဆက်ဆက်တို့သည်လည်းကောင်း၊ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းကြလေကုန်၏၊ လူ့ခန္ဓာနတ်ခန္ဓာတို့၏ ဒုက္ခအချက်ကိုမြင်ရာ၌ ဥပမာကား မစင်ဘင်ပုပ်သေတ္တာကြီးတစ်ခုသည် ရှိလေရာ၏၊ ထိုသေတ္တာ၏ပြင်ပ၌ အနီအဝါစသော ဆေးအမျိုးမျိုး ပိုးဖဲကတ္တီပါအစရှိသော အထည်အမျိုးမျိုးခြယ်လယ်လျက်ရှိ၏၊ အတွင်း၌မူကား မစင်ဘင်ပုပ်တွေအပြည့်ရှိ၏၊ ဘီလူးကြီး သရဲကြီး သံဘက်ကြီး သုံးကောင်လည်းရှိ၏၊ အဆိပ်ထန်သောမြွေဆိုး ကင်းဆိုးအမျိုးမျိုးလည်းရှိလေ၏၊ မစင်ဘင်ပုပ်ကို စားသောက်၍နေသော ပိုးလောက်တွေလည်း အပြည့်ရှိလေရာ၏။

ဤဥပမာ၌
- ကာမဘုံသားတို့၏ခန္ဓာသည် မစင်ဘင်ပုပ်တို့ဖြင့် ပြည့်သောသေတ္တာကြီးငယ်နှင့်တူ၏။
- တဏှာ မာန ဒိဋ္ဌိသုံးပါးသည် သေတ္တာတွင်း၌ရှိသော ဘီလူးကြီး သူရဲကြီး သံဘက်ကြီးသုံးကောင်နှင့်တူ၏။
- ကျန်ရှိသော ကိလေသာအများသည် ထိုသေတ္တာတွင်း၌ရှိနေသော အဆိပ်ထန်သော မြွေဆိုး ကင်းဆိုးအမျိုးမျိုးနှင့်တူ၏။
- ဇာတိ ဇရာ မရဏ သောက ပရိဒေဝစသော ဒုက္ခအချက်များသည် ထိုသေတ္တာတွင်း၌ မစင်ဘင်ပုပ်တို့ကို စားနေကြသော ပိုးလောက်အများနှင့်တူ၏။

ဤကား လူ့ခန္ဓာ နတ်ခန္ဓာတို့၌ ဒုက္ခထင်မြင်ပုံတည်း။ ဒုတိယနိဗ္ဗာန်ပြီး၏။


တတိယနိဗ္ဗာန်၌

ဘဝတဏှာကြီး ကို ပယ်ဖျောက်ခြင်းငှာ ဗြဟ္မာခန္ဓာတို့၏ ဒုက္ခအချက်ကြီးကို ထင်လင်းစွာကြည့်ရှုကြလေရာ၏၊ အရဟတ္တမဂ် ကိုရသဖြင့် ဘဝတဏှာကြီးသည် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းလေ၏၊ ဘဝတဏှာကြီး ချုပ်ငြိမ်းသည်နှင့်တစ်ပြိုင်နက် ဗြဟ္မာအဖြစ်ကိုပေးနိုင်သော ကုသိုလ်ကမ္မဘဝတို့သည်လည်းကောင်း၊ ဗြဟ္မာခန္ဓာအဆက်ဆက်တို့သည်လည်းကောင်း အကြွင်းအကျန်မရှိ ချုပ်ငြိမ်းကြလေကုန်၏၊ ဗြဟ္မာခန္ဓာတို့၏ ဒုက္ခအချက်ကိုမြင်ရာ၌ ဥပမာကား ဖွဲသေတ္တာကြီးတစ်ခုသည်ရှိလေရာ၏ ထိုဖွဲသေတ္တာကြီး၏ ပြင်ပ၌ အနီအဝါအစရှိသော ဆေးအမျိုးမျိုး ပိုးဖဲကတ္တီပါအစရှိသော အထည်အမျိုးမျိုးခြယ်လယ်လျက်ရှိ၏၊ အတွင်း၌မူကား ဖွဲကြမ်းတွေလည်းရှိ၏၊ ဘီလူးကြီး သူရဲကြီး သံဘက်ကြီး သုံးကောင်လည်းရှိ၏၊ အဆိပ်ထန်သောမြွေဆိုးကင်းဆိုးအမျိုးမျိုးလည်းရှိ၏၊ ဖွဲကြမ်းတွေကို စားသောက်၍နေသောပိုးမျိုးလည်း အပြည့်ရှိ၏။

ဤဥပမာ၌
- ဗြဟ္မာတို့၏ခန္ဓာသည် ဖွဲနု ဖွဲကြမ်းတို့ဖြင့်ပြည့်သော သေတ္တာကြီးငယ်နှင့်တူ၏။
- တဏှာ မာန ဒိဋ္ဌိသုံးပါးတို့သည် ထိုသေတ္တာတွင်း၌ရှိသော ဘီလူးကြီး သူရဲကြီး သံဘက်ကြီးသုံးကောင်နှင့်တူ၏။
- ထိုမှတစ်ပါးသော ကိလေသာတရားများသည် သေတ္တာတွင်း၌ရှိနေသော အဆိပ်ထန်သော မြွေဆိုး ကင်းဆိုးအမျိုးမျိူးနှင့်တူ၏။
- ဇာတိ ဇရာ မရဏဒုက္ခများသည် ထိုသေတ္တာတွင်း၌ ဖွဲနု ဖွဲကြမ်းတို့ကို စားနေကြသော ပိုးမျိုးနှင့်တူ၏။
- ဗြဟ္မာခန္ဓာသည် ဖွဲနု ဖွဲကြမ်းတို့ဖြင့်ပြည့်သော သေတ္တာကြီးနှင့်တူ၏။

တူပုံကား ဖွဲကြမ်းမည်သည် ဘယ်ဟာမှအသုံးမကျ၊ ပိုးစာ မွှားစာ မီးစာမျှသာဖြစ်လေ၏၊ ထို့အတူ ဤသတ္တဝါများသည် အနမတဂ္ဂသံသရာ၌ ဘဝခန္ဓာကို ရခဲ့ကြသည်မှာ အနန္တရှိကြလေပြီ၊ သို့သော် အပါယဝဋ်ဒုက္ခအပေါင်းတွင် ယနေ့ထက်တိုင် အဘယ်ဝဋ်ဒုက္ခတစ်ခုကိုမျှ ပယ်ဖြတ်နိုင်ပြီဟုမရှိသေး၊ ဇရာ မရဏမီးစာမျှသာဖြစ်၍ကုန်ဆုံးခဲ့လေ၏၊ ထို့ကြောင့် ဗြဟ္မာခန္ဓာသည် ဖွဲကြမ်းသေတ္တာကြီးနှင့်တူလှ၏။

ဤကား ဗြဟ္မာခန္ဓာတို့၌ ဒုက္ခထင်ပုံတည်း။

တတိယနိဗ္ဗာန်ပြီး၏။


ပထမ နိဗ္ဗာန်ရရန်အရေးကြီး။ ဤနိဗ္ဗာန်သုံးရပ်တို့တွင် ယခုအခါ ဗုဒ္ဓဘာသာသာသနာအတွင်း၌ ပထမနိဗ္ဗာန်ကို ရခြင်းငှာ အလွန်အရေးကြီးလှ၏၊ ထိုနိဗ္ဗာန်ကိုလည်း ယခုလူ့ဘဝ၌သော်လည်း ရနိုင်သောအခွင့်ကာလရှိနေ၏၊ နတ်ပြည်သို့ရောက်၍ နတ်ဘဝ၌သော်လည်း ရနိုင်သောအခွင့်ကာလရှိနေ၏၊ ဘုရားသာသနာကြီးနှင့်တွေ့ကြုံပါလျက် ဤပထမနိဗ္ဗာန်ကိုမျှ မရခဲ့သည်ရှိသော် ဗုဒ္ဓုပ္ပါဒဒုလ္လဘ ကိုတွေ့ကြုံရပါလျက် လိုရင်းအကျိုးကို မရဘဲရှိရလေ၏၊ ယခုကာလ၌ လူအများတို့သည် မိမိတို့ကိုယ်ကို ယခုဘုရားသာသနာတွင်းမှာ နိဗ္ဗာန်ကိုမရနိုင်ကြကုန်ပြီ၊ နောက်အရိမေတ္တေယျ မြတ်စွာဘုရားသာသနာသို့ရောက်မှရနိုင်ကြလိမ့်မည်ဟု မှတ်ထင်လျက်ရှိကြကုန်၏၊ ထိုမှတ်ထင်ချက်သည် နိယတဗျာဒိတ် ရပြီးသော ပုဂ္ဂိုလ်တို့မှသာ မှတ်ထင်ချက်အတိုင်း ရနိုင်ကြကုန်လတ္တံ့၊ နိယတဗျာဒိတ်ကိုမရဘူးသော အနိယတပုဂ္ဂိုလ် တို့မှာမူကား မှတ်ထင်ချက်အတိုင်းရနိုင်ကြရန် အလွန်ခဲယဉ်းလှ၏။

ပညာရှိများ စဉ်စားရန်

ခဲယဉ်းပုံကား ယခုဘုရားသာသနာ ကွယ်လွန်ပြီးသည့်နောက် မေတ္တေယျ မြတ်စွာဘုရားပွင့်တော်မူရာကာလသည် အလွန်ဝေးကွာလျက်ရှိသေး၏၊ လူ့ဘဝပေါင်း နတ်ဘဝပေါင်း သိန်းသောင်းများစွာ ကျင်လည်ကြရသော်လည်း ထိုမြတ်စွာဘုရားသာသနာသို့ ရောက်နိုင်ကြမည်မဟုတ်သေး၊ စပ်ကြား၌လည်း သာသနာပအမိုက်တောကြီး မှာ ကျင်လည်ကြရလိမ့်မည်၊ အတ္တဒိဋ္ဌိကြီး တင်းလင်းနှင့် ထိုအမိုက်တောကြီးအတွင်းမှာ ဘဝပေါင်းများစွာကျင်လည်ရသည်ရှိသော် အပါယ်ဘုံသို့ ဘဝပေါင်းမည်မျှ ကျရလိမ့်မည်မသိ။

အပါယ်ဘုံသို့ တစ်ကြိမ်တစ်ခါကျခဲ့ပြန်လျှင်လည်း ပြဆိုခဲ့ပြီးသောခန္ဓာ ဓမ္မတာလမ်းကြီးအတိုင်း အပါယ်နယ်မှာပင် ဘဝပေါင်းသိန်းသောင်းများစွာ ကျင်လည်၍နေရသည်ရှိသော် ထိုမြတ်စွာဘုရားသာသနာတော်နှင့်တွေ့ကြုံရန် အဝေးကြီးဝေးကွာ၍ နေကြရလိမ့်မည်မသိ၊ ဤကား ပညာရှိတို့ အထူးစဉ်းစားကြရန် အချက်ပေတည်း။

နိယာမ ကထာ

ဤတွင်ရွေ့ကား သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ၏သဘော သမ္မာဒိဋ္ဌိဉာဏ် ၏သဘောကိုသိလိုပါသည်ဟု ရှင်ကုသလ လျှောက်ထားချက်ကို ဖြေဆိုခြင်းကိုအရင်းပြုသဖြင့်လည်းကောင်း၊ ယခုအခါ အလွန်အရေးကြီးလှစွာသော အနတ္တအချက်ကြီး ကိုလည်းကောင်း အထူးပြဆိုရာဖြစ်သော အနတ္တဒီပနီအနတ္တဒီပနီကျမ်းသစ် သည် မြန်မာသက္ကရာဇ် ၁၂၈၀-ပြည့်၊ ပြာသိုလဆန်း ၈-ရက်၊ ဗုဒ္ဓဟူးနေ့တွင် အောင်မြင်ပြီးစီးပေသတည်း။

အနတ္တဒီပနီကျမ်းသစ်ပြီး၏။

Comments

Popular posts from this blog

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဝိနယဝိနိစ္ဆယော

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...