ကိုးကွယ်ရာဟူသည်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အခန်း (၁)
အနာထမရဏပိုင်း
ဘုရားရှင်သည် အင်္ဂုတ္တရနိကာယ် ဒသကနိပါတ်တော်၌ ---
၁။ ပထမနာထသုတ္တန် (အံ၊၃၊၂၇၅-၂၇၆။)
၂။ ဒုတိယနာထသုတ္တန် (အံ၊၃၊၂၇၆-၂၇၉။) --
ဟု နာထသုတ္တန် နှစ်ခုတို့ကို ဟောကြားထားတော်မူခဲ့၏။ သုတ္တန်ကို ဘုရားရှင်က ဤသို့ နိဒါန်းပျိုးထားတော်မူ၏။
သနာထာ ဘိက္ခဝေ ဝိဟရထ၊ မာ အနာထာ၊ ဒုက္ခံ ဘိက္ခဝေ အနာထော ဝိဟရတိ။ (အံ၊၃၊၂၇၅။)
ရဟန်းတို့ ...မှီခိုအားထားရာ နာထတရား ထင်ရှား ရှိကုန်လျက် နေထိုင်ကြပါ၊ မှီခိုအားထားရာ နာထတရား ထင်ရှား မရှိကုန်ဘဲ မနေထိုင်ကြ ပါကုန်လင့်။ ရဟန်းတို့ ...မှီခိုအားထားရာ နာထတရား ထင်ရှား မရှိသော ပုဂ္ဂိုလ်သည် ဆင်းဆင်းရဲရဲ နေထိုင်ရ၏။ --
ဤသို့ စသည်ဖြင့် တရားတော်ကို နိဒါန်းပျိုးထားတော်မူ၏။
မှီခိုအားထားရာ နာထတရား ထင်ရှား မရှိဘဲ နေထိုင်သူ (အနာထ ပုဂ္ဂိုလ်) သည် ဆင်းဆင်းရဲရဲ နေထိုင်ရရုံတွင်သာမက ဆင်းဆင်းရဲရဲလည်း သေကျေပျက်စီးရတတ်၏။ ဤနေရာတွင် အနာထမရဏ (= မှီခိုအားထား ရာမဲ့ သေကျေပျက်စီးရပုံ)အကြောင်းကို ရှေးဦးစွာ တင်ပြလိုပေသည်။
ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များကို လေ့လာကြည့်ရှုလိုက်သည့်အခါ အနာထမရဏ (= မှီခိုအားထားရာမဲ့ သေကျေပျက်စီးရပုံ)အကြောင်း နှင့် ဆက်စပ်၍ ဟောကြားထားတော်မူသည့် ဇာတ်တော်အချို့ကို တွေ့ရ၏။ ထိုဇာတ်တော်များထဲမှ ရှေးဦးစွာ ဓမ္မဓဇဇာတ်တော်အကြောင်းကို ဆွေးနွေး တင်ပြလိုပေသည်။
ဓမ္မဓဇဇာတ်တော်၌ လာရှိသော အနာထမရဏ
ဧဝံ သန္တေ ပရေသံ ဟတ္ထေ မရဏတော အရညေ အနာထမရဏမေဝ ဝရတရံ။ (ဇာ၊ဋ္ဌ၊၂၊၁၇၄။)
= ဤသို့ ဖြစ်လတ်သော် သူတစ်ပါးတို့၏ လက်တွင်း၌ သေကျေပျက်စီး ရခြင်းထက် တောထဲ၌ မှီခိုအားထားရာမဲ့ သေကျေပျက်စီးရခြင်း (အနာထမရဏ)ကသာလျှင် သာလွန်၍ မြင့်မြတ်သေး၏။ (ဇာ၊ဋ္ဌ၊၂၊၁၇၄။)
ဤစကားရပ်ကား ဘုရားအလောင်းတော် ဓမ္မဓဇပုရောဟိတ်ပုဏ္ဏားကြီး၏ စဉ်းစားတွေးတောခန်း တစ်ခု ဖြစ်၏။ အကြောင်းကား ဤသို့ ဖြစ်၏။
လွန်လေပြီးသော အတိတ်ဘဝတစ်ခုဝယ် ဗာရာဏသီပြည်၌ ယသပါဏိအမည်ရှိသော ရှင်ဘုရင်တစ်ဦးက တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်ခဲ့၏။ ထိုရှင်ဘုရင်၏ စစ်သူကြီးကား ကာဠက အမည် ရှိ၏။ အရှင်ဒေဝဒတ် အလောင်းလျာပင်တည်း။ ဘုရားအလောင်းတော်ကား ဓမ္မဓဇအမည်ရသည့် မင်းဆရာ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်ခဲ့၏။ ရှင်ဘုရင်ကြီး၏ ဆံမုတ်ဆိတ်ကို သန့်ရှင်းပေးရသူ ဆတ္တပါဏိ အမည်ရှိသော လုလင်သည်ကား ဘုရားအလောင်းတော်၏ ပါရမီဖြည့်ဖက် မိတ်ဟောင်းကြီး အရှင်သာရိပုတ္တရာ အလောင်းလျာပင်တည်း။
ရှင်ဘုရင်ကြီးကား တရားသော နည်းလမ်းဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေ သူ တရားမင်းကြီး တစ်ဦးပင် ဖြစ်၏။ သို့သော် ကာဠကစစ်သူကြီးက တံစိုး လက်ဆောင် စားကာ တရားစီရင်တတ်သူဖြစ်သဖြင့် တိုင်းသူပြည်သားတို့က မကျေနပ်ကြပေ။ တရားရှုံးသူ တစ်ဦးက ငိုယိုကာ တိုင်တန်းသဖြင့် ဘုရား အလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးက အမှုတွဲကို ပြန်လည်စစ်ဆေးကာ တရားမှန်အတိုင်း အဆုံးအဖြတ် ပြန်၍ ပေးလိုက်၏။ တိုင်းသူပြည်သားတို့က ကောင်းချီးပေးကြ၏။ ဤကောင်းချီးပေးသံကား အလွန်ကျယ်လောင်သည့် အသံ ဖြစ်သဖြင့် ရှင်ဘုရင်ကြီး သိသွား၏။ အကျိုးအကြောင်း အစုံအလင်ကို လည်း ကုန်စင်အောင် သိသွားတော်မူခဲ့သည့်အတွက် --- ဤနေ့မှ စ၍ သင်သည်သာလျှင် တရားစီရင်ပါ၊ ငါရှင်ဘုရင်၏ နားလည်း ချမ်းသာပေလိမ့် မည်၊ လူအပေါင်း၏ ကြီးပွားတိုးတက်မှုလည်း ဖြစ်ပေါ်လာပါလိမ့်မည်ဟု ပြောဆိုကာ ရှင်ဘုရင်က တာဝန်ပေးအပ်လိုက်၏။
ဤအချက်ကား ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးအပေါ်၌ ကာဠကစစ်သူကြီးက ရန်ငြိုးဖွဲ့ရန် အလွန်ကောင်းသည့် အကြောင်းခြင်းရာတစ်ခု ဖြစ်သွား၏။
ဤရန်ငြိုးဖွဲ့မှုကို အခြေခံကာ ယသပါဏိမင်းအား ကာဠကစစ်သူကြီးက ဓမ္မဓဇပညာရှိသည် မင်းစည်းစိမ်ကို လိုလားတောင့်တလျက်ရှိကြောင်းကို နည်းအမျိုးမျိုးဖြင့် ကုန်းတိုက်စကား ပြောကြားလာ၏။ တရားစီရင်ရာအရပ်၌ တည်ရှိစုရုံးနေသော ပရိသတ်ကို ဓမ္မဓဇ၏ ပရိသတ်အဖြစ် တင်ပြလာ၏။ ရှင်ဘုရင်ကလည်း ကုန်းတိုက်ပါ များလာသောအခါ ကာဠကစစ်သူကြီး၏ စကားကို ယုံကြည်လာ၏။
မစွမ်းဆောင်နိုင်သော လုပ်ငန်းရပ် တစ်ခုကို ပြုလုပ်ခိုင်းကာ မပြုလုပ်နိုင်ပါက သေဒဏ်ချမှတ်ရန် ရှင်ဘုရင်ကြီးအား ကာဠကက တင်ပြလာ၏။ ရှင်ဘုရင်ကလည်း သဘောတူညီလိုက်၏။
နံပါတ်တစ်အဖြစ်၊ ကာဠက၏ အကြံပေးချက်အတိုင်း ရှင်ဘုရင်ကြီးက နက်ဖြန်ခါတွင် ဥယျာဉ်ကစားလိုသဖြင့် ဥယျာဉ်တစ်ခုကို ဖန်ဆင်းပေးရန် ဓမ္မဓဇပညာရှိအား ခိုင်းစေလိုက်၏။ အကယ်၍ ဖန်ဆင်း မပေးနိုင်ပါက သေဒဏ်အမိန့်ပေးမည့် အကြောင်းကိုလည်း ပြောကြားလိုက်၏။
စွမ်းနိုင်ပါက ဥယျာဉ်ကြီးတစ်ခု ဖြစ်ပေါ်လာတာကို သိရှိရပါလိမ့်မည် ဟု ပြောဆိုကာ ဓမ္မဓဇပညာရှိလည်း အိမ်သို့ ပြန်သွားခဲ့၏။ ကောင်းမွန်သော ဘောဇဉ်များကို စားသုံးပြီးနောက် ဥယျာဉ်အကြောင်းကို ကြံစည်စဉ်းစားလျက် အိပ်ရာထက်၌ အိပ်စက်ခဲ့၏။ ထည်ဝါခန့်ငြားသည့် မင်းဥယျာဉ်တော် တစ်ခု ဟူသည် မြေဆီ မြေနှစ် ပြည့်နှက်လျက်ရှိသော မြေပြင်၌ စိုက်ပျိုးပြီးကာ ပြုစုလုပ်ကျွေးနိုင်ပါမှ သုံးလေးနှစ်ကြာမှ အသီးအပွင့်ကို ပေးနိုင်သည့်သဘော ရှိ၏။ နက်ဖြန်တွင် အပြီး ဖန်ဆင်းတည်ထောင်ရန်မှာကား မဖြစ်နိုင်သည့် သဘောသာ ရှိခဲ့၏။ မစွမ်းဆောင်နိုင်သည့် လုပ်ငန်းရပ်ကိုသာ တမင် ရွေးချယ်၍လည်း ခိုင်းစေခြင်း ဖြစ်၏။ သို့သော် ကံတရားကား လက်ပိုက်၍ ကြည့်မနေတတ်ပေ။ ဘုရားအလောင်းတော်၏ ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော်တို့၏ စွမ်းအား, ဆောက်တည်ကျင့်သုံးနေဆဲဖြစ်သော သီလတော်၏ စွမ်းအားကား ကြီးမားလှပေ၏။ အကြောင်းကား ဤသို့ ဖြစ်လာပြန်၏။
ဘုရားအလောင်းတော်၏ သီလတန်ခိုးအာနုဘော်ကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာမြကျောက်ဖျာသည် ပူလောင်တင်းမာသော အခြင်းအရာကို ထင်ရှား ဖော်ပြလာ၏။ ပါရမီဖြည့်ဖက်ဟောင်း မိတ်ဟောင်းကြီး အစစ် ဖြစ်သည့် အရှင်အနုရုဒ္ဓါအလောင်းလျာဖြစ်သူ သိကြားမင်းကြီးက လူ့ပြည်သို့ ဆင်းသက်လာကာ ဓမ္မဓဇပညာရှိ ဘုရားအလောင်းတော်အား စိုးရိမ်သောက မဖြစ်ရန် ပြောကြားပြီး အလိုရှိရာအရပ်၌ ဥယျာဉ်တော်ကြီးတစ်ခုကို ဖန်ဆင်းပေးလိုက်၏။
နောက်တစ်နေ့တွင် ဘုရားအလောင်းတော်သည် ဥယျာဉ်ကြီးကို ပစ္စက္ခအားဖြင့် ကိုယ်တိုင်တွေ့မြင်ရသည့်အတွက် ရှင်ဘုရင်ထံသို့ သွားရောက်ကာ ရှင်ဘုရင်ကြီးအား ဥယျာဉ်တော်ကြီး ပြီးစီးပြီဖြစ်၍ ဥယျာဉ်ကစားတော်မူရန် သံတော်ဦးတင်လိုက်၏။ ရှင်ဘုရင်ကြီးက ဥယျာဉ်တော်သို့ သွားရောက်ကာ ရှုစားတော်မူလတ်သော် (၁၈)တောင် အမြင့်ရှိသော ဆေးဒါန်းမြင်းသီလာရောင် အရောင်အဆင်းရှိသည့် တံတိုင်းဖြင့် ခြံရံလျက်ရှိသော, တံခါး ပစ်စင် ပြအိုးတို့နှင့် ပြည့်စုံသော, အပွင့်အသီးတို့ဖြင့် ပြည့်နှက်နေသည့် သစ်ပင် အမျိုးမျိုးတို့ဖြင့် တန်ဆာဆင်ထားသည့် ဥယျာဉ်တော်ကြီးကို တွေ့မြင်ရသော အခါ ကာဠကစစ်သူကြီးနှင့် နောက်ထပ် ပြုလုပ်သင့်သည့် လုပ်ငန်းရပ်ကို တိုင်ပင်ပြန်၏။
ကာဠကစစ်သူကြီးက --- အရှင်မင်းမြတ် ... တစ်ညတည်းဖြင့် ဥယျာဉ်တော်ကို အပြီးဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်ဟာ မင်းအဖြစ်ကို သိမ်းပိုက်ဖို့ရန် အဘယ်ကြောင့် မစွမ်းဆောင်နိုင်ရမှာလဲဟု သံတော်ဦးတင်လိုက်သောအခါ ကာဠက၏ စကားကို ရှင်ဘုရင်ကြီးက လက်ခံအတည်ပြုသွားခဲ့၏။ သို့အတွက် နောက်ထပ် မစွမ်းနိုင်သည့် လုပ်ငန်းတစ်ခုကို ခိုင်းစေရန် သဘော တူလိုက်၏။
ဥယျာဉ်တော်အတွင်း၌ ရတနာ (၇)ပါးဖြင့် ပြီးစီးနေသည့် ရေကန်ကြီးတစ်ခုကို ဖန်ဆင်းခိုင်းပြန်၏။ ဤအကြိမ်တွင်လည်း သိကြားမင်းကြီးက ရတနာ (၇)ပါးဖြင့် ပြီးသည့် ရေကန်ကြီးတစ်ခုကို ဖန်ဆင်းပေးလိုက်ပြန်၏။ ထိုရေကန်ကြီးတွင် ဆိပ်ကမ်းပေါင်း တစ်ရာ ရှိ၏။ အကွေ့အကောက်ပေါင်း တစ်ထောင် ရှိ၏။ အရောင်အဆင်း ငါးမျိုးရှိသည့် ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးအုပ်ထား၏။ တာဝတိံသာနတ်ပြည်ရှိ နန္ဒဝန်ရေကန်နှင့် တူညီနေ၏။ အလွန် တင့်တယ်သည့် ရေကန်တစ်ခု ဖြစ်၏။
ရေကန်ကြီးကို မျက်မြင်တွေ့ရှိသည့်အခါ တတိယအကြိမ် ရှင်ဘုရင်ကြီးက ဥယျာဉ်တော်အတွင်း၌ ဘုရင်မင်းမြတ်တို့နှင့် သင့်လျော်သည့် ဆင်စွယ်ဖြင့် ပြီးသည့် နန်းတော်အိမ်ကြီး တစ်ခုကို ဖန်ဆင်းပေးရန် ခိုင်းစေပြန်၏။ ဤအကြိမ်တွင်လည်း သိကြားမင်းကြီးကပင် ကူညီ၍ ဖန်ဆင်းပေးလိုက်ပြန် ၏။
နန်းတော်အိမ်ကြီးကို တွေ့မြင်ရသောအခါ စတုတ္ထအကြိမ်အနေဖြင့် ရှင်ဘုရင်ကြီးက နန်းတော်အိမ်နှင့် လျော်သည့် ထွန်းလင်းတောက်ပသည့် ပတ္တမြားရတနာကြီး တစ်ခု ဖန်ဆင်းပေးရန် အမိန့် ချလိုက်ပြန်၏။ ထို နန်းတော်အိမ်အတွင်း၌ ပတ္တမြားရောင်ဖြင့် လှည့်လည်သွားလာရန် ဖြစ်၏။ ဤအကြိမ်တွင်လည်း သိကြားမင်းကြီးက ကူညီကာ ပတ္တမြားရတနာကြီးကို ဖန်ဆင်းပေးလိုက်ပြန်၏။ နောက်တစ်နေ့တွင် ရှင်ဘုရင်ကြီးလည်း ပတ္တမြား ရတနာကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ရပြန်၏။
အကြံအိုက်သွားကြပြီ ဖြစ်၏။
ကာဠကစစ်သူကြီးက --- အရှင်မင်းမြတ်...ဓမ္မဓဇ ပုရောဟိတ် ပုဏ္ဏားကြီး အလိုရှိရာကို ဖန်ဆင်းပေးနေတဲ့ နတ်တစ်ဦးဦးတော့ ရှိနေပုံ ရတယ်။ ဒီတော့ နတ်တို့သော်လည်း ဖန်ဆင်းပေးခြင်းငှာ မစွမ်းနိုင်တဲ့ အရာတစ်ခုကို ဖန်ဆင်းခိုင်းတော်မူပါ။ ထိုဥယျာဉ်တော်ကို စောင့်ရှောက်ရန် အင်္ဂါလေးပါးနှင့် ပြည့်စုံနေတဲ့ ဥယျာဉ်စောင့်ကို ဖန်ဆင်းခိုင်းတော်မူပါဟု အကြံပေးပြန်၏။
ကာဠက၏ အကြံပေးချက်အတိုင်း ရှင်ဘုရင်ကြီးက ပုရောဟိတ်ပုဏ္ဏားကြီးအား ဆရာ... သင်သည် ငါတို့အတွက် ဥယျာဉ်တော်, ရေကန်, ဆင်စွယ်ဖြင့် ပြီးသော နန်းပြသာဒ်, ထိုနန်းပြသာဒ်အား အလင်းရောင်ကို ပြုလုပ်ပေးခြင်းငှာ စွမ်းနိုင်သည့် ပတ္တမြားရတနာ --- ဤလေးမျိုးတို့ကို ဖန်ဆင်း ၍ကား ပေးပြီးလေပြီ။ ယခုအခါမှာတော့ ငါ့အား ဥယျာဉ်တော်ကို ထိန်းသိမ်း စောင့်ရှောက်မည့် အင်္ဂါလေးပါးနှင့် ပြည့်စုံသည့် ဥယျာဉ်စောင့်ကို ဖန်ဆင်း ပေးပါ။ အကယ်၍ မဖန်ဆင်းပေးနိုင်ပါက သင်၏ အသက်သည် ရှိတော့မည် မဟုတ်ဟု အမိန့်တော်မြတ် သတ်မှတ်လိုက်ပြန်၏။
ထိုအခါတွင် ဘုရားအလောင်းတော်သည် မိမိနေအိမ်သို့ ပြန်သွားကာ အစားကောင်းကောင်းကို စားပြီးလျှင် အိပ်စက်လိုက်၏။ မိုးသောက်ထအခါ အိပ်ရာမှ နိုးလာလတ်သော် အိပ်ရာထက်၌ ထိုင်လျက် စဉ်းစားခဲ့၏။
သက္ကော ဒေဝရာဇာ ယံ အတ္တနာ သက္ကာ မာပေတုံ၊ တံ မာပေသိ၊ စတုရင်္ဂသမန္နာဂတံ ပန ဥယျာနပါလံ န သက္ကာ မာပေတုံ၊ ဧဝံ သန္တေ ပရေသံ ဟတ္ထေ မရဏတော အရညေ အနာထမရဏမေဝ ဝရတရံ။ (ဇာ၊ဋ္ဌ၊၂၊၁၇၃-၁၇၄။)
= သိကြားနတ်မင်းသည်ကား မိမိစွမ်းနိုင်သည့် အရာဝတ္ထုကို ဖန်ဆင်း ပေးခဲ့၏။ အင်္ဂါလေးပါးနှင့် ပြည့်စုံသည့် ဥယျာဉ်စောင့်ကို ဖန်ဆင်းပေးဖို့ရန်ကား စွမ်းနိုင်မည် မဟုတ်၊ ဤသို့ဖြစ်လတ်သော် သူတစ်ပါးတို့၏ လက်တွင်း၌ သေကျေပျက်စီးရခြင်းထက် တောထဲ၌ မှီခိုအားထားရာမဲ့ သေကျေပျက်စီး ရခြင်း (= အနာထမရဏ)ကသာလျှင် သာလွန်၍ မြင့်မြတ်လှ၏ ---
ဤသို့ စဉ်းစားခဲ့၏။
ဤနေရာ၌ အနာထမရဏ (= မှီခိုအားထားရာမဲ့ သေကျေပျက်စီးရခြင်း) ဟူသည် မှီခိုအားထားရမည့် နာထတရား ထင်ရှား မရှိဘဲ သေကျေပျက်စီး ရခြင်းတည်း။ အထူးသဖြင့် မှီခိုအားထားရာ နာထတရား (၁၀)ပါးတို့တွင် တတိယမြောက် နာထတရားဖြစ်သည့် မှီခိုအားထားရမည့် ဆရာကောင်း သမားကောင်း, မိတ်ကောင်းဆွေကောင်း အပေါင်းအဖော်ကောင်းဟူသော ကလျာဏမိတ္တ မရှိဘဲ သေကျေပျက်စီးရခြင်းမျိုးကို ရည်ညွှန်းထားဟန် တူပေသည်။
ဤသို့ စဉ်းစား ဆင်ခြင်ပြီးနောက် ထိုဘုရားအလောင်းတော်သည် မည်သူ့ကိုမျှ မပြောကြားတော့ဘဲ ပြသာဒ်ထက်မှ သက်ဆင်းကာ မြတ်သော မင်္ဂလာတံခါးဖြင့်ပင် မြို့မှ ထွက်ခဲ့၍ တောတွင်းသို့ ဝင်ရောက်ကာ သစ်ပင်ရင်း တစ်ခု၌ ထိုင်လျက် လာဘ်ရခြင်း လာဘ်မရခြင်း, အခြံအရံများခြင်း အခြံအရံ နည်းပါးခြင်း, အကဲ့ရဲ့ခံရခြင်း အချီးမွမ်းခံရခြင်း, ချမ်းသာခြင်း ဆင်းရဲခြင်း ဟူသည့် သူတော်ကောင်းတို့ အမြဲမပြတ် နှလုံးသွင်း ဆင်ခြင်အပ်သည့် လောကဓံတရားတည်းဟူသော သူတော်ကောင်းတရားကို ဆင်ခြင်လျက် ထိုင်နေ၏။ ဤကား ဓမ္မဓဇဇာတ်တော်၌ လာရှိသော အနာထမရဏ (=မှီခိုအားထားရာမဲ့ သေကျေပျက်စီးရခြင်း) အကြောင်းအရာပင် ဖြစ်၏။
သို့သော် ဤဇာတ်တော်၌ပင် ဆက်လက်၍ လာရှိသော ဆတ္တပါဏိ လုလင်အကြောင်းကား စာဖတ်ပရိသတ်အတွက် ပြုကျင့် လိုက်နာဖွယ်အချက်တို့နှင့် ပြည့်စုံနေသဖြင့် ဆတ္တပါဏိလုလင်အကြောင်းကို ဆက်လက်၍ တင်ပြအပ်ပါသည်။
ဆတ္တပါဏိလုလင်
ထိုအခါ သိကြားမင်းကြီးက တောမုဆိုးအသွင်ဖြင့် လာရောက်ကာ မေးမြန်းပြောဆို၏။ အကျိုးအကြောင်း အစုံအလင်ကို အကုန်အစင် သိရှိသဖြင့် သင်တို့၏ ရှင်ဘုရင်ကြီး၏ ဦးခေါင်းတော်ကို သ,၍ပေးနေသော ဆတ္တပါဏိ အမည်ရှိသော ဆတ္တာသည်လုလင်သည်ကား အင်္ဂါလေးပါးနှင့် ပြည့်စုံ၏။ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ကို အလိုရှိခဲ့သော် ထိုဆတ္တာသည်ကို ဥယျာဉ်စောင့်ပြုလုပ်ရန် လျှောက်ထားပါလေဟု ပြောဆိုကာ ဘုရားအလောင်းတော်ကို သက်သာရာကို ရစေခဲ့၏။
ဘုရားအလောင်းတော်သည် အိမ်သို့ ပြန်ကာ နံနက်စာ စားသုံးပြီး နောက် မင်းနန်းတော်တံခါးသို့ သွားရောက်လတ်သော် ဆတ္တပါဏိလုလင်ကို ထိုတံခါးအရပ်၌ပင် တွေ့မြင်သဖြင့် လက်ကို ဆွဲကာ ---
အဆွေတော် ဆတ္တပါဏိ ... သင်သည် အင်္ဂါလေးပါးနှင့် ပြည့်စုံသည်ဆိုသည်မှာ မှန်ပါသလား? --- ဟု မေးကြည့်၏။
ကျွန်တော်မျိုးမှာ အင်္ဂါလေးပါးရှိတယ်လို့ သင့်ကို ဘယ်သူက ပြောပါသလဲ?ဟု ဆတ္တပါဏိလုလင်က မေးမြန်းလိုက်သောအခါ အလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးက --- နတ်တို့သနင်း သိကြားမင်းကြီးက ပြောပြသွားကြောင်းကို --- ပြန်ပြောပြလိုက်၏။
ဘယ်အကြောင်းကြောင့် ယခုကဲ့သို့ မေးမြန်းလာရပါသနည်းဟု ဆတ္တပါဏိလုလင်က မေးမြန်းလိုက်သော် ဘုရားအလောင်းတော် ပုဏ္ဏားကြီးကလည်း အကျိုးအကြောင်း အစုံအလင်ကို ကုန်စင်အောင် ပြောပြလိုက်၏။ ထိုအခါ ဆတ္တပါဏိလုလင်ကလည်း သူ့မှာ အင်္ဂါလေးပါးရှိကြောင်းမှာ မှန်ကန်ပါကြောင်း ဝန်ခံစကား ပြောကြားလိုက်၏။
ထိုအခါ ဘုရားအလောင်းတော်က ထိုဆတ္တပါဏိလုလင်ကို ရှင်ဘုရင်ထံသို့ ခေါ်ဆောင်သွားခဲ့၏။ ဆတ္တပါဏိလုလင်ဟူသည်မှာလည်း အရှင်သာရိပုတ္တရာ အလောင်းလျာ ပါရမီဖြည့်ဖက်ဟောင်း မိတ်ဟောင်းကြီးပင် ဖြစ်၏။ ထိုကြောင့် ပွဲခ မယူဘဲ ကြည်ဖြူစွာဖြင့် အမှုတွဲကို ရင်ဆိုင်ရန် လိုက်ပါ သွားခဲ့၏။
ရှင်ဘုရင်ထံသို့ ရောက်ရှိသောအခါ အလောင်းတော် ပုရောဟိတ် ပုဏ္ဏားကြီးက အရှင်မင်းမြတ် ... ဤ ဆတ္တပါဏိလုလင်ကား အင်္ဂါလေးပါး နှင့် ပြည့်စုံပါ၏။ အင်္ဂါလေးပါးနှင့် ပြည့်စုံသည့် ဥယျာဉ်စောင့်ဖြင့် အလိုရှိခဲ့ပါမူ ဤဆတ္တပါဏိလုလင်ကိုပင် ဥယျာဉ်စောင့် ပြုတော်မူကြပါဟု လျှောက်ထားလိုက်၏။
ရှင်ဘုရင်ကြီးကလည်း ဆတ္တပါဏိလုလင်ကို အင်္ဂါလေးပါးနှင့် ပြည့်စုံသည်ဆိုသည်မှာ မှန်ကန်ပါသလားဟု စစ်ဆေးမေးမြန်းလိုက်၏။ မှန်ကန်ပါကြောင်းကို ဆတ္တပါဏိလုလင်က ဝန်ခံစကား လျှောက်ထားလိုက်သောအခါ အဘယ်အင်္ဂါလေးပါးတို့နှင့် ပြည့်စုံပါသနည်းဟု ဆက်လက် မေးမြန်းတော် မူလိုက်ပြန်၏။ ထိုအခါ ဆတ္တပါဏိလုလင်က အင်္ဂါလေးပါးကို ဤသို့ တင်ပြခဲ့၏။
အင်္ဂါ လေးပါး
အရှင်မင်းမြတ် ---
၁။ အနုသူယက = မငြူစူတတ်ခြင်း,
၂။ အမဇ္ဇပါယက = အရက် မသောက်တတ်ခြင်း,
၃။ နိသ္နေဟက = မည်သူ့ကိုမျှ မချစ်တတ်ခြင်း,
၄။ အက္ကောဓန = မည်သူ့ကိုမျှ မမုန်းတတ်ခြင်း (= အမျက်မထွက်တတ်ခြင်း) ---
ဆိုသည့် အင်္ဂါလေးရပ်တို့ ဖြစ်ကြပါသည်။
အရှင်မင်းမြတ် ... ကျွန်တော်မျိုးသည် မည်သူ့အပေါ်၌မျှ ငြူစူ-စောင်းမြောင်းသည့် စိတ်ထား မရှိပါ။ သေရည်သေရက်ကိုလည်း ဘယ်တုန်းကမှ မသောက်စဖူးပါ။ သူတစ်ပါးတို့အပေါ်၌ ချစ်ခြင်းသည်လည်းကောင်း, မုန်းခြင်းသည်လည်းကောင်း (အမျက်ထွက်ခြင်းသည်လည်းကောင်း) တစ်ခါမျှ မဖြစ်ခဲ့စဖူးပါ။ ကျွန်တော်မျိုးသည် ဤအင်္ဂါလေးပါးတို့နှင့် ပြည့်စုံပါသည်ဟု တင်ပြလျှောက်ထားလိုက်၏။
ယနေ့ မျက်မှောက်ခေတ်တွင် ကိုယ့်ထက်သာ မနာလိုသည့်စိတ်ထား, ကိုယ့်စည်းစိမ် ရာထူးဂုဏ်သိန်ကို အထိမခံနိုင်သည့် စိတ်ထား --- ဤစိတ် ထားများသည် လူသားတို့ကို အများဆုံး ဒုက္ခပေးနေသည် မဟုတ်ပါလား? ဤ စိတ်ထားမျိုးများ မရှိအောင် အရှင်သာရိပုတ္တရာအလောင်းလျာဖြစ်သည့် ဆတ္တပါဏိလုလင်သည် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကြိုးစားခဲ့ပါသနည်း? ဆတ္တပါဏိလုလင်က ယသပါဏိရှင်ဘုရင်ကြီးအား ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကို ဤသို့ တင်ပြ လျှောက်ထားခဲ့၏။
(၁) မငြူစူတတ်ခြင်း
အရှင်မင်းမြတ် ...ကျွန်တော်မျိုးသည် ဟို ရှေးယခင် တစ်ခုသော ဘဝဝယ် ဤဗာရာဏသီပြည်မှာပင် ရှင်ဘုရင် တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ အမျိုးသမီးဟူသော အကြောင်းကြောင့် ပုရောဟိတ်ပုဏ္ဏားကြီးကို နှောင်ဖွဲ့ ခဲ့ဖူးပါတယ် ဤသို့ စသည်ဖြင့် မိမိ၏ မှားကွက်ကို တင်ပြလျှောက်ထားခဲ့၏။ ထိုမှားကွက်ကား ဤသို့တည်း။
လွန်လေပြီးသော အတိတ်ဘဝ တစ်ခုတွင် .. အရှင်သာရိပုတ္တရာ အလောင်းလျာ ဖြစ်သည့် သူတော်ကောင်းသည် ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း အဖြစ်ဖြင့် ထီးဖြူအုပ်ချုပ်မင်းလုပ်ခဲ့၏။ ဘုရားအလောင်းတော် ကား ထိုရှင်ဘုရင်၏ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်ခဲ့၏။ ရှင်ဘုရင်ကြီးကလည်း မိမိ၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးအား လိုရာဆုကို ယူစေဟု ဆုပေးထားခဲ့၏။ မိဖုရားကြီးကလည်း ---
ကျွန်တော်မအဖို့ရာ အခြားတစ်ပါးသော ဆုဟူသည် ရခဲတဲ့သဘော မရှိပါ၊ ဤနေ့မှ စ၍ အရှင်မင်းမြတ်သည် အခြားတစ်ပါးသော အမျိုးသမီးကို ကိလေသာ၏ အစွမ်းဖြင့် ဖောက်ပြန်သော စိတ်ထားဖြင့် ဘယ်တော့မှ မကြည့်ရဘူး၊ ဒီဆုကိုပဲ ပေးပါဟု ဆုယူလေသည်။
ဤဆုမျိုးကိုလည်း ရှင်ဘုရင်ကြီးအနေဖြင့် ပေးဖို့ရန် အလွန် ခက်ခဲသောကြောင့် အကြိမ်ကြိမ် ငြင်းဆန်ခဲ့၏။ သို့သော် မိဖုရားကြီးက အကြိမ်ကြိမ် အတင်းအကြပ် တောင်းဆိုနေသဖြင့် ရှင်ဘုရင်ကြီးက ထိုဆုကို ပေးရန် သဘောတူညီလိုက်၏။ ထိုအချိန်မှ စ၍ တစ်သောင်းခြောက်ထောင်ကုန်သော ကချေသည် မောင်းမမိဿံတို့အပေါ်၌ တစ်ဦးသော အမျိုးသမီးကိုမျှလည်း ကိလေသာ၏ အစွမ်းဖြင့် ဖောက်ပြန်သော စိတ်ထားဖြင့် မကြည့်ခဲ့စဖူးပေ။ မင်းမှာ သစ္စာ၊ လူမှာ ကတိဆိုရိုး ရှိသည့်အတိုင်း မိမိထားရှိသည့် ကတိသစ္စာ ကို ရိုသေစွာ စောင့်ထိန်းခဲ့၏။ သို့သော် အကြောင်းကား ဖြစ်ပေါ်လာခဲ့ပြန်၏။
ထိုအခါဝယ် ပစ္စန္တရာဇ်အရပ်၌ ခိုးသားဓားပြ သူပုန်ဘေးရန်ကြောင့် ပျက်စီးနေ၏။ ပစ္စန္တရာဇ်အရပ်၌ ချထားသော စစ်သည်တော်တို့ကလည်း ခိုးသားဓားပြ သူပုန်တို့နှင့် နှစ်ကြိမ် သုံးကြိမ် စစ်ဆင်ကြရာ ငြိမ်းအေးရန် မစွမ်းဆောင်နိုင်ကြသဖြင့် ရှင်ဘုရင်၏ ထံတော်သို့ သံတော်ဦးတင်လာကြ၏။
ရှင်ဘုရင်ကြီးက စစ်သည်ဗိုလ်ပါထုကို စုရုံးကာ ကိုယ်တိုင်စစ်ချီရန် ပြင်ဆင်ပြီးသောအခါ မိဖုရားကြီးကို ဤသို့ နှုတ်ဆက်စကားပြောကြား၏။ ရှင်မ ...ငါသည် ပစ္စန္တရာဇ်အရပ်သို့ သွားတော့မယ်၊ ထိုပစ္စန္တရာဇ်မှာ စစ်ထိုးရမဲ့ တိုက်ပွဲတွေကတော့ များပြားလှတယ်၊ အအောင်အရှုံးဆိုတာလည်း အမြဲသတ်မှတ်လို့ မရနိုင်ဘူး၊ ဒီလို စစ်မြေပြင်အရပ်မှာ အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်သွားဖို့ဆိုတာ ခက်ခဲလှပါတယ်။ ဒါကြောင့် သင်ဟာ ဒီနန်းတော်မှာပဲ နေရစ်ခဲ့ပါဟု အမှာစကားပြောကြား၏။
မိဖုရားကြီးက ရှင်ဘုရင်ကြီး မရှိဘဲ သူ့ချည်း တစ်ယောက်တည်း နန်းတော်၌ မနေရစ်နိုင်ပါကြောင်းကို တင်ပြလျှောက်ထား၏။
လူရိုးကြီး အရှင်သာရိပုတ္တရာအလောင်းဖြစ်သော ရှင်ဘုရင်ကြီးကလည်း မိဖုရားရဲ့စကားကို ခြွင်းချက်မရှိ ယုံကြည်နေ၏။ ဤအကြောင်းခြင်းရာ အချက်တွေသည် နောက်ဆုံးဘဝဝယ် အရှင်သာရိပုတ္တရာအလောင်းလျာ ဖြစ်သည့် ဥပတိဿသူတော်ကောင်းကြီး လူပျိုကြီးဖြစ်ဖို့ရန် အကြောင်းအချို့တို့ပင် ဖြစ်ပေသည်။ မိဖုရားကြီးမှာလည်း အခြားသူ မဟုတ်ပါ၊ နာမည်ကျော်ဖြစ်သော မယ်မင်းကြီးမ စိဉ္စမာဏအလောင်းလျာပင် ဖြစ်ခဲ့ပေသည်။
ကလိန်ဉာဏ်အကွက်ဆင်သည့်နေရာမှာ ကျွမ်းကျင်သည့် ဓာတ်ခံ အပြည့်အဝရှိသူ မယ်မင်းကြီးမ စိဉ္စမာဏ အလောင်းလျာဖြစ်သည့် မိဖုရားကြီးက အကွက်ဆင်ကာ လူရိုး ရှင်ဘုရင်ကြီး ယုံကြည်သွားအောင် ဤသို့ လျှောက်ထားပြန်၏။ ဒီလိုဆိုလျှင် တစ်ယူဇနာ တစ်ယူဇနာအရပ်သို့ ရောက်တိုင်း ရောက်တိုင်း ကျွန်တော်မရဲ့ သုခ-ဒုက္ခ အဝဝကို သိရှိနိုင်ရန်အတွက် မင်းချင်းယောက်ျား တစ်ယောက်တစ်ယောက်ကို စေလွှတ်ပေးတော်မူပါဟု လျှောက်ထား၏။ လူရိုး ရှင်ဘုရင်ကြီးကလည်း ချစ်မြတ်နိုးမှု ကြင်နာသနားမှု အပြည့်အဝရှိနေသူ ဖြစ်သဖြင့် ယုံယုံကြည်ကြည်နှင့်ပင် ထို တောင်းဆိုချက်ကို သဘောတူလိုက်၏။
ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးကို မြို့စောင့်အဖြစ် ထားခဲ့ကာ များပြားလှသော စစ်သည်ဗိုလ်ပါထုဖြင့် စစ်ချီထွက်တော်မူရာ တစ်ယူဇနာရှိရာ အရပ်သို့ ရောက်တိုင်း ရောက်တိုင်း တစ်ယောက် တစ်ယောက်သော မင်းချင်းယောက်ျားကို ငါတို့ရဲ့ အနာရောဂါကင်းကြောင်း သတင်းကောင်းကို လျှောက်ထားသံတော်ဦးတင်ပြီးလျှင် မိဖုရားကြီးရဲ့ သုခ-ဒုက္ခ အဝဝကို သိအောင် မေးမြန်းပြီးတော့ ပြန်လာပါဟု စေခိုင်းလိုက်၏။
မယ်မင်းကြီးမကလည်း ဆိုက်ရောက်လာတိုင်း ဆိုက်ရောက်လာတိုင်းသော မင်းချင်းယောက်ျားကို ရှင်ဘုရင်ကြီးက ဘာအတွက် သင့်ကို စေလွှတ်လိုက်ပါသလဲ?ဟု မေးမြန်း၏။ မင်းချင်းယောက်ျားကလည်း --- အရှင် မိဖုရားတို့ရဲ့ သုခ-ဒုက္ခ အဝဝကို သိရှိရန် စေလွှတ်လိုက်ပါတယ်ဟု တင်ပြ လျှောက်ထားသောအခါ ဒီလိုဆိုလျှင် ငါ့ရဲ့ သုခ-ဒုက္ခ အဝဝကို သိအောင် လာပေတော့ဟု ခေါ်ကာ ထိုမင်းချင်းယောက်ျားနှင့် မသူတော်အကျင့်ကို ပြုကျင့်လေသည်။
ရှင်ဘုရင်ကြီးက (၃၂)ယူဇနာ ရှိသော ခရီးကို စစ်ချီရသည်ဖြစ်ရာ အားလုံး (၃၂)ယောက်သော မင်းချင်းယောက်ျားတို့ကို စေလွှတ်ခဲ့၏။ (၃၂)ယောက်လုံးသော ယောက်ျားတို့နှင့် ပုံစံတူ ဖောက်ပြားခဲ့၏။ အသွား (၃၂)ယူဇနာ ရှိသလို အပြန်လည်း (၃၂)ယူဇနာရှိရာ (၃၂)ယောက်သော မင်းချင်းယောက်ျားတို့ကို အလားတူ စေလွှတ်ပြန်၏။ အလားတူပင် မင်းချင်းယောက်ျားတိုင်းနှင့် ဖောက်ပြားပြန်၏။ တမန် ခြောက်ကျိပ်လေးယောက်တို့နှင့် ဖောက်ပြန်၍ အားမရနိုင်သေးသော မယ်မင်းကြီးမက ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးကို သွေးဆောင်လာပြန်၏။
စစ်အောင်ပြီး၍ မြို့သို့ ပြန်လာရာ မြို့တွင်းသို့ ချက်ချင်း မဝင်သေးဘဲ မြို့ကို တန်ဆာဆင်ရန် ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးကို ရှင်ဘုရင်က အမိန့်ပေးလိုက်၏။ ပုရောဟိတ်ပုဏ္ဏားကြီးကလည်း မြို့ကို တန်ဆာဆင်ပြီးနောက် နန်းတော်ကိုပါ ဆက်လက် တန်ဆာဆင်ကာ အကျိုး အကြောင်းကို သံတော်ဦးတင်ရန် မိဖုရားထံသို့ သွားရောက်ခဲ့၏။ မယ်မင်းကြီးမက ဘုရားအလောင်းတော်၏ ရူပကာယ၏ တင့်တယ်စံပယ်ခြင်းသို့ ရောက်ရှိနေသည့် ခန္ဓာကိုယ်ကို တွေ့မြင်ရသောအခါ သွားရည်ယို ခံတွင်း ချဉ်လာသဖြင့် မည်သို့မျှ မရပ်တည်နိုင်သည့်အတွက် မသူတော်အကျင့်ကို ပြုကျင့်ဖို့ရန် ဖိတ်ခေါ်ပြန်၏။ ပုရောဟိတ်ပုဏ္ဏားကြီးကလည်း ဤစကားမျိုးကို မပြောဆိုပါနှင့်၊ ရှင်ဘုရင်ကြီးဟာလည်း ကြောက်ရွံ့ရိုသေရမည့် ပုဂ္ဂိုလ် ဖြစ်တယ်။ ကျွန်တော်မျိုးဟာလည်း အကုသိုလ်ကို ကြောက်ရွံ့လှပါတယ်။ ဤလို မသူတော်အမှုကို ပြုလုပ်ဖို့ရန် မဝံ့ရဲပါဘူးဟု တင်ပြလျှောက်ထား၏။ ထိုအခါ မယ်မင်းကြီးမက ---
ခြောက်ကျိပ်လေးယောက်ကုန်သော ခြေရင်းအလုပ်အကျွေးဖြစ်ကြတဲ့ မင်းချင်းယောက်ျားတွေဟာ ရှင်ဘုရင်ကြီးကိုလည်း မကြောက်ရွံ့ကြဘူး၊ အကုသိုလ်ကိုလည်း မကြောက်ရွံ့ကြဘူး။ သင်တစ်ယောက်တည်းကပဲ ရှင်ဘုရင်ကြီးကို ကြောက်ရွံ့ရသလား၊ သင်တစ်ယောက်တည်းကပဲ အကုသိုလ် ကိုရော ကြောက်ရွံ့နေရသေးသလားဟု ပြောဆိုလိုက်ပြန်၏။
မှန်ပါတယ် အရှင်မိဖုရား ... ထိုမင်းချင်းတမန်တွေဟာလည်း ကျွန်တော်မျိုးလိုသာ ဖြစ်ကြမယ်ဆိုလျှင် ဒီလို အမှုမျိုးကို ပြုကျင့်ကြမှာ မဟုတ်ကြပါဘူး။ ကျွန်တော်မျိုးကတော့ ဒီလိုအပြစ်တွေကို သိနေတဲ့အတွက် ဒီလို လွန်ကျူးမှုမျိုးကို မပြုလုပ်နိုင်ပါဟု တင်ပြလျှောက်ထား၏။
နင် ဘာတွေပြောနေတာလဲ? စကားတွေ အများကြီး လျှောက်ပြောမနေနဲ့။ အကယ်၍ ငါ့စကားကို မလိုက်နာလျှင် သင့်ဦးခေါင်းကို ဖြတ်စေရမယ်ဟု မယ်မင်းကြီးမက ပြောပြန်၏။ ထိုအခါဝယ် အသက်ကိုသာ စွန့်အံ့၊ သီလကို မစွန့်အံ့ဟူသော ဘုရားအလောင်းတော်၏ စိတ်ဓာတ်ကား အလွန် ကြည်ညိုဖွယ်ကောင်းလှ၏။ ဘုရားအလောင်းတော်က ---
တစ်ခုသော အတ္တဘော၌ ဦးခေါင်းကို ဖြတ်တောက်ခံရခြင်းကို ထားလိုက်ပါဦး၊ အတ္တဘောပေါင်း အထောင်၌သော်လည်း ဦးခေါင်းကို အဖြတ်ခံရသည်ဖြစ်ပါစေ၊ ကျွန်တော်မျိုးသည် ဤကဲ့သို့သော ယုတ်မာမှုမျိုးကို မပြုလုပ်နိုင်ပါဟု လျှောက်ထားလိုက်၏။
အသက်ကိုသာ စွန့်၍ သီလကို မစွန့်သော ဘုရားအလောင်းတော်၏ စိတ်ထားကို အဘယ်မည်သော သူတော်ကောင်းသည် မကြည်ညိုဘဲ ရှိနိုင်ပါအံ့နည်း။
မယ်မင်းကြီးမက ကိုင်း - ရှိစေ၊ သိစေရမယ်ဟု ဘုရားအလောင်းတော်ကို ကြုံးဝါးလိုက်၏၊ ခြိမ်းခြောက်လိုက်၏။ မိမိရဲ့ တိုက်ခန်းအတွင်းသို့ ဝင်ကာ မိမိကိုယ်ကို မိမိ လက်သည်း ခြေသည်းတို့ဖြင့် ကုတ်ဖဲ့လိုက်၏၊ ဆီဖြင့် ကိုယ်ကို လိမ်းကျံလိုက်၏၊ အဝတ်ဟောင်းတွေကို ဝတ်လိုက်၏၊ လူမမာ အသွင်ကို ဖန်တီးလိုက်၏။ အခိုင်းအစေ ကျွန်မတွေကိုလည်း ရှင်ဘုရင်ကြီး မေးက ဖျားနာနေကြောင်းကို သံတော်ဦးတင်ရန် မှာကြားထားလိုက်၏။
ဤကလိန်ဉာဏ်တို့ကား သံသရာအဆက်ဆက်က ကပ်ပါလာနေသော ဓာတ်ငွေ့များပင်တည်း။ နောက်ဆုံး ဘုရားရှင်နှင့် တွေ့ဆုံသည့် ဘဝတွင်လည်း ဤဓာတ်ငွေ့အရှိန်အဝါတွေကြောင့်ပင် ဘုရားရှင်အပေါ်၌ မဟုတ် မတရား စွပ်စွဲခဲ့၏။ သေသည်၏ အခြားမဲ့၌လည်း အဝီစိငရဲသို့ ရောက်ခဲ့၏။ မှီခိုအားထားရာ နာထတရား ထင်ရှားမရှိဘဲ သေကျေပျက်စီးရခြင်း တစ်မျိုးပင်တည်း။
ရှင်ဘုရင်ကြီးကလည်း မြို့သို့ ဝင်ပြီးနောက် နန်းတော်သို့ အရောက် မိဖုရားကြီးကို မတွေ့သဖြင့် မေးမြန်းလိုက်သောအခါ ဖျားနာကြောင်း သတင်းကို ကြားသိသဖြင့် မိဖုရားအဆောင်သို့ အရောက်သွားခဲ့၏။ မိမိ အကွက်ဆင်ထားသည့်အတိုင်း မိမိကို ပုရောဟိတ်ပုဏ္ဏားကြီးက အဓမ္မ ပြုကျင့်ရန် ကြံစည်ကြောင်းတို့ကို ကုတ်ခြစ်ထားသော ဒဏ်ရာဒဏ်ချက်တို့ကို ညွှန်ပြကာ တိုင်တန်းလေတော့၏။ ရှင်ဘုရင်ကြီးကလည်း ယုံကြည်သွားခဲ့၏။ မီးကျီးတွင်းထဲသို့ ပစ်သွင်းလိုက်သော ဆားကျောက်ပမာ အမျက်ဒေါသ ထောင်းထောင်းထကာ ပုရောဟိတ်ပုဏ္ဏားကြီးကို လက်ပြန်ကြိုးဖြင့် တုပ်နှောင် ကာ သုသာန်သို့ ထုတ်ကာ ဦးခေါင်းဖြတ်၍ သတ်စေဟု အမိန့်ချမှတ်လိုက်၏။
ဘုရားအလောင်းတော်ပုရောဟိတ်ပုဏ္ဏားကြီးကလည်း မိဖုရားကြီး၏ ကလိန်ဉာဏ်ကြောင့် ယခုလို အဖမ်းခံရကြောင်းကို သဘောပေါက်သဖြင့် မိမိကို ရှင်ဘုရင်ကြီးအား ပြသပြီးမှသာလျှင် သတ်လိုက သတ်ရန် မေတ္တာရပ်ခံ လိုက်၏။ လက်မရွံ့အာဏာသားတို့ကလည်း ထိုပုရောဟိတ်ပုဏ္ဏားကြီးကို ရှင်ဘုရင်ထံသို့ ခေါ်ဆောင်ကာ ရှင်ဘုရင်အား ပြသကြ၏။ ရှင်ဘုရင်ကြီးကလည်း ပုရောဟိတ်ပုဏ္ဏားကြီးကို မြင်လျှင်မြင်ချင်းပင် အို ပုဏ္ဏားကြီး ... ငါ့အပေါ်၌ ရှက်သင့် ရှက်ထိုက်တဲ့ အမှုကို ဘာကြောင့် သင် မပြုရသလဲ? ဘာကြောင့် သင်ဟာ ဒီလို ယုတ်ညံ့တဲ့ အမှုကို ပြုကျင့်ရသလဲ?ဟု မေးမြန်းစကားပြောကြားလိုက်၏။ ထိုအခါ ပုရောဟိတ်ပုဏ္ဏားကြီးက ဤသို့ တင်ပြ လျှောက်ထားလိုက်၏ ---
အရှင်မင်းမြတ် ...ကျွန်တော်မျိုးဟာ အလွန်စင်ကြယ်တဲ့ သောတ္ထိယ ပုဏ္ဏားအမျိုးအနွယ်မှာ လူဖြစ်လာရတဲ့သူ တစ်ဦးဖြစ်ပါတယ်။ကျွန်တော်မျိုးဟာ ---
၁။ ပိုးရွ ချပုံးမျှကိုသော်လည်း တစ်ခါမျှ မသတ်စဖူးပါ။
၂။ သူတစ်ပါး၏ ပစ္စည်းကို ဆိုလျှင် မြက်, ဝါးခြမ်းစိတ်မျှကိုသော်လည်း မတရား မယူစဖူးပါ။
၃။ တပ်မက်သည့် လောဘစိတ်ဖြင့် သူတစ်ပါးတို့၏ အမျိုးသမီးကို မျက်စိ ဖွင့်၍သော်လည်း မကြည့်ခဲ့စဖူးပါ။
၄။ မြူးထူးပျော်ပါးလိုသော စိတ်ထားဖြင့်သော်လည်း မုသားစကားကို မပြောဆိုခဲ့စဖူးပါ။
၅။ သမန်းမြက်ဖျားဖြင့်ပင်သော်လည်း တို့၍ သေရည် သေရက်ကို မသောက်သုံးခဲ့စဖူးပါ။
ကျွန်တော်မျိုးသည် အရှင်မင်းမြတ်တို့ အပေါ်၌ အပြစ် မရှိပါ။ ထို မိဖုရားကြီးကသာ တပ်မက်သည့် လောဘ၏ အစွမ်းဖြင့် ကျွန်တော်မျိုး၏ လက်ကို ကိုင်ဆွဲလျက် မသမာမှုကို ပြုကျင့်ခိုင်းခဲ့၏။ ကျွန်တော်မျိုးက ပယ်ရှား လိုက်သည့်အတွက် ကျွန်တော်မျိုးကို ခြိမ်းခြောက်ကာ မိမိ၏ ခြောက်ကျိပ် လေးယောက်ကုန်သော တမန်တို့နှင့် ဖောက်ပြားမှုအပြစ်ကို ဒေါသတကြီးနှင့် ပေါ်လွင်အောင် ကျွန်တော်မျိုးအား ပြောပြကာ တိုက်ခန်းအတွင်းသို့ ဝင်ရောက်သွားကာ လူနာဖြစ်အောင် ကလိန်ဉာဏ်ဆင်ခဲ့ပါသည်။ ကျွန်တော် မျိုးသည်ကား အပြစ် မရှိပါ။ လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြတဲ့ ထိုခြောက်ကျိပ်လေးယောက်ကုန်သော တမန်တို့သည်သာ အပြစ်နှင့်တကွ ဖြစ်ကြပါသည်။ ထိုတမန်သည်တို့ကို ခေါ်၍ အမှု မှန်မမှန်ကို စစ်ဆေးတော် မူပါဟု တင်ပြလျှောက်ထားလိုက်၏။
ရှင်ဘုရင်ကြီးကလည်း ထိုတမန်တို့ကို နှောင်ဖွဲ့စေပြီးလျှင် မိဖုရားကြီးကို ခေါ်၍ သင်သည် ထိုတမန်တို့နှင့် မကောင်းမှုကို ပြုသလား မပြုသလားဟု မေးစိစစ်ခဲ့၏။ ယုတ်မာသည့် အမှုကို ပြုကျင့်မိပါကြောင်းကို မိဖုရားကြီးကလည်း မငြင်းသာသဖြင့် ဝန်ခံစကား တင်ပြလျှောက်ထားလိုက်၏။ ထိုအခါ ရှင်ဘုရင်ကြီးက ထိုသူအားလုံးကိုပင် သေဒဏ်အမိန့် ချမှတ်တော်မူလိုက်၏။ သက်ဦးဆံပိုင်စနစ်အတိုင်း ကျင့်သုံးခြင်းပင် ဖြစ်၏။
ထိုအခါ ဘုရားအလောင်းတော်က ရှင်ဘုရင်ကြီးကို ဤသို့လျှောက်ထား၏။
အရှင်မင်းမြတ် ... ဤတမန်သည်တို့အားလည်း အပြစ် မရှိပါ။ မိဖုရားကြီးက မိမိအလိုအတိုင်း ပြုကျင့်ခိုင်းခြင်းသာ ဖြစ်ပါသည်။ ထိုသူတို့မှာ အပြစ် မရှိကြပါ။ ဒါကြောင့် ထိုသူတွေကို သည်းခံခွင့်လွှတ်တော်မူပါ။
ထိုမိဖုရားကြီးမှာလည်း အပြစ် မရှိပါ။ အမျိုးသမီးတို့မည်သည် မေထုန်မှုဖြင့် ရောင့်ရဲသည်ဟူ၍ မရှိပါ။ မှန်ပါသည် --- ဤသို့ မရောင့်ရဲခြင်းသည် အမျိုးသမီးတို့ရဲ့မွေးရာပါ ဇာတိသဘာဝတစ်ခု ဖြစ်ပါသည်။ ထိုအမျိုးသမီးတို့အား သည်းခံခွင့်လွှတ်ခြင်း သဘောတရားနှင့် ယှဉ်တွဲထားရမည်သာ ဖြစ်ပါသည်။ ဒါကြောင့် မိဖုရားကြီးအားလည်း သည်းခံခွင့်လွှတ်တော်မူပါ ဤသို့ စသည်ဖြင့် နည်းအမျိုးမျိုးတို့ဖြင့် ရှင်ဘုရင်ကြီးအား ဆိုဆုံးမတော်မူ၏။
ထိုတမန်ခြောက်ကျိပ်လေးယောက်တို့ကိုလည်းကောင်း, မိဖုရားကြီးကို လည်းကောင်း မိမိတို့၏ မူလရာထူး ဌာနန္တရ၌ပင် ထားမြဲထားစေတော်မူခဲ့၏။ ထိုသို့ ပြုကျင့်ပြီးနောက် ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးက ရှင်ဘုရင်ကြီးအား ဤသို့လျှောက်ထား၏။
အရှင်မင်းမြတ်...ပညာမျက်စိကာဏ်းနေတဲ့ လူမိုက်တို့မည်သည် မဟုတ်မမှန် လုပ်ကြံထားတဲ့ အကြောင်းဝတ္ထုကို အခြေခံနေတဲ့စကားဖြင့် မနှောင်ဖွဲ့သင့် မနှောင်ဖွဲ့ထိုက်တဲ့ ပညာရှိတို့ကို လက်ပြန်ကြိုးတုတ်ကာ အနှောင်အဖွဲ့ ထားကြပါတယ်။ ပညာရှိသူတော်ကောင်းတို့ကတော့ ဟုတ်မှန် တဲ့ အကြောင်းယုတ္တိရှိတဲ့စကားကြောင့် လက်ပြန်ကြိုးတုတ်ကာ နှောင်ဖွဲ့သင့် နှောင်ဖွဲ့ထိုက်သူတို့ကိုသော်လည်း လွတ်မြောက်စေကြပါတယ်။ အလားတူပဲ လူမိုက်တွေဟာ မနှောင်ဖွဲ့သင့်တဲ့သူတွေကိုသော်လည်း နှောင်ဖွဲ့ကြတယ်။ ပညာရှိသူတော်ကောင်းတို့ကတော့ နှောင်ဖွဲ့သင့် နှောင်ဖွဲ့ထိုက်တဲ့သူတွေကို သော်လည်း လွတ်မြောက်စေကြပါတယ်ဟု ပြောဆိုကာ အောက်ပါဂါထာဖြင့် ဆက်လက်ကာ ဆိုဆုံးမတော်မူ၏။
အဗဒ္ဓါ တတ္ထ ဗဇ္ဈန္တိ၊ ယတ္ထ ဗာလာ ပဘာသရေ။
ဗဒ္ဓါပိ တတ္ထ မုစ္စန္တိ၊ ယတ္ထ ဓီရာ ပဘာသရေ။
= အကြင်တိုင်းနိုင်ငံ၌ လူမိုက်တို့သည် ဘုန်းတန်ခိုး တောက်ပလျက် ရှိကြ၏။ ထိုတိုင်းနိုင်ငံမျိုး၌ မနှောင်ဖွဲ့သင့် မနှောင်ဖွဲ့ထိုက်သည့်သူတွေကို နှောင်ဖွဲ့ထားတတ်ကြကုန်၏။
အကြင်တိုင်းနိုင်ငံ၌ကား လူလိမ်မာ ပညာရှိတို့သည် ဘုန်းတန်ခိုး တောက်ပလျက် ရှိကြကုန်၏။ ထိုကဲ့သို့သော တိုင်းနိုင်ငံမျိုး၌ နှောင်ဖွဲ့သင့် နှောင်ဖွဲ့ထိုက်သည့် သူတွေသော်မှလည်း အပြစ်မှ လွတ်မြောက်ကြကုန်၏။ (ဇာ၊ဋ္ဌ၊၁၊၄၆၅။ ဇာ၊ဋ္ဌ၊၂၊၁၇၆၊၊)
ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီး၏ အဆုံးအမကို ကြားနာ ရသောအခါ အရှင်သာရိပုတ္တရာ အလောင်းလျာဖြစ်သော ဗာရာဏသီဘုရင်ကြီးသည် ဤသို့ စဉ်းစားတော်မူ၏ --- ငါသည် တစ်သောင်း ခြောက်ထောင်ကုန်သော အမျိုးသမီးတို့ကို ပယ်စွန့်ကာ ဤမယ်မင်းကြီးမ တစ်ဦးတည်းကိုပဲ ကိလေသာ၏ အစွမ်းဖြင့် ချီးမြှောက်သော်လည်း မယ်မင်းကြီးမအဖို့ ရောင့်ရဲခြင်းငှာ မစွမ်းနိုင်ပါလား၊ ဒီလို အလိုဆန္ဒ ပြည့်ဝနိုင်ခဲတဲ့ အမျိုးသမီးတွေကို အမျက်ထွက်နေခြင်းဆိုတာ --- ဝတ်ပြီးတဲ့အဝတ်ဟာ ဝတ်ပါများလို့ ဟောင်းနွမ်းသွားခဲ့သော် ဘာကြောင့် ဟောင်းနွမ်းသွားရသလဲလို့ အမျက်ထွက်နေတာနှင့်လည်း တူတယ်၊ စားပြီးတဲ့ အစားအစာဟာ မစင်အဖြစ်သို့ ရောက်သွားတဲ့အခါ ဘာကြောင့် ဒီအစာဟာ မစင်ဖြစ်သွားရသလဲလို့ အမျက်ထွက်နေတာနှင့်လည်း တူတယ် --- ဒီလိုဆင်ခြင်ပြီးနောက် အောက်ပါ အတိုင်း အဓိဋ္ဌာန်ပြုကာ ဆုတောင်းပန်ထွာလိုက်လေသည်။
ဣတော ဒါနိ ပဋ္ဌာယ ယာဝ အရဟတ္တံ န ပါပုဏာမိ၊ တာဝ ကိလေသံ နိဿာယ မယိ ဥသူယာ မာ ဥပ္ပဇ္ဇတူတိ အဓိဋ္ဌဟိံ။ (ဇာ၊ဋ္ဌ၊၂၊၁၇၆။)
= ဤနေ့ ဤအချိန်ခါမှ စ၍ အရဟတ္တဖိုလ်သို့ မရောက်သေးသမျှ ကာလပတ်လုံး ကိလေသာကို အမှီပြု၍ အကျွန်ုပ်၏ သန္တာန်၌ ငြူစူစောင်းမြောင်းခြင်း (= ဥသူယတရား)သည် မဖြစ်ပါစေသတည်းဟု အဓိဋ္ဌာန် ပြုကာ ဆုတောင်းပန်ထွာခဲ့၏။
ဤဇာတ်လမ်းကား အရှင်သာရိပုတ္တရာအလောင်းလျာဖြစ်သော ဆတ္တပါဏိလုလင်၏ သန္တာန်၌ ငြူစူစောင်းမြောင်းတတ်သည့် ဥသူယတရား ထင်ရှား မရှိခြင်း၏ အကြောင်းရင်းပင် ဖြစ်ပေသည်။ ထိုဘဝမှ စ၍ အရှင်သာရိပုတ္တရာအလောင်းလျာ၏ သန္တာန်၌ ငြူစူစောင်းမြောင်းတတ်သည့် ဥသူယတရားသည် ထင်ရှား မဖြစ်တော့ပေ။ ဤဇာတ်လမ်းကို ပြန်ပြောင်းကာ ပြောပြလျက် မိမိ (= ဆတ္တပါဏိလုလင်)၏ သန္တာန်၌ ငြူစူစောင်းမြောင်း တတ်သည့် ဥသူယတရား ထင်ရှား မရှိကြောင်းကို ယသပါဏိမင်းအား တင်ပြ လျှောက်ထားလိုက်၏။
လောက၌ သတ္တဝါတို့ကို အများဆုံး ဒုက္ခပေးနေသည့် ကိလေသာ တရားဆိုးတို့တွင် မိမိစည်းစိမ်ကို အထိမခံနိုင်ခြင်းဆိုသည့် ငြူစူစောင်းမြောင်းတတ်သည့် စိတ်ထားလည်း ပါဝင်လျက် ရှိ၏။ ထိုကဲ့သို့သော စိတ်ထားမျိုးတွေ မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ မတည်ရှိအောင် ထင်ရှား မဖြစ်ပေါ်လာအောင် ယခုကဲ့သို့ ဆုတောင်းပန်ထွာခြင်း အဓိဋ္ဌာန်ပြုခြင်းဖြင့်လည်း ထိုကိလေသာများကို ပယ်ရှားနိုင်သည်ဟု ဆိုလျှင် အဘယ်မည်သော သူတော်ကောင်းသည် ကောင်းမှုကုသိုလ်ပြုတိုင်း ထိုကဲ့သို့ ဆုတောင်းပန်ထွာမှု အဓိဋ္ဌာန်မှုကို မပြုလုပ်ဘဲ ရှိသင့်ပါအံ့နည်း? ဆုတောင်းပန်ထွာမှုဖြင့်လည်း ကိလေသာတရားဆိုး တို့ကို နှိပ်ကွပ်နိုင်သည်ဟုဆိုလျှင် ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယစသည့် ကိလေသာတရားဆိုးတို့ မိမိ၏ရုပ်နာမ်သန္တာန်အစဉ်၌ ထင်ရှား မဖြစ်ပေါ်လာအောင် ကောင်းမှုကုသိုလ်ပြုတိုင်း ဆုတောင်းပန်ထွာ သင့်လှ ပေသည်။ ဤဇာတ်လမ်းကား နောက်ဆုံးဘဝ အဝင်အပါ ဘဝ တော်တော် များများ၌ အရှင်သာရိပုတ္တရာအလောင်းလျာဖြစ်သည့် သူတော်ကောင်း၏ လူပျိုကြီး ဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ခုပင် ဖြစ်ပေသည်။ စာဖတ်သူ (စာဖတ်သူ) အသင်သူတော်ကောင်းသည်လည်း လူပျိုကြီး ဖြစ်လိုက (သို့မဟုတ်) မောင်မင်းကြီးသားတို့၏ ရက်စက်ကြမ်းကြုတ်သည့် စရိုက်ဆိုး တွေကြောင့် ယင်းတို့အပေါ်၌ စိတ်ကုန်သဖြင့် အပျိုကြီး ဖြစ်လိုပါက ထိုထုံး ကို အတုယူကာ လိုက်နာပြုကျင့်ပါလေ။
(၂) သေရည်သေရက် မသောက်တတ်ခြင်း
အရက်မသောက်တတ်ခြင်း၏ အကြောင်းရင်းကို မေးမြန်းသော အခါ၌လည်း ယသပါဏိမင်းအား ဆတ္တပါဏိလုလင်က ဤသို့ ဆက်လက်ကာ တင်ပြလျှောက်ထားပြန်၏ ---
အရှင်မင်းမြတ် ... ကျွန်တော်မျိုးသည် ရှေးယခင် တစ်ခုသောဘဝဝယ် ဗာရာဏသီမင်းပင် ဖြစ်ခဲ့၍ ယစ်ထုတ်ကြီး ဖြစ်ခဲ့ဖူးပါ၏။ အရက်နှင့် ကင်း၍ ရပ်တည်ခြင်းငှာ မစွမ်းနိုင်ခဲ့ပါ။ အသား မပါလျှင် မစားတတ်သူလည်း ဖြစ်ခဲ့ဖူးပါ၏ စသည်ဖြင့် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကို တင်ပြလျှောက်ထား၏။
ထိုအခါတွင် ဥပုသ်နေ့၌ သားမသတ်ရန် တိုင်းပြည်ကို ကြေညာထားပြီး ဖြစ်၏။ ဥပုသ်နေ့အတွက် အသားကို အဖိတ်နေ့က ကြိုတင်ကာ စီမံ ထားသော်လည်း စားဖိုသည်၏ မေ့လျော့မှုကြောင့် ကင်ထားသောအသားကို ခွေးက ဆွဲစားသွားခဲ့၏။ စားဖိုသည်က အသား မပါသည့် ပွဲတော်အုပ်ကို မဆက်သရဲသဖြင့် မိဖုရား၏ အကူအညီကို ရယူကာ ပွဲတော်အုပ်ကို ဆက်သလာ၏။ ရှင်ဘုရင်ကြီးကား သားငယ်ကို အလွန် ချစ်မြတ်နိုးသဖြင့် မိဖုရားကြီးက သားငယ်ကို တန်ဆာဆင်ကာ ရှင်ဘုရင်ကြီး၏ ရင်ခွင်တွင် တည်ထားခိုက်တွင် ပွဲတော်အုပ်ကို ဆက်သလာ၏။ အမူးကြီးမူး အရူးကြီး ရူးနေသည့် အချိန်ဖြစ်သဖြင့် ပွဲတော်၌ အသား မပါသည်ကို မြင်သောအခါ ရင်ခွင်တွင် ပွေ့တင်ထားသော သားငယ်၏ လည်ပင်းကို လိမ်ချိုးကာ စဖိုသည်အား ချက်ရန် ပစ်ပေးလိုက်၏။ စဖိုသည်ကလည်း ရှင်ဘုရင် ခိုင်းစေ သည့်အတိုင်း ချက်ပြုတ်ကာ ပွဲတော်အုပ်ကို တစ်ဖန် ဆက်သရပြန်၏။ ချစ်လှစွာသော သားငယ်အသားဖြင့် ရှင်ဘုရင်ကြီး ပွဲတော်အုပ် တည်လေ၏။ ရှင်ဘုရင်အား ကြောက်ရွံ့သဖြင့် ငိုကြွေးခြင်းငှာ တားမြစ်စကား ပြန်လည် ပြောကြားခြင်းငှာ စွမ်းနိုင်သောသူမည်သည် တစ်ဦးတစ်ယောက်သော်မျှလည်း မရှိခဲ့ပေ။
သို့သော် ရှင်ဘုရင်ကြီးကား စားပြီး အိပ်စက်လိုက်၏။ မိုးသောက်ထအခါ အိပ်ရာမှ နိုးလာသော် အမူးပြေသွားသဖြင့် သားငယ်ကို သတိရ၍ ခေါ်ဆောင်လာရန် အမိန့်ရှိပြန်၏။ ထိုအခါကျမှ မိဖုရားကြီးက - ယမန်နေ့က သားငယ်ကို သတ်ကာ အသားကို ပွဲတော်အုပ်တည်ခဲ့ကြောင်းကို တင်ပြ လျှောက်ထားလိုက်၏။ ထိုအခါတွင် ရှင်ဘုရင်ကြီးသည် သားသောကဖြင့် ငိုကြွေးမြည်တမ်းကာ ဤကဲ့သို့သော ဆင်းရဲဒုက္ခသည် သေရည်သေရက် သောက်သုံးမှုကို အမှီပြု၍ ငါရဲ့သန္တာန်၌ ဖြစ်ပေါ်ခဲ့၏ --- ဟု သုရာ သောက်ခြင်း၌ အပြစ်ဒေါသကို မြင်တွေ့သောအခါ ---
ဣတော ပဋ္ဌာယ ယာဝ အရဟတ္တံ န ပါပုဏာမိ၊ တာဝ ဧဝရူပံ ဝိနာသကာရကံ သုရံ နာမ န ပိဝိဿာမိ၊၊ (ဇာ၊ဋ္ဌ၊၂၊၁၇၈။)
= သုဂတခေါ်ဆိုသည့် ထို မြတ်စွာဘုရားကို ဤနေ့မှစ၍ အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေးသမျှ ကာလပတ်လုံး ဤကဲ့သို့ သဘောရှိသော ပျက်စီးခြင်းကို ပြုလုပ်တတ်သော သုရာမည်သည် ကို မသောက်သုံးရပါစေသား ...ဟု မြေမှုန့်ကို ဆုပ်ကိုင်ကာ မျက်နှာကို လိမ်းကျံလျက် အဓိဋ္ဌာန်ပြုခဲ့၏၊ ဆုတောင်းပန်ထွာခဲ့၏။
ထိုအချိန်အခါမှစ၍ မူးယစ်ဆေးဝါးမည်သည်ကို မသောက်သုံးစဖူးပါဟု ဆတ္တပါဏိလုလင်က ယသပါဏိမင်းအား တင်ပြ လျှောက်ထားလိုက်၏။
ဒုစရိုက်အိုး လူမိုက်မျိုးဘဝသို့ ရောက်အောင် တွန်းပို့ပေးတတ်သည့် သေရည်သောက်သုံးခြင်းစသည့် ဒုစရိုက်မှုတို့ကို စိတ်က အဓိဋ္ဌာန်ပြုကာ ဆောက်တည်သည့်အတိုင်း ဆုတောင်းပန်ထွာသည့်အတိုင်း ထိုဒုစရိုက်တွေကို ချိုးဖဲ့ ဖျက်ဆီးနိုင်သည်, မိမိရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ပေါ်မလာအောင် တားမြစ် ပိတ်ပင်နိုင်သည် ဖြစ်ပါက မိမိအကျိုးကို လိုလားတောင့်တလျက်ရှိသော အဘယ်မည်သော ပညာရှိတစ်စုံတစ်ဦးသည် ကောင်းမှုကုသိုလ်ပြုကာ (သို့မဟုတ်) ကောင်းမှုကုသိုလ်ပြုတိုင်း ထိုကဲ့သို့သော ဒုစရိုက်အိုး လူမိုက်မျိုးဘဝသို့ မရောက်အောင် ဆုတောင်းပန်ထွာမှု မပြုဘဲ နေထိုက်ပါအံ့နည်း? စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဆောက်တည်လျက် ဆုတောင်းပန်ထွာသင့်လှပေသည်။
(၃) မည်သူ့ကိုမျှ မချစ်တတ်ခြင်း
မည်သူ့ကိုမျှ မချစ်တတ်ခြင်း၏ အကြောင်းရင်းကိုလည်း ဆတ္တပါဏိ လုလင်က ယသပါဏိမင်းအား ဤသို့ တင်ပြ လျှောက်ထားပြန်၏။
အရှင်မင်းမြတ် ... ရှေးယခင် တစ်ခုသော ဘဝဝယ် ကျွန်တော်မျိုးသည် ဗာရာဏသီပြည်၌ပင်လျှင် ကိတဝါသ အမည်ရှိသော ရှင်ဘုရင် ဖြစ်ခဲ့ဖူးပါသည်။ သားတစ်ယောက် မွေးဖွားခဲ့ပါ၏။ လက္ခဏာဖတ်တတ်သည့် ပုဏ္ဏားပညာရှိတို့က ထိုသားကိုကြည့်၍ အရှင်မင်းမြတ် ... ဤသူငယ်သည် ရေငတ်၍ သေလိမ့်မည် ဟု နိမိတ် ဖတ်ကြပါ၏။ ဒုဋ္ဌကုမာရဟု နာမည် ပေးထားပါ၏။ ထိုမင်းသား အရွယ်သို့ ရောက်သည့်အခါ အိမ်ရှေ့မင်း ပြုလုပ်ထားပါ၏။ ထိုအိမ်ရှေ့စံမင်းသားကို မိမိသွားလေရာတွင် ရှေ့မှလည်းကောင်း နောက်မှလည်းကောင်း လိုက်ပါစေခဲ့ပါ၏။ ထိုမင်းသား ရေငတ် မသေရန် မြို့တွင်း ထိုထိုအရပ်တို့၌ ရေတွင်းရေကန်တို့ကို တူးဖော်ထားခဲ့ပါ၏။ လမ်းဆုံတို့၌ မဏ္ဍပ်တို့ကို ထိုးကာ အိုးစရည်းကြီးတို့ဖြင့် ရေတို့ကို အသင့်တည်ထားပါကုန်၏။ --- ဤသို့စသည်ဖြင့် ဖြစ်ရပ်အစုံအလင်ကို ကုန်စင်အောင် တင်ပြ လျှောက်ထားလေသည်။ ဆက်လက်ဖြစ်ပေါ်လာသည့် ဇာတ်လမ်းမှာ ဤသို့ ဖြစ်၏။ ---
ကံဆိုးမိုးမှောင်ကျမည့် တစ်နေ့သို့ကား ဆိုက်ရောက်လာ၏။ ထိုမင်းသားငယ်သည် တစ်နေ့တွင် ဥယျာဉ်ကစားရန်အသွား လမ်းခုလတ် တစ်နေရာတွင် ပစ္စေကဗုဒ္ဓါဘုရားရှင်နှင့် ရင်ဆိုင်တိုးမိနေ၏။ လူများအပေါင်းက ပစ္စေကဗုဒ္ဓါ ဘုရားရှင်အား ရိုသေကြ၏၊ မြတ်နိုးကြ၏၊ ရှိခိုးဝတ်ပြုကြ၏၊ ချီးမွမ်းကြ၏၊ လက်အုပ်ချီမိုးကာ ရှိခိုးဝတ်ပြုလျက် ရပ်တည်နေကြ၏။
အိမ်ရှေ့မင်းသားက ငါကဲ့သို့သောသူနှင့် အတူလိုက်ပါလာကြတဲ့သူတွေဟာလည်း ဒီခေါင်းတုံးဦးပြည်းကို ရှိခိုးကြတယ်၊ ချီးမွမ်းကြတယ်၊ လက်အုပ်ချီမိုးကာ အရိုအသေပြုကြတယ်၊ ငါ့ကိုတော့ ထိုကဲ့သို့ မပြုကြဘူးဟု စဉ်းစားကာ အမျက်ဒေါသထွက်လျက် ဆင်ပေါ်မှ ဆင်းကာ ပစ္စေကဗုဒ္ဓါဘုရားရှင်ထံသို့ ချဉ်းကပ်လိုက်၏။
ရဟန်း ... သင့်မှာ ဆွမ်းကော ရပါရဲ့လား ဟု မထီလေးစား ရွံရှာသော စိတ်ထားဖြင့် မေးမြန်းလိုက်၏။ ရရှိပါကြောင်းကို ပစ္စေကဗုဒ္ဓါဘုရားရှင်က မိန့်ကြားတော် မူလိုက်သောအခါ ဘုရားရှင့်လက်တော်မှ သပိတ်တော်ကို ယူကာ မြေပြင်ပေါ်သို့ လွှင့်ပစ်ကာ ခြေထောက်ဖြင့် မုန့်မုန့် ညက်ညက် ကြေအောင် နင်းခြေပစ်လိုက်၏။
ပစ္စေကဗုဒ္ဓါဘုရားရှင်ကလည်း ဤသတ္တဝါတော့ ပျက်စီးပါပေါ့ဟု ပြောဆိုကာ ထိုမင်းသား၏မျက်နှာကို ကြည့်ရှုတော်မူ၏။ ထိုအခါ မင်းသားက အိုရဟန်း ... ငါဟာ ကိတဝါသဘုရင်ရဲ့သားဖြစ်တယ်။ ဒုဋ္ဌကုမာရအမည် ရှိတယ်၊ သင်က ငါ့ကို အမျက်ထွက်ကာ မျက်လုံးဖွင့်ကြည့်ပြီးတော့ ဘာ လုပ်ချင်သလဲ?ဟု ပြောဆိုလိုက်၏။
ပစ္စေကဗုဒ္ဓဘုရားရှင်သည် ထိုနေ့၌ ဆွမ်းပြတ်တော် မူသည်ဖြစ်၍ ကောင်းကင်သို့ စျာန်အဘိညာဏ်ဖြင့် ပြန်ကြွတော်မူကာ ဟိမဝန္တာမြောက်ပိုင်း နန္ဒမူလိုဏ်ဂူသို့သာလျှင် ကြွတော်မူလေသည်။
မင်းသား၏သန္တာန်၌ ထိုခဏမှာပင် မကောင်းမှုအကုသိုလ်ကံသည် အကျိုးပေးဖို့ရန် ရင့်ကျက်လာ၏။ ထို မင်းသားသည် ပူလှချည်ရဲ့ ပူလှချည်ရဲ့ဟု အော်မြည်ကာ အလွန် ပူလောင်လာသဖြင့် ထိုနေရာ၌ပင် လဲကျ သွားလေသည်။ ထိုထိုအရပ်၌ ရှိသမျှ ရေအားလုံးတို့သည် အပူရှိန်ကြောင့် ခန်းခြောက်သွားကြကုန်၏။ ထိုအရပ်မှာပင် အသက် ကုန်ဆုံးသွားလေသည်။ သေသည်၏ အခြားမဲ့၌ အဝီစိငရဲသို့ ဆိုက်ရောက်သွားပေသည်။
ခမည်းတော် ကိတဝါသဘုရင်ကြီးက ထိုသတင်းကို ကြားသိသောအခါ သားသောကဖြင့် အလွန်ပြင်းထန်စွာ အနှိပ်စက်ခံရသဖြင့် ဤသို့ စဉ်းစားခဲ့၏။
အယံ မေ သောကော ပိယဝတ္ထုတော ဥပ္ပဇ္ဇိ၊ သစေ မေ သ္နေဟော နာဘဝိဿ၊ သောကော န ဥပ္ပဇ္ဇိဿ၊ ဣတော ဒါနိ မေ ပဋ္ဌာယ သဝိညာဏကေ ဝါ အဝိညာဏကေ ဝါ ကိသ္မိဉ္စိ ဝတ္ထုသ္မိံ သ္နေဟော နာမ မာ ဥပ္ပဇ္ဇတု၊၊ (ဇာ၊ဋ္ဌ၊၂၊၁၇၉။)
ငါရဲ့ ဤသောကသည် ချစ်ခင်မြတ်နိုးအပ်သော ဝတ္ထုကြောင့် ဖြစ်ပေါ် ခဲ့၏။ ငါ၏သန္တာန်၌ ဤချစ်ခင်မြတ်နိုးမှုတရားသည် ထင်ရှား မဖြစ်ငြားအံ့၊ သောကဟူသည် မဖြစ်လေရာ၊ ဤယခုအခါမှ စ၍ ငါ၏သန္တာန်၌ သက်ရှိ အရာဝတ္ထုအပေါ်၌သော်လည်းကောင်း, သက်မဲ့အရာဝတ္ထုအပေါ်၌သော် လည်းကောင်း မည်သည့်တစ်စုံတစ်ခုသော အရာဝတ္ထုအပေါ်၌မဆို ချစ်ခင် မြတ်နိုးခြင်းမည်သည် မဖြစ်ရပါစေသားဟု စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဆောက်တည်ကာ ဆုတောင်းပန်ထွာမှု ပြုလေသည်။
ဤသည်ကား မည်သူ့ကိုမျှ မချစ်တတ်ခြင်း၏ အကြောင်းရင်းဝတ္ထု ဖြစ်ပေသည်။ ဤကဲ့သို့ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဆောက်တည်ကာ ဆုတောင်းပန်ထွာမှုကို ပြုကျင့်ခြင်းကြောင့် ထိုကံက အကျိုးပေးသည့်ဘဝဝယ် မည်သူ့ကိုမျှ မချစ်တတ်ဟုဆိုလျှင် ဤစာကို ဖတ်ရှု၍နေသော ခါးတောင်းကျိုက် ဖြုတ်လိုသော စိတ်ထားရှိသော အသင်သူတော်ကောင်းသည်လည်း အဘယ့်ကြောင့် ကောင်းမှုကုသိုလ်ပြုပြီးတိုင်း ဤကဲ့သို့သော ဆုတောင်း ပန်ထွာမှု, စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဆောက်တည်မှုကို မပြုထိုက်ဘဲ ရှိသင့်ပါအံ့နည်း? သတ္တဝါတွေကို အများဆုံး ဒုက္ခပေးနေသော သဘာဝတရား တစ်ခုမှာ ဤချစ်ခြင်းတရားပင် မဟုတ်ပါလော?
(၄) မည်သူ့ကိုမျှ မမုန်းတတ်ခြင်း
မည်သူ့ကိုမျှ မမုန်းတတ်ခြင်း၏ အကြောင်းကိုလည်း ဆတ္တပါဏိ လုလင်က ယသပါဏိမင်းအား ဤသို့ ဆက်လက်ကာ တင်ပြ လျှောက်ထားလေသည်။
အရှင်မင်းမြတ် ... ကျွန်တော်မျိုးသည် ရှေးယခင် တစ်ခုသော ဘဝဝယ် အရက အမည်ရသော ရသေ့ဖြစ်စဉ်.. (၇)နှစ်တို့ကာလပတ်လုံး မေတ္တာစျာန်စိတ်ကို ပွားများခဲ့ဖူးပါ၏။ ထိုမေတ္တာစျာန်ကြောင့် (၇)ခုသော သံဝဋ္ဋကပ် ဝိဝဋ္ဋကပ်တို့ပတ်လုံး ဗြဟ္မာပြည်၌ ဖြစ်ခဲ့ရ၍ မေတ္တာစျာန်ကို ပွားများကာ နေထိုင်ခဲ့ဖူးပါ၏။ ထိုကြောင့် ကျွန်တော်မျိုးသည် မေတ္တာဘာဝနာဖြင့် လေ့ကျက်အပ် အမြဲမပြတ် ထုံမွမ်းထားအပ်သော စိတ်ဓာတ် ရှိသည့်အဖြစ်ကြောင့် မည်သူ့ကိုမျှလည်း မမုန်းတတ်ခြင်း အမျက်မထွက် တတ်ခြင်း ဖြစ်ပါသည်ဟု တင်ပြလျှောက်ထားလိုက်၏။
မေတ္တာဘာဝနာဖြင့် ထုံမွမ်းထားအပ်သော စိတ်ဓာတ်ကား ဒေါသကို တိုက်ဖျက်နိုင်သော စွမ်းအား ရှိခဲ့၏။ မည်သူ့ကိုမျှ မမုန်းတီးလိုသော အသင် သူတော်ကောင်းသည်လည်း မေတ္တာစျာန်ဘာဝနာကို အကြိမ်များစွာ ပွားများလေ့လာပါ။ ဤကား - --- ဆတ္တပါဏိလုလင် သန္တာန်၌ တည်ရှိသော အင်္ဂါ လေးပါးတို့ပင်တည်း။
အမ္ဗဇာတ်၌ လာရှိသော အနာထမရဏ
ဤအမ္ဗဇာတ်၌လာရှိသော အနာထမရဏကား --- မှီခိုအားထားရာ နာထတရား မရှိဘဲ သေကျေပျက်စီးရခြင်းကို ရည်ညွှန်းထားပေသည်။
အရှင်ဒေဝဒတ်ကား ငါသည် ဘုရားဖြစ်ပေတော့အံ့၊ ရဟန်းဂေါတမသည်ကား ငါ၏ ဆရာသမားလည်း မဟုတ်၊ ဥပဇ္ဈာယ်ဆရာလည်း မဟုတ် ဟု ဆရာအဖြစ်ကို စွန့်ပယ်လိုက်ခြင်းကြောင့် စျာန်လျှောကျ ပျက်စီးသွားခဲ့၏။ သံဃာကို သင်းခွဲပြီးနောက် အစဉ်သဖြင့် သာဝတ္တိပြည်သို့ ဆိုက်ရောက်လာသောအခါ ဇေတဝန်ကျောင်းတိုက်နှင့် မလှမ်းမကမ်း တစ်နေရာတွင် မြေမျို ခံရ၏။ သေသည်၏အခြားမဲ့၌ အဝီစိသို့ ရောက်ရှိသွားခဲ့၏။ ဤဝတ္ထုကို အကြောင်းပြု၍ အမ္ဗဇာတ်တော်ကို ဟောကြားတော်မူခြင်း ဖြစ်၏။
လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဘုရင်မင်းမြတ်၏ ပုရောဟိတ်ပုဏ္ဏားကြီး၏ တစ်ဦးတည်းသော သားသည် တက္ကသိုလ်၌ ပညာသင်ကြားပြီးနောက် ထွက်ခွာလာခဲ့သော် အရပ်ဒေသ အကျင့်စာရိတ္တ ယဉ်ကျေးမှု အမျိုးမျိုးတို့ကို သိရှိရန် ခရီးဒေသစာရီလှည့်လည်စဉ် တိုင်းစွန်ပြည်နား မြို့ တစ်မြို့သို့ ဆိုက်ရောက်ခဲ့၏။ ထိုအခါ ဘုရားအလောင်းတော်ကား ထိုမြို့အနီး စဏ္ဍာလရွာကြီး၌ နေထိုင်လျက်ရှိ၏၊ ပညာရှိ၏၊ လိမ္မာကျွမ်းကျင်၏၊ အခါ မဟုတ်သည်၌ အသီးကို သီးစေတတ်သော မန္တာန်ကို တတ်သိနားလည်၏။
ထိုဘုရားအလောင်းတော်သည် နံနက်စောစော အိပ်ရာမှထကာ ဆိုင်းထမ်းပိုးကို ယူဆောင်လျက် ထိုရွာမှ ထွက်ကာ တောသို့ ဝင်ရောက်ပြီးလျှင် သရက်ပင်တစ်ပင်သို့ ချဉ်းကပ်ကာ သရက်ပင်မှ ခြေ (၇)လှမ်းခန့် အရပ်၌ ရပ်တည်လျက် ထိုမန္တာန်ကို မန်းမှုတ်သည်ရှိသော် သရက်ပင်ကို ကောင်းကင်မှ ကျဆင်းလာသော ရေအိုးအလုံးတစ်ရာမျှမကသော တစ်ခဲနက် ရေအယဉ်က တိုက်ခတ်မိ၏။ တစ်ခဏအတွင်း သရက်ပင်မှ သစ်ရွက်ဟောင်းတို့သည် ကြွေကျကြကုန်၏။ ရွက်နုတို့သည် ထမြောက်လာကြကုန်၏။ သရက်ပန်း အပွင့်တို့သည် ပွင့်ကာ ကြွေကျကြကုန်၏၊ သရက်သီးတို့ ဖြစ်ပေါ်လာကာ တစ်ခဏအတွင်းမှာပင် မှည့်ကာ ချိုမြိန်ကောင်းမြတ်သော အရသာရှိသော ဩဇာရှိသော နတ်ဩဇာနှင့် တူကုန်သော သရက်သီးတို့ ဖြစ်ကာ အပင်မှ ကြွေကြကုန်၏။ ဘုရားအလောင်းသည် ထိုသရက်သီးတို့ကို ရွေးချယ်ကာ အလိုရှိတိုင်း ခဲစားပြီးလျှင် ဆိုင်းထမ်းပိုးကို ပြည့်စေလျက် အိမ်သို့ပြန်ကာ ထိုသရက်သီးတို့ကို ရောင်းချလျက် သားမယားကို မွေးမြူလေသည်။
တက္ကသိုလ်ပြည်မှ ပြန်လာသော ထိုပုဏ္ဏားလုလင်သည် ဘုရားအလောင်းတော်ကို အချိန်အခါ မဟုတ်ဘဲ သရက်သီးမှည့်တို့ကို ဆောင်ယူကာ ရောင်းချနေသည်ကို မြင်လတ်သော် ဧကန္တ .. မန္တာန်၏ စွမ်းအားပင် ဖြစ်တန်ရာသည်ဟု သဘောပေါက်ကာ မန္တာန်သင်ယူရန် ဘုရားအလောင်းတော် ထံသို့ ရိုသေကျိုးနွံစွာ ချဉ်းကပ်လေ၏။ ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ရိုသေစွာ ပြုစုကာ မန္တာန်ကို သင်ယူရန် အချိန်ကြာကြာ ကြိုးစားခဲ့ရ၏။ အမျိုးဇာတ်နှင့် ပြည့်စုံခြင်း, ဆရာအပေါ် ဆရာ့ကတော်အပေါ်တို့၌ ပြုစုထိုက်သည့် ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်နှင့် ပြည့်စုံခြင်းကြောင့် ဘုရားအလောင်းတော်က မန္တာန်ကို သင်ပေးလိုက်၏။
သို့သော် ဘုရားအလောင်းတော်က အမှာစကားတစ်ခု ပြောကြားလိုက်၏။ သင့်ဆရာ ဘယ်သူပါလဲဟု အများက မေးခဲ့သော် ငါ့ကို လျှို့ဝှက် မထားပါနှင့်။ အကယ်၍ ငါသည် စဏ္ဍာလ၏ အထံမှ မန္တာန်ကို သင်ယူခဲ့ပါသည်ဟု ပြောရမှာ ရှက်သဖြင့် ငါ၏ဆရာသည် ဗြာဟ္မဏမဟာသာလ ဖြစ်ပါသည်ဟု ပြောဆိုငြားအံ့၊ ဤမန္တာန်၏ အကျိုးတရားကို သင်ရရှိလိမ့်မည်မဟုတ်ဟု မှာကြားလိုက်၏။ အမှန်အတိုင်း ပြောဆိုပါမည်ဟု ဝန်ခံကာ ဘုရားအလောင်းတော်ထံမှ ထွက်ခွာခဲ့၏။
သို့သော် တကယ် အရေးကြုံလာသည့်အခါ စဏ္ဍာလထံမှ သင်ယူ ခဲ့သည်ကို ပြောပြရန် ရှက်နေပြန်၏။ တစ်နေ့တွင် ရှင်ဘုရင်ကြီးက ထို သရက်သီးကို စားရသဖြင့် အလွန် သဘောကျသွား၏။ ဆုလာဘ်များစွာ ချီးမြှင့်လိုက်၏။ အတတ်ပညာကိုလည်း ဥယျာဉ်တော်တွင်းသို့ သွားကာ လက်တွေ့ ပြသလိုက်၏။ ရှင်ဘုရင်ကြီးကလည်း သဘောကျလွန်းသဖြင့် ဤမန္တာန်ကို မည်သူ့ထံမှ သင်ယူခဲ့ပါသနည်းဟု မေးမြန်းသောအခါ ငါ အဝါးဝစွာ လေ့ကျက်ထားပြီးဖြစ်တဲ့ ဒီမန္တာန်ဟာ မပျောက်ပျက်နိုင်တော့ပါဟု သဘောပိုက်ကာ စဏ္ဍာလထံမှ သင်ယူခဲ့ပါသည်ဟု ပြောရန် ရှက်နိုးသဖြင့် တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံမှ သင်ယူခဲ့ပါသည်ဟု မုသားစကား ပြောကြားလိုက်၏။ ထိုခဏမှာပင် မန္တာန်လည်း ပျောက်ကွယ်သွားလေ သည်။ နောက်ထပ် မန္တာန်ကို မရွတ်ဖတ်နိုင်သဖြင့် မန္တာန်စွမ်းအားလည်း ကုန်ခန်းပျက်စီးသွားလေသည်။
ဆရာထံသို့ တစ်ဖန် ပြန်သွားသော်လည်း ဆရာက ထိုမန္တာန်ကို မုသားစကား ခပ်များများ ပြောကြားတတ်သူ ထိုပုဏ္ဏားလုလင်အား သင်မပေးတော့ဘဲ နှင်ထုတ်ပစ်လိုက်၏။
သော ဧဝံ အာစရိယေန ဥယျောဇိတော ကိံ မယှံ ဇီဝိတေနာတိ အရညံ ပဝိသိတွာ အနာထမရဏံ မရိ။ (ဇာ၊ဋ္ဌ၊၄၊၂၀၇။)
ထိုပုဏ္ဏားလုလင်သည် ဤသို့ ဆရာဖြစ်သူက နှင်ထုတ်လိုက်သည်ရှိသော် ငါ့အား အသက်ရှင်နေရခြင်းဖြင့် အဘယ်အကျိုးရှိနိုင်ပါအံ့နည်း ဟု နှလုံးပိုက်ကာ တောသို့ဝင်၍ မှီခိုအားထားရာမဲ့ သေကျေပျက်စီးရခြင်း အနာထမရဏဖြင့် သေကျေပျက်စီးရလေသည်။ ဆရာကို ဆရာဟု ပြောဆို ဝန်ခံရမည်ကို ရှက်နိုးသူ ဝန်လေးသူတို့ သတိပြုဖွယ်ရာ ဇာတ်လမ်းတစ်ခု ဖြစ်ပေသည်။
ကျေးဇူးမသိတတ်သူ ဤပုဏ္ဏားလုလင်ကား အခြားသူမဟုတ် အရှင်ဒေဝဒတ်အလောင်းပင် ဖြစ်ခဲ့၏။ ထိုဘဝတုန်းကလည်း ဆရာကို ဆရာဟု ပြောဆိုရန် ဝန်လေးခဲ့သဖြင့် အနာထမရဏဖြင့် သေကျေပျက်စီးခဲ့ရ၏။ ဂေါတမဘုရားရှင်၏ သာသနာတော်၌လည်း ဆရာဖြစ်တော်မူသော ဘုရားရှင် ကို ဆရာမဟုတ်ဟု ကျေးဇူးမဲ့စကား ပြောကြားကာ ဘုရားရှင်အား သွေးစိမ်း တည်စေခြင်း သံဃာသင်းခွဲခြင်းစသည့် မကောင်းမှုအကုသိုလ်တို့ကို လွန်ကျူးခဲ့၏။ မိမိ မကောင်းမှုကြောင့်ပင် မှီခိုအားထားရာ နာထတရား မရှိဘဲ အနာထမရဏဖြင့်ပင် သေကျေပျက်စီးခဲ့ရ၏။ သေသည်၏ အခြားမဲ့၌လည်း အဝီစိငရဲ၌ ကျက်ရပြန်၏။ တစ်လုတ်စားဖူး သူ့ကျေးဇူးကိုမျှ မသိတတ်သူတို့ သွားရာလမ်းတည်း။
မှီခိုအားထားရမည့် ကလျာဏမိတ္တအမည်ရသည့် ပုဂ္ဂိုလ် တစ်စုံတစ်ရာ မရှိဘဲ သေကျေပျက်စီးရခြင်း, မှီခိုအားထားရမည့် အခြားအခြားသော နာထတရား ထင်ရှား မရှိဘဲ သေကျေပျက်စီးရခြင်းမျိုးကို ရည်ညွှန်းထားပေသည်။
လက္ခဏသံယုတ် (သံ၊၂၊၄၄၆-၄၄၉။)
ပိဋကစာပေတွင် ကိုးကွယ်အားထားရမည့် နာထတရား ထင်ရှား မရှိဘဲ သေကျေပျက်စီးသွားရပုံနှင့် ဆက်စပ်သည့် ဝတ္တုဇာတ်လမ်းများ များစွာလာရှိပေသည်။ ယင်းဝတ္ထုဇာတ်လမ်းတို့ထဲမှ လက္ခဏသံယုတ်တွင်လာရှိသော ဝတ္ထုဇာတ်လမ်းအချို့ကို ဆက်လက် တင်ပြအပ်ပါသည်။
တစ်ချိန်တွင် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာဖြစ်သော ဝါးတောပတ်ရံသည့် ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်၏။ ထိုအချိန်အခါ၌ အရှင်လက္ခဏမထေရ်မြတ်ကြီးနှင့် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီးတို့သည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံး စံနေတော်မူကြ၏။
အရှင်လက္ခဏမထေရ်မြတ် --- အရှင်လက္ခဏမထေရ်မြတ်ကား ဥရုဝေလကဿပ, ဂယာကဿပ, နဒီကဿပ ဟူသော ကဿပညီနောင်တို့ ဦးဆောင်သည့် ရသေ့ညီနောင် ရှင်တစ်ထောင်တို့တွင် တစ်ပါးအပါအဝင် ဖြစ်တော်မူ၏။ ဘုရားရှင် ထံတော်မှောက်၌ - ဧဟိ ဘိက္ခု ရဟန်းအဖြစ်ကို ခံယူရရှိတော်မူသော သူတော်ကောင်းတစ်ဦး ဖြစ်တော်မူ၏။ ယင်း ဧဟိ ဘိက္ခု ရဟန်းတော် တစ်ထောင်တို့အား ဘုရားရှင်သည် ဂယာသီသအရပ်၌ အာဒိတ္တသုတ္တန် (သံ၊၂၊၂၅၁-၂၅၂၊)ကို ဟောကြား ပြသတော်မူ၏။ ထိုသုတ္တန်၏ အဆုံးတွင် ယင်း အားလုံးသော ရှင်တစ်ထောင်တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြ၏။ ယင်း ဧဟိ ဘိက္ခု ရဟန္တာမထေရ်မြတ် တစ်ထောင်တို့တွင် အရှင်လက္ခဏမထေရ်မြတ်လည်း တစ်ပါးအပါအဝင် ဖြစ်တော်မူ၏၊ မဟာသာဝကတစ်ပါးလည်း ဖြစ်တော်မူ၏။ ယောက်ျားမြတ် တို့၏ အသွင်အပြင်လက္ခဏာနှင့် ပြည့်စုံရကား ခပ်သိမ်းသော အခြင်းအရာ အားဖြင့် ပြည့်စုံသော ဗြဟ္မာနှင့်တူသော ခန္ဓာကိုယ်အတ္တဘောနှင့် ပြည့်ဝ စုံလင်နေသည့်အတွက် လက္ခဏဟူသော အမည်ဖြင့် ခေါ်ဝေါ်ခြင်း ဖြစ်၏။ (သံ၊ဋ္ဌ၊၂၊၁၉၉။)
အရိုးစုပြိတ္တာ ---- တစ်နေ့တွင် ဒုတိယအဂ္ဂသာဝက ဖြစ်တော်မူသော အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည် အရှင်လက္ခဏနှင့်အတူ ရာဇဂြိုဟ်မြို့တွင်း၌ ဆွမ်းခံရန်အတွက် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်တော် မူလာ၏။
ထိုသို့ ဆင်းသက်တော်မူလာစဉ် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည် ဒိဗ္ဗစက္ခုအဘိညာဏ်ကို ဝင်စားတော်မူလျက် ကောင်းကင်သို့ အဘိညာဏ်ဉာဏ်ဖြင့် အာရုံယူကာ လှမ်းမြော်ကြည့်ရှုတော်မူလတ်သော် ကောင်းကင်ယံတွင် အရိုးစုပြိတ္တာစသည့် ပြိတ္တာတို့ကို မြင်တော်မူလေသော် ဖြည်းညင်းစွာ ပြုံးရယ်တော်မူလေသည်။
ဤကဲ့သို့ သဘောရှိသော ခန္ဓာကိုယ်အတ္တဘောကို တွေ့မြင်ရသည့်အခါ သနားကရုဏာ ဖြစ်သင့်ပြုသင့်ပါလျက် အဘယ်ကြောင့် ပြုံးရယ်တော် မူရပါသနည်းဟု မေးရန်ရှိ၏။ မိမိ၏ ပြည့်စုံမှု သမ္ပတ္တိကိုလည်းကောင်း, ဘုရားရှင်၏ ဉာဏ်တော်မြတ်၏ ပြည့်စုံမှု သမ္ပတ္တိကိုလည်းကောင်း အဖန်ဖန် အောက်မေ့ အမှတ်ရသောကြောင့် ပြုံးရယ်တော်မူခြင်း ဖြစ်၏။ ထိုပြိတ္တာကို မြင်တော်မူသောအခါ အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်က ဤသို့ စဉ်းစားတော်မူ၏။ ---
သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက် မသိမြင်သေးသော ပုဂ္ဂိုလ် တစ်ဦးအနေဖြင့် ရသင့်ရထိုက်သော ဤကဲ့သို့သော ခန္ဓာကိုယ် အတ္တဘောမျိုးမှ ငါသည် လွတ်မြောက်ရပေပေါ့၊ ငါသည် အရတော်လေစွ၊ ငါသည် ဘဝကို ကောင်းစွာ ရအပ်ပါပေစွဟု မိမိ၏ ပြည့်စုံခြင်း သမ္ပတ္တိဂုဏ်ကို အောက်မေ့မိသောကြောင့်လည်းကောင်း, ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်၏ ဉာဏ်တော်မြတ်၏ ပြည့်စုံခြင်းသည်ကား ဩော် ... အံဩဖွယ် ကောင်းပေစွ၊ ရဟန်းတို့ ... ကံ၏အကျိုးတရားကို မကြံစည်အပ် မကြ့စည်ထိုက်ဟူသော အကြင်တရားစကားတော်ကို ဟောကြားထားတော် မူ၏။ ထိုတရားစကားတော်ကို စင်စစ် ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးရာအခါ၌သာ ဘုရားရှင်တို့သည် ဟောကြားတော် မူကုန်၏။ ဘုရားရှင်တို့သည် ဓမ္မဓာတ်ကို ထွင်းဖောက် သိမြင်တော်မူကြကုန်၏ဟု ဤသို့လျှင် ဘုရားရှင်၏ ဉာဏ်တော်မြတ်၏ ပြည့်စုံခြင်းကိုလည်း အောက်မေ့ အမှတ်ရသောကြောင့်လည်းကောင်း ဖြည်းညင်းစွာ ပြုံးရယ်တော် မူခြင်းကို ထင်ရှား ပြုတော်မူလေသည်။ (သံ၊ဋ္ဌ၊၂၊၁၉၉။)
ရဟန္တာအရှင်မြတ်တို့သည် အကြောင်းထူး တစ်ခုခု မရှိဘဲ ပြုံးရယ်မှုကို ပြုတော်မူကြရိုး ဓမ္မတာကား မရှိ ဖြစ်ခဲ့၏။ သို့အတွက် အရှင်လက္ခဏမထေရ်မြတ်က ပြုံးရယ်တော်မူရခြင်း၏ အကြောင်းရင်းကို သိတော်မူလိုသည့်အတွက် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်အား ပြုံးရယ်တော်မူရခြင်း၏ အကြောင်းရင်းကို မေးမြန်း လျှောက်ထားတော်မူလိုက်၏။
ဤအရာတွင် မေးစရာတစ်ခု ရှိလာပြန်၏၊ အရှင်လက္ခဏမထေရ်မြတ်က ထိုအရိုးစုပြိတ္တာ စသည်တို့ကို မမြင်သလော? ထိုအရှင်လက္ခဏအား ဒိဗ္ဗစက္ခု အဘိညာဏ်သည် မရှိသလောဟု မေးရန် ရှိ၏။ အဖြေကား --- မရှိသည် မဟုတ်၊ ရှိပါ၏။ အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်က ဒိဗ္ဗစက္ခုအဘိညာဏ်ကို ဝင်စားလျက် ဆင်ခြင်တော်မူသောကြောင့် ယင်း အရိုးစုပြိတ္တာ စသည်တို့ကို မြင်တော်မူခြင်း ဖြစ်၏။ အရှင်လက္ခဏမထေရ်မြတ်ကား ထိုသို့ ဆင်ခြင်တော် မမူသောကြောင့် မမြင်ခြင်း ဖြစ်ပေသည်။ (သံ၊ဋ္ဌ၊၂၊၁၉၉။)
ထိုသို့ မေးမြန်း လျှောက်ထားတော်မူသောအခါ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်က --- အရှင်ဘုရား လက္ခဏ ...ဤပြဿနာကို ဖြေဆိုခြင်းငှာ အခါ မဟုတ်သေး၊ မြတ်စွာဘုရား၏ ထံတော်မှောက်သို့ ရောက်ရှိသောအခါမှ တပည့်တော်အား ဤပြဿနာကို ထပ်မံ မေးတော်မူပါ --- ဟု လျှောက်ထား ပြောဆိုလိုက်၏။
အကြောင်းကား ---- ဤသို့ အရိုးစုပြိတ္တာစသည့် ဖြစ်ရပ်ကား ကိုယ်တိုင် မမြင်သူတို့အဖို့ ယုံကြည်ဖို့ရန် အလွန်ခက်ခဲလှ၏၊ ထိုကြောင့် မြတ်စွာဘုရားကို သက်သေပြုကာ ဖြေကြားတော်မူလိုသည့်အတွက် ထိုကဲ့သို့ လျှောက်ထားတော်မူခြင်း ဖြစ်၏။ (သံ၊ဋ္ဌ၊၂၊၂၀၀။)
ထိုနောက် အရှင်လက္ခဏမထေရ်မြတ်နှင့် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်တို့သည် ရာဇဂြိုဟ်မြို့တွင်း၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားခြင်းကိစ္စ ပြုလုပ်ပြီးနောက် ဆွမ်းစားဇရပ်မှ ဖဲခွာလာကြပြီးလျှင် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ကြ၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် အရှင်လက္ခဏမထေရ်မြတ်က အရှင် မဟာမောဂ္ဂလ္လာန်မထေရ်မြတ်အား အရှင်မဟာမောဂ္ဂလ္လာန်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက် လတ်သော် နေရာတစ်ခု၌ ပြုံးတော်မူ၏။ အရှင်ဘုရားမောဂ္ဂလ္လာန် ... ပြုံးရယ်တော်မူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု မေးမြန်း လျှောက်ထားတော်မူလိုက်၏။
အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အရိုးစုပြိတ္တာကို မြင်ရ၏၊ ထိုအရိုးစုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ နံရိုးကြားတို့၌ ထိုးဆိတ်ကြကုန်၏။ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ အရှင်ဘုရား ... ထိုတပည့်တော်အား အချင်းတို့ ..အံ့ဖွယ် ရှိစွတကား၊ အချင်းတို့ ..မဖြစ်ဘူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော သတ္တဝါဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော ပြိတ္တာဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော အတ္တဘောကို ရသူဟု ရှိတုံဘိ၏ဟု စိတ်အကြံ ဖြစ်ခဲ့ပါသည်ဟု ပြောဆို လျှောက်ထား၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏။ --- ရဟန်းတို့ ... တပည့်သာဝကတို့သည် စင်စစ် မျက်စိအမြင် ရှိကုန်သည်ဖြစ်၍ နေကြပေသည်တကား၊ ရဟန်းတို့ ... တပည့်သာဝကတို့သည် ဉာဏ်အမြင် ရှိကုန်သည်ဖြစ်၍ နေကြပေသည်တကား၊ အကြင်သို့သော တပည့်သာဝက စင်လျက် ဤသို့သော သတ္တဝါကို သိလည်း သိနိုင်တုံဘိ၏။ မြင်လည်း မြင်နိုင်တုံဘိ၏။ သက်သေကိုသော်လည်း ပြုနိုင်တုံဘိ၏။
ရဟန်းတို့ ... ရှေးကပင် (= ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတဉာဏ်တော်မြတ်ကို ထိုးထွင်း သိမြင်တော်မူခဲ့စဉ်ကပင် အတိုင်းအတာပမာဏ မရှိသော စကြဝဠာတို့၌ အတိုင်းအတာပမာဏ မရှိသော သတ္တဝါတို့ကို ဒိဗ္ဗစက္ခုဉာဏ်တော်မြတ်ဖြင့် မျက်မှောက်ပြုတော်မူစဉ်) ထိုသတ္တဝါကို ငါဘုရား ရှင်သည် မြင်တော်မူခဲ့၏။ သို့သော်လည်း ငါဘုရားရှင်သည် မပြောဆိုခဲ့ပေ။ ငါဘုရားရှင်သည် ထိုအကြောင်းအရာကို ပြောဆိုခဲ့ပါမူ သူတစ်ပါးတို့သည် ငါဘုရားရှင်အား မယုံကြည်နိုင်ကြပေရာ၊၊ ငါဘုရားရှင်ကို မယုံကြည် ကြသူအား ထိုမယုံကြည်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး အကျိုးစီးပွား မဲ့ခြင်းငှာ, ဆင်းရဲခြင်းငှာ ဖြစ်လေရာ၏။ ရဟန်းတို့ ... ထိုအရိုးစုပြိတ္တာ သတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် နွားသတ်သမား ဖြစ်ခဲ့ဖူးလေပြီ၊ ထိုသတ္တဝါသည် ထိုကံ၏ အကျိုးအဖြစ်ဖြင့် များစွာသော နှစ်တို့ပတ်လုံး, များစွာသော နှစ်အရာတို့ပတ်လုံး, များစွာသော နှစ်အထောင်တို့ပတ်လုံး, များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ခဲ့၍ ထိုကံ၏ အကျိုးကြွင်း အဖြစ်ဖြင့်လျှင် ဤသို့သော အတ္တဘောကို ရရှိခံစားနေရ၏ဟု မိန့်ကြားတော် မူ၏။ (သံ၊၁၊၄၄၆-၄၄၇။)
[အလုံးစုံသော အောက်ပါ အကြောင်းအရာတို့၌ ။ပ။ (= ပေယျာလ) ဟူမျှကို ဤနည်းအတိုင်း ချဲ့လေ။]
ဤနွားသတ်သမားကား နွားတို့ကို သတ်ပြီးလျှင် အရိုးမှ အသားကို ခွာပြီးလျှင် နွားသားကို ရောင်းချကာ အသက်မွေးသူ အထီးကျန် သူသတ်သမားတည်း။ ထိုနွားသတ်သမား၏ အထူးထူး အပြားပြားကုန်သော အကုသိုလ် စေတနာတို့ဖြင့် အားထုတ်ဆည်းပူးအပ်ခဲ့သည့် ဘဝအဆက်ဆက် ၌ အကျိုးပေးဖို့ရန် စွမ်းအားရှိနေသော အပရာပရိယကံ၏ စွမ်းအားကြောင့် ယခုကဲ့သို့ ပြိတ္တာဘဝသို့ ဆိုက်ရောက်လာရခြင်း ဖြစ်၏။ ထိုသတ္တဝါ၏ သန္တာန်ဝယ် ငရဲ၌ အကျိုပေးနေသော အကုသိုလ်ကံတို့၏ စွမ်းအင်များ ကုန်ခန်းသွားသောအခါ ငရဲမှ စုတေခါနီး အချိန်ကာလ မရဏာသန္နဇော စောသည့် အချိန်ကာလဝယ် အသားမရှိအောင် ထွင်ထား လှီးဖြတ်ထားအပ်ကုန်သော နွားတို့၏ အရိုးစု အစုအပုံကြီးသည်သာလျှင် ကမ္မနိမိတ်အဖြစ် ထင်လာ၏။ ထိုသတ္တဝါ၏ ဖုံးကွယ်နေသော ထိုအကုသိုလ်ကံသည်လည်း ပညာရှိတို့အား ထင်ရှားအောင် ပြုသကဲ့သို့ ထိုသတ္တဝါသည် ထိုအကုသိုလ်ကံကြောင့် ကံကို ထူထောင်စဉ်က အာရုံတွင် ထင်လှာနေသော အရိုးစုအာရုံနှင့် တူစွာ အရိုးစုပြိတ္တာ ဖြစ်လာပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၁။)
အသားတစ်ပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အသားတစ်ပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကြကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် နွားသတ်သမား ဖြစ်ခဲ့ဖူးလေပြီ။ ပ ။ (သံ၊၁၊၄၄၇။)
ဤအသားသစ်ပြိတ္တာကား လူ့ဘဝက နွားကို သတ်ပြီးလျှင် အသားတုံး ပြုလုပ်ကာ အခြောက် လှမ်းပြီးလျှင် အသားခြောက် ရောင်းချခြင်းဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့၏။ ထိုအကုသိုလ်ကံကြောင့် ထိုသတ္တဝါ၏ သန္တာန်ဝယ် ငရဲမှ စုတေခါနီး ကာလ၌ အသားတစ်သည်သာလျှင် မရဏာသန္နဇော၏ အာရုံနိမိတ် ဖြစ်လာ ထင်လာပေသည်။ ထိုသတ္တဝါသည် အသားတစ်ပြိတ္တာ ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၁။)
အသားတုံးပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အသားတုံးပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ။ ရဟန်းတို့ ...ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ငှက်မုဆိုး ဖြစ်ခဲ့ဖူးပြီ။ ။ပ။ (သံ၊၁၊၄၄၇။)
ဤငှက်မုဆိုးကား ငှက်တို့ကို ဖမ်းယူပြီး ရောင်းချသောအခါ အမွေးအတောင်နှင့် အရေခွံကို ဆုတ်ကာ အသားတုံးမျှ ပြုလုပ်ကာ ရောင်းချ အသက်မွေးခဲ့၏။ ထို့ကြောင့် ထိုသတ္တဝါ၏ သန္တာန်ဝယ် ယင်း အပရာပရိယ အကုသိုလ်ကံ၏ စွမ်းအားကြောင့် ငရဲမှ စုတေခါနီး အခါဝယ် အသားတုံးသည်သာလျှင် မရဏာသန္နဇော၏ နိမိတ်အဖြစ် ထင်လာပေသည်။ ထိုကြောင့် ထိုသတ္တဝါသည် မိမိ ပြုစုပျိုးထောင်ခဲ့သော ကံနှင့် လျော်ညီစွာ အသားတုံးပြိတ္တာ ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၁။)
အရေ မရှိသော ယောက်ျားပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အရေမရှိသော ယောက်ျားပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကြကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ဆိတ်သတ်သမား ဖြစ်ခဲ့ဖူးလေပြီ။ ။ပ။ (သံ၊၁၊၄၄၈။)
ထိုဆိတ်သတ်သမားကား သိုး ဆိတ်တို့ကို သတ်ပြီး အရေခွံကို ဆုတ်ကာ အသားတို့ကို ရောင်းချလျက် အသက်မွေးသော ပုဂ္ဂိုလ်ဖြစ်၏။ ယင်း အကုသိုလ်ကံတို့ကို ထူထောင်ခဲ့စဉ်က ပြိတ္တာဘဝသို့ ဖြစ်စေနိုင်သည့် စွမ်းအားရှိသော အကုသိုလ် အပရာပရိယကံတို့၏ စွမ်းအားကြောင့် ထိုကံကို ထူထောင်ခဲ့စဉ်က အာရုံနိမိတ်တစ်ခုအဖြစ် ကျေးဇူးပြုပေးနေသော အရေ မရှိသော သိုး ဆိတ်တို့၏ ကိုယ်ကောင်ဟူသော ကမ္မနိမိတ်အာရုံသည် ထိုငရဲသားသတ္တဝါ၏ မရဏာသန္နဇော၏ အာရုံအဖြစ် ထင်လာပေသည်။ ထိုကြောင့် ထိုသတ္တဝါသည် ငရဲမှ စုတေသောအခါ ပြိတ္တာဘုံ၌ အရေ မရှိသော ယောက်ျားပြိတ္တာ ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၁။)
သံလျက် အမွေးပေါက်သော ယောက်ျားပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော သန်လျက်အမွေးပေါက်သော ယောက်ျားပြိတ္တာကို မြင်ရ၏။ ထိုပြိတ္တာ၏ ထိုသံလျက် အမွေးတို့သည် အထက်သို့ ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်ပေါ်၌ပင် ကျရောက်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ဝက်သတ်သမား ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၄၈။)
ဤဝက်သတ်သမားကား နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး ဝက်တို့ကို အစာကျွေး၍ မွေးမြူခဲ့၏။ ယင်းဝက်တို့ကို သံလျက် ဖြင့် သတ်ကာသတ်ကာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး အသက် မွေးခဲ့ဖူး၏။ ထိုသတ္တဝါသည် ငရဲသို့ ရောက်ပြီးနောက် ငရဲမှ စုတေခါနီးအချိန် ကာလတွင် မိမိ ဝက်တို့ကို သတ်ဖြတ်ခဲ့စဉ်က သန်လျက်ဖြင့် မြှောက်ချီကာ ခုတ်ဖြတ်ခဲ့သည့် အာရုံနိမိတ်သည်သာလျှင် မရဏာသန္နဇော၏ အာရုံနိမိတ် အဖြစ် ထင်လာ၏။ ထိုကြောင့် ထိုသတ္တဝါသည် မိမိ ပြုစုပျိုးထောင်ခဲ့သော ကံနှင့် အလားတူစွာ သန်လျက်အမွေးပေါက်သော ပြိတ္တာ ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၂။)
လှံအမွေးပေါက်သော ယောက်ျားပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော လှံအမွေးပေါက်သော ယောက်ျားပြိတ္တာကို မြင်ရ၏။ ထိုပြိတ္တာ၏ ထိုလှံအမွေးတို့သည် အထက်သို့ ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်ပေါ်၌ပင်လျှင် ကျရောက်ကုန်၏။ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် သားမုဆိုး ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၄၈။)
ဤသားမုဆိုးကား တည်သမင် တစ်ကောင်ကိုလည်းကောင်း, လှံကိုလည်းကောင်း ယူဆောင်၍ တောသို့သွားကာ ထိုတည်သမင်အနီးသို့ ရောက်လာတိုင်း ရောက်လာတိုင်းကုန်သော သားသမင်တို့ကို လှံဖြင့် ထိုးသတ်ခဲ့ဖူး၏။ ထိုလုပ်ငန်းရပ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့ဖူး၏။ ထိုအကုသိုလ်ကံကြောင့် ငရဲ၌ ကျက်ရပြီးသည်၏ အဆုံး၌ ထိုသားမုဆိုး၏ သားကောင်တို့ကို လှံဖြင့် ထိုးဆွနေသော အာရုံနိမိတ်သည်သာလျှင် ငရဲမှ စုတေခါနီးအခါဝယ် မရဏာသန္နဇော၏ အာရုံနိမိတ်အဖြစ် ထင်လာပေသည်။ ထိုကြောင့် ထိုသား မုဆိုးသည် မိမိ ပြုစုပျိုးထောင်ခဲ့သော ထိုအကုသိုလ်ကံနှင့် အလားတူစွာ လှံအမွေးပေါက်သော ပြိတ္တာ ဖြစ်လာရပေ၏။ (သံ၊ဋ္ဌ၊၂၊၂၀၂။)
မြားအမွေးပေါက်သော ယောက်ျားပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော မြားအမွေးပေါက်သော ယောက်ျားပြိတ္တာကို မြင်ရ၏။ ထိုပြိတ္တာ ၏ ထိုမြားအမွေးတို့သည် အထက်သို့ ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်ပေါ်၌ပင် ကျရောက်ကုန်၏။ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် လက်မရွံ့ အာဏာသား ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၄၈။)
ဤလက်မရွံ့ အာဏာသားကား မင်းပြစ်မင်းဒဏ်သင့်သူတို့ကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ပြီးနောက် နောက်ဆုံးတွင် ထိုမင်းဒဏ်ထားခြင်း ခံရသူတို့ကို မြားဖြင့် ပစ်ခွင်းကာ အသေသတ်ခဲ့ဖူးသော ယောက်ျားဖြစ်၏။ ထိုသို့ တရားခံတိုကို မြားဖြင့် ပစ်ခွင်းလိုက်သောအခါ --- ဤအရပ်ကို ပစ်ခဲ့သော် သေလိမ့်မည်ဟု သိရှိမှသာလျှင် မြားဖြင့် ပစ်ခွင်းခဲ့၏။ ဤလုပ်ငန်း ရပ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့သူ ဖြစ်၏။ ဤအကုသိုလ်ကံကြောင့် ငရဲ၌ နှစ်သိန်းပေါင်းများစွာ ကျက်ခဲ့ရပြီးနောက် ငရဲမှ ကျွတ်ခါနီး အချိန်ဝယ် ပြိတ္တာဘုံသို့ ရောက်သင့်သော အပရာပရိယကံတို့က အကျိုးပေးဖို့ရန် အခါ အခွင့် သင့်လာသဖြင့် ငရဲမှ စုတေခါနီး အခါတွင် တရားခံတို့အား မြားဖြင့် ပစ်ခွင်းခဲ့သော အာရုံနိမိတ်သည်ပင်လျှင် မရဏာသန္နဇော၏ အာရုံ နိမိတ်အဖြစ် ထင်လာပေသည်။ ထိုကြောင့် သတ္တဝါသည် မိမိ ပြုစုပျိုးထောင် ခဲ့သော အကုသိုလ်ကံနှင့် လျော်ညီစွာ မြားအမွေးပေါက်သော ပြိတ္တာ ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၂။)
အပ်မွေးပေါက်သော ယောက်ျားပြိတ္တာ --- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အပ်အမွေးပေါက်သော ယောက်ျားပြိတ္တာကို မြင်ရ၏။ ထိုပြိတ္တာ၏ ထိုအပ်မွေးတို့သည် အထက်သို့ ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်ပေါ်၌ပင် ကျရောက်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ရထားထိန်း ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၄၈-၄၄၉။)
ထိုပြိတ္တာကား တစ်ချိန် လူ့ဘဝတွင် မြင်းတို့ကို သို့မဟုတ် နွားတို့ကို ဆိုဆုံးမသည့် ရထားထိန်းဘဝတွင် နှင်တံ၏ ထိပ်၌ သံစူးကို တပ်ကာ မြင်းတို့ကို (နွားတို့ကို) ထိုသံချွန်တပ် နှင်တံဖြင့် ထိုးဆွကာ ဆိုဆုံးမခဲ့ဖူး၏။ မောင်းနှင်ခဲ့ဖူး၏။ ထိုလုပ်ငန်းရပ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့ဖူး၏။ ထိုအပရာပရိယကံတို့၏ စွမ်းအားကြောင့် ငရဲမှ စုတေခါနီးကာလဝယ် မြင်း (နွား)တို့ကို သံချွန်တပ်ထားသော နှင်တံဖြင့် ထိုးဆွခဲ့ဖူးသော အာရုံနိမိတ်သည်ပင်လျှင် မရဏာသန္နဇော၏ အာရုံနိမိတ် အဖြစ် ထင်လာပေသည်။ ထိုကြောင့် ထိုသတ္တဝါသည် အပ်အမွေးပေါက်သော ပြိတ္တာဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၂။)
ဒုတိယ အပ်အမွေးပေါက်သော ပြိတ္တာ ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ ပျံသွားနေသော အပ်အမွေးပေါက်သော ယောက်ျားပြိတ္တာကို မြင်ရ၏။ ထိုပြိတ္တာ၏ ထိုအပ်အမွေးတို့သည် ဦးခေါင်းမှ ဝင်၍ ခံတွင်းမှ ထွက်ကုန်၏၊ ခံတွင်းမှ ဝင်၍ ရင်မှ ထွက်ကုန်၏၊ ရင်မှ ဝင်၍ ဝမ်းဗိုက်မှ ထွက်ကုန်၏၊ ဝမ်းဗိုက်မှ ဝင်၍ ပေါင်တို့မှ ထွက်ကုန်၏၊ ပေါင်တို့မှ ဝင်၍ ခြေသလုံးတို့မှ ထွက်ကုန်၏၊ ခြေသလုံးတို့သို့ ဝင်၍ ခြေဖဝါးတို့မှ ထွက်ကုန်၏။ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ကုန်းတိုက်သူ ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၄၉။)
ဤပြိတ္တာကား လူ့ဘဝက ချောပစ်ကုန်းတိုက်သူ ဖြစ်ခဲ့ဖူး၏။ ထိုသူသည် လူ့ဘဝတွင် ချစ်ခင်နေသူ အချင်းအချင်းကို စိတ်ဝမ်းကွဲပြားအောင် ပျက်စီးအောင် ပြုလုပ်ခဲ့ဖူး၏၊ မင်းနန်းတော် တရားရုံးစသည်တို့၌ ဤသူအား ဤမည်သော အမှုသည် ရှိ၏၊ ဤသူသည် ဤမည်သော အမှုကို ပြုခဲ့ဖူး၏ ဤသို့ ချောပစ်ကုန်းတိုက်ကာ ချောပစ်ကုန်းတိုက်ကာ (မတရား ရှေ့နေလိုက်ကာ) အကျိုးမဲ့ ပျက်စီးခြင်း ဆုံးရှုံးခြင်းသို့ ရောက်စေ၏။ ထိုကြောင့် ထိုသူသည် ချောပစ်ကုန်းတိုက်၍ လူတို့ကို စိတ်ဝမ်းကွဲပြားအောင် ပျက်စီးအောင် ဖျက်ဆီးခဲ့ဖူးသကဲ့သို့ အလားတူပင် မိမိ ပျက်စီးအောင် ဖျက်ဆီးမည့် အပ်တို့ဖြင့် ဖျက်ဆီးသည့် ထိုးဆွခံရသည့် ဒုက္ခကို အစဉ်တစိုက် ခံစားဖို့ရန်အတွက် မိမိ ပြုစုပျိုးထောင်ခဲ့သော ချောပစ်ကုန်းတိုက်သည့် ကံသည်ပင်လျှင် ငရဲမှ စုတေခါနီးကာလတွင် မရဏာသန္နဇော၏ နိမိတ်အဖြစ် ပြုလုပ်ကာ ထင်လာသဖြင့် ယခုကဲ့သို့ အပ်အမွေးပေါက်သော ပြိတ္တာဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၂-၂၀၃။)
ချောပစ်ကုန်းတိုက်စကားကို သယ်ဆောင်ကာ ဤသူထံမှ ကြားသော စကားကို ထိုသူထံသို့ရောက်အောင်, ထိုသူထံမှ ကြားသောစကားကို ဤသူထံသို့ရောက်အောင် ချေပစ်ကုန်းတိုက်တတ်သူတည်း။ ဤကဲ့သို့သော လုပ်ငန်းရပ်ဖြင့် လူတို့ကို အကျိုးမဲ့ ပျက်စီးခြင်းသို့ရောက်အောင် ပြုလုပ်ဆောင်ရွက်ခဲ့ပေသည်။ (သံ၊ဋီ၊၂၊၁၈၄။)
အိုးပမာဏမျှ ဝှေးစေ့ရှိသော ပြိတ္တာ --- အရှင်ဘုရား ... တပည့်တော် သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အိုးပမာဏမျှ ဝှေးစေ့ရှိသော ယောက်ျားပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာသည် သွားသော်လည်း ထိုဝှေးစေ့တို့ကိုသာလျှင် ပခုံး၌တင်၍ ထမ်း၍ သွားရလေ၏၊ ထိုင်သော်လည်း ထိုဝှေးစေ့တို့အပေါ်၌သာလျှင် ထိုင်ရ၏။ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာ သည် နာကျင်သော အသံကို ပြု၏ ။ ပ ။ ရဟန်းတို့ ...ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် စဉ်းလဲကောက်ကျစ်သော တရားသူကြီး ဖြစ်ခဲ့ဖူးပြီး ။ ပ ။ (သံ၊၁၊၄၄၉။)
ဤတရားသူကြီးကား တံစိုးလက်ဆောင်စားကာ တရားစီရင်ခဲ့ဖူးသော ကောက်ကျစ်စဉ်းလဲသည့် တရားသူကြီးတည်း။ ထိုသတ္တဝါအား မိမိ ပြုစုပျိုး ထောင်ခဲ့သော ဆည်းပူးခဲ့သော အကုသိုလ်ကံနှင့် သဘောတူစွာ တစ်ကုမ္ဘမျှ အတိုင်းအတာပမာဏရှိသော အိုးစရည်းကြီး ပမာဏရှိသော ဝှေးစေ့တို့သည် ဖြစ်ပေါ်နေကြကုန်၏။ ထိုတရားသူကြီးကား လျှို့ဝှက်ဖုံးကွယ်ရာအရပ်၌ တံစိုး လက်ဆောင်ကိုယူကာ ကောက်ကျစ်စဉ်းလဲသော တရားစီရင်မှုဖြင့် ထင်ရှားသော အပြစ်ကို ဖော်ပြလျက် ပိုင်ရှင်တို့ကို ပိုင်ရှင်မဟုတ်အောင် ပြုလုပ်တတ်၏။ ထိုကြောင့် ထိုသတ္တဝါ၏ လျှို့ဝှက်ဖုံးကွယ်ထားသင့်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းသည် ဖုံးကွယ်လို့ မရအောင် ထင်ထင်ရှားရှား ဖြစ်ပေါ်လာရပေသည်။ တရားစီရင်ရာ၌ ဒဏ်ထားခဲ့သော် ဒဏ်တပ်ခဲ့သော် သူတစ်ပါးတို့အား သည်းမခံနိုင်လောက် ကြီးမားသော ဒဏ်ထားခြင်းဟူသော ဝန်ထုပ်ဝန်ပိုးကို အနိုင်အထက် ဒဏ်ပေးတတ်ခဲ့၏။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ထိုသတ္တဝါ၏ သန္တာန်ဝယ် လျှို့ဝှက်ထားသင့်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းကို သည်းမခံနိုင်လောက်အောင် ထမ်းဆောင်နေရပေ၏။ တစ်ဖန် တရားစီရင်ရာ အရပ်၌ ရပ်တည်သည့်အခါ အညီအညွတ်ဖြစ်အောင် ပြုလုပ်သင့်ပါလျက် မညီညွတ်အောင် ပြုလုပ်ခဲ့၏၊ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် လျှို့ဝှက်အပ်သော ဝှေးစေ့အင်္ဂါရပ်ဟူသော မညီညွတ်သည့် အရပ်၌သာလျှင် ထိုင်ခွင့်ကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၃။)
မစင်တွင်း၌ နစ်မြုပ်နေသော ပြိတ္တာ --- အရှင်ဘုရား ... တပည့်တော် သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် မစင်တွင်း၌ ဦးခေါင်းနှင့်တကွ နစ်မြုပ်နေသော ယောက်ျားပြိတ္တာကို မြင်ရ၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် သူတစ်ပါးမယားကို လွန်ကျူးခဲ့သူ ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၅၀။)
ထိုသတ္တဝါကား သူတစ်ပါး၏ ရက္ခိတဂေါပိတ = စောင့်ရှောက်ထိန်း သိမ်းထားအပ်သော ပိုင်ရှင်ရှိသော ဖောဋ္ဌဗ္ဗာရုံ အတွေ့အထိကို ခိုးဝှက်တွေ့ထိ လျက် မစင်ဘင်ပုပ် ချမ်းသာနှင့်တူသော ကာမချမ်းသာဖြင့် မိမိစိတ်ဓာတ်ကို မွေ့လျော်စေခဲ့သည့်အတွက် မိမိပြုစုပျိုးထောင်လိုက်သည့်ကံနှင့် အလားတူစွာ မစင် အတွေ့အထိဖြင့် တွေ့ထိလျက် ဆင်းရဲဒုက္ခကို ခံစားဖို့ရန် ထိုမစင်တွင်း၌ ပြိတ္တာ ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၃။)
မစင်စားသော ပြိတ္တာ --- အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် မစင်တွင်း၌ ဦးခေါင်းနှင့်တကွ နစ်မြုပ်လျက် လက်နှစ်ဖက်တို့ဖြင့် မစင်ကို စားနေသော ယောက်ျားပြိတ္တာကို မြင်ရ၏။ ပ ။ ရဟန်းတို့ ...ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ပုဏ္ဏားပျက် ဖြစ်ခဲ့ဖူးပြီ၊ ထိုပုဏ္ဏားပျက်သည် ကဿပမြတ်စွာဘုရား သာသနာတော်၌ ရဟန်းသံဃာကို မိမိနေအိမ်သို့ ဆွမ်းစားကြွရန် ပင့်ဖိတ်၍ စားကျင်း၌ မစင်ပြည့်စေလျက် ရဟန်းသံဃာ ကြွလာသောအခါ အရှင်တို့ ...အလိုရှိ တိုင်း စားလည်းစားကုန်လော့၊ ဆောင်ယူလည်း ဆောင်ယူကုန်လော့ ဟု ပြောဆိုခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၅၀။)
အရေ မရှိသော မိန်းမပြိတ္တာ --- အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အရေ မရှိသာ မိန်းမပြိတ္တာကို မြင်ရ၏။ ထိုပြိတ္တာမကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာမသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ...ထိုပြိတ္တာမသည် ဤရာဇဂြိုဟ်ပြည်၌ပင် မိမိ၏ လွန်ကျူး၍ ကျင့်သော (= အခြားယောက်ျားတို့နှင့် ဖောက်ပြားလေ့ရှိသော) မိန်းမ ဖြစ်ခဲ့ဖူးလေပြီ။ ပ ။ (သံ၊၁၊၄၅၀။)
အမျိုးသမီးမည်သည်ကား မိမိ၏ ကာမဂုဏ်အတွေ့အထိကို မိမိက မပိုင်ဆိုင်ပေ။ ထိုကာမဂုဏ် အတွေ့အထိကား အိမ်ရှင်ယောက်ျား၏ ကိုယ်ပိုင် ဥစ္စာသာ ဖြစ်၏။ ထိုအမျိုးသမီးသည် အိမ်ရှင်ယောက်ျား၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်သော ထိုကာမဂုဏ်အတွေ့အထိကို အိမ်ရှင်ယောက်ျား မသိအောင် ခိုး၍ ယောက်ျားတစ်ပါးတို့အား မွေ့လျော်ပျော်ပိုက်ခြင်းကို ဖြစ်စေ၏။ ထိုကြောင့် မိမိ ပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံနှင့် လျော်ညီစွာ တူညီသော အကျိုးကို ပေးဖို့ရန်အတွက် ချမ်းသာသော အတွေ့အထိတို့သည် ပြောင်းပြန်လှန်ကုန်၍ ဆင်းရဲသော အတွေ့အထိကို အစဉ်တစိုက် ခံစားဖို့ရန် အရေ မရှိသော ပြိတ္တာမ ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၃။)
အနံ့မကောင်းသော အရုပ်ဆိုးသော ပြိတ္တာမ --- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အနံ့မကောင်းသော အရုပ်ဆိုးသော ပြိတ္တာမကို မြင်ရ၏၊ ထို ပြိတ္တာမကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာမသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ...ထိုပြိတ္တာမ သည် ဤရာဇဂြိုဟ်ပြည်၌ပင် နတ်ဝင်သည်မ ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၅၀။)
ထိုအမျိုးသမီးကား လူဘဝတွင် နတ်ဝင်သည်မ ဘဝဖြင့် အသက်မွေးစဉ် နတ်ပူးခြင်း အမှုကို ပြုလျက် ဤမည် ဤမည်သော ဝတ္ထုပစ္စည်းဖြင့် ဤသို့ ဗလိနတ်စာ ကျွေးခြင်း ပူဇော်ခြင်းအမှုကို ပြုခဲ့သော် သင်တို့အဖို့ ဤမည်သော ကြီးပွားတိုးတက်မှုသည် ဖြစ်ပေါ်လာလတ္တံ့--- ဟု ဤသို့လျှင် လူများအပေါင်း ၏ နံ့သာ, ပန်းစသည်တို့ကို လှည့်ပတ်ကာ ယူဆောင်ပြီးလျှင် လူများအပါင်းကို မမှန်ကန်သော အယူအမြင် မိစ္ဆာဒိဋ္ဌိကို ဆောက်တည် ကျင့်သုံးစေ၏၊ ထို့ကြောင့် ထိုမိမိပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံနှင့် လျော်ညီစွာ တူညီသော အကျိုးကို ပေးဖို့ရန်အတွက် နံ့သာ, ပန်းစသည်တို့ကို လိမ်လည်ကာ ခိုးယူခဲ့သည့်အတွက် မကောင်းသော အနံ့ရှိသူ ဖြစ်လာရ၏၊ မမှန်ကန်သော အယူအမြင်ကို စွဲယူခဲ့သည့်အတွက် စွဲယူစေခဲ့သည့်အတွက် အရုပ်ဆိုးသော ရွံရှာစက်ဆုပ်ဖွယ်ကောင်းသည့် ပြိတ္တာမ ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၄။)
မီးကျီးပုံ၌ မီးလောင်ခံနေရသော ပြိတ္တာမ --- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော, ထက်ဝန်းကျင် မီးခဲ တဖွားဖွားကျ၍ မီးကျီးပုံ၌ လူးလိမ့်ခံ နေရသော, မီးလောင်ဖုတို့မှ အရည်တစ်စက်စက် ယိုထွက်နေသော ပြိတ္တာမကို မြင်ရ၏၊ ထိုပြိတ္တာမသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့... ထိုပြိတ္တာမသည် ကလိင်္ဂမင်း၏ မိဖုရားခေါင်ကြီး ဖြစ်ခဲ့ဖူး၏၊ ထိုမိဖုရားခေါင် ကြီးသည် ငြူစူခြင်းဖြင့် နှိပ်စက်အပ်ရကား လင်တူမိန်းမကို မီးကျီးအိုးကင်းဖြင့် လောင်းခဲ့ဖူးလေပြီ။ ပ ။
ထိုပြိတ္တာမကား ရဲရဲတောက်လောင်နေသော မီးကျီးခဲပုံပေါ်၌ လဲလျောင်း ကာ တုန်တုန်ရီရီဖြင့် လူးလိမ့်ကာ ဆင်းရဲဒုက္ခကို ခံနေရ၏၊ မီးကျီးခဲ၌ ကျက် နေရ၏။ ထို့ကြောင့် ထိုပြိတ္တာမသည် ဝန်းကျင်ပတ်ချာ အရပ်မျက်နှာအားလုံးမှ မီးကျီးခဲတို့ဖြင့် လောင်မြိုက်မှုကိုလည်း ခံနေရ၏၊ အလွန် ပြင်းထန်သော မီးပူဖြင့် ကျက်နေရသော ခန္ခာကိုယ်လည်း ရှိ၏၊ မီးကျီးခဲတို့က ကိုယ်ပေါ်သို့ တဖွားဖွား ကျနေကြသဖြင့် အလွန်ညှိုးနွမ်းပင်ပန်းသော ခန္ဓာကိုယ်လည်း ရှိနေ၏၊ မီးလောင်ဖုတို့သည် ပေါက်ကွဲကာ ခန္ဓာကိုယ်မှ ယိုစီးကျနေကြ၏၊ မီးကျီးခဲတို့ဖြင့် ထက်ဝန်းကျင် ပြည့်နှက်နေသည့်အတွက် မီးကျီးခဲတို့ဖြင့် တဖွားဖွား အကြဲခံနေရသူလည်း ဖြစ်၏။ ထိုပြိတ္တာမ၏ အောက်အရပ်မှ လည်းကောင်း, ဘေးနှစ်ဘက်တို့မှလည်းကောင်း, အထက်အရပ်ကောင်းကင် မှလည်းကောင်း ပေါက်ပွင့်အဆင်းနှင့် တူကုန်သော ရဲရဲညိ တောက်ပကုန် သော မီးကျီးခဲတို့သည် ပြိတ္တာမ၏ ကိုယ်အထက်သို့ ကျရောက်နေကြကုန်၏။
ထိုပြိတ္တာမသည် ကလိင်္ဂမင်း၏ မိဖုရားဖြစ်ခဲ့စဉ်က ကလိင်္ဂမင်းအား ဖျော်ဖြေအသုံးတော်ခံနေသော ကချေသည် မောင်းမမိဿံတစ်ဦးကို ပြစ်မှားခဲ့ဖူး၏။ ထိုကချေသည်ကား ရေချိုးပြီးစ ဖြစ်သော ရှင်ဘုရင်၏ အနီးတွင် မီးကျီးခဲများ ထည့်ထားသော ခွက်ကို ထား၍ ရှင်ဘုရင်၏ကိုယ်မှ ရေများကို သုတ်ပေးနေ၏၊ လက်ဖြင့်လည်း ရေခြောက်အောင် ပြုလုပ်ပေးနေ၏၊ ရှင်ဘုရင်ကလည်း ထိုအမျိုးသမီးနှင့်အတူ စကားပြောနေ၏၊ နှစ်သက်ကျေနပ်သည့် အခြင်းအရာကိုလည်း ထင်ရှား ဖော်ပြနေ၏။ မိဖုရားခေါင်ကြီးကား ထိုအပြုအမူကို သည်းမခံနိုင်ဖြစ်ကာ ကိုယ့်ထက်သာ မနာလိုသည့် ဣဿာတရားက ညှဉ်းပန်းနှိပ်စက်အပ်သည်ဖြစ်၍ ရှင်ဘုရင်ကြီး ထွက်ခွာသွား၍ မကြာမီ ထိုမီးကျီးအိုးကင်းကိုယူကာ ထိုကချေသည်မ၏ ခန္ဓာကိုယ်ပေါ်သို့ မီးကျီးခဲတို့ကို လောင်းချလိုက်လေသည်။ ထိုကလိင်္ဂမင်း၏ မိဖုရား ခေါင်ကြီးသည် ထိုမကောင်းမှု အကုသိုလ်ကံကို ပြုစုပျိုးထောင်လိုက်မိသည့် အတွက် ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မီးကျီးခဲတို့ဖြင့် လောင်မြိုက် ခံရခြင်းတည်းဟူသော အကျိုးတရားကို အစဉ်တစိုက် ခံစားဖို့ရန်အတွက် ပြိတ္တာလောက၌ ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၄။)
ဦးခေါင်း မရှိသော ပြိတ္တာ --- အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော ဦးခေါင်းမပါ ကိုယ်သာရှိသော ပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာ၏ ရင်၌ မျက်လုံးနှင့် ပါးစပ်တို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ...ထိုသတ္တဝါတိုိ့သည် ဤရာဇဂြိုဟ်ပြည်၌ပင် ဟာရိကခေါ် ခိုးသူသတ်ယောက်ျား ဖြစ်ခဲ့ဖူးလေပြီ။ (သံ၊၁၊၄၅၁။)
ထိုပြိတ္တာကား လူ့ဘဝတွင် မင်း၏အာဏာဖြင့် သူခိုးဓားပြတို့ကို ရှည်မြင့် စွာသော အချိန်အခါကာလပတ်လုံး ဦးခေါင်းတို့ကို ဖြတ်ကာ သတ်ဖြတ် ခဲ့ဖူး၏။ သေခါနီးကာလတွင် ယင်းဦးခေါင်းပြတ်နေသော အလာင်းကောင် တို့သည် မရဏာသန္နဇော၏ အာရုံအဖြစ် ထင်လာကာ ပြိတ္တာဘုံသို့ ရောက်ရှိ လာသောအခါ ဦးခေါင်းမပါ ကိုယ်သာရှိသောပြိတ္တာ ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၄။)
ရဟန်းပြိတ္တာ သာမဏေပြိတ္တာ --- အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော ရဟန်းပြိတ္တာကို ။ ပ ။
ရဟန်မိန်းမ ပြိတ္တာကို ။ ပ ။
သိက္ခမာန် (= ရဟန်းမလောင်း) ပြိတ္တာကို ။ ပ ။
သာမဏေပြိတ္တာကို ။ ပ ။
သာမဏေမပြိတ္တာကို မြင်ရ၏။
ထိုပြိတ္တာ၏ ဒုကုဋ် သင်္ကန်း သပိတ် ခါးပန်းကြိုးနှင့် ခန္ဓာကိုယ်တို့သည် မီးအလျှံပြောင်ပြောင် တောက်လောင်နေကုန်၏။ ထက်ဝန်းကျင် မီးတောက်မီးလျှံနှင့်တကွ အရောင်အလင်းနှင့်တကွ မီးတောက်မီးလျှံ တပြောင်ပြောင် တောက်လောင်နေ၏။ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။
အရှင်ဘုရား ...တပည့်တော်အား အချင်းတို့ ..အံ့ဖွယ်ရှိစွတကား၊ အချင်းတို့ .. မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော သတ္တဝါဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော ပြိတ္တာဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော အတ္တဘောကို ရသူဟု ရှိရတုံဘိ၏ဟု စိတ်အကြံ ဖြစ်ခဲ့ပါသည်ဟု လျှောက်ထား ပြောဆို၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ --- ရဟန်းတို့ ... တပည့်သာဝကတို့သည် မျက်စိအမြင် ရှိကုန်သည်ဖြစ်၍ နေကြပေသည် တကား၊ တပည့်သာဝကတို့သည် ဉာဏ်အမြင် ရှိကုန်သည်ဖြစ်၍ နေကြ ပေသည်တကား၊ အကြင်သို့သော တပည့်သာဝက စင်လျက် ဤသို့သော သတ္တဝါကို သိလည်း သိနိုင်တုံဘိ၏၊ မြင်လည်း မြင်နိုင်တုံဘိ၏၊ သက်သေကို သော်လည်း ပြုနိုင်တုံဘိ၏၊ ရဟန်းတို့ ... ရှေးကပင် (= ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတဉာဏ်တော်မြတ်ကို ထိုးထွင်းသိမြင်တော်မူစဉ်ကပင် အတိုင်းအတာ ပမာဏ မရှိသော စကြဝဠာတို့၌ အတိုင်းအတာပမဏ မရှိသော သတ္တဝါတို့ကို ဒိဗ္ဗစက္ခုဉာဏ်တော်မြတ်ဖြင့် မျက်မှောက်ပြုတော်မူစဉ် ထိုရဟန်းပြိတ္တာကို ။ ပ ။ ရဟန်းမိန်းမ ပြိတ္တာကို ။ ပ ။ သိက္ခမာန်ပြိတ္တာကို ။ ပ ။ သာမဏေပြိတ္တာကို ။ ပ ။ သာမဏေမပြိတ္တာကို ငါဘုရား မြင်တော်မူခဲ့ပြီ၊ သို့သော်လည်း ငါဘုရားသည် မပြောဆိုခဲ့ပေ၊ ငါဘုရားသည် ထိုအကြောင်းကို ပြောဆိုခဲ့ပါမူ သူတစ်ပါးတို့သည် ငါဘုရားအား မယုံကြည်နိုင်ကြပေရာ၊ ထို မယုံကြည်သူတို့အား ထိုမယုံကြည်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်လေရာ၏။ ရဟန်းတို့ ... ထို ရဟန်းပြိတ္တာသည် ။ ပ ။ ထိုရဟန်းမပြိတ္တာသည် ။ ပ ။ ထိုသိက္ခမာန် ပြိတ္တာသည် ။ ပ ။ ထိုသာမဏေပြိတ္တာသည် ။ ပ ။ ထိုသာမဏေမပြိတ္တာသည် ။ ပ ။ ကဿပမြတ်စွာဘုရားရှင်၏ သာသနာတော်၌ ယုတ်မာသောရဟန်း ။ ပ ။ ယုတ်မာသော ရဟန်းမ ။ ပ ။ ယုတ်မာသော သိက္ခမာန် ။ ပ ။ ယုတ်မာသော သာမဏေ ။ ပ ။ ယုတ်မာသောသမဏေမ ဖြစ်ခဲ့ဖူးပြီ။ မိမိတို့ ပြုစုပျိုးထောင်ခဲ့သော ထိုအကုသိုလ်ကံ၏ အကျိုးအဖြစ်ဖြင့် များစွာသော နှစ်တို့ပတ်လုံး, များစွာသော နှစ်အရာတို့ပတ်လုံး, များစွာသော နှစ် အထောင်တို့ပတ်လုံး, များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ခဲ့ရ၍ ထိုကံ၏ အကျိုးကြွင်းဖြင့်ပင်လျှင် ဤကဲ့သို့သော အတ္တဘောကို ရရှိခံစား နေရ၏ဟု ဟောတော်မူ၏။ (သံ၊၁၊၄၅၁-၄၅၂။)
သော ကိရ လောကဿ သဒ္ဓါဒေယျေ စတ္တာရော ပစ္စယေ ပရိဘုဉ္ဇိတွာ ကာယဝစီဒွါရေဟိ အသံယတော ဘိန္နာဇီဝေါ စိတ္တကေဠိံ ကိဠန္တော ဝိစရိ။ တတော ဧကံ ဗုဒ္ဓန္တရံ နိရယေ ပစ္စိတွာ ပေတလောကေ နိဗ္ဗတ္တန္တော ဘိက္ခုသဒိသေနေဝ အတ္တဘာဝေန နိဗ္ဗတ္တိ။ ဘိက္ခုနီသိက္ခမာနာသာမဏေရ သာမဏေရီဝတ္ထူသုပိ အယမေဝ ဝိနိစ္ဆယော။ (သံ၊ဋ္ဌ၊၂၊၂၀၅။)
ထိုရဟန်းပြိတ္တာကား တစ်ချိန်က ကဿပဘုရားရှင်၏ သာသနာတော်၌ ရဟန်းတော်တစ်ပါးပင် ဖြစ်ခဲ့၏။ ထိုရဟန်းသည် ကဿပဘုရားရှင်၏ သာသနာတော်တွင် မှီတင်းနေထိုင်စဉ် လူများအပေါင်း၏ သဒ္ဓါတရား ပြဓာန်းလျက် လှူဒါန်းပူဇော်အပ်သော ပစ္စည်းလေးပါးတို့ကို သုံးဆောင်ပြီးလျှင် ကာယဒွါရ ဝစီဒွါရတို့ဖြင့် ရဟန်းတို့၏ သီလကို စောင့်စည်းမှု မရှိဘဲ အသက်မွေးမှု အာဇီဝပါရိသုဒ္ဓိသီလ ပျက်စီးလျက် စိတ်၏ အလိုအတိုင်း ထိုထိုအာရုံကို ပျော်မြူးခြင်းကို ပျော်မြူးလျက် လှည့်လည် နေထိုင်ခဲ့၏။
(သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနဗြဟ္မစရိယကို ဖြူဖြူစင်စင် အားကိုးထိုက်အောင် မှီခိုအားထားရာဖြစ်အောင် မဖြည့်ကျင့်ခဲ့ပေ။) ထိုရဟန်းဘဝမှ စုတေလတ်သော် ငရဲသို့ ရောက်ရှိသွားခဲ့၏။ ကဿပဘုရားရှင်၏ သာသနာတော်မှသည် ဂေါတမဘုရားရှင်၏ သာသနာတော်သို့ တိုင်အောင် ဗုဒ္ဓန္တရ အသင်္ချေယျကပ် တစ်ကပ်ပတ်လုံး ငရဲ၌ ကျက်ခဲ့ရပြီးနောက် ပြိတ္တာလောက၌ ပြိတ္တာ ဖြစ်ပြန်လတ်သော် ရဟန်းနှင့် တူညီသော ခန္ဓာကိုယ်အတ္တဘောဖြင့်သာလျှင် ပြိတ္တာ ဖြစ်လာရပေသည်။ ရဟန်းမိန်းမ, သိက္ခမာန်, သာမဏေ, သာမဏေမ ဝတ္ထုတို့၌လည်း ဤအဆုံးအဖြတ်တိုင်းသာ မှတ်သားပါလေ။ (သံ၊ဋ္ဌ၊၂၊၂၀၅။)
တစ်ချိန် ရဟန်းဘဝတွင် နေထိုင်ခဲ့စဉ်က မစင်ကြယ်သော သီလ, ယုတ်မာသော ကိုယ်ကျင့်တရား ရှိလျက် လူများအပေါင်း၏ သဒ္ဓါတရားဖြင့် လှူဒါန်းအပ်သော သင်္ကန်းကို ချွတ်မပစ်ဘဲ ဆက်လက် သုံးဆောင်ခဲ့၏။သပိတ် စသည်ကိုလည်း အလားတူပင် သုံးဆောင်ခဲ့၏။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ပြိတ္တာဘဝသို့ ရောက်သည့်အခါ၌လည်း အလျှံပြောင်ပြောင် မီးဟုန်းဟုန်း တောက်လောင်နေသော သင်္ကန်း သပိတ် ပရိက္ခရာတို့ုကို ချွတ်ပစ်လို့ မရနိုင် ဖြစ်နေ၏၊ စွန့်ပစ်လို့ မရနိုင် ဖြစ်နေ၏။ အကုသိုလ်များက အကျိုးပေးလာပါက အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။ အကုသိုလ်ကံ၏ အရှိန်အဝါ မကုန်သရွေ့ ခံနေရဦးမည်သာ ဖြစ်ပေသည်။
ဤအထက်ပါ ဝတ္ထုဇာတ်လမ်း အကြောင်းအရာတို့ကား လက္ခဏသံယုတ်နှင့် ယင်းအဋ္ဌကထာ ဋီကာတို့၌ လာရှိသော အကြောင်းအရာတို့ ဖြစ်ကြသည်။ အလားတူ ဝတ္ထုများသည် ပါရာဇိကပါဠိတော် စတုတ္ထပါရာဇိက၌လည်း လာရှိပေသည်။
သံသရာခရီး ဆက်ရန် ရှိနေသေးသူတို့ သတိတရား ကြီးစွာထားလျက် ရှောင်ရှားသင့်သော အကုသိုလ် ဒုစရိုက်များလည်း ဖြစ်ကြ၏။ မစင်ကြယ်သော သီလဖြင့် ရှင်ဘဝ ရဟန်းဘဝတွင် မနေထိုင်မိဖို့ရန် ဆင်ခြင်နှလုံးသွင်း ရမည့် ဝတ္ထုဇာတ်လမ်းတို့လည်း ဖြစ်ကြပေသည်။ ကိုးကွယ်အားထားရမည့် နာထတရား ထင်ရှားမရှိဘဲ သေကျေပျက်စီးသွားကြရသော ထုံးဟောင်းများ ဖြစ်ကြပေသည်။
အပရာပရိယဝေဒနီယကံ
အပရာပရိယဝေဒနီယကံဟူသည် အဆက်ဆက် ရောက်ထိုက်သော ဘဝ၌ အကျိုးကို ခံစံရမည့် ကံတည်း။ ကာမဇောတို့သည် ယေဘုယျအားဖြင့် ဝီထိစဉ် တစ်ခုအတွင်း၌ (၇)ကြိမ် စောရိုး ဓမ္မတာ ရှိကြ၏။ ထို ဇော (၇)ကြိမ် တို့တွင် ပထမဇောကား မျက်မှောက်ဘဝ၌ အကျိုးကို ဖြစ်စေတတ်သော မျက်မှောက်ဘဝ၌ အကျိုးကို ခံစံရမည့်ကံ ဖြစ်၏။ ဒိဋ္ဌဓမ္မဝေဒနီယကံဟု ခေါ်ဆို၏။ ယင်းကံသည် အကယ်၍ မျက်မှောက်ဘဝ၌ အကျိုးမပေးလျှင် အဟောသိကံ ဖြစ်၏။ ကံဖြစ်ရုံသာ ဖြစ်၍ အကျိုးမပေးသော ကံမျိုးတည်း။
ထိုဇော (၇)ကြိမ်တို့တွင် သတ္တမဇော စေတနာကား ဒုတိယဘဝ၌ (=ပထမ လာမည့် အနာဂတ်ဘဝ၌) အကျိုးပေးတတ်၏။ ဥပပဇ္ဇဝေဒနီယကံ ဟု ခေါ်၏။ ကပ်ရောက်ထိုက်သော ဘဝ၌ အကျိုးကို ခံစံရမည့် ကံမျိုးတည်း။ အထက်ပါ ဝတ္ထုဇာတ်လမ်းတို့၌ အရိုးစု ပြိတ္တာဘဝ စသည်သို့ မရောက်မီ ငရဲ၌ အကျိုးပေးသော ကံမျိုးတည်း။ ထိုသတ္တမဇော စေတနာသည် ဒုတိယ ဘဝ၌ အကျိုး မပေးခဲ့သော် အဟောသိကံပင် ဖြစ်သွားပေသည်။ ထို ဇော (၇)တန်တို့အနက် အလယ်ဇော (၅)တန်တို့ကား တတိယဘဝမှ စ၍ (=ဒုတိယမြောက် အနာဂတ်ဘဝမှ စ၍ အဆက်ဆက် ရောက်ထိုက်သော ဘဝတို့၌ နိဗ္ဗာန်မရမချင်း အကျိုးပေးတတ်သော ကံတည်း။ ယင်းကံကို အပရာပရိယဝေဒနီယကံ (= အဆက်ဆက် ရောက်ထိုက်သော ဘဝ၌ အကျိုး ကို ခံစံရမည့် ကံ)ဟု ခေါ်ဆို၏။ ဤကံမျိုးကား သံသရာ၏ ဖြစ်ခြင်းသည် ထင်ရှား ရှိနေပါမူ အဟောသိကံ မဖြစ်နိုင်ပြီ။ တစ်ချိန်ချိန်တွင် အကျိုးပေးခွင့် သာပါက အကျိုးပေးမည်သာ ဖြစ်သည်။ သို့သော် နိဗ္ဗာန်သို့ ဆိုက်ရောက် သွားလျှင်ကား ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် အကျိုးပေးနိုင်သည့် စွမ်းအင်များသည် အဝိဇ္ဇာ တဏှာတည်းဟူသော အပေါင်းအဖော်ကို မရရှိသည်ဖြစ်၍ အကျိုးမပေးနိုင်တော့ဘဲ အကျိုးပေးနိုင်သည့် စွမ်းအင်များ ကုန်ခန်းသွားရပေသည်။
ကံတစ်ခုကို ပြုစုပျိုးထောင်ရာ၌ ဇော (၇)ကြိမ် စောသည့် ဇောဝီထိပေါင်းကား များစွာ စောနိုင်ပေသည်။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ် တစ်တွက် အချိန်ကာလအတွင်း၌ ယင်းကဲသို့သော ဇောဝီထိပေါင်း သိန်းနှင့် ချီ၍ ဖြစ်နိုင်ပေသည်။ ဇောဝီထိတိုင်း၌ ဇော (၇)တန် စောလျက် ရှိသဖြင့် ဒိဋ္ဌဓမ္မဝေဒနီယကံပေါင်း, ဥပပဇ္ဇဝေဒနီယကံပေါင်း, အပရာပရိယဝေဒနီယကံပေါင်း မည်မျှ များပြားမည်ကို ခန်းမှန်း၍သာ ကြည့်လေရာသည်။ တစ်သက်တာလုံး လွန်ကျူးနေရာ၌ကား ထိုကဲ့သို့သော ကံမျိုးတွေ မည်မျှ များပြားနေမည်ကို အထူး ပြောဖွယ်ရာပင် မလိုတော့ပြီ ဖြစ်ပေသည်။
အရိယမဂ်တရားတည်းဟူသော မွေးညှပ်ဖြင့် မပယ်နှုတ်နိုင်သမျှ ကာလပတ်လုံး ထိုကံတို့မှ မလွတ်မြောက်နိုင်သည်သာ ဖြစ်ပေသည်။
ထိုကဲ့သို့သော အနာထမရဏဘေးမှ လွတ်မြောက်ရန် နာထတရား (၁၀) ပါးကို ဘုရားရှင်သည် အင်္ဂုတ္တရနိကာယ် ဒသကနိပါတ်တွင် အောက်ပါအတိုင်း ဟောကြားထားတော်မူပေသည်။
---အခန်း (၂)
သနာထဝိဟာရီပိုင်း
နာထတရား (၁၀) ပါး
ရဟန်းတို့ ... မှီခိုအားထားရာ နာထတရား ထင်ရှားရှိကြကုန်သည်ဖြစ်၍ နေထိုင်ကြပါကုန်လော့၊ မှီခို အားထားရာ နာထတရား ထင်ရှား မရှိကြကုန်ဘဲ မနေထိုင်ကြပါကုန်လင့်။ ရဟန်းတို့ ... မှီခိုအားထားရာ နာထတရား ထင်ရှား မရှိသူသည် ဆင်းဆင်းရဲရဲ နေထိုင်ရ၏။ (အံ၊၃၊၂၇၅-၂၇၇။)
ဤသို့ တရားနိဒါန်းပျိုးကာ နာထတရား (၁၀) ပါးကို တစ်ပါးပြီး တစ်ပါး ဟောကြားတော်မူလေသည်။ ရှေးဦးစွာ ပထမ နာထတရားကို ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူ၏။
---ပထမ နာထတရား = သီလရှိခြင်း
ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ ပါတိမောက္ခသံဝရသီလဟု ခေါ်ဆိုအပ်သည့် ဝိနည်းသီလတော်ကို စောင့်စည်းလျက် နေထိုင်၏။ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ခြင်းဟူသော အကျင့် အာစာရ, ကျက်စားသင့် ကျက်စားထိုက်သည့် အာရုံ+အရပ်တို့၌ ကျက်စားခြင်းဟူသည့် ကျက်စားရာ ဂေါစရနှင့် ပြည့်စုံ၏။ အဏုမြူပမာ သေးငယ်လှ သော အပြစ်တို့၌သော်လည်း အလွန် ကြောက်မက်ဖွယ်ဘေးဟု ရှုမြင်လေ့ရှိ၏။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။
ရဟန်းတို့ ... ရဟန်းသည် ယင်းကဲ့သို့ သီလရှိ၏။ ပါတိမောက္ခ သံဝရသီလဟု ခေါ်ဆိုအပ်သည့် ဝိနည်းသီလတော်ကို စောင့်စည်းလျက် နေထိုင်၏။ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ခြင်းဟူသော အကျင့် အာစာရ, ကျက်စားသင့် ကျက်စားထိုက်သည့် အာရုံ+အရပ်တို့၌ ကျက်စားခြင်းဟူသည့် ကျက်စားရာ ဂေါစရနှင့် ပြည့်စုံ၏၊ အဏုမြူပမာ သေးငယ်လှသော အပြစ်တို့၌သော်လည်း အလွန် ကြောက်မက်ဖွယ်ဘေးဟု ရှုမြင်လေ့ ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏ --- ဟူသော ဤတရားသည် လည်း မှီခိုအားထားရာကို ပြုတတ်သော နာထတရားတည်း။ (အံ၊၃၊၂၇၅။)
ထိုရဟန်းမျိုးကို မထေရ်ကြီးရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ သီတင်းလတ် ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ သီတင်းငယ် ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ မထေရ်ကြီး ရဟန်းတို့၏ အစဉ်သနားစောင့်ရှောက်မှုကို ခံယူရသော, သီတင်းလတ် ရဟန်းတို့၏ အစဉ်သနားစောင့်ရှောက်မှုကို ခံယူရသော, သီတင်းငယ် ရဟန်းတို့၏ အစဉ် သနား စောင့်ရှောက်မှုကို ခံယူရသော ထိုရဟန်းအား သီလ သမာဓိ ပညာ အစဖြာသည့် ကုသိုလ်တရားတို့၌ တိုးပွားမှုသာ မချွတ်ဧကန် ဖြစ်လိမ့်မည်ဟု မျှော်လင့်အပ်၏။ ဆုတ်ယုတ်မှု ဖြစ်လိမ့်မည်ဟု မမျှော်လင့်အပ်။ ဤသည် လည်း မှီခိုအားထားရာကို ပြုတတ်သော နာထတရားတည်း။ (အံ၊၃၊၂၇၅။)
ဝိနည်းဒေသနာတော်၌ လာရှိသော သီလကျင့်စဉ်ပိုင်းဟူသည်မှာလည်း ကျယ်ပြန့်နက်ရှိုင်းသော သဘောရှိ၏။ သာသနာတော်၌ အထွတ်အထိပ် ထားအပ်သော ကျင့်စဉ်ဖြစ်သည့် မဂ္ဂဗြဟ္မစရိယအမည်ရသည့် အရိယမဂ်ကျင့်စဉ်သို့ ဆိုက်ရောက်ရေးအတွက် သာသနဗြဟ္မစရိယအမည်ရသည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်ဖြစ်ရာ ထိုသာသနာ့ဗြဟ္မစရိယကျင့်စဉ်ပိုင်းတွင် ရှေးဦးစွာ ဖြည့်ကျင့်ရမည့် ကျင့်စဉ်ကား သီလကျင့်စဉ်ပင် ဖြစ်၏။ မဂ်ဖိုလ်နိဗ္ဗာန်ကို တစ်နည်းဆိုရသော် မဂ္ဂဗြဟ္မစရိယအမည်ရသည့် အရိယမဂ်ဉာဏ် ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသည့် သူတော်ကောင်းတိုင်း သူတော်ကောင်း တိုင်းသည် မချွတ်ဧကန် ဖြည့်ကျင့်ရမည့် ကျင့်စဉ်ကား သီလကျင့်စဉ်ပင် ဖြစ်၏။
သိက္ခာသုံးရပ် အကျင့်မြတ်တို့တွင် အခြေခံအုတ်မြစ် ဖြစ်သည့် သီလ ကျင့်စဉ်ပိုင်းကို လိုက်နာပြုကျင့်ရာ၌ ရဟန်းတော်တစ်ပါးအနေဖြင့် ထားရှိသင့်သော စိတ်နေစိတ်ထားကို နိသီဒနသန္ထတ သိက္ခာပုဒ်တွင် ဤသို့ ဖော်ပြထား၏။
အရှင်ဥပသေန၏ လျှောက်ထားချက် (ဝိ၊၁၊၃၃၆-၃၃၈။ ဝိ၊ဋ္ဌ၊၂၊၂၆၄-၂၆၅။)
တစ်ချိန်တွင် ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်၏။ ထိုနှစ် ဝါတွင်းကာလအတွင်းဝယ် ဘုရားရှင် ချွတ်တော်မူပါမှ ကျွတ်တမ်းဝင်မည့် ဗုဒ္ဓဝေနေယျသတ္တဝါ တစ်စုံတစ်ဦးကိုမျှ မြင်တော်မမူသဖြင့် ဘုရားရှင်က ရဟန်းတော်တို့ကို ဤသို့ မိန့်ကြားတော်မူ၏။
ရဟန်းတို့ ...ငါဘုရားရှင်သည် ဝါတွင်းသုံးလတို့ ကာလပတ်လုံး တစ်ပါးထီးတည်း ကိန်းအောင်းမွေ့လျော် စံပျော်တော်မူခြင်းငှာ အလိုရှိတော် မူ၏။ ငါဘုရားရှင်ထံသို့ ဆွမ်းပို့ဆောင်လာသော ရဟန်းတော်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှ ငါဘုရားရှင်ထံတော်သို့ မချဉ်းကပ်ရ ဟု အမိန့်တော်မြတ် သတ်မှတ်ထားတော်မူ၏။ တစ်ပါးထီးတည်း သမာပတ်ဖြင့် ကိန်းအောင်းနေတော်မူ၏။
ရဟန်းတော်တို့ကလည်း ဘုရားရှင်၏ အမိန့်တော်မြတ်အတိုင်း လိုက်နာ ပြုကျင့်ကာ ဆွမ်းပို့ဆောင်သည့် ရဟန်းတော်တစ်ပါးမှ လွဲလျှင် မည်သည့် ရဟန်းတော်မျှ ဘုရားရှင်ထံသို့ မချဉ်းကပ်ခဲ့ကြပေ။ ဘုရားရှင်၏ အမိန့်တော်မြတ်ကို ဦးထိပ်ရွက်ပန်ဆင်ကာ လိုက်နာဆောင်ရွက်တော်မူကြ၏။
မေးသင့်သော အချက်တစ်ရပ်
ထိုဝါတွင်းကာလဝယ် ဘုရားရှင် ချေချွတ်တော်မူပါမှ ကျွတ်တမ်းဝင်မည့် ဗုဒ္ဓဝေနေယျ မရှိပင် မရှိငြားသော်လည်း ရှေးရှေးဘုရားရှင်တို့၏ အစဉ် အလာအတိုင်း တရားတော်ကို ဟောကြားပြသ ဆိုဆုံးမတော်မူသင့်သည် မဟုတ်ပါလား --- ဟု မေးရန်ရှိ၏။ ဘုရားရှင်၏ စိတ်အကြံအစည်တော်မှာ ဤသို့ဖြစ်၏ ---
ငါဘုရားရှင်သည် ယခုကဲ့သို့ တစ်ပါးထီးတည်း ကိန်းအောင်းတော် မူသည်ရှိသော် ရဟန်းတော်တို့သည် တရားနှင့် မလျော်ညီသည့် အဓမ္မိက ကတိကဝတ်ကို ပြုလုပ်ကြကုန်လတ္တံ့၊ ထိုအဓမ္မိက ကတိကဝတ်ကို ဥပသေနမထေရ်သည် ဖျက်ဆီးပစ်လတ္တံ့။ ထိုအခါ ငါဘုရားရှင်သည် ဥပသေနရဟန်းတော်အား ကြည်ညိုကာ ရဟန်းတော်တို့ကို ငါဘုရားရှင်အား ဖူးမြော်ခွင့်ကို ခွင့်ပြုတော်မူပေအံ့၊ ထိုအခါတွင် ငါဘုရားရှင်ကို ဖူးမြော်လိုကြကုန်သည်ဖြစ်၍ များစွာကုန်သော ရဟန်းတို့သည် ဓုတင်ကျင့်ဝတ် ပဋိပတ်တို့ကို ဆောက်တည်ကြကုန်လတ္တံ့၊ ငါဘုရားရှင်သည်လည်း ထိုထိုဓုတင်ကို ဆောင်လိုကြကုန်သော ရဟန်းတော်တို့က စွန့်ပစ်ထားအပ်ကုန်သော မရက်ဘဲ ကြိတ်ထားအပ်သည့် အခင်း (သန္ထတ) တို့ကို အကြောင်းပြုကာ သိက္ခာပုဒ်တော်ကို ပညတ်တော်မူရပေအံ့ ---
ဤသို့သော စိတ်အကြံအစည်ရှိတော်မူသည့်အတွက်ကြောင့် ဘုရားရှင်က တရားဟောတော် မမူဘဲ တစ်ပါးထီးတည်း ကိန်းအောင်းတော်မူခြင်း ဖြစ်၏။ (ဝိ၊ဋ္ဌ၊၂၊၂၆၄-၂၆၅။)
ထိုအချိန်တွင် ရဟန်းတော်တို့သည် မိမိက ဝါ တစ်ဝါမျှသာ ရရှိသေးသော်လည်း, ဝါ နှစ်ဝါမျှသာ ရရှိသေးသော်လည်း ရဟန်းလောင်းတစ်ဦးကို ဥပဇ္ဈာယ်ပြုကာ ရဟန်းပြုပေးကြကုန်၏။ ဝင်္ဂန္တပုဏ္ဏားကြီး၏ သားရတနာတစ်ဦးဖြစ်သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ ညီတော်ဖြစ်သူ အရှင်ဥပသေနသည်လည်း မိမိက ရဟန်းဝါ တစ်ဝါမျှသာ ရရှိသေးသော်လည်း အခြားရဟန်းလောင်းတစ်ဦးကို ဥပဇ္ဈာယ်ပြုကာ ရဟန်းပြုပေးတော် မူလေသည်။ ရဟန်းဝါ နှစ်ဝါမျှသာ ရရှိသေးသော ထိုအရှင်ဥပသေနသည် တစ်ဝါမျှသာ ရရှိသေးသော မိမိ၏ တပည့်ရဟန်းတော်ကို ခေါ်ဆောင်ကာ ဝါကျွတ်သောအခါ ဘုရားရှင်အား သွားရောက်ဖူးမြော်ကန်တော့လေသည်။ ဤဝတ္ထုကို အကြောင်းပြုကာ ဘုရားရှင်က အောက်ပါအတိုင်း သိက္ခာပုဒ်တော်ကို ပညတ်တော်မူလေသည် ---
န ဘိက္ခဝေ ဦနဒသဝေဿန ဥပသမ္ပာဒေတဗ္ဗော၊ ယော ဥပသမ္ပာဒေယျ၊ အာပတ္တိ ဒုက္ကဋဿ။ အနုဇာနာမိ ဘိက္ခဝေ ဒသဝေဿန ဝါ အတိရေကဒသဝေဿန ဝါ ဥပသမ္ပာဒေတုံ။ (ဝိ၊၃၊၇၅။)
= ရဟန်းတို့ ...ဆယ်ဝါ မပြည့်သေးသော ရဟန်းသည် ဥပဇ္ဈာယ်ပြုကာ ရှင်ရဟန်း မပြုပေးအပ်၊ ဥပဇ္ဈာယ်ပြုကာ ရှင်ရဟန်းပြုပေးသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေ။ ရဟန်းတို့ ...ဆယ်ဝါပြည့်သော ရဟန်းသည်လည်းကောင်း, ဆယ်ဝါထက် ပိုလွန်သော ဝါရှိသော ရဟန်းသည် လည်းကောင်း ဥပဇ္ဈာယ်ပြုကာ ရှင်ရဟန်းပြုပေးရန် ငါဘုရား ခွင့်ပြုတော် မူ၏။ (ဝိ၊၃၊၇၅။)
အရှင်ဥပသေန မထေရ်သည်လည်း ---မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား ...သင်သည် သူတစ်ပါးတို့က ဆိုဆုံးမထိုက်သူ, ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမထိုက်သူ ဖြစ်ပါလျက် သူတစ်ပါးကို ဆိုဆုံးမဖို့ရန်, ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမဖို့ရန် အဘယ်အကြောင်းကြောင့် အောက်မေ့မှတ်ထင်ဘိသနည်း--- ဤသို့ စသည်ဖြင့် ဘုရားရှင်၏ ကဲ့ရဲ့မှုကို ခံယူခဲ့ရ၏။ (ဝိ၊၃၊၇၄။)
ဘုရားရှင်သည် ငါ့အား ပရိသတ်ကို အကြောင်းပြုကာ ကဲ့ရဲ့ရှုတ်ချတော်မူ၏၊ ယခုအခါ၌ ငါသည် လပြည့်ဝန်းပမာ ကျက်သရေမင်္ဂလာအဖြာဖြာ တို့ ပြည့်စုံတော်မူသော ထိုနှုတ်ခမ်းတော်ဖြင့်ပင် ဗြဟ္မာမင်း၏ အသံကို မြွက်ဟတော်မူလျက် ပရိသတ်ကိုပင် အကြောင်းပြုကာ ကောင်းချီးနုမော် သာဓုခေါ်ဆိုမှုကို ပြုပေအံ့ဟု မွန်မြတ်သော စိတ်နှလုံးဓာတ်ခံ ရှိသော အမျိုးကောင်းသားဖြစ်သည့် အရှင်ဥပသေနသည် သာဝတ္ထိမှ ယူဇနာတစ်ရာကျော် ဝေးကွာရာအရပ်သို့ ကြွသွားတော်မူကာ ပရိသတ်ကို ရွေးချယ်တော် မူပြီးလျှင် သီတင်းသုံးနေထိုင်တော်မူ၏။
မြတ်စွာဘုရားရှင်တစ်ပါးထီးတည်း ကိန်းအောင်းတော်မူရာ ထိုဝါတွင်းကာလ၌ ဘုရားရှင်၏ထံတော်သို့ ဆွမ်းပို့ဆောင်သည့် ရဟန်းတော်မှ တစ်ပါး မည်သည့် ရဟန်းတစ်ပါးမျှ ထိုဝါတွင်းတွင် ဘုရားရှင်၏ထံတော်သို့ ချဉ်းကပ်တော်မမူပေ။ ထိုဝါတွင်း၌ သာဝတ္ထိသံဃာကလည်း ဤသို့ တရားနှင့် မလျော်ညီသည့် အဓမ္မိက ကတိကဝတ် တစ်ခုကို ပြုထားကြ၏။
ငါ့ရှင်တို့ ... မြတ်စွာဘုရားသည် ဝါတွင်းသုံးလကာလပတ်လုံး တစ်ပါးထီးတည်း ကိန်းအောင်းမွေ့လျော် စံပျော်တော်မူခြင်းငှာ အလိုရှိတော် မူ၏၊ ဘုရားရှင်၏ ထံတော်သို့ ဆွမ်းကို ပို့ဆောင်သည့် ရဟန်းမှ တစ်ပါး မည်သည့် ရဟန်းတော်မျှ မချဉ်းကပ်အပ်၊ ချဉ်းကပ်သော ရဟန်းသည် ပါစိတ်အာပတ်ကို ဒေသနာပြောကြားရမည်။---
ဤသို့ တရားနှင့် မလျော်ညီသော အဓမ္မိက ကတိကဝတ်ကို ပြုလုပ်ထားတော်မူ၏။ (အာပတ်ဟူသည် ဘုရားရှင်တို့သာ ပညတ်တော်မူကြသည့် အရာဌာန ဖြစ်၏၊ သာဝကတို့ ပညတ်နိုင်သည့် အရာဌာန မဟုတ်ပေ။ သာဝကများက ယခုကဲ့သို့ ပါစိတ်အာပတ် သင့်စေဟု ပညတ်ခြင်းသည် အဓမ္မိက = တရားနှင့် မလျော် ဖြစ်နေ၏။)
ထိုအချိန်တွင် အရှင်ဥပသေနသည် ဆယ်ဝါကျော်ကာ ရဟန္တာဖြစ်တော်မူပြီးသည့်အချိန် ဖြစ်ပေသည်။ ထိုအခါ အရှင်ဥပသေနသည် ငါးရာမျှသော မိမိ၏ ပရိသတ်နှင့်အတူ မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ကာ အလွန်ရိုသေစွာ ရှိခိုးဝတ်ပြုပြီးနောက် သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကာ သီတင်းသုံးတော် မူလိုက်၏။ အရှင်ဥပသေန၏ ပရိသတ်ကို ကြည့်ကာ ဘုရားရှင်သည်လည်း အလွန် နှစ်ခြိုက်တော်မူ၏။ ထိုပရိသတ်အတွင်းမှ ရဟန်းတော်တစ်ပါးကို ဘုရားရှင်က ဤသို့ မေးမြန်းတော်မူ၏။
ချစ်သား ရဟန်း ...ပံ့သူကူသင်္ကန်းတို့သည် သင့်အား နှစ်သက် မြတ်နိုးစေကုန်၏လော၊ မိမိရဲ့ အလိုအကြိုက်အတိုင်း ဆောင်ထားအပ်ပါ ကုန်သလောဟု မေးမြန်းတော်မူ၏။
မြတ်စွာဘုရား ...တပည့်တော်ကိုယ်တိုင်က မိမိရဲ့ အလိုအကြိုက် အတိုင်း ဤပံ့သူကူသင်္ကန်းတို့ကို ဆောင်ထားသည်ကား မဟုတ်ပါဘုရား၊ တပည့်တော်၏ ဥပဇ္ဈာယ်ဆရာတော်က ပံ့သူကူသင်္ကန်းကို ဆောင်တော်မူပါ၏။ အလားတူပင် တပည့်တော်သည်လည်းပဲ ပံ့သူကူသင်္ကန်းကိုဆောင်ခြင်း ဖြစ်ပါသည် မြတ်စွာဘုရားဟု တင်ပြ လျှောက်ထားလိုက်လေသည်။
ထိုအခါတွင် ဘုရားရှင်က ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော အရှင်ဥပသေနကို ဤသို့ မိန့်ကြားတော်မူ၏။
ဥပသေန ...သင်၏ ဤပရိသတ်တို့သည် ကြည်ညိုဖွယ် ရှိကြပါပေ၏။ သင်သည် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ဤပရိသတ်ကို ဆိုဆုံးမထားပါသနည်းဟု မေးမြန်းတော်မူ၏။
မြတ်စွာဘုရား ...တပည့်တော်ထံကို ရဟန်းပြုရန် တောင်းပန်လာသူကို --- ငါ့ရှင် ...ငါသည် အာရညကင် (= တောရ) ဓုတင် ဆောက်တည်၏၊ ပိဏ္ဍပါတ်ဓုတင် ဆောက်တည်၏၊ ပံ့သူကူဓုတင် ဆောက်တည်၏။ သင်သည်လည်းပဲ အကယ်၍ အာရညကင်ဓုတင် ဆောက်တည်အံ့၊ ပိဏ္ဍပါတ် ဓုတင် ဆောက်တည်အံ့၊ ပံ့သူကူဓုတင် ဆောက်တည်အံ့၊ ဤသို့ ဆောက်တည် ကျင့်သုံးခဲ့သော် ငါသည် သင့်ကို ဥပဇ္ဈာယ်ပြုကာ ရဟန်းပြုပေးပါအံ့ဟု ဤသို့ တပည့်တော်က ဆိုဆုံးမပါသည် မြတ်စွာဘုရား။
အကယ်၍ တပည့်တော်၏ အဆုံးအမကို နာယူပါအံ့၊ တပည့်တော်က ဥပဇ္ဈာယ်လုပ်ကာ ရဟန်းပြုပေးပါသည် မြတ်စွာဘုရား။ အကယ်၍ အဆုံး အမကို မနာယူအံ့၊ တပည့်တော်က ဥပဇ္ဈာယ်ပြုကာ ရဟန်းပြုမပေးပါဘုရား။
တပည့်တော်ကို ဆရာအဖြစ် မှီတင်းနေထိုင်ဖို့ရန် နိဿရည်းတောင်းခံ လာသူကိုလည်း တပည့်တော်က --- ငါ့ရှင်...ငါသည် အာရညကင်ဓုတင် ဆောင်၏၊ ပိဏ္ဍပါတ်ဓုတင် ဆောင်၏၊ ပံ့သူကူဓုတင် ဆောင်၏၊ အကယ်၍ သင်သည်လည်း အာရညကင်ဓုတင် ဆောင်အံ့၊ ပိဏ္ဍပါတ်ဓုတင် ဆောင်အံ့၊ ပံ့သူကူဓုတင် ဆောင်အံ့၊ ငါသည် သင့်ကို နိဿရည်းပေးပါမည်ဟု ဤသို့ တပည့်တော်က ဆိုဆုံးမပါသည် မြတ်စွာဘုရား --- ဤသို့ လျှောက်ထား၏။
ထိုအခါ ဘုရားရှင်က --- ဥပသေန ...သာဓု သာဓု = ကောင်းလေစွ ကောင်းလေစွ၊ ဥပသေန ...သင်သည် ပရိသတ်ကို ကောင်းစွာသာလျှင် ဆိုဆုံးမပေ၏။ ဥပသေန ... သင်သည် သာဝတ္ထိမြို့၌ နေသော သံဃာ၏ ကတိကဝတ်ကို သိရှိပါသလောဟု မေးမြန်းတော်မူ၏။
မြတ်စွာဘုရား ... တပည့်တော်သည် သာဝတ္ထိမြို့၌နေသော သံဃာ၏ ကတိကဝတ်ကို မသိပါဟု လျှောက်ထား၏။
ဥပသေန ... သာဝတ္ထိမြို့၌ နေသော သံဃာသည် ငါ့ရှင်တို့ .. မြတ်စွာဘုရားသည် ဝါတွင်းသုံးလကာလပတ်လုံး တစ်ပါးထီးတည်း ကိန်းအောင်းမွေ့လျော် စံပျော်တော်မူခြင်းငှာ အလိုရှိတော်မူ၏၊ မြတ်စွာဘုရား ထံသို့ ဆွမ်းပို့ဆောင်သော ရဟန်းမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှ မြတ်စွာဘုရားထံသို့ မချဉ်းကပ်ရ၊ ချဉ်းကပ်သော ရဟန်းသည် ပါစိတ်အာပတ် ကို ဒေသနာကြားရမည်ဟု ကတိကဝတ်ကို ပြုထား၏ဟု မိန့်ကြားတော်မူ၏။ထိုအခါ အရှင်ဥပသေနက ဤသို့ တင်ပြလျှောက်ထားတော်မူ၏။
ပညာယိဿတိ ဘန္တေ သာဝတ္ထိယာ သံဃော သကာယ ကတိကာယ၊ န မယံ အပညတ္တံ ပညပေဿာမ၊ ပညတ္တံ ဝါ န သမုစ္ဆိန္ဒိဿာမ၊ ယထာပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိဿာမာတိ။ (ဝိ၊၁၊၃၃၇။)
ဘုန်းတော်ကြီးမြတ်တော်မူပါပေသော မြတ်စွာဘုရား ... သာဝတ္ထိမှ သံဃာသည် မိမိ၏ ကတိကဝတ်ဖြင့် ထင်ရှားပါလိမ့်မည်၊ တပည့်တော်တို့သည်ကား မြတ်စွာဘုရား မပညတ်အပ်သေးသည်ကိုလည်း မပညတ်ပါကုန်အံ့၊ ပညတ်တော်မူပြီးသော သိက္ခာပုဒ်ကိုလည်း မဖျက်ဆီးကြပါကုန်အံ့၊ ပညတ်တော်မူတိုင်းသော သိက္ခာပုဒ်တော်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ကြပါကုန်အံ့ဟု တင်ပြ လျှောက်ထားတော်မူ၏။
ထိုအခါ ဘုရားရှင်က သာဓုခေါ်တော်မူကာ ဤသို့ မိန့်ကြားတော်မူ၏ ---
သာဓု သာဓု ဥပသေန၊ အပညတ္တံ န ပညပေတဗ္ဗံ၊ ပညတ္တံ ဝါ န သမုစ္ဆိန္ဒိတဗ္ဗံ၊ ယထာပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိတဗ္ဗံ။ (ဝိ၊၁၊၃၃၇။)
သာဓု သာဓု ဥပသေန ...ငါဘုရား မပညတ်အပ်သည်ကို မပညတ်အပ်၊ ပညတ်အပ်ပြီးသည်ကိုလည်း မဖျက်ဆီးအပ်၊ ပညတ်တော်မူတိုင်းသော သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ရမည်ဟု မိန့်ကြားတော် မူလိုက်၏။
ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ ရဟန်း တော်တို့မည်သည် ဘုရားရှင် မပညတ်အပ်သည်ကိုလည်း မပညတ်အပ်၊ ပညတ်တော်မူအပ်ပြီးသည်ကိုလည်း မဖျက်ဆီးအပ်၊ ပညတ်တော်မူတိုင်းသော သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်အပ်ပေသည်။ သို့မှသာ မိမိတို့ ဖြည့်ကျင့်အပ်သည့် သီလသည် ဖြူစင်နေမည် ဖြစ်ပေသည်။ ခရုသင်းပွတ်သစ်နှင့်အတူ ဖြူစင်သော ထိုသီလကသာလျှင် မှီခိုအားထားရာ နာထတရားအစစ် ဖြစ်ပေသည်။ ကျိုး ပေါက် ပြောက် ကြား လျက်ရှိသော, မဖြူစင်သော သီလကား မှီခိုအားထားရာ နာထတရားအစစ် မဖြစ်နိုင်ပေ။
အာစာရ နှင့် အနာစာရ
အာစာရဂေါစရသမ္ပန္နော = ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ခြင်းဟူသော အကျင့် အာစာရ, ကျက်စားသင့် ကျက်စားထိုက်သည့် အာရုံအရပ်တို့၌ ကျက်စားခြင်းဟူသည့် ကျက်စားရာ ဂေါစရနှင့် ပြည့်ပြည့်စုံစုံ နေထိုင်ရန် ကိုလည်း ဘုရားရှင်က ဤသီလကျင့်စဉ်ပိုင်းတွင် ထည့်သွင်းကာ ညွှန်ကြားထားတော်မူ၏။ ဤညွှန်ကြားချက်နှင့် ဆက်စပ်လျက် အာစာရ နှင့် အနာစာရ, ဂေါစရ နှင့် အဂေါစရဟု လေးမျိုးခွဲခြားကာ ဝိဘင်းပါဠိတော်၌ ဘုရားရှင်က ညွှန်ကြားပြသ ဆိုဆုံးမထားတော်မူ၏။ ထိုတွင် ရဟန်းတော်တို့ မပြုကျင့်သင့် မပြုကျင့်ထိုက်သည့် အနာစာရတရားကို ဤသို့ ဟောကြားထားတော်မူ၏။
ထိုတွင် မကျင့်သင့် မကျင့်ထိုက်သော အနာစာရ ဟူသည် အဘယ်နည်း? ကိုယ်၌ဖြစ်သော လွန်ကျူးခြင်း, နှုတ်၌ဖြစ်သော လွန်ကျူးခြင်း, ကိုယ်+နှုတ်တို့၌ ဖြစ်သော လွန်ကျူးခြင်းကို အနာစာရဟု ဆိုအပ်၏။ အလုံးစုံသော သီလပျက်စီးမှု (= ဒုဿီလ)သဘောကိုလည်း အနာစာရဟု ဆိုအပ်၏။ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဝါး ပေးခြင်းဖြင့်လည်းကောင်း, အရွက် ပေးခြင်းဖြင့်လည်းကောင်း, ပန်း ပေးခြင်းဖြင့်လည်းကောင်း, သစ်သီးပေးခြင်းဖြင့်လည်းကောင်း, ရေချိုးကသယ်မှုန့် ပေးခြင်းဖြင့်လည်းကောင်း, ဒန်ပူပေးခြင်းဖြင့်လည်းကောင်း မိမိကိုယ်ကို ချစ်ခင်ကြည်ညိုလာစေလိုသည့် အတွက် မိမိကိုယ်ကို နှိမ့်ချကာ ဒါယကာ ဒါယိကာမတို့အား မြှောက်ပင့်၍ ပြောဆိုခြင်းဖြင့်လည်းကောင်း, ပဲနောက်ဟင်းနှင့် တူသော မမှန်တစ်ချို့ မှန် တစ်ချို့သော စကားကို ပြောဆိုခြင်းဖြင့်လည်းကောင်း, ကလေးသူငယ်တို့အား တန်ဆာဆင်ပေးခြင်း စသည်ဖြင့် အခစား အစေခံ ပြုလုပ်ပေးခြင်းဖြင့် လည်းကောင်း, သလုံးမြင်းခေါင်း ခြေနှစ်ချောင်းဖြင့် လူတို့၏ သတင်းစကားကို သယ်ယူပို့ဆောင်ရေး ပြုလုပ်ခြင်းဖြင့်လည်းကောင်း, သစ်သီးပေးခြင်း, ပန်းပေးခြင်း, ဆေးကုခြင်း, ဆွမ်းကို အပြန်အလှန် အပေးအယူလုပ်ခြင်း, သံဃာ့ပစ္စည်း စေတီတော်ပစ္စည်းတို့ကို အလွဲသုံးစားပြုခြင်း စသော ဘုရားရှင် ရွံရှာစက်ဆုပ်တော်မူသော တစ်မျိုးမျိုးသော မှားယွင်းသော အသက်မွေးမှု (= မိစ္ဆာအာဇီဝမှု) ဖြင့် အသက်မွေးမြူ၏။ ဤကဲ့သို့သော အသက်မွေးမှုမျိုးကို အနာစာရ (= မကျင့်သင့် မကျင့်ထိုက်သောအကျင့်)ဟု ဆိုအပ်၏။ (အဘိ၊၂၊၂၅၅။)
ထိုတွင် ကျင့်သင့်ကျင့်ထိုက်သော အာစာရ (= ကျင့်ဝတ်ပဋိပတ်) ဟူသည် အဘယ်နည်း? ကိုယ်၌ဖြစ်သော မလွန်ကျူးမှု (= ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်မှု), နှုတ်၌ ဖြစ်သော မလွန်ကျူးမှု (= ဝစီဒုစရိုက် လေးပါးမှ ရှောင်ကြဉ်မှု), ကိုယ်+နှုတ်၌ဖြစ်သော မလွန်ကျူးမှုကို အာစာရ (= ကျင့်ဝတ် ပဋိပတ်)ဟု ဆိုအပ်၏။ (ဤစကားရပ်တို့ဖြင့် အာဇီဝဋ္ဌမကသီလကို ရည်ညွှန်းထားပေသည်။) အလုံးစုံသော သီလကို စောင့်စည်းခြင်း (= သီလသံဝရ) သည်လည်း အာစာရ (= ကျင့်ဝတ်ပဋိပတ်) မည်၏။ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ဝါး ပေးခြင်း, အရွက် ပေးခြင်း, ပန်း ပေးခြင်း, သစ်သီး ပေးခြင်း, ရေချိုးကသယ်မှုန့် ပေးခြင်း, ဒန်ပူ ပေးခြင်းစသည့် ဘုရားရှင် ရွံရှာစက်ဆုပ်တော်မူသော မှားယွင်းသော အသက်မွေးမှု (= မိစ္ဆာအာဇီဝမှု)ဖြင့် လည်း အသက်မွေးမှုကို မပြုလုပ်။ မိမိကိုယ်ကို ချစ်ခင် ကြည်ညိုလာစေလို သည့်အတွက် မိမိကိုယ်ကို နှိမ့်ချကာ ဒါယကာ ဒါယိကာမတို့အား မြှောက်ပင့် ပြောဆိုခြင်းဖြင့်လည်းကောင်း, ပဲနောက်ဟင်းနှင့် တူသော မမှန်တစ်ချို့ မှန်တစ်ချို့သော စကားကို ပြောဆိုခြင်းဖြင့်လည်းကောင်း, ကလေးသူငယ်တို့အား တန်ဆာဆင်ပေးခြင်း စသည်ဖြင့် အခစားအစေခံ ပြုလုပ်ခြင်းဖြင့်လည်းကောင်း, သလုံးမြင်းခေါင်း ခြေနှစ်ချောင်းဖြင့် လူတို့၏ သတင်းစကားကို သယ်ယူပို့ဆောင်ရေး ပြုလုပ်ခြင်းဖြင့်လည်းကောင်း ဤသို့စသော ဘုရားရှင် ရွံရှာစက်ဆုပ်တော်မူသော တစ်မျိုးမျိုးသော မှားယွင်းသော အသက်မွေးမှု (= မိစ္ဆာအာဇီဝ)ဖြင့် အသက်မွေးမှုကို မပြုလုပ်။ ဤသို့ မပြုလုပ်ခြင်းကို အာစာရ (= ကျင့်ဝတ်ပဋိပတ်) ဟု ဆိုအပ်၏။ (အဘိ၊၂၊၂၅၅။)
---ဂေါစရ နှင့် အဂေါစရ
ရဟန်းတို့ မကျက်စားသင့်သော အဂေါစရနှင့် ကျက်စားသင့်သော ဂေါစရကိုလည်း ဤသို့ ဆက်လက်ကာ ဟောကြားထားတော်မူ၏။ --
ထိုတွင် ရဟန်းတို့ မကျက်စားသင့်သော အဂေါစရ ဟူသည် အဘယ် နည်း? ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမအိမ်၌ (မိတ်ဆွေအဖြစ်ဖြင့်) ကျက်စားမှု များပြား၏၊ လင်ကွာ+မုဆိုးမအိမ်၌ ကျက်စားမှု များပြား၏၊ အပျိုကြီးအိမ်၌ ကျက်စားမှု များပြား၏၊ နပုံးပဏ္ဍုက်အိမ်၌ ကျက်စားမှု များပြား၏၊ ဘိက္ခုနီကျောင်း၌ ကျက်းစားမှု များပြား၏၊ သေတင်းကုတ် (= အရက်ဆိုင်)၌ ကျက်စားမှု များပြား၏။ မင်းတို့နှင့်လည်းကောင်း, မင်းအမတ်တို့နှင့်လည်းကောင်း, တိတ္ထိတို့နှင့်လည်းကောင်း, တိတ္ထိတို့၏ တပည့်သာဝက ဒါယကာ ဒါယိကာမတို့နှင့် လည်းကောင်း သီလ, သမာဓိ, ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့နှင့် ထိပ်တိုက်ဆန့်ကျင်ဘက်ဖြစ်သော မလျော်သော ရောနှောမှုဖြင့် ရောရောနှောနှော နေထိုင်၏။ ရတနာသုံးပါးတို့၌ ယုံကြည်မှု သဒ္ဓါတရား မရှိကြကုန်သော, ရတနာသုံးပါးတို့ကို မကြည်ညိုကြကုန်သော, ရဟန်းတို့၏ ရေတွင်းရေကန်သဖွယ် မဖြစ်ကြကုန်သော, ရဟန်းတို့ကို ဆဲရေးခြိမ်းခြောက်တတ်ကြကုန်သော, ရဟန်းယောက်ျား ရဟန်းမိန်းမ လူဥပါသကာ လူဥပါသိကာမတို့၏ အကျိုးမဲ့ကို လိုလားကြကုန်သော, အစီးအပွားမဲ့ကို လိုလားကြကုန်သော မကြီးပွားမှုကို လိုလားကြကုန်သော, ယောဂလေးပါးတို့၏ ကုန်ရာနိဗ္ဗာန်ကို အလိုမရှိကြကုန်သော အမျိုးဒါယကာ ဒါယိကာမတို့ကို မှီဝဲဆည်းကပ် ခစားတတ်၏။ ဤကဲ့သို့ ပြုမူခြင်းကို အဂေါစရ (= မကျက်စားသင့်သော အရပ်၌ ကျက်စားမှု) ဟု ဆိုအပ်၏။ (အဘိ၊၂၊၂၅၅-၂၅၆။)
ထိုတွင် ရဟန်းတို့ ကျက်စားသင့်သော ဂေါစရ ဟူသည် အဘယ်နည်း? ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမအိမ်၌ မကျက်စား၊ လင်ကွာ+မုဆိုးမအိမ်၌ မကျက်စား၊ အပျိုကြီးအိမ်၌ မကျက်စား၊ နပုံး ပဏ္ဍုက်အိမ်၌ မကျက်စား၊ ဘိက္ခနီကျောင်း၌ မကျက်စား၊ သေတင်းကုတ် (= အရက်ဆိုင်)၌ မကျက်စား၊ မင်းတို့နှင့်လည်းကောင်း, မင်းအမတ်တို့နှင့်လည်းကောင်း, တိတ္ထိတို့နှင့်လည်းကောင်း, တိတ္ထိတို့၏ တပည့်သာဝက ဒါယကာ ဒါယိကာမတို့နှင့် လည်းကောင်း သီလ, သမာဓိ, ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့နှင့် ထိပ်တိုက်ဆန့်ကျင်ဘက်ဖြစ်သော မလျော်သော ရောနှောမှုဖြင့် ရောရောနှောနှော မနေထိုင်။ ရတနာသုံးပါးတို့၌ ယုံကြည်မှု သဒ္ဓါတရား ရှိကြကုန်သော, ရတနာသုံးပါးတို့ကို ကြည်ညိုကြကုန်သော, ရဟန်းတို့၏ ရေတွင်း ရေကန်သဖွယ် ဖြစ်ကြကုန်သော, ရဟန်းယောက်ျား ရဟန်းမိန်းမတို့၏ ဝတ်ရုံထားအပ်သော သင်္ကန်းရောင်တို့ဖြင့် တစ်ခဲနက်တောက်ပသော အရောင်ရှိကြကုန်သော, ရဟန်းယောက်ျား ရဟန်းမိန်းမဟု ခေါ်ဆိုအပ်ကုန်သော ရသေ့ ရဟန်းတို့၏ သင်္ကန်းရနံ့ ကိုယ်ရနံ့တို့ဖြင့် ကြိုင်လှိုင်လျက် ရှိကြကုန်သော, ရဟန်းယောက်ျား ရဟန်းမိန်းမ လူဥပါသကာ လူဥပါသိကာမတို့၏ အကျိုးကို လိုလားတောင့်တကြကုန်သော, အစီးအပွား ကို လိုလားတောင့်တကြကုန်သော, ကြီးပွားမှုကို လိုလားတောင့်တကြကုန် သော, ယောဂလေးပါးတို့၏ကုန်ရာ နိဗ္ဗာန်ကို အလိုရှိကြကုန်သော အမျိုး ဒါယကာ ဒါယိကာမအိမ်တို့သို့ မှီဝဲဆည်းကပ်ခစား၏။ ဤကဲ့သို့သော ပြုကျင့် မှုကို ကျက်စားသင့်သော အရပ်၌ ကျက်စားမှု (= ဂေါစရ) ဟု ဆိုအပ်၏။
ဤသို့လျှင် ဤကဲ့သို့သော ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ခြင်း အကျင့် အာစာရနှင့် လည်းကောင်း , ကျက်စားသင့် ကျက်စားထိုက်သည့် အာရုံ+ အရပ်တို့၌ ကျက်စားခြင်းဟူသည့် ကျက်စားရာ ဂေါစရနှင့် ပြည့်စုံသော ရဟန်းတော်ကို အာစာရဂေါစရသမ္ပန္န (= အကျင့် အာစာရ + ကျက်စားရာ ဂေါစရနှင့် ပြည့်စုံသော ရဟန်း) ဟု ခေါ်ဆိုအပ်ပေသည်။ (အဘိ၊၂၊၂၅၅-၂၅၆၊၊)
ဤ၌ အာစာရအရ --- သဗ္ဗောပိ သီလသံဝရော အာစာရော = အလုံးစုံသော သီလကို စောင့်စည်းခြင်း ဟူသမျှသည် အာစာရ မည်၏။ (အဘိ၊၂၊၂၅၅။) --- ဟု ဟောကြားထားတော်မူသောကြောင့် အာစာရ (= ကျင့်ဝတ်တို့)နှင့် ပြည့်စုံရန် ခန္ဓက၌ လာရှိသော ဝတ်ကြီးဝတ်ငယ် အသွယ်သွယ် တို့ကိုလည်း မပျင်းမရိ လုံ့လရှိရှိဖြင့် ဖြူစင်အောင် ဖြည့်ကျင့်ရမည် ဖြစ်ပေ သည်။ ဝတ္တံ အပရိပူရေန္တော သီလံ န ပရိပူရတိ = ဝတ်ကို မဖြည့်ကျင့်သော သူသည် သီလကို ဖြည့်ကျင့်သည် မမည်ဟူသည်နှင့် အညီ ခရုသင်း ပွတ်သစ်နှင့် အတူ ပြည့်ဝစုံလင် ဖြူစင်မြင့်မြတ်သည့် သီလရှိရေးအတွက် ခန္ဓက၌ လာရှိသော ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ကိုလည်း အားသွန် ခွန်စိုက် ဖြည့်ကျင့်ရန် ရည်သန်တောင့်တတော်မူသည့်အတွက် ဘုရားရှင်က အကျင့်အာစာရနှင့် ပြည့်ပြည့်စုံစုံ နေထိုင်ရန်ကိုလည်း ထည့်သွင်းကာ ဆိုဆုံးမထားတော်မူပေသည်။
တစ်ဖန် ဤ၌ ဂေါစရဟူသည် ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးဟူသော ပစ္စည်းလေးပါးအတွက် ခင်ခင်မင်မင် ရင်းရင်းနှီးနှီးဖြင့် ပြည့်တန်ဆာမအိမ်, လင်ကွာ+မုဆိုးမအိမ်, အပျိုကြီးအိမ်, နပုံးပဏ္ဍုက်အိမ်, ဘိက္ခုနီမကျောင်း, သေတင်းကုတ် (= အရက်ဆိုင်)တို့၌ အဝင်အထွက် အသွားအလာများမှုကို ဆိုလိုသည်။ အိမ်စဉ်အတိုင်း လှည့်လည်၍ ရွာတွင်း၌ ဆွမ်းခံခြင်းမျိုးကို မဆိုလိုပေ။
ဝေသိယာ ဂေါစရော အဿာတိ ဝေသိယာဂေါစရော၊ မိတ္တသန္ထဝဝသေန ဥပသင်္ကမိတဋ္ဌာနန္တိ အတ္ထော။ တတ္ထ ဝေသိယာ နာမ ရူပူပဇီဝိနိယော ယေန ကေနစိဒေဝ သုလဘဇ္ဈာစာရတာ မိတ္တသန္ထဝသိနေဟဝသေန ဥပသင်္ကမန္တော ဝေသိယာ ဂေါစရော နာမ ဟောတိ။ တသ္မာ ဧဝံ ဥပသင်္ကမိတုံ န ဝဋ္ဋတိ။ ကိံ ကာရဏာ? အာရက္ခဝိပတ္တိတော။ ဧဝံ ဥပသင်္ကမန္တဿ ဟိ စိရံ ရက္ခိတဂေါပိတော ပိ သမဏဓမ္မော ကတိပါဟေနေဝ နဿတိ။ သစေပိ န နဿတိ၊ ဂရဟံ လဘတိ။ ဒက္ခိဏာဝသေန ပန ဥပသင်္ကမန္တေန သတိံ ဥပဋ္ဌာပေတွာ ဥပသင်္ကမိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၃၂၅)
ဝေသိယာ ဂေါစရ = ပြည့်တန်ဆာမအိမ်၌ ကျက်စားမှု များပြားသော ရဟန်းသည် ဝေသိယာ ဂေါစရ မည်၏။ တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းစကား ပြောကြားလျက် ခင်မင်ရင်းနှီးသည်၏ အစွမ်းဖြင့် ချဉ်းကပ်ရာဌာနဟု ဆိုလို၏။ ထိုစကားရပ်၌ ဝေသိယာဟူသည် ပြည့်တန်ဆာမတည်း။ ထိုပြည့်တန်ဆာမကား တစ်စုံ တစ်ခုသော အာမိသဖြင့်ပင်လျှင် လွန်ကျူးမှု (= အဇ္ဈာစာရ)ကို ပြုကျင့်မည် ဆိုပါက ရလွယ်သော သဘောရှိ၏။ ခင်မင်ရင်နှီးသည်၏ အစွမ်းဖြင့် ယင်းအိမ်သို့ ချဉ်းကပ်မှုသည် ဝေသိယာဂေါစရ = ပြည့်တန်ဆာမအိမ်၌ ကျက်စားမှု မည်ပေသည်။ ထိုကြောင့် ဤသို့ ခင်ခင်မင်မင် ရင်းရင်းနီးနီးဖြင့် မချဉ်းကပ်သင့်ပေ။ အဘယ်ကြောင့်နည်း? ရဟန်းသီလကို စောင့်စည်းမှု၏ ပျက်စီးသွားနိုင်သောကြောင့်တည်း။ ဤသို့ ခင်ခင်မင်မင် ရင်းရင်းနှီးနီး ချဉ်းကပ်သော ရဟန်းအား ကြာမြင့်စွာ ထိမ်းသိန်း စောင့်ရှောက်ထားအပ် သော သမဏဓမ္မ = ရဟန်းတရားသည်လည်း နှစ်ရက်သုံးရက်အတွင်းမှာပင် ပျက်စီးသွားနိုင်၏။ အကယ်၍ ရဟန်းတရားသည် မပျက်စီးစေကာမူ လူအများ၏ ကဲ့ရဲ့မှုကိုကား ရရှိနိုင်၏။ ထိုကြောင့် အလှူဒါနအတွက် ယင်း အိမ်သို့ ချဉ်းကပ်ခဲ့သော် သတိကို ရှေးရှူတည်စေ၍သာ ချဉ်းကပ်ပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၂၅။)
ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုရှင်းလင်းချက်နှင့်အညီ ဆွမ်းအလှူ စသော အလှူဒါန တစ်ခုခုအတွက် ပြည့်တန်ဆာမအိမ်သို့ သွားခွင့်ကား ရှိနေ၏၊ ဆွမ်းခံသွားကောင်း၏ဟု သိပါ။ သို့သော် သတိထားပါဟု အဋ္ဌကထာ က သတိပေးထား၏။ တစ်ဖန် လင်ကွာ+မုဆိုးမအိမ် စသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ (အဘိ၊ဋ္ဌ၊၂၊၃၂၅၊၊)
ပဏ္ဍက = ပဏ္ဍုက်တို့ဟူသည် များပြားလွန်းလှသော ကာမဂုဏ်တည်းဟူသော လောကာမိသကို မှီသော စကားရှိကုန်သော, ကိလေသာရာဂ ထူပြောကုန်သော မငြိမ်းအေးနိုင်သော, မငြိမ်းအေးလွယ်သော ကိလေသာရာဂ အပူမီးရှိကုန်သော နပုံးပဏ္ဍုက်တို့ကို ဆိုလိုပေသည်။ ရဟန်းများအတွက် အန္တရာယ်ကြီးမားလှသော ပုဂ္ဂိုလ်တို့ပင်တည်း။ (အဘိ၊ဋ္ဌ၊၂၊၃၂၅။)
မကျက်စားသင့်သည့် အရပ်ဒေသတို့၌ မကျက်စားရန်မျှသာ မဟုတ်သေး၊ မကျက်စားသင့်သည့် အာရုံတို့၌လည်း မိမိတို့၏ စိတ်ဓာတ်ကို မကျက်စားမိစေရန် ဘုရားရှင်သည် ဆိုဆုံးမခဲ့သည်သာ ဖြစ်၏။ ထိုအဆုံးအမတို့တွင် အောက်ပါ သကုဏဂ္ဃိသုတ္တန်သည်လည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။
သကုဏဂ္ဃိသုတ္တန် (သံ၊၃၊၁၂၇-၁၂၈။)
ရဟန်းတို့ ... ရှေး၌ ဖြစ်ဖူးသည်ကား --- သိန်းငှက်တစ်ကောင်သည် လျင်မြန်စွာ ဆိုက်ရောက်လာ၍ ဗီလုံးငှက်ငယ်ကို ဖမ်းသုတ်လေ၏။ ရဟန်းတို့ ထိုအခါ ဗီလုံးငှက်ငယ်သည် သိန်းငှက်က ထိုးသုတ်ဆောင်ယူအပ်သည် ဖြစ်၍ ဤသို့ ငိုကြွေးမြည်တမ်းလေ၏။ --- ငါတို့သာ ကျက်သရေမဲ့ကုန်၏၊ ငါတို့သာ ဘုန်းကံနည်းပါးကုန်၏၊ ငါတို့သည် မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာအရပ်၌ ကျက်စားမိကုန်၏။ ယနေ့ ငါသည် မိမိအဖ၏ ကျက်စားရာ နေရာ မိရိုးဖလာအရပ်ဖြစ်သော ကျက်စားရာ စားကျက်၌ ကျက်စားမိခဲ့ပါမူ ဤသိန်းငှက်သည် ငါ့အား မဖမ်းယူနိုင်လေရာ၊ စစ်ထိုးခြင်းသာ ဖြစ်လေရာ၏ ဟု မြည်တမ်းလေ၏။
အို ဗီလုံးငှက် ... မိမိအဖ၏ ကျက်စားရာနေရာဖြစ်သော သင်၏ မိရိုးဖလာကျက်စားရာ စားကျက်ကား အဘယ်နည်း?--- ဟု သိန်းငှက်က မေးလေ၏။
ထွန်ဖြင့် ထွန်ယက်ခြင်းကိုပြုရာ ထွန်ချေးခဲရှိရာ အရပ်ပါ--- ဟု အဖြေပေးလေ၏။
ရဟန်းတို့ ... ထိုအခါ သိန်းငှက်သည် မိမိ၏အားအစွမ်းကို အားကိုး ယုံကြည်လျက် မိမိ၏ အားအစွမ်းကို အထူးအထွေ မပြောဆိုတော့ဘဲ ဟဲ့ဗီလုံးငှက် ... သင်သွားလေလော့၊ ထိုအရပ်သို့ ရောက်ပါသော်လည်း သင်သည် ငါ့လက်မှ မလွတ်မြောက်နိုင်လတ္တံ့ဟု ပြောဆိုကာ ဗီလုံးငှက်ငယ်ကို လွှတ်လိုက်လေ၏။
ရဟန်းတို့ ... ထိုအခါ ဗီလုံးငှက်ငယ်သည် ထွန်ဖြင့် ထွန်ယက်ခြင်းကိုပြုရာ ထွန်ချေးခဲရှိရာ အရပ်သို့ သွားပြီးလျှင် ထွန်ချေးခဲကြီးထက်သို့ တက်၍ အို ...သိန်းငှက် ယခု ငါ့နေရာသို့ လာခဲ့လော့၊ အို ...သိန်းငှက် ယခု ငါ့နေရာသို့ လာခဲ့လော့ဟု သိန်းငှက်ကို စိန်ခေါ်ကာ ထွန်စာခဲအထက်၌ ရပ်တည်နေလေ၏။
ရဟန်းတို့ ... ထိုအခါ သိန်းငှက်သည် မိမိ၏ အားအစွမ်းကို အားကိုး ယုံကြည်လျက် မိမိ၏ အားအစွမ်းကို အထူးအထွေ မပြောဆိုတော့ဘဲ အတောင် နှစ်ဖက်တို့ကို ယှက်၍ ဗီလုံးငှက်ငယ်ကို ထိုးသုတ်ရန် ဗီလုံး ငှက်ငယ်ထံသို့ လျင်မြန်သော အဟုန်ဖြင့် ထိုးဆင်းလိုက်လေ၏။
ရဟန်းတို့ ... ဤသိန်းငှက်သည် ငါ့ကို ထိုးသုတ်ရန် များစွာနီးကပ်လာပြီဟု ဗီလုံးငှက်ငယ်က သိသောအခါ ထိုထွန်ချေးခဲ၏ အကြားသို့သာ ဝင်ရောက်သွားလေ၏။ ရဟန်းတို့ ... ထိုအခါ သိန်းငှက်သည် ထိုထွန်ချေးခဲ၌ပင် မိမိ၏ရင်ဘတ်ဖြင့် ပြင်းထန်စွာ တိုက်ခတ်မိလေ၏။
ရဟန်းတို့ ... မကျက်စားသင့် မကျက်စားထိုက်သော သူတစ်ပါးတို့၏ နေရာအရပ်၌ ကျက်စားသွားလာသော သူသည် ဤအတူပင် ပျက်စီးတတ်၏။
ထိုကြောင့်ပင် မကျက်စားသင့်သော သူတစ်ပါးတို့၏ ကျက်စားရာ နေရာအရပ်၌ မကျက်စား မသွားလာကြကုန်လင့်။ ရဟန်းတို့ ... မကျက်စားသင့်သော သူတစ်ပါးတို့၏ ကျက်စားရာအရပ်၌ ကျက်စားသွားလာကုန်သူတို့အား ကိလေသာမာရ်သည် ဖျက်ဆီးရန်အခွင့်ကို ရတတ်၏။ ကိလေသာမာရ်သည် ဖျက်ဆီးရန်အကြောင်းကို ရတတ်၏။
ရဟန်းတို့ ... ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏ ကျက်စားရာ နေရာအရပ်ကား အဘယ်နည်း? ဤကာမဂုဏ်ငါးပါးတို့ပင်တည်း။ အဘယ်ငါးပါးတို့နည်း?
အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော, စိတ်နှလုံးဝယ် အကုသိုလ်တရားကို တိုးပွားစေတတ်ကုန်သော, ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့် စပ်ယှဉ်ကုန်သော တပ်မက်ဖွယ်ကောင်းကုန်သော ----
၁။ စက္ခုဝိညာဏ်ဖြင့် မြင်သိအပ်သော ရူပါရုံ,
၂။ သောတဝိညာဏ်ဖြင့် ကြားသိအပ်သော သဒ္ဒါရုံ,
၃။ ဃာနဝိညာဏ်ဖြင့် နမ်းရှူသိအပ်သော ဂန္ဓာရုံ,
၄။ ဇိဝှါဝိညာဏ်ဖြင့် လျက်သိအပ်သော ရသာရုံ,
၅။ ကာယဝိညာဏ်ဖြင့် ထိသိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့တည်း။
ရဟန်းတို့ ... ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏ ကျက်စားရာ နေရာအရပ်ကား ဤကာမဂုဏ် ငါးပါးတို့ပင်တည်း။
ရဟန်းတို့ ... မိမိအဖ၏နေရာ မိရိုးဖလာကျက်စားရာ စားကျက်၌သာ ကျက်စားကြကုန်လော့၊ မိမိအဖ၏နေရာ မိရိုးဖလာကျက်စားရာ စားကျက်၌သာ ကျက်စားကုန်သောသူတို့အား ကိလေသာမာရ်သည် ဖျက်ဆီးရန် အခွင့်ကိုမရနိုင်၊ ကိလေသာမာရ်သည် ဖျက်ဆီးရန်အကြောင်းကို မရနိုင်။
ရဟန်းတို့ ... မိမိအဖ၏နေရာ မိရိုးဖလာ ကျက်စားရာဖြစ်သော စားကျက်ဟူသည်ကား အဘယ်နည်း? ဤသတိပဋ္ဌာန်တရား လေးပါးတို့ပင်တည်း။ အဘယ်လေးပါးတို့နည်း?
ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော အပြင်းအထန် ကြိုးစားအားထုတ်သော လုံ့လဝီရိယ ရှိသည်ဖြစ်၍ ကမ္မဋ္ဌာန်းအာရုံကို ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ ကမ္မဋ္ဌာန်းအာရုံကို အမှတ်ရမှု သတိရှိသည် ဖြစ်၍ ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော လောက၌ လိုလားတပ်မက်ခြင်း အဘိဇ္ဈာတရား, စိတ်မချမ်းသာခြင်း = ဒေါမနဿတရားကို ပယ်ရှားလျက်
၁။ ကာယ၌ ကာယဟု အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍,
၂။ ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍,
၃။ စိတ်၌ စိတ်ဟု အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍,
၄။ ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားဟု အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။
ရဟန်းတို့ ...ရဟန်း၏ မိမိအဖ၏ ကျက်စားရာနေရာဖြစ်သော ကျက်စားရာ စားကျက်သည်ကား ဤသတိပဋ္ဌာန်တရား လေးပါးတို့ပင်တည်း။ (သံ၊၃၊၁၂၇-၁၂၈။)
ဤသုတ္တန်၌ ရဟန်းတို့ မကျက်စားသင့်သော စားကျက် (အဂေါစရ)ကို အာရုံငါးပါး ကာမဂုဏ်တရားဟုလည်းကောင်း, ရဟန်းတို့ ကျက်စားသင့် ကျက်စားထိုက်သော ကျက်စားရာ စားကျက် (ဂေါစရ)ကို သတိပဋ္ဌာန်တရား လေးပါးဟုလည်းကောင်း ဟောကြားထားတော်မူ၏။ သတိပဋ္ဌာန်တရား လေးပါးဟူသည်မှာ သတိ၏တည်ရာ အာရုံ ဖြစ်ကုန်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသည့် လေးမျိုးကုန်သော တရားတို့ပင်တည်း။
ထိုသတိပဋ္ဌာန်တရားလေးပါးတို့တွင် ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်း၌ အာနာပါနကဲ့သို့သော စတုတ္ထစျာန် ဆိုက်သည်အထိ ရှုပွားရသော သမထကမ္မဋ္ဌာန်းများကိုလည်း ထည့်သွင်းကာ ဟောကြားထားတော်မူ၏။ ဓာတုမနသိကာရကဲ့သို့သော ရုပ်ပရမတ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် ရှုပွားသုံးသပ်သည့် ဝိပဿနာကမ္မဋ္ဌာန်းတို့လည်း ယင်းကာယာနုပဿနာသတိပဋ္ဌာန်ပိုင်း၌ ပါဝင်ကြ၏။ ယင်းသတိပဋ္ဌာန်တရားလေးပါးတို့တွင် ---
(က) ရုပ်ကို အဦးမူ၍,
( ခ ) ဝေဒနာကို အဦးမူ၍,
( ဂ ) စိတ်ကို အဦးမူ၍,
(ဃ) ဓမ္မသဘောတရားတို့ကို အဦးမူ၍ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းတို့၏ အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာရှုပွားပုံအပိုင်းတို့လည်း ပါဝင်ကြပေသည်။
စတုပါရိသုဒ္ဓိသီလ
ဤနာထသုတ္တန်တွင် ဘုရားရှင်သည် ပါတိမောက္ခသံဝရသီလကို ဦးတည်ကာ ပဓာနနည်းအားဖြင့် ဟောကြားသွားတော်မူပေသည်။ အပဓာနအားဖြင့် ---
၁။ ဣန္ဒြိယသံဝရသီလ = မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးတည်းဟူသော ဣန္ဒြေခြောက်ပါး တံခါးကြီးခြောက်ပေါက်မှ ရာဂ, ဒေါသ, မောဟ စသည့် ကိလေသာတို့ မဝင်ရောက်အောင် စောင့်စည်းခြင်း,
၂။ အာဇီဝပါရိသုဒ္ဓိသီလ = အသက်မွေးမှု စင်ကြယ်အောင် စောင့်စည်းခြင်း,
၃။ ပစ္စယသန္နိဿိတသီလ = ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ကာ သုံးစွဲခြင်း,
ဤသီလကြီးတို့ကိုလည်း လိုက်နာပြုကျင့်ရမည်သာ ဖြစ်၏။ ဂေါစရ, အဂေါစရပိုင်းတွင် အာဇီဝပါရိသုဒ္ဓိသီလကို တစ်စိတ်တစ်ဒေသအားဖြင့် ထည့်သွင်းကာ ဟောကြားထားတော်မူပြီးပင် ဖြစ်ပေသည်။ ဤတွင် ဣန္ဒြိယသံဝရသီလအကြောင်းကို အနည်းငယ် ဆွေးနွေးတင်ပြလိုပေသည်။ ဣန္ဒြိယသံဝရသီလနှင့် ပြည့်စုံရန် ရဟန်းတော်တစ်ပါးအနေဖြင့် မည်သို့ လိုက်နာပြုကျင့်ရမည်နည်း? အောက်ပါ ကုမ္ဘောပမသုတ္တန်ကို ဖတ်ရှုကြည့်ပါ။
ကုမ္ဘောပမသုတ္တန်
ရဟန်းတို့ ... ဟိုရှေး၌ ဖြစ်ခဲ့ဖူးသည်ကား --- (ကျောက်ကုန်းထက်၌ ထက်သော အရိုးရှိသော) လိပ်သည် ညနေချမ်းအခါ မြစ်ကမ်းပါးအနီး၌ အစာအလို့ငှာ လှည့်လည် ကျက်စားလျက် ရှိ၏၊ ရဟန်းတို့ ... မြေခွေးသည်လည်း ညနေချမ်းအခါ ယင်းမြစ်ကမ်းပါးအနီး၌ပင် အစာအလို့ငှာ လှည့်လည် ကျက်စားလျက်ရှိ၏။ ရဟန်းတို့ ...လိပ်သည် အစာအလို့ငှာ လှည့်လည်ကျက်စားသော မြေခွေးကို ခပ်ဝေးဝေးမှ မြင်လေလျှင် (လက်နှစ်ဖက်, ခြေနှစ်ဖက်, ဦးခေါင်းဟူသော) ဦးခေါင်းလျှင် ငါးခုမြောက်ရှိသော မိမိ၏ အင်္ဂါတို့ကို မိမိ၏ အခွံအတွင်းသို့ ထည့်သွင်းပြီးလျှင် ကြောင့်ကြမဲ့ ဆိတ်ဆိတ်နေလိုက်၏။ ရဟန်းတို့ ... မြေခွေးသည်လည်း အစာအလို့ငှာ လှည့်လည်ကျက်စားသော လိပ်ကို ခပ်ဝေးဝေးမှပင် မြင်လေလျှင် လိပ်ထံသို့ ချဉ်းကပ်၍ ဤလိပ်သည် ဦးခေါင်းလျှင် ငါးခုမြောက်ရှိသော အင်္ဂါတို့တွင် တစ်ခုခုသော အင်္ဂါကို လိပ်ခွံတွင်းမှ အပြင်ဘက်သို့ ထုတ်လိုက်သောအခါ ထိုလိပ်ကို ဖမ်းယူပြီးလျှင် ခဲ၍စားအံ့ဟု လိပ်၏အနီးသို့ ချဉ်းကပ်ကာ ရပ်တည်နေလေ၏။ ရဟန်းတို့ ... လိပ်သည် ဦခေါင်းလျှင် ငါးခုမြောက်ရှိသော အင်္ဂါတို့တွင် တစ်ခုခုသော အင်္ဂါကိုမျှ လိပ်ခွံ၏ အပြင်ဘက်သို့ မထုတ်သောအခါ မြေခွေးသည် ခဲစားဖို့ရန် အခွင့် မရရှိသဖြင့် လိပ်ကို မညှဉ်းဆဲနိုင်ဘဲ လိပ်ထံမှ ဖဲခွာသွားရလေ၏။
ရဟန်းတို့ ... ဤဥပမာအတူပင် ငါသည် ဤရဟန်းတို့၏ မျက်စိမှသော်လည်း အခွင့်ရရာ၏၊ နားမှသော်လည်း ။ပ။ နှာခေါင်းမှသော်လည်း, လျှာမှသော်လည်း, ကိုယ်မှသော်လည်း, စိတ်မှသော်လည်း အခွင့်ရရာ၏ဟု ကိလေသမာရ်ယုတ်သည် အမြဲမပြတ် သင်တို့၏ အနီး၌ ရပ်တည်လျက်ရှိ၏။ ရဟန်းတို့ ... ထိုသို့ ဖြစ်သောကြောင့် ဣန္ဒြေတို့၌ လုံခြုံသော (သတိတည်းဟူသော) တံခါးရှိသည်ဖြစ်၍ နေထိုင်ကြကုန်လော့။ မျက်စိဖြင့် အဆင်း = ရူပါရုံကိုမြင်သော် ယောက်ျား မိန်းမစသော သဏ္ဌာန်နိမိတ်ကို မစွဲယူကြကုန်လင့်၊ လက်ခြေ မျက်နှာ စသော ကိုယ်အင်္ဂါ, ပြုံးဟန် ရယ်ဟန် စသော အမူအရာ အမှတ်လက္ခဏာကို မစွဲယူကြကုန်လင့်၊ စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်းစက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်းကြောင့် ယင်းရူပါရုံကို မက်မောခြင်း (= အဘိဇ္ဈာတရား), စိတ်နှလုံးမသာယာခြင်း (= ဒေါမနဿတရား) ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသောသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာသောကြောင့် သင်တို့သည် ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှာ ကျင့်ကြကုန်လော့၊ စက္ခုန္ဒြေကို စောင့်စည်းကြကုန်လော့၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်ကြကုန်လော့။
နားဖြင့် အသံ (= သဒ္ဒါရုံ)ကို ကြားသော် ။ ပ ။ နှာခေါင်းဖြင့် အနံ့ (=ဂန္ဓာရုံ)ကို နမ်းရှုသော် ။ ပ ။ လျှာဖြင့် အရသာ (= ရသာရုံ)ကို လျှက်သော် ။ ပ ။ ကိုယ်ဖြင့် အတွေ့အထိ (= ဖောဋ္ဌဗ္ဗာရုံ)ကို တွေ့ထိသော်။ ပ ။ စိတ်ဖြင့် ဓမ္မသဘောတရား (= ဓမ္မာရုံ)ကို သိသော် ယောက်ျား မိန်းမစသော သဏ္ဌာန် နိမိတ်ကို မစွဲယူကြကုန်လင့်၊ လက်ခြေမျက်နှာစသော ကိုယ်အင်္ဂါ, ပြုံးဟန် ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာကို မစွဲယူကြပါကုန်လင့်။ မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်းမနိန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်းကြောင့် ယင်း ဓမ္မာရုံကို မက်မောခြင်း (= အဘိဇ္ဈာတရား), စိတ်နှလုံး မသာယာခြင်း (= ဒေါမနဿတရား)တည်းဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုမနိန္ဒြေကို မစောင့်စည်းသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာသောကြောင့် သင်တို့သည် ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှာ ကျင့်ကြကုန်လော့၊ မနိန္ဒြေကို စောင့်စည်းကြကုန်လော့၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်ကြကုန်လော့။
ရဟန်းတို့ ... သင်တို့သည် အကြင်အခါ၌ ဣန္ဒြေခြောက်ပါးတို့၌ လုံခြုံသော သတိတည်းဟူသော တံခါးရှိသည်ဖြစ်၍ နေထိုင်ကြကုန်လတ္တံ့၊ ထိုအခါ လိပ်ထံမှ မြေခွေးသည် ဖဲခွာသွားရသကဲ့သို့ သင်တို့အထံမှလည်း ကိလေသာမာရ်ယုတ်သည် အခွင့်မရသည်ဖြစ်၍ မညှဉ်းဆဲနိုင်ဘဲ ဖဲခွာသွားရပေလတ္တံ့--- ဟု မိန့်ကြားတော်မူ၏။ (သံ၊၂၊၃၈၅၊၃၈၆။)
ထိုနောင် ဘုရားရှင်သည် အောက်ပါ ဂါထာဒေသနာတော်ကို ဆက်လက်ကာ ဟောကြားတော်မူလေသည်။
ကုမ္မောဝ အင်္ဂါနိ သကေ ကပါလေ၊
သမောဒဟံ ဘိက္ခု မနောဝိတက္ကေ။
အနိဿိတော အညမဟေဌယာနော၊
ပရိနိဗ္ဗုတောနူပဝဒေယျ ကဉ္စိ။
ကုမ္မော = လိပ်သည်။ အင်္ဂါနိ = ခြေ - လက် - ဦးခေါင်း ဟူသော မိမိ၏ ကိုယ်အင်္ဂါတို့ကို။ သကေ ကပါလေ = မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော လိပ်ခွံအတွင်း၌။ သမောဒဟံ = ကောင်းစွာ ထားသည်ဖြစ်၍။ (သိင်္ဂါလဿ = မြေခွေးအား။ ဩတာရံ = ခဲစားခွင့်ကို။ န ဒေတိ ဣဝ = မပေးသကဲ့သို့လည်းကောင်း။ သိင်္ဂါလော = မြေခွေးသည်။ နံ = ထိုလိပ်ကို။ န ပသဟတိဣဝ = မညှဉ်းဆဲနိုင်သကဲ့သို့လည်းကောင်း။) ဧဝံ = ဤဥပမာအတူပင်။ ဘိက္ခု = ယောဂါဝစရရဟန်းသည်။ မနောဝိတက္ကေ = မိမိ၏ စိတ်အကြံ အစည်တို့ကို။ (သကေ = မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော။ အာရမ္မဏကပါလေ = ကမ္မဋ္ဌာန်းအာရုံတည်းဟူသော လိပ်ခွံအတွင်း၌။ သမောဒဟံ = ကောင်းစွာ ထားသည်ဖြစ်၍။ ကိလေသမာရဿ = ကိလေသမာရ်အား။ ဩတာရံ = ဝင်ရောက်ခွင့်ကို။ န ဒေတိ = မပေး။ မာရော စ = ကိလေသမာရ်သည်လည်း။ နံ = ထို ရဟန်းကို။ န ပသဟတိ = မညှဉ်းဆဲနိုင်။) အနိဿိတော = ဥပါဒါနက္ခန္ဓာငါးပါး တည်းဟူသော တစ်စုံတစ်ခုသော လောက၌ ငါ-ငါ့ဟာဟု တဏှာ-ဒိဋ္ဌိတို့ဖြင့် မှီတွယ်မှု မရှိသည်ဖြစ်၍။ (ဝိဟရန္တော = နေထိုင်လျက် ရှိသော။) အညံ = တစ်ပါးသော ပုဂ္ဂိုလ်ကို။ အဟေဌယာနော = မညှဉ်းဆဲ သော။ ပရိနိဗ္ဗုတော = ကိလေသာအပူမီး ငြိမ်းအေးလေပြီးသော ပုဂ္ဂိုလ်သည်။ ကဉ္စိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကို။ နူပဝဒေယျ = န ဥပဝဒေယျ = သီလအာစာရ စသည်ဖြင့် မစွပ်စွဲလေရာ။
ဣဒံ ဝုတ္တံ ဟောတိ ---- ယထာ ကုမ္မော အင်္ဂါနိ သကေ ကပါလေ သမောဒဟန္တော သိင်္ဂါလဿ ဩတာရံ န ဒေတိ၊ န စ နံ သိင်္ဂါလော ပသဟတိ၊ ဧဝံ ဘိက္ခု အတ္တနော မနောဝိတက္ကေ သကေ အာရမ္မဏကပါလေ သမောဒဟန္တော ကိလေသမာရဿ ဩတာရံ န ဒေတိ၊ န စ နံ မာရော ပသဟတိ။ (သံ၊ဋ္ဌ၊၃၊၇၃။)
ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့် အညီ အထက်ပါ ဂါထာကို အနက် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ထိုကြောင့် ဣန္ဒြိယသံဝရသီလကို လုံခြုံစွာ စောင့်စည်းလိုသော ယောဂါဝစရရဟန်းတော်သည် လိပ်ခွံနှင့် တူသည့် မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော ကမ္မဋ္ဌာန်းအာရုံတည်းဟူသော လိပ်ခွံ အတွင်း၌ မိမိ၏ စိတ်ကို အမြဲတမ်း ကောင်းစွာ သွတ်သွင်းထားလေရာသည်။ မိမိက သမထကမ္မဋ္ဌာန်းကို ပွားများခိုက်ဖြစ်လျှင် မိမိပွားများနေသည့် သမထ ကမ္မဋ္ဌာန်းအာရုံ၌, မိမိက ဝိပဿနာကို ပွားများအားထုတ်နေလျှင်လည်း ထိုထို အာရုံနှင့် ထိုထိုဆိုင်ရာဆိုင်ရာဒွါရတို့ တိုက်ဆိုင်လာသည့်အခါ ဖြစ်ပေါ်နေကြ သည့် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာအာရုံ၌ မိမိ၏ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားဖို့ လိုအပ်ပေသည်။ တစ်နည်း ဆိုရသော် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတည်းဟူသော သတိ၏တည်ရာ အာရုံ တို့၌ မိမိ၏ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားရမည် ဖြစ်ပေသည်။ ထိုသို့ သမထ ဝိပဿနာဘာဝနာတို့ကို ပွားများအားထုတ်နေသော ပုဂ္ဂိုလ် သည် သတိတည်းဟူသော တံခါးရွက်ဖြင့် ဣန္ဒြေတို့ကို ကိလေသာမာရ် စစ်သည်တို့ မဝင်ရောက်နိုင်အောင် ပိတ်ဆို့နေသည် မည်ပေသည်။ ဝိပဿနာ ဉာဏ်များ ရင့်ကျက်လာသောအခါ ထို ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော အဆင့်ဆင့်သော အရိယမဂ်ဉာဏ်တို့က ကိလေသာ အပူမီးတို့ကို အဆင့်ဆင့် ပယ်သတ်လိုက်သဖြင့် ကိလေသာမီးပုံကြီး အပြီးတိုင် ငြိမ်းအေးသွားခဲ့သော် --- ပရိနိဗ္ဗုတောတိ ကိလေသပရိနိဗ္ဗာနေန ပရိနိဗ္ဗုတော။ (သံ၊ဋ္ဌ၊၃၊၇၃။) --- ကိလေသပရိနိဗ္ဗာန် ဝင်စံရမည် ဖြစ်ပေသည်။
ထိုသို့ ကိလေသာအပူ ငြိမ်းအောင် ကျင့်နေဆဲ ပုဂ္ဂိုလ်သည်လည်း အခြား မည်သည့်ပုဂ္ဂိုလ် တစ်စုံတစ်ယောက်ကိုမျှ ----
၁။ သီလဝိပတ္တိ = သီလပျက်စီးခြင်းဖြင့်လည်းကောင်း,
၂။ အာစာရဝိပတ္တိ = အကျင့်အာစာရ ပျက်စီးခြင်းဖြင့်လည်းကောင်း,
၃။ အတ္တုက္ကံသန = မိမိကိုယ်တိုင် ချီးမြှောက်လိုခြင်းကြောင့်လည်းကောင်း,
၄။ ပရဝမ္ဘန = သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချလိုခြင်းကြောင့်လည်းကောင်း
မဟုတ်မတရား မစွပ်စွဲလေရာ။ အကယ်စင်စစ်အားဖြင့်သော်ကား အောက်ပါ ငါးမျိုးကုန်သော တရားတို့ကို မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ကောင်းစွာ ရှေးရှူတည်စေပြီးပါမှသာလျှင် ---
၁။ ပြောသင့်သော အချိန်ကာလ၌သာ ပြောဆိုအံ့၊ မပြောသင့်သော အချိန် ကာလ၌ မပြောဆိုအံ့၊
၂။ ဟုတ်မှန်သော စကားဖြင့်သာ ပြောဆိုအံ့၊ မဟုတ်မမှန်သော စကားဖြင့် မပြောဆိုအံ့၊
၃။ သိမ်မွေ့သော စကားဖြင့်သာ ပြောဆိုအံ့၊ ကြမ်းတမ်းသော စကားဖြင့် မပြောဆိုအံ့၊
၄။ အကျိုးစီးပွားနှင့် စပ်ယှဉ်သော စကားဖြင့်သာ ပြောဆိုအံ့၊ အကျိုးစီးပွားနှင့် မစပ်ယှဉ်သော စကားဖြင့် မပြောဆိုအံ့၊
၅။ မေတ္တာစိတ် ရှိလျက် ပြောဆိုအံ့၊ ဒေါသနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့် မပြောဆိုအံ့ ---
ဤသို့လျှင် နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ ရောက်အောင် ပို့ဆောင်ပေးတတ်သော ဖောင်နှင့်တူသော သဘောတရား၌ ကောင်းစွာ တည်နေသော စိတ်ဓာတ်ဖြင့်သာလျှင် သာသနာတော်၌ နေထိုင်ပါ။ (သံ၊ဋ္ဌ၊၃၊၇၄၊၊)
ဣန္ဒြိယသံဝရသီလ လုံခြုံရေးအတွက် ကမ္မဋ္ဌာန်းအာရုံအတွင်း၌ မိမိ၏ စိတ်ကို သွတ်သွင်းထားရမည်ဟူသော ဘုရားရှင်၏ ညွှန်ကြားချက်ကို ပိုမိုသဘောပေါက်နားလည်ရန် အောက်ပါ မက္ကဋသုတ္တန်ကို ဖတ်ရှုကြည့်ပါ။
မက္ကဋသုတ္တန် (သံ၊၃၊၁၂၈-၁၃၀။)
ရဟန်းတို့ ...မျောက်တို့ လှည့်လည်သွားလာခြင်းလည်း မရှိသော, လူတို့ လှည့်လည်သွားလာခြင်းလည်း မရှိသော, ဟိမဝန္တာတောင်မင်း၏ သွားလာရန် ခက်ခဲ၍ မညီညွတ်ကုန်သော အရပ်တို့သည် ရှိကုန်၏။
မျောက်တို့ လှည့်လည်သွားလာခြင်းသာရှိ၍ လူတို့လှည့်လည်သွားလာခြင်းမရှိသော, ဟိမဝန္တာတောင်မင်း၏ သွားရန်ခက်ခဲ၍ မညီညွတ်ကုန်သော အရပ်တို့သည် ရှိကုန်၏။
မျောက်တို့ လှည့်လည်သွားလာခြင်းလည်း ရှိသော, လူတို့ လှည့်လည်သွားလာခြင်းလည်း ရှိသော, ဟိမဝန္တာတောင်မင်း၏ ညီညွတ်သော မြေအဖို့ရှိသော မွေ့လျော်ဖွယ်ရာ အရပ်တို့သည် ရှိကုန်၏။
ရဟန်းတို့ ... ထိုညီညွတ်သော မြေအဖို့ရှိ၍ မွေ့လျော်ဖွယ်ရာ အရပ်၌ မုဆိုးတို့သည် မျောက်တို့ကို သတ်ဖြတ်ဖျက်ဆီးရန် မျောက်တို့ သွားလာရာလမ်းတို့၌ မျောက်နှဲစေးကို ထောင်ထားကြကုန်၏။
ရဟန်းတို့ ...ထိုဟိမဝန္တာတောင်၌ မိုက်မဲသောသဘော မရှိကုန်သော လျှပ်ပေါ်သောသဘောလည်း မရှိကုန်သော မျောက်တို့သည် ထိုအရပ်၌ ထောင်ထားသော မျောက်နှဲစေးကို မြင်ကုန်သည်ရှိသော် ဝေးစွာ ရှောင်ဖဲသွားကြကုန်၏။ မိုက်မဲသော သဘောရှိ၍ လျှပ်ပေါ်သော သဘောလည်း ရှိသော မျောက်သည်ကား ထိုမျောက်နှဲစေး ရှိရာအရပ်သို့ ချဉ်းကပ်၍ လက်တစ်ဖက်ဖြင့် ကိုင်ယူ၏။ ထိုလက်သည် ထိုမျောက်နှဲစေး၌ ကပ်ငြိ၏။ ကပ်ငြိနေသော လက်ကို လွတ်စေအံ့ဟု ဒုတိယလက်ဖြင့် ယင်းမျောက်နှဲစေး ကို ကိုင်ယူပြန်၏၊ ထိုဒုတိယလက်သည်လည်း ထိုမျောက်နှဲစေး၌ ကပ်ငြိ ပြန်၏။ လက်နှစ်ဖက်လုံးတို့ကို လွတ်စေအံ့ဟု ခြေတစ်ဖက်ဖြင့် ယင်းမျောက် နှဲစေးကို ကိုင်ယူပြန်၏၊ ထိုခြေသည်လည်း ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။ လက်နှစ်ဖက်တို့ကိုလည်းကောင်း, ကပ်ငြိနေသော ခြေကိုလည်းကောင်း လွတ်စေအံ့ဟု ဒုတိယခြေဖြင့် ယင်းမျောက်နှဲစေးကို ကိုင်ယူပြန်၏၊ ထိုဒုတိယ ခြေသည်လည်း ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။ လက်နှစ်ဖက်တို့ကိုလည်းကောင်း ခြေနှစ်ဖက်တို့ကိုလည်းကောင်း လွတ်စေအံ့ဟု နှုတ်သီးဖြင့် ယင်းမျောက်နှဲစေးကို ကိုက်ယူပြန်၏၊ ထိုနှုတ်သီးသည် ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။
ရဟန်းတို့ ... ဤသုိ့လျှင် ထိုမျောက်သည် ငါးဌာနတို့၌ နှောင်ဖွဲ့ မိသည်ဖြစ်၍သာလျှင် ညည်းတွားလျက် အိပ်ရလေ၏၊ အကျိုးမဲ့ခြင်းသို့ ရောက်ရလေ၏၊ ပျက်စီးခြင်းသို့ ရောက်ရလေ၏၊ မုဆိုး၏ အလိုရှိတိုင်း ပြုလုပ်မှုကို ခံရလေ၏။ ရဟန်းတို့ ... ထိုမုဆိုးသည် ထိုမျောက်ကို တံစို့ထိုးလျက် ထိုအရပ်၌ပင်လျှင် ထင်းမီးကျီး၌ ကင်မြှိုက်၍ အလိုရှိရာအရပ်သို့ ဖဲခွာသွားလေ၏။ ရဟန်းတို့ ... မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာအရပ်၌ ကျက်စားသွားလာသောသူသည် ဤအတူပင် ဖြစ်၏။
ရဟန်းတို့ ... ထိုကြောင့် မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ အရပ်၌ မကျက်စား မသွားလာကြကုန်လင့်၊ မကျက်စား မသွားလာသင့်သော သူတစ်ပါးတို့၏ နေရာအရပ်၌ ကျက်စားသူတို့အား ကိလေသမာရ်သည် ဖျက်ဆီးရန် အခွင့်ကိုရ၏၊ ကိလေသမာရ်သည် ဖျက်ဆီးရန် အကြောင်းကို ရ၏။ ရဟန်းတို့ ... ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာအရပ်ကား အဘယ်နည်း? ဤအာရုံငါးပါး ကာမဂုဏ်တရားတို့ပင် တည်း။ အဘယ်ငါးပါးတို့နည်း?
အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ် သဘောရှိကုန်၍ ကာမနှင့်စပ်ယှဉ်လျက် တပ်မက်ဖွယ်ကောင်းကုန်သော ----
၁။ စက္ခုဝိညာဏ်ဖြင့် မြင်သိအပ်သော ရူပါရုံ ။ ပ ။
၂။ သောတဝိညာဏ်ဖြင့် ကြားသိအပ်သော သဒ္ဒါရုံ ။ ပ ။
၃။ ဃာနဝိညာဏ်ဖြင့် နမ်းရှူသိအပ်သော ဂန္ဓာရုံ ။ ပ ။
၄။ ဇိဝှါဝိညာဏ်ဖြင့် လျှက်သိအပ်သော ရသာရုံ ။ ပ ။
၅။ ကာယဝိညာဏ်ဖြင့် တွေ့သိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့တည်း။
ရဟန်းတို့ ... ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာအရပ်ကား ဤအာရုံငါးပါး ကာမဂုဏ်တရားတို့ပင်တည်း။
ရဟန်းတို့ ... မိမိအဖ၏နေရာ မိရိုးဖလာအရပ် ဖြစ်သော စားကျက်၌ ကျက်စားသွားလာကြကုန်လော့၊ မိမိ၏အဖ၏နေရာ မိရိုးဖလာဖြစ်သော စားကျက်၌ ကျက်စားသွားလာကြသူတို့အား ကိလေသမာရ်သည် ဖျက်ဆီးရန် အခွင့်ကိုမရ၊ ကိလေသမာရ်သည် ဖျက်ဆီးရန် အကြောင်းကို မရ။
ရဟန်းတို့ ... ရဟန်း၏ မိမိအဖ၏နေရာ မိရိုးဖလာဖြစ်သော ကျက်စားရာ စားကျက်ကား အဘယ်နည်း? ဤသတိပဋ္ဌာန်တရား လေးပါးတို့ပင်တည်း။ ရဟန်းတို့ ... ဤသာသနာတော်၌ ရဟန်းသည် ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော အပြင်းအထန် ကြိုးစားအားထုတ်အပ်သော လုံ့လဝီရိယ ရှိသည်ဖြစ်၍ (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ တည်းဟူသော အာရုံကို) ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍, (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ တည်းဟူသော အာရုံကို) အောက်မေ့ အမှတ်ရမှု သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော လောက၌ တပ်မက်ခြင်း (= အဘိဇ္ဈာတရား), စိတ်နှလုံးမသာယာခြင်း (= ဒေါမနဿတရား)ကို ပယ်ဖျောက်လျက် ---
၁။ ကာယ၌ ကာယဟု
၂။ ဝေဒနာတို့၌ ဝေဒနာဟု
၃။ စိတ္တ၌ စိတ်ဟု
၄။ ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားဟု ---
အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ရဟန်းတို့ ... ရဟန်း၏ မိမိအဖ၏နေရာ မိရိုးဖလာအရပ် ဖြစ်သော ကျက်စားရာ စားကျက်သည်ကား ဤသတိပဋ္ဌာန်တရား လေးပါးတို့ပင်တည်း။ (သံ၊၃၊၁၂၈-၁၃၀။)
တစ်ဖန် ထိုကဲ့သို့ သီလကို ဖြည့်ကျင့်သည့်အခါ ကျက်စားရာ စားကျက်၌ ကျက်စားသည့်အခါ ---
အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ၊ (အံ၊၃၊၂၇၅။)
အဏုမြူပမာ သေးငယ်လှသော အပြစ်တို့၌သော်လည်း သိက္ခာပုဒ် အသေးအဖွဲဟု မရိုမသေ မလေးမစား မပြုလုပ်ဘဲ အလွန် ကြောက်မက်ဖွယ်ကောင်းသော ဘေးဟု ဉာဏ်ဖြင့် ရှုမြင်လျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ပါဟုလည်း တိုက်တွန်းထားတော်မူပြန်၏။ အကြောင်းကား ဤသို့ ဖြစ်၏။
သာပတ္တိကဿ ဘိက္ခဝေ နိရယံ ဝါ ဝဒါမိ၊ တိရစ္ဆာနယောနိံ ဝါ။ (သာရတ္ထ၊၃၊၃၇၉။)
= ရဟန်းတို့ ... အာပတ် တန်းလန်းနှင့် သေသော ရဟန်းအား ငရဲသို့ သော်လည်းကောင်း, တိရစ္ဆာန်ယောနိသို့ သော်လည်းကောင်း ရောက်ရှိလိမ့်မည်ဟု ငါဘုရား ဟောတော်မူ၏။ (သာရတ္ထ၊၃၊၃၇၉။)
ဤစကားရပ်မှာ မျက်မှောက်ခေတ် ပိဋကတ်စာပေ ပါဠိတော်များ၌ ရှာဖွေ၍ မတွေ့ရှိနိုင်သော ပါဠိစကားရပ် ဖြစ်သော်လည်း သာရတ္ထဒီပနီဋီကာဆရာတော်တို့ လက်ထက်က ဤအထက်ပါ စကားရပ်သည် ပါဠိတော်များ၌ တည်ရှိနေဟန်တူသည်။ ထို့ကြောင့် သာရတ္ထဒီပနီဋီကာဆရာတော်က သူ၏ ကျမ်းစာထဲတွင် ထိုပါဠိတော်ကို ထည့်သွင်း ကိုးကားကာ ဖော်ပြသွားတော် မူခြင်း ဖြစ်ပေရာသည်။ သံယုတ်ပါဠိတော် နိဿယသစ်ကို စီရင်တော်မူကြသော ဆရာတော်တို့က အင်္ဂုတ္တရဋီကာ (၁၊၁၅)အရ သံယုတ္တနိကာယ်၌ သုတ္တန်ပေါင်း (၃၀၄၉)သုတ် ရှိကြောင်းကိုလည်းကောင်း, အဋ္ဌကထာ ရေတွက်ပုံအရ သုတ္တန်ပေါင်း (၇၇၆၂)သုတ် ရှိကြောင်းကိုလည်းကောင်း ဖော်ပြထား၏။ [သံယုတ်ပါဠိတော်နိဿယ၊ ပထမတွဲ၊ (ကဲ)]
တစ်ဖန် ယခုလက်ရှိ မြန်မာမူ (ဆဋ္ဌမူ)၌ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်ဝယ် သုတ္တန်ပေါင်း (၇၁၆)သုတ် ရှိကြောင်းကိုလည်းကောင်း, သီဟိုဠ်မူ၌ (၇၆၄)သုတ်ရှိကြောင်းကိုလည်း ဖော်ပြထားပြန်၏။
[သံယုတ်ပါဠိတော်နိဿယ၊ ပထမတွဲ၊ (ကေ)]
ဤစကားရပ်များအရ သံယုတ္တနိကာယ်တစ်ခုတည်း၌ပင် ပျောက်ဆုံး နေသော သုတ္တန်ပေါင်းများစွာ ရှိနေပေသည်ဟု သိရှိနိုင်၏။ ထိုကဲ့သို့ ပျောက်ဆုံးနေသော သုတ္တန်များတွင် အထက်ပါ သာရတ္ထဒီပနီဋီကာဆရာတော် ကိုးကား ဖော်ပြသော --- သာပတ္တိကဿ ဘိက္ခဝေ နိရယံ ဝါ ဝဒါမိ၊ တိရစ္ဆာနယောနိံ ဝါ ဟူသော ပါဠိတော်သည် ပါရှိများ နေလေရော့သလားဟု စဉ်းစားဖွယ်ရာ ဖြစ်နေပေသည်။
ထိုသို့ စဉ်းစားရခြင်း၏ အကြောင်းရင်းမှာ အထက်ပါ သာရတ္ထဒီပနီဋီကာစကားရပ်သည် အောက်ပါ ပရိဝါရအဋ္ဌကထာ စကားရပ်နှင့် နှီးနှော မိနေသောကြောင့်ပင် ဖြစ်၏။
အန္တရာယိကာတိ သတ္တပိ အာပတ္တိယော သဉ္စိစ္စ ဝီတိက္ကန္တာ သဂ္ဂန္တရာယဉ္စေဝ မောက္ခန္တရာယဉ္စ ကရောန္တီတိ အန္တရာယိကာ၊ အဇာနန္တေန ဝီတိက္ကန္တာ ပန ပဏ္ဏတ္တိဝဇ္ဇာပတ္တိ နေဝ သဂ္ဂန္တရာယံ န မောက္ခန္တရာယံ ကရောတီတိ အနန္တရာယိကာ။ အန္တရာယိကံ အာပန္နဿာပိ ဒေသနာဂါမိနိံ ဒေသေတွာ ဝုဋ္ဌာနဂါမိနိတော ဝုဋ္ဌာယ သုဒ္ဓိပတ္တဿ သာမဏေရဘူမိယံ ဌိတဿ စ အဝါရိတော သဂ္ဂမောက္ခမဂ္ဂေါတိ။ (ဝိ၊ဋ္ဌ၊၄၊၁၅၇။)
ဝိနယ ပရိဝါရပါဠိတော် ဧကုတ္တရိကနယတွင် ---
အန္တရာယိကာ အာပတ္တိ ဇာနိတဗ္ဗာ၊ အနန္တရာယိကာ အာပတ္တိ ဇာနိတဗ္ဗာ။ (ဝိ၊၅၊၂၁၁။)
သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို ပြုတတ်သော အာပတ်ကို သိရှိသင့်၏။ သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို မပြုတတ်သော အာပတ်ကို သိရှိသင့်၏။ (ဝိ၊၅၊၂၁၁။) --- ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူ၏။
သဂ္ဂန္တရာယ်ဟူသည် သေသည်၏ အခြားမဲ့၌ ကောင်းရာသုဂတိသို့ ရောက်ရှိဖို့ရန် တားမြစ်တတ် အန္တရာယ်ပြုတတ်၏ဟု ဆိုလိုသည်။ ကောင်းရာ သုဂတိသို့ ရောက်ရှိရေးအတွက် တားမြစ်တတ် အန္တရာယ်ပြုတတ်ခဲ့သော် ကောင်းရာသုဂတိသို့ မရောက်နိုင်ဟု ဆိုလိုရာရောက်၏။
မောက္ခန္တရာယ်ဟူသည် တရားအားထုတ်သော်လည်း စျာန်မဂ်ဖိုလ် တရားထူးတရားမြတ်ကို ရရှိဖို့ရန် အန္တရာယ်ကို ပြုတတ်၏၊ မရအောင် တားမြစ်တတ်၏ဟု ဆိုလိုသည်။ စျာန်မဂ်ဖိုလ်တရားတို့ကား ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်၍ မောက္ခတရားများ ဖြစ်ကြ၏။ ထိုမောက္ခတရားများကို မရရှိအောင် အာပတ်တွေက ဟန့်တားထားတတ်၏။ အာပတ် တန်းလန်းနှင့် သမထ-ဝိပဿနာဘာဝနာတရားတို့ကို ကြိုးစားအားထုတ်သော်လည်း စျာန်မဂ်ဖိုလ် ရရှိဖို့ရန်ကား အလွန် ခက်ခဲဖွယ်ရာ ရှိပေသည်။ သို့သော် အာပတ်အားလုံး ထိုသို့ ဖြစ်နိုင်သည်ဟုကား မဆိုလိုပါ။ အထက်တွင် ရေးသားတင်ပြထားသော ပရိဝါရအဋ္ဌကထာက ဤသို့ ရှင်းပြထား၏။ ---
သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို ပြုတတ်၏ ဟူသည် - သဉ္စိစ္စ ဝီတိက္ကန္တ (= သိလျက်နှင့် လွန်ကျူးအပ်ကုန်သော) အာပတ် (၇)ပုံလုံးတို့သည်ပင် သဂ္ဂန္တရာယ်ကိုလည်းကောင်း, မောက္ခန္တရာယ်ကိုလည်းကောင်း ပြုတတ် ကုန်သောကြောင့် အန္တရာယိကာ မည်ကုန်၏။
မသိသဖြင့် လွန်ကျူးမိကုန်သော ပဏ္ဏတ္တိဝဇ္ဇ အာပတ်တို့သည်ကား သဂ္ဂန္တရာယ်ကိုလည်း မပြုတတ်ကုန်၊ မောက္ခန္တရာယ်ကိုလည်း မပြုတတ်ကုန်သောကြောင့် အနန္တရာယိကာ မည်ကုန်၏ဟု ဤသို့ ဖွင့်ဆိုထားတော် မူ၏။ (ဝိ၊ဋ္ဌ၊၄၊၁၅၇။)
ဤအဋ္ဌကထာစကားရပ်နှင့် ဆက်စပ်၍ လောကဝဇ္ဇသိက္ခာပုဒ်နှင့် ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်တို့ကို အနည်းငယ် ရှင်းလင်းတင်ပြလိုပေသည်။
လောကဝဇ္ဇ သိက္ခာပုဒ် ဟူသည် ဘုရားရှင် ပညတ်တော်မူသည်ဖြစ်စေ, မပညတ်တော်မူသည်ပင်ဖြစ်စေ လောက၌ ပင်ကိုသဘာဝအတိုင်း အပြစ် ရှိနေသော သိက္ခာပုဒ်တို့တည်း။ ဥပမာ - သူ့အသက်ကို သတ်ခြင်း, သူ့ပစ္စည်း ကို မတရားယူခြင်း စသည့် သိက္ခာပုဒ်တို့ပင်တည်း။ ဘုရားရှင်က ပညတ်တော်မူသည်ဖြစ်စေ မပညတ်တော်မူသည်ပင်ဖြစ်စေ သူ့အသက်ကို သတ်က, သူ့ပစ္စည်းကို မတရားယူပါက အပြစ်ရှိသည်သာ ဖြစ်၏။ ထိုအကုသိုလ်ကံသည် ရင့်ကျက်ခဲ့သော် သေသည်၏အခြားမဲ့၌ အပါယ်ပဋိသန္ဓေကို ဖြစ်စေနိုင်၏။
ပဏ္ဏတ္တိဝဇ္ဇ သိက္ခာပုဒ်ဟူသည် လောက၌ ပင်ကိုသဘာဝအတိုင်းကား အပြစ်မရှိပေ။ ဘုရားရှင်သည် ပညတ်တော်မူသောကြောင့်သာလျှင် ထိုကဲ့သို့ ပညတ်ထားသော သိက္ခာပုဒ်တို့ကို လွန်ကျူးမိသော ရဟန်းတော်တို့အား အာပတ်သင့်ရခြင်း ဖြစ်၏။ ဥပမာ --- မြက်ပင်ပေါ်၌ တံတွေး ထွေးခြင်း, ရွှေငွေကို အလှူခံယူခြင်း (ရူပိယသိက္ခာပုဒ်) စသော သိက္ခာပုဒ်များတည်း။
လောကဝဇ္ဇသိက္ခာပုဒ်ပင်ဖြစ်စေ, ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်ပင်ဖြစ်စေ သိလျက်နှင့် လွန်ကျူးလိုသော စိတ်စေတနာနှင့်တကွ လွန်ကျူးမိပါက အာပတ် (၇)ပုံလုံးသည်ပင် သဂ္ဂန္တရာယ် မောက္ခန္တရာယ်ဖြစ်သည်ဟု အထက်ပါ အဋ္ဌကထာက ဖွင့်ဆိုထား၏။
သို့သော် လောကဝဇ္ဇသိက္ခာပုဒ်တို့ကို သိလျက်နှင့် လွန်ကျူးမိသည်ဖြစ်စေ, မသိ၍ လွန်ကျူးမိသည်ဖြစ်စေ ထို လောကဝဇ္ဇအာပတ်တို့က သဂ္ဂန္တရာယ် မောက္ခန္တရာယ် ဖြစ်နိုင်သည်သာဟု ဆိုလိုနေပေသည်။
ပဏ္ဏတ္တိဝဇ္ဇ သိက္ခာပုဒ်တို့ကို မသိ၍ လွန်ကျူးမိပါက ထိုပဏ္ဏတ္တိဝဇ္ဇ အာပတ်တို့က သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို မပြုနိုင်ဟုလည်း ဖွင့်ဆိုထား၏။
တစ်ဖန် သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို ပြုတတ်သော အာပတ်သို့ သင့်ရောက်မိသော်လည်း ဒေသနာပြောကြားခြင်းဖြင့် ကုစားသင့်သော အာပတ်ကို ဒေသနာပြောကြားပြီးလတ်သော်, ပရိဝါသ် မာနတ် ဆောက်တည် ကျင့်သုံးသင့်သော (သံဃာဒိသိသ်)အာပတ်ကို ပရိဝါသ် မာနတ် ဆောက်တည်ကျင့်သုံးပြီး၍ ထိုပရိဝါသ် မာနတ်မှ ထမြောက်ခဲ့သော်, ပါရာဇိကအာပတ် သင့်၍ သာမဏေဘုံ၌ ရပ်တည်ပြီးလတ်သော် ထိုကဲ့သို့ အာပတ်ကို ကုစားပြီးသော ရဟန်းအား ထိုကုစားပြီးသော အာပတ်တို့သည် ကောင်းရာ သုဂတိသို့ မရောက်အောင်, စျာန်ဝိမောက္ခတရား အရိယမဂ်တရားကို မရရှိအောင် မတားမြစ်တော့ပေ။ (ဝိ၊ဋ္ဌ၊၄၊၁၅၇။) ထိုကုစားပြီးသော အာပတ်က သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို မပြုတော့ဟု ဆိုလိုပေသည်။
---ရူပိယသိက္ခာပုဒ်
ရွှေငွေကို အလှူခံယူခြင်းဟူသည့် ရူပိယသိက္ခာပုဒ်ကား ပဏ္ဏတ္တိဝဇ္ဇ သိက္ခာပုဒ်တစ်ခုပင်ဖြစ်၏။ (ဝိ၊ဋ္ဌ၊၂၊၂၇၅။) ဘုရားရှင် ပညတ်တော်မူသောကြောင့် ထိုသိက္ခာပုဒ်ကို လွန်ကျူးမိသော ရဟန်းအား အာပတ်သင့်ရခြင်း ဖြစ်၏။
သို့သော် ထိုသိက္ခာပုဒ်ကို မသိ၍ လွန်ကျူးမိပါက ထိုအာပတ်သည် သဂ္ဂန္တရာယ် မောက္ခန္တရာယ် မဖြစ်သော်လည်း ထိုသိက္ခာပုဒ်ကို သိလျက်နှင့် လွန်ကျုးမိပါက ထိုလွန်ကျူးမိသော အာပတ်က သဂ္ဂန္တရာယ် မောက္ခန္တရာယ် ဖြစ်နိုင်၏။ ထိုအာပတ်ကို မကုစားရသေးဘဲ အာပတ်တန်းလန်းနှင့် သေကျေ ပျက်စီးပါက ကောင်းရာသုဂတိသို့ မရောက်နိုင်။ ထိုကဲ့သို့သော အာပတ်ကို မကုစားရသေးဘဲ အာပတ်တန်းလန်းနှင့် သမထဝိပဿနာဘာဝနာတို့ကို အားထုတ်ပါကလည်း စျာန် မဂ်ဖိုလ်ဟူသည့် မောက္ခတရားတို့ကို မရရှိနိုင်ပေ။
သို့သော် ထိုရွှေငွေကို မအပ်သောနည်းဖြင့် အလှူခံယူခြင်း၊ ထိုကဲ့သို့ မအပ်သောနည်းဖြင့် အလှူခံယူထားအပ်သော ရွှေငွေဖြင့် ဝယ်ယူထားသော ပစ္စည်းတို့ကို အသုံးပြုခြင်းတို့ကား ကုစားရန်ခက်ခဲသော အာပတ်တို့တွင် ပါဝင်လျက်ရှိကြ၏။ ထိုအာပတ်တို့ကား နိဿဂ္ဂိယပါစိတ်အာပတ် အမျိုးအစားတို့တွင် ပါဝင်လျက် ရှိကြ၏။ နိဿဂ္ဂိတို့၏ သဘောကား စွန့်ခြင်းဝိနည်းကံ ရှေးရှိသော အာပတ်တို့ဖြစ်ကြ၏။ စွန့်ခြင်းဝိနည်းကံ ရှေးရှိ၏ဟူသည် ထိုအလှူခံထားသော ရွှေငွေ, ထိုရွှေငွေဖြင့် ဝယ်ယူထားသော ပစ္စည်းတို့ကို ရှေ့ဦးစွာ စွန့်ရမည် ဖြစ်၏။ စွန့်ပြီးပါမှ ထိုအာပတ်ကို ဒေသနာပြောကြားရမည် ဖြစ်သည်။ ထိုအခါမှသာလျှင် ထိုအာပတ်မှ ထနိုင်၏။ ထိုအာပတ်မှ စင်ကြယ်နိုင်၏။ မစွန့်ဘဲ မစွန့်နိုင်ဘဲ ထိုအာပတ်ကို ဒေသနာ ပြောကြားနေပါက အကြိမ် ရာနှင့် ထောင်နှင့် ချီ၍ ဒေသနာပြောကြားစေကာမူ ထိုအာပတ်မှ မထမြောက်နိုင်သည်သာ ဖြစ်၏။ မစင်ကြယ်နိုင်သည်သာ ဖြစ်၏။ ထိုမစင်ကြယ်သေးသော အာပတ်တန်းလန်းနှင့် သေကျေပျက်စီးခဲ့သော် အထက်ပါ ပါဠိတော် အဋ္ဌကထာတို့က ထိုအာပတ်သည် သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို ပြုတတ်၏ဟု ဖွင့်ဆိုထားတော်မူ၏။ အာပတ်တန်းလန်းနှင့် သေကျေပျက်စီးပါက ကောင်းရာသုဂတိသို့ မရောက်နိုင်၊ တရားအားထုတ်ပါကလည်း စျာန်မဂ်ဖိုလ် တရားထူး တရားမြတ်ကို မရနိုင်ဟု ဖွင့်ဆိုထားတော်မူ၏။
သေသည်၏ အခြားမဲ့၌ ကောင်းရာ သုဂတိသို့ မရောက်သော် အဘယ်သို့ ရောက်ရှိမည်နည်း? အလွန်ကြောက်မက်ဖွယ် ကောင်းလှပေ၏။
---အင်္ဂုတ္တရအဋ္ဌကထာအဖွင့်
အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ဝေသာရဇ္ဇသုတ္တန် (အံ၊၁၊၃၁၅-၃၁၆။) ၌ ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော်မြတ် လေးပါးလာရှိ၏။ ထိုတွင် တတိယ မြောက် ဝေသာရဇ္ဇဉာဏ်တော်မြတ်၌ လာရှိသော အန္တရာယိကာ ဓမ္မာ (=စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ဟူသည်နှင့် ပတ်သက်၍ အင်္ဂုတ္တရအဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏။
အန္တရာယိကာ ဓမ္မာတိ ဧတ္ထ ပန အန္တရာယံ ကရောန္တီတိ အန္တရာယိကာ။ တေ အတ္ထတော သဉ္စိစ္စ ဝီတိက္ကန္တာ သတ္တ အာပတ္တိက္ခန္ဓာ။ သဉ္စိစ္စ ဝီတိက္ကန္တံ ဟိ အန္တမသော ဒုက္ကဋဒုဗ္ဘာသိတမ္ပိ မဂ္ဂဖလာနံ အန္တရာယံ ကရောတိ။ (အံ၊ဋ္ဌ၊၂၊၂၅၅)
ဤ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။ ---
စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ကို အန္တရာယိကဓမ္မဟု ဆိုလို၏။ ထိုတရားတို့ဟူသည် ဆိုလိုရင်းအနက်သဘောအားဖြင့် သိလျက်နှင့် လွန်ကျူးထားအပ်ကုန်သော အာပတ် (၇)ပုံတို့တည်း။ လွန်ကျူးလိုသော စိတ်စေတနာ ထင်ရှားရှိလျက် လွန်ကျူးထားအပ်သော အာပတ်သည် အောက်ထစ်ဆုံးအားဖြင့် ဒုက္ကဋ် ဒုဗ္ဘာသိအာပတ်ပင် ဖြစ်ပါစေ၊ စျာန် မဂ်ဖိုလ်တို့၏ အန္တရာယ်ကို ပြုတတ်သည်သာ ဖြစ်၏။ (အံ၊၂၊၂၅၅။)
ယနေ့ မျက်မှောက်ခေတ်တွင် ရဟန်းတော်များအား ရွှေငွေသည် မအပ်ဟု မသိသော ရဟန်း သာမဏေကား အလွန် ရှားပါးဖွယ်ရာ ရှိပေ သည်။ သိလျက်နှင့် ထိုသိက္ခာပုဒ်ကို လွန်ကျူးနေသူတို့သာ များပေသည်။ အပါယ်ဘေးဆိုးကြီးကို ကြောက်ရွံ့ပါက အထူး သတိပြုသင့်သော အချက် တစ်ရပ်ပင် ဖြစ်ပေသည်။
ထိုကြောင့် အထက်တွင် ဖော်ပြထားသော ပထမနာထ တရားတော်၌ ဘုရားရှင်က အဏုမြူပမာ အလွန် သေးငယ်လှသော အပြစ်တို့၌သော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဘေးဆိုးကြီးဟု ရှုမြင်လေ့ရှိသည်ဖြစ်၍ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်ပြီး ကျင့်သုံးပါဟု ဆိုဆုံးမထားတော်မူပေသည်။ သီလပျက်စီးခြင်းကြောင့် ရရှိမည့် ဘေးဆိုးကြီးကို မကြာခဏ နှလုံးသွင်းသင့်ပေသည်။
---အပ်စပ်သော နည်းဖြင့် အလှူခံယူခွင့်
သို့သော် အပ်စပ်သော နည်းလမ်းဖြင့် ပြောဆိုလျှောက်ထားကာ ထို ရွှေငွေမှ ဖြစ်ပေါ်လာသော ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းများကို အလှူ ခံယူခွင့်ကိုလည်း ဘုရားရှင်က ဤသို့ ခွင့်ပြုထားတော်မူပါသည်။
သန္တိ ဘိက္ခဝေ မနုဿာ သဒ္ဓါ ပသန္နာ၊ တေ ကပ္ပိယကာရကာနံ ဟတ္ထေ ဟိရညံ ဥပနိက္ခိပန္တိ ဣမိနာ အယျဿ ယံ ကပ္ပိယံ တံ ဒေထာတိ။ အနုဇာနာမိ ဘိက္ခဝေ ယံ တတော ကပ္ပိယံ တံ သာဒိတုံ၊ န တွေဝါဟံ ဘိက္ခဝေ ကေနစိ ပရိယာယေန ဇာတရူပရဇတံ သာဒိတဗ္ဗံ ပရိယေသိတဗ္ဗန္တိ ဝဒါမိ။ (ဝိ၊၃၊၃၄၂။)
= ရဟန်းတို့ ... သဒ္ဓါတရားနှင့် ပြည့်စုံကြကုန်သော သာသနာတော်ကို ကြည်ညိုလေးစားကြကုန်သော ဒါယကာ ဒါယိကာမတို့သည် ရှိကြကုန်၏။ ထိုသူတို့သည် ရဟန်းတော်တို့အား အပ်စပ်အောင် ပြုလုပ်ပေးတတ်ကြကုန်သော ကပ္ပိယကာရကတို့၏ လက်ဝယ် ရွှေငွေကို အပ်နှံလျက် - ဤရွှေငွေဖြင့် ဤအရှင်မြတ်အား ရဟန်းတော်တို့နှင့် အပ်စပ်သော ပစ္စည်းဝတ္ထုကို လှူပေး ကြပါဟု ပြောဆိုကာ အပ်နှင်း လှူဒါန်းကြကုန်၏။ ရဟန်းတို့ ...ထိုကဲ့သို့ အပ်နှင်းလှူဒါန်းထားသော ရွှေငွေမှ ဖြစ်ပေါ်လာသော ရဟန်းတော်တို့နှင့် အပ်စပ်သော ပစ္စည်းဝတ္ထုကို သာယာဖို့ရန် ငါဘုရား ခွင့်ပြုတော်မူ၏။ ရဟန်းတို့ ... မည်သည့် တစ်စုံတစ်ခုသော နည်းပရိယာယ်နှင့်မျှ ရွှေငွေကို သာယာထိုက်၏ ရှာမှီးထိုက်၏ဟု ငါဘုရား ဟောတော်မမူသည်သာတည်း။ (ဝိ၊၃၊၃၄၂။)
ဤမေဏ္ဍကသိက္ခာပုဒ်၌ ဟောကြားထားတော်မူသည့်အတိုင်း အလှူရှင်ကဖြစ်စေ ကပ္ပိယကာရကကပင်ဖြစ်စေ ရွှေငွေမှ ဖြစ်ပေါ်လာသော ရဟန်းတော်တို့နှင့် အပ်စပ်သော ပစ္စည်းများကို အလှူခံယူပါရန် ရဟန်းတော်အား လျှောက်ထားလာပါက ထိုသို့ ကပ္ပိယကာရကတို့၏ လက်ဝယ် အပ်နှင်းလျက် အပ်အပ်စပ်စပ် လျှောက်ထားကာ အပ်နှင်း လှူဒါန်းထားသော ရွှေငွေမှ ဖြစ်ပေါ်လာသော ရဟန်းတော်တို့နှင့် အပ်စပ်သော ပစ္စည်းဝတ္ထုကိုကား သာယာခွင့် ရှိပေသည်။ မအပ်သော နည်းလမ်းဖြင့် လှူဒါန်းထားသော ရွှေငွေများကိုကား အလှူခံယူခွင့် မရှိပေသည်။
တစ်ချိန်က မဏိစူဠက အမည်ရှိသော ရွာသူကြီးတစ်ဦးသည် ဤရွှေငွေနှင့် ပတ်သက်သည့် အကြောင်းတရား တစ်ခုကို ဘုရားရှင်အား မေးမြန်း လျှောက်ထားခဲ့ဖူး၏။ ယင်း မဏိစူဠကသုတ္တန်မှာ အောက်ပါတိုင်း ဖြစ်၏။
---မဏိစူဠက သုတ္တန် (သံ၊၂၊၅၀၉-၅၁၀။)
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာဖြစ်သော ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူ၏။ ထိုအခါ မင်း၏ နန်းတော်တွင်းဝယ် အညီအညွတ် စုဝေးထိုင်နေသော မင်းပရိသတ်အလယ်၌ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို သာယာကုန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို ခံယူကုန်၏ဟူသော (မင်းမှုကိစ္စကို ဆောင်ရွက်ခြင်း၏ စပ်ကြားကာလ၌ ဖြစ်ပေါ်လာသော) ဤ အကြားစကားသည် ထင်ရှား ဖြစ်ပေါ်ခဲ့၏။
ထိုအခါ မဏိစူဠက ရွာသူကြီးသည် ထိုပရိသတ်အတွင်း၌ ထိုင်လျက် ရှိ၏။ ထို မဏိစူဠက ရွာသူကြီးက ထိုပရိသတ်ကို အမောင်တို့ ...ဤသို့ မပြောဆိုကြကုန်လင့်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင် မင်းသား မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏ဟု ပြောဆိုလေ၏။ မဏိစူဠက ရွာသူကြီးသည် ထိုပရိသတ်ကို သိနားလည်စေခြင်းငှာ စွမ်းနိုင်ခဲ့လေ၏။
ထို့နောက် မဏိစူဠက ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် --- မြတ်စွာဘုရား ... ယခု မင်းနန်းတော်တွင်းဝယ် စုဝေးထိုင်နေသော မင်းပရိသတ်အလယ်၌ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို သာယာကုန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို ခံယူကုန်၏ဟူသော ဤအကြားစကားသည် ဖြစ်ပေါ်ခဲ့ပါသည် မြတ်စွာဘုရား ...
မြတ်စွာဘုရား ...ဤသို့ပြောဆိုသောအခါ တပည့်တော်က ထိုပရိသတ်ကို --- အမောင်တို့ ...ဤသို့ မပြောဆိုကြကုန်လင့်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏ဟု ပြောဆိုခဲ့ပါသည်။ မြတ်စွာဘုရား ... တပည့်တော်သည် ထိုပရိသတ်ကို သိနားလည်စေခြင်းငှာ စွမ်းနိုင်ခဲ့ပါ၏။
မြတ်စွာဘုရား ... တပည့်တော်သည် ဤသို့ ပြောဆိုသော် မြတ်စွာ ဘုရား၏ စကားတော်အတိုင်း ပြောဆိုသည်လည်း ဖြစ်ပါသလော၊ မြတ်စွာ ဘုရားကို မဟုတ်မမှန် မစွပ်စွဲသည်လည်း မည်ပါသလော၊ တရားတော်အား လျော်သော တရားစကားကို အတုလိုက်ကာ ပြောဆိုသည်လည်း မည်ပါသလော၊ မြတ်စွာဘုရား၏ ဝါဒကို အတုယူ၍ ပြောဆိုခြင်းသည် အကြောင်းနှင့် တကွ ဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါသလောဟု မေးမြန်းလျှောက်ထား၏။
ထိုအခါ ဘုရားရှင်က အောက်ပါအတိုင်း မိန့်ကြားတော်မူ၏။
ဒါယကာ ရွာသူကြီး ...စင်စစ် သင်သည် ဤသို့ ပြောဆိုသော် ငါဘုရားရှင်၏ စကားတော်အတိုင်း ပြောဆိုသည်လည်း ဖြစ်ပါ၏၊ ငါဘုရားရှင်ကို မဟုတ်မမှန် မစွပ်စွဲသည်လည်း ဖြစ်ပါ၏၊ ငါဘုရားရှင် ဟောကြား ထားတော်မူအပ်သည့် တရားတော်အားလျော်သော တရားစကားကို အတု လိုက်ကာ ပြောဆိုသည်လည်း မည်ပါ၏၊ ငါဘုရားရှင်၏ ဝါဒကို အတုယူ၍ ပြောဆိုခြင်းသည် အကြောင်းနှင့် တကွ ဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှလည်း မရောက်ရှိပေ။
ဤသို့ မိန့်ကြားတော်မူပြီးနောက် ဘုရားရှင်က ရွှေငွေနှင့် ပတ်သက်သည့် အကြောင်းအရာကို အောက်ပါအတိုင်း ဆက်လက်မိန့်ကြားတော် မူပြန်၏။
န ဟိ ဂါမဏိ ကပ္ပတိ သမဏာနံ သကျပုတ္တိယာနံ ဇာတရူပရဇတံ၊ န သာဒိယန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတံ၊ နပ္ပဋိဂ္ဂဏှန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတံ၊ နိက္ခိတ္တမဏိသုဝဏ္ဏော သမဏာ သကျပုတ္တိယာ၊ အပေတဇာတရူပရဇတာ။
ယဿ ခေါ ဂါမဏိ ဇာတရူပရဇတံ ကပ္ပတိ၊ ပဉ္စပိ တဿ ကာမဂုဏာ ကပ္ပန္တိ၊ ယဿ ပဉ္စ ကာမဂုဏာ ကပ္ပန္တိ၊ တဿပိ ဇာတရူပရဇတံ ကပ္ပတိ၊ ဧကံသေနေတံ ဂါမဏိ ဓာရေယျာသိ အသမဏဓမ္မော အသကျပုတ္တိယဓမ္မောတိ။
အပိ စာဟံ ဂါမဏိ ဧဝံ ဝဒါမိ တိဏံ တိဏတ္ထိကေန ပရိယေသိတဗ္ဗံ၊ ဒါရု ဒါရုတ္ထိကေန ပရိယေသိတဗ္ဗံ၊ သကဋံ သကဋတ္ထိကေန ပရိယေသိတဗ္ဗံ၊ ပုရိသော ပုရိသတ္ထိကေန ပရိယေသိတဗ္ဗော။ န တွေဝါဟံ ဂါမဏိ ကေနစိ ပရိယာယေန ဇာတရူပရဇတံ သာဒိတဗ္ဗံ ပရိယေသိတဗ္ဗန္တိ ဝဒါမိ။ (သံ၊၂၊၅၁၀၊၊)
ဒါယကာ ရွာသူကြီး ...ထိုစကားသည် မှန်ပေ၏။ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် မအပ်၊ သာကီဝင် မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာ ကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏။
ဒါယကာ ရွာသူကြီး ...အကြင်ပုဂ္ဂိုလ်အား ရွှေငွေသည် စင်စစ် အပ်၏၊ ထိုပုဂ္ဂိုလ်အား ကာမဂုဏ်ငါးပါးတို့သည်လည်း အပ်ကုန်၏။ အကြင် ပုဂ္ဂိုလ်အား ကာမဂုဏ်ငါးပါးတို့သည် အပ်ကုန်၏၊ ထိုပုဂ္ဂိုလ်အား ရွှေငွေသည်လည်း အပ်တော့၏။ ဒါယကာ ရွာသူကြီး ... အကယ်စင်စစ်အားဖြင့် ဤငါးပါးအာရုံ ကာမဂုဏ်တို့ကို အပ်ခြင်းကို ရဟန်း မဟုတ်သူတို့၏ အကျင့် မည်၏၊ သာကီဝင်မင်းသား ဘုရားသားတော် မဟုတ်သူတို့၏ အကျင့်မည်၏ ဟူ၍ မှတ်သားပါလေလော့။
ဒါယကာ ရွာသူကြီး ...အကယ်စင်စစ်အားဖြင့်သော်ကား ငါဘုရားရှင်သည် ကျောင်းကို မိုးရန် မြက်ဖြင့်အလိုရှိသော ရဟန်းသည် ကျောင်းကို မိုးသော မြက်ကို ရှာမှီးထိုက်၏၊ ကျောင်း ပြင်ရန် သစ်ဖြင့် အလိုရှိသော ရဟန်းသည် ကျောင်း ပြင်ရန် သစ်ကို ရှာမှီးထုိက်၏၊ လှည်းဖြင့် ပြုလုပ်ရမည့် လုပ်ငန်းရပ်ကို အလိုရှိသော ရဟန်းသည် လှည်းကို (= လှည်းဖြင့် သယ်ဆောင် ရမည့် လုပ်ငန်းရပ်ကို အခိုက်အတန့်) ရှာမှီးထိုက်၏။ အလုပ်သမား ယောက်ျားဖြင့် အလိုရှိသော ရဟန်းသည် အလုပ်သမား ယောက်ျားကို ရှာမှီးထိုက်၏ - -- ဟူ၍ ဤသို့လျှင် ငါဘုရားရှင်သည် ဟောကြားတော်မူပါ၏။
ဒါယကာ ရွာသူကြီး ...အဘယ် နည်းပရိယာယ်နှင့်မျှ ရွှေငွေကို သာယာထိုက်၏၊ ရှာမှီးထိုက်၏ဟု ငါဘုရားရှင်သည် ဟောကြားတော်မမူပါ ဟု မိန့်ကြားတော်မူလိုက်၏။ (သံ၊၂၊၅၀၉-၅၁၀။)
ဤအထက်ပါ ဒေသနာတော်များနှင့်အညီ ရဟန်းတော်တစ်ပါးသည် ကျောင်းပြင်ရန် အမိုး, သစ် စသည်ကို အလိုရှိသောအခါ ဆွေမျိုးတို့အထံ၌ သော်လည်းကောင်း၊ ပစ္စည်းလေးပါးကို တောင်းခံရန် လျှောက်ကြားဖိတ်မံ ထားသူတို့ အထံ၌သော်လည်းကောင်း တောင်းယူနိုင်ပေသည်။ အကယ်၍ မိမိ သီတင်းသုံးရာအရပ်၌ ဆွေမျိုးတို့အထံ၌ ဖြစ်စေ, ပစ္စည်း လေးပါး တောင်းခံရန် ဖိတ်ကြားထားသူတို့ထံ၌ဖြစ်စေ တောင်းဖို့ရန် အခက်အခဲရှိပါက သို့မဟုတ် အလိုမရှိပါက ယင်းအလိုရှိရာ ပစ္စည်းတို့ကို ဆွမ်းခံဝတ်ဖြင့် သော်လည်း ရှာမှီးရန် ဘုရားရှင်က ခွင့်ပြုထားတော်မူပေသည်။
ဆွမ်းခံဝတ်ဖြင့် ရှာဖွေလိုသော ရဟန်းတော်သည် နံနက်ပိုင်း၌ဖြစ်စေ, မွန်းလွဲပိုင်း၌ဖြစ်စေ သင်္ကန်းကိုရုံကာ သပိတ်ကို ယူဆောင်လျက် ရွာတွင်းသို့ ဆွမ်းခံဝင်အပ်ပေသည်။ အလိုရှိရာ အိမ်ရှေ့၌ ဆွမ်းရပ်သကဲ့သို့ ရပ်နေနိုင်ပေသည်။ ဒါယကာက ပစ္စည်းတစ်ခုခုကို လာရောက် လောင်းလှူသောအခါ မိမိ အလိုမရှိသော ပစ္စည်းဖြစ်ပါက သပိတ်ကို ပိတ်ကာ ရပ်တည်နေနိုင်သည်။ ထိုအခါ ဒါယကာက အဘယ်ကို အလိုရှိပါသနည်းဟု မေးမြန်းခဲ့သော် ကျောင်းမိုးရန် မြက်ကို အလိုရှိကြောင်း စသည်ဖြင့် အလိုရှိရာပစ္စည်းကို ပြောကြားနိုင်သည်။ အကယ်၍ ဒါယကာက မမေးမြန်းခဲ့သော်ကား ပြောကြား ခွင့် မရှိပေ။ အလားတူ ရှေ့သို့ဆက်ကာ ဆွမး်ခံကြွနိုင်သည်။ ရဟန်းတော် တို့နှင့် အပ်စပ်သော ပစ္စည်းများကို ဤနည်းဖြင့် ရှာဖွေရန်ကိုလည်း ဘုရားရှင် သည် ခွင့်ပြုထားတော်မူပေသည်။ အရိယပရိယေသန (= ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ ပစ္စည်းလေးပါးကို ရှာဖွေပုံ နည်းစနစ်) တစ်မျိုး ပင် ဖြစ်ပေသည်။ သို့သော် မည်သည့် တစ်စုံတစ်ခုသော နည်းပရိယာယ်နှင့်မျှ, မည်သည့်တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ ရွှေငွေကို ရှာမှီးထိုက်၏ ဟူ၍ကား မြတ်စွာဘုရား ဟောကြားထားတော်မမူပေ။
ခရုသင်းပွတ်သစ်နှင့်အတူ ဖြူစင်စွာ ဖြည့်ကျင့်ထားအပ်သော သီလက သာလျှင် နတ်ရွာသုဂတိနှင့် စျာန် မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်းရောက်ခြင်း၏ အကြောင်းအထောက်အပံ့ ဖြစ်သဖြင့် မှီခိုအားထားရာ နာထတရားအစစ် ဖြစ်ပေသည်။ ကျိုးပေါက် ပြောက်ကျားလျက်ရှိသော မဖြူစင်သော သီလကား ထိုကဲ့သို့ အကြောင်းအထောက်အပံ့ကောင်း မဖြစ်နိုင်သည်ကိုကား မိမိ၏ အကျိုး, သာသနာတော်၏အကျိုးကို လိုလားတောင့်တလျက်ရှိကြကုန်သော သူတော်ကောင်းတို့သည် သတိပြုကုန်ရာသည်။
---ဒုတိယနာထတရား = ဗဟုဿုတရှိခြင်း
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဗဟုဿုတော ဟောတိ၊ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ ယမ္ပိ ဘိက္ခဝေ ဘိက္ခု ဗဟုဿုတော ဟောတိ။ ပ ။ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ အယမ္ပိ ဓမ္မော နာထကရဏော။ (အံ၊၃၊၂၇၅၊၊)
= ရဟန်းတို့ ... နောက်တစ်မျိုးကား ရဟန်းသည် အကြား+အမြင် (=ဗဟုဿုတ) များပြား၏။ အကြား+အမြင် (= ဗဟုဿုတ)ကို ဆောင်ထား နိုင်၏။ အကြား+အမြင် (= ဗဟုဿုတ)ကို ဆည်းပူး၏။ (သီလကျင့်စဉ် ဟူသော) အစ၏ ကောင်းခြင်း, (သမာဓိကျင့်စဉ်ဟူသော) အလယ်၏ ကောင်းခြင်း, (ပညာကျင့်စဉ်ဟူသော) အဆုံး၏ ကောင်းခြင်း ဟူသည့် ကောင်းခြင်း သုံးဖြာ လက္ခဏာနှင့် ပြည့်စုံကြကုန်သော, အနက်အဓိပ္ပါယ်နှင့် လည်း ပြည့်စုံ, သဒ္ဒါနှင့်လည်း ပြည့်စုံကုန်သော, အလိုအပို မရှိသဖြင့် အလုံးစုံ ပြည့်စုံကုန်သော, စင်ကြယ်လျက် ဖြူစင်မြင့်မြတ်သော ကျင့်စဉ်ကို ဖော်ပြ တတ်သော သဘောရှိကုန်သော တရားတော်တို့ကို ထိုရဟန်းသည် များစွာ သင်ကြားထားအပ်ကုန်၏၊ နှုတ်ငုံဆောင်ထားအပ်ကုန်၏၊ နှုတ်ဖြင့် အဝါးဝစွာ လေ့ကျက်ထားအပ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှု ဆင်ခြင်ရှုပွားသုံးသပ်ထားအပ်ကုန်၏၊ (တရားကိုယ် အနက်သဘောအားဖြင့် လည်းကောင်း, အကြောင်းတရားအားဖြင့်လည်းကောင်း) သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ထားအပ်ကုန်၏။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ များစွာ သင်ကြားအပ်၏။ ပ ။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏ဟူသော ဤတရားသည်လည်း မှီခို အားထားရာကို ပြုတတ်သော နာထတရားတည်း။ (အံ၊၃၊၂၇၅။)
---ဗဟုဿုတ (၂) မျိုး
ဗဟုဿုတောတိ ပရိယတ္တိပဋိဝေဓဝသေန ဒုဝိဓော ဗဟုဿုတော စ ပုဂ္ဂလော။ (အပဒါနအဋ္ဌကထာ၊၁၊၂၆၄၊၊)
ပရိယတ္တိဗဟုဿုတ, ပဋိဝေဓဗဟုဿုတဟု ဗဟုဿုတ နှစ်မျိုး ရှိ၏။ ပရိယတ္တိဗဟုဿုတကို အာဂမသုတဟုလည်း ခေါ်ဆို၏။
ဝါစုဂ္ဂတဓာရဏေန သမ္မဒေဝ ဂရူနံ သန္တိကေ အာဂမိတဘာဝေန အာဂတော ပရိယတ္တိဓမ္မသင်္ခါတော အာဂမော ဧတေသန္တိ အာဂတာဂမာ။ (အံ၊ဋီ၊၃၊၁၁၆။)
ဤသို့ ဖွင့်ဆိုထားသော အင်္ဂုတ္တရဋီကာနှင့် အညီ ဆရာသမားတို့၏ အထံ၌ နှုတ်တက်ရအောင် နှုတ်ငုံဆောင်ထားနိုင်အောင် သင်ယူပြီးလျှင် သင်ယူထားသည့်အတိုင်း ပရိယတ္တိတရားတော်ကို နှုတ်ငုံဆောင်ကာ သင်သိအနေဖြင့် ရရှိသော အသိမျိုးကို (= ဗဟုဿုတမျိုးကို) အာဂမသုတဟု ခေါ်ဆို၏၊ ပရိယတ္တိဗဟုဿုတဟုလည်း ခေါ်ဆို၏။ ဆရာသမားထံ၌ နားဖြင့် ဆတ်ဆတ် ကြားနာကာ ရရှိထားအပ်သည့် အသိဖြစ်ခြင်းကြောင့် အကြားသုတဟု ခေါ်ဆိုသည်။
အထက်တွင် ဖော်ပြထားသော နာထသုတ္တန်တွင် --- တထာရူပဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ = ထိုသို့သဘောရှိကုန်သော တရားတော်တို့ကို ထိုရဟန်းသည် များစွာ သင်ကြားထားအပ်ကုန်၏၊ နှုတ်ငုံဆောင်ထားအပ်ကုန်၏၊ နှုတ်ဖြင့် အဝါးဝစွာ လေ့ကျက်ထားအပ်ကုန်၏ --- ဟူသော စကားရပ်တို့ဖြင့် ပရိယတ္တိဗဟုဿုတခေါ် အာဂမသုတ (= သင်သိဗဟုဿုတ = အကြားသုတ)ကို ရည်ညွှန်းထားပေသည်။
ပဋိဝေဓ ဗဟုဿုတကို အဓိဂမသုတဟုလည်း ခေါ်ဆို၏။
အဓိဂမောတိ စတ္တာရော မဂ္ဂါ စတ္တာရိ ဖလာနိ စတေဿာ ပဋိသမိ႓ဒါ တိဿော ဝိဇ္ဇာ ဆ အဘိညာ။ (အံ၊ဋ္ဌ၊၁၊၆၇၊၊)
ဤ အင်္ဂုတ္တရအဋ္ဌကထာ အဖွင့်အရ မဂ် လေးပါး, ဖိုလ် လေးပါး, ပဋိသမ္ဘိဒါဉာဏ် လေးပါး, ဝိဇ္ဇာ သုံးပါး, အဘိညာဏ် ခြောက်ပါးတို့သည် အဓိဂမ မည်ပေသည်။ ဤအဓိဂမကား အထွတ်အထိပ်သို့ ရောက်ရှိနေသော အဓိဂမတည်း။
အထက်တွင် ဖော်ပြထားသော နာထသုတ္တန်တွင်ကား ထိုအထက်ပါ အဓိဂမတို့ကို ရရှိရန်အတွက် အခြေခံ လိုအပ်သော ဗဟုဿုတဖြစ်သည့် အဓိဂမသုတကို ----
မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ (အံ၊၃၊၂၇၅။)
= စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ် ထားအပ်ကုန်၏၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ထားအပ်ကုန်၏ဟူသော ဤစကားရပ်တို့က ဖော်ပြလျက်ရှိ၏။
ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄၊၊)
ဤအဋ္ဌကထာအဖွင့်အရ ဤ၌ အဓိဂမသုတဟူသည် အာဂမသုတဖြင့် မိမိသင်ယူထားသော ပရိယတ္တိတရားတော်၌ လာရှိသော တရားဓမ္မတို့ကို အတ္ထအားဖြင့်လည်းကောင်း, ကာရဏအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကို ဆိုလိုပေသည်။
---အတ္ထဟူသည် . . , ကာရဏဟူသည် . .
အတ္ထောတိ သင်္ခေပတော ဟေတုဖလံ။ (အဘိ၊ဋ္ဌ၊၂၊၃၇၁။)
ဤအဋ္ဌကထာအဖွင့်အရ အကြောင်းသမုဒယသစ္စာတရားကြောင့် ထင်ရှားဖြစ်ပေါ်လာရသော အကျိုးဒုက္ခသစ္စာတရား, နိဗ္ဗာန်, ပရိယတ် တရားတော်၏ ဆိုလိုရင်းအနက်သဘော, အကျိုးဝိပါက်တရား, ကိရိယာ တရား ဤငါးမျိုးသည် အတ္ထ မည်၏။ အကြောင်းတရား၏ စွမ်းအားကြောင့် ရအပ်ရောက်အပ်သော တရားဖြစ်၍ အတ္ထဟု ခေါ်ဆိုခြင်းဖြစ်၏။
---ဒုက္ခသစ္စာ
ထိုငါးမျိုးတို့တွင် ဒုက္ခသစ္စာတရားဟူသည် အဘယ်နည်း?
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။ မ၊၁၊၈၂...)
အကျဉ်းချုပ်အားဖြင့် ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဟူသော ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခသစ္စာတရား မည်၏။ (မ၊၁၊၈၄...)
ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။)
ဤသို့ ဟောကြားထားတော်မူသော ခန္ဓသုတ္တန် (သံ၊၂၊၃၉။) ဒေသနာ တော်များနှင့်အညီ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး) ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု စွဲယူအပ်သော ---
၁။ ရုပ်တရားအစုအပုံသည် ရူပုပါဒါနက္ခန္ဓာ,
၂။ ဝေဒနာအစုအပုံသည် ဝေဒနုပါဒါနက္ခန္ဓာ,
၃။ သညာအစုအပုံသည် သညုပါဒါနက္ခန္ဓာ,
၄။ သင်္ခါရအစုအပုံသည် သင်္ခါရုပါဒါနက္ခန္ဓာ,
၅။ ဝိညာဏ်အစုအပုံသည် ဝိညာဏုပါဒါနက္ခန္ဓာ ---
အသီးအသီး မည်ပေသည်။
ထို့ကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အာသဝေါတရားတို့၏ အာရုံဖြစ်သောတဏှာဒိဋ္ဌိတို့သည် ငါ-ငါ့ဟာဟု စွဲယူအပ်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာ မည်ကုန်၏။ ယင်း ဒုက္ခသစ္စာတရားတို့သည် သမုဒယသစ္စာဟူသော အကြောင်းတရားကြောင့် ထင်ရှားဖြစ်ပေါ်လာရသော အကျိုး (= အတ္ထ) တရားတို့ မည်ကြ၏။
သမုဒယသစ္စာ
ဘုရားရှင်သည် သစ္စဝိဘင်းပါဠိတော် (အဘိ၊၂၊၁၁၂-၁၁၅။) ၌ ---
၁။ တဏှာကို,
၂။ ကိလေသာအားလုံးကို,
၃။ အကုသိုလ်တရားအားလုံးကို,
၄။ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသလမူလတရားသုံးပါးကို,
၅။ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသိုလ်တရားအားလုံးကို ---
သမုဒယသစ္စာမည်ကြောင်းကို အသီးအသီး ငါးမျိုးခွဲကာ ဟောကြား ထားတော်မူ၏။
ထိုတွင် အမှတ်(၅)တွင် ဟောကြားထားတော်မူသော သမုဒယသစ္စာ တရားကို ရည်ညွှန်းလျက် အဋ္ဌကထာကြီးများက အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူကြ၏။
တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)
= စေတနာ စေတနာနှင့်ယှဉ်ဖက်တရားဟု အထူးမပြောတော့ဘဲ သာမည အားဖြင့် ပြောဆိုရမူ ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကိုပင် သမုဒယသစ္စာ ဟု သစ္စဝိဘင်းပါဠိတော်၌ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)
ယင်းသမုဒယသစ္စာတရားသည်ကား ဒုက္ခသစ္စာတရားစု၏ အကြောင်းရင်း ကာရဏတရားပင်တည်း။
တိတ္ထာယတနသုတ္တန်၌ လာရှိသော သမုဒယသစ္စာ
ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။ (အံ၊၁၊၁၇၈။)
ရဟန်းတို့ ...ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာဟူသည် အဘယ် နည်း?
၁။ အဝိဇ္ဇာအကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊
၂။ သင်္ခါရအကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏၊
၃။ ဝိညာဏ်အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏၊
၄။ နာမ်ရုပ်အကြောင်းခံကြောင့် သဠာယတန ဖြစ်၏၊
၅။ သဠာယတနအကြောင်းခံကြောင့် ဖဿ ဖြစ်၏၊
၆။ ဖဿအကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊
၇။ ဝေဒနာအကြောင်းခံကြောင့် တဏှာ ဖြစ်၏၊
၈။ တဏှာအကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏၊
၉။ ဥပါဒါန်အကြောင်းခံကြောင့် ကမ္မဘဝ+ဥပပတ္တိဘဝ ဖြစ်၏၊
၁၀။ ကမ္မဘဝအကြောင်းခံကြောင့် ဇာတိ ဖြစ်၏၊
၁၁။ ဇာတိအကြောင်းခံကြောင့် ဇရာ+မရဏ ဖြစ်၏၊ သောက+ပရိဒေဝ+ ဒုက္ခ+ဒေါမနဿ+ဥပါယာသတို့သည် ဖြစ်ကုန်၏။
ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ကြောင်းသဘော + ဖြစ်ခြင်းသဘောသည် ဖြစ်၏။ ရဟန်းတို့ ... ဤကြောင်းကျိုးဆက်နွယ်မှု သဘောတရားကို ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာဟူ၍ ဆိုအပ်၏။ (အံ၊၁၊၁၇၈။)
တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
= သစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာဟူသော ရှေးသစ္စာ နှစ်ပါးတို့သည် သံသရာဝဋ်ဆင်းရဲဒုက္ခ၌ လည်ပတ်ရာ + လည်ပတ်ကြောင်း သစ္စာတရားတို့ဖြစ်ခြင်းကြောင့် ဝဋ္ဋသစ္စာ မည်၏။ နိရောဓသစ္စာ မဂ္ဂသစ္စာဟူသော နောက်သစ္စာနှစ်ပါးတို့သည် သံသရာဝဋ်မှ ကင်းရာ + ကင်းကြောင်း ထွက်မြောက်ရာ + ထွက်မြောက်ကြောင်းဖြစ်သောကြောင့် ဝိဝဋ္ဋသစ္စာမည်၏။ လောကုတ္တရာနိရောဓသစ္စာ (= နိဗ္ဗာန်တရားတော်မြတ်)နှင့် လောကုတ္တရာ အရိယမဂ္ဂသစ္စာတရားတို့ ဖြစ်ကြ၏။ ယင်း ဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာတရားနှစ်ပါးတို့တွင် ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာတရားနှစ်ပါး၌သာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်း နှလုံးသွင်းခြင်းအမှုကို ပြုလုပ်အပ်၏၊ ဝိဝဋ္ဋ သစ္စာတရား နှစ်ပါး၌ ဝိပဿနာဘာဝနာ နှလုံးသွင်းဖွယ်ရာ မရှိပေ။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
ယင်းဝဋ္ဋသစ္စာတရားနှစ်ပါးတို့တွင် ဒုက္ခသစ္စာအမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး (= ရုပ်တရား+နာမ်တရား)တို့ကို ထိုးထွင်းသိတတ်သော သမ္မာဒိဋ္ဌိကို နာမရူပပရိစ္ဆေဒဉာဏ်ဟုလည်းကောင်း၊ ယင်းဒုက္ခသစ္စာ၏ အကြောင်းရင်း သမုဒယသစ္စာကို ထိုးထွင်းသိတတ်သော သမ္မာဒိဋ္ဌိကို ပစ္စယပရိဂ္ဂဟဉာဏ် ဟုလည်းကောင်း ခေါ်ဆိုပေသည်။
ထိုနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါးတို့ကို ရည်ညွှန်းကာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ -- ဟူသော အထက်ပါ နာထသုတ္တန် စကားရပ်ကို အဋ္ဌကထာက အနက်အဓိပ္ပါယ် ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။
သမ္မာဒိဋ္ဌိဉာဏ်ပညာသည် ထိုဉာဏ်နှစ်ပါးသာ ဖြစ်သည်ဟု အယူအဆ မမှားစေလိုပါ။ ဤနာထသုတ္တန်တွင် ဒုတိယမှီခိုအားထားရမည့် နာထတရားကို နာမရူပပရိစ္ဆေဒဉာဏ်ဟူသည့် ဒုက္ခသစ္စာကို ထိုးထွင်းသိတတ်သည့် သမ္မာဒိဋ္ဌိ, ပစ္စယပရိဂ္ဂဟဉာဏ်ဟူသည့် သမုဒယသစ္စာကို ထိုးထွင်းသိတတ် သည့် သမ္မာဒိဋ္ဌိ -- ဤ သမ္မာဒိဋ္ဌိ နှစ်မျိုးတို့ကို အဓိဂမသုတပိုင်းတွင် ရည်ညွှန်းထားတော်မူသည်ဟုသာ ဆိုလိုရင်း ဖြစ်ပေသည်။ ဝိပဿနာဉာဏ် အရိယ မဂ်ဉာဏ်တို့ကို ဆယ်ခုမြောက် နာထတရားအဖြစ် ဟောကြားထားတော် မူလတ္တံ့ဖြစ်သောကြောင့် ဤ ဒုတိယနာထတရားအရ သမ္မာဒိဋ္ဌိစာရင်းတွင် မဖော်ပြခြင်း ဖြစ်ပေသည်။
မှီခိုအားထားရာ နာထတရား ဖြစ်နိုင်ပါသလား?
ဤနာထတရားတွင် ဖော်ပြထားသော အာဂမသုတခေါ်သည့် ပရိယတ် တရားတော်တို့ကို သင်သိ အနေနှင့် သိခြင်း, အဓိဂမသုတခေါ်သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ကျင့်သိအနေနှင့် နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် သိခြင်း -- ဤအသိဉာဏ် သမ္မာဒိဋ္ဌိသည် မှီခိုအားထားရာ နာထတရားအစစ် ဖြစ်နိုင်ပါသလားဟု မေးရန် ရှိ၏။ အဖြေကို သိလိုပါက အောက်ပါ အဋ္ဌကထာအဖွင့်ကို ဖတ်ရှုကြည့်ပါ။
ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)
ဤပစ္စယပရိဂ္ဂဟဉာဏ်သို့တိုင်အောင်သော ဝိပဿနာဉာဏ်နှင့် ပြည့်စုံသော ဝိပဿက (= ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက်ရှိသော) ယောဂါဝစရပုဂ္ဂိုလ်သည် ဗုဒ္ဓဘုရားရှင်၏ သာသနာတော်၌ သက်သာရာကို ရရှိသည်မည်၏၊ ထောက်ရာတည်ရာကို ရရှိသည်မည်၏၊ ကောင်းရာသုဂတိ ဟူသော လားရာဂတိ မြဲသော စူဠသောတာပန် (= သောတာပန်ညီထွေး) မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)
ပရိယတ္တိဗဟုဿုတ (= အာဂမသုတ)ဖြင့် သင်ယူထားအပ်သော အသိကို နားဖြင့် ကြားနာကာ သင်ယူရသည့်အတွက် အကြားသုတဟုလည်းကောင်း, အတ္ထ+ကာရဏ အမည်ရသည့် ထိုပရိယတ္တိတရားတော်၌ လာရှိသည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်ဟူသည့် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ကာ ရရှိလာသည့် အသိကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ကာ ရရှိလာသည့် ဗဟုဿုတဖြစ်ခြင်းကြောင့် အမြင်ဗဟုဿုတဟုလည်းကောင်း, ထိုအကြားနှင့်အမြင် နှစ်ခုကို ပေါင်းစပ်ကာ ဗဟုဿုတဟူသော စကားရပ်ကို အကြား+အမြင် ဗဟုဿုတရှိခြင်းဟု ရှေးရှေးဆရာတော်ဘုရားကြီးတို့က ဘာသာပြန်ဆိုထားတော်မူခဲ့ကြပေသည်။
ဘုရားရှင် ဟောကြားထားတော်မူအပ်သော တရားတော်တို့ကား သစ္စာ လေးပါးကို ဦးတိုက်လျက် ရှိကြ၏။ ယောဂီပုဂ္ဂိုလ်ကား ထိုသစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် ဝဋ္ဋသစ္စာတရားနှစ်ပါးတို့ကို (ဝိဝဋ္ဋ သစ္စာ ဖြစ်သည့် နိရောဓသစ္စာ, မဂ္ဂသစ္စာသို့ ဆိုက်ရောက်ရေးအတွက်) ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရမည် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
ယောဂီပုဂ္ဂိုလ်သည် မိမိ ဝိပဿနာရှုပွားသုံးသပ်ရမည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ရှေးဦးစွာ သိအောင် ကြိုးပမ်းရမည် ဖြစ်၏။ ထိုသို့ ကြိုးပမ်းရာ၌ ရှေးဦးစွာ ထိုဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ဆရာသမားထံ၌ စနစ်တကျ သင်ယူရမည်ဖြစ်၏။ သင်သိဖြင့် သိအောင် ပထမ ကြိုးစားရ၏။
ထိုနောင် ထိုဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို သိအောင် ကြိုးစားအားထုတ်ပုံ ကမ္မဋ္ဌာန်းနည်းလမ်းကို စနစ်တကျ သင်ယူကာ လက်တွေ့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် အောင် ကြိုးပမ်းရ၏။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိအောင် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို အဆင့်ဆင့် ကျင့်သုံးရမည် ဖြစ်ပေသည်။ အောင်မြင်မှုကို ရရှိပါက မိမိသည် ဘုရားရှင် ဟောကြားထားတော်မူသည့် ဒုတိယနာထတရားကို လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နိုင်နိုင် ရရှိပြီ ဟု ပြောဆိုနိုင်ပြီ ဖြစ်ပေသည်။
အင်္ဂါ (၉) တန်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ တရားတော်
ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်ကုန်သော တရားတော်တို့၌ အင်္ဂါ (၉)တန်ရှိ၏။ ယင်း အင်္ဂါ (၉)တန်တို့မှာ ---
၁။ သုတ္တ = သုတ္တအမည်ရသော တရားတော်,
၂။ ဂေယျ = ဂါထာနှင့် စကားပြေ နှစ်ထွေ ရောနေသော တရားတော်,
၃။ ဝေယျာကရဏ = ဂါထာမဖက် သက်သက်သော စကားပြေတရားတော်,
၄။ ဂါထာ = ဂါထာတရားတော်,
၅။ ဥဒါန = ဥဒါန်း = ဝမ်းမြောက်စွာ မြွက်ဆို ကျူးရင့်ထားအပ်သော တရားတော်,
၆။ ဣတိဝုတ္တက = ဣတိဝုတ် = ဝုတ္တံ ဟေတံ ဘဂဝတာ = ဤသို့ ဘုရားရှင်သည် ဟောကြားတော်မူအပ်၏ -- ဤသို့ အစချီလျက် နိဒါန်း ပျိုးထားသော တရားတော်,
၇။ ဇာတက = ဇာတ်တော်,
၈။ အဗ္ဘုတဓမ္မ = မဖြစ်စဖူး အဦးအသစ် အံ့ဩဖွယ်ရာတို့နှင့် ဆက်စပ်နေ သော တရားတော်,
၉။ ဝေဒလ္လ = အသိထူး ဉာဏ်ထူးကိုလည်း ရရှိ၍ နှစ်သက်ဝမ်းမြောက်မှု ကိုလည်း ရရှိသော အမေး-အဖြေ တရားတော် ---
ဘုရားရှင်၏ တရားတော်တို့သည် ဤကဲ့သို့သော အင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော တရားတော်တို့ ဖြစ်ကြ၏။ တစ်ချိန် ဗြာဟ္မဏအမျိုးဇာတ်မှ သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာကြကုန်သော ရဟန်း ငါးရာတို့သည် --- လိင် သုံးပါး, ဧကဝုစ် ဗဟုဝုစ် နှစ်ပါး, ဝိဘတ် (၇)သွယ်, ပုဒ် ဗျည်း စသည်တို့ဖြင့် တရားတော်ကို ဟောကြားတော်မူသည်ရှိသော် ငါတို့ သိရှိပြီးသည်ကိုသာလျှင် ဟောကြားတော်မူလတ္တံ့၊ ငါတို့ မသိသည်ကို အဘယ်မှာလျှင် ဟောကြားနိုင်လတ္တံ့နည်းဟု နှလုံးပိုက်ကာ ဘုရားရှင်၏ တရားတော်ကို နာယူဖို့ရန် မသွားရောက်ကြကုန်။ ဘုရားရှင်သည် ထိုအကြောင်းအရာကို ကြားသိတော်မူသောအခါ ထိုရဟန်းတို့ကို ခေါ်စေတော် မူပြီးလျှင် အဘယ်ကြောင့် သင်တို့သည် ဤကဲ့သို့ ပြုကျင့်ကြကုန်သနည်း? တရားတော်ကို ရိုသေစွာ နာယူကြကုန်လော့၊ ရိုသေစွာ တရားတော်ကို နာယူသူတို့အားလည်းကောင်း, ရွတ်ဖတ်သရဇ္ဈာယ်သူတို့အားလည်းကောင်း, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သူတို့အားလည်းကောင်း ဤမျှကုန်သော ဤအကျိုးတရားတို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ ဤသို့ ညွှန်ကြားပြသ ဆိုဆုံးမတော် မူလိုသည် ဖြစ်၍ အောက်ပါ သောတာနုဂတသုတ္တန် တရားဒေသနာတော်ကို အားထုတ်တော်မူပေသည်။ (အံ၊ဋ္ဌ၊၂၊၃၆၄။)
သောတာနုဂတသုတ္တန်ကောက်နုတ်ချက်
ရဟန်းတို့ ... ပသာဒသောတမှ ဉာဏသောတသို့ အစဉ်လျှာက်၍ တည်နေကုန်သော, နှုတ်ဖြင့် အဝါးဝစွာ လေ့ကျက်ထားအပ်ပြီးကုန်သော, စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်အပ်ပြီးကုန်သော, တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း အကြောင်းတရားအားဖြင့် လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အပ်ပြီးကုန်သော တရားတော်တို့၏ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်သော အကျိုးဆက်တို့သည်ကား ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ ---
ရဟန်းတို့ ... ဤသာသနာတော်၌ ရဟန်းသည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန, ဣတိဝုတ္တက, ဇာတက, အဗ္ဘုတဓမ္မ, ဝေဒလ္လ ဟူသော အင်္ဂါကိုးတန်နှင့် ပြည့်စုံသော ပရိယတ်တရားတော်ကို သင်ကြား၏။ ထိုရဟန်းအား ထိုတရားတို့သည် ပသာဒသောတမှ ဉာဏသောတသို့ အစဉ်လျှောက်၍ တည်နေကုန်၏။ နှုတ်ဖြင့် အဝါးဝစွာ လေ့ကျက်ထားအပ်ပြီး ဖြစ်ကုန်၏။ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်အပ်ပြီး ဖြစ်ကုန်၏။ တရားကိုယ် အနက်သဘောအားဖြင့် လည်းကောင်း, အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီး ဖြစ်ကုန်၏။ ထိုရဟန်းသည် သတိလွတ်ကင်းသည်ဖြစ်၍ သေလွန်ခဲ့သော် [= ပုထုဇဉ်အဖြစ်နှင့် သေလွန်ခဲ့သော်ဟု ဆိုလို၏။ (အံ၊ဋ္ဌ၊၂၊၃၆၄။)] နတ်ဘုံ တစ်မျိုးမျိုး၌ ဖြစ်နိုင်၏။ ထိုနတ်ဘုံ၌ ချမ်းသာခြင်းရှိသော ထိုပုဂ္ဂိုလ်အား ဓမ္မပဒ အမည်ရသည့် ဒုက္ခသစ္စာ သမုဒယသစ္စာတရားပုဒ်အစုတို့သည် ပေါ်လွင်ထင်ရှား၍ တည်နေကုန်၏။ ရဟန်းတို့ ... ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ထိုတရားတို့ကို အမှတ်ရတတ် ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်းသည် နုံ့နှေးလှသေး၏။ တကယ်စင်စစ်မှာမူ ထိုနတ်သားဖြစ်သော သတ္တဝါသည် လျင်မြန်စွာသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဟူသည့် တရားထူး တရားမြတ်ကို ရရှိနိုင်၏။ ရဟန်းတို့ ... ဤသည်ကား ပသာဒသောတမှ ဉာဏသောတသို့ အစဉ်လျှောက်၍ တည်နေကုန်သော, နှုတ်ဖြင့် အဝါးဝစွာ လေ့ကျက်ထားအပ်ပြီးကုန်သော, စိတ်ဖြင့် အဖန်ဖန်အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်အပ်ပြီးကုန်သော, တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အပ်ပြီးကုန်သော တရားတော်တို့၏ မချွတ်ဧကန်ရလိမ့်မည်ဟု မျှော်လင့်အပ်သော ပထမအကျိုးဆက်တည်း။ (၁)
အလားတူပင် တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော ရဟန်းတော်တစ်ပါးက နတ်ပြည်သို့ တက်ရောက်ကာ တရားဟောတော်မူသောအခါ ထိုတရားတော်ကို နာကြားရလျှင် (၂)၊ သို့မဟုတ် ---
ဓမ္မကထိက နတ်သားတစ်ဦးဦး၏ တရားတော်ကို နာကြားရလျှင် (၃)၊ သို့မဟုတ် ---
လူ့ဘဝက တရားကျင့်ဖော်ကျင့်ဖက် ရဟန်းတော်တစ်ပါးက နတ်ပြည် သို့ မိမိထက် အလျင်ရောက်နှင့်၍ နောက်မှ နတ်ပြည်သို့ ရောက်ရှိလာသော မိမိအား ထိုအလျင်ရောက်ရှိနေသော နတ်သားက လူ့ဘဝက ကျင့်ခဲ့သော တရားတို့ကို အမှတ်ရရန် သတိပေးလိုက်သောအခါတို့၌လည်း လူ့ပြည် လူ့လောကဝယ် ရဟန်းဘဝဖြင့် မိမိကျင့်ခဲ့သော တရားတို့ကို အမှတ်ပြန်ရလျှင် ထိုအခါ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းလိုက်သောအခါ မဂ် ဖိုလ် နိဗ္ဗာန်ဟူသည့် တရားထူး တရားမြတ်ကို လျင်လျင်မြန်မြန် ရနိုင်ကြောင်းတို့ကို ဆက်လက် ဟောကြားထားတော်မူပေသည်။ (၄) (အံ၊၁၊၅၀၄-၅၀၅။)
ပရိယတ္တိအဆင့်မှ ပဋိပတ္တိအဆင့်သို့ ကူးကာ အောင်အောင်မြင်မြင် လက်တွေ့ကျင့်သုံးနိုင်သဖြင့် ပဋိဝေဓသို့ ဆိုက်ရောက်သွားကြသော ထုံးဟောင်း ဥပဒေသများပင် ဖြစ်ကြပေသည်။
တတိယ နာထတရား = ကလျာဏမိတ္တ ရှိခြင်း
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း တည်းဟူသော) အဆွေခင်ပွန်းကောင်း ရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထား ရှိ၏။ ရဟန်းတို့ ... ယင်းသို့ အဆွေခင်ပွန်းကောင်း ရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထား ရှိ၏ - ဟူသော ဤတရားသည်လည်း မှီခို အားထားရာကို ပြုတတ်သော နာထတရားတည်း။ (အံ၊၃၊၂၇၅။)
ကလျာဏမိတ္တသုတ္တန် (သံ၊၁၊၈၇-၈၈။)
တစ်ချိန် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ ဘုရားရှင်သည် သီတင်းသုံးစံနေတော်မူ၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ဘုရားရှင်ရှိရာအရပ်သို့ ချဉ်းကပ်လျက် ဘုရားရှင်အား အလွန်ရိုသေစွာ ရှိခိုး ဝတ်ပြုပြီးလျှင် သင့်တင့်လျောက်ပတ်သော တစ်နေရာ၌ ထိုင်လိုက်၏။ တစ်နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းကြီးက မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏။
မြတ်စွာဘုရား ... ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်လျက် တစ်ယောက်ထီးတည်းနေသော တပည့်တော်အား ဤသို့သော စိတ်အကြံသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါ၏ - မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားထားတော်မူအပ်၏၊ ကောင်းစွာ ဟောကြားထားတော်မူအပ်သော ထိုတရားတော်သည်လည်း (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူအားသာ ဖြစ်၏။ ယုတ်မာသော အဆွေခင်ပွန်း ရှိသော သူအား မဖြစ်၊ ယုတ်မာသော အပေါင်းအဖော်ရှိသော သူအား မဖြစ်၊ ယုတ်မာသော အဆွေခင်ပွန်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူအား မဖြစ် - ဟူသော ဤစိတ်အကြံသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါ၏ မြတ်စွာဘုရားဟု တင်ပြလျှောက်ထား၏။
ထိုအခါ ဘုရားရှင်က ဤသို့ မိန့်ကြားတော်မူ၏။
ဒါယကာတော်မင်းကြီး ... သင်၏ ဤစိတ်အကြံအစည်သည် သင် ကြံစည်သည့်အတိုင်း မှန်၏။ ဒါယကာတော် မင်းကြီး ... သင်၏ ဤစိတ် အကြံအစည်သည် ကြံစည်သည့်အတိုင်း မှန်၏။ ငါဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားထားတော်မူအပ်ပါ၏။ ကောင်းစွာ ဟောကြားထားတော်မူအပ်သော ထိုတရားသည်လည်း (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်းရှိသော သူအားသာ ဖြစ်၏။ အပေါင်းအဖော်ကောင်းရှိသော သူအားသာ ဖြစ်၏၊ အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူအားသာ ဖြစ်၏။ ယုတ်မာသော အဆွေခင်ပွန်းရှိသောသူအား မဖြစ်၊ ယုတ်မာသော အပေါင်းအဖော်ရှိသောသူအား မဖြစ်၊ ယုတ်မာသော အဆွေခင်ပွန်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူအား မဖြစ်။
ဒါယကာတော်မင်းကြီး ...အခါတစ်ပါး၌ ငါဘုရားသည် သက္ကတိုင်း သာကီဝင်တို့၏ နဂရကအမည်ရသော နိဂုံးရွာ၌ သီတင်းသုံးနေတော်မူ၏။
ဒါယကာတော်မင်းကြီး ... ထိုအခါ အာနန္ဒာရဟန်းသည် ငါဘုရားရှင် ထံသို့ ချဉ်းကပ်ကာ ငါဘုရားရှင်ကို ရှိခိုးဝတ်ပြုပြီးနောက် တစ်ခုသောနေရာ၌ ထိုင်ပြီးသော် ငါဘုရားရှင်အား ဤစကားကို လျှောက်ထား၏။
မြတ်စွာဘုရား ... (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်း ရှိသော သူ၏အဖြစ်, အပေါင်းအဖော်ကောင်း ရှိသော သူ၏အဖြစ်, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထား ရှိသော သူ၏အဖြစ်သည် ဖြူစင်မြင့်မြတ်သော အရိယမဂ်အကျင့်၏ ထက်ဝက်ကို ပြီးစေနိုင်ပါ၏ မြတ်စွာဘုရားဟု တင်ပြ လျှောက်ထားလာ၏။
ဒါယကာတော်မင်းကြီး ... ဤသို့ လျှောက်ထားလာသည်ရှိသော် ငါဘုရားရှင်သည် အာနန္ဒာရဟန်းအား ဤစကားကို မိန့်ကြားတော်မူခဲ့၏။
အာနန္ဒာ ... ဤသို့ မပြောဆိုလင့်၊ အာနန္ဒာ ... ဤသို့ မပြောဆို လင့်၊ အာနန္ဒာ ... (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း တည်းဟူသော) အဆွေခင်ပွန်းကောင်း ရှိသော သူ၏အဖြစ်, အပေါင်းအဖော်ကောင်း ရှိသော သူ၏အဖြစ်, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူ၏အဖြစ်သည် ဖြူစင်မြင့်မြတ်သော အရိယမဂ် အကျင့်အားလုံးကို ပြီးစေနိုင်ပါ၏။ အာနန္ဒာ ...(မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်းရှိသော, အပေါင်းအဖော်ကောင်းရှိသော, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူအား ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို ပွားများအားထုတ်လတ္တံ့၊ ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို ကြိမ်ဖန်များစွာ အလေ့အလာပြုလတ္တံ့ဟူသော ဤအကျိုးကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်၏။
အာနန္ဒာ ... အဘယ်သို့လျှင် (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်း ရှိသော, အပေါင်းအဖော်ကောင်း ရှိသော, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထား ရှိသော ရဟန်းသည် ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ပွားများအားထုတ်သနည်း? ဖြူစင်မြင့်မြတ်သည့် မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားကို ကြိမ်ဖန်များစွာ အလေ့အလာပြုသနည်း?
အာနန္ဒာ ...ဤသာနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှု (= ဝိဝေက)ကို မှီသော, ရာဂကင်းခြင်းကို မှီသော, ရာဂ၏ ချုပ်ခြင်းကို မှီသော, ကိလေသာကို စွန့်ရာ နိဗ္ဗာန်သို့ ညွတ်သော ---
၁။ မှန်ကန်သော ဉာဏ်အမြင် = သမ္မာဒိဋ္ဌိကို ပွား၏၊
၂။ မှန်ကန်သော အကြံအစည် = သမ္မာသင်္ကပ္ပကို ပွား၏၊
၃။ မှန်ကန်သော စကား = သမ္မာဝါစာကို ပွား၏၊
၄။ မှန်ကန်သော အမှု လုပ်ငန်းရပ် = သမ္မာကမ္မန္တကို ပွား၏၊
၅။ မှန်ကန်သော အသက်မွေးမှု = သမ္မာအာဇီဝကို ပွား၏၊
၆။ မှန်ကန်သော အားထုတ်မှု = သမ္မာဝါယာမကို ပွား၏၊
၇။ မှန်ကန်သော အောက်မေ့မှု = သမ္မာသတိကို ပွား၏၊
၈။ မှန်ကန်သော စိတ်တည်ကြည်မှု = သမ္မာသမာဓိကို ပွား၏။
အာနန္ဒာ ...ဤသို့လျှင် (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်း ရှိသော, အပေါင်း အဖော်ကောင်း ရှိသော, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော ရဟန်းသည်သာလျှင် ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို ပွားများအားထုတ်၏။ ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ အာနန္ဒာ ... (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်းရှိသော သူ၏အဖြစ်, အပေါင်းအဖော်ကောင်းရှိသော သူ၏အဖြစ်, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူ၏အဖြစ်သည် ဖြူစင်မြင့်မြတ်သည့် အရိယမဂ်အကျင့်အားလုံးကိုပင် ပြီးစီးစေနိုင်၏ဟူသော ထိုစကားကို ဤအကြောင်းဖြင့်ပင် သိအပ်၏။
အာနန္ဒာ ... မှန်ပေသည်၊ ကလျာဏမိတ္တ (= အဆွေခင်ပွန်းကောင်း)ဖြစ်သော ငါဘုရားရှင်ကို အကြောင်းပြု၍ ပဋိသန္ဓေတည်နေရခြင်းသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေတည်နေရခြင်း သဘောတရားမှ လွတ်မြောက်သွားကြကုန်၏။ အိုခြင်းသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့သည် အိုခြင်းသဘောတရားမှ လွတ်မြောက်သွားကြကုန်၏။ နာခြင်းသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့သည် နာခြင်းသဘောတရားမှ လွတ်မြောက်သွားကြကုန်၏။ သေခြင်းသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့သည် သေခြင်း သဘောတရားမှ လွတ်မြောက်သွားကြကုန်၏။ ပူဆွေးခြင်း, ငိုကြွေးခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း, ပြင်းစွာပူပန်ခြင်းသဘောတရား ထင်ရှား ရှိကြကုန်သော သတ္တဝါတို့သည် ပူဆွေးရခြင်း, ငိုကြွေးရခြင်း, ကိုယ်ဆင်းရဲရခြင်း, စိတ်ဆင်းရဲရခြင်း, ပြင်းစွာ ပူပန်ရခြင်း သဘောတရားတို့မှ လွတ်မြောက်သွားကြကုန်၏။
အာနန္ဒာ ... (ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်း တည်းဟူသော) အဆွေခင်ပွန်းကောင်းရှိသော သူ၏အဖြစ်, အပေါင်းအဖော် ကောင်း ရှိသော သူ၏အဖြစ်, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူ၏အဖြစ်သည် ဖြူစင်မြင့်မြတ်သော အရိယမဂ်အကျင့်အားလုံးကို ပြီးစေနိုင်၏ဟူသော ထိုစကားကို ဤအကြောင်းဖြင့်ပင် သိအပ် ၏ဟု မိန့်ကြားတော်မူခဲ့၏။ (အံ၊၁၊၈၇-၈၉)
ဤစာကို ဖတ်ရှုနေသော အသင်သူတော်ကောင်းသည် ဆရာသမားထံမှ လုံးလုံး မသင်ယူဘဲ မိမိ၏ ထိုးထွင်းဉာဏ် သက်သက်ဖြင့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ကျင့်တတ်ပါသလား? ဤမေးခွန်းကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။
လောက၌ ဘုရားသာ မပွင့်ခဲ့လျှင်, ဘုရားရှင်ကသာ မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို မဟောပြလျှင်, မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လျက် ကျင့်နိုင်သော သာဝကသည် မရှိနိုင်လေရာ။ အရှင်သာရိပုတ္တရာကဲ့သို့သော သူတော်ကောင်းကြီးသည်ပင် အရှင်အဿဇိမထေရ်ထံမှ ယေ ဓမ္မာ ဟေတုပ္ပဘဝါ အစချီသည့် သစ္စာလေးပါးနှင့်စပ်သည့် တရားစကားကို နာကြားခွင့် ရရှိပါမှ မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို စနစ်တကျ ကျင့်နိုင်ခဲ့ပေသည်။
လောက၌ ဘုရားသာ မပွင့်ခဲ့သဖြင့်, ဘုရားရှင်ကသာ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို မဟောပြလျှင်, မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို မှန်မှန်ကန်ကန် ကျင့်တတ်ဖို့ကား အလွန့်အလွန် မဖြစ်နိုင်လောက်အောင် ခဲယဉ်းလှပေသည်။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို မကျင့်နိုင်ကလည်း မဂ်ဖိုလ် နိဗ္ဗာန်ကို မည်သည့်နည်းနှင့်မျှ မရရှိနိုင်ပေရာ၊ မဂ်ဖိုလ် နိဗ္ဗာန်ကို မရရှိကလည်း အို-နာ-သေရေးစသည့် ဒုက္ခဘေးဆိုးကြီးတို့မှ မလွတ်မြောက်နိုင်လေရာ။ ထိုကြောင့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတို့ကို စနစ်တကျ ညွှန်ကြားပြသ ဆိုဆုံးမမည့် ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်းနှင့် ပေါင်းဖော် ယှဉ်တွဲ မှီဝဲဆည်းကပ်ခွင့်, တရားတော်ကို နာကြားခွင့် ရရှိရေးကား နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူတို့အတွက် သံသရာဝဋ်ဒုက္ခမီးပုံကြီး၏ ငြိမ်းရာ နိဗ္ဗာန်ဟူသည့် ဟိုမှာဘက်ကမ်းသို့ ရောက်ရှိရေးအတွက် မရှိမဖြစ်သော လိုအပ်ချက်ကြီး တစ်ခုပင် ဖြစ်ပေသည်။
ကလျာဏမိတ္တဟူသည်
ကလျာဏမိတ္တောတိ စေတ္ထ အရိယော၊ (သံ၊ဋီ၊၄၀၉။)
ဤဋီကာအဖွင့်က အရိယာသူတော်ကောင်းတို့ကိုသာ ကလျာဏမိတ္တဟု ဆိုလို၏။ အကောင်းဆုံးသော ကလျာဏမိတ္တကို ထုတ်ဆောင်ပြဆိုသော ဥက္ကဋ္ဌနိဒ္ဒေသနည်းတည်း။ ထိုကလျာဏမိတ္တဟူသမျှတို့တွင် ဘုရားရှင်သည်ကား အလုံးစုံသော အခြင်းအရာအားဖြင့် ပြည့်စုံသော ကလျာဏမိတ္တပင်တည်း။ ထိုဘုရားရှင်ထံ၌ ကမ္မဋ္ဌာန်းကို သင်ယူပါ။
မရနိုင်ခဲ့သော် မဟာသာဝကကြီး (၈၀)တို့တွင် တစ်ပါးပါးထံ၌, မရနိုင်ခဲ့သော် ရဟန္တာအရှင်မြတ်တစ်ပါးပါးထံ၌, မရနိုင်ခဲ့သော် အနာဂါမ်, သကဒါဂါမ်, သောတာပန် တစ်ပါးပါးထံ၌ ကမ္မဋ္ဌာန်းကို သင်ယူပါ။ ဤအရိယာ သူတော်ကောင်းတို့ကား မှီဝဲဆည်းကပ်ရမည့် ကလျာဏမိတ္တအစစ်တို့ပင် တည်း။
သို့သော် အရိယာသူတော်ကောင်းတည်းဟူသော ကလျာဏမိတ္တကို မရနိုင်ခဲ့သော် စျာန်ရပုထုဇဉ်ထံ၌, မရနိုင်ခဲ့သော် တိပိဋကဓရပုဂ္ဂိုလ်ထံ၌, မရနိုင်ခဲ့သော် ဒွိပိဋကဓရပုဂ္ဂိုလ်ထံ၌, မရနိုင်ခဲ့သော် ဧကပိဋကဓရပုဂ္ဂိုလ်ထံ၌, မရနိုင်ခဲ့သော် ပရိယတ္တိတရားတော်၌ ကျွမ်းကျင်လိမ္မာတော်မူသော သိက္ခာပုဒ်တို့ကို လွန်ကျူးရမှာ ရှက်ကြောက်တတ်သည့် လဇ္ဇီသူတော်ကောင်းထံ၌ ကမ္မဋ္ဌာန်းကို သင်ယူပါ။ ဤအဆင့်ဆင့် ဖော်ပြထားသော ပုထုဇဉ် သူတော်ကောင်းတို့သည်လည်း မှီဝဲ ဆည်းကပ်ရမည့် ကလျာဏမိတ္တတို့ပင် ဖြစ်ကြသည်။ (ဝိသုဒ္ဓိ၊၁၊၉၅။)
ကလျာဏမိတ္တ ပညာရှိတို့၏ သဘော
ဤကဲ့သို့သော ကလျာဏမိတ္တအစစ် ဖြစ်တော်မူကြသည့် သူတော်ကောင်းတို့သည်ကား ---
နယံ နယတိ မေဓာဝီ၊ အဓုရာယံ န ယုဉ္ဇတိ။
သုနယော သေယျသော ဟောတိ၊ သမ္မာ ဝုတ္တော န ကုပ္ပတိ။
ဝိနယံ သော ပဇာနာတိ၊ သာဓု တေန သမာဂမော။ (ခု၊၅၊၂၆၆၊ ...)
၁။ နည်းမှန်လမ်းမှန်ကို နည်းမှန်လမ်းမှန်ဟု ညွှန်ကြားပြသတတ်၏။
၂။ မတိုက်တွန်းသင့် မတိုက်တွန်းထိုက်သည့်လုပ်ငန်းရပ်တို့ကို မည်သည့်အခါမျှ လုပ်သာလုပ်ပါဟု မတိုက်တွန်းတတ်။
၃။ နည်းမှန်လမ်းမှန် အကျင့်မှန်ကို အထွတ်အမြတ် ထားတတ်၏။
၄။ အကျိုးနှင့် အကြောင်းကို ထင်ရှား ဖော်ပြလျက် ကောင်းမွန်စွာ ဆိုဆုံးမအပ်သည်ရှိသော် မည်သည့်အခါမျှ အမျက် မထွက်တတ်၊
၅။ လူ့ဝိနည်း လူ့ကျင့်ဝတ်, ရဟန်းဝိနည်း ရဟန်းကျင့်ဝတ်ကို ထိုကလျာဏ မိတ္တ သူတော်ကောင်းသည် ကောင်းကောင်း သိ၏၊ ကောင်းကောင်း ကျင့်၏။
ထိုကြောင့် ပညာရှိသူတော်ကောင်းတည်းဟူသော ကလျာဏမိတ္တနှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ရခြင်းသည် ကောင်းလှပါပေ၏။ (အကိတ္တိဇာတ်၊ ခု၊၅၊၂၆၆...)
စတုတ္ထ နာထတရား = ဆုံးမလွယ်ကူခြင်း
ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား - ရဟန်းသည် ဆိုဆုံးမ လွယ်ကူ၏၊ ဆိုဆုံးမလွယ်ကူကြောင်း တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေ ခံယူတတ်၏။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ ဆိုဆုံးမလွယ်ကူ၏၊ ဆိုဆုံးမလွယ်ကူကြောင်းတရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေ ခံယူတတ်၏ ဟူသော ဤတရားသည်လည်း မှီခိုအားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၅။)
အဆုံးအမကို အရိုအသေ ဦးထိပ်ရွက်ပန်ဆင်လျက် ခံယူတတ်ခြင်းသည်ကား မဂ်ဖိုလ် နိဗ္ဗာန်ကို ရရှိရေးအတွက် အလွန် အရေးကြီးလှ၏။ အချို့ပုဂ္ဂိုလ်သည်ကား ဆုံးမသည့် စကားကို လက်ဝဲနားမှ နာယူကာ လက်ျာ နားမှ ထိုအဆုံးအမကို လွှင့်ပစ်တတ်၏။ မကြားယောင်ဆောင်ကာမူလည်း သွားတတ်၏။ သူတော်ကောင်းဖြစ်ချင်သူကား ဤသို့မပြုကျင့်ဘဲ အရှင်ဘုရား ... တပည့်တော်ကို ဆိုဆုံးမတော်မူပါ၊ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမတော်မူပါ။ အရှင်ဘုရားတို့သည် မဆုံးမအပ်ကုန်သည်ရှိ သော် အဘယ်မည်သော တစ်စုံတစ်ယောက်သော အခြားပုဂ္ဂိုလ်တစ်ဦးသည် ဆိုဆုံးမပါအံ့နည်းဟုပြောဆိုကာ အဆုံးအမကို အရိုအသေ ဦးထိပ်ရွက် ပန်ဆင်လျက် ခံယူတတ်ပေသည်။ (အံ၊ဋ္ဌ၊၃၊၂၉၀-၂၉၁၊၊)
အရှင်ရာဟုလာ
အရှင်ရာဟုလာကား သိက္ခာသုံးရပ် အကျင့်မြတ်ကို လိုလားတောင့်တသည့်အရာ၌ ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်း ရရှိသူ သူတော်ကောင်းတစ်ဦး ဖြစ်၏။ ဆိုဆုံးမလွယ်ကူသည့် သုဝစဂုဏ်နှင့် ပြည့်စုံသူလည်း ဖြစ်၏။ သည်းခံခြင်း ခန္တီတရားနှင့်လည်း ပြည့်စုံ၏။ အဆုံးအမကို ဦးထိပ်ရွက် ပန်ဆင်လျက် အရိုအသေ ခံယူတတ်၏။ မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊ ၈၆-၈၇။) တွင် အရှင်ရာဟုလာကို စံထား၍ ဘုရားရှင်က ရဟန်းတော်တို့ကို ဤသို့ ဆိုဆုံးမထားတော်မူ၏။
ရာဟုလာ ...မဟာပထဝီမြေကြီးနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ ... မဟာပထဝီ မြေကြီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ... ဥပမာသော်ကား - မဟာပထဝီမြေကြီးပေါ်၌ စင်ကြယ်သော အရာဝတ္ထုကိုလည်း ပစ်ချကြကုန်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း ပစ်ချကြကုန်၏၊ ကျင်ကြီးကိုလည်း ပစ်ချကြကုန်၏၊ ကျင်ငယ်ကိုလည်း ပစ်ချကြကုန်၏၊ တံတွေးကိုလည်း ပစ်ချကြကုန်၏၊ ပြည်ကိုလည်း ပစ်ချကြကုန်၏၊ သွေးကိုလည်း ပစ်ချကြကုန်၏။ မဟာပထဝီ မြေကြီးသည် ထိုစင်ကြယ်သောအရာဝတ္ထု မစင်ကြယ်သောအရာဝတ္ထုဖြင့် ငြီးငွေ့ရွံရှာစက်ဆုပ်မှု မဖြစ်။ ရာဟုလာ ... သင်ချစ်သားသည် ဤဥပမာ အတူသာလျှင် မဟာပထဝီမြေကြီးနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ ... မဟာပထဝီမြေကြီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများ အားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။
ရာဟုလာ ... ရေနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံး ယူငင်၍ မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ... ဥပမာသော်ကား - ရေ၌ စင်ကြယ်သော အရာဝတ္ထုကိုလည်း ဆေးကြောကြကုန်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း ဆေးကြောကြကုန်၏၊ ကျင်ကြီးကိုလည်း ဆေးကြောကြကုန်၏၊ ကျင်ငယ်ကိုလည်း ဆေးကြောကြကုန်၏၊ တံတွေးကိုလည်း ဆေးကြောကြကုန်၏၊ ပြည်ကိုလည်း ဆေးကြောကြကုန်၏။ ရေသည် ထိုစင်ကြယ်သော အရာဝတ္ထု, မစင်ကြယ်သော အရာဝတ္ထုဖြင့် ငြီးငွေ့ ရွံရှာ စက်ဆုပ်မှု မဖြစ်။ ရာဟုလာ ... ဤဥပမာအတူသာလျှင် သင်ချစ်သားသည် ရေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ ... ရေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန် လတ္တံ့။
ရာဟုလာ ... မီးနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ မီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ... ဥပမာသော်ကား မီးသည် စင်ကြယ်သော အရာဝတ္ထုကိုလည်း လောင်ကျွမ်းပစ်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း လောင်ကျွမ်းပစ်၏၊ ကျင်ကြီးကိုလည်း လောင်ကျွမ်းပစ်၏၊ ကျင်ငယ်ကိုလည်း လောင်ကျွမ်းပစ်၏၊ တံတွေးကိုလည်း လောင်ကျွမ်းပစ်၏၊ ပြည်ကိုလည်း လောင်ကျွမ်းပစ်၏၊ သွေးကိုလည်း လောင်ကျွမ်းပစ်၏။ မီးသည် ထိုစင်ကြယ်သော အရာဝတ္ထု, မစင်ကြယ်သော အရာဝတ္ထုဖြင့် ငြီးငွေ့ ရွံရှာစက်ဆုပ်မှု မဖြစ်။ ရာဟုလာ ... ဤဥပမာအတူသာလျှင် သင်ချစ်သားသည် မီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများပါ။ ရာဟုလာ ...မီးနှင့် တူညီ သွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်လျက်ရှိသော သင့်အား ဖြစ်ပေါ် လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံး ယူငင်၍ မတည်နိုင်ကုန်လတ္တံ့။
ရာဟုလာ...လေနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ... လေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ... ဥပမာသော်ကား လေသည် စင်ကြယ်သော အရာဝတ္ထုကိုလည်း တိုက်ခတ်ဆောင်ယူသွား၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း တိုက်ခတ်ဆောင်ယူသွား၏၊ ကျင်ကြီးနံ့ကိုလည်း တိုက်ခတ်ဆောင်ယူသွား၏၊ ကျင်ငယ်နံ့ကိုလည်း တိုက်ခတ် ဆောင်ယူသွား၏၊ တံတွေးနံ့ကိုလည်း တိုက်ခတ်ဆောင်ယူသွား၏၊ ပြည်နံ့ကိုလည်း တိုက်ခတ်ဆောင်ယူသွား၏၊ သွေးနံ့ကိုလည်း တိုက်ခတ်ဆောင်ယူသွား၏။ လေသည် ထိုစင်ကြယ်သော အရာဝတ္ထု မစင်ကြယ်သော အရာဝတ္ထုဖြင့် ငြီးငွေ့ ရွံရှာ စက်ဆုပ်မှု မဖြစ်။ ရာဟုလာ ... ဤဥပမာအတူသာလျှင် သင်ချစ်သားသည် လေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ ... လေနှင့်တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။
ရာဟုလာ ... ကောင်းကင်နှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ ... ကောင်းကင်နှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ...ဥပမာသော်ကား ကောင်းကင်သည် တစ်စုံတစ်ခုသော အရပ်၌ မတည်။ ရာဟုလာ ...ဤဥပမာအတူသာလျှင် သင်ချစ်သားသည် ကောင်းကင်နှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ ... ကောင်းကင်နှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံတို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။ (မ၊၂၊၈၆-၈၇။ မဟာရာဟုလောဝါဒသုတ္တန်။)
ဤအထက်ပါ မဟာရာဟုလောဝါဒသုတ္တန်တွင် ဘုရားရှင်က မိမိတို့၏ စိတ်ဓာတ်ကို မဟာပထဝီမြေကြီးနှင့် တူအောင်, ရေနှင့် တူအောင်, မီးနှင့်တူအောင်, လေနှင့် တူအောင်, ကောင်းကင်နှင့် တူအောင် ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်ရန် ညွှန်ကြားထားတော်မူ၏။ ထိုညွှန်ကြားချက်ကား လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့် စိတ်ဓာတ်ကို တုန်လှုပ်မှု မရှိအောင် (= တာဒိဂုဏ်နှင့် ပြည့်စုံအောင်) ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန် ညွှန်ကြားချက် ဖြစ်၏။ အရှင်ရာဟုလာကို စံထား၍ ရဟန်းအားလုံးအား ဆိုဆုံးမတော်မူခြင်း ဖြစ်၏။ မြေ, ရေ, မီး, လေ, ကောင်းကင်တို့နှင့် တူညီသွားအောင် စိတ်ဓာတ်ကို မည်သို့ ပွားများအားထုတ်ရမည်နည်း?
သမထပိုင်း ဝိပဿနာပိုင်းဟု ကျင့်စဉ်အပိုင်းကဏ္ဍ နှစ်ရပ် ရှိပေသည်။ စူဠသုညတသုတ္တန် (မ၊၃၊၁၄၇-၁၅၁။)၌ ညွှန်ကြားထားတော်မူသည့်အတိုင်း သမထပိုင်းတွင် ပထဝီကသိုဏ်း, အာပေါကသိုဏ်း, တေဇောကသိုဏ်း, ဝါယောကသိုဏ်း, အာကာသကသိုဏ်းတို့ကို ပွားများနိုင်၏။
ပထဝီကသိုဏ်းကို အောင်အောင်မြင်မြင် ပွားများနိုင်သော ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာ အနန္တစကြဝဠာသို့ တိုင်အောင် ဖြန့်ကြက်လိုက်နိုင်သောအခါ သစ်ပင် ရေ မြေ တောတောင် ယောက်ျား, မိန်းမ ပုဂ္ဂိုလ်သတ္တဝါစသည်ကို မတွေ့တော့ဘဲ မဟာပထဝီမြေတစ်ခုတည်းအဖြစ်သာ တွေ့မြင်နေ၏။ ထိုကဲ့သို့ ဖြန့်ကြက်ထားသော ပထဝီကသိုဏ်းကို အာရုံယူကာ သမာဓိကို အဆင့်ဆင့် ထူထောင်နိုင်ခဲ့သော် စတုတ္ထစျာန်သမာဓိအထိ ပေါက်ရောက်နိုင်၏။ ထိုပထဝီကသိုဏ်းကို ခွာကာ အာကာသကို တစ်ဖက်သတ် နှလုံးသွင်းနိုင်ခဲ့သော် အာကာသာနဉ္စာယတနစျာန် အစရှိသည့် အရူပစျာန်လေးပါးတို့ကို အစဉ်အတိုင်း ကူးတက်သွားနိုင်၏။ ထိုစျာန်သမာပတ် (၈)ပါးတို့က နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့အထိကြောင့် ဖြစ်ပေါ်လာမည့် လောဘနှင့် ယှဉ်တွဲနေသော စိတ်ဓာတ်, ဒေါသနှင့် ယှဉ်တွဲနေသော စိတ်ဓာတ် စသည့် ကိလေသာနှင့် ယှဉ်တွဲနေသော စိတ်ဓာတ်တို့ကို ဝိက္ခမ္ဘနပဟာန်ဖြင့် ခပ်ကြာကြာ ခွာထား နိုင်ရကား စိတ်ဓာတ်သည် အခိုက်အတန့်အားဖြင့် ဖြူစင်သန့်ရှင်းလျက် ရှိ၏။ မဟာပထဝီမြေကြီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများထားခြင်းပင်ဖြစ်၏။
အာပေါကသိုဏ်း, တေဇောကသိုဏ်း, ဝါယောကသိုဏ်းတို့၌လည်း နည်းတူ သဘောပေါက်ပါ။ အာကာသကသိုဏ်းကား စတုတ္ထစျာန်သမာဓိအထိသာ ဆိုက်ရောက်နိုင်၏။ ထိုကဲ့သို့ အဆင့်ဆင့်သော စျာန်သမာဓိသို့ ဆိုက်အောင် ပွားများအားထုတ်နိုင်ပါက မဟာပထဝီမြေကြီးနှင့် တူညီသော စိတ်ဓာတ်, ရေနှင့် တူညီသော စိတ်ဓာတ်, မီးနှင့် တူညီသောစိတ်ဓာတ်, လေနှင့် တူညီသောစိတ်ဓာတ်, ကောင်းကင်နှင့် တူညီသောစိတ်ဓာတ်များ ယာယီအခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာနိုင်၏။
မြေ-ရေ-မီး-လေ-ကောင်းကင်တို့နှင့်တူညီသော စိတ်ဓာတ် ထာဝရဖြစ်ပေါ်ရေးအတွက်ကား ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းဖြင့် မိမိတို့၏ စိတ်ဓာတ်ကို ထုံမွမ်းပေးရမည် ဖြစ်၏။ ထိုထိုကသိုဏ်းစျာန်တို့ကို ဝင်စားလျက် ထိုထိုစျာန်မှ ထသောအခါ ထိုထိုစျာန်နာမ်တရားတို့ကို သိမ်းဆည်းရ၏၊ ထိုစျာန်နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်တို့ကို သိမ်းဆည်းရ၏။ ထိုရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းရ၏။ အကြောင်းတရားနှင့် တကွသော ထိုထိုရုပ်နာမ်တို့ကို လက္ခဏာရေး သုံးတန်သို့တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပွားအပ်၏။ အလားတူပင် ကာမာဝစရတရားတို့ကိုလည်း ဝိပဿနာရှုပွားသုံးသပ်အပ်၏။ ထိုထိုဝိပဿနာဉာဏ်တို့ကလည်း ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်ရှားနိုင်သည်သာ ဖြစ်၏။ ထိုအခိုက်တွင်လည်း မြေ-ရေ-မီး-လေ-ကောင်းကင်တို့နှင့် တူညီသော စိတ်ဓာတ်များ တဒင်္ဂအားဖြင့် ဖြစ်ပေါ်နေပေလိမ့်မည်။
တစ်ဖန် ထိုဝိပဿနာဉာဏ်တို့ကို ရင့်ကျက်အောင် ဝိပဿနာဉာဏ်စဉ်အတိုင်း အဆင့်ဆင့် ကြိုးပမ်းလိုက်သောအခါ ထိုရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အဆင့်ဆင့်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ တစ်ဆင့်ပြီးတစ်ဆင့် ပါရမီအားလျော်စွာ ဆက်လက် ဖြစ်ပေါ်လာကြမည် ဖြစ်၏။ စူဠရာဟုလောဝါဒသုတ္တန် (မ၊၃၊၃၂၄-၃၂၇။)ကို နာကြားခွင့် ရရှိသော အရှင်ရာဟုလာကဲ့သို့လည်း ဖြစ်နိုင်၏။ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ ထိုအခါ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကြီး၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံရသော အဆင့်ဆင့်သော အရိယမဂ်ဉာဏ်တို့က ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို အဆင့်ဆင့် ပယ်သတ်လိုက်သောအခါ ကိလေသာအပူမီးတို့သည် လောင်စာကုန်သဖြင့် မီးပုံကြီး အပြီးတိုင်ငြိမ်းသကဲ့သို့ အငြိမ်းကြီး ငြိမ်းသွားကြကုန်၏။
ကိလေသာအပူမီးတို့ အငြိမ်းကြီး ငြိမ်းသွားသောအခါ မဟာပထဝီမြေကြီးနှင့် တူညီသော စိတ်ဓာတ်, ရေနှင့် တူညီသော စိတ်ဓာတ်, မီးနှင့်တူညီ သော စိတ်ဓာတ်, လေနှင့်တူညီသော စိတ်ဓာတ်, ကောင်းကင်နှင့် တူညီသော စိတ်ဓာတ်ကို အပြီးတိုင် ပွားများထားပြီး ဖြစ်ပေသည်။ ထိုအခါ ထိုကဲ့သို့သော သူတော်ကောင်းသည် ဆိုဆုံးမလွယ်ကူသည့် သုဝစဂုဏ်နှင့် ပြည့်စုံကြကုန်သော သူတော်ကောင်းတို့တွင် အထွတ်အထိပ်သို့ ဆိုက်ရောက်နေသော သုဝစဂုဏ်နှင့် ပြည့်စုံသည့် သူတော်ကောင်း တစ်ဦးပင် ဖြစ်ပေသည်။ သို့သော် ထိုကဲ့သို့ အထွတ်အထိပ် မရောက်သေးစေကာမူ စွမ်းနိုင်သမျှ သုဝစဂုဏ်နှင့် ပြည့်စုံအောင်ကား ရှင်ရဟန်းတိုင်း ကြိုးပမ်းရမည်သာ ဖြစ်ပေသည်။
ပဉ္စမ နာထတရား = ကူညီရိုင်းပင်းမှု
ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်းဟု ဆို၍ ပြုလုပ်အပ်သော အယုတ်အမြတ်ဖြစ်သော အမှုကိစ္စတို့၌ လိမ်မာ၏၊ ပျင်းရိခြင်း မရှိ၊ ထိုအမှုကိစ္စတို့၌ အကြောင်းကို စူးစမ်းသော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီမံခန့်ခွဲရန် စွမ်းနိုင်၏။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ သီတင်းသုံးဖော်တို့၏။ ပ ။ စီမံခန့်ခွဲရန် စွမ်းနိုင်၏ ဟူသော ဤတရားသည်လည်း မှီခိုအားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၅။)
သာသနာတော်ကို မှီခိုနေထိုင်ကြသူအချင်းချင်း တစ်ဦးကို တစ်ဦး ကူညီရိုင်းပင်းမှုကား လိုအပ်လျက် ရှိ၏။ သပိတ်ဖုတ်ခြင်း, သင်္ကန်းချုပ်ခြင်း, သင်္ကန်းဆိုးခြင်း စသော လုပ်ငန်းရပ်တို့၌ တစ်ဦးကို တစ်ဦးက သွန်သင်ပြသပေးမှု ရိုင်းပင်းကူညီမှု, မကျန်းမာသည့်အခါ ကူညီရိုင်းပင်းမှုတို့ကား လိုအပ်လျက်ပင် ရှိ၏။ ဝိနည်းကျင့်ဝတ်များကို သင်ပေးခြင်း, ကမ္မဋ္ဌာန်းသင်ပေးခြင်း စသည်တို့သည်လည်း ကလျာဏမိတ္တအစစ် ဖြစ်ကြသည့် ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်းတို့၏ တာဝန်ဝတ္တရားများပင် ဖြစ်ကြ၏။ ထိုကဲ့သို့သော ဝေယျာဝစ္စကုသိုလ် ဓမ္မဒါနကုသိုလ်တို့ကလည်း ကောင်းကျိုးတရားတို့ကို ပေးနိုင်သည့် စွမ်းအားရှိခြင်းကြောင့် မှီခိုအားထားရာ နာထတရား တစ်ခုပင် ဖြစ်ရပေသည်။
---ဆဋ္ဌ နာထတရား = တရားကို မြတ်နိုးခြင်း
ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်စကားကို ပြောဆိုတတ်၏၊ လွန်မြတ်သော သုတ်အဘိဓမ္မာ ဝိနည်းတရားတော်၌ များစွာ မြတ်နိုးခြင်းရှိ၏။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်စကားကို ပြောဆိုတတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရားတော်၌ များစွာ မြတ်နိုးခြင်း ရှိ၏ဟူသော ဤတရားသည်လည်း မှီခိုအားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၅-၂၇၆။)
ရဟန်းတော်တစ်ပါးအနေဖြင့် သုတ္တန်တရားတော်, အဘိဓမ္မာတရားတော်, ဝိနည်းတရားတော်ဟူသော လွန်ကဲ မြင့်မြတ်သော တရားသုံးမျိုးလုံး၌ ချစ်မြတ်နိုးမှု လိုလားတောင့်တမှု ရှိရမည် ဖြစ်သည်။ အချို့ပုဂ္ဂိုလ်တို့ကား သုတ္တန်တရားတော်နှင့် ဝိနည်းတရားတော်၌ လွန်စွာ ချစ်မြတ်နိုးမှု ရှိသော်လည်း အဘိဓမ္မာတရားတော်၌ကား လွန်စွာ ချစ်မြတ်နိုးမှု မရှိကြပေ။ ထိုအဘိဓမ္မာ ဒေသနာတော်သည်ကား သာဝကတစ်ဦး မဂ်ဖိုလ်နိဗ္ဗာန် ရရှိရေးအတွက် မလိုအပ်သော အချက်တစ်ရပ်ဟု ယူဆပြောဆိုတတ်ကြ၏။
အထက်တွင် ဒုတိယနာထတရားပိုင်း၌ ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစသည့် (၁၁)မျိုးသော အခြင်း အရာအားဖြင့် တည်ရှိနေသော ဥပါဒါနက္ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) ဟူသည့် ဒုက္ခသစ္စာတရားစုနှင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသည့် သမုဒယသစ္စာတရားစုတို့ကား ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားတို့ ဖြစ်ကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာမရှုမီ ထိုတရားတို့ကို ပထမရှေ့ဦးစွာ သိအောင် ကြိုးပမ်းရမည် ဖြစ်၏။
ထိုသို့ ကြိုးပမ်းရာ၌ ယင်းတရားတို့ကို ရှေ့ဦးစွာ ဆရာသမားထံ၌ သင်ယူရမည်ဖြစ်၏။ ထိုနောင် တကယ်လက်တွေ့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည် ဖြစ်၏။
ထိုသို့ ကြိုးပမ်းရာ၌ ထိုဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် ပရမတ္ထ တရားတို့ကို နိရောဓသစ္စာ မဂ္ဂသစ္စာသို့ ဆိုက်သည်တိုင်အောင် သဘောတရား ရေးရာပိုင်း လက်တွေ့ပိုင်းအားဖြင့် အဘက်ဘက်မှ နားလည်အောင် အသေးစိတ် ရှင်းလင်းတင်ပြကာ ဟောကြားထားတော်မူသော ဒေသနာတော်ကား အဘိဓမ္မာဒေသနာတော်ပင် ဖြစ်၏။ ထိုအဘိဓမ္မာဒေသနာတော်ကို မဂ် ဖိုလ် နိဗ္ဗာန်ရရှိရေးအတွက် မလိုအပ်ပါဟု ပယ်ရှားနေသူတို့ကား မှန်ကန်တိကျ သည့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကိုပင် ပယ်ရှားနေသူတို့ ဖြစ်ကြ၏။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကိုမျှ မှန်မှန်ကန်ကန် တိတိကျကျ မရရှိသေးသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် မည်သို့မည်ပုံ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ဘုရားရှင်၏ အလိုတော်ကျအတိုင်း စီးဖြန်း နိုင်ပါအံ့နည်း? ဘုရားရှင် သတ်မှတ်ထားတော်မူသည့် မှန်ကန်တိကျသည့် ဝိပဿနာဉာဏ်ကိုမျှ မရရှိသေးသူသည် အဘယ်မှာလျှင် တကယ်စစ်မှန်သည့် မဂ် ဖိုလ် နိဗ္ဗာန်ကို ရရှိနိုင်ပါအံ့နည်း? ထို့ကြောင့် အဋ္ဌသာလိနီအဋ္ဌကထာ က ထိုကဲ့သို့ အဘိဓမ္မာကို ပယ်ရှားလိုသူတို့ကို ဤသို့ သတိပေးထား၏။
အဘိဓမ္မာကိုပယ်သူ
အဘိဓမ္မံ ပဋိဗာဟေန္တော ဣမသ္မိံ ဇိနစက္ကေ ပဟာရံ ဒေတိ၊ သဗ္ဗညုတညာဏံ ပဋိဗာဟတိ၊ သတ္ထု ဝေသာရဇ္ဇညာဏံ ပဋိနိဝတ္တေတိ၊ သောတုကာမံ ပရိသံ ဝိသံဝါဒေတိ၊ အရိယမဂ္ဂေ အာဝရဏံ ဗန္ဓတိ၊ အဋ္ဌာရသသု ဘေဒကရဝတ္ထူသု ဧကသ္မိံ သန္ဒိဿတိ ဥက္ခေပနီယကမ္မတဇ္ဇနီယကမ္မာရဟော ဟောတိ။ တံ တံ ကမ္မံ ကတွာ ဥယျောဇေတဗ္ဗော ဂစ္ဆ ဝိဃာသာဒေါ ဟုတွာ ဇီဝိဿသီတိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၊၊)
= အဘိဓမ္မာကို ပယ်ရှားသူသည် (= တားမြစ်ပိတ်ပင်သော သူသည်) ဤ ငါးမာရ်အောင်မြင် ဘုရားရှင်၏ တရားဓမ္မစက်၌ ပုတ်ခတ်စော်ကားခြင်းကို ပေး၏။ သဗ္ဗညုတဉာဏ်တော်ကို တားမြစ်၏၊ ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို ဆုတ်နစ်စေ၏၊ နာယူလိုသော = လိုက်နာပြုကျင့်လိုသော ပရိသတ်ကို ချွတ်ယွင်းစေ၏။ အရိယမဂ်၌ အတားအမြစ် အပိတ်အပင်ကို ဖွဲ့ချည်ထား၏၊ (၁၈)မျိုးသော သံဃာကွဲပြားခြင်းကို ပြုလုပ်တတ်သော ဘေဒကရဝတ္ထုတို့တွင် တစ်ခုခု၌ ထင်ရှားပြနေ၏။ သံဃာဘောင်မှ နှင်ထုတ်ခြင်း = ဥက္ခေပနီယကံ, သံဃာတော်က ခြိမ်းခြောက်ခြင်း = တဇ္ဇနီယကံကို ပြုလုပ်ခြင်းငှာ ထိုက်၏။ ထိုထို သံဃာ့ကံကို ပြုလုပ်ကာ သွားပေတော့ ... စားကြွင်းစားဖြစ်ကာ အသက်မွေးပေတော့ ဟု ပြောဆိုကာ သံဃာဘောင်မှ နှင်ထုတ်ထိုက်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀။)
ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို ဆုတ်နစ်စေပုံကို သဘောပေါက်ရန် ရဲရင့်ကြောင်း (= ဝေသာရဇ္ဇ) ဉာဏ်တော်မြတ် လေးပါးတို့ကို ဆက်လက် တင်ပြအပ်ပါသည်။
ဝေသာရဇ္ဇဉာဏ်တော်မြတ် (၄) ပါး
ရဟန်းတို့ ... မြတ်စွာဘုရား၏ ရဲရင့်ကြောင်း (= ဝေသာရဇ္ဇ)ဉာဏ်တို့သည် ဤလေးမျိုးတို့တည်း။ ယင်းဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသည့် မြင့်မြတ်ကြောင်းကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆိုတော်မူ၏၊ မြတ်သော တရားဓမ္မစက်ကို လည်ပတ်စေတော်မူ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ ---
- အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသည့် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဟု ဝန်ခံတော်မူသော အရှင်ဘုရားသည် ဤမည်သော တရားတို့ကို ထိုးထွင်း၍ မသိအပ်ကုန်သေးဟု ငါဘုရားရှင်ကို သမဏဖြစ်စေ, ဗြာဟ္မဏဖြစ်စေ, မာရ်နတ်ဖြစ်စေ, ဗြဟ္မာဖြစ်စေ, လောက၌ တစ်စုံတစ်ယောက်သော သူဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့်တကွ စောဒနာနိုင်မည့် အရိပ် နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေတော်မူရ၏။
- အာသဝေါတရားတို့ ကုန်ပြီဟု ဝန်ခံတော်မူသော အရှင်ဘုရားအား ဤမည်သော အာသဝေါတရားတို့သည် မကုန်သေးကုန်ဟု ငါဘုရားရှင်ကို သမဏဖြစ်စေ, ဗြာဟ္မဏဖြစ်စေ, နတ်ဖြစ်စေ, မာရ်နတ်ဖြစ်စေ, ဗြဟ္မာဖြစ်စေ, လောက၌ တစ်စုံတစ်ယောက်သောသူဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့် တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေတော်မူရ၏။
- စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို (တစ်နည်း - သဂ္ဂန္တရာယ် မောက္ခန္တရာယ် ကို) ပြုတတ်ကုန်၏ဟု အရှင်ဘုရား ဟောကြားထားတော်မူသော ထိုတရား တို့သည် [သိလျက်နှင့် လွန်ကျူးအပ်သော အာပတ် (၇)ပုံတို့တည်း၊၊ (အံ၊ဋ္ဌ၊၂၊ ၂၅၅၊၊)] စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို (သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို) မပြု စွမ်းနိုင်ကုန်ဟု ငါဘုရားရှင်ကို သမဏဖြစ်စေ, ဗြာဟ္မဏဖြစ်စေ, နတ်ဖြစ်စေ, မာရ်နတ်ဖြစ်စေ, ဗြဟ္မာဖြစ်စေ, လောက၌ တစ်စုံတစ်ယောက်သောသူဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့် တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေတော်မူရ၏။
- သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ အရှင်ဘုရား ဟောကြားထားတော် မူအပ်သော နိယျာနိကတရားတော်သည် ဟောကြားထားတော်မူသည့်အတိုင်း ကျင့်သောသူအား သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ရန် ကောင်းစွာ မထုတ် ဆောင်နိုင်ဟု ငါဘုရားရှင်ကို သမဏဖြစ်စေ, ဗြာဟ္မဏဖြစ်စေ, နတ်ဖြစ်စေ, မာရ်နတ်ဖြစ်စေ, ဗြဟ္မာဖြစ်စေ, လောက၌ တစ်စုံတစ်ယောက်သောသူဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့် တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက်နေတော်မူရ၏။
ရဟန်းတို့ ... မြတ်စွာဘုရား၏ ရဲရင့်ကြောင်း (= ဝေသာရဇ္ဇ) ဉာဏ်တော်တို့သည် ဤလေးမျိုးတို့တည်း။ ယင်းဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံတော်မူ၏။ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆိုတော်မူ၏၊ မြတ်သော တရားဓမ္မစက်ကို လည်ပတ်စေတော်မူ၏။ (အံ၊၁၊၃၁၅။)
နိယျာနိကတရားကောင်း
ဤလေးမျိုးသော ဝေသာရဇ္ဇဉာဏ်တော်တို့တွင် စတုတ္ထမြောက် ဝေသာရဇ္ဇဉာဏ်တော်မြတ်အကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြလိုပေသည်။
ဘုရားရှင်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းအဖြစ် ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားများကို - ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် အရိယသစ္စာတရား (မ၊၁၊၈၈။) - ဟု ဟောကြား ထားတော်မူခဲ့၏။ ထို မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့တွင် သမ္မာဒိဋ္ဌိလည်း အင်္ဂါတစ်ပါး အဖြစ် ပါဝင်လျက်ရှိ၏။ ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် သမ္မာဒိဋ္ဌိကို အောက်ပါအတိုင်း လေးမျိုးခွဲကာ ဟောကြား ထားတော်မူ၏။
ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ (မ၊၁၊၈၈။)
ရဟန်းတို့ ... ဒုက္ခသစ္စာ၌ သိသောဉာဏ်, သမုဒယသစ္စာ၌ သိသောဉာဏ်, ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ သိသောဉာဏ်, ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့် မဂ္ဂသစ္စာ၌ သိသောဉာဏ်သည် ရှိ၏။ ရဟန်းတို့ ... ဤလေးမျိုးသော ဉာဏ်ကို သမ္မာဒိဋ္ဌိဟု ခေါ်ဆိုအပ်၏။
ဤဒေသနာတော်အရ ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏၊ သမုဒယသစ္စာ၌ သိသောဉာဏ်သည်လည်း သမ္မာဒိဋ္ဌိ မည်၏။ ယင်း နှစ်မျိုးသော သမ္မာဒိဋ္ဌိသည်လည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းတို့တွင် အင်္ဂါရပ်တစ်ခုအဖြစ် ပါဝင်လျက်ရှိ၏။
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (မ၊၁၊၈၂။)ဟူသော ဒေသနာတော်နှင့် အညီ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာ ငါးပါး သည် ဒုက္ခသစ္စာမည်ရကား ယင်းဒုက္ခသစ္စာတရားကို သိသောဉာဏ်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းပင် ဖြစ်၏။
ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ။ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။...)
ဤသို့စသည်ဖြင့် ဟောကြားထားတော်မူသော ခန္ဓသုတ္တန်နှင့်အညီ အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဥစ္စာဟု စွဲလမ်းဆုပ်ကိုင်ရာဖြစ်သော အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ဟူသော ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာမည်ရကား, ထိုဒုက္ခသစ္စာကို သိတတ်သော ဉာဏ်သည်လည်း သမ္မာဒိဋ္ဌိမည်ရကား ထိုသမ္မာဒိဋ္ဌိကိုလည်း သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းအဖြစ် အသိအမှတ် ပြုရမည်သာ ဖြစ်သည်။
အကယ်၍ ယောဂီသူတော်ကောင်းတစ်ဦးအနေဖြင့် ထိုအတိတ် အနာဂတ် ပစ္စုပ္ပန် စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ပရမတ် ရုပ်တရား နာမ်တရားတို့ကို သာဝကတို့သည် ရှု၍ မရနိုင်၊ ဝိပဿနာမရှုကောင်းဟု ယူဆယုံကြည်ခဲ့လျှင် ပြောဆိုခဲ့လျှင် ထိုယုံကြည်ချက် ပြောဆိုချက်သည် ယင်းသမ္မာဒိဋ္ဌိဉာဏ်သည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဖြစ်သည်ဟု ရဲရဲဝံ့ဝံ့ ဟောကြားတော်မူသော ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို တားမြစ်ပိတ်ပင်ရာ ရောက်ပေသည်။
တစ်ဖန် အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန် (အံ၊၁၊ ၁၇၈။) နှင့် သစ္စဝိဘင်းပါဠိတော် (အဘိ၊၂၊၁၁၂-၁၁၇။) တို့၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အကြောင်းတရားတို့သည် သမုဒယသစ္စာ မည်ပေသည်။
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး (ပဋိသံ၊၅၀။)ကို ကိုးကား၍ အဋ္ဌကထာကြီးများကလည်း ---
အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။
ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)
အတိတ်အကြောင်းတရား ငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရား ငါးပါး ဖြစ်၏။ ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ်အကျိုးတရား ငါးပါးဖြစ်၏ဟု ဖွင့်ဆိုထားကြ၏။
ဤဒေသနာတော်များ ဖွင့်ဆိုချက်များနှင့်အညီ အတိတ်ဘဝက ပြုစု ပျိုးထောင်ခဲ့သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အတိတ်အကြောင်းတရား ငါးပါး သမုဒယသစ္စာတရားကြောင့် ဤဘဝတွင် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ ငါးပါး ပစ္စုပ္ပန်အကျိုးတရား ငါးပါးဟူသော ဒုက္ခသစ္စာတရား ဖြစ်၏။
တစ်ဖန် ဤဘဝတွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် နောင်အနာဂတ်ဘဝတွင် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ ငါးပါး အနာဂတ်အကျိုးတရား ငါးပါးသည် ထင်ရှားဖြစ်၏။
ယောဂါဝစရပုဂ္ဂိုလ်သည် ဤကဲ့သို့သော သမုဒယသစ္စာကြောင့် ဤကဲ့သို့သော ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပုံကို သိအောင် ရှုရမည် ဖြစ်၏။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိသော ဉာဏ်သည်လည်း သမ္မာဒိဋ္ဌိမည်ရကား ယင်းသမ္မာဒိဋ္ဌိမှာလည်း သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်း တစ်ခုအဖြစ် ပါဝင်လျက်ပင် ရှိ၏။
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးက ဤကဲ့သို့သော သမုဒယသစ္စာကြောင့် ဤကဲ့သို့သော ဒုက္ခသစ္စာဖြစ်ပုံကို သာဝကတစ်ဦး အနေဖြင့် ရှု၍ မရနိုင်ဟု လက်ခံယုံကြည်သည် ဖြစ်အံ့၊ ပြောဆိုလာသည် ဖြစ်အံ့၊ ယင်းသမ္မာဒိဋ္ဌိသည်လည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်း ဖြစ်ပါသည်ဟု ရဲရဲဝံ့ဝံ့ ဟောကြားတော်မူသော ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို တားမြစ်ပိတ်ပင်နေသည်ပင် မည်ပေသည်။
ဘုရားရှင်တို့၏ စကားတော်ဟူသည်
ယဉ္စ ဘိက္ခဝေ ရတ္တိံ တထာဂတော အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဘုဇ္ဈတိ၊ ယဉ္စ ရတ္တိံ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယတိ၊ ယံ ဧတသ္မိံ အန္တရေ ဘာသတိ လပတိ နိဒ္ဒိသတိ၊ သဗ္ဗံ တံ တထေဝ ဟောတိ နော အညထာ။ တသ္မာ တထာဂတောတိ ဝုစ္စတိ။ (အံ၊၁၊၃၃၂၊လောကသုတ္တန်၊၊)
= ရဟန်းတို့ ... အကြင်ညဉ့်၌လည်း တထာဂတအမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် အတုမရှိသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်ဟု ခေါ်ဆိုအပ်သော သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကို ထိုးထွင်း သိမြင်တော်မူ၏။ အကြင်ညဉ့်၌လည်း ခန္ဓာငါးပါးတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဟု ခေါ်ဆိုအပ်သော အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏။ ထိုညဉ့်တို့၏ အတွင်း၌ အကြင်တရားစကား တော်ကို ပြောဆိုတော်မူ၏၊ မိန့်မြွက်တော်မူ၏၊ ညွှန်ကြားတော်မူ၏။ ထိုအလုံးစုံသော တရားစကားတော်သည် ပြောဆိုတော်မူသည့်အတိုင်း မိန့်မြွက်တော်မူသည့်အတိုင်း ညွှန်ကြားတော်မူသည့်အတိုင်း မှန်သည်သာလျှင် ဖြစ်ပေ၏။ မမှန်ဟူသော အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းမည်သည် မရှိသည်သာတည်း။ ထိုကြောင့် သင်တို့ဆရာ ငါဘုရားကို တထာဂတဟူ၍ ခေါ်ဆိုအပ်ပေသည်။ (အံ၊၁၊၃၃၂။)
ဤအထက်ပါ လောကသုတ္တန် ဒေသနာတော်နှင့် အညီ သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိတော်မူသည့် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန် လပြည့်နေ့ ညဉ့်မှစ၍ ပရိနိဗ္ဗာန်ဝင်စံတော်မူသည့် မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့ ညဉ့်အထိ (၄၅)ဝါ အတွင်း၌ ဘုရားရှင်၏ ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်သော တရားစကားတော်သည်ကား ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း အမှန်ချည်းသာ ဖြစ်သောကြောင့် မမှန် ဟူသော အခြားတစ်မျိုးသော အခြင်းအရာအားဖြင့်လည်း ဖြစ်ရိုးဓမ္မတာ မရှိသောကြောင့် ဘုရားရှင်၏ သုတ္တအမည်ရတော်မူသည့် တရားတော်များကို ယောဂီသူတော်ကောင်း တစ်ဦးအနေဖြင့် လက်မခံလိုဘဲ ပယ်လှန်လိုသည် ဖြစ်အံ့၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီ (၁၀)ပါး, အပြား (၃၀)တို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူပြီးမှ ရရှိလာသည့် သဗ္ဗညုတ ဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဟောကြားထားတော်မူသည့် တရားတော်များကို ပယ်ရှားလိုသော သူတော်ကောင်းတစ်ဦး၏ သန္တာန်၌ သဗ္ဗညုတဉာဏ်တော်မြတ်ကို ယှဉ်ပြိုင်ကာ စင်ပြိုင် သာသနာတစ်ရပ်ကို ထူထောင်နိုင်သည့် ဉာဏ်စွမ်း ဉာဏ်စ ရှိ-မရှိကိုကား စဉ်းစားနှိုင်းချိန်သင့်လှပေသည်။
သို့သော် ဘုရားရှင်ကိုယ်တော်တိုင်က နာမည်ကျော် ဥပကကြီးအား ဤသို့ မိန့်ကြားထားတော်မူခဲ့ဖူး၏ --- ဥပက ... ငါ့အား သဗ္ဗညုတဉာဏ် ရရှိရေးအတွက် သွန်သင်ပြသ ဆိုဆုံးမသည့် ဆရာဟူ၍ မရှိ၊ ငါနှင့်တူသော သူမရှိ၊ နတ်နှင့်တကွသော တစ်လောကလုံး၌ ငါ့အား ဖက်ပြိုင်နိုင်သော ပုဂ္ဂိုလ်လည်း မရှိ။
ငါသည် လောက၌ ရဟန္တာတည်း၊ ငါသည် အတုမရှိသော သူတည်း၊ နတ်လူတို့၏ ဆရာတည်း။ ငါတစ်ယောက်တည်းသာလျှင် အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာ သိသော တစ်ဆူတည်းသော ဘုရားတည်း။ ကိလေသာမီး ငြိမ်းသည်ဖြစ်၍ ချမ်းမြေ့စွာ နေရပေ၏ (မ၊၁၊၂၂၇။ )
ဤမျှဖြင့် ဘဝင်မကျ ဖြစ်နေပါသေးလျှင် အောက်ပါ အာသဝက္ခယသုတ္တန်ကို ဖတ်ရှုကြည့်ပါ။
အာသဝက္ခယသုတ္တန်
ဇာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ၊ နော အဇာနတော အပဿတော၊ ကိဉ္စ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ? ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခသမုဒယောတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓောတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ ဧဝံ ခေါ ဘိက္ခဝေ ဇာနတော ဧဝံ ပဿတော အာသဝါနံ ခယော ဟောတိ။ (သံ၊၃၊၃၈၀။)
= ရဟန်းတို့ ... သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောကြားတော်မူ၏။ မသိသူ မမြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောကြားတော်မမူ။ ရဟန်းတို့ ... အဘယ်သို့ သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပါသနည်း?
ဤကား ဒုက္ခသစ္စာတည်းဟု သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပေါ်လာ၏၊ ဤကား ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယသစ္စာတည်းဟု သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပေါ်လာ၏။ ဤကား ဒုက္ခချုပ်ရာ ဒုက္ခနိရောဓသစ္စာတည်းဟု သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပေါ်လာ၏။ ဤကား ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂသစ္စာတည်းဟု သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပေါ်လာ၏။ ရဟန်းတို့ ... ဤသို့ သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပေါ်လာ၏။ (သံ၊၃၊၃၈၀။)
အရဟတ္တဖိုလ်တိုင်အောင်သော အဆင့်ဆင့်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိပါမှသာလျှင် အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပေါ်လာနိုင်၏။ အရဟတ္တဖိုလ်တိုင်အောင်သော အဆင့်ဆင့်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိရေးအတွက် ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် ဝဋ္ဋသစ္စာတရားနှစ်ပါးတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပွားရမည် ဖြစ်၏။
ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄၊၊)
ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူသော သုသိမသုတ္တန်နှင့်အညီ ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ၌ ကောင်းစွာတည်သော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်သည် ရှေးက ဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် ဝိပဿနာဉာဏ်၏ နောက်က ဖြစ်၏။ ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏။ ရင့်ကျက်သော ဝိပဿနာဉာဏ်များကို ရရှိရေး အတွက်ကား ပရမတ္ထဓာတ်သားအစစ် ဖြစ်ကြသည့် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုရမည် ဖြစ်ပေသည်။
ထို့ကြောင့် ဘုရားရှင်၏ တရားတော်များကို နှစ်သက်မြတ်နိုးခြင်းသည် မှီခိုအားထားရာကို ပြုလုပ်ပေးတတ်သော နာထတရားတစ်ပါး ဖြစ်ရပေသည်။ ဘုရားရှင်ဟောကြားထားတော်မူသည့် ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့် သင်္ခါရတရား ပရမတ္ထဓာတ်သားတို့ကို ဝိပဿနာရှုဖို့ရန် မမြတ်နိုးတတ်သူတို့ကား ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို တားမြစ်ပိတ်ပင်ရုံတွင်သာမက သဗ္ဗညုတဉာဏ်တော်မြတ်ကိုပါ ထိပါးပုတ်ခတ် စော်ကားနေသူတို့ ဖြစ်ကြပေသည်။
---သတ္တမ နာထတရား = လုံ့လဝီရိယ ရှိခြင်း
ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရှားရန်, ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော ကြိုးစားအားထုတ်မှု လုံ့လဝီရိယ ရှိသည်ဖြစ်၍ နေ၏။ စွမ်းအင်ကြီးမားသော ကြိုးစားအားထုတ်မှု လုံ့လဝီရိယ ရှိ၏။ မြဲမြံခိုင်ခံ့သော ကြိုးစားအားထုတ်မှု လုံ့လဝီရိယ ရှိ၏။ (သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ် ဖြင့် သိမ်းကျုံး ရေတွက်အပ်သော) ကုသိုလ်တရားတို့၌ မိမိဖြည့်ကျင့်ရမည့် တာဝန်ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ အကုသိုလ်တရားတို့ကို ပယ်ရှားရန်, ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော ကြိုးစားအားထုတ်မှု လုံ့လဝီရိယရှိသည် ဖြစ်၍ နေ၏။ စွမ်းအင်ကြီးမားသော ကြိုးစားအားထုတ်မှု လုံ့လဝီရိယ ရှိ၏၊ မြဲမြံ ခိုင်ခံ့သော ကြိုးစားအားထုတ်မှု လုံ့လဝီရိယ ရှိ၏။ (သီလ သမာဓိ ပညာဟူသော သိက္ခာ သုံးရပ်အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော) ကုသိုလ်တရားတို့၌ မိမိဖြည့်ကျင့်ရမည့် တာဝန်ကို ပစ်ချထားခြင်း မရှိဟူသော ဤတရားသည်လည်း မှီခိုအားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၆၊၊)
ဝီရိယဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ။
= ဝီရိယရှိသော သူအား အဘယ်မည်သော အမှုလုပ်ငန်းရပ်သည် မပြီးစီး မပြည့်စုံဘဲ ရှိနိုင်ပါအံ့နည်း? ပြီးစီး ပြည့်စုံနိုင်သည်သာ ဖြစ်၏။
ကြိုးစားက ဘုရား ဖြစ်နိုင်၏၊ စိတ်ဓာတ်၏ ကြီးမားသော စွမ်းအားတစ်မျိုး ဖြစ်၏။
မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန်, ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ရှားရန်, မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန်, ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို အတိုင်းထက်အလွန် တိုးပွားစေရန် သတိပဋ္ဌာန်တရား လေးပါးတို့ကို ပွားများ အားထုတ်ရာ၌, တစ်နည်းဆိုရသော် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို ကြိုးစား အားထုတ်ရာ၌, တစ်နည်းဆိုရသော် သီလ သမာဓိ ပညာဟူသော သိက္ခာ သုံးရပ် အကျင့်မြတ်တို့ကို ဖြည့်ကျင့်ရန် ကြိုးစားအားထုတ်ရာ၌, တစ်နည်း ဆိုရသော် ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့် သင်္ခါရတရားတို့ကို လက္ခဏာ ရေး သုံးတန်တင်ကာ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိသည်တိုင်အောင် တွင်တွင်ကြီး ဝိပဿနာ ရှုပွားရာ၌ ဤဝီရိယကား မရှိမဖြစ်သော အင်္ဂါရပ် တစ်ခု ဖြစ်၏။ ဤလုပ်ငန်းရပ်ကြီးတို့ကား ပျင်းရိသူတို့၏ လုပ်ငန်းရပ်တို့ မဟုတ်ကြပေ။
ထို့ကြောင့် ဘုရားရှင်က သမ္မပ္ပဓာန်လေးပါးတို့တွင် သမ္မပ္ပဓာန်လုံ့လ ဝီရိယအဖြစ်, တန်ခိုးဣဒ္ဓိပါဒ်အမျိုးမျိုးကို ပြီးစီး ပြည့်စုံစေနိုင်သော ဣဒ္ဓိပါဒ် လေးပါးတို့တွင်လည်း ဝီရိယိဒ္ဓိပါဒ်အဖြစ်, နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းပေါ်မှ ဘေးသို့ တိမ်းစောင်းမသွားအောင် စိတ်အစဉ်ကို ထိမ်းချုပ်ထားနိုင်သည့် ဣန္ဒြေငါးပါးတို့တွင်လည်း ဝီရိယိန္ဒြေအဖြစ်, ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်အစဉ်ကို နိဗ္ဗာန်သို့ ရောက်သည်တိုင်အောင် သယ်ဆောင်သွားနိုင်သော စိတ်၏ စွမ်းအားကြီးငါးရပ်ဟူသည့် ဗိုလ်ငါးပါးတို့တွင်လည်း ဝီရိယဗိုလ်အဖြစ်, အရိယမဂ်တည်းဟူသော ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ခုနှစ်ခုဟူသော ဗောဇ္ဈင် (၇)ပါးတို့တွင်လည်း ဝီရိယသမ္ဗောဇ္ဈင်အဖြစ်, နိဗ္ဗာန်သို့ သွားရာ လမ်းကြောင်းဟု ခေါ်ဆိုအပ်သော မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့တွင်လည်း သမ္မာဝါယာမမဂ္ဂင်အဖြစ် ဘုရားရှင် ဟောကြားထားတော်မူခဲ့ပေသည်။
နိရောဓသစ္စာဖြစ်သည့် နိဗ္ဗာန်သို့ ဆိုက်ရောက်ရေးအတွက် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ (= ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်) အမည် ရသည့် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို ကျင့်ရာ၌ --
- အရိုးကြွင်းစေ,
- အရေကြွင်းစေ,
- အကြောကြွင်းစေ,
- အသားအသွေးတွေ အကုန် ခန်းခြောက်ချင် ခန်းခြောက်ပါစေ --
ဟူသော အင်္ဂါလေးပါးနှင့်ပြည့်စုံသော လုံ့လဝီရိယ ရှိပါမှ ထိုကဲ့သို့သော လုံ့လဝီရိယရှိသော သူသည်သာလျှင် သမထ-ဝိပဿနာဟူသော ဘာဝနာပန်းတို့ကို အောင်အောင်မြင်မြင် ဆွတ်ခူးနိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် ဘုရားရှင်က အနုရုဒ္ဓမဟာဝိတက္ကသုတ္တန်တွင် ဤသို့ ဟောကြားထားတော် မူ၏။
အာရဒ္ဓဝီရိယဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော ကုသီတဿ။ (အံ၊၃၊၆၆။)
= ရဟန်းတို့ ...ဤလောကုတ္တရာတရား ကိုးပါးသည် အကုသိုလ်တရား တို့ကို ပယ်ရှားရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် သမထဝိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကြိုးစားအားထုတ်သော ကြီးမားသော ဝီရိယ စွမ်းအားနှင့် ပြည့်စုံသော ထက်သန်မြဲမြံသော ဇွဲလုံ့လဝီရိယရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ပျင်းရိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၆။)
ကြိုးစားက ဘုရား ဖြစ်နိုင်၏။
အဋ္ဌမ နာထတရား = ရောင့်ရဲလွယ်ခြင်း
ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား ရဟန်းသည် ရတတ်သမျှသော သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အထောက်အပံ့ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ ရတတ် သမျှသော သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အထောက်အပံ့ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏ --- ဟူသော ဤ တရားသည်လည်း မှီခို အားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၆၊၊)
- ရရသမျှသော ပံ့သကူသင်္ကန်းဖြင့် ရောင့်ရဲလွယ်ခြင်း စီဝရသန္တောသ,
- ဆွမ်းခံဝတ်ဖြင့် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲလွယ်ခြင်း ပိဏ္ဍပါတသန္တောသ,
- ရရသမျှသော သစ်ပင်ရင်းတည်းဟူသော ကျောင်းဖြင့် ရောင့်ရဲလွယ်ခြင်း သေနာသနသန္တောသ,
- ရရသမျှသော မြက်သစ်ရွက်အခင်းဖြင့် ရောင့်ရဲလွယ်ခြင်း သယနာသနသန္တောသ,
- ရရသမျှသော နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်သော ဇီးဖြူသီး ဖန်ခါးသီး စသော ဆေးဖြင့် ရောင့်ရဲလွယ်ခြင်း ဘေသဇ္ဇသန္တောသ --
အပ္ပိစ္ဆဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော မဟိစ္ဆဿ။ (အံ၊၃၊၆၅၊၊)
ရဟန်းတို့ ... ဤ လောကုတ္တရာတရား ကိုးပါးသည် အလိုနည်းပါးသော [လိုချင်မှု ဣစ္ဆာ (= တဏှာ) မရှိသော] အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌ သာလျှင် ပြည့်စုံနိုင်၏။ ဤလောကုတ္တရာတရား ကိုးပါးသည် အလိုရမ္မက် ကြီးမားလှသော မဟိစ္ဆပုဂ္ဂိုလ်၏သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)
ပစ္စည်းလေးပါးကို များများလှူလျှင် နည်းနည်းသာ အလှူခံ၍, နည်းနည်း လှူလျှင်လည်း လှူသည့်အောက် ယုတ်လျော့၍ နည်းနည်းကိုသာ အလှူ ခံပြီးလျှင် အကုန်လုံးကို အလှူမခံသော, ပစ္စည်းလေးပါး၌ အလိုနည်းသော ပစ္စယအပ္ပိစ္ဆပုဂ္ဂိုလ်, မိမိ မဂ်ဖိုလ်တရားထူး တရားမြတ်ရသည်ကို သူတစ်ပါး တို့အား အသိမပေးလိုဘဲ လျှို့ဝှက်ထားသော အဓိဂမအပ္ပိစ္ဆပုဂ္ဂိုလ်, မိမိ ပရိယတ်ဗဟုဿုတ ပေါများတတ်ကျွမ်းသည်ကို သူတစ်ပါးတို့အား အသိ မပေးလိုဘဲ လျှို့ဝှက်ထားသော ပရိယတ္တိအပ္ပိစ္ဆပုဂ္ဂိုလ်, မိမိဓုတင် ဆောက်တည်ကျင့်သုံးထားသည်ကို သူတစ်ပါးတို့အား အသိမပေးလိုဘဲ လျှို့ဝှက်ထားသော ဓုတင်္ဂအပ္ပိစ္ဆပုဂ္ဂိုလ်ဟု အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ် လေးမျိုး ရှိ၏။
ထို အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ်သည် အပ္ပိစ္ဆပုဂ္ဂိုလ်ဖြစ်သော်လည်း ဤသူကား အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ်ဟု သူတစ်ပါးတို့ သိမှာကို အလို မရှိ၊ ရရသမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်သူဖြစ်လျက် ရောင့်ရဲလွယ်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။
တစ်ကိုယ်တည်း ကင်းကင်းရှင်းရှင်း နေထိုင်လိုခြင်း = ကာယဝိဝေက, စျာန်သမာပတ်တို့ကို ဝင်စားလျက် နီဝရဏတို့မှ ကင်းကင်းရှင်းရှင်း နေလိုခြင်း = စိတ္တဝိဝေက, ဖလသမာပတ်ကို ဝင်စားလျက် ဥပဓိတရားတို့မှ ကင်းဆိတ်ရာ နိဗ္ဗာန်ကို အာရုံပြုလျက် ဥပဓိတရားတို့မှ ကင်းကင်းရှင်းရှင်း နေလိုခြင်း = ဥပဓိဝိဝေက ဟူသော ဝိဝေကတရားသုံးပါး၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သူ ဖြစ်လျက် ဝိဝေကတရား သုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။
ထက်သန်သော လုံ့လဝီရိယရှိသူ ဖြစ်လျက် ထက်သန်သော လုံ့လဝီရိယရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထင်လင်းသော သတိရှိသူ ဖြစ်လျက် ထင်လင်းသော သတိရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဥပစာရ အပ္ပနာနှစ်ဖြာသော သမာဓိရှိသူဖြစ်ပါလျက် သမာဓိရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံသူ ဖြစ်ပါလျက် ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ သံသရာကို ရှည်လျား ထွေပြားအောင် ချဲ့ထွင်တတ်သည့် တဏှာ မာန ဒိဋ္ဌိတည်းဟူသော ပပဉ္စတရား ကင်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူ ဖြစ်ပါလျက် ပပဉ္စတရားကင်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထိုမျှ အလိုနည်းပါးသူ ဖြစ်ရမည်။ ထိုကဲ့သို့ အလိုရမ္မက် နည်းပါးသော လိုချင်မှု ဣစ္ဆာ (= တဏှာ) မရှိသော အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌ သာလျှင် ဤလောကုတ္တရာတရား ကိုးပါးသည် ပြည့်စုံနိုင်၏။ အလိုရမ္မက် ကြီးမားလှသော မဟိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၆။)
သန္တုဋ္ဌဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော အသန္တုဋ္ဌဿ။ (အံ၊၃၊၆၅။)
ရဟန်းတို့ ... ဤလောကုတ္တရာတရား ကိုးပါးသည် ရရသမျှသော မျှတရုံသာဖြစ်သော ကြည်ညိုဖွယ်ရုံမျှသာဖြစ်သော ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ဤလောကုတ္တရာတရား ကိုးပါးသည် မရောင့်ရဲနိုင်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)
ပဝိဝိတ္တဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော သင်္ဂဏိကာရာမဿ။ (အံ၊၃၊၆၅။)
ရဟန်းတို့ ... ဤ လောကုတ္တရာတရား ကိုးပါးသည် ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ပုဂ္ဂိုလ်သတ္တဝါအပေါင်းအဖော် ကိလေသာအပေါင်းအဖော်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)
ကာယဝိဝေက, စိတ္တဝိဝေက, ဥပဓိဝိဝေကဟု ဝိဝေက သုံးပါး ရှိ၏။ ဂိုဏ်း အပေါင်းအဖော်ကို စွန့်လွှတ်၍ တစ်ယောက်ထီးတည်း သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်း, စားခြင်း စသည်ဖြင့် တစ်ယောက်ထီးတည်း နေလေ့ရှိခြင်းသည် ကာယဝိဝေက မည်၏။ ကာယဝိဝေကမျှဖြင့်ကား လောကုတ္တရာတရား ကိုးပါးသည် မပြီးစီး မပြည့်စုံနိုင်ရကား ကသိုဏ်းပရိကံများကို ပြု၍ စျာန်သမာပတ် ရှစ်ပါးတို့ကို ဖြစ်စေ၏။ ဤစျာန်သမာပတ် ရှစ်ပါးသည် စိတ္တဝိဝေက မည်၏။ နီဝရဏတို့မှ ကင်းဆိတ်နေသော စိတ်ဓာတ်များ ဖြစ်ကြ၏။ စျာန်သမာပတ် ရှစ်ပါးမျှဖြင့်လည်း လောကုတ္တရာတရား ကိုးပါးသည် မပြီးစီး မပြည့်စုံနိုင်ရကား ယင်းစျာန်သမာပတ်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများအားထုတ်လေသော် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။ ဤအရဟတ္တဖိုလ် နိဗ္ဗာန်တရားတော်မြတ်သည်ကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဥပဓိဝိဝေက မည်၏။ ထိုနိဗ္ဗာန်တရားတော်မြတ်သည် ကာမုပဓိတည်းဟူသော ကာမဂုဏ်တို့မှလည်း ကင်းဆိတ်၏။ ကိလေသုပဓိတည်းဟူသော ကိလေသာတို့မှလည်း ကင်းဆိတ်၏။ အဘိသင်္ခါရုပဓိတည်းဟူသော ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်တတ်သော အဘိသင်္ခါရတရားတို့မှလည်း ကင်းဆိတ်၏။ ခန္ဓုပဓိတည်းဟူသော ခန္ဓာငါးပါးတို့မှလည်း ကင်းဆိတ်၏။ ထို့ကြောင့် ယင်း နိဗ္ဗာန်သည် ဥပဓိလေးဖြာတို့မှ ကင်းဆိတ်သောကြောင့် ဥပဓိဝိဝေက မည်၏။ ဤသို့ ဝိဝေကသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်သည် ဆိုက်ရောက်လာသော ပရိသတ်အား မိမိကဲ့သို့ပင် ဝိဝေကသုံးဖြာ၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိရန် ညွှန်ကြားလျက် ပြန်လွှတ်ကာ သမထ ဝိပဿနာ ဘာဝနာတို့ကိုသာ အပတ်တကုတ် ကြိုးစားအားထုတ်လေသည်။ (အံ၊ဋ္ဌ၊၃၊၂၆၊၊)
ဤသို့လျှင် သူတော်ကောင်းတစ်ဦးသည် ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိလင့်ကစား ငါသည် ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိသူပါတည်းဟု လူများအပေါင်း သိရှိမှာကို အလိုမရှိ၊ သိရှိမှာကိုပင် ရှက်နိုးလှ၏။ ကြော်ငြာမောင်း မထု၊ ထိုဂုဏ်ကို အကြောင်းပြု၍ ပစ္စည်းလေးပါး ပေါများရန် အလိုမရှိ။ ရရသမျှသော ပစ္စည်းလေးပါးဖြင့်သာ ရောင့်ရဲ၏၊ ကျေနပ်၏၊ ထိုသို့ ရောင့်ရဲမှု ကျေနပ်မှု ရရှိနေသော သူတော်ကောင်းတစ်ဦးကား အရောင့်ရဲကြီး ရောင့်ရဲရာ ဖြစ်သည့်, အကျေနပ်ကြီး ကျေနပ်ရာဖြစ်သည့် ဘဝပန်းတိုင်ဟု ခေါ်ဆိုအပ်သည့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ရေးအတွက် သမထဝိပဿနာ ဘာဝနာတို့ကို ကြိုးပမ်းတော့မည်သာ ဖြစ်ပေသည်။ ထို့ကြောင့် ရရသမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲမှု သန္တုဋ္ဌိတရားသည်လည်း မှီခိုအားထားရာ နာထတရားတစ်ခု ဖြစ်ရပေသည်။
သန္တုဋ္ဌီ ပရမံ ဓနံ = ရောင့်ရဲလွယ်ခြင်း သန္တုဋ္ဌိတရားသည် အမြတ်ဆုံးသော စည်းစိမ်ဥစ္စာ ဖြစ်၏။ (ဓမ္မပဒ၊၂၀၄။ စာမျက်နှာ၊၄၃။)
---နဝမ နာထတရား = သတိ ရှိခြင်း
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် သတိနှင့် ပြည့်စုံ၏၊ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏။ ကြာမြင့်စွာက ပြုခဲ့ပြီးသော အမှုကိစ္စကိုလည်းကောင်း, ကြာမြင့်စွာက ပြောခဲ့ပြီးသော စကားရပ်ကိုလည်း ကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ရဟန်းတို့... ရဟန်းသည် ယင်းသို့ သတိနှင့် ပြည့်စုံ၏၊ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုခဲ့ပြီးသော အမှုကိစ္စကိုလည်းကောင်း, ကြာမြင့်စွာက ပြောခဲ့ပြီးသော စကားရပ်ကိုလည်းကောင်း အောက်မေ့နိုင်၏။ အဖန်တလဲလဲ အောက်မေ့နိုင်၏ - ဟူသော ဤတရားသည်လည်း မှီခို အားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၆။)
ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော သတိ၏ တည်ရာ အာရုံ လေးမျိုး ဟူသော သတိပဋ္ဌာန်တရားတို့ကို ပွားများအားထုတ်ရာ၌ သတိကား အရေးအကြီးဆုံးသော ကဏ္ဍမှ ပါဝင်လျက် ရှိ၏။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော အာရုံတို့ကို အမြဲ အမှတ်ရနေမှု ဖြစ်၏။
ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟူသည့် အာရုံလေးမျိုးတို့ကို အမှတ်ရမှု သတိဟူသည်မှာ တစ်နည်းဆိုရသော် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲနေသော သတိပင် ဖြစ်၏။
ဥပဋ္ဌိတဿတိဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော မုဋ္ဌဿတိဿ။ (အံ၊၃၊၆၅။)
= ရဟန်းတို့ ... ဤလောကုတ္တရာတရား ကိုးပါးသည် ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၌ သိမ်းဆည်းတတ်သော ထင်လင်းသော သတိ, ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အကြောင်းတရားတို့၌ သိမ်းဆည်းတတ်သော ထင်လင်းသော သတိ, အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့၌ သိမ်းဆည်းတတ်သော ထင်လင်းသော သတိ, ဤကဲ့သို့သော ထင်လင်းသော သတိရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ သတိလွတ်ကင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)
အယံ ပန ယသ္မာ သတိယာ အာရမ္မဏံ ပရိဂ္ဂဟေတွာ ပညာယ အနုပဿတိ၊ န ဟိ သတိဝိရဟိတဿ အနုပဿနာ နာမ အတ္ထိ။ (မ၊ဋ္ဌ၊၁၊၂၄၈၊၊)
ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် သတိ၏ တည်ရာအာရုံတို့ကို ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟု လေးမျိုးခွဲခြား၍ ဟောကြားထားတော် မူခဲ့၏။ ထိုတွင် ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်း၌ အာနာပါနဿတိသမာဓိ စသည့် သမထရှုကွက်များလည်း ပါဝင်၏။ အာနာပါနဿတိသမာဓိကဲ့သို့သော သမာဓိတစ်ခုခုကို အောင်အောင်မြင်မြင် ထူထောင်ပြီးနောက် ရှေ့ဦးစွာ အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန် နှစ်မျိုးလုံး၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို သိမ်းဆည်းရန် (ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ - စသည်ဖြင့်) ညွှန်ကြားထားတော်မူ၏။
ထို့နောင် (သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ - စသည်ဖြင့်) အကြောင်းတရားများ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုး ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ ထင်ရှားဖြစ်ပုံ, အကြောင်းတရားများ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ ချုပ်ငြိမ်းပုံကို ရှုမြင်သည့်အပိုင်းဟူသော ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်မှု ပျက်မှု (= ဥဒယ ဝယ)ကို သိမ်းဆည်းရှုပွားရန်ကိုလည်းကောင်း, ခဏတော ဥဒယဗ္ဗယဒဿန = အကြောင်းအကျိုး နှစ်ရပ်လုံးတို့၏ ခဏအားဖြင့် ဖြစ်မှု ပျက်မှု (= ဥဒယ ဝယ)ကို သိမ်းဆည်းရှုပွားရန်ကိုလည်းကောင်း ညွှန်ကြားထားတော် မူ၏။
ထို့နောင် (အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ - စသည်ဖြင့်) အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အပျက်သက်သက်ကို သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏။ အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မအမည်ရသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို ရှုသည့်အပိုင်းနှင့် အပျက်သက်သက်ကို ရှုသည့်အပိုင်းတို့၌ လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသည့် အပိုင်းလည်း ပါဝင်ပေသည်။
ထိုသို့ သိမ်းဆည်းရှုပွားရာ၌ သတိက ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်း၏၊ ပညာက ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို ပရမတ်သို့ ဆိုက်အောင် ထိုးထွင်းသိ၏။ သတိက အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ကာယ-ဝေဒနာ စိတ္တ-ဓမ္မ တို့ ထင်ရှားဖြစ်ပုံကို သိမ်းဆည်း၏၊ ပညာက အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ ထင်ရှားဖြစ်ပုံကို ထိုးထွင်းသိ၏။ သတိက အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ ချုပ်ငြိမ်းပုံကို သိမ်းဆည်း၏၊ ပညာက အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ချုပ်ငြိမ်းပုံကို ထိုးထွင်းသိ၏။ သတိက အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း, အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်ကိုလည်းကောင်း သိမ်းဆည်း၏၊ ပညာက အကြောင်းတရားနှင့်တကွသော ယင်းကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း, အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်ကိုလည်းကောင်း ထိုးထွင်းသိ၏။ သတိက အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အပျက်သက်သက်ကိုလည်းကောင်း, ယင်းတို့၏ အနိစ္စအချက်, ဒုက္ခ အချက်, အနတ္တအချက်ကိုလည်းကောင်း သိမ်းဆည်း၏၊ ပညာက ယင်းအကြောင်းတရားနှင့်တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ တို့၏ အပျက်သက်သက်ကိုလည်းကောင်း, ယင်းတို့၏ အနိစ္စအချက်, ဒုက္ခ အချက်, အနတ္တအချက်ကိုလည်းကောင်း ထိုးထွင်းသိ၏။
ဤသို့လျှင် သတိက သမထအာရုံ ဝိပဿနာအာရုံကို သိမ်းဆည်းတတ်၍ ပညာက ဟုတ်တိုင်းမှန်စွာ အဖန်ဖန် အထပ်ထပ် ရှုတတ်၏၊ သတိ ကင်းသော အနုပဿနာမည်သည် မရှိစကောင်းပေ။ ထို့ကြောင့် အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့၌ ထင်လင်းသော သတိရှိသည့်ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ဤလောကုတ္တရာတရား ကိုးပါးသည် ပြည့်စုံနိုင်၏။ အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့၌ ထင်လင်းသော သတိမရှိသည့် သတိလွတ်ကင်းသောပုဂ္ဂိုလ်၏ သန္တာန်၌ ဤလောကုတ္တရာတရား ကိုးပါးသည် မပြည့်စုံနိုင် (အံ၊၃၊၆၅။)ဟု ဘုရားရှင် ဟောကြားထားတော်မူခြင်း ဖြစ်၏။
ထိုကြောင့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၌ ထင်လင်းသော သတိရှိခြင်းသည် လောကုတ္တရာတရား ကိုးပါးတို့ကို ရခြင်း၏ အကြောင်းရင်းစစ် ဧကန် ဖြစ်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်တို့အတွက် မှီခိုအားထားရာ နာထတရား တစ်ပါးပင် ဖြစ်ရပေသည်။
---ဒသမမြောက် နာထတရား = ဝိပဿနာပညာ မဂ်ပညာ
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ပညဝါ ဟောတိ၊ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။ ယမ္ပိ ဘိက္ခဝေ ဘိက္ခု ပညဝါ ဟောတိ၊ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။ အယမ္ပိ ဓမ္မော နာထကရဏော။ (အံ၊၃၊၂၇၆။)
ဥဒယတ္ထဂါမိနိယာတိ ပဉ္စန္နံ ခန္ဓာနံ ဥဒယဉ္စ ဝယဉ္စ ပဋိဝိဇ္ဈိတုံ သမတ္ထာယ။ အရိယာယာတိ ဝိက္ခမ္ဘနဝသေန စ သမုစ္ဆေဒဝသေန စ ကိလေသေဟိ အာရကာ ဌိတာယ ပရိသုဒ္ဓါယ။ ပညာယ သမန္နာဂတောတိ ဝိပဿနာပညာယ စေဝ မဂ္ဂပညာယ စ သမင်္ဂီဘူတော။ (မ၊ဋ္ဌ၊၃၊၂၂။ အံ၊ဋ္ဌ၊၃၊၂၊၊)
= ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား ရဟန်းသည် ပညာရှိ၏၊ ခန္ဓာ ငါးပါးတို့၏ အဖြစ်အပျက်ကို သိသော, ကိလေသာထု အစိုင်အခဲကို ဖောက်ခွဲနိုင်သော ကိလေသာဝဋ်ဆင်းရဲဒုက္ခ, သံသရာဝဋ်ဆင်းရဲဒုက္ခ္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော ဖြူစင်မြင့်မြတ်သော ဝိပဿနာပညာ အရိယမဂ်ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ ပညာရှိ၏၊ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို သိသော ကိလေသာထု အစိုင်အခဲကို ဖောက်ခွဲနိုင်သော ကိလေသာဝဋ်ဆင်းရဲဒုက္ခ, သံသရာဝဋ်ဆင်းရဲဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော ဖြူစင်မြင့်မြတ်သော ဝိပဿနာပညာ အရိယမဂ်ပညာနှင့် ပြည့်စုံ၏ --- ဟူသော ဤတရားသည်လည်း မှီခိုအားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၆။)
အထက်တွင် တင်ပြထားသော အဋ္ဌကထာအဖွင့်များက ဥဒယတ္ထဂါမိနိယာ ပညာယဟူသော စကားရပ်ဖြင့် ဥဒယဗ္ဗယဝိပဿနာဉာဏ်မျှကိုသာ ဆိုလိုသည် မဟုတ်ပါ။ ယင်းစကားရပ်ဖြင့် ဝိပဿနာဉာဏ်အားလုံးနှင့် အရိယ မဂ်ဉာဏ်တို့ကိုပါ ရည်ညွှန်းထားကြောင်း ဖွင့်ဆိုထားကြ၏။ ယင်း အဋ္ဌကထာအဖွင့်များအတိုင်း ဆိုရမူ -- ဥဒယတ္ထဂါမိနိယာ ပညာယ ဟူသောစကားရပ်ကို မြွေတစ်ကောင်ကို ခါးလယ်က ကိုင်ကာ မြှောက်ပြလိုက်လျှင် ခါးကိုသာမက မြွေတစ်ကောင်လုံးကိုပါ မြင်နိုင်သကဲ့သို့ ဝိပဿနာဉာဏ်အားလုံးနှင့် အရိယ မဂ်ဉာဏ်တို့ကို ရည်ညွှန်းလျက် မဇ္ဈေဒီပကနည်းအားဖြင့် ဝိပဿနာဉာဏ်တို့တွင် အလယ်၌ တည်ရှိသော ဥဒယဗ္ဗယဉာဏ်ကို ဆွဲကိုင်မြှောက်ပြကာ ဘုရားရှင်သည် ဥဒယတ္ထဂါမိနိယာဟူသော စကားရပ်ကို ဟောကြားသွားတော်မူသည်ဟု သိရှိပါလေ။
သမ္မာ ဒုက္ခက္ခယဂါမိနိယာ = ကိလေသာထု အစိုင်အခဲကို ဖောက်ခွဲ နိုင်သော ဖြူစင်မြင့်မြတ်သော ကိလေသဝဋ်ဒုက္ခ သံသာရဝဋ်ဒုက္ခ၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာဟူသည် ဝိပဿနာပညာနှင့် အရိယမဂ်ပညာတည်း။
ဝိပဿနာပညာသည် တဒင်္ဂ၏ အစွမ်းအားဖြင့် ကိလေသာဝဋ်ဒုက္ခကို လည်းကောင်း, ယင်းကိလေသာလျှင် အကြောင်းရင်းခံ ရှိသော ကံကြောင့် ဖြစ်လာမည့် သံသာရဝဋ်ဒုက္ခကိုလည်းကောင်း ကုန်စေလျက် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသောအားဖြင့် နိဗ္ဗာန်ဘက်သို့ ပြေးသွားသက်ဝင်တတ်သောကြောင့် ဒုက္ခက္ခယဂါမိနီ ပညာ = ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာမည်၏။ တစ်နည်း --- ကိလေသဝဋ်ဒုက္ခ သံသာရဝဋ်ဒုက္ခကို ကုန်စေတတ်သော အရိယမဂ်ပညာကို ရရှိခြင်းကို ဖြစ်စေတတ်သောကြောင့် ဤဝိပဿနာပညာသည် ဒုက္ခက္ခယဂါမိနီ ပညာ (= ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာ) မည်၏။
အရိယမဂ်ပညာသည်ကား ကောင်းမွန်မှန်ကန်သော အကြောင်းတရားဖြင့် နည်းလမ်းဖြင့် ကိလေသာဝဋ်ဒုက္ခ, ယင်းကိလေသာလျှင် အကြောင်းရင်းခံ ရှိသော ကံကြောင့်ဖြစ်လာမည့် သံသာရဝဋ်ဒုက္ခကို ကုန်စေလျက် နိဗ္ဗာန်သို့ ပြေးသွား သက်ဝင်တတ်သောကြောင့် သမ္မာ ဒုက္ခက္ခယဂါမိနီ ပညာ = ကောင်းမွန် မှန်ကန်စွာ ကိလေသာဝဋ်ဒုက္ခ သံသာရဝဋ်ဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာ မည်၏။ ဤသို့ သိရှိပါလေ။ (မ၊ဋ္ဌ၊၃၊၂၂။ အံ၊ဋ္ဌ၊၃၊၂၊၊)
ဤကဲ့သို့သော ဝိပဿနာပညာ မဂ်ပညာသည်ကား ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ဆိုက်ရောက်စေတတ်သောကြောင့် ယင်းဝိပဿနာပညာ မဂ်ပညာတို့သည် ရဟန်းတော်တို့အတွက် (သို့မဟုတ်) ကျွတ်ထိုက်သသူ ဝေနေယျတို့အတွက် တကယ့် မှီခိုအားထားရာ နာထတရား ဖြစ်ရပေသည်။
အားလုံးပေါင်းသော် မှီခိုအားထားရာ နာထတရား (၁၀)ပါး ဖြစ်သည်။ ယင်းနာထတရား (၁၀)ပါးတို့နှင့် ပြည့်ပြည့်စုံစုံ နေထိုင်နေသော သူတော်ကောင်းတစ်ဦးကို သနာထဝိဟာရီပုဂ္ဂိုလ် (= မှီခိုအားထားရာ နာထတရားနှင့် အတူတကွ နေထိုင်နေသော ပုဂ္ဂိုလ်) ဟု ခေါ်ဆိုရပေသည်။
ဤကဲ့သို့ နာထတရား (၁၀)ပါးတို့နှင့် ပြည့်စုံလျက် နေထိုင်သော သနာထဝိဟာရီ အမည်ရသည့် သူတော်ကောင်းကို မထေရ်ကြီးရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ သီတင်းလတ်ရဟန်းတို့ကလည်း ထိုသူတော်ကောင်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ သီတင်းငယ်ရဟန်းတို့ကလည်း ထိုသူတော်ကောင်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ မထေရ်ကြီးတို့က အစဉ်သနားစောင့်ရှောက်အပ်သော, သီတင်းလတ်တို့က အစဉ်သနား စောင့်ရှောက်အပ်သော, သီတင်းငယ်တို့က အစဉ်သနားစောင့်ရှောက်အပ်သော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ မချွတ်ဧကန် ဖြစ်လိမ့်မည်ဟု မျှော်လင့်အပ်၏။ ဆုတ်ယုတ်မှု ဖြစ်လိမ့်မည်ဟု မမျှော်လင့် အပ်၊ မမျှော်လင့်နိုင်။ ထို့ကြောင့် ဤတရား (၁၀)ပါးသည် မှီခိုအားထားရာ နာထတရား ဖြစ်ရပေသည်။ (အံ၊၃၊၂၇၇-၂၇၉။)
ဒေသနာတော်နိဂုံး
သနာထာ ဘိက္ခဝေ ဝိဟရထ၊ မာ အနာထာ။ ဒုက္ခံ ဘိက္ခဝေ အနာထော ဝိဟရတိ၊ ဣမေ ခေါ ဘိက္ခဝေ ဒသ နာထကရဏာ ဓမ္မာတိ။ (အံ၊၃၊၂၇၆။)
ရဟန်းတို့ ... မှီခိုအားထားရာ နာထတရား ထင်ရှား ရှိကြကုန်သည်ဖြစ်၍ နေထိုင်ကြပါကုန်လော့၊ မှီခိုအားထားရာ နာထတရား ထင်ရှား မရှိကြကုန်ဘဲ မနေထိုင်ကြပါကုန်လင့်။ ရဟန်းတို့ ... မှီခိုအားထားရာ နာထတရား ထင်ရှား မရှိသောပုဂ္ဂိုလ်သည် ဆင်းဆင်းရဲရဲ နေရတတ်၏။ ရဟန်းတို့ ... မှီခိုအားထားရာကို ပြုလုပ်တတ်သော နာထတရားတို့သည်ကား ဤတရား (၁၀)ပါးတို့တည်းဟု ဟောကြားတော်မူ၏။ (အံ၊၃၊၂၇၆၊၊)
တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ စျာယိနော မာရဗန္ဓနာ။ (ဓမ္မပဒ၊ဂါထာနံပါတ်၊၂၇၆၊၊)
သင်ချစ်သားတို့ ... ကိုယ်တိုင် ပြုသင့်ပြုထိုက်သည့် သမထဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို သင်ချစ်သားတို့ ကိုယ်တိုင်ပင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။ တထာဂတအမည်ရတော်မူသည့် ငါဘုရားရှင်တို့သည်ကား မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတည်းဟူသော လမ်းမှန်ကို ညွှန်ကြား ပြသ ဆိုဆုံးမတတ်သူတို့သာ ဖြစ်ကြ၏။ သမထ ဝိပဿနာ ဘာဝနာတို့ကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသဖြင့် အာရမ္မဏူပနိဇ္ဈာနစျာန်, လက္ခဏူပနိဇ္ဈာနစျာန်တည်းဟူသော နှစ်မျိုးသော စျာန်တို့ကို ဝင်စားနိုင်ကြကုန်သော သူတို့သည်သာ မာရ်မင်း၏ အနှောင်အဖွဲ့မှ လွတ်မြောက်ကြကုန်၏။ (ဓမ္မပဒ၊၂၇၆။)
အာရမ္မဏူပနိဇ္ဈာနစျာန် နှင့် လက္ခဏူပနိဇ္ဈာနစျာန်
(အဘိ၊ဋ္ဌ၊၁၊၂၁၁။)စျာန်သည် အာရမ္မဏူပနိဇ္ဈာနစျာန်, လက္ခဏူပနိဇ္ဈာနစျာန်ဟု နှစ်မျိုး ရှိ၏။ ထိုနှစ်မျိုးတို့တွင် ရူပါဝစရစျာန် လေးပါး အရူပါဝစရစျာန် လေးပါးတည်း ဟူသော လောကီစျာန်သမာပတ် (၈)ပါးတို့သည် ပထဝီကသိုဏ်းစသော သမထကမ္မဋ္ဌာန်းအာရုံကို စိုက်စိုက်စူးစူး အထူးမြဲမြံစွာ ကပ်၍ ရှုတတ်သောကြောင့် အာရမ္မဏူပနိဇ္ဈာနစျာန်ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။
ဝိပဿနာ မဂ်ဖိုလ်တို့သည်ကား လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ ထိုဝိပဿနာ မဂ်ဖိုလ်တို့တွင် ဝိပဿနာဉာဏ်သည် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ ၏ အနိစ္စစသော လက္ခဏာကို ကပ်၍ ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာန စျာန် မည်၏။ ဝိပဿနာဉာဏ်က ပြုလုပ်အပ်သော လုပ်ငန်းကိစ္စရပ်သည် မဂ်ဉာဏ်ကြောင့် ပြီးစီးပြည့်စုံရကား အရိယမဂ်ဉာဏ်သည်လည်း လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ အရိယဖိုလ်ဉာဏ်သည်ကား နိရောဓသစ္စာဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်၏ အငြိမ်းဓာတ် အအေးဓာတ် သန္တိလက္ခဏာဟူသော ဟုတ်မှန်သည့် လက္ခဏာကို ဟုတ်မှန်သည့်အတိုင်း ကပ်၍ ရှုတတ်သော ကြောင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၂၁၁။)
ဤအာရမ္မဏူပနိဇ္ဈာနစျာန်, လက္ခဏူပနိဇ္ဈာနစျာန်ဟူသော နှစ်မျိုးသော စျာန်တို့ကို ဝင်စားနိုင်ကြကုန်သော သူတော်ကောင်းတို့သည်သာ ကိလေသ မာရ်စသည့် မာရ်စစ်သည်တို့၏ ဘေးရန်မှ လွတ်မြောက်ကြကုန်၏။
ဘုရားရှင်တို့ကား လမ်းမှန်ကိုသာ ညွှန်ကြားပြသ ဆိုဆုံးမတတ်သူတို့ ဖြစ်ကြသဖြင့် သမထဝိပဿနာဘာဝနာတို့ကို အောင်အောင်မြင်မြင် မဂ်ဆိုက် ဖိုလ်ဆိုက် နိဗ္ဗာန်ဆိုက်သည်အထိ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့သည်ကား ငါတို့၏ တာဝန်သာ ဖြစ်သည်ဟု သဘောပိုက်ကာ သမထ ဝိပဿနာဘာဝနာတို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူတို့ ဖြစ်အောင် ကြိုးစားအားထုတ်ပါလေလော့။
ဤနာထသုတ္တန်၌ ဒုတိယ နာထတရားအဖြစ် ဟောကြားထားတော် မူအပ်သော ဗဟုဿုတအင်္ဂါရပ်နှင့် ပြည့်စုံရန်အတွက်လည်းကောင်း, ဆယ်ခုမြောက် နာထတရားအဖြစ် ဟောကြားထားတော်မူအပ်သော ဝိပဿနာ ပညာ မဂ်ပညာနှင့် ပြည့်စုံရန်အတွက်လည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် မည်သို့မည်ပုံ ပြုကျင့်ရမည်နည်းဟု မေးရန် ရှိ၏။ ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ဝိသုဒ္ဓိခုနစ်ပါး ကျင့်စဉ်ကို ရိုသေစွာ လိုက်နာပြုကျင့်ရမည် ဖြစ်ပေသည်။ ရှေးဦးစွာ ဤနာထသုတ္တန်တွင် ဘုရားရှင်ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့် ပထမ နာထတရားနှင့်အညီ သီလကို ဖြူစင်အောင် ဆေးကြောသုတ်သင်ပါ။ ထိုနောင် ဒုတိယ နာထတရားနှင့် ပြည့်စုံရေးအတွက် အောက်ပါ သမာဓိသုတ္တန်တွင် ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း လိုက်နာပြုကျင့်ပါ။
---အခန်း (၃)
သမထကမ္မဋ္ဌာန်းပိုင်း
သစ္စသံယုတ် - သမာဓိသုတ္တန်
သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)
= ရဟန်းတို့ ...သမာဓိကို ပွားများကြပါကုန်လော့၊ သမာဓိရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ အဘယ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိလေသနည်း? ဤကား ဒုက္ခအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ကြောင်း နိရောဓအရိယသစ္စာတည်း ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက် ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။
ရဟန်းတို့ ...သမာဓိကို ပွားများကြကုန်လော့၊ သမာဓိရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ၊၃၊၃၆၃၊၊)
ဤဒေသနာတော်နှင့်အညီ --- အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး (= ဒုက္ခအရိယသစ္စာတရား)တို့ကို မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား သိရှိရေးအတွက် သမာဓိကို ထူထောင်ဖို့ လိုအပ်ပေသည်။
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစသော ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာတရားတို့ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရှိရေးအတွက်လည်း သမာဓိကို ထူထောင်ဖို့ လိုအပ်ပေသည်။
ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် သင်္ခါရတရားတို့ ဖြစ်ကြ၏။ ယင်းသင်္ခါရတရားတို့ကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်ရေးအတွက် သမာဓိကို ထူထောင်ရန် ဘုရားရှင်က တိုက်တွန်းထားတော်မူ၏။ အကြောင်းကား သမာဓိနှင့် ယှဉ်သော ဉာဏ်ပညာသည် ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘာဝလက္ခဏာ သာမညလက္ခဏာကို ထိုးထွင်းသိမြင်ခြင်း (= ယထာသဘာဝပဋိဝေဓလက္ခဏာ (အဘိ၊ဋ္ဌ၊၁၊၁၆၆။) ရှိ၏။ သည်မျှသာမကသေး။
သာ ပနေသာ ဩဘာသလက္ခဏာ စ ပညာ, ပဇာနနလက္ခဏာ စ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။)
ဩဘာသနလက္ခဏာ = နံရံလေးဘက် ကာရံထားသော အိမ်၌ ညဉ့်အခါဝယ် ဆီမီးကို ထွန်းညှိအပ်သည်ရှိသော် ပကတိမျက်စိကို ကာဏ်းအောင် ပြုလုပ်တတ်သော အမိုက်မှောင်သည် ချုပ်ပျောက်ရသကဲ့သို့ အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်လာရသကဲ့သို့ ဤဥပမာအတူပင်လျှင် ပညာသည် ပရမတ္ထဓမ္မအာရုံကို တစ်နည်းဆိုရသော် အရိယသစ္စာလေးပါးတည်းဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း (= ဩဘာသန) လက္ခဏာ ရှိပေသည်။
ပညောဘာသသမော ဩဘာသော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၁၊၁၆၆။)
ပညာအရောင်အလင်းနှင့် တူသော အရောင်အလင်းမည်သည် မရှိပေ။ မှန်ပေသည် --- ဝိပဿနာဉာဏ်ပညာရှိသော ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံ နေသော ပုဂ္ဂိုလ်သည် တစ်ခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်နေလတ်သော် (= တစ်ထိုင်လောက် ထိုင်၍ ဝိပဿနာတရားကို ရှုပွားနှလုံးသွင်းခဲ့သော်) တစ်သောင်းသော လောကဓာတ်သည် တစ်ခုတည်းသော အရောင်အလင်း ရှိနိုင်၏ (= လောကဓာတ်တိုက်ပေါင်း တစ်သောင်းလုံးသည် တစ်ဆက်တည်း လင်းနေနိုင်ပေသည်)။ ဝိပဿနာပိုင်း ဥဒယဗ္ဗယဉာဏ်ပိုင်း၌ လာရှိသော ဝိပဿနာ၏ ညစ်ညူးကြောင်း (= ဥပက္ကိလေသ) အရောင် အလင်းမျိုးကို အထူးရည်ညွှန်း၍ ဤစကားရပ်ကို ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေ သည်ဟု မှတ်ပါ၊၊) (အဘိ၊ဋ္ဌ၊၁၊၁၆၅-၁၆၆၊၊)
ထိုကြောင့် အရှင်နာဂသေနမထေရ်သည် ဤသို့ မိန့်ဆိုထားတော်မူ၏။ ဒါယကာတော် မဟာရာဇ ...ယောက်ျားတစ်ဦးသည် အမိုက်မှောင်အတိ ဖြစ်နေသော အိမ်ထဲ၌ ဆီမီးကို သွင်းယူသွားလေရာ၏၊ သွင်းအပ်ပြီးသော ဆီမီးသည် အမိုက်မှောင်ကို ဖျက်ဆီးသကဲ့သို့, အရောင်အလင်းကို ဖြစ်စေသကဲ့သို့, အလင်းရောင်ကို ထင်ရှားပြသကဲ့သို့, ရူပါရုံအမျိုးမျိုးတို့ုကို ထင်ရှား အောင် ပြုသကဲ့သို့ --- ဒါယကာတော် မဟာရာဇ ...ဤဥပမာအတူပင်လျှင် ပညာသည် ဖြစ်ပေါ်လာလတ်သော် ----
၁။ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးပစ်၏၊
၂။ ဝိဇ္ဇာတည်းဟူသော အရောင်ကို ဖြစ်စေ၏၊
၃။ ဉာဏ်တည်းဟူသော အလင်းရောင်ကို ထင်ရှားပြ၏၊
၄။ အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုလုပ်၏။
ဤသို့လျှင် - ဒါယကာတော် မဟာရာဇ ...ပညာသည် ပရမတ္ထဓမ္မအာရုံ (= အရိယသစ္စာလေးပါးတည်းဟူသော အာရုံ) ကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း ဩဘာသနလက္ခဏာ ရှိပေသည်။ (မိလိန္ဒ၊၃၈။ အဘိ၊ဋ္ဌ၊၁၊၁၁၆။)
ပညာရောင် = ဉာဏ်ရောင်
ရဟန်းတို့ ...အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ --- လအလင်းရောင်, နေအလင်းရောင်, မီးအလင်းရောင်, ပညာအလင်းရောင်တို့တည်း။ ရဟန်းတို့ ...အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ...ဤအလင်းရောင် လေးမျိုးတို့တွင် ပညာအလင်းရောင်သည် အမြတ်ဆုံးဖြစ်ပေ၏။ (အံ၊၁၊၄၅၇။)
အဓိစိတ္တသုတ္တန်ခေါ် နိမိတ္တသုတ္တန်
ရဟန်းတို့ ...အဓိစိတ္တ (= လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်) ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် သမထဖြစ်ကြောင်း သမထနိမိတ်, ဝိပဿနာဉာဏ်ဖြစ်ကြောင်း ဝိပဿနာနိမိတ်ဟူသော အကြောင်းတရားသုံးမျိုးတို့ကို ရံဖန်ရံခါ နှလုံး သွင်းအပ်ကုန်၏။
၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို (= သမာဓိဖြစ်ကြောင်း တရားကို) နှလုံးသွင်းအပ်၏။
၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို (= ဝီရိယဖြစ်ကြောင်း တရားကို) နှလုံးသွင်းအပ်၏။
၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို (= ဥပေက္ခာဖြစ်ကြောင်း တရားကို) နှလုံးသွင်းအပ်၏။
ရဟန်းတို့ ...အဓိစိတ္တ (= လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်)ကို အဖန်ဖန် ပွားများအားထုတ်သော ယောဂါဝစရ ရဟန်းသည် ကမ္မဋ္ဌာန်းအာရုံ၌ စိတ်တည်ကြည်မှု သမာဓိဟူသော အကြောင်း နိမိတ်ကိုသာလျှင် (= သမာဓိဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျင်းရိ ရာသော အကြောင်းရှိ၏။ (၁)
ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည် ကြိုးစားအားထုတ်ခြင်း ဝီရိယဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= ဝီရိယ ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျံ့လွင့်ခြင်း = ဥဒ္ဓစ္စ ဖြစ်ရာသောအကြောင်း ရှိ၏။ (၂)
ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်ကို အဖန်ဖန် ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည် ကမ္မဋ္ဌာန်းအာရုံကို လျစ်လျူရှုမှု ဥပေက္ခာဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= ဥပေက္ခာဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံး သွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်းရှိ၏။ (၃)
ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည်
၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို (= သမာဓိဖြစ်ကြောင်း တရားကို) နှလုံးသွင်း၍,
၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို (= ဝီရိယဖြစ်ကြောင်း တရားကို) နှလုံးသွင်းပြီးလျှင်,
၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို (= ဥပေက္ခာဖြစ်ကြောင်း တရားကို) နှလုံးသွင်းသောအခါ ဘာဝနာစိတ်သည် ----
၁။ နူးညံ့ခြင်းသည်လည်းကောင်း (= မုဒု),
၂။ သမထဘာဝနာလုပ်ငန်း ဝိပဿနာဘာဝနာလုပ်ငန်း၌ ထိုထိုဘာဝနာ မှုကို ပြုလုပ်ရန် အခန့်သင့်ဖြစ်နေခြင်း သင့်လျော်ခြင်းသည်လည်းကောင်း (= ကမ္မနိယ),
၃။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်းကောင်း (= ပဘဿရ) ဖြစ်၏။
၄။ ပျက်စီးခြင်းသဘောလည်း မရှိ။
၅။ အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ တည်ကြည်၏။
ဤကား သမထဘာဝနာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတို့ကို စီးဖြန်းပွားများရာ၌ ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကျင့်ပါက သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့မှ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ပေါ်လာကြောင်းကို ဘုရားရှင်၏ မုခပါဌ်တော်မှ တိုက်ရိုက်ထွက်ပေါ်လာသည့် ဟောကြားထားတော်မူချက် ဒေသနာတော်ပင် ဖြစ်ပေသည်။
အဓိစိတ္တန္တိ သမထဝိပဿနာစိတ္တံ။ (အံ၊ဋ္ဌ၊၂၊၂၂၇။)
ဧကာဒသမေပိ အဓိစိတ္တံ သမထဝိပဿနာစိတ္တမေဝ။ (အံ၊ဋ္ဌ၊၂၊၂၂၈။)
ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ? နတ္ထိ။ (အံ၊ဋ္ဌ၊၁၊၄၅။)
= စိတ်၏ ဝဏ္ဏမည်သော အရောင်အဆင်းသည် ရှိပါသလား? မရှိပါ။ (အံ၊ဋ္ဌ၊၁၊၄၅။)
ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့်အညီ စိတ်၌ အရောင်အလင်းကား မရှိပါ။ သို့သော် အလွန် အဆင့်မြင့်နေသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည်ကား အလင်းရောင်ကို ဖြစ်စေနိုင်သည့် စွမ်းအားကား ရှိပေ သည်။ အလွန် အဆင့်မြင့်နေသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အလွန် အဆင့်မြင့်သော ပညိန္ဒြေစေတသိက်လည်း ယှဉ်တွဲလျက်ပင် ရှိ၏။ ယင်း ပညိန္ဒြေစေတသိက်တည်းဟူသော ဉာဏ်၏ အာနုဘော်က ကြီးလျှင်ကြီးသလို ပညာရောင် ဉာဏ်ရောင်မှာ ထွန်းလင်းတောက်ပမြဲ ဓမ္မတာ ဖြစ်၏။ ယင်းသို့ဖြစ်လျှင် ယင်းပညာရောင် ဉာဏ်ရောင်ဟူသည်မှာ အဘယ်နည်းဟု မေးရန် ရှိ၏။ ပရမတ္ထမဉ္ဇူသာ အမည်ရှိသော ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာဆရာတော်က ဥဒယဗ္ဗယဉာဏ်ပိုင်း၌ လာရှိသော ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ (= အရောင်အလင်း)ကို စံထားကာ ပညာရောင် (= ဉာဏ်ရောင်)အကြောင်းကို ဖွင့်ဆိုထားပေသည်။
ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တေဿဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ။ ပဿန္တော စ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ၊ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညေယျမေဝါတိ ယုတ္တံ ဝိယ ဒိဿတိ။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)
ဤအထက်ပါ မဟာဋီကာ စကားရပ်၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။
ဝိပဿနောဘာသ (= ဝိပဿနာဉာဏ်အရောင်အလင်း) ဟူသည် ဝိပဿနာစိတ်ကြောင့် ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော အလွန်တောက်ပသော ရူပါရုံ အရောင်အလင်းနှင့် မိမိသန္တာန်၌ ကျရောက်လျက်ရှိသော တေဇောဓာတ် (= ဥတု)ကြောင့်ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ရူပါရုံ၏ အရောင်အလင်းတည်း။
ထင်ရှားအောင် ဆိုရသော် ဤသို့ ဖြစ်၏။ နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်နေသော စိတ်တိုင်းစိတ်တိုင်းသည် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေနိုင်၏။ စိတ်တစ်လုံးတစ်လုံးသည် စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏။ များသောအားဖြင့် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းသည် ဥပါဒ်ကာလသို့ ရောက်တိုင်း ရောက်တိုင်း စိတ္တဇရုပ်များကို ဖြစ်စေနိုင်သည်ချည်းသာ ဖြစ်၏။ ရုပ်တို့မည်သည် တစ်ခုချင်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိဘဲ ရုပ်ကလာပ်ခေါ်သည့် အုပ်စုအလိုက် အဖွဲ့အစည်းအလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိကြ၏။ ကလာပ်ဟူသည် မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်၌ အသေးဆုံးသော ရုပ်အဖွဲ့အစည်းတစ်ခု၏ အမည် ဖြစ်သည်။ ပရမာဏုမြူခန့်် သို့မဟုတ် ပရမာဏုမြူအောက် အဆပေါင်းများစွာ သေးငယ်သော အမှုန်ကလေး ဖြစ်၏။ ယင်းရုပ်ကလာပ်အမှုန် တစ်ခုတစ်ခုကို ပရမတ္ထသစ္စာဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ကြည့်လျှင် (= ဓာတ်ခွဲ ကြည့်လျှင်) ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟု အနည်းဆုံး ရုပ်သဘောတရား (၈)မျိုးစီ အသီးအသီး ရှိ၏။ ယင်းရုပ်တရား တို့ကို ဩဇာလျှင် (၈)ခုမြောက် ရှိသောကြောင့် ဩဇဋ္ဌမကရုပ်များဟု ခေါ်ဆို၏။ စိတ်ကြောင့် ဖြစ်သောကြောင့် စိတ္တဇရုပ်များဟု ခေါ်ဆို၏။ [ရံခါ အသံပါသော် ရုပ်ကလာပ် တစ်ခုတစ်ခု၌ ရုပ်သဘောတရား (၉)မျိုးစီလည်း ရှိတတ်၏။ သို့သော် ဤအပိုင်းကား သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်ကြောင့် ဖြစ်သော ရုပ်တို့ကို ပဓာနထား၍ ပြောဆိုနေသဖြင့် အသံ အကြောင်းကို ထည့်၍ မပြောဆိုခြင်း ဖြစ်သည်။]
ယင်းရုပ်သဘောတရား (၈)မျိုးတို့တွင် ပါဝင်သော ဝဏ္ဏခေါ် ရူပါရုံမှာ (သမထဘာဝနာစိတ်) ဝိပဿနာ ဘာဝနာစိတ်ကြောင့်ဖြစ်သော ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရူပါရုံ ဖြစ်ခဲ့လျှင် ဘာသုရရူပ (= အလွန်တောက်ပသော ရူပါရုံ) ဖြစ်၏။ ယင်းဘာသုရရူပ (= တောက်ပသော ရူပါရုံ)မှာ စိတ္တဇ ရုပ်ကလာပ်တိုင်းတွင် ပါဝင်သဖြင့် စိတ္တဇရုပ်ကလာပ် အရေအတွက် များလျှင် များသလို တောက်ပသော ရူပါရုံ အရေအတွက်လည်း ပို၍ များသည်သာ ဖြစ်၏။ ယင်းရူပါရုံ၏ တောက်ပမှုမှာလည်း ဉာဏ်အာနုဘော်အားလျော်စွာ တောက်ပ၏။ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်အာနုဘော်က ကြီးမားလျှင် ကြီးမားသလို ပို၍ပို၍ တောက်ပပြီးလျှင် ဉာဏ်အာနုဘော်က သေးလျှင် သေးသလို လျော့၍ လျော့၍ တောက်ပ၏။ ထိုထို (သမထအာရုံ) ဝိပဿနာအာရုံတို့ကို အာရုံ ပြု၍ ဖြစ်ပေါ်လာကြကုန်သော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာ စိတ်တို့နှင့် စိတ္တက္ခဏ တစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ပေါ်လာကြ ကုန်သော နာမ်တရားစုတို့မှာ ယေဘုယျအားဖြင့် (၃၄)လုံးခန့် ရှိ၏။ ယင်း နာမ်တရားစုတို့တွင် ပညိန္ဒြေစေတသိက်ခေါ် ဉာဏ် (= ပညာ)လည်း ပါဝင် လျက် ရှိ၏။ ယင်းဉာဏ်အာနုဘော်မှာ ကြီးမားလျှင် ကြီးမားသလို သေးလျှင် သေးသလို ရူပါရုံအရောင်မှာ တောက်ပသည်ဟု ဆိုလိုပေသည်။
တစ်ဖန် ယင်းစိတ္တဇရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ်လည်း ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် (= ဥတုကြောင့်ဖြစ်သော ဩဇာလျှင် ရှစ်ခုမြောက် ရှိသော ရုပ်ကလာပ်) အသစ်အသစ်ကို ဆင့်ကာဆင့်ကာ ထပ်ကာထပ်ကာ ထပ်မံ ဖြစ်စေပြန်၏။ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့က အာနုဘော်ကြီးလျှင် ကြီးသလို စိတ္တဇကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော တေဇောဓာတ် (= ဥတု)သည် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်၏။ ယင်းဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်း ရုပ်ကလာပ် တိုင်းတွင် ပါဝင်တည်ရှိသော ဝဏ္ဏခေါ် ရူပါရုံကလည်း ဘာသုရရူပ (= အလွန် တောက်ပသော ရူပါရုံပင် ဖြစ်၏။ ယင်းရူပါရုံ၏ တောက်ပမှုမှာလည်း ဉာဏ်အာနုဘော်က ကြီးလျှင် ကြီးသလို သေးလျှင် သေးသလိုပင် တောက်ပ၏။ ယင်းဥတုဇရုပ်တို့ကို သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိ အစဉ်၌ ကျရောက်လျက်ရှိသော ဥတုသမုဋ္ဌာန်ရုပ်များ = ဥတုဇရုပ်များ = ဥတုကြောင့် ဖြစ်သောရုပ်များဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။
ထိုစိတ္တသမုဋ္ဌာန်ရုပ် ဥတုသမုဋ္ဌာန်ရုပ် နှစ်မျိုးတို့တွင် (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်များတွင် ပါဝင်တည်ရှိသော ရူပါရုံ (= ဝဏ္ဏဓာတ် အရောင်အလင်း)သည် ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယ (= ကိုယ်အတွင်း) ၌သာလျှင် ပျံ့နှံ့၍ တည်၏။ ဥတုသမုဋ္ဌာန်အမည်ရသည့် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ရူပါရုံ (= ဝဏ္ဏဓာတ် အရောင်အလင်း)သည်ကား ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာအိမ်အတွင်း၌သာမက ခန္ဓာကိုယ်၏ အပြင်ဘက် ဗဟိဒ္ဓ လောကဝယ် ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာသို့တိုင်အောင် ဉာဏ်အာနုဘော်က ကြီးလျှင် ကြီးသည့်အားလျော်စွာ အဝေးသို့တိုင်အောင် ပျံ့နှံ့၍ တည်၏။ ထိုအရောင်အလင်းကား ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် ထင်ရှား၏။
ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့၍ တည်နေသော ထိုအရောင်အလင်းနှင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နေပေ၏။ ထိုသို့ တွေ့မြင်ရာဝယ် စက္ခုဝိညာဏ်ဖြင့်ပင် တွေ့မြင်သလော, မနောဝိညာဏ်ဖြင့်ပင် တွေ့မြင်သလော ဟူသော အချက်ကို စူးစမ်းဆင်ခြင်သင့်သည်ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။ မိမိ မဟာဋီကာဆရာ၏ အယူအဆမှာမူ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူကြကုန်သော သူတော်ကောင်းတို့သည် ထိုရူပါရုံကို ဒိဗ္ဗစက္ခုအဘိညာဏ်ဟူသော မနောဝိညာဏ်စိတ်ဖြင့် တွေ့မြင်သကဲ့သို့ အလားတူပင် ဤအရာ၌လည်း ထိုရူပါရုံအပေါင်းကို (သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဟူသော) မနောဝိညာဏ်ဖြင့်သာလျှင် သိမြင်၏ဟူသော စကားသည်သာလျှင် သင့်မြတ်သကဲ့သို့ ထင်ပေသည်။ --- ဤကား အထက်ပါ မဟာဋီကာ စကားရပ်၏ ဆိုလိုရင်းတည်း။
အနီးစပ်ဆုံးသော အကြောင်းတစ်ရပ်
ဤဉာဏ်အာနုဘော် ကြီးမားမှု မကြီးမားမှုတို့၏ အနီးစပ်ဆုံးသော အကြောင်းတစ်ရပ်မှာ --- သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ (အံ၊၃၊၂၅၉။) = တည်ကြည်သော သမာဓိရှိသောသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိမြင်၏ --- ဟု ဘုရားရှင် ဟောကြားထားတော် မူသောကြောင့် သမာဓိသည် အနီးစပ်ဆုံး အကြောင်းတစ်ရပ် ဖြစ်ပေသည်။
ဥပစာရစကားဟု မှတ်ပါ
အထက်ပါ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက်အရ ဉာဏ်အရောင် အလင်းဟူသော စကားမှာ တင်စား၍ ခေါ်ဝေါ်သုံးစွဲထားသော ဥပစာရစကားဟု မှတ်ပါ။ ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဖြစ်သော စိတ္တဇ ရုပ်, ထိုစိတ္တဇရုပ် တေဇောဓာတ်မှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ) ၏ တောက်ပမှု (= အာလောက = ဩဘာသ = အရောင်အလင်း) ဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ (သမထဉာဏ်ရောင်) ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဝေါ်သုံးစွဲထားသော ဖလူပစာရစကားဟု မှတ်ပါ။ ဤစကားအရ ဉာဏ်၌ အရောင် မရှိ။ ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော (အထက်တွင် ရှင်းပြထားသော) ရုပ်တရားတို့၌သာ အရောင်ရှိသည်ဟု အတိုချုပ် မှတ်သားပါလေ။
ရူပါရုံ အမျိုးမျိုးကို တွေ့မြင်နိုင်သည်
အထက်ပါ မဟာဋီကာဆရာတော်၏ စကားရပ်တွင် တေန ဖုဋ္ဌောကာသော ရူပဂတမ္ပိ ပဿတိ = ထိုလင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်နိုင်ကြောင်းကို ဖွင့်ဆိုလျက် ရှိ၏။ ထိုလင်းရောင်ခြည်၏ စွမ်းအင်ဖြင့် ရူပါရုံအမျိုးမျိုးကို တွေ့မြင်ပုံကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
ထိုအရောင်အလင်းသည် အချို့သော ရဟန်းတော်အား ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာ အရပ်မျှလောက်ကိုသာ ဖြစ်ပေါ်လာ၏။ အချို့သော ရဟန်းတော်အား တိုက်ခန်းတစ်ခန်း အတွင်းကို, အချို့သော ရဟန်းတော်အား တိုက်ခန်းပြင်ပကိုလည်း ထွန်လင်းလျက် ဖြစ်ပေါ်လာ၏။ အချို့သော ရဟန်းတော်အား ကျောင်းတိုက်အားလုံးကို, တစ်ဂါဝုတ်ကို, ယူဇနာဝက်ကို, တစ် ယူဇနာကို, နှစ်ယူဇနာကို, သုံးယူဇနာကို။ ပ ။ အချို့သော ရဟန်းတော်အား မဟာပထဝီမြေကြီးအပြင်မှသည် အကနိဋ္ဌဗြဟ္မာပြည်သို့ တိုင်အောင် တစ်ခဲနက် ထူထပ်သော တစ်ဆက်တည်းသော အရောင်အလင်းကို ပြုလျက် ဖြစ်ပေါ်လာ၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ ဩဘာသအရောင်အလင်းသည် ကား တစ်သောင်းသော လောကဓာတ် စကြဝဠာတိုက်အပေါင်းကို ထွန်းလင်း စေလျက် ထင်ရှားဖြစ်ပေါ်လာတော်မူ၏။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)
ထိုသို့ ဩဘာသခေါ် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ယောဂါဝစရပုဂ္ဂိုလ် တစ်ပါးနှင့်တစ်ပါး မတူဘဲ အနည်းအများ အကြီးအငယ် အဝေးအနီး မတူထူးခြားမှု ရှိမှုနှင့် ဆက်စပ်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါ ဝတ္ထုနှစ်ရပ်ကို ဖွင့်ဆိုရေးသားထားပေသည်။
နာမည်ကျော်ဖြစ်သော သီဟိုဠ်ကျွန်း စိတ္တလတောင်၌ နှစ်ခုသော အထွဋ်ရှိသော ကျောင်းတစ်ဆောင်၏ အတွင်း၌ ယောဂါဝစရမထေရ်မြတ်ကြီး နှစ်ပါးတို့သည် သီတင်းသုံး စံနေတော်မူကြ၏။ မထေရ်မြတ်ကြီးနှစ်ပါးတို့ ဩဘာသ (= ဉာဏ်လင်းရောင်ခြည်) စွမ်းအင်နှင့် ပတ်သက်၍ ဆွေးနွေးမိသော ထိုညဉ့်ကား လကွယ်ပက္ခဥပုသ်နေ့လည်း ဖြစ်နေ၏။ မိုးသား တိမ်းတိုက်တို့ကား ရှစ်နယ်ပတ်ကုံး အပြည့်ဖုံးလျက်ပင် ရှိကြ၏။
၁။ လကွယ်နေ့ ညသန်းခေါင်ယာမ် ဖြစ်ခြင်း,
၂။ စိတ္တလတောင် တောရကျောင်းတိုက် တောအုပ်ကြီးအတွင်း၌ ဖြစ်ခြင်း,
၃။ မိုးသားတိမ်တိုက်တို့က ရှစ်ခွင်တိုင်း၌ အပြည့်ဖုံးလျက် ရှိခြင်း,
၄။ လျှပ်စစ်ရောင်စသည့် အရောင်အလင်း လုံးဝမရှိခြင်း --- တည်းဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော အမိုက်တိုက် အမှောင်ထုကြီးကား ဖုံးအုပ်လျက် ဖြစ်ပေါ်လျက် ရှိ၏။ ထိုအခါ၌ တစ်ဦးသော သီတင်းငယ် မထေရ်က ---
အရှင်ဘုရား ...တပည့်တော်အား ယခုအခါ၌ စေတီရင်ပြင်တော်၌ သီဟာသနခေါ် မြတ်သောနေရာ၌ ငါးပါးသော အဆင်းရှိကုန်သော ပန်းတို့သည် ထင်ရှားနေပါကုန်၏ဟု လျှောက်ထား၏။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)
မထေရ်ကြီးများ သီတင်းသုံးတော်မူရာကျောင်းမှာ အတွင်းအိပ်ခန်းများ ပတ်လည်တွင် စင်္ကြံလျှောက်ရန် စင်္ကြံလမ်းများ ရှိနေ၏။ ပတ်လည်စင်္ကြံကိုလည်းကောင်း, အတွင်းအိပ်ခန်းကိုလည်းကောင်း ကာရံထားသဖြင့် နှစ်ထပ်အကာအရံရှိသော ကျောင်းဖြစ်ပေသည်။ သီတင်းငယ်ဖြစ်တော်မူသော မထေရ်မြတ်ကြီး၏ ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ထိုနှစ်ထပ်သော အကာအရံတို့ကို ထိုးဖောက်ကာ စေတီရင်ပြင်တော်အထိ ပျံ့နှံ့၍ တည်နေ၏။ ညနေချမ်းအခါက စေတီရင်ပြင်တော်၌ တည်ရှိသော သီဟာသနခေါ် မွန်မြတ်သော ပန်းတင်ခုံနေရာ၌ ငါးပါးသော အရောင်အဆင်းရှိကုန်သော ပန်းတို့ကို ဖြန့်ခင်းလျက် စေတီတော်အား ပူဇော်ထားကြကုန်၏။ သန့်ရှင်းစင်ကြယ်သော ဝိပဿနာဉာဏ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်အား ဉာဏ်အရောင်အလင်းဖြင့် ပျံ့နှံ့တွေ့ထိမိရာအရပ်၌ တည်ရှိသော ရူပါရုံအပေါင်း ရူပါရုံအမျိုးမျိုးသည်လည်း ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူသော သူတော်ကောင်း၏ဉာဏ်ဝယ် ထင်ရှားသကဲ့သို့ ထင်ရှား လာကြကုန်၏။ ထို့ကြောင့် --- အရှင်ဘုရား ... တပည့်တော်အား ယခုအခါ၌ စေတီရင်ပြင်တော်၌ သီဟာသနခေါ် မြတ်သောနေရာ၌ ငါးပါးသော အဆင်းရှိကုန်သော ပန်းတို့သည် ထင်ရှားနေပါကုန်၏ဟု လျှောက်ထားခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၂၉...)
ထိုမထေရ်ငယ်ကို သီတင်းဝါကြီးတော်မူသော မထေရ်ကြီးက ဤသို့ ပြန်လည်ကာ အမိန့်ရှိတော်မူ၏။
ငါ့ရှင် ...မအံ့ဩလောက်သည်ကို ပြောဆိုဘိ၏၊ ငါ့အားမူကား ယခုအခါ၌ မဟာသမုဒ္ဒရာအတွင်း ယူဇနာအရပ်၌ ငါးလိပ်တို့သည် ထင်ရှား၍နေကုန်၏ဟု မိန့်ဆိုတော်မူ၏။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)
ဉာဏ်ရောင်လေးမျိုး
ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)
ဤအထက် ပါဋီကာဆရာတော်က ---
၁။ ထိနမိဒ္ဓဝိနောဒနအာလောက,
၂။ ကသိဏာလောက,
၃။ ပရိကမ္မာလောက,
၄။ ဥပက္ကိလေသာလောက ---
ဤသို့လျှင် ဉာဏ်အရောင်အလင်း လေးမျိုး ရှိကြောင်းကို ဖွင့်ဆိုထား၏။
၁။ ထိနမိဒ္ဓဝိနောဒန အာလောက = ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း အလင်းရောင် = ဒိဗ္ဗစက္ခုအဘိညာဏ် (= နတ်မျက်စိကဲ့သို့ အဝေးအနီးရှိသမျှ အလုံးစုံကို မြင်သိနိုင်စွမ်းရှိသော အဘိညာဏ်) အလို့ငှာ ပွားများထားအပ် သော အာလောကကသိုဏ်းသမာဓိကြောင့် (ဥပစာရ+အပ္ပနာ နှစ်ဖြာသော သမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့်) ဖြစ်ပေါ်လာသော အရောင်အလင်း တည်း။
၂။ ကသိဏာလောက = အာလောကကသိုဏ်းမှ ကြွင်းသော ကသိုဏ်းတို့ကို ပွားများရာ၌ ဖြစ်ပေါ်လာသော ဥပစာရ+အပ္ပနာ နှစ်ဖြာသော ကသိုဏ်းသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတည်း။
၃။ ပရိကမ္မာလောက = အဘိညာဏ်၏ အခြေခံဖြစ်သော ပရိကမ္မ, စျာန်၏ အခြေခံဖြစ်သော ပရိကမ္မ - ဤှနှစ်မျိုးသော ပရိကမ္မသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတည်း။
၄။ ဥပက္ကိလေသာလောက = ဝိပဿနာဉာဏ်ကြောင့် အထူးသဖြင့် ဥဒယဗ္ဗယနုပဿနာ (= သင်္ခါရတရားတို့၏ အဖြစ်-အပျက်ကို ရှုနေသော ဝိပဿနာ)ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတည်း။
ဤအထက်ပါ မထေရ်မြတ်ကြီးနှစ်ပါးတို့၏ ဆွေးနွေးခန်း၌ လာရှိသော ဝိပဿနာဉာဏ်လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ငါးမျိုးသော အရောင်အဆင်းရှိသော ပန်းတို့ကိုလည်းကောင်း, ငါးလိပ်တို့ကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်နိုင်၏ဟူသော အချက်ကို ယောဂီ သူတော်ကောင်းတစ်ဦးသည် သတိပြုကာ မှတ်သားထားသင့်၏၊ မမေ့သင့်ပေ။ တစ်ဖန် ဒိဗ္ဗစက္ခုအဘိညာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း, ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတို့နှင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကို ဒိဗ္ဗစက္ခုအဘိညာဏ် ဝိပဿနာဉာဏ်တို့ဖြင့် တွေ့မြင်ရသကဲ့သို့ အထက်တွင် တင်ပြထားသော ကသိဏာလောက, ပရိကမ္မာလောကဟူသော ကျန်သမထဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာရသော လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော အရောင်အဆင်း အမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်သည်ဟု ပြောဆိုလာပါလျှင်လည်း ယောဂီသူတော်ကောင်း တစ်ဦးသည် လက်ခံနိုင်လိမ့်မည်ဟု ယူဆပါသည်။ အကြောင်းမူ ဉာဏ်အရောင်အလင်းတို့၏ စွမ်းအင်များသည် တစ်ခုနှင့် တစ်ခု ကွာဟချက်, ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦး ကွာဟချက် ရှိနိုင်ငြားသော်လည်း အားလုံးကား ဉာဏ်ကြောင့် ဖြစ်ပေါ်လာရသော လင်းရောင်ခြည်များသာ ဖြစ်ကြသောကြောင့် ယောဂီသူတော်ကောင်းတစ်ဦးသည် လက်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ခြင်း ဖြစ်ပေသည်။ အထက်တွင် တင်ပြထားသော အဓိစိတ္တသုတ္တန် သို့မဟုတ် နိမိတ္တသုတ္တန်ကို ထောက်ရှုပါ။ (အံ၊၁၊၂၅၈။...ကြည့်)
ဤဉာဏ်ရောင်သည်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော ဒုက္ခသစ္စာအမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး, သမုဒယသစ္စာအမည်ရသည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော အကြောင်းတရားတို့ကို သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ --- ဝိသယောဘာသနရသော ပဒီပေါ ဝိယ။ (ဝိသုဒ္ဓိ၊၂၊၉၅။ အဘိ၊ဋ္ဌ၊၁၊၁၆၆။) = ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ပရမတ္ထဓမ္မတို့၏ သဘာဝအမှန်ကို ထိုထွင်းသိနိုင်ရန် ဆီမီး ကဲ့သို့ ထွန်းပြခြင်းကိစ္စ ရှိပေသည်။ အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုလုပ်ပေးတတ်ပေသည်။ ထို့ကြောင့် ရုပ်နာမ်တို့၌ အသိအမြင် သန့်ရှင်းမှု ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ တက်လှမ်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ စိတ္တဝိသုဒ္ဓိ အမည်ရသည့် ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိဖြင့် သမာဓိကို ရှေးဦးစွာ တည်ထောင်ရခြင်း ဖြစ်ပေသည်။ သမာဓိကို ချစ်မြတ်နိုးလွန်း၍ကား မဟုတ်၊ ပရမတ္ထဓမ္မသဘာဝကို ထွင်းဖောက်သိမြင်နိုင်သည့် ဉာဏ်အရောင်အလင်းကို အလိုရှိသောကြောင့်လည်းကောင်း, သမာဓိသည် ဉာဏ်ဖြစ်ပေါ်လာရေးအတွက် ဉာဏ်၏ အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်သောကြောင့်လည်းကောင်း သမာဓိကို ရှေးဦးစွာ ထူထောင်ရခြင်း ဖြစ်ပေသည်။
သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်
ယင်းသို့ဖြစ်လျှင် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် သမာဓိကို ထူထောင်မှု ရှိ-မရှိ မေးရန် ရှိ၏။ အောက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအဖွင့်ကို ဖတ်ရှုကြည့်ပါ။
သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတေဿာ ဓာတုယော ပရိဂ္ဂဏှာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
သုဒ္ဓဝိပဿနာယာနိက ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း, ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးသောအခါ စျာန်နာမ်တရားက စ၍ မသိမ်းဆည်းလိုဘဲ ရုပ်ကမ္မဋ္ဌာန်းက စ၍ သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းပိုင်း၌ ဖွင့်ဆိုရေးသားအပ်ခဲ့ပြီးကုန် သော ထိုထိုဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းကြောင်း နည်းလမ်းတို့တွင် တစ်နည်းနည်း၏အစွမ်းဖြင့် အကျဉ်းနည်းအားဖြင့် သော်လည်းကောင်း, အကျယ်နည်းအားဖြင့် သော်လည်းကောင်း ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းရှုပွားပါ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
ဤညွှန်ကြားချက်အရ ဝိပဿနာကို တိုက်ရိုက်သွားလိုသော သုဒ္ဓဝိပဿနာယာနိက ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းကို စတင် သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ အကြောင်းပြချက်မှာ ဤသို့ ဖြစ်၏။
အကြောင်းပြချက်
သမာဓိကို ထူထောင်ပုံ နည်းစနစ်များကို ညွှန်ကြားပြသရာ သမထပိုင်း၌ကား သမထကမ္မဋ္ဌာန်း (၄၀) ရှိ၏။ သို့သော် ဝိပဿနာပိုင်း၌ကား ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်းနှစ်မျိုးသာ ရှိကြောင်းကို အဋ္ဌကထာ များ၌ ဖွင့်ဆိုလျက် ရှိ၏။
ဒုဝိဓဥှိ ကမ္မဋ္ဌာနံ ရူပကမ္မဋ္ဌာနဉ္စ အရူပကမ္မဋ္ဌာနဉ္စ။ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတိ။ တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
= ဝိပဿနာပိုင်း ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးသောအခါ ကမ္မဋ္ဌာန်းသည် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဟု နှစ်မျိုး ရှိ၏။ ရုပ်ကို သိမ်းဆည်းခြင်း = ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = ရူပပရိဂ္ဂဟ, နာမ်ကို သိမ်းဆည်းခြင်း = နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = အရူပပရိဂ္ဂဟဟူ၍လည်း ခေါ်ဆို၏။ ထိုနှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို သို့မဟုတ် ရုပ်တရားကို သိမ်းဆည်း ပုံကို ဟောကြားပြသတော်မူသည်ရှိသော် အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း, အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း စတုဓာတုဝဝတ္ထာန် အမည်ရသည့် ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြား ပြသတော်မူရိုး ဓမ္မတာ ဖြစ်၏။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
ဤအဋ္ဌကထာများ၏ သတ်မှတ်ချက်အတိုင်း ပြောဆိုရမူ ရုပ်တရားကို သိမ်းဆည်းပုံ (= ရုပ်ကမ္မဋ္ဌာန်းကို ရှုပွားပုံ)နှင့် ပတ်သက်၍ ရှုပုံနည်းစနစ်ကို ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းနှင့် ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းဟု နည်း နှစ်နည်းသာလျှင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတွက် ရုပ်တရား ကစ၍ သင်္ခါရတရားတို့ကို သိမ်းဆည်းလိုသော သမထယာနိကပုဂ္ဂိုလ်သည်လည်းကောင်း, သမထစျာန်ကို အခြေမခံသော ဝိပဿနာသက်သက်ကိုသာ အားထုတ်လိုသော သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်လည်းကောင်း ဓာတ်ကြီး လေးပါးကိုသာလျှင် စတင်၍ သိမ်းဆည်းရခြင်း ရှုပွားရခြင်း ဖြစ်ပေသည်။
အရူပမုခေန ပန ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဣစ္ဆိတဗ္ဗော။ (မ၊ဋီ၊၁၊၃၆၉။)
= နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် သင်္ခါရတရားတို့ကို စ၍ နှလုံးသွင်းခြင်းသည်ကား ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ်အားသာလျှင် အလိုရှိအပ်၏။ (မ၊ဋီ၊၁၊၃၆၉။)
ယထာ ရူပေ ဝိပဿနာဘိနိဝေသော ယေဘုယျေန ဝိပဿနာယာနိကဿ၊ ဧဝံ အရူပေ ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဟောတိ။ အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။ (မဟာဋီ၊၂၊၄၇၀။)
ရုပ်တရားကစ၍ ဝိပဿနာနှလုံးသွင်းခြင်းသည် ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား ဖြစ်သကဲ့သို့ အလားတူပင် နာမ်တရားက စ၍ ဝိပဿနာနှလုံးသွင်းခြင်းသည်လည်း ယေဘုယျအားဖြင့် စျာန်ရ သမထယာနိကပုဂ္ဂိုလ်အား ဖြစ်ပေသည်။ အဘိနိဝေသ (= နှလုံးသွင်းခြင်း) ဟူသည်မှာလည်း ဝိပဿနာ၏ ရှေးအဖို့၌ ပြုသင့်ပြုထိုက်သော နာမ်ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူသော နာမရူပပရိစ္ဆေဒဉာဏ်ဟု သိရှိပါလေ။ ထို့ကြောင့် ရှေးဦးစွာ ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းသည် ရုပ်တရား၌ နှလုံး သွင်းခြင်း (= အဘိနိဝေသ) မည်၏။ ရှေးဦးစွာ နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းသည် နာမ်တရား၌ နှလုံးသွင်းခြင်း (= အဘိနိဝေသ) မည်၏။ (မဟာဋီ၊၂၊၄၇၀။)
[ဤဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ သဒိသူပစာရအားဖြင့် ဥပစာရ သမာဓိနယ်မြေသို့ ဆိုက်သောအခါ၌လည်း ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းနေသော ဉာဏ်ကြောင့် လင်းရောင်ခြည်များ ဖြစ်ပေါ်လာသည်သာ ဖြစ်၏။ စာမျက်နှာ ...၌ ကြည့်ပါ။]
အာနာပါနကမ္မဋ္ဌာန်း
ဤနာထသုတ္တန်ပိုင်းတွင် သမထယာနိကလမ်းမှ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးပုံနှင့် ဆက်စပ်၍ ရှေးဦးစွာ ဗဟုဿုတအင်္ဂါရပ် ဒုတိယနာထတရားနှင့် ပြည့်အောင် ကြိုးစားပုံအပိုင်းကို အာနာပါနကျင့်စဉ်ပိုင်းကို အစပြုကာ သမထပိုင်းကျင့်စဉ် အချို့ကို ရေးသားတင်ပြပေအံ့။
ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်စသည့် ထိုထိုဒေသနာတော်တို့၌ သမထပိုင်း အာနပါနကျင့်စဉ်ကို အားထုတ်ရာဝယ် ဝင်သက်လေ+ ထွက်သက်လေ၏ -----
၁။ အရှည်ကို သိအောင်,
၂။ အတိုကို သိအောင်,
၃။ အစ-အလယ်-အဆုံး-အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်,
၄။ ဝင်သက်လေ+ထွက်သက်လေကို ငြိမ်အောင် ငြိမ်းအောင် ကျင့်ရန် ညွှန်ကြားထားတော်မူ၏။ (မ၊၂၊၈၈ ...)
ဤ၌ အသက်ရှူနှေးမှုကို အရှည်ဟုလည်းကောင်း, အသက်ရှူမြန်မှုကို အတိုဟုလည်းကောင်း ဆိုလိုပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၆၃-၂၆၄။ မဟာဋီ၊၁၊၃၁၈။) အသက်ရှူသည့်အခါ အချိန်ခပ်ကြာကြာ ရှူမှုနှင့် အချိန်ခပ်တိုတို ရှူမှုကို ဆိုလိုပေသည်။
ယောဂါဝစရပုဂ္ဂိုလ်သည် အသက်ရှူနှေးလျှင်လည်း ဝင်သက်လေ+ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်, အသက်ရှူ မြန်လျှင်လည်း ဝင်လေ+ထွက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ဝင်သက်လေ+ထွက်သက် လေ ထိမှုထင်ရှားသည့် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်က စောင့်၍ ဝင်လေ+ထွက်လေအာရုံ၌ သတိကပ်ကာ ရှုနေပါ။
ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
= ဝင်သက်လေ+ထွက်သက်လေ ထိမှု ထင်ရှားသည့် နှာသီးဖျား, သို့မဟုတ် အထက်နှုတ်ခမ်းအရပ်မှ စောင့်၍ ဝင်သက်လေ+ထွက်သက်လေ အာရုံ၌ သတိကပ်ကာ ပွားများအားထုတ်သူ၏ သန္တာန်၌သာလျှင် အာနာပါနဿတိ သမာဓိဘာဝနာသည် ပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
ဤစည်းကမ်းသတ်မှတ်ချက်ကား အလွန် အရေးကြီးလှပေသည်။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်မှ စောင့်၍ အသက်ရှူနှေးသည် ဖြစ်စေ, မြန်သည်ဖြစ်စေ ဝင်သက်လေ+ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် သတိဖြင့် ကပ်၍ ရှုနေပါ၊ ထိုသို့ ရှုရာ၌ အသက်ရှူ နှေးအောင် သို့မဟုတ် အသက်ရှူ မြန်အောင် မကြိုးစားပါနှင့်၊ ပင်ကိုယ်သဘာဝအတိုင်းသာ အသက်ရှူကာ ရှုနေပါ။ ထိုသို့ ရှုရာ၌ ဝင်သက်လေ+ထွက်သက်လေ၌ တည်ရှိသော မာမှု, ကြမ်းမှု, လေးမှု, ပျော့မှု, ချောမှု, ပေါ့မှု, ယိုစီးမှု, ဖွဲ့စည်းမှု, ပူမှု, အေးမှု, ထောက်ကန်မှု, တွန်းကန်မှုဟူသော ဓာတ်သဘောတရားများကို နှလုံးမသွင်းပါနှင့်၊ ယင်း ဓာတ်သဘောတရားများကို နှလုံးသွင်းပါက ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သွား ပေသည်။ အာနာပါနကမ္မဋ္ဌာန်းနှင့် ဓာတ်ကမ္မဋ္ဌာန်းကို မရောယှက်အောင် သတိပြုပါ။
ဝင်သက်လေ+ထွက်သက်လေဟူသော ပညတ်အာရုံ၌သာ ဘာဝနာစိတ်ကို ကပ်ကာ သမာဓိကို ထူထောင်ပါ။ အကယ်၍ သမာဓိကို ထူထောင်၍ မရနိုင်ဘဲ စိတ် အပြင်အာရုံတို့သို့ အရောက်များနေပါက ရေတွက်ခြင်း (=ဂဏနာ)နည်းကို အသုံးပြုရန် အဋ္ဌကထာများက အကြံပြုထားပေသည်။ ဝင်သက်လေ+ထွက်သက်လေ နှစ်ခုပေါင်းကို တစ် ..စသည်ဖြင့် ရေတွက်ပါ။ ငါးနှင့် တစ်ဆယ်အကြား နှစ်ခြိုက်ရာ နေရာတွင် ရပ်နားနိုင်သည်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)
ရေတွက်ခြင်း (= ဂဏနာ)နည်း၏ အစွမ်းဖြင့်လည်း ဝင်သက်လေ+ ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပါသည်။
မရေတွက်ဘဲနှင့် ဖြစ်စေ, ရေတွက်သည့်နည်းဖြင့် ဖြစ်စေ သမာဓိကို ထူထောင်ရာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဝင်သက်လေ+ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်သက်စွာ ကပ်၍ တည်နေသော် ယေဘုယျအားဖြင့် ဝင်သက်လေ+ထွက်သက်လေမှာ နူးညံ့သိမ်မွေ့လာတတ်ပါသည်။ အကယ်၍ မသိမ်မွေ့ပါက သိမ်မွေ့စေရမည်ဟူသော အာဘောဂ နှလုံး သွင်းဖြင့် ဝင်သက်လေ+ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်လိုက်သော် သမာဓိ အားကောင်း လာသောအခါ ဝင်သက်လေ+ထွက်သက်လေမှာ သိမ်မွေ့လာတတ်ပါသည်။
ထိုအခါ ယောဂါဝစရပုဂ္ဂိုလ်က သိမ်မွေ့သော လေကို ထင်ရှားအောင် သက်သက် မကြိုးစားပါနှင့်။ ထိုသိမ်မွေ့သော လေ၌ အစမှ အဆုံးထိ တောက်လျှောက်သိနေအောင် ဘာဝနာစိတ်ကို ကပ်ထားပါ။ အသက်ရှူ နှေးလျှင်လည်း သိမ်မွေ့နေသော လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်, အသက်ရှူမြန်လျှင်လည်း ယင်းသို့မြန်နေသော သိမ်မွေ့နေသော လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင် ရှားရှား သိအောင်သာ ဆက်လက်ကြိုးစားပါ။ ယင်းသိမ်မွေ့သော ဝင်သက်လေ+ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေအောင် ကြိုးစားပါ။ ဤအချိန်အခါမျိုး၌ ဝင်သက်လေ+ထွက်သက်လေမှာ သိမ်မွေ့လွန်းသဖြင့် မထင်မရှား ဖြစ်လာတတ်ပါသည်။ ထိုအခါ ထင်ရှားအောင် အသက်ပြင်းပြင်း မရှူပါနှင့်။ ထိုအခါမျိုး၌ အလွန်အားကောင်းသော ဝင်သက်လေ+ထွက်သက်လေကို အမှတ်ရမှု သတိနှင့် ဝင်သက်လေ+ ထွက်သက်လေကို ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်ရှိဖို့ လိုအပ်ပေ သည်။
နာဟံ ဘိက္ခဝေ မုဋ္ဌသတိဿ အသမ္ပဇာနဿ အာနာပါနဿတိဘာဝနံ (အာနာပါနဿတိသမာဓိဘာဝနံ) ဝဒါမိ။ (မ၊၃၊၁၂၇။ သံ၊၃၊၂၉၄။)
ရဟန်းတို့ ...ဝင်လေ+ထွက်လေကို အမှတ်ရမှု သတိ ကင်းပျောက်နေ သော, ဝင်လေ+ထွက်လေတို့ကို ကွဲကွဲပြားပြား သိတတ်သည့် သမ္ပဇဉ်ဉာဏ် မရှိသော သူအား အာနာပါနဿတိ (= အာနာပါနဿတိသမာဓိ)ဘာဝနာကို ငါဘုရား ဟောတော်မမူပေ။ (မ၊၃၊၁၂၇။သံ၊၃၊၂၉၄။)
ထိုအခါမျိုး၌ သတိနှင့် သမ္ပဇဉ်ဉာဏ် အားကောင်းမောင်းသန်ဖို့ လိုအပ်ပေသည်။ သတိသမ္ပဇဉ်ဉာဏ်အား ကောင်းကောင်းဖြင့် ဝင်လေ+ထွက်လေ ထိမှု ထင်ရှားသည့် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်က စောင့်၍ ဝင်လေ+ထွက်လေကို စူးစူးစိုက်စိုက်ရှုကာ သတိကို ကပ်ထားနိုင်ခဲ့သော် သမာဓိလည်း အားကောင်းလာခဲ့သော် မကြာမီ အချိန်ကာလအတွင်းဝယ် အာနာပါနနိမိတ် စ၍ ပေါ်လာတတ်ပါသည်။
---အခက်အခဲများ
အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ နိမိတ်ပေါ်စဝယ် ဝင်သက်လေ+ ထွက်သက်လေနှင့် နိမိတ်မှာ တစ်သားတည်း မဖြစ်ဘဲ ဝင်လေ+ထွက်လေက တခြား, နိမိတ်က တခြား ဖြစ်နေတတ်၏။ နိမိတ်မှာ နှာသီးဖျားမှ တစ်ထွာခန့် တွင်လည်း ပေါ်နေတတ်၏၊ လက်တစ်လုံးခန့် လက်နှစ်လုံးခန့်တွင်လည်း ပေါ်နေတတ်၏၊ နဖူးပေါ်တွင်လည်း ပေါ်နေတတ်၏၊ မျက်မှောင် နှစ်ခုတို့၏ အကြား၌လည်း ပေါ်နေတတ်၏။ အကွာအဝေး အမျိုးမျိုး၌ ပုံသဏ္ဌာန် အမျိုးမျိုး အရောင်အမျိုးမျိုးသော နိမိတ်များ ဖြစ်ပေါ်နေတတ်ကြ၏။ အထက်တွင် ရှင်းပြခဲ့သော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်ကို မမေ့ ပါနှင့်။ ညွှန်ကြားချက်မှာ ဤသို့ဖြစ်၏။
ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
(နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်းဟူသော) ဝင်သက်လေ+ ထွက်သက်လေ၏ ထိမှုထင်ရှားရာ ထိမှုထင်ရှားရာ နေရာ၌ အာနပါနကို (= ဝင်သက်လေ+ထွက်သက်လေကို) သိမ်းဆည်းတတ်သော သတိကို ထား၍ (= ရှေးရှူ တည်စေ၍) အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိဘာဝနာသည် ပြီးစီး ပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
ဤအပိုင်းတွင်လည်း ဤစည်းမျဉ်းဥပဒေသကို မမေ့ပါနှင့်။ အလွန် တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ ဖြစ်သည်။
တစ်ဖန် ယင်းနိမိတ်၏ အရောင်ကိုလည်း နှလုံး မသွင်းပါနှင့် (ဝိသုဒ္ဓိ၊ ၁၊၂၇၈။) ဤစည်းမျဉ်းဥပဒေသမှာလည်း အလွန်တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။
ယင်းသို့ နိမိတ် ဝေးကွာနေရာ၌ နိမိတ်ကို နှလုံးမသွင်းဘဲ ပကတိသော ဝင်သက်လေ+ထွက်သက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နှစ်နေရာတို့တွင် တစ်နေရာမှ စောင့်၍ ပကတိသော ဝင်သက်လေ+ထွက်သက်လေကိုသာ ရှုနေပါ၊ သမာဓိကို ဆက်လက် ထူထောင်ပါ။ တဖြည်းဖြည်း သမာဓိစွမ်းအင် ပြည့်ဝလာသောအခါ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် မြစ်ဖျားခံ၍ အခြေစိုက်၍ နိမိတ်သည် ကပ်၍ တည်နေပေလိမ့်မည်။ နိမိတ်နှင့် ဝင်သက်လေ+ထွက်သက်လေတို့သည် တစ်သားတည်း ဖြစ်သွားပါက တစ်ခုတည်း ဖြစ်သွားပါက = ဝင်သက်လေ+ ထွက်သက်လေသည်ပင် နိမိတ်, နိမိတ်သည်ပင် ဝင်သက်လေ+ ထွက်သက်လေ ဖြစ်သွားပါက နှာခေါင်းအတွင်းမှ ထွက်လာသော လေသည်ပင် နိမိတ် ဖြစ်သွားပါက ပုံစံမှန်သွားပြီ ဖြစ်သည်။ ထိုအခါ နိမိတ်ကိုပင် အာရုံယူကာ နိမိတ်မှာပင် ဘာဝနာစိတ်ကို ကပ်ကာ သမာဓိကို ဆက်လက် ထူထောင်ပါ။
---နိမိတ်ကို မကစားပါနှင့်
တေသု ဟိ အာနာပါနနိမိတ္တံ တာဝ ဝဍ္ဎယတော ဝါတရာသိယေဝ ဝဍ္ဎတိ၊ ဩကာသေနေ စ ပရိစ္ဆိန္နံ၊ ဣတိ သာဒီနဝတ္တာ ဩကာသေန စ ပရိစ္ဆိန္နတ္တာ န ဝဍ္ဎေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)
= နိမိတ်ကို တိုးပွားအောင် မပြုလုပ်သင့်သော ထိုကမ္မဋ္ဌာန်းတို့တွင် အာနာပါနနိမိတ်လည်း ပါဝင်လျက် ရှိ၏။ အာနာပါနနိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့သော် လေအစုအပုံသည်သာလျှင် တိုးပွားလာ၏။ အာနာပါန ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ၌ ဝင်သက်လေ+ထွက်သက်လေ ထိမှု ထင်ရှားရာ နေရာ၌သာ သတိကို ကပ်ထား၍ (= ရှေးရှု တည်စေ၍) ပွားများရမည်ဟု ယင်းအာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းရမည့်နေရာ (= သတိ ကပ်ထားရမည့်နေရာ)ဖြင့်လည်း ပိုင်းခြား ကန့်သတ်ထား၏။ ဤသို့လျှင် လေ အစုအပုံ တိုးပွားခြင်းဟူသော အပြစ်ရှိသည့်အတွက်ကြောင့်လည်းကောင်း, ဝင်သက်လေ+ထွက်သက်လေ၏ ထိမှု ထင်ရှားရာ နေရာဖြစ်သည့် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော သတိကပ်ရမည့် နေရာအရပ်ဖြင့် ပိုင်းခြား သတ်မှတ်ထားသည့်အတွက်ကြောင့်လည်းကောင်း အာနာပါနနိမိတ်ကို တိုးပွားအောင် မပြုလုပ်ပါနှင့်။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)
ဤစည်းမျဉ်းဥပဒေသမှာလည်း ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ လိုက်နာ ရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။ ထိုကြောင့် ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်း အာနာပါနနိမိတ်ကို ကြီးသွားအောင်, သေးသွားအောင်, ရှည်အောင်, တိုအောင်, ဝေးအောင်, နီးအောင်, ဖြူအောင်, ဝါအောင်, နီအောင်, ပြာအောင် ဤသို့ စသည်ဖြင့် မကြိုးစားပါနှင့်။ ယင်းသို့ ကြိုးစား နေခဲ့သော် ယောဂါဝစရပုဂ္ဂိုလ်က အလိုရှိနေသော အာနာပါနစျာန်သို့ကား မရောက်ရှိနိုင်တော့ပေ။ ဝီရိယလွန်သော် ဥဒ္ဓစ္စဟူသည့် အဆိုအတိုင်း နိမိတ်ကို ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိူးဖြစ်အောင် ကြောင့်ကြစိုက်နေရသဖြင့် အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင်နေမှု ဥဒ္ဓစ္စနီဝရဏတရားက နေရာခပ်များများ ယူထားသောကြောင့်ပင် ဖြစ်ပေသည်။
---ရှောင်ရှားရန်
အထာနေန တံ နိမိတ္တံ နေဝ ဝဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏတော ပစ္စဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)
အာနာပါနကမ္မဋ္ဌာန်း၌ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟု နိမိတ်သုံးမျိုး ရှိ၏။ နိမိတ်ဟူသည် သမာဓိဖြစ်ဖို့ရန် သို့မဟုတ် သမာဓိ၏ အာရုံ အကြောင်းတရားဟု ဆိုလို၏။
၁။ ပရိကမ္မနိမိတ် --- ပကတိသော ဝင်သက်လေ+ထွက်သက်လေသည်လည်း ပရိကမ္မနိမိတ် မည်၏။ အာနာပါနကမ္မဋ္ဌာန်းကို အထက်တွင် တင်ပြခဲ့သည့် ဘုရားရှင် ညွှန်ကြားတော်မူသည့်အတိုင်း အစဉ်အတိုင်း ကျင့်သဖြင့် သမာဓိ အားကောင်းလာသောအခါ ဘာဝနာ၏ စွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာသော မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော အာနာပါနနိမိတ် သည်လည်း ပရိကမ္မနိမိတ် မည်၏။
၂။ ဥဂ္ဂဟနိမိတ် --- ဘာဝနာစွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူဖွေးနေသော အာနာပါနနိမိတ်သည် ဥဂ္ဂဟနိမိတ် မည်၏။ (အခြားအရောင်များလည်း ဖြစ်နိုင်သည်။)
၃။ ပဋိဘာဂနိမိတ် --- ဘာဝနာစွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော သောက်ရှူးကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော အာနာပါနနိမိတ်သည် ပဋိဘာဂနိမိတ် မည်၏။ (အခြားအရောင်များလည်း ဖြစ်နိုင် သည်၊၊)
ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော ပရိကမ္မနိမိတ်, ဖြူဆွတ်နေသော ဥဂ္ဂဟနိမိတ်, ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ်လာသော အခါ ယင်းနိမိတ်ကို အရောင်အားဖြင့် နှလုံးမသွင်းပါနှင့် (= ယင်းနိမိတ်တို့၏ အရောင်ကို နှလုံးမသွင်းပါနှင့်။) နှလုံးသွင်းခဲ့သော် အရောင်ကသိုဏ်းဘက်သို့ ကူးသွားမည်။ သို့သော် တကယ့်အရောင်ကသိုဏ်းလည်း မဖြစ်နိုင်။ အရောင် ကသိုဏ်း ပြုလုပ်နိုင်သော အာရုံနိမိတ်တို့တွင် ယင်း အာနာပါနနိမိတ် မပါဝင်သောကြောင့် ဖြစ်၏။ (၁)
မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ ဟူသော ပထဝီဓာတ်၏ သဘာဝလက္ခဏာ, ယိုစီး-ဖွဲ့စည်း ဟူသော အာပေါဓာတ်၏ သဘာဝလက္ခဏာ, ပူ-အေး ဟူသော တေဇောဓာတ်၏ သဘာဝလက္ခဏာ, ထောက်ကန်မှုဟူသော ဝါယောဓာတ်၏ သဘာဝလက္ခဏာဟု ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာများ ရှိကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ပကတိသော ဝင်သက်လေ+ထွက်သက်လေ အဝင်အပါဖြစ်သော ပရိကမ္မနိမိတ်, ဥဂ္ဂဟ နိမိတ်, ပဋိဘာဂနိမိတ်ဟူသော ယင်းနိမိတ်အားလုံးကို သဘာဝလက္ခဏာ အားဖြင့်လည်း နှလုံးမသွင်းပါနှင့် (= ယင်း အာနာပါနနိမိတ်အားလုံး၌ တည်ရှိ သော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ၌လည်း နှလုံးမသွင်းပါနှင့်)။နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သွားမည်။ အာနာပါနကမ္မဋ္ဌာန်း မဖြစ်တော့ပေ။ သို့သော် ဓာတ်ကမ္မဋ္ဌာန်းမှာလည်း အာနာပါန တစ်ခုတည်း၌ တည်ရှိသော ဓာတ်လေးပါးမျှလောက်ကိုသာ ရှုရုံမျှဖြင့် မလုံလောက်သည်သာ ဖြစ်၏။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း၌ကာ တစ်ကိုယ်လုံးကို ခြုံငုံ၍ ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာကို ရှုရ၏။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း၌ကား (၄၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီ၌ ခြုံငုံ၍ ဓာတ်ကြီးလေးပါတို့၏ သဘာဝလက္ခဏာကို ရှုရ၏။ (၂)
အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာဟူသော လက္ခဏာ သုံးပါးတို့သည် ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသော သင်္ခါရတရား အားလုံးတို့နှင့် သက်ဆိုင်သောကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏။ယောဂါဝစရပုဂ္ဂိုလ်သည် ပကတိသော ဝင်သက်လေ+ထွက်သက်လေ အဝင်အပါ ဖြစ်သော ယင်းအာနာပါနနိမိတ်အားလုံးကို သာမညလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ မရှုပွား မသုံးသပ်ပါနှင့်။ အကြောင်းမူ ဝိပဿနာဟူသည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ပရမတ် သင်္ခါရတရားတို့ကိုသာလျှင် လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်ရသော လုပ်ငန်းခွင် ဖြစ်၏။ ပကတိသော ဝင်သက်လေ+ ထွက်သက်လေ အဝင်အပါ ယင်းအာနာပါနနိမိတ် အားလုံးတို့သည်ကား သမူဟပညတ် သဏ္ဌာနပညတ် စသော ပညတ် မစင်သေးသည့် ပညတ် အတုံးအခဲတို့သာ ဖြစ်ကြသေး၏။ ပညတ်တရားတို့မည်သည်မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ မဟုတ်ကြလေကုန်။ ထိုကြောင့် ယင်းနိမိတ်တို့၌ သာမညလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ (၃)
ထိုကြောင့် ပကတိသော ဝင်သက်လေ+ထွက်သက်လေကို အာရုံပြု၍ ဝင်လေ ဖြစ်-ပျက် အနိစ္စ၊ ထွက်လေ ဖြစ်-ပျက် အနိစ္စ ဟု မရှုပါနှင့်။ ဃနဟူသည့် ရုပ်အတုံးအခဲ မပြိုသေးသော ပကတိသော ဝင်သက်လေ+ ထွက်သက်လေကား ပညတ်သာတည်း။
အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။ (ဝိသုဒ္ဓိ၊၁၊၃၄၆။)
စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းကို အောင်မြင်စွာ ရှုပွားနိုင်သော် စိတ်ကြောင့်ဖြစ်သည့် ပကတိသော ဝင်သက်လေ+ထွက်သက်လေဟူသော အဿာသပဿာသကောဋ္ဌာသ၌ ဓာတ်ကြီး လေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ သမာဓိစွမ်းအင် ပြည့်ဝလာသောအခါ ဝင်သက်လေ+ထွက်သက်လေကို မတွေ့တော့ဘဲ ရုပ်ကလာပ်အမှုန်များကို သာ တွေ့ရှိမည် ဖြစ်ပေသည်။ ယင်း ရုပ်ကလာပ်တို့၌ တည်ရှိသော ပရမတ် ရုပ်တရားတို့ကို ဆက်လက်သိမ်းဆည်းနိုင်ပါက ရုပ်ကလာပ် တစ်ခုစီ တစ်ခုစီ၌ ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ = အရောင်, ဂန္ဓ = အနံ့, ရသ = အရသာ, ဩဇာ = အဆီအစေး, သဒ္ဒ = အသက်ရှူသံဟု (၉)မျိုးသော ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် ဖြစ်ပေသည်။ ယင်း (၉) မျိုးသော ရုပ်တရားတို့ကား လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ကောင်းသော ရုပ်တရားတို့ ဖြစ်ကြ၏၊ ပရမတ္ထရုပ်တရားတို့ ဖြစ်ကြ၏။ ယင်းပရမတ္ထတရားတို့ကို မသိမ်းဆည်းနိုင်ဘဲ ဉာဏ်ဖြင့် ပိုင်းခြား မယူနိုင်ဘဲ မသိဘဲ မမြင်ဘဲ ပကတိသော ဝင်သက်လေ+ထွက်သက်လေ အဝင်အပါ ယင်းအာနာပါနနိမိတ်အားလုံးကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ပါက တကယ် ဝိပဿနာအစစ် မဟုတ်ဟု မှတ်သားပါလေ။
---အာနာပါနနိမိတ် အမျိုးမျိုး
ဤအာနာပါနနိမိတ်သည်ကား ခပ်သိမ်းကုန်သော သူတို့အား တစ်ချက်တည်း ထပ်တူသည်မဖြစ်ပေ၊ အမျိုးမျိုးပေါ်တတ်၏။အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချမ်းသာသော အတွေ့အထိကို ဖြစ်စေလျက် -----
၁။ လဲဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)
၂။ ဗိုင်းဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)
၃။ လေအလျဉ်ကဲ့သို့ (ဥဂ္ဂဟနိမိတ်)
၄။ သောက်ရှူးကြယ်ရောင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၅။ ပတ္တမြားလုံးကဲ့သို့ (ပဋိဘာဂနိမိတ်)
၆။ ပုလဲလုံးကဲ့သို့ (ပဋိဘာဂနိမိတ်) ထင်လာတတ်၏။
အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်အား ကြမ်းတမ်းသော အတွေ့အထိ ရှိသည်ဖြစ်၍ ----
၇။ ဝါရိုးကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၈။ သစ်သားနှစ် တံကျင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်) ထင်လာတတ်၏။
အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ----
၉။ ရှည်စွာသော ဆောက်လုံး ကြိုးမျှင်ကဲ့သို့,
၁၀။ ပန်းဆိုင်းကဲ့သို့,
၁၁။ မီးခိုးညွန့်ကဲ့သို့,
၁၂။ ကျယ်ပြန့်သော ပင့်ကူချည်မျှင်ကဲ့သို့,
၁၃။ တိမ်တိုက်လွှာကဲ့သို့,
၁၄။ ပဒုမ္မာကြာပွင့်ကဲ့သို့,
၁၅။ ရထားစက်ဘီးကဲ့သို့,
၁၆။ လဝန်းကဲ့သို့,
၁၇။ နေဝန်းကဲ့သို့ ထင်လာတတ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၇။မဟာဋီ၊၁၊၃၃၅။)
အမှတ် (၉ )မှ (၁၇)အထိ အားလုံးသော နိမိတ်တို့သည် ဥဂ္ဂဟနိမိတ်+ ပဋိဘာဂနိမိတ်တို့ ဖြစ်ကြ၏။
တစ်ခုသာတည်းလျှင်ဖြစ်သော တစ်မျိုးတည်းသာလျှင်ဖြစ်သော ဤ အာနာပါနကမ္မဋ္ဌာန်းသည် နိမိတ် မထင်မီ, နိမိတ်ထင်သည်မှ ရှေးမဆွက ဖြစ်ကုန်သော သညာတို့၏ ထူးထူးထွေထွေ ကွဲပြားမှု ရှိသည်၏အဖြစ်ကြောင့် တစ်ဦးနှင့်တစ်ဦး တစ်ချိန်နှင့်တစ်ချိန် မတူညီဘဲ နိမိတ်အမျိုးမျိုး ထင်လာရခြင်း ဖြစ်၏။ မှန်ပေသည် ဤအာနာပါနနိမိတ်သည် အာနာပါနဿတိသမာဓိဘာဝနာသညာကြောင့် ဖြစ်ပေါ်လာရ၏ (= ဘာဝနာသညာဖြင့် မှတ်အပ် ကြံအပ်ကာမျှ ဖြစ်၏)၊ ဘာဝနာသညာဟူသော အကြောင်းရင်း ရှိ၏၊ ဘာဝနာသညာဟူသော အမွန်အစ ရှိ၏။ ထိုကြောင့် ဘာဝနာသညာ ထူးထွေ ကွဲပြားမှု ရှိသောကြောင့် နိမိတ်အမျိုးမျိုး ထင်လာရခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊ ၂၊၂၇၇။မဟာဋီ၊၁၊၃၃၅။)
အာနာပါနဿတိသမာဓိဘာဝနာသည် ရင့်ကျက်လာသောအခါ ခိုင်မြဲလာသောအခါ နက်ရှိုင်းလာသောအခါ နိမိတ်မပေါ်မီ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နိမိတ်နှင့်ပတ်သက်၍ တစ်ဆင့်ကြားဖူး၍ ဖြစ်စေ, စာပေကို ဖတ်ဖူး၍ ဖြစ်စေ ဤသို့သော နိမိတ်, ဤသို့သော နိမိတ် စသည်ဖြင့် နိမိတ်နှင့် ပတ်သက်သော အယူအဆ အတွေးအခေါ်များ အမှတ်သညာများ သည် ရံခါ ကြိုးကြားကြိုးကြား ဖြစ်ပေါ်လာတတ်၏။ ယင်း အမှတ်သညာ တို့၏ ထူးထွေ ကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး အရောင် အမျိုးမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်၏။ နိမိတ်ပေါ်လာပြီး နောက်ပိုင်း၌လည်း ဘာဝနာသညာက ထပ်မံ၍ ကွဲပြားနေပြန်လျှင်လည်း သမာဓိလည်း အားကောင်းမောင်းသန်ပါက စိတ်ကူးသည့်အတိုင်း နိမိတ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုး ပြောင်းလဲနေတတ်ပေသည်။ ထိုကဲ့သို့ အပြောင်းအလဲ များနေပါက စျာန်သမာဓိသို့ ရောက်ရှိဖို့ရန် အခက်ခဲများစွာ ရှိနိုင်ပေသည်။
ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် နိမိတ်နှင့် ပတ်သက်သည့် သညာ များကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားပါ။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ ပေါ်နေသော ပကတိသော ဝင်သက်လေ ထွက်သက်လေမှဖြစ်ပေါ်လာသော နိမိတ်၌သာ ဘာဝနာစိတ်ကို ကပ်၍တည်နေအောင် ကြိုးစားပါ။ ရေပြည့်နေသော ဖလ်ခွက်တစ်ခု အတွင်းသို့ ပတ္တမြားတစ်လုံးကို သို့မဟုတ် ပုလဲတစ်လုံးကို နှစ်ထားသကဲ့သို့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ တည်နေသော နိမိတ်အတွင်း၌သာ ဘာဝနာစိတ်ကို နှစ်ထားပါ။ ယင်း နိမိတ်ကိုသာ စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ရှုနေပါ။ တစ်နာရီ နှစ်နာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။
---ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်
ယေဘုယျအားဖြင့် ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော နိမိတ်မှာ ဥဂ္ဂဟနိမိတ်ဖြစ်၏။ ဥဂ္ဂဟနိမိတ်ကား မကြည်ပေ။ ဆွတ်ဆွတ်ဖြူရာမှ သောက်ရှူးကြယ်ကဲ့သို့ တောက်ပနေသော ဖန်တုံး မှန်တုံးကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ပတ္တမြားလုံး ကဲ့သို့ ထင်လာရာ၌ မကြည်သော ပတ္တမြားလုံးကဲ့သို့သော နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း၊ ကြည်လင်တောက်ပနေသော ပတ္တမြားလုံးကဲ့သို့သော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ကြွင်းကျန်သော အရောင်တို့၌လည်း နည်းတူ သဘောပေါက်ပါ။
အထက်တွင် ဖော်ပြထားသော နိမိတ်အမျိုးမျိုးတို့တွင် အမှတ် (၁၁) အဖြစ် ဖော်ပြထားသော နိမိတ်မှာ မီးခိုးညွန့်ကဲ့သို့သော နိမိတ် ဖြစ်၏။ ယင်း နိမိတ်၌ ညစ်ထပ်ထပ် မီးခိုးရောင်နိမိတ်ကား ပရိကမ္မနိမိတ်တည်း။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော မီးခိုးညွန့်ရောင်နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း။ ကြည်လင်တောက်ပသော မီးခိုးညွန့်ရောင်နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။
ထိုနိမိတ်တို့ ဖြစ်ပေါ်လာရာ၌ ဆင်စွယ်ကဲ့သို့သော ပုံသဏ္ဌာန်ဖြင့် နှာသီးဝမှ စ၍ အပြင်ဘက်သို့ အတန်းလိုက် ပေါ်လာရာ၌ကား ယင်း နိမိတ်နောက်သို့ စိတ်ကို မလိုက်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံး နေရာ၌ တည်ရှိနေသည့် နိမိတ်အတွင်း၌သာ ဘာဝနာစိတ်ကို သွတ်သွင်းထားပါ။ စိုက်ကြည့်နေပါ။ သို့သော် မျက်စေ့ဖြင့် စိုက်မကြည့်ဘဲ စိတ်ဖြင့်သာ စိုက်ကြည့် ပါ။ မျက်စေ့ဖြင့် စိုက်ကြည့်ဖန်များလာပါက မျက်လုံးများ အောင့်လာတတ်၏။ နိမိတ်က တောက်ပလာသောအခါ အရောင်က မျက်လုံးကို တိုက်ရိုက် ခတ်နေသဖြင့် မျက်ရည်များ ကျကာ သမာဓိလည်း လျှောကျသွားတတ်၏။
နှာခေါင်း၏ အတွင်းဘက်သို့ တည်ရှိနေသော နိမိတ်၌လည်း နှာခေါင်းအတွင်းဘက်သို့တိုင်အောင် လိုက်မကြည့်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံး နေရာ ၌ တည်ရှိသည့် နိမိတ်၌သာ ဘာဝနာစိတ်ကို ကပ်ထားပါ။ အတွင်းဘက် အပြင်သို့ ပျံ့နှံ့နေသော နိမိတ်ကို သိတန်သလောက် သိမှုကား ရှိကောင်း ရှိနိုင်၏။ သို့သော် နှာသီးဝတွင် ကပ်နေသော နိမိတ်အတွင်း၌သာ ဘာဝနာစိတ် နစ်မြုပ်နေဖို့သာ လိုရင်း ဖြစ်ပေသည်။
ထိုနိမိတ်အတွင်း၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းလိုလို ငြိမ်ဝပ်စွာ ကပ်၍ တည်လာပါက ထိုနိမိတ်မှာလည်း တစ်စတစ်စ တဖြည်းဖြည်း ကြည်လင်သည်ထက် ကြည်လင်ကာ တောက်ပသည်ထက် တောက်ပလာပေလိမ့်မည်။ အထူးကြည်လင် တောက်ပလာသော ထိုနိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ထိုအခါ ဥပစာရသမာဓိသို့ ဆိုက်ပုံကို ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ဤသို့ ရှင်းပြထား၏။
ဤသို့ ပဋိဘာဂနိမိတ် ထင်သည့်အခါမှ စ၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏကိလေသာ အညစ်အကြေးတို့သည် ခွာအပ်ပြီးသာလျှင် ဖြစ်ကုန်၏။ နီဝရဏမှ ကြွင်းသော ကိလေသာတို့သည်လည်း အနည်ထိုင်သွားကြကုန်သည်သာ ဖြစ်ကုန်၏။ အာနာပါနဿတိသည်လည်း ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ရှေးရှု တည်နေသည်သာလျှင်, ကပ်၍ တည်နေသည်သာလျှင် ဖြစ်၏။ ဘာဝနာစိတ်သည် ဥပစာရသမာဓိဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ တည်နေသည်သာလျှင် ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)
ထိုအခါ၌ ဤယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာနာပါနနိမိတ်ကို ဝါဂွမ်းစိုင် သောက်ရှူးကြယ် စသည်တို့၌ကဲ့သို့ ထင်လာသော အဖြူရောင် စသော အရောင်အဆင်းအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ သဘာဝလက္ခဏာ = ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ, အနိစ္စ ဒုက္ခ အနတ္တ ဟူသော သင်္ခါရတရားအားလုံးတို့နှင့် ဆိုင်သော သာမညလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)
---သတိပြုရန် အချက်တစ်ရပ်
ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နှစ်ဆင့်လုံး၌ နိမိတ်နှစ်မျိုးလုံးတို့သည် ခိုင်ခံ့လာသဖြင့် လေနှင့် နိမိတ်တို့သည် တစ်သားတည်း ဖြစ်လာ၍ ထိုနိမိတ်တို့၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစား အားထုတ်သည့် အပိုင်းဝယ် နိမိတ်ကို ကြည့်လိုက်, ဝင်သက်လေ+ထွက်သက် လေကို ကြည့်လိုက် ဤသို့ မပြုလုပ်ပါနှင့်။ ဝင်သက်လေ+ထွက်သက်လေကို လုံးဝ မကြည့်တော့ဘဲ အာနာပါနနိမိတ်၌သာ ဘာဝနာစိတ်ကို ကပ်ထား၍ နိမိတ်ကိုသာ တစ်ဖက်သတ် စိုက်ရှုနေပါ။ အကယ်၍ နိမိတ်က ပျောက်သွားခဲ့သော် ထိုအခါတွင် ဝင်သက်လေ+ထွက်သက်လေကို တစ်ဖန် ပြန်၍ ရှုပါ။ တစ်ဖန် နိမိတ် ပြန်ပေါ်လာ၍ နိမိတ်က ခိုင်ခံ့လာသောအခါ နိမိတ်ကိုသာ တစ်ဖန် ပြန်၍ ရှုနေပါ။ ဤနည်းအတိုင်း လေ့ကျင့်ခဲ့သော် နိမိတ်လည်း ခိုင်လာ၍ တဖြည်းဖြည်း ဥပစာရသမာဓိသို့လည်း ဆိုက်လာမည် ဖြစ်ပေသည်။ လေနှင့်နိမိတ် နှစ်မျိုးလုံးကို ဂရုစိုက်နေပါက ကြည့်နေပါက အာရုံမှာ လေနှင့် နိမိတ်ဟု နှစ်မျိုးဖြစ်နေသဖြင့် သမာဓိမှာ မစူးရှဘဲသော်လည်း ရှိတတ်၏၊ လျှော၍သော်လည်း ကျသွားတတ်၏။ သတိရှိစေ။
အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသာမညမေဝ ဝုတ္တံ။ (မဟာဋီ၊၁၊၃၁၉၊၊)
ပကတိသော အဿာသပဿာသတို့ အမှီပြု၍ သမာဓိ၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော နိမိတ်ကိုလည်း ဤအရာ၌ အဿာသပဿာသ အမည်ရှိ၏ဟူ၍သာလျှင် ဆိုအပ်၏။ (မဟာဋီ၊၁၊၃၁၉။)
ထိုကြောင့် ပကတိသော ဝင်သက်လေ+ထွက်သက်လေကို အာရုံယူကာ သမာဓိကို ထူထောင်လာရာ သမာဓိ ရင့်ကျက်လာသောအခါ ပကတိသော ဝင်သက်လေ+ထွက်သက်လေ (= အဿာသပဿာသ)ကို အမှီပြု၍ ဖြစ်ပေါ် လာသော နိမိတ်ကိုလည်း ဝင်သက်လေ+ထွက်သက်လေ (= အဿာသပဿာသ)ဟုပင် ခေါ်ဆိုနိုင်ပေရကား နိမိတ်ကို အာရုံယူကာ ဆက်လက်၍ သမာဓိကို ထူထောင်ရာ၌ အာနာပါနကမ္မဋ္ဌာန်းကို ပွားများနေသည်ဟူ၍ပင် ဆိုရပေသည်။
အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်သဖြင့် ဥပစာရသမာဓိသို့ ဆိုက်ရောက်လာသော ယောဂါဝစရ ပုဂ္ဂိုလ်သည် စင်စစ်သော်ကား ခတ္တိယမဟေသီ မိဖုရားခေါင်ကြီးသည် စကြဝတေးမင်းလောင်း ကိုယ်ဝန်ကို (ဖန်ပေါင်းချောင် အတွင်း၌ တည်နေသကဲ့သို့ မြင်တွေ့နေရသဖြင့် မပျက်စီးအောင်)စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း, လယ်သမားသည် သလေး မုယောစပါးဖုံးကို စောင့်ရှောက်အပ် သကဲ့သို့လည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်ကို စောင့်ရှောက်ပါ၊ ယင်းပဋိဘာဂနိမိတ်ကိုပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နှလုံးသွင်းပါ၊ ယင်းသို့ နှလုံးသွင်းခြင်းဖြင့် ယင်း ဥပစာရသမာဓိကို မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ပါ။ ဝီရိယနှင့် သမာဓိ, သဒ္ဓါနှင့် ပညာတို့ကို ညီမျှအောင် သတိဖြင့် ထိန်းကွပ်လျက် ဣန္ဒြေငါးပါး ညီမျှအောင် ကြိုးစားပါ။ ယင်းသို့ ကြိုးစားအားထုတ်ခဲ့သော် ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာကြကုန်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)
---ဣန္ဒြေငါးပါးတို့ကို ညီမျှအောင်ကျင့်ပုံ
ဤအပိုင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆။)နှင့် မဟာဋီကာ (မဟာဋီ၊၁၊၁၅၀-၁၅၄။)တို့ကို မှီငြမ်းပြု၍ ရေးသားတင်ပြပေအံ့။
သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာဟု ဣန္ဒြေ ငါးပါး ရှိ၏။ ယောဂါဝစရ ပုဂ္ဂိုလ်၏ ဘာဝနာစိတ်အစဉ်ကို နိဗ္ဗာန်သို့ သွားရာ သမထဘာဝနာလမ်းကြောင်း ဝိပဿနာဘာဝနာလမ်းကြောင်းမှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအားကြီး ငါးရပ်ပင် ဖြစ်၏။ ထိုတွင် သဒ္ဓါဟူသည် ရတနာ သုံးတန်, ကံ-ကံ၏အကျိုးတရား စသည့် ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ ယုံကြည်မှုတည်း။ ရတနာ သုံးပါးတို့တွင် ဘုရားရတနာကို ယုံကြည်ရာ၌ ဘုရားရှင်၏ ဗောဓိဉာဏ်တော်မြတ် အပေါ်၌ ယုံကြည်ဖို့လည်း အထူး လိုအပ်ပေသည်။ ဘုရားရှင်၏ အပေါ်၌ ထိုထိုဤဤ ကြံစည်လျက် မယုံကြည်မှုတွေ များပြားနေပါက ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာလုပ်ငန်းခွင်သည် တိုးတက်မှု မရှိနိုင်ဘဲ နောက်သို့ ဆုတ်သွားမည်သာ ဖြစ်၏။ ယင်းသို့ သို့လောသို့လော တွေးတောကြံစည်မှု ဝိစိကိစ္ဆာတရားသည် စျာန်သမာဓိကို တားမြစ်နှောင့်ယှက်တတ်သော နီဝရဏအညစ်အကြေး တစ်ခု ဖြစ်သောကြောင့်တည်း။ တရားရတနာကို ယုံကြည်ရာ၌လည်း မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန် ဟူသော လောကုတ္တရာတရား ကိုးပါးနှင့်တကွ ဘုရားရှင်ဟောကြားထားတော် မူအပ်သော ပရိယတ်တရားတော်မြတ် အပေါ်၌လည်း ယုံကြည်မှု အပြည့်အဝ ရှိဖို့ကား အထူး လိုအပ်လျက် ရှိ၏။ ဘုရားရှင်၏ ပရိယတ်တရားတော် တို့ကား ဒုက္ခနိရောဓဂါမိနီပဋိပဒါ (= ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်)ဖြစ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို အသေးစိတ် ပြည့်ပြည့်စုံစုံ ညွှန်ကြားပြသထားသော တရားတို့သာ ဖြစ်ကြ၏။ သီလကျင့်စဉ်နှင့်တကွ သမထဘာဝနာ လုပ်ငန်းခွင်ကို လမ်းညွှန်ပေးနေသော တရားတော်တို့သာ ဖြစ်ကြ၏။ ယင်းတရားတော်တို့ အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ရှိဖို့ကား ဤအပိုင်းတွင် အထူး လိုအပ်ပေသည်။
ဝင်သက်လေ+ထွက်သက်လေကို ရှုနေရုံမျှဖြင့် စျာန်ရသည်ဆိုသည်မှာ ဟုတ်မှဟုတ်ပါ့မလား၊ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေသော ဥဂ္ဂဟနိမိတ်, ရေခဲတုံး ဖန်တုံးမှန်တုံးကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ်လာသည်ဆိုသည်မှာ ဟုတ်မှဟုတ်ပါ့မလား --- ဤသို့ စသည်ဖြင့် ဘုရားရှင်၏ တရားတော်အပေါ်၌ မယုံကြည်မှု အဿဒ္ဓိယတရားတွေ အားကောင်းနေလျှင်သော်လည်းကောင်း, ယခုခေတ်ကား စျာန်ရနိုင်သည့်ခေတ် မဟုတ်ဟု ခေတ်ကို လွဲချနေလျှင်သော်လည်းကောင်း ယင်းကဲ့သို့သော ယုံမှားသံသယ ရှိနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သဒ္ဓါတရားမှာ ယုတ်လျော့နေသည် မည်၏။ ယင်းသို့ အားပျော့နေသော သဒ္ဓါတရားက ယောဂီ သူတော်ကောင်း၏ သမထဘာဝနာစိတ်ကို သမထဘာဝနာ လမ်းကြောင်းပေါ်မှ ဘေးသို့ တိမ်းစောင်း၍ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သည့် စွမ်းအား မရှိတော့ပေ။
သမာဓိကမ္မိကဿ ဗလဝတီပိ သဒ္ဓါ ဝဋ္ဋတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၆။)
အာနာပါနကမ္မဋ္ဌာန်းကဲ့သို့ သမထဘာဝနာ တစ်ခုကို ပွားများနေသော သမာဓိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ သဒ္ဓါတရား အားကောင်းလျှင်လည်း သင့်မြတ်သည်သာ ဖြစ်၏။ အာနာပါန သမထဘာဝနာလုပ်ငန်းခွင်၌ ဝင်လေ+ထွက်လေ ဟု နှလုံးသွင်းမှုကို ပြုနေရုံမျှဖြင့် အဘယ်မှာလျှင် စျာန်တရားသည် ဖြစ်ပေါ်လာနိုင်ပါအံ့နည်းဟု မကြံစည်တော့ဘဲ ----အဒ္ဓါ သမ္မာသမ္ဗုဒ္ဓေန ဝုတ္တဝိဓိ ဣဇ္ဈိဿတိ == သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် ဟောကြားထားတော်မူအပ်သော အစီအရင်သည် မချွတ်ဧကန် ပြီးစီး ပြည့်စုံပေလတ္တံ့ -- ဟု ယုံကြည်မှု သဒ္ဓါတရားကို အပြည့်အဝ ဖြစ်စေလျက် အာနာပါနဿတိသမာဓိ ဘာဝနာလုပ်ငန်းရပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။
တစ်ဖန် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက, အထူးသဖြင့် အာနာပါနဘာဝနာ လုပ်ငန်းခွင်၌ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက အလွန် ထင်ရှားနေသောကြောင့်လည်းကောင်း, ပညိန္ဒြေက (= အသိဉာဏ်က) မသန့်ရှင်းသောကြောင့်လည်းကောင်း, ဝီရိယ, သတိ, သမာဓိ ဣန္ဒြေတို့က လျော့လျော့ရဲရဲ ရှိနေခြင်းစသော အကြောင်းတရားကြောင့်လည်းကောင်း သဒ္ဓိန္ဒြေသည် အလွန် အားကောင်းနေ၏။ ထိုအခါ၌ ဝီရိယိန္ဒြေသည် မိမိနှင့် ယှဉ်ဖက် စိတ်+စေတသိက်တည်းဟူသော သမ္ပယုတ်တရားတို့ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံမှ လျှောကျမသွားအောင် ချီးမြှောက်ထားခြင်း ချီးပင့်ထားခြင်း ပဂ္ဂဟလုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်။
သတိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံကို အသိဉာဏ်၌ ထင်ထင်ရှားရှား ဖြစ်ပေါ်လာစေခြင်း ဥပဋ္ဌာနကိစ္စကို မရွက်ဆောင်နိုင်။ သမာဓိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ် ကဲ့သို့သော သမထအာရုံနိမိတ်မှ ပြင်ပအာရုံသို့ ဘာဝနာစိတ်ကို ပျံ့လွင့် မသွားအောင် ရွက်ဆောင်ပေးခြင်း အဝိက္ခေပကိစ္စကို မရွက်ဆောင်နိုင်။ ပညိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံ နိမိတ်ကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်နေခြင်း ဒဿနကိစ္စကို ပြုလုပ်အံ့သောငှာ မစွမ်းနိုင်။ ထိုကြောင့် ပရမတ္ထဓမ္မသဘာဝကို ဆင်ခြင် ခြင်းဖြင့်လည်းကောင်း, သဒ္ဓိန္ဒြေ အားကောင်းလောက်အောင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံကို နှလုံးမသွင်းခြင်းဖြင့်လည်းကောင်း သဒ္ဓိန္ဒြေကို ယုတ်လျော့စေရ၏။
ဤအပိုင်း၌ ပရမတ္ထဓမ္မသဘာဝကို မည်သို့ ဆင်ခြင်မည်နည်းဟု မေးရန် ရှိ၏။ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အဿာသပဿာသ (= ဝင်သက်လေ+ထွက်သက်လေ)ဟူသည် စိတ်ကြောင့်ဖြစ်သည့် စိတ္တဇသဒ္ဒနဝကရုပ် တို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၃၄၆။ ဝိသုဒ္ဓိ၊၂၊၂၂၃။)
ယင်းဝင်သက်လေ+ထွက်သက်လေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းကာ သမာဓိကို ဆက်လက် ထူထောင်လိုက်ပါက သမာဓိဒီဂရီ စံချိန်မီလာသောအခါ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်၏။ ယင်း ရုပ်ကလာပ်များကို တစ်ခုစီ တစ်ခုစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ကြည့်ရှုနိုင်ခဲ့သော် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ, အသံဟု ရုပ်သဘောတရား (၉)မျိုးတို့ကို တွေ့နိုင်၏။ ယင်းရုပ်ပရမတ်တရားတို့၏ ဖြစ်ပြီးလျှင် ပျက်နေသည့် အနိစ္စ သဘာဝ, ဖြစ်ခြင်း ပျက်ခြင်းဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရ သည့် ဒုက္ခသဘာဝ, မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် တည်ရှိနေနိုင်သည့် အတ္တ မဟုတ်သည့် အနတ္တသဘာဝတို့ကို ဆင်ခြင် ရှုပွားပါ။
တစ်ဖန် အာနာပါနနိမိတ် (= ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်)ဟူသည်မှာ ယင်းစိတ္တဇရုပ်ကလာပ်တို့၏လည်းကောင်း, ယင်း စိတ္တဇ ရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော တေဇောဓာတ် (= ဥတု)ကြောင့် ဆင့်ကဲ ဆင့်ကဲ ဖြစ်ပွားလာကြကုန်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့၏လည်းကောင်း အပေါင်းအစုမျှသာ ဖြစ်သည်။ တစ်နည်းဆိုရသော် --- ယင်း စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် နှစ်ဖွဲ့တို့၏ ဝဏ္ဏဓာတ် (= ရူပါရုံ)၏ အရောင်အဆင်းနှင့် တကွသော ရုပ်တို့၏ အပေါင်းအစု ဖြစ်၏။ အဇ္ဈတ္တ၌ စိတ္တဇရုပ် ဥတုဇရုပ်တို့၏ အရောင်အဆင်းတည်း။ ဗဟိဒ္ဓ၌ကား ဥတုဇရုပ်တို့၏ အပေါင်းအစုတည်း။ ယင်း ရုပ်တရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ သဘာဝတို့ကို ဉာဏ်ဖြင့် မတွေ့မြင်နိုင်သေး မရှုနိုင်သေးပါက ဉာဏ်ဖြင့် ဆင်ခြင်ရုံ ဆင်ခြင်ပါ။ ဤသို့သော ပရမတ္ထဓမ္မသဘာဝတို့၏ အနိစ္စ, ဒုက္ခ, အနတ္တသဘာဝကို ဆင်ခြင်ခြင်းဖြင့်လည်း သဒ္ဓိန္ဒြေကို ယုတ်လျော့သွားအောင် ပြုကျင့်ပါ။
အကယ်၍ ဝီရိယိန္ဒြေ (= ကြိုးစားအားထုတ်မှု လုံ့လဝီရိယ)က အားကောင်းနေပြန်လျှင်လည်း သဒ္ဓါ, သတိ, သမာဓိ, ပညာတို့သည်လည်း အဓိမောက္ခကိစ္စ, ဥပဋ္ဌာနကိစ္စ, အဝိက္ခေပကိစ္စ, ဒဿနကိစ္စဟူသော မိမိ၏ဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို မရွက်ဆောင်နိုင်တော့ပေ။ ထိုကြောင့် ပဿဒ္ဓိ သမာဓိ ဥပေက္ခာသမ္ဗောဇ္ဈင်များ (= ကိုယ်စိတ်အေးချမ်းမှု စိတ်တည်ကြည်မှု လျစ်လျူရှုမှု ဗောဇ္ဈင်တရားများ) ဖြစ်ပေါ်လာလောက်အောင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးပမ်းခြင်းဖြင့် လွန်ကဲနေသော ဝီရိယိန္ဒြေကို ယုတ်လျော့စေရ၏။ သမာဓိနှင့် ပညာတို့ လွန်ကဲရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။
ဤအရာ၌ သဒ္ဓါနှင့် ပညာ, သမာဓိနှင့် ဝီရိယတို့၏ ညီမျှမှုကို ပညာရှိ သူတော်ကောင်းတို့က ချီးမွမ်းတော်မူကြ၏။ သဒ္ဓါက အားကောင်း၍ ပညာက နုံ့နေသော် မုဒ္ဓပ္ပသန္န = အနှစ်မမှီး အချည်းနှီးသော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏။ တိတ္ထိတို့၏ တပည့်သာဝကတို့ကဲ့သို့ မကြည်ညိုသင့် မကြည်ညိုထိုက်သော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏။ အာနာပါနကျင့်စဉ်ဆိုတာ ဤသို့ ဤသို့ ပြုကျင့်ရ၏၊ ပွားများရ၏ဟု ပြောဆိုလာလျှင် မှန်သည် မှားသည်ကို ဝေဖန်ဆန်းစစ်မှု မပြုတော့ဘဲ တလွဲတချော် ကျင့်နေတတ်၏။
တစ်ဖန် --- ပညာက အားကောင်း၍ သဒ္ဓါက နုံ့နေပြန်လျှင်လည်း ကေရာဋိကပက္ခ (= ကောက်ကျစ်စဉ်းလဲသည့်ဘက်)သို့ ယိုင်လဲသွားတတ်၏။ ဆေးကြောင့်ဖြစ်သော ရောဂါသည် ကုစားရခက်သကဲ့သို့ ထိုပုဂ္ဂိုလ်မျိုးသည် လည်း ကုစားဖို့ရန် အလွန်ခက်ခဲတတ်၏။ ဒါပေမဲ့ဟူသော စကားလုံးများကို ခပ်များများသုံး၍ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်၏။ မလွှဲမရှောင်သာလျှင် မြွေမသေ-တုတ်မကျိုး မူဝါဒကို လက်ခံကျင့်သုံးတတ်၏။ ကောင်းတော့ ကောင်းပါရဲ့၊ မှန်တော့ မှန်ပါရဲ့၊ ဒါပေမဲ့ဟူသော စကားလုံးများဖြင့် နိဂုံးချုပ်တတ်၏။ ဘုရားတရားတော်ကို ကျောခိုင်းနေသူများတည်း။
သဒ္ဓါနှင့် ပညာ တရား နှစ်ပါး ညီမျှခဲ့ပါမူကား ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည့် ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌သာလျှင် ယုံကြည်တတ်၏။ အာနာပါနကျင့်စဉ်ကို ဘုရားဟောအတိုင်း တကယ်လက်တွေ့ စွမ်းစွမ်းတမံ ကျင့်ပါက ပါရမီလည်း အထိုက်အလျောက် အားကောင်းခဲ့ပါမူ အာနာပါနပဋိဘာဂနိမိတ်သို့ ဆိုက်နိုင်၏ဟု ယုံကြည်၏။ စျာန်သို့ ဆိုက်နိုင်၏ဟု ယုံကြည်၏။ ယုံကြည်သင့် ယုံကြည်ထိုက်သော အရာဝတ္ထု၌ ယုံကြည်ခြင်းပင်တည်း။ ယင်းကဲ့သို့သော ယုံကြည်မှု သဒ္ဓါတရားလည်း ရှိ၍ တကယ်လက်တွေ့ အာနာပါနကျင့်စဉ်ကိုလည်း အရိုး ကြွင်းစေ, အရေကြွင်းစေ, အကြောကြွင်းစေ, အသားအသွေးတွေ အကုန် ခန်းခြောက်ချင် ခန်းခြောက်ပါစေ, ယောက်ျားတို့၏ ဇွဲလုံ့လဝီရိယဖြင့် ရနိုင်သည့် အရာဌာနသို့ မရောက်မချင်း ဝီရိယ၏ ရပ်တန့်သွားခြင်းမည်သည် မဖြစ်စေရဟု ဤကဲ့သို့သော အင်္ဂါလေးပါး ရှိသော ဝီရိယ ခြံရံကာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်သောအခါ ဉာဏ်ပညာဖြင့် အာနာပါနပဋိဘာဂနိမိတ်ကိုလည်း ထိုးထိုးထွင်းထွင်း သိမြင်ပါမူ ထိုအခါ သဒ္ဓါနှင့် ပညာ တရား နှစ်ပါးတို့ကား ညီမျှမှု ရှိသွားပြီ ဖြစ်၏။
တစ်ဖန် သမာဓိက အားကောင်း၍ ဝီရိယက နုံ့နေပြန်လျှင်လည်း သမာဓိသည် ပျင်းရိခြင်း (= ကောသဇ္ဇတရား)၏ ဘက်တော်သားဖြစ်ခြင်းကြောင့် ယောဂီသူတော်ကောင်း၏ စိတ်အစဉ်ကို အာနာပါနဘာဝနာ လုပ်ငန်းခွင်၌ ပျင်းရိခြင်း (= ကောသဇ္ဇတရား)က လွှမ်းမိုး ဖိစီးသွားတတ်၏။ ဝီရိယက အားကောင်း၍ သမာဓိက နုံ့နေပြန်လည်း ဝီရိယသည် စိတ်ပျံ့လွင့်မှု (= ဥဒ္ဓစ္စ)၏ ဘက်တော်သား ဖြစ်ခြင်းကြောင့် ယောဂီသူတော်ကောင်း၏ စိတ်အစဉ်ကို ဥဒ္ဓစ္စတရားက လွှမ်းမိုး ဖိစီးတတ်ပြန်၏။ အာနာပါနအာရုံ, အာနာပါနပဋိဘာဂနိမိတ်အာရုံမှ ဘေးအာရုံ အမျိုးမျိုးသို့ စိတ်ပျံ့လွင့်နေ တတ်၏။ သမာဓိလွန်သော် ကောသဇ္ဇ၊ ဝီရိယလွန်သော် ဥဒ္ဓစ္စ ဟု ရှေးပညာရှိတို့က ဆိုရိုး ပြုတော်မူကြ၏။ အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်၌ စိတ်ကျရောက် တည်ငြိမ်နေမှု (= သမာဓိ)ကို ဝီရိယနှင့် ယှဉ်တွဲပေးလိုက်သော် ယင်းသမာဓိသည် ပျင်းရိခြင်း (= ကောသဇ္ဇ) ၌ ကျရောက်ဖို့ရန် အခွင့်မရနိုင်။ ဝီရိယကို သမာဓိနှင့် ယှဉ်စပ်ပေးလိုက်သော် ယင်းဝီရိယသည် အာနာပါနပဋိဘာဂနိမိတ်အာရုံမှ အခြားအာရုံသို့ စိတ် ပျံ့လွင့်သွားခြင်း (= ဥဒ္ဓစ္စ)၌ ကျရောက်ဖို့ရန် အခွင့်မရနိုင်။ ထိုကြောင့် သမာဓိနှင့် ဝီရိယ နှစ်မျိုးကို ညီမျှအောင် ပြုကျင့်ပါ။ မှန်ပေသည် --- သမာဓိနှင့် ဝီရိယ နှစ်ပါးစုံ ညီမျှခြင်းဖြင့် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်၏။
တစ်နည်း -- သမထကမ္မဋ္ဌာန်းကို ပွားများဆဲ သမာဓိကမ္မိကပုဂ္ဂိုလ်အား စွမ်းအားကြီးမားသော သဒ္ဓါတရားသည်လည်း သင့်သည်သာတည်း။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိကို ထူထောင်နိုင်ခဲ့သော် အပ္ပနာစျာန်သို့ မုချရောက်ရှိနိုင်၏ဟု အာရုံသို့ အစဉ်တစိုက် ဝင်သွားသကဲ့သို့ လွတ်လွတ် သက်ဝင် ဆုံးဖြတ်သည်၏ အစွမ်းဖြင့် ယုံယုံကြည်ကြည်ဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံသို့ ပြေးဝင်သွားခဲ့သော် အပ္ပနာစျာန်သို့ ရောက်ရှိပေလတ္တံ့။ စျာန်ကား သမာဓိ ပြဓာန်းသောကြောင့် ဖြစ်၏။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ပုဂ္ဂိုလ်အဖို့ ပညာသည် စွမ်းအင်ကြီးမားခဲ့ပါမူ သင့်သည်သာတည်း။ ဤသို့ စွမ်းအင်ကြီးမားခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာရေး သုံးတန်ကို ထိုးထွင်းသိမြင်ခြင်း လက္ခဏပဋိဝေဓဉာဏ်သို့ ရောက်ရှိနိုင်၏။
တစ်ဖန် သမာဓိ ပညာ နှစ်ပါးတို့၏ ညီမျှခြင်းကြောင့်လည်း လောကီ အပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်သည်သာတည်း။ သို့သော် --- သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ = သမထနှင့် ဝိပဿနာကို ယှဉ်းစုံကလျက် ယုဂနဒ္ဓနည်းအားဖြင့် ပွားများ၏။ (ပဋိသံ၊၂၈၃။) ဤသို့ ဟောကြားထားတော် မူသောကြောင့် လောကုတ္တရာ အပ္ပနာသည်ကား ထိုသမာဓိ ပညာ နှစ်မျိုးတို့၏ ညီမျှသည်၏ အဖြစ်ကြောင့်သာလျှင် ဖြစ်ပေါ်နိုင်၏ဟု အလိုရှိအပ်ပေသည်။
သတိ-သတိ-သတိ
သတိကား သဒ္ဓါနှင့် ပညာ ညီမျှရေး, သမာဓိနှင့်ဝီရိယ ညီမျှရေး, သမာဓိ နှင့်ပညာ ညီမျှရေးတို့အတွက် အခါခပ်သိမ်း အမြဲတမ်း အလိုရှိအပ်သော တရားဖြစ်၏။ အခါခပ်သိမ်း နေရာတိုင်း၌ အားကောင်းမှသာလျှင် သင့်မြတ် ၏။ မှန်ပေသည် --- သတိသည် ဥဒ္ဓစ္စ၏ ဘက်တော်သား ဖြစ်ကြကုန်သော စွမ်းအင်လွန်ကဲနေသော သဒ္ဓါ, စွမ်းအင်လွန်ကဲနေသော ဝီရိယ, စွမ်းအင် လွန်ကဲနေသော ပညာတို့၏ အားအစွမ်းကြောင့် ဘာဝနာစိတ်ကို အာနာပါန ပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံမှ အခြားအာရုံသို့ ပျံ့လွင့်သွားခြင်း (= ဥဒ္ဓစ္စဘက်သို့ ကျရောက်ခြင်း)မှလည်း စောင့်ရှောက်ပေး၏ (= မကျရောက် အောင် စောင့်ရှောက်ပေး၏။) ဘာဝနာအာရုံ၌ ပျင်းရိခြင်း (= ကောသဇ္ဇ)၏ ဘက်တော်သားဖြစ်သော သမာဓိကြောင့် ကောသဇ္ဇ (= ပျင်းရိခြင်း)ဘက်သို့ ကျရောက်ခြင်းမှလည်း စိတ်ကို စောင့်ရှောက်ပေး၏။ (= မကျရောက်အောင် စောင့်ရှောက်ပေး၏။) ထိုကြောင့် အလုံးစုံသော ဟင်းလျာတို့၌ ဆားခတ်ခြင်း ကို အလိုရှိအပ်သကဲ့သို့လည်းကောင်း, အလုံးစုံသော မင်းမှုကိစ္စတို့၌ လုပ်ငန်း ကိစ္စ အဝဝတို့၌ ကျွမ်းကျင်လိမ္မာသော အမတ်ကြီးကို အလိုရှိအပ်သကဲ့သို့ လည်းကောင်း အလားတူပင် အလုံးစုံသော ကမ္မဋ္ဌာန်းတို့၌ လီန (= ဘာဝနာ လုပ်ငန်းခွင်မှ စိတ်ဓာတ်တွန့်ဆုတ်ရာ စိတ်ဓာတ်ကျဆင်းရာ) အခါ, ဥဒ္ဓစ္စ (= ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ရာ)အခါဟူသော အလုံးစုံသော အချိန်အခါ တို့၌ သတိကို အလိုရှိအပ်ပေသည်။ ထိုကြောင့် ရှေးရှေးအဋ္ဌကထာတို့၌ ဤသို့ ဖွင့်ဆိုထားတော်မူကြ၏။
သတိကိုကား အခါခပ်သိမ်း ဘာဝနာလုပ်ငန်းခွင်တိုင်း၌ စိတ်ဓာတ် ကျဆင်းရာအခါ စိတ်ပျံ့လွင့်ရာအခါတို့၌ အလိုရှိအပ်၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ အဘယ်ကြောင့်နည်း? ဘာဝနာကုသိုလ်စိတ်သည် သတိလျှင် ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာ ရှိ၏။ မရောက်သေးသော တရားထူးတရားမြတ်သို့ ရောက်ရှိခြင်းငှာ မသိရသေးသော တရားထူး တရားမြတ်ကို သိခြင်းငှာ ဘာဝနာကုသိုလ်စိတ်သည် သတိကို မှီခိုရ၏။ တစ်ဖန် သတိသည် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဘာဝနာအာရုံကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏။ ဘာဝနာစိတ်ကိုလည်း ဘာဝနာအာရုံကို အမှတ်ရနေအောင် ဘာဝနာအာရုံမှ ပျောက်ပျက်မသွားအောင် ဘေးအာရုံသို့ မရောက်အောင် ထိန်းသိမ်း စောင့်ရှောက်ပေးတတ်၏။ ထိုကြောင့် ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဘာဝနာအာရုံနှင့် ဘာဝနာစိတ်ကို စောင့်ရှောက်ပေးတတ်သော သဘောတရားဟု ရှေးရှုထင်လာ၏။ သတိနှင့် ကင်း၍ ဘာဝနာစိတ်ကို ချီးပင့်ခြင်း နှိပ်ကွပ်ခြင်း (= စိတ်ဓာတ်ကိုမြှင့်တင်ပေးခြင်း စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်း) သည် မဖြစ်နိုင်။
ထိုကြောင့် ဘုရားရှင်က သတိကို သဗ္ဗတ္ထိက (= အခါခပ်သိမ်း အလို ရှိအပ်၏) ဟု ဟောကြားတော်မူပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆။ မဟာဋီ၊၁၊၁၅၀-၁၅၄၊၊)
ဗောဇ္ဈင် (၇) ပါး ညီမျှအောင် ကျင့်ပုံ
အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူနေခိုက် ဖြစ်ပေါ်နေသော ဗောဇ္ဈင် (၇)ပါးတို့မှာ ဤသို့ ဖြစ်ကြ၏။
၁။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို အောက်မေ့ အမှတ်ရနေသော အဖန်ဖန် အထပ်ထပ် သိမ်းဆည်းနေသော သတိကား သတိသမ္ဗောဇ္ဈင်,
၂။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိနေသော ပညာကား ဓမ္မဝိစယသမ္ဗောဇ္ဈင်,
၃။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဗောဇ္ဈင် (၇)ပါးတို့ စုံစုံညီညီ ညီညီ မျှမျှဖြစ်အောင် ကြိုးစားအားထုတ်ခြင်း, အထူးသဖြင့် ဓမ္မဝိစသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင်တို့ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း ဝီရိယကား ဝီရိယသမ္ဗောဇ္ဈင်,
၄။ အာနာပါနပဋိဘာဂနိမိတ် အာရုံကို အာရုံပြုကာ ကြည်ရွှင်ဝမ်းမြောက်ခြင်း ပီတိကား ပီတိသမ္ဗောဇ္ဈင်,
၅။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ် စေတသိက်တို့၏ ငြိမ်းအေးနေခြင်း ပဿဒ္ဓိကား ပဿဒ္ဓိသမ္ဗောဇ္ဈင်,
၆။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခြင်း သမာဓိကား သမာဓိသမ္ဗောဇ္ဈင်,
၇။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တက်ကြွခြင်း တွန့်ဆုတ်ခြင်းဘက်သို့ မရောက်အောင် အညီအမျှ ထားခြင်း တတြမဇ္ဈတ္တတာကား ဥပေက္ခာသမ္ဗောဇ္ဈင်,
ဤဗောဇ္ဈင်မြတ်တရား (၇)ပါးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် ညီမျှအောင် ပွားရမည် ဖြစ်သည်။ အလွန့်အလွန် လုံ့လဝီရိယ လျော့နည်းနေခြင်း ကမ္မဋ္ဌာန်းအာရုံ၌ သာယာမှုကို မရရှိခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် အာနာပါနပဋိဘာဂနိမိတ်တည်းဟူသော ကမ္မဋ္ဌာန်းအာရုံမှ တွန့်ဆုတ်နေ၏၊ စိတ်ဓာတ် ကျဆင်းနေ၏။ ထိုအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို ပွားများပေးပါ။ ဤသို့ ပွားသော် စိတ်ဓာတ်ကို ချီးမြှောက်ပေးသည် မည်၏၊ ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းတည်း။
အပြင်းအထန် ကြိုးစားအားထုတ်ခြင်း (= ဝီရိယ လွန်ကဲခြင်း) စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် တက်ကြွ တုန်လှုပ်လျက် ရှိ၏၊ ပျံ့လွင့်လျက် ရှိ၏။ ထိုအခါမျိုး၌ ဓမ္မဝိစယ, ဝီရိယ, ပီတိဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို မပွားပါနှင့်။ ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာ ဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကိုသာ ပွားပေးပါ။ တက်ကြွတုန်လှုပ် နေသော စိတ်ဓာတ်, ပျံ့လွင့်နေသော စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းတည်း။ (သံ၊၃၊၉၉ ...အဂ္ဂိသုတ္တန်နှင့် အညီတည်း။)
ဗောဓိခေါ်သော အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန် အကြောင်းအင်္ဂါရပ်များ ဖြစ်သောကြောင့် ဤတရား (၇)ပါးတို့ကို ဗောဇ္ဈင်ဟု ခေါ်ဆိုသည်။ဤကား ဣန္ဒြေ ငါးပါး, ဗောဇ္ဈင် ခုနစ်ပါးတို့ကို ညီမျှအောင် ကျင့်ပုံ အကျဉ်းတည်း။
သမာဓိနှစ်မျိုးတို့၏ ထူးခြားချက်
ဤသို့လျှင် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဣန္ဒြေ, ဗောဇ္ဈင်တို့ကို ညီမျှအောင် ကျင့်နိုင်ခဲ့သော် သမာဓိမှာ ရင့်ကျက်သထက် ရင့်ကျက်ကာ နက်ရှိုင်းသထက် နက်ရှိုင်းကာ ငြိမ်ဝပ်သထက် ငြိမ်ဝပ်ကာ တည်ကြည်လာပေလိမ့်မည်။ ထိုအခါ ဥပစာရသမာဓိ နယ်မြေသို့ ဆိုက်ရောက်လာပြီ ဖြစ်၏။ ဆက်လက်၍ ယင်းအာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံယူကာ သမာဓိကို ထူထောင်ခဲ့သော် ဥပစာရသမာဓိမှ အပ္ပနာသမာဓိ အဆင့်သို့ ကူးတက်သွားနိုင်ပေသည်။ ဤနေရာတွင် ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်တည်းဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို ပွားပေးပါ။ ယင်း သမာဓိနှစ်မျိုးတို့၏ ထူးခြားချက်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဤသို့ ဖွင့်ဆိုထား၏။
အလွန် ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ် ဖြစ်ရာ ကာလမှ စ၍သာလျှင် နီဝရဏတရားတို့သည် ခွာထားအပ်ပြီးသာလျှင် ဖြစ်ကြကုန်၏။ ထိုနီဝရဏတရားတို့နှင့် တူသော တည်ရာ ရှိကုန်သော ကိလေသာတို့သည်လည်း ငြိမ်ဝပ်စွာ အနည်ထိုင်သွားကြကုန်သည်သာလျှင် ဖြစ်ကြကုန်၏။ ဥပစာရသမာဓိသည် ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ ထားအပ်သည်သာလျှင် ဖြစ်ပေသည်။ မှန်ပေသည် သမာဓိသည် ဥပစာရသမာဓိ, အပ္ပနာသမာဓိ (= စျာန်သမာဓိ)ဟု နှစ်မျိုး ရှိ၏။
၁။ စျာန်တရားတို့၏ ဆန့်ကျင်ဘက် နီဝရဏတရားတို့မှ ဝေးကွာသည်၏ အဖြစ်ကြောင့်လည်းကောင်း,
၂။ စျာန်တရားတို့၏ မြဲမြံခိုင်ခံ့သည်၏အဖြစ်သို့ ရောက်ရှိခြင်းကြောင့်လည်းကောင်း ----
ဤ နှစ်မျိုးသော အကြောင်းတရားတို့ကြောင့် ဥပစာရဘုံဟု ခေါ်ဆိုအပ်သော ဥပစာရသမာဓိအခိုက်၌လည်းကောင်း, ပဋိလာဘဘုံဟု ခေါ်ဆိုအပ်သော အပ္ပစျာန်ကို ရရှိသည့်အခိုက်၌လည်းကောင်း ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ အညီအညွတ် ကောင်းစွာ ထားအပ်၏။ ထိုနှစ်ပါးတို့တွင် ဥပစာရသမာဓိအခိုက် (= ဥပစာရဘုံ၌) ဆန့်ကျင်ဘက် နီဝရဏတရားတို့ကို ပယ်ခွာခြင်းဖြင့် ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ အညီအညွတ် ကောင်းစွာ ထားအပ်၏။ စိတ်သည် တည်ကြည်နေ၏။ ပဋိလာဘဘုံဟု ခေါ်ဆိုအပ်သော အပ္ပနာစျာန်ကို ရရှိခိုက်၌ စျာန်အင်္ဂါတို့၏ ထင်ရှားစွာ ဖြစ်ပေါ်လာခြင်းဖြင့် ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ အညီအညွတ် ကောင်းစွာ ထားအပ်၏။ ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်နေ၏။
ဤဆိုလတ္တံ့သည်ကား သမာဓိနှစ်မျိုးတို့၏ အသီးအသီး ကွဲပြားသည်ကို ပြုကြောင်းဖြစ်သော ထူးခြားချက်တည်း။ ဥပစာရသမာဓိအခိုက်၌ စျာန်အင်္ဂါတို့သည်ကား စွမ်းအင် အပြည့်အဝ ရှိကြသည်ကား မဟုတ်ကုန်သေး၊ စျာန်အင်္ဂါတို့၏ စွမ်းအင် အပြည့်အဝ မရှိကြသေးသည့် အဖြစ်ကြောင့် လောကဥပမာမည်သည်ကား --- မတ်တတ်ရပ် သင်ခါစ ငယ်ရွယ်နုနယ်သော ကလေးသူငယ်သည် ထူမ၍ ချီမ၍ ထားအပ်လတ်သော် အဖန်ဖန် မြေ၌ လဲကျ၏သို့ ဤဥပမာအတူပင်လျှင် ဥပစာရသမာဓိသည် ဖြစ်ပေါ်လာလတ်သော် စိတ်သည် ရံခါ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်ကို အာရုံပြု၏၊ ရံခါ ဘဝင်သို့ သက်ရောက်သွား၏၊ ဘဝင်ကျနေတတ်၏။
သို့သော် အပ္ပနာစျာန် သမာဓိအခိုက်၌ကား စျာန်အင်္ဂါတို့သည် စွမ်းအင် အပြည့်အဝဖြင့် ဖြစ်ပေါ်လာကြကုန်၏။ ထိုစျာန်အင်္ဂါတို့၏ စွမ်းအင် အပြည့်အဝဖြင့် ဖြစ်ပေါ်လာသည့် အတွက်ကြောင့် လောကဥပမာမည်သည်ကား အားကောင်းမောင်းသန်သော ခွန်အားရှိသော ယောက်ျားသည် နေရာမှ ထ၍ တစ်နေ့ပတ်လုံးသော်လည်း ရပ်တည်နိုင်၏သို့ ဤဥပမာအတူပင်လျှင် အပ္ပနာစျာန်သမာဓိသည် ဖြစ်ပေါ်လာလတ်သော် စျာန်စိတ်သည် တစ်ကြိမ် ဘဝင်အလှည့်ကို ဖြတ်တောက်၍ တစ်ညပတ်လုံးသော်လည်း တည်နိုင်၏၊ တစ်နေ့ပတ်လုံးသော်လည်း တည်နိုင်၏၊ စျာန်ကုသိုလ်ဇော စဉ်ကာစဉ်ကာ ဆက်ကာဆက်ကာ၏ အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်နေ၏။ ဤသည်ကား သမာဓိနှစ်မျိုးတို့၏ အသီးအသီး ကွဲပြားသည်ကို ပြုကြောင်းဖြစ်သော ထူးခြားချက်တည်း။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)
အလုံးစုံသော ညဉ့်ပတ်လုံး, အလုံးစုံသော နေ့ပတ်လုံး (= တစ်နေ့လုံး, တစ်ညလုံး) တည်နေနိုင်၏ဟူသော ဤစကားရပ်ကို စျာန်သမာပတ် ဝင်စားနေသည့် အချိန်ကာလကို ရည်ရွယ်၍ အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၁၊၁၄၈။)
မည်သည့် ကမ္မဋ္ဌာန်းကိုမဆို အားထုတ်လိုက်သည့်အခါ သမာဓိလည်း အတော်အတန် ဖြစ်လာသောအခါ ဘဝင် ကျကျနေတတ်ပေသည်။ ဘဝင်စိတ်များ အဆက်မပြတ် အဖြစ်များနေမှုကို အချို့ယောဂီများက ဘာမျှ မသိဘဲ ငြိမ်နေတယ်ဟု ပြောတတ်ကြ၏။ ဘဝင်စိတ်သည် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံနိမိတ်နှင့် ပစ္စုပ္ပန်အာရုံ မှန်သမျှကို အာရုံ မပြုဘဲ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇောက ယူအပ်ခဲ့သည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကိုသာ အာရုံပြုသဖြင့် ယောဂီပုဂ္ဂိုလ်အနေဖြင့် ဘာမျှမသိဟု ပြောဆိုနေခြင်း ဖြစ်၏။ ယင်းဘဝင်စိတ်က အတိတ်မရဏာသန္နဇော၏ အာရုံကို အာရုံပြုနေပါသည် သိနေပါသည်ဟူသော အချက်ကိုလည်း ယောဂီပုဂ္ဂိုလ်က ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို လက်တွေ့ ရှုနိုင်သောအခါမှ သိရှိနိုင်ပေသည်။
အလွန်ရနိုင်ခဲသောအရာ
ထိုဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် ဥပစာရသမာဓိနှင့် အတူတကွ အကြင်အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏။ ထိုပဋိဘာဂနိမိတ်ကို ဖြစ်စေခြင်းမည်သည်ကား အလွန် ငြိုငြင်သဖြင့် ပြုအပ်၏၊ အလွန် ပြုနိုင်ခဲ၏။ ထိုကြောင့် ထိုထက်ဝယ်ပလ္လင် တစ်ထိုင်တည်းဖြင့်ပင်လျှင် ထိုအာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ အပ္ပနာစျာန်ကို ရရှိခြင်းငှာ အကယ်၍ စွမ်းနုိင်ခဲ့သည် ဖြစ်အံ့၊ ဤသို့ စွမ်းနိုင်သည်ဖြစ်ပေမူကား ကောင်းမြတ်လှသည်သာ ဖြစ်ပေသည်။ အကယ်၍ ထိုတစ်ထိုင်အတွင်းမှာပင် အပ္ပနာစျာန်ကို ရရှိခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့သော် ဤယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာနာပါနပဋိဘာဂနိမိတ်ကို မမေ့မလျော့သည်ဖြစ်၍ --- စကြာမင်းလောင်းဖြစ်သော ကိုယ်ဝန်ကို ဖန်ပေါင်းချောင် အတွင်း ၌ သွတ်သွင်းထားသကဲ့သို့ ပကတိသော မံသမျက်စိဖြင့် မြင်တွေ့ရသော မိခင်က မပျက်စီးအောင် သတိကြီးစွာဖြင့် ထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ --- စောင့်ရှောက်အပ်ပေ၏။ အကျိုးကား ဤသို့တည်း။ အာနာပါန ပဋိဘာဂနိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်သော ယောဂါဝစရပုဂ္ဂိုလ်အား ရရှိပြီးသော ဥပစာရသမာဓိ (= ဥပစာရစျာန်)၏ ယုတ်လျော့သွားခြင်းမည်သည် မရှိစကောင်းပေ။ ရရှိထားပြီးသော အာနာပါနပဋိဘာဂနိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်မှုသည် ထင်ရှား မရှိလတ်ပါမူကား ရတိုင်းရတိုင်းသော ဥပစာရသမာဓိ (= ဥပစာရစျာန်)သည် ပျောက်ပျက်၍ သွားတတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)
ရရှိထားပြီးသော အာနာပါနပဋိဘာဂနိမိတ်သည် ပျောက်ပျက် မသွားခဲ့သော် ထိုအာနာပါနပဋိဘာနိမိတ်လျှင် အာရုံရှိသော စျာန်သည်လည်း မလျှောကျခြင်း, မဆုတ်ယုတ်ခြင်းသဘော ရှိသည်သာလျှင် ဖြစ်ပေသည်။ အာနာပါနပဋိဘာဂနိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မရှိသဖြင့် အာနာပါနပဋိဘာဂနိမိတ်သည် ပျောက်ကွယ်၍ သွားလတ်သော်မူကား ရအပ်တိုင်း ရအပ်တိုင်းသော စျာန်သည်လည်း ပျောက်ပျက်၍ သွားတတ်သည်သာ ဖြစ်ပေသည်။ အကြောင်းမူ အာနာပါနစျာန်ဟူသည်မှာလည်း ထိုအာနာပါန ပဋိဘာဂနိမိတ်ကိုသာ အာရုံပြု၍ ဖြစ်ပေါ်လာရသော စျာန်ဖြစ်ရကား ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံနှင့် ဆက်စပ်လျက် ဖြစ်ခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့်တည်း။ (မဟာဋီ၊၁၊၁၄၈။)
ပထမစျာန်သမာဓိသို့
ယောဂါဝစရပုဂ္ဂိုလ်သည် အလွန် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် သမာဓိကို ထူထောင်နိုင်သောအခါ ယင်း အာနာပါနပဋိဘာဂနိမိတ်သည်လည်း အထူးသဖြင့် ပို၍ပို၍ ကြည်လင်တောက်ပလာသောအခါ ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံထဲ၌ ဘာဝနာစိတ်သည် နစ်မြုပ်၍ သွားပေလိမ့်မည်။ ဘာဝနာစိတ်က ယင်း ပဋိဘာဂနိမိတ် အတွင်း၌ နစ်မြုပ်နေသောအခါ ဘာဝနာစိတ်ကလည်း လှုပ်မရအောင် ငြိမ်ဝပ်စွာ တည်နေတတ်ပေသည်။ ထိုအခါ၌ ယောဂီပုဂ္ဂိုလ် အနေဖြင့် အာဇာနည်မြင်း ကထားသော ရထားကို မောင်းနှင်နေသော ရထားထိန်းသည် လမ်းရိုးလမ်းမှန်ကို မှန်မှန်သွားနေသော အာဇာနည်မြင်းတို့ အပေါ်၌ ကြောင့်ကြမှု မရှိတော့ဘဲ အညီအမျှ အသာကြည့်နေသကဲ့သို့ အာနာပါနပဋိဘာဂနိမိတ်အတွင်း၌ နစ်မြုပ်ကာ ငြိမ်ဝပ်စွာ ကပ်တည်နေသော သမာဓိကို ကြောင့်ကြမှု တောင့်တမှု မရှိဘဲ လျစ်လျူသဘော အလယ်အလတ် သဘော၌သာ တည်အောင် ထားပါ။ ယင်းကဲ့သို့ နစ်မြုပ်နေသော သမာဓိကို တစ်နာရီ နှစ်နာရီစသည် တည်တံ့အောင် ဆက်လက် ကြိုးစားပါ။ ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံအတွင်း၌ ဘာဝနာစိတ်၏ နစ်မြုပ်နေမှု သဘောကား စိုက်စိုက်စူးစူး၊ အထူး မြဲမြံ၊ ရှုအားသန်၊ စျာန်ဟု ခေါ်သတတ် ဟူသော လယ်တီဆရာတော်ဘုရား၏ အဆိုအမိန့်အတိုင်း စျာန်သမာဓိပင် ဖြစ်ပေသည်။ ယင်း စျာန်သမာဓိကို ခိုင်ခံ့အောင် ဆက်လက် ထူထောင်ပါ။
ဝင်စားမှု များပါစေ-ဆင်ခြင်မှု နည်းပါစေ
ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ရောက်အပ်ရအပ်သော ပထမစျာန်ရှိသော, ပထမစျာန်ကို ရသစ်စဖြစ်သော အာဒိကမ္မိကပုဂ္ဂိုလ်သည် စျာန်ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါကို ဆင်ခြင်မှု နည်းပါစေ။ အပြစ်ကား စျာန်အင်္ဂါကို ဆင်ခြင်ခြင်း များသော သူအား စျာန်အင်္ဂါတို့သည် ရုန့်ရင်း ကုန်သည်ဖြစ်၍ ထင်လာကုန်၏၊ အားမရှိသည်ဖြစ်၍ ထင်လာကုန်၏။ (ဝိသုဒ္ဓိ၊၁၊၁၄၈။)
စျာန်အင်္ဂါများကို ဆင်ခြင်ခြင်း များသည့်အတွက် စျာန်အင်္ဂါတို့သည် ထင်ရှားကုန်သည်၏ အဖြစ်ကြောင့် ရုန့်ရင်းကြမ်းတမ်းကုန်သည်ဖြစ်၍ ထင်လာကုန်၏။ စျာန်ဝင်စားမှုကို နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင်ဖြင့် စွမ်းအား ကြီးမားသည်၏ အဖြစ်သို့ မရောက်စေအပ်သည်၏ အဖြစ်ကြောင့် စျာန်အင်္ဂါတို့သည် အသိဉာဏ်၌ ထင်ရှားသော်လည်း အားနည်းသည်ဖြစ်၍ ထင်လာကုန်၏။ (မဟာဋီ၊၁၊၁၇၈။)
ထိုသို့ အသိဉာဏ်၌ ထင်လာလတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား ထိုစျာန်အင်္ဂါတို့သည် ဤသို့ ရုန့်ရင်းကြမ်းတမ်းသောသဘော စွမ်းအင် နည်းပါးသောအားဖြင့် ထင်လာသည်၏ အဖြစ်ကြောင့် အာနာပါနဿတိ သမာဓိဘာဝနာဖြင့် အထက်အထက်စျာန်သို့ တက်ခြင်းငှာ အကြောင်းတရားဖြစ်မှုသို့ မရောက်နိုင်ကြကုန်။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရရှိပြီးသော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် မပွားများအပ် မလေ့လာအပ်သည်ရှိသော် ဒုတိယစျာန်စသော အထက်အထက်စျာန်ကို ရစိမ့်သောငှာ အားထုတ်ပါသော်လည်း ရရှိပြီးသော ပထမစျာန်မှလည်း ဆုတ်ယုတ် သွားတတ်၏။ ဒုတိယစျာန်သို့ ရောက်ရှိခြင်းငှာလည်း မစွမ်းနိုင် ဖြစ်တတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၄၈။ မဟာဋီ၊၁၊၁၇၈)
ပထမစျာန်၏ စျာန်အင်္ဂါငါးပါး
၁။ ဝိတက် = အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်းသဘော၊
၂။ ဝိစာရ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော၊
၃။ ပီတိ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို နှစ်သက်ခြင်းသဘော၊
၄။ သုခ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊
၅။ ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက် တည်ငြိမ်နေခြင်းသဘော။
ဝသီဘော် ငါးတန်
၁။ အာဝဇ္ဇနဝသီ = စျာန်ဝင်စား၍ စျာန်မှ ထကာ စျာန်အင်္ဂါများကို အလိုရှိတိုင်း ဆင်ခြင်နိုင်စွမ်း ရှိခြင်း၊
၂။ သမာပဇ္ဇနဝသီ = စျာန်ကို အလိုရှိသလို အလိုရှိတိုင်း ဝင်စားနိုင်စွမ်း ရှိခြင်း၊
၃။ အဓိဋ္ဌာနဝသီ = စျာန်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် အလို ရှိသလောက် အချိန်ကာလကို ပိုင်းခြား၍ အဓိဋ္ဌာန်၍ ဝင်စား နိုင်စွမ်း ရှိခြင်း၊
၄။ ဝုဋ္ဌာနဝသီ = ပိုင်းခြားထားသော အချိန်ကာလ စေ့သော် စျာန်မှ ထနိုင်စွမ်း ရှိခြင်း၊
၅။ ပစ္စဝေက္ခဏာဝသီ = စျာန်အင်္ဂါတို့ုကို အလိုရှိသလို ဆင်ခြင်နိုင်စွမ်း ရှိခြင်း။
စျာန်အင်္ဂါတို့ကို အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို အာဝဇ္ဇနဝသီဟု ခေါ်ဆို၍ စျာန်အင်္ဂါကိုပင် အမြန်ဆုံး ဆင်ခြင်နိုင်သော ပစ္စဝေက္ခဏာဇော၏ သတ္တိကို ပစ္စဝေက္ခဏာဝသီဟု ခေါ်ဆိုသည်။ ယင်းမနောဒွါရာဝဇ္ဇန်း ယင်းပစ္စဝေက္ခဏာဇောတို့ကား မနောဒွါရဝီထိ တစ်ဝီထိ၏ အတွင်း၌ စိတ္တက္ခဏတစ်ခုပြီးတစ်ခု ဖြစ်နိုင်သော တရားတို့သာ ဖြစ်ကြသည်။ (ဝိသုဒ္ဓိ၊၁၊၁၄၉-၁၅၀။ မဟာဋီ၊၁၊၁၇၈-၁၈၀၊ ကြည့်။)
မနောဒွါရ = ဘဝင်မနောအကြည်
ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊၉။)
ပဘဿရန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ။ စိတ္တန္တိ ဘဝင်္ဂစိတ္တံ။ (အံ၊ဋ္ဌ၊၁၊၄၅။)
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့် အညီ ဘဝင်စိတ်ကား ကြည်လင်လျက် ရှိ၏။ ယင်းဘဝင်စိတ်ကိုပင် မနောဒွါရံ ပန ဘဝင်္ဂန္တိ ပဝုစ္စတိ ဟူသော အဘိဓမ္မတ္ထသင်္ဂဟနှင့်အညီ မနောဒွါရဟု ခေါ်ဆို၏။
စိတ်၌ အရောင်အလင်း ရှိပါသလားဟု မေးရန် ရှိ၏။ ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ? နတ္ထိ။ (အံ၊ဋ္ဌ၊၁၊၄၅)။ စိတ်ဝယ် ဝဏ္ဏမည်သော အရောင် အဆင်းသည် ရှိပါသလော? မရှိပါ -- ဟူသော အင်္ဂုတ္တရအဋ္ဌကထာနှင့် အညီ ဘဝင်စိတ်၌လည်း အရောင်အဆင်း မရှိပေ။ သို့သော် ဘဝင်စိတ်သည် လည်း စိတ္တဇရုပ်ကလာပ်ကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိ၏။ ယင်းဘဝင်စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ)သည် ဘဝင်စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ အာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလို ကြည်လင်တောက်ပ သော သဘောရှိ၏။ တစ်ဖန် ယင်း စိတ္တဇရုပ်ကလာပ်တိုင်းတွင် တေဇော ဓာတ် (= ဥတု) ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ် (= ဥတု)ကလည်း ဥတုဇရုပ်ကလာပ် အသစ်သစ်ကို ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်စေပြန်၏။ ယင်း ဥတုဇရုပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘဝင် စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ အာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလို ကြည်လင်တောက်ပခြင်းသဘော ရှိ၏။ ယင်းနှစ်မျိုး သော ရုပ်တရားတို့၏ ကြည်လင်တောက်ပမှုကိုပင် ဖလူပစာရအားဖြင့် တင်စား၍ အကြောင်းဖြစ်သော ဘဝင်ကိုပင် အစွဲပြု၍ ဘဝင်မနောအကြည် ဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။
ပရိသုဒ္ဓ - ပရိယောဒါတ - ပဘဿရ
ပရိသုဒ္ဓတ္တာယေဝ ပရိယောဒါတေ၊ ပဘဿရေတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၅။)
ပရိသုဒ္ဓတ္တာယေဝ = ထက်ဝန်းကျင် စင်ကြယ်သည်၏အဖြစ်ကြောင့်ပင်လျှင်။ ပရိယောဒါတေ = ထက်ဝန်းကျင် ဖြူစင်ပြီးလတ်သော်။ ပဘဿရေ = ပြိုးပြိုးပြက် အရောင် ရှိလတ်သော်။ ဣတိ = ဤသို့ ။ ဝုတ္တံ = ဆိုလိုသည်။ ဟောတိ = ဖြစ်၏။ (ဝိသုဒ္ဓိမဂ္ဂနိဿယ၊၃၊၁၂၊ပြည်။)
ဤအထက်ပါ ဘာသာပြန်ဆိုချက်မှာ ပြည်ဆရာတော်ဘုရားကြီး၏ ဘာသာပြန်ဆိုတော်မူချက် ဖြစ်ပါသည်။
ဤအဖွင့်များအရ ပရိသုဒ္ဓ, ပရိယောဒါတ, ပဘဿရတို့မှာ အဓိပ္ပါယ်တူ စကားလုံးများသာ ဖြစ်ကြသည်ဟု မှတ်ပါ။ သို့သော် ဤဘဝင်စိတ်မှာ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့က အားပေးထောက်ပံ့ထားအပ်သော သင်္ခါရကံတို့ကြောင့် ဘဝတစ်လျှောက်ဝယ် စိတ်အစဉ် မပြတ်စဲရေးအတွက် ဖြစ်ပေါ်လာရသော ဝိပါက်စိတ် တစ်မျိုးသာ ဖြစ်သဖြင့် ထိုထိုကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာတို့ကို ဖြစ်စေတတ်ကုန်သော ကုသိုလ် အကုသိုလ် ကြိယာစိတ်တို့ကဲ့သို့ စွမ်းအင် မကြီးမားလှပေ။ အားနည်းသော သဘော ရှိသဖြင့် ယင်းဘဝင်စိတ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသော ဘဝင်မနောအကြည်ဓာတ်မှာလည်း သမထဉာဏ်ရောင် ဝိပဿနာဉာဏ်ရောင်တို့ကဲ့သို့ အားမကောင်းဘဲ နှလုံးအိမ် ဝန်းကျင်လောက် တွင်သာ ပျံ့နှံ့ တည်ရှိနေပေသည်။ သို့သော် အာရုံ (၆)မျိုးတို့ကား ယင်း ဘဝင်မနောအကြည်ဓာတ်၌ ထိုက်သလို ထင်လာကြပေသည်။ ထိုအခါ မနောဓာတ် မနောဝိညာဏဓာတ်ခေါ်သော နာမ်တရားစုတို့သည် ဘဝင်မနောအကြည်ဓာတ်ကိုပင် အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကိုပင် မှီတွယ်ကာ ထင်လာသော အာရုံကို အာရုံပြုလျက် ဖြစ်ပေါ်လာကြပေသည်။
အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမူနေကြသော ပထမစျာန်၏ စျာန်အင်္ဂါ ငါးပါးတို့သည်လည်းကောင်း, ယင်းစျာန်အင်္ဂါတို့နှင့် ယှဉ်တွဲလျက် ရှိကြသော စျာန်နာမ်တရားစုတို့သည်လည်းကောင်း ယင်းဘဝင်မနောအကြည်ဓာတ်ကိုပင် အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ကာ ယင်းဘဝင်မနောအကြည်ဓာတ်တွင် ထင်လာသော အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံပြုလျက် ဖြစ်ပေါ်လာကြပေသည်။
စျာန်အင်္ဂါတို့ကို သိမ်းဆည်းပုံ
ပထမစျာန်၏ စျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ် သည် ယင်းဘဝင်မနောအကြည်ဓာတ် (= မနောဒွါရ)ကို သိမ်းဆည်းတတ်ဖို့ သိမ်းဆည်းထားပြီးဖြစ်ဖို့ ဉာဏ်ဖြင့် ပိုင်းခြားယူပြီးဖြစ်ဖို့ လိုအပ်ပေသည်။ မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ အနုပဒသုတ္တန် (မ၊၃၊၇၅-၇၉၊၊)ဝယ် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် စျာန်အင်္ဂါတို့နှင့် တကွသော စျာနဓမ္မအမည်ရသော စျာန်နာမ်တရားစုတို့ုကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ကြောင်းကိုလည်းကောင်း, ထင်ထင်ရှားရှား သိတော်မူကြောင်း ကိုလည်းကောင်း, ယင်းတရားတို့၏ ဖြစ်မှု-တည်မှု-ပျက်မှုကို ထင်ထင်ရှားရှား သိလျက် ဝိပဿနာရှုပွားသုံးသပ်နိုင်ကြောင်းကိုလည်းကောင်း ဘုရားရှင် ကိုယ်တော်တိုင်က ဝန်ခံလျက် ဟောကြားထားတော်မူ၏။ (ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်သို့တိုင်အောင် အနုပဒဓမ္မဝိပဿနာ = ပရမတ္ထ ဓာတ်သား တစ်လုံးစီ တစ်လုံးစီကို ခွဲခြားစိတ်ဖြာ၍ ဝိပဿနာရှုရသော နည်းစနစ်ဖြင့် ဝိပဿနာရှုတော်မူ၏။ နေဝသညာနာသညာယတနစျာန် ကိုကား ကလာပသမ္မသနနည်းအားဖြင့် ပေါင်းစုခြုံငုံကာ ဝိပဿနာ ရှုပွား သုံးသပ်တော်မူ၏။ (မ၊၃၊၇၈။ မ၊ဋ္ဌ၊၄၊၆၁။)
ထိုသို့ ရှုနိုင်ရခြင်း၏ အကြောင်းကိုလည်း အဋ္ဌကထာဆရာတော်က -ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ (မ၊ဋ္ဌ၊၄၊၆၀) ဝတ္ထု = ဒွါရ = မနောဒွါရနှင့် အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော သမထအာရုံ နိမိတ်ကို ပူးတွဲသိမ်းဆည်းလျက် ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းနိုင် သည့်အတွက်ကြောင့် ထိုကဲ့သို့ ဝိပဿနာရှုပွားသုံးသပ်တော်မူနုိင်ကြောင်းကို ရှင်းလင်း တင်ပြထား၏။
ဤဥပဒေသကား --- ပညာအရာတွင် ထိပ်တန်း ဧတဒဂ်ဘွဲ့ထူးကြီးကို ဆင်မြန်းသွားတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်လျက် လိုက်နာ ပြုကျင့်သွားတော်မူသော နာမ်ကမ္မဋ္ဌာန်းကို အားသစ်ပုံ, နာမ်တရားတို့ကို သိမ်းဆည်းပုံ ရှေးထုံးဟောင်း ဥပဒေသကြီးပင် ဖြစ်၏။ ဤရှေးထုံးဟောင်း ဥပဒေသကို စျာန်အင်္ဂါတို့ကို လည်းကောင်း, စျာန်အင်္ဂါနှင့် တကွသော စျာန်နာမ်တရားစုတို့ကိုလည်းကောင်း သိမ်းဆည်းလိုသော (= ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော) ဝိပဿနာလည်း ရှုပွားသုံးသပ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။
သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် အလွန် ကြည်လင်တောက်ပနေသော အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူကာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ယင်းအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် နစ်မြုပ်နေအောင် သမာဓိကို ထူထောင်နိုင်သောအခါ အာနာပါနပဋိဘာဂ နိမိတ်ကလည်း ဆက်တိုက် အထူးကြည်လင် တောက်ပနေသောအခါ ဘဝင် မနောအကြည်၏ တည်ရာ နှလုံးအိမ်အတွင်း ဟဒယဝတ္ထု ရှိရာဘက်သို့ လှမ်းအာရုံ ယူကြည့်ပါ။ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ဟဒယဝတ္ထုရုပ်ကို မှီဖြစ်နေသော ဘဝင်မနောအကြည် (= မနောဒွါရ)ကိုလည်းကောင်း, ယင်း မနောဒွါရတွင် ထင်နေသော အာနာပါနပဋိဘာဂနိမိတ်ကိုလည်းကောင်း လွယ်ကူစွာ သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ထိုအခါ ယင်းဘဝင်မနော အကြည် (= မနောဒွါရ)တွင် ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံက ရှေးရှုထင်ခြင်းသို့ ရောက်သောအခါ (= ရှေးရှု ကျရောက်လာသောအခါ) ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုနေသော အာရုံမူနေသော စျာန်အင်္ဂါတို့ကို တစ်လုံးစီ ထင်ထင်ရှားရှား သိအောင် သိမ်းဆည်းပါ။ ဥပမာ ဝိတက်ကို သိမ်းဆည်းပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ပါ။ ထိုနောင် တစ်ဖန် ပထမစျာန်ကို ပြန်ဝင်စားပါ။ စျာန်မှထကာ ဒွါရနှင့် အာရုံကို အလားတူ ပူးတွဲသိမ်းဆည်းလျက် ဝိစာရကို သိမ်းဆည်းပါ။ ဤသို့လျှင် စျာန်ကို ဝင်စားလိုက်, စျာန်မှ ထကာ စျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုက် --ဤသို့ စသည်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်သော် စျာန်အင်္ဂါ တို့ကို တစ်လုံးစီ ထင်ထင်ရှားရှား သိမ်းဆည်နိုင်မည် ဖြစ်ပေသည်။ ထိုနောင် တစ်ဖန် စျာန်ကို ပြန်ဝင်စားကာ စျာန်မှထပြီးလျှင် အလားတူပင် ဘဝင် မနောအကြည် (= မနောဒွါရ) နှင့် အာနာပါနပဋိဘာဂနိမိတ်ကို ပူးတွဲ သိမ်းဆည်းလျက် စျာန်အင်္ဂါ (၅)ပါးလုံးကို ပြိုင်တူ မြင်အောင် ရှုပါ၊ သိမ်းဆည်းပါ။ အောင်မြင်မှုကို ရရှိပါက ဝသီဘော်ငါးတန် နိုင်နင်းအောင် ဆက်လက် လေ့ကျင့်ပါ။
နာမ်ကမ္မဋ္ဌာန်းကို မသိမ်းဆည်းရသေးသော ယောဂါဝစရပုဂ္ဂိုလ် အနေဖြင့် အာဝဇ္ဇနဝသီနှင့် ပစ္စဝေက္ခဏာဝသီကို ခွဲခြားနိုင်ဖို့ရန်ကား မဖြစ် နိုင်သေးပေ။ ဤစျာန်အင်္ဂါတို့ကိုကား မနောဒွါရာဝဇ္ဇန်းဖြင့် သိနေသော စျာန်အင်္ဂါတို့တည်း၊ ဤစျာန်အင်္ဂါတို့ကား ပစ္စဝေက္ခဏာဇောတို့ဖြင့် ထိုးထွင်း သိနေသော စျာန်အင်္ဂါတို့တည်း ဤသို့ ခွဲခြားဖို့ရန် မလွယ်ကူသေး ဟူလိုသည်။ စျာန်အင်္ဂါတို့ကို ဆင်ခြင်ရာ၌ စျာန်မှ ထပြီး စျာန်အင်္ဂါတို့ကို ဆင်ခြင်လိုက်ရာ စက္ကန့်ပိုင်းလောက် အတွင်းမှာပင် စျာန်အင်္ဂါတို့ကို ဆင်ခြင်လို့ ရရှိနိုင်ပါက အာဝဇ္ဇနဝသီနှင့် ပစ္စဝေက္ခဏာဝသီဘော်တို့ကို နိုင်နင်းပြီဟု ဆိုနိုင်ပေပြီ။
ဒုတိယစျာန်သို့
ဤဝသီဘော်ငါးတန်တို့၌ ဝသီမြောက်အောင် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာထားအပ်ပြီးသော ပထမစျာန်မှ ထ၍ ---
၁။ ဤပထမစျာန်သမာပတ်သည် (နီဝရဏကို ပယ်ခွာရာဝယ် ပထမဦးဆုံး ဖြစ်ခြင်းကြောင့်) နီးကပ်သော နီဝရဏရန်သူ ရှိ၏။
၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် (ကျိုးပျက်လွယ်သော သဘော ရှိရကား) အားနည်းသော စျာန်အင်္ဂါ ရှိ၏။
ဤသို့လျှင် ပထမစျာန်၌ အပြစ်ကို မြင်အောင် ရှု၍,
၃။ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ သုံးပါးရှိသော ဒုတိယစျာန်ကို ငြိမ်သက်သော တရားဟု နှလုံးသွင်း၍,
၄။ ပထမစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း (= နိကန္တိ)ကို ကုန်စေ၍ ဒုတိယစျာန်ကို ရရှိခြင်းငှာ
အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် (အထက်ပါ ဦးတည်ချက် လေးမျိုး ဖြင့်) စူးစူးစိုက်စိုက် ရှုအပ်၏။
[ဤအဆင့်၌ အာနာပါနပဋိဘာဂနိမိတ် အာရုံကို မမှတ်ပါနှင့်၊ စိုက်သာ ကြည့်နေပါ၊ ရှုနေပါ။ ဝင်လေ+ထွက်လေဟု မှတ်နေခဲ့သော် ဝိတက္ကဝိစာရာ ဝစီသင်္ခါရော။ (မ၊၁၊၃၇၅။) ဟူသည်နှင့် အညီ ဝင်လေ+ထွက်လေဟု မှတ်နေမှု, စိတ်ဖြင့် ရွတ်ဆိုနေမှု ဝစီသင်္ခါရကို ဝိတက် ဝိစာရတို့က ပြုပြင် ပေးနေသဖြင့် ဝိတက် ဝိစာရတို့ မပြုတ်နိုင် ရှိတတ်၏။ ပြုတ်သွားသော်လည်း ပြန်ပြန်ဝင်နေတတ်၏။ ထို့ကြောင့် ဤဒုတိယစျာန်သို့ ကူးသည့်အပိုင်းမှ စ၍ အထက်ပိုင်းစျာန်တို့၌ မမှတ်ပါနှင့်။ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုသာ စိုက်ကြည့်နေပါ၊ ရှုနေပါ။]
ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင် အခါ၌ ပထမစျာန်မှ ထ၍ (= ပထမစျာန်သို့ တစ်ဖန် ပြန်ဆိုက်ပြီး ယင်းစျာန်မှ တစ်ဖန် ပြန်ထ၍) အာနာပါနပဋိဘာဂနိမိတ်ကိုပင် သိမ်းဆည်းတတ် အမှတ် ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ်အာရုံ ကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ် ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှူ ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်စဉ် ဝိတက် ဝိစာရတို့သည် ရုန့်ရင်းသောအားဖြင့် ထင်လာကုန်၏၊ ပီတိ သုခသည်လည်းကောင်း, စိတ္တေကဂ္ဂတာ (= ဧကဂ္ဂတာ) သည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းအပ်၏၊ စူးစူးစိုက်စိုက် ရှုအပ်၏။ ထိုသို့ နှလုံးသွင်း ရှုပွားလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါသုံးပါး ရှိသော ဒုတိယစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (ဝိသုဒ္ဓိ၊၁၊၁၅၀-၁၅၁။)
တတိယစျာန်သို့
ယင်းသို့ ရရှိအပ်ပြီးသော ဒုတိယစျာန်ကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဤသို့သော ဘာဝနာအစဉ်ဖြင့် ဒုတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ယင်းဒုတိယစျာန်ကို ဝသီဘော် ငါးတန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော် ငါးတန် တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ ဒုတိယစျာန်မှထ၍ ---
၁။ ဤဒုတိယစျာန်သမာပတ်သည် နီးကပ်သော ဝိတက်, ဝိစာရ ဟူသော ရန်သူ ရှိ၏။
၂။ [ထိုဒုတိယစျာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏အဖြစ် ဟူသော ပေါ်လွင်သော အခြင်းအရာအားဖြင့်ဖြစ်သော အကြင်ပီတိ သည် ရှိ၏။ ယင်း ပီတိကြောင့်ပင်လျှင် ဤဒုတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဆိုအပ်၏။ (ဒီ၊၁၊၃၄။)] ---- ဤသို့ ဘုရားရှင် ဟောကြားထားတော်မူအပ်သော ပီတိ၏ ရုန့်ရင်းသည့်အတွက်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏။
ဤသို့လျှင် ဒုတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင်ရှု၍,
၃။ သုခ, ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါး ရှိသော တတိယစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,
၄။ ဒုတိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက် ရှိခြင်း (= နိကန္တိ )ကို ကုန်စေ၍ တတိယစျာန်ကို ရရှိခြင်းငှာ
အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏။ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် (အထက်ပါ ဦးတည်ချက် လေးမျိုးဖြင့်) စူးစူးစိုက်စိုက် ရှုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)
ထိုသို့ ကြိုးစားအားထုတ်လတ်သော် ဒုတိယစျာန်သို့ပင် တစ်ဖန် ပြန်၍ ဆိုက်ရောက်သွားပေလတ္တံ့၊ ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ထိုဒုတိယစျာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှူး ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ပီတိသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏။ သုခသည်လည်းကောင်း, ဧကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း, ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းအပ်၏၊ စူးစူးစိုက်စိုက် ရှုအပ်၏။ ထိုသို့ နှလုံးသွင်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သုခ, ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (ဝိသုဒ္ဓိ၊၁၊၁၅၄။)
ဤတတိယစျာန်၌ တတြမဇ္ဈတ္တတာစေတသိက်ဟူသော တတြမဇ္ဈတ္တုပေက္ခာသည် ဝိတက် ဝိစာရ ပီတိတို့ မရှိခြင်းကြောင့် အလွန် ပေါ်လွင်ထင်ရှားနေ၏။ တတိယစျာန်ချမ်းသာကိုပင် အညီအမျှ လျစ်လျူရှုနိုင်သူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူဟု ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ယင်းတတိယစျာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ချီးမွမ်းမြှောက်စားတော်မူကြကုန်၏။ ဤစျာန်၌ အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို အညီအမျှ အလယ်အလတ် လျစ်လျူသဘော၌ ထားနိုင်သည့် တတြမဇ္ဈတ္တတာ စေတသိက်၏ စွမ်းအား, ယင်းအာရုံကို အမှတ်ရနေမှု သတိ၏ စွမ်းအား, ယင်းအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေမှု သုခ၏ စွမ်းအား--- ဤစွမ်းအားတို့ကား အလွန် ပေါ်လွင်ထင်ရှားလျက် အလွန် မြင့်မားလျက် ရှိကြ၏။ လောကီသုခတို့တွင် ဤတတိယစျာန်သုခကား အမြင့်မားဆုံး ဖြစ်၏။ အထက်အထက်စျာန်တို့၌ သုခဝေဒနာ မယှဉ်ဘဲ ဥပေက္ခာဝေဒနာသာ ယှဉ်သောကြောင့် ဖြစ်၏။ ယင်း တတိယစျာန်ကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။
စတုတ္ထစျာန်သို့
ဤသို့သော ဘာဝနာအစဉ်ဖြင့် ထိုတတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်းပင်လျှင် ယင်းတတိယစျာန်ကိုလည်း ဝသီဘော် ငါးတန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်အပ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော် ငါးတန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ တတိယစျာန်မှ ထ၍ ---
၁။ ဤတတိယစျာန် သမာပတ်သည် ပီတိဟူသော နီးကပ်သော ရန်သူ ရှိ၏။
၂။ [အကြင် စျာန်အင်္ဂါကို သုခဟူ၍ စိတ်၏ နှလုံးသွင်းခြင်းသည် ရှိ၏၊ ဤသုခကြောင့်ပင်လျှင် ထိုတတိယစျာန်ကို ရုန့်ရင်း၏ဟူ၍ ဆိုအပ်၏၊၊ (ဒီ၊၁၊၃၄၊၊)] ---- ဤသို့ ဟောကြားထားတော်မူအပ်သော သုခ၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏။
ဤသို့လျှင် ထိုတတိယစျာန်သမာပတ်၏ အပြစ်ဒေါသကို မြင်အောင်ရှု၍,
၃။ ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါး ရှိသော စတုတ္ထစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,
၄။ တိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း (= နိကန္တိ)ကို ကုန်စေ၍ စတုတ္ထစျာန်ကို ရရှိခြင်းငှာ
အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် အထက်ပါ ဦးတည်ချက် လေးမျိုးဖြင့် စူးစူးစိုက်စိုက် ရှုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၉။)
ထိုသို့ အပတ်တကုတ် ကြိုးစားအားထုတ်လတ်သော် တတိယစျာန်သို့ပင် ပြန်လည် ဆိုက်ရောက်ပေလတ္တံ့။ အကြင်အခါ၌ ထိုတတိယစျာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှူး ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ဆင်ခြင်သော ထိုရဟန်း၏ ဉာဏ်၌ စေတသိကသောမနဿဟု ခေါ်ဆိုအပ်သော သုခသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏။ ဥပေက္ခာဝေဒနာသည်သာလျှင်လည်းကောင်း, စိတ္တေကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဥပေက္ခာဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါး ရှိသော စတုတ္ထစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (ဝိသုဒ္ဓိ၊၁၊၁၅၉။)
ယင်းစတုတ္ထစျာန်ကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။
ဝေဒနာကို ပယ်စဉ်
၁။ ကာယိကဒုက္ခဝေဒနာကို ပထမစျာန်၏ ဥပစာရခဏ၌,
၂။ စေတသိကဒေါနဿဝေဒနာကို ဒုတိယစျာန်၏ ဥပစာရခဏ၌,
၃။ ကာယိကသုခဝေဒနာကို တတိယစျာန်၏ ဥပစာရခဏ၌,
၄။ စေတသိကသောမနဿဝေဒနာကို စတုတ္ထစျာန်၏ ဥပစာရခဏ၌ ---အသီးအသီး ပယ်အပ်၏။ (သံ၊၃၊၁၈၈၊၁၈၉။ ဝိသုဒ္ဓိ၊၁၊၁၆၀။)
စတုတ္ထစျာန်၏ ထူးခြားသော မှတ်ကျောက်
စတုတ္ထစျာနေ အတိသုခုမော အပ္ပဝတ္တိမေဝ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၁၊၂၆၇၊၊)
အတိသုခုမောတိ အညတ္ထ လဗ္ဘမာနော ကာယသင်္ခါရော စတုတ္ထဇ္ဈာနေ အတိက္ကန္တသုခုမော။ သုခုမဘာဝေါပိဿ တတ္ထ နတ္ထိ၊ ကုတော ဩဠာရိကတာ အပ္ပဝတ္တနတော။ တေနာဟ အပ္ပဝတ္တိမေဝ ပါပုဏာတီတိ။ (မဟာဋီ၊၁၊၃၂၄၊၊)
စတုတ္ထစျာန်၌ ဝင်သက်လေ+ထွက်သက်လေ (= အဿာသပဿာသကာယသင်္ခါရ)သည် သိမ်မွေ့နူးညံ့ခြင်းကို လွန်သွား၏၊ မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)
အတိသုခုမ (= အလွန် သိမ်မွေ့နူးညံ့၏ = လွန်သော သိမ်မွေ့နူးညံ့ခြင်း ရှိ၏။) ဟူသည် ပထမစျာန် ဒုတိယစျာန် တတိယစျာန်ဟူသော အခြား အခြားသော စျာန်တို့၌ ရအပ်သော အဿာသပဿာသကာယသင်္ခါရသည် စတုတ္ထစျာန်၌ သိမ်မွေ့နူးညံ့မှုကို ကျော်လွန်သွား၏။ ထိုအဿသပဿာသ ကာယသင်္ခါရ၏ ထိုစတုတ္ထစျာန်၌ သိမ်မွေ့နူးညံ့သည်၏ အဖြစ်သော်လည်း မရှိ ဖြစ်တုံသေး၏။ ရုန့်ရင်းသည်၏ အဖြစ်ကား အဘယ်မှာလျှင် ဖြစ်နိုင်တော့ အံ့နည်း။ ထိုကြောင့် --- အပ္ပဝတ္တိမေဝ ပါပုဏာတိ (= မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏။)ဟု အဋ္ဌကထာဆရာတော်တို့က မိန့်ဆိုတော်မူကြခြင်း ဖြစ်၏။ (မဟာဋီ၊၁၊၃၂၃။)
ဒီဃဘာဏက, မဇ္ဈိမဘာဏက, သံယုတ္တဘာဏကဟူသော ထိုထို ဘာဏက မထေရ်မြတ်တို့၏ အလိုအတိုင်း အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)
စတုတ္ထဇ္ဈာနသမာပန္နာနံ။ (ဝိသုဒ္ဓိ၊၁၊၂၇၅။) --- စတုတ္ထစျာန်ကို ဝင်စား နေသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ အဿာသပဿာသတို့ မရှိကြောင်းကိုလည်း အဋ္ဌကထာက ဖွင့်ဆိုထားတော်မူ၏။ သို့သော် ဤအရာ၌ ယောဂါဝစရပုဂ္ဂိုလ် အနေဖြင့် သတိပြုသင့်သော အချက်တစ်ရပ် ရှိနေပေ၏။ ယောဂီပုဂ္ဂိုလ်က စတုတ္ထစျာန်သို့ ငါ ဆိုက်ရောက်လေပြီဟု မိမိကိုယ်ကို မိမိ ယုံကြည်ယူဆသောအခါ ငါသည် အသက်ရှူလေသလော, မရှူလေသလောဟု ခဏခဏ မဆန်းစစ်ပါနှင့်။ ထိုသို့ ဆန်းစစ်နေပါက စူးစမ်းဆင်ခြင်မှု (= ဓမ္မဝိစယ သမ္ဗောဇ္ဈင်)က လွန်ကဲနေသဖြင့် သမာဓိလည်း ပျက်ပြားတတ်၍ ရရှိထားပြီး သည့် စျာန်မှလည်း လျှောကျတတ်သည်။ စတုတ္ထစျာန်သမာပတ်ကိုသာလျှင် (မှန်သည်ဟု ယူဆလျှင်) ခိုင်ခံ့အောင် တည်တံ့အောင် များများ ဝင်စား နေပါဦး။ အကြောင်းမှာ ဤသို့ ဖြစ်၏။
စတုတ္ထစျာန်သမာဓိ အခိုက်၌ အသက် မရှူသော်လည်း, တစ်နည်း ဆိုရသော် စတုတ္ထစျာန်သမာပတ်သည် အဿာသပဿာသကို မဖြစ်စေ သော်လည်း --- စျာန်အင်္ဂါကို ပြန်လည် ဆင်ခြင်နေသော မနောဒွါရိက ပစ္စဝေက္ခဏာဇောဝီထိ, အသက်ရှူ - မရှူကို ပြန်လည်ဆင်ခြင်နေသော ကာမဇော မနောဒွါရိက ဇောဝီထိစိတ်တို့မှာ (နာမ်တရားစုတို့မှာ) အဿာသ ပဿာသကိုဖြစ်စေသော မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့ ဖြစ်ကြ၏။ ထိုကြောင့် အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်နေသောအခါ ယင်းသို့ ဆန်းစစ်နေသော ကာမဇော မနောဒွါရိကဇောဝီထိစိတ်တို့ကြောင့် ဖြစ်ပေါ် လာသော အလွန် သိမ်မွေ့နူးညံ့သော အဿာသပဿာသကို (= အသက် ငွေ့ငွေ့ကလေး ရှူနေသည်ကို) အချို့ယောဂီများသည် သတိပြုနေမိတတ်၏။ စတုတ္ထစျာန်သမာပတ်အခိုက်၌ အသက်မရှူသော်လည်း အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်သောအခိုက်၌ အသက်ရှူနေခြင်းသာ ဖြစ်၏။
ထိုကြောင့် စတုတ္ထစျာန်ကို ရခါစ အစပိုင်းတွင် အသက်ရှူ-မရှူကို ဆန်းစစ်မှု မပြုသေးဘဲ စတုတ္ထစျာန်ကို ဝင်စားမှုကိုသာ များများပြုလုပ်ပါ။ ကျေနပ်မှု ရရှိသောအခါမှ အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်ပါ။ ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးတို့မှာလည်း စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌လည်း ထင်ရှားနေတတ်ရကား စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့နှင့် စတုတ္ထစျာန်အခိုက်၌ ဖြစ်ပေါ်နေတတ်သော ဥပေက္ခာ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါတို့သည် အနည်းငယ် ရောထွေးတတ်သည်။ ဥပစာရသမာဓိ အခိုက်၌ အသက်ရှူမှု ရှိ၏၊ ရံခါ ဘဝင်ကျနေတတ်၏။ သို့သော် စတုတ္ထစျာန်သမာဓိအခိုက်၌ အထူးသဖြင့် စတုတ္ထစျာန်သမာပတ်ကို ဝင်စား ခိုက်၌ အသက်မရှူပေ။ ယင်းသမာဓိကိုလည်း ကြာရှည်စွာ တည်တံ့နေအောင် ဘဝင်ကျမှု မရှိအောင် ယောဂါဝစရပုဂ္ဂိုလ်က ရွက်ဆောင်ထားနိုင်ပေသည်။
ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းစတုတ္ထစျာန်သမာဓိကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ရ၏။ ယင်းစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော ဉာဏ်လင်းရောင်ခြည်စွမ်းအင်များ ပရိယောဒါတ =ပြိုးပြိုး ပြက်ပြက် တလက်လက် တောက်ပလာသည့် တိုင်အောင် လေ့ကျင့်ပါ။ ထိုအခါဝယ် ဝိပဿနာသို့ ကူးလိုက ကူးနိုင်ပြီ။
အကယ်၍ မြေ-ရေ-မီး-လေတို့နှင့် တူညီသော စိတ်ဓာတ်များ ကိန်းဝပ်လာအောင် ပထဝီကသိုဏ်းစသည် ကသိုဏ်းကမ္မဋ္ဌာန်းတို့ကို ကူးပြောင်း အားထုတ်လိုကလည်း
(၃၂) ကောဋ္ဌာသသို့
ယင်း စတုတ္ထစျာန်သမာဓိကြောင့် တစ်နည်း သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် အလင်းရောင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ စျာန်မှထကာ ယင်း လင်းရောင်ခြည် အကူအညီဖြင့် (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ (= မိမိကိုယ်)က စ၍ သိမ်းဆည်းပါ။
၁။ ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ,
၂။ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့ = ကျောက်ကပ်,
၃။ နှလုံး, အသည်း, အမြှေး, အဖျဉ်း = သရက်ရွက်, အဆုပ်,
၄။ အူမ, အူသိမ် (= အူသိမ်း = အူထုံး = အူချည်ကြိုး), အစာသစ်, အစာဟောင်း, ဦးနှောက်,
၅။ သည်းခြေ (= အအိမ်သည်းခြေ + အရည်သည်းခြေ), သလိပ်, ပြည်, သွေး (= အိုင်နေသောသွေး + အကြောအတွင်းသွေး), ချွေး, အဆီခဲ,
၆။ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်။
ယောဂါဝစရသူတော်ကောင်းသည် ဤ (၃၂)ကောဋ္ဌာသတို့ကို အာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကို ယူ၍ ဆံပင်မှသည် ကျင်ငယ်, ကျင်ငယ်မှသည် ဆံပင်သို့ တိုင်အောင် အဝါးဝစွာ လေ့လာပါ။ ဆံပင်မှသည် အောက်သို့ စိုက်ရှုလိုက်ရာ ကျင်ငယ်သို့တိုင်အောင်, ကျင်ငယ်မှသည် အထက်သို့ လှန်၍ ရှုလိုက်ရာ ဆံပင်သို့တိုင်အောင် တိုးလျှိုပေါက် ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်သည် ဖြစ်အံ့၊ ထိုအခါ အဇ္ဈတ္တ၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ (= ပဂုဏ ဖြစ်ပေပြီ)။
ထိုအခါ၌ (၃၂)ကောဋ္ဌာသတို့ကို ဤသို့ သိမ်းဆည်းနေသော ဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များသည် ဆက်လက် ထွက်ပေါ်နေမည်သာ ဖြစ်ပေသည်။ ထိုလင်းရောင်ခြည် အကူအညီဖြင့် ဗဟိဒ္ဓ ရှေ့တည့်တည့်၌ တည်ရှိသော ယောဂီပုဂ္ဂိုလ်တစ်ဦးဦး၏ (၃၂)ကောဋ္ဌာသကို ဆက်လက် သိမ်းဆည်းပါ။ ညဉ့်အခါ လက်နှိပ်ဓာတ်မီးဖြင့် အရာဝတ္ထုတစ်ခုကို ထိုးကြည့်သကဲ့သို့ ထိုဉာဏ်ရောင် ပျံ့နှံ့ရာ အရပ်၌ ထိုဉာဏ်ရောင်၏ အကူအညီဖြင့် ပကတိမျက်စိဖြင့် တွေ့မြင်နေရသကဲ့သို့ ဉာဏ်မျက်စိဖြင့် (= ဉာဏ်အလင်းရောင်ဖြင့်) ယင်း (၃၂)ကောဋ္ဌာသကို မြင်အောင် ကြည့်ပါ။ အကယ်၍ ဉာဏ်အလင်းရောင်မှာ မလုံလောက်ဟု ယူဆပါက အာနာပါနစတုတ္ထစျာန်ကို တစ်ဖန် ဝင်စားပါ။ ယင်း စတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည် အကူအညီကို ယူကာ တစ်ဖန် ဗဟိဒ္ဓ၌ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။ လင်းရောင်ခြည် မှိန်သွားတိုင်း ဤစနစ်ကို အသုံးပြုပါ။ ရှေ့တည့်တည့်၌ တည်ရှိသော ယောဂီ တစ်ဦး၏ (၃၂)ကောဋ္ဌာသတို့ကို နိုင်နိုင်နင်းနင်း သိမ်းဆည်းပြီးသောအခါ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့ကို တစ်လှည့် ပြန်သိမ်းဆည်းပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် သိမ်းဆည်းပါ။ သို့မှသာလျှင် ဘာဝနာသည် အရှိန်ကောင်းလာမည် ဖြစ်ပေသည်။
ဤနည်းစနစ်ကို မှီ၍ အနီးမှသည် အဝေးသို့ တစ်စတစ်စ တိုး၍တိုး၍ ရှုကြည့်ပါ။ အရပ် (၁၀)မျက်နှာအားလုံးသို့ ဖြန့်ကြက်၍ ရှုကြည့်ပါ။ ယင်း အာနာပါနစတုတ္ထစျာန်ကြောင့် သို့မဟုတ် (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်း ရှုပွားနေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်နှင့် တွေ့ထိမိရာ လူ, တိရစ္ဆာန်စသည့် သတ္တဝါတိုင်း၏ (၃၂)ကောဋ္ဌာသတိုင်းကို တစ်ဦးပြီး တစ်ဦး တစ်ယောက်ပြီးတစ်ယောက် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုကြည်ပါ။ ယောက်ျား မိန်းမ ကျွဲ နွား တိရစ္ဆာန်ဟု မတွေ့မြင်ရတော့ဘဲ (၃၂)ကောဋ္ဌာသ အစုအပုံဟု ကြည့်လိုက်တိုင်း တွေ့နေပါက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ (= ပဂုဏ ဖြစ်ပေပြီ)။
လမ်းသုံးသွယ်
ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန မုခေန ဝိမုစ္စိဿတိ၊ ကမ္မဋ္ဌာနံ ဝဏ္ဏတော ဝါ ပဋိကူလတော ဝါ သုညတော ဝါ ဥပဋ္ဌာတိ။ ပ ။ အာကင်္ခမာနဿ ဝဏ္ဏတော အာကင်္ခမာနဿ ပဋိကူလတော အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)
= ယင်း (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန် နှစ်မျိုးတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီးရာ အချိန်အခါမှ စ၍ နိဗ္ဗာန်သို့ ဝင်ရာ မုခ်ဦးကြီး သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော မုခ်ဦးဖြင့် ဝင်ရောက်သွာခဲ့သော် ကိလေသာတို့မှ မချွတ်ဧကန် လွတ်မြောက်လိမ့်မည်သာ ဖြစ်ပေသည်။ ကမ္မဋ္ဌာန်းသည် ---
၁။ ဝဏ္ဏ = အရောင်ကသိုဏ်း = ဝဏ္ဏကသိုဏ်းအားဖြင့်သော်လည်းကောင်း,
၂။ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် = ပဋိကူလသဘောအားဖြင့်သော်လည်းကောင်း,
၃။ သုညတ = အတ္တမှ ဆိတ်သုဉ်းသော သုညတဓာတ်သဘောအားဖြင့်သော်လည်းကောင်း ထင်လာနိုင်၏။ ပ ။
၁။ အလိုရှိသသူအား ဝဏ္ဏကသိုဏ်းအားဖြင့်,
၂။ အလိုရှိသသူအား ရွံရှာစက်ဆုပ်ဖွယ် = ပဋိကူလအားဖြင့်,
၃။ အလိုရှိသသူအား သုညတဓာတ်သဘောအားဖြင့် --- ကမ္မဋ္ဌာန်းသည် ထင်ရှားလာမည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၄၃။)
ဤအထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံး၌ နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာပြီးသောအခါ အထက်ပါ လမ်းသုံးသွယ်တို့တွင် မိမိ ကြိုက်နှစ်သက်ရာ လမ်းကို ရွေးချယ်၍ ရှုနိုင်သည် သာ ဖြစ်ပေသည်။ ဤကျမ်းတွင်ကား ဝဏ္ဏကသိုဏ်းလမ်းကို ဦးစားပေးကာ ဖော်ပြပေအံ့။
ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်း
ဘုရားရှင်သည် ဝိမောက္ခတရား (၈)ပါးတို့ကို ဟောကြားထားတော် မူခဲ့၏။ ယင်းဝိမောက္ခတရား (၈)ပါးတို့တွင် ပထမဝိမောက္ခတရားနှင့် ဒုတိယ ဝိမောက္ခတရားတို့မှာ ဤသို့ ဖြစ်၏။
၁။ ရူပီ ရူပါနိ ပဿတိ၊ အယံ ပဌမော ဝိမောက္ခော။
၂။ အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ၊ အယံ ဒုတိယော ဝိမောက္ခော။ (အံ၊၃၊၁၂၆။)
ရူပီတိ ယေနာယံ သသန္တတိပရိယာပန္နေန ရူပေန သမန္နာဂတော၊ တံ ယဿ စျာနဿ ဟေတုဘာဝေန ဝိသိဋ္ဌရူပံ ဟောတိ၊ ယေန ဝိသိဋ္ဌေန ရူပေန ရူပီတိ ဝုစ္စေယျ ရူပီသဒ္ဒဿ အတိသယတ္ထဒီပနတော၊ တဒေဝ သသန္တတိပရိယာပန္နရူပဿ ဝသေန ပဋိလဒ္ဓဇ္ဈာနံ ဣဓ ပရမတ္ထတော ရူပိဘာဝသာဓကန္တိ ဒဋ္ဌဗ္ဗံ။ တေနာဟ အဇ္ဈတ္တန္တိ အာဒိ။ ရူပဇ္ဈာနံ ရူပံ ဥတ္တရပဒလောပေန။ ရူပါနီတိ ပနေတ္ထ ပုရိမပဒလောပေါ ဒဋ္ဌဗ္ဗော။ တေန ဝုတ္တံ နီလကသိဏာဒီနိ ရူပါနီတိ။ ရူပေ ကသိဏရူပေ သညာ ရူပသညာ။ ဧတဿ အတ္ထီတိ ရူပသညီ၊ သညာသီသေန စျာနံ ဝဒတိ။ တပ္ပဋိပက္ခေန အရူပသညီ။ တေနာဟ အဇ္ဈတ္တံ န ရူပသညီတိအာဒိ။ (အံ၊ဋီ၊၃၊၂၄၉။)
အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
၁။ မိမိ အဇ္ဈတ္တသန္တာန်၌ ကသိုဏ်းရုပ်စျာန် ရှိသည်ဖြစ်၍ အပြင် ဗဟိဒ္ဓ သန္တာန်၌လည်း ကသိုဏ်းရုပ်စျာန်တို့ကို ရှု၏။ ဤကား ပထမ လွတ်မြောက်မှု(= ဝိမောက္ခ)ပေတည်း။
၂။ မိမိ အဇ္ဈတ္တသန္တာန်၌ ကသိုဏ်းရုပ်စျာန်ကို မရှုမူ၍ အပြင် ဗဟိဒ္ဓ သန္တာန်၌ ကသိုဏ်းရုပ်စျာန်တို့ုကို ရှု၏။ ဤကား ဒုတိယ လွတ်မြောက်မှု (=ဝိမောက္ခ္ခ)ပေတည်း။ (အံ၊၃၊၁၂၆။)
ဤတွင် အဋ္ဌကထာက အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့တွင် ဆံပင်စသော ကောဋ္ဌာသတို့၌ နီလကသိုဏ်း (= အညိုရောင်ကသိုဏ်း)စသည်တို့၏ အစွမ်းဖြင့် ဖြစ်စေအပ်သော ရူပါဝစရစျာန်ရှိသော ပုဂ္ဂိုလ်ကို ရူပီ (= ကသိုဏ်းရုပ်စျာန်ရှိသော ပုဂ္ဂိုလ်)ဟု ဖွင့်ဆိုထား၏။ အဇ္ဈတ္တကောဋ္ဌာသတို့၌ ရူပါဝစရကသိုဏ်းရုပ်စျာန်တို့ကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဗဟိဒ္ဓ ကသိုဏ်းရုပ်တို့ကိုလည်း စျာန်စက္ခုဖြင့် ရှုပြန်၏ (= ဗဟိဒ္ဓကောဋ္ဌာသတို့၌ လည်း ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်၏။) အဇ္ဈတ္တ, ဗဟိဒ္ဓ ကောဋ္ဌာသနှစ်မျိုးလုံး၌ ရူပါဝစရစျာန်တို့ကို ရရှိအောင် အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်တည်း။ ပထမဝိမောက္ခတရားနှင့် ပြည့်စုံသူတည်း။
ဒုတိယပုဂ္ဂိုလ်ကား အဇ္ဈတ္တကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် မကြိုးစားတော့ဘဲ ဗဟိဒ္ဓကောဋ္ဌာသတို့၌သာလျှင် ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်၏။ ဒုတိယဝိမောက္ခတရားနှင့် ပြည့်စုံသူတည်း။ (အံ၊ဋ္ဌ၊၃၊၂၄၅။ အံ၊ဋီ၊၃၊၂၄၉။ အဘိ၊ဋ္ဌ၊၁၊၂၃၅။)
(၃၂)ကောဋ္ဌာသတို့ကို အာရုံယူကာ ကသိုဏ်းစျာန်တို့ကို ပွားများ အားထုတ်ခဲ့သော် နီလကသိုဏ်း ပီတကသိုဏ်း လောဟိတကသိုဏ်း ဩဒါတ ကသိုဏ်းဟု ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း) လေးမျိုးတို့ကို ရရှိနိုင်၏။
၁။ နီလကသိုဏ်း = အညိုရောင်ကသိုဏ်း --- ဆံပင်, မွေးညင်း, သည်းခြေ တို့၌လည်းကောင်း, မျက်လုံးတို့၌ မည်းနက်ရာ အရပ်၌လည်းကောင်း ညိုသော အရောင်ကို အာရုံပြု၍ နီလံ နီလံ (= အညို အညို)ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန်, ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်းစျာန်တို့ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေ နိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။)
၂။ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း ----- အဆီခဲ၌လည်းကောင်း, မျက်လုံးတို့၏ ဝါရွှေရာအရပ်၌လည်းကောင်း (= ဝါသော အရေပြား၌လည်းကောင်း, ဝါသော လက်ဖဝါး, ခြေဖဝါးတို့၌လည်းကောင်း) အဝါရောင်ကို အာရုံယူ၍ ပီတကံ ပီတကံ (= အဝါ အဝါ)ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်းစျာန်ကို ဝိပဿနာ ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။)
၃။ လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း --- အသား၌လည်းကောင်း, သွေး၌လည်းကောင်း, (လျှာ၌လည်းကောင်း), မျက်လုံးတို့၏ နီမြန်းရာအရပ်၌ လည်းကောင်း အနီရောင်ကို အာရုံယူ၍ လောဟိတကံ လောဟိတကံ (=အနီ အနီ)ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာ ဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။)
၄။ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်း --- ခြေသည်းလက်သည်း၌ လည်းကောင်း, သွား၌လည်းကောင်း, အရေထူ အရေပါး၌လည်းကောင်း, အရိုး၌လည်းကောင်း, မျက်လုံးတို့၏ ဖြူရာအရပ်၌လည်းကောင်း, အဖြူရောင်ကို အာရုံပြု၍ ဩဒါတံ ဩဒါတံ (= အဖြူ အဖြူ)ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန်, ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏။ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေ နိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။ ဒီ၊ဋ္ဌ၊၂၊၁၅၁။ အဘိ၊ဋ္ဌ၊၁၊၂၃၅။)
ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်း
ရဟန်းတို့ ... ဤအဘိဘာယတနစျာန် (၈)မျိုးတို့တွင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိအဇ္ဈတ္တသန္တာန်၌ တည်ရှိသော ကောဋ္ဌာသတို့၏ အဆင်းရုပ်တို့ကို မရှုမူ၍ ဗဟိဒ္ဓ၌ ဖြူသော အဆင်း, ဖြူသော အသွေး, ဖြူသော အရောင်ရှိသော, ဖြူသော ကသိုဏ်းရုပ်တို့ကို ရှု၏။ ထိုကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ ငါ သိ၏၊ ငါ မြင်၏ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤ အဘိဘာယတနစျာန်သည်ကား အသာဆုံး အမြတ်ဆုံးတည်း။ (အံ၊၃၊၃၀၆။)
ဤအထက်ပါ ဒေသနာတော်နှင့် အညီ ဝဏ္ဏကသိုဏ်း လေးမျိုးတို့တွင် ဩဒါတ (= အဖြူရောင်)ကသိုဏ်းကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ စိတ်ဓာတ်ကို အထူး ကြည်လင်စေတတ်သဖြင့် အသာဆုံး အမြတ်ဆုံး ကသိုဏ်းတစ်ခု ဖြစ်၏။ ထို့ကြောင့် ဩဒါတကသိုဏ်း ရှုကွက်ကို ရှေ့ဦးစွာ တင်ပြပေအံ့။
၁။ အာနာပါနစတုတ္ထစျာန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသော အခါ -----
၂။ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။
၃။ မိမိ၏ ရှေ့တည့်တည့် သို့မဟုတ် အနီးကပ်ဆုံး တစ်နေရာ၌ တည်ရှိသော ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။
၄။ ထို အဇ္ဈတ္တ ဗဟိဒ္ဓ ကောဋ္ဌာသတို့တွင် မိမိ ရှု၍ ပိုကောင်းသည့် ကောဋ္ဌာသက စတင်နိုင်သည်။ အကယ်၍ ဗဟိဒ္ဓကောဋ္ဌာသက ပိုပြီး ရှုကောင်းပါက ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို သိမ်းဆည်းပါ။
၅။ ထိုဗဟိဒ္ဓ အရိုးစုကောဋ္ဌာသ၏ အဖြူဆုံး တစ်နေရာကို ရွေးချယ်၍ သို့မဟုတ် အရိုးစုအားလုံး ဖြူနေသော် အရိုးစုအားလုံးကို ခြုံငုံ၍ သို့မဟုတ် မိမိဘက်သို့ ကျောပေးထားသော ဦးခေါင်းခွံအရိုးကို အာရုံ ပြု၍ ဩဒါတ ဩဒါတ (= အဖြူ အဖြူ)ဟု နှလုံးသွင်းပါ။
ထိုသို့ ရှုသောအခါ ထိုအဖြူရောင်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။
အာနာပါနစတုတ္ထစျာန် စသော ရှေးရှေး ဘာဝနာသမာဓိတို့၏ ဥပနိဿယသတ္တိ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံထားရသော ယောဂါဝစရပုဂ္ဂိုလ်၏ ဩဒါတကသိုဏ်း ဘာဝနာစိတ်သည် အဖြူရောင် အာရုံ၌ မကြာမီ အချိန်ကာလအတွင်းဝယ် ငြိမ်ဝပ်စွာ ကပ်၍ တည်မည်သာ ဖြစ်ပေသည်။ ယင်းအဖြူရောင်အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါက အရိုးစုကောဋ္ဌာသ ပျောက်၍ အဖြူရောင် ကသိုဏ်းဝန်း သက်သက်သာ ကျန်ရှိနေမည် ဖြစ်ပေသည်။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ် ဖြူနေသော အဖြူရောင်ကသိုဏ်းဝန်းကား ဥဂ္ဂဟနိမိတ်တည်း။ သောက်ရှူး ကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပလာသော အဖြူရောင်ကသိုဏ်းဝန်း ကား ပဋိဘာဂနိမိတ်တည်း။ ဥဂ္ဂဟနိမိတ်သို့ မဆိုက်မီ ဆွတ်ဆွတ်မဖြူမီ အရိုးစုနိမိတ်အားလုံးကား ပရိကမ္မနိမိတ်ချည်းသာတည်း။
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသာသနာတော်တွင်း၌ ရှေးရှေး ဘဝများက ဖြစ်စေ, သို့မဟုတ် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း ဘဝထိုထိုက ဖြစ်စေ, သို့မဟုတ် သာသနာပကာလ ရှေးရှေးဘဝတစ်ခုက ဖြစ်စေ ဖြည့်ကျင့်ဆည်းပူးခဲ့သော ဩဒါတကသိုဏ်း ပါရမီကုသိုလ် အဆောက် အဦ ရှိသူ ဖြစ်ပါက အဖြူရောင် ဩဒါတကသိုဏ်းဝန်းမှာ အထူးကြိုးစား၍ မဖြန့်ရတော့ဘဲ ဥဂ္ဂဟနိမိတ် သို့မဟုတ် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက် လာသောအခါ အဖြူရောင် ဩဒါတကသိုဏ်းဝန်းကို အဖြူ အဖြူဟု စူးစူး စိုက်စိုက် ရှုနေစဉ်မှာပင် ဩဒါတကသိုဏ်းဝန်းသည် အရပ် (၁၀)မျက်နှာသို့ တိုင်အောင် လွယ်ကူစွာ ပြန့်သွားတတ်ပေသည်။
အကယ်၍ အဖြူရောင်ကသိုဏ်းဝန်းမှာ ပြန့်ကျယ်၍ မသွားပါက ထိုအဖြူရောင် ကသိုဏ်းဝန်းကိုပင် ဆွတ်ဆွတ်ဖြူ၍ အထူးကြည်လင်တောက်ပလာသည့်တိုင်အောင် အာရုံယူကာ အဖြူ အဖြူဟု ရှုနေပါ။ သမာဓိကို ဆက်လက် ထူထောင်ပါ။ ဆွတ်ဆွတ်ဖြူ၍ အထူးသန့်ရှင်း ကြည်လင်တောက်ပနေသည့် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ ယင်းပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အဖြူ အဖြူဟု ဆက်လက် ရှုပွားခဲ့သော် ပထမစျာန်သမာဓိသို့ကား ဆိုက်ရောက်နိုင်၏။ သို့သော် ယင်းသမာဓိမှာ မခိုင်ခံ့ဘဲ အရှည်မတည်တံ့ ဖြစ်တတ်၏။ ထိုကြောင့် သမာဓိ၏ အရှည်ခိုင်ခံ့ တည်တံ့ရေးအတွက် ယင်းပဋိဘာဂနိမိတ်ကို တိုးပွားအောင် ပြုလုပ်သင့်ပေသည်။
ယင်း အဖြူရောင် ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ အဖြူရောင်ကသိုဏ်းဝန်းသည် ဘေးပတ်လည်ဝန်းကျင်သို့ လက်တစ်သစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်နှစ်သစ်ခန့်် ပြန့်ပါစေ၊ သို့မဟုတ် လက်သုံးသစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်လေးသစ်ခန့် ပြန့်ပါစေ --- ဤသို့ စသည်ဖြင့် မိမိ၏ ဉာဏ်အာနုဘော်စွမ်းအားနှင့် နှိုင်းချိန်လျက် လက်တစ်သစ် လက် နှစ်သစ် စသည်ဖြင့် ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်ကြည့်ပါ။ လက်တစ်သစ် လက်နှစ်သစ် စသည်ဖြင့် မပိုင်းခြားဘဲကား ကသိုဏ်းဝန်းကို မဖြန့်ပါနှင့်၊ ပိုင်းခြား၍သာ ဖြန့်ပါ။ ထိုသို့ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်လိုက်သဖြင့် ကသိုဏ်းဝန်းသည် ပြန့်သွားခဲ့သော် ယင်းကသိုဏ်းဝန်းသည် အနည်းငယ် လှုပ်ရှားသွားတတ်၏။ ထိုအခါ ထိုကသိုဏ်းဝန်းကို ငြိမ်သက်သွားအောင် အဖြူ အဖြူဟု ရှုနေပါ၊ သမာဓိစွမ်းအား ကောင်းလာသောအခါ ကသိုဏ်းဝန်းသည် ငြိမ်သက်သွားမည် ဖြစ်သည်။ ငြိမ်သက်သွားပါက ရှေးနည်းအတူ ပိုင်းခြား၍ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ထပ်မံ၍ ဖြန့်ကြည့်ပါ။
တစ်စတစ်စ ကသိုဏ်းဝန်းသည် ကျယ်ပြန့်လာသောအခါ တစ်တောင် ပြန့်ပါစေ၊ တစ်လံ ပြန့်ပါစေ --- ဤသို့ စသည်ဖြင့် တိုးချဲ့၍ ဖြန့်ကြည့်ပါ။ ဤနည်းဖြင့် ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့ အတိုင်းအတာ ပမာဏ မရှိအောင် ဖြန့်ကြက်ပါ။ အရပ် (၁၀)မျက်နှာ၌ မည်သည့်အရပ်ကို မဆို ကြည့်လိုက်တိုင်း ဖြူနေပါစေ။ အဇ္ဈတ္တ, ဗဟိဒ္ဓ နှစ်ဌာနလုံး၌ သဏ္ဌာန်ဒြပ် လုံးဝမရှိတော့ဘဲ အဖြူရောင်ချည်းသက်သက် တည်ရှိနေသောအခါ ထိုအဖြူ ရောင်ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်, ကသိုဏ်းက လှုပ်ရှားနေပါက လှုပ်ရှားနေသော အဖြူရောင်ကသိုဏ်းအာရုံကိုလည်း ငြိမ်ဝပ်သွားအောင် ဖြန့်ကြက်ပြီးသော ယင်းအဖြူရောင်ကသိုဏ်း၏ တစ်နေရာ၌ --- တိုက်နံရံ တစ်ခုပေါ်၌ ဦးထုပ်တစ်လုံးကို ချိတ်ဆွဲထားသကဲ့သို့ ဘာဝနာစိတ်ကို ကပ်ထား၍ အဖြူ အဖြူဟုသာ ရှုနေပါ။ ယင်းအဖြူရောင် ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါ အဖြူရောင်ကသိုဏ်းမှာလည်း လှုပ်ရှားမှု မရှိတော့ဘဲ ငြိမ်ဝပ်လာမည် ဖြစ်၏။ ဘာဝနာစိတ်သည်လည်း ငြိမ်သက်သထက် ငြိမ်သက်လာ၍ အဖြူရောင် ကသိုဏ်းလည်း ငြိမ်ဝပ်လာသောအခါ ယင်း အဖြူရောင်ကသိုဏ်းမှာ ဆွတ်ဆွတ်ဖြူ၍ အထူးကြည်လင် သန့်ရှင်းလာမည် ဖြစ်သည်။ အဖြူရောင် ကသိုဏ်းနိမိတ်ကို တိုးပွားအောင် ဖြန့်ကြက်ပြီးနောက် ထပ်မံ၍ ရရှိလာသော ကသိုဏ်းပဋိဘာဂနိမိတ်တည်း။ ထိုအဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ် အာရုံ၌ တစ်နာရီ နှစ်နာရီခန့် စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် အဖြူ အဖြူဟုပင် ရှုနေပါ။ ထိုအခါ ယင်းပဋိဘာဂနိမိတ်ကိုပင် ထပ်ကာ ထပ်ကာ နှလုံးသွင်းနေပါက ရှုနေပါက သမာဓိဒီဂရီ စံချိန်မီလာသောအခါ ရင့်ကျက်လာသောအခါ ထိုပဋိဘာဂနိမိတ်အာရုံထဲ၌ ဘာဝနာစိတ်သည် နစ်မြုပ်၍ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပေလိမ့်မည်။ ထိုသို့ ယင်းပဋိဘာဂနိမိတ် အတွင်း၌ နစ်မြုပ်ကာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော ယင်းဘာဝနာဝယ် စျာန်အင်္ဂါ ငါးပါးတို့လည်း ထင်ရှားနေပေလိမ့်မည်။ စျာန်အင်္ဂါတို့သည် ထင်ရှားနေပေလိမ့်မည်။ စျာန်အင်္ဂါတို့သည် စွမ်းအင် ပြည့်ပြည့်ဝဝဖြင့် အားရှိ နေမည် ဖြစ်ပေသည်။ ထိုအခါ ပထမစျာန်သမာဓိကိုလည်း ဆိုက်ရောက်ပြီး ဖြစ်ပေသည်။
စျာန်အင်္ဂါ ငါးပါး
၁။ ဝိတက် = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊
၂။ ဝိစာရ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို အဖြူ အဖြူဟု ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော၊
၃။ ပီတိ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို နှစ်သက် ခြင်းသဘော၊
၄။ သုခ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊
၅။ ဧကဂ္ဂတာ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံတစ်ခုတည်း ပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော၊
ဝိတက်စသည့် တစ်လုံးစီ တစ်လုံးစီကို စျာန်အင်္ဂါဟု ခေါ်ဆို၍ ယင်း စျာန်အင်္ဂါတို့၏ အပေါင်းအစုကို စျာန်ဟု ခေါ်ဆိုသည်။ ယင်း ပထမစျာန် သမာဓိကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝသီဘော် ငါးတန် နိုင်နင်းသောအခါ အာနာပါနကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့သည့် အတိုင်း ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့သို့လည်း အစဉ်အတိုင်း ကူးပါလေ။
စတုက္ကနည်း - စျာန် (၄) ပါး
၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ ငါးပါးရှိသော ပထမစျာန်၊
၂။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ သုံးပါးရှိသော ဒုတိယစျာန်၊
၃။ သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်၊
၄။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်။
ပဉ္စကနည်း - စျာန် (၅) ပါး
၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ ငါးပါးရှိသော ပထမစျာန်၊
၂။ ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ လေးပါးရှိသော ဒုတိယစျာန်၊
၃။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ သုံးပါးရှိသော တတိယစျာန်၊
၄။ သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်၊
၅။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော ပဉ္စမစျာန်။
ဤသို့လျှင် စတုက္ကနည်း၌ စျာန် (၄)ပါး, ပဉ္စကနည်း၌ စျာန် (၅)ပါး ရှိကြပေသည်။ စျာန်အင်္ဂါတို့ကို ပယ်ရှားရာဝယ် ပဉ္စကနည်း၌ကား ဝိတက်နှင့် ဝိစာရကို တစ်လုံးစီ ဖြုတ်သဖြင့် စျာန် (၅)ပါး ဖြစ်သည်။ စတုက္ကနည်း၌ကား ဝိတက်နှင့် ဝိစာရတို့ကို ပြိုင်တူ ဖြုတ်သဖြင့် စျာန် (၄)ပါး ဖြစ်သည်။ ကျွတ်ထိုက်သသူ နတ်,လူ, ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏ အလိုအကြိုက် စရိုက်နှင့် လျော်ညီစွာ ဉာဏ်နုံ့သူတို့အား ပဉ္စကနည်းကို, ဉာဏ်ထက်မြက်သူတို့အား စတုက္ကနည်းကို ဟောကြားတော်မူသည်။ ရူပါဝစရစျာန်များတည်း။ ရူပါဝစရဘုံသို့ ရောက်စေနိုင်သော စွမ်းအားရှိသော စျာန်များဟု ဆိုလို၏။ ဤ၌ကား ----- ရူပါဝစရဘုံသို့ ရောက်ရှိရေးအတွက် ရည်ရွယ်၍ သမာဓိကို ထူထောင်သည့် လုပ်ငန်းရပ်ကို ပြုလုပ်စေသည်ကား မဟုတ်ပါ။ ဝိပဿနာ၏ အခြေပါဒကအဖြစ် ရည်ရွယ်၍ သမာဓိထူထောင်မှုကို တိုက်တွန်းနေခြင်း ဖြစ်ပါသည်။
နီလကသိုဏ်း စသည်သို့
ယောဂါဝစရပုဂ္ဂိုလ်သည် ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို အာရုံယူ၍ ဩဒါတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အောင်မြင်စွာ သမာဓိကို ထူထောင်နိုင်ခဲ့သည်ရှိသော် အဇ္ဈတ္တ အရိုးစုကောဋ္ဌာသကို အာရုံယူ၍လည်း အဖြူရောင်ကသိုဏ်းကို အလားတူပင် စတုတ္ထစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများနိုင်ပေသည်။
တစ်ဖန် ယင်း အဖြူရောင်ကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထစျာန်သမာဓိမှ ထသောအခါ ---
၁။ ဆံပင်ကဲ့သို့, သည်းခြေကဲ့သို့ ညိုသော ကောဋ္ဌာသကို အာရုံယူ၍ အညိုရောင် နီလကသိုဏ်းကိုလည်းကောင်း,
၂။ အဆီခဲ, ကျင်ငယ်ကဲ့သို့ ဝါသော ကောဋ္ဌာသကို အာရုံယူ၍ အဝါရောင် ပီတကသိုဏ်းကိုလည်းကောင်း,
၃။ သွေးကဲ့သို့ နီသော ကောဋ္ဌာသကို အာရုံယူ၍ အနီရောင် လောဟိတ ကသိုဏ်းကိုလည်းကောင်း ---
အလိုရှိက အလားတူ ပွားများအားထုတ်ခဲ့သော် စတုတ္ထစျာန်သမာဓိသို့ပင် ဆိုက်ရောက်နိုင်ပေသည်။ အဇ္ဈတ္တကောဋ္ဌာသ, ဗဟိဒ္ဓကောဋ္ဌာသ နှစ်မျိုးလုံး၌ ရှုနိုင်သည်။ အောင်မြင်မှုကို ရရှိသောအခါ ဗဟိဒ္ဓ သက်မဲ့လောက ၌ တည်ရှိသော ပိတ်စ, ကျောက်, ပန်းပွင့်တို့ကို အာရုံယူ၍လည်း ယင်း ဝဏ္ဏကသိုဏ်းတို့ကို ပွားများနိုင်ပေသည်။ ထိုကဲ့သို့ ဝဏ္ဏကသိုဏ်း၌ ကျွမ်းကျင်နေသူအား -----
၁။ အောက်မဲညိုပွင့် မြခွာညိုပွင့်တို့ကလည်း အညိုရောင် နီလကသိုဏ်းကို ပွားများရန်အတွက် လာစမ်းပါ ရှုကြည့်စမ်းပါဟု ဖိတ်ခေါ်နေသကဲ့သို့ပင် ရှိကြ၏။
၂။ အတာကူးသည့် လတန်ခူးတွင် ပင်လုံးကျွတ် ဖူးပွင့်ဝေဆာလျက် ရှိကြသော ပန်းပိတောက်နှင့် ငုရွှေဝါတို့ကလည်း အဝါရောင် ပီတ ကသိုဏ်းကို ရှုရန် ဆီးကြို နှုတ်ဆက်နေကြသည့်အလား ရပ်တည် နေကြမည်သာ ဖြစ်၏။
၃။ လယ်ခေါင်ရန်းနှင့် နီမြန်းသော နှင်းဆီပန်းတို့ကလည်း အနီရောင် လောဟိတကသိုဏ်းကို ရှုရန် စောင့်မျှော်နေကြသကဲ့သို့ ရှိကြ၏။
၄။ ပင်လုံးကျွတ် ပွင့်နေကြသော တရုတ်စကားအဖြူနှင့် အကျော်ပန်းတို့ကလည်း အဖြူရောင် ဩဒါတကသိုဏ်းကို ရှုရန် တည်ငြိမ်စွာ ရပ်တည်ပေးနေကြသကဲ့သို့ ရှိကြ၏။
ယောဂါဝစရပုဂ္ဂိုလ်ဘက်ကသာ စွမ်းအင် ပြည့်ဝနေပါစေ၊ မြင်မြင်သမျှ သက်ရှိသက်မဲ့ အရာဝတ္ထုတို့က သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်များ ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် အာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးနေကြမည်သာ ဖြစ်ပေသည်။
ယောနိသောမနသိကာရ (= နည်းမှန်လမ်းမှန် နှလုံးသွင်းမှု) ရှိနေသည့် ယောဂါဝစရပုဂ္ဂိုလ်အဖို့ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော သွားတစ်ချောင်းကလည်း အဖြူရောင် ဩဒါတကသိုဏ်းဝန်းတစ်ခု ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏၊ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အလွန်သေးငယ်သော သည်းခြေကလည်း အညိုရောင် နီလကသိုဏ်းဝန်းတစ်ခု ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သော စွမ်းအားရှိနေ၏၊ အလွန် ရွံရှာစက်ဆုပ်ဖွယ် ကောင်းသော ကျင်ငယ်ကောဋ္ဌာသတစ်ခုကလည်း အဝါရောင်ပီတကသိုဏ်း ဝန်းတစ်ခု ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင် သော စွမ်းအားရှိနေ၏။ အလွန် မြတ်နိုးဖွယ်ရာသော ပတ္တမြားရတနာ တစ်လုံး ကလည်း အနီရောင် လောဟိတကသိုဏ်းဝန်းတစ်ခု ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏။ ယင်း ကသိုဏ်းဝန်း အားလုံးတို့က စတုတ္ထစျာန်သမာဓိသို့တိုင်အောင်သော စျာန်နာမ်တရားစုတို့အား အာရုံ အကြောင်းတရားအဖြစ် ရပ်တည်ကာ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေးလျက် ရှိ၏။ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသော မနသိကာရရှိသူ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ငါးဖြာအာရုံ ကာမဂုဏ် ညွန်ဗွက်မှ စတုတ္ထစျာန်သမာဓိသို့ တိုင်အောင်သော ဘာဝနာဟူသော အနှစ်သာရကို အချိန်မရွေး ထုတ်ယူ၍ ရနိုင်၏။ ယင်း စတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့သော် ပါရမီအားလျော်စွာ အရဟတ္တဖိုလ်သို့တိုင်အောင်သော အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်သည် သာ ဖြစ်၏။ အကယ်၍ ပါရမီနုံ့၍ အရဟတ္တဖိုလ်သို့ မပေါက်ရောက်သေးခဲ့ လျှင်လည်း မလျှောကျသော စျာန်ရှိသော ထိုသူတော်ကောင်းကို သံသရာ ခရီးတွင် အလွန် အဆင့်အတန်းမြင့်မားလှသော ဗြဟ္မာ့ချမ်းသာကြီးကလာစမ်းပါ လာစမ်းပါဟု ဆီးကြို ဖိတ်ခေါ်လျက် ရှိနေမည်သာ ဖြစ်ပေသည်။ ဤမျှ ကြီးမားလှသော ဂုဏ်ကျေးဇူးရှိသည့် ဤကဲ့သို့သော တရားထူး တရားမြတ်များကို သာသနာတော်၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရားကို လက်ကိုင်ထားလျက်ရှိသော သင်ကဲ့သို့သော သူတော်ကောင်းတစ်ဦးသည် အဘယ့်ကြောင့် မပွားများ အားမထုတ်ဘဲ နေထိုက်ပါအံ့နည်း။ အချိန်ရှိခိုက် လုံ့လစိုက်ပါလော့ ...။
ပထဝီကသိုဏ်း = မြေကသိုဏ်း
၁။ ကသိုဏ်းဝန်းအဖြစ် ပြုပြင်အပ်ပြီးသော မြေ,
၂။ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပြကတေ့သော ကောက်စပါး နယ်ရာ တလင်းစသော မြေ,
၃။ အပိုင်းအခြား ရှိသည်သာဖြစ်သော မြေ,
၄။ မန်းငယ် (= ဗန်းငယ်) ဆန်ကောငယ် ပမာဏရှိသော မြေ,
၅။ အိုးစရည်းဖုံး စလောင်းဖုံး ပမာဏရှိသော မြေ -----
ဤမြေတို့၌ ပထဝီကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၀၊၊)
တတ္ထ ယေန အတီတဘဝေပိ သာသနေ ဝါ ဣသိပဗ္ဗဇ္ဇာယ ဝါ ပဗ္ဗဇ္ဇိတွာ ပထဝီကသိဏေ စတုက္ကပဉ္စကဇ္ဈာနာနိ နိဗ္ဗတ္တိတပုဗ္ဗာနိ၊ ဧဝရူပဿ ပုညဝတော ဥပနိဿယသမ္ပန္နဿ အကတာယ ပထဝိယာ ကသိတဋ္ဌာနေ ဝါ ခလမဏ္ဍလေ ဝါ နိမိတ္တံ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၀။)
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရှေးရှေးအတိတ်ဘဝ၌လည်း သာသနာ တော်တွင်း၌သော်လည်းကောင်း, (သာသနာပ) ရသေ့ရဟန်း အဖြစ်၌ သော်လည်းကောင်း ရသေ့ရဟန်းပြုဖူး၍ ပထဝီကသိုဏ်း၌ စတုက္ကစျာန်, ပဉ္စကစျာန်တို့ကို ဖြစ်စေအပ်ကုန်၏။ ဤသို့သဘောရှိသော ဘာဝနာကြောင့် ဖြစ်သော ကောင်းမှုကုသိုလ် ပါရမီပုညသမ္ဘာရ အဆောက်အဦရှိသော အားကြီးသော ဘာဝနာကုသိုလ်တည်းဟူသော မှီရာ ဥပနိဿယနှင့် ပြည့်စုံသော ထိုယောဂါဝစရပုဂ္ဂိုလ်မြတ်အဖို့မူကား (အလောင်းတော် ဟတ္ထိပါလ သတို့သားသည် ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ဂင်္ဂါမြစ်ရေအယဉ်ကို အာပေါကသိုဏ်းနိမိတ်အဖြစ် လွယ်ကူစွာ ရယူနိုင်သကဲ့သို့) အလားတူပင် ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပကတိသော မြေဝယ် လယ်ထွန်ရာအရပ်၌သော်လည်းကောင်း, ၌သော်လည်းကောင်း ပရိကမ္မနိမိတ်ကို ယူခဲ့သော် ပထဝီ ပထဝီဟု စီးဖြန်းခဲ့သော် ထိုပရိကမ္မနိမိတ်မှ ဥဂ္ဂဟနိမိတ်သို့ တစ်ခဏချင်း ပြောင်းလဲသွား၍ ဥဂ္ဂဟနိမိတ်ကို ရရှိနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၀။)
ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ပထဝီကသိုဏ်းနိမိတ်ကို ရယူလိုခဲ့သော် ညီညာ၍ မြက် သစ်ရွက် ခဲစသော အပြစ်ကင်းသော, ပကတိသော မြေကြီး တစ်နေရာတွင် တုတ်ဖြင့်ဖြစ်စေ, အရာဝတ္ထုတစ်ခုဖြင့် ဖြစ်စေ ဝန်းဝိုင်းသော အရေးအသားတစ်ခုကို ပြုလုပ်ပါ။ မန်းငယ် (= ဗန်းငယ်), ဆန်ကောငယ် ပမာဏမှ စ၍ မိမိ ဆန္ဒရှိသလောက် ပမာဏကို ပြုပါ။ ---- အရုဏဝဏ္ဏာယ မတ္တိကာယ ကသိဏံ ကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၂၀။) ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ၏ ညွှန်ကြားချက်နှင့် အညီ ကသိုဏ်းဝန်းပြုလုပ်မည့် မြေကြီး၏ အရောင်မှာ မမည်းလွန်း မဖြူလွန်းသော အရုဏ်ရောင် (= အနီရောင်) အသင့်အတင့် သမ်းနေသော မြေကြီးရောင် ကသိုဏ်းဝန်းဖြစ်ပါစေ။ ထို မြေကသိုဏ်းဝန်းကို စိုက်ကြည့်၍ --- ပထဝီ-ပထဝီ-ပထဝီဟု (သို့မဟုတ်) မြေ-မြေ-မြေဟု နှလုံးသွင်းပါ။
မျက်စိကို ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်၍ နိမိတ်ကို ယူကြည့်ပါ။ မျက်စိကို မှိတ်လိုက်သောအခါ ပုံစံတူ နိမိတ်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါက နိမိတ် ယူ၍ ရရှိပြီ ဖြစ်၏။ အကယ်၍ မျက်စိကို ဖွင့်တုံမှိတ်တုံ ပြုကာ နိမိတ်ကို အချိန် အတော်အတန် ကြာအောင် ယူနေသော်လည်း မျက်စိမှိတ်လိုက်သောအခါ ပကတိသော မျက်စိဖြင့် မြင်ရသကဲ့သို့ နိမိတ်ကို ယူ၍မရ ဖြစ်နေပါက မိမိ ရရှိထားပြီးဖြစ်သည့် စတုတ္ထစျာန်သမာဓိတို့တွင် မိမိ နှစ်ခြိုက်ရာ သမာဓိတစ်ခုခုကို ထိုနေရာတွင်ပင် ရပ်လျက် ပြန်လည်၍ သမာဓိကို ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိမှ ထသောအခါ တစ်ဖန် မျက်စိကို ဖွင့်တုံမှိတ်တုံ ပြုကာ နိမိတ်ယူကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အကယ်၍ မအောင်မြင်ပါက ယင်း ရရှိပြီး စတုတ္ထစျာန်သမာဓိကို ပုံစံတူပင် တစ်ဖန် ပြန်လည်၍ ထူထောင်ပါ။ ယင်းစတုတ္ထစျာန်သမာဓိကြောင့် လင်းရောင်ခြည်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းဉာဏ်အရောင်အလင်း၏ အကူအညီဖြင့် ထို မိမိပြုပြင်ထားသော ပထဝီကသိုဏ်းဝန်းနိမိတ်ကို လှမ်းအာရုံယူပါ။ ဉာဏ်မျက်စိဖြင့် တွေ့မြင်သော အခါ ပထဝီ-ပထဝီ-ပထဝီ (မြေ-မြေ-မြေ)ဟု နှလုံးသွင်းပါ။
ဤအထက်ပါနည်းလမ်း တစ်မျိုးမျိုးဖြင့် ပထဝီကသိုဏ်းနိမိတ်ကို ယူသည့်အခါ ပကတိသော မျက်စိဖြင့် မြင်ရသကဲ့သို့ နိမိတ်ကို ယူ၍ရခဲ့သော် မိမိ နှစ်သက်ရာ တရားထိုင်မည့် နေရာသို့ သွား၍ ထိုင်နိုင်ပြီ။ ထိုသို့ ထိုင်၍ ထိုရရှိပြီးသည့် ပထဝီကသိုဏ်းဝန်းသည် ပြန်၍ ပေါ်လာသော် ကသိုဏ်းဝန်း နိမိတ်ကို ယူ၍ရခဲ့သော် ကောင်း၏။ အကယ်၍ ကသိုဏ်းဝန်းနိမိတ်ကို ယူ၍ မရသော်လည်းကောင်း, ကသိုဏ်းဝန်းနိမိတ်မှာ ပေါ်ချီပျောက်ချီ ဖြစ်နေသော် လည်းကောင်း ထိုအခါ မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိကိုပင် တစ်ဖန် ပြန်၍ ထူထောင်ပါ။ ဉာဏ်လင်းရောင်ခြည် စွမ်းအင်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုဉာဏ်လင်းရောင် ခြည်၏ အကူအညီဖြင့် ထိုပထဝီကသိုဏ်းဝန်း နိမိတ်ကို ကသိုဏ်းဝန်း တည်ရှိရာဘက်သို့ ဉာဏ်ကို စေလွှတ်ကာ တစ်ဖန် ပြန်လည်၍ လှမ်းကာ အာရုံယူပါ။ ယင်း မိမိပြုပြင်ထားသော ကသိုဏ်းဝန်းနိမိတ်ကို တစ်ဖန် အာရုံယူ၍ ရခဲ့သော် ထိုပထဝီကသိုဏ်းဝန်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲပါ။
န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။ အပိ စ ဝဏ္ဏံ အမုဉ္စိတွာ နိဿယသဝဏ္ဏံ ကတွာ ဥဿဒဝသေန ပဏ္ဏတ္တိဓမ္မေ စိတ္တံ ဌပေတွာ မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၂၂။)
ထိုသို့ ပထဝီကသိုဏ်းနိမိတ်ကို နှလုံးသွင်းရာ၌ ထိုပထဝီကသိုဏ်းဝန်း၌ တည်သော အရုဏ်ရောင် အဆင်းနှင့် တူသော အရောင်အဆင်းကိုလည်း မနောဝိညာဏ်ဖြင့် မဆင်ခြင်အပ် နှလုံးမသွင်းအပ်။ ထိုပထဝီကသိုဏ်းဝန်း၏ တည်ရာ မြေကြီး၏ ထဒ္ဓလက္ခဏာ (= ခက်မာခြင်း ပထဝီဓာတ်လက္ခဏာ)ကို လည်း နှလုံးမသွင်းအပ်။ စင်စစ်မူကား အရောင်အဆင်းကို မလွှတ်မူ၍ ထိုအရောင်အဆင်းကို မိမိအရောင်အဆင်း၏ မှီရာ ပထဝီကသိုဏ်းဝန်းနှင့် တူသော အခြင်းအရာ (= တူသော အလား) ရှိသည်ကို ပြု၍ ပထဝီဓာတ် ထူပြောသည်၏အဖြစ်, သတ္တိအားဖြင့် လွန်သည်၏အဖြစ်ဖြင့် ပထဝီ (= မြေ) ဟူသော လောကဝေါဟာရပညတ်၌ စိတ်ကို ရှေးရှု တည်စေ၍ ပထဝီ-ပထဝီ (= မြေ-မြေ)ဟု နှလုံးသွင်းပါ။ (ဝိသုဒ္ဓိ၊၁၊၁၂၂၊၊)
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း၌ တည်ရှိသော အရုဏ်ရောင်ဟူသော အရောင်အဆင်းကိုသာ တစ်ဖက်သတ် နှလုံးသွင်းပါက ပထဝီကသိုဏ်း မဖြစ်တော့ဘဲ အရောင်ကသိုဏ်း ဖြစ်သွားလိမ့်မည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း၌ ထူပြောလျက်ရှိသော ပထဝီဓာတ်၏ ခက်မာမှုသဘောကိုသာ တစ်ဖက်သတ် နှလုံးသွင်းမိပါက ပထဝီကသိုဏ်းကို နှလုံးသွင်းသည် မမည်တော့ဘဲ ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းသည် မည်ပေလိမ့်မည်။ ပထဝီကသိုဏ်းလမ်းမှ ဓာတ်ကမ္မဋ္ဌာန်းလမ်းသို့ ပြောင်းသွားပြီ ဖြစ်၏။ ပို၍ ရှုပ်ထွေးသော ပြဿနာတစ်ရပ်ကား ယင်း ပထဝီကသိုဏ်းဝန်း၌ တည်ရှိသော မာမှုသဘောကိုသာ တစ်ဖက်သတ် နှလုံးသွင်းမိပါက နှလုံးသွင်းနေပါက ယင်းမာမှုသဘောက ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယ တစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်ကာ သမာဓိ၏ စွမ်းအင် ထက်မြက်လာသည်နှင့်အမျှ မာမှုသဘောမှာလည်း လွန်ကဲလာကာ ထိုယောဂီသူတော်ကောင်း အနေဖြင့် ထိုမာမှုသဘောကို သည်းမခံနိုင် ဖြစ်တတ်သည်။ သတိရှိစေ။ ဤစည်းကမ်းချက်ကို ပကတိသော မြေဝန်း၌ နိမိတ်ယူစဉ်၌သော်လည်းကောင်း, တစ်နေရာတွင် တရားထိုင်စဉ် ယင်း နိမိတ်ကို တစ်ဖန် ပြန်၍ အာရုံယူစဉ်၌လည်းကောင်း, ပထဝီကသိုဏ်းဝန်းကို ဖြန့်ကြက်ရာအခါ၌လည်းကောင်း လိုက်နာပါ။
မြေကြီး၌ တည်ရှိသော မူလပထဝီကသိုဏ်းဝန်းကို မျက်စိ မှိတ်တုံ ဖွင့်တုံပြု၍ နိမိတ်ကို ယူရာ၌ ပကတိသော ဖွင့်ထားသော မျက်စိဖြင့် ကသိုဏ်း ဝန်းနိမိတ်ကို မြင်ရသကဲ့သို့ မျက်စိမှိတ်ထားသော အခါ၌လည်း ထိုကသိုဏ်း ဝန်းနိမိတ်သည် ထင်နေပါက ထိုအခါ ဥဂ္ဂဟနိမိတ် ဖြစ်ပေါ်လာပြီ ဖြစ်၏။
တစ်နေရာတွင် သွားရောက်ကာ တရားထိုင်သော အခါ၌လည်း ထို ဥဂ္ဂဟနိမိတ်ကို ပြန်လည်၍ အာရုံယူရာ လွယ်လွယ်ကူကူနှင့် တစ်ဖန် မပေါ်လာသဖြင့် မိမိ ရရှိထားပြီးသော စတုတ္ထစျာန် သမာဓိတို့တွင် တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန် ထူထောင်ပြီးနောက် ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီဖြင့် ထိုမူလနိမိတ် ယူခဲ့ဖူးသော ပထဝီကသိုဏ်းဝန်း နိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူလိုက်သောအခါ ဖွင့်ထားသော မျက်စိဖြင့် မြင်ရသကဲ့သို့ ပထဝီကသိုဏ်းဝန်း နိမိတ်သည် ထင်လာပါမူ ထိုအခါတွင်လည်း ဥဂ္ဂဟနိမိတ်သည် ဖြစ်ပေါ်လာသည် မည်၏။
ထိုဥဂ္ဂဟနိမိတ်ကိုပင် ဆက်လက်၍ နှလုံးသွင်းခဲ့သော် မှီဝဲခဲ့သော် ပွားများခဲ့သော် ဩဒါတကသိုဏ်း၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း အစဉ်အတိုင်း ကြိုးစားအားထုတ်ခဲ့သော် နီဝရဏတို့သည် ခွာအပ်ပြီး ဖြစ်ကုန်၏။ ကွာသွား ကြကုန်၏။ ကိလေသာတို့သည် အနည်ထိုင်သွားကြကုန်၏။ ဥပစာရသမာဓိဖြင့် စိတ်သည် တည်ကြည်လာ၏၊ ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏။ ထိုပဋိဘာဂနိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့သော် အရပ်ဆယ်မျက်နှာသို့ တိုင်အောင် ဖြန့်ကြက်လျက် သမာဓိကို ဆက်လက်ထူထောင်ခဲ့သော် ပထမစျာန်မှသည် စတုတ္ထစျာန်သို့ တိုင်အောင် အစဉ်အတိုင်း ဆိုက်ရောက် နိုင်ပေသည်။
ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်တို့၏ ထူးခြားချက်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဤသို့ ဖော်ပြထား၏ -- ဥဂ္ဂဟနိမိတ်၌ လက်ချောင်းရာ, တုတ်ရာ စသည့် ကသိုဏ်းအပြစ်ဒေါသများ ထင်ရှားနေတတ်၏။ ပဋိဘာဂနိမိတ်၌ကား အိတ်တွင်းမှ ထုတ်ယူအပ်သော ကြေးမုံဝန်းကဲ့သို့လည်းကောင်း, ကောင်းစွာ ပွတ်အပ်ပြီးသော ခရုသင်းခွက်ကဲ့သို့လည်းကောင်း, တိမ်တိုက်ကြားမှ ထွက်ပေါ်လာသော လပြည့်ဝန်းကဲ့သို့လည်းကောင်း, မိုးတိမ်ညိုဝ၌ ပျံသန်း နေသော ဥဗျိုင်းတို့ကဲ့သို့လည်းကောင်း ဥဂ္ဂဟနိမိတ်ကို ထွင်းဖောက်၍ ထွက်ပေါ်လာသကဲ့သို့ ထိုဥဂ္ဂဟနိမိတ်ထက် အဆပေါင်း အရာအထောင်မက အလွန် စင်ကြယ်သန့်ရှင်းသည်ဖြစ်၍ ထင်လာတတ်ပေ၏။ (ဝိသုဒ္ဓိ၊၁၊၁၂၂။)
အာပေါကသိုဏ်း = ရေကသိုဏ်း
၁။ သပိတ်, ခွက်, ပုံးစသည်၌ အနားရေးနှင့်အမျှ ပြည့်အောင် ထည့်ထားအပ်သော, ကသိုဏ်းဝန်းအဖြစ် ပြုလုပ်ထားအပ်သော, အညို အဝါ အဖြူ အနီ အရောင်တို့ဖြင့် ရောယှက်မှု မရှိ ပကတိ ကြည်လင်သန့်ရှင်းသော ကောင်းကင်မှ ကျလာသော မိုးရေ သို့မဟုတ် ထိုရေနှင့် အလားတူ သန့်ရှင်းသော ရေ၌သော်လည်းကောင်း,
၂။ ရေတွင်း, ရေကန်, တစ်ဖက်ဆည်ကန်, သမုဒ္ဒရာမှ တက်လာသော ဆားငံရေဖြင့် ပြည့်သော ဆားကျင်း, ဒီချောင်း, သမုဒ္ဒရာစသော ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော ရေ၌သော်လည်းကောင်း အာပေါကသိုဏ်းနိမိတ်ကို ယူနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၅။)
ဤညွှန်ကြားချက်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်အတွက် အကောင်းဆုံးသော ရေမှာ ကြည်လင်သန့်ရှင်းသော ရေတွင်းရေပင် ဖြစ်သည်။ ရေတွင်းရေ မရခဲ့သော် သပိတ်၌ ဖြစ်စေ, အိုးခွက်တစ်ခု၌ ဖြစ်စေ ရေပြည့်အောင် နှုတ်ခမ်းနှင့် ညီအောင် ထည့်၍ အာပေါကသိုဏ်းနိမိတ်ကို ယူပါ။ ရေတွင်း၌ တည်ရှိသော ရေ၌ဖြစ်စေ, သပိတ် အိုးခွက်စသည်၌ တည်ရှိသော ရေ၌ဖြစ်စေ အာပေါကသိုဏ်းနိမိတ်ကို ယူရာ၌ ရေဟူသော ပညတ် သက်သက်ကိုသာ အာရုံယူပါ။ ရေတွင်းနံရံနှင့် ရေတွင်းအောက်ခြေကို လည်းကောင်း, သပိတ် အိုးခွက်တို့၏ နံရံ အောက်ခြေကိုလည်းကောင်း မကြည့်မိရန် သတိပြုပါ။ ရေသက်သက်ကိုသာ ကြည့်၍ နိမိတ်ကို ယူပါ။ တစ်ဖန် ထိုသို့ နိမိတ်ကို ယူရာ၌ မိမိ ရရှိပြီးသော စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ဝင်စားပြီးမှ ထိုစျာန်ကြောင့် ဖြစ်ပေါ်လာသည့် ဉာဏ်လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုစျာန်မှ ထကာ မျက်စိကို ဖွင့်၍ မိမိ သတ်မှတ်ထားသော အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့သော် ပို၍ အရမြန်တတ်သည်။ ရှေးရှေးဘာဝနာသမာဓိများက အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးနေသောကြောင့် ဖြစ်သည်။
န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၆၅၊၊)
ထိုသို့ အာပေါကသိုဏ်း နိမိတ်ကို ယူရာ၌ ရေ၏အရောင်ကို နှလုံးမသွင်း ပါနှင့်၊ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း) ဘက်သို့ ကူးသွားမည်။ အာပေါကသိုဏ်း မဟုတ်တော့ပေ။ တစ်ဖန် အာပေါဓာတ်၏ ယိုစီးခြင်း ပဂ္ဃရဏလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်၊ ရေ၏ အေးမှု သီတလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ ယင်းဓာတ်တို့၏ သဘာဝ လက္ခဏာကို နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းဘက်သို့ ကူးသွားမည် ဖြစ်၏။ အထူးသဖြင့် ရေ၏ အေးမှုသဘောကို နှလုံးသွင်းနေပါက သမာဓိ အားကောင်းလာသောအခါ ထိုထို နှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာကိုယ်၌ ချမ်းတက်လာတတ်၏။ ထိုကြောင့် အဆင်း၏ မှီရာ အာပေါကသိုဏ်းကို အဆင်းနှင့် တကွ တူသော အခြင်းအရာ ရှိသည်ကို ပြု၍ အာပေါဓာတ် ထူပြောသည်၏ အစွမ်းဖြင့် အာပေါ (= ရေ)ဟူသော လောက ဝေါဟာရ ပညတ်အာရုံ၌ စိတ်ကို ထား၍ ---- အာပေါ-အာပေါ-အာပေါ = ရေ-ရေ-ရေဟု နှလုံးသွင်း ပွားများပါ။
ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နိမိတ် သုံးမျိုး, ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟူသော ဘာဝနာ သုံးမျိုး, ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိ သုံးမျိုး အစဉ်အတိုင်း ဖြစ်ပေါ်လာ၍ စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် အစဉ် အတိုင်း ဆိုက်ရောက်နိုင်ပေသည်။
တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် နိမိတ်ထင်ပုံကို ဤသို့ ရှင်းပြထား၏။ ဤ အာပေါကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် လှုပ်သကဲ့သို့ ထင်လာတတ်၏။ အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့စဉ်က ရေသည် ရေမြုပ် ရေပြွက်နှင့် ရောသော ရေဖြစ်ခဲ့မူ ထိုပုံစံအတိုင်းသာ ထင်လာတတ်၏၊ လှိုင်းတံပိုး ထခြင်း, ရေမြုပ် ရေပြွက်နှင့် ရောနှောနေခြင်း စသော ကသိုဏ်းအပြစ်ဒေါသသည် ထင်လာတတ်၏။ ထိုကြောင့် ငြိမ်သက်၍ နက်ရှိုင်းသော ရေ၌ နိမိတ်ယူခြင်းက အပြစ်ဒေါသ နည်းပါးသဖြင့် ပိုကောင်းလှပေသည်။ ပဋိဘာဂနိမိတ်ကား တုန်လှုပ်ခြင်း ကင်းသည်ဖြစ်၍ ကောင်းကင်၌ ထားအပ်သော မြယပ်ဝန်းကဲ့သို့ လည်းကောင်း, မြကြေးမုံဝန်းကဲ့သို့လည်းကောင်း ဖြစ်၍ ရှေးရှူထင်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်ထင်သည်နှင့် အတူတကွသာ လျှင် ဆိုခဲ့ပြီးသည့်အတိုင်း ဥပစာရစျာန် အပ္ပနာစျာန်သို့ ရောက်ရှိနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၅-၁၆၆။)
---တေဇောကသိုဏ်း = မီးကသိုဏ်း
ရှေးရှေး ဘဝထိုထိုက ပြုအပ် ဆည်းပူးအပ်ခဲ့ဖူးသော တေဇောကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဘာဝနာကုသိုလ် ပုညသမ္ဘာရ ရှိခဲ့ဖူးသော ပုဂ္ဂိုလ်အား ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော မီး၌ တေဇောကသိုဏ်းနိမိတ်ကို ယူခဲ့သော် ရရှိနိုင်သည်သာ ဖြစ်၏။
၁။ ဆီမီးတောက် ဆီမီးလျှံ၌လည်းကောင်း,
၂။ ချက်ပြုတ်ရာ မီးဖိုိ၌လည်းကောင်း,
၃။ သပိတ်ဖုတ်ရာဌာန၌ တည်ရှိသော မီးပုံ၌လည်းကောင်း,
၄။ တောမီးလောင်ရာ မီးတောက်မီးလျှံ၌လည်းကောင်း --
အမှတ်မရှိ မီးတောက်လောင်ရာ အရပ်၌ မီးလျှံကို ကြည့်ရှုစဉ် ဥဂ္ဂဟနိမိတ် ဖြစ်ပေါ်လာနိုင်၏။
အတိတ်ဘဝ ထိုထိုက တေဇောကသိုဏ်းကို စီးဖြန်းမှု ပါရမီ ပုညသမ္ဘာရ မရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား တေဇောကသိုဏ်းဝန်းကို ပြုလုပ်ထိုက်၏။ ပြုလုပ်ပုံ အစီအရင်ကား ---- အနှစ်အဆီ ရှိ၍ ခြောက်သွေ့သော ထင်းခွဲခြမ်းတို့ကို သင့်တော်ရာ တစ်နေရာ၌ သပိတ်ဖုတ်သည့် ပုံစံအနေ အထားဖြင့် အစုအပုံလိုက် မီးတောက်မီလျှံ ထွက်ပေါ်လာသည် တိုင်အောင် မီးရှို့ပါ။
သင်ဖြူးဖျာ, သားရေပိုင်း, ပုဆိုးကြမ်း, သစ်သားပျဉ်ချပ်စသည့် တစ်ခုခုတွင် တစ်ထွာလောက် အတိုင်းအရှည် ရှိသော ဝန်းဝိုင်းသော အပေါက်ကို ဖောက်၍ ထိုအပေါက်ဖောက်ထားသော အရာဝတ္ထုကို ရှေ့ထား၍ သို့မဟုတ် တစ်ထွာခန့် ဝိုင်းဝန်းသော အပေါက်ရှိသော ဇလုံပေါက်တစ်ခုကို ရှေ့၌ ထား၍ ထိုင်ပြီးလျှင် ---
၁။ မီးပုံအောက်၌ လောင်နေသော မြက်ထင်းကိုလည်းကောင်း,
၂။ အထက်သို့ တက်သော မီးခိုး မီးညွန့်ကိုလည်းကောင်း,
နှလုံးမသွင်းမူ၍ အလယ်၌ မကျဲမူ၍ တစ်ခဲနက် တစ်လုံးတည်းအားဖြင့် တောက်လောင်နေသော မီးတောက်မီးလျှံ၌ ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ကို ယူပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)
ဝဏ္ဏော န ပစ္စဝေက္ခိတဗ္ဗော၊ ဥဏှတ္တဝသေန လက္ခဏံ န မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)
ထိုသို့ တေဇောကသိုဏ်း နိမိတ်ကို ယူရာ၌ ထိုမီးတောက်မီးလျှံ၏ အညို, အဝါ, အနီ စသည်အားဖြင့် ပြားသော အရောင်ကို နှလုံးမသွင်းပါနှင့်။ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း) ဘက်သို့ ကူးသွားမည် ဖြစ်၏။ ထိုမီးတောက်မီးလျှံ၏ ပူသော လက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ ပူသော လက္ခဏာကို နှလုံးသွင်းပါက ဓာတ်ကမ္မဋ္ဌာန်း ဘက်သို့ ပြောင်းသွားမည် ဖြစ်၏။ ပူသော လက္ခဏာကို နှလုံးသွင်းမိပါက နှလုံးသွင်းနေပါက သမာဓိ အားကောင်းလာသောအခါ ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာအိမ်သည်လည်း ပူလောင်လာတတ်ပေသည်။
ထိုကြောင့် မီးတောက်မီးလျှံ၌ တည်ရှိသော အရောင်အဆင်း၏ တည်ရာ မီးကို အဆင်းနှင့် တကွသာလျှင် ပြု၍ တေဇောဓာတ် များပြား ထူပြောသည်၏ အစွမ်းဖြင့် တေဇော (= မီး)ဟူသော လောကဝေါဟာရ ပညတ်၌ စိတ်ကို ထား၍ တေဇော-တေဇော-တေဇော = မီး-မီး-မီးဟု နှလုံးသွင်း ပွားများပါ။ ဤသို့ ပွားများအားထုတ်သော ထိုယောဂါဝစရပုဂ္ဂိုလ်အား ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ဖြစ်ပေါ်လာမည် ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၁၆၆...ကြည့်ပါ။)
ဤညွှန်ကြားချက်များနှင့် အညီ တေဇောကသိုဏ်းကို ပွားများအားထုတ် လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မီးတောက်မီးလျှံရှိရာ အရပ်သို့ ရှေးဦးစွာ ချဉ်းကပ်ပါ။ ထိုနေရာ၌ မိမိ ရရှိထားပြီးသည့် တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို ပြန်လည်၍ ထူထောင်ပါ။ ထိုစျာန်မှ ထသောအခါ မျက်စိကို ဖွင့်လျက် ယင်းမီးတောက်မီးလျှံ၌ အောက် မီးလောင်နေသည့် ထင်းစနှင့် အပေါ်ပိုင်း မီးညွန့်တို့ကို မကြည့်ဘဲ အလယ် မီးတောက်ကိုသာ ကြည့်၍ တေဇောကသိုဏ်း နိမိတ်ကို ယူကြည့်ပါ။ မအောင်မြင်ခဲ့သော် ဆယ်လက်မခန့် အပေါက်ရှိသော ဇလုံပေါက်တစ်ခုကို ရှေ့က ခံထား၍ ထိုဇလုံပေါက်၏ ရှေ့၌ တည်ရှိသော မီးတောက်မီးလျှံ၌ တေဇောကသိုဏ်းနိမိတ်ကို ယူကြည့်ပါ။ အောင်မြင်တတ်ပါသည်။
အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့ကား ထိုကဲ့သို့ မပြုလုပ်တော့ဘဲ မိမိ တရားထိုင်နေကျ နေရာမှာပင် မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးသောအခါ ထိုစတုတ္ထစျာန်သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသော လင်းရောင်ခြည် အကူအညီဖြင့် ရှေးယခင်က မိမိ မြင်ခဲ့ဖူး တွေ့ကြုံခဲ့ဖူးသော တောမီးလောင်သည့်အခါ သို့မဟုတ် အိမ်ကို မီးလောင်သည့်အခါ သို့မဟုတ် အမှိုက်ပုံကို မီးလောင်သည့်အခါ စသည်တို့၌ ဖြစ်ပေါ်နေသော မီးတောက် မီးလျှံကို တစ်ဖန် ပြန်၍ အာရုံယူကြည့်လိုက်သောအခါ ဉာဏ်အလင်းရောင်အောက်တွင် ထိုမီးတောက်မီးလျှံကို ဉာဏ်မျက်စိဖြင့် အာရုံယူ၍ ရတတ်ပေသည်။ ထိုအခါ ထိုမီးတောက်မီးလျှံ၌ပင် ရှေးနည်းအတူ တေဇောကသိုဏ်းနိမိတ်ကို ယူခဲ့သော် ရှေးရှေးသော ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိကို ဆက်ခံရသောကြောင့် လွယ်လွယ်ကူကူပင် တေဇောကသိုဏ်းနိမိတ် ယူရတတ်ပေသည်။ မိမိ ရရှိထားပြီးသည့် တေဇောကသိုဏ်း နိမိတ်ကို ပြန်လည်၍ အာရုံယူသည်နှင့် တူညီပေသည်။
တေဇောကသိုဏ်းနိမိတ်ကို ယူ၍ အောင်မြင်မှု ရရှိခဲ့သော် ထိုနိမိတ်ကိုပင် အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ပါ။ ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နိမိတ် သုံးမျိုး, ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟူသော ဘာဝနာ သုံးမျိုး, ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိ သုံးမျိုးတို့ကို အစဉ်အတိုင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။
ထိုသို့ အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် နှစ်မျိုးတို့တွင် ဥဂ္ဂဟနိမိတ်ကား မီးတောက်မီးလျှံသည် ပြတ်၍ ပြတ်၍ ကျသည်နှင့် တူသည်ဖြစ်၍ ထင်လာ၏။ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော မီးပုံ၌ တေဇောကသိုဏ်းနိမိတ်ကို ယူသော ပုဂ္ဂိုလ်အားကား ကသိုဏ်း၏ အပြစ်ဒေါသသည် ထင်ရှား၏၊ မီး အပိုင်းအစ (= မီးထင်းစ)သည်လည်းကောင်း, မီးကျီးစု မီးကျီးခဲပုံသည် လည်းကောင်း, ပြာသည်လည်းကောင်း, မီးခိုးသည်လည်းကောင်း ထင်နေတတ်၏။ ပဋိဘာဂနိမိတ်သည်ကား မတုန်လှုပ်သည်ဖြစ်၍ ကောင်းကင်၌ ဖြန့်ခင်းထားအပ်သော ကမ္ဗလာပိုင်းကဲ့သို့လည်းကောင်း, ရွှေယပ်ဝန်းကဲ့သို့ လည်းကောင်း, ရွှေသည်တိုင်ကဲ့သို့လည်းကောင်း ထင်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်၏ ထင်သည်နှင့် အတူတကွသာလျှင် ဥပစာရစျာန်ကိုလည်းကောင်း, အပ္ပနာစျာန်ကိုလည်းကောင်း ရောက်ရှိနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)
---ဝါယောကသိုဏ်း = လေကသိုဏ်း
ဝါယောကသိဏံ ဘာဝေတုကာမေနာပိ ဝါယုသ္မိံ နိမိတ္တံ ဂဏှိတဗ္ဗံ။ တဉ္စ ခေါ ဒိဋ္ဌဝသေန ဝါ ဖုဋ္ဌဝသေန ဝါ။ (ဝိသုဒ္ဓိ၊၁၊၁၆၇။)
ဝါယောကသိုဏ်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း လေ၌ နိမိတ်ကို ယူအပ်၏။ ထိုဝါယောကသိုဏ်းနိမိတ်ကိုလည်း
၁။ အမြင်၏ အစွမ်းဖြင့်လည်းကောင်း,
၂။ အတွေ့၏ အစွမ်းဖြင့်လည်းကောင်း ယူအပ်ပေသည်။ ထိုကြောင့် ---
၁။ သစ်ပင်ဖျား သစ်ရွက်ဖျားစသည်တို့၌ တိုက်ခတ်၍နေသော လေကို ကြည့်၍ မြင်၍လည်း ဝါယောကသိုဏ်းနိမိတ်ကို ယူနိုင်၏။
၂။ မိမိ၏ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်နေရာ၌ လာရောက် တွေ့ထိနေသော လေကိုလည်း ဝါယောကသိုဏ်းနိမိတ်အဖြစ် ယူနိုင်၏။
မိမိ၏ ကိုယ်အင်္ဂါ၌ တွေ့ထိသော လေကို ဝါယောကသိုဏ်းနိမိတ်အဖြစ် ယူလိုသော် ရှေးဦးစွာ မိမိ ရရှိထားပြီးသော တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ ထိုစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ လေသာပြူတင်းပေါက်စသည်မှ ဝင်လာ၍ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်နေရာ၌ လာရောက်ထိခိုက်သော လေအစု၌ သတိကို ဖြစ်စေ၍ --- ဝါယော-ဝါယော -ဝါယော = လေ-လေ-လေဟု နှလုံးသွင်း ပွားများပါ။
အကယ်၍ သစ်ပင်ဖျား သစ်ရွက်ဖျား စသည်တို့၌ တိုက်ခတ်၍နေသော လေကို ကြည့်၍ နိမိတ်ကို ယူလိုခဲ့သော် ရှေးဦးစွာ မိမိ ရရှိထားပြီးသော တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို ထူထောင်ပြီးနောက် လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုလင်းရောင်ခြည်၏ အကူညီဖြင့် ထိုလေကို မြင်အောင် ကြည့်၍ ထိုလေ၌ သတိကို ဖြစ်စေ၍ ---- ဝါယော-ဝါယော-ဝါယော = လေ-လေ-လေဟု နှလုံးသွင်း ပွားများပါ။ နိမိတ် သုံးမျိုး, ဘာဝနာ သုံးမျိုး, သမာဓိ သုံးမျိုးလုံးကို ရရှိအောင် အစဉ်အတိုင်း ပွားများ အားထုတ်ပါ။
ဥဂ္ဂဟနိမိတ်ကား ခုံလောက် (= ဖိုခနောက်)မှ ချအပ်ကာမျှ ဖြစ်သော နို့ဃနာဆွမ်း၏ အခိုးအငွေ့အလုံးနှင့် တူစွာ တုန်လှုပ်သည်ဖြစ်၍ ထင်လာ၏။ ပဋိဘာဂနိမိတ်သည်ကား ငြိမ်သက်သော အနေအထိုင်ရှိသည် မတုန်လှုပ်သည်ဖြစ်၍ ထင်လာ၏။ ကြွင်း နည်းတူ မှတ်လေ။ (ဝိသုဒ္ဓိ၊၁၊၁၆၇။)
---အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း
အာလောကကသိုဏ်းကို နိမိတ်ယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည်-
၁။ နံရံပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း,
၂။ သံကောက်ပေါက်ဖြင့် ဝင်၍ထင်လာသော လရောင် နေရောင်အဝန်း,
၃။ လေသောက်တံခါးပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း ----
ဤအဝန်း တစ်ခုခု၌ နိမိတ်ကို ယူနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)
အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရ ကောင်းမှုကုသိုလ်ပါရမီ ရှိသော ယောဂါဝစရသူတော်ကောင်းအား နံရံပေါက်စသည်တို့တွင် တစ်ခုခုသော အပေါက်ဖြင့် နေရောင်သည်လည်းကောင်း, လရောင်သည်လည်းကောင်း ဝင်၍ နံရံ၌လည်းကောင်း မြေ (= ကြမ်းပြင်)၌လည်းကောင်း ထင်လာသော အလင်းရောင်အဝန်းကို မြင်၍သာလျှင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏။ တစ်ခဲနက် ထူသော အရွက်ရှိသော သစ်ပင်၏ အခက်ကြားဖြင့်လည်းကောင်း, တစ်ခဲနက် ထူသော သစ်ခက်မဏ္ဍပ်ကြားဖြင့်သော်လည်းကောင်း ထွက်၍ မြေ၌သာလျှင် ထင်လာသော အရောင်အဝန်းကို မြင်၍သာလျှင်လည်း ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၁၉၆။)
အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဖြည့်ဆည်းပူးခဲ့သော ပါရမီအရှိန်အဝါ အားပျော့သော ယောဂါဝစရပုဂ္ဂိုလ်သည်ကား အထက်တွင် တင်ပြထားသော အလင်းရောင် သုံးမျိုးတို့တွင် တစ်မျိုးမျိုး၌ ---- အာလော ကော-အာလောကော-အာလောကော = အလင်းရောင်-အလင်းရောင်-အလင်းရောင်ဟု နှလုံးသွင်း ပွားများပါ။ မအောင်မြင်ခဲ့သော် အိုးတစ်လုံး၏ အတွင်း၌ ဆီမီးကို ညှိထွန်း၍ အိုးဝကို ပိတ်၍ အိုး၌ အပေါက်တစ်ခု ပြုလုပ်၍ နံရံဘက်သို့ ရှေးရှုတည်ထားပါ။ ထိုဖောက်ထားသော အိုးပေါက်မှ ဆီမီးရောင်သည် ထွက်၍ နံရံ၌ အဝန်းအဝိုင်း ထင်နေပေမည်။ ထိုနံရံ၌ ထင်နေသော ဆီမီးရောင် အဝန်းအဝိုင်းကို ---- အာလောကော- အာလောကော-အာလောကော = အလင်းရောင်-အလင်းရောင်-အလင်းရောင်ဟု နှလုံးသွင်း ပွားများပါလေ။ ဤသို့ ပြုပြင်စီမံထားသော အလင်းရောင်ကသိုဏ်းဝန်းကား လရောင် နေရောင်တို့ကြောင့် ထင်နေသော ကသိုဏ်းဝန်းထက် ပို၍ တာရှည် ခံပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)
အာနာပါနဿတိသမာဓိကို စတုတ္ထစျာန်သမာဓိသို့တိုင်အောင်လည်းကောင်း, အခြားအခြားသော ကသိုဏ်းတို့၌ စတုတ္ထစျာန်သမာဓိသို့တိုင်အောင်လည်းကောင်း သမာဓိကို ထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ညနေချမ်းအခါဝယ် ထူထဲသော သစ်ခက်, သစ်ရွက်ရှိသော သစ်ပင်၏ သစ်ခက် သစ်ရွက်တို့၏ အကြားမှ မြင်တွေ့ရသော နေရောင်ခြည်၏ အလင်းရောင်ကို အာရုံယူ၍ အာလောကကသိုဏ်းနိမိတ်ကို ရယူခဲ့သော် လွယ်လွယ်ကူကူပင် နိမိတ်ကိုယူ၍ ရတတ်ပေ၏။ ထိုသို့ နိမိတ်ကို ယူနိုင်ခဲ့သော် ထင်လာသော ဥဂ္ဂဟနိမိတ်တို့၏ အလင်းရောင်၏ စွမ်းအင်မှာလည်း ပို၍ အားကောင်းတတ်ပေသည်။ မှောင်မိုက်နေသော ညဉ့်အခါဝယ် ယင်းကဲ့သို့သော အောင်မြင်မှုကို ရရှိထားပြီးဖြစ်သော အာလောကကသိုဏ်းဝန်းနိမိတ်ကို ဖြန့်ကြက်ခဲ့သော် ကသိုဏ်းဝန်းကို ဖြန့်ကြက်ထားပြီးရာအရပ်အတွင်း၌ တည်ရှိနေသော အလင်းရောင်မှာ နေ့အခါ၌ကဲ့သို့ပင် လင်းနေသော ဟူ၏။ အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ်၌ လာရှိသော ပစလယမာနသုတ္တန် (အံ၊၂၊၄၆၃။)၌ လာရှိသော ဘုရားရှင်၏ ညွှန်းကြားတော်မူချက်နှင့် ညီညွတ်လျက်ပင် ရှိပေသည်။
ဤအာလောကကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံ၌လည်းကောင်း, မြေ (= ကြမ်းပြင်)၌လည်းကောင်း, သစ်ခက် သစ်ရွက်ကြားစသည်၌လည်းကောင်း ထင်နေသော ပကတိအလင်းရောင် အဝန်းအဝိုင်းနှင့် တူ၏။ ပဋိဘာဂနိမိတ်သည်ကား ဘုရားရှင်၏ တစ်လံမျှလောက်သော ရောင်ခြည်တော်ဝန်းကဲ့သို့ တစ်ခဲနက် အတုံးလိုက် အခဲလိုက် ဖြစ်၍ အထူးကြည်လင်လှသော အလင်းရောင်အစုနှင့် တူ၏။ ကြွင်း နည်းတူမှတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)
ဤအာလောကသညာခေါ် အာလောကကသိုဏ်းမှာ ထိနမိဒ္ဓ ပယ်ဖျောက်ရေးတွင် အကောင်းဆုံးသော လက်နက်တစ်မျိုး ဖြစ်၏။ အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ် ပစလယမာနသုတ္တန် (အံ၊၂၊၄၆၃ ..)၌ ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း ပျောက်ကင်းကြောင်း တရား (၇)မျိုးကို ခွဲခြားကာ ဟောကြားထားတော်မူ၏။ ယင်း (၇)မျိုးတို့တွင် ဤအာလောကသညာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ပုဂ္ဂိုလ်တိုင်း လက်ကိုင်ထားသင့်သော ကမ္မဋ္ဌာန်းတစ်မျိုးပင် ဖြစ်သည်။ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံ ကသိုဏ်းတို့တွင် ----
(ဣမေသု စ ပန တီသု) အာလောကကသိဏံယေဝ သေဋ္ဌတရံ။ (ဝိသုဒ္ဓိ၊၂၊၅၈။)
---- ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် အညီ ဤအာလောကကသိုဏ်းမှာ အကောင်းဆုံး အမြတ်ဆုံးသော ကသိုဏ်းတစ်ခုပင် ဖြစ်သည်။
---အာကာသကသိုဏ်း = ကောင်းကင်ကသိုဏ်း
၁။ နံရံပေါက်၌သော်လည်းကောင်း,
၂။ သံကောက်ပေါက်၌သော်လည်းကောင်း,
၃။ လေသာပြူတင်းပေါက်ကြား၌သော်လည်းကောင်း -----
အာကာသကသိုဏ်း (= အကြားအပေါက်ကသိုဏ်း = ကောင်းကင်ကသိုဏ်း)နိမိတ်ကို ရယူနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)
ရှေးရှေးဘဝက အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရကောင်းမှုကုသိုလ် ရှိသသူအား နံရံပေါက်စသော အကြားအပေါက် တစ်ခုခုကို တွေ့မြင်ခဲ့သော် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် လွယ်ကူစွာပင် ဖြစ်ပေါ်လာနိုင်၏။ အဓိကာရကောင်းမှုကုသိုလ် အားနည်းသူကား နေပြောက်မထိုးရအောင် ကောင်းစွာမိုး၍ထားအပ်သော မဏ္ဍပ်၌သော်လည်းကောင်း, သားရေ, ဖျာစသည်တို့တွင် တစ်ခုခု၌သော်လည်း ကောင်း တစ်ထွာ လက်လေးသစ်စသည် ပမာဏရှိသောဝန်းဝိုင်းသော အပေါက်ကို ပြုလုပ်၍ ထိုကသိုဏ်းဝန်းအဖြစ် ပြုလုပ်ထားအပ်သော အပေါက်ကိုသော်လည်းကောင်း, နံရံပေါက်စသော တစ်ခုခုသော အပေါက်ကိုသော်လည်းကောင်း အာကာသကသိုဏ်းနိမိတ်အဖြစ် အာရုံယူ၍ အာကာသော-အာကာသော-အာကာသော = ကောင်းကင်-ကောင်းကင်-ကောင်းကင်ဟူ၍ နှလုံးသွင်း ပွားများအပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)
အကယ်၍ အောင်မြင်မှုကို မရရှိခဲ့လျှင် တစ်ထွာခန့် တစ်ပေခန့် အပေါက်အဝိုင်းတစ်ခုကို သစ်သားပျဉ်ချပ်တွင် စက်ဝိုင်းကျကျ ဖောက်ပါ။ ထိုအာကာသကသိုဏ်းဝန်းပါသော ပျဉ်ချပ်ကို သစ်ပင် မိုးသား တိမ်ရိပ်စသော အပြစ်ကင်းစင်သည့် ကောင်းကင်ဘက်သို့ မြှောက်၍ ကိုင်ထားပါ၊ ထိုအဝန်းအဝိုင်း အာကာသနိမိတ်ကို ပျဉ်ပြားချပ်၏ ဖောက်ထားသော စက်ဝိုင်းအတွင်း၌ စိတ်စိုက်၍ အာရုံယူကြည့်ပါ။ ကသိုဏ်းဝန်းအပေါက်ကို ကျော်လွန်၍ ကောင်းကင်းဘက်သို့ လိုက်မကြည့်ပါနှင့်။ ပျဉ်ပြားချပ်တွင် ဖောက်ထွင်းထားသော ကသိုဏ်းဝန်း၌သာ အာကာသကသိုဏ်းနိမိတ်ကို ယူပါ။ အကယ်၍ မျက်စိကို ဖွင့်တုံ မှိတ်တုံပြုကာ ကသိုဏ်းဝန်းနိမိတ်ကို ယူနေသော်လည်း လွယ်ကူစွာဖြင့် နိမိတ်ကိုယူ၍ မရ ဖြစ်နေသေးလျှင် မိမိရရှိထားပြီးသော တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ ထိုနောင် ယင်းစတုတ္ထစျာန်မှ ထ၍ ပုံစံတူပင် အာကာသကသိုဏ်းဝန်းနိမိတ်ကို မျက်စိဖွင့်၍ ပြန်ယူကြည့်ပါ။ မျက်စိကို မှိတ်လိုက်သောအခါ ဥဂ္ဂဟနိမိတ်သည် ထင်လာပါက အောင်မြင်မှုကို ရရှိပေပြီ။ အောင်မြင်မှုကို ရရှိသောအခါ နိမိတ်ကိုခိုင်အောင် ဆက်လက်လေ့ကျင့်၍ မိမိအလိုရှိရာ အရပ်သို့ သွား၍ ထိုင်လျက် ပွားများနိုင်ပေသည်။ မိမိ ကြိုက်နှစ်သက်ရာ နေရာ၌ ထိုင်သောအခါ မိမိရရှိထားပြီးသည့် သမာဓိများကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ အထူးသဖြင့် မိမိနှစ်သက်ရာ တစ်မျိုးမျိုးသော စတုတ္ထစျာန် သမာဓိသို့တိုင်အောင် သမာဓိကို ထူထောင်ပါ။ ထိုနောင် မိမိ နိမိတ်ယူ၍ ရရှိထားပြီးဖြစ်သည့် အာကာသကသိုဏ်းဝန်းနိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူပါ။ ရှေးရှေးသော ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကို ဆက်ခံရသော နောက်နောက်သော ဘာဝနာသမာဓိမှာလည်း လွယ်ကူချောမောလျက်ပင် ရှိနေတတ်ပါသည်။
ဤအာကာသကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံပေါက်စသည်တို့နှင့် အတူတကွ ထိုမူလနံရံပေါက်စသည်တို့နှင့် တူသည်သာလျှင် ဖြစ်ပေသည်။ ဥဂ္ဂဟနိမိတ်အခိုက်၌ ဘာဝနာစွမ်းအား နည်းပါးသည့် အတွက်ကြောင့် ကသိုဏ်းဝန်းကို တိုးပွားအောင်ပြုလုပ်သော်လည်း မတိုးပွားနိုင်သေးပေ။ ပဋိဘာဂနိမိတ်ကား နံရံစွန်းစသည် မထင်တော့ဘဲ ကောင်းကင်အဝန်းသက်သက်သာ ဖြစ်၍ ထင်လာတော့သည်။ ထိုအခါ အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း အာကာသကသိုဏ်း ဘာဝနာသမာဓိသည် မြဲမြံသွားပြီဖြစ်သောကြောင့် ကသိုဏ်းဝန်းကို တိုးပွားစေသော်လည်း ကသိုဏ်းဝန်းသည် တိုးပွားလာနိုင်ပေသည်။ ကြွင်း နည်းတူပေပြီ။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)
ကသိုဏ်း (၁၀)ပါးတို့ကို ပွားများပုံ အစီအရင်သည် ဤတွင် ပြီးဆုံးသွားပေပြီ။ ယောဂါဝစရပုဂ္ဂိုလ်သည် ဘုရားဟော ဒေသနာတော်စဉ်အတိုင်း---- ပထဝီ, အာပေါ, တေဇော, ဝါယော, နီလ (= အညိုရောင်), ပီတ = (အဝါရောင်), လောဟိတ (= အနီရောင်), ဩဒါတ (= အဖြူရောင်), အာလောက (= အလင်းရောင်း), အာကာသ (= ကောင်းကင်)ဟူသော ကသိုဏ်းဆယ်ပါးတို့ကို အစဉ်အတိုင်း ကသိုဏ်းတိုင်း ကသိုဏ်းတိုင်းဝယ် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အားထုတ်ပါ။
ထိုသို့ ကြိုးစားအားထုတ်နိုင်ပါက မည်သည့်အရာဝတ္ထုနှင့်ပင် တွေကြုံရသည်ဖြစ်စေ ကသိုဏ်းဝန်းနိမိတ်အဖြစ် အာရုံယူ၍ ရနိုင်သည့် အရာဝတ္ထုမှန်ပါက ကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်သည်နှင့် တစ်ပြိုင်နက် ကသိုဏ်းနိမိတ်ကို လွယ်လွယ်ကူကူပင် ရယူနိုင်ပေသည်။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုမှ ဘာဝနာဟူသော အနှစ်သာရကို ထုတ်ယူတတ်ပါက ယခုကဲ့သို့သော နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်မှု (= ယောနိသောမနသိကာရ) ထင်ရှားရှိနေသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိကဲ့သို့သော ဘာဝနာအနှစ်သာရများကား လွယ်လွယ်ကူကူပင် ထွက်ပေါ်လာမည်ဖြစ်ပေသည်။ ယင်း စျာန်သမာဓိများက နီဝရဏကိလေသာ အညစ်အကြေးတို့ကို ခပ်ကြာကြာ ခွာထားနိုင်သဖြင့် ထိုကဲ့သို့ ပွားများအားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် မဟာပထဝီမြေကြီးနှင့် တူညီသော စိတ်ထား, ရေနှင့် တူညီသော စိတ်ထား, မီးနှင့် တူညီသော စိတ်ထား, လေနှင့် တူညီသော စိတ်ထား, ကောင်းကင်နှင့် တူညီသော စိတ်ထားများသည် ယာယီ အခိုက်အတန့်အားဖြင့် အထူးသဖြင့် စျာန်ကို ဝင်စားနေနိုင်သမျှ ကာလပတ်လုံး ဖြစ်ပေါ်နေကြမည်သာ ဖြစ်ပေသည်။ လာဘ်ရခြင်း, လာဘ်မရခြင်း, အခြံအရံ အကျော်အစောများခြင်း, အခြံအရံအကျော်အစော နည်းပါးခြင်း, အကဲ့ရဲ့ခံရခြင်း, အချီးမွမ်းခံရခြင်း, ချမ်းသာခြင်း, ဆင်းရဲခြင်းဟူသည့် လောကဓံလေပြင်းမုန်တိုင်းတို့ တိုက်ခတ်လာသောအခါ၌လည်း အထိုက်အလျှောက် ကြံ့ကြံ့ခိုင်ကြည် ရပ်တည်နိုင်မည် ဖြစ်ပေသည်။ လောကဓံ လေပြင်း မုန်တိုင်းတို့ကြောင့် တုန်လှုပ်ခြင်း မရှိသည့် တာဒိဂုဏ်နှင့် အထိုက်အလျောက် ပြည့်စုံနေမည်သာ ဖြစ်ပေသည်။ တစ်ဖန် ယင်းစတုတ္ထစျာန်သမာဓိတို့ကို ဝိပဿနာ၏ အခြေခံအကြောင်းရင်း ပါဒကစျာန်အဖြစ် ထူထောင်ကာ ဝိပဿနာသို့ ကူးတတ်သွားပါက ယင်းသမာဓိတရားတို့က အရဟတ္တဖိုလ်တိုင်အောင်သော အကျိုးတရားတို့ကို ရရှိလေအောင် အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးနေကြမည်သာ ဖြစ်ပေသည်။ အကယ်၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားပါက မြေ-ရေ-မီး-လေ - ကောင်းကင်တို့နှင့် တူညီသော စိတ်ထားများသည် ထာဝရ ကိန်းဝပ်နိုင်ကြပြီ ဖြစ်ကြသဖြင့် တာဒိဂုဏ်နှင့် ခြွင်းချက် မရှိ အပြီးတိုင် ပြည့်စုံပြီ ဖြစ်ပေသည်။
---အရူပါဝစရစျာန်ပိုင်း
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က ဝိပဿနာသို့ မကူးသေးလိုဘဲ အရူပစျာန်သမာပတ်တွေကို ဆက်လက်ကာ လေ့ကျင့်လိုပါကလည်း ဆက်လက် ပွားများ အားထုတ်နိုင်ပေသည်။ ဤစာမူ၌ကား ဖြစ်နိုင်သမျှ အကျဉ်းချုပ်ကာ ရေးသားတင်ပြပေအံ့။ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်ရေးအတွက်ကား ဆရာသမားများနှင့်သာ ချဉ်းကပ်လေ့လာပါ။
အရူပါဝစရစျာန်သည် -----
၁။ အာကာသာနဉ္စာယတနစျာန် = အာကာသ = ကောင်းကင်ပညတ်လျှင် တည်ရာအာရုံရှိသော စျာန်,
၂။ ဝိညာဏဉ္စာယတနစျာန် = အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော စျာန်,
၃။ အာကိဉ္စညာယတနစျာန် = အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှု = နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော စျာန်,
၄။ နေဝသညာနာသညာယတနစျာန် = (ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသဖြင့်) သညာရှိသည်လည်း မဟုတ် - သညာမရှိသည်လည်း မဟုတ်သော စျာန် - ဤသို့လျှင် (၄)မျိုး ရှိပေသည်။
အာကာသာနဉ္စာယတနစျာန်
ကသိုဏ်းဆယ်ပါးတို့၌ ကသိုဏ်းတစ်ပါးတစ်ပါးလျှင် စတုတ္ထစျာန် သမာဓိသို့တိုင်အောင် အဝါးဝစွာ လေ့ကျင့်အပ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းမှသည် အာလောကကသိုဏ်းသို့တိုင်အောင် (၉)မျိုးသော ကသိုဏ်းတို့တွင် မည်သည့်ကသိုဏ်းမှမဆို အရူပစျာန်တို့သို့ ကူးလိုက ကူးနိုင်သည်သာ ဖြစ်ပေသည်။ ဤတွင် ပထဝီကသိုဏ်းမှ ကူးပုံကို အကျဉ်းချုပ်ကာ တင်ပြပေအံ့။ -----
အာကာသာနဉ္စာယတနစျာန်ကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ရုပ်တရားတို့၏ အပြစ်ကို မြင်အောင် ရှုဆင်ခြင်အပ်၏။
မိဘတို့၏ သုတ်သွေးကို အမှီပြု၍ ထင်ရှားဖြစ်ပေါ်လာရသော ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရားတို့ကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ဤရူပကာယခန္ဓာကိုယ်ကို ကရဇကာယဟု ခေါ်ဆို၏။ ယင်းကရဇကာယ ထင်းရှား ရှိနေခြင်းကြောင့် တုတ် ဓား စသော လက်နက်ကို စွဲကိုင်လျက် သတ်ပုတ်ကြ၏၊ ရိုက်နှက်ကြ၏၊ ညှဉ်းပန်းနှိပ်စက်ကြ၏၊ ခိုက်ရန်ဖြစ်ကြ၏၊ ငြင်းခုံကြ၏၊ မျက်စိရောဂါ နားရောဂါစသည်ဖြင့် အနာရောဂါအမျိုးမျိုးကို ခံစားရ၏။ ဤကရဇကာယ အမည်ရသော ရုပ်တရားသာ ထင်ရှား မရှိပါက ထိုကဲ့သို့သော ဒုက္ခမျိုးစုံမှ လွတ်ပေလိမ့်မည်ဟု ပညာဖြင့် ဆင်ခြင်၍ ရုပ်တရားကိုသာလျှင် ငြီးငွေ့ခြင်းငှာ စက်ဆုပ်ခြင်းငှာ ချုပ်စေခြင်းငှာ အာကာသာနဉ္စာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ရ၏။ ထိုသို့ အားထုတ်ရာဝယ် ရှေးဦးစွာ ကရဇကာယအမည်ရသော ရုပ်တရား၌ ယင်းကဲ့သို့ အပြစ်ကို မြင်အောင် ရှု၍ ထိုရုပ်တရားကို ကျော်လွှားလွန်မြောက်ဖို့ရန် ပထဝီကသိုဏ်း၌ စတုတ္ထစျာန်ကို ဖြစ်စေအပ်၏။ ထိုစတုတ္ထစျာန်၏ အာရုံဖြစ်သော ပထဝီကသိုဏ်းရုပ်ကိုလည်း ရုပ်ဟုပင် ယူဆကာ (= မူလပထဝီကသိုဏ်းဝန်း နိမိတ်ယူရာ မြေကြီးမှာ ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုဖြစ်၍ ရုပ်အစစ်ဖြစ်သော်လည်း ထိုရုပ်တရားတို့ကို မှီ၍ဖြစ်ပေါ်လာသော ဖြန့်ကြက်ထားအပ်သော ပထဝီကသိုဏ်းဝန်းနိမိတ်မှာ ကသိုဏ်းပညတ်မျှသာ ဖြစ်သော်လည်း မူလပထဝီကသိုဏ်းဝန်း ရုပ်အစစ်ကို မှီ၍ ဖြစ်ပေါ်လာသော ကသိုဏ်းပညတ်ဖြစ်ခြင်းကြောင့် ယင်းဖြန့်ကြက်ထားပြီးသော ပထဝီကသိုဏ်းဝန်းကိုလည်း ရုပ်ဟုပင်ယူဆကာ) ထိုပထဝီကသိုဏ်းရုပ်မှ ငြီးငွေ့၍ ကျော်လွှားလွန်မြောက်လိုသည်ဖြစ်၍ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်အပ်ပြီးသည်ဖြစ်၍ အဝါးဝစွာ လေ့လာအပ်ပြီးသော ပထဝီကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထစျာန်မှ ထ၍ ထိုစတုတ္ထစျာန်၌ အပြစ်ကို ဤသို့ မြင်အောင်ရှု၍ -----
၁။ ဤရူပါဝစရစတုတ္ထစျာန်သည် ငါ ငြီးငွေ့အပ်သော ကသိုဏ်းရုပ်ကို အာရုံပြုဘိ၏၊
၂။ သောမနဿဝေဒနာဟူသော (တတိယစျာန်ဟူသော) နီးကပ်သော ရန်သူ ရှိ၏။
၃။ ငြိမ်သက်သော ဝိမောက္ခဖြစ်သော အရူပစျာန်အောက် ရုန့်ရင်း၏။---- ဤသို့ အပြစ်ကို မြင်အောင်ရှု၍,
၄။ ထိုစတုတ္ထစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်းကို ကုန်စေ၍,
၅။ အာကာသာနဉ္စာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,
၆။ စကြာဝဠာ ဆုံးသည့်တိုင်အောင်လည်းကောင်း, အလိုရှိသမျှ အရပ်သို့တိုင်အောင်လည်းကောင်း မိမိ ပွားထားပြီးသော ကသိုဏ်းရုပ်ကို ဖြန့်ကြက်၍,
၇။ ထိုကသိုဏ်းရုပ်ဖြင့် တွေ့ထိရာ အရပ်ကို အာကာသ- အာကာသ ဟုလည်းကောင်း၊ အနန္တအာကာသ-အနန္တအာကာသ ----- ဟုလည်းကောင်း နှလုံးသွင်း၍ ရူပါဝစရစတုတ္ထစျာန်၏ အာရုံဖြစ်သော ကသိုဏ်း ရုပ်ကို ခွာပါ။
တစ်နည်း ----- ထိုပထဝီကသိုဏ်းရုပ်၌ တစ်နေရာကို စိုက်၍ အာကာသ-အာကာသဟု တစ်ဘက်သတ် နှလုံးသွင်းပါ။ အာကာသကို ဉာဏ်ဖြင့်မြင်သောအခါ အာကာသကိုသာ တစ်ဘက်သတ် နှလုံးသွင်းပါ။ ယင်း အာကာသကို ဖြန့်ကြက်ပါ။ အာကာသဖြင့် တွေ့ထိမိရာ ပထဝီကသိုဏ်းရုပ် တည်ရာ အရပ်အားလုံးသည် တဖြည်းဖြည်း အာကာသပြန့်လာသည်နှင့်အမျှ ပျောက်ပျက်ကာ အာကာသချည်း ဖြစ်သွားလိမ့်မည်။ ပထဝီကသိုဏ်းရုပ်ရှိရာ အရပ်အားလုံး၌ အာကာသဖြစ်အောင် နှလုံးသွင်းပါ။ ပထဝီကသိုဏ်းရုပ်ကို ခွာပါ။
ပထဝီကသိုဏ်းကို မဆင်ခြင်ဘဲ နှလုံးမသွင်းဘဲ မသုံးသပ်ဘဲ စင်စစ်မှာမူ ထိုပထဝီကသိုဏ်းရုပ်ဖြင့် တွေ့ထိရာ အာကာသကိုပင် အာကာသ- အာကာသ ဟူ၍ တစ်ဘက်သတ် နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်းကို ခွာသည်မည်၏။ ယင်းသို့ ခွာအပ်သော ပထဝီကသိုဏ်းရုပ်သည်လည်း မထမကြွ၊ မနစ်မဆုတ်။ ဤယောဂါဝစရပုဂ္ဂိုလ်၏ ပထဝီကသိုဏ်းကို သက်သက် နှလုံးမသွင်းခြင်းကိုလည်းကောင်း, အာကာသ- အာကာသဟု တစ်ဘက်သတ် နှလုံးသွင်းခြင်းကိုလည်းကောင်း အစွဲပြု၍ ပထဝီကသိုဏ်းကို ခွာသည်မည်ပေ၏။ ကသိုဏ်းကို ခွာရာခွာကြောင်း အာကာသကောင်းကင်ပညတ်မျှသည်သာလျှင် ထင်လာ၏။
၁။ ကသိဏုဂ္ဃါဋိမာကာသ = ကသိုဏ်းကို ခွာ၍ ရရှိအပ်သော အာကာသ,
၂။ ကသိဏဖုဋ္ဌောကာသ = ကသိုဏ်းဖြင့် တွေ့ထိမိရာ အာကာသ,
၃။ ကသိဏဝိဝိတ္တာကာသ = ကသိုဏ်းမှ ကင်းဆိတ်သွားသော အာကာသ
----- ဤ သုံးပုဒ်လုံးသည် ပရိယာယ်နှင်နှင် ဖြစ်သောကြောင့် အနက်အားဖြင့် တူသည်သာတည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၀ -၃၂၁)
ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပထဝီကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ကို အာကာသ-အာကာသဟူ၍ အဖန်ဖန်အထပ်ထပ် ဆင်ခြင်၏၊ ဝိတက်ဖြင့် အာကာသ-အာကာသဟု ရှေးရှု ခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည် ခေါက်သည်ကို ပြု၏။ ဤသို့ အဖန်ဖန် အထပ်ထပ် ဆင်ခြင်သော ဝိတက်ဖြင့် အာကာသ-အာကာသဟု ရှေးရှု ခေါက်သည်ကို ထက်ဝန်းကျင် ခေါက်သည်ကို ပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏတို့သည် ကွာကုန်၏၊ အာကာသနိမိတ်လျှင် အာရုံရှိသော သတိသည် အလွန်ထင်သည်ဖြစ်၍ ကောင်းစွာတည်၏။ ဥပစာရစျာန် သမာဓိဖြင့် စိတ်သည် အာကာသနိမိတ်၌ ကောင်းစွာ တည်ကြည်နေ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲ၏၊ ပွားများ၏၊ ကြိမ်ဖန်များစွာ အလေ့လာပြု၏။ ဤသို့ အဖန်ဖန်အထပ်ထပ် ဆင်ခြင်သော နှလုံးသွင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်အား အာကာသနိမိတ်အာရုံ၌ အာကာသာနဉ္စာယတနစိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ ပထဝီကသိုဏ်းစသော ကသိုဏ်းပညတ်အာရုံ၌ ရူပါဝစရစျာန်စိတ်သည် အပ္ပစျာန်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့တည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၁။)
ဝိညာဏဉ္စာယတနစျာန်
ဝိညာဏဉ္စာယတနစျာန်ဟူသည် အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော စျာန်တည်း။ အာကာသာနဉ္စာယတနဝိညာဏ်ကို အရှုခံ အာရုံထား၍ ရှုပွားသုံးသပ်သဖြင့် ရရှိလာသော စျာန်တည်း။ ထိုဝိညာဏဉ္စာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနစျာန်သမာပတ်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်၏။ အာကာသာနဉ္စာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် -----
၁။ ဤ ငါ ရရှိထားသော အာကာသာနဉ္စာယတနစျာန်သမာပတ်သည် ရူပါဝစရစျာန်ဟူသော နီးကပ်သော ရန်သူ ရှိ၏။ (အချိန်မရွေး အာကာသာနဉ္စာယတနစျာန်သို့ ပြန်၍ လျှောကျသွားနိုင်၏ ဟူလိုသည်။)
၂။ ဝိညာဏဉ္စာယတနစျာန်သမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ် ခဲ့။ ဤသို့လျှင် အာကာသာနဉ္စာယတနစျာန်သမာပတ်၌ အပြစ်ကို မြင်အောင် ရှု၍ -----
၃။ ထို အာကာသာနဉ္စာယတနစျာန်၌ ခုံမင်တပ်မက်ခြင်း တဏှာကို ကုန်စေ၍,
၄။ ဝိညာဏဉ္စာယတနစျာန်ကို ငြိမ်သက်၏ဟူ၍ နှလုံးသွင်ပြီးလျှုင် -----
ထိုပထဝီ ကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို ဝိညာဏံ- ဝိညာဏံဟူ၍ အဖန်ဖန်အထပ်ထပ် ဆင်ခြင်အပ်၏ နှလုံးသွင်းအပ်၏ ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်အပ်၏။ ဝိတက်ဖြင့် ဝိညာဏံ ဝိညာဏံဟု ရှေးရှူ ခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏။ အနန္တံ - အနန္တံဟူ၍ သက်သက် နှလုံးမသွင်းကောင်း၊ ဝိညာဏံ- ဝိညာဏံဟုလည်းကောင်း, အနန္တံ ဝိညာဏံ - အနန္တံ ဝိညာဏံဟုလည်းကောင်း နှလုံးသွင်းကောင်း၏။
ဤသို့သော နည်းအားဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်ဟူသော ဝိညာဏ်နိမိတ်၌ အဖန်တလဲလဲ ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား နီဝရဏတရားတို့သည် ကွာကျသွားကြကုန်၏။ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာတည်ကြည်လာ၏။
ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတနဝိညာဏ်ဟု ဆိုအပ်သော ထိုဝိညာဏ်နိမိတ်ကို အဖန်ဖန်အထပ်ထပ် မှီဝဲ၏၊ ပွားများ၏၊ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့သော နည်းဖြင့် အကြိမ်များစွာ ပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပထဝီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုမဟဂ္ဂုတ် အာကာသာနဉ္စာယတနဝိညာဏ်၏သာလျှင် ဆိတ်သည်၏အဖြစ်, ကင်းသည်၏အဖြစ်, မရှိသည်၏အဖြစ်ဟူသော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အာကာသနိမိတ်၌ ပျံ့နှံ့၍ ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်နိမိတ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနဝိညာဏ်သည် ဖြစ်ပေါ်လာသကဲ့သို့ပင်တည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၅။)
ဤအရှုခံ အာရုံမှာ အာကာသာနဉ္စာယတနစျာန်ဝိညာဏ် ဖြစ်၏။ ထို အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို ဝိညာဏံ - ဝိညာဏံဟု ရှုခဲ့သော် ထိုအာကာသာနဉ္စာယတနစျာန် ဝိညာဏ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေကြသော ဘာဝနာစိတ်တို့တွင် ဥပစာရစျာန် ဇောတို့၏ နောက်၌ အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စျာန်စိတ်သည် ဝိညာဏဉ္စာယတနစျာန်စိတ်တည်း။ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာ အာရုံရှိသော စျာန်စိတ် ဟူလိုသည်။ ဤအရာဝယ် အပ္ပနာစျာန်သို့ မဆိုက်မီ အရှုခံအာရုံမှာ အာကာသာနဉ္စာယတနစိတ် ဖြစ်၍ ရှုတတ်သော ဘာဝနာစိတ်တို့ကား ကာမာဝစရ (မဟာကုသိုလ် သို့မဟုတ် မဟာကြိယာ)ဇောတို့တည်း။ အပ္ပနာစျာန်အခိုက်၌ကား အရှုခံအာရုံမှာ အာကာသာနဉ္စာယတနစျာန်စိတ် ဖြစ်၍ ရှုတတ်သော ဘာဝနာစိတ်မှာ ဝိညာဏဉ္စာယတနစျာန်စိတ်တည်း။ အရှုခံအာရုံနှင့် ရှုတတ်သောတရား နှစ်မျိုးလုံးမှာ စျာန်စိတ်ချည်းသာတည်း။
အာကိဉ္စညာယတနစျာန်
အာကိဉ္စညာယတနစျာန်ဟူသည် အာကာသာနဉ္စာယတနစျာန်၏ မရှိခြင်း = နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော စျာန်ဟု ဆိုလိုသည်။ အာကိဉ္စညာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိညာဏဉ္စာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်၏။ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ ဆင်ခြင်အပ်၏။ -----
၁။ ဤ ငါ ရရှိထားသော ဝိညာဏဉ္စာယတနစျာန်သမာပတ်သည် အာကာသာနဉ္စာယတနစျာန်ဟူသော နီးကပ်သော ရန်သူရှိ၏ (=အချိန်မရွေး အာကာသာနဉ္စာယတနစျာန်သို့ ပြန်၍ လျှောကျနိုင်၏ ဟူလို သည်။)
၂။ အာကိဉ္စညာယတနစျာန်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့။ ဤသို့လျှင် ဝိညာဏဉ္စာယတနစျာန်၌ အပြစ်ကို မြင်အောင်ရှု၍,
၃။ ထိုဝိညာဏဉ္စာယတနစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်းကို ကုန်စေ၍,
၄။ အာကိဉ္စာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,
၅။ အကြင် အာကာသာနဉ္စာယတနစျာန် ဝိညာဏ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနစျာန်သည် ဖြစ်ပေါ်လာရ၏၊ ထိုဝိညာဏဉ္စာယတနစျာန်၏ပင်လျှင် အာရုံဖြစ်၍ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို ဆိတ်သည်၏ အဖြစ်ကို ကင်းသော အခြင်းအရာကို နှလုံးသွင်းအပ်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၆-၃၂၇။)
[ဆိုလိုရင်း -----စိတ်တို့မည်သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ နှစ်ခု ပြိုင်တူ ဖြစ်ရိုး ဓမ္မတာ မရှိကြပေ။ စိတ္တက္ခဏတစ်ခု ဖြစ်ပြီး, ချုပ်ပြီးမှသာလျှင် နောက်စိတ္တက္ခဏတစ်ခု ဖြစ်ရိုး ဓမ္မတာ ရှိ၏။ အာကာသာနဉ္စာယတနဝိညာဏ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်းရှားဖြစ်နေသော အချိန်၌ ဝိညာဏဉ္စာယတနဝိညာဏ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မဖြစ်သေးပေ။ ဝိညာဏဉ္စာယတနဝိညာဏ်သည် တစ်နည်းဆိုရသော် ဝိညာဏဉ္စာယတနဝိညာဏ်နှင့် တကွ အာကာသာနဉ္စာယတနဝိညာဏ်ကို ရှုနေသော ကာမာဝစရဘာဝနာစိတ်အပေါင်းသည် ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်းရှား ဖြစ်နေကြချိန်၌လည်း အာကာသာနဉ္စာယတနဝိညာဏ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိတော့ပေ။ ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှု သဘောကို နတ္ထိဘောပညတ်ဟု ဆိုလို၏။ ယင်း နတ္ထိဘောပညတ်ကို အရှုခံအာရုံထားကာ နှလုံးသွင်း ရှုပွားရ၏။]
အဘယ်သို့ နှလုံးသွင်းအပ်သနည်း? ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို အချင်းခပ်သိမ်း နှလုံးမသွင်းမူ၍ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော နတ္ထိဘောပညတ်ကိုသာ အာရုံပြု၍ -----
၁။ နတ္ထိ နတ္ထိ = မရှိ မရှိ ဟူ၍လည်းကောင်း, နတ္ထိ ကိဉ္စိ နတ္ထိ ကိဉ္စိ = ဘာမျှမရှိ ဘာမျှမရှိဟူ၍လည်းကောင်း,
၂။ သုညံ သုညံ = ဆိတ်၏ ဆိတ်၏ဟူ၍လည်းကောင်း,
၃။ ဝိဝိတ္တံ ဝိဝိတ္တံ = ကင်း၏ ကင်း၏ဟူ၍လည်းကောင်း -----
အဖန်ဖန်အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့်သက်ဝင်၍ ရှုအပ်၏၊ ဝိတက်ဖြင့် ရှေးရှူ ခေါက်သည်ကို ထက်ဝန်းကျင် လှည်လည်၍ ခေါက်သည်ကို ပြုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၆-၃၂၇။)
ဤဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်း ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း = နတ္ထိဘောပညတ်ဟု ဆိုအပ်သော စျာန် ဖြစ်ကြောင်း နိမိတ်၌ ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နီဝရဏတရားတို့သည် ကွာကျသွားကြကုန်၏၊ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏။ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်ဟု ဆိုအပ်သော စျာန်ဖြစ်ကြောင်း နိမိတ်ကို အဖန်တလဲလဲ မှီဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့သောနည်းဖြင့် ပြုကျင့်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပထဝီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုမဟဂ္ဂုတ် အာကာသာနဉ္စာယတနဝိညာဏ်၏သာလျှင် ဆိတ်သည်၏အဖြစ်, ကင်းသည်၏အဖြစ်, မရှိသည်၏အဖြစ်ဟူသော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အာကာသနိမိတ်၌ ပျံ့နှံ့၍ ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်နိမိတ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနဝိညာဏ်သည် ဖြစ်ပေါ်လာသကဲ့သို့ပင်တည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၇။)
နေဝသညာနာသညာယတနစျာန်
ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသောကြောင့် သညာရှိသည်လည်း မဟုတ်, သညာ မရှိသည်လည်းမဟုတ်သော စျာန်သည် နေဝသညာနာသညာယတနစျာန် မည်၏။ သညာကို အဦးမူသဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူခြင်း ဖြစ်၏။ ရုန့်ရင်းကြမ်းတမ်းသော နာမ်တရားကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော နာမ်တရားစုသာ ယင်းသမာပတ်၌ တည်ရှိသည်။ ထိုကြောင့် ယင်းသမာပတ်ကို သင်္ခါရာဝသေသသမာပတ် = အပိုင်းအခြားကို လွန်၍ သိမ့်မွေ့သည်၏ အဖြစ်သို့ရောက်လျက် မပြောစလောက် သင်္ခါရမျှသာ ဖြစ်သော = အသိမ်မွေ့ဆုံး အဖြစ်သို့ ရောက်သော သင်္ခါရမျှသာဖြစ်သော = အသိမ်မွေ့ဆုံး အဖြစ်သို့ ရောက်သော သင်္ခါရမျှသာ ကြွင်းကျန်သော စတုတ္ထအရူပါဝစရသမာပတ်ဟု ခေါ်ဆို၏။
နေဝသညာနာသညာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာကိဉ္စညာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ရ၏။ လေ့ကျင့်ပြီးသော် -----
၁။ ဤ ငါ ရရှိထားသော အာကိဉ္စာယတနစျာန်သမာပတ်သည် ဝိညာဏဉ္စာယတနစျာန်သမာပတ်ဟူသော နီးကပ်သော ရန်သူ ရှိ၏။
၂။ နေဝသညာနာသညာယတနစျာန်သမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့-----ဟုလည်းကောင်း, သညာသည် ရောဂါတည်း၊ သညာသည် အိုင်းအမာနှင့် တူ၏၊ သညာသည် မြားငြောင့်နှင့် တူ၏၊ အကြင် နေဝသညာနာသညာသည် ရှိ၏၊ ဤနေဝသညာနာသညာယတနစျာန်သည် ငြိမ်သက်၏၊ ဤနေဝသညာနာသညာယတနစျာန်သည် မွန်မြတ်၏------ဟုလည်းကောင်း, ဤသို့လျှင် အာကိဉ္စညာယတနစျာန်၌ အပြစ်ဒေါသကိုလည်းကောင်း, အထက်ဖြစ်သော နေဝသညာနာသညာယတနစျာန်၌ အကျိုးအာနိသင်ကိုလည်းကောင်း မြင်အောင် ရှု၍ -----
၃။ အာကိဉ္စညာယတနစျာန်၌ တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိ တရားကို ကုန်ခန်းစေ၍,
၄။ နေဝသညာနာသညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,
၅။ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ထိုအာကိဉ္စညာယတနစျာန်သမာပတ် ကိုပင် အာရုံပြု၍ သန္တာ သန္တာ = ငြိမ်သက်ပေစွ ငြိမ်သက်ပေစွ-----ဟု အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့် သက်ဝင်၍ ရှုအပ်၏၊ ဝိတက်ဖြင့် သန္တာ သန္တာ = ငြိမ်သက်ပေစွ ငြိမ်သက်ပေစွ----- ဟု ရှေးရှူ ခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၈-၃၂၉။)
ဤ ဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်း ထိုအာကိဉ္စညာယတနစျာန်သမာပတ် အာရုံနိမိတ်၌ အဖန်ဖန် အထပ်ထပ် ဘာဝနာမနသိကာရကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏတရားတို့သည် ကွာကျသွားကြကုန်၏။ အာကိဉ္စညာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် နေဝသညာနာသညာယတနစျာန်ကြောင့် ဖြစ်သည့် ထိုအာကိဉ္စညာယတနစျာန် သမာပတ်နိမိတ်ကို အဖန်တလဲလဲ မှီဝဲ၏၊ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့သော နည်းဖြင့် ပြုကျင့်သော ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ ----- အာကာသာနဉ္စာယတနဝိညာဏ်၏ ကင်းခြင်းဟူသော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနစျာန်သည် အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသကဲ့သို့ ----- အာကိဉ္စညာယတနစျာန်သမာပတ်ဟု ခေါ်ဆိုအပ်ကုန်သော နာမ်ခန္ဓာလေးပါးတို့၌ အာရုံပြု၍ နေဝသညာနာသညာယတနစျာန်စိတ်သည် အပ္ပနာ၏အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၁၊၃၂၉၊၊)
ဤနေဝသညာနာသညာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ရာ၌ -----
၁။ ဧတံ သန္တံ ဧတံ ပဏီတံ = ဤ ဝိညာဏ်သည် ငြိမ်သက်၏၊ ဤ ဝိညာဏ်သည် မွန်မြတ်၏-----ဟုလည်းကောင်း,
၂။ သန္တံ သန္တံ = သန္တာ သန္တာ = ငြိမ်သက်၏ ငြိမ်သက်၏-----ဟုလည်းကောင်း,
၃။ ပဏီတံ ပဏီတံ = မွန်မြတ်၏ မွန်မြတ်၏-----ဟုလည်းကောင်း၊ ဤသို့ နှလုံးသွင်းနိုင်၏။ (မဟာဋီ၊၁၊၄၀၃။)
ဤနေဝသညာနာသညာယတနစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ပထဝီကသိုဏ်းမှ သမာပတ်ရှစ်ပါး ပေါက်အောင် ရှုသကဲ့သို့ အာပေါကသိုဏ်းမှ အာလောကကသိုဏ်းတိုင်အောင်သော ကြွင်းကသိုဏ်း (၈)ပါးတို့၌လည်း ကသိုဏ်းတစ်ပါးတစ်ပါး၌ သမာပတ် (၈)ပါးစီပေါက်အောင် ဆက်လက် ရှုနိုင်ပေသည်။ ထိုစျာန်တို့တွင် မိမိ နှစ်ခြိုက်စျာန်ကို ဝိပဿနာ၏ အခြေပါဒကအဖြစ် သမာဓိကိုထူထောင်ကာ ဝိပဿနာသို့ ကူးလိုက ကူးနိုင်ပေပြီ။
ဖြင်ညီးများစွာ၊ သတ္တဝါနှင့်၊ ကမ္ဘာဖြစ်ဟန်၊ ဗြဟ္မာဘန်ဟု၊ ဘောက်ပြန်ချွတ်ယွင်း၊ မမှတ်လျင်းနှင့်၊ ခပင်းလောက၊ လူထိုမျှကား၊ ပြုကအသစ်၊ ဖြစ်က အဟောင်း၊ ကျိုးနှင့်ကြောင်းတည်း၊ ဆိုးကောင်းဟူထ၊ ဤနှစ်ဝကို၊ ကမ္မသကာ၊ မှတ်တို့ရာ၏၊ သည်သာမှန်ဘိ၊ ယွင်းမရှိဘူး၊ မိမိကမ္မ၊ ကိလေသဖြင့်၊ သုခလိုငြား၊ ဒုက္ခပွား၏၊ ရှေ့ကားသုခ၊ နောက်ဒုက္ခနှင့်၊ စိတ်ကလိုရေး၊ အအေးတောင့်တ၊ အပူရလျက်၊ ပူကအေးမြဲ၊ မှန်မလွဲရှင့်၊ ဆင်းရဲရှေးယှိ၊ နောက်ပြိချမ်းသာ၊ ဖြစ်မြဲစွာတည့်၊ ဓမ္မတာအပြီး၊ လူ့ထုံးတီးကို၊ ဘုန်းမီးတောက်ပ၊ ချစ်မဝသည်၊ သားလှရွှေချည်၊ မောင်မှတ်တည်လော့။ (မဃဒေဝစာပိုဒ်၊၂၂၆၊၊)
ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာနမာသေ ပထမသ္မိံ ဂိမှေ။
တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ (ခုဒ္ဒကပါဌ၊၇)
(အနက်ထည့်ရန်)
နွေလတို့၏ ရှေးဦးအစ နွေလဖြစ်သော စိတြမာသတန်ခူးလအခါ၌ ပင်လုံးကျွတ်ပွင့်သော ခက်ဖျားစုံရှိသော တောအုပ်ကြီးသည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသကဲ့သို့ အနက်သဒ္ဒါ ပန်းစုံစွာဖြင့် ဝေဆာပြန့်ပြော ထို တောအုပ်ကြီးလျှင် ပုံပမာရှိသော အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန်ဖြစ်သော သုံးပုံပိဋကတ် တရားမြတ်ဒေသနာတော်ကို လူ နတ် ဗြဟ္မာသတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်းဟူသော အမြတ်ဆုံးအကျိုးစီးပွား ချမ်းသာအလို့ငှာ ကရုဏာရှေ့သွား မေတ္တာထား၍ ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့လေပြီ။ သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရား၌ ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည်လည်း ထူးမြတ်တော်မူလှပါပေ၏။ ဤဝစီမင်္ဂလာ သစ္စာစကားကြောင့် အပေါင်းများစွာ သတ္တဝါတို့အား ဘေးရန် ကုန်ကင်း ချမ်းသာအေးမြခြင်းသည် မုချမသွေ ဖြစ်ပါစေသတည်း။
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ။
သဒ္ဓမ္မသုံးဖြာ သာသနာတော်သည် အဓွန့်ရှည်စွာ တည်တံ့ပါစေသတည်း။ သီလ သမာဓိ ပညာသိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော ဘုရားရှင်၏ ကျင့်စဉ်တရားတော်၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း။
ရုပ်ကမ္မဋ္ဌာန်းပိုင်း
ဒိဋ္ဌိဝိသုဒ္ဓိ စခန်းသို့
တတ္ထ နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
= ထိုဝိသုဒ္ဓိ ကျင့်စဉ်တို့တွင် နာမ်+ရုပ်တို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ = ဉာဏ်အမြင်၏ သန့်ရှင်းစင်ကြယ်ခြင်းမည်၏။(ဝိသုဒ္ဓိ၊၂၊၂၂၂။)
တံ သမ္ပာဒေတုကာမေန သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသ ရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ စျာနင်္ဂါနိ, တံ သမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၂၂၊၊)
= ထို ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အမြင်ကို ပြည့်စုံစေလိုသော သမထယာနိက = စျာန်သမထယာဉ် ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ နေဝသညာနာသညာယတနစျာန်ကို ထား၍ နေဝသညာနာသညာယတနစျာန်မှ တစ်ပါးသော ကြွင်းကုန်သော ရူပါဝစရစျာန် အရူပဝါစရစျာန်တို့တွင် စျာန်တစ်ပါးပါးမှထ၍ ဝိတက်စသော စျာန်အင်္ဂါတို့ကိုလည်းကောင်း, ထိုစျာန်အင်္ဂါတို့နှင့် ယှဉ်သော သမ္ပယုတ်တရားတို့ကိုလည်းကောင်း လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် သိမ်းဆည်းအပ်၏ = ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏။ ဤအလုံးစုံသော စျာန်နာမ်တရားကို သိမ်းဆည်းပြီးလတ်သော် = ဉာဏ်ဖြင့် ပိုင်းခြားယူလတ်ပြီးသော် ယင်းအလုံးစုံသော စျာန်နာမ်တရားကို (အာနာပါနပဋိဘာဂနိမိတ်, ကသိုဏ်းပဋိဘာဂနိမိတ် ကဲ့သို့သော) အာရုံသို့ ရှေးရှူ ညွတ်တတ်သည်၏အဖြစ်ကြောင့် အာရုံသို့ ရှေးရှူညွှတ်တတ်သော အနက်သဘောကြောင့် နာမ်ဟူ၍ မရောယှက်သောအားဖြင့် ပိုင်းခြား မှတ်သားအပ်၏ = စိတ်နှလုံး၌ ထားအပ်၏။ (ဝိသုဒ္ဓိ၊ ၂၊၂၂၂။)
စျာနေ စျာနူပစာရေ ဝါ ပတိဋ္ဌာယ ဝိပဿနံ အနုယုဉ္ဇန္တေဿတံ နာမံ။ (မဟာဋီ၊၂၊၃၅၀။)
ဤသမထယာနိက = သမထယာဉ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်ဟူသည် စျာန်၌လည်းကောင်း, စျာန်၏ ဥပစာရသမာဓိ၌လည်းကောင်း ရပ်တည်ပြီး၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ပုဂ္ဂိုလ်၏ အမည်တည်း။ (မဟာဋီ၊၂၊၃၅၀။)
နေဝသညာနာသညာယတနစျာန်မှ တစ်ပါး ကြွင်းကျန်သော စျာန်တို့ ကို ဝိပဿနာကို အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်သည် သိမ်းဆည်းရမည်ဟု ညွှန်ကြားထား၏။
အကြောင်းကား ----- ဘဝဂ္ဂဓမ္မအမည်ရသည့် နေဝသညာနာသညာယတန စျာန်နာမ်တရားတို့သည် သိမ်းဆည်းစသာဖြစ်သော အာဒိကမ္မိကပုဂ္ဂိုလ်အတွက် သိမ်းဆည်းဖို့ရန် (= ဉာဏ်ဖြင့်ပိုင်းခြားယူဖို့ရန်) ခက်ခဲလှ၏။ ထိုကြောင့် ထိုကဲ့သို့ ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၂၊၃၅၀။)
[သို့သော် နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းမှု၌ ကျွမ်းကျွမ်းကျင်ကျင် သိမ်းဆည်းနိုင်သော အခါ၌ကား ယင်းနေဝသညာနာသညာယတနစျာန်နာမ်တရားတို့ကို ပေါင်းစုခြုံငုံ၍ ရှုခြင်း ကလာပသမ္မသနနည်းအားဖြင့် သိမ်းဆည်း ရှုပွားနိုင်ပေသည်။ အနုပဒသုတ္တန် (မ၊၃၊၇၈)ကို ထောက်ရှုပါ။]
ဤ၌ စျာန်အင်္ဂါတို့ကိုလည်းကောင်း, ယင်းစျာန်အင်္ဂါတို့နှင့် စိတ္တက္ခဏ တစ်ခု၏ အတွင်၌ အတူယှဉ်တွဲ ဖြစ်သွားကြကုန်သော စျာနသမ္ပယုတ်တရားတို့ကိုလည်းကောင်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရန် (= ဉာဏ်ဖြင့် ပိုင်းခြားယူရန်) အဋ္ဌကထာက ညွှန်ကြားတော်မူ၏။ သိမ်းဆည်းရမည့် အစီအရင်ကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ ခန္ဓနိဒ္ဒေသပိုင်း (ဝိသုဒ္ဓိ၊၂၊၆၆-၁၁၁။)တွင် အပြည့်အစုံ ဖွင့်ဆိုထားပြီး ဖြစ်ပေသည်။ ယင်းသို့ ဖွင့်ဆိုထားသည့်အတိုင်း စျာန်အင်္ဂါတို့ကိုလည်းကောင်း စျာန်နှင့် ယှဉ်သည့် စျာနသမ္ပယုတ်တရားစုတို့ကိုလည်းကောင်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းလမ်းဖြင့် သိမ်းဆည်းရမည် = ဉာဏ်ဖြင့် ပိုင်းခြားယူရမည်ဟု မှတ်သားပါ။ (မဟာဋီ၊၂၊၃၅၀။)
သတိပြု၍ မှတ်သားပါ
ထိုသို့ သိမ်းဆည်းရာ၌ စျာန်နာမ်တရားတို့၏ ပရမတ္ထဓာတ်သားတိုင်း၌ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီး ရှိပေသည်။ တစ်ခုနှင့် တစ်ခု လက္ခဏာချင်း, ကိစ္စ (= ရသ)ချင်း, ဉာဏ်အား ရှေးရှူထင်လာသည့် ပစ္စုပဋ္ဌာန်ချင်း, အနီးကပ်ဆုံး အကြောင်းတရားဖြစ်သည့် ပဒဋ္ဌာန်ချင်း မတူညီကြပေ။ ဥပမာ ----- အာနာပါန ပထမစျာန် ကသိုဏ်းပထမစျာန်တို့၌ စျာန်နာမ်တရား (၃၄)လုံးအထိ ရှိ၏။ ယင်းတို့မှာ -----
၁။ အသိစိတ် (၁)လုံး,
၂။ အညသမာန်းစေတသိက် (၁၃)လုံး,
၃။ သောဘဏသာဓာရဏစေတသိက် (၁၉)လုံး,
၄။ ပညိန္ဒြေစေတသိက် (၁)လုံး,
အားလုံးပေါင်းသော် (၃၄)လုံးအထိ ရှိ၏။ ယင်း စျာန်နာမ်တရားတို့တွင်-----
၁။ ဖဿကား အာရုံကို တွေ့ထိခြင်း = ဖုသနလက္ခဏာ ရှိ၏။
၂။ ဝေဒနာကား အာရုံ၏ အရသာကို ခံစားခြင်း = ဝေဒယိတလက္ခဏာ = အနုဘဝနလက္ခဏာ ရှိ၏။
၃။ သညာကား အာရုံကို မှတ်သားခြင်း = သဉ္ဇာနနလက္ခဏာ ရှိ၏။
၄။ စေတနာကား အာရုံပေါ်သို့ ယှဉ်ဖက်သမ္ပယုတ်တရားတို့ ရောက်အောင် စေ့ဆော်ပေးခြင်း = စေတနာဘာဝလက္ခဏာ = စေတယိတလက္ခဏာ ရှိ၏။
ဤသို့စသည်ဖြင့် ပရမတ္ထဓာတ်သားတိုင်း၌ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီး ရှိ၏။ ဤကဲ့သို့ လက္ခဏာချင်း မတူထူးခြား ကွဲပြားသောကြောင့်ပင် ယင်းကဲ့သို့သော ကွဲပြားမှုကို ကြည့်၍ (၃၄)လုံးသော နာမ်တရားတိုင်း၌ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်အားဖြင့် ရှုရမည် ဖြစ်ပေသည်။ ယင်းကဲ့သို့ လက္ခဏာစသည်ချင်း ပရမတ္ထဓာတ်သား တရားတစ်လုံးနှင့် တရားတစ်လုံး မတူထူးခြား ကွဲပြားသောကြောင့်သာလျှင် ယောဂါဝစရပုဂ္ဂိုလ် အနေနှင့် ----- ဤကား အသိစိတ်, ဤကား ဖဿ, ဤကား ဝေဒနာ, ဤကားသညာ, ဤကား စေတနာ စသည်ဖြင့် ကွဲကွဲပြားပြား သိရှိခွင့်ကို ရရှိနေခြင်း ဖြစ်ပေသည်။
ရုပ်တရားကစ၍ သိမ်းဆည်းလိုသော်
သမထစျာန်ယဉ်ရှိသော သမထယာနိကပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးရာ၌ စျာန်နာမ်တရားတို့ကစ၍ မသိမ်းဆည်းလိုဘဲ ရုပ်တရားကစ၍ သိမ်းဆည်းလိုခဲ့သော် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ကဲ့သို့ပင် ဓာတ်ကြီးလေးပါးက စတင်၍ သိမ်းဆည်းရန် ဓာတ်ကမ္မဋ္ဌာန်းကစ၍ အားထုတ်ရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၂။)တွင် ညွှန်ကြားထားပေသည်။ ထိုညွှန်ကြားချက်နှင့် အညီ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းလမ်းစဉ်မှ ရုပ်တရားကို သိမ်းဆည်းပုံစနစ်ကို အကျဉ်းချုပ်ကာ တင်ပြပေအံ့။ -----
ဓာတုမနသိကာရပဗ္ဗ
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။ (ဒီ၊၂၊၂၃၄။ မ၊၁၊၇၃။)
ရဟန်တို့ ... နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းသည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤရူပကာယကိုပင် ဤရူပကာယ၌ ပထဝီဓာတ်ရှိ၏၊ အာပေါဓာတ်ရှိ၏၊ တေဇောဓာတ်ရှိ၏၊ ဝါယောဓာတ် ရှိ၏ဟု (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တမဟုတ်သောအားဖြင့်) ဓာတ်သဘောမျက်စိဖြင့် စေ့စေ့ငုငု မြင်အောင်ကြည့်ရှုလျက် ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏။ (ဒီ၊၂၊၂၃၄။ မ၊၁၊၇၃။)
သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စတုမဟာပထေ ဗိလသော ဝိဘဇတွာ နိသိန္နော အဿ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။ (ဒီ၊၂၊၂၃၄။ မ၊၁၊၇၃၊၊)
ရဟန်းတို့ ... ဥပမာသော်ကား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း, နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာအရပ်၌ နွားသားကို အသားတခြား အရိုးတခြားစသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံလျက် ထိုင်နေရာသကဲ့သို့ ----- ရဟန်းတို့ ... ဤဥပမာအတူပင် ယောဂါဝစရရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယကိုပင် ဤရူပကာယ၌ ပထဝီဓာတ်ရှိ၏၊ အာပေါဓာတ်ရှိ၏၊ တေဇောဓာတ်ရှိ၏၊ ဝါယောဓာတ်ရှိ၏ ----- ဟု (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တမဟုတ်သောအားဖြင့်) ဓာတ်သဘောမျှအားဖြင့် အသီးအသီး တစ်လုံးစီး တစ်လုံးစီး ဉာဏ်ပညာမျက်စိဖြင့် စေ့စေ့ငုငု မြင်အောင်ကြည့်ရှုလျက် ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏။(ဒီ၊၂၊၂၃၄။ မ၊၁၊၇၃။)
ဆိုလိုသော သဘောတရား
အထက်ပါ ပါဠိတော်စကားရပ်၏ ဆိုလိုသော သဘောတရားကို အဋ္ဌကထာများက (ဝိသုဒ္ဓိ၊၁၊၃၄၃။ ဒီ၊ဋ္ဌ၊၂၊၃၆၀-၃၆၁။ မ၊ဋ္ဌ၊၁၊၂၇၆။) ဤသို့ ရှင်းပြထား၏။ -----
နွားသတ်ယောက်ျား၏ သန္တာန်ဝယ် နွားကို ကျွေးမွေးစဉ်၌လည်းကောင်း, နွားကို သတ်ရာသင်းချိုင်းသို့ ဆောင်ယူသွားစဉ်၌လည်းကောင်း, ဆောင်ယူသွားပြီးနောက် ထိုသတ်ရာသင်းချိုင်း၌ ချည်နှောင်၍ ထားစဉ်၌လည်းကောင်း, နွားကို ရိုက်ပုတ်သတ်ဖြတ်စဉ်၌လည်းကောင်း, သတ်ပြီးနောက် သေပြီးခါစ နွားသေကို မြင်စဉ်၌လည်းကောင်း ထိုနွားကို ဖြတ်လှီး၍ အသားတခြား အရိုးတခြား အူတခြား အသည်းတခြား စသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီပုံ၍ မပြီးသေးသမျှ ကာလပတ်လုံး နွားဟူသော အမှတ်သညာ မကွယ်ပျောက်သေးပေ။ အရိုးတခြား အသားတခြား စသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံလျက် လမ်းမလေးဖြား ပေါင်းဆုံမိရာအရပ်၌ ထိုင်လျက် ရောင်းနေသော နွားသတ်သမား၏ သန္တာန်၌ကား နွားဟူသော အမှတ်သညာသည် ကွယ်ပျောက်သွား၏။ အသားဟူသော အမှတ်သညာသည် ဖြစ်ပေါ်လာ၏။ ထိုနွားသတ်သမား၏ သန္တာန်ဝယ် ငါသည် နွားကို ရောင်းနေ၏၊ ဤဝယ်သူတို့သည် နွားကို ဝယ်ယူဆောင်ယူကုန်၏----- ဤသို့သော စိတ်အကြံအစည်သည် မဖြစ်ပေါ်လာပေ။ အကယ်၍ စင်စစ်သော်ကား ထိုနွားသတ် ယောက်ျား၏ သန္တာန်ဝယ် ငါသည် အသားကို ရောင်း၏ ဟူ၍သာလျှင်, ဤဝယ် ယူသူတို့သည်လည်း အသားကို ဝယ်ယူ ဆောင်ယူကုန်၏ ဟူ၍သာလျှင် စိတ်သည် ဖြစ်ပေါ်နေ၏။
ဤဥပမာတူပင်လျှင် ဤယောဂါဝစရရဟန်းအားလည်း အရိယာ ဖြစ်သည်မှ ရှေးကာလ, အရိယာ မဖြစ်မီ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသည့်အတွက် ပညာမျက်စိကာဏ်းနေသည့် ပုထုဇန် ငမိုက်သား ဖြစ်နေစဉ် အခါ၌ လူဖြစ်စဉ်လည်းကောင်း, သိမ်းဆည်းအပ်သော ကမ္မဋ္ဌာန်းမရှိသော ရဟန်းညံ့ ဖြစ်စဉ်လည်းကောင်း အကြင်မျှလောက်သော ကာလပတ်လုံး တည်မြဲတိုင်းသော ထားမြဲတိုင်းသော ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား လေးပါးတို့ကြောင့် ထင်းရှားဖြစ်ပေါ်လာရသော ရုပ်အပေါင်းအစုဖြစ်သော ဤရူပကာယကြီးကိုပင်လျှင် -----
၁။ သန္တတိဃန = ရုပ်အစဉ်အတန်း အတုံးအခဲ,
၂။ သမူဟဃန = ရုပ်အပေါင်းအစု အတုံးအခဲ,
၃။ ကိစ္စဃန = ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ -----
ဟူသော သုံးမျိုးသော ရုပ်တုံးရုပ်ခဲ ရုပ်အစိုင်အခဲကြီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူသော ဓာတ်သဘောအစုအပုံအားဖြင့် အသီးအသီး ပြု၍ မရှုပွားရသေး၊ ထိုမျှလောက်သော ကာလပတ်လုံး သတ္တဝါဟူသော အမှတ်သညာသည်လည်းကောင်း, ပေါသ (=သတ္တဝါ)ဟူသော အမှတ်သညာသည်လည်းကောင်း, ပုဂ္ဂိုလ်ဟူသော အမှတ်သညာသည်လည်းကောင်း မကွယ်ပျောက်သေး။ (သတ္တ-ပေါသ-ပုဂ္ဂလဟူသော စကားတို့ကား အတ္တကို ရည်ညွှန်းခေါ်ဆိုထားသော စကားတို့တည်း။)
သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော သုံးမျိုးသော ရုပ်တုံးရုပ်ခဲ ရုပ်အစိုင်အခဲကြီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကိုပြု၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ်ဟူသော ဓာတ်သဘောအစုအပုံအားဖြင့် အသီး အသီးပြု၍ ရှုပွားနိုင်သော်မူကား သတ္တသညာ = သတ္တဝါဟူသော အမှတ်သညာသည် (=အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု အတ္တထင်ရှားရှိကြောင်းကို စွဲလမ်းယုံကြည်နေသော အတ္တဒိဋ္ဌိနောက်သို့ အစဉ်လိုက်နေသော သတ္တသညာနှင့် လူတို့ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း ပုဂ္ဂိုလ်သတ္တဝါ တကယ် ထင်ရှား ရှိ၏ဟု စွဲလမ်းယုံကြည်နေသော ဝေါဟာရ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သတ္တသညာဟူသော ဤနှစ်မျိုးသော သတ္တသညာသည် ကွယ်ပျောက်၍ သွား၏။ (မဟာဋီ၊၁၊၄၂၈။ ဒီ၊ဋီ၊၂၊၃၀၈-၃၀၉။ မ၊ဋီ၊၁၊၃၆၅-၃၆၆။)
ဓာတ်၏ အစွမ်းအားဖြင့်သာလျှင် ဘာဝနာစိတ်သည် ကောင်းစွာ တည်နေ၏။ ထိုကြောင့် ဘုရားရှင်သည် ----- ရဟန်းတို့ ... ဥပမာသော်ကား ။ ပ ။ ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏----- ဟူသော စကားတော်ကို ဟောကြားတော်မူခြင်း ဖြစ်ပေသည်။(ဝိသုဒ္ဓိ၊၁၊၃၄၃။ဒီ၊ဋ္ဌ၊၂၊၃၆၀-၃၆၁။ မ၊ဋ္ဌ၊၁၊၂၇၆)
ဃနဝိနိဗ္ဘောဂ = ရုပ်တုံးရုပ်ခဲကို ဖြိုခွဲဖျက်ဆီးခြင်း
ယာဝ ဣမမေဝကာယံ ယထာဌိတံ ယထာပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ ဓာတုသော န ပစ္စဝေက္ခတိ။ ဓာတုသော ပစ္စဝေက္ခတော ပန သတ္တသညာ အန္တရဓာယတိ၊ ဓာတုဝသေနေဝ စတ္တံ သန္တိဋ္ဌတိ။ (ဝိသုဒ္ဓိ၊၁၊၃၄၃။ ဒီ၊ဋ္ဌ၊၂၊၃၆၁။ မ၊ဋ္ဌ၊၁၊၂၇၆။)
ဃနဝိနိဗ္ဘောဂန္တိ သန္တတိ သမူဟ ကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေဓနံ။ (မဟာဋီ၊၁၊၄၂၈။ ဒီ၊ဋီ၊၂၊၃၀၈။ မ၊ဋီ၊၁၊၃၆၅။)
ဤအထက်ပါ အဋ္ဌကထာဋီိကာတို့၏ ဖွင့်ဆိုချက်အရ ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းကို ရှုပွားသုံးသပ်ရာ၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော ရုပ်အတုံးအခဲကြီး သုံးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူသော ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေသည့်တိုင်အောင် ရှေးဦးစွာ ကြိုးပမ်းရမည် ဖြစ်ပေသည်။
အထက်ပါ ဋီကာဆရာတော်တို့၏ ဖွင့်ဆိုချက်အရ ရုပ်တရားများ၌ ----- (၁) သန္တတိဃန, (၂) သမူဟဃန, (၃) ကိစ္စဃနဟု ရုပ်အတုံးအခဲ သုံးမျိုးသာ ရှိသည်၊ ရုပ်တရားများ၌ အာရမ္မဏဃန မရှိပေ။ အကြောင်းကား ဤသို့ဖြစ်၏။-----
ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ပရမတ္ထတရားတို့ကို သာရမ္မဏဓမ္မ, အနာရမ္မဏဓမ္မဟု နှစ်ဖို့နှစ်ခု ပြု၍ အောက်ပါအတိုင်း ခွဲခြားကာ ဟောကြားထားတော်မူခဲ့၏။
ကတမေ ဓမ္မာ သာရမ္မဏာ။ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ဓန္ဓော ဝိညာဏက္ခန္ဓော။ ဣမေ ဓမ္မာ သာရမ္မဏာ။
ကတမေ ဓမ္မာ အနာရမ္မဏာ။ သဗ္ဗဉ္စ ရူပံ အသင်္ခတာ စ ဓာတု။ ဣမေ ဓမ္မာ အနာရမ္မဏာ။ (အဘိ၊၁၊၂၃၈။)
ဤအထက်ပါ ဓမ္မသင်္ဂဏီပါဠိတော်တွင် ဘုရားရှင်သည် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာက္ခန္ဓာဟူသော နာမ်ခန္ဓာလေးပါး = နာမ်တရားအားလုံးတို့ကို အာရုံယူတတ်သော သာရမ္မဏတရားတို့ဟူ၍ ဟောကြားထားတော်မူခဲ့၏။ တစ်ဖန် ရုပ်တရားအားလုံးနှင့် အသင်္ခဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံမယူတတ်သည့် အနာရမ္မဏတရားတို့ဟူ၍လည်း ဟေားကြားထားတော်မူခဲ့၏။
သာရမ္မဏာတိ ဟိ ဝစနံ စိတ္တစေတသိကာနံ အာရမ္မဏေန ဝိနာ အပ္ပဝတ္တိညေဝ ဒီပေတိ။ (မူလဋီ၊၁၊၁၈၁။)
= သာရမ္မဏဟူသော စကားသည် စိတ်+စေတသိက်တရားတို့၏ အာရုံနှင့် ကင်း၍ မဖြစ်ခြင်းသဘောကိုသာလျှင် ညွှန်ပြပေ၏။ (မူလဋီ၊၁၊၁၈၁။)
ထိုတွင် အာရုံယူတတ်သည့် သာရမ္မဏတရားတို့၌သာလျှင် အာရမ္မဏဃနရှိကြောင်းကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာတွင် ဤသို့ ဖွင့်ဆိုထားပေသည်။
တထာ သာရမ္မဏာဓမ္မာနံ သတိပိ အာရမ္မဏကရဏဘေဒေ ဧကတော ဂယှမာနာ အာရမ္မဏဃနတာစ။ (မဟာဋီ၊၂၊၄၃၇။)
= အာရုံယူတတ်သော သာရမ္မဏတရားတို့၏ အာရုံပြုမှု ကွဲပြားပါလျက်လည်း တစ်ခုတည်းအဖြစ် စွဲယူခဲ့သော် အာရမ္မဏဃနဖြစ်သည်ဟု ဖွင့်ဆိုထားပေသည်။ သို့အတွက် အာရုံယူတတ်သော နာမ်တရားတို့၌သာလျှင် အာရမ္မဏဃန = အာရုံယူမှု အတုံးအခဲရှိပေသည်။ ရုပ်တရားတို့ကား အာရုံမယူတတ်သော အနာရမ္မဏတရားများ ဖြစ်ကြ၏။ သို့အတွက် ရုပ်တရားတို့၌ အာရမ္မဏဃနဟူသော အတုံးအခဲမရှိသဖြင့် အထက်ပါဋီကာတို့၌ ရုပ်ပိုင်းတွင် ဃနသုံးမျိုးသာ ဖွင့်ဆိုခြင်း ဖြစ်ပေသည်။
၁။ သန္တတိဃန = ရုပ်အစဉ်အတန်းအတုံးအခဲ
သဘောတူသဘာဂဖြစ်သော တစ်ဥတု တစ်အာဟာရကြောင့် ဖြစ်ပေါ်သွားကြသော ရုပ်ကလာပ်တို့ကို ရုပ်ကလာပ်တစ်ခုချင်း ခွဲခြားပြီး မမြင်ဘဲ အစဉ်အတန်းလိုက် တစ်တန်းတည်း တစ်ခုတည်းအဖြစ် မြင်လျှင် သန္တတိဃန = ရုပ်အစဉ်အတန်း အတုံးအခဲ ဖုံးအုပ်နေသည် မည်၏။
တစ်ဥတု ----- ကံ-စိတ်-ဥတု-အာဟာရဟူတည်းသော အကြောင်းတရား လေးပါးတို့ကြောင့် အသီးအသီး ဖြစ်ပေါ်လာသော ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ် ပါဝင်လျက်ရှိ၏၊ ယင်းတေဇောဓာတ်ကို ဥတုလည်း ခေါ်ဆိုသည်။ ယင်းတေဇောဓာတ် (= ဥတု)သည် ယေဘုယျအားဖြင့် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်များကို အဆင့်ဆင့် ဖြစ်ပေါ်စေနိုင်၏။ ပုံစံတစ်ခု ဆိုရသော် ----- စက္ခုဒသကကလာပ် = မျက်လုံးအကြည်ဓာတ်လျှင် (၁၀)မြောက်ရှိသော ရုပ်ကလာပ် အမှုန်တစ်ခု ဆိုကြစို့။ ယင်း စက္ခုဒသကကလာပ်ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုလိုက်သော် ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဇီဝိတ စက္ခုပသာဒဟု ရုပ်သဘောတရား (၁၀)မျိုးကို တွေရှိမည် ဖြစ်သည်။ ယင်း (၁၀)မျိုးသော ရုပ်တရားတို့တွင် တေဇောဓာတ် (= ဥတု) ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ်သည် ဩဇာလျှင် (၈)ခုမြောက်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ (စက္ခုဒသကကလာပ်တွင် ပါဝင်တည်ရှိသော တေဇော ဓာတ် = ဥတု၏ သားတည်း။)
တစ်ဖန် ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့တွင်လည်း သို့မဟုတ် ရုပ်ကလာပ်တွင်လည်း တေဇောဓာတ် (= ဥတု) ပါဝင်လျက် ရှိပြန်၏၊ ယင်းတေဇောဓာတ် (= ဥတု)သည်လည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန် ၏။ (မူလစက္ခုဒသက ကလာပ်အတွင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ် = ဥတု၏ မြေးတည်း။)
ဤနည်းအတိုင်း ရုပ်၏ ဌီကာလသို့ ရောက်တိုင်းရောက်တိုင်း ထိုထို စက္ခုဒသကကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ်ဥတုသည် (၄-၅) ဆင့် သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ [ထို (၄-၅)ဆင့်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့တွင် နောက်ဆုံးအဆင့် နောက်ဆုံးအကြိမ်၌ ဖြစ်သော ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော တေဇောဓာတ် (= ဥတု)ကား ရုပ်ကလာပ်အသစ် အသစ်ကို မဖြစ်စေနိုင်တော့ပေ။) ဤနည်းကို နည်းမှီ၍ ကျန်ရုပ်ကလာပ်တို့၌လည်း သဘောပေါက်ပါလေ။]
အချို့သော ရုပ်ကလာပ်၌ တည်ရှိသော တေဇောဓာတ်က (၃-၄)ဆင့်, အချို့သော ရုပ်ကလာပ်၌ တည်ရှိသော တေဇောဓာတ်က (၄-၅)ဆင့်သော ရုပ်ကလာပ်အသစ်သစ်ကို ဆင့်ကဲ ကျေးဇူးပြုလျက် ဖြစ်ပေါ်စေ၏။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့သော မွန်မြတ်သော ပဏီတစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော တေဇောဓာတ်ဖြစ်မူ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် အဆင့်ပေါင်းများစွာကို ဆင့်ကဲဆင့်ကဲ ကျေးဇူးပြုလျက် ရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်စေ၏။ ယင်း ဥတုဇဩဇဋ္ဌမကရုပ်များကို သဘောတူ = သဘာဂဖြစ်သော တစ်ဥတုကြောင့်ဖြစ်သော ရုပ်တရာဟု ခေါ်၏။
တစ်အာဟာရ ----- တစ်ဖန် စားမျိုးအပ်သော အစာအာဟာရဟူသည် မစားမီအခိုက်၌ဖြစ်စေ, စားမျိုပြီး၍ အစာအိမ်အတွင်းဝယ် ခန္ဓာအိမ် အတွင်းသို့ မပြန့်နှံ့မီ အစာသစ် ကောဋ္ဌာသအဖြစ်ဖြင့် တည်ရှိနေခိုက်၌ဖြစ်စေ ဥတုခေါ်သည့် တေဇောဓာတ်ကြောင့် ဖြစ်သည့် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ (၃၂)ကောဋ္ဌာသတို့တွင် အစာသစ်ကောဋ္ဌာသပင် ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအစားသစ်ကောဋ္ဌာသ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ ယင်းဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကို ဆက်လက်ထူထောင်နိုင်ပါက သမာဓိဒီဂရီ စံချိန်မှီလာသောအခါ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့ရှိမည်ဖြစ်သည်။ ယင်းရုပ်ကလာပ်တို့ကား ဥတုခေါ်သည့် တေဇောဓာတ်ကြောင့် ဖြစ်နေကြသော ဥတုဇဩဇဋ္ဌမကရုပ်တို့တည်း။ ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော တေဇောဓာတ်က နောက်ထပ် ရုပ်ကလာပ်အသစ်တစ်ခု ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးလျက် ရှိ၏၊ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော တေဇောဓာတ်ကြောင့် နောက်ထပ် ရုပ်ကလာပ်အသစ်တစ်ခု ထပ်ဖြစ်သကဲ့သို့ ယင်းနောက်ထပ်ဖြစ်သည့် ကလာပ်သစ်၌ ပါဝင်တည်ရှိသော တေဇောဓာတ်ကလည်း အလားတူပင် နောက်ထပ်ရုပ်ကလာပ် အသစ်တစ်ခုကို ထပ်မံဖြစ်စေပုံကို ယောဂါဝစရပုဂ္ဂိုလ်က မြင်အောင် ရှုရမည်ဖြစ်ပေသည်။ ယင်းဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသီးအသီး၌ ဩဇာ ပါဝင်လျက် ရှိ၏။ ယင်းဥတုဇဩဇာသည် အစာသစ်အဖြစ်၌ တည်ရှိခိုက် ခန္ဓာကိုယ်တွင်းသို့ မပြန့်နှံ့ခင် ဥတုဇရုပ် ဥတုဇဩဇာ အဆင့်တွင်သာ တည်ရှိနေသေးသည်။ ယင်းဥတုဇဩဇာသည် အစာသစ်အိမ်၏ ဝန်းကျင်တွင် တည်ရှိနေသော ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝကကလာပ်ရုပ်တို့တွင် ပါဝင်တည်ရှိသော တေဇောဓာတ်ဟူသော ပါစကတေဇောဓာတ်ခေါ် အစာကို ကြေကျက်စေသော ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ ဩဇာကြောင့် ဖြစ်ပေါ်လာကြသော ရုပ်ကလာပ်များ ဖြစ်ခြင်ကြောင့် ယင်းရုပ်ကလာပ်တို့ကို အာဟာရဇဩဇဋ္ဌမကရုပ်တို့ဟူ၍ ခေါ်ဆိုပေသည်။ ရုပ်တို့မည်သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ရိုး ဓမ္မတာကား မရှိပေ။ သို့သော် ယင်းအာဟာရဩဇဋ္ဌမကရုပ်ကလာပ်တစ်ခုတွင် တည်ရှိသော ဩဇာက ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသောအခါ အသစ်အသစ်သော ရုပ်ကလာပ်ကို ဖြစ်စေရာ၌ နေရာအသစ်အသစ်၌ ဥပါဒ်စေလျက် ဖြစ်ပေါ်စေ၏။ ယင်းသို့ နေရာအသစ်အသစ်၌ ဖြစ်စေခြင်းကိုပင် ခန္ဓာအိမ် အတွင်းသို့ ပြန့်သွားသည်ဟု ဆိုခြင်းဖြစ်၏။ သမ္မုတိနယ်၌ ရသဓာတ်ရည်များ ခန္ဓာကိုယ်တွင်းသို့ ပြန့်နှံ့သွားသည်ဟုဆိုသည်။ ပရမတ္ထသစ္စာနယ်၌ကား ရသဓာတ်ရည်ဟူသည် ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အနေဖြင့်သာ ခန္ဓာအိမ်အတွင်းသို့ ပြန့်နှံ့၍ သွားပေသည် (မူလ အစာသစ် ကောဋ္ဌာသ ဥတုဇဩဇာ၏ သားစဉ်မြေးဆက်တည်း။) ယင်းရုပ်ကလာပ်တို့တွင် ပါဝင် တည်ရှိသော ဩဇာကား အာဟာရဇဩဇာတည်း။
ယင်းအာဟာရဇဩဇာသည် -----
၁။ ကမ္မဇရုပ်ကလာပ်တို့၌ တည်ရှိသော ကမ္မဇဩဇာ,
၂။ စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော စိတ္တဇဩဇာ,
၃။ ဥတုဇရုပ်ကလာပ်တို့၌ တည်ရှိသော ဥတုဇဩဇာ,
၄။ ကလာပ်ပြား အာဟာရဇရုပ်တို့၌ တည်ရှိသော အာဟာရဇဩဇာ,
ဤဩဇာအသီးအသီးအား ထပ်ဆင့် ထောက်ပံ့ပြန်၏။ ယင်းအာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုနှင့် ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသော အထက်ပါ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြား အာဟာရဇဩဇာ အသီးအသီးသည် ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တည်း။ ထိုသို့ ဖြစ်စေရာ၌-----
၁။ ကမ္မဇဩဇာက (၄-၅)ဆင့်သော ရုပ်ကလာပ်များကို,
၂။ စိတ္တဇဩဇာက (၃-၄)ဆင့်သော ရုပ်ကလာပ်များကို,
၃။ ဥတုဇဩဇာက ရံခါ (၃-၄)ဆင့်, ရံခါ (၁၀)ဆင့် (၁၂)ဆင့်သို့တိုင်အောင်သော ရုပ်ကလာပ်များကို,
၄။ ကလာပ်ပြား အာဟာရဇဩဇာက (၁၀)ဆင့် (၁၂)ဆင့်သို့တိုင်အောင် ရုပ်ကလာပ်များကို ဖြစ်စေနိုင်၏။
ဤနည်းဖြင့် တစ်ကြိမ် စားမျိုးလိုက်သော အစာအာဟာရသည် (၇)ရက် သို့တိုင်အောင်ပင် ခန္ဓာအိမ်၏အတွင်း၌ ပြန့်နှံ့၍ ဖြစ်နေသောဟူ၏။ (ဝိသုဒ္ဓိ၊၂၊၂၄၉-၂၅၂-ကြည်ပါ။)
ယင်းသို့ အာဟာရဇတို့၏ ဖြစ်နေမှုကို = ကမ္မဩဇာစသည့် (၄)မျိုးသော ဩဇာတို့တွင် ရုပ်ကလာပ်တစ်ခုတစ်ခု၌ တည်ရှိသော ဩဇာကြောင့် အာဟာရဇဩဇဋ္ဌမကရုပ်တို့၏ အဆင့်ဆင့်ဖြစ်နေမှုကို သဘောတူ = သဘာဂဖြစ်သော တစ်ဟာရ တစ်ဩဇာကြောင့်ဖြစ်သော အာဟာရဇရုပ်များဟု ခေါ်ဆိုသည်။
ယင်း တစ်ဥတုကြောင့် ဖြစ်သော ရုပ်များ တစ်အာဟာရကြောင့် ဖြစ်သော ရုပ်များကို အစဉ်အတန်းတစ်ခုတည်း တစ်ဆက်တည်းအဖြစ် မမြင်ဘဲ ရုပ်ကလာပ် တစ်ခုစီ တစ်ခုစီ ခွဲခြားစိတ်ဖြား၍ ရှုမြင်နိုင်လျှင် သန္တတိဃန = ရုပ်အစဉ်အတန်း အတုံးအခဲ ပြိုသွားပြီး ဖြစ်၏။ အကယ်၍ ယင်းရုပ်များကို မီးပန်းအတန်း တစ်ခုကဲ့သို့ အပ်ချည်ကြိုးတန်း တစ်ခုကဲ့သို့ အစဉ်အတန်း တစ်ခုအဖြစ် တစ်ဆက်တည်း တစ်ခုတည်းအဖြစ် မြင်ခဲ့သော် (=ရုပ်ကလာပ်တစ်ခုချင်းအနေဖြင့် ပြတ်၍ မမြင်ခဲ့သော်)သန္တတိဃန = ရုပ်အစဉ်အတန်း အတုံးအခဲ ဖုံးအုပ်နေသည် မည်ပေသည်။
သမူဟဃန = ရုပ်အပေါင်းအစုအတုံးအခဲ
ယောဂါဝစရပုဂ္ဂိုလ်က သန္တတိဃန = ရုပ်အစဉ်အတန်း အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သဖြင့် ရုပ်ကလာပ် တစ်ခုချင်း တစ်ခုချင်း ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော်လည်း ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုးသော ရုပ်, (၉)မျိုးသောရုပ်, (၁၀)မျိုးသော ရုပ်စသည့် ရုပ်ပရမတ်တရားများကို ယင်းတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို မသိမ်းဆည်းနိုင်သေးပါက သမူဟဃန (= ရုပ်အပေါင်းအစု အတုံးအခဲ)ကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်သဖြင့် ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ရောက်သေးပေ။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်၌ တည်ရှိသော (၈)မျိုးသော ရုပ်, (၉)မျိုးသော ရုပ်, (၁၀)မျိုးသော ရုပ်စသော ရုပ်ပရမတ် သဘောတရားများကို မိမိ မိမိတို့၏ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် ပမရတ္ထဓမ္မသဘာဝသတ္တိဟူသော ကိုယ်ပိုင်သဘာဝလက္ခဏာသို့ ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါက မြင်နိုင်ပါက သိမ်းဆည်းနိုင်ပါက ဉာဏ်ဖြင့် ပိုင်ခြားယူနိုင်ပါက သမူဟဃန = ရုပ်အပေါင်အစု အတုံးအခဲ ပြိုပြီ ဖြစ်၏။ ရုပ်အပေါင်းအစုအတုံးအခဲ (= သမူဟဃန)ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။
ကစ္စဃန = ရုပ်လုပ်ငန်းကိစ္စအတုံးအခဲ
ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ပရမတ္ထဓာတ်သားဖြစ်သည့် ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၌ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် လုပ်ငန်းကိစ္စရပ် အသီးအသီး ရှိ၏။ ပထဝီဓာတ်သည် ပတိဋ္ဌာနရသ = ကလာပ်တူရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း ကိစ္စ ရှိ၏။ အာပေါဓာတ်သည် ဗြူဟနရသ = ရုပ်တရားတို့ကို တိုးပွားစေခြင်း ကိစ္စ ရှိ၏။ တေဇောဓာတ်သည် ပရိပါစနရသ = ရုပ်တရားတို့ကို ရင့်ကျက်စေခြင်း ဆွေးမြေ့စေခြင်း ကိစ္စ ရှိ၏။ ဝါယောဓာတ်သည် သမုဒီရဏရသ = တွန်းကန်ခြင်း ကိစ္စ ရှိ၏။ ဤသို့ စသည်ဖြင့် ပရမတ္ထဓာတ်သားတိုင်း၌ ကိုယ်ပိုင်လုပ်ငန်းကိစ္စ အသီးအသီး ကိုယ်စီ ရှိ၏။ ယင်းရုပ်ပရမတ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာဆိုင်ရာ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် လုပ်ငန်းကိစ္စ အထူးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မြင်နိုင်ပါက ကိစ္စဃန = ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲပြိုပြီ ဖြစ်၏။ ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။ ပရမတ္ထဓာတ်သား ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲစိတ်ဖြာ၍ ရှုနိုင်မြင်နိုင်သဖြင့် ကိစ္စတစ်ခုတည်းအဖြစ် ထင်နေမှု ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုကွဲသွားခြင်း ဖြစ်၏။ ထိုသို့ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်၌ တည်ရှိသော ပရမတ္ထဓာတ်သား ရုပ်တရား အသီးအသီး၏ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲစိတ်ဖြာ၍ မမြင်ဘဲ ကိစ္စတစ်ခုတည်းအဖြစ် မြင်နေပါက ကိစ္စဃန အတုံးအခဲ မပြိုနိုင်၊ ကိစ္စဃနအတုံးအခဲက ဖုံးအုပ်ထားသည် မည်ပေသည်။
အနတ္တလက္ခဏံ နာနာဓာတုဝိနိဗ္ဘောဂဿ အမနသိကာရာ အပ္ပဋိဝေဓာ ဃနေန ပဋိစ္ဆန္နတ္တာ န ဥပဋ္ဌာတိ။ ပ ။ နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝ သရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)
အသီးအသီးသော ရုပ်ဓာတ်နာမ်ဓာတ်တို့ကို အသီးအသီး တစ်လုံးစီတစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ နှလုံးမသွင်းခြင်းကြောင့် ဉာဏ်ဖြင့် ထွင်းဖောက် မသိမမြင်ခြင်းကြောင့် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲသည် (= ရုပ်ဃန နာမ်ဃနသည်) ဖုံးကွယ်ထားသည့်အတွက်ကြောင့် အနတ္တလက္ခဏာ = အနတ္တဉာဏ်အမြင် = အနတ္တရောင်ခြည်တော်သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မတည်လာခြင်း ဖြစ်၏ ။ ပ ။ အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ (= ရုပ်ဃန နာမ်ဃန)ကုိ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းကို ပြုလုပ်နိုင်ခဲ့သည်ရှိသော် အနတ္တလက္ခဏာ = အနတ္တဉာဏ်အမြင် = အနတ္တရောင်ခြည်တော်သည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ တည်လာပေ၏။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)
တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၃၀၁။)တွင် -----သင်္ခါရတရားတို့ကို အနိစ္စဟု ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။ ဒုက္ခဟု ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။ အနတ္တဟု ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။ လက္ခဏားသုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပွားသုံးသပ်ပါမှ အရိယမဂ်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်ကြောင်းကို ဆုံးဖြတ်ထားတော်မူ၏။
ထိုကြောင့် အနတ္တဉာဏ်အမြင် ဆိုက်ရေးအတွက် ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ဖို့ လိုအပ်ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ရုပ်ဃနဟူသော ရုပ်တုံးရုပ်ခဲ သုံးမျိုး ပြိုရေးအတွက် ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်ပရမတ်တရား အသီးအသီးကို (= ရုပ်ပရမတ်တရားတိုင်းကို) လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် စနစ်တကျ သိမ်းဆည်းရမည် ဖြစ်ပေသည်။ သိမ်းဆည်းပုံ နည်းစနစ်များကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၇၄-၈၀။)၌လည်းကောင်း အဋ္ဌသာလိနီအဋ္ဌကထာ(အဘိ၊ဋ္ဌ၊၁၊၃၁၊၃၄၉ ..)၌လည်းကောင်း ရှင်းလင်း တင်ပြထားပေသည်။ ဆရာသမားများနှင့်သာ ချဉ်းကပ်လေ့လာပါ။ ဤတွင်ကား ထိုကဲ့သို့ ဃနပြိုရေး, ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးအတွက် ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ရှုပွားပုံနည်းစနစ်များကို ဆက်လက်တင်ပြပေအံ့။
၁။ ပထဝီဓာတ်သဘောတရား (၆) မျိုး
ကတမံ တံ ရူပံ ဖောဋ္ဌဗ္ဗာယတနံ။ ပထဝီဓာတု တေဇောဓာတု ဝါယောဓာတု ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုကံ ...(အဘိ၊၁၊၁၇၀။)
ဧတ္ထ စ ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုက န္တိ ပဒေဟိ ပထဝီဓာတု ဧဝ ဘာဇိတာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။)
၁။ ကက္ခဠန္တိ ထဒ္ဓံ = မာ-မှုသဘော,
၂။ မုဒုကန္တိ အထဒ္ဓံ = ပျော့-မှုသဘော,
၃။ ဖရုသန္တိ စရံ = ကြမ်း-မှုသဘော,
၄။ သဏှန္တိ မဋ္ဌံ = ချော-မှုသဘော,
၅။ ဂရုကန္တိ ဘာရိယံ = လေး-မှုသဘော,
၆။ လဟုကန္တိ အဘာရိယံ၊ သလ္လဟုကန္တိ အတ္ထော။ = ပေါ့-မှုသဘော။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။)
၂။ အာပေါဓာတ်သဘောတရား (၂) မျိုး
၁။ ဒြဝဘာဝ = ပဂ္ဃရဏလက္ခဏာ = ယိုစီး-မှုသဘော,
၂။ အာဗန္ဓနဘာဝ = အာဗန္ဓနလက္ခဏာ = ဖွဲ့စည်း-မှုသဘော။
၃။ တေဇောဓာတ်သဘောတရား (၂) မျိုး
၁။ ဥဏှဘာဝ = ဥဏှတေဇော = ပူ-မှုသဘော,
၂။ သီတဘာဝ = သီတတေဇော = အေးမှုသဘော,
၄။ ဝါယောဓာတ်သဘောတရား (၂) မျိုး
၁။ ဝိတ္ထမ္ဘနဘာဝ = ထောက်ကန်မှုသဘော,
၂။ သမုဒီရဏဘာဝ = တွန်းကန်မှုသဘော, (ဝိသုဒ္ဓိ၊၁၊၃၄၇။)
အဋ္ဌကထာ၏ လုပ်ငန်းခွင် ညွှန်ကြားချက် (၂) မျိုး
ဤဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကို ပွားများအားထုတ်ပုံ နည်းစနစ်နှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၃၄၆-၃၄၇။)က လုပ်ငန်းခွင် နှစ်မျိုးကို ညွှန်ကြားထားတော်မူ၏။ ပထမဘာဝနာနယ = ပထမပွားများ အားထုတ်ပုံနည်းစနစ်၌ ----- သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ = မိမိ၏ ရူပကာယတစ်ခုလုံးကို ဆင်ခြင်၍ (ဝိသုဒ္ဓိ၊၁၊၃၆၄။) ----- ဟု ညွှန်ကြားထားသဖြင့် မိမိ၏ ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကိုလည်းကောင်း, သို့မဟုတ် လုပ်ငန်းကိစ္စရသကိုလည်းကောင်း အာရုံယူ၍ ရှုရမည် ဖြစ်သည်။
ဒုတိယဘာဝနာနယ = ဒုတိယပွားများအားထုတ်ပုံ ဘာဝနာနည်းလမ်း၌ကား ----- တံ တံ အန္တရာနုသာရိနာ ဉာဏဟတ္ထေန ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ ...(ဝိသုဒ္ဓိ၊၁၊၃၄၇။) = ထိုထို အရိုး-အကြော-အသား-အရေ ကောဋ္ဌာသတို့၏ အကြားသို့ အစဉ်လျှောက်သော ဉာဏ်တည်းဟူသော လက်ဖြင့် အကြိမ်များစွာ ဖြေ၍ အသီးအသီး ခွဲခြားစိတ်ဖြာမှုကို ပြု၍ ရှုရန် ညွှန်ကြားထားသဖြင့် ထိုထို အရိုး-အကြော-အသား-အရေတို့၏ အကြားသို့ ဉာဏ်ဖြင့် အစဉ်လျှောက်၍ ယင်း (၄)မျိုးသော ကောဋ္ဌာသတို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကိုသော်လည်းကောင်း, သို့မဟုတ် လုပ်ငန်းကိစ္စရသကိုလည်းကောင်း အာရုံယူ၍ ရှုရမည် ဖြစ်သည်။
သမထယာနိကပုဂ္ဂိုလ်
သမထယာနိက = သမထစျာန်ယာဉ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးသော စျာန်တို့တွင် မိမိနှစ်ခြိုက်ရာ တစ်မျိုးမျိုးသော စတုတ္ထစျာန် သမာဓိကို ထူထောင်ပါ။ ဤစနစ်မှာ တရားထိုင်တိုင်း လိုက်နာပြုကျင့်ရမည့် စနစ်ဖြစ်ပေသည်။ ယင်း စတုတ္ထစျာန်သမာဓိကြောင့် ဉာဏ်လင်းရောင်ခြည်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ အောက်ပါအတိုင်း ဓာတ်ကြီးလေးပါးကို စတင်သိမ်းဆည်းပါ။
၁။ မာ-မှုသဘော ----- သွား-သွားချင်း ထိနေသည့် နေရာ, အရိုး-အရိုးချင်း ထိနေသည့် နေရာ စသည့် ထိုထို မာ-မှုသဘော ထင်ရှားသည့် တစ်နေရာမှစ၍ မာ-မှုသဘောကို ထိုထို အရိုးကြား, အကြောကြား, အသားကြား, အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ဦးခေါင်းမှသည် ခြေထောက်, ခြေထောက်မှသည် ဦးခေါင်းသို့တိုင်အောင် တိုးလျှိုပေါက် တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ သိမ်းဆည်းပါ။
၂။ ကြမ်း-မှုသဘော ----- အလားတူပင် ကြမ်း-မှု ထင်ရှားသည့် တစ်နေရာမှ စ၍ ကြမ်း-မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ဆက်ရှုပါ။
၃။ လေး-မှုသဘော ----- လေး-မှု ထင်ရှားသည့် တစ်နေရာမှစ၍ လေးမှုသဘောကိုလည်းကောင်း,
၄။ ပျော့-မှုသဘော ----- အောက် အတွင်းနှုတ်ခန်းသားနှင့် လျှာတို့ ထိထားသည့် နေရာကဲ့သို့သော ပျော့-မှုထင်ရှားသည့် တစ်နေရာမှ စ၍ ပျော့-မှုသဘောကိုလည်းကောင်း,
၅။ ချော-မှုသဘော ----- လျှာကို တံထွေးဆွတ်ကာ အောက်အတွင်း နှုတ်ခမ်းသားကို ပွတ်ကြည့်ပါက ချော-မှုသဘောကို တွေ့နိုင်၏၊ ယင်းသို့ ချော-မှု ထင်ရှားသည့် တစ်နေရာမှစ၍ ချော-မှုသဘောကိုလည်းကောင်း,
၆။ ပေါ့-မှုသဘော ----- ခန္ဓာကိုယ်က လေးလံနေသည့်အခါ လက်ညှိုးတစ်ချောင်းကို အသာ မ-ကြည့်ပါက ပေါ့-မှုသဘော ထင်ရှားနေတတ်၏၊ ယင်းသို့ ပေါ့-မှု ထင်ရှားသည့် နေရာမှစ၍ ပေါ့-မှုသဘောကိုလည်းကောင်း တစ်ကိုယ်လုံး၌ မြင်အောင် ဆက်ရှုပါ။
ဤ-မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-သဘောတရား (၆)မျိုးကား ပထဝီဓာတ်တည်း။ ကြေညက်အောင် ထပ်ကာထပ်ကာ ရှုပါ။ ကျေနပ်မှုကို ရရှိပါက တေဇောဓာတ် သဘောတရား (၂)မျိုးကို ဆက်ရှုပါ။
၁။ ပူ-မှုသဘော ----- ခန္ဓာကိုယ်ဝယ် ပူ-မှု ထင်ရှားသည့် တစ်နေရာမှ စ၍ ပူ-မှုသဘောတရားကိုလည်းကောင်း,
၂။ အေး-မှုသဘော ----- ခန္ဓာကိုယ်ဝယ် အေး-မှု ထင်ရှားသည့် တစ်နေရာမှ စ၍ အေး-မှုသဘောတရားကိုလည်းကောင်း တစ်ကိုယ်လုံး၌ ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။ အောင်မြင်မှုကို ရရှိပါက ဝါယောဓာတ် သဘောတရား (၂)မျိုးကို ဆက်ရှုပါ။
၁။ ထောက်ကန်-မှုသဘော ----- ပြိုတော့မည် အိမ်တစ်အိမ်ကို ကျား-ခေါ်သည့် သစ်သားချောင်း တစ်ချောင်းဖြင့် ထောက်ထားသကဲ့သို့ ခန္ဓာကိုယ်ကြီးကို တည်မြဲတိုင်း ထားမြဲတိုင်းသော ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် ထိန်းထားသည့် စွမ်းအင်တစ်မျိုးကို (= ငြိမ်နေအောင် ထိန်းထားသည့် စွမ်းအင်တစ်မျိုးကို) ထောက်ကန်-မှုသဘောဟု ဆို၏။ ထိုင်လျှင် ထိုင်သည့်အတိုင်း တည်နေအောင် ထိန်းထားသည့် ထောက်ထားသည့် စွမ်းအင်တစ်မျိုးစသည်ဖြင့် သဘောပေါက်ပါ။ မာ-မှု သဘောနှင့် တွဲရှုပါက ပို၍ သဘောပေါက်မြန်တတ်သည်။ ယင်းသို့ ထောက်ကန်မှုထင်ရှားသည့် တစ်နေရာမှစ၍ တစ်ကိုယ်လုံး၌ ထောက်ကန်မှုသဘောကို မြင်အောင် ဆက်ရှုပါ။
၂။ တွန်းကန်-မှုသဘော ----- အသက်ရှုသွင်းလိုက်သည့်အခါ ဝမ်းဗိုက်ကို ဖောင်းတက်လာအောင် တွန်းကန်နေသည့်သဘော, ရင်အုံတစ်ခုလုံးကို ကားတတ်လာအောင် တွန်းကန်နေသည့်သဘော, အသက်ရှုသွင်းလိုက်, ထုတ်လိုက်သောအခါ ဦးခေါင်းအတွင်း၌ တွန်းကန်နေသည့်သဘော ----- ယင်းသို့ တွန်းကန်မှု ထင်ရှားရာ တစ်နေရာမှ စ၍ တစ်ကိုယ်လုံး၌ တွန်းကန်မှုသဘောကို မြင်အောင် ဆက်ရှုပါ။ ထောက်ကန်မှုသဘောကား ဝါယောဓာတ်၏ သဘာဝလက္ခဏာဖြစ်၍ တွန်းကန်မှုသဘောကား ဝါယောဓာတ်၏ လုပ်ငန်းကိစ္စရသ ဖြစ်ပေသည်။
အားလုံးပေါင်းလိုက်သော်-မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့, ပူ-အေး-ထောက်-တွန်း-ဟု သဘောတရား (၁၀)မျိုး ဖြစ်ပေသည်။ ယင်းသဘောတရား (၁၀)မျိုးကို ခေါင်းဆုံး-ခြေဆုံး-ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေပါ။ ယင်းသို့ ရှုနေပါက အောက်ပါ အာပေါဓာတ်သဘောတရား (၂)မျိုး ကိုလည်း တဖြည်းဖြည်း ရှု၍ ရတတ်ပါသည်။
၁။ ဖွဲ့စည်း-မှုသဘော-ယင်းအထက်ပါ ဓာတ်သဘောတရား (၁၀)မျိုးကို ထပ်ကာထပ်ကာ ရှုနေပါက ဖွဲ့စည်းမှုသဘောတရားလည်း ထင်ရှားလာတတ်ပါသည်။ ခန္ဓာကိုယ်ကို ကြိုးနှင့်စည်းထားသကဲ့သို့ ဖွဲ့စည်းနေသည့် သဘောကို ဉာဏ်ဖြင့် တွေ့မြင်တတ်သည်။ အောင်မြင်မှုကို မရရှိပါက တွန်းကန်မှုသဘောနှင့် မာ-မှုသဘော နှစ်မျိုးတို့ကိုပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ခြေဆုံး-ခေါင်းဆုံး ရှုနေပါက ဖွဲ့စည်းမှုသဘောတရားကို ဉာဏ်ဖြင့် တွေ့မြင်တတ်ပေသည်။
၂။ ယိုစီး-မှုသဘော ----- သွားရင်း, လျှာစသည့်နေရာတို့၌ တံတွေးများ ယိုစီးနေတတ်၏။ ထိုသို့ ယိုစီးမှုထင်ရှားသည့် နေရာမှ စ၍ ယိုစီးမှုသဘောကို စတင် ရှုနုိင်သည်။ (၃၂)ကောဋ္ဌာသတို့ကို ရှုတတ်ပြီးသူ ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မူ သွေး-ကောဋ္ဌာသကဲ့သို့ ယိုစီးမှု ထင်ရှားသည့် ကောဋ္ဌာသတစ်ခုမှ စတင်၍ ရှုလျှင်လည်း ယိုစီးမှုသဘောကို တွေ့ -တတ်ပါသည်။ အထူးသဖြင့် သွေး-ကောဋ္ဌာသကား ခန္ဓာကိုယ်ဝယ် အထက်အောက် စုန်-ဆန် ယိုစီးလျက် ရှိပေသည်။ ယိုစီးမှု အာပေါဓာတ် လွန်ကဲသော ကောဋ္ဌာသတစ်ခု ဖြစ်၏။
အကယ်၍ မာမှုသဘောက စ၍ ရှုလာရာ၌ အခက်အခဲ ရှိနေပါက တွန်းကန်မှုသဘောက စ၍လည်း ရှုနိုင်ပါသည်။ တွန်းကန်မှုသဘောကို တစ်ကိုယ်လုံး၌ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ မာ-မှုသဘောကစ၍ ဓာတ်သဘောတရား (၁၂)မျိုးလုံးကို ဆက်လက်ပြီး အထက်ပါ အစီအစဉ်အတိုင်း ရှုပါ၊ သိမ်းဆည်းပါ။
အောင်မြင်မှုကို ရရှိပါက ဓာတ်သဘောတရား (၁၂)မျိုးကို အောင်အောင်မြင်မြင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ပြီ ဖြစ်ပေသည်။ ထိုအခါ ယင်းသဘောတရား (၁၂)မျိုးကို ခြေဆုံး ခေါင်းဆုံး ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေပါ။ ယင်း သဘောတရား (၁၂)မျိုးးကို ခြေဆုံး ခေါင်းဆုံး ရှုနိုင်ပါက တစ်ခေါက်ဟု မှတ်ပါ။ တစ်မိနစ် အတွင်းဝယ် နှစ်ခေါက် သုံးခေါက်လောက် ရရှိအောင် ကြိုးစားပါ။ ထိုသို့ သွက်သွက်လက်လက် ရှုနိုင်ပါက ဒေသနာတော်စဉ်အတိုင်း -----
၁။ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့,
၂။ ယိုစီး-ဖွဲစည်း,
၃။ ပူ-အေး,
၄။ ထောက်-တွန်း -----
ဟူသော သဘောတရားတို့ကို အစဉ်အတိုင်း တစ်ခုပြီးတစ်ခု ရှုနေပါ = သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ သဘောတရားအားလုံးကို ပြိုင်တူလိုလို ဉာဏ်၌ ထင်လာသောအခါ မိမိ၏ ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ အပေါ်က စီးကြည့်သည့် ပုံစံဖြင့် ရှုကြည့်ပါ။ ကိုယ်ကို အာရုံမယူဘဲ ကိုယ်၌ တည်ရှိနေသည့် ဓာတ်သဘောတရားများကိုသာ အာရုံယူကာ ရှုနေပါ။ ဓာတ်သဘောတရားတို့ကို ပြိုင်တူလိုလို ဉာဏ်၌ ထင်လာသောအခါ အောက်ပါအတိုင်း လေးချက် ပြောင်းရှုပါ။
၁။ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ပထဝီဓာတ်,
၂။ ယိုစီး-ဖွဲ့စည်း-ကို ကြည့်၍ အာပေါဓာတ်,
၃။ ပူ-အေး-ကို ကြည့်၍ တေဇောဓာတ်,
၄။ ထောက်+တွန်း-ကို ကြည့်၍ ဝါယောဓာတ်-ဟု -----
ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် ရှုနေပါ။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ၊ သမာဓိကို ထူထောင်ပါ။
ဤအရာတွင် ပရမတ္ထမဉ္ဇူသာ အမည်ရှိသော ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ (မဟာဋီ၊၁၊၄၃၄...)က မနသိကာရကောသလ္လတရား (၁၀)ပါးကို ဖွင့်ဆိုထားပေသည်။ ယင်း (၁၀)ပါးတို့ကို အကျဉ်းချုပ်ကာ တင်ပြပေအံ့။ -----
၁။ အနုပုဗ္ဗတော = အစဉ်အတိုင်း ရှုပါ
အထက်ပါအတိုင်း ဓာတ်ကြီးလေးပါးကို နှလုံးသွင်း ရှုပွားရာ၌ ဘုရားရှင် ဟောကြားပြသဆိုဆုံးမထားတော်မူအပ်သော ဒေသနာတော်စဉ်အတိုင်း ဆရာသမားထံမှ သင်ယူအပ်ခဲ့သည့် အစဉ်အတိုင်း ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ဓာတ်သဘောတရားများကို အာရုံယူ၍ အစဉ်အတိုင်းသာ နှလုံးသွင်း ရှုပွားပါ။ အာပေါဓာတ် ဝါယောဓာတ် ပထဝီဓာတ် တေဇောဓာတ် ----- ဤသို့ စသည်ဖြင့် ဟိုကျော် ဒီကျော်လျက် အစီအစဉ်မကျ နှလုံးမသွင်းပါနှင့်ဟု ဆိုလိုသည်။ (မဟာဋီ၊၁၊၄၃၄။)
၂။ နာတိသီဃတော = မမြန်လွန်းစေရ
ဓာတ်ကြီးလေးပါးတို့၏ သဘောတရားများကို ဤကဲ့သို့ အစီအစဉ်အတိုင်း နှလုံးသွင်းရာ၌လည်း အလွန် လျင်လျင်မြန်မြန်ကြီး ဓာတ်တစ်ပါးပြီးနောက် ဓာတ်တစ်ပါးကို နှလုံးမသွင်းပါနှင့်။ အပြစ်ကား ----- အလွန် လျင်လျင်မြန်မြန် ဓာတ်ကို နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်အား အဆင့်ဆင့်, ဆင့်ကာဆင့်ကာ ဓာတ်တစ်ပါးပြီး ဓာတ်တစ်ပါးဟူသော ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် အကယ်၍ကား အဆက်မပြတ် ဖြစ်နေသည် မှန်၏။ သို့သော် ဓာတ်ကြီးလေးပါးတို့၏ လက္ခဏ သို့မဟုတ် ရသဟူသော ကမ္မဋ္ဌာန်းကား မြန်လွန်းသည့်အတွက် မထင်ရှား ဖြစ်လာတတ်၏။ ရုပ်တရားကို ပိုင်းပိုင်းခြားခြား သိတတ်သော ရူပပရိစ္ဆေဒဉာဏ်စသော အထက်အထက်သော ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော တရားထူး တရားမြတ်ကို ရွက်ဆောင်မပေးနိုင်တော့ပေ။ ထိုကြောင့် ဓာတ်တစ်ပါးပြီးနောက် ဓာတ်တစ်ပါး၏ သဘာဝသတ္တိကို ဉာဏ်ဖြင့် အာရုံယူ၍ နှလုံးသွင်းရာ၌ အလွန်လျင်လျင်မြန်မြန် နှလုံးမသွင်းပါနှင့်။ (မဟာဋီ၊၁၊၄၃၄။)
၃။ နာတိသဏိကတော = မနှေးလွန်းစေရ
ဓာတ်ကြီးလေးပါးကို အလွန် လျင်လျင်မြန်မြန်ကြီး နှလုံးမသွင်းသင့်သကဲ့သို့ အလွန် နှေးနှေးကွေးကွေးအားဖြင့်လည်း နှလုံးမသွင်းသင့်ပေ။ အပြစ်ကား အလွန်နှေးနှေးကွေးကွေးအားဖြင့် ဓာတ်ကြီးလေးပါးကို တစ်ပါးပြီးတစ်ပါး အစဉ်အတိုင်း နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းသည် ပရိယောသာနခေါ်သည့် အဆုံးအပိုင်းအခြားသို့ = (သဒိသူပစာရအားဖြင့် ဥပစာရသမာဓိဟု တင်စား၍ ခေါ်ဆိုထားအပ်သော) ဥပစာရသမာဓိအဆင့်သို့ ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။ ရုပ်တရားကို ပိုင်းခြားသိတတ်သော ရူပပရိစ္ဆေဒဉာဏ်စသော အထက်အထက်သော ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဟူသော တရားထူးတရားမြတ်ကို ရခြင်း၏ အကြောင်းအထောက်ပံ့သည်ကား မဖြစ်နိုင်တော့ပေ။ အလွန်လျင်မြန်စွာလည်းကောင်း, အလွန်နှေးကွေးစွာလည်းကောင်း လမ်းခရီးကို သွားကြကုန်သော ယောကျ်ားတို့ကို ဤအရာ၌ ဥပမာအဖြစ် ထုတ်ဆောင်ပြထိုက်ပေသည်။ (မဟာဋီ၊၁၊၄၃၄။)
၄။ ဝိက္ခေပပဋိဗာဟနတော = ဓာတ်လေးပါး၏ ပြင်ဘက်အာရုံကို မရှုရ
ဝိက္ခေပပဋိဗာဟနတောတိ ကမ္မဋ္ဌာနံ ဝိဿဇ္ဇေတွာ ဗဟိဒ္ဓါ ပုထုတ္တာရမ္မဏေ စေတသော ဝိက္ခေပေါ ပဋိဗာဟိတဗ္ဗော။ ဗဟိဒ္ဓါ ဝိက္ခေပေ ဟိ သတိ ကမ္မဋ္ဌာနာ ပရိဟာယတိ ပရိဓံသတိ။ ဧကပဒိကမဂ္ဂဂါမီ ပုရိသော စေတ္ထ နိဒေဿတဗ္ဗော။ (မဟာဋီ၊၁၊၄၃၄။)
ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ယခု ပွားများ အားထုတ်နေသော ကမ္မဋ္ဌာန်းမှာ ဓာတ်ကြီးလေးပါးတို့ကို အာရုံယူကာ သမာဓိကို ထူထောင်နေသည့် ဓာတ်ကမ္မဋ္ဌာန်းဖြစ်သည်။ ယင်းကဲ့သို့ ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို ဉာဏ်စက္ခုဖြင့် အာရုံယူ၍ ဥပစာရသမာဓိ နယ်မြေသို့ ဆိုက်ရောက်ရေးအတွက် ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်း ရှုပွားနေရာဝယ် ဥပစာရသမာဓိနယ်မြေသို့ မဆိုက်မီ အချိန်အတွင်းဝယ် ထိုဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိတည်းဟူသော အာရုံကို နှလုံးသွင်းမှု ကမ္မဋ္ဌာန်းလုပ်ငန်းကို စွန့်လွှတ်၍ ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မ သဘာဝသတ္တိမှ အပဖြစ်သော ပညတ်အာရုံ ပရမတ်အာရုံ အမျိုးမျိုး၌ ဘာဝနာစိတ်ကို ပစ်လွှင့်မှုကို တားမြစ်ရမည်။ တစ်နည်းဆိုရသော် ----- ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိဟူသော အာရုံမှ တစ်ပါးသော အခြားခြားသော ပညတ်အာရုံ ပရမတ်အာရုံ အမျိုးမျိုးတို့ကို လှမ်း၍ ရှုပွားမှုကို တားမြစ်ရမည်။
အဘယ်ကြောင့်နည်းဟူမူ ----- ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိ အာရုံမှ အခြားတစ်ပါးသော ပညတ်အာရုံ ပရမတ်အာရုံတို့ အပေါ်သို့ ဘာဝနာစိတ်ကို ပစ်လွှင့်ချထားခဲ့သော် သို့မဟုတ် ရှုပွားနေခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်သွားတတ်၏၊ လျှောကျသွားတတ်၏။ ဤအရာ၌ ခြေတစ်ဖဝါးစာမျှသာရှိသော လမ်းကို သွားနေသော ယောကျ်ားကို ပုံတူဥပမာဆောင်၍ ပြထိုက်၏။ (မဟာဋီ၊၁၊၄၃၄။)
ဤအထက်ပါ စည်းကမ်းသတ်မှတ်ချက်ကို အထူး ဂရုပြု၍ မှတ်သားပါ။ အဘယ်ကြောင့် ဓာတ်ကြီးလေးပါးမှ ပြင်ဘက်ဖြစ်သော ပညတ်အာရုံ ပရမတ်အာရုံ အမျိုးမျိုးကို မရှုရသနည်းဟူသော မေးခွန်းကိုလည်း ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်တတ်၏ လျှောကျတတ်၏ဟု အကြောင်းပြထား၏၊ ဖြေဆိုထား၏။
အဘယ်ကြောင့် ဆုတ်ယုတ်ရသနည်း လျှောကျရသနည်း? ----- ယခုကဲ့သို့ ရုပ်ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးမီ ရုပ်ပရမတ်တရားများကို ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်းရေးဟူသော ဦးတည်ချက်ဖြင့် ဓာတ်ကြီးလေးပါးတို့ကို အာရုံယူ၍ သမာဓိကို ထူထောင်နေခိုက်ဝယ် ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မ သဘာဝသတ္တိကို ဉာဏ်ဖြင့် ရှုပါမှ နှလုံးသွင်းပါမှ ဓာတုမနသိကာရဟု ခေါ်ဆိုနိုင်သည်။ ဓာတ်ကြီးလေးပါးတို့မှ ပြင်ပဖြစ်သော ပညတ်အာရုံ ပရမတ်အာရုံ အမျိုးမျိုးတို့ကို လိုက်၍ ရှုနေပါက ဤသမာဓိပိုင်းတွင် ဓာတုမနသိကာရ (= ဓာတ်ကို နှလုံးသွင်းမှု)ဟု မခေါ်ဆိုနိုင်တော့ပေ။ ထိုသို့ ဓာတ်ကြီးလေးပါးမှ ပြင်ပဖြစ်သော ပညတ်အာရုံ ပရမတ်အာရုံများကို လိုက်ရှုနေပါက, ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မ သဘာဝသတ္တိကို အာရုံယူကာ နှလုံးသွင်း ရှုပွားပါမှ ဖြစ်ပေါ်လာနိုင်ခွင့်ရှိသော ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ ဥပစာရသမာဓိသည်လည်း ဖြစ်နိုင်ခွင့် မရှိတော့ပေ။
ထိုသို့ ဥပစာရသမာဓိမျှ မဖြစ်ခဲ့သော် ရုပ်ကလာပ်များကို နှလုံးသွင်းနိုင်ခြင်း ဉာဏ်ဖြင့် ထွင်းဖောက်သိမြင်နိုင်ခြင်း, ရုပ်ကလာပ်များကို ဓာတ်ခွဲ၍ ဃနခေါ်သည့် ရုပ်တုံးရုပ်ခဲ အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိကြသော ပရမတ္ထဓာတ်သား ရုပ်တရားအစစ်တို့ကို ထိုးထွင်း ဩိမင်နိုင်ရေးမှာ အလွန် အလှမ်းကွာဝေး လျက်ပင် ရှိနေဦးမည် ဖြစ်ပေသည်။ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ရောက်သေးပါက လက္ခဏာရေးသုံးတန် ဉာဏ်အမြင် သန့်ရှင်းရေမှာလည်း, အထူးသဖြင့် အနတ္တရောင်ခြည်တော်ကြီး တင့်တယ်စမ္ပယ်စွာ ထွန်းလင်းတောက်ပလာရေးမှာလည်း မမျှော်မှန်းသင့်သော အရာသာ ဖြစ်ပေသည်။ အနတ္တသဘော သုညတသဘောသို့ ဉာဏ်အမြင် မဆိုက်ပါက မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသည့် တရားထူးတရားမြတ်ကို ရရှိရေးမှာ မိုးနှင့် မြေကြီးပမာ အလွန် အလှမ်းကွာလျက်သာ ရှိနေဦးမည် ဖြစ်ပေသည်။ ဤကား ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်နေပါလျက် ဥပစာရသမာဓိနယ်မြေသို့ မဆိုက်ရောက်မီ အတွင်းဝယ် ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို နှလုံးသွင်းရာမှ ပြင်ပဖြစ်သော ပညတ်အာရုံ ပရမတ်အာရုံ အမျိုးမျိုးတို့ကို ပြောင်း၍ နှလုံးသွင်း ရှုပွားမိသဖြင့် ကမ္မဋ္ဌာန်းဆုတ်ယုတ်ပုံ လျှောကျပုံတည်း။
အယူအဆ မမှားစေလိုပါ
ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် အခြားအခြားသော ရုပ်တရား နာမ်တရားများကို လုံးဝ မရှုပွားရ နှလုံးမသွင်းရဟု ဤသို့ကား အယူအဆ မမှားစေလိုပါ။ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် တွေ့မြင်၍ ရုပ်ကလာပ်တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ထွင်းဖောက် သိမြင်လျှင်ကား ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်ပြီ ဖြစ်၏။ ထိုကဲ့သို့သော ဥပစာရသမာဓိသို့ မဆိုက်မီအတွင်းမှာ ဓာတ်ကြီးလေးပါးတို့ကို အာရုံယူ၍ သမာဓိကို ထူထောင်နေခိုက်၌ ဓာတ်ကြီးလေးပါးမှ ပြင်ပဖြစ်သော အခြားခြားသော ရုပ်တရား နာမ်တရား ပညတ်တရားတို့ကို ပြောင်း၍ မရှုရန်သာ ညွှန်ကြားနေခြင်း ဖြစ်သည်။ ဥပစာရသမာဓိသို့ ဆိုက်ရောက်ပြီးသော အခါ၌ကား ကြွင်းကျန်သော ရုပ်တရားများကိုလည်းကောင်း, နာမ်တရား များကိုလည်းကောင်း, အကြောင်းတရားများကိုလည်းကောင်း သိမ်းဆည်းလျက် ဝိပဿနာသို့ ကူးနိုင်းသည်သာ ဖြစ်ပါသည်။
သတိကြီးစွာဖြင့် သွားရမည်
အသူတစ်ရာ နက်သော ချောက်ကမ်းပါးကို ဖြတ်ကျော်၍ ခြေတစ်ဖဝါးစာမျှသာရှိသော တံတားလမ်းတစ်ခုကို ခင်းထားရာ ထိုလမ်းကိုလျှောက်သွားသော ယောကျ်ားသည် နင်းသွားသော ခြေရာကို ကောင်းစွာ မမှတ်သားဘဲ ဟိုဟို ဒီဒီ ထို ဤ တောင် မြောက် ကြည့်ရှု၍ လမ်းလျှောက်နေခဲ့သော် ခြေလှမ်းအကြိမ်သည် ချွတ်ချော်တိမ်းပါးသွားနိုင်၏၊ ခြေချော်သွားနိုင်၏။ ထိုအခါ အသူတစ်ရာ နက်သော ချောက်ကမ်းပါးပြတ်ထဲသို့ ကျရောက်သွားနိုင်ပေသည်။ ဤအတူသာလျှင် ဗဟိဒ္ဓအာရုံ အမျိုးမျိုး၌ စိတ်ပျံ့လွင့်နေခဲ့သော် = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံမှ အပြင်အပဖြစ်သော ပညတ်အာရုံ ပရမတ်အာရုံ အမျိုးမျိုးပေါ်သို့ စိတ်ကို လွှင့်ပစ်ချထားခဲ့သော် ကမ္မဋ္ဌာန်းသည် ဆုတ်ယုတ်ပျက်စီးသွားနိုင်ပေသည်။
၅။ ပဏ္ဏတ္တိသမတိက္ကမနတော = ပညတ်ကို ကျော်အောင် ကျင့်ပါ
ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူသော အမည်နာမ ပညတ်တို့ကို ကျော်လွန်၍ ပရမတ္ထဓမ္မသဘာဝသတ္တိတည်းဟူသော သဘာဝလက္ခဏာအာရုံ၌သာလျှင် ဘာဝနာစိတ်ကို ကပ်ထားကာ ရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။
၁။ ပထဝီဓာတ်၏ ----- မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-သဘောတရားတို့ကို ဉာဏ်နှင့် မြင်ပါမှ ပထဝီဓာတ်ဟု ရှုပါ။
၂။ အာပေါဓာတ်၏ ယိုစီး-ဖွဲ့စည်း သဘောကို ဉာဏ်နှင့် မြင်ပါမှ အာပေါဓာတ်ဟု ရှုပါ။
၃။ တေဇောဓာတ်၏ ပူမှု-အေးမှု သဘောကို ဉာဏ်နှင့် မြင်ပါမှ တေဇောဓာတ်ဟု ရှုပါ။
၄။ ဝါယောဓာတ်၏ ထောက်ကန်မှု-တွန်းကန်မှု သဘောကို ဉာဏ်နှင့် မြင်ပါမှ ဝါယောဓာတ်ဟု ရှုပါ။
ယင်းသဘောတရားများကို ဉာဏ်နှင့် မတွေ့မမြင်ဘဲ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ဟု ရှုနေပါက အမည်နာမပညတ်ပေါ်၌သာ သောင်တင်နေမည် ဖြစ်ပေသည်။ ဆို ကမ္မဋ္ဌာန်း အဆင့်မှာသာ ရှိနေသေးသည်။ ဆို ကမ္မဋ္ဌာန်း မဖြစ်အောင် ကြိုးစားပါ။
ဤသို့လျှင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာဟူသော ပရမတ္ထဓမ္မသဘာဝ အာရုံ၌သာလျှင် ဘာဝနာစိတ်ကို ထား၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ဟု ကြိမ်ဖန်များစွာ ရှုနိုင်ခဲ့သော် ပထဝီဓာတ်စသော အမည်နာမ ပညတ်ကို ကျော်လွန်၍ ပရမတ္ထဓမ္မသဘာဝအာရုံ၌သာလျှင် ဘာဝနာစိတ်ကို ကောင်းစွာ ထားနိုင်သည် မည်ပေသည်။
ဤသို့လျှင် ပထဝီစသော အမည်နာမ ပညတ်ကို ပယ်စွန့်၍ မာ-မှု စသော ပရမတ္ထဓမ္မသဘာဝအာရုံ၌သာလျှင် နှလုံးသွင်းမှု မနသိကာရလုပ်ငန်းရပ်ကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်၌ ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝလက္ခဏာတို့သည် ကောင်းစွာ ထင်ရှား ပေါ်လွင်ကုန်သည်ဖြစ်၍ ထင်လာကုန်၏။ ဤသို့ အဖန်ဖန် အထပ်ထပ် နှလုံးသွင်းခြင်း၏ အစွမ်းဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ စိတ်သည် အာသေဝနပစ္စည်းအထုံကို ရရှိလာနိုင်၏ ==== ရှေးရှေး ဘာဝနာစိတ်၏ အရှိန်အဝါသည် နောက်နောက် ဘာဝနာစိတ်အား စွမ်းအင်ရှိန်စော် အာနုဘော်ကြီးမားအောင် ကျေးဇူးပြုပေးနိုင်၏။ အလုံးစုံသော ရူပကာယတစ်ခုလုံးသည် ဓာတ်သဘောမျှအားဖြင့် ထင်လာ၏။
၁။ သုည = ပုဂ္ဂိုလ်သတ္တဝါမှ ဆိတ်၏ဟု
၂။ နိဿတ္တ = သတ္တဝါ မဟုတ်ဟု
၃။ နိဇ္ဇီဝ = ဇီဝအတ္တ မဟုတ်ဟု ထင်လာ၏။
ယန္တရားစက်ကြိုးဖြင့် အဆင့်ဆင့် ပြန်လှန်လှုပ်ရှား သွားလာနေသော ယန္တရာစက်ကဲ့သို့ အဆင့်ဆင့် တပြောင်းပြောင်း တပြန်ပြန် ပြန်လှန်လှုပ်ရှား သွားလာနေသော ရုပ်တရားအပေါင်း၏ ဓာတ်သဘောမျှဟု ထင်လာ၏။ (မဟာဋီ၊၁၊၄၃၄။)
အကယ်၍ကား အပြင် ဗဟိဒ္ဓလောက၌လည်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို နှလုံးသွင်းမှုကို ဉာဏ်ဖြင့် ကပ်၍ ဆောင်သည် ဖြစ်အံ့၊ ထိုသို့ ဉာဏ်ဖြင့် ကပ်၍ ဆောင်သည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ လှည့်လည်ကျက်စား သွားလားနေထိုင်ကြကုန်သော လူ တိရစ္ဆာန်စသော သတ္တဝါတို့သည် သတ္တဝါဟူသော အခြင်းအရာကို ပယ်စွန့်၍ ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု၏ အစွမ်းဖြင့်သာလျှင် ထင်လာကုန်၏။ ထို လူ တိရစ္ဆာန်စသော သတ္တဝါတို့သည် ပြုလုပ်နေကြသော အပြုအမူအရာဟူသမျှတို့သည် ဓာတ်ကြီးလေးပါးဖြင့်ပြီးသော ယန္တရားစက်ဖြင့် ဖြစ်စေအပ်သော အပြုအမူအရာတို့သည်သာ ဖြစ်ကုန်၍ ထင်လာ၏။ ထိုလူ တိရစ္ဆာန်စသည် တို့သည် စားမျိုအပ်သော သောက်ဖွယ်အဖျော် စားဘွယ်ဘောဇဉ်စသည်သည် ဓာတ်ကြီးလေးပါး အပေါင်းအစု၌ ထည့်သွင်းထားအပ်သော ဓာတ်ကြီး လေးပါး အပေါင်းအစုကဲ့သို့ ထင်လာပေသည်။ (မဟာဋီ၊၁၊၄၃၄-၄၃၅။)
၆။ အနုပဋ္ဌာနမုဉ္ဇနတော = မထင်ရှားသော ဓာတ်အချို့ကို လွှတ်ထားနိုင်သည်
၁။ ပထဝီဓာတ်၏ ----- မာ-ကြမ်း-လေး-ပျော-ချော-ပေါ့-သဘော,
၂။ အာပေါဓာတ်၏ ----- ယိုစီး-ဖွဲစည်းသဘော,
၃။ တေဇောဓာတ်၏ ----- ပူ-အေး-သဘော,
၄။ ဝါယောဓာတ်၏ ----- ထောက်ကန်-တွန်းကန်သဘော -----
ဤသို့လျှင် ဓာတ်သဘောတရား (၁၂)မျိုး ရှိရာ ယခုကဲ့သို့ သမာဓိကို ထူထောင်နေခိုက်ဝယ် သမာဓိလည်း အတော်အသင့် ဖြစ်လာသောအခါ ရံခါ အချို့သော သဘောတရားများသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်မရှား ဖြစ်လာတတ်ကြသဖြင့် ငြိမ်သက်မှု သမာဓိကို ရရှိအောင် ဦးစားပေး၍ သမာဓိကို ထူထောင်နေခိုက် ဖြစ်ရကား မထင်ရှားသော ဓာတ်သဘောတရားများကို လိုက်၍ တစ်ဖန် ရှာဖွေနေရပါက သမာဓိပျက်ပြားသွားတတ်သဖြင့် မထင်မရှားသော ဓာတ်သဘောတရားများကို လွှတ်၍ ထင်ရှားသော ဓာတ်သဘောတရားများ၌သာ အာရုံစိုက်ကာ ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းရမည် ဖြစ်သည်။ ပထဝီဓာတ်၌ ထင်ရှားရာ ဓာတ်သဘောတရား တစ်မျိုးမျိုး, အာပေါဓာတ်၌ ထင်ရှားရာ ဓာတ်သဘောတရား တစ်မျိုးမျိုး, တေဇောဓာတ်၌ ထင်ရှားရာ ဓာတ်သဘောတရား တစ်မျိုးမျိုး, ဝါယောဓာတ်၌ ထင်ရှားရာ ဓာတ်သဘောတရား တစ်မျိုးမျိုးကို အာရုံယူ၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကြိမ်ဖန်များစွာ နှလုံးသွင်းနေပါ။ ဓာတ်ကြီးလေးပါးတို့တွင် ဓာတ်တစ်မျိုးတစ်မျိုး၌ အနည်းဆုံး သဘောတရားတစ်မျိုးကား ထင်ရှားရမည်သာ ဖြစ်သည်။ ထို ဓာတ်သဘောတရားမှာ လည်း အောက်တွင် အမှတ်(၇)အဖြစ် ဖော်ပြလတ္တံ့သော လက္ခဏတော ဟူသော အင်္ဂါရပ်နှင့် အညီ သဘာဝလက္ခဏာသာ ဖြစ်သင့်ပေသည်။ သို့မှသာလျှင် ဓာတုမနသိကာရပဗ္ဗ၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကြိမ်ဖန်များစွာ ရှုနိုင်မည်ဖြစ်သည်။ ဤသည်မှာလည်း ဓာတ်ကြီးလေးပါးအာရုံ၌ သမာဓိ ငြိမ်သက်နေခိုက်ကိုသာ အထူသဖြင့် ရည်ရွယ်၍ သတ်မှတ်လိုက်သော စည်းကမ်းတစ်ခုဟု မှတ်ပါ။ သို့သော် အားလုံးသော ဓာတ်သဘောတရားများသည် ထင်ရှားနေကြလျှင်ကား ပို၍ ကောင်းသည်သာ ဖြစ်ပါသည်။
၇။ လက္ခဏတော = သဘာဝလက္ခကိုသာ ဦးစားပေးရှုပါ
၁။ ပထဝီဓာတ်၏ ကက္ခဠတ္တလက္ခဏာ = မာ-မှု သဘောလက္ခဏာ,
၂။ အာပေါဓာတ်၏ ပဂ္ဃရဏလက္ခဏာ = ယိုစီး-မှု သဘောလက္ခဏာ,
၃။ တေဇောဓာတ်၏ ဥဏှတ္တလက္ခဏာ = ပူ-မှု သဘောလက္ခဏာ,
၄။ ဝါယောဓာတ်၏ ဝိတ္ထမ္ဘနလက္ခဏာ = ထောက်ကန်-မှု သဘောလက္ခ ဏာ -----
ဤသဘောလက္ခဏာအာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလျက် ယင်းသဘာဝလက္ခဏာကိုပင် စိုက်စိုက်စူးစူး အထူးမြဲမြံစွာ ရှုပွားပါ။
ဤ ညွှန်ကြားချက်ကား အထက်တွင် တင်ပြထားသော သဘောတရား (၁၂)မျိုးတို့ကို အာရုံပြု၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကြိမ်ဖန်များစွာ ရှုပွား၍နေပါသော်လည်း, စိတ်ငြိမ်ဝပ်မှု သမာဓိလည်း ရှိတန်သလောက် ရှိငြားသော်လည်း ဥပစာရသမာဓိနယ်မြေသို့ မရောက်နိုင် ဖြစ်နေသော် မာမှု, ယိုစီးမှု, ပူမှု, ထောက်ကန်မှု ဟူသော သဘာဝလက္ခဏာ သက်သက်မျှကိုသာ အာရုံပြု၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် ရှုပွားနေရန် ညွှန်ကြားချက်ဖြစ်ပေသည်။ ထိုသို့ မာ-ယို-ပူ-ထောက်-ဟူသော သဘာဝလက္ခဏာကိုသာ ဦးစားပေး၍ ရှုနေပါက ယင်းသဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပေသည်။ နာရီဝက် မိနစ်လေးဆယ် စသည်ဖြင့် ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ----- မည်သို့ မည်ပုံ ရှုပါက စိတ်တည်ကြည်မှု သမာဓိသည် ဖြစ်ပေါ်လာတတ်သည် -----ဟူသော သမာဓိဖြစ်ကြောင်း ရှုပုံ အခြင်းအရာ = သမာဓိဖြစ်ကြောင်း နိမိတ်ကို မှတ်သား၍ ထိုနည်းအတိုင်း ဆက်လက်၍ ရှုပွားပါ။
ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါစေ ။ ပ ။ နှစ်နာရီ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါစေ -----
ဤသို့ စသည်ဖြင့် အချိန်ကို ပိုင်းခြားကန့်သတ်၍ အဓိဋ္ဌာန်ပြုကာ ထိုင်ကြည့်ပါ။ အောင်မြင်မှုကို ရရှိလာတတ်ပါသည်။ ယေဘုယျအားဖြင့် ယောဂီအများစုတို့၌ တစ်နာရီလောက် (၁၀)ကြိမ်လောက် ဆက်တိုက် ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်သွားတတ်ပါသည်။
ထိုသို့ ကြိုးစားအားထုတ်ပါလျက် ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏--- အဖန်ဖန်အထပ်ထပ် မှီဝဲခြင်းတည်ဟူသော = အာသေဝနပစ္စည်း အကြောင်းအထောက်အပံ့ကို ရရှိ၍နေသော ဘာဝနာစိတ်သည် -----
၁။ အလွန်ကြိုးစားအားထုတ်အပ်သော လုံ့လဝီရိယ ရှိသည်၏အဖြစ်ကြောင့် ဝီရိယလွန်၍ ဥဒ္ဓစ္စဖြစ်ကာ စိတ် ပျံ့လွင့်နေသဖြင့်လည်းကောင်း,
၂။ အလွန် တွန့်ဆုတ်သော ဝီရိယရှိသည်၏အဖြစ်ကြောင့် ဝီရိယလျော့၍ ပျင်းရိခြင်း (= ကောသဇ္ဇ) ဖြစ်ကာ စိတ်ဓာတ်သည် ဘာဝနာအာရုံမှ တွန့်ဆုတ်နေသဖြင့်လည်းကောင်း -----
ဥပစာရသမာဓိဟူသော ဘာဝနာလမ်းကြောင်းပေါ်သို့ အကယ်၍ မသက်ရောက်သည်ဖြစ်အံ့ -----
၈။ အဓိစိတ္တသုတ္တန်
၉။ အနုတ္တရသီတိဘာဝသုတ္တန်
၁၀။ ဗောဇ္ဈင်င်္ဂသုတ္တန်
ဤသုတ္တန်သုံးမျိုး၌ လာရှိသော နည်းလမ်းဖြင့် ဝီရိယနှင့် သမာဓိကို ညီမျှမှု ရှိအောင် ယှဉ်စေမှုကို ပြုထိုက်ပေ၏။ (မဟာဋီ၊၁၊၄၃၅။)
၈။ အဓိစိတ္တသုတ္တန်
ဤသုတ္တန်ကား အင်္ဂုတ္တရနိကာယ ပထမတွဲ တိကနိပါတ် လောဏကပလ္လဝဂ်၌ နိမိတ္တသုတ္တန်ဟူသော အမည်ဖြင့် လာရှိပေသည်။ ထိုသုတ္တန်မြန်မာပြန်ကို ဤတွင် ဖော်ပြအပ်ပါသည်။
ရဟန်းတို့ ... လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာစိတ်ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် သမာဓိဖြစ်ကြောင်း သမထနိမိတ်, ဝိပဿနာဉာဏ်ဖြစ်ကြောင်း ဝိပဿနာနိမိတ်ဟူသော အကြောင်းတရား သုံးမျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်းအပ်ကုန်၏
၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို = သမာဓိဖြစ်ကြောင်းတရားကို နှလုံးသွင်းအပ်၏။
၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို = ဝီရိယဖြစ်ကြောင်းတရားကို နှလုံးသွင်းအပ်၏။
၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို = ဥပေက္ခာဖြစ်ကြောင်းတရားကို နှလုံးသွင်းအပ်၏။
ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် သမာဓိဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= သမာဓိဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျင်းရိရာသော အကြောင်း ရှိ၏။ (၁)
ရဟန်းတို့ ... လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် အားထုတ် ခြင်း (= ဝီရိယ)ဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= ဝီရိယဖြစ်ကြောင်းတရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျံ့လွင့်ခြင်း (= ဥဒ္ဓစ္စ) ဖြစ်ရာသော အကြောင်း ရှိ၏။ (၂)
ရဟန်းတို့ ... လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန်အားထုတ်သော ယောဂါဝစရရဟန်းသည် ဥပေက္ခာဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= ဥပေက္ခာဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်း ရှိ၏။ (၃)
ရဟန်းတို့ ... လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် -----
၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို = သမာဓိဖြစ်ကြောင်း တရားကို နှလုံးသွင်း၍,
၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို = ဝီရိယဖြစ်ကြောင်းတရားကို နှလုံးသွင်းပြီးလျှင်,
၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို = ဥပေက္ခာဖြစ်ကြောင်းတရားကို နှလုံးသွင်းသောအခါ ဘာဝနာစိတ်သည် -----
၁။ နူးညံ့ခြင်းသည်လည်းကောင်း,
၂။ သမထဘာဝနာလုပ်ငန်း ဝိပဿနာဘာဝနာလုပ်ငန်း၌ ပြုလုပ်ရန် အသင့်ဖြစ်နေခြင်း သင့်လျော်ခြင်းသည်လည်းကောင်း,
၃။ ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် ထွက်ခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာ၏။
၄။ ပျက်စီးခြင်း သဘောလည်း မရှိ။
၅။ အာသဝေါတရားတို့ကုန်ရန် = အရဟတ္တမဂ်ဉာဏ်အလို့ငှာ စိတ်သည် ကောင်းစွာ တည်ကြည်နေ၏။
ရဟန်းတို့ ... ဥပမာသော်ကား ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း မီးကျီးဖိုကို ပြုစီရင်ပြီးလျှင် မီးကျီးဖိုဝကို မီးတိုက်လျက် ညှပ်ဖြင့် ရွှေကိုယူ၍ မီးကျီးဖိုဝ၌ (မိုက်လုံတွင်) ထည့်ထားပြီးလျှင် ရံဖန်ရံခါ မီးဖြင့် မှုတ်ပေး၏၊ ရံဖန်ရံခါ ရေဖြင့် ဆွတ်ဖျန်း ပေး၏၊ ရံဖန်ရံခါ လျစ်လျူရှု၏။ ရဟန်းတို့ ... ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဉ်တစိုက် မီးဖြင့် မှုတ်နေငြားအံ့၊ ထိုရွှေသည် ပူလောင်ရာသော အကြောင်း ရှိ၏။ (၁)
ရဟန်းတို့ ... ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဉ်တစိုက် ရေဖြင့် ဆွတ်ဖျန်းပေးနေငြားအံ့၊ ထိုရွှေသည် ငြိမ်းအေးရာသော အကြောင်း ရှိ၏။ (၂)
ရဟန်းတို့ ... ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဉ်တစိုက် လျစ်လျူရှုနေငြားအံ့၊ ထိုရွှေသည် ကောင်းစွာ ရင့်ကျက်ခြင်းသို့ မရောက်ရာသော အကြောင်း ရှိ၏။ (၃)
ရဟန်းတို့ ... ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို ရံဖန်ရံခါ မီးဖြင့် မှုတ်ပေး၍ ရံဖန်ရံခါ ရေဖြင့် ဆွတ်ဖျန်းပေးပြီးလျှင် ရံဖန်ရံခါ လျစ်လျူရှုသောအခါ ထိုရွှေသည် နူးညံ့ခြင်းသည်လည်းကောင်း, ထိုထို လက်ဝတ်တန်ဆာစသည်ကို ပြုလုပ်ရန် သင့်လျော်ခြင်းသည်လည်းကောင်း, ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်ကောင်း ဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်း သဘောလည်း မရှိ၊ အလုပ်ခွင်သို့လည်း ကောင်းစွာ ရောက်၏။ ရွှေပြားဖြင့်ဖြစ်စေ, နားတောင်းဖြင့်ဖြစ်စေ, လည်ရွဲတန်ဆာဖြင့်ဖြစ်စေ, ရွှေပန်းခိုင်ဖြင့်ဖြစ်စေ တစ်စုံတစ်ခုသော တန်ဆာအထူးဖြင့် အလိုရှိခဲ့မူ ထိုသူ၏ ထိုအလိုရှိရာ အကျိုးကိုလည်း ပြီးစေ၏။
ရဟန်းတို့ ... ဤဥပမာအတူသာလျှင် လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန်အားထုတ်သော ယောဂါဝစရရဟန်းသည် သမာဓိဖြစ်ကြောင်း သမထနိမိတ်, ဝိပဿနာဉာဏ်ဖြစ်ကြောင်း ဝိပဿနာနိမိတ်ဟူသော အကြောင်းတရားသုံးမျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်အပ်ကုန်၏ ။ ပ ။
၅။ အာသဝေါတရားတို့ ကုန်ရန် အရဟတ္တမဂ်ဉာဏ်အလို့ငှာ စိတ်သည် ကောင်းစွာ တည်ကြည်နေ၏။
ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တစ်စုံတစ်ခုသော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ရှေးရှူညွတ်စေ၏။ ရှေးရှေးဘဝက ဖြည့်ကျင့်ခဲ့သော ပါရမီကြောင်းတရားနှင့် ယခုဘဝ၌ ဖြည့်ဆည်းပူးအပ်သော အဘိညာဏ်၏ အခြေခံပါဒကဖြစ်သော စျာန်စသော အကြောင်းတရားသည် ထင်ရှားရှိလတ်သော် ထိုထိုအရာ၌ပင်လျှင် သက်သေ ထိုက်သည်၏အဖြစ်သို့ (ဣဒ္ဓိဝိဓ အဘိဉာဏ်စသည်, ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်စသည်သို့)လည်း ရောက်ရှိနိုင်၏။
ငါသည် များပြားသော တန်းခိုးဖန်ဆင်းခြင်းကို ခံစားလို၏။ ပ ။ (အဘိညာဏ်ခြောက်ပါးတို့ကို အကျယ်ချဲ့အပ်ကုန်၏။)
အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့် အာသဝေါတရားတို့ မရှိသော ကိလေသာတို့မှ လွတ်မြောက်သော စေတောဝိမုတ္တိ ပညာဝိမုတ္တိဖြစ်သော အရဟတ္တဖိုလ်ကို မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ပြည့်စုံကပ်ရောက်၍ နေလို၏----- ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့လျှင် (အခြေခံ) အကြောင်းတရား ရှိလတ်သော် ထိုထို အလိုရှိရာ၌ပင်လျှင် သက်သေထိုက်သည်၏အဖြစ်သို့ (ဣဒ္ဓိဝိဓဉာဏ်စသည့် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်စသည်သို့) ရောက်ရှိနိုင်၏ဟု မိန့်တော်မူ၏။ (အံ့၊၁၊၅၂၈-၂၆၀။)
ဤကား အဓိစိတ္တသုတ္တန်တည်း။
၉။ အနုတ္တရသီတိဘာဝသုတ္တန်
ဤသုတ္တန်ကား အင်္ဂုတ္တရနိကာယ ဆက္ကနိပါတ် ဒုတိယပဏ္ဏာသ သီတိဝဂ်၌ သီတိဘာဝသုတ္တန် အမည်ဖြင့် လာရှိပေသည်။ ထိုသုတ္တန်၏ မြန်မာပြန်မှာ အောက်ပါအတိုင်း ဖြစ်၏။
ရဟန်တို့ ... တရား(၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့် အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မထိုက်တန်ပေ။ အဘယ် (၆)မျိုးတို့နည်း ဟူမူ -----
ရဟန်းတို့ ... ဤသာသနာတော်၌ ရဟန်းသည် -----
၁။ စိတ်ဓာတ်ကို နှိမ့်ချသင့် (=နှိပ်ကွပ်သင့်)သောအခါ စိတ်ဓာတ်ကို မနှိမ့်ချ (မနှိပ်ကွပ်)။
၂။ စိတ်ဓာတ်ကို ချီးမြှောက်သင့်သော အခါ၌ (=စိတ်ဓာတ်ကို မြှင့်တင်ပေးသင့်သော အခါ၌) စိတ်ဓာတ်ကို မချီးမြှောက် (=စိတ်ဓာတ်ကို မြှင်တင်မပေး)။
၃။ စိတ်ဓာတ်ကို ရွှင်လန်းတတ်ကြွစေသင့်သော အခါ၌ စိတ်ဓာတ်ကို မရွှင်လန်း မတတ်ကြွစေ။
၄။ စိတ်ဓာတ်ကို လျစ်လျူရှုသင့်သော အခါ၌ စိတ်ဓာတ်ကို လျစ်လျူမရှု။
၅။ ဟီနာဓိမုတ္တိက = နှလုံးသွင်းလည်း ယုတ်ညံ့၏။
၆။ သက္ကာယာဘိရတ = ခန္ဓာငါးပါး သက္ကာယတရား၌လည်း မွေ့လျော်၏။
ရဟန်တို့ ...ဤတရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မထိုက်တန်ပေ။
ရဟန်တို့ ... တရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ထိုက်တန်ပေ၏။အဘယ် (၆)မျိုးတို့နည်း ဟူမူ -----
ရဟန်တို့ ... ဤသာသနာတော်၌ ရဟန်းသည် -----
၁။ စိတ်ဓာတ်ကို နှိမ့်ချသင့် (နှိပ်ကွပ်သင့်)သောအခါ၌ စိတ်ဓာတ်ကို နှိမ့်ချ၏ (=နှိပ်ကွပ်၏။)
၂။ စိတ်ဓာတ်ကို ချီးမြှောက်သင့်သော အခါ၌ စိတ်ဓာတ်ကို ချီးမြှောက်၏ = စိတ်ဓာတ်ကို မြှင့်တင်ပေးသင့်သော အခါ၌ စိတ်ဓာတ်ကို မြှင့်တင်ပေး၏။
၃။ စိတ်ဓာတ်ကို ရွှင်လန်းတတ်ကြွစေသင့်သော အခါ၌ စိတ်ဓာတ်ကို ရွှင်လန်းတက်ကြွစေ၏။
၄။ စိတ်ဓာတ်ကို လျစ်လျူရှုသင့်သော အခါ၌ စိတ်ဓာတ်ကို လျစ်လျူရှု၏။
၅။ ပဏီတာဓိမုတ္တိက = နှလုံးသွင်းလည်း မွန်မြတ်၏။
၆။ နိဗ္ဗာနာဘိရတ = နိဗ္ဗာန်၌လည်း မွေ့လျော်၏။
ရဟန်တို့ ... ဤတရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ထိုက်တန်ပေ၏ ----- ဟု မိန့်တော်မူ၏။ (အံ၊၂၊၃၇၉။)
ဆိုလိုရင်း သဘောတရား
၁။ လွန်စွာ ကြိုးစားအားထုတ်ခြင်းစသည့် အကြောင်းတရားတို့ကြောင့် ဝီရိယလွန်၍ စိတ်ပျံ့လွင့်မှု (= ဥဒ္ဓစ္စ) ဖြစ်ခဲ့သော် (ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူကာ) သမာဓိကို ထူထောင်ခြင်းဖြင့် စိတ်ဓာတ်ကို နှိမ့်ချပေးရမည် နှိပ်ကွပ်ပေးရမည်။
၂။ ကြိုးစားအားထုတ်မှု = ဝီရိယလျော့လွန်းခြင်းစသည့် အကြောင်းတရားတို့ကြောင့် (ဓာတ်ကြီးလေးပါးကဲ့သို့သော) ကမ္မဋ္ဌာန်းအာရုံ၌ တွန့်ဆုတ်နေသော စိတ်ဓာတ်ကို ပျင်းရိခြင်း = ကောသဇ္ဇဘေးမှ စောင့်ရှောက်ခြင်း၏ အစွမ်းဖြင့် ကြိုးစားအားထုတ်ခြင်း = ဝီရိယကို မြှင့်တင်ပေးခြင်းဖြင့် စိတ်ဓာတ်ကို ချီးမြှောက်ပေးရမည်၊ စိတ်ဓာတ်ကို မြှင့်တင်ပေးရမည်။
၃။ (ဓာတ်ကမ္မဋ္ဌာန်း) ဘာဝနာလမ်းကြောင်းပေါ်၌ စိတ်ဓာတ်သည် အညီအမျှ ဖြစ်နေသောအခါ ထိုညီမျှနေသော စိတ်ဓာတ်ကို ပညာဖြင့် နှစ်သက်ရွှင်လန်းစေရမည် ထက်မြက်စေရမည်။ နောက်တစ်မျိုးကား (ဓာတ်ကြီးလေးပါးကို ရှုပွားသုံးသပ်နေသော) ဘာဝနာစိတ်နှင့် ယှဉ်တွဲနေသော (ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို ထိုးထွင်းသိနေသော) ပညာ၏ အားနည်းမှုကြောင့်လည်းကောင်း ဥပသမသုခဟူသော ကိလေသာ ငြိမ်းအေးမှု ချမ်းသာသုခကို မရရှိခြင်းကြောင့်လည်းကောင်း (ဓာတ်ကြီးလေးပါးတည်းဟူသော) ကမ္မဋ္ဌာန်းအာရုံပေါ်၌ သာယာမှု ကင်းနေသော စိတ်ဓာတ်သည် ဘာဝနာလုပ်ငန်းခွင်၌ ပြေးဝင်မှု မရှိ ဖြစ်နေအံ့ ----- ထိုအခါမျိုး၌ ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခ (=ပဋိသန္ဓေ တည်နေရမည့် ဒုက္ခ အိုရမည့် ဒုက္ခ နာရမည့်ဒုက္ခ သေရမည့်ဒုက္ခ) အပါယ်ဒုက္ခစသည့် သံဝေဂဉာဏ်၏ တည်ရာဝတ္ထုတို့ကို ဉာဏ်ဖြင့်ဆင်ခြင်၍ သမာဓိကို ပြန်လည် ထူထောင်ခြင်းဖြင့် စိတ်ဓာတ်ကို ရွှင်လန်းတတ်ကြွစေရမည်။
၄။ အကြင်အခါ၌ကား စိတ်ဓာတ်သည် တွန့်ဆုတ်မှုလည်း မရှိ၊ ပျံ့လွင့်မှုလည်း မရှိ၊ ဓာတ်ကမ္မဋ္ဌာန်းအာရုံ၌ သာယာဖွယ်ကင်းသည်လည်း မဟုတ်၊ (ဓာတ်)ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ဓာတ်သည် အညီအမျှ ဖြစ်နေ၏၊ ထိုအခါမျိုး၌ စိတ်ဓာတ်ကို ချီးမြှောက်ခြင်း = စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း, စိတ်ဓာတ်ကို နှိမ့်ချခြင်း (= စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်း), စိတ်ဓာတ်ကို ရွှင်လန်းတတ်ကြွစေခြင်းတို့တွင် တစ်စုံတစ်ခုသော ဗျာပါရကိုမျှ မပြုလုပ်တော့ဘဲ အညီအမျှ ပြေးသွားနေသော အာဇာနည်မြင်းတို့အပေါ်၌ လျစ်လျူရှုနေသော ရထားထိန်းကဲ့သို့ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများခြင်းဖြင့် လျစ်လျူရှုရမည်။ (အံ၊ဋ္ဌ၊၃၊၁၄၀။အံ၊ဋီ၊၃၊၁၄၆။)
ပဏီတာဓိမုတ္တိက
ပဏီတာဓိမုတ္တိကောတိ ပဏီတေ ဥတ္တမေ မဂ္ဂဖလေ အဓိမုတ္တော နိန္နာပေါဏပဗ္ဘာရော။ (အံ၊ဋီ၊၃၊၁၄၆။)
နိဗ္ဗာနာဘိရတပုဒ်ဖြင့် နိဗ္ဗာန်တရားတော်မြတ်ကြီး၌ ညွတ်ကိုင်းရှိုင်းမှုကို ဟောကြားထားတော်မူသဖြင့် ဤပဏီတာဓိမုတ္တိကပုဒ်ဖြင့် မွန်မြတ်သော မဂ်-ဖိုလ်တရားတော်မြတ်၌ နှလုံးသွင်း ညွတ်ကိုင်းရှိုင်းမှု ဖြစ်ကြောင်းကို ဋီကာဆရာတော်က ဖွင်ဆိုထားပေသည်။ ထိုကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတော်မြတ်တို့၌ နှလုံးသွင်း ညွတ်ကိုင်းရှိုင်းနေသော စိတ်ထားကား အမြဲတမ်း ရှိနေရမည်သာ ဖြစ်ပေသည်။
၁၀။ ဗောဇ္ဈင်္ဂသုတ္တန် (= အဂ္ဂိသုတ္တန်) (သံ၊၃၊၉၈-၁၀၀။)
ဤသုတ္တန်ကား မဟာဝဂ္ဂသံယုတ်ပါဠိတော် ဗောဇ္ဈင်္ဂသံယုတ် စာမျက်နှာ (၉၈-၉၉-၁၀၀။)သုတ္တန်နံပါတ် (၂၃၄)၌ အဂ္ဂိသုတ္တန်အမည်ဖြင့် လာရှိပေသည်။ ဤသုတ္တန်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ------
ကြိုးစားအာထုတ်မှု လုံးလဝီရိယ အလွန်လျော့နေခြင်း, ဘာဝနာလုပ်ငန်းခွင်း၌ ဝမ်းမြောက်မှု မဖြစ်ခြင်း, သံဝေဂဉာဏ် နည်းပါးခြင်းဟူသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် (ဓာတ်ကြီးလေးပါးကဲ့သို့သော) ဘာဝနာအာရုံမှ တွန့်တိုဆုတ်နစ်သော အခါ = စိတ်ဓာတ်ကျဆင်နေသော အခါ၌ ----- ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားများရန် အခါ မဟုတ်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်တို့ကို ပွားများရန် အခါ ဖြစ်သည်။ ယင်းဗောဇ္ဈင်မြတ်တရားသုံးပါးတို့ကို ပွားများခြင်းဖြင့် ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးရမည်။
ဝီရိယ လွန်ကဲနေခြင်း, (ဓာတ်ကမ္မဋ္ဌာန်းကို ပွားများနေသည့်) ဘာဝနာမှု၌ ဝမ်းမြောက်မှု များနေခြင်း, သံဝေဂဉာဏ် အဖြစ်များနေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် (ဓာတ်ကြီးလေးပါးအာရုံမှ ပြင်ပအာရုံ အမျိုးမျိုးသို့) ပျံ့လွင့်နေသောအခါ၌ (= စိတ်ဓာတ် တတ်ကြွတုန်လှုပ်နေသော အခါ၌) ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်တရားတို့ကို ပွားများရန် အခါ မဟုတ်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားများရန် အခါ ဖြစ်သည်။ ယင်းဗောဇ္ဈင်မြတ်တရားသုံးပါးတို့ကို ပွားများခြင်းဖြင့် တက်ကြွတုန်လှုပ် မြင့်မောက်နေသော စိတ်ဓာတ်ကို နှိပ်ကွပ်ပေးရမည်။
ဤဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို အာရုံယူ၍ ဗောဇ္ဈင်မြတ်တရား ခုနစ်ပါးတို့ကို ညီမျှအောင် ကျင့်ရမည် ဖြစ်ပေသည်။ အထူးသဖြင့် အထက်ပါ နိမိတ္တသုတ္တန်, အနုတ္တရသီတိဘာဝသုတ္တန်, အဂ္ဂိသုတ္တန်ဟူသော ဤသုတ္တန်သုံးမျိုးတို့၌ လာရှိသော ဘုရားရှင်၏ ညွှန်ကြားထားတော်မူချက်များအတိုင်း ဝီရိယနှင့် သမာဓိကို ညီမျှအောင် ကျင့်ရမည် ဖြစ်ပေသည်။
ဣရိယာပထနှင့် သမ္ပဇည ရှုကွက်
ယံ ကိဉ္စိ ကမ္မဋ္ဌာနံ သတဿ သမ္ပဇာနေဿဝ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၆)
ကမ္မဋ္ဌာန်းမှန်သမျှသည် သတိသမ္ပဇဉ်ဉာဏ်ယှဉ်မှသာလျှင် ပြည့်စုံနိုင်သည့် သဘောရှိ၏။ သို့အတွက် ဤသမထအပိုင်းတွင် ဣရိယာပထရှုကွက်များလည်း အထူးလိုအပ်လာပြီ ဖြစ်ပေသည်။ အာနာပါနဖြင့် သမာဓိကို ထူထောင်ခိုက်၌ကား ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံရေးအတွက် သွား-ရပ်-ထိုင်-လျောင်း-ဟူသော ဣရိယာပထပိုင်းနှင့် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာစသည့် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌ အာနာပါနကမ္မဋ္ဌာန်းကိုပင် မလွတ်တမ်း ရှုပွားနေပါ။ အဖြူရောင် ဩဒါတကသိုဏ်းစသည့် ထိုထို ကသိုဏ်းတို့ကို ပွားများအားထုတ်ခိုက်၌လည်း အလာတူပင် မိမိရှုပွားနေသည့် ကသိုဏ်းပညတ်အာရုံကိုပင် ထိုထို ဣရိယာပုထ်အခိုက် သမ္ပဇဉ်အခိုက်တို့၌ ရှုပွားနေပါ။ ရုပ်နာမ်ကို ပရမတ်သို့ဆိုက်အောင် ဟုတ်တိုင်မှန်စွာ ထိုထွင်းသိတတ် သည့် အသမ္မောဟသမ္ပဇဉ်ဉာဏ်နှင့် မပြည့်စုံသေးသည့်အတွက် = အသမ္မောဟသမ္ပဇဉ်ဉာဏ် မရရှိသေးသည့်အတွက် ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံအောင် ကြိုးပမ်းရခြင်း ဖြစ်ပေသည်။ မိမိပွားများနေသည့် သမထကမ္မဋ္ဌာန်းအာရုံ၌ မိမိ၏ ဘာဝနာစိတ်ကို ကျင်လည်ကျက်စားခွင့် ပေးထားခြင်းကို ဂေါစရသမ္ပဇဉ်ဟု ဆိုသည်။
အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် အောင်မြင်စွာ သမာဓိကို ထူထောင်နိုင်ပြီးသည့်အတွက် သို့မဟုတ် ကသိုဏ်းဆယ်ပါး သမာပတ်ရှစ်ပါးတို့ကို အောင်အောင်မြင်မြင် ပွားများထားပြီးသည့်အတွက် ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံပြီးဖြစ်ရာ ယခုအခါ၌ ယခုရှုပွားနေသည့် အပိုင်းကား ဓာတ်ကြီးလေးပါးကို နှလုံးသွင်း ရှုပွားနေသည့် ဓာတုမနသိကာရပဗ္ဗပိုင်းပင် ဖြစ်သည် = ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိ သဘာဝလက္ခဏာကို အာရုံယူ၍ ဥပစာရသမာဓိဆိုက်ရေးကို ရည်မြှော်ကာ သမာဓိကို ထူထောင်နေခိုက်သာ ဖြစ်ပေသည်။
သို့အတွက် ထိုင်ခိုက်၌ ဓာတ်သဘောတရား တစ်မျိုးမျှကိုသာ ရှုနိုင်သေးပါက သွား-ရပ်-ထိုင်-လျောင်း-ဟူသော ဣရိယာပထပိုင်းနှင့်, ရှေ့သို့တက်ရာ, နောက်သို့ဆုတ်ရာ, တည့်တည့်ကြည့်ရာ, ခေါင်းငဲ့ကြည်ရာ, ကွေးရာ, ဆန့်ရာ, ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ, စားရာ, သောက်ရာ, ခဲရာ, လျက်ရာ, ကျင်ကြီးစွန့်ရာ, ကျင်ငယ်စွန့်ရာစသည့် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ဓာတ်သဘောတရား တစ်မျိုးကိုပင် ရှုနေပါ။ ဓာတ်သဘောတရား နှစ်မျိုး သုံးမျိုးစသည်ကို ရှုနိုင်ရာ၌လည်း နည်းတူပင် ရှုပါ။
အကယ်၍ တဖြည်းဖြည်း တိုးတက်လာသဖြင့် ထိုင်ခိုက်၌ ဓာတ်လေးပါးလုံးကိုပင် ရှုနိုင်ပါက ဣရိယာပထပိုင်းဆိုင်ရာ သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ဓာတ်ကြီးလေးပါးကိုပင် ရှုနေပါ။ သို့မှသာလျှင် သတိသမ္ပဇဉ်တရားတို့ ပိုမို၍ အားကောင်းလာမည် ဖြစ်ပေသည်။ သတိသမ္ပဇဉ်တရားတို့ အားကောင်းမောင်းသန်လာသောအခါ ရှေးသတိနှင့် နောက်သတိတို့ ဆက်စပ်မှု မျာပြားလာသောအခါ သမ္ပဇဉ်ဉာဏ် (ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်း သိမြင်နေသောဉာဏ်)ကလည်း စွမ်းအင်ပြည့်ဝလာသောအခါ သမာဓိစွမ်းအင်သည် ပိုမို၍ စူးရှထက်မြက်လာမည် ဖြစ်သည်။ ရှေးရှေးသော ဘာဝနာစိတ်၏ အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုပေမှု အရှိန်အဝါသတ္တိကို ဆက်ခံရသော နောက်နောက်သော ဘာဝနာစိတ်သည် ထက်မြက်ရဲရင့်သန့်ရှင်းလာကာ စွမ်းအင်များ ပြည့်ဝလာမည် ဖြစ်သည်။
သဘာဝလက္ခဏာကို ဦးစားပေး၍ သမာဓိကို ဆက်လက်ထူထောင်ပါ
ရှေးပိုင်းတွင် တင်ပြခဲ့သည်အတိုင်း မိမိရရှိထားပြီးသည့် စတုတ္ထစျာန် သမာဓိတို့တွင် မိမိနှစ်ခြိုက်ရာ တစ်မျိုးမျိုးသော သမာဓိကို တရားထိုင်တိုင်း ပြန်လည်၍ ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုစတုတ္ထစျာန်မှ ထ၍ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို သိမ်းဆည်းပါ။ မာ-ယို-ပူ-ထောက်-ဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ဦးစားပေးကာ အာရုံယူ၍ သမာဓိကို ဆက်လက် ထူထောင်ပါ။ ယင်း သဘာဝလက္ခဏာ အသီးအသီးကိုပင် အာရုံယူ၍ -----ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် -----ဟု ကြိမ်ဖန်များစွာ ရှုနေပါ။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ဣန္ဒြေငါးပါး ညီမျှအောင်, ဗောဇ္ဈင်ခုနစ်ပါး ညီမျှအောင်, အထူးသဖြင့် ဝီရိယနှင့် သမာဓိကို ညီမျှအောင် လေ့ကျင့်ပါ။ ဤသို့ လေ့ကျင့်ခဲ့သော် ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာတတ်ပါသည်။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီခန့် ကပ်ငြိမ်နေပါစေ၊ နှစ်နာရီခန့် ကပ်ငြိမ်နေပါစေ-စသည်ဖြင့် အဓိဋ္ဌာန်ပြု၍ ထိုင်ပါ။ သမာဓိစွမ်းအင် အားကောင်းလာသောအခါ ခန္ဓာကိုယ်ကြီး ပျောက်ကွယ်၍ ဓာတ်ကြီးလေးပါး အစုအပုံ အတုံးအခဲကြီးကိုသာ ဉာဏ်ဖြင့် တွေ့ရှိနေမည် ဖြစ်ပေသည်။ ထိုအခါ၌ ယင်းဓာတ်ကြီးလေးပါးကိုပင် အာရုံယူကာ သမာဓိကို ခိုင်ခံ့အောင် ဆက်လက်ထူထောင်ပါ။
ဥပစာရစျာန်သမာဓိ
တေဿဝံ ဝါယမမာနဿ နစိရေနေဝ ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏတ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၃၄၇။)
ဧဝံ ပန ဝီရိယသမတံ ယောဇေတွာ တသ္မိံယေဝ လက္ခဏေ မနသိကာရံ ပဝတ္တေန္တဿ ယဒါ သဒ္ဓါဒီနံ ဣန္ဒြိယာနိ လဒ္ဓသမတာနိ သုဝိသဒါနိ ပဝတ္တန္တိ၊ တဒါ အသဒ္ဓိယာဒီနံ ဒူရီဘာဝေန သာတိသယံ ထာမပ္ပတ္တေဟိ သတ္တဟိ ဗလေဟိ လဒ္ဓူပတ္ထမ္ဘာနိ ဝိတက္ကာဒီနိ စျာနင်္ဂါနိ ပဋုတရာနိ ဟုတွာ ပါတုဘဝန္တိ၊ တေသံ ဥဇုဝိပစ္စနီကတာယ နီဝရဏာနိ ဝိက္ခမ္ဘိတာနိယေဝ ဟောန္တိ သဒ္ဓိံ တဒေကဋ္ဌေဟိ ပါပဓမ္မေဟိ။ ဧတ္တာဝတာ ဓာနေန ဥပစာရဇ္ဈာနံ သမဓိဂတံ ဟောတိ ဓာတုလက္ခဏာရမ္မဏံ။ တေန ဝုတ္တံ ပုနပ္ပုနံ ပထဝီဓာတု အာပေါဓာတု ။ပ။ ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတီတိ။ (မဟာဋီ၊၁၊၄၃၅။)
ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်သဘောတရားမှာ ဤသို့ ဖြစ်၏။ -----
ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ဟုတ်တိုင်းမှန်စွာသိအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယ, ယင်းဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယနှင့် ယင်းဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာကပ်၍ တည်နေမှုဟူသော သမာဓိသည် ရှိ၏။ ဤဝီရိယနှင့် သမာဓိနှစ်ပါးကို ညီမျှအောင် ယှဉ်စေဖြစ်စေ၍ ထိုဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ပင်လျှင် နှလုံးသွင်မှု မနသိကာရကို ကြိမ်ဖန်များစွာ ဖြစ်စေတတ်သော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် အကြင်အခါ၌ -----
၁။ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို အာရုံယူ၍ သမာဓိကို ထူထောင်နေသော ယင်းအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော သမာဓိသိက္ခာ = သမာဓိကျင့်စဉ်နှင့် ယင်းဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို ထိုးထွင်း သိနေသော ပညာသိက္ခာ = ပညာကျင့်စဉ်ဖြစ်သော ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်မှု သဒ္ဓါတရားတည်းဟူသော သဒ္ဓိန္ဒြေ၊
၂။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို သိအောင် ကြိုးစားအားထုတ်မှု, အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု ဝီရိယတည်းဟူသော ဝီရိယိန္ဒြေ,
၃။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံကိုသာ ထပ်ကာ ထပ်ကာ သိမ်းဆည်းခြင်း အမှတ်ရခြင်း သတိတရား တည်းဟူသော သတိန္ဒြေ,
၄။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌ စိတ်တည်ငြိမ်နေမှု သမာဓိတရားတည်းဟူသော သမာဓိန္ဒြေ,
၅။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ခွဲခြားစိတ် ဖြာ၍ ထွင်းဖောက်သိမြင်ခြင်း ပညာတရားတည်းဟူသော ပညိန္ဒြေ,
ဤဣန္ဒြေငါးပါးတို့သည် တစ်ပါးက တစ်ပါးကို မလွန်ဘဲ ရအပ်သော ညီမျှမှု ရှိကုန်၏၊ ကောင်းစွာ သန့်ရှင်းကုန်၏။ ထိုအခါ၌ မယုံကြည်ခြင်း, ပျင်းရိခြင်း, သတိမေ့လျော့ခြင်း, စိတ်ပျံ့လွင့်ခြင်း, ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းမသိခြင်း, တွေဝေခြင်းစသော ဆန့်ကျင်ဘက်တရားတို့၏ ဝေးကွာသည်၏ အဖြစ်ကြောင့် အလွန်အကဲ အားကောင်းခြင်းသို့ ရောက်ရှိလာကုန်သော အားအစွမ်းနှင့် ပြည့်စုံကုန်သော-----
၁။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အောက်မေ့ အမှတ်ရနေသော အဖန်ဖန်အထပ်ထပ် သိမ်းဆည်းနေခြင်း သတိသမ္ဗောဇ္ဈင်း,
၂။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို စူးစမ်းဆင်ခြင် ရှုပွားသုံးသပ်နေသော ထိုးထိုးထွင်းထွင်း သိနေခြင်း ဓမ္မဝိစယသမ္ဗောဇ္ဈင်,
၃။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်နှင့် တကွသော သမ္ပယုတ်တရားစုတို့ ဖြစ်ပေါ်လာအောင် အထူးသဖြင့် စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သမာဓိ ဖြစ်အောင် ကြိုးစားအားထုတ်နေခြင်း ဝီရိယသမ္ဗောဇ္ဈင်,
၄။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ကြည်ရွှင်ဝမ်းမြောက်ခြင်း ပီတိသမ္ဗောဇ္ဈင်,
၅။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ် စေတသိက်တို့၏ ငြိမ်းအေးနေခြင်း ပဿဒ္ဓိသမ္ဗောဇ္ဈင်,
၆။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခြင်း သမာဓိသမ္ဗောဇ္ဈင်,
၇။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို တက်ကြွခြင်း တွန့်ဆုတ်ခြင်းဘက်သို့ မရောက်အောင် အညီအမျှ ထားခြင်း ဥပေက္ခာသမ္ဗောဇ္ဈင် -----
ဤဗောဇ္ဈင်ခုနစ်ပါး စွမ်းအားကြီးခုနစ်ရပ်တို့သည် အားပေးထောက်ပံ့အပ်ကုန်သည်ဖြစ်၍ ထိုစွမ်းအားကြီးခုနစ်ရပ် ခွန်အားကြီး ခုနစ်မျိုးတို့၏ အားပေးထောက်ပံ့မှုကို ရရှိကုန်သည်ဖြစ်၍ -----
၁။ ဝိတက် = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်းသဘော,
၂။ ဝိစာရ = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို ထပ် ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော,
၃။ ပီတိ = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို နှစ် သက်ခြင်းသဘော,
၄။ သုခ = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၏ အရ သာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော,
၅။ ဧကဂ္ဂတာ = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ တစ်ခု တည်းပေါ်သို့ စိတ် ကျရောက် တည်ငြိမ်နေခြင်းသဘော ဟူသော -----
ဤစျာန်အင်္ဂါငါးပါးတို့သည် အထူး ထက်မြက်ကုန်သည်ဖြစ်၍ ထင်ရှားလာကုန်၏။
၁။ ကာမဂုဏ်တို့၌ လိုလားတောင့်တမှု ကာမရာဂတည်းဟူသော ကာမစ္ဆန္ဒနီဝရဏ,
၂။ သတ္တဝါသင်္ခါရတို့ အပေါ်၌ ဖျက်ဆီးလိုသော ပျက်စီးစေလိုသော စိတ် ခက်ထန်ကြမ်းတမ်းမှု ဒေါသတည်းဟူသော ဗျာပါဒနီဝရဏ,
၃။ စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှုတည်းဟူသော ထိနမိဒ္ဓနီဝရဏ,
၄။ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ, (ခ) ပြုပြီးအကုသိုလ်တရား ဒုစရိုက်တရား, မပြုလိုက်မိသော မကျင့်လိုက်မိသော ကုသိုလ်တရား သုစရိုက်တရားတို့၌ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စတရား, အထူးသဖြင့် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်၌ အောင်မြင်မှု အပြည့်အဝ မရရှိသဖြင့် ပူပန်မှု ကုက္ကုစ္စတရား တည်းဟူသော ----- ဥဒ္ဓစ္စ+ကုက္ကုစ္စနီဝရဏ,
၅။ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ ထူထောင်ထားအပ်သော သဒိသူပစာရအားဖြင့် ဥပစာရသမာဓိအမည်ရသော သမာဓိသိက္ခာ = သမာဓိကျင့်စဉ်နှင့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ထွင်းဖောက် သိမြင်သော ပညာသိက္ခာ = ပညာကျင့်စဉ်တို့၌ သို့လော သို့လော တွေးတောယုံမှာခြင်း ဝိစိကိစ္ဆာနီဝရဏတည်းဟူသော -----
ဘာဝနာစိတ်အစဉ်ကို ဘာဝနာလမ်းကြောင်းပေါ်သို့ မရောက်အောင် တားမြစ်ပိတ်ပင်တတ်ကုန်သော ဤနီဝရဏတရားငါးပါးတို့ကိုကား ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါငါးပါးတို့နှင့် တိုက်ရိုက် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် စျာန်အင်္ဂါများသည် အလွန်ထက်မြက်စူးရှ ထင်ရှားလာသောအခါ နီဝရဏတရားတို့သည် ခွါအပ်သည်သာလျှင် ဖြစ်ကုန်၏၊ ကွာကျသွားကြကုန်၏။ နီဝရဏတရားတို့သာမက ထိုနီဝရဏတရားတို့နှင့် တူသော တည်ရာ ရှိကြကုန်သော ပြိုင်တူ ယှဉ်တွဲဖြစ်ဖက် အကုသိုလ်တရားတို့ကိုလည်း ခွါထားအပ်သည်သာ ဖြစ်ကုန်၏။ ဤမျှသော အတိုင်းအရှည်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာလျှင် အာရုံရှိသော ဥပစာရစျာန်ကို ကောင်းစွာရအပ်သည် ဖြစ်ပေသည်။ ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၃၄၇။)၌ ဤသို့ ဖွင့်ဆိုထားပေသည် -----ကာလအရာ ကာအထောင် ကာလအသိန်းတိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူ၍ ဓာတ်သဘောမျှအားဖြင့် သတ္တဝါမဟုတ်သောအားဖြင့် ဇီဝအတ္တမဟုတ်သောအားဖြင့် -----
၁။ ဆင်ခြင်အပ်၏ = ကောင်းစွာ အဖန်ဖန်တလဲလဲ နှလုံးသို့ ဆောင်အပ်၏။
၂။ နှလုံးသွင်းအပ်၏ = အဖန်တလဲလဲ ပွားစေသောအားဖြင့် ဓာတ်၏ သဘာဝလက္ခဏာကို နှလုံး၌ ထားအပ်၏။
၃။ အသီးအသီး တစ်လုံးစီ တစ်လုံးစီကို စူးစူးစိုက်စိုက် ရှုအပ်၏ = ဓာတ်၏ သဘာဝလက္ခဏာကိုပင် ဘာဝနာဖြင့်ပြီးသော ဉာဏ်စက္ခုဖြင့် အဆင့်ဆင့် ထပ်ကာထပ်ကာ ဆင်ခြင်သောအားဖြင့် ရှုအပ်၏။
ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် အားထုတ်သော ဘာဝနာမှု၌ ကောင်းစွာ ယှဉ်စပ်တတ်သော ထိုယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ မကြာမြင့်မီ အချိန်ကာလ အတွင်းမှာပင်လျှင် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အထူးအပြားကို ကွဲကွဲပြားပြား ထင်စေတတ် လင်းစေတတ်သော ပညာ, ဆီမီးကဲ့သို့ ထွန်းလင်းပြခြင်းကိစ္စရှိသောပညာဖြင့် ထက်ဝန်းကျင်မှ သိမ်းဆည်းထားအပ်သော နက်နဲသော ပရမတ္ထဓမ္မ သဘာဝသတ္တိ သဘာဝဓမ္မလျှင် အာရုံရှိသည်၏ အဖြစ်ကြောင့် အပ္ပနာခေါ် မဟဂ္ဂုတ်စျာန်သို့ မရောက်သော (= အပ္ပနာသမာဓိ) အဆင့်သို့ မရောက်သော ဥပစာရမျှသာဖြစ်သော သိခါပတ္တ = အထွတ်အထိပ်သို့ ရောက်သော ကာမာဝစရသမာဓိသည် ဖြစ်ပေါ်လာ၏။ ----- ဟု ဤသို့ ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။ ဤကား အထက်ပါ အဋ္ဌကထာဋီကာစကားရပ်တို့၏ ဆိုလိုရင်းဖြစ်ပါသည်။ (ဝိသုဒ္ဓိ၊၁၊၃၄၇။ မဟာဋီ၊၁၊၄၃၅။)
ထပ်မံ ရှင်းလင်းတင်ပြချက်
အထက်ပါ စကားရပ်ဖြင့်ပင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ ဥပစာရသမာဓိသို့ ဆိုက်ရောက်သွားပုံကို သဘောပေါက်နိုင်သော ယောဂါဝစရပုဂ္ဂိုလ်မြတ်များလည်း ရှိကြမည် ဖြစ်ပါသည်။ သဘောမပေါက်နိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်မြတ်များလည်း ရှိကောင်းရှိကြမည် ဖြစ်ပါသည်။ သဘောမပေါက်နိုင်သေးသူတို့အတွက် အနည်းငယ် ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။
အထက်ပါအတိုင်း ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကြိမ်ဖန်များစွာ ရှုနေသောအခါ သဒ္ဓါနှင့် ပညာ, ဝီရိယနှင့် သမာဓိကို ညီမျှအောင် သတိဖြင့် ထိန်းလျက် ရှုပွားရမည် ဖြစ်ပေသည်။
အထူးသဖြင့် ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်ချက် သဒ္ဓါတရားက အားမကောင်းဘဲ သာဝကတို့သည် ရုပ်ကလာပ်တို့ကို ရှုလို့ရနိုင်ပါ့မလား? ရုပ်ပရမတ်တရားတို့ကို ရှုလို့ ရနိုင်ပါ့မလား? ဤသို့ စသည်ဖြင့် သို့လော သို့လော တွေးတောလျက် စမ်းတဝါးဝါး ဖြစ်နေလျှင်လည်းကောင်း, သမာဓိကို တကယ်တမ်း ထူထောင်ရမည့် အချိန်ဝယ် ဝေဖန်ရေးသမား လုပ်နေလျှင်လည်းကောင်း သဒ္ဓါနှင့် ပညာတို့မှာ အားပျော့နေမည်သာ ဖြစ်၏။ ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်ချက် သဒ္ဓါတရား ခိုင်ခံ့ဖို့ အားကောင်းဖို့ စွမ်းအင်ပြည့်ဝစုံညီဖို့လည်း အလွန်လိုအပ်သည်သာ ဖြစ်၏။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို လင်းလင်းထင်ထင် ထိုးထိုးထွင်းထွင်း သိမြင်တတ်သည့် ပညာခွန်အားလည်း အလွန်အားကောင်းဖို့ ပညာစွမ်းအင် စုံညီပြည့်ဝဖို့လည်း အလွန်လိုအပ်သည်သာ ဖြစ်ပါသည်။ သဒ္ဓါလွန်၍ ပညာအားပျော့နေလျှင်သော်လည်းကောင်း, ပညာလွန်၍ သဒ္ဓါအားပျော့နေလျှင်သော်လည်းကောင်း ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်ဖို့အရေးမှာ အလွန် အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။
တစ်ဖန် ဝီရိယနှင့် သမာဓိလည်း ညီမျှဖို့ လိုအပ်သည်သာ ဖြစ်ပေသည်။ ဓာတ်ကြီးလေးပါတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိအောင်, ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးအာရုံပေါ်၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သမာဓိဖြစ်အောင် ကြိုးစားအားထုတ်မှု ကာယိကဝီရိယ စေတသိကဝီရိယ နှစ်မျိုးလည်း လိုအပ်သည်သာ ဖြစ်၏။ ဝီရိယလျော့လွန်းက ပျင်းရိမှု ကောသဇ္ဇဘက်သို့ ယိုင်လဲသွားတတ်၍ ဘာဝနာလုပ်ငန်းရပ်မှ စိတ်ဓာတ်သည် တွန့်ဆုတ်သွားမည် ဖြစ်၏။ ဝီရိယလွန်ပြန်ကလည်း စိတ်ပျံ့လွင့်တတ်၍ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာတည်းဟူသော ဘာဝနာအာရုံမှ ပြင်ပအာရုံသို့ စိတ်ရောက်နေသဖြင့် စိတ်တည်ငြိမ်မှု သမာဓိကို မရနိုင် ဖြစ်တတ်၏။
တစ်ခါတစ်ရံ လွန်ကဲနေသော ဝီရိယကို လျော့ချကာ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌ ဘာဝနာစိတ်ကို ခပ်လျော့လျော့ထား၍ စိုက်ထားပါက စိတ်သည် တည်ငြိမ်နေတတ်၏။ ထိုသို့ တည်ငြိမ်နေသော အခါ၌ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိလျက် ငြိမ်နေပါက ကောင်းမြတ်သည်သာ ဖြစ်၏။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား ကွဲွကွဲပြားပြား မသိဘဲ သိသလိုလို မသိသလိုလိုဖြင့် ငြိမ်နေပါက ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်များ လွန်ကဲနေပြီ ဖြစ်၏။ ထိုသို့ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာသမ္ဗောဇ္ဈင်တရားများက လွန်ကဲလာသော် ဓမ္မဝိစယ-ဝီရိယ-ပီတိသမ္ဗောဇ္ဈင် တရားများကို ပွားများရမည် ဖြစ်၏။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အမှတ်ရနေမှု = သတိသမ္ဗောဇ္ဈင်၏ အကူအညီဖြင့် ယင်းအာရုံကို သိအောင် ကြိုးစားအားထုတ်မှု = ဝီရိယသမ္ဗောဇ္ဈင်၏ အားပေးထောက်ပံ့မှုဖြင့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို လင်းလင်းထင်ထင် သိမှု= ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏။ ဘာဝနာလုပ်ငန်းရပ်၌ နှစ်သက်ဝမ်းမြောက်မှု = ပီတိသမ္ဗောဇ္ဈင်ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏၊ အထက်တွင် ဖော်ပြခဲ့သော အဓိစိတ္တသုတ္တန်, အနုတ္တရသိတိဘာဝသုတ္တန်, ဗောဇ္ဈင်္ဂသုတ္တန်တို့ကား ဤအချိန်အခါမျိုးတွင် အသုံးချရတော့မည် ဖြစ်သည်။ ထိုအပိုင်းကို ပြန်လည် ဖတ်ရှုပါ။ ဣန္ဒြေငါးပါး ညီမျှအောင်, ဗောဇ္ဈင်ခုနှစ်ပါး ညီမျှအောင် ကြိုးစားပါ။
တစ်ခါတစ်ရံ ဝီရိယလွန်ကဲခြင်းစသော အကြောင်းတရားတို့ကြောင့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌ ဘာဝနာစိတ်သည် ကောင်းစွာမတည်ဘဲ ပျံ့လွင့်နေသည်ဖြစ်အံ့၊ ထိုအခါမျိုး၌ ဓမ္မဝိစယ- ဝီရိယ- ပီတိ- သမ္ဗောဇ္ဈင်တရားများကို မပွားများသေးဘဲ ပဿဒ္ဓိ- သမာဓိ- ဥပက္ခာသမ္ဗောဇ္ဈင်တရားများကို ဖြစ်ပေါ်လာအောင် အားကောင်းလားအောင် ပွားများပေးရ၏။
တစ်ခါတစ်ရံ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်းလျက် လင်းလင်းထင်ထင် သိမြင်တတ်သော ပညာလုံ့လပယောဂ၏ အားနည်းမှုကြောင့်ဖြစ်စေ, စိတ်ငြိမ်းအေးမှု = ဥပသမသုခကို မရရှိခြင်းကြောင့်ဖြစ်စေ ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ စိတ်သည် သာယာမှု ကင်းနေ၏၊ ထိုအခါမျိုး၌ သံဝေဂဝတ္ထုတို့ကို ဆင်ခြင်ခြင်းဖြင့် စိတ်ကို ထိတ်လန့်စေအပ်၏၊ ရတနာသုံးပါးတို့၏ဂုဏ်ကို ပွားများခြင်းဖြင့် စိတ်ကို ကြည်လင်စေအပ်၏။ ဤအခါမျိုးတွင် အထူးသဖြင့် မရဏာနုဿတိကမ္မဋ္ဌာန်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းများကို စီးဖြန်းရမည် ဖြစ်ပါသည်။ သို့အတွက် မေတ္တာ, ဗုဒ္ဓါနုဿတိ, မရဏာနုဿတိ, အသုဘဟူသော အစောင့်လေးပါးဟု ခေါ်ဆိုအပ်သော စတုရာရက္ခကမ္မဋ္ဌာန်းများကို ယောဂါဝစစရပုဂ္ဂိုလ်သည် ကြိုတင်၍ အောင်မြင်စွာ ပွားများထားပြီး ဖြစ်သင့်ပေသည်။ အရေးကြုံက သက်လုံကောင်းရမည် ဖြစ်ပေသည်။
အကြင်အခါ၌ကား ဤသို့ ဆိုအပ်ခဲ့ပြီးသည်အတိုင်း ဣန္ဒြေငါးပါး ဗောဇ္ဈင်ခုနှစ်ပါးတို့ကို ညီမျှအောင် ကျင့်နိုင်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဘာဝနာစိတ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံမှ တွန့်ဆုတ်မှုလည်း မရှိ၊ ပျံ့လွင့်မှုလည်း မရှိ၊ ပွားများအားထုတ်၍ ကောင်းသဖြင့် စိတ်ငြိမ်းအေးမှု ဥပသမသုခကို ရရှိခြင်းကြောင့် ဘာဝနာလုပ်ငန်းခွင်၌ သာယာမှုရှိနေ၏၊ ဘာဝနာစိတ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံ၌ အညီအမျှ ဖြစ်နေ၏၊ စိတ်တည်ငြိမ်မှု ငြိမ်းအေးမှု သမထလမ်းကြောင်းပေါ်သို့ ကျရောက်နေ၏၊ ထိုအခါမျိုး၌ကား ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ ငြိမ်ဝပ်အောင် စိုက်ရှု၍ ဓာတ်ကြီးလေးပါး အာရုံနှင့် ပတ်သက်၍ ကြောင့်ကြမှု တောင့်တမှု မပြုတော့ဘဲ အညီအမျှ လျစ်လျူသဘောအားဖြင့် ရှုနေပါ။ ရှေးအာနာပါနဿတိသမာဓိပိုင်းတွင် အကျယ်ဖော်ပြထားခဲ့သော ဣန္ဒြေနှင့် ဗောဇ္ဈင်တရားများကို ညီမျှအောင် ကျင့်ပုံနည်းစနစ်များကို နည်းမှီ၍ ဣန္ဒြေငါးပါးနှင့် ဗောဇ္ဈင်ခုနှစ်ပါးတို့ကို ညီမျှအောင် ကျင့်ပါလေ။
ဘဝင်ကျနေတတ်ပါသည်
ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်စ ယခုကဲ့သို့သော အချိန်မျိုးတွင်လည်း သတိဝီရိယစသည့် ဗောဇ္ဈင်တရားများ၏ လျော့လျော့ရဲရဲ ရှိမှုကြောင့် တစ်ခါတစ်ရံ အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ၏ သန္တာန်များဝယ် ဘဝင်ကျနေတတ်ပါသည်။ ထိုအခါမျိုးတွင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို မရှုမိတော့ဘဲ ကျော်လွန်သွားတတ်၏။ ယောဂါဝစရပုဂ္ဂိုလ် အများစုကတော့ ဘာမျှ မသိဘဲ ငြိမ်နေသည်ဟုလည်းကောင်း, ဘာမျှမသိဘဲ လစ်လစ်နေသည်ဟုလည်းကောင်း ပြောဆိုတတ်ကြ၏။ ထိုဘဝင်စိတ်သည် မိမိရှုပွားနေသည့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံမပြုဘဲ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော ယူခဲ့သော အာရုံကိုပင် ဆက်လက်အာရုံယူတတ်သော အာရုံယူနေသော စိတ်ဖြစ်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ဘာမျှမသိဘဲ ငြိမ်နေသည်ဟုလည်းကောင်း, ဘာမျှမသိဘဲ လစ်လစ်နေသည်ဟုလည်းကောင်း ထင်မြင်ခြင်း ဖြစ်၏။ ဤအချိန်မျိုး၌ကား ဘဝင်စိတ်က အတိတ် မရဏာသန္နဇော၏ အာရုံကို အာရုံပြုနေသည် သိနေသည်ဟူသော အချက်ကို ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် သိဖို့ရန်မှာ အခက်ခဲများစွာ ရှိနေသေးသော အချိန်ပင် ဖြစ်ပါသည်။ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိပါမှ အတိအကျ သဘောပေါက်နိုင်မည် ဖြစ်သည်။
ဤကဲ့သို့ ဘဝင်အကျများနေပါက သတိသမ္ဗောဇ္ဈင်၏ အကူအညီဖြင့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဓမ္မဝိစယ-ဝီရိယ-ပီတိသမ္ဗောဇ္ဈင်တရာများ ထင်ထင်ရှားရှား ဖြစ်ပေါ်လာအောင် ရှေ့ဦးစွာ ကြိုးပမ်းပါ။ ထိုနောင် ဣန္ဒြေနှင့် ဗောဇ္ဈင်များကို ညီမျှအောင် ဆက်လက် ကြိုးစားပါ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်အောင် ကပ်ထားပါ။ ဘာဝနာစိတ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌သာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် ထို သမာဓိကို သာ ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ပါ။
ရှေ့ပြေးအမှတ်အသားများ
ဘာဝနာစိတ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌သာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခဲ့သော်, သမာဓိကလည်း ခိုင်ခံ့လာသော်, ထိုဓာတ်လေးပါးအာရုံ၌ တစ်နာရီ နှစ်နာရီစသည်ဖြင့် ဘာဝနာစိတ်ကလည်း ငြိမ်ဝပ်စွာ ကပ်၍ တည်နေခဲ့သော် ---- ထိုအခါ၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ---- ဟုပင် စိတ်ဖြင့် မရွတ်ဆိုတော့ဘဲ ထိုသဘာဝလက္ခဏာ အသီးအသီးအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။ ဘာဝနာစိတ်က ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကိုသာလျှင် အာရုံပြုကာ စိုက်ကြည့်နေပါ, ရှုနေပါ, ဉာဏ်မျက်စိဖြင့် စေ့စေ့ငုငု ကြည့်ရှုနေပါ။ ဓာတ်ကြီးလေးပါးလုံးသည် ဉာဏ်တွင် ပြိုင်တူတူလိုလို ထင်နေပါက ပို၍ပို၍ ကောင်းသည်သာ ဖြစ်၏။ ဓာတ်သဘောတရား အားလုံကိုပင် ခြုံ၍ ယင်း သဘောတရားတို့ အပေါ်၌သာ ဘာဝနာစိတ်ကို ကပ်ထားပါ။ ကျွမ်းကျင်၍ ကျင့်သားရသွားခဲ့သော် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံနှင့် (= သဘောတရားနှင့်) ဘာဝနာစိတ်သည် တစ်သားတည်းကဲ့သို့ ဖြစ်ကား ငြိကပ်နေပေလိမ့်မည်။ ငြိကပ်မှုစွမ်းအင်း အားကောင်းသည်နှင့်အမျှ သမာဓိသည်လည်း အားကောင်းလာမည် ဖြစ်၏။ သမာဓိ အားကောင်းလာသည်နှင့်အမျှ အရောင်အလင်းများသည်လည်း ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်ပေါ်လာမည် ဖြစ်၏။ အချို့ သူတော်ကောင်းများ၌ ယခုကဲ့သို့ သမာဓိ အားကောင်းလာသောအခါ ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း ကြီးထွားလာသည်ဟု ထင်လာ တတ်၏။ ဓာတ်တို့၏ သဘာဝလက္ခဏာများ ထင်ရှားလာကြသည့် အမှတ်အသားပင် ဖြစ်သည်။ ထိုအချိန်အခါမျိုးတွင် ဗဟိဒ္ဓသို့ စိတ်ကို တစ်စတစ်စ စေလွှတ်၍ (= ဗဟိဒ္ဓလောက၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို တစ်စတစ်စ တိုးချဲ့၍ အာရုံယူကာ) ယင်းဓာတ်ကြီးလေးပါးကို ဆက်လက် ရှုပါက ရရှိနိုင်သောသဘော ရှိသည်သာ ဖြစ်၏။ ထိုကြောင့် မဟာဋီကာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။ ----
အကယ်၍ ဗဟိဒ္ဓလောက၌လည်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို နှလုံးသွင်းခြင်း ဘာဝနာမနသိကာရကို ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင်သည် ဖြစ်အံ့၊ ထိုသို့ ဉာဏ်ဖြင့် ရှေးရှူ ကပ်ဆောင်သည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် လှည့်လည်ကျက်စား သွားလာနေထိုင်ကြကုန်သော လူ တိရစ္ဆာန် စသည်တို့သည် သတ္တဝါဟူသော အခြင်းအရာကို စွန့်၍ ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု အစွမ်းဖြင့်သာလျှင် ထင်လာကုန်၏။ ထို လူတိရစ္ဆာန်စသည်တို့သည် ပြုလုပ်အပ်သော အပြုအမူမှန်သမျှသည် ဓာတ်ကြီးလေးပါးဖြင့်ပြီးသော ယန္တရားဖြင့် ဖြစ်စေအပ်သည်ဖြစ်၍ ထင်လာ၏။ စားမျိုအပ်သော အဖျော်ယမကာနှင့် ဘောဇဉ်စသည်သည် ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု၌ ထည့်သွင်းအပ်သော ဓာတ်ကြီးလေးပါးတို့၏ အပေါင်အစုကဲ့သို့ ထင်လာ၏။ (မဟာဋီ၊၁၊၄၃၅။)
သို့သော် ဤအပိုင်းတွင် အဇ္ဈတ္တ၌ ဓာတ်ကြီးလေးပါးကို ရှုပွားမှု လိုရင်းကိစ္စ မပြီးသေးသဖြင့် ဗဟိဒ္ဓသို့ မရှုသေးဘဲ အဇ္ဈတ္တ၌သာ ဓာတ်ကြီးလေးပါးကိုပင် ဆက်လက်၍ ရှုပွားလိုကလည်း ရှုပွားနိုင်သည်သာ ဖြစ်သည်။ အဇ္ဈတ္တ၌ ရုပ်နာမ်တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် သိမ်းဆည်းပြီးသောအခါမှ ဗဟိဒ္ဓသို့ ပြောင်းရှုလိုကလည်း ရှုနိုင်သည်သာ ဖြစ်သည်။
အချို့သော ယောဂါဝစရပုဂ္ဂိုလ်များကား ထိုသို့ ဓာတ်များ ထင်ရှားလာသောအခါ ကြောက်လန့်လာတတ်၏။ ကြောက်လန့်ဖွယ် မလိုပါ။ တစ်ခုခု ဖြစ်လေမလားဟူသော ပူပန်မှု စိုးရိမ်မှုလည်း မဖြစ်သင့်ပေ။ ထိုအခါမျိုး၌ လွန်ကဲနေသော ဓာတ်ကို ညီမျှအောင် ပြုပြင်ပေးရမည် ဖြစ်သည်။ ဓာတ်သဘောတရား (၁၂)မျိုးလုံးကိုပင် ထိုအခါဝယ် ပြန်ရှုခြင်းက ပိုကောင်းပေသည်။
မာ-မှုသဘော လွန်ကဲနေပါက ပျော့-မှုသဘောကို, ပျော့-မှုသဘော လွန်ကဲနေပါက မာ-မှုသဘောကို ဦးစားပေးကာ ရှုခြင်းဖြင့် ဓာတ်သဘော တရားများကို ညီမျှအောင် ပြုပြင်ပေးပါ။ အလားတူပင် ကြမ်း-ချော, လေး-ပေါ့, ယိုစီး-ဖွဲ့စည်း, ပူ-အေး, ထောက်-တွန်းတို့၌လည်း နည်းတူ သဘောပေါက်ပါ။ ဓာတ်သဘောတရား တစ်ခုခု လွန်ကဲလာပါက ထိတ်လန့်မှုစသည် ဖြစ်လာတတ်သဖြင့် သမာဓိလည်း ပျက်ပြားလာတတ်ပေသည်။ သမာဓိက အားကောင်းလာသောအခါ ဓာတ်သဘောတရားများလည်း ညီမျှနေပါက သမာဓိက စူးရှထက်မြက် တည်တံ့လာတတ်ပေသည်။
သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်၌ကား ခန္ဓာကိုယ်ကို မတွေ့တော့ဘဲ ဓာတ်ကြီးလေးပါးတို့၏ အစုအပုံအဖြစ်ဖြင့်သာ ထင်လာရာက တဖြည်းဖြည်း ဓာတ်များမှာ လုံးကျစ်လျက် လာတတ်၏။ ဓာတ်ကြီးလေးပါးတို့၏ အတုံးအခဲမှာ သေးငယ်လာတတ်၏။ တစ်ကိုယ်လုံးကို ခြုံ၍ ဓာတ်ကို စိုက်မရှုဘဲ တစ်နေရာရာကို အထူးသဖြင့် ခန္ဓာကိုယ်၏ အတွင်းပိုင်းလောက်ကိုသာ ဦးစားပေး၍ ဓာတ်ကို စိုက်ရှုနေမိသော ယောဂါဝစရပုဂ္ဂိုလ်တို့၌ ဖြစ်လာတတ်သော သဘာဝတစ်မျိုးဖြစ်၏။ ထိုအချိန်အခါမျိုးတွင် ဓာတ်အတုံးအခဲ ကြီးမှု-သေးမှုကို အာရုံမယူဘဲ ဓာတ်အစုအပုံကိုသာ ဆက်လက်၍ အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ရမည် ဖြစ်ပေသည်။
ဤအပိုင်းတွင် ဓာတ်ကြီးလေးပါးကို အာရုံယူ၍ ထူထောင်လာသော သမာဓိမှာ အတော်အသင့် အားကောင်းလာပြီ ဖြစ်သဖြင့် စိတ်ကို စေလွှတ်မိသည့်ဘက်တွင် ဓာတ်များလည်း ထင်ရှားနေတတ်၏။ ယောဂါဝစရပုဂ္ဂိုလ်က စိတ်ကို ထိုထို ဤဤ ဘက်သို့ မစေလွှတ်မိအောင် ကြိုးစားဖို့ လိုပေသည်။ ထိုသို့ စိတ်ကို ခန္ဓာကိုယ်၏ ပြင်ပသို့တိုင်အောင် စေလွှတ်နေမိပါက စူးစမ်းဆင်ခြင်မှုတွေ များနေပါက ဓမ္မဝိစယသမ္ဗောဇ္ဈင်က လွန်ကဲလာသဖြင့် သမာဓိသမ္ဗောဇ္ဈင်စသည့် ဗောဇ္ဈင်တရားများလည်း အားနည်းလာတတ်ပေသည်။ ဤအချိန်ကား ရုပ်ကလာပ်များကို ဉာဏ်ဖြင့် မတွေ့မမြင်ခင် အပိုင်းဖြစ်၍ ရုပ်ဃန အသီးအသီးကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်သေးသည့်အတွက် ပရမတ်နယ်သို့ ခြေစုံပစ်၍ ဝင်ရောက်မသွားသေးသော အချိန် ဖြစ်၏။ ပညတ်နယ်ကို လုံးဝ မကျော်လွှားနိုင်သေးသဖြင့် စိတ်ကို နေရာအနှံ့အပြား စေလွှတ်နေပါက ပညတ်နှင့် ရောနှောနေသော အာရုံနိမိတ်များကိုလည်း ယောဂီပုဂ္ဂိုလ်က တွေ့မြင်နေတတ်ပေသည်။ ထိုအခါ ထိုအာရုံနိမိတ်များ နောက်သို့ စိတ်က လိုက်ကြည့်နေတတ်သဖြင့် ဓာတ်သဘောတရားများကိုလည်း မရှုမိတော့သည့်အတွက် သမာဓိမှာ ပျက်ပြားသွားတတ်ပေသည်။ သို့အတွက် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကိုသာ မလွှတ်တမ်း အာရုံယူလျက် သမာဓိကိုသာ ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ရမည့် အချိန်အခါသာ ဖြစ်သည်ဟု ယောဂီဘက်က သဘောပေါက် နားလည်ဖို့ အထူးလိုအပ်ပေသည်။
ဓာတ်အတုံးအခဲ ကြီးမား ကျယ်ပြန့်လာသည်ဟု အသိဉာဏ်၌ ထင်လာသူနှင့် ဓာတ်အတုံးအခဲ သေးကွေးသွားသည်ဟု အသိဉာဏ်၌ ထင်လာသူ ယောဂီနှစ်ဦးတို့တွင် သေးသေး ကွေးကွေး အတုံးအခဲအဖြစ် ထင်လာသူ ယောဂီပုဂ္ဂိုလ်က သမာဓိ ပို၍ စူးရှသည်ကို ရံခါ တွေ့ရတတ်၏။ ကြီးမားကျယ်ပြန့်သည့် ဓာတ်အတုံးအခဲအဖြစ် ထင်သူအချို့လည်း သမာဓိ စူးရှတတ်ပါသည်။ ဓာတ်အတုံးအခဲကြီးမှု သေးမှုကို အာရုံမပြုဘဲ ဓာတ်အစုအပုံကိုသာ အာရုံပြု၍ သမာဓိကိုသာ ဆက်လက်ထူထောင်နေပါ။
အဖြူနှင့် အကြည်ပြင်
စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏ ပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နာတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)
ဤခန္ဓာကိုယ်ဝယ်---
၁။ စက္ခုပသာဒ = မျက်စိအကြည်
၂။ သောတပသာဒ = နားအကြည်
၃။ ဃာနပသာဒ = နှာခေါင်းအကြည်
၄။ ဇိဝှါပသာဒ = လျှာအကြည်
၅။ ကာယပသာဒ = ကိုယ်အကြည် ----
ဤသို့လျှင် အကြည်ရုပ် = ပသာဒရုပ် (၅)မျိုး ရှိပေသည်။ ထိုငါးမျိုးသော ရုပ်သည် ရူပါရုံစသည့် ဆိုင်ရာဆိုင်ရာ အာရုံကို ရယူတတ်သော စက္ခုဝိညာဏ်စသည့် ဆိုင်ရာနာမ်တရားစုတို့၏ မှီရာ အကြောင်းတရားအဖြစ် ဖြစ်ပေါ်နေသော ရုပ်တရားများ ဖြစ်ကြ၏။ ယင်းငါးမျိုးသော ရုပ်သည် ကြေးမုံ မှန်အပြင်ကဲ့သို့ ကြည်လင်နေသောကြောင့် ပသာဒရုပ်ဟူသော အမည်ကို ရရှိပေသည်။
ရူပါဘိဃာတာရဟ ဘူတပသာဒလက္ခဏံ ။ ပ ။ စက္ခု။ (ဝိသုဒ္ဓိ၊၂၊၇၄။)
ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ဘူတရုပ် = ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေတတ်သော သဘောလက္ခဏာရှိသော ရုပ်သည် စက္ခုပသာဒမည်၏။ (ဝိသုဒ္ဓိ၊၂၊၇၄။)
သို့အတွက် ပသာဒရုပ်ဟူသည်-အဆင်း-အသံ-အနံ-အရသာ-အတွေ့အထိ-ဟူသော ဆိုင်ရာအာရုံတို့က ရှေးရှူရိုက်ခတ်သည့်အခါ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်ဟူသော နာမ်တရား အသီးအသီးအား မှီရာဝတ္ထုရုပ်အဖြစ် ကျေးဇူးပြုပေးနေသော ကြေးမုံမှန်အပြင်ကဲ့သို့ ကြည်လင်နေသော ဘူတရုပ် (= ဓာတ်ကြီးလေးပါး)တို့၏ ကြည်လင်နေသော သဘောတရား ဖြစ်၏။
ယင်းပသာဒရုပ်တို့တွင် စက္ခုပသာဒကား မျက်စိ၌, သောတပသာဒကား နား၌, ဃာနပသာဒကား နှားခေါင်း၌, ဇိဝှါပသာဒကား လျှာ၌သာ အသီးအသီး တည်ရှိ၏။ သို့သော် ကာယပသာဒကား မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး-ဟူသော ဒွါရခြောက်ပါးလုံး၌ ထိမှုကို သိသည့် နေရာတိုင်း၌ တည်ရှိပေသည်။ ဆိုင်ရာအာရုံတို့ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းငှာ ထိုက်သော ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်မှုသဘောတရားသာ ဖြစ်သည်။
ယောဂါဝစရပုဂ္ဂိုလ်က ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို အာရုံယူကာ ယခုကဲ့သို့ သမာဓိကို ထူထောင်နေသော အခိုက်ဝယ် သမာဓိကလည်း အရှိန်အဝါ ကောင်းမွန်လာသောအခါ ဃနခေါ်သည့် ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်မီ ယင်းဓာတ်ကြီးလေးပါးတို့၏ ကြည်လင်မှု သဘောတရားဟူသော ပသာဒရုပ်များကို အတုံးလိုက် အခဲလိုက် တွေ့မြင်တတ်ပေသည်။
သို့သော် ဤအဆင့်သို့ တစ်ခါမျှ မရောက်ဖူးသေးသော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်ပါက အဖြူရောင် မီးခိုးရောင်ကဲ့သို့သော အဖြူပြင်ကြီးကို များသောအားဖြင့် စတင်၍ တွေ့ရှိတတ်ပေသည်။ ပကတိသော မှန်သည် ပင်ကိုသဘာဝအတိုင်း ကြည်လင်နေသည်ကား မှန်၏၊ သို့သော် မိုးအခါဝယ် ရံခါ ရေငွေ့များက ယင်းမှန်သို့ ကပ်နေသောအခါ မှန်၏ ကြည်လင်မှုကို မတွေ့မြင်ရသေးဘဲ ရေခိုးရေငွေ့များ ကပ်နေသည့် ဖြူရော်ရော် အရောင်အဆင်းကို တွေ့မြင်ရတတ်၏။ အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်က ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိကို ထူထောင်လာရာ ဘာဝနာသမာဓိက ယင်းအကြည်ဓာတ် အတုံးအခဲကို ထွင်းဖောက် မြင်နိုင်လောက်အောင် အားမကောင်းသေးသည့်အခါ အဖြူရောင် မီးခိုးရောင်ကဲ့သို့သော အဖြူပြင် ကြီးကို စတင်၍ တွေ့ရှိခြင်း ဖြစ်ပေသည်။
သို့သော် ဤအပိုင်းတွင် ယောဂီပုဂ္ဂိုလ်များသည် တစ်ဦးနှင့် တစ်ဦး စတင်တွေ့ရှိပုံ အခြင်းအရာ မတူ ထူးခြားမှု အသင့်အတင့် ရှိတတ်ပါသည်။ အချို့ ယောဂီများက အလင်းရောင်ကို စတင်၍ အသိအမှတ် ပြုမိတတ်ကြ၏။ အချို့ယောဂီများက အဖြူကို စတင်၍ အသိအမှတ် ပြုမိတတ်ကြ၏။ လင်းရောင်ခြည်စွမ်းအင် အားပျော့သော ယောဂီပုဂ္ဂိုလ်တို့က လင်းရောင်ခြည်ကို သတိမပြုမိကြဘဲ အဖြူကိုသာ စတင်၍ သတိပြုမိကြခြင်း ဖြစ်၏။ လင်းရောင်ခြည် စွမ်းအင်ကောင်းသော ယောဂီပုဂ္ဂိုလ်တို့ကား လင်းရောင်ခြည်ကို ဦးစွာ သတိပြုမိတတ်ကြ၍ အဖြူကို နောက်မှ သတိပြုမိတတ်ကြ၏။
ထိုအဖြူမှာ ပေါ်စတွင် အချို့ယောဂီများ၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် အနည်းငယ် ရှိတတ်၏။ ယောဂီပုဂ္ဂိုလ်က ထိုအဖြူကို မကြည့်သေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါးအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ဆက်လက် ကြိုးပမ်းခဲ့သော် ထိုအဖြူမှာ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူလာတတ်ပါသည်။ ဤအဖြူကား အကြည်ဓာတ်၏ ရှေ့ပြေးအမှတ်အသား ဖြစ်ပါသည်။ ဤအဖြူကိုလည်း နှလုံးမသွင်းသေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါး အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားခဲ့သော် ဤအဖြူပြင် အဖြူတုံးဟူသည်မှာလည်း ဓာတ်ကြီးလေးပါးတို့၏ အစုအပုံသာ ဖြစ်သည်ဟု သဘောပေါက်လာတတ်ပါသည်။
အကယ်၍ အဖြူပြင်၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးကို သဘောမပေါက်နိုင်သေး ဖြစ်နေခဲ့သော် ထိုအဖြူအပြင် အတုံးအခဲမှာလည်း လွယ်လွယ်နှင့် ပျောက်ပျက်မသွားဘဲ ခိုင်ခံ့လျက်သာ တည်ရှိနေခဲ့သော် တစ်ကိုယ်လုံးကို ခြုံ၍ ရှုနေကြအတိုင်း မာ-မှုသဘောကို ရှုလိုက်, အဖြူပြင်၌ မာ-မှုသဘောကို ရှုလိုက် ---- ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ လေ့ကျင့်ပါများလာသော် အဖြူပြင်၌ တည်ရှိနေသော မာ-မှုသဘောကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်လာတတ်ပါသည်။ မာ-မှုသဘောတရားတစ်ခုကို ကျေကျေနပ်နပ် ရှု၍ ရရှိပါက ကျန်နေသေးသည့် သဘောတရား (၁၁)မျိုးကိုလည်း ဆက်လက်၍ နည်းတူ ရှုကြည့်ပါ။ အဖြူပြင်၌ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်း ---- ဟူသော သဘောတရား (၁၂)မျိုးလုံးကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်ပါက ပထဝီဓာတ်-အာပေါဓာတ်-တေဇောဓာတ်-ဝါယောဓာတ် ---- ဟု လေးချက် ပြောင်း၍ ရှုပါ။ ယင်းဓာတ်လေးပါးကို အာရုံယူကာ သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။
သို့သော် ယောဂီပုဂ္ဂိုလ်အများစု၌ ထိုအဖြူမှာ ပေါ်စတွင် မခိုင်ခံ့ဘဲ ခဏပေါ်လိုက် ခဏပျောက်လိုက် ဖြစ်နေတတ်ပါသည်။ ထိုအခါ ထိုအဖြူ၏ ခိုင်ခံ့ရေးအတွက် မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါး အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်သည်ထက် ပို၍ ငြိမ်ဝပ်စွာ ကပ်တည်နေအောင်သာ ကြိုးစားပါ။ ထိုအဖြူမှာ တည်ရှိသော ဓာတ်ကြီးလေးပါးကို ရှုလိုက်တိုင်း ဉာဏ်ဖြင့် တွေ့မြင်ခဲ့သော် ထိုအဖြူပြင် အဖြူအတုံးအခဲမှာလည်း နာရီဝက်ခန့် တစ်နာရီခန့် စသည်ဖြင့် မပျောက်ပျက်ဘဲ ခိုင်ခံ့တည်တံ့ခဲ့သော် ထိုအဖြူပြင် အဖြူအတုံးအခဲ၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးကိုလည်း သဘောမပေါက်သေး ဖြစ်နေပါက အထက်ပါအတိုင်း ---- တစ်ကိုယ်လုံး၌ မာ-မှုသဘောကို ရှုလိုက်, အဖြူ၌ မာ-မှုသဘောကို ရှုလိုက်, တစ်ကိုယ်လုံး၌ ကြမ်း-မှုသဘောကို ရှုလိုက်, အဖြူ၌ ကြမ်း-မှုသဘောကို ရှုလိုက် ---- ဤသို့ စသည်ဖြင့် ပြောင်းရွှေ့ ရှုကြည့်ပါ။ ဓာတ်ကြီးလေးပါး (= သဘောတရား ၁၂-မျိုးလုံး)ကို ဉာဏ်နှင့် မြင်အောင် လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ကို လေးချက် ပြောင်းရှုကာ သမာဓိကို တစ်ဖန်ပြန်၍ ဆက်လက်ထူထောင်ပါ။
ထိုအဖြူပြင် အဖြူအတုံအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် ရှုနိုင်၍ သမာဓိကိုလည်း ထူထောင်နိုင်ခဲ့သော် သမာဓိမြင့်မားလာသောအခါ ထိုအဖြူမှာ တဖြေးဖြေး ကြည်လာမည် ဖြစ်သည်။ ရေခဲတုံး ဖန်တုံး မှန်တုံးကဲ့သို့ကြည်လာမည်ဖြစ်သည်။ ထိုအကြည်ပြင် အကြည်အတုံးအခဲမှာ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် ဆက်လက်သိမ်းဆည်းပါ။ ဉာဏ်ဖြင့်ပိုင်းခြားယူပါ။ ထိုအကြည်ပြင် အကြည်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် သမာဓိကို ဆက်လက်ထူထောင်ပါ။ သမာဓိ၏စွမ်းအင် အားကောင်းလာ သည်နှင့်အမျှ ဉာဏ်၏စွမ်းအင် အာနုဘော်သည်လည်း ကြီးထွာလာမည် ထက်မြက် စူးရှလာမည် ဖြစ်ပေသည်။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထွင်းဖောက်သိမြင်နေသော ဉာဏ်၏ စွမ်းအင်အာနုဘော်က ကြီးမားလာသောအခါ ထက်မြက်စူးရှလာသောအခါ ရဲရင့်လာသောအခါ လင်ရောင်ခြည် စွမ်းအင်များလည်း အလွန် အားကောင်းလာမည် ဖြစ်သည်။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ပေါ်လာတတ်ပါသည်။
ထိုအရောင်အလင်းများမှာ အချို့ယောဂီများ၌ အလွန်တောက်ပ စူးရှသဖြင့် မျက်စိအကြည်ဓာတ်ကို ထိုလင်းရောင်ခြည်က လာရောက် ဟပ်နေသဖြင့် ရိုက်ခတ်နေသဖြင့် မျက်စိများ ကျိန်းနေတတ်၏။ အလွန်တောက်ပနေသော နေကို ကြည့်နေသည့်အခါကဲ့သို့ မျက်ရည်များ ထွက်လာတတ်၏။ ထိုအခါမျိုး၌ အလင်းရောင်းကို နှလုံးမသွင်းသေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါးကိုပင် ဆက်လက်၍ ရှုပွားနေပါ။ လေ့ကျင့်မှု များလာသောအခါ ထိုလင်းရောင်ခြည်က စက္ခုအကြည်ဓာတ်၌ ရိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မျက်ရည်ထွက်ခြင်း မျက်စိစူးခြင်းစသည့် ဒဏ်ချက်တို့ကို ခံနိုင်ရည်စွမ်းအင် ရှိလာမည် ဖြစ်သည်။ ဤကဲ့သို့သော လင်းရောင်ခြည်စွမ်းအင်ကိုပင် ရည်ရွယ်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က ----
ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော =
= ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အထူးအပြားကို မိမိ၏ ပညာအရောင်ဖြင့် ထွန်းပြခြင်း အဝဘာသနကိစ္စရှိသော ပညာဖြင့် သိမ်းဆည်းထားအပ်သော ----(ဝိသုဒ္ဓိ၊၁၊၃၄၇။)ဟု ----
ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ဤဖွင့်ဆိုချက်ကား ရုပ်ကလာပ်များကို မြင်၍ ရုပ်ကလာပ် တစ်ခုတစ်ခု၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိမ်းဆည်းနိုင်သည့် အဆင့်အထိ ရည်ညွှန်းထားပေသည်။
ဤနေရာတွင် သတိပြုရန် အချက်တစ်ခု ရှိလာပြန်၏။ အချို့ယောဂီများ၌ ဤအဖြူပြင်ကို ခန္ဓာကိုယ်၌ မတွေ့ဘဲ မျက်နှာရှေ့ဝန်းကျင် ဗဟိဒ္ဓ၌ စတင်၍ တွေ့တတ်သည်လည်း ရှိ၏။ အကယ်၍ ဗဟိဒ္ဓ၌ အဖြူကို စ၍တွေ့ခဲ့သော် ထိုအဖြူကို မကြည့်ဘဲ ထိုအဖြူ၌ ဓာတ်လေးပါးကို မရှုဘဲ မိမိမူလ ရှုမြဲဖြစ်သည့် မိမိ ခန္ဓာအိမ်၌သာလျှင် ဓာတ်ကြီးလေးပါးကို ဆက်၍ ရှုနေပါ။ မိမိခန္ဓာအိမ်တစ်ခုလုံး ဖြူလာပါမှ ထိုအဖြူ၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ တဖြည်းဖြည်း အကြည်ပြင်ကို တွေ့ရှိလာပါလိမ့်မည်။
အချို့ ယောဂီများ၌ အဖြူကို စတင် တွေ့ရှိစဝယ် ကွက်ကျား ကွက်ကျား တွေ့မြင်နေတတ်၏၊ အကြည်ပြင် အကြည်အတုံးအခဲကို စတင်တွေ့ရှိရာ၌လည်း ကွက်ကျား ကွက်ကျား တွေ့မြင်နေတတ်၏။ အချို့ကို ရင်ဘတ်၌, အချို့ကို မျက်နှာ၌, အချို့ကို ဦးခေါင်း၌စသည်ဖြင့် ကွက်ကျား ကွက်ကျား တွေ့မြင်နေတတ်၏။ ထိုအခါမျိုး၌ ထိုအဖြူကို သို့မဟုတ် ထိုအကြည်ဓာတ်ကို အာရုံမပြုသေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါးအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ထား၍ အဖြူနှင့် အကြည်ဓာတ်များ မပျံ့နှံ့သေးသည့် ခန္ဓာကိုယ်ဘက်သို့ ဓာတ်ကြီးလေးပါးကိုပင် တဖြည်းဖြည်း ဖြန့်၍ ရှုလိုက်ပါက အဖြူ-အကြည်တို့လည်း တဖြည်းဖြည်း ပြန့်သွားကြမည် ဖြစ်ပေသည်။ ခန္ဓာကိုယ်တစ်ခုလုံး၌ ဝါဂွမ်းပုံကဲ့သို့ အဖြူအတုံးအခဲကိုလည်းကောင်း, သမာဓိ အားကောင်းလာပါက ရေခဲတုံး, ဖန်တုံး, မှန်တုံကဲ့သို့ အကြည်အတုံးအခဲကိုလည်းကောင်း တွေ့ရှိနေမည် ဖြစ်သည်။
ကာယပသာဒ (= ကာယအကြည်ဓာတ်)သည် တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေသော ရုပ်တစ်မျိုး ဖြစ်၏။ ထိမှုကို သိသော ကာယဝိညာဏ်စိတ်သည် ကိုယ်အကြည်ဓာတ်ကိုသာ မှီတွယ်ရသဖြင့် ထိမှုကို သိသည့် နေရာတိုင်း၌ ကာယအကြည်ဓာတ် (= ကိုယ်အကြည်ဓာတ်)ကား တည်ရှိ နေမြဲပင် ဖြစ်သည်။ ယင်းကာယအကြည်ဓာတ်ဟူသည် ---- ဖောဋ္ဌာဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော ။ ပ ။ ကာယော။ (ဝိသုဒ္ဓိ၊၂၊ ၇၄) ဖောဋ္ဌာဗ္ဗာရုံ ရှေးရှုရိုက်ခတ်ခြင်း ထိခိုက်ခြင်းငှာထိုက်သော ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်တရားတစ်မျိုးသာ ဖြစ်သည်။ ဓာတ်ကြီးလေးပါးကို မှီကာ ဖြစ်ပေါ်လာသည့် အကြည်ဓာတ် တစ်မျိုးသာ ဖြစ်သည်။ ဃနခေါ်သည့် ရုပ်တုံးရုပ်ခဲများကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်မီ ဃနအတုံးအခဲများ မပြိုမီ အချိန်၌ အကြည်ဓာတ်များကို တစ်ဆက်တည်း အတုံးလိုက် အခဲလိုက် အပြင်လိုက်ကြီး တွေ့နေရခြင်း ဖြစ်သည်။ ထိုအကြည်ဓာတ် အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် ဆက်ရှုပါ။ ယင်းဓာတ်လေးပါးကို အာရုံယူ၍ သမာဓိကို ဆက်လက် ထူထောင်ပါ။ ဓာတ်ကြီးလေးပါးတို့ကို မှီ၍ ဖြစ်နေသော အကြည်တုံး အကြည်ခဲ အကြည်ပြင်ကြီးသည် ရှုလိုက်တိုင်း ဉာဏ်တွင် ထင်ရှားနေမည် ဖြစ်သည်။
အကယ်၍ အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုလည်း သဘောမပေါက်နိုင်းသေး မသိမ်းဆည်းနိုင်သေး ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်သေး ဖြစ်နေပါက အဖြူပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းသကဲ့သို့ ရှုသကဲ့သို့ပင် ---- ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံ၍ ရှုနေကျအတိုင်း မာ-မှုသဘောကို ရှုလိုက်, အကြည်ပြင်၌ တည်ရှိသော မာ-မှုသဘောကို ရှုလိုက် ---- ဤသို့ စသည်ဖြင့် ဓာတ်သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ ရှုကြည့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် ထို အကြည်ပြင် အကြည်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် ခြုံငုံ၍ အာရုံယူကာ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ရှုနေပါ၊ သမာဓိကို ဆက်လက်ထူထောင်ပါ။
ပါရမီရှင် သူတော်ကောင်းများ
အတိတ်ဘဝထိုထိုက ရုပ်နာမ်ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်တိုင် အောင်ဆည်းပူးခဲ့ ဖြည့်ကျင့်ခဲ့သော ပါရမီပုညသမ္ဘာရတည်းဟူသော ပါရမီကောင်းမှုကုသိုလ်အထူးဟူသော အဆောက်အဦ အခိုင်အမာ တည်ရှိခဲ့ဖူးသော ပါရမီရှင် သူတော်ကောင်းများ အဖို့မှာမှု ထိုအကြည်ပြင် အကြည်တုံး၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် စိုက်၍ ရှုနေရုံမျှဖြင့် အလွယ်တကူပင် အကြည်တုံး အကြည်ပြင်ကြီးများ ပြိုကွဲသွားကာ ရုပ်ကလာပ်အမှုန်များကို စတင် တွေ့ရှိတတ်ပါသည်။
အာကာသဓာတ်ကို ရှုရန်
သို့သော် ပါရမီကောင်းမှုကုသိုလ် အဆောက်အဦက အနည်ငယ် အားပျော့နေသော ယောဂီသူတော်ကောင်း ဖြစ်ခဲ့ပါမူ ထိုအကြည်ဓာတ် အကြည်ပြင် အကြည်တုံး အကြည်ခဲကြီးမှာ တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်၍ ရှုလိုက်ရုံမျှဖြင့် ယင်းအကြည် အတုံးအခဲကြီးမှာ ပြိုကွဲမသွားဘဲ အတုံးလိုက် အခဲလိုက် အပြင်လိုက်ပင် ရှိနေတတ်ပါသည်။ ထိုအခါမျိုးတွင် ထိုအကြည်ပြင်ကြီး၌ အာကာသဓာတ်ကို မြင်အောင် စိုက်၍ ရှုရမည် ဖြစ်သည်။
ဘုရားရှင်သည် မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆။) ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၅။) အဘိဓမ္မာ ဓာတုဝိဘင်းပါဠိတော် (အဘိ၊၂၊၈၆။)တို့၌ အာကာသဓာတ်ကို ရှုရန် ညွှန်ကြားထားတော်မူ၏။ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာနှင့် မဇ္ဈိမပဏ္ဏာသဋီကာတို့ကလည်း အာကာသဓာတ်ကို ရှုရန် ညွှန်ကြားတော်မူရခြင်း၏ အကြောင်းရင်းကို ဤသို့ ရှင်းပြထားတော်မူကြ၏။ ----
အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ။ ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒေဿတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိစ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။
အာကာသေန ပရိစ္ဆိန္နံ၊ ရူပံ ယာတိ ဝိဘူတတံ။ တေဿဝံ အာဝိဘာဝတ္ထံ၊ တံ ပကာသေတိ နာယကော။ (မ၊ဋ္ဌ၊၃၊၉၇။)
မဟာဘူတာနိ တာဝ ဝိတ္ထာရေတု သမ္မသနူပဂတ္တာ၊ အသမ္မသနူပဂံ အာကာသဓာတုံ အထကသ္မာ ဝိတ္ထာရေသီတိ အာဟ ဥပါဒါရူပဒဿနတ္ထန္တိ ။ ပ ။ ဟေဋ္ဌာ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ, န ဥပါဒါရူပန္တိ တဿ ပနေတ္ထ လက္ခဏာဟာရနယေန အာကာသဒဿနေန ဒဿိတာ ဝေဒိတဗ္ဗော။ တေနာဟ ဣမိနာ မုခေန တံ ဒေဿတု န္တိ။ န ကေဝလံ ဥပါဒါရူပဂ္ဂဟဏ ဒဿနတ္ထမေဝ အာကာသဓာတု ဝိတ္ထာရိတာ၊ အထ ခေါ ပရိဂ္ဂဟသုခတာယပီတိ ဒေဿန္တော အပိစာတိ အာဒိမာဟ။ တတ္ထ ပရိစ္ဆိန္ဒိတဗ္ဗဿ ရူပဿ နိရဝသေသပရိယာဒါနတ္ထံ အဇ္ဈတ္တိကေနာတိ ဝိသေသနမာဟ။ အာကာသေနာတိ အာကာသဓာတုယာ ဂဟိတာယ။ ပရိစ္ဆိန္နရူပန္တိ တာယ ပရိစ္ဆိန္ဒိတ ကလာပဂတမ္ပိ ပါကဋံ ဟောတိ၊ ဝိဘူတံ ဟုတွာ ဥပဋ္ဌာတိ။ (မ၊ဋီ၊၃၊၆၃။)
ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ----
မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကား အနိစ္စ-ဒုက္ခ-အနတ္တ-လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်သော တရားများဖြစ်ခြင်းကြောင့် ထိုဓာတ်ကြီးလေးပါးတို့ကို အကျယ်ချဲ့၍ ဟောကြားတော်မူခြင်းမှာ သင့်တန်စေ၊အနိစ္စ-ဒုက္ခ-အနတ္တလက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ခြင်းငှာ မထိုက်တန်သော အနိပ္ဖန္နအမည်ရသော ရုပ်အတုမျှသာ ဖြစ်သော အာကာသဓာတ်ကို အဘယ်ကြောင့် ဘုရားရှင်သည် အကျယ်ချဲ့၍ ဟောကြားတော်မူအပ်ပါသနည်းဟု မေးရန် ရှိ၏။ ဥပါဒါရုပ်တို့ကို ရှုပွားသုံးသပ်ရန် ညွှန်ကြားတော်မူလိုသည့်အတွက် ဘုရားရှင်သည် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူသည်ဟု ဖြေဆိုရာ၏။
ဝုတ္တမှိ ဧကဓမ္မေ၊ယေ ဓမ္မာ ဧကလက္ခဏာ တေန။ ဝုတ္တာ ဘဝန္တိ သဗ္ဗေ၊ ဣတိ ဝုတ္တော လက္ခဏောဟာရော။ (နေတ္တိပါဠိတော်၊၂၆-၂၇။မ၊ဋ္ဌ၊၁၊၃၂။)
= ပရမတ္ထဓာတ်သား တရားလုံးတစ်ခုကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန်အတွက် ဘုရားရှင်သည် ဟောကြားတော်မူသည်ရှိသော် ထိုပရမတ္ထဓာတ်သား တရားလုံးနှင့် လက္ခဏာခြင်းတူညီသော ပရမတ္ထဓာတ်သား တရားအားလုံးကို ဝိပဿနာ ရှုပွားသုံးသပ်ရန် ဟောကြားတော်မူပြီးသာ ဖြစ်သည်။ ဤသို့ လက္ခဏာခြင်း တူညီရာ တရားအားလုံးကို သိမ်းကျုံးယူရသောနည်းမှာ လက္ခဏာဟာရ နေတ္တိနည်း ဖြစ်၏။
ဤမဟာရာဟုလောဝါဒသုတ္တန်ဝယ် အာကာသဓာတ်ကို ရှုပွားဖို့ရန် ဘုရားရှင်၏ ဟောကြားတော်မူခြင်မှာလည်း လက္ခဏာဟာရ နေတ္တိနည်းအရ လက္ခဏာခြင်း တူညီရာ ဥပါဒါရုပ်အားလုံးကို အာကာသဓာတ်၌ ပေါင်းစု၍ ဟောကြားသွားတော်မူခြင်း ဖြစ်၏။ သို့အတွက် အာကာသဓာတ်ကို ရှုဖို့ရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်မှာ ဥပါဒါရုပ် အားလုံးကိုပင် ရှုဖို့ရန် ညွှန်ကြားတော်မူခြင်းပင် ဖြစ်သည်။ ဘုရားရှင်သည် မဟာရာဟုလောဝါဒသုတ္တန်ဝယ် အာကာသဓာတ်ကို မဟောမီ ရှေးအပိုင်း၌ ဓာတ်ကြီးလေးပါးတို့ကိုပင်လျှင် ဟောကြားတော်မူခဲ့၏၊ ဥပါဒါရုပ်ကို ဟောကြားတော် မမူခဲ့ပေ။ ထိုကြောင့် ဤအာကာသဓာတ်ကို အဦးမူသဖြင့် ထိုဥပါဒါရုပ်အားလုံးကို ရှုပွား သုံးသပ်ရန် ညွှန်ကြားတော်မူလိုသည့်အတွက် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူခြင်း ဖြစ်သည်။ အာကာသဓာတ်သည်လည်း ဓာတ် ကြီး လေးပါးကိုပင် မှီ၍ဖြစ်သော ဥပါဒါရုပ်တစ်မျိုး ဖြစ်၏။ အာကာသဓာတ်မှကြွင်းသော (၃၂)မျိုးသော ဥပါဒါရုပ်သည်လည်း ဓာတ်ကြီးလေးပါးကိုပင် မှီ၍ ဖြစ်ပေါ်လာရသော ဥပါဒါရုပ်ပင် ဖြစ်၏။ ဤသို့လျှင် အာကာသဓာတ်နှင့် ကျန်ဥပါဒါရုပ် အားလုံးတို့သည် ဓာတ်ကြီးလေးပါးကိုသာ မှီတွယ်၍ ဖြစ်ပေါ်လာရပုံ လက္ခဏာချင်း တူညီသောကြောင့် အာကာသဓာတ်၌ ဥပါဒါရုပ်အားလုံးကို ပေါင်းစု၍ ဟောကြားသွားတော်မူခြင်း ဖြစ်သည်။ လက္ခဏာဟာရ နေတ္တိနည်းတည်း။
သည်မျှသာမကသေး၊ အာကာသဓာတ်၌ ဥပါဒါရုပ်အားလုံးကို ပေါင်းရုံးယူ၍ ရှုပွားသုံးသပ်ဖို့ရန်အတွက် သက်သက်မျှသာ ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူအပ်သည် မဟုတ်သေး၊ စင်စစ်မှာမူ ရုပ်တရားတို့ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်ဖို့ရန်အတွက်လည်း ညွှန်ကြားပြသတော်မူလိုသည့်အတွက် အာကာသဓာတ်ကို ရှုပွားသုံးသပ်ဖို့ရန် ဘုရားရှင်သည် ညွှန်ကြားတော်မူခြင်း ဖြစ်သည်။ အကယ်စင်စစ်မှာမူ ပရိစ္ဆေဒလက္ခဏာ (ဝိသုဒ္ဓိ၊၂၊၇၈။) = ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောယှက်ရအောင် ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်းဖြစ်သည့် ပရိစ္ဆေဒရုပ် (= ပရိစ္ဆေဒလက္ခဏာရှိသော အာကာသဓာတ်)ကို ဉာဏ်ဖြင့် တွေ့မြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်းအဇ္ဈတ္တိက အာကာသဓာတ်ဖြင့် အပိုင်းအခြား ခံရသော ရုပ်ကလာပ်အပေါင်းသည်လည်း ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားနေသည်သာ ဖြစ်၏။
အာကာသဓာတ်ဖြင့် အပိုင်းအခြားခံရသော ရုပ်ကလာပ်အပေါင်းကို တွေ့မြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်းရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဘူတရုပ် ဥပါဒါရုပ်တို့ကို ထင်ထင်ရှားရှား သိမြင်ခြင်းသို့ ရောက်ရှိလာနိုင်၏။ ထိုသို့ ထင်ထင်ရှားရှား ဖြစ်ပေါ်လာမှုကို ထင်ထင်ရှားရှား ညွှန်ကြားပြသတော်မူခြင်း အကျိုးငှာ လူသုံးပါးတို့၏ ဦးစီးဦးကိုင် ဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ထိုအာကာသဓာတ်ကို ရှုပွားဖို့ရန် ထင်ရှားပြသတော်မူပေသည်။ (မ၊ဋ္ဌ၊၃၊၉၇။ မ၊ဋီ၊၃၊၆၃။)
အာကာသဓာတ်ကို မြင်အောင်ရှုပုံ
အကယ်၍ အကြည်ပြင် အကြည်တုံး အကြည်ခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို စိုက်၍ ရှုနေသော်လည်း ထိုအကြည်ပြင် အကြည်တုံး အကြည်ခဲကြီးမှာ ပြိုကွဲ၍ မသွာဘဲ အတုံးအခဲတိုင်းပင် ဖြစ်နေပါမူ ယင်းဓာတ်ကြီးလေးပါးကို ရှုပွားသုံးသပ်လျက်ရှိသော ဘာဝနာသမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် ယင်းအကြည်ပြင်၌ အာကာသဓာတ်ကို မြင်အောင် စိုက်ရှုပါ။ ပကတိသော လက်မောင်းသားစသည်ကို ပကတိပသာဒမျက်စိဖြင့် စိုက်ကြည့်လိုက်ပါက တစ်ဆက်တည်းဟု ထင်ရသော်လည်း သေသေချာချာ စိုက်၍ ကြည့်လိုက်ပါက မွေးညင်းပေါက်များကို တွေ့ရသကဲ့သိုိ့ အလားတူပင် ထိုအကြည်ပြင်၌ အာကာသခေါ် အကြားပေါက်ကို မြင်အောင် ဉာဏ်လင်းရောင်ခြည်၏ အကူအညီဖြင့် ထိုးစိုက်လျက် ရှုကြည့်ပါ။ အာကာသဓာတ်ကို စတင်တွေ့ရှိလာတတ်ပါသည်။ အာကာသဟူသည် ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်းဖြစ်သည့် ရုပ်ကလာပ်တို့၏ အကြားအပေါက်ဖြစ်သဖြင့် အာကာသဓာတ်ကို တွေ့ရှိသည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ်များကိုလည်း စတင် တွေ့ရှိတော့မည်သာ ဖြစ်ပေသည်။
နဒီသောတောဝိယ - ဒီပဇာလာဝိယ
မြစ်ရေအယဉ်ကဲ့သို့ - ဆီမီးအလျှံကဲ့သို့
အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား ယခုကဲ့သို့ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ သမာဓိကို ထူထောင်ခိုက်ဝယ် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကိုပင် စူးစူးစိုက်စိုက် ရှုနေပါက အကြည်ဓာတ်များကို မတွေ့ရသေးမီ အချိန်တွင်လည်းကောင်း, အကြည်ဓာတ်များကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့စမှာလည်းကောင်း ဓာတ်ကြီးလေးပါးတို့၏ အဆက်မပြတ် ဖြစ်နေမှုကို မြစ်ရေအယဉ် တသွင်သွင် စီးဆင်းနေသကဲ့သို့ ဆီမီးအလျှံ အဆက်မပြတ် တောက်ပနေသကဲ့သို့ တွေ့မြင်တတ်၏။ သန္တတိဃနစသော ရုပ်ဃနများကို မပြိုသေးမီ ရုပ်ဃန အသီးအသီးကို ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် မရှုနိုင်သေးမီ ကာလဝယ် ဃနမပြိုသေးသော ရုပ်တို့၏ သဘာဝကို စတင်တွေ့ရှိခြင်းပင် ဖြစ်၏။ ထိုအခါမျိုးတွင် ဓာတ်ကြီးလေးပါးကို လက်မလွှတ်သေးဘဲ ဓာတ်ကြီးလေးပါးအာရုံ၌သာ ဘာဝနာစိတ်ကို ခိုင်မြဲအောင် ဆက်လက်၍ စိုက်ရှုနေပါ။ တဖြည်းဖြည်း ဓာတ်ကြီးလေးပါးတို့၏ ကြည်သထက် ကြည်နေသော သဘာဝများကို စတင်တွေ့ရှိလာမည် ဖြစ်သည်။ ထိုအကြည်ပြင် အကြည်ဓာတ်၌လည်း ဓာတ်လေးပါးကိုပင် ဆက်လက်၍ စိုက်ရှုနေပါက ရုပ်ကလာပ်များကို စတင် တွေ့ရှိတတ်ပါသည်။ ရုပ်ကလာပ်များကို မတွေ့သော် အထက်တွင် တင်ပြခဲ့သည့်အတိုင်း အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်များကို တွေ့ရှိမည် ဖြစ်သည်။ ရုပ်ကလာပ်များကို တွေ့စအချိန်၌လည်း မြစ်ရေအယဉ် တသွင်သွင် စီးနေသကဲ့သို့ ဆီမီးအလျှံ အဆက်မပြတ် တောက်လောင်နေသကဲ့သို့သော အခြင်းအရာကို တွေ့မြင်တတ်ပါသည်။ သို့သော် ပရမတ်နယ်မြေအစစ်သို့ကား မဆိုက်ရောက်သေးပါ။
အတုံးအခဲ အကြီး - အသေး
သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်များအဖို့ အာကာဓာတ်ကို မြင်အောင် စိုက်ရှုလိုက်သောအခါ အာကာသဓာတ်ကို တွေ့တန်သလောက် တွေ့သော်လည်း ရုပ်ကလာပ်အမှုန်များကို ပင်ကိုယ်သဘာဝအတိုင်း မတွေ့ရသေဘဲ ပဲစေ့ခန့် ဆန်စေ့ခန့် ဆန်ကွဲစေ့ခန်စသည်ဖြင့် အတုံးအခဲ ခပ်ကြီးကြီး အနေအထားဖြင့် စတင်တွေ့ရှိတတ်သည်လည်း ရှိ၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ကား ကတ္တီပါအနက်ရောင်ပေါ်တွင် စိန်တုံး ခပ်သေးသေးကလေးများကို ကြဲဖြန့်ထားသကဲ့သို့ တွေ့မြင်နေတတ်၏။ ထိုအခါမျိုးတွင် အကြီးအသေးမဟူ အတုံးအခဲမှန်သမျှ၌ ဓာတ်လေးပါးကိုပင် မြင်အောင် ဆက်ရှုပါ။ အတုံးအခဲများမှာ တစ်စတစ်စ ပြိုကွဲသွားတတ်ပါ သည်။ အသေးဆုံး ရုပ်ကလာပ်အဆင့်သို့တိုင်အောင် တွေ့မြင်လာတတ်ပါသည်။ အတုံးအခဲအကြီး၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်ရှုနေရုံမျှဖြင့် ယင်းအတုံးအခဲမှာ ပြိုကွဲ၍ မသွားဘဲ အတုံးအခဲအတိုင်းပင် တွေ့မြင်နေရပါမူ ထိုအတုံးအခဲ၌ အာကာသဓာတ်ကို မြင်အောင် ဉာဏ်လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် ထိုးစိုက်၍ ရှုလိုက်ပါက အာကာသဓာတ်ကို တွေ့မြင်သည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ် အမှုန်များကိုလည်း တွေ့မြင်တတ်ပါသည်။
အတိတ်က ဆည်းပူးထားသော ပါရမီအရှိန်အဝါ အားကောင်းသူ ယောဂီသူတော်ကောင်းများကား အကြည်ပြင်တွင် အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်သောအခါ အချိန်အနည်းငယ် အတွင်းမှာပင် အလွန့်အလွန် သေးငယ်သော ပရမာဏုမြူခန့်ထက်ပင် သာလွန်၍ သေးငယ်ဖွယ်ရာရှိသော ရုပ်ကလာပ် အမှုန်ပေါင်းများစွာကို တွေ့မြင်နေတတ်ပါသည်။
ရုပ်ကလာပ်များကို တွေ့စချိန်
ရုပ်ကလာပ်များကို စတင် တွေ့စအချိန်တွင် ရုပ်ကလာပ်များ၏ ပင်ကိုသဘာဝအတိုင်း အလွန်လျင်လျင်မြန်မြန် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်ကို တွေ့ရှိမည်ဖြစ်သည်။
ဧကစ္ဆရက္ခကော ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ၊ဋ္ဌ၊၂၊၂၉၅။)
= နာမ်တရားတို့သည် လက်ဖျစ်တစ်တွက် အချိန်ကာအတွင်း၌ ကုဋေတစ်သိန်းခန့် ဖြစ်၍ ချုပ်၏။ (သံ၊ဋ္ဌ၊၂၊၂၉၅။)
ဤသို့ ဖွင့်ဆိုထားသဖြင့် စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားတို့၏ သက်တမ်းမှာ လက်ဖျစ်တစ်တွက် (= တစ်စက္ကန့် )အချိန်ကာလကို ကုဋေတစ်သိန်းခန့်ပုံသော် တစ်ပုံခန့်သာ သက်တမ်းရှိကြ၏။ ရုပ်တရားတို့ကား စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှိ၏ဟု ကျမ်းဂန်များ၌ မိန့်ဆိုထားသဖြင့် ကုဋေတစ်သိန်းကို (၁၇)ဖြင့် စားသော် ကုဋေ(၅၀၀၀)ကျော် အဖြေထွက်လာ၏။ သို့အတွက် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တို့၏ သက်တမ်းမှာ လက်ဖျစ်တစ်တွက် = တစ်စက္ကန့် အချိန်ကာလကို ကုဋေ (၅၀၀၀)ကျော်ခန့် ပုံခဲ့သော် တစ်ပုံခန့်သာ သက်တမ်းရှိကြ၏။ ရုပ်နာမ်တို့သည် ထိုမျှလောက် လျင်လျင်မြန်မြန် ဖြစ်ပြီး ပျက်နေကြ၏။ [ဤ၌ ကုဋေတစ်သိန်းဟူသော စကား, ကုဋေ (၅၀၀၀)ကျော်ဟူသော စကားတို့မှာ အတိအကျ ရေတွက်ပြသည့် စကားတို့ မဟုတ်ကြကုန်၊ အလွန် လျင်မြန်စွာ ဖြစ်ပျက်မှုကိုသာ ခန့်မှန်းနိုင်အောင် ပြောကြားသော စကားတို့သာ ဖြစ်ကြ၏။]
ထိုကဲ့သို့သော ရုပ်ကလာပ်တို့၏ အလွန် လျင်လျင်မြန်မြန် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေမှုကို ကြည့်၍ ဖြစ်ပျက်ရှုနေပါက သို့မဟုတ် ဝိပဿနာ ရှုနေပါက ဝိပဿနာကား ပညတ်နယ်၌သာ ရှိနေပေသေးသည်။ ပညတ်ဖြစ်ပျက်, ပညတ်အနိစ္စတို့ကား နိဗ္ဗာန်သို့ မရောက်နိုင်သော လုပ်ငန်းရပ်များသာ ဖြစ်ကြ၏။ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ပထဝီ အာပေါ တေဇော ဝါယောစသည့် ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားသုံးသပ်နိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်သည်။ ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်ကြသော ရုပ်တရားနာမ်တရားတို့ကား ဒုက္ခသစ္စာတရားစုတို့ ဖြစ်ကြ၏။ ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကား သမုဒယသစ္စာတရားစုတို့ ဖြစ်ကြ၏။ ယင်ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကား သင်္ခါရတရားတို့ ဖြစ်ကြ၏။ ရှေးပိုင်း၌ ရှင်းပြထားသည့်အတိုင်း ဝဋ္ဋသစ္စာဖြစ်ကြသည့် ယင်းသင်္ခါရတရားတို့ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ပရမတ္ထဓာတ်သားတို့ ဖြစ်ကြ၏။ နိဗ္ဗာန်ဟူသည် ပရမတ္ထသစ္စာနယ်မှ သွားမှသာလျှင် (= ယင်းပရမတ္ထဓာတ်သား သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ပါမှ ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့်သာ) ရောက်ရှိနိုင်သော အရာဌာန ဖြစ်ပေသည်။ ပရမတ်အစစ်ဖြစ်ကြသော သင်္ခါရတရားတို့သည်သာလျှင် အနိစ္စ-ဒုက္ခ-အနတ္တလက္ခရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်ထိုက်သော တရားများ ဖြစ်ကြ၏၊ ဝိပဿနာဉာဏ်၏ အရှုခံအာရုံများ ဖြစ်ကြ၏။ ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်ကြသော သင်္ခါရတရားတို့ကိုသာလျှင် လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်ပါမှ ဝိပဿနာဉာဏ်အစစ် ဖြစ်နိုင်သည်။
ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ ၊ ပစ္ဆာနိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄၊၊)
= ချစ်သားသုသိမ ...(ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့်) သင်္ခါရတရားတို့၏ အနိစ္စ - ဒုက္ခ -အနတ္တ အခြင်းအရာ၌ တည်သော ဓမ္မဋ္ဌိတိအမည်ရသော ဝိပဿနာဉာဏ်သည် ရှေးက ဖြစ်၏။ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် ဝိပဿနာဉာဏ်၏ နောက်ကာလ၌ ဖြစ်၏။ (သံ၊၁၊၃၄၄။)
ဤသုသိမသုတ္တန် ဒေသနာတော်အတိုင်း နိဗ္ဗာန်ကို အာရုံယူသည့် အရိ ယမဂ်ဉာဏ်ဟူသည် ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာ ဖြစ်ခွင့်ရှိသော တရား ဖြစ်၏။ စစ်မှန်သော ဝိပဿနာဉာဏ် မဟုတ်ပါက စစ်မှန်သော အရိယမဂ်ဉာဏ်သည်လည်း ဖြစ်ပေါ်မလာနိုင်ပေ။ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ် သော သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ရှုပွား သုံးသပ်ပါမှသာလျှင် စစ်မှန်သော ဝိပဿနာဉာဏ်သည်လည်း ဖြစ်ပေါ်လာခွင့် ရှိပေသည်။ ထို့ကြောင့် နိဗ္ဗာန်ဟူသည် ပရမတ္ထသစ္စာနယ်မှ သွားမှသာလျှင် ရောက်ရှိနိုင်သော အရာဋ္ဌာနဖြစ်သည်ဟု ပြောဆိုခြင်း ဖြစ်သည်။
ရုပ်ကလာပ်တစ်ခု၏ ပမာဏ
တသ္မာ အဏုနော ဆတ္တိံသတိမဘာဂမတ္တော ပရမာဏုနာမ အာကာသကောဋ္ဌာသိကော မံသစက္ခုဿ အဂေါစရော ဒိဗ္ဗစက္ခုေဿဝ ဂေါစရဘူတော။ (မဟာဋီ၊၁၊၄၄ရ။ အဘိ၊ဋ္ဌ၊၂၊၃၂၈။)
ကား-လှည်းစသည်တို့ သွားရာ၌ ထလာသော ပကတိသော ပသာဒမျက်စိဖြင့် တွေ့မြင်ရသော မြူမှုန်များကား ရထရေဏုမြူတည်း။ယင်းရထရေနုမြူကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ တဇ္ဇာရီမြူမှုန်ဖြစ်၏။ နေရောင်ခြည်သည် အိမ်နံရံပေါက်စသည်မှ အိမ်အတွင်း အဆောက်အအုံ အတွင်းသို့ ထိုးဝင်လာသောအခါ ထိုနေရောင်ခြည်အတန်းအတွင်း၌ တွေ့မြင်နေရသော မြူမှုန်များသည် တဇ္ဇာရီမြူမှုန်များ ဖြစ်ကြ၏။ ယင်းတဇ္ဇာရီမြူမှုန်ကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ အဏုမြူ ဖြစ်၏။ ယင်းအဏုမြူကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ ပရမာဏုမြူအမှုန် ဖြစ်၏။
ရုပ်ကလာပ်တစ်ခုကား ယင်းပရမာဏုမြူခန့်လောက် ရှိ၏။ ပရမာဏုမြူခန့်ဟူ၍သာ ဆိုပါသည်။ ပရမာဏူမြူဟူ၍ အတိအကျ မဆိုပါ။ ယင်း ပရမာဏုမြူခန့် ရှိသော ရုပ်ကလာပ်များကား အာကာသကောဋ္ဌာသိက (= ဟင်းလင်ပြင် အာကာသကောဋ္ဌာသ) အဖို့အစု၌ ဝင်၏။ ပရမာဏုမြူခန့် သေးငယ်သော ရုပ်ကလာပ်တို့ဖြင့် ပြည့်နေသော အရပ်ကို အာကာသ ဟင်းလင်းပြင်ဟူ၍သာ ထင်ရသည်ဟု ဆိုလိုပေသည်။ ယင်းရုပ်ကလာပ်တို့ကို ပကတိသော ပကတိသော မျက်စိဖြင့် မမြင်နိုင်။ ပကတိသော မံသစက္ခု (=စက္ခုဝိညာဏ်၏)၏ ကျက်စားရာ အာရုံ မဟုတ်။ ဒိဗ္ဗစက္ခု၏သာလျှင် ကျက်စားရာ အာရုံဖြစ်၏။ (ဒိဗ္ဗစက္ခုဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်း ရောင်ခြည် စွမ်းအင်နှင့်မှ မြင်နိုင်သည်။ ရှေးတွင် ရှင်းပြခဲ့သည့်အတိုင်း ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားအပ်သော အာလောကကသိုဏ်း လင်းရောင်ခြည် စွမ်းအင်နှင့်မှ မြင်နိုင်သည်ဟု ဆိုလိုပေသည်။ သို့သော် ရှေးပိုင်းတွင် ရှင်းပြခဲ့သည်အတိုင်း ဒိဗ္ဗစက္ခုဉာဏ်ကြောင့် လင်းရောင်ခြည်များ ထွက်ပေါ်လာသကဲ့သို့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့ကြောင့်လည်း လင်းရောင်ခြည်များ ဖြစ်ပေါ်လာနိုင်ကြသဖြင့် ထိုသမထဘာဝနာစိတ် ဝိပဿနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ စွမ်းအင်ဖြင့်လည်း ယင်းရုပ်ကလာပ်များကို တွေ့မြင်နိုင်သည်သာ ဖြစ်ပါသည်။ လက္ခဏာဟာရနေတ္တိနည်းဖြင့် အဋ္ဌကထာဆရာတော် ဋီကာဆရာတော်တို့ ဖွင်ဆိုသွားတော်မူကြသည်ဟု မှတ်ပါ။သို့မှသာလျှင် ဒိဗ္ဗစက္ခုအဘိညာဏ်ကို မရရှိသည့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် သမထယာနိကပုဂ္ဂိုလ်တို့လည်း ဝိပဿနာသို့ ကူးနိုင်ကြမည် ဖြစ်ပေသည်။
လမ်းလွဲသွားတတ်ပုံကို သတိပြုပါ
ရုပ်ကလာပ်ဟူသည် ရုပ်လောကဝယ် အသေးဆုံး ရုပ်အဖွဲ့အစည်း တစ်ခု၏ အမည်ဖြစ်၏။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာဟု အနည်းဆုံး ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏။ အချို့ရုပ်ကလာပ်များ၌ ဇီဝိတပါလျှင် (၉)မျိုး, အချို့ရုပ်ကလာပ် များ၌ အကြည်ဓာတ် (= ပသာဒရုပ်) သို့မဟုတ် ဘာဝရုပ်ပါလျှင် (၁၀)မျိုး ဤသို့စသည်ဖြင့် ရှိတတ်၏။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ယင်း (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားများကို မြင်အောင် ရှုနိုင်ပါမှ ရုပ်ပရမတ်နယ်မြေသို့ ရောက်ရှိမည် ဖြစ်သည်။ ရုပ်တရားကို သဘာဝလက္ခဏာသို့ ဆိုက်အောင် ပိုင်းပိုင်းခြားခြား သိတတ်သည့် ရူပပရိစ္ဆေဒဉာဏ်ကို ရရှိမည်ဖြစ်သည်။ ရုပ်တရားအစစ်ကို ရုပ်ပရမတ်တရားကို သိရှိရုံအဆင့်မျှသာ ရှိသေးသည်။ ရှေးဆက်ရမည့် လုပ်ငန်ခွင်းတို့ကား များစွာပင် ကျန်ရှိနေပေသေးသည်။
သို့သော် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ထိုသို့ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ထိုရုပ်ကလာပ်တစ်ခုတစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်ပရမတ် သဘောတရားများကို ဉာဏ်ဖြင့် ပိုင်းခြားမယူဘဲ ရုပ်ပရမတ်နယ်သို့ အသိဉာဏ်မဆိုက်သေးဘဲ ယင်းရုပ်ကလာပ်တို့၏ ပေါ်မှု-ပျောက်မှုကိုပင် အာရုံယူကာ ဖြစ်-ပျက်ရှုနေပါက သို့မဟုတ် အနိစ္စဟု ရှုနေပါက သမူဟဃနဟူသော ရုပ်အပေါင်းအစု အတုံးအခဲ သမူဟပညတ် မကွာသေးသဖြင့် ပညတ်ကိုပင် ဝိပဿနာရှုနေသည် မည်ပေသည်။
ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်၌ ပါဝင်တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားများကို သဘာဝလက္ခဏာ အသီးအသီးသို့ ဉာဏ်အမြင်ဆိုက်အောင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားနိုင်ပါမှ သမူဟဃနဟူသော ရုပ်အပေါင်းအစု အတုံးအခဲပြို၍ သမူဟပညတ်လည်း ကွာသွားမည် ဖြစ်သည်။ သို့သော် သမူဟပညတ် မကွာသေးသည့် အသေးဆုံး ရုပ်အဖွဲ့အစည်းဖြစ်သည့် ရုပ်ကလာပ်အတုံးအခဲ ပညတ်ကို ယင်းတို့၏ ဖြစ်မှုပျက်မှုကို အာရုံယူကာ အနိစ္စဟု ဝိပဿနာရှုနေပါက ပညတ်တို့မည်သည် ဉာဏ်ဖြင့် ကြာကြာ ကြိတ်ချေမှုဒဏ်ကို မခံနိုင်သည့်အတွက် မကြာမီ အချိန်ကာလအတွင်းမှာပင် ရုပ်ကလာပ်များမှာ တစ်စတစ်စ ပါး၍, ပါးရာက ပျောက်၍ အကြည်တုံး အကြည်ပြင်ကြီးကိုပင် ပြန်တွေ့တတ်ပါသည်။ ထို အကြည်ပြင်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါကလည်း သမာဓိအရှိန်အဝါ အတော်အသင့် အားကောင်းနေသည့်အတွက် ဘာဝနာစိတ်သည် ယင်း အကြည်ပြင်၌ ငြိမ်၍ ကပ်နေတတ်ပါသည်။ ထိုအခါမျိုးတွင် အချို့အချိုသော ယောဂါဝစရပုဂ္ဂိုလ်များက ရုပ်ချုပ်သွားပြီးဟု ယူဆလာတတ်ကြ၏ ပြောကြားလာတတ်ကြ၏။ တစ်ဖန် ထိုအကြည်ပြင်၌ပင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားရာက တဖြည်းဖြည်း စိတ်ကို လျှော့ချလိုက်ပါမူ ရှေးပိုင်းတွင် ရှင်းလင်းတင်ပြထားခဲ့သည့်အတိုင်း ဥပစာရသမာဓိနယ်မြေ အခိုက်ဝယ် သို့မဟုတ် သမာဓိ နုနယ်သေးသော အခိုက်ဝယ် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့က စိတ်အစဉ်ကို ချီမထားနိုင်သည့် စွမ်းအား မရှိခြင်းကြောင့် ဘဝင်သို့ သက်ရောက်သွားတတ်၏ ဘဝင်ကျနေတတ်၏။ ထိုအခါမျိုးတွင်လည်း ယောဂါဝစရပုဂ္ဂိုလ်က ရုပ်နာမ် နှစ်မျိုးလုံး ချုပ်သွားပြီဟု ယူဆလာတတ်၏၊ ပြောကြားလာတတ်၏။ အကယ်စင်စစ်မှာမူ နာမရူပပရိစ္ဆေဒဉာဏ်ကိုမျှ မရရှိသေးသော အဆင့်တွင်သာ တည်ရှိနေပေသေးသည်။
ဤသို့ ပြောဆိုလာသော ယောဂါဝစရပုဂ္ဂိုလ်မှာ ယေဘုယျအားဖြင့် သမထပိုင်းတွင်လည်း ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် မိမိနှစ်ခြိုက်ရာ စိတ်ကြိုက် ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် ခိုင်ခိုင်ခံ့ခံ့ သမာဓိကို မထူထောင်ရသေးဘဲ, ရုပ်တရားကို သိမ်းဆည်းရှုပွားရာ၌လည်း ဓာတ်ကြီးလေးပါးက စတင်၍ စနစ်တကျ စည်းကမ်းနည်းလမ်းကျကျ မရှုပွားဘဲ မိမိ နှစ်ခြိုက်သလို ရှုပွားလာရာက ပါရမီအားလျော်စွာ သမာဓိအတော်အသင့် အားကောင်းလာသောအခါ၌ ရုပ်ကလာပ်များကို တွေ့မြင်လာသူသာ ဖြစ်၏။ မူလကတည်းက ရုပ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ မရှုပွားထားသဖြင့် ရုပ်ကလာပ်များကို တွေ့မြင်သောအခါ၌လည်း ထိုရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဆက်လက်၍ သိမ်းဆည်းရေး ဉာဏ်ဖြင့် ပိုင်းခြားယူရေးမှာ အလွန်ပင် အလှမ်းဝေးလျက် ရှိနေ၏။ မူလကတည်းက ဓာတ်ကြီးလေးပါးကို လျင်လျင်မြန်မြန် မရှုထားတတ်သူတို့အဖို့ အလွန့်အလွန် လျင်လျင် မြန်မြန် ဖြစ်ပေါ်လာပြီးနောက် ပျောက်သွားသော ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌လည်း ဖြစ်ပေါ်ပြီးနောက် မပျက်မီ အချိန်ကာလအတွင်းဝယ် ဓာတ်ကြီးလးပါးကို မြင်အောင် ရှုတတ်ရေးမှာ ခက်ခဲသော လုပ်ငန်းတစ်ရပ်ပင် ဖြစ်နေပေ၏။ များသောအားဖြင့် ထိုရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌လည်း ပါဝင်တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် ရှုပွားရမည်ဟူသော အမှတ်သညာမျှပင် မရှိသူက များပေသည်။
ပရမတ္ထသစ္စာနယ်သို့
ရုပ်ကလာပ်ဟူသည် သမူဟပညတ် သဏ္ဌာနပညတ်စသည့် ပညတ်များမကွာသေးသည့် အသေးဆုံး အတုံးအခဲ ပညတ်သာ ရှိသေးသည်။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ မဟာဘုတ် ဓာတ်ကြီးလေးပါးကို မြင်အောင် ဆက်လက်၍ ရှုပွားသိမ်းဆည်းနိုင်ပါက ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ရုပ်ပရမတ်နယ်မြေတို့ စတင် ရောက်ရှိမည် ဖြစ်သည်။
အကယ်၍ ရုပ်ကလာပ်များ၏ အလွန်လျင်လျင်မြန်မြန် ပေါ်မှု ပျောက်မှုကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုမရနိုင် ဖြစ်နေပါက, မမြင်ချင် မတွေ့ချင်သူတစ်ဦးနှင့် တွေ့ဆုံသောအခါ မမြင်ယောင် မတွေ့ယောင် ဆောင်နေသကဲ့သို့, အလားတူပင် ရုပ်ကလာပ်တို့၏ ပေါ်မှုပျောက်မှုကို အာရုံမပြုဘဲ မကြည့်ဘဲ နှလုံးမသွင်းဘဲ ရုပ်ကလာပ်တစ်ခုတစ်ခု၌ တည်ရှိသော ဓာတ်ကြီးလေးပါး ကိုသာ စူးစူးစိုက်စိုက် နှလုံးသွင်းပါ အာရုံပြုနေပါ၊ ရှုနေပါ။ ပါရမီအရှိန်အဝါ အားကောင်းသူ ယောဂီသူတော်စင်များအဖို့ အောင်မြင်မှုကို ရရှိလာတတ်ပါသည်။
ရုပ်ကလာပ်တို့၏ ပေါ်မှုပျောက်မှုက အလွန်လျင်မြန်လွန်းသဖြင့် အောင်မြင်မှုကို မရရှိဖြစ်နေခဲ့သော် ရုပ်ကလာပ် တစ်ခုတစ်ခုကို အာရုံမယူသေးဘဲ, ရုပ်ကလာပ်တို့၏ ဖြစ်မှုပျက်မှုကိုလည်း နှလုံးမသွင်းဘဲ ရုပ်ကလာပ်အများအစုကို ခြုံ၍ဖြစ်စေ, သို့မဟုတ် ရုပ်ကလာပ်အားလုံးကို ခြုံ၍ဖြစ်စေ, သို့မဟုတ် ဓာတ်ကြီးလေးပါးကို ရှုနေကြအတိုင်း တစ်ကိုယ်လုံးကို ခြုံ၍ဖြစ်စေ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကိုသာ အာရုံစိုက်၍ ဆက်လက် ရှုပွားနေပါ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားလျက် သမာဓိကို ထူထောင်နေပါ။ သမာဓိအားကောင်းလာသောအခါ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌လည်း ပါဝင်တည်ရှိနေသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်လာနိုင်ပါသည်။
အကယ်၍ အောင်မြင်မှုကို မရှိခဲ့သော် တစ်ခုစီ ခွဲရှုပါ။ တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်ကလာပ်အားလုံးကို ခြုံ၍ မာ-မှုသဘောကို ရှုပါ၊ တစ်ဖန် ရုပ်ကလာပ်တစ်ခု၌ မာ-မှုသဘောကို ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ပါ။ ရုပ်ကလာပ်တစ်ခု၌ မာ-မှုသဘောကို ရှုလိုက်သည်နှင့် ယင်းရုပ်ကလာပ်က ပျောက်သွားပါက နောက်ရုပ်ကလာပ်တစ်ခု၌ မာမှုသဘောကို နည်းတူ ဆက်ရှုကြည့်ပါ။ ဤသို့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုခဲ့သော် ရှုလိုက်သည့် ရုပ်ကလာပ်တိုင်း၌ မာ-မှုသဘောကို ဉာဏ်ဖြင့် တွေ့မြင်နေပါက ကြမ်း-မှုသဘောတရားကို တိုး၍ ပုံစံတူ ဆက်ရှုကြည့်ပါ။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ကြမ်းမှုသဘောကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ မာမှု-ကြမ်းမှုသဘောနှစ်မျိုးလုံးကို ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ မြင်အောင် ဆက်၍ လေ့ကျင့်ပါ။
ဤနည်းစနစ်အတိုင်း ဓာတ်သဘောတရား တစ်ခုစီတစ်ခုစီ တစ်စတစ်စ တိုး၍တိုး၍ လေ့ကျင့်ပါ။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ အနည်းဆုံး သဘောတရား (၈)မျိုးခန့်ကို ပြိုင်တူလိုလို မြင်အောင် လေ့ကျင့်ပါ။ ရုပ်ကလာပ်တစ်ခု၌ ပထဝီဓာတ် သဘောတရား (၆)မျိုးတို့တွင် သုံးမျိုးသာ ထင်ရှား၏။ မာ-ကြမ်း-လေး-ထင်ရှားပါက ပျော့-ချော-ပေါ့-မထင်ရှားပေ။ ပျော့-ချော-ပေါ့-ထင်ရှားပါကလည်း မာ-ကြမ်း-လေး မထင်ရှားပေ။ အာပေါဓာတ်၌ကား ယိုစီးမှု ဖွဲ့စည်းမှု နှစ်မျိုးလုံး ထင်ရှားနိုင်၏။ သို့သော် တစ်မျိုးမျိုးမှာ သဘာဝသတ္တိ လွန်ကဲနေတတ်ပေသည်။ တစ်ဖန် တေဇောဓာတ် သဘောတရားနှစ်မျိုးတို့တွင် ပူ-မှု ထင်ရှားပါက အေး-မှု မထင်ရှားပေ၊ အေ-မှု ထင်ရှားပါကလည်း ပူ-မှု မထင်ရှားပေ။ တစ်ခုသာ ထင်ရှားပေသည်။ တစ်ဖန် ဝါယောဓာတ်၌ကား ထောက်ကန်မှု-တွန်းကန်မှု နှစ်မျိုးလုံး ထင်ရှားနိုင်၏။ ထောက်ကန်မှုကား လက္ခဏာ, တွန်းကန်မှုကား ရသကိစ္စ ဖြစ်သည်။ သတိပြု၍ သိမ်းဆည်းပါ။ ထိုကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခု၌ ----
၁။ မာ-ကြမ်း-လေး, သို့မဟုတ် ပျော့-ချော-ပေါ့,
၂။ ယိုစီး-ဖွဲ့စည်း,
၃။ ပူ-သို့မဟုတ် အေး,
၄။ ထောက်ကန်-တွန်းကန်,-ဟု
သဘောတရား (၈)မျိုးစီသာ တည်ရှိပေသည်။ သမာဓိစွမ်းအင်ကြီးမာလာ၍ ဉာဏ်အာနုဘော်က ထက်မြက်စူးရှလာသောအခါ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိနေသော ယင်းသဘောတရား (၈)မျိုးဟူသော ဓာတ်ကြီးလေးပါးတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝဝယ် ပြိုင်တူလိုလို ထင်ရှားနေမည် ဖြစ်ပေသည်။ ဓာတ်ကြီးလေးပါးတို့ကို ပြိုင်တူဉာဏ်ဖြင့် ပိုင်းခြားယူနိုင်အောင်လည်း လေ့ကျင့်ပါ။ ဒွါရ (၆)ပါးလုံး၌ တည်ရှိကြသော ရုပ်ကလာပ်များကို အကြမ်းစားအားဖြင့် ခွဲတမ်းချလိုက်ခဲ့သော် ပသာဒရုပ်တစ်မျိုးမျိုး ပါဝင်သည့် ကြည်သည့်ရုပ်ကလာပ်နှင့် ပသာဒရုပ်တစ်မျိုးမျိုး မပါဝင်သည့် မကြည်သည့်ရုပ်ကလာပ်ဟု နှစ်မျိုး ရှိပေသည်။ ဒွါရ (၆)ပါးလုံး၌ ကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါး, မကြည်သည့် ရုပ်ကလာပ်၌လည်း ဓာတ်လေးပါးတို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းနိုင်သောအခါ ထိုရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိနေသည့် ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော သမာဓိကို အထွတ်အထိပ်သို့ ရောက်ရှိနေသော သဒိသူပစာရအားဖြင့် ဥပစရသမာဓိအမည်ရသော ကာမာဝစရသမာဓိဟူ၍ ခေါ်ဆိုအပ်ပေသည်။
ဥပစာရသမာဓိ
ဥပစာရသမာဓီတိ စ ရုဠှဝသေန ဝေဒိတဗ္ဗံ။ အပ္ပနံ ဟိ ဥပေစ္စ စာရီ သမာဓိ ဥပစာရသမာဓိ၊ အပ္ပနာ စေတ္ထ နတ္ထိ။ တာဒိသဿ ပန သမာဓိဿ သမာနလက္ခဏတာယ ဧဝံ ဝုတ္တံ။ (မဟာဋီ၊၁၊၄၃၆။)
= ဥပစာရသမာဓိဟူသည့် စကားရပ်ကို တင်စား၍ ခေါ်ဝေါ်သုံးစွဲသည့် အထင်ရုဠှီ၏ အစွမ်းဖြင့် သိရှိပါလေ။ မှန်ပေသည် အပ္ပနာစျာန်သို့ ကပ်၍ ဖြစ်လေ့ရှိသော သမာဓိသည်သာလျှင် ဥပစာရသမာဓိ ဖြစ်၏။ ဤဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ်၌ကား အပ္ပနာစျာန်ကား မရှိ ဖြစ်ခဲ့၏၊ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ အပ္ပနာစျာန်သို့ကား မဆိုက်ရောက်နိုင်။ သို့သော် ဤဓာတ်ကမ္မဋ္ဌာန်း ကျင့်စဉ်လမ်းမှ အထွတ်အထိပ်သို့ ရောက်ရှိလာသော ကာမာဝစရသမာဓိသည် ထိုအပ္ပနာစျာန်၏ အနီးသို့ ကပ်၍ ဖြစ်လေ့ရှိသော ဥပစာရသမာဓိအစစ်နှင့် သမာဓိဒီဂရီစံချိန်ချင်း တူညီသော လက္ခဏာရှိသောကြောင့် သဒိသူပစာရအားဖြင့် တင်စား၍ ယင်းသို့ ဓာတ်ကမ္မဋ္ဌာန်း ကျင့်စဉ်လမ်းမှ အထွတ်အထိပ်သို့ ရောက်ရှိလာသော ကာမာဝစရသမာဓိကို ဥပစာရသမာဓိဟူ၍ အဋ္ဌကထာက (ဝိသုဒ္ဓိ၊၁၊၃၄၇။) ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၄၃၆။)
အဘယ်ကြောင့် အပ္ပနာစျာန်သည် မဖြစ်နိုင်ပါသနည်းဟု မေးရန် ရှိ၏။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာဟူသော ပရမတ္ထဓမ္မသဘာဝလျှင် အာရုံရှိသောကြောင့် ယင်းပရမတ္ထသဘာဝကား အလွန်နက်နဲရကား အပ္ပနာစျာန်သို့ မရောက်နိုင်ဟူပေ။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတည်းဟူသော သဘာဝဓမ္မအာရုံ၌ ထိုပရမတ္ထဓမ္မ သဘာဝ၏ နက်နဲသည့်အတွက်ကြောင့် ဝိသုဒ္ဓိခုနစ်ပါးကျင့်စဉ် စသည်ကဲ့သို့သော ထူးခြားသည့် ဘာဝနာဝိသေသသည် မရှိခဲ့သော် အပ္ပနာစျာန်ကား မဖြစ်နိုင်။ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့်ယှဉ်သော လောကုတ္တရာစျာန်သည်ကား ဝိသုဒ္ဓိခုနစ်ပါးကျင့်စဉ်ကို အစဉ်အတိုင်း ကျင့်ခြင်းတည်းဟူသော ဝိသုဒ္ဓိဘာဝနာအစဉ်ကို အစဉ်လျှောက်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာရ၏။ ဝိညာဏဉ္စာယတနစျာန်ဟူသော အရူပါဝစရစျာန်သည် ကသိုဏ်းပညတ်အာရုံ ကောင်းကင်ပညတ်အာရုံတို့ကို ကျော်လွှားလွန်မြောက်သည်၏ အစွမ်းဖြင့် အာကာသာနဉ္စာယတနစျာန်စိတ်ကို အရှုခံအာရုံထား၍ ဘာဝနာကို ပွားများသည်၏ အစွမ်းဖြင့် ပရမတ်အာရုံ၌ အပ္ပနာစျာန် (=ဝိညာဏဉ္စာယတနစျာန်သည်) ဖြစ်ပေါ်လာရ၏။ နေဝသညာနာသညာယတနသစျာန်သည် ရူပါဝစရစျာန်၏ အာရုံနှင့် အောက်အောက် အရူပစျာန်တို့၏ အာရုံကို ကျော်လွှားနိုင်သဖြင့် အာကိဉ္စညာယတနစျာန်စိတ်ဟူသော ပရမတ်အာရုံကို အာရုံပြုကာ ပွားများရသည့် ဘာဝနာစွမ်းအားကြောင့် ဖြစ်ပေါ်လာရ၏ = နေဝသညာနာသညာယတနစျာန်ဟူသော အပ္ပနာစျာန်သို့ ဆိုက်ရောက်ရပေ၏။(မဟာဋီ၊၁၊၄၃၆။)
ဥပါဒါရုပ်များ ထင်ရှားလာပုံ
ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ မဟာဘူတံ နာမ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန၊ ယထာ အာတဝေါ နာမ ဆာယာယ ပရိစ္ဆိန္နော၊ ဆာယာ အာတပေန။ ဧဝမေဝ မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)
မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ နီလံ ပီတံ သုဂန္ဓံ ဒုဂ္ဂန္ဓံ န္တိ အာဒိနာ။ ဥပါဒါရူပံ မဟာဘူတေန တန္နိဿိတဿ တဿ တတော ဗဟိ အဘာဝါ။ ဆာယာတပါနံ အာတာပပစ္စယဆာယုပ္ပါဒက ဘာဝေါ အညမညပရိစ္ဆေဒ ကတာ။ (မူလဋီ၊၂၊၁၅၄။)
နီတံ ပီတန္တိ အာဒိနာ သင်္ဃာဋေ နီလာဒိဝဝတ္ထာနံ တံနိဿယတ္တာ မဟာဘူတေ ဥပါဒါယာတိ အာဟ မဟာဘူတံ ။ ပ ။ ဒုဂ္ဂန္ဓန္တိ အာဒိနာတိ။ ဥပါဒါယရူပံ မဟာဘူတေန ပရိစ္ဆိန္နန္တိ ယောဇနာ။ တဿာတိ ဥပါဒါရူပဿ။ တတောတိ မဟာဘူတတော။ ဆာယာယ အာတပစ္စယဘာဝေါ အာတပေါ ပစ္စယော ဧတိဿာတိ အာတပဿ ဆာယာယ ဥပ္ပါဒကဘာဝေါ ဆာယာတပါနံ အာတာပပစ္စယဆာယုပ္ပါဒကဘာဝေါ။ တေန ဥပ္ပါဒေတဗ္ဗ ဥပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာတိ ဒေဿတိ။ (အနုဋီ၊၂၊၁၅၆။)
ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းဝယ် ဤဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းတတ်သော ဉာဏ်ဖြင့် ပိုင်းခြားယူတတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထိုကလာပ်တူ ဓာတ်ကြီးလေးပါးကိုပင် မှီ၍ဖြစ်ပေါ်လာရသော ဥပါဒါရုပ်သည် ထင်ရှားလာသည်သာ ဖြစ်၏။
မဟာဘုတ် ဓာတ်ကြီးလေးပါးမည်သည်ကို ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏။ ရုပ်ကလာပ်တစ်ခုသည် အညိုရောင်နှင့် ပေါင်းဆုံမိသော် ထိုရုပ်ကလာပ်ကို အညိုရောင်ရုပ်ကလာပ်ဟု ပိုင်းခြားမှတ်သားရ၏။ ရုပ်ကလာပ်တစ်ခုသည် အဝါရောင်နှင့် ပေါင်းဆုံးမိသော် ထိုရုပ်ကလာပ်ကို အဝါရောင် ရုပ်ကလာပ်ဟု ပိုင်းခြားမှတ်သားရ၏။ အလားတူပင် ကောင်းသောအနံ့နှင့် ပေါင်းဆုံးမိသော် အနံ့ကောင်း၏ဟု, မကောင်းသောအနံ့နှင့် ပေါင်းဆုံးမိသော် အနံ့မကောင်းဟု ဤသို့ စသည်ဖြင့် ယင်းရုပ်ကလာပ်ကို ပိုင်းခြား မှတ်သားမှုသည် ဖြစ်၏။ ထိုရုပ်ကလာပ်တစ်ခုတွင် ဓာတ်ကြီးလေးပါးကား အမာခံ အထည်ဝတ္ထု ဖြစ်၏။ သို့အတွက် ဓာတ်ကြီးလေးပါးတို့၏ ညိုမှု ဝါမှု အနံ့ကောင်းမှုမကောင်းမှုသာ ဖြစ်၏။
အဝတ်နှင့် ဓာတ်ကြီးလေးပါးသည် တူညီ၏။ အဝတ်ကို မှီတွယ်၍ ဖြစ်ပေါ်လာရသော အညိုရောင် အဝါရောင် ကောင်းသောအနံ့ မကောင်းသောအနံ့စသည်နှင့် ရုပ်ကလာပ်တစ်ခုအတွင်း၌ မဟာဘုတ် ဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်ပေါ်လာရသော အဆင်းအနံ့စသည့် ဥပါဒါရုပ်သည် တူညီ၏။ သို့အတွက် ရုပ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော မဟာဘုတ်ဓာတ် ကြီးလေးပါးကို ညို၏ ဝါ၏ အနံ့ကောင်း၏ အနံ့မကောင်း ဤသို့ စသည်ဖြင့် ယင်းရုပ်ကလာပ်တူ ဥပါဒါရုပ်ဖြင့် (=အဆင်း အနံ့စသည့် ဥပါဒါရုပ်က) ပိုင်းခြားမှတ်သားပေး၏။ အလားတူပင် ဥပါဒါရုပ်ကို မဟာဘုတ် ဓာတ်ကြီးလေးပါးဖြင့် ပိုင်းခြားမှတ်သားအပ်၏။ ထိုမဟာဘုတ် ဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်ပေါ်နေသော ထိုကလာပ်တူ ဥပါဒါရုပ်၏ ထိုကလာပ်တူ မဟာဘုတ် ဓာတ်ကြီးလေးပါးမှ ပြင်ပ၌ မရှိသောကြောင့် ဖြစ်၏။
နေရောင်ခြည်တည်းဟူသော အကြောင်းကြောင့် မြေပြင်ပေါ်တွင် အိမ်၏အရိပ်စသည်သည် ဖြစ်ပေါ်လာ၏။ နေရောင်ခြည်ကြောင့် အရိပ်၏ ဖြစ်ပေါ်လာရမှုသည်ပင် အရိပ်နှင့် နေရောင်ခြည်တို့၏ တစ်ခုနှင့်တစ်ခု အချင်းချင်း ပိုင်းခြားမှုကို ပြုခြင်းပင် ဖြစ်၏။ နေသာနေသော (= နေပူနေသော) အချိန်တွင် မြေပြင်တစ်နေရာကို ကြည့်လိုက်ပါက ဤကား နေရောင်ခြည် ဤကား အရိပ်ဟု သိအောင် နေရောင်ခြည်မည်သည်ကို အရိပ်က ပိုင်းခြားအပ်သကဲ့သို့ အရိပ်ကို ဤကား အရိပ်ဟု သိနိုင်အောင် နေရောင်ခြည်ဖြင့်ပင် ပိုင်းခြားအပ်၏။ အလားတူပင် မဟာဘုတ် ဓာတ်ကြီးလေးပါးကို ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏။ ဥပါဒါရုပ်ကို မဟာဘုတ် ဓာတ်ကြီးလေးပါးဖြင့် ပိုင်းခြားအပ်၏။ နေရောင်ခြည်နှင့် မဟာဘုတ် ဓာတ်ကြီးလေးပါးသည် တူညီနေ၏။ နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာရသော သစ်ပင်ရိပ် အိမ်ရိပ်စသည်နှင့် ဥပါဒါရုပ်သည် တူညီ၏။
မဟာဘုတ် ဓာတ်ကြီးလေးပါးကြောင့် ဥပါဒါရုပ်သည် ဖြစ်ပေါ်လာရ၏။ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော မဟာဘုတ် ဓာတ်ကြီးလေးပါးကို မှီတွယ်၍ ယင်းရုပ်ကလာပ်ထဲတွင် အဆင်း အနံ့ အရသာစသော ဥပါဒါရုပ်များသည် ဖြစ်ပေါ်လာကြရ၏။ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဟုတ်တိုင်မှန်စွာ သိရှိရေးမှာ ယင်းရုပ်ကလာပ်ကို ရှေးဦးစွာ ဉာဏ်ဖြင့် တွေ့မြင်ဖို့ လိုအပ်၏။ ယင်းသို့ ရုပ်ကလာပ်ကို တွေ့မြင်ပါမှ ယင်းရုပ်ကလာပ်တစ်ခု၏ အတွင်း၌တည်ရှိသော ဓာတ်ကြီးလေးပါးကို ဆက်လက်၍ ရှုပွါးသိမ်းဆည်နိုင်မည် ဖြစ်သည်။ ယင်းရုပ်ကလာပ်ကို ဉာဏ်ဖြင့် တွေ့မြင်ရေးမှာ ယင်းရုပ်ကလာပ်၏ အရောင်အဆင်းစသည်ကို ဉာဏ်ဖြင့် မြင်ပါမှ ရုပ်ကလာပ်ကိုလည်း ဉာဏ်ဖြင့် မြင်နိုင်မည် ဖြစ်သည်။ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းရှုပွားနေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည် အကူအညီဖြင့် ယင်းရုပ်ကလာပ်ကို တွေ့ရှိမည် ဖြစ်သည်။ တစ်ဖန် ရုပ်ကလာပ်ဟူသည့် အမှုန်တို့မည်သည် အဆင်း အနံ့ (=ဝဏ္ဏ-ဂန္ဓ)စသည် မပါဘဲ ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ရုပ်ကလာပ်ဟူသည် (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားတို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ယင်း (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားတို့၏ အပေါင်းအစုကိုသာ ရုပ်ကလာပ်ဟု ခေါ်ဆိုခြင်း ဖြစ်၏။ သို့အတွက် ရုပ်ကလာပ်တစ်ခု အတွင်းဝယ် ဘူတရုပ်သည်လည်း ဥပါဒါရုပ်နှင့်, ဥပါဒါရုပ်သည်လည်း ဘူတရုပ်နှင့် ကင်း၍ ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ကျွန်း-ကိုင်းမှီ, ကိုင်း-ကျွန်းမှီဟူ၏သို့ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေသောတရာများ ဖြစ်ကြ၏။ အချင်းချင်းအပြန်အလှန် ပိုင်းခြားပေးနေသော ပရမတ်သဘောတရားများ ဖြစ်ကြ၏။ ဖြစ်စေအပ်သောတရား ဖြစ်စေတတ်သောတရား ဖြစ်မှုသည် အချင်းချင်း ပိုင်းခြားတတ်သော သဘောတရား ဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။ မူလဋီ၊၂၊၁၅၄။ အနုဋီ၊၂၊၁၅၆။) ---------- ဖြစ်စေအပ်သောတရား မရှိက ဖြစ်စေတတ်သောတရားလည်း မရှိနိုင်၊ ဖြစ်စေတတ်သော တရား မရှိကလည်း ဖြစ်စေအပ်သောတရားလည်း မရှိနိုင် ဟူလိုသည်။
ဒွါရ (၆) ပါး၌ တည်ရှိသော ရုပ်ကလာပ်များ
စက္ခုဒွါရသ္မိံ ဟိ စက္ခု-ကာယ-ဘာဝဒသကဝသေန တိံသ ကမ္မဇရူပါနိ၊ ဥပတ္ထမ္ဘကာနိ ပန တေသံ ဥတုစိတ္တာဟာရသမုဋ္ဌာနာနိ စတုဝီသတီတိ စတုပဏ္ဏဿ ဟောန္တိ။ တထာ သောတ-ဃာန-ဇိဝှါဒွါရေသု။ ကာယဒွါရေ ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုစတ္တာသီသ။ မနောဒွါရေ ဟဒယဝတ္ထု-ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုပဏ္ဏာသမေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၉။)
ဤအထက်ပါ နာမည်ကျော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း ------
၁။ စက္ခုဒွါရ ခေါ် မျက်စိ၌ ------ စက္ခုဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။
၂။ သောတဒွါရ ခေါ် နာ၌ ------ သောတဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား(၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။
၃။ ဃာနဒွါရ ခေါ် နှာခေါင်း၌ ------ ဃာနဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား(၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။
၄။ ဇိဝှါဒွါရ ခေါ် လျှာ၌ ------ ဇိဝှါဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။
၅။ ကာယဒွါရ ခေါ် ကိုယ်၌ ------ ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုးတို့ ရှိကြကုန်၏။
၆။ မနောဒွါရ ခေါ် ဟဒယနှလုံး၌ ------ ဟဒယဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။
ဤ၌ ရုပ်ကလာပ်အမျိုးအစားသာ (၆)မျိုး (၅)မျိုးစသည်ဖြင့်, ရုပ်အမျိုးအစားစာ (၅၄)မျိုး (၄၄)မျိုးစသည်ဖြင့် ရှိခြင်း ဖြစ်သည်။ တစ်မျိုးတစ်မျိုး၌ အရေအတွက်ကား များစွာရှိနေမည်သာ ဖြစ်သည်။ မျက်စိ၌ စက္ခုဒသကကလာပ်တစ်မျိုး, ကာယဒသကကလာပ်တစ်မျိုး - ဤသို့ စသည်ဖြင့် အမျိုးအစားသာ တစ်မျိုးဟု ဆိုခြင်း ဖြစ်သည်။ မျက်စိ၌ စက္ခုပဒသကကလာပ်ပေါင်းများစွာ, ကာယဒသကကလာပ်ပေါင်းများစွာ ရှိကြသည်သာ ဖြစ်သည်။ ဤသို့ စသည်ဖြင့် ဒွါရ(၆)ပါးလုံး၌ သဘောပေါက်ပါလေ။
၁။ စက္ခုဒသကကလာပ် = ရူပါရုံ၏ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော စက္ခုအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်,
၂။ သောတဒကကလာပ် = သဒ္ဒါရုံ (အသံ)၏ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော သောတအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်,
၃။ ဃာနဒသကကလာပ် = ဂန္ဓာရုံ (အနံ့)၏ ရှေးရှုရိုက်ခတ်ဖြင့်ငှာ ထိုက်သော ဃာနအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်,
၄။ ဇိဝှါဒသကကလာပ် = ရသာရုံ (အရသာ)၏ ရှေးရှုရိုက်ခတ်ဖြင့်ငှာ ထိုက်သော ဇိဝှါအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်,
၅။ ကာယဒသကကလာပ် = ဖောဋ္ဌဗ္ဗာရုံ (ပထဝီ-တေဇော-ဝါယော)၏ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ကာယအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော)ရုပ်ကလာပ်,
၆။ ဘာဝဒသကကလာပ် = ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,
၇။ ဟဒယဒသကကလာပ် = မနောဓာတ် မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်လျှင် (၁၀)ခုမြောက်ရှိေသော (မကြည်သော) ရုပ်ကလာပ်,
၈။ စိတ္တဇ ဩဇဋ္ဌမကကလာပ် = ဟဒယဝတ္ထုကို မှီ၍ ဖြစ်သော စိတ်ကြောင့် ဖြစ်သော ဩဇာလျှင် ရှစ်ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,
၉။ ဥတုဇဩဇဋ္ဌမကကလာပ် = ရုပ်ကလာပ် တစ်ခုအတွင်း၌ ရှိသော တေဇောဓာတ် (= ဥတု)ကြောင့်ဖြစ်သော ဩဇာလျှင် ရှစ်ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,
၁၀။ အာဟာရဇ ဩဇဋ္ဌမကကလာပ် = အာဟာရ (ဩဇာ)ကြောင့် ဖြစ်သော ဩဇာလျှင် ရှစ်ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,
၁၁။ ဇီဝိတနကကလာပ် = ဇိဝိတလျှင် (၉)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,
(မှတ်ချက် ------ ဤဇီဝိတနဝကကလာပ်မှာ အထက်ပါ စာရင်းဇယားတွင် မပါသော်လည်း တေဇောကောဋ္ဌာသ, ဝါယောကောဋ္ဌာသတို့၌ ထည့်သွင်း၍ ဖော်ပြထားပါသည်။ တစ်ကိုယ်လုံး အနှံ့အပြား ရှိသော ရုပ်ကလာပ်တစ်မျိုး ဖြစ်သည်။)
(၃၂) ကောဋ္ဌာသတို့၌ ရုပ်တရားများ
ချွေး, မျက်ရည်, တံတွေး, နှပ် ------ ဟူသော ဤကောဋ္ဌာသ လေးမျိုးတို့၌ ------ ဥတုဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ် ------ ဟု ရုပ်ကလာပ် အမျိုးအစား (၂)မျိုး, ရုပ်အမျိုးအစား (၁၆)မျိုးစီ ရှိ၏။
အစာသစ်, အစာဟောင်း, ပြည်, ကျင်ငယ် ------ ဟူသော ဤကောဋ္ဌာသ လေးမျိုးတို့၌ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တစ်မျိုးစီ, ရုပ်အမျိုးအစား (၈)မျိုးစီသာ အသီးအသီး ရှိ၏။
ကြွင်းကျန်ကုန်သော ဆံပင် အစရှိကုန်သော ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)မျိုးတို့ကြောင့် ဖြစ်ကုန်သော ကောဋ္ဌာသ (၂၄)တို့၌ ကောဋ္ဌာသတစ်ခုတစ်ခု၌ ကာယဒွါရတွင် ဖော်ပြခဲ့သော ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုးစီ အသီးအသီး ရှိပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
တေဇောကောဋ္ဌာသ (၄)မျိုး
၁။ သန္တပ္ပနတေဇော = တစ်ရက်ခြား ဖျားခြင်း စသည်ဖြင့် ပြင်းထန် စွာ ပူလောင်သော တေဇော,
၂။ ဇီရဏတေဇော = အိုစေ ရင့်ကျက်စေ ဆွေးမြည့်စေသော ပူလောင် သော တေဇော,
၃။ ဍာဟတေဇော = ထက်ဝန်းကျင် ပူလောင်သော တေဇော ------
ဤတေဇောကောဋ္ဌာသ သုံးမျိုးတို့၌ ဇိဝိတနဝကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၄)မျိုး, ရုပ်အမျိုးအစား (၃၃)မျိုးစီ အသီးအသီး ရှိပေသည်။
၄။ ပါစကတေဇော = အစာကို ကြေကျက်စေတတ်သော ပူလောင် သော တေဇော ------ ဤတေဇောကောဋ္ဌာသ၌ ကား ဇိဝိတနဝကကလာပ် တစ်မျိူးသာ ရှိပေ သည်။
ဝါယောဓာတ် လွန်ကဲသော ဝါယောကောဋ္ဌာသ (၆) မျိုး
၁။ ဥဒ္ဓင်္ဂမာ ဝါတာ = အထက်သို့ ဆန်တက်သော လေ,
၂။ အဓောဂမာ ဝါတာ = အောက်သို့ စုန်ဆင်းသော လေ,
၃။ ကုစ္ဆိသယာ ဝါတာ = ဝမ်းဗိုက်အတွင်း အူအပြင်ဘက်၌ တည်ရှိသော လေ,
၄။ ကောဋ္ဌာသယာ ဝါတာ = အူအတွင်း၌ တည်ရှိသော လေ,
၅။ အင်္ဂမင်္ဂါနုသာရိနော ဝါတာ = ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက် သော အကြောအတွင်း၌ တည်ရှိသော လေ,
ဤဝါယောကောဋ္ဌာသ ငါးမျိုးတို့တွင် ကောဋ္ဌာသတစ်မျိုးတစ်မျိုး၌ ဇီဝိတနဝကကလာပ် စိတ္တဇဩဇဋ္ဌမကကလာပ် ဥတုဇဩဇဋ္ဌမကကလာပ် အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၄)မျိုး, ရုပ်အမျိုးအစား (၃၃)မျိုးစီ အသီးအသီး ရှိပေသည်။
၆။ အဿာသပဿာသော = ဝင်သက်လေ ထွက်သက်လေ ------ ဤကောဋ္ဌာသ၌ စိတ္တဇသဒ္ဒနဝကကလာပ် (= စိတ်ကြောင့်ဖြစ်သော အသံလျှင် ကိုးခုမြောက်ရှိသော ရုပ်ကလာပ်)တစ်မျိုးသာ ရှိသည်။
ဝိပဿနာဉာဏ်၏ အရှုခံရုပ်တရား
ဤအထက်တွင် တင်ပြထားသော ဒွါရ (၆)ပါး၌ တည်ရှိသော ရုပ်တရား, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကား အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ထိုက်သော သဗ္ဗစနူပဂဓမ္မ ------ ရုပ်တရားတို့ဖြစ်ကြ၏။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
အာကာသဓာတ် လဟုတာ မုဒုတာ ကမ္မညတာစသည့် ရုပ်အတုတို့ကား လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာ မရှုပွားကောင်းကုန်သော ရုပ်တရားတို့ ဖြစ်ကြ၏။ သို့သော် ယင်းရုပ်အတုတို့နှင့် ရောနှောနေကြသော စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကိုလည်း ရုပ်နာမ်ကို သိမ်းဆည်းသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတွင် ရောနှော၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၅။)တွင် ညွှန်ကြားထားပေသည်။
ဤအထက်ပါ ဒွါရ(၆)ပါး, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ဥပါဒါ ရုပ်တို့ကို သိမ်းဆည်းပုံကိုလည်းကောင်း, ရုပ်အတုတို့နှင့် ရောနှောနေသော ရုပ်တရားတို့ကို သိမ်းဆည်းပုံကိုလည်းကောင်း ဆရာသမားနှင့် ချဉ်းကပ်လေ့လာပါ။ ယင်းရုပ်တရားတို့ကို လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းပုံ စနစ်များကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ခန္ဓနိဒ္ဒေသပိုင်း (ဝိသုဒ္ဓိ၊၂၊၇၄၊၈၀။)စသည်တို့၌ ညွှန်ကြားထားတော်မူ၏။ ဆရာသမားနှင့်သာ ချဉ်းကပ်လေ့လာပါ။
နာမ်ကမ္မဋ္ဌာန်းပိုင်း
ဝိပဿနာဉာဏ်၏ အရှုခံနာမ်တရား
အပရိဇာနနသုတ္တန်နှင့် သဗ္ဗပရိညာသုတ္တန် ကောက်နှုတ်ချက်
သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ ။ ပ ။ သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ (သံ၊၂၊၂၄၉-၂၅၀။)
သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ တတ္ထ စိတ္တံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ တတ္ထ စိတ္တံ ဝိရာဇယံ ပဇာဟံ ဘဗ္ဗော ဒုက္ခက္ခယာယတိ။ (ဣတိဝုတ္တက၊ ၁၉၇။)
ဣတိ ဣမသ္မိံ သုတ္တေ တိဿောပိ ပရိညာ ကထိတာ ဟောန္တိ။ အဘိဇာနန္တိ ဟိ ဝစနေန တီရဏပရိညာ၊ ဝိရာဇယံ ပဇဟန္တိ ဒွီဟိ ပဟာနပရိညာတိ။ (သံ၊ဋ္ဌ၊၃၊၆။)
ပစ္စက္ခကရဏတ္ထေန ဉာတပရိညာ တီရဏပရိညာ စ ဂဟိတာ ဟောတိ။ (သံ၊ဋီ၊၂၊ ၆၅။)
= ရဟန်းတို့ ... အလုံးစုံသော (ဥပါဒါနက္ခန္ဓာငါးပါး = အာယတနတစ်ဆယ့်နှစ်ပါး =) ရုပ်နာမ်တရားကို အပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို ဉာတပရိညာဖြင့် ထိုးထွင်း မသိခဲ့သော် တီရဏပရိညာဖြင့် ပိုင်းခြား မသိခဲ့သော် ပဟာနပရိညာဖြင့် ထိုအလုံးစုံသော ရုပ်နာမ်တရား အပေါ်၌ တွယ်တာမက်မောနေသည့် တဏှာတရားကို (=တဏှာနှင့် ယှဉ်သော စိတ်ကို) ကင်းပြတ်ရုပ်သိမ်းချုပ်ငြိမ်းအောင်း မကျင့်နိုင်ခဲ့သော် မပယ်စွန့်နိုင်ခဲ့သော် ဒုက္ခကုန်ခြင်းငှာ မထိုက် ။ ပ ။
= ရဟန်းတို့ ... အမှန်စင်စစ်အားဖြင့်သော်ကား အလုံးစုံသော (ဥပါဒါနက္ခန္ဓာငါးပါး = အာယတနတစ်ဆယ့်နှစ်ပါး =) ရုပ်နာမ်တရားကို ဉာတပရိညာဖြင့် ထိုးထွင်း သိခဲ့သော်, တီရဏပရိညာဖြင့် ပိုင်းခြား သိခဲ့သော် ပဟာနပရိညာဖြင့် ထိုအလုံးစုံသော ရုပ်နာမ်တရားအပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို (= တဏှာနှင့် ယှဉ်သော စိတ်ကို) ကင်းပြတ်ရုတ်သိမ်းချုပ်ငြိမ်းအောင် ကျင့်နိုင်ခဲ့သော် ပယ်စွန့်နိုင်ခဲ့သော် ဒုက္ခကုန်ခြင်းငှာ ထိုက်၏။ (သံ၊၂၊၂၄၉-၂၅၀။ ဣတိဝုတ္တက၊ ၁၉၇။)
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းဂန်အဆိုအမိန့်တို့နှင့်အညီ သံသရာဝဋ်ဆင်းရဲ၏ ကုန်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အလုံးစုံသော ခန္ဓာငါးပါး (= ရုပ်နာမ်တရား)တို့ကို ပရိညာပညာသုံးမျိုးတို့ဖြင့် သိရှိအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ ယင်း ပရိညာပညာတို့ကား အထက်ပါ သံယုတ်ဋီကာ အဖွင့်အရ ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ထွင်းဖောက် သိမြင်ရမည့် အတ္တပစ္စက္ခဉာဏ်တို့သာ ဖြစ်ကြ၏။ ယင်းပရိညာတို့ကို ဆက်လက်၍ ရှင်းလင်း တင်ပြပေအံ့။ -----
ပရိညာသည် လောကီပရိညာ လောကုတ္တရာပရိညာဟု နှစ်မျိုး ရှိ၏။ လောကီပရိညာသည်လည်း ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟု သုံးမျိုး ရှိ၏။ လောကုတ္တရာပရိညာသည်လည်း ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာသုံးမျိုးဟု သုံးမျိုးပင် ရှိ၏။ ထိုတွင် လောကီ ပရိညာသုံးမျိုးတို့ကို ရှေးဦးစွာ တင်ပြအပ်ပါသည်။
လောကီ ဉာတပရိညာ
တတ္ထ ရုပ္ပန လက္ခဏံ ရူပံ, ဝေဒယိတလက္ခဏာ ဝေဒနာတိ ဧဝံ တေသံ တေသံ ဓမ္မာနံ ပစ္စတ္တလက္ခဏသလ္လက္ခဏဝသေန ပဝတ္တာပညာ ဉာတပရိညာ နာမ ။ ပ ။ တတ္ထ သင်္ခါရပရိစ္ဆေဒတော ပဋ္ဌာယ ယာဝ ပစ္စယပရိဂ္ဂဟာ ဉာတပရိညာယ ဘူမိ။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)
= ထိုပရိညာသုံးမျိုးတို့တွင် ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ်တည်း၊ ခံစားတတ်သော သဘောလက္ခဏာရှိသော တရားကား ဝေဒနာတည်း ---
ဤသို့ စသည်ဖြင့် ထိုထိုခန္ဓာငါးပါး ပရမတ္ထဓာတ်သားတို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာကို ကောင်းစွာ ပိုင်းခြားမှတ်သားသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ရုပ်နာမ်ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော နာမရူပပရိစ္ဆေဒဉာဏ်ပညာနှင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရား အကျိုးတရားတို့ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ပညာသည် ဉာတပရိညာ မည်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)
သော ဣဒံ နာမရူပံ န အဟေတု အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ။ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယောတိ ဥပပရိက္ခန္တော အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာတိ တဿ ပစ္စယံ ဝဝတ္ထပေတွာ အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိ ပစ္စယာ စေဝ ပစ္စယမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုဉ္ဇော ဧဝါတိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာ သင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)
= ဥပါဒါနက္ခခန္ဓာငါးပါး = အာယာတန တစ်ဆယ့်နှစ်ပါး = ရုပ်နာမ်တရားတို့ကို ပရမတ္ထဓမ္မသဘာဝလက္ခဏာသို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် တီရဏပရိညာဖြင့် ပိုင်းခြား သိခဲ့သော ဤ ရုပ်နာမ်သည်ကား တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား (= ဇနကအကြောင်းတရား) ထင်ရှား မရှိဘဲ, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား (= ဥပတ္ထမ္ဘက အကြောင်းတရား) ထင်ရှား မရှိဘဲ ဖြစ်ပေါ်လာရသည်သာ မဟုတ်၊ အဟုတ်သော်ကား တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရား ထင်ရှားရှိသည် ဖြစ်၍သာလျှင်, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား (= ဥပတ္ထမ္ဘ ကအကြောင်းတရား) ထင်ရှား ရှိသည်ဖြစ်၍သာလျှင် ဖြစ်ပေါ်လာ၏။ ထိုရုပ်နာမ်၏ တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား (= ဇနက အကြောင်းတရားကား) အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား (= ဥပတ္ထမ္ဘက အကြောင်းတရား)ကား အဘယ်ပါနည်းဟု ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် -----
၁။ အဝိဇ္ဇာဟူသော အကြောင်းကြောင့်,
၂။ တဏှာဟူသော အကြောင်းကြောင့်,
၃။ ကံဟူသော အကြောင်းကြောင့်,
၄။ အာဟာရဟူသော အကြောင်းကြောင့် -----
ဖြစ်ပေါ်လာရသည်ဟု ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက် သိမြင်သောအခါ -----
အဝိဇ္ဇာ ဖြစ်ဖြင်းကြောင့် ကမ္မဇရုပ် ဖြစ်၏၊
အဝိဇ္ဇာက အကြောင်းတရား ကမ္မဇရုပ်က အကျိုးတရား -----
ဤသို့ စသည်ဖြင့် အကြောင်တရား အကျိုးတရားတို့ကို ပိုင်းခြား မှတ်သား၍ -----
၁။ အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏၊
၂။ အနာဂတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏၊
၃။ ပစ္စုပ္ပန်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။
ထိုအကြောင်းတရား အကျိုးတရားထက် ပိုလွန်၍ ပြုလုပ်တတ် ဖန်ဆင်းတတ်သော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း, အပြုလုပ်ခံရ အဖန်ဆင်းခံရသော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း မရှိ၊ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားအစုအပုံ သက်သက်သည်သာလျှင် ရှိ၏ ----- ဟု ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်သည့် ပစ္စက္ခဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်သဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလသုံးပါတို့၌ သို့လောသို့လော တွေးတောယုံမှားခြင်း (= ဝိစိကိစ္ဆာတရား)ကို ကျော်လွှားလွန်မြောက်၍ သွားပေ၏။ ဤသည်ကား ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဖြစ်သည့် -----
၁။ ရုပ်တရား
၂။ နာမ်တရား
၃။ အကြောင်းတရား
၄။ အကျိုးတရားတည်းဟူသော -----
သင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သား တတ်သော ဉာတ ပရိညာ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)
ဤအထက်ပါ အဋ္ဌကထာများ၏ ဖွင့်ဆိုချက်နှင့် အညီ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရား အကျိုးတရားတို့ကို ကိုယ်တိုင် မျက်မှောက်ထွင်းဖောက် သိမြင်တတ်သည့် ပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်းနိုင်ပါမှ ပိုင်းခြားယူနိုင်ပါမှ ဉာတပရိညာစခန်းသို့ ဆိုက်ရောက်နိုင်မည်ဟူသော အချက်ကို ရိုသေကျိုးနွံစွာ ဦးထိပ်ရွက်ပန်ဆင်လျက် နာယူ မှတ်သားထားလေရာသည်။
လောကီ တီရဏပရိညာ
ရူပံ အနိစ္စံ, ဝေဒနာ အနိစ္စာတိ အာဒိနာ နယေန တေသံယေဝ ဓမ္မာနံ သာမညလက္ခဏံ အာရောပေတွာ ပဝတ္တာ လက္ခဏာရမ္မဏိကဝိပဿနာ ပညာ တီရဏပရိညာ နာမ ။ ပ ။ ကလာပသမ္မသနတော ပဋ္ဌာယ ယာဝ ဥဒယဗ္ဗယာနုပဿနာ တီရဏပရိညာယ ဘူမိ။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)
= ရုပ်တရား၏ ဖြစ်ခြင်း ပျက်ခြင်း အခြင်းအရာသဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်၍ အနိစ္စဟုလည်းကောင်း, ဝေဒနာ၏ ဖြစ်ခြင်း ပျက်ခြင်း အခြင်းအရာသဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်၍ အနိစ္စဟုလည်းကောင်း ----- ဤသို့စသော နည်းအားဖြင့် ထိုဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာတည်းဟူသော လက္ခဏာရေးသုံးတန်တို့သို့ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းဖြင့် ဖြစ်ပေါ်၍လာသော အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာလျှင် တည်ရာ အာရုံရှိသော လက္ခဏာရမ္မဏိက ဝိပဿနာပညာသည် တီရဏပရိညာ မည်၏။ ပ ။ ရုပ်တရား နာမ်တရားတို့ကို -----
၁။ ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ
= ဖြစ်သည့်တရားမှန်က ပျက်၏ဟု သင်္ခါရတရားအားလုံးတို့ကို တစ်ပုံတစ်စု ပြု၍ ဖြစ်စေ,
၂။ ရုပ်တရားကို တစ်ပုံ နာမ်တရားကို တစ်ပုံ ဤသို့ နှစ်ပုံ ပုံ၍ ဖြစ်စေ,
၃။ ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ဖြစ်စေ,
၄။ အာယတန (၁၂)ပါးနည်းဖြင့် (၁၂)ပုံ ပုံ၍ ဖြစ်စေ,
၅။ ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍ ဖြစ်စေ -----
ဤသို့ စသည်ဖြင့် အစုလိုက် အပုံလိုက် အပေါင်းအစုအလိုက် ပေါင်းစု ခြုံငုံ၍ လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွား သုံးသပ်သော နည်းစနစ်ကို ကလာပသမ္မနနည်းဟု ခေါ်ဆို၏။ ထိုကလာပသမ္မနဉာဏ်မှ စ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ယင်းတို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်သည့်တိုင်အောင် ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ရှုပွားသုံးသပ်တတ်သော ဥဒယဗ္ဗယာနုပဿနာဉာဏ်သို့ တိုင်အောင်သော ဝိပဿနာဉာဏ်၏ ကျက်စားရာနယ်ကား တီရဏပရိညာ၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)
လောကီ ပဟာနပရိညာ
တေသု ယေဝ ပန ဓမ္မေသု နိစ္စသညာဒိပဇဟနဝသေန ပဝတ္တာ လက္ခဏာရမ္မဏိကဝိပဿနာ ပညာ ပဟာနပရိညာ နာမ ။ ပ ။ ဘင်္ဂါနုပဿနံ အာဒိံ ကတွာ ဥပရိ ပဟာန ပရိညာယ ဘူမိ။ (ဝိသုဒ္ဓိ၊၂၊၂၄၁-၂၄၂။)
= ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၌ပင်လျှင် မြဲ၏ဟု (= နိစ္စဟု) အမှတ်မှားမှု နိစ္စသညာစသည်ကို ပယ်နိုင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်၍လာသော ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာလျှင် တည်ရာ အာရုံရှိသော လက္ခဏာရမ္မဏိက ဝိပဿနာပညာသည် ပဟာနပရိညာ မည်၏ ။ ပ ။ ယင်းသင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ ရှုမြင်တတ်သော ဘင်္ဂါနုပဿနာဉာဏ်မှ စ၍ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံးသည် ပဟာနပရိညာ၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။ ဤကား လောကီပရိညာသုံးပါးတည်း။ (ဝိသုဒ္ဓိ၊၂၊၂၄၁-၂၄၂။)
လောကုတ္တရာပရိညာသုံးပါး
ယသ္မာ ဝါ ဉာတတီရဏပရိညာယောပိ တဒတ္ထာယေဝ၊ ယသ္မာ စ ယေ ဓမ္မေ ပဇဟတိ၊ တေ နိယမတော ဉာတာ စေဝ တီရိတာ စ ဟောန္တိ၊ တသ္မာ ပရိညာတ္တယမ္ပိ ဣမိနာ ပရိယာယေန မဂ္ဂဉာဏဿ ကိစ္စန္တိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၃၅။)
[မှတ်ချက်။ ။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိတွဲ စာမျက်နှာ (၃၃၄- ၃၃၅) တို့တွင် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်မျိုးကို ဉာတပရိညာ မည်၏ဟုလည်းကောင်း , ကလာပသမ္မသနဉာဏ်မှ စ၍ အနုလောမဉာဏ်သို့ တိုင်အောင်သော ဝိပဿနာဉာဏ်များကို တီရဏပရိညာမည်၏ဟုလည်းကောင်း ဘင်္ဂါနုပဿနာဉာဏ်မှ စ၍ အရိယမဂ်ဉာဏ်သို့တိုင်အောင် ဉာဏ်အားလုံးကို ပဟာနပရိညာမည်၏ဟုလည်းကောင်း ဖွင့်ဆိုထားတော်မူ၏။ထိုနောင် အထက်ပါအတိုင်း တစ်နည်း ထပ်ဖွင့်ဆိုတော်မူသည်။ ယင်း ဖွင့်ဆိုချက်၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်း ဖြစ်၏]
တဿာ ဘင်္ဂါနုပဿနတော ပဋ္ဌာယ ယာဝ မဂ္ဂဉာဏာ ဘူမိ။ (ဝိသုဒ္ဓိ၊၂၊၃၃၅)
= ဘင်္ဂါနုပဿနာဉာဏ်မှ စ၍ အရိယမဂ်ဉာဏ်သို့တိုင်အောင်သော နယ်မြေကား ထိုပဟာနပရိညာ၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊ ၂၊ ၃၃၅။)
နိပ္ပရိယာယေန ပဟာနပရိညာ နာမ မဂ္ဂဉာဏန္တိ ယာဝ မဂ္ဂဉာဏာ ဘူမီတိ ဝုတ္တံ။ (မဟာဋီ၊၂၊၅၀၈။)
= မုချအားဖြင့် ပဟာနပရိညာဟူသည် အရိယမဂ်ဉာဏ်သာတည်း။ထိုကြောင့် အရိယမဂ်ဉာဏ်သို့ တိုင်အောင်သော ဝိပဿနာနယ်မြေကို ပဟာနပရိညာ၏ တည်ရာဘုံ ဖြစ်ကြောင်းကို အဋ္ဌကထာဆရာတော်က မိန့်ဆိုခြင်း ဖြစ်သည်။ (မဟာဋီ၊၂ ၊၅၀၈။)
ထိုကြောင့် တစ်နည်းဆိုရသော် ----- ဉာတပရိညာနှင့် တီရဏပရိညာ တို့သည် ပဟာနပရိညာ အကျိုးငှာသာ ဖြစ်ကြသည်။ ဉာတပရိညာနှင့် တီရဏပရိညာတို့သည် အရိယမဂ်ဉာဏ် အကျိုးငှာသာ (= အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာနိုင်ရေး အတွက်သာ) ဖြစ်ပေါ်နေကြသော ပရိညာတို့ ဖြစ်ကြသည်။ အကြင် ခန္ဓာငါးပါးရုပ်နာမ်တရားတို့ အပေါ်၌ ဖြစ်ပေါ်နေသော ကိလေသာကို အရိယမဂ်တရားသည် သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်စွန့်၏။ ထိုအရိယ မဂ်တရားသည် ထိုတရားတို့ကို ကိန်းသေမြဲသော နိယာမသဘောအားဖြင့် ပိုင်းခြား သိပြီးသာ ဖြစ်ကုန်၏။ အနိစ္စ-ဒုက္ခ-အနတ္တ-ဟု စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချပြီးသာ ဖြစ်ကုန်၏။ ထိုကြောင့် ပရိညာသုံးပါးလုံးသည် ဤအကြောင်း ပရိယာယ်အားဖြင့် အရိယမဂ်ဉာဏ်၏ ကိစ္စသာ ဖြစ်သည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၃၃၅။)
ဤ အထက်ပါ အဋ္ဌကထာအဖွင့်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ -----
အရိယမဂ်တရားသည် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်သည့် စွမ်းအား ရှိခြင်းကြောင့် မုချအားဖြင့် ပဟာနပရိညာဟူသော အမည်ကို ရရှိပေသည်။ ဝိပဿနာဉာဏ်တို့ကား တဒင်္ဂအားဖြင့်သာ(=အခိုက်အတန့်အားဖြင့်သာ) ကိလေသာတို့ကို ပယ်စွန့်နိုင်သည့် စွမ်းအား ရှိခြင်းကြောင့် ကိလေသာတို့ကို တဒင်္ဂ(=အခိုက်အတန့်)အားဖြင့် ပယ်စွန့်နိုင်သည့် ဤအကြောင်း ပရိယာယ်အားဖြင့်သာ ပဟာနပရိညာဟူသောအမည်ကို ရရှိပေသည်။ တစ်ဖန် အရိယမဂ်တရားသည် မုချအားဖြင့် ပဟာနပရိညာဟူသော အမည်ကို ရရှိ၍ ပရိယာယ်အားဖြင့် ဉာတပရိညာ တီရဏပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။ အကြောင်းကား ဤသို့ ဖြစ်၏။ -----
အရိယမဂ်တရားသည် ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်စွန့်တတ် ပယ်သတ်တတ်သောကြောင့် ပဟာနဟူသော အမည်ကို ရရှိပေသည်။ သိသင့်သိထိုက်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံမျက်မှောက် ထွင်းဖောက် သိမြင်သောကြောင့် ပိုင်းပိုင်းခြားခြား သိသောကြောင့် ပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။ သို့အတွက် အရိယမဂ်တရားသည် မုချအားဖြင့် ပဟာနပရိညာဟူသော အမည်ကို ရရှိခြင်း ဖြစ်သည်။
အရိယမဂ်တရားသည် အာရမ္မဏပဋိဝေဓ အသမ္မောဟပဋိဝေဓ ဟူသော ပဋိဝေဓ နှစ်မျိုးတို့ဖြင့် သစ္စာလေးပါးကို ထွင်းဖောက် သိမြင်၏။ ထို ပဋိဝေဓနှစ်မျိုးတို့တွင် အာရမ္မဏပဋိဝေဓဟူသည် အာရုံမျက်မှောက်ထွင်းဖောက် သိမြင်ခြင်းတည်း။ အရိယမဂ်တရားသည် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဟူသော နိရောဓသစ္စာတရားကို အာရုံမျက်မှောက် ဆိုက်ရောက်လျက် ထွင်းဖောက် သိမြင်၏။ ထိုသို့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို အာရုံမျက်မှောက် ဆိုက်ရောက်လျက် ထွင်းဖောက်သိမြင်ရာ၌ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟ (= အဝိဇ္ဇာ) အမှောင်ထုကိုလည်း အကြွင်းမဲ့ ဖျက်ဆီးလိုက်၏။ အကြွင်းမဲ့ ပယ်သတ်လိုက်၏။ သို့အတွက် ကိစ္စသိဒ္ဓိအားဖြင့် သစ္စာလေးပါးလုံးကို သိမြင်ခြင်း ကိစ္စလည်း တစ်ပါတည်း ပြီးစီးသွား၏။ ထိုသို့ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟ (= အဝိဇ္ဇာ) အမှောင်ထုကို အကြွင်းမဲ့ ပယ်သတ်ခြင်းဖြင့် သစ္စာလေးပါးကို သိမှုကို အသမ္မောဟပဋိဝေဓဟု ခေါ်ဆို၏၊ နိရောဓသစ္စာကို အာရမ္မဏပဋိဝေဓသဘောအားဖြင့် ထွင်းဖောက် သိမြင်ခြင်းကြောင့် ကျန်သစ္စာသုံးပါးကို ကိစ္စသိဒ္ဓိအားဖြင့် သိ၏ဟု ဆိုရ၏။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။) ထိုကြောင့် အရိယမဂ်တရားသည် အသမ္မောဟပဋိဝေဓသဘောအားဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော -----
၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာတရားနှင့်
၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော ဒုက္ခသစ္စာ၏ အကြောင်းရင်း သမုဒယသစ္စာတရား -----
ဤသစ္စာနှစ်ပါးတို့ကိုလည်း ကိစ္စသိဒ္ဓိအားဖြင့် ပိုင်းခြားသိခြင်းကိစ္စ တစ်ပါတည်း ပြီးစီးသွားရကား ----- ဤအကြောင်း ပရိယာယ်အားဖြင့် ဉာတပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။
တစ်ဖန် အရိယမဂ်တရားသည် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာ တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို မသိအောင် ဖုံးလွှမ်းထား သည့် မောဟ (= အဝိဇ္ဇာ)ကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏။ ထို့ကြောင့် ကိစ္စသိဒ္ဓိအားဖြင့် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းပိုင်းခြားခြား သိခြင်း လုပ်ငန်းကိစ္စသည်လည်း တစ်ပါတည်း ပြီးစီးသွား၏။ ထို့ကြောင့် အရိယမဂ်တရားသည် ဤအကြောင်းပရိယာယ်အားဖြင့် တီရဏပရိညာ ဟူသော အမည်ကိုလည်း ရရှိပေသည်။
တစ်ဖန် အရိယမဂ်တရားကို မရမီအတွင်း၌ အရိယမဂ်၏ ရှေးအဖို့ဝယ် ကျင့်ရသော ပုဗ္ဗဘာဂပဋိပဒါကျင့်စဉ်ပိုင်းဝယ် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ပိုင်းပိုင်းခြားခြား သိခြင်း ဉာတပရိညာနှင့် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းခြားသိခြင်းဟူသော တီရဏပရိညာ --- ဤပရိညာနှစ်ပါးတို့ကို ရရှိအောင် ယောဂါဝစရပုဂ္ဂိုလ်သည် ကြိုးစားအားထုတ်ရ၏။ ယင်းပရိညာနှစ်ပါးတို့ကား ပဟာနပရိညာအမည်ရသည့် အရိယမဂ်တရားကို ရရှိရေးအတွက်သာ ဖြစ်ခြင်းကြောင့် ဤအကြောင်းပရိယာယ်အားဖြင့်လည်း အရိယမဂ်တရားသည် ဉာတပရိညာ တီရဏပရိညာ ဟူသော အမည်ကိုလည်း ရရှိပေသည်။
တစ်ဖန် ယင်း ဒုက္ခသစ္စတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို ထိုးထွင်း သိနေသော အရိယမဂ်၏ ရှေးအဖို့၌ ပြုကျင့်ရသော ဝိပဿနာဉာဏ်ကား (= ဝိပဿနာဉာဏ် ပြဓာန်းသော မဂ္ဂင်တရားကိုယ်တို့ကား) လောကီမဂ္ဂသစ္စာတရားတည်း။ ယင်း လောကီမဂ္ဂသစ္စာအမည်ရသော ဝိပဿနာဉာဏ်ကလည်း ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို တဒင်္ဂအားဖြင့် ပယ်ရှားနိုင်သောကြောင့် မဂ္ဂသစ္စာဟူသော အမည်ကို ရရှိလေသည်။ (ဝိသုဒ္ဓိ၊၂၊၂၆၈။) ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းလောကီမဂ္ဂသစ္စာ အမည်ရသည့် ဝိပဿနာဉာဏ် ပြဓာန်းသော နာမ်တရားစုကိုလည်း တစ်ဖန် ပြန်၍ သိမ်းဆည်းကာ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရ၏။ (ဝိသုဒ္ဓိ၊၂၊ ၂၆၂-၂၆၃။ ၂၈၈။) ဉာတပရိညာနှင့် တီရဏပရိညာပင်တည်း။ ယင်း ဉာတပရိညာနှင့် တီရဏပရိညာသည်လည်း ပဟာနပရိညာအမည်ရသည့် အရိယမဂ်တရားကို ရရှိရေးအတွက်သာ ဖြစ်ခြင်းကြောင့် ဤအကြောင်းပရိယာယ်အားဖြင့်လည်း အရိယမဂ်တရားသည် ဉာတပရိညာနှင့် တီရဏပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။
ဤ အထက်ပါ လောကီပရိညာသုံးမျိုး လောကုတ္တရာ ပရိညာသုံးမျိုး တို့ဖြင့် အလုံးစုံးသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပိုင်းပိုင်း ခြားခြား မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်ဆုံးနိုင်၊ ပိုင်းပိုင်းခြားခြား သိမှသာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်မည်ဟု အထက်ပါ အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀။)သဗ္ဗပရိညာသုတ္တန် (ဣတိဝုတ္တက၊ ၁၉၇။)တို့တွင် ဘုရားရှင်က ဟောညွှန်လျက် ရှိပေသည်။
ဤ သဗ္ဗပရိညာသုတ္တန်ကိုပင် ကိုးကားတော်မူ၍ ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာ ဆရာတော်က ----- လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွား သုံးသပ်ထိုက်သည့် ဘုံသုံးပါးအတွင်း၌ တည်ရှိသော သမ္မသမနုပဂတရားမှန်သမျှကို အကြွင်းအကျန် မရှိ ကုန်စင်အောင် ပရိညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည် ဖြစ်ကြောင်းကို ဆုံးဖြတ်ထားတော်မူပေသည်။ (မဟာဋီ၊၂၊၃၅၈။)
အဋ္ဌသာလိနီအဋ္ဌကထာ၏ ဆုံးဖြတ်ချက်
ဣဓေကစ္စော အာဒိတောဝ အဇ္ဈတ္တံ ပဉ္စသု ခန္ဓေသု အဘိနိဝိသတိ၊ အဘိနိဝိသိတွာ တေ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓအဇ္ဈတ္တဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ ဗဟိဒ္ဓါပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ ပရဿ ခန္ဓေပိ အနုပါဒိန္နသင်္ခါရေပိ အနိစ္စံ ဒုက္ခမနတ္တာတိ ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။)
[မမံကာရဝတ္ထုနောပိ ပရိညေယျတ္တာ။ (မဟာဋီ၊၂၊၄၇၀။) = ငါ၏ ဥစ္စာဟု နှလုံးသွင်းအပ်သော တဏှာ၏ တည်ရာ စွဲမှီ၍ ဖြစ်ရာ သက်ရှိသက်မဲ့ ဗဟိဒ္ဓ ရုပ်ဝတ္ထု နာမ်ဝတ္ထု၏ ပိုင်းခြား၍ သိအပ်သော ပရိညေယျတရားပင် ဖြစ်သောကြောင့်တည်း။]
အပရော အာဒိတောဝ ရူပေ အဘိနိဝိသတိ၊ အဘိနိဝိသိတွာ ဘူတရူပဉ္စ ဥပါဒါရူပဉ္စ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓရုပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ၊ တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ, သညံ, သင်္ခါရေ, ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)
= ဤသာသနာတော်၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် အားထုတ်ခါစ ရှေးဦးအစ၌ပင်လျှင် မိမိသန္တာန်၌ တည်ရှိသော အဇ္ဈတ္တခန္ဓာငါးပါး သင်္ခါရတရားတို့၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၏ (ယင်း အဇ္ဈတ္တခန္ဓာငါးပါး သင်္ခါရတရား တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ သိမ်းဆည်း၏။) စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ ထို အဇ္ဈတ္တခန္ဓာငါးပါး သင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးချက်တို့သို့ တစ်လှည့်စီ တင်ကာ အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) ဝိပဿနာရှု၏၊ သို့သော် အဇ္ဈတ္တခန္ဓာငါးပါး သင်္ခါရတရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ကား အရိယမဂ်သို့ ထမြောက်ကြောင်း ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဖြစ်ပေါ်မလာနိုင်။ ဗဟိဒ္ဓ ခန္ဓာငါးပါး သင်္ခါရတရားတို့ကိုလည်း ဝိပဿနာရှုပွားသုံးသပ်ရမည်သာလျှင် ဖြစ်ပေသည်။
ထို့ကြောင့် သူတစ်ပါး၏ သန္တာန်၌ တည်ရှိသော ဗဟိဒ္ဓခန္ဓာငါးပါး သင်္ခါရတရားတို့ကိုလည်းကောင်း အနုပါဒိန္နသင်္ခါရအမည်ရသော သက်မဲ့လောက၌ တည်ရှိသော ဥတုဇရုပ်တရားတို့ကိုလည်းကောင်း အနိစ္စဟု (ဒုက္ခဟု အနတ္တ ဟု) လက္ခဏာယာဉ်သုံးချက်တို့ကို တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၏။
[ဝုဋ္ဌာနဂါမိနီဝိပဿနာ ----- အရိယမဂ်ဉာဏ်နှင့် ဆက်စပ်လျက်ရှိသော ပရိကံ ဥပစာ အနုလုံ ဂေါတြဘု (ဝေါဒါန်)တို့ကိုလည်းကောင်း၊ မဂ္ဂဝီထိ၏ ရှေ့တွင် ဘဝင်ခြားလျက် မဂ္ဂဝီထိနှင့် ဆက်စပ်နေသော အလွန်နီးကပ်နေသော အထွတ်အထိပ်သို့ ရောက်ရှိလာသည့် သင်္ခါရုပေက္ခာဉာဏ်ပါသည့် ဝိပဿနာဇောဝိထိကိုလည်းကောင်း ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ခေါ်ဆိုပေသည်။ သင်္ခါရုပေက္ခာဉာဏ်ကို သုံးပိုင်း ပိုင်းလျှင် အရိယမဂ်ဉာဏ်နှင့် ဆက်စပ်နေသည့် အလွန် နီးကပ်နေသည့် နောက်ဆုံးအပိုင်း ဖြစ်သည်။ သင်္ခါရတရားတို့မှ လုံးလုံးကြီး မလွတ်သေးသော်လည်း သင်္ခါရတရားတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်ဘက်သို့ တစ်ဟုန်တည်း ပြေးသွားကြသော ဝိပဿနာဇောဝီထိများတည်း။]
= အခြားတစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ရှေးဦးအစ အားထုတ်စ၌ပင်လျှင် (ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် ရုပ်ကမ္မဋ္ဌာန်းက စ၍) ရုပ်တရား၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၏ (= ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ = သိမ်းဆည်း၏။) ရုပ်တရား၌ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ ဘူတရုပ် (= ဓာတ်ကြီးလေးပါး)ကိုလည်းကောင်း၊ ဥပါဒါရုပ်ကိုလည်းကောင်း တစ်ပေါင်းတစ်စုတည်း ပြု၍ (ကလာပသမ္မသနနည်းအားဖြင့် စတင်၍) ဝိပဿနာရှုပွား သုံးသပ်၏။ သို့သော် ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်ကား ဝုဋ္ဌာနဂါမိနီဝိပဿနာသည် ဖြစ်ပေါ်မလာနိုင်၊ နာမ်တရားကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာကိုလည်းကောင်း သညာကိုလည်းကောင်း သင်္ခါရကိုလည်းကောင်း ဝိညာဏ်ကိုလည်းကောင်း ဤ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် နမ်တရားတည်း ----- ဟု ဉာဏ်ဖြင့် ပိုင်းခြားယူကာ ယင်းနာမ်တရားတို့ကို အနိစ္စ (ဒုက္ခ အနတ္တ)ဟု လက္ခဏာယာဉ်သုံးချက်တို့သို့ တစ်လှည့်စီ တင်ကာ ဝိဿနာရှုပွားသုံးသပ်၏။ (ရှုပွားသုံးသပ်ပါ။) (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။) ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊ ၃၀၀။) တွင်လည်း အဓိပ္ပါယ်တူ ဖွင့်ဆိုချက် လာရှိပေသည်။
ဝိပဿနာဉာဏ်၏ အရှုခံနာမ်တရားများ
အထက်တွင် တင်ပြထားသော ပါဠိတော်နှင့် အဋ္ဌကထာ အဖွင့်တို့နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် သံသရာဝဋ်ဆင်းရဲဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ရှိရေးအတွက် အလုံးစုံးသော ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို ပရိညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ ထိုသို့ ကြိုးပမ်းရာ၌ သိမ်းဆည်းရှုပွားရမည့် ဉာဏ်ဖြင့် ပိုင်းခြားယူရမည့် နာမ်တရားတို့ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ----- ဧကာသီတိ လောကိယစိတ္တာနိ (ဝိသုဒ္ဓိ၊၂၊၂၂၃။) လောကီစိတ် (၈၁)မျိုးနှင့် ဖဿစသော ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏။
ဤညွှန်ကြားချက်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်က ဤသို့ ရှင်းပြထားတော်မူ၏။
သဗ္ဗသင်္ဂါဟိတဝသေန ဧကာသီတိ လောကိယစိတ္တာနိတိ ဝုတ္တံ၊ လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ (မဟာဋီ၊၂၊ ၃၅၃။)
= ပုထုဇန်, သေက္ခ, အသေက္ခ မဟူ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသူ အားလုံးအတွက် သိမ်းကျုံးကာ လောကီစိတ် (၈၁)မျိုးဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ စျာန်ကို ရရှိသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌သာလျှင် စျာန်နာမ်တရားတို့သည် ထင်ရှားနိုင်ကုန်၏၊ စျာန်ရသူတို့သာ စျာန်နာမ်တရားတို့ကို သိမ်းဆည်းကာ ဝိပဿနာရှုပွား သုံးသပ်နိုင်ကုန်၏။ (မဟာဋီ၊၂၊၃၅၃။)
တစ်ဖန် ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရာဝဇ္ဇန်းဟူသော ကြိယာစိတ်နှစ်မျိုးတို့ကလွဲလျှင် ကြွင်းကျန်သော ကြိယာစိတ်တို့ကား အသေက္ခ (= ရဟန္တာ အရှင်မြတ်)တို့၏ သန္တာန်၌သာ ဖြစ်ခွင့် ရှိကြသော နာမ်တရားတို့ ဖြစ်ကြ၏။ ပုထုဇန်အဆင့်တွင်သာ တည်ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ်သည် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ခွင့်ရှိကြသော ကြိယာစိတ်များမှ တစ်ပါးသော ကာမာဝစရစိတ် နာမ်တရားတို့နှင့် မိမိရရှိထားသည့် စျာန်နာမ်တရားတို့ကို ဝိပဿနာရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းရှုပွားရာ၌ -----
သဗ္ဗေပိ တေ တိ ဧကာသီတိ လောကိယစိတ္တာနိ တံ သမ္ပယုတ္တာ ဖဿာဒယောတိ သဗ္ဗေပိ တေ အရူပဓမ္မေ။ (မဟာဋီ၊၂၊၃၅၃။)
ဤသို့ ဖွင့်ဆိုထားသော မဟာဋီကာနှင့်အညီ ယင်းစိတ်တို့နှင့် ယှဉ်တွဲဖြစ်ကြသည့် ဖဿ စသော ယှဉ်ဖက် သမ္ပယုတ်တရား အားလုံးတို့ကိုပါ သိမ်းဆည်းကာ ဝိပဿနာရှုပွား သုံးသပ်ရမည် ဖြစ်ပေသည်။
သာမထယာနိကပုဂ္ဂိုလ်
တံ သမ္ပာဒေတုကာမေန သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ စျာနင်္ဂါနိ တံ သမ္ပယုတ္တာ စ ဓမ္မာ လက္ခဏာရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ ပရိဂ္ဂဟတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘုမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
= နာမ်ရုပ်ကို ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သည့် ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အမြင်ကို ပြည့်စုံစေလိုသော စျာန်သမထယာဉ် ရှိသော သမထယာနိက ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ နေဝသညာနာသညာယတနစျာန်ကို ချန်ထား၍ ယင်းစျာန်မှ တစ်ပါးကုန်သော ကြွင်းကုန်သော ရူပါဝစရစျာန် အရူပါဝစရစျာန်တို့တွင် တစ်မျိုးမျိုးသော စျာန်ကို ဝင်စားကာ ယင်းစျာန်မှ ထ၍ ဝိတက် အစရှိကုန်သော စျာန်အင်္ဂါတို့ကိုလည်းကောင်း ယင်းစျာန်နှင့် ယှဉ်ဖက် သမ္ပယုတ်တရားဖြစ်ကြကုန်သော နာမ်တရားစုတို့ကိုလည်းကောင်း လက္ခဏ-ရသစသည်တို့၏ အစွမ်းဖြင့် သိမ်းဆည်းအပ်၏။ (= ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏။) သိမ်းဆည်းပြီး၍ (= ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍) ဤ အလုံးစုံသော စျာန်နာမ်တရားစုကို (အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော) သမထအာရုံနိမိတ်သို့ ရှေးရှု ညွတ်တတ်သောကြောင့် အာရုံသို့ ရှေးရှုညွတ်သော အနက်သဘောအားဖြင့် နာမ်ဟူ၍ ပိုင်းခြား မှတ်သားအပ်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
လက္ခဏ, ရသ, ပစ္စုပ္ပဋ္ဌာန်, ပဒဋ္ဌာန်နည်းအားဖြင့် နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းစနစ်များကို ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၉၃ ...) စသည်တို့၌လည်းကောင်း, အဋ္ဌသာလိနီ အဋ္ဌကထာ စာမျက်နှာ (၁၅၆-၁၅၇ ..)စသည်တို့၌လည်းကောင်း ဖွင့်ဆိုထားပေသည်။ ဆရာသမားများနှင့်သာ ချည်းကပ် လေ့လာဆည်းပူးပါ။ သို့သော် နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းနာမ်တရားတို့၏ သဘာဝလက္ခဏာက စ၍ နာမ်တရားတို့ကို သိမ်းဆည်းပါ၊ သို့သော် သဘာဝလက္ခဏာ မထင်းရှာပါက ယင်း နာမ်တရားတို့၏ လုပ်ငန်း ကိစ္စရသက စ၍သော်လည်း သိမ်းဆည်းနိုင်ပေသည်။
---အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဝိပဿနာရှုပွားပုံ နည်းစနစ်တစ်ခု
သာဝကတို့တွင် ပညာအရာတွင် ဧတဒဂ် ရရှိတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် စျာန်နာမ်တရားတို့ကို ဝိပဿနာ ရှုပွားသွားတော်မူသော ထုံးဟောင်းတစ်ရပ်သည် ဥပရိပဏ္ဏာသပါဠိတော် အနုပဒသုတ္တန်တွင် လာရှိပေသည်။
အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး၏ တန်ခိုးဣဒ္ဓိ ကြီးမြတ်တော်မူသောဂုဏ်, အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး၏ ဓုတင်အရာ၌ ကြီးမြတ်တော်မူသော ဂုဏ်, အရှင်အနုရုဒ္ဓမထေမြတ်ကြီး၏ ဒိဗ္ဗစက္ခုအဘိညာဏ်အရာ၌ ကြီးမြတ်တော်မူသော ဂုဏ်, အရှင်ဥပါလိ မထေရ်မြတ်၏ ဝိနည်းကို ဆောင်တော်မူရာ၌ ကြီးမြတ်တော်မူသော ဂုဏ်, အရှင်ရေဝတ မထေရ်၏ စျာန်ဝင်စားလေ့ရှိတော်မူရာ၌ စျာန်ဝင်စားခြင်း၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူရာ၌ ကြီးမြတ်တော်မူသော ဂုဏ်, အရှင်အာနန္ဒာ မထေရ်မြတ်၏ အကြားအမြင် ဗဟုသုတ များပြားရာ၌ ကြီးမြတ်တော်မူသော ဂုဏ် ----- ဤသို့လျှင် ထိုထိုမထေရ်မြတ်ကြီးတို့၏ ထိုထို ဂုဏ်ကျေးဇူးတို့ကား ထင်ရှားလျက် ရှိကြကုန်၏။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကား မထင်မရှား ဖြစ်နေကြကုန်၏။ အဘယ်ကြောင့်နည်းဟူမူ ----- ပညာရှိသော သူ၏ ဂုဏ်ကျေးဇူတို့ကား မဟောပြခဲ့သော် သိဖို့ရန် မစွမ်းနိုင်ပေ။ ထို့ကြောင့် ဘုရားရှင်သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကို ဟောကြားတော်မူပေအံ့ဟု ရည်ရွယ်တော်မူလျက် သဘောတူသဘာဂဖြစ်သော ပရိသတ်အစည်းအဝေးကို မျှော်လင့်စောင့်ဆိုင်းတော်မူလျက် ရှိ၏။ သဘောမတူသည့် ဝိသဘာဂပုဂ္ဂိုလ်တို့၏ ထံမှောက်၌ ဂုဏ်ကျေးဇူးတို့ကို ဟောကြားပြသရန်ကား မသင့်တင့် မလျောက်ပတ်ပေ။ ထို ဝိသဘာဂပုဂ္ဂိုလ်တို့ကား ဂုဏ်ကျေးဇူးတို့ကို ဟောပြခဲ့သည်ရှိသော် ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုသာလျှင် ပြောဆိုတတ်ကြ၏။ အနုပဒသုတ္တန်ကို ဟောကြားတော်မူရာ ဤနေ့၌ကား အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကို ဟောကြားပြသတော်မူလိုသည် ဖြစ်ရကား ဤအနုပဒသုတ္တန် တရားဒေသနာတော်ကို အားသစ်တော်မူပေသည်။ (မ၊ ဋ္ဌ၊၄၊၅၆။)
ထိုသုတ္တန်တွင် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ဉာဏ်ပညာ ကြီးမြတ်တော်မူပုံနှင့် ဆက်စပ်လျက် ----- အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး သောတာပန်ဖြစ်တော်မူပြီးနောက် မဟာသက္ကရာဇ် (၁၀၃)ခု တပို့တွဲလဆန်း (၁)ရက်မှ တပို့တွဲလပြည့်သို့ တိုင်အောင် (၁၅)ရက်တို့ပတ်လုံး အရတ္တဖိုလ်ကို မျှော်မှန်းလျက် စျာန်နာမ်တရားတို့ကို အနုပဒဓမ္မဝိပဿနာနည်းအားဖြင့် ဝိပဿနာရှုပွားသုံးသပ်ပုံ အပိုင်းကိုလည်း ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်း၍ ဟောကြားတော်မူခဲ့ပေသည်။
သမူဟဂဟဏဝသေန ပဝတ္တံ ကလာပသမ္မသနံ။ ဖဿာဒိဧကေကဓမ္မဂဟဏဝသေန ပဝတ္တာ အနုပဒဓမ္မဝိပဿနာ။ (မူလဋီ၊၁၊၁၀၉။)
ဝိပဿနာ၌ အနုပဒဓမ္မဝိပဿနာနှင့် ကလာပသမ္မသနဝိပဿနာ သို့မဟုတ် ကလာပဝိပဿနာဟု နှစ်မျိူး ရှိ၏။
၁။ ရုပ်ပိုင်းတွင် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပထဝီဓာတ်စသော ရုပ်ဓာတ်တစ်လုံးစီ တစ်လုံးစီကိုလည်းကောင်း နာမ်ပိုင်းတွင် စိတ္တခဏတစ်ခုတစ်ခု အတွင်း၌ သို့မဟုတ် သမာပတ်တစ်ခုတစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် သမ္ပယုတ်တရားစုတို့တွင် ဖဿစသော နာမ်တရား တစ်လုံးစီ တစ်လုံးစီကို လည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပွားသုံးသပ်ခြင်းကို အနုပဒဓမ္မဝိပဿနာရှုနည်းဟု ခေါ်ဆိုပေသည်။
၂။ ရုပ်ပိုင်းတွင်လည်း ဒွါရ (၆)ပါးလုံးနှင့် (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း, နာမ်ပိုင်းတွင်လည်း စိတ္တခဏ တစ်ခုတစ်ခုအတွင်း၌ သို့မဟုတ် သမာပတ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန်သော နာမ်တရားတို့ကို ပေါင်းစုခြုံငုံ၍လည်ကောင်း လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပွားသုံးသပ်ခြင်းကို ကလာပသမ္မသနဝိပဿနာ သို့မဟုတ် ကလာပဝိပဿနာဟု ခေါ်ဆိုပေသည်။
အလားတူပင် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိကြကုန်သော ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် သင်္ခါရတရားတို့ကို တစ်စုတည်း တစ်ပုံတည်း ပေါင်းစုခြုံငုံ၍လည်းကောင်း, ရုပ်နာမ်နှစ်ပါး နည်းဖြင့် ရုပ်တစ်ပုံ နာမ်တစ်ပုံ ပုံ၍လည်းကောင်း, ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍လည်းကောင်း, အာယတန တစ်ဆယ့်နှစ်ပါးနည်းဖြင့် တစ်ဆယ့်နှစ်ပုံ ပုံ၍လည်းကောင်း, ဓာတ်တစ်ဆယ့်ရှစ်ပါးနည်းအားဖြင့် တစ်ဆယ့်ရှစ်ပုံ ပုံ၍လည်းကောင်း ----- ဤသို့ စသည်ဖြင့် ပေါင်းစုခြုံငုံ၍ ဝိပဿနာရှုပွား သုံးသပ်ခြင်းကိုလည်း ကလာပသမ္မသနဝိပဿနာ သို့မဟုတ် ကလာပဝိပဿနာဟုပင် ခေါ်ဆိုပေသည်။
ဤတွင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အနုပဒဝိပဿနာရှုနည်း ကောက်နုတ်ချက် တစ်ခုကို ရှေးဦးစွာ တင်ပြအပ်ပါသည်။
ဣဓ ဘိက္ခဝေ သာရိပုတ္တော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္က သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပ္ပသမ္ပဇ္ဇ ဝိဟရတိ။ ယေ စ ပဌမေ စျာနေ ဓမ္မာ ဝိတက္ကော စ ဝိစာရော စ ပီတိ စ သုခဉ္စ စိတ္တေကဂ္ဂတာ စ ဖေဿာ ဝေဒနာ သညာ စေတနာ စိတ္တံ ဆန္ဒော အဓိမောက္ခာ ဝီရိယံ သတိ ဥပေက္ခာ မနသိကာရော။ တျာဿ ဓမ္မာ အနုပဒဝဝတ္ထိကာ ဟောန္တိ။ တျာဿ ဓမ္မာ ဝိဒိကာ ဥပ္ပဇ္ဇန္တိ၊ ဝိဒိကာ ဥပဋ္ဌဟန္တိ၊ဝိဒိကာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ သော ဧဝံ ပဇာနာတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ သော တေသု ဓမ္မေသု အနုပါယော အနပါယော အနိဿိတော အပ္ပဋိဗဒ္ဓေါ ဝိပ္ပမုတ္တော ဝိသံယုတ္တော ဝိမရိယာဒီကတေန စေတသာ ဝိဟရတိ၊ သော အတ္ထိ ဥတ္တရိ နိဿရဏန္တိ ပဇာနာတိ။ တဗ္ဗဟုလီကာရော အတ္ထိတွေဝဿ ဟောတီ။ (မ၊၃၊၇၅။)
= ရဟန်းတို့ ...သာရိပုတ္တရာသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း (= ဝိတက်)နှင့်တကွ ဖြစ်သော, သုံးသပ်ဆင်ခြင်ခြင်း (= ဝိစာရ)နှင့်တကွ ဖြစ်သော, နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ထင်ရှားဖြစ်ပေါ်၍လာရသော နှစ်သိမ့်ခြင်း (= ပီတိ), ချမ်းသာခြင်း (= သုခ)ရှိသော ပထမစျာန်သို့ ရောက်၍ နေ၏။ ပထမစျန်သမာပတ်အတွင်း၌ -----
၁။ ကြံစည်ခြင်း = ဝိတက်
၂။ သုံးသပ်ဆင်ခြင်ခြင်း = ဝိစာရ
၃။ နှစ်သိမ့်ခြင်း = ပီတိ
၄။ ချမ်းသာခြင်း = သုခ (ဝေဒနာ)
၅။ စိတ်တည်ကြည်ခြင်း = ဧကဂ္ဂတာ (သမာဓိ)
၆။ အာရုံကို တွေ့ထိခြင်း = ဖဿ
၇။ အာရုံ၏ အရသာကို ခံစားခြင်း = ဝေဒနာ
၈။ အာရုံကို မှတ်သားခြင်း = သညာ
၉။ အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို စေ့ဆော်တိုက်တွန်းခြင်း = စေတနာ
၁၀။ အာရုံကို ရယူခြင်း = အာရုံကိုသိခြင်း = စိတ်
၁၁။ အာရုံကို ပြုလိုခြင်း = ဆန္ဒ
၁၂။ အာရုံကို ဆုံးဖြတ်ခြင်း = အဓိမောက္ခ
၁၃။ လုံ့လပြုခြင်း = ကြိုးစားအားထုတ်ခြင်း = ဝီရိယ
၁၄။ အာရုံကို မမေ့ပျောက်ခြင်း = အောက်မေ့ခြင်း = သတိ
၁၅။ အာရုံကို လျစ်လျူရှုခြင်း = ဥပေက္ခာ
၁၆။ အာရုံကို နှလုံးသွင်ခြင်း = မနသိကာရ
ယင်း သဘောတရားတို့သည် ထင်ရှား ရှိကြကုန်၏၊ ထိုသဘောတရားတို့ကို သာရိပုတ္တရာသည် အစဉ်အတိုင်း တစ်လုံးစီတစ်လုံးစီ ပိုင်းခြား၍ သိ၏။ ထို သဘောတရားတို့သည် ထိုသာရိပုတ္တရာ၏ အသိဉာဏ်၌ -----
၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊
၂။ ထင်ထင်ရှားရှား တည်ကုန်၏၊
၃။ ထင်ထင်ရှားရှား ချုပ်ကုန်၏။
ဤ သဘောတရားတို့သည် ရှေးက ထင်ရှား မရှိကြကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ကြကုန်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏ဟု သာရိပုတ္တရာသည် ဤသို့ သိ၏။ ထိုသာရိပုတ္တရာသည် ထိုသဘောတရားတို့၌ ရာဂဖြင့် တပ်မက်ခြင်း မရှိ၊ ဒေါသဖြင့် ဖဲခြင်း မရှိ၊ တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု မမှီ၊ လိုလားတပ်မက်ခြင်း ဆန္ဒရာဂဖြင့် ဖွဲ့ချည်မထား၊ ကာမရာဂမှ လွတ်မြောက်၏၊ ဆန့်ကျင်ဘက်တရားတို့နှင့် မယှဉ်၊ အပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတ္တရာသည် ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိ၏ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတ္တရာအား ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိသည်သာတည်း ဟု မြဲစွာ ဖြစ်၏။ (မ၊၃၊၇၅။)
ဥပရိပဏ္ဏာသ အဋ္ဌကထာကလည်း အောက်ပါအတိုင်း ဆက်လက်၍ ရှင်းလင်း တင်ပြထားပြန်၏။ -----
ဝိဒိတာ ဥပ္ပဇ္ဇန္တီတိ ဥပ္ပဇ္ဇမာနာ ဝိဒိတာပါကဋာဝ ဟုတွာ ဥပ္ပဇ္ဇန္တိ။ ဝိဒိတာ ဥပဋ္ဌဟန္တီတိ တိဋ္ဌမာနာပိ ဝိဒိတာ ပါကဋာဝ ဟုတွာ တိဋ္ဌန္တိ။ ဝိဒိတာအဗ္ဘတ္ထံ ဂစ္ဆန္တီတိ နိရုဇ္ဈမာနာပိ ဝိဒိတာ ပါကဋာဝ ဟုတွာ နိရုဇ္ဈန္တိ။
ဧတ္ထ ပန တံဉာဏတာ စေဝ ဉာဏဗဟုတာ စ မောစေတဗ္ဗာ။ ယထာ ဟိ တေနေဝ အင်္ဂုလဂ္ဂေန တံ အင်္ဂုလဂ္ဂံ န သက္ကာ ဖုသိတုံ၊ ဧဝမေဝ တေနေဝ စိတ္တေန တဿ စိတ္တဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ န သက္ကာ ဇာနိတုန္တိ။ ဧဝံ တံဉာဏတာ မောစေတဗ္ဗာ။
ယဒိ ပန ဒွေ စိတ္တာနိ ဧကတော ဥပ္ပဇ္ဇေယျုံ၊ ဧကေန စိတ္တေန ဧကဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ သက္ကာ ဘဝေယျ ဇာနိတုံ။ ဒွေ ပန ဖဿာ ဝါ ဝေဒနာ ဝါ သညာ ဝါ စေတနာ ဝါ စိတ္တာနိ ဝါ ဧကတော ဥပ္ပဇ္ဇနကာနိ နာမ နတ္ထိ၊ ဧကေကမေဝ ဥပ္ပဇ္ဇတိ။ ဧဝံ ဉာဏဗဟုတာ မောစေတဗ္ဗာ။
ဧဝံ သန္တေ ကထံ? မဟာထေရဿ အန္တော သမာပတ္တိယံ သောဠသဓမ္မာ ဝိဒိတာ ပါကဋာ ဟောန္တီတိ?
ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ ထေရေန ဟိ ဝတ္ထု စေဝ အာရမ္မဏဉ္စ ပရိဂ္ဂဟိတံ၊ တေနဿ တေသံ ဓမ္မာနံ ဥပ္ပါဒံ အာဝဇ္ဇန္တဿ ဥပ္ပါဒေါ ပါကဋော ဟောတိ၊ ဌာနံ အာဝဇ္ဇန္တဿ ဌာနံ ပါကဋံ ဟောတိ၊ ဘေဒံ အာဝဇ္ဇန္တဿ ဘေဒေါ ပါကဋော ဟောတိ။ တေန ဝုတ္တံ ဝိဒိတာ ဥပ္ပဇ္ဇန္တိ ဝိဒိတာ ဥပဋ္ဌဟန္တိ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီတိ။
အဟုတွာ သမ္ဘောန္တီတိ ဣမိနာ ဥဒယံ ပဿတိ။ ဟုတွာ ပဋိဝေန္တီတိ ဣမိနာ ဝယံ ပဿတိ။ (မ၊ဋ္ဌ၊၄၊၆၀။)
= ထင်ထင်ရှားရှား ဖြစ်ပေါ်ကုန်၏ဟူသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ဝယ် ယင်း (၁၆)မျိုးကုန်သော တရားတို့သည် ဖြစ်ပေါ်လာကုန်သည်ရှိသော် ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ ဖြစ်ပေါ်လာကြကုန်၏။
ထင်ထင်ရှားရှား တည်ကုန်၏ဟူသည် အရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီး၏ ဉာဏ်၌ ယင်း (၁၆)မျိုးကုန်သော တရားတို့သည် တည်ဆဲ ဋ္ဌီကာလသို့ ရောက်ကုန်သော်လည်း ထင်ရှားကုန်သာ ဖြစ်ကြကုန်၍ တည်နေ ကြကုန်၏။
ထင်ထင်ရှားရှား ချုပ်ပျက်ကုန်၏ဟူသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ ယင်း (၁၆)မျိုးကုန်သော တရားတို့သည် ချုပ်ပျက်ကုန်သော်လည်း ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ ချုပ်ပျက်ကြကုန်၏။
ဤအရာဝယ် ယောဂါဝစရပုဂ္ဂိုလ်သည် -----
(၁) ရှုတတ်သည့် ဉာဏ်နှင့် အရှုခံဉာဏ်တို့၏ တစ်ခုတည်း ဖြစ်မှုကို လည်းကောင်း၊
(၂) စိတ္တက္ခဏတစ်ခု အတွင်း၌ ဉာဏ်တို့၏ များစွာပြိုင်တူ ဖြစ်မှုကိုလည်းကောင်း -----
လွတ်အောင် ယူဆတတ်ရပေမည်။
၁။ ထိုလက်ညိုး၏ ထိပ်ဖြင့်ပင်လျှင် ထိုလက်ညိုး၏ ထိပ်ကို တွေ့ထိဖို့ရန် မတတ်ကောင်းသကဲ့သို့ ဤဥပမာအတူပင်လျှင် ထိုစိတ်ဖြင့်ပင်လျှင် ထိုစိတ်၏ ဖြစ်မှု = ဥပါဒ်ကိုလည်းကောင်း, တည်မှု = ဌီကိုလည်းကောင်း, ပျက်မှု = ဘင်ကိုလည်းကောင်း သိရှိဖို့ရန် မတတ်ကောင်းသည်သာ ဖြစ်ပေသည်။ ဤသို့လျှင် ရှေးဦးစွာ ရှုတတ်သည့် ဉာဏ်နှင့် အရှုခံ ဉာဏ်တို့၏ တစ်ခုတည်း ဖြစ်မှုကို လွတ်အောင် ယူဆပါ။ (ရှုတတ်သည့် စိတ်နှင့် အရှုခံစိတ်သည် တစ်ခုတည်း မဟုတ်ဟု ဆိုလိုသည်။)
၂။ အကယ်၍ စိတ်နှစ်ခုတို့သည် စိတ္တက္ခဏတစ်ခုဟူသော အချိန်ကာလတစ်ခု အတွင်း၌ နှစ်ခုပြိုင်တူ တစ်ပေါင်းတည်း ဖြစ်ကုန်ငြားအံ့၊ တစ်ခုသော စိတ်ဖြင့် တစ်ခုသော စိတ်၏ ဖြစ်မှု (= ဥပါဒ်)ကိုလည်းကောင်း, တည်မှု (= ဌီ)ကိုလည်းကောင်း, ပျက်မှု = ဘင်ကိုလည်းကောင်း သိရှိဖို့ရန် တတ်ကောင်းသည် ဖြစ်လေရာ၏။ သို့သော် စိတ္တက္ခဏတစ်ခု ဟူသော အချိန်ကာလ အတွင်း၌ ဖဿနှစ်မျိုးတို့သည်လည်းကောင်း, ဝေဒနာနှစ်မျိုးတို့သည်လည်းကောင်း, သညာနှစ်မျိုးတို့သည် လည်းကောင်း, စေတနာနှစ်မျိုးတို့သည်လည်းကောင်း, စိတ်နှစ်မျိုးတို့သည်လည်းကောင်း နှစ်ခုပြိုင်တူ တစ်ပေါင်းတည်း ဖြစ်ကုန်သည်မည်သည် မရှိသည်သာတည်း။ တစ်လုံးစီ တစ်လုံးစီ သာလျှင် (ဖဿတစ်မျိုး ဝေဒနာတစ်မျိုး သညာတစ်မျိုး စေတနာတစ်မျိုး စိတ်တစ်မျိုး ဟူသည့် တစ်မျိုးစီ တစ်မျိုးစီ တစ်လုံးစီ တစ်လုံးစီသာလျှင်) ဖြစ်ရိုး ဓမ္မတာ ရှိ၏။ ဤသို့ စိတ္တက္ခဏတစ်ခုအတွင်း၌ ဉာဏ်တို့၏ များစွာ ပြိုင်တူ ဖြစ်မှုကိုလည်း လွတ်မြောက်စေအပ်၏ (= လွတ်အောင် ယူဆပါ။) ဤသို့ ဖြစ်ခဲ့သော် အဘယ်သို့လျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ စျာန်သမာပတ်အတွင်း၌ ဖြစ်ပေါ်သွားကြကုန်သော (၁၆)မျိုးကုန်သော တရားတို့သည် ထင်ထင်ရှားရှား ဖြစ်ကုန်သနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏ -----
ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ (မ၊ဋ္ဌ၊၄၊၆၀။)
ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ၊ တေသံ ဝတ္ထာရမ္မဏာနံ ပဂေဝ ဉာဏေန ပရိစ္ဆိဇ္ဇ ဂဟိတတ္တာ။ (မ၊ဋီ၊၃၊၂၇၈။)
= အကြင် ကသိုဏ်းပညတ်စသော အာရုံ၌ ယင်း စျာနဓမ္မအမည်ရသည့် စျာန်နာမ်တရားတို့သည် ဖြစ်ကြကုန်၏၊ ထို စျာနဓမ္မနာမ်တရားစုတို့၏ မှီရာ ဝတ္ထုရုပ်နှင့် ကသိုဏ်ပညတ်စသော အာရုံတို့ကို ရှေးမဆွကပင် ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြားကာ ယူထားပြီး သိမ်းဆည်းထားပြီး ဖြစ်သောကြောင့်ဟု ဖြေဆိုလေရာသည်။
မှန်ပေသည် ----- အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် -----
၁။ ယင်း စျာနဓမ္မ နာမ်တရားစုတို့၏ စွဲမှီရာ ဘဝင်မနော အကြည်ဓာတ် သို့မဟုတ် ဟဒယဝတ္ထုရုပ်ကိုလည်းကောင်း,
၂။ ကသိုဏ်းပညတ်စသော သမထနိမိတ်ကို အာရုံပြုကြကုန်သော စျာနဓမ္မ တရားစုတို့၏ ယင်းသမထနိမိတ်အာရုံကိုလည်းကောင်း -----
ဤ နှစ်မျိုးကုန်သော တရားတို့ကို ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြားထားတော်မူ၏၊ သိမ်းဆည်းထားတော်မူ၏။ ထိုကြောင့် ထိုစျာနဓမ္မ နာမ်တရား တို့၏ -----
၁။ ဖြစ်မှု (ဥပါဒ်)ကို ဆင်ခြင်သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ဖြစ်မှု (ဥပါဒ်)သည် ထင်ရှားနေ၏။
၂။ တည်မှု (ဌီ)ကို ဆင်ခြင်သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် တည်မှု (ဌီ)သည် ထင်ရှားနေ၏။
၃။ ပျက်မှု (ဘင်)ကို ဆင်ခြင်သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ပျက်မှု (ဘင်)သည် ထင်ရှားနေ၏။
ထို့ကြောင့် ထိုစျာနဓမ္မ နာမ်တရားတို့သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ -----
၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏,
၂။ ထင်ထင်ရှားရှား တည်ကုန်၏,
၃။ ထင်ထင်ရှားရှား ချုပ်ပျက်ကုန်၏ ----- ဟု
ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၄၊၆၀။)
---(၁၆) မျိုးသော တရား
သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော ၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံသု န ဣတရေတိ ဝဒန္တိ။ ဝီရိယ သတိရဂ္ဂဟဏေနေဝ စေတ္ထ ဣန္ဒြိယဘာဝသမညတော သဒ္ဓါ ပညာ, သတိရဂ္ဂဟဏေနေဝ ဧကန္တာနဝဇ္ဇဘာဝသာမညတော ပဿဒ္ဓိအာဒယော ဆ ယုဂဠာ, အလောဘာ ဒေါသာ စ သင်္ဂဟိတာ စျာနစိတ္တုပ္ပါဒပရိယာပန္နတ္တာ တေသံ ဓမ္မာနံ၊ ထေရေန စ ဓမ္မဝဝတ္ထာနသာမညတော အာရဒ္ဓါ၊ (တသ္မာ) တေ န ဥပဋ္ဌဟိံသူတိ နသက္ကာ ဝတု္တန္တိ အပရေ။ (မ၊ဋီ၊၃၊ ၂၇၇။)
ကသိုဏ်း ပဋိဘာဂနိမိတ် အာနာပါပဋိဘာနိမိတ် စသည့် သမထနိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် နမ်တရားတို့သည် -----
၁။ အသိစိတ် ၁
၂။ အညသမာန်းစေတသိက် ၁၃
၃။ သောဘဏသာဓာရဏစေတသိက် ၁၉
၄။ ပညိန္ဒြေစေတသိက် ၁
အာလုံးပေါင်းသော် ၃၄
ဤ အထက်ပါ (၃၄)မျိုးသော နာမ်တရားများ ရှိကြ၏။ ယင်း (၃၄)မျိုးကုန်သော စျာနဓမ္မ နာမ်တရားစုတို့တွင် ဘုရားရှင်သည် (၁၆)မျိုးကုန်သော စျာနဓမ္မ နာမ်တရားစုတို့ကိုသာ တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားထားတော်မူ၏။ ဤသို့ ဟောကြားထားတော်မူခြင်းနှင့် ဆက်စပ်၍ ဋီကာ ဆရာတော် အရှင်ဓမ္မပါလမထေရ်မြတ်က အောက်ပါအတိုင်း နှစ်နည်း ရှင်းပြထားတော်မူ၏။ -----
၁။ ဤအရာဝယ် (၁၆)မျိုးကုန်သော စျာနဓမ္မတို့ကိုသာ တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားတော်မူခြင်းသည် -----
ထို (၁၆)မျိုးကုန်သော တရားတို့ကိုသာလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် တစ်လုံးစီတစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်သည်၏အဖြစ်ကြောင့်တည်း။ ထို (၁၆)မျိုးကုန်သော စျာနဓမ္မတို့သည်သာလျှင် ထို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထိုအချိန်အခါက ထင်မြင်ခဲ့ကြကုန်၏၊ အခြားအခြားကုန်သော စျာနဓမ္မတို့သည် မထင်ခဲ့ကြကုန် ----- ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။ (ဤကား ဝဒန္တိဝါဒတည်း)
၂။ ထို (၁၆)မျိုးကုန်သော တရားတို့တွင် ဣန္ဒြေ္ဒထိုက်သော ဝီရိယနှင့် သတိကို တိုက်ရိုက်ယူ၍ ဟောကြားတော်မူခြင်းဖြင့် ဣန္ဒြေ္ဒဖြစ်မှုခြင်း တူညီသောကြောင့် သဒ္ဓါနှင့် ပညာ တရားနှစ်ပါးကိုလည်း သိမ်းကျုံးယူအပ်၏။ သတိကို တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားတော်မူခြင်းဖြင့် သတိကဲ့သို့ ဧကန်အပြစ်မရှိခြင်း တူညီသောကြောင့် ပဿဒ္ဓိစသော အစုံအစုံအားဖြင့် ဟောကြားထားတော်မူအပ်ကုန်သော ယုဂဠစေတသိက် (၆)စုံတို့ကိုလည်းကောင်း, အလောဘ အဒေါသစေတသိက်တို့ကိုလည်းကောင်း သိမ်းကျုံး ရေတွက်အပ်ကုန်၏။ အကြောင်းမူကား ထိုတရားတို့၏ စျာန်စိတ္တုပ္ပါဒ်၌ (= စျာနဓမ္မတရားတို့၌) အကျုံးဝင်ကုန်သောကြောင့် ဖြစ်၏။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်လည်း စျာနဓမ္မအမည်ရသည့် စျာန်နာမ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူရာဝယ် ဉာဏ်ဖြင့် ပိုင်းခြားယူရမည့် တရားတို့၌ ပိုင်းခြား မှတ်သားပုံခြင်း တူညီသောကြောင့် ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ်စသော ထိုထိုပဋိဘာဂနိမိတ် သမထအာရုံသို့ ညွှတ်ကိုင်းရှိုင်းတတ်သော နာမလက္ခဏာချင်း တူညီရာ တရားတို့ကို ပေါင်းစု၍ လက္ခဏာဟာရနေတ္တိနည်းဖြင့် ယင်း အနုပဒသုတ္တန် တရားဒေသနာတော်ကို ဘုရားရှင်သည် အားသစ်တော်မူခဲ့ပေသည်။ ထိုကြောင့် ထိုစျာနဓမ္မနာမ်တရားစုတို့သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ မထင်လာကုန်ဟု ပြောဆိုခြင်းငှာ မတတ်ကောင်းသည်သာတည်း။ ဤသို့လျှင် အပရေဆရာမြတ်တို့ကလည်း မိန့်ဆိုတော် မူကြပြန်သည်။ (မ၊ဋီ၊၃၊၂၂၇။) (ဤကား အပရေဝါဒတည်း။)
ဧဝံ သဗ္ဗတ္ထ ယော ယော အဋ္ဌကထာဝါဒေါ ဝါ ထေရဝါဒေါ ဝါ ပစ္ဆာ ဝုစ္စတိ၊ သော ပမာဏတော ဒဋ္ဌဗ္ဗော။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)
= နေရာတိုင်း၌ အကြင်အကြင် အဋ္ဌကထာဝါဒကိုလည်းကောင်း, ထေရဝါဒကိုလည်းကောင်း နောက်ဆုံးထား၍ ဖွင့်ဆိုထား၏၊ ထိုဝါဒကိုသာလျှင် ပမာဏအားဖြင့် မှတ်သားပါ။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)
ဤအထက်ပါ ဋီကာဆရာတော်၏ ရှင်းလင်းချက်၌ ဝဒန္တိဝါဒနှင့် အပရေဝါဒဟု ဝါဒနှစ်မျိုး လာရှိရာ ဋီကာဆရာတော် ဖြစ်တော်မူသော အာစရိယဓမ္မပါလမထေရ်မြတ်သည် အပရေဝါဒကို နောက်ဆုံးထား၍ တင်ပြထားတော်မူ၏။ ဝါဒအမျိုးမျိုးတို့တွင် နောက်ဆုံးထား၍ ဖွင့်ဆိုသော ဝါဒကိုသာလျှင် အနှစ်သာရအားဖြင့် မှတ်ယူရသော စာပေကျမ်းဂန် ယူဆပုံ စည်းမျဉ်း ဥပဒေသအရ ဤ၌လည်း နောက်ထား၍ ဖွင့်ဆိုသော အပရေဝါဒကိုသာ အနှစ်သာရအားဖြင့် မှတ်ယူလေရာသည်။ ထိုကြောင့် ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာနိမိတ်စသော ပဋိဘာဂနိမိတ်တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာနဓမ္မနာမ်တရားစုတို့မှာ (၃၄)လုံး ရှိကြသဖြင့် ထို (၃၄)မျိုးလုံးကုန်သော စျာနဓမ္မတို့ကို တစ်လုံးစီ တစ်လုံးစီ၏ ဥပါဒ်-ဌီ-ဘင် (= ဖြစ်-တည်-ပျက်)ကို မြင်အောင် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် ရှုပွားသုံသပ်တော်မူသည်ဟုသာ သံသယကင်းရှင်းစွာ မုချပုံသေ မှတ်သား နာယူလေရာသည်။ ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်သို့တိုင်အောင်သော စျာနဓမ္မ နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ၏ ဥပါဒ်-ဌီ-ဘင်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေးသုံးတန်တို့သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ကြိုပမ်းတော်မူခဲ့ပေသည်။ (မ၊၃၊၇၅-၇၆။)
---နေဝသညာနာသညာယတနစျာန်
ပုန စပရံ ဘိက္ခဝေ၊ သာရိပုတ္တော သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟတိ။ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟိတွာ ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ တေ ဓမ္မေ သမနုပဿတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ သော တေသု ဓမ္မေသု အနုပါယော အနပါယော အနိဿိတော အပ္ပဋိဗဒ္ဓေါ ဝိပ္ပမုတ္တော ဝိသံယုတ္တော ဝိမရိယာဒီကတေန စေတသာ ဝိဟရတိ၊ သော အတ္ထိ ဥတ္တရိ နိဿရဏန္တိ ပဇာနာတိ။ တဗ္ဗဟုလီကာရော အတ္ထိတွေဝဿ ဟောတိ။ (မ၊၃၊ ၇၈။)
= ရဟန်းတို့ ...တဖန် ထို့ပြင်လည်း သာရိပုတ္တရာသည် အာကိဉ္စညာယတနစျာန်ကို လုံးဝ ကျော်လွှားလွန်မြောက်၍ နေဝသညာနာသညာယတနစျာန်သို့ ရောက်၍ နေ၏၊ ထိုသာရိပုတ္တရာသည် ထိုနေဝသညာနာသညာယတနသမာပတ်မှ သတိ ပညာနှင့် ပြည်စုံ၍ ထ၏။ ထိုသာရိပုတ္တရာသည် ထိုနေဝသညာနာသညာယတနသမာပတ်မှ သတိ ပညာနှင့် ပြည်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ပျက်စီးကုန်ပြီးသော နေဝသညာနာသညာယတန စျာနဓမ္မတရားစုတို့ကို ဤသို့လျှင် ဤစျာနဓမ္မ တရားစုတို့သည် ရှေးက ထင်ရှား မရှိကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏----- ဟု ယင်း စျာနဓမ္မတရားစုတို့ကို ပေါင်းစု ခြုံငုံလျက် အပေါင်းအစုအားဖြင့် (=ကလာပသမ္မသနနည်းအားဖြင့်) ဝိပဿနာရှု၏။ ထိုသာရိပုတ္တရာသည် ထိုတရားတို့၌ ရာဂဖြင့် တပ်မက်ခြင်း မရှိ၊ ဒေါသဖြင့် ဖဲခြင်း မရှိ၊ တဏှာ-ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု မမှီ၊ လိုလားတပ်မက်ခြင်း (=ဆန္ဒရာဂ)ဖြင့် ဖွဲ့ချည်မထား၊ တွယ်တာတပ်မက်မှု (= ကာမရာဂ)မှ လွတ်၏၊ ဆန့်ကျင်ဘက် တရားတို့နှင့် မယှဉ်၊ အပိုင်းအခြား မရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတ္တရာသည် ထိုထက် အလွန် လွန်မြောက်ရာ ရှိ၏ဟု သိ၏။ ထို သိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတ္တရာအား ထိုထက်အလွန် လွန်မြောက်ရာသည် ရှိသည်သာတည်းဟု မြဲစွာ ဖြစ်၏။ (မ၊၃၊၇၈။)
---အနုပဒဓမ္မဝိပဿနာ နှင့် ကလာပသမ္မသနဝိပဿနာ
တေ ဓမ္မေ သမနုပဿတီတိ ယသ္မာ နေဝသညာနာသညာယတနေ ဗုဒ္ဓါနံယေဝ အနုပဒဓမ္မဝိပဿနာ ဟောတိ၊ န သာဝကာနံ၊ တသ္မာ ဧတ္ထ ကလာပဝိပဿနံ ဒေဿန္တော ဧဝမာဟ။ (မ၊ဋ္ဌ၊၄၊၆၁။)
န သာဝကာနံ အနုပဒဓမ္မဝိပဿနာ ဟောတိ၊ သင်္ခါရာဝသေသသုခုမပ္ပဝတ္တိယာ ဒုဝိညေယျတ္တာ ဝိနိဗ္ဘုဇိတွာ ဂဟေတုံ အသက္ကုဏေယျဘာဝတော။ (မ၊ဋီ၊၃၊၂၈၀။)
အညေသု ဟိ ခန္ဓေသု အကတာဘိနိဝေသော ဘိက္ခု နေဝသညာနာသညာယတနက္ခန္ဓေ သမ္မသိတွာ နိဗ္ဗိဒံ ပတ္တုံ သမတ္ထော နာမ နတ္ထိ အပိစ အာယသ္မာ သာရိပုတ္တော။ ပကတိဝိပဿကော ပန မဟာပညော သာရိပုတ္တသဒိသောဝ သက္ကုကောယျ၊ သောပိ ဧဝံ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ ဧဝံ ကလာပသမ္မသနဝသေနေဝ နော အနုပဒဓမ္မဝိပဿနာ ဝသေန။ ဧဝံ သုခုမတ္တံ ဂတာ ဧသာ သမာပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၅၃။)
= အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် သမာပတ်ရှစ်ပါးတို့တွင် ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်သို့တိုင်အောင်သော သမာပတ် (၇)ပါးတို့၌ အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်တော်မူပေသည်။ နေဝသညာနာသညာယတနသမာပတ်၌ကား ယင်းသမာပတ်အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့၏ အလွန့်အလွန် သိမ်မွေ့နူးညံ့သောကြောင့် အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်ခြင်းငှာ မစွမ်းနိုင်ဘဲ ယင်းသမာပတ် အတွင်း၌ တည်ရှိကြသော စျာနဓမ္မနာမ်တရားစုတို့ကို ပေါင်းစုခြုံငုံလျက် ကလာပသမ္မနဝိပဿနာနည်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်တော်မူပေသည်။
ဤနေဝသညာနာသညာယတနစျာန်၌ သဗ္ဗညုတသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့အားသာလျှင် အနုပဒဓမ္မဝိပဿနာသည် ဖြစ်နိုင်၏၊ သာဝကတို့အား အနုပဒဓမ္မဝိပဿနာသည် မဖြစ်နိုင်။ (မ၊ဋ္ဌ၊၄၊၆၁။)
အခြားအခြားသော ခန္ဓာတို့၌ (= နေဝသညာနာသညာယတနသမာပတ်မှ တစ်ပါးကုန်သော ကြွင်းကုန်သော ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၌) ဝိပဿနာ နှလုံးသွင်းမှု (= အဘိနိဝေသ)ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို မပြုလုပ်ဖူးသေးသော ယောဂါဝစရရဟန်းတော် ဖြစ်ခဲ့ပါမူ နေဝသညာနာသညာယတနခန္ဓာတို့ကို လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်းကြောင့် သင်္ခါရတရားတို့၌ ငြီးငွေ့မှု (= နိဗ္ဗိဒါဉာဏ်)သို့ ရောက်ရှိအံ့သောငှာ စွမ်းနိုင်သော ပုဂ္ဂိုလ်မည်သည် မရှိသည်သာ ဖြစ်၏။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသော်မှလည်း မစွမ်းနိုင်လေရာ။ ပင်ကို ပကတိသဘောအားဖြင့် ဝိပဿနာရှုသော ပကတိဝိပဿကပုဂ္ဂိုလ်သည် ကြီးကျယ်မြင့်မြတ်သော ပညာ ရှိတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် တူသော ပုဂ္ဂိုလ်သည်သာလျှင် စွမ်းနိုင်လေရာ၏။ ထို အရှင်သာရိပုတ္တရာကဲ့သို့ ပညာကြီးသော ပုဂ္ဂိုလ်သည်လည်း -----
ဤသို့လျှင် ဤနေဝသညာနာသညာယတနသမာပတ် နာမ်တရားစုတို့သည် ရှေးက ထင်ရှားမရှိကုန်ဘဲ ယခုမှ ရုတ်ခြည်း အသစ် ဖြစ်ပေါ်လာကြ ကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ခြည်း ချုပ်ပျက်သွားကြကုန်၏ ------ ဟု
အပေါင်းအစုအားဖြင့် ခြုံငုံ၍ ဝိပဿနာရှုပွားသုံးသပ်ခြင်း = ကလာပသမ္မသနဝိပဿနာနည်း၏ အစွမ်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်ခြင်းငှာ စွမ်းနိုင်လေရာ၏၊ တစ်လုံးစီ တစ်လုံးစီသော သမာပတ်တရားတို့ကို ဝိပဿနာ ရှုခြင်း (= အနုပဒဓမ္မဝိပဿနာနည်း)၏ အစွမ်းဖြင့်ကား မစွမ်းနိုင်လေရာ။ ဤနေဝသညာနာသညာယတနသမာပတ်သည် ဤသို့ကလောက် သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိပြီး ဖြစ်သည်။ ထို့ကြောင့် ဤသမာပတ်ကို သင်္ခါရာဝသေသသမာပတ်ဟုလည်း ခေါ်ဆိုပေသည်။ သညာကို ဦးတည်၍ နေဝသညာနာသညာယတနသမာပတ်ဟု ခေါ်ဆိုသော်လည်း ထိုသမာပတ် အတွင်း၌ တည်ရှိကြသော သင်္ခါရတရားအားလုံးတို့ကား အလွန့်အလွန် သိမ်မွေ့ကြ၏။ ရုန့်ရင်းသော သင်္ခါရတို့မှ ကြွင်းကျန်သော အကယ်စင်စစ် သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိသော သင်္ခါရဟူသော စတုတ္ထအရူပသမာပတ်ကို သင်္ခါရာဝသေသသမာပတ်ဟု ခေါ်ဆိုပေသည်။ (အဘိ၊ဋ္ဌ၊၁၊၂၅၂-၂၅၃။)
---ဦးထိပ်ရွက်ပန်ဆင်ရမည့် ရှေးထုံးဟောင်း
ဤကား သာဝကတို့တွင် ပညာအရာ၌ အသာဆုံး အမြတ်ဆုံး ဖြစ်တော် မူသည့် ပညာအရာ၌ ဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် စျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို -----
၁။ အနုပဒဓမ္မဝိပဿနာနည်း,
၂။ ကလာပသမ္မသနဝိပဿနာနည်း -----
ဟူသော နှစ်မျိုးသော နည်းတို့ဖြင့် ဝိပဿနာရှုပွားသုံးသပ်နိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က ဝန်ခံ၍ ဟောကြားထားတော်မူသော ရှေးထုံးဟောင်းကြီးတစ်ခုပင် ဖြစ်သည်။ ဤသမာပတ်တရားတို့ကို ဝိပဿနာရှုပွား သုံးသပ်တော်မူရာ၌လည်း ယင်းနာမ်တရားတို့၏ -----
၁။ မှီရာ ဟဒယဝတ္ထုရုပ် သို့မဟုတ် မနောဒွါရကိုလည်းကောင်း,
၂။ ကသိုဏ်း ပဋိဘာဂနိမိတ်စသော အာရုံကိုလည်းကောင်း -----
ပူးတွဲသိမ်းဆည်းလျက် ရှုပွားသုံးသပ်တော်မူသည်ဟူသော ဥပဒေသ တစ်ရပ်မှာလည်း နာမ်ကမ္မဋ္ဌာန်းကို ရှုပွားလိုသော သာဝကများအတွက် တန်ဖိုးမဖြတ်နုိင်သော ရှေးထုံးဟောင်းကြီး တစ်ရပ်ပင် ဖြစ်သည်။ ဤ၌ ဝတ္ထုအရ ဒွါရကိုပင် ဆိုလိုပေသည်။ နာမ်တရားတို့သည် ဆိုင်ရာဆိုင်ရာ ဒွါရတို့၌ ဆိုင်ရာဆိုင်ရာ အာရုံတို့က ရှေးရှု ကျရောက်ခြင်းကြောင့် (= ထင်ခြင်းသို့ ရောက်ရှိခြင်းကြောင့်) ဖြစ်ပေါ်လာကြ၏။
---အနီးကပ်ဆုံးသော အတိတ်
ဤအရာဝယ် အတိတ်ရှုမှုနှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။
၁။ ဤ၌ အရှုခံ နာမ်တရားတို့မှာ သမာပတ်(၈)ပါး အတွင်း၌ တည်ရှိကြသော စျာနဓမ္မအမည်ရသည့် နာမ်တရားစုတို့ ဖြစ်ကြ၏။
၂။ ရှုတတ်သော ဝိပဿနာဉာဏ်မှာ -----
သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။(အဘိ၊ဋ္ဌ၊၂၊၃၈၈။)
ဤ အထက်ပါသမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်း ဖွင့်ဆိုချက်အရ ----
(က) ပုထုဇန်နှင့် သေက္ခ အရိယာသူတော်ကောင်းတို့၏ သန္တာန်၌ မဟာကုသိုလ် မနောဒွါရိကဇောဝီထိစိတ်အစဉ် ဖြစ်၍ ,
( ခ ) အသေက္ခ = ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ မဟာကြိယာ မနောဒွါရိကစိတ်အစဉ်များ ဖြစ်ကြ၏။
ယခုကဲ့သို့ စျာန်နာမ်တရားတို့ကို ဝိပဿနာရှုရန် အရှုခံနာမ်တရားတို့မှာ စျာနသမာပတ်တရားတို့ ဖြစ်ခြင်းကြောင့် မဟဂ္ဂုတ်တရားတို့ ဖြစ်ကြ၏။ ရှုတတ်သော ဝိပဿနာဉာဏ်မှာ မဟာကုသိုလ် (မဟာကြိယာ) ဖြစ်၍ ကာမာဝစရတရားများ ဖြစ်ကြ၏။ မဟဂ္ဂုတ်တရားနှင့် ကာမာဝစရတရားတို့သည် တစ်နည်းဆိုရသော် မဟဂ္ဂုတ်ဇောနှင့် ကာမဇောတို့သည် စိတ္တက္ခဏတစ်ခု အတွင်း၌လည်း အတူယှဉ်တွဲ၍ ဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။ (မဂ္ဂဝီထိက လွဲလျှင်) အာဝဇ္ဇန်းတစ်ခုသာရှိသည့် ဇောဝီထိစိတ်အစဉ် တစ်ခုအတွင်း၌လည်း မတူကွဲပြားသည့် အာရုံတို့ကို အသီးအသီး အာရုံပြု၍ အတူယှဉ်တွဲ ဖြစ်နိုင်သည့် စွမ်းအားလည်း မရှိကြပေ။ အာရုံချင်း မတူညီသောကြောင့် ဖြစ်၏။
ဤ၌ စျာနဓမ္မအမည်ရသည့် မဟဂ္ဂုတ်တရားတို့ကား ကသိုဏ်းပဋိဘာဂနိမိတ်, အာနာပါနပဋိဘာဂနိမိတ်စသော နိမိတ်တို့ကို အာရုံပြုကြ၏။ ဝိပဿနာဇောတို့ကား ယင်းစျာနသမာပတ်တို့၏ အတွင်း၌ တည်ရှိကြသော စျာနဓမ္မနာမ်တရားစုတို့ကို အာရုံပြုကြ၏။ ဝီထိစိတ်အစဉ်တစ်ခု အတွင်း၌လည်း အာဝဇ္ဇန်း (= အာရုံကို ဆင်ခြင်သော စိတ်)သည် တစ်မျိုးသာ ရှိ၏။တစ်ခုတည်းသော အာဝဇ္ဇန်းက -----
၁။ ကသိုဏ် ပဋိဘာဂနိမိတ် သို့မဟုတ် အာနာပါနပဋိဘာဂနိမိတ်စသော သမထနိမိတ်ကိုလည်းကောင်း,
၂။ ယင်း နိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စျာနဓမ္မ နာမ်တရားစုတို့ကိုလည်းကောင်း ----- ဤအာရုံနှစ်မျိုးလုံးကိုကား တစ်ပြိုင်နက်တည်း အာရုံမပြုနိုင်၊ ဇောတို့မည်သည် အာဝဇ္ဇန်းနှင့် ကင်း၍ ဖြစ်သည့် ထုံးမှာ နိရောဓသမာပတ်မှ အထ၌သာ ရှိ၏။ ကျန် အရာဌာနတို့၌ အာဝဇ္ဇန်းနှင့် ကင်း၍ ဖြစ်ရိုး ဓမ္မတာကား မရှိပေ။ သို့အတွက် အထက်တွင် ဥပရိပဏ္ဏာသ အဋ္ဌကထာက ရှင်းပြသည့်အတိုင်း -----
၁။ အရှုခံ နာမ်တရားနှင့်
၂။ ရှုတတ်သည့် နာမ်တရားတို့မှာ -----
စိတ္တက္ခဏတစ်ခု အတွင်း၌ သို့မဟုတ် ဇောဝီထိစဉ်တစ်ခု အတွင်း၌ ပြိုင်တူ ဖြစ်ကြသော တရားတို့ကား မဟုတ်ကြပေ။ စျာနသမာပတ္တိဝီထိစဉ်တစ်ခု အတွင်း၌ ပရိကံ ဥပစာ အနုလုံ ဂေါတြဘူအမည်ရသော ကာမဇောများနောင်၌ ပထမစျာန်စသော မဟဂ္ဂုတ်တရားများ ဖြစ်ကြသည်ကား မှန်၏။ သို့သော် ယင်း စျာနသမာပတ္တိဝီထိစဉ်တစ်ခု အတွင်း၌ တည်ရှိကြသော ကာမဇောနှင့် မဟဂ္ဂုတ်ဇောတို့ကား ကသိုဏ်းပညတ်စသော တူညီသော သမထနိမိတ်ကိုသာ အာရုံပြုကြပေသည်။ အာရုံ ကွဲပြားမှုကား မရှိပေ။
သို့အတွက် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော စျာနသမာပတ်တရားများသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်နေကြချိန်ဝယ် ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ် (မဟာကြိယာ) မနောဒွါရိကဇောဝီထိစိတ်အစဉ်များသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မဖြစ်ကြသေးကုန်။ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ် (မဟာကြိယာ) မနောဒွါရိကဇောဝီထိစိတ်အစဉ်များသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်ပေါ်လာကြသော အချိန်အခါ၌လည်း အရှုခံနာမ်တရား များဖြစ်ကြသည့် စျာနဓမ္မ (= စျာနသမာပတ်) နာမ်တရားစုတို့သည် ဥပါဒ်- ဌီ-ဘင်အားဖြင့် ထင်ရှား မရှိကြတော့ပြီ ဖြစ်ကုန်၏။ သို့အတွက် ဘုရားရှင်က -----
သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟတိ၊ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟိတွာ ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ၊ တေ ဓမ္မေ သမနုပဿတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ ဟုတွာ ပဋိဝေန္တီတိ။ (မ၊၃၊၇၈။)
= ထို သာရိပုတ္တရာသည် ထိုနေဝသညာနာသညာယတနသမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထ၏။ ထို သာရိပုတ္တရာသည် ထိုနေဝသညာနာသညာယတနသမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ပျက်စီးကုန်ပြီးသော နေဝသညာနာသညာယတနစျာနဓမ္မ နာမ်တရားစုတို့ကို ----- ဤသို့လျှင် ဤစျာနဓမ္မ နာမ်တရားစုတို့သည် ရှေးက ထင်ရှား မရှိကြကုန်ဘဲ ယခုမှ ရုတ်ခြည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ခြည်း ချုပ်ပျက်ကုန်၏ ------ ဟု ယင်းစျာနဓမ္မ နာမ်တရားစုတို့ကို ပေါင်းစုခြုံငုံလျက် အပေါင်းအစုအားဖြင့် (ကလာပသမ္မသနနည်းအားဖြင့်) ဝိပဿနာရှု၏။ -----
ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။ ဤရှုကွက်မှာ အနီးကပ်ဆုံးသော ချုပ်ပျက်ကုန်ပြီးသော အတိတ်တရားစုတို့ကို ဝိပဿနာဉာဏ်ဖြင့် ရှု၍ရနိုင်သည့် ကျောက်စာတိုင်ကဲ့သို့ လှုပ်ရှား၍ မရနိုင်လောက်အောင် မြဲခိုင်လှသည့် ရှေးဟောင်းထုံးကြီးတစ်ရပ် ဥပဒေသတစ်ရပ်ပင် ဖြစ်ပေသည်။ ကျောက်ထီးတန္တု အလေးဂရုပြုထိုက်သည့် ဘုရားဟော ဗုဒ္ဓပါဝစနကြီးပင် ဖြစ်ပေသည်။
ကာမာဝစရနာမ်တရားတို့ကိုလည်း ဝိပဿနာရှုရန်
စျာန်နာမ်တရားတို့ကိုသာ သိမ်းဆည်းကာ ဝိပဿနာရှုရသည် မဟုတ်သေး၊ ကာမာဝစရ နာမ်တရားတို့ကိုလည်း ဝိပဿနာရှုရန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက (ဝိသုဒ္ဓိ၊၂၊၂၅၂-၂၅၃။) ဤသို့လည်း ဖွင့်ဆိုထားပေသည်။
တစ်ဖန် ရုပ်တရားကို လက္ခဏာယာဉ် တင်၍ ဝိပဿနာ ရှုပွားသုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ်တရား၏ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကို ရှုအပ်သကဲ့သို့ အလားတူပင် နာမ်တရားကိုလည်း လက္ခဏာယာဉ် တင်ကာ ဝိပဿနာရှုပွားသုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် နာမ်တရား၏ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည်သာ ဖြစ်သည်။ ထိုနာမ်တရား၏ ဖြစ်ခြင်း = နိဗ္ဗတ္တိလက္ခဏာကိုလည်း (လောကုတ္တရာတရားများ၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ မဟုတ်ကြသဖြင့် ဝိပဿနာရှုပွားရမည့် အရာမဟုတ်သောကြောင့်) (၈၁)မျိုးသော လောကီစိတ္တုပ္ပါဒ် (= လောကီ စိတ် စေတသိက်)၏ အစွမ်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်အပ်ပေသည်။ ဤလောကီ စိတ္တုပ္ပါဒ်၏ အစွမ်းဖြင့် ရှုပွားသုံးသပ်ရသော ဝိပဿနာဟူသည် အဘယ်နည်း ဟူမူကား အကျယ်မှာ ဤသို့ဖြစ်၏။ -----
ဤ နာမ်တရားတို့မည်သည်ကား ရှေးဘဝ၌ အားထုတ်အပ်သော ကံ၏ အစွမ်းဖြင့် ပဋိသန္ဓေအခါ၌ (၁၉)မျိုးသော ပဋိသန္ဓေစိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် ဘဝတစ်ခုဝယ် ပဋိသန္ဓေစိတ် အဖြစ်ဖြင့် စတင်၍ ဖြစ်ပေါ်လာ၏။ ဖြစ်ပေါ်လာပုံ အခြင်းအရာကို ပဋိစ္စသမုပ္ပါဒ်ပိုင်း (ဝိသုဒ္ဓိ၊၂၊ ၁၇၇-၁၉၂။)တွင် ရှင်းလင်းတင်ပြသည့်အတိုင်းသာ သိရှိပါလေ။ ထိုပဋိသန္ဓေစိတ်သည်ပင်လျှင် ယင်းပဋိသန္ဓေစိတ္တက္ခဏ၏ အခြားမဲ့ဖြစ်သော စိတ်မှ စ၍ ဘဝင်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အသက်၏ အဆုံး၌ စုတိ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အကယ်၍ ထိုပဋိသန္ဓေစိတ်သည် ကာမာဝစရစိတ် ဖြစ်အံ့၊ ထိုကာမာဝစရ ပဋိသန္ဓေစိတ် (၁၀)မျိုးသည် ဒွါရ (၆)ပါးတို့၌ အားရှိသော (= ဗလဝ) အာရုံ၌ တဒါရုံ၏ အစွမ်းဖြင့် (= ဇောယူသည့် အာရုံကိုပင် ဆက်လက် ယူတတ်သည့် တဒါရုံစိတ်၏ အစွမ်းဖြင့်) ဖြစ်ပေါ်လာ၏။
တစ်ဖန် ပဝတ္တိအခါဝယ် ဖြစ်ပုံအခြင်းအရာကို ဤသို့ ဆက်လက် ဖွင့်ဆိုထားပြန်၏။ -----
ပဝတ္တေ ပန အသမ္ဘိန္နတ္တာ စက္ခုဿ အာပါထဂတတ္တာ ရူပါနံ အာလောကသန္နိဿိတံ မနသိကာရဟေတုကံ စက္ခုဝိညာဏံ နိဗ္ဗတ္တတိ သဒ္ဓိံ သမ္ပယုတ္တဓမ္မေဟိ။ စက္ခုပသာဒဿ ဟိ ဌိတိက္ခဏေ ဌိတိပ္ပတ္တမေဝ ရူပံ စက္ခုံ ဃဋ္ဋေတိ။ တသ္မိံ ဃဋ္ဋိတေ ဒွိက္ခတ္တုံ ဘဝင်္ဂ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ။ တတော တသ္မိံ ယေဝ အာရမ္မဏေ ကိရိယမနောဓာတု အာဝဇ္ဇနကိစ္စံ သာဓယမာနာ ဥပ္ပဇ္ဇတိ။ တဒနန္တရံ တဒေဝ ရူပံ ပဿမာနံ ကုသလဝိပါကံ အကုသလဝိပါကံ ဝါ စက္ခုဝိညာဏံ။ တတော တဒေဝ ရူပံ သမ္ပဋိစ္ဆမာနာ ဝိပါကမနောဓာတု။ တတော တဒေဝ ရူပံ သန္တီရယမာနာ ဝိပါကာဟေတုကမနောဝိညာဏဓာတု။ တတော တဒေဝ ရူပံ ဝဝတ္ထာပယမာနာ ကိရိယာဟေတုကမနောဝိညာဏဓာတု ဥပေက္ခာသဟဂတာ။ တတော ပရံ ကာမာဝစရကုသလာကုသလကိရိယစိတ္တေသု ဧကံ ဝါ ဥပေက္ခာသဟဂတာဟေတုကံ စိတ္တံ ပဉ္စ သတ္တ ဝါ ဇဝနာနိ။ တတော ကာမာဝစရသတ္တာနံ ဧကာဒသသု တဒါရမ္မဏစိတ္တေသု ဇဝနာနုရူပံ ယံကိဉ္စိ တဒါရမ္မဏန္တိ။ ဧသ နယော သေသဒွါရေသုပိ။ မနောဒွါရေ ပန မဟဂ္ဂတစိတ္တာနိပိ ဥပ္ပဇ္ဇန္တီတိ။ ဧဝံ ဆသု ဒွါရေသု အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၅၂-၂၅၃။)
= တစ်ဖန် ပဝတ္တိအခါဝယ် စက္ခုပသာဒ မပျက်စီးသေးသည့် သတ္တဝါတို့ သန္တာန်ဝယ် စက္ခုပသာဒ၏ မပျက်စီးသေးသည်၏ အဖြစ်ကြောင့် စက္ခုပသာဒ, ရူပါရုံ, အာလောက, မနသိကာရစသော အကြောင်းတရားများကို အစွဲပြု၍ ဌီကာလသို့ ရောက်ရှိနေသော ရူပါရုံက ဌီကာလသို့ ရောက်ရှိနေသော စက္ခုပသာဒနှင့် အိမ်ရှင် ဘဝင်အကြည်ဓာတ် = မနောဒွါရတို့ကို ပြိုင်တူ ရိုက်ခတ်သောအခါ အာလောက (= အလင်းရောင်)ကို မှီသော, မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်းစိတ္တုပ္ပါဒ်)လျှင် အကြောင်းရင်းရှိသော စက္ခုဝိညာဏ်စိတ်သည် ယှဉ်ဖက် စေတသိက် (= သမ္ပယုတ်တရား)တို့နှင့် အတူတကွ ဖြစ်ပေါ်၍လာ၏။
ချဲ့၍ဆိုဦးအံ့ ----- စက္ခုပသာဒ၏ ဌီခဏ၌ ဌီခဏသို့ ရောက်သည်သာလျှင်ဖြစ်သော ရူပါရုံသည် စက္ခုပသာဒကို (= စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို) ထိခိုက်မိ၏။ ထိုရူပါရုံသည် စက္ခုဒွါရ မနောဒွါရ၌ ထိခိုက်သည်ရှိသော် ဘဝင်နှစ်ကြိမ် ဖြစ်၍ ချုပ်၏။ ထိုဘဝင် ချုပ်သည်မှ နောက်ကာလ၌ ထိုရူပါရုံ၌ပင်လျှင် (= ထိုရူပါရုံကို အာရုံပြု၍ပင်လျှင်) ကိရိယာမနောဓာတ်အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံကို ဆင်ခြင်ခြင်း ကိစ္စကို ပြီးစေလျက် ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထို ပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ထိုရူပါရုံကိုပင် မြင်သိတတ်သော (ယင်း ရူပါရုံသည် ဣဋ္ဌာရုံ ဖြစ်သော်) ကုသလဝိပါက်မူလည်း ဖြစ်သော (ယင်းရူပါရုံသည် အနိဋ္ဌာရုံ ဖြစ်သော်) အကုသလဝိပါက်မူလည်း ဖြစ်သော စက္ခုဝိညာဏ်စိတ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထိုသို့ စက္ခုဝိညာဏ်စိတ် ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် ခံလင့်သကဲ့သို့သော ဝိပါက်မနောဓာတ်အမည်ရသော (ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက်) သမ္ပဋိစ္ဆိုန်းစိတ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထို သမ္ပဋိစ္ဆိုန်းစိတ် ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် စုံစမ်းလင့်သကဲ့သို့သော (ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက် ဖြစ်သော) ဝိပါက် အဟိတ် မနောဝိညာဏဓာတ်အမည်ရသော သန္တီရဏစိတ်သည် ဖြစ်ပေါ်လာ၏။ ထို သန္တီရဏစိတ် ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် ပိုင်းခြားမှတ်သား ဆုံးဖြတ်လင့်သကဲ့သို့သော ကြိယာ အဟိတ် မနောဝိညာဏဓာတ်အမည်ရသော ဥပေက္ခာသဟဂုတ် ဝုဋ္ဌောစိတ်သည် ဖြစ်ပေါ်လာ၏။ ထို ဝုဋ္ဌောစိတ် ဖြစ်သည်မှ နောက်ကာလ၌ ကာမာဝစရ ကုသိုလ် အကုသိုလ် ကြိယာစိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် (ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ) ငါးကြိမ်သော်လည်းကောင်း ခုနှစ်ကြိမ်သော်လည်းကောင်း ဇောကိစ္စကို ဆောင်ရွက်ကုန်သည် ဖြစ်၍ ဖြစ်ပေါ်လာ၏။ တစ်ကြိမ်သော မနောဒွါရာဝဇ္ဇန်း (= ဝုဋ္ဌော) စိတ်သည်သော်မူလည်း ဇောအရာ၌ ဖြစ်ပေါ်လာတတ်၏။ [ဇော မစောတော့ဘဲ ဝုဋ္ဌောစိတ် (= မနောဒွါရာဝဇ္ဇန်းစိတ်) နှစ်ကြိမ် ဖြစ်မှုကို ရည်ရွယ်၍ မိန့်ဆိုခြင်း ဖြစ်သည်။) ထိုဇောစိတ် ချုပ်သည်မှ နောက်ကာလ၌ ကာမာဝစရသတ္တဝါတို့၏ သန္တာန်ဝယ် (၁၁)မျိုးကုန်သော တဒါရုံစိတ်တို့တွင် ဇောအားလည်းကောင်း, အာရုံအားလည်းကောင်း လျော်စွာ အမှတ်မရှိ တစ်မျိုးမျိုးသော တဒါရုံစိတ်သည် ဖြစ်ပေါ်လာ၏။ ဤသို့ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်များကို သမ္ပယုတ်တရားတို့နှင့် အတူတကွ ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါ။
စက္ခုဒွါရမှ ကြွင်းကုန်သော သောတဒွါရစသည့် ပဉ္စဒွါရတို့၌လည်း ဤနည်းကို သိရှိပါလေ။ မနောဒွါရ၌ကား ဇောအရာဝယ် ကာမဇောတို့တွင်သာမက မဟဂ္ဂုတ်ဇောတို့သည်လည်း ဖြစ်နိုင်ကြကုန်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် ဒွါရခြောက်ပါးတို့၌ နာမ်တရား၏ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါ။ (ဝိသုဒ္ဓိ၊၂၊ ၂၅၂-၂၅၃။) အလားတူပင် (ဒီ၊ဋ္ဌ၊၁၊၁၇၄။ မ၊ဋ္ဌ၊၁၊၂၆၆-၂၆၇။ သံ၊ဋ္ဌ၊၃၊၂၂၆-၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၁။)တို့၌လည်း စက္ခုဒွါရဝီထိ စသည့် နာမ်တရားစုတို့ကို ထိုကဲ့သို့ပင် သိမ်းဆည်းရန် ညွှန်ကြားထားပေသည်။
---ဒွါရနှစ်ပါး၌ ထင်ပုံ
တတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။ ရူပါရမ္မဏ ဉှိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏညေဝ မနောဒွါရေ အာပါထမာဂစ္ဆတိ၊ ဘဝင်္ဂစလနသာ ပစ္စယော ဟောတီတိ အတ္ထော။ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရမ္မဏေသုပိ ဧသေဝ နယော။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)
= ရူပါရုံ စသည့် အာရုံငါးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံသည် နှစ်မျိုးနှစ်မျိုးကုန်သော ဒွါရတို့၌ ထင်ခြင်းသို့ ရောက်၏။ မှန်ပေသည် ----- ရူပါရုံသည် စက္ခုပသာဒ (= စက္ခုဒွါရ)ကို ထိခိုက်ပြီးသော် ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်ခြင်းသို့ ရောက်၏။ ဘဝင်္ဂစလန (= ဘဝင်လှုပ်ခြင်း)၏ အကြောင်းတရား ဖြစ်၏ဟု ဆိုလို၏။ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံဖောဋ္ဌဗ္ဗာရုံတို့၌လည်း ဤနည်းပင်တည်း။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)
---မနောဒွါရနှင့် ဟဒယဝတ္ထု
မနောတိ ဘဝင်္ဂစိတ္တံ။ (သံ၊ဋ္ဌ၊၃၊၅။)
မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။ (သံ၊ဋ္ဌ၊၃၊၅။)
မနောဒွါရံနာမ သာဝဇ္ဇနံ ဘဝင်္ဂံ။ တဿ နိဿယဘာဝတော ဟဒယဝတ္ထုံ သန္ဓာယ နိဿိတ ဝေါဟာရေန မနောဒွါရေတိ ဝုတ္တံ၊ ယတ္ထ မနောဒွါရုပ္ပတိ။ (မဟာဋီ၊၂၊၄၁၀။)
ဤ အထက်ပါ ဖွင့်ဆိုချက်များနှင့် အညီ -----
၁။ ဘဝင်မနော အကြည်ဓာတ်သည်လည်း မနောဒွါရ မည်၏။
၂။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်သည်လည်း မနောဒွါရ မည်၏။
၃။ ဟဒယဝတ္ထုရုပ်သည်လည်း ဌာနူပစာရအားဖြင့် မနောဒွါရ မည်၏။
ဌာနူပစာရ ----- ဝိသုဒ္ဓိမဂ္ဂ အဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၅၉)၌ မနောဒွါရ၌ ရုပ် (၅၄)မျိုးတို့ ရှိကြောင်းကို ဖွင့်ဆိုထား၏။ ယင်းသို့ ဖွင့်ဆိုတော်မူချက်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်က ----- မနောဒွါရအမည်ရသော မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်စိတ်၏ မှီရာဖြစ်သောကြောင့် ဟဒယဝတ္ထုကို ရည်ရွယ်၍ မှီတတ်သော ဘဝင်မနောအကြည်ဓာတ်၏ ဝေါဟာရဖြင့် တစ်နည်း မှီတတ်သော ဘဝင်မနောအကြည်ဓာတ်နှင့် အာဝဇ္ဇန်းတို့၏ ဝေါဟာရဖြင့် မနောဒွါရဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ ယင်း ဟဒယဝတ္ထု၌ မနောဒွါရကား မှီ၍ ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၁၀။)
ဌာနီဖြစ်သော ဘဝင်မနောအကြည်ဓာတ်၏ မနောဒွါရဟူသော အမည်ကို တစ်နည်း ဌာနီဖြစ်သော မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်၏ မနောဒွါရဟူသော အမည်ကို ဟဒယဝတ္ထု၌ တင်စား၍ ဌာနဖြစ်သော ဟဒယဝတ္ထုကိုလည်း ဌာနူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဝေါ်သုံးစွဲထားသည်ဟု ဆိုလိုပေသည်။
---ဒွါရနှင့် အာရုံကို ပူးတွဲသိမ်းဆည်းပါ
ဤအထက်တွင် တင်ပြထားသော အရပ်ရပ်သော စည်းမျဉ်းဥပဒေသများ ညွှန်ကြားချက်များနှင့် အညီ နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ဤသို့ လိုက်နာပြုကျင့်ပါ။
စက္ခုဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားလိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် -----
၁။ စက္ခုဒွါရနှင့် မနောဒွါရကို ပူးတွဲ သိမ်းဆည်းပါ။
၂။ မိမိ ရှုပွားလိုသည့် ရုပ်တရားတို့၏ ရူပါရုံ အရောင်ကို လှမ်း၍ အာရုံယူပါ။
၃။ ယင်း ရူပါရုံအရောင်က စက္ခုဒွါရ မနောဒွါတို့၌ ရှေ့ရှု ရိုက်ခတ်လာသောအခါ, ထင်လာသောအခါ -----
ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏ ဝုဋ္ဌော ဇော (၇)ကြိမ် တဒါရုံ (၂)ကြိမ်ဟူသော ဝီထိစိတ်တို့ကို ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူတကွ သိမ်းဆည်းပါ၊ သောတဒွါရ စသည်တို့၌လည်း နည်းမှီ၍ သဘောပေါက်ပါ။
အထက်တွင် တင်ပြခဲ့သော အဋ္ဌသာလိနီ အဋ္ဌအထာ၏ ညွှန်ကြားချက်အရ ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းရာ၌ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္ဇံ ...(အဘိ၊ဋ္ဌ၊၁၊၂၇၁။)စသည်ဖြင့် ညွှန်ကြားထားတော်မူသည့်အတွက် ရူပါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံနှင့် ဓမ္မာရုံအမည်ရသည့် ပသာဒရုပ် သုခုမရုပ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ဦးစားပေးကာ သိမ်းဆည်းရမည် ဖြစ်ပေသည်။
ဓမ္မာရုံအမည်ရသည့် နာမ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် -----
၁။ ဘဝင်မနောအကြည်ဓာတ်, မနောဒွါရကိုလည်းကောင်း,
၂။ မိမိ ရှုပွားလိုသည့် အာရုံရုပ်ကိုလည်းကောင်း (= ပသာဒရုပ် သုခုမရုပ်တို့တွင် တစ်မျိုးမျိုးသော ရုပ်ကိုလည်းကောင်း ပူးတွဲသိမ်းဆည်းလျက် ယင်း ရုပ်တရားကို အာရုံပြု၍ ဘဝင်မနော အကြည်ဓာတ်ကို အစွဲပြု၍ ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရ အားလျော်စွာ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့ကို ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူတကွ သိမ်းဆည်းပါ။
အကယ်၍ စျာန်သမာပတ်တရား (= စျာနဓမ္မ)တို့ကို သိမ်းဆည်းရှုပွားလိုသည်ဖြစ်အံ့ ----- ရှေဦး မိမိ ရှုလိုသည့် စျာန်ကို ဝင်စားပြီးလျှင် စျာန်မှ ထကာ -----
၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း,
၂။ မိမိ ရှုပွားလိုသည့် ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်စသည့် သမထနိမိတ် တစ်ခုခုကိုလည်းကောင်း,
ပူးတွဲ သိမ်းဆည်းကာ စျာနဓမ္မနာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ယင်း သမထနိမိတ်က ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ ယင်း စျာန်နာမ်တရားတို့ကို သိမ်းဆည်းပါဟု ဆိုလိုသည်။
---အာယတနဒွါရအလိုက် သိမ်းဆည်းပါ
ကာယဒွါရ, ဝစီဒွါရ, မနောဒွါရဟူသော ဒွါရသုံးပါးကို ကမ္မဒွါရဟု ခေါ်ဆို၍ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟူသော ဒွါရ (၆)ပါးကို အာယတနဒွါရဟု ခေါ်ဆိုပေသည်။ (မဟာဋီ၊၂၊၄၁၀။) နာမ်တရားတို့ကို သိမ်းဆည်းလိုသော ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို မှီရာဝတ္ထုအလိုက် သိမ်းဆည်းခြင်းမှာ ရောယှက်ရှုပ်ထွေးခြင်း ရှိသဖြင့် အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရန် အဋ္ဌကထာများက (ဝိသုဒ္ဓိ၊၂၊၂၂၃။ အဘိ၊ဋ္ဌ၊၂၊၂၄၁။ မဟာဋီ၊၂၊၃၅၂။) ညွှန်ကြားထားတော်မူကြ၏။
ဝတ္ထုရုပ် (၆)မျိုးတို့တွင် ဟဒယဝတ္ထုကား အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ပဉ္စဝိညာဏ်မှ တစ်ပါးကုန်သော မနောဓာတ် မနောဝိညာဏဓာတ်အမည်ရကြသည်။ ဝီထိစိတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်လည်း ဖြစ်၏။ ပဋိသန္ဓေ, ဘဝင်, စုတိဟူသော ဝီထိမုတ်စိတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်လည်း ဖြစ်၏။ သို့ဖြစ်၍ မှီရာဝတ္ထုအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားခဲ့သော် အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြုနေကြသည့် သိနေကြသည့် ဝီထိစိတ်တို့သည် ဟဒယဝတ္ထု၌ မှီ၍ဖြစ်နေကြသဖြင့် ရောယှက်ရှုပ်ထွေးမှုကား ရှိနေ၏။ ထို့ကြောင့် ထိုသို့ ရောယှက်ရှုပ်ထွေးမှု ကင်းစေရန် စက္ခုဒွါရ, သောတဒွါရစသော အာယတနဒွါရအလိုက် ဝီထိစိတ်အစဉ်ဟူသော စိတ္တနိယာမလမ်းကြောင်းအတိုင်း သိမ်းဆည်းရှုပွားရန် အဋ္ဌကထာများက ညွှန်ကြားထားတော်မူခြင်း ဖြစ်သည်။
---ရိုသေစွာ လိုက်နာရမည့် စည်းကမ်းတစ်ရပ်
ထိုသို့ အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ယင်းအာယတနဒွါရအမည်ရသည့် ရုပ်တရားတို့ကိုလည်းကောင်း, အာရုံရုပ်တရားတို့ကိုလည်းကောင်း ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရမည်ဖြစ်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း အလေးအနက် ဖွင့်ဆိုထားပေသည်။ -----
ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟေဿဝ တဿ အရူပဓမ္မာ ကီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါကာတဗ္ဗော၊ န ဣတေရန။ သ စေ ဟိ ဧကသ္မိံ ဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ၊ ကမ္မဋ္ဌာနတော ပရိဟာယတိ၊ ပထဝီကသိဏဘာဝနာယ ဝုတ္တပ္ပကာရာ ပဗ္ဗတေယျာဂါဝီ ဝိယ။ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓံ ဝိရူဠိံ ဝေပုလ္လံ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၇။)
= ဤသို့လျှင် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်အားသာလျှင် -----
၁။ ဖဿက စ၍ နာမ်တရားတို့ ထင်ရှားလာသော နည်း,
၂။ ဝေဒနာက စ၍ နာမ်တရားတို့ ထင်ရှားလာသော နည်း,
၃။ အသိစိတ် ဝိညာဏ်က စ၍ နာမ်တရားတို့ ထင်ရှားလာသော နည်း-----
ဟူသော နာမ်တရားတို့ကို သိခြင်း၏ နာမ်တရားတို့၏ ဉာဏ်အား ရှေးရှုထင်ခြင်း၏ အကြောင်းတရားသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်း အခြင်းအရာအားဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်သောကြောင့် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးသော ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည်သာလျှင် နာမ်တရားကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို ပြုသင့်ပြုထိုက်ပေ၏။ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးသော ဉာဏ်ဖြင့် ပိုင်းခြားမယူရသေးသော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို မပြုသင့် မပြုထိုက်ပေ။ ပြုခဲ့သော် အပြစ်ကား ဤသို့တည်း။ ----- ရုပ်ဓာတ်တစ်လုံးလောက်, သို့မဟုတ် ရုပ်ဓာတ် နှစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့် ရုပ်ကမ္မဋ္ဌာန်းကို (=ရုပ်တရားကို) သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို စွန့်ပယ်ထားခဲ့၍ နာမ်တရားကို သိမ်းဆည်းခြင်းကို (= ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ရှုပွားသုံးသပ်ခြင်းကို) အကယ်၍ ကြိုးစား အားထုတ်ခဲ့သည် ဖြစ်ငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးတတ်၏။ ပထဝီကသိုဏ်းဘာဝနာပိုင်း၌ ဖွင့်ဆိုရေးသားအပ်ခဲ့ပြီးသော တောင်၌ ကျက်စားသော မလိမ္မာသော ကျက်စားရာစားကျက်အကြောင်းကို မသိနားမလည်သော နွားမိုက်မကဲ့သို့ ဆုတ်ယုတ်ပျက်စီးတတ်၏။ အလျော်အားဖြင့်ဆိုရမူ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းခြင်း ရှိပြီးသည်ဖြစ်၍ နာမ်တရားကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ရှုပွားခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို ပြုလုပ်သော ယောဂါဝစရပုဂ္ဂိုလ်အား ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းသည် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်သည့်တိုင်အောင် ကြီးပွားခြင်းသို့ စည်ပင်ခြင်းသို့ ပြန့်ပြောသော အဖြစ်သို့ ရောက်ရှိနိုင်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၇။)
ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဂါဝီဥပမာသုတ္တန် (အံ၊၃၊၂၁၆။)၌ ပထမစျာန်စသည့် အောက်အောက်သော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် မလေ့လာအပ်သေးဘဲလျက် ဒုတိယစျာန်စသော အထက်အထက်သော စျာန်ကို ကူးခဲ့သော် ဒုတိယစျာန်စသော အထက်အထက်သော စျာန်မှလည်း လျောကျတတ်၍ ရရှိပြီးသော ပထမစျာန်စသော အောက်အောက်သော စျာန်သည်လည်း ပျက်စီးတတ်ကြောင်းကို တောင်၌ ကျက်စားသော မလိမ္မာသော နွားမိုက်မကို စံထား၍ ဟောကြားထားတော်မူခဲ့၏။ ဤဥပမာကိုပင် ယူဆောင်၍ ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း ဒိဋ္ဌိဝိသုဒ္ဓိစခန်း၌လည်း အဋ္ဌကထာဆရာတော်က ထပ်မံ ဖွင့်ဆိုတော်မူပြန်သည်။ ဆိုလိုရင်းသဘောတရားကို မဟာဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်းတင်ပြထားပေသည်။ -----
အောက်အောက်ဖြစ်သော စျာန်သည် ကောင်းစွာ ပွားများစေအပ်ပြီးသည်ဖြစ်၍ ဝသီဘော်ငါးတန် နိုင်နင်းသည်၏အဖြစ်သို့ ရောက်စေအပ်ပြီးသော်သာလျှင် အထက်အထက်ဖြစ်သော စျာန်၏ အခြေပါဒကဖြစ်၍ အထက်အထက်ဖြစ်သော စျာန်ကို ရရှိဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်နိုင်၏။ ရအပ်ကာမျှသာဖြစ်သော ဝသီဘော်ငါးတန် နိုင်နင်းခြင်းသို့ ရောက်အောင် ကောင်းစွာ မပွားရသေးသော မလေ့ကျင့်ရသေးသော အောက်အောက်သော စျာန်သည် အထက်အထက်ဖြစ်သော စျာန်၏ အခြေပါဒကလည်း မဖြစ်နိုင်။ အထက်အထက်ဖြစ်သော စျာန်ကို ရရှိဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားလည်း မဖြစ်နိုင်။
ဤဥပမာအတူပင်လျှင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော ရူပပရိဂ္ဂဟဉာဏ် (= ရူပပရိဂ္ဂဟလုပ်ငန်းရပ်)သည် ကောင်းမွန်စင်ကြယ်သည်ဖြစ်လျက် အရှုပ်အထွေး ကင်းသည်ဖြစ်လျက် ရောယှက်ရှုပ်ထွေးခြင်း မရှိသော်သာလျှင် နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း (= အရူပပရိဂ္ဂဟဉာဏ် = အရူပပရိဂ္ဂဟ လုပ်ငန်းရပ်)၏ အခြေပါဒကဖြစ်၍ အနီးကပ်ဆုံးသော အကြောင်းတရားသည် ဖြစ်နိုင်၏။ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးသဖြင့် မစင်ကြယ်သော ရုပ်တရားကို သိမ်းဆည်းခြင်း( = ရူပပရိဂ္ဂဟလုပ်ငန်းရပ်သည်) နာမ်တရားကို သိမ်းဆည်းဖို့ရန် (= အရူပပရိဂ္ဂဟဉာဏ်ကို ရရှိဖို့ရန်) အနီးကပ်ဆုံးသော အကြောင်းတရားသည် မဖြစ်နိုင်ပေ။
သို့အတွက် ရုပ်တရား နာမ်တရား၏ တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်မျှလောက်သော်လည်း အသိဉာဏ်၌ မထင်လာ မမြင်လာသေးသည် ရှိသော် ရုပ်တရားကို သိမ်းဆည်းခြင်း ရူပပရိဂ္ဂဟဉာဏ် (= ရူပပရိဂ္ဂဟလုပ်ငန်းရပ်)နှင့် နာမ်တရားကို သိမ်းဆည်းခြင်း အရူပပရိဂ္ဂဟဉာဏ် (= အရူပပရိဂ္ဂဟလုပ်ငန်းရပ်)တို့သည် မစင်ကြယ်ကုန်သေးသည်သာလျှင် မည်ကြပေသည်။ များစွာကုန်သော ရုပ်နာမ်ပရမတ်တရားတို့သည် အသိဉာဏ်၌ မထင်လာ မမြင်လာကုန်သည်ရှိသော်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့ပါအံ့နည်း၊ မစင်ကြယ်သည်သာလျှင် ဧကန်ဖြစ်ပေတော့၏ဟု ဤသို့ ထင်ရှားပြလိုသည် ဖြစ်၍ -----
ရုပ်ဓာတ်တစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့်, ရုပ်ဓာတ် နှစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့် ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရားကို) သိမ်းဆည်းခြင်းလုပ်ငန်းရပ်ကို စွန့်ပယ်ထားခဲ့၍ နာမ်တရားကို သိမ်းဆည်းခြင်းကို အကယ်၍ ကြိုးစားအားထုတ်ခဲ့သည် ဖြစ်ငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ် ပျက်စီးတတ်၏။
ဤသို့စသော စကားကို အဋ္ဌကထာဆရာတော်သည် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၃၅၇။)
မညီညွတ်သော တောင်၌ ကျက်စားလျက်ရှိသော, မလိမ္မာသော, မိမိ၏ ကျက်စားရာ စားကျက်အကြောင်းကို ကောင်းကောင်း တတ်သိနားလည်မှု မရှိသော နွားမိုက်မသည် မရောက်ဖူးသေးသော အရပ်သို့ ရောက်ရှိရန်, မသောက်ဖူးသေးသော ရေကန်အတွင်းမှ ရေကို သောက်သုံးရန်, မစားဖူးသေးသော ရေကန်ဝန်းကျင်ရှိ စိမ်းလန်းစိုပြည်သည့် မြက် သစ်ရွက်နုတို့ကို စားသုံးရန်ဟူသော ဦးတည်ချက်ဖြင့် မညီညာသော တောင်ပေါ်မှ ဆင်းသက်သောအခါ ရှေ့ခြေနှစ်ချောင်းကို နင်းကွင်းကောင်းကောင်း၌ မနင်းမိသေးဘဲ နောက်ခြေနှစ်ချောင်းကို မြှောက်မိသဖြင့် တောင်ပေါ်မှ တောင်အောက်သို့ ကျဆင်းသွားရသောကြောင့် ရည်ရွယ်ချက် ဦးတည်ချက်အားလုံး ပျက်စီးသွားခဲ့ရ၏။ မူလစဉ်းစားခဲ့ရာ တောင်ထိပ်သို့လည်း ပြန်မရောက်နိုင် ဖြစ်ခဲ့ရ၏။ ဤဥပမာအတူပင် ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ မသိမ်းဆည်းရသေးဘဲ နာမ်တရားကို ပြောင်း၍ သိမ်းဆည်းရှုပွားလိုက်ပါက ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးသွားတတ်၏။ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးလုံးမှပင် ဆုတ်ယုတ် ပျက်စီးသွားတတ်၏။ သတိရှိစေ။
---နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း (၃) နည်း
ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပနဿ အရူပဓမ္မာ တီဟိအာကာရေဟိ ဥပဋ္ဌဟန္တိ ဖဿဝသေန ဝါ ဝေဒနာဝသေန ဝါ ဝိညာဏဝသေန ဝါ။ (ဝိသုဒ္ဓိ၊၂၊၂၂၆။)
တိဝိဓော ဟိ အရူပကမ္မဋ္ဌာနေ အဘိနိဝေသော ဖဿဝသေန ဝေဒနာဝသေန စိတ္တဝသေနာတိ။ ကထံ? ဧကစ္စဿ ဟိ သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ တသ္မံ အာရမ္မဏေ စိတ္တစေတသိကာနံ ပဋ္ဌမာဘိနိပါတော တံ အာရမ္မဏံ ဖုသန္တော ဥပ္ပဇ္ဇမာနော ဖေဿာ ပါကဋော ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ အနုဘဝန္တီ ဥပ္ပဇ္ဇမာနာ ဝေဒနာ ပါကဋာ ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ ပရိဂ္ဂဟေတွာ ဝိဇာနန္တံ ဥပ္ပဇ္ဇမာနံ ဝိညာဏံ ပါကဋံ ဟောတိ။
တတ္ထ ယဿ ဖေဿာ ပါကဋော ဟောတိ၊ သောပိ န ကေဝလံ ဖေဿာဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝ အာရမ္မဏံ အနုဘဝမာနာ ဝေဒနာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။
ယဿ ဝေဒနာ ပါကဋော ဟောတိ၊ သော န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ ကာယ သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကာယေဝ ပရိဂ္ဂဏှာတိ။
ဖဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သော န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ, သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။ (မဟာဋီ၊၂၊၄၇၀။)
ဧဝံ တဿ တေဿဝ ပါကဋဘာဝေပိ သဗ္ဗံ ဘိက္ခဝေ အဘိညေယျန္တိ, သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနန္တိ စ ဧဝမာဒိဝစနတော သဗ္ဗေ သမ္မသနုပဂါဓမ္မာ ပရိဂ္ဂဟေတဗ္ဗာတိ ဒေဿန္တော တတ္ထ ယဿာတိ အာဒိမာဟ။ တတ္ထ ဖဿပဉ္စမကေယေဝါတိ အဝဓာရဏံ တဒန္တောဂဓတ္တာ တဂ္ဂဟကောနေဝ ဂဟိတတ္တာ စတုန္နံ အရူပက္ခန္ဓာနံ။ ဖဿပဉ္စကဂ္ဂဟဏံ ဟိ တဿ သဗ္ဗစိတ္တုပ္ပါဒသာဓာရဏ ဘာဝတော၊ တတ္ထ စ ဖဿ-စေတနာ-ဂ္ဂဟဏေန သဗ္ဗသင်္ခါရက္ခန္ဓဓမ္မ သင်္ဂဟော စေတနာပဓာနတ္တာ တေသံ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓဝိဘင်္ဂေ စက္ခုသမ္ဖဿဇာ စေတနာတိ အာဒိနာ စေတနာဝ ဝိဘတ္တာ။ ဣတရေ ပန ခန္ဓာ သရူပေနေဝဂဟိတာ။ (ဒီ၊ဋီ၊၂၊၂၆၀-၂၆၁။ မ၊ဋီ၊၃၇၀။)
ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။ -----
ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့ပြီးသည့်အတိုင်း ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် -----
၁။ ဖဿ၏ အစွမ်းဖြင့်သော်လည်းကောင်း,
၂။ ဝေဒနာ၏ အစွမ်းဖြင့်သော်လည်းကောင်း,
၃။ အသိစိတ် ဝိညာဏ်၏ အစွမ်းဖြင့်သော်လည်းကောင်း -----
ဤသုံးမျိုးကုန်သော အခြင်းအရာတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် နာမ်တရားတို့ကို အာယတနဒွါရအလိုက် သိမ်းဆည်းလိုက်သောအခါ နာမ်တရားတို့သည် ထင်ရှားလာကုန်၏။
အဘိနိဝေသ ----- ဝိပဿနာဉာဏ်၏ ရှေးအဖို့၌ ပြုသင့်ပြုထိုက်သော ရုပ်တရား နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း နာမရူပပရိစ္ဆေဒ လုပ်ငန်းရပ်ကို ဝိပဿနာဘိနိဝေသ (= ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို နှလုံးသွင်းခြင်း)ဟု ခေါ်ဆို၏။ ရုပ်တရားကို နှလုံးသွင်းခြင်းကို ရူပေ အဘိနိဝေသ, နာမ်တရားကို နှလုံးသွင်းခြင်းကို အရူပေ အဘိနိဝေသ ... ဤသို့ စသည်ဖြင့် ခေါ်ဆိုပေသည်။ အကြောင်းတရား အကျိုးတရားတို့ကို နှလုံးသွင်းခြင်းသည်လည်း ဤအဘိနိဝေသပိုင်းတွင် ပါဝင်လျက် ရှိ၏။ အကြောင်းတရား အကျိုးတရားဟူသည်မှာလည်း အကြောင်းရုပ်နာမ်အစုအပုံနှင့် အကျိုးရုပ်နာမ်အစုအပုံတို့သာ ဖြစ်ကြသောကြောင့်တည်း။ ထိုတွင် နာမ်ကမ္မဋ္ဌာန်းပိုင်း၌ နာမ်တရားတို့ကို စတင်နှလုံးသွင်းရာဝယ် -----
၁။ ဖဿ၏အစွမ်းဖြင့် နှလုံးသွင်းခြင်း,
၂။ ဝေဒနာ၏အစွမ်းဖြင့် နှလုံးသွင်းခြင်း,
၃။ အသိစိတ် ဝိညာဏ်၏အစွမ်းဖြင့် နှလုံးသွင်းခြင်း ----- ဟု
နှလုံးသွင်းနည်း သုံးနည်း ရှိပေသည်။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် -----
၁။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်း နှလုံးသွင်းနည်းဖြင့်သော်လည်းကောင်း,
၂။ ဓာတ်ကမ္မဋ္ဌာန်း အကျယ် နှလုံးသွင်းနည်းဖြင့်သော်လည်းကောင်း -----
ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရားကို) ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးလတ်သော် ထိုရုပ်တရားတည်းဟူသော အာရုံ၌ စိတ်စေတသိက်တို့၏ ရှေးဦးစွာ ကျရောက်ခြင်းသဘောဖြစ်သော ထိုရုပ်တရားတည်းဟူသော အာရုံကို တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည် ထင်ရှား၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထိုရုပ်တရားတည်းဟူသော အာရုံကို ခံစားလျက် ဖြစ်ပေါ်လာသော ဝေဒနာသည် ထင်ရှား၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထိုရုပ်တရားတည်းဟူသော အာရုံကို ပိုင်းခြားကာယူ၍ ထိုအာရုံကို ပိုင်းပိုင်းခြားခြား သိလျက် ဖြစ်ပေါ်လာသော အသိစိတ် (= ဝိညာဏ်)သည် ထင်ရှား၏။
ထိုပုဂ္ဂိုလ်သုံးမျိုးတို့တွင် အကြင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်၌ ဖဿသည် ထင်ရှား၏။ ထိုဖဿထင်ရှားသော ပုဂ္ဂိုလ်သည်လည်း ----- ဖဿချည်းသက်သက် ဖဿတစ်ခုတည်းသာလျှင် ဖြစ်ပေါ်နေသည်ကား မဟုတ်၊ ထိုဖဿနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် (= ထိုအာရုံ၏ အရသာကိုပင်လျှင် ခံစားတတ်သော ဝေဒနာသည်လည်း ထိုအာရုံကိုပင်လျှင် မှတ်သားတတ်သော (= အမှတ်ပြု၍ သိတတ်သော) သညာသည်လည်း, ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း, ထိုအာရုံကိုပင် ပိုင်းခြားယူတတ်သော (= ပညာ သညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် သိတတ်သော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။
အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အာရုံ၏ အရသာကို ခံစားတတ်သော ဝေဒနာသည် ထင်ရှား၏။ ထိုဝေဒနာ ထင်ရှားသောပုဂ္ဂိုလ်သည်လည်း ----- ဝေဒနာချည်းသက်သက် ဝေဒနာတစ်ခုတည်းသာ ဖြစ်ပေါ်နေသည်ကား မဟုတ်၊ ထိုဝေဒနာနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကိုပင်လျှင် မှတ်သားတတ်သော (= အမှတ်ပြု၍ သိတတ်သော) သညာလည်း, ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း, ထိုအာရုံကိုပင်လျှင် ပိုင်းခြားယူတ်သော ( = ပညာ, သညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် သိတတ်သော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏၊ သိမ်းဆည်း၏။
အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အာရုံကို ပိုင်းခြားယူတတ် သိတတ်သော ဝိညာဏ်သည် ထင်ရှား၏၊ ထိုဝိညာဏ်ထင်ရှားသော ပုဂ္ဂိုလ်သည်လည်း ဝိညာဏ်ချည်းသက်သက် ဝိညာဏ်တစ်ခုတည်းသာ ဖြစ်ပေါ်နေသည်ကား မဟုတ်၊ ထိုဝိညာဏ်နှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် (= ထိုအာရုံ၏ အရသာကိုပင်လျှင်) ခံစားတတ်သော ဝေဒနာသည်လည်း, ထိုအာရုံကိုပင်လျှင် မှတ်သားတတ်သော (= အမှတ်ပြု၍ သိတတ်သော) သညာသည်လည်း, ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏၊ သိမ်းဆည်း၏။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
---အားလုံးကို သိမ်းဆည်းပါ
ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း ထိုထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဖဿ ဝေဒနာ ဝိညာဏ်ဟူသော သုံးမျိုးကုန်သော တရားတို့တွင် တစ်မျိုးမျိုးသော တရားဟူသော ထိုထိုတရား၏သာလျှင် ထင်ရှားမှု ရှိသော်လည်း -----
၁။ သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ။ (သံ၊၂၊၂၅၈။ ခု၊၉၊၆။)
၂။ သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ။ (သံ၊၂၊၂၅၀။ ဣတိဝုတ္တက၊၁၉၇။)
၁။ အလုံးစုံသော ရုပ်တရား နာမ်တရားကို ထိုးထွင်းသိအပ်၏ဟုလည်းကောင်း,
၂။ ရဟန်းတို့....အလုံးစုံသော ရုပ်တရား နာမ်တရားကို ထိုးထွင်း သိခဲ့သော်...(သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်၏။) ----- ဤသို့ စသည်ဖြင့်လည်းကောင်း,
ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် အလုံးစုံသော လက္ခဏာရေးသုံးတန်သို့ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ ထိုက်သော သမ္မသနုပဂဓမ္မအမည်ရသည့် ရုပ်တရား နာမ်တရားတို့ကို ရှေးဦးစွာ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏ သိမ်းဆည်းအပ်၏ဟု ညွှန်ပြတော်မူလိုသော အဋ္ဌကထာဆရာတော်သည် အထက်ပါစကားရပ်များကို မိန့်ဆိုတော်မူခြင်း ဖြစ်သည်။
ယင်း အဋ္ဌကထာစကားဝယ် ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူရန် သိမ်းဆည်းရန် အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်းမှာ ပဓာနနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်။ စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြကုန်သော ဖဿ စေတနာတို့ကို သိမ်းဆည်းပါဟု ဆိုသဖြင့် ပဓာနဖြစ်သော ပြဓာန်းသော ဖဿ စေတနာတို့ကို သိမ်းဆည်းရလျှင် အပ္ပဓာနဖြစ်သော မပြဓာန်းသော ကြွင်းကျန်သည့် ယှဉ်ဖက်သမ္ပယုတ် တရားတို့ကိုလည်း သိမ်းဆည်းရမည်သာ ဖြစ်သည်။ ဖဿ စေတနာကို ယူသဖြင့် သင်္ခါရက္ခန္ဓာစာရင်းဝင် ပရမတ္ထဓာတ်သားအားလုံးကို သိမ်းကျုံးယူရသောကြောင့် ဖြစ်သည်။ အကြောင်းမူ ထိုသင်္ခါရက္ခန္ဓာတရားစုတို့တွင် စေတနာပြဓာန်းသောကြောင့် ဖြစ်၏။ ဘုရားရှင်ကိုယ်တိုင်ကပင်လျှင် ဝိဘင်းပါဠိတော်ဝယ် သုတ္တန္တဘာဇနီယနည်း၌ သင်္ခါရက္ခန္ဓာမှ တစ်ပါး ကျန်ခန္ဓာလေးပါးတို့ကို သရုပ်ထုတ်၍ ဟောကြားတော်မူအပ်ပါသော်လည်း သင်္ခါရက္ခန္ဓာကို ဝေဖန်ဟောကြားတော်မူရာဝယ် စေတနာကိုသာ ပဓာနထား၍ ဝေဖန်ဟောကြားတော်မူသော ထုံးဟောင်းတစ်ရပ်လည်း ထင်ရှားရှိနေသည်။ (ဒီ၊ဋီ၊၂၊၂၆၀-၂၆၁။ မ၊ဋီ၊၁၊၃၇၀။)
နေတ္တိဒေသနာတော်နည်းအရ ပြောဆိုရမူ ----- ဖဿ-စေတနာတို့မှ ကြွင်းကုန်သော သင်္ခါရက္ခန္ဓာစာရင်းဝင် စေတသိက်တို့သည် ဖဿ စေတနာတို့နှင့် သင်္ခါရက္ခန္ဓာဖြစ်ပုံ သဘောလက္ခဏာချင်း တူညီသောကြောင့် လက္ခဏာချင်း တူညီရာ ကျန်စေတသိက်တို့ကို ဖဿ စေတနာတို့၌ စုပေါင်း၍ လက္ခဏာဟာရနေတ္တိနည်းအားဖြင့် အဋ္ဌကထာက ဖွင့်ဆိုသွားခြင်း ဖြစ်ပေသည်။
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားချက်များနှင့် အညီ ဖဿက စ၍ ဖြစ်စေ, ဝေဒနာက စ၍ ဖြစ်စေ, အသိစိတ် ဝိညာဏ်က စ၍ ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ ဖဿတစ်လုံးတည်း, သို့မဟုတ် ဝေဒနာတစ်လုံးတည်း, သို့မဟုတ် အသိစိတ် (= ဝိညာဏ်)တစ်လုံးတည်းကိုသာ သိမ်းဆည်းရသည်ကား မဟုတ်၊ ယှဉ်ဖက် စိတ်+စေတသိက် (= သမ္ပယုတ်တရားစု)အားလုံးကို သိမ်းဆည်းရသည်ဟု မှတ်ပါ။
---မဟာဗုဒ္ဓဝင်၏ဖွင့်ဆိုချက် ဃနလေးပါး
ဤအရာ၌ (၁) သန္တတိဃန၊ (၂) သမူဟဃန၊ (၃) ကိစ္စဃန၊ (၄) အာရမ္မဏဃနဟူ၍ ဃနလေးပါး ရှိသည်။
၁။ ထိုလေးပါးတို့တွင် ရှေ့နောက်ဖြစ်သော ရုပ်တရား နာမ်တရားတို့၏ အခြားမရှိ အကြားမထင်သောအားဖြင့် တရားလုံး တစ်ခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွားခြင်း, စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းသည် သန္တတိဃနမည်၏။ ဤ၌ အခြားမရှိသောအားဖြင့် ဖြစ်ခြင်းဟူသည်မှာ ရှေ့တရား၏ ဘင်ခဏနှင့် ပြိုင်လျက် နောက်တရားက ဖြစ်ခြင်း ----- တစ်နည်း ----- ရှေ့တရားချုပ်သည်၏ အခြားမဲ့မှာပင် နောက်တရားက ထင်ရှားဖြစ်ခြင်းကို ဆိုလိုသည်။ ၎င်းင်းကို (ပုရိမပစ္ဆိမာနံ နိရန္တရတာ = ရှေ့တရား နောက်တရားတို့၏ အကြား မရှိသည်၏အဖြစ်) ဟူ၍ ဋီကာဆရာတော်ကြီးများ ခေါ်ဆိုအသုံးပြုတော်မူကြသည်။ ယင်းကဲ့သို့ အခြားမရှိ အကြားမထင်အောင် ဖြစ်ပွားခြင်းဖြင့် အဖြစ်တရားဘက်က အားရှိကာ ဖုံးလွှမ်းထားအပ်သကဲ့သို့ ဖြစ်၍ အပျက်တရားဘက်က မထင်ရှားသောကြောင့် ယခု တွေ့မြင်ရသော တရားသည် ယခင် တွေ့မြင်ရသော တရားပင်တည်းဟု မှတ်ယူသော အနေဖြင့် လူများအပေါင်းတို့ ဖောက်ပြန်ထွေပြား အထင်မှား အမှတ်မှားကြရလေသည်။ ဤသဘောကို ထင်းမီးစတစ်ခုကို ကိုင်၍ ဝှေ့ရမ်းလျှင် မီးဝိုင်းကြီးဟု ထင်ရမှုက သက်သေခံလျက် ရှိသည်။ (ဤကား သန္တတိ ဃနတည်း။)
၂။ ဖဿအစရှိသော နာမ်တရား, ပထဝီအစရှိသော ရုပ်တရားတို့၏ ထိုထိုနာမ်ကလာပ် ရုပ်ကလာပ်တို့၌ တစ်ပေါင်းတည်း တစ်ခုတည်းအနေဖြင့် ပရမတ္ထဓာတ်သား တစ်ခုတည်းကဲ့သို့ ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းသည် သမူဟဃနမည်၏။
နာမ်တရား ရုပ်တရားတို့သည် ဖြစ်ပွားကြသောအခါ တရားလုံး (သဘာဝသတ္တိ) တစ်ခုတည်းသာ ဖြစ်ကြသည် မဟုတ်၊ နာမ်တရားဘက်ကလည်း အနည်းဆုံး (၈)မျိုး, (စက္ခုဝိညာဏ်နှင့် သဗ္ဗစိတ္တသာဓာရဏ စေတသိက် ခုနှစ်ပါးကို ဆိုလိုသည်။) ရုပ်တရားဘက်ကလည်း အနည်းဆုံး (၈)မျိုးပင် (အဋ္ဌကလာပ်ရုပ်ကို ရည်ညွှန်းသည်။) ဖြစ်ပွားကြသည်။ ယင်းကဲ့သို့ အနည်းဆုံး သဘာဝသတ္တိ (၈)မျိုးတို့ သဘာဝသတ္တိတစ်မျိုးတည်းဟု ထင်မှတ်ယူရအောင် စုလျက် ပေါင်းလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို သမူဟဃနခေါ်သည်ဟု ဆိုလိုသည်။ (ဤကား သမူဟဃနတည်း။)
၃။ နာမ်ကလာပ်တစ်ခုတစ်ခု ရုပ်ကလာပ်တစ်ခုတစ်ခု၌ ပါရှိကြသည့် နာမ်တရား ရုပ်တရားအသီးအသီးတို့သည် ဆိုင်ရာ ဆိုင်ရာ မိမိ မိမိတို့၏ ကိစ္စအလုပ်ကို ပြီးပြေစေကြလျက် ဖြစ်ပွားကြလေသည်။ ထိုသို့ ဖြစ်ပွားကြရာ၌ (အဘိဓမ္မာဉာဏ်ပညာမျက်စိ မရှိသော သူတို့ အဖို့မှာ) ဤကား ဖဿ၏ အလုပ်ကိစ္စ, ဤကား ဝေဒနာ၏ အလုပ်ကိစ္စ, ဤကား သညာ၏ အလုပ်ကိစ္စ စသည်ဖြင့်လည်းကောင်း, ဤကား ပထဝီ၏ ကိစ္စ, ဤကား အာပေါ၏ ကိစ္စ, ဤကား တေဇော၏ ကိစ္စ, ဤကား ဝါယော၏ ကိစ္စ စသည်ဖြင့်လည်းကောင်း အလုပ်ကိစ္စအထူးကို သိဖို့ရန် ခဲယဉ်းလှကုန်၏။ ယင်းသို့ နာမ်တရား ရုပ်တရားတို့၏ မိမိ မိမိတို့၏ ဆိုင်ရာကိစ္စအထူးကို သိနိုင်ခဲသော အနေဖြင့် တရားလုံးတစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားမှုကို ကိစ္စဃန ခေါ်သည်။ (ဤကား ကိစ္စဃနတည်း။)
၄။ နာမ်ကလာပ်တစ်ခု တစ်ခု၌ ပါရှိသော ထိုထိုနာမ်တရားတို့၏ အာရုံတစ်ခုကို စု၍ ပေါင်း၍ အာရုံပြုသော အနေဖြင့်လည်းကောင်း, ရုပ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိသော ထိုထိုရုပ်တရားတို့၏ အာရုံတစ်ခုတည်းအနေဖြင့်လည်းကောင်း ပရမတ္ထတရားသား (သဘာဝသတ္တိ) တစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို အာရမ္မဏဃနဟု ခေါ်သည်။ (ဤကား အာရမ္မဏဃနတည်း)
အချုပ်အားဖြင့် အကြောင်းပစ္စည်းတရား အကျိုးပစ္စယုပ္ပန်တရားအနေဖြင့် ဖြစ်ပွားကြသည့် များစွာသော ရုပ်နာမ်တရားတို့၏ ကာလအားဖြင့် သဘာဝအားဖြင့် ကိစ္စအားဖြင့် အာရုံသဘောအားဖြင့် အထူးအပြားကို သိနိုင်ခဲသော အနေအားဖြင့် တရားလုံး တရားသား တစ်ခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွားခြင်းကို အစဉ်အတိုင်း သန္တတိဃန, သမူဟဃန, ကိစ္စဃန, အာရမဏဃနဟူ၍ ခေါ်ဆိုအပ်လေသည်။ (ဤဃနလေးပါးအကြောင်းကို ဓမ္မသင်္ဂဏီ မူလဋီကာ စာမျက်နှာ (၆၀)နှင့် ဓမ္မသင်္ဂဏီ အနုဋီကာ စာမျက်နှာ (၆၆)တို့မှ ထုတ်နုတ်ဖော်ပြအပ်ပါသည်။)
ငရုပ်စေ့၌၊ စိတ်တွေ့သတ်သတ်၊ အစပ်ကို တည့်၊ ရှုမျှော်ကြည့်သို့၊ သတ္တိကိုမျှ၊ ရှုကြည့်ရ၊ ပရမတ္ထမှာ။-----
ဟူသောအတိုင်း ထိုထို နာမ်ရုပ်တရားတို့၏ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် ရှုကြည့်နိုင်မှ ပရမတ္ထသို့ အမြင်ဆိုက်ရောက်သည်။ ပရမတ္ထသို့ အသိဉာဏ်အမြင် ဆိုက်ရောက်မှ ဃနပြိုသည်၊ ဃနပြိုမှ အနတ္တအသိဉာဏ်ကို ရနိုင်သည်။ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် မရှုကြည့်က ပရမတ္ထသို့ အမြင် မဆိုက်၊ ပရမတ္ထသို့ အသိဉာဏ်အမြင် မဆိုက်လျှင် ဃန မပြို၊ ဃန မပြိုလျှင် အနတ္တအသိဉာဏ်ကို မရနိုင်၊ ထို့ကြောင့် အနတ္တလက္ခဏာကို ဃနဖုံးသည်ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြသည်။ (မဟာဗုဒ္ဓဝင်၊စတုတ္ထတွဲ၊ စာမျက်နှာ၊၃၂၃-၃၂၅။)
---တိပိဋက ပါဠိ-မြန်မာအဘိဓာန်၏ ဖွင့်ဆိုချက်
ဃနဝိနိဗ္ဘောဂ ----- (ပု) ----- [ဃန + ဝိနိဗ္ဘောဂ။ ဝိနိဘုဉ္ဇနံ ဝိနိဗ္ဘောဂဿ ကရဏံ ဝိနိဗ္ဘောဂေါ၊ ဉာဏံ။ ဓမ္မာနံ ဃနဿ ဧကတ္တဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ။ အဋ္ဌဿ၊ ယော။ ၇၆။ ဝိနိဘုဇ္ဇနံ ပုထက္ကရဏံ ဝိနိဗ္ဘောဂေါ၊ ဃနဿ သမူဟဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ။ သမ္မော၊ ယော။ ၁၄၇။]
အပေါင်းအစုကို ခွဲခြား-ဝေဖန်-စိတ်ဖြာ၍ သိခြင်း၊ တစ်စု တစ်ပေါင်းတည်းဟု ထင်မှုကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ တစ်စုတစ်ပေါင်းတည်းဟူသော အယူကို ဖြိုခွဲဖျက်ဆီးခြင်း။
ပရမတ္ထတရားတို့သည် ဝီထိစိတ်အစဉ်အရ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ စသည်ဖြင့် အစဉ်အတိုင်း ဖြစ်နေကြ၏၊ ယင်းသို့ ဖြစ်နေရာ၌ ရှေ့စိတ် နောက်စိတ်တို့သည် တစ်ခုတည်းမဟုတ်သော်လည်း ထိုစိတ်တို့၏ အကြားကာလ အခြား မရှိသောကြောင့် တစ်စိတ်တည်းကဲ့သို့ ဖြစ်သွားခြင်းသည် သန္တတိဃန မည်၏။
တစ်စိတ်တည်းကဲ့သို့ (ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌) မထင်ဘဲ ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ် စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = သန္တတိဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ သန္တတိဃနကို ဖြိုခွဲဖျက်ဆီးခြင်း မည်၏။
စိတ် တစ်လုံးတစ်လုံး၌ ဖဿ ဝေဒနာ သညာ စသည်ဖြင့် စေတသိက်များစွာ ယှဉ်၏၊ စိတ် တစ်လုံးတစ်လုံးသည် ဖဿ ဝေဒနာ သညာ စသော စေတသိက်များစွာနှင့် အတူတကွ ဖြစ်၏။ ထိုသို့ တစ်ပေါင်းတည်း အတူတကွ ဖြစ်နေကြသောကြောင့် ဖဿ ဝေဒနာ သညာ စသည်ဖြင့် ခွဲခြား မသိတော့ဘဲ ဓမ္မတစ်ခုတည်းကဲ့သို့ ဖြစ်၍ နေခြင်းသည် သမူဟဃန မည်၏။
ဓမ္မတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = သမူဟဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ သမူဟဃနကို ဖြိုခွဲဖျက်ဆီးခြင်း မည်၏။
ဖဿ ဝေဒနာ စသော တရားများ၌ ဖဿသည် သံဃဋ္ဋနကိစ္စ, ဝေဒနာသည် အနုဘဝနကိစ္စ စသည်ဖြင့် ကိစ္စအသီးအသီး ကွဲပြားကြ၏။ ယင်းသို့ ကိစ္စ ကွဲပြားသော်လည်း စိတ်တစ်လုံးတည်းဝယ် အတူတကွ ယှဉ်၍ ဖြစ်ကြရာ၌ ထိုထိုတရားတို့၏ ကိစ္စအထူးကို မသိနိုင်လောက်အောင် ကိစ္စအားဖြင့် တစ်ခုတည်း ဖြစ်နေခြင်းသည် ကိစ္စဃနမည်၏။
ကိစ္စတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဖဿသည် သံဃဋ္ဋနကိစ္စ ရှိ၏။ ဝေဒနာသည် အနုဘဝနကိစ္စရှိ၏ စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနိဝိနိဗ္ဘောဂ = ကိစ္စဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ ကိစ္စဃနကို ဖြိုခွဲ ဖျက်ဆီးခြင်း မည်၏။
စက္ခုဒွါရ၌ ဖြစ်ကြသော စိတ် စေတသိက် တစ်စဉ်တစ်တန်းလုံးသည် ရူပါရုံတစ်ခုတည်းကို အာရုံပြုသည့်အတွက် တစ်ခုတည်း မဟုတ်သော်လည်း တစ်ခုတည်းကဲ့သို့ တစ်ခဲနက် ဖြစ်နေခြင်းသည် အာရမ္မဏဃနမည်၏။
အာရုံတူ၍ တစ်ခုတည်းဖြစ်နေသော်လည်း တစ်ခုတည်းကဲ့သို့ မထင်ဘဲ ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ်စသည်ဖြင့်လည်းကောင်း, ဤကား ဖဿ, ဤကား ဝေဒနာ စသည်ဖြင့်လည်းကောင်း ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = အာရမ္မဏဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ အာရမ္မဏဃနကို ဖြိုခွဲဖျက်ဆီးခြင်းမည်၏။ (နေတ္တိ၊ဋ္ဌ၊၁၅၄။ သံ၊ဋီ၊၁၊၂၇၁။ မူလဋီ၊၁၊၆၀။)
အနတ္တလက္ခဏာကို ဘုရားပွင့်ရာ သာသနာတွင်းမှာသာ ထင်မြင်နိုင် သည်၊ သာသနာပ၌ မထင်မြင်နိုင်။ (အဘိ၊ဋ္ဌ၊၂၊၄၆။)
အနတ္တလက္ခဏာကို သန္တတိစသော ဃန ဖုံးလွှမ်းမှုကြောင့် မသိနိုင် မမြင်နိုင်ခြင်း ဖြစ်၏။ ဃနကို ဖြိုခွဲဖျက်ဆီးနိုင်လျှင်ကား အနတ္တလက္ခဏာလည်း ဟုတ်မှန်သော သဘောအတိုင်း ထင်မြင်လာတော့သည်။ (အဘိ၊ဋ္ဌ၊ ၂၊၄၇။)
ယထာ ပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ။ (မ၊ဋ္ဌ၊၁၊၂၇၆။ ဝိသုဒ္ဓိ၊၂၊၂၇၆။)
ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ (မ၊ဋီ၊၁၊၃၆၅။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၂၈။)
ဃနဝိနိဗ္ဘောဂေ ကတေတိ သမူဟဃနေ, ကိစ္စာရမ္မဏဃနေ စ ပဘေဒိတေ။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၄၃၇။)
ဃနဝိနိဗ္ဘောဂံ ကတွာတိ ကမ္မဋ္ဌာနံ ဂဟေတွာ သမူဟာဒိဃနဂ္ဂဟဏံ ဘိန္ဒိတွာ။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၄၅၄။) (တိပိဋက ပါဠိ-မြန်မာ အဘိဓာန်-က-ဝဂ်၊ အတွဲ-၆။ စာမျက်နှာ၊၉၈၆-၉၈၇။)
ဤကား မဟာဗုဒ္ဓဝင်ကျမ်းနှင့် တိပိဋကပါဠိ-မြန်မာ အဘိဓာန်ကျမ်းကြီးတို့၌ လာရှိသော ဃနလေးပါးအကြောင်းအရာများ ဖြစ်ကြပါသည်။ တစ်ဖန် နာမ်ဃနလေးပါးအကြောင်းကို ဉာဏ်နုသူတို့ နားရှင်းစေရန် ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။
နာမ်ဃန (၄) မျိုး
တစ်ဖန် နာမ်တရားတို့တွင်လည်း -----
၁။ သန္တတိဃန = နာမ်အစဉ်အတန်းအတုံးအခဲ,
၂။ သမူဟဃန = နာမ်အပေါင်းအစုအတုံးအခဲ,
၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စအတုံးအခဲ,
၄။ အာရမ္မဏဃန = နာမ်အာရုံယူမှု အတုံးအခဲ ----- ဟူ၍
နာမ်ဃန (= နာမ်အတုံးအခဲ) လေးမျိုး ရှိ၏။ မူလဋီကာ ကာမာဝစရ မဟာကုသိုလ် အဖွင့်တွင် ဤသို့ ဖွင့်ဆိုထားတော်မူ၏။
သန္တတိဃနာဒီနံ အယံ ဝိသေသော ----- ပုရိမပစ္ဆိမာနံ နိရန္တရတာယ ဧကီဘူတာနမိဝ ပဝတ္တိ သန္တတိဃနတာ၊ တထာ ဖဿာဒီနံ ဧကသမူဟဝသေန ဒုဗ္ဗိညေယျကိစ္စ ----- ဘေဒဝသေန ဧကာရမ္မဏတာဝသေန စ ဧကိဘူတာနမိဝပတ္တိ သမူဟာဒိဃနတာ။ (မူလဋီ၊၁၊၆၀။)
ဤအထက်ပါ မူလဋီကာတွင် ဖွင့်ဆိုထားတော်မူသော ယင်းနာမ်ပိုင်း ဃနဟူသော နာမ်တုံး နာမ်ခဲ လေးမျိုးတို့၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။
၁။ သန္တတိဃန = နာမ်အစဉ်အတန်းအတုံးအခဲ
နာမ်တရားတို့၌ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်ဟု နှစ်မျိုး ရှိ၏။ ထိုတွင် ဝီထိမုတ်စိတ်တို့မှာ ----- ဘဝတစ်ခုတွင် အစဆုံးဖြစ်သည့် ပဋိသန္ဓေစိတ်, နောက်ဆုံးဖြစ်သည့် စုတိစိတ်, အလယ်ဘဝ တစ်လျောက်လုံး၌ ဝီထိစိတ်များ မဖြစ်က ဘဝတွင် စိတ်အစဉ်မပြတ်စဲရေးအတွက် ဘဝင်၏ ဆက်လက် ရပ်တည်နိုင်ဖို့ရန် အကြောင်းတရားအဖြစ် ဖြစ်ပေါ်နေသော ဘဝင်စိတ်ဟု သုံးမျိုး ရှိ၏။ ပဋိသန္ဓေစိတ်နှင့် စုတိစိတ်တို့မှာ ဘဝတစ်ခုအတွင်း၌ တစ်ကြိမ်စီသာ ဖြစ်သော်လည်း ဘဝင်စိတ်မှာ ဝီထိစိတ်များ မဖြစ်သည့် အချိန်၌ ဝီထိစိတ်အစဉ်တို့၏ အကြားအကြား၌ အကြိမ်များစွာ ဘဝတစ်လျောက်လုံး ထိုက်သလို ဖြစ်နေ၏။ ထိုပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့ကို အထူးသဖြင့် အဆက်မပြတ် အကြိမ်များစွာ ဝီထိစိတ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဘဝင်စိတ်တို့ကို, ရှေးဘဝင် နောက်ဘဝင်တရားတို့၏ တစ်ခုနှင့် တစ်ခုအကြား ခြားကွယ်သည့်တရား အကြား မရှိသည့်အတွက်ကြောင့် စိတ္တက္ခဏ တစ်ခုခြင်း ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ တစ်ဆက်တည်း တစ်ခုတည်း တစ်စိတ်တည်းအဖြစ် မြင်ခဲ့သော် သန္တိဃန (= နာမ်အစဉ်အတန်း အတုံးအခဲ) ဖုံးအုပ်နေသည် မည်၏။ စိတ္တက္ခဏ တစ်ခုခြင်း တစ်ခုခြင်း ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် သန္တိဃနဝိနိဗ္ဘောဂ = နာမ်အစဉ်အတန်း အတုံးအခဲကို ဖြိုခွဲ ဖျက်ဆီးနိုင်ပြီ ဖြစ်၏။ နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွားပြီ ဖြစ်၏။
တစ်ဖန် ဝီထိစိတ်တို့သည်လည်း စိတ္တနိယာမဟူသော စိတ်တို့၏ ကိန်းသေ မြဲသော နိယာမဓမ္မတာလမ်းကြောင်းအတိုင်းသာလျှင် ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းဓမ္မတာလမ်းကြောင်းက ပြောင်းလဲ၍ဖြစ်ရိုး ဓမ္မတာ မရှိကြပေ။ ဥပမာ ----- ရူပါရုံကို သိမြင်သည့် စက္ခုဒွါရဝီထိ စိတ် စေတသိက်များ ဆိုကြပါစို့။ ယင်းစက္ခုဒွါရဝီထိ စိတ် စေတသိက်တို့သည် ရူပါရုံက အလွန် ထင်ရှား၍ (= အတိမဟန္တာရုံ ဖြစ်၍) ဝီထိစိတ္တက္ခဏတို့လည်း အပြည့်အဝဖြစ်ခဲ့သော် ----- ပဉ္စဒွါရဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ်ဟူသော နိယာမလမ်းကြောင်းအတိုင်းသာ ဖြစ်ကြ၏။ မြန်မာလိုဆိုသော် ----- ဆင်ခြင်, မြင်သိ, လက်ခံ, စုံစမ်း, ဆုံးဖြတ်, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ်ဟူသော နိယာမလမ်းကြောင်းအတိုင်းသာ ဖြစ်ကြ၏။ စိတ္တနိယာမဟု ခေါ်ဆို၏။ ယင်းသို့ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်သွားသော စိတ်အစဉ်တစ်ခုကို ဝီထိဟု ခေါ်ဆို၏။ ယင်းတစ်ဝီထိအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို ယောဂါဝစရပုဂ္ဂိုလ်က သိမ်းဆည်း ရှုပွားလိုက်သောအခါ စိတ္တက္ခဏတစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ စိတ်တစ်လုံးစီ တစ်လုံးစီကို မမြင်ဘဲ စိတ်တစ်ခုတည်းအဖြစ် မြင်ခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ကို သန္တိဃန (= နာမ်အစဉ်အတန်း အတုံးအခဲ) ဖုံးအုပ်နေသည် မည်ပေသည်။ ဤကား ပဉ္စဒွါရဝဇ္ဇန်း, ဤကား စက္ခုဝိဉာဏ်, ဤကား သမ္ပဋိစ္ဆိုင်း, ဤကား သန္တီရဏ, ဤကား ဝုဋ္ဌော, ဤကား ပထမဇော, ဤကား ဒုတိယဇော...စသည်ဖြင့် စိတ္တက္ခဏတိုင်း၌ စိတ္တက္ခဏတစ်ခုချင်း တစ်ခုချင်း တစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် သန္တတိဃနဝိနိဗ္ဘောဂ = နာမ်အစဉ်အတန်း အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်၏။ နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွားပြီ ဖြစ်၏။
၂။ သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ
တစ်ဖန် နာမ်တရားတို့သည် တစ်လုံးချင်း ဖြစ်နိုင်သည့်စွမ်းအားကား မရှိကြပေ။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အတူယှဉ်တွဲ၍သာ ဖြစ်ကြ၏။ ဝီထိမုတ်စိတ်အမည်ရသော ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တို့၌လည်းကောင်း, ဝီထိစိတ်တို့၌လည်းကောင်း စိတ် စေတသိက်တို့သည် ပေါင်းစု၍ အုပ်စုအလိုက်သာ ဖြစ်ကြ၏။ ပုံစံဆိုရသော် တိဟိတ်ပဋိသန္ဓေတည်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ ပဋိသန္ဓေအခါ နာမ်တရားတို့မှာ သောမနဿဝေဒနာနှင့် ယှဉ်ခဲ့သည်ဖြစ်အံ့။ -----
၁။ အသိစိတ် = ဝိဉာဏ် (၁)လုံး,
၂။ အညသမာန်းအမည်ရသည့် နှစ်ဖက်ရ စေတသိက် (၁၃)လုံး,
၃။ အကောင်းစိတ် (= သောဘဏစိတ်)အားလုံးနှင့် ဆက်ဆံသည့် သောဘဏသာဓာရဏစေတသိက် (၁၉)လုံး,
၄။ ပညိန္ဒြေစေတသိက် (၁)လုံး -----
အားလုံးပေါင်းသော် (၃၄)လုံး ရှိ၏။ ပဋိသန္ဓေ၌ နာမ်တရား (၃၄)လုံး ရှိခဲ့သော် ထိုပုဂ္ဂိုလ်၏ ဘဝင်နှင့် စုတိစိတ်တို့မှာလည်း အလားတူပင် (၃၄)လုံးစီပင် ရှိ၏။
တစ်ဖန် အထက်တွင် တင်ပြထားသော စက္ခုဒွါရဝီထိစိတ်အစဉ်ဝယ်-----
၁။ ပဉ္စဒွါရာဝဇ္ဇန်းစိတ္တက္ခဏ၌ စိတ် စေတသိက် (၁၁)လုံး,
၂။ စက္ခုဝိညာဏ်စိတ္တက္ခဏ၌ စိတ် စေတသိက် (၈)လုံး,
၃။ သမ္ပဋိစ္ဆိုင်းစိတ္တက္ခဏ၌ စိတ် စေတသိက် (၁၁)လုံး,
၄။ သန္တီရဏစိတ္တက္ခဏ၌ စိတ် စေတသိက် (သောမနဿဖြစ်သော်) (၁၂) လုံး,
၅။ ဝုဋ္ဌောစိတ္တက္ခဏ၌ စိတ် စေတသိက် (၁၂)လုံး,
၆။ ဇောစိတ္တက္ခဏ၌ (ဉာဏ် + ပီတိ ယှဉ်သော မဟာကုသိုလ်ဇော ဖြစ်သော်) စိတ် စေတသိက် (၃၄)လုံးစီ,
၇။ တဒါရုံစိတ္တက္ခဏ၌လည်း အလားတူ (၃၄)လုံးစီ အသီးအသီး ရှိနိုင်၏။
ဤသို့လျှင် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ စိတ်နှင့် စေတသိက်တို့သည် ထိုက်သလို ယှဉ်တွဲ၍သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းစိတ္တက္ခဏတစ်ခုတစ်ခု အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော စိတ်+စေတသိက် (= နာမ်တရား)တို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားလိုက်သောအခါ ယောဂီပုဂ္ဂိုလ်က ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ မသိမမြင်ဘဲ တရားလုံးတစ်ခုတည်းအဖြစ် မြင်ခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ကို သမူဟဃန (= နာမ်အပေါင်းအစု အတုံးအခဲ) ဖုံးအုပ်ထားသည် ဖုံးအုပ်နေသည် မည်၏။
ယင်းနာမ်အပေါင်းအစုအတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက်-----ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် (၈)လုံး ရှိက (၈)လုံး, (၃၄)လုံး ရှိက (၃၄)လုံး စသော နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင် မြင်နိုင် သိမ်းဆည်းနိုင်, ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်လျှင် သမူဟဃနဝိနိဗ္ဘောဂ = နာမ်အပေါင်းအစု အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။ နာမ်အပေါင်းအစုအတုံးအခဲ ပြိုကွဲသွားပြီ ဖြစ်၏။
၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ
ယင်းစိတ္တက္ခဏတစ်ခု အတွင်း၌ တည်ရှိကြသော အတူယှဉ်တွဲဖြစ်ကြသည့် နာမ်တရားစုတို့ကို မဟာဋီကာဆရာတော်က နာမ်ကလာပ်ဟု ခေါ်ဝေါ်သုံးစွဲထား၏။ (ရူပါ ရူပကလာပုပ္ပါဒနံ....မဟာဋီ၊၂၊၂၃၅။) ယင်းနာမ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော နာမ်ပရမတ္ထဓာတ်သား အသီးအသီးတို့၌ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စ အသီးအသီး ရှိကြ၏။ အသိစိတ်ဝိညာဏ်သည် အာရုံကို ရယူရာ၌ ပြဓာန်းသော ပဓာနရှေ့သွား ခေါင်းဆောင် ဖြစ်ခြင်း လုပ်ငန်းကိစ္စ (ပုဗ္ဗင်္ဂမရသ) ရှိ၏။ ဖဿသည် အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်း အာရုံကို ပွတ်ချုပ်ထိခိုက်ခြင်း (သင်္ဃဋ္ဋနရသ)လုပ်ငန်းကိစ္စ ရှိ၏။ ဝေဒနာသည် အာရုံ၏ အရသာကို အစဉ်ခံစားခြင်း (အနုဘဝနရသ) လုပ်ငန်းကိစ္စ ရှိ၏။ သညာသည် အာရုံကို နောက်ထပ် တစ်ဖန် သိဖို့ရန် အမှတ်နိမိတ်ကို ပြုခြင်း (ပုနသဉ္ဇာနနနိမိတ္တကရဏရသ) လုပ်ငန်းကိစ္စ ရှိ၏။ စေတနာသည် ကြောင့်ကြဗျာပါရပြုခြင်း (အာယူဟနရသ) လုပ်ငန်းကိစ္စ ရှိ၏။ ဤသို့ စသည်ဖြင့် စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော နာမ်တရားတိုင်း နာမ်တရားတိုင်း၌ ကိုယ်ပိုင် လုပ်ငန်းကိစ္စ အသီးအသီး ကိုယ်စီကိုယ်စီ ရှိ၏။ ယင်း လုပ်ငန်းကိစ္စ အသီးအသီးကို ယောဂါဝစရပုဂ္ဂိုလ်က ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မမြင်ခဲ့သော် ကိစ္စဃန (= နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ) ဖုံးအုပ်နေသည် မည်၏။ ယောဂါဝစရပုဂ္ဂိုလ်က ယင်းတရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုလိုက်သောအခါ ဤကား ဖဿ၏ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ ဤသို့ စသည်ဖြင့် ကိစ္စလုပ်ငန်းရပ်အသီသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော် ကိစ္စဃနဝိနိဗ္ဘောဂ = နာမ်လုပ်ငန်းကိစ္စအတုံး အခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။ နာမ်လုပ်ငန်းကိစ္စအတုံးအခဲ ပြိုကွဲသွားပြီ ဖြစ်၏။
၄။ အာရမ္မဏဃန = နာမ်အာရုံယူမှု အတုံးအခဲ
နာမ်တရားအားလုံးတို့သည် အာရုံယူတတ်သော အာရမ္မဏတရားတို့ချည်းသာ ဖြစ်ကြ၏။ သို့သော် ဝိပဿနာနယ်၌ အရှုခံနာမ်တရားနှင့် ရှုတတ်သော အာရုံယူတတ်သော နာမ်တရားဟု နှစ်မျိုး ရှိ၏။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ အရူပသတ္တကဝိပဿနာရှုနည်းတွင် အကျုံးဝင်သော ယမကရှုနည်း, ခဏိကရှုနည်း, ပဋိပါဋိရှုနည်း (ဝိသုဒ္ဓိ၊၂၊၂၆၂။)တို့၌ ရှုနေသော ရှေ့ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုရန်, တစ်နည်းဆိုရသော် ရှေးရှေးဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ကို နောက်နောက်သော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ဖြင့် တစ်ဖန် ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ တစ်ဖန် ဘင်္ဂဉာဏ်ပိုင်း စသည့် အထက်ပိုင်း ဝိပဿနာဉာဏ်ပိုင်းတို့၌လည်း -----
ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)
= ဉာတအမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟူသော သင်္ခါရတရားတို့ကိုလည်းကောင်း, ဉာဏအမည်ရသော ဝိပဿနာရှုနေသည့် ဉာဏ်ပြဓာန်းသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ကိုလည်းကောင်း ----- ဤဉာတ-ဉာဏ နှစ်မျိုးလုံးကို်ပင် ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။
ထိုတွင် အထက်တွင် ရှင်းပြထားသည့်အတိုင်း စက္ခုဒွါရဝီထိနာမ်တရားစု စသည့် ဝိပဿနာဉာဏ်၏ အရှုခံနာမ်တရားဘက်၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု နာမ်တုံး နာမ်ခဲ နာမ်ဃနသုံးမျိုး ရှိသလို ရှုနေသည့် ဝိပဿနာဉာဏ် မနောဒွါရိက ဇောဝီထိစိတ်အစဉ်ဘက်၌လည်း သန္တတိဃန သမူဃန ကိစ္စဃနဟု နာမ်တုံး နာမ်ခဲ နာမ်ဃနသုံးမျိုး ရှိသည်သာ ဖြစ်သည်။ ရှုနေသည့် ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ဘက်၌ ရှိသော နာမ်တုံး နာမ်ခဲ နာမ်ဃနသုံးမျိုးကိုလည်း ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုရမည်သာ ဖြစ်သည်။ တစ်ဖန် ပြန်၍ ဝိပဿနာရှုရမည်သာ ဖြစ်သည်။ ထိုရှုနေသော ဝိပဿနာဉာဏ်ကား တစ်နည်း ရှုနေသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ကား ဝိပဿနာနယ်၌ အထူးသဖြင့် အာရုံယူတတ်သော သာရမ္မဏတရားပင် ဖြစ်သည်။ ထိုဝိပဿနာဉာဏ် ပြဓာန်းလျက်ရှိသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ကိုလည်း နာမ်ဃနသုံးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်သည်။
၁။ ယင်း ဝိပဿနာမနောဒွါရက ဇောဝီထိစိတ်အစဉ်ကို ဤကား မနောဒွါရာဝဇ္ဇန်း, ဤကား ပထမဇော, ဤကား ဒုတိယဇော ----- ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခုစီ တစ်ခုစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ ဝိပဿနာဉာဏ်, ဝိပဿနာစိတ်တစ်ခုအဖြစ်ဖြင့်သာ မြင်ခဲ့သော် သန္တတိဃနဟူသော နာမ်အစဉ်အတန်းအတုံးအခဲ ဖုံးနေသည် မည်၏။ ဤကား မနောဒွါရာဝဇ္ဇန်း, ဤကား ပထမဇော, ဤကား ဒုတိယဇော ----- ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခုစီ တစ်ခုစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် ဝိပဿနာရှုနိုင်ခဲ့သော် သန္တတိဃနဟူသော နာမ်အစဉ်အတန်း အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်။ သန္တတိဃန ပြိုပြီ ဖြစ်သည်။
၂။ တစ်ဖန် ယင်း ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်၌ ယေဘုယျအားဖြင့် မနောဒွါရာဝဇ္ဇန်းတစ်ကြိမ် ဇောခုနှစ်ကြိမ် စောတတ်၏။ မနောဒွါရာဝဇ္ဇန်း စိတ္တက္ခဏ၌ နာမ်တရား (၁၂)လုံး, ဇောအသီးအသီး၌ ဉာဏ် ပီတိ နှစ်မျိုးလုံးယှဉ်သော် နာမ်တရား (၃၄)လုံးစီ အသီးအသီး ရှိ၏။ ယင်းစိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားစုတို့ကို ဝိပဿနာဉာဏ် ဝိပဿနာစိတ်တစ်ခုအဖြစ်ဖြင့်သာ မြင်ခဲ့သော် သမူဟဃနဟူသော နာမ်အပေါင်းအစုအတုံးအခဲ ဖုံးအုပ်နေသည် မည်၏။ ယင်းစိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားစုတို့ကို ----- ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကားစေတနာ, ဤကား ဝိညာဏ် ----- စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် မြင်ခဲ့သော် တစ်ဖန် ပြန်၍ ဝိပဿနာရှုနိုင်ခဲ့သော် သိခဲ့သော် ဉာဏ်ဖြင့် မြင်ခဲ့သော် တစ်ဖန် ပြန်၍ ဝိပဿနာရှုနိုင်ခဲ့သော် သမူဟဃနဟူသော နာမ်အပေါင်းအစုအတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်။ သမူဟဃန ပြိုပြီ ဖြစ်၏။
၃။ တစ်ဖန် ယင်းစိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့၏ လုပ်ငန်းကိစ္စရပ်အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မသိခဲ့သော် မရှုနိုင်ခဲ့သော် ကိစ္စဃနဟူသော နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ဖုံးအုပ်နေသည် မည်၏။ ဤကား ဖဿ၏ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ, ဤကား သညာ၏ လုပ်ငန်းကိစ္စ, ဤကား စေတနာ၏ လုပ်ငန်းကိစ္စ, ဤကား ဝိညာဏ်၏ လုပ်ငန်းကိစ္စ စသည်ဖြင့် လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ခဲ့သော် သိခဲ့သော် ဉာဏ်ဖြင့် မြင်ခဲ့သော် ကိစ္စဃနဟူသော နာမ်တုံး နာမ်ခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်။ ကိစ္စဃနဟူသော နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုပြီ ဖြစ်၏။
ထိုရှုနေသည့် ဝိပဿနာဉာဏ်ပြဓာန်းသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ဘက်၌ တည်ရှိသော သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော နာမ်ဃနသုံးမျိုးကိုကား အာရမ္မဏဃနဟု အမည်တစ်မျိုးတည်းဖြင့် ခေါ်ဝေါ်သုံးစွဲထားသည်ဟု မှတ်ပါ။ ဝိပဿနာအရာ၌ အထူးသဖြင့် အာရုံယူတတ်သော သာရမ္မဏတရားကား ဝိပဿနာဉာဏ် သို့မဟုတ် ဝိပဿနာဉာဏ် ပြဓာန်းသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ပင် ဖြစ်သောကြောင့်တည်း။ ဝိပဿနာဉာဏ်၏ အရှုခံနာမ်တရားဘက်၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုး ရှိ၍ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မနောဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်ဘက်၌ အာရမ္မဏဃနတစ်မျိုး ----- ပေါင်းသော် နာမ်လောက၌ ဃနလေးမျိုး ဖြစ်သည်။ ဤသို့ ခွဲခြားယူမှသာလျှင် နာမ်တရား၌ ဃနလေးမျိုး အဓိပ္ပါယ် ရှင်းသွားမည်။
ဤသို့လျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြသော ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသော ရုပ်နာမ်ကြောင်းကျိုး = သင်္ခါရတရားဟူသော ဉာတတရားနှင့် ရှုနေသည့် ဝိပဿနာဉာဏ် ပြဓာန်းသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ဟူသော ဉာဏတရား --- ဤဉာတ-ဉာဏ နှစ်မျိုးလုံး၌ ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသော ရုပ်ဃန နာမ်ဃန အတုံးအခဲများကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားသုံးသပ်နိုင်ပါမှ ထိုသင်္ခါရတရားတို့၌ ဖန်ဆင်းရှင် ပရမအတ္တနှင့် အဖန်ဆင်းခံရသော ဇီဝိအတ္တ မရှိမှုကိုလည်းကောင်း, ထိုသင်္ခါရတရားတို့၌ တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း မဖြစ်မှု အနတ္တသဘောကိုလည်းကောင်း, မပျက်စီးဘဲ အကျိတ်အခဲအခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် အနတ္တသဘောကိုလည်းကောင်း, ထိုသင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ပြိုပျက်နေသည့် အစိုးမရမှုသဘောကိုလည်းကောင်း ဉာဏ်ဖြင့် တွေ့မြင်နေရမည် ဖြစ်၏။ ထိုသို့ ဉာဏ်ဖြင့် တွေ့မြင်နေရသောအခါ -----
၁။ ဤ ဖြစ်ပေါ်နေသော သင်္ခါရတရားသည် တည်မှု ဌီကာလသို့ မရောက် ပါစေသတည်း။
၂။ တည်မှု ဌီကာလသို့ ရောက်ရှိနေသော ဤသင်္ခါရတရားသည် မဆွေးမြေ့ မရင့်ရော်ပါစေသတည်း = မအိုပါစေသတည်း။
၃။ ဆွေးမြေ့ရင့်ရော် အိုမင်းခြင်းသို့ ရောက်ရှိနေသော ဤသင်္ခါရတရားသည် ပျက်ခြင်း ဘင်ကာလဖြင့် မပျက်စီးပါစေသတည်း ----- ဟု
ဤသုံးမျိုးကုန်သော အရာဋ္ဌာနတို့၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တ၏ အလ်ိုအတိုင်း ဖြစ်မှုသဘောကား မရှိသည်သာတည်း။ ထိုသင်္ခါရတရားတို့၌ ထိုတစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ အတ္တ၏ အလိုအတိုင်းဖြစ်သော အခြင်းအရာမှ ဆိတ်သုန်းနေ၏။ ထို့ကြောင့် ထိုသင်္ခါရတရားတို့သည် -----
၁။ အတ္တမှ ဆိတ်သုန်းခြင်း သုညတသဘောကြောင့်လည်း အနတ္တမည်ပေသည်။
၂။ ထိုသင်္ခါရတရားတို့ အစိုးတရ ပိုင်ဆိုင်သည့် သာမိ ပိုင်ရှင် အတ္တမရှိခြင်း အနက်သဘောကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တမည်ပေသည်။
၃။ ထိုသင်္ခါရတရားတို့၌ တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း ပြုလုပ်၍ ရနိုင်သော သဘောမရှိခြင်းကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တမည်ပေသည်။
၄။ သာသနာပ အယူအဆရှိကြကုန်သော ပုဂ္ဂိုလ်တို့ ကြံဆထားအပ်သည့် ဖန်ဆင်းရှင်ပရမတ္တ = ပရမအတ္တ, အဖန်ဆင်းခံရသော ဇီဝအတ္တရှိ၏ဟု စွဲယူသော အတ္တဝါဒနှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်သောကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တမည်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၅။)
အနတ္တရောင်ခြည်တော်နေဝန်း
ဤကဲ့သို့သော အနတ္တဉာဏ်အမြင် အနတ္တရောင်ခြည်တော်နေဝန်းကြီး၏ တင့်တယ်စမ္ပာယ်စွာ ထွန်းလင်းထွက်ပေါ်လာရေးအတွက် ယောဂါဝစရ ပုဂ္ဂိုလ်သည် ဉာတ-ဉာဏအမည်ရသည့် ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရုပ်ဃန နာမ်ဃန အတုံးအခဲများကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုသို့ ရှုပွားနိုင်သော အခါတွင်မှ ထိုသင်္ခါရတရားတို့၏ မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်း ဟူသော မရှိခြင်းနှစ်မျိုးတို့၏ အလယ်၌သာလျှင် အလွန့်အလွန် တိုတောင်းလှသော ယာယီအခိုက်အတန့်အားဖြင့်သာ အနိစ္စ အနေအထား ဒုက္ခ အနေအထား အနတ္တ အနေအထားအားဖြင့် ဖြစ်ပေါ်လာကြသော နာမ်တရားများသာ ဖြစ်ကြသည်, သင်္ခါရတရားတို့သာ ဖြစ်ကြသည်ဟု ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်မည် ဖြစ်ပေသည်။ အနတ္တရောင်ခြည်တော်နေဝန်းကြီးသည်လည်း ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်ဝတွင် တင့်တယ်စပ္ပာယ်စွာ ကြွားကြွားဝင့်ဝင့် ငွားငွားစွင့်လျက် ထွန်းလင်းထွက်ပေါ်လာမည် ဖြစ်ပေသတည်း။ ထို့ကြောင့်ပင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က သမထယာနိကပုဂ္ဂိုလ်အား အောက်ပါအတိုင်း စျာန်နာမ်တရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားထားပေသည်။ -----
နာမ်ရုပ်ကို ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သည့် ထိုဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အမြင်ကို ပြည့်စုံစေလိုသော စျာန်သမထယာဉ် ရှိသော သမထယာနိက ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ နေဝသညာနာသညာယတနစျာန်ကို ချန်ထား၍ ယင်းစျာန်မှ တစ်ပါးကုန်သော ကြွင်းကုန်သော ရူပါဝစရစျာန် အရူပါဝစရစျာန်တို့တွင် တစ်မျိုးမျိုးသော စျာန်ကို ဝင်စားကာ ယင်းစျာန်မှ ထ၍ ဝိတက် အစရှိကုန်သော စျာန်အင်္ဂါတို့ကိုလည်းကောင်း, ယင်းစျာန်နှင့် ယှဉ်ဖက် သမ္ပယုတ်တရား ဖြစ်ကြကုန်သော နာမ်တရားစုတို့ကိုလည်းကောင်း လက္ခဏ-ရသ-စသည်တို့၏ အစွမ်းဖြင့် (= လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်- ပဒဋ္ဌာန်အားဖြင့်) သိမ်းဆည်းအပ်၏။ (= ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏။) သိမ်းဆည်းပြီး၍ (= ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍) ဤအလုံးစုံသော စျာန်နာမ်တရားစုကို (အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော) သမထအာရုံနိမိတ်သို့ ရှေးရှု ညွတ်တတ်သောကြောင့် အာရုံသို့ ရှေးရှုညွတ် တတ်သော အနက်သဘောအားဖြင့် နာမ်ဟူ၍ ပိုင်းခြားမှတ်သားအပ်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်- ပဒဋ္ဌာန်အားဖြင့် နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းစနစ်များကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ ခန္ဓနိဒ္ဒေသပိုင်း (ဝိသုဒ္ဓိ၊၂၊၈၂-၁၀၁။)တို့၌လည်းကောင်း, အဋ္ဌသာလိနီ အဋ္ဌကထာ ထိုထို နေရာတို့၌လည်းကောင်း ကြည့်ပါ။ ဆရာသမားများနှင့် ချည်းကပ်လေ့လာပါ။
ခန္ဓာငါးပါးနည်းဖြင့် သိမ်းဆည်းရှုပွားပုံ အမြွက်
ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။ ဧဝမေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ (ဒီ၊ဋ္ဌ၊၁၊၁၇၅။ မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။ သံ၊ဋ္ဌ၊၃၊၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)
ဤခန္ဓာငါးပါးနည်းဖြင့် သိအောင် သိမ်းဆည်းရှုပွားရမည့် ရှုကွက်၌- -
၁။ စက္ခုအကြည်ဓာတ်နှင့် ရူပါရုံကား ရူပက္ခန္ဓာတည်း။
၂။ ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်ကား ဝိညာဏက္ခန္ဓာတည်း။
၃။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာကား ဝေဒနာက္ခန္ဓာတည်း။
၄။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော သညာကား သညာက္ခန္ဓာတည်း။
၅။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရတို့ကား သင်္ခါရက္ခန္ဓာတည်း။
ဤသို့လျှင် ဤခန္ဓာငါးပါးတို့၏ ပေါင်းဆုံခြင်းသည် ထင်ရှားရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့်ကြည့်ရာ စောငး်ငဲ့ကြည့်ရာ၌ အဘယ်မည်သောပုဂ္ဂိုလ် သတ္တဝါတစ်စုံတစ်ဦးသည် တည့်တည့်ကြည့်လေသနည်း? အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါတစ်စုံတစ်ဦးသည် စောင်းငဲ့ကြည့်လေသနည်း? တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါတစ်စုံတစ်ဦးသည် မရှိသည်သာတည်း။ ခန္ဓာငါးပါးတို့၏ ပေါင်းဆုံခြင်းမျှသာတည်း။ (ဒီ၊ဋ္ဌ၊၁၊၁၇၅။ မ၊ဋ္ဌ၊၂၆၇-၂၆၈။ သံ၊ဋ္ဌ၊၃၊၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)
ဤသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ စက္ခုဝိညာဏ် စိတ္တက္ခဏ အခိုက်ဝယ် ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်သွားပုံကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော် အသမ္မောဟသမ္ပဇဉ် ဖြစ်ပေပြီ။ သို့သော် စက္ခုဝိညာဏ်သည် မိမိ၏ ရှေးက ပဉ္စဒွါရာဝဇ္ဇန်း မပါဘဲလည်း မဖြစ်နိုင်။ တစ်ဖန် ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘဝင်ကို လည်စေခဲ့သည်ရှိသော် ရပ်တန့်စေခဲ့သည်ရှိသော် ဝုဋ္ဌောသို့ မရောက်ဘဲလည်း ဝီထိစိတ်အစဉ်၏ ရပ်တန့်သွားခြင်း (= ဘဝင်သို့ တစ်ဖန်ပြန်၍ ကျဆင်းသွားခြင်း)မည်သည် မရှိကောင်းသည်သာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၉-၃၁၀။)
အကယ်၍ ရူပါရုံသည် ပရိတ္တာရုံဖြစ်ခဲ့ပါမူ ဝုဋ္ဌောအထိ, မဟန္တာရုံ ဖြစ်ခဲ့ပါမူ ဇော (၇)ကြိမ်အထိ, အတိမဟန္တာရုံ ဖြစ်ခဲ့ပါမူ တဒါရုံ (၂)ကြိမ်အထိ ဝီထိစိတ်များသည် ဆက်လက်၍ ဖြစ်ကြမည်သာ ဖြစ်ပေသည်။ သို့အတွက် စက္ခုဝိညာဏ် စိတ္တက္ခဏအခို်က်ဝယ် ခန္ဓာငါးပါး ထင်ရှားဖြစ်သွားသကဲ့သို့ အလားတူပင် -----
၁။ ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,
၂။ စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,
၃။ သမ္ပဋိစ္ဆိုင်း စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,
၄။ သန္တီရဏ စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,
၅။ ဝုဋ္ဌော စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,
၆။ ဇော စိတ္တက္ခဏအသီးအသီးအခိုက်၌ ခန္ဓာငါးပါးစီ,
၇။ တဒါရုံ စိတ္တက္ခဏအသီးသီးအခိုက်၌ ခန္ဓာငါးပါးစီ -----
ဤသို့လျှင် စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးစီ အသီးအသီး ဖြစ်သွားကြ၏။ ယင်းခန္ဓာငါးပါးတို့ကို စိတ္တက္ခဏတိုင်းဝယ် ပရမတ်သို့ ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင် ဝိပဿနာရှုပွားသုံးသပ်နိုင်ပါက တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အသမ္မောဟသမ္ပဇဉ် ဖြစ်ပေပြီ။ ထိုကြောင့် စက္ခုဝိညာဏ်စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါးဖြစ်ပုံကို ဖွင့်ဆိုထားသော အဋ္ဌကထာစကားရပ်ကို အရိပ်ပြလျှင် အကောင်ထင်စေသော ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ဖွင့်ဆိုထားသော စကားဟု မှတ်ပါ။
ပဉ္စဒွါရာဝဇ္ဇန်းစိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး
၁။ ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာ ဟဒယဝတ္ထုနှင့် ရူပါရုံကား ရူပက္ခန္ဓာ,
၂။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကား ဝိညာဏက္ခန္ဓာ,
၃။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော သညာကား သညာက္ခန္ဓာ,
၄။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော ဝေဒနာကား ဝေဒနာက္ခန္ဓာ,
၅။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရ ဝိတက် ဝိစာရ အဓိမောက္ခ ဤ (၈)လုံးတို့ကား သင်္ခါရက္ခန္ဓာ-
ဤသို့လျှင် ခန္ဓာငါးပါး ဖြစ်ပေသည်။ ကျန် ဝီထိစိတ်တို့၌လည်း နည်းမှီး၍ သိပါလေ။ သောတဒွါရဝီထိစသည့် ဝီထိစိတ်အစဉ်တို့၌လည်း နည်းတူပင် သဘောပေါက်ပါလေ။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၅)၌လည်း ခန္ဓာငါးပါးနည်းဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းရန် ညွှန်ကြားချက်များလည်း လာရှိပေသည်။
စျာနသမာပတ္တိဝီထိနာမ်တရားများ
ဤကျမ်းစာ၌ကား စျာနသမာပတ္တိဝီထိနာမ်တရားများက စ၍ သိမ်းဆည်းပုံ အမြွက်မျှကို တင်ပြအပ်ပါသည်။ ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရှေးဦးစွာ သဘာဝလက္ခဏာကို ဦးစားပေးကာ သိမ်းဆည်းပါ။ ကျွမ်းကျင်လာသောအခါ တစ်ဖန် ပြန်၍ လက္ခဏ ရသ ပစ္စုပ္ပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ စျာနသမာပတ္တိဝီထိ နာမ်တရားတို့ကို ဝီထိစိတ်အစဉ်အတိုင်း သိမ်းဆည်းရမည်ဖြစ်သဖြင့် ယင်း ဝီထိစိတ်အစဉ်များကို အကျည်းချုပ်ကာ တင်ပြအပ်ပါသည်။
စျာနသမာပတ္တိဝီထိပုံစံများ
မန္ဒပုဂ္ဂိုလ် = န-ဒ-မ-ပ-ဥ-နု-ဂေါ-စျာန်......
တိက္ခပုဂ္ဂိုလ် = န-ဒ-မ-ဥ-နု-ဂေါ-စျာန်......
မိမိ ရရှိထားပြီးသော စျာန်ကို ခိုင်မြဲစေခြင်းငှာလည်းကောင်း, ဝသီဘော်ရောက် ကမ်းတစ်ဖက်သို့ပေါက် ပါရဂူမြောက်စေခြင်းငှာလည်းကောင်း, မျက်မှောက်ဘဝ၌ စျာနသုခ (= စျာန်ချမ်းသာ)ကို ခံစား စံစားပါရခြင်းအလို့ငှာလည်းကောင်း, အဘိညာဏ်၏ အခြေပါဒကအကျိုးငှာလည်းကောင်း, ဝိပဿနာ၏ အခြေပါဒကအကျိုးငှာလည်းကောင်း မိမိရရှိထားပြီးသော စျာန်ကို အဖန်ဖန် အထပ်ထပ် ဝင်စားသော ဝီထိစိတ်အစဉ်ကို စျာနသမာပတ္တိဝီထိဟု ခေါ်ဆိုသည်။ ဤတွင် ပထဝီကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ပထဝီကသိုဏ်းလျှင် အာရုံရှိသော စတုက္ကနည်း ရူပါဝစရစျာန်လေးပါးနှင့် ယင်းပထဝီကသိုဏ်းပညတ်ကို ခွာနိုင်သဖြင့် အဆင့်ဆင့် ဖြစ်ပေါ်လာကြသော အရူပါဝစရစျာန်လေးပါး - ပေါင်း သမာပတ် (၈)ပါးတို့ကို ပုံစံအဖြစ် ဖော်ပြအပ်ပါသည်။
၁။ ပထမစျာနသမာပတ္တိဝီထိ,
၂။ ဒုတိယစျာနသမာပတ္တိဝီထိ,
၃။ တတိယစျာနသမာပတ္တိဝီထိ,
၄။ စတုတ္တစျာနသမာပတ္တိဝီထိ,
၅။ အကာသာနဉ္စယတနစျာနသမာပတ္တိဝီထိ,
၆။ ဝိညာဏဉ္စာယတနစျာနသမာပတ္တိဝီထိ,
၇။ အာကိဉ္စညာယတနစျာနသမာပတ္တိဝီထိ,
၈။ နေဝသညာနာသညာယတနစျာနသမာပတ္တိဝီထိ -----
ဤသို့လျှင် (စတုက္ကနည်းအရ) စျာနသမာပတ္တိဝီထိ (၈)မျိုး ရှိပေသည်။ ယင်းစျာနသမပတ္တိဝီထိနာမ်တရားစုတို့သည် အထက်တွင် တင်ပြထားသည့် ဝီထိစဉ်အတိုင်း ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းဓမ္မတာလမ်းကြောင်းမှ တိမ်းစောင်း၍ ဖြစ်ရိုးဓမ္မတာကား မရှိကြပေ။ ယင်းသင်္ကေတတို့၏ အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။ -----
န = ဘဝင်္ဂစလန = လှုပ်သောဘဝင် (အတိတ်မရဏာသန္နဇော၏ အာရုံ)
ဒ = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် (အတိတ်မရဏာသန္နဇော၏ အာရုံ)
မ = မနောဒွါရာဝဇ္ဇန်း = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်ကို ဆင်ခြင်သော စိတ်,
ပ = ပရိကံ = အပ္ပနာစျာန်ဇော ဖြစ်ပေါ်လာရန် ပြုပြင်စီရင်သော စိတ်,
ဥ = ဥပစာ = အပ္ပနာစျာန်၏ အနီး၌ ကပ်၍ ဖြစ်တတ်သောစိတ်,
နု = အနုလောမ = အနုလုံ = ရှေးပရိကံနှင့် နောက်အပ္ပနာစျာန်ဇောတို့ အား လျော်သော စိတ်,
ဂေါ = ဂေါတြဘု = ကာမအနွယ်ကို လွှမ်းမိုးဖိစီးတတ် ဖြတ်တတ်သောစိတ်,
စျာန် = (ပထဝီ) ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို စိုက်စိုက်စူးစူး အထူး မြဲမြံ ရှုအားသန်သောစိတ် = အာရမ္မဏူပနိဇ္ဈာနစျာန် = ကသိုဏ်းပဋိဘာဂ နိမိတ်အာရုံသို့ ကပ်၍ စိုက်စို်က်စူးစူး အထူးမြဲမြံ ရှုအားသန်သော စိတ်ဟု ဆိုလိုသည်။
ပရိကံ ----- အလွန်အားကောင်းသော ဝိတတ် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါတို့နှင့် ယှဉ်သော ကာမာဝစရ ဥပစာရသမာဓိဇောစိတ်တစ်မျိုးသည် မဟဂ္ဂုတ်အမည်ရသော အပ္ပနာစျာန်ဇောများ ဖြစ်ပေါ်လာရန် ပြုပြင်စီရင်တတ်သောကြောင့် ပရိကံမည်၏။ (ဝိသုဒ္ဓိ၊၁၊၁၃၄။)
ဥပစာရ -----ရွာ၏ အနီးဖြစ်သော အရပ်ကို ရွာဥပစာ, မြို့၏အနီးဖြစ်သော အရပ်ကို မြို့ဥပစာဟု ဤသို့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲသကဲ့သို့ အလားတူပင် အပ္ပနာစျာန်မှ နီးသည်၏အဖြစ်ကြောင့်လည်းကောင်း, တစ်နည်းဆိုရသော် အနီး၌ ကျင်လည်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ပရိကံအမည်ရသော ကာမာဝစရ ဥပစာရသမာဓိဇော၏ နောက်၌ ကပ်လျက် ဖြစ်ပေါ်လာသော ဥပစာရသမာဓိဇောစိတ်ကို ဥပစာရဟူ၍ ခေါ်ဆိုအပ်၏။ အပ္ပနာစျာန်ဇောမှ နီးကပ်သည်၏ အဖြစ်ကြောင့် ယင်းသို့ ဥပစာရ အမည်ရခဲ့သော် အပ္ပနာစျာန်ဇောနှင့် တစ်စပ်တည်း ဆက်စပ်နေသော ဂေါတြဘု၏သာလျှင် ဥပစာရဟူသော အမည်သမညာသည် ဖြစ်သင့်၏ဟူသော လျဉ်းပါးဖွယ်ရာ ရှိလာပြန်၏၊ သို့အတွက် ----- သမီပစာရတ္တာ ----- ဟု အဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၁၃၄။)က နောက်တစ်မျိုး ထပ်ဖွင့်ပြန်သည်။ ဤစကားအရ အပ္ပနာဇောနှင့် ကပ်လျက်ရှိသော ဂေါတြဘုဇောကို ဥပစာရဟု မခေါ်ဆိုဘဲ အပ္ပနာဇော၏ အနီးအပါး၌ ကျင်လည်တတ် ဖြစ်တတ်သော ဂေါတြဘု၏ ရှေးနားက ကာမဇောများကို ဥပစာရဟု ခေါ်ဝေါ်ရသည် မှတ်ပါ။ မှန်ပေသည် အလွန်မနီးကပ်ပါသော်လည်း မဝေးလွန်းသော အရပ်၌ ဖြစ်သော တရားသည် သမီပစာရီ = အနီးအပါး၌ ဖြစ်သော တရားမည်သည်သာ ဖြစ်ပေသည်။ (မဟာဋီ၊၁၊၁၆၁။)
အနုလောမ ----- အနုလောမအမည်ရသော ကာမာဝစရ ဥပစာရသမာဓိဇောသည် ရှေးရှေး ပရိကံတို့၏ ကိစ္စကိုလည်း ဆက်လက်၍ ရွက်ဆောင် တတ်၏။ နောက်နောက်သော အပ္ပနာစျာန်ကိုလည်း ပေါ်လာစေတတ်၏။ သို့အတွက် ရှေးရှေးပရိကံနှင့် နောက်နောက်အပ္ပနာတို့အား လျော်စွာဖြစ်တတ်သောကြောင့် ယင်းကာမဇောသည် အနုလောမမည်၏။ ရှေးရှေး ပရိကံဟူရာ၌ အပ္ပနာဇောဝီထိ၏အတွင်း၌ တည်ရှိသော ပရိကံကို ဆိုလိုသည်မဟုတ်၊ အပ္ပနာဝီထိသို့ မသက်ရောက်မီ အပ္ပနာဝီထိမကျမီ အထူးထူးသော အာဝဇ္ဇန်းရှိကြကုန်သော ရှေးရှေးဝီထိတို့၏ အတွင်း၌ တည်ရှိကြကုန်သော ဖြစ်ခဲ့သမျှသော ဇောတို့ကိုလည်း အပ္ပနာစျာန်ဇောဖြစ်ပေါ်လာအောင် စီမံပေးကြသည်ဖြစ်၍ ပရိကံဟုပင် ခေါ်ဆိုရသည် (ဝိသုဒ္ဓိ၊၁၊၁၃၄။ မဟာဋီ၊ ၁၊၁၆၁။)
ဂေါတြဘု ----- ဤကာမာဝစရ ဥပစာရသမာဓိဇောတို့တွင် နောက်ဆုံးဖြစ်သော ကာမဇောသည် ကာမာဝစရအနွယ်ကို လွှမ်းမိုးကျော်လွန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, မဟဂ္ဂုတ်အနွယ်ကို ပွားစေတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဂေါတြဘု ( = ဂေါတြဘူ)ဟူ၍လည်း ခေါ်ဆိုအပ်၏။
ဤဆိုအပ်ခဲ့ပြီးသော သဘော ရှိကြကုန်သော မန္ဒပညပုဂ္ဂိုလ်၏ သန္တာန်၌ လေးကြိမ်, တိက္ခပညပုဂ္ဂိုလ်၏ သန္တာန်၌ သုံးကြိမ်ဖြစ်ပေါ်သွားကြကုန်သော ပရိကံ ဥပစာရ အနုလုံ ဂေါတြဘု, သို့မဟုတ် ဥပစာရ အနုလုံ ဂေါတြဘုဟူသော ထိုဇောတို့သည် ပြကတေ့သော ကာမာဝစရစိတ်တို့ထက် အထူးအားရှိသော အလွန်အားကောင်းမောင်းသန်သော စွမ်းအင်အပြည့်အဝ ရှိသော ဝိတက်+ဝိစာရ+ပီတီ+သုခ+ဧကဂ္ဂတာဟူသော စျာန်အင်္ဂါငါးပါး ထင်ရှားရှိကုန်သော ကာမာဝစာရတရားတို့ ဖြစ်ကြကုန်၏။ ဥပစာရ ကာမာဝစရသမာဓိဇောတို့ ဖြစ်ကြကုန်၏။ ဤစျာနသမာပတ္တိဝီထိအတွင်း၌ မဟဂ္ဂုတ် အပ္ပနာစျာန်ဇောတို့ကို အကြိမ်များစွာ စောနိုင်ကြ၏။ ယင်းသို့ အကြိမ်များစွာ စောကြခြင်းကြောင့်လည်း နာမ်ကမ္မဋ္ဌာန်းကို အားထုတ်ခါစ အာဒိကမ္မိကပုဂ္ဂိုလ်အတွက် သိမ်းဆည်းရ လွယ်ကူခြင်း ဖြစ်ပေသည်။
ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ
ဓမ္မာရုံလိုင်း-မနောဒွါရ-စျာနသမာပတ္တိဝီထိဇယား
ပထမစျာန်နာမ်တရား (၃၄) လုံး
၁။ အသိစိတ် = ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို ရယူခြင်းသ ဘော။ [ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ (မူလဋီ၊၁၊၈၇) ဟူသော မူလဋီကာနှင့်အညီ အာရုံကို သိသည်ဟူရာ၌ ထိုအာရုံကို လှမ်း၍ အာရုံယူရာ အာရုံယူ၍ ရမှုသဘော သာ ဖြစ်သည်။ အကယ်၍ ယူ၍မရရှိပါက ထိုအာရုံကို သိသည် ဟု မဆိုနို်င်ပေ။]
၂။ ဖဿ = ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (လက္ခဏ) = ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော။ (ရသ)
၃။ ဝေဒနာ = ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ၏ အရာသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော (ပထမစျာန်၌ သောမနဿဝေဒနာ။) [မှတ်ချက် ----- နောက် စေတ သိက်တို့၌ အာရုံဟု ဆိုရာ၌ ပထဝီကသိုဏ်း ပဋိဘာဂ နိမိတ် အာရုံကိုပင် အထူးရည်ညွှန်းနေသည်ဟု မှတ်ပါ]
၄။ သညာ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို မှတ်သားခြင်း သဘော၊
၅။ စေတနာ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံပေါ်သို့ ယှဉ်ဖက် သမ္ပယုတ်တရား = စိတ်စေတသိက်တရားတို့ကို ရောက် အောင် စေ့ဆော်ပေးခြင်း = နှိုးဆော်ပေးခြင်း သဘော၊
၆။ ဧကဂ္ဂတာ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံတစ်ခုတည်းပေါ် သို့ စိတ်ကျရောက်နေခြင်းသဘော၊ =တည်ငြိမ်နေခြင်း သဘော၊ = သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်း သဘော၊
၇။ ဇီဝိတ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံတစ်ခုတည်းပေါ် သို့ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်း သဘော ( = နာမ်သက်စောင့်ဓာတ်၊)
၈။ မနသိကာရ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံဘက်သို့ စိတ်ကို ( = သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပို့ပေးခြင်း သဘော၊ = မောင်းနှင်ပေးခြင်းသဘော၊ = အာရုံကို နှလုံးသွင်းခြင်းသဘော၊
၉။ ဝိတတ် = ပထဝီကသိုဏ်းပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ( = သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပို့ပေးခြင်း သဘော = ကြံစည်ခြင်းသဘော၊
၁၀။ ဝိစာရ = ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း ဆုပ်နယ်ခြင်း သဘော၊
= အာရုံကို ထပ်၍ထပ်၍ ယူခြင်းသဘော၊
၁၁။ အဓိမောက္ခ = ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို ဆုံးဖြတ်ချက် ချခြင်းသဘော၊
၁၂။ ဝီရိယ = ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို သိအောင် ( = သမ္ပယုတ်တရားတို့ ဖြစ်အောင်) ကြိုးစားအားထုတ်ခြင်း သဘော၊
[မှတ်ချက် -----သမာဓိသိက္ခာပိုင်း ဖြစ်သဖြင့် သမာဓိကို ထူထောင်ခိုက်, စျာန်သမာပတ် ဝင်စားခိုက်တို့၌ အထူးသဖြင့် ပထဝီကသိုဏ်းကဲ့သို့သော ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု သဘောပင် ဖြစ်သည်။ ဝီရိယသည် သမ္ပယုတ်တရားတို့ကို အာရုံ၌ ခိုင်ခံ့အောင် တည်တံ့အောင် အားပေး ထောက်ပံ့ထားခြင်း ပဂ္ဂဟလုပ်ငန်းကိစ္စကို ပြုလုပ်သည်။]
၁၃။ ပီတိ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်း သဘော၊
၁၄။ ဆန္ဒ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို သိလိုခြင်း သဘော၊ = အာရုံ၌ စိတ် တည်ကြည်လိုခြင်း = သမာဓိ ကို ဖြစ်လိုခြင်း၊ =သမ္ပယုတ်တရားတို့ကို ဖြစ်စေလိုခြင်း သဘော၊
၁၅။ သဒ္ဓါ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို စျာန်သမာဓိ သိက္ခာ ( = စျာန်သမာဓိကျင့်စဉ်)ကို ယုံကြည်ခြင်း သ ဘော၊ [သဒ္ဓါ ဖြစ်ရာ (၈)ဌာနတို့၌ သိက္ခာသုံပါးလည်း ပါဝင်လျက် ရှိ၏။ စျာန်သမာဓိသိက္ခာ = စျာန်သမာဓိ ကျင့်စဉ်ကို ယုံကြည်ခြင်းသည်လည်း သဒ္ဓါပင် ဖြစ်သည်]
၁၆။ သတိ = ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ၌ သမ္ပယုတ်တရား တို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊ = အာရုံကို မမေ့ပျောက်ခြင်း သဘော၊ = အာရုံ၌ စိတ် ခိုင်မြဲခြင်းသဘော၊
၁၇။ ဟိရိ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှ ရှက်ခြင်း သဘော။
၁၈။ ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှ ကြောက် ခြင်းသဘော၊
[ဤဟိရိ ဩတ္တပ္ပတရား နှစ်ပါးကား စျာန်သမာဓိအခိုက်၌ ရှေးရှုတည်နေရုံ တည်နေခြင်းသဘောသာ ဖြစ်သည်။ အထူးသဖြင့် ဤအပိုင်းတွင် ပထဝီကသိုဏ်းပဋိဘာဂနိမိတ်ကိုသာ အာရုံမူနေသည့်အခိုက် ဖြစ်ရကား အကုသိုလ်ဒုစရိုက်တို့နှင့် ထိပ်တိုက် တွေ့ဆုံနေသည့် အချိန်အခိုက်လည်း မဟုတ်သောကြောင့် ဖြစ်သည်။ အရှက်အကြောက်တရား ရှိ၍သာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဖြည့်ကျင့်နေခြင်း ဖြစ်၏။ ရှက်မှု ကြောက်မှုတို့ကား စျာန်မဝင်စားမီ, ဝင်စားပြီး, ဝင်စားဆဲအချိန်တို့၌ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ နာမ်သန္တတိအစဉ်ဝယ် ရှေးရှုတည်နေကြသည်သာ ဖြစ်၏။]
၁၉။ အလောဘ = ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ၌ စိတ် မကပ် ငြိခြင်း, မတပ်မက်ခြင်းသဘော၊ = အာရုံကို ငါ့ ဟာဟု မစွဲယူခြင်းသဘော၊
၂၀။ အဒေါသ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ စိတ် မခက်ထန် မကြမ်းတမ်းခြင်းသဘော၊ = ပထဝီ ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို မဖျက်ဆီးလို ခြင်းသဘော၊
၂၁။ တတြမဇ္ဈတ္တတာ = ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊အာရုံကို လျစ် လျူရှုခြင်းသဘော၊
၂၂။ ကာယပဿဒ္ဓိ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ စေတ သိက်တို့၏ ငြိမ်းအေးခြင်းသဘော၊
၂၃။ စိတ္တပဿဒ္ဓိ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ စိတ်၏ ငြိမ်းအေးခြင်းသဘော၊
၂၄။ ကာယလဟုတာ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ စေတ သိက်တို့၏ လျင်မြန်ပေါ့ပါးခြင်းသဘော၊
၂၅။ စိတ္တလဟုတာ = အာရုံ၌ စိတ်၏ လျင်မြန် ပေါ့ပါးခြင်းသဘော၊
၂၆။ ကာယမုဒုတာ = အာရုံ၌ စေတသိက်တို့၏ နူးညံ့ခြင်းသဘော၊
၂၇။ စိတ္တမုဒုတာ = အာရုံ၌ စိတ်၏ နူးညံ့ခြင်းသဘော၊
၂၈။ ကာယကမ္မညတာ = အာရုံ၌ စေတသိက်တို့၏ ခံ့ငြားခြင်းသဘော၊ စေတသိက်တို့၏ အာရုံကို ရှုလို့ အချိုးကျ အဆင် ပြေခြင်းသဘော၊
၂၉။ စိတ္တကမ္မညတာ = အာရုံ၌ စိတ်၏ ခံ့ငြားခြင်းသဘော၊ စိတ်၏ အာရုံ ကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊
၃၀။ ကာယပါဂုညတာ = အာရုံ၌ စေတသိက်တို့၏ ပြွမ်းတီးလေ့လာ နိုင်နင်း ခြင်းသဘော။ = ကျွမ်းကျင်လိမ်မာခြင်းသဘော။
= ကိလေသာအနာ ကင်းခြင်းသဘော။
၃၁။ စိတ္တပါဂုညတာ = အာရုံ၌ စိတ်၏ ပြွမ်းတီးလေ့လာနိုင်နင်းခြင်းသ ဘော၊= ကျွမ်းကျင်လိမ်မာခြင်းသဘော၊ = ကိလေ သာ အနာကင်းခြင်းသဘော၊
၃၂။ ကာယုဇုကတာ = အာရုံ၌ စေတသိက်တို့၏ ဖြောင့်မတ်ခြင်းသဘော၊
= မာယာသာဌေယျ အကွေ့အကောက် ကင်း ခြင်းသဘော၊
၃၃။ စိတ္တုဇုကတာ = အာရုံ၌ စိတ်၏ ဖြောင့်မတ်ခြင်းသဘော၊
= မာယာသာဌေယျ အကွေ့အကောက် ကင်းခြင်း သဘော၊
၃၄။ ပညာ = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို ထွင်း ဖောက် သိမြင်ခြင်းသဘော (စျာနသမ္မာဒိဌိ တည်း)။
ဤသည်တို့ကား ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန်နာမ်တရား (၃၄)လုံးတို့ပင် ဖြစ်ကြသည်။ ထို (၃၄)လုံးတို့တွင် စျာန်အင်္ဂါများကို ဇောစိတ္တက္ခဏတိုင်း၌ ငါးလုံးစီ ငါးလုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ကျန် စိတ်+စေတသိက် တရားတို့ကို တစ်စတစ်စ တိုး၍ သိမ်းဆည်းရမည် ဖြစ်သည်။
ရှေးဦးစွာ စျာန်ကို တစ်ဖန် ပြန်ဝင်စားပါ။ စျာန်မှ ထသောအခါ, ဘဝင်မနောအကြည်ဓာတ် (= မနောဒွါရ)နှင့် ပထဝီကသိုဏ်းပဋိဘာဂနိမိတ်ကို ပူးတွဲသိမ်းဆည်းလျက် မနောဒွါရ၌ ယင်းကသိုဏ်းပဋိဘာဂနိမိတ်အာရုံက ထင်နေသောအခါ = ရှေးရှုကျရောက်နေသောအခါ, နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်းတို့တွင် အသိစိတ်က စ၍ သိမ်းဆည်းကြည့်ပါ။ အသိစိတ်တစ်လုံးကို ဇောစိတ္တက္ခဏတိုင်း၌ အကြိမ်များစွာ အဟုန်ပြင်းစွာ ဆက်တိုက်ဖြစ်နေမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ နောက်ထပ် ဖဿတစ်လုံး ထပ်တိုး၍ အသိစိတ်နှင့် ဖဿနှစ်လုံးတို့သည် ဇောစိတ္တက္ခဏတိုင်း၌ ပြိုင်တူ ဖြစ်နေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ သိမ်းဆည်းပါ။ စျာန်ကို ပြန်၍ ဝင်စားလိုက်, စျာန်မှ ထကာ ယင်းနာမ်တရားတို့ကို သိမ်းဆည်းလို်က် ----- ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် ဝေဒနာစသည့် ကျန် စေတသိက်တို့ကိုလည်း တဖြည်းဖြည်း တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ (၃၄)လုံး ပြည့်သည်တိုင်အောင် ပုံစံတူပင် ဆက်လက်၍ ရှုကြည့်ပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ ဇောစိတ္တက္ခဏတိုင်းဝယ် ယင်းစျာန်နာမ်တရားတို့၏ သုံးလုံး သုံးလုံး, လေးလုံး လေးလုံး, ငါးလုံး ငါးလုံး ----- ဤသို့ စသည်ဖြင့် ပြိုင်တူ ဖြစ်နေမှုကို အသိဉာဏ်ဝယ် ရှင်းရှင်းကြီး မြင်နေအောင် လေ့ကျင့်ပါ။
ဤစျာနဓမ္မအမည်ရသည့် ပထမစျာန်နာမ်တရား (၃၄)လုံးတို့ကို ဇောစိတ္တက္ခဏတို့၌ အကြိမ်များစွာ ဖြစ်နေမှုကို ရှင်းရှင်းလင်းလင်းကြီး ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ဇယားတွင် ဖော်ပြထားသည့် ပထမစျာနသမာပတ္တိဝီထိစဉ်အတိုင်း ပုံစံတူ ဆက်လက်၍ သိမ်းဆည်းပါ။
၁။ မနောဒွါရာဝဇ္ဇန်းစိတ္တက္ခဏ၌ နာမ်တရား - (၁၂)လုံး
၂။ ပရိကံစိတ္တက္ခဏ၌ နာမ်တရား - (၃၄)လုံး
၃။ ဥပစာစိတ္တက္ခဏ၌ နာမ်တရား - (၃၄)လုံး
၄။ အနုလုံစိတ္တက္ခဏ၌ နာမ်တရား - (၃၄)လုံး
၅။ ဂေါတြဘုစိတ္တက္ခဏ၌ နာမ်တရား - (၃၄)လုံး
၆။ စျာန်ဇောစိတ္တက္ခဏအသီးအသီး၌ နာမ်တရား - (၃၄)လုံးစီ ---
ဤနာမ်တရားတို့ကို စိတ္တက္ခဏတိုင်း၌ နာမဃနခေါ်သည့် နာမ်တုံး နာမ်ခဲတို့ကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။
မနောဒွါရာဝဇ္ဇန်း စိတ္တက္ခဏ၌ နာမ်တရား (၁၂)လုံးဟူသည်မှာ အထက်တွင် ရေတွက်ပြထားသော နာမ်တရားတို့အနက် အသိစိတ်မှ ဝီရိယသို့တိုင်အောင်သော နာမ်တရား (၁၂)လုံးတို့ပင် ဖြစ်ကြသည်။ ယင်းစျာနသမာပတ္တိဝီထိစဉ်အတွင်း စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရားအားလုံးတို့သည် ဤအပိုင်းတွင် အလွန်ကြည်လင်တောက်ပနေသော ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံကိုပင် အာရုံပြုကြပေသည်။
နာမ်တရား ... နာမ်တရားဟု သိမ်းဆည်းပါ
ယင်းပထမစျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို ယင်းကဲ့သို့ နာမ်တုံး နာမ်ခဲ နာမ်ဃနတို့ကို ပြိုကွဲသွားအောင် ဖြိုခွဲဖျက်ဆီးလျက် စိတ္တက္ခဏတိုင်းဝယ် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းနိုင်ခဲ့သော် ယင်းစျာနသမာပတ္တိဝီထိစဉ်တစ်ခု အတွင်း၌ တည်ရှိကြသော နာမ်တရားအားလုံးတို့ကို ခြုံငုံ၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဤသို့ ညွှန်ကြားထားတော်မူသည်။ -----
ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္တပေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ဧတံ နာမန္တိ ပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
= ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ထိုအလုံးစုံကုန်သော (ပထမစျာနသမာပတ္တိဝီထိစဉ်အတွင်းဝယ် စိတ္တက္ခဏအသီးအသီး၌ တည်ရှိကြကုန်သော) နာမ်တရားတို့ကို အလွန်ကြည်လင်တောက်ပနေသော ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံဘက်သို့ ရှေးရှုညွတ်ကိုင်းရှိုင်းတတ်သောကြောင့် ယင်းသို့ အာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော သဘောလက္ခဏာအားဖြင့် တစ်ပေါင်းတစ်စုတည်းပြု၍ ဤကား နာမ်တရားဟု ရှု၏။ (= ရှုပါ၊ သိမ်းဆည်းပါ။)
ဤညွှန်ကြားချက်များအရ ပထမစျာနသမာပတ္တိဝီထိ၏ အတွင်း၌ စိတ္တက္ခဏအသီးအသီးဝယ် တည်ရှိကြကုန်သော နာမ်တရားတို့ကို ရှေးဦးစွာ အသိစိတ် ဖဿ ဝေဒနာ သညာ စေတနာ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ သဘာဝလက္ခဏာကို ဦးစားပေးကာ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ထိုနောင် မနောဒွါရာဝဇ္ဇန်း စိတ္တက္ခဏ၌ နာမ်တရား (၁၂)လုံး, ဇောစိတ္တက္ခဏ အသီးအသီး၌် ပြိုင်တူ ပြိုင်တူ ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက်ရှုပါ။ ယင်းနာမ်တရားတို့၏ စိတ္တက္ခဏအသီးအသီးဝယ် ပြိုင်တူ ပြိုင်တူ ဖြစ်နေမှုကို ထင်ထင်ရှားရှား ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းဝီထိစဉ်တစ်ခုလုံးအတွင်း၌ တည်ရှိကြသော နာမ်တရားအားလုံးကို ခြုံငုံ၍ ယင်းနာမ်တရားတို့၏ ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံသို့ ညွတ်ကိုင်းရှိုင်းနေသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ နာမ်တရား နာမ်တရားဟု ဆက်လက်သိမ်းဆည်းပါ။ ခွဲရှုခြင်း ခြုံရှုခြင်းဟူသော နှစ်နည်းလုံးကို အသုံးပြုရမည် ဖြစ်သည်။
ဤကား အသိစိတ်ကစ၍ စျာနဓမ္မအမည်ရသည့် နာမ်တရားတို့ကို သိမ်းဆည်းပုံ အမြွက်တည်း။ ဖဿကစ၍ သိမ်းဆည်းရာ, ဝေဒနာကစ၍ သိမ်းဆည်းရာတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ ကြွင်းကျန်ကုန်သော စျာန်သမာပတ္တိဝီထိတို့၌လည်းကောင်း, ရုပ်တရားတို့ကို အာရုံပြုကာ ဖြစ်ပေါ်လာကြကုန်သော ကာမာဝစရနာမ်တရားတို့၌လည်းကောင်း နည်းတူပင် သဘောပေါက်ပါ။ ဆရာသမားများနှင့် ချည်းကပ်လေ့လာပါ။
ဝဝတ္ထပေတဗ္ဗံ = ပိုင်းခြားမှတ်သားပါ
ဤစျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော စျာနဓမ္မအမည်ရသည့် နာမ်တရားတို့ကို သိမ်းဆည်းရာဝယ် အသိစိတ် = ဝိညာဏ်ကစ၍ သိမ်းဆည်းသည့်နည်း, ဝေဒနာကစ၍ သိမ်းဆည်းသည့်နည်း, ဖဿကစ၍ သိမ်းဆည်းသည့်နည်းဟူသော ဤနာမ်ကမ္မဋ္ဌာန်းရှုပွားနည်း သိမ်းဆည်းနည်း သုံးနည်းတို့တွင် တစ်နည်းနည်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းသောအခါ စိတ္တက္ခဏအသီးအသီးဝယ် တည်ရှိကြသော (၁၂)လုံး (၃၄)လုံးသော နာမ်တရား တို့ကို ခြုံငုံ၍ နာမ်တရား နာမ်တရားဟု သိမ်းဆည်းသော်လည်း (၁၂)လုံး, (၃၄)လုံးကုန်သော ပရမတ္ထဓာတ်သားတို့ကို ပရမတ္ထဓာတ်သားတစ်ခုတည်းအနေဖြင့် မမြင်ဘဲ ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်စသည်ဖြင့် ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပိုင်းခြား မှတ်သားနိုင်ရမည်ဟု သိစေလို၍ အဋ္ဌကထာဆရာတော်က ဝဝတ္ထပေတဗ္ဗံ (ဝိသုဒ္ဓိ၊၂၊၂၂၂။)ဟု ညွှန်ကြားထားတော်မူပေသည်။
နာမ်ရုပ်ကို ပိုင်းခြားမှတ်သားပါ
တတော ယထာ နာမ ပုရိသော အန္တောဂေဗော သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တောဣဒံ နာမံ ကိံ နိဿာယ ပဝတ္တတီတိ ပရိယေသမာနော တဿ နိဿယ ဟဒယရူပ ပဿတိ။ တတော ဟဒယရူပဿ နိဿယဘူတာနိ, ဘူတနိဿိတာနိ စ သေသုပါဒါယရူပါနီတိ ရူပံ ပရိဂ္ဂဏှာတိ။ သော သဗ္ဗမ္ပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ။ တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
= စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော စျာနဓမ္မအမည်ရသည့် နာမ်တရားတို့ကိုသိမ်းဆည်းပြီးသောအခါ ----- လောကဥပမာအားဖြင့် ယောကျ်ားတစ်ဦးသည် အိမ်တွင်း၌ မြွေကို တွေ့မြင်ခဲ့သော် ထိုမြွေ၏ နောက်သို့ အစဉ်လိုက်လျက် ကြည့်ရှုသည်ရှိသော် ထိုမြွေ၏ ကိန်းဝပ်တည်နေရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ဤယောဂါဝစရပုဂ္ဂိုလ်သည်လည်း ထိုနာမ်တရားကို ----- ဤနာမ်တရားသည် အဘယ်ကို မှီ၍ ဖြစ်နေသနည်း ----- ဟု ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လတ်သော် ရှာဖွေ ကြည့်လတ်သော် ထိုနာမ်တရား၏ မှီရာ ဟဒယရုပ်ကို တွေ့မြင်လေ၏။ ထိုနောင် ဟဒယရုပ်၏ မှီရာ ဘူတရုပ် (= ဓာတ်ကြီးလေးပါး)တို့ကိုလည်းကောင်း, ဘူတရုပ် (= ဓာတ်ကြီးလေးပါး)ကို မှီ၍ ဖြစ်နေကြကုန်သော ဟဒယရုပ်မှ ကြွင်းကျန်ကုန်သော ဥပါဒါရုပ်တို့ကိုလည်းကောင်း, ဤသို့လျှင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ = သိမ်ဆည်း၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဤအလုံးစုံသော ရုပ်တရားကို ဖောက်ပြန်တတ်သော အနက်သဘောအားဖြင့် ရုပ်ဟု ပိုင်းခြားမှတ်သား၏။ ထိုနောင် ----
၁။ အာရုံသို့ ညွှတ်တတ်သော သဘောလက္ခဏာ ရှိသော တရားကား နာမ်,
၂။ ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ် ----ဟု အကျဉ်းအားဖြင့် နာမ်နှင့် ရုပ်ကို ပိုင်းခြားမှတ်သား၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂၊၊)
ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ချက် ညွှန်ကြားတော်မူချက်အတိုင်း စျာန်သမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းနာမ်တရားတို့၏ မှီရာ ဟဒယ (= နှလုံးအိမ်)၌ တည်ရှိကြကုန်သော ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြထားသည့်အတိုင်း ဟဒယဝတ္ထုနှင့် တကွ (၅၄)မျိုးကုန်သော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ ဆက်လက်သိမ်းဆည်း၍ နာမ်ရုပ်ကို ပိုင်းခြားမှတ်သားရမည် ဖြစ်သည်။ ဒွါရ (၆)ပါးလုံးတို့၌ နည်းတူ သဘောပေါက်ပါလေ။ ဆရာသမားများထံသို့ ချဉ်းကပ်၍သာ လေ့လာဆည်းပူးပါ။
ပထဝီကသိုဏ်းလျှင် တည်ရာ အာရုံရှိကြသော ရူပါဝစရစျာန်တို့ကိုလည်းကောင်း, ထိုပထဝီကသိုဏ်းကို ခွါ၍ ပွားများထားအပ်ကုန်သော အရူပါဝစရစျာန်တို့ကိုလည်းကောင်း နည်းမှီး၍ သိမ်းဆည်းပါလေ။ ကသိုဏ်းဆယ်ပါးလုံးတို့၌ ပုံစံတူ သိမ်းဆည်းပါ။ ကြွင်း စျာန်နာမ်တရားတို့၌လည်း နည်းမှီ၍ သိမ်းဆည်းပါလေ။
ဝိတက်-ဝိစာရ-ပီတိ
တတ္ထ ဝိတက္ကဝိစာရာနံ ဝူပသမာတိ ဝိတက္ကဿ စ ဝိစာရဿ စာတိ ဣမေသံ ဒွိန္နံ ဝူပသမာ သမတိက္ကမာ၊ ဒုတိယဇ္ဈာနက္ခဏော အပါတုဘာဝါတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၁၅၁။)
ပုဗ္ဗဘာဂေ ပရိကမ္မဥပစာရစိတ္တာနိ သဝိတက္ကသဝိစာရာနိ သပ္ပီတိကာနိ...(အဘိ၊ဋ္ဌ၊၂၊၂၃၇။)
ဤအထက်ပါ အဋ္ဌကထာကြီးတို့၏ ဖွင့်ဆိုတော်မူချက်များနှင့်အညီ ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဟူသော ကာမာဝစရ ဥပစာရသမာဓိဇောတို့၌ ဝိတက် ဝိစာရ ပီတိတို့ကား ယှဉ်လျက်ပင် ရှိကြသည်။ ဒုတိယစျာန်စသည့် အပ္ပနာစျာန်သမာဓိတို့၏ အခိုက်၌သာလျှင် ဝိတက် ဝိစာရတို့ မယှဉ်ကြခြင်း ဖြစ်သည်။ (စတုက္ကနည်းကို ရည်ညွှန်းထားပါသည်။) သို့သော် စတုတ္ထစျာန်၏ ဥပစာရသမာဓိဇောတို့၏ အခိုက်၌လည်း ပီတိမယှဉ်နိုင်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ဤသို့ ဖွင့်ဆိုထားတော်မူ၏။ -----
အယံ ပန ဝိသေသော၊ ယသ္မာ သုခဝေဒနာ အဒုက္ခမသုခါယ ဝေဒနာယ အာသေဝနပစ္စယေန ပစ္စယော န ဟောတိ၊ စတုတ္ထဇ္ဈာနေ စ အဒုက္ခမသုခါယ ဝေဒနာယ ဥပ္ပဇ္ဇိတဗ္ဗံ၊ တသ္မာ တာနိ ဥပေက္ခာဝေဒနာသမ္ပယုတ္တာနိ ဟောန္တိ။ ဥပေက္ခာ သမ္ပယုတ္တတ္တာယေဝ စေတ္ထ ပီတိပိ ပရိဟာယတီတိ (ဝိသုဒ္ဓိ၊၁၊၁၆၀။)
တာနီတိ အပ္ပနာဝီထိယံ ဇဝနာနိ သန္ဓာယာဟ။ (မဟာဋီ၊၁၊၁၈၉။)
= ဤဆိုလတ္တံ့သည်ကား ထူးခြားချက်တည်း ---- သုခဝေဒနာသည် အဒုက္ခမသုခအမည်ရသော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည့် အလယ် အလတ် ခံစားမှု ဥပေက္ခာဝေဒနာအား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင် ဖြစ်ခဲ့၏။ စတုတ္ထစျာန်၌လည်း အဒုက္ခမသုခအမည်ရသော ဥပေက္ခာဝေဒနာသာ ဖြစ်သင့်၏။ ထို့ကြောင့် စတုတ္ထစျာနဝီထိ ( = ရူပါဝစရ စတုတ္ထစျာနဝီထိ+အရူပါဝစရစျာနဝီထိ)၏ အတွင်း၌ တည်ရှိကြကုန်သော လေးကြိမ် သို့မဟုတ် သုံးကြိမ်ကုန်သော ကာမာဝစရ ဥပစာရသမာဓိဇောတို့နှင့် အပ္ပနာဇောတို့သည်လည်း ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်ကြရကုန်၏။ ဤစတုတ္ထစျာနဝီထိ၌ ဇောစိတ်တို့သည် ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်ကြရကုန်၏။ ဤ စတုတ္ထစျာနဝီထိ၌ ဇောစိတ်တို့သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်နေသည့် အတွက်ကြောင့်ပင်လျှင် ပီတိသည်လည်း ယုတ်လျော့သွားရပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၀။ မဟာဋီ၊၁၊၁၈၉။)
သို့သော် ဥပစာရသမာဓိဇောတို့၌ ဝိတက် ဝိစာရတို့ကား ယှဉ်လျက်ပင် ရှိကြသည်။
ကာမာဝစရနာမ်တရားများ
တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ, သညံ, သင်္ခါရေ, ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။)
အချို့သော ကာမာဝစရနာမ်တရားတို့သည် ယေဘုယျအားဖြင့် ပညတ်နှင့် ပရမတ်နှစ်မျိုးလုံးကိုပင် အာရုံပြုကြ၏။ ထိုတွင် အထက်ပါအဋ္ဌကထာကြီးများ၏ ညွှန်ကြားထားတော်မူချက်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော နာမ်တရားစုကို ရှေးဦးစွာ စတင်၍ သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။
အချို့အရာ၌ ရုပ်ပရမတ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းရာဝယ် အထူးသဖြင့် ရုပ်ပရမတ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်နာမ်တရားစုတို့ကို သိမ်းဆည်းရာဝယ် အခက်အခဲ ရှိနေပါက ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်နာမ်တရားတို့က စ၍ သိမ်းဆည်းပြီးနောက် ပရမတ်ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်နာမ်တရားတို့ကို ဆက်လက်သိမ်းဆည်းခဲ့သော် လွယ်ကူသော သဘော ရှိပေသည်။ ဤသို့ ပြုကျင့်ရာ၌ ပညတ်ကို ဝိပဿနာရှုနေသည်ကား မဟုတ်၊ ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုသာ သိမ်းဆည်းနေခြင်း ဖြစ်သည်။ ပထဝီကသိုဏ်းပဋိဘာဂနိမိတ်ကဲ့သို့သော ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားသကဲ့သို့ မှတ်ပါ။
တစ်ဖန် နာမ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားသစ်စဖြစ်သော အာဒိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ ဒုပ္ပရိဂ္ဂါဟ = သိမ်းဆည်းဖို့ရန် ခက်ခဲသောကြောင့် အဋ္ဌကထာများက မညွှန်ကြားခြင်း ဖြစ်ပါသည်။ ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ၌ကား အရူပသတ္တကဝိပဿနာရှုနည်း(ဝိသုဒ္ဓိ၊၂၊၂၆၂။)တို့၌လည်းကောင်း, ဘင်္ဂဉာဏ် (ဝိသုဒ္ဓိ၊၂၊၂၈၈။)စသော အထက်ပိုင်း ဝိပဿနာဉာဏ်ပိုင်းတို့၌လည်းကောင်း နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း ဝိပဿနာရှုပွားပုံစနစ်များကို ဖော်ပြထားပါသည်။ သို့သော် ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ကား ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းပုံကို အဋ္ဌကထာများက ဦးစားပေး၍ ညွှန်ကြားထားပေသည်။
အာရုံ (၆) ပါး ခွဲပုံ
ရုပ်တရားတို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်ပါက အာရုံ (၆)မျိုး ရရှိပေသည်။
၁။ ရူပါရုံ = အရောင်အဆင်း,
၂။ သဒ္ဒါရုံ = အသံ,
၃။ ဂန္ဓာရုံ = အနံ့,
၄။ ရသာရုံ = အရသာ,
၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ ( = ပထဝီ-တေဇော-ဝါယော။)
၆။ ဓမ္မာရုံ (က) ပသာဒရုပ် = အကြည်ရုပ် ငါးပါး, (ခ) သုခုမရုပ် = သိမ်မွေ့ သောရုပ် ခြောက်ပါး,
ဤသို့လျှင် ရုပ်တရားတို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်သော် အာရုံ (၆)မျိုး ရရှိပေသည်။ ထိုတွင် ဓမ္မာရုံအမည်ရသော ဓမ္မာရုံလိုင်း၌ အကျုံးဝင်သော ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားများမှာ ကာမာဝစရ မနောဒွါရိက ဇောဝီထိစိတ်အစဉ်များသာ ဖြစ်ကြသဖြင့် ဝီထိစိတ်အရေအတွက် နည်းပါးရကား နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ ယောဂီ သူတော်စင်တို့အဖို့ ပိုမို၍ လွယ်ကူချောမောပေသည်။
၁။ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိနှင့် ထိုရူပါရုံကိုပင် ဆက်လက်အာရုံယူကြသော တဒနုဝတ္တိကမနောဒွါရဝီထိစသော မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း, အလားတူပင် ----
၂။ သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော သောတဒွါရဝီထိ, မနောဒွါရဝီထိ,
၃။ ဂန္ဓာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ဃာနဒွါရဝီထိ, မနောဒွါရဝီထိ,
၄။ ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ဇိဝှါဒွါရဝီထိ, မနောဒွါရဝီထိ,
၅။ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကာယဒွါရဝီထိ, မနောဒွါရဝီထိ,
၆။ ဓမ္မာရုံအမည်ရသည့် ရုပ်တရားအသီးအသီးကို အာရုံပြု၍ ဖြစ်ပေါ်လာ ကြကုန်သော မနောဒွါရဝီထိ ----
ဤဝီထိအသီးအသီး အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကိုလည်း နာမ်တုံးနာမ်ခဲ နာမ်ဃနအသီးအသီးကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ ဆရာသမားများနှင့်သာ ချဉ်းကပ်လေ့လာပါ။
Comments
Post a Comment