Skip to main content

အမေးလေးထွေ အဖြေလေးရပ်

အမေးလေးထွေ အဖြေလေးရပ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။


နိဒါနကထာ

ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။

ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။ (သံ၊၁၊၂၂၉၊၊)

ယာဒိသံ = အကြင်ကဲ့သို့ ရှုအပ်သော သဘောရှိသော။ ဗီဇံ = မျိုးစေ့ကို။ ဝပတေ = ကြဲချစိုက်ပျိုးငြားအံ့။ တာဒိသံ = ထိုကဲ့သို့ ရှုအပ်သော သဘော ရှိသော။ ဖလံ = အသီးကို။ ဟရတေ = ဆောင်နိုင်၏။ ကလျာဏကာရီ = ကောင်းသောအမှုကို ပြုလေ့ရှိသူသည်။ ကလျာဏံ = ကောင်းသောအကျိုးကို။ လဘတေ = ရရှိ၏။ ပါပကာရီ စ = မကောင်းမှုကို ပြုလေ့ရှိသူသည်လည်း။ ပါပကံ = မကောင်းသော အကျိုးကို။ လဘတေ = ရရှိ၏။

တမာစေ့, သပွတ်ခါးစေ့စတဲ့ မျိုးစေ့တွေဟာ ချိုမြိန်ကောင်းမြတ်တဲ့ အရသာရှိတဲ့ အသီးကို မဖြစ်စေနိုင်ကြကုန်။ မသာယာအပ်သည်သာလျှင် ဖြစ်တဲ့, မချိုဆိမ့်သည်သာလျှင်ဖြစ်တဲ့ အသီးကိုသာ, အလွန်ခါးတဲ့ အရသာ ရှိတဲ့ အသီးကိုသာ ဖြစ်စေနိုင်ကြတယ်၊ သီးစေနိုင်ကြတယ်။

ဤဥပမာအတူ ကာယဒုစရိုက်အစရှိတဲ့ ဒုစရိုက်အမျိုးမျိုးတွေ, မကောင်း ညစ်ဆိုးသည့် အကုသိုလ်တရား အမျိုးမျိုးတွေဟာ ချိုမြိန်ကောင်းမြတ်တဲ့ အရသာရှိတဲ့ အသီးနှင့်တူတဲ့ ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာကို မဖြစ်စေနိုင်ကြကုန်။ မချိုဆိမ့်တဲ့ အရသာ, ခါးတဲ့ အရသာနှင့် တူညီသည်သာလျှင် ဖြစ်တဲ့, မကောင်းဆင်းရဲတဲ့ အကျိုးတရားတွေကိုသာ ဖြစ်စေနိုင်ကြတယ်။

နောက်တစ်မျိုးကား - ကြံမျိုးစေ့, သလေးမျိုးစေ့ အစရှိတဲ့ မျိုးစေ့တွေဟာ ချိုမြိန်တဲ့ အရသာရှိသည်သာလျှင်ဖြစ်တဲ့, ကောင်းတဲ့ အရသာရှိသည်သာလျှင်ဖြစ်တဲ့ အသီးကိုသာ ဖြစ်စေကြကုန်သကဲ့သို့, မသာယာအပ်တဲ့ ခါးစပ်တဲ့ အရသာရှိတဲ့ အသီးကို မဖြစ်စေကြကုန်သကဲ့သို့ ဤဥပမာအတူသာလျှင် ကာယသုစရိုက် အစရှိတဲ့ သုစရိုက်တရားတွေ သမထ-ဝိပဿနာ အစရှိတဲ့ ကုသိုလ်တရားတွေဟာ ချိုမြိန်ကောင်းမြတ်သည်သာလျှင်ဖြစ်တဲ့ လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာဆိုတဲ့ ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာကို ဖြစ်စေကြကုန်တယ်။ မချိုဆိမ့်တဲ့ အရသာ, ခါးစပ်တဲ့ အရသာနှင့် တူညီနေတဲ့ မကောင်းဆင်းရဲတဲ့ အကျိုးတရားတွေကို မည်သည့်အခါမျှ မဖြစ်စေနိုင်ကြကုန်။ (အဘိ၊ဋ္ဌ၊၂၊၄၁၉။)

ဤသဘောတရားကို လွယ်ကူစွာ ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ရေးအတွက် စိတ်-အကြောင်းနှင့် သမ္ပတ္တိ (၄)ပါး, ဝိပတ္တိ (၄)ပါး အကြောင်းတို့ကို ဆက်လက် တင်ပြအပ်ပါတယ်။

စိတ် - စိတ် - စိတ် . . .

တစ်ချိန်တွင် အနာထပိဏ် ကျောင်းဒါယကာကြီးက မြတ်စွာဘုရားထံသို့ ချဉ်းကပ်ခဲ့ပါတယ်။ ဘုရားရှင်အား ရိုသေလေးမြတ်စွာ ရှိခိုးဝတ်ပြုပြီးနောက် သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်နေတဲ့ အနာထပိဏ် ကျောင်းဒါယကာကြီးကို ဘုရားရှင်က အောက်ပါအတိုင်း မိန့်ကြားတော်မူပါတယ်။

ဒါယကာ ... စိတ်ကို ရာဂ-ဒေါသ (= ချစ်ခြင်း မုန်းခြင်း) စသည်တို့ မဖြစ်အောင် မစောင့်ရှောက်အပ်သည်ရှိသော် ကာယကံကိုလည်း စောင့်ရှောက်သည် မမည်။ ဝစီကံကိုလည်း စောင့်ရှောက်သည် မမည်။ မနောကံ ကိုလည်း စောင့်ရှောက်သည် မမည်။ ကာယကံကို မစောင့်ရှောက်သူ၏ ကာယကံသည်လည်း ကိလေသာမိုးရေဖြင့် စိုစွတ်၏။ ဝစီကံကို မစောင့်ရှောက်သူ၏ ဝစီကံသည်လည်း ကိလေသာမိုးရေဖြင့် စိုစွတ်၏။ မနောကံကို မစောင့်ရှောက်သူ၏ မနောကံသည်လည်း ကိလေသာမိုးရေဖြင့် စိုစွတ်၏။

ကိလေသာမိုးရေဖြင့် ထာဝစဉ် စိုစွတ်လျက်ရှိသော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း ဆွေးမြည့်ပျက်စီး၏။ ဝစီကံသည်လည်း ဆွေးမြည့်ပျက်စီး၏။ ဆွေးမြည့်ပျက်စီးသော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်းသော သေခြင်းသည် မဖြစ်နိုင်။ ကောင်းသော ကွယ်လွန်ခြင်းသည် မဖြစ်နိုင်။

ဒါယကာ...အထွတ်တပ်ထားသောအိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်ကိုလည်း စောင့်ရှောက်သည် မမည်။ အခြင်တို့ကိုလည်း စောင့်ရှောက်သည် မမည်ကုန်။ နံရံကိုလည်း စောင့်ရှောက်သည် မမည်။ အထွတ် သည်လည်း မိုးရေဖြင့် စိုစွတ်၏။ အခြင်တို့သည်လည်း မိုးရေဖြင့် စိုစွတ်ကုန်၏။ နံရံသည်လည်း မိုးရေဖြင့် စိုစွတ်၏။ အထွတ်သည်လည်း ဆွေးမြည့် ပျက်စီး၏။ အခြင်တို့သည်လည်း ဆွေးမြည့်ပျက်စီးကုန်၏။ နံရံသည်လည်း ဆွေးမြည့်ပျက်စီး၏။

ဒါယကာ ...ဤဥပမာအတူပင်လျှင် စိတ်ကို ရာဂ-ဒေါသ (= ချစ်ခြင်း မုန်းခြင်း) စသည်တို့ မဖြစ်အောင် မစောင့်ရှောက်အပ်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မမည်။ ဝစီကံကိုလည်း စောင့်ရှောက်သည် မမည်။ မနောကံကိုလည်း စောင့်ရှောက်သည် မမည်။ ကာယကံကို မစောင့်ရှောက် သူ၏ ကာယကံသည်လည်း ကိလေသာမိုးရေဖြင့် စိုစွတ်၏။ ဝစီကံကို မစောင့် ရှောက်သူ၏ ဝစီကံသည်လည်း ကိလေသာမိုးရေဖြင့် စိုစွတ်၏။ မနောကံကို မစောင့်ရှောက်သူ၏ မနောကံသည်လည်း ကိလေသာမိုးရေဖြင့် စိုစွတ်၏။

ကိလေသာမိုးရေဖြင့် စိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း ဆွေးမြည့်ပျက်စီး၏။ ဝစီကံသည်လည်း ဆွေးမြည့် ပျက်စီး၏။ မနောကံသည်လည်း ဆွေးမြည့်ပျက်စီး၏။ ဆွေးမြည့်ပျက်စီးသော ကာယကံ ဝစီကံ မနောကံရှိသူအား ကောင်းသော သေခြင်းသည် မဖြစ်နိုင်။ ကောင်းသော ကွယ်လွန်ခြင်းသည် မဖြစ်နိုင်။

ဒါယကာ ...စိတ်ကို ချစ်ခြင်း မုန်းခြင်း စသည်တို့ မဖြစ်အောင် စောင့်ရှောက်အပ်သည်ရှိသော် ကာယကံကိုလည်း စောင့်ရှောက်သည် မည်၏။ ဝစီကံကိုလည်း စောင့်ရှောက်သည် မည်၏။ မနောကံကိုလည်း စောင့်ရှောက်သည် မည်၏။ ကာယကံကို စောင့်ရှောက်သူ၏ ကာယကံသည်လည်း ကိလေသာမိုးရေဖြင့် မစိုစွတ်။ ဝစီကံကို စောင့်ရှောက်သူ၏ ဝစီကံသည်လည်း ကိလေသာမိုးရေဖြင့် မစိုစွတ်။ မနောကံကို စောင့်ရှောက်သူ၏ မနောကံ သည်လည်း ကိလေသာမိုးရေဖြင့် မစိုစွတ်။

ကိလေသာမိုးရေဖြင့် မစိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း မဆွေးမြည့် မပျက်စီး။ ဝစီကံသည်လည်း မဆွေးမြည့် မပျက်စီး။ မနောကံသည်လည်း မဆွေးမြည့် မပျက်စီး။ မဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံရှိသူအား ကောင်းသော သေခြင်းသည် ဖြစ်နိုင်၏။ ကောင်းသော ကွယ်လွန်ခြင်းသည် ဖြစ်နိုင်၏။

ဒါယကာ ...အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်ကိုလည်း စောင့်ရှောက်သည် မည်၏။ အခြင်တို့ကိုလည်း စောင့်ရှောက်သည် မည်ကုန်၏။ နံရံကိုလည်း စောင့်ရှောက်သည် မည်၏။ အထွတ် သည်လည်း မိုးရေဖြင့် မစိုစွတ်။ အခြင်တို့သည်လည်း မိုးရေဖြင့် မစိုစွတ်ကုန်။ နံရံသည်လည်း မိုးရေဖြင့် မစိုစွတ်။ အထွတ်သည်လည်း မဆွေးမြည့် မပျက်စီး။ အခြင်တို့သည်လည်း မဆွေးမြည့် မပျက်စီးကုန်။ နံရံသည်လည်း မဆွေးမြည့် မပျက်စီးပေ။

ဒါယကာ ... ဤဥပမာအတူသာလျှင် စိတ်ကို ချစ်ခြင်း မုန်းခြင်း စသည်တို့ မဖြစ်အောင် စောင့်ရှောက်အပ်သည်ရှိသော် ကာယကံကိုလည်း စောင့်ရှောက်သည် မည်၏။ ဝစီကံကိုလည်း စောင့်ရှောက်သည် မည်၏။ မနောကံကိုလည်း စောင့်ရှောက်သည် မည်၏။ ကာယကံကို စောင့်ရှောက်သူ၏ ကာယကံသည်လည်း ကိလေသာမိုးရေဖြင့် မစိုစွတ်။ ဝစီကံကို စောင့်ရှောက်သူ၏ ဝစီကံသည်လည်း ကိလေသာမိုးရေဖြင့် မစိုစွတ်။ မနောကံကို စောင့်ရှောက်သူ၏ မနောကံသည်လည်း ကိလေသာမိုးရေဖြင့် မစိုစွတ်။

ကိလေသာမိုးရေဖြင့် မစိုစွတ်သော ကာယကံ ဝစီကံ မနောကံရှိသူ၏ ကာယကံသည်လည်း မဆွေးမြည့် မပျက်စီး။ ဝစီကံသည်လည်း မဆွေးမြည့် မပျက်စီး။ မနောကံသည်လည်း မဆွေးမြည့် မပျက်စီး။ မဆွေးမြည့် မပျက်စီးသော ကာယကံ ဝစီကံ မနောကံရှိသူအား ကောင်းသော သေခြင်းသည် ဖြစ်နိုင်၏။ ကောင်းသော ကွယ်လွန်ခြင်းသည် ဖြစ်နိုင်၏။(အံ၊၁၊၂၆၄-၂၆၅။)

အင်္ဂုတ္တရနိကာယ ဧကကနိပါတ် အကမ္မနိယဝဂ်တွင်လည်း ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူပြန်တယ် ---

ရဟန်းတို့ ...သမထ-ဝိပဿနာဘာဝနာ၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော မဖြစ်စေအပ်သေးသော, သံသရာဝဋ်ဆင်းရဲ၌ အကျုံးဝင်သော ဤစိတ်သည် ဝိပဿနာ၏ အခြေခံအကြောင်းရင်းဖြစ်သော ပါဒက စျာန်, ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်တို့သို့ ရောက်အောင် ပြုပြင်ခြင်းငှာ မသင့်လျော် မလွယ်ကူသကဲ့သို့ ဤအတူ ပြုပြင်ခြင်းငှာ မသင့်လျော် မလွယ်ကူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ-ဝိပဿနာဘာဝနာ၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော စိတ်သည် ပြုပြင်ခြင်းငှာ မသင့်လျော် မလွယ်ကူ။ (အံ၊၁၊၄။)

ရဟန်းတို့ ...သမထ-ဝိပဿနာဘာဝနာ၏ အစွမ်းဖြင့် ပွားများအပ်ပြီးသော ဤစိတ်သည် ပြုပြင်ခြင်းငှာ သင့်လျော်လွယ်ကူသကဲ့သို့ ဤအတူ ပြုပြင်ခြင်းငှာ သင့်လျော်လွယ်ကူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ... သမထ-ဝိပဿနာဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော စိတ်သည် ပြုပြင်ခြင်းငှာ သင့်လျော် လွယ်ကူ၏။ (အံ၊၁၊၄။)

ရဟန်းတို့ ...သမထ-ဝိပဿနာဘာဝနာ၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော (= အဖန်ဖန် အထပ်ထပ် အလေ့အလာ မပြုအပ်သေးသော) ထင်ရှားမဖြစ်ပေါ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သကဲ့သို့ (= ဆင်းရဲဒုက္ခကို ဆောင်သကဲ့သို့) ဤအတူ များစွာ အကျိုးမဲ့ခြင်းငှာဖြစ်သော (= ဆင်းရဲဒုက္ခကိုဆောင်သော) အခြားတစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ... သမထ-ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏ (= ဆင်းရဲဒုက္ခကို ဆောင်၏)။

ရဟန်းတို့...သမထ-ဝိပဿနာဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော (= အဖန်ဖန်အထပ်ထပ် အလေ့အလာ ပြုအပ်ပြီးသော) ထင်ရှားဖြစ်ပေါ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်သကဲ့သို့ (= ချမ်းသာသုခကို ဆောင်သကဲ့သို့) ဤအတူ များစွာ အကျိုးရှိခြင်းငှာ ဖြစ်သော (= ချမ်းသာသုခကိုဆောင်သော) အခြားတစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ-ဝိပဿနာဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်၏ (= ချမ်းသာသုခကို ဆောင်၏)။ (အံ၊၁၊၅။)

ဤကဲ့သို့ စွမ်းအင် အပြည့်အဝရှိတဲ့ စိတ်သည်ကား ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးခြင်းငှာ စွမ်းအားရှိတဲ့ သို့မဟုတ် နိဗ္ဗာန်သို့ရောက်အောင် ပို့ဆောင်ပေးခြင်းငှာ စွမ်းအားရှိတဲ့ အဘိသင်္ခါရဝိညာဏ် သို့မဟုတ် ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်တဲ့စိတ်ပင် ဖြစ်တယ်။ တစ်နည်းဆိုရသော် အဘိသင်္ခါရဝိညာဏ် သို့မဟုတ် ကမ္မဝိညာဏ် ဦးဆောင်နေသည့် စိတ်, စေတသိက် တရားစုတို့ပင် ဖြစ်ကြတယ်။

သို့သော် ယင်းစိတ် စေတသိက် တရားစုတို့ကား အနိစ္စတရား အစုအပုံ တို့သာ ဖြစ်ခြင်းကြောင့် သင်္ခတတရားတို့၏ ထုံးတမ်းစဉ်လာ ဓမ္မတာအတိုင်း ဖြစ်ပြီးက ပျက်ရိုးဓမ္မတာ ရှိကြသောကြောင့် ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း ပျက်စီးသွားကြတယ်၊ ချုပ်ပျက်သွားကြတယ်။

သို့သော် ယင်းသင်္ခါရတရားတို့သည်ကား ချုပ်ပျက်ပြီးနောက် စွမ်းအင် ကမ္မသတ္တိ တစ်စုံတစ်ရာ မထားခဲ့ဘဲ ချုပ်ပျက်သွားကြသည်ကား မဟုတ်ကြပေ။ နောင်တစ်ချိန်ဝယ် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့အပေါ် အခြေတည်၍ (= ဆုတောင်းပန်ထွာထားသည့်အတိုင်း) ဘဝသစ်ဟူသည့် ခန္ဓာငါးပါး ရုပ် နာမ်တရားတို့ကို ဖြစ်စေနိုင်သည့် စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်တွင် မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျက်သွားကြတယ်။ ယင်းစွမ်းအင် ကမ္မသတ္တိကိုပင် ကံဟုခေါ်ဆိုပေတယ်။

ယင်းကံသည်ကား ကုသိုလ်ကံနှင့် အကုသိုလ်ကံဟု နှစ်မျိုးရှိရာ ကုသိုလ် ကံသည် သမ္ပတ္တိလေးပါးကို အမှီရပါမှ, အကုသိုလ်ကံကလည်း ဝိပတ္တိလေးပါးကို အမှီရပါမှ အကျိုးပေးနိုင်သည့်စွမ်းအား ရှိပေတယ်။ သို့အတွက် ယင်း သမ္ပတ္တိလေးပါးနှင့် ဝိပတ္တိလေးပါးတို့ကိုလည်း ကံတို့၏ အကျိုးပေးပုံကို သဘောပေါက်နားလည်ရန် သိထားသင့်ပါတယ်။ ယင်းသမ္ပတ္တိ, ဝိပတ္တိ အကြောင်းတရားတို့ကို ဆက်လက်ကာ တင်ပြပါမည်။ ဘုရားရှင်သည် ဝိဘင်း ပါဠိတော်ဝယ် ဉာဏဝိဘင်း၌ ဉာဏ်တော် အမျိုးမျိုးတို့ကို ဟောကြားတော်မူ ခဲ့ပါတယ်။ ယင်းဉာဏ်တော် အမျိုးမျိုးတို့တွင် ဒုတိယဗလဉာဏ်တော်ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ယင်းဒုတိယဗလဉာဏ်တော်ကို ရှေးဦးစွာ တင်ပြပေအံ့ ---


ဒုတိယဗလဉာဏ်တော်

(က) အုပ်စု - အမှတ် (၁၊၂၊၃-၄) ကံများ

(က) ထိုဉာဏ်တို့တွင် အဘယ်ဉာဏ်သည် အတိတ်, အနာဂတ်, ပစ္စုပ္ပန် ဖြစ်ကုန်သော ဆောက်တည်ထားအပ်သော ကံတို့၏ ဟုတ်မှန်သော အကြောင်းအားဖြင့် ဖြစ်ပေါ်လာသော အကျိုးဝိပါက်ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် ဖြစ်လေသနည်း? ဤလောက၌ ဘုရားရှင်သည် ယင်းသဘောတရားတို့ကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲ ပြားပြား သိတော်မူ၏။

၁။ အချို့ကုန်သော ယုတ်မာကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ထားခဲ့ပြီးကုန်သော) အကြင်အကုသိုလ်ကံတို့သည် လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ကဲ့သို့သော ကောင်းသော ပြည့်စုံသော ဂတိသည် (= ဂတိသမ္ပတ္တိသည်) တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထိုကံမျိုးတို့သည် ရှိကြကုန်၏။

၂။ အချို့ကုန်သော ယုတ်မာကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်အကုသိုလ်ကံတို့သည် လှပသော ရုပ်အဆင်းတည်းဟူသော ပြည့်စုံသောဥပဓိသည် (= ဥပဓိသမ္ပတ္တိ သည်) တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထိုကံမျိုးတို့သည် ရှိကြကုန်၏။

၃။ အချို့ကုန်သော ယုတ်မာကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်အကုသိုလ်ကံတို့သည် မင်းကောင်း မင်းမြတ်, သူတော်ကောင်း သူတော်မြတ်တို့၏ ဖြစ်ထွန်း ပေါ်ပေါက်တော်မူရာကာလဟူသော ပြည့်စုံသောကာလသည် (=ကာလ သမ္ပတ္တိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုး မပေးကုန်၊ ထိုကံမျိုးတို့သည် ရှိကြကုန်၏။

၄။ အချို့ကုန်သော ယုတ်မာကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်အကုသိုလ်ကံတို့သည် ကောင်းသော လုံ့လပယောဂ = ကောင်းသော ကြိုးစားအားထုတ်ခြင်း (= သီလ-သမာဓိ-ပညာကျင့်စဉ်တို့ကို ကျင့်ခြင်း)ဟူသော ပြည့်စုံသော ပယောဂသည် (= ပယောဂသမ္ပတ္တိသည်) တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထိုကံမျိုးတို့သည် ရှိကြကုန်၏။ (အဘိ၊၂၊၃၅၁။)

(ခ) အုပ်စု - အမှတ် (၁၊၂၊၃-၄) ကံများ

၁။ အချို့ကုန်သော ယုတ်မာကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်အကုသိုလ်ကံတို့သည် အပါယ် လေးဘုံတည်းဟူသော ပျက်စီးသောဂတိသို့ (= ဂတိဝိပတ္တိသို့) ရှေးရှုရောက်၍ ပျက်စီးသောဂတိကို (= ဂတိဝိပတ္တိကို) အစွဲပြု၍ အကျိုး ပေးကြကုန်၏၊ ထိုကံမျိုးတို့သည် ရှိကြကုန်၏။

၂။ အချို့ကုန်သော ယုတ်မာကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်အကုသိုလ်ကံတို့သည် မလှပသော ရုပ်အဆင်းတည်းဟူသော ဥပဓိသို့ (= ဥပဓိဝိပတ္တိသို့) ရှေးရှု ရောက်၍ ပျက်စီးသောဥပဓိကို (= ဥပဓိဝိပတ္တိကို) အစွဲပြု၍ အကျိုး ပေးကြကုန်၏၊ ထိုကံမျိုးတို့သည် ရှိကြကုန်၏။

၃။ အချို့ကုန်သော ယုတ်မာကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်အကုသိုလ်ကံတို့သည် မကောင်းသော မင်း, မကောင်းသော လူတို့၏ ကာလဟူသော ပျက်စီးသောကာလသို့ (= ကာလဝိပတ္တိသို့) ရှေးရှုရောက်၍ ပျက်စီးသော ကာလကို (= ကာလဝိပတ္တိကို) အစွဲပြု၍ အကျိုးပေးကြကုန်၏။ ထိုကံမျိုး တို့သည် ရှိကြကုန်၏။

၄။ အချို့ကုန်သော ယုတ်မာကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်အကုသိုလ်ကံတို့သည် လုံ့လပယောဂ ချို့တဲ့ခြင်းဟူသော ပျက်စီးသော ပယောဂသို့ (= ပယောဂ ဝိပတ္တိသို့) ရှေးရှုရောက်၍ ပျက်စီးသော ပယောဂကို (= ပယောဂဝိပတ္တိကို) အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထိုကံမျိုးတို့သည် ရှိကြကုန်၏။ (အဘိ၊၂၊၃၅၁။)

(ဂ) အုပ်စု - အမှတ် (၁၊၂၊၃-၄) ကံများ

၁။ အချို့ကုန်သော ကောင်းကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်ကုသိုလ်ကံတို့သည် အပါယ် လေးဘုံတည်းဟူသော ပျက်စီးသောဂတိသည် (= ဂတိဝိပတ္တိသည်) တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထိုကံမျိုးသည် ရှိကြကုန်၏။

၂။ အချို့ကုန်သော ကောင်းကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်ကုသိုလ်ကံတို့သည် မလှပသော ရုပ်အဆင်းတည်းဟူသော ဥပဓိသည် (= ဥပဓိဝိပတ္တိသည်) တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထိုကံမျိုးသည် ရှိကြကုန်၏။

၃။ အချို့ကုန်သော ကောင်းကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်ကုသိုလ်ကံတို့သည် မကောင်းသောမင်း, မကောင်းသော လူတို့၏ ကာလတည်းဟူသော ပျက်စီးသော ကာလသည် (= ကာလဝိပတ္တိသည်) တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထိုကံမျိုးသည် ရှိကြကုန်၏။

၄။ အချို့ကုန်သော ကောင်းကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်ကုသိုလ်ကံတို့သည် လုံ့လပယောဂချို့တဲ့ခြင်းဟူသော ပျက်စီးသော ပယောဂသည် (= ပယောဂ ဝိပတ္တိသည်) တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထိုကံမျိုးသည် ရှိကြကုန်၏။ (အဘိ၊၂၊၃၅၁။)

(ဃ) အုပ်စု - အမှတ် (၁၊၂၊၃-၄) ကံများ

၁။ အချို့ကုန်သော ကောင်းကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်ကုသိုလ်ကံတို့သည် လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ကဲ့သို့သော ကောင်းသော ပြည့်စုံသောဂတိသို့ (= ဂတိသမ္ပတ္တိသို့) ရှေးရှုရောက်၍ ပြည့်စုံသောဂတိကို (= ဂတိသမ္ပတ္တိကို) အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထိုကံမျိုးတို့သည် ရှိကြကုန်၏။

၂။ အချို့ကုန်သော ကောင်းကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်ကုသိုလ်ကံတို့သည် လှပသော ရုပ်အဆင်းတည်းဟူသော ပြည့်စုံသောဥပဓိသို့ (= ဥပဓိသမ္ပတ္တိသို့) ရှေးရှုရောက်၍ ပြည့်စုံသောဥပဓိကို (= ဥပဓိသမ္ပတ္တိကို) အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထိုကံမျိုးတို့သည် ရှိကြကုန်၏။

၃။ အချို့ကုန်သော ကောင်းကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်ကုသိုလ်ကံတို့သည် မင်းကောင်း မင်းမြတ်, သူတော် သူမြတ်တို့၏ ဖြစ်ထွန်းပေါ်ပေါက်ရာကာလ တည်းဟူသော ပြည့်စုံသောကာလသို့ (= ကာလသမ္ပတ္တိသို့) ရှေးရှု ရောက်၍ ပြည့်စုံသောကာလကို (= ကာလသမ္ပတ္တိကို) အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထိုကံမျိုးတို့သည် ရှိကြကုန်၏။

၄။ အချို့ကုန်သော ကောင်းကုန်သော ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကြင်ကုသိုလ်ကံတို့သည် ကောင်းသောလုံ့လပယောဂ (= ကောင်းသော ကြိုးစားအားထုတ်ခြင်း)ဟူသော ပြည့်စုံသော ပယောဂသို့ (= ပယောဂသမ္ပတ္တိသို့) ရှေးရှုရောက်၍ ပြည့်စုံသောပယောဂကို (= ပယောဂသမ္ပတ္တိကို) အစွဲပြု၍ အကျိုးပေး ကြကုန်၏။ ထိုကံမျိုးတို့သည် ရှိကြကုန်၏။ (အဘိ၊၂၊၃၅၁-၃၅၂။)

ထိုဉာဏ်တို့တွင် ဤဆိုအပ်ပြီးသော အကြင်ပညာသည်, အကြင် ကွဲကွဲ ပြားပြား သိခြင်းသည်, ။ ပ ။ အကြင်အမှန်တရားကို မတွေမဝေသိခြင်း အမောဟသည်, အကြင်ဓမ္မကို စူးစမ်းဆင်ခြင်ခြင်း ဓမ္မဝိစယသည်, အကြင် အမှန်သစ္စာတရားကို သိမြင်တတ်သော သမ္မာဒိဋ္ဌိသည်ရှိ၏။ ဤသမ္မာဒိဋ္ဌိသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက်တည်ထားအပ်ကုန်သော ကံတို့၏ ဟုတ်မှန်သော အကြောင်းအားဖြင့် ဖြစ်ပေါ်လာသော အကျိုးဝိပါက်ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်သည် ဒုတိယဗလဉာဏ်တော်တည်း။ (အဘိ၊၂၊၃၅၂။)


သမ္ပတ္တိ နှင့် ဝိပတ္တိ

ဤနေရာမှာ အခါအခွင့် သင့်နေတဲ့အတွက် သမ္ပတ္တိ (၄)ပါး, ဝိပတ္တိ (၄)ပါးတို့နှင့် ဆက်စပ်နေတဲ့ ကံတွေ၏ အကျိုးပေးပုံအပိုင်းကိုပါ ထပ်ပြီး ရှင်းလင်း တင်ပြအပ်ပါတယ်။

အထက်ပါ အဘိဓမ္မာဝိဘင်းပါဠိတော် (အဘိ၊၂၊၃၅၁။)မှာ ဘုရားရှင်ရဲ့ ဒုတိယဗလဉာဏ်တော်ဆိုတာ လာရှိပါတယ်။ ဒီဉာဏ်တော်ကတော့ သတ္တဝါတွေ ဆောက်တည်ထားတဲ့ ပြုစုပျိုးထောင်ထားတဲ့ အတိတ်ကံ, ပစ္စုပ္ပန်ကံ, အနာဂတ်ကံဆိုတဲ့ ကံတွေနဲ့ ပတ်သက်လို့ ဘယ်လိုကံတွေက ဘယ်လိုအကျိုးတရားတွေကို ဟုတ်မှန်တဲ့အတိုင်း အကျိုးပေးတယ်ဆိုတဲ့ အကြောင်းအရာတွေကို ဟုတ်တိုင်းမှန်စွာ သိတော်မူတဲ့ဉာဏ်တော်မြတ် ဖြစ်ပါတယ်။ ယင်း ကံတွေအကြောင်းကို က-ခ-ဂ-ဃ အုပ်စုလေးခု ခွဲပြီးတော့ ရှင်းပြပါမယ်။ ရှေးဦးစွာ သမ္ပတ္တိ (၄)ပါးနှင့် ဝိပတ္တိ (၄)ပါးအကြောင်းကို နည်းနည်း ရှင်းပြမယ်။

၁။ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ဆိုတဲ့ ပြည့်စုံတဲ့ ဂတိတွေကို ဂတိသမ္ပတ္တိလို့ ခေါ်တယ်။ အပါယ်လေးဘုံဆိုတဲ့ ဂတိကိုတော့ ဖောက်ပြန် ပျက်စီးနေတဲ့ ဂတိဖြစ်လို့ ဂတိဝိပတ္တိလို့ ခေါ်တယ်။

၂။ ရုပ်အဆင်း လှပတင့်တယ်ခြင်းဆိုတဲ့ ခန္ဓာကိုယ်အတ္တဘောနှင့် ပြည့်စုံ ခြင်းကို ဥပဓိသမ္ပတ္တိလို့ခေါ်တယ်။ ရုပ်အဆင်း မလှမပနှင့် အကျည်းတန် အရုပ်ဆိုးနေတဲ့ ယုတ်ညံ့တဲ့ ခန္ဓာကိုယ်အတ္တဘောနှင့် ပြည့်စုံနေတာကိုတော့ ဥပဓိဝိပတ္တိလို့ ခေါ်တယ်။

၃။ မဟာသုဒဿနစကြာမင်းစတဲ့ မင်းကောင်းမင်းမြတ်တို့ ပေါ်ထွန်းရာ ကာလ, ဘုရားအစရှိတဲ့ သူတော်သူမြတ်တို့ ပွင့်ထွန်းပေါ်ပေါက်ရာ အချိန်ကာလကိုတော့ ပြည့်စုံတဲ့ကာလဖြစ်လို့ ကာလသမ္ပတ္တိလို့ ခေါ်တယ်။ မကောင်းတဲ့မင်း, မကောင်းတဲ့လူ, မကောင်းတဲ့ ဒုစရိုက်သမားတွေ ပေါများနေတဲ့ ခေတ်ကာလတွေကိုတော့ ပျက်စီးနေတဲ့ ကာလတွေဖြစ်လို့ ကာလဝိပတ္တိလို့ ခေါ်ဆိုတယ်။

အဆိုးဆုံးကာလဝိပတ္တိ အချိန်ကာလကတော့ ဆယ်နှစ်တမ်း အချိန်ကာလဖြစ်တယ်။ လူတို့စားသုံးရတဲ့ အစာအာဟာရတွေမှာ အဆီအစေး ဩဇာဓာတ်တွေက အလွန့်အလွန် နည်းပါးနေတဲ့အတွက်ကြောင့် အာဟာရဓာတ်တွေ အားလုံး ချို့တဲ့ပြီးတော့ လူတွေဟာလည်း ဒုစရိုက်တွေအားလုံးကို သွက်သွက်လက်လက်ကြီး လွန်ကျူးနေတဲ့ အချိန်အခါမျိုးတွေပဲ ဖြစ်ကြတယ်။

၄။ ကောင်းမွန်မှန်ကန်တဲ့ ကိုယ်ဖြင့် ကြိုးစားအားထုတ်မှု (= ကာယပယောဂ), နှုတ်ဖြင့် ကြိုးစားအားထုတ်မှု ပြောဆိုမှု (= ဝစီပယောဂ), စိတ်ဖြင့် ကြိုးစားအားထုတ်မှု ကြံစည်မှု (= သမထ-ဝိပဿနာ အစဖြာတဲ့ ကုသိုလ်တရားတွေကို ဆည်းပူးရှာဖွေမှု ကြိုးစားအားထုတ်မှု = မနောပယောဂ)၊ ယင်းကဲ့သို့ ကြိုးစားအားထုတ်မှုတွေနှင့် ပြည့်စုံနေခြင်းကို ပယောဂသမ္ပတ္တိလို့ ခေါ်တယ်။

ပြောင်းပြန်အားဖြင့်တော့ မှားယွင်းတဲ့ ကြိုးစားအားထုတ်မှု အမျိုးမျိုးတွေကတော့ မိစ္ဆာပယောဂတွေ ဖြစ်ကြတယ်။ ကိုယ်ဖြင့် မပြုသင့်တဲ့ ကာယ ဒုစရိုက်တွေကို ပြုလုပ်တယ်။ နှုတ်ဖြင့်လည်း မပြောသင့်တဲ့ ဝစီဒုစရိုက်စကား တွေကို အာသွက်သွက် လျှာသွက်သွက်နှင့် အဖိုးအခ မယူဘဲ တွင်တွင်ကြီး ပြောတယ်။ အဖိုးအခ ယူပြီးတော့လည်း တရားရုံးတွေမှာ မမှန်တာတွေကို ပြောတယ်။ စိတ်ကလည်း မကြံစည်သင့်တဲ့ မနောဒုစရိုက် အမျိုးမျိုးတွေကို ကြံစည်တယ်။ ဒီလို မှားယွင်းတဲ့ ကြိုးစားအားထုတ်မှု မိစ္ဆာပယောဂတွေနှင့် ပြည့်စုံနေခြင်းကို ပယောဂဝိပတ္တိလို့ ခေါ်ဆိုတယ်။

သတ္တဝါတွေမှာ အတိတ်သံသရာတစ်လျှောက်မှာ ပြုစုပျိုးထောင်ခဲ့တဲ့, ဆည်းပူးခဲ့တဲ့ကံတွေ ရှိကြတယ်။ ကုသိုလ်ကံတွေကိုလည်း ပြုစုပျိုးထောင်ခဲ့ကြတယ်၊ အကုသိုလ်ကံတွေကိုလည်း ပြုစုပျိုးထောင်ခဲ့ကြတယ်။ ကုသိုလ်ကံတွေက အထက်ကပြောခဲ့တဲ့ သမ္ပတ္တိလေးပါးကို အမှီရခဲ့မယ်ဆိုလျှင် အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာတတ်တယ်၊ လမ်းပွင့်လာတတ်တယ်။ ဝိပတ္တိလေးပါးနှင့် ကြုံမယ်ဆိုလျှင်တော့ အကျိုးပေးဖို့ရန် အခွင့်မသာ ဖြစ်သွား တတ်တယ်။

အလားတူပဲ ...အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အကုသိုလ်ကံတွေကလည်း ယခုလို ပစ္စုပ္ပန်ဘဝမှာ ဝိပတ္တိလေးပါးကို အမှီရခဲ့မယ်ဆိုလျှင် အကျိုး ပေးဖို့ရန် အခါအခွင့် သင့်လာတတ်ပြန်တယ်၊ လမ်းပွင့်လာတတ်တယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုသလို ဖြစ်တတ်ပြန်တယ်။ ဒါပေမယ့်အဲဒီ ဆောက်တည်ကျင့်သုံးထားခဲ့တဲ့ အကုသိုလ်ကံတွေဟာ ယခုဘဝမှာ သမ္ပတ္တိ လေးပါးနှင့် ကြုံတွေ့နေမည်, ဆုံဆည်းနေမည်ဆိုလျှင်လည်း အကျိုးမပေးနိုင်, အကျိုးပေးဖို့ရန် အခါအခွင့် မသင့်နိုင် ဖြစ်နေတတ်ပြန်တယ်။

ဒီသဘောတရားတွေကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်နိုင်အောင် အုပ်စု (၄)မျိုး ခွဲပြီးတော့ တစ်အုပ်စု တစ်အုပ်စုမှာလည်း (၄)မျိုးစီ (၄)မျိုးစီ ခွဲပြီးတော့ ရှင်းလင်းတင်ပြပါမယ်၊ စိတ်ဝင်စားဖို့ သိပ်ကောင်းပါတယ်၊ နားလည်ထားဖို့လည်း သိပ်ကောင်းပါတယ်။


(က) အုပ်စု - ကံ (၄)မျိုး

အမှတ် (၁) ကံ - ဂတိသမ္ပတ္တိ၌ တည်နေသူ

၁။ လောကမှာ ဘုန်းကြီးတို့အဝင်အပါ အချို့အချို့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ အတိတ်ဘဝထိုထိုက ဆည်းပူးခဲ့တဲ့ ဆောက်တည်ကျင့်သုံးခဲ့တဲ့ စုဆောင်းခဲ့တဲ့ အကုသိုလ်ကံတွေဆိုတာ ရှိကြပါတယ်။ သတ္တဝါတိုင်း လိုလိုမှာပဲ ရှိတတ်တဲ့သဘာဝတစ်ခုပဲ၊ ဒါပေမယ့် ယင်းအကုသိုလ်ကံ တွေဟာ ယင်းကံတို့ကို စုဆောင်းခဲ့တဲ့ပုဂ္ဂိုလ်က အပါယ်လေးဘုံကဲ့သို့သော ပျက်စီးတဲ့ဂတိ (= ဂတိဝိပတ္တိ)မှာ တည်ရှိနေမယ်ဆိုလျှင်တော့ မကောင်းတဲ့ အကျိုးတရားတွေ,ဆိုးညစ်ယုတ်မာတဲ့ အကျိုးတရားတွေကို ပေးဖို့ရန် အခါအခွင့် သင့်နေမှာ ဖြစ်တယ်။ ရင့်ကျက်ခဲ့မယ်ဆိုလျှင်တော့ အချိန်မရွေး အဲဒီအကုသိုလ်ကံတွေဟာ တစ်ခုပြီးတစ်ခု ဆက်တိုက် အကျိုးပေးတော့မယ်။

ဥပမာ -- အရှင်ဒေဝဒတ်ဟာ သံဃာကို သင်းခွဲခြင်းဆိုတဲ့ သံဃဘေဒက အကုသိုလ်ကံကြောင့် ဂတိဝိပတ္တိထဲမှာ အဆိုးဆုံးဖြစ်တဲ့ အဝီစိငရဲကို ရောက်ရှိ သွားခဲ့တယ်။ ဤကဲ့သို့ ဂတိဝိပတ္တိဆိုတဲ့ အမှီသဟဲကို ရရှိတဲ့အတွက် မတုန် မလှုပ်သော ဘုရားရှင်အား သွေးစိမ်းတည်အောင် ကျောက်မောင်းဆင်ကာ သတ်ဖို့ရန် ကြိုးစားအားထုတ်ခဲ့ခြင်းဆိုတဲ့ လောဟိတုပ္ပါဒကကံ အစရှိတဲ့ အခြားအခြားသော အကုသိုလ်ကံတွေဟာလည်း ဆက်တိုက် အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာကြတယ်။ မတုန်မလှုပ်သော ဘုရားရှင်အား ပြစ်မှားမိခဲ့တဲ့အတွက် မတုန်မလှုပ်တဲ့ ဆင်းရဲတဲ့ ပြင်းထန်တဲ့ ဒုက္ခဝေဒနာတွေကို ကမ္ဘာတည်သရွေ့ ဆက်လက် ခံစားရမှာ ဖြစ်တယ်။

သို့သော် ဤကဲ့သို့သော အကုသိုလ်ကံတွေကို ဆည်းပူးစုဆောင်းခဲ့တဲ့ သတ္တဝါတွေဟာ တစ်ခုတစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် ဂတိသမ္ပတ္တိ ဖြစ်တဲ့ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တွေမှာ ဖြစ်နေရတယ်ဆိုလျှင် ယင်း အကျိုးပေးနေတဲ့ ကုသိုလ်ကံကလည်း အရှိန်အဝါ အားကောင်းနေတဲ့ကံမျိုး ဖြစ်နေမယ်ဆိုလျှင်တော့ ဟို အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့, ဆောက်တည် ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့်မသင့် ဖြစ်နေတတ်ပြန်တယ်။

အကယ်၍များ ယင်းကံပိုင်ရှင်ပုဂ္ဂိုလ်ဟာ ဂတိသမ္ပတ္တိနှင့် ပြည့်စုံနေခိုက်မှာ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ရလို့ သမထ-ဝိပဿနာဘာဝနာတွေကို မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်သည့်တိုင်အောင် ကျင့်နိုင်ခြင်းဆိုတဲ့ ပယောဂသမ္ပတ္တိစက်ကလည်း ဝိုင်းပြီး ကူညီပံ့ပိုးလိုက်မည်ဆိုလျှင်တော့ အပါယ်ဒုဂ္ဂတိဆိုတဲ့ ဂတိဝိပတ္တိမှ ကွင်းလုံးကျွတ် လွတ်သွားမှာဖြစ်တယ်။ မိမိ ဆောက်တည်ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံတွေဟာ ဂတိဝိပတ္တိသို့ရောက်အောင် ပို့ဆောင်နိုင်တဲ့ စွမ်းအင်တွေ လုံးဝ ကင်းစင်သွားမှာ ဖြစ်တယ်။ အဲဒီ အကုသိုလ်ကံတွေဟာ ဂတိသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် အကျိုးမပေးနိုင်ကြတော့ဘူး။ (အဘိ၊ဋ္ဌ၊၂၊၄၂၁။)

ယင်းသို့ဖြစ်လျှင် မိမိ၏ အကျိုးတရားကို ဉာဏ်ပညာမျက်စိဖြင့် ကောင်းစွာ မျှော်မြင် ရှုဆင်ခြင်တတ်တဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ယခုလို ဂတိသမ္ပတ္တိနှင့် မိမိတို့က ပြည့်စုံနေခိုက်မှာ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ဆိုတဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ ပယောဂသမ္ပတ္တိစက်နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ် သိပ်ကောင်းတယ်။ မိမိတို့မှာလည်း အတိတ်သံသရာတစ်လျှောက်က ဆောက်တည်ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံတွေဟာလည်း ဒုနဲ့ဒေး ရှိကောင်း ရှိနိုင်ပါတယ်။

လူ့ရပ် နတ်ရွာ, ထက်ဗြဟ္မာနှင့်, မဟာသုခ, နိဗ္ဗာနသို့, ရှစ်ဝမဂ္ဂင်, သင်္ဘောယာဉ်ဖြင့်, ဆောလျင်ကပ်ခို, ရောက်ရလိုမူ, ထိုထိုပုည, ကုသလကို, နေ့ညမစဲ, လုံ့လသည်းလော့ ဒီလို လယ်တီဆရာတော်ဘုရားက ဆိုဆုံးမ ထားပါတယ်။ ကဲ - နောက်ကံတစ်ခုကို ပြောကြရအောင် ---

အမှတ် (၂) ကံ - ဥပဓိသမ္ပတ္တိ၌ တည်နေသူ

၂။ နောက်ပုဂ္ဂိုလ်တစ်ယောက်ကလည်း အလားတူပဲ အတိတ်ဘဝထိုထိုမှာ ဆောက်တည်ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံတွေက ဒုနဲ့ဒေး ရှိနေပြန်တယ်။ ဒါပေမယ့် ယင်း အကုသိုလ်ကံတွေကို ဆည်းပူးခဲ့တဲ့သူဟာ အခြား ကုသိုလ်ကံတစ်ခုကြောင့် လူ့ဘဝဆိုတဲ့ ဂတိသမ္ပတ္တိကို ဆိုက်ရောက် ပြီးတော့လာတယ်။ လူဘဝရောက်ပြန်တော့လည်း ဒီပုဂ္ဂိုလ်ဟာ ရုပ်အဆင်းကလည်း မလှဘူးဖြစ်မယ်၊ အကျည်းကလည်းတန်မယ်၊ ရုပ်ကလည်း ဆိုးမယ်၊ ခန္ဓာကိုယ်ကလည်း ကွေးနေ, ကောက်နေ, ကျိုးနေခြင်း စတဲ့ ယုတ်ညံ့တဲ့ ခန္ဓာကိုယ်အတ္တဘော ရှိနေပြန်မယ်ဆိုလျှင် ဥပဓိက ပျက်စီးနေမယ်ဆိုလျှင် ဒီလို ဥပဓိပျက်စီးခြင်းဆိုတဲ့ ဥပဓိဝိပတ္တိမှာ ရပ်တည်နေတဲ့သူကို သူဆောက်တည်ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံတွေက ဝင်ရောက်ကာ အကျိုးပေးတော့မှာ သေချာတယ်။

ဤကဲ့သို့ အကျိုးပေးနိုင်တဲ့သဘော ရှိပင်ရှိသော်လည်း ယင်းပုဂ္ဂိုလ်ကို လူ့ဘဝသို့ရောက်အောင် ပို့ပေးလိုက်တဲ့ ကုသိုလ်ကံက မေတ္တာဓာတ်တွေ ခြံရံထားတဲ့ကံမျိုး ဖြစ်နေတယ်။ ဒေါသဖြစ်လောက်တဲ့ အကြောင်းအရာတွေနှင့် တိုက်ဆိုင်ခဲ့ရသော်လည်း ဒေါသမဖြစ်ခဲ့ဘူး၊ ထိပ်တိုက် ဆန့်ကျင်ဘက် မလုပ်ခဲ့ဘူး၊ ဒေါသကြောင့် ဖောက်ပြန်နေတဲ့ ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာတွေကို ထင်ရှားအောင် ပြုလုပ်ပြီးတော့ မပြခဲ့ဖူးဘူး။

သတ္တဝါအားလုံးတို့ရဲ့ တစ်ဖက်သားပုဂ္ဂိုလ်တွေရဲ့ ကောင်းကျိုးချမ်းသာကိုသာ လိုလားတောင့်တတဲ့ စိတ်ဓာတ်ဖြင့် ကုသိုလ်ကံတွေကို ဆောက်တည် ကျင့်သုံးခဲ့တယ်။ တစ်ဖက်သားအပေါ်၌ ကာယကံမေတ္တာကို ရှေးရှုတည်စေခဲ့တယ်၊ ဝစီကံမေတ္တာကို ရှေးရှုတည်စေခဲ့တယ်၊ မနောကံမေတ္တာကို ရှေးရှုတည်စေခဲ့တယ်။ ဒီလို မေတ္တာဓာတ်တွေ ခြံရံထားတဲ့ ကုသိုလ်ကံ တစ်ခုခုက အကျိုးပေးလိုက်တဲ့အတွက် ယခုလို လူ့ဘဝဆိုတဲ့ ဂတိသမ္ပတ္တိသို့ ဆိုက်ရောက်လာတဲ့အခါ ဘာတွေ ဖြစ်လာသလဲ?

ရုပ်အဆင်းကလည်း သိပ်ပြီးတော့ လှပတင့်တယ်တယ်၊ ကိုယ်နေ ကိုယ်ထား လုံးရပ်ပုံသဏ္ဌာန်ကလည်း သိပ်ပြီးတော့ အချိုးကျတယ်။ သူတစ်ပါး တွေက မြင်လိုက်ရလျှင် ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်ထားနိုင်တဲ့ ရှုချင်စဖွယ် ရုပ်အဆင်းနှင့်လည်း ပြည့်စုံနေပြန်တယ်။ ခြေလက်အင်္ဂါတွေ ကြည့်လိုက်လျှင်လည်း အင်္ဂါချွတ်ယွင်းမှုဆိုတာ မရှိတဲ့အတွက် ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ် အတ္တဘောနှင့်တူတဲ့ ပြည့်စုံတဲ့ ခန္ဓာကိုယ်အတ္တဘောကလည်း ရှိနေပြန်တယ်။ ဤအကျိုးတရားတွေကတော့ သူထူထောင်ခဲ့တဲ့ကံကြောင့် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေပုံကလေးတွေပဲ။

အကယ်၍ ဤပုဂ္ဂိုလ်ဟာ ကျွန်မရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ တည်နေ ရတဲ့သူပဲ ဖြစ်ချင်ဖြစ်ပါစေ၊ ကျွန်မသားပင် ဖြစ်နေရသော်လည်း ဤကဲ့သို့ လှပတင့်တယ်တဲ့ ခန္ဓာကိုယ်အတ္တဘောရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ညစ်ပတ်ပေရေသောလုပ်ငန်း, အောက်တန်းကျသော အသက်မွေးဝမ်းကြောင်းလုပ်ငန်းစတဲ့ ဒီလို အဆင့်နိမ့်တဲ့ လုပ်ငန်းရပ်တွေနှင့်တော့ မလျော်ပါဘူးလို့ နှလုံးပိုက်ကာ ဆင်ထိန်း, မြင်းထိန်း, နွားကျောင်းစတဲ့ လုပ်ငန်းရပ်တွေကို ယခုလို ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေတဲ့သူကို မခိုင်းစေကြတော့ဘူး။ ဤအကျိုးတရားတွေကတော့ သူတစ်ပါးတို့၏ အကျိုးစီးပွား, သတ္တဝါတွေ၏ အကျိုးစီးပွားတွေကို လိုလားတောင့်တတဲ့ မေတ္တာဓာတ်တွေ ခြံရံပြီးတော့ သူထူထောင်ခဲ့တဲ့ကံက ဖန်တီးပေးလိုက်တဲ့ အကျိုးတရားတွေပဲ။

ယခုလို ယုတ်ညံ့တဲ့ အလုပ်တွေကို မခိုင်းစေဘူးဆိုလျှင် မည်ကဲ့သို့သော အလုပ်တွေကို ပြုလုပ်စေသလဲ? သိမ်မွေ့တဲ့အဝတ်ပုဆိုး အဝတ်အစားတွေကို ဝတ်စားဆင်ယင်စေကာ ဘဏ္ဍာစိုးရာထူးစတဲ့ ရာထူးဌာနန္တရတွေကိုသာ ခိုင်းစေကြတော့တယ်။ အကယ်၍ ယင်းကောင်းမှုရှင်ဟာ ယခုလို ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေတဲ့ အမျိုးသမီး ဖြစ်ခဲ့မယ်ဆိုလျှင်လည်း ဆင်စာထမင်း ချက်ခြင်းစတဲ့ နိမ့်ကျတဲ့ လုပ်ငန်းရပ်တွေကို မခိုင်းစေတော့ဘဲ ဝတ်စားတန်ဆာ အမျိုးမျိုးတွေကို ဝတ်စားဆင်ယင်စေကာ အိမ်ကို ထိန်းသိမ်း အုပ်ချုပ်သူအဖြစ် အဆင့်မြင့်တဲ့နေရာမှာ ထားကြတယ်။

သူတစ်ပါးတို့၏ ကောင်းကျိုးကို လိုလားတောင့်တတဲ့ မေတ္တာဓာတ်တွေ ခြံရံပြီးတော့ ကုသိုလ်ကံတွေကို ထူထောင်ခဲ့တဲ့အတွက် မိမိရဲ့ ကောင်းကျိုးကို လိုလားတောင့်တနေတဲ့ ပုဂ္ဂိုလ်တွေကလည်း ရောက်လေရာမှာ ဆီးကြိုနေကြတယ်။ ဤနေရာမှာ အဋ္ဌကထာက (အဘိ၊ဋ္ဌ၊၂၊၄၂၁-၄၂၂။) သာမဒေဝီဝတ္ထုကို ဖော်ပြထားပါတယ်။


သာမဒေဝီ

သီဟိုဠ်ကျွန်းဝယ် ဘာတိကမင်းလက်ထက်က နွားသားကို မစားရဟု တိုင်းပြည်ကို ရှင်ဘုရင်က အမိန့်အာဏာ ထုတ်ပြန်ကြေညာထားတယ်။ လူတော်တော်ခပ်များများက နွားသားကို စားကြပြန်တယ်။ အဲဒီ နွားသား စားကြတဲ့လူတွေ ခပ်များများကို ဖမ်းဆီးပြီးတော့ ဘာတိကမင်းထံကို ခေါ်ဆောင်လာကြတယ်။ ဘာတိကမင်းက အဲဒီနွားသားစားတဲ့ သူတွေကို ဒဏ်ပေးဖို့ရန်အတွက် ဘယ်လို အပြစ်ဒဏ်ကို ပေးသင့်ပါသလဲလို့ မှူးကြီး မတ်ရာတွေကို တိုင်ပင်ကြည့်လိုက်တဲ့အခါ မှူးကြီးမတ်ရာတွေကလည်း ဒဏ်ပေးဖို့ရန် မစွမ်းနိုင်တဲ့အကြောင်းကို တင်ပြကြတယ်။ ဒါနဲ့ပဲ ဘာတိကမင်းက နွားသားစားသူတွေကို မင်းရင်ပြင်တော်မှာ သန့်ရှင်းရေးတွေကို ပြုလုပ်သူ အလုပ်သမားတို့အဖြစ် ပြုလုပ်ကြရန် အမိန့်ချမှတ်ပေးလိုက်တယ်။

ယင်းပုဂ္ဂိုလ်တွေထဲမှာ သမီးရတနာကလေးတစ်ဦး ပါလာတယ်။ ရုပ်အဆင်းက သိပ်ပြီးတော့ လှပတင့်တယ်နေတယ်၊ ရှုချင်စဖွယ် ရှိတယ်၊ မြင်တွေ့လိုက်ရလျှင် စိတ်ကြည်လင်မှုကို အများဆုံး ဖြစ်စေတယ်၊ ကြည်ညိုဖွယ် ဂုဏ်ကို ဆောင်ထားနိုင်တယ်။ ယင်းသတို့သမီးကို မြင်ရတဲ့အခါ ဘာတိကမင်းက နန်းတွင်းသို့ ဆောင်ယူကာ အကျွမ်းဝင်သူတို့ရဲ့ အရာဌာနမှာ ထားလိုက်တယ်။ ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံအောင် တည်ထောင်ဖန်ဆင်းပေးလိုက်တဲ့ ကံပိုင်ရှင် ယင်းအမျိုးသမီး၏ အာနုဘော်ကြောင့် ယင်းသတို့သမီး၏ ဆွေမျိုး သားချင်းတစ်စုတို့ဟာလည်း ချမ်းချမ်းသာသာနှင့် အသက်မွေးကြရတယ်။

ဤကဲ့သို့ လှပတင့်တယ်နေတဲ့ ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေတဲ့ ခန္ဓာကိုယ် အတ္တဘောမှာ မကောင်းမှုအကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် မစွမ်းနိုင် ဖြစ်နေကြတယ်။ ဥပဓိသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် အကုသိုလ်ကံတွေဟာ အကျိုးမပေးနိုင်ကြတော့ဘူး။ (အဘိ၊ဋ္ဌ၊၂၊၄၂၁-၄၂၂။)

ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေတဲ့သူကို အတိတ်က ဆောက်တည်ကျင့်သုံး ခဲ့တဲ့ အကုသိုလ်ကံတွေက အကျိုးပေးဖို့ရန် အခွင့်အလမ်းတွေဟာ လွယ်လွယ်နှင့် ပွင့်လန်းမလာနိုင်ဘူးဆိုလျှင် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံအောင် ကံတွေကို ထူထောင်တဲ့အပိုင်းမှာ ယင်းကံကို ဒေါသဓာတ်တွေ မခြံရံစေဘဲ မေတ္တာဓာတ်တွေဖြင့်သာ လွှမ်းခြုံထားဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ မိမိထူထောင်နေတဲ့ကံကို မေတ္တာဓာတ်ဖြင့် ထုံမွှမ်းပေးရခြင်းဆိုတဲ့ လုပ်ငန်းရပ်ဟာ အလွန်ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုတော့ မဟုတ်ပါဘူး။ မိမိတို့ရဲ့ စိတ်ဓာတ်ကို မေတ္တာဘာဝနာ စခန်းသာသို့ မကြာခဏ အလည်အပတ် လွှတ်ပေးဖို့သာ လိုပါတယ်။

အထက်ပါ သာမဒေဝီဝတ္ထုကို ထောက်ရှုကြည့်လိုက်လျှင် ကောက်ချက် ချကြည့်လိုက်လျှင် တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံရခြင်းဆိုတဲ့ အကျိုးတရားမှာ ကံကို ပြုစုပျိုးထောင်ခဲ့သူ ကံပိုင်ရှင်နှင့်သာ သက်ဆိုင်တာကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် အခြားအခြားသော ပဝတ္တိ ကောင်းကျိုးတွေကြတော့ ကံပိုင်ရှင်လည်း ရယူခံစားနိုင်တယ်၊ ကံပိုင်ရှင်နှင့် နီးစပ်ရာပုဂ္ဂိုလ်တို့လည်း ကောင်းကျိုး ချမ်းသာသုခ အဝဝကို ရယူခံစားနိုင်ကြတယ်ဆိုတဲ့ ဤသဘောတရားကို တွေ့ရှိနိုင်ပါတယ်။

အမှတ် (၃) ကံ - ကာလသမ္ပတ္တိ၌ တည်နေသူ

သတ္တဝါတစ်ဦးမှာ အတိတ်ဘဝထိုထိုမှာ ဆောက်တည်ကျင့်သုံးခဲ့တဲ့, လက်သွက်သွက်နှင့် လွန်ကျူးခဲ့တဲ့, စုဆောင်းထားခဲ့တဲ့ အကုသိုလ်ကံတွေက ဒုနဲ့ဒေး တစ်ပုံကြီး ရှိနေပြန်တယ်။ အကယ်၍ ဤပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်တရားတွေ ပျက်စီးနေတဲ့ကာလဆိုတဲ့ ကာလဝိပတ္တိမှာ တည်နေရမယ်, လူ လာဖြစ်ရမယ်ဆိုလျှင်တော့ ယင်းအကုသိုလ်ကံတွေက မကောင်းကျိုးတွေကို အကျိုးပေးမှာတော့ သေချာနေတယ်။

ဒါပေမယ့်လို့ ဤပုဂ္ဂိုလ်က အတိတ်ဘဝတစ်ခုခုက သူဆောက်တည် ကျင့်သုံးခဲ့တဲ့ ကုသိုလ်ကံတစ်ခုက အလျင်ရင့်ကျက်လာလို့ အကျိုးပေးဖို့ရန် အခါအခွင့်က သင့်လာတဲ့အတွက် ငါးပါးပဉ္စသီ ခါးဝတ်ပုဆိုးကဲ့သို့ မြဲနေတဲ့ ကမ္ဘာဦးကာလမှာ လာပြီးတော့ လူဖြစ်ရပြန်တယ်။ သို့မဟုတ်လည်း စကြဝတေးမင်း အစရှိတဲ့ မင်းကောင်းမင်းမြတ်တွေ ပေါ်ထွန်းနေတဲ့အခါမှာ လာပြီးတော့ လူဖြစ်နေရပြန်တယ်၊ သို့မဟုတ်လည်း ဘုရားရှင်တို့ ပွင့်ထွန်းတော်မူရာ အချိန်ကာလမှာ လာပြီးတော့ လူဖြစ်နေရပြန်တယ်။

ဤကဲ့သို့ သူတော်သူမြတ်တို့ ဖြစ်ထွန်းပေါ်ပေါက်ရာ အချိန်ကာလကောင်းဆိုတဲ့ ကာလသမ္ပတ္တိမှာ လူလာဖြစ်နေရတဲ့ ဤပုဂ္ဂိုလ်အဖို့ အတိတ်က သူဆောက်တည်ကျင့်သုံးခဲ့ဖူးတဲ့ အကုသိုလ်ကံတွေက အကျိုးပေးဖို့ရန် အခါအခွင့်မသင့် ဖြစ်နေကြပြန်တယ်။ ဒီလို ကာလသမ္ပတ္တိအခါမှာ ကုသိုလ်ကံ တွေက တစ်ဖက်သတ် အကျိုးပေးဖို့ရန် အခါအခွင့်တွေက ပွင့်လန်းနေကြတယ်။ ကာလသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် အကုသိုလ်ကံတွေက အကျိုးမပေးနိုင် ဖြစ်နေကြတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၂၂။)

ထိုကြောင့် ကာလသမ္ပတ္တိမှာ လူလာဖြစ်ရတာ ကံသိပ်ကောင်းတယ်လို့တော့ ပြောနိုင်တယ်။ ဥပမာ -- ကမ္ဘာဦးကာလတို့လို ကာလမျိုး ဆိုကြပါစို့၊ အဲဒီအချိန်အခါမှာ လူတိုင်းလူတိုင်းက ငါးပါးပဉ္စသီ ခါးဝတ်ပုဆိုးလို မြဲနေကြတယ်။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ အချိန်ကာလတွေမှာလည်း များသောအားဖြင့် အများစုက ငါးပါးသီလတွေ မြဲနေကြတယ်။ ဒီလို ကိုယ်ကျင့်တရားတွေက သိပ်ကောင်းနေတဲ့ ခေတ်ကာလမှာ မိမိကလည်း အလားတူပဲ ကိုယ်ကျင့်တရားတွေ ကောင်းမွန်တဲ့သူ ဖြစ်လာနိုင်တယ်။

မိမိက အခါအခွင့်သင့်လို့ ဘုရားရှင်တို့ရဲ့ သာသနာတော်နှင့် ကြုံခိုက်မှာ သမထ-ဝိပဿနာဘာဝနာတွေကိုပါ တစ်ဆင့်တက်ပြီး အားထုတ်လိုက်လျှင် မိမိရဲ့ စိတ်ဓာတ်တွေကပါ ပိုပြီး ဖြူစင်လာတဲ့အတွက် ကာယသုစရိုက်, ဝစီသုစရိုက်တွေတွင်သာမက မနောသုစရိုက်တရားတွေနှင့်ပါ ပြည့်စုံလာနိုင်တယ်။ ဒီလို သုစရိုက်တရားတွေကို ဖြည့်ကျင့်နေခြင်းဟာ နောက်ပြောမည့် ပယောဂသမ္ပတ္တိစက်နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်နေတာလည်း ဖြစ်တယ်။ ကာလသမ္ပတ္တိနှင့် ပြည့်စုံနေတဲ့ သူတစ်ဦးကို ပယောဂသမ္ပတ္တိကပါ ဝိုင်းပြီး ပံ့ပိုးပေးလိုက်တော့ အတိတ်က အကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့်ကို မရနိုင် ဖြစ်နေကြတယ်။ ထိုကြောင့် ကာလသမ္ပတ္တိမှာ လူဖြစ်လာရတာ သိပ်ကံကောင်းပါတယ်။ နောက်တစ်ခု ထပ်ပြောကြရအောင် ---

အမှတ် (၄) ကံ - ပယောဂသမ္ပတ္တိ၌ တည်နေသူ

နောက်ပုဂ္ဂိုလ်တစ်ယောက် ဆိုကြစို့ ... သူ့မှာလည်း အတိတ်ဘဝ ထိုထိုက ဆောက်တည်ကျင့်သုံးခဲ့တဲ့, လွန်ကျူးခဲ့မိတဲ့ အကုသိုလ်ကံတွေ များစွာပဲ ရှိနေကြပြန်တယ်။ ယင်းအကုသိုလ်ကံတွေဟာ ပယောဂစက် ချို့တဲ့ခဲ့မယ်ဆိုလျှင်တော့ အကျိုးပေးတော့မှာ သေချာတယ်။ ပယောဂစက် ချို့တဲ့တယ်ဆိုတာကတော့ ဒုစရိုက်အမျိုးမျိုးတွေကို အဖိုးအခ မယူဘဲနဲ့ပဲ ဖြစ်စေ, အဖိုးအခယူလို့ပဲ ဖြစ်စေ လက်သွက်သွက်နဲ့ အာသွက်လျှာသွက်နဲ့ မြိန်ရေ ရှက်ရေ လွန်ကျူးနေတာကို ပြောတာပါ။

အဲဒီလို ဒုစရိုက်တွေကို မိတ်ဆွေဖွဲ့ထားတဲ့ အကျင့်တွေမှာ ရပ်တည်နေတဲ့သူကို ပယောဂဝိပတ္တိ (= ပျက်စီးနေတဲ့ပယောဂ)မှာ ရပ်နေတဲ့ပုဂ္ဂိုလ်လို့ ခေါ်ဆိုတယ်။ ယခုလို ပယောဂစက် ပျက်စီးနေတဲ့ ပယောဂဝိပတ္တိမှာ ရပ်တည်နေခဲ့မယ်ဆိုလျှင်တော့ အတိတ်က သူထူထောင်ထားခဲ့တဲ့ အကုသိုလ်ကံ တွေက မကောင်းကျိုးတွေကိုပေးတော့မှာ သေချာသလောက် ဖြစ်နေတယ်။

သို့သော် အတိတ်က စုဆောင်းရှာဖွေခဲ့တဲ့ စရဏမျိုးစေ့ခေါ်တဲ့ ကောင်းမှုကုသိုလ်ကံတစ်ခုက မြှောက်တင်ပေးလိုက်တဲ့အတွက် ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေ, မိတ်ကောင်းဆွေကောင်း မိကောင်းဘကောင်း တွေနှင့် လာပြီးတော့ ဆုံဆည်းရတဲ့အတွက် သီလကျင့်စဉ်တွေကို တကယ် လက်တွေ့ ကျင့်ဖြစ်တယ်၊ သမာဓိကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ဖြစ်တယ်၊ ဝိပဿနာကျင့်စဉ်တွေကိုလည်း တကယ်လက်တွေ့ အောင်အောင် မြင်မြင် ကျင့်ဖြစ်တယ်၊ ကောင်းမှုကုသိုလ် အမျိုးမျိုးတွေကို ပြုစုပျိုးထောင် ဖြစ်တယ်။ ပယောဂသမ္ပတ္တိ (= ကောင်းမှုကုသိုလ်တွေကို ကြိုးစားအားထုတ်ခြင်း) လုံ့လပယောဂခေါ်တဲ့ သမ္ပတ္တိစက်နှင့် ပြည့်စုံနေတယ်။ ကာယကံ စင်ကြယ်မှု, ဝစီကံစင်ကြယ်မှု, မနောကံစင်ကြယ်မှုတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တယ်။

ဒီလို ပယောဂသမ္ပတ္တိစက်နှင့် ပြည့်စုံနေတဲ့ နေရာဌာနမျိုးမှာ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့်ကို မရနိုင်ဖြစ်နေတယ်။ ဧကန္တံ ကုသလေဿဝ ဩကာသော = စင်စစ် ကုသိုလ်ကံက အကျိုးပေးဖို့ရန် အခွင့်အလမ်းကသာ ပွင့်လန်းလျက် ရှိနေတယ် ဒီနည်းအားဖြင့် ပယောဂသမ္ပတ္တိစက်က အချက်ကျကျ ချက်ပိုင်ပိုင် တားမြစ်ထားတဲ့အတွက် အကုသိုလ်ကံတွေဟာ အကျိုးမပေးနိုင် ဖြစ်နေကြတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၂၂။)

ဒီနေရာမှာ မူလဋီကာဆရာတော်က --- ဧကန္တံ ကုသလေဿဝ ဩကာသော = စင်စစ် ကုသိုလ်ကံကသာလျှင် အကျိုးပေးဖို့ရန် အခွင့်အလမ်းတွေက ပွင့်လန်းလျက်ရှိတယ်ဆိုတဲ့ စကားနှင့် ဆက်စပ်ပြီးတော့ ရှင်းလင်း တင်ပြထားပါတယ်။ ဘယ်လိုလဲ?

အချို့အချို့ သူတော်ကောင်းတွေဟာ ကာယကံစင်ကြယ်မှုရှိအောင် ကာယသုစရိုက်တရားတွေကို ဖြည့်ကျင့်ကြတယ်၊ ဝစီကံစင်ကြယ်မှုရှိအောင် ဝစီသုစရိုက်တရားတွေကို ဖြည့်ကျင့်ကြတယ်၊ မနောကံစင်ကြယ်မှုရှိအောင် သမထ-ဝိပဿနာဘာဝနာတွေကို အောင်အောင်မြင်မြင် အားထုတ်ပြီးတော့ စိတ်ဓာတ်တွေကို ဖြူစင်သွားအောင် ဆေးကြောသုတ်သင်ကြတယ်၊ မနောသုစရိုက်တရားတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ကြတယ်၊ ပယောဂသမ္ပတ္တိစက်မှာ ရပ်တည်နေကြတယ်။

အဲဒီလို ပယောဂသမ္ပတ္တိစက်မှာ ပြည့်ပြည့်စုံစုံ ရပ်တည်နေတဲ့ အချို့အချို့ သူတော်ကောင်းတွေမှာ အချို့အချို့သော အကုသိုလ်ကံတွေက ပရိနိဗ္ဗာန် မစံမီ စပ်ကြားကာလတွေမှာ မကောင်းတဲ့ အကျိုးတရားတွေကိုလည်း ပေးတတ်တဲ့သဘော ရှိတယ်မဟုတ်လားလို့ ဒီလိုတော့ မေးစရာရှိတယ်။

ဥပမာ -- အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးကို ကြည့်ပါ၊ အရဟတ္တဖိုလ်ပေါက် သုစရိုက်တရားတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ခဲ့တယ်။ အဆင့်အမြင့်ဆုံး ပယောဂသမ္ပတ္တိစက်မှာ ရပ်တည်တော်မူခဲ့တယ်။ အလားတူပဲ မဟာတိဿကိုယ်တော်မြတ်ကြီး (မ၊ဋ္ဌ၊၁၊၂၃၈။)ဟာလည်း သုစရိုက် တရားတွေကို အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အရဟတ္တဖိုလ်သို့တိုင်အောင် အဖြူစင်ဆုံးဖြစ်အောင် ဖြည့်ကျင့်တော်မူခဲ့တယ်။ ပယောဂသမ္ပတ္တိစက်မှာပဲ ရပ်တည်တော်မူနိုင်တဲ့ သူတော်ကောင်းကြီးတစ်ဦး ဖြစ်တယ်။

အလားတူပဲ အလောင်းတော်ခန္တီဝါဒီရသေ့ကြီးဆိုလျှင်လည်း သုစရိုက် တရားတွေကို စင်ကြယ်အောင် ဖြည့်ကျင့်တော်မူခဲ့ပါတယ်၊ မေတ္တာစျာန်တွေကို ရအောင်, စျာန်အဘိညာဏ် အမျိုးမျိုးတွေကို ရအောင် ကြိုးစား အားထုတ်ခဲ့တဲ့ သူတော်ကောင်းကြီး ဖြစ်ပါတယ်။ ပယောဂသမ္ပတ္တိစက်မှာပဲ ခိုင်ခိုင်ခံ့ခံ့ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ရပ်တည်တော်မူခဲ့တဲ့ သူတော်ကောင်းကြီးပဲ ဖြစ်တယ်။

ယခုလို ပယောဂသမ္ပတ္တိနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းကြီးတွေဟာ အဘယ်ကြောင့် ဆင်းရဲဒုက္ခ ရောက်ကြရသလဲလို့ မေးစရာရှိတယ်။ အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးလည်း ခိုးသားငါးရာတို့ရဲ့ ရိုက်သတ်တဲ့ ဒဏ်ကို ခံခဲ့ရတယ်။ မဟာတိဿကိုယ်တော်ကြီးလည်း ခိုးသားတို့ရဲ့ ရိုက်ပုတ်မှုနှင့် ဆက်နွယ်နေတဲ့ ဆင်းရဲဒုက္ခကို ခံခဲ့ရတယ်။ ခန္တီဝါဒီရသေ့ကြီး ဟာလည်း ကလာဗုမင်းရဲ့ ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးတွေကို အသက်ပါ ဆုံးရှုံးသည့်တိုင်အောင် ခံခဲ့ရတယ်။ ယခုလို ဆင်းရဲဒုက္ခ အမျိုးမျိုးတွေကို တွေ့ကြုံရခြင်းဟာ အတိတ်က ထူထောင်ခဲ့တဲ့ အကုသိုလ်ကံတွေရဲ့ အကျိုး တရားတွေပဲ မဟုတ်ဘူးလားလို့တော့ မေးစရာရှိတယ်။

ဤနေရာမှာ မူလဋီကာ (မူလဋီ၊၂၊၂၁၀။) ဆရာတော်ကတော့ ညှဉ်းပန်း နှိပ်စက်လိုတဲ့, သတ်ဖြတ်လိုတဲ့ ရန်သူရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ကိုယ့်ထက်သာ မနာလိုခြင်းဆိုတဲ့ ဣဿာတရားစတဲ့ အကြောင်းတရားတွေအပေါ် အခြေခံပြီးတော့ ယင်းသူတော်ကောင်းတွေအပေါ်မှာ ဖောက်ဖောက်ပြန်ပြန် မှားမှားယွင်းယွင်း အထင်လွဲ အမြင်လွဲ စွဲယူထားတဲ့ စိတ်ဓာတ်ကြောင့်သာလျှင် ဒီလို ဆင်းရဲတဲ့အကျိုးတရားတွေ ဖြစ်ပေါ်လာရပါတယ်။ ပယောဂ သမ္ပတ္တိနှင့် ပြည့်စုံခြင်းဆိုတဲ့ ဤအကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတာ မဟုတ်ပါဘူး။ ပယောဂသမ္ပတ္တိဟာ မကောင်းသော အကျိုးကို ဘယ်တော့မှ မပေးပါဘူး။ ဒီလိုအနက်သဘောကို ရည်ရွယ်ကာ အဋ္ဌကထာက ဖွင့်ဆိုသွားခြင်းဖြစ်ကြောင်းကို ရှင်းလင်း တင်ပြထားပါတယ်။ (မူလဋီ၊၂၊၂၁၁။)

သို့သော် ဓမ္မပဒအဋ္ဌကထာ (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၄-၄၅။)မှာ ဖွင့်ဆိုထားတဲ့ ဖွင့်ဆိုချက်နှင့်အညီ ညှိနှိုင်းယူမယ်ဆိုလျှင်တော့ ယခုလိုလည်း ပြောနိုင် ပါတယ်။ ပစ္စုပ္ပန်မှာလည်း အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လိုတဲ့ တိတ္ထိတွေသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ မနာလိုခြင်း ဣဿာတရားစတဲ့ အကုသိုလ်တရားတွေကို အကြောင်းခံပြီးတော့ သူတို့မှာ လာဘ်လာဘတွေ လျော့နည်းသွားတာဟာ အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးကြောင့် ဖြစ်ရပါတယ် စသည်ဖြင့် ဖောက်ဖောက်ပြန်ပြန် မှားမှားယွင်းယွင်း အထင်လွဲ အမြင်လွဲ စွဲယူထားတဲ့ စိတ်ဓာတ်တွေကလည်း အနီးကပ်ဆုံး အကြောင်းတစ်ခု ဖြစ်တယ်။

ဒီအကြောင်းအထောက်အပံ့ကောင်းကို ရရှိခဲ့တဲ့အခါ အတိတ်ဘဝက မိဘကို သတ်ခဲ့ဖူးတဲ့ အကုသိုလ်ကံတွေကလည်း အကျိုးပေးဖို့ရန် ရင့်ကျက် လာတဲ့အတွက် အကျိုးပေးဖို့ရန် အခွင့်သာလာတယ်။ ယခုလို ပစ္စုပ္ပန်ကံကို အဖော်သဟဲ ရတဲ့အတွက် အတိတ်ကံက ဝင်ရောက်အကျိုးပေးတယ်လို့ မှတ်ပါ။ ပစ္စုပ္ပန်မှာ အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီး ထူထောင်ထားတဲ့ ပယောဂသမ္ပတ္တိစက်ကို အမှီရလို့ အတိတ်အကုသိုလ်ကံက အကျိုး ပေးတာ မဟုတ်ဘူးလို့ ဆိုလိုပါတယ်။ အင်မတန် စိတ်ဝင်စားဖို့ကောင်းတဲ့ ကံတွေရဲ့ အကျိုးပေးဆန်းကြယ်ပုံအပိုင်းတွေပဲ။ (က)အုပ်စု -- ကံ (၄)မျိုး အကြောင်းကိုတော့ ပြောပြီးသွားပြီ။ နောက်ထပ် (ခ)အုပ်စု -- ကံ (၄)မျိုး အကြောင်းကို ပြောကြရအောင် ---


(ခ) အုပ်စု - ကံ (၄)မျိုး

အမှတ် (၁) ကံ - ဂတိဝိပတ္တိ၌ တည်နေသူ

ပုဂ္ဂိုလ်တစ်ယောက်၏ သန္တာန်မှာ အတိတ်ဘဝထိုထိုက ဆောက်တည် ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံတွေဟာ ဒုနဲ့ဒေး များစွာပဲ တည်ရှိနေကြတယ်။ ဒါပေမယ့် ယင်းပုဂ္ဂိုလ်က လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ဆိုတဲ့ ပြည့်စုံ ကောင်းမွန်တဲ့ ဂတိသမ္ပတ္တိမှာ တည်ရှိနေမယ်ဆိုလျှင် ယခုလို ဂတိသမ္ပတ္တိမှာ တည်ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ယင်းအကုသိုလ်ကံတွေက အကျိုးမပေးနိုင်တဲ့သဘော ရှိနေကြပြန်တယ်။ သို့သော် ဤပုဂ္ဂိုလ်ဟာ တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် အပါယ်လေးဘုံဆိုတဲ့ ပျက်စီးနေတဲ့ ဂတိ တစ်ခုခုမှာ သွားပြီးတော့ ပဋိသန္ဓေ တည်နေရပြန်တယ်။

ယခုလို ပျက်စီးနေတဲ့ဂတိဆိုတဲ့ ဂတိဝိပတ္တိမှာ တည်ရှိနေခိုက် သူ့ရဲ့ အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံ တွေဟာ တစ်ခုပြီးတစ်ခု တစ်လှည့်ပြီးတစ်လှည့် အလှည့်ကျအနေနဲ့ မကောင်း ကျိုးတွေကို လာပေးကြပြန်တယ်။ အဲဒီ အကုသိုလ်ကံတွေထဲမှာ သန္နိဋ္ဌာပက စေတနာခေါ်တဲ့ ပြစ်မှုတွေကို လွန်ကျူးနေဆဲ အချိန်ကာလက ဖြစ်ပေါ်ခဲ့တဲ့ အကုသိုလ်ကံတွေက အရှိန်အဝါ ပိုပြီးတော့ အားကောင်းကြတယ်၊ အစွမ်း ထက်ကြတယ်။

အဲဒီ အစွမ်းထက်နေတဲ့ အရှိန်အဝါ အားကောင်းနေတဲ့ ကံတွေက ယင်းကံပိုင်ရှင်သတ္တဝါကို ငရဲသို့ ပစ်ချကြပြန်တယ်။ ငရဲ၌ ဖြစ်စေကြပြန်တယ်။ အဲဒီ အကုသိုလ်ကံတွေထဲမှာ သန္နိဋ္ဌာပကစေတနာခေါ်တဲ့ ကံတွေကို ထူထောင်နေဆဲ အချိန်ကာလက ဖြစ်ပေါ်ခဲ့တဲ့ အကုသိုလ်ကံတွေ မဖြစ်မီ ရှေးပိုင်းကာလနှင့် ဖြစ်ပြီး နောက်ပိုင်းကာလတို့မှာ ဖြစ်ပေါ်သွားခဲ့ကြတဲ့ အကုသိုလ်ကံတွေလည်း ရှိကြတယ်။

ယင်း အကုသိုလ်ကံတွေထဲက အားကောင်းမောင်းသန်နေတဲ့ အကုသိုလ်ကံတွေကလည်း ဤသတ္တဝါကို ငရဲကနေ ခေါင်းမထောင်နိုင်အောင် ထပ်နှစ်ထားကြပြန်တယ်။ အားပျော့နေတဲ့ အကုသိုလ်ကံတွေကတော့ တစ်ခါတစ်ရံ တိရစ္ဆာန်ဘုံမှာ ဖြစ်စေကြပြန်တယ်။ တစ်ခါတစ်ရံ ပြိတ္တာဘုံ ဘဝမှာ ဖြစ်စေကြပြန်တယ်။ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်ကာလပတ်လုံး အပါယ်မှ ဦးခေါင်းကို မြှောက်ချီခွင့်မပေး ဖြစ်နေကြတယ်။ ဘာကြောင့် ယခုလို ဖြစ်ရသလဲ?

နည်းနည်းတော့ ထပ်ရှင်းပြချင်သေးတယ်၊ ယေဘုယျအားဖြင့်တော့ အလွန်အားကောင်းတဲ့ အကုသိုလ်ကံတွေကြောင့် ငရဲသို့ ကျရောက်သွားတဲ့ အခါ အရှိန်အဝါ အားကောင်းတဲ့ အကုသိုလ်ကံတွေက မကုန်မချင်း ငရဲမှ မလွတ်နိုင် ဖြစ်နေတတ်တယ်။ အလွန်အားကောင်းတဲ့ အကုသိုလ်ကံတွေက လျော့ပါးသွားတဲ့အခါ ကျန်နေတဲ့ အကုသိုလ်ကံတချို့ကြောင့် ငရဲကြီးမှ ငရဲကလေးသို့ ကူးပြောင်းကာ ခံကြရပြန်တယ်။ တစ်ဖန် ငရဲကလေးမှ လွတ်လာ ပြန်တော့လည်း ကြွင်းကျန်နေသေးတဲ့ အကုသိုလ်ကံတချို့ကြောင့် ပြိတ္တာ ဘဝသို့ ရောက်ရှိတတ်ပြန်တယ်။ တစ်ခါ ပြိတ္တာဘဝမှ ကျွတ်လွတ်လာပြန် တော့လည်း ကြွင်းကျန်နေသေးတဲ့ အရှိန်အဝါ အားပျော့နေတဲ့ အကုသိုလ်ကံ တွေကြောင့် တိရစ္ဆာန်ဘဝသို့ ရောက်တတ်ပြန်တယ်။

တိရစ္ဆာန်သတ္တဝါတွေ တစ်နေ့တစ်နေ့မှာ ဘာတွေ လုပ်နေကြသလဲ? အမိမှန်းမသိ, အဖမှန်းမသိ, သားမှန်းမသိ, သမီးမှန်းမသိ တစ်ဦးနဲ့တစ်ဦး မေထုန်မှီဝဲကြတယ်၊ ပိုင်းခြားကန့်သတ်ချက်ဆိုတာ သူတို့မှာ လုံးဝ မရှိဘူး၊ ပြီးတော့ သူတို့လောက,က နိုင်ရာစားလောက ဖြစ်တယ်၊ အားနွဲ့သူကို အားကြီးသူက သတ်ဖြတ်ကာ စားသောက်နေကြတယ်၊ စားခြင်း, မေထုန်မှီဝဲခြင်း, အိပ်ခြင်းဆိုတဲ့ ဤလုပ်ငန်းရပ် သုံးခုကိုသာ ဦးစားပေး ပြုကျင့်ကာ နေထိုင်နေကြတဲ့လောက ဖြစ်တယ်။

ယခုလို တိရစ္ဆာန်ဘဝမှာ ဆောက်တည်ကျင့်သုံးလိုက်တဲ့ အကုသိုလ်ကံတွေကြောင့် တစ်ဖန် သေပြီးတဲ့အခါ ငရဲသို့ ရောက်ကြရပြန်တယ်။ တစ်ဖန် ငရဲကြီးမှ ငရဲကလေး, ငရဲကလေးမှ ပြိတ္တာ, ပြိတ္တာဘဝမှ တိရစ္ဆာန်ဘဝသို့ တစ်ဖန် ပြန်လည်ပတ်လာပြန်တယ်။ ဤနည်းစနစ်အားဖြင့် ကျင်လည်နေကြရတဲ့အတွက် အပါယ်လေးဘုံသို့ ရောက်ရှိသွားတဲ့ သတ္တဝါတစ်ဦးဟာ လွယ်လွယ်နဲ့ အပါယ်လေးဘုံမှ ဦးခေါင်း မထောင်နိုင်ခြင်း ဖြစ်တယ်။

ဘယ်လိုတုန်း စာဖတ်ပရိသတ်တွေ ... ကြောက်ဖို့ သိပ်မကောင်းဘူးလား? ကြောက်ဖို့ သိပ်ကောင်းတယ်။ ယခုပြောခဲ့တာကတော့ ဂတိသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် အကျိုးမပေးနိုင်တဲ့ အကုသိုလ်ကံတွေဟာ ဂတိဝိပတ္တိဆိုတဲ့ အမှီသဟဲကို ရရှိတဲ့အခါ ဆက်တိုက် အကျိုးပေးတတ်တဲ့ ဥပဒေသတစ်ခုပဲ။


ဓမ္မရုစိမထေရ်

ဤနေရာမှာ ဓမ္မရုစိမထေရ် (အပဒါန၊ဋ္ဌ၊၂၊၂၂၁၀-၂၁၁။) အကြောင်းကို နည်းနည်း ပြောကြရအောင် ---

ဘုန်းကြီးတို့ရဲ့ ဂေါတမမြတ်စွာဘုရားအလောင်းတော်ဖြစ်တဲ့ သုမေဓာ ရှင်ရသေ့က ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်းမှာ ဝပ်စင်းပြီးတော့ နိယတ ဗျာဒိတ်ပန်းကို ဆင်မြန်းတော်မူနေပါတယ်။ ယင်းဗျာဒိတ်ခံပွဲမှာ ပွဲကြည့် ပရိသတ်တွေထဲမှာ မေဃဆိုတဲ့ ဗြာဟ္မဏလုလင်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ မေဃလုလင်ကလည်း သုမေဓာရှင်ရသေ့အပေါ်မှာ သိပ်ပြီးတော့ ကြည်ညိုသွားတယ်။

ရုပ်အဆင်း ကြည့်လိုက်တော့လည်း ရွှေအဆင်းလို ဝင်းနေတယ်။ စျာန်အဘိညာဏ်ဆိုတဲ့ ဂုဏ်ထူးတွေနှင့် တန်ဆာဆင်ထားတာကိုလည်း တွေ့မြင်နေရပြန်တယ်။ ကုဋေ (၈၀)မက ကြွယ်ဝချမ်းသာတဲ့ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ကာ တောထွက်သွားတဲ့ ရသေ့သူတော်ကောင်းတစ်ဦးကလည်း ဖြစ်နေပြန်တယ်။ နောင်တစ်ချိန်မှာလည်း ဂေါတမအမည်ရှိတဲ့ ဘုရား ဖြစ်တော်မူလိမ့်ဦးမယ်လို့လည်း ဒီပင်္ကရာဘုရားရှင်က ဗျာဒိတ်ပန်း ဆင်မြန်း ပေးနေတာကိုလည်း တွေ့မြင်နေရပြန်တယ်။

ဒီလို သုမေဓာရှင်ရသေ့မှာ အဖက်ဖက်က ဂုဏ်ထူးဝိသေသတွေနှင့် တင့်တယ်နေတာကို တွေ့ရတော့ သူက သိပ်ကြည်ညိုသွားတယ်။ ဒီလို ကြည်ညိုသွားတဲ့အတွက် သုမေဓာရှင်ရသေ့နှင့်အတူ အတုလိုက်ကာ ရသေ့ ရဟန်း ပြုလိုက်တယ်။ သုမေဓာရှင်ရသေ့နောက်သို့ လိုက်ပါသွားလိုက်ပါတယ်။ သုမေဓာရှင်ရသေ့ထံမှ နည်းခံကာ ပါတိမောက္ခသံဝရသီလခေါ်တဲ့ ဝိနည်းသီလတွေကို ကောင်းစွာ စောင့်စည်းခဲ့တယ်။ ဣန္ဒြေခြောက်ပါး တံခါး ခြောက်ပေါက်တို့မှ ကိလေသာတွေမဝင်အောင် သမထ-ဝိပဿနာ နှစ်ဖြာသော ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ကို သွတ်သွင်းထားကာ ဣန္ဒြိယသံဝရသီလကို ကောင်းစွာ လုံခြုံအောင် စောင့်စည်းခဲ့တယ်။

အသက်မွေးမှု စင်ကြယ်ခြင်းဆိုတဲ့ အာဇီဝပါရိသုဒ္ဓိသီလကိုလည်း ကောင်းစွာ လိုက်နာကျင့်သုံးခဲ့တယ်။ သတိပဋ္ဌာန်တရားတွေကို အစဉ်ပွားကာ ခိုင်မြဲတဲ့သတိ ရှိခဲ့တယ်။ အကုသိုလ်တရားတွေကို ပယ်နိုင်ရန်, ကုသိုလ် တရားတွေနှင့် ပြည့်စုံလာရန် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့တယ်။ ဘုရားရှင်ရဲ့ အဆုံးအမ သာသနာကို လိုက်နာပြုကျင့်ခဲ့ပါတယ်။ ဒီအချက်တွေကတော့ သူဖြည့်ကျင့်ခဲ့တဲ့ ပါရမီတရားအပေါင်းတွေပဲ၊ စရဏမျိုးစေ့ကောင်း, ဝိဇ္ဇာမျိုးစေ့ကောင်းတွေပဲ။

တစ်နေ့မှာတော့ ကံဆိုးမိုးမှောင် ကျလာပြန်တယ်။ သုမေဓာရှင်ရသေ့ကို ရေပူရေချမ်း ကမ်းလှမ်းကာ မိမိရဲ့ဘဝမှ လွတ်မြောက်ရေးအတွက်လည်း ခုလို ပါရမီတွေကို ဖြည့်ကျင့်ပြီးတော့ နေထိုင်နေစဉ်မှာပဲ မုဆိုးတစ်ယောက်က သူတို့နေတဲ့ တောထဲကို ရောက်ရှိလာတယ်။ ဤယုတ်မာတဲ့ မိတ်ဆွေနှင့် ပေါင်းဖော်မိတဲ့အတွက် စိတ်ဓာတ်တွေပြောင်းကာ ရသေ့ဘဝကနေ လူထွက်ပြီးတော့ လူတို့ရဲ့ နေရပ်ဒေသကို ပြန်လိုက်သွားခဲ့ပြန်တယ်။

တစ်နေ့မှာတော့ ယင်းယုတ်မာတဲ့ မိတ်ဆွေကပဲ တိုက်တွန်းတာနှင့် မိခင်ရင်းကို သွားပြီး သတ်မိခဲ့တယ်။ အမှားကြီးမှားတဲ့ မှားကွက်တစ်ခု ဖြစ်သွားခဲ့ပြီ။ အင်မတန်ကြီးလေးတဲ့ ဂရုကံကြီးကို လွန်ကျူးမိလိုက်ပြီ။ ကုစားဖို့ရန် သိပ်ခက်ခဲသွားခဲ့ပြီ။

ယင်းအကုသိုလ်ကံက ပစ်ချလိုက်တဲ့အခါ သေပြီးနောက် ငရဲသို့ ရောက်ရှိသွားခဲ့တယ်။ အပါယ်လေးဘုံမှာ ကျင်လည်နေတာ ဘယ်လောက်ကြာတယ် ဆိုတာ အတိအကျ မသိရသော်လည်း စကားစကလေးတစ်ခုကို အပဒါန် အဋ္ဌကထာက ဖော်ပြထားတယ်။ ငရဲမှ ကျွတ်လွတ်လာတဲ့အခါ ငရဲမှာ ကျွတ်လွတ်လာပြီးတော့ မဟာသမုဒ္ဒရာအတွင်းမှာ တိမိင်္ဂလငါးကြီး ဖြစ်နေတယ်ဆိုပြီးတော့ ဒီလိုတော့ ဖော်ပြထားတယ်။ (အပဒါန၊ဋ္ဌ၊၂၊၂၁၁။) အချိန်ကာလကို ကြည့်လိုက်တော့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလ ဖြစ်နေတယ်။

ဆိုလိုတာကတော့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်းမှာ အပါယ်လေးဘုံမှာ ကျင်လည်ကျက်စားမှုတွေက အများဆုံးဖြစ်သဖြင့် ဒီလို ဖွင့်ဆိုထားတယ်လို့ ယူဆရပါတယ်။ နိယတမိစ္ဆာဒိဋ္ဌိကံကလွဲလျှင် ကြွင်းကျန်တဲ့ ကံတွေကြောင့် အပါယ်ရောက်ခဲ့ရလျှင် ကမ္ဘာပျက်တဲ့အခါမှာ အပါယ်သား သတ္တဝါတွေလည်း အပါယ်မှ ကျွတ်လွတ်ကာ ဗြဟ္မာ့ပြည်သို့ ရောက်တတ်တဲ့ ဓမ္မတာရှိတဲ့အတွက်ကြောင့် ခုလို ပြောလိုက်ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ဆိုတဲ့ သုဂတိဘုံတွေကို ခဏခေတ္တလောက်သာ အလည်အပတ် လာပြီးတော့ အပါယ်လေးဘုံမှာ ကျင်လည်ကျက်စားမှုတွေကသာ များပြားနေတဲ့အတွက်ကြောင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး အပါယ်လေးဘုံမှာပဲ ကျင်လည်နေရပုံကို အဋ္ဌကထာက ဖွင့်ဆိုသွားခြင်း ဖြစ်ဟန်တူပါတယ်။

ယင်းတိမိင်္ဂလငါးကြီးဖြစ်စဉ်မှာ လှေသင်္ဘောတစ်စီးကလည်း မဟာသမုဒ္ဒရာထဲကို ကုန်သွယ်ရေးကိစ္စနှင့် သွားခဲ့တယ်။ ဒီလှေသင်္ဘောကို ငါး အမှတ်နှင့် လိုက်ပြီးဟပ်ဖို့ ဒီငါးကြီးက ကြိုးစားပြီး နောက်ကလိုက်နေတယ်။ သင်္ဘောသားတွေက ကြောက်လန့်ကြတဲ့အတွက် အဟော ဂေါတမော ဘဂဝါ = အမယ်လေး ... ဂေါတမ မြတ်စွာဘုရားလို့ ဝိုင်းအော်ကြတယ်။

ထိုအခါမှာ ယင်းငါးကြီးက ဂေါတမ မြတ်စွာဘုရားဆိုတဲ့ အသံကို ကြားလိုက်တဲ့အခါ ဟို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က ဆည်းပူးခဲ့တဲ့ ပါရမီတွေကို ပြန်ပြီးတော့ အမှတ်ရခဲ့တယ်။ ဂေါတမမြတ်စွာဘုရားအပေါ်မှာ ရိုသေလေးစားတဲ့ စိတ်ထားဖြင့် လှေပေါ်ရှိ လူတွေကို မစားတော့ဘဲ နောက်သို့ဆုတ်ကာ မိမိရဲ့ ဆရာဖြစ်ခဲ့ဖူးတဲ့ သုမေဓာရှင်ရသေ့ဘဝမှ ပြောင်းလဲလာတဲ့ ဂေါတမဘုရားရှင်အပေါ်၌ ရိုသေမြတ်နိုးတဲ့ စိတ်ဓာတ်တွေနှင့်ပဲ ငါးဘဝမှ စုတေကာ သာဝတ္ထိပြည်မှာ ကြွယ်ဝချမ်းသာတဲ့ ဗြာဟ္မဏအမျိုးအနွယ်မှာ လူလာဖြစ်ရပြန်တယ်။

အချိန်တန် အရွယ်ရောက်တဲ့အခါ ဘုရားရှင်ထံမှ တရားတော်များကို နာကြားခွင့် ရရှိခဲ့တဲ့အတွက် သဒ္ဓါတရားတွေ တဖွားဖွား ဖြစ်ပေါ်လာကာ သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလိုက်ပါတယ်။ ရဟန်းတရား တွေကို ဆက်လက်ကြိုးပမ်း အားထုတ်တော်မူရာ ပဋိသမ္ဘိဒါဉာဏ်လေးပါး တို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့တိုင်အောင် ဆိုက်ရောက်သွားတော်မူခဲ့ပါတယ်။ (အပဒါန၊ဋ္ဌ၊၂၊၂၁၀-၂၁၁။)

ဤနေရာမှာ မေဃလုလင်ဟာ ဘာကြောင့် အပါယ်လေးဘုံမှာ ဤမျှလောက်တောင် အကြာကြီး နေခဲ့ရသလဲဆိုတာကို သဘောပေါက်အောင် နည်းနည်းတော့ ထပ်ရှင်းပြချင်သေးတယ်။ မိခင်ကို သတ်တဲ့အချိန်အခါမှာ, မသတ်မီ, သတ်ဆဲ, သတ်ပြီးအချိန်အခါတွေမှာ အကုသိုလ်ဇောတွေက မရေမတွက်နိုင်အောင် အကြိမ်များစွာ စောခဲ့ပါတယ်။

မသတ်မီ သတ်ဖို့ရန် ကြံစည်စိတ်ကူးနေတဲ့အချိန်, သတ်ဖို့ ပြင်ဆင်နေတဲ့ အချိန်တွေမှာလည်း အကုသိုလ်ဇောဝီထိတွေဟာ မရေမတွက်နိုင်အောင် အကြိမ်များစွာ စောခဲ့ကြတယ်။ သတ်နေတဲ့ အချိန်အခါမှာလည်း အလားတူပဲ အကုသိုလ်ဇောတွေဟာ အကြိမ်များစွာ စောခဲ့ကြပါတယ်။ အလားတူပဲ သတ်ပြီးတဲ့ နောက်ပိုင်းမှာလည်း မိမိပြုခဲ့တဲ့ မကောင်းမှုကို ပြန်လည်ပြီးတော့ အမှတ်ရတိုင်း အမှတ်ရတိုင်း စိတ်မချမ်းသာမှု ဒေါမနဿပြဓာန်းနေတဲ့ အကုသိုလ်ဇောတွေက ထပ်ကာထပ်ကာ ကြိမ်ဖန်များစွာ ဖြစ်နေခဲ့ကြပါတယ်။ ယခုလို အကုသိုလ်ဇောဝီထိတွေဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ အကြိမ် ကုဋေပေါင်းများစွာ ဖြစ်နိုင်တဲ့သဘောရှိတယ်လို့ ဖေဏပိဏ္ဍူပမသုတ္တန် အဋ္ဌကထာ (သံ၊ဋ္ဌ၊၂၊၂၉၅။)မှာ ဖွင့်ဆိုထားပါတယ်။

ထိုဇောဝီထိတွေထဲက မနောဒွါရိကဇောဝီထိ တစ်ခုတစ်ခုအတွင်းမှာ ယေဘုယျအားဖြင့် ဇောခုနစ်တန် စောတတ်ပါတယ်။ အဲဒီ ဇောခုနစ်တန်အနက် ပထမဇောစေတနာက ထိုပြစ်မှုကို လွန်ကျူးတဲ့ဘဝမှာ မကောင်းတဲ့ အကျိုးကို ပေးတတ်ပါတယ်။ အကျိုးမပေးတော့လျှင်တော့ အဟောသိကံ ဖြစ်သွားတယ်။ သတ္တမဇောစေတနာကတော့ သေပြီးနောက် လားရောက်ရမည့် ပထမဆုံး အနာဂတ်ဘဝသစ်မှာ မကောင်းကျိုးတွေကို ပေးတတ်ပါတယ်။

အကယ်၍ ယင်းအကုသိုလ်ဇောစေတနာက ပထမဆုံး အနာဂတ် ဘဝမှာ အကျိုးမပေးဘူးဆိုလျှင်တော့ အဟောသိကံ ဖြစ်သွားတယ်။ ကံဖြစ်ရုံသာဖြစ်ခဲ့ပြီး အကျိုးမပေးတဲ့ ကံမျိုးကို အဟောသိကံလို့ ခေါ်ပါတယ်။ အလယ်ဇော ငါးတန်တို့ကတော့ နိဗ္ဗာန်မရမချင်း အခါအခွင့်သင့်တဲ့ ဘဝတိုင်းမှာ မကောင်းကျိုးတွေကို ပေးတတ်တဲ့သဘော ရှိပါတယ်။ ယခုလို မကောင်းကျိုးတွေကို ပေးတယ်ဆိုတာကလည်း အထက်က ပြောခဲ့တဲ့အတိုင်း ပျက်စီးနေတဲ့ ဂတိလို့ခေါ်ဆိုတဲ့ ဂတိဝိပတ္တိမှာ ရပ်တည်နေပါမှ ဆက်တိုက် ခေါင်းမဖော်နိုင်အောင် အကျိုးပေးတတ်တဲ့သဘော ရှိပါတယ်။

ယခုလို အမိကို သတ်ခြင်းဆိုတဲ့ အကုသိုလ်ကံတစ်ခုကို ထူထောင်တဲ့ နေရာမှာ မသတ်မီ, သတ်ဆဲ, သတ်ပြီးဆိုတဲ့ အချိန်ကာလတွေမှာ ဇောဝီထိပေါင်းတွေက မရေမတွက်နိုင်အောင် အလွန့်အလွန် များပြားနေတာဖြစ်တော့ ပထမဇောပေါင်းလည်း များစွာ, သတ္တမဇောပေါင်းလည်း များစွာ, အလယ်ဇောငါးတန်ပေါင်းလည်း များစွာပဲ မရေမတွက်နိုင်လောက်အောင် များပြားပါတယ်။

ယင်းအလယ်ဇောတွေ များစွာထဲက ဇောတစ်ခုတစ်ခုဟာ ဂတိဝိပတ္တိ စတဲ့ ဝိပတ္တိစက်တွေကို အမှီရခဲ့မယ်ဆိုလျှင် အရှိန်အဝါတွေ မကုန်မချင်း အပါယ်ဒုဂ္ဂတိဘဝ တစ်ခုတစ်ခုကို ဖြစ်စေနိုင်တဲ့ စွမ်းအားတွေ ရှိနေပါတယ်။ အလယ်ဇောပေါင်းကလည်း မရေမတွက်နိုင်အောင် များလေတော့ အပါယ် ဒုဂ္ဂတိဘဝပေါင်းဟာလည်း မရေမတွက်နိုင်အောင်ဘဲ များနိုင်တဲ့သဘော ရှိပါတယ်။ နောက်တစ်ခု ပြောဦးမယ် ---

အထက်က ပြောခဲ့တဲ့အတိုင်းပဲ ငရဲကြီးမှ လွတ်သော် ငရဲကလေး, ငရဲကလေးမှ လွတ်သော် ပြိတ္တာ, ပြိတ္တာဘဝမှ လွတ်သော် တိရစ္ဆာန်ဘဝဆိုတဲ့ အပါယ်ဘဝတွေမှာပဲ ဆက်တိုက် မျောနေရမည့် သဘောရှိတယ်။ ဒါတွင်လားဆိုတော့ မကသေးပြန်ဘူး၊ ယခုလို တိရစ္ဆာန်ဘဝ ရောက်တဲ့အခါမှာ အကုသိုလ်ဒုစရိုက်တွေကို ထပ်ပြီး လွန်ကျူးပြန်တော့ သေသည်၏အခြားမဲ့မှာ ငရဲသို့ တစ်ဖန် ပြန်ရောက်ပြန်တယ်။

ငရဲကြီးမှ ငရဲကလေး, ငရဲကလေးမှ ပြိတ္တာဘဝ, ပြိတ္တာဘဝမှ တိရစ္ဆာန် ဘဝဆိုပြီး ချာချာလည်နေတတ်တယ်။ ဒါကြောင့် မေဃလုလင်ဟာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး များသောအားဖြင့် အပါယ် သံသရာမှာ မြုပ်ချည်တစ်လှည့် မျောချည်တစ်ခါ ဖြစ်နေရတယ်။ ထိုကြောင့် သူ့ရဲ့ ထေရအပဒါန်မှာ - ဝိနိပါတဂတော သန္တော၊ သံသရိံ ဒုက္ခိတော စိရံ။ (အပဒါန၊၂၊၆၉။)စသည်ဖြင့် အပါယ်သံသရာမှာ ကြာမြင့်စွာ မျောနေရကြောင်းကို သူကိုယ်တိုင် ဖော်ပြသွားပါတယ်။

နောက်ထပ် အလွန်ဆိုးတဲ့ ပြဿနာတစ်ခုကိုလည်း ထပ်ပြောဦးမယ်- ဒီပင်္ကရာမြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်တော်မူတဲ့ ထိုအချိန်ဟာ လူတို့ သက်တမ်း အနှစ်တစ်သိန်းတမ်း ဖြစ်ပါတယ်။ လူတို့သက်တမ်း အနှစ်တစ်သိန်းတမ်းလောက်မှာ လူသားတွေဟာ ငါးပါးပဉ္စသီ ခါးဝတ်ပုဆိုးကဲ့သို့ မြဲကြတဲ့ ခေတ်ကောင်း အခါကောင်းကြီး ဖြစ်ပါတယ်။

ယင်းကဲ့သို့သောခေတ်မှာ လူဖြစ်နေရတဲ့ မေဃလုလင်ရဲ့ မိခင်ဟာလည်း ငါးပါးပဉ္စသီ ခါးဝတ်ပုဆိုးကဲ့သို့ မြဲနေတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီပင်္ကရာဘုရားရှင်၏ သာသနာတော်နှင့် နှစ်ပေါင်းတစ်သိန်းခန့်လောက် ကြုံတွေ့ခွင့် ရှိနေတဲ့အတွက် ဒီပင်္ကရာဘုရားရှင်ထံတော်မှ သစ္စာလေးပါးနှင့်စပ်တဲ့ တရားစကားတော်တွေကို နာကြားခွင့် ရရှိနိုင်တဲ့ အခွင့်အလမ်းတွေကလည်း ပွင့်လန်းဝေဆာလျက် ရှိနေပါတယ်။

ဤကဲ့သို့သော တရားကောင်းတွေကို နာကြားခွင့် ရရှိတဲ့အတွက် ရာဂ, ဒေါသ, မောဟစတဲ့ ကိလေသာတွေကလည်း အလွန်လည်း မထူပြောလှတဲ့ ခေတ်ကောင်း အခါကောင်း ဖြစ်တဲ့အတွက် သစ္စာလေးပါးကို ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့် ထွင်းဖောက်သိမြင်နိုင်တဲ့ အရိယာသူတော်ကောင်းကြီး တစ်ဦးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အကယ်၍ သူ့ရဲ့မိခင်ဟာ ငါးပါးသီလမြဲခြင်း, အရိယာသူတော်ကောင်း ဖြစ်ခြင်းဆိုတဲ့ ဤကဲ့သို့သော အဆင့်မြင့်မားလှတဲ့ ဂုဏ်ကျေးဇူးတွေ တည်ရှိနေတဲ့ မိခင်ကောင်းကြီးတစ်ဦးများ ဖြစ်ခဲ့မယ်ဆိုလျှင် သူလွန်ကျူးခဲ့တဲ့ ပြစ်ချက်ဟာ အလွန်ကြီးလေးတဲ့ ပြစ်ချက်ကြီးလည်း ဖြစ်နိုင်ခဲ့ပါတယ်။ ဤကဲ့သို့ အင်မတန် ဝန်လေးဖွယ်ရာကောင်းတဲ့ ကြီးမားလေးလံလှတဲ့ ဂရုကံကြီးကို ဆောက်တည်ကျင့်သုံးခဲ့တဲ့အတွက်ကြောင့် ယင်းအကုသိုလ်ကံတို့က ဂတိဝိပတ္တိဆိုတဲ့ အမှီကောင်းကို ရရှိတဲ့အခါမှာ အပါယ်သံသရာမှ ဦးခေါင်း ထောင်လို့မရအောင် ဝိုင်းပြီးတော့ ရှည်မြင့်စွာ အကျိုးပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဤလေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်းမှာ မိမိရဲ့ ဆရာဖြစ်တဲ့ သုမေဓာရှင်ရသေ့နှင့် တစ်ကြိမ်တစ်ခါမျှ ပြန်လည်တွေ့ဆုံခွင့်ကို မရရှိခဲ့တဲ့ အကြောင်းကိုလည်း သူကိုယ်တိုင် သူ့ရဲ့ ထေရအပဒါန်တရားတော်မှာ ဖော်ပြ ထားခဲ့ပါတယ်။ (အပဒါန၊၂၊၆၉။)

ဆရာတပည့်နှစ်ဦးတို့ ခွဲခွာခဲ့ပြီးတဲ့နောက် ဆရာဖြစ်သူ သုမေဓာရှင်ရသေ့က လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်းမှာ ပါရမီတော်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တော်မူနိုင်ခဲ့သည့်အတွက် ဘုရားအဖြစ်သို့ ရောက်ရှိ သွားတော်မူခဲ့သော်လည်း တပည့်ဖြစ်သူကတော့ ငါးဖြစ်နေတုန်းပင် ရှိနေပါသေးတယ်။

အကုသိုလ်ကံတွေဟာ အကျိုးပေးလာပြီဆိုလျှင် အလွန်ကြောက်ဖို့လည်း ကောင်းပါတယ်၊ သတိသံဝေဂရဖို့လည်း သိပ်ကောင်းပါတယ်။ ယခုပြောခဲ့တဲ့ ကံအကြောင်းကတော့ ဂတိသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် အကျိုးပေးခြင်းငှာ မစွမ်းနိုင်ဖြစ်နေတဲ့ မိမိတို့ ကျင့်သုံး ဆောက်တည်ထားတဲ့ အကုသိုလ် ကံတွေဟာ ဂတိဝိပတ္တိသို့ ယင်းကံပိုင်ရှင် သတ္တဝါက ရှေးရှုဆိုက်ရောက် သွားတဲ့အခါ ဂတိဝိပတ္တိကို အစွဲပြုပြီးတော့ အကျိုးပေးတဲ့ ကံအကြောင်းပဲ ဖြစ်ပါတယ်။

(ခ) အုပ်စု အမှတ် (၂) ကံ - ဥပဓိဝိပတ္တိ၌ တည်နေသူ

နောက်ပုဂ္ဂိုလ်တစ်ယောက်မှာလည်း အလားတူပဲ အတိတ်သံသရာ အဆက်ဆက်မှာ သူဆောက်တည်ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံတွေဟာ ဒုနဲ့ ဒေးပဲ ရှိကြပါတယ်။ ဒါပေမယ့် ယင်းအကုသိုလ်ကံတွေဟာ ရုပ်ရည်ပြည့်စုံခြင်းဆိုတဲ့ ဥပဓိသမ္ပတ္တိစက်နှင့် ပြည့်စုံနေတဲ့ ဥပဓိသမ္ပတ္တိမှာ ရပ်တည်နေတဲ့ သူကို အကျိုးပေးဖို့ရန် အခါအခွင့်က မသင့် ဖြစ်နေကြတယ်။ ဒါပေမယ့်လို့ ယင်းကံပိုင်ရှင်သတ္တဝါက လူ့ဘဝရောက်ကြောင်းဖြစ်တဲ့ ကောင်းမှုကုသိုလ်ကံ တစ်ခုကို ဆောက်တည်ကျင့်သုံးခဲ့စဉ်က ယင်းကုသိုလ်ကံကို ဒေါသစိတ်တွေက ခြံရံထားခဲ့ပြန်တယ်။ မကျေနပ်မှု, အမျက်ထွက်မှု, အခဲမကျေနိုင်မှု, ခွင့်မလွှတ်နိုင်မှု, ရန်ငြိုးဖွဲ့မှုစတဲ့ ဒေါသတရားတွေ ခြံရံကာ ကုသိုလ်ကံကို ထူထောင်ခဲ့မိတယ်။

ယင်းကဲ့သို့သော ကုသိုလ်ကံကြောင့် လူ့ဘဝမှာ လူရယ်လို့ လာဖြစ်ရသော်လည်း ယင်းကုသိုလ်ကံကို ခြံရံထားတဲ့ ဒေါသပြဓာန်းနေတဲ့ အကုသိုလ် ကံကြောင့် ရုပ်ရည်၏ပျက်စီးခြင်း (= ဥပဓိဝိပတ္တိ)၌ တည်နေရပြန်တယ်။ အဆင်းကလည်း မလှ၊ ရုပ်ရည်ကလည်း မလှ၊ ပုံသဏ္ဌာန်ကလည်း အချိုး မကျတဲ့အတွက် ရွံရှာစက်ဆုပ်ဖွယ် ရှိနေပြန်တယ်။ တစ္ဆေ မြေဘုတ်ဘီလူးနှင့် တူနေပြန်တယ်။

အကယ်၍ ယင်းကံပိုင်ရှင် သတ္တဝါဟာ ကျွန်မ၏ဝမ်း၌ ဖြစ်လာရသော အိမ်ပေါက်ကျွန် ဖြစ်မယ်ဆိုလျှင် --- ဒီအလုပ်တွေဟာ သင်းနှင့် ထိုက်တန်တယ်လို့ နှလုံးပိုက်ကာ ညစ်ပတ်ပေရေ စုတ်ပဲ့နေတဲ့ ယုတ်ညံ့တဲ့ အောက်တန်းကျတဲ့ အလုပ်အားလုံးကို ယင်းပုဂ္ဂိုလ်ကိုပဲ ခိုင်းစေကြတယ်။ အကယ်၍ ယင်းကံပိုင်ရှင် သတ္တဝါက အမျိုးသမီးဖြစ်ခဲ့မယ်ဆိုလျှင်လည်း ဒီအလုပ်တွေဟာ သင်းနှင့် ထိုက်တန်တယ်လို့ နှလုံးပိုက်ကာ ဆင်စာထမင်းချက်ခြင်း, ကလေးအနှီးလျှော်ခြင်းစတဲ့ ညစ်ပတ်တဲ့ ယုတ်ညံ့တဲ့လုပ်ငန်းရပ် မှန်သမျှကို ယင်းအမျိုးသမီးကိုပဲ ခိုင်းစေကြပြန်တယ်။

အကယ်၍ အတိတ်ဘဝက မိမိထူထောင်ခဲ့တဲ့ ဒေါသတွေခြံရံထားတဲ့ ကံက သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းစုကို, ကံ,ကံ၏အကျိုးတရားကို သက်ဝင် ယုံကြည်နေတဲ့ သဒ္ဓါတရား ပြဓာန်းကာ သီလရှိတဲ့ အရှင်ကောင်း အရှင်မြတ်တွေကို လှူဒါန်းပူဇော်ခဲ့တဲ့ အဆင့်မြင့် ကုသိုလ်ကံမျိုးတွေဖြစ်ခဲ့လို့ ယင်းကဲ့သို့သော ကံကောင်းတွေက ထောက်မလိုက်တဲ့အတွက် အမျိုးကောင်းအိမ်မှာ သူဌေးသမီး ဖြစ်လာရတယ်ပဲ ထားပါဦး၊ သူဌေးကတော် လာဖြစ်ရတယ်ပဲ ထားပါဦး၊ ဘယ်လိုပင် အမျိုးကောင်းအိမ်၌ ဖြစ်လာရပြန်ပါသော်လည်း ယင်းအမျိုးကောင်းအိမ်၌ လူဖြစ်လာရသူကို ဘေးပတ်ဝန်းကျင် မသိသူတို့က အထင်အမြင်တွေ လွဲမှားတတ်ကြပြန်တယ်။

ဥပမာ --- အခွန်အတုတ်ကို ကောက်ခံကြတဲ့ အမြတ်တော်ခွန်ဌာနမှ အရာရှိ အမှုထမ်း မင်းချင်းယောက်ျားတို့ဟာ ယင်းသူဌေးကတော်ကို အိမ်မှာ ခိုင်းစေနေတဲ့ ကျွန်မလို့မှတ်ထင်ကာ နှောင်ဖွဲ့သွားတတ်ကြတယ်။ သီဟိုဠ်ကျွန်းဝယ် ကောတလဝါပီအမည်ရှိတဲ့ ရွာတစ်ရွာမှာနေထိုင်တဲ့ သူကြွယ်ကြီး၏ အိမ်ရှင်မကို အခွန်ဦးစီးဌာနမှ ဝန်ထမ်းတို့က ကျွန်မလို့ အထင်လွဲကာ ချုပ်နှောင်သွားခဲ့ဖူးတဲ့ ထုံးဟောင်းတစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။ ဤသို့လျှင် ဥပဓိသမ္ပတ္တိစက်က တားမြစ်ထားတဲ့အတွက် အကျိုးပေးဖို့ရန် မစွမ်းနိုင်တဲ့ ကံတွေဟာ ကံပိုင်ရှင်က ဥပဓိပျက်စီးခြင်းဆိုတဲ့ ဥပဓိဝိပတ္တိသို့ ရှေးရှုရောက်ရှိ လာတဲ့အခါ ဥပဓိဝိပတ္တိကို အစွဲပြု၍ ယင်းအကုသိုလ်ကံတို့က အကျိုးပေး ကြပြန်တယ်။ (အဘိ၊ဋ္ဌ၊၂၊၄၂၂-၄၂၃။)

---

(ခ) အုပ်စု - အမှတ် (၃) ကံ - ကာလဝိပတ္တိ၌ တည်နေသူ

အခြားတစ်ယောက်သော သတ္တဝါ၏ သန္တာန်မှာလည်း အတိတ်ဘဝ ထိုထိုက ဆောက်တည်ကျင့်သုံးခဲ့တဲ့ ပြုစုပျိုးထောင်ခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံတွေက ဒုနဲ့ဒေး ရှိနေကြပြန်တယ်။ သို့သော် ယင်းမကောင်းမှု အကုသိုလ်ကံတွေဟာ ကမ္ဘာဦးကာလ, စကြဝတေးမင်းကဲ့သို့သော မင်းကောင်းမင်းမြတ်တို့ ဖြစ်ထွန်းရာကာလ, ဘုရားရှင်တို့ ပွင့်ထွန်း ပေါ်ပေါက်တော်မူရာ သူတော်သူမြတ်တို့ ဖြစ်ထွန်းရာကာလစတဲ့ ပြည့်စုံတဲ့ ကာလဆိုတဲ့ ကာလသမ္ပတ္တိအခါကောင်း ခေတ်ကောင်းမှာ ယင်းကံပိုင်ရှင်က လူလာဖြစ်ရတယ်ဆိုလျှင် ထိုပုဂ္ဂိုလ်၏သန္တာန်၌ အကျိုးပေးဖို့ရန် အခါအခွင့်က မသင့် ဖြစ်နေပြန်တယ်။

သို့သော် ယင်းသို့ပင် အကျိုးမပေးနိုင်သော်လည်း ထိုကံပိုင်ရှင်သတ္တဝါဟာ အကုသိုလ်တရား အမျိုးမျိုးဆိုတဲ့ ကိလေသာပိုးတွေက ဝိုင်းဝိုင်းလည် ထိုးဆွထားတဲ့အတွက် အဆင့်နိမ့်ကျတဲ့ ကုသိုလ်ကံ တစ်ခုကြောင့် လူ့ဘဝသို့ ရောက်ရှိနေလင့်ကစား အခြားတစ်ခုသော သူတစ်ပါးတို့ကို အသက်တိုစေလိုတဲ့ ဒေါသ, မာန်မာနစတဲ့ ကိလေသာတရားဆိုးတွေ ပြဓာန်းနေတဲ့ အကုသိုလ်ကံကြောင့် မကောင်းသောမင်း, ဒုစရိုက်အမျိုးမျိုးတွေကို လွန်ကျူးနေကြတဲ့ မကောင်းသောလူတို့ ဖြစ်ထွန်းရာ အချိန်ကာလဆိုတဲ့ ပျက်စီးနေတဲ့ ကာလတည်းဟူသော ကာလဝိပတ္တိမှာ အဆီဩဇာမရှိတဲ့ အဖတ်အကာဖြစ်တဲ့ အာဟာရတွေကိုသာ စားသုံးနေရတဲ့ ဆယ်နှစ်တမ်းမှာ လူလာဖြစ်ရပြန်တယ်။

ယင်းကဲ့သို့သော (၁၀)နှစ်တမ်းကာလမှာ နွားနို့, ဆီဦး, ထောပတ်, ရက်တက်ရည်, ဒိန်ခဲဆိုတဲ့ နွားမှ ဖြစ်ပေါ်လာတဲ့ အရသာ (၅)မျိုးတို့ဟာ ပြတ်စဲသွားကြတယ်။ လူးထမင်းဟာ အမြတ်ဆုံး အစာအာဟာရဘောဇဉ် ဖြစ်နေရပြန်တယ်။ လူ့လောက၌ အကယ်၍ လူပင်ဖြစ်လာရပါသော်လည်း သမင်, ဒရယ်, ချေငယ်, စိုင်, ဆတ်, ဖွတ်, ပဒတ်တွေနှင့် တူညီနေတဲ့ အသက်မွေးမှုမျိုးတွေ ရှိနေရပြန်တယ်။

ယင်းကဲ့သို့သော ပျက်စီးနေတဲ့ ကာလဝိပတ္တိအခါမှာ အတိတ်သံသရာ အဆက်ဆက်က ဆောက်တည်ကျင့်သုံးခဲ့တဲ့ ကုသိုလ်ကံတွေ၏ အကျိုးပေးဖို့ရန် အခါအခွင့်က မသင့်ဖြစ်နေတတ်ပြန်တယ်။ စင်စစ် အကုသိုလ်ကံက သာလျှင် အကျိုးပေးဖို့ရန် အခွင့်အလမ်းတွေက ပွင့်လန်းလျက် ရှိနေပြန်တယ်။ ဤသို့လျှင် ကာလသမ္ပတ္တိက တားမြစ်ထားတဲ့အတွက် အကျိုးပေးဖို့ရန် စွမ်းအားမရှိဖြစ်နေကြတဲ့ အကုသိုလ်ကံတွေဟာ ကာလဝိပတ္တိသို့ ရှေးရှု ဆိုက်ရောက်လာတဲ့အခါ, ကြုံကြိုက်လာတဲ့အခါ ကာလဝိပတ္တိကို အစွဲပြုပြီးတော့ အကျိုးပေးကြပြန်တယ်။ (အဘိ၊ဋ္ဌ၊၂၊၄၂၃။)

ဤရှင်းလင်းချက်များကိုကြည့်လျှင် သူတော်ကောင်းတိုင်း သူတော်ကောင်းတိုင်းသည် ကာလဝိပတ္တိအခါမျိုး၌ လူလာမဖြစ်အောင် အလွန် ကြိုးစားအားထုတ်သင့်ပါတယ်။ သံသရာမှာ ကျင်လည်ခိုင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ သံသရာက လွတ်အောင်ရုန်းနိုင်လျှင်တော့ အကောင်းဆုံးပင် ဖြစ်ပါတယ်။ အကယ်၍ သံသရာဝဲဂယက်က ရုန်းမထွက်နိုင်ဖြစ်နေသေးလျှင်ကား အောက်ထစ်ဆုံး ကာလဝိပတ္တိမှာ လူလာမဖြစ်အောင်တော့ ကြိုးစားသင့်လှပါတယ်။

---

(ခ) အုပ်စု - အမှတ် (၄) ကံ - ပယောဂဝိပတ္တိ၌ တည်နေသူ

အခြားတစ်ဦးသော သတ္တဝါ၏ သန္တာန်၌လည်း အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးခဲ့တဲ့, ဆည်းပူးခဲ့တဲ့, စုဆောင်းခဲ့တဲ့ အကုသိုလ်ကံ တွေဟာ ဒုနှင့်ဒေး ရှိနေကြပြန်တယ်။ အကယ်၍ ထိုပုဂ္ဂိုလ်ဟာ ယခုလို ပစ္စုပ္ပန်ဘဝမှာ အရှင်အင်္ဂုလိမာလမထေရ်မြတ်တို့လို သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို အောင်အောင်မြင်မြင် လက်တွေ့ ကျင့်သုံးခြင်းဆိုတဲ့ ပယောဂသမ္ပတ္တိစက်နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်နေသည် ဖြစ်အံ့။ ကာယကံစင်ကြယ်မှု, ဝစီကံစင်ကြယ်မှု, မနောကံစင်ကြယ်မှုတွေကို ထင်ထင်ရှားရှား တည်ရှိလာအောင် ကြိုးစားအားထုတ်ခြင်းဆိုတဲ့ ပယောဂ သမ္ပတ္တိစက်နှင့်လည်း ကြိုးစားသည့်အတိုင်း ပြည့်စုံနေသည်ဖြစ်အံ့။ ယင်းကဲ့သို့ ပြည့်ပြည့်စုံစုံ ကြိုးစားအားထုတ်အပ်သော ကာယပယောဂ, ဝစီပယောဂ, မနောပယောဂဆိုတဲ့ ပယောဂသမ္ပတ္တိစက်မှာ ကောင်းစွာတည်နေတဲ့ ထို သတ္တဝါ၏သန္တာန်မှာ ယင်းအတိတ်က ထူထောင်ခဲ့တဲ့ အကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့်ကို မရရှိနိုင် ဖြစ်နေတတ်တယ်။

ဒါပေမယ့်လို့ ယင်းအကုသိုလ်ကံပိုင်ရှင် သတ္တဝါက ကာယကံစင်ကြယ်မှုကလည်း မရှိဖြစ်နေပြန်တယ်၊ ဝစီကံစင်ကြယ်မှုကလည်း မရှိဖြစ်နေပြန်တယ်၊ မနောကံစင်ကြယ်မှုကလည်း မရှိဖြစ်နေပြန်တယ်။ ကာယဒုစရိုက်တွေကို နည်းမျိုးစုံဖြင့် လွန်ကျူးနေပြန်တယ်၊ ဝစီဒုစရိုက်တွေကိုလည်း ရေလို အသုံးပြုနေပြန်တယ်၊ မနောဒုစရိုက်တွေကိုလည်း လုံးဝ စောင့်ထိန်းမှုမရှိ ဖြစ်နေပြန်တယ်။

သူ့အသက်သတ်ဖို့ကို လက်မတွန့်ဘူး၊ သူ့ပစ္စည်း မတရားယူဖို့လည်း လုံးဝ မရှက်တတ်ဘူး၊ သူ့သားမယား ဖျက်ဆီးဖို့လည်း အလွန် ပျော်မွေ့နေပြန်တယ်၊ မုသားပြောဖို့ရန်လည်း အလွန် မြိန်ရှက်နေပြန်တယ်၊ ကုန်းစကား သယ်ယူပို့ဆောင်ရေး လုပ်ငန်းကိုလည်း မိမိပြုလုပ်ရမည့် တာဝန်ဝတ္တရား တစ်ခုအဖြစ် သတ်မှတ်ထားပြန်တယ်၊ ကြမ်းတမ်းတဲ့ စကားတွေကိုလည်း အာပေါင်အာရင်းသန်သန်နှင့် မကြောက်မရွံ့ နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ ပြောဆိုတတ်ပြန်တယ်၊ ပြိန်ဖျင်းတဲ့ စကားတွေကိုလည်း အဖိုးအခ မယူဘဲ ကွက်စိပ်ဆရာလို တသောသောနှင့် မမောမပန်း ဒလကြမ်း ပြောနေတတ် ပြန်တယ်၊ သူ့ပစ္စည်း မတရားယူဖို့, သူတစ်ပါးတို့ကို ဆင်းရဲဒုက္ခရောက်စေဖို့, ချောက်ကမ်းပါးထဲ တွန်းပို့ဖို့ကိုပဲ စဉ်းစားနေတယ်၊ သူတစ်ပါးတို့ကို ညှဉ်းပန်း နှိပ်စက်ဖို့ သတ်ဖြတ်ဖို့ကိုပဲ စဉ်းစားနေတယ်။

ဘဝဆိုတာ ပုခက်နှင့်ခေါင်း အကြားမှာပဲရှိတယ်၊ ခေါင်းဟိုဘက် ဘာမှ မရှိဘူးဟုလည်းကောင်း၊ ဒီဘဝ ဒီကိုယ်စံ, ဟိုဘဝ ဟိုကိုယ်ခံလိမ့်မယ် စသည်ဖြင့်လည်းကောင်း ကံ,ကံ၏အကျိုးတရားတွေကို ပစ်ပယ်နေတဲ့ ဝါဒ အမျိုးမျိုးတွေကိုပဲ လက်ခံယုံကြည်နေတယ်။ ယင်းကဲ့သို့ ဒုစရိုက် အမျိုးမျိုးတွေကို ယုယပိုက်ထွေးနေတဲ့ ပုဂ္ဂိုလ်မျိုးဟာ ကြိုးစားအားထုတ်မှု လုံ့လ ပယောဂ ပျက်စီးနေတဲ့ ပယောဂဝိပတ္တိမှာ ရပ်တည်နေတဲ့ပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။

ယင်းကဲ့သို့ ပယောဂဝိပတ္တိမှာ ရပ်တည်နေတဲ့သူကို အတိတ်က စုဆောင်းခဲ့တဲ့, ဆောက်တည်ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံတွေဟာ အကျိုး ပေးဖို့ရန် အခါအခွင့်ကို လွယ်လွယ်ကူကူ ရရှိသွားနိုင်တယ်။ ရွာတစ်ရွာမှာ ရွာခံသူခိုးဓားပြတွေ ရှိနေပါက အခြားအခြားရွာတွေက ခိုးသားဓားပြတွေလည်း ရွာခံဓားပြတွေနှင့် ပေါင်းကာ ယင်းရွာတွင်းသို့ ဝင်ရောက်လာဖို့ရန် လွယ်ကူသလို အလားတူပဲ ပစ္စုပ္ပန်အကုသိုလ်ကံတွေကို အမှီရတဲ့အခါ အတိတ်က ဆောက်တည်ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံတွေကလည်း အကျိုး ပေးဖို့ရန် အခွင့်အလမ်းတွေ သာလာတတ်ပါတယ်။

ထိုကြောင့် ယင်းကဲ့သို့ ပစ္စုပ္ပန်မှာ ဒုစရိုက်အမျိုးမျိုးတွေကို မရှက် မကြောက် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိဖြင့် ရွပ်ရွပ်ချွံချွံ လွန်ကျူးနေတဲ့ ငမိုက်သားကို မင်းချင်းယောက်ျားတို့က ခိုးထုပ်ခိုးထည် ခိုးရာပါပစ္စည်းနှင့်တကွ လက်ရ ဖမ်းယူကာ ဘုရင်မင်းမြတ်အား ပြကြတယ်၊ ရှင်ဘုရင်ထံသို့ သွင်းကြတယ်။ ရှင်ဘုရင်ကလည်း ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးတို့ဖြင့် ညှဉ်းပန်းနှိပ်စက်မှုကို ပြုစေတယ်၊ နောက်ဆုံးတော့ သတ်ပစ်ဖို့ရန် သေဒဏ်အမိန့်ကို ချမှတ်ပေးလိုက်တယ်။ ဤသို့လျှင် ပယောဂသမ္ပတ္တိစက်က တားမြစ်ထားတဲ့အတွက် အကျိုးပေးခြင်းငှာ မစွမ်းနိုင်ဖြစ်နေကြတဲ့ အတိတ်ဘဝထိုထိုက ဆောက်တည် ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံတွေဟာ ပယောဂဝိပတ္တိသို့ ရှေးရှုရောက်ရှိ လာတဲ့အခါ ပယောဂဝိပတ္တိကို အစွဲပြု၍ မကောင်းကျိုးတွေကို ပေးကြ ပြန်တယ်။

ဤသို့လျှင် (၄)ပါးကုန်သောသမ္ပတ္တိတို့သည် တားမြစ်ထားအပ်ကုန်သော အတိတ်က ဆောက်တည်ကျင့်သုံးခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့်ကို မရရှိနိုင်ကြကုန်သော်လည်း (၄)ပါးကုန်သော ဝိပတ္တိတို့သို့ ရှေးရှုရောက်ရှိလာပါမှ (၄)ပါးကုန်သော ဝိပတ္တိတို့ကို အမှီပြုရပါမှ မကောင်းကျိုးကို ပေးနိုင်တဲ့စွမ်းအား ရှိလာကြတယ်ဟု မှတ်သားပါ။ (အဘိ၊ဋ္ဌ၊၂၊၄၂၃။)

အထက်ပါ အဋ္ဌကထာ၏ ရှင်းလင်းတင်ပြချက်ကို ကြည့်ပါက အတိတ် အကုသိုလ်ကံတွေဟာ ပစ္စုပ္ပန် အကုသိုလ်ကံတွေကို အမှီရပါမှ အကျိုး ပေးနိုင်တဲ့စွမ်းအား ရှိတာကို တွေ့ရတယ်။ ပစ္စုပ္ပန် အကုသိုလ်ကံတွေထဲမှာ ပထမဇောစေတနာဟာ ဒိဋ္ဌဓမ္မဝေဒနီယကံ (= မျက်မှောက်သောကိုယ်၏ အဖြစ်မှာပဲ အကျိုးကို ခံစားရသောကံ)ဟု ဆိုသော်လည်း ယင်းပစ္စုပ္ပန် ဒိဋ္ဌဓမ္မဝေဒနီယကံမှာ အားပေးထောက်ပံ့တတ်တဲ့ ဥပတ္ထမ္ဘကကံသာဖြစ်ပြီး အတိတ်က ဆောက်တည်ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံက မကောင်းကျိုးကို တိုက်ရိုက် ဖြစ်စေတဲ့ ဇနကကံဖြစ်တာကို တွေ့ရတယ်။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေလည်း ဖြစ်တယ်၊ တကယ်လက်တွေ့ ရှုကြည့်သင့်တဲ့ အကြောင်းအရာတွေလည်း ဖြစ်ပါတယ်။

---

ခေတ္တရပ်နား၍ စဉ်းစားကြည့်ပါ

အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့တဲ့, ဆောက်တည်ကျင့်သုံးခဲ့တဲ့ မိုက်မှားမိတဲ့ အကုသိုလ်ကံတွေဟာ သတ္တဝါတိုင်း သတ္တဝါတိုင်းမှာ အနည်းနှင့် အများဆိုသလို ရှိတတ်ကြပါတယ်။ မကင်းနိုင်တဲ့ သဘောတရားတစ်ခု ဖြစ်ပါတယ်။ ဤစာကို ဖတ်ရှုနေတဲ့ အသင်သူတော်ကောင်းတို့၏ သန္တာန်မှာလည်း အနည်းနှင့်အများကား ရှိနေမည်သာ ဖြစ်ပါတယ်။ သမ္ပတ္တိတရား (၄)ပါးတို့က ယင်းအကုသိုလ်ကံတွေကို အကျိုးမပေးနိုင်အောင် တားမြစ်ထားနိုင်တဲ့ စွမ်းအား ရှိကြပါတယ်။ သို့သော် ဝိပတ္တိတရား (၄)ပါးတို့က ယင်း အကုသိုလ်ကံတွေကို မကောင်းကျိုးပေးနိုင်အောင် ရေနစ်နေတဲ့သူကို ဝါးကူလို့ နှစ်သလို တံခါးဖွင့်ကာ ဆီးကြိုနေကြပါတယ်။

အကယ်၍ အသင်စာရှုနေသူ သူတော်ကောင်းသည် အတိတ်သံသရာ အဆက်ဆက်က လက်ဆွဲနှုတ်ဆက်ခဲ့တဲ့, ဆောက်တည်ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံတွေကြောင့် ဖြစ်ပေါ်လာမည့် မကောင်းသည့် ဆင်းရဲသည့် အကျိုး တရား အမျိုးမျိုးတွေကို အလိုမရှိခဲ့ပါမူ ယင်းမိတ်ဟောင်း ဆွေဟောင်းများ ဖြစ်ခဲ့ဖူးကြတဲ့ အကုသိုလ်ကံတွေက အကျိုးမပေးနိုင်အောင် တားမြစ်ထားနိုင်သည့် စွမ်းအင်အပြည့်အဝရှိနေတဲ့ သမ္ပတ္တိတရားလေးပါးတို့ကို မိမိ သန္တာန်မှာ ပြည့်စုံအောင် ဖြည့်ကျင့်ကြရမှာ ဖြစ်ပါတယ်။

ယင်းသမ္ပတ္တိတရားလေးပါးတို့တွင် ယခုအခါမှာ အသင်စာရှုနေသူ သူတော်ကောင်း၏သန္တာန်ဝယ် ---

(၁) လူ့ဘဝကို ရရှိထားခြင်းတည်းဟူသော ဂတိသမ္ပတ္တိ,

(၂) အလွန်ကြီး မလှစေကာမူ လူတမ်းစေ့လောက် ဖြစ်နေသဖြင့် အလွန်ကြီး အရုပ်မဆိုးခြင်း ခြေလက်အင်္ဂါ ပြည့်ပြည့်စုံစုံ ရှိနေခြင်းဆိုတဲ့ ဥပဓိသမ္ပတ္တိ,

(၃) ဘုရားရှင်၏ အဆုံးအမတည်းဟူသော သာသနာတော်မြတ်ကြီး ထွန်းကားရာ သူတော်သူမြတ်တို့ ဖြစ်ထွန်းပေါ်ပေါက်ရာ အချိန်ကာလကောင်းဆိုတဲ့ ကာလသမ္ပတ္တိ,

ဤသမ္ပတ္တိတရား (၃)မျိုးတို့ဟာ ကမ္ဘာဦးကာလကဲ့သို့, ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာကာလကဲ့သို့, စကြဝတေးမင်းတို့ ဖြစ်ထွန်းရာ အခါကာလကဲ့သို့ အလွန်ကြီး အဆင့်မမြင့်စေကာမူ အထိုက်အလျောက်ကား တည်ရှိလျက်ပင် ရှိနေကြပါသေးတယ်။ အသင်သူတော်ကောင်းအနေဖြင့် နောက်ထပ် ဖြည့်စွက်၍ လိုက်နာပြုကျင့်ရမည့် ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးပမ်းရမည့် သမ္ပတ္တိစက်မှာ ပယောဂသမ္ပတ္တိတစ်ခုပင် ဖြစ်ပါတယ်။

အသင်သူတော်ကောင်းသည် ---

(၁) ကာယကံစင်ကြယ်မှုရှိအောင် ကြိုးပမ်းပါ၊

(၂) ဝစီကံစင်ကြယ်မှုရှိအောင် ကြိုးပမ်းပါ၊

(၃) မနောကံစင်ကြယ်မှုရှိအောင် ကြိုးပမ်းပါ၊

ယင်းလုပ်ငန်းရပ်တို့က သဒ္ဓါတရားဆိုတဲ့ စည်းစိမ်ဥစ္စာဖြင့် ဝယ်ယူမည် ဆိုလျှင် လွယ်ကူစွာ ရယူနိုင်တဲ့သဘော ရှိပါတယ်။ တစ်ချိန် အာဠာဝက ဘီလူးက ဘုရားရှင်အား ---

ကိံသုဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ။ (သုတ္တနိပါတ၊၃၀၆။)

ယောက်ျားတို့ရဲ့ အမြတ်ဆုံး စည်းစိမ်ဥစ္စာဟာ ဘာပါလဲ?ဆိုတဲ့ မေးခွန်းတစ်ခုကို မေးခဲ့ဖူးပါတယ်။ ဘုရားရှင်ကလည်း ---

သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ။ (သုတ္တနိပါတ၊၃၀၆။)

သဗ္ဗသမ္ပတ္တိနိပ္ဖါဒနေ ဝိတ္တံ ဝိယ။ (မူလဋီ၊၁၊၈၉။)

ယောကျ်ားမြတ်တို့ရဲ့ အမြတ်ဆုံးစည်းစိမ်ဥစ္စာဟာ သဒ္ဓါတရားဖြစ်တယ်လို့ အဖြေပေးတော်မူခဲ့ပါတယ်။ ဤယက္ခသံယုတ် အာဠာဝကသုတ် ပါဠိတော်နှင့်အညီ ရတနာအမျိုးမျိုးတို့ကို ရောင်းချနေတဲ့ စျေးရုံကြီးတစ်ခု အတွင်းသို့ ဝင်ရောက်သွားတဲ့အခါမှာ မိမိ၌ ဝယ်ယူဖို့ရန် လက်ဝယ်ပိုင်ဆိုင်သည့် ရွှေငွေစတဲ့ ဥစ္စာပါမှသာ ယင်းရတနာတို့ကို ဝယ်ယူလို့ ရရှိနိုင်တယ်။ ရွှေငွေစတဲ့ ဥစ္စာမပါသူကား ယင်းရတနာတို့ကို မဝယ်ယူနိုင်ပါဘူး။

အလားတူပင် -- ဗုဒ္ဓသာသနာတော်ဆိုတဲ့ ရတနာစျေးတော်ကြီး အတွင်း ဆိုက်ရောက်နေတဲ့ သူတော်ကောင်းတစ်ဦးဟာ သဒ္ဓါတရားဆိုတဲ့ ဥစ္စာနှစ် ပါရှိမှသာလျှင် သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်စတဲ့ သူတော်ကောင်းရတနာများကို ဝယ်ယူနိုင်မှာ ဖြစ်တယ်။ သဒ္ဓါဥစ္စာ မွဲတေနေတဲ့သူကတော့ ယင်းသူတော်ကောင်းရတနာတို့ကို ဝယ်ယူနိုင်မှာ မဟုတ်ဘူး၊ ဝေ့လည်ဝေ့လည်နှင့် ရှောင်ဖယ်ရှောင်ဖယ်သာ ပြုလုပ်နေမှာ ဖြစ်ပါတယ်။ ထိုကြောင့် သဒ္ဓါတရားဟာ ရွှေငွေစတဲ့ ဥစ္စာအနှစ်နှင့်လည်း တူပါတယ်။

ကုသလာနံ ဓမ္မာနံ အာဒါနေ ဟတ္ထော ဝိယ။ (မူလဋီ၊၁၊၈၉။)

ပတ္တမြားထွက်သော ကျောက်တောင်တစ်တောင်သို့ ရောက်ရှိသွားတဲ့အခါ မကျိုးမပျက် ကောင်းသောလက်ရှိတဲ့ ပုဂ္ဂိုလ်သည်သာလျှင် ထိုရတနာတို့ကို ကောက်ယူနိုင်တယ်။ လက်ပြတ်နေတဲ့, လက်မရှိတဲ့သူကား ယင်း ရတနာတို့ကို မကောက်ယူနိုင်ပါဘူး။

အလားတူပင် မဂ်ဖိုလ်နိဗ္ဗာန်သို့တိုင်အောင်သော တရားရတနာတို့ ထွက်ပေါ်ရာ ဗုဒ္ဓသာသနာတော်တည်းဟူသော ရတနာတောင်ကြီးဝယ် သဒ္ဓါတရားဆိုတဲ့ လက်ရှိကြတဲ့ သူတော်ကောင်း, သူမြတ်လောင်းတွေသာ ဒါနကုသိုလ်, သီလကုသိုလ်, သမထကုသိုလ်, ဝိပဿနာကုသိုလ်, မဂ်ကုသိုလ် ဆိုတဲ့ ကုသိုလ်တရားရတနာတွေကို ကောက်ယူနိုင်ကြတယ်။ သဒ္ဓါတရား ဆိုတဲ့ လက်မပါတဲ့ သူတွေဟာ ယင်းရတနာတွေကို ကောက်ယူလို့ မရနိုင်ကြဘူး။ ထိုကြောင့် သဒ္ဓါတရားဟာ လက်နှင့်လည်း တူတယ်။

သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ။ (သံ၊၁၊၁၇၅။)

အမတကသိဖလဖလနေ ဗီဇံ ဝိယ။ (မူလဋီ၊၁၊၈၉။)

အထက်ပါ ဗြာဟ္မဏသံယုတ် ကသိဘာရဒွါဇသုတ် ပါဠိတော်နှင့်အညီ မိုးလေကောင်းမွန်နေသည့် ဥတုရေမြေဝယ် မျိုးစေ့ရှိသူသည်သာလျှင် ယင်း မျိုးစေ့တို့ကို ယင်းမြေပေါ်မှာ စိုက်ပျိုးကြဲချကာ အသီးအနှံတို့ကို ရအောင် ယူနိုင်တဲ့သဘော ရှိတယ်။ မျိုးစေ့မရှိသူကား မကြဲနိုင်, မစိုက်ပျိုးနိုင်သဖြင့် အသီးအနှံတို့ကို မရရှိနိုင်ပါဘူး။

အလားတူပင် တရားရတနာဆိုတဲ့ မိုးလေများ ကောင်းမွန်နေတဲ့ သာသနာ့မြေပေါ်ဝယ် သဒ္ဓါမျိုးစေ့ရှိနေတဲ့ သူတော်ကောင်း သူမြတ်လောင်းတွေကသာ ယင်းမျိုးစေ့ကို ကြဲချစိုက်ပျိုးခြင်းဖြင့် သူတော်ကောင်းတရားဆိုတဲ့ အသီးအနှံများကို ရရှိနိုင်ပါတယ်။ ယင်းအသီးအနှံတို့ကား တရားရတနာ မိုးကြီး အဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေတဲ့ သာသနာ့မြေပေါ်ဝယ် သဒ္ဓါမျိုးစေ့ကို ထွန်ယက် ကြဲချစိုက်ပျိုးခြင်းကြောင့် ရရှိနိုင်တဲ့ အမတကသိဖလဟု ခေါ်ဆိုတဲ့ မဂ်သီး ဖိုလ်သီး အမြိုက်နိဗ္ဗာန်သီးတို့ပင် ဖြစ်ကြပါတယ်။

တရားမိုးလေဝသတွေ ကောင်းမွန်နေတဲ့ သာသနာ့မြေပေါ်ဝယ် ကြဲချ စိုက်ပျိုးလိုက်တဲ့ သဒ္ဓါမျိုးစေ့က ယင်းမဂ်သီး ဖိုလ်သီး အမြိုက်နိဗ္ဗာန်သီးတို့ကို ပွင့်စေ သီးစေခြင်းပင် ဖြစ်ပါတယ်။ သဒ္ဓါမျိုးစေ့ မရှိသူကား တရားမိုးလေဝသတွေ ကောင်းမွန်မှန်ကန်နေတဲ့ သာသနာ့မြေပေါ်ဝယ် ထွန်ယက်စိုက်ပျိုးခြင်း လုပ်ငန်းရပ်ကို မပြုလုပ်နိုင်ပါဘူး။

သဒ္ဓါတရား (= သဒ္ဓါမျိုးစေ့) မရှိပါက မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ အသီးအပွင့်တို့ကို ပွင့်စေတတ်, သီးစေတတ်တဲ့ စွမ်းအင် အပြည့်အဝရှိတဲ့ ဒါနကျင့်စဉ်, သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ဝိပဿနာကျင့်စဉ်ဆိုတဲ့ ကုသိုလ်တရားတို့ကို မပြုကျင့်နိုင်ပါဘူး။ ထိုကြောင့် သဒ္ဓါတရားသည် မသေရာအမြိုက်နိဗ္ဗာန် အသီးတို့ကို ပွင့်စေတတ်, သီးစေတတ်တဲ့ မျိုးစေ့နှင့်လည်း တူပါတယ်။

အထက်ဖော်ပြပါ အကြောင်းတရားတို့ကြောင့် အသင်သူတော်ကောင်း၏ သန္တာန်ဝယ် ကာယကံစင်ကြယ်မှု ရှိလာအောင် ဝစီကံစင်ကြယ်မှု ရှိလာအောင် မနောကံစင်ကြယ်မှု ရှိလာအောင် သဒ္ဓါတရားတည်းဟူသော စည်းစိမ် ဥစ္စာ, သဒ္ဓါတရားတည်းဟူသော လက်, သဒ္ဓါတရားတည်းဟူသော မျိုးစေ့ကို အောင်အောင်မြင်မြင် ရှိထားပြီးဖြစ်ဖို့ လိုပါတယ်။ ယင်းသဒ္ဓါတရားကို ရှေ့တန်းတင်ကာ ကာယကံ-ဝစီကံ-မနောကံများ အပြီးတိုင် စင်ကြယ်နိုင်ရေးအတွက် အသင်သူတော်ကောင်းသည် အရိယာတို့၏ ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို စံချိန်မီ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ပါ။

၁။ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုတဲ့ သီလမဂ္ဂင်သုံးပါးကို ဖြူစင်အောင် ဖြည့်ကျင့်ပါ၊

၂။ ယင်းသီလတည်းဟူသော မြေပေါ်မှာ ရပ်တည်လျက် သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါးကို ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိသို့တိုင်အောင် အောင်အောင်မြင်မြင် ထူထောင်ပါ၊

၃။ ယင်းသမာဓိကို ဝိပဿနာ၏ အခြေပါဒက အကြောင်းရင်းအဖြစ် ထူထောင်ကာ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပဆိုတဲ့ ပညာမဂ္ဂင်တရားနှစ်ပါးနှင့် ပြည့်စုံအောင် ဖြည့်ကျင့်ပါ။ သစ္စာလေးရပ် တရားမြတ်ကို ဟုတ်တိုင်း မှန်စွာ ထွင်းဖောက်သိမြင်တတ်သည့် စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို ရရှိအောင် ကြိုးပမ်းပါ၊

အသင်သူတော်ကောင်း၏ ---

၁။ ဖြူစင်သော ကိုယ်ကျင့်သီလ,

၂။ တည်ကြည်သော ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိ,

၃။ သစ္စာလေးရပ် တရားမြတ်ကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်တတ်သည့် စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ပညာ ---

ဤ သီလ-သမာဓိ-ပညာဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်တို့သည် အသင်သူတော်ကောင်း၏ ကာယကံ-ဝစီကံ-မနောကံတို့ကို ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်သွားအောင် ဆေးကြောသုတ်သင်ပေးသည့် အရိယမဂ်ရေစင်တို့ပင် ဖြစ်ကြပါတယ်။ ယင်းသို့ ကာယကံစင်ကြယ်မှု ရှိအောင်, ဝစီကံစင်ကြယ်မှု ရှိအောင်, မနောကံစင်ကြယ်မှု ရှိအောင် ကြိုးစား အားထုတ်ခြင်းကို သမ္မာပယောဂ (= ကောင်းမွန်မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု)ဟု ခေါ်ဆိုပါတယ်။ ယင်းသမ္မာပယောဂနှင့် ပြည့်စုံခြင်းကို ပယောဂ သမ္ပတ္တိဟု ခေါ်ဆိုပါတယ်။

ယခုတင်ပြနေတဲ့ ပယောဂသမ္ပတ္တိစက်နှင့်လည်း ပြည့်စုံလျှင်, အထက်က တင်ပြခဲ့သည့် ဂတိသမ္ပတ္တိ, ဥပဓိသမ္ပတ္တိ, ကာလသမ္ပတ္တိတို့နှင့်လည်း ပြည့်စုံလျှင် အသင်သူတော်ကောင်း၏ သန္တာန်ဝယ် သမ္ပတ္တိစက် (၄)ပါးလုံး ပြည့်စုံ သွားပြီ ဖြစ်ပါတယ်။

ယင်းသမ္ပတ္တိတရား (၄)ပါးတို့က အတိတ်သံသရာ အဆက်ဆက်က ဆောက်တည်ကျင့်သုံးခဲ့မိတဲ့, ပြုစုပျိုးထောင်ခဲ့မိတဲ့ အကုသိုလ်ကံကြွေးတို့ကို အကျိုးပေးခွင့်မရအောင် တားမြစ်ထားနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိကြပါတယ်။ တားမြစ်လည်း တားမြစ်ထားကြမည်သာ ဖြစ်ပါတယ်။

ထိုကြောင့် သူတော်ကောင်းတိုင်း သူတော်ကောင်းတိုင်းသည် အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာမည့် ဆင်းရဲသည့် မကောင်းသည့် ဆိုးညစ် ယုတ်မာသည့် အကျိုးတရားတို့ကို အလိုမရှိခဲ့ပါလျှင် ကာယကံ-ဝစီကံ-မနောကံတို့ကို ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးဖြူစင်အောင် ဆေးကြောသုတ်သင်ပေးနိုင်သည့်, ပြုပြင်ပြောင်းလဲပေးနိုင်သည့် စွမ်းအင် အပြည့်အဝ ရှိနေတဲ့ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတို့ကို ရိုသေ ကျိုးနွံစွာ ဖြည့်ကျင့်ပါ၊ မိမိ၏ မည်းညစ်နေတဲ့ စိတ်ဓာတ်ကို ဖြူစင်မြင့်မြတ်တဲ့ စိတ်ဓာတ်အဆင့်သို့ ရောက်အောင် ပြုပြင်ပြောင်းလဲပေးပါ။

လူမလုံ့လ, နတ် မ,မဘူး ဆိုတဲ့ ဆိုရိုးစကားနှင့်အညီ ပယောဂစက် ချို့တဲ့ပျက်စီးခဲ့လျှင် အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးခဲ့တဲ့ အကုသိုလ်ကံတွေဟာ ဝမ်းသာအားရနှင့် ရှေ့တန်းသို့တက်လာကာ မိမိကို ဆီးကြို နှုတ်ဆက်နေကြမှာ ဖြစ်တယ်။ အလားတူပဲ အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးခဲ့တဲ့ ကုသိုလ်ကံတွေဟာလည်း ခေါ်မည့်သူ, ပြောမည့်သူ, လက်ဆွဲနှုတ်ဆက်မည့်သူ, အဖော်လုပ်မည့်သူ မရှိကြသဖြင့် မျက်နှာငယ်ကာ နောက်သို့ မဆုတ်ချင် ဆုတ်ချင်နှင့် ဆုတ်ခွာသွားရတဲ့အတွက် အကျိုးပေးဖို့ရန် အခါအခွင့်မသင့် ရှိနေတတ်ပါတယ်။ မီးခဲပြာဖုံးဘဝသို့ ရောက်ရှိသွားတတ်ပါတယ်။ သတိပြုကြလေလော့ ...

အကယ်၍ ပယောဂသမ္ပတ္တိစက် ချို့တဲ့ခဲ့လို့ ယောက်ျားတစ်ဦးသည် သေသည်၏ အခြားမဲ့မှာ ငရဲ၌ ဖြစ်လတ်သော် တစ်ခုသောကံ၏ အရှိန်အဝါသည် ကုန်ပြီးလတ်သော်, အကျိုးပေးပြီးလတ်သော် အခြားသော အကုသိုလ်ကံ၏ စွမ်းအားကြောင့် ငရဲ၌ ဆက်လက်ကာ ဆင်းရဲဒုက္ခကို ခံစားရဦးမည်သာ ဖြစ်တယ်။ ဤနည်းအားဖြင့် အကုသိုလ်ကံတို့က တစ်ခုပြီးတစ်ခု ဆက်ကာ ဆက်ကာ အကျိုးပေးနေလတ်သော် ငရဲမှ ဦးခေါင်းကို မမြှောက်ချီနိုင်တော့ဘဲ အလုံးစုံသော ကမ္ဘာပတ်လုံးသော်လည်း ငရဲ၌ ဆင်းရဲဒုက္ခကို ဆက်တိုက် ခံစားနေရတတ်ပါတယ်။

တစ်ကမ္ဘာပတ်လုံး ငရဲ၌ တည်နေရခြင်းသဘောရှိတဲ့ အကုသိုလ်ကံကို ဆောက်တည်ကျင့်သုံးခဲ့ခြင်းကြောင့် တစ်ကမ္ဘာပတ်လုံး ငရဲ၌ ကျက်စားနေရတဲ့, ဒုက္ခခံနေရတဲ့ သတ္တဝါတို့သည်ကား တစ်ယောက်လည်းမက, နှစ်ယောက်လည်းမက, တစ်ရာလည်းမက, နှစ်ရာလည်းမက, တစ်ထောင်လည်းမက, နှစ်ထောင်လည်းမက ရှိကြပါတယ်။ ဤကဲ့သို့ ငရဲ၌ ကျက်စားနေရတဲ့ ငရဲဒုက္ခ ခံစားနေရတဲ့ သတ္တဝါတွေဟာ ရေတွက်ခြင်း ဂဏန်းသင်္ချာ၏လမ်းကို ကျော်လွှားလွန်မြောက်ကာ သွားကြကုန်သတတ်။ (အဘိ၊ဋ္ဌ၊၂၊၄၂၄။)

ဆိုလိုတာကတော့ ရေတွက်ပြနိုင်တဲ့ သင်္ချာဆရာဟာ လောကမှာ မရှိနိုင်လို့ ဆိုချင်နေပါတယ်။ ဥပမာ - မြန်မာပြည်တစ်ပြည်လုံး၌ တည်ရှိနေတဲ့ ပုရွက်ဆိတ်သတ္တဝါ တစ်မျိုးလောက်ကိုပဲ ရေတွက်ကြည့်ပါ၊ ရေတွက်လို့ ရနိုင်, မရနိုင်ကို သဘောပေါက်ပါလိမ့်မယ်။

(ဂ) အုပ်စု - ကံ (၄)မျိုး

(ဂ) အုပ်စု - အမှတ် (၁) ကံ - ဂတိဝိပတ္တိ၌ တည်နေရသူ

လောကမှာ အချို့အချို့သော ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ အတိတ်ဘဝ ထိုထိုက ဆောက်တည်ကျင့်သုံးခဲ့တဲ့ ကုသိုလ်ကံတွေဟာလည်း အလွန့်အလွန် များပြားစွာ ဒုနဲ့ဒေး ရှိနေကြတယ်။ ယင်းကုသိုလ်ကံတွေဟာ အကယ်၍ ကံပိုင်ရှင်သတ္တဝါက လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ဆိုတဲ့ ဂတိသမ္ပတ္တိမှာ ရပ်တည်နေခဲ့မည်ဆိုလျှင်တော့ အကျိုးပေးနိုင်ကြတဲ့သဘော ရှိကြတယ်။

ဒါပေမယ့်လို့ ကံပိုင်ရှင်သတ္တဝါက အကုသိုလ်ကံ တစ်ခုခုက လက်ဦးသွားခဲ့တဲ့အတွက် သေသည်၏အခြားမဲ့၌ ဂတိဝိပတ္တိဖြစ်တဲ့ ငရဲမှာသော် လည်းကောင်း, အသူရကာယ်မှာသော်လည်းကောင်း ဖြစ်နေရပြန်တယ်။ ထိုကဲ့သို့သော နေရာမျိုးမှာ ကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် မစွမ်းနိုင် ဖြစ်နေတတ်ကြပြန်တယ်။ စင်စစ်မှာမူ အကုသိုလ်ကံတွေကသာလျှင် ရွှင်ရွှင် ပြပြ မျက်နှာပန်းလှလှဖြင့် တစ်ခုပြီးတစ်ခု အလုအယက် ဆက်တိုက် အကျိုး ပေးခြင်းငှာ စွမ်းအင်တွေ ပြည့်ဝစုံလင်နေကြတယ်။

ဤသို့လျှင် ထိုကောင်းမှုရှင်သတ္တဝါ၏ ပြုစုပျိုးထောင်အပ်ပြီးကုန်တဲ့, ဆောက်တည်ကျင့်သုံးအပ်ပြီးကုန်တဲ့ ကုသိုလ်ကံတွေက ဂတိဝိပတ္တိက တားမြစ်ထားကုန်သည့်အတွက် အကျိုးပေးခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြတယ်။ အကျိုးပေးဖို့ရန် အခါအခွင့်ကို မရရှိနိုင်သေး ဖြစ်နေတတ်ကြပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၂၄။)

(ဂ) အုပ်စု - အမှတ် (၂) ကံ - ဥပဓိဝိပတ္တိ၌ တည်နေရသူ

အခြားတစ်ယောက်သော ပုဂ္ဂိုလ်သန္တာန်မှာလည်း အလားတူပင် အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးခဲ့တဲ့, ပြုစုပျိုးထောင်ခဲ့တဲ့, ရှာဖွေ စုဆောင်းခဲ့တဲ့, ကောင်းမှုကုသိုလ်ကံတွေဟာ ဒုနဲ့ဒေး ရှိကြပြန်တယ်။ အကယ်၍ ကောင်းမှုရှင်က ရုပ်ရည်လှပတင့်တယ်ခြင်း (= ဥပဓိသမ္ပတ္တိ)မှာ တည်ရှိနေသူသာ ဖြစ်ခဲ့မည်ဆိုလျှင်တော့ ယင်းဆောက်တည်ကျင့်သုံးထားတဲ့ ကောင်းမှုကုသိုလ် အရပ်ရပ်တွေဟာ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ ဒီရေ တက်သည့်ပမာ အကျိုးပေးနိုင်ကြမှာ သေချာသလောက်ရှိတယ်။

သို့သော် ထိုကောင်းမှုရှင်ဟာ တစ်ခုသော အတိတ်ဘဝဝယ် လူ့ဘဝသို့ ရောက်ကြောင်းဖြစ်တဲ့ ကောင်းမှုကုသိုလ်ကံတစ်ခုကို ပြုစုပျိုးထောင်ခဲ့စဉ်က, ဥပမာ -- ဒါနတစ်ခု ပြုခဲ့စဉ်က အလှူခံပုဂ္ဂိုလ်တွေအပေါ် မကျေမနပ် ဖြစ်နေခြင်း, လှူဖွယ်ဝတ္ထုအပေါ် အားမရဖြစ်နေခြင်း, ဝိုင်းဝန်းကူညီနေသူတွေ အပေါ်မှာ ဒေါသတွေ ထွက်နေခြင်း စသည်ဖြင့် ဒေါသဓာတ်တွေက ယင်း ကောင်းမှုကုသိုလ်ကို ခြံရံထားပြန်တယ်။ သို့မဟုတ် သတ္တဝါတွေကို သတ်ဖြတ်ကာ, ညှဉ်းပန်းနှိပ်စက်ကာ အလှူဒါနပွဲတစ်ခုကို ကျင်းပခဲ့ပြန်တယ်။ သို့မဟုတ် ကိုယ့်ထက်သာ မနာလိုတဲ့စိတ်ဓာတ်ဖြင့် အလှူဒါနချင်းတွေ အပြိုင်အဆိုင်ပြုလုပ်ကာ တစ်ဖက်သားတွေအပေါ် အနိုင်ယူလိုတဲ့ စိတ်ဓာတ်, ထိပ်တိုက် ဆန့်ကျင်ဘက် ပြုလုပ်လိုတဲ့ စိတ်ဓာတ်, ရန်ငြိုးဖွဲ့လိုတဲ့ စိတ်ဓာတ် စတဲ့ ဆိုးညစ်ယုတ်မာတဲ့ စိတ်ဓာတ်တွေ ခြံရံကာ ဒါနကဲ့သို့သော ကုသိုလ်ကံတွေကို ထူထောင်ခဲ့ပြန်တယ်။

အကယ်၍ သမထဘာဝနာ, ဝိပဿနာဘာဝနာကဲ့သို့သော ဘာဝနာ ကုသိုလ်ကံတွေကို ဆောက်တည်ကျင့်သုံးခဲ့တယ်ဆိုလျှင်လည်း ယင်းကံတွေကို ပြုစုပျိုးထောင်နေစဉ်မှာ သီတင်းသုံးဖော်တို့အပေါ်၌ ရန်ငြိုးဖွဲ့ခြင်း, မကျေနပ်ခြင်း, ထိပ်တိုက် ဆန့်ကျင်ဘက်ပြုခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေမှာ ရပ်တည် နေခြင်းစတဲ့ ဒေါသဓာတ်တွေ ခြံရံကာ ယင်းဘာဝနာကုသိုလ်ကံတွေကို ပြုစုပျိုးထောင်ခဲ့ပြန်တယ်။

သို့မဟုတ် မိမိက တရားဘာဝနာ ပွားများနေခဲ့စဉ် ကာလအတွင်းမှာ မိမိအား ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းနေတဲ့ ကျေးဇူးရှင် ဒါယကာ, ဒါယိကာမ အလှူရှင်တို့အပေါ် မိမိအလိုရှိတာကို စိတ်တိုင်းကျအောင် မလှူဒါန်း နိုင်သည့်အတွက် အားမလို အားမရဖြစ်ခြင်း, မကျေနပ်ခြင်းစတဲ့ အကုသိုလ်တွေ ခြံရံကာ ယင်းဘာဝနာကံတွေကို ထူထောင်ခဲ့မိပြန်တယ်။

ဤသို့လျှင် တစ်ခုသော အတိတ်ဘဝက ဒါန, သီလ, သမထ, ဝိပဿနာ စတဲ့ တစ်ခုခုသော လူ့ဘဝရောက်ကြောင်း ကောင်းမှုကုသိုလ်ကံတစ်ခုကို ထူထောင်ခဲ့စဉ် ကာလဝယ် ယင်းကုသိုလ်ကံကို ဒေါသဓာတ် အမျိုးမျိုးတွေက ခြံရံထားခဲ့မည်ဆိုလျှင် ယင်းကုသိုလ်ကံကို ခြံရံထားခဲ့တဲ့ ဒေါသကဲ့သို့သော တစ်ခုသော မကောင်းမှုအကုသိုလ်ကံကြောင့် ပျက်စီးသော ဥပဓိရုပ်ရည် ရှိခြင်း (= ဥပဓိဝိပတ္တိ)၌ တည်နေရပြန်တယ်၊ ရုပ်အဆင်း မလှမပ ဖြစ်နေရပြန်တယ်၊ တစ္ဆေ မြေဘုတ်ဘီလူးနှင့် တူနေရပြန်တယ်၊ သို့မဟုတ် ကျိုးနေ ကန်းနေရပြန်တယ်။

ယင်းကဲ့သို့ ဥပဓိပျက်စီးခြင်း (= ဥပဓိဝိပတ္တိ)မှာ တည်နေရတဲ့ ပုဂ္ဂိုလ်ဟာ မင်းမျိုးမင်းနွယ်၌ လူလာဖြစ်ရသည်ပင် ထားပါဦး၊ မည်သို့ပင် မင်းမျိုးမင်းနွယ်မှာ လူလာဖြစ်ရပေမယ့်လို့ မင်းအရိုက်အရာကို ဆက်ခံဖို့ရန် မထိုက်တန်သူ ဖြစ်နေတတ်ပြန်တယ်။ အသရေမရှိတဲ့ ဤမင်းသားအား တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်ခြင်းဖြင့် ဘာအကျိုးရှိမှာလဲ ဤသို့ တိုင်းသားပြည်သူ များဗိုလ် လူတို့က ပြောဆိုခြင်းကြောင့်, သဘောမတူကြခြင်းကြောင့် မင်းအဖြစ်ကို မရနိုင် ရှိတတ်ပြန်တယ်။

စစ်သူကြီးအိမ် စသည်တို့၌ အကယ်၍ လူဖြစ်ရသည်ပင် ထားလိုက်ဦး၊ စစ်သူကြီးရာထူး စသည်တို့ကို ဆက်ခံဖို့ရန် အခွင့်အလမ်းကို မရရှိနိုင် ဖြစ်နေတတ်တယ်။ အကယ်၍ သူဌေးသား ဖြစ်လာရတယ်ပင် ထားလိုက်ဦး၊ သူဌေးရာထူးကို ဆက်ခံရရှိဖို့ရန် အလွန်ပင် ခက်ခဲနေတတ်ပြန်တယ်။

သူတစ်ပါးကို မကျေနပ်ခဲ့တဲ့ကံတွေ, ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ကံတွေ, ရန်ငြိုးဖွဲ့ခဲ့တဲ့ကံတွေ, ထိပ်တိုက် ဆန့်ကျင်ဘက် လုပ်ခဲ့တဲ့ကံတွေက မိမိကို တစ်ဖန်ပြန်၍ တုန့်ပြန်ကာ ကျေးဇူးဆပ်နေတတ်ကြပြန်တယ်။ ဤအရာဝယ် ဤမလ္လိကာဒေဝီသုတ္တန် (ဤကျမ်းစာ စာမျက်နှာ -- ၈၇-၈၈ မှာ ကြည့်ပါ။)တွင် တင်ပြထားတဲ့ ဒီပမင်းဝတ္ထုကို အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၄၂၅။)က တင်ပြထားပါတယ်။ ဤသို့လျှင် ဆောက်တည်ကျင့်သုံးခဲ့ပြီးတဲ့ ကုသိုလ်ကံတွေဟာ ဥပဓိ ဝိပတ္တိက တားမြစ်ထားတဲ့အတွက် အကျိုးမပေးနိုင် ရှိတတ်ကြပြန်တယ်။

(ဂ) အုပ်စု - အမှတ် (၃) ကံ - ကာလဝိပတ္တိ၌ တည်နေရသူ

အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်မှာလည်း အလားတူပင် အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးထားခဲ့တဲ့, ပြုစုပျိုးထောင် အပ်ပြီးတဲ့, စုဆောင်းဆည်းပူးခဲ့တဲ့ ကုသိုလ်ကံတွေဟာလည်း ဒုနဲ့ဒေး များစွာ ပင် ရှိကြတယ်။ ထိုကောင်းမှုကုသိုလ်တွေဟာ ကောင်းမှုရှင်က အကယ်၍ ကမ္ဘာဦးကာလ, စကြဝတေးမင်းကဲ့သို့သော မင်းကောင်းမင်းမြတ်တွေ ပေါ်ထွန်းရာကာလ, ဘုရားရှင်တို့ ပွင့်ထွန်းတော်မူရာကာလစတဲ့ ပြည့်စုံတဲ့ အချိန်ကာလကောင်းတွေဟု ဆိုအပ်တဲ့ ကာလသမ္ပတ္တိမှာ လူလာဖြစ်ခဲ့ရမည် ဆိုလျှင်တော့ အကျိုးပေးဖို့ရန် အခွင့်အလမ်းတွေက ပွင့်လန်းဝေဆာလျက် ရှိနေကြပါတယ်။ ယင်းကုသိုလ်ကံတွေက ယင်းကောင်းမှုရှင်ကို ကြွတော်မူပါ ကြွတော်မူပါဟု ဆီးကြိုကာ နှုတ်ခွန်းဆက်သနေကြမှာ ဖြစ်ပါတယ်။

သို့သော် ထိုကောင်းမှုရှင်ဟာ အတိတ်ဘဝတစ်ခုဝယ် ယခုလို လူ့ဘဝသို့ ရောက်ကြောင်းဖြစ်တဲ့ ကောင်းမှုကုသိုလ်ကံတွေကို ဆောက်တည်ကျင့်သုံးခဲ့စဉ်က မိမိ၏ ယင်းကုသိုလ်ကံကို မာန်မာန, ဒေါသစတဲ့ ကိလေသာတရား ဆိုးတို့ ခြံရံကာ ကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်ခဲ့မိပြန်တယ်။

မည်ကဲ့သို့သော မာန်မာန, မည်ကဲ့သို့သော ဒေါသတရားတွေပါနည်းဟု မေးရန် ရှိပါတယ်။ အတိတ်ဘဝဝယ် ယင်းကုသိုလ်ကံကို ထူထောင်ခဲ့စဉ် ကာလ၌ မိမိက အခြားအခြားသော သူတို့ကို မိမိထက် နိမ့်ကျတဲ့နေရာမှာ ထားလိုတဲ့ စိတ်ထား, မိမိကသာ အမြင့်ကနေလိုတဲ့ စိတ်ထား ရှိခဲ့တယ်။ မည်သည့်အရာနှင့်မဆို ယှဉ်လိုက်လျှင် မိမိက အဖက်ဖက်မှ အသာချည်း ယူလိုတဲ့ စိတ်ထား, တစ်ဖက်သားကို အဖက်ဖက်မှာ မိမိအောက် နိမ့်ကျစေလိုတဲ့ စိတ်ထားမျိုးသာ ရှိခဲ့တယ်။ ဤစိတ်ထားမျိုးကား မာန်မာန ဦးဆောင် နေတဲ့ အကုသိုလ်တရားတွေနှင့် ယှဉ်တွဲနေတဲ့ စိတ်ထားမျိုး ဖြစ်တယ်။

တစ်ဖန် ယင်းကုသိုလ်ကံကို ထူထောင်နေခဲ့စဉ်အခါဝယ် တစ်ဖက်သားတွေကို သေစေလိုတဲ့ စိတ်ထား, အသက်တိုစေလိုတဲ့ စိတ်ထားများ ရှိခဲ့ဖူး ပြန်တယ်။ ဆဒ္ဒန်ဆင်မင်းဇာတ်တော်ဝယ် ဆဒ္ဒန်ဆင်မင်း၏ မိဖုရားဟောင်း ဖြစ်သူ စူဠသုဘဒ္ဒါက ဆဒ္ဒန်ဆင်မင်းကို အစွယ်ဖြတ်ကာ အသေသတ်လိုတဲ့ စိတ်ထားဖြင့် ပစ္စေကဗုဒ္ဓါဘုရားရှင် အဆူငါးရာတို့အား သစ်သီးဆွမ်းများ လှူဒါန်းပူဇော်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကံလို မှတ်ပါ။

ယင်းကဲ့သို့ သူတစ်ပါးတွေကို သေစေလိုတဲ့စိတ်ထား, အသက်တိုစေလိုတဲ့ စိတ်ထား, ပျက်စီးစေလိုတဲ့ စိတ်ထားတို့ကား ဒေါသနှင့် ယှဉ်တွဲနေတဲ့ အကုသိုလ်တရားတို့ရဲ့ စွမ်းအင်တွေပင် ဖြစ်ကြပါတယ်။ ယင်းကဲ့သို့ မာန, ဒေါသစတဲ့ အကုသိုလ်တရားဆိုးတို့ ခြံရံကာ ကုသိုလ်ကံကို ထူထောင်မိခဲ့တဲ့ အတွက် ယင်းကုသိုလ်ကံကြောင့် လူ့ဘဝသို့ ရောက်ရှိလာရပါသော်လည်း ယင်းကုသိုလ်ကို ခြံရံခဲ့တဲ့ မာန, ဒေါသစတဲ့ ကိလေသာ အညစ်အကြေးတွေ လူးလဲပေကျံနေတဲ့ အကုသိုလ်ကံကြောင့် မကောင်းသောမင်းတို့ ပေါ်ပေါက်ရာကာလ, ဒုစရိုက်အိုး လူမိုက်မျိုးတို့ ပေါများဖြစ်ထွန်း ပေါ်ပေါက်ရာ ကာလ, အဖတ်အကာဖြစ်တဲ့, အဆီဩဇာမရှိတဲ့ အစာအာဟာရတွေကိုသာ မှီဝဲနေထိုင်ရတဲ့ ကာလ, အလွန်တိုတောင်းတဲ့ သက်တမ်းရှိတဲ့ ကာလ ဤကဲ့သို့သော ပျက်စီးနေသည့်ကာလဆိုတဲ့ ကာလဝိပတ္တိကာလမှာ လူလာဖြစ်ရပြန်တယ်။ လူသားတို့ဂတိ၏ အစွန်အဖျားဖြစ်တဲ့ အချိန်ကာလပင် ဖြစ်တယ်။

ယင်းကဲ့သို့သော ကာလဝိပတ္တိ အချိန်ကာလ၌လည်း အတိတ်ဘဝ ထိုထိုက ဆောက်တည်ကျင့်သုံးခဲ့ဖူးတဲ့ အခြားအခြားသော ကုသိုလ်ကံတို့သည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတရားတွေကို ပေးခြင်းငှာ, ဖြစ်ပေါ်စေခြင်းငှာ စွမ်းအင်တွေ မရှိ ဖြစ်နေကြတယ်။ ဤသို့လျှင် ဆောက်တည်ကျင့်သုံး အပ်ပြီးတဲ့, ပြုစုပျိုးထောင်အပ်ပြီးတဲ့ ကောင်းမှုကုသိုလ်တို့သည် ကာလ ဝိပတ္တိက တားမြစ်ထားအပ်ကုန်သည်ဖြစ်၍ အကျိုးမပေးနိုင်ကြလေကုန်။ (အဘိ၊ဋ္ဌ၊၂၊၄၂၅။)

(ဂ) အုပ်စု - အမှတ် (၄) ကံ - ပယောဂဝိပတ္တိ၌ တည်နေသူ

အခြားပုဂ္ဂိုလ်တစ်ယောက်၏ သန္တာန်မှာလည်း အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးအပ်ခဲ့ပြီးကြတဲ့, ပြုစုပျိုးထောင်အပ်ပြီးကုန်တဲ့ ကုသိုလ်ကံတွေဟာလည်း ဒုနဲ့ဒေးပဲ အလွန်များစွာ ရှိခဲ့ကြပြန်တယ်။ ယင်းကောင်းမှုရှင်ဟာ ယခုလို လူ့ဘဝကဲ့သို့သော ကောင်းတဲ့ဂတိသို့ ရောက်ရှိလာတဲ့ အခါမှာ ကာယကံစင်ကြယ်မှု, ဝစီကံစင်ကြယ်မှု, မနောကံစင်ကြယ်မှုတွေ ရှိလာအောင် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ပြည့်ပြည့်စုံစုံ ကြိုးစားအားထုတ်ခြင်းဆိုတဲ့ ပယောဂသမ္ပတ္တိ ထင်ရှားတည်ရှိ နေခဲ့မည်ဆိုလျှင် ယင်းအတိတ်က ဆောက်တည်ကျင့်သုံးခဲ့တဲ့ ကုသိုလ်ကံ တွေဟာ တန်းစီပြီး လှည့်လည်လာကြမှာ ဖြစ်တယ်။ သူ့ထက်ငါ အလုအယက် ဦးအောင် အကျိုးပေးကြမှာ ဖြစ်တယ်။

သို့သော် ယင်းကောင်းမှုရှင်ကား --- အဇာတသတ်တို့လို ပယောဂ ဝိပတ္တိမှာ ဣန္ဒြေရရ ဂုဏ်သိက္ခာရှိရှိနှင့် ရပ်တည်ကာ ဖခမည်းတော်ရင်းကို သော်လည်း ချမ်းသာခွင့်မပေးဘဲ သူ့အသက်သတ်ခြင်းစတဲ့ အကုသိုလ်ကမ္မပထတရား (၁၀)ပါး ဒုစရိုက်တရားတို့ကို သတ္တိရှိရှိ ဇွဲရှိရှိဖြင့် လွန်ကျူးပြုကျင့် နေပြန်တယ်။ လုံးဝ သီလမရှိတဲ့ ဒုဿီလပုဂ္ဂိုလ် ဖြစ်ကြောင်းဖြစ်ရာ မကောင်းမှုအကုသိုလ် မှန်သမျှကို ရာဝင်အိုးကြီးအတွင်းမှာ ရေတွေကို ပြည့်အောင် ဖြည့်ပေးနေသလို မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်မှာ ပြည့်အောင် အမြဲတမ်း ဖြည့်ပေးနေပြန်တယ်။ ပယောဂသမ္ပတ္တိစက်ပျက်ကာ ပယောဂဝိပတ္တိမှာ ဣန္ဒြေရရ ဂုဏ်သိက္ခာရှိရှိ ပြုံးပြုံးရွှင်ရွှင်နှင့် ရပ်တည်နေပြန်တယ်။

ဒါတွင်မကသေးဘူး၊ ယင်းဒုဿီလပုဂ္ဂိုလ်နှင့် ဇာတ်တူနွယ်တူ ဖြစ်ကုန်တဲ့ အမျိုးအနွယ်တို့သော်မှလည်း သမီးဆောင်မှု, သမီးပေးပို့မှုဆိုတဲ့ ထိမ်းမြား လက်ထပ်ခြင်း မင်္ဂလာအမှုတွေကို မပြုလုပ်ကြတော့ဘဲ ဒုစရိုက်လူမိုက်နှင့် ဆက်ဆံမှု မပြုချင်တဲ့အတွက် ရှောင်ဖယ်နေကြပြန်တယ်။ မိန်းမကြူး, သေသောက်ကြူး, ကြွေအန်ကြူးဆိုတဲ့ အကြူးပေါင်းစုံနေတဲ့ လူယုတ်မာတည်းဟု ပြောဆိုကာ ဝေးစွာ ရှောင်ကြဉ်နေကြတယ်။

ပယောဂသမ္ပတ္တိစက် ချို့တဲ့ပျက်စီးကာ ပယောဂဝိပတ္တိစက်ထဲမှာသာ အပျော်ကြီးပျော်နေတဲ့အတွက်ကြောင့် ယင်းဒုဿီလပုဂ္ဂိုလ်ကိုယ်တိုင် အတိတ် ဘဝထိုထိုက ဆောက်တည်ကျင့်သုံးခဲ့တဲ့ ကုသိုလ်ကံတွေဟာလည်း ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာတို့ကို ပေးဖို့ရန် မစွမ်းနိုင် ဖြစ်နေကြပြန်တယ်။ ဤသို့လျှင် ဆောက်တည်ကျင့်သုံးအပ်ခဲ့ပြီးကုန်တဲ့ ကုသိုလ်ကံတွေဟာ ပယောဂဝိပတ္တိစက်က တားမြစ်အပ်ကုန်သည် ဖြစ်တဲ့အတွက် အကျိုးမပေး နိုင်ကြတော့ပေ။ (အဘိ၊ဋ္ဌ၊၂၊၄၂၅-၄၂၆။)

ဤအရာဝယ် ထင်ရှားတဲ့ သာဓကတစ်ရပ်ကား --- အဇာတသတ်မင်း၏ ပယောဂသမ္ပတ္တိစက် ချို့ယွင်းပျက်စီးခြင်း, ပယောဂဝိပတ္တိစက်၏ ပြီးစီး အောင်မြင်လာခြင်းပင် ဖြစ်ပါတယ်။ အဇာတသတ်မင်းသည် ဖခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီးနောက်ပိုင်း တစ်ချိန်တွင် ဘုရားရှင်၏ထံတော်မှ သာမညဖလသုတ္တန် (ဒီ၊၁၊၄၄-၈၁။)ကို နာကြားခွင့် ရရှိခဲ့တယ်၊ တရားနာအပြီး အဇာတသတ်မင်း ထွက်ခွာသွားပြီးနောက် ဘုရားရှင်က ရဟန်းတော်တို့အား ဤသို့ အမိန့်ရှိတော်မူပါတယ် ---

ခတာယံ ဘိက္ခဝေ ရာဇာ၊ ဥပဟတာယံ ဘိက္ခဝေ ရာဇာ၊ သစာယံ ဘိက္ခဝေ ရာဇာ ပိတရံ ဓမ္မိကံ ဓမ္မရာဇာနံ ဇီဝိတာ န ဝေါရောပေဿထ၊ ဣမသ္မိံယေဝ အာသနေ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥပ္ပဇ္ဇိဿထ။ (ဒီ၊၁၊၈၁။)

ချစ်သားရဟန်းတို့ ... ဤအဇာတသတ်မင်းသည် မိမိကိုယ်ကို မိမိ တူးဖြိုအပ်ပြီ၊ မိမိကိုယ်ကို မိမိ ထောက်တည်ရာမရအောင် ဖျက်ဆီးအပ်ပြီ၊ ချစ်သားရဟန်းတို့ ... ဤအဇာတသတ်မင်းသည် တရားစောင့်တဲ့ တရား မင်းကြီးဖြစ်တဲ့ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို ဇီဝိတိန္ဒြေမှ မချခဲ့ကုန်သည် ဖြစ်ငြားအံ့၊ ယင်းသို့ဖြစ်ခဲ့သော် ဤနေရာအရပ်၌ပင်လျှင် ကိလေသာမြူမှုန် မရှိသော ကိလေသာမြူအညစ်အကြေး ကင်းစင်သော သောတာပတ္တိမဂ်ဉာဏ်အမြင်ဟူသည့် ဓမ္မစက္ခုသည် ဖြစ်ပေါ်လာကုန်ရာ၏ဟု မိန့်ကြား ထားတော်မူ၏။ (ဒီ၊၁၊၈၁။)

ရတနာသုံးပါးကို ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် ကိုးကွယ် ဆည်းကပ်ကြကုန်သော ပုထုဇန်ဥပါသကာ ဒါယကာတို့တွင် အဇာတသတ်မင်းကဲ့သို့ သဒ္ဓါတရားနှင့် ပြည့်စုံတဲ့ ပုထုဇန်ဥပါသကာသည် မရှိနိုင်ပေ။ ယင်းကဲ့သို့သော သဒ္ဓါတရားဖြင့် ရတနာသုံးပါးကို ယုံကြည်စွာ ကိုးကွယ် ဆည်းကပ်ခဲ့၏၊ ကြီးစွာသော ပူဇော်သက္ကာရအမှုကို ပြုစုပျိုးထောင်ခဲ့၏။

ထိုကြောင့် သာသနာတော်၏ ကြီးကျယ်မြင့်မြတ်တော်မူသည့်အတွက် ကိုးကွယ်ဆည်းကပ်သည့် သရဏဂုံကုသိုလ်, ပူဇော်သက္ကာရအမှု ပြုသည့် ကုသိုလ်တိ့ုလည်း ကြီးကျယ်မြင့်မြတ်ကြတယ်။ ယင်းကဲ့သို့သော အကြောင်းတရားကြောင့် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား သတ်ဖြတ်ပြီးတဲ့အခါ ပန်းတစ်ဆုပ်မျှ ဒဏ်ဆောင်ခြင်းဖြင့် အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိ သကဲ့သို့ အလားတူပင် သေသည်၏ အခြားမဲ့၌ လောဟကုမ္ဘီငရဲ၌ ဖြစ်ရပြီးနောက် အနှစ်သုံးသောင်းတို့ ကာလပတ်လုံး အောက်အဖို့သို့ ဆင်းသွား ပြီးနောက် အောက်အပြင်သို့ ရောက်ရှိသောအခါ တစ်ဖန် အထက်အဖို့သို့ အနှစ်သုံးသောင်းတို့ ကာလပတ်လုံး ပြန်တက်လာပြီးနောက် အထက်မျက်နှာပြင်သို့ ရောက်ရှိလာသောအခါ ယင်းငရဲမှ ကျွတ်လွတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ (ဒီ၊ဋ္ဌ၊၁၊၂၁၂။)

ဤဝတ္ထုအကြောင်းအရာ၌ အဇာတသတ်မင်းမှာ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျက်မှောက်ပြုနိုင်လောက်အောင် လုံလောက်သော ပါရမီ ကုသိုလ်မျိုးစေ့တို့ကို ပြည့်ပြည့်စုံစုံ ကျင့်သုံးဆောက်တည်ထားပြီးတဲ့ ကုသိုလ်ကံတရားတွေ ထင်ရှားရှိနေသူတစ်ဦး ဖြစ်တယ်။

သို့သော် ထိုတရားရနိုင်သည့်ဘဝတွင် သီလ-သမာဓိ-ပညာဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ဖြူဖြူစင်စင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ခြင်း ပယောဂသမ္ပတ္တိစက်ပျက်ကာ သောတာပန် အရိယာသူတော်ကောင်း ဖြစ်သည့် တရားစောင့်သည့် ဖခမည်းတော်ကို သတ်ဖြတ်ခြင်းစတဲ့ ပယောဂ ဝိပတ္တိစက်ကွင်းထဲသို့ ရောက်ရှိသွားခဲ့တယ်။

ယင်းပယောဂဝိပတ္တိစက်က တားမြစ်နှောင့်ယှက်ထားသည့်အတွက် သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့တိုင်အောင် ရောက်ရှိနိုင်သည့် ပါရမီ ကုသိုလ်ကံတို့သည် အကျိုးပေးဖို့ရန် အခွင့်အလမ်းကို မရရှိနိုင် ဖြစ်သွားကြပေတယ်။ ပယောဂဝိပတ္တိစက်က တားမြစ် နှောင့်ယှက်သည့်အတွက် ဘုရားရှင်၏ သာသနာတော်နှင့် အလွဲကြီးလွဲကာ သာသနာတော်မှ အရှုံးကြီး ရှုံးသွား ရသူတစ်ဦးပင် ဖြစ်ပေတယ်။

ဤသို့လျှင် လေးမျိုးကုန်သော သမ္ပတ္တိတို့သို့ ရှေးရှုရောက်၍ လေးမျိုးကုန်သော သမ္ပတ္တိတို့ကို အစွဲပြု၍ အကျိုးပေးနိုင်သည့်စွမ်းအား ရှိကြကုန်သော ကုသိုလ်ကံတို့သည် လေးမျိုးကုန်သော ဝိပတ္တိတို့က တားမြစ်ထားအပ်သည့်အတွက်ကြောင့် အကျိုးမပေးနိုင်ကြလေကုန်။ (အဘိ၊ဋ္ဌ၊၂၊၄၂၅-၄၂၆၊၊)

(ဃ) အုပ်စု - ကံ (၄) မျိုး

(ဃ) အုပ်စု - အမှတ် (၁) ကံ - ဂတိသမ္ပတ္တိ၌ တည်နေရသူ

အခြားတစ်ယောက်သော ပုဂ္ဂိုလ်သန္တာန်၌လည်း အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးအပ်ခဲ့ပြီးတဲ့, ပြုစုပျိုးထောင်အပ်ခဲ့ပြီးတဲ့ ကောင်းမှု ကုသိုလ်ကံတွေဟာ ဒုနဲ့ဒေးပဲ အလွန်များပြားစွာ ရှိကြပေတယ်။ ယင်း ကောင်းမှုကုသိုလ်ကံတို့ဟာ အပါယ်လေးဘုံဆိုတဲ့ ဂတိဝိပတ္တိမှာ ယင်း ကောင်းမှုရှင်က တည်နေခဲ့မည်ဆိုလျှင်တော့ အကျိုးပေးနိုင်ဖို့ရန် အခါအခွင့်ကိုကား မရနိုင် ရှိတတ်ပေတယ်။ သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ဆိုတဲ့ ကောင်းမွန် ပြည့်စုံတဲ့ ဂတိတွေမှာသာ ကျင်လည်နေရတယ်။

ထိုကောင်းမွန်ပြည့်စုံတဲ့ ဂတိသမ္ပတ္တိမှာ ထိုကောင်းမှုရှင်၏ ကောင်းမှု ကုသိုလ်တွေဟာ တန်းစီကာ လှည့်လည်လာကြကုန်ပြီး အလှည့်ကျအားဖြင့် ကောင်းကျိုးကို ပေးကြကုန်တယ်။ တစ်ခါတစ်ရံဝယ် လူ့ပြည် လူ့လောက၌, တစ်ခါတစ်ရံဝယ် နတ်ပြည် နတ်လောက၌, တစ်ခါတစ်ရံဝယ် ဗြဟ္မာ့ပြည် ဗြဟ္မာ့လောက၌ ဖြစ်စေကြကုန်တယ်။ ဤသို့လျှင် ဂတိဝိပတ္တိက တားမြစ် ထားတဲ့အတွက် အကျိုးမပေးနိုင်တဲ့ ကုသိုလ်ကံတွေဟာ ဂတိသမ္ပတ္တိသို့ ရှေးရှု ဆိုက်ရောက်လာတဲ့အခါ ဂတိသမ္ပတ္တိကို အစွဲပြုပြီးတော့ အကျိုးပေးကြကုန်တယ်။ (အဘိ၊ဋ္ဌ၊၂၊၄၂၆။)

ဤ၌ ထင်ရှားသော သာဓကတစ်ရပ်ကား --- အပဒါန်ပါဠိတော် (အပဒါန၊ ၁၊၈၄-၈၆။)၌ လာရှိသော ပဉ္စသီလသမာဒါနိယမထေရ်၏ ပါရမီဖြည့်ကျင့်တော်မူခန်းပင် ဖြစ်ပေတယ်။ ယင်းမထေရ်အလောင်းလျာ သူတော်ကောင်းကား အနောမဒဿီဘုရားရှင်၏ သာသနာတော်တွင်းက စတင်ကာ ပါရမီ ကောင်းမှုကုသိုလ်တို့ကို ဆည်းပူးစုဆောင်းခဲ့ပါတယ်။

ငါးပါးသီလကို ရှေ့တန်းတင်ကာ ငါးပါးပဉ္စသီကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင် မကျိုးမပေါက် မပြောက်မကြားအောင် ခရုသင်းပွတ်သစ်ကဲ့သို့ ဖွေးဖွေးလက် တောက်ပအောင် သမထ-ဝိပဿနာဘာဝနာရေစင်တို့ဖြင့် ထာဝစဉ် ဆေးကြောသုတ်သင်ကာ စောင့်ထိန်းခဲ့ပါတယ်။ ယင်းသမထ-ဝိပဿနာဘာဝနာတို့က အားပေးထောက်ပံ့ထားအပ်သည့်အတွက်ကြောင့် အရောင်တလက်လက် တောက်ပနေတဲ့ ငါးပါးသီလကို ဆောက်တည်ကျင့်သုံး ခဲ့တဲ့ ကောင်းမှုကုသိုလ်ကံတွေကြောင့် အနောမဒဿီဘုရားရှင်၏ သာသနာတော်မှ ဒီဂေါတမဘုရားရှင်၏ သာသနာတော်သို့တိုင်အောင် အပါယ် လေးဘုံသို့ တစ်ခါမျှ မလားရောက်ရဘဲ လူ့ပြည်, နတ်ပြည်တွေမှာပဲ စုံဆန် ကျင်လည်နေခဲ့ရပါတယ်။

အနှစ်တစ်သိန်းတို့ကာလပတ်လုံး ဆက်တိုက် ဆောက်တည်ကျင့်သုံးခဲ့တဲ့ သမထ-ဝိပဿနာဘာဝနာကံတို့က ဝိုင်းဝန်းထောက်ပံ့ထားတဲ့ သီလကုသိုလ်ကံတို့၏ စွမ်းဟုန်တွေဟာ လူ့ပြည်, နတ်ပြည်ဆိုတဲ့ ဂတိသမ္ပတ္တိကို အစွဲပြုကာ ဆက်တိုက် အကျိုးပေးနေတဲ့ ထုံးဟောင်းတစ်ရပ်ပင် ဖြစ်ပါတယ်။ (အပဒါန၊၁၊၈၄-၈၆။)

(ဃ) အုပ်စု - အမှတ် (၂) ကံ - ဥပဓိသမ္ပတ္တိ၌ တည်နေသူ

အခြားတစ်ယောက်သော ပုဂ္ဂိုလ်သန္တာန်မှာလည်း အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးထားအပ်ပြီးတဲ့, ဆည်းပူးစုဆောင်းထားအပ်ပြီးတဲ့, ပြုစုပျိုးထောင်အပ်ခဲ့ပြီးတဲ့ ကောင်းမှုကုသိုလ်ကံတွေဟာ ဒုနဲ့ဒေး ရှိကြပါတယ်။ ယင်းကောင်းမှုကုသိုလ်ကံတွေဟာ ကောင်းမှုရှင်က အကျည်းတန်အရုပ်ဆိုး နေမယ်၊ မလှမပ မတင့်မတယ် ဖြစ်နေမယ်၊ တစ္ဆေ မြေဘုတ်ဘီလူးနှင့် တူနေမယ်ဆိုလျှင် ဥပဓိရုပ်ရည်၏ ပျက်စီးချို့ယွင်းခြင်း ဥပဓိဝိပတ္တိမှာ တည်ရှိ နေတယ်လို့ ဆိုရတယ်။ ယင်းကဲ့သို့ ဥပဓိဝိပတ္တိမှာ တည်ရှိနေမည်ဆိုလျှင်တော့ အတိတ်က မိမိစုဆောင်းထားခဲ့တဲ့ ယင်းကောင်းမှုကုသိုလ်ကံတွေဟာ အကျိုးပေးနိုင်တဲ့ စွမ်းအား မရှိ ဖြစ်နိုင်ပါတယ်။

သို့သော် ထိုကောင်းမှုရှင်ဟာ တစ်ချိန်က လူ့ဘဝသို့ ရောက်ကြောင်း ဖြစ်တဲ့ ကောင်းမှုကုသိုလ်ကံတွေကို ဆောက်တည်ကျင့်သုံးခဲ့တဲ့ အပိုင်းမှာ ဖြူစင်မြင့်မြတ်တဲ့ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီးတော့ ဒေါသ ဓာတ်တွေ မခြံရံဘဲ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ် ဓာတ်တွေ ခြံရံကာ ဒါနအစရှိတဲ့ ကောင်းမှုကုသိုလ်ကံတွေကို ပြုစုပျိုးထောင်ခဲ့တယ်။

သတ္တဝါတွေကို ချစ်ခင်ဖွယ်သတ္တဝါအဖြစ် မေတ္တာဗြဟ္မစိုရ်မျက်လုံးနှင့် ရှုကြည့်တတ်တယ်၊ မုန်းစရာသတ္တဝါအဖြစ် မရှုမြင်တတ်ဘူး၊ သနားစရာ သတ္တဝါအဖြစ် ကရုဏာဗြဟ္မစိုရ်မျက်လုံးနှင့် ရှုကြည့်တတ်တယ်၊ ညှဉ်းပန်း နှိပ်စက်ထိုက်တဲ့ သတ္တဝါအဖြစ် မရှုမြင်တတ်ဘူး၊ ဝမ်းမြောက်ဖွယ်ရာ သတ္တဝါ အဖြစ် မုဒိတာဗြဟ္မစိုရ်မျက်လုံးနှင့် ရှုကြည့်တတ်တယ်၊ မလိုလားအပ်တဲ့ သတ္တဝါအဖြစ် မရှုမြင်တတ်ဘူး၊ မိမိ ပြုစုပျိုးထောင်ခဲ့တဲ့ ကံ၏အကျိုးတရားကို သုံးဆောင်ခံစားနေတဲ့ သတ္တဝါအဖြစ် ဥပေက္ခာဗြဟ္မစိုရ်မျက်လုံးနှင့် ရှုကြည့် တတ်တယ်၊ မရှုစိမ့်နိုင်တဲ့, ခွင့်မလွှတ်နိုင်တဲ့ မျက်လုံးနှင့် မရှုမြင်တတ်ဘူး။

ယခုလို ဗြဟ္မစိုရ်မျက်လုံးတွေနှင့် သတ္တဝါတွေအပေါ်မှာ အမြဲတမ်း ရှုကြည့်လျက် ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာတဲ့ ကောင်းမှုကုသိုလ်ကံတွေကို ဆောက်တည်ကျင့်သုံးခဲ့တယ်၊ ပြုစုပျိုးထောင်ခဲ့တယ်။ ယင်းကဲ့သို့ ဆောက်တည်ကျင့်သုံးထားတဲ့ ကုသိုလ်ကံများစွာထဲက အထူးသဖြင့် မေတ္တာ ဓာတ်တွေ ခြံရံထားတဲ့ ကောင်းမှုကုသိုလ်ကံတစ်ခုက လူ့ဘဝသို့ရောက်အောင် ပို့ဆောင်ပေးလိုက်တဲ့အခါ ရုပ်အဆင်း လှပတင့်တယ်ခြင်းဆိုတဲ့ ဥပဓိ သမ္ပတ္တိနှင့် ပြည့်စုံလာရတယ်၊ အလွန် အဆင်းလှတယ်၊ ရှုချင်စဖွယ် တင့်တယ် တယ်၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်ထားနိုင်တယ်၊ ဗြဟ္မာမင်း၏ အတ္တဘောနှင့်တူတဲ့ ခန္ဓာကိုယ်အတ္တဘောကို ဆောင်ထားနိုင်တယ်၊ ဥပဓိသမ္ပတ္တိ၌သာ ရပ်တည်နေရတယ်။

အတိတ်က ကံကို ထူထောင်ခဲ့စဉ်ဘဝက သူတစ်ပါးတွေကို ချစ်စရာ သတ္တဝါအဖြစ် မေတ္တာဗြဟ္မစိုရ်မျက်လုံးဖြင့် ကြည့်ရှုခဲ့တဲ့အတွက် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေတဲ့ မိမိကိုလည်း ချစ်ခင်မြတ်နိုးတဲ့ မေတ္တာဗြဟ္မစိုရ်မျက်လုံးဖြင့် ကြည့်ရှုမည့်သူတွေဟာ ဝိုင်းဝိုင်းလည်နေတတ်တယ်။ သူတစ်ပါးတွေကို သနားစရာသတ္တဝါအဖြစ် ကရုဏာဗြဟ္မစိုရ်မျက်လုံးဖြင့် ကြည့်ရှုခဲ့တဲ့အတွက် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေတဲ့ မိမိကိုလည်း သနားကြင်နာသည့် မျက်လုံးဖြင့် ကြည့်ရှုမည့်သူတွေဟာ ဝိုင်းဝိုင်းလည်နေတတ်တယ်။ သူတစ်ပါးတို့ရဲ့ အောင်မြင်မှု အဝဝကို ဝမ်းသာတဲ့ မုဒိတာဗြဟ္မစိုရ်မျက်လုံးဖြင့် ကြည့်ရှုခဲ့တဲ့အတွက် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေတဲ့ မိမိကိုလည်း ကျေနပ်တဲ့ မျက်လုံး, ကြည်ရွှင် ဝမ်းမြောက်တဲ့ မျက်လုံးတို့ဖြင့် ကြည့်ရှုနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဝိုင်းဝိုင်းလည်နေတတ်တယ်။

တစ်ဖက်သားတွေအပေါ်မှာ မိမိက သူတို့ဟာ သူတို့ ပြုစုပျိုးထောင်ခဲ့တဲ့ ကံနှင့်လျော်ညီစွာ ကောင်းကျိုးဆိုးကျိုးတွေကို စံစား ခံစားနေကြရတာပဲလို့ ကံ,ကံ၏အကျိုးတရားကို တတ်သိနားလည်တဲ့ ဥပေက္ခာဗြဟ္မစိုရ်မျက်လုံးဖြင့် ကြည့်ရှုတတ်ခဲ့တဲ့အတွက် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေတဲ့ မိမိကိုလည်း ဩော်...ဘုန်းကံကြီးမားပါပေစွ, ကံကောင်းပါပေစွဟု ကံ,ကံ၏အကျိုးကို သဘောကျလက်ခံနေတဲ့ ဥပေက္ခာဗြဟ္မစိုရ်မျက်လုံးဖြင့် ကြည့်ရှုနေတဲ့ သူတွေဟာလည်း ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။ ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေတဲ့ မိမိကို ရွံရှာမုန်းတီးတဲ့ မျက်လုံး, အကြင်နာကင်းမဲ့တဲ့ မျက်လုံး, ဝမ်းမမြောက်နိုင်တဲ့ မျက်လုံး, ကံ,ကံ၏အကျိုးကို နားမလည်တဲ့ မျက်လုံးတို့ဖြင့် ကြည့်ရှုမည့် သူတွေ, ကြည့်ရှုနေတဲ့ သူတွေဟာ မရှိသလောက် ရှားပါးနေတတ်ပါတယ်။

ဤသို့လျှင် ထိုကောင်းမှုရှင်က ဥပဓိသမ္ပတ္တိမှာ ရပ်တည်နေသည့် အတွက်ကြောင့် အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့, ဆောက်တည်ကျင့်သုံးခဲ့တဲ့ ကောင်းမှုကုသိုလ်ကံ အဝဝတို့သည် တစ်ခုပြီးတစ်ခု တန်းစီကာ ကောင်းကျိုး ချမ်းသာ မင်္ဂလာအဖြာဖြာတို့ကို ပေးတတ်ကြတယ်။

ထိုကောင်းမှုရှင်သည် အကယ်၍ မင်းမျိုးမင်းနွယ်၌ ဖြစ်ငြားအံ့၊ ယင်းသို့ ဖြစ်လတ်သော် မိမိမှ တစ်ပါးကုန်သော အခြားအခြားကုန်သော အသက်ကြီးကြကုန်သော နောင်တော့်နောင်တော် မင်းသားတို့သည် ထင်ရှားရှိပါကုန် သော်လည်း --- ဤမင်းသား၏ ခန္ဓာကိုယ်အတ္တဘောသည် ပြည့်စုံ၏၊ ယောက်ျားမြတ်တ်ို့၏ လက္ခဏာနှင့် ပြည့်စုံ၏။ ဤမင်းသားသည် ထီးဖြူကို စိုက်ထူစေအပ်သော် တိုင်းသားပြည်သူ များဗိုလ်လူတို့၏ ချမ်းသာခြင်းသည် ဖြစ်ပေလတ္တံ့ဟု ဤသို့တိုင်ပင်ကာ ထိုဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေတဲ့ မင်းသားကိုပင်လျှင် မင်းအဖြစ်၌ အဘိသိက်ရေစင်ဖြင့် သွန်းဖျန်းကြကုန်တယ်။

အကယ်၍ ထိုကောင်းမှုရှင်သည် အိမ်ရှေ့မင်း၏အိမ် စသည်တို့၌ လူဖြစ်လာလတ်သော် ဖခင်အိမ်ရှေ့မင်း၏ ကွယ်လွန်ရာအခါ၌ အိမ်ရှေ့မင်း အဖြစ်ကိုသော်လည်းကောင်း, စစ်သူကြီးရာထူးကိုသော်လည်းကောင်း, ဘဏ္ဍာစိုးရာထူးကိုသော်လည်းကောင်း, သူဌေးရာထူးကိုသော်လည်းကောင်း ရရှိနိုင်တယ်။ ဤသို့လျှင် ဥပဓိဝိပတ္တိက တားမြစ်ထားအပ်ကုန်သည့်အတွက် အကျိုးပေးဖို့ရန် မစွမ်းနိုင်ဖြစ်နေကြတဲ့ ကုသိုလ်ကံတွေဟာ ဥပဓိသမ္ပတ္တိသို့ ရှေးရှုဆိုက်ရောက်လာတဲ့အခါ ဥပဓိသမ္ပတ္တိကို အစွဲပြုပြီးတော့ အကျိုးပေးကြကုန်တယ်။ (အဘိ၊ဋ္ဌ၊၂၊၄၂၆။)

မိမိက မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ မျက်လုံးတွေနှင့် တစ်ဖက်သားတွေကို ကြည့်ခဲ့တဲ့ကံတွေကို ထူထောင်ခဲ့တဲ့အတွက် ထိုကံတွေကြောင့် မိမိကို ချစ်ခင်မြတ်နိုးတဲ့ မျက်လုံး, ကြင်နာသနားတဲ့ မျက်လုံး,ကြည်ရွှင် ဝမ်းမြောက်တဲ့ မျက်လုံး, မိမိမှာ အကျိုးပေးနေတဲ့ကံကို တတ်သိနားလည်တဲ့ မျက်လုံးတွေနှင့် ကြည့်မည့်သူတွေ, ကြည့်ချင်သူတွေ, ချီးမြှောက်ချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေခြင်းပင် ဖြစ်ပါတယ်။

(ဃ) အုပ်စု - အမှတ် (၃) ကံ - ကာလသမ္ပတ္တိ၌ တည်နေသူ

အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးထားအပ်ပြီးတဲ့, ပြုစုပျိုးထောင်ထားအပ်ပြီးတဲ့ ကောင်းမှုကုသိုလ်ကံတွေဟာ ဒုနဲ့ဒေး ရှိကြတယ်။ ယင်းကောင်းမှုကုသိုလ်ကံတွေဟာ မကောင်းသောမင်း, ဒုစရိုက်အမျိုးမျိုးတို့ကို မြတ်နိုးဖွယ်ရာ ဂုဏ်ယူဖွယ်ရာ မိတ်ကောင်းဆွေကောင်းကြီးတွေအဖြစ် အသိအမှတ်ပြုကာ မိတ်ဖွဲ့ထားကြတဲ့ ဒုစရိုက်သမား လူမိုက်များတို့ ဖြစ်ထွန်းပေါ်ပေါက်ရာ ပျက်စီးနေသော ကာလဟု ခေါ်ဆိုအပ်တဲ့ ကာလဝိပတ္တိ၌ ရပ်တည်နေရသော သူ၏သန္တာန်ဝယ် အကျိုးပေးနိုင်သည့် စွမ်းအား မရှိ ဖြစ်နေကြတယ်။

သို့သော် ထိုကောင်းမှုရှင်သည်ကား အတိတ်ဘဝထိုထိုဝယ် ကောင်းမှု ကုသိုလ်တို့ကို ဆည်းပူးစုဆောင်းခဲ့စဉ်က အိုနာသေရေးဒုက္ခဘေး အဝဝတို့မှ ကင်းလွတ်ရာနိဗ္ဗာန်ကို မျှော်မှန်းကာ စရဏမျိုးစေ့ကောင်းတွေကို ပြုစု ပျိုးထောင်ခဲ့ပြန်တယ်။ သီလကို ဖြူစင်စွာ စောင့်စည်းခဲ့တယ်။ ဣန္ဒြေတို့ကို လုံခြုံစွာ စောင့်စည်းခဲ့တယ်။ သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ အစဖြာသည့် သူတော်ကောင်းတရားတွေကို ပြည့်စုံအောင် ကြိုးပမ်းခဲ့တယ်။

ဤသို့ ပြုစုပျိုးထောင်ခဲ့သည့် ကောင်းမှုကုသိုလ်ကံတွေထဲက တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် မင်းကောင်းမင်းမြတ်တို့ ပေါ်ပေါက်ရာ အချိန်ကာလ, သူတော်သူမြတ်တို့ ဖြစ်ထွန်းရာ အချိန်ကာလ, ဘုရားရှင်တို့ ပွင့်ထွန်းပေါ်တော်မူရာ အချိန်ကာလဆိုတဲ့ ကာလသမ္ပတ္တိမှာ လူဖြစ်လာရပြန်တယ်။ ယင်းကဲ့သို့သော ပြည့်စုံတဲ့ ခေတ်ကောင်းကာလကောင်းဟု ခေါ်ဆိုအပ်တဲ့ ကာလသမ္ပတ္တိမှာ လူဖြစ်လာရတဲ့ ကောင်းမှုကုသိုလ်ရှင်၏ သန္တာန်၌ အတိတ်က ဆောက်တည်ကျင့်သုံးခဲ့သည့် ကောင်းမှုကုသိုလ်ကံတို့သည် အကျိုးပေးဖို့ရန် အခါအခွင့် ပွင့်လန်းလာကြပေတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၂၆။)

ဤအရာဝယ် အဋ္ဌကထာက အရှင်မဟာသောဏမထေရ်, အရှင်ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်ကြီးတို့၏ ဝတ္ထုဇာတ်ကြောင်းများကို ဖော်ပြ ထားပါတယ်။ အရှင်မဟာသောဏမထေရ်မြတ်ကြီးကား တိဿသူပုန် ဘေးကြီး ထကြွစဉ်အခါက သစ်မည်စည်သီး မမှည့်တမှည့်တို့ကို ခွဲကာ အစေ့ ထုတ်ထားသည့် လူတို့ စွန့်ပစ်ထားခဲ့သည့် သစ်မည်စည်သီးအခွံတို့ကိုလည်း ဘုဉ်းပေးခဲ့ရ၏၊ ကုမုဒြာကြာရိုးတို့ကိုလည်း ဘုဉ်းပေးခဲ့ရ၏၊ တောငှက်ပျောပင်တို့၏ အခွံအဖတ်တို့ကို ချင်ရွေးနွယ်,ချင်ရွေးရွက်တို့နှင့် တပေါင်းတည်း နုပ်နုပ်စဉ်းကာ အဆုပ်ပြုလုပ်ထားသည့် ဟင်းရွက်ဆုပ်တို့ကိုလည်း နှစ်ပေါင်း များစွာ ဘုဉ်းပေးခဲ့ရ၏။

သို့သော် ဗြာဟ္မဏတိဿသူပုန်ဘေးကြီး ငြိမ်းအေးသွားသောအခါ ကာလကရွာ မဏ္ဍလာရာမကျောင်းတိုက်သို့ ဆိုက်ရောက်စဉ် (ရဝဝ)ကုန်သော ရဟန်းသံဃာတို့နှင့်အတူ ကာလကရွာတွင်းသို့ ဆွမ်းခံကြွတော်မူရာ (၉)တောင်မျှ အတိုင်းအရှည်ရှိသော ပိတ်စပေါင်း (ရဝဝ)တို့ကိုလည်းကောင်း, မွန်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ် အပြည့်ထည့်ထားသည့် ဆွမ်းသပိတ် အလုံးပေါင်း (ရဝဝ)တို့ကိုလည်းကောင်း တစ်နေ့တည်းမှာပင် ရရှိတော်မူခဲ့လေသည်။

အနုရာဓမြို့ မဟာဝိဟာရကျောင်းတိုက်ကြီးသို့ ဆိုက်ရောက်တော်မူသောအခါ၌ကား လှူဒါန်းပူဇော်ကြကုန်သော ပစ္စည်းလေးပါးတို့၏ အတိုင်းအတာပမာဏသည်ကား တိုင်းတာ၍ မရလောက်အောင် များပြားခဲ့ပေတယ်။ ဤသို့လျှင် ကာလဝိပတ္တိအခါသမယ၌ သစ်မည်စည်သီးအခွံသည်လည်းကောင်း, ကုမုဒြာကြာရိုးသည်လည်းကောင်း အလွန်ရခဲသော သဘောရှိသည့် ဒုလ္လဘတရားတစ်ခု ဖြစ်ခဲ့ရပေတယ်။ သို့သော် ကာလသမ္ပတ္တိသို့ ဆိုက်ရောက်လာသောအခါ၌ကား ယင်းကဲ့သို့သော ဖော်ပြပါ များစွာကုန်သော လာဘ်လာဘသည် ထင်ရှားဖြစ်ပေါ်ခဲ့ပေတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၂၆-၄၃၀။)

အရှင်ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်ကြီးသည်လည်း ရှင်သာမဏေ ဘဝက ဗြာဟ္မဏတိဿသူပုန်ဘေးကြီး ဆိုက်ရောက်စဉ်ကာလဝယ် ထန်းသီး တို့ကိုလည်း သုံးဆောင်ခဲ့ရ၏၊ တောသစ်မြစ်, သစ်ဥ, သစ်ဖု, သစ်ရွက်တို့ကိုလည်း နှစ်ပေါင်းများစွာ သုံးဆောင်ခဲ့ရ၏။ တဖြည်းဖြည်း ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူလာခဲ့၏။ ဗြဟ္မဏတိဿသူပုန်ဘေးကြီး ငြိမ်းအေးလတ်သောအခါ သင့်တင့်လျောက်ပတ်သောအရပ်၌ နေထိုင်ကာ ပါဠိတော်များကို အဋ္ဌကထာနှင့်တကွ သင်ယူတော်မူ၏။ ပိဋကသုံးပုံကို နှုတ်ငုံဆောင်နိုင်သည့် အဆင့်သို့ ရောက်ရှိသွား၏။ တိပိဋကဓရဝတ္တဗ္ဗကနိဂြောဓအမည်ရသည့် မထေရ်မြတ်ကြီးတစ်ပါး ဖြစ်တော်မူလာ၏။

တစ်နေ့တွင် ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်ကြီးဟာ များစွာကုန်သော ရဟန်းသံဃာတော်အပေါင်း ခြံရံကာ အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူလာရာ မဟာဝိဟာရကျောင်းတိုက်ကြီးသို့ ဆိုက်ရောက်တော်မူလာ ပေတယ်။ ရောက်ရှိတော်မူပြီးနောက် မဟာဗောဓိကိုလည်းကောင်း, မဟာစေတီတော်ကိုလည်းကောင်း, ထူပါရာမစေတီတော်ကိုလည်းကောင်း ဖူးမြော် ကန်တော့ပြီးနောက် မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူရာ တိစီဝရိတ်သင်္ကန်းပေါင်းများစွာ, ဆွမ်း, ဆွမ်းဟင်းစတဲ့ များစွာကုန်သော ပူဇော်သက္ကာရတို့ကို လည်းကောင်း ရရှိတော်မူခဲ့ပါတယ်။

ဤသို့လျှင် ကာလဝိပတ္တိအခါဝယ် ထန်းသီး, သစ်ဥ, သစ်ဖု, သစ်မြစ်, သစ်ရွက်သည်ပင် အလွန်ရခဲသော ဒုလ္လဘတစ်ခု ဖြစ်ခဲ့ပေတယ်။ သို့သော် ကာလသမ္ပတ္တိအခါ၌ကား ဤကဲ့သို့ သဘောရှိတဲ့ များစွာသော လာဘ်လာဘတွေဟာ ထင်ရှားဖြစ်ပေါ်ခဲ့ပေတယ်။

ဤသို့လျှင် ကာလဝိပတ္တိက တားမြစ်ထားတဲ့အတွက် အကျိုးပေးခြင်းငှာ မစွမ်းနိုင်ကြတဲ့ အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးခဲ့ကြတဲ့ ကုသိုလ်ကံတွေဟာ ကာလသမ္ပတ္တိသို့ ရှေးရှုဆိုက်ရောက်လာတဲ့အခါ ကာလသမ္ပတ္တိ ဆိုတဲ့ အမှီကောင်းကို ရရှိတဲ့အတွက် အကျိုးပေးနိုင်ကြကုန်တယ်။ (အဘိ၊ဋ္ဌ၊၂၊၄၃၀-၄၃၃။)

(ဃ) အုပ်စု - အမှတ် (၄) ကံ -ပယောဂသမ္ပတ္တိ၌ တည်နေသူ

အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်မှာလည်း အလားတူပင် အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးထားအပ်ခဲ့ပြီးကြတဲ့, ပြုစု ပျိုးထောင်ထားခဲ့ပြီးကြတဲ့, ရှာဖွေစုဆောင်း ဆည်းပူးထားခဲ့ကြတဲ့ စရဏမျိုးစေ့ ဝိဇ္ဇာမျိုးစေ့စတဲ့ နိဗ္ဗာန်သို့ရောက်ကြောင်း ပါရမီမျိုးစေ့ ကုသိုလ်တရား အပေါင်း တို့ဟာ ထင်ရှားတည်ရှိခဲ့ကြတယ်။ ကုသိုလ်ကံတွေကို များစွာ ထူထောင် ခဲ့ကြတယ်။ ယင်းကောင်းမှုကုသိုလ်ကံတွေဟာ ပယောဂဝိပတ္တိ၌ ကံပိုင်ရှင် သတ္တဝါက ရပ်တည်နေမည်ဆိုလျှင်တော့ အကျိုးပေးနိုင်မှာ မဟုတ်ကြပေ။

အကယ်၍ ယင်းကောင်းမှုရှင်က ကာယကံစင်ကြယ်မှု, ဝစီကံစင်ကြယ်မှု, မနောကံစင်ကြယ်မှု ရှိအောင် သီလ-သမာဓိ-ပညာဆိုတဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို မဖြည့်ကျင့်ဘဲ အကုသိုလ်ကမ္မပထတရား (၁၀)ပါး ဒုစရိုက်တရားတို့ကို မြိန်ရေရှက်ရေ အားရှိပါးရှိ မရှက်မကြောက် ရဲရဲဝံ့ဝံ့ လွန်ကျူးနေပြန်တယ်ဆိုလျှင် မိစ္ဆာဒိဋ္ဌိကို ရှေ့တန်းတင်ကာ ဒီဘဝ ဒီကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ်ခံလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်, ဘဝဆိုတာ ပုခက်နှင့် ခေါင်းအကြားမှာသာ ရှိတယ်၊ ခေါင်းဟိုဘက် ဘာမျှမရှိဆိုတဲ့ ယုံကြည်ချက်- ဒီလို ခံယူချက်တွေနှင့် မသမာမှု အမျိုးမျိုးတွေကို ပြုကျင့်နေပြန်တယ်ဆိုလျှင် ယင်းသို့ ပြုကျင့်နေထိုင်ခြင်းကို ပယောဂသမ္ပတ္တိစက် ပျက်စီးကာ ပယောဂ ဝိပတ္တိစက်၌ ရပ်တည်နေတယ်လို့ ဆိုရတယ်။

အကယ်၍ ထိုကောင်းမှုရှင်ဟာ ယင်းကဲ့သို့ ပယောဂဝိပတ္တိ၌ ရပ်တည် နေခဲ့မယ်ဆိုလျှင်တော့ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကုသိုလ်ကံတွေဟာ အကျိုးပေးဖို့ရန် အခါအခွင့်မသာ ဖြစ်နေမှာ သေချာသလောက် ရှိတယ်။ ဝင်ရောက်ကာ အကျိုးတော့ ပေးချင်ပါရဲ့၊ သို့သော် ဒုစရိုက်တံခါးကြီးက ပိတ်ဆီးကာရံထားတဲ့အတွက် ရှေ့ကို ကျော်တက်လို့ မရနိုင် ဖြစ်နေမှာ သေချာသလောက် ရှိတယ်။

သို့သော် ထိုကောင်းမှုရှင်ကား အတိတ်ဘဝထိုထိုဝယ် စရဏမျိုးစေ့ကောင်းတွေကို အောင်အောင်မြင်မြင် ထူထောင်ခဲ့တဲ့အတွက် ယင်းစရဏမျိုးစေ့ဆိုတဲ့ ကုသိုလ်ကံတွေက သမ္မာဒိဋ္ဌိအယူရှိတဲ့ မိကောင်းဘကောင်း, မိတ်ကောင်းဆွေကောင်း, ဆရာကောင်းသမားကောင်းတွေနှင့် တွေ့အောင်, ဘုရားအစရှိသော သူတော်ကောင်း သူမြတ်လောင်းတို့နှင့် တွေ့အောင် ပို့ဆောင်ပေးလိုက်တဲ့အတွက် ယင်းသူတော်ကောင်းတို့၏ အဆုံးအမ၌ ရပ်တည်ကာ သမ္မာပယောဂဆိုတဲ့ ကောင်းမွန်မှန်ကန်တဲ့ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂနှင့် ပြည့်စုံကာ ပယောဂသမ္ပတ္တိစက်နယ်မြေမှာ ခိုင်ခိုင်ခံ့ခံ့ ရပ်တည်နေပြန်တယ်။

စင်ကြယ်တဲ့ ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်တွေကို ပြည့်စုံစေတယ်။ ငါးပါးသီလ, ဆယ်ပါးသီလတို့ကို ထိန်းသိမ်းစောင့်ရှောက်တယ်။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ သို့မဟုတ် ဘုရားရှင်တို့၏ အဆုံးအမ သာသနာတော်မြတ်ကြီး ထွန်းလင်းတောက်ပနေရာ အချိန်ကာလကောင်းဆိုတဲ့ ကာလသမ္ပတ္တိမှာ လူဖြစ်လာရတဲ့ ထိုကောင်းမှုရှင်၏အထံသို့ အခြားအခြားသူတွေကို မဆိုထားဘိ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူတို့ ကိုယ်တိုင်ကသော်လည်း အဖိုးတန်ရတနာ အဆင်တန်ဆာအမျိုးမျိုးတို့ဖြင့် တန်ဆာဆင်ထားအပ်ကုန်တဲ့ မင်းသမီးတွေဟာ ဤသူအားသာ လျောက်ပတ်ကုန်၏ဟု ပြောဆိုကာ ပို့ဆောင်လာကြပြန်တယ်၊ ယာဉ်အမျိုးမျိုးနှင့် ပတ္တမြား, ရွှေ, ငွေအစရှိတဲ့ ထိုထိုလက်ဆောင်ပဏ္ဏာတွေဟာ ဤသူတော်ကောင်းနှင့်သာ လျော်လျောက်ပတ် ကောင်းမြတ်ပါပေစွ ထိုက်တန်ပါပေစွဟု ပြောဆိုကာ ပို့ဆောင်လာကြပြန်တယ်။

အကယ်၍ ထိုကောင်းမှုရှင်ဟာ ဘုရားရှင်တို့ ပွင့်ထွန်းတော်မူရာ ကာလသမ္ပတ္တိကောင်း၌ လူဖြစ်လာရတဲ့အတွက် အတိတ်က မိမိပြုစုပျိုးထောင်ခဲ့တဲ့ ဝိဇ္ဇာမျိုးစေ့ကောင်း, စရဏမျိုးစေ့ကောင်းဆိုတဲ့ ပါရမီတရား အပေါင်းတို့ကလည်း လှုံ့ဆော် တိုက်တွန်းလိုက်တဲ့အခါ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို တကယ်လက်တွေ့ အောင်အောင်မြင်မြင် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ ပယောဂသမ္ပတ္တိ၌ ကောင်းစွာ ရပ်တည်နိုင်သည့် ရှင်အဖြစ်, ရဟန်းအဖြစ်သို့ ကောင်းစွာ ကပ်ရောက်ခဲ့သည် ဖြစ်ခဲ့ပါမူ ရှင်ဖြစ်ခဲ့သော်, ရဟန်းဖြစ်ခဲ့သော် အခြံအရံများပြားသူ ဖြစ်ရတယ်။ ဘုန်းကံကြီးမားသူ, တန်ခိုးအာနုဘော်ကြီးမားသူ ဖြစ်ရပြန်တယ်။ ထိုသို့ ဖြစ်ရာ၌ ဤကား ဝတ္ထုတစ်ခုတည်း။

အရှင်စူဠသုဓမ္မမထေရ်မြတ်ကြီး

သီဟိုဠ်ကျွန်းကို ထီးဖြူအုပ်ချုပ် မင်းလုပ်ခဲ့ဖူးသည့် ကူဋကဏ္ဏမင်းသည် ဂိရိဂါမကဏ္ဏအရပ်၌ သီတင်းသုံးတော်မူလေ့ရှိတဲ့ အရှင်စူဠသုဓမ္မမထေရ်မြတ်ကြီးကို အလွန် ကြည်ညိုမြတ်နိုးခဲ့ပေတယ်။ မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ အလွန်အဖိုးထိုက်တန်တဲ့ မဏိဇောတ ပြည်တန်မြကဲ့သို့သော ပတ္တမြားရတနာ တစ်ခုအပေါ်၌ နှစ်သက်မြတ်နိုးသကဲ့သို့ မထေရ်မြတ်ကြီးကို အလွန်အမင်း ကြည်ညိုမြတ်နိုးတော်မူခဲ့ပေတယ်။

ယင်းကူဋကဏ္ဏမင်းဟာ ဥပ္ပလဝါပိအရပ်ဝယ် ခေတ္တနေထိုင်စဉ် အရှင်စူဠသုဓမ္မမထေရ်မြတ်ကြီးကို သွားရောက်ပင့်ခေါ်စေတယ်။ မထေရ်မြတ်ကြီးလည်း ကြွလာတော်မူကာ မာလာရာမကျောင်းတိုက်မှာ ခေတ္တ သီတင်းသုံး တော်မူလိုက်ပါတယ်။ ကူဋကဏ္ဏမင်းက အရှင်စူဠသုဓမ္မမထေရ်မြတ်ကြီး၏ မယ်တော်ကို မထေရ်မြတ်ကြီးဟာ ဘယ်လိုအစာအာဟာရကို နှစ်ခြိုက်တော်မူပါသလဲလို့ မေးမြန်းကြည့်တယ်။ မယ်တော်ကြီးကလည်း အရှင်မင်းကြီး ...သစ်ဥကို နှစ်ခြိုက်တော်မူပါတယ်ဟု သံတော်ဦးတင်လိုက်ပါတယ်။ ကူဋကဏ္ဏမင်းက သစ်ဥကို ယူဆောင်ကာ ကျောင်းတိုက်တော်သို့ သွားလိုက်ပြီးနောက် အရှင်စူဠသုဓမ္မမထေရ်မြတ်ကြီးအား ယင်းသစ်ဥကို လှူဒါန်းလေသော် မထေရ်မြတ်ကြီး၏ မျက်နှာတော်ကို မော်ဖူးခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့ရတယ်၊ မော်မကြည့်ခဲ့ရဘူး၊ မထေရ်မြတ်ကြီး၏ ဘုန်းကံဟာ ဤမျှကြီးမားတော်မူပါပေတယ်။

ထိုကူဋကဏ္ဏမင်းက ကျောင်းမှထွက်လာတဲ့အခါ ကျောင်းပရိဝုဏ် ပြင်ဘက်ရောက်တော့ မိဖုရားကြီးကို မထေရ်မြတ်ကြီးရဲ့ ဥပဓိရုပ်ရည်ဟာ ဘယ်လိုနေပါသလဲလို့ မေးကြည့်တယ်။

အရှင်မင်းမြတ်...အရှင်မင်းမြတ်ဟာ ယောက်ျားရင့်မကြီး ဖြစ်ပါလျက် မထေရ်မြတ်ကြီးရဲ့ မျက်နှာတော်ကို မော်ဖူးမြော်ခြင်းငှာ မစွမ်းနိုင် ရှိတုံသေးတယ်။ ဘုရားကျွန်တော်မဟာ ဘယ်လိုလုပ်ပြီး စွမ်းနိုင်တော့မှာလဲ? မထေရ်မြတ်ကြီးရဲ့ ဥပဓိရုပ်ရည်ဟာ ဘယ်လိုနေတယ်ဆို မသိပါဟု ဤသို့ သံတော်ဦးတင်လိုက်တယ်။

ထိုအခါ ကူဋကဏ္ဏမင်းက ငါ၏ တိုင်းနိုင်ငံမှာ ငါ့အား အခွန်ဆက်သ နေရတဲ့ သူကြွယ်ရဲ့သားကို မော်၍ဖူးမြော်ခြင်းငှာ မရဲဝံ့ ရှိခဲ့တယ်။ အမောင်တို့...မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မည်သည် အလွန်ကြီးမြတ်တော်မူပါပေစွဟု ပြောဆိုကာ လက်ခမောင်းခတ်လေတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၃၃။)

ဤသို့လျှင် အတိတ်ဘဝထိုထိုက ဆောက်တည်ကျင့်သုံးအပ်ခဲ့ပြီးကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ထိုကောင်းမှုရှင်၏ သမ္ပတ္တိ (၄)ပါးတို့သို့ ရှေးရှုရောက်၍ သမ္ပတ္တိ (၄)ပါးတို့ကို အစွဲပြုကာ နတ်ပြည်လောကမှ လူ့ပြည် လောကသို့, လူ့ပြည်လောကမှ နတ်ပြည်လောကသို့, ဤသို့လျှင် ချမ်းသာရာ ဌာနတစ်ခုမှ ချမ်းသာရာဌာနတစ်ခုသို့ ဆောင်ယူကာ ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံးသော်လည်း ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာတို့ကို ပေးပြီးနောက် နိဗ္ဗာန်သို့ အရောက်ပို့ဆောင်ပေးခြင်း သဘောတရား ထင်ရှား ရှိပေသည်ဟု သိရှိပါပေလေ သူတော်ကောင်းအပေါင်းတို့ ...

ဤသမ္ပတ္တိ (၄)ပါး, ဝိပတ္တိ (၄)ပါးနှင့် ဆက်စပ်နေသည့် ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးပေးပုံ သဘောတရားကို နားလည်ပါက ဤယခု တင်ပြလတ္တံ့ဖြစ်သော --- အမေးလေးထွေ အဖြေလေးရပ် အမည်တပ်ထားသော မလ္လိကာဒေဝီသုတ္တန် တရားဒေသနာတော်ကို ဖတ်ရှုကြည့်ပါက မလ္လိကာမိဖုရား၏ မေးခွန်းနှင့် ဘုရားရှင်၏ အဖြေစကားရပ်တို့ကို ပိုင်ပိုင် နိုင်နိုင် သဘောပေါက်နားလည်နိုင်မည် ဖြစ်ပေသည်။ ထိုသို့ နားလည် သဘောပေါက်ပါက ဤမျှရှည်လျားစွာ ရေးသားလိုက်ရသော နိဒါန်းကို ရေးသားရကျိုးနပ်ပေပြီဟု သဘောပိုက်ကာ ကြည်နူးဝမ်းမြောက်နေမည်သာ ဖြစ်ပေသည်။

ဤသုတ္တန်ဒေသနာတော်ကို တစ်ချိန်က ဓမ္မာရုံတစ်ခုတွင် ဟောကြား ခဲ့ဖူး၏။ ယင်းတရားတော်ကို နာယူရသူတို့က စာအုပ်အဖြစ် ဖတ်ရှုလိုပါကြောင်းကို တင်ပြလျှောက်ထားလာကြသည့်အတွက် လိုတိုး, ပိုလျှော့ စနစ်ကို အသုံးပြုကာ စာရှုသူတို့၏ လက်ဝယ်သို့ရောက်အောင် ပို့ဆောင်လိုက်ရပေသတည်း ...

သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ် ...

ဖားအောက်တောရဆရာတော်

အမေးလေးထွေ အဖြေလေးရပ်

မလ္လိကာဒေဝီသုတ္တန် တရားဒေသနာတော်

၁၃၅၅-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁)ရက်နေ့၌ ဆင်ယင်ကျင်းပအပ်သည့် ဓမ္မသဘင်၌ ဓမ္မပူဇာအဖြစ် ဟောကြားအပ်သော အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် မဟာဝဂ်၌ လာရှိသော မလ္လိကာဒေဝီသုတ္တန် တရားမြတ် ဒေသနာတော် ---

ဒီဒေသနာတော်ကို မဟောမီ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်ကျေးဇူးတော်ကလေးကို ရတနသုတ္တန်မှာ လာရှိတဲ့ ဂါထာဖွဲ့ကလေးတစ်ခုဖြင့် ရှေးဦးစွာ အာရုံယူကြည့်ကြရအောင် ...

ဝရော ဝရညူ ဝရဒေါ ဝရာဟရော၊ အနုတ္တရော ဓမ္မဝရံ အဒေသယိ။

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ဝရော = စိတ်ထားမြတ်သူ နတ်လူအများ လိုလားတောင့်တအပ် မြတ်တော်မူထသော။ ဝရညူ = အမြတ်ဆုံးမှန် နိဗ္ဗာန်တရားတော်မြတ်ကို သိတော်မူတတ်ထသော။ ဝရဒေါ = အမြတ်ဆုံးမှန် နိဗ္ဗာန်တရားတော်မြတ်ကို ပေးသနားတော်မူတတ်ထသော။ ဝရာဟရော = အမြတ်ဆုံးမှန် နိဗ္ဗာန်တရားတော်မြတ်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတည်းဟူသော ရှေးဟောင်းလမ်းမြတ်ကို သယ်ဆောင်တော်မူတတ်ထသော။ အနုတ္တရော = သာလွန်သူမထင် အမြတ်ဆုံး ဘုရားရှင်သည်။ ဓမ္မဝရံ = သုံးပုံပိဋကတ်တည်းဟူသော အမြတ်ဆုံး တရားဒေသနာတော်ကို။ ပရမံဟိတာယ = လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်းဟူသော အမြတ်ဆုံး အကျိုးစီးပွားချမ်းသာအလို့ငှာ။ အဒေသယိ = ကရုဏာရှေ့သွား မေတ္တာထား၍ ဟောကြားတော်မူအပ်ခဲ့လေပြီ။ ဗုဒ္ဓေ = သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား၌။ ဣဒမ္ပိ ရတနံ = ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည်လည်း။ ပဏီတံ = ထူးမြတ်တော်မူလှပါပေ၏။ ဧတေန သစ္စေန = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ တေ တုမှာကံ = မလ္လိကာဒေဝီသုတ္တန် တရားဒေသနာတော်မြတ်ကို စိတ်ထားကြည်သာ ရိုသေစွာဖြင့် နာယူလျက်ရှိကြကုန်သော သင်တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား။ သုဝတ္ထိ = ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။ ဟောတု = မုချမသွေ ဖြစ်ပါစေသတည်း။ (သာဓု သာဓု သာဓု ...)

မလ္လိကာမိဖုရား ဘုရားရှင်ထံသို့ ချဉ်းကပ်ခြင်း

ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။

ဧကံ သမယံ = အခါတစ်ပါး၌။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ သာဝတ္ထိယံ = သာဝတ္ထိမြို့၏အနီး၌။ အနာထပိဏ္ဍိကဿ = အနာထပိဏ်ကျောင်းဒါယကာ၏။ အာရာမေ = အာရာမ်ဖြစ်သော။ ဇေတဝနေ = ဇေတဝန်ကျောင်းတိုက်တော်၌။ ဝိဟရတိ = သီတင်းသုံး စံနေတော်မူဆဲ ဖြစ်ပေ၏။

မလ္လိကာဒေဝီသုတ္တန် တရားဒေသနာတော် ဖြစ်တော်မူလာတဲ့ အချိန် အခါကာလကို ပထမသင်္ဂါယနာတင်ပွဲမှာ အရှင်မဟာကဿပမထေရ်မြတ်ကြီးက မေးမြန်းတဲ့အတွက် အရှင်အာနန္ဒာကိုယ်တော်မြတ်က နိဒါန်းသွယ်ကာ ပြန်လည် လျှောက်ထား တင်ပြနေခြင်း ဖြစ်ပါတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် တစ်ချိန် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက် တော်၌ သီတင်းသုံး စံနေတော်မူခိုက် ဘာဖြစ်လာသလဲ?

အထ ခေါ မလ္လိကာဒေဝီ ယေန ဘဂဝါ တေနုပသင်္ကမိ။ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နာ ခေါ မလ္လိကာဒေဝီ ဘဂဝန္တံ ဧတဒဝေါစ -

အထ ခေါ = ထိုအခါ၌။ မလ္လိကာဒေဝီ = မလ္လိကာမိဖုရားကြီးသည်။ ယေန = အကြင်အရပ်၌။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးသခင်ဘုရားရှင်သည်။ အတ္ထိ = ရှိတော်မူ၏။ တေန = ထိုဘုရားရှင် ရှိတော်မူရာအရပ်သို့။ ဥပသင်္ကမိ = အနီးအစပ် ချဉ်းကပ်ခဲ့လေ၏။ ဥပသင်္ကမိတွာ = အနီးအစပ် ချဉ်းကပ်လေပြီး၍။ ဘဂဝန္တံ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကို။ အဘိဝါဒေတွာ = အလွန်ရိုသေစွာ ရှိခိုးပြီး၍။ ဧကမန္တံ = အပြစ်ခြောက်ပါး လွတ်၍ သင့်တင့်လျောက်ပတ်သော တစ်ခုသောအရပ်၌။ နိသီဒိ = ထိုင်၍ နေခဲ့လေ၏။ ဧကမန္တံ = အပြစ်ခြောက်ပါးလွတ်၍ သင့်တင့်လျောက်ပတ်သော တစ်ခုသောအရပ်၌။ နိသိန္နာ ခေါ = ထိုင်နေသော။ မလ္လိကာဒေဝီ = မလ္လိကာ ဒေဝီ မိဖုရားကြီးသည်။ ဘဂဝန္တံ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကို။ ဧတံ ဝစနံ = ဤစကားကို။ အဝေါစ = လျှောက်ထားမေးမြန်းခဲ့လေပြီ။

နာမည်ကျော်ဖြစ်တဲ့ ဒါယကာတော် ကောသလမင်းကြီးရဲ့ မိဖုရားကြီး တစ်ဦးဖြစ်တဲ့ မလ္လိကာမိဖုရားကြီးဟာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်တယ်။အလွန်ရိုသေစွာ ရှိခိုးပြီး သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်လိုက်တယ်။ ထိုင်ပြီးနောက် မြတ်စွာဘုရားကို မေးခွန်းကလေးတွေကို မေးမြန်းတယ်။ ဤမေးခွန်းတွေက သတ္တဝါများအတွက် အလွန် ကျေးဇူးများတဲ့ မေးခွန်းကလေးတွေပဲ ဖြစ်ကြပါတယ်။ ဒီနေ့ တရားနာနေတဲ့ ပရိသတ် အပေါင်း သူတော်ကောင်းတို့အတွက် ကျေးဇူးများတဲ့ မေးခွန်းကလေးတွေပဲ ဖြစ်ကြပါတယ်။ သူမေးတာ မေးခွန်းလေးချက်ပဲ ရှိပါတယ်။

ဒီတော့ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာအယူအဆမှာ သံသရာခရီးကို ကျင်လည်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြလေတော့ သံသရာခရီးဆုံးအောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်များအတွက်ကတော့ နောက်ထပ် ဘာမှ ဘဝသစ်အတွက် ပြုပြင် ဖန်တီးနေဖို့ အကြောင်းမရှိတော့ပါဘူး။ ဒီဘဝမှာပဲ သံသရာခရီး အဆုံးသတ်အောင် ပြုလုပ်နိုင်လျှင်တော့ ဘုရားရှင်လည်း သာဓုခေါ်တော်မူပါတယ်။ အကောင်းဆုံးလည်း ဖြစ်ပါတယ်။ သို့သော် မိမိတို့ဘက်က သံသရာခရီး ဆုံးအောင် မလုပ်နိုင်သေးဘူးဆိုလျှင်, ဆုံးအောင် ကြိုးစားအားထုတ်သော်လည်း သံသရာခရီးက မဆုံး ဖြစ်နေကြသေးတယ်ဆိုလျှင် နောက်ထပ်တစ်ဖန် သံသရာခရီးဆိုတာ ဆက်ရမှာ ဖြစ်ပါတယ်။

ဒီလို သံသရာခရီး ဆက်တဲ့အပိုင်းကာလမှာ မိမိတို့၏ ဘဝတစ်ခုသည် အဆင့်အတန်း မြင့်မားနေတဲ့ ဘဝတစ်ခု ဖြစ်ရေး သို့မဟုတ် အလွန် အဆင့် အတန်း နိမ့်ကျနေတဲ့ ဘဝတစ်ခု ဖြစ်ရေးအတွက် ဘယ်တရားတွေက ပြုပြင် ပြောင်းလဲပေးနေသလဲ? ဘယ်တရားတွေက တည်ထောင်ဖန်တီးပေးနေသလဲ? ဘယ်တရားတွေက ချေဖျက်သွားသလဲ? ဒီအချက်ကလေးတွေက အင်မတန် သိဖို့ကောင်းပါတယ်။ အဲဒီမေးခွန်းတွေမှာ အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်နေတဲ့ မေးခွန်းလေးရပ်ကို ဒီနေ့ မလ္လိကာမိဖုရားကြီးက မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ မေးမြန်းလျှောက်ထားတယ်။ နံပါတ် (၁)မေးတဲ့ မေးခွန်းက ဘာလဲ?

အမှတ် (၁) မေးခွန်း

ကော နု ခေါ ဘန္တေ ဟေတု ကော ပစ္စယော။ ယေန မိဓေကစ္စော မာတုဂါမော ဒုဗ္ဗဏ္ဏာ စ ဟောတိ ဒုရူပါ သုပါပိကာ ဒဿနာယ ဒလိဒ္ဒါ စ ဟောတိ အပ္ပဿကာ အပ္ပဘောဂါ အပ္ပေသက္ခာ စ?

ဘန္တေ = ဘုန်းတော်နေလ ထိန်ထိန်ပတော်မူပါပေသော မြတ်စွာဘုရား။ ယေန = အကြင်အကြောင်းတရားကြောင့်။ ဣဓ = ဤလူ့လောက၌။ ဧကစ္စော = အချို့သော။ မာတုဂါမော = အမျိုးသမီးသည်။ ဒုဗ္ဗဏ္ဏာ စ = အဆင်းမလှသည်လည်း။ ဟောတိ = ဖြစ်၏။ ဒုရူပါ စ = မတင့်တယ်သော ပုံပန်းသဏ္ဌာန် ကိုယ်အနေအထားရှိသည်လည်း။ ဟောတိ = ဖြစ်၏။ သုပါပိကာ ဒဿနာယ = ကြည့်ရှုဖွယ် မကောင်းသည်လည်း။ ဟောတိ = ဖြစ်၏။ ဒလိဒ္ဒါ စ = ဆင်းရဲနွမ်းပါးသည်လည်း။ ဟောတိ = ဖြစ်၏။ အပ္ပဿကာ စ = နည်းပါးသော ကိုယ်ပိုင်အသုံးအဆောင် ပစ္စည်းဥစ္စာရှိသည်လည်း။ ဟောတိ = ဖြစ်၏။ အပ္ပဘောဂါ စ = နည်းပါးသော အသုံးအဆောင် ပရိဘောဂရှိသည်လည်း။ ဟောတိ = ဖြစ်၏။ အပ္ပေသက္ခာ စ = နည်းပါးသော အခြံအရံ ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ ဘန္တေ = ဘုန်းတော်နေလ ထိန်ထိန်ပ တော်မူပါပေသော မြတ်စွာဘုရား။ သော ဟေတု = ထိုကဲ့သို့သော ဘဝမျိုးကို တိုက်ရိုက် ဖြစ်ပေါ်စေတတ်တဲ့ ဇနကအကြောင်းတရားသည်ကား။ ကော နု ခေါ = အဘယ်ပါနည်း မြတ်စွာဘုရား။ သော ပစ္စယော = ထိုကဲ့သို့သော ဘဝမျိုးကို ဖြစ်ပေါ်လာအောင် အားပေးထောက်ပံ့နေတဲ့ ဥပတ္ထမ္ဘက အကြောင်းတရားသည်ကား။ ကော နု ခေါ = အဘယ်ပါနည်း မြတ်စွာဘုရား။

နံပါတ် (၁)မေးခွန်းကလေးတစ်ခုကို မလ္လိကာမိဖုရားကြီးက စပြီး လျှောက်ထားတယ်။ မြတ်စွာဘုရား ...လောကမှာ တချို့တချို့သော အမျိုးသမီးတွေ ရှိကြပါတယ်၊ ဒီအမျိုးသမီးတွေကို ကြည့်လိုက်မယ်ဆိုလျှင် အဆင်းလည်း မလှဘူး၊ ကိုယ်ပုံသဏ္ဌာန် အနေအထား ကြည့်လိုက်မယ် ဆိုလျှင်လည်း အချိုးအစားက မကျဘူး၊ ဘယ်လိုမှ ကြည့်လို့မကောင်းတဲ့ ပုံသဏ္ဌာန်မျိုး ရှိကြပါတယ်၊ ကြည့်ရှုလို့ မကောင်းပါဘူး။

တစ်ခါ တစ်ဖက်ကို ကြည့်လိုက်ပြန်လျှင်လည်း စည်းစိမ်ဥစ္စာတွေက သိပ်နည်းပါးကြတယ်၊ မိမိ ကိုယ်ပိုင်ဥစ္စာအဖြစ်နဲ့ အသုံးပြုဖို့ လက်ဝတ်တန်ဆာတို့, လက်ကောက်တို့, ဆွဲကြိုးတို့, နားကပ်တို့ အစရှိတဲ့ ဒီပစ္စည်းတွေကို ကြည့်လိုက်လျှင်လည်း သူ့မှာ ဘာမှ မရှိဘူး၊ သိပ်နည်းပါးပါတယ်။ မင်္ဂလာဆောင်, အလှူအတန်းစတဲ့ အခမ်းအနား တစ်ခုခုကို သွားချင်တယ်ဆိုလျှင် သူများဆီ ငှားပြီးတော့မှ သွားရတဲ့ ပုံစံမျိုး ရှိပါတယ်၊ သိပ်ပြီးတော့ ဥစ္စာ နည်းပါးပါတယ်။ အိမ်ထောင်ပရိဘောဂ အသုံးအဆောင်ပစ္စည်းတွေ, အတွင်း ပစ္စည်းတွေ ကြည့်လိုက်ပြန်လျှင်လည်း သိပ်နည်းပါးပါတယ်။ အခြွေအရံ ပရိသတ် ကြည့်လိုက်ပြန်တော့လည်း သိပ်နည်းပါးတယ်။ အဲဒီလို အမျိုးသမီးတွေ လောကမှာ ရှိကြပါတယ် မြတ်စွာဘုရား။

ဒီလိုဘဝကို ရောက်စေတတ်, တိုက်ရိုက် ဖြစ်ပေါ်စေတတ်တဲ့တရား တွေက ဘာတွေပါလဲ, အားပေးထောက်ပံ့နေတတ်တဲ့ အကြောင်းတရားတွေ က ဘာတွေပါလဲ မြတ်စွာဘုရား ...ဆိုပြီး နံပါတ် (၁) မေးခွန်းအဖြစ်ဖြင့် သူက လျှောက်ထားတယ်။ ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ အဲဒီလို အမျိုးသမီးတွေ ဒီနေ့လောကမှာ မတွေ့ဖူးဘူးလား? တွေ့ဖူးကြတယ်။ ဘယ်လို အကြောင်းတရားတွေကြောင့် ထိုအမျိုးသမီးတို့သည် ဒီလိုဘဝမျိုးကို ရောက်ရှိသွားကြသလဲဆိုတဲ့ ဒီအကြောင်းတရားကလေးတွေကို ပြန်ဆန်းစစ်ဖို့ လိုတယ်။

အကယ်၍ မိမိတို့က ဒီလိုဘဝမျိုးကို အလိုမရှိခဲ့ဘူးဆိုလျှင် ဘာလုပ်ရမလဲ? ဒီလိုဘဝမျိုးကို ရောက်စေတတ်တဲ့ အကြောင်းတရားတွေကို မိမိတို့က မထူထောင်ဖို့ လိုတယ်။ အကျိုးတရားတွေကိုတော့ အလိုမရှိဘူး၊ အကြောင်း တရားတွေကိုတော့ မရှောင်ကြဉ်နိုင်ဘူးဆိုလျှင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် သူက နံပါတ် (၁) သိသင့်သိထိုက်တဲ့ မေးခွန်းတစ်ခုကို မေးတယ်။ ဒီမေးခွန်းနဲ့ သူက မကျေနပ်သေးဘူး၊ နောက်ထပ် တစ်ဆင့်တက်ပြီးတော့ မေးပြန်တယ်။ ဘယ်လိုမေးသလဲ?

---

အမှတ် (၂) မေးခွန်း

ကော ပန ဘန္တေ ဟေတု ကော ပစ္စယော။ ယေန မိဓေကစ္စော မာတုဂါမော ဒုဗ္ဗဏ္ဏာ စ ဟောတိ ဒုရူပါ သုပါပိကာ ဒဿနာယ။ အဍ္ဎာ စ ဟောတိ မဟဒ္ဓနာ မဟာဘောဂါ မဟေသက္ခာ စ?

ဘန္တေ = ဘုန်းတော်နေလ ထိန်ထိန်ပတော်မူပါပေသော မြတ်စွာဘုရား။ ယေန = အကြင်အကြောင်းတရားကြောင့်။ ဣဓ = ဤလောက၌။ ဧကစ္စော = အချို့သော။ မာတုဂါမော = အမျိုးသမီးသည်။ ဒုဗ္ဗဏ္ဏာ စ = အဆင်းမလှ သည်လည်း။ ဟောတိ = ဖြစ်၏။ ဒုရူပါ စ = ပုံသဏ္ဌာန်အချိုးအစား မကျသည်လည်း။ ဟောတိ = ဖြစ်၏။ သုပါပိကာ ဒဿနာယ = ကြည့်ရှုဖွယ် မကောင်းသည်လည်း။ ဟောတိ = ဖြစ်၏။ အဍ္ဎာ စ = ကြွယ်ဝချမ်းသာ သည်လည်း။ ဟောတိ = ဖြစ်၏။ မဟာဘောဂါ စ = များပြားသော ကိုယ်ပိုင် အသုံးအဆောင် ပရိဘောဂရှိသည်လည်း။ ဟောတိ = ဖြစ်၏။ မဟေသက္ခာ စ = များပြားသော အခြွေအရံရှိသည်လည်း။ ဟောတိ = ဖြစ်၏။

ဘန္တေ = ဘုန်းတော်နေလ ထိန်ထိန်ပတော်မူပါပေသော မြတ်စွာဘုရား။ သော ဟေတု = ထိုကဲ့သို့သော ဘဝမျိုးကို တိုက်ရိုက်ဖြစ်ပေါ်စေတတ်တဲ့ ဇနကအကြောင်းတရားသည်ကား။ ကော နု ခေါ = အဘယ်ပါနည်း မြတ်စွာဘုရား။ သော ပစ္စယော = ထိုကဲ့သို့သော ဘဝမျိုးကို ဖြစ်ပေါ်လာအောင် အားပေးထောက်ပံ့နေတဲ့ ဥပတ္ထမ္ဘကအကြောင်းတရားသည်ကား။ ကော နု ခေါ = အဘယ်ပါနည်း မြတ်စွာဘုရား။

မြတ်စွာဘုရား ... လောကမှာ တချို့တချို့သော အမျိုးသမီးတွေ ရှိကြပါတယ်။ အဲဒီ အမျိုးသမီးတွေ ကြည့်လိုက်လျှင် ရုပ်အဆင်းကလည်း မလှဘူး၊ ပုံသဏ္ဌာန်ကလည်း အချိုးအစား မကျဘူး၊ ကြည့်ရှုဖွယ်လည်း မကောင်းဘူး၊ သို့သော် တစ်ဖက်ကို ကြည့်လိုက်လျှင် သူတို့က အလွန်ချမ်းသာ နေကြပါတယ်၊ မိမိကိုယ်ပိုင် အသုံးအဆောင်ဖြစ်တဲ့ ပစ္စည်းတွေ ကြည့်လိုက်လျှင်လည်း အလွန် များပြားကြပါတယ်၊ အိမ်ထောင်ပရိဘောဂ အသုံး အဆောင်ပစ္စည်း အစရှိတဲ့ အတွင်းအပပစ္စည်းတွေ ကြည့်လိုက်လျှင်လည်း အလွန် များပြားကြပါတယ်၊ အခြွေအရံ ပရိသတ်တွေလည်း အလွန် များပြား ကြပါတယ်၊ ဒီလို အမျိုးသမီးတွေလည်း လောကမှာ ရှိကြပါတယ်။

ဒီလိုအမျိုးသမီးဘဝကို တိုက်ရိုက်ဖြစ်စေတတ်တဲ့ ဇနကအကြောင်း တရားတွေက ဘာတွေပါလဲ မြတ်စွာဘုရား၊ အားပေးထောက်ပံ့နေတဲ့ ဥပတ္ထမ္ဘကအကြောင်းတရားတွေက ဘာတွေပါလဲ မြတ်စွာဘုရား ...ဆိုပြီး ဒီနံပါတ် (၂)မေးခွန်းတစ်ခုကိုလည်း မေးပြန်တယ်။ နံပါတ် (၁)မေးခွန်းက ရုပ်လည်း မလှဘူး၊ ဥစ္စာနည်းပါး ဆင်းရဲတယ်။ နံပါတ် (၂)မေးခွန်းက ဘယ်လို သဘော ရှိသလဲ? ရုပ်ကတော့ မလှဘူး၊ သို့သော် သိပ်ပြီးတော့ ချမ်းသာနေတယ်။ နောက်ထပ် နံပါတ် (၃)မေးခွန်းတစ်ခု ဆက်မေးပြန်တယ်။

---

အမှတ် (၃) မေးခွန်း

ကော နု ခေါ ဘန္တေ ဟေတု ကော ပစ္စယော။ ယေန မိဓေကစ္စော မာတုဂါမော အဘိရူပါ စ ဟောတိ ဒဿနီယာ ပါသာဒိကာ ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတာ။ ဒလိဒ္ဒါ စ ဟောတိ အပ္ပဿကာ အပ္ပဘောဂါ အပ္ပေသက္ခာ စ?

ဘန္တေ = ဘုန်းတော်နေလ ထိန်ထိန်ပတော်မူပါပေသော မြတ်စွာဘုရား။ ဣဓ = ဤလောက၌။ ယေန = အကြင်အကြောင်းတရားကြောင့်။ ဧကစ္စော = အချို့သော။ မာတုဂါမော =အမျိုးသမီးသည်။ အဘိရူပါ စ = အလွန် အဆင်းလှသည်လည်း။ ဟောတိ = ဖြစ်၏။ ဒဿနီယာ စ = ရှုချင်စဖွယ် ကောင်းသည်လည်း။ ဟောတိ = ဖြစ်၏။ ပါသာဒိကာ = ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်သည်လည်း။ ဟောတိ = ဖြစ်၏။ ပရမာယ ဝဏ္ဏပေါက္ခရတာယ = လွန်မြတ်သော အဆင်းလုံးရပ်သဏ္ဌာန် အချိုးအစားနှင့်။ သမန္နာဂတာ စ = ပြည့်စုံသည်လည်း။ ဟောတိ = ဖြစ်၏။

တစ်ဖက်ကို ကြည့်လိုက်မယ်ဆိုလျှင် အမျိုးသမီးတစ်ဦးဟာ သိပ်ပြီးတော့ လှတယ်၊ ရှုချင့်စဖွယ်ရှိတယ်၊ တစ်ဖက်သားတွေက မြင်လိုက်ရလျှင် ဒီအမျိုးသမီးကို မြင်လိုက်တာနဲ့ စိတ်တွေ အေးချမ်းသွားတယ်၊ ကြည်ညိုသွားတယ်။ သူ့မှာ တစ်ဖက်သားပုဂ္ဂိုလ်တို့ ကြည်ညိုဖွယ်ကောင်းတဲ့ ဂုဏ်တွေကို ဆောင်နိုင်တဲ့စွမ်းရည် (= ဥပဓိသမ္ပတ္တိ)နဲ့ ပြည့်စုံနေတယ်။ အသားအရေ အရောင် အဆင်း ကြည့်လိုက်လျှင်လည်း အင်မတန် လှပတင့်တယ်တယ်၊ အသား အရေ အရောင်အဆင်းတွေက သိပ်ကောင်းတယ်၊ ရွှေအဆင်းလို ဝါဝင်းနေတယ်။ လုံးရပ်သဏ္ဌာန် အချိုးအစား ကြည့်လိုက်မယ်ဆိုလျှင်လည်း အင်မတန် အချိုးကျတယ်၊ အမြတ်ဆုံး မွန်မြတ်တဲ့ အမျိုးသမီးတို့ရဲ့ အဆင်းသဏ္ဌာန် လုံးရပ်သဏ္ဌာန် အားလုံးဟာ ပြည့်စုံနေတယ်။ သို့သော် တစ်ဖက်ကြည့်လိုက်တော့ ဘယ်လိုဖြစ်နေသလဲ?

ဒလိဒ္ဒါ စ = ဆင်းရဲနွမ်းပါးသည်လည်း။ ဟောတိ = ဖြစ်၏။ အပ္ပဿကာ စ = နည်းပါးသော ကိုယ်ပိုင်ပစ္စည်းဥစ္စာရှိသည်လည်း။ ဟောတိ= ဖြစ်၏။ အပ္ပဘောဂါ စ = နည်းပါးသော ကိုယ်ပိုင်အသုံးအဆောင် ပရိဘောဂ ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ အပ္ပေသက္ခာ စ = နည်းပါးသော အခြွေအရံရှိသည်လည်း။ ဟောတိ = ဖြစ်၏။

တစ်ဖက်က ရုပ်တွေဘယ်လောက်ပဲ လှနေသော်လည်း တစ်ဖက်က သိပ်ဆင်းရဲနေပြန်တယ်။ စည်းစိမ်ဥစ္စာ ကြည့်လိုက်လျှင် ကိုယ်ပိုင် လက်ဝတ် တန်ဆာလို့ သတ်မှတ်ထားတဲ့ ပစ္စည်းဥစ္စာ ကြည့်လိုက်လည်း ဘာမှသိပ်မရှိဘူး၊ နည်းနည်းပါးပါးပဲ ရှိတယ်။ အိမ်ထောင်ပရိဘောဂ အတွင်းအပ ပစ္စည်းဝတ္ထု အစုစုတွေကို လှမ်းမျှော်ပြီး ကြည့်လိုက်လျှင်လည်း ဘာမျှမရှိဘူး၊ သိပ်ဆင်းရဲတယ်။ အခြွေအရံပရိသတ် ကြည့်လိုက်ပြန်တော့လည်း ဘာမှမရှိဘူး၊ အခြွေအရံကလည်း မရှိတဲ့အတွက် အထီးကျန် တစ်ကိုယ်တည်း ဖြစ်နေပြန်တယ်။ ဒီလို အမျိုးသမီးတွေလည်း လောကမှာ မရှိဘူးလား? ရှိကြတယ်။

ဘန္တေ = ဘုန်းတော်နေလ ထိန်ထိန်ပတော်မူပါပေသော မြတ်စွာဘုရား။ သော ဟေတု = ထိုကဲ့သို့သော အမျိုးသမီးဘဝသို့ တိုက်ရိုက် ရောက်စေတတ် ဖြစ်စေတတ်တဲ့ ဇနကအကြောင်းတရားသည်ကား။ ကော နု ခေါ = အဘယ်ပါနည်း မြတ်စွာဘုရား။ သော ပစ္စယော = ထိုကဲ့သို့သော အမျိုးသမီးဘဝမျိုးကို ဖြစ်ပေါ်လာအောင် အားပေးထောက်ပံ့နေတဲ့ ဥပတ္ထမ္ဘကအကြောင်းတရား သည်ကား။ ကော နု ခေါ = အဘယ်ပါနည်း မြတ်စွာဘုရား။

ဒီလို အမျိုးသမီးဘဝကို ရောက်စေတတ်တဲ့, တိုက်ရိုက်ဖြစ်ပေါ်စေတတ်တဲ့ ဇနကအကြောင်းတရားတွေက ဘာတွေပါလဲ မြတ်စွာဘုရား၊ အားပေးထောက်ပံ့နေတဲ့ ဥပတ္ထမ္ဘကအကြောင်းတရားတွေက ဘာတွေပါလဲ မြတ်စွာဘုရား ...ဆိုတဲ့ နံပါတ် (၃) ဒီမေးခွန်းတစ်ခုကို မေးတယ်။ နောက်တစ်ခု နံပါတ် (၄)မေးခွန်းကို ဆက်မေးပြန်တယ်။

---

အမှတ် (၄) မေးခွန်း

ကော ပန ဘန္တေ ဟေတု ကော ပစ္စယော ယေန မိဓေကစ္စော မာတုဂါမော အဘိရူပါ စ ဟောတိ ဒဿနီယာ ပါသာဒိကာ ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတာ။ အဍ္ဎာ စ ဟောတိ မဟဒ္ဓနာ မဟာဘောဂါ မဟေသက္ခာ စ?

ဘန္တေ = ဘုန်းတော်နေလ ထိန်ထိန်ပတော်မူပါပေသော မြတ်စွာဘုရား။ ဣဓ = ဤလူ့လောက၌။ ဧကစ္စော = အချို့သော။ မာတုဂါမော = အမျိုးသမီးသည်။ အဘိရူပါ စ = အလွန်အဆင်းလှသည်လည်း။ ဟောတိ = ဖြစ်၏။ ဒဿနီယာ စ = ချစ်ခင်စဖွယ် ရှုချင်စဖွယ်ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ ပါသာဒိကာ စ = ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်ထားနိုင်သည်လည်း။ ဟောတိ = ဖြစ်၏။ ပရမာယ = လွန်မြတ်သော။ ဝဏ္ဏပေါက္ခရတာယ = အဆင်း, လုံးရပ်သဏ္ဌာန်နှင့်။ သမန္နာဂတာ စ = ပြည့်စုံသည်လည်း။ ဟောတိ = ဖြစ်၏။ အဍ္ဎာ စ = ကြွယ်ဝချမ်းသာသည်လည်း။ ဟောတိ = ဖြစ်၏။ မဟဒ္ဓနာ စ = များပြားသော ကိုယ်ပိုင်ဥစ္စာရှိသည်လည်း။ ဟောတိ = ဖြစ်၏။ မဟာဘောဂါ စ = များပြားသော ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်း ပရိဘောဂရှိသည်လည်း။ ဟောတိ = ဖြစ်၏။ မဟေသက္ခာ စ = များပြားသော အခြွေအရံရှိသည်လည်း။ ဟောတိ = ဖြစ်၏။

ဘန္တေ = ဘုန်းတော်နေလ ထိန်ထိန်ပတော်မူပါပေသော မြတ်စွာဘုရား။ သော ဟေတု = ထိုကဲ့သို့သော အမျိုးသမီးဘဝသို့ တိုက်ရိုက် ရောက်စေတတ် ဖြစ်စေတတ်တဲ့ ဇနကအကြောင်းတရားသည်ကား။ ကော နု ခေါ = အဘယ်ပါနည်း မြတ်စွာဘုရား။ သော ပစ္စယော = ထိုကဲ့သို့သော အမျိုးသမီးဘဝမျိုးကို ဖြစ်ပေါ်လာအောင် အားပေးထောက်ပံ့တတ်တဲ့ ဥပတ္ထမ္ဘကအကြောင်းတရား သည်ကား။ ကော နု ခေါ = အဘယ်ပါနည်း မြတ်စွာဘုရား။

မြတ်စွာဘုရား လောကမှာ တချို့တချို့သော အမျိုးသမီးတွေ ရှိကြပြန်တယ်၊ အဲဒီ အမျိုးသမီးတွေရဲ့ ရုပ်အဆင်းကြည့်လိုက်လျှင်လည်း သိပ်ပြီး အဆင်းလှတယ်၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်ထားနိုင်တဲ့စွမ်းအား ရှိတယ်၊ ရုပ်ရည်အဆင်း ဥပဓိသမ္ပတ္တိ အမျိုးမျိုးနဲ့လည်း ပြည့်စုံနေတယ်၊ တစ်ဖက် ကြည့်လိုက်လျှင်လည်း ကိုယ်ပိုင်အသုံးအဆောင် စည်းစိမ်ဥစ္စာတွေလည်း သိပ်များတယ်၊ အတွင်းအပြင် အိမ်ထောင်ပရိဘောဂ အသုံးအဆောင်ပစ္စည်းတွေ ကြည့်လိုက်မယ်ဆိုလျှင်လည်း သိပ်များပြားတယ်၊ အလွန် ချမ်းသာ ကြွယ်ဝကြတယ်၊ အခြွေအရံပရိသတ်တွေ မိတ်ဆွေသင်္ဂဟတွေ ဝိုင်းရံနေတယ်။ အဲဒီလို အမျိုးသမီးတွေလည်း လောကမှာ ရှိကြပါတယ်။

ဒီလိုအမျိုးသမီးဘဝကို တိုက်ရိုက် ရောက်စေတတ်, ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေက ဘာတွေပါလဲ မြတ်စွာဘုရား၊ အားပေးထောက်ပံ့ နေတဲ့ အကြောင်းတရားတွေက ဘာတွေပါလဲ မြတ်စွာဘုရား ဆိုပြီးတော့ ဒီမေးခွန်းကို လျှောက်ထားမေးမြန်းတယ်။ ပေါင်းလိုက်တော့ မေးခွန်း ဘယ်နှစ်ခု ရှိသွားသလဲ? လေးခု။ ဒီမေးခွန်းလေးခုကို မေးလိုက်တဲ့ အချိန် အခါမှာ မြတ်စွာဘုရားကလည်း ဒီမေးခွန်းတွေကို တစ်ခုစီ တစ်ခုစီ ပြန်ပြီးတော့ အဖြေပေးပါတယ်။ နံပါတ် (၁)မေးခွန်းကို ဘယ်လိုအဖြေပေးသလဲ?

---

အမှတ် (၁) မေးခွန်း၏ အဖြေ - (က) ဒေါသကြီးခြင်း

ဣဓ မလ္လိကေ ဧကစ္စော မာတုဂါမော ကောဓနာ ဟောတိ ဥပါယာသဗဟုလာ။ အပ္ပမ္ပိ ဝုတ္တာ သမာနာ အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိပတိတ္ထီယတိ။ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။

မလ္လိကေ = ချစ်သမီး မလ္လိကာ။ ဣဓ = ဤလူ့လောက၌။ ဧကစ္စော = အချို့သော။ မာတုဂါမော = အမျိုးသမီးသည်။ ကောဓနာ စ = အမျက်ဒေါသ ထွက်လေ့ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ ဥပါယာသဗဟုလာ စ = စိတ် ပင်ပန်းခြင်းများသည်လည်း။ ဟောတိ = ဖြစ်၏။ (တစ်နည်း) ဥပါယာသဗဟုလာ စ = ရန်ငြိုးဖွဲ့မှုများသည်လည်း။ ဟောတိ = ဖြစ်၏။

လောကကို ကြည့်လိုက်မယ်ဆိုလျှင် အမျိုးသမီးကလေးတစ်ဦး ဆိုကြစို့၊ ဒီအမျိုးသမီးက သိပ်ဒေါသကြီးတယ်၊ သူ့စိတ်တွေကိုကြည့်လိုက်လျှင် သူ့စိတ်တွေက သိပ်ပင်ပန်းနေတယ်၊ စိတ်ထဲမှာ တနုံ့နုံ့နဲ့ မခံချင်မှုတွေက သိပ်အားများပြီး စိတ်ပင်ပန်းမှုတွေက များနေတယ်။ တစ်နည်းအားဖြင့် ရန်ငြိုးဖွဲ့မှု တွေက သိပ်အားကောင်းနေတယ်။ နောက်တစ်ခု ---

အပ္ပမ္ပိ = အနည်းငယ်ကိုသော်လည်း။ ဝုတ္တာ = ပြောဆိုအပ်သည်။ သမာနာ = ဖြစ်လတ်သော်။ အဘိသဇ္ဇတိ = အမျက်ဒေါသဖြင့် ငြိကပ်နေတတ်၏။ ကုပ္ပတိ = အမျက်ထွက်တတ်၏။ ဗျာပဇ္ဇတိ = ဖောက်ပြန်တဲ့ အပြုအမူကို ပြုလုပ်၍ ပြတတ်၏။ ပတိတ္ထီယတိ = ဆန့်ကျင်ဘက်ပြုလုပ်၍ ရပ်တည်နေတတ်၏။

အကြောင်းတစ်ခု တိုက်ဆိုင်လာပြီဆိုလျှင် သူ့ကို နည်းနည်းကလေးလောက် သွားပြီးတော့ မပြောလိုက်နဲ့၊ နည်းနည်းကလေးလောက် ပြောမိတယ်ဆိုလျှင်ပဲ ငြိကပ်နေတယ်။ အဲဒီအာရုံကို စိတ်ထဲမှာ ခွာလို့မရဘူး။ ငါ့ကို သင်းက ဒီလိုပြောတယ်၊ ငါ့ကို သင်းက ဒီလိုပြောတယ်၊ ငါက တစ်သက်လုံး ဘယ်သူ့အပြောမှ ခံလာတဲ့ကောင်မ မဟုတ်ဘူး၊ သင်းက ငါ့ကို ဒီလိုပြောရ သလား, သင်းက ငါ့ကို ဒီလိုပြောရသလား ဒီလို စိတ်ထဲမှာ တတွတ်တွတ်နဲ့ ရွတ်ဖတ်နေတယ်။ ဟို စလေဦးပုညရဲ့ စကားလုံးလေးသုံးပြီး ပြောမယ်ဆိုလျှင် သမန္တာ စက္ကဝါဠေသုကို ပု-ဒိ-အာ,မကြွင်း ပုဒ်မ-ပါ သွင်းပြီးလျှင် မြို့အုပ်မင်း ကျုပ်ဒကာ မာပါစေ ဟောန္တု, သာပါစေ ဟောန္တုဆိုတဲ့ စကားအတိုင်း အစအဆုံး အလယ်ခေါင် ပုဒ်ထီး ပုဒ်မတွေပါ တစ်ခုမှ မချန်ဘဲနဲ့ အကုန်လုံး ရွတ်ဖတ်နေတယ်။ အဲဒီလို ပုံစံကလေးနဲ့ ဘေးက ကြားချင်လည်းကြား, မကြားချင်လည်းနေ၊ အားလုံး ရွတ်ဖတ်ပြီးတော့ ပူဇော်လိုက်တယ်၊ အဲဒီ ရွတ်ဖတ်ပူဇော်ပွဲကြီး တစ်ခုကို မကျင်းပရလျှင် ဒီပုဂ္ဂိုလ် ကျေနပ်သလား? မကျေနပ်ဘူး။

ဒီလို ပြုလုပ်နေတာကို ဘုန်းကြီးတို့ ဗုဒ္ဓအဘိဓမ္မာမှာ ကံတွေကို ပြုစု ပျိုးထောင်တယ်လို့ခေါ်တယ်။ နောင်တစ်ဖန် ဘဝသစ်ဆိုတဲ့ အကျိုးတရား တွေကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ သင်္ခါရတရား တွေကို ပြုစုပျိုးထောင်တယ်လို့ခေါ်တယ်။ အဲဒီလို ပြုစုပျိုးထောင်တဲ့ အပိုင်းကလေးမှာ ဒီလောက်နဲ့ မကျေနပ်ဘူး။ သူက နောက်တစ်ဆင့် ထပ်ပြီး တက်ပြန်တယ်။ ဘယ်လိုတက်ပြန်သလဲ? ထိပ်တိုက် ဆန့်ကျင်ဘက် ရပ်တည်ပြီး နေလိုက်တယ်။ တစ်ဖက်က တောင်ဆိုလျှင် သူက မြောက်လုပ် လိုက်တယ်၊ တစ်ဖက်က မြောက်ဆိုလျှင် သူက တောင်ဘက်က နေလိုက်တယ်။ ဘယ်တော့မှ တည့်တည့် ရှောရှောရှူရှူ မဖြစ်ချင်ဘူး။ အဲဒီလို ထိပ်တိုက် ဆန့်ကျင်ဘက် အတိုက်အခံလုပ်ပြီး နေချင်တဲ့စိတ်ထားတွေကို သူက မွေးမြူထားတယ်။ နောက်တစ်ခု ---

ကောပဉ္စ = အမျက်ကိုလည်းကောင်း။ ဒေါသဉ္စ = ဒေါသတရားကို လည်းကောင်း။ အပ္ပစ္စယဉ္စ = မကျေနပ်မှုကိုလည်းကောင်း။ ပါတုကရောတိ = ထင်ရှားပြုလုပ်၍ပြတတ်၏။

အမျက်ဒေါသတွေ ဘယ်လောက်ကြီးနေတယ်ဆိုတာကို သူက ထင်ထင် ရှားရှားကြီး ပြုလုပ်ပြီး ပြတတ်တယ်။ ပါးဆွဲရိုက်ချင်လည်း ရိုက်မယ်၊ နားဆွဲ ရိုက်ချင်လည်း ရိုက်လိမ့်မယ်၊ ဆဲချင်လည်း ဆဲလိုက်မယ်၊ အော်ချင်လည်း အော်လိုက်မယ်၊ ငေါက်ချင်လည်း ငေါက်လိုက်မယ်၊ ဒေါသဖြစ်နေတာတွေ မကျေနပ်ချက်တွေကို ထင်ထင်ရှားရှားကြီး သူက ပြုလုပ်ပြီးပြတယ်။ အဲဒီလို တစ်ဖက်က ဒေါသပြဓာန်းနေတဲ့ အကုသိုလ်သင်္ခါရတရားတွေကို ပြုစု ပျိုးထောင်လိုက်တယ်။ ဒါပေမယ့် အဲဒီ ဒေါသကြီးတဲ့ပုဂ္ဂိုလ်က တစ်ဖက်ကို ကြည့်လိုက်ပြန်တော့လည်း ဘာဖြစ်နေသလဲ?

---

(ခ) မပေးလှူခြင်း

သာ န ဒါတာ ဟောတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။

သာ = ထိုအမျိုးသမီးသည်။ သမဏဿ ဝါ = သမဏအမည်ရှိတဲ့ အလှူခံပုဂ္ဂိုလ်အားလည်းကောင်း။ ဗြာဟ္မဏဿ ဝါ = ဗြာဟ္မဏအမည်ရှိတဲ့ အလှူခံပုဂ္ဂိုလ်အားလည်းကောင်း။ အန္နံ = ထမင်းကိုသော်လည်းကောင်း။ ပါနံ = အဖျော်ယမကာကိုသော်လည်းကောင်း။ ဝတ္ထံ = အဝတ် သင်္ကန်းကို သော်လည်းကောင်း။ ယာနံ = ယာဉ်ကိုသော်လည်းကောင်း။ မာလာဂန္ဓဝိလေပနံ = ပန်း, နံ့သာ, နံ့သာပျောင်းကိုသော်လည်းကောင်း။ သေယျာဝသထပဒီပေယျံ = ကျောင်း, အိပ်ရာနေရာ, ဆီမီးကိုသော်လည်းကောင်း။ န ဒါတာ = မပေးလှူတတ်သည်။ ဟောတိ = ဖြစ်၏။

သမဏ ဗြာဟ္မဏ အမည်ရနေတဲ့ အလှူခံပုဂ္ဂိုလ် များထိုထိုတွေ ရှိကြပါတယ်။ ထိုအလှူခံပုဂ္ဂိုလ် များထိုထိုတို့ကို ဆွမ်း သင်္ကန်း ကျောင်း ဆေး အစရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကိုလည်း တစ်ဖက်က လှူဒါန်းမှု မရှိပြန်ဘူး၊ မပေးလှူခဲ့တဲ့အတွက် စည်းစိမ်ဥစ္စာနည်းပါးတဲ့ ဆင်းရဲသားဘဝ ရောက်ရခြင်း၏အကြောင်း ဖြစ်လာတယ်၊ ဒါက အကြောင်းတစ်ခု ဖြစ်တယ်။ အကြောင်းဘယ်နှစ်ခု ရှိသွားပြီလဲ? နှစ်ခု။ နံပါတ် (၁)အကြောင်းက ဒေါသကြီးမှု၊ နံပါတ် (၂)အကြောင်းကတော့ အလှူဒါန ကြဲချစိုက်ပျိုးခြင်း လုံးဝ မပြုမှု။ နောက် နံပါတ် (၃)အကြောင်းတစ်ခုက ဘယ်လိုသဘောလဲ?

---

(ဂ) ဣဿာထူပြောခြင်း

ဣဿာမနိကာ ခေါ ပန ဟောတိ။ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု ဣဿတိ ဥပဒုဿတိ ဣဿံ ဗန္ဓတိ။

ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု = သူတစ်ပါးတို့ရဲ့ လာဘ်လာဘရခြင်း, လာဘ်လာဘပေါများခြင်း, အရိုအသေခံရခြင်း, အလေး စားခံရခြင်း, အမြတ်နိုးခံရခြင်း, အရှိခိုးခံရခြင်း, အပူဇော်ခံရခြင်းတို့၌။ ဣဿာမနသိကာ = ငြူစူစောင်းမြောင်းသော စိတ်ထားရှိသည်။ ဟောတိ = ဖြစ်၏။ ဣဿတိ = ငြူစူစောင်းမြောင်းတတ်၏။ ဥပဒုဿတိ = ပြစ်မှားတတ်၏။ ဣဿံ = ငြူစူစောင်းမြောင်းမှုကို။ ဗန္ဓတိ = ဖွဲ့ချည်၍ ထားတတ်ပြန်၏။

စိတ်နေစိတ်ထားကြည့်လိုက်လျှင် ငြူစူစောင်းမြောင်းတယ်၊ ငြူစူစောင်းမြောင်းတယ်ဆိုတာက ဘယ်လိုသဘောလဲလို့ မေးလျှင်တော့ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားမျိုးကို ခေါ်ပါတယ်။ ဘယ်ပုဂ္ဂိုလ်တွေ အပေါ်မှာ မနာလို သလဲ? တစ်ဖက်ကို ကြည့်လိုက်မယ်ဆိုလျှင် သူတစ်ပါးတွေမှာ လာဘ်လာဘတွေ ရကြတယ်၊ စည်းစိမ်ဥစ္စာတွေက ပိုပြီးတော့ အဆင်ပြေနေကြတယ်၊ အချိုးကျနေကြတယ်၊ စီးပွားရေးတွေ အောင်မြင်မှု ရှိနေကြတယ်၊ တစ်ဖက် ပုဂ္ဂိုလ်တွေ ကြည့်လိုက်မယ်ဆိုလျှင် အရိုအသေခံနေကြရတယ်၊ အမြတ်နိုး ခံနေကြရတယ်၊ အလေးစားခံနေကြရတယ်၊ အပူဇော်ခံနေကြရတယ်။ အဲဒီလို သူတစ်ပါးတို့ လာဘ်ရမှု, အရိုအသေခံရမှု, အလေးစားခံရမှု, အရှိခိုးခံရမှု, အမြတ်နိုးခံရမှု, အပူဇော်ခံရမှုတွေကို လှမ်းကြည့်ပြီးတော့ တစ်ဖက်က မကျေနပ် ဖြစ်နေတယ်။ နည်းနည်းကလေးမှ စိတ်ထဲမှာ ကြည့်လို့ မရချင်ဘူး။ ဒီလို စိတ်ထားမျိုးတွေဟာ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားပဲ ဖြစ်ပါတယ်။

သူလည်း သူ့ရဲ့ ပါရမီဘုန်းကံအားလျော်စွာ သူ့မှာ လာဘ်လာဘ ပေါများခြင်း, အရိုအသေခံရခြင်း, အလေးပြုခံရခြင်း, အမြတ်နိုးခံရခြင်း, အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းဆိုတဲ့ အကျိုးတရားတွေကို ရရှိခြင်းဖြစ်တယ်။ လွန်လေပြီးတဲ့ တစ်ခုသောဘဝက ဒီလို အကျိုးတရားတွေကို ရရှိနိုင်လောက်တဲ့ ဒါန သီလစတဲ့ ပါရမီကံအကြောင်းတရားတွေကို ထူထောင်ခဲ့တဲ့အတွက်ကြောင့် ထိုကံတွေက အကျိုးပေးနေတဲ့ ယခုလိုဘဝမှာ သူက ဒီလို လာဘ်လာဘတွေ ပေါများနေတာပဲ ဖြစ်တယ်။ သူပြုတဲ့ကံကို သူခံစား စံစားရတာပဲ, လာဘ်လာဘပေါများနိုင်တဲ့ ကံတွေကို သူက ပြုစုပျိုးထောင်ခဲ့လို့ ဒီလို လာဘ်လာဘပေါနေတာပဲလို့ ဒီလို နှလုံးမသွင်းနိုင်ဘူး။ သူတစ်ပါး လာဘ်လာဘ ရတာ, အရိုအသေခံရတာ, အလေးအစားခံရတာ, အမြတ်နိုးခံရတာတွေကို ကြည့်ပြီးတော့ စိတ်ထဲမှာ နည်းနည်းမှ မကျေနပ်ဘူး၊ ရန်ငြိုးဖွဲ့တယ်။

ဒီလိုယုန်တော့ ခြုံတိုင်းရှိရဲ့၊ ဒီးဒုတ်လောက်တော့ ငှက်တိုင်းလှရဲ့ စသည်ဖြင့် တွေးတောကာ စိတ်ထဲမှာ နည်းနည်းကလေးမှ ကြည့်လို့မရဘူး။ ကြည့်လို့မရရုံအဆင့်တွင် မဟုတ်ဘဲ တစ်ဖက်ကို ချောက်တွန်းတဲ့ အဆင့်အထိ ရောက်သွားလျှင်တော့ ပိုဆိုးသွားပြီ။ အဲဒီစိတ်ထား ဘယ်နှစ်ခု ရှိသွားသလဲ? သုံးခု။ နံပါတ် (၁)က ဒေါသသိပ်ကြီးတဲ့ စိတ်ထား၊ နံပါတ် (၂)က မပေးလှူခဲ့တဲ့ သဘော၊ နံပါတ် (၃)ကတော့ ငြူစူစောင်းမြောင်းနေတဲ့ စိတ်ထား။ ဒီစိတ်ထား (၃)ခု ပေါင်းစုပြီးတော့ ဘဝတစ်ခုကို တည်ထောင်ဖန်ဆင်းလိုက်တဲ့ အခါမှာ ဘယ်လိုဘဝမျိုးရသလဲ?

---

ရုပ်အဆင်းမလှခြင်း, ဆင်းရဲခြင်း, အခြွေအရံနည်းပါးခြင်း

သာ စေ တတော စုတာ ဣတ္ထတ္တံ အာဂစ္ဆတိ။ သာ ယတ္ထ ယတ္ထ ပစ္စာဇာယတိ ဒုဗ္ဗဏ္ဏာ စ ဟောတိ ဒုရူပါ သုပါပိကာ ဒဿနာယ။ ဒလိဒ္ဒါ စ ဟောတိ အပ္ပဿကာ အပ္ပဘောဂါ အပ္ပေသက္ခာ စ။

သာ = ထိုအမျိုးသမီးသည်။ တတော = ထိုလူ့ဘဝမှ။ စုတာ = စုတေခဲ့သည်ရှိသော်။ ဣတ္ထတ္တံ = ဤလူ့ပြည် လူ့လောကသို့။ စေ အာဂစ္ဆတိ = အကယ်၍ နောက်ထပ်တစ်ဖန် လာရောက်ရသည် ဖြစ်ငြားအံ့။

အဲဒီလို ဒေါသကြီးခြင်း, အလှူဒါနနည်းပါးခြင်း, ငြူစူစောင်းမြောင်းတဲ့ စိတ်ထားရှိခြင်းဆိုတဲ့ အကြောင်းတွေနှင့် ပြည့်စုံနေသော အမျိုးသမီးသည် အဲဒီလို လူ့ဘဝကနေ စုတေပြီးနောက် ဒီလို လူ့ဘဝတစ်ခုကို နောက်ထပ် တစ်ကြိမ် ပြန်ပြီး ရရှိခဲ့မယ်ဆိုလျှင် ဘာဖြစ်သလဲ?

သာ = ထိုအမျိုးသမီးသည်။ ယတ္ထ ယတ္ထ = အကြင်အကြင်အမျိုး အနွယ်၌။ ပစ္စာဇာယတိ = ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်၍လာရ၏။ တတ္ထ တတ္ထ = ထိုထိုအမျိုးအနွယ်၌။ ဒုဗ္ဗဏ္ဏာ စ = အဆင်းမလှသည်လည်း။ ဟောတိ = ဖြစ်၏။ ဒုရူပါ စ = ပုံသဏ္ဌာန်အချိုးအစား မကျနသည်လည်း။ ဟောတိ = ဖြစ်၏။ သုပါပိကာ စ ဒဿနာယ = ကြည့်ရှုဖွယ်မကောင်းသည်လည်း။ ဟောတိ = ဖြစ်၏။ ဒလိဒ္ဒါ စ= ဆင်းရဲနွမ်းပါးသည်လည်း။ ဟောတိ = ဖြစ်၏။ အပ္ပဿကာ စ = နည်းပါးသော ကိုယ်ပိုင်အသုံးအဆောင် ပစ္စည်းဥစ္စာ ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ အပ္ပဘောဂါ စ = နည်းပါးသော အတွင်း အပ အသုံးအဆောင် ပရိဘောဂရှိသည်လည်း။ ဟောတိ = ဖြစ်၏။ အပ္ပေသက္ခာ စ = နည်းပါးသော အခြွေအရံရှိသည်လည်း။ ဟောတိ = ဖြစ်၏။

တစ်ချိန်က ဒေါသတွေ သိပ်ကြီးခဲ့တယ်၊ ဒေါသသိပ်ကြီးခဲ့တဲ့ ဒီအကုသိုလ်ကံရဲ့ စွမ်းအင်ကြောင့် လူ့ဘဝဝယ် နောက်တစ်ကြိမ် ပြန်ပြီး လူဖြစ်လာရတဲ့ အချိန်အခါမှာ ဒီပုဂ္ဂိုလ်သည် အဆင်းမလှဘူး၊ ပုံသဏ္ဌာန်အချိုးအစား သိပ်မကျတော့ဘူး၊ ဘယ်လိုမှ ကြည့်ရှုဖွယ်ကောင်းတဲ့သဘော မရှိဘူး၊ သူ့ကို မြင်လိုက်ရလျှင် စိတ်ထဲမှာ ကြည်လင်မှု ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ဘာကို အခြေခံသလဲ? ဒီအကျိုးတရားက အတိတ်က ထူထောင်ခဲ့တဲ့ နံပါတ် (၁) အကြောင်းဖြစ်တဲ့ ဒေါသကြီးမှုကို အခြေခံတယ်။

ဒီတော့ ဒေါသကြီးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဒီဒေါသကြီးနေတဲ့ အချိန်အခါကလေးကို လှမ်းမျှော်ပြီး အာရုံယူကြည့်လိုက်စမ်းပါ၊ ဘယ်လောက်ပဲ အဆင်း လှနေတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ချင်ဖြစ်ပါစေ။ ဒီဒေါသကြီးပြီး ဖောက်ဖောက်ပြန်ပြန် ပြောဆိုပြုမူနေတဲ့ အချိန်အခါမှာ သူ့ရဲ့ရုပ်ရည်သည် တစ်ဖက်သားတို့ မေတ္တာ ရှိနိုင်တဲ့ အနေအထားမျိုးမှာ တည်ရှိသလား? မတည်ရှိတော့ဘူး။ သူဟာ အရုပ်ဆိုးသွားတယ်။ အရုပ်ဆိုးသွားစေတတ်တဲ့ ကံတွေကို ထိုအချိန်အခါမှာ သူက ထူထောင်နေတယ်။

သမ္ပတ္တိလေးပါး - ဝိပတ္တိလေးပါး

အဲဒီကံတွေကို ထူထောင်မှုနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ သမ္ပတ္တိ (၄)ပါး, ဝိပတ္တိ (၄)ပါးဆိုတာ ရှိပါတယ်။ အဲဒီ သမ္ပတ္တိ ဝိပတ္တိအကြောင်းကို နည်းနည်း ပြောကြရအောင် --- ကာလသမ္ပတ္တိ, ဂတိသမ္ပတ္တိ, ဥပဓိသမ္ပတ္တိ, ပယောဂသမ္ပတ္တိဆိုပြီးတော့ သမ္ပတ္တိဘက်က လေးခုရှိတယ်။ ဝိပတ္တိဘက်ကလည်း ကာလဝိပတ္တိ, ဂတိဝိပတ္တိ, ဥပဓိဝိပတ္တိ, ပယောဂဝိပတ္တိဆိုပြီးတော့ ဝိပတ္တိဘက်က လေးခုရှိတယ်။

ကာလသမ္ပတ္တိဆိုတာကတော့ ခေတ်ကောင်း အချိန်အခါကာလကောင်း ကို ခေါ်ပါတယ်။ ဘုန်းကြီးတို့ အကောင်းဆုံးကာလကို ပြောပါဆိုလျှင်တော့ ကမ္ဘာဦးကာလကို ညွှန်ပြရမှာ ဖြစ်ပါတယ်။ ကမ္ဘာဦးကာလမှာ လူတွေဟာ ရာဂ, ဒေါသ, မောဟတွေ သိပ်အားနည်းကြပါတယ်။ ထိုအချိန်အခါမျိုးကို ခေတ်ကာလကောင်းနှင့် ပြည့်စုံနေတဲ့ အချိန်အခါလို့ ခေါ်ဆိုနိုင်ပါတယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူလာတဲ့ အချိန်အခါ, စကြဝတေးမင်းကြီးတို့ ပွင့်ထွန်းပေါ်ပေါက်နေတဲ့ အချိန်အခါမျိုးတွေဟာလည်း ကာလသမ္ပတ္တိ အချိန်အခါမျိုးတွေလို့ ခေါ်ဆိုနိုင်ပါတယ်။

ကာလဝိပတ္တိဆိုတာကတော့ ကာလသမ္ပတ္တိရဲ့ ပြောင်းပြန်သဘောပဲ၊ အထူးအားဖြင့် အဆိုးဆုံး ကာလဝိပတ္တိအချိန်ကာလကတော့ ဆယ်နှစ်တမ်း အချိန်အခါကာလ ဖြစ်ပါတယ်။ အာဟာရဓာတ်တွေမှာ အဆီဩဇာဓာတ်တွေ အားလုံး ချို့တဲ့ပြီးတော့ လူတွေဟာလည်း ဒုစရိုက်တရားတွေအားလုံးကို သွက်သွက်လက်လက်ကြီး လွန်ကျူးနေတဲ့ အချိန်အခါမျိုး ဖြစ်တယ်။ ကာလ သမ္ပတ္တိ အချိန်အခါမှာ ကုသိုလ်ကံက အကျိုးပေးနိုင်တဲ့စွမ်းအား ရှိပါတယ်။ ကာလသမ္ပတ္တိနဲ့ မကြုံဘဲ ကာလဝိပတ္တိနဲ့ သွားကြုံနေခဲ့မယ်ဆိုလျှင် ကုသိုလ်ကံ တွေသည် အကျိုးပေးနိုင်တဲ့စွမ်းအား မရှိတော့ပါဘူး။

အလားတူပဲ နောက်တစ်မျိုးကတော့ ဂတိသမ္ပတ္တိနှင့် ဂတိဝိပတ္တိပဲ၊ ကုသိုလ်ကံတွေကြောင့်ရရှိမည့် ကောင်းမွန်ပြည့်စုံတဲ့ လားရာဂတိဖြစ်ကြတဲ့ လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည်တွေကို ဂတိသမ္ပတ္တိလို့ ခေါ်ပါတယ်။ အကုသိုလ်ကံတွေကြောင့်ရရှိမည့် မကောင်းတဲ့, ချမ်းသာသုခနှင့် မပြည့်စုံတဲ့ လားရာဂတိဖြစ်ကြတဲ့ အပါယ်လေးဘုံကို ချမ်းသာသုခတွေ ပျက်စီးနေတဲ့ ဂတိတွေ ဖြစ်ခြင်းကြောင့် ဂတိဝိပတ္တိလို့ ခေါ်ပါတယ်။

ကုသိုလ်ကံတစ်ခုကို ထူထောင်ထားတယ်၊ အကျိုးပေးရန် အခါအခွင့် သင့်နေသော်လည်း ဒီကုသိုလ်ကံတွေက ဂတိဝိပတ္တိဆိုတဲ့ အပါယ်လေးဘုံ တစ်ဘုံဘုံသို့ ရောက်နေသူကို အကျိုးမပေးနိုင်ဘူး။ ကုသိုလ်ကံသည် အကျိုး ပေးနိုင်တဲ့ နေရာဌာနမျိုး မဟုတ်တဲ့အတွက် အကျိုးပေးခွင့် မရပြန်ဘူး။ ဂတိသမ္ပတ္တိလို့ခေါ်တဲ့ လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည်မှာ ရောက်နေခဲ့မယ် ဆိုလျှင်တော့ ဒီကုသိုလ်ကံတွေက အကျိုးပေးခွင့်ရတယ်။

တစ်ခါ ဥပဓိသမ္ပတ္တိနှင့် ဥပဓိဝိပတ္တိအကြောင်းကို ပြောကြရအောင် --- အတိတ်ဘဝထိုထိုက ထူထောင်ထားခဲ့တဲ့ ကုသိုလ်ကံတွေဟာ ဥပဓိသမ္ပတ္တိ = ရုပ်အဆင်းဥပဓိနှင့် တင့်တယ်ပြည့်စုံနေမယ်ဆိုလျှင် အကျိုးပေးခွင့်ရတယ်။ ရုပ်အဆင်းဥပဓိသမ္ပတ္တိနှင့် ပြည့်စုံခွင့် မရှိဘူးဆိုလျှင် ဒီကံတွေက အကျိုး ပေးဖို့ရာ အခါအခွင့် မသင့် ဖြစ်နေတတ်တယ်။ စာမှာ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဒီပရာဇာလို့ ခေါ်ဆိုအပ်တဲ့ ကျွန်းကလေးတစ်ကျွန်းကို အစိုးရတဲ့ မင်းတစ်ဦးကို ပုံစံထုတ်ပြထားပါတယ်။

ဒီပရာဇာအမည်ရတဲ့ ဒီမင်းသားဟာ ငယ်ရွယ်စဉ် အချိန်အခါတုန်းက သီဟိုဠ်ကျွန်းကို ထီးဖြူအုပ်ချုပ် မင်းလုပ်နေတဲ့ ရှင်ဘုရင်ရဲ့ သားရတနာတစ်ဦး ဖြစ်ပါတယ်။ သားရတနာကလေး မွေးဖွားလာပြီဆိုတော့ ရှင်ဘုရင်ကလည်း အင်မတန် အားရကျေနပ်တော်မူတဲ့အတွက် ဆုယူစေဆိုပြီး မိဖုရားကြီးကို ဆုပေးတော်မူတယ်။ မိဖုရားကြီးကလည်း ဆုတော့ယူထားတယ်၊ သို့သော် ဘာဆုဆိုတာ အတိအကျ ဖော်ပြမထားဘူး။

ဒီသားငယ်ကလေး ခုနစ်နှစ် ရှစ်နှစ်အရွယ်လောက် ရောက်ရှိတဲ့ အချိန် အခါမှာ သူတို့ နန်းရင်ပြင်တော်မှာ ကြက်တိုက်ပွဲတစ်ခု ကျင်းပကြတယ်။ ထိုကြက်တိုက်ပွဲထဲက ကြက်တစ်ကောင်က အကြောင်းမလှတော့ ခုန်ပျံပြီး ဒီမင်းသားကလေးရဲ့ မျက်လုံးနှစ်လုံးကို လာပြီးတော့ ဖောက်လိုက်တယ်၊ ဖောက်လိုက်တဲ့အတွက် မင်းသားကလေးရဲ့ မျက်လုံးနှစ်လုံးစလုံး ကန်းသွားတယ်။ ကံတွေဟာ အလွန်ဆန်းကြယ်ပါတယ်၊ ထိတ်လန့်တုန်လှုပ်ဖွယ်လည်း ကောင်းပါတယ်။ မျက်လုံးနှစ်လုံး ကန်းသွားတဲ့ ဒီမင်းသားကလေး တစ်ချိန် (၁၆)နှစ်အရွယ်သို့ရောက်ပြီ ဆိုကြစို့။

အဲဒီ (၁၆)နှစ်လောက် အရွယ်ရောက်တဲ့ အချိန်အခါ မိခင်လုပ်တဲ့ မိဖုရားကြီးက ရှင်ဘုရင်ထံ ခွင့်တောင်းပြီးတော့ တစ်ချိန်က သားမွေးစဉ်အခါက ဆုပေးခဲ့ဖူးပါတယ်၊ ဒါကြောင့် အဲဒီဆုကို ဟိုတုန်းကတော့ မယူခဲ့ပါဘူး၊ ယခု ဒီဆုကို ယူပါတော့မယ်၊ အလိုရှိတဲ့ဆုကို ပေးပါတော့လို့ ခွင့်တောင်းတယ်။ မိဖုရားကြီး လိုရာဆုယူစေလို့ ပြောလိုက်တဲ့အခါမှာ လင်္ကာဒီပခေါ်တဲ့ သီဟိုဠ်ကျွန်းကို ထီးဖြူအုပ်ချုပ်မင်းလုပ်တဲ့ ရှင်ဘုရင်အဖြစ်နဲ့ သားတော်ကို မင်းမြှောက်ပေးဖို့ တောင်းဆိုတယ်။ တောင်းဆိုလိုက်တဲ့ အချိန်အခါမှာ ရှင်ဘုရင်ကြီးဘက်ကလည်း သဘောမတူနိုင်တဲ့အချက် ရှိနေတယ်။ ဘယ်အချက်ကြောင့်လဲ? မျက်လုံးနှစ်လုံး၏ ချို့တဲ့ပျက်စီးနေခြင်းဆိုတဲ့ ရုပ်ရည် အဆင်း ပျက်စီးနေခြင်း = ဥပဓိဝိပတ္တိအတွက်ကြောင့် သဘောမတူ ဖြစ်နေတယ်။

အကယ်၍ မျက်လုံးသာ မကန်းခဲ့ဘူးဆိုလျှင်တော့ ငါအပ်ပါတယ်၊ ထီးဖြူအုပ်ချုပ် မင်းလုပ်တဲ့ နန်းစည်းစိမ်ကို အပ်နိုင်ပါတယ်၊ ဒါပေမယ့်လို့ သင့်သားတော်ဟာ မျက်လုံးနှစ်လုံး ချို့တဲ့ခြင်းဆိုတဲ့ ဥပဓိဝိပတ္တိ (= ဥပဓိ ပျက်စီးနေခြင်း) ဖြစ်နေတဲ့အတွက် ဒီသီဟိုဠ်ကျွန်း တစ်ကျွန်းလုံးကို ထီးဖြူ အုပ်ချုပ် မင်းလုပ်ဖို့တော့ မတော်ဖြစ်နေပြီ။ ဒါကြောင့် ဒီဆုကိုတော့ မယူပါနဲ့ ဆိုပြီးတော့ နောက်ဆုံး ချော့မော့ပြီးတော့ အဲဒီ ဒီပလို့ခေါ်ဆိုအပ်တဲ့ ကျွန်းကလေးတစ်ကျွန်း ခပ်ငယ်ငယ်ကလေးတစ်ခုမှာ စော်ဘွားအဖြစ်နဲ့ သွားပြီး ထီးဖြူအုပ်ချုပ် မင်းလုပ်စေတယ်။ ဒီမင်းသားမှာ ရှင်ဘုရင်ဖြစ်စေနိုင်တဲ့ ကံမျိုးတွေ မပါရှိလို့ မဟုတ်ဘူး၊ ပါရှိတယ်။ ရှင်ဘုရင်ဖြစ်စေနိုင်တဲ့ ကံတွေက ဥပဓိဝိပတ္တိဖြစ်နေတဲ့ အချိန်အခါမှာ အကျိုးပေးခွင့် သာသေးသလား? မသာတော့ဘူး။

ဒီလိုပဲ ယခုမျက်မှောက် လူ့လောကမှာ တရားနာနေတဲ့ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ နည်းနည်းကလေး စဉ်းစားဖို့ကောင်းတယ်။ မိမိတို့က ဥပဓိသမ္ပတ္တိနဲ့ မပြည့်စုံဘူး၊ ရုပ်အဆင်းသဏ္ဌာန်က သိပ်ပြီး အချိုးအစား မကျနတော့ဘူး၊ အဲဒီလို ရုပ်အဆင်းသဏ္ဌာန်တွေက အချိုးအစား မကျနခဲ့ဘူး ဆိုလျှင်လည်း အတိတ်က အင်မတန် အကျိုးပေးချင်နေတဲ့ ကံတွေသည် အကျိုးပေးခွင့် ရနိုင်သလား? မရနိုင်ဘူး။ ဒီအချက်ကိုလည်း သတိပြုမိတတ်ဖို့ သတိရှိဖို့လိုတယ်။ ဒီတော့ ဒီလို ရုပ်အဆင်း ချို့တဲ့ခြင်းဆိုတဲ့ သဘောတရားကို ဘယ်အကြောင်းတရားက ဖြစ်စေသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လျှင် အတိတ်ဘဝတစ်ခုက ဒေါသကြီးခြင်းဆိုတဲ့ အကြောင်းတရားက ဖြစ်စေတယ် ဆိုတာကို ဒီတရားတော်အရ သိသာထင်ရှားပါတယ်။

ဒီလိုဆိုလျှင် ဒီဒေါသကြီးခြင်းဆိုတဲ့ အကြောင်းတရားတစ်ခုသည် ဥပဓိ ဝိပတ္တိ (= ရုပ်ရည်ရဲ့ ပျက်စီးခြင်း)ကိုသာ ဖြစ်စေသလားဆိုတော့ မဟုတ်သေးဘူး၊ နောက်ထပ်ဖြစ်စေတာ ရှိသေးတယ်။ နောက်ထပ်ဖြစ်စေတဲ့ အကြောင်း တရားက ဘာလဲ? ကဲ ဝိပတ္တိတရားလေးပါး သမ္ပတ္တိတရားလေးပါး စုံသွားအောင် နောက်တစ်ခု ထပ်ပြောကြရအောင် ---

နောက်နံပါတ် (၄) သမ္ပတ္တိနှင့် ဝိပတ္တိက ဘာလဲ? ပယောဂသမ္ပတ္တိ ပယောဂဝိပတ္တိ။ အတိတ်က အကျိုးပေးချင်နေတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ တွေ သတ္တဝါထိုထိုမှာ များသောအားဖြင့် ရှိကြပါတယ်။ ဒီကုသိုလ်ကံ အကုသိုလ်ကံတွေက ဘယ်အခါမှာ အကျိုးပေးဖို့ရန် အခါအခွင့်သင့်သလဲ?

ကုသိုလ်ကံများက ပယောဂသမ္ပတ္တိလို့ခေါ်တဲ့ ပစ္စုပ္ပန်မှာ လုံ့လကြိုးကုတ် အားထုတ်နေတဲ့ ကာယပယောဂ, ဝစီပယောဂ, မနောပယောဂတွေ အပေါ်မှာ အခြေတည်ပြီးတော့ အကျိုးပေးတယ်။ သတ္တဝါတစ်ဦးက ကာယ ကံစင်ကြယ်မှုရှိအောင်, ဝစီကံတွေလည်း စင်ကြယ်မှုရှိအောင်, မနောကံ တွေလည်း စင်ကြယ်မှုရှိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။

မိမိရဲ့ စိတ်ကို သီလဖြင့် ဆေးကြောသုတ်သင်တယ်၊ သမာဓိဖြင့် ဆေးကြောသုတ်သင်တယ်၊ ပညာကျင့်စဉ်တွေဖြင့် မိမိရဲ့ စိတ်အစဉ်တွေကို ဖြူစင်သွားအောင် ဆေးကြောသုတ်သင်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပြီး နေထိုင်တယ်။ သီလဆိုတဲ့ မြေပေါ်မှာ ရပ်တည်ပြီးတော့ သမထ ဘာဝနာ ဝိပဿနာဘာဝနာတွေကို အောင်အောင်မြင်မြင် စံချိန်မီ ပွားများ အားထုတ်နေတယ်လို့ ဆိုလိုပါတယ်။

အဲဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အတိတ်က အကျိုးပေးချင်နေတဲ့ ကုသိုလ်ကံတွေက အခွင့်အလမ်း ပွင့်လန်းပြီး လာတတ်ပါတယ်။ ရွာတစ်ရွာမှာ သူတော်ကောင်းတွေချည်း ရှိကြတယ် ဆိုလျှင် ဒီသူတော်ကောင်းတွေ ရှိနေတဲ့ရွာကို ဘေးကသူခိုးဓားပြတို့ ဝင်ဖို့ရန် ခက်ခဲသလိုပဲ သတ္တဝါတစ်ဦးရဲ့ သန္တာန်မှာ ကာယကံ စင်ကြယ်မှု, ဝစီကံ စင်ကြယ်မှု, မနောကံ စင်ကြယ်မှုတွေသာ ရှိနေခဲ့မယ်ဆိုလျှင် ထိုအချိန်အခါမှာ အတိတ်က အကျိုးပေးချင်နေတဲ့ ကုသိုလ်ကံတွေသည် အခွင့်အလမ်း ပွင့်လန်းပြီး လာတတ်တယ်။

အတိတ်က အကျိုးပေးချင်နေတဲ့ ကုသိုလ်ကံတွေသည် အခွင့်အလမ်း ပွင့်လန်းလာတတ်တဲ့အတွက် အတိတ်က အကျိုးပေးချင်နေတဲ့ အကုသိုလ်ကံ တွေကလည်း တဖြည်းဖြည်း ရှဲပြီးတော့ သွားတတ်တယ်။ ဝင်မရ ဖြစ်နေ တတ်တယ်။ ဒါပေမယ့်လို့ ပုဂ္ဂိုလ်တစ်ယောက်သည် ဒီပစ္စုပ္ပန်မှာ သူ့ကာယကံ ကြည့်လိုက်လျှင်လည်း တောင့်တင်းမှု, စင်ကြယ်မှု မရှိဘူး၊ ဝစီကံ ကြည့်လိုက်လည်း စင်ကြယ်မှု, တောင့်တင်းမှု မရှိဘူး၊ မနောကံ ကြည့်လိုက်လည်း စင်ကြယ်မှု, တောင့်တင်းမှု မရှိဘူး၊ ဒုစရိုက်ကိုလည်း ပြုချင်လည်း ပြုလိုက် တာပဲ၊ ခြင်ဆိုလည်း ဘတ်ကနဲ ရိုက်ချလိုက်တာပဲ၊ ကြမ်းပိုးဆိုလည်း သတ်လိုက်တာပဲ၊ သန်းဆိုလည်း တုပ်ပစ်လိုက်တာပဲ။

ဝစီကံကြည့်လိုက်ပြန်တော့လည်း မုသားဆိုလည်း ပြောလိုက်တာပဲ၊ ကြမ်းတမ်းတဲ့စကားဆိုလျှင်လည်း ရှေ့တန်းကနေပြီး ပြောလိုက်တာပဲ၊ ဒိုးကနဲ ဒေါက်ကနဲ ဆောင့်ကနဲ အောင့်ကနဲ ပြောချလိုက်တာပဲ၊ ဟို မီးဖိုချောင်မှာ ဆောင့်ရ အောင့်ရမယ်ဆိုလျှင် သူက ဘယ်နေရာကနေသလဲ? ရှေ့တန်းကနေ ဝင်ပြီး ထိုင်နေတယ်။ နောက်ပိုင်းက ဘယ်တော့မှ မနေဘူး။ အဲဒီလို သူက ကာယကံကြည့်လိုက်လည်း စင်ကြယ်မှုက မရှိ၊ ဝစီကံကြည့်လိုက်လည်း စင်ကြယ်မှုက မရှိ၊ မနောကံကြည့်လိုက်လည်း စင်ကြယ်မှုက မရှိတော့ သူ့မှာ ပယောဂဝိပတ္တိ ဖြစ်နေတယ်။ လုံ့လပယောဂစက်က ချို့တဲ့နေတဲ့အတွက် အတိတ်က အကျိုးပေးချင်နေတဲ့ ကုသိုလ်ကံတွေက အကျိုးပေးဖို့ရန် အခါအခွင့်မသင့် ဖြစ်နေတတ်တယ်။

တစ်ဖန် အတိတ်က အကျိုးပေးဖို့ရန် စောင့်ဆိုင်းနေတဲ့ အကုသိုလ်ကံ တွေကလည်း အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာတတ်ပြန်တယ်။ ခုဒီမှာ ပုဂ္ဂိုလ်တစ်ဦးက ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နေသလဲဆိုတော့ အတိတ်က ဒေါသဓာတ်တွေ ခြံရံပြီးတော့ ကံတွေကို ပြုစုပျိုးထောင်ထားခဲ့တယ်။ အဲဒီလို ပြုစု ပျိုးထောင်ထားတဲ့ အချိန်အခါမှာ အဘိဓမ္မာနည်းအရ ပြောမယ်ဆိုလျှင်တော့ အကုသိုလ်ကံတွေကို ပြုစုပျိုးထောင်နေတယ်လို့ ဆိုနိုင်ပါတယ်။ အခုလို မကျေနပ်ချက်တွေကို တစ်ပုံကြီး ဖွင့်ပြီးတော့ ထုတ်ချနေတယ်။ ပရိတ်တွေကို ရွတ်ဖတ်နေသလို ရွတ်နေတယ်။ အဲဒီလို ရွတ်ဖတ်သရဇ္ဈာယ်နေတဲ့ အချိန်အခါမျိုးမှာ ဘာတွေဖြစ်နေသလဲ?

အဘိဓမ္မာနည်းအရပြောလျှင်တော့ ဒေါသပြဓာန်းနေတဲ့ အကုသိုလ် မနောဒွါရိကဇောဝီထိတွေ အကြိမ်များစွာ ဖြစ်နေတယ်။ ဇောဝီထိတွေ အကြိမ် များစွာ ဖြစ်သွားတဲ့အခါမှာ ယေဘုယျအားဖြင့် ဇောဝီထိတစ်ခုတစ်ခု အတွင်းမှာ ဇောခုနစ်တန် ရှိတတ်ပါတယ်။ ဇောခုနစ်တန်အနက်က ပထမဇောသည် ဒီကံကို ထူထောင်နေတဲ့ ပစ္စုပ္ပန် လွန်ကျူးဆဲဘဝမှာ အကျိုးပေးတတ်တယ်၊ ဒိဋ္ဌဓမ္မဝေဒနီယကံလို့ခေါ်တယ်၊ သတ္တမဇောက ဒုတိယဘဝမှာ အကျိုးပေးတယ်၊ အလယ်ဇောငါးတန်ကတော့ အပရာပရိယကံလို့ ခေါ်တယ်၊ နိဗ္ဗာန် မရမချင်း အခါအခွင့်သင့်တဲ့ ဘုံဘဝမှာ အကျိုးပေးမှာ ဖြစ်တယ်။

ယခုလို ဒေါသဇောတွေ အကြိမ်များစွာဖြစ်နေတဲ့ ပုဂ္ဂိုလ်သန္တာန်မှာ အဲဒီ သန္နိဋ္ဌာနစေတနာခေါ်တဲ့ ဆုံးဖြတ်ချက်ချပြီးတော့ ဒီလို ကာယကံလွန်ကျူးမှု, ဝစီကံလွန်ကျူးမှုတွေကို ပြီးစီးအောင် အကောင်အထည်ဖော်ပေးနေတဲ့ အကုသိုလ်စေတနာက အလွန် အရေးကြီးပါတယ်။ ပြစ်မှုတစ်ခုကို လွန်ကျူးတဲ့နေရာမှာ သူက ပြဓာန်းနေတယ်။ ဒီလို ဆုံးဖြတ်ချက်ချပြီး ပြစ်မှုတွေကို လွန်ကျူးနေတဲ့ သန္နိဋ္ဌာနအကုသိုလ်စေတနာကြောင့် ကာယကံကလည်း ဒိုးကနဲ ဒေါက်ကနဲ မပြုသင့်တာတွေကို ပြုလုပ်တယ်၊ ဝစီကံကလည်း မပြောသင့်တာတွေကို ပြောနေတယ်၊ အဲဒီလို ပြုနေပြောနေတဲ့ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ စေတနာတွေကို သန္နိဋ္ဌာနစေတနာလို့ ခေါ်ပါတယ်။ အဲဒီလို သန္နိဋ္ဌာနအကုသိုလ်စေတနာတွေကြောင့် ငရဲရောက်ရတယ်။

ပုဗ္ဗစေတနာ အပရစေတနာလို့ခေါ်တဲ့ အဲဒီ သန္နိဋ္ဌာနစေတနာရဲ့ ရှေ့ပိုင်း နောက်ပိုင်း အကုသိုလ်စေတနာတွေကြောင့် အခုလို လူ့လောက ရောက်လာတဲ့ အချိန်အခါမှာ ဘာဖြစ်သလဲ? ရုပ်အဆင်းမလှ ဖြစ်ရတယ်။ ရုပ်အဆင်းမလှဖြစ်ရတာ လူ့ဘဝရောက်လာတာ ဒီအကုသိုလ်ကံကြောင့် ရောက်လာသလားဆိုတော့ ဒီလိုတော့မဟုတ်ဘူး။ ကုသိုလ်ကံကလေးတွေ နည်းနည်းပါးပါးတော့ ထူထောင်ထားတာ ရှိကြပါတယ်။

ဗုဒ္ဓဘာသာတွေဟာ ခုနေအချိန်အခါမှာ ဆွမ်းတစ်ဇွန်းတော့ လောင်းလှူဖူးတဲ့ပုဂ္ဂိုလ်, ရေတစ်ခွက်လောက် လှူဖူးတဲ့ပုဂ္ဂိုလ်, ပန်းတစ်ပွင့်လောက် လှူဖူးတဲ့ပုဂ္ဂိုလ်, ဆီမီးတစ်တိုင်လောက် လှူဖူးတဲ့ပုဂ္ဂိုလ်တွေ များကြပါတယ်။ ကောင်းမှုကုသိုလ် အနည်းအကျဉ်းတော့ ပြုဖူးကြတယ်။ ဒါပေမယ့် ဒီပြုဖူးထားတဲ့ ကုသိုလ်ကံတွေမှာ ဒေါသဓာတ်တွေ ခြံရံထားပြီး ကံတွေကို ထူထောင် ထားတဲ့အတွက်ကြောင့် ဒီဒေါသဓာတ်တွေ ခြံရံထားတဲ့ ကုသိုလ်ကံတွေက အကျိုးပေးပြီဆိုလျှင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးကို ဘယ်လိုမှ မပေး နိုင်ဘူး။ အလွန် မွန်မြတ်တင့်တယ် လှပနေတဲ့ အရည်အဆင်းနှင့် ပြည့်စုံနေတဲ့ ဘဝကို ဘယ်လိုမှ ပို့ဆောင်ပေးနိုင်တဲ့စွမ်းအား မရှိဘူး။ မကျေနပ်ချက်တွေ တစ်ပုံကြီး ခြံရံပြီးတော့ ဒီကောင်းမှုကုသိုလ်တွေကို သူက ထူထောင်ထားမိခဲ့တယ်။

ဒေါသတွေ တနုံ့နုံ့နဲ့ မျိုသိပ်ထားပြီး ပါးစပ်ကလည်း ပြောလိုက်ဆိုလိုက်၊ ကောင်းမှုကုသိုလ်ကလည်း တစ်ဖက်က ပြုလုပ်လိုက်, ပါးစပ်ကလည်း ပြောလိုက်ဆိုလိုက် ဆူလိုက်ဆောင့်လိုက်၊ တစ်ဖက်ကလည်း ကောင်းမှုကုသိုလ်တွေ ပြုလုပ်လိုက်၊ ဒီလိုပုံစံစနစ်နဲ့ ကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်ထားတော့ သူ့ရဲ့ကုသိုလ်ကံမှာ ဒေါသဓာတ်တွေ ဝိုင်းပြီး ခြံရံသွားတယ်။ ဒေါသဓာတ်တွေ ဝိုင်းပြီး ခြံရံထားတဲ့ ဒီကုသိုလ်ကံတွေသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ မွန်မြတ်တဲ့ ရုပ်အဆင်းအင်္ဂါနဲ့ ပြည့်စုံခြင်းဆိုတဲ့ အကျိုးမျိုးကို ဘယ်လိုမှ ရရှိစေနိုင်တဲ့ စွမ်းအား မရှိပြန်ဘူး။

ပုံစံထုတ်ပြမယ်ဆိုလျှင်တော့ ဘုန်းကြီးတို့ ပရိသတ်အားလုံး ကြားဖူးကြတဲ့ ပုံစံကလေးနှစ်ခု ရှိပါတယ်။ယုတ်ညံ့သော အဆင်းရှိတဲ့နေရာ ပုံသဏ္ဌာန် အချိုးအစားမကျတဲ့နေရာမှာ ထိပ်တန်းကနေတဲ့ ပဉ္စပါပီအမည်ရှိတဲ့ အမျိုးသမီးတစ်ဦး ဇာတ်တော်မှာ လာရှိပါတယ်။ (ဇာတက၊ဋ္ဌ၊၅၊၄၇၅-၄၇၉။)

ဒီအမျိုးသမီးဟာ အတိတ်ဘဝတစ်ခုမှာ အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်ကို မြေညက်လှူခဲ့ဖူးတယ်။ ရှေးခေတ်အခါက အိန္ဒိယယဉ်ကျေးမှုရဲ့ ထုံးတမ်းစဉ်လာမှာ အိမ်နံရံတွေကို ကောက်ရိုးတို့လို ဝါးတို့လို ဒီလိုဟာတွေနဲ့ ရောပြီးတော့ မြေညက်နဲ့လိမ်းကျံတဲ့ ဓလေ့စရိုက် ရှိပါတယ်။ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင် တစ်ဆူကလည်း သီတင်းသုံးတော်မူရာ ကျောင်းသင်္ခမ်းလိုဏ်ဂူကလေးကို မြေညက်ဖြင့် လိမ်းကျံလိုတဲ့အတွက် မြေညက်အလို့ငှာ ဒီအမျိုးသမီးထံ ဆွမ်းခံကြွလာတယ်။

ဒီလိုကြွလာတော့ အရှင်ပစ္စေကဗုဒ္ဓါကို မြေညက်လှူတဲ့ အချိန်အခါ ကလေးမှာ မြေညက်ကလေးကိုတောင်မှ လာပြီး အလှူခံရကောင်းလား ဆိုပြီး မကျေနပ်တဲ့ ဒေါသဓာတ်တွေက သူ့ရဲ့ မြေညက်လှူခြင်းဆိုတဲ့ ကုသိုလ်ကံကို ခြံရံသွားတယ်။ သူက ကောင်းမှုကုသိုလ်ပြုနေဆဲ အခါကလေးမှာ မကျေမနပ်တဲ့ ဒေါသဓာတ်တွေ ခြံရံပြီးတော့ အရှင်ပစ္စေကဗုဒ္ဓါကို မြေညက်လှူလိုက်တဲ့အတွက် ဒီကံက အကျိုးပေးတဲ့ အချိန်အခါမှာ ကောင်းတဲ့အကျိုး မပေးနိုင်တော့ဘူး၊ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ လူပြိတ္တာ, မြေဘုတ်ဘီလူးနဲ့ တူနေတဲ့ ရုပ်အဆင်းသဏ္ဌာန်မျိုးဖြစ်တဲ့ လူ့ဘဝကိုရအောင် ပို့ပေးလိုက်တယ်။

မြေညက်လို့ခေါ်ဆိုအပ်တဲ့ ပစ္စည်းဝတ္ထုက ကြမ်းတမ်းနေတဲ့ နံရံတွေ မြေအခင်းတွေကို နူးညံ့အောင် ပြုလုပ်ပေးတဲ့ ပစ္စည်းဝတ္ထု ဖြစ်ပါတယ်။ ယခုလို အင်မတန် နူးညံ့သိမ်မွေ့တဲ့ ပစ္စည်းဝတ္ထုကို လှူဒါန်းရခြင်းကြောင့် သူ့ရဲ့ ကိုယ်အတွေ့ဟာ ကောင်းမြတ်တဲ့ အတွေ့အထိ ရှိပင်ရှိငြားသော်လည်း ဒေါသစိတ်တွေက တစ်ဖက်က ခြံရံပြီး ကံတစ်ခုကို ထူထောင်ထားတဲ့အတွက် မြေဘုတ်ဘီလူးနဲ့တူနေတဲ့ အမျိုးသမီးဘဝကိုရောက်အောင် ပို့ဆောင်ပေးလိုက်တယ်။

တဿာ မတ္တိကာပိဏ္ဍဖလေန သရီရံ ဖဿသမ္ပန္နံ အဟောသိ၊ ကုဇ္ဈိတွာ ဥလ္လောကိတတ္တာ ပန ဟတ္ထ-ပါဒ-မုခ-အက္ခိ-နာသာနိ ပါပါနိ ဝိရူပါနိ အဟေသုံ။ တေန တံ ပဉ္စပါပီတွေဝ သဉ္ဇာနိံသု။ (ဇာတက၊ဋ္ဌ၊၅၊၄၇၆။)

ဒါကတော့ အဋ္ဌကထာအဖွင့် ဖြစ်ပါတယ်။ ဒီအဋ္ဌကထာအဖွင့်က ဘာကို ပြောလိုတာလဲ? မြေညက်စိုင်ခဲကို လှူခဲ့တဲ့ ကောင်းမှုကုသိုလ်ကံရဲ့ အကျိုးကြောင့် သူမရဲ့ ခန္ဓာကိုယ်အတွေ့ကတော့ ကောင်းမွန်တဲ့ အတွေ့ အထိနှင့် ပြည့်စုံခဲ့ပါတယ်။ ဒါပေမယ့် မြေညက်ကလေးကိုတောင် လာအလှူခံရကောင်းလားဆိုပြီး ဒေါသထွက်ကာ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်အား မျက်စောင်းထိုးကာ မော်ကြည့်ခဲ့မိတဲ့အတွက် မကျေနပ်တဲ့ မျက်လုံးအစုံနဲ့ ကြည့်ခဲ့မိတဲ့အတွက် --- (၁) လက်, (၂) ခြေ, (၃) ပါးစပ်, (၄) မျက်စိ, (၅) နှာခေါင်းဆိုတဲ့ အင်္ဂါ (၅)ရပ်ကတော့ အကြည့်ရခက်အောင် အလွန် အရုပ်ဆိုး နေတဲ့အတွက် သူမကို ပဉ္စပါပီလို့ ခေါ်ဆိုကြတယ်တဲ့။

နောက်တစ်ခု ပိုပြီးဆိုးတဲ့အချက်က ဒီဒေါသဓာတ်တွေ ခြံရံပြီးတော့ သူက ကောင်းမှုကုသိုလ်ပြုလိုက်တဲ့ အချိန်အခါမှာ မပြောသင့်တာတွေ ပြောတယ်၊ မကြံသင့်တာတွေကြံတယ်။ မပြောသင့်တာတွေကို ပြောပြီး မကြံသင့်တာတွေကို ကြံစည်စိတ်ကူးပြီးတော့ ကံတွေကို ထူထောင်လိုက်တော့ ဒီစိတ်ထားတွေ ခြံရံထားတဲ့ကံက အကျိုးပေးတဲ့ အချိန်အခါမှာ ဒီအမျိုးသမီးသည် ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ အမျိုးသမီးဘဝ ဘယ်လိုမှ မရောက်ဘူး။ ဖောက်ပြန်တဲ့ စိတ်နေစိတ်ထားရှိနေတဲ့ အမျိုးသမီးမျိုး ဖြစ်ရပြန်တယ်။ မိမိရဲ့ အိမ်ရှင်မှတစ်ပါး အခြားအခြား ယောက်ျားတွေနှင့် ဖောက်ပြားလိုတဲ့ စိတ်ဓာတ်တွေက လွှမ်းမိုးလာတဲ့အတွက် ဖောက်ဖောက်ပြန်ပြန် ပြုကျင့်ပြန်တယ်။

ဗကဘုရင်ရဲ့ မိဖုရားလည်း ဖြစ်ပြန်တယ်၊ ဗာဝရိကဘုရင်ရဲ့ မိဖုရားလည်း ဖြစ်ပြန်တယ်။ ဘုရင်တစ်ဦးတစ်ဦးရဲ့ အထံမှာ (၁၅)ရက်စီ နေခဲ့တယ်။ တစ်နေရာမှ တစ်နေရာသို့ ရှင်ဘုရင်တွေထံ သွားတဲ့အခါ လမ်းခုလတ် လှေပေါ်မှာ ကူးတို့သမားနှင့်တောင် ဖောက်ပြားပြန်လေတယ်။ ဒီလို ဖောက်ပြန်လိုတဲ့ စိတ်နေစိတ်ထားတွေ ခြံရံပြီးတော့ ကံတွေကို ထူထောင်ခဲ့မိတဲ့ အတွက် ဒီကံက အကျိုးပေးတဲ့ဘဝမှာ ဖောက်ဖောက်ပြန်ပြန် ကျင့်လိုတဲ့ စိတ်ဓာတ်တွေက တဖွားဖွား ပေါ်ပေါက်နေပြန်တယ်။

ဒီလို ယုတ်ညံ့တဲ့အဆင်းရှိအောင် ဖောက်ပြန်တဲ့ စိတ်နေစိတ်ထား ရှိအောင် ဒီကံက သတ်မှတ်ချက်ပေးလိုက်တယ်။ ဘယ်လို သတ်မှတ်ပေးသလဲ ဆိုလျှင် ပဋိသန္ဓေမျိုးစေ့မှာကတည်းက ရုပ်အဆင်း အင်မတန် ယုတ်ညံ့နေတဲ့ အမျိုးသမီး ဖြစ်စေ, ရုပ်အဆင်း အင်မတန် ယုတ်ညံ့နေတဲ့ အမျိုးသား ဖြစ်စေ, ဖောက်ဖောက်ပြန်ပြန် ပြုကျင့်လိုတဲ့ စိတ်နေစိတ်ထားရှိသူ ဖြစ်စေဆိုပြီး ဒီကံကသတ်မှတ်ကာ ပို့ဆောင်ပေးလိုက်တယ်။ ပဋိသန္ဓေမျိုးစေ့မှာကတည်းကဒီကံရဲ့ မျိုးစေ့စွမ်းအားတွေက ပေါ်ပေါက်လာတယ်။

ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ဒီလိုဆိုလျှင် အင်မတန် လှပ တင့်တယ်နေတဲ့ မွန်မြတ်တဲ့ ကြည်လင်နေတဲ့ သူတစ်ပါးတို့ရဲ့ စိတ်ဓာတ်ကို ကြည်လင်စေတတ်တဲ့ ရုပ်အဆင်းအင်္ဂါနဲ့ ပြည့်စုံချင်တယ်ဆိုလျှင် ဒီလို ဒေါသဓာတ်တွေ ခြံရံပြီးတော့ ကံတစ်ခုကို ထူထောင်ဖို့ ကောင်းပါ့မလား? မကောင်းဘူး။ ဒါပေမယ့် ထူထောင်ပြီးပြီ၊ အဲဒီကံကို ပြန်နုတ်သိမ်းလို့ ရပါ့မလား? အရိယမဂ်တည်းဟူသော မွေးညှပ်နှင့် နုတ်ပါမှသာလျှင် ရနိုင်တယ်။ အရိယမဂ်ဆိုတဲ့ မွေးညှပ်မရရှိလျှင် ဘယ်လိုမှ နုတ်လို့မရနိုင်ဘူး။ ဒီအချက်ကို သတိထားဖို့ သိပ်ကောင်းတယ်။ ဒီကံက တစ်ချိန်မှာ အကျိုးပေးဖို့ရန် အခွင့်အလမ်း ကြုံကြိုက်လာလျှင်တော့ ဘာဖြစ်သလဲ? လူ့ဘဝသို့ ရောက်လာရသော်လည်း မြေဘုတ်ဘီလူးနှင့် တူနေတဲ့ အင်မတန် အဆင့်အတန်း နိမ့်နေတဲ့ ရုပ်ရည်ရှိတဲ့ အမျိုးသား, အမျိုးသမီး လာပြီး ဖြစ်ရတယ်။

ကံကိုထူထောင်စဉ် အချိန်အခါမှာ စိတ်ထားတတ်လို့လား စိတ်မထားတတ်လို့လား? စိတ်မထားတတ်လို့ဘဲ၊ ဒီလိုဆိုလျှင် မိမိတို့ရဲ့ စိတ်ဓာတ် ကလေးတွေကို ပြုပြင်ပြောင်းလဲပေးဖို့ မလိုဘူးလား? သိပ်လိုအပ်တယ်။ ဟိုလူ့ကိုလည်း မကျေနပ်လိုက်, ဒီလူ့ကိုလည်း မကျေနပ်လိုက်, သိမ်ကြီးစျေး တစ်စျေးလုံး လှည့်ပြီးတော့ ရှာဖွေတယ်၊ ကျေနပ်တဲ့လုံချည် တစ်ထည်မျှ မတွေ့ဘူးဆိုတဲ့ ပုံစံမျိုးဆိုလျှင် တော်ပါ့မလား? မတော်ဘူး။

အဲဒီလို ပုံစံစနစ်နဲ့ လူ့လောကမှာ နေထိုင်ခဲ့တဲ့အတွက် ဘယ်ဘဝ ရောက်ရောက် ဒီကံက အကျိုးပေးပြီဆိုလျှင် ဘယ်သူ့ကို ကျေနပ်ဦးမလဲ? ဘယ်သူ့ကိုမှ မကျေနပ်တော့ဘူး။ ဟိုလူတွေ့လည်း မကျေနပ်နိုင်၊ ဒီလူတွေ့လည်း မကျေနပ်နိုင်တာက ဘာဖြစ်လို့လဲ? ဒီကံက ပဋိသန္ဓေမျိုးစေ့မှာ ကတည်းက ဒီလို မကျေနပ်တဲ့လူ ဖြစ်စေ, ဒီလို အင်မတန် အကျည်းတန် အရုပ်ဆိုးတဲ့လူ ဖြစ်စေဆိုပြီးတော့ သတ်မှတ်ချက် ပေးထားတယ်။

ဒါကြောင့် ကံတွေဟာ ရမ်းပြီး ထူထောင်ဖို့ မကောင်းပါဘူး၊ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ မိမိက ဒီလိုကံတွေကို မှားမှားယွင်းယွင်း ထူထောင်ပြီးတဲ့ အချိန်အခါမှာ ဒီကံရဲ့ အကျိုးတရားကို ကိုယ်က အလိုမရှိတော့ပါဘူးဆိုပြီး ထိုင်ငိုနေလို့ ဖြစ်နိုင်မလား? မဖြစ်နိုင်တော့ဘူး။

အလားတူပဲ နာမည်ကျော်ဖြစ်တဲ့ မင်းကုသရဲ့ အတိတ်ဇာတ်ကြောင်း ကလေးကို လှမ်းမျှော်ပြီး ကြည့်လိုက်မယ်ဆိုလျှင် ဘဝတစ်ခုမှာ မင်းကုသ အလောင်း အမျိုးကောင်းသားနှင့် ယသောဓရာအလောင်း သို့မဟုတ် ပဘာဝတီအလောင်း အမျိုးကောင်းသမီးတို့ဟာ မရီးနှင့်မတ် တော်စပ်ခဲ့ကြတယ်။ မရီးဖြစ်သူ ပဘာဝတီအလောင်းက မတ်တော်သူ မင်းကုသအလောင်း အတွက် ချန်ထားတဲ့မုန့်ကို အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်အား လောင်းလှူခဲ့မိတယ်။ အကျိုးအကြောင်း သိရှိတဲ့အခါ မင်းကုသအလောင်း အမျိုးကောင်းသားက အဲဒီ လှူပြီးတဲ့မုန့်ကို အရှင်ပစ္စေကဗုဒ္ဓါရဲ့ သပိတ်ထဲကနေ တစ်ခါ ပြန်ယူတယ်။

ထိုအချိန်အခါမှာ မရီးလုပ်သူက မိမိရဲ့ မိခင်အိမ်မှ ထောပတ်တွေကို ယူဆောင်ပြီးတော့ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်ရဲ့ သပိတ်ထဲကို လောင်းလှူ ပြန်တယ်၊ ဒီလိုမသူတော်နှင့် မတွေ့ရလိုကြောင်းကိုလည်း ဆုတောင်းပန်ထွာ လိုက်တယ်။ ဒီလို ပြုမူနေတဲ့ မရီးလုပ်သူကို မကျေနပ်တဲ့အတွက် အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်ရဲ့ သပိတ်တွင်းမှ မိမိယူထားပြီးတဲ့မုန့်ကို မရီးလုပ်သူကို မကျေနပ်တဲ့စိတ်ထားနဲ့ ထပ်ပြီးတော့ လှူပြန်တယ်။ အရှင်ပစ္စေကဗုဒ္ဓါကို မုန့်ကလေးလှူတဲ့ အချိန်အခါမှာ ဒေါသဓာတ်တွေ ခြံရံပြီးတော့ ဒီမုန့်ကို လှူခဲ့တယ်။ လှူလိုက်တော့ သူက မရီးလုပ်တဲ့သူ အပေါ်မှာ အနိုင်ယူချင်တဲ့ စိတ်ထားကလေးနဲ့သာ လှူနေခြင်း ဖြစ်ပါတယ်။ တကယ်ကြည်ညိုလေးစားတဲ့စိတ်ထား, ကြည်လင်တဲ့စိတ်ထားနဲ့ လှူနေတာမျိုး ဟုတ်သလား? မဟုတ်ပြန်ဘူး။

ဒီလိုဒေါသဓာတ်တွေ ခြံရံပြီး ကံတစ်ခု ထူထောင်လိုက်တဲ့အတွက် ဒီကံက အကျိုးပေးတဲ့အခါ အကျည်းတန် အရုပ်ဆိုးတဲ့ဘဝ မရောက်ရဘူးလား? ရောက်ရလာပြန်တယ်၊ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ ဒါကြောင့် ဒီနေရာမှာ မြတ်စွာဘုရားက ပြန်ပြီးတော့ အဖြေပေးနေတယ်။ အမျိုးသမီးတစ်ဦးဟာ အတိတ်ဘဝက ဒေါသဓာတ်တွေ ခြံရံပြီးတော့ ကံတွေကို ထူထောင်ခဲ့တဲ့ အတွက်ကြောင့် ဒီဘဝမှာ လူလာဖြစ်တဲ့ အချိန်အခါမှာ ရုပ်အဆင်း မလှဘူး။ အတိတ်က ဒါနမျိုးစေ့ နည်းပါးခဲ့တဲ့အတွက်ကြောင့် ဘာဖြစ်သလဲ? ဒီဘဝမှာ စည်းစိမ်ဥစ္စာ နည်းပါးရတယ်။

နောက်တစ်ခု အတိတ်တုန်းက သူတစ်ပါးတို့ရဲ့ လာဘ်လာဘရခြင်း, အရိုအသေခံရခြင်း, အလေးအမြတ်ခံရခြင်း, အပူဇော်ခံရခြင်း, အမြတ်နိုးခံရခြင်းစတဲ့ ဒီလိုဂုဏ်ကျေးဇူးတွေအပေါ်မှာ ကိုယ့်ထက်သာ မနာလိုတဲ့ ဒီစိတ်ဓာတ်တွေ မွေးမြူခဲ့တဲ့အတွက်ကြောင့် ဒီဘဝမှာ ဘာဖြစ်သလဲ? ဒီဘဝမှာ အခြွေအရံ နည်းပါးရတယ်။ သူ့ဘုန်းသူ့ကံနဲ့ အခြွေအရံတွေ များပြားနေတာကို မိမိက မကျေနပ်တဲ့စိတ်ထား ရှိခဲ့တဲ့အတွက် မိမိမှာ ဒီလို အခြွေအရံတွေ မရရှိစေနိုင်တဲ့အကျိုးမျိုး နောက်ဆွယ်မှာ ကိန်းဝပ်ပြီး မနေဘူးလား? ကိန်းဝပ် နေတယ်။

မိမိ မနာလိုတဲ့ တစ်ဖက်သားပုဂ္ဂိုလ်က အဆင့်အတန်း မြင့်နေတယ်။ ဘာဖြစ်လို့လဲ? အဆင့်အတန်း မြင့်နေတဲ့ကံတွေကို သူက တစ်ချိန်က ထူထောင်ခဲ့တော့ ဒီကံက အကျိုးပေးတဲ့ အချိန်အခါမှာ အဆင့်အတန်း မြင့်တဲ့ နေရာမှာ နေရတယ်။ အဲဒီလို အဆင့်အတန်း မြင့်နေတာကို သူကတစ်ဖက်က ထိုင်ကြည့်ပြီး နည်းနည်းကလေးမှ မကျေနပ်ဘူး၊ မကျေနပ်ဘူးဆိုတာက ဘာပြောတာလဲ? အဆင့်အတန်း နိမ့်ကျသွားစေချင်တယ်။ ဒီလို စိတ်ဓာတ်ကလေး မရှိဘူးလား? ရှိနေတယ်။

အဲဒီလို တစ်ဖက်သားကို အဆင့်အတန်း နိမ့်ကျသွားစေချင်တယ်ဆိုတဲ့ ဒီစိတ်ထားသည် တစ်ချိန် ဒီကံက အကျိုးပေးခဲ့လျှင် ဘာဖြစ်သလဲ? ဒီထက် အဆင့်အတန်း နိမ့်တဲ့ဘဝ ရောက်ရှိသွားရတယ်။ ဒီလိုဆိုလျှင် ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ဒီလို စိတ်ထားမျိုးတွေ ထားလို့ကောင်းပါ့မလား? မကောင်းဘူး၊ ဒါ သိပ်အရေးကြီးတယ်။

နံပါတ် (၁)မေးခွန်းကို ဖြေပြီးတဲ့အခါမှာ နံပါတ် (၂)မေးခွန်းကို မြတ်စွာဘုရားက ဆက်ပြီး ဖြေတော်မူတယ်။ နံပါတ် (၂)မေးခွန်းက ဘာလဲ? သူက အရုပ်ဆိုးတယ်၊ ဒါပေမဲ့ ချမ်းသာတယ်။ ဒီမေးခွန်းကို မြတ်စွာဘုရားက ဘယ်လို ဖြေတော်မူသလဲ?

အမှတ် (၂) မေးခွန်း အဖြေ

ဣဓ ပန မလ္လိကေ ဧကစ္စော မာတုဂါမော ကောဓနာ ဟောတိ ဥပါယာသဗဟုလာ။ အပ္ပမ္ပိ ဝုတ္တာ သမာနာ အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိတ္ထီယတိ။ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။

မလ္လိကေ = ချစ်သမီးမလ္လိကာ။ ဣဓ = ဤလူ့လောက၌။ ဧကစ္စော = အချို့သော။ မာတုဂါမော = အမျိုးသမီးသည်။ ကောဓနာ = အမျက်ထွက်လေ့ရှိသည်။ ဟောတိ = ဖြစ်၏။ ဥပါယာသဗဟုလာ = စိတ်ပင်ပန်းမှု များပြားသည်။ (တစ်နည်း) ဥပါယာသဗဟုလာ = ရန်ငြိုးဖွဲ့ခြင်း များပြားသည်။ ဟောတိ = ဖြစ်၏။ အပ္ပမ္ပိ = အနည်းငယ်ကိုသော်လည်းပဲ။ ဝုတ္တာ = ပြောဆိုအပ်သည်။ သမာနာ = ဖြစ်လတ်သော်။ အဘိသဇ္ဇတိ = ငြိကပ်၍ နေတတ်၏။ ကုပ္ပတိ = အမျက်ထွက်တတ်၏။ ဗျာပဇ္ဇတိ = ဖောက်ပြန်တဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို ထင်ရှားစွာ ဖော်လှစ်ပြတတ်၏။ ပတိတ္ထီယတိ = ဆန့်ကျင်ဘက်ပြုလုပ်၍ ရပ်တည်နေတတ်၏။

တစ်ဖက်ကြည့်လိုက်တော့ ဒေါသက သိပ်ကြီးပြန်တယ်၊ ရန်ငြိုးဖွဲ့မှု တွေက သိပ်များပြန်တယ်၊ စိတ်ပင်ပန်းမှုတွေ သိပ်များနေတယ်။ နည်းနည်း ကလေးလောက် သူ့ကို အပြစ်တင်ကာ ပြောဆိုမိလျှင် ဒေါသက ဟုန်းကနဲ ထပြီး တောက်လာတယ်။ ဒေါသတွေ သိပ်ထွက်ပြီးတော့ ဖောက်ပြန်တဲ့ ကိုယ်အမူအရာ နှုတ်အမူအရာတွေကိုလည်း ပြတယ်။ ငါ့ကို ဒီလို ပြောရကောင်းလား, ငါ့ကို ဒီလို ပြောရကောင်းလားဆိုပြီးတော့ ဒီပြောနေတဲ့ အာရုံအပေါ်မှာ စိတ်က ငြိကပ်ပြီးနေတယ်၊ ဘယ်တော့မှ ခွာလို့မရတော့ဘူး။

ငါ့ကို ဒီလို ပြောရကောင်းလား, ငါ့ကို ဒီလို ပြောရကောင်းလား ဆိုပြီးတော့ စိတ်ထဲမှာ အင်မတန် ငြိကပ်ပြီးနေတယ်။ ဆန့်ကျင်ဘက် အတိုက် အခံလုပ်ပြီး ရပ်တည်နေတယ်။ သက်သက်ကို ဆန့်ကျင်ဘက်လုပ်တတ်တဲ့ အကျင့်စရိုက်ပဲ။ သူများက အဖြူဆိုလျှင် ကိုယ်က အမည်းလုပ်လိုက်တယ်၊ သူများက အမည်းဆိုလျှင်လည်း ကိုယ်က အဖြူလုပ်လိုက်တယ်။ သက်သက် အရွဲ့တိုက်ပြီး ထိပ်တိုက် ဆန့်ကျင်ဘက် လုပ်ပြီးနေတယ်၊ အဲဒီလို ထိပ်တိုက် ဆန့်ကျင်ဘက် လုပ်နေရုံတွင်မကဘဲ နောက်တစ်ခု ဘာဆက်လုပ်သေးသလဲ?

ကောပဉ္စ = အမျက်ကိုလည်းကောင်း။ ဒေါသဉ္စ = ဒေါသတရားကို လည်းကောင်း။ အပ္ပစ္စယဉ္စ = မကျေနပ်မှုကိုလည်းကောင်း။ ပါတုကရောတိ = ထင်ရှားအောင် ပြုလုပ်၍ ပြတတ်၏။

မိမိရဲ့ ဒေါသတွေ ဘယ်လောက်ကြီးတယ်၊ ဘယ်လောက် အမျက် ကြီးတယ်၊ ဘယ်လောက် မကျေနပ်ချက်တွေ များပြားနေတယ် ဆိုတာကို ကိုယ်အမူအရာ နှုတ်အမူအရာတွေနဲ့ ထင်ရှားပြလိုက်တယ်။ ဒါကို စိတ်ကြီး တယ်လို့ ခေါ်ကြတယ်။ ကာယကံ လွန်ကျူးမှုတွေ ဝစီကံ လွန်ကျူးမှုတွေ ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ ဒီလိုလွန်ကျူးမှုတွေနဲ့ ကံတွေကို ထူထောင်လိုက်တယ်။ သို့သော် တစ်ဖက်ကြည့်လိုက်တော့ ဘယ်လိုသဘော ရှိသလဲ?

သာ ဒါတာ ဟောတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။

သာ = ထိုအမျိုးသမီးသည်။ သမဏဿ ဝါ = သမဏအမည်ရှိတဲ့ အလှူခံပုဂ္ဂိုလ်အားသော်လည်းကောင်း။ ဗြာဟ္မဏဿ ဝါ = ဗြာဟ္မဏအမည် ရှိတဲ့ အလှူခံပုဂ္ဂိုလ်အားသော်လည်းကောင်း။ အန္နံ = ထမင်းကိုသော်လည်းကောင်း။ ပါနံ = အဖျော်ကိုသော်လည်းကောင်း။ ဝတ္ထံ = အဝတ် သင်္ကန်းကို သော်လည်းကောင်း။ ယာနံ = ယာဉ်ကိုသော်လည်းကောင်း။ မာလာဂန္ဓဝိလေပနံ =ပန်း, နံ့သာ, နံ့သာပျောင်းကိုသော်လည်းကောင်း။သေယျာဝသထပဒီပေယျံ = ကျောင်း, အိပ်ရာနေရာ, ဆီမီးကိုသော်လည်းကောင်း။ ဒါတာ = လှူဒါန်းတတ်သည်။ ဟောတိ = ဖြစ်၏။

တစ်ဖက်ကြည့်လိုက်တော့ သဒ္ဓါတရားတွေက သိပ်ကောင်းတယ်။ အလှူခံပုဂ္ဂိုလ် များထိုထိုလို့ ခေါ်ဆိုရတဲ့ သမဏ ဗြာဟ္မဏအမည်ရနေတဲ့ အလှူခံပုဂ္ဂိုလ်တွေ သူတော်ကောင်းတွေ ရှိကြတယ်။ ထိုသူတော်ကောင်း တွေကို ဆွမ်း သင်္ကန်း ကျောင်း ဆေး အစရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုတို့ဖြင့် ဆက်ကပ်လှူဒါန်း ပူဇော်တယ်။ တစ်ဖက်ကတော့ ဒါနမျိုးစေ့တွေ ကြဲချ စိုက်ပျိုးတယ်။ ဒါပေမယ့် ဒီလို ဒါနမျိုးစေ့တွေ ကြဲချစိုက်ပျိုးတဲ့နေရာမှာ သူက ဘယ်လို စိတ်ဓာတ်တွေ ခြံရံထားသလဲ? အင်မတန် ဒေါသကြီးခြင်းဆိုတဲ့ မကျေနပ်တဲ့စိတ်ဓာတ်တွေ ခြံရံပြီး သူက ကံတွေကို ထူထောင်တယ်။ သို့သော် တစ်ဖက်မှာတော့ ကောင်းတဲ့အချက်တစ်ခု ရှိပြန်တယ်။ ကောင်းတဲ့အချက်က ဘာလဲ?

အနိဿာမနိကာ ခေါ ပန ဟောတိ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု န ဣဿတိ န ဥပဒုဿတိ န ဣဿံ ဗန္ဓတိ။

ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု = သူတစ်ပါးတို့ရဲ့ လာဘ်ရခြင်း, အရိုအသေခံရခြင်း, အလေးစားခံရခြင်း, အမြတ်နိုးခံရခြင်း, အရှိခိုးခံရခြင်း, အပူဇော်ခံရခြင်းတို့၌။ အနိဿာမနိကာ = ငြူစူစောင်းမြောင်းသော စိတ်ထားမရှိသည်။ ဟောတိ = ဖြစ်၏။ န ဣဿတိ = ငြူစူစောင်းမြောင်းမှုမရှိ။ န ဥပဒုဿတိ = ပြစ်မှားမှုမရှိ။ ဣဿံ = ငြူစူစောင်းမြောင်းခြင်း ဣဿာတရားကို။ န ဗန္ဓတိ = ဖွဲ့ချည်၍မထားပေ။

ကိုယ့်ထက်သာ မနာလိုတဲ့ ဒီစိတ်ထားမျိုး သူ့သန္တာန်မှာ ရှိသလား? မရှိဘူး။ သူတစ်ပါးတို့ လာဘ်လာဘရကြတယ်၊ သိပ်ဝမ်းသာတယ်။ သူတစ်ပါး တို့ အရိုအသေခံရတယ်, အလေးစားခံရတယ်, အမြတ်နိုးခံရတယ်, အပူဇော် ခံရတယ်, အရှိခိုးခံရတယ်။ ဒါတွေ မြင်ရတဲ့အခါ စိတ်ထဲ သိပ်ဝမ်းသာတယ်၊ ဖောက်ပြန်တဲ့စိတ်ထား မဖြစ်ဘူး၊ အင်မတန် ကောင်းတဲ့စိတ်ထား ရှိတယ်။

သူတစ်ပါးတို့ လာဘ်ရခြင်းကို မြင်ရတွေ့ရလျှင် ဝမ်းသာနေတယ်၊ စိတ်ထဲမှာ အလွန် ကြည်နူးနေတယ်။ သူတစ်ပါးတို့ အပူဇော်ခံရတာ, အမြတ်နိုးခံရတာ, အခြွေအရံပရိသတ်တွေ များပြားတာ ကြည့်ပြီးတော့ စိတ်ထဲမှာ သိပ်ဝမ်းသာတယ်၊ စိတ်ထဲမှာ အလွန် ကြည်နူးနေတယ်၊ အရိယာနွယ်လောင်း သူတော်ကောင်း သူမြတ်လောင်းတွေ များစွာခြံရံလျက် သီလကျင့်စဉ်, သမာဓိ ကျင့်စဉ်, ပညာကျင့်စဉ်တွေကို ဖြူဖြူစင်စင် တကယ်လက်တွေ့ ကျင့်နေကြ တာတွေကို ကြည့်ပြီးတော့ အပြုံးပန်းတွေက တစ်ကိုယ်လုံး လွှမ်းခြုံနေလိုက်တယ်။ ဒီစိတ်ထားမျိုးတွေကတော့ သိပ်ကောင်းတယ်။ ဒီလို အကောင်းနဲ့ မကောင်း နှစ်ခု ရောယှက်ပြီးတော့ သူက ကံတွေကို ထူထောင်ထားခဲ့တယ်။ အဲဒီလို ထူထောင်ထားခဲ့တဲ့အတွက်ကြောင့် ဒီကံက အကျိုးပေးတဲ့ အချိန်အခါ ဘာဖြစ်လာသလဲ?

သာ စေ တတော စုတာ ဣတ္ထတ္တံ အာဂစ္ဆတိ။ သာ ယတ္ထ ယတ္ထ ပစ္စာဇာယတိ ဒုဗ္ဗဏ္ဏာ စ ဟောတိ ဒုရူပါ သုပါပိကာ ဒဿနာယ။ အဍ္ဎာ စ ဟောတိ မဟဒ္ဓနာ မဟာဘောဂါ မဟေသက္ခာ စ။

သာ = ထိုအမျိုးသမီးသည်။ တတော = ထိုလူ့ဘဝမှ။ စုတာ = စုတေခဲ့သည်ရှိသော်။ ဣတ္ထတ္တံ = ဤလူ့ပြည်လူလောကသို့။ စေ အာဂစ္ဆတိ = အကယ်၍ ရောက်ရှိလာခဲ့သည် ဖြစ်ငြားအံ့။ သာ = ထိုအမျိုးသမီးသည်။ ယတ္ထ ယတ္ထ = အကြင်အကြင်အမျိုးအနွယ်၌။ ပစ္စာဇာယတိ = ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်လာရ၏။ တတ္ထ တတ္ထ = ထိုထိုအမျိုးအနွယ်၌။ ဒုဗ္ဗဏ္ဏာ စ = အဆင်းမလှသည်လည်း။ ဟောတိ = ဖြစ်၏။ ဒုရူပါ = ပုံသဏ္ဌာန်အချိုးအစား မကျနသည်လည်း။ ဟောတိ = ဖြစ်၏။ သုပါပိကာ ဒဿနာယ = ကြည့်ရှုဖွယ် မကောင်းသည်လည်း။ ဟောတိ = ဖြစ်၏။ အဍ္ဎာ စ = ကြွယ်ဝချမ်းသာ သည်လည်း။ ဟောတိ = ဖြစ်၏။ မဟဒ္ဓနာ စ = များသော စည်းစိမ်ဥစ္စာ ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ မဟာဘောဂါ စ = များပြားသော အသုံး အဆောင် ပရိဘောဂရှိသည်လည်း။ ဟောတိ = ဖြစ်၏။ မဟေသက္ခာ စ = များပြားသော အခြွေအရံရှိသည်လည်း။ ဟောတိ = ဖြစ်၏။

ဒီဟောကြားတော်မူချက်ကို ကြည့်လိုက်လျှင် အကောင်းဓာတ်ကလေးတွေက ကောင်းတဲ့အကျိုး မပေးဘူးလား? ပေးတယ်။ မကောင်းဓာတ် ကလေးတွေကလည်း မကောင်းတဲ့အကျိုး မပေးဘူးလား? ပေးတယ်။ လူ့ဘုံ လူ့ဘဝသို့ ရောက်ရှိလာရပါတယ်။ သို့သော် ဒေါသဓာတ်တွေ ခြံရံပြီး ကံတွေကို ထူထောင်ခဲ့တဲ့အတွက် ဒီလူ့ဘဝမှာ ဘယ်လိုဖြစ်ရသလဲ? အင်မတန် အကျည်းတန် အရုပ်ဆိုးတဲ့သူ လာပြီး ဖြစ်ရတယ်။ တစ်ဖက်ကလည်း ဒါန မျိုးစေ့တွေ ကြဲချစိုက်ပျိုးခဲ့တဲ့အတွက် စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာတဲ့ ပုဂ္ဂိုလ်လည်း မဖြစ်ရဘူးလား? ဖြစ်ရပြန်တယ်။

သူတစ်ပါးတို့ လာဘ်လာဘရခြင်း, အရိုအသေခံရခြင်း, အလေးစား ခံရခြင်း, အမြတ်နိုးခံရခြင်းစသည့် ဒီသဘောတရားတွေအပေါ်၌ ငြူစူစောင်းမြောင်းတဲ့စိတ်ထား မရှိခဲ့တဲ့အတွက် မိမိမှာ အခြွေအရံ မများရဘူးလား? များပြားရတယ်။ သူတစ်ပါးတို့ ဘုန်းကံကြီးမားနေတာကို မြင်တွေ့ရလျှင် သူက ဝမ်းသာနေတယ်။ သူတစ်ပါးတို့ကို ဘုန်းကံကြီးမြဲတိုင်း ဆက်လက်ပြီး တည်တံ့စေချင်တယ်ဆိုတဲ့ စိတ်ထားကလေးတွေ ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ သူတစ်ပါးတို့ကို လာဘ်လာဘရမြဲတိုင်း ရစေချင်တယ်, အပူဇော် ခံရစေချင်တယ်, အမြတ်နိုးခံရစေချင်တယ်, အလေးစားခံရစေချင်တယ်။ ဒီလို စိတ်ထားတွေက မိမိ လာဘ်လာဘရဖို့, အရိုအသေခံရဖို့, အလေးစားခံရဖို့, အမြတ်နိုးခံရဖို့, အပူဇော်ခံရဖို့ အကြောင်းတရားတွေ ဖြစ်လာရတယ်။

ဒါကြောင့် ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ မိမိတို့က သံသရာခရီး မဆုံးသေးဘူးဆိုလျှင်တော့ မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို ပြုပြင်ပြောင်းလဲပေးဖို့ မလိုဘူးလား? လိုအပ်တယ်။ စိတ်ဓာတ်ကိုတော့ ပြုပြင်ပြောင်းလဲမှု မရှိဘဲနဲ့ ဒီအတိုင်းပဲ ပစ်စလက်ခတ် ထားလိုက်မယ်ဆိုလျှင် မိမိတို့၏ ဘဝသည် အင်မတန် အဆင့်အတန်း နိမ့်ကျနေတဲ့ ဘဝတစ်ခုကို မရနိုင်ဘူးလား? ရသွားနိုင်တယ်။ ဒီအချက်ကိုတော့ သတိထားဖို့ကောင်းတယ်။ ကဲ နံပါတ်(၂) မေးခွန်းကို အဖြေပေးတော်မူပြီးတဲ့အခါ နံပါတ် (၃)မေးခွန်းကို မြတ်စွာဘုရား ဆက်ပြီး အဖြေပေးတော်မူပါတယ်။


အမှတ် (၃) မေးခွန်း အဖြေ

ဣဓ ပန မလ္လိကေ ဧကစ္စော မာတုဂါမော အက္ကောဓနာ ဟောတိ အနုပါယာသဗဟုလာ။ ဗဟုမ္ပိ ဝုတ္တာ သမာနာ နာဘိသဇ္ဇတိ န ကုပ္ပတိ န ဗျာပဇ္ဇတိ န ပတိတ္ထီယတိ။ န ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။

မလ္လိကေ = ချစ်သမီးမလ္လိကာ။ ဣဓ = ဤလူ့လောက၌။ ဧကစ္စော = အချို့သော။ မာတုဂါမော = အမျိုးသမီးသည်။ အက္ကောဓနာ စ = အမျက် ဒေါသ ကြီးလေ့မရှိသည်လည်း။ ဟောတိ = ဖြစ်၏။ အနုပါယာသဗဟုလာ စ = စိတ်ပင်ပန်းမှု မများပြားသည်လည်း။ ဟောတိ = ဖြစ်၏။(ဝါ) အနုပါယာသဗဟုလာ စ = ရန်ငြိုးဖွဲ့မှု မများပြားသည်လည်း။ ဟောတိ = ဖြစ်၏။ ဗဟုမ္ပိ = များစွာကိုသော်လည်းပဲ။ ဝုတ္တာ = ပြောဆိုခဲ့သည်။ သမာနာ = ဖြစ်လတ်သော်။ နာဘိသဇ္ဇတိ = ငြိကပ်၍မနေတတ်။

တစ်ဖက်ကို ကြည့်လိုမယ်ဆိုလျှင် သူ့မှာ ဒေါသမရှိဘူး၊ ရန်ငြိုးဖွဲ့မှုလည်း မရှိပြန်ဘူး။ သူ့ကို ဘယ်လောက်ပဲ ပြောချင်တာ ပြောပါစေ၊ နည်းနည်း ပြောရုံလောက်ပင် မဆိုထားနဲ့ ဘယ်လောက်များများပဲ ပြောချင်တာတွေ ပြောပါစေ၊ ဘယ်တော့မှ စိတ်ထဲမှာ ငြိကပ်ပြီး မထားတတ်ဘူး။ စိတ်ထဲ မှတ်မထားတတ်ဘူး။ ငါ့ကို ဒီလို ပြောရကောင်းလား, ငါ့ကို ဒီလို ပြောရကောင်းလားဆိုပြီး စိတ်ထဲမှာ ငြိကပ်ပြီးတော့ မနေဘူး။

န ကုပ္ပတိ = အမျက်လည်းမထွက်တတ်ပေ။ န ဗျာပဇ္ဇတိ = ဖောက်ပြန်တဲ့ အမူအရာကို ပြုလုပ်၍ မပြတတ်ပေ။ န ပတိတ္ထီယတိ = ဆန့်ကျင်ဘက် ပြုလုပ်၍ မရပ်တည်နေပေ။ ကောပဉ္စ = အမျက်ကိုလည်းကောင်း။ ဒေါသဉ္စ= ဒေါသတရားကိုလည်းကောင်း။ အပစ္စယဉ္စ = မကျေနပ်ချက်ကိုလည်းကောင်း။ န ပါတုကရောတိ = ထင်ရှားပြုလုပ်၍ မပြတတ်ပေ။

အမျက်လည်း ဘယ်တော့မှ မထွက်တတ်ဘူး၊ ဖောက်ဖောက်ပြန်ပြန်လည်း စိတ်ထဲမှာ မရှိဘူး၊ ကာယကံ ဝစီကံအနေနဲ့လည်း ဖောက်ဖောက် ပြန်ပြန် ဘာမျှလုပ်ပြီးပြတာ မရှိဘူး၊ အတိုက်အခံ ထိပ်တိုက်ဆန့်ကျင်ဘက် ပြုလုပ်ပြီး ဘယ်တော့မှ မနေဘူး၊ ငါ့ကို ဒီလို ပြောရကောင်းလား, ငါ့ကို ဒီလို ပြောရကောင်းလားဆိုပြီး ထိပ်တိုက်ဆန့်ကျင်ဘက်အနေနဲ့ ရပ်တည်ပြီး ဘယ်တော့မှ မနေဘူး။ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ဒီစိတ်ထား ကလေးတွေ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဘယ်လောက်ပဲ ဒေါသ ဖြစ်စေတဲ့ စကားမျိုးပင် ဖြစ်ပါစေ၊ လာပြောသူကို စိတ်ထဲမှာ ဘယ်တော့မှ မှတ်မထားတတ်ဘူး၊ ငြိကပ်ခြင်းဆိုတဲ့ တေးထားတဲ့သဘော မရှိဘူး၊ ဒေါသကိုလည်း ဘယ်တော့မှ ထင်ရှားမပြတတ်ဘူး၊ မကျေနပ်ချက်တွေကိုလည်း ဘယ်တော့မှ ထင်ရှားပြုလုပ်ပြီး မပြတတ်ဘူး၊ ဒီလိုစိတ်ထားတွေဟာ သိပ်ကောင်းတယ်။

ဘယ်လောက်အထိ ကောင်းတယ်ဆိုလျှင် ဒါယကာကြီး ဒါယိကာမကြီးတွေ နည်းနည်း ကြားဖူးပါလိမ့်မယ်။ ဥတ္တရာဥပါသိကာမဆိုတာ ဘုရားရှင် လက်ထက်တော်က ထင်ရှားရှိခဲ့ဖူးတဲ့ သောတာပန် အရိယာသူတော်ကောင်း တစ်ဦး ဖြစ်ပါတယ်။ သူမက ဒေါသမရှိအောင် စိတ်ဓာတ်တွေကို ဘယ်လို ပြုပြင်ပြောင်းလဲထားသလဲ? သီရိမာပြည့်တန်ဆာမက ပွက်ပွက်ဆူနေတဲ့ ထောပတ်အိုးကြီးထဲက ပွက်ပွက်ဆူနေတဲ့ ထောပတ်တွေ ခပ်ပြီးတော့ ကိုယ်ပေါ်မှာ လာလောင်းချလိုက်တဲ့ အချိန်အခါမှာ မကျေနပ်ချက်တွေ ပြခဲ့သလား? မပြခဲ့ဘူး။ မိမိရဲ့ စိတ်ဓာတ်တွေကို မေတ္တာစွမ်းအားတွေနဲ့ ပြုပြင် ပြောင်းလဲထားတယ်။

ယခု ဒါယကာကြီး ဒါယိကာမကြီးတွေ သူတစ်ပါးတွေက ထောပတ် ဆီပူတွေနဲ့ ကိုယ်ပေါ် လာပြီးလောင်းချတာ ခံရဖူးသလား? မခံရဖူးပါဘူး။ ဒီလောက်အထိ ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုးကို မခံစားရဖူးပါဘူး။ ဥတ္တရာ ဥပါသိကာမကတော့ ပွက်ပွက်ဆူနေတဲ့ ထောပတ်တွေကို ကိုယ်ပေါ် လာပြီး လောင်းချလိုက်တဲ့ အချိန်အခါမှာ မေတ္တာနဲ့ ပြန်ပြီး ခုခံခဲ့တယ်။

ဘုရားရှင်ရဲ့ သွန်သင်ပြသထားတော်မူတဲ့ မေတ္တာဓာတ်စွမ်းအားက သိပ်ပြီး အားမကြီးဘူးလား? အားကြီးတယ်။ သတ္တဝါတစ်ဦးကို အဆင့်အတန်း မြင့်မားစေတဲ့ဘဝကို ရောက်အောင်လည်း ပို့ဆောင်ပေးနိုင်တယ်။ ပစ္စုပ္ပန်ဘဝမှာလည်း အေးချမ်းမှု သာယာမှုကလေးတွေကို ရအောင်လည်း ဖန်တီးပြီး မပေးနိုင်ဘူးလား? ပေးနိုင်တယ်။

ဥတ္တရာဥပါသိကာမဟာ ဘုရားရှင်ထံတော်မှ သင်ယူခဲ့သည့်အတိုင်း မေတ္တာစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြုကာ သမထ-ဝိပဿနာဘာဝနာ တို့ကို သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျက်မှောက်ပြုနိုင်သည့် အဆင့်သို့တိုင်အောင် စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထားပြီးတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။

ဒီလို ချမ်းသာသုခတွေကို ရရှိထားပြီးတဲ့အတွက် ဒီဥတ္တရာဥပါသိကာမဟာ မကြာမကြာ မေတ္တာစျာန်ကို ဝင်စားလေ့ရှိတယ်။ ဒီမေတ္တာစျာန်ကို အခြေခံပြီး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလေ့ရှိတယ်။ ဒီလို ပွားများ အားထုတ်ထားတဲ့ စွမ်းအားတွေကြောင့် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆိုက်ရောက် ရရှိထားတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်တဲ့အတွက် သူ့ရဲ့ မေတ္တာစျာန်တွေဟာ ဝိပဿနာဉာဏ်ဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားတဲ့အတွက် ခိုင်ခံ့တဲ့အဆင့်သို့ ရောက်ရှိနေတယ်။ ဒီလို ခိုင်ခံ့နေတဲ့ မေတ္တာစျာန်ကို သူက အချိန်မရွေး ဝင်စားလို့ရအောင် လေ့ကျင့်ထားတယ်။

ဒီမေတ္တာစျာန်တို့ရဲ့ စွမ်းအားက မေတ္တာအကျိုး (၁၁)ပါး ဖြစ်ပါတယ်။ ဒီအကျိုး (၁၁)ပါးထဲမှာ မီးမလောင်ခြင်း အပူမလောင်ခြင်းဆိုတဲ့ စွမ်းအင် တစ်ခုလည်း ပါဝင်နေပါတယ်။ ဒီမေတ္တာဓာတ်ရဲ့ စွမ်းအင်မှာက သူတစ်ပါးတို့ကို ဘေးရန်ကင်းလိုတဲ့ စိတ်ထား, စိတ်ဆင်းရဲခြင်း ကင်းလိုတဲ့ စိတ်ထား, ကိုယ်ဆင်းရဲခြင်း ကင်းလိုတဲ့ စိတ်ထား, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်စေလိုတဲ့ စိတ်ထားကလေးတွေ ရှိတယ်။

ဒါယကာကြီး ဒါယိကာမကြီးတွေ တစ်ဖက်သားအပေါ်မှာ ဘေးရန် ကင်းစေချင်နေတဲ့ စိတ်ထား, တစ်ဖက်သားအပေါ်မှာ စိတ်ဆင်းရဲ ကင်းစေချင်နေတဲ့ စိတ်ထား, တစ်ဖက်သားအပေါ်မှာ ကိုယ်ဆင်းရဲ ကင်းစေချင်နေတဲ့ စိတ်ထား, တစ်ဖက်သားအပေါ်မှာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိရဲ့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်စေချင်တဲ့ ဒီစိတ်ထားတွေကို မွန်မြတ်တဲ့ စိတ်ထားတွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ သိပ်အဖိုးတန်တဲ့ စိတ်ထားတွေ ဖြစ်ပါတယ်။ ဒီစိတ်ထားကလေးတွေ ဖြစ်ပေါ်နိုင်လာအောင် မိမိတို့ရဲ့ စိတ်အစဉ်ကို ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။

မေတ္တာစျာန်နှင့်ယှဉ်တဲ့ ဒီစိတ်ထားကလေးတွေ ဖြစ်ပေါ်လာရေးအတွက် သမထကမ္မဋ္ဌာန်းနည်းမှာ အခြေခံအဖြစ်ဖြင့် အာနာပါနနဲ့ပဲဖြစ်စေ, ဓာတ်ကြီး လေးပါးနဲ့ပဲဖြစ်စေ သမာဓိတစ်ခုကို ထူထောင်ရပါတယ်။ အကယ်၍ အာနာ ပါနကမ္မဋ္ဌာန်းနှင့် သမာဓိကို ထူထောင်လိုက်လို့ နိမိတ်တွေက ခိုင်လာပြီ၊ လင်းရောင်ခြည်စွမ်းအင်တွေက သိပ်အားကောင်းလာပြီဆိုလျှင်တော့ စတုတ္ထစျာန်လောက်အထိ ပေါက်မြောက်အောင် အနည်းဆုံး သမာဓိထူထောင်ရပါတယ်။

ဒီသမာဓိကို အခြေခံပြီး (၃၂)ကောဋ္ဌာသကို အဝါးဝအောင် ရှုရပါတယ်။ (၃၂)ကောဋ္ဌာသမှာ အပြင်အရိုးစုကောဋ္ဌာသက စတင်ပြီး အဖြူရောင် ဩဒါတကသိုဏ်းဘက်ကို ပြောင်းရှုရပါတယ်။ ဩဒါတကသိုဏ်းကို အရပ် (၁၀)မျက်နှာ ဖြန့်ကြက်ပြီး ရှုလိုက်ရာက စတုတ္ထစျာန်လောက် ပေါက်ပြီဆိုလျှင်တော့ ဒီကသိုဏ်းကနေ မေတ္တာစျာန်ကမ္မဋ္ဌာန်းကို ကူးပြောင်းရှုလိုက်မယ် ဆိုလျှင် သိပ်လွယ်သွားပါတယ်။

မေတ္တာစျာန်ကမ္မဋ္ဌာန်းကို ကူးပြောင်းရှုလိုက်တဲ့ အချိန်အခါမှာ အမျိုးသမီးယောဂီ ဖြစ်ခဲ့လျှင်လည်း ကိုယ်ချစ်ခင်ကြည်ညိုလေးစားတဲ့ အမျိုးသမီး တစ်ဦးဦးကို စပြီး ပွားရပါတယ်။ အမျိုးသားယောဂီ ဖြစ်ခဲ့လျှင်လည်း ကိုယ် ချစ်ခင်ကြည်ညိုလေးစားတဲ့ အမျိုးသားတစ်ဦးဦးကို စပြီး ပွားရပါတယ်။ အဲဒီ ပုဂ္ဂိုလ်ကို မိမိရရှိထားတဲ့ ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်လင်းရောင်ခြည်စွမ်းအား အကူအညီနဲ့ အာရုံယူပြီးတော့ ဒီသူတော်ကောင်းသည် ဘေးရန်ကင်းပါစေ, ဘေးရန်ကင်းပါစေ, ဘေးရန် ကင်းပါစေဆိုပြီး ဒီလို မေတ္တာပွားရပါတယ်။

ဒီလို မေတ္တာပွားနေတဲ့ အချိန်အခါမှာ ဒီသူတော်ကောင်းရဲ့ ဘေးရန် ကင်းရှင်းနေတဲ့ ပုံကလေးအပေါ်မှာ မိမိရဲ့ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားတယ်။ အဲဒီလို ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားတဲ့အခါမှာ တစ်နာရီ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေလျှင် တစ်နာရီ ပထမစျာန် ချမ်းသာကို ခံစားနေရတယ်။ နှစ်နာရီ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေလျှင် နှစ်နာရီ စျာန်ချမ်းသာကို ခံစားရတယ်။

အဲဒီသူတော်ကောင်းရဲ့ ဘေးရန်ကင်းရှင်းနေတဲ့ ပုံကလေးအပေါ်မှာ အာရုံယူပြီးတော့ မေတ္တာဘာဝနာစိတ်ကို ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်အထိပေါက်အောင် ရှုလို့ရပါတယ်၊ စျာန်ချမ်းသာကို ခံစားစံစားနိုင်ပါတယ်။ဒီလောက်တွင် အကျိုးရှိသလားဆိုတော့ မကသေးပါဘူး။ ဒီသူတော်ကောင်းသည် စိတ်ဆင်းရဲကင်းပါစေ, ကိုယ်ဆင်းရဲကင်းပါစေ,ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေဆိုတဲ့ မေတ္တာပို့သနည်း အသီးသီးမှာလည်း ပုံစံတူပင် တတိယစျာန်ပေါက်အောင် ရှုလို့ရပါတယ်။

မေတ္တာကမ္မဋ္ဌာန်းနဲ့ တတိယစျာန်လောက်အထိ ရရှိအောင် ရှုပွားနိုင်တဲ့ ဝင်စားနိုင်တဲ့ သူတော်ကောင်းအတွက် ဒီမေတ္တာစျာန်ချမ်းသာဟာ ပစ္စုပ္ပန်မှာ အားကြီးတဲ့ချမ်းသာ ဖြစ်သွားပြီ၊ အဲဒီကနေ သတ္တဝါအားလုံးအပေါ် ဖြန့်ကြက် ပြီး မေတ္တာစျာန်တွေကို ဝင်စားနိုင်ခဲ့လျှင်တော့ အတိုင်းထက်အလွန် အလွန် တန်ဖိုးရှိသွားပါတယ်။

အဲဒီ မေတ္တာစျာန်တွေကို အခြေခံပြီးတော့ ရုပ်တွေနာမ်တွေကို သိမ်းဆည်းနိုင်မယ်၊ အကြောင်းတရားတွေကို ရှာဖွေနိုင်မယ်၊ အကြောင်းတရားနှင့် တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုနိုင်ခဲ့မယ်ဆိုလျှင်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိနိုင်ပါတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိခဲ့မယ်ဆိုလျှင် ဒီမေတ္တာစျာန် တွေက မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို အားကြီးသော မှီရာဥပနိဿယသတ္တိနဲ့ ကျေးဇူး ပြုပေးတယ်လို့ ခေါ်ရတယ်။ ဒီစိတ်ထားကလေးတွေက နိဗ္ဗာန်တိုင်အောင် ကျေးဇူးပြုပေးနိုင်ပါတယ်။

ဒီလိုဆိုလျှင် သတ္တဝါအချင်းချင်း အခုလို ခေတ္တခဏ တွေ့ကြဆုံကြ ကြုံကြတဲ့ အချိန်အခါကလေးမှာ သတ္တဝါတစ်ဦးက သတ္တဝါတစ်ဦးအပေါ်၌ မေတ္တာဓာတ်တွေ စေလွှတ်ပြီး ဘေးရန်ကင်းပါစေ, စိတ်ဆင်းရဲကင်းပါစေ, ကိုယ်ဆင်းရဲကင်းပါစေ, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေဆိုတဲ့ ဒီစိတ်ထားကလေး မွေးမြူခြင်းက ဒီစိတ်ထားမွေးမြူနေတဲ့ သူတော်ကောင်းအတွက်လည်း အကျိုးမရှိဘူးလား? အကျိုးရှိတယ်။

တစ်ဖက်သားပုဂ္ဂိုလ်အတွက်လည်း ဘယ်လောက်များ ထိခိုက်နစ်နာသွားစရာအကြောင်း ရှိသလဲ? မရှိပါဘူး။ တစ်ဖက်သားကလည်း ဒီလို စိတ်ထားမျိုး ရှိနေတယ်ဆိုလျှင် မိမိအပေါ်မှာ ကျေနပ်ပြီး မလာနိုင်ဘူးလား? လာနိုင်တယ်။ မိမိ သူတစ်ပါး နှစ်ဦးသားလုံးအတွက် အကျိုးရှိတဲ့ စိတ်ထား ရှိတယ်ဆိုလျှင် မိမိအပေါ်မှာလည်း ကျေနပ်ပြီး မလာနိုင်ဘူးလား? လာနိုင်တယ်။ မိမိ သူတစ်ပါး နှစ်ဦးသားလုံးအတွက် အကျိုးရှိတဲ့ အဲဒီ စိတ်ထားမျိုးကို ဒီသူတော်ကောင်းတစ်ဦးက တစ်ဖက်က ဖြည့်ကျင့်နေတယ်။ ဖြည့်ကျင့်နေတဲ့ အတွက် ဒီဘေးရန်ကင်းစေချင်တယ်ဆိုတဲ့ စိတ်ထားမျိုး အမြဲတမ်း သူ့မှာ ရှိနေတယ်။ ဒီမေတ္တာစွမ်းအားတွေက ဒီလောက်ပင် အကျိုးရှိသလားဆိုလျှင်လည်း မကသေးပါဘူး။

ဒီမေတ္တာစျာန်ကို အခြေခံပြီး ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုနိုင်တဲ့ အဆင့်အထိလည်း သူက ရောက်နေတယ်။ အားလုံး အနိစ္စတရားတွေ, ဒုက္ခ တရားတွေ, အနတ္တတရားတွေပဲဆိုတာကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်း လင်းလင်းကြီး သိနေတဲ့အတွက် အနိစ္စ, ဒုက္ခ, အနတ္တဖြစ်နေတဲ့ ဒီဒေါသ ပြဓာန်းနေတဲ့ အကုသိုလ်တရားတွေကိုလည်း လွယ်လွယ်ကူကူ ဝိပဿနာ ရှုနိုင်တဲ့ စွမ်းအားတွေ ရှိနေခြင်းကြောင့် သူ့အတွက် စိတ်ထဲမှာ တုန်လှုပ်မှု သိပ်မရှိဘူး။ ဒါကြောင့် တစ်ဖက်သောပုဂ္ဂိုလ်ကနေ ပြောလာပြီဆိုလျှင် ဘာဖြစ်လဲ? ဘယ်လောက်ပဲများများ ပြောချင်ပြောပါစေ။

အက္ကောဓနာ စ = အမျက်မထွက်တတ်သည်လည်း။ ဟောတိ = ဖြစ်၏။ အနုပါယာသဗဟုလာ စ = ရန်ငြိုးဖွဲ့မှု မများပြားသည်လည်း။ (တစ်နည်း) အနုပါယာသဗဟုလာ စ = စိတ်ပင်ပန်းမှု မများပြားသည်လည်း။ ဟောတိ = ဖြစ်၏။

မေတ္တာစျာန်ကလေးတွေ ဝင်စားပြီးနေမယ်၊ မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေမယ်ဆိုလျှင် ထိုအချိန်အခါမှာ မိမိမှာ စိတ်ပင်ပန်းမှုတွေ ဖြစ်နိုင် သလား? မဖြစ်နိုင်တော့ဘူး။ စိတ်တွေက တစ်ခါတလေ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေလည်း စိတ်ပင်ပန်းဖူးကြပါလိမ့်မယ်။ စိတ်တွေက အင်မတန် ပင်ပန်းလာပြီဆိုလျှင် မျက်ရည်တွေကျလာတယ်၊ စိတ်တွေ သိပ်ဆင်းရဲ လာတယ်၊ တချို့ဆိုလျှင် နှလုံးကို ထိခိုက်နိုင်တဲ့ စွမ်းအားတွေ မရှိဘူးလား? ရှိလာတယ်။ အဲဒီစိတ်ထားမျိုးလည်း ကောင်းသလား? မကောင်းဘူး။ ဒါကြောင့် ဒါယကာကြီးတွေ ဒါယိကာမကြီးတို့တစ်တွေ မိမိလည်း ချမ်းသာချင်တယ်, သူတစ်ပါးကိုလည်း ချမ်းသာစေချင်တယ်ဆိုလျှင်တော့ စိတ်ဓာတ်ကလေးတွေ ပြုပြင်ပြောင်းလဲပေးဖို့ မလိုဘူးလား? လိုအပ်နေတယ်။

အက္ကောဓနာ စ = အမျက်ထွက်ခြင်းမရှိသည်လည်း။ ဟောတိ = ဖြစ်၏။ အနုပါယာသဗဟုလာ စ = စိတ်ပင်ပန်းမှုမများပြားသည်လည်း။ ဟောတိ = ဖြစ်၏။ ဗဟုမ္ပိ = များစွာသော်လည်း။ ဝုတ္တာ = ပြောဆိုအပ်သည်။ သမာနာ= ဖြစ်လတ်သော်။ နာဘိသဇ္ဇတိ = ငြိကပ်၍ မနေပေ။

ငါ့ကို ဒီလို ပြောရကောင်းလား၊ ငါ့ကို ဒီလို ပြောရကောင်းလားဆိုတဲ့ ဒီလို ငြိကပ်တဲ့စိတ်ထား ရှိနေရမလား? မရှိရဘူး။ ဒီသတ္တဝါတွေအားလုံးဟာ အနိစ္စတရားတွေ, ဒုက္ခတရားတွေ, အနတ္တတရားတွေ ဖြစ်ကြတယ်။ သူလည်း သူ့ကံအားလျော်စွာ သူဘဝကို သူဖန်တီးသွားလိမ့်မယ်။ ငါလည်း ငါ့ကံ အားလျော်စွာ ငါ့ဘဝကို တည်ထောင်ဖန်တီးရမှာ ဖြစ်တယ်။ ကံ,ကံရဲ့အကျိုးကို ခံစား စံစားကြရမှာ ဖြစ်တယ်။

ဒီလို ကံ,ကံရဲ့အကျိုးကို နှလုံးသွင်းခြင်း, မေတ္တာဘာဝနာကမ္မဋ္ဌာန်း ရေချမ်းနှင့်လည်း ပက်ဖျန်းပေးခြင်းဖြင့် အမျက်ထွက်ခြင်း, စိတ်ပင်ပန်းမှု များပြားခြင်း, ရန်ငြိုးဖွဲ့ခြင်း, မကျေနပ်ချက်တွေ ငြိကပ်နေခြင်း, မုန်းတီးနေခြင်း ဆိုတဲ့ ဒီစိတ်ထားကလေးတွေကို ပယ်ဖျောက်ပေးရမယ်။ မေတ္တာစျာန်ကို အခြေခံပြီး ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို သိမ်းဆည်းခြင်းအားဖြင့် လည်းကောင်း, အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုခြင်းအားဖြင့်လည်းကောင်း ဒီဒေါသတရားတွေကို ပယ်ဖျောက်ပေးရမယ်။ ငြိကပ်နေတဲ့ စိတ်ထားတွေကို ဘာလုပ်ရမလဲ? ဖျောက်ဖျက်ပစ်ရမယ်။ ဒါကြောင့် ---

ဗဟုမ္ပိ = များစွာကိုလည်းပဲ။ ဝုတ္တာ = ပြောဆိုအပ်သည်။ သမာနာ = ဖြစ်လတ်သော်။ နာဘိသဇ္ဇတိ = ငြိကပ်၍ မနေတတ်ပေ။ န ကုပ္ပတိ =အမျက် မထွက်တတ်ပေ။ န ဗျာပဇ္ဇတိ = ဖောက်ပြန်တဲ့ အမူအရာကို မပြုတတ်ပေ။ န ပတိတ္ထီယတိ = ဆန့်ကျင်ဘက်ပြုလုပ်၍မတည်နေပေ။ ကောပဉ္စ = အမျက် ကိုလည်းကောင်း။ ဒေါသဉ္စ = ဒေါသတရားကိုလည်းကောင်း။ အပစ္စယဉ္စ = မကျေနပ်ချက်ကိုလည်းကောင်း။ န ပါတုကရောတိ = ထင်ရှားပြုလုပ်၍ မပြတတ်ပေ။

ထိပ်တိုက်ဆန့်ကျင်ဘက် ရပ်တည်နေရမလား? မရပ်တည်ရဘူး။ အဲဒီ စိတ်ထားကလေးတွေကို ပြုပြင်ပြောင်းလဲပေးရမယ်၊ ဘယ်တော့မှ မိမိရဲ့ မကျေနပ်ချက်တွေကို သွန်ပြီး မချရဘူး၊ ထင်ရှားဘယ်တော့မှ မဖော်ပြရဘူး၊ သူတော်ကောင်းဖြစ်ချင်တဲ့ ပုဂ္ဂိုလ်သည် မိမိရဲ့ မကျေနပ်ချက်တွေကို ဖွင့်ထုတ်နေရမလား? မဖွင့်ထုတ်ရဘူး။ ဒါတွေအားလုံးဟာ အနိစ္စတရားတွေဖြစ်တယ်, ဒုက္ခတရားတွေ ဖြစ်တယ်, အနတ္တတရားတွေ ဖြစ်တယ်ဆိုပြီး အားလုံး ခဏကလေးအတွင်းမှာ ကြိတ်ခြေပစ်ရတယ်။

ခုနက ဥတ္တရာဥပါသိကာမဆိုလျှင် မေတ္တာစျာန်ကို ချက်ချင်း ဝင်စားလိုက်တယ်၊ ဝင်စားနိုင်အောင်လည်း သူက ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ထားတယ်၊ ဒီမေတ္တာစျာန်က သူ့ကို ကာကွယ်ပေးလိုက်တယ်၊ အန္တရာယ်အမျိုးမျိုးကို ကာကွယ်ပေးနိုင်တဲ့ စွမ်းအားတွေ ရှိလာတယ်၊ အဲဒီ စိတ်ထားမျိုးနဲ့ သူက ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို တစ်ဖက်က ဒါနပွဲကြီး အကြီးအကျယ် ကျင်းပနေတယ်။ အဲဒီလို ဒါနတစ်ခုက အကျိုး ပေးပြီဆိုလျှင် ဘာဖြစ်မလဲ? သိပ်ကောင်းသွားမယ်။ အခု နံပါတ် (၃) အမျိုးသမီးမှာ တစ်ဖက်က မေတ္တာဓာတ်တွေကတော့ အားများတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ ချွတ်ယွင်းချက်က ရှိနေပြန်တယ်။

သာ န ဒါတာ ဟောတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။

သာ = ထိုအမျိုးသမီးသည်။ သမဏဿ ဝါ = သမဏအမည်ရှိတဲ့ ပုဂ္ဂိုလ်အားသော်လည်းကောင်း။ ဗြာဟ္မဏဿ ဝါ = ဗြာဟ္မဏအမည်ရှိတဲ့ ပုဂ္ဂိုလ်အားသော်လည်းကောင်း။ အန္နံ = ထမင်းကိုသော်လည်းကောင်း။ ပါနံ = အဖျော်ယမကာကိုသော်လည်းကောင်း။ ဝတ္ထံ = အဝတ် သင်္ကန်းကိုသော် လည်းကောင်း။ ယာနံ = ယာဉ်ကိုသော်လည်းကောင်း။ မာလာဂန္ဓဝိလေပနံ = ပန်း, နံ့သာ, နံ့သာပျောင်းကိုသော်လည်းကောင်း။ သေယျာဝသထပဒီပေယျံ = ကျောင်း, အိပ်ရာနေရာ, ဆီမီးကိုသော်လည်းကောင်း။ န ဒါတာ = မပေးလှူတတ်သည်။ ဟောတိ = ဖြစ်၏။

တစ်ဖက်ကြည့်လိုက်တော့ စိတ်နေစိတ်ထားကလေးတွေသိပ်ကောင်းနေပါတယ်။ ဒါပေမယ့်လို့ တစ်ဖက်ကျတော့ ဒါနချို့တဲ့ပြီး မနေဘူးလား? ဒါနချို့တဲ့သွားပြန်တယ်။ ဒါနချို့တဲ့ရုံတင်လားဆိုတော့ မဟုတ်ပြန်ဘူး။နောက်ထပ် ဘယ်လို ချို့ယွင်းချက် ဖြစ်နေပြန်သလဲ?

ဣဿာမနိကာ ခေါ ပန ဟောတိ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု ဣဿတိ ဥပဒုဿတိ ဣဿံ ဗန္ဓတိ။

သာ = ထိုအမျိုးသမီးသည်။ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု = သူတစ်ပါးတို့ရဲ့ လာဘ်လာဘရခြင်း, အရိုအသေခံရခြင်း, အလေးစားခံရခြင်း, အမြတ်နိုးခံရခြင်း, အရှိခိုးခံရခြင်း, အပူဇော်ခံရခြင်းတို့၌။ ဣဿာမနိကာ = ငြူစူစောင်းမြောင်းသော စိတ်ထားရှိသည်။ ဟောတိ = ဖြစ်၏။ ဣဿတိ = ငြူစူစောင်းမြောင်းတတ်၏။ ဥပဒုဿတိ = ပြစ်မှားတတ်၏။ ဣဿံ = ငြူစူစောင်းမြောင်းမှုကို။ ဗန္ဓတိ = ဖွဲ့ချည်၍ ထားတတ်ပေ၏။

တစ်ဖက်က ဒါနမပြုရုံတင် မကဘူး၊ သူတစ်ပါးတွေ လာဘ်လာဘရခြင်း, အရိုအသေခံရခြင်း, အလေးမြတ်ခံရခြင်း, အပူဇော်ခံရခြင်း, အမြတ်နိုးခံရခြင်း, အရှိခိုးခံရခြင်း အစရှိတဲ့ ဒီလိုလုပ်ငန်းရပ်တွေ အပေါ်၌ မကျေနပ်ချက်တွေက သိပ်များတယ်။ နည်းနည်းကလေးမှ ကြည့်လို့မရ ဖြစ်နေတတ်တယ်။ သင်းကို ငါက နည်းနည်းမှ ကြည့်လို့မရဘူး၊ သင်းကို ငါက နည်းနည်းမှ ကြည့်လို့ မရဘူးဆိုတဲ့ ဒီလိုစိတ်ထားကလေးတွေ ဝင်လာတယ်။ အဲဒီ စိတ်ထားကလေး တွေက ကောင်းသလား? မကောင်းဘူး။ တစ်ဖက်မှာ ဒီလို လာဘ်, ပူဇော် သက္ကာရစတဲ့ ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာကို မရစေချင်တဲ့ စိတ်ထားကလေးတွေ ဖြစ်တဲ့အတွက် အဲဒီ စိတ်ထားကလေးတွေက မိမိ ဆင်းရဲဖို့အကြောင်း မဖြစ်ဘူးလား? ဖြစ်လာတယ်။ အဲဒီကံက အကျိုးပေး တော့မယ်ဆိုလျှင် ဘယ်လိုပေးမလဲ?

သာ စေ တတော စုတာ ဣတ္ထတ္တံ အာဂစ္ဆတိ၊ သာ ယတ္ထ ယတ္ထ ပစ္စာဇာယတိ အဘိရူပါ စ ဟောတိ ဒဿနီယာ ပါသာဒိကာ ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတာ။

သာ = ထိုအမျိုးသမီးသည်။ တတော = ထိုဘဝမှ။ စုတာ = စုတေခဲ့သည်ရှိသော်။ ဣတ္ထတ္တံ = ဤလူ့ပြည်လူ့လောကကို။ စေ အာဂစ္ဆတိ = အကယ်၍ ရောက်ရှိလာခဲ့သည် ဖြစ်ငြားအံ့။ သာ = ထိုအမျိုးသမီးသည်။ ယတ္ထ ယတ္ထ = အကြင်အကြင်အမျိုးအနွယ်၌။ ပစ္စာဇာယတိ = ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်၍လာရပေ၏။ တတ္ထ တတ္ထ = ထိုထိုအမျိုးအနွယ်၌။ အဘိရူပါ စ = အလွန်အဆင်းလှသည်လည်း။ ဟောတိ = ဖြစ်၏။ ဒဿနီယာ = ရှုချင်စဖွယ်ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ ပါသာဒိကာ စ = ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်၍ထားတတ်သည်လည်း။ ဟောတိ = ဖြစ်၏။ ပရမာယ = လွန်မြတ်သော။ ဝဏ္ဏပေါက္ခရတာယ = ရုပ်အဆင်း လုံးရပ်သဏ္ဌာန်နှင့်။ သမန္နာဂတာ စ = ပြည့်စုံသည်လည်း။ ဟောတိ = ဖြစ်၏။

အတိတ်က မေတ္တာဓာတ်တွေ သိပ်အားကောင်းခဲ့တယ်၊ ဒေါသဓာတ်တွေ မရှိဘူး၊ ဒေါသမကြီးဘဲနဲ့ မေတ္တာဓာတ်တွေ ခြံရံပြီးတော့ တစ်ဖက်က လူ့ဘဝရောက်ကြောင်း ကံကလေးတွေကို ထူထောင်ခဲ့တယ်။ ဒါပေမယ့် တစ်ဖက်က ဒီကံတွေမှာ ဒါနက သိပ်ပြီး အားပျော့နေပြန်တယ်။ ဒါနက အားပျော့နေသော်လည်း တစ်ဖက်မှာ ဒေါသဓာတ်အားနည်းပြီး မေတ္တာဓာတ်တွေကို ခြံရံကာ ကံတွေကို ထူထောင်ခဲ့တဲ့အတွက် ဒီကံက အကျိုးပေး လိုက်တဲ့ အချိန်အခါမှာ အင်မတန် အဆင်းလှတယ်၊ ရှုချင်စဖွယ် ရှိတယ်၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်ထားနိုင်တဲ့ စွမ်းအားတွေရှိတယ်၊ ကိုယ်ပုံသဏ္ဌာန် အနေအထား အရည်အဆင်းတွေ ကြည့်လိုက်မယ်ဆိုလျှင်လည်း အရည်အဆင်းတွေက အင်မတန် မြင့်မြတ်တယ်၊ ပုံသဏ္ဌာန် အချိုးအစားကလည်း အလွန်တင့်တယ် လှပနေတယ်။ ဒါပေမယ့် တစ်ဖက်က ဒါနချို့တဲ့ခဲ့တဲ့ အတွက် ဘာဖြစ်သလဲ?

ဒလိဒ္ဒါ စ ဟောတိ အပ္ပဿကာ အပ္ပဘောဂါ အပ္ပေသက္ခာ စ။

ဒလိဒ္ဒါ စ = ဆင်းရဲနွမ်းပါးသည်လည်း။ ဟောတိ = ဖြစ်၏။ အပ္ပဿကာ စ = နည်းပါးသော ကိုယ်ပိုင်ဥစ္စာရှိသည်လည်း။ ဟောတိ = ဖြစ်၏။ အပ္ပဘောဂါ စ = နည်းပါးသော အသုံးအဆောင် ပရိဘောဂရှိသည်လည်း။ ဟောတိ = ဖြစ်၏။ အပ္ပေသက္ခာ စ = နည်းပါးသော အခြွေအရံပရိသတ် ရှိသည်လည်း။ ဟောတိ = ဖြစ်၏။

ဒါနနည်းပါးခဲ့တဲ့အတွက် စည်းစိမ်ဥစ္စာက နည်းရပြန်တယ်၊ သူတစ်ပါးတွေ လာဘ်လာဘရတာကို မနာလိုတဲ့ စိတ်ထားတွေ အားကောင်းခဲ့တဲ့ အတွက် မိမိမှာ ဘာဖြစ်လာသလဲ? အခြွေအရံ နည်းပါးရပြန်တယ်။ ကံတွေကို အရောရော အနှောနှော ထူထောင်ခဲ့ကြတော့ အကျိုးပေးတဲ့ အချိန်အခါ မှာလည်း အရောရော အနှောနှောတွေ ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ လူ့ဘဝကိုေတော့ ရောက်လာရပါတယ်၊ ရုပ်အဆင်းကလေးနှင့်လည်း ပြည့်စုံ ပါတယ်။ သို့သော် အင်မတန် ဆင်းရဲနွမ်းပါးနေတယ်။ ဒီလို ဘဝမျိုးဆိုလျှင်လည်း ကောင်းမလား? မကောင်းဘူး။

အခြွေအရံမရှိတာနှင့်စပ်လို့ ပြောရမယ်ဆိုလျှင် တချို့ပုဂ္ဂိုလ်များ အကြောင်းမလှလို့ ကျန်းမာရေးတွေ ပျက်စီးပြီး အိပ်ရာထဲ လဲတဲ့အခြေအနေလောက်အထိ ရောက်သွားလျှင် ရေတစ်ခွက် ခပ်ပေးမည့်သူတောင် အနားမှာ ရှိသလား? မရှိဘူး။ အတိတ်က ဘဝတစ်ခုမှာ မိမိက သူတစ်ပါးတို့ရဲ့ အခြွေအရံ များပြားခြင်း, လာဘ်လာဘရခြင်းဆိုတဲ့ ဒီသဘောတရားတွေ အပေါ်မှာ မကြည်လင်တဲ့ စိတ်ထားကလေးတွေကို ခြံရံပြီးတော့မှ ကံတွေကို ထူထောင် ခဲ့တယ်။ ဒီကံက အကျိုးပေးတဲ့ အချိန်အခါမှာ မိမိမှာ အခြွေအရံ နည်းမသွား ဘူးလား? သိပ်နည်းသွားတယ်။

ငါသာ အသက်အရွယ်ကြီးလျှင်တော့ သားတွေ, သမီးတွေ, မြေးတွေ, မြစ်တွေကို အားကိုးရမှာပဲဆိုပြီးတော့ သားတွေ သမီးတွေရအောင် ထူထောင် ခဲ့ပေမယ့်လို့ ဒီသားတွေ သမီးတွေ ကိုယ့်အနားမှာ ရှိသလား? မရှိဘူး၊ တစ်ယောက်မျှ မရှိတော့ဘူး။ ဘာဖြစ်လို့ မရှိသလဲ? ဒီကံက မရှိအောင်ကို ဖန်တီးပေးထားတယ်၊ ဒါ သိပ်ကြောက်ဖို့ကောင်းတယ်။

အမှတ် (၄) မေးခွန်း အဖြေ -

ဒေါသမကြီးခြင်း = မေတ္တာဓာတ်အားကောင်းခြင်း

နောက်တစ်ခု -- နံပါတ် (၄)အမျိုးသမီးကတော့ နံပါတ်တစ် အကောင်းဆုံး အမျိုးအစားပဲ ဖြစ်ပါတယ်။ ရုပ်အဆင်းလည်း လှပတယ်၊ စည်းစိမ်ဥစ္စာလည်း ကြွယ်ဝချမ်းသာတယ်။ ဘယ်လိုအကြောင်းကြောင့် ဒီလို အမျိုးသမီး ဘဝ ရောက်ရတယ်ဆိုတာကို ဘုရားရှင်က ပြန်ပြီးတော့ နံပါတ် (၄)အနေနဲ့ အဖြေပေးတော်မူထားပါတယ်။

ဣဓ ပန မလ္လိကေ ဧကစ္စော မာတုဂါမော အက္ကောဓနာ ဟောတိ အနုပါယာသဗဟုလာ။ ဗဟုမ္ပိ ဝုတ္တာ သမာနာ နာဘိသဇ္ဇတိ န ကုပ္ပတိ န ဗျာပဇ္ဇတိ န ပတိတ္ထီယတိ။ န ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။

မလ္လိကေ = ချစ်သမီးမလ္လိကာ။ ဣဓ = ဤလူ့လောက၌။ ဧကစ္စော = အချို့သော။ မာတုဂါမော = အမျိုးသမီးသည်။ အက္ကောဓနာ = အမျက်ဒေါသ မကြီးတတ်သည်။ ဟောတိ = ဖြစ်၏။ အနုပါယာသဗဟုလာ = စိတ်ပင်ပန်းမှု မများပြားသည်။ ဟောတိ = ဖြစ်၏။ ဗဟုမ္ပိ = များစွာကိုသော်လည်း။ ဝုတ္တာ = ပြောဆိုအပ်သည်။ သမာနာ = ဖြစ်လတ်သော်။ နာဘိသဇ္ဇတိ = ငြိကပ်၍ မနေပေ။ န ကုပ္ပတိ = အမျက်မထွက်တတ်ပေ။ န ဗျာပဇ္ဇတိ = ဖောက်ပြန်တဲ့ အမူအရာကို ပြုလုပ်၍ မပြတတ်ပေ။ န ပတိတ္ထီယတိ = ဆန့်ကျင်ဘက် ပြုလုပ်၍ မရပ်တည်ပေ။

တချို့အမျိုးသမီးတွေဟာ ဘယ်တော့မှ စိတ်မဆိုးတတ်ဘူး၊ စိတ်ထဲမှာ ဘယ်တော့မှ ပင်ပန်းပြီး မနေတတ်ဘူး၊ မကျေနပ်ချက်တွေ ပုန်းအောင်းထားလျှင် ပင်ပန်းမှု ဖြစ်ရတယ်၊ ဒါကြောင့် မကျေနပ်ချက်တွေကို သူမက ဘယ်တော့မှ လက်ခံမထားဘူး၊ ကိုယ့်အပေါ် ဘယ်လောက်ပဲ ပြောပြော စိတ်ထဲမှာ ရန်ငြိုးဖွဲ့ပြီး မထားတတ်ဘူး၊ ငြိကပ်ပြီးတော့ မနေတတ်ဘူး။ ငါ့ကို ဒီလို ပြောရကောင်းလား၊ ငါ့ကို ဒီလို ပြောရကောင်းလား ဆိုတဲ့ စိတ်ထားတွေ မရှိဘူး၊ ဘယ်သူ့မှလည်း အမျက်မထွက်တတ်ဘူး၊ ဖောက်ပြန်နေတဲ့ ကိုယ်အမူအရာ နှုတ်အမူအရာတွေလည်း ဘယ်တော့မှ မဖော်ပြတတ်ဘူး၊ ဘယ်တော့မှ အတိုက်အခံပြုလုပ်ပြီး မနေတတ်ဘူး၊ ထိပ်တိုက် ဆန့်ကျင်ဘက် ဘယ်တော့မှ မလုပ်တတ်ဘူး။

ကောပဉ္စ = အမျက်ကိုလည်းကောင်း။ ဒေါသဉ္စ = ဒေါသတရားကို လည်းကောင်း။ အပ္ပစ္စယဉ္စ = မကျေနပ်ချက်ကိုလည်းကောင်း။ န ပါတုကရောတိ = ထင်ရှားပြုလုပ်၍ မပြတတ်ပေ။

ဘယ်တော့မှ အမျက်မထွက်တတ်ဘူး၊ ဘယ်တော့မှ ဒေါသမကြီး တတ်ဘူး၊ မကျေနပ်ချက်တွေကို ဘယ်တော့မှ ထင်ရှားမပြတတ်ဘူး။ ပညာရှိတို့ရဲ့အမျက် အပြင်မထွက်ရဘူးဆိုတဲ့ ဒီစကားပုံလေး ရှိတယ်။ အနည်းဆုံး အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိမှသာ ဒေါသကို ပယ်လို့ရပါတယ်။ အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရရှိတဲ့ သူတော်ကောင်းတွေသည် ဘယ်တော့မှ ဒေါသ ထွက်ခြင်း, ငိုကြွေးမြည်တမ်းခြင်း, ဝမ်းနည်းပူဆွေးခြင်း မဖြစ်တော့ဘူး။

မိမိက အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ် မရရှိသေးဘူးဆိုလျှင်တော့ ဒီဒေါသက မပယ်ရသေးတဲ့အတွက် အနုသယဓာတ်အနေနဲ့ မိမိသန္တာန်မှာ ကိန်းဝပ်နေမှာ ဖြစ်တယ်။ ကိန်းဝပ်နေသော်လည်း ဒီဒေါသတရားကို တစ်ဖက်သားပုဂ္ဂိုလ်တို့ သိသွားအောင် ဘယ်တော့မှ ထင်ရှားပြုလုပ်ပြီး မပြတတ်ဘူး၊ မိမိရဲ့ မကျေနပ်ချက်တွေကို ဘယ်တော့မှ မဖော်ပြဘူး။

ငါ့ကို ဘယ်လိုကောင်မများ အောက်မေ့လို့လဲ, ငါက ဒါမျိုး ငုံ့ခံမယ်များ အောက်မေ့သလား, ဘယ်တော့မှ ဒါမျိုးများတော့ အောင့်ပြီး ငုံ့ခံနေမှာ မဟုတ်ဘူးဆိုပြီး ကိုယ့်ရဲ့ မကျေနပ်ချက်တွေကို သွားပြီး ပြောပြတဲ့ ပုဂ္ဂိုလ်မျိုး ဟုတ်သလား? မဟုတ်ဘူး။ အဆင့်အတန်း မြင့်မားနေတဲ့ ဘဝတစ်ခုကို လိုချင်တယ်ဆိုလျှင် အဆင့်အတန်း မြင့်မားနေတဲ့ စိတ်နေစိတ်ထားကလေးတွေကို ရရှိအောင် မိမိတို့က ပြုပြင်ဖန်တီးပေးဖို့ မလိုဘူးလား? လိုအပ်တယ်။ မကျေနပ်ချက်ကို ဘယ်တော့မှ မပြောခြင်းသည် သူတော်ကောင်းတို့ရဲ့ ဓမ္မတာပဲ ဖြစ်ပါတယ်။ နောက်တစ်ခု ---


အလှူဒါန ပြုကျင့်ခြင်း

သာ ဒါတာ ဟောတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။

သာ = ထိုအမျိုးသမီးသည်။ သမဏဿ ဝါ = သမဏအမည်ရှိတဲ့ အလှူခံပုဂ္ဂိုလ်အားသော်လည်းကောင်း။ ဗြာဟ္မဏဿ ဝါ = ဗြာဟ္မဏအမည် ရှိတဲ့ အလှူခံပုဂ္ဂိုလ်အားသော်လည်းကောင်း။ အန္နံ = ထမင်းကိုသော်လည်းကောင်း။ ပါနံ = အဖျော်ကိုသော်လည်းကောင်း။ ဝတ္ထံ = အဝတ် သင်္ကန်းကို သော်လည်းကောင်း။ ယာနံ = ယာဉ်ကိုသော်လည်းကောင်း။ မာလာဂန္ဓဝိလေပနံ = ပန်း, နံ့သာ, နံ့သာပျောင်းကိုသော်လည်းကောင်း။ သေယျာဝသထပဒီပေယျံ = ကျောင်း, အိပ်ရာနေရာ, ဆီမီးကိုသော်လည်းကောင်း။ ဒါတာ = ပေးလှူတတ်သည်။ ဟောတိ = ဖြစ်၏။

တစ်ဖက်ကလည်း ဒါနပြုတယ်၊ ဒါနဝတ္ထု (၁၀)ပါး ရှိပါတယ်။ ဘာတွေလဲ? ဆွမ်းရယ်, အဖျော်ရယ်, အဝတ်ရယ်, ရေရယ်, ပန်းရယ်, နံ့သာရယ်, နံ့သာပျောင်းရယ်, ကျောင်းရယ်, အိပ်ရာနေရာရယ်, ဆီမီးရယ် ပေါင်းလိုက်တော့ လှူဖွယ်ဝတ္ထု (၁၀)ပါး ဖြစ်ပါတယ်။ ပစ္စည်းလေးပါးလို့လည်း ခေါ်နိုင်ပါ တယ်။

အဲဒီ လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကို တစ်ဖက်ကလည်း ပေးလှူတယ်။ တစ်ဖက်ကလည်း မေတ္တာဓာတ်တွေက သိပ်အားကောင်းတယ်။ မိမိရဲ့ ဒေါသကို မိမိက ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်။ ဘယ်တရား တွေနဲ့ ထိန်းချုပ်ထားသလဲ? သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြည့်ကျင့်ပြီးတော့ ထိန်းချုပ် ထားတယ်။

သီလကျင့်စဉ်ခေါ်တဲ့ မိမိတို့ ထိန်းသိမ်းစောင့်ရှောက်ရမည့် သီလဖြင့် မိမိတို့ရဲ့ စိတ်ကို ထိန်းချုပ်ပေးထားတယ်၊ သမာဓိကျင့်စဉ်ခေါ်တဲ့ မေတ္တာစျာန်တို့လို, အာနာပါနစျာန်တို့လို, ကသိုဏ်းစျာန်တို့လို အစရှိတဲ့ စျာန်သမာပတ် တစ်ခုခုကို ဝင်စားပြီးတော့လည်း မိမိရဲ့ စိတ်ကို ထိန်းကွပ်ထားတယ်။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းပြီးတော့ ရုပ်နာမ်ဓမ္မသင်္ခါရတရား တွေရဲ့ အနိစ္စ, ဒုက္ခ, အနတ္တအခြင်းအရာကို လက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုပြီးတော့လည်း မိမိရဲ့ စိတ်ကို ထိန်းကွပ်ထားတယ်။ တစ်ဖက်က ဒေါသဓာတ်တွေ မဖြစ်လာအောင် ထိန်းကွပ်ထားပြီး တစ်ဖက်ကလည်း ဒါန တစ်ခုခုကို ပြုတယ်။ ဒီလောက်တွင်လားဆိုတော့ မကသေးပါဘူး။ အခုလို လူ့လောကနှင့် ကြုံကြိုက်တဲ့ အချိန်အခါမှာ ဘယ်လိုစိတ်သဘောထားရှိသလဲ?


ကိုယ့်ထက်သာ မနာလိုတဲ့စိတ်ထား မရှိခြင်း

အနိဿာမနိကာ ခေါ ပန ဟောတိ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု န ဣဿတိ န ဥပဒုဿတိ န ဣဿံ ဗန္ဓတိ။

ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု = သူတစ်ပါးတို့ရဲ့ လာဘ်လာဘရခြင်း, အရိုအသေခံရခြင်း, အလေးစားခံရခြင်း, အမြတ်နိုး ခံရခြင်း, အရှိခိုးခံရခြင်း, အပူဇော်ခံရခြင်းတို့၌။ အနိဿာမနိကာ = ငြူစူ စောင်းမြောင်းသော စိတ်ထား မရှိသည်။ ဟောတိ = ဖြစ်၏။

ငြူစူစောင်းမြောင်းတဲ့ စိတ်ထား ဘယ်တော့မှ မရှိဘူး။ သူတစ်ပါးတွေ လာဘ်လာဘရလို့, လာဘ်တွေရွှင်နေလို့ စိတ်ထဲမှာ မနာလိုတဲ့သဘော မဖြစ်ဘူး၊ ရပါစေဆိုတဲ့ စိတ်ထားတွေ ရှိတယ်၊ သူတစ်ပါးတွေ အရိုအသေခံရတာကို ကြည့်ပြီးတော့ ဝမ်းသာနေတယ်၊ သူတစ်ပါးတွေ အလေးစားခံရတာကို ကြည့်ပြီး ဝမ်းသာနေတယ်၊ သူတစ်ပါးတွေ အမြတ်နိုးခံရတာ အပူဇော်ခံရတာတွေ ကြည့်ပြီးတော့ ဝမ်းသာနေတယ်။ နည်းနည်းလေး စဉ်းစားကြည့်စမ်း! အဲဒီလို သူတစ်ပါးတွေ လာဘ်လာဘရတာကို ကြည့်ပြီးတော့ ဝမ်းသာနေတဲ့ စိတ်ထားကလေးဟာ ပိုက်ဆံဘယ်နှစ်ပြား ကုန်သလဲ? တစ်ပြားမျှ မကုန်ပါဘူး။ ပိုက်ဆံတစ်ပြားမျှ မကုန်ဘဲနဲ့ မိမိမှာ လာဘ်လာဘတွေ အခြွေအရံ ပရိသတ်တွေ ပေါများလာစေနိုင်တဲ့ စွမ်းအား ဒီစိတ်ဓာတ်မှာ မရှိဘူးလား? ရှိနေတယ်။

ဒီလိုဆိုလျှင် သံသရာခရီး ကျင်လည်ခိုက်မှာ မိမိမှာလည်း အခြွေအရံ ပရိသတ် ပေါများချင်တယ်ဆိုလျှင် ဒီစိတ်ထားကလေးတွေကို ကိန်းဝပ်လာအောင် မိမိတို့က ပြုပြင်ပြောင်းလဲပေးဖို့ မလိုဘူးလား? လိုအပ်နေတယ်။ သူတစ်ပါးတို့ လာဘ်လာဘရနေတာကို ကိုယ်က မကျေနပ်တဲ့ စိတ်ထားမျိုးကို ဘယ်တော့မှ မမွေးမြူရဘူး၊ ကျေနပ်နေတဲ့ စိတ်ထားကိုသာ မွေးမြူရမယ်။

သူတစ်ပါးတွေ အရိုအသေခံရတာ, အလေးစားခံရတာ, အမြတ်နိုးခံရတာ, အပူဇော်ခံရတာ, အရှိခိုးခံရတာတွေကို ကြည့်ပြီး ကိုယ်က အင်မတန် ကျေနပ်ရတယ်၊ ဝမ်းမြောက်ရတယ်။ အဲဒီလို ကျေနပ်လို့, ဝမ်းမြောက်လို့ မိမိမှာ ပိုက်ဆံဘယ်နှစ်ပြား ကုန်သလဲ? တစ်ပြားမျှ မကုန်ပါဘူး၊ ကုသိုလ်တွေ အများကြီး တိုးတက်သွားပါတယ်။ အဲဒီစိတ်ထားသုံးခု ပေါင်းစပ်ပြီး ဘဝ တစ်ခုမှာ ကံတွေကို ထူထောင်လိုက်တယ်၊ ဒီကံတွေက အကျိုးပေးတဲ့ အချိန်အခါ ဘဝတစ်ခုရတော့ ဘယ်လိုဘဝမျိုး ဖြစ်ပေါ်လာရသလဲ?

သာ ယတ္ထ ယတ္ထ ပစ္စာဇာယတိ အဘိရူပါ စ ဟောတိ ဒဿနီယာ ပါသာဒိကာ ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတာ။ အဍ္ဎာ စ ဟောတိ မဟဒ္ဓနာ မဟာဘောဂါ မဟေသက္ခာ စ။

သာ = ထိုအမျိုးသမီးသည်။ တတော = ထိုလူ့ဘဝမှ။ စုတာ = စုတေခဲ့သည်ဖြစ်၍။ ဣဓ = ဤလူ့ပြည်လူ့လောကသို့။ စေ အာဂစ္ဆတိ = အကယ်၍ ရောက်ရှိလာခဲ့သည်ဖြစ်အံ့။ သာ = ထိုအမျိုးသမီးသည်။ ယတ္ထ ယတ္ထ = အကြင်အကြင်အမျိုးအနွယ်၌။ ပစ္စာဇာယတိ = ပဋိသန္ဓေအားဖြင့် တစ်ဖန် ဖြစ်ပေါ်၍ လာရပေ၏။ တတ္ထ တတ္ထ = ထိုထိုအမျိုးအနွယ်၌။ အဘိရူပါ စ= အလွန် အဆင်းလှသည်လည်း။ ဟောတိ = ဖြစ်၏။ ဒဿနီယာ စ = ရှုချင်စဖွယ်ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ ပါသာဒိကာ စ = ကြည်ညိုဖွယ် ဂုဏ်ကို ဆောင်ထားနိုင်သည်လည်း။ ဟောတိ = ဖြစ်၏။ ပရမာယ ဝဏ္ဏပေါက္ခရတာယ = လွန်မြတ်သောအဆင်း လုံးရပ်သဏ္ဌာန်နှင့်။ သမန္နာဂတာ စ = ပြည့်စုံသည်လည်း။ ဟောတိ = ဖြစ်၏။

အဲဒီဘဝကနေ စုတေပြီးတော့ ဒီလူ့ပြည်လူ့လောကကို အကယ်၍ ရောက်ရှိလာခဲ့မယ်ဆိုလျှင် ဘာဖြစ်သလဲ? တစ်ဖက်က မေတ္တာဓာတ်တွေ သိပ်အားကြီးပြီးတော့ ကံတွေကို ထူထောင်ခဲ့တဲ့အတွက် ဒီကံက အကျိုးပေးတဲ့ အချိန်အခါမှာ အလွန် အဆင့်အတန်းမြင့်တဲ့ ဥပဓိသမ္ပတ္တိနဲ့ မပြည့်စုံရဘူးလား? ပြည့်စုံရတယ်။ နောက်တစ်ခု ---

အဍ္ဎာ စ = ကြွယ်ဝချမ်းသာသည်လည်း။ ဟောတိ = ဖြစ်၏။ မဟဒ္ဓနာ စ = များသောစည်းစိမ်ဥစ္စာရှိသည်လည်း။ ဟောတိ = ဖြစ်၏။ မဟာဘောဂါ စ = များပြားသော အသုံးအဆောင် ပရိဘောဂရှိသည်လည်း။ ဟောတိ = ဖြစ်၏။ မဟေသက္ခာ စ = များပြားသော အခြွေအရံပရိသတ်ရှိသည်လည်း။ ဟောတိ = ဖြစ်၏။

တစ်ဖက်က ဒါနတွေ ပြုခဲ့တဲ့အတွက် စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာမှု မဖြစ်ဘူးရလား? ဖြစ်ရတယ်။ တစ်ဖက်က သူတစ်ပါးတွေရဲ့ လာဘ်လာဘရမှု, အရိုအသေခံရမှု, အလေးစားခံရမှု, အမြတ်နိုးခံရမှု, အပူဇော်ခံရမှု, အရှိခိုး ခံရမှုဆိုတဲ့ ဒီသဘောတရားတွေအပေါ်မှာ မကျေနပ်ချက်တွေ နည်းနည်းမျှ မရှိခဲ့တဲ့အတွက်ကြောင့် မိမိမှာ အခြွေအရံ မများရဘူးလား? များရတယ်၊ အကြောင်းသုံးခု စုံညီသွားတယ်။ အဆင့်မြင့်တဲ့ ဘဝတစ်ခု ရမသွားဘူးလား? ရသွားတယ်။ အဲဒီလို အဆင့်အတန်း မြင့်မားနေတဲ့ ဘဝတစ်ခု ရရှိစေအောင် ဘယ်တရားက ပြုပြင်ဖန်တီးပေးလိုက်သလဲ? စိတ်ထားတွေက ပြုပြင်ဖန်တီး ပေးလိုက်တယ်။

ဒါကြောင့် စိတ္တေန နီယတေ လောကော = စိတ်က ဒီသတ္တဝါတွေကို ရှေးရှုသယ်ဆောင်နေတယ်ဆိုတဲ့ ဘုရားဟော ဒေသနာတော်အရ -- ကုသိုလ်ကံ အကုသိုလ်ကံ (= အဘိသင်္ခါရဝိညာဏ်)လို့ ခေါ်ဆိုအပ်တဲ့ ဒီစိတ်တွေက သတ္တဝါတွေကို ရှေးရှုသယ်ဆောင်ပေးနေတယ်။ ဒီစိတ်တွေက ဘဝ တစ်ခုကိုရအောင် တည်ထောင်ဖန်ဆင်းပေးနိုင်တဲ့ စွမ်းအား အပြည့်အဝ ရှိနေတယ်။ ဒီလို တည်ထောင်ဖန်ဆင်းပေးနိုင်တဲ့ စွမ်းအား ရှိနေတဲ့ ဒီစိတ်နေ စိတ်ထားကလေးတွေကို မိမိတို့ကလည်း သံသရာခရီးက မဆုံးသေးတော့ ဘဝတစ်ခုကို လက်ခံရမယ်ဆိုလျှင် ပြုပြင်ပြောင်းလဲပေးဖို့ မလိုအပ်ဘူးလား? လိုအပ်ပါတယ်။ ဘာကြောင့်လဲ?

ဒီစိတ်နေစိတ်ထားတွေကို အမြစ်ပါမကျန် အကြွင်းမဲ့ ပယ်နုတ်နိုင်တဲ့ စွမ်းအားက အရိယမဂ်တရားရရှိတဲ့ အချိန်အခါမှာ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီစိတ်ထားတွေ ရှိနေခဲ့မယ်ဆိုလျှင် ဒီအရိယမဂ်တရားလည်း ပေါ်နိုင်ဦးမလား? မပေါ်နိုင်ဘူး။ဒါကြောင့် သံသရာခရီးဆုံးအောင် လုပ်နိုင်မည့် ပုဂ္ဂိုလ်တွေအတွက်ကတော့ ပြောဖွယ်ရာ မရှိပါဘူး၊ သံသရာခရီး မဆုံးသေးဘူး ဆိုလျှင်လည်း ဒီစိတ်ထားကလေးတွေကို ပြုပြင်ပြောင်းလဲပေးဖို့ မလိုအပ်ဘူးလား? လိုအပ်ပါတယ်။ ဒါကြောင့် ဒီမေးခွန်းလေးမျိုးကို မြတ်စွာဘုရားက အဖြေပေးလိုက်တဲ့ အချိန်အခါမှာ မလ္လိကာမိဖုရားကြီးက မြတ်စွာဘုရားကို ဘာလျှောက်ထားသလဲ?


မလ္လိကာမိဖုရား၏ ပြန်လည်လျှောက်ထားချက်

ယာ နူနာဟံ ဘန္တေ အညံ ဇာတိံ ကောဓနာ အဟောသိံ ဥပါယာသဗဟုလာ။ အပ္ပမ္ပိ ဝုတ္တာ သမာနာ အဘိသဇ္ဇိံ ကုပ္ပိံ ဗျာပဇ္ဇိံ ပတိတ္ထီယိံ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတွာကာသိံ။ သာဟံ ဘန္တေ ဧတရဟိ ဒုဗ္ဗဏ္ဏာ ဒုရူပါ သုပါပိကာ ဒဿနာယ။

ဘန္တေ = မြတ်စွာဘုရား။ အဟံ = ဘုရားတပည့်တော်မသည်။ အညံ ဇာတိံ = တစ်ခြားသော ဘဝတစ်ခုတုန်းက။ ကောဓနာ = အမျက်ဒေါသကြီးလေ့ရှိသည့် အမျိုးသမီးသည်။ အဟောသိံ နူန = ဖြစ်ခဲ့လေယောင်တကား။ ဥပါယာသဗဟုလာ = စိတ်ပင်ပန်းမှု များပြားသည့် အမျိုးသမီးသည်။ အဟောသိံ နူန = ဖြစ်ခဲ့လေယောင်တကား။ အပ္ပမ္ပိ = အနည်းငယ်ကိုသော်လည်းပဲ။ ဝုတ္တာ = ပြောဆိုအပ်သည်။ သမာနာ = ဖြစ်လတ်သော်။ အဘိသဇ္ဇိံ နူန = ငြိကပ်၍နေသည့်အမျိုးသမီး ဖြစ်ခဲ့လေယောင်တကား။ ကုပ္ပိံ နူန = အမျက်ထွက်တတ်ခဲ့လေယောင်တကား။ ဗျာပဇ္ဇိံ နူန = ဖောက်ပြန်တဲ့ ကိုယ်အမူအရာ, ဖောက်ပြန်တဲ့ နှုတ်အမူအရာ ရှိခဲ့လေယောင်တကား။ ပတိတ္ထီယိံ နူန = ဆန့်ကျင်ဘက်ရပ်တည်၍ နေခဲ့လေယောင်တကား။

မြတ်စွာဘုရား ...ဘုရားတပည့်တော်မသည် တစ်ခုသော အတိတ် ဘဝ လူဖြစ်စဉ်အချိန်က ဒေါသ အင်မတန်ကြီးခဲ့တဲ့, စိတ်ပင်ပန်းမှုများပြားတဲ့, မကျေနပ်မှု များပြားတဲ့, ရန်ငြိုးဖွဲ့မှုတွေ များပြားတဲ့ အမျိုးသမီး ဖြစ်ခဲ့ပုံ ပေါ်ပါတယ် မြတ်စွာဘုရား၊ နည်းနည်းလောက် ပြောလိုက်လျှင် မကျေနပ်ချက်တွေက အလွန် များပြားပြီးတော့ ငြိကပ်နေတဲ့ အမျိုးသမီး ဖြစ်ခဲ့ပုံ ပေါ်ပါတယ် မြတ်စွာဘုရား၊ ထိပ်တိုက် ဆန့်ကျင်ဘက်ပြုလုပ်ကာ ရပ်တည်ခဲ့သူလည်း ဖြစ်ခဲ့ပုံ ပေါ်ပါတယ် မြတ်စွာဘုရား ...။

ကောပဉ္စ = အမျက်ကိုလည်းကောင်း။ ဒေါသဉ္စ = ဒေါသတရားကိုလည်းကောင်း။ အပစ္စယဉ္စ = မကျေနပ်ချက်ကိုလည်းကောင်း။ ပါတွာကာသိံ နူန = အထင်အရှား ပြုခဲ့လေယောင်တကား။

မိမိရဲ့ အမျက်ဒေါသတွေ မိမိရဲ့ မကျေနပ်ချက်တွေကို အတိတ်ဘဝ တစ်ခုခုမှာ တပည့်တော်မ ထင်ထင်ရှားရှား ပြုလုပ်ပြခဲ့ပုံ ရပါတယ် မြတ်စွာဘုရား ...။ ဘာကြောင့်လဲ?

ဘန္တေ = မြတ်စွာဘုရား။ သာ အဟံ = ထိုဘုရားတပည့်တော်မသည်။ ဧတရဟိ = ဤယခုပစ္စုပ္ပန်ဘဝ၌။ ဒုဗ္ဗဏ္ဏာ = အဆင်းမလှရသည်။ ဒုရူပါ = ပုံသဏ္ဌာန်အချိုးအစား မကျနသည်။ သုပါပိကာ ဒဿနာယ = ကြည့်ရှုဖွယ် မကောင်းသည်။ အဟောသိံ = ဖြစ်ခဲ့ရလေပြီ။

ဒီဘဝမှာ မလ္လိကာမိဖုရားကြီးဟာ ကိုယ့်ဝဋ်နဲ့ကိုယ် လည်ပတ်လာတာ ကိုယ့်ကိုယ်ကို မသိဘူးလား? သိပါတယ်။ မလ္လိကာမိဖုရားကြီးက သူ့ဟာသူ မှန်နဲ့ကြည့်ဖို့တောင် လိုသေးသလား? မလိုတော့ဘူး၊ သူသိနေတယ်။ သူ့ရုပ် မလှဘူးဆိုတာ မသိဘူးလား? သိနေတယ်။ ပုံသဏ္ဌာန်အချိုးအစား မကျဘူး ဆိုတာလဲ မသိဘူးလား? သိနေတယ်။ ဘာကြောင့် ဖြစ်ရသလဲဆိုတာ သူ သဘောပေါက်နေတယ်။ နောက်တစ်ခု ---

ယာ နူနာဟံ ဘန္တေ အညံ ဇာတိံ ဒါတာ အဟောသိံ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။ သာဟံ ဘန္တေ ဧတရဟိ အဍ္ဎာ မဟာဘောဂါ။

ဘန္တေ = မြတ်စွာဘုရား။ အဟံ = ဘုရားတပည့်တော်မသည်။ အညံ ဇာတိံ = အခြားတစ်ခုသောဘဝတုန်းက။ သမဏဿ ဝါ = သမဏအမည်ရှိတဲ့ အလှူခံပုဂ္ဂိုလ်အားသော်လည်းကောင်း။ ဗြာဟ္မဏဿ ဝါ = ဗြာဟ္မဏအမည် ရှိတဲ့ အလှူခံပုဂ္ဂိုလ်အားသော်လည်းကောင်း။ အန္နံ = ထမင်းကိုသော်လည်းကောင်း။ ပါနံ = အဖျော်ယမကာကိုသော်လည်းကောင်း။ ဝတ္ထံ = အဝတ်ကို သော်လည်းကောင်း။ ယာနံ = ယာဉ်ကိုသော်လည်းကောင်း။ မာလာဂန္ဓဝိလေပနံ = ပန်း, နံ့သာ, နံ့သာပျောင်းကိုသော်လည်းကောင်း။ သေယျာဝသထပဒီပေယျံ = ကျောင်း, အိပ်ရာနေရာ, ဆီမီးကိုသော်လည်းကောင်း။ ဒါတာ = ပေးလှူခဲ့သည်။ အဟောသိံ နူန = ဖြစ်ခဲ့လေယောင်တကား။ ဘန္တေ = မြတ်စွာဘုရား။ သာ အဟံ = ထိုဘုရားတပည့်တော်မသည်။ ဧတရဟိ = ယခုအခါ၌။ အဍ္ဎာ = ကြွယ်ဝချမ်းသာသည်။ မဟဒ္ဓနာ = များပြားသော စည်းစိမ်ဥစ္စာရှိသည်။ မဟာဘောဂါ = များပြားသော အသုံးဆောင် ပရိဘောဂပစ္စည်း ရှိခဲ့သည်။ အဟောသိံ = ဖြစ်ခဲ့ရလေပြီ။

တပည့်တော်မ တစ်ချိန်တုန်းက ဘဝတစ်ခုမှာ သမဏ ဗြာဟ္မဏအမည် ရှိနေတဲ့ အလှူခံပုဂ္ဂိုလ် များထိုထိုတွေကို လှူဖွယ်ဝတ္ထု ပစ္စည်းစု အမျိုးမျိုးကို လှူဒါန်းခဲ့ပုံ ပေါ်ပါတယ်၊ ဒါကြောင့် တပည့်တော်မသည် ဒီဘဝမှာ ကြွယ်ဝ ချမ်းသာတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ရပါတယ် မြတ်စွာဘုရား ...လို့ လျှောက်ထားတယ်။ မလ္လိကာမိဖုရားကြီးဆိုတာ ငယ်ရွယ်စဉ်က သာမန် ကျေးလက်တောသူတစ်ဦး ဖြစ်ပါတယ်။ ကောသလမင်းကြီးက ဆောင်ယူပြီးတော့ မိဖုရားအဖြစ်နဲ့ မြှောက်တင်ထားလိုက်တဲ့အတွက် ကြွယ်ဝချမ်းသာတဲ့ ဘဝကို ရောက်ရှိမသွားဘူးလား? ရောက်ရှိသွားတယ်။

အနီးစပ်ဆုံး အကြောင်းတရားတစ်ခုကတော့ ထိုမိဖုရားဖြစ်မည့်နေ့မှာ မြတ်စွာဘုရားကို သူက မုယောမုန့်ကလေးသုံးချပ် လှူခဲ့ပါတယ်။ အဲဒီ မုယောမုန့်သုံးချပ် လှူမည့်နေ့မှာပဲ ဒီလှူနေတဲ့ ကုသိုလ်စေတနာတွေထဲက ဇောခုနစ်တန်အနက်မှာ ပထမဇောစေတနာက ဒီဘဝမှာ အကျိုးပေးတော့မယ်ဆိုတာ မြတ်စွာဘုရားသည် မြင်တော်မူပါတယ်။

ဒါကြောင့် အဲဒီ ပထမဇောစေတနာကလေးက အားပေးထောက်ပံ့လိုက်တဲ့အတွက် ဒီပစ္စုပ္ပန်ကံရဲ့ အထောက်အပံ့ကောင်းကို ရရှိတဲ့အခါ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ဒါနကံကလည်း အကျိုးပေးလိုက်တဲ့အတွက် အဲဒီ မုယောမုန့်လှူတဲ့နေ့မှာပဲ ကောသလမင်းကြီးက မိဖုရားအဖြစ်နဲ့ ကောက်ယူပြီး မြှောက်စားထားပါတယ်။ (ဇာတက၊ဋ္ဌ၊၃၊၃၈၄-၃၈၅။)

မြှောက်စားထားတဲ့ အချိန်အခါမှာ ကောသလမင်းကြီးက ကျေနပ်တော်မူတဲ့အတွက်ကြောင့် ဘာဖြစ်သလဲ? တိုင်းသူပြည်သားတွေနဲ့ မိမိနဲ့ ယှဉ်ပြိုင်ပြီးတော့ မြတ်စွာဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို လှူဒါန်းတဲ့ အလှူပွဲကြီးမှာ မလ္လိကာမိဖုရားကြီးဘက်က အနိုင်ရသွားခဲ့တယ်။ အသဒိသဒါနလို့ ခေါ်ပါတယ်။ တိုင်းသူပြည်သားဆိုတဲ့ သူတစ်ပါးတွေက ယှဉ်ပြိုင်လို့ မရနိုင်တဲ့ အလှူဒါနပွဲကြီးလို့ ဆိုလိုပါတယ်။

ဒီလောက် ကြီးကြီးကျယ်ကျယ် အလှူဒါနကြီးတစ်ခုကို ကျင်းပနိုင်သည် အထိ ဒီလောက်စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာတဲ့ အမျိုးသမီးဘဝတစ်ခု ရရှိသွားတယ်။ ဒီလိုရရှိခြင်းသည် ဘာကြောင့်လဲ? ပစ္စုပ္ပန်မှာမြတ်စွာဘုရားကို မုယောမုန့်ကလေးသုံးချပ် လှူခဲ့တဲ့ ကုသိုလ်ကံစေတနာကလည်း အကြောင်း တစ်ခု ဖြစ်ပါတယ်။ အတိတ်ဘဝထိုထိုက သမဏ ဗြာဟ္မဏအမည်ရှိတဲ့ အလှူခံပုဂ္ဂိုလ် များထိုထိုကို လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကို စင်စင်ကြယ်ကြယ်နဲ့ ပေးကမ်းလှူဒါန်းခဲ့တဲ့ ဒါနကံကလည်း အကြောင်းတစ်ခု ဖြစ်တယ်။ ဒီ အကြောင်းနှစ်ရပ် ပေါင်းစပ်လိုက်တဲ့အတွက်ကြောင့် ကြွယ်ဝချမ်းသာတဲ့ အမျိုးသမီးတစ်ဦး မဖြစ်ရဘူးလား? ဖြစ်ရတယ်။ နောက်တစ်ခု ---

ယာ နူနာဟံ ဘန္တေ အညံ ဇာတိံ အနိဿာမနိကာ အဟောသိံ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု န ဣဿိံ န ဥပဒုဿိံ န ဣဿံ ဗန္ဓိံ။

ဘန္တေ = မြတ်စွာဘုရား။ အညံ ဇာတိံ = အခြားတစ်ခုသော ဘဝတုန်းက။ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု = သူတစ်ပါးတို့ရဲ့ လာဘ်ရခြင်း, အရိုအသေခံရခြင်း, အမြတ်နိုးခံရခြင်း,အပူဇော်ခံရခြင်း, အရှိခိုး ခံရခြင်းတို့၌။ အနိဿာမနိကာ = ငြူစူစောင်းမြောင်းသောစိတ်ထား မရှိသည်။ အဟောသိံ နူန = ဖြစ်ခဲ့လေယောင်တကား။ န ဣဿိံ နူန = မငြူစူခဲ့လေယောင်တကား။ န ဥပဒုဿိံ နူန = မပြစ်မှားခဲ့လေယောင်တကား။ ဣဿံ = ငြူစူစောင်းမြောင်းမှုကို။ န ဗန္ဓိံ နူန = မဖွဲ့ချည်ခဲ့လေယောင်တကား။

အတိတ်ဘဝတစ်ခုတုန်းက သူတစ်ပါးတို့ လာဘ်လာဘရမှု, အရိုအသေ ခံရမှု, အလေးစားခံရမှု, အမြတ်နိုးခံရမှု, အရှိခိုးခံရမှု, အပူဇော်ခံရမှုဆိုတဲ့ ဒီသဘောရားတွေအပေါ်၌ ငြူစူစောင်းမြောင်းတဲ့ စိတ်ထားတွေ တပည့်တော်မမှာ မရှိခဲ့ပုံ ပေါ်ပါတယ် မြတ်စွာဘုရား ...။ ဘာကြောင့်လဲ?

သာဟံ ဘန္တေ ဧတရဟိ မဟေသက္ခာ။

ဘန္တေ = မြတ်စွာဘုရား။ သာ အဟံ = ထိုဘုရားတပည့်တော်မသည်။ ဧတရဟိ = ယခုပစ္စုပ္ပန်ဘဝ၌။ မဟေသက္ခာ = များပြားသော အခြွေအရံ ပရိသတ်ရှိသည်။ အဟောသိံ = ဖြစ်ခဲ့ရလေပြီ။

ဒီဘဝမှာ တပည့်တော်မမှာ အခြွေအရံပရိသတ်တွေ အလွန်များပြား ပါတယ်။ ဒါကြောင့် အတိတ်ဘဝတစ်ခုတုန်းက ငြူစူစောင်းမြောင်းခြင်း ကင်းတဲ့ စိတ်ထားရှိသော သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ပုံ ပေါ်ပါတယ် မြတ်စွာဘုရား ...။ ဒီလို မလ္လိကာမိဖုရားကြီးက လျှောက်ထားလိုက်ပါတယ်။ ဘာဖြစ်လို့ ဒီလို လျှောက်ထားရသလဲ?

သန္တိ ခေါ ပန ဘန္တေ ဣမသ္မိံ ရာဇကုလေ ခတ္တိယကညာပိ ဗြာဟ္မဏကညာပိ ဂဟပတိကညာပိ။ တာသာဟံ ဣဿရာဓိပစ္စံ ကာရေမိ။

ဘန္တေ = မြတ်စွာဘုရား။ ဣမသ္မိံ ရာဇာကုလေ = ဤမင်းနန်းတော်ရဲ့ အတွင်း၌။ ခတ္တိယကညာပိ = ခတ္တိယအမျိုးသမီးတို့သည်လည်းကောင်း။ ဗြာဟ္မဏကညာပိ = ဗြာဟ္မဏအမျိုးသမီးတို့သည်လည်းကောင်း။ ဂဟပတိကညာပိ = ဂဟပတိအမျိုးသမီးတို့သည်လည်းကောင်း။ သန္တိ = ရှိကြပါကုန်၏။

မင်းနန်းတော်ထဲ ကြည့်လိုက်မယ်ဆိုလျှင် ခတ္တိယ (= မင်းမျိုးမင်းနွယ်)မှ ဖြစ်လာတဲ့ အမျိုးကောင်းသမီးတွေ, ဗြာဟ္မဏ (= ပုဏ္ဏား)အမျိုးအနွယ်မှ ဖြစ်လာတဲ့ အမျိုးကောင်းသမီးတွေ, ဂဟပတိ (= သူကြွယ်)အမျိုးအနွယ်မှ ဖြစ်ပေါ်လာတဲ့ အမျိုးကောင်းသမီးတွေ နန်းတော်တွင်းမှာ များစွာ ရှိကြပါတယ် မြတ်စွာဘုရား ...။

အဟံ = ဘုရားတပည့်တော်မသည်။ တာသံ = ထိုအမျိုးသမီးတို့ကို။ ဣဿရာဓိပစ္စံ = အစိုးရခြင်း အကြီးအမှူး၏အဖြစ်ကို။ ကာရေမိ = ပြုလုပ်နိုင်ပါ၏ မြတ်စွာဘုရား။

ဒီနန်းတော်တွင်းမှာရှိတဲ့ အလွန် များပြားနေတဲ့ ဒီအမျိုးသမီးတွေ အပေါ်မှာ တပည့်တော်မဟာ စိုးမိုးအုပ်ချုပ်ပြီး အကြီးအကဲလုပ်နိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်။ အဲဒီ စွမ်းအားတွေက ဘယ်က ပေါ်လာသလဲ? အတိတ်ဘဝတစ်ခုမှာက ကံတွေထူထောင်ခဲ့စဉ် အချိန်အခါက သူတစ်ပါး အပေါ်မှာ ငြူစူစောင်းမြောင်းတဲ့ စိတ်ထား မရှိခဲ့ဘူး၊ သူတစ်ပါးတွေ လာဘ်ရတာတွေ အပူဇော်ခံရတာ, အလေးစားခံရတာ, အမြတ်နိုးခံရတာ, အရှိခိုး ခံရတာကို မြင်တွေ့ရတဲ့ အချိန်အခါမှာ ကြည်နူးဝမ်းမြောက်ခဲ့တဲ့ စိတ်ထားတွေ ရှိခဲ့တယ်။

ဒီစိတ်ထားတွေကြောင့် မိမိကို ပူဇော်မည့်သူ, လေးစားမည့်သူ, မြတ်နိုးမည့်သူ, ရှိခိုးမည့်သူတွေဟာ ဝိုင်းဝိုင်းလည်နေတယ်။ အဲဒီစိတ်ထားက အကြီးအကဲ ဖြစ်ဖို့ရန်အတွက် အကြောင်းအထောက်အပံ့တစ်ခု ဖြစ်လာတယ်။ ဒီလိုဆိုလျှင် ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ အကြီးအကဲဖြစ်ချင်ကြတယ်ဆိုလျှင်, အခြွေအရံ များချင်ကြတယ်ဆိုလျှင်, ငြူစူစောင်းမြောင်း နေတဲ့ ဒီစိတ်ထားကလေးတွေကို ပယ်ဖျောက်ပေးဖို့ မလိုဘူးလား? လိုအပ်တယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီးတော့ မလ္လိကာမိဖုရားကြီးက နောက်ဆုံး မြတ်စွာဘုရားကို ဘာလျှောက်ထားသလဲ?


မလ္လိကာ၏ ခံဝန်ချက် (၃) ခု

အမှတ် (၁) ခံဝန်ချက်

၁။ သာဟံ ဘန္တေ အဇ္ဇတဂ္ဂေ အက္ကောဓနာ ဘဝိဿာမိ အနုပါယာသဗဟုလာ။ ဗဟုမ္ပိ ဝုတ္တာ သမာနာ နာဘိသဇ္ဇိဿာမိ န ကုပ္ပိဿာမိ န ဗျာပဇ္ဇိဿာမိ န ပတိတ္ထီယိဿာမိ။ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ န ပါတုကရိဿာမိ။

ဘန္တေ = မြတ်စွာဘုရား။ ဧသာ အဟံ = ထိုဘုရားတပည့်တော်မသည်။ အဇ္ဇတဂ္ဂေ = ယနေ့ကို အစပြု၍။ ပါဏုပေတံ = အသက်ရှင်သမျှ ကာလပတ်လုံး။ အက္ကောဓနာ = အမျက်ဒေါသမကြီးတဲ့ပုဂ္ဂိုလ်သည်။ ဘဝိဿာမိ = ဖြစ်ပါတော့အံ့။ အနုပါယာသဗဟုလာ = စိတ်ပင်ပန်းမှု မများပြားသည့် အမျိုးသမီးသည်။ ဘဝိဿာမိ = ဖြစ်ပါတော့အံ့။

မလ္လိကာမိဖုရားကြီးက မြတ်စွာဘုရားကို ကတိခံဝန်ချက်သုံးခု ပေးသောအားဖြင့် နောက်ဆုံးလျှောက်ထားတယ်။ တပည့်တော်မဘုရား ... ဒီနေ့ကို အစပြုပြီးတော့ အသက်ထက်ဆုံး ဘယ်တော့မှ ဒေါသမကြီးတော့ပါဘူး၊ ဘယ်တော့မှ စိတ်ပင်ပန်းမှု များပြားတဲ့ အမျိုးသမီးလည်း မဖြစ်စေရပါဘူး မြတ်စွာဘုရား ... ဆိုပြီး လျှောက်ထားတယ်။

ဗဟုမ္ပိ = များစွာကိုသော်လည်းပဲ။ ဝုတ္တာ = ပြောဆိုအပ်သည်။ သမာနာ = ဖြစ်လတ်သော်။ နာဘိသဇ္ဇိဿာမိ = ငြိကပ်၍မနေပါတော့အံ့။

ဘယ်လောက်ပဲ တပည့်တော်မကို လာပြီး ပြောချင်ပြောပါစေ၊ တပည့်တော်မ၏ စိတ်ထဲမှာ ဘယ်တော့မှ ငြိကပ်ပြီး မထားတော့ပါဘူး၊ စိတ်ထဲမှာ ဘယ်တော့မှ တေးပြီး မထားတော့ပါဘူး၊ ငါ့ကို ဒီလို ပြောရကောင်းလား, ငါ့ကို ဒီလို ပြောရကောင်းလားဆိုတဲ့ ဒီလို ငြိကပ်နေတဲ့ စိတ်ထားတွေလည်း မွေးမထားတော့ပါဘူး မြတ်စွာဘုရား ... ဆိုပြီး ဒီလို မြတ်စွာဘုရားကို လျှောက်ထားတယ်။ နောက်ထပ် ဆက်ပြီး လျှောက်ထားပြန်တယ်။

န ကုပ္ပိဿာမိ = အမျက်မထွက်ပေတော့အံ့။ န ဗျာပဇ္ဇိဿာမိ = ဖောက်ပြန်တဲ့ အမူအရာကို မပြတော့အံ့။ န ပတိတ္ထီယိဿာမိ = ဆန့်ကျင်ဘက်ပြုလုပ်ပြီး မရပ်တည်ပါတော့အံ့။

တပည့်တော်မ ဘယ်တော့မှလည်း အမျက်မထွက်တော့ပါဘူး၊ ဘယ်တော့မှလည်း ကာယကံ ဝစီကံအနေနဲ့ ဖောက်ဖောက်ပြန်ပြန် ပြန်ပြီးတော့ မပြုလုပ်တော့ပါဘူး၊ ဘယ်တော့မှ တပည့်တော်မ အတိုက်အခံ ထိပ်တိုက် ဆန့်ကျင်ဘက်လုပ်ပြီး မရပ်တည်တော့ပါဘူးလို့ လျှောက်ထားတယ်။

ဘယ့်နှယ်တုံး ဒါယကာကြီး ဒါယိကာမကြီးတွေ ဒီစိတ်ထားကလေးတွေဟာ မကောင်းဘူးလား? ကောင်းတယ်။ ဒီနေ့ တရားနာနေတဲ့ ပရိသတ် တွေလည်း တရားနာပြီးလျှင် အဲဒီ စိတ်ထားကလေးတွေကို တို့တစ်တွေ မွေးမြူမယ်ဆိုတဲ့ စိတ်ထားမျိုး မထားနိုင်ဘူးလား? ထားနိုင်ရမယ်။ မလ္လိကာ မိဖုရားကြီးကတော့ ဒီလိုစိတ်ထားမျိုး ထားပါတော့မယ်၊ နောက်ထပ် ဒီလို မဖြစ်စေရပါဘူးဆိုပြီး မြတ်စွာဘုရားကို ကတိပေးသွားတယ်။

ကောပဉ္စ = အမျက်ကိုလည်းကောင်း။ ဒေါသဉ္စ = ဒေါသတရားကိုလည်းကောင်း။ အပစ္စယဉ္စ = မကျေနပ်ချက်ကိုလည်းကောင်း။ န ပါတုကရိဿာမိ = ထင်ရှားမပြုလုပ်ပါတော့အံ့။

တပည့်တော်မ အမျက်ကိုလည်းကောင်း, ဒေါသကိုလည်းကောင်း, မကျေနပ်ချက်တွေကိုလည်းကောင်း ဘယ်တော့မှ နောက်ထပ် ထင်ရှားမပြုလုပ်တော့ပါဘူး၊ ထင်ရှားမပြတော့ပါဘူး မြတ်စွာဘုရား ..လို့ ဒီလို ကတိပေးသွားတယ်။

အမှတ် (၂) ခံဝန်ချက်

၂။ ဒဿာမိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။

သမဏဿ ဝါ = သမဏအမည်ရှိတဲ့ အလှူခံပုဂ္ဂိုလ်အားသော်လည်းကောင်း။ ဗြာဟ္မဏဿ ဝါ = ဗြာဟ္မဏအမည်ရှိတဲ့ အလှူခံပုဂ္ဂိုလ်အားသော် လည်းကောင်း။ အန္နံ = ဆွမ်း, ထမင်းကိုသော်လည်းကောင်း။ ပါနံ = အဖျော်ယမကာကိုသော်လည်းကောင်း။ ဝတ္ထံ = အဝတ် သင်္ကန်းကိုသော်လည်းကောင်း။ ယာနံ = ယာဉ်ကိုသော်လည်းကောင်း။ မာလာဂန္ဓဝိလေပနံ = ပန်း, နံ့သာ, နံ့သာပျောင်းကိုသော်လည်းကောင်း။ သေယျဝသထပဒီပေယျံ = ကျောင်း, အိပ်ရာနေရာ, ဆီမီးကိုသော်လည်းကောင်း။ ဒဿာမိ = ပေးလှူပါအံ့။

နံပါတ် (၁) ဒေါသလည်း မကြီးတော့ဘူး၊ နံပါတ် (၂) အလှူဒါနလည်း တပည့်တော်မ ပြုပါတော့မယ်လို့ ကတိပေးတယ်။ နောက်တစ်ခု နံပါတ် (၃) သူက ဘယ်လိုကတိ ဆက်ပေးသလဲ?

အမှတ် (၃) ခံဝန်ချက်

၃။ အနိဿာမနိကာ ဘဝိဿာမိ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု န ဣဿိဿာမိ န ဥပဒုဿိဿာမိ န ဣဿံ ဗန္ဓိဿာမိ။

ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု = သူတစ်ပါးတို့ရဲ့ လာဘ်ရခြင်း, အရိုအသေခံရခြင်း, အလေးစားခံရခြင်း, အမြတ်နိုးခံရခြင်း, အရှိခိုးခံရခြင်း, အပူဇော်ခံရခြင်းတို့၌။ အနိဿာမနိကာ = ငြူစူစောင်းမြောင်းသော စိတ်ထားရှိသည်။ န ဘဝိဿာမိ = မဖြစ်ပါတော့အံ့။ န ဣဿိဿာမိ = ငြူစူစောင်းမြောင်းမှုကို မပြုလုပ်ပါတော့အံ့။ န ဥပဒုဿိဿာမိ = မပြစ်မှား ပါတော့အံ့။ ဣဿံ = ငြူစူစောင်းမြောင်းတဲ့ စိတ်ထားကို။ န ဗန္ဓိဿာမိ = ဖွဲ့ချည်၍ မထားပါတော့အံ့။

နောက်ထပ် သူတစ်ပါးတို့၏ လာဘ်ရမှု, အပူဇော်ခံရမှု, အမြတ်နိုးခံရမှု, အလေးစားခံရမှု, အရှိခိုးခံရမှု, အပူဇော်ခံရမှုတို့၌ ငြူစူစောင်းမြောင်းတဲ့ စိတ်ထား, ပြစ်မှားတဲ့ စိတ်ထား, ငြူစူစောင်းမြောင်းမှုကို ဖွဲ့ချည်၍ထားတဲ့ စိတ်ထားတွေ တပည့်တော်မမှာ ဘယ်တော့မှ မဖြစ်စေရပါဘူးဆိုပြီးတော့ ကတိဘယ်နှစ်ချက် ပေးသွားသလဲ? သုံးချက် ပေးသွားတယ်။ ကဲ ဘယ်လိုလဲ တရားနာနေတဲ့ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ အဲဒီ ကတိခံဝန်ချက် သုံးချက်က များနေသလား? မများပါဘူး။ အဲဒီ ကတိခံဝန်ချက် သုံးချက်လောက်တော့ မပေးနိုင်ဘူးလား? ဒီကတိခံဝန်ချက် သုံးချက်လောက် ပေးနိုင်တယ်ဆိုလျှင်တော့ ဘုန်းကြီး တရားဟောရတာ အကျိုးရှိသွားပြီ။ ကဲ နိဂုံးချုပ် အနေနဲ့ မလ္လိကာမိဖုရားကြီးက ဘာဆက်လျှောက်သလဲ?

အဘိက္ကန္တံ ဘန္တေ အဘိက္ကန္တံ ဘန္တေ သေယျထာပိ ဘန္တေ နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ။ ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ။ မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ။ အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ။ ဧဝမေဝံ ဘန္တေ ဘဂဝတာ အနေကပရိယာယေန ဓမ္မော ပကာသိတော ဧသာဟံ ဘန္တေ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသိကံ မံ ဘန္တေ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတန္တိ။

ဘန္တေ = မြတ်စွာဘုရား။ အဘိက္ကန္တံ = တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေစွ။ ဘန္တေ = မြတ်စွာဘုရား။ အဘိက္ကန္တံ = တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေစွ။ ဘန္တေ = မြတ်စွာဘုရား။ သေယျထာပိ = ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား။ နိက္ကုဇ္ဇိတံ = မှောက်၍ထားအပ်သော အရာဝတ္ထုကိုမူလည်း။ ဥက္ကုဇ္ဇေယျ သေယျထာပိ = လှန်၍ပြလိုက်ဘိသကဲ့သို့လည်းကောင်း။ ပဋိစ္ဆန္နံ = ဖုံးအုပ်၍ ထားအပ်သော အရာဝတ္ထုကိုမူလည်း။ ဝိဝရေယျ သေယျထာပိ = ဖွင့်လှစ်၍ ပြလိုက်ဘိသကဲ့သို့လည်းကောင်း။ မူဠှဿ = လမ်းမှား၍ နေသောသူအား။ မဂ္ဂံ = လမ်းမှန်ကို။ အာစိက္ခေယျ သေယျထာပိ = ပြောပြလိုက်ဘိသကဲ့သို့လည်းကောင်း။ အန္ဓကာရေ = အမိုက်မှောင်ထဲ၌။ စက္ခုမန္တော = မျက်စိအမြင်ရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ရူပါနိ = အဆင်းရူပါရုံ အမျိုးမျိုးတို့ကို။ ဒက္ခန္တိ = တွေ့မြင်ပေကုန်လတ္တံ့။ ဣတိ = ဤသို့ နှလုံးပိုက်၍။ အန္ဓကာရေ = အမိုက်မှောင်ထဲ၌။ တေလပဇ္ဇောတံ = ဆီမီးတန်ဆောင်ကို။ ဓာရေယျ သေယျထာပိ = ထွန်းညှိ ကိုင်ဆောင်၍ မြှောက်ပြလိုက်ဘိသကဲ့သို့လည်းကောင်း။ ဧဝမေဝံ = ဤအတူသာလျှင်။ ဘန္တေ = မြတ်စွာဘုရား။ ဘဂဝတာ = မြတ်စွာဘုရားသည်။ အနေကပရိယာယေန = များစွာသော အကြောင်းပရိယာယ်ဖြင့်။ ဓမ္မော = တရားတော်မြတ်ကို။ ပကာသိတော = ဟောကြားပြသ ဆိုဆုံးမတော်မူအပ် ခဲ့ပါပြီ။

ဧသာ အဟံ = ထိုဘုရားတပည့်တော်မသည်။ အဇ္ဇတဂ္ဂေ = ယနေ့ကို အစပြု၍။ ပါဏုပေတံ = အသက်ရှည်သမျှ ကာလပတ်လုံး။ ဘဂဝန္တံ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကို။ သရဏံ = ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍။ ဂစ္ဆာမိ = ယုံကြည်သိမှတ် ဆည်းကပ်ပါ၏။ ဓမ္မဉ္စ = မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်ကိုလည်းပဲ။ သရဏံ = ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍။ ဂစ္ဆာမိ = ယုံကြည် သိမှတ် ဆည်းကပ်ပါ၏။ သံဃဉ္စ = ရှစ်ယောက်ထင်ပေါ် အရိယာသံဃာတော်မြတ် အပေါင်းကိုလည်းပဲ။ သရဏံ = ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ = ယုံကြည်သိမှတ် ဆည်းကပ်ပါ၏။

ဘန္တေ = မြတ်စွာဘုရား။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ မံ = ဘုရားတပည့်တော်မကို။ အဇ္ဇတဂ္ဂေ = ယနေ့ကို အစပြု၍။ ပါဏုပေတံ = အသက်ရှည်သမျှ ကာလပတ်လုံး။ ဥပါသိကံ = ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသိကာမဟူ၍။ ဓာရေတု = အသိအမှတ် ပြုတော်မူပါ မြတ်စွာဘုရား ...။

ကဲ တရားသိမ်းကြစို့ ---

ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။

တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။

သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။

ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။

ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။

ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။

ပဗ္ဗဇိံသု = ဃရာဝါသ သမ္ပာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။

တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။

ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။

သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။

တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။

အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။

(သာဓု သာဓု သာဓု ...)

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း

ဖားအောက်တောရ

မော်လမြိုင်မြို့နယ်

မွန်ပြည်နယ်။

___________

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)...

နိဿယ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရေး ပြဿနာပေါင်းခ...