ဓမ္မစာစဉ်များ
အနုဂ္ဂဟအဖွဲ့ အစည်းအဝေးမှကောက်နုတ်ချက်
: လောကမှာ ဓမ္မနှင့် အဓမ္မဆိုပြီးတော့ လမ်းကြောင်းနှစ်ခုကို မြတ်စွာဘုရားရှင်က ဟောကြားခဲ့ပါတယ်။ လောကမှာ အောင်မြင်ချင်တယ်ဆိုရင်တော့ ဓမ္မဆိုတဲ့ သုတ္တန်, ဝိနည်း, အဘိဓမ္မာလမ်းကြောင်းအတိုင်း ဆောင်ရွက်တတ်ဖို့ လိုပါတယ်။
: အဓမ္မဆိုတဲ့ မသမာမှုတွေကိုလည်း ရှောင်ရှားတတ်ဖို့ လိုပါတယ်။ အဲဒီလို ဓမ္မဆိုတဲ့ လမ်းကြောင်းပေါ်ကနေ သွားတဲ့အပိုင်းမှာ တစ်ဦးနှင့်တစ်ဦး ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာရှိဖို့ လိုအပ်ပါတယ်။
: တစ်ဦးကိုတစ်ဦး ချစ်ခင်တဲ့ မေတ္တာမျက်လုံးနှင့် ကြည့်တတ်ဖို့ လိုပါတယ်၊ ကြင်နာသနားတဲ့ ကရုဏာမျက်လုံးနှင့် ကြည့်တတ်ဖို့လည်း လိုပါတယ်၊ တစ်ဦးရဲ့ကြိုးပမ်းမှုကို တစ်ဦးက ဝမ်းမြောက်တဲ့ မုဒိတာမျက်လုံးနှင့် ကြည့်တတ်ဖို့လည်း လိုပါတယ်။ တစ်ဦးရဲ့ ကံကြမ္မာကို တစ်ဦးက နားလည်တဲ့ ဥပေက္ခာဗြဟ္မစိုရ်မျက်လုံးနှင့် ကြည့်တတ်ဖို့လည်း လိုပါတယ်။
: အနုဂ္ဂဟအဖွဲ့ အစည်းအဝေးမှ
ကောက်နုတ်ချက်
ဖားအောက်တောရ ဆရာတော်၏ဩဝါဒမိန့်ကြားချက်
ဤကျောင်းမှာ လုပ်နေတဲ့ လုပ်ငန်းခွင်တွေက (၃)ချောင်း ထောက် (၄)ချောင်းထောက်ပုံစံမျိုး ဖြစ်နေတယ်။ (၃)ချောင်းထောက် ကိရိယာက (၃)ချောင်းထောက်မှ ရပ်တည်နိုင်တဲ့ သဘောတရား ရှိတယ်။ (၄)ချောင်းထောက်တဲ့ ကိရိယာကလည်း (၄)ချောင်းကို ပုံစံမှန်ထောက်မှ ရပ်တည်နိုင်တဲ့သဘော ရှိပါတယ်။ အခု ဒီကျောင်း မှာက ရဟန်းသံဃာပိုင်း, သီလရှင်ပိုင်း, အားပေးထောက်ပံ့နေတဲ့ ဒါယကာ ဒါယိကာမပိုင်း, ဝေယျာဝစ္စဆောင်ရွက်နေတဲ့ ဒါယကာ ဒါယိကာမပိုင်း ဆိုပြီးတော့ အပိုင်း (၄)ကဏ္ဍ ရှိပါတယ်။ ဒီခြေထောက် (၄)ချောင်းက ညီညီညာညာထောက်မှ ဖြစ်နိုင်တဲ့သဘော ရှိတယ်။ အဲဒီလို ညီညီညာညာထောက်မှ လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါ။ ညီညာတယ်ဆိုတာက ဘာကိုပြောတာလည်း ဆိုတော့ မိမိတစ်ဦးတည်းရဲ့ သဘောဆန္ဒနဲ့ မဆောင်ရွက်ဘဲ အများ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆောင်ရွက်တာကို ဆိုလိုတာပါ။ အဲဒီလို ဆောင်ရွက်ရာမှာ ဘယ်လို မူဝါဒကို မူတည်ပြီးတော့ မှီငြမ်းဆောင်ရွက်ရမလဲဆိုတာ အနည်းငယ် ပြောပြချင်ပါတယ်။
လောကမှာ ဓမ္မနှင့် အဓမ္မဆိုပြီးတော့ လမ်းကြောင်းနှစ်ခုကို မြတ်စွာဘုရားရှင်က ဟောကြားခဲ့ပါတယ်။ လောကမှာ အောင်မြင်ချင် တယ်ဆိုရင်တော့ ဓမ္မဆိုတဲ့ သုတ္တန်, ဝိနည်း, အဘိဓမ္မာလမ်းကြောင်း အတိုင်း ဆောင်ရွက်တတ်ဖို့ လိုပါတယ်။ အဓမ္မဆိုတဲ့ မသမာမှုတွေ ကိုလည်း ရှောင်ရှားတတ်ဖို့ လိုပါတယ်။ အဲဒီလို ဓမ္မဆိုတဲ့ လမ်း ကြောင်းပေါ်ကနေ သွားတဲ့အပိုင်းမှာ တစ်ဦးနှင့်တစ်ဦး ကာယကံ မေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာ ရှိဖို့ လိုအပ်ပါတယ်။ ဒီလို မေတ္တာရှိရမယ့်အပိုင်းမှာ ဘုရားရှင်က --- အာဝိ စေဝ ရဟော စ = မျက်မှောက်မှာရော မျက်ကွယ်မှာရော ---ဆိုပြီးတော့ မျက်မှောက် မျက်ကွယ် နှစ်မျိုးလုံးမှာပဲ မေတ္တာထားဖို့ကို အတော်ခပ်များများ နေရာတွေမှာ ဆုံးမထားပါတယ်။
ဒါကြောင့်မို့လို့ တစ်ဦးအပေါ်မှာ တစ်ဦးက မျက်မှောက်မှာလည်း ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာရှိဖို့ လိုအပ်ပါတယ်။ မျက်ကွယ်မှာလည်း ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာ ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို မေတ္တာဓာတ်တွေ ခြံရံပြီးတော့ - နောက် တစ်နည်းအားဖြင့်ပြောလျှင် ဗြဟ္မစိုရ်ဓာတ်တွေ ခြံရံပြီးတော့ မေတ္တာ ထားသင့်တဲ့ သတ္တဝါအပေါ်မှာ မေတ္တာထားလို့, ကရုဏာထားသင့်တဲ့ သတ္တဝါအပေါ်မှာ ကရုဏာထားလို့, ဝမ်းမြောက်ရမယ့် မုဒိတာတရား ထားရမယ့် သတ္တဝါအပေါ်မှာ မုဒိတာတရားတွေ ပွားများလို့, ဥပေက္ခာတရားတွေထားရမယ့် သတ္တဝါအပေါ်မှာ ဥပေက္ခာတရားတွေ ပွားများပြီးတော့ ညီညီညွတ်ညွတ် ဆောင်ရွက်တတ်ဖို့ လိုပါတယ်။ တစ်ဦးကိုတစ်ဦး ချစ်ခင်တဲ့ မေတ္တာမျက်လုံးနှင့် ကြည့်တတ်ဖို့ လိုပါတယ်၊ ကြင်နာသနားတဲ့ ကရုဏာမျက်လုံးနှင့် ကြည့်တတ်ဖို့လည်း လိုပါတယ်၊ တစ်ဦးရဲ့ကြိုးပမ်းမှုကို တစ်ဦးက ဝမ်းမြောက်တဲ့ မုဒိတာ မျက်လုံးနှင့် ကြည့်တတ်ဖို့လည်း လိုပါတယ်။ တစ်ဦးရဲ့ ကံကြမ္မာကို တစ်ဦးကနားလည်တဲ့ ဥပေက္ခာဗြဟ္မစိုရ်မျက်လုံးနှင့် ကြည့်တတ်ဖို့လည်း လိုပါတယ်။ တစ်ဦးကို တစ်ဦး ချစ်စရာသတ္တဝါအဖြစ် မြင်တတ်ရမယ်၊ ကြင်နာသနားစရာသတ္တဝါအဖြစ် မြင်တတ်ရမယ်၊ ဝမ်းမြောက်စရာ သတ္တဝါအဖြစ် မြင်တတ်ရမယ်၊ ကံအားလျော်စွာ ကောင်းကျိုး ဆိုးကျိုးကို ခံစံနေရတဲ့ သတ္တဝါအဖြစ် မြင်တတ်ရမယ်။ ဒီလို ကံအားလျော်စွာ ကောင်းကျိုး ဆိုးကျိုးကို ခံစံနေရတဲ့ သတ္တဝါအဖြစ် မြင်ခြင်းကိုပဲ ဥပေက္ခာဗြဟ္မစိုရ်မျက်လုံးနှင့် ကြည့်ခြင်းလို့ ဆိုလိုပါတယ်။ အဲဒီလိုမှ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာလို့ခေါ်တဲ့ ဗြဟ္မစိုရ်မျက်လုံးတွေနဲ့ တစ်ဦးနဲ့တစ်ဦး မကြည့်ဘဲ ကိုယ်ကြည့်နေကျ မျက်လုံး, ကိုယ်ကြည့်ချင်တဲ့မျက်လုံး, အိမ်မှာကြည့်တဲ့မျက်လုံး, ဟိုမှာ ကြည့်တဲ့မျက်လုံး, ဒီမှာကြည့်တဲ့မျက်လုံးစတဲ့ အဲဒီလို မျက်လုံးအမျိုးမျိုး တွေနဲ့ ကြည့်ပြီးတော့ ဆက်ဆံကြမယ်ဆိုရင်တော့ ဒီလုပ်ငန်းတွေ အောင်မြင်မယ်လို့ မထင်ပါဘူး။
ဒါကြောင့် မေတ္တာတရား ပွားသင့်တဲ့သတ္တဝါအပေါ်မှာ မေတ္တာတရားမျက်လုံးနဲ့ ကြည့်ပြီးတော့, ကရုဏာတရား ပွားသင့်တဲ့သတ္တဝါ အပေါ်မှာ ကရုဏာတရားမျက်လုံးနဲ့ ကြည့်ပြီးတော့, မုဒိတာတရား ပွားသင့်တဲ့သတ္တဝါအပေါ်မှာ မုဒိတာတရားမျက်လုံးနဲ့ ကြည့်ပြီးတော့, ဥပေက္ခာတရား ပွားသင့်တဲ့ သတ္တဝါအပေါ်မှာ ဥပေက္ခာတရားမျက်လုံးနဲ့ ကြည့်ပြီးတော့ လုပ်ငန်းတွေကို ဆောင်ရွက်ပြီး နေထိုင်သွားကြဖို့ လိုအပ်ပါတယ်။ ဒီကျောင်းတိုက်ရဲ့ သာသနာပြုလုပ်ငန်းတွေဟာ ရဟန်းပိုင်း, သီလရှင်ပိုင်း, အားပေးထောက်ပံ့နေတဲ့ ဒါယကာ ဒါယိကာမပိုင်း, ဝေယျာဝစ္စပိုင်းဆိုတဲ့ ခြေထောက် (၄)ချောင်း ထောက်မှ ဆက်လက်ပြီးတော့ တည်တံ့နိုင်တဲ့သဘော ရှိပါတယ်။ ခြေထောက် (၄)ချောင်းလုံးမှာ ဘယ်ခြေထောက်ကိုပဲ ကြည့်ကြည့် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်မျက်လုံးတွေနဲ့ အမြဲတမ်းကြည့် နေတဲ့ ခြေထောက်တွေ ဖြစ်အောင်လို့ ကြိုးစားကြပါလို့ တိုက်တွန်း နှိုးဆော်ပါတယ်။
ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း - ဖားအောက်တောရ၊
၁၃၆၆-ခု၊ ဝါဆိုလကွယ်နေ့၊
၁၅ . ၈ . ၂၀၀၄။
ဤစာစဉ်ကို ဓမ္မဒါနအဖြစ် ကူးယူပုံနှိပ်ခွင့် ရှိသည်။
: အပြစ်တင်ခြင်းဟာ အပြစ်တင်ခံရတဲ့သူကို မိမိဘက်ကနေ ပြန်လည်ပြီးတော့ ဟုတ်ဟုတ်, မဟုတ်ဟုတ် ထုချေလွှာတင်ဖို့ အခွင့်အလမ်းပေးလိုက်တာနဲ့ အတူတူပါဘဲ။
: မိမိကိုယ်ကို မိမိ အဆုံးအဖြတ် မခံလိုတဲ့အရာနဲ့ သူတစ်ပါးကို မဆုံးဖြတ်ချင်ပါနဲ့ကွယ်။
: မိမိရဲ့မြင့်မြတ်မှုကို မိမိရဲ့ အပြုအမူ အပြောအဆို အနေအထိုင်တွေနဲ့ ပြသကြစမ်းပါ။
: မိမိရဲ့အကြောင်းကို သိချင်လို့ရှိရင် မိမိကို မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေက ဘယ်လိုဆက်ဆံ သလဲဆိုတာကို နည်းနည်းလေး စူးစမ်းကြည့်ရင် သိနိုင်ပါတယ်။
: အပြစ်ပြောခြင်းဆိုတာဟာ ညီညွတ်မှုကို အင်မတန် အနှောင့်အယှက်ပေးတဲ့ကိစ္စ ဖြစ်ပါတယ်။
: နာယကအစည်းအဝေး၌ ညီညွတ်ရေး
လျှောက်ကြားချက်။
အကျိုးဆောင်သူများသို့
ဖားအောက်တောရ တရားရိပ်သာကြီးဟာ အခုဆိုရင် တစ်စထက်တစ်စ ကြီးကျယ်လာပြီး အစစအရာရာ တိုးတက်လာနေတာ တွေ့နေရပါတယ်။ အဲဒီ တိုးတက်ခြင်းနှင့်အတူ ရောက်ရှိလာကြတဲ့ လူယောဂီ ရှင်ယောဂီ အစရှိသည့် ပရိသတ်တစ်တွေ ချမ်းချမ်းသာသာနဲ့ တရားအားထုတ်နိုင်ကြပါစေဆိုတဲ့ ဆရာတော်ကြီးရဲ့ ဆန္ဒတော်က ပိုကြီးမားတဲ့အတွက် ကျောင်းတိုက်တာဝန်တွေကို ကူညီထမ်းဆောင်ပေးဖို့ အကူအညီတောင်းခြင်းဆိုတဲ့ ကိစ္စမျိုးတွေကို ဆရာတော် ဘုရားပြောခဲ့တာ အလွန်နည်းပါးပါတယ်။ တစ်ပါးထဲ စိတ်ပင်ပန်းခံ ကိုယ်ပင်ပန်းခံပြီးတော့ လုပ်ကိုင်ဆောင်ရွက်ခဲ့တာကိုပဲ ကာလကြာမြင့်စွာ တွေ့ခဲ့ရပါတယ်။ အဲဒီလို လုပ်ကိုင်ရာမှာ လိုအပ်လာတဲ့ အနေ အထား တိုးတက်လာတဲ့ အနေအထားအရ သဒ္ဓါတရားကို အခြေခံပြီး မိမိတို့ဆန္ဒ အားလျော်စွာ ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ခဲ့ကြတဲ့ ဆရာတော် သံဃာတော်တွေ, သီလရှင် ဒါယကာ ဒါယိကာမတွေ ရှိခဲ့ကြပါတယ်။ အချို့သော ပုဂ္ဂိုလ်တွေကတော့ လက်ရှိ ဖားအောက်တောရမှာ မရှိတော့ပေမယ့် ဆရာတော်ကြီး သာသနာပြုလုပ်ငန်းတွေ စတင်ဆောင်ရွက်ချိန်မှ အစပြုပြီး အခုအချိန်အထိ ဝိုင်းဝန်းကူညီနေကြတဲ့ ဆရာတော် သံဃာတော်တွေ, သီလရှင် ဒါယကာ ဒါယိကာမတွေလည်း အခုအချိန်ထိ ရှိနေကြပါသေးတယ်။ အခု ဒီစာကို ဖတ်နေကြတဲ့ အထဲမှာလည်း ပါကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ဆရာတော်ကြီးနှင့် ယခုအချိန်အထိ လက်တွဲညီညီ သာသနာပြု လုပ်ငန်းတွေကို လုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်တဲ့အခါမှာ ဆရာတော်ဘုရား ဖြစ်စေလိုတဲ့ ဆန္ဒကို ရှေးရှုပြီး နောက်ကနေ ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ဆန္ဒဓာတ်နှင့်သာ လုပ်ကိုင်နေကြတာကို ယနေ့ထိ တွေ့မြင်နေရဆဲပါ။ တရားနှင့် လျော်ညီတဲ့ ဆရာတော်ဘုရားရဲ့ ဆန္ဒတော်တွေကို အလေးဂရုပြုပြီး သာသနာ့တာဝန်, ကျောင်းတိုက် တာဝန်တွေကို ထမ်းဆောင်နေခဲ့ကြခြင်းသာ ဖြစ်တယ် ဆိုတာကိုလည်း သတိပြုမိပါတယ်။ ဆရာတော်ဘုရားကြီးနှင့် လက်တွဲပြီး သာသနာ့တာဝန်ကို ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များဟာ ဆရာတော် ဘုရားကြီးကဲ့သို့ပင် ရောက်ရှိလာတဲ့ ယောဂီသူတော်ကောင်းတို့ကို ချမ်းချမ်းသာသာဖြင့် တရားအားထုတ်နိုင်စေလိုတဲ့အတွက် အနည်းငယ်သော ပုဂ္ဂိုလ်များဖြင့်သာ ပင်ပန်းကြီးမားလှတဲ့ တာဝန်တွေကို ယူပြီး မညည်းမညူ လက်တွဲလုပ်ဆောင်ခဲ့တာ ဖြစ်လေတော့ ယခုဆိုရင် ကြီးမားလာတဲ့, တိုးတက်လာတဲ့ အရှိန်အဟုန်တွေကြောင့် တာဝန်တွေလည်း အတော်ပဲ ပိလာနေကြပါပြီ။ တစ်ခါတစ်ရံမှာ မွန်းကြပ်မှုတွေ ဖြစ်ပေါ်ခဲ့ကြရတာတွေကိုလည်း မြင်တွေ့ကြရပါ တယ်။ သို့သော်ငြားလည်း သူတော်ကောင်းတို့ရဲ့ ရှေးထုံးအစဉ်အလာ အတိုင်း သည်းခံခြင်းတရား ဦးထိပ်ထားပြီး အခက်အခဲမြောက်များစွာကို ဉာဏ်မှီသမျှ အတွေ့အကြုံတွေအပေါ် အခြေခံလျက် ဗြဟ္မစိုရ် တရား လက်ကိုင်ထားပြီး ယနေ့အချိန်အထိ ကျော်လွှားဖြေရှင်း နေကြဆဲပါ။
ဥပမာပေါ့လေ...စကားလေးတစ်ခွန်းဟာ ဘာမှ မပြောပ လောက်ပေမယ့် တဖြည်းဖြည်းနဲ့ ပြောကြပါများတော့ အဓိပ္ပါယ် ယူဆချက် အမျိုးမျိုးတွေဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး နားမလည်နိုင်မှုတွေ ဖြစ်ခဲ့ကြရ, ဖြစ်နေကြရတာတွေကို ရံခါရံခါ တွေ့နေရပါသေးတယ်။ ဒီလိုနားမလည်မှုတွေ, အထင်လွဲခံရမှုတွေကြားမှာ ကျောင်းတိုက်ရဲ့ တာဝန်တွေကို ကိုယ်စီကိုယ်စီ ဆောင်ရွက်နေကြရလေတော့ ဒီလို ဆောင်ရွက်နေကြရတဲ့ ပုဂ္ဂိုလ်တွေမှာ ဒီလိုတာဝန်တွေ ယူနေကြရတာ ဟာ ပိုပြီးတော့လည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကြရလိမ့်မယ် လို့လည်း တွေးမိပါတယ်။
အခုဆိုရင် တိုက်တာရဲ့ တာဝန်တွေကို ရောက်ရှိလာတဲ့ ဆရာတော်, သံဃာတော်, သီလရှင်, ယောဂီ, ဒါယကာ, ဒါယိကာမအဖွဲ့ တွေနဲ့ ဝိုင်းဝန်းပြီး တာဝန်ယူလာကြလေတော့ ဒီလိုအခက်အခဲတွေဟာ အတော်အတန် သက်သာမှု ရလိမ့်မယ်လို့ မြင်မိပါတယ်။ ဒါပေမယ့် ဥပမာတစ်ခုနဲ့ ထုတ်ဆောင် တင်ပြချင်တာလေးတစ်ခု ရှိနေပါတယ်။ တိုင်းပြည်တစ်ခုကို တည်ဆောက်တဲ့အခါမှာ ဆိုင်ရာ ဆိုင်ရာ အသိပညာရှင်တွေ အတတ်ပညာရှင်တွေဟာ တိုင်းပြည်အတွက် ဆိုင်ရာဆိုင်ရာ ထောင့်တစ်နေရာရာကနေ ပူးပေါင်းပါဝင်ပြီး တည်ဆောက်လိုက်ပါမှ ကောင်းမွန်တိုးတက်တဲ့ တိုင်းပြည်တစ်ခု ဖြစ်ပေါ် လာသလိုပါပဲ၊ အခု ဖားအောက်တောရမှာလည်း ဆိုင်ရာဆိုင်ရာ တာဝန်တွေကို သဒ္ဓါတရား ရှေ့ထားပြီး လုပ်ကိုင်နေကြတာတွေကို ကြည့်လိုက်တဲ့အခါမှာ အဖွဲ့အစည်းများစွာနဲ့ ဖွဲ့စည်းပြီး လုပ်နေကြရတာကို တွေ့မြင်နေရပါတယ်။
ရေရရှိရေးအတွက် ကြိုးပမ်းနေကြတဲ့အဖွဲ့ ဆိုပါတော့။ သူတို့သာ ရေကို လုံလောက်အောင် လုပ်ထားမပေးနိုင်ဘူးဆိုရင် အခုလို တောတောင်ထဲမှာ နေထိုင်သီတင်းသုံးကြရတဲ့ ရဟန်းသံဃာတွေ ယောဂီပရိသတ်တွေဟာ ဘယ်လိုမှ နေထိုင်နိုင်ကြမှာ မဟုတ်ပါဘူး။ ဒီတာဝန်ကို ယူထားကြရတဲ့ ပုဂ္ဂိုလ်တွေဟာ အင်မတန်မှ ပင်ပန်းကြ ပါတယ်။ ကျေးဇူးအလွန်များကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ အခန်းကဏ္ဍမရှိဘဲနဲ့ ဘယ်သူမှ ချမ်းချမ်းသာသာ တရားအားထုတ်နိုင်ကြမှာ မဟုတ်ပါဘူး။
မီးရရှိရေး, အဆင်ပြေရေးအတွက် ကြိုးပမ်းနေကြရတဲ့ အဖွဲ့တွေကို ကြည့်လိုက်ရင်လည်း နေပူမရှောင် မိုးရွာမရှောင် ရေရရှိရေး အဖွဲ့တွေလိုပဲ ကြိုးစားပမ်းစား ဆောင်ရွက်နေကြပါတယ်။ အန္တရာယ် ကြီးမားပေမယ့် သာသနာတော်ကို စွမ်းနိုင်သမျှသော ကာယ, ဉာဏအားနဲ့ ပံ့ပိုးမယ်ဆိုတဲ့ သူတို့ရဲ့စိတ်ဓာတ်ကို တကယ်ပဲ လေးစားမိပါတယ်။ သူတို့သာ မစွမ်းဆောင်ခဲ့ရင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ပြဿနာတွေက အများကြီးပါ။ မီးမလာရင် ရေမရနိုင်ပါဘူး။ ရေမရရင် ဆွမ်းချက်တဲ့ ကိစ္စကအစ အစစအရာရာမှာ အခက်အခဲတွေ မြောက်မြားစွာ ဖြစ်လာနိုင်ပါတယ်။ ဒီအဖွဲ့တွေလည်း သူ့အဖွဲ့နဲ့သူ စွမ်းဆောင်နိုင်သမျှ တာဝန်တွေကို ယူထားကြတာပါ။
ပြီးတဲ့အခါ ဆောက်လုပ်ရေးအဖွဲ့...သူတို့တစ်တွေ ကြိုးကြိုးစားစားနဲ့ ကြီးကြပ်ပြီး မဆောက်ခဲ့ကြရင်လည်း လုံလောက်တဲ့ အဆောက်အဦ မရှိတဲ့အတွက် ရောက်လာတဲ့ယောဂီ ပရိသတ်တွေ အားလုံးဟာ ဘယ်လိုမှ ချမ်းချမ်းသာသာနဲ့ သီတင်းသုံးနိုင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအဖွဲ့ကို ကြည့်လိုက်လို့ရှိရင်လည်း သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ခေါ်တဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမသာသနာတော်ကို တိုးတက်ကြီးပွားအောင် ပံ့ပိုးရွက်ဆောင်တဲ့နေရာမှာ အလွန်အရေးပါ အရာရောက်တာကို သိနိုင် မြင်နိုင်ကြပါတယ်။
နောက်တစ်ခုက ဆွမ်းချက်တဲ့ ကိစ္စပါ။ သီလရှင် ဆရာကြီး ဆရာလေးတွေနဲ့ ဝေယျာဝစ္စလုပ်အားဒါနရှင်တွေရဲ့ တကယ့်ကို ကြိုးကြိုး စားစားနဲ့ လာရောက်ဖြည့်ဆည်းပေးနေကြတာဟာ သာသနာတော်ကို ကြီးစွာသော ထောက်ပံ့မှုတွေ ပေးနေခြင်းပဲ ဖြစ်ပါတယ်။ တစ်နေ့လျှင် လူဦးရေ (၇၀၀) ကျော်လောက်ကို အဆင်ပြေစေတဲ့ အာဟာရတွေ ရရှိစေနိုင်ရေးအတွက် စီမံရခြင်းဟာ ကြီးမားလှတဲ့ တာဝန်တစ်ခု ဆိုတာ စာရှုသူတို့အနေနဲ့ ခန့်မှန်းကြည့်နိုင်ပါတယ်။ လူအများအတွက် တစ်ချိန်ထဲမှာ အဆင်ပြေအောင်လို့ စီမံရတဲ့ ဒယ်အိုး, ဒန်အိုးတွေက မသေးကြသလို မီးဖိုတွေကလည်း မသေးကြပါဘူး။ မီးဖိုတွေက ကြီးတော့ မီးတောက် မီးလျှံတွေရဲ့ အပူဒဏ်တွေကို နေ့စဉ်နှင့်အမျှ ကျော်လွှားနေရတဲ့ မီးဖိုနားက စီမံနေတဲ့သူတွေဟာ အလွန်ပင်ပန်းကြပါတယ်။ ဒီအဖွဲ့အနေနဲ့ သဒ္ဓါတရား ရှေ့ထားပြီး မိမိတို့ရဲ့ တာဝန်တွေကို စွမ်းစွမ်းတမံ မဆောင်ရွက်ပေးနေဘူးဆိုရင် ဘယ်လိုမှ ချမ်းချမ်းသာသာနဲ့ တရားဘာဝနာတွေ ကျင့်ကြံနိုင်ကြမှာ မဟုတ်ပါဘူး။ သာသနာတော်ကိုလည်း ပြန့်ပွားအောင် ဖြန့်ဖြူးလို့ မရနိုင်ပါဘူး။
နောက်အလုပ်များကြတဲ့ နေရာကတော့ သံဃာယောဂီ, လူယောဂီ လက်ခံနေရာချထားရေးအဖွဲ့, ကွန်ပြူတာအဖွဲ့တွေပါဘဲ။ အင်မတန်မှ အလုပ်များကြပါတယ်။ တကယ်လက်တွေ့ လုပ်ကိုင်နေကြရတဲ့ သူတွေကတော့ ပိုပြီး သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါ တယ်။ ဘေးကနေ ကြည့်ရတာနဲ့ကို အများကြီး သဘောပေါက် နားလည်မိပါတယ်။ ပုဂ္ဂိုလ်မျိုးစုံ စရိုက်မျိုးစုံတွေကို ဘယ်လောက်ထိ သည်းခံစိတ်ထားပြီး ဆက်ဆံနေရမယ်, အားလုံးသောအဖွဲ့အစည်းများသည်လည်း အခက်အခဲတွေကြားထဲက အလုပ်လုပ်နေကြရမယ် ဆိုတာကိုလည်း မျှဝေခံစားမိပါတယ်။
ဖားအောက်တောရရဲ့ တိုးတက်လာနေတဲ့ တိုးတက်မှုနှင့်အတူ လိုအပ်ချက်တွေကို စွမ်းနိုင်သမျှ ပြည့်စုံအောင်လို့ ကြိုးစားဆောင်ရွက်နေတဲ့ နေရာမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရော, အလှူရှင်တွေရော လက်တွဲညီညီနဲ့ ဆောင်ရွက်နေကြလို့ အခုဆိုရင် အတော်ကြီး ဖြည့်ဆည်းပေးနေနိုင်တာကို တွေ့မြင်နေရပါတယ်။ သာသနာတော်ကြီး စည်ပင်ပြန့်ပွားစေဖို့, သူတော်ကောင်းတွေ တရားထူး တရားမြတ် ရရှိဖို့အတွက် စွမ်းနိုင်သမျှ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေလို့ ဆိုရင် မမှားပါဘူး။
ဒါကြောင့်မို့လို့ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းရဲ့ တာဝန်တွေကို လေးလေးစားစားနဲ့ အသိအမှတ်ပြုစေချင်ပါတယ်။ လူတိုင်း လူတိုင်းဟာ မိမိကိုယ်ကို မိမိ အထင်ကြီးကြပါတယ်။ မိမိလုပ်တဲ့ အလုပ်သည် သာလျှင် တကယ့်ကို ကောင်းတယ်၊ အဓိပ္ပါယ်ရှိတယ်၊ ငါဟာ အရေးအကြီးဆုံးပုဂ္ဂိုလ်ပဲလို့ ရင်ထဲကနေ ပြောနေတဲ့ ပုဂ္ဂိုလ်တွေ များကြပါ တယ်။ ဒါတွေဟာ သတ္တဝါတို့ရဲ့ သဘာဝတစ်ခု ဖြစ်တဲ့အတွက် ကြောင့် ဒါကို အပြစ်လို့ မဆိုချင်ပါဘူး။ ဒါပေမယ့် မိမိတို့ တစ်ဦး တစ်ယောက်တည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးဆိုတာကိုတော့ နားလည် သဘောပေါက်စေချင်ပါတယ်။ အားလုံးစွမ်းနိုင်ပါမှ ကြိုးစားနိုင်ပါမှသာလျှင် ဖြစ်နိုင်တဲ့ အလုပ်တွေ ဖြစ်ကြပါတယ်။ အဲဒီတော့ တခြားသော အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့...စည်းကမ်းထိန်းသိမ်းရေး, ဓမ္မဒေသနာပြန့်ပွားရေး, နိုင်ငံခြားသားယောဂီ ရဟန်းယောဂီ လူယောဂီများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေး, အဆောက်အဦများ သန့်ရှင်းသာယာ သပ်ရပ်စေရေး, ကျန်းမာရေး ဝိုင်းဝန်းစောင့်ရှောက် ကူညီပေးရေး, ဂိလာနသံဃာတော်များအတွက် အာဟာရပြည့်စုံအောင် သီးသန့်စီစဉ်ပေးရေး စသည့် တာဝန်တွေ အပြင် ဆွမ်းချက်ရုံ, ဆွမ်းလောင်းရုံများ၌ တာဝန်အသီးသီး ယူထားသူတွေလည်း ရှိပါတယ်။ သိသူနည်းပါးပြီး အင်မတန် ပင်ပန်းလှတဲ့ တာဝန်တွေကို ယူထားတဲ့ ပုဂ္ဂိုလ်အချို့၊ အဖွဲ့အချို့ကို ကြည့်လိုက်လျှင် သဒ္ဓါတရားကို အခြေခံပြီးတော့ လုပ်နေကြတာပါ။ ရေရရှိရေး အတွက် တာဝန်ယူထားကြတဲ့ ပုဂ္ဂိုလ်တွေဆိုရင် တစ်ခါတစ်ရံ တစ်ညလုံးမအိပ်ဘဲနဲ့ လုပ်ကြရတာတွေလည်း ရှိပါတယ်။
ဒါတွေကို ကြည့်လိုက်ရင် ဖားအောက်တောရဟာ အရှိန်ပြင်းပြင်းနဲ့ လည်ပတ်နေတယ်ဆိုတာ သိသာနိုင်ပါတယ်။ ဒါပေမယ့် ကျောင်းတိုက်ကြီးဟာ သိပ်ကြီးမားလာတဲ့ အခါကျတော့ ပင်ပန်းနေကြပါပြီ။ ရဟန်းတော်များ အပိုင်းရော, သီလရှင်များ, အနုဂ္ဂဟအဖွဲ့များလည်း ပင်ပန်းနေကြပါတယ်။ ဒါပေမယ့် သဒ္ဓါတရားအခြေခံပြီး ဆရာတော်ကိုလည်း ကြည်ညိုလို့, သာသနာတော်ကိုလည်း ကြည်ညိုလို့, ကျင့်စဉ်ပိုင်းကိုလည်း စိတ်ချယုံကြည်ကြလို့ တော်ပြီ ... ဒါတွေမလုပ်တော့ပါဘူးလို့ ဆုံးဖြတ်ချက် ခဏခဏချပြီးပါလျက်နဲ့ ပြန်ပြီး လုပ်နေကြတာဟာ စွန့်လွှတ်နေကြတာပါ, သည်းခံ နေကြတာပါ, တကယ့် မေတ္တာနဲ့ ရှေးရှုပြီး လုပ်နေကြတာပါလို့ မြင်မိပါတယ်။ မေတ္တာနဲ့ သည်းခံခြင်းဟာ မရှိမဖြစ် လိုအပ်တယ်။ လို့ တာဝန်ရှိသူ ပုဂ္ဂိုလ်တစ်ဦးက ပြောလိုက်တဲ့ စကားဟာ ကိုယ်တွေ့ကနေ ဖြစ်ပေါ်လာတဲ့ အလွန်လက်တွေ့ကျတဲ့ စကားလုံးပဲဆိုတာ ကောင်းကောင်းကြီး သဘောပေါက်မိပါတယ်။
အများအကျိုးဆောင်နေတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ လက်ကိုင်ထားကြရပြီးတော့ သည်းခံခြင်းဆိုတာကို အတော်လေး လက်ကိုင်ပြုပြီး သွားကြရတဲ့သဘော ရှိပါတယ်။ အခုလို အဖွဲ့အစည်းတွေ ရှိအောင်လို့ ကြိုးစားကြရတဲ့ ရည်ရွယ်ချက်က လုပ်ငန်းကြီး မလည်ပတ်လို့ မဟုတ်ပါဘူး။ လည်ပတ်နေတဲ့ လုပ်ငန်းကြီးကို ဆထက် ထမ်းပိုး တိုးပြီး အချိတ်အဆက် ညီညီနဲ့ အခုလိုမျိုး အနည်းငယ်မျှသော ပုဂ္ဂိုလ်တွေ ပင်ပန်းနေကြရတာကို မျှဝေခံစားပြီး လုပ်နိုင်ရေးအတွက် ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။ လုပ်နေတဲ့ပုဂ္ဂိုလ်တွေဟာ တကယ့်ကို အနစ်နာခံပြီးတော့ လုပ်နေကြတာပါ။ ဒါပေမယ့် အဲဒီလို တစ်ဦးတစ်ယောက်တည်း လုပ်တဲ့အတွက်ကြောင့် သတ္တဝါတွေ အများဆုံး ဖြစ်တတ်တာက ဘေးကနေကြည့်ပြီးတော့ မကောင်းပြောတတ်တဲ့ သဘာဝရှိပါတယ်။ အဲဒီသဘာဝဟာ စာရေးသူမှာလည်း ရှိမယ်လို့ ဝန်ခံပါတယ်။ အခြားသူများမှာ ရှိမယ် မရှိဘူးဆိုတာ တော့ လူ့သဘာဝကို နားလည်ပြီး ရိုးရိုးသားသားနဲ့ ဆင်ခြင်ကြမယ်ဆိုရင် သိနိုင်ပါတယ်။
ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲလို့ ပြန်ဆန်းစစ်လိုက်တဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဘာတွေ လုပ်နေကြရတယ် ဆိုတာကို အတွင်းကျကျ မသိတာကြောင့် ဖြစ်ရတာပါ။ တကယ်တော့ တကယ် တမ်း လုပ်နေရသူတွေမှာ အင်မတန် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ များစွာကို သည်းခံပြီးတော့ သာသနာတော်အတွက်, သတ္တဝါတွေ ချမ်းသာဖို့အတွက်, ဤသူတော်ကောင်းတွေ တရားရကြပါစေဆိုတဲ့ ဆန္ဒကို ပြန်ပြန်တည့်မတ်ပြီး လုပ်နေကြရတာပါ။ ဒါတွေကို အားလုံးသော တာဝန်ရှိသူတွေက တစ်ပါးနဲ့တစ်ပါး, တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆွေးနွေး တိုင်ပင်ကြပြီးတော့ ညီညီညွတ်ညွတ်နဲ့ သွားကြမယ်ဆိုရင် ဘယ်နေရာကတော့ဖြင့် ဘယ်လောက်ထိ ပင်ပန်းတယ်။ ဘယ်နေရာကတော့ဖြင့် ငါဝင်သင့်တယ်။ ဘယ်နေရာကတော့ဖြင့် သူနဲ့ ထိုက်တန် တယ် အစရှိတဲ့ မိမိ သူတစ်ပါးရဲ့ အရည်အချင်းတွေကို ကောင်းကောင်း နားလည်ပြီးတော့ သူလုပ်နေတဲ့ အလုပ်အပေါ်မှာ မကျေနပ်တဲ့ စိတ်ထားတွေ, ဣဿာ မစ္ဆရိယတရားတွေ ဖြစ်နိုင်ခွင့် နည်းပါး လာမှာ ဖြစ်သလို မိမိလုပ်နေတဲ့ အလုပ်အပေါ်မှာလည်း ကျန်နေတဲ့ သူတစ်ပါးတွေက နားလည်မှု ဝင်လာကြပြီး ဖြစ်တတ်တဲ့ မကျေနပ်မှု တွေဟာ ဝင်ရောက်ခွင့် မရတော့ဘဲ လက်တွဲပြီးတော့ လုပ်ကိုင်သွား နိုင်ကြမှာ ဖြစ်တယ်။
တကယ်လုပ်ကြည့်တော့မှ ဘာတွေ လုပ်ရတယ်ဆိုတာကို သိကြ ရတာပါ။ အပြင်က ကြည့်မယ်ဆိုရင် အပေါ်ယံကြောအားဖြင့် နားမလည်နိုင်တာတွေ အများကြီး ရှိပါတယ်။ တချို့သောအရာတွေ ဉာဏ် သက်ဝင်နိုင်ပေမယ့် တချို့သောအရာတွေဟာ ဉာဏ်မသက်ဝင်နိုင် ပါဘူး။ ရဟန္တာတွေတောင်မှ မိမိတို့ မသင်ခဲ့ရတာကို မသိနိုင်ပါဘူး။ စာရေးသူ စာဖတ်သူတို့အနေနဲ့ မသိတာတွေ အများကြီး ရှိပါသေးတယ်။ ပြီးတော့ သက္ကာယဒိဋ္ဌိတန်းလန်းနဲ့ ငါစွဲဆိုတာတွေ ရှိနေကြသေးတော့ အရာရာကို ငါဆိုတဲ့ အတ္တနဲ့ ဆုံးဖြတ်ပြီးတော့ ပြောဆို လုပ်ကိုင်ချင်ကြတဲ့ သဘာဝလေးတွေကိုလည်းပဲ အနည်းငယ် ဆင်ခြင် ကြစေချင်ပါတယ်။ ငါဆိုတဲ့ သက္ကာယဒိဋ္ဌိရဲ့ ကျေးကျွန်တွေ ဖြစ်နေကြရတဲ့, ဘေးနဲ့နီးတဲ့ မိမိတို့ရဲ့ ဘဝကိုလည်း မြင်အောင် ကြည့်ကြပါ။ သက္ကာယဒိဋ္ဌိတန်းလန်းနဲ့ အသက်ရှင်နေရတဲ့ ပုထုဇန်တို့ရဲ့ ဘဝက ဘေးအမျိုးမျိုးနဲ့ အမြဲဆက်ဆံနေရတဲ့သဘော ရှိတာကို သတိရှိစေ ချင်တယ်။ အများနဲ့ အလုပ်လုပ်တဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး လေးစားမှု ရှိကြပါ။ ဘာကြောင့်လည်းဆိုတော့ တစ်ဦးတစ်ယောက်တည်းနဲ့ ဘယ်လိုမှ မလည်ပတ်နိုင်တဲ့ ကြီးမားလှတဲ့ သာသနာတော်ကြီးရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ သူများပီပီ တစ်ပါးနဲ့တစ်ပါး အချိတ်အဆက်ညီညီနဲ့ သွားနိုင်ဖို့ဆိုတာက တစ်ပါးကိုတစ်ပါး လေးစားဖို့ လိုပါတယ်။ ငယ်တဲ့သူအများစုဟာ ကြီးတဲ့သူတွေကို လေးစားပြီးသား ဖြစ်ပါတယ်။ ကြီးတဲ့သူများဘက်ကလည်း ငယ်တဲ့သူတွေကို လေးစားမယ်ဆိုရင် ရှိပြီးသား လေးစားကြည်ညိုမှုဟာ ပိုပြီး တိုးလာမှာ ဖြစ်ပါတယ်။ ပညာရှိတွေ ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ မိမိရဲ့ မြင့်မြတ် မှုကို မိမိရဲ့ အပြုအမူ, အပြောအဆို, အနေအထိုင်တွေနဲ့ ပြသကြစမ်းပါတဲ့။ မိမိတို့ရဲ့ မြင့်မြတ်မှုကို မိမိတို့ရဲ့ အပြုအမူ အပြောအဆိုတွေက သတ်မှတ်ကြသလို နိမ့်ကျတဲ့ စိတ်ဓာတ်တွေကိုလည်း မိမိတို့ရဲ့ အပြုအမူ အပြောအဆိုက ဖော်ပြပေးနေကြ သတ်မှတ်ပေးနေကြ တာပါ။ မိမိရဲ့ အကြောင်းကို သိချင်လို့ရှိရင် မိမိကို မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေက ဘယ်လို ဆက်ဆံသလဲ ဆိုတာကို နည်းနည်းလေး စူးစမ်းကြည့်ရင် သိနိုင်ပါတယ်လို့ ပညာရှိတွေက ဆိုကြပါ တယ်။ အလွန်မှန်ပါတယ်။ မိမိကို ဘယ်လို ပုဂ္ဂိုလ်တွေက ဘယ်လို ဆက်ဆံကြသလဲဆိုတာဟာ မိမိနဲ့ထိုက်တန်တဲ့ အပြုအမူကို ပြန်လည် တုံ့ပြန်ကြတဲ့ သဘောပါ။ အဲဒါလေးတွေကို သတိထား ကြည့်ပြီး ငါတို့ ဘာတွေ ပြုပြင်သင့်သလဲ? မိမိကိုယ်ကို မိမိ ပြန်ပြီး ဆင်ခြင်ပေး စေချင်ပါတယ်။ ဆင်ခြင်ပေးဖို့ လိုပါတယ်။
အများနဲ့ လုပ်ဆောင်တဲ့နေရာမှာ ညီညွတ်မှု အလွန်အရေးကြီး ပါတယ်။ အပြစ်ပြောခြင်းဆိုတာဟာ ညီညွတ်မှုကို အင်မတန် အနှောင့်အယှက်ပေးတဲ့ ကိစ္စဖြစ်ပါတယ်။ အမေရိကန်သမိုင်းကြောင်းကို အလွန်အားကောင်းကောင်းနဲ့ ပြောင်းပေးခဲ့တဲ့ သမ္မတလင်ကွန်းဆိုတာ ရှိခဲ့ဖူးပါတယ်။ သူသေခါနီးအချိန်မှာ သူ့ရဲ့စစ်ဝန်ကြီး ကနေ ပြောခဲ့တဲ့ စကားလေးကို ပြောပြချင်ပါတယ်။ အခု ဒီမှာ လဲလျောင်းနေတဲ့ ပုဂ္ဂိုလ်ဟာ လူတွေကို အုပ်ချုပ်တဲ့နေရာမှာ အင်မတန်တော်တဲ့, အင်မတန်အစွမ်းထက်တဲ့ ထိပ်တန်းအကျဆုံး ပုဂ္ဂိုလ်ပဲလို့ ဥဒါန်းကျူးပြီးတော့ ပြောဆိုခဲ့ဖူးပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ တစ်ချိန်က (သမ္မတမဖြစ်ခင်) ပုဂ္ဂိုလ်တစ်ယောက်ကို ဆောင်းပါးရေးပြီး ကလောင်သွားနဲ့ အပြစ်တင်ကာ မချိမဆံ့ မခံနိုင်အောင်လို့ကို သရော် ခဲ့ အပြစ်ပြောခဲ့ဖူးပါတယ်။ ဒီလို သရော်ပြီး အပြစ်တင်တဲ့ ဆောင်းပါးကို လူတွေက ဖတ်ရတဲ့အခါမှာ အလွန်မှ သဘောကျပြီး အူတက်အောင် ရယ်ကြပါတယ်။ ဆောင်းပါးထဲမှာ သရော်ခံရတဲ့ ပုဂ္ဂိုလ်ဟာ ဒီစာကို ဘယ်သူရေးတာလည်းဆိုတာကို စုံစမ်းတော့ (သမ္မတလင်ကွန်း ဖြစ်လာမယ့်) ဒီပုဂ္ဂိုလ်ပဲဆိုတာ သိခဲ့ပါတယ်။ သိလိုက်တော့ သိပ်ကို ဒေါသဖြစ်သွားပါတယ်။ သတ္တိရှိရင် မင်းနဲ့ငါ အသက်သေသည်အထိ ဓားချင်းယှဉ်ခုတ်မယ်ဆိုပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ ဆောင်းပါးရေးတဲ့ (သမ္မတလင်ကွန်း ဖြစ်လာမယ့်) သူက မခုတ်ချင်ပေမယ့်လည်း ဂုဏ်ကိုငဲ့ပြီး လက်ခံလိုက်ရပါတယ်။ ဓားခုတ်တဲ့ပညာလည်း မတတ်လေတော့ ချိန်းတဲ့ရက် မတိုင်မီ ဓားခုတ်တဲ့ပညာကို အမြန်သင်ရပါတယ်။ သူတို့ဟာ ကိုယ့်အုပ်စုနဲ့ကိုယ် ချိန်းတဲ့ရက်, ချိန်းတဲ့ နေရာကို သွားခဲ့ကြတယ်။ တစ်ယောက်ကို တစ်ယောက် အသေခုတ်သတ်ရန် တွေ့ဆုံကြတဲ့ပွဲမှာ ဒီအုပ်စု (၂)စုက သူတို့နှစ်ဦးကို ဝိုင်းပြီး ဖြန်ဖြေပေးလိုက်ကြတဲ့အတွက် ဓားခုတ်ပွဲတော့ မဖြစ်ခဲ့ပါဘူး။ အဲဒီမှာ သမ္မတလင်ကွန်း ဖြစ်လာမယ့်ပုဂ္ဂိုလ်ဟာ အကြီးအကျယ် နောင်တ ရခဲ့ပါတယ်။ ဒီပြဿနာဟာ သေလောက်အောင် ဖြစ်မယ့် ပြဿနာဘဲ။ ဒါဟာ အပြစ်တင်ခြင်းကြောင့်, တစ်ပါးသူကို အပြစ်ပြောဆိုမိတဲ့ အတွက်ကြောင့် ဖြစ်လာရတာဘဲဆိုပြီး သုံးသပ်မိသွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးတော့ သူဟာ အပြစ်တင်ခြင်းဆိုတဲ့ လုပ်ငန်းကို လုံးဝစွန့်လွှတ်ခဲ့ပါတယ်။ သမ္မတဖြစ်လာတဲ့ အခါကျတော့ တစ်ချိန်မှာပေါ့လေ, စစ်ဝန်ကြီးတွေ တစ်ဦးပြီး တစ်ဦး ပြောင်းခဲ့ရတဲ့ အခြေအနေ တစ်ခု ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူ့ဇနီးသည်က သူ့ကို ဒီလိုပြောပါလားဆိုပြီး အကြံပေးတော့ သမ္မတလင်ကွန်းက မိမိကိုယ်ကို မိမိ အဆုံးအဖြတ် မခံလိုတဲ့အရာနဲ့ သူတစ်ပါးကို မဆုံးဖြတ်ချင် ပါနဲ့ကွယ်ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ အပြစ်တင်မှုကို ဘယ်သူက လက်ခံချင်ပါသလဲ?လို့ မေးရင် ဘယ်သူမှ လက်မခံချင်ပါဘူး။ တကယ်မှားသွားတာပဲ ဖြစ်ပါစေ။ လူတိုင်း လူတိုင်းဟာ မိမိကိုယ်ကို မိမိ အထင်ကြီးပြီး မှန်တယ်ထင်လို့ လုပ်ကြတာပါပဲ။ အဲဒီတော့ အပြစ်တင်လိုက်ခြင်းသည် ဘယ်လို ဖြစ်လာသလဲဆိုတော့ အပြစ်တင် ခံရသူကို ပြန်လည်ပြီးတော့ အကြောင်းအကျိုးနဲ့ ချေပဖို့ရန် နှိုးဆော် လိုက်တာနဲ့ အတူတူပါ။ အပြစ်တင်ခြင်းဟာ အပြစ်တင် ခံရတဲ့သူကို မိမိဘက်ကနေ ပြန်လည်ပြီးတော့ ဟုတ်ဟုတ်, မဟုတ်ဟုတ် ထုချေလွှာတင်ဖို့ အခွင့်အလမ်း ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဘာကြောင့် လဲ? မိမိကိုယ်ကို မိမိ အထင်ကြီးနေတဲ့အတွက်ကြောင့် အပြစ်တင်တာကို ဘယ်လိုမှ လက်မခံပါဘူး။ ပြီးတော့ ပိုဆိုးတာကတော့ အပြစ်တင်ခံရတဲ့သူဟာ မိမိရဲ့ အထင်ကြီးနေတဲ့စိတ်ကို ချိုးနှိမ်ခံ လိုက်ရတဲ့ အတွက်ကြောင့် အပြစ်တင်တဲ့ ပုဂ္ဂိုလ်ကို တစ်သက်လုံး မုန်းတီးသွား တတ်ပါတယ်။ အဲဒီလို မုန်းတီးမှုတွေဟာ ဖားအောက်တောရတရားရိပ်သာမှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေထဲမှာ ရှိနေခဲ့ရင်တော့ ပွင့်လင်းစွာ ဆွေးနွေးမှုကို အခြေပြုပြီး တစ်ပါးကိုတစ်ပါး တစ်ဦးကိုတစ်ဦး လေးစားသော စိတ်ထားဖြင့် ပြုမူဆက်ဆံပေးကြပါ။ မိမိကိုယ်ကို မိမိ အထင်ကြီးလေးစားတဲ့စိတ်ထား ကိုယ်စီ ရှိကြတာကို သဘောပေါက်ကြပြီးတော့ အပြစ်မတင်ကြဘဲ ချီးမွမ်းသင့်တာ ချီးမွမ်း၊ လျစ်လျူရှုသင့်တာ လျစ်လျူရှုပြီး မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားတွေနဲ့ ရှေ့ဆက်ပြီး ဒီအဖွဲ့အစည်းတွေက အောင်မြင်အောင် လျှောက်လှမ်းကြမယ်ဆိုရင် ဒီဖားအောက်တောရ တရားရိပ်သာကြီးဟာ တင့်တင့်တယ်တယ်ဖြင့် လောကအလယ်မှာ ထွန်းလင်းနေမှာ ဖြစ်ပါတယ်။ ဒါမှသာ တက်ညီလက်ညီနဲ့ သာသနာတော်ရဲ့ အကျိုး, သာသနာတော်ကို မှီခိုဆည်းကပ်နေကြတဲ့ ဒါယကာ ဒါယိကာမတွေရဲ့ အကျိုး, ကမ္ဘာအရပ်ရပ်မှ ပါရမီရှင်တွေရဲ့ အကျိုးကို ရွက်ဆောင်ပေးနိုင်ကြမှာ ဖြစ်တယ်။
အဲဒီတော့ အားလုံးအားလုံးသော ပုဂ္ဂိုလ်တို့သည် မြတ်စွာ ဘုရားရှင် ထူထောင်ထားတဲ့ သာသနာတော်လို့ ခေါ်ဆိုတဲ့ အဆုံးအမ အောက်မှာ တစ်ဦးတစ်ယောက် တစ်ဖွဲ့ဆိုတဲ့ အယူအစွဲတွေ မထားကြဘဲ လူသားတွေအားလုံး၊ သတ္တဝါတွေ အားလုံးအတွက်ဆိုတဲ့ စိတ်ထားမျိုးကို မွေးမြူကြစေချင်တယ်။ သတ္တဝါတိုင်း, လူမျိုးတိုင်းရဲ့ အားကိုးထိုက် ဆည်းကပ်ထိုက်တဲ့ ဘုရားရှင်ရဲ့ သားတော် သမီးတော် တွေ ဖြစ်နိုင်အောင်, ဖြစ်လာအောင်, ညီညွတ်စွာနဲ့ ပြုပြင်သင့်တာ ပြုပြင်ကြပါ။ မိမိရဲ့အပြစ်ကို ရှုသင့်တာရှုရင်းနဲ့ မိမိရဲ့ အားနည်းချက်, သူတစ်ပါးရဲ့ အားနည်းချက်, မိမိရဲ့ အားသာချက်, သူတစ်ပါးရဲ့ အားသာချက်တွေကို မြင်အောင် ကြိုးစားပြီး၊ ခွင့်လွှတ်သင့်တဲ့အရာ ခွင့်လွှတ်, ချီးမွမ်းသင့်တဲ့အရာမှာ ချီးမွမ်း, ဖေးမသင့်တဲ့အရာမှာ ဖေးမပြီး၊ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်ပြီး သွားလိုက်ကြ မယ်ဆိုရင်တော့ လည်ပတ်နေပြီးဖြစ်တဲ့ ဖားအောက်တောရ တရားရိပ်သာရဲ့ လုပ်ငန်းစဉ်တွေဟာ ဆထက်ထမ်းပိုး လည်ပတ်နိုင်မှာ ဖြစ်တယ်။ ဒီလို လည်ပတ်နေပါမှလည်း မှီခိုရာ အားထားရာ လဲလျောင်းရာအစစ် ဖြစ်တော်မူတဲ့ ဘုရားအဆုံးအမ သာသနာတော်မှာ သီလ သမာဓိ ပညာ သိက္ခာသုံးရပ်တို့ကို ကျင့်ကြံကြိုးကုတ် အားထုတ်လိုတဲ့ သူတော်ကောင်းတို့အတွက် ပဋိဝေဓသို့ ဆိုက်သည်ထိ တိုင်အောင် ကျင့်ကြံအားထုတ်နိုင်တဲ့ အခွင့်အလမ်း ဌာနကြီးတစ်ခုဟာ လောက အလယ်မှာ နှစ်ပေါင်းရှည်ကြာ တည်တံ့နေမှာ ဖြစ်ပါတယ်။
သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှာ သာသနာတော်ကြီး အရှည် တည်တံ့ပါစေ။ တည်တံ့အောင် ကြိုးစားနိုင်ကြပါစေ။ တည်တံ့အောင် ကြိုးစားကြပါစို့...။
အရှင်ရေဝတ
စိတ္တလတောင်ကျောင်း - ဖားအောက်တောရ၊
၁၃၆၆-ခု၊ နယုန်လဆုတ် ၈ - ရက်၊
10. 6..2004/
: သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင်
တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။
: ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။
: ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံ ရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။
ဓာတ်သဘာဝဟူသည်
တစ်ချိန် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်၏။ ထိုအခါ ရဟန်းတော်တို့ကို ဘုရားရှင်က ဤသို့ မိန့်ကြားတော်မူ၏။
ရဟန်းတို့ ...သတ္တဝါတို့သည် ဓာတ်သဘာဝအားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြကုန်၏။ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြကုန်၏။ ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံ ရှိကြကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြကုန်၏။
ရဟန်းတို့...လွန်လေပြီးသော အတိတ်ကာလ၌လည်း သတ္တဝါ တို့သည် ဓာတ်သဘာဝအားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ခဲ့ကုန်ပြီ။ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ခဲ့ကုန်ပြီ၊ ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ခဲ့ကုန်ပြီ။
ရဟန်းတို့ ...နောင်အနာဂတ်ကာလ၌လည်း သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်လတ္တံ့။ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်လတ္တံ့၊ ကောင်းသော မွန်မြတ် သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်လတ္တံ့။
ရဟန်းတို့ ...ယခုပစ္စုပ္ပန်ကာလ၌လည်း သတ္တဝါတို့သည် ဓာတ် အားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။ ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်း တည်း တစ်သားတည်း ဖြစ်ကုန်၏ဟု မိန့်ကြားတော်မူ၏။ (ဟီနာဓိမုတ္တိကသုတ်၊ သံ၊၁၊၃၆၈။)
ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိသူ အချင်းချင်း တစ်ပေါင်းတည်း တစ်သားတည်းဖြစ်ပုံကို ဘုရားရှင်က ဥပမာဆောင်ကာ ဤသို့ ဟောကြားတော်မူပြန်၏။
ရဟန်းတို့ ...ဥပမာသော်ကား မစင်ကျင်ကြီးသည် မစင် ကျင်ကြီးနှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ ကျင်ငယ်သည် ကျင်ငယ်နှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ တံတွေးသည် တံတွေးနှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ ပြည်သည် ပြည်နှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ သွေးသည် သွေးနှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏။ ရဟန်းတို့ ...ဤဥပမာ အတူသာလျှင် သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံ ရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။ (သဂါထာသုတ္တန်၊ သံ၊၁၊၃၇၀။)
ထိုသို့ ဓာတ် တူရာ တူရာ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ပုံကို အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ ပုံစံတူပင် ဟောကြားထားတော်မူပေသည်။ တစ်ဖန် ကောင်းသော ဓာတ်ခံရှိသူ အချင်းချင်း တစ်ပေါင်းတည်း တစ်သားတည်းဖြစ်ပုံကိုလည်း ဤသို့ ဥပမာဆောင်ကာ ဆက်လက် ဟောကြားထားတော်မူပြန်၏။
ရဟန်းတို့ ...ဥပမာသော်ကား နို့ရည်သည် နို့ရည်နှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ ဆီသည် ဆီနှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ ထောပတ်သည် ထောပတ်နှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ ပျားရည်သည် ပျားရည်နှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ တင်လဲသည် တင်လဲနှင့် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်၏၊ ရဟန်းတို့ ...ဤဥပမာအတူသာလျှင် သတ္တဝါ တို့သည် ဓာတ်အားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏၊ ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။ (သဂါထာသုတ်၊ သံ၊၁၊၃၇၀။)
အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ ပုံစံတူ ဟောကြားထားတော်မူပေသည်။ တစ်ဖန် ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံ ရှိမှုနှင့် ဆက်စပ်ကာ ပုံစံအချို့ကို ဘုရားရှင်က (အဿဒ္ဓသံသန္ဒနသုတ္တန်၊ သံ၊၁၊၃၇၁-၃၇၂။)၌ ဆက်လက်ကာ ဟောကြားထားတော်မူ၏။ ယင်းသုတ္တန်၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။
၁။ သဒ္ဓါတရား မရှိကုန်သော သူတို့သည် သဒ္ဓါတရား မရှိသူတို့ အချင်းချင်း,
၂။ (အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မရှက်တတ်သည့်)အရှက် မရှိသူတို့သည် အရှက်မရှိသူတို့ အချင်းချင်း,
၃။ (အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မကြောက်တတ်သည့်) ဩတ္တပ္ပတရား မရှိသူတို့သည် ဩတ္တပ္ပတရား မရှိသူတို့ အချင်းချင်း,
၄။ (ရုပ် နာမ်ပရမတ်တရားနှင့် အကြောင်းတရားတို့ကို သင်သိ ကျင့်သိဖြင့် မသိတတ်သည့်) ဗဟုဿုတမရှိသူတို့သည် ဗဟုဿုတ မရှိသူတို့ အချင်းချင်း,
၅။ ပျင်းရိသော သူတို့သည် ပျင်းရိသူတို့ အချင်းချင်း,
၆။ သတိလွတ်ကင်းသူတို့သည် သတိလွတ်ကင်းသူတို့အချင်းချင်း,
၇။ ပညာမဲ့ကုန်သော သူတို့သည် ပညာမဲ့သူတို့ အချင်းချင်း, ---
လွန်လေပြီးသော အတိတ်ကာလကလည်း တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ခဲ့ကုန်၏၊ နောင်အနာဂတ်ကာလ၌လည်း တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်လတ္တံ့၊ ယခု ပစ္စုပ္ပန်ကာလ၌ လည်း တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏။ (သံ၊၁၊၃၇၁-၃၇၂။ အဿဒ္ဓသံသန္ဒနသုတ္တန်၊)
တစ်ဖန် ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိမှုနှင့် ဆက်စပ်ကာ ပုံစံအချို့ကိုလည်း အောက်ပါအတိုင်း ဟောကြားထားတော်မူခဲ့၏။
၁။ သဒ္ဓါတရား ရှိကုန်သော သူတို့သည် သဒ္ဓါတရားရှိသူတို့ အချင်း ချင်း,
၂။ ဟိရီတရားရှိသူတို့သည် ဟိရီတရားရှိသူတို့ အချင်းချင်း,
၃။ ဩတ္တပ္ပတရားရှိသူတို့သည် ဩတ္တပ္ပတရားရှိသူတို့ အချင်းချင်း,
၄။ (ရုပ် + နာမ် + ကြောင်း + ကျိုး = သင်္ခါရတရားတို့ကို သင်သိ ကျင့်သိဖြင့် အကြားအမြင်) ဗဟုဿုတရှိသူတို့သည် ဗဟုဿုတ ရှိသူတို့ အချင်းချင်း,
၅။ (သမထ ဝိပဿနာ အစဖြာသည့် ကုသိုလ်တရားတို့၌) အပြင်း အထန် ကြိုးစားအားထုတ်သည့် လုံ့လဝီရိယရှိသူတို့သည် အပြင်း အထန် ကြိုးစားအားထုတ်သည့် လုံ့လဝီရိယရှိသူတို့ အချင်းချင်း,
၆။ (ကာယ+ဝေဒနာ+စိတ္တ+ဓမ္မအမည်ရသည့် သင်္ခါရတရားတို့၌) ထင်လင်းသော သတိရှိသူတို့သည် ထင်လင်းသော သတိရှိသူတို့ အချင်းချင်း,
၇။ (ဝိပဿနာပညာ + မဂ်ပညာဟူသည့်) ပညာရှိသူတို့သည် ပညာ ရှိသူတို့ အချင်းချင်း,
လွန်လေပြီးသော အတိတ်ကာလကလည်း တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ခဲ့ကုန်၏၊ နောင်အနာဂတ် ကာလ၌လည်း တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်လတ္တံ့။ ယခုပစ္စုပ္ပန် ကာလ၌ လည်း တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကုန်၏ဟု မိန့်ကြားတော် မူ၏။ (သံ၊၁၊၃၇၂။ အဿဒ္ဓသံသန္ဒနသုတ္တန်။)
ထိုကဲ့သို့ ဓာတ်သဘာဝအားဖြင့်သာလျှင် သတ္တဝါတို့သည် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြပုံနှင့် ဆက်စပ်၍ သုတ္တန် တစ်ခုကိုလည်း ဟောကြားထားတော်မူခဲ့၏။
တစ်ချိန် ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်ကျောင်း၌ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်၏။ ထိုအချိန်တွင် စင်္ကြံကြွနေတော် မူသော မြတ်စွာဘုရားအား အရှင်ဒေဝဒတ်က ကျောက်မောင်းဆင်ကာ သတ်ဖြတ်ရန် ကြိုးစားအားထုတ်ခဲ့၏။ ယင်းသို့ ကြိုးစားအားထုတ်မှုကို အကြောင်းခံကာ ရဟန်းသံဃာတော်တို့က ဘုရားရှင်အား စောင့်ရှောက်ရန်အတွက် ဘုရားရှင်နှင့် မလှမ်းမကမ်းတွင် လမ်းလျှောက်တော်မူနေကြ၏။ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်, အရှင်မဟာကဿပ, အရှင်အနုရုဒ္ဓါ, အရှင်ပုဏ္ဏ (မန္တာဏီပုတ္တ), အရှင်ဥပါလိ, အရှင်အာနန္ဒာ, အရှင်ဒေဝဒတ် အစရှိသော မထေရ်ကြီး မထေရ်ကျော်တို့သည် မိမိ မိမိတို့၏ ပရိသတ်တို့နှင့်အတူ အုပ်စုအလိုက် အုပ်စုအလိုက် ဘုရားရှင်၏ မနီးမဝေးသော အရပ်၌ စင်္ကြံလျှောက် တော်မူနေကြ၏။ ထိုပရိသတ်တို့ကို ကြည့်ရှုတော်မူကာ ဘုရားရှင်က ရဟန်းသံဃာတော် အပေါင်းကို ဤသို့ မိန့်ကြားတော်မူ၏။
ရဟန်းတို့ ...များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော သာရိပုတ္တရာကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော် မူ၏။ မြတ်စွာဘုရား ...တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ...အလုံးစုံကုန်သော ထိုရဟန်း တို့သည် ကြီးမားသော ပညာရှိကြကုန်၏။ (၁)
ရဟန်းတို့ ...များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော မောဂ္ဂလ္လာန်ကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော် မူပြန်၏။ မြတ်စွာဘုရား ...တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ... အလုံးစုံသော ထိုရဟန်းတို့သည် ကြီးမားသော တန်ခိုးဣဒ္ဓိပါဒ် ရှိကြကုန်၏။ (၂)
ရဟန်းတို့ ... များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေ သော ကဿပကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော်မူ ပြန်၏။ မြတ်စွာဘုရား...တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ... အလုံးစုံသော ထိုရဟန်းတို့သည် ဓုတင်ဆောင်တို့ ဖြစ်ကြကုန်၏။ (၃)
ရဟန်းတို့ ... များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော အနုရုဒ္ဓါကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော် မူပြန်၏။ မြတ်စွာဘုရား ... တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ... အလုံးစုံသော ထိုရဟန်းတို့သည် အဝေးအနီး ရှိသမျှ အလုံးစုံကို အကုန်မြင်နိုင်သော နတ်မျက်စိနှင့်တူသော မျက်စိဟူသည့် ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိကြကုန်၏။ (၄)
ရဟန်းတို့ ...များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော်မူပြန်၏။ မြတ်စွာဘုရား ...တပည့်တော်တို့ မြင်ကြပါ ကုန်၏ဟု ပြန်လည်လျှောက်ထားကြကုန်၏။ ရဟန်းတို့ ...အလုံးစုံသော ထိုရဟန်းတို့သည် တရားဟော = ဓမ္မကထိကတို့ ဖြစ်ကြကုန်၏။ (၅)
ရဟန်းတို့ ...များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော ဥပါလိကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော်မူပြန်၏။ မြတ်စွာဘုရား ... တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ...အလုံးစုံသော ထိုရဟန်းတို့သည် ဝိနည်းဆောင်တို့ ဖြစ်ကြကုန်၏။ (၆)
ရဟန်းတို့ ...များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော အာနန္ဒာကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော် မူပြန်၏။ မြတ်စွာဘုရား ...တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ...အလုံးစုံသော ထိုရဟန်းတို့သည် များသော အကြား + အမြင် = ဗဟုဿုတ ရှိကြကုန်၏။ (၇)
ရဟန်းတို့ ...များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားနေသော ဒေဝဒတ်ကို သင်တို့ မြင်ကြကုန်၏လောဟု မေးမြန်းတော်မူ ပြန်၏။ မြတ်စွာဘုရား...တပည့်တော်တို့ မြင်ကြပါကုန်၏ဟု ပြန်လည် လျှောက်ထားကြကုန်၏။ ရဟန်းတို့ ...အလုံးစုံသော ထိုရဟန်းတို့သည် ယုတ်မာသည့် အလိုဆိုး ရှိကြကုန်၏။ (၈)
ရဟန်းတို့ ... သတ္တဝါတို့သည် ဓာတ်သဘာဝအားဖြင့်သာလျှင် တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြကုန်၏။ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံရှိကြကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြကုန်၏။ ကောင်းသော မွန်မြတ်သော နှလုံးသွင်းဓာတ်ခံ ရှိကြကုန်သော သူတို့သည် ကောင်းသော မွန်မြတ်သော နှလုံးသွင်း ဓာတ်ခံရှိကြကုန်သော သူတို့နှင့်အတူ တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်ကြကုန်၏။ (သံ၊၁၊၃၆၈-၃၆၉။ စင်္ကမသုတ်။)
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကား ပညာအရာ၌ ဧတဒဂ် ရတော်မူ၏၊ ထိုကြောင့် ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, သတိပဋ္ဌာန် စသည့် ဗောဓိပက္ခိယတရားထူးတို့ကိုလည်းကောင်း ရုပ် + နာမ် + ကြောင်း + ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်း အရာ, အနတ္တအခြင်းအရာဟူသော လက္ခဏာရေးသုံးတန်နှင့် စပ်သော နက်နဲသော ပြဿနာအရပ်ရပ်ကိုလည်းကောင်း မေးမြန်း ကြကုန်အံ့ဟု နှလုံးပိုက်ကာ ကြီးမားသော ပညာရှိ ရဟန်းတော်တို့က သာလျှင် ထိုအရှင်သာရိပုတ္တရာ မထေရ်မြတ်ကို ခြံရံလျက် ရှိကြကုန် ၏။ ထိုမထေရ်မြတ်ကလည်း မဟာပထဝီမြေကြီးကို ဖြန့်ပြလိုက် သကဲ့သို့, မြင်းမိုရ်တောင်ခြေမှ သဲစုကို ထုတ်ဆောင်ယူကာ ပြလိုက်ဘိ သကဲ့သို့, စကြဝဠာတောင်ကို ခွဲပြလိုက်ဘိသကဲ့သို့, မြင်းမိုရ်တောင်ကို မြှောက်ချီပြလိုက်ဘိသကဲ့သို့, အာကာသကောင်းကင်လွှာကို ဖြန့်ပြလိုက်ဘိသကဲ့သို့, လ နေတို့ကို ထွက်ပေါ်လာစေသကဲ့သို့ မေးမြန်းတိုင်း မေးမြန်းတိုင်းသော မေးခွန်းအရပ်ရပ်ကို ဖြေကြားပေးတော်မူ၏။ ထိုကြောင့် ထိုရဟန်းတို့အားလုံး ကြီးမားသော ပညာရှိတော်မူကြ ကုန်၏။ (၁)
အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကိုလည်း ဘုရားရှင်က တန်ခိုးဣဒ္ဓိပါဒ် ကြီးမားတော်မူကြသည့် ရဟန်းတော်တို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်ထားတော်မူ၏။ ထိုကြောင့် ထို မထေရ်မြတ်ကို တန်ခိုးဖန်ဆင်းပုံ၏ အခြေခံပရိကမ်လုပ်ငန်းရပ်ကို လည်းကောင်း, အကျိုးအာနိသင်ကိုလည်းကောင်း, အဓိဋ္ဌာန်ပုံကို လည်းကောင်း, တန်ခိုးဖန်ဆင်းပုံကိုလည်းကောင်း မေးမြန်းကုန်အံ့ဟု နှလုံးပိုက်ကာ တန်ခိုးကြီးမားကြသည့် ရဟန်းတော်တို့ကသာလျှင် ခြံရံလျက် ရှိကြကုန်၏။ ထိုမထေရ်မြတ်ကလည်း ထိုရဟန်းတို့၏ မေးတိုင်း မေးတိုင်းသော မေးခွန်းကို တိတိကျကျ ဂဃနဏ အဖြေပေးကာ သင်ကြားပေးတော်မူ၏။ ထိုကြောင့် ထိုရဟန်းအားလုံးတို့လည်း တန်ခိုးဣဒ္ဓိပါဒ် ကြီးမားတော်မူကြကုန်၏။ (၂)
အရှင်မဟာကဿပ မထေရ်မြတ်ကိုလည်း ဘုရားရှင်က ဓုတင် (၁၃)ပါးကို ဆောင်တော်မူကြသည့် ဓုတင်တရားကို ဟောကြားတော် မူကြသည့် ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူး ဌာနန္တရ၌ ထားတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ကို ဓုတင်ဆောင်ပုံ, ဓုတင်၏အကျိုးအာနိသင်, ဓုတင်ဆောက်တည် အဓိဋ္ဌာန်ပြုပုံ, ဓုတင် စုပေါင်း ဆောက်တည်ပုံ, ဓုတင် တစ်ခုနှင့်တစ်ခု ကွဲပြားပုံ တို့ကို မေးမြန်းလျှောက်ထားကြကုန်အံ့ဟု နှလုံးပိုက်ကာ ဓုတင်ဆောင်ရဟန်းတော်တို့က ခြံရံကြကုန်၏။ ထိုမထေရ်မြတ်ကလည်း ထိုရဟန်းတို့ကို ဓုတင်နှင့် ဆက်စပ်သည့် မေးခွန်း အရပ်ရပ်ကို ဖြေကြား ပေးတော်မူ၏။ ထိုကြောင့် အရှင်မဟာကဿပ မထေရ်မြတ်ကို ခြံရံကြသည့် ရဟန်းတို့သည် ဓုတင်ဆောင် ရဟန်းတို့ချည်း ဖြစ်ကြကုန်၏။ (၃)
အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကိုလည်း ဘုရားရှင်က ဒိဗ္ဗစက္ခုအဘိညာဏ်အရာ၌ ဧတဒဂ် ထားတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ကို နတ်မျက်စိကဲ့သို့ အဝေးအနီးရှိသမျှ အလုံးစုံကို အကုန်သိမြင် နိုင်သည့် ဒိဗ္ဗစက္ခုအဘိညာဏ်၏ ရအောင်စီးဖြန်းပုံ ပရိကမ်, အကျိုးအာနိသင်, ညစ်နွမ်းပုံ အရပ်ရပ်ကို မေးမြန်းလျှောက်ထား ကြကုန်အံ့ ဟု နှလုံးပိုက်ကာ ဒိဗ္ဗစက္ခုအဘိညာဏ်ကို လေ့လာလိုကြသည့် ရရှိကြသည့် ရဟန်းတို့သာ ခြံရံနေကြကုန်၏။ ထိုမထေရ်မြတ်ကလည်း မေးတိုင်း မေးတိုင်းသော မေးခွန်းအရပ်ရပ်ကို မဆိုင်းမတွ ဖြေကြားတော်မူ၏၊ သင်ပြပေးတော်မူ၏။ ထိုကြောင့် ထိုရဟန်းအားလုံး တို့သည်လည်း ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိကြသည့် ရဟန်းတို့သာ ဖြစ်ကြကုန်၏။ (၄)
မန္တာဏီပုဏ္ဏေးမ၏ သားဖြစ်သော အရှင်ပုဏ္ဏမထေရ်ကိုလည်း ဘုရားရှင်က တရားဟောေကောင်းသည့် ဓမ္မကထိကအရာ၌ ဧတဒဂ် ထားတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ထံသို့လည်း ဟောကြားမည့် ဓမ္မကထာ၏ အကျဉ်းချုပ်ပုံစနစ်, အကျယ်ချဲ့ပုံစနစ်, နက်နဲအောင် ဟောကြားပုံစနစ်, ပေါ်လွင်အောင် ဟောကြားပုံစနစ်, ဆန်းကြယ်အောင် ဟောကြားပုံစနစ် စသည်တို့၌ ထိုထိုအခြင်းအရာ အာကာရကို မေးမြန်းကြကုန်အံ့ဟု နှလုံးပိုက်ကာ ဓမ္မကထိက ရဟန်းတော်တို့က သာလျှင် ခြံရံလျက် ရှိကြကုန်၏။ ထိုမထေရ်မြတ်ကလည်း ထိုရဟန်းတို့အား ငါ့ရှင်တို့ ... ဓမ္မကထိကဆိုတာ တရားစလျှင် စခြင်း ပရိသတ်ကို ချီးမွမ်းဖို့ရန် သင့်၏၊ တရား၏ အလယ်၌ ရုပ် + နာမ် + ကြောင်း + ကျိုး = သင်္ခါရတရားတို့၏ နိစ္စ, သုခ, အတ္တ, သုဘ သဘာဝတို့မှ ဆိတ်သုဉ်းနေသည့် သုညတကမ္မဋ္ဌာန်းကို = ဝိပဿနာ ကမ္မဋ္ဌာန်းကို ထင်ရှား ဟောပြဖို့ရန် သင့်၏၊ တရား၏ အဆုံး၌ သစ္စာလေးပါးကို ထင်ရှားပြသည်၏ အစွမ်းဖြင့် ဟောကြားထားသော တရားတော်၏ အထွဋ်ကို ယူဆောင်ပြဖို့ရန် သင့်၏ဟု ဤသို့လျှင် ထိုထိုတရားဟောကြားပုံ နည်းစနစ်ကို သင်ကြား ပို့ချပေးတော်မူ၏။ ထိုကြောင့် အရှင်ပုဏ္ဏမထေရ်မြတ်ကို ခြံရံနေသော ရဟန်းအားလုံး တို့သည် တရားဟောကောင်းသည့် ဓမ္မကထိက ရဟန်းတို့သာ ဖြစ်ကြကုန်၏။ (၅)
အရှင်ဥပါလိ မထေရ်မြတ်ကိုလည်း ဘုရားရှင်က ဝိနည်းကို ဆောင်ကုန်သော ဝိနယဓရ ရဟန်းတော်တို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်အရာ၌ ထားတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ထံသို့ ကြီးလေးသော ဂရုကအာပတ်, ပေါ့ပါးသော လဟုကအာပတ်, ကုစား၍ ရနိုင်သေးသော အာပတ်, ကုစား၍ မရနိုင်သော အာပတ်, အာပတ်သင့်ပုံ, အာပတ်မသင့်ပုံ အရပ်ရပ်တို့ကို မေးမြန်းကြကုန်အံ့ဟု နှလုံးပိုက်ကာ ဝိနည်းကို ဆောင်ကြသည့် ဝိနယဓရ ပုဂ္ဂိုလ်တို့ကသာလျှင် ခြံရံနေကြကုန်၏။ ထိုမထေရ်မြတ်ကလည်း ထိုရဟန်းတို့အား မေးတိုင်း မေးတိုင်းသော မေးခွန်းအရပ်ရပ်ကို ရှင်းရှင်းလင်းလင်း ဖြေကြားပြသတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ကို ခြံရံနေကြ သော ရဟန်းအားလုံးတို့သည် ဝိနည်းကို ဆောင်ကြသည့် ဝိနယဓရ ရဟန်းတို့သာ ဖြစ်ကြကုန်၏။ (၆)
အရှင်အာနန္ဒာ မထေရ်မြတ်ကိုလည်း ဘုရားရှင်က ဘုရားရှင်၏ တရားတော်၌ အကြားအမြင် = ဗဟုဿုတများပြားကြကုန်သော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်အရာ၌ ထားတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ထံသို့ ဆယ်မျိုးသော ဗျဉ္ဇနဗုဒ္ဓိ, တရားတော်၏ ဖြစ်ပေါ်လာပုံ အတ္ထုပ္ပတ်, တရားတော်နှင့် ဆက်စပ်နေသည့် အနုသန္ဓေစကားရပ်, တရားတော်၏ ရှေ့ပိုင်း နောက်ပိုင်း စသည့် အရပ်ရပ်သော တရားတို့ကို မေးမြန်းကြကုန်အံ့ဟု နှလုံးပိုက်ကာ ဘုရားရှင်၏တရားတော်၌ အကြား အမြင် = ဗဟုဿုတများပြားကြသည့် ရဟန်းတို့သည်သာလျှင် ခြံရံကြကုန်၏။ ထိုမထေရ်မြတ်ကလည်း ထိုရဟန်းတို့အား ဤတရားတော်ကို ဤသို့ ပြောဆိုရ၏၊ ဤတရားတော်ကို ဤသို့ အနက်အဓိပ္ပါယ် ယူဆရ၏စသည်ဖြင့် အလုံးစုံကို အဖြေပေးတော်မူ၏။ ထိုကြောင့် ထိုမထေရ်မြတ်ကို ခြံရံကြသော ရဟန်းအားလုံးတို့သည် ဗဟုဿုတများပြားသူတို့သာ ဖြစ်ကြ ကုန်၏။ (၇)
အရှင်ဒေဝဒတ်ကား ယုတ်မာသော အလိုဆိုးရှိသူ ဖြစ်၏၊ ယုတ်မာသော အလိုဆိုး၏ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ချက်ကို ခံနေရသူ ဖြစ်၏။ ထိုကြောင့် ထိုအရှင်ဒေဝဒတ်ကို ဒါယကာ ဒါယိကာမတို့ကို ချီးမြှောက်ပုံ အဆောင်အယောင်ကိုလည်းကောင်း, ဒါယကာ ဒါယိကာမ တို့၏ သန္တာန်၌ ချီးမွမ်းအံ့ဩမှုဖြစ်အောင် ပြုလုပ်ပုံ နည်းလမ်းအမျိုးမျိုးကိုလည်းကောင်း မေးမြန်းသင်ယူကြကုန်အံ့ဟု နှလုံးပိုက်ကာ အရှင်ဒေဝဒတ်ကဲ့သို့ ယုတ်မာသည့် အလိုဆိုးရှိကြသူ ရဟန်းတို့က သာလျှင် ခြံရံလျက် ရှိကြကုန်၏။ အရှင်ဒေဝဒတ်ကလည်း ထိုရဟန်းတို့အား ထိုထို နည်းလမ်းအသွယ်သွယ်ကို သင်ကြားပေးပြန်၏။ ထိုကြောင့် အရှင်ဒေဝဒတ်ကို ခြံရံနေကြသည့် ထိုရဟန်းအားလုံးတို့ သည်လည်း ယုတ်မာသည့် အလိုဆိုးရှိကြသည့် ရဟန်းတို့သာ ဖြစ်နေ ကြ၏။ (၈) (သံ၊ဋ္ဌ၊၂၊၁၂၉-၁၃၁။)
ဤအထက်ပါ အချက်အလက်တို့ကား သတ္တဝါတို့ သဘာဝ ဓာတ်ခံချင်း တူညီရာ တူညီရာ ပေါင်းစပ်ပုံ သာဓကအချို့တို့ ဖြစ်ကြ၏။ အထူးသဖြင့် ဤ လေးစားခြင်း ဟူသော စာစဉ်တွင် ---
၁။ မိမိကိုယ်ကို မိမိ နားလည်မှု မရှိခြင်း,
၂။ သူတစ်ပါးတို့ကို နားလည်မှု မရှိခြင်း,
၃။ တစ်ဦးအပေါ်တစ်ဦး ဣဿာ မစ္ဆရိယတရားဆိုးတို့ လွှမ်းမိုး ဖိစီးနှိပ်စက်မှုကြောင့် ချမ်းသာသုခကို မရရှိခြင်း
ဤအချက်တို့ကို ဦးစားပေးကာ ဖော်ပြထား၏။ တစ်ဦး တစ်ယောက်၏ သန္တာန်၌ ဖြစ်ပေါ်နေသော ဣဿာ မစ္ဆရိယတရားမှ တစ်ဆင့် ဓာတ် တူရာ တူရာ စုပေါင်းလိုက်မိသဖြင့် ဣဿာ မစ္ဆရိယ ထူပြောသူ အချင်းချင်း ပေါင်းစပ်ကာ ဖြစ်ပေါ်လာသော အများစု၏ ဣဿာ မစ္ဆရိယတရားကား ပို၍ ပို၍ အရှိန်အဝါ မြင့်မားကာ ချမ်းသာ သုခ အဝဝကို ပျက်စီးအောင် ဖျက်ဆီးတတ်ပေသည်။ အဆင့်မြင့်မား လှသော စျာန်ချမ်းသာ ဝိပဿနာချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ တို့ကိုပင် မရအောင် တားမြစ် နှောင့်ယှက်တတ်ပေသည်။ အရှင်ဒေဝဒတ်ကဲ့သို့ ရရှိပြီး စျာန်သမာပတ်မှလည်း လျှောကျတတ်ပေသည်။ ထိုကဲ့သို့ ဣဿာ မစ္ဆရိယသမား အချင်းချင်း ဓာတ် တူရာ တူရာ စုပေါင်းကာ ဣဿာ မစ္ဆရိယ ထူပြောသည့် လောကသစ်တစ်ခုကို တည်ထောင် ဖန်တီးလိုသူတို့သည် အောက်ပါ ဘုရားရှင်၏ အဆုံးအမတော်ကို သတိပြုသင့်ကြပေသည်။
ပုရိသဿ ဟိ ဇာတဿ၊ ကုဌာရီ ဇာယတေ မုခေ။
ယာယ ဆိန္ဒတိ အတ္တာနံ၊ ဗာလော ဒုဗ္ဘာသိတံ ဘဏံ။
ဇာတဿ = မွေးဖွားလာသော။ ပုရိသဿ = ယောကျ်ား၏။ မုခေ = ပါးစပ်အတွင်း၌။ ကုဌာရီ = ဓားမကြီးသည်။ ဇာယတေ = ဖြစ်ပေါ်၍ နေ၏(= ပါလာ၏)။ ဗာလော = လူမိုက်သည်။ ယာယ = ယင်းဓားမကြီးဖြင့်။ ဒုဗ္ဘာသိတံ = မကောင်းစကားကို။ ဘဏံ = ပြောဆိုလျက်။ အတ္တာနံ = မိမိကိုယ်ကို။ ဆိန္ဒတိ = ပိုင်းဖြတ်တတ်၏။ (သံ၊၁၊၁၅၄။)
ကောကာလိက ရဟန်းကို အကြောင်းပြု၍ ဤအထက်ပါ တရားတော်ကို ဘုရားရှင်က ဟောကြားတော်မူခြင်း ဖြစ်၏။ ကောကာလိက ရဟန်းကား ဣဿာ မစ္ဆရိယတရားဆိုးတို့ကို အလွန် မွှေးကြိုင်သည့် ပန်းရနံ့ကဲ့သို့ သဘောထားကာ လှလှကြီး ဝဝကြီး ပန်ဆင်လျက် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ကို မဟုတ်မတရား စွပ်စွဲခဲ့၏။ ယင်း မကောင်းမှု အကုသိုလ်ကြောင့် သေလောက်သည့် အနာကြီးများ ပေါက်ကာ သေကျေပျက်စီးပြီးနောက် ငရဲသို့ ဆိုက်ရောက်သွားခဲ့၏။ ယင်းဝတ္ထုကို အကြောင်းပြုကာ ဘုရားရှင်က ---
မွေးလာသော ယောကျ်ား၏ ပါးစပ်ထဲ၌ ဓားမကြီး တစ်လက် ပါလာ၏၊ ယင်းဓားမကြီးဖြင့် လူမိုက်သည် မကောင်း ပြောလျက် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်တတ်၏ ---
ဟု ဟောကြားတော်မူခြင်း ဖြစ်၏။ ဣဿာ မစ္ဆရိယအဆိပ်ပန်းတို့ကို လှလှကြီး ဝဝကြီး ပန်ဆင်လျက် သူတစ်ပါးကို မဟုတ်မတရား စွပ်စွဲလိုသူတိုင်း သတိပြုသင့်လှပေသည်။
ရဟန်းတို့ ...တဏှာဖြင့် ကပ်ငြိခြင်းကြောင့် ကိလေသာ တောအုပ်ကြီးသည် ပေါက်ရောက် ဖြစ်ပေါ်လာ၏။ မကပ်ငြိခြင်းကြောင့် ပြတ်၏။ မဟာသမုဒ္ဒရာ၌ သေးငယ်သော သစ်တုံးကို တက်စီး မိ၍ နစ်မြုပ်ရလေသကဲ့သို့ ဤအတူ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဖြူဖြူစင်စင် ဖြည့်ကျင့်ဖို့ရန် ပျင်းရိသောသူကို (= ဣဿာ မစ္ဆရိယ အဆိပ်ပန်းတို့ကို လှလှကြီး ပန်ဆင်လျက် သူတစ်ပါး တို့အား မဟုတ်မတရား စွပ်စွဲလေ့ရှိသူကို) အစွဲပြု၍ ကောင်းသော အသက်မွေးမှုရှိသော သူမှသော်လည်း နစ်မြုပ်ရ၏၊ ထိုကြောင့် ယုတ်ညံ့သော လုံ့လဝီရိယရှိသော (= သီလ သမာဓိ ပညာ အစဖြာသည့် ကုသိုလ်တရားတို့၌) ဖြူဖြူစင်စင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ဖို့ရန် ပျင်းရိသော ထိုသူကို ရှောင်ကြဉ်ရာ၏။
ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်လေ့ရှိကုန်သော ဖြူစင်သော ကိုယ်ကျင့်တရား ထင်ရှားရှိ ကြကုန်သော နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ထားရှိကြကုန်သော လောကီစျာန် လောကုတ္တရာစျာန်တို့ကို ဝင်စားလေ့ရှိကြကုန်သော ကုသိုလ်တရားတို့၌ ထက်သန်သော လုံ့လ ဝီရိယရှိကြကုန်သော ပညာရှိတို့နှင့်သာလျှင် အတူတကွ ပေါင်းဖော် ယှဉ်တွဲ မှီဝဲဆည်းကပ် နေထိုင်လေရာ၏။ (သံ၊၁၊၃၇၁။)
ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း - ဖားအောက်တောရ၊
၁၃၆၆-ခု၊ တော်သလင်းလဆုတ် ၁၀-ရက်၊
[၈.၁၀.၂၀၀၄။]
: လေးစားခြင်းဟူသည် စင်စစ် သိက္ခာရှိရှိဖြင့် နေခွင့်ပေးခြင်း ဖြစ်၏။
: မိမိ၏ အလိုဆန္ဒနှင့် မကိုက်ညီသည့်အတွက်ကြောင့် တားမြစ်ခြင်း၊ လုပ်ပိုင်ခွင့်မပေးခြင်းသည် မလေးစားခြင်းသာလျှင် ဖြစ်၏၊ လေးစားခြင်း မဟုတ်ပေ။
: လေးလေးစားစား ပြုမူပြောဆိုခြင်းကို သည်းခံခြင်း ခန္တီတရားကို ဖြည့်ကျင့်ခြင်းဟု ဆိုရ၏။
: မိမိကိုယ်ကို မိမိ မဆုံးမနိုင်သေးသမျှ သညာရှိဟုသာ ခေါ်ရ၏၊ ပညာရှိဟု မခေါ်နိုင်သေးပေ။
: သူ့မှာရှိသည်နှင့် သူ့ကို အကောင်းဆုံး ဖြစ်အောင် ဖြည့်ဆည်းပေးခြင်း သည် မေတ္တာ ဖြစ်သည်။ မိမိဖြစ်စေချင်သည့်အတိုင်း ဖြစ်အောင် လုပ်ခြင်းသည်ကား လောဘသာ ဖြစ်ပေသည်။
: မိမိ ဖြစ်စေချင်သည့်အတိုင်း ဖြစ်အောင် လုပ်ခြင်းသည် မိမိကိုယ်ကို ရှေ့တန်းတင်ခြင်း, သူတစ်ပါးကို နှောင့်ယှက်ခြင်း ဖြစ်သည်။
လေးစားခြင်း
လူသားတစ်ဦးအနေဖြင့် တစ်ဦးတစ်ယောက်တည်း နေထိုင်ခွင့်သည် ရခဲ၏။ အများစုပေါင်း၍ နေထိုင်ရခြင်းသာ များ၏။ ထိုသို့ နေထိုင်သည့် အခါ၌ တစ်ဦးအပေါ်တစ်ဦး မည်သို့သော စိတ်ထားဖြင့် မည်သို့ ပြုမူ ပြောဆို ဆက်ဆံကြမည်နည်း။ ထိုအချက်ကို ညီညွတ်စွာ နေထိုင်လိုသူ အကျိုးစီးပွားလိုလားသူ ထိုထိုလူသားတို့ သိရှိသင့်၏။ မည်သို့သော စိတ်ထားဖြင့် မည်သို့ ပြုမူ ပြောဆို ဆက်ဆံကြမည်ဆိုက မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားအလို့ငှာ များထိုလူတို့၏ အကျိုးစီးပွားအလို့ငှာ ဖြစ်မည်နည်း။ တစ်ဦးအပေါ်တစ်ဦး လေးလေးစားစား ပြုမူ ပြောဆို ဆက်ဆံနိုင်သော စိတ်ထားရှိခြင်းသည် ဤ၌ လိုရင်းဖြစ်သည်။
အများစုပေါင်း ယှဉ်တွဲနေထိုင်သည့် ယခုကဲ့သို့သော အခါသမယ တွင် တစ်ဦးအပေါ်တစ်ဦး လေးစားမှုရှိခြင်းသည် အရေးကြီးလှပေ၏။ ဆောင်ရွက်ဖွယ်ဟူသမျှတို့သည် တစ်ဦးတစ်ယောက်ဖြင့် ပြီးစီးနိုင်သည် ကား မဟုတ်ပေ၊ အများအင်အားဖြင့် စုပေါင်းဆောင်ရွက်မှသာ ပြီးစီး နိုင်၏။ ထိုသို့ စုပေါင်းဆောင်ရွက်ခြင်း၌ တစ်ဦးအပေါ်တစ်ဦး လေးစားခြင်းသည် လိုအပ်ချက်ကြီးတစ်ခု ဖြစ်၏။ တစ်ဦးအပေါ်တစ်ဦး လေးစားမှုရှိလျှင် ရှိသလောက် ဆောင်ရွက်ဖွယ်ဟူသမျှတို့သည် လွယ်ကူ သွားကြ၏၊ ချောမွေ့သွားကြ၏။ လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင် ကြသည့် အလျောက် စိတ်ချမ်းမြေ့စွာ လုပ်ကိုင်နိုင်ကြမည် ဆိုသည်ကို လည်း နားလည်မိ၏။
လေးစားမှုဟူသည် . . .
လေးစားမှုဟူသော အကြောင်းကို နှစ်ပိုင်းခွဲ၍ ပြောမည်ဆိုက ပို၍ နားလည်, ပို၍ သက်ဝင်ပေလိမ့်မည်။ လေးစားမှုဟူသောအကြောင်း ကို ဆိုက တစ်ပါးသောသူတို့အား လေးစားခြင်းဟူ၍သာ သဘောပေါက်ကြ၏။ အမှန်ကို ဆိုရမူ လေးစားခြင်း၌ မိမိကိုယ်ကို လေးစားခြင်းလည်း ပါ၏၊ သူတစ်ပါးကို လေးစားခြင်းလည်း ပါ၏။ မိမိကိုယ်ကို လေးစားခြင်း မရှိသောသူ၌ သူတစ်ပါးကို လေးစားခြင်းသည် မဖြစ်ပေ။ မိမိကိုယ်ကို လေးစားနိုင်သည့် စွမ်းရည် မရှိသူ၌ သူတစ်ပါးကို လေးစားနိုင်သည့် စွမ်းရည်သည်လည်း မရှိနိုင်ပေ။ မိမိကိုယ်ကို လေးစားသမှု ပြုသောအားဖြင့် ပြုမူ ဆက်ဆံ ပြောဆိုလေ့ မရှိသောသူ၌ သူတစ်ပါး တို့ကို လေးစားသမှုပြုခြင်းဟူသည့် အမူအရာကို ပြသဖို့ရန်သည်လည်း ဖြစ်နိုင်တော့မည် မဟုတ်ပေ။
လေးစားခြင်းဟူသော အကြောင်းကို ဆိုက မြတ်ဗုဒ္ဓ၏အကြောင်း ကို မဆို၍ မဖြစ်တော့ပေ။ လောကအပေါ် လေးစားနိုင်ဆုံးသော ပုဂ္ဂိုလ်ဖြစ်၍ ဖြစ်၏။ နိမ့်ကျသော ဘဝကို ရရှိထားသူဖြစ်၍ လောကကို လေးလေးစားစား ဆက်ဆံနေရခြင်း မဟုတ်သည်ကိုကား စာရေးသူ စာဖတ်သူများ သိကြ၏။ တကယ်စင်စစ်သော်ကား ---
တစ်လောကလုံး၏ အထူးမြတ်ဆုံးသော ပုဂ္ဂိုလ်, အမွန်မြတ်ဆုံးသော ပုဂ္ဂိုလ်ကို ပြမည်ဆိုက မြတ်ဗုဒ္ဓသည် တစ်လောကလုံး၏ အထူးမြတ်ဆုံးသော ပုဂ္ဂိုလ်, အမွန်မြတ်ဆုံးသော ပုဂ္ဂိုလ် ဖြစ်တော်မူ၏။ တစ်လောကလုံး၏ ကိုးကွယ်ရာ အားထားရာ ပုဂ္ဂိုလ်ကို ပြမည်ဆိုလျှင် လည်း မြတ်ဗုဒ္ဓသည် တစ်လောကလုံး၏ ကိုးကွယ်ရာ အားထားရာ ပုဂ္ဂိုလ်အစစ် ဖြစ်တော်မူ၏။ အနှိုင်းမဲ့ပုဂ္ဂိုလ်ကို ပြမည်ဆိုလျှင်လည်း မြတ်ဗုဒ္ဓသည် တစ်လောကလုံး၌ တူသူမရှိသည့် အနှိုင်းမဲ့ပုဂ္ဂိုလ် ဖြစ်သကဲ့သို့, နတ်တို့ထက်နတ် ဗြဟ္မာတို့ထက်ဗြဟ္မာ လူတို့ထက်လူ အထွတ်အမြတ် အကြီးအမှူး ဖြစ်တော်မူသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ကြီးဟူသည့် ဘွဲ့ထူးဝိသေသနှင့် သက်ဆိုင်သူသည်လည်း မြတ်ဗုဒ္ဓသာ ဖြစ်၏။ အလုံးစုံသိတော်မူသည့် သဗ္ဗညုတဉာဏ်တော်မြတ်ကို ပိုင်သသူလည်း ဖြစ်ပေသည်။
ထိုသို့ အလုံးစုံကို သိတော်မူသည့် မြတ်ဗုဒ္ဓသည် အများနှင့် ယှဉ်တွဲနေထိုင်လျက် အများအကျိုး လောကအကျိုးကို ဆောင်ရွက်ခဲ့ပေသည်။ အများအကျိုး လောကအကျိုးကို ဆောင်ရွက်ခဲ့သော မြတ်ဗုဒ္ဓ၏ စိတ်ထား, ပြုမူ ဆက်ဆံ ပြောဆိုပုံတို့သည် စံပြုထိုက် အတုယူထိုက်သော စံနမူနာကောင်းများပင် ဖြစ်ကြသည်။ ထိုစံနမူနာ ကောင်းများကို သင်နှင့် အကျွန်ုပ်တို့ သိသင့်၏။ သိခွင့်ရမည်ဆိုက အကျိုးများကြပေလိမ့်မည်။ အတု အတူလိုက်၍ ဖြည့်ကျင့်ကြပေလိမ့်မည်၊ ပြုကျင့်ကြပေလိမ့်မည်။
ပါရမီမြောက်သော ဖြည့်ကျင့်မှု
လောကရှိသည့် အကျိုးဆောင်နိုင်သော ပုဂ္ဂိုလ်များထဲ၌ မြတ်ဗုဒ္ဓကဲ့သို့ အကျိုးဆောင်နိုင်သော ပုဂ္ဂိုလ်သည် မရှိခဲ့ပေ။ အခြားတစ်ပါးသော အကျိုးဆောင်သူတို့ မည်သည်ကား ရယူခြင်းအတွက် စွန့်လွှတ်ကြ၏။ ရယူလိုခြင်းကြောင့် ပေးကမ်းကြ၏၊ ဤသို့သော နှလုံးသွင်းဖြင့် ပြုသူက များ၏။ ဘဝအတွက် လောကကို အသုံးချခြင်းဖြင့် အကျိုးဆောင်သူဟူသော အမည်ထူး ဂုဏ်ထူးကို ချိတ်ဆွဲနိုင်ရန် အားထုတ်၏။ အနည်းငယ်မျှသော သူတို့သည်သာ မိမိတို့၏ဘဝကို လောကအတွက် အသုံးချခြင်းဖြင့် အကျိုးဆောင်ခြင်းမည်သည် ဖြစ်နိုင်၏၊ ဤသို့ နားလည်၏။ နားလည်သည့် အတိုင်းလည်း ဖြည့်ကျင့်၏။ ဤသို့ ဖြည့်ကျင့်ခြင်းသည် အနှစ်မရှိသည့် ခန္ဓာအိမ်မှ အနှစ်သာရကို ထုတ်ယူ နေခြင်း ဖြစ်သည်။ ဒုက္ခဘဝထဲမှ သုခကို ရှာဖွေနေခြင်းဟုလည်း ဆိုနိုင်၏။ လောကအတွက် ဘဝကို အသုံးချနေခြင်းဟူသည် ပါရမီမြောက်သော ဖြည့်ကျင့်မှု ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော ပုဂ္ဂိုလ်ကို နိဗ္ဗာန်ဟူသော ဟိုမှာဘက်ကမ်းသို့ ချဉ်းကပ်ဖို့ရန် ဖောင်ပေါ်သို့ တက်စီးနေသည့် ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။
ခေါင်းတစ်လုံးသာသူများ
မြတ်ဗုဒ္ဓကဲ့သို့သော အကျိုးဆောင်နိုင်သောပုဂ္ဂိုလ် မရှိနိုင်သည့် အကြောင်းသည် အဘယ်ကြောင့်နည်း။ ကိလေသာ မကင်းခြင်းသည် ဤ၌ ပဓာနအကြောင်း ဖြစ်၏။ ကိလေသာ မကင်းသူတို့၏ အကျိုးဆောင်မှု ဟူသမျှ၌ အပြစ်ကင်းနိုင်ဖွယ် အခွင့်သည် ရသည်လည်း ရှိ၏၊ မရသည်လည်း ရှိ၏။ အမှားများထဲမှ သင်ခန်းစာယူယင်း အမှန်ရောက်အောင် ကြိုးစားနေကြသူများသာ ဖြစ်ကြသည်။ ဤသို့ ကြိုးစားခြင်းကြောင့် စိတ်လွတ် ကိုယ်လွတ် ပြုတတ်သူတို့ထက် ခေါင်းတစ်လုံးသာသူများ အကျိုးဆောင်သူများ ဖြစ်လာကြပေသည်။
အကျိုးဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၏ ပြုမူနေထိုင်ပုံ နည်းစနစ် တို့သည် မြတ်ဗုဒ္ဓ၏ ပြုမူနေထိုင်ပုံ နည်းစနစ်ထဲသို့ သက်ဝင်သွားကြ ရသည်မှာ ဓမ္မတာတစ်ခုသဖွယ် ဖြစ်နေ၏။ သူတော်ကောင်းဖြစ်အောင် ကြိုးစားနေသူ, သူတော်ကောင်းဖြစ်လာသူ ဟူသမျှတို့၏ အတွေးအကြံတို့သည် အမှန်တရားကို မြတ်နိုးသူတို့၏ အတွေးအကြံများ အဖြစ်သို့ ပြောင်းလဲလာကြ၏။ အမှန်တရားဟူသော အမှန်တရားကို အကုန်အစင် သိသောသူအား ပြမည်ဆိုက မြတ်ဗုဒ္ဓတစ်ဆူတည်းသာ ရှိပေသည်။
လေးစားနိုင်ဆုံးသောဗုဒ္ဓ
မြတ်ဗုဒ္ဓ၏ ပြုမူနေထိုင်ပုံ နည်းစနစ်ကို သိရမည်ဆိုက လောကအကျိုးကို ဆောင်လိုသူ, ဆောင်နေသူများအဖို့ အကျိုးဖြစ်ထွန်းအောင် ဆောင်နိုင်ခွင့်ကို ပုံစံမှန် ရရှိကြမည် ဖြစ်သည်။ အတုလိုက်၍ ကျင့်ကြံခွင့် ဖြည့်ဆည်းခွင့်ကိုလည်း ရကြပေလိမ့်မည်။ မတူညီသော အလွှာ အသီးသီးရှိ ပုဂ္ဂိုလ်တို့အား မြတ်ဗုဒ္ဓ အဘယ်သို့ ပြုမူ ဆက်ဆံ ပြောဆိုလေသနည်း။
အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် ကကုဓဝဂ်လာ သီဟသုတ် သည် မြတ်ဗုဒ္ဓ၏ လောကအပေါ် ပြုမူ ဆက်ဆံ ပြောဆိုပုံ နည်းစနစ်ကို ညွှန်ပြပေးနေ၏၊ သင်ပြပေးနေ၏။ အတု အတူလိုက်၍ ပြုမူ ဖို့ရန်သာ လို၏။ ထိုသုတ္တန်၌ မြတ်ဗုဒ္ဓ အဘယ်သို့ ဟောကြားထားလေသနည်း။
လောကအပေါ် မိမိ၏ ပြုမူ ဆက်ဆံ ပြောဆိုပုံ နည်းစနစ်ကို ဟောကြားလိုသော မြတ်ဗုဒ္ဓသည် လောကသားတို့ နားလည်နိုင်သော လောကဥပမာကို ဦးစွာဆောင်လျက် တရားကို ဟောကြားတော်မူ၏။
ချစ်သားရဟန်းတို့ ...သားရဲတို့၏အရှင် ခြင်္သေ့မင်းဟူသည် လောက၌ ရှိ၏။
ထိုခြင်္သေ့မင်းသည် ညနေချမ်းအချိန် မိမိနေထိုင်ရာ နေရာမှ ထွက်၍ ကွန့်မြူးလျက် ပတ်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို စောင်းငဲ့ကြည့်ရှုပြီးနောက် သုံးကြိမ်ဟောက်လျက် ကျက်စားရန် ထွက်သွား၏။
ထိုခြင်္သေ့မင်းသည် ...
အကယ်၍ ဆင်ကို သတ်ပုတ်မူလည်း လေးလေးစားစား သာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။
ကျွဲကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။
နွားကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။
သစ်ကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။
အယုတ်သဖြင့် ယုန် ကြောင်စသော ငယ်သော သတ္တဝါ တို့ကိုပင် သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။
ထိုသို့ လေးလေးစားစား သတ်ပုတ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ၏ အားထုတ်မှု လမ်းစဉ်သည် မပျက်စီးပါ စေလင့်ဟု နှလုံးသွင်းသောကြောင့်တည်း။
ရဟန်းတို့ ခြင်္သေ့ဟူသော အမည်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ အမည်တော်ပင် ဖြစ်၏။ ရဟန်းတို့ ပရိသတ်၌ တရားဟောခြင်းသည်ပင် ထိုမြတ်စွာဘုရား၏ ခြင်္သေ့သံ ဖြစ်၏။
ရဟန်းတို့ မြတ်စွာဘုရားသည် ရဟန်းတို့ကို တရားဟောမူ လည်း လေးလေးစားစားသာလျှင် ဟောကြား၏၊ မလေးမစား မဟောကြား။
ရဟန်းတို့ မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏၊ မလေး မစား မဟောကြား။
ရဟန်းတို့ မြတ်စွာဘုရားသည် ဥပါသကာတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏၊ မလေး မစား မဟောကြား။
ရဟန်းတို့ မြတ်စွာဘုရားသည် ဥပါသိကာမတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏၊ မလေး မစား မဟောကြား။
ရဟန်းတို့ မြတ်စွာဘုရားသည် အယုတ်သဖြင့် ထမင်းစား ကျွန်ခံ မုဆိုးစသော ပုထုဇဉ်တို့ကိုပင် တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏၊ မလေးမစား မဟောကြား။
ထိုသို့ လေးလေးစားစား ဟောကြားတော်မူခြင်းသည် အဘယ်ကြောင့်နည်း။
ရဟန်းတို့ မြတ်စွာဘုရားသည် တရားကို လေးစား, တရားကို ရိုသေတော်မူသောကြောင့်တည်းဟု မိန့်တော်မူ၏။ (အံ၊မြန်၊ဒု-တွဲ၊၁၃၀။)
သူတော်ကောင်းတို့၏ အလေ့
သားတို့သနင်း ခြင်္သေ့မင်းသည် မိမိ၏ အားထုတ်မှုလမ်းစဉ်ကို မပျက်စီးစေခြင်းငှာ နှလုံးသွင်း စောင့်ရှောက်၏။ အားထုတ်မှုလမ်းစဉ်ကို မပျက်စီးစေခြင်းငှာ နှလုံးသွင်း စောင့်ရှောက်ခြင်းဟူသည် အသွယ်သွယ်သော သားကောင်တို့အား လေးလေးစားစား သတ်ပုတ်ခြင်းကို ဆိုခြင်း ဖြစ်၏။
မြတ်ဗုဒ္ဓသည်လည်း တရားကို လေးစား, တရားကို ရိုသေတော်မူသောအားဖြင့် မတူကွဲပြားသော ပုဂ္ဂိုလ်တို့အား လေးလေးစားစားသာလျှင် တရားကို ဟောကြားတော်မူမြဲ ဖြစ်သည်။ ဤသည်ပင် ဘုရားရှင်တို့၏ အလေ့, ဘုရားရှင်တို့၏ အားထုတ်မှုလမ်းစဉ်ဟု နားလည်ရ၏။
သင်နှင့် အကျွန်ုပ်ဟူသော လူသားတို့၏ အားထုတ်မှုလမ်းစဉ်သည်လည်း ရှိရပေမည်။ ထိုလမ်းစဉ် မပျက်စီးအောင်လည်း နှလုံးသွင်း စောင့်ရှောက်ရပေမည်။
သားတို့သနင်း ခြင်္သေ့မင်းသည်လည်း လေးစားခြင်းဟူသော လမ်းစဉ်ကို အလေးဂရုပြု၏။
အလုံးစုံသိတော်မူသော ဘုရားရှင်သည်လည်း လေးစားခြင်း ဟူသော လမ်းစဉ်ကို အလေးဂရုပြု၏။
သင်နှင့် အကျွန်ုပ်ဟူသော လူသားတို့သည်လည်း လေးစားခြင်းဟူသော လမ်းစဉ်ကို အလေးဂရုပြုရပေမည်။
လေးစားခြင်းဟူသော လမ်းစဉ်ကို သင်နှင့် အကျွန်ုပ်တို့၏ အားထုတ်မှု လမ်းစဉ်ဟူ၍လည်း သတ်မှတ်ရပေတော့မည်။ သို့မှသာ သူတော်ကောင်းတို့၏ အလေ့ သူတော်ကောင်းတို့၏ လမ်းစဉ်ကို အတု အတူလိုက်သူတို့ ဖြစ်ကြပေလိမ့်မည်။
လေးလေးစားစား ဟောကြားရခြင်းဟူသည် . . .
မြတ်ဗုဒ္ဓသည် ပုဂ္ဂိုလ်အသီးသီးတို့အား တရားဟောရမည်ဆိုက လေးလေးစားစားသာလျှင် ဟောတော်မူ၏၊ မလေးမစား ဟောတော်မမူ။
အမှန်ကိုပြောရပါမူ တရားနာပရိသတ်ဟူသမျှသည် မြတ်ဗုဒ္ဓအောက် နိမ့်ကျသော ပုဂ္ဂိုလ်များသာလျှင် ဖြစ်ကြ၏၊ မြင့်မားနေသူများ မဟုတ်ကြပေ။ မြတ်ဗုဒ္ဓ၏ အတုမရှိ ဉာဏ်တော်နှင့် နှိုင်းယှဉ်မည်ဆိုက ထိုထိုပရိသတ်သည် မြတ်ဗုဒ္ဓအောက် နိမ့်ကျသော အလွန်နိမ့်ကျသော, နုံ့သော အလွန်နုံ့သော, ငယ်သော အလွန်ငယ်သော သူများသာလျှင် ဖြစ်ကြ၏၊ မြင့်မားနေသူများ မဟုတ်ကြပေ။
ထိုသို့ နိမ့်ကျသော အလွန်နိမ့်ကျသော, နုံ့သော အလွန်နုံ့သော, ငယ်သော အလွန်ငယ်သော အသိဉာဏ်ရှိသူများကိုပင်လျှင် တရားဟောရမည်ဆိုက လေးလေးစားစားသာလျှင် ဟောကြားတော်မူ၏။ အဘယ်ကြောင့်နည်း၊ ထိုသူတို့၏အကျိုးကို ဆောင်ချင်သောကြောင့် ဖြစ်၏။ ထိုသူတို့၏ဘဝကို မြှင့်တင်ပေးလိုသောကြောင့် ဖြစ်၏။
---လေးလေးစားစား ပြုမူ ပြောဆို ဆက်ဆံကြည့်ကြစို့
သင်နှင့် အကျွန်ုပ်တို့သည်လည်း ပုဂ္ဂိုလ်တစ်ဦးကို လေးလေး စားစား ပြုမူ ပြောဆို ဆက်ဆံကြည့်သင့်၏၊ ဘာဖြစ်လာနိုင်သနည်း။ ထိုပုဂ္ဂိုလ်၏ မိမိအပေါ် စိတ်နူးညံ့ ပျော့ပြောင်းသွားခြင်းဟူသည့် ရလာဒ်ကောင်း တစ်ခုကို သင်နှင့် အကျွန်ုပ်တို့ ဦးစွာ တွေ့ရပေမည်။ အကျိုးဆောင်ချင်သူမှန်က ချီးမွမ်းခြင်း၌သော်လည်း လေးလေးစားစား ချီးမွမ်းရ၏။ အပြစ်ပြ ပြောဆိုခြင်း၌သော်လည်း လေးလေးစားစား သာလျှင် ပြောဆိုရ၏။ မလေးမစား မပြောဆိုသင့်ပေ။
လောက၌ မိမိနှင့် တန်းတူရည်တူသည့် ပုဂ္ဂိုလ်များ ရှိကြ၏။ ထိုသူတို့အား လေးလေးစားစားဖြင့် ဆက်ဆံကြည့်မည်ဆိုက ထိုပုဂ္ဂိုလ် တို့သည်လည်း မိမိအပေါ် ချစ်ခင်မှု ကြည်ညိုမှု လေးစားမှု ထပ်ဆင့်၍ တိုးလာသည်ကို သင် လက်တွေ့ မြင်ရပေလိမ့်မည်။
မိမိထက်ပို၍ အဆင့်အတန်းမြင့်မားသူများဟု ဆိုရမည့် ပုဂ္ဂိုလ်တို့ သည်လည်း လောက၌ ရှိကုန်၏။ ထိုသူတို့အားလည်း လေးလေးစားစားဖြင့် ဆက်ဆံကြည့်သင့်၏။ ထိုသို့ အဆင့်အတန်းမြင့်မားသူများသည် သင့်အား အဘယ်သို့ ပြောဆိုကြမည်နည်း, အဘယ်သို့ ထင်မြင်ကြမည်နည်း, အဘယ်သို့ ယူဆကြမည်နည်း, အဘယ်သို့ သတ်မှတ်ကြမည်နည်း။
ဩော် ...ဒီသူဟာ ဘယ်လို ပုဂ္ဂိုလ်နှင့် ဘယ်လိုစကားမျိုး ပြောဆိုရမည်ကို သိတဲ့ပုဂ္ဂိုလ်, မိမိ သူတစ်ပါး အကျိုးများအောင် ပြောဆိုတတ်တဲ့ ပုဂ္ဂိုလ်, ဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါပေ၏ ဟူ၍ သတ်မှတ်ကြပေလိမ့်မည်။ မိမိအကျိုးကို တကယ်ဆောင်တတ်တဲ့ ပုဂ္ဂိုလ်, သူတစ်ပါးအကျိုးကိုလည်း အလိုက်သိသိဖြင့် ဆောင်တတ်တဲ့ ပုဂ္ဂိုလ် ဆိုပြီး မိမိထက် အဆင့်အတန်းမြင့်မားသူများက ပြောဆိုကြပေလိမ့်မည်, ထင်မြင်ကြပေလိမ့်မည်, ယူဆကြပေလိမ့်မည်, သတ်မှတ်ကြပေလိမ့်မည်။ ထိုသူတို့၏ ရင်ထဲ၌ အသိအမှတ် ပြုသွားကြပေလိမ့်မည်။
လောက၌ မိမိထက်နိမ့်ကျသော ပုဂ္ဂိုလ်များလည်း ရှိကြ၏။ ထိုသူတို့အား လေးလေးစားစားဖြင့် ပြုမူပြောဆို ဆက်ဆံကြည့်ကြဦးစို့၊ မိမိသည် အလွန်တရာ မြင့်မြတ်နေသည့် ပုဂ္ဂိုလ်တစ်ယောက်၊ အလွန် အထက်တန်းကျနေသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ ထိုသို့ မြင့်မြတ်သော အထက်တန်းကျသော ဘဝကို ရရှိထားသည့် မိမိအနေဖြင့် အလွန်နိမ့်ကျနေသော ပုဂ္ဂိုလ်တို့အား လေးလေးစားစား ပြုမူ ပြောဆို ဆက်ဆံ၏၊ ထိုသူတို့ အဘယ်သို့ ပြောဆိုကြမည်နည်း, အဘယ်သို့ ထင်မြင်ကြမည်နည်း, အဘယ်သို့ ယူဆကြမည်နည်း, အဘယ်သို့ သတ်မှတ်ကြမည်နည်း။
ဩော် ...မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဒီလိုပါလား၊ အထက်တန်းကို ရောက်နေတဲ့ ပုဂ္ဂိုလ်တွေဆိုတာ ဒီလိုစိတ်ထားမျိုး ဒီလိုစိတ်ဓာတ်မျိုး ရှိကြသူတွေပါလား၊ ငါတို့ကဲ့သို့ နိမ့်ကျနေတဲ့ ပုဂ္ဂိုလ်တွေကို သော်လည်း အရေးတယူ ရည်တူထားတဲ့ စကားလုံးတွေနှင့်သာ လေးလေးစားစား ဆက်ဆံကြတယ်။ ငါတို့ကဲ့သို့ နိမ့်ကျနေတဲ့ ပုဂ္ဂိုလ်တွေက ဘာကြောင့်များ ခက်ထန်တဲ့ နိမ့်ကျတဲ့ စကားလုံးတွေနှင့် ပြောဆိုရမှာလည်း၊ အလွန်မှ ယုတ်ညံ့တဲ့ အလွန်မှ အဆင့်အတန်းမရှိတဲ့ စကားလုံးတွေနှင့် ငါတို့က ဘာကြောင့် ပြောဆိုရမှာလည်း၊ ဩော် ... ငါတို့ဟာ အတုယူထိုက်တဲ့ ပုဂ္ဂိုလ်, လေးစားထိုက်တဲ့ ပုဂ္ဂိုလ်, အထက်တန်းကျသူဟု ခေါ်ဆိုထိုက်တဲ့ ပုဂ္ဂိုလ်ကို တွေ့ရတာပဲ ဆိုသည့် အလွန်ကျေနပ်သည့် စိတ်တို့သည် တဖွားဖွား ဖြစ်ပေါ်လာ ကြပေမည်။ ထိုသို့ ဖြစ်ပေါ်လာသည့်အပြင် မိမိတို့ဘဝ၏ စံနမူနာ အဖြစ် မှတ်ယူကြ၏၊ ပြယုဂ်တစ်ခု အဖြစ်လည်း သတ်မှတ်ကြ၏။
ထိုသို့သော ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားမည် ဆိုသည့် မှန်သော အတုလိုက်မှုသည် ထိုသူ၌ ဖြစ်ပေါ်လာ၏။ တစ်ပါးသူတို့အား ချိုးနှိမ်၍ ပြောဆိုခြင်းကို မည်သို့သော အကြောင်းကြောင့်သော်လည်း ခွင့်မပြုချင်တော့ပေ၊ ခွင့်မပြုနိုင်သည့် စိတ်မွန်စိတ်မြတ် စိတ်ထားကောင်းတို့ သည်လည်း ကူးစက်သွားတော့၏။ လေးလေးစားစား ပြုမူ ပြောဆို ဆက်ဆံခြင်း၏ အကျိုးရှိမှုတည်း။
---မလေးမစား ပြုမူ ပြောဆိုခဲ့သော် . . .
ယနေ့ခေတ်ကို ကြည့်မည်ဆိုက အများစုသည် တစ်ဦးကိုတစ်ဦး အဘယ်သို့ ပြုမူ ဆက်ဆံ ပြောဆိုနေကြပါသနည်း။ လေးစားသောစိတ်, ကြည်ညိုသောစိတ်, ချစ်ခင်သောစိတ်ထားတို့ဖြင့် ပြုမူဆက်ဆံ ပြောဆိုနေသည်က နည်းလှ၏။ ထိုသို့ ဖြစ်ခြင်းသည် ပစ္စုပ္ပန် သံသရာ အကျိုးရှိမှုကို နားလည်သက်ဝင်မှု အားနည်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ပြုချင်သလိုပြု ပြောချင်သလိုပြောပြီး နေထိုင်သည့် နေထိုင်ပုံ နည်းစနစ်များ လောက၌ လွှမ်းမိုးလာခြင်း ဖြစ်သည်။
မိမိတို့ထက် စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိန် နိမ့်ကျနေသည့် သူတို့ကို ခက်ထန်သည့် စကားလုံးတို့ဖြင့် ပြောဆိုချင်ကြ၏ ပြောဆိုကြ၏၊ နှိမ်ချသည့် အသုံးအနှုန်းတို့ဖြင့် ဆက်ဆံချင်ကြ၏ ဆက်ဆံကြ ၏၊ အထင်သေးသည့် မျက်လုံးတို့ဖြင့်ကြည့်လျက် ပြောဆိုချင်ကြ၏ ပြောဆိုကြ၏၊ ကြမ်းတမ်းသည့်စကားလုံး, မောက်မာသည့်စကားလုံး တို့ဖြင့် ပြောဆိုချင်ကြ၏ ပြောဆိုကြ၏။ ဤသို့ ပြောဆိုကြခြင်းသည် သူတစ်ဖက်သားကို နိမ့်ကျသောပုဂ္ဂိုလ်များဟု ယူဆနှိမ့်ချလျက် မိမိကိုယ်ကိုမိမိ အဆင့်အတန်းမြင့်မားသူဟု အထင်ရောက်နေသည့် သူတို့၏ လောကအပေါ် ပြုမူ ဆက်ဆံ ပြောဆိုပုံတည်း။ ထိုသို့ ပြုမူ ပြောဆိုခြင်း၏ ရလာဒ်ကား အဘယ်ပါနည်း။ ချစ်ခင်ခြင်းလော, ကြည်ညိုခြင်းလော၊ မဟုတ်ပေ ...တကယ်စင်စစ်သော်ကား ထိုသို့ သော ပုဂ္ဂိုလ်တို့နှင့် မဆက်ဆံလိုကြပေ။ ထိုသို့သော ပုဂ္ဂိုလ်မျိုး၏ လက်အောက်၌လည်း အလုပ် မလုပ်ချင်ကြပေ။ စွမ်းနိုင်မည်ဆိုက ချက်ချင်းပင် ထွက်ခွာလိုကြ၏၊ စွန့်ခွာလိုကြ၏။ ရွံရှာသောစိတ် မုန်းတီးသောစိတ် ကလဲ့စားချေလိုသည့် စိတ်များသော်လည်း ဝင်ရောက်လာတတ်၏။ ဤသည် မလေးမစား ပြုမူ ပြောဆို ဆက်ဆံခြင်း၏ အကျိုးမဲ့မှုတည်း။
စိုးရွံ့ခြင်းကြောင့် ကြောက်ရွံ့ခြင်းကြောင့်သာ အားမတန် မာန်ကို လျှော့လျက် မိမိတို့၏လက်အောက်၌ နေကြပေလိမ့်မည်၊ မိမိတို့အပေါ် ကြည်ညို၍တော့ မဟုတ်ပေ။ မိမိတို့နှင့် စကားပြောဆိုလိုသည့် စိတ်ဓာတ်များလည်း ထိုသူတို့၌ ဖြစ်ပေါ်လာမည်ကား မဟုတ်ပေ။
---လူကြီးများ သတိရှိကြစေ
အထက်တန်းကျနေသည့် ပုဂ္ဂိုလ်များဟု ကမ္ပည်းတပ်ခံထားရသည့် သူများ လောက၌ ရှိ၏။ မိဘတို့ကို ကြည့်မည်ဆိုက သားသမီး တို့ထက် အထက်တန်းကျနေသည့် ပုဂ္ဂိုလ်များ သားသမီးတို့ထက် မြင့်မားနေသည့် ပုဂ္ဂိုလ်များဟု ဌာနန္တရအရ ဆိုရ၏။ ဆရာတို့ကို ကြည့်မည်ဆိုကလည်း တပည့်တို့ထက် အထက်တန်းကျနေသည့် ပုဂ္ဂိုလ်များ တပည့်များထက် မြင့်မားနေသည့် ပုဂ္ဂိုလ်များဟု ဆိုရပေမည်။ ထိုကဲ့သို့ပင် လူကြီးဟူသော ပုဂ္ဂိုလ်တို့သည် လူကြီးဟူသော ဌာနန္တရ၌ ရပ်တည်နေရသောကြောင့် လူငယ်တို့နှင့် နှိုင်းစာမည်ဆိုက မြင့်မားနေသောပုဂ္ဂိုလ်, အထက်တန်းကျနေသော ပုဂ္ဂိုလ်များဟူ၍ ဆိုရပေမည်။
ထိုသို့သော ဌာနန္တရ၌ ရပ်တည်လျက်နေသော သူတို့၏ ပြုမူဆက်ဆံ ပြောဆိုပုံတို့သည် အဘယ်သို့ ဖြစ်သင့်ပါသနည်း။
လူ့လောကကို ကြည့်မည်ဆိုက လူအများစုသည် ကောင်းချင်သည့် ဆန္ဒရှိသူ များပါ၏။ မှန်ကန်သည့် အသိဉာဏ် ချင့်ချိန်နိုင်သည့် အသိဉာဏ် အားနည်းသည့်အတွက် အတုယူမှားသွားသည်လည်း ရှိ၏။ မှန်ကန်သော အတုလိုက်မှုကို ရမည်ဆိုက ကောင်းလာနိုင်သော သဘောသဘာဝ အခွင့်သည် ရှိ၏။ အလွန်ဆိုးရွားသော ဓာတ်ခံရှိသူများကိုတော့ မဆိုလိုချင်ပေ။
သူတော်ကောင်းဖြစ်ချင်၍ သူတော်ကောင်းအလုပ်ကို လုပ်နေသည့်ပုဂ္ဂိုလ်များ လောက၌ ရှိကြ၏။ ထိုသူတို့ကို ကြည့်မည်ဆိုက မိမိတို့ထက် ရှေ့ရောက်နေသော မိမိတို့၏ အထက်၌ရှိသော ပုဂ္ဂိုလ်တို့အား အတုလိုက်ကာ ပြုမူနေထိုင်ကြသည်က များ၏။ မိမိတို့၏ အထက်၌ရှိသော ပုဂ္ဂိုလ်တို့၌ လေးစားထိုက် ကြည်ညိုထိုက်သော ဂုဏ်များကို တွေ့မည်ဆိုက ဩော်.. ငါတို့၏ အထက်မှာရှိနေတဲ့ ခေါင်းဆောင်တွေ လူကြီးသူမတွေဟာ အလွန်တရာ မြင့်မြတ်ကြတာပဲ၊ တို့ကိုသော်လည်း လေးလေးစားစားနှင့် ပြောဆိုဆက်ဆံခြင်း ရှိကြတယ်ဆိုပြီး ဦးဆောင်ဦးရွက် ဖြစ်ကြသည့် ခေါင်းဆောင်တို့အပေါ် ဆရာသမားတို့အပေါ် မိဘတို့အပေါ်၌ ပို၍ ပို၍ ကြည်ညိုလာကြပေ၏။ ကြည်ညိုသည့်အလျောက် ထိုသူတို့ ဖြစ်စေလိုသည့် လုပ်စေချင်သည့် ပြောဆိုသည့် ကိစ္စများကိုလည်း လိုက်နာ ဆောင်ရွက်ဖို့ရန် စိတ်ဓာတ်များ ဖြစ်ပေါ်လာကြပေ၏။
လူကြီးဟူ၍ ခေါ်နိုင်သည့်ပုဂ္ဂိုလ်များ လောက၌ များစွာရှိ၏။ ထိုသူတို့သည် လူကြီးဟူသော ဌာနန္တရ၌ ရပ်တည်လျက် လူငယ်ဟု ခေါ်ဆိုအပ်သည့် ပုဂ္ဂိုလ်, တပည့်ဟု ခေါ်ဆိုအပ်သည့် ပုဂ္ဂိုလ်, သားသမီးဟု ခေါ်ဆိုအပ်သည့် ပုဂ္ဂိုလ်များနှင့် မိမိတို့၏ အနာဂတ်မျိုးဆက်ဟု ခေါ်ဆိုရမည့် နောင်လာ နောက်သား လူငယ်တို့အား လေးလေး စားစားနှင့် ဆက်ဆံဖို့ရန် တွန့်ဆုတ်နေတတ်ကြသည်ကို တွေ့ရ၏၊ အဘယ်ကြောင့်နည်း။ လူကြီးတို့၏ စိတ်၌ ဖြစ်ပေါ်နေသည့် ခံယူချက်ကို နားလည်သည့်အတိုင်း တင်ပြရပါမူကား ...လူငယ်ဖြစ်သော ထိုသူတို့အား လေးလေးစားစား ဆက်ဆံလိုက်မည်ဆိုက မိမိတို့၏ ခေါင်းပေါ်တက်မည်ကို စိုးရွံ့ကြ၏။ အရိုအသေတန်မည်ကိုလည်း စိုးရိမ်ကြ၏၊ မိမိတို့အပေါ် မလေးမစား ဖြစ်မည်ကိုလည်း တွေးကြောက် ကြ၏။ ဤသို့ဖြစ်ခြင်းကို ကာကွယ်ခြင်းဟု ဆိုရ၏၊ ကြောက်ရွံ့ခြင်းဟုလည်း ဆိုရပေမည်၊ မိမိသူတစ်ပါး အကျိုးမများသော ပိတ်ဆို့မှုစနစ် တစ်ခုသာ ဖြစ်ပြီး မရင့်ကျက်သေးသော လူကြီးများ၏ ကလေးဆန်သော အပြုအမူသာ ဖြစ်ပေသည်။ ရင့်ကျက်သူတို့၏ အမူအကျင့် မဟုတ်ပေ။ တကယ်စင်စစ်မူကား လူငယ်ဟူသော ဌာနန္တရ၌ ရပ်တည်လျက် နေထိုင်သော သူတို့သည် လူကြီးတို့၏ လေးစားမှုကို ခံယူလိုသည့် ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ ငယ်သူတို့၏ တောင့်တချက် တစ်ခုဟု လူကြီးများ နားလည်သင့်၏။ ငယ်သူတို့၏ လူကြီးတို့အပေါ် ဖြစ်စေချင်သည့် စေတနာဟုလည်း ဆိုနိုင်၏။ အသက်ကြီး၍ လူကြီးဟု အခေါ်ခံရခြင်းမျိုး မဖြစ်စေချင်ကြပေ။ လူကြီးဟု ခေါ်ဆိုနိုင်သော တကယ့်လူကြီးများကို မြင်တွေ့လိုကြ၏။ ကောင်းသော အတုလိုက်ခွင့်ကို ရရှိရန် ဓမ္မဓိဋ္ဌာန်ကျကျ ကျိတ်၍ တောင့်တခြင်း တောင်းခံခြင်းဟုလည်း ဆိုနိုင်၏။ စာရေးသူအနေနှင့် စေ့စပ်ခြင်း အမှုကို ပြုသင့်၏ဟု ယူဆ၍ ဖြစ်သည်။ လူကြီးများ သတိရှိကြစေ။
---သိက္ခာရှိရှိ နေခွင့်ပေးပါ
လူငယ်တစ်ဦးကို လေးလေးစားစားဖြင့် ဆက်ဆံကြည့်သင့်၏။ လူကြီးတစ်ဦး၏ လေးလေးစားစား ပြုမူ ဆက်ဆံ ပြောဆိုမှုကို ခံရသည့် အရေးတယူပြုမူမှုကို ခံရသည့် လူငယ်တစ်ယောက်သည် ထို အပြုအမူ အပြော အဆိုတို့ကို တောင့်တနေသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားတော့၏။ လူကြီးဖြစ်သူများက မိမိအား မလေးမစား ပြုမူလာ မည် ပြောဆိုလာမည်ကို စိုးရွံ့၏၊ အထင်သေးသည့်မျက်လုံး အထင်သေးသည့်စကားလုံးတို့ဖြင့် ကြည့်ရှုပြောဆိုခြင်း ခံရမည်ကို အဖြစ်မခံနိုင်သည့် စိတ်ထားများလည်း ဝင်လာကြ၏။ လူကြီးသူမများ လက်မခံနိုင်သည့် မကောင်းသည့် အရာတို့ကို မပြုမိ မပြောမိရန် ကြိုးစား လာကြ၏။ ထိုသို့သော အရာများကို ရှောင်ရှားမည်ဆိုသည့် စိတ်ဓာတ် တို့သည်လည်း လေးလေးစားစား ပြုမူ ဆက်ဆံခြင်းခံရသည့် လူငယ်တစ်ဦး၏ နှလုံးအိမ်၌ ကိန်းဝပ်လာတော့သည်။ လူကြီးတစ်ဦး၏ မလေးမစား ကဲ့ရဲ့ပြစ်တင်ခြင်း ခံရမည့် အဖြစ်ကို ဖြစ်ခွင့် မပေးနိုင်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာသည်ကို မိမိတို့ကိုယ်တိုင် စမ်းသပ်ကြည့်မည်ဆိုက လက်တွေ့ သိကြပေလိမ့်မည်။
လူငယ်တစ်ဦး အမှားမဖြစ်ဖို့ရန် အမှားကို မလုပ်မိဖို့ရန်နှင့် အမှားကို မလွန်ကျူးမိစေရန် အဘယ်အရာဖြင့် ထိန်းပေးနိုင်သနည်း။ လေးစားခြင်းဟူသည့် အရာတစ်ခုဖြင့် ထိန်းပေးလိုက်နိုင်၏။ လေးလေး စားစား အလေးထား ပြုမူဖို့သာ လို၏။ လေးစားခြင်းဟူသည့် အရာတစ်ခုဖြင့် ထိန်းပေးလိုက်မည်ဆိုက ထိုလူငယ်တစ်ဦး၏ ဘဝကြီးပြင်းမှုသည် လေးလေးနက်နက် တည်တည်တံ့တံ့ သိက္ခာရှိရှိဖြင့် ကြီးပြင်း လာပေမည်။ ထိုကဲ့သို့ သိက္ခာရှိရှိဖြင့် ကြီးပြင်းလာမည်ဆိုသည့် အချက် ကိုလည်း အသင်သူတော်ကောင်းအနေဖြင့် ကိုယ်တိုင် စမ်းသပ်ကြည့် မည်ဆိုက ကိုယ်တိုင် တွေ့မြင်ပေလိမ့်မည်။
လေးစားခြင်းဟူသည် စင်စစ် သိက္ခာရှိရှိဖြင့် နေခွင့်ပေးခြင်း ဖြစ်၏။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၌ ကိုယ်ပိုင်အခွင့်အလမ်းဟူသည် ရှိ၏၊ ထိုအခွင့်အလမ်းကို ဝင်ရောက်စွက်ဖက်ရန် မကောင်းပေ။ သူတစ်ထူး၏ ဓမ္မနည်းလမ်းကျသော လုပ်ပိုင်ခွင့် အခွင့်အလမ်းကို ဝင်ရောက် စွက်ဖက်ခြင်းသည် သိက္ခာရှိရှိ နေခွင့်မပေးခြင်း ဖြစ်သည်။ လေးစားတတ်သော ပုဂ္ဂိုလ်တစ်ယောက်သည် တစ်ပါးသော ပုဂ္ဂိုလ်တစ်ယောက်၏ ကိုယ်ပိုင်အခွင့်အလမ်းကို ဝင်ရောက်စွက်ဖက်မည် မဟုတ် ပေ။ တရားနည်းလမ်းကျသော လုပ်ပိုင်ခွင့်ကို ပေးတတ်ဖို့ လို၏။
မိမိ၏ အလိုဆန္ဒနှင့် မကိုက်ညီသည့်အတွက်ကြောင့် တားမြစ်ခြင်း၊ လုပ်ပိုင်ခွင့်မပေးခြင်းသည် မလေးစားခြင်းသာလျှင် ဖြစ်၏၊ လေးစားခြင်း မဟုတ်ပေ။
မိမိကိုယ်ကို ပြန်လည်စဉ်းစားသင့်၏၊ မိမိဟူသောပုဂ္ဂိုလ်သည် သူတစ်ထူး၏ လုပ်ပိုင်ခွင့်ကို ဟန့်တား၏၊ ကန့်ကွက်၏။ သူတစ်ထူးတို့ အဘယ်သို့ ခံစားရမည်နည်း။ မိမိ၏ တရားနည်းလမ်းကျသော လုပ်ပိုင်ခွင့်ကို ပုဂ္ဂိုလ်တစ်ယောက်သည် ဟန့်တား၏၊ ကန့်ကွက်၏၊ လုပ်ခွင့်မပေးပေ။ ထိုအခါ၌ မိမိ အဘယ်သို့ ခံစားရမည်နည်း။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များနှင့် အတူယှဉ်တွဲ နေထိုင်လိုသည့်ဆန္ဒ, အတူယှဉ်တွဲ အလုပ် လုပ်ကိုင်လိုသည့်ဆန္ဒများ ရှိပါဦးမည်လော၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်များအား မိမိ၏ ခေါင်းဆောင်အနေဖြင့် ချီးမြှောက်နိုင်မည်လော၊ ကြည်ညိုနိုင်မည်လော၊ လေးစားနိုင်မည်လော။ ဤသည်တို့သည် ဖြစ်နိုင်ခဲသော အရာများသာ ဖြစ်ပေလိမ့်မည်။
လေးလေးစားစား ပြုမူ ပြောဆို ဆက်ဆံခြင်းဖြင့် သိက္ခာရှိရှိနေခွင့် ပေးသင့်၏။ မည်သူ့ကိုမျှ အတင်းအကြပ် ခိုင်းစေခြင်း မပြုသင့်ပေ။အတင်းအကြပ် ခိုင်းစေခြင်းဟူသည် လေးစားမှုမရှိသော သိက္ခာရှိရှိနေခွင့်မပေးသော သဘောထားပင် ဖြစ်၏။ မိမိလည်း သိက္ခာရှိရှိ နေချင်သည်, သူတစ်ပါးတို့အားလည်း သိက္ခာရှိရှိနေခွင့်ရစေချင်သည်ဆိုက ပြုသင့်ပြုထိုက် ပြောသင့်ပြောထိုက်သည့် ပုံစံဖြင့်သာ လေးလေးစားစား ပြုမူ ပြောဆိုသင့်ကြ၏။
---လေးလေးစားစား မဆက်ဆံနိုင်စေသော တရားဆိုးများ
တစ်ဦးအပေါ်တစ်ဦး လေးစားမှုမရှိသော ပြုမူ ဆက်ဆံ ပြောဆိုမှုများ ဖြစ်ပေါ်လာသည့် အချိန်အခါ၌ ပြဿနာများစွာတို့ ဖြစ်ပေါ် လာ၏၊ နားမလည်မှု များစွာတို့ကို ဖြစ်ပေါ်စေခြင်း၏ အကြောင်းလည်း ဖြစ်၏။
လေးလေးစားစားဖြင့် ပြုမူ ဆက်ဆံ ပြောဆိုနိုင်ခြင်းဟူသည် ဣဿာ မစ္ဆရိယတရားတို့ မရှိခြင်း နည်းပါးခြင်းကြောင့်သာ ဖြစ်၏။ ကိလေသာ ထင်ရှားရှိနေသည့် ပုဂ္ဂိုလ်များထံ၌ ဣဿာ မစ္ဆရိယတရားဆိုးများ ကိန်းဝပ်နေကြသည်သာ၊ မရှိဟူ၍ ပြောဆိုခြင်းငှာ မစွမ်းနိုင်ပေ။ ထိုသို့ပင်ဖြစ်သော်လည်း ဣဿာ မစ္ဆရိယတရားတို့ဟူသည် တစ်ဦးအပေါ်တစ်ဦး လေးလေးစားစားဆက်ဆံနိုင်သော ဆက်ဆံမှုကို မဖြစ်အောင်ပြုနေသည့် တရားဆိုးများဟူ၍ သိသင့်၏။
ဣဿာဟူသည် မနာလိုခြင်းဖြစ်၏၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကြီးပွားလာပြီ ချမ်းသာလာပြီ အခြွေအရံပရိသတ် အကျော်စော အလွန်များလာပြီ လာဘ်လာဘ ပေါများလာပြီဆိုက ကိလေသာ မစင်သည့် သဘာဝရှိသော သတ္တဝါတို့၌ မနာလိုသည့် ဣဿာတရားဆိုးတို့ တဖွားဖွား ဖြစ်ပေါ်လာတတ်ကြ၏။ ဤသို့သော မနာလိုမှုများ မိမိတို့၏ စိတ်အစဉ်၌ ဖြစ်ပေါ်လာသည်ကိုလည်း မသိနိုင် ဖြစ်ခဲ့၏။ သိရှိသော်ငြားလည်း ထိုတရားဆိုးကို နှိပ်ကွပ်ဆုံးမခြင်း အချိန်မီ မပြုလိုက်နိုင်က မှန်ကန်သော သဘောထား, ကြည်လင်သော စိတ်ထား ဖြစ်ပေါ်မလာတော့ပေ။ ထိုသို့ ဆုံးမခြင်း မပြုလိုက်နိုင်သည့် အတွက်ကြောင့်ပင် သူတစ်ထူး၏ အောင်မြင်မှုကို မနာလိုသည့် စိတ်ထားများသည် ဖြစ်ပေါ်လာတော့၏။ ထိုစိတ်ထားတို့ဖြင့် ဖျက်လို ဖျက်ဆီး ပြုမူတော့မည်, ပြောဆိုတော့မည်, ဆက်ဆံတော့မည် ဖြစ်၏။ ထိုသို့ ပြုမူ ပြောဆိုခြင်းမည်သည် ကံ, ကံ၏ အကျိုးတရားကို သက်ဝင် ယုံကြည်မှု မရှိသည့် ပုဂ္ဂိုလ်တို့၏ အပြုအမူ အပြောအဆိုသာလျှင် ဖြစ်၏။ လေးလေးနက်နက် ဆင်ခြင်မည်ဆိုက ပရိသတ်အခြွေအရံ အကျော်စော များခြင်းမည်သည် ထိုသူတို့၏ ပါရမီကံအားလျော်စွာ ဖြစ်ပေါ်လာသော အကျိုးတရားများသာလျှင် ဖြစ်၏။ လာဘ်လာဘတို့သည်လည်း ထိုသူတို့၏ ပါရမီကံအားလျော်စွာ ဖြစ်ပေါ်လာသော အကျိုးတရားများသာလျှင် ဖြစ်၏။ ထိုသူတို့၏ ဘုန်းကံပါရမီအားလျော်စွာ ချစ်ခင်ကြည်ညိုသည့် မျက်လုံးတို့ဖြင့် ကြည့်ရှုမည့်ပုဂ္ဂိုလ်များ ဆည်းကပ်မည့်ပုဂ္ဂိုလ်များ ထင်ရှားဖြစ်ပေါ်လာကြ၏။ ဤသည်တို့သည် ထိုသူတို့၏ ကံအားလျော်သော အကျိုးများသာ ဖြစ်ကြ၏။
---ကြွေးဆပ်ခွင့် တောင်းခံကြခြင်းသာ
ကံ, ကံ၏အကျိုးတရားကို သက်ဝင်နားလည်နိုင်သော စိတ်ထားဖြင့် မိမိတို့၏ စိတ်ကို ဆုံးမဖို့ရန်ကား လိုအပ်လှပေသည်။ ထိုသို့ ဆုံးမခြင်း မရှိခဲ့ပါမူ ထိုထိုပုဂ္ဂိုလ်တို့၏ ပျက်စီးရာ ပျက်စီးကြောင်းဖြစ်သော စိတ်ဖြင့် မဟုတ်သည်ကို အဟုတ်လုပ်၍ ပြောဆိုတတ်သော သဘာဝများ ဖြစ်ပေါ်လာကြပေတော့မည်။ စင်စစ်သော်ကား ထိုသို့ မဟုတ်သည်ကို အဟုတ်လုပ်၍ ပြောဆိုခြင်းမည်သည် မိမိကိုယ်ကို မိမိ မလေးစားသော စိတ်ပင် ဖြစ်သည်။
အဘယ်အကြောင်းကြောင့်နည်း၊ ထိုကဲ့သို့ ပြုမူပြောဆိုခြင်းဟူသည် မြင့်မြတ်နေသည့် မိမိတို့၏ စိတ်ဓာတ်ကို ယုတ်ညံ့သည့် စိတ်ဓာတ်အဖြစ်သို့ ပြောင်းလဲသွားအောင် ပြုခြင်းသာ ဖြစ်၏။ မြင့်မားသည့် စိတ်ဓာတ်သဘာဝမှ နိမ့်ပါးသည့် စိတ်ဓာတ်သဘာဝအဖြစ်သို့ ပြောင်းလဲခွင့်ပေးလိုက်ခြင်းဟုလည်း ဆိုရ၏။ မိမိ၏ တန်ဖိုးကို ယုတ်နိမ့်သွားခြင်းငှာ နိမ့်ကျသွားခြင်းငှာ ပြုသူကို ပြသခြင်းလည်း မည်၏။ ဤသို့ဆိုလျှင် ထိုသို့သော အပြုအမူ အပြောအဆိုတို့ကို ပြုသောသူအား မိမိကိုယ်ကို လေးစားသူဟူ၍ ခေါ်နိုင်ပါမည်လော၊ မခေါ်နိုင်တော့ပေ။
သံသရာခရီးနှင့်ချီ၍ စဉ်းစားခန်းဝင်ကြဦးစို့၊ ကိလေသာ အာသဝေါတရား မကင်းသူမှန်က သံသရာခရီး ဆက်ကြရဦးမည့် သူများသာ ဖြစ်၏။ ထိုသို့ မနာလိုသည့် ဣဿာစိတ်ဖြင့် ပြုမိပြောမိသော ကံတို့သည် ဝန်ကို ရုန်းကန်နေသည့် နွားလားကြီး၏နောက်သို့ အစဉ်တစိုက် ထပ်ချပ်မကွာ လိုက်ပါ၍နေရသည့် လှည်းဘီးစက်ဝန်းကဲ့သို့ ထိုသို့ ပြုမိပြောမိသူသို့ အစဉ်တစိုက် လိုက်ပါ၍ နေကြမည်သာ ဖြစ်၏။ မနာလိုသည့်စိတ်ဖြင့် ပြုမိပြောမိသော ကံ၏ အကျိုးပေးခွင့်သည် အခါအခွင့် သင့်ငြားအံ့၊ ထိုအကျိုးပေးခွင့်ကို လက်သင့်ခံရသည့် ဘဝ၌ ပရိသတ်အခြွေအရံ အကျော်စော နည်းပါးခြင်း၊ မရှိခြင်းသည် ဖြစ်ပေါ်လာ၏။ မိမိပြုမိသည့် ကံအတွက် မိမိကိုယ်တိုင် ကြွေးဆပ်ခွင့် တောင်းခြင်းသာ ဖြစ်၏။ မည်သူ့ကြောင့်မှ မဟုတ်ပေ။
---မတင့်တယ်သော အကျိုးတရား
မိမိကိုယ်ကို မလေးစား တန်ဖိုးမထားခြင်းလျှင် အကြောင်းရှိသော မနာလိုသည့်စိတ်ဖြင့် ပြုမိပြောမိခြင်းကြောင့် အလွန်ယုတ်နိမ့်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် လောက၏ ပြောင်းလဲရှုမြင်, အထင်သေး သတ်မှတ်ခြင်းကို ပစ္စုပ္ပန်ကာလ၌ ခံကြရ၏။ သံသရာခရီး၌လည်း ပရိသတ် အခြွေအရံ အကျော်စောနည်းပါးခြင်း မရှိခြင်းဟူသည့် မတင့်တယ်သော အကျိုးတရားကို ရရှိမည် ဖြစ်သည်။ ကောင်းခြင်း အဘယ်များ ရှိလေသနည်း။
ဘုန်းကံကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးအား မနာလိုသည့်စိတ်ဖြင့် စွပ်စွဲ ပြောဆိုခြင်း ကုန်းတိုက်ခြင်းကို ပြု၏။ ထိုသို့ ပြုခြင်းသည် မိမိ ကိုယ်ကို မလေးစားခြင်းလျှင် အကြောင်းရှိ၏ဟု ဆိုခဲ့၏။ တစ်မျိုးသော်ကား ဂုဏ်သိက္ခာရှိသည့် ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာကို လေးလေးစားစား ပြုမူပြောဆိုခြင်း မဟုတ်ဘဲ မလေးမစားဖြင့် ပြုမူပြောဆိုခြင်းဟူ၍လည်း ဆိုရ၏။ ထိုသို့ ပြုမူလိုက်ခြင်းသည် အဘယ်နှင့် ဥပမာတူလေသနည်း။ သာသနာတော်၌ ထင်ရှားသော အကြောင်းဥပမာသည် ရှိခဲ့၏၊ မနာလို ဝန်တိုသည့် စိတ်ထားကို ချိုးနှိမ်တတ်ဖို့ ဟောကြားထားသော ဥပမာတစ်ခုပင် ဖြစ်သည်၊ အဘယ်ပါနည်း။
တစ်ချိန် ဝက်တို့နေထိုင်သည့်နေရာနှင့် မလှမ်းမကမ်း၌ ခြင်္သေ့ တစ်စင်းသည် ကိန်းအောင်းနေထိုင်လျက် ရှိ၏၊ ထိုခြင်္သေ့ကိန်းအောင်း နေထိုင်သည့် နေရာသည် မြဂူတစ်ခု ဖြစ်၏။ ဝက်တို့သည် မြဂူအတွင်းရှိ ခြင်္သေ့ကို တွေ့မြင်နေကြရသဖြင့် အမြဲကြောက်ရွံ့လျက် နေထိုင်ကြရ၏။ ခြင်္သေ့ကို ကြောက်ရွံ့နေကြသည့် ဝက်တို့သည် ခြင်္သေ့ နေထိုင်သည့် မြဂူ၏ အရောင်အဝါကိုလည်း အပြစ်မြင်လာကြ၏။ မြဂူကို အပြစ်မြင်လာကြသည့် ဝက်တို့သည် မြဂူ အရောင်အဝါ တောက် ပြောင်နေသည်ကို မနာလိုကြ မရှုစိမ့်နိုင်ကြတော့ပေ။ မြဂူ၏ အရောင်အဝါ မှေးမှိန်ညှိုးနွမ်းခြင်းကို အလိုရှိလာကြ၏။ မိမိတို့၏ ကိုယ်ကို ရွှံ့ညွန်၌ လူး၍ ရွှံ့ညွန်ပေကျံနေသည့် ကိုယ်ဖြင့် မြဂူကို ပွတ်တိုက်ကြ၏။ မြဂူ၏အရောင် မညှိုးဘဲ တိုး၍ပင် ပြောင်လာတော့၏။
ထို့အတူပင် အဘက်ဘက်၌ မိမိထက်သာ၍ အထက်တန်းရောက်နေသောသူတို့အား မနာလို ဝန်တိုသည်ဖြစ်၍ ပြုမိ ပြောမိခြင်းသည် ထိုသူတို့အား တိုး၍ တောက်ပြောင်ဖွယ်ရာသာ ဖြစ်၏။ ဣဿာ ထူပြောသူ မိမိအတွက်မူ အပါယ်သို့ရောက်ကြောင်း မကောင်းမှု အကုသိုလ်ကံကို ပြုခြင်းသာ ဖြစ်၏။ မကောင်းမှု အကုသိုလ်ကံတည်း ဟူသော လက်မှတ်ကောင်းတို့ကို ရှာမှီးစုဆောင်းပြီးလည်း ဖြစ်တော့၏။ သံသရာ အဆက်ဆက်၌လည်း ပရိသတ် အခြွေအရံနည်းပါးကြောင်း အရှိန်အဝါ အကျော်စောမဲ့ကြောင်း မကောင်းမှုတို့ကို ဆည်းပူးပြီးလည်း ဖြစ်တော့၏။
ဤသည် ဣဿာထူပြောခြင်းကြောင့် လေးစားမှု မရှိခြင်းကို ဖြစ်ပေါ်စေသော သဘာဝတစ်ခု ဖြစ်၏။ ယခုကဲ့သို့ အများစုပေါင်း နေထိုင်ကြသည့် ကာလ၌ ဣဿာတရားဆိုးကို မမွေးမြူဘဲ ချိုးနှိမ်လျက် နေထိုင်နိုင်ပါမှသာလျှင် တစ်ဦးအပေါ်တစ်ဦး လေးလေးစားစား သိက္ခာရှိရှိဖြင့် နေထိုင်ခွင့် ပြောဆိုခွင့် ပြုမူခွင့် ပေးနိုင်ကြမည် ဖြစ်သည်။
---အားပြိုင်နေသော လောက
လောကကိုကြည့်ပါက မနာလို ဝန်တိုသည့်စိတ်ကြောင့် အားပြိုင်မှုဟူသည့် သဘောတရားများ ထင်ရှားဖြစ်လာ၏။ ထင်ထင်ရှားရှား အားပြိုင်သည်လည်း ရှိ၏၊ မထင်မရှား အားပြိုင်သည်လည်း ရှိ၏။ အားပြိုင်ခြင်းသည် ဆင်းရဲခြင်း, မချမ်းသာခြင်း, ချမ်းသာစွာ မနေထိုင်ရခြင်း၏ အကြောင်းဟူ၍ နားမလည်ကြပေ။ ချမ်းသာခြင်း၏ အကြောင်းဟူ၍ တလွဲ နားလည်ကြ၏။ ထိုကြောင့်လည်း ပြိုင်ဆိုင်နိုင်ကြခြင်း ဖြစ်သည်။
အားပြိုင်ကြပြီ ဆိုသည်နှင့် သူတစ်ဖက်သား၏ ကျေးဇူးမဲ့ကို ပြောဆိုဖို့ရန် ကြိုးစားကြ၏။ သူတစ်ထူး၏ ဂုဏ်ကျေးဇူးတို့ကို ပိတ်ဖုံး၍ ထားဖို့ရန် ကြိုးစားကြခြင်း ဖြစ်သည်။ ကျေးဇူးမဲ့ကို ပြောဆိုခြင်း ဟူသည် ပုဂ္ဂိုလ်တစ်ဦး၏ ကောင်းခြင်းဂုဏ်ကို ချေဖျက်ပစ်သည့် သဘောသာ ဖြစ်သည်။ ဤသည်ကိုပင် ပြိုင်ဆိုင်ခြင်း အားပြိုင်ခြင်းဟု ဆိုရ၏။
တစ်နည်းဆိုရမူကား မိမိ၏အယူအဆ မိမိ၏မူဝါဒ မိမိ၏လမ်းစဉ်ကို ရှေ့တန်းရောက်စေချင်၍ ဖြစ်သည်။ ထို့ကြောင့်ပင် မိမိ၏ အယူအဆ မူဝါဒ ဌာနန္တရအတွက် မိမိနှင့် သဘာဂဖြစ်သည့် ပုဂ္ဂိုလ်တစ်ဦး (သို့) အဖွဲ့အစည်းတစ်ခု၌ မရှိသည့် ဂုဏ်ကျေးဇူးတို့ကို ရှိသယောင်ယောင် ဖန်တီး ပြောဆိုခြင်းသည် ဖြစ်ပေါ်လာ၏။ မိမိနှင့် သဘာဂမဖြစ်သည့် ပုဂ္ဂိုလ်တစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုတွင် ထင်ရှားရှိနေသည့် ဂုဏ်ကျေးဇူးတို့ကိုမူကား မရှိသယောင်ယောင်ပြု၍ ဖန်တီးကာ ပြောဆို ဖျက်ဆီးပစ်ကြ၏။ ဤသည် ဣဿာထူပြောခြင်း၏ လက်ချက်ပင် ဖြစ်သည်။ ဤမည်သော တရားကို ချိုးနှိမ်နိုင်ပါမှ တစ်ဦးအပေါ်တစ်ဦး လေးလေးစားစားဖြင့် ဆက်ဆံနိုင်ကြပေမည်။ တစ်ဦး၏ ကြီးပွားချမ်းသာမှုကိုလည်း တစ်ဦးအနေနှင့် ကြည်ညိုသည့်စိတ် လေးစားသည့်စိတ် အားရသည့်စိတ်တို့ဖြင့် ဩော် ... ဤသူသည် ဘုန်းကံကြီးမားသည့် ပုဂ္ဂိုလ်ပင်တည်း ဟူ၍ လက်ခံနိုင်မည် ဖြစ်သည်။
အားပြိုင်ခြင်းဟူသည် ဓမ္မကို အဓမ္မဟူ၍, အဓမ္မကို ဓမ္မဟူ၍ ပြောဆိုနေသူတို့၏ လုပ်ငန်းစဉ်ကို ခေါ်ခြင်းသာ ဖြစ်သည်။ ဓမ္မကို ဓမ္မဟူ၍, အဓမ္မကို အဓမ္မဟူ၍ ပြောဆိုနေသူတို့၏ လုပ်ငန်းစဉ်ကို ခေါ်ခြင်း မဟုတ်ပေ။ ဓမ္မကို အဓမ္မဟူ၍, အဓမ္မကို ဓမ္မဟူ၍ ပြောဆိုဝံ့သော သူတို့မည်သည် မိမိ၏ အကျိုးစီးပွားမဲ့ခြင်းငှာ သူတစ်ပါးတို့၏ အကျိုးစီးပွားမဲ့ခြင်းငှာ ကျင့်နေသောသူများသာ ဖြစ်ကြပေသည်။ မိမိ၏ အကျိုးစီးပွားအလို့ငှာ သူတစ်ပါးတို့၏ အကျိုးစီးပွားအလို့ငှာ ကျင့်နေသူများ မဟုတ်ကြပေ။
ဓာတ် တူရာ တူရာစုကြသည့် သဘာဝကို မမေ့သင့်ပေ။ ထိုသဘာဝအရပင် ဓမ္မကို အဓမ္မဟူ၍လည်းကောင်း, အဓမ္မကို ဓမ္မဟူ၍ လည်းကောင်း ပြောဆိုနေသူတို့ထံ၌ ဓာတ်တူသူတို့ စုစည်းမိကြ၏။ လောက၌ အကြောင်းအကျိုး မြင်သိသူ လူလိမ္မာ ပညာရှိသည် နည်း၏။ အကြောင်းအကျိုး မသိသူ လူမိုက်သာ များ၏။ ဤသည်လည်း ဓမ္မတာတစ်ခု ဖြစ်သည်။ ထို့ကြောင့် အဓမ္မအင်အားသည် ဓမ္မအင်အားကို နိုင်သကဲ့သို့ ထင်ရ၏။ ထိုသို့ မဟုတ်ပေ။ အဓမ္မဟူသည် အသိဉာဏ်မဲ့သူတို့၏ အလုပ်ကို ပြောခြင်းသာ ဖြစ်၏။ အသိဉာဏ် ရှိသူတို့၏ အလုပ် မဟုတ်ပေ။ အသိဉာဏ်မဲ့သူတို့၏ အလုပ်သည် မည်းညစ်၏၊ မည်းညစ်သော တရားဟူသည် အကုသိုလ်သာ ဖြစ်ပြီး အကုသိုလ် အကျိုးပေးက မကောင်းကျိုးကိုသာ ပေး၏၊ ကောင်းကျိုးကို ပေးသည်ကား မဟုတ်ပေ။ မည်းညစ်သော အကုသိုလ်တရားကို လုပ်ကိုင်နေသူတို့၏ စိတ်သည် ညစ်နွမ်းလျက် ရှိ၏။ ထို့ကြောင့် ပစ္စုပ္ပန်၌လည်း ပင်ပန်းရ၏။ သံသရာခရီး၌လည်း ပင်ပန်းကြရပေဦးမည်။
အဓမ္မဟူက အဓမ္မ၏ သဘောအတိုင်း အရှုံးကြီး ရှုံးပြီးသည့် တရားသာ ဖြစ်၏။ အနိုင်ဟူသော တရား မဟုတ်ပေ။
ဓမ္မဟူက ဓမ္မ၏သဘောအတိုင်း အနိုင်ကြီး နိုင်ပြီးသည့် တရားသာ ဖြစ်၏။ အရှုံးဟူသော တရား မဟုတ်ပေ။
ဓမ္မကို ပြောဆိုရ၏၊ အားပြိုင်ခြင်းငှာ မဟုတ်ပေ။ အားပြိုင်ခြင်း သည်လည်း ဓမ္မ၏ သဘာဝ မဟုတ်ပေ။ ဓမ္မသည် ရိုးသားပြီးသော မှန်ကန်ပြီးသော တရားသာ ဖြစ်၏။ ဓမ္မကို ပြောဆိုခြင်းသည် ရိုးသားခြင်း မှန်ကန်ခြင်းသာ ဖြစ်၏။ အမှန်ကို ဆိုခြင်းသည် အားပြိုင်ခြင်း အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း။ သူ့သဘာဝ၌ သူ့ကို တင့်တယ်စေခြင်းသာ ဖြစ်သည်။ သို့သော် သင့်တင့်လျောက်ပတ်သော အခါကို သိရန်လို၏။ ပြောချင်တိုင်း ပြောရသည်တော့ မဟုတ်ပေ။ လက်မခံနိုင်သေးသော်ငြားလည်း ပြောသင့်က ပြောထားရ၏၊ ဟောသင့်က ဟောထားရ၏။ အချိန်ရောက်က ဓမ္မသည် ထင်ရှားလာ၏၊ ဓမ္မကိုချစ်မြတ်နိုးသူ သူတော်ကောင်းတို့ ရှိကြသည်သာ။ ဓမ္မ၏ အင်အားသည် အတိုင်းအဆ မရှိပေ။ ဓမ္မကို ဓမ္မဟူ၍ ပြသူတို့အား လူမိုက်တို့က အားပြိုင်သည်ဟု အယူရှိကြ၏။ မိမိကိုယ်ကို မလေးစားသော မိမိ၏ စိတ်ထားကိုကား သတိမပြုမိပေ။
အဓမ္မကိုပြသူ ပြောသူတို့သည် မိမိ၏အယူအဆ မိမိ၏မူဝါဒ မိမိ၏လမ်းစဉ် တည်တံ့ရေးအတွက် အာသာငန်းငန်း ဖြစ်နေသည့် သူများသာ ဖြစ်ကြသည်။ လောဘတဏှာ နှိပ်စက်ခံနေရသည့် ပူလောင်နေသည့် သူများသာ ဖြစ်ကြပေသည်။
ဓမ္မကို ပြသူ ပြောသူတို့မည်သည်ကား ဓမ္မကို ဓမ္မ၏နေရာ၌တင့်တယ်နေစေခြင်းငှာ ကြိုးစားကြခြင်းသာ ဖြစ်သည်။ လောဘ တဏှာ၏ နှိပ်စက်မှုကို ခံနေရသူတို့ မဟုတ်ကြပေ။
အဓမ္မကို ဓမ္မဟုပြသူ ပြောသူတို့မည်သည် လောဘ၏အလို ဒေါသ၏အလို မောဟ၏အလိုသို့ လိုက်၍ ဖြည့်ဆည်းပေးနေရသည့် ကျွန်နှင့်တူသူများသာ ဖြစ်ကြသည်။ မိမိ၏အလိုကို ချီးမြှောက်လျက် ဓမ္မကို နှိမ့်ချခြင်း ဖြစ်သည်။ မိမိ၏ အကျိုးစီးပွားကို မသိခြင်းပင်တည်း။ မိမိကိုယ်ကို မလေးစားခြင်းဟုလည်း ဆိုရ၏။
ဓမ္မကို ဓမ္မဟု ပြသူ ပြောသူတို့မည်သည်ကား လောဘ၏အလို ဒေါသ၏အလို မောဟ၏အလိုသို့ မလိုက်ဘဲ လောကကောင်းကျိုးကို ဖြည့်ဆည်းပေးနေသည့် အရှင်နှင့်တူသူများသာ ဖြစ်ကြသည်။ မိမိ၏အလိုကို နှိမ့်ချလျက် ဓမ္မကို ချီးမြှောက်ခြင်းသာ ဖြစ်သည်။ မိမိ၏အကျိုးစီးပွားကို သိခြင်းပင်တည်း။ မိမိကိုယ်ကို လေးစားခြင်းဟုလည်း ဆိုရ၏။
အဓမ္မကို ဓမ္မဟု ပြခြင်းသည် ငါကို ရှေ့တန်းတင်ခြင်းသာ ဖြစ်သည်။ ဓမ္မကို ဓမ္မဟု ပြခြင်းသည်ကား ငါကို ရှေ့တန်းမတင်ဘဲ ဓမ္မကို ရှေ့တန်းတင်ခြင်းသာ ဖြစ်သည်။
---သူတော်ကောင်းတရားနှင့် မသူတော်တရား
မိုးနှင့် မြေကြီးသည် ဝေးလှ၏၊ ဤမှာဘက်ကမ်းနှင့် ဟိုမှာဘက်ကမ်းသည်လည်း ဝေးလှ၏။ ထို့ထက်အလွန် သူတော်ကောင်း တရားနှင့် မသူတော်တို့၏တရားသည်ကား အလွန့်အလွန် ဝေးလှပေ၏။
အဓမ္မကို ဓမ္မဟူ၍, ဓမ္မကို အဓမ္မဟူ၍ ပြောဆိုခြင်းသည် မသူတော်တို့၏ တရားသာ ဖြစ်၏။ မမှန်ကို ပြောဆိုခြင်းဟုလည်း ဆိုရ၏။
ဓမ္မကို ဓမ္မဟူ၍, အဓမ္မကို အဓမ္မဟူ၍ ပြောဆိုခြင်းသည်ကား သူတော်ကောင်းတို့၏ တရားသာ ဖြစ်၏။ အမှန်ကို ပြောဆိုခြင်းဟုလည်း ဆိုရ၏။
---အမှန်ကို ပြောဆိုခြင်း
မှန်ကန်သည့်စကားကို ပြောဆိုခြင်းသည် လေးလေးစားစား ဆက်ဆံခြင်းသာ ဖြစ်၏။ ထိုသို့ပြောဆိုခြင်းသည် ပုဂ္ဂိုလ်တစ်ဦး၏ ထင်ရှားရှိသည့် ဂုဏ်ကို ထင်ရှားရှိကြောင်း ပြောဆိုခြင်းလည်း မည်၏။ ပုဂ္ဂိုလ်တစ်ဦး၏ ထင်ရှားမရှိသည့် ဂုဏ်ကို ထင်ရှားမရှိကြောင်း ပြောဆိုခြင်းလည်း မည်၏။ ဤသို့ အမှန်ကို ပြောဆိုခြင်းသည် ဘက်မလိုက်ခြင်း အဂတိမလိုက်ခြင်းလည်း မည်ပေ၏။ အမှန်ကို ပြောဆိုခြင်း တည်းဟူသော အကြောင်းကြောင့် ထင်ရှားထိုက်သော ပုဂ္ဂိုလ်သည် လောက၌ ထင်ရှားလာပေလိမ့်မည်။ မထင်ရှားထိုက်သော ပုဂ္ဂိုလ်သည်လည်း လောက၌ ထင်ရှားလာတော့မည် မဟုတ်ပေ။
တင့်တင့်တယ်တယ်ဖြင့် သတ္တဝါတို့၏အကျိုးကို ဆောင်နိုင်သည့် ပုဂ္ဂိုလ်အား အကျိုးဆောင်ခွင့်ကို ပေးအပ်ရန် လို၏။ ထိုသို့ ပေးအပ်နိုင်ခွင့်သည် အမှန်ကို ပြောဆိုခြင်းကြောင့်သာလျှင် ဖြစ်၏၊ မမှန်ကို ပြောဆိုခြင်းကြောင့် ဖြစ်သည် မဟုတ်ပေ။ အမှန်ကို ပြောဆိုခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ပုဂ္ဂိုလ်အား ဖြစ်သင့်ဖြစ်ထိုက်သည့် ဌာနန္တရ၌ ဖြစ်နေခြင်းငှာ, ရှိသင့်ရှိထိုက်သည့် ဌာနန္တရ၌ ရှိနေခြင်းငှာ, ပြုသင့်ပြုထိုက်သည့် အလုပ်ကို ပြုခွင့်ရစေခြင်းငှာ ပြုစုပျိုးထောင်ပေးခြင်း ထောက်ခံပေးခြင်းပင် ဖြစ်သည်။
ပြောဆိုသည့် စကားတို့သည် အမှန်မဟုတ်တော့အံ့၊ အဂတိ လိုက်ကြပေတော့မည်။ မိမိနှင့် ချစ်ကျွမ်းဝင်သောကြောင့် ပုဂ္ဂိုလ်တစ်ဦးကို မထိုက်တန်ပါဘဲလျက် ချီးမြှောက်၏။ မိမိ၏စကားကို လိုက်နာသော, နားထောင်သော ပုဂ္ဂိုလ်ကို အထက်သို့ရောက်အောင် တွန်းတင်၏။ ထိုက်တန်သူ ရှိပါလျက် မထိုက်တန်သူအား ချီးမြှောက်ခြင်းမည်သည် ဆန္ဒာဂတိ လိုက်ခြင်း မောဟာဂတိ လိုက်ခြင်းပင် ဖြစ်သည်။ ကြီးလေးသည့် တာဝန်နှင့် မထိုက်တန်သော ပုဂ္ဂိုလ်တစ်ဦးအား တာဝန်မပေးမိရန် လို၏။ မထိုက်တန်သူအား တာဝန်ပေးမိခြင်းသည် ထိုသူအား မှီခိုခွင့် ကြည်ညိုခွင့် လဲလျောင်းခွင့် ထောက်ပံ့ခွင့် ရသူတို့၏ အကျိုးကို ဆုတ်ယုတ်စေတတ်ပေသည်။
သာသနာတော်နှင့် ဆက်စပ်၍ ပြောရပါမူကား ဘုန်းကံနည်းပါးသော မထိုက်တန်သော ပုဂ္ဂိုလ်တစ်ဦးအား ဆန္ဒာဂတိဖြင့် ချီးမြှောက်မှု မပြုမိရန်, ထောက်ပံ့မှု မပြုမိရန် အရေးကြီး၏။ ဘုန်းကံနည်းသော သူတို့မည်သည် လေးနက်သော အသိဉာဏ် ရှိခဲလှ၏၊ လေးနက်ခိုင်ခံ့သည့် စိတ်ဓာတ်လည်း ရှိခဲလှ၏။ ရင့်ကျက်သော အသိဉာဏ် မရှိက သာသနာတော်ကြီးကို တည်တံ့အောင် အရှည်ခံ့အောင် ပြုစုပျိုးထောင်မည့်ပုဂ္ဂိုလ် ဖြစ်မလာနိုင်ပေ။
သာသနာတော်ကို မှီခိုခွင့် ကြည်ညိုခွင့် လဲလျောင်းခွင့် ထောက်ပံ့ခွင့် ရရှိထားကြသည့် သူတော်ကောင်းတို့၏ အကျိုးစီးပွားကိုလည်း ကောင်းစွာ ဆောင်နိုင်မည် မဟုတ်ပေ။ သာသနာ ကွယ်ရာ ကွယ်ကြောင်းကို ဖြစ်အောင် လုပ်နိုင်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်၏။ ထိုသို့နားလည် သက်ဝင်လျက် အမှန်တရားကို ပြောဆိုခြင်း, အမှန်ဖြစ်အောင် ကြိုးစားခြင်းဖြင့် မိမိကိုယ်ကို လေးစားသည့် စိတ်ထား ကို ဖြစ်စေသင့်၏။ ဤသို့ ပြုမူပြောဆိုခြင်းသည် မိမိကိုယ်ကို မိမိ လေးစားမှုရှိခြင်းလည်း မည်၏။ သူတစ်ပါးတို့အား လေးလေးစားစား ပြုမူပြောဆိုခြင်းလည်း မည်ပေ၏။ သာသနာတော်ကြီးကိုလည်း လေးစားကြည်ညိုသည့် စိတ်ဖြင့် ပြုစုပျိုးထောင်နေခြင်းဟု ဆိုရပေမည်။
လေးစားခြင်းဟူသည် လောကကြီးကို လှပအောင် ကြီးစွာဆောင်နိုင်သောအရာ ဖြစ်၏။ လေးစားခြင်း ရှိနေသည့် ပုဂ္ဂိုလ်အချင်းချင်း၌ ငြင်းခုံခြင်း ပြဿနာဖြစ်ခြင်းဟူသည် အလွန် ဖြစ်ခဲလှ၏။ ပြဿနာဖြစ်ပြီ ငြင်းခုံကြပြီဆိုက အကြောင်းရင်းကို ကြည့်တတ်ဖို့ လို၏။ အကြောင်းမဲ့ ဖြစ်သည်ကား မဟုတ်ပေ၊ အကြောင်းအထောက်ပံ့ကား ရှိနေ၏။
ပုဂ္ဂိုလ်တစ်ယောက်သည် ပုဂ္ဂိုလ်တစ်ယောက်အား မလေးမစား ပြုမူ ပြောဆို၏၊ ပုဂ္ဂိုလ်တစ်ယောက်သည် ပုဂ္ဂိုလ်တစ်ယောက်အား နှိမ်ချပြောဆို၏။ ထိုအခါ အထင်လွဲမှု အထင်သေးမှုများ ဖြစ်ပေါ်လာတော့၏။ အဘယ်ကြောင့်နည်း...တစ်ဦးကိုတစ်ဦး ငဲ့ကွက်သည့် စိတ်ထား, တစ်ဦး၏သိက္ခာကို တစ်ဦးမှ ထိန်းထိန်းသိမ်းသိမ်း ပြုမူ ပြောဆို ဆက်ဆံမည်ဟူသည့်စိတ်ထား, တစ်ဦး၏ အကျိုးစီးပွားကို တစ်ဦးမှ ဆောင်ရွက်မည်ဟူသည့်စိတ်ထား, သူတစ်ထူး အကျိုးမဲ့ မဖြစ်စေခြင်းငှာ စောင့်ရှောက်ပေးမည် ထိန်းသိမ်းပေးမည်ဟူသည့် စိတ်ထားများ မရှိသောကြောင့် ဖြစ်သည်။ ဤသို့ ဖြစ်ရခြင်းသည် မိမိကိုယ်ကို လေးစားသောစိတ်ထား, သူတစ်ပါးအပေါ် အလေးထား လေးစားသော စိတ်ထားတို့ကို မမွေးမြူတတ်ခြင်း မပျိုးထောင်တတ်ခြင်း မစောင့်ရှောက်တတ်ခြင်းကြောင့်သာ ဖြစ်သည်။
အကုသိုလ်တရားများကို အလိုမရှိကြပေ၊ မဖြစ်ပေါ်စေချင်ကြပေ။ ထိုသို့ အလိုမရှိသော် မဖြစ်ပေါ်စေချင်သော် မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးကို ဆောင်တတ်သော သဘာဝကို မွေးမြူဖို့ လို၏။ ထိုသဘာဝသည် လေးလေးစားစားဖြင့် ပြုမူဆက်ဆံခြင်းပင် ဖြစ်သည်။
ကုသိုလ်တရားများ ဆထက်ထမ်းပိုး တိုးပွားခြင်းကို အလိုရှိကြ၏။ ထိုသို့တိုးပွားခြင်းကို အလိုရှိသော် လေးစားခြင်းဟူသော သူတော်ကောင်းတို့၏ လမ်းစဉ်ကို အလေးဂရုပြုခြင်းသည်သာ လိုရင်း ဖြစ်၏။
သံသရာခရီးမဆုံးသေးသည့် သံသရာခရီးကိုဆက်ရဦးမည့် ပုဂ္ဂိုလ်များသာ လောက၌ များ၏။ ထိုသို့ ခရီးဆက်ရဦးမည့် သူတို့သည် လေးစားခြင်းဟူသော သူတော်ကောင်းတို့၏ လမ်းစဉ်ကို အလေးဂရုပြု ထိန်းသိမ်း စောင့်ရှောက်သင့်ပေသည်။ ထိုသို့ ထိန်းသိမ်း စောင့်ရှောက်ခြင်းကြောင့် ကြောက်မက်ဖွယ်ကောင်းသော, အလွန် ကြောက်မက်ဖွယ် ကောင်းသော အကုသိုလ်ကံများကို ရှောင်ရှားပြီးသား ဖြစ်သည့်အပြင် ကုသိုလ်တရားများကို ဆောင်ထားပြီးလည်း ဖြစ်ပေသည်။
---ပညာဉာဏ် ရှိသူများ
လေးလေးစားစားဖြင့် ပြုမူဆက်ဆံခြင်းဟူသည် မိမိ ပြုချင် ပြောချင်သည့်စကားကို ပြုချင် ပြောချင်သည့်အတိုင်း မပြု မပြောဘဲ၊ ပြုသင့် ပြောသင့်သည့်စကားကို ပြုမူပြောဆိုဖို့ရန် ကြိုးစားခြင်းသာ ဖြစ်သည်။ ထိုကြောင့် လေးလေးစားစား ပြုမူပြောဆိုခြင်းကို သည်းခံခြင်း ခန္တီတရားကို ဖြည့်ကျင့်ခြင်းဟု ဆိုရ၏။ ပါရမီတရားတို့ တိုးပွားခွင့် ရကြခြင်း ဖြစ်သည်။ သည်းခံခြင်း ထင်ရှားရှိနေသည့် သူတို့၏ အပြုအမူတို့သည်သာ လေးစားသော အပြုအမူ ဖြစ်နိုင်၏။ သည်းခံခြင်း ထင်ရှားမရှိသော သူတို့၌ ဖြစ်နိုင်သည်ကား မဟုတ်ပေ။
သည်းခံခြင်း ခန္တီတရား ထင်ရှားရှိသူတို့သည် ပညာဉာဏ် ရှိသူတို့သာ ဖြစ်ကြသည်။ ပညာဉာဏ် ကြီးသူများဟုလည်း ခေါ်နိုင်၏။ မည်သည့် ပုဂ္ဂိုလ်အား မည်သို့ ပြောရမည်, မည်သည့်နေရာ၌ ပြောရမည်, မည်သည့် အချိန်၌ ပြောရမည်ကို သိ၏။ ဤသို့ သိခြင်းသည် ပညာ၏အလုပ် ဖြစ်သည်။ ပညာဉာဏ် ရှိသူတို့၏ သည်းခံခြင်းဟူသည် အကြောင်းအကျိုးကို သိတတ်ခြင်းပင် ဖြစ်သည်။ အကျိုးရှိ အကျိုးမဲ့ကို သိတတ်ခြင်း ပြုတတ်ခြင်း ပြောတတ်ခြင်းဟုလည်း ဆိုရ၏။
လောဘသည် လိုချင်၏၊
ဒေါသသည် ခက်ထန်၏၊
မာနသည် ထောင်လွှား၏။
ထိုလောဘတရား ဒေါသတရား မာနတရားတို့သည် အကြောင်း အကျိုးကို မသိအောင်ပြုသော တရားဆိုးများသာ ဖြစ်၏။
အကျိုးရှိ အကျိုးမဲ့ကို သိတတ်သော တရားများ မဟုတ်ကြပေ။ လိုချင်ခြင်း လောဘ, ခက်ထန်ခြင်း ဒေါသ, ထောင်လွှားခြင်း မာနတရားတို့သည် သတ္တဝါတို့အား ပျက်စီးအောင် ဖျက်ဆီးနေ၏။ အကျိုးမဲ့ဖြစ်အောင် ရွက်ဆောင်ပေးနေကြ၏။ မလေးမစား ပြုဖို့ရန်လည်း တာဝန်ယူကြ၏၊ မထီမဲ့မြင် ပြုဖို့ရန်လည်း တာဝန်ယူကြ၏၊ ဝန်လေးဖွယ်ဖြစ်သည့် ရက်စက် ကြမ်းကြုတ်သော အမှုတို့ကို ပြုဖို့ရန်လည်း မတွန့်ဆုတ်တတ်ကြပေ။ လောဘ ဒေါသ မာနတရားတို့ကို တာဝန်မပေးပါဘဲ ယူတတ်သူများဟု ဆိုနိုင်၏။
---သညာနှင့် ပညာ
လောကသားတို့အနေနှင့် သညာနှင့် ပညာကို ခွဲ၍ နားမလည် ကြပေ။ သညာကို ပညာဟု နားလည်ကြ၏၊ ထို့ကြောင့်လည်း သညာရှိသူမျှသာ ဖြစ်သော မိမိကိုယ်ကို ပညာရှိဟူ၍ မြှင့်တင် ဝင့်ကြွားနိုင်ခြင်း ဖြစ်သည်။ ထောင်လွှားနိုင်ခြင်း ဖြစ်သည်။
သညာသည် သင်အံလေ့ကျက်ခြင်းကို အမှီပြု၍ ဖြစ်ပေါ်လာသော ဗဟုဿုတရှိခြင်းကို ခေါ်ခြင်း ဖြစ်သည်။ ထိုသညာဖြင့် မိမိကိုယ်ကို မိမိ မဆုံးမနိုင်သေးသမျှ သညာရှိဟုသာ ခေါ်ရ၏၊ ပညာရှိဟု မခေါ်နိုင်သေးပေ။
သညာကြောင့် ရင့်ကျက်လာသူ ရှိသည်သာ၊ လိုက်နာပြုကျင့်၍ ဖြစ်သည်။
သညာကြောင့် မာန်မာနထောင်လွှားလာသူ များ၏၊ ထို့ကြောင့်ပင် သညာကို ဒုက္ခဟူ၍ မြတ်ဘုရား ဟောတော်မူခြင်း ဖြစ်သည်။ ထိုသညာကို အမှီပြု၍ ဆင်ခြင်ပြုမူနိုင်သော ပညာအဖြစ်ဖြင့် လက်တွေ့ကျင့်သုံးနိုင်သော အဆင့်၌မူကား လိုချင်ခြင်း လောဘ၏အပြစ်, ခက်ထန်ခြင်း ဒေါသ၏အပြစ်, ထောင်လွှားခြင်း မာန၏အပြစ်တို့ကို မြင်လာကြ၏။ ထင်ရှား ဖော်ပြရမည်ကို ရှက်လာကြ၏။ သညာရှိအဖြစ်မှ ပညာရှိအဖြစ်သို့ ကူးပြောင်းစ ပြုလာပြီဟု ဆိုရပေမည်။
သညာရှိအဖြစ်မှ ပညာရှိအဖြစ်သို့ ကူးပြောင်းလာပါမှသာ ရင့်ကျက်မှုကို တွေ့ရ၏။ ပညာရှိဟူက လေးလေးစားစား ဆက်ဆံကြသည်သာ။
လေးလေးစားစား ပြုမူ ဆက်ဆံ ပြောဆိုခြင်းကြောင့် ထိုသို့ပြုသူကို နှစ်သက်ကြကုန်၏၊ ချစ်ခင်ကြကုန်၏၊ လေးစားကြကုန်၏၊ ကြည်ညိုကြကုန်၏။
လေးလေးစားစား ပြုမူ ဆက်ဆံ ပြောဆိုခြင်းသည် အပြုခံရသူတို့၏ စိတ်နှလုံးကို မွေ့လျော်စေ၏၊ နူးညံ့စေ၏။ မိမိသူတစ်ပါး နှစ်ဦးသားတို့အား နှိပ်စက်ကလူ ပြုတတ်သည့် လောဘ ဒေါသ မာန တရားတို့ကို ထိုသူ၏ စိတ်၌ မဖြစ်အောင် ကူညီပြီးလည်း ဖြစ်ပေသည်။ ဤသို့ ပြုနိုင်ခြင်းသည် အကြောင်းအကျိုး မြင်သိ ဉာဏ်ပညာရှိခြင်းကို ဖော်ပြခြင်း ဖြစ်သည်၊ သည်းခံခြင်း ခန္တီတရား ရှိခြင်းကြောင့်လည်း ဖြစ်ပေသည်။
---လေးစားခြင်းဆိုတာ အကျိုးလိုလားခြင်းပါ
ထိုထက်အလွန်ကို ဆိုရမူ လေးလေးစားစား ပြုမူ ဆက်ဆံ ပြောဆိုနိုင်ခြင်းသည် မေတ္တာဓာတ်ခံကြောင့်သာ ဖြစ်သည်။ မေတ္တာဟူသည် သူတစ်ထူး၏ အကျိုးကို လိုလားခြင်း ဖြစ်သည်။ သူ အကျိုးရှိရာ ရှိကြောင်းကို ဆောင်ရွက်ပေးခြင်းဟုလည်း ဆိုရ၏။ သူ အကျိုးမဲ့ရာ မဲ့ကြောင်း မဖြစ်အောင် စောင့်ရှောက်ပေးခြင်းလည်း မည်၏။ သူ ဖြစ်နိုင်သည့်အရာ၌ သူ့ကို ကူညီပေးခြင်းလည်း မည်၏။ သူ့မှာရှိသည်နှင့် သူ့ကို အကောင်းဆုံး ဖြစ်အောင် ဖြည့်ဆည်းပေးခြင်း သည် မေတ္တာ ဖြစ်သည်။ မိမိဖြစ်စေချင်သည့်အတိုင်း ဖြစ်အောင် လုပ်ခြင်းသည်ကား လောဘသာ ဖြစ်ပေသည်။ မိမိဖြစ်စေချင်သည့် အတိုင်း ဖြစ်အောင် လုပ်ခြင်းသည် သူတစ်ဖက်သား၏ ဘဝကို အလေးမထားခြင်း မလေးစားခြင်း ဖြစ်သည်။ သူတစ်ဖက်သား၏ ဖြစ်နိုင်ခွင့်ကို မသိခြင်း, သိအောင် မကြိုးစားခြင်း, စိတ်ဝင်စားမှု မရှိခြင်းတို့ကြောင့်လည်း ဖြစ်ပေသည်။
အကျိုးဆောင်သူတိုင်း ဘုရားရှင်တို့၏ ထုံးကို နှလုံးမူသင့်၏။ ပုဂ္ဂိုလ်တစ်ယောက်ကို ကူညီလိုသည့် မြတ်စွာဘုရားရှင်သည် ထိုပုဂ္ဂိုလ်တို့၌ ရှိသော အရည်အချင်းကို သိအောင် ပြုတော်မူ၏။ ထိုသူတို့၌ရှိသည့် အရည်အချင်း အားလျော်စွာ ဘုရားရှင်သည် ကူညီ၏။ သရဏဂုံတည်နိုင်သည့် အရည်အချင်း ရှိသူအား သရဏဂုံ တည်စေခြင်းငှာ အားထုတ်၏။ သောတာပန်တည်နိုင်သည့် အရည်အချင်း ရှိသူအား သောတာပန်တည်စေခြင်းငှာ အားထုတ်၏။ ထို့ကြောင့်ပင် သူ့မှာရှိသည်နှင့် သူ့ကို အကောင်းဆုံး ဖြစ်အောင် ဖြည့်ဆည်းပေးခြင်းသည် မေတ္တာဖြစ်ကြောင်း ဆိုခဲ့ခြင်း ဖြစ်သည်။ ဤသို့ အားထုတ်ခြင်းသည် သူတစ်ဖက်သား၏ ဖြစ်နိုင်ခွင့်ကို သိအောင် ကြိုးစားခြင်းဖြင့် ဖြစ်နိုင်ခွင့်ကို ဖြည့်ဆည်းပေးခြင်း ဖြစ်ပေသည်။ လေးစားခြင်းဟုလည်း ဆိုရ၏။
မိမိ ဖြစ်စေချင်သည့်အတိုင်း ဖြစ်အောင် လုပ်ခြင်းသည် မိမိကိုယ်ကို ရှေ့တန်းတင်ခြင်း, သူတစ်ပါးကို နှောင့်ယှက်ခြင်း ဖြစ်သည်။ သူတစ်ဖက်သား၏ ဘဝကို အလေးမထားခြင်း မလေးစားခြင်းဟုလည်း ဆိုရ၏။
---လေးစားတတ်မှ ဥပေက္ခာ
သူ့မှာရှိသည်နှင့် သူ့ကို အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေးခြင်းသည် မေတ္တာ ဖြစ်သည်။ ထိုထက်အလွန် အားထုတ်ခြင်းကို ပြုသင့်က ပြု၏၊ မပြုသင့်ဟုသိက မပြုပေ။ ထိုသို့ သိ၍ မပြုခြင်းသည် ဥပေက္ခာ မည်၏။ ဥပေက္ခာတရား ရှိရန် လို၏။ ဥပေက္ခာတရား မရှိက အတင်းအကြပ်ပြုခြင်းကို လက်ကိုင်ပြုတတ်၏။ ထိုသို့ ပြုခြင်းကို မေတ္တာဟု တလွဲ နားလည်ကြပြန်၏။ စင်စစ်မူ ထိုသို့ ပြုခြင်းသည် အကျိုးမဖြစ်ထွန်းတတ်၍ မေတ္တာဟု မဆိုသာပေ။ အတင်းအကြပ်ပြုခြင်းသည် မလေးစားခြင်းသာ ဖြစ်၏။ ဥပေက္ခာတရား ရှိခြင်း မည်သည်ကား လေးစားမှု ရှိခြင်းသာတည်း။
သင်နှင့် ကျွန်ုပ်တို့၏ လမ်းစဉ်အဖြစ် သတ်မှတ်ကြစို့
ဤနေရာ၌ မေတ္တသုတ်လာ ဘုရားအဆုံးအမကို အမှတ်ရစေချင် ၏။
န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခမိစ္ဆေယျ။
တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အရာ၌ တစ်စုံတစ်ယောက်ကိုမျှ ချုပ်ချယ်ခြင်းဖြင့်လည်းကောင်း, ရန်လိုသော စိတ်ဖြင့်လည်းကောင်း, မထီမဲ့မြင် မပြုပါစေလင့်၊ အချင်းချင်း ဆင်းရဲမှုကို အလိုမရှိပါစေလင့်ဟူ၍ ဖြစ်သည်။
ဘုရားရှင်သည် တစ်စုံတစ်ယောက်ကိုသော်လည်း အမျက်မထွက်စေလိုပေ။ အမျက်ထွက်စေတတ်သော အပြုအမူ အပြောအဆိုတို့ကို တစ်ဦးနှင့်တစ်ဦး ရှောင်ရှားစေလို၏။ မည်သို့သော ကိစ္စ၌ သော်လည်း တစ်စုံတစ်ယောက်ကိုမျှ ချုပ်ချယ်သော အပြုအမူ အပြောအဆို, ရန်လိုသော အပြုအမူ အပြောအဆို, မထီမဲ့မြင်ပြုသော အပြုအမူ အပြောအဆိုတို့ကို မပြုစေလိုပေ။ ဆင်းရဲမှုကို ရှောင်၍ ချမ်းသာခြင်းကို ဆောင်တတ်သော ပြုမူနေထိုင်ခြင်းကိုသာ အလိုရှိ တော်မူ၏။ ဘုရားရှင်၏ မေတ္တာဓာတ်တည်း။
တစ်ယောက်သည် တစ်ယောက်ကို အမျက်ထွက်အောင် ပြုခြင်း ဟူသည် လေးလေးစားစား ပြုမူ ပြောဆို ဆက်ဆံခြင်း မဟုတ်ပေ။ မလေးမစား ပြုမူ ပြောဆို ဆက်ဆံခြင်းသာ ဖြစ်သည်။ ချုပ်ချယ်ခြင်းသည် မလေးစားခြင်းသာ ဖြစ်ပြီး ရန်လိုခြင်းသည်လည်း မလေးစားခြင်းသာ ဖြစ်သည်။ မထီမဲ့မြင် ပြုခြင်းသည် လေးစားခြင်း မဟုတ်ပေ။ မလေးစားခြင်းသာ ဖြစ်ပေသည်။
ဆင်းရဲခြင်းကို အလိုမရှိပါမူ ချုပ်ချယ်ခြင်းကို အလိုမရှိသင့်ပေ။
ချမ်းသာခြင်းကို အလိုရှိပါမူ ရန်လိုခြင်းကို အလိုမရှိသင့်ပေ။
ညီညွတ်ခြင်းကို အလိုရှိပါမူ မထီမဲ့မြင်ပြုခြင်းကို အလိုမရှိသင့်ပေ။
လေးစားခြင်းသည် အမျက်မထွက်စေသော ဆေးကောင်း ဖြစ်၏၊ လေးစားစွာ ပြုမူခြင်းသည် မချုပ်ချယ်သော အလေ့သာ ဖြစ်၏။ လေးစားခြင်းကြောင့် ချမ်းသာခြင်းကို ဖြစ်ပေါ်စေ၏။
လေးစားခြင်းတည်းဟူသော သူတော်ကောင်းတို့၏ အလေ့, သူတော်ကောင်းတို့၏ လမ်းစဉ်ကို အတု အတူလိုက်၍ ပြုမူနေထိုင် ပြောဆိုကြခြင်း မည်သည် ငြိမ်းချမ်းသော နေထိုင်မှု, အပြစ်ကင်းသော နေထိုင်မှု, အကျိုးကြီးသော နေထိုင်မှု, ရင့်ကျက်သော နေထိုင်မှုပင် ဖြစ်သည်။
လေးစားခြင်းဟူသည့် လမ်းစဉ်အား သင်နှင့်အကျွန်ုပ်တို့၏ အားထုတ်မှု လမ်းစဉ်အဖြစ် သတ်မှတ်ကြပါစို့။ လေးစားသောစိတ် အလေးထားသော စိတ်ဖြင့် အချင်းချင်း ပြုမူ ဆက်ဆံ ပြောဆိုကြပါစို့။
အစဉ်လေးစားလျက်
အရှင်ရေဝတ
စိတ္တလတောင်ကျောင်း - ဖားအောက်တောရ?
၁၃၆၆-ခု၊ ဝါခေါင်လဆုတ် ၂-ရက်၊
1. 9..2004/
: မည်းညစ်သော ကံတို့က သတ္တဝါတို့ကို ယုတ်ညံ့သူဖြစ်အောင်, ဖြူစင်သော ကံတို့က သတ္တဝါတို့ကို မြင့်မြတ်သူဖြစ်အောင် ခွဲခြား ဝေဖန်ပေး၏။ သို့သော် မမည်း မဖြူသည့် အရိယမဂ်ကံတို့က ယင်းမြင့်မြတ်သူ သတ္တဝါတို့ကို နိဗ္ဗာန်သို့ တစ်ဆင့် ရောက်အောင် ပို့ဆောင်ပေးကြ၏။ (နှာ-၂၅။)
စေတနာ၏ စွမ်းအား
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ။ (အံ၊၂၊၃၆၃။)
ရဟန်းတို့ ...စေ့ဆော်တိုက်တွန်း၍ ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့် ဖြစ်စေ စိတ်ဖြင့်ဖြစ်စေ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုရကား စေတနာကို ကံဟူ၍ ငါဘုရား ဟောကြားတော်မူ၏။ (အံ၊၂ ၊ ၃၆၃)
အနုသယဓါတ် မကင်းသေးသူတို့၏ ပြုပြုသမျှ ကာယကံ ပြောပြောသမျှ ဝစီကံနှင့် ကြံကြံသမျှ မနောကံဟူသမျှသည် ကံအရာ၌ တည်လျက်ပင် ရှိ၏။ ပြုပြုသမျှ ပြောပြောသမျှ ကြံကြံသမျှ ကာယကံမှု ဝစီကံမှု မနောကံမှု မှန်သမျှသည် ရင့်ကျက်လာသော တစ်နေ့တွင် သံသရာခရီး မဆုံးသေးသူတို့၏ ရုပ်နာမ်သန္တာန်အစဉ်၌ ထိုက်သင့်သောအကျိုးကို ဖြစ်စေနိုင်သော စွမ်းအားကား တည်ရှိလျက်ပင် ရှိ၏။ ထိုကြောင့် ယင်းကာယကံမှု ဝစီကံမှု မနောကံမှုတို့ကို ပြုလုပ်နေခြင်းကိုပင် ကံကို ပြုစုပျိုးထောင်နေခြင်းဟု ဆိုရ၏။ ထိုကံကို ပြုစုပျိုးထောင် ရာ၌ စေတနာကား ပြဓာန်းလျက် ရှိ၏။ စေတနာ၏ အနုံ့အထက်ပေါ် မူတည်၍ အကျိုးတရား၏ အနုံ့အထက်သည် ထင်ရှား ဖြစ်ပေါ်လာ ရ၏။ ထိုကြောင့် စေတနာကို ကံဟူ၍ ဘုရားရှင်က ဟောကြားထားတော်မူခြင်း ဖြစ်၏။
ထိုကံသည် ကုသိုလ်ကံ အကုသိုလ်ကံဟူ၍ နှစ်မျိုး ရှိ၏။ ကုသိုလ်ကံက ကောင်းသော ချမ်းသာသော အကျိုးကို ပေး၍ အကုသိုလ်ကံက မကောင်းသော ဆင်းရဲသော အကျိုးကို ပေးတတ်၏။ (မ၊၃၊၂၅၁။) ယင်းကံက အကျိုးပေးပုံကို သဘောပေါက်နိုင်ရန် အောက်ပါသုတ္တန်များကို ဖတ်ရှုကြည့်ပါ။
အမှောင်နှင့်အလင်း
ဘုရားရှင်သည် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် တမောတမ သုတ္တန်တွင် ယင်းကံတို့ကို အောက်ပါအတိုင်း လေးမျိုးခွဲကာ ဟောကြားထားတော်မူ၏။
ရဟန်းတို့ ...လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိ ကြကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ ---
၁။ အမှောင်ထဲ၌ လူဖြစ်လာရ၍ အမှောင်လျှင် လဲလျောင်းရာ ရှိသော ပုဂ္ဂိုလ်၊
၂။ အမှောင်ထဲ၌ လူဖြစ်လာရ၍ အလင်းလျှင် လဲလျောင်းရာ ရှိသော ပုဂ္ဂိုလ်၊
၃။ အလင်းထဲ၌ လူဖြစ်လာရ၍ အမှောင်လျှင် လဲလျောင်းရာ ရှိသော ပုဂ္ဂိုလ်၊
၄။ အလင်းထဲ၌ လူဖြစ်လာရ၍ အလင်းလျှင် လဲလျောင်းရာ ရှိသော ပုဂ္ဂိုလ်တို့တည်း။
၁။ အမှောင်ထဲမှ အမှောင်ထဲသို့
ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အမှောင်ထဲ၌ လူဖြစ်လာရ၍ အမှောင်လျှင် လဲလျောင်းရာ ရှိသောပုဂ္ဂိုလ် ဖြစ်လေသနည်း။
ရဟန်းတို့ ... ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ယုတ်နိမ့် သော အမျိုးဟု ဆိုအပ်သော ဒွန်းစဏ္ဍားမျိုး၌သော်လည်းကောင်း, နှီးသမားမျိုး၌သော်လည်းကောင်း, တံငါမုဆိုးမျိုး၌သော်လည်းကောင်း, သားရေလုပ်သမားမျိုး၌သော်လည်းကောင်း, ပန်းမှိုက်သွန် (မစင်ဘင်ကျုံးသမား)မျိုး၌သော်လည်းကောင်း လူဖြစ်လာရ၏၊ ဆင်းရဲ၏၊ ထမင်းအဖျော် စားသောက်ဖွယ် နည်းပါး၏(=မဝတဝစားရ၏၊)၊ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ခက်ခက်ခဲခဲ အသက်မွေးရ၏။ ယင်းအမျိုးအနွယ် ဘဝ၌ အစားကို ငြိုငြင်စွာ အဝတ်ကို ငြိုငြင်စွာ ရရှိရ၏။ ထိုသူသည် ရုပ်အဆင်းလည်း မလှ၊ ရှုချင်ဖွယ်လည်း မရှိ၊ ပုကွလည်း ပုကွ၏။ ( အသားက သပိတ်ရောင်, လည်ပင်းက ဖားလည်ပင်း, ခါးကလည်း လိပ်ခါးမျိုးတည်း။) အနာရောဂါလည်း များပြား၏။ ကန်းသူသော်လည်းကောင်း, ကောက်သူသော်လည်းကောင်း, ခွင်သူသော်လည်းကောင်း, ဆွံ့သူသော်လည်းကောင်း ဖြစ်ရ၏။ ထမင်း, အဖျော်, အဝတ်, ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ, နေရာ, ဆီမီး အသုံးအဆောင်ကို (ပြည့်ပြည့်စုံစုံ) ရလေ့ရှိသူကား မဟုတ်။ [ဤကား အမှောင်ထဲ၌ လူဖြစ်လာရပုံတည်း။]
ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ [သူ့အသက်ကို လက်ရဲဇက်ရဲ သတ်ဖြတ်၏။ သူ့ပစ္စည်းကို လက်သွက်သွက်ဖြင့် မတရားယူ၏။ သူ့သားမယားကို မရှက်မကြောက် ဖျက်ဆီး၏။ မုသားစကားကို ရေလို ပေါပေါများများ အသုံးပြု၏။ ကုန်းစကားကို ရဲရဲဝံ့ဝံ့ ပြောတတ်၏။ ကြမ်းတမ်းသည့် စကားကို အာရဲလျှာရဲ ပြောတတ်၏။ ပြိန်ဖျင်းသည့် စကားကို ပုံကြီးချဲ့တတ်၏။ မတရားသော နည်းလမ်းဖြင့် သူတစ်ပါး၏ စည်းစိမ်ကို ရယူဖို့ ကြံစည်၏။ သူတစ်ပါးတို့ ဆင်းရဲဒုက္ခရောက်အောင် သေကြေပျက်စီးအောင် ကြံစည်၏။ ဘဝဟူသည် ပုခက်နှင့် ခေါင်းအကြားမှာသာ ရှိ၏။ ခေါင်းဟိုဘက် ဘာမျှမရှိ စသည်ဖြင့် ကံ, ကံ၏အကျိုးကို ပစ်ပယ်သည့် အယူမှားကို စွဲလမ်း ဆုပ်ကိုင်ထား၏။ (= ဒုစရိုက်ဆယ်ပါးကို ဖြည့်ကျင့်၏)ဟု ဆိုလို၏။] ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်ခြင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာဟူ၍ မြူငွေ့မျှမရှိသော, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော, သွားလိုသည့် အလိုအာသာဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရပြန်၏။
ရဟန်းတို့...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အမှောင်ထဲ၌ လူဖြစ်လာရ၍ အမှောင်လျှင် လဲလျောင်းရာ ရှိသောပုဂ္ဂိုလ် ဖြစ်ပေ၏။
၂။ အမှောင်ထဲမှ အလင်းထဲသို့
ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အမှောင်ထဲ၌ လူဖြစ်လာရ၍ အလင်းလျှင် လဲလျောင်းရာရှိသော ပုဂ္ဂိုလ် ဖြစ်လေသနည်း။
ရဟန်းတို့ ...ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ယုတ်နိမ့် သော အမျိုးဟု ဆိုအပ်သော ဒွန်းစဏ္ဍားမျိုး၌သော်လည်းကောင်း, နှီးသမားမျိုး၌သော်လည်းကောင်း, တံငါမုဆိုးမျိုး၌သော်လည်းကောင်း, သားရေလုပ်သမားမျိုး၌သော်လည်းကောင်း, ပန်းမှိုက်သွန် (မစင်ဘင်ကျုံးသမား)မျိုး၌သော်လည်းကောင်း လူဖြစ်လာရ၏၊ ဆင်းရဲ၏၊ ထမင်းအဖျော် စားသောက်ဖွယ် နည်းပါး၏ (=မဝတဝစားရ၏၊)၊ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ခက်ခက်ခဲခဲ အသက်မွေး ရ၏။ ယင်းအမျိုးအနွယ် ဘဝ၌ အစားကို ငြိုငြင်စွာ အဝတ်ကို ငြိုငြင်စွာ ရရှိရ၏။ ထိုသူသည် ရုပ်အဆင်းလည်း မလှ၊ ရှုချင်ဖွယ်လည်း မရှိ၊ ပုကွလည်း ပုကွ၏၊ အနာရောဂါလည်း များပြား၏။ ကန်းသူသော်လည်းကောင်း, ကောက်သူသော်လည်းကောင်း, ခွင်သူသော် လည်းကောင်း, ဆွံ့သူသော်လည်းကောင်း ဖြစ်၏။ ထမင်း, အဖျော်, အဝတ်, ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ, နေရာ, ဆီမီး အသုံးအဆောင်ကို (ပြည့်ပြည့်စုံစုံ) ရလေ့ရှိသူကား မဟုတ်။
ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်၏။ (သူ့အသက်ကို မည်သည့်အခါမျှ မသတ်၊ သူ့ပစ္စည်းကို မည်သည့် နည်းပရိယာယ်နှင့်မျှ မတရား မယူ၊ သူ့သားမယားကို မည်သည့်အခါမျှ မဖျက်ဆီး။ မုသားစကား, ကုန်းစကား, ကြမ်းတမ်းသည့်စကား, ပြိန်ဖျင်း သည့်စကားတို့ကို မပြောဆို၊ သူ့ပစ္စည်းကို မတရားယူဖို့ မကြံစည်၊ သူတစ်ပါး ပျက်စီးကြောင်းကို မကြံစည်။ ရုပ်+နာမ် ပရမတ် = ဒုက္ခသစ္စာတရားတို့ကို ဟုတ်တိုင်းမှန်စွာသိသည့် သမ္မာဒိဋ္ဌိ, ကံ ကံ၏အကျိုးတရား = သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာသိသည့် သမ္မာဒိဋ္ဌိ, သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဟုတ်တိုင်းမှန်စွာသိသည့် ဝိပဿနာသမ္မာဒိဋ္ဌိ, နိဗ္ဗာန် = နိရောဓသစ္စာကို ဟုတ်တိုင်းမှန်စွာသိသည့် မဂ္ဂသမ္မာဒိဋ္ဌိ ဖလသမ္မာဒိဋ္ဌိ စသည့် သမ္မာဒိဋ္ဌိဉာဏ်အမြင်နှင့် ပြည့်စုံအောင် ကျင့်၏။ အောက်ထစ်ဆုံးအားဖြင့် ပရမတ် ရုပ်+နာမ် = ဒုက္ခသစ္စာကို သိသည့် သမ္မာဒိဋ္ဌိ, ကြောင်း+ကျိုး = ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား = သမုဒယသစ္စာကို သိသည့် သမ္မာဒိဋ္ဌိနှင့် ပြည့်စုံအောင် ကျင့်၏။ (= သုစရိုက် ဆယ်ပါးကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်၏ဟု ဆိုလို၏)
ဤသို့ ကောင်းသောအကျင့်ကို ကျင့်ခြင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက် သမားတို့၏ လားရောက်ရာဖြစ်သော နတ်ပြည် နတ်လောက၌ ဖြစ်ရ၏။ ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အမှောင်ထဲ၌ လူဖြစ်လာရ၍ အလင်းလျှင် လဲလျောင်းရာရှိသောပုဂ္ဂိုလ်ဖြစ်ပေ၏။
၃။ အလင်းထဲမှ အမှောင်ထဲသို့
ရဟန်းတို့ ...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အလင်းထဲ၌ လူဖြစ်လာရသည် ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာရှိသောပုဂ္ဂိုလ် ဖြစ်လေသနည်း။
ရဟန်းတို့ ...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မြင့်မြတ်သော အမျိုးဟုဆိုအပ်သော ခတ္တိယမဟာသာလမျိုး (= မင်းသူဋ္ဌေး သူကြွယ်မျိုး)၌သော်လည်းကောင်း, ဗြာဟ္မဏမဟာသာလမျိုး (= ပုဏ္ဏားသူဋ္ဌေးသူကြွယ်မျိုး)၌သော်လည်းကောင်း, ဂဟပတိမဟာသာလမျိုး (= အိမ်ရှင်သူဋ္ဌေးသူကြွယ်မျိုး)၌သော်လည်းကောင်း လူဖြစ်လာရ၏၊ ကြွယ်ဝချမ်းသာ၏၊ များသောဥစ္စာနှစ် ရှိ၏၊ များသောရွှေငွေ ရှိ၏၊ များသောနှစ်သက်ဖွယ် အသုံးအဆောင် ရှိ၏၊ များသောဥစ္စာစပါး ရှိ၏။ ထိုသူသည် ရုပ်အဆင်းလည်း လှ၏၊ ရှုချင်ဖွယ်လည်း ရှိ၏၊ ကြည်ညိုဖွယ်လည်း ရှိ၏၊ ကောင်းမြတ်သော ရုပ်အဆင်းသဏ္ဌာန် = လုံးရပ်သဏ္ဌာန်နှင့် ပြည့်စုံ၏။ ထမင်း, အဖျော်, အဝတ်, ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ, နေရာ, ဆီမီး အသုံးအဆောင်ကို (ပြည့်ပြည့်စုံစုံ) ရလေ့ရှိသူ ဖြစ်၏။
ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ (အထက်တွင် ဖော်ပြထားသော ဒုစရိုက်အမျိုးမျိုးတို့ကို လွန်ကျူး၏။) မကောင်းသောအကျင့်ကို ကျင့်ခြင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းသော မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော သွားလို ရောက်လို ဖြစ်လိုသည့် အလိုဆန္ဒမရှိဘဲ ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အလင်းထဲ၌ လူဖြစ်လာရ၍ အမှောင်လျှင် လဲလျောင်းရာရှိသောပုဂ္ဂိုလ် ဖြစ်ရပေ၏။
၄။ အလင်းထဲမှ အလင်းထဲသို့
ရဟန်းတို့...အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အလင်းထဲ၌ လူဖြစ်လာရ၍ အလင်းလျှင် လဲလျောင်းရာရှိသော ပုဂ္ဂိုလ် ဖြစ်လေသနည်း။
ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မြင့်မြတ်သော အမျိုးဟုဆိုအပ်သော ခတ္တိယမဟာသာလမျိုး (= မင်းသူဋ္ဌေး သူကြွယ်မျိုး)၌သော်လည်းကောင်း, ဗြာဟ္မဏမဟာသာလမျိုး (= ပုဏ္ဏားသူဋ္ဌေးသူကြွယ်မျိုး)၌သော်လည်းကောင်း, ဂဟပတိမဟာသာလမျိုး (= အိမ်ရှင်သူဋ္ဌေးသူကြွယ်မျိုး)၌သော်လည်းကောင်း လူဖြစ်လာရ၏၊ ကြွယ်ဝချမ်းသာ၏၊ များသောဥစ္စာနှစ် ရှိ၏၊ များသော စည်းစိမ် ရှိ၏၊ များသောရွှေငွေ ရှိ၏၊ များသောနှစ်သက်ဖွယ် အသုံးအဆောင် ရှိ၏၊ များသောဥစ္စာစပါး ရှိ၏။ ထိုသူသည် ရုပ်အဆင်းလည်း လှ၏၊ ရှုချင်ဖွယ်လည်း ရှိ၏၊ ကြည်ညိုဖွယ်လည်း ရှိ၏၊ ကောင်းမြတ်သော ရုပ်အဆင်းသဏ္ဌာန် = လုံးရပ်သဏ္ဌာန်နှင့် ပြည့်စုံ၏။ ထမင်း, အဖျော်, အဝတ်, ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ, နေရာ, ဆီမီး အသုံးအဆောင်ကို (ပြည့်ပြည့်စုံစုံ) ရလေ့ရှိသူ ဖြစ်၏။ ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်၏။ (စင်ကြယ်သော ကာယသုစရိုက်တရား, စင်ကြယ်သော ဝစီသုစရိုက်တရား, စင်ကြယ်သော မနောသုစရိုက်တရားနှင့် ပြည့်စုံ၏။)
ကောင်းသောအကျင့်ကို ကျင့်ခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက် သမားတို့၏ လားရောက်ရာဖြစ်သော နတ်ပြည်နတ်လောက၌ ဖြစ်ရ၏။
ရဟန်းတို့ ...ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် အလင်းထဲ၌ လူဖြစ်လာရ၍ အလင်းလျှင် လဲလျောင်းရာရှိသောပုဂ္ဂိုလ် ဖြစ်ပေ၏။ ရဟန်းတို့ ...လောက၌ ဤပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏ဟု မိန့်ကြားတော်မူ၏။ (အံ၊ ၁၊ ၃၉၇-၃၉၈။)
စင်ကြယ်သော သုစရိုက်တရားနှင့် ပြည့်စုံရန်
စင်ကြယ်သော ကာယသုစရိုက်တရား ဝစီသုစရိုက်တရားနှင့် ပြည့်စုံရန်အတွက် သီလကျင့်စဉ်ပိုင်းကို ဖြူဖြူစင်စင် ဖြည့်ကျင့်ရမည် ဖြစ်၏။ စင်ကြယ်သော မနောသုစရိုက်တရားနှင့် ပြည့်စုံရေးအတွက် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို ပြည့်စုံအောင် ဖြည့်ကျင့်ရမည် ဖြစ်၏။ ထိုသို့ ဖြည့်ကျင့်ရာ၌ မည်သို့ စိတ်ထားရမည်နည်း။
မည်သို့သော စိတ်ဓာတ်ဖြင့် သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဖြည့်ကျင့်ရမည်နည်း။ မဟာသုတသောမဇာတ်တော်၌ လာရှိသော အောက်ပါ ဘုရားဟော ဒေသနာတော်ကို ဖတ်ရှုကြည့်ပါ။
စဇေ ဓနံ အင်္ဂဝရဿ ဟေတု၊
အင်္ဂံ စဇေ ဇီဝိတံ ရက္ခမာနော။
အင်္ဂံ ဓနံ ဇီဝိတဉ္စာပိ သဗ္ဗံ၊
စဇေ နရော ဓမ္မ မနုဿရန္တော။ (ဇာတက၊ ဋ္ဌ၊ ၅၊ ၅၄၂။)
ပဏ္ဍိတော ပုရိသော = ပညာရှိသည့် ယောက်ျားသည်။
အင်္ဂဝရဿ = မွန်မြတ်သော ကိုယ်အင်္ဂါ၏။
ဟေတု = အကြောင်းကြောင့် (= အဖြတ်ခံရမည့် အကြောင်းကြောင့်)။
ဓနံ = စည်းစိမ်ဥစ္စာကို။
စဇေ = စွန့်လွှတ်ရာ၏။
ဇီဝိတံ = အသက်ကို။
ရက္ခမာနော = စောင့်ရှောက်လိုသောသူသည်။
အင်္ဂံ = ကိုယ်အင်္ဂါကို။
စဇေ = စွန့်လွှတ်ရာ၏။
ဓမ္မံ = သူတော်ကောင်းတရားကို။
အနုဿရန္တော = အစဉ်အောက်မေ့လျက်ရှိသော။
နရော = လူသားသည်။
အင်္ဂဉ္စာပိ = ကိုယ်အင်္ဂါကိုလည်းကောင်း။
ဓနဉ္စာပိ = စည်းစိမ်ဥစ္စာကိုလည်းကောင်း။
ဇီဝိတဉ္စာပိ = အသက်ကိုလည်းကောင်း။
သဗ္ဗံ = အလုံးစုံကို။
စဇေ = စွန့်လွှတ်ရာ၏။ (ဇာတက၊ ဋ္ဌ၊ ၅၊ ၅၄၂။)
ပညာရှိယောက်ျားကား --- စည်းစိမ်ဥစ္စာနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း နှစ်ခုတို့တွင် တစ်ခုခုကို စွန့်လွှတ်ဖို့ရန် အကြောင်းပေါ်ခဲ့သော် စည်းစိမ်ဥစ္စာကိုသာ စွန့်လွှတ်၏။ ကိုယ်အင်္ဂါကိုကား မစွန့်လွှတ်ပေ။
တစ်ဖန် အသက်နှင့် ကိုယ်အင်္ဂါနှစ်ခုတို့တွင် တစ်ခုခုကို စွန့်လွှတ်ဖို့ရန် အကြောင်းပေါ်ခဲ့သော် ကိုယ်အင်္ဂါကိုသာ စွန့်လွှတ်၏။ အသက်ကိုကား မစွန့်လွှတ်ပေ။
တစ်ဖန် သူတော်ကောင်းတရားနှင့် ကိုယ်အင်္ဂါ, စည်းစိမ်ဥစ္စာ, အသက်တို့တွင် တစ်ဘက်ဘက်ကို စွန့်လွှတ်ဖို့ရန် အကြောင်းပေါ်ခဲ့သော် ကိုယ်အင်္ဂါကိုလည်းကောင်း, စည်းစိမ်ဥစ္စာကိုလည်းကောင်း, အသက်ကိုလည်းကောင်း အားလုံးကို စွန့်လွှတ်၏။ သူတော်ကောင်း တရားကိုကား မစွန့်လွှတ်ပေ။
အသက်ကိုသာ စွန့်အံ့၊ သီလကို မစွန့်အံ့၊
အသက်ကိုသာ စွန့်အံ့၊ သူတော်ကောင်းတရားကို မစွန့်အံ့။
ဤကဲ့သို့သော စိတ်ထားမျိုးကား သူတော်ကောင်းတရားနှင့် ပြည့်စုံအောင် ကြိုးပမ်းရာ၌ မရှိမဖြစ် လိုအပ်သည့် စိတ်နေစိတ်ထားမျိုးပင် ဖြစ်သည်။
အမှောင်မှ အမှောင်သို့ရောက်အောင်, အမှောင်မှ အလင်းသို့ရောက်အောင်, အလင်းမှ အမှောင်သို့ရောက်အောင်, အလင်းမှ အလင်းသို့ရောက်အောင် ပို့ဆောင်ပေးနေသော တရားမှာ စေတနာကံတရားပင် ဖြစ်၏။ ယင်းသို့ဖြစ်လျှင် စေတနာနှင့် စိတ္တက္ခဏတစ်ခု အတွင်းဝယ် အတူယှဉ်တွဲ ဖြစ်ကြသည့် ရာဂ, ဒေါသ, မောဟ (သို့မဟုတ်) အလောဘ, အဒေါသ, အမောဟ စသည် ယှဉ်ဖက်သမ္ပယုတ်တရားစုတို့သည်လည်း ကံမမည်လေသလောဟု မေးရန် ရှိ၏။ စေတနာနှင့် ယှဉ်ဖက်သမ္ပယုတ်တရားတို့သည်လည်း ကံမည်ကြသည်သာ ဖြစ်ပေသည်။ ယင်းယှဉ်ဖက်သမ္ပယုတ်တရားတို့က ကံတစ်ခုကို ဖြူအောင် (သို့မဟုတ်) မည်းအောင် အရောင်ချယ်ပေးနေသော တရားစုတို့ ဖြစ်ကြ၏။ ယင်းသဘောတရားကို သဘောပေါက် နိုင်ရန် အောက်ပါ အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ကမ္မဝဂ်၌ လာရှိသော သောဏကာယနသုတ္တန်ကို ဆက်လက်ကာ ဖတ်ရှုကြည့်ပါ။
သောဏကာယနသုတ္တန်
ထိုအခါ (ဦးထိပ်အလယ်၌ ဆံထုံး ထုံးထားသော) သိခါမောဂ္ဂလ္လာန်ပုဏ္ဏားသည် မြတ်စွာဘုရားရှင်၏ ထံတော်မှောက်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားရှင်နှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆို၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားရှင်အား ---
အသျှင်ဂေါတမ ယခင့် ယခင်နေ့တို့၌ သောဏကာယနလုလင်သည် တပည့်တော်ထံသို့ ချဉ်းကပ်ကာ --- ရဟန်းဂေါတမသည် ကံအားလုံးကို မပြုရဟု ပညတ်၏၊ ကံအားလုံးတို့ကို မပြုရဟု ပညတ်သူသည် သတ္တလောက၏ ပြတ်စဲခြင်း = ဥစ္ဆေဒအယူဝါဒကို ပြောဆိုရာ ရောက်၏။ အသျှင်ဂေါတမ ဤသတ္တလောကသည် ကံသဘော ရှိ၏။ ကံကို အားထုတ်ခြင်းကြောင့် တည်၏ဟု တပည့်တော်သည် ဤစကားကို ဆိုပါသည်ဟု လျှောက်ထား၏။ (ကံကို အားထုတ်ပါမှ သာလျှင် သတ္တဝါသည် တည်တံ့နိုင်၏။ ကံကို အားမထုတ်ခဲ့သော် မတည်တံ့နိုင်၊ ပြတ်စဲ၏ဟု ဆိုလို၏။) (အံ၊ ဋ္ဌ၊ ၂၊ ၃၉၂။)
ထိုအခါ မြတ်စွာဘုရားရှင်က အောက်ပါအတိုင်း မိန့်ကြားတော်မူ ပေသည်။ ---
ဒါယကာတော်ပုဏ္ဏား ...သောဏကာယနလုလင်ကို မြင်ဖူးသည်မျှကိုလည်း ငါဘုရားရှင်သည် မသိစဖူးပါ။ ဤသို့သဘောရှိသော စကားကို ပြောဟောသည်ဟူသော အကြောင်းအရာသည်ကား အဘယ်မှာလျှင် ဖြစ်နိုင်ပါအံ့နည်း။
ဒါယကာတော်ပုဏ္ဏား...ငါဘုရားရှင်ကိုယ်တော်တိုင် ထူးသော ဉာဏ်တော်မြတ်ဖြင့် မျက်မှောက်ပြု၍ ငါဘုရားဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ ---
၁။ ဒါယကာတော်ပုဏ္ဏား ... မည်းညစ်၍ မည်းညစ်သော အကျိုးရှိသည့် ကံသည် ရှိ၏။
၂။ ဒါယကာတော်ပုဏ္ဏား ...ဖြူစင်၍ ဖြူစင်သော အကျိုးရှိ သည့် ကံသည် ရှိ၏။
၃။ ဒါယကာတော်ပုဏ္ဏား ...မည်းညစ် + ဖြူစင်၍ မည်းညစ်+ ဖြူစင်သော အကျိုးရှိသည့် ကံသည် ရှိ၏။
၄။ ဒါယကာတော်ပုဏ္ဏား ...မမည်းညစ် + မဖြူစင်၍ မမည်း ညစ် မဖြူစင်သော အကျိုးရှိသည့် ကံသည် ရှိ၏။
၁။ အမည်းကံ (ကဏှကမ္မ)
ဒါယကာတော်ပုဏ္ဏား ...မည်းညစ်၍ မည်းညစ်သော အကျိုးရှိသည့် ကံဟူသည် အဘယ်နည်း။ ဒါယကာတော်ပုဏ္ဏား ... ဤလောက၌ အချို့သောသူသည် အပြစ်ရှိသော ကာယသင်္ခါရ (= ကာယဒွါရ၌ဖြစ်သော အကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏၊ အပြစ်ရှိသော ဝစီသင်္ခါရ (= ဝစီဒွါရ၌ ဖြစ်သော အကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏၊ အပြစ်ရှိသော မနောသင်္ခါရ (= မနောဒွါရ၌ဖြစ်သော အကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏။ (ကာယဒုစရိုက် သုံးပါး, ဝစီဒုစရိုက်လေးပါး, မနောဒုစရိုက်သုံးပါးဟူသော ဒုစရိုက် ဆယ်ပါးတို့ကို ပြုစုပျိုးထောင်၏။)
ထိုသူသည် အပြစ်ရှိသော ကာယသင်္ခါရကို ပြုစုပျိုးထောင်သော ကြောင့်, အပြစ်ရှိသော ဝစီသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့်, အပြစ်ရှိသော မနောသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့်, အပြစ်ရှိသော လောက၌ (= ဆင်းရဲ အတိဖြစ်သော လောက၌) ဖြစ်ရ၏။ အပြစ်ရှိသော တွေ့ထိခြင်း ဖဿတို့သည် (ဒုက္ခအတိဖြစ်သော တွေ့ထိခြင်း = ဖဿတို့သည်) တွေ့ထိကုန်၏။ အပြစ်ရှိသော တွေ့ထိခြင်း ဖဿဖြင့် တွေ့ထိလတ်သော် ထိုသူသည် ငရဲ၌ဖြစ်သော သတ္တဝါတို့ကဲ့သို့ အပြစ်ရှိသော စင်စစ်ဆင်းရဲသည့် ဝေဒနာကို ခံစားရ၏။ ဒါယကာတော်ပုဏ္ဏား ...ဤကံမျိုးကို မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော ကံဟု ဆိုအပ်၏။
၂။ အဖြူကံ (သုက္ကကမ္မ)
ဒါယကာတော်ပုဏ္ဏား ...ဖြူစင်၍ ဖြူစင်သော အကျိုးရှိသည့် ကံဟူသည် အဘယ်နည်း။ ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ အချို့သောသူသည် အပြစ်မရှိသော ကာယသင်္ခါရကို (= ကာယဒွါရ၌ ဖြစ်သော ကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏၊ အပြစ်မရှိသော ဝစီသင်္ခါရကို (= ဝစီဒွါရ၌ ဖြစ်သော ကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏၊ အပြစ်မရှိသော မနောသင်္ခါရကို (= မနောဒွါရ၌ဖြစ်သော ကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏။ (သုစရိုက်ဆယ်ပါးကို ဖြည့်ကျင့်၏။)
ထိုသူသည် အပြစ်မရှိသော ကာယသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့်, အပြစ်မရှိသော ဝစီသင်္ခါရကို ပြုစုပျိုးထောင်သော ကြောင့်, အပြစ်မရှိသော မနောသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့်, အပြစ်မရှိသော လောက၌ ဖြစ်ရ၏။ အပြစ်မရှိသော လောက၌ ဖြစ်လတ်သော် ထိုသူကို အပြစ်မရှိသော (= ချမ်းသာသော) တွေ့ထိခြင်း ဖဿတို့သည် တွေ့ထိကုန်၏။ အပြစ်မရှိသော တွေ့ထိခြင်း ဖဿတို့ဖြင့် တွေ့ထိလတ်သော် ထိုသူသည် သုဘကိဏှာဗြဟ္မာတို့ကဲ့သို့ အပြစ်မရှိသော စင်စစ်ချမ်းသာသည့် ဝေဒနာကို ခံစားရ၏။ ဒါယကာတော်ပုဏ္ဏား ...ဤကံကို ဖြူစင်၍ ဖြူစင်သော အကျိုးရှိသည့် ကံဟု ဆိုအပ်၏။ (ရွှေတုံး ရွှေခဲကဲ့သို့ ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပသော ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် ရောပြွမ်းလျက် တောက်ပလျက်ရှိသော တတိယစျာန်သုံးဘုံတို့တွင် အမြင့်ဆုံး ဗြဟ္မာကို သုဘကိဏှာဗြဟ္မာဟု ဆိုသည်။) (အဘိ၊ ဋ္ဌ၊ ၂၊ ၅၀၃။)
၃။ အမည်း + အဖြူကံ (= ကဏှသုက္ကကံ)
ဒါယကာတော်ပုဏ္ဏား ...မည်းညစ် + ဖြူစင်၍ မည်းညစ် + ဖြူစင်သော အကျိုးရှိသည့် ကံဟူသည် အဘယ်နည်း။
ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ အချို့သောသူသည် အပြစ်ရှိ + မရှိ ရောနှောသော ကာယသင်္ခါရကို (= ကာယဒွါရ၌ ဖြစ်သော အပြစ်ရှိသော အကုသိုလ်စေတနာ + အပြစ်မရှိသော ကုသိုလ်စေတနာကို) ပြုစုပျိုးထောင်၏၊ အပြစ်ရှိ + မရှိ ရောနှောသော ဝစီသင်္ခါရကို ပြုစုပျိုးထောင်၏၊ အပြစ်ရှိ + မရှိ ရောနှောသော မနောသင်္ခါရကို ပြုစုပျိုးထောင်၏၊ ထိုသူသည် အပြစ်ရှိ + မရှိ ရောနှောသော ကာယသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့်, အပြစ်ရှိ + မရှိ ရောနှောသော ဝစီသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့်, အပြစ်ရှိ + မရှိ ရောနှောသော မနောသင်္ခါရကို ပြုစုပျိုးထောင်သောကြောင့် အပြစ်ရှိ + မရှိ ရောနှောသော လောက၌ ဖြစ်ရ၏။ အပြစ်ရှိ + မရှိ ရောနှောသော လောက၌ ဖြစ်လတ်သော် ထိုသူကို အပြစ်ရှိ + မရှိ ရောနှောသော တွေ့ထိခြင်း ဖဿ တို့သည် တွေ့ထိကုန်၏။ အပြစ်ရှိ + မရှိ ရောနှောသော တွေ့ထိခြင်း ဖဿ တို့ဖြင့် တွေ့ထိလတ်သော် ထိုသူသည် လူနှင့် အချို့သောနတ် အချို့သော ဝေမာနိကပြိတ္တာတို့ကဲ့သို့ ချမ်းသာ + ဆင်းရဲ ပြိုးပြွမ်းသော ဝေဒနာကို ခံစားရ၏။ ဒါယကာ တော်ပုဏ္ဏား ...ဤကံကို မည်းညစ် + ဖြူစင်၍ မည်းညစ် + ဖြူစင်သော အကျိုးရှိသော ကံဟု ဆိုအပ်၏။
၄။ မမည်း + မဖြူသည့်ကံ (= အကဏှ + အသုက္ကကံ)
(= ကမ္မက္ခယကံ = ကံကိုကုန်စေသည့်ကံ)
ဒါယကာတော်ပုဏ္ဏား ...မမည်းညစ် + မဖြူစင်၍ မမည်းညစ် + မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန်ဖြစ်သော ကံဟူသည် အဘယ်နည်း။
ဒါယကာတော်ပုဏ္ဏား ...ထိုကံတို့တွင် မည်းညစ်၍ မည်းညစ် သော အကျိုးရှိသော ကံကို ပယ်ရှားရန် စေ့ဆော်တတ်သည့် = ဝဋ်ကင်းရာနိဗ္ဗာန်သို့ ရောက်စေတတ်သည့် + ဖြူစင်၍ ဖြူစင်သော အကျိုးရှိသော ကံကို ပယ်ရှားရန် စေ့ဆော်တတ်သည့် = ဝဋ်ကင်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သည့် အရိယမဂ် ကုသိုလ်စေတနာကို မမည်းညစ် + မဖြူစင်၍ မမည်းညစ် + မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန်ဖြစ်သော ကံဟု ဆိုအပ်၏။
ဒါယကာတော်ပုဏ္ဏား ...ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ငါဘုရားရှင် ဟောကြားတော်မူအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်းဟု မိန့်ကြားတော်မူ၏။ (သောဏကာယနသုတ်၊ အံ၊ ၁၊ ၅၅၅-၅၅၆။)
ကံကိုကုန်စေတတ်သည့် = ကမ္မက္ခယကံ
၁။ သောတာပတ္တိမဂ် ကုသိုလ်စေတနာသည် အပါယ်သို့ ရောက် စေတတ်သည့် အကုသိုလ်ကံမှန်သမျှကို ကုန်စေ၏။
၂။ သကဒါဂါမိမဂ် ကုသိုလ်စေတနာသည် လူဘုံ၌ တစ်ကြိမ်- ထက် ပို၍ ဖြစ်စေနိုင်သည့် ကုသိုလ်ကံမှန်သမျှကို ကုန်စေ၏။
၃။ အနာဂါမိမဂ်ဉာဏ်သည် ကာမသုဂတိဘုံ၌ ဖြစ်စေတတ် သည့်ကုသိုလ်ကံမှန်သမျှကို ကုန်စေ၏။
၄။ အရဟတ္တမဂ်ဉာဏ်သည် သုဂတိဘုံတို့၌ ဖြစ်စေတတ်သည့် ကံအားလုံးတို့ကို ကုန်စေ၏။
ထိုကြောင့် အရိယမဂ်စေတနာတို့ကို ကမ္မက္ခယကံ = ကုသိုလ်ကံ + အကုသိုလ်ကံတို့ကို ကုန်စေတတ်သည့် ကံဟူ၍ ခေါ်ဆို၏။ သုစရိုက် (၁၀)ပါးတို့တွင် ပါဝင်သော သမ္မာဒိဋ္ဌိ စာရင်းတွင် ဤအရိယမဂ္ဂ သမ္မာဒိဋ္ဌိတို့ကား အထွတ်အထိပ်သို့ ရောက်ရှိနေသော သမ္မာဒိဋ္ဌိတို့ ဖြစ်ကြ၏။ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ပ ဖြူစင်လှသော သမ္မာဒိဋ္ဌိတို့ ဖြစ်ကြ၏။
ယုတ်ညံ့သူ + မြင့်မြတ်သူဖြစ်အောင်
ကမ္မဿကာ မာဏဝ သတ္တာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ ကမ္မပ္ပဋိသရဏာ ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယ။
(မ၊ ၃၊ ၂၄၄။)
= ဒါယကာတော် သုဘလုလင် ...သတ္တဝါတို့သည် ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ကံ၏အမွေခံတို့သာ ဖြစ်ကြ ကုန်၏၊ ကံသာလျှင် အကြောင်းရင်း ရှိကြကုန်၏၊ ကံသာလျှင် အဆွေခင်ပွန်း ရှိကြကုန်၏၊ ကံသာလျှင် မှီခိုအားထားရာ ရှိကြကုန်၏၊ သတ္တဝါတို့ကို ယုတ်ညံ့သူဖြစ်အောင်, မြင့်မြတ်သူဖြစ်အောင် ကံကသာလျှင် ခွဲခြားဝေဖန်ပေး၏။ (မ၊ ၃၊ ၂၄၄။)
မည်းညစ်သော ကံတို့က သတ္တဝါတို့ကို ယုတ်ညံ့သူဖြစ်အောင်, ဖြူစင်သော ကံတို့က သတ္တဝါတို့ကို မြင့်မြတ်သူဖြစ်အောင် ခွဲခြားဝေဖန်ပေး၏။ သို့သော် မမည်း + မဖြူသည့် အရိယမဂ်ကံတို့က ယင်းမြင့်မြတ်သူ သတ္တဝါတို့ကို နိဗ္ဗာန်သို့ တစ်ဆင့်ရောက်အောင် ပို့ဆောင်ပေးကြ၏။ အိုဘေးဆိုးကြီးမှ လွတ်အောင်, နာဘေးဆိုးကြီးမှ လွတ်အောင်, သေဘေးဆိုးကြီးမှ လွတ်အောင် နောက်ထပ်တစ်ဖန် ပဋိသန္ဓေတည်နေရမည့် ဘေးဆိုးကြီးမှ လွတ်အောင် ဘေးဒုက္ခ အဝဝတို့၏ ကင်းရာ ကုန်ရာ ချုပ်ရာ ငြိမ်းရာဖြစ်သော အငြိမ်းကြီးငြိမ်း အအေးကြီးအေးရာဖြစ်သည့် မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်အောင် ပို့ဆောင်ပေးကြ၏။
အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် အဘယ်လမ်းသို့ လိုက်မည်နည်း? ရွေးချယ်ရန် အချိန်သို့ကား ရောက်ရှိနေပေပြီ မဟုတ်ပါ လော?
ကြိုးစားက ဘုရားဖြစ်နိုင်၏...။
ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း - ဖားအောက်တောရ၊
၁၃၆၆-ခု၊ ပြာသိုလဆန်း ၁-ရက်၊
၁၀ . ၁ . ၂၀၀၅။
: လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။ ကိလေသာတရားဆိုးတို့ကို နှိပ်ကွပ်ဆုံးမနိုင်ခြင်းကြောင့် လူကောင်းအဖြစ် မြင်ရခြင်းသာ ဖြစ်ပြီး၊ ကိလေသာတရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင့် လူမိုက်အဖြစ် မြင်ရခြင်းသာ ဖြစ်သည်။ (နှာ- ။)
ဆန့်ကျင်ဘက်တရားများ
မသိသူတို့၏ ပျော်ခွင့်
နေ့နှင့်ည, အလင်းနှင့်အမှောင်, အဖြူနှင့်အမည်း, အကောင်းနှင့် အဆိုး, အမှန်နှင့်အမှား, ကုသိုလ်နှင့်အကုသိုလ်စသည့် အသုံးအနှုန်း တို့သည် ဆန့်ကျင်ဘက် ဖြစ်စဉ်တို့ကို ဖော်ပြနေကြ၏။
နေ့နှင့်ည, အလင်းနှင့်အမှောင်, အဖြူနှင့်အမည်း ခွဲဖို့ မခက်ပေ။
နေ့နှင်ည, အလင်းနှင့်အမှောင် ကွဲပြားသကဲ့သို့ အကောင်းနှင့် အဆိုး, အမှန်နှင့်အမှားတို့ကို အမြဲခွဲနိုင်ကြသည်တော့ မဟုတ်ပေ။
အသိဉာဏ်ရှိသူ လူသားတို့သည်ပင် ကုသိုလ်နှင့်အကုသိုလ်ကို ကွဲကွဲ ပြားပြား မသိနိုင် ဖြစ်တတ်ကြ၏။ ထို့ကြောင့်ပင် တရားသော အမှု မတရားသောအမှုတို့ကို ထိုသူတို့ ပြုနေကြသည် မဟုတ်လော။ အမှန် မသိမှုကြောင့် ကုသိုလ်ကို အကုသိုလ်ဟူ၍ အကုသိုလ်ကို ကုသိုလ်ဟူ၍ ယူဆလုပ်ကိုင်ခွင့် ရနေကြ၏။ မသိသည့်အတွက် မသိသူတို့ လောက၌ ပျော်ခွင့်ရကြခြင်း ဖြစ်သည်။ ဥပမာဆောင်၍ ဆိုရပါမူ ---
အထင်ကြီးခြင်းကို မာနဟု ဆို၏။ အထင်ကြီးခြင်း မာနနှင့် ယုံကြည်ခြင်း သဒ္ဓါကို မကွဲကြ။ ထိုကြောင့်ပင် မိမိကိုယ်ကို အထင်ကြီးခြင်းကို မိမိကိုယ်ကို ယုံကြည်ခြင်းဟု မှတ်ယူကျင့်သုံးနေသူများ လောက၌ ရှိနေရခြင်း ဖြစ်သည်။ ထိုသို့ ကျင့်သုံးနေခြင်းသည် မသိ၍ ဖြစ်သည်။ မသိသူတို့၏ အမှားဖြင့် ပျော်ခွင့်တစ်မျိုးဟုလည်း ဆိုရ၏။
ဆုံနိုင်ခွင့်မရှိသော တရားများ
ယုံကြည်ခြင်းသည် ကုသိုလ်စေတသိက် ဖြစ်ပြီး မာနသည်ကား အကုသိုလ်စေတသိက်သာ ဖြစ်သည်။ မိမိကိုယ်ကို အထင်ကြီးခြင်း မာနကို မိမိကိုယ်ကို ယုံကြည်ခြင်းသဒ္ဓါဟု မှတ်ယူခြင်းသည် အကုသိုလ်နှင့် ကုသိုလ် မကွဲခြင်း ဖြစ်သည်။ အကုသိုလ်ကို ကုသိုလ်ဟူ၍ မှတ်ယူခြင်းနှင့်လည်း တူ၏။ အကုသိုလ်သည် ကုသိုလ် မဖြစ်နိုင်သကဲ့သို့ ကုသိုလ်သည်လည်း အကုသိုလ် မဖြစ်နိုင်ပေ။ မျဉ်းပြိုင်သွားနေသည့် တရားများ ဖြစ်ကြ၍ ဆုံနိုင်ခွင့်မရှိသော တရားများသာ ဖြစ်ကြသည်။
ကုသိုလ်တရားဟူသမျှသည် ပွားများရမည့်တရား တိုးပွားအောင် ကျင့်ရမည့် တရားများသာ ဖြစ်ကြပြီး အကုသိုလ်တရားတို့သည်ကား နှိပ်ကွပ်ရမည့်တရား ယုတ်လျော့အောင် ပြုရမည့် တရားများသာ ဖြစ်ကြပေသည်။ မိမိကိုယ်ကို အထင်ကြီးခြင်းကို မိမိကိုယ်ကို ယုံကြည်ခြင်းဟု မှတ်ယူနေခြင်းသည် ယုတ်လျော့အောင် ပြုရမည့်တရားကို တိုးပွားအောင် ပြုရမည့်တရားအဖြစ် မှတ်ယူနေခြင်းနှင့် တူ၏။ နှိပ်ကွပ် ရမည့်တရားကို ပွားများနေခြင်းနှင့်လည်း တူ၏။ အမှန်ကို အမှား, အမှားကို အမှန်ဟု မြင်အောင် ပြုတတ်သည့် အဝိဇ္ဇာ၏ လက်ချက်ပင် ဖြစ်သည်။ ဝိဇ္ဇာဉာဏ်အလင်း မရသေးသမျှ အဝိဇ္ဇာ အမှောင်ထု အတွင်း၌ စမ်းတဝါးဝါး လျှောက်လှမ်းနေကြရမည် ဖြစ်သည်။
မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို စနစ်တကျ ကျင့်ကြံနိုင်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်ပါမူကား ဝိဇ္ဇာဉာဏ် အလင်းဓာတ်ကို ရ၍ အဝိဇ္ဇာ အမှောင်ထုအတွင်း စမ်းတဝါးဝါး လျှောက်လှမ်းခွင့်လည်း အပြီးတိုင် ရပ်တန့်မည် ဖြစ်သည်။
ကြောက်မက်ဖွယ်အကောင်းဆုံး အမှောင်
အမှောင်ထုအတွင်း၌ လျှောက်လှမ်းလိုသူ မရှိပေ၊ ထို့ကြောင့်ပင် အလင်းရောင်ကို ညှိထွန်းလျက် လျှောက်လှမ်းဖို့ရန် အားထုတ်ကြ၏။ အမှောင်ကို ကြောက်သောကြောင့် အလင်းကို ညှိထွန်းဖို့ အသိ သတိဝင်ကြခြင်း ဖြစ်သည်။
အဝိဇ္ဇာ အမှောင်ထုအတွင်း လျှောက်လှမ်းနေရသည်ကိုကား ကြောက်ရွံ့သူတို့ မရှိလှ။ သဘာဝအမှောင်ထက် အလွန်ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုအတွင်း လျှောက်လှမ်းနေရသည့် မိမိတို့၏ ဘဝမှန်ကိုလည်း မသိကြ။ ထို့ကြောင့်ပင် သဘာဝအမှောင်ကို ကြောက်သကဲ့သို့ ကြောက်ရကောင်းမှန်း မသိနိုင် ဖြစ်ရခြင်း ဖြစ်သည်။ အဝိဇ္ဇာ အမှောင်ထု၏ ကြောက်မက်ဖွယ်အတိ ဖြစ်ပုံကို သိဖို့လို၏။
သတ္တဝါတို့ မချိညှိုးနွမ်း ပင်ပန်းနေကြရခြင်းသည်
သတ္တဝါတို့ မချိညှိုးနွမ်း ပင်ပန်းနေကြရခြင်းသည် အမှန်မသိမှု အဝိဇ္ဇာကြောင့် ဖြစ်ပြီး, အမိုက်ကြီးမိုက် အမှားကြီးမှားနေကြရခြင်းသည်လည်း အမှန်မသိမှု အဝိဇ္ဇာကြောင့်ပင် ဖြစ်သည်။ အဝိဇ္ဇာ အမှောင်ထုအတွင်း လျှောက်လှမ်းနေသူတို့၏ ဘဝမှ ဝိဇ္ဇာဉာဏ် အလင်းဓာတ်ကို ရ၍ ထာဝရအလင်းကို ဆောင်နိုင်သူ ဖြစ်အောင် ကြိုးစားဖို့ လို၏။ ဝိဇ္ဇာဉာဏ် အလင်းဓာတ်ကို ညှိထွန်းဖို့ အသိ သတိဝင်ကြစေလိုခြင်း ဖြစ်သည်။
နေမင်း ပွင့်ထွန်းလာသည့်အခါ ညအမှောင် ပျောက်၍ နေရောင် ဆိတ်သုဉ်းသွားသည့်အခါ ညအမှောင် ရောက်သည်ပင်။ ဤဖြစ်စဉ်သည် နေ့နှင့်ည အလင်းနှင့်အမှောင်ကို ခွဲခြားပြနေသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သဘာဝတရားသည်ပင် အမြဲ မှောင်ခွင့်မရ၊ လင်းရ၏။ အမြဲ လင်းခွင့်မရ၊ မှောင်ရပြန်၏။ ဤဖြစ်စဉ်ကို သဘာဝတရား၏ သဘာဝအတိုင်းဖြစ်သော သဘာဝအတိုင်းကျင့်သုံးသော ဖြစ်စဉ်ဟု နားလည်နိုင်ပေသည်။
ကုသိုလ်ဖြစ်က အကုသိုလ်မဖြစ်၊ အကုသိုလ်ဖြစ်ကလည်း ကုသိုလ် မဖြစ်ပေ။ ဤသို့ ဖြစ်ခြင်းသည်လည်း သဘာဝဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။ နေ့နှင့်ည အလင်းနှင့်အမှောင်ကဲ့သို့ ပြောင်းလဲဖြစ်နေခြင်း ဖြစ်ပြီး ဤဖြစ်စဉ်ကို လက်ခံကျင့်သုံးနေသမျှ ဤဖြစ်စဉ် အတွင်း၌ပင် ကျင်လည်ကြရပေမည်။ ကုသိုလ်အကျိုးပေးက သုဂတိဘုံသို့ ဦးလှည့်၍ အကုသိုလ်အကျိုးပေးမူကား ဒုဂ္ဂတိဘုံသို့ ဦးလှည့်ရပေမည်။ နေ့နှင့်ည ပြောင်းသကဲ့သို့ ပြောင်းလဲနေသည့် ပြောင်းလဲမှုဖြစ်စဉ်ထက် မလွန်သော ဖြစ်စဉ်သာ ဖြစ်ပြီး ကုသိုလ်အကျိုးပေးနှင့် အကုသိုလ်အကျိုးပေးမှုထက် မလွန်သော ဖြစ်စဉ်ဟူ၍လည်း ဆိုနိုင်၏။ ဝိဇ္ဇာဉာဏ် အလင်းဓာတ်ကို ရရှိခြင်းကား မဟုတ်သေးပေ။ အဝိဇ္ဇာ အမှောင်ထု အတွင်း၌ စမ်းတဝါးဝါး လျှောက်လှမ်းခွင့်ကို ရရှိဆဲသာ ဖြစ်၏။ အဝိဇ္ဇာ အမှောင်ထုအတွင်း၌ လျှောက်လှမ်းနေသမျှ ကုသိုလ်နှင့်အကုသိုလ်ကို ပြုဖြစ်နေကြဦးမည် ဖြစ်ပေသည်။
တဏှာ၏အလိုနိုင်ငံသို့ လိုက်ပါနေရသူများ
ဝိဇ္ဇာဉာဏ် အလင်းဓာတ် မရသေးသည့် ပတ္တမြားထွင်းသမားကြီး၏ အရှင်တိဿမထေရ် အပေါ် အမှားကြီး မှားခဲ့ပုံကို သတိမူသင့်ပေသည်။ ပတ္တမြားရတနာကို အကြောင်းပြု၍ သံဃာရတနာကို တန်ဖိုးမထားနိုင်ခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ တန်ဖိုးမထားခြင်းနှင့် တန်ဖိုးထားခြင်းဟူသော ဆန့်ကျင်ဘက်တရားတို့သည် အဝိဇ္ဇာ အမှောင်ထုအတွင်း လျှောက်လှမ်းနေသူတို့ ပြောင်းလဲကျင့်သုံးတတ်သည့် ပြောင်းလဲမှုဖြစ်စဉ် တစ်ခု ဖြစ်သည်။ အဝိဇ္ဇာ အမှောင်ထု အတွင်း၌ လျှောက်လှမ်းနေသူတို့၏ အကြိုက်သဘာဝသည်ကား တဏှာကျက်စားရာ အာရုံထိုထိုတို့သာ ဖြစ်ကြပြီး အဝိဇ္ဇာကြောင့် တဏှာကြိုက်ရာ အာရုံကို တန်ဖိုးထားတတ်၍ အဝိဇ္ဇာကြောင့်ပင် တဏှာမကြိုက်ရာ အာရုံကို တန်ဖိုးမထား ဖြစ်တတ်ကြပေသည်။
ဘဝကို တွယ်တာတပ်မက်သည့် ဘဝနိကန္တိတဏှာဖြင့် ဘဝရလာသူများပီပီ တဏှာ၏အလိုသို့ အမြဲလိုက်ပါနေကြရ၏။ နွားတို့သည် မောင်းနှင်သည့် နှင်တံ၏အလိုသို့ လိုက်ပါနေကြရသကဲ့သို့ အလုံးစုံသောသတ္တဝါတို့သည် မိမိတို့ကို မောင်းနှင်နေသည့် တဏှာ၏ အလိုနိုင်ငံသို့ လိုက်ပါနေကြရ၏။
အရှင်တိဿမထေရ်ဟူသည် ပတ္တမြားထွင်းသမား ဇနီးမောင်နှံတို့ ကြည်ညို၍ ဆွမ်းဆက်ကပ်လှူဒါန်း ဆည်းကပ်နေသော သံဃာတော်တစ်ပါးသာ ဖြစ်သည်။ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် မိမိတို့၏ အိမ်၌ပင် ဆွမ်းဆက်ကပ် လှူဒါန်းလျက် ထိုမထေရ်၏ ချီးမြှောက်မှုကို နှစ်ထောင်း အားရ ခံယူနေကြသူများ ဖြစ်ကြသည်။ သံဃာရတနာအဖြစ် ဆည်းကပ် လုပ်ကျွေးနေကြခြင်း ဖြစ်သည်။
ပတ္တမြားထွင်းခြင်းသည် ပတ္တမြားထွင်းသူ၏ အသက်မွေးဝမ်းကြောင်းပညာ ဖြစ်သည်။ ထို့ကြောင့် ပတ္တမြားထွင်းသူထံသို့ ပတ္တမြား ထွင်းလိုသူတို့ လာကြ၏။
ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်ကိုင်ကြရသော သတ္တဝါတို့၌ လူလည်း ပါ၏။ လူသားတို့သည် စားချိန်စားကြ၍ အိပ်ချိန် အိပ်ကြ၏၊ စားချိန် စားနိုင်ဖို့ အလုပ်လုပ်ချိန်၌ အလုပ်လုပ်ကြရသကဲ့သို့ စားချိန်စားနိုင်ဖို့ ချက်ပြုတ်ချိန်၌ ချက်ပြုတ်ကြရ၏။ ပတ္တမြားထွင်းသူ ဒါယကာကြီးသည်လည်း စားချိန်စားနိုင်ဖို့ ချက်ပြုတ်ဖို့ရန် ပြင်ဆင်နေ၏။ အသားတို့ကို ခုတ်လှီးနေခြင်း ဖြစ်သည်။ ထိုအချိန်၌ မထေရ်ကြီးလည်း ရောက်နှင့်နေပြီး မထေရ်ကြီး၏ အရှေ့၌ပင် ခုတ်လှီးနေခြင်း ဖြစ်သည်။ ဒါယကာ၏ ဤအားထုတ်မှုသည် စားဖို့နှင့် လှူဒါန်းဖို့ ဟူသော အဖို့နှစ်ခုအတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။ လောဘနှင့် အလောဘဟူသော ဆန့်ကျင်ဘက်တရားနှစ်ခုအတွက် ပြင်ဆင်နေခြင်းဟုလည်း ဆိုနိုင်၏။
ထိုအချိန်၌ပင် သာဝတ္ထိပြည့်ရှင် ပသေနဒီကောသလမင်းကြီးထံမှ ပွတ်ထွင်းဖို့ရန် ပတ္တမြားကို ပို့လာ၏။ အသားကို ခုတ်လှီးနေသည့် ဒါယကာ၏ လက်တို့သည် သွေးတို့ဖြင့် ပေကျံနေပြီး ထိုလက်ဖြင့်ပင် ပတ္တမြားကို ယူလျက် ပခြုပ်တစ်လုံးပေါ်သို့ တင်လိုက်၏။ ပေကျံနေသည့် သွေးတို့ကို ဆေးကြောမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အိမ်အတွင်းသို့ ဝင်သွားစဉ်ခဏ၌ ၎င်းင်းမွေးမြူထားသည့် ကြိုးကြာငှက်သည် သွေးပေကျံနေသည့် ပတ္တမြားလုံးကို အသားတုံးဟု မှတ်ထင်လျက် ကောက်မြိုတော့သည်။ မိမိ၏ ရှေ့မှောက်၌ ဖြစ်ပျက်သွားသော ထိုအခြင်းအရာ အားလုံးကို မထေရ်ကြီးသည် တွေ့နေရ၏။ အနံ့သညာ ကြောင့် ကြိုးကြာငှက် အမှားပြုမိခြင်း ဖြစ်သည်။ သညာမှားခြင်း ကြောင့် ကံကြမ္မာတစ်မျိုး ဖန်လာတတ်သည်ပင်။
အပြစ်ရှာတတ်သော မျက်လုံး
လက်ဆေးကြောပြီး၍ ပြန်ထွက်လာသော ဒါယကာ၏ မျက်လုံးတို့က ပတ္တမြားတင်ခဲ့ရာ ပခြုပ်ဆီသို့ ဦးလှည့်လိုက်ကြ၏။ ပခြုပ်ပေါ်၌ ပတ္တမြားကို မတွေ့ရတော့၊ ဘယ်များ ရောက်သွားသနည်း၊ ဘယ်သူများ ယူသွားသနည်းစသည့် အတွေးများ ဝင်ရောက်လာ၏။ ဇနီးသည်ကို မေးမြန်းကြည့်၏၊ မယူကြောင်း အဖြေကို ရ၏။ သားသမီးတို့ကို လည်း မေးမြန်းပြန်၏၊ မိမိတို့ မယူမိ၍ မယူမိပါဟူ၍သာ ဖြေဆိုကြ၏။
သူတို့ မယူလျှင် ယူသူတစ်ဦးတော့ ရှိရပေမည်ပေါ့၊ မေးဖို့ သံသယဖြစ်ဖို့ မည်သူ ကျန်သေးသနည်း။ ဩော် ...သူတို့ မယူမှတော့ ကျန်သူ တစ်ဦးသာ ရှိ၏။ ဆွမ်းဘုဉ်းကြွ မထေရ်...ဒီမထေရ် ယူသည် ဖြစ်မည်ဟု စိတ်အကြံ ဖြစ်ပေါ်လာ၏။ ထိုစိတ်ဖြင့် ဇနီးသည်၏ သဘောတူညီမှုကို ယူကြည့်၏၊ ချစ်ဇနီး...ပတ္တမြားကို ဒီမထေရ်ယူတာ ဖြစ်ရမည်ဟု မိမိ၏ အထင်ကို ပြော၏။ ထိုအခါ ဇနီးသည်က အရှင်...တစ်ဆယ့်နှစ်နှစ်တာ ကာလပတ်လုံး မထေရ်ကြီး၏ အပြစ်တစ်စုံတရာကို ရှေး၌ မတွေ့ခဲ့စဖူးပါ၊ ဤသို့ မတွေး မကြံပါလင့်ဟု အကြောင်းအကျိုးပြလျက် ဖြောင်းဖြ ပြောဆိုသည်ပင်။
ဒေါသကြောင့် ဆိုထွက် ဆိုရက်သည်သာ
ပတ္တမြားထွင်းသမား ဒါယကာအဖို့ မည်သူ ယူသည်ကို သိဖို့သည်သာ ပဓာန ဖြစ်သည်။ ဇနီးသည်၏ ဖြောင်းဖြစကားသည်လည်း နားထဲ မဝင်တော့။ စွပ်စွဲသော အမေးစကားဖြင့် မထေရ်မြတ်ကို မေးမိ၏၊ အရှင်ဘုရား...ဤနေရာ၌ ထားသော ပတ္တမြားကို ယူပါသလော၊ ဘုန်းကြီး မယူပါ ဒါယကာ ဤသည် မထေရ်ကြီး၏ အဖြေစကား ဖြစ်သည်။
ပတ္တမြားထွင်းသမား ဒါယကာ၏ စိတ်တို့ ဗလောင်ဆူနေပေပြီ၊ သာဝတ္ထိပြည့်ရှင် ပသေနဒီကောသလမင်းကြီး၏ ပတ္တမြားရတနာလည်း ဖြစ်နေသည် မဟုတ်လော။ မင်းပြစ်မင်းဒဏ်ကိုလည်း ကြောက် ရွံ့ပေမည်ပေါ့။ ထို့ကြောင့်ပင် စိတ်ကို ထိန်းချုပ်၍ မရတော့၊ သံသယဒေါသတို့ ဝင်လာ၏၊ အရှင်ဘုရား...ဤနေရာ၌ အရှင်ဘုရားမှ လွဲ၍ တစ်ခြားတစ်ပါးသောသူမည်သည် မရှိပါ၊ ပတ္တမြားကို ယူသူသည် အရှင်ဘုရားသည်သာ ဖြစ်ရပေမည်၊ ပတ္တမြားကို ပြန်ပေးပါဟု ဒေါသကြောင့် ဆိုထွက် ဆိုရက်လေ၏။ ဝိဇ္ဇာဉာဏ်အလင်း မကွန့်မြူးသေးသူတို့၏ တဏှာတုန်လှုပ်ခြင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းသော အခြင်းအရာတို့ကို ဖြစ်ပေါ်စေတတ်သည်ပင်။
သက်မဲ့ပစ္စည်းအောက် မရောက်သင့်သော လူ့တန်ဖိုး
ဇနီးသည် ရှိရာသို့ လှည့်၍ ဒီရဟန်းကြီးသည်သာ ပတ္တမြားကို ယူတာ၊ သူ့ကို ညှဉ်းပန်းနှိပ်စက်ပြီး မေးမှ ဖြစ်တော့မည်ဟု ဒေါသကြောင့် ဆိုပြန်၏။ ထိုအခါ ဇနီးသည်မှ အရှင်...အကျွန်ုပ်တို့အား မဖျက်ဆီးပါလင့်၊ ပတ္တမြား ပျောက်ဆုံးသွားပြီဆိုက ဘုရင်မင်းကြီးထံ ကျွန်အဖြစ်ဖြင့် အကျွန်ုပ်တို့ ကပ်ရောက် ခံယူခြင်းသာ မြတ်ပါ၏၊ မထေရ်မြတ်အား ထိုသို့ ပြုလိုခြင်းသည် မသင့်ပါဟု တောင်းပန် ပြောဆို၏။ သံသယဒေါသ နှိပ်စက်ခံနေရသည့် ခင်ပွန်းသည်ဖြစ်သူကမူ ငါတို့အားလုံး ကျွန်အဖြစ် ကပ်ရောက်သော်လည်း ပတ္တမြား၏ တန်ဖိုးကို မီသည်မဟုတ်ဟု ဆိုလျက် မထေရ်ကြီး၏ ဦးခေါင်းကို ကြိုးဖြင့် ချည်တုပ်ပြီး တုတ်လှံတံဖြင့် ဦးခေါင်းကို ရိုက်နှက်တော့သည်။ မထေရ်၏ ဦးခေါင်း နား နှာခေါင်းတို့မှ သွေးတို့ ယိုစီးကျလာကြ၏၊ မျက်လုံးတို့သည်လည်း အပြင်သို့ထွက်အံ့သော အသွင်သို့ ရောက်တော့ သည်။ ထိုသို့သော ဒဏ်ရာဒဏ်ချက်ကြောင့် ဆင်းရဲသော ဝေဒနာဖြင့် ထိုနေရာ၌ပင် မထေရ်မြတ်ကြီးသည် မေ့မျောလျက် မြေကြီး၌ ဗုန်းဗုန်း လဲခဲ့လေသည်။
အသိဉာဏ်မရှိသော ကြိုးကြာငှက်အဖို့ မထေရ်ထံမှ ယိုစီးကျလာကြသော သွေးနံ့ကြောင့် အနီးသို့ ကပ်၍ သွေးကို သောက်၏။ မထေရ်မြတ်အပေါ် ဖြစ်ပေါ်နေသည့် ဒေါသအမျက်ကြောင့် ဆင်ခြင်ဉာဏ်မရှိ၍ မသိ မလိမ္မာသည့် ကြိုးကြာငှက်ကို သင် အဘယ်ကို ပြုလေသနည်းဟု ခြေဖြင့် ကန်ထုတ်လိုက်သည်ပင်။ ထိုတစ်ချက်တည်းသော ကန်ကျောက်မှုဖြင့် ကြိုးကြာငှက်လည်း ထိုနေရာ၌ပင် သေပွဲဝင်ခဲ့တော့သည်။
စွန့်ရမည်ဆိုက
ထိုအခြင်းအရာကို မြင်သည့် မထေရ်မြတ်ကြီးသည် ထိုကြိုးကြာငှက်၏ ဇီဝိတိန္ဒြေ ပြတ်စဲမှု မပြတ်စဲမှုကို သိလိုသောစိတ်ဖြင့် ဒါယကာ အား မေးမြန်း၏။ ဇီဝိတိန္ဒြေ ပြတ်စဲပြီဖြစ်သည့် ကြိုးကြာငှက်၏ အဖြစ်ကို သိသော ဒါယကာသည် ဤသတ္တဝါ သေကျေပျက်စီးသကဲ့သို့ သင်လည်း သေစေရမည်ဟု မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို ပျက်စီးစေတတ်သည့် ခက်ထန်သည့် ဒေါသဖြင့် မထေရ်အား ဆိုခဲ့သည်သာ။
ထိုအခါမှသာ ထိုကြိုးကြာငှက်၏ ပတ္တမြားလုံး မျိုထားသည့် အဖြစ်ကို အသိပေးတော့သည်။ အကယ်၍ ကြိုးကြာငှက်၏ ဇီဝိတိန္ဒြေ မပြတ်စဲပါမူ သင်ရိုက်နှက်သော ဒဏ်ချက်ဖြင့် သေခြင်းကိုသာ ငါ ယူမည် ဖြစ်သည်၊ ပတ္တမြားလုံးကို မျိုထားသည့် ကြိုးကြာငှက်၏ အဖြစ်ကို အသိပေးမည် မဟုတ်ပါ...ဒါယကာဟု မထေရ်မြတ်ကြီး ဆိုတော်မူခဲ့သည်ပင်။ ဤအပြုအမူတို့သည် မြတ်စွာဘုရား၏ အဆုံးအမတော်ကို ဦးထိပ်ရွက်ပန်ဆင်လျက် သီလကို ဖြည့်ကျင့်သည့် သူတော်ကောင်းတို့၏ အလေ့သာ ဖြစ်သည်။
ဘုရားရှင်အနေဖြင့် စည်းစိမ်ဥစ္စာနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို စွန့်ရမည်ဆိုက စည်းစိမ်ဥစ္စာကိုသာ စွန့်စေလို၏။ ကိုယ်အင်္ဂါ အစိတ်အပိုင်းနှင့် သီလ တစ်ခုခုကို စွန့်ရမည်ဆိုကလည်း ကိုယ်အင်္ဂါအစိတ်အပိုင်းကိုသာ စွန့်စေလို၏။ အသက်နှင့် သီလ တစ်ခုခုကို စွန့်ရမည်ဆိုက အသက်ကိုသာ စွန့်စေလို၏။
မထေရ်မြတ်ကြီးသည် မြတ်စွာဘုရား၏ အဆုံးအမတော်သို့ အစဉ်လိုက်သော သူတော်ကောင်းတို့၏ အကျင့်ကို လက်တွေ့ကျင့်လျက် အတုယူခွင့် ပေးခဲ့သူ ဖြစ်သည်။
တဏှာအတွက် ကာကွယ်ရေးလုပ်နေသူများ
ဒါယကာသည်ကား တဏှာအတွက် ကာကွယ်ရေးလုပ်သည့် ကျင့်စဉ်ကို လက်တွေ့ကျင့်လျက် လက်တွေ့ကျင့်ဦးမည့် နောင်လာနောက်သားတို့အား သတိ သမ္ပဇဉ်ဉာဏ်ယှဉ်လျက် မမိုက်ဖို့ မမှားဖို့ ပညာပေးသွားသူအဖြစ် မှတ်ယူနိုင်ကြစေလို၏။ တဏှာအတွက် ကာကွယ်ရေးလုပ်နေသူများ၏ ဘဝမှ လွတ်မြောက်အောင် ကြိုးစား ကြဖို့ရန် သတိပေးသကဲ့သို့ ဖြစ်သည်ပင်။ တဏှာအတွက် ကာကွယ်ရေးလုပ်နေသူများ၏ ဘဝမှ လွတ်မြောက်ခြင်းဟူသည် ဒုက္ခမှ လွတ်မြောက်ခြင်း ဖြစ်သည်။
ဒေါသသည် ဖျက်ဆီးအပ်သည် ဖြစ်၍ အမှားကြီးမှား အမိုက်ကြီး မိုက်မိပြီ ဖြစ်သည့် ဒါယကာသည် ကြိုးကြာငှက်၏ရင်ကို ခွဲလျက် ပတ္တမြားကို ရှာသည်ရှိသော် ပတ္တမြားကို တွေ့သည်သာ။
သံသရာဝဋ်ဆင်းရဲ၏သာလျှင်...
နောင်မှ ရတတ်သော နောင်တတရား၏ နှိပ်စက်မှုကို ခံနေရပြီဖြစ်သည့် ဒါယကာ၏ စိတ်တို့ ဗလောင်ဆူရပေပြီ။ မသိသည့် အလျောက် အမှားကြီးမှား အမိုက်ကြီးမိုက်မိပြီဖြစ်သည့် မိမိ၏ အပြုအမူအတွက် ခွင့်လွှတ်သည်းခံပါမည့်အကြောင်း မထေရ်ကြီးအား တောင်းပန်တော့သည်။ ယူကြုံးမရ လွန်စွာ ခံစားနေရသည့် ဒါယကာအား မထေရ်ကြီး အပြစ်တင်ပါသလော၊ အပြစ်မတင်သည်သာ။ ဒါယကာ...သင်လည်း အပြစ်မရှိ၊ ဘုန်းကြီးလည်း အပြစ်မရှိပါ၊ အမှန်စင်စစ် သံသရာဝဋ်ဆင်းရဲ၏သာလျှင် အပြစ် ဖြစ်ပါ၏။ ဘုန်းကြီး သည်းခံပါ၏ ဟူသည့် သူတော်ကောင်းတို့၏ စကားသည်ကား ကြက်သီးမွေးညင်းထဖွယ် အလွန်ကြည်ညိုဖွယ် ကောင်းပေစွ။ သည်းခံ ခြင်းဟူသည် ပညာရှိသူတော်ကောင်းတို့၏ ခွန်အားဖြစ်သည် မဟုတ် လော၊ အတုယူဖို့ ကောင်းပေစွ။
ထိုနှိပ်စက်မှု ဒဏ်ချက်ကြောင့် မကြာမြင့်မီပင် မထေရ်မြတ်ကြီး ပရိနိဗ္ဗာန်ပြုတော်မူ၏။ ကြိုးကြာငှက်မှာမူ ဒါယိကာမ၏ ဝမ်း၌ ပဋိသန္ဓေကို ယူခဲ့ပြီး ပတ္တမြားထွင်းသမား ဒါယကာမှာမူကား သေဆုံးပြီးနောက် ငရဲသို့ ကျရောက်ခဲ့ရ၏။ မထေရ်အပေါ် နူးညံ့သော စိတ်နှလုံး ရှိသည့် ဒါယိကာမမှာမူ နတ်ပြည် နတ်လောက၌ ဖြစ်ခဲ့သည်ပင်။ ကုသိုလ်က ကုသိုလ်အကျိုးကို ပေးလျက် အကုသိုလ်က အကုသိုလ်အကျိုးကို ပေးခဲ့ခြင်း ဖြစ်သည်။ အကြောင်းတရားနှင့် အကျိုးတရား တို့၏ လုပ်ငန်းလည်ပတ်မှု ဖြစ်သည်။
မပြုနိုင်သောကံဟူသည် မရှိ
တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ဆွမ်းပြုစုလုပ်ကျွေးခဲ့ကြသည့် ဇနီးမောင်နှံတို့၏ သဒ္ဓါတရားသည် သာမန် သဒ္ဓါတရားမျိုး မဟုတ်ပေ။ ပြုနိုင်ခဲသော အတုယူဖွယ် အားရဖွယ် ကြည်ညိုဖွယ် သဒ္ဓါတရားမျိုး သာ ဖြစ်သည်။ ကုသိုလ်အတွက် ရဲရင့်ကြခြင်း ဖြစ်သည်။ ကုသိုလ်ရေး၌ ခိုင်ခံ့သောစိတ်ထားရှိသူ ရဲရင့်သူများဟု တစ်ဆယ့်နှစ်နှစ်ဟူသော ကာလအပိုင်းအခြားဖြင့် ဆိုနိုင်၏။ မပြောင်းလဲနိုင်တော့သည့် ပုဂ္ဂိုလ်များဟုလည်း လောကအမြင်အရ ထင်စရာ ရှိသည်ပင်။ ဗုဒ္ဓ ဓမ္မ သံဃတည်းဟူသော ရတနာသုံးပါး အပေါ်၌ နစ်မြုပ်သက်ဝင်နေပြီဖြစ်သည့် ဝိဇ္ဇာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရသေးသည့် အတွက် ပြောင်းလဲနိုင်သေးသော ပုဂ္ဂိုလ်များဟု ဓမ္မအမြင်အရ ဆိုရ၏။
ထို့ကြောင့်ပင် ဆန့်ကျင်ဘက်တရားတို့ကို ပြောင်းလဲကျင့်သုံးနိုင်ခဲ့ခြင်း ဖြစ်သည်။
ပုထုဇဉ်မျှသာ ဖြစ်သော ဒါယကာ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ခိုင်ခံ့သော အသိဉာဏ်တို့ မဖြစ်ထွန်းသေး၍ မမှားနိုင်သော အမှားဟူသည် မရှိပေ။ ပုထုဇဉ်ဟူသည် ကောင်းသည့်အခါ ကောင်း၍ မိုက်သည့်အခါ မိုက်သူများ ဖြစ်ကြသည်။ မင်းသားဖြစ်သည့်အခါ ဖြစ်၍ ဘီလူးဖြစ်သည့်အခါ ဖြစ်သူများလည်း ဖြစ်ကြသည်။ ကုသိုလ်လုပ်သည့်အခါ လုပ်၍ အကုသိုလ်လုပ်သည့်အခါ လုပ်ကြသူများ ဖြစ်ကြ ဦးမည်ပင်။ မပြုနိုင်သောကံဟူ၍ မရှိသော သူများကို ပုထုဇဉ်များဟု ခေါ်၏။
ကုသိုလ်နှင့် အကုသိုလ် မကွဲဘဲ တလွဲထင်နေ တလွဲပြုနေသည့်သူ မဖြစ်ဖို့ သတိထားရမည်ပင်။ ကုသိုလ်နှင့် အကုသိုလ် ကွဲသော်လည်း ကုသိုလ်အတွက် မရဲရင့်နိုင်ဘဲ အကုသိုလ်အတွက် ရဲရင့်နေကြသည့် လောကကြီးသည် ရံဖန်ရံခါ အလွဲလွဲ အမှားမှား ထင်မှတ်မှားရလောက်အောင် လှည့်စားနိုင်လွန်း၏။ သူတော်ကောင်းဟူ၍ မှတ်ထင်ထား သူတို့အား သူတော်ကောင်း ဟုတ်မှ ဟုတ်ပါရဲ့လားဟူသည့် အထင်မှားမှုကို ဖြစ်စေနိုင်သည်အထိ လှည့်စားတတ်၏။ ကိလေသာတရားဆိုး တို့၏ ချယ်လှယ်မှုကို ခံကြရသောကြောင့် ဖြစ်သည်။
အစွမ်းကုန် မိုက်ရဲ မှားရဲသူ
လောဘ ဒေါသ မောဟ အားကောင်းလာသည်နှင့် ထိုလောဘ ဒေါသ မောဟ ထင်ရှားဖြစ်ပေါ်နေသည့် သူ၏ ရုပ်နာမ်သန္တာန်အစဉ်ကို အသွင်ပြောင်းပစ်၏။ လူကောင်း သူကောင်းအသွင်မှ လူညံ့ လူဖျင်း လူမိုက်အသွင် အဖြစ်သို့ ပြောင်းပစ်၏။ လူကောင်း သူကောင်းတစ်ဦး မဟုတ်ပါလားဟု လောကကို နားလည်စေ၏။ စင်စစ်မူကား လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။ ကိလေသာတရားဆိုးတို့ကို နှိပ်ကွပ်ဆုံးမနိုင်ခြင်းကြောင့် လူကောင်းအဖြစ် မြင်ရခြင်းသာ ဖြစ်ပြီး၊ ကိလေသာ တရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင့် လူမိုက်အဖြစ် မြင်ရခြင်းသာ ဖြစ်သည်။
ပုဂ္ဂိုလ် သတ္တဝါတို့မှ ဆိတ်သုဉ်းနေသည့် သဘာဝဓမ္မကို မြင်တတ်ဖို့ လို၏။ သဘာဝဓမ္မကို မြင်တတ်ခြင်းဟူသည် အကြောင်းတရားထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ခြင်းကို မြင်တတ်ခြင်း ဖြစ်သည်။ လောဘ ဒေါသ မောဟ မာန ဣဿာ မစ္ဆရိယ တရားတို့ကြောင့် လူမိုက်အဖြစ် တဒင်္ဂ ပြောင်းသွားတတ်၏၊ မြင်စေတတ်၏။ အမြဲတစေ ပြောင်းလဲသွားသည်တော့ မဟုတ်ပေ၊ လူမိုက် ဟူ၍ အစဉ်တစိုက် မှတ်ယူသင့်သည့် အရာလည်း မဟုတ်ပေ။ ကောင်းပိုင်ခွင့် မှန်ပိုင်ခွင့် ပြောင်းလဲပိုင်ခွင့် ရှိသည်ပင်။ ထိုအခွင့်ကို ယူ၍ ပြောင်းလဲလာသည့် အခါ၌ လူကောင်းဟူ၍ လက်ခံနိုင်ရပေမည်။
ကောင်းရာမှ ဆိုးသွားသူများကိုလည်း လောဘကြောင့် ဒေါသကြောင့် မောဟကြောင့် လူမိုက် တဒင်္ဂဖြစ်ရပြီဟူ၍သာ မှတ်ယူသင့်၏။ ပုထုဇဉ်အများစုသည် ကောင်းသည့်အခါ ကောင်း၍ မိုက်သည့်အခါ မိုက်ကြ၏။ ကောင်းသည့်အခါ ကောင်းသလို ရူးသည့်အခါလည်း ရူးနေကြ၏။ ထို့ကြောင့် ပုထုဇ္ဇနော ဥမ္မတ္တကော ပုထုဇဉ်ဟူသမျှ အရူးများဟု မြတ်ဘုရား ဆိုခြင်း ဖြစ်သည်။ ပုထုဇဉ်တို့၏ ဘဝဟူသည် ဘေးနီးသော ဘဝတစ်ခု ဖြစ်သည်။ ဘေးနှင့် အမြဲဆက်ဆံနေကြ ရသည့် ဘဝပိုင်ရှင်များသာ ဖြစ်ကြသည်။ မမှားနိုင်သော အမှားဟူ၍လည်း မရှိ၊ မပြုနိုင်သော အမှား, မပြုရဲသော အမှုဟူ၍လည်း မရှိပေ။ ကာယကံ ဝစီကံ မနောကံ ကံသုံးပါးလုံး၌ အစွမ်းကုန် မိုက်ရဲ မှားရဲသောသူတို့အား ပုထုဇဉ်များဟု ခေါ်ရ၏။
ထို့ကြောင့်ပင် အမြဲမပြတ် ကိလေသာမီး တညီးညီး တောက်လောင်နေပါလျက် အဘယ်ကြောင့် သင်တို့ ပျော်မြူးရယ်ရွှင်နေဘိ သနည်း၊ အဘယ်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်နေဘိသနည်း၊ အမှန်ကို မသိခြင်းတည်းဟူသော အဝိဇ္ဇာ အမိုက်မှောင်ကြီး ပိတ်ဆီး နေပါလျက် အဘယ်ကြောင့် ပညာတည်းဟူသော ဆီမီးရောင်ကို သင်တို့ မရှာဘဲ နေကြပါကုန်သနည်းဟု ဓမ္မပဒ၌ မြတ်ဘုရား မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။
ပုထု ကိလေသေ ဇနေန္တီတိ ပုထုဇ္ဇနာဟု ဆိုသည့်အတိုင်း များသော ကိလေသာရှိသည့် ပုထုဇဉ်တို့မည်သည် ကိလေသာမီး တညီးညီး တောက်လောင်နေသည့် သူများသာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ...
အမိကိုလည်း သတ်ရဲ၏၊ အဖကိုလည်း သတ်ရဲ၏၊ ရဟန္တာကိုလည်း သတ်ရဲ၏၊ သံဃာကွဲပြားအောင်လည်း ပြုရဲ၏၊ ဘုရားအား သွေးစိမ်းတည်အောင်လည်း ပြုရဲသူတည်း။ ထိုထက်မိုက်သူ အဘယ်သူ ရှိသေးသနည်း။ အမိုက်တကာ့ အမိုက်ဆုံးပုဂ္ဂိုလ်အဖြစ် ပုထုဇဉ် ဟူသမျှ ဖြစ်ခွင့် ရှိကြ၏။ သင်သည် ပုထုဇဉ် ဖြစ်ငြားအံ့၊ ထိုမိုက်ခွင့်တို့ သင့်မှာ ရှိနေသေး၏ဟူ၍ သိအပ်၏။ သိရုံနှင့် မလုံလောက်၊ ပုထုဇဉ် ငမိုက်သားအဖြစ်မှ အရိယာ အမြိုက်တရားကို ထိုးထွင်းသိအပ်သူ ဖြစ်အောင် ကြိုးစားရပေမည်။
အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာသည်ပင်...
အရိယာအမြိုက်တရားကို ထိုထွင်းမသိသေးသည့်အတွက် ပုထုဇဉ် အဖြစ်ဖြင့် အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာကိုယ်တိုင် လွန်ကျူး၍ ကျင့်ခဲ့မိသည့် ဘဝဖြစ်စဉ်ကို ပုထုဇဉ်ပုဂ္ဂိုလ်တို့ မမေ့သင့် မမေ့ထိုက်။
ထိုဘဝကို ရစဉ်အခါက အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာ အမျိုးကောင်းသား၏ အသိဉာဏ်, စိတ်နေ စိတ်ထားကို သုံးသပ်သင့်ပေသည်။ ကျေးဇူးသိသူ၏အဖြစ်နှင့် ကျေးဇူးမသိသူ၏ အဖြစ်, ကုသိုလ်ပြုတတ်သူ၏အဖြစ်နှင့် အကုသိုလ်ပြုတတ်သူ၏ အဖြစ်စသည့် ဆန့်ကျင်ဘက်တရားတို့၏ ဖြစ်နိုင်ခွင့်ကို သိစေလို၍ ဖြစ်သည်။
ထိုဘဝ၌ အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာသည် မျက်မမြင် မိဘနှစ်ပါးကို နှစ်လိုဝမ်းမြောက် အားရခြင်းနှင့်အတူ ရှာဖွေ ပြုစုလုပ်ကျွေးနေသော သားကောင်းရတနာတစ်ဦး ဖြစ်ခဲ့သည်ပင်။ ကျေးဇူးသိသူ၏ အဖြစ်ဖြင့် နေထိုင်ခဲ့သည်ကို တွေ့ရသည်။ မိမိကိုယ်တိုင်သာလျှင် စပါးကို ထောင်း ဆန်ကို ဖွပ်လျက် ထမင်းဟင်း ချက်ပြုတ်ခြင်းစသည်တို့ကို ပြုပြီး မိဘနှစ်ပါးအတွက် ကြောင့်ကြသမှု ပြုလျက် နေထိုင်ခဲ့သူ ဖြစ်သည်။ စားဝတ်နေရေးအတွက် တောသို့ဝင်လျက် လုပ်ကိုင်ရှာဖွေခြင်းဖြင့်လည်း ကျေးဇူးဆပ်ခွင့်ကို ဝဝကြီး အရ ယူခဲ့သူ ဖြစ်သည်။
အမှုကြီးငယ် မှန်သမျှ မိမိတို့၏ သားငယ် တစ်ဦးတည်း လုပ်ကိုင် နေရသည်ကို ကရုဏာ ဖြစ်သည့်အတွက် မိဘနှစ်ပါးတို့ တိုက်တွန်းမိ ကြသည်။ ချစ်သား...ချစ်သားတစ်ဦးတည်း ပင်ပန်းလှပါသည်၊ မျှဝေခံစားနိုင်ရန် အမျိုးသမီးတစ်ဦးနှင့် လက်ဆက်ပါလောဟူ၍ တိုက်တွန်းကြခြင်း ဖြစ်သည်။
အကျိုးအပြစ်ကို သိသူ လိမ္မာသူဖြစ်သည့်အတွက် အမိအဖတို့ အသက်ရှည်သမျှ ကာလပတ်လုံး ကျွန်ုပ်၏ လက်တို့ဖြင့် ကိုယ်တိုင်သာလျှင် ပြုစု လုပ်ကျွေးလိုပါသည်၊ အိမ်ထောင်ပြုခြင်းကို အလိုမရှိပါဟု ငြင်းဆိုခဲ့သည်သာ။ ထိုသို့ ငြင်းဆိုပါသော်လည်း သားဖြစ်သူ အား အဖန်ဖန် အထပ်ထပ် ဆိုလျက် အမျိုးသမီးတစ်ဦးနှင့် လက်ဆက် ပေးခဲ့ကြသည်ပင်။
ငါနှင့်လူတို့သည်
ထိုအမျိုးသမီးသည်ကား အမျိုးကောင်းသား၏ မိဘတို့အပေါ် ရေရှည်ကောင်းနိုင်ခဲ့သူ မဟုတ်ပေ။ နှစ်ရက်သုံးရက်မျှသာ ကောင်းကောင်း မွန်မွန် ပြုစုလုပ်ကျွေး၍ နောက်ကာလ၌ ဆန့်ကျင်ဘက် အပြုအမူတို့ကို ပြုမူလာ၏။ မြင်တွေ့နေရခြင်းမျှကိုသော်လည်း အလိုမရှိသည် ဖြစ်၍ အပြစ်ရှာလျက် ဤအိုမင်းမစွမ်းသူတို့နှင့် အတူမနေထိုင်လိုကြောင်း ခင်ပွန်းဖြစ်သူ အရှင်မဟာမောဂ္ဂလ္လာန် အလောင်းအလျာအား မိမိဘက်ပါအောင် နည်းအမျိုးမျိုးဖြင့် မာယာဆင် ပြောဆို ၏။
မိမိတို့ပြောဆိုသည့် စကားအတိုင်း လက်ခံကျင့်သုံးခြင်းကို မြင်ချင်ကြ၏။ မိမိတို့ပြောဆိုသည့်စကားကို အရေးတယူပြုစေချင်ခြင်း ဖြစ်သည်။ ဤသည်ကို လောဘဟု ခေါ်၏။ အရေးတယူပြုခံရခြင်းကို လူတိုင်း အလိုရှိကြသည် မဟုတ်လော။ ထိုကြောင့် အရေးတယူ မပြုသည့် ခင်ပွန်းသည်ကို အရေးတယူပြုလာအောင် အားထုတ်၏။ မှန်ကန်သော အားထုတ်မှုဆိုက ကြိုဆိုရမည် ဖြစ်သည်။ လိုချင်သူ တစ်ဦးအတွက် မိမိလိုချင်သည့် အရာကို ပဓာနပြုလျက် မမှန်ကန်သော အားထုတ်မှုကို ပြုတတ်ကြသည်ပင်။
ကျေးဇူးသိတတ်သူ သားလိမ္မာတစ်ဦးအဖြစ် မြင်တွေ့နေရခြင်းသည် အလိုရှိအပ် တောင့်တအပ်သော ဣဋ္ဌာရုံကို မြင်တွေ့နေရခြင်း ဖြစ်၍ ဝမ်းမြောက်သင့်၏။ ဆန့်ကျင်ဘက်အလိုရှိသူ မနာလို ဝန်တိုသူ အတွက်မူ ထိုဣဋ္ဌာရုံကို မြင်တွေ့နေရခြင်းသည် အနိဋ္ဌာရုံ သဖွယ် ဖြစ်ပေလိမ့်မည်။ စင်စစ် အာရုံဟူသည် သူ့သဘာဝအတိုင်း သူရှိသော တရားသာ ဖြစ်သည်။ နှလုံးသွင်း မှန်ခြင်း မမှန်ခြင်းကြောင့် အမျိုးမျိုး မြင်တတ်ကြ၏။ ငါနှင့်လူတို့သည် ငါ့အလိုအတွက် အာရုံကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြသည်ပင်။ လိုကတစ်မျိုး မလိုကတစ်မျိုး ဖွင့်ဆို ပြုမူတတ်သူသာ များပေသည်။
ပါရမီသမ္ဘာရ ရှိသူကြီးသည်ပင်...
အိုမင်းသူနှစ်ဦးကို အလိုမရှိတော့၊ ထိုကြောင့်ပင် အဖြူကို အမဲဖြစ်အောင် ပြုသကဲ့သို့ အေးချမ်းသော အနေအထိုင်ရှိသူကို မအေးချမ်းသော အနေအထိုင်ရှိသူအဖြစ်, ညီညွတ်သော အနေအထိုင် ရှိသူကို မညီညွတ်သော အနေအထိုင်ရှိသူအဖြစ် မြင်အောင် မာယာဆင်၏။ ယာဂု ထမင်း စသည်တို့ကို အိမ်ကြမ်းပြင်၌ ကြဲဖြန့်လျက် ပေကျံခြင်းကို ပြု၏။ ခင်ပွန်းသည် ပြန်လာသည့် အခါ၌ မြင်နိုင်ခြင်းငှာ မာယာဆင်ထားခြင်း ဖြစ်သည်။ ထိုအခြင်းအရာတို့ကို တွေ့မြင်သော ခင်ပွန်းသည်သည် မည်သူ ဤသို့ ပြုသနည်းဟု မေးသည်ပင်။ မျက်စိကန်းနေသည့် ဤလူအိုကြီးတို့၏ မလျော်သောအမှုပါ အရှင်။ တစ်အိမ်လုံး ညစ်နွမ်းပေကျံအောင်ပြုလျက် နေထိုင်ကြသည့် ဤလူအိုကြီးတို့နှင့် ကျွန်တော်မ နေခြင်းငှာ မစွမ်းနိုင်တော့ပါ။ မိမိ၏အလို ပြီးမြောက်ရေးအတွက် အထပ်ထပ် အခါခါ ပြောဆိုခဲ့သည်ပင်။ ကြားရဖန်များတော့ ဖြည့်ဆည်းပူးအပ်ပြီးသော ပါရမီသမ္ဘာရရှိသူ အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာသည်ပင် မြင်းမိုရ်တောင်မျှမက ဂုဏ်ကျေးဇူးဝိသေသတို့နှင့် ပြည့်ဝစုံလင်သော မိဘနှစ်ပါး၏ ဂုဏ်ကျေးဇူးတို့ကို မသိမမြင်နိုင် ဖြစ်လာတော့သည်။ ကောင်း၏ မကောင်း၏, သင့်၏ မသင့်၏ မဆင်ခြင်နိုင်တော့။ တဏှာဟူသော နှောင်ကြိုး၏ လှည့်ပတ်ဖြားယောင်းမှုကို ခံနေရသူများ၏ ဘဝဟူက မကောင်းသည်သာ။
မိဘတို့အပေါ် မိမိလက်ဖြင့် ကိုယ်တိုင်သာ ပြုစုလုပ်ကျွေးချင်ခဲ့သောသား, ကျေးဇူးသိတတ်သော သားကောင်းရတနာတစ်ဦး၏ ခိုင်ခံ့သော စိတ်တို့ အမျိုးသမီးတည်းဟူသော အနှောင်အဖွဲ့ကြောင့် ယိုင်နဲ့ကုန်တော့သည်။
ဆွေမျိုးတို့သည် အမိအဖတို့အား တွေ့မြင်လိုကြပါသည်ဟု ပြောဆို၏။ မုသားပြောဆိုခြင်း ဖြစ်၍ မမှန်သော အားထုတ်မှုဟု ဆိုရပေမည်။ သားမောင် လိုက်ပို့လိုပါသည်ဟု ဆိုပြန်၏။ မမှန်သော စေတနာသာ ဖြစ်သည်။ ထိုဆိုသည့်အတိုင်းပင် လှည်းယာဉ်ဖြင့် တောလမ်းခရီးကို ဖြတ်လျက် ခရီးထွက်ခဲ့ကြသည်။ တောအုပ်၏ အလယ်သို့ ရောက်သည့်အခါ အဖ ...ဤကြိုးကို ကိုင်ပါလော့၊ နွားတို့သည် နှင်တံအမှတ်ဖြင့် သွားကြပါကုန်လတ္တံ့၊ ဤတောအုပ်၌ ခိုးသူတို့ နေထိုင်ကြသောကြောင့် သားမောင် လှည်းမှ ခေတ္တ သက်ဆင်းလိုပါ သည်ဟု ဆိုလျက် လှည်းထက်မှ ဆင်းလိုက်၏။
မိဘတို့၏ ကြီးမားသော မေတ္တာ
ခရီးအတန်ငယ် သွားမိသည်ရှိသော် ဖောက်ပြန်သော အသံကို ပြလျက် ခိုးသူတို့လာသော အခြင်းအရာကို ပြု၏။ မျက်မမြင် မိဘနှစ်ပါးတို့သည်ကား ခိုးသူတို့ ထကြွကုန်ပြီဟူသော အမှတ်ဖြင့် အိုချစ်သား ... အမိအဖတို့သည် အိုမင်းကြပါပြီ၊ ငယ်ရွယ်နုပျိုသော အသင်သားမောင်သည် အမိအဖတို့အတွက် ကြောင့်ကြမဖြစ်ပဲ မိမိကိုယ်ကိုသာ ဘေးမှလွတ်ကြောင်း ပုန်းအောင်း စောင့်ရှောက်ပါလော့ ဟု ဟစ်အော် ပြောဆိုကြကုန်၏။ မိဘတို့၏ ကြီးမားသော မေတ္တာသည်ကား တုနှိုင်းဖွယ် မရှိလေစွ။
ဇနီးဟူသော အနှောင်အဖွဲ့ကြောင့် အမှောင်ထုအတွင်းသို့ သက်ဆင်းမိပြီဖြစ်သည့် ထိုယောကျ်ားသည် မိမိအကျိုးငှာ ကြီမားသောမေတ္တာ ကြီးမားသောချစ်ခြင်းဖြင့် ဟစ်အော် ပြောဆိုနေကြသော မိဘ နှစ်ပါးကိုသော်လည်း ကရုဏာမဖက် ခိုးသူအသံကို ပြလျက် ရက်ရက် စက်စက် ရိုက်နှက်ပုတ်ခတ် သေအောင် သတ်လျက် တောအုပ်၌ စွန့်ပစ်ခဲ့ပြီး အိမ်သို့ ပြန်သွားနိုင်သည်အထိ ခက်ထန်ကြမ်းကြုတ်သည့် အပြုအမူကို ပြုဝံ့ခဲ့သူ ဖြစ်သည်။ စာရေးသူ၏စိတ်ကို လွန်စွာ ထိခိုက်အောင် ပြု၏။ ထိတ်လန့်သံဝေဂ ဖြစ်ရ၏။ ဤသို့သော အဖြစ်မျိုး မည်သူ့ကိုမှ မဖြစ်စေလိုပေ၊ မဖြစ်အောင်လည်း ကြိုးစားစေချင်၏။ ထို့ကြောင့်ပင် ဤစာစဉ်ကို ရေးရခြင်း ဖြစ်သည်။ မိုက်သူများ အဖြစ်မှ လွတ်မြောက်အောင် ကြိုးစားစေလိုခြင်း ဖြစ်သည်။ မမိုက်ချင်က ကြိုးစားကြရမည်သာ။ မကြိုးစားက မိုက်ကြဦးမည် ဖြစ်သည်။
မာယာက လှည့်စားခွင့်ပေးပေမယ့် ကံက လှည့်စားခွင့်မပေးသည်သာ
ထိုမိုက်ပြစ်ကြောင့် ချမ်းသာဟူ၍ မြူငွေ့မျှမရှိသော ငရဲ၌ နှစ်သိန်း ပေါင်းများစွာ နှိပ်စက်ခံလျက် အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာ နေထိုင်ခဲ့ရ၏။ ငရဲမှ လွတ်သော်လည်း အကျိုးအကြွင်းအကျန် ဖြင့် ဘဝပေါင်းတစ်ရာ၌ ယခုနောက်ဆုံးဘဝ နည်းတူသာလျှင် ရိုက်နှက်ပုတ်ခတ် ထုချေ၍ မှုန့်မှုန့်ညက်ညက် ကျေစေလျက် သေအောင် သတ်သူတို့ ပေါ်လာသည်ပင်။ မာယာက လှည့်စားခွင့်ပေးပေမယ့် ကံက လှည့်စားခွင့် မပေးသည်သာ။ ရဟန္တာ ဖြစ်သည့် နောက်ဆုံးဘဝထိ ရှောင်မရနိုင်သော ကြီးလေးသော အမိအဖသတ်ခြင်း ဂရုကံကို မာယာဆင်လျက် ရက်ရက်စက်စက် လွန်ကျူးမိခဲ့သည် မဟုတ်လော။ ထို့ကြောင့်ပင် ---
ကျောက်မှဖြစ်သော စိန်သည် မိမိမှီရာဖြစ်သော ထိုကျောက်ကိုပင်လျှင် ထွင်းဖောက်ဖျက်ဆီးသကဲ့သို့ မိမိပြုသော မိမိ၌ဖြစ်သော မိမိကြောင့်ဖြစ်သော မကောင်းမှုသည် ထိုသူမိုက်ကိုပင်လျှင် ဖျက်ဆီးလေ၏ဟု အလုံးစုံသိတော်မူသော ဘုရားရှင် မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။
မငြိမ်သက်မှုဟူသမျှ
မိုက်မဲသူဟူသမျှ ပုထုဇဉ်များသာ ဖြစ်သည်။ အရိယာသူတော်ကောင်းများ မဟုတ်ကြပေ။ ထို့ကြောင်ပင် မငြိမ်သက်မှုဟူသမျှ တို့သည် လူမိုက်ကြောင့်သာ ဖြစ်၏။ လူလိမ္မာ ပညာရှိကြောင့် ဖြစ်သည် မဟုတ်ပေ ဟူ၍ မြတ်ဘုရား ဟောခဲ့ခြင်း ဖြစ်သည်။ သင်နှင့် အကျွန်ုပ်တို့သည် ပုထုဇဉ် ဖြစ်ငြားအံ့၊ မငြိမ်သက်မှုဟူသမျှကို ပြုလုပ်ဦး မည့်သူများသာ ဖြစ်ကြသည်။ ဤဘဝ၌ မပြုဖြစ်သေးသော်လည်း ဘဝတစ်ခုခု၌ ပြုနိုင်သူများသာ ဖြစ်ကြပေသည်။
တဏှာအလိုဆိုး နှိပ်စက်ခံနေရသည့် သူကို ပြမည်ဆိုကလည်း ပုထုဇဉ်ကို ပြရ၏။ တဏှာအလိုဆိုး အနှိပ်စက်ခံနေရသမျှ အမှားများ ပြုမည့်သူ ဖြစ်၏။
ပုထုဇဉ်ဘဝနှင့် အရိယာဘဝဟူသည်
ပုထုဇဉ်ဘဝနှင့် အရိယာဘဝသည် အကွာကြီးကွာသည့် ဘဝနှစ်ခုသာ ဖြစ်သည်။ ပုထုဇဉ်ဘဝနှင့် သောတာပန် အရိယာသူတော်ကောင်း ဘဝသည် အမြင်အားဖြင့် မကွဲပြားသကဲ့သို့ မြင်ရပြီး အသွင် အားဖြင့်လည်း မကွဲပြားသကဲ့သို့ ထင်ရပေသည်။ ဤသို့ ထင်ခြင်းသည် မမြင်ရသည့် အသွင်၏ နောက်ကွယ်ရှိ အနှစ်သာရကို မမြင်နိုင်ကြ၍ ဖြစ်သည်။
ပုထုဇဉ်ပုဂ္ဂိုလ်နှင့် သောတာပန် အရိယာသူတော်ကောင်းတို့၏ ကွဲပြားမှုကို နခသိခသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်ပင်။
မြတ်စွာဘုရားသည် မိမိ၏လက်သည်းဖျားပေါ်၌ မြေမှုန့် အနည်းငယ်ကို တင်လျက် ရဟန်းတို့ကို မေးတော်မူ၏။ ချစ်သားရဟန်းတို့ ...ငါဘုရား၏ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော မြေမှုန့်ပမာဏနှင့် မဟာပထဝီ မြေကြီး၌တည်ရှိသော မြေမှုန့်ပမာဏကို တိုင်းတာနှိုင်းစာမည်ဆိုက အဘယ်ပမာဏသည် ပိုများပါသနည်းဟု မေးတော်မူ၏။
ထိုအခါ ရဟန်းတော်တို့သည် ဘုန်းတော်ကြီးတော်မူပါပေသော မြတ်စွာဘုရား ...မဟာပထဝီ မြေကြီး၌ တည်ရှိသော မြေမှုန့်ပမာဏသည် အလွန့်အလွန် များပြားလှပါ၏။ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော မြေမှုန့်ပမာဏသည်ကား အလွန့်အလွန် နည်းပါး လှပါသည် မြတ်စွာဘုရား။ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော အနည်းငယ်မျှသော မြေမှုန့်ပမာဏသည် မဟာပထဝီ မြေကြီး၌ တည်ရှိသော မြေမှုန့်ပမာဏနှင့် နှိုင်းစာပါက အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပါ၊ အစိတ်တစ်ထောင် စိတ်၍လည်း တစ်စိတ်ကိုမျှ မမီနိုင်ပါ၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှသော်လည်း မမီနိုင်သည်သာ ဖြစ်ပါသည် မြတ်စွာဘုရားဟု ပြန်လည် လျှောက်ထားကြ ကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ ... ဤဥပမာ အတူသာလျှင် အရိယာတို့၏ ဉာဏ်အမြင်နှင့် ပြည့်စုံသော, သစ္စာလေးပါးကို ထိုးထွင်း၍ သိပြီးသောသူအား ကုန်ဆုံးပြီးသော ဆင်းရဲ ဒုက္ခသည်သာလျှင် အလွန်များ၏။ ကြွင်းကျန်သော ဆင်းရဲဒုက္ခသည် အနည်းငယ်သာ ဖြစ်၏။ ခုနစ်ဘဝ အတိုင်းအရှည်ရှိသော ဆင်းရဲ အစုသည် ရှေး၌ ကုန်ဆုံးပြီးသော ဆင်းရဲအစုနှင့် တိုင်းတာနှိုင်းစာလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်သကဲ့သို့ အစိတ်တစ်ထောင် စိတ်သော်လည်း တစ်စိတ်ကိုမျှ မီနိုင်သည် မဟုတ်ပေ၊ အစိတ် တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှသော်လည်း မမီနိုင်သည်သာတည်း။ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဤသို့ အကျိုးကြီးလှ၏။ သောတာပတ္တိမဂ်ဉာဏ် ဓမ္မစက္ခုကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ဟု အလုံးစုံသိတော်မူသည့် ဘုရားရှင် မိန့်တော်မူခဲ့၏။
ထို့အတူ ပေါက္ခရဏီသုတ်၌လည်း ချစ်သားရဟန်းတို့ ... စတုရန်းပတ်လည် ယူဇနာ ၅၀-ကျယ်သော ရေကန်တွင်းရှိ ရေနှင့် စာလျှင် ထိုကန်မှ သမန်းမြက်ဖျားဖြင့် ထုတ်အပ်သော ရေသည် မပြောပလောက် နည်းပါးသကဲ့သို့ ပုထုဇဉ်ဘဝက ဒုက္ခနှင့်စာလျှင် သောတာပန် အရိယာသူတော်ကောင်း ဖြစ်ပြီးနောက် ကြွင်းကျန်သော ဒုက္ခသည် နည်းပါးလှ၏။ သစ္စာလေးပါးကို သိရခြင်း, သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းသည် ကျေးဇူးများလှ၏ဟု မိန့်တော်မူခဲ့ပေသည်။
ပုထုဇဉ်ဟူက လောဘ ဒေါသ မောဟ ရှိ၏။ သောတာပန်ဟူကလည်း လောဘ ဒေါသ မောဟ ရှိသည်ပင်။ ထိုသို့ဖြစ်က ထိုသူနှစ်ဦး မည်သို့ ကွဲပြားကြပါသနည်း။
ပုထုဇဉ်တို့၏ လောဘ ဒေါသ မောဟသည် အပါယ်သို့ ပစ်ချနိုင်စွမ်း ရှိကြပြီး သောတာပန်တို့၏ လောဘ ဒေါသ မောဟသည်ကား အပါယ်သို့ ပစ်ချနိုင်စွမ်း မရှိကြတော့ပေ။
ငါစွဲ မပြုတ်သေးသမျှ
သက္ကာယဒိဋ္ဌိ ငရဲမီးနှင့် ဝိစိကိစ္ဆာ ထင်ရှားရှိသည့် ဘဝကို ပုထုဇဉ် ဘဝဟု ခေါ်၏။ ထိုသက္ကာယဒိဋ္ဌိ ငရဲမီးကြောင့် ပုထုဇဉ်တို့ အပါယ်ဘေးဆိုးကြီးနှင့် ဆက်ဆံကြရခြင်း ဖြစ်သည်။
သောတာပန်ဟူသည်ကား သက္ကာယဒိဋ္ဌိ ငရဲမီးနှင့် ဝိစိကိစ္ဆာ ထင်ရှား မရှိတော့သည့် ပုဂ္ဂိုလ်ကို ဆိုခြင်း ဖြစ်၏။ သက္ကာယဒိဋ္ဌိ ငရဲမီး ထင်ရှား မရှိတော့ခြင်းကြောင့် အပါယ်ဘေးဆိုးကြီးမှ လွတ်မြောက်ခွင့် ရကြသလို ဆင်းရဲဒုက္ခတို့ အလွန်နည်းသွားကြပြီ ဖြစ်သည်။
အပါယ်သို့ ပစ်ချကြောင်းကို ပြမည်ဆိုက သက္ကာယဒိဋ္ဌိ ငရဲမီးကို ပြရ၏။ သန္တော ကာယော သက္ကာယောအရ သက္ကာယဟူသည် ထင်ရှားရှိသည့် ခန္ဓာငါးပါးကို ခေါ်ခြင်း ဖြစ်ပြီး ထိုခန္ဓာငါးပါးအပေါ်၌ ငါ သူတစ်ပါး ယောကျ်ား မိန်းမဟူ၍ အမှတ်မှားနေသည့် ဒိဋ္ဌိတရားကိုမူ သက္ကာယဒိဋ္ဌိဟု ခေါ်ခြင်း ဖြစ်သည်။
ငါစွဲ မပြုတ်သေးသမျှ ငါနှင့် လုပ်ကြသကဲ့သို့ ငါစွဲ မပြုတ်သေးသမျှ ငါအတွက် လုပ်ကြမည်သာ။
ရုပ်တရားကိုလည်း ငါ့ရုပ်ဟု စွဲယူ၏၊ ခံစားမှုဝေဒနာကိုလည်း ငါ့ဝေဒနာဟု စွဲယူ၏၊ မှတ်သားမှု သညာကိုလည်း ငါ့သညာဟု မှတ်ယူ၏။ စေ့ဆော်အားထုတ်မှု စေတနာသင်္ခါရကိုလည်း ငါ့စေတနာဟု သဘောပေါက် နားလည်၏။ အသိစိတ်ဝိညာဏ်ကိုလည်း ငါ့အသိစိတ်ဝိညာဏ်ဟူ၍သာ သိနိုင်ကြ၏။
ငါ့ကို မထိနှင့် မီးပွင့်သွားမည်ဟု ဆိုကြ၏။ ငါနှင့် ပတ်သက်က အထိမခံနိုင်ကြချေ။ ငါကို မထိသေးသမျှ သဘောထားကြီးနိုင်ကြ၏၊ ငါကို ထိပါးလာသည်နှင့် သဘောထား မကြီးနိုင်ကြတော့ပေ။ ထို့ကြောင့်ပင် ပတ္တမြားထွင်းသမားကြီး အမှားကြီး မှားခဲ့ရသည် မဟုတ်လော။
ငါအတွက် ကာကွယ်ကြ တုံ့ပြန်ကြ၏၊ ငါ ရပ်တည်နိုင်ရေး တင့်တယ်ရေး ဒုက္ခမရောက်ရေးအတွက် သူ့အကြောင်း မကောင်းပြောမှ ဖြစ်တော့မည်ဟု သိက လက်ဦးမှုယူလျက် ပြောကြ၏။ မှန်သည်လည်း ပါ၏၊ မမှန်သည်လည်း ပါ၏၊ စုံးစုံးမြုပ်သွားအောင် ချဲ့ကား၍ ပြောသင့်က ပြောကြသည်ပင်။ ဤသည် ပုထုဇဉ်တို့၏အလေ့ ဖြစ်သည်။ လိုအပ်ပါက ထိုထက်အလွန် ညှဉ်းပန်းနှိပ်စက်ရန်လည်း လက်မတွန့်ကြ, သတ်ဖြတ်ရန်လည်း ဝန်မလေးကြပေသည်။
အကျိုးပေးပြောင်းသွားရခြင်းသည်...
ဆင်ခြင်ဉာဏ်ရှိ၍ လူဟုခေါ်ရသည့် ပတ္တမြားထွင်းသမားကြီး၏ ဆင်ခြင်ဉာဏ်တို့သည် ငါကြောင့် ပျောက်ပျက်ကြကုန်၏။ ပတ္တမြားထွင်းသမားကြီးသည် ငါနှင့် ငါနှင့်ဆက်စပ်နေသော ဒုက္ခ သုခတို့ကို ဖြစ်ပေါ်စေတတ်သည့် ကာမဂုဏ်အတွက် ပတ္တမြားရတနာကို ရှေ့တန်းတင်မိခဲ့ခြင်း ဖြစ်သည်။ မိမိ ဒုက္ခ မဖြစ်လို၊ သုခသာ ဖြစ်လို၏။ ထိုသုခအတွက် တဏှာခိုင်းသည့်အတိုင်း ကြိုးစားမိခဲ့ခြင်း ဖြစ်သည်။
တစ်ဆယ့်နှစ်နှစ်တာကာလပတ်လုံး ကုသိုလ်တရားတို့ စိုက်ပျိုးရာ လယ်ယာမြေကောင်းအဖြစ် ဆည်းကပ်ကိုးကွယ်လာခဲ့သော သံဃာရတနာ၌ အမိုက်တရား စိုက်ပျိုးရာ လယ်ယာမြေအဖြစ် ပုထုဇဉ်ငမိုက်သား ပတ္တမြားထွင်းသမားကြီး ပြောင်းလဲကျင့်သုံးမိခဲ့သည် မဟုတ် လော။ အနှစ်သာရမပြောင်းသည့် လယ်ယာမြေကောင်းသည် ကံပြောင်းမှုကြောင့် အနှစ်သာရ ပြောင်းသကဲ့သို့ ဖြစ်ခဲ့ရ၏။ ကုသိုလ်ကံမျိုးစေ့ ချခြင်းမှ အကုသိုလ်ကံမျိုးစေ့ ချခြင်းသို့ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်သည်။
ပတ္တမြားထွင်းသမားကြီး တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ကောင်းခဲ့သည်ပင်။ ထိုမှနောက်၌ အနည်းငယ်မျှသော ပတ္တမြားရတနာအတွက် သံဃာရတနာကို ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းဖြင့် အမိုက်ကြီး မိုက်ခွင့်ကို ပေးခဲ့မိ၏၊ အသေသတ်မည်ဟုလည်း ကြိမ်းဝါးခဲ့ပေသည်။
လောဘ ဒေါသ မောဟတရားဆိုးတို့၏ နှိပ်စက်ခံရမှုကို ပုံစံမှန် မသိပဲ ငါခံရသည်ဟု ပုံစံမမှန် သိမှုကြောင့် မိုက်မဲခဲ့ခြင်း ဖြစ်သည်။ ငါနှင့် ငါ့မိသားစုအတွက် ဒီလောက်တော့ လုပ်ရပေမည်ဟု ပတ္တမြားထွင်းသမား ပုထုဇဉ်လူမိုက်ကြီး ခံယူပုံရ၏။ ထို့ကြောင့်လည်း မိုက်တွင်း နက်ခဲ့ခြင်း ဖြစ်သည်။ မထေရ်၏အကျိုးကို လိုလားသော အဒေါသ မေတ္တာစိတ်နှင့် မထေရ်၏ အကျိုးမဲ့ မိမိ၏အကျိုးမဲ့ကို ဖြစ်စေသော ခက်ထန်ကြမ်းတမ်းသည့် ဒေါသစိတ်ဟူသော ဆန့်ကျင်ဘက်တရားတို့ကို သတိပြုစေလို၏။
မိဘနှစ်ပါးအပေါ် လွန်စွာချစ်ခင် ကြည်ညိုမှုရှိသော နူးညံ့သော စိတ်နှလုံးရှိသူ အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာသည်ပင် အလွန် ကြမ်းတမ်း ယုတ်ညံ့သော စိတ်နှလုံးရှိသူ ရက်စက်သူအဖြစ် ပြောင်းလဲသွားခြင်းသည် ပုထုဇဉ်တို့၏ မခံ့ကျန်းသောဘဝ ဘေးနီးသောဘဝကို ဖွင့်လှစ် ပြောဆိုနေခြင်း ဖြစ်သည်။
ငါစွဲပြင်းထန်သူတို့၏ ပန်းတိုင်
သင်သည်လည်း ပုထုဇဉ် ဖြစ်၏၊ ငါနှင့် နေသူ ဖြစ်၏၊ ငါအတွက် ထိုသို့ (ဝါ) ထိုထက်အလွန် မှားနိုင်သူ မိုက်နိုင်သူသာ ဖြစ်ပေသည်။ သတိရှိပါလေ။
ငါနှင့် ငါ့မိသားစု, ငါနှင့် ငါ့အဖွဲ့အစည်း, ငါနှင့် ငါ့လူမျိုး, ငါနှင့် ငါ့နိုင်ငံ စသည့် ငါဟူသော စွဲလမ်းချက် ပြင်းထန်သူမှန်က ပုထုဇဉ်သာ ဖြစ်သည်။ ငါနှင့် ငါ့မိသားစုကို မထိသေးသမျှ ခံစားချက်မရှိသူ သဘောထားကြီးသူကဲ့သို့ ထင်ရ၏။ ငါနှင့် ငါ့မိသားစုကို ထိပါးလာသည်နှင့် ဒေါသမီး ဟုန်းဟုန်း တောက်လောင်ကြ၏။ ထို့ကြောင့် ပတ္တမြားထွင်းသမားကြီး ဒေါသမီး ဟုန်းဟုန်း တောက်လောင်ခဲ့ခြင်း ဖြစ်သည်။
ငါ ချမ်းချမ်းသာသာ သက်တောင့်သက်သာ နေချင်၏။ ထိုအတွက် မည်သူ့ကို အသုံးချရမည်နည်း။ မည်သူ့ကို လွှမ်းမိုးထားဖို့ လိုသနည်း။ အသုံးချရန် လွှမ်းမိုးထားရန် ကြိုးစား၏။ ငါ ချမ်းသာရေးသည် ငါစွဲ သက္ကာယဒိဋ္ဌိသမား၏ ပန်းတိုင် ဖြစ်သည်။
ကိလေသာခိုင်းသမျှ ရိုင်းနေကြသူများ
ရှင်ဒေဝဒတ်သည် လာဘ်လာဘ ပေါများလို၏။ ထို့ကြောင့် ပေါများအောင် အားထုတ်၏။ ထိုမျှနှင့် အားမရ၊ ဘုရားဖြစ်လိုပြန်၏။ ဘုရားဖြစ်လိုသည့်အတွက် ဘုရားကို သတ်ရမည်ဟု မကောင်းသော အကြံကို ကြံ၏။ ကြံရုံနှင့် ရပ်လိုက်သည်မဟုတ်။ ထိုအကြံ အောင်မြင်ဖို့ အသုံးချရမည့်သူကို ရှာ၏၊ အသိဉာဏ်နုနယ်သူ အိမ်ရှေ့မင်းသား အဇာတသတ်ကို တွေ့သည်ပင်။ တန်ခိုးကို ပြလျက် အိမ်ရှေ့မင်းသား အဇာတသတ်ကို လွှမ်းမိုးထားဖို့ရန် အားထုတ်၏။ ဤသို့ ပြုခြင်းသည် ငါစွဲ သက္ကာယဒိဋ္ဌိကြောင့် လောဘ၏ တိုက်ကွက်ကို မရှုမလှခံရခြင်း ဖြစ်သည်။ လောဘကို လောဘအဖြစ် အသိမှန် သိဖို့လို၏။ ငါ့လောဘဟု အသိမှား သိက မိုက်ကြ မှားကြ၏။ ကိလေသာခိုင်းသမျှ ရိုင်းနေကြရခြင်း ဖြစ်သည်။ ကိလေသာခိုင်းသမျှ ရိုင်းနေကြရခြင်းသည် အဝိဇ္ဇာ ဖုံးလွှမ်းထားသောကြောင့်ပင် ဖြစ်ပေသည်။
တဏှာကျွန်
လောကသားတို့ကို ကိလေသာ၏ ကျေးကျွန်များဟုသာ ကမ္ပည်း တပ်နိုင်၏။ အရှင်သခင်များဟု ကမ္ပည်းတပ်နိုင်သည် မဟုတ်ပေ။ ငါဟာ ငါ့ဘဝ၏ အရှင်သခင်ဟု ဆိုလျက် အားထုတ်ကြ၏။ စင်စစ် တဏှာ၏ကျေးကျွန် အဖြစ်ဖြင့် တဏှာ၏အလိုနိုင်ငံသို့ ရောက်အောင် သွားနေကြခြင်းသာ ဖြစ်သည်။ တဏှာအတွက် ကာကွယ်ရေးလုပ်ခြင်း ကို ငါ့ဘဝ၏ အရှင်သခင်ဖြစ်အောင် လုပ်ခြင်းဟု ထင်ကြခြင်းသာ ဖြစ်သည်။ အမှားကို အမှားမှန်း မသိအောင် အမှန်ကို အမှန်မှန်း မသိအောင် (တစ်နည်း) အမှားကို အမှန်ဟု အမှန်ကို အမှားဟု သိအောင် ပြုနေသည့် အဝိဇ္ဇာ၏ လက်ချက် ဖြစ်သည်။ အမှန်သိဖို့ ခဲယဉ်းလှသည်ပင်။
လောဘတိုက်တွန်းသည့်အတွက် လောဘ၏အလိုကျ ရှင်ဒေဝဒတ် ကျွန်ခံခြင်း ဖြစ်သည်။ လောဘနှင့်တစ်သားတည်း ဖြစ်အောင် ပြုခြင်းကို အရှင်သခင်ဖြစ်အောင် ပြုခြင်းဟု လောက၌ ဆိုကြ၏။ အဝိဇ္ဇာသိအားဖြင့် မှန်သည်ဟု ထင်မည်ပင်။
လောဘတိုက်တွန်းသည့်အတွက် လောဘ၏အလိုကျ အဇာတသတ်သည်လည်း ကျွန်ဖြစ်ခဲ့ရသည်ပင်။ အဇာတသတ် ရှင်ဘုရင် ဖြစ်ချင်၏။ ရှင်ဘုရင် ဖြစ်ချင်၍ ရှင်ဘုရင် ဖြစ်အောင် အားထုတ်ခြင်းကို အရှင်သခင်ဖြစ်အောင် အားထုတ်ခြင်းဟု အဇာတသတ်လည်း ထင်မည်ပင်။ ရှင်ဒေဝဒတ်နှင့် အဇာတသတ်တို့ ဦးတည်ချက် တူခဲ့ကြ၏။ ကျွန်ဖြစ်ပုံခြင်း တူကြသည်ဟု ဆိုခြင်း ဖြစ်သည်။
များသောဆရာရှိသူ
ပုထု သတ္ထာရာနံ မုခုလ္လောခိကာတိ ပုထုဇ္ဇနာ များစွာကုန်သော ဆရာတို့၏ မျက်နှာကို မော်ကြည့်နေရသူများကို ပုထုဇဉ်များဟု ဆိုကြ၏။ အမှန်သိမှု ဝိဇ္ဇာဉာဏ်ကို မရရှိသေးသူများဖြစ်သည့်အတွက် ဆရာတို့ကို ခွဲခြားနိုင်သော အသိဉာဏ် မရှိကြသေးပေ။ ထို့ကြောင့်ပင် မိမိ၏တဏှာအကြိုက်ကို ဖြည့်ဆည်းပေးနိုင် လှုံ့ဆော်ပေးနိုင်သည့် သူများကို ရှာဖွေတတ် ဆရာတင်မိတတ်ကြ၏။ မိမိအလိုအကြိုက် မပြည့်က ဖြည့်ဆည်းပေးနိုင်မည်ထင်သည့် ဆရာတစ်ဦးသို့ ပြောင်းကြသည်ပင်။ ထို့ကြောင့် ပုထုဇဉ်တို့အား များစွာကုန်သော ဆရာတို့၏ မျက်နှာကို မော်ကြည့်နေရသူများဟု အဋ္ဌကထာ၌ ဖွင့်ဆိုခြင်း ဖြစ်သည်။
အရှင်ဒေဝဒတ်သည် အဆန်းတကြယ် အံ့ဖွယ်သော တန်ခိုးကို ပြလျက် အသိဉာဏ်နုနယ်သော အဇာတသတ်မင်းသား၏ ကြည်ညိုမှု အထင်ကြီးမှုကို အရယူ၏။ စျာန်အဘိညာဉ် တန်ခိုးကြောင့် အဇာတသတ်မင်းသား ကြည်ညိုပြီ အထင်ကြီးပြီ ဖြစ်သည်။ ဆရာအဖြစ်လည်း မော်ကြည့်မိပြီ ဖြစ်သည်။ အလိုဆိုး ရှိသူတို့၏ တန်ခိုးပြခြင်း မည်သည် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ဆင်းရဲခြင်းကို ပြုခြင်းသာ ဖြစ်ပြီး မိမိကိုယ်ကို နှောင်ဖွဲ့ခြင်းနှင့် သူတစ်ပါးကို နှောင်ဖွဲ့ခြင်းဟုလည်း ဆိုနိုင်၏။
ဖြည့်ကျင့်ခဲ့သည့် ပါရမီအားလျော်စွာ လာဘ်လာဘ အခြွေအရံ အကျော်အစောတို့သည် ဘုရားရှင်အား ဆီးကြိုနေကြ၏။ အဂ္ဂသာဝက မဟာသာဝကများထံသို့လည်း လှူဖွယ်ပစ္စည်းဝတ္ထုတို့ လာ ရောက်လှူဒါန်းသူ ဒါယကာ ဒါယိကာမများ များကြသည်ပင်။ အရှင်ဒေဝဒတ်နှင့် အတူရဟန်းပြုဖက်ဖြစ်သော အရှင်ဘဒ္ဒိယ, အရှင်အာနန္ဒာ, အရှင်အနုရုဒ္ဓါ, အရှင်ကိမိလ, အရှင်ဘဂုတို့ထံ၌လည်း ထိုနည်း နှင်နှင် ဖြစ်သည်။ ရှင်ဒေဝဒတ်ထံသို့ လာရောက်လှူဒါန်းသော ဒါယကာ ဒါယိကာမများမူကား မရှိသလောက် ဖြစ်သည်။
ထိုအတွက် ရှင်ဒေဝဒတ် ရှက်နိုးလာပုံရသည်။ လာဘ်လာဘ အခြွေအရံ အကျော်အစော ပေါများလို၏။ ထို့ကြောင့် စျာန်အဘိညာဉ်ဖြင့် ရှင်ဒေဝဒတ် တန်ခိုးပြာဋိဟာကို ပြခြင်း ဖြစ်သည်။ ဤဖြစ်စဉ် တို့သည် မြတ်စွာဘုရားရှင် (၉)ဝါမြောက် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်းတိုက်၌ သီတင်းသုံးတော်မူသော အခါကာလ၌ ဖြစ်ခဲ့သော ဖြစ်စဉ်တို့သာ ဖြစ်ကြပေသည်။
အဇာတသတ်မင်းသား၏ ကြည်ညိုမှု အထင်ကြီးမှုကြောင့် ရှင်ဒေဝဒတ် ထံ၌ လာဘ်လာဘ ပေါများလာ၏။ အဇာတသတ်မင်းသား မှ နေ့စဉ် ဆွမ်းအုပ် (၅၀၀)ပို့၍ ဖြစ်သည်။
သတ္တဝါတို့မည်သည် အလိုပြည့်နိုင်ခဲ၏။ ထို့ကြောင့်ပင် သံသရာခရီးသွား သတ္တဝါတို့သည် တဏှာမြှားဒဏ်ကို အဖန်ဖန် ခံနေရ၏။ သတ္တဝါတို့၏ သန္တာန်၌ အလျှံဖြိုးကြွ အခိုးထနေသည်ကား အာရုံထိုထို လိုချင်မှု ဣစ္ဆာတည်းဟူ၍ သံယုတ်ပါဠိတော်၌ မြတ်ဘုရား ဆိုခဲ့ခြင်း ဖြစ်သည်။
လာဘ်လာဘ ပေါများမှုလောက်နှင့် ရှင်ဒေဝဒတ် မကျေနပ်နိုင်။ မြတ်စွာဘုရားကဲ့သို့ သံဃာအပေါင်း ခြံရံလျက် ဒေသစာရီ လှည့်လို၏။ ဘုရားလုပ်လိုခြင်း ဖြစ်သည်။ တဏှာအလိုဆိုး နှိပ်စက်ခံနေရသည့် ရှင်ဒေဝဒတ်သည် မိမိ၏ ပမာဏကို မသိတော့။ မိမိဖြစ်လိုသည်ကို ဖြစ်အောင် ပြုဖို့ရန်သာ သိ၏။ ထို့ကြောင့် မြတ်စွာဘုရားကို လျှောက်၏-
မြတ်စွာဘုရား ...ယခုအခါ မြတ်စွာဘုရားသည် အိုမင်းရင့်ရော်သော အရွယ်သို့ ရောက်ပါပြီ၊ ရဟန်းသံဃာတော်များနှင့် ပတ်သက်၍ ကြောင့်ကြမဲ့ နေတော်မူပါ၊ ဖလသမာပတ်ချမ်းသာကို ဝင်စားတော်မူလျက် မျက်မှောက်သောကိုယ်ဖြင့် ချမ်းချမ်းသာသာ နေတော်မူပါ၊ ရဟန်းသံဃာတော်အပေါင်းကို တပည့်တော် ဦးဆောင် ပါအံ့၊ တပည့်တော်အား ရဟန်း သံဃာအပေါင်းကို လွှဲအပ်တော်မူပါဟု လျှောက်ခဲ့သည်ပင်။ အနုနည်းဖြင့် ကြိုးစားကြည့်ခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင် ဝါတော် (၂၀)ရသော ကာလဖြစ်ပြီး ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူခိုက် ဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ကဲ့ရဲ့တော်မူလျက် ပယ်မြစ်တော်မူခဲ့ခြင်းကြောင့် ရှင်ဒေဝဒတ်သည် ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ခဲ့လေသည်။
အနုနည်းဖြင့် မရသဖြင့် အကြမ်းနည်းဖြင့် ရအောင်ယူခြင်းငှါ ကြံစည်ပြန်၏။ အကြမ်းနည်း အဓမ္မနည်းဖြင့် ဘုရားရာထူးကို အရယူဖို့ မင်း၏ အကူအညီကို ယူလို၏။ ထို့ကြောင့် အဇာတသတ်မင်းသားအား ထီးနန်းအုပ်ချုပ် မင်းလုပ်သူ ဖြစ်စေလိုခြင်း ဖြစ်သည်။ ထိုအတွက် ဘုရင်ဗိမ္ဗိသာရမင်းကြီးအား သတ်ဖို့ရန် တိုက်တွန်းရပေမည်။ ရှင်ဒေဝဒတ်၏ မိုက်မဲသည့် အကြံများသာ ဖြစ်ကြသည်။
အဇာတသတ်မင်းသားသည် အဆန်းတကြယ် အံ့ဖွယ်သော တန်ခိုးကို တွေ့မြင်ခဲ့ရခြင်းကြောင့် ရှင်ဒေဝဒတ်ကို ကောင်းစွာသိသူဟု ယုံကြည်နေပြီ ဖြစ်သည်။ မိမိအကျိုးကို လိုလားသူဟုလည်း ထင်နေပြီ ဖြစ်သည်။ ယုံကြည်မိပြီဆိုက ပြောသမျှ လက်ခံတတ်ကြသည်ပင်။
မင်းသား ...ရှေးအခါက လူတို့၏သက်တမ်း ရှည်ကြကုန်၏၊ ယခု အခါ၌မူကား လူတို့၏သက်တမ်း တိုလာပြီ ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်ဖြင့် သင် သေလွန်သွားနိုင်သည်ပင်။ မသေမီ မင်းစည်းစိမ်ကို ခံစားချင်က သင်၏ ဖခမည်းတော် ဘုရင်ကြီးကို သတ်လျက် ထီးနန်းကို ယူလော့၊ ငါသည်လည်း ဘုရားကို သတ်လျက် ဘုရားအဖြစ်ကို ယူမည် ဟု ဆို၏။
အဇာတသတ်မင်းသားသည် ရှင်ဒေဝဒတ်၏ အကြံဖြင့် ဖခမည်းတော် မင်းကြီးကို လုပ်ကြံသတ်ဖြတ်ဖို့ အားထုတ်၏။ မင်းကြီး သိ၍ ထီးနန်းကို ကြည်ကြည်သာသာ အပ်သည်ပင်။ သားအပေါ်ထားရှိသည့် မိဘမေတ္တာကြောင့် ဖြစ်သည်။ မိမိ၏ အကြံအစည် ပြီးမြောက်ဖို့ အဇာတသတ်၏ မင်းစည်းစိမ်ကို ရှင်ဒေဝဒတ် ကြောင့်ကြပြန်၏။ ဗိမ္ဗိသာရမင်းကြီးမှ ထီးနန်း ပြန်လည် လုယူမည်ကို တွေးကြောက်ခြင်း ဖြစ်သည်။ မိမိ အကြံအစည် မပြီးမြောက်မည် စိုး၍ ဖြစ်သည်။ မိမိအကျိုးအတွက် သူတစ်ပါးအကျိုးကို လိုလားဟန်ပြတတ်သော သူတို့၏ စိတ်မှ ရှက်နိုးဖွယ်ရာ အပြုအမူ အပြောအဆိုများ ပြုဖြစ် ပြောဖြစ်အောင် တိုက်တွန်းတတ်ကြသည်ကို သတိပြုသင့်ပေသည်။ ထို့ကြောင့်ပင် ထောင်သွင်း အကျဉ်းချဖို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ထိုနောင် အစာဖြတ်ဖို့ တိုက်တွန်းပြန်၏။ နောက်ဆုံး စင်္ကြံလျှောက်ခြင်းဖြင့် မျှတနေသည်ကိုပင် မလိုချင်တော့။ စင်္ကြံမလျှောက်နိုင်အောင် ခြေထောက် ဓားခွဲ ဆားသိပ်လျက် မီးကင်ဖို့ရန် အမိန့်တော်ကို ချမှတ်စေပြန်၏။
ထိုဝေဒနာ နှိပ်စက်မှုဖြင့်ပင် ဗိမ္ဗိသာရမင်းကြီးသည် လွန်တော်မူခဲ့ခြင်း ဖြစ်သည်။ ကြမ်းကြုတ်သည့် အစီအရင်များကို အဇာတသတ် မင်းသားအား စေခိုင်းနေသကဲ့သို့ တစ်ဖက်၌လည်း လေးသမားများ လွှတ်၍ ဘုရားရှင်ကို လုပ်ကြံစေ၏။ ရှေ့အဖွဲ့ကို ကွပ်မျက်ဖို့ နောက်အဖွဲ့ကို စေလွှတ်၏။ ကိလေသာတို့၏ ကျွန်ပြုမှုသည် ထိတ်လန့်ဖွယ် ကောင်းပေစွ။ မအောင်မြင်သောအခါ ဂိဇ္ဈကုဋ်တောင်ပေါ်၌ ကိုယ်တိုင် ကျောက်မောင်းဆင်လျက် ကျောက်တုံး လှိမ့်ချပြီး သတ်ပြန်၏။ မအောင်မြင်သောအခါ နာဠာဂီရိဆင်ကို အရက်မူးအောင် တိုက်လျက် နင်းသတ်ခိုင်းဖို့ရန် အားထုတ်ပြန်သည် မဟုတ်လော။
ဝိဇ္ဇာဉာဏ်အလင်း မထွန်းတောက်သေးသမျှ အလိုဆိုး နှိပ်စက်မှု ဒဏ်ကို ခံကြရဦးမည် ဖြစ်သည်။ ကိလေသာတရားဆိုးတို့ ချယ်လှယ်နေသမျှ အကျည်းတန် အရုပ်ဆိုးမှုတို့ လောက၌ ထင်ရှား ဖြစ်ပေါ်နေ ဦးမည်သာ ဖြစ်သည်။
လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်
ရှင်ဒေဝဒတ်သည် သံဃာသင်းခွဲခြင်း အမှုကို ပြုခဲ့သူလည်း ဖြစ်သည်။
ဤအမှုတို့သည် လာဘ သက္ကာရ သိလောကကို လိုချင်မှုကြောင့် ဖြစ်ပေါ်လာသော တရားဆိုးများသာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း စူးရှ၏ဟူ၍ ဘုရားရှင် မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။
လာဘ်ပူဇော်သကာ အကျော်အစော၌ များသောအလိုရှိသော ရှင်ဒေဝဒတ်သည် အဇာတသတ်မင်းသားအား ခမည်းတော်မင်းမြတ် ဗိမ္ဗိသာရမင်းကြီးကိုပင် သတ်ဖို့ရန် တိုက်တွန်း၏၊ နည်းနာကို ပေး၏၊ မနောကံမြောက် ဝစီကံမြောက် ကာယကံမြောက် အားထုတ်သော အားထုတ်စေသော မိုက်သူတစ်ဦး ဖြစ်ခဲ့သည်ပင်။ လာဘ်ပူဇော်သကာ အကျော်အစောသည် ဤမျှ ခက်ထန်၏ ထက်မြက်၏ ကြမ်းတမ်း စူးရှ၏။
ထိုလာဘ်ပူဇော်သကာ အကျော်အစောကြောင့် အတုမရှိမြတ်သော ဘုရားကိုပင်လျှင် အံတုဝံ့သူ ဖြစ်သည်။ မည်သူ၏ လုံ့လပယောဂကြောင့်မှ အသက်၏ကုန်ခြင်းသို့ မရောက်သော ဘုရားရှင်ကိုသော်လည်း အဆုံးစီရင်ဖို့ရန် နည်းမျိုးစုံ အားထုတ်၏။ ကြီးလေးသည့် ကံတို့တွင် တစ်ခု အဝင်အပါ ဖြစ်သည့် သံဃာသင်းခွဲခြင်းသည်လည်း လာဘ်ပူဇော်သကာ အကျော်အစောကြောင့်ပင် ရှင်ဒေဝဒတ်၌ ဖြစ်ခဲ့သည် မဟုတ်ပါလော။ လာဘ်ပူဇော် သကာ အကျော်အစောကို အကြောင်းပြု၍ ရှင်ဒေဝဒတ်အား ကုသိုလ်တရား ဖြူစင်သော တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ပြတ်ခြင်းသို့ ရောက်ကုန်၏။ အတုမရှိ သော အရဟတ္တဖိုလ်ကို မျက်မှောက် မပြုနိုင်ခြင်းငှါ အန္တရာယ်ကို ပြုခဲ့ပေသည်။
လာဘ်ပူဇော်သကာ အကျော်အစော၏ ခက်ထန် ထက်မြက် ကြမ်းတမ်း စူးရှမှုကို သက်ဝင် နားလည်သင့်ပေသည်။ မိမိနှင့် မဆက်ဆံ သော ဘုရားရာထူးကိုသော်လည်း လာဘ်ပူဇော်သကာ အကျော်အစောကြောင့် ရှင်ဒေဝဒတ် လိုချင်ခြင်း ဖြစ်သည်။ အကြောင်းကံ ပါရမီတို့ စုံညီပါမှ ဖြစ်ပေါ်လာနိုင်သော ဘုရားအဖြစ်ကိုသော်လည်း ဖန်တီး၍ ယူချင်လောက်အောင် လာဘ်ပူဇော်သကာ အကျော်အစော ၏ စေ့ဆော်တိုက်တွန်းမှုသည် ထက်မြက် စူးရှလှပေသည်။ ရပ်တည်နိုင်ရေးအတွက် ကြိုးစားမှုမှန်သမျှ လာဘ်ပူဇော်သကာ အကျော် အစော ရရှိရေးသို့ ဦးတည်နေကြမည် ဖြစ်သည်။ အနှစ်သာရ မရှိသည့် ခန္ဓာကိုယ် မွေးမြူခြင်းသို့ ဦးတည်နေကြခြင်းသာ ဖြစ်ပေသည်။
မိမိကိုယ်ကို သတ်ခြင်းငှါ အသီး,သီးသော ငှက်ပျောပင်ကဲ့သို့ ခက်ထန် ကြမ်းတမ်းစူးရှသော လာဘ်ပူဇော်သကာ အကျော်အစော သည် ရှင်ဒေဝဒတ်အား သတ်သည်ပင်။
ကုသိုလ်ပြုချင်၍ ရဟန်းပြုခဲ့သူ အရှင်ဒေဝဒတ်သည် ကိလေသာ နှင့်ငါ မကွဲမှုကြောင့် အကုသိုလ်ပြုဖို့ ရဟန်းပြုသူကဲ့သို့ ဖြစ်ခဲ့ရပေသည်။ ထွက်မြောက်မှုလမ်းကို ရှေးရှုသည့် အဆုံးအမသာသနာတော်၌ ဆန့်ကျင်ဘက် နှောင်ဖွဲ့မှုလမ်းကို ရှင်ဒေဝဒတ် ရွေးခဲ့ခြင်းကြောင့် မိမိပြုသည့် ကံနှင့်လျော်သော အကျိုးတရားကို ရရှိခဲ့ခြင်းသာ ဖြစ်သည်။
ကြီးလေးသော ဂရုကံများဖြစ်သည့် အဖသတ်သည့်ကံ, ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြုသည့်ကံ, သံဃာသင်းခွဲသည့်ကံတို့ကို ပြုလုပ်ခဲ့ကြသော ရှင်ဒေဝဒတ်နှင့် အဇာတသတ်တို့ ငရဲ၌ ကြီးစွာသော ဆင်းရဲဒုက္ခကို ယခု ခံစားနေကြဆဲ ဖြစ်ကြသည်။
အကောင်းနှင့် အဆိုး, အမှန်နှင့် အမှား, ကုသိုလ်နှင့် အကုသိုလ် စသည့် ဆန့်ကျင်ဘက် ဖြစ်စဉ်တို့ကို လောကအတွင်း နေထိုင်သူတို့ ပြုခွင့် ရနေကြသည်ပင်။ တွေ့ကြုံကြရသည့် လောကဓံများကြောင့် ပြုလုပ်ကြခြင်း ဖြစ်သည်။ ထိုလောကဓံတို့ကို ခံနိုင်ရည်ရှိဖို့ လို၏။ ထိုခံနိုင်ရည်တို့သည် ဝိဇ္ဇာဉာဏ်အလင်းဓာတ် မရသေးသူတို့၌ လှုပ်ရှား မယိုင် ကြံ့ကြံ့ခိုင်နေမည်ဟု မဆိုသာ။ လောကဓံ လေပြင်းမုန်တိုင်းတို့ အတိုက်ခံရသည့် အခါမှ ခံနိုင်မည်ထင်သည့် အရည်အချင်းတို့ မရှိဖြစ်ရသည့် အဖြစ်တို့ကို အသင် သူတော်ကောင်းတို့ ဖတ်ရှုခဲ့ကြရပြီး ဖြစ်သည်။ လှုပ်ရှားမယိုင် ခိုင်ခံ့သည့် အသိဉာဏ်ကို ရရှိပါမှ ရခဲသော လူ့ဘဝရရှိခြင်း၏ တန်ဖိုးသည် မချွတ်ဧကန် ပြည့်စုံနိုင်မည် ဖြစ်ပေသည်။
---ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရတာပါ
သံဝေဂရဖွယ် တန်ဖိုးရှိသည့် စကားလက်ဆောင်တစ်ခု စာရေးသူ ရရှိခဲ့ဖူး၏။ နိုင်ငံခြားသား ရဟန်းတော်တစ်ပါးထံမှ ဖြစ်ပေသည်။ အဘယ်နည်း ဟူမူကား ---
Suffering arises out of desire not to suffer.ဟူ၍ ဖြစ်ပြီး ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရတာပါဟု ဆိုခြင်း ဖြစ်သည်။
အဓိပ္ပါယ် လေးနက်သည်သာမက ဘဝထဲချ၍ လေးလေးနက်နက် အသုံးချတတ်ဖို့ အသိကို ပေး၏။ နက်ရှိုင်းသော အသိဉာဏ် ကိုလည်း ဖြစ်စေ၏။ သတိသမ္ပဇဉ်ဉာဏ်ယှဉ်လျက် ပြုမူနေထိုင်ဖို့လည်း ပြော၏။ ဘဝတွင် နေတတ်၍ သေတတ်ဖို့ အသိ သတိပေးနေသည့် စာကြောင်းတစ်ခု ဖြစ်သည်။ ဘုရားရှင်၏ တရားတော်များကို လေ့လာခြင်းကြောင့် ထုတ်ယူထားနိုင်ခဲ့သည့် အဆီအနှစ်တစ်ခုဟူ၍ စာရေးသူ နားလည်မိပေသည်။
တစ်လောကလုံး ရင်ဆိုင်နေကြရသည့် ဒုက္ခဟူသမျှသည် လိုချင်ခြင်းကြောင့် ရရှိလာသော ဒုက္ခများသာ ဖြစ်ကြသည်။ မလိုချင်ဘဲနှင့် ရရှိလာသော အရာများ မဟုတ်ကြပေ။ ရသတဏှာအတွက် သူ့အသက် သတ်လျက် စားသောက်ကြ၏။ ရသတဏှာ၏အလိုသို့ လိုက်ပါ ဖြည့်ဆည်းခွင့် မပေးမိက ခံစားရမည့် မွတ်သိပ်မှု ဒုက္ခကို မခံစား လိုကြ။ ထိုဒုက္ခကို မခံစားလို၍ သူ့အသက်သတ်ခြင်း အကုသိုလ်ကံကို ပြုမိလျက် ဒုက္ခကို ရကြ၏။ ဤသည်ကား ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရခြင်း ဖြစ်သည်။
မိမိကို ဆဲရေး၏၊ ဆဲရေးခြင်းကို မခံစားနိုင်ပေ။ မခံစားနိုင်သည့် အတွက် တုံ့လှည့်တစ်ဖန် ဆဲရေး၏။
မိမိကို သူတစ်ပါးတို့ နှိပ်စက်မည်ဟု သိ၏၊ ထိုနှိပ်စက်မှုကို မခံစားနိုင်သည့်အတွက် လက်ဦးမှုကို ယူလျက် နှိပ်စက်၏။
သူ့ပစ္စည်းကို မတရား လိုချင်၏၊ လိုချင်သည့်စိတ်ကို သည်းမခံနိုင် မခံစားနိုင်၍ မတရားယူ၏ အနိုင်အထက်ယူ၏ ခိုးယူ၏။ ဤသည်တို့သည် ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရသော သာဓကများ ဖြစ်ကြပေသည်။
သီလဆောက်တည်ကျင့်သုံးသော အမှုကို အနေကျဉ်းကြပ်သည်ဟု ယူဆကြ၏။ ကိုယ့်ကိုယ်ကို နှိပ်စက်သောအကျင့်ဟု တစ်ချို့ ဆိုကြ၏။ ထို့ကြောင့်ပင် လူတို့က လူ့သီလ, ရဟန်းတို့က ရဟန်းသီလကို မဆောက်တည်လိုကြခြင်း ဖြစ်သည်။ အကွပ်မရှိသည့် တောင်း၏ ပရမ်းပတာ ဖြစ်ခြင်းကဲ့သို့ သီလအကွပ် မရှိသည့်အတွက် ပရမ်းပတာ ကျရောက် ခံစားရမည့် အပါယ်ဒုက္ခကို မမြင်နိုင်ကြ။ အနေမကြပ် လိုကြ၊ အနေချောင်လိုကြ၏။ အနေချောင်က အသေကြပ်ကြမည်သာ၊ အနေကြပ်မှ အသေချောင်မည် ဖြစ်သည်။
ပစ္စုပ္ပန် ကာမဂုဏ်ချမ်းသာတို့ကို အလိုရှိတိုင်း ဖြည့်ဆည်းခွင့် မပေးသည့် သီလဆောက်တည်ခြင်း ကိုယ်နှုတ်ချုပ်တည်းခြင်းကို မပြုလိုကြ၊ အကွပ် ကွပ်ခြင်းကို ဆင်းရဲခြင်း ဒုက္ခဟုသာ မြင်နိုင်ကြ၍ ဖြစ်သည်။
ပစ္စုပ္ပန်တခဏ ခံစားရမည့် ချမ်းသာအတွက် ခံစားခွင့်မရမည့် ဒုက္ခကို အလိုမရှိကြ။ ထို့ကြောင့်ပင် ပစ္စုပ္ပန်တခဏ ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် သံသရာခရီး၌ ဒုက္ခဖြစ်ရခြင်း ဖြစ်သည်။
များစွာသောလူတို့သည် ပစ္စုပ္ပန်တခဏ ဒုက္ခမဖြစ်ရေးအတွက် ဦးတည်၍ အလုပ်လုပ်နေကြ၏။ သတိပြုကြည့်က သိနိုင်သည်သာ။
ပတ္တမြားထွင်းသမား၏ တုံ့ပြန်မှုကို ကြည့်က ပစ္စုပ္ပန်တခဏ ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဖြစ်ကြောင်း တွေ့ရ၏။
အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာ အမျိုးကောင်းသား၏ မာယာတို့သည်လည်း ပစ္စုပ္ပန်တခဏ ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ပြုမိခြင်း ဖြစ်သည်။
အရှင်ဒေဝဒတ်သည်လည်း လာဘ သက္ကာရ သိလောက မရရှိမှု ပစ္စုပ္ပန်တခဏ ဒုက္ခကို မခံစားလို ဒုက္ခ မဖြစ်လိုပေ။ ထိုဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ရှင်ဒေဝဒတ် ငရဲ၌ ဒုက္ခဖြစ်နေရပြီ ဖြစ်သည်။
အဇာတသတ်မင်းသားသည်လည်း အရှည်သဖြင့် မင်းစည်းစိမ်ကို ယစ်မူးလို၏။ တခဏမျှ ခံစားရခြင်း အနည်းငယ်မျှ ခံစားရခြင်းသည် အလိုကြီးသူအတွက် ဒုက္ခသာ ဖြစ်သည်။ ခမည်းတော် ဗိမ္ဗိသာရ မင်းကြီးမှ ထီးနန်း ပြန်လည် လုယူမည်ကိုလည်း ကြောက်ရွံ့၏။ ရယူလိုသူ ဆုပ်ကိုင်ထားလိုသူတို့အတွက် စွန့်လွှတ်ရခြင်းသည် ဒုက္ခသာ ဖြစ်သည်။ ထို့ကြောင့်ပင် မင်းဟူသော အာဏာဖြင့် ခမည်းတော် မင်းကြီးကို သတ်၏။ ဤသို့ ဖြစ်ခြင်းသည် ပစ္စုပ္ပန်တခဏ ခံစားလိုသည့် ချမ်းသာအတွက် ခံစားခွင့် မရမည်ကို စိုးရွံ့သောကြောင့် ဖြစ်သည်။ လိုချင်သူအတွက် မရရှိခြင်းသည် ဒုက္ခပင် မဟုတ်လော။ ထိုဒုက္ခကို မခံစားလိုသော ဆန္ဒကြောင့် ဒုက္ခဖြစ်ကြောင်းကံကို အဇာတသတ် ပြုမိခြင်း ဖြစ်သည်။
ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဆရာကြီး ရှင်ဒေဝဒတ် ဒုက္ခဖြစ်နေရသကဲ့သို့ တပည့်ကြီး အဇာတသတ်လည်း ငရဲ၌ ဒုက္ခဖြစ်နေရပြီ ဖြစ်သည်။
သင်နှင့် ကျွန်ုပ်တို့သည်လည်း ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရသည့် ဘဝပိုင်ရှင်များ ဖြစ်နိုင်ပါသလော။ အမှန် မသိသေးက ဖြစ်နိုင်ခွင့် ရှိနေသည်သာ။ ဖြစ်အောင် တွန်းပို့ပေးတတ်သော လောဘ ဒေါသ မောဟ ကိလေသာတရားဆိုးတို့၏ အလုပ်လုပ်ပုံကို သတိ သမ္ပဇဉ် ဉာဏ်ယှဉ်လျက် နှိပ်ကွပ်နိုင်က ဖြစ်နိုင်ခွင့်တို့ သက်သာကြမည် ဖြစ်သည်။
---စစ်တလင်းနှင့်တူသော ခန္ဓာ
လောဘက အလောဘကို နိုင်သည့်အခါ ရှိသလို၊ အလောဘက လောဘကို နိုင်သည့် အခါလည်း ရှိ၏။
ဒေါသက အဒေါသကို အနိုင်ယူသည့်အခါ ရှိသလို၊ အဒေါသက ဒေါသကို အနိုင်ယူသည့် အခါလည်း ရှိ၏။
မောဟက အမောဟကို အနိုင်ရသည့်အခါ ရှိသလို၊ အမောဟက မောဟကို အနိုင်ရသည့် အခါလည်း ရှိပေသည်။
ခန္ဓာဟူသော လောကသည် စစ်မြေပြင် တစ်ခုသာ ဖြစ်သည်။ ဆန့်ကျင်ဘက်တရားတို့၏ တိုက်ခိုက်မှု တိုက်စစ်ဆင်မှုကို တွန်းလှန် နေကြရသည့် စစ်တလင်းကြီးနှင့် တူ၏။ အနိုင်တိုက်နိုင်သည့် အခါလည်း ရှိသလို အရှုံးကြီး ရှုံးရသည့် အခါလည်း ရှိ၏။ အရှင်သခင် ဖြစ်သည့် အခါလည်း ရှိသလို ကျွန်ဖြစ်ရသည့် အခါလည်း ရှိ၏။ ဝမ်းသာရသည့် အခါလည်း ရှိသလို ရှိုက်ကြီးတငင်ငင် ဝမ်းနည်း ငိုကြွေး ရသည့် အခါလည်း ရှိ၏။
ဝိဇ္ဇာဉာဏ် မရသေးသမျှ ဤဆန့်ကျင်ဘက်တရားတို့၏ တိုက်ခိုက်မှု တိုက်စစ်ဆင်မှု စစ်ပွဲကို သင်ကိုယ်တိုင် အလိုတူ အလိုပါ ပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အခါအခွင့်သင့်က ပါဝင်ဆင်နွှဲနေဦးမည်သာ ဖြစ် သည်။
ဆန့်ကျင်ဘက်တရားတို့၏ တိုက်ပွဲ၌ အရှုံးကြီး ရှုံးရသူ မဖြစ်အောင် သတိ သမ္ပဇဉ်ဉာဏ်ယှဉ်လျက် မိမိတို့၏စိတ်ကို နှိပ်ကွပ် ဆုံးမ ကြရမည် ဖြစ်သည်။
သတိ သမ္ပဇဉ်ဉာဏ်မယှဉ်မှုကြောင့် တဏှာ၏အလိုနိုင်ငံသို့ လိုက်ပါခွင့်ရလျက် ဒုက္ခဖြစ်ကြရခြင်း ရှုံးကြရခြင်း ဖြစ်သည်။
---ကျွမ်းကျင်အောင် ကြိုးစားကြစမ်းပါ
ထိုဒုက္ခအပေါင်းတို့မှ လွတ်မြောက်လိုက မိမိတို့၏ စိတ်ဖြစ်ပုံ၌ ကျွမ်းကျင်သူဖြစ်အောင် ကြိုးစားဖို့ လို၏။ ထို့ကြောင့်ပင် သူတစ်ပါးတို့၏ စိတ်ဖြစ်ပုံ၌ မကျွမ်းကျင်သူ ဖြစ်ချင်ဖြစ်ပါစေ၊ မိမိတို့၏ စိတ်ဖြစ်ပုံ၌ ကျွမ်းကျင်သူ ဖြစ်အောင် ကြိုးစားကြစမ်းပါဟု သစိတ္တသုတ်၌ ဘုရားရှင် မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။
သူတစ်ပါးတို့၏ စိတ်ဖြစ်ပုံ၌ ကျွမ်းကျင်သူ ဖြစ်ဖို့ရန်သည် လွယ်ကူသည် မဟုတ်ပေ။ ကြိုးစားမည်ဆိုက မဖြစ်နိုင်သည့် အရာဟူ၍ ဆိုခြင်းတော့ မဟုတ်ပေ။ ကြိုးစားက ဖြစ်နိုင်သည့် တရားသာ ဖြစ်ပေသည်။
မိမိတို့၏ စိတ်ဖြစ်ပုံ၌ ကျွမ်းကျင်သူ ဖြစ်အောင် ကြိုးစားမည်ဆိုက ကြိုးစား၍ ရနိုင်သော အခွင့်သည် သေချာသောအခွင့် ဖြစ်ပြီး သူတစ်ပါးစိတ်ဖြစ်ပုံကို သိအောင် ကြိုးစားခြင်းထက် လွယ်ကူသော လုပ်ငန်းရပ်လည်း ဖြစ်ပေသည်။
မိမိစိတ်ဖြစ်ပုံကို ကောင်းစွာ သိရှိလာသူတို့ ရင့်ကျက်ခွင့် ရကြ၏၊ လူ့သဘောအမှန်ကို သိခွင့် နားလည်ခွင့် ရကြပြီး မိမိကိုယ်ကို ထိန်းသိမ်းနိုင်သည့် အရည်အချင်းတို့ကိုလည်း ရရှိလာမည် ဖြစ်သည်။ ထို အရည်အချင်းတို့ကြောင့် ဘဝ၌ အမှားနည်းလာကြမည် ဖြစ်သည်။
---ဆန့်ကျင်ဘက်တရားများ
ပွဲကြည့်ပရိသတ် တစ်ဦးအနေဖြင့် မိမိတို့၏ စိတ်ကို ကြည့်ရှုဆင်ခြင်သည့် အလေ့အထကို ပြုသင့်၏။ ထိုသို့ ပြုမိက လေးစားထိုက် ကြည်ညိုထိုက်သော စိတ်သဘာဝတို့ကိုလည်း မိမိတို့၏ စိတ်၌ မြင်ခွင့်ရကြ၏။ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော စိတ်ညစ် စိတ်နွမ်းတို့ကိုလည်း မြင်ခွင့်ရကြ၏။ ကြင်နာသနားတတ်သောစိတ်, နိုင်ထက်ကလူ ပြုတတ်သော စိတ်တို့ကိုလည်း မြင်ခွင့်ရကြ၏။ ဖြောင့်မတ်သည့်စိတ် ကွေ့ကောက်သည့်စိတ်, နူးညံ့သည့်စိတ် ခက်ထန်သည့် စိတ်တို့ကိုလည်း လေ့လာခွင့်ရကြ၏။ အကျိုးလိုလားသည့်စိတ်, အကျိုးမဲ့ပြုလို သည့် စိတ်သဘာဝတို့ကိုလည်း မြင်ခွင့်ရကြ၏။ လွန်ကျူးပြီး ကျင့်လို သည့်စိတ် စောင့်ရှောက်ပေးလိုသည့်စိတ် စသည့် ဆန့်ကျင်ဘက် သဘာဝတို့ကိုလည်း မြင်ကြရ၏။ ကိုယ်ထက်သာ မနာလိုသည့်စိတ်, အထိမခံလိုသည့် ဝန်တိုသည့် စိတ်တို့သည်လည်း မိမိတို့၌ ဖြစ်နေကြ၏။ တည်ကြည်သည့်စိတ်, ပျံ့လွင့်သည့်စိတ်၊ ယုံကြည်သည့်စိတ်, သံသယစိတ်တို့ ဖြစ်ပေါ်တတ်ပုံကိုလည်း မြင်ကြရ၏။ စွန့်လွှတ်ဝံ့သည့်စိတ်, ဆုပ်ကိုင် သိမ်းပိုက်ထားလိုသည့်စိတ် စသည်တို့၏ နှိပ်စက်မှုကို ခံနေကြရသည့် သဘာဝများကိုလည်း သိခွင့်ရကြ၏။
ထိုသို့ သိခွင့်ရရှိခြင်းကြောင့် ဖြူစင်တတ်သည့် မိမိတို့၏စိတ်ကို သိခွင့် ရလာ၏။ ညစ်နွမ်းယုတ်မာတတ်သည့် မိမိတို့၏ စိတ်ကိုလည်း မြင်ခွင့် ရလာ၏။ အလိုဆိုး နှိပ်စက်သည်ဖြစ်၍ တဏှာ၏အလိုနိုင်ငံသို့ အစဉ်တစိုက် လိုက်ပါနေရသည့် မိမိတို့၏ ဘဝမှန်ကိုလည်း သိခွင့်ရလာ၏။ ထိုသို့ သိခွင့်ရလာသည့် သူတစ်ဦးအနေနှင့် မိမိကိုယ်ကို မြတ်နိုးသည့်အခါ မြတ်နိုး၍ ရှက်နိုးသည့်အခါ ရှက်နိုးတတ်လာ၏။ ကြည်ညိုနိုင်သည့်အခါ ကြည်ညိုမိ၍ မကြည်ညိုနိုင်သည့်အခါ မကြည်ညို နိုင်သည်အထိ ရွံရှာဖွယ်ကောင်းသော နိမ့်ကျသော မိမိတို့၏ စိတ်ဖြစ်ပုံကိုလည်း သိခွင့်ရလာ၏။ ထိုသို့ သိခွင့်ရလာသည့်အတွက် ကောင်းခြင်း ဆိုးခြင်း, နူးညံ့ခြင်း ခက်ထန်ခြင်း, ရိုးသားခြင်း မရိုးသားခြင်းစသည့် ဆန့်ကျင်ဘက်တရားတို့၏ နှိပ်စက်မှုကို ခံနေရသည့် စိတ်၏ သဘောမှန်ကို နားလည်ခွင့် ရလာ၏။ အမှန်ကို ဖွင့်ကြည့်ခွင့် လေ့လာခွင့် ရလာကြခြင်း ဖြစ်သည်။
ထိုအခါ တစ်လောကလုံးကို မြင်လာ၏၊ တစ်လောကလုံးကို နားလည်စ ပြုလာ၏။ ခွင့်လွှတ်နိုင်လာ၏၊ သည်းခံနိုင်လာ၏၊ မိမိကိုယ်ကို သနားတတ်လာ၏၊ သူတစ်ပါးကိုလည်း သနားတတ်လာ၏။ မိမိကိုယ်ကို မေတ္တာ ဥပေက္ခာ ထားတတ်လာ၏၊ သူတစ်ပါးကိုလည်း မေတ္တာ ဥပေက္ခာ ထားတတ်လာ၏။ မိမိအကျိုးကိုလည်း ဆောင်တတ် လာ၏။ အကျိုးမဲ့ ဖြစ်စေတတ်သည့် အရာများကိုလည်း လျစ်လျူရှု တတ်လာ၏။ မိမိ ရရှိထားသည့် ခန္ဓာ၏ သဘောမှန်ကို ရိပ်မိစ ပြုလာခြင်း ဖြစ်သည်။
---မည်သည်ကို အလှဆင်ကြမည်
ထိုသို့ သိဖို့ရန်အတွက် လုပ်သင့်သည်ကိုလုပ်ဖို့ ကြိုးစားရမည် ဖြစ်သည်။ မိမိတို့၏ မျက်နှာရိပ်၌ အညစ်အကြေး မဲ့ခြောက်များ စွန်းထင်းနေသည်ကို သိ၏၊ သိသည့်အလျောက် ထိုအညစ်အကြေး မဲ့ခြောက်များကို ပယ်ရှားဖို့ရန် နည်းမျိုးစုံ ကြိုးစားကြ၏။ မကြိုးစားပဲ နေကြသည်တော့ မဟုတ်ပေ။ မိမိတို့၏ မျက်နှာကို လှလှပပ မြင်ချင် သကဲ့သို့ မြင်တွေ့သူတို့အားလည်း လှလှပပ မြင်စေချင်၍ ဖြစ်သည်။
ထိုနည်းတူပင် မိမိတို့၏ စိတ်၌ လောဘ ဒေါသ မောဟ ကိလေသာ အညစ်အကြေးများ ဖြစ်ပြီဆိုက ဖြစ်မှန်းသိအောင် ဘုရားရှင်သည် ကြိုးစားစေချင်၏။ မိမိတို့၏မျက်နှာကို ကြေးမုံမှန်ပြင်၌ နေ့စဉ်မှန်မှန် ကြည့်ရှုဆင်ခြင်သကဲ့သို့ မိမိတို့၏ စိတ်ဖြစ်ပုံကို စိတ်တည်းဟူသော ကြေးမုံမှန်ပြင်၌ အမြဲမပြတ် ကြည့်ရှုဆင်ခြင်နိုင်ဖို့ လို၏။ ကြေးမုံမှန်ပြင်၌ ထင်သော မျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သည်ထက် ပိုလွန်သော သတိ ပိုလွန်သော သမ္ပဇဉ်ဉာဏ်ကို ပြုလျက် ကြိုးစားပါမှ မိမိတို့၏ စိတ်ဖြစ်ပုံကို သိနိုင်မည် ဖြစ်သည်။ သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် သိအောင် မကြိုးစားက အမိုက်ကြီးမိုက် အမှားကြီးမှားခဲ့သူများ သွားသည့်လမ်းကို မိမိတို့လည်း လိုက်ပါကြရဦးမည် ဖြစ်သည်။
မိမိတို့၏ ရူပကာယ လှလှပပ ဖြစ်စေရေးအတွက် ကြိုးစားခြင်း ကဲ့သို့ မိမိတို့၏ နာမကာယ လှလှပပ ဖြစ်စေရေးအတွက် ကြိုးစားသူများ မရှိသလောက် နည်းသည်ပင်။ ရူပကာယ လှပခြင်းကြောင့် သုဂတိဘုံကို ရောက်နိုင်ကြသည်မဟုတ်။ မိမိတို့၏ နာမကာယ လှပခြင်းကြောင့်သာ သုဂတိဘုံသို့ ရောက်ကြရခြင်း ဖြစ်သည်။ မိမိတို့၏ စိတ်ကို သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် ဆင်ခြင်ကြပါမှ လောဘ ဒေါသ မောဟဖြစ်က လောဘ ဒေါသ မောဟဖြစ်မှန်း သိကြပေလိမ့်မည်။ ထိုသို့ ဆင်ခြင်ခြင်းကြောင့် လိုချင်သည့် လောဘ၏ အာသာမပြေ ဆာလောင်နေသည့် ပူလောင်မှုသဘာဝကို ပုံစံမှန် သိလာနိုင်သကဲ့သို့ မိမိ သူတစ်ပါး နှစ်ဦးသားတို့အား ဖျက်ဆီးတတ်သည့် ဒေါသ၏ ခက်ထန်ကြမ်းတမ်း ရက်စက်မှုတို့ကိုလည်း တစ်စနှင့်တစ်စ ပုံစံမှန် သိလာကြမည် ဖြစ်သည်။ အမှန်မသိမှု မောဟတရား၏ တွေဝေမိုက်မဲစေတတ်ပုံကိုလည်း နားလည်လာနိုင်ပေသည်။ သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် ဆင်ခြင်မိခြင်းကြောင့် ကိလေသာ၏ကျေးကျွန်များသာ ဖြစ်သော မိမိတို့၏ ဘဝမှန်ကို ကြည့်ခွင့် သိခွင့် ရလာကြပေလိမ့်မည်။ ထိုသို့ သိပါမှ လောဘ ဒေါသ မောဟ၏ အပြစ်ကို မြင်လျက် အားနည်း အောင် ပြုချင်မည်, မဖြစ်အောင် ပြုချင်မည်, ကင်းပြတ်အောင် ပြုချင်မည် ဖြစ်သည်။
---ရွံ့ရှာစက်ဆုပ်ဖွယ်အတိဖြစ်သော ခန္ဓာ
လောဘ ဒေါသ မောဟ ကိလေသာတရားဆိုးတို့၏ ဆိုးရွားလှသည့် လှည့်ကွက်ကို ကောင်းကောင်းကြီး သိရှိလာက ရွံရှာစက်ဆုပ်ဖွယ်အတိဖြစ်သော ခန္ဓာကြီးကို ရရှိထားသူ တစ်ဦးသာ ဖြစ်နေ ပါပေါ့လားဟု အသိ သတိဝင်လျက် မိမိဘဝကို အပြစ်မြင်လာမည် ရှက်နိုးလာမည် ဖြစ်သည်။ ထိုသို့ အပြစ်မြင်ခြင်းကို အာဒီနဝဟု ခေါ်၏။
တဏှာအကြိုက် လိုက်ခဲ့မိစဉ် လောဘဖြင့်ပျော် ဒေါသဖြင့်ပျော် မောဟဖြင့် ပျော်ခဲ့မိ၏။ လောဘလိုချင်သည့်အစာ ဒေါသလိုချင်သည့် အစာ မောဟလိုချင်သည့်အစာတို့ကို ရှာဖွေ ဖြည့်ဆည်းပေးခဲ့သည်ပင်။ ထိုသို့ ရှာဖွေ ဖြည့်ဆည်းပေးပါသော်လည်း အလိုမပြည့် ငြိုငြင်ခြင်းကိုသာ ရကြသဖြင့် မချိညှိုးနွမ်း ပင်ပန်းခြင်းဒဏ်ကို မရုန်းနိုင် မပြုံးနိုင် ဘဝဆုံးတိုင် နှိပ်စက်ခံသွားကြရသူများကိုသာ တွေ့မြင်နေရသောကြောင့် လောဘ ဒေါသ မောဟတို့၏ နှစ်သက်ဖွယ်မရှိ အပြစ်အတိပြီးသည့် သဘာဝကို သိခွင့် မြင်ခွင့် ရလာကြ၏။ ထိုသို့ သိခွင့် မြင်ခွင့် ရလာကြခြင်းကြောင့် ထိုလောဘ ထိုဒေါသ ထိုမောဟ ကိလေသာတရားအပေါင်းမှ ထွက်မြောက်လိုသည့် စိတ်ဓာတ်များလည်း ကိန်းဝပ် လာနိုင်ပေသည်။ ထိုသို့ ထွက်မြောက်လိုမှုကို နိဿရဏဟု ခေါ်၏။ ထွက်မြောက်လိုသည့်အတွက် ထွက်မြောက်ရာသို့ ပို့ဆောင်ပေးနိုင်သော မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတို့ကို ကျင့်သူ သူတော်ကောင်းများ ဖြစ်လာနိုင်ပေသည်။
ဆန့်ကျင်ဘက်တရားတို့၏ နှိပ်စက်မှုကို ခံနေရသည့် ပုထုဇဉ် ငမိုက်သားဘဝကို စက်ဆုပ်ကြစေလို၏။
ပုထုဇဉ်ဘဝဟူသည် မမြဲသောလားရာဂတိ ရှိသူတို့သာ ဖြစ်ကြသည်။ မိုက်သည့်အခါ မိုက်၍ ကောင်းသည့်အခါ ကောင်းသူများ ဖြစ်သောကြောင့် မြဲသောဂတိ မရှိကြ။ တရားသဖြင့် လုပ်ကိုင်ရှာဖွေ စားသောက်သည့် အခါလည်း ရှိသလို မတရားသဖြင့် လုပ်ကိုင်ရှာဖွေ စားသောက်သည့် အခါလည်း ရှိ၏။ အဖြူအမဲ ကုသိုလ်အကုသိုလ် စသည့် ဆန့်ကျင်ဘက်ကံတို့ကို ထူထောင်တတ်သူများလည်း ဖြစ်ကြသည်။
ဆန့်ကျင်ဘက်တရားတို့၏ နှိပ်စက်မှုမှ သက်သာရာရသည့် အောက်ထစ်ဆုံး သောတာပန် အရိယာသူတော်ကောင်းဘဝကို မြတ်နိုးကြစေလို၏။ ကြိုးစားစေလိုခြင်း ဖြစ်သည်။
သောတာပန် အရိယာသူတော်ကောင်းဘဝဟူသည် မြဲသောလားရာဂတိရှိသော အထက်မဂ်လျှင် လဲလျောင်းရာရှိသော သူတို့သာ ဖြစ်ကြသည်။ တရားသဖြင့် လုပ်ကိုင်ရှာဖွေစားသောက်ခြင်းသာ သူတို့မှာ ရှိတော့သည်။ မတရားသဖြင့် ရှာမှီးခြင်းမည်သည် သူတို့မှာ မရှိတော့။
---ဆန့်ကျင်ဘက်တရားတို့ ချုပ်ငြိမ်းသွားချိန်
နောက်တစ်ဆင့်အနေဖြင့် ကိလေသာထင်ရှားရှိသော ဘဝကို အပြစ်မြင်လျက် ကိလေသာကင်းသော ဘဝကိုသာ အနှစ် မြင်စေလို၏။ ရဟန္တာဖြစ်အောင် ကြိုးစားစေလိုခြင်း ဖြစ်သည်။ ရဟန္တာ မဖြစ်သေးသမျှ တဏှာတုန်လှုပ်ခြင်း ရှိသည်ပင်။ တဏှာတုန်လှုပ်ခြင်းရှိက စိတ်ညှိုးနွမ်းပင်ပန်းကြရ၏။ တဏှာတုန်လှုပ်ခြင်း ကင်းသော ဘဝသည် အဘယ်မျှ ငြိမ်းချမ်းနေမည် တည်ငြိမ်နေမည်ကို မှန်းမျှော် ကြည့်မိ၏။ ချုပ်ဆုံးသော ကိလေသာရှိသည့် ဘဝသည်သာ တောင့်တ အပ်သောဘဝ ဖြစ်သည်။ ချုပ်ဆုံးသော ကိလေသာရှိသူတို့၌ ဆန့်ကျင်ဘက်တရားတို့ ဖြစ်ပေါ်ခွင့် မရကြတော့။ ကုသိုလ်နှင့်အကုသိုလ် အကောင်းနှင့်အဆိုးစသည့် ဆန့်ကျင်ဘက်တရားတို့ တိုက်စစ်ဆင်ရာ စစ်တလင်းနှင့်တူသည့် ခန္ဓာအိမ်လည်း မဟုတ်တော့ပေသည်။
ရဟန္တာဖြစ်ချိန်ဟူသည် အထွတ်အထိပ်ဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်ဉာဏ် ဝိဇ္ဇာဉာဏ်ကို ရရှိချိန်ဖြစ်၍ ဆန့်ကျင်ဘက်တရားတို့၏ တိုက်ခိုက်မှု တိုက်စစ်ဆင်မှု အပြီးတိုင် ချုပ်ငြိမ်းသွားချိန် ဖြစ်သည်။ အကျိုးတစ်စုံတစ်ရာ မရှိတော့သည့် ဘဝတစ်ခုကို တည်ဆောက်ပြီးချိန်လည်း ဖြစ်ပေသည်။
အကျိုးတစ်စုံတစ်ရာ မရှိတော့သည့် ဘဝကို ရရှိခြင်းငှါ ကျင့်ကြံနိုင်သည့် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့သည် သာသနာတော်၌ ထင်ရှားရှိနေသော အခွင့်အလမ်းများသာ ဖြစ်ကြသည်။ ထိုအခွင့်ကို အရယူလျက် ဆန့်ကျင်ဘက်တရားတို့ ချုပ်ငြိမ်းခြင်းငှါ သင်နှင့်အကျွန်ုပ်တို့ ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါစို့။
ဤကောင်းမှုသည် ဆန့်ကျင်ဘက်တရားတို့ ချုပ်ငြိမ်းခြင်း၏ အကြောင်းအထောက်အပံ့သည် ဖြစ်ပါစေသတည်း။
ဤကောင်းမှု၏ အဖို့ဘာဂကို ကွယ်လွန်လေပြီးသူ ခမည်းတော်နှင့် ၃၁-ဘုံ ကျင်လည်ကြကုန်သော သတ္တဝါအပေါင်းတို့အား အမျှ အမျှ အမျှ ပေးဝေပါ၏။
အမျှရ၍
သာဓု သာဓု သာဓု ခေါ်စေသောဝ်။
ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြပါစေ
အရှင်ရေဝတ
စိတ္တလတောင်ကျောင်း - ဖားအောက်တောရ၊
၁၃၆၆-ခု၊ နတ်တော်လဆန်း ၈-ရက်၊
19 . 12 . 2004/
Comments
Post a Comment