Skip to main content

စိတ္တသံယုတ်

စိတ္တသံယုတ်

နိဒါနကထာ - မိတ်ဆက်လွှာ

စိတ်ဓာတ်၏စွမ်းအင်

စိတ္တေန နီယတိ လောကော၊ စိတ္တေန ပရိကဿတိ။

စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ။ (သံ၊၁၊၃၆ - စိတ္တသုတ္တန်။)

စိတ္တေန နီယတီတိ အဘိသင်္ခါရဝိညာဏံ သန္ဓာယာဟ၊ တဏှာသမ္ပယုတ္တံ ဝါ။ (မူလဋီ၊၁၊၆၈။)

စိတ္တေန = အဘိသင်္ခါရဝိညာဏ် - ဟု ခေါ်ဆိုအပ်သော စိတ်သည်။ လောကော = သတ္တဝါအပေါင်းကို။ နီယတိ = ဆောင်အပ်၏။ စိတ္တေန = အဘိသင်္ခါရဝိညာဏ် - ဟု ခေါ်ဆိုအပ်သော စိတ်သည်။ လောကော = သတ္တဝါအပေါင်းကို။ ပရိကဿတိ = ဆွဲငင်အပ်၏။ သဗ္ဗေဝ = ခပ်သိမ်းဥဿုံ အလုံးစုံသော သတ္တဝါတို့သည်သာလျှင်။ စိတ္တဿ = အဘိသင်္ခါရဝိညာဏ် အမည်ရသော စိတ်ဟူသော။ ဧကဓမ္မဿ = တစ်ခုတည်းသော တရား၏။ ဝသံ = အလိုသို့။ အနွဂူ = အစဉ်တစိုက် လိုက်ပါကြရကုန်၏။

ဘဝသစ် တစ်ခုကို ဖြစ်ပေါ်လာအောင် ပြုပြင်ဖန်တီးပေးတတ်သော ကုသိုလ်ဝိညာဏ် အကုသိုလ်ဝိညာဏ်များကို အဘိသင်္ခါရဝိညာဏ်ဟု ခေါ်ဆို ၏။ အလိုရမ္မက် မကြီးခြင်း မတပ်မက်တတ်ခြင်းဆိုသည့် အလောဘဓာတ်၊ စိတ်မခက်ထန် မကြမ်းတမ်းခြင်း (= နူးညံ့သိမ်မွေ့ခြင်း) ဆိုသည့် အဒေါသ မေတ္တာဓာတ်၊ သစ္စာလေးရပ် တရားမြတ်ကို မတွေမဝေ သိခြင်းဆိုသည့် အမောဟဓာတ် - ဤ အလောဘဓာတ် အဒေါသဓာတ် အမောဟဓာတ် တို့နှင့် ယှဉ်တွဲနေသောဝိညာဏ်ကား ကုသိုလ်အဘိသင်္ခါရဝိညာဏ်တည်း။

သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုအပေါ်၌ တွယ်တာမက်မောခြင်း တပ် မက်ခြင်းဆိုသည့် လောဘဓာတ်၊ စိတ်ဓာတ် ခက်ထန်ကြမ်းကြုတ်ခြင်း သတ္တဝါ သင်္ခါရတွေကို ဖျက်ဆီးလိုခြင်းဆိုသည့် ဒေါသဓာတ်၊ သစ္စာလေးချက် သဘော နက်ကို အမှန်အတိုင်း ထိုးထွင်းမသိခြင်း တွေဝေခြင်း, အမှန်ကို မသိတဲ့ အတွက် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ လယ် ယာ ရွှေ ငွေ စသည်ဖြင့် ပြောင်းပြန်လှန်ကာ အသိမှားနေခြင်းဆိုသည့် မောဟဓာတ် - ဤ လောဘ ဓာတ် ဒေါသဓာတ် မောဟဓာတ်တို့နှင့် ယှဉ်တွဲနေသော ဝိညာဏ်ကား အကုသိုလ်အဘိသင်္ခါရဝိညာဏ်တည်း။

အလောဘဓာတ် အဒေါသဓာတ် အမောဟဓာတ်တို့နှင့် ယှဉ်တွဲနေသော ကုသိုလ်အဘိသင်္ခါရဝိညာဏ် အမည်ရသော စိတ်ဓာတ်ကား သတ္တဝါတစ်ဦး ကို အထက်တန်းကျ မျက်နှာပန်းလှသည့် လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝ ဆိုသည့် ထိုထိုဘုံဘဝသို့ ရောက်အောင်, နိဗ္ဗာန်ဆိုသည့် သံသရာထိုမှာဘက် ကမ်းသို့ ရောက်ရှိသည့်တိုင်အောင် တစ်ဘဝထက်တစ်ဘဝ တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက်မြင့် ရင့်သထက်ရင့် မြတ်သထက်မြတ်အောင် ဆွဲဆောင် သွားနိုင်သော စွမ်းအားရှိ၏။

အလားတူပင် လောဘ-ဒေါသ-မောဟ-မာန်မာန-ဣဿာ-မစ္ဆရိယ စသည့် ယုတ်ညံ့သောဓာတ်တို့နှင့် ယှဉ်တွဲနေသည့် အကုသိုလ် အဘိသင်္ခါရ ဝိညာဏ်အမည်ရသော စိတ်ဓာတ်ကလည်း သတ္တဝါတစ်ဦးကို အဝီစိငရဲသို့ တိုင်အောင်ပင် တစ်ဘဝထက်တစ်ဘဝ တစ်ဆင့်ထက်တစ်ဆင့် နိမ့်သထက် နိမ့် ညံ့သထက်ညံ့ ဖျင်းသထက်ဖျင်း အသထက်အ နသထက်နအောင် ပြန်လည်၍ ဆွဲခေါ်သွားနိုင်သော စွမ်းအားရှိ၏။

ကုသိုလ်အဘိသင်္ခါရဝိညာဏ် အကုသိုလ်အဘိသင်္ခါရဝိညာဏ်ဟူသည့် ထိုစိတ်ဓာတ်များသည် သတ္တဝါတစ်ဦးကို ထိုထိုဘုံဘဝမှ မကျွတ်အောင် မလွတ်အောင် ရုန်းမထွက်နိုင်အောင် ဆွဲငင်ထားနိုင်သော စွမ်းအားလည်း ရှိကြ၏။

သံသရာတစ်ခွင်ဝယ် ကျင်လည်နေကြရသော သတ္တဝါအားလုံးတို့သည် ကား ကုသိုလ်အဘိသင်္ခါရဝိညာဏ် အကုသိုလ်အဘိသင်္ခါရဝိညာဏ်အမည် ရသော စိတ်ဓာတ်ဟူသည့် တစ်ခုတည်းသော တရားဓမ္မ၏ အလိုနိုင်ငံသို့ လိုက်ပါ၍ နေကြရပေ၏။ (သံ၊၁၊၃၆ - စိတ္တသုတ္တန်။)

မိမိတို့၏စိတ်ကို ဤသို့ ဆင်ခြင်ပေးပါ

ရဟန်းတို့ ... ထိုကြောင့် ဤသာသနာတော်မြတ်အတွင်း၌ သင်တို့ တစ်တွေသည် - နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလ ပတ်လုံး ဤ ငါတို့၏စိတ်သည် ရာဂကြောင့် ဒေါသကြောင့် မောဟကြောင့် ညစ်နွမ်း၍ နေရပေ၏ - ဟု မိမိ၏ စိတ်ကို မကြာခဏ အမြဲမပြတ် ဆင်ခြင် ပေးပါ။ ရဟန်းတို့ ... စိတ်ဓာတ်ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏၊ ပင်ပန်းကြရကုန်၏၊ ဆင်းရဲကြရကုန်၏။ စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် ဖြူစင်သန့်ရှင်းကြရကုန်၏။ (သံ၊၂၊၁၂၃ - ဂဒ္ဒုလဗဒ္ဓသုတ်။)

ဤသို့ အမြဲမပြတ် မကြာခဏ ဆင်ခြင်စေလိုခြင်း၏ ရည်ရွယ်တော် မူချက်မှာ ဤသို့ဖြစ်၏။ စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်း၏ အကြောင်းရင်းစစ် ဧကန်ဖြစ်သော သမထ-ဝိပဿနာ ဘာဝနာတို့ကို - အရိုးကြွင်းစေ, အရေ ကြွင်းစေ, အကြောကြွင်းစေ, အသား-အသွေးတွေ အကုန်ခန်းခြောက်ချင် ခန်းခြောက်ပါစေ၊ ယောက်ျားမြတ်တို့၏ ဇွဲလုံ့လဝီရိယ, မိန်းမမြတ်တို့၏ ဇွဲလုံ့လ ဝီရိယဖြင့် ရရှိနိုင် ရောက်ရှိနိုင်သည့် ပန်းတိုင်သို့ မရောက်မချင်း ဝီရိယ၏ ရပ်တန့်ထားခြင်းမည်သည် ဘယ်တော့မျှ မဖြစ်စေရ - ဟု ဤကဲ့သို့ အင်္ဂါ လေးပါးရှိသော ဝီရိယဖြင့် အပတ်တကုတ် ကျင့်ကြံပွားများ အားထုတ်စေ တော်မူလိုသော ရည်ရွယ်ချက်ပင် ဖြစ်၏။ ဤသို့ အမြဲမပြတ် မကြာခဏ ဆင်ခြင်ခြင်းသည် စိတ်ဓာတ်ကို ညစ်နွမ်းစေတတ်သည့် ရာဂ-ဒေါသ-မောဟ တို့ ဦးဆောင်လျက်ရှိသည့် အကုသိုလ် အယုတ်တရားတို့၏ အခြေစိုက်ရာ အာရုံဖြစ်ကြသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို လက္ခဏာရေးသုံးတန်သို့ တင် ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော စိတ်ဓာတ်များ တဖွားဖွား ဖြစ်ပေါ်လာရေးအတွက် အလွန်အားကောင်းသော အထောက်အပံ့ကောင်း ကြီးတစ်ခု တွန်းအားကြီးတစ်ခုပင် ဖြစ်သည်။

စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးပါ

ဤသို့ ဆင်ခြင်လျက် မိမိတို့၏ စိတ်ဓာတ်ကို မိမိတို့ကိုယ်တိုင် ပြုပြင် ပြောင်းလဲပေးပါ။

၁။ နိယမိတ -- ငါသည် ကုသိုလ်ကိုသာ ပြုလုပ်ရမည်ဟု ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာသည့် ထိုထိုကုသိုလ်ကို ပြုလုပ်ခြင်း၌ မိမိ၏ စိတ်ကို အမြဲသတ်မှတ်ထားပါ။

၂။ ပရိဏာမိတ -- လောဘ-ဒေါသ-မောဟ-မာန်မာန-ဣဿာ-မစ္ဆရိယ စသည့် အကုသိုလ်တရားဆိုးတို့ ဖြစ်ပေါ်လာခြင်းမှ စိတ်ကို ဆုတ်နစ် စေလျက် ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာသည့် ကုသိုလ်တို့ကို ပြုလုပ်ခြင်း၌ မိမိ၏စိတ်ကို အမြဲတမ်း ညွတ်ကိုင်းရှိုင်းထားပါ။

၃။ သမုဒါစာရ -- ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာသည့် ကုသိုလ် တရားတို့ကို အမြဲမပြတ် ပြုလုပ်ခြင်းဖြင့် ကုသိုလ်တရားတို့၌သာလျှင် မိမိ၏စိတ်ကို အလေ့အကျင့်များအောင် ပြုလုပ်ပေးပါ။

၄။ အာဘုဇိတ --

(က) သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သည့် ပတိရူပဒေသအရပ်၌သာ နေထိုင်ပါ။

( ခ ) သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ပါ။

( ဂ ) သူတော်ကောင်းတရားကို နာကြားပါ။

(ဃ) အရိယမဂ်၏ ရှေ့အဖို့၌ ဖြည့်ကျင့်ရမည့် ငါးပါးသီလမှစ၍ ကျင့်ဝတ် ပဋိပတ် ဟူသမျှကို ဖြည့်ကျင့်ပါ။

(င) ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် အကြောင်းတရားနှင့် တကွသော ဥပါဒါနက္ခန္ဓာငါးပါး (= ရုပ်နာမ်)တရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသုဘဟု တွင်တွင်ကြီး ဝိပဿနာရှုနေပါ၊ နှလုံးသွင်းနေပါ။

ဤသို့ နှလုံးသွင်းနေပါက အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သည့် မည်သည့်ဣဋ္ဌာရုံနှင့်ပင် တွေ့ကြုံရသည်ဖြစ်စေ, အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သည့် မည်သည့်အနိဋ္ဌာရုံနှင့်ပင် တွေ့ကြုံရသည်ဖြစ်စေ တုန် လှုပ်မှု မရှိတော့ဘဲ ကုသိုလ်သာ အမြဲတမ်း ဖြစ်နေတော့မည် ဖြစ်သည်။

ဤသို့လျှင် မိမိ၏ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးပါ။ ဤသို့ ပြုပြင် ပြောင်းလဲပေးပါက စိတ်ဓာတ်သည် တဖြည်းဖြည်း ဖြူစင်သန့်ရှင်းလာမည် သာ ဖြစ်ပေသည်။ တစ်စတစ်စ ဖြူစင်သန့်ရှင်းလာသော ထိုစိတ်ဓာတ်က ထိုသူတော်ကောင်း၏ဘဝကို တစ်ဘဝထက်တစ်ဘဝ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့် မြတ်သထက်မြတ် နတ်ထက်နတ် ဗြဟ္မာထက်ဗြဟ္မာ ဖြစ် အောင် မြှင့်တင်ပေးမည်သာ ဖြစ်ပေသည်။ အကယ်၍ ထိုသူတော်ကောင်း၏ စိတ်ဓာတ်သည် အရဟတ္တမဂ်ရေစင်ဖြင့် ဖြူစင်အောင် အပြီးတိုင် ဆေးကြော သုတ်သင်နိုင်သောအဆင့်သို့ ရောက်ရှိသွားသဖြင့် လုံးလုံးကြီး ဖြူစင်သန့်ရှင်း သွားပါက သံသရာဝဋ်ဒုက္ခမီးပုံကြီးလည်း အပြီးတိုင် အငြိမ်းကြီး ငြိမ်းသွားပြီ သာ ဖြစ်ပေသည်။

ထိုသို့ သံသရာဝဋ်ဒုက္ခမီးပုံကြီး အပြီးတိုင် အငြိမ်းကြီးငြိမ်း၍ အအေးကြီး အေးရာဖြစ်သည့် နိဗ္ဗာနဓာတ်သို့ ဆိုက်ရောက်ရန်အတွက် ကျင့်ရမည့် ကျင့် စဉ်မှာ - ဒုက္ခနိရောဓဂါမိနိပဋိပဒါ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဟု ခေါ်ဆိုအပ်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားပင် ဖြစ်ပေ သည်။

၁။ သမ္မာဝါစာ-သမ္မာကမ္မန္တ-သမ္မာအာဇီဝဟူသည့် သီလမဂ္ဂင် သုံးပါးကို ခရုသင်းပွတ်သစ်နှင့်အတူ ဖြူစင်အောင် ဖြည့်ကျင့်ပါ။

၂။ သမ္မာဝါယာမ-သမ္မာသတိ-သမ္မာသမာဓိဟူသည့် သမာဓိမဂ္ဂင် သုံးပါးကို ဝိပဿနာ၏ အခြေပါဒက ဖြစ်နိုင်လောက်အောင် စံချိန်မီအောင် ထူ ထောင်ပါ။

၃။ သမ္မာဒိဋ္ဌိ-သမ္မာသင်္ကပ္ပဟူသော ပညာမဂ္ဂင် နှစ်ပါးကို ပြည့်စုံအောင် ဖြည့် ကျင့်ပါ။

သမ္မာဒိဋ္ဌိဟူသည် အဘယ်နည်း

ရဟန်းတို့ ...သမ္မာဒိဋ္ဌိဟူသည် အဘယ်နည်း? ရဟန်းတို့ ...

၁။ ဒုက္ခသစ္စာ၌ သိသောဉာဏ်,

၂။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ သိသောဉာဏ်,

၃။ ဒုက္ခချုပ်ရာချုပ်ကြောင်း နိရောဓသစ္စာ၌ သိသောဉာဏ်,

၄။ ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်းကျင့်စဉ်၌ သိသောဉာဏ်သည် ရှိ၏။

ရဟန်းတို့ ...ဤ စတုသစ္စဉာဏ်ကို သမ္မာဒိဋ္ဌိဟူ၍ ခေါ်ဆိုအပ်၏။ (မ၊၁၊၈၈။)

ဤမဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်နှင့်အညီ သစ္စာလေးပါးကို ထိုးထွင်းသိတတ်သည့် စတုသစ္စဉာဏ်သည် သမ္မာဒိဋ္ဌိ မည်ရကား ယောဂါ ဝစရပုဂ္ဂိုလ်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်လိုပါက သီလတည်း ဟူသော မြေပေါ်၌ ရပ်တည်ကာ သမာဓိတည်းဟူသော မြတ်သော ကျောက် ဖျာထက်၌ စတုသစ္စဉာဏ်တည်းဟူသော သန်လျက်ကို မြမြထက်အောင် သွေးရမည်ဖြစ်သည်၊ စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို ရရှိအောင် ကြိုးပမ်းရမည် ဖြစ်သည်။ အောက်ပါ ကူဋာဂါရသုတ္တန်ကို ဖတ်ရှုကြည့်ပါ။

ကူဋာဂါရသုတ္တန်

ရဟန်းတို့ ...ပုဂ္ဂိုလ်တစ်ဦးက - ငါသည် --

၁။ ဒုက္ခအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ,

၂။ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာ ဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ,

၃။ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ,

၄။ ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယ သစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်မသိဘဲ --

ကောင်းမွန်စွာ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးကို ပြုပေအံ့ - ဟု ပြောဆိုလာသည် ဖြစ်ငြားအံ့၊ ဤကဲ့သို့ ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းသည် မရှိသည်သာတည်း။

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား- ပုဂ္ဂိုလ်တစ်ယောက်က - ငါသည် -- ပြာသာဒ်ဆောင် ပေါက်သော အိမ်၏ (အုတ်မြစ်, တိုင်, နံရံ စသည့်) အောက်ပိုင်းအဆောက်အဦကို မဆောက် လုပ်သေးဘဲ (ပြာသာဒ်ဆောင်အထွဋ်ဟူသည့်) အထက်ပိုင်းအဆောက်အဦ ကို တင်အံ့ဟု ပြောဆိုလာငြားအံ့၊ ဤကဲ့သို့ ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာ သော အကြောင်းသည် မရှိသည်သာတည်း။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် ပုဂ္ဂိုလ်တစ်ယောက်က ငါသည်-

၁။ ဒုက္ခအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ,

၂။ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာ ဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ,

၃။ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ,

၄။ ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယ သစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်မသိဘဲ --

ကောင်းမွန်စွာ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးကို ပြုပေအံ့ဟု ပြော ဆိုလာသည် ဖြစ်ငြားအံ့၊ ဤကဲ့သို့ ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းသည် မရှိသည်သာတည်း။

ရဟန်းတို့ ...ပုဂ္ဂိုလ်တစ်ယောက်က ငါသည် --

၁။ ဒုက္ခအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍,

၂။ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာ ဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍,

၃။ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍,

၄။ ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်သည့် မဂ္ဂအရိယ သစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍ --

ကောင်းမွန်စွာ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးကို ပြုပေအံ့ဟု ပြော ဆိုလာသည် ဖြစ်ငြားအံ့၊ ဤကဲ့သို့ ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းသည် ရှိသည်သာတည်း။

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား- ပုဂ္ဂိုလ်တစ်ယောက်က - ငါသည် -- ပြာသာဒ်ဆောင် ပေါက်သော အိမ်၏ (အုတ်မြစ်, တိုင်, နံရံစသည့်) အောက်ပိုင်းအဆောက်အဦကို ဆောက်လုပ်ပြီးမှ (ပြာသာဒ်ဆောင်အထွဋ်ဟူသည့်) အထက်ပိုင်းအဆောက်အဦကို တင်ပေအံ့ ဟု ပြောဆိုလာသည် ဖြစ်ငြားအံ့၊ ဤကဲ့သို့ ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာ သော အကြောင်းသည် ရှိသည်သာတည်း။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် ပုဂ္ဂိုလ်တစ်ယောက်က ငါသည်-

၁။ ဒုက္ခအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍,

၂။ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာ ဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍,

၃။ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍,

၄။ ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်သည့် မဂ္ဂအရိယ သစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍ --

ကောင်းမွန်စွာ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးကိုပြုပေအံ့ ဟု ပြော ဆိုလာသည် ဖြစ်ငြားအံ့၊ ဤကဲ့သို့ ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းသည် ရှိသည်သာတည်း။

ရဟန်းတို့ ...ထိုကြောင့် ဤသာသနာတော်၌ သင်တို့တစ်တွေသည်-

၁။ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ် ပါ။

၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု သိ အောင် ကြိုးစားအားထုတ်ပါ။

၃။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ။

၄။ ဤကား ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယ သစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ။ --

ဤသို့ ဟောကြားတော်မူ၏။ (သံ၊၃၊၃၉၄-၃၉၅ - ကူဋာဂါရသုတ္တန်။)

ယခု စာဖတ်သူ၏ လက်ဝယ်ရောက်ရှိနေသော ဤကျမ်းစာအုပ်၌ကား ထိုသစ္စာ (၄)ပါးတို့ကို ထိုးထွင်းသိရန် ကျင့်စဉ်အရပ်ရပ်တို့ကို အကျဉ်းချုပ်ကာ တင်ပြထားပါသည်။ ထိုကျင့်စဉ်တို့ကား မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ပင် ဖြစ်ကြသည်။ သမာဓိထူထောင်ပုံ အပိုင်းတွင် ဓာတ်ကမ္မဋ္ဌာန်းဖြင့် သမာဓိ ထူထောင်ပုံကို အခြေခံကာ ထိုဓာတုမနသိကာရ ဥပစာရသမာဓိမှတစ်ဆင့် (၃၂)ကောဋ္ဌာသ ရှုပုံတို့ကိုလည်းကောင်း, ထို (၃၂)ကောဋ္ဌာသတို့မှ အရောင် ကသိုဏ်း (၄)ပါး သမာပတ် (၈)ပါး ကျင့်စဉ်တို့ကိုလည်းကောင်း, ထိုသမာဓိ တို့ကို အခြေခံ၍ ကြွင်းကသိုဏ်းတို့နှင့်တကွ ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါး ကျင့်စဉ်တို့ကိုလည်းကောင်း အကျဉ်းချုပ်ကာ ရေးသားတင်ပြထားပါ သည်။

ဝိပဿနာကျင့်စဉ်ပိုင်းတွင်ကား ဒုက္ခသစ္စာအမည်ရသည့် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို သိအောင် ကျင့်စဉ် အရပ်ရပ်ကိုလည်းကောင်း၊ သမုဒယသစ္စာ အမည်ရသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသည့် အကြောင်းတရား တို့ကြောင့် အကျိုး ဒုက္ခသစ္စာတရား ခန္ဓာငါးပါးတို့ ဖြစ်ပေါ်လာပုံကို သိအောင် ကျင့်ရမည့် ကျင့်စဉ်အရပ်ရပ်ကိုလည်းကောင်း၊ လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်သည့် နိရောဓသစ္စာ, လောကုတ္တရာအရိယမဂ်ဉာဏ်ဖြင့် ထိုးထွင်းသိအပ်သည့် လောကုတ္တရာနိရောဓသစ္စာ, လောကီမဂ္ဂသစ္စာ, လော ကုတ္တရာမဂ္ဂသစ္စာတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကျင့်ရမည့် ကျင့်စဉ်အရပ်ရပ်တို့ကိုလည်းကောင်း ရေးသားတင်ပြထားပါသည်။

သို့သော် ဤအရိယသစ္စာလေးပါးကို ထိုးထွင်းသိအောင် ကျင့်ခွင့်ရရှိနိုင် သည့် လူ့ဘဝကို ရရှိရန်လည်း ခဲယဉ်းလှ၏။ အလားတူပင် ဘုရားရှင်တို့ ပွင့်ထွန်းတော်မူလာခြင်း၊ ဘုရားရှင်တို့ ဟောကြားတော်မူအပ်သည့် ဓမ္မဝိနယ သာသနာတော်၏ ထွန်းလင်းတောက်ပခြင်း၊ သာသနာတော်၌ ယုံကြည်သက် ဝင်တည်နေသည့် သဒ္ဓါတရားရှိခြင်း၊ သစ္စာလေးပါး မြတ်တရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်အောင် သွန်သင် ပြသဆိုဆုံးမပေးမည့် ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်း တို့ကို ဆည်းကပ်ခွင့် ရရှိခြင်း၊ တရားနှင့်လျော်စွာ ကျင့်ခြင်း အစရှိသည့် ဤ အခွင့်အရေးတို့ကား အလွန်ရခဲသော အခွင့်အရေးတို့ပင် ဖြစ်ကြ၏။ အောက်ပါ ဆိဂ္ဂဠယုဂသုတ္တန် နှစ်ခုတို့ကို ဖတ်ရှုကြည့်ပါ။

ပထမဆိဂ္ဂဠယုဂသုတ်

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား- ယောက်ျားတစ်ယောက်သည် မဟာသမုဒြာ၌ အပေါက်တစ်ခုသာရှိသော ထမ်းပိုးကို ပစ်ချလေရာ၏။ ထိုသမုဒြာ၌လည်း မျက်စိကာဏ်းနေသော လိပ် တစ်ကောင်သည် ရှိလေရာ၏။ ထိုလိပ်သည် အနှစ်တစ်ရာ အနှစ်တရာ ကုန် လွန်သောအခါ၌ ရေမျက်နှာပြင်ပေါ်သို့ တစ်ကြိမ် တစ်ကြိမ် ပေါ်လာလေရာ ၏။

ရဟန်းတို့ ...ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း? စင်စစ် အားဖြင့် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ၌ ရေမျက်နှာပြင် ပေါ်သို့ တစ်ကြိမ် တစ်ကြိမ် ပေါ်လာသော လိပ်ကာဏ်းသည် အပေါက်တစ်ခု သာရှိသော ထမ်းပိုး၌ လည်ပင်း စွပ်နိုင်ရာသလောဟု မေးတော်မူ၏။

အရှင်ဘုရား ...ရှည်ကြာသောကာလ ကုန်လွန်သည်ရှိသော် တစ်ခါ တစ်ရံ စွပ်နိုင်ကောင်းတန်ရာပါ၏ဟု လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ ရေမျက် နှာပြင်ပေါ်သို့ တစ်ကြိမ် တစ်ကြိမ် ပေါ်လာသော ထိုလိပ်ကာဏ်းသည် ဤ အပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်း စွပ်မိနိုင်ခြင်းက ပို၍ မြန်ရာ သေး၏။ တစ်ကြိမ်မျှ အပါယ်သို့ ပျက်စီးကျရောက်သွားသော လူမိုက်သည် လူအဖြစ်ကို တစ်ဖန်ပြန်ရရှိရန် မလွယ်ကူတော့ချေဟု ငါဘုရား ဟောတော် မူ၏။

ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း? ရဟန်းတို့ ...ဤ အပါယ်ဘုံ၌ တရားနှင့်အညီကျင့်ခြင်း မျှမျှတတကျင့်ခြင်း ကောင်းမှုကုသိုလ် ကို ပြုကျင့်ခြင်းမည်သည် မရှိဖြစ်ခဲ့၏။ အချင်းချင်း စားခြင်း, အားကြီးသူက အားနည်းသူကို စားခြင်းသည်သာ ဤအပါယ်ဘုံ၌ ဖြစ်ပေါ်နေ၏။

ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ ...အရိယသစ္စာ လေးပါးတို့ကို မသိမမြင်ခြင်းကြောင့်တည်း။ အဘယ်လေးပါးတို့နည်းဟူမူ - ဒုက္ခအရိယသစ္စာ, ဒုက္ခသမုဒယအရိယသစ္စာ, ဒုက္ခနိရောဓအရိယသစ္စာ, ဒုက္ခ နိရောဓဂါမိနိပဋိပဒါအရိယသစ္စာ (= ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာ) တို့ပင်တည်း။

ရဟန်းတို့ ...ထိုကြောင့် ဤသာသနာတော်၌ သင်တို့တစ်တွေသည်- ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ၊ ဤကား ဒုက္ခသမုဒယအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစား အားထုတ်ပါ၊ ဤကား ဒုက္ခနိရောဓအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ၊ ဤကား ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ။ (သံ၊၃၊၃၉၇။)

ဒုတိယဆိဂ္ဂဠယုဂသုတ်

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား- ဤမဟာပထဝီမြေကြီးသည် ရေတစ်ပြင်တည်း ဖြစ်ကောင်းဖြစ်လေရာ၏ (ဖြစ်သည်ဆိုကြစို့)။ ထိုရေအပြင်၌ ယောက်ျားတစ်ယောက်သည် အပေါက် တစ်ခုသာ ရှိသော ထမ်းပိုးကို ပစ်ချလေရာ၏။ ထိုထမ်းပိုးကို အရှေ့လေသည် အနောက်သို့ တိုက်ခတ်ဆောင်ယူသွားလေရာ၏။ အနောက်လေသည် အရှေ့ သို့ တိုက်ခတ်ဆောင်ယူသွားလေရာ၏။ မြောက်လေသည် တောင်သို့ တိုက် ခတ်ဆောင်ယူသွားလေရာ၏။ တောင်လေသည် မြောက်သို့ တိုက်ခတ်ဆောင် ယူသွားလေရာ၏။ ထိုရေအပြင်၌ မျက်စိကာဏ်းနေသော လိပ်တစ်ကောင် သည် ရှိလေရာ၏။ ထိုလိပ်ကာဏ်းသည် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန် လွန်သောအခါ ရေမျက်နှာပြင်ပေါ်သို့ တစ်ကြိမ် တစ်ကြိမ် ပေါ်လာလေရာ၏။

ရဟန်းတို့ ...ထိုအရာကို အသို့မှတ်ထင်ကုန်သနည်း? စင်စစ်အားဖြင့် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ ရေမျက်နှာပြင်ပေါ်သို့ တစ် ကြိမ် တစ်ကြိမ်သာ ပေါ်လာသော ထိုလိပ်ကာဏ်းသည် ဤအပေါက်တစ်ခု သာရှိသော ထမ်းပိုး၌ လည်ပင်း စွပ်မိနိုင်ရာသလောဟု မေးတော်မူ၏။

အရှင်ဘုရား ...အနှစ်တစ်ရာ ကုန်လွန်သောအခါ ရေမျက်နှာပြင်ပေါ် သို့ တစ်ကြိမ်တစ်ခါသာ ပေါ်လာသော ထိုလိပ်ကာဏ်းသည် ဤအပေါက် တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်းစွပ်မိနိုင်မှုသည် အကြောင်းညီညွတ်မှ ဖြစ်နိုင်ရာပါ၏ဟု လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...ဤဥပမာအတူပင် လူအဖြစ်ကိုရခြင်းသည် အကြောင်း ညီညွတ်မှ ဖြစ်နိုင်၏။ ရဟန်းတို့ ...ဤဥပမာအတူပင် လောက၌ ပူဇော် အထူးကို ခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို ကိုယ်တိုင် မှန်စွာ သိတော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ ပွင့်ထွန်းပေါ်ပေါက်တော်မူလာ ခြင်းသည် အကြောင်းညီညွတ်မှ ဖြစ်နိုင်၏။ ရဟန်းတို့ ...လောက၌ မြတ်စွာ ဘုရား ဟောကြားတော်မူသော ဓမ္မဝိနယ သာသနာတော်၏ ထွန်းလင်း တောက်ပခြင်းသည် အကြောင်းညီညွတ်မှ ဖြစ်နိုင်၏။

ရဟန်းတို့ ...ထိုလူသားတစ်ဦးသည် ဤကဲ့သို့ခဲယဉ်းသော လူ့အဖြစ် ကိုလည်း ရရှိနေ၏။ လောက၌ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို ကိုယ်တိုင် မှန်စွာသိတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်လည်း ပွင့်ထွန်းပေါ်ပေါက်တော်မူလာ၏။ လောက၌ မြတ်စွာ ဘုရားဟောကြားတော်မူသော ဓမ္မဝိနယ သာသနာတော်သည်လည်း ထွန်း လင်း တောက်ပလျက် ရှိနေ၏။

ရဟန်းတို့ ...ထိုကြောင့် ဤသာသနာတော်၌ သင်တို့တစ်တွေသည်- ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ၊ ဤကား ဒုက္ခသမုဒယအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစား အားထုတ်ပါ၊ ဤကား ဒုက္ခနိရောဓအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ၊ ဤကား ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ။ (သံ၊၃၊၃၉၈။)

ဤဒေသနာတော်များကို ဦးထိပ်ရွက်ပန်ဆင်လျက် ယောဂီပုဂ္ဂိုလ်တစ်ဦး အနေဖြင့် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထွင်းဖောက်သိမြင်အောင် မည်သို့မည်ပုံ ကျင့်ရမည်ဟူသော ကျင့်စဉ်အရပ်ရပ်တို့ကို အကျဉ်းချုပ်ကာ ဤကျမ်းစာငယ်၌ ရေးသားတင်ပြထားပါသည်။ ထိုသို့ ရေးသားတင်ပြရာ၌ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးကို စံနမူနာထားကာ ကျင့်စဉ်အရပ်ရပ် တို့ကို ညွှန်ပြထားပါသည်။ ဤကျမ်းစာ၌ ရေးသားထားသော အကြောင်း အရာတို့မှာ စိတ္တသံယုတ်၌လာရှိသော အကြောင်းအရာတို့ကို ဦးတည်ကာ ထိုထို ပါဠိတော်-အဋ္ဌကထာ-ဋီကာတို့မှ ကောက်နုတ်ချက်အချို့တို့ကိုပါ ထည့်သွင်းကာ တင်ပြထားပါသည်။ စိတ္တသူကြွယ်ကျောင်းဒါယကာကြီးနှင့် ဆက်စပ်နေသည့် အကြောင်းအရာများကို မော်လမြိုင်တက္ကသိုလ် ဓမ္မာရုံတွင် လည်းကောင်း, မော်လမြိုင်မြို့ မောင်ငံရပ်တွင်လည်းကောင်း, ဖားအောက် တောရတွင်လည်းကောင်း, ထိုထိုနေရာတို့တွင်လည်းကောင်း ဓမ္မပူဇာအဖြစ် အကြိမ်များစွာ ဟောခဲ့ဖူး၏။ ယင်းသို့ ဟောကြားထားသော တရားအရပ်ရပ် တို့ကို စုပေါင်းကာ စာအုပ်အသွင်ဖြင့် ပြင်ဆင်ဖြည့်စွက်ကာ တင်ပြထားပါ သည်။ တရားနာယူသူတို့၏ ဆန္ဒအရ တရားဟောနေသည့် အသွင်ဖြင့်သာ ရေးသားထားပါသည်။

အသင်သူတော်ကောင်း အပေါင်းတို့သည်လည်း ..

စိတ္တသူကြွယ် ကျောင်းဒါယကာကြီး၏ ကျင့်စဉ်အရပ်ရပ်တို့ကို ကြည်ညို သဒ္ဓါ တိုးပွားကာဖြင့် အတုယူကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင် ကြပါစေသောဝ် ...။ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသဖြင့် စိတ္တ သူကြွယ် ကျောင်းဒါယကာကြီးကဲ့သို့ သစ္စာလေးရပ် တရားမြတ်ကို ဝိပဿနာ ဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်နိုင်ကြပါစေသောဝ် ...။

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း၊

ဖားအောက်တောရစင်္ကြံကျောင်းအုပ်စု၊

သာသနာတော်သက္ကရာဇ် - ၂၅၄၆-ခု၊

ကောဇာသက္ကရာဇ် - ၁၃၆၄-ခု၊ ကဆုန်လပြည့်ကျော် (၉)ရက်၊ ဗုဒ္ဓဟူးနေ့။

___________

နွေလဖွဲ့ဂါထာ

ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊

ဂိမှာနမာသေ ပဌမသ္မိံ ဂိမှေ။

တထူပမံ ဓမ္မဝရံ အဒေသယိ၊

နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ (ခု၊၁၊၇၊ ခု၊၁၊၃၁၄ - ရတနသုတ်။)

ဂိမှာနံ = နွေလတို့၏။

ပဌမသ္မိံ ဂိမှေ = ရှေးဦးအစ နွေလဖြစ်သော။

မာသေ = စိတြမာသ တန်ခူးလ၌။

ဖုဿိတဂ္ဂေ = ပင်လုံးကျွတ်ပွင့်သော ခက်ဖျားစုံရှိသော။

ဝနပ္ပဂုမ္ဗေ = တောအုပ်သည်။

သသိရီကော ယထာ = အသရေ ရှိလှဘိသကဲ့သို့။

တထူပမံ = အနက်သဒ္ဒါ ပန်းစုံစွာဖြင့် ဝေဆာပြန့်ပြော ထိုတော အုပ်လျှင် ပုံပမာရှိသော။

နိဗ္ဗာနဂါမိံ = အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းဖြစ်သော။

ဓမ္မဝရံ = သုံးပုံပိဋကတ် တရားမြတ်ဒေသနာတော်ကို။

ပရမံ ဟိတာယ = လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်း ဟူသော အမြတ်ဆုံး အကျိုးစီးပွားချမ်းသာအလို့ငှာ။

အဒေသယိ = ကရုဏာ ရှေ့သွား မေတ္တာထား၍ ဟောကြားတော် မူအပ်ခဲ့လေပြီ။

ဗုဒ္ဓေ = သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား၌။

ဣဒမ္ပိ ရတနံ = ဤ မြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အ- ကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည် လည်း။

ပဏီတံ = ထူးမြတ်တော်မူလှပါပေ၏။

ဧတေန သစ္စေန = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။

တုမှာကံ = သင်တရားနာပရိသတ်အပေါင်း သူတော်ကောင်း တို့အား။ ဝါ၊

ပါဏီနံ = အပေါင်းများစွာ သတ္တဝါတို့အား။

သုဝတ္ထိ = ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။

ဟောတု = မုချမသွေဖြစ်ပါစေသတည်း။ ။ (သာဓု သာဓု သာဓု)

နွေလအခါ ပင်လုံးကျွတ် ပွင့်နေတဲ့ ခက်ဖျားစုံရှိတဲ့ တောအုပ်ကြီးဟာ အသရေရှိသကဲ့သို့ ဘုရားဟောဒေသနာ ပိဋကတ်သုံးပုံဆိုတဲ့ တောအုပ်ကြီး ကလည်း အနက်-သဒ္ဒါ ခေါ်တဲ့ ပန်းတွေဖြင့် ဝေဆာပြန့်ပြောပြီး အလွန် ကျက်သရေ ရှိတယ်။ ထိုပိဋကတ်သုံးရပ် တရားမြတ်ဒေသနာတော်ကို ဘုရား ရှင်သည် ကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့ရဲ့ နိဗ္ဗာနဓာတ်လို့ ခေါ်ဆိုအပ်တဲ့ အမြတ်ဆုံး အကျိုးစီးပွားချမ်းသာအလို့ငှာ ဟောကြားထားတော်မူခဲ့ခြင်း ဖြစ်ပါတယ်နော်။

ဒီ မှန်ကန်တဲ့ သစ္စာစကားကြောင့် (သတ္တဝါအပေါင်းတို့သည် ...) ဝေသာလီပြည်သူပြည်သား အမှူးရှိနေတဲ့ သတ္တဝါအပေါင်းတို့သည် ... ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ကြပါစေ ... ဆိုပြီးတော့ သစ္စာပြုတဲ့ ဂါထာတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားရှင်ရဲ့ ပိဋကတ်သုံးပုံမှာ လာရှိတဲ့ တရားဒေသနာတော် တွေသည် လူ နတ် ဗြဟ္မာ သတ္တဝါတို့ရဲ့ နိဗ္ဗာနဓာတ်တည်းဟူသော အမြတ် ဆုံး အကျိုးစီးပွားချမ်းသာအတွက် ဦးတည်ပြီး ဘုရားရှင်က ဟောကြားထား တော်မူတယ်လို့ ဒီလိုတော့ ယုံကြည်ထားဖို့ လိုပါတယ်။

အခန်း (၁)

တန်ဖိုးရှိတဲ့ဘဝတစ်ခုဖြစ်အောင် ကြိုးစားပါ

ယခုလို သာသနာတော်နှင့် တွေ့ခိုက် ကြုံခိုက် ဆုံခိုက်မှာ မိမိရဲ့ဘဝဟာ တန်ဖိုးအရှိဆုံး ဘဝတစ်ခု ဖြစ်ဖို့တော့ အလွန် အရေးကြီးပါတယ်။ ဘဝကို မက်မောလွန်းလို့ ဒီစကားကို ပြောနေတာတော့ မဟုတ်ပါဘူး။ သို့သော် မိမိတို့က ဘဝကို အဆုံးသတ်နိုင်အောင် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်တဲ့ နိယျာနိကတရားကောင်းတွေကို ဒီဘဝမှာ အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်လျှင်တော့ အကောင်းဆုံးပါပဲ။ ဒီ ကြိုးပမ်းမှုကတော့ ဘုရားရှင် အနှစ်ခြိုက်ဆုံး လုပ်ငန်းရပ်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘဝတစ်ခုကို အဆုံးမသတ်နိုင်သေးလျှင်သော်လည်းကောင်း, သို့မဟုတ် ဘဝကို အဆုံးသတ်ဖို့ရန်အတွက် ကြိုးစားအားထုတ်နေဆဲဖြစ်လျှင် သော်လည်းကောင်း ဘာတွေ လိုအပ်သလဲ? --

လိုအပ်တဲ့ အချက်ကတော့ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးတို့လို သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို နည်းမှန်လမ်းမှန် စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ လိုအပ်ပါတယ်။ ဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့အပိုင်းမှာ --

၁။ ဘယ်လိုလုပ်ငန်းရပ်တွေက ကောင်းတဲ့ လုပ်ငန်းရပ်တွေလဲ?

၂။ ဘယ်လိုလုပ်ငန်းရပ်တွေက မကောင်းတဲ့ လုပ်ငန်းရပ်တွေလဲ?

၃။ ဘယ်လိုတရားတွေကို ကုသိုလ်လို့ ခေါ်သလဲ?

၄။ ဘယ်လိုတရားတွေကို အကုသိုလ်လို့ ခေါ်သလဲ?

၅။ အကုသိုလ်တရားတွေကို ကျူးလွန်ခဲ့လျှင် ဘယ်လိုအပြစ်ရှိသလဲ?

၆။ ကုသိုလ်တရားတွေကို ဖြည့်ကျင့်ခဲ့လျှင် ဘယ်လိုအကျိုးတရားတွေကို ရရှိနိုင်သလဲ? --

ဒီအကြောင်းအရာတွေကတော့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အလေး ဂရုပြုကာ ရိုသေလေးစားစွာဖြင့် ဆည်းပူးသင့်တဲ့, အဖြေကို ရှာဖွေသင့်တဲ့, အဖြေတွေကို သိသင့် သိထိုက် သိထားသင့်တဲ့ အကြောင်းအရာတွေ ဖြစ်ကြ ပါတယ်။ ဒီအကြောင်းအရာတွေနှင့် ဆက်စပ်နေတဲ့ ဂါထာတစ်ပုဒ်ကို စတင် နာကြားကြည့်ကြရအောင် ...။

ဓမ္မ နှင့် အဓမ္မ

န ဟိ ဓမ္မော အဓမ္မော စ၊ ဥဘော သမဝိပါကိနော။

အဓမ္မော နိရယံ နေတိ၊ ဓမ္မော ပါပေတိ သုဂ္ဂတိံ။ (ဇာတက၊၁၊၃၅၇။ နေတ္တိ-၁၅၇။)

ဓမ္မော စ = သုစရိုက် ဆယ်ပါး သူတော်တရား (= ကုသိုလ်တရား)သည် လည်းကောင်း။ အဓမ္မော စ = ဒုစရိုက် ဆယ်ပါး မသူတော်တရား (= အ ကုသိုလ်တရား)သည်လည်းကောင်း။ ဥဘော = ဓမ္မ-အဓမ္မ နှစ်ဝကုန်သော တရားတို့သည်။ သမဝိပါကိနော = တူမျှသော အကျိုးတရား ရှိကြကုန်သည်။ န ဟိ ဟောန္တိ = မဖြစ်ကြလေကုန်။ အဓမ္မော = ဒုစရိုက် ဆယ်ပါး မသူတော် တရား (= အကုသိုလ်တရား)သည်။ နိရယံ = ငရဲသို့။ နေတိ = ရောက်အောင် မသွေ ပို့ဆောင်တတ်ပါပေ၏။ ဓမ္မော = သုစရိုက် ဆယ်ပါး သူတော်တရား (= ကုသိုလ်တရား)သည်။ သုဂတိံ = လူနတ်နိဗ္ဗာန် သုံးတန်ဘူမိ အကောင်း ဆုံးသော ဂတိသို့။ ပါပေတိ = ရောက်အောင်မသွေ ပို့ဆောင်တတ်ပါပေ၏။

ဓမ္မနှင့် အဓမ္မ နှစ်မျိုးရှိတယ်။ ဒုစရိုက် ဆယ်ပါးကိုလည်း အဓမ္မလို့ ခေါ် တယ်၊ အကုသိုလ်တရား အားလုံးကိုလည်း အဓမ္မလို့ ခေါ်တယ်။ သုစရိုက် ဆယ်ပါးကိုတော့ ဓမ္မလို့ ခေါ်တယ်၊ ကုသိုလ်တရား အားလုံးကိုလည်း ဓမ္မလို့ ခေါ်ပါတယ်။

ထို ဓမ္မနှင့်အဓမ္မ နှစ်မျိုးတို့ဟာ အကျိုးပေးချင်း တူညီမှု ဘယ်လိုမှ မရှိ ဘူးလို့ ဒီဂါထာက ဆိုနေတယ်။ အဓမ္မတရားတွေက ငရဲကို ရောက်အောင် ပို့ဆောင်ပေးတတ်တဲ့ သဘောရှိတယ်၊ ဓမ္မတရားတွေက လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ အကောင်းဆုံးသော ဂတိသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်၊ စွမ်းအားချင်း စွမ်းအင် ချင်း တစ်ခုနှင့်တစ်ခုဟာ မတူညီကြဘူး။

ဒါကြောင့် ဒီလို ဓမ္မနှင့်အဓမ္မတို့ရဲ့ အကျိုးပေးပုံချင်း မတူညီတဲ့အချက်ကို ဒီနေ့ တရားနာပရိသတ်တွေ အလေးအနက်ထားပြီး စဉ်းစားဖို့တော့ လိုတယ်။ ဘာကြောင့်လဲ? ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေအားလုံးဟာ တစ်နေ့မှာ သေကြရမှာချည်း ဖြစ်ကြပါတယ်။ သံသရာခရီး မဆုံးကြသေးဘူးဆိုလျှင် သေပြီးတဲ့နောက်ကာလမှာ ဘဝတစ်ခုကိုတော့ လက်ခံရတော့မယ်။ အဲဒီလို လက်ခံရမည့် အချိန်အခါမှာ -- ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် ဆိုတဲ့ အပါယ်လေးဘုံကိုပဲ မိမိတို့က လက်ခံမလား? သို့မဟုတ် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ အကောင်းဆုံးသော ဂတိတွေကိုပဲ လက်ခံမလား? ဒီအချက်ကို ခုနေအခါမှာ မိမိတို့က ကြိုတင်ပြီး ရွေးချယ် ရမယ်။ ဒီအချိန်အခါဟာ ရွေးချယ်ခွင့် ရှိနေသေးတဲ့ အချိန်အခါ ဖြစ်တယ်။

အကယ်၍ အပါယ်လေးဘုံဆိုတဲ့ အပါယ်ဘူမိ ဒုဂ္ဂတိကို အလိုမရှိဘူး၊ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ အကောင်းဆုံးသော ဂတိတွေကိုသာ အလိုရှိပါတယ်ဆိုလျှင်, လိုလားတောင့်တခဲ့တယ်ဆိုလျှင် - သုစရိုက် ဆယ်ပါး ကုသိုလ်တရားတွေကို အခြေခံထားတဲ့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ဖြည့်ကျင့်ဖို့ လိုအပ် ပါတယ်။

သမ္မာဒိဋ္ဌိဉာဏ်အမြင်

သုစရိုက် ဆယ်ပါးထဲမှာ အရေးအကြီးဆုံး သုစရိုက်တစ်ခုကတော့ ဒိဋ္ဌုဇုကတာလို့ခေါ်ဆိုတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ အယူဝါဒရှိခြင်းဆိုတဲ့ ကံ-ကံရဲ့ အကျိုးကို သက်ဝင်ယုံကြည်ကာ တတ်သိနားလည်နေတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။

ပုဂ္ဂိုလ်တစ်ယောက်ဟာ သီလ-သမာဓိ-ပညာဆိုတဲ့ သိက္ခာသုံးရပ် အကျင့် မြတ်တွေကို ဖြူဖြူစင်စင် အောင်အောင်မြင်မြင် ဖြည့်ကျင့်ချင်တယ်ဆိုလျှင် ကံ-ကံရဲ့အကျိုးကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ကာ တတ်သိနားလည် နေတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်အမြင်နှင့် ပြည့်စုံဖို့တော့ လိုအပ်ပါ တယ်။ ကုသိုလ်တရားတွေက ကောင်းကျိုးကို ပေးတယ်၊ အကုသိုလ်တရား တွေက မကောင်းကျိုးကို ပေးတယ်ဆိုတဲ့ ဒီသဘောတရားကိုတော့ အနည်း ဆုံး နှစ်နှစ်ကာကာ လက်ခံယုံကြည်တဲ့ သဒ္ဓါတရား ပြဓာန်းတဲ့ အသိဉာဏ် သမ္မာဒိဋ္ဌိ ရှိဖို့တော့ လိုအပ်ပါတယ်။

ပထမပိုင်းမှာတော့ - မိဘ ဆရာသမား စတဲ့ သူတော်ကောင်း သူမြတ် လောင်းတို့ရဲ့ ဆိုဆုံးမမှု, ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်တွေကို လေ့လာသင်ကြားမှုတို့ဖြင့် သင်သိ-ကြားသိ အနေနှင့် ကံ-ကံရဲ့အကျိုးကို လက်ခံယုံကြည်ရမှာ ဖြစ်တယ်။ သို့သော် သင်သိ-ကြားသိ အဆင့်တွင် ရပ် တည်မနေဘဲ ကျင့်သိအဆင့်အထိရောက်အောင် တစ်ဆင့်တက်ကာ ကြိုးပမ်း ရမှာ ဖြစ်ပါတယ်။ ဒီကံ-ကံရဲ့အကျိုးကို ကျင့်သိခေါ်တဲ့ အသိမျိုးရရှိအောင် သူတော်ကောင်းတစ်ဦးက ဘာတွေကိုသိအောင် ကျင့်ရမလဲလို့ မေးလျှင် ရှေးဦးစွာ ...

စတုသစ္စသမ္မာဒိဋ္ဌိ

၁။ ဒုက္ခသစ္စာတရားတွေကို သိအောင် ကျင့်ရမယ်။

၂။ သမုဒယသစ္စာတရားတွေကို သိအောင် ကျင့်ရမယ်။

၃။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိအောင် ကျင့်ရမယ်။

ဒီလို သိအောင်ကျင့်တဲ့အပိုင်းမှာ ပထမပိုင်းမှာတော့ သင်သိ-ကြားသိလို့ ခေါ်ဆိုအပ်တဲ့ အာဂမသုတအနေနှင့်ပဲ သိအောင် ကြိုးစားရပါတယ်။ ဒီ အာဂမသုတကို အခြေခံပြီးတော့မှ အဓိဂမသုတခေါ်တဲ့ ကျင့်သိအဆင့်ကို ရောက်ရှိအောင် ကြိုးစားရပါတယ်။ ဒီလို အဓိဂမသုတခေါ်တဲ့ ကျင့်သိအနေ နှင့် သိတဲ့အပိုင်းကို သမ္မာဒိဋ္ဌိလို့ ခေါ်ဆိုပါတယ်။ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က လည်း ဒီဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကို ထိုးထွင်းသိပါတယ်။ မဂ္ဂသမ္မာဒိဋ္ဌိခေါ်တဲ့ အရိယမဂ်ဉာဏ်ကလည်း ဒီဒုက္ခသစ္စာတရား သမုဒယ သစ္စာတရားတွေကို ထိုးထွင်းသိပါတယ်။ ဒီလို ထိုးထွင်းသိတဲ့ သမ္မာဒိဋ္ဌိဉာဏ် အကြောင်းကို ထပ်ပြီး ပြောကြရအောင် ...။

ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန်မှာ သမ္မာဒိဋ္ဌိကို (၄)မျိုး ခွဲခြားပြီး တော့ ဟောကြားထားတော်မူခဲ့ပါတယ်။ --

ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ (မ၊၁၊၈၈။)

ရဟန်းတို့ ...သမ္မာဒိဋ္ဌိဟူသည် အဘယ်နည်း? ရဟန်းတို့ ...

၁။ ဒုက္ခသစ္စာ၌ သိသောဉာဏ်,

၂။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ သိသောဉာဏ်,

၃။ ဒုက္ခချုပ်ကြောင်း ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ သိသောဉာဏ်,

၄။ ဒုက္ခချုပ်ရာနိရောဓသို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂသစ္စာ၌ သိသောဉာဏ်

ဤ (၄)မျိုးသော အသိဉာဏ်ကို သမ္မာဒိဋ္ဌိဟု ခေါ်ဆိုအပ်၏။ --

ဒီလို ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီသမ္မာဒိဋ္ဌိဉာဏ် လေးမျိုးကိုတော့ စတုသစ္စသမ္မာဒိဋ္ဌိလို့ ခေါ်ဆိုပါတယ်။ ဒီစတုသစ္စသမ္မာဒိဋ္ဌိ ဟာလည်း လောကီစတုသစ္စသမ္မာဒိဋ္ဌိ လောကုတ္တရာစတုသစ္စသမ္မာဒိဋ္ဌိဆိုပြီး နှစ်ဆင့်ရှိနေပါတယ်။ လောကီဝိပဿနာဉာဏ်နှင့်လည်း သစ္စာလေးပါးကို ထိုးထွင်းသိပါတယ်၊ ဝိပဿနာသမ္မာဒိဋ္ဌိ သို့မဟုတ် လောကီစတုသစ္စသမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။ လောကုတ္တရာ အရိယမဂ်တရားကလည်း သစ္စာလေးပါးကို ထိုးထွင်းသိပါတယ်၊ လောကုတ္တရာစတုသစ္စသမ္မာဒိဋ္ဌိလို့ ခေါ်ဆိုပါတယ်။

ယောဂီပုဂ္ဂိုလ်က - လောကုတ္တရာစတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို ရရှိရေး အတွက် လောကီစတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို ရရှိအောင် ပထမ ကြိုးစားရပါ တယ်။ ဒီလို ကြိုးစားတဲ့အပိုင်းမှာ ယောဂီပုဂ္ဂိုလ်က ခုပြောမည့် သမ္မာဒိဋ္ဌိ အမျိုးမျိုးတွေကို အဆင့်ဆင့်ရအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အကြမ်းစား အနေနှင့် ဒီသမ္မာဒိဋ္ဌိတွေကို ခွဲတမ်းချလိုက်လျှင် အဆင့် (၅)ဆင့် ရှိနေပါတယ်။

ကမ္မဿကတာသမ္မာဒိဋ္ဌိ

၁။ နံပါတ်တစ် သမ္မာဒိဋ္ဌိကတော့ ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်းမှာ တည်ရှိရမည့် ကံ-ကံရဲ့အကျိုးကို လက်ခံယုံကြည်တဲ့ တတ်သိနားလည်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။ ပထဆင့်အနေနှင့်တော့ သင်သိအဆင့် ဖြစ်ပါတယ်။ မိဘ ဆရာသမား စသည်တို့ရဲ့ သွန်သင်ပြသမှုကို အခြေခံကာ လက်ခံယုံကြည်ထားတဲ့ တတ်သိနားလည်နေတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။

စျာနသမ္မာဒိဋ္ဌိ

၂။ အဲဒီကနေ နောက်တစ်ဆင့်တက်လိုက်တော့ စျာနသမ္မာဒိဋ္ဌိ ဖြစ်ပါ တယ်။ ဥပစာရသမာဓိလို့ ခေါ်ဆိုတဲ့ ဥပစာရစျာန်ကိုပဲဖြစ်ဖြစ်, အပ္ပနာ သမာဓိလို့ခေါ်ဆိုတဲ့ အပ္ပနာစျာန်ကိုပဲဖြစ်ဖြစ် ဒီစျာန်နှစ်မျိုးတို့တွင် တစ်မျိုး မျိုးသော စျာန်ကို သို့မဟုတ် နှစ်မျိုးလုံးသော စျာန်တို့ကို မိမိတို့က ရရှိအောင် ကြိုးစားရမယ်။ ဘာကြောင့် ဒီစျာန်တွေကို ရရှိအောင် ကြိုးစားရသလဲ? ဘုရားရှင် ဟောတော်မူတဲ့ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား ဆိုတဲ့ ပရမတ်အစစ်ဖြစ်တဲ့ ရုပ်တရား နာမ်တရားတွေဟာ သမာဓိရှိမှ သိနိုင်လို့ ဖြစ်ပါတယ်။ ဒီလို စျာန်တွေကို ရရှိအောင် ကြိုးစားလိုက်တဲ့အပိုင်းမှာ ဒီ စျာန်အင်္ဂါတွေနှင့် ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာကို စျာန သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ သိပ်ပြီး အလွန်ကြီး အဆင့်မမြင့်သေးတဲ့ သမ္မာဒိဋ္ဌိ တစ်မျိုး ဖြစ်ပါတယ်။

ဝိပဿနာသမ္မာဒိဋ္ဌိ

၃။ ဒီကနေ နောက်တစ်ဆင့် တက်လိုက်တော့ ဝိပဿနာသမ္မာဒိဋ္ဌိ ဖြစ် တယ်။ ဒုက္ခသစ္စာအမည်ရတဲ့ ဥပါဒါနက္ခန္ဓာငါးပါး (= ရုပ်တရားနာမ်တရား) တွေကို ဟုတ်တိုင်းမှန်စွာ သိတဲ့ သမ္မာဒိဋ္ဌိ, ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ တရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတဲ့ သမ္မာဒိဋ္ဌိ - ဒီနှစ်မျိုးသော သမ္မာဒိဋ္ဌိဉာဏ်ကို ရှေးဦးစွာ ယောဂီပုဂ္ဂိုလ်က ရအောင် ကြိုးစားရတယ်။

ဒီ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေဟာ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံတွေ ဖြစ်ကြပါတယ်။ ဒီဒုက္ခသစ္စာတရားစုတွေထဲမှာ အထက် က ပြောခဲ့တဲ့ စျာန်တရားတွေလည်း ပါဝင်ကြပါတယ်။ ဒီ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကို ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက ပြုပြင် ပေးမှ ဖြစ်ပေါ်လာရတဲ့ တရားတွေဖြစ်လို့ သင်္ခါရတရားလို့ ခေါ်ပါတယ်။

ဒီသင်္ခါရတရားတွေကိုလည်း ဘုရားရှင်က သဗ္ဗေ သင်္ခါရာ ဒုက္ခာ- စသည်ဖြင့် ဒုက္ခဖြစ်ကြောင်းကို ဟောကြားထားတော်မူခဲ့ပါတယ်။ ဘာကြောင့် လဲ? ဒီသင်္ခါရတရားတွေမှာ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ဇာတိဒုက္ခ-မရဏဒုက္ခတွေက တန်းလန်း ရှိနေကြ တယ်။ ဒါကြောင့် ယောဂီပုဂ္ဂိုလ်က ဒီသင်္ခါရတရားတွေရဲ့ အနိစ္စသဘော-ဒုက္ခသဘော-အနတ္တသဘောတွေကို သိအောင် တစ်ဆင့်တက်ပြီး ကြိုးစား ရတယ်။ ဒီသင်္ခါရတရားတွေရဲ့ အနိစ္စအချက်-ဒုက္ခအချက်-အနတ္တအချက် တွေကို ထိုးထွင်းသိနေတဲ့ သမ္မာဒိဋ္ဌိက ဝိပဿနာသမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။

ဒီဝိပဿနာသမ္မာဒိဋ္ဌိနှင့်တကွ အတူယှဉ်တွဲ ဖြစ်ကြတဲ့ သမ္မာဝါယာမ-သမ္မာသတိ-သမ္မာသမာဓိဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါး, သမ္မာဒိဋ္ဌိ-သမ္မာသင်္ကပ္ပ ဆိုတဲ့ ပညာမဂ္ဂင် နှစ်ပါးတို့က လောကီမဂ္ဂသစ္စာတရားများ ဖြစ်ကြပါတယ်။ ဒီမဂ္ဂသစ္စာတရားတွေရဲ့ အနိစ္စအချက်-ဒုက္ခအချက်-အနတ္တအချက်ကိုလည်း သိအောင် တစ်ဖန် ပြန်ပြီးတော့ ဝိပဿနာ ရှုရပါတယ်။ ပဋိဝိပဿနာလို့ ခေါ်ပါတယ်။ အဲဒီ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်က လောကီမဂ္ဂသစ္စာကို တစ်ဖန်ပြန်ပြီး ထိုးထွင်းသိပါတယ်။

နောက်တစ်ခုကတော့ လောကီဝိပဿနာဉာဏ်နှင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာ ဖြစ်ပါတယ်။ ယောဂီပုဂ္ဂိုလ်က ဥဒယဗ္ဗယဉာဏ်ပိုင်း ရောက်တဲ့ အခါ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဆိုတဲ့ သမုဒယသစ္စာတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ရဲ့ ထင်ရှား ဖြစ်ပုံကို သိမြင်အောင် ရှုရသလို အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ သမုဒယသစ္စာ အကြောင်းတရားတွေက အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အခါ အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့လည်း ပရိနိဗ္ဗာန စုတိကို နောက်ဆုံးထားပြီးတော့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ ခေါ် ဆိုတဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားပုံကိုလည်း ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် မြင်အောင် ရှုရပါတယ်။

ဒီလို အကြောင်းတရားတို့ရဲ့ချုပ်ခြင်းကြောင့် အကျိုးတရားတို့ရဲ့ချုပ်ငြိမ်း ပုံကို ရှုမြင်တတ်တဲ့ ဉာဏ်ကို ပစ္စယတော ဝယဒဿနဉာဏ်လို့ ခေါ်ဆိုပါ တယ်။ ဒီ ပစ္စယတော ဝယဒဿနဉာဏ်ကြောင့် ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်မှာ နိရောဓသစ္စာတရားဟာ ထင်ရှားလာပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၆၇။) -- အကြောင်း တရားတွေက နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒ နိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အတွက် အကြောင်းတရားရှိတဲ့ အကျိုးတရားတွေရဲ့ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကို ပစ္စယတော ဝယဒဿန ဉာဏ်လို့ ခေါ်ဆိုတဲ့ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်နှင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒီအပိုင်းမှာလည်း ဒီလို နိရောဓသစ္စာကို သိနေတဲ့ ဝိပဿနာသမ္မာဒိဋ္ဌိ ဦးဆောင်တဲ့ မဂ္ဂင်တရားကိုယ်တွေဟာလည်း လောကီမဂ္ဂသစ္စာတရား ဖြစ် ကြပါတယ်။ ဒီလောကီမဂ္ဂသစ္စာတရားတွေကိုလည်း တစ်ဖန် ပြန်ပြီးတော့ ဝိပဿနာရှုရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလောကီမဂ္ဂသစ္စာတရား တွေဟာလည်း ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အညှဉ်းပန်း အနှိပ်စက် ခံနေရတဲ့ ဒုက္ခသစ္စာတရားတွေသာ ဖြစ်သောကြောင့် ဖြစ်ပါတယ်။

မဂ္ဂသမ္မာဒိဋ္ဌိ

၄။ ဒီဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကြီးကို ထိုးထွင်းသိကာ မျက်မှောက်ပြုကာ ဖြစ်ပေါ်လာတဲ့ အရိယမဂ်ဉာဏ်ကို မဂ္ဂသမ္မာဒိဋ္ဌိလို့ ခေါ်ဆိုပါတယ်။ အဲဒီမဂ္ဂသမ္မာဒိဋ္ဌိနှင့် ယှဉ်တွဲနေတဲ့ မဂ္ဂင်တရားကိုယ် (၈)ပါးက လောကုတ္တရာမဂ္ဂသစ္စာတရားတွေ ဖြစ်ကြပါတယ်။ ထိုလောကုတ္တရာ မဂ္ဂသစ္စာတရားတို့ရဲ့ အာရုံဖြစ်တဲ့ အသင်္ခတ ဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကတော့ လောကုတ္တရာ နိရောဓသစ္စာ တရားတော်မြတ်ကြီး ဖြစ်ပါတယ်။

ဒီလောကုတ္တရာ အရိယမဂ်တရားခေါ်တဲ့ မဂ္ဂသစ္စာတရားက နိရောဓ သစ္စာ နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံပြုကာ ထိုနိဗ္ဗာန်တရားတော်မြတ် ကြီးရဲ့ အအေးဓာတ် အငြိမ်းဓာတ် အရှိန်အဝါသတ္တိထူးကြီးရဲ့ အကူအညီကို ရယူပြီး သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကို ပယ်ရှား လိုက်ပါတယ်။ ဒါကြောင့် လောကုတ္တရာမဂ္ဂသစ္စာဖြစ်တဲ့ အရိယမဂ်တရားက နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရမ္မဏပဋိဝေဓသဘော အားဖြင့် အာရုံတိုက်ရိုက် မျက်မှောက်ပြုကာ ထိုးထွင်းသိတယ်။ ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာတရားတွေကိုတော့ မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကို ပယ်ရှားသောအားဖြင့် ထိုးထွင်းသိတယ်။ ဒီလိုသိမှုမျိုးကိုတော့ ကိစ္စသိဒ္ဓိအားဖြင့် ထိုးထွင်းသိခြင်းလို့ ခေါ်ဆိုပါတယ်၊ ပါဠိလို အသမ္မောဟ ပဋိဝေဓလို့ ခေါ်ဆိုပါတယ်။

ဖလသမ္မာဒိဋ္ဌိ

၅။ နောက်သမ္မာဒိဋ္ဌိကတော့ အရိယမဂ်ဉာဏ် (= အရိယမဂ္ဂသမ္မာဒိဋ္ဌိ) ရဲ့ နောက်မှာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ပင်လျှင် အာရုံယူကာ ဆက်လက်ဖြစ်ပေါ်လာတဲ့ ဖလသမ္မာဒိဋ္ဌိ ဖြစ်ပါတယ်၊ အရိယမဂ်ကြောင့် ရရှိတဲ့ အကျိုး သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်၊ လောကုတ္တရာ သမ္မာဒိဋ္ဌိပဲ ဖြစ်ပါတယ်။

ခုပြောခဲ့တဲ့ ငါးမျိုးသော သမ္မာဒိဋ္ဌိတွေဟာ သတ္တဝါတစ်ဦးကို အလွန် အဆင့်အတန်း မြင့်မားနေတဲ့ ဘဝတွေကို ရောက်ရှိအောင်လည်း ပို့ဆောင် ပေးနိုင်တဲ့ စွမ်းအားရှိကြတယ်၊ နိဗ္ဗာန်ကို ရောက်ရှိအောင်လည်း ပို့ဆောင် ပေးနိုင်တဲ့ စွမ်းအားတွေ ရှိကြတယ်။

အကယ်၍ ဒီသမ္မာဒိဋ္ဌိဟာ သောတာပတ္တိမဂ်ဉာဏ်အဆင့်မှာ ရှိနေတဲ့ သမ္မာဒိဋ္ဌိဖြစ်ခဲ့မယ်ဆိုလျှင် ထိုသမ္မာဒိဋ္ဌိဉာဏ်အမြင်နှင့် ပြည့်စုံနေတဲ့ သူတော် ကောင်းတစ်ဦးရဲ့ ဒီသမ္မာဒိဋ္ဌိဉာဏ်က အပါယ်လေးဘုံမှ ကွင်းလုံးကျွတ် အပြီးတိုင် ကျွတ်အောင် လွတ်အောင် ထုတ်ဆောင် ကယ်တင်ပေးနိုင်တဲ့ စွမ်းအား ရှိနေတယ်။ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတဲ့ အထက်တန်းကျတဲ့ ဘုံဘဝတွေမှာသာ ဖြစ်နိုင်ခွင့် ရှိတော့တယ်။

အကယ်၍ သကဒါဂါမိမဂ်ဉာဏ်ဆိုတဲ့ မဂ္ဂသမ္မာဒိဋ္ဌိ ဖြစ်ခဲ့မယ်ဆိုလျှင် ကာမဘုံမှာ တစ်ကြိမ်သာ ပဋိသန္ဓေအားဖြင့် လာဖြစ်ခွင့် ရှိတော့တယ်။

အကယ်၍ အနာဂါမိမဂ်ဉာဏ်ဆိုတဲ့ မဂ္ဂသမ္မာဒိဋ္ဌိ ဖြစ်ခဲ့မယ်ဆိုလျှင် ဒီ အနာဂါမိမဂ္ဂသမ္မာဒိဋ္ဌိနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းဟာ ဘယ်တော့မှ ကာမဘုံကို ပဋိသန္ဓေအားဖြင့် ပြန်လာခြင်းသဘော မရှိတော့ဘူး၊ ကာမဘုံမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားပြီ။ အကယ်၍ အဲဒီ အနာဂါမ် သူတော် ကောင်းအတွက် ဘဝဆိုတာ ထင်ရှားရှိနေသေးတယ်ဆိုလျှင် ကာမရာဂ-ဒေါသ-ဣဿာ-မစ္ဆရိယစတဲ့ အကုသိုလ်တရားဆိုးတွေ ကင်းနေတဲ့ အလွန့် အလွန် အထက်တန်းကျတဲ့ ဗြဟ္မာ့ပြည်မှာသာ ကျင်လည်ရပြီး ထိုဗြဟ္မာ့ပြည် မှာပဲ အရဟတ္တဖိုလ်ကို ဆိုက်ကာ ဘဝကို အဆုံးသတ်ရမည့် သူတော်ကောင်း တစ်ဦး ဖြစ်ပါတယ်။

ဒီထက် အဆင့်မြင့်တဲ့ အရဟတ္တမဂ်ဉာဏ်ဆိုတဲ့ အရဟတ္တမဂ္ဂသမ္မာဒိဋ္ဌိ ဖြစ်ခဲ့မယ်ဆိုလျှင်တော့ (၃၁)ဘုံအတွင်း၌ နောက်ထပ်တစ်ဖန် ပဋိသန္ဓေ တည် နေရတဲ့ဒုက္ခ, အိုရတဲ့ဒုက္ခ, နာရတဲ့ဒုက္ခ, သေရတဲ့ဒုက္ခ အစရှိတဲ့ သံသရာ ဝဋ်ဆင်းရဲ ဒုက္ခအဝဝမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားပြီ ဖြစ်တယ်။ နောက်ထပ်တစ်ဖန် ပဋိသန္ဓေ တည်နေရခြင်း ဇာတိဘေးဆိုးကြီးမှ လွတ်ပြီ၊ အိုဘေးဆိုးကြီးမှ လွတ်ပြီ၊ နာဘေးဆိုးကြီးမှ လွတ်ပြီ၊ သေဘေးဆိုးကြီးမှ လွတ်ပြီ။

ဒါကြောင့် ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာတွေဟာ သတ္တဝါတစ်ဦးကို ဆင်းရဲဒုက္ခ အမျိုးမျိုးမှ တစ်ဆင့်ပြီးတစ်ဆင့် ထုတ်ဆောင် ကယ်တင်သွားမှာ ဖြစ်တဲ့ အတွက် ဆင်းရဲဒုက္ခအဝဝမှ ကျွတ်လို လွတ်လိုနေတဲ့ သူတော်ကောင်း မှန်ခဲ့ လျှင်, နိဗ္ဗာန်ချမ်းသာ အထွဋ်တပ်ထားတဲ့ ချမ်းသာသုခ အဝဝကို အားရ ပါးရကြီး ခံစား စံစားလိုတဲ့ သူတော်ကောင်းမှန်ခဲ့လျှင် ဒီဘဝမှာ ဒီသမ္မာဒိဋ္ဌိ ဉာဏ်ပညာတွေကို ရရှိအောင် ကြိုးစားထားဖို့ လိုပါတယ်။

အခွင့်အရေး ဆိုတာကတော့ ရခဲတဲ့သဘော ရှိတတ်ပါတယ်။ ခုလို .. သာသနာတော်နှင့် တွေ့ဆုံရခြင်း, သာသနာတော်ကို သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရား ထင်ရှားရှိနေခြင်း, ဘုရားရှင်ရဲ့ တရားတော်အပေါ်၌ ယုံကြည် ချက် သဒ္ဓါတရား ထင်ရှားရှိနေခြင်း, သီလ သမာဓိ ပညာဆိုတဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို တစ်နည်းပြောလျှင်တော့ ဖြူစင်တဲ့ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ကာ သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာ ထက်၌ သမ္မာဒိဋ္ဌိ ပညာသန်လျက်ကို မြမြထက်အောင် သွေးခြင်း - ဆိုတဲ့ သမထ-ဝိပဿနာ ဘာဝနာတွေကို ကျင့်နိုင်တဲ့အခွင့်အရေးတွေ ပွင့်လန်း လျက်ရှိခြင်း စတဲ့ ဒီလိုအခွင့်အရေးတွေဟာ အလွန်ရခဲတဲ့သဘော ရှိပါတယ်။ ဒီလို ရခဲတဲ့ ဘဝတစ်ခုကို ရရှိနေတဲ့အချိန်အခါမျိုးမှာ မိမိတို့ရဲ့သန္တာန်မှာ အလွန်အဆင့်အတန်း မြင့်မားနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာအမျိုးမျိုးတွေကို ရရှိအောင် ကြိုးစားဖို့ လိုပါတယ်။

အကယ်၍ ဒီသမ္မာဒိဋ္ဌိဉာဏ်တွေကို ရရှိအောင် မကြိုးစားဘဲ ပိုနေမြဲ ကျားနေမြဲ ပုံစံအတိုင်း နေခဲ့မယ်ဆိုလျှင် ဘာဖြစ်မလဲ? မန်လည်ဆရာတော် ဘုရားကြီးက ဆိုဆုံးမထားတယ်။ --

ဗာလအမှု ဒုစရိတဟူသည်

သည်းချာသားလှ၊ သဘောကျလော့ ...ဗာလအမှု၊ ဒုစရိတ၊ ဒုကမ္မဖြင့်၊ ပါပမလျော်၊ မသူတော်ကား၊ နေသော် နေမှား၊ သွားသော် သွားဆိုး၊ မကောင်း ကျိုးတည့်၊ ကြိုးသို့လည်းငြိ၊ ဘေးသာထိရှင့်၊ ပြုမိသမျှ၊ အပြစ်ရခဲ့။ -- (မဃဒေဝ-စာပိုဒ်-၂၈၁။)

လူမိုက်တစ်ဦးဟာ မကောင်းတဲ့ ဒုစရိုက်မှုတွေမှာ မွေ့လျော်ပျော်ပိုက်ပြီး အနှစ်ခြိုက်ကြီး နှစ်ခြိုက်နေတယ်။ နံပါတ်-ဖိုး (4) စွဲနေတဲ့ ပုံစံမျိုး ဖြစ်တယ်။ အဲဒီလို ဒုစရိုက်တွေမှာ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက် ခုံမင်နေတဲ့အတွက် ဘာဖြစ်လာသလဲ? အတိတ်က ပြုစုပျိုးထောင်ထားခဲ့တဲ့ အကျိုးပေးချင်နေတဲ့ မကောင်းမှု အကုသိုလ်ကံတွေဆိုတာ သတ္တဝါတိုင်းလိုလိုမှာ အနည်းနှင့် အများတော့ ရှိတတ်ကြတယ်၊ ထိုအကုသိုလ်ကံတွေကလည်း အကျိုးပေးဖို့ ရန် အခွင့်သာလာတတ်တဲ့ သဘောရှိတယ်။

ဥပမာ - ရွာတစ်ရွာမှာ ရွာခံဖြစ်နေတဲ့ သူခိုး-ဓားပြတွေက သိပ်ပြီး အားကောင်းနေလျှင် ဘေးပတ်ဝန်းကျင်ရွာတွေက သူခိုးဓားပြများဟာလည်း ဒီရွာကို ဝင်ရောက်လာဖို့ရန်အတွက် အလွန် လွယ်ကူသလိုပဲ၊ ပုဂ္ဂိုလ်တစ် ယောက်က မကောင်းမှု အကုသိုလ် ဒုစရိုက်တွေကို သွက်သွက်လက်လက်နှင့် ကျူးလွန်နေတယ်ဆိုလျှင် သူ့သန္တာန်မှာ အကုသိုလ် ဒုစရိုက်တွေက နေရာ တော်တော် ခပ်များများ ယူထားပြီးပြီ။ ဒီလို လက်သွက်သွက် ခြေသွက်သွက် လည်လည်ပယ်ပယ် ပါးပါးနပ်နပ် အကုသိုလ်ဒုစရိုက်တွေကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အတိတ်ဘဝ သံသရာထိုထိုက ပြုစုပျိုးထောင်ထားခဲ့တဲ့ မကောင်းတဲ့ အကုသိုလ်ကံတွေက အကျိုးပေးဖို့ရန်အတွက် အခွင့်အလမ်း သာနေပြီ ဖြစ်တယ်။ ပစ္စုပ္ပန် အကုသိုလ်ဒုစရိုက်တွေက အတိတ်အကုသိုလ် ကံကို ခပ်မြန်မြန် လာရောက် အကျိုးပေးဖို့ရန် လက်တွဲခေါ်ယူနေသလို တံတားခင်းပေးနေကြပြီ၊ လာပါ လာပါလို့ ကြိုဆိုနေသလို ဖြစ်နေကြပြီ။

ဒီလို အကုသိုလ်ကံတွေက အကျိုးပေးဖို့ရန် အခွင့်အလမ်း သာနေတဲ့ အတွက် ဘာဖြစ်လာသလဲ? ဘယ်နေရာကိုပဲသွားသွား ကောင်းတဲ့အာရုံနှင့် မတွေ့ရတတ်ဘူး၊ မကောင်းတဲ့ အာရုံတွေနှင့်သာ တွေ့ရ ကြုံရ ဆုံရတတ် တယ်၊ အလိုမရှိအပ် မမြတ်နိုးအပ် မနှစ်သက်အပ်တဲ့ အာရုံအမျိုးမျိုးတွေက တန်းစီကာ ဖိတ်ခေါ်ကြိုဆိုနေတတ်တယ်၊ ဘယ်နေရာကိုပဲသွားသွား ကောင်း တဲ့ အကျိုးတရားတွေကို မတွေ့ရတတ်ဘူး၊ မကောင်းတဲ့ အလိုမရှိအပ်တဲ့ မနှစ်သက် မမြတ်နိုးအပ်တဲ့ အာရုံတွေနှင့်သာ ပေါင်းဖော်ယှဉ်တွဲ မှီဝဲနေရ တတ်တယ်။ အလားတူပဲ - ဘယ်နေရာမှာပဲနေနေ အလိုမရှိအပ် မမြတ်နိုး အပ် မနှစ်သက်အပ်တဲ့ မကောင်းကျိုးတွေနှင့် တွေ့ရ ကြုံရ ခံရ စံရတတ် တယ်၊ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်တဲ့ ကောင်းကျိုးချမ်းသာ မင်္ဂလာ တွေနှင့် အဝေးကြီး ဝေးကာ အကွာကြီး ကွာနေတတ်တယ်။

ဘယ်နေရာမှာပဲနေနေ ဘယ်နေရာကိုပဲသွားသွား မကောင်းကျိုးအမျိုးမျိုး ဘေးဒုက္ခ ဘေးအန္တရာယ် အမျိုးမျိုးတွေက ကြိုးနှင့်ချည်ထားသလို ငြိနေ တတ်တယ်။ ဘေးဒုက္ခအမျိုးမျိုးနှင့် အမြဲတမ်း ရင်ဆိုင်တိုးနေရတတ်တယ်။ ဘာကြောင့်လဲ? ဒုစရိုက်ဆိုတာက သူတစ်ပါးကို ဆင်းရဲဒုက္ခရောက်စေတတ် တဲ့ လုပ်ငန်းရပ်တွေသာ ဖြစ်တယ်။ တစ်ချိန်က ဒုစရိုက်တွေကို မိမိလွန်ကျူး ခဲ့စဉ်က သူတစ်ပါးတွေကို ဆင်းရဲဒုက္ခရောက်စေသလိုပဲ ဒီဒုစရိုက်ကံတွေက ရင့်ကျက်လာလို့ အကျိုးပေးတဲ့အခါ ဒီကံတွေက ဆင်းရဲဒုက္ခအမျိုးမျိုး ဘေး ဒုက္ခအမျိုးမျိုး ဘေးအန္တရာယ်အသွယ်သွယ်တို့ကို တန်းစီကာ တစ်ခုပြီးတစ်ခု ဖြစ်စေတတ်တယ်။ ဒါကြောင့် မိမိရဲ့ ပြုပြုသမျှ ကာယကံမှု ဝစီကံမှုတွေဟာ လည်း အားလုံးလိုလို အပြစ်တွေချည်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံ ကောင်းတာပြုသော်လည်း ကောင်းကျိုးတွေကို မတွေ့ရသေးဘဲ ဆိုးကျိုးတွေကိုသာ တွေ့နေရတတ်ပါတယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုတဲ့ ကိန်းမျိုး ဆိုက်နေတတ်တယ်။

ဒါကြောင့် - ဒီ ဗာလအမှုလို့ ခေါ်ဆိုတဲ့ မကောင်းမှု ဒုစရိုက်တွေမှာ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေတဲ့ စိတ်ထားကို ဒီဘဝမှာ မိမိတို့က ပြုပြင် ပြောင်းလဲပေးတတ်ဖို့ လိုပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲမှုဆိုတာက ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာတဲ့ ကုသိုလ်ဆယ်ခု မြတ်ကောင်းမှုတွေကို အပြင်းအထန် ကြိုးစားအားထုတ်ခြင်းဖြင့်သာ ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်တယ်။ ဒီလို ပြုပြင်ပြောင်းလဲမှု မရှိဘဲ ဒုစရိုက်မှုတွေနှင့်သာ သံသရာ ခရီးကို ဆက်လက်ပြီး လမ်းသလားနေကြမယ်ဆိုလျှင် ဘာဖြစ်မလဲ? --

တန်ခိုးပေါ်ထင် ကုသိုလ်ရှင်

တန်ခိုးပေါ်ထင်၊ ကုသိုလ်ရှင်မှ၊ လူတွင်မညှိုး၊ စည်းစိမ်ဖြိုး၏။ ကျင့်ရိုးအရှိ၊ လမ်းမှန် သိလော့၊ လောကီ ချမ်းသာ၊ နောင်ဖို့ ရှာသည့်၊ ပညာရှိပေါင်း၊ သူမြတ်ကောင်းတို့၊ နှစ်ထောင်းဝမ်းသာ၊ ပြုအပ်စွာရှင့်၊ လူ့ရွာနောက်နောင်၊ ကြံတိုင်းအောင်လိမ့်၊ သားမောင်သက်နှင်း၊ ကျင့်မပျင်းနှင့်၊ ကြောင်းရင်းကြမ္မာ၊ ကံမပါလျှင်၊ ကြံရာမပြီး၊ အချည်းနှီးဖြင့်၊ ပျက်စီးတတ်စွာ၊ မချွတ်ရာတည့်၊ ကလျာဏာ-ကလျာဏ၊ ကျင့်ကမ္မဖြင့်၊ ပုည, ပါပ၊ ကိစ္စအမှု၊ ခွဲဝေရှုသော်၊ အကုသိုလ်, ကုသိုလ်၊ နှစ်ခုကိုလည်း၊ မပြုလိုခဲ၊ ပြုလိုရဲ၏။ ကံမွဲ မပြောင်၊ ကံ မဆောင်လျှင်၊ ဂုဏ်ရောင် မလှ၊ မထွန်းပဘူး၊ ဒုက္ခလူ့ဘောင်၊ ဆင်းရဲ ခေါင်လိမ့်၊ ကျင့်ဆောင်မယုတ်၊ စောင့်ကိုယ်နှုတ်နှင့်၊ ဥပုသ်ဗြဟ္မ၊ စရိယလည်း၊ ကာလအစဉ်၊ အမြဲယှဉ်လော့၊ ဖဲကြဉ်စေတနာ၊ တစ်ညစာဖြင့်၊ အင်္ဂါမပျက်၊ နေ့တစ်ဝက်မျှ၊ ကျိုးစက်လွန်အောင်၊ မင်းဖြစ်ဆောင်၏။ (မဃဒေဝ-စာပိုဒ်-၂၈၉။)

ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာသည့် ကုသိုလ်တရားဖြင့် မိမိတို့ရဲ့ စိတ်ဓာတ်ကို ထုံမွှမ်းထားတဲ့ ကုသိုလ်ရှင်တွေမှာ တန်ခိုးပေါ်ထင်တယ်။ လူ့ဘဝတွင် ညှိုးနွမ်းမှု မရှိဘဲ စည်းစိမ်ဥစ္စာတို့ဖြင့် ဖြိုးဝေကြွယ်ဝပြီးသာ နေရမှာဖြစ်တယ်။ ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာတဲ့ ဒီကျင့်စဉ်တွေ ဟာ ဘုရားအစရှိတဲ့ ပညာရှိအပေါင်း သူတော်ကောင်း သူမြတ်လောင်းတို့ နှစ်ထောင်းအားရစွာ ဝမ်းမြောက်ဝမ်းသာ လိုက်နာပြုကျင့်တဲ့ ကျင့်ရိုးလမ်းမှန် ဖြစ်တယ်။ နောင်အနာဂတ်ဝယ် လောကီချမ်းသာ လောကုတ္တရာချမ်းသာ ဆိုတဲ့ ချမ်းသာအဝဝတွေကို ရရှိဖို့ရန် လမ်းရိုးလမ်းမှန်ကြီး ဖြစ်တယ်။

ကြောင်းရင်းကြမ္မာ၊ ကံမပါလျှင်၊ ကြံရာမပြီး၊ အချည်းနှီးဖြင့်၊ ပျက်စီး တတ်စွာ၊ မချွတ်ရာတည့်၊

အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အကျိုးပေးဖို့ရန် အခါအခွင့် သင့်နေတဲ့ ကုသိုလ်ကံကလေးကလည်း သိပ်ပြီးတော့ အားပျော့သွားပြီ၊ ဒါမှမဟုတ်လည်း မရှိတော့ဘူး၊ ကုန်ခန်းသွားပြီ။ အဲဒီအချိန်အခါမှာ ဘာကိုပဲ ကြံကြံ၊ မိမိလိုတဲ့ အကျိုးဟာ မပြီးမစီးဘဲ ရှိတတ်တယ်။ ဘာဖြစ်လို့လဲ? ပစ္စုပ္ပန်မှာ ဒုစရိုက် တွေကိုသာ လေ့လာလိုက်စားမှု များပြားနေတဲ့ ဒီပုဂ္ဂိုလ်အဖို့ အတိတ်က ကုသိုလ်ကံက အကျိုးပေးဖို့ရန် အခါအခွင့် မသင့်တော့ဘူး။ ဒါမှမဟုတ်လည်း အကျိုးပေးနေတဲ့ အတိတ်ကုသိုလ်ကံရဲ့ အရှိန်အဝါတွေက ကုန်ခန်းသွားပြီ ဆိုလျှင်, နောက်ထပ် အကျိုးပေးမည့် ကုသိုလ်ကံကလည်း အခါအခွင့် မသင့် သေးဘူးဆိုလျှင် မကောင်းတဲ့ အကုသိုလ်ကံက အကျိုးပေးဖို့ရန် မကောင်း ကျိုးတွေ ဝင်လာဖို့ရန် အခန့်သင့် ဖြစ်နေတတ်တယ်။ ဧည့်ဂေဟာတွေက ဧည့်သည်ကို ဖိတ်ခေါ်နေသလို ဖြစ်တတ်တယ်။ ဒါကြောင့် --

ကြောင်းရင်းကြမ္မာ၊ ကံမပါလျှင်၊ ကြံရာမပြီး၊ အချည်းနှီးဖြင့်၊ ပျက်စီး တတ်စွာ၊ မချွတ်ရာတည့်၊ ကလျာဏာ-ကလျာဏ၊ ကျင့်ကမ္မဖြင့်၊ ပုည, ပါပ၊ ကိစ္စအမှု၊ ခွဲဝေရှုသော်၊ အကုသိုလ်, ကုသိုလ်၊ နှစ်ခုကိုလည်း၊ မပြုလိုခဲ၊ ပြုလို ရဲ၏။

ကုသိုလ် အကုသိုလ်တို့ရဲ့ သဘောက ဒီ ကုသိုလ် အကုသိုလ်တို့ကို မပြု ချင်ဘူးဆိုလျှင်လည်း ပြုလုပ်ဖို့ရန် အင်မတန် ခဲယဉ်းနေတတ်တဲ့သဘော ရှိ တယ်။ ဒင်းတို့ကို ပြုချင်လာပြီ ဆိုလို့ရှိလျှင်လည်း ကုသိုလ်ကိုပဲဖြစ်ဖြစ်, အကု သိုလ်ကိုပဲဖြစ်ဖြစ် ပြုလုပ်ဖို့ရန် အလွန်လွယ်ကူတဲ့သဘော ရှိတယ်။ ရဲရဲဝံ့ဝံ့ ပြုဖြစ်လာတယ်။

ကံမွဲ မပြောင်၊ ကံ မဆောင်လျှင်၊ ဂုဏ်ရောင် မလှ၊ မထွန်းပဘူး၊ ဒုက္ခ လူ့ဘောင်၊ ဆင်းရဲခေါင်လိမ့်၊

အကျိုးပေးနေတဲ့ ကုသိုလ်ကံတွေက အားမရှိတော့လို့ အထက်ကို မြှင့် တင်ပေးနိုင်တဲ့ စွမ်းအင်တွေ မရှိကြတော့ဘူးဆိုလျှင် ဂုဏ်ရောင်တွေလည်း မလှတော့ဘူး၊ တဖြည်းဖြည်း ကျဆင်းသွားပြီ။

တချို့ပုဂ္ဂိုလ်တွေဆိုလျှင် အတိတ်က ကုသိုလ်ကံ အရှိန်အဝါကြောင့် လူ ဖြစ်လာရသော်လည်း ဒီ ကုသိုလ်ကံ အရှိန်အဝါတွေက လျော့သွားပြီဆိုလျှင် အသက်အရွယ် ကြီးရင့်တဲ့ အချိန်အခါကျမှ စီးပွားရေးတွေ သားရေးတွေ သမီးရေးတွေ ကျန်းမာရေးတွေ အစစအရာရာတွေ အားလုံး အဆင်မပြေ ဖြစ်သွားကြတယ်။ တောက်ပြောင်နေတဲ့ ဂုဏ်အရှိန်အဝါတွေဟာ အကုန်လုံး ပျက်စီးသွားတတ်တယ်။ ဒါကြောင့် --

ကျင့်ဆောင်မယုတ်၊ စောင့်ကိုယ်နှုတ်နှင့်၊ ဥပုသ်ဗြဟ္မ၊ စရိယလည်း၊ ကာလအစဉ်၊ အမြဲယှဉ်လော့၊ ဖဲကြဉ်စေတနာ၊ တစ်ညစာဖြင့်၊ အင်္ဂါမပျက်၊ နေ့တစ်ဝက်မျှ၊ ကျိုးစက်လွန်အောင်၊ မင်းဖြစ်ဆောင်၏။

ကာယကံ စင်ကြယ်မှု ရှိအောင်, ဝစီကံ စင်ကြယ်မှု ရှိအောင်, မနောကံ စင်ကြယ်မှု ရှိအောင် ဖြည့်ကျင့်ပါ။ ဥပုသ်-သီတင်း ကျင့်သုံးပါ။ သာသနာ့ ဗြဟ္မစရိယ မဂ္ဂဗြဟ္မစရိယခေါ်တဲ့ မွန်မြတ်သော သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို မဂ်ဆိုက် ဖိုလ်ဆိုက်သည့်တိုင်အောင် ဖြည့်ကျင့်ပါ။ နေ့တစ်ဝက်မျှ စောင့်သုံးအပ်တဲ့ ဥပုသ်သီလကသော်လည်း မင်းဖြစ်အောင် ပို့ဆောင်ပေးနိုင်တဲ့သဘော ရှိတယ်။

သေသူ နှင့် မသေသူ

ဆယ်ပါး ပညတ်၊ ကုသိုလ်ရပ်ကို၊ ပြုအပ်ပြီးသည်၊ လူ တမည်ကား၊ လူ့ပြည် နတ်ပွဲ၊ ရမခဲတည်း၊ ယူစွဲမုချ၊ ယွင်းမခွဘူး။

ဒါကြောင့် ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာတဲ့ ကုသိုလ်ဆယ်ခု မြတ်ကောင်းမှုတွေကို အောင်အောင်မြင်မြင် ပြည့်ပြည့်စုံစုံ ပြုစုပျိုးထောင်ထား ပြီးတဲ့ လူသားတစ်ဦးသာ ဖြစ်ပါစေ၊ ရှေ့ကပြောခဲ့တဲ့ သမ္မာဒိဋ္ဌိဉာဏ်အမြင် ငါးမျိုးနှင့်သာ ပြည့်စုံပါစေ - ဒီလူသားတစ်ဦးအတွက် လူ့ပြည်-နတ်ပြည် လူ့ချမ်းသာ-နတ်ချမ်းသာဆိုတဲ့ သံသရာချမ်းသာတွေဟာ ရရှိဖို့ရန် မခက်ခဲ တော့ပြီ၊ ကျိန်းသေ ရရှိနိုင်ပြီဖြစ်တယ်။ စတုသစ္စသမ္မာဒိဋ္ဌိဆိုတဲ့ မှန်ကန်တဲ့ အသိအမြင် ရရှိထားပြီးတဲ့ ဒီသူတော်ကောင်းအဖို့ သံသရာခရီးမှာ အယူဝါဒရဲ့ ဖောက်ပြန် ပြောင်းလဲသွားခြင်းဆိုတဲ့ ဒီသဘောတရားဟာ ဘယ်တော့မှ မရှိနိုင်တော့ဘူး။

ဒါန သီလ၊ ကုသလ၌၊ လုံ့လလွှတ်လျော့၊ လေးဖင့်ပေါ့၍၊ မေ့လျော့ သောသူ၊ သူသေ ဟူ၏။ -- အလှူသီတင်း၊ မကင်းဘာဝနာ၊ မချာရက်နေ့၊ မမေ့လျော့တတ်၊ ထိုသူမြတ်တို့၊ လူ နတ် ခန္ဓာ၊ ပြောင်းလဲကာလျှင်၊ ချမ်းသာ သုခ၊ မပျက်ကြကြောင့်၊ ဘဝသဘော၊ ရွေ့လျောခြင်းဟူ၊ စုတိမူလည်း၊ သေသူ မမည်၊ ဟူတုံသည်တည်း။ (မဃဒေဝ-စာပိုဒ်-၂၉၁။)

ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာတဲ့ ကုသိုလ်တရားတွေကို ပြုစု ပျိုးထောင်ဖို့ရန် မကြိုးစားဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ကာ ဒီကုသိုလ်တွေကို ပြုစုပျိုးထောင်ဖို့ လုံ့လဝီရိယကို လွှတ်ချထားတဲ့ ပုဂ္ဂိုလ် တွေကို လူသေတွေလို့ ခေါ်ဆိုပါတယ်။ ဘာကြောင့်လဲ? ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာတဲ့ ကုသိုလ်တရားတွေကို အောင်အောင်မြင်မြင် အပြင်း အထန် ကြိုးစားအားထုတ်ပါမှ အထက်မှာ ပြောပြခဲ့တဲ့ သမ္မာဒိဋ္ဌိဉာဏ်အမြင် အမျိုးမျိုးတွေကို ရရှိမှာ ဖြစ်တယ်။

ဒီ သမ္မာဒိဋ္ဌိ ဉာဏ်အမြင်တွေက အထူးသဖြင့် - ဝိပဿနာသမ္မာဒိဋ္ဌိ- မဂ္ဂသမ္မာဒိဋ္ဌိ-ဖလသမ္မာဒိဋ္ဌိဆိုတဲ့ ဒီသမ္မာဒိဋ္ဌိဉာဏ်တွေက မသေရာ အမြိုက် နိဗ္ဗာန်ကို ရောက်အောင် ပို့ဆောင်ပေးမှာ ဖြစ်တယ်။ ဒီသမ္မာဒိဋ္ဌိ ဉာဏ်အမြင် တွေကို မရရှိတဲ့ ပုဂ္ဂိုလ်တွေ, ရရှိအောင် ကြိုးစားအားထုတ်မှု မရှိတဲ့ ပုဂ္ဂိုလ် တွေဟာ မသေရာ အမြိုက်နိဗ္ဗာန်ကို ဘယ်လိုမှ မရရှိနိုင်ဘူး။

မသေရာ အမြိုက်နိဗ္ဗာန်သို့ မရောက်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ဘဝပြီး တစ်ဘဝ သေနေကြရမှာချည်း ဖြစ်တယ်၊ သေလို့ မဆုံးနိုင်တော့ဘူး။ ဒီ ပုဂ္ဂိုလ်တွေအတွက် အပါယ်လေးဘုံဆိုတဲ့ တံခါးကြီးက အမြဲတမ်း ပွင့်နေ တယ်။ အပါယ်လေးဘုံသို့ ရောက်ရှိသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် အို-နာ-သေရေး ဒုက္ခဘေးမှ လွတ်မြောက်ဖို့ဆိုတဲ့ အခွင့်အလမ်းသည် အလွန် အလှမ်းဝေးလျက် ရှိနေတယ်။ ဘာကြောင့်လဲ? အို-နာ-သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ သမထ-ဝိပဿနာကဲ့သို့သော တရားကောင်း တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ဆိုတဲ့ အခွင့်အရေးက အပါယ် လေးဘုံမှာ မရရှိနိုင် ဖြစ်နေခြင်းကြောင့် ဖြစ်တယ်။

ပုံစံတစ်ခု ထုတ်ပြရလျှင်တော့ ဒု-သ-န-သောဆိုတဲ့ သူဌေးသား (၄)ဦးတို့ ဖြစ်ကြပါတယ်။ ဒီသူဌေးသား (၄)ဦးတို့ဟာ ဒီနေ့ လောဟကုမ္ဘီငရဲမှာပဲ တည် ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ငရဲမှ လွတ်ချင်ကျွတ်ချင်တဲ့ အာသာဆန္ဒဓာတ်တွေ, သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြူဖြူစင်စင်နှင့် ဖြည့်ကျင့်ချင်တဲ့ အာသာဆန္ဒဓာတ်တွေက ဘယ်လိုပင် ပြင်းပြပေမဲ့လို့ သူတို့ လူ့ဘဝတုန်းက လွန်ကျူးခဲ့တဲ့ အကုသိုလ်ကံ အရှိန်အဝါတွေက မကုန်သေး တော့ အဲဒီငရဲမှ ကျွတ်ခွင့် လွတ်ခွင့်ကို ဘယ်လိုမှ မရရှိနိုင် ဖြစ်နေကြတယ်။ မသေရာ အမြိုက်နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ကောင်းတွေကို မကျင့်နိုင် ဖြစ်နေကြတယ်။ ငရဲမှ ကျွတ်ခွင့်လွတ်ခွင့် မရသေးတော့ ဒီငရဲမှာပဲ ဒီအပါယ် လေးဘုံမှာပဲ နောက်ထပ် ထပ်ကာထပ်ကာ သေရမည့်သဘော ရှိတယ်။

ဒါကြောင့် - ကိုယ်ကျင့်သီလကလည်း မကောင်းတဲ့, ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာတဲ့ကုသိုလ်ရေးလုပ်ငန်းရပ်တွေမှာလည်း မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေနေတဲ့, သားနှင့်ပျော် သမီးနှင့်ပျော် ဇနီးနှင့်ပျော် ပစ္စည်း တွေနှင့်ပျော် ကာမဂုဏ်တွေနှင့် အပျော်ကြီး ပျော်နေတဲ့ ပုဂ္ဂိုလ်တွေဟာ နောက်ထပ်တစ်ဖန် အပါယ်လေးဘုံမှာရော သံသရာခရီးမှာရော ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ သေကျေရမည့် သဘောရှိတဲ့အတွက် ဒီပုဂ္ဂိုလ်တွေ ကို ဘုရားရှင်က --

ယေ ပမတ္တာ ယထာ မတာ။ (ဓမ္မပဒ)

အသက်ပင်ရှင်နေသော်လည်း သေသူတွေလို့ ဟောကြားထားတော်မူပါ တယ်။ မသေရာအမြိုက်နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းပေါ်သို့ မရောက်ရှိ သေးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။

ဒါပေမဲ့ ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာတဲ့ ကုသိုလ်တရားတို့ကို မမေ့မလျော့ အပြင်းအထန် လုံ့လကြိုးကုတ်အားထုတ်နေတဲ့ သူတော်သူမြတ် တို့ဟာ အထက်မှာပြောခဲ့တဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာအမျိုးမျိုးတို့နှင့် ပြည့်စုံလာ တဲ့အခါ ဒီစတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တွေက ဒီသူတော်ကောင်းတွေကို မသေရာ အမြိုက်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်အောင် ပို့ဆောင်ပေးမှာ ဖြစ် တဲ့အတွက် ဒီပုဂ္ဂိုလ်တွေဟာ ပရိနိဗ္ဗာန်မစံမီအတွင်းဝယ် ဘဝတစ်ခုမှ ဘဝ တစ်ခုသို့ ရွေ့လျောခြင်းသဘော ရှိပေမဲ့လို့ သူတို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်ထားတဲ့ ရရှိထားတဲ့ နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကြီးဟာ ပျက်စီးသွားရိုးဓမ္မတာ ရွေ့လျောသွားရိုးဓမ္မတာ မရှိတဲ့အတွက် ဒီပုဂ္ဂိုလ်မျိုး တွေကိုတော့ သေသူတွေလို့ မခေါ်ဘူး။ ဘုရားရှင်ကလည်း --

အပ္ပမတ္တာ န မီယန္တိ၊ (ဓမ္မပဒ)

မသေတဲ့သူတွေလို့ ဒီလို ဟောကြားထားတော်မူပါတယ်။ သူတို့ရရှိထားတဲ့ နိဗ္ဗာန်ချမ်းသာကြီးသာ မပျက်စီးသည် မဟုတ်ဘူး။ ဒီသူတော်ကောင်းတွေအဖို့ သံသရာခရီးဆိုတာ ရှိနေဦးမယ်ဆိုလျှင် သူတို့ရရှိနိုင်တဲ့ သုဂတိဆိုတဲ့ ချမ်းသာ ကြီးဟာလည်း မပျက်စီးနိုင်ဘူး။ ဘယ်လို မပျက်စီးနိုင်သလဲ? လူချမ်းသာကို အလိုရှိလျှင် လူချမ်းသာကို, နတ်ချမ်းသာကို အလိုရှိလျှင် နတ်ချမ်းသာကို, ဗြဟ္မာချမ်းသာကို အလိုရှိလျှင် ဗြဟ္မာချမ်းသာကို လွယ်လွယ်နှင့် ရရှိနိုင်ပါ တယ်။ သူတို့ ရရှိထားတဲ့ သမ္မာဒိဋ္ဌိဉာဏ်ဦးဆောင်နေတဲ့ ကုသိုလ်ကံတွေက ဒီလိုချမ်းသာတွေကို ရောက်ရှိအောင် ကျိန်းသေ ဆောင်ရွက်ပေးကြမှာ ဖြစ် တယ်။ ဒီလို ချမ်းသာတွေက ရွေ့လျောပြီးတော့ အပါယ်လေးဘုံသို့ ပြန်လည် ရောက်ရှိခြင်းဆိုတဲ့ ဒီသဘောတရားတွေဟာ ဘယ်လိုမှ မဖြစ်နိုင် မရှိနိုင်ဘူး။

ဒါကြောင့် သူတို့ရရှိတဲ့ ချမ်းသာသုခကို မြဲတယ်လို့ပြောခြင်း ဖြစ်ပါတယ်။ ဒီလို ချမ်းသာသုခတွေကို ရရှိပုံနှင့် ပတ်သက်လို့ ဒီနေ့မှာ ဘုန်းကြီးကလည်း စိတ္တသူကြွယ်ကျောင်းဒါယကာကြီးကို စံထားပြီးဟောဖို့ ရည်ရွယ်ထားပါတယ်။

ဝိပလ္လာသ၏စွမ်းအင်

ဝိပလ္လာသ၊ ဖောက်ပြန်ကလည်း၊ မောဟလွှမ်းပြီး၊ အယူသီး၍၊ စပါးကြီး ချက်ငြိ၊ ဟူတုံဘိသို့၊ အဝီစိသွား၊ အကျင့်မှားကို၊ မြစ်တားမရ၊ ဆုံးမ မနာ၊ ရှိတတ်စွာခဲ့။

ဝိပလ္လာသတရား (၃)ပါး ရှိပါတယ်။ --

၁။ သညာဝိပလ္လာသ = အမှတ်မှားမှု,

၂။ စိတ္တဝိပလ္လာသ = အသိမှားမှု,

၃။ ဒိဋ္ဌိဝိပလ္လာသ = အယူမှားမှု --

ဒီလို ဝိပလ္လာသ (၃)မျိုးရှိတယ်။ ဘာတွေကို အမှတ်မှား အသိမှား အယူ မှားနေတာလဲ?

၁။ အနိစ္စတရားတွေကို နိစ္စ (= မြဲတယ်)လို့ အမှတ်မှားတယ် အသိမှားတယ် အယူမှားတယ်။

၂။ ဒုက္ခတရားတွေကို သုခလို့ (= ချမ်းသာတယ်လို့) အမှတ်မှားတယ် အသိ မှားတယ် အယူမှားတယ်။

၃။ အနတ္တတရားတွေကို အတ္တလို့ အမှတ်မှားတယ် အသိမှားတယ် အယူ မှားတယ်။

၄။ အသုဘတရားတွေကို သုဘလို့ (= တင့်တယ်တယ်လို့) အမှတ်မှားတယ် အသိမှားတယ် အယူမှားတယ်။

အားလုံးပေါင်းလိုက်တော့ အမှတ်မှားမှု (= သညာဝိပလ္လာသ)က (၄)မျိုး, အသိမှားမှု (= စိတ္တဝိပလ္လာသ)က (၄)မျိုး, အယူမှားမှု (= ဒိဋ္ဌိဝိပလ္လာသ)က (၄)မျိုး၊ ပေါင်း - ဝိပလ္လာသ (၁၂)မျိုး ဖြစ်ပါတယ်။

ဒီနေရာမှာ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘတရားတွေကို နိစ္စ-သုခ-အတ္တ-သုဘလို့ အမှတ်မှားမှု အသိမှားမှု အယူမှားမှု ဖြစ်နေရာ ဒီအနိစ္စတရား-ဒုက္ခတရား-အနတ္တတရား-အသုဘတရားတွေက ဘာတွေလဲလို့ မေးစရာ ရှိတယ်။

အနိစ္စန္တိ ခန္ဓပဉ္စကံ။ (ဝိသုဒ္ဓိ၊၂၊၂၇၆။)

အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘတရားတွေဆိုတာ ဥပါဒါနက္ခန္ဓာငါးပါးကိုပဲ ဆိုလိုပါတယ်၊ တစ်နည်းပြောလျှင်တော့ သင်္ခါရတရားအားလုံး ဖြစ်ကြပါတယ်။

သဗ္ဗေ သင်္ခါရာ အနိစ္စာ ဒုက္ခာ အနတ္တာ ...စသည်ဖြင့် ဘုရားရှင်က ဟောကြားထားတော်မူတဲ့အတွက် သင်္ခါရတရားအားလုံးဟာ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘတရားတွေ ဖြစ်ကြပါတယ်။

ဒီအနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဖြစ်တဲ့ ဒီသင်္ခါရတရားတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ထွင်းဖောက် မသိတဲ့အတွက် နိစ္စပဲ-သုခပဲ-အတ္တပဲ-သုဘပဲလို့ ဒီလို အမှတ်မှားမှု-အသိမှားမှု-အယူမှားမှုဆိုတဲ့ ဖောက်ပြန်ချွတ် ယွင်းနေတဲ့ ဒီမှားယွင်းချက် ဝိပလ္လာသတရားတွေဟာ မိမိတို့ရဲ့ သန္တာန်မှာ တည်ရှိနေတဲ့အခါ ပရမတ္ထသစ္စာတရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်း မသိအောင် ဖုံးလွှမ်းထားတဲ့မောဟကလည်း အလွန်အားကောင်းနေပြီဆို လျှင် ဒီလိုပုဂ္ဂိုလ်တစ်ဦးက အယူဝါဒတစ်ခုခုကို သွားပြီး စွဲယူမိမယ်ဆိုလျှင် ဒီလိုပုဂ္ဂိုလ်မျိုးဟာ အယူ အင်မတန် သီး (သည်း) တတ်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်တတ် တယ်၊ ပရမတ္ထသစ္စာ အမှန်တရားကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်ပညာမျက်စိ ကာဏ်းနေလို့ ဖြစ်ပါတယ်။

ဒီလို ပုဂ္ဂိုလ်မျိုးတွေဟာ အဝီစိငရဲ အထွဋ်တပ်ထားတဲ့ အပါယ် (၄)ဘုံကို ရောက်စေနိုင်တဲ့ စွမ်းအင်တွေ အပြည့်အဝရှိနေတဲ့ ဒုစရိုက်တွေကို မပြုမကျင့် ပါနှင့်လို့ တားမြစ်သော်လည်း တားမြစ်လို့မရနိုင် ရှိတတ်တယ်။ ဆုံးမစကားကို လက်မခံလိုတဲ့ စိတ်ထားတွေကသာ သူ့ရဲ့ စိတ်အစဉ်မှာ လွှမ်းမိုးနေတတ် တယ်။ ဘာဖြစ်လို့လဲ? အမှတ်တွေကလည်း မှားနေပြီ၊ အသိတွေကလည်း မှားနေပြီ၊ အယူတွေကလည်း မှားနေပြီ။

အနိစ္စတရားတွေကို နိစ္စလို့ မှတ်တယ်၊ နိစ္စလို့ သိတယ်၊ နိစ္စလို့ ယုံကြည် တယ်။ မနေ့ကလည်း ငါ့သားပဲ၊ ဒီနေ့လည်း ငါ့သားပဲ၊ နက်ဖြန်လည်း ငါ့သားပဲ။ မနေ့ကလည်း ငါ့သမီးပဲ၊ ဒီနေ့လည်း ငါ့သမီးပဲ၊ နက်ဖြန် လည်း ငါ့သမီးပဲ - စသည်ဖြင့် အမှတ်မှားမှု အသိမှားမှု အယူမှားမှုတွေက သူရဲ့စိတ်အစဉ်မှာ နေရာအပြည့် ယူထားတဲ့အတွက်ကြောင့် ဖြစ်တယ်။

အလားတူပဲ ဒုက္ခဖြစ်နေတဲ့ တရားတွေကို သုခလို့, အနတ္တဖြစ်နေတဲ့ တရားတွေကို အတ္တလို့, အသုဘဖြစ်နေတဲ့ တရားတွေကို သုဘလို့ အမှတ် မှားနေတယ် အသိမှားနေတယ် အယူမှားနေတယ် စွဲလမ်းယုံကြည်နေတယ်။

အဲဒီလို စွဲလမ်းချက်တွေကလည်း သိပ်အားကောင်းလာပြီ မောဟတရား တွေကလည်း သိပ်ဖိစီးလွှမ်းမိုးလာပြီ ဆိုလို့ရှိလျှင် ဒီဒုစရိုက်တွေကို မလွန် ကျူးပါနှင့်လို့ ဒီပုဂ္ဂိုလ်မျိုးကို သွားပြောပေမဲ့လို့ - သူ့မှာ ဒီဒုစရိုက်တွေကို စွန့်လွှတ်နိုင်တဲ့ စွမ်းအားမရှိ ဖြစ်တတ်တယ်။ စွန့်လွှတ်နိုင်တဲ့ စွမ်းအားတွေက မရှိဖြစ်ခဲ့လျှင် မှားယွင်းနေတဲ့ ဒီအကျင့်ကိုပဲ အလွန်ကောင်းမွန် မှန်ကန်နေတဲ့ နိဗ္ဗာန်ကဲ့သို့သော ချမ်းသာထူးကြီးကို ဖြစ်စေတတ်တဲ့ ကျင့်စဉ်တစ်ခုအဖြစ် လည်း စွဲယူတတ်တယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး --

ပညာအားနည်း၊ သဒ္ဓါသည်းက၊ အရည်းမည်ကာ၊ ယူမိစ္ဆာ၌၊ သဒ္ဓါ လေးမြတ်၊ ဆည်းကပ်တတ်၏။

ပုဂ္ဂိုလ်တစ်ယောက်ဟာ သစ္စာ (၄)ပါး အမှန်တရားကို ထိုးထွင်းသိတတ် တဲ့ စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ဆိုတဲ့ ပညာဓာတ်က သိပ်အားနည်းနေတယ်။ သို့သော် ကြည်ညိုသဒ္ဓါကတော့ တော်တော်လေးကို ကောင်းနေတယ်။ အဲဒီ လို ပုဂ္ဂိုလ်တွေကျတော့ ဘာဖြစ်တတ်ပြန်သလဲ? --

အရည်းမည်ကာ၊ ယူမိစ္ဆာ၌၊ သဒ္ဓါလေးမြတ်၊ ဆည်းကပ်တတ်၏-တဲ့။

ဟိုရှေးခေတ်ကတော့ ရဟန်းတော်များကို အရည်းလို့ ခေါ်ဆိုကြပါတယ်။ အထူးသဖြင့်တော့ အရည်းဆိုတာ ရဟန္တာပုဂ္ဂိုလ်များကိုခေါ်တဲ့ အမည်တစ်မျိုး ဖြစ်ပါတယ်။နာမည်ကတော့ အရည်း (= ရဟန်း) မှန်တယ်။ ဒါပေမဲ့ အယူ ဝါဒက မိစ္ဆာအယူတွေကို ယူနေတယ်။ ရဟန်းဖြစ်ပါလျက် ရတနာသုံးပါးကို ကျောပေးပြီး မင်းကြီး-မင်းကလေးကို ကိုးကွယ်တယ်၊ ဘိုးဘိုးကြီးကို ကိုးကွယ် တယ်၊ အထက်ဆရာကြီးတွေကို ကိုးကွယ်တယ်၊ ဝိဇ္ဇာဓိုရ်ယောက်ျားတွေကို ကိုးကွယ်တယ် - စသည်ဖြင့် ရတနာသုံးပါးရဲ့ အပြင်ဘက်မှာရှိတဲ့ အရာဝတ္ထု တွေကို ကိုးကွယ်ဆည်းကပ်နေတတ်တယ်။ အဲဒီလို ကိုးကွယ်ဆည်းကပ်နေတဲ့ ဘုန်းကြီးတွေကိုလည်း ဒါယကာ ဒါယိကာမတွေက တစ်ဆင့်ပြန်ပြီး ကိုးကွယ် ကြပြန်တယ်။

နောက်တစ်ခု ဖြစ်တတ်ပုံ ရှိသေးတယ်။ ဘုရားရှင် ဟောကြားထားတဲ့ ဒီရုပ်ဒီနာမ်တွေကို ဝိပဿနာမရှုလည်း မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်ပါတယ်။ ဒီအဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အတိတ်အကြောင်းတရားတွေ ကြောင့် ခန္ဓာငါးပါး (= ရုပ်နာမ်)တရားတို့ဖြစ်ပုံကို မရှုလည်း မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်ပါတယ်။ ဒီလို ပုဂ္ဂိုလ်တစ်ဦးဦးက လာပြောခဲ့လျှင်လည်း ဒီလိုပြောတဲ့ ပုဂ္ဂိုလ်မျိုးကို ယုံကြည်စိတ်ချစွာဖြင့် သွားရောက်ကာ ကိုးကွယ်ဆည်းကပ် တတ်ပြန်တယ်။ ဘာကြောင့်လဲ? မိမိကိုယ်တိုင်က စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို ဟုတ်တိုင်းမှန်စွာ မရရှိသေးသောကြောင့် ဖြစ်တယ်။ နောက်တစ်ခု --

ပရမတ်အရာ၊ မလိမ္မာဘဲ၊ သဒ္ဓါ နုံ့နဲ၊ ပညာကဲလည်း၊ အလွဲပြေးဝင်၊ အမြင်ယွင်းခွ၊ တိမ်းပါးကြလျက်၊ မီးပြသမား၊ တွင်းကျွံမှားသို့၊ ဆယ်ပါး ကောင်းမှု၊ လှူဝတ္ထုကို၊ စွန့်ပြုမလွှတ်၊ စိတ္တုပ္ပါဒ်မျှ၊ ဒါနအလှူ၊ မြောက်သော ဟူ၍၊ အယူဖောက်လွဲ၊ မိစ္ဆာစွဲ၏။

ပုဂ္ဂိုလ်တစ်ယောက်ဟာ ပရမတ္ထဉာဏ်ပညာမျက်စိ မရှိဘူး။ ရုပ်တရား တွေကို ပရမတ်သို့ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘူး။ နာမ်တရားတွေကိုလည်း ပရမတ် သို့ ဉာဏ်အမြင်ဆိုက်အောင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘူး။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အကြောင်း တရားတွေကြောင့် အကျိုးခန္ဓာငါးပါးတို့ ထင်ရှားဖြစ်ပေါ်ပုံကိုလည်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘူး။ အကြောင်း တရားနှင့်တကွသော ဒီပရမတ် ရုပ်နာမ်တို့ရဲ့ အနိစ္စသဘော-ဒုက္ခသဘော-အနတ္တသဘော-အသုဘသဘောတွေကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘူး။ ဒီလို မသိမှုတွေကို တစ်ပုံကြီး ထမ်းကာ သံသရာမှာ လမ်းသလားနေတဲ့ သူတွေဟာ ပရမတ်အရာ မလိမ္မာ တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။

ဒီလို ပရမတ်အရာမှာ လိမ္မာကျွမ်းကျင်မှုမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ပရမတ်အရာမှာ မလိမ္မာရုံတွင်သာမက ရတနာသုံးတန် ကံ-ကံရဲ့အကျိုး တရားတို့အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရားကလည်း သိပ်အားနည်းနေပြီ ဆိုကြစို့။ ဒါပေမဲ့ ပညာက လွန်ကဲနေပြန်တယ်။ ဘာပညာတွေ လွန်ကဲသလဲ လို့ မေးလျှင်တော့ အဖြေကတော့ - ပရမတ်ဉာဏ်ပညာမျက်စိ မရှိပေမဲ့လို့ တစ်နည်းပြောရလျှင်တော့ အဓိဂမသုတခေါ်တဲ့ ကျင့်သိဖြင့် ထိုးထွင်းသိထား တဲ့ ပရမတ်ဉာဏ်ပညာမျက်စိ မရှိပေမဲ့လို့ တခြားတခြား ဗဟုသုတရေးရာ ပညာအရပ်ရပ်တွေကိုတော့ သူက ကျွမ်းကျင်တယ်။ တစ်နည်းပြောလျှင်တော့ ပရိယတ်တရား အတော်အတန်ကိုလည်း သင်သိအနေနှင့်တော့ သိထား တယ်။ အဲဒီလို ကျွမ်းကျင်လာပြီဆိုလျှင်တော့ ဘာဖြစ်လာတတ်သလဲ?

ဒီပုဂ္ဂိုလ်က စွဲယူပြီ - အို ...ဒါနဆိုတာ သွားပြီးပြုနေဖို့ မလိုပါဘူး။ စိတ်ထဲကနေ စိတ်ကူးနှင့် လှူနေလျှင်လည်း ဒါနကုသိုလ် ဖြစ်ပါတယ် ဆိုပြီး တော့ ဒီလို ဖောက်လွဲဖောက်ပြန် မှားမှားယွင်းယွင်းနှင့် မိစ္ဆာအယူဝါဒတွေကို သွားပြီး စွဲနေတတ်တယ်။ မီးပြသမား တွင်းကျွံမှားသို့ ဖြစ်တတ်တယ်။

ညအခါမှာ တောလမ်းခရီးကို သွားကြရာ ရှေ့က မီးပြတဲ့ပုဂ္ဂိုလ်က တွင်းထဲ ချောက်ထဲ ကျသွားပြီဆိုလျှင် နောက်က လိုက်လာတဲ့သူတွေဟာ လမ်းမှန် ပေါ်သို့ရောက်ဖို့ လမ်းမှန်အတိုင်း ခရီးဆက်ဖို့ဆိုတာ အလွန်ခက်ခဲသွားပြီ။

ဒီပုံစံအတိုင်းပဲ - ပရမတ်အရာ မလိမ္မာဘဲ သဒ္ဓါ နုံ့နဲ ပညာကဲလာပါက အယူဖောက်လွဲကာ နိဗ္ဗာန်ရောက်ကြောင်းမဟုတ်တဲ့ မိစ္ဆာအယူဝါဒတွေကို နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်အဖြစ် မှားမှားယွင်းယွင်း စွဲယူနေတတ် တယ်။ အဲဒီလို စွဲပြီဆိုလျှင် ဘာဖြစ်လာတတ်သလဲ?

လိပ်ခဲပမာ၊ မြဲမြံစွာလျက်၊ သတ္တဝါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်း လောက် ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြားချေချွတ်၊ ဖြေမလွတ်ဘူး။

အယူဝါဒတစ်ခုကို စွဲပြီဆိုလို့ရှိလျှင် လိပ်ခဲတဲ့ပုံစံနှင့် စွဲတတ်တယ်။ လိပ် များက အရာဝတ္ထုတစ်ခုကို ကိုက်လိုက်ပြီဆိုလျှင် လွယ်လွယ်နှင့် ဘယ်တော့မှ မလွှတ်ဘူး၊ သိပ်ပြီး မြဲမြဲမြံမြံ ကိုက်ခဲတတ်တဲ့သဘော ရှိတယ်။ အဲဒီပုံစံ အတိုင်းပဲ ပုဂ္ဂိုလ်တစ်ယောက်ဟာ ပရမတ်ဉာဏ်ပညာမျက်စိကလည်း မရှိဘဲ သဒ္ဓါကလည်း နုံ့နဲလာပြီဆိုလျှင် တခြားတခြား ဗဟုသုတရေးရာ ဉာဏ်ပညာ တွေကလည်း သိပ်ထက်မြက်လာပြီ ဆိုလို့ရှိလျှင် အရာဝတ္ထုတစ်ခုကို လိပ်က နေ ကိုက်ခဲထားသည့် ပုံစံအတိုင်း မှားယွင်းဖောက်ပြန်နေတဲ့ မိစ္ဆာအယူဝါဒ တွေကို မြဲမြဲမြံမြံနှင့် စွဲလမ်းဆုပ်ကိုင်ထားတတ်တဲ့သဘော ရှိတယ်။

အဲဒီလို မြဲမြဲမြံမြံ စွဲလမ်းဆုပ်ကိုင်ထားပြီ စွဲယူထားပြီ ဆိုလျှင်တော့ ဒီလို စွဲလမ်း ဆုပ်ကိုင်ထားတဲ့ သတ္တဝါတစ်ယောက်ဟာ မှားယွင်းနေပြီ ဖြစ်တယ်။ ဒီလို မှားယွင်းနေတဲ့ အယူဝါဒကို လက်ဆုပ်လက်ကိုင် စွဲယူထားတဲ့ သတ္တဝါ တစ်ယောက်ကို အဆူတစ်သိန်းမျှသော ဘုရားရှင်တို့က သူ့ရဲ့ မှားယွင်းနေတဲ့ အယူဝါဒတွေကို ပြောင်းပြန်လှန်ပြီး မှန်ကန်တဲ့ တရားဓမ္မတွေကို ဟောပြကာ လာရောက် ချေချွတ်ပေမဲ့လို့ ဘယ်လိုမှ မကျွတ်နိုင်တဲ့ သဘောရှိတယ်။

အကျွတ်မရ၊ နိယတဖြင့်၊ ဝါဒအလို၊ မြေကြီး မျိုလည်း၊ ယူကို စွန့်ဘဲ၊ အကျင့်လွဲ၍၊ ငရဲခံလိမ့်မည်သောကြောင့်။ (မဃဒေဝ-စာပိုဒ်-၃၁၉။)

ဒီလို အကျွတ်မရတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ မြဲမြံစွာ ဆုပ်ကိုင်ထားတဲ့ မိမိရဲ့ အယူဝါဒကို မြေမျိုတောင် မစွန့်လွှတ်ဘဲ ရှိနေတတ်တယ်။ မမှန်မကန် မှားယွင်းနေတဲ့ အကျင့်ကိုပဲ ဆက်လက် ကျင့်နေတတ်တယ်။ ဒီမှားယွင်း ဖောက်ပြန်တဲ့ ကျင့်စဉ်တွေကြောင့် သေသည်၏ အခြားမဲ့၌ ငရဲသို့ ရောက်ရှိ နိုင်တဲ့ သဘောရှိနေတယ်၊ စေတိယမင်းတို့လို ဖြစ်တတ်ပါတယ်။

ဒါကြောင့် တရားနာပရိသတ်ဖြစ်ကြတဲ့ ဒါယကာကြီးတွေ ဒါယိကာမကြီး တွေ ...ယခုလို သာသနာတော်မြတ်ကြီးနှင့် တွေ့ခိုက် ကြုံခိုက် ဆုံခိုက်မှာ အဲဒီလို အယူဝါဒ ဖောက်လွဲနေတဲ့ ဒီမိစ္ဆာအယူဝါဒကို လိပ်ခဲပမာ မြဲမြံစွာ စွဲလမ်းဆုပ်ကိုင်ထားတဲ့, တစ်သိန်းလောက်သော ဘုရားရှင်တို့ ဝိုင်းချွတ်သော် လည်း မကျွတ်နိုင်တဲ့ ဘဝမျိုးကို မရောက်အောင် ဒီနေ့-ဒီလ-ဒီနှစ်တွေမှာ မိမိတို့ရဲ့သန္တာန်၌ --

ရုပ်တွေနာမ်တွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ ပရမတ်ဉာဏ်ပညာမျက်စိ, အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိတတ်တဲ့ ပရမတ် ဉာဏ်ပညာမျက်စိ, အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်တို့ရဲ့ အနိစ္စ သဘော-ဒုက္ခသဘော-အနတ္တသဘော-အသုဘသဘောတွေကို ဟုတ်တိုင်း မှန်စွာ ထိုးထွင်းသိတတ်တဲ့ သိနေတဲ့ ပရမတ်ဉာဏ်ပညာမျက်စိ, အသင်္ခတ ဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထွင်းဖောက်သိမြင်နေတဲ့ ပရမတ်ဉာဏ်ပညာမျက်စိ၊ ဒီလို အဆင့်အတန်း မြင့်မားတဲ့ ပညာမျက်စိတွေ ကို ရရှိအောင် ကြိုးစားအားထုတ်ထားဖို့ လိုအပ်ပါတယ်။

ဒီပညာမျက်စိတွေ ရရှိရေးအတွက် အပါယ်ဝဋ်ဆင်းရဲစတဲ့ သံသရာဝဋ် ဆင်းရဲ ဒုက္ခကြီးမှ လွတ်မြောက်ရေးအတွက် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို အစီအစဉ်တကျ တစ်ဆင့်ပြီးတစ်ဆင့် မြင့်သထက် မြင့်အောင် ရင့်သထက်ရင့်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ အလွန် လိုအပ်ပါတယ်။ အဲဒီလို အားထုတ်သွားတဲ့ ပုဂ္ဂိုလ်တွေထဲက အတုယူ ဖွယ်ရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးပဲ ဖြစ်ပါတယ်။

အခန်း (၂)

ဂိလာနဒဿနသုတ္တန်ရှေ့ပိုင်း

နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တွေထဲက စိတ္တသံယုတ်၌ လာရှိတဲ့ ဂိလာန ဒဿနသုတ္တန်ကို ပြည်တည်ပြီးတော့ နာမည်ကျော်ဖြစ်တဲ့ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးအကြောင်းကို ဟောဖို့ ဘုန်းကြီး ရွေးချယ်ထားပါတယ်။ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း စိတ္တသူကြွယ် ကျောင်း ဒါယကာကြီးကို အတုလိုက်ပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြ ပါစေ - ဒီလို မေတ္တာ စေတနာ ရှေ့ထားပြီးတော့ ဒီသုတ္တန်တွေကို ရွေးချယ် ပြီး ဟောကြားခြင်း ဖြစ်ပါတယ်။ ကဲ နာကြည့်ကြရအောင် ...။

တေန ခေါ ပန သမယေန စိတ္တော ဂဟပတိ အာဗာဓိကော ဟောတိ ဒုက္ခိတော ဗာဠှဂိလာနော။ (သံ၊၂၊၄၉၁။)

တေန ခေါ ပန သမယေန = ထိုအခါ၌ကား။ စိတ္တော ဂဟပတိ = စိတ္တသူကြွယ် ကျောင်းဒါယကာကြီးသည်။ အာဗာဓိကော = ကျင်နာခံခက် နှိပ်စက်ဖိစီးအပ်သော အနာရောဂါရှိသည်ဖြစ်၍။ ဒုက္ခိတော = ဖြစ်သော ကိုယ်၏ဆင်းရဲခြင်းရှိသည်။ ဗာဠှဂိလာနော = အပြင်းအထန် မကျန်းမမာ ဖြစ်လျက်နေသည်။ ဟောတိ = ဖြစ်ပေ၏။

စိတ္တသူကြွယ် ကျောင်းဒါယကာကြီး - တစ်ချိန်မှာ သေရာညောင်စောင်း လျောင်းစက်တဲ့အချိန်ပေါ့၊ အနာရောဂါတွေက အပြင်းအထန် နှိပ်စက်နေပြီ၊ မရဏန္တိက-ဝေဒနာလို့ ခေါ်ဆိုအပ်တဲ့ သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိနေတဲ့ ရောဂါဝေဒနာတွေက ကပ်ရောက်လာပြီ ဖြစ်တယ်။

ဒီလို သေရာညောင်စောင်း လျောင်းစက်ရမည့် အချိန်အခါမျိုးသည် ဒီနေ့ တရားဟောနေတဲ့ပုဂ္ဂိုလ် တရားနာနေတဲ့ပုဂ္ဂိုလ်တွေလည်း တစ်နေ့မှာ အနှေး နှင့်အမြန် မချွတ်ဧကန် တွေ့ကြရမည့် အချိန်အခါမျိုးသာ ဖြစ်တယ်။ အဲဒီလို သေရာညောင်စောင်း လျောင်းစက်တဲ့ အချိန်အခါမျိုးမှာ မိမိတို့အတွက် ဘာ တွေများ အားကိုးစရာရှိသလဲ? စိတ်ချလက်ချ အားကိုးရတဲ့တရားကောင်းတွေ ငါတို့မှာ ရှိထားပြီးပြီလားဆိုတဲ့ အချက်ကို ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။

အဲဒီလို စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက သေရာ ညောင်စောင်း လျောင်းစက်နေတဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? --

အထ ခေါ သမ္ဗဟုလာ အာရာမဒေဝတာ ဝနဒေဝတာ ရုက္ခဒေဝတာ ဩသဓိတိဏဝနပ္ပတီသု အဓိဝတ္ထာ ဒေဝတာ သင်္ဂမ္မ သမာဂမ္မ စိတ္တံ ဂဟပတိံ ဧတဒဝေါစုံ --

အထ ခေါ = ထိုအခါ၌။ သမ္ဗဟုလာ = များစွာကုန်သော။ အာရာမဒေဝတာ = အာရာမ်စောင့် နတ်တို့သည်။ ဝနဒေဝတာ = တောစောင့် နတ်တို့သည်။ ရုက္ခဒေဝတာ = သစ်ပင်စောင့် နတ်တို့သည်။ ဩသဓိတိဏဝနပ္ပတီသု အဓိဝတ္ထာ ဒေဝတာ = ဆေးပင် မြက်ပင် တောစိုးသစ်ပင်တို့၌ စောင့်ရှောက်စိုးအုပ် နေထိုင်ကြကုန်သော နတ်တို့သည်။ သင်္ဂမ္မ သမာဂမ္မ = အညီအညွတ် ပေါင်းစုကြကုန်၍။ စိတ္တံ ဂဟပတိံ = စိတ္တသူကြွယ်ကျောင်း ဒါယကာကြီးကို။ ဧတံ ဝစနံ = ဤစကားကို။ အဝေါစုံ = ပြောဆိုကြလေ ကုန်ပြီ။

အာရာမ်စောင့်နတ်တွေ, တောစောင့်နတ်တွေ, သစ်ပင်စောင့်နတ်တွေ, ဆေးပင်တွေ မြက်ပင်တွေ တောစိုးသစ်ပင်တွေမှာ စိုးအုပ်ပြီး နေထိုင်တဲ့ နတ်အပေါင်းတွေ စုဝေးပြီးတော့ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးထံ လာပြီး ပြောကြတယ်။ ဘယ်လိုပြောကြသလဲ? --

ပဏိဓေဟိ ဂဟပတိ အနာဂတမဒ္ဓါနံ ရာဇာ အဿံ စက္ကဝတ္တီတိ။

ဂဟပတိ = ကျောင်းဒါယကာကြီး ...။ အနာဂတမဒ္ဓါနံ = နောင် အနာဂတ် ကာလ၌။ ရာဇာ စက္ကဝတ္တိ = စကြဝတေးမင်းကြီးသည်။ အဿံ = ဖြစ်ရလို၏။ ဣတိ = ဤသို့။ ပဏိဓေဟိ = တောင့်တလိုက်စမ်းပါ။

စိတ္တသူကြွယ် ကျောင်းဒါယကာကြီး ... နောင်အနာဂတ်ကာလ၌ စကြဝတေးမင်းကြီး ဖြစ်ရလို၏လို့ ဒီလို စိတ်ထဲက တောင့်တစမ်းပါ ဆိုပြီး တော့ ဝိုင်းပြီးပြောကြတယ်။ အဲဒီလို ဝိုင်းပြီးပြောလိုက်တဲ့ အချိန်အခါမျိုးမှာ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက ဒီနတ်တွေကို ဘာပြန်ပြောသလဲ? -

တမ္ပိ အနိစ္စံ၊ တမ္ပိ အဒ္ဓုဝံ၊ တမ္ပိ ပဟာယ ဂမနီယန္တိ။

တမ္ပိ = ထိုစကြဝတေးမင်း၏ စည်းစိမ်သည်လည်းပဲ။ အနိစ္စံ = ဖြစ်ပြီးလျှင် ပျက်တတ်တဲ့ အနက်သဘောကြောင့် အနိစ္စတရားသာတည်း။ တမ္ပိ = ထို စကြဝတေးမင်းကြီး၏ စည်းစိမ်သည်လည်းပဲ။ အဒ္ဓုဝံ = မခိုင်ခံ့တဲ့ အဒ္ဓုဝ တရားသာတည်း။ တမ္ပိ = ထိုစကြဝတေးမင်းကြီး၏ စည်းစိမ်သည်လည်းပဲ။ ပဟာယ = တစ်နေ့တွင် ပယ်စွန့်၍။ ဂမနီယံ = သွားရမည့်သဘောတရား သာတည်း။

ဒီစကြဝတေးမင်းကြီးရဲ့ စည်းစိမ်ဆိုတာလည်း ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စ တရားသာ ဖြစ်တယ်၊ မခိုင်ခံ့တဲ့ အဒ္ဓုဝတရားသာ ဖြစ်တယ်။ ဒီစကြဝတေး မင်းရဲ့ စည်းစိမ်ဆိုတာ တစ်နေ့ ပယ်စွန့်သွားရမည့် သဘောတရားသာ ဖြစ်ပါ တယ် ဆိုပြီးတော့ ဒီလို စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက နတ်တွေကို ပြန်ပြီးတော့ ပြောတယ်။

ဒီလိုပြောလိုက်တဲ့အချိန်အခါမှာ ဘေးနားမှာ ဝိုင်းအုံပြီး ထိုင်နေကြတဲ့ စောင့်ရှောက်နေကြတဲ့ ဆွေမျိုးတွေ မိတ်ဆွေတွေ ရှိကြတယ်။ ဒီဆွေမျိုး သားချင်းတွေ မိတ်ဆွေတွေက နတ်တွေပြောတဲ့ စကားသံကိုတော့ မကြား ကြရဘူး၊ စိတ္တသူကြွယ်ပြောတဲ့ စကားသံကိုသာ ကြားကြရတယ်။ ဒါကြောင့် သူတို့က စိတ္တသူကြွယ် ကျောင်းဒါယကာကြီးကို ဘာပြောကြသလဲ? --

သတိံ အယျပုတ္တ ဥပဋ္ဌပေဟိ၊ မာ ဝိပ္ပလပိ။

အယျပုတ္တ = အရှင့်သား ...။ သတိံ = သတိကို။ ဥပဋ္ဌပေဟိ = ရှေး ရှု တည်စေပါ။ မာ ဝိပ္ပလပိ = ကယောင်ကတမ်း ယောင်ယမ်းမြည်တမ်း၍ မပြောဆိုပါနှင့်။

အရှင့်သား ...သတိထားပါ၊ ကယောင်ကတမ်း ယောင်ယမ်း မြည် တမ်းပြီးတော့ မပြောဆိုပါနှင့် ဆိုပြီးတော့ ဘေးက မိတ်ဆွေတွေ ဆွေမျိုးတွေ မွေးချင်းတွေက ဝိုင်းပြီးတော့ သတိပေးကြတယ်။ ထိုအချိန်အခါမှာ စိတ္တ သူကြွယ် ကျောင်းဒါယကာကြီးက --

ငါဟာ ဘာတွေကိုများ ကယောင်ကတမ်း ယောင်ယမ်းမြည်တမ်းပြီး ပြောဆိုနေလို့ သင်တို့က ငါ့ကို ဒီလို သတိပေးနေကြရတာလဲ လို့ ပြန်ပြီး တော့ မေးတယ်။ မေးလိုက်တဲ့ အချိန်အခါမှာ ဘေးက မိတ်ဆွေ ဆွေမျိုး သားချင်းတွေက ဘာပြန်ပြောကြသလဲ --

တမ္ပိ အနိစ္စံ၊ တမ္ပိ အဒ္ဓုဝံ၊ တမ္ပိ ပဟာယ ဂမနီယန္တိ။

တမ္ပိ = ထိုဟာသည်လည်းပဲ။ အနိစ္စံ = ဖြစ်ပြီးလျှင် ပျက်တတ်တဲ့အနက် သဘောကြောင့် အနိစ္စတရားသာတည်း။ တမ္ပိ = ထိုဟာသည်လည်းပဲ။ အဒ္ဓုဝံ = မခိုင်ခံ့တဲ့ အဒ္ဓုဝ တရားသာတည်း။ တမ္ပိ = ထိုဟာသည်လည်းပဲ။ ပဟာယ = တစ်နေ့တွင် ပယ်စွန့်၍။ ဂမနီယံ = သွားရမည့် သဘောတရား သာတည်း။

သင်က အဲဒီလို ပြောနေတယ်။ ထိုဟာလည်း မမြဲတဲ့ အနိစ္စတရားသာ ဖြစ်တယ်။ ထိုဟာလည်း မခိုင်ခံ့တဲ့ အဒ္ဓုဝတရားသာ ဖြစ်တယ်။ ထိုဟာလည်း တစ်နေ့ ပယ်စွန့်သွားရမည့် သဘောတရားသာ ဖြစ်တယ်လို့ သင် ဒီလို ပြော နေတယ်။ ဘာကြောင့် သင် ဒီလို ကယောင်ကတမ်း ယောင်ယမ်းမြည်တမ်း ပြီး ပြောနေရသလဲလို့ ဘေးက ဝိုင်းပြီး ပြောကြတယ်။

ငါဟာ ကယောင်ကတမ်း ယောင်ယမ်းပြီး ပြောနေတာ မဟုတ်ဘူး။ အာရာမ်စောင့်နတ်တွေ, တောစောင့်နတ်တွေ, သစ်ပင်စောင့်နတ်တွေ, ဆေးပင်တွေ မြက်ပင်တွေ တောစိုးသစ်ပင်တွေမှာ စိုးအုပ်ပြီး နေထိုင်တဲ့ နတ်အပေါင်းတွေက စုရုံးပြီးတော့ ငါ့ကို လာပြောနေကြတယ်။

ပဏိဓေဟိ ဂဟပတိ အနာဂတမဒ္ဓါနံ ရာဇာ အဿံ စက္ကဝတ္တီတိ။

စိတ္တသူကြွယ် ကျောင်းဒါယကာကြီး ... နောင်အနာဂတ်ကာလ၌ စကြဝတေးမင်းကြီး ဖြစ်ရပါလို၏လို့ ဒီလို စိတ်က တောင့်တလိုက်စမ်းပါ- ဆိုပြီးတော့ လာပြီးတော့ ဝိုင်းပြီးတော့ ငါ့ကို ပြောနေကြတယ်။ အဲဒီလို ပြောနေတဲ့ နတ်တွေကို ငါက တစ်ဖန် ပြန်ပြီးတော့ --

တမ္ပိ အနိစ္စံ၊ တမ္ပိ အဒ္ဓုဝံ၊ တမ္ပိ ပဟာယ ဂမနီယံ။

ဒီစကြဝတေးမင်းရဲ့ စည်းစိမ်ဟာလည်း ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရား သာ မှန်တယ်။ ဒီစကြဝတေးမင်းရဲ့ စည်းစိမ်ဟာလည်း မခိုင်ခံ့တဲ့ အဒ္ဓုဝ တရားသာ မှန်တယ်။ ဒီစကြဝတေးမင်းရဲ့ စည်းစိမ်ဆိုတာလည်း တစ်နေ့မှာ ပယ်စွန့်ပြီးသွားရမည့် တရားသာ မှန်တယ်လို့ ဒီလို ငါက ပြန်ပြောနေခြင်း ဖြစ်ပါတယ် ဆိုပြီးတော့ အဖြေပေးရတယ်။

အဲဒီအချိန်အခါမှာ ဘေးနားမှာရှိနေတဲ့ ဆွေမျိုးသားချင်းတွေ မိတ်ဆွေ တွေကနေပြီးတော့ သင့်မှာ ဘယ်လိုအကျိုးထူးတရားတွေကို နတ်တွေက တွေ့နေကြလို့ ဒီလို လာပြီးတော့ တိုက်တွန်းနေကြရတာလဲဆိုပြီးတော့ မေး မြန်းကြတယ်။ အဲဒီအခါမှာ စိတ္တသူကြွယ် ဒါယကာကြီးက ဘာပြန်ဖြေသလဲ?

နတ်တွေက ငါ့မှာ ဒီလို အကျိုးထူးတရားတွေကို တွေ့မြင်နေကြတယ်။ ဒါကြောင့် သူတို့က တိုက်တွန်းတာ။ ဘယ်လိုအကျိုးထူးတရားတွေလဲ?

စိတ္တသူကြွယ်၏ ဂုဏ်ရည်

အယံ ခေါ စိတ္တော ဂဟပတိ သီလဝါ ကလျာဏဓမ္မော၊ သစေ ပဏိဒဟိဿတိ အနာဂတမဒ္ဓါနံ ရာဇာ အဿံ စက္ကဝတ္တီတိ၊ တဿ ခေါ အယံ ဣဇ္ဈိဿတိ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ ဓမ္မိကော ဓမ္မိကံ ဖလံ အနုပဿတိ။

အယံ ခေါ စိတ္တော ဂဟပတိ = ဤစိတ္တသူကြွယ် ကျောင်းဒါယကာ ကြီးသည်ကား။ သီလဝါ = ကိုယ်ကျင့်သီလနှင့် ပြည့်စုံ၏။ ကလျာဏဓမ္မော = ကောင်းသောတရားဓမ္မနှင့် ပြည့်စုံ၏။

အကြောင်းပြချက် နှစ်ခုပေါ့။ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက သီလ ရှိတဲ့ သူတော်ကောင်းကြီးလည်းဖြစ်တယ်။ ကလျာဏဓမ္မခေါ်တဲ့ ကောင်းတဲ့ တရားဓမ္မတွေနှင့်ပြည့်စုံနေတဲ့ သူတော်ကောင်းကြီးလည်းဖြစ်တယ်။ ဒီနှစ်ချက် ပေါ့နော်။ ဘယ်လို ကလျာဏဓမ္မ - ကောင်းတဲ့တရားတွေနှင့် ပြည့်စုံသလဲ?

အဲဒီအပိုင်းကို ဒီည ဦးစားပေးပြီး ဟောဖို့ ရည်ရွယ်ထားပါတယ်၊ ဒီအပိုင်း ကိုပဲ ချဲ့ထွင်ပြီး ဟောဖို့ ရည်ရွယ်ထားပါတယ်။

ကောင်းတဲ့ တရားဓမ္မတွေနှင့် ပြည့်စုံတယ်။ ကိုယ်ကျင့်သီလနှင့်လည်း ပြည့်စုံတယ်။ ပြည့်စုံတဲ့အတွက် ဘာဖြစ်သလဲ? --

အဟံ = ငါသည်။ အနာဂတမဒ္ဓါနံ = နောင်အနာဂတ်ကာလ၌။ ရာဇာ စက္ကဝတ္တိ = စကြဝတေးမင်းကြီးသည်။ အဿံ = ဖြစ်ရလို၏။ ဣတိ = ဤသို့လျှင်။ သစေ ပဏိဒဟိဿတိ = အကယ်၍ တောင့်တခဲ့သည်ဖြစ်အံ့။ သီလဝတော = သီလရှိ၍နေသော။ တဿ = ထိုစိတ္တသူကြွယ် ကျောင်း ဒါယကာကြီး၏။ အယံ စေတောပဏိဓိ = ဤစိတ်ရဲ့တောင့်တချက်သည်။ ဝိသုဒ္ဓတ္တာ = သီလစင်ကြယ်နေသည့်အတွက်ကြောင့်။ ဣဇ္ဈိဿတိ = မချွတ် ဧကန် ပြည့်စုံပေလိမ့်မည်။

ဒီစိတ္တသူကြွယ် ကျောင်းဒါယကာကြီးက ကိုယ်ကျင့်သီလနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ကလျာဏဓမ္မခေါ်တဲ့ ကောင်းတဲ့ တရားဓမ္မတွေနှင့် ပြည့်ဝ နေတဲ့ သူတော်ကောင်းလည်း ဖြစ်တယ်။ ဒီစိတ္တသူကြွယ် ကျောင်းဒါယကာ ကြီးမှာ (ဝိသုဒ္ဓတ္တာ) သီလတွေ စင်ကြယ်နေတဲ့အတွက်ကြောင့် သီလစင်ကြယ် နေတဲ့ ပုဂ္ဂိုလ်က စိတ်ကနေ တောင့်တလိုက်တဲ့ တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံပေလိမ့်မယ်။

ဓမ္မိကော = တရားရှိတဲ့ပုဂ္ဂိုလ်သည်။ ဓမ္မိကံ ဖလံ = တရားနှင့်လျော်ညီ တဲ့ အကျိုးတရားကို။ အနုပဿတိ = အဖန်ဖန် အထပ်ထပ် တွေ့မြင်၍ နေရတတ်ပေ၏။

တရားရှိတဲ့ပုဂ္ဂိုလ်ဆိုတာ တရားနှင့်လျော်ညီနေတဲ့ အကျိုးတရားတွေကို အဖန်ဖန် အထပ်ထပ် မချွတ်ဧကန် တွေ့မြင်ရတတ်တယ်။ အဲဒီသဘောကို ဒီနတ်တွေက တွေ့နေတယ် မြင်နေတယ်။ ဒါကြောင့်မို့လို့ --

ဒီစိတ္တသူကြွယ် ကျောင်းဒါယကာကြီးသည် ကိုယ်ကျင့်သီလနှင့် ပြည့်စုံ တယ်၊ ကလျာဏဓမ္မခေါ်တဲ့ ကောင်းသောတရားဓမ္မတွေနှင့်လည်း ပြည့်စုံနေ တဲ့ သူတော်ကောင်းဖြစ်တယ်။ ဒီသူတော်ကောင်းကြီးအဖို့ စိတ်ကနေ တောင့် တမယ်ဆိုလျှင် တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံနိုင်တယ်လို့ ဒီလို နတ်တွေက သိမြင်နေကြတယ်။

အကယ်၍ နောင်အနာဂတ်ကာလမှာ စကြဝတေးမင်း ဖြစ်ချင်ပါတယ် ဆိုတဲ့ ဒီစိတ်ကလေးတစ်ခုသာ တောင့်တလိုက်ပါ။ တောင့်တလိုက်လျှင် ဒီ တောင့်တချက်တွေသည် သီလစင်ကြယ်နေသည့်အတွက်ကြောင့် မချွတ် ဧကန် ပြည့်စုံလိမ့်မယ်။ ဘာကြောင့်လဲ? --

တရားရှိတဲ့ပုဂ္ဂိုလ်ဆိုတာ တရားနှင့်လျော်ညီနေတဲ့ အကျိုးတရားတွေကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ တွေ့ရတတ်ပါတယ် --

ဒီလို သဘောပေါက်ပြီးတော့ နတ်တွေက ငါ့ကို လာတိုက်တွန်းကြခြင်း နှိုးဆော်ကြခြင်း ဖြစ်တယ်ဆိုပြီး စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက ပြန်ပြီး တော့ အဖြေပေးတယ်။

ဒါပေမဲ့လို့ ငါကလည်း ဒီနတ်တွေကို ဒီစကြဝတေးမင်းရဲ့ စည်းစိမ်ဟာ လည်း ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စသဘောတရားသာ မှန်တယ်၊ မခိုင်ခံ့တဲ့ အဒ္ဓုဝသဘောတရားသာ မှန်တယ်၊ တစ်နေ့ ပယ်စွန့်သွားရမည့် တရားသာ မှန်တယ်လို့ ငါက ဒီလိုပြန်ပြောနေတာ ဆိုပြီးတော့ စိတ္တသူကြွယ် ကျောင်း ဒါယကာကြီးက သူ့ရဲ့ ဆွေမျိုးသားချင်း မိတ်ဆွေတွေကို အဖြေပေးတယ်၊ ကယောင်ကတမ်း ယောင်ယမ်းမြည်တမ်းပြီးတော့ ပြောချင်ရာတွေ ပြောနေ တာမဟုတ်ဘူးလို့ ပြန်ပြီးတော့ အဖြေပေးလိုက်တယ်။

အဲဒီအပိုင်းမှာပေါ့၊ စိတ္တသူကြွယ် ဒါယကာကြီးမှာ ကိုယ်ကျင့်သီလတွေနှင့် ဘယ်လိုပြည့်စုံသလဲ? ကလျာဏဓမ္မခေါ်တဲ့ ကောင်းသောတရားဓမ္မတွေနှင့် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပြည့်စုံနေသလဲ? ဒီအပိုင်းကို ဒီည နည်းနည်းချဲ့ထွင်ပြီး ဟောကြည့်ကြရအောင်နော် ...။

___________

အခန်း (၃)

စိတ္တသူကြွယ်၏ ပါရမီခရီး

ပဒုမုတ္တရဘုရားရှင် နှင့် စိတ္တသူကြွယ်အလောင်းအလျာ

စိတ္တသူကြွယ် ဒါယကာကြီးဟာ ကမ္ဘာတစ်သိန်းနှင့်ချီပြီးတော့ ပါရမီမျိုးစေ့ ထူထောင်ခဲ့တဲ့ သူတော်ကောင်းကြီး ဖြစ်ပါတယ်။ ဒီကမ္ဘာကနေ ပြန်ရေတွက် ခဲ့မယ်ဆိုလို့ရှိလျှင် လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းထက်က လောကမှာ ပဒုမုတ္တရ မြတ်စွာဘုရားသခင် ပွင့်ထွန်းတော်မူခဲ့ပါတယ်။

ထိုပဒုမုတ္တရမြတ်စွာဘုရားသာသနာတော်တွင်း၌ ဒီစိတ္တသူကြွယ် ကျောင်း ဒါယကာဟာ အမျိုးကောင်းသားတစ်ဦး သူဌေးသားတစ်ဦး ဖြစ်ခဲ့ပါတယ်။

အဲဒီသူဌေးသားက တစ်နေ့ ပဒုမုတ္တရဘုရားရှင်ထံသွားပြီးတော့ တရားနာ ယူတဲ့ အချိန်အခါ ပဒုမုတ္တရဘုရားရှင်က လူဥပါသကာ ဒါယကာတွေထဲက တရားဟောကောင်းတဲ့ ဒါယကာတစ်ဦးကို ဓမ္မကထိကအရာမှာ အသာဆုံး အမြတ်ဆုံးအဖြစ် ဧတဒဂ်ထားတော်မူတာကို တွေ့မြင်သိရှိလိုက်ရတယ်။

အဲဒီ ဧတဒဂ်ထားတော်မူတဲ့ ဒါယကာကို အားကျပြီးတော့ စိတ္တသူကြွယ် အလောင်းဖြစ်တဲ့ အမျိုးကောင်းသားကလည်း ဘုရားအမှူးရှိတဲ့ သံဃာတွေကို ပင့်ဖိတ်ပြီးတော့ အလှူဒါနတွေကို အကြီးအကျယ် ပြုလုပ်ပါတယ်။ အကြီး အကျယ် ပြုပြီးတော့ ဘာလုပ်သလဲ၊ အမျိုးသားဓမ္မကထိကဧတဒဂ်ရာထူးကို ဆုတောင်းပန်ထွာခဲ့ပါတယ်။

ဆုတောင်းပန်ထွာတဲ့အတွက် .. ဒီဆုတောင်းပန်ထွာမှုတွေ ပြည့်စုံနိုင် သလားလို့ ဒီလိုတော့ မေးစရာရှိပါတယ်။ အဲဒီအချက်နှင့် ပတ်သက်ပြီးတော့ ဘုန်းကြီးတို့ ဘုရားရှင် ဟောကြားထားတော်မူတဲ့ အဂ္ဂပ္ပသာဒသုတ္တန်ကို နည်းနည်း ဒီနေရာမှာ ကြားညှပ်ပြီး နာကြည့်ကြရအောင်။ အဂ္ဂပ္ပသာဒ သုတ္တန်ကတော့ အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာရှိပါတယ်။

အဂ္ဂပ္ပသာဒသုတ္တန်

အဂ္ဂတော ဝေ ပသန္နာနံ၊ အဂ္ဂံ ဓမ္မံ ဝိဇာနတံ။

အဂ္ဂေ ဗုဒ္ဓေ ပသန္နာနံ၊ ဒက္ခိဏေယျေ အနုတ္တရေ။

အဂ္ဂေ ဓမ္မေ ပသန္နာနံ၊ ဝိရာဂူပသမေ သုခေ။

အဂ္ဂေ သံဃေ ပသန္နာနံ၊ ပုညက္ခေတ္တေ အနုတ္တရေ။

အဂ္ဂသ္မိံ ဒါနံ ဒဒတံ၊ အဂ္ဂံ ပုညံ ပဝတိ။

အဂ္ဂံ အာယု စ ဝဏ္ဏော စ၊ ယသော ကိတ္တိ သုခံ ဗလံ။

အဂ္ဂဿ ဒါတာ မေဓာဝီ၊ အဂ္ဂဓမ္မသမာဟိတော။

ဒေဝဘူတော မနုေဿာ ဝါ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။ (အံ၊၁၊၃၄၄။)

အဂ္ဂံ ဓမ္မံ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ တရားထူး တရားမြတ်ကို။ ဝိဇာနတံ = သိရှိကြကုန်သည်ဖြစ်၍။ [ဆုတောင်းမည့် ပုဂ္ဂိုလ်တွေဘက်မှာ ပြည့်စုံရမည့် အရေးအကြီးဆုံး အင်္ဂါရပ်တစ်ခုပဲနော်။]

အဂ္ဂံ ဓမ္မံ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ တရားထူး တရားမြတ်ကို။ ဝိဇာနတံ = သိရှိကြကုန်သည်ဖြစ်၍။ ဝေ = စင်စစ်ဧကန် အမှန်အားဖြင့်။ အဂ္ဂတော = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါး၌။ ပသန္နာနံ = ကြည်ညိုကြကုန်သော သူတို့အားလည်းကောင်း။

ဒက္ခိဏေယျေ = ကံနှင့်အကျိုး ရည်ကိုးမြော်သန် အလှူကောင်း အလှူမှန် ဟူသမျှကို စိုးယူပိုင်သ ခံယူတော်မူခြင်းငှာ ထိုက်တန်တော်မူပေထသော။ အနုတ္တရေ = သာလွန်သူ မထင် အမြတ်ဆုံး ရတနာအရှင် ဖြစ်တော်မူ ပေသော။ အဂ္ဂေ ဗုဒ္ဓေ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ဘုရားရတနာ၌။ ပသန္နာနံ = ကြည်ညိုကြကုန်သော သူတို့အားလည်းကောင်း။

ဝိရာဂူပသမေ = ရာဂ၏ ကင်းပြတ်ချုပ်ငြိမ်းရာ ဖြစ်သော။ သုခေ = ချမ်းသာခြင်း၏အကြောင်းဖြစ်သော။ အဂ္ဂေ ဓမ္မေ = အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်၌။ ပသန္နာနံ = ကြည်ညိုကြကုန်သော သူတို့ အားလည်းကောင်း။

ပုညခေတ္တေ အနုတ္တရေ = ကောင်းမှုတည်းဟူသော မျိုးစေ့ကို ကြဲချ စိုက်ပျိုးရာ အသာဆုံး အမြတ်ဆုံး လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ သော။ အဂ္ဂေ သံဃေ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သံဃာရတနာ၌။ ပသန္နာနံ = ကြည်ညိုကြကုန်သော သူတို့အားလည်းကောင်း။

အဂ္ဂသ္မိံ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါး၌။ ဒါနံ = အလှူ ဒါနကို။ ဒဒတံ = ပေးလှူကြကုန်သော သူတို့အားလည်းကောင်း။--

အဂ္ဂံ ပုညံ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ကုသိုလ်ကောင်းမှုသည်။ ပဝတိ = တိုးပွား၍ လာပေ၏။ အဂ္ဂံ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့။ အာယု စ = အသက်ရှည်ခြင်းသည်လည်းကောင်း။ ဝဏ္ဏော စ = အဆင်းလှ ခြင်းသည်လည်းကောင်း။ ယသော စ = အခြံအရံ များခြင်းသည်လည်း ကောင်း။ ကိတ္တိ စ = ကျော်စောခြင်းသည်လည်းကောင်း။ သုခဉ္စ = ကိုယ်၏ ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းသည်လည်းကောင်း။ ဗလဉ္စ = ကိုယ်အား ဉာဏ်အားသည်လည်းကောင်း။ ပဝတိ = တိုးပွား၍ လာပေ၏။

တသ္မာ = ထို့ကြောင့်။ အဂ္ဂဓမ္မသမာဟိတော = အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့ တရားရတနာနှင့် ပြည့်စုံကြကုန်သည်ဖြစ်၍။ အဂ္ဂဿ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးအား။ ဒါတာ = ပေးလှူလေ့ရှိသော။ မေဓာဝီ = ပညာရှိတဲ့ပုဂ္ဂိုလ်သည်။ ဒေဝဘူတော ဝါ = နတ်ဖြစ်သော်လည်းကောင်း။ မနုေဿာ ဝါ = မနုဿဘူတော ဝါ = လူဖြစ်သော်လည်းကောင်း။ အဂ္ဂပတ္တော = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ အကျိုးတရားသို့ ရောက်ရှိရသည်ဖြစ် ၍။ ပမောဒတိ = နှစ်သက်ရွှင်ပျ ဝမ်းမြောက်ရပေသတည်း။ (သာဓု သာဓု သာဓု)

လောကမှာ ရတနာဟူသမျှတို့တွင် အသာဆုံး အမြတ်ဆုံး ရတနာက ဘုရားရတနာ တရားရတနာ သံဃာရတနာဆိုတဲ့ ရတနာသုံးပါးပဲ ဖြစ်ပါ တယ်။

အဲဒီ ရတနာသုံးပါးကို ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာသော် လည်းကောင်း, အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ဒီရတနာသုံးပါးကို လှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာသော်လည်းကောင်း အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ကောင်းမှုကုသိုလ်တွေဟာ တိုးပွားလာတယ်။ အလှူရှင်ဘက်က ပြည့်စုံရမည့် အင်္ဂါရပ်က ဘာလဲလို့မေးတော့ --

အဂ္ဂံ ဓမ္မံ ဝိဇာနတံ။

အဂ္ဂံ ဓမ္မံ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ တရားထူး တရားမြတ်ကို။ ဝိဇာနတံ = သိရှိကြကုန်သည်ဖြစ်၍။ - ဒီအကြောင်းလေး တစ်ချက် ပါတယ်။

အသာဆုံးအမြတ်ဆုံးဖြစ်တဲ့ တရားထူး တရားမြတ်ကို သိပြီးတဲ့အခါ သိရှိ နေတဲ့ ထိုသူတော်ကောင်းက အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးမှာ ကောင်းမှုကုသိုလ်ပြုခဲ့လျှင် အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ အကျိုးတရားတွေ ရနိုင်တယ်တဲ့။ အဲဒီ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ အကျိုးတရားတွေက ဘာ တွေလဲလို့မေးတော့ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ အသက်ရှည်ခြင်း, အဆင်း လှခြင်း, အခြံအရံများခြင်း, ဂုဏ်သတင်းကျော်စောခြင်း, ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်း, ကိုယ်အားကြီးခြင်း ဉာဏ်အားကြီးခြင်းဆိုတဲ့ ဒီအသာဆုံး အမြတ်ဆုံး အကျိုးတရားတွေပဲ ဖြစ်ကြတယ်။

ဒါကြောင့် အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ တရားထူး တရားမြတ်တွေနှင့် ပြည့်စုံပြီးတဲ့ အချိန်အခါမှာ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးကို ပေးလှူလေ့ရှိတဲ့ ပုဂ္ဂိုလ်ဟာ လူဖြစ်ချင်ဖြစ်ပါစေ၊ နတ်ဖြစ်ချင်လည်းဖြစ်ပါစေ၊ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ အကျိုးတရားတွေကို ရရှိပြီးတော့ ထိုထိုဘဝမှာ နှစ်သက် ရွှင်လန်း ဝမ်းမြောက်ပြီးတော့ နေရပါလိမ့်မယ် - ဆိုပြီးတော့ ဒီ အကြောင်းအရာကို မြတ်စွာဘုရားရှင်က အဂ္ဂပ္ပသာဒသုတ္တန်မှာ ဟောကြား ထားတော်မူပါတယ်။

အဲဒီပုံစံအတိုင်းပဲ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးကလည်း လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရား သာသနာတော်အတွင်းမှာ ဓမ္မကထိက ဧတဒဂ်ရာထူးကို မျှော်မှန်းပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာ တွေကို အလှူဒါန အကြီးအကျယ် ပြုခဲ့ပါတယ်။ အကြီးအကျယ် ပြုပြီးတော့ ထိုဓမ္မကထိကရာထူးကို လှမ်းပြီးတော့ ဆုတောင်းပန်ထွာတော်မူခဲ့ပါတယ်။

ပဒုမုတ္တရဘုရားရှင်သည် လောကမှာ လူတို့ သက်တမ်းအားဖြင့် အနှစ် တစ်သိန်းတမ်းမှာ ပွင့်ထွန်းပေါ်ပေါက်တော်မူတဲ့ ဘုရားရှင်ဖြစ်ပါတယ်။ ရဟန်း သံဃာတော်အပေါင်းတစ်သိန်းတို့က ဘုရားရှင်အား အမြဲတမ်း ခြံရံလျက် ရှိပါတယ်။ ဘုရားအမှူးရှိတဲ့ သံဃာတော်တစ်သိန်းတို့အား မိမိအိမ်သို့ ပင့် ဖိတ်ကာ အလှူဒါနပွဲကြီးတွေကို ကျင်းပနိုင်ခဲ့တယ်ဆိုလျှင် အဲဒီအလှူဒါနပွဲ ကြီးဟာ ဘယ်လောက်ကြီးကျယ်မယ်ဆိုတာ ခန့်မှန်းကြည့်ပါ။ အနှစ်တစ်သိန်း အတွင်းမှာ ထိုအမျိုးကောင်းသားဟာ ဒါနစတဲ့ ကောင်းမှုကုသိုလ်တွေကို ဆည်းပူးပြီးတော့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ် .. ဆိုတဲ့ ပါရမီကောင်းမှုကုသိုလ်ထူးတွေကို အနှစ်တစ်သိန်းအတွင်းမှာ ထိုဓမ္မကထိက ဧတတဂ်ရာထူးအတွက် မျှော်မှန်းပြီးတော့ ဆည်းပူးခဲ့ပါတယ်။

ပဋိသမ္ဘိဒါဉာဏ်

ဒီလို ဆည်းပူးတဲ့နေရာမှာ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိစေနိုင်တဲ့ ပါရမီမျိုးစေ့ ကောင်းတွေကိုပါ ဆည်းပူးခဲ့ပါတယ်။ ဒီနေရာမှာ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးရဲ့ ပဋိသမ္ဘိဒါဉာဏ်အကြောင်းနှင့် ဆက်စပ်ပြီး ထပ်ပြီးတော့ ပြောချင်သေးတယ်။ အချို့အချို့သော အရိယာသူတော်ကောင်းတွေဟာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိတဲ့အခါမှာ ပဋိသမ္ဘိဒါဉာဏ်တို့ကိုပါ ပူးတွဲ ပြီး ရရှိတော်မူကြပါတယ်။ ပဋိသမ္ဘိဒါဉာဏ်အကြောင်းအရာနှင့် ပတ်သက်လို့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (ရဝ) စသည်မှာ ဖွင့်ဆိုထားတဲ့ ဖွင့်ဆိုချက်အချို့ကို ကောက်နုတ်ပြီး တင်ပြလိုပါတယ်။ ပဋိသမ္ဘိဒါဉာဏ်တော် မြတ် လေးပါး ရှိပါတယ်။ ဘာတွေလဲ? --

၁။ အတ္ထပဋိသမ္ဘိဒါဉာဏ်,

၂။ ဓမ္မပဋိသမ္ဘိဒါဉာဏ်,

၃။ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်,

၄။ ပဋိဘာနပဋိသမ္ဘိဒါဉာဏ် - ဆိုပြီး လေးပါး ရှိပါတယ်။

အတ္ထပဋိသမ္ဘိဒါဉာဏ်

အတ္ထဆိုတာက အကျိုးတရားကို ဆိုလိုပါတယ်။ ပဋိသမ္ဘိဒါဆိုတာက တော့ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ကို ဆိုလိုပါတယ်။ အဘယ်အကျိုးတရား တွေကို ထိုးထွင်းသိသလဲလို့ဆိုလျှင် ဒုက္ခသစ္စာ အမည်ရတဲ့ အကျိုးတရားတွေ ကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်ကို ဆိုလိုပါတယ်။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကတော့ --

ဟေတုဖလံ ဟိ ယသ္မာ ဟေတုအနုသာရေန အရိယတိ အဓိဂမိယတိ သမ္ပာပုဏိယတိ၊ တသ္မာ အတ္ထောတိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၂၊ရဝ။)

ဟိ = မှန်၏။ ဟေတုဖလံ = အကြောင်း၏အကျိုးကို။ ယသ္မာ = အကြင် ကြောင့်။ ဟေတုအနုသာရေန = ဖြစ်စေတတ်သော နိဗ္ဗတ္တကအကြောင်း, သိစေတတ်သော ဉာပကအကြောင်း, ကောင်းစွာရောက်စေတတ်သော သမ္ပာပကအကြောင်းဟူသည့် အကြောင်းသုံးပါးကို အစဉ်လျှောက်သဖြင့်။ ဝါ၊ အကြောင်းသုံးပါးကို အစဉ်လျှောက်သောဉာဏ်ဖြင့်။ အရိယတိ အဓိဂမိယတိ သမ္ပာပုဏိယတိ = ရောက်အပ်၏။ တသ္မာ = ထို့ကြောင့်။ အတ္ထောတိ = အတ္ထဟူ၍။ ဝုစ္စတိ = ဆိုအပ်၏။

အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားကို ဟေတုဖလလို့ ခေါ်ပါတယ်။ အကြောင်းတရားတွေကလည်း ဖြစ်စေတတ်တဲ့ နိဗ္ဗတ္တက အကြောင်း, သိစေတတ်တဲ့ ဉာပကအကြောင်း, ကောင်းစွာဆိုက်ရောက်စေ တတ်တဲ့ သမ္ပာပကအကြောင်းလို့ အကြောင်း သုံးမျိုးရှိပါတယ်။ ဒီအကြောင်း တရားတွေကို အစဉ်လျှောက်သောဉာဏ်ဖြင့် ရောက်အပ် ရအပ် သိအပ်တဲ့ အတွက် အကြောင်းရဲ့အကျိုးကို အတ္ထလို့ ခေါ်ပါတယ်။

ဒီလိုဆိုတော့ အဲဒီအတ္ထတွေက ဘာတွေလဲလို့ မေးစရာရှိတယ်။ ဒီတော့ အဋ္ဌကထာက ဘယ်လို အဖြေပေးထားသလဲ? --

ပဘေဒတော ပန ယံ ကိဉ္စိ ပစ္စယသမ္ဘူတံ, နိဗ္ဗာနံ, ဘာသိတတ္ထော, ဝိပါကော, ကိရိယာတိ ဣမေ ပဉ္စ ဓမ္မာ အတ္ထောတိ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊ရဝ။)

ဒီလို အဋ္ဌကထာက ဖွင့်ဆိုရှင်းလင်းထားပါတယ်။ အဋ္ဌကထာရဲ့ ဆိုလိုရင်း ကတော့ ဒီလိုပါ။ အတ္ထက ငါးမျိုး ရှိပါတယ်။

ပစ္စယသမ္ဘူတ --

နံပါတ် (၁) အတ္ထကတော့ ပစ္စယသမ္ဘူတတရားအားလုံး ဖြစ်ပါတယ်။ ပစ္စယသမ္ဘူတတရားဆိုတာက ဘာလဲ? အကြောင်းတရားကြောင့် ဖြစ်ပေါ် လာရတဲ့ အကျိုးတရားအားလုံးကို ပစ္စယသမ္ဘူတတရားလို့ ခေါ်ပါတယ်။ ဖြစ်စေတတ်တဲ့ အကြောင်းတရား (= နိဗ္ဗတ္တကအကြောင်းတရား) ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားအားလုံးပဲ၊ ဒုက္ခသစ္စာတရားစုတွေ ဖြစ်ကြပါ တယ်။ အဲဒီ အကြောင်းကြောင့်ဖြစ်တဲ့အကျိုးကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က အတ္ထပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။

နိဗ္ဗာန် --

နံပါတ် (၂) အတ္ထကတော့ နိဗ္ဗာန်ဖြစ်ပါတယ်။ နိဗ္ဗာန်ကို ရောက်စေတတ် တဲ့ အကြောင်းတရားတွေကို သမ္ပာပကအကြောင်းတရားလို့ ခေါ်ပါတယ်။ ဒီ သမ္ပာပကအကြောင်းတရားတွေကတော့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ ဖြစ်ကြပါတယ်။ အဲဒီ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားလို့ ခေါ်ဆိုတဲ့ သမ္ပာပက အကြောင်းတရားတွေကို အစဉ်လျှောက်သဖြင့် ထိုနိဗ္ဗာန်ကို သိအပ်-ရောက် အပ်-ရအပ်တဲ့အတွက် နိဗ္ဗာန်တရားတော်မြတ်ကိုလည်း အတ္ထလို့ခေါ်ပါတယ်။ သစ္စာဒေသနာတော်နည်းအရ နိရောဓသစ္စာတရား ဖြစ်ပါတယ်။ အဲဒီနိဗ္ဗာန်ကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာလည်း အတ္ထပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။

ဘာသိတတ္ထ --

နောက်နံပါတ် (၃) အတ္ထကတော့ ဘုရားရှင် ဟောကြားတော်မူအပ်တဲ့ တရားတော်၏ အနက်အဓိပ္ပါယ် သို့မဟုတ် ဘုရားရှင် ဟောကြားတော်မူအပ် တဲ့ တရားစကားလုံးတို့ရဲ့ ဆိုလိုရင်း အနက်သဘောကိုလည်း အတ္ထလို့ ခေါ်ပါ တယ်။ ဘာသိတတ္ထလို့ ဆိုလိုပါတယ်။ အဲဒီ ဘာသိတတ္ထ ခေါ်တဲ့ ဘုရားဟော တရားတွေကို စနစ်တကျ သိရှိနားလည်သူတွေက သိရှိသည့်အတိုင်း လိုက်နာ ပြုကျင့်ပါက သင်သိအဆင့်မှ ကျင့်သိအဆင့်သို့ ရောက်ရှိသွားပါလိမ့်မယ်။

ဘုရားဟောတရားတွေကို အကျဉ်းချုပ်လိုက်တော့ သီလကျင့်စဉ် သမာဓိ ကျင့်စဉ် ပညာကျင့်စဉ်တွေပဲ ဖြစ်ကြပါတယ်။ ဒီကျင့်စဉ်တွေကို တကယ် ပေါက်ပေါက်ရောက်ရောက် အောင်အောင်မြင်မြင် လိုက်နာပြုကျင့်ပါက ဒီ ကျင့်စဉ်တွေမှာ သစ္စာလေးပါး အစရှိတဲ့ တရားထူးတရားမြတ်တွေကို ထိုးထွင်း သိစေတတ်တဲ့ ဉာဏ်ဆိုတဲ့ အကျိုးတရားတွေကို ရရှိနိုင်ပါတယ်။ ဒါကြောင့် ဘုရားရှင် ဟောကြားတော်မူအပ်သော တရားတော်တွေဟာ သိတတ်တဲ့ ဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ တရားတွေဖြစ်လို့ ဘာသိတတ္ထလို့ ခေါ်ပါတယ်။ ဒါကြောင့် အဲဒီဘုရားဟောတရားတော်တွေရဲ့ အနက်အဓိပ္ပါယ်ကို သိတတ်တဲ့ ဉာဏ်ဟာလည်း အတ္ထပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။

ဝိပါက --

အကျိုးဝိပါက်တရားအားလုံးကိုလည်း အတ္ထလို့ ခေါ်ပါတယ်။ ဒီအကျိုး ဝိပါက်တရားတွေက ကုသိုလ်ကံ အကုသိုလ်ကံတွေကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဝိပါက်တရားတွေ ဖြစ်ကြပါတယ်။ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ ကုသိုလ် အကုသိုလ်တို့ရဲ့ အကျိုးဝိပါက်တွေကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က အတ္ထပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။ (အဘိ၊၂၊၃၀၇-၃၀၈။)

ကိရိယာ --

နောက် အတ္ထ တစ်ခုကတော့ - ကိရိယာ စိတ်-စေတသိက် တရားစုတို့ ဖြစ်ကြပါတယ်။ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပြီးတော်မူကြတဲ့ ရဟန္တာအရှင်မြတ်တွေလည်း ဒါန-သီလ-သမထ-ဝိပဿနာစတဲ့ ကောင်းမှု တွေကို ပြုလုပ်ကြပါတယ်။

ဒါပေမဲ့ သူတို့ပြုတဲ့ အဲဒီကောင်းမှုတွေဟာ နောက်ထပ် အကျိုးတစ်စုံ တစ်ရာကို ဖြစ်စေနိုင်တဲ့ စွမ်းအားမရှိလို့ ပြုကာမတ္တသာဖြစ်လို့ ကိရိယာလို့ ခေါ်ပါတယ်။ ဒါနပြုစဉ်, သီလကို ဖြူစင်အောင် ဖြည့်ကျင့်စဉ်, မေတ္တာဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းစတဲ့ သမထကျင့်စဉ်တွေကို ကျင့်စဉ်, အရဟတ္တဖိုလ် သမာပတ်ဝင်စားဖို့ရန် စတဲ့ ရည်ရွယ်ချက်ဖြင့် ဝိပဿနာကျင့်စဉ်တွေကို ကျင့်သုံးစဉ် သူတို့သန္တာန်မှာ စိတ်အစဉ်တွေ (= စိတ်စေတသိက်တရားတွေ) ဖြစ်နေကြပါတယ်။ ဒီစိတ်အစဉ်တွေဟာ နောက်ထပ်အကျိုးတရားကို ဖြစ်စေ နိုင်တဲ့ စွမ်းအားတွေ မရှိလို့ ပြုကာမတ္တသာဖြစ်လို့ ကိရိယာလို့ ခေါ်ပါတယ်။ ဒီလို ကိရိယာမျှသာ ဖြစ်ခြင်းဟာလည်း အရဟတ္တမဂ် အရဟတ္တဖိုလ်ကြောင့် သာ ဖြစ်ပေါ်လာရတဲ့အတွက် အတ္ထလို့ပဲ ခေါ်ပါတယ်။ အဲဒီအတ္ထကို ထိုးထွင်း သိတဲ့ ဉာဏ်ကိုလည်း အတ္ထပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ပါတယ်။ အဲဒီ ဝိပါက တရားနှင့် ကိရိယာတရားတို့ဟာလည်း ဒုက္ခသစ္စာတရားစုထဲမှာပဲ အကျုံး ဝင်ကြပါတယ်။ ဒါကြောင့် ဒုက္ခသစ္စာအကြောင်းကို အနည်းငယ် ထပ်မံပြီး ရှင်းလင်းတင်ပြလိုပါတယ်။

သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။ မ၊၁၊၈၂။)

အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာမည်တယ်လို့ ဘုရား ရှင်က ဓမ္မစကြာ ဒေသနာတော်, မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော် အစရှိတဲ့ ဒေသနာတော်တွေမှာ ဟောကြားထားတော်မူခဲ့ပါတယ်။ တစ်ဖန် ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန် (မ၊၁၊၈၄။) မှာပဲ အကျဉ်းချုပ်အားဖြင့် ဒုက္ခသစ္စာ အမည်ရတဲ့ ဥပါဒါနက္ခန္ဓာငါးပါးဆိုတာ --

၁။ ရူပုပါဒါနက္ခန္ဓာ,

၂။ ဝေဒနုပါဒါနက္ခန္ဓာ,

၃။ သညုပါဒါနက္ခန္ဓာ,

၄။ သင်္ခါရုပါဒါနက္ခန္ဓာ,

၅။ ဝိညာဏုပါဒါနက္ခန္ဓာ --

တို့ ဖြစ်ကြောင်းကိုလည်း ဆက်လက်ဟောကြားထားတော်မူပါတယ်။

ဘာကို ရူပုပါဒါနက္ခန္ဓာလို့ ခေါ်ဆိုပါသလဲ? ဒီမေးခွန်းရဲ့ အဖြေကိုတော့ ဘုရားရှင် ကိုယ်တော်တိုင်က ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန်မှာ ဒီလို ဟောကြားထားတော်မူခဲ့ပါတယ်။ --

ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။)

ရဟန်းတို့ ...အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် ငါ ငါ့ဟာဟု စွဲယူရာဖြစ်သော အတိတ်-အနာဂတ်-ပစ္စုပ္ပန်ဖြစ်သော အလုံး စုံသော ရုပ်တရားသည်လည်းကောင်း၊ အဇ္ဈတ္တ-ဗဟိဒ္ဓဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိက, သိမ်မွေ့ နူးညံ့သော သုခုမဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ ယုတ်ညံ့သော ဟီန, မွန်မြတ်သော ပဏီတဖြစ်သော အလုံးစုံသော ရုပ်တရား သည်လည်းကောင်း၊ ဝေးသော ဒူရ, နီးသော သန္တိကဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း ရှိ၏။ ဤအလုံးစုံသော (၁၁)မျိုးသော အခြင်း အရာအားဖြင့် တည်နေသော ရုပ်တရားအစုအပုံသည် ရူပုပါဒါနက္ခန္ဓာ မည်၏။

ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။ အလားတူပဲ ဝေဒနု ပါဒါနက္ခန္ဓာစတဲ့ နာမ်ခန္ဓာ (၄)ပါးကိုလည်း ပုံစံတူပဲ ဆက်လက်ပြီး ဟောကြား ထားတော်မူပါတယ်။ ဒါကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေကြတဲ့ အာသဝေါတရား တို့၏ အာရုံဖြစ်တဲ့ တဏှာ-ဒိဋ္ဌိတို့ဖြင့် - ငါပဲ ငါ့ဟာပဲလို့ စွဲယူရာဖြစ်တဲ့ ရုပ်တရားအစုအပုံ ဝေဒနာတရားအစုအပုံ သညာတရားအစုအပုံ သင်္ခါရ တရားအစုအပုံ ဝိညာဏ်တရားအစုအပုံတွေကို - ရူပုပါဒါနက္ခန္ဓာ ဝေဒနု ပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာလို့ အသီးအသီး ခေါ်ဆိုပါတယ်။ အဲဒီ ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခသစ္စာ တရား ဖြစ်တယ်။ အဲဒီ ဒုက္ခသစ္စာတရားကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်ကို အတ္ထပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ဆိုပါတယ်။ ဒါကြောင့် ဘုရားရှင်က --

ဒုက္ခေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ။ (အဘိ၊၂၊၃၀၇-၃၀၈။)

ဒုက္ခသစ္စာ၌ ထိုးထွင်းသိတတ်သော ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏လို့ ဟောကြားထားတော်မူပါတယ်။

---

ဓမ္မပဋိသမ္ဘိဒါဉာဏ်

ဒုတိယပဋိသမ္ဘိဒါဉာဏ်ကတော့ ဓမ္မပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။ ဓမ္မ ပဋိသမ္ဘိဒါဉာဏ်နှင့် ပတ်သက်လို့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က ဒီလို အတိုကောက် ရှင်းလင်းတင်ပြထားပါတယ်။

ပဘေဒတော ပန ယော ကောစိ ဖလနိဗ္ဗတ္တကော ဟေတု, အရိယမဂ္ဂေါ, ဘာသိတံ, ကုသလံ, အကုသလန္တိ ဣမေ ပဉ္စ ဓမ္မာ ဓမ္မောတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၇၁။)

ဒီနေရာမှာ ဓမ္မဆိုတာက အကြောင်းတရားကိုခေါ်ဆိုပါတယ်။ အကြောင်း တရားက ထိုထိုအကျိုးတရား ဖြစ်ပေါ်လာအောင် စီလည်းစီရင်တတ်တယ်၊ ဖြစ်လည်းဖြစ်စေတတ်တယ်၊ ထိုထိုအကျိုးတရားကို ရောက်အောင်လည်း အကျိုးပေးတတ်တယ်။ ဒါကြောင့် အကြောင်းတရားကို ဓမ္မလို့ ခေါ်တယ်။ အဲဒီ ဓမ္မခေါ်တဲ့ အကြောင်းတရားကိုလည်း --

၁။ အကျိုးကို ဖြစ်စေတတ်တဲ့ အကြောင်းတရား,

၂။ အရိယမဂ်,

၃။ ဘုရားရှင် ဟောကြားတော်မူအပ်သော တရားစကား,

၄။ ကုသိုလ်,

၅။ အကုသိုလ် -- လို့ ငါးမျိုး ပြထားပါတယ်။

နံပါတ် (၁) ဖြစ်တဲ့ အကျိုးကို ဖြစ်စေတတ်တဲ့ အကြောင်းတရား, နံပါတ် (၄) ကုသိုလ်, နံပါတ် (၅) အကုသိုလ် ဒီ (၃)မျိုးလုံးကတော့ သစ္စာဒေသနာ တော်နည်းအရ သမုဒယသစ္စာတရားများပင် ဖြစ်ကြပါတယ်။ နံပါတ် (၂) ဖြစ်တဲ့ အရိယမဂ်တရားကတော့ နိဗ္ဗာန်ကို ရောက်စေတတ်တဲ့ သမ္ပာပက အကြောင်းတရားပဲ ဖြစ်ပါတယ်။ အလားတူပဲ ဘာသိတခေါ်တဲ့ ဘုရားစကား တော်တွေဟာလည်း လိုက်နာပြုကျင့်သူတွေကို လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာသို့ ရောက်စေကြောင်းဖြစ်လို့ ဓမ္မလို့ပဲ ခေါ်ပါတယ်။ ထိုဓမ္မငါးမျိုး၌ ထိုးထွင်းသိတတ်တဲ့ ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။ ဒီနေရာမှာ သမုဒယသစ္စာအကြောင်းကို ထပ်မံချဲ့ထွင်ပြီး ရှင်းပြဖို့တော့ လိုပါတယ်။

ဒုက္ခသမုဒယေ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ။ (အဘိ၊၂၊၃၀၇။)

ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ ထိုးထွင်းသိတတ်သော ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်တယ်လို့ ဒီလို ဘုရားရှင်က ဟောကြားထားတော် မူပါတယ်။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာဆိုတာက ဘာလဲ? --

အဘိဓမ္မာ ဝိဘင်းပါဠိတော် (အဘိ၊၂၊၁၁၂-၁၁၇။) မှာ ဘုရားရှင်သည် သမုဒယသစ္စာကို (၅)နည်းခွဲ၍ ဟောကြားထားတော်မူပါတယ်။

၁။ တဏှာကိုလည်း သမုဒယသစ္စာလို့ ဘုရားရှင်က ဟောကြားထားတော်မူ ပါတယ်။

၂။ တဏှာနှင့်တကွ ကိလေသာအားလုံးကိုလည်း သမုဒယသစ္စာလို့ ဟော ကြားထားတော်မူပါတယ်။

၃။ တဏှာကိလေသာနှင့်တကွ အကုသိုလ်တရားအားလုံးကိုလည်း သမုဒယ သစ္စာလို့ ဟောကြားထားတော်မူပါတယ်။ [ဒါကတော့ အကုသိုလ်တရား အားလုံးကို သမုဒယသစ္စာလို့ ဟောတော်မူတဲ့ နည်းဖြစ်ပါတယ်။]

၄။ အကုသိုလ်တရားအားလုံးနှင့်တကွ အာသဝေါတရားတို့၏ အာရုံ ဖြစ်တဲ့ အလောဘ အဒေါသ အမောဟ ဆိုတဲ့ ကုသိုလ်မူလတရား (၃)ပါးကို လည်း သမုဒယသစ္စာလို့ ဟောကြားထားတော်မူပါတယ်။

၅။ အကုသိုလ်တရားအားလုံးနှင့်တကွ အာသဝေါတရားတို့၏ အာရုံဖြစ်တဲ့ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောကြားထားတော်မူပါတယ်။

ဒီ ပါဠိတော်ကြီးကို ကိုးကားပြီး ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် သမ္မောဟ ဝိနောဒနီအဋ္ဌကထာတို့က --

တတ္ထ ယသ္မာ ကုသလာကုသလံ ကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ၊ (ဝိသုဒ္ဓိ၊၂၊၂၁၆။ အဘိ၊ဋ္ဌ၊၂၊၁၈၅။)

စေတနာသည် ကံ-မည်တယ်၊ စေတနာနှင့် ယှဉ်သော သမ္ပယုတ်တရား အားလုံးသည်ပင် ကံ-မည်တယ်လို့ ဒီလို ထူးထူးထွေထွေ မပြောတော့ဘဲ ဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ အာသဝေါတရားတို့ရဲ့ အာရုံဖြစ်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာ - လို့ ဘုရားရှင်က ဟောကြားထားတော်မူကြောင်းကို ဖွင့်ဆိုထားကြပါတယ်။

---

နာနာက္ခဏိကကမ္မ

ဒီလို ဘဝတစ်ခုကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ ကံမျိုးကို ဘုရားရှင်က ပဋိဌာန်းဒေသနာတော်မှာ နာနာက္ခဏိက-ကမ္မပစ္စည်းဆိုတဲ့ အမည်တပ်ကာ ဟောကြားထားတော်မူပါတယ်။ - ယောဂီပုဂ္ဂိုလ်က ပဋိစ္စသမုပ္ပါဒ်ပိုင်းကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုရမှာဖြစ်တဲ့အတွက် ဒီကမ္မပစ္စည်းအကြောင်းကိုလည်း လိုရင်း အချက်လောက်ကိုတော့ သိထားသင့်တယ်။

ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော။ ကုသလာကုသလဥှိ ကမ္မံ အတ္တနော ပဝတ္တိက္ခဏေ ဖလံ န ဒေတိ။ ယဒိ ဒဒေယျ၊ ယံ မနုေဿာ ဒေဝလောကူပဂံ ကုသလကမ္မံ ကရောတိ၊ တဿာနုဘာဝေန တသ္မိံယေဝ ခဏေ ဒေဝေါ ဘဝေယျ။ ယသ္မိံ ပန ခဏေ တံ ကတံ၊ တတော အညသ္မိံ ခဏေ အဝိဇ္ဇမာနမ္ပိ ကေဝလံ ကဋတ္တာယေဝ ဒိဋ္ဌေဝ ဓမ္မေ ဥပပဇ္ဇေ ဝါ အပရေ ဝါ ပရိယာယေ အဝသေသပစ္စယသမာယောဂေ သတိ ဖလံ ဥပ္ပါဒေတိ နိရုဒ္ဓါပိ ပုရိမသိပ္ပါဒိကိရိယာ ဝိယ ကာလန္တရေ ပစ္ဆိမသိပ္ပါဒိကိရိယာယ။ တသ္မာ နာနာက္ခဏိကကမ္မပစ္စယောတိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)

ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုတယ်ဆိုတာ - ကမ္ဘာပေါင်း ကုဋေပေါင်း များစွာတို့အထက်က ပြုစုပျိုးထောင်ခဲ့သည်ပင် ဖြစ်ချင်ဖြစ်ပါစေ - မိမိရဲ့ အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိနေတဲ့ နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်းကို ဆိုလိုပါတယ်။ နာနာက္ခဏိကကမ္မပစ္စည်းဆိုတာက အကြောင်းဖြစ်တဲ့ကံနှင့် အကျိုးဝိပါက်တို့ဟာ မတူကွဲပြားသောခဏ မတူ ကွဲပြားတဲ့ အချိန်ကာလရှိတဲ့ အကြောင်းကံမျိုးလို့ ဆိုလိုပါတယ်။ ဘယ်လို မတူကွဲပြားတဲ့ခဏ ရှိတာလဲ? --

ကုသိုလ်ကံ အကုသိုလ်ကံဆိုတာက မိမိဖြစ်ဆဲခဏမှာ ဘယ်တော့မှ အကျိုးမပေးနိုင်ဘူး။ အကယ်၍ ကံတွေဟာ မိမိဖြစ်နေဆဲ ခဏမှာပဲ အကျိုး ပေးနိုင်တယ်ဆိုလျှင် လူသားတစ်ဦးဟာ နတ်ပြည်သို့ ရောက်ကြောင်းဖြစ်တဲ့ ကံတစ်ခုကို ပြုစုပျိုးထောင်တယ် ဆိုကြပါစို့၊ အဲဒီ ကုသိုလ်ကံရဲ့ စွမ်းအား ရှိန်စော် အာနုဘော်ကြောင့် ထိုကုသိုလ်ကံကို ပြုစုပျိုးထောင်ဆဲ ခဏမှာပဲ ချက်ချင်း နတ်သား ဖြစ်လေရာတယ်။ သို့သော် နတ်သားတော့ ချက်ချင်း မဖြစ်သွားပါဘူး။ အကြင်ခဏမှာ ထိုကံကို ပြုစုပျိုးထောင်တယ်၊ ထိုကံကို ပြုစုပျိုးထောင်တဲ့ခဏမှ အခြားတစ်ပါးသောခဏမှာ - ဒီကံဆိုတဲ့ စေတနာ ဟာ သို့မဟုတ် စေတနာဦးဆောင်တဲ့ သင်္ခါရတရားစုဟာ ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်ရှား မရှိသော်လည်း - ကံကို ပြုစုပျိုးထောင်ပြီးခြင်း ဆိုတဲ့ အကြောင်းသက်သက်ကြောင့်ပဲ ...

၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်လျှင် မျက်မှောက်ထင်ထင် ရှုမြင်အပ်တဲ့ ဘဝမှာ,

၂။ ဥပပဇ္ဇဝေဒနီယကံ ဖြစ်လျှင် လာမည့်အနာဂတ်ဘဝ (= ဒုတိယဘဝ)မှာ,

၃။ အပရာပရိယဝေဒနီယကံ ဖြစ်လျှင် တတိယ အနာဂတ်ဘဝက စပြီး အဆက်ဆက် ရောက်ထိုက်သော အနာဂတ်ဘဝမှာ --

ကုသိုလ်ကံဖြစ်လျှင် ဂတိသမ္ပတ္တိ ဥပဓိသမ္ပတ္တိ ကာလသမ္ပတ္တိ ပယောဂ သမ္ပတ္တိဆိုတဲ့ အကြောင်းတရားတွေနှင့် ပေါင်းဆုံမိတဲ့အခါ, အကုသိုလ်ကံဖြစ် လျှင် ဂတိဝိပတ္တိ ဥပဓိဝိပတ္တိ ကာလဝိပတ္တိ ပယောဂဝိပတ္တိဆိုတဲ့ အကြောင်း တရားတွေနှင့် ပေါင်းဆုံမိတဲ့အခါ အကျိုးတရားကို ဖြစ်စေနိုင်ပါတယ်။

ဘာနှင့် ဥပမာတူသလဲဆိုလျှင် ကွန်ပျူတာလို အတတ်ပညာ တစ်ခုကို သင်ယူတဲ့အခါ ရှေးရှေးအတတ်သင်ယူမှုဟာ နောက်နောက်အတတ်သင်ယူမှု အား အခြေခံအဖြစ်ဖြင့် ကျေးဇူးပြုရာ၌ ကာလချင်းမတူဘဲ ကာလတစ်ပါးကို ရောက်ရှိပါမှ ကျေးဇူးပြုသလို - အလားတူပဲ ကံဆိုတဲ့ စေတနာကလည်း ပြုစုပျိုးထောင်ဆဲခဏ (= ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားရှိနေဆဲခဏ) မှာ အကျိုးဝိပါက်တရားကို ဖြစ်ပေါ်လာအောင် ကျေးဇူးမပြုဘူး၊ နောက်နောက် ခဏသို့ ရောက်ရှိပါမှ အကျိုးဝိပါက်တရားကို ဖြစ်ပေါ်လာအောင် ကျေးဇူး ပြုပေးတယ်။ ဒါကြောင့် နာနာက္ခဏိကကမ္မပစ္စယ = အကျိုးပေးရာ ခဏမှ မတူထူးခြား ကွဲပြားတဲ့ ခဏမှာ ဖြစ်တဲ့ ကမ္မပစ္စည်း (ကံ-အကြောင်းတရား) လို့ ခေါ်ဆိုတယ်။ ဒီလို ကမ္မသတ္တိကို ဒီ သမုဒယသစ္စာပိုင်းမှာ ဆိုလိုတယ်လို့ မှတ်သားထားပါ။

နောက်တစ်ခု ရှိသေးတယ်။ ဟို အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန်မှာတော့ ဘုရားရှင်က ဒီလို ဟောကြားထားတော်မူပါတယ်။

ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ? အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။ (အံ၊၁၊၁၇၈။)

ဒါကတော့ တိတ္ထာယတနသုတ္တန်မှာ သမုဒယသစ္စာဆိုတာ ဘာကို ဆိုလို တယ်ဆိုတာကို ဘုရားရှင်က ဟောကြားထားတော်မူချက် ဖြစ်ပါတယ်။ ဘာကို ဆိုလိုသလဲ? --

ရဟန်းတို့ ...ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာဆိုတာ ဘာလဲလို့ ဒီလိုမေးခွန်းထုတ်ပြီး ဘုရားရှင်ကိုယ်တော်တိုင်က ပြန်ပြီး အဖြေပေးထား ပါတယ်။ ဘယ်လို အဖြေပေးသလဲ? --

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရ ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်၏၊ ဝိညာဏ် ဖြစ်ခြင်းကြောင့် နာမ်ရုပ်ဖြစ်၏၊ နာမ်ရုပ် ဖြစ်ခြင်းကြောင့် သဠာယတနဖြစ်၏၊ သဠာယတန ဖြစ်ခြင်းကြောင့် ဖဿဖြစ်၏၊ ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏၊ ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာဖြစ်၏၊ တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန်ဖြစ်၏၊ ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝဖြစ်၏၊ ဘဝဖြစ်ခြင်းကြောင့် ဇာတိဖြစ်၏၊ ဇာတိဖြစ်ခြင်းကြောင့် ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ဖြစ်ကြကုန်၏။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံသည် ဖြစ်၏။

ရဟန်းတို့ ...ဤကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား ကို ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားဟူ၍ ခေါ်ဆိုအပ်ပေ၏။

ဒီလို မြတ်စွာဘုရားက ဟောကြားထားတော်မူပါတယ်။

နောက်တစ်ခု - အထက်ပါ ပါဠိတော်ကြီးများနည်းတူ ပဋိသမ္ဘိဒါမဂ္ဂပါဠိ တော်ကြီး (ပဋိသံ-၅၀။) ကလည်း --

အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဆိုတဲ့ အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ ဆိုတဲ့ အကျိုးတရားငါးပါး ဒုက္ခသစ္စာတရားဖြစ်ပုံ, ယခုပစ္စုပ္ပန်ဘဝတွင် ပြုစုပျိုးထောင်လိုက်တဲ့ ပြုစု ပျိုးထောင်ထားတဲ့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အကြောင်း တရားငါးပါး သမုဒယသစ္စာတရားတွေကြောင့် အနာဂတ်ဘဝတွင် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ ဆိုတဲ့ အကျိုးတရားငါးပါး ဒုက္ခသစ္စာ တရား ထင်ရှားဖြစ်ပုံကိုလည်း ဟောကြားထားတော်မူပါတယ်။

ဒါကြောင့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ထားတဲ့ ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံဆိုတဲ့ သမုဒယသစ္စာကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာသိလျှင် သမုဒယသစ္စာ ကို သိသည် မည်ပါတယ်။ အဲဒီသမုဒယသစ္စာကို ထိုးထွင်းသိမြင်တဲ့ ဉာဏ်ကို ဓမ္မပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ပါတယ်။

အလားတူပဲ အိုခြင်းသေခြင်းဆိုတဲ့ ဇရာမရဏကို သို့မဟုတ် ဇရာမရဏ ရှိတဲ့ ခန္ဓာတို့ကို သိတတ်တဲ့ဉာဏ်က အတ္ထပဋိသမ္ဘိဒါဉာဏ် ဖြစ်တယ်။ ဇရာ မရဏရဲ့ အကြောင်းရင်း သမုဒယကို (= ဇာတိကို = ဇာတိသဘောရှိတဲ့ခန္ဓာ တို့ကို) သိတတ်တဲ့ဉာဏ်က ဓမ္မပဋိသမ္ဘိဒါဉာဏ် ဖြစ်တယ်။ ဇရာမရဏ၏ ချုပ်ရာ နိရောဓကို သို့မဟုတ် ဇရာမရဏ၏ချုပ်ရာ နိရောဓ-နိဗ္ဗာန်ကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က အတ္ထပဋိသမ္ဘိဒါဉာဏ် ဖြစ်တယ်။ ဇရာမရဏ၏ ချုပ်ရာ နိရောဓသို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာတရားကို ထိုးထွင်း သိတတ်တဲ့ဉာဏ်က ဓမ္မပဋိသမ္ဘိဒါဉာဏ် ဖြစ်တယ်။ သင်္ခါရ-ဝိညာဏ်-နာမ်ရုပ်- သဠာယတန-ဖဿ-ဝေဒနာ-တဏှာ-ဥပါဒါန်-ဘဝ-ဇာတိတို့မှာလည်း ပုံစံ တူပဲ ဆက်လက်ဟောကြားထားတော်မူပါတယ်။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် တစ်ခု တစ်ခုမှာ သစ္စာ (၄)ပါးစီ ဖြစ်ပါတယ်။ ဒါကြောင့် သစ္စာ (၄)ပါးမှာ ဒုက္ခသစ္စာ နှင့် နိရောဓသစ္စာကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က အတ္ထပဋိသမ္ဘိဒါဉာဏ်၊ သမုဒယသစ္စာနှင့် မဂ္ဂသစ္စာကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က ဓမ္မပဋိသမ္ဘိဒါ ဉာဏ်တို့ ဖြစ်ကြပါတယ်။

တတိယမြောက်ဖြစ်တဲ့ ပဋိသမ္ဘိဒါဉာဏ်ကတော့ နိရုတ္တိပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။

---

နိရုတ္တိပဋိသမ္ဘိဒါဉာဏ်

ခုပြောခဲ့ပြီးတဲ့ အတ္ထပဋိသမ္ဘိဒါဉာဏ်ဖြင့် ထိုးထွင်းသိရမည့် အတ္ထငါးမျိုး, ဓမ္မပဋိသမ္ဘိဒါဉာဏ်ဖြင့် ထိုးထွင်းသိရမည့် ဓမ္မငါးမျိုးတွေကို ခေါ်ဝေါ်သုံးစွဲ နေတဲ့ သဒ္ဒဝေါဟာရ သဘာဝနိရုတ္တိဆိုတာ ရှိတယ်။ အဲဒီ သဘာဝနိရုတ္တိကို မှန်မှန်ကန်ကန် ထိုးထွင်းသိတတ်တဲ့ဉာဏ်ကို နိရုတ္တိပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ပါ တယ်။ အဋ္ဌကထာက ပုံစံထုတ်ပြထားတာကတော့ ဖေဿာ ဝေဒနာ-စသည် ဖြင့် ခေါ်ဝေါ်သုံးစွဲပုံကို ကြားရလျှင် နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က ဒီအသုံးအနှုန်းဟာ မှန်တယ်လို့ နားလည်လိုက်တယ်။ ဒါတွင် မကသေးဘူး၊ ဖဿာ ဝေဒနော-လို့ ဒီလို သုံးနှုန်းနေတဲ့ အသံကို ကြားလိုက်လျှင်လည်း ဒီအသုံးအနှုန်းဟာ မမှန်ဘူးလို့ သူက နားလည်လိုက်တယ်။

ဒီနေရာမှာ လိုရင်းကို မှတ်သားရမှာက --

၁။ အတ္ထငါးမျိုးကို တတ်သိနားလည်တာက အတ္ထပဋိသမ္ဘိဒါဉာဏ်,

၂။ ဓမ္မငါးမျိုးကို တတ်သိနားလည်တာက ဓမ္မပဋိသမ္ဘိဒါဉာဏ်,

၃။ အဲဒီအတ္ထ-ဓမ္မတို့ရဲ့ အခေါ်အဝေါ် အသုံးအနှုန်း သဘာဝနိရုတ္တိ = သဒ္ဒါ ဝေါဟာရကို တတ်သိနားလည်တာက နိရုတ္တိပဋိသမ္ဘိဒါဉာဏ် --

ဒီလို လိုရင်းကို မှတ်သားထားပါ။ - နောက် ပဋိသမ္ဘိဒါဉာဏ်ကတော့ ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဖြစ်တယ်။

---

ပဋိဘာနပဋိသမ္ဘိဒါဉာဏ်

ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။ (အဘိ၊၂၊၃၀၇။)

အတ္ထပဋိသမ္ဘိဒါဉာဏ် ဓမ္မပဋိသမ္ဘိဒါဉာဏ် နိရုတ္တိပဋိသမ္ဘိဒါဉာဏ် ဆိုတဲ့ ဉာဏ်အားလုံးတို့ကို တစ်ဖန်ပြန်သိတဲ့ ဉာဏ်ဟာ ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်တယ်။

တစ်နည်းပြောလျှင်တော့ ဒီပဋိသမ္ဘိဒါဉာဏ်ဆိုတာက အရိယာသူတော် ကောင်းတို့ရဲ့ သန္တာန်မှာသာ ဖြစ်ပါတယ်။ အရိယာသူတော်ကောင်းတို့သည် အရိယာအဖြစ်သို့ မဆိုက်ရောက်မီကတည်းက အရိယာဘုံသို့ ရောက်ရှိရေး အတွက် ဝိပဿနာဘာဝနာကို ကျင့်သုံးကြရပါတယ်။ ဒီလို ဝိပဿနာကို ကျင့်သုံးတဲ့အပိုင်းမှာ --

ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)

ဆိုတဲ့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖော်ပြထားတဲ့ ပေါရာဏာစရိယ ဖြစ်တော် မူကြတဲ့ ရှေးရှေးဆရာမြတ်တို့၏ အဆိုအမိန့်အတိုင်း - ဉာတတရားနှင့် ဉာဏတရား နှစ်မျိုးလုံးကိုပဲ ဝိပဿနာ ရှုကြရပါတယ်။

ဉာတတရားဆိုတာက ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် လက္ခဏာ ရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ရမည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာ တရားများ ဖြစ်ကြပါတယ်။ ဒီဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကို သင်္ခါရတရားလို့လည်း ခေါ်ပါတယ်။ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက ပြုပြင်ပေးလို့ ဖြစ်ပေါ်လာတဲ့ တရားတွေလို့ ဆိုလိုပါတယ်။ ယောဂီပုဂ္ဂိုလ်က ဒီသင်္ခါရတရားတွေကိုလည်း လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ရပါတယ်။

ဉာဏတရားဆိုတာကတော့ ယင်းသင်္ခါရတရားတွေကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်နေတဲ့ ဝိပဿနာဉာဏ်ကို တစ်နည်းပြောလျှင် တော့ ယင်းသင်္ခါရတရားတို့ရဲ့ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တွေ ကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း ထိုးထိုးထွင်းထွင်း သိမြင်နေတဲ့ ဝိပဿနာဉာဏ်ကို ဆိုလိုပါတယ်။ ဝိပဿနာဉာဏ်ဆိုသော်လည်း ပဓာန နည်းအားဖြင့်သာ ဉာဏ်လို့ ပြောဆိုခြင်းဖြစ်တယ်။ ဒီဝိပဿနာဉာဏ်ဟာ လည်း ဉာဏ်တစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိပါဘူး။ ဉာဏ်ပြဓာန်းနေတဲ့ ဉာဏ်နှင့် ယှဉ်တဲ့ စိတ်-စေတသိက်တရားစုကို ဆိုလိုပါတယ်။ ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့ ဖြစ်ကြပါတယ်။ ယောဂါဝစရပုဂ္ဂိုလ်ဟာ ဒီ ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ်ကိုလည်း တစ်ဖန် ပြန်၍ လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရပါတယ်။

ဒါတွင် မကသေးဘူး၊ ထပ်ပြီးရှင်းဖို့ လိုပြန်သေးတယ်။

အတ္ထပဋိသမ္ဘိဒါဉာဏ် ဓမ္မပဋိသမ္ဘိဒါဉာဏ်တို့ဖြင့် ထိုးထွင်းသိရတဲ့ ဒုက္ခ သစ္စာတရား သမုဒယသစ္စာတရားဆိုတဲ့ သင်္ခါရတရားတွေကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တာက ပထမ ဝိပဿနာမနော ဒွါရိကဇောဝီထိ ဖြစ်တယ်။

အဲဒီ ပထမ ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားစုကို ဒုတိယ ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ်ဖြင့် ထပ်မံပြီး ဝိပဿနာ ရှုရပြန်တယ်။ ဒီနည်းအတိုင်း (၁၀)ဆင့်လောက်အထိ ဆက်ရှုရပါတယ်။ ဒီ ရှုကွက်တွေကိုတော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၆၂) - အရူပသတ္တက ဝိပဿနာရှုကွက်ပိုင်းမှာ ယမကအားဖြင့် ရှုနည်း, ခဏိက အားဖြင့် ရှုနည်း, ပဋိပါဋိအားဖြင့် ရှုနည်းဆိုပြီး ရှုကွက်ခပ်စုံစုံကို ဖော်ပြ ထားပါတယ်။ ဒီရှုကွက်တွေကို ရှုနိုင်လျှင် --

ဒုက္ခသစ္စာတရားတွေကို ထိုးထွင်းသိတဲ့ ဉာဏ်က အတ္ထပဋိသမ္ဘိဒါဉာဏ် ဖြစ်တယ်။ ဒီအတ္ထပဋိသမ္ဘိဒါဉာဏ်ကို တစ်ဖန်ပြန်ပြီး ဝိပဿနာရှုနိုင်လျှင် အဲဒီ ဝိပဿနာဉာဏ်က ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဖြစ်တယ်။

တစ်ခါ သမုဒယသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်က ဓမ္မပဋိသမ္ဘိဒါဉာဏ် ဖြစ်တယ်။ အဲဒီ ဓမ္မပဋိသမ္ဘိဒါဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်ပါက အဲဒီဝိပဿနာဉာဏ်က ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဖြစ်ပါတယ်။

ပြီးတော့ အဲဒီ ပဋိဘာနပဋိသမ္ဘိဒါဉာဏ် အမည်ရတဲ့ ဝိပဿနာဉာဏ်ကို တစ်ဖန်ထပ်ပြီး ဝိပဿနာရှုနိုင်လျှင် အဲဒီဝိပဿနာဉာဏ်ကိုလည်း ပဋိဘာန ပဋိသမ္ဘိဒါဉာဏ်လို့ပဲ ခေါ်ပါတယ်။

အတ္ထအမည်ရတဲ့ ဒုက္ခသစ္စာတရား, ဓမ္မအမည်ရတဲ့ သမုဒယသစ္စာတရား တို့ရဲ့ အခေါ်အဝေါ် အသုံးအနှုန်း သဒ္ဒဝေါဟာရ သဘာဝနိရုတ္တိကို ထိုးထွင်း သိတတ်တဲ့ ဉာဏ်ကိုလည်း တစ်ဖန်ပြန်ပြီး ဝိပဿနာရှုနိုင်လျှင် ယင်းဝိပဿနာ ဉာဏ်ကိုလည်း ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လို့ပဲ ခေါ်ပါတယ်။

ဒီရှင်းလင်းချက်အရ အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိ ပဋိသမ္ဘိဒါဉာဏ်, ပဋိဘာနပဋိသမ္ဘိဒါဉာဏ်ဆိုတဲ့ ဉာဏ်လေးပါးလုံးကို ပြန်သိ တဲ့ဉာဏ်ကိုလည်း ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လို့ပဲ ခေါ်ဆိုတယ် မှတ်ပါ။

စိတ္တသူကြွယ် ကျောင်းဒါယကာကြီးဟာလည်း အနာဂါမိမဂ်ဉာဏ်ကို ရရှိတဲ့အခါမှာ ဒီပဋိသမ္ဘိဒါဉာဏ်လေးပါးကိုပါ ပူးတွဲရရှိခဲ့တဲ့အကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၇၂)မှာ ဖွင့်ဆိုထားပါတယ်။ ဒီ ပဋိသမ္ဘိဒါဉာဏ်တွေဟာ အကြောင်းတရား ငါးမျိုးတို့ကြောင့် သန့်ရှင်းစင် ကြယ်ကြပါတယ်။ ပဋိသမ္ဘိဒါဉာဏ်တွေ သန့်သန့်ရှင်းရှင်း ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရား ငါးမျိုး ရှိကြပါတယ်။ အဲဒီ အကြောင်းတရားတွေက ဘာတွေလဲ? --

---

ပဋိသမ္ဘိဒါဉာဏ်သန့်ရှင်းဖို့ရန် အကြောင်းတရားငါးမျိုး

အဲဒီ အကြောင်းတရား ငါးမျိုးက - အဓိဂမ, ပရိယတ္တိ, သဝန, ပရိပုစ္ဆာ, ပုဗ္ဗယောဂ - ဆိုတဲ့ အကြောင်းတရား ငါးမျိုးတို့ ဖြစ်ကြပါတယ်။

၁။ အဓိဂမ - အဓိဂမဆိုတာက အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်း ဖြစ်တယ်။ တစ်နည်းပြောလျှင်တော့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိ ခြင်း ဖြစ်တယ်။ ဒီအင်္ဂါရပ်ကတော့ နောက်ဆုံးဘဝ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိတဲ့အခါ ပြည့်စုံရမည့် အင်္ဂါရပ် ဖြစ်ပါတယ်။

၂။ ပရိယတ္တိ - ပရိယတ္တိဆိုတာက ဘုရားရှင်၏ တရားစကားတော်တို့ကို အလွတ်ရအောင် သင်ယူခြင်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ဖြစ်တယ်။

၃။ သဝန - သဝနဆိုတာကတော့ ဘုရားရှင်၏ တရားတော်တို့ကို အရို အသေ အလေးအမြတ်ပြု၍ နာယူခြင်း ဖြစ်ပါတယ်။

၄။ ပရိပုစ္ဆာ - ဘုရားဟော ပါဠိတော်နှင့် အဲဒီပါဠိတော်ရဲ့ အနက်အဓိပ္ပါယ် ကို ဖွင့်ဆိုကြောင်းဖြစ်တဲ့ အဋ္ဌကထာစသည်တို့မှာ ရှိနေတဲ့ ခက်ခဲသည့် အထုံးအဖွဲ့ စကားရပ်တို့ရဲ့ အဆုံးအဖြတ်, ပုဒ်အနက်တို့ရဲ့ အဆုံးအဖြတ် တွေကို သင်ယူခြင်း မေးမြန်းခြင်း ဖြစ်ပါတယ်။

၅။ ပုဗ္ဗယောဂ --

ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ပုဗ္ဗဗုဒ္ဓါနံ = ရှေးရှေးဘုရားရှင်တို့၏။ သာသနေ = သာသနာတော်မြတ် အတွင်း၌။ ဂတပစ္စာဂတိကဘာဝေန = ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့် သည်၏ အဖြစ်ဖြင့်။ ယာဝ အနုလောမံ ဂေါတြဘုသမီပံ = အနုလောမ ဉာဏ် ဂေါတြဘုဉာဏ်တို့၏အနီး မုဉ္စိတုကမျတာဉာဏ် ပဋိသင်္ခါဉာဏ် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်။ ဝိပဿနာနုယောဂေါ = ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများ အားထုတ်ခြင်းသည်။ အတ္ထိ = ရှိ၏။ တာဝ = ထိုမျှလောက်သောဉာဏ်သို့တိုင်အောင်။ ဝိပဿနာနုယောဂေါ = ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများ အားထုတ်ခြင်းသည်။ ပုဗ္ဗယောဂေါ နာမ = ပုဗ္ဗယောဂ မည်၏။

ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်မြတ်အတွင်းမှာ ဆွမ်းခံရွာသို့ သွားရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်လျက် ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် သွားခြင်း, ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင် လျက် ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ပြန်လာခြင်းဆိုတဲ့ ဂတပစ္စာဂတိကဝတ် တွေကို ဖြည့်ကျင့်ပြီးတော့ အရိယမဂ်နှင့် နီးကပ်နေတဲ့ အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့ရဲ့ အနီးအပါး မုဉ္စိတုကမျတာဉာဏ် ပဋိသင်္ခါဉာဏ် သင်္ခါရု ပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခဲ့ဖူးခြင်းသည် ပုဗ္ဗယောဂ မည်ပါတယ်။

မုဉ္စိတုကမျတာဉာဏ်ဆိုတာကတော့ သင်္ခါရတရားတို့ရဲ့အပျက်သက်သက် ကို တစ်ဖက်သတ် နှလုံးသွင်းပြီး လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွား သုံးသပ်လာရာ သင်္ခါရတရားတို့အပေါ်မှာ ငြီးငွေ့ ရွံမုန်း စက်ဆုပ်လာတယ်။ ဒီသင်္ခါရတရားတွေမှ လွတ်မြောက်ချင်လာတယ်။ ဒီလို သင်္ခါရတရားတွေမှ လွတ်မြောက်လိုတဲ့ အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာတဲ့ ဝိပဿနာဉာဏ်ကို မုဉ္စိတုကမျတာဉာဏ်လို့ ခေါ်ပါတယ်။

ပဋိသင်္ခါဉာဏ်ဆိုတာကတော့ ဒီသင်္ခါရတရားတွေမှ ခုလို လွတ်မြောက် ချင်တဲ့အတွက် ဒီသင်္ခါရတရားတွေမှ လွတ်မြောက်စေရမယ်ဆိုတဲ့ ဦးတည် ချက်နှင့် ဒီသင်္ခါရတရားတွေကိုပဲ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ဆက်လက်ရှုပွား သုံးသပ်ရပါတယ်။ ဒီလို တစ်ဖန်ထပ်ပြီး ဆင်ခြင် သုံးသပ် ရှုပွားနေတဲ့ ဝိပဿနာဉာဏ်ကို ပဋိသင်္ခါဉာဏ်လို့ ခေါ်ပါတယ်။

သင်္ခါရုပေက္ခာဉာဏ်ဆိုတာကတော့ ဒီသင်္ခါရတရားတွေကို ငြီးငွေ့ရွံမုန်းတဲ့ စိတ်ဓာတ်, ဒီသင်္ခါရတရားတွေမှ လွတ်မြောက်ချင်တဲ့ စိတ်ဓာတ်ဖြင့် တစ်ဖန် ဒီသင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်ပြန်ရာ ဒီသင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်း အရာမှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတတ်ပါတယ်။ အဲဒီ အခါမှာ ဒီသင်္ခါရတရားတွေမှ ကြောက်ခြင်းဆိုတဲ့ ဘယ, ဒီသင်္ခါရတရား တွေကို နှစ်သက်ခြင်းဆိုတဲ့ နန္ဒီ - ဒီအစွန်းနှစ်ဖက်မှ ဘာဝနာစိတ်က လွတ်ပြီး တော့ ဒီသင်္ခါရတရားတွေကို အညီအမျှ လျစ်လျူရှုနိုင်တဲ့ ဝိပဿနာဉာဏ်တွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီဝိပဿနာဉာဏ်ကို သင်္ခါရုပေက္ခာဉာဏ်လို့ ခေါ်ပါ တယ်။ သင်္ခါရတရားတို့အပေါ်၌ ကြောင့်ကြပြေ၍ တောင့်တပြေ၍ နေသာ ထိုင်သာရှိသော ဉာဏ် ဖြစ်ပါတယ်။

စိတ္တသူကြွယ် ကျောင်းဒါယကာကြီးဟာလည်း ယခု ဂေါတမဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ပဋိသမ္ဘိဒါဉာဏ်လေးပါးကို ရရှိတဲ့ အနာဂါမ်အရိယာ သူတော်ကောင်းကြီး ဖြစ်တဲ့အတွက် ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော် တွင်းမှာ ဒီသင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်သော ဝိပဿနာ ပါရမီမျိုးစေ့ ကောင်းတွေကို ဆည်းပူးခဲ့ဖူးတယ်လို့ သိရှိနိုင်ပါတယ်။ ဒါတွင်မကသေးပါဘူး ပြောခဲ့ပြီးတဲ့ ပရိယတ္တိ, သဝန, ပရိပုစ္ဆာ, ပုဗ္ဗယောဂဆိုတဲ့ အကြောင်းတရား (၄)ပါးလုံးကိုပဲ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဖြည့်ကျင့်ခဲ့ဖူး တယ်လို့ပဲ မှတ်သားထားပါ။

အထူးသဖြင့် ...

လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းထက်က ပွင့်ထွန်းတော်မူခဲ့တဲ့ ပဒုမုတ္တရဘုရား ရှင်ရဲ့ သာသနာတော်တွင်းမှာ ဘုရားအမှူးရှိတဲ့ တစ်သိန်းသော သံဃာတော် တို့အား အလှူဒါနတွေ အကြီးအကျယ် ပေးလှူခြင်း, သီလတွေကို စင်စင် ကြယ်ကြယ် ဖြည့်ကျင့်ခြင်း, ဘုရားရှင်၏ တရားတော်များကို သင်ယူခြင်း, တရားတော်ကို ရိုသေလေးမြတ်စွာ နာကြားခြင်း, ဘုရားဟော ဒေသနာတော် ၏ အနက်အဓိပ္ပါယ် အဆုံးအဖြတ်တို့ကို သင်ယူ မေးမြန်း ဆွေးနွေးခြင်း, သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော သမထ-ဝိပဿနာ ဘာဝနာကျင့်စဉ် တို့ကို အောင်အောင်မြင်မြင် ကျင့်သုံးခြင်းဆိုတဲ့ ပါရမီမျိုးစေ့ကောင်းတွေကို အနှစ်တစ်သိန်းအတွင်းမှာ ပြုစုပျိုးထောင်ခဲ့ပါတယ်။

ဒီလို ပြုစုပျိုးထောင်ခဲ့တဲ့ ကုသိုလ်တရားတွေထဲက ဒါနပိုင်းဆိုင်ရာ သီလပိုင်းဆိုင်ရာ သမထပိုင်းဆိုင်ရာ ကျင့်စဉ် ကုသိုလ်အရပ်ရပ်တွေကတော့ သူရဲ့ စရဏမျိုးစေ့ကောင်းတွေ ဖြစ်ကြပါတယ်။ ဝိပဿနာပိုင်းဆိုင်ရာကျင့်စဉ် အရပ်ရပ်တွေနှင့် ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ ကုသိုလ်တရားတွေကတော့ သူရဲ့ ဝိဇ္ဇာမျိုးစေ့ကောင်းတွေ ဖြစ်ကြပါတယ်။ စရဏမျိုးစေ့တွေက သူ အလိုရှိတဲ့ ဓမ္မကထိက ဥပါသကာ အကျော်အမော်ဘဝဆိုတဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့အတွက် သူအလိုရှိတဲ့ ဘဝကို တစ်နေ့မှာ ရောက် အောင် ပို့ဆောင်ပေးမည့် တရားကောင်းတွေ ဖြစ်ကြပါတယ်။ သူရဲ့ ဝိဇ္ဇာ မျိုးစေ့ကောင်းတွေကတော့ ထိုဘဝမှာ သူအလိုရှိတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ထိုးထွင်းသိအောင် အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု ပေးမည့် တရားကောင်းတွေ ဖြစ်ကြပါတယ်။

ပရိယတ္တိတရားတော်ကို သင်ယူခြင်း, တရားတော်ကို ရိုသေစွာနာကြား ခြင်း, ပါဠိတော် အဋ္ဌကထာတို့၌ ခက်ခဲသည့် အရာဌာနတွေမှာ သင်ယူခြင်း, မေးမြန်းခြင်း, သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းတွေကို ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ ကျင့်ခဲ့ဖူးခြင်းဆိုတဲ့ ဒီအကြောင်းတရား (၄)ပါးနှင့်တကွ ဂေါတမဘုရားရှင်ရဲ့ သာသနာတော်တွင်း မှာ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့တိုင်အောင်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့ကို ရရှိခြင်းဆိုတဲ့ အကြောင်းတရားတွေကတော့ သူရဲ့ ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ရရှိဖို့ရန် အကြောင်းတရားများ ဖြစ်ကြပါတယ်။

ဘဝတစ်ခုမှာ ခုလို အချက်ကျကျ အကွက်ချပြီး အောင်အောင်မြင်မြင် ထူထောင်လိုက်တဲ့ ပါရမီမျိုးစေ့ကောင်းတွေဟာ တစ်နေ့မှာ လိုအင်ဆန္ဒ ပြည့်ဝသည်အထိ ထိုထိုတောင့်တသည့် ဗောဓိဉာဏ်သို့ ရောက်အောင် သယ် ဆောင်သွားမည့် အဘိနီဟာရတရားများ ဖြစ်ကြပါတယ်။ ထိုအဘိနီဟာရ တရားတွေက စိတ္တသူကြွယ်အလောင်းဖြစ်တဲ့ အမျိုးကောင်းသားကို ကမ္ဘာ တစ်သိန်းတို့ ကာလပတ်လုံး အပါယ်လေးဘုံသို့ မကျရောက်အောင်လည်း ကာကွယ်စောင့်ရှောက်ပေးတယ်။ လူ့ပြည် နတ်ပြည်တွေမှာပဲ စုန်ဆန် ကျင် လည်စေကာ လူ့ချမ်းသာ နတ်ချမ်းသာတွေကို အထက်တန်းကျကျ လှလှကြီး ဝဝကြီး ခံစား စံစားစေခဲ့ပါတယ်။

အဲဒီလို ဆည်းပူးခဲ့ရာကနေပြီးတော့ သံသရာခရီးဖြတ်ကျော်လာလိုက်တာ ကမ္ဘာတစ်သိန်းခရီး ဖြတ်ကျော်လာရင်းနှင့် နောက်ဆုံး ကဿပမြတ်စွာဘုရား သာသနာတော်တွင်းသို့ ရောက်ပြီဆိုကြစို့နော်။

---

ကဿပမြတ်စွာဘုရား၏ သာသနာတော်တွင်းဝယ်

ထိုအမျိုးကောင်းသားက လူ့ပြည်နတ်ပြည် စုန်ဆန် ကျင်လည်ရာကနေ ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါရောက်တော့ မုဆိုးကြီးရဲ့ သားတစ်ဦး လာဖြစ်ပါတယ်။

မုဆိုးကြီးရဲ့ သားကလေးတစ်ဦး လာဖြစ်တော့ ထိုမုဆိုးအိမ်မှာ နေရင်း ကနေ တစ်နေ့တော့ တောသွားတဲ့ အချိန်အခါမှာ သယံဇာတ အလိုလို ဖြစ်ပေါ်နေတဲ့ တောင်စောင်းတစ်ခုအတွင်း တောင်ချိုင့် တောင်ဝှမ်း တောင် စောင်းအတွင်းမှာ ရှိတဲ့ ကျောက်ဖျာကြီး တစ်ခုပေါ်မှာ ပံသုကူသင်္ကန်းကို ခေါင်းခြုံလျက် တရားဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေတဲ့ ရဟန်းတစ်ပါးကို ဖူးတွေ့ရတော့ အင်မတန် ကြည်ညိုသွားတယ်။ ကြည်ညိုသွားတဲ့အတွက် ဒီဒါယကာလေးက ဘာလုပ်သလဲ? --

ခပ်မြန်မြန်အိမ်ပြန်၊ အိမ်ပြန်ပြီးတဲ့အချိန်အခါ ဖိုခနောက်တစ်ခုဖြင့် ဆွမ်းကို ချက်တယ်၊ အခြားဖိုခနောက်တစ်ခုဖြင့် ဆွမ်းဟင်းကို ချက်တယ်။ ဆွမ်းတွေ ဆွမ်းဟင်းတွေကို သေသေချာချာ ကျကျနန စီမံ၊ စီမံပြီးတဲ့အခါ ကျက်လည်း ကျက်ရော အိုးတစ်လုံးထဲ အသေအချာထည့်၊ ဆွမ်းတွေ ဟင်းတွေ အိုးတွေထဲ ထည့်ပြီးတဲ့အခါ ဖက်တွေနှင့် အပေါ်ကအုပ်ပြီး ကြိုးနှင့် စည်းလိုက်တယ်။

အဲဒီအချိန်အခါမှာ အိမ်ရှေ့ကို ကိုယ်တော်နှစ်ပါးကလည်း ဆွမ်းခံကြွလာ တော်မူပြန်တယ်။ ဆွမ်းခံကြွလာတဲ့ကိုယ်တော်တွေကိုလည်း အိမ်ပေါ်ပင့်တင် ပြီး မွန်မြတ်တဲ့ ဆွမ်း ခဲဖွယ် ဘောဇဉ်တွေဖြင့် သပိတ်ထဲ လောင်းလှူကာ ကိုယ်တိုင်ဆက်ကပ်ပြီးတော့ အိမ်မှာကျန်ရစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို ဒီရဟန်းတော် နှစ်ပါးကို ဆွမ်းဖြင့် ရိုသေစွာ ပြုစုလုပ်ကျွေးဖို့ မှာကြားခဲ့ပြီး တောမှာ နေတဲ့ ရဟန်းတော်အတွက် ဆွမ်းအိုးတွေ ဆွမ်းတွေ ဟင်းတွေ ထမ်းပြီးတော့ တောထဲပြေးတယ်။

တောလမ်းတစ်လျှောက် သွားရင်းနှင့် တောလမ်းမှာတွေ့တဲ့ တောပန်း ဟူသမျှ အကုန်လုံးခူး၊ ဝမ်းမြောက်ဝမ်းသာဖြင့် တောပန်းတွေ ခူးပြီးတော့ ဒီကိုယ်တော် ထိုင်ပြီး တရားနှလုံးသွင်းတဲ့နေရာကို ရောက်အောင် သွားတယ်။

ရောက်တဲ့အချိန်အခါကျတော့မှ ကိုယ်တော်ထံမှ သပိတ်ကို တောင်းယူ တယ်။ သပိတ်ထဲကို မွန်မြတ်တဲ့ ဆွမ်းတွေ ဟင်းတွေ ထည့်တယ်။ အပြည့် ထည့်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီဆွမ်းကို ဒီကိုယ်တော်အား ရိုသေစွာ ဆက်ကပ်လှူဒါန်းတယ်။

ဆက်ကပ်လှူဒါန်းပြီးတော့ ပန်းတွေကို ထိုကိုယ်တော်ရဲ့ခြေတော်ရင်းမှာ ချပြီးတော့ ပူဇော်တယ်။ ပူဇော်ပြီးတဲ့အချိန်အခါကျတော့မှ ဒီဒါယကာ လေးက ဘာဆုတောင်းသလဲ? အဲဒီအပိုင်းကတော့ ပဋိစ္စသမုပ္ပါဒ်ပိုင်းရှုကွက် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းရှုကွက်နှင့် ဆက်စပ်နေပါတယ်။

ထူးခြားတဲ့ ရှေးဆုတောင်း

ယထာယံ ရသပိဏ္ဍပါတေန သဒ္ဓိံ ပုပ္ဖပူဇာ စိတ္တံ ပရိတောသေတိ၊ ဧဝံ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ မေ ပဏ္ဏာကာရသဟဿာနိ စေဝ အာဂစ္ဆန္တု ပဉ္စဝဏ္ဏကုသုမဝဿဉ္စ ဝဿတု။ (အံ၊ဋ္ဌ၊၁၊၂၉၇။)

ဘန္တေ = အရှင်ဘုရား ...။ ရသပိဏ္ဍပါတေန = မွန်မြတ်လှသော အရသာရှိသော ဆွမ်းခဲဖွယ်ဘောဇဉ်နှင့်။ သဒ္ဓိံ = အတူတကွ။ အယံ ပုပ္ဖပူဇာ = ဤပန်းကို လှူဒါန်းပူဇော်ရခြင်းသည်။ မေ = ဘုရားတပည့်တော်၏။ စိတ္တံ = စိတ်ကို။ ပရိတောသေတိ ယထာ = နှစ်သက်ကျေနပ်စေသကဲ့သို့။

ဧဝံ = ဤအတူ။ အဟံ = ဘုရားတပည့်တော်သည်။ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ = ဖြစ်လေရာ ဌာန ဖြစ်လေရာ ဘုံဘဝ၌။ မေ = ဘုရားတပည့်တော်အား။ ပဏ္ဏာကာရသဟဿာနိ စေဝ = လက်ဆောင် အထောင်ပေါင်းများစွာတို့ သည်လည်း။ အာဂစ္ဆန္တု = ကျရောက်ဆိုက်ရောက်လာကြပါစေကုန်သတည်း။ ပဉ္စဝဏ္ဏကုသုမဝဿဉ္စ = ငါးပါးသော အဆင်းရှိသော ပန်းမိုးသည်လည်း။ ဝဿတု = ရွာသွန်းပါစေသတည်း။ --

ဒါက သူ့ရဲ့ ဆုတောင်းပုံကလေးပဲ။

အရှင်ဘုရား ...အရသာရှိလှတဲ့ ဒီဆွမ်းနှင့်တကွ ဒီပန်းကို လှူဒါန်း ပူဇော်ရခြင်းသည် တပည့်တော်ရဲ့ စိတ်ကို အလွန် နှစ်သက်စေပါတယ်။ ဒါကြောင့် တပည့်တော်သည် ဖြစ်လေရာဌာန ဖြစ်လေရာဘုံဘဝမှာ တပည့် တော်ရဲ့ သန္တာန်သို့ လက်ဆောင်ပဏ္ဏာ အထောင်ပေါင်းများစွာတို့သည်လည်း ကျရောက်လာပါစေသတည်း။ အဆင်းငါးမျိုးရှိသော ပန်းမိုးသည်လည်း ရွာ သွန်းပါစေသတည်း ဆိုပြီးတော့ ဒီဆုကို တောင်းတယ်နော်။

ဒီနေရာမှာ နည်းနည်းထပ်ပြီးတော့ သံသရာစက်လည်ပတ်ပုံ ပဋိစ္စသမုပ္ပါဒ် သဘောတရားကို ပြောဦးမယ်။ လောကမှာ ပရမတ္ထသစ္စာနယ်ဘက်က ကြည့် လိုက်လျှင် ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ-လူ-နတ်-ဗြဟ္မာဆိုတာကတော့ မရှိဘူး၊ သမုတိသစ္စာနယ်မှာတော့ ရှိတယ်။

ပရမတ္ထသစ္စာနယ်ဘက်က ကြည့်လိုက်တော့ ခန္ဓာအိမ်မှာ ရုပ်တရားအစု အပုံ ရှိတယ်၊ နာမ်တရားအစုအပုံ ရှိတယ်။ ရုပ်တရားအစုအပုံလို့, နာမ်တရား အစုအပုံလို့ သိလည်း မှန်တယ်။ အကြောင်းတရားအစုအပုံ, အကျိုးတရား အစုအပုံလို့ သိလည်း မှန်တယ်။

ဒီရုပ်တရား ဒီနာမ်တရား, ဒီအကြောင်းတရား ဒီအကျိုးတရားသည် ဘယ်လိုသဘောရှိသလဲ? ပြန်ဆန်းစစ်ကြည့်လိုက်တော့ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားသာ မှန်တယ်၊ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားသာ မှန်တယ်၊ မပျက်စီးဘဲ အကျိတ် အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တ တရားတွေသာ မှန်ကြတယ်။ ဒါကြောင့် အနိစ္စတရားအစုအပုံ, ဒုက္ခတရား အစုအပုံ, အနတ္တတရားအစုအပုံတွေပဲလို့ သိလည်း မှန်တယ်။

အဲဒီလို ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံလို့ မသိဘဲ, အကြောင်း တရားအစုအပုံ အကျိုးတရားအစုအပုံလို့ မသိဘဲ, အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံတွေပဲလို့ မသိဘဲ ယောက်ျား- မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ-လူ-နတ်-ဗြဟ္မာ စသည်ဖြင့် သိခဲ့လျှင် ထိုအသိမျိုးကို တော့ မှားတယ်လို့ ခေါ်ရတယ်။

ယခုလည်း ဒီအတိုင်းပဲ ဒီနေရာမှာ သူက ဖြစ်လေရာ ဖြစ်လေရာ ဘုံဘဝ မှာ လက်ဆောင်ပဏ္ဏာ ထောင်ပေါင်းများစွာ ဆိုက်ရောက်လာနိုင်တဲ့ ဘဝ တစ်ခု၊ ယောက်ျားဘဝပဲ၊ အဲဒီလို ယောက်ျားဘဝတစ်ခုကို လှမ်းပြီး မျှော်လင့် တောင့်တနေတယ်။ အဲဒီလိုဘဝတိုင်းမှာလည်း အဆင်းငါးပါးရှိတဲ့ ပန်းမိုး တွေသည် အမြဲတမ်း ရွာသွန်းချပါစေသတည်း ဆိုပြီး ဒီဆုကို တောင်းတယ်။

အတိတ်အကြောင်းတရားငါးပါး

၁။ ဒီတော့ လက်ဆောင်ပဏ္ဏာ ထောင်ပေါင်းများစွာ ရရှိနိုင်တဲ့ ယောက်ျား ဘဝ၊ အဆင်းငါးမျိုးရှိတဲ့ ပန်းမိုးတွေ ရွာသွန်းစေနိုင်တဲ့ ယောက်ျားဘဝ လို့ အသိမှားနေတဲ့ သဘောက အဝိဇ္ဇာ

၂။ အဲဒီ ယောက်ျားဘဝကို တွယ်တာတပ်မက်နေတဲ့သဘောက တဏှာ

၃။ အဲဒီ ယောက်ျားဘဝကို စိတ်ကပ်ပြီး စွဲလိုက်တဲ့ သဘောက ဥပါဒါန်

၄။ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန် သုံးခု ခြံရံပြီးတော့ အရသာရှိတဲ့ ဆွမ်းနှင့် တကွ ပန်းတွေကို လှူဒါန်းပူဇော်တယ်၊ ဆွမ်းလှူခြင်း, ပန်းလှူခြင်းဆိုတဲ့ ကုသိုလ်စေတနာ သင်္ခါရတရားတွေ ဖြစ်လာကြတယ်။

၅။ ထိုသင်္ခါရတရားတွေကလည်း အနိစ္စတရားသာ မှန်တယ်၊ ဖြစ်ပြီးလျှင် ပျက်တတ်တဲ့ အနိစ္စတရားတွေသာ မှန်တယ်။ ထိုအမျိုးကောင်းသားရဲ့ သန္တာန်မှာ ဖြစ်ပြီးသွားတဲ့ ထိုသင်္ခါရတရားတွေကလည်း ပျက်သွားတယ် ချုပ်သွားတယ်။ ဖြစ်ပြီး ပျက်ပေမဲ့လို့ ဝိပါက်-အဗျာကတ တရားတွေလို ရုပ်နာမ်သန္တာန်အစဉ်မှာ စွမ်းအင်သတ္တိ တစ်စုံတစ်ရာ ချန်မထားခဲ့ဘဲ ချုပ်ပျက်သွားတာတော့ မဟုတ်ဘူး၊ နောင်တစ်ချိန်မှာ သူ မျှော်လင့် တောင့်တနေတဲ့ လက်ဆောင်ပဏ္ဏာပေါင်းများစွာ ဆိုက်ရောက်လာစေ နိုင်တဲ့ ယောက်ျားဘဝ, အဆင်းငါးပါးရှိတဲ့ ပန်းမိုးကြီး ရွာသွန်းစေနိုင်တဲ့ ယောက်ျားဘဝ၊ အဲဒီ ဘဝတစ်ခုကို ဖြစ်စေနိုင်တဲ့ စွမ်းအင် ကမ္မသတ္တိ ကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင် ကမ္မသတ္တိကိုတော့ ကံ-လို့ ခေါ်ပါတယ်။

ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်း တရား ငါးခုဟာ စုံညီသွားတယ်။ အဲဒီ အကြောင်းတရားငါးခုကို ပြုစုပျိုး ထောင်လိုက်ပြီ။

ဒါတွင် မကသေးဘူး - ထိုအမျိုးသားလေးဟာ ထိုကဿပဘုရားရှင် သာသနာတော်တွင်းမှာ ဒါန သီလ သမထ ဝိပဿနာ အစဖြာတဲ့ ကောင်းမှု ကုသိုလ်တွေကို ထပ်မံပြီး ဆည်းပူးပြန်တယ်။

အသက်ထက်ဆုံး ကောင်းမှုတွေ ပြုပြီးတော့ သေသည်၏ အခြားမဲ့မှာ နတ်ပြည် ရောက်သွားတယ်။ နတ်ပြည် နတ်လောက ရောက်သွားသည်နှင့် တစ်ပြိုင်နက်တည်း အဆင်းငါးပါးရှိတဲ့ အဆင်းငါးမျိုးရှိတဲ့ ပန်းမိုးကြီး ရွာ သွန်းချတယ်၊ ပဆစ်ဒူးဝန်း နစ်လောက်အောင်ကို ရွာသွန်းချသွားတယ်။

တစ်ခါ နတ်ပြည်ကနေ လူ့ပြည်ရောက်၊ လူ့ပြည်ကနေ နတ်ပြည်ရောက် ဒီလို စုန်-ဆန် ကျင်လည်ရာကနေပြီးတော့ နောက်ဆုံး ဘုန်းကြီးတို့ ဂေါတမ မြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်တော်မူတဲ့အချိန် - မာဂဓတိုင်း အဝင်အပါ ဖြစ်တဲ့ မစ္ဆိကာသဏ္ဍမြို့မှာ မစ္ဆိကာသဏ္ဍသူဌေးရဲ့ သားရတနာကလေးတစ်ဦး လာဖြစ်ပါတယ်။

မွေးတဲ့အချိန်အခါမှာလည်း အဆင်းငါးပါးရှိတဲ့ ပန်းတွေ မစ္ဆိကာသဏ္ဍမြို့ တစ်ခုလုံး ပဆစ်ဒူးဝန်းနစ်လောက်အောင် ရွာသွန်းချလိုက်တယ်။ ရွာသွန်း ချတဲ့အတွက် မိဘတွေကလည်း တို့သားဟာ သူ့နာမည်ကို သူယူဆောင်လာ တယ် ဆိုပြီးတော့ ဒီသားကလေးမွေးတဲ့အချိန်အခါ ဆန်းဆန်းကျယ်ကျယ် ပန်းမိုးတွေ ရွာသွန်းတာကို အကြောင်းပြုပြီးတော့ သူ့ကို စိတ္တသတို့သား ဆိုပြီးတော့ ဒီလို နာမည် မှည့်ထားကြတယ်။

စိတ္တသူကြွယ်ဘဝ

ထိုစိတ္တသတို့သား အချိန်တန် အရွယ်ရောက်လာတဲ့အခါ - မိဘတွေက ထိမ်းမြားလက်ထပ်ပေးလိုက်တယ်။ တစ်ချိန် မိဘတွေ ကွယ်လွန်သွားပြီးတဲ့ နောက် ထိုမစ္ဆိကာသဏ္ဍမြို့မှာ သူဌေးရာထူးကို ရရှိပါတယ်။ မစ္ဆိကာသဏ္ဍ မြို့မှာ သူဌေးရာထူးကို ရရှိတဲ့အချိန်အခါ တစ်နေ့မှာ ပဉ္စဝဂ္ဂီငါးဦးထဲက တစ်ဦး အပါအဝင်ဖြစ်တဲ့ မဟာနာမ်လို့ အသိများနေတဲ့ မဟာနာမ မထေရ်သည် မစ္ဆိကာသဏ္ဍမြို့သို့ ဆိုက်ရောက်လာပါတယ်။

အရှင်မဟာနာမ မထေရ်ရဲ့ ဣရိယာပုထ်ကို ကြည်ညိုတဲ့အတွက် အရှင် မဟာနာမကို အိမ်ပေါ်ပင့်ကာ ဆွမ်းတွေဖြင့် ရိုသေစွာ ပြုစုလုပ်ကျွေးပါတယ်။ ပြုစုလုပ်ကျွေးပြီးတဲ့အချိန်အခါ မိမိပိုင်နေတဲ့ အမ္ဗာဋကာရာမလို့ ခေါ်ဆို အပ်တဲ့ ဂွေးပင်တောဥယျာဉ်ကြီးတစ်ခုအတွင်းသို့ မဟာနာမ မထေရ်ကို ပင့်ဆောင်သွားပါတယ်။

ထိုဥယျာဉ်အတွင်းမှာ မဟာနာမ မထေရ်အတွက် သင့်လျော်လျောက်ပတ် ကောင်းမြတ်တဲ့ ကျောင်းတွေ ဆောက်တယ်။ ဆောက်ပြီးတော့ မဟာနာမ မထေရ်ကိုလည်း ဒီကျောင်းတိုက်မှာပဲ သီတင်းသုံးစေပြီးတော့ တပည့်တော်ရဲ့ အိမ်၌ နေ့စဉ် ဆွမ်းဖြင့် ချီးမြှောက်ပေးသနားတော်မူပါရန် တောင်းပန် လျှောက်ထားပြီး ပဋိညာဉ် ဝန်ခံချက် စကားတွေကို ရယူပါတယ်။ မဟာနာမ မထေရ်ကလည်း ချီးမြှောက်ပေးတော်မူပါတယ်နော်။

မဟာနာမ မထေရ်ကို ဆွမ်းလှူတဲ့အပိုင်းလေးမှာ - မဟာနာမ မထေရ် က လှမ်းကြည့်လိုက်တဲ့ အချိန်အခါ ဒီအမျိုးကောင်းသားမှာ ဥပနိဿယ အထူးတွေ ရှိနေတာကို သွားပြီးတွေ့တယ်။ - တစ်ချက်။

နောက်တစ်ခု --

ခုန ကဿပမြတ်စွာဘုရား လက်ထက်တော်အချိန်အခါက - လိုဏ်ဂူ အတွင်းမှာ သီတင်းသုံးစံနေတော်မူတဲ့ တရားဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေတဲ့ ရဟန်းတော်တစ်ပါးကို ဆွမ်းလှူတဲ့အချိန်မှာလည်း ထိုရဟန်းတော်က ဒီ ဆွမ်းလှူတဲ့ ဒါယကာလေးကို လှမ်းကြည့်လိုက်တော့ သူ့မှာလည်း ဥပနိဿယ မျိုးစေ့ကောင်းတွေ ရှိနေတာကို မြင်နေတယ်နော်။

ဒီတော့ - အဲဒီမျိုးစေ့ကောင်းတွေက ဘယ်တုန်းက ထူထောင်ခဲ့သလဲ? ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တော့ ပဒုမုတ္တရ မြတ်စွာဘုရား သာသနာ တော်တွင်းကတည်းက ထူထောင်ခဲ့တဲ့ ပါရမီမျိုးစေ့ကောင်းတွေ ဖြစ်တယ် ဆိုတာကို သိရတယ်။ ဒါကြောင့် ကောင်းမှုကုသိုလ်တို့မည်သည် ဘဝတစ်ခုမှာ အောင်အောင်မြင်မြင်နှင့်သာ ထူထောင်ခဲ့ပါစေ၊ မြုံသွားတဲ့သဘောတော့ မရှိဘူး။

ခုနက ကဿပမြတ်စွာဘုရားလက်ထက်တော်တုန်းကလည်း လိုဏ်ဂူ အတွင်းမှာ တည်ရှိနေတဲ့ ရဟန်းတော်လေးက ဆွမ်းဘုဉ်းပေးပြီးတဲ့ အချိန် အခါမှာ သူ့ကို ကမ္မဋ္ဌာန်းတရား ဟောပေးတယ်။ အခု မဟာနာမ မထေရ်က လည်း သူ့ကို ဆွမ်းလှူပြီးတဲ့ အချိန်အခါမှာ ဒီစိတ္တသူကြွယ်အလောင်းဖြစ်တဲ့ ဒါယကာကလေးကို တရားဟောပေးပါတယ်။ အဲဒီ ဟောလိုက်တဲ့ တရားက အားလုံး ညီတူနေတယ်နော်။

ကဿပဘုရားရှင် လက်ထက်တော်အတွင်းတုန်းက လိုဏ်ဂူအတွင်းမှာ သီတင်းသုံးတော်မူတဲ့ ရဟန်းတော်ကလေးက ဘယ်လို တရားဟောသလဲ?

သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်း

ထေရော တဿ ဥပနိဿယံ ဒိသွာ ဒွတ္တိံသာကာရကမ္မဋ္ဌာနံ အာစိက္ခိတွာ အဒါသိ။ (အံ၊ဋ္ဌ၊၁၊၂၉၇။)

ထေရော = မထေရ်သည်။ တဿ = ထိုအမျိုးကောင်းသားကလေး၏။ ဥပနိဿယံ = အရဟတ္တဖိုလ် ရနိုင်တဲ့ အကြောင်းဥပနိဿယကို။ ဒိသွာ = ဉာဏ်ဖြင့် တွေ့မြင်သည်ဖြစ်၍။ ဒွတ္တိံသာကာရကမ္မဋ္ဌာနံ = (၃၂)ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို။ အာစိက္ခိတွာ = ဟောကြားတော်မူ၍။ အဒါသိ = ပေးလေ၏။

(၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကို ဟောကြားပေးတယ်နော်။ ဒီတော့ - ဒီ ဥပနိဿယဆိုတာက ဘာလဲလို့မေးတော့ --

ဝိဝဋ္ဋံ ဥဒ္ဒိဿ ဥပစိတံ နိဗ္ဗေဓဘာဂိယကုသလံ ဥပနိဿယော။ (အံ၊ဋီ၊၁၊၂၀၁။)

ဋီကာဆရာတော်က ဖွင့်ထားတယ်။ သံသရာဝဋ်ဆင်းဒုက္ခမှ ကျွတ်ရာ ကျွတ်ကြောင်း လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီးတော့ ဆည်းပူးစုဆောင်းထားအပ်တဲ့ ပါရမီ ကုသိုလ် ကောင်းတွေကို ဥပနိဿယလို့ ခေါ်ပါတယ်။

ဘယ်တုန်းကများ စုဆောင်းခဲ့သလဲလို့မေးလျှင် ပဒုမုတ္တရ မြတ်စွာဘုရား သာသနာတော်တွင်းကတည်းက စတင်ကာ စုဆောင်းခဲ့တယ်။

ဒါကြောင့် ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ... (၃၂)ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အထင်သေးလို့ ရမလား? မရပါဘူးနော်၊ ဘုရားဟောတဲ့ တရား ပါပဲ။

(၃၂)ကောဋ္ဌာသဆိုတော့လည်း ဘုရားဟောတဲ့ တရားဖြစ်ခြင်းကြောင့် မဟာသတိပဋ္ဌာန်သုတ္တန် ကျင့်စဉ်ထဲမှာ ကာယာနုပဿနာသတိပဋ္ဌာန် (၁၄) မျိုး ရှိတဲ့အနက်က ဘုရားရှင်သည် (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကို ပဋိကူလမနသိကာရ ကမ္မဋ္ဌာန်းအဖြစ်နှင့် တစ်ခုအပါအဝင် သတိပဋ္ဌာန်ကျင့်စဉ်မှာ ထည့်သွင်းပြီး ဟောကြားထားတော်မူပါတယ်။

ဒီတော့ မိမိတို့က သတိပဋ္ဌာန်တရားကို ပွားတော့မယ်ဆိုလျှင် သတိပဋ္ဌာန် ဟာ ဘာတွေကိုခေါ်တယ်ဆိုတာတော့ ကျကျနန နားလည်ထားဖို့ လိုတယ်။ ဒီသတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းတွေလည်း ပါနေတယ်။

အဲဒီ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကိုပဲ လိုဏ်ဂူအတွင်းမှာ သီတင်းသုံး တော်မူတဲ့ မထေရ်က သူ့ဉာဏ်တော်ဖြင့် ဒီအမျိုးကောင်းသားရဲ့ ဥပနိဿယ ရှိ-မရှိကို လှမ်းကြည့်လိုက်တော့ .. ဥပနိဿယ ရှိတယ်ဆိုတာ မြင်လို့ ဒီ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကို ဟောပေးလိုက်တယ်။

ဟောပေးလိုက်တော့ ဒီအမျိုးကောင်းသားက ပဒုမုတ္တရဘုရားရှင် လက် ထက်တော်အခါကတည်းက ဒီ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းနှင့် ပတ်သက်တဲ့ ဥပနိဿယ မျိုးစေ့ကောင်းတွေ အားကြီးသောမှီရာမျိုးစေ့ကောင်းတွေ ရှိခဲ့ပြီ လို့ ဒီလိုယူဆရတယ်။ အလားတူပဲ ဒီမဟာနာမ မထေရ်ကလည်း ...

သဠာယတနဝိဘတ္တိတရား

ထေရောပိ တဿ ဥပနိဿယံ ဒိသွာ ဓမ္မံ ဒေသေန္တော သဠာယတနဝိဘတ္တိမေဝ ဒေသေသိ။ (အံ၊ဋ္ဌ၊၁၊၂၉၇။)

ထေရောပိ = မဟာနာမ မထေရ်သည်လည်းပဲ။ တဿ = ထိုအမျိုး ကောင်းသား၏။ ဥပနိဿယံ = အရဟတ္တဖိုလ်ရနိုင်တဲ့ ဥပနိဿယ အကြောင်း ထူးကို။ ဒိသွာ = ဉာဏ်ဖြင့် တွေ့မြင်သည်ဖြစ်၍။ ဓမ္မံ = တရားတော်မြတ်ကို။ ဒေသေန္တော = ဟောကြားတော်မူခဲ့သည်ရှိသော်။ သဠာယတနဝိဘတ္တိမေဝ = သဠာယတန (အာယတနခြောက်စုံ) နှင့် ဆက်စပ်နေတဲ့ ဝေဖန်ခွဲခြမ်း၍ ဟောအပ်တဲ့ တရားကိုသာလျှင်။ ဒေသေတိ = ဟောကြားတော်မူ၏။

သဠာယတနဝိဘတ္တိတရား ဆိုတာတွေကတော့ - အတွင်း အာယတန (၆)ပါး အပြင်အာယတန (၆)ပါးခေါ်တဲ့ အာယတန (၁၂)ပါးနှင့် ဆက်စပ်နေ တဲ့အပိုင်းပဲ၊ အဲဒီအပိုင်းကို ဟောကြားပေးပါတယ်။ ဘာကြောင့်လဲ?

ဒီစိတ္တသူကြွယ် ကျောင်းဒါယကာက ဉာဏ်အလယ်အလတ် ရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဉာဏ်အလယ်အလတ် ရှိတဲ့ ပုဂ္ဂိုလ်တွေကို ဘုရားရှင်သည် အာယတန ဒေသနာတော်နည်းအားဖြင့် ဝိပဿနာရှုကွက်ကို ဟောကြားပေး တော်မူတယ်။

ဒီတော့ - ဒီနေရာမှာ (၃၂)ကောဋ္ဌာသ မပါတော့ဘူးလားလို့ မေးစရာ ရှိတယ်။ ဒီ (၃၂)ကောဋ္ဌာသနှင့် ပတ်သက်ပြီးတော့ ရှေး .. ကဿပ ဘုရားရှင်လက်ထက်နှင့် ဟိုရှေး ..ပဒုမုတ္တရဘုရားလက်ထက်ကတည်းက ဆည်းပူးထားတဲ့ ပါရမီအရှိန်အဝါ ရှိနေတဲ့ သူတော်ကောင်း ဖြစ်တယ်။

ထိုခေတ် ထိုအချိန်အခါကတည်းက ထိုသူတော်ကောင်းကလည်း ရုပ်တွေ နာမ်တွေကို သူက ရှုပွားသုံးသပ်တဲ့အပိုင်းမှာ အာယတန (၁၂)ပါးနည်းနှင့်ပဲ ဝိပဿနာ ရှုခဲ့တယ်။

ကဿပဘုရားရှင်လက်ထက်တော်မှာ ရဟန်းတော်က (၃၂)ကောဋ္ဌာသ ကနေ စပြီးတော့ သမာဓိပိုင်းကို စဟောပေးတယ်။ မဟာနာမ မထေရ် ကျတော့ သမာဓိပိုင်းကို လုံးလုံး မဟောဘူးလို့ ဒီလိုတော့ မဟုတ်ပါဘူးနော်။ စာပေကျမ်းဂန်ဆိုတာက တစ်ခါတစ်ရံ လိုအပ်တာကလေးကို ကွက်ပြီးတော့ သင်္ဂါယနာ တင်ထားတော်မူခြင်း ဖြစ်တယ်။

ဒီတော့ မဟာနာမ မထေရ်ကျတော့ သူက သမာဓိပိုင်းမှာ အောင်မြင်မှု ရှိနေတဲ့အတွက် သမာဓိပိုင်းကို ချန်ထားပြီးတော့ ဝိပဿနာပိုင်းကို ကွက်ပြီး ဟောတဲ့အပိုင်းမှာ အာယတန (၁၂)ပါးနည်းနှင့် ဟောကြားပေးပါတယ်နော်။ ဘာဖြစ်လို့လဲ? သူ့အကြောင်းအရာ ဖွင့်ဆိုထားတာကို နည်းနည်းဆက်ပြီး နာကြည့်မှ သဘောပေါက်မယ်။

ရှေးရှေးဘုရားရှင်တို့၏ သာသနာ၌ ကြိတ်ခြေခဲ့ဖူးသော သင်္ခါရတရားရှိခြင်း

စိတ္တော ဂဟပတိ ပုရိမဘဝေ မဒ္ဒိတသင်္ခါရတာယ နစိရေဿဝ အနာဂါမိဖလံ သမ္ပာပုဏိ။ (အံ၊ဋ္ဌ၊၁၊၂၉၇။)

စိတ္တော ဂဟပတိ = စိတ္တသူကြွယ် ကျောင်းဒါယကာကြီးသည်။ ပုရိမဘဝေ = ရှေးရှေးဘဝ၌။ မဒ္ဒိတသင်္ခါရတာယ = ဝိပဿနာဉာဏ်ဖြင့် ကြိတ် ခြေအပ်ပြီးတဲ့ သင်္ခါရတရားရှိသည့်အတွက်ကြောင့်။ နစိရေဿဝ = မကြာမီ အချိန်ကာလ အတွင်းမှာပင်လျှင်။ အနာဂါမိဖလံ = အနာဂါမိဖိုလ်သို့။ သမ္ပာပုဏိ = ကောင်းစွာ ဆိုက်ရောက်ခဲ့လေပြီ။

အရှင်မဟာနာမ မထေရ်က သဠာယတနဝိဘတ္တိ-ခေါ်တဲ့ အာယတန (၁၂)ပါးနည်းဖြင့် အာယတန ခြောက်စုံကို ဝိပဿနာရှုကွက် ဟောကြားပြသ ဆိုဆုံးမပေးလိုက်တဲ့ အချိန်အခါမှာ - စိတ္တသူကြွယ် ကျောင်းဒါယကာဟာ ရှေးရှေးဘဝတွေက မဒ္ဒိတသင်္ခါရ - ဝိပဿနာဉာဏ်ဖြင့် ဒီသင်္ခါရတရား တွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ကြိတ်ခြေခဲ့ဖူးတဲ့ အတွက်ကြောင့် မကြာမီ အချိန်ကာလအတွင်းမှာ အနာဂါမိဖိုလ်ကို ဆိုက်သွား တယ်လို့ ဒီလို ဖွင့်ဆိုထားတယ်။

ဖွင့်ဆိုထားတဲ့ စကားကို ကြည့်လိုက်တော့ ... စိတ္တသူကြွယ် ကျောင်း ဒါယကာကြီးသည် (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကို အခြေခံပြီးတော့ အာယတန (၁၂)ပါးနည်းဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးတယ်၊ ရုပ်တွေ နာမ်တွေကို တစ်ဆယ့်နှစ်ပုံ ပုံပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးတယ်လို့ ဒီလို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုထားပါတယ်နော်။

ဒီဖွင့်ဆိုချက်တွေ ကျမ်းဂန်အဆိုအမိန့်တွေ ကြည့်မယ်ဆိုလို့ရှိလျှင် စိတ္တ သူကြွယ် ကျောင်းဒါယကာကြီးသည် (၃၂)ကောဋ္ဌာသ ကမ္မဋ္ဌာန်းကိုလည်း စနစ်တကျ ပွားများခဲ့ဖူးတယ်။ ရုပ်တွေ နာမ်တွေကိုလည်း တစ်ဆယ့်နှစ်ပုံ ပုံပြီးတော့ ဝိပဿနာဉာဏ်ဖြင့် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တင်ကာ ကြိတ်ခြေခဲ့ဖူးတယ်လို့ ဒီလို သိရတယ်။

နောက်ထပ် ထူးခြားချက် တစ်ခုလည်း ရှိနေပါသေးတယ်။ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၇၂)မှာ စိတ္တသူကြွယ် ကျောင်းဒါယကာ ကြီးဟာ သေက္ခပဋိသမ္ဘိဒါဉာဏ် လေးပါးကို ရရှိတဲ့ သူတော်ကောင်းကြီး ဖြစ်တယ်လို့ ဖွင့်ဆိုထားပါတယ်။ ဆိုလိုတာကတော့ သူရဲ့အနာဂါမိမဂ်ဉာဏ် မှာ ပဋိသမ္ဘိဒါဉာဏ် လေးပါးလည်း အထွဋ်တပ်လျက် ပါလာတယ်လို့ ဆိုလို ပါတယ်။

ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေထဲမှာ အဲဒီလို ရှုပွားသုံးသပ်နိုင်တဲ့ ယောဂီသူတော်ကောင်းလည်း ရှိချင် ရှိနိုင်မယ်နော်၊ မရှုပွားတတ်သေးတဲ့ ပုဂ္ဂိုလ်တွေလည်း ပါချင်ပါလိမ့်မယ်။ အဲဒီ ပုဂ္ဂိုလ်တွေအတွက် စိတ္တသူကြွယ် ကျောင်းဒါယကာကြီးရဲ့ ကျင့်ထုံးကို အတုလိုက်ပြီး ရှုပွားသုံးသပ်တတ်အောင် ဘုန်းကြီး ဒီည ဝိပဿနာအကြောင်း အနည်းငယ်ဟောဖို့ ရည်ရွယ်ထားပါ တယ်။ အဲဒီလို ဟောတဲ့အပိုင်းမှာ နောက်ပိုင်း သုတ္တန်တစ်ခု ရှိတယ်။

အယံ ကိရ ဂဟပတိ နိရောဓံ ဝလေဉ္ဇတိ။ (သံ၊ဋ္ဌ၊၃၊၁၃၂။)

စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက နိရောဓသမာပတ်ကို မကြာခဏ ဝင်စားနိုင်တဲ့ စွမ်းအားရှိတယ် ဆိုပြီးတော့ ဒုတိယကာမဘူသုတ္တန်မှာ ဖော် ပြထားပါတယ်။ ဒီတော့ နိရောဓသမာပတ်ကိုလည်း သူက ဝင်စားနိုင်တဲ့ စွမ်းအင်တွေ ရှိတယ်လို့ မှတ်သားထားပါ။

အနာထပိဏ် ကျောင်းဒါယကာနှင့် စိတ္တသူကြွယ် ကျောင်းဒါယကာတို့ မတူညီတဲ့ အချက်ကလေး တစ်ခုတော့ ရှိတယ်။ - အနာထပိဏ် ကျောင်း ဒါယကာကြီးက ဒါနာဘိရတ သောတာပန်သူတော်ကောင်း ဖြစ်တယ်၊ ဒါနမှာ မွေ့လျော်ပျော်ပိုက်နှစ်ခြိုက်တဲ့ သောတာပန် အရိယာသူတော်ကောင်း ဖြစ် တယ်။

ဒီစိတ္တသူကြွယ် ကျောင်းဒါယကာကြီးကတော့ ဒါနာဘိရတ ဓမ္မာဘိရတ- ဒါနမှာလည်း မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်တယ်၊ တရားဓမ္မမှာလည်း မွေ့ လျော် ပျော်ပိုက် နှစ်ခြိုက်တဲ့ အနာဂါမ်အရိယာ သူတော်ကောင်းဖြစ်တယ်။ အဲဒီထူးခြားချက်ကလေးတော့ ရှိတယ်နော်။

ဒီတော့ ဒီ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက ဒီအနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုက်သည့်တိုင်အောင် သစ္စာလေးပါးတို့ကို ထိုးထွင်းသိဖို့ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုပွားရသလဲ ...?

သစ္စာလေးပါးတို့ကို ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် အဆင့်ဆင့် တို့ဖြင့် ထိုးထွင်းသိအောင် ရှုပွားရမည့်ကျင့်စဉ် အကျဉ်းချုပ်ကို နာကြား ကြည့်ကြရအောင် ...။

___________

အခန်း (၄)

သစ္စာလေးပါးတို့ကို ထိုးထွင်းသိရန် ကျင့်စဉ်အကျဉ်းချုပ်

ဉာဏ်အလွန်ထက်မြက်သူ

အဲဒီအပိုင်းကို မဟောမီမှာ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေကို ကြိုတင်အသိပေးချင်တဲ့အချက်တစ်ခုတော့ရှိတယ်၊ ပရမတ်တရားအကြောင်း ပဲနော်။ ပရမတ္ထသစ္စာနယ်ဘက်ကနေ ဓာတ်ခွဲလိုက်လျှင် လောကမှာ တကယ် ထင်ရှားရှိနေတဲ့ ပရမတ္ထတရား ဘယ်နှစ်မျိုးရှိသလဲလို့ မေးလျှင် လေးမျိုးပဲ ရှိတယ်၊ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်၊ ဒီလေးမျိုးပဲ။

အဲဒီ နိဗ္ဗာန်ခေါ်တဲ့ စတုတ္ထပရမတ်ကို လိုလားတောင့်တနေတဲ့ သူတော် ကောင်းမှန်ခဲ့လျှင် စိတ် စေတသိက် ရုပ်လို့ခေါ်တဲ့ ဒီပရမတ်တရားတွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားတဲ့အပိုင်းမှာ ဝိပဿနာပိုင်း ရောက်လာပြီ ဆိုလို့ရှိလျှင် တချို့တချို့ ပုဂ္ဂိုလ်တွေက ဉာဏ် သိပ်ထက်တယ်။

ဉာဏ်သိပ်ထက်တဲ့အတွက် ထို စိတ် စေတသိက် ရုပ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာရှုတဲ့အပိုင်း ရောက်လာပြီဆိုလျှင် ဉာဏ်ကသိပ်ထက်တဲ့အတွက် သုံးဆယ့်တစ်ဘုံအတွင်း မှာ တည်ရှိနေတဲ့ ဒီ စိတ် စေတသိက် ရုပ်တရားတွေကို တစ်စုတည်း ဆွဲစုပြီး တော့ ဝိပဿနာရှု၊ ရှုလို့ရတယ်။

ကိံသုကောပမသုတ္တန်မှာ (သံ၊၂၊၃၉၆။) ရဟန္တာမထေရ်မြတ်ကြီးတစ်ပါး လာရှိပါတယ်။ တေဘူမက ကမ္မဋ္ဌာနိက ပုဂ္ဂိုလ်ဆိုပြီးတော့ အဋ္ဌကထာက နာမည်တပ်ထားတယ်။ (သံ၊ဋ္ဌ၊၃၊၉၈။)

သုံးဆယ့်တစ်ဘုံ အတွင်းမှာ တည်ရှိနေတဲ့ စိတ် စေတသိက် ရုပ်တရား တွေကို တစ်စုတည်း ဆွဲစုပြီးတော့ ဝိပဿနာ ရှုတော်မူတယ်။ ဘယ်လို ရှုသလဲ? --

ယံ ကိဉ္စိံ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ --

သုံးဆယ့်တစ်ဘုံအတွင်းမှာ တည်ရှိနေတဲ့ တရားတွေက ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဆိုပြီး နှစ်ခု ရှိတယ်။ ဒုက္ခသစ္စာတရားဆိုတာက ဘာလဲ? အတိတ် အနာဂတ် ပစ္စုပ္ပန်စသည်ဖြင့် တစ်ဆယ့်တစ်မျိုးသော အခြင်းအရာ အားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရား ဖြစ်တယ်။

သမုဒယသစ္စာတရား ဆိုတာကတော့ ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဖြစ်တယ်။ ထိုဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေ ကို သင်္ခါရတရားလို့ခေါ်တယ်။ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက ပေါင်းစုပြုပြင်ပေးမှ ဖြစ်ပေါ်လာတဲ့ တရားတွေဖြစ်ခြင်းကြောင့် သူတို့ကို သင်္ခါရတရားလို့ ခေါ်တယ်။

အဲဒီသင်္ခါရတရားတွေကို တစ်စုတည်း ဆွဲစုပြီးတော့ ဖြစ်နေတဲ့တရား မှန်လျှင် ပျက်နေတယ်ဆိုပြီး အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာရှုတော်မူတယ်၊ အရဟတ္တဖိုလ်ဆိုက်တယ်။ ဒါက ဉာဏ်အထက်စားပုဂ္ဂိုလ်ပဲ။

ပဉ္စဂ္ဂ ဇနီးမောင်နှံ

နောက်ပုဂ္ဂိုလ်တစ်မျိုးကတော့ ရုပ်နာမ်နှစ်ပါးနည်းနှင့် ဝိပဿနာ ရှုပွား သုံးသပ်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ပုံစံထုတ်ပြရလျှင် ဓမ္မပဒအဋ္ဌကထာမှာ (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၆၇-၃၆၉။) လာရှိတဲ့ ပဉ္စဂ္ဂ ဇနီးမောင်နှံတို့ ဖြစ်ပါတယ်။

ပဉ္စဂ္ဂ ဇနီးမောင်နှံဆိုတဲ့ ဇနီးမောင်နှံ နှစ်ဦးကို ဘုရားရှင်က ဒီ စိတ် စေတသိက် ရုပ်တရားတွေကို နှစ်ပုံ ပုံပြီးတော့ ဝိပဿနာရှုဖို့ ညွှန်ကြားပေး တော်မူတယ်။ စိတ်နှင့် စေတသိက်ကို နာမ်တရားလို့ ခေါ်တယ်၊ ရုပ်က ရုပ်တရားရုပ်တရားတွေကို တစ်ပုံ, နာမ်တရားတွေကို တစ်ပုံ - နှစ်ပုံ ပုံပြီးတော့ ဝိပဿနာရှုရတဲ့ နည်းစနစ် ဖြစ်ပါတယ်။ အဲဒီလို ရှုဖို့ရန် ညွှန် ကြားပေးတော်မူတဲ့ နည်းကို ရုပ်နာမ် နှစ်ပါးနည်းလို့ ခေါ်ပါတယ်။ ဒါလည်း ဉာဏ်အလွန်ထက်တဲ့ ပုဂ္ဂိုလ်တွေပဲ။

အရူပသမ္မူဠှပုဂ္ဂိုလ်

နောက် ပုဂ္ဂိုလ်တစ်မျိုး ရှိသေးတယ်။ တချို့တချို့ ပုဂ္ဂိုလ်တွေကျတော့ ရူပသမ္မူဠှ - ရုပ်တရားမှာ တွေဝေတယ်။ တချို့ပုဂ္ဂိုလ်တွေကျတော့ အရူပသမ္မူဠှ - နာမ်တရားမှာ တွေဝေတယ်။ တချို့ပုဂ္ဂိုလ်တွေကျတော့ ဥဘယသမ္မူဠှ - ရုပ်နာမ် နှစ်ပါးလုံးမှာ တွေဝေကြတယ်။

ဒီတော့ ဒီပရမတ္ထဓာတ်သား စိတ် စေတသိက် ရုပ်တရား သုံးမျိုးရှိတဲ့ အနက်က တချို့ ပုဂ္ဂိုလ်တွေမှာ ရုပ်တရားနှင့် ပတ်သက်လို့ အသိဉာဏ်က သန့်ရှင်းတယ်၊ နာမ်တရားနှင့် ပတ်သက်လို့ အသိဉာဏ်က မသန့်ရှင်းဘူး။ အဲဒီလိုပုဂ္ဂိုလ်မျိုးဖြစ်ခဲ့လျှင် မြတ်စွာဘုရားက ရုပ်တရားမှာ အသိဉာဏ်သန့်ရှင်း နေတဲ့အတွက် ရုပ်တရားတွေကို တစ်ပုံ ပုံပြီးတော့ ဝိပဿနာရှုဖို့ ညွှန်ကြား ပေးတယ်၊ နာမ်တရားနှင့် ပတ်သက်လို့ အသိဉာဏ် မသန့်ရှင်းတဲ့အတွက် နာမ်တရားတွေကို ဝေဒနာတစ်ပုံ, သညာတစ်ပုံ, ကျန်တဲ့စေတသိက် (၅၀) သင်္ခါရ တစ်ပုံ, အသိစိတ် ဝိညာဏ် တစ်ပုံ၊ ပေါင်း (၄)ပုံ ပုံပြီးတော့ ဝိပဿနာ ရှုဖို့ ညွှန်ကြားပေးလိုက်တယ်။

အဲဒီလို ညွှန်ကြားတဲ့နည်းကို ခန္ဓာ (၅)ပါးနည်းလို့ ခေါ်ပါတယ်။ ရုပ်တရား မှာ အသိဉာဏ် သန့်ရှင်းပြီးတော့ နာမ်တရားနှင့်ပတ်သက်လို့ အသိဉာဏ် မသန့်ရှင်းတဲ့ ပုဂ္ဂိုလ်တွေအတွက် မြတ်စွာဘုရားရှင်က ဝိပဿနာရှုကွက်ကို သင်ပေးတော်မူတဲ့နည်းပဲ။

အနီးကပ်ဆုံး ဆိုလို့ရှိလျှင်တော့ နာမည်ကျော်ဖြစ်တဲ့ ပဉ္စဝဂ္ဂီ ငါးဦးတို့ကို ဘုရားရှင်သည် ဓမ္မစကြာ ဒေသနာတော်မြတ်ဖြင့် သောတာပတ္တိမဂ်-ဖိုလ်ကို ဆိုက်အောင် ချေချွတ်ပေးတော်မူပြီးတဲ့နောက် အနတ္တလက္ခဏသုတ္တန်ဖြင့် အရဟတ္တဖိုလ်ပေါက် ချေချွတ်တဲ့အပိုင်းမှာ ဒီခန္ဓာငါးပါးနည်းနှင့် ဝိပဿနာ ရှုကွက်ကို ဘုရားရှင်က သင်ပေးတော်မူပါတယ်။

နောက်တစ်နည်းပြောလျှင်တော့ ဉာဏ်ထက်နေတဲ့ တိက္ခပညဝါ သူတော် ကောင်းတွေကိုလည်း မြတ်စွာဘုရားသည် ခန္ဓာငါးပါးနည်းနှင့် ဝိပဿနာ ရှုကွက်ကို သင်ပေးတော်မူတယ်။

နောက်တစ်နည်းကတော့ - သံခိတ္တရုစိ = ဝိပဿနာရှုကွက်မှာ အကျဉ်း နှစ်ချိုက်တဲ့ သူတော်ကောင်းတွေကိုလည်း ဘုရားရှင်သည် ခန္ဓာငါးပါးနည်းနှင့် ဝိပဿနာရှုဖို့ရန် ညွှန်ကြားပေးတော်မူတယ်။

အဲဒီ ခန္ဓာငါးပါးဆိုတာ ဘာလဲလို့မေးတော့ စိတ် စေတသိက် ရုပ်တရားပဲ နော်။ ရှုရမည့် ပရမတ္ထဓာတ်သားက အတူတူပဲ၊ ငါးပုံ ပုံလိုက်တာပဲ ကွာတယ်။ နောက်တစ်မျိုးက ...

ရူပသမ္မူဠှပုဂ္ဂိုလ်

တချို့တချို့ ပုဂ္ဂိုလ်ကျတော့ ရုပ်တရားနှင့် ပတ်သက်လို့ အသိဉာဏ်က မသန့်ရှင်းဘူး၊ တွေဝေနေတယ်၊ ရူပသမ္မူဠှ ပုဂ္ဂိုလ်ဖြစ်နေတယ်။ နာမ်တရားနှင့် ပတ်သက်လို့ အသိဉာဏ်က သန့်ရှင်းတယ်။

အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဘုရားရှင်သည် ရုပ်တရားမှာ အသိဉာဏ် မသန့်ရှင်း တဲ့အတွက် ရုပ်တရားတွေကို ဆယ်ပုံခွဲ၊ နာမ်တရားမှာ အသိဉာဏ် သန့်ရှင်း နေတဲ့အတွက် နာမ်တရားတွေကို မနာယတန, ဓမ္မာယတန ဆိုပြီး တစ်ပုံခွဲပေါ့၊ ရုပ်တွေ နာမ်တွေကို တစ်ဆယ့်နှစ်ပုံ ပုံပြီးတော့ ဝိပဿနာရှုဖို့ သင်ပေးတော် မူပါတယ်။

အဲဒီနည်းကို အာယတန ဒေသနာနည်း (=သဠာယတနဝိဘတ္တိနည်း)လို့ ခေါ်ပါတယ်။ အာယတန (၁၂)ပါးနည်းနှင့် ဝိပဿနာ ရှုရတယ်။ အာယတန (၁၂)ပါးဆိုတာ ဘာလဲလို့မေးလျှင် စိတ် စေတသိက် ရုပ်တရားပဲ၊ အတူတူပဲ။

နောက်တစ်ချက် ဖွင့်ဆိုထားတာက ဉာဏ်အလယ်အလတ်စား ရှိနေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဘုရားရှင်သည် အာယတန ဒေသနာနည်းဖြင့် စိတ် စေတသိက် ရုပ်တရားတွေကို (၁၂)ပုံ ပုံပြီးတော့ ဝိပဿနာရှုဖို့ သင်ပေးတော် မူပါတယ်။

နောက်တစ်နည်း ဖွင့်ဆိုထားတာက မကျဉ်း မကျယ် အလယ်အလတ် ကြိုက်နေတဲ့ မဇ္ဈိမရုစိပုဂ္ဂိုလ် (= အလယ်အလတ်ကြိုက်တဲ့ပုဂ္ဂိုလ်) တွေကို လည်း မြတ်စွာဘုရားသည် အာယတန (၁၂)ပါးနည်းဖြင့် ဝိပဿနာရှုကွက်ကို သင်ပေးတော်မူပါတယ်။ ဒါက တစ်နည်း။

ဥဘယသမ္မူဠှပုဂ္ဂိုလ်

နောက်ပုဂ္ဂိုလ်တစ်မျိုးကျတော့ ရုပ်တရားနှင့်ပတ်သက်လို့ အသိဉာဏ် မသန့်ရှင်းဘူး၊ တွေဝေတယ်။ နာမ်တရားနှင့်ပတ်သက်လို့လည်း အသိဉာဏ်က မသန့်ရှင်းဘူး၊ တွေဝေနေတယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးဖြစ်လျှင်တော့ ဘုရားရှင် သည် ဓာတ် (၁၈)ပါးနည်းဖြင့် ဝိပဿနာရှုကွက်ကို သင်ပေးတော်မူပါတယ်။

ဓာတ် (၁၈)ပါးဆိုတာက ဘာလဲလို့မေးလျှင် စိတ် စေတသိက် ရုပ်တရားပဲ၊ အတူတူပဲနော်။ (၁၈)ပုံ ပုံပြီးတော့ ဝိပဿနာရှုကွက်ကို ရှုတာ၊ (၁၂)ပုံ ပုံပြီး ရှုတာ၊ (၅)ပုံ ပုံပြီး ရှုတာ၊ ရုပ်နာမ် နှစ်ပါးအနေနှင့် (၂)ပုံ ပုံပြီး ရှုတာ၊ သင်္ခါရတရားအနေနှင့် တစ်ပုံ ပုံပြီး ရှုတာ၊ ဒါပဲ ကွာတယ်။ အရှုခံ ပရမတ္ထ ဓာတ်သားကတော့ စိတ် စေတသိက် ရုပ်တရားချည်းပဲ ဖြစ်တယ်။ (မဟာဋီ၊၂၊၈၅-ကြည့်ပါ။)

အဲဒီအခြေခံစည်းမျဉ်းကိုတော့ ဝိပဿနာရှုမည့်ပုဂ္ဂိုလ်များ နားလည်ထား ဖို့လိုပါတယ်။ အဲဒီရုပ်မှာ ရုပ်က (၂၈)ပါးရှိတယ်။ ရုပ်တို့မည်သည်မှာ ကလာပ် လို့ခေါ်တဲ့ အမှုန်လေးတွေအနေနှင့် ဖြစ်တယ်။ ကလာပ်တစ်ခုတစ်ခုအတွင်း မှာ - ပထဝီ အာပေါ တေဇော ဝါယောဆိုတဲ့ ဓာတ်လေးပါး, အဆင်း အနံ့ အရသာ ဩဇာဆိုတဲ့ ဥပါဒါရုပ်လေးပါး - အနည်းဆုံး သဘောတရား ရှစ်ခု လောက် ပေါင်းစုမှ ရုပ်ကလာပ်အမှုန်တစ်ခု ဖြစ်တယ်။

အဲဒီကလာပ်အမှုန်ကလေးတွေ များစွာပေါင်းစုလိုက်ပါမှ ဆံပင်, မွေးညင်း, ခြေသည်းလက်သည်း, သွား, အရေ စတဲ့ (၃၂)ကောဋ္ဌာသ အစုအဝေးတွေ ပေါ်လာတယ်။ ဒီ (၃၂)ကောဋ္ဌာသ အစုအဝေးတွေကို အတိတ်က ကံစီမံ သည့်အတိုင်း အချိုးတကျ တပ်ဆင်လိုက်ပါမှ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါဆိုတာ ပေါ်လာတာဖြစ်တယ်။

အဲဒီတော့ မူရင်းတည်ဆောက်ထားတဲ့ ပစ္စည်းတွေသည် သဘောတရား သက်သက်ပဲ၊ ပထဝီ, အာပေါ, တေဇော, ဝါယောစတဲ့ ဓာတ်လေးပါးဦးဆောင် နေတဲ့ ရုပ်သဘောသက်သက်ပဲ။

အဲဒီ ရုပ်ပရမတ်တွေကို သိဖို့က ပထမ ရုပ်ကလာပ်ကို မြင်အောင် ရှု တတ်ဖို့၊ ဒုတိယ ရုပ်ကလာပ်ကိုမြင်လျှင် အဲဒီရုပ်ကလာပ်ကို ဓာတ်ခွဲပြီး ကလာပ်အတွင်းရှိ (၈)မျိုး (၉)မျိုးစတဲ့ ပရမတ်တွေကို သိဖို့ လိုပါတယ်။

ကလာပ်လေးတွေကို မမြင်သေးဘူး၊ ကလာပ်လည်း ဓာတ်မခွဲတတ်သေး ဘူးဆိုလျှင် ထိုပုဂ္ဂိုလ်သည် ရုပ်ကို မသိသေးပါဘူး။ အဲဒီ ရုပ်တို့မည်သည် ကလာပ်အနေနှင့်ဖြစ်တယ် ဒီကလာပ်ကို ဓာတ်ခွဲနိုင်မှ ရုပ်တရားကို သိတယ် ဆိုတာက ဘုရားဟောကျမ်းဂန်မှာ အဘိဓမ္မာမှာ အထင်အရှား ရှိပါတယ်။

ရှိပေမဲ့ ဒီရုပ်တွေကို ရှုလို့မရဘူးလို့ ခေတ်ကတော့ ဒီလိုပြောနေကြတယ်။ ရှုမရဘူးဆိုတဲ့ ဘုရားဟောဒေသနာပါဠိတော်နှင့် အဋ္ဌကထာ ဋီကာ အဖွင့် မရှိပါဘူး၊ ကျမ်းဂန် အထောက်အထား လုံးလုံးမရှိတဲ့ အဆိုအမိန့်တစ်ရပ်သာ ဖြစ်ပါတယ်။

ဒီတော့ - ဘုရားဟောတဲ့ ရုပ်တရားကို စနစ်တကျ သိချင်တယ်ဆိုလျှင် ဘာလုပ်ရမလဲ? ဒီအပိုင်းကဏ္ဍက တစ်ရပ်။ ဒီအပိုင်းကဏ္ဍကို နောက်မှ ပြောမယ်။ နောက်တစ်ခု - နာမ်တရားအကြောင်း ပြောကြရအောင် ...။

နာမ်သဘော

နာမ်တရားတွေမှာ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဝီထိစိတ်နာမ်တရားတို့မည်သည် ဝီထိလို့ခေါ်တဲ့ နိယာမလမ်းကြောင်းအတိုင်း ဖြစ်ကြတယ်၊ စိတ္တနိယာမလို့ ခေါ်ပါတယ်။ ဒီနိယာမလမ်းကြောင်းက လွဲလျှင် ပြောင်းလဲပြီး ဖြစ်ရိုးဓမ္မတာ မရှိဘူး။

ဘုရားရှင်သန္တာန်မှာ ဖြစ်နေတဲ့ ရူပါရုံကို သိနေတဲ့ စိတ်လည်း ဒီနိယာမ လမ်းကြောင်းအတိုင်းပဲ ဖြစ်တယ်။ သာဝကတွေသန္တာန်မှာ ဖြစ်ပေါ်သွားတဲ့ ရူပါရုံကို သိတဲ့စိတ်လည်း ဒီနိယာမလမ်းကြောင်းအတိုင်းပဲ ဖြစ်တယ်။ အာရုံ ခြောက်ပါးကို သိပြီဆိုလျှင် ဒီနိယာမလမ်းကြောင်းအတိုင်းပဲ ဖြစ်တယ်။ ဒီ နိယာမလမ်းကြောင်းကနေ ပြောင်းလဲပြီး ဖြစ်ရိုးဓမ္မတာ မရှိဘူး။ မရှိတဲ့ အတွက် သူ့ကို စိတ္တနိယာမလို့ ခေါ်ပါတယ်။

ဝီထိစိတ်နာမ်တရားတို့မည်သည် စိတ္တနိယာမလမ်းကြောင်းအတိုင်း ဝီထိ လို့ခေါ်တဲ့ စိတ်အစဉ်အတိုင်း ဖြစ်ကြတယ်။

ဝီထိမုတ်လို့ခေါ်တဲ့ စိတ်ကလေးတွေရှိတယ်၊ ပဋိသန္ဓေရယ် ဘဝင်ရယ် စုတိရယ်။ ဒါကိုတော့ ခြွင်းချက်ထားလိုက်။ သူတို့က ဝီထိမှအလွတ် ဝီထိရဲ့ အပြင်ဘက်မှာ ဖြစ်ကြတဲ့ နာမ်တရားတွေပဲ။

ဝီထိခေါ်တဲ့စိတ်အစဉ်အတိုင်း ဖြစ်ရိုးဓမ္မတာရှိတဲ့ နာမ်တရားကို ရှုမည့် ပုဂ္ဂိုလ်သည် ဒီဝီထိခေါ်တဲ့ နိယာမလမ်းကြောင်းအတိုင်း ဖြစ်သွားတာကိုသာ လိုက်ပြီးမြင်အောင် ကြည့်ရမယ်။ ဒီနိယာမ လမ်းကြောင်းအတိုင်း ဖြစ်သွားတာ ကို မမြင်သေးလျှင်လည်း နာမ်ပရမတ်နယ်မြေကို မကူးသေးဘူး။

သို့သော် နာမ်တရားတို့မည်သည်မှာလည်း ရုပ်တရားလိုပဲ တစ်လုံးချင်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး၊ အုပ်စုအလိုက်သာ ဖြစ်တယ်။

အနည်းဆုံးအားဖြင့် စက္ခုဝိညာဏ်စိတ်ကလေးတစ်ခုပဲ ဆိုကြစို့ ...။ အသိစိတ်, ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ ဆိုတဲ့ သဘောတရားရှစ်ခု ပေါင်းစုမှ ဖြစ်နိုင်တဲ့စွမ်းအား ရှိတယ်၊ တစ်လုံးချင်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး။

အဲဒီတော့ ဒီစိတ္တက္ခဏတစ်ခုအတွင်းမှာ တည်ရှိနေတဲ့ နာမ်တရားတွေကို ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ စသည်ဖြင့် ခွဲခြားစိတ်ဖြာပြီး သိမှ နာမ်တရားကို သိမှာ ဖြစ်ပါတယ်။

အဲဒီလို ခွဲခြားစိတ်ဖြာပြီးလည်း မသိဘူး၊ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ စတဲ့ဝီထိစိတ်အစဉ်တွေလည်း ဟုတ်တိုင်းမှန်စွာ မသိဘူး၊ အဲဒီလိုဆိုလျှင် - ဘုရားဆိုလိုတဲ့ နာမ်တရားကို မသိသေးပါဘူး။ ရုပ်နာမ်ကိုမျှ မသိသေးတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖို့ ဘယ်လိုမှ မဂ်ဖိုလ် နိဗ္ဗာန်ကို မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲ?

စတုတ္ထပရမတ်ဖြစ်တဲ့ ဒီနိဗ္ဗာန်ကို သွားချင်လျှင် ဒီ စိတ်စေတသိက် ရုပ် တရားတွေကို ဟုတ်တိုင်းမှန်စွာ သိရမယ်။ နံပါတ် (၁) နာမရူပပရိစ္ဆေဒဉာဏ် ရရမယ်။

ရပြီးတဲ့အချိန်အခါကျတော့မှ ထိုသူတော်ကောင်းက ဒီ စိတ် စေတသိက် ရုပ်တွေသည် ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းတရားတွေကို တစ်ဆင့် တက်ပြီးတော့ ရှာဖွေရပါတယ်။ အကြောင်းတရားတွေကို ဟုတ်တိုင်းမှန်စွာ သိမှ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိမယ်။ ဒီတော့ တချို့တချို့ စိတ် စေတသိက် ရုပ်တရားတွေ နာမ်တရားတွေသည် အတိတ်အကြောင်းကြောင့် ဖြစ်တာ လည်း ရှိတယ်။ တချို့တချို့ ရုပ်တွေ နာမ်တွေက ပစ္စုပ္ပန်အကြောင်းကြောင့် ဖြစ်တာလည်း ရှိတယ်။

ကံတို့၏စွမ်းအင်

ခု ဒီသုတ္တန်မှာဟောနေတဲ့ စိတ္တသူကြွယ်ရဲ့ ရုပ်နာမ်ကြည့်ပေါ့။ ကဿပ ဘုရားရှင်လက်ထက်တော်တုန်းက ဆွမ်းလှူခဲ့တယ်၊ ဆွမ်းလှူပြီးတော့ အဆင်း ငါးပါးရှိတဲ့ ပန်းမိုးရွာသွန်းဖို့ရန်အတွက် ဆုတောင်းခဲ့တယ်။

ဒီဆုတောင်းရဲ့ စွမ်းအားကြောင့် မွေးလာတဲ့အချိန်မှာ အဆင်း ငါးမျိုး ရှိတဲ့ ပန်းမိုးကြီး ရွာသွန်း မချဘူးလား? ချနေတယ်။ လက်ဆောင်ပဏ္ဏာ ထောင်ပေါင်းများစွာ ဆိုက်ရောက်ဖို့အတွက်လည်း ဆုတောင်းခဲ့တယ်။ အဲဒီ ဆုတောင်းလည်း တစ်နေ့ ပြည့်မှာဖြစ်ပါတယ်နော်။

ဒါကြောင့် တချို့တချို့ ရုပ်တွေနာမ်တွေသည် အတိတ်က အကြောင်း ကြောင့် ဖြစ်တာလည်းရှိတယ်။ တချို့တချို့ ရုပ်တွေ နာမ်တွေက ပစ္စုပ္ပန် အကြောင်းကြောင့် ဖြစ်တာလည်း ရှိတယ်။

အတိတ်ကအကြောင်းကြောင့်ဖြစ်တဲ့ ရုပ်တွေနာမ်တွေဟာလည်း အတိတ် က ဘယ်လိုအကြောင်းတရားတွေကို ထူထောင်ခဲ့လို့ ဒီရုပ်တွေ နာမ်တွေ ဖြစ်နေရသလဲလို့ သိအောင် ရှုရပါတယ်။ ဘာဖြစ်လို့လဲ?

ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။)

ဝိပဿကေန ပန = ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်သည်။ ကမ္မန္တရဉ္စ = ကံတို့၏ ထူးထွေကွဲပြားမှုကိုလည်း ကောင်း။ ဝိပါကန္တရဉ္စ = အကျိုးတရားတို့၏ ထူးထွေကွဲပြားမှုကိုလည်း ကောင်း။ ဧကဒေသတော = တစ်စိတ်တစ်ဒေသအားဖြင့်။ ဇာနိတဗ္ဗံ = သိသင့်သိထိုက်ပေ၏။

ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ပုဂ္ဂိုလ်က ကံ-ကံ၏အကျိုး တရားကိုတော့ တစ်စိတ်တစ်ဒေသအားဖြင့် သိသင့်တယ်။

ဘာဖြစ်လို့ တစ်စိတ်တစ်ဒေသအားဖြင့် သိသင့်တယ်လို့ ပြောရသလဲလို့ မေးတော့ အကုန်လုံး အကုန်အစင်သိဖို့ဆိုတာက သာဝကတို့ရဲ့အရာ မဟုတ် ဘူး၊ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ အရာသာဖြစ်တယ်။ ဒါပေမဲ့ --

သဗ္ဗေန သဗ္ဗံ အဇာနနေ ပစ္စယပရိဂ္ဂဟော န ပရိပူရတိ။ (မဟာဋီ၊၂၊၃၈၀။)

သဗ္ဗေန သဗ္ဗံ = အချင်းခပ်သိမ်း။ အဇာနနေ = မသိခဲ့သည်ရှိသော်။ ပစ္စယပရိဂ္ဂဟော = ပစ္စယပရိဂ္ဂဟဉာဏ်သည်။ န ပရိပူရတိ = ဘယ်နည်း နှင့်မှ မပြည့်စုံနိုင်။

ကံ-ကံ၏အကျိုးကို လုံးလုံးမသိခဲ့လျှင်တော့ ပစ္စယပရိဂ္ဂဟဉာဏ်ကို ဘယ် လိုမှ မရနိုင်ဘူး။ ဒါကြောင့် ကံ-ကံ၏အကျိုးကို ဟုတ်တိုင်းမှန်စွာ သိဖို့အတွက်, ဒီနေရာမှာ ပစ္စယပရိဂ္ဂဟဉာဏ်ရရှိရေးအတွက် အတိတ်က အကြောင်းတရား တွေကို ရှုဖို့ လိုသလား မလိုဘူးလား? လိုအပ်နေတယ်။

နည်းနည်းလေး စဉ်းစားကြည့်စမ်း! ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ တရားနာနေကြတာ ဆုလေးတစ်ခု တောင်းကြည့်စမ်းပါ။ ဥပမာ - ဤ တရားနာယူရသည့် ကောင်းမှုကြောင့် နတ်သားဖြစ်ပါစေ၊ သို့မဟုတ် နတ်သမီး ဖြစ်ပါစေလို့ ဆုတောင်းကြည့်ပါ။

ဒီတရားနာတဲ့ ကံဟာလည်း နတ်ပြည်ရောက်ကြောင်း ကံတွေထဲက ကံ တစ်မျိုးပဲ ဖြစ်တယ်။ ချက်ချင်း ဖြစ်သလား? မဖြစ်ပါဘူး။ ချက်ချင်းသာ ဖြစ်မယ်ဆိုလျှင် - ချက်ချင်း ..နတ်သား သွားဖြစ်မှာပေါ့၊ ချက်ချင်း .. နတ်သမီး သွားဖြစ်မှာပေါ့။

ကံတို့မည်သည်မှာ ဖြစ်ဆဲခဏမှာ ဘယ်တော့မှအကျိုးမပေးဘူး၊ ရင့်ကျက် ဖို့ရန် အချိန်အခါကာလ စောင့်ဆိုင်းရတယ်။ နွားနို့တို့မည်သည်မှာ ညှစ်လိုက် လျှင် ချက်ချင်း ဘယ်တော့မှ ထောပတ်မဖြစ်ဘူး၊ ချက်ချင်း ဒိန်ခဲ မဖြစ်ဘူး၊ ရင့်ကျက်ဖို့ရန်အတွက် အချိန်ကာလအနည်းငယ် မစောင့်ဆိုင်းရဘူးလား? စောင့်ဆိုင်းရတယ်။

အဲဒီပုံစံအတိုင်းပဲ ကံတို့မည်သည်မှာလည်း ဖြစ်နေတုန်း ဖြစ်ဆဲခဏမှာ ဘယ်တော့မှ အကျိုးမပေးဘူး၊ ရင့်ကျက်အောင်တော့ အချိန်ကာလ အနည်း ငယ် စောင့်ဆိုင်းရတယ်။ တချို့ ဘဝခြားပြီးတော့ စောင့်ရတယ်၊ တချို့ ဘဝ ပေါင်းများစွာ ခြားပြီးတော့ စောင့်ရတယ်။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။ မူလဋီ၊၃၊၃၇၂ - ကြည့်ပါ။)

ခု စိတ္တသူကြွယ် ကျောင်းဒါယကာကို အကျိုးပေးနေတဲ့ ကံကို ကြည့် လိုက်လျှင် လက်ရှိ ဒီ အဆင်းငါးပါးရှိတဲ့ ပန်းမိုးကြီး ရွာသွန်းနေတယ်ဆိုတဲ့ ဒီအကျိုးတရားသည် ဘယ်တုန်းက ထူထောင်ခဲ့တဲ့ကံလဲ? ကဿပဘုရားရှင် လက်ထက်က ထူထောင်ခဲ့တဲ့ကံ ဖြစ်တယ်။ ဒီစိတ္တသူကြွယ်ဘဝမှာ ထူထောင် ခဲ့တဲ့ကံ ဟုတ်သလား? မဟုတ်ဘူးနော်။

ဒါကြောင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော့မည့် ယောဂီပုဂ္ဂိုလ် က ကံ-ကံ၏အကျိုးကို တစ်စိတ်တစ်ဒေသ သိအောင်တော့ ကြိုးစားရတယ်။ ဒီလိုကြိုးစားအားထုတ်ခြင်းဟာ သမုဒယသစ္စာကို သိအောင် ကြိုးစားအား ထုတ်ခြင်းသာ ဖြစ်တယ်။ တစ်နည်းပြောရလျှင်တော့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိအောင် ကြိုးစားအားထုတ်ခြင်းသာဖြစ်ပါတယ်။ သို့သော် ကံနှင့် ကံရဲ့အကျိုးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် အကုန်လုံး သိဖို့ ကတော့ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့အရာသာ ဖြစ်ပါတယ်။

နမူနာလေးပြောလျှင်တော့ ဘုန်းကြီးတို့မြတ်စွာဘုရားမှာ ဝိပါက်တော် ဆယ့်နှစ်ပါး ရှိပါတယ်။ အလောင်းတော်ဘဝက ကျူးလွန်ခဲ့တဲ့ ပြစ်မှားမှုလေး တွေ ရှိတယ်။ ခေါင်းခဲတာက သူ့ကံတစ်ခု၊ ခါးနာတာက သူ့ကံတစ်ခု စသည် ဖြင့် ဆိုင်ရာအကြောင်းတရားနှင့် ဆိုင်ရာအကျိုးတရားတွေ သီးသန့်ရှိတယ်။

အဲဒီလိုကုန်စင်အောင် အကုန်လုံးသိတာကတော့ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ရဲ့အရာတွေသာ ဖြစ်ပါတယ်။ သာဝကတွေကျတော့ ကုန်စင် အောင်တော့ မသိနိုင်ဘူး၊ သို့သော် တစ်စိတ်တစ်ဒေသ တချို့တစ်ဝက် လောက်တော့ သိရမယ်၊ လုံးလုံးမသိခဲ့ဘူးဆိုလျှင် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရမလား? မရနိုင်ဘူးနော်။

ကဲ ဒီရုပ်တရား ဒီနာမ်တရားကို ဟုတ်တိုင်းမှန်စွာ သိရေး, ဒီအကြောင်း တရား ဒီအကျိုးတရားကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဘာလိုသလဲ? သမာဓိထူထောင်ဖို့ လိုပါတယ်နော်။ အဲဒီတော့ သမာဓိထူထောင်တဲ့အပိုင်း မှာ ဒီစိတ္တသူကြွယ် ကျောင်းဒါယကာကြီးက (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းနှင့် ဝိပဿနာသို့ ကူးသွားတဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်း အကြောင်းကို ပြောကြရအောင်။ (၃၂)ကောဋ္ဌာသကို ရှုပွားသုံးသပ်တဲ့နည်း သည် သုံးနည်းရှိပါတယ်။

တစ်နည်းကတော့ - ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းမှာလည်း မြတ်စွာ ဘုရားသည် (၃၂)ကောဋ္ဌာသ ရှုကွက်ကို ဟောထားတော်မူတယ်။ နောက် တစ်နည်းကတော့ - ပဋိကူလမနသိကာရလို့ ခေါ်ဆိုအပ်တဲ့ ကမ္မဋ္ဌာန်းပိုင်း မှာလည်း (၃၂)ကောဋ္ဌာသကို မြတ်စွာဘုရား ဟောကြားထားတော်မူတယ်။ ဒါကတော့ အသိများတဲ့နည်း နှစ်နည်းပဲ။

နောက်တစ်နည်းဟောထားတော်မူတာ ရှိသေးတယ်၊ အဲဒါကတော့ -အဘိဘာယတနစျာန် ဝိမောက္ခစျာန်ဆိုတဲ့အမည်နှင့် ကသိုဏ်းလမ်းကနေ မြတ်စွာဘုရားက ဟောကြားထားတော်မူတဲ့ နည်းဖြစ်တယ်။ အားလုံးပေါင်း လိုက်လျှင်တော့ သုံးနည်းပဲ။

(၃၂)ကောဋ္ဌာသတွေကို ရှုပွားသုံးသပ်ဖို့နည်းနှင့် ပတ်သက်လို့ မြတ်စွာ ဘုရားသည် ဘယ်နှစ်နည်း ဟောကြားထားတော်မူသလဲ? သုံးနည်း။

နံပါတ် (၁) အရောင်ကသိုဏ်းလမ်း

နံပါတ် (၂) ပဋိကူလမနသိကာရလမ်း

နံပါတ် (၃) ဓာတုမနသိကာရလမ်း (ဓာတ်ကမ္မဋ္ဌာန်းလမ်း) --

ဆိုပြီးတော့ လမ်းသုံးသွယ် ဟောထားပါတယ်။

အဲဒီတော့ (၃၂)ကောဋ္ဌာသသည် လမ်းသုံးသွယ် သွားလို့ရတယ်။ လမ်း သုံးသွယ် သွားလို့ရတဲ့အပိုင်းမှာ (၃၂)ကောဋ္ဌာသကို ဘယ်လိုစပြီး ပြည်တည် ရှုမလဲလို့ မေးလျှင်တော့ နှစ်နည်းရှိတယ်။

အဲဒီရှုနည်းကတော့ နှုတ်နှင့်ရွတ်ပွားတဲ့နည်းက တစ်နည်း, ဓာတ်ကမ္မဋ္ဌာန်း ကို ပြည်တည်ပြီး ရှုတဲ့နည်းက တစ်နည်း ဆိုပြီးတော့ နှစ်နည်းရှိပါတယ်နော်။ ဓာတ်ကြီးလေးပါးကို ပြည်တည်ပြီးရှုလျှင်လည်း (၃၂)ကောဋ္ဌာသမှာရှိတဲ့ ရုပ် တွေကို စနစ်တကျ သိမယ်ဆိုပြီး ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာမှာ ဖွင့်ဆိုထားပါတယ်။ အဲဒီနည်းကိုပဲ ဘုန်းကြီးတို့ ပြောကြရအောင်နော်။

ခန္ဓာအိမ်မှာ ဓာတ်ကြီး လေးပါးကို စရှုရမယ်။ --

သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတေဿာ ဓာတုယော ပရိဂ္ဂဏှာတိ။ --

စသည်ဖြင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ - စာမျက်နှာ (၂၂၂) မှာ ညွှန်ကြားထားပါတယ်။

သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ သမထယာနိကပုဂ္ဂိုလ်ကလည်း နာမ်ကမ္မဋ္ဌာန်းကစပြီး ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ မကူးဘဲ ရုပ်ကမ္မဋ္ဌာန်းကစပြီး ဒိဋ္ဌိ ဝိသုဒ္ဓိစခန်းသို့ ကူးချင်တယ်ဆိုလျှင် အဲဒီလို ရုပ်ကမ္မဋ္ဌာန်းကစပြီး ဒိဋ္ဌိဝိသုဒ္ဓိ စခန်းသို့ ကူးချင်တဲ့ သမထယာနိကပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်ပေါ့လေ - ရုပ်ကမ္မဋ္ဌာန်း ကနေ စပြီးရှုတော့မယ်ဆိုလို့ရှိလျှင်တော့ ဓာတ်ကြီးလေးပါးကို စရှုရတယ်။

အဲဒီ ဓာတ်ကြီးလေးပါး ရှုတဲ့အပိုင်းမှာ အကျဉ်းနည်း အကျယ်နည်း နှစ်နည်းရှိတဲ့အနက် ကြိုက်တဲ့နည်းက စရှုနိုင်ပါတယ်နော်။ ခုတော့ အကျဉ်း နည်း ပြောကြရအောင် ...။

ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း

ဓာတ်ကမ္မဋ္ဌာန်းမှာ အကျဉ်းနည်း အကျယ်နည်းဆိုပြီး နှစ်နည်း ရှိပါတယ်။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းကတော့ မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၃-၈၉။) ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၁-၂၉၀။) မဟာဟတ္ထိပဒေါပမသုတ္တန် (မ၊၁၊၂၄၂-၂၄၉။) အဘိဓမ္မာဓာတုဝိဘင်္ဂပါဠိတော် (အဘိ၊၂၊၈၄-၈၇။) တို့မှာ လာရှိ ပါတယ်။ (၃၂)ကောဋ္ဌာသတို့နှင့်တကွ တေဇောကောဋ္ဌာသ (၄)မျိုး, ဝါယော ကောဋ္ဌာသ (၆)မျိုးတို့ အဝင်အပါ အားလုံး (၄၂)ကောဋ္ဌာသတို့မှာ တည်ရှိတဲ့ ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းရှုပွားတဲ့နည်း ဖြစ်ပါတယ်။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်းကတော့ မဟာသတိပဋ္ဌာနသုတ္တန်မှာ လာရှိပါတယ်။ ဒီညမှာတော့ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်းက စပြီး ဟောကြ နာကြ ရအောင်။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းရှုကွက်ကို မဟာသတိပဋ္ဌာနသုတ္တန် မှာ ဘုရားရှင်သည် ဘယ်လိုဟောကြားထားတော်မူလဲ?

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။(မ၊၁၊၇၃။)

ဘိက္ခဝေ = ရဟန်းတို့ ...။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ ဘိက္ခု = ယောဂါဝစရရဟန်းသည်။ ယထာဌိတံ = တည်မြဲတိုင်းသော။ ယထာပဏိဟိတံ = ထားမြဲတိုင်းသော။ ဣမမေဝ ကာယံ = ဤရူပကာယ ကြီးကိုပင်လျှင်။ ဣမသ္မိံ ကာယေ = ဤရူပကာယ၌။ ပထဝီဓာတု = ပထဝီဓာတ်သည်။ အာပေါဓာတု = အာပေါဓာတ်သည်။ တေဇောဓာတု = တေဇောဓာတ်သည်။ ဝါယောဓာတု = ဝါယောဓာတ်သည်။ အတ္ထိ = ရှိ၏။ ဣတိ = ဤသို့လျှင်။ ဓာတုသော = ဓာတ်သဘောအစုအပုံအားဖြင့်။ ပစ္စဝေက္ခတိ = အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဉာဏ်စက္ခုဖြင့် ခွဲခြားစိတ် ဖြာလျက် ဆင်ခြင် သုံးသပ် ရှုပွား၍ နေလေ၏။

ပစ္စဝေက္ခတီတိ ပတိ ပတိ အဝေက္ခတိ၊ ဉာဏစက္ခုနာ ဝိနိဗ္ဘုဇိတွာ ဝိသုံ ဝိသုံ ပဿတိ။ (မ၊ဋီ၊၁၊၃၆၅။)

ဒီလို ဋီကာဆရာတော်က ရှင်းလင်းတင်ပြထားတဲ့အတွက် ဓာတ်တစ်လုံး စီ ဓာတ်တစ်လုံးစီကို ဉာဏ်နှင့် ခွဲခြားစိတ်ဖြာပြီး အသီးအသီး ရှုပွားရမည့် လုပ်ငန်းခွင်ဖြစ်ပါတယ်။ ဒီတော့ ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘောသဘာဝကို အလျင်ရှေးဦးစွာ ရှင်းကြရအောင် ...။

ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၁၇၀။) မှာ ပထဝီဓာတ်ကို ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုကံ ဆိုပြီး (၆)မျိုး ဟောကြားတော် မူခဲ့ပါတယ်။ အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၃၆၈။) ကလည်း --

ပထဝီဓာတ် (၆) မျိုး

၁။ ကက္ခဠန္တိ ထဒ္ဓံ = မာမှုသဘော,

၂။ မုဒုကန္တိ အထဒ္ဓံ = ပျော့မှုသဘော,

၃။ ဖရုသန္တိ ခရံ = ကြမ်းမှုသဘော,

၄။ သဏှန္တိ မဋ္ဌံ = ချောမှုသဘော,

၅။ ဂရုကန္တိ ဘာရိယံ = လေးမှုသဘော,

၆။ လဟုကန္တိ အဘာရိယံ၊ သလ္လဟုကန္တိ အတ္ထော = ပေါ့မှုသဘော --

ဒီလို ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် ပထဝီဓာတ်မှာ မာ-ပျော့, ကြမ်း- ချော, လေး-ပေါ့ ဆိုပြီး အစုံအားဖြင့် (၃)စုံ [မာ-ကြမ်း-လေး, ပျော့-ချော- ပေါ့ ဆိုပြီး သဘောတရား (၆)မျိုး] ရှိပါတယ်။

အာပေါဓာတ် (၂) မျိုး

အာပေါဓာတ်မှာတော့ --

၁။ ဒြဝဘာဝ = ပဂ္ဃရဏလက္ခဏာ = ယိုစီးမှုသဘော,

၂။ အာဗန္ဓနဘာဝ = အာဗန္ဓနလက္ခဏာ = ဖွဲ့စည်းမှုသဘော --

ဆိုပြီး သဘောတရား (၂)မျိုး ရှိပါတယ်။

တေဇောဓာတ် (၂) မျိုး

တေဇောဓာတ်မှာတော့ --

၁။ ဥဏှဘာဝ = ဥဏှတေဇော = ပူမှုသဘော,

၂။ သီတဘာဝ = သီတတေဇော = အေးမှုသဘော --

ဆိုပြီး သဘောတရား (၂)မျိုး ရှိပါတယ်။

ဝါယောဓာတ် (၂) မျိုး

ဝါယောဓာတ်မှာတော့ --

၁။ ဝိတ္ထမ္ဘနဘာဝ = ထောက်ကန်မှုသဘော,

၂။ သမုဒီရဏဘာဝ = တွန်းကန်မှုသဘော --

ဆိုပြီး သဘောတရား (၂)မျိုး ရှိပါတယ်။ သမုဒီရဏဘာဝကတော့ သမုဒီရဏရသ (= ဝါယောဓာတ်ရဲ့ တွန်းခြင်းဆိုတဲ့ လုပ်ငန်းကိစ္စရပ်) ဖြစ်ပါတယ်။

အားလုံးပေါင်းလိုက်လျှင်တော့ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့, ယိုစီး-ဖွဲ့စည်း, ပူ-အေး, ထောက်-တွန်း ဆိုပြီး သဘောတရား (၁၂)မျိုး ဖြစ်ပါတယ်။ ဒီသဘောတရား (၁၂)မျိုးကို ယောဂီပုဂ္ဂိုလ်က ရှေးဦးစွာသိအောင် ရှုပွားရမှာ ဖြစ်ပါတယ်။ မိမိရဲ့ခန္ဓာအိမ်ထဲမှာ မြင်အောင်ကြည့်ရမှာ ဖြစ်တယ်။ ဒါကြောင့် ယောဂီပုဂ္ဂိုလ်က --

၁။ မာမှုထင်ရှားရာ တစ်နေရာက စ၍ မာမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ။

၂။ ကြမ်းမှုထင်ရှားရာ တစ်နေရာကစ၍ ကြမ်းမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ။

၃။ လေးမှုထင်ရှားရာ တစ်နေရာကစ၍ လေးမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ။

၄။ ပျော့မှုထင်ရှားရာ တစ်နေရာကစ၍ ပျော့မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ။

၅။ ချောမှုထင်ရှားရာ တစ်နေရာကစ၍ ချောမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ။

၆။ ပေါ့မှုထင်ရှားရာ တစ်နေရာကစ၍ ပေါ့မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ။

၇။ ယိုစီးမှုထင်ရှားရာ တစ်နေရာကစ၍ ယိုစီးမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ။

၈။ ဖွဲ့စည်းမှုထင်ရှားရာ တစ်နေရာကစ၍ ဖွဲ့စည်းမှုသဘောကို တစ်ကိုယ် လုံး၌ မြင်အောင်ရှုပါ။

၉။ ပူမှုထင်ရှားရာ တစ်နေရာကစ၍ ပူမှုသဘောကို တစ်ကိုယ်လုံး၌ မြင် အောင်ရှုပါ။

၁၀။ အေးမှုထင်ရှားရာ တစ်နေရာကစ၍ အေးမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ။

၁၁။ ထောက်ကန်မှုထင်ရှားရာ တစ်နေရာကစ၍ ထောက်ကန်မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ။

၁၂။ တွန်းကန်မှု ထင်ရှားရာ တစ်နေရာက စ၍ တွန်းကန်မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ။

ဒီလိုရှုတဲ့အခါမှာ ဦးခေါင်းကနေ ခြေဖျားအထိ ခြေဖျားကနေ ဦးခေါင်း အထိ အရိုးကြား အကြောကြား အသားကြား အရေကြားသို့ ဉာဏ်တည်း ဟူသော လက်ကိုသွင်းကာ သဘောတရား (၁၂)မျိုးလုံးကို တစ်ခုပြီးတစ်ခု သွက်သွက်လက်လက် မြင်အောင်ရှုပါ။

တွန်းကန်မှုသဘော

ဒီနည်းစနစ်နှင့် ရှုလို့မှ မအောင်မြင်လျှင်တော့ နောက်တစ်နည်းထပ်ပြော မယ်။ ထင်လွယ် မြင်လွယ်တဲ့ ဓာတ်ကစပြီး ရှုတဲ့စနစ် ဖြစ်တယ်။ အသက် ရှူသွင်း ရှူထုတ်နေတဲ့ အသက်ရှူလမ်းကြောင်းက စပြီး တွန်းကန်တဲ့သဘော (= ဝါယောဓာတ်) ကို စပြီး ရှုကြည့်ပါ။

အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ လေကို အတွင်းဘက်သို့ ရှူ သွင်းလိုက်တဲ့အခါ တွန်းကန်နေတဲ့သဘော, လေကိုအပြင်ဘက်သို့ ရှူထုတ် လိုက်တဲ့အခါ တွန်းကန်နေတဲ့ သဘောကို မြင်အောင် ရှုပါ။ အထူးသဖြင့် ဦးခေါင်းရဲ့ ဗဟိုအလယ်လောက်မှာ စိတ်ကိုစိုက်ပြီးတော့ အသက်ရှူသွင်းလိုက် ရှူထုတ်လိုက်တဲ့အခါမှာ တွန်းကန်နေတဲ့သဘောကို ရှုလျှင်တော့ ထင်လွယ် မြင်လွယ်တဲ့သဘော ရှိတတ်ပါတယ်။ အကယ်၍ တွန်းကန်တဲ့သဘောကို တွေ့လျှင် အဲဒီ တွန်းကန်တဲ့သဘောအပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် ကြိုးစားပါ။ တွန်းကန်မှုသဘောက ထင်ရှားလာတဲ့ အခါ နည်းနည်း နည်းနည်း ချဲ့ထွင်ပြီး တွန်းကန်နေတဲ့သဘောကို တစ်ခေါင်း လုံးမှာ မြင်အောင်ကြည့်ပါ။ အောင်မြင်လျှင်တော့ တစ်ကိုယ်လုံးမှာ ပုံစံတူ လိုက်ရှုပါ။ အသားကြား အရိုးကြား အရေကြား အကြောကြားသို့ ဉာဏ်တည်း ဟူသော လက်ကိုသွင်းပြီး တွန်းကန်တဲ့သဘောကို မြင်အောင်ရှုပါ။ ဦးခေါင်း ကနေ ခြေဖျားအထိ ခြေဖျားကနေ ဦးခေါင်းအထိ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။ သွား-ရပ်-ထိုင်-လျောင်း ဆိုတဲ့ ဣရိယာပုထ် လေးပါးလုံးနှင့် ကိုယ်အမူအရာတိုင်း လှုပ်ရှားမှုတိုင်းမှာ ပုံစံတူရှုပါ။

မာမှုသဘော

အကယ်၍ တွန်းကန်မှုသဘောကို ခြေဆုံးခေါင်းဆုံး ရှုလို့ အောင်မြင်ပြီ ဆိုလျှင် ပထဝီဓာတ်ထဲက မာ-မှုသဘောကို စတင် ရှုကြည့်ပါ။ ဥပမာ - ကြမ်းနှင့်တင်ပါး ထိတဲ့နေရာကစပြီး မာမှုထင်ရှားလျှင် အဲဒီမာမှုကို ရှုကြည့်ပါ။ ဒါမှမဟုတ် အထက်သွားနှင့်အောက်သွား ထိထားတဲ့နေရာက ထင်ရှားလျှင် အဲဒီ သွားနေရာက စပြီး ရှုကြည့်ပါ။ မထင်ရှားလျှင် တွန်းကန်တဲ့သဘောနှင့် တွဲပြီးတော့ တွန်းကန်တဲ့သဘောနှင့် မာတဲ့သဘောကို တစ်လှည့်စီ ရှုကြည့်ပါ။

အောင်မြင်မှုရရှိပါက ခြေဆုံးခေါင်းဆုံး မြင်အောင် တစ်လှည့်စီ ရှုပါ။ တွန်းကန်တဲ့သဘောတရားကို တစ်လှည့် ခြေဆုံးခေါင်းဆုံး ရှုပါ။ မာတဲ့ သဘောကို တစ်လှည့် ခြေဆုံးခေါင်းဆုံး ရှုပါ။ တွန်းကန်တဲ့သဘောနှင့် မာတဲ့ သဘော နှစ်မျိုးလုံးကို ပြိုင်တူလိုလို မြင်နေလျှင် ပိုကောင်းပါတယ်။ ဒါပေမဲ့ ဒီအပိုင်းမှာတော့ တစ်လုံးစီကိုပဲ ထင်ထင်ရှားရှား သွက်သွက်လက်လက် မြင်အောင်ရှုနေပါ။ ဣရိယာပုထ် လေးပါးလုံးမှာရော ကွေးတိုင်းဆန့်တိုင်း မှာရော တွန်းကန်တဲ့သဘောနှင့် မာတဲ့သဘောကို ပုံစံတူပဲ ရှုနေပါ။

ကြမ်းမှုသဘော

တွန်းကန်တဲ့သဘောနှင့် မာတဲ့သဘော နှစ်မျိုးလုံး ထင်ရှားလာတဲ့အခါမှာ ကြမ်းတဲ့သဘောကိုပါ ပူးတွဲပြီးတော့ တွေ့မြင်လာတတ်ပါတယ်။ အကယ်၍ မတွေ့မြင်ပါက လက်ခုံနှင့်အဝတ်ကို သို့မဟုတ် သင်္ကန်းကို အသာပွတ်ကြည့် ပါ။ ကြမ်းတဲ့သဘောကို တွေ့နိုင်ပါတယ်။ အကယ်၍ မထင်ရှားက အပေါ် အံသွားထိပ်ကို လျှာနှင့်ပွတ်ကြည့်ပါ။ ကြမ်းတဲ့သဘောကို တွေ့နိုင်ပါတယ်။

ကြမ်းတဲ့သဘောကို လွယ်လွယ်နှင့် ခန္ဓာကိုယ်အနှံ့အပြား မတွေ့နိုင်ပါက တွန်းကန်တဲ့သဘော မာတဲ့သဘော ကြမ်းတဲ့သဘောဆိုတဲ့ ဒီသဘောတရား သုံးမျိုးကို ပူးတွဲပြီး တစ်လှည့်စီ ရှုကြည့်ပါ။ တွန်းကန်တဲ့သဘောနှင့် မာတဲ့ သဘောတို့ကို ခန္ဓာကိုယ်အနှံ့အပြား မြင်အောင်ရှုထားပြီးတဲ့ ပုဂ္ဂိုလ်အတွက် တွန်းကန်တဲ့သဘောနှင့် မာတဲ့သဘောတို့ ခန္ဓာကိုယ်သို့ ပျံ့နှံ့သွားတာကို တွေ့မြင်တဲ့အခါ ကြမ်းတဲ့သဘောကိုပါ ပူးတွဲပြီး တွေ့မြင်တတ်ပါတယ်။ ဘာဖြစ်လို့လဲ? ဓာတ်ကြီးလေးပါး (= သဘောတရား ၁၂-မျိုး) တို့ဟာ ခန္ဓာ ကိုယ်အနှံ့အပြားမှာ ဖြစ်ပျက်အနေအထားဖြင့် ကံအရှိန်အဝါ မကုန်သေးသမျှ အမြဲတမ်း ရှိနေကြပါတယ်။ အမြဲတမ်းရှိနေတဲ့ သဘာဝတွေကို ဉာဏ်နှင့် မြင်အောင် ကြည့်နေခြင်းသာ ဖြစ်တယ်။

အောင်မြင်မှုရရှိပါက တွန်းကန်တဲ့သဘော မာတဲ့သဘော ကြမ်းတဲ့ သဘော ဆိုတဲ့ ဒီသဘောတရားသုံးခုကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ခြေဆုံးခေါင်းဆုံး ရှုနေပါ။ သုံးခုလုံးကို ပြိုင်တူလိုလို တွေ့ရှိပါက ပိုကောင်း သည်သာ ဖြစ်ပါတယ်။ ဣရိယာပုထ် လေးပါးလုံးနှင့် ကွေးခြင်းဆန့်ခြင်းစတဲ့ ကိုယ်အမူအရာတိုင်းမှာ ပုံစံတူပဲ ရှုပါ။ ဥပမာ - စင်္ကြံလျှောက်တဲ့အခါ ခြေထောက်နှင့်ကြမ်းပြင် တွေ့ထိနေတဲ့ နေရာကစပြီး ရှုကြည့်ပါ။ ခြေကို နောက်တစ်လှမ်း လှမ်းဖို့ရန် တွန်းကန်နေတဲ့သဘော, ခြေထောက်နှင့်ကြမ်းပြင် ထိတဲ့နေရာမှာ မာနေတဲ့သဘော ကြမ်းနေတဲ့သဘောတွေကို တွေ့နိုင်ပါ တယ်။ အဲဒီ ထိမှုထင်ရှားတဲ့ နေရာက စပြီး တစ်ကိုယ်လုံးမှာ သဘောတရား (၃)မျိုးလုံးကို တစ်ကိုယ်လုံးမှာ မြင်အောင် တစ်လှည့်စီ ထပ်ကာထပ်ကာ ကြိမ်ဖန်များစွာ ရှုနေပါ။

လေးမှုသဘော

အောင်မြင်မှုကို ရရှိပါက လေးမှုသဘောတရားတစ်ခုကို တိုးပြီးရှုကြည့်ပါ။ ဥပမာ - ထိုင်နေတဲ့အခါ ခန္ဓာကိုယ်ရဲ့ အောက်ပိုင်းကို အပေါ်ပိုင်းက ဖိထိုင်တဲ့ အတွက် လေးလံနေတဲ့သဘောကို တွေ့နိုင်ပါတယ်။ ဒါမှမဟုတ်လျှင် လက် တစ်ဖက်ဖြင့် ပေါင်ပေါ်ကို အနည်းငယ် ဖိကြည့်ပါ။ လေးတဲ့သဘောကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ တစ်ကိုယ်လုံးမှာ မြင်အောင် ဆက်ရှုပါ။ အားလုံးပေါင်းသော် သဘောတရား (၄)မျိုး ရှိသွားပါပြီ။ တွန်းကန်တဲ့သဘော မာတဲ့သဘော ကြမ်းတဲ့သဘော လေးတဲ့သဘော - ပေါင်း (၄)မျိုးဖြစ်တယ်။ ကိုယ်အမူအရာတိုင်းမှာ (၄)မျိုးလုံးကို တစ်လှည့်စီ ရှုနေပါ။

ထောက်ကန်မှုသဘော

ခုပြောခဲ့တဲ့ သဘောတရား (၄)မျိုးလုံး အသိဉာဏ်မှာ ထင်ရှားလာတဲ့အခါ ထောက်ကန်မှု သဘောတစ်ခုကို တိုးပြီး ရှုကြည့်ပါ။ ခန္ဓာကိုယ်ကို ထိုင်လျှင် ထိုင်တဲ့အတိုင်း, ရပ်လျှင် ရပ်တဲ့အတိုင်း တည်နေအောင် မလဲအောင် ထိန်း ထားတဲ့ စွမ်းအင်တစ်မျိုး ဖြစ်တယ်။ အိမ်တစ်အိမ် ပြိုတော့မယ်ဆိုလျှင် မပြို အောင် ကျားခေါ်တဲ့ သစ်သားတစ်ချောင်းဖြင့် ထောက်ထားတဲ့ ငြိမ်အောင် ထိန်းထားတဲ့ သဘောမျိုး ဖြစ်တယ်။ တွန်းကန်တဲ့သဘော မာတဲ့သဘော နှစ်မျိုးနှင့် တွဲပြီး ရှုကြည့်ပါ။ မထင်ရှားက ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ကြည့်ပါ၊ ယိမ်းကြည့်ပါ၊ လဲတော့မည့် ပုံစံ အနည်းငယ် ပြုကြည့်ပါ။ မလဲအောင် ပြန်ထိန်းထားတဲ့ စွမ်းအင်ကို တွေ့နိုင်ပါတယ်။ ထင်ရှားလာပါက တစ်ကိုယ်လုံးမှာ မြင်အောင် ဆက်ရှုပါ။ ဣရိယာပုထ်တိုင်း ကိုယ်အမူအရာ တိုင်းမှာ ပုံစံတူ ရှုပါ။ အားလုံးပေါင်းလိုက်လျှင် တွန်း-မာ-ကြမ်း-လေး-ထောက် ဆိုတဲ့ သဘောတရား (၅)မျိုး ဖြစ်သွားပြီ။ တစ်လှည့်စီ ခြေဆုံးခေါင်းဆုံး မြင်အောင် ထပ်ကာထပ်ကာ ရှုပါ။ မာတဲ့သဘောနှင့် တွဲပြီး ရှုပါက ပိုပြီး ထက်ရှားတတ်ပါတယ်။

ပျော့မှုသဘော

အောင်မြင်မှုရရှိပါက ပျော့မှုသဘောတရားကို ဆက်ရှုကြည့်ပါ။ အောက် အတွင်းနှုတ်ခမ်းသားကို လျှာဖြင့် အနည်းငယ် ထိထားကြည့်ပါ။ ကိုယ်ကို လျှော့ထားပါ။ ပျော့မှုသဘောတရားဟာ ထင်ရှားလာပါလိမ့်မယ်။ ထင်ရှား လာပါက တစ်ကိုယ်လုံး၌ မြင်အောင်ဆက်ရှုပါ။ ဣရိယာပုထ်တိုင်း ကိုယ်အမူ အရာတိုင်းမှာ ပုံစံတူပဲ ရှုပါ။ ခုပြောခဲ့တဲ့ သဘောတရား (၆)မျိုးကို တစ်လှည့်စီ ခြေဆုံးခေါင်းဆုံး ထပ်ကာထပ်ကာ ရှုပါ။

ချောမှုသဘော

ပျော့နေတဲ့ အောက်အတွင်းနှုတ်ခမ်းသားကို လျှာဖြင့် တံတွေးဆွတ်ပြီး ဖြည်းဖြည်းပွတ်ကြည့်ပါ။ ချောနေတဲ့သဘောကို တွေ့နိုင်ပါတယ်။ တစ်ကိုယ် လုံးမှာ မြင်အောင်ရှုပါ။ မထင်ရှားပါက ပျော့မှုသဘောကို ထပ်ကာထပ်ကာ ရှုပါ။ ပျော့မှုထင်ရှားလာတဲ့အခါမှာ ချောမှုသဘောကို ဆက်ရှုပါ။ ဣရိယာ ပုထ်တိုင်း ကိုယ်အမူအရာတိုင်းမှာ ပုံစံတူ ရှုပါ။ အားလုံး ပေါင်းလိုက်က သဘောတရား (၇)မျိုး ဖြစ်ပါတယ်။ ခြေဆုံးခေါင်းဆုံး ထပ်ကာထပ်ကာ အမြဲတမ်း ရှုနိုင်အောင် ကြိုးစားပါ။

ပေါ့မှုသဘော

ပျော့မှုနှင့်ချောမှု ထင်ရှားလာလျှင် ပေါ့မှုသဘောတရားပါ ထင်ရှားလာ တတ်ပါတယ်။ အကယ်၍ မထင်ရှားပါက လေးမှုသဘောကို ပြန်ရှုပါ။

တစ်ကိုယ်လုံး လေးလာတဲ့အခါ ဒူးပေါ်မှာတင်ထားတဲ့လက်မှ လက်ညှိုး တစ်ချောင်းကို အသာကလေး မ-ကြည့်ပါ။ ပေါ့မှုသဘောဟာ ထင်လာတတ် ပါတယ်။ ထင်ရှားလာပါက တစ်ကိုယ်လုံးမှာ မြင်အောင်ဆက်ရှုပါ။ ပျော့-ချော-ပေါ့-သဘောတရား (၃)ခုကို တွဲပြီး ထပ်ကာထပ်ကာ ရှုပါ။ ဣရိယာ ပုထ်တိုင်း ကိုယ်အမူအရာတိုင်းမှာ ပုံစံတူပဲ ဆက်ရှုပါ။ အားလုံးပေါင်းလိုက် လျှင် သဘောတရား (၈)မျိုးဖြစ်တယ်။ တစ်လှည့်စီ ခြေဆုံးခေါင်းဆုံး ထပ်ကာ ထပ်ကာ ရှုပါ။

ပူမှုသဘော, အေးမှုသဘော

ပူမှုထင်ရှားတဲ့ တစ်နေရာကစပြီး ပူတဲ့သဘောကို တစ်ကိုယ်လုံး မြင် အောင် ရှုပါ။ ဥပမာ - လက်လက်ချင်း ထပ်ထားရာ၌ ပူမှု ထင်ရှားနေတတ် ပါတယ်။ အဲဒီလို ထင်ရှားတဲ့ တစ်နေရာကစပြီး တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။

ဝင်သက်လေက နှာသီးဖျားကို ထိပြီး ဝင်သွားတဲ့အခါ နှာသီးဖျားမှာ စိတ်ကို စိုက်ရှုလိုက်လျှင် အေးမှုသဘော ထင်ရှားနေတတ်ပါတယ်။ အလား တူပဲ အပြင်က လေတိုးတိုက်နေတဲ့အခါ အဲဒီလေက ပါးပြင်ကို လာထိလျှင် လည်း အေးမှုသဘော ထင်ရှားနေတတ်ပါတယ်။ အဲဒီလို အေးမှုထင်ရှားတဲ့ တစ်နေရာကစပြီးတော့ အေးမှုသဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ဆက် ရှုပါ။

ဣရိယာပုထ်တိုင်း ကိုယ်အမူအရာတိုင်းမှာ ပူမှုသဘော အေးမှုသဘော တွေကို တစ်ကိုယ်လုံးမှာ မြင်အောင် ထပ်ကာထပ်ကာ ရှုပါ။ အားလုံးပေါင်း လိုက်ပါက သဘောတရား (၁၀)မျိုး ဖြစ်တယ်။ တွန်း-မာ-ကြမ်း-လေး-ထောက်-ပျော့-ချော-ပေါ့-ပူ-အေး အားလုံး (၁၀)မျိုး ဖြစ်တယ်။ ထပ်ကာ ထပ်ကာ ရှုပါ။

ဖွဲ့စည်းမှုသဘော

ခုပြောခဲ့တဲ့ သဘောတရား (၁၀)မျိုးကို ထပ်ကာထပ်ကာ ခြေဆုံးခေါင်းဆုံး ရှုနေလျှင် ဖွဲ့စည်းမှုသဘောတရားဟာလည်း ယောဂီပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ထင်ရှားလာတတ်ပါတယ်။ အကယ်၍ မထင်ရှားပါက တွန်းကန်တဲ့သဘော နှင့် မာတဲ့သဘော နှစ်ခုကို ထပ်ကာထပ်ကာ ရှုလျှင်လည်း ထင်ရှားလာပါ တယ်။ တစ်ကိုယ်လုံးကို ကြိုးနှင့်စည်းတုပ်ထားတဲ့ ပုံစံမျိုးကို တွေ့တတ်ပါ တယ်။ ဣရိယာပုထ်တိုင်း ကိုယ်အမူအရာတိုင်းမှာ ပုံစံတူရှုပါ။ အားလုံးပေါင်း သော် သဘောတရား (၁၁)မျိုး ဖြစ်ပါတယ်။ ခြေဆုံးခေါင်းဆုံး မြင်အောင် ထပ်ကာထပ်ကာ ရှုပါ။

ယိုစီးမှုသဘော

ဖွဲ့စည်းမှုသဘောတရားကို ခြေဆုံးခေါင်းဆုံး တစ်ကိုယ်လုံး အနှံ့အပြား တွေ့ရှိပါက ယိုစီးတဲ့သဘောကို ဆက်ရှုပါ။ သွားအရင်း တစ်နေရာမှာ သို့မဟုတ် လျှာမှာ သွားရည်များ တံတွေးများ ယိုစီးနေတာကို တွေ့နိုင်ပါတယ်။ ဒီလို ယိုစီးမှုထင်ရှားတဲ့ တစ်နေရာကစပြီးတော့ ယိုစီးမှုသဘောကို တစ်ကိုယ် လုံးမှာ မြင်အောင်ရှုပါ။ အထူးသဖြင့် (၃၂)ကောဋ္ဌာသတို့တွင် ပါဝင်တဲ့ သွေး ကောဋ္ဌာသတွေဟာ တစ်ကိုယ်လုံး အနှံ့အပြား အထက်အောက် စီးဆင်း နေကြပါတယ်။

မထင်ရှားပါက ရရှိပြီးတဲ့ သဘောတရား (၁၁)မျိုးကို ထပ်ကာထပ်ကာ ရှုနေပါ။ တစ်ဖန် အေးမှုသဘောနှင့် ယိုစီးမှုသဘော သို့မဟုတ် ပူမှုသဘောနှင့် ယိုစီးမှုသဘောကို တွဲပြီး ရှုကြည့်ပါ။ ယိုစီးမှုကို တွေ့တတ်ပါတယ်။ မတွေ့လျှင် တွန်းကန်မှုသဘောနှင့် ယိုစီးမှုသဘောကို တွဲရှုကြည့်ပါ၊ တွေ့တတ်ပါတယ်။ မတွေ့ပါက ထင်ရှားတဲ့ လွယ်ကူတဲ့ ဓာတ်တစ်ခုခုနှင့် တွဲသာရှုကြည့်ပါ။ ယိုစီးမှု သဘောကို တွေ့တတ်ပါတယ်။

အောင်မြင်မှုရရှိပါက ခြေဆုံးခေါင်းဆုံး တစ်ကိုယ်လုံး၌ ယိုစီးမှုသဘောကို မြင်အောင်ရှုပါ။ ဣရိယာပုထ်တိုင်း ကိုယ်အမူအရာတိုင်းမှာ ပုံစံတူရှုပါ။

အားလုံးပေါင်းသော် တွန်း-မာ-ကြမ်း-လေး-ထောက်-ပျော့-ချော-ပေါ့-ပူ-အေး-ဖွဲ့စည်း-ယိုစီး ဆိုတဲ့ သဘောတရား (၁၂)မျိုး စုံသွားပြီဖြစ်တယ်။ ဒီသဘောတရား (၁၂)မျိုးကို ခြေဆုံးခေါင်းဆုံး တစ်ကိုယ်လုံး၌ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ သဘောတရား (၁၂)မျိုးကို သွက်သွက်လက်လက် တစ်ခုပြီး တစ်ခု ခြေဆုံးခေါင်းဆုံး ရှုနိုင်လျှင် သဘောတရား (၁၂)မျိုးလုံး ပြည့်သွားပါက တစ်ခေါက်ရပြီဟု သတ်မှတ်ပါ။ တစ်မိနစ်အတွင်းမှာ သဘော တရား (၁၂)ခုလုံးကို သုံးခေါက်လောက် ရရှိအောင် ကြိုးစားပါ။

အောင်မြင်မှုလည်း ရရှိပြီး ဣရိယာပုထ် (၄)ပါးလုံးမှာရော ကွေးခြင်း ဆန့်ခြင်း စတဲ့ ကိုယ်အမူအရာတိုင်းမှာရော ဒီသဘောတရား (၁၂)မျိုးလုံးကို သွက်သွက်လက်လက် ခြေဆုံးခေါင်းဆုံး မြင်အောင် ရှုနိုင်ပြီဆိုလျှင် ဘုရား ရှင် ဟောကြားထားတော်မူတဲ့ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဆိုတဲ့ ဒေသနာစဉ်အတိုင်း ပြောင်းရှုပါ။

ဒေသနာတော်စဉ်အတိုင်းရှုပါ

၁။ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ (ပထဝီဓာတ်)

၂။ ယိုစီး-ဖွဲ့စည်း (အာပေါဓာတ်)

၃။ ပူ-အေး (တေဇောဓာတ်)

၄။ ထောက်ကန်-တွန်းကန် (ဝါယောဓာတ်) --

ဤဒေသနာတော်စဉ်အတိုင်း ပြောင်းရှုပါ။ အဲဒီလို ရှုတဲ့အပိုင်းမှာ ဓာတ် သဘောတရားတိုင်းကို ခြေဆုံးခေါင်းဆုံး မြင်အောင် ရှုဖို့လိုပါတယ်။ ဘာ ကြောင့်လဲ? --

တံ တံ အန္တရာနုသာရိနာ ဉာဏဟတ္ထေန ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ။ ပ ။ (ဝိသုဒ္ဓိ၊၁၊၃၄၇။)

စသည်ဖြင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ညွှန်ကြားထားတဲ့အတွက် ထိုထို အသားကြား အရေကြား အရိုးကြား အကြောကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ပထဝီ-အာပေါ-တေဇော-ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါး ကို ဉာဏ်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ ရှုရမှာဖြစ်တယ်။ အသား-အကြော-အရိုး-အရေ ဆိုတာကလည်း တစ်ကိုယ်လုံးမှာ ရှိလေတော့ တစ် ကိုယ်လုံးမှာ မြင်အောင် ရှုရမှာဖြစ်တယ်။

ယသ္မာ အယံ ဓာတုမနသိကာရော ယာဝဒေဝ သတ္တသညာသမုဂ္ဃါဋနတ္ထော။ (မဟာဋီ၊၁၊၄၄၆။)

ဒီလို မဟာဋီကာဆရာတော်က ဖွင့်ဆိုထားတဲ့အတွက် ဓာတုမနသိကာရ (= ဓာတ်ကမ္မဋ္ဌာန်း)ရဲ့ ဦးတည်ချက်က သတ္တသညာကို ပယ်ခွာဖို့ ဖြစ်ပါတယ်။ ဓာတ်သဘောတရား (၁၂)မျိုးကို အသားကြား အကြောကြား အရိုးကြား အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ စိုက်ရှုလိုက်တဲ့အခါ အသား-အကြော-အရိုး-အရေ ဆိုတာ မရှိ၊ ရှိတာက ဓာတ်ကြီး (၄)ပါး = သဘောတရား (၁၂)မျိုးသာ ရှိတယ်လို့ ဒီလိုသိအောင် ရှေးဦးစွာ ရှုရမှာ ဖြစ်တယ်။

ယခုလို မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ယိုစီး-ဖွဲ့စည်း-ပူ-အေး-ထောက်-တွန်းဆိုတဲ့ သဘောတရား (၁၂)ခုကို တစ်ခုပြီး တစ်ခု ခြေဆုံး ခေါင်းဆုံး ရှုလိုက်လို့ သွက်သွက်လက်လက် ရှုနိုင်ပြီ၊ သဘောတရား (၁၂)ခုကို ပြိုင်တူလောက်နီးနီး မြင်ပြီ၊ ဓာတ်သဘောတရားတစ်ခုကို ရှုလိုက်လျှင် ဓာတ် သဘောတရား (၄-၅-၆)ခုလောက် ပြိုင်တူလိုလို မြင်ပြီဆိုလျှင် အဲဒီအခါမှာ

သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ - (ဝိသုဒ္ဓိ၊၁၊၃၄၆။)

စသည်ဖြင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ညွှန်ကြားထားတော်မူတဲ့အတိုင်း မိမိရဲ့ ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့, ယိုစီး-ဖွဲ့စည်း, ပူ-အေး, ထောက်-တွန်းဆိုတဲ့ ဒီသဘောတရား (၁၂)ခုကို ဆက်လက် ရှုနေပါ။ အဲဒီလို တစ်ကိုယ်လုံးကို ခြုံရှုတဲ့အပိုင်းမှာ မိမိထိုင်နေတဲ့ ပုံကို အပေါ် က စီးပြီး ကြည့်သလို ခြုံငုံ၍ အာရုံပြုကာ ဓာတ်ကိုသာ ရှုနေပါ၊ ဦးခေါင်း ကိုကြည့်လိုက် ခြေထောက်ကိုကြည့်လိုက် စသည်ဖြင့် နေရာပြောင်းရွှေ့ပြီး မရှုပါနှင့်၊ ဓာတ်ကိုသာ အာရုံယူပြီး ခြုံငုံ၍သာ ရှုနေပါ။ ဓာတ်သဘောတရား (၁၂)မျိုးကို ပြိုင်တူလိုလို တွေ့မြင်တဲ့အခါ --

၁။ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ကို ကြည့်ပြီး ပထဝီဓာတ်,

၂။ ယိုစီး-ဖွဲ့စည်းကို ကြည့်ပြီး အာပေါဓာတ်,

၃။ ပူ-အေးကို ကြည့်ပြီး တေဇောဓာတ်,

၄။ ထောက်-တွန်းကို ကြည့်ပြီး ဝါယောဓာတ် --

ဒီလို (၄)ချက် ပြောင်းရှုပါ။ ဓာတ်ကြီး (၄)ပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ သမာဓိကို ဆက်လက်ထူထောင်ပါ။ ဒီလို သမာဓိကို ဆက်လက်ထူထောင်နေတဲ့ အပိုင်းမှာ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာဆရာတော်က မနသိကာရကောသလ္လတရား (၁၀)ပါးကို ညွှန်ကြားထားပါတယ်။

မနသိကာရကောသလ္လ (၁၀) ပါး

ဧဝံ မနသိ ကရောန္တေန ဟိ အနုပုဗ္ဗတော, နာတိသီဃတော, နာတိသဏိကတော, ဝိက္ခေပပဋိဗာဟနတော, ပဏ္ဏတ္တိသမတိက္ကမနတော, အနုပဋ္ဌာနမုဉ္စနတော, လက္ခဏတော, တယော စ သုတ္တန္တာတိ ဣမေဟိ ဒသဟာကာရေဟိ မနသိကာရကောသလ္လံ အနုဋ္ဌာတဗ္ဗံ။ (မဟာဋီ၊၁၊၄၃၄။)

၁။ အနုပုဗ္ဗတော = အစဉ်အတိုင်း ရှုပါ။

ဓာတ်ကြီး (၄)ပါးကို နှလုံးသွင်း ရှုပွားတဲ့အခါ ဘုရားဟော ဒေသနာစဉ် အတိုင်း ဆရာသမားထံမှ သင်ယူအပ်ခဲ့တဲ့ ဒေသနာစဉ်အတိုင်း ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟု ဓာတ်သဘောတရားများကို အာရုံယူကာ အစဉ်အတိုင်းသာ ရှုပါ။ အာပေါဓာတ်, ဝါယောဓာတ်, ပထဝီ ဓာတ်, တေဇောဓာတ် ဒီလိုစတဲ့ အစဉ်မဟုတ်တဲ့ နည်းစနစ်တွေနှင့် ဟိုကျော် ဒီကျော်ပြီး အစဉ်မကျ မရှုပါနှင့်။ ဘုရားဟော ဒေသနာတော်စဉ်အတိုင်းသာ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟု ရှုပါ။

၂။ နာတိသီဃတော = မမြန်လွန်းစေရ။

ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘောတရားတွေကို အာရုံယူပြီး ခုလို သမာဓိကို ထူထောင်နေတဲ့အပိုင်းမှာ ဓာတ်ကြီး (၄)ပါးတို့ကို ဒေသနာတော်စဉ်အတိုင်း နှလုံးသွင်းနေတဲ့နေရာမှာလည်း ဓာတ်တစ်ပါးပြီး နောက်ဓာတ်တစ်ပါးကို သိပ်မြန်မြန်ကြီးလည်း နှလုံးမသွင်းပါနှင့်။ သိပ်မြန်လွန်းက ဓာတ်ကြီး (၄)ပါး တို့ရဲ့ သဘောတရားတွေဟာ ယောဂီရဲ့ဉာဏ်ထဲမှာ မထင်မရှား ဖြစ်လာတတ် ပါတယ်။

၃။ နာတိသဏိကတော = မနှေးလွန်းစေရ။

သိပ်မြန်မြန်ကြီး နှလုံးမသွင်းသင့်သလို သိပ်ပြီးနှေးနှေးလည်း နှလုံးမသွင်း ပါနှင့်။ အလွန်နှေးနှေးကွေးကွေး နှလုံးသွင်းနေပါက သမာဓိမှာ မတိုးတက်ဘဲ ရှိတတ်တယ်။ ဥပစာရသမာဓိသို့ မဆိုက်နိုင်ရှိတတ်တယ်။

၄။ ဝိက္ခေပပဋိဗာဟနတော = ဓာတ်ကြီး (၄) ပါးမှ ပြင်ပအာရုံကို မရှုရ။

ဝိက္ခေပပဋိဗာဟနတောတိ ကမ္မဋ္ဌာနံ ဝိဿဇ္ဇေတွာ ဗဟိဒ္ဓါ ပုထုတ္တာရမ္မဏေ စေတသော ဝိက္ခေပေါ ပဋိဗာဟိတဗ္ဗော။ ဗဟိဒ္ဓါ ဝိက္ခေပေ ဟိ သတိ ကမ္မဋ္ဌာနာ ပရိဟာယတိ ပရိဓံသတိ။ ဧကပဒိကမဂ္ဂဂါမီ ပုရိသော စေတ္ထ နိဒေဿတဗ္ဗော။ (မဟာဋီ၊၁၊၄၃၄။)

ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာ (= ပရမတ္ထဓမ္မသဘာဝသတ္တိ) ဆိုတဲ့အာရုံကို နှလုံးသွင်းမှု ကမ္မဋ္ဌာန်းလုပ်ငန်းကို စွန့်လွှတ်၍ ဓာတ်ကြီး (၄)ပါး တို့ရဲ့ သဘောတရား (၁၂)မျိုးတို့မှ တခြားဖြစ်တဲ့ ပညတ်ပရမတ် အာရုံ အမျိုးမျိုး၌ ဘာဝနာစိတ်ကို ပစ်လွှင့်မှုကို တားမြစ်ပေးရမယ်။ ဓာတ်ကြီး (၄)ပါး = သဘောတရား (၁၂)မျိုးတို့ရဲ့ ပြင်ပအာရုံ အမျိုးမျိုးကို လိုက်မရှုရ။ ဓာတ် ကမ္မဋ္ဌာန်းဖြင့် သမာဓိထူထောင်ခိုက် ဓာတ် (၄)ပါးကိုသာ ရှုနေပါ။

အသူတစ်ရာနက်သော ချောက်ကမ်းပါးကို ဖြတ်ကျော်ဖို့ရန် ခြေတစ်ဖဝါး စာမျှသာရှိတဲ့ တံတားလမ်းတစ်ခုကို ခင်းထားရာ ဒီလမ်းကို လျှောက်သွားတဲ့ ယောက်ျားဟာ နင်းသွားတဲ့ခြေရာကို ကောင်းစွာ မမှတ်သားဘဲ ဟိုဟိုဒီဒီ ထိုဤတောင်မြောက် ကြည့်ရှုကာ လျှောက်သွားနေမယ်ဆိုလျှင် ခြေလှမ်းဟာ ချွတ်ချော်တိမ်းပါး သွားနိုင်တယ်၊ ခြေချော်ကျသွားနိုင်တယ်။ အဲဒီအခါမှာ အသူတစ်ရာနက်တဲ့ ချောက်ကမ်းပါးထဲသို့ ကျရောက်သွားနိုင်တယ်။ အလား တူပဲ ယောဂီပုဂ္ဂိုလ်က ဓာတ်ကြီး (၄)ပါးဖြင့် သမာဓိကို ထူထောင်နေခိုက်မှာ သမာဓိဒီဂရီ စံချိန်မမီခင်မှာ ဓာတ်ကြီး (၄)ပါးကလွဲလျှင် တခြားပညတ်ပရမတ် ဘာမဆို ဘယ်အာရုံကိုမှ မရှုပါနှင့်၊ ရှုနေခဲ့လျှင် ဓာတ်ကမ္မဋ္ဌာန်း မမည်တော့ ဘဲ သမာဓိလည်း လျှောကျပျက်စီးသွားနိုင်တယ်။

၅။ ပဏ္ဏတ္တိသမတိက္ကမနတော = ပညတ်ကိုကျော်အောင် ကျင့်ပါ။

ပထဝီ-အာပေါ-တေဇော-ဝါယောဆိုတဲ့ ဓာတ်ကြီး (၄)ပါးတို့ရဲ့ အမည် နာမ ပညတ်ပေါ်မှာသာ သောင်တင်မနေဘဲ ဓာတ်ကြီး (၄)ပါးတို့ရဲ့ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့, ယိုစီး-ဖွဲ့စည်း, ပူ-အေး, ထောက်-တွန်းဆိုတဲ့ သဘောတရားတို့အပေါ်၌ ဘာဝနာစိတ်ကို ပို့ဆောင်ပေးပါ။ ပထဝီဓာတ်ရဲ့ သဘောတရားများကို ဉာဏ်နှင့်မမြင်ဘဲ ပထဝီဓာတ်ဟု ရှုနေလျှင် ပထဝီဆိုတဲ့ အမည်နာမပညတ်အပေါ်မှာ သောင်တင်နေသည်မည်ပါတယ်၊ ဆို-ကမ္မဋ္ဌာန်း ဖြစ်နေပါလိမ့်မယ်။ ဤသို့စသည်ဖြင့် သဘောပေါက်ပါ။

၆။ အနုပဋ္ဌာနမုဉ္စနတော = မထင်ရှားသော သဘောတရားအချို့ကို လွှတ်ထားနိုင်သည်။

ပထဝီဓာတ်မှာ သဘောတရား (၆)မျိုး ရှိရာ အနည်းဆုံး မာမှုသဘော, အာပေါဓာတ်မှာ သဘောတရား (၂)မျိုး ရှိရာ ယိုစီးမှုသဘော သို့မဟုတ် ဖွဲ့စည်းမှုသဘော, တေဇောဓာတ်မှာ သဘောတရား (၂)မျိုးရှိရာ ပူမှုသဘော, ဝါယောဓာတ်မှာ သဘောတရား (၂)မျိုးရှိရာ ထောက်ကန်မှုသဘော - ဒီ သဘောတရား (၄)မျိုးလောက်ကိုတော့ အနည်းဆုံး ထင်ရှားအောင် ရှုပါ။

ဓာတ်တစ်မျိုးတစ်မျိုးမှာ အနည်းဆုံး သဘောတရားတစ်ခုစီတော့ ထင်ရှား ရမှာ ဖြစ်ပါတယ်။ သို့သော် သဘောတရား (၁၂)မျိုးလုံး ထင်ရှားလျှင်တော့ ပိုကောင်းပါတယ်။ ဓာတ်မညီမမျှဖြစ်လို့ သမာဓိထူထောင်ရာ၌ အခက်အခဲ ရှိနေပါက --

၁။ မာ - ပျော့

၂။ ကြမ်း - ချော

၃။ လေး - ပေါ့

၄။ ယိုစီး - ဖွဲ့စည်း

၅။ ပူ - အေး

၆။ ထောက် - တွန်း

ဆိုတဲ့ ဒီအစုံ (၆)စုံဟာ ဓာတ်တစ်ခု လွန်ကဲလျှင် ဆန့်ကျင်ဘက်ဓာတ် တစ်ခုနှင့် ပြောင်းထိန်းပေးရန်အတွက် လိုအပ်တဲ့သဘာဝတရားတွေ ဖြစ်ကြ ပါတယ်။ ဥပမာ - မာလျှင် ပျော့တဲ့သဘောနှင့်, ပျော့လျှင်လည်း မာတဲ့ သဘောနှင့် ပြောင်းထိန်းပေးရပါတယ်။ ဆိုလိုတာက ဓာတ်ကမ္မဋ္ဌာန်းဖြင့် သမာဓိထူထောင်တဲ့အခိုက်မှာ မာတဲ့သဘောက သိပ်ပြင်းထန်လာလို့ မခံနိုင် ဖြစ်လာပြီဆိုလျှင် ပျော့တဲ့သဘောကိုသာ တစ်ဖက်သတ် ဦးစားပေးရှုနေပါက မာတဲ့သဘောဟာ လျော့သွားတတ်ပါတယ်။ ဒါကြောင့် ဒီအစုံ (၆)စုံလုံး, သဘောတရား (၁၂)မျိုးလုံး ထင်ရှားပါက ပိုကောင်းတယ်လို့ ပြောတာပါ။ ကျန်တဲ့အစုံတွေကိုလည်း နည်းတူသဘောပေါက်ပါ။

၇။ လက္ခဏတော = သဘာဝလက္ခဏာကိုသာ ဦးစားပေးရှုပါ။

ခုလို သဘောတရား (၁၂)မျိုးကို (၄)အုပ်စုဖွဲ့ကာ ပထဝီဓာတ်-အာပေါ ဓာတ်-တေဇောဓာတ်-ဝါယောဓာတ်လို့ ဒီလို သမာဓိကို ထူထောင်တဲ့အပိုင်း မှာ သမာဓိက လိုသလို တိုးတက်မလာဘူး၊ နက်ရှိုင်းမလာဘူးဆိုလျှင် --

ပထဝီဓာတ်မှာ - မာတဲ့သဘော

အာပေါဓာတ်မှာ - ယိုစီးတဲ့သဘော

တေဇောဓာတ်မှာ - ပူတဲ့သဘော

ဝါယောဓာတ်မှာ - ထောက်ကန်တဲ့သဘော --

ဆိုတဲ့ သဘာဝလက္ခဏာမျှကိုသာ ဦးစားပေးပြီး သမာဓိကို ဆက်လက် ထူထောင်ပါ။

ဒီလို သမာဓိကို ထူထောင်ရာမှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာကပ်ပြီး မတည်နေဘူးဆိုလျှင် ဥပစာရသမာဓိဆိုတဲ့ ဘာဝနာလမ်းကြောင်းပေါ်သို့ မသက်ရောက်နိုင် ဖြစ်နေလျှင် --

၈။ အဓိစိတ္တသုတ္တန်

၉။ အနုတ္တရသီတိဘာဝသုတ္တန်

၁၀။ ဗောဇ္ဈင်္ဂသုတ္တန် --

ဒီသုတ္တန် (၃)မျိုးတို့မှာလာရှိတဲ့ နည်းစနစ်အတိုင်း သဒ္ဓါနှင့်ပညာ ညီမျှ အောင်, ဝီရိယနှင့်သမာဓိ ညီမျှအောင် ကြိုးစားပါ။

ဣန္ဒြေငါးပါး

သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ - ဆိုတဲ့ ဣန္ဒြေ ငါးပါး ရှိပါတယ်။ ယောဂီရဲ့ စိတ်ဓာတ်ကို ထိန်းချုပ်ပေးတဲ့ တရားငါးမျိုး ဖြစ်တယ်။ ဘာဝနာ လမ်းကြောင်းပေါ်ကနေ ဘေးသို့ တိမ်းစောင်း ကျရောက် မသွားအောင် ယောဂီရဲ့စိတ်ကို ထိန်းကွပ်ပေးတဲ့ တရားငါးမျိုးတို့ ဖြစ်ကြပါတယ်။

၁။ သဒ္ဓါဆိုတာကတော့ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည် တို့အပေါ်မှာ ယုံကြည်မှု ဖြစ်ပါတယ်။ အထူးသဖြင့် ဒီနေရာမှာ ဘုရားရှင် ဟောကြားတော်မူတဲ့ တရားရတနာထဲမှာ အဝင်အပါဖြစ်တဲ့ ဓာတ်ကမ္မဋ္ဌာန်း ကို ယုံကြည်မှု ရှိဖို့တော့ အထူးလိုအပ်ပါတယ်။ ဒီဓာတ်ကမ္မဋ္ဌာန်းသည် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်းမှာ တည်ရှိတဲ့ ပရမတ်အစစ်ဖြစ်တဲ့ ဓာတ်ကြီး (၄)ပါးကို သိသည့်တိုင်အောင် ပို့ဆောင်ပေးနိုင်တဲ့ ကမ္မဋ္ဌာန်းဖြစ်တယ်ဆိုတာ ကိုတော့ လေးလေးနက်နက် ယုံကြည်တဲ့ သဒ္ဓါတရားရှိဖို့ လိုအပ်ပါတယ်။

၂။ ပညာဆိုတာကတော့ ဒီအပိုင်းမှာ ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝ လက္ခဏာကို ထိုးထွင်းသိမှုသဘော ဖြစ်ပါတယ်။ ယောဂီပုဂ္ဂိုလ်က ဒီသဒ္ဓါနှင့် ပညာ တရားနှစ်ပါးကို ညီမျှအောင် ပြုကျင့်ဖို့ လိုပါတယ်။ ပညာက လွန်ကဲ ပြီး သဒ္ဓါက နုံ့နေလျှင် ဝေဖန်ရေးသမားသက်သက် ဖြစ်နေတတ်ပါတယ်။ သာဝကတွေဟာ ဒီရုပ်ကလာပ်တွေကို ဘယ်လိုလုပ် ရှုလို့ရနိုင်မလဲ? ရုပ် ကလာပ်တစ်ခုတစ်ခုအတွင်းမှာရှိတဲ့ ဒီဓာတ်ကြီး (၄)ပါးကို သာဝကတွေဟာ ဘယ်လိုလုပ် ရှုလို့ရနိုင်ပါ့မလဲ? စသည်ဖြင့် မယုံကြည်မှုတွေက များနေလျှင် သဒ္ဓါက နုံ့နေတဲ့အတွက် ပညာဘက်ကလည်း အသားမတက်နိုင် ဖြစ်တတ် ပါတယ်။ ဒါကြောင့် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်အပေါ်မှာ ယုံကြည်မှုသဒ္ဓါတရား ရှိဖို့လည်း လိုအပ်ပါတယ်။ ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိတတ်ဖို့လည်း လိုအပ်ပါတယ်။

တစ်ဖန် သဒ္ဓါက လွန်ပြီး ပညာက နုံ့နေပြန်လျှင်လည်း အချည်းအနှီး အဓိပ္ပါယ်ကင်းမဲ့နေတဲ့ အရာဝတ္ထုတွေမှာသော်လည်း မစူးစမ်းမဆင်ခြင်ဘဲ အရမ်းယုံနေတတ်ပါတယ်။ ဒီလို အမှားမှား အယွင်းယွင်း ယုံကြည်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အမှားအမှန် ဝေဖန်ဆုံးဖြတ်တတ်တဲ့ ပညာ ဖြစ်ဖို့ဆိုတာ လည်း ခက်ခဲတဲ့သဘော ရှိပါတယ်။

၃။ ဝီရိယဆိုတာကတော့ ဒီနေရာမှာ ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝ လက္ခဏာကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်မှု, ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝလက္ခဏာအာရုံမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေ အောင် ကြိုးစားအားထုတ်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဝီရိယက သိပ်လွန်ကဲ သွားပြန်လျှင်လည်း ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာဆိုတဲ့ ကမ္မဋ္ဌာန်း အာရုံမှ ဘာဝနာစိတ်ဟာ ပျံ့လွင့်ထွက်သွားတတ်ပါတယ်။

၄။ သမာဓိဆိုတာကတော့ ဒီနေရာမှာ ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝ လက္ခဏာ ဆိုတဲ့ ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည် နေမှုကို ဆိုလိုပါတယ်။ ဒီသမာဓိက လွန်ကဲပြီး ဝီရိယက လျော့နေပြန်လျှင် လည်း ပျင်းရိခြင်းဘက်သို့ စိတ်က ယိုင်လဲသွားတတ်ပါတယ်။

ဒါကြောင့် မလျော့မတင်း စောင်းကြိုးညှင်းသို့ ဝီရိယနှင့် သမာဓိကို လည်း ညီမျှအောင် ကျင့်ရပါတယ်။ ဝီရိယနှင့် ချီးပင့်ထားပါမှ သမာဓိကလည်း အစွမ်းထက်လာမှာ ဖြစ်ပါတယ်။

၅။ သတိကတော့ ဒီနေရာမှာ ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာ ဆိုတဲ့ ကမ္မဋ္ဌာန်းအာရုံကို အမှတ်ရတဲ့သဘော, သိမ်းဆည်းတတ်တဲ့သဘောကို ဆိုလိုပါတယ်။ သဒ္ဓါနှင့်ပညာ ညီမျှအောင်လည်း ဒီသတိကပဲ ထိန်းပေးရ ပါတယ်။ ဝီရိယနှင့်သမာဓိ ညီမျှအောင်လည်း ဒီသတိကပဲ ထိန်းပေးရပါတယ်။

ဗောဇ္ဈင်္ဂ (၇) ပါး

ဗောဇ္ဈင် (၇)ပါး အကြောင်းကိုလည်း နည်းနည်းပြောကြရအောင် ...။ ဗောဇ္ဈင် (= ဗောဇ္ဈင်္ဂ)ဆိုတာကတော့ ဗောဓိခေါ်တဲ့ အရိယမဂ်ဉာဏ်ရဲ့ အင်္ဂါ အစိတ်အပိုင်းတွေကို ဗောဇ္ဈင်္ဂ (= ဗောဇ္ဈင်)လို့ ခေါ်ဆိုပါတယ်။ ဒါကတော့ လောကုတ္တရာဖြစ်တဲ့ ဗောဇ္ဈင်ကို ရှင်းထားတဲ့ ရှင်းလင်းချက်ပါ။ ဒီနေရာမှာ တော့ ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝလက္ခဏာကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်ကို ဗောဓိလို့ ခေါ်ပါတယ်။ ထိုဗောဓိရဲ့ အင်္ဂါအစိတ်အပိုင်း (၇)ပါးကို ဗောဇ္ဈင် (၇)ပါးလို့ ခေါ်ပါတယ်၊ လောကီဗောဇ္ဈင်များ ဖြစ်ကြပါတယ်။ ဒီ ဗောဇ္ဈင် (၇)ပါး ဆိုတာကတော့ - သတိ-ဓမ္မဝိစယ-ဝီရိယ-ပီတိ-ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာဆိုတဲ့ (၇)ပါးပဲ ဖြစ်ကြပါတယ်။

၁။ သတိသမ္ဗောဇ္ဈင် ဆိုတာကတော့ ဒီနေရာမှာ ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာကို အောက်မေ့ခြင်း အမှတ်ရခြင်းသဘော သိမ်းဆည်း တတ်တဲ့သဘော ဖြစ်ပါတယ်။

၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဆိုတာကတော့ ဒီနေရာမှာ ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာကို ထိုးထွင်းသိတဲ့သဘော ဖြစ်ပါတယ်။

၃။ ဝီရိယသမ္ဗောဇ္ဈင် ဆိုတာက ဒီဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ခြင်းသဘော ဖြစ်ပါတယ်။

၄။ ပီတိသမ္ဗောဇ္ဈင် ဆိုတာကတော့ ဒီဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝ လက္ခဏာအာရုံကို နှစ်သက်ခြင်းသဘော ဖြစ်ပါတယ်။

၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် ဆိုတာကတော့ ဒီဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝ လက္ခဏာအာရုံကို အာရုံပြုပြီး စိတ်-စေတသိက်တို့ရဲ့ ငြိမ်းအေးခြင်း သဘော ဖြစ်တယ်။

၆။ သမာဓိသမ္ဗောဇ္ဈင် ဆိုတာကတော့ ဒီဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝ လက္ခဏာအာရုံမှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ သဘော ဖြစ်တယ်။

၇။ ဥပေက္ခာသမ္ဗောဇ္ဈင် ဆိုတာကတော့ ဒီဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝ လက္ခဏာအာရုံမှာ ကြောင့်ကြမှု တောင့်တမှု စသည်မရှိဘဲ ဘာဝနာ စိတ်ကို အညီအမျှ ကောင်းစွာထားနိုင်တဲ့သဘော ဖြစ်တယ်။

ဒီဗောဇ္ဈင် (၇)ပါးမှာ --

ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်ဆိုတဲ့ ဗောဇ္ဈင် (၃)ပါးက တစ်အုပ်စု၊

ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်ဆိုတဲ့ ဗောဇ္ဈင် (၃)ပါးက တစ်အုပ်စု --

ဒီလို အုပ်စု (၂)ခု ရှိနေပါတယ်။ သတိသမ္ဗောဇ္ဈင်ကတော့ နှစ်ဘက်ရ ဖြစ်ပါတယ်။

ဓမ္မဝိစယ-ဝီရိယ-ပီတိ ဆိုတဲ့ ဗောဇ္ဈင် (၃)ပါးက လွန်ကဲလာတဲ့အခါ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ ဆိုတဲ့ ဗောဇ္ဈင် (၃)ပါးကို ပွားပေးရတယ်။ ဆိုလို တာကတော့ ဒီဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာကို အာရုံယူပြီး သမာဓိကို ထူထောင်နေတဲ့အခါ ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာ တွေက အလွန့်အလွန် ထင်ရှားပြီး ဘာဝနာစိတ်က ဒီဓာတ် (၄)ပါးအာရုံမှာ ငြိမ်ဝပ်စွာ ကပ်ပြီးမတည်ဘူးဆိုလျှင် ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာဆိုတဲ့ ဗောဇ္ဈင် (၃)ပါးကို ပွားပေးပါ။ ဓာတ်ကြီး (၄)ပါးအာရုံမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင်သာ ကြိုးစားပါ။

တစ်ဖန် ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာဆိုတဲ့ ဗောဇ္ဈင် (၃)ပါးက လွန်ကဲလာတဲ့ အတွက် ဓာတ်ကြီး (၄)ပါးအာရုံမှာ ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေတဲ့ သမာဓိက အားကောင်းလွန်းလာတဲ့အခါ ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာ တွေဟာ ယောဂီရဲ့ဉာဏ်မှာ မထင်မရှား ဖြစ်လာတတ်ပြန်တယ်။ ဒီအခါမှာ ယောဂီပုဂ္ဂိုလ်က ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာအာရုံကို ထိုးထိုး ထွင်းထွင်း ရှင်းရှင်းလင်းလင်းကြီး သိအောင် ဓမ္မဝိစယ-ဝီရိယ-ပီတိ ဆိုတဲ့ ဗောဇ္ဈင်တရား (၃)ပါးကို ပွားပေးရပါတယ်။

[မှတ်ချက်။ ။ အကျယ်ကို - အဓိစိတ္တသုတ္တန် (အံ၊၁၊၂၅၈-၂၆၀။) , အနုတ္တရသီတိဘာဝသုတ္တန် (အံ၊၂၊၃၇၉။) , ဗောဇ္ဈင်္ဂသုတ္တန် = အဂ္ဂိသုတ္တန် (သံ၊၃၊၉၈-၁၀၀။) တို့၌ ကြည့်ပါ။]

ဒီလို ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာကို အာရုံယူကာ သမာဓိကို ထူထောင်ရာ၌ ဣန္ဒြေငါးပါး ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကျင့်နိုင်ခဲ့သော် ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝလက္ခဏာအာရုံမှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်း ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေခဲ့သော် ထိုသမာဓိ ကိုပင် ဆက်လက်ထူထောင်ပါ။

ယံ ကိဉ္စိ ကမ္မဋ္ဌာနံ သတဿ သမ္ပဇာနေဿဝ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၆။)

မည်သည့်ကမ္မဋ္ဌာန်းမဆို သတိ-သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံပါမှသာလျှင် အထွတ်အထိပ်သို့ ရောက်နိုင်ပါတယ်၊ အောင်မြင်နိုင်ပါတယ်။ ဒါကြောင့် ဣရိယာပုထ် (၄)ပါးလုံးမှာ ပုံစံတူပဲ ရှုနိုင်အောင် ကြိုးစားပါ။ ထိုထိုကိုယ်အမူ အရာဟူသမျှမှာ ဓာတ် (၄)ပါးကိုပင် စူးစူးစိုက်စိုက် ရှုနေပါ။

ဒီလို ကြိုးစားအားထုတ်လိုက်တဲ့အတွက် ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘာဝ လက္ခဏာအာရုံမှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီလောက် ထိုင်တိုင်း ထိုင်တိုင်း (၃)ရက်လောက် ဆက်တိုက်ငြိမ်နေမယ်ဆိုလျှင် များသောအားဖြင့် ခန္ဓာကိုယ်ကို မတွေ့တော့ဘဲ ဓာတ်ကြီး (၄)ပါးတို့ရဲ့ အစုအပုံအားဖြင့် ယောဂီ ပုဂ္ဂိုလ်က တွေ့လာပါလိမ့်မယ်။

သမာဓိကို ဆက်လက်ပြီး ပုံစံတူ ထူထောင်လိုက်လျှင် ခန္ဓာကိုယ်ကို မတွေ့ တော့ဘဲ ဓာတ်ကြီး (၄)ပါးတို့ရဲ့ အဖြူရောင်အတုံးအခဲ အစုအပုံကြီးကို တွေ့တတ်ပါတယ်။ အဲဒီ အဖြူအတုံးအခဲ အစုအပုံမှာ တည်ရှိတဲ့ ဓာတ်ကြီး (၄)ပါးကို ဆက်လက်သိမ်းဆည်းပြီး အဲဒီဓာတ် (၄)ပါးအာရုံမှာပဲ သမာဓိကို ဆက်လက်ထူထောင်နိုင်ခဲ့လျှင် ရေခဲတုံး ဖန်တုံး မှန်တုံးလို ကြည်နေတဲ့ အတုံး အခဲကြီးကို တွေ့နိုင်ပါတယ်။ အဲဒီ အကြည်အတုံးအခဲကြီးမှာ တည်ရှိတဲ့ ဓာတ်ကြီး (၄)ပါးကို သိမ်းဆည်းပြီး သမာဓိကို ဆက်လက်ထူထောင်ပါ။

အကြည်အတုံးအခဲဆိုတာ ဘာလဲ?

ဒီနေရာမှာ ယောဂီပုဂ္ဂိုလ်ရဲ့သမာဓိက အသားတက်လာတဲ့အခါ ရေခဲ တုံး ဖန်တုံး မှန်တုံးလိုကြည်နေတဲ့ အကြည်အတုံးအခဲကို တွေ့နိုင်တယ်ဆိုလျှင် အဲဒီရေခဲတုံး ဖန်တုံး မှန်တုံးလိုကြည်နေတဲ့ အကြည်အတုံးအခဲဆိုတာ ဘာလဲ လို့ မေးစရာရှိတယ်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖြေရှင်းပြထားပါတယ်။ --

စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ၊ (ဝိသုဒ္ဓိ၊၂၊၈၁။)

စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒ ဆိုတဲ့ ပသာဒရုပ် (= အကြည်ရုပ်)ငါးမျိုးတို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ ဆိုင်ရာဆိုင်ရာအာရုံကို အသိစိတ် (= ဝိညာဏ်)က အာရုံ ယူနိုင်ဖို့ရန် မှီရာဝတ္ထု အကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြုပေးနေပြီး ကြေးမုံ (= မှန်)အပြင်ကဲ့သို့ အထူးကြည်လင်သောကြောင့် ဒီစက္ခုစတဲ့ ရုပ်ငါးမျိုးဟာ ပသာဒရုပ်မည်တယ်လို့ ဒီလိုရှင်းပြထားတယ်။

တစ်ဖန် ဒီအကြည်ရုပ်တွေဟာ ဘယ်သဘောတရားတို့ရဲ့ ကြည်လင်မှု လဲ? ဒီလိုလည်း မေးစရာရှိတယ်။

ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ။ ပ ။ စက္ခု၊ (ဝိသုဒ္ဓိ၊၂၊၇၄။)

စသည်ဖြင့် အဋ္ဌကထာများက ဖွင့်ဆိုရှင်းလင်းထားတဲ့အတိုင်း ရူပါရုံစတဲ့ ဆိုင်ရာအာရုံတွေက စက္ခုအကြည်စတဲ့ ဆိုင်ရာအကြည်ဓာတ်တွေကို ရှေးရှူ ရိုက်ခတ်တဲ့အခါ အဲဒီရူပါရုံစတဲ့ ဆိုင်ရာအာရုံတို့ရဲ့ ရိုက်ခတ်ခြင်းငှာ ထိုက် တန်တဲ့ ဓာတ်ကြီးလေးပါး (= ဘူတရုပ်)တို့ကို ကြည်လင်စေခြင်း သဘော တရားများ ဖြစ်ကြပါတယ်။ ဆိုလိုတာကတော့ ...

၁။ ရူပါရုံရှေးရှူရိုက်ခတ်ခြင်းငှာထိုက်တဲ့ ဘူတရုပ် (= ဓာတ်ကြီး လေးပါး)တို့ရဲ့ ကြည်လင်နေတဲ့သဘောက စက္ခုပသာဒ,

၂။ သဒ္ဒါရုံရှေးရှူရိုက်ခတ်ခြင်းငှာထိုက်တဲ့ ဘူတရုပ် (= ဓာတ်ကြီးလေးပါး)တို့ရဲ့ ကြည်လင်နေတဲ့သဘောက သောတပသာဒ,

၃။ ဂန္ဓာရုံရှေးရှူရိုက်ခတ်ခြင်းငှာထိုက်တဲ့ ဘူတရုပ် (= ဓာတ်ကြီး လေးပါး) တို့ရဲ့ ကြည်လင်နေတဲ့သဘောက ဃာနပသာဒ,

၄။ ရသာရုံရှေးရှူရိုက်ခတ်ခြင်းငှာထိုက်တဲ့ ဘူတရုပ် (= ဓာတ်ကြီး လေးပါး) တို့ရဲ့ ကြည်လင်နေတဲ့သဘောက ဇိဝှါပသာဒ,

၅။ဖောဋ္ဌဗ္ဗာရုံ (= ပထဝီ-တေဇော-ဝါယော ဆိုတဲ့ ဓာတ်သုံးပါး)တို့ရဲ့ ရှေးရှူ ရိုက်ခတ်ခြင်းငှာထိုက်တဲ့ ဘူတရုပ် (= ဓာတ်ကြီး လေးပါး)တို့ရဲ့ ကြည်လင် နေတဲ့သဘောက ကာယပသာဒ --

အားလုံးပေါင်းလိုက်တော့ ပသာဒရုပ် (= အကြည်ရုပ်) ငါးမျိုးရှိပါတယ်။ ဒီရှင်းလင်းချက်အရ ပသာဒရုပ် (= အကြည်ရုပ်)ဆိုတာ ဓာတ်ကြီးလေးပါး တို့ကို မှီဖြစ်နေတဲ့ ဓာတ်ကြီးလေးပါးတို့ရဲ့ ကြည်နေတဲ့သဘောသာ ဖြစ်ပါ တယ်။

ဒီအကြည်ဓာတ် ငါးမျိုးထဲမှာ ကာယပသာဒ (= ကာယအကြည်ဓာတ်) ကတော့ တစ်ကိုယ်လုံး အနှံ့အပြားရှိပါတယ်။ ထိမှုကိုသိနိုင်တဲ့ နေရာတိုင်းမှာ ကာယအကြည်ဓာတ် ရှိပါတယ်။ ဒီအကြည်ဓာတ်တွေကို ဃနခေါ်တဲ့ ရုပ်တုံး ရုပ်ခဲတွေကို ဉာဏ်နှင့်မဖြိုခွဲနိုင်မီ ယောဂီပုဂ္ဂိုလ်က အတုံးလိုက်အခဲလိုက် ရေခဲတုံး ဖန်တုံး မှန်တုံးလို တွေ့နေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ယောဂီပုဂ္ဂိုလ်က ဒီအကြည်ဓာတ် အတုံးအခဲကို ဉာဏ်နှင့် ထိုးဖောက်ပြီး မမြင်နိုင်သေးမီမှာ ဉာဏ်ကအလွန်ကြီး မထက်မြက် မစူးရှ သေးတဲ့အတွက် အဖြူရောင် အတုံးအခဲကို တွေ့ခြင်းဖြစ်ပါတယ်။ ဒီအဖြူ ရောင် အတုံးအခဲမှာ တည်ရှိတဲ့ ဓာတ်ကြီး (၄)ပါးကို သိမ်းဆည်းကာ ဒီဓာတ် (၄)ပါးကိုပဲ အာရုံယူပြီး သမာဓိကို ဆက်လက်ထူထောင်နိုင်ခဲ့မယ်ဆိုလျှင် သမာဓိက အသားတက်လာတဲ့အခါ နက်ရှိုင်းလာတဲ့အခါ ဓာတ်ကြီး (၄)ပါးကို ထိုးထိုးထွင်းထွင်း သိနေတဲ့ဉာဏ်လည်း တစ်စတစ်စ ထက်မြက်စူးရှလာပါလိမ့် မယ်။ ဉာဏ်က ထက်မြက်စူးရှလာတဲ့အခါမှာ ရေခဲတုံး ဖန်တုံး မှန်တုံးလို ကြည်နေတဲ့ အကြည်အတုံးအခဲ အစုအပုံကြီးကို ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်က ထွင်းဖောက် သိမြင်နေပါလိမ့်မယ်။

ဒီအခါမှာ ယောဂီပုဂ္ဂိုလ်က ရှေ့ကို ဘာဆက်လုပ်ရမလဲ? --

အဲဒီအကြည်ဓာတ် အတုံးအခဲမှာရှိတဲ့ ဓာတ်ကြီး (၄)ပါးကိုပဲ ဆက်လက် ပြီး သိမ်းဆည်းကာ ဒီဓာတ် (၄)ပါးကိုပဲ အာရုံယူလျက် သမာဓိကို ဆက်လက် ထူထောင်ရပါတယ်။ နောက်ထပ် သမာဓိက ပိုပိုအားကောင်းလာတဲ့အခါ ဉာဏ်ကလည်း ပို၍ပို၍ ထက်မြက်စူးရှလာတဲ့အခါ အဲဒီ အကြည်အတုံးအခဲ ထဲမှ အလင်းရောင်တွေဟာ တဖျပ်ဖျပ် ထွက်ပေါ်နေပါလိမ့်မယ်။ ဒီလင်း ရောင်ခြည်တွေဟာ နာရီဝက်ကျော်ကျော် တစ်နာရီကျော်ကျော်လောက်အထိ အဆက်မပြတ် တဖျပ်ဖျပ် ထွက်ပေါ်နေမယ်ဆိုလျှင် ယောဂီပုဂ္ဂိုလ်က ကြိုက် ရာလမ်းခွဲကို ရွေးချယ်နိုင်ပါတယ်။

ဒီအပိုင်းမှာ - မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆။) - စသည်တို့မှာ ဘုရားရှင်က အာကာသဓာတ်ကို မြင်အောင်ရှုရန် ညွှန်ကြားထားပါတယ်။ ဒီညွှန်ကြားချက်အရ ဒီအကြည်ပြင် အကြည်အတုံးအခဲမှာ လင်းရောင်ခြည်ရဲ့ အကူအညီနှင့် အာကာသဓာတ်ကိုမြင်အောင် စိုက်ရှုလိုက်ပါက အာကာသ ဓာတ်ကိုတွေ့တာနှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ်တွေကိုလည်း စတင်ပြီး တွေ့ရှိနိုင်ပါတယ်။ ရုပ်ပရမတ်ကို ဆက်ရှုနိုင်ပါတယ်။

အကယ်၍ ယောဂီပုဂ္ဂိုလ်က အာကာသဓာတ်ကို မရှုခင် ရုပ်ပရမတ် တရားတွေကို မသိမ်းဆည်းမီမှာ သမထကမ္မဋ္ဌာန်းတွေကို အားထုတ်ချင်သေး တယ်ဆိုလျှင် အလင်းရောင်တွေ အားကောင်းလာတဲ့အခါ ဒီအလင်းရောင် တွေရဲ့ အကူအညီကို ယူကာ ခန္ဓာအိမ်အတွင်းမှာ (၃၂)ကောဋ္ဌာသတွေကို မြင်အောင်ရှုမယ်ဆိုလျှင်လည်း ရှုလို့ရနိုင်ပါတယ်။ အဲဒီ (၃၂)ကောဋ္ဌာသ တွေကို ရှုတဲ့လမ်းကို မပြောမီ ဒီနေရာမှာ .. အလင်းရောင်အကြောင်းကို ခပ်တိုတို ပြောကြရအောင် ...။

ဉာဏ်ရောင်ဆိုတာ ဘာလဲ ?

ဘုရားရှင်သည် ..အင်္ဂုတ္တိုရ်ပါဠိတော် ဩဘာသသုတ္တန် (အံ၊၁၊၄၅၇။) - စတဲ့သုတ္တန်တွေမှာ --

၁။ လ-အလင်းရောင်,

၂။ နေ-အလင်းရောင်,

၃။ မီး-အလင်းရောင်,

၄။ ပညာ-အလင်းရောင် --

ဆိုတဲ့ အလင်းရောင် (၄)မျိုးကို ဟောကြားထားတော်မူပါတယ်။ ပညာ ရောင်ကိုလည်း အသာဆုံး အမြတ်ဆုံး ဖြစ်ကြောင်း ဟောကြားထားတော် မူခဲ့ပါတယ်။ ဒီနေရာမှာ အင်္ဂုတ္တရဋ္ဌကထာ (အံ၊ဋ္ဌ၊၃၊၁၇၄။) , အင်္ဂုတ္တရဋီကာ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။) - စတဲ့ကျမ်းဂန်တို့က --

၁။ ထိနမိဒ္ဓဝိနောဒနအာလောက,

၂။ ကသိဏာလောက,

၃။ ပရိကမ္မာလောက,

၄။ ဥပက္ကိလေသာလောက (= ဝိပဿနောဘာသ) --

ဆိုတဲ့ ဉာဏ်အရောင်အလင်း လေးမျိုးရှိကြောင်းကို ဖွင့်ဆိုထားကြပါ တယ်။

၁။ ထိနမိဒ္ဓဝိနောဒနအာလောက (= ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်းဖြစ် တဲ့ အရောင်အလင်း) - ဆိုတာကတော့ ပစလာယမာနသုတ္တန် (အံ၊၂၊၄၆၃။) မှာ ဘုရားရှင်က အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်အား အရောင်အလင်း နှင့်တကွဖြစ်သောစိတ်ကို ပွားများလိုက်လျှင် သင့်သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ထိနမိဒ္ဓဟာ ကင်းပျောက်သွားပါလိမ့်မယ် စသည်ဖြင့် ဟောကြားထားတော် မူတဲ့ ဉာဏ်အလင်းရောင်တစ်မျိုး ဖြစ်ပါတယ်။

သပ္ပဘာသန္တိ ဒိဗ္ဗစက္ခုဉာဏတ္ထာယ သဟောဘာသံ။ (အံ၊ဋ္ဌ၊၃၊၁၇၄။)

ဒီလို အဋ္ဌကထာက ဖွင့်ထားတဲ့အတွက် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားအပ်တဲ့ တေဇောကသိုဏ်း, ဩဒါတကသိုဏ်း, အာလောက ကသိုဏ်းဆိုတဲ့ ကသိုဏ်း (၃)မျိုးတို့တွင် ကသိုဏ်းတစ်မျိုးမျိုးကို အဘိညာဏ် ၏အခြေခံ စတုတ္ထစျာန်သို့တိုင်အောင် ပွားများထားလိုက်တဲ့အခါ ဖြစ်ပေါ် လာတဲ့ အရောင်အလင်းနှင့် ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကြောင့် ဖြစ်ပေါ် လာတဲ့ အရောင်အလင်းကို ဆိုလိုပါတယ်။

၂။ ကသိဏာလောက - ဆိုတာကတော့ ကသိုဏ်းစျာန်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အရောင်အလင်းဖြစ်တယ်။

၃။ ပရိကမ္မာလောက - ဆိုတာကတော့ အဘိညာဏ်ရဲ့ အခြေခံဖြစ်တဲ့ ပရိကမ္မ, စျာန်ရဲ့အခြေခံဖြစ်တဲ့ ပရိကမ္မဆိုပြီး ပရိကမ္မနှစ်မျိုးရှိရာ အဲဒီနှစ်မျိုး လုံးသော ပရိကမ္မ (= ပရိကံ)ကြောင့် ဖြစ်ပေါ်လာတဲ့ အရောင်အလင်းဖြစ် တယ်။ ယောဂီပုဂ္ဂိုလ်က သမထနိမိတ်ဆိုတဲ့ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို အာရုံ ယူ၍ သမာဓိကို ထူထောင်မယ်ဆိုလျှင် သမာဓိက တော်တော်လေးခိုင်လာလို့ ရင့်ကျက်လာတဲ့အခါ ပရိကမ္မသမာဓိအဆင့်သို့ ဆိုက်ပြီဆိုလျှင်လည်း ဒီ ပရိကမ္မသမာဓိကြောင့်လည်း လင်းရောင်ခြည်များ ထွက်ပေါ်လာတတ်ပါ တယ်။ ဥပစာရသမာဓိ-အပ္ပနာသမာဓိအဆင့်သို့ မဆိုက်မီ ဥပစာရသမာဓိနှင့် အလွန်နီးကပ်နေတဲ့ ပရိကမ္မသမာဓိမျိုးကို ဆိုလိုပါတယ်။

အဘိညာဏ်ရဲ့ အခြေခံဖြစ်တဲ့ ပရိကမ္မဆိုတာကတော့ အထူးသဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်ရရှိရေးအတွက် ဦးတည်ကာ ပွားများထားအပ်တဲ့ တေဇော ကသိုဏ်း ဩဒါတကသိုဏ်း အာလောကကသိုဏ်းဆိုတဲ့ ကသိုဏ်း (၃)မျိုး ထဲက ကသိုဏ်းတစ်ခုခုကို အာရုံယူကာ အဘိညာဏ်ရဲ့ အခြေပါဒက ဖြစ် လောက်အောင် စတုတ္ထစျာန်သို့ဆိုက်အောင် ပွားလိုက်တဲ့အခါ အဲဒီစတုတ္ထ စျာန်သမာဓိကြောင့်ဖြစ်တဲ့ အလင်းရောင်ကိုလည်း ပရိကမ္မာလောက လို့ ခေါ်ဆိုပါတယ်။ အဲဒီစတုတ္ထစျာန်မှ ထပြီးတဲ့အခါ ကသိုဏ်းဝန်းကို အလိုရှိရာ အရပ်သို့တိုင်အောင် လင်းနေအောင် ဖြန့်ကြက်ကာ သမာဓိကို တစ်ဖန် ပြန် ထူထောင်ရပါတယ်။ ဒီအကြိမ်မှာတော့ ဥပစာရသမာဓိအဆင့်အထိသာ သမာဓိထူထောင်ရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ညွှန်ကြားထားပါတယ်။ ဒီလို ဒိဗ္ဗစက္ခုအဘိညာဏ်ရဲ့ အခြေပါဒက ဖြစ်လောက်အောင် ထူထောင်ထားတဲ့ အာလောကကသိုဏ်းစတဲ့ ကသိုဏ်းတစ်ခုခုလျှင် အာရုံရှိနေတဲ့ ဥပစာရ သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ အရောင်အလင်းကိုလည်း ပရိကမ္မာလောက လို့ ခေါ်ဆိုပါတယ်။ (ဝိသုဒ္ဓိ၊၂၊၅၈။)

၄။ ဥပက္ကိလေသာလောက (= ဝိပဿနောဘာသ) - ဆိုတာ ဝိပဿနာ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အလင်းရောင်ဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂုတ္တိုရ်ပါဠိတော် ပထမတွဲ နိမိတ္တသုတ္တန် သို့မဟုတ် အဓိစိတ္တ သုတ္တန် (အံ၊၁၊၂၅၈။) လို့ ခေါ်ဆိုတဲ့ သုတ္တန်မှာတော့ အဓိစိတ္တ အမည်ရတဲ့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် အားလုံးဟာ အလင်းရောင်ကို ဖြစ်စေနိုင်ကြောင်းကို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။

အဋ္ဌကထာကလည်း --

အဓိစိတ္တံ သမထဝိပဿနာစိတ္တမေဝ

ဆိုပြီး ဖွင့်ဆိုထားပါတယ်။

ဒါကြောင့် - ခပ်တိုတို ပြောရလျှင်တော့ အဓိစိတ္တ အမည်ရတဲ့ လွန်ကဲ မြင့်မြတ်တဲ့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တွေဟာ အလင်း ရောင်ကို ဖြစ်စေနိုင်တယ်လို့ မှတ်ပါ။ ဒီအလင်းရောင်ဆိုတာ ဘာလဲလို့ ထပ်ပြီး မေးလျှင်တော့ ဝိပဿနောဘာသ (= ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အလင်းရောင်) ကို စံထားပြီးတော့ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာက ဒီလိုရှင်းပြထားပါ တယ်။

ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ, သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ (မဟာဋီ၊၂၊၄၂၈။)

သမထဘာဝနာစိတ်ကိုလည်း ပုံစံတူပဲ သဘောပေါက်ပါ။ ဆိုလိုတာက တော့ နှလုံးအိမ်အတွင်းမှာတည်ရှိတဲ့ ဟဒယဝတ္ထုရုပ်ကို မှီဖြစ်နေတဲ့ စိတ်တိုင်း စိတ်တိုင်းဟာ စိတ္တဇရုပ်ကလာပ်ခေါ်တဲ့ ရုပ်ကလာပ်တွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒီစိတ်တွေထဲမှာ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့လို အဆင့်မြင့်မားနေတဲ့ စိတ်တွေကို ရိုးရိုးသာမန် ဒါနကုသိုလ်စိတ် သီလကုသိုလ်စိတ် စတဲ့ ကုသိုလ်သာမန်ထက် သာလွန်မြင့်မြတ်တဲ့ စိတ်တွေ ဖြစ်လို့ အဓိစိတ္တ-လို့ ခေါ်ပါတယ်။

ဒီအဓိစိတ္တအမည်ရတဲ့ စိတ်တွေထဲမှာ စိတ်တစ်ခုတစ်ခုဟာ ရုပ်ကလာပ် ပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ အဲဒီရုပ်ကလာပ်တိုင်းမှာ ပါတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ဟာ ဘာသုရရူပ (= အလွန်တောက်ပတဲ့ရူပါရုံ) ဖြစ်ပါတယ်။ ဒီစိတ္တဇရုပ်ကလာပ်တွေမှာပါတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ရဲ့ အရောင် အလင်းကတော့ ယောဂီပုဂ္ဂိုလ်ရဲ့ အဇ္ဈတ္တကိုယ်တွင်းမှာသာ ပျံ့နှံ့တဲ့သဘော ရှိပါတယ်။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)

နောက်တစ်ခု - အဲဒီ စိတ္တဇရုပ်ကလာပ်တိုင်းမှာလည်း တေဇောဓာတ် ပါဝင်ပြန်တယ်၊ ဥတုလို့ ခေါ်ပါတယ်။ ဒီဥတုခေါ်တဲ့ တေဇောဓာတ်ကလည်း ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်တယ်။ ဥတုဇရုပ်ကလာပ်များ ဖြစ် ကြပါတယ်။ အဲဒီ ဥတုဇရုပ်ကလာပ်တိုင်းမှာလည်း ပါဝင်တဲ့ ဝဏ္ဏဓာတ် = ရူပါရုံကလည်း ဘာသုရရူပ - အလွန်တောက်ပပြန်တယ်။ ဥတုဇရုပ်ကလာပ် တို့ရဲ့အရောင်အလင်းက အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ပျံ့နှံ့ထွက်သွား တယ်။

ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ (မဟာဋီ၊၂၊၄၂၉။)

ဒီအရောင်အလင်းဟာ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် တို့နှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ရဲ့အာနုဘော်က ကြီးလျှင်ကြီးသလို ခပ်များများ တောက်ပတဲ့သဘောရှိတယ်၊ ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာအားလုံးကို ပျံ့နှံ့တဲ့သဘော ရှိတယ်။ ဉာဏ်ရဲ့အာနုဘော်က သေးလျှင်လည်း သေးသလို ခပ်နည်းနည်းပဲ တောက်ပတဲ့သဘော ရှိပါတယ်။ ဒါကြောင့် - ဉာဏ်ရဲ့ စွမ်းအင်အပေါ် မူတည်ပြီး ဖြစ်ပေါ်လာတဲ့ အရောင်အလင်း ဖြစ်တဲ့အတွက် ဒီအလင်းရောင်ကို ဉာဏ်ရောင်လို့ ခေါ်ခြင်းဖြစ်ပါတယ်၊ ပညာရောင်လို့လည်း ခေါ်တယ်၊ အတူတူပါပဲ။

အဲဒီ သမာဓိထူထောင်ရတဲ့အကြောင်းနှင့် ပတ်သက်လို့ ဘုန်းကြီး ဒီည တော့ နည်းနည်းတော့ ရှင်းပြချင်တယ်။

သမာဓိထူထောင်တဲ့အပိုင်းမှာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက သမာဓိအာနိသံသ အပိုင်း ဆိုပြီးတော့ သီးသန့် ဖော်ပြထားပါတယ်။ သမာဓိနိဒ္ဒေသရဲ့ နောက် ဆွယ်မှာ သမာဓိကြောင့်ရနိုင်တဲ့ အကျိုးငါးခု ဖော်ပြထားတာရှိတယ်။

သမာဓိ၏ အကျိုးဂုဏ်အင် အာနိသင် ငါးပါး

နံပါတ် (၁) အကျိုးက ဒိဋ္ဌဓမ္မသုခဝိဟာရ - မျက်မှောက်ဘဝမှာ ချမ်းသာ စွာ နေထိုင်ရခြင်း အကျိုးရှိတယ်။

အဲဒီအကျိုးကို မျှော်လင့်ပြီးတော့ သမာဓိ ထူထောင်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ ဘယ်လိုပုဂ္ဂိုလ်တွေလဲ? ရဟန္တာ အရှင်မြတ်တွေပဲ။ အထူးသဖြင့် သုဒ္ဓဝိပဿနာယာနိကဖြစ်တဲ့ ရဟန္တာအရှင်မြတ်တွေပဲ။ စျာန်သမာဓိကို အခြေမခံတော့ဘဲနဲ့ ဓာတ်ကမ္မဋ္ဌာန်းလမ်းကို ပြည်တည်ပြီးတော့ သူတို့ ဝိပဿနာကူးသွားတဲ့အတွက် အရဟတ္တဖိုလ် ရောက်ရှိသွားကြတယ်။

ရဟန္တာဖြစ်ပြီးတဲ့အချိန်အခါကျတော့မှ ဒီစျာန်တွေကို ပြန်ပြီးအားထုတ် ကြတယ်၊ သို့မဟုတ် စျာန်ကို ရရှိထားပြီးတဲ့ ရဟန္တာအရှင်မြတ်တွေကလည်း ဒီစျာန်တွေကို ပြန်ပြီးတော့ ဝင်စားကြတယ်။

ဘာရည်ရွယ်ချက်ရှိသလဲလို့မေးတော့ သူတို့မှာ အရဟတ္တဖိုလ်ပန်းတိုင် သို့ ဆိုက်ရောက်တော်မူပြီး ဖြစ်တဲ့အတွက် အရဟတ္တဖိုလ် ရဖို့ရန်အတွက် နောက်ထပ်ကြိုးပမ်းဖို့ရန် နောက်ထပ်လမ်းစဉ် မရှိတော့ဘူး။ ရည်ရွယ်ချက်က ဒီစျာန်ချမ်းသာကလေးဖြင့် မျက်မှောက်ဘဝမှာ ချမ်းချမ်းသာသာ နေထိုင်ရန် ဆိုတဲ့ ဒီဦးတည်ချက်တစ်ခုပဲ ရှိတယ်။ ဒီဦးတည်ချက်နှင့်လည်း ဒီစျာန်ကို ပွားများအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်၊ သမာဓိထူထောင်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ဒါက အကျိုးတစ်ခု။

နံပါတ် (၂) ၊ နောက်တစ်ခုကတော့ ဝိပဿနာနိသံသ - ဝိပဿနာရဲ့ အကျိုးအာနိသင်ရှိတယ်၊ ဝိပဿနာဉာဏ်တွေ ရရှိဖို့ရန်အတွက် အကျိုး အာနိသင် ရှိတယ်။

ဝိပဿနာဉာဏ်တွေ ရရှိဖို့ရန်အတွက် အကျိုးအာနိသင်ရှိတယ်။ ဘာဖြစ် လို့လဲ? ဘုရားဟောတော်မူတဲ့ ရုပ်ကို သိမှု, ဘုရားဟောတော်မူတဲ့ နာမ်ကို သိမှု, ဘုရားဟောတော်မူတဲ့ ကံ-ကံ၏အကျိုးကို သိမှုဆိုတဲ့ နာမရူပပရိစ္ဆေဒ ဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် ဆိုတာတွေက သမာဓိရှိတဲ့ပုဂ္ဂိုလ်မှ ရရှိနိုင်တဲ့ ဉာဏ်တွေ ဖြစ်ကြတယ်။

တစ်နည်းအားဖြင့်ပြောလျှင်တော့ ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားဆိုတာကို သမာဓိရှိမှ သိနိုင်တယ်။ သမာဓိ မရှိရင် ဒီရုပ်ကို မသိနိုင်ဘူး, ဒီနာမ်ကို မသိနိုင်ဘူး၊ ဒီအကြောင်းတရား ဒီအကျိုးတရားတွေကို ဘယ်လိုမှ မသိနိုင်ဘူး။ မသိနိုင်တဲ့အတွက် ဘုရားရှင်ကိုယ်တော်တိုင်က --

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ သမာဓိံ = သမာဓိကို။ ဘာဝေထ = ပွားများကြပါကုန်လော့ ...။ ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ သမာဟိတော = သမာဓိရှိတဲ့။ ဘိက္ခု = ရဟန်းသည်။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။

ချစ်သား ရဟန်းတို့ ...သမာဓိထူထောင်ကြ၊ သမာဓိရှိတဲ့ပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ် - တဲ့။ ဘာတွေကို သိမလဲ?

ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)

ဤကား ဒုက္ခသစ္စာလို့ ဟုတ်တိုင်းမှန်စွာ သိမယ်။ ဤကား သမုဒယသစ္စာ လို့ ဟုတ်တိုင်းမှန်စွာ သိမယ်။ ဤကား နိရောဓသစ္စာလို့ ဟုတ်တိုင်းမှန်စွာ သိမယ်။ ဤကား မဂ္ဂသစ္စာလို့ ဟုတ်တိုင်းမှန်စွာ သိမယ်။ အဲဒီလို ဟုတ်တိုင်း မှန်စွာ သိရေးအတွက် သင်ချစ်သားတို့ သင်ချစ်သမီးတို့ သမာဓိထူထောင်ပါ ဒီလို ဘုရားရှင်က တိုက်တွန်းထားတော်မူတယ်။

ဒီတော့ သမထဟူသမျှသည် ဗြဟ္မာ့ပြည်ကိုရောက်စေနိုင်တဲ့စွမ်းအားလေး တစ်ခုတည်းရှိတာ ဟုတ်သလား? မဟုတ်ပါဘူးနော်။ မြတ်စွာဘုရားသည် မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာသမာဓိ ဆိုတဲ့ မဂ္ဂင်တစ်ခုကို ထည့်သွင်း ဟော ကြားထားတော်မူပါတယ်။ ဟောတော်မူတဲ့အထဲမှာလည်း ဒီသမာဓိဆိုတာ နှင့် ပတ်သက်လို့ ဘာကို သမ္မာသမာဓိ ခေါ်ဆိုတယ် ဆိုတာကို ဘုရားရှင် ကိုယ်တော်တိုင်က မဟာသတိပဋ္ဌာနသုတ္တန် ကျင့်စဉ်ထဲမှာ အတိအကျ ထည့်သွင်းပြီးတော့ ရှင်းပြထားတော်မူပါတယ်။

ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ ...

စသည်ဖြင့် မဟာသတိပဋ္ဌာနသုတ္တန် မဂ္ဂသစ္စာနိဒ္ဒေသပိုင်း (မ၊၁၊၈၉။) မှာ ဘုရားရှင်ကိုယ်တော်တိုင်က ရှင်းထားတော်မူတယ်။။ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို ငါ ဘုရားက သမ္မာသမာဓိလို့ ခေါ်ဆိုတယ်ဆိုပြီး အတိအကျ ရှင်းလင်းထား တော်မူပါတယ်။

ရှင်းထားတော်မူလိုက်တဲ့အခါကျတော့ ဒီသမာဓိထူထောင်မှသာလျှင် မဂ္ဂင်က ရှစ်ပါး ပြည့်မယ်။ သမာဓိ မထူထောင်လို့ရှိလျှင် မဂ္ဂင်က ရှစ်ပါး ပြည့်မလား? မပြည့်တော့ဘူး။ မဂ္ဂင်က ရှစ်ပါးမပြည့်တော့ဘူးဆိုလို့ရှိလျှင် မဂ္ဂင်ဘယ်နှစ်ပါးရှိမလဲ? မဂ္ဂင်ခုနစ်ပါးပဲ ရှိမယ်၊ မဂ္ဂင်ခုနစ်ပါးနှင့် နိဗ္ဗာန် သွားလို့ရမလား? သွားလို့ရတယ်ဆိုလျှင်တော့ ဒါယကာကြီးတွေ ဒါယိကာမ ကြီးတွေ သွားကြည့်ကြပေါ့။ မရောက်ဘူးဆိုလို့ရှိလျှင် တစ်ခေါက်လောက် ပြန်လာဖို့ မကောင်းဘူးလား? ကောင်းပါတယ်။

ဘုရားရှင် ကိုယ်တော်တိုင်က မဂ္ဂင်ရှစ်ပါး ဟောထားတော်မူတော့ - မဂ္ဂင်ခုနစ်ပါးနှင့် နိဗ္ဗာန်ရပါတယ်လို့ ပုဂ္ဂိုလ်တစ်ဦးဦးက ပြောနေမယ်ဆိုလျှင် ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ဘုရားဟောကိုပဲ လက်ခံမလား၊ ထို ပုဂ္ဂိုလ်တွေရဲ့ ပြောပြချက်ကိုပဲ လက်ခံမလား? ဒါကတော့ အလေးအနက် စဉ်းစားရမယ်နော်။

ဒီတော့ ဘုရားရှင်က သမာဓိရှိမှ ဒီရုပ်ကို သိနိုင်တယ် ဒီနာမ်ကိုသိနိုင်တယ် လို့ ဟောကြားထားတော်မူတယ်၊ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်ဆိုတာကို လည်း သမာဓိရှိမှ သိနိုင်တယ်လို့ ဟောထားတော်မူတယ်။ ဒါကြောင့် သမာဓိ တော့ ထူထောင်ဖို့ လိုပါတယ်။

ဒီလိုဆိုလျှင် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တွေဟာ ဘယ်မှာ သမာဓိကို ထူထောင်လို့လဲ? တချို့က ဒီလိုပြောတယ်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဆိုတာလည်း သမာဓိထူထောင်ပါတယ်။ စျာန်သမာဓိကို ရအောင်သာ သူက မထူထောင်တာ။

သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဟာ ဝိပဿနာကို တိုက်ရိုက်သွားချင်တယ် ဆိုလျှင် ဘာကို စရှုရမယ်ဆိုတာနှင့်ပတ်သက်လို့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယ တွဲ စာမျက်နှာ (၂၂၂) မှာ ခုနက ရွတ်ထားတဲ့စာပိုဒ်ကို အဋ္ဌကထာက ဖော်ပြ ထားပါတယ်။ ဘယ်လိုဖော်ပြထားသလဲ? --

သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတေဿာ ဓာတုယော ပရိဂ္ဂဏှာတိ

သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ပဲဖြစ်ဖြစ် - သို့မဟုတ် ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ကူးတဲ့ အပိုင်းမှာ သမထယာနိကပုဂ္ဂိုလ်က ရုပ်ကမ္မဋ္ဌာန်းကနေ စပြီးတော့ ဒိဋ္ဌိဝိသုဒ္ဓိသို့ ကူးချင်တယ်ဆိုလို့ရှိလျှင် ဒီလို ရုပ်ကမ္မဋ္ဌာန်းကစချင်တဲ့ သမထ ယာနိကပုဂ္ဂိုလ်ပဲဖြစ်ဖြစ် - ထိုပုဂ္ဂိုလ်နှစ်မျိုးတို့သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ကူးပြီ ဆိုလို့ရှိလျှင်တော့ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်း နှစ်နည်းရှိတဲ့အနက်က မိမိတို့ကြိုက်နှစ်သက်ရာ တစ်နည်းနည်းဖြင့် ဓာတ်ကြီး လေးပါးကို စတင်သိမ်းဆည်းပါဆိုပြီး ဒီလိုညွှန်ကြားထားတယ်။ ဘာဖြစ်လို့လဲ?

သမထပိုင်းမှာ = သမာဓိကိုထူထောင်တဲ့အပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိတယ် ဆိုတာ မှန်တယ်။ ဝိပဿနာပိုင်းရောက်လာလို့ ဒိဋ္ဌိဝိသုဒ္ဓိစခန်း ကူးပြီဆိုလို့ ရှိလျှင်တော့ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်းက (၂)မျိုးပဲ ရှိတယ်။ ထိုနှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောတော်မူတဲ့ အချိန် အခါမှာ ဘယ်လိုဟောတော်မူသလဲ? --

တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (မ၊ဋ္ဌ၊၁၊၂၈၀။)

မဟာသတိပဋ္ဌာနသုတ္တန်အဋ္ဌကထာမှာ အတိအကျ ဖွင့်ထားတယ်။ မဟာ သတိပဋ္ဌာန်ကျင့်စဉ်ထဲမှာကို အတိအကျ ထည့်သွင်းပြီး ဖွင့်ထားတဲ့ စကား ရပ်ပါ။

တတ္ထ = ထိုရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင်။ ဘဂဝါ = မြတ်စွာ ဘုရားသည်။ ရူပကမ္မဋ္ဌာနံ = ရုပ်ကမ္မဋ္ဌာန်းကို။ ကထေန္တော = ဟောကြား ပြသဆိုဆုံးမတော်မူသည်ရှိသော်။ သင်္ခေပမနသိကာရဝသေန ဝါ = အကျဉ်း နှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ ဝိတ္ထာရမနသိကာရဝသေန ဝါ = အကျယ်နှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ စတုဓာတုဝဝတ္ထာနံ = စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို။ ကထေသိ = ဟော ကြားပြသ ဆိုဆုံးမတော်မူမြဲ ဓမ္မတာ ဖြစ်ပေ၏။

ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း - နှစ်နည်း တစ်နည်းနည်းနှင့် ရုပ်ကမ္မဋ္ဌာန်းကို မြတ်စွာဘုရား ဟောကြားတော်မူမြဲဓမ္မတာ ဖြစ်တယ်။

ဒါကြောင့် ရုပ်ကမ္မဋ္ဌာန်းကို မိမိတို့ကရှုတော့မယ်ဆိုလျှင် ဓာတ်ကြီးလေးပါး ကို ရှုဖို့မလိုဘူးလား? လိုအပ်တယ်။ ရုပ်ကမ္မဋ္ဌာန်းတော့ မိမိတို့က ရှုတယ်။ ဓာတ်ကို မရှုဘူးဆိုလျှင် ဘုရားဆိုလိုတဲ့ ရုပ်ကလာပ် မမြင်နိုင်ဘူး၊ ဘုရားဆိုလို တဲ့ ရုပ်ပရမတ် ဓာတ်ခွဲနိုင်တဲ့နယ်မြေကို ဘယ်လိုမှ မကူးနိုင်ဘူး။

အဲဒီတော့ မိမိတို့က စည်းကမ်း မလိုက်နာလို့ ဒီရုပ်နာမ်ကို မသိတာ။ ရုပ်နာမ်ကို မသိတာ ကိုယ့်ဟာကိုယ် အသာနေတာ မဟုတ်သေးဘူး၊ အဲဒီ ရုပ်တွေ နာမ်တွေက သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်သာ ရှုလို့ရတာ၊ သာဝက တွေ ရှုလို့ရတာ မဟုတ်ဘူး၊ ရူးသွားမယ်ဆိုပြီးတော့ ထပ်ပြောပြန်သေးတယ်။

ဒီတော့ ရုပ်တွေ နာမ်တွေကို ဘုရားဟောတဲ့အတိုင်း ရှုတာကိုပဲ လူရူးဖြစ် ရတော့မည့်ပုံစံ ဖြစ်နေပြီ။

ဒါကြောင့် ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ... ဒီအချက်ကို အလေးအနက် စဉ်းစားရမည့်အပိုင်းကတော့ ရောက်နေတယ်နော်။

နံပါတ် (၃) ၊ နောက်အကျိုး တစ်ခုကတော့ - အဘိညာနိသံသ ပဲ။ အဘိညာဏ်ကို လိုလားတောင့်တနေတဲ့ သူတော်ကောင်းတွေ ရှိကြတယ်။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် - ရှေးဘဝကနေခဲ့တဲ့ ခန္ဓာတွေကို ဉာဏ်နှင့် အစဉ်လျှောက်ပြီးတော့ အောက်မေ့ခြင်း သိမြင်ခြင်းဆိုတဲ့ အဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ် - နတ်မျက်စိလို အဝေးအနီး ရှိသမျှအလုံးစုံ အကုန်လုံး လှမ်းပြီး မြင်ခြင်း သိခြင်းဆိုတဲ့ အဘိညာဏ် - စသည်ဖြင့် ဒီအဘိညာဏ် အမျိုးမျိုးကို လိုလားတောင့်တနေတဲ့ သူတော်ကောင်းတွေကလည်း အဘိညာဏ် အလိုရှိတဲ့အချိန်အခါမှာ ဒီသမာဓိကို ထူထောင်ရပါတယ်။

ကသိုဏ်းဆယ်ပါး ရှိတယ်။ ကသိုဏ်း တစ်ပါးပါးမှာ သမာပတ်ရှစ်ပါး၊ ကသိုဏ်း ဆယ်ပါးကို သမာပတ် ရှစ်ပါး ပေါက်အောင် လေ့ကျင့်ရတယ်။ လေ့ကျင့်ပြီးတဲ့အချိန်အခါမှာ ပထဝီကသိုဏ်းကနေ ဩဒါတကသိုဏ်းအထိ ကသိုဏ်းရှစ်ပါးကို တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် ကြိတ်ခြေ ရပါတယ်။ အဲဒီအခါကျမှ သူက အဘိညာဏ်လမ်း ကူးလို့ရတယ်။

အဲဒီလို အဘိညာဏ်ကို ရည်ရွယ်ပြီးတော့ သမာဓိထူထောင်လျှင် ဒီ သမာဓိသည် အဘိညာဏ်အကျိုးအာနိသံသ ရှိတယ်လို့ ဆိုရတယ်။

နံပါတ် (၄) အကျိုးအာနိသံသ တစ်ခုကတော့ ဘဝဝိသေသာ နိသံသ - ဗြဟ္မာ့ပြည်ဆိုတဲ့ ဘဝအထူးကို ဒီစျာန်သမာဓိတွေက ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်။

ဗြဟ္မာ့ပြည် ဗြဟ္မာ့ချမ်းသာကို လိုလားတောင့်တနေတဲ့ သူတော်ကောင်း တွေကလည်း ဗြဟ္မာ့ပြည်ကို အလိုရှိတဲ့စိတ်ထားနှင့် ဒီစျာန်တွေကို ရအောင် ကြိုးစားအားထုတ်ကြတယ်။ သေသည့်တိုင်အောင် ဒီစျာန်တွေက မလျှောကျ ခဲ့ဘူးဆိုလျှင် ဒီစျာန်တွေကလည်း သူတို့ မျှော်လင့်တောင့်တနေတဲ့ ဗြဟ္မာ့ ချမ်းသာကို ရောက်အောင် ရွက်ဆောင်ပေးနိုင်တဲ့စွမ်းအား ရှိကြပါတယ်။

ခု စိတ္တသူကြွယ် ဒါယကာကြီးတို့လိုပေါ့၊ ကွယ်လွန်သွားတဲ့အခါ ဗြဟ္မာ့ပြည် ရောက်သွားကြတယ်။ ဒါက ဘဝအထူးကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားပဲ။ ပေါင်းလိုက်တော့ အကျိုးအာနိသင် ဘယ်နှစ်ခုရှိသလဲ? လေးခု။

နံပါတ် (၅) ၊ နောက်ထပ်အာနိသင်တစ်ခုကတော့ နိရောဓာနိသံသ - နိရောဓသမာပတ်ကို ဝင်စားနိုင်တဲ့ အကျိုးအာနိသင် ရှိတယ်။

နိရောဓသမာပတ် အကြောင်းကိုတော့ နောက်ထပ် ဒီမှာ သုတ္တန်တစ်ခု သီးသန့်ရှိနေတော့ အဲဒီအပိုင်းကျမှ ဘုန်းကြီး ထပ်ချဲ့ပြီးတော့ ပြောပါမယ်။

အားလုံးပေါင်းလိုက်တော့ သမာဓိရဲ့ အကျိုးဂုဏ်အင်အာနိသင်တွေဟာ ငါးမျိုး ရှိနေပါတယ်။ အဲဒီငါးမျိုးလုံးကိုပဲဖြစ်စေ တစ်မျိုးမျိုးကိုဖြစ်စေ အလို ရှိခဲ့လျှင်တော့ သမာဓိကို ထူထောင်ရမှာ ဖြစ်တယ်။

သုံးဆယ့်နှစ်ကောဋ္ဌာသ

ကဲ ကောင်းပြီ၊ ဓာတ်ကြီး (၄)ပါးကို အာရုံယူပြီးတော့ သမာဓိကို ထူထောင် လိုက်တဲ့အခါ ခုနကပြောခဲ့တဲ့အတိုင်း ရေခဲတုံး ဖန်တုံး မှန်တုံးလိုကြည်နေတဲ့ အကြည်အတုံးအခဲထဲက အလင်းရောင်တွေက တဖျပ်ဖျပ် ထွက်လာပြီဆိုလျှင် လင်းရောင်ခြည်စွမ်းအားတွေက သိပ်အားကောင်းလာပြီဆိုလျှင် အဲဒီ လင်း ရောင်ခြည်ကို ထိုင်တိုင်းထိုင်တိုင်း အနည်းဆုံး (၁)နာရီကျော်ကျော်လောက် ခိုင်ခံ့အောင် လေ့ကျင့်ပါ။ နှစ်ရက်သုံးရက်ခန့် လေ့ကျင့်လိုက်လို့ လင်းရောင် ခြည်က ခိုင်ခံ့လာပြီဆိုလျှင် ထိုလင်းရောင်ခြည်အကူအညီနှင့် --

၁။ ဆံပင်, မွေးညင်း, ခြေသည်းလက်သည်း, သွား, အရေ,

၂။ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညို့ (ကျောက်ကပ်),

၃။ နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုပ်,

၄။ အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးဏှောက် --

ဆိုတဲ့ ပထဝီကောဋ္ဌာသ (၂၀)၊

၅။ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ,

၆။ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ် --

ဆိုတဲ့ အာပေါကောဋ္ဌာသ (၁၂)ခု --

ပေါင်း (၃၂)ကောဋ္ဌာသတွေကို တစ်ခုပြီးတစ်ခု ရှုကြည့်ပါ။ မှန်ထဲမှာ မြင်ရသလို ထင်ထင်ရှားရှားမြင်အောင် ဉာဏ်လင်းရောင်ခြည်ရဲ့ အကူအညီ နှင့် ကောဋ္ဌာသအသီးသီး တည်ရှိတဲ့နေရာမှာ မြင်အောင်ရှုပါ။ စိတ်ကူးနှင့် ကောဋ္ဌာသတွေကို မိမိရဲ့ ရှေ့တည့်တည့်မှာ ပုံပြီးတော့ မကြည့်ပါနှင့်။ ကောဋ္ဌာ သများ တည်ရှိတဲ့ ခန္ဓာအိမ်ထဲမှာသာ ရှိတဲ့ပုံစံအတိုင်း မြင်အောင်လိုက်ကြည့် ပါ။ (၃၂)ကောဋ္ဌာသတွေကို အဇ္ဈတ္တမှာ ရှင်းရှင်းလင်းလင်း တွေ့မြင်တဲ့အခါ ဉာဏ်အရောင်အလင်းရဲ့ အကူအညီနှင့် ဗဟိဒ္ဓပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ တည်ရှိတဲ့ ကောဋ္ဌာသတွေကိုလည်း မြင်အောင်ဆက်ရှုပါ။

ဓာတ်ကြီး (၄)ပါးကို အာရုံယူပြီး သမာဓိကို ထူထောင်စဉ် အဲဒီသမာဓိနှင့် ယှဉ်တဲ့ဉာဏ်ကြောင့် လင်းရောင်ခြည်များ ထွက်ပေါ်လာသလို ဒီလင်းရောင် ခြည် အကူအညီနှင့် (၃၂)ကောဋ္ဌာသတို့ကို ဆက်ရှုပြန်လျှင်လည်း ဒီ (၃၂) ကောဋ္ဌာသတို့ကို ရှုနေတဲ့ သမာဓိနှင့် ယှဉ်တဲ့ ဉာဏ်ကြောင့်လည်း အလင်း ရောင်များ ထွက်ပေါ်လာနိုင်ပါတယ်။ အကယ်၍ ကောဋ္ဌာသတွေကို ရှုရင်းနှင့် အလင်းရောင်က မှိန်သွားခဲ့လျှင် ဒါမှမဟုတ် ကောဋ္ဌာသတွေကို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း မမြင်ဘူးဆိုလျှင် ဓာတ်ကြီး (၄)ပါးကိုပဲ တစ်ဖန်အာရုံယူပြီး သမာဓိကို ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာတဲ့ အခါ (၃၂)ကောဋ္ဌာသတို့ကို တစ်ဖန်ပြန်ရှုပါ။ ဒီလိုလေ့ကျင့်မယ်ဆိုလျှင်တော့ အောင်မြင်မှုကို ရရှိနိုင်ပါတယ်။

ဗဟိဒ္ဓကို ရှုတဲ့အပိုင်းမှာ ရှေးဦးစွာ မိမိရှေ့တည့်တည့်မှာ တည်ရှိနေတဲ့ ယောဂီပုဂ္ဂိုလ်တစ်ဦးရဲ့ (၃၂)ကောဋ္ဌာသက စပြီးရှုလျှင်တော့ ပိုကောင်းတတ် ပါတယ်။ ရှေးဦးစွာ အဇ္ဈတ္တမှာ (၃၂)ကောဋ္ဌာသကို ရှုပါ။ ပြီးတော့ ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသကို ရှုပါ။ ဒီလိုရှုလို့ အောင်မြင်မှုကို ရရှိလျှင် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အနည်းဆုံး (၃-၄)ခေါက်လောက် ရှုကြည့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် နောက်တစ်ယောက်မှာလည်း ပုံစံတူပဲ ရှုကြည့်ပါ။

ဒီနည်းဖြင့် အဇ္ဈတ္တရှုလိုက် ဗဟိဒ္ဓရှုလိုက် တဖြည်းဖြည်း ဖြန့်ကြက်ပြီး အရပ် (၁၀)မျက်နှာလုံးမှာ တည်ရှိတဲ့ သတ္တဝါတွေရဲ့သန္တာန်မှာ တည်ရှိတဲ့ (၃၂)ကောဋ္ဌာသတွေကို ရှုကြည့်ပါ၊ အလင်းရောင်အောက်တွင် တွေ့မြင်ရတဲ့ လူတွေကိုရော တိရစ္ဆာန်တွေကိုရော အားလုံးမှာရှိတဲ့ ကောဋ္ဌာသတွေကို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ၊ အဝါးဝစွာ နိုင်နင်းအောင် ရှုတိုင်း ရအောင် လေ့ကျင့်ပါ၊ အရပ် (၁၀)မျက်နှာကို စွမ်းနိုင်သမျှ ခပ်ဝေးဝေးသို့ ရောက်အောင် လေ့ကျင့်ပါ။

ပဂုဏဖြစ်သော်

ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန မုခေန ဝိမုစ္စိဿတိ၊ ကမ္မဋ္ဌာနံ ဝဏ္ဏတော ဝါ ပဋိကူလတော ဝါ သုညတော ဝါ ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)

ကောဋ္ဌာသတွေကို အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ အချိန် ကာလမှစ၍ နိဗ္ဗာန်သို့ဝင်ရာ မုခ်ဦးကြီးသုံးခု (= လမ်းသုံးသွယ်)တိ့ုတွင် တစ်ခု ခုသော မုခ်ဦးမှ (= လမ်းမှ) ဝင်သွားခဲ့သော် မချွတ်ဧကန် ကိလေသာတို့မှ လွတ်မြောက်ပေလတ္တံ့။ ဒီလို အဋ္ဌကထာက ဖွင့်ဆိုထားတယ်။ လမ်းသုံးသွယ် ဆိုတာကတော့ --

၁။ အရောင်ကသိုဏ်းလမ်း,

၂။ ပဋိကူလမနသိကာရလမ်း,

၃။သုညတ = ဓာတ်ကမ္မဋ္ဌာန်းလမ်း - ဆိုတဲ့ လမ်းသုံးသွယ် ဖြစ်ပါတယ်။

ဒီလမ်းသုံးသွယ်တို့ဖြင့် တစ်လမ်းလမ်းမှ ကမ္မဋ္ဌာန်းဟာ ထင်ရှားလာမယ်လို့ ဖွင့်ဆိုထားတယ်။ နောက်တစ်နည်း အဋ္ဌကထာက ထပ်ဖွင့်ထားပြန်သေး တယ် --

၁။ အာကင်္ခမာနဿ ဝဏ္ဏတော,

၂။ အာကင်္ခမာနဿ ပဋိကူလတော,

၃။ အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။ (အဘိ၊ဋ္ဌ၊၂၊၂၄၃။)

၁။ အလိုရှိသသူအား အရောင်ကသိုဏ်းအားဖြင့်,

၂။ အလိုရှိသသူအား ပဋိကူလမနသိကာရအားဖြင့်,

၃။ အလိုရှိသသူအား သုညတဓာတ်ကမ္မဋ္ဌာန်းအားဖြင့် --

ကမ္မဋ္ဌာန်းသည် ထင်ရှားလာမည်သာ ဖြစ်ပါတယ်။ ဒီလိုလည်း အဋ္ဌကထာ က တစ်နည်းဖွင့်ထားတယ်။

ဒါကြောင့် ယောဂီပုဂ္ဂိုလ်က ဒီ (၃၂)ကောဋ္ဌာသတွေကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံးမှာ အဝါးဝစွာ နိုင်နိုင်နင်းနင်း ရှင်းရှင်းလင်းလင်း သိမြင်ပြီ ရှုတိုင်း ရပြီဆိုလျှင် မိမိကြိုက်နှစ်သက်ရာလမ်းကို ရွေးချယ်နိုင်ပါတယ်။ ဒီညတော့ ရွံရှာစက်ဆုပ်ဖွယ်အားဖြင့် နှလုံးသွင်းခြင်း (= ပဋိကူလမနသိကာရ) လမ်းက စပြီး ပြောကြရအောင် ...။

ပဋိကူလမနသိကာရ

(၃၂)ကောဋ္ဌာသတွေကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းပုံ အစီအရင်ကို မြတ်စွာဘုရားသည် မဟာသတိပဋ္ဌာနသုတ္တန် (မ၊၁၊၇၂-၇၃။) စတဲ့ သုတ္တန်များမှာ ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီနေရာမှာ သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးက --

ဧတ္ထ ပန အတ္တနော ဇီဝမာနကသရီရေ ပဋိကူလန္တိ ပရိကမ္မံ ကရောန္တဿ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ပရဿ ဇီဝမာနကသရီရေ ပဋိကူလန္တိ မနသိကရောန္တဿ နေဝ အပ္ပနာ ဇာယတိ၊ န ဥပစာရံ။ (အဘိ၊ဋ္ဌ၊၂၊၂၄၈။)

မိမိရဲ့ အသက်ရှင်နေဆဲ ခန္ဓာကိုယ်မှာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလ အနေဖြင့် (၃၂)ကောဋ္ဌာသကို အာရုံယူပြီး ပွားများခဲ့မယ်ဆိုလျှင် ပထမစျာန် သမာဓိလည်း ဖြစ်နိုင်ပါတယ်၊ ဥပစာရသမာဓိလည်း ဖြစ်နိုင်တယ်။ ဥပစာရ သမာဓိဆိုတာက အပ္ပနာစျာန်ရဲ့ အနီးအပါးမှာ ဖြစ်နေတဲ့ အပ္ပနာစျာန် လောက် သမာဓိအားမကောင်းသေးသော်လည်း အပ္ပနာစျာန်လောက်နီးနီး အားကောင်းနေတဲ့ သမာဓိမျိုး ဖြစ်တယ်။

ဒါပေမဲ့ ဗဟိဒ္ဓ (= ပြင်ပ)လောကမှာ အသက်ရှင်နေဆဲဖြစ်တဲ့ သူတစ်ပါးရဲ့ ခန္ဓာအိမ်မှာ တည်ရှိတဲ့ (၃၂)ကောဋ္ဌာသတွေကို အာရုံယူပြီး ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ရှုမယ်ဆိုလျှင် ဒီလိုနှလုံးသွင်းနေတဲ့ ယောဂီရဲ့ သန္တာန်မှာ အပ္ပနာစျာန်လည်း မဖြစ်နိုင်ဘူး၊ ဥပစာရသမာဓိလည်း မဖြစ်နိုင်ဘူး လို့ ဖွင့်ဆိုထားတယ်။

သို့သော် မူလဋီကာဆရာတော်ကတော့ (မူလဋီ၊၂၊၁၅၆။) သီဟိုဠ်ကျွန်း စေတိယတောင်မှာ သီတင်းသုံးတော်မူလေ့ရှိတဲ့ မဟာတိဿ မထေရ်မြတ်ကြီး တို့လို, သံဃရက္ခိတမထေရ်မြတ်ကြီးရဲ့ အလုပ်အကျွေးဖြစ်တဲ့ ရှင်သာမဏေ တို့လို - ဗဟိဒ္ဓ သက်ရှိသတ္တဝါတွေရဲ့ ကောဋ္ဌာသတွေကို အနုပါဒိန္နကပက္ခ (= သက်မဲ့အဖို့အစု)၌ ထား၍ အာရုံယူခြင်းငှာ ယောဂီပုဂ္ဂိုလ်က စွမ်းနိုင်ခဲ့မယ် ဆိုလျှင် အသက်ရှင်ဆဲဖြစ်နေတဲ့ သူတစ်ပါးရဲ့ ကောဋ္ဌာသတွေမှာလည်း ရွံရှာ စက်ဆုပ်ဖွယ် ပဋိကူလအခြင်းအရာဟာ ထင်လာခဲ့မယ်ဆိုလျှင် ဥပစာရ သမာဓိ (= ဥပစာရစျာန်)သို့ ဆိုက်ရောက်နိုင်ကြောင်းကို ဖွင့်ဆိုထားပါတယ်။

ဒါကြောင့် ယောဂီပုဂ္ဂိုလ်က မိမိရဲ့ အဇ္ဈတ္တမှာရှိတဲ့ (၃၂)ကောဋ္ဌာသတွေကို အားလုံးကိုခြုံပြီး အာရုံယူ၍ဖြစ်စေ၊ မလ္လကမထေရ်မြတ်ကြီးတို့လို (ဝိသုဒ္ဓိ၊၁၊၂၅၇။) ကောဋ္ဌာသ တစ်ခုခုကို အာရုံယူ၍ဖြစ်စေ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလ သဘောအားဖြင့် ရှုနိုင်ပါတယ်။ - ဒီညတော့ အရိုးစုကမ္မဋ္ဌာန်းကိုပဲ စပြီး ပြောကြရအောင် ...။

အရိုးစုကမ္မဋ္ဌာန်း

(၃၂)ကောဋ္ဌာသတို့တွင် ပါဝင်တဲ့ အဋ္ဌိကောဋ္ဌာသ (= အရိုးစုကောဋ္ဌာသ) ကို မဟာသတိပဋ္ဌာနသုတ္တန်မှာ ပဋိကူလမနသိကာရ ကမ္မဋ္ဌာန်းအဖြစ်ဖြင့် ဟောကြားတော်မူခဲ့ပါတယ်။ ဂိရိမာနန္ဒသုတ္တန် (အံ၊၃၊၃၄၃။) မှာတော့ အသုဘ သညာ အမည်ဖြင့် ဟောကြားတော်မူခဲ့ပါတယ်။ ဝိဇယသုတ္တန် (ခု၊၁၊၃၀၈။) ကျတော့ သဝိညာဏကအသုဘ (= ရှင်အသုဘ) အမည်ဖြင့် ဟောကြား တော်မူခဲ့ပါတယ်။ ဒီ (၃)မျိုးလုံးကတော့ ရှုကွက်အတူတူပဲ ဖြစ်တယ်။ ရွံရှာ စက်ဆုပ်ဖွယ် ပဋိကူလသဘောနှင့် မတင့်တယ်တဲ့ အသုဘသဘောတို့ဟာ သဘောအဓိပ္ပါယ်ချင်း အတူတူပဲ ဖြစ်ကြပါတယ်။

နောက်တစ်ခုကတော့ အဝိညာဏကအသုဘ (= သေအသုဘ)ကမ္မဋ္ဌာန်း (၁၀)မျိုးတို့တွင် နောက်ဆုံး အသုဘကမ္မဋ္ဌာန်းဟာ အဋ္ဌိကကမ္မဋ္ဌာန်း (= အရိုးစု ကမ္မဋ္ဌာန်း)ပဲ ဖြစ်တယ်၊ ဗဟိဒ္ဓ အလောင်းကောင်တစ်ခုရဲ့ အရိုးစုဖြစ်တယ်။ အဲဒီ အရိုးစုရဲ့ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကိုပဲ အာရုံယူကာ သမာဓိ ကို ထူထောင်နိုင်ခဲ့လျှင် ပထမစျာန်သမာဓိအထိ ပေါက်ရောက်နိုင်ပါတယ်။

ဒီညတော့ အဇ္ဈတ္တ အရိုးစုကောဋ္ဌာသရဲ့ ရွံရှာစက်ဆုပ်ဖွယ် အသုဘ သဘောကို အာရုံယူကာ သမာဓိထူထောင်ပုံအပိုင်းကို စတင်ပြီး ပြောကြရ အောင် --

၁။ ဓာတ်ကြီး (၄)ပါးကို အာရုံယူကာ သမာဓိကို ထိုင်တိုင်းထိုင်တိုင်း ထူ ထောင်ပါ။

၂။ (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့မှာ (၂)ခေါက် (၃)ခေါက် လောက် သိမ်းဆည်းပါ။

၃။ အဇ္ဈတ္တ အရိုးစုကောဋ္ဌာသကို အာရုံယူပါ။

အဲဒီ အရိုးစုကောဋ္ဌာသရဲ့ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို အာရုံ ယူကာ - အဋ္ဌိကပဋိကူလံ အဋ္ဌိကပဋိကူလံ = အရိုးစုရွံစရာ အရိုးစုရွံစရာ လို့ နှလုံးသွင်းပါ။

ဒီလို နှလုံးသွင်းတဲ့အခါ ဒီအရိုးစုရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို ဉာဏ် ထဲမှာထင်အောင် နှလုံးသွင်းပါ။ အကယ်၍ ရွံရှာစက်ဆုပ်ဖွယ်သဘောက ဉာဏ်ထဲမှာ ထင်လာပြီဆိုလျှင် ရွံစရာ ရွံစရာ = ပဋိကူလ ပဋိကူလ- ဒီလိုပဲ နှလုံးသွင်းနေပါ။ အကယ်၍ ရွံရှာစက်ဆုပ်ဖွယ်သဘောက ဉာဏ်ထဲမှာ ပေါ လောကြီး ပေါ်မလာသေးဘူးဆိုလျှင် အရိုးစုရွံစရာ အရိုးစုရွံစရာလို့ပဲ နှလုံး သွင်းနေပါ။ ရွံရှာစက်ဆုပ်ဖွယ်သဘောက ဉာဏ်မှာ ထင်ရှားလာပြီဆိုလျှင် ပါဠိလိုကြိုက်လျှင် ပဋိကူလ ပဋိကူလ၊ မြန်မာလိုကြိုက်လျှင် ရွံစရာ ရွံစရာလို့ပဲ ရှုနေပါ။ ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံမှာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် ကြိုးစားပါ။

ဒီလို ရှုတဲ့အပိုင်းမှာ အရိုးစုအားလုံး ဉာဏ်မှာ ထင်ရှားနေပါက ပိုကောင်း ပါတယ်။ အကယ်၍ အရိုးစုအားလုံး မထင်ရှားဘဲ တချို့တစ်ဝက် တစ်စိတ် တစ်ဒေသလောက်သာ ထင်ရှားတယ်ဆိုလျှင်လည်း ထင်ရှားတဲ့အစိတ်အပိုင်း တချို့တစ်ဝက်ကိုပဲ အာရုံယူကာ ပဋိကူလမနသိကာရ ကမ္မဋ္ဌာန်းကို ပွားများ ပါ။

အရိုးစုအားလုံးကိုပဲဖြစ်ဖြစ် တချို့တစ်ဝက်ကိုပဲဖြစ်ဖြစ် အာရုံယူကာ အဲဒီ အရိုးစုရဲ့ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို အာရုံယူပြီး ရွံစရာ ရွံစရာ လို့ နှလုံးသွင်းတဲ့အခါ ဘာဝနာစိတ်က အဲဒီ ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံမှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းထိုင်တိုင်း ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေ ပြီဆိုလျှင် အဲဒီအာရုံထဲမှာ ဘာဝနာစိတ်က နက်ရှိုင်းစွာ နစ်မြုပ်နေပြီဆိုလျှင် အဲဒီသမာဓိကို နှစ်ရက်သုံးရက်လောက် ထိုင်တိုင်းထိုင်တိုင်း ရအောင် လေ့ ကျင့်ပါ။ ဒီလို ဘာဝနာအာရုံမှာ နစ်မြုပ်နေတဲ့ သမာဓိကို စျာန်သမာဓိလို့ ခေါ်ဆိုပါတယ်။ ဒီလို စျာန်သမာဓိနှင့် နေခြင်းကိုပဲ စျာန်ဝင်စားတယ်လို့ ခေါ်ခြင်းဖြစ်တယ်။

ဒီအပိုင်းမှာ အရိုးစုကောဋ္ဌာသ အာရုံဟာလည်း ကြည်လင်တောက်ပတဲ့ ပဋိဘာဂနိမိတ်အသွင်သို့ ဆိုက်ရောက်ပြီး ဖြစ်နေပါတယ်။ ခိုင်ခံ့အောင် လေ့ကျင့်ပါ။ အောင်မြင်မှု ရပြီဆိုလျှင်တော့ ယောဂီပုဂ္ဂိုလ်က စျာန်အင်္ဂါတွေ ကို ဆင်ခြင်ကြည့်လို့ ရနိုင်ပြီ။ စျာန်အင်္ဂါကို ဆင်ခြင်ချင်တယ်ဆိုလျှင်တော့ အစပိုင်းမှာ အနည်းဆုံး တစ်နာရီလောက် စျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထလျှင်ထချင်း နှလုံးအိမ်အတွင်းဘက်ကို စိတ်နှင့်စိုက်ကြည့်ကာ ဘဝင်မနော အကြည်ဓာတ်ကို ရှေးဦးစွာ သိမ်းဆည်းပါ။

ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ (အံ၊၁၊၉။)

ဘဝင်စိတ်ဟာ ပြိုးပြိုးပြက်ပြက် တောက်ပတယ်လို့ ဘုရားရှင် ဟောကြား ထားတော်မူတဲ့အတိုင်း နှလုံးအတွင်းမှာ ကြည်လင်တောက်ပနေတဲ့ ဘဝင် မနောအကြည်ဓာတ်ကို ရှေးဦးစွာ သိမ်းဆည်းပါ။

ဘဝင်မနောအကြည်ဓာတ်ဆိုတာ ဘာလဲ?

နှလုံးအိမ်အတွင်းမှာရှိတဲ့ ဟဒယဝတ္ထုရုပ်ကို မှီဖြစ်နေတဲ့ ဘဝင်စိတ် အဝင်အပါ စိတ်တိုင်းစိတ်တိုင်းဟာ စိတ္တဇရုပ်ကလာပ်တွေကို များစွာ ဖြစ်စေ ပါတယ်။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တွေဟာ အလွန် စွမ်းအင်ကြီးမားတဲ့ စိတ်တွေ ဖြစ်ကြတဲ့အတွက် စိတ်တစ်ခုတစ်ခုဟာ အလွန့် အလွန် အရေအတွက် များပြားတဲ့ စိတ္တဇရုပ်ကလာပ်တွေကို ဖြစ်စေပါတယ်။ ဘဝင်စိတ်ကလည်း စိတ္တဇရုပ်ကလာပ်ကို ဖြစ်စေပါတယ်။

အဲဒီ စိတ္တဇရုပ်ကလာပ်တိုင်းမှာပါဝင်တဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ဟာ ကြည် လင်တောက်ပတဲ့သဘော ရှိပါတယ်။ အဲဒီ စိတ္တဇရုပ်ကလာပ်ထဲမှာပါဝင်တဲ့ တေဇောဓာတ်တိုင်းကလည်း ဥတုဇရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ ပြန်ပါတယ်။ အဲဒီ ဥတုဇရုပ်ကလာပ်တိုင်းမှာပါတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ) ကလည်း ကြည်လင်တောက်ပပါတယ်။

အဲဒီ စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ်တွေမှာပါတဲ့ ဝဏ္ဏဓာတ် = ရူပါရုံရဲ့ ကြည်လင်တောက်ပမှုဟာ အကြောင်းဖြစ်တဲ့ ဘဝင်စိတ်နှင့် ယှဉ် နေတဲ့ ဉာဏ်အပေါ်မှာ မူတည်နေပါတယ်။ ဘဝင်စိတ်နှင့်ယှဉ်တဲ့ ဉာဏ်က ထက်မြက်စူးရှလျှင် အဲဒီရူပါရုံအရောင်တွေဟာ ပိုပြီး တောက်ပတဲ့သဘော ရှိပါတယ်။ ဘဝင်စိတ်နှင့် ယှဉ်နေတဲ့ဉာဏ်က အာနုဘော်သေးလျှင် အဲဒီ ရူပါရုံတွေရဲ့ ကြည်လင်တောက်ပမှုဟာ စွမ်းအင်လျော့နည်းတဲ့သဘော ရှိပါ တယ်။

ဒါကြောင့် - အကျိုးဖြစ်တဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)တို့ရဲ့ တောက်ပမှုကို အကြောင်းဖြစ်တဲ့ ဘဝင်စိတ်အပေါ်မှာ တင်စားပြီး အကြောင်းဖြစ်တဲ့ ဘဝင် ကိုပဲ --

ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ (အံ၊၁၊၉။)

ဒီဘဝင်စိတ်ဟာ ပြိုးပြိုးပြက် တလက်လက် တောက်ပတယ်လို့ ဒီလို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ စိတ်မှာ အရောင်အလင်းရှိလို့ ဟောကြားထားတော်မူတာ မဟုတ်ဘူးလို့ မှတ်သားပါ။ -- ဒီတော့ စျာန် အင်္ဂါကို သိမ်းဆည်းချင်တဲ့ ယောဂီပုဂ္ဂိုလ်က ရှေးဦးစွာ ဒီဘဝင်မနောအကြည် ဓာတ်ကို သိမ်းဆည်းရပါတယ်။ ဘာကြောင့် ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းရသလဲ?

မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ၊ (သံ၊၁၊၃၀၂။)

စသည်ဖြင့် ဘုရားရှင် ဟောကြားထားတော်မူတဲ့အတိုင်း --

၁။ မန အမည်ရတဲ့ ဘဝင်မနောအကြည်ဓာတ်

၂။ ဓမ္မ အမည်ရတဲ့ အရိုးစုကောဋ္ဌာသတို့လို ဓမ္မာရုံ --

၃။ ဒီနှစ်မျိုးကို အစွဲပြုပြီး စျာန်စိတ်တို့လို မနောဝိညာဏ်စိတ်တွေက ဖြစ်ပေါ် လာကြတယ်။

ဒါကြောင့် ဒီစျာန်စိတ်နှင့် ယှဉ်တွဲနေတဲ့ စျာန်အင်္ဂါတွေကို သိမ်းဆည်း ချင်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ --

၁။ ဘဝင်မနောအကြည်ဓာတ်နှင့်

၂။ အရိုးစုကောဋ္ဌာသ (= ဓမ္မာရုံ)ကို ရှေးဦးစွာ ပူးတွဲသိမ်းဆည်းရပါတယ်။

ဘဝင်မနောအကြည်ဓာတ်မှာ အရိုးစုကောဋ္ဌာသက ထင်လာတဲ့အခါ ယောဂီပုဂ္ဂိုလ်က စျာန်အင်္ဂါတွေကို တစ်ခုပြီးတစ်ခု ရှေးဦးစွာ သိမ်းဆည်း ရပါတယ်။ အောင်မြင်မှုရတဲ့အခါ စျာန်အင်္ဂါငါးပါးလုံးကို ပြိုင်တူမြင်အောင် သိမ်းဆည်းရပါတယ်။

ဒီ နည်းစနစ်ဟာ - အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် အောင်အောင်မြင်မြင် အသုံးပြုသွားတော်မူတဲ့ - ရှေးဟောင်းစနစ်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီစနစ်ဟောင်းကြီးကို အနုပဒသုတ္တန်ပါဠိတော် (မ၊၃၊၇၅-၇၉။) နှင့် အနုပဒသုတ္တန်အဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၆၀။) တို့မှာ ဖော်ပြထားပါတယ်။

ဒီတော့ ယောဂီပုဂ္ဂိုလ်က အဇ္ဈတ္တ အရိုးစုကောဋ္ဌာသရဲ့ ရွံရှာစက်ဆုပ်ဖွယ် သဘောကို အာရုံယူပြီး ပထမစျာန်ကို တစ်နာရီလောက် ဝင်စားပြီး စျာန်မှ ထပြီးတော့ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းလိုက်တဲ့အခါ အရိုးစု ကောဋ္ဌာသအာရုံဟာ ဘဝင်မနောအကြည်ဓာတ်မှာ ထင်နေတာ တွေ့ပြီဆို လျှင် အောက်ပါစျာန်အင်္ဂါတွေကို တစ်ခုပြီးတစ်ခု သိမ်းဆည်းပါ။

စျာန်အင်္ဂါ ငါးပါး

၁။ ဝိတက် = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်းသဘော၊

၂။ ဝိစာရ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို ထပ်ကာထပ်ကာ သုံး သပ် ဆင်ခြင်ခြင်းသဘော၊

၃။ ပီတိ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို နှစ်သက်နေခြင်းသဘော၊

၄။ သုခ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ၏ အရသာကို ချမ်းချမ်း သာသာ ခံစားနေခြင်းသဘော၊

၅။ ဧကဂ္ဂတာ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက် တည်ငြိမ်နေခြင်းသဘော = သမာဓိ --

ဒီစျာန်အင်္ဂါငါးပါးကို တစ်ခုစီ သိမ်းဆည်းကြည့်ပါ။ ရှေးဦးစွာ စျာန်ဝင်စား ပြီး စျာန်မှထတဲ့အခါ ခုနက ပြောခဲ့တဲ့အတိုင်း ဝိတက်ကို သိမ်းဆည်းပါ။ ဝိတက်ကို ထင်ထင်ရှားရှား ကျေကျေနပ်နပ် သိမ်းဆည်းနိုင်လျှင် အလားတူပဲ စျာန်ကိုပြန်ဝင်စားပြီး စျာန်မှထကာ ဝိစာရကို သိမ်းဆည်းပါ။ အောင်မြင်မှု ရရှိပါက အလားတူပဲ စျာန်ဝင်စားပြီး စျာန်မှထကာ ပီတိကို သိမ်းဆည်းပါ။ သုခ-ဧကဂ္ဂတာတို့ကိုလည်း ပုံစံတူပဲ သိမ်းဆည်းပါ။ ဒီလို စျာန်အင်္ဂါတွေကို တစ်လုံးစီ တစ်လုံးစီ ကျေကျေနပ်နပ် သိမ်းဆည်းလို့ ရပြီဆိုလျှင် စျာန်ကို တစ်ခါပြန်ဝင်စားပြီး စျာန်မှထကာ စျာန်အင်္ဂါငါးပါးလုံးကို ပြိုင်တူ ဉာဏ်နှင့် မြင်အောင် ရှုပါ၊ သိမ်းဆည်းပါ။

သတိပြုရန်အချက်

ဒီနေရာမှာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက သတိပေးထားပါတယ်။ --

တသ္မိံ ပန နိမိတ္တေ ပတ္တပဌမဇ္ဈာနေန အာဒိကမ္မိကေန သမာပဇ္ဇနဗဟုလေန ဘဝိတဗ္ဗံ, န ပစ္စဝေက္ခဏဗဟုလေန။ (ဝိသုဒ္ဓိ၊၁၊၁၄၈။)

အရိုးစုကောဋ္ဌာသ (= အရိုးစုပဋိဘာဂနိမိတ်)တို့လို သမထနိမိတ် တစ်ခုခု ကို အာရုံယူပြီး သမာဓိကို ထူထောင်နိုင်တဲ့အတွက် ပထမစျာန်သို့ ဆိုက် ရောက်စ အာဒိကမ္မိကပုဂ္ဂိုလ်ဟာ စျာန်ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါကိုဆင် ခြင်မှု နည်းပါစေ၊ ဒီလို စည်းကမ်းသတ်မှတ်ပေးထားပါတယ်။ ဘာဖြစ်လို့လဲ? စျာန်အင်္ဂါတွေကို ခဏခဏ ဆင်ခြင်နေမယ်ဆိုလျှင် စျာန်အင်္ဂါတွေက ရုန့် ရင်းလာပြီး စျာန်သမာဓိက အားနည်းသွားတတ်တယ်၊ စျာန်က လျှောကျသွား တတ်တယ်။ ဒါကြောင့် စျာန်အင်္ဂါဆင်ခြင်မှု နည်းပါစေ, စျာန်ကို ဝင်စားမှု များပါစေဆိုတဲ့ စည်းကမ်းကို သတ်မှတ်ပေးခြင်း ဖြစ်တယ်။

ဝသီဘော်ငါးတန်

ဒီအပိုင်းမှာ - ဝသီဘော် ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ပေးရန် အင်္ဂုတ္တိုရ်ပါဠိတော် နဝကနိပါတ် ဂါဝီဥပမာသုတ္တန် (အံ၊၃၊၂၁၆-၂၁၉။) မှာ ဘုရားရှင်က ညွှန်ကြားထားတော်မူပါတယ်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း (ဝိသုဒ္ဓိ၊၁၊၁၄၉။) ဖွင့်ဆိုထားပါတယ်။ စျာန်ကို နိုင်နင်းအောင် လေ့ကျင့်မှုကို ဝသီဘော်လို့ ခေါ်ဆိုပါတယ်။

၁။ အာဝဇ္ဇနဝသီ = မနောဒွါရာဝဇ္ဇန်းဖြင့် စျာန်အင်္ဂါကို လျင်လျင်မြန်မြန် နိုင်နိုင်နင်းနင်း ဆင်ခြင်နိုင်အောင် လေ့ကျင့်ခြင်း၊

၂။ သမာပဇ္ဇနဝသီ = စျာန်ကို အလိုရှိတိုင်း လျင်လျင်မြန်မြန် ဝင်စားလို့ ရအောင် လေ့ကျင့်ခြင်း၊

၃။ အဓိဋ္ဌာနဝသီ = တစ်မိနစ်အဓိဋ္ဌာန်ပြုကာ စျာန်ကို ဝင်စားလျှင် တစ် မိနစ် ဝင်စားနိုင်အောင်, တစ်နာရီ အဓိဋ္ဌာန်ပြုကာ စျာန်ကိုဝင်စားလျှင် တစ်နာရီ ဝင်စားနိုင်အောင်, အဓိဋ္ဌာန်ထားတဲ့ အချိန်ကာလအတိုင်း ဝင်စားနိုင် အောင် လေ့ကျင့်ခြင်း၊

၄။ ဝုဋ္ဌာနဝသီ = စျာန်မှ ထလိုတဲ့အချိန် လျင်လျင်မြန်မြန် ထနိုင် အောင် လေ့ကျင့်ခြင်း၊

၅။ ပစ္စဝေက္ခဏာဝသီ = ပစ္စဝေက္ခဏာဇောတို့ဖြင့် စျာန်အင်္ဂါတွေကို လျင် လျင်မြန်မြန် ဆင်ခြင်နိုင်အောင် လေ့ကျင့်ခြင်း၊

အားလုံးပေါင်းလိုက်တော့ ဝသီဘော် ငါးတန် ဖြစ်ပါတယ်။

စျာန်အင်္ဂါတွေကို ဆင်ခြင်တဲ့အပိုင်းမှာ မနောဒွါရာဝဇ္ဇန်းစိတ် တစ်ကြိမ်, ယေဘုယျအားဖြင့် ပစ္စဝေက္ခဏာဇော (၇)ကြိမ် စောတတ်ပါတယ်။ မနော ဒွါရာဝဇ္ဇန်းစိတ်နှင့် စျာန်အင်္ဂါကို ဆင်ခြင်မှုကို အာဝဇ္ဇနဝသီ, ပစ္စဝေက္ခဏာ ဇောစိတ်နှင့်ဆင်ခြင်မှုကို ပစ္စဝေက္ခဏာဝသီလို့ ဒီလိုခွဲခြားထားပါတယ်။ ဒီလို စျာန်အင်္ဂါတွေကို ဆင်ခြင်တဲ့အပိုင်းမှာ ပစ္စဝေက္ခဏာဇောတွေကို (၇)ကြိမ် အထိ မစောစေတော့ဘဲ (၅)ကြိမ် (၆)ကြိမ်လောက်ပဲ စောစေကာ စျာန်အင်္ဂါ ကို လျင်လျင်မြန်မြန် ဆင်ခြင်မှုမျိုးကို ဆိုလိုတယ်လို့ အချို့သော ဆရာမြတ် တို့က အယူရှိတော်မူကြပါတယ်။

အထူးသဖြင့် .. ဒီအပိုင်းမှာ - (၂)နာရီ (၃)နာရီ စသည်ဖြင့် စျာန်ကို ခပ်ကြာကြာ ဝင်စားနိုင်အောင်တော့ လေ့ကျင့်ပါ။

ဗဟိဒ္ဓအရိုးစုကောဋ္ဌာသ

အောင်မြင်မှုရတဲ့အခါ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသတစ်ခုကို အာရုံယူပြီး ပဋိကူလသဘောအားဖြင့် ရွံရှာစက်ဆုပ်ဖွယ်အဖြစ် နှလုံးသွင်းကာ ပုံစံတူပဲ ရှုကြည့်ပါ။ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို ရှုတဲ့အခါ မိမိရဲ့ရှေ့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ ယောဂီတစ်ဦးရဲ့ အရိုးစုကောဋ္ဌာက စပြီး ရှုကြည့်ပါ။ အဲဒီ ရွံရှာ စက်ဆုပ်ဖွယ် အရိုးစုကောဋ္ဌာသအာရုံမှာ ဘာဝနာစိတ်ကို အနည်းဆုံး တစ် နာရီလောက် ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် ကြိုးစားပါ။ ဒီလို ရှုတဲ့အခါမှာ ထိုင်တိုင်းထိုင်တိုင်း ဓာတ်ကြီး (၄)ပါးက စပြီးတော့ သမာဓိကို အဆင့်ဆင့် ထူထောင်ဖို့ မမေ့ပါနှင့်။

၁။ ဓာတ်ကြီး (၄)ပါးကို အာရုံယူပြီး သမာဓိကို ထူထောင်ပါ။

၂။ အဇ္ဈတ္တ-ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတွေကို ရှုပါ။

၃။ အဇ္ဈတ္တ အရိုးစုကောဋ္ဌာသကို ပဋိကူလအားဖြင့် နှလုံးသွင်းကာ ပထမ စျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်ပါ။

၄။ ထိုနောင်မှ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို ပဋိကူလအားဖြင့် ရှုပါ။

အဲဒီလို ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသရဲ့ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘော ကို နှလုံးသွင်းပြီး သမာဓိကိုထူထောင်လိုက်တဲ့အခါ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသ အာရုံမှာ ဘာဝနာစိတ်က တစ်နာရီလောက် ငြိမ်ဝပ်စွာကပ်ပြီး တည်လာပြီ ဆိုလျှင် အဲဒီသမာဓိမှထကာ မိမိရဲ့ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်း ပါ။ အဲဒီ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသအာရုံက မိမိရဲ့ ဘဝင်မနောအကြည်မှာ ထင်လာတဲ့အခါ ရှေးကပြောခဲ့တဲ့ စျာန်အင်္ဂါငါးပါးတို့ကို ပုံစံတူပဲ သိမ်းဆည်း ကြည့်ပါ။ ဒီစျာန်အင်္ဂါတွေကတော့ ဟိုရှေ့ပိုင်းက ပြောခဲ့တဲ့အတိုင်းပဲ ဥပစာရ စျာန်နှင့် ယှဉ်နေတဲ့ စျာန်အင်္ဂါတွေသာ ဖြစ်ကြပါတယ်။ ဥပစာရစျာန်ဆိုတာက အပ္ပနာစျာန်ဆိုတဲ့ ပထမစျာန်ရဲ့ အနီးအပါးမှာ ဖြစ်နေတဲ့သမာဓိလို့ ဆိုလိုပါ တယ်။ ပထမစျာန်နားကပ်နေတဲ့ ဥပစာရသမာဓိအစစ်နှင့် သမာဓိလက္ခဏာ ချင်း တူညီလို့ တင်စားပြောတဲ့စကားသာ ဖြစ်ပါတယ်။

ရှေ့တည့်တည့်မှာရှိတဲ့ ယောဂီတစ်ဦးရဲ့ အရိုးစုကောဋ္ဌာသကို ခုလိုရှုလို့ အောင်မြင်ပြီဆိုလျှင် နောက်ယောဂီတစ်ဦးရဲ့ အရိုးစုကောဋ္ဌာသကို ပုံစံတူ ရှုကြည့်ပါ။ ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာသို့တိုင်အောင် တစ်စတစ်စ တိုးချဲ့ကာ ပုံစံတူပဲ ရှုကြည့်ပါ။ အရပ် (၁၀)မျက်နှာမှာ ဘယ်အရပ်မျက်နှာ ကိုပဲ ကြည့်ကြည့် အရိုးစုချည်းဖြစ်အောင် လေ့ကျင့်ပါ။ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ကျွဲ နွား တိရစ္ဆာန် စသည်ဖြင့် မတွေ့တော့ဘဲ အရိုးစု အစုအပုံ ချည်းတွေ့အောင် လေ့ကျင့်ပါ။

မေးခွန်းတစ်ရပ်

အချို့ယောဂီတွေက မေးတတ်ကြတယ် - ဒီလောက် ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတဲ့ အရိုးစုကောဋ္ဌာသအာရုံကို အာရုံပြုပြီး ဘယ်လိုလုပ်ပြီး ပီတိက ဖြစ်နိုင်ပါ့မလဲ? ဒီလိုတော့ မေးတတ်ကြတယ်။

ဒီအမေးကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက (ဝိသုဒ္ဓိ၊၁၊၁၈၈။) ဖြေဆိုထားပါတယ်။ ဒီလို အရိုးစုကောဋ္ဌာသတို့လို အသုဘအာရုံတွေဟာ ရွံရှာစက်ဆုပ်ဖွယ် သဘောတရား ထင်ရှားရှိတာမှန်သော်လည်း ယောဂီပုဂ္ဂိုလ်ဘက်က ဒီအာရုံ ကို အကြောင်းပြုပြီး --

အဒ္ဓါ ဣမာယ ဇရာမရဏမှာ ပရိမုစ္စိဿာမိ --

ဤကျင့်ဝတ်ပဋိပတ်ဖြင့် ငါသည် မချွတ်ဧကန် ဇရာမရဏမှ လွတ် မြောက်ရပေလိမ့်မည် --

ဒီလို အကျိုးအာနိသင်ကို ရှုမြင်လေ့ရှိတာက တစ်ကြောင်း, ဥပစာရ သမာဓိ အခိုက်မှာကတည်းက စိတ်အစဉ်ကို နောက်ကျုစေတတ်တဲ့ နီဝရဏ အညစ်အကြေးတွေကို ပယ်ရှားနိုင်တာကလည်း တစ်ကြောင်း - ဒီအကြောင်း တရားတွေကြောင့် ပီတိ-သောမနဿ (= ပီတိ-သုခ)တွေဟာ ဖြစ်ပေါ်လာနိုင် ပါတယ်။ ဥပမာ - ပုပ္ဖဆဍ္ဍကခေါ်တဲ့ ပန်းမှိုက်သွန် (= မစင်ဘင်ကျုံးသမား) တစ်ဦးဟာ မစင်ပုံကြီးကို တွေ့လိုက်တဲ့အခါ ငါတော့ ပိုက်ဆံများများ ရတော့ မှာပဲဆိုပြီး နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ-သောမနဿ ဖြစ်သလို, အပြင်း အထန် အနာရောဂါတစ်ခု ကပ်ရောက်အနှိပ်စက်ခံနေရတဲ့ ရောဂါသည် တစ်ဦးဟာ ပျို့အန်ဝမ်းကျဆေးကို မှီဝဲလိုက်တဲ့အခါ ပျို့အန်ခြင်း ဝမ်းလျှော သွားခြင်းကြောင့် ပီတိ-သောမနဿ ဖြစ်ရသလို -- အလားတူပဲ ယောဂီ ပုဂ္ဂိုလ်က ရွံရှာစက်ဆုပ်ဖွယ် အရိုးစုကောဋ္ဌာသကို အာရုံယူကာ သမာဓိကို ထူထောင်လိုက်ရာ ဥပစာရသမာဓိ အပ္ပနာသမာဓိဆိုတဲ့ သမာဓိများ အသား တက်လာတဲ့အခါ ထိုဘာဝနာသမာဓိတို့ကြောင့် အိုဘေးဆိုးကြီး, နာဘေး ဆိုးကြီး, သေဘေးဆိုးကြီးတို့မှ လွတ်မြောက်ရတော့မှာပေါ့လို့ အကျိုးကို မြင်လိုက်တဲ့အခါ နီဝရဏအညစ်အကြေးတွေကလည်း ကွာရှဲသွားတဲ့အခါ စိတ်အေးချမ်းမှု ချမ်းသာမှု သုခနှင့် နှစ်သက်မှု ပီတိတို့ဟာ ဖြစ်ပေါ်လာ တယ်လို့ ဆိုလိုပါတယ်။

ငါးပိဟာ ရွံရှာစက်ဆုပ်ဖွယ်ကောင်းပေမဲ့ ကျွမ်းကျင်တဲ့ စားဖိုသည်က ဣဋ္ဌဖြစ်အောင် ပြုပြင်ပေးလိုက်တဲ့အခါ ငါးပိကြိုက်တဲ့ စားသုံးသူအဖို့ ပီတိ-သောမနဿ ဖြစ်ရသလို ဥပစာရသမာဓိ အပ္ပနာသမာဓိဆိုတဲ့ သမာဓိတို့က ပြုပြင်ပေးလိုက်တဲ့အတွက် ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံမှာသော်လည်း ပီတိ-သောမနဿတွေ ဖြစ်ရပါတယ်လိ့ု ဆိုလိုပါတယ်။

ဩဒါတကသိုဏ်း

အရိုးစုကမ္မဋ္ဌာန်းကို ပြန်ဆက်ကြရအောင်။ အရပ် (၁၀)မျက်နှာမှာ ဘယ် ကိုပဲကြည့်ကြည့် အရိုးစုချည်း ဖြစ်နေပြီ၊ စျာန်အင်္ဂါတွေကလည်း ထင်ရှားပြီ ဆိုလျှင် ဩဒါတကသိုဏ်းကို ကူးလိုက ကူးလို့ရပြီ ဖြစ်ပါတယ်။

(၃၂)ကောဋ္ဌာသဆိုတဲ့ ကောဋ္ဌာသတွေရဲ့ အရောင်အဆင်းကို အာရုံ ယူပြီး ဝဏ္ဏကသိုဏ်းခေါ်တဲ့ အရောင်ကသိုဏ်း (၄)မျိုးတို့ကို ရှုပွားပုံ နည်း စနစ်များကို ဘုရားရှင်ဟာ မဟာပရိနိဗ္ဗာနသုတ္တန် (ဒီ၊၂၊၉၂-၉၆။) မှာကော, အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် (အံ၊၃၊၁၂၅-၁၂၇။) မှာကော, ဓမ္မသင်္ဂဏီ ပါဠိတော် (အဘိ၊၁၊၅၅-၅၆။) မှာကော, အချို့အချို့သော သုတ္တန်တွေမှာကော အဘိဘာယတနစျာန်, ဝိမောက္ခစျာန် - ဆိုတဲ့ အမည်တွေနှင့် ဟောကြား ထားတော်မူခဲ့ပါတယ်။

ဒီ အဘိဘာယတနစျာန် ဝိမောက္ခစျာန်တွေကို ရရှိအောင် ပွားများ အားထုတ်တဲ့အပိုင်းမှာ --

၁။ မိမိရဲ့ ကိုယ်တွင်း (= အဇ္ဈတ္တ) သန္တာန်မှာ ရှိတဲ့ (၃၂)ကောဋ္ဌာသတို့ရဲ့ အရောင်ကသိုဏ်းရုပ်ဆိုတဲ့ အဇ္ဈတ္တရုပ်ကို အာရုံပြုပြီး ပရိကမ္မဘာဝနာကို အစပျိုး ပွားများတာလည်း ရှိတယ်။

၂။ အပြင်အပ (= ဗဟိဒ္ဓ)မှာ တည်ရှိတဲ့ (၃၂)ကောဋ္ဌာသတို့ရဲ့ အရောင် ကသိုဏ်းရုပ်ဆိုတဲ့ ဗဟိဒ္ဓရုပ်ကို အာရုံပြုပြီး ပရိကမ္မဘာဝနာကို အစပျိုး ပွားများတာလည်း ရှိတယ်။

ဒီနှစ်မျိုးတို့မှာ ယောဂီပုဂ္ဂိုလ်က အဇ္ဈတ္တရုပ်မှာဖြစ်စေ ဗဟိဒ္ဓရုပ်မှာဖြစ်စေ-

၁။ နီလကသိုဏ်းပရိကမ်ကို ပွားများချင်တယ်ဆိုလျှင် --

(က) ဆံပင်၌ဖြစ်စေ,

( ခ ) သည်းခြေ၌ဖြစ်စေ,

( ဂ ) မျက်နက်ဝန်း၌ဖြစ်စေ - အာရုံယူပြီးတော့ --

နီလ နီလ = အညို အညို လို့ အဖန်ဖန် အထပ်ထပ် ပရိကမ္မဘာဝနာကို အားထုတ်ရတယ်။ ပရိကမ္မဘာဝနာ ဆိုတာကတော့ အစပျိုးတဲ့ ဘာဝနာ ဖြစ်တယ်။ ဥပစာရသမာဓိ (= ဥပစာရဘာဝနာ)သို့ မဆိုက်မီအတွင်းမှာ ပရိကမ္မဘာဝနာရဲ့ နယ်မြေဖြစ်တယ်။

၂။ ပီတကသိုဏ်းပရိကမ်ကို ပြုလုပ်ပွားများလိုတဲ့ ယောဂါဝစရပုဂ္ဂိုလ်ဟာ-

(က) အဆီခဲ၌ဖြစ်စေ,

( ခ ) အရေ၌ဖြစ်စေ,

( ဂ ) လက်ဖမိုး ခြေဖမိုး၌ဖြစ်စေ,

(ဃ) မျက်စိအတွင်း ဝါရွှေတဲ့အရပ်၌ဖြစ်စေ,

( င ) ဝါရွှေတဲ့ ကျင်ငယ်၌ဖြစ်စေ - အာရုံယူပြီးတော့ --

ပီတ ပီတ = အဝါ အဝါ လို့ ဒါမှမဟုတ်လည်း အရွှေ အရွှေ - လို့ အဖန်ဖန် အထပ်ထပ် ပရိကမ္မဘာဝနာကို အားထုတ်ရတယ်။

၃။ လောဟိတကသိုဏ်းပရိကမ်ကို စီးဖြန်းလိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာ --

(က) အသား၌ ဖြစ်စေ,

( ခ ) အသွေး၌ ဖြစ်စေ,

( ဂ ) လျှာ၌ ဖြစ်စေ,

(ဃ) မျက်စိအတွင်း နီမြန်းရာအရပ်၌ဖြစ်စေ အာရုံယူပြီးတော့ --

လောဟိတ လောဟိတ = အနီ အနီ လို့ အဖန်ဖန် အထပ်ထပ် ပရိကမ္မ ဘာဝနာအလုပ်ကို အားထုတ်ရတယ်။

၄။ ဩဒါတကသိုဏ်းပရိကမ်ကို စီးဖြန်းလိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာ --

(က) အရိုး၌ ဖြစ်စေ,

( ခ ) သွား၌ ဖြစ်စေ,

( ဂ ) လက်သည်း-ခြေသည်း၌ ဖြစ်စေ,

(ဃ) မျက်လုံးတို့ရဲ့ ဖြူရာအရပ်၌ဖြစ်စေ -

ဒီလို ဖြူတဲ့ ကောဋ္ဌာသတစ်ခုခုကို အာရုံယူပြီးတော့ --

ဩဒါတ ဩဒါတ = အဖြူ အဖြူ လို့ အဖန်ဖန် အထပ်ထပ် စီးဖြန်းခြင်း (= ပရိကမ္မဘာဝနာ) အလုပ်ကို အားထုတ်ရတယ်။

ဒီလို ရှုတဲ့အပိုင်းမှာ တချို့ပုဂ္ဂိုလ်တွေမှာ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသက ပိုပြီးထင်ရှားတယ်။ ဗဟိဒ္ဓကောဋ္ဌာသတွေကတော့ အဇ္ဈတ္တလောက် မထင် ရှားဘူး။ အဲဒီလို ပုဂ္ဂိုလ်တွေက အဇ္ဈတ္တကောဋ္ဌာသက စပြီး ပရိကမ္မဘာဝနာ လုပ်ငန်းရပ်ကို စတင်ကာ ပြုစုပျိုးထောင်နိုင်ပါတယ်။

တချို့ပုဂ္ဂိုလ်တွေကျတော့ ဗဟိဒ္ဓကောဋ္ဌာသတွေကို ရှုရတာက ပိုကောင်း ပြီး ပိုလည်း ရှင်းရှင်းလင်းလင်း တွေ့နေတတ်တယ်။ ဒီလို ဗဟိဒ္ဓကောဋ္ဌာသ တွေကို ရှုရတာ ပိုကောင်းပြီး ဗဟိဒ္ဓကောဋ္ဌာသတွေက အဇ္ဈတ္တထက် ပိုပြီး ထင်ရှားတယ်ဆိုလျှင်လည်း ဗဟိဒ္ဓကောဋ္ဌာသကိုပဲ အာရုံယူပြီး ပရိကမ္မဘာဝနာကို စတင်ပြုစုပျိုးထောင်နိုင်ပါတယ်။

အဇ္ဈတ္တကောဋ္ဌာသတွေရဲ့ အရောင်ကို အာရုံယူပြီး အရောင်ကသိုဏ်း တွေကို ပွားများအားထုတ်လည်း ရူပါဝစရစျာန် (၄)ပါးကို ရရှိနိုင်ပါတယ်။ ဗဟိဒ္ဓကောဋ္ဌာသတွေရဲ့ အရောင်ကို အာရုံယူပြီး အရောင်ကသိုဏ်းတွေကို ပွားများအားထုတ်လည်း ရူပါဝစရစျာန် (၄)ပါးလုံးကို ရရှိနိုင်ပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၂၃၄။ မူလဋီ၊၁၊၁၀၆။ အံ၊ဋ္ဌ၊၃၊၂၄၅။ အံ၊ဋီ၊၃၊၂၄၉။ ကြည့်ပါ။)

အင်္ဂုတ္တိုရ်ပါဠိတော် ဒသကနိပါတ် ပထမကောသလသုတ္တန် (အံ၊၃၊၃၀၆။) မှာ ဘုရားရှင်က အရောင်ကသိုဏ်းတွေထဲမှာ ဩဒါတကသိုဏ်း (= အဖြူ ရောင်ကသိုဏ်း)ကို အသာဆုံး အမြတ်ဆုံးအဖြစ် ဟောကြားထားတော်မူပါ တယ်။ ဒါကြောင့် အဖြူရောင်ကသိုဏ်းက စပြီးတော့ ပြောကြရအောင် ..။

ဓာတ်ကြီး (၄)ပါးကစပြီး အရိုးစုကောဋ္ဌာသ ကမ္မဋ္ဌာန်းဖြင့် အဆင့်ဆင့် သမာဓိကို ထူထောင်ပါ။ အရပ် (၁၀)မျက်နှာမှာ ဘယ်အရပ်ကိုမဆို ကြည့် လိုက်တိုင်း အရိုးစုချည်း ဉာဏ်မှာ ထင်လာပြီဆိုလျှင် အဖြူရောင်ကသိုဏ်းကို ကူးနိုင်ပြီ။ အဇ္ဈတ္တအရိုးစု ဗဟိဒ္ဓအရိုးစု - နှစ်မျိုးထဲက ကြိုက်ရာက စရှုနိုင် ပါတယ်။ ဗဟိဒ္ဓက စရှုပုံကိုပဲ ပုံစံထုတ်ကာ ပြောကြရအောင် ...။

မိမိရဲ့ရှေ့တည့်တည့်မှာ မိမိကို ကျောပေးကာထိုင်နေတဲ့ ယောဂီတစ်ဦးရဲ့ ဦခေါင်းခွံကို အာရုံယူကြည့်ပါ။ အဲဒီ ဦးခေါင်းခွံရဲ့ ဖြူနေတဲ့သဘောကို အာရုံ ယူကာ အဖြူ အဖြူလို့ ရှုပါ။ ပိုကောင်းတဲ့စနစ်ကတော့ --

၁။ ဓာတ်ကြီး (၄)ပါးကို အာရုံယူကာ သမာဓိကို ပြန်ထူထောင်ပါ။

၂။ လင်းရောင်ခြည်များ အားကောင်းလာသောအခါ အဇ္ဈတ္တ (၃၂)ကောဋ္ဌာ သ, မိမိရှေ့တည့်တည့်ရှိ ယောဂီရဲ့ (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓတစ်လှည့် (၂)ခေါက် (၃)ခေါက် ရှုကြည့်ပါ။

၃။ အဲဒီ ယောဂီရဲ့ အရိုးစုကောဋ္ဌာသကို အာရုံယူကာ ပဋိကူလသဘော အားဖြင့် ရွံစရာ ရွံစရာလို့ ရှုပါ။

၄။ ဥပစာရစျာန်အင်္ဂါများ ထင်ရှားလာတဲ့အခါ အရိုးစုကောဋ္ဌာသကလည်း ဖြူလာတဲ့အခါ အထူးသဖြင့် ဦးခေါင်းခွံကို အာရုံယူကာ - ဩဒါတ ဩဒါတလို့ ဖြစ်စေ အဖြူ အဖြူလို့ ဖြစ်စေ ရှုပါ။

အဲဒီလို ရှုလိုက်တဲ့အခါ အရိုးစုကောဋ္ဌာသ ပျောက်ပြီး အဖြူရောင် အဝန်း အဝိုင်းသက်သက်သာ ကျန်နေလျှင် အဲဒီအဖြူမှာပဲ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားကာ အဖြူ အဖြူလို့ပဲ ရှုနေပါ။ ဒီအဖြူ ရောင်ကသိုဏ်းဝန်းမှာ အနည်းဆုံး တစ်နာရီလောက် ဘာဝနာစိတ်ကို ငြိမ်ဝပ် စွာ ကပ်ပြီးတည်နေအောင် ကြိုးစားနိုင်လို့ အဖြူရောင်ကသိုဏ်းဝန်းက ကြည်တောက်လာပြီဆိုလျှင် ပဋိဘာဂနိမိတ်သို့ ဆိုက်ပြီဖြစ်တယ်။ ဥပစာရ သမာဓိနယ်မြေသို့လည်း ဆိုက်ပြီဖြစ်တယ်။

အဲဒီ ဥပစာရသမာဓိနယ်မြေမှာလည်း ကသိုဏ်းဝန်းကို ဖြန့်ကြက်လိုက ဖြန့်ကြက်နိုင်တယ်။ ဒါမှမဟုတ် ဆက်ပြီး သမာဓိကို ထူထောင်လိုက ထူ ထောင်နိုင်တယ်။ အဲဒီလို သမာဓိကို ဆက်လက်ထူထောင်တဲ့အခါ ရံခါ ဘာဝနာစိတ်က အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံထဲမှာ နစ်မြုပ်ပြီး သွားလိမ့်မယ်။ ဒီလို နစ်မြုပ်သက်ဝင်ပြီး တည်နေတဲ့ အပိုင်းကတော့ အပ္ပနာ စျာန်သမာဓိပိုင်းဖြစ်ပါတယ်။ အဲဒီ အပ္ပနာစျာန်သမာဓိပိုင်းမှာလည်း ကသိုဏ်း ဝန်းကို ဖြန့်ကြက်လိုက ဖြန့်ကြက်နိုင်တယ်။

ကသိုဏ်းဝန်းကို ဖြန့်ကြက်ပါ

ဘာကြောင့် ကသိုဏ်းဝန်းကို ဖြန့်ကြက်ရသလဲလို့မေးလျှင် သမာဓိ ကြာ မြင့်စွာ ရှည်မြင့်စွာ တည်တံ့ဖို့ရန်အတွက် ဖြန့်ကြက်ခြင်း ဖြစ်တယ်။ ဒီလို ကသိုဏ်းဝန်းကို ဖြန့်ကြက်တဲ့အပိုင်းမှာ တစ်လက်မ သို့မဟုတ် နှစ်လက်မ သို့မဟုတ် သုံးလက်မစသည်ဖြင့် ပိုင်းခြားပြီးတော့ အဝန်းအဝိုင်းတစ်ခုလုံးကို ပြန့်အောင် ဖြန့်ကြက်ပါ။ ဥပမာ သုံးလက်မပြန့်ပါစေဆိုပြီး အဝိုင်းအတိုင်း ပြန့်အောင် ဖြန့်ကြက်ပါ။ ကသိုဏ်းဝန်းက လှုပ်ရှားလာလျှင် အဖြူ အဖြူဟု ဆက်ရှုကာ သမာဓိကို ပြန်ထူထောင်ပါ။ ကသိုဏ်းဝန်းက ငြိမ်သက်လာလို့ ကြည်လင်တောက်ပလာပြီဆိုလျှင် အလားတူ သုံးလက်မပြန့်ပါစေ ဆိုပြီး ထပ်ဖြန့်ကြည့်ပါ။ ဒီနည်းအတိုင်း ... သမာဓိကို ပြန်ထူထောင်လိုက် ကသိုဏ်းဝန်းကိုဖြန့်လိုက် ပြုလုပ်ပါ။ အရပ် ဆယ်မျက်နှာ ဘယ်အရပ်ကိုမဆို ကြည့်လိုက်လျှင် ကြည့်လိုက်တိုင်း အဖြူချည်းတွေ့အောင် အဆုံးအစမရှိ ဖြူနေအောင် ဖြန့်ကြက်ပါ။

အရပ် ဆယ်မျက်နှာ ဘယ်အရပ်မှာမဆို ဖြူနေပြီ၊ အဆုံးအစမရှိ ဖြန့် ကြက်လို့ ရပြီဆိုလျှင် -- အဖြူရောင် တိုက်နံရံတစ်နေရာမှာ ဦးထုပ်တစ်လုံး ကို ချိတ်ထားသလို -- အဖြူရောင်ကသိုဏ်းတစ်နေရာမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားကာ အဖြူ အဖြူလို့ ဆက်ရှုနေပါ။ အဖြူရောင်အာရုံမှာ သမာဓိကို ခိုင်မြဲအောင် ဆက်လက်ထူထောင်ပါ။ တစ်နာရီ နှစ်နာရီ သုံးနာရီ စသည်ဖြင့် ..ဘာဝနာစိတ်က အဖြူရောင် အာရုံထဲမှာ နစ်မြုပ်နေအောင် ကြိုးစားပါ။ သမာဓိက နှစ်နာရီသုံးနာရီလောက်အထိ ခိုင်ခံ့နေပြီ၊ အဖြူရောင် အာရုံထဲမှာ နစ်မြုပ်နေပြီ၊ အဖြူရောင်အာရုံကလည်း တောက်လျှောက် ကြည် တောက်နေပြီ၊ ဘာဝနာစိတ်ကလည်း ပျံ့လွင့်မှု လုံးလုံးမရှိတော့ဘူးဆိုလျှင် အဲဒီသမာဓိကို ထိုင်တိုင်းရအောင် နှစ်ရက် သုံးရက်ခန့် လေ့ကျင့်ပါ။ အဲဒီ အချိန်အခါမှာ စျာန်အင်္ဂါငါးပါးဟာလည်း စွမ်းအားတွေ ပြည့်ဝစုံလင်စွာဖြင့် ယောဂီရဲ့ ဉာဏ်ဝမှာ ထင်ရှားနေပါလိမ့်မယ်။


ပထမစျာန် - စျာန်အင်္ဂါငါးပါး

၁။ ဝိတက် = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှူတင်ပေးခြင်းသဘော၊

၂။ ဝိစာရ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော၊

၃။ ပီတိ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို နှစ်သက် နေခြင်းသဘော၊

၄။ သုခ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ သုံးဆောင်ခံစားနေခြင်းသဘော၊

၅။ ဧကဂ္ဂတာ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်း ပေါ်သို့ စိတ်ကျရောက်တည်ငြိမ်နေခြင်းသဘော

= သမာဓိ၊

ဒီစျာန်အင်္ဂါငါးပါးတို့ဟာ စွမ်းအင်ပြည့်ဝစွာဖြင့် ဖြစ်ပေါ်နေပါလိမ့်မယ်။ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံထဲမှာ ဘာဝနာစိတ်က လှုပ်ရှားမှု လုံးဝမရှိတော့ဘဲ နစ်မြုပ်နေခြင်းကိုပဲ စျာန်ဝင်စားတယ်လို့ ခေါ်ဆိုပါတယ်။ အနည်းဆုံး တစ်နာရီလောက် စျာန်ဝင်စားပြီးတဲ့အခါ စျာန်မှထကာ ဘဝင် မနောအကြည်ကို သိမ်းဆည်းပြီး အဲဒီ ဘဝင်မနောအကြည်မှာ အဖြူရောင် ကသိုဏ်း ပဋိဘာဂနိမိတ်က ရှေးရှူကျရောက်လာတဲ့အခါ ထင်နေတဲ့အခါ စျာန်အင်္ဂါ ငါးပါးကို သိမ်းဆည်းပါ။ အောင်မြင်မှုရပါက ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။


ဒုတိယစျာန်

မိမိရရှိထားပြီးတဲ့ ပထမစျာန်ကို ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ ကျင့်ပြီးတဲ့အခါ ဒုတိယစျာန်ကို ကူးချင်တယ်ဆိုလျှင် ရှေးဦးစွာ မိမိ ရရှိထားတဲ့ ပထမစျာန်ကို အနည်းဆုံး တစ်နာရီလောက် ပြန်ဝင်စားပါ။ စျာန်မှထတဲ့အခါ ဒီလို ဆင်ခြင်ပါ။ --

၁။ ဒီပထမစျာန်သမာပတ်ဟာ နီဝရဏစိတ်အညစ်အကြေးတွေကို ပယ်ခွာတဲ့ နေရာမှာ ရှေးဦးပထမဖြစ်တဲ့အတွက် နီးကပ်တဲ့ နီဝရဏရန်သူ ရှိတယ်။

၂။ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံပေါ်သို့ ဘာဝနာစိတ်ကို ရှေးရှူ တင်ပေးရခြင်း ဝိတက်, အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ရခြင်း ဝိစာရဆိုတဲ့ ဒီစျာန်အင်္ဂါ နှစ်ပါး ဟာ ငြိမ်သက်မှုသမာဓိကို အလိုရှိသော ပုဂ္ဂိုလ်အဖို့ စိတ်ရဲ့ကြမ်းတမ်းတဲ့ အမူအရာ တစ်မျိုးဖြစ်နေတယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ အရာဝတ္ထုဆိုတာ ပြန့်ပြောကြီးမားသော်လည်း အကာကဲ့သို့ လွယ်ကူစွာ ကျိုးပျက်နိုင်တယ်။ ဒါကြောင့် ဒီစျာန်အင်္ဂါတွေဟာ အားနည်းတယ်။ ဒီလို နှလုံးသွင်းပါ။

၃။ ပီတိ-သုခ-ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါ (၃)ပါးရှိတဲ့ ဒုတိယစျာန်ကို ငြိမ်သက်တဲ့တရားလို့ နှလုံးသွင်းပါ။

၄။ ပထမစျာန်ကို အလိုမရှိတဲ့စိတ်ထား, ဒုတိယစျာန်ကို အလိုရှိတဲ့စိတ်ထား နှင့် အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကိုပဲ အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်ပါ။

ဒီလိုသမာဓိကို ပြန်ထူထောင်လိုက်လျှင် ပထမစျာန်သို့ပဲ တစ်ဖန်ပြန်ဆိုက် သွားလိမ့်မယ်။ ပထမစျာန်မှထကာ စျာန်အင်္ဂါတွေကို ဆင်ခြင်လိုက်တဲ့အခါ

၁။ ဝိတက် ဝိစာရတို့ကို ရုန့်ရင်းသောအားဖြင့်,

၂။ ပီတိ သုခ ဧကဂ္ဂတာတို့ကို ငြိမ်သက်သောအားဖြင့် --

အသိဉာဏ်မှာ ထင်လာလိမ့်မယ်။ အဲဒီအခါ ရုန့်ရင်းတဲ့ စျာန်အင်္ဂါတွေကို ပယ်ရှားနိုင်ရေး, ငြိမ်သက်တဲ့ ပီတိ-သုခ-ဧကဂ္ဂတာတို့ကို ရရှိရေးအတွက် အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကိုပဲ အာရုံယူကာ အဖြူ အဖြူလို့ရှုကာ သမာဓိကို ဆက်လက်ထူထောင်ပါ။ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ် အာရုံမှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာကပ်ပြီးတည်လာတဲ့အခါ အဖြူ အဖြူလို့ စိတ်က မရွတ်ဆိုတော့ဘဲ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကိုပဲ စိုက်ပြီး ရှုနေပါ။ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ် အာရုံထဲမှာ ဘာဝနာစိတ်က ထပ်ပြီး နစ်မြုပ်သွားပါလိမ့်မယ်။ ဝိတက်-ဝိစာရတို့ ပြုတ်သွားတာ, ပီတိ-သုခ-ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါ (၃)ပါးပဲ ကျန်ရှိတာကို ယောဂီပုဂ္ဂိုလ်က သိနေပါလိမ့်မယ်။

အဖြူ အဖြူလို့ စိတ်ကရွတ်ဆိုမှု

ဝိတက္ကဝိစာရာ ဝစီသင်္ခါရော။ ပ ။ ပုဗ္ဗေ ခေါ ဂဟပတိ ဝိတက္ကေတွာ ဝိစာရေတွာ ပစ္ဆာ ဝါစံ ဘိန္ဒတိ၊ တသ္မာ ဝိတက္ကဝိစာရာ ဝစီသင်္ခါရော။ (သံ၊၂၊၄၈၃။)

ရှေးဦးစွာ ကြံစည်ဆင်ခြင်ပြီးမှ စကားသံက နောက်မှ ဖြစ်ပေါ်လာတယ်။ ဒါကြောင့် ဝိတက်-ဝိစာရတွေဟာ စကားသံ ဖြစ်ပေါ်လာအောင် ပြုပြင်ပေး နေတဲ့ ဝစီသင်္ခါရတရားတွေ ဖြစ်ကြတယ်။ ဒီပါဠိတော်များအတိုင်းပဲ ယောဂီ ပုဂ္ဂိုလ်က အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ အဖြူ အဖြူလို့ စိတ်က ရွတ်ဆိုနှလုံးသွင်းနေတဲ့အခါ အဖြူ အဖြူ ဆိုတဲ့ စကားသံ ကလေးတွေ ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတဲ့ ဝိတက်-ဝိစာရတို့ဟာ ပြုတ် မသွားနိုင် ရှိတတ်တယ်။ ဒီအချိန်အခါမှာ စကားသံ ပေါ်မလာပေမဲ့လို့ အဖြူ အဖြူလို့ စိတ်ကရွတ်ဆိုဖို့ရန် ရှေးဦးစွာ ကြံစည်ဆင်ခြင်မှု (= ဝိတက်-ဝိစာရ) ကတော့ ရှိနေပါတယ်။ ဒါကြောင့် ဒီ ဒုတိယစျာန်ကို ကူးတော့မည့်ဆဲဆဲ ရောက်ပြီဆိုလျှင် အဖြူ အဖြူလို့ စိတ်က မရွတ်ဆိုဖို့ကိုတော့ သတိပြုပါ။


တတိယစျာန်

ဒုတိယစျာန်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားပြီဆိုလျှင် အဲဒီ ဒုတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဒီလို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်တဲ့အပိုင်းမှာတော့ ပထမစျာန်မှာ ခပ်ကြာကြာမနေတော့ဘဲ တစ်မိနစ်နှစ်မိနစ်လောက်သာ နေပြီးတော့ ဒုတိယ စျာန်မှာသာ ခပ်ကြာကြာနေနိုင်အောင် ကြိုးစားပါ။ ဒုတိယစျာန်မှာ နှစ်နာရီ သုံးနာရီ စသည်ဖြင့် နေနိုင်အောင် လေ့ကျင့်ပါ။

ယောဂီပုဂ္ဂိုလ်က တတိယစျာန်ကို ကူးချင်တယ်ဆိုလျှင် ပထမစျာန်မှာ တစ်မိနစ် နှစ်မိနစ်လောက်, ဒုတိယစျာန်မှာ တစ်နာရီလောက် နေပြီးတဲ့အခါ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ထားအပ်တဲ့ ဒီဒုတိယစျာန်မှ ထပြီးတော့ ဆင်ခြင်ပါ။ ဘယ်လို ဆင်ခြင်ရမလဲ? --

၁။ ဒီဒုတိယစျာန်သမာပတ်သည် ဝိတက်-ဝိစာရဆိုတဲ့ နီးကပ်တဲ့ ရန်သူ ရှိတယ်။

၂။ ဒီဒုတိယစျာန်မှာရှိတဲ့ ပီတိကို ထင်ရှားပေါ်လွင်လွန်းတဲ့အတွက် စိတ်ကို လှုပ်ရှားစေတတ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့တရားလို့ ဘုရားရှင်က ဟော ကြားထားတော်မူတဲ့အတွက် ပီတိရဲ့ ရုန့်ရင်းကြမ်းတမ်းမှုကြောင့် စျာန် အင်္ဂါတွေက အားနည်းလှတယ်။

၃။ ဒီလို ဒုတိယစျာန်ရဲ့ အပြစ်ကို မြင်အောင် ရှုပါ။ ဒီလို ရှုပြီးတဲ့အခါ -သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ တတိယစျာန်ကို ငြိမ်သက်တဲ့ တရားလို့ နှလုံးသွင်းပါ။

၄။ အဲဒီလို နှလုံးသွင်းပြီးတဲ့အခါ ဒုတိယစျာန်ကို အလိုမရှိတဲ့ စိတ်ထား တတိယစျာန်ကို အလိုရှိတဲ့ စိတ်ထားနှင့် အဖြူရောင်ကသိုဏ်း ပဋိဘာဂ နိမိတ်ကိုပဲ အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်ပါ။

အဲဒီလို ဆင်ခြင်ပြီး သမာဓိကို ထူထောင်လိုက်တဲ့အခါ ဒုတိယစျာန်ကိုပဲ တစ်ဖန်ပြန်ဆိုက်သွားလိမ့်မယ်။ ဒုတိယစျာန်မှထပြီး သတိသမ္ပဇဉ် ပြည့်ပြည့် စုံစုံနှင့် ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါတွေကို ဆင်ခြင်လိုက်တဲ့အခါ ပီတိကို ရုန့်ရင်းကြမ်းတမ်းတဲ့ သဘောအားဖြင့် ဉာဏ်မှာ ထင်လာလိမ့်မယ်။ သုခ-ဧကဂ္ဂတာကိုလည်း ငြိမ်သက်တဲ့သဘောအားဖြင့် ထင်လာလိမ့်မယ်။

အဲဒီအခါ ရုန့်ရင်းကြမ်းတမ်းတဲ့ ပီတိကို ပယ်ရှားနိုင်ရေးအတွက်, ငြိမ် သက်တဲ့ သုခ-ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါ နှစ်ပါးရှိတဲ့ တတိယစျာန်ကို ရရှိရန် အတွက် အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကိုပဲ ဆက်လက်ပြီး အာရုံ ယူကာ နှလုံးသွင်းနေပါ။ သမာဓိကို ဆက်လက်ထူထောင်ပါ။

မကြာမီ အချိန်အတွင်းမှာပဲ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ မှာ နစ်မြုပ်ပြီး ငြိမ်သက်နေတဲ့ သမာဓိအဆင့်သို့ ဆိုက်ရောက်သွားပါလိမ့်မယ်။ ပီတိမရှိတဲ့ သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးသာရှိတဲ့ တတိယစျာန်သို့ ဆိုက်သွားပါလိမ့်မယ်။ ဒီတတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်း အောင် ထပ်ပြီး လေ့ကျင့်ပါ။


စတုတ္ထစျာန်

တတိယစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့အခါ စတုတ္ထစျာန်ကို ကူးလိုက ပထမစျာန်မှာ တစ်မိနစ် နှစ်မိနစ်လောက်, ဒုတိယ စျာန်မှာလည်း တစ်မိနစ် နှစ်မိနစ်လောက် နေပြီးတဲ့အခါ တတိယစျာန်မှာ တစ်နာရီလောက် နေပြီးတော့ အဝါးဝစွာ လေ့လာအပ်ပြီးတဲ့ ဒီတတိယစျာန်မှ ထကာ ဒီလို ဆင်ခြင်ပေးပါ။

၁။ ဒီတတိယစျာန် သမာပတ်ဟာ ပီတိဆိုတဲ့ နီးကပ်တဲ့ ရန်သူရှိတယ်။

၂။ သုခကို ရုန့်ရင်းကြမ်းတမ်းတဲ့ စျာန်အင်္ဂါတစ်ခုအဖြစ် ဘုရားရှင် ဟောကြား ထားတော်မူတဲ့အတွက် သုခရဲ့ ရုန့်ရင်းကြမ်းတမ်းမှုကြောင့် စျာန်အင်္ဂါ တွေဟာ အားနည်းတယ်။ ဒီစျာန်ဟာလည်း ပျက်စီးလွယ်တဲ့သဘော ရှိတယ်။

၃။ ဒီလို တတိယစျာန်ရဲ့ အပြစ်ဒေါသကို မြင်အောင် ရှုကာ ဥပေက္ခာ-ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ စတုတ္ထစျာန်ကို ငြိမ်သက်တဲ့ စျာန်ဟု နှလုံးသွင်းပါ။

၄။ အဲဒီလို နှလုံးသွင်းပြီးတဲ့အခါ တတိယစျာန်ကို အလိုမရှိတဲ့ စိတ်ထား, စတုတ္ထစျာန်ကို အလိုရှိတဲ့ စိတ်ထားနှင့် အဖြူရောင်ကသိုဏ်း ပဋိဘာဂ နိမိတ်ကိုပဲ အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်ပါ။

ဒီလို သမာဓိကို ထူထောင်လိုက်တဲ့အခါ မကြာမီ အချိန်ကာလအတွင်း မှာပဲ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ် အာရုံမှာ နစ်မြုပ်သက်ဝင်ကာ ငြိမ်ဝပ်စွာတည်နေတဲ့, သုခပြုတ်သွားပြီး ဥပေက္ခာ-ဧကဂ္ဂတာ စျာန်အင်္ဂါ နှစ်ပါးသာရှိတဲ့ စတုတ္ထစျာန်ကို ဆိုက်ရောက်သွားပါလိမ့်မယ်။ ဒီစတုတ္ထစျာန် သမာဓိကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် ဆက်လက် လေ့ကျင့်ပါ။ အဖြူရောင်ကသိုဏ်းမှာ စတုတ္ထစျာန်သမာဓိအထိ အောင်အောင်မြင်မြင် ရှုနိုင်လျှင် အညိုရောင်ကသိုဏ်းကို ပြောင်းနိုင်ပြီ။


အညိုရောင်ကသိုဏ်း

အညိုရောင်ကသိုဏ်း ရှုချင်တယ်ဆိုလျှင် ရှေးရှေးသမာဓိကို အခြေခံပြီး တော့ နောက်နောက်သမာဓိကို ကူးခဲ့လျှင် လျင်လျင်မြန်မြန် အောင်မြင်မှုကို ရနိုင်တဲ့အတွက် ရှေးဦးစွာ ဓာတ်ကြီး (၄)ပါးကို ပြန်ရှုပါ။ (၃၂)ကောဋ္ဌာသကို ပြန်ရှုပါ။ ပြီးတော့ အဖြူရောင်ကသိုဏ်းကို စတုတ္ထစျာန်သမာဓိဆိုက်အောင် ပြန်ရှုပါ။ အဲဒီ စတုတ္ထစျာန်မှထကာ မိမိရဲ့ ရှေ့တည့်တည့်မှာရှိတဲ့ ယောဂီ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဆံပင်ကောဋ္ဌာသကို လှမ်းပြီး အာရုံယူပါ။

သူ့ရဲ့ဆံပင်က ညိုနေတယ်ဆိုလျှင် အဲဒီအညိုရောင်ကို အာရုံယူပြီးတော့ အညို အညိုလို့ နှလုံးသွင်းရတယ်။ အညို အညိုလို့ နှလုံးသွင်းလိုက်ပြီ ဆိုလို့ရှိလျှင် ဆံပင်ပျောက်ပြီးတော့ အညိုရောင်အဝန်းအဝိုင်း ကသိုဏ်းဝန်း ပေါ်လာတတ်ပါတယ်။

အဲဒီကသိုဏ်းဝန်းမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီးတော့ ထားရ တယ်။ ကပ်လိုက်ပြီဆိုလို့ရှိလျှင် ဆံပင်တွေအားလုံး ပျောက်ပြီးတော့ အညို ရောင် အဝန်းအဝိုင်း ကသိုဏ်းဝန်းဟာ ညိုပြီးတော့ တောက်ပလာပါလိမ့် မယ်။

အဲဒီလို ညိုပြီးတော့ တောက်ပလာတဲ့ အချိန်အခါမှာ ဘာဝနာစိတ်ကို အနည်းဆုံး တစ်နာရီလောက်တော့ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် လေ့ကျင့်ရပါတယ်။

လေ့ကျင့်လိုက်လို့ ဒီကသိုဏ်းဝန်းက ကြည်လင်တောက်ပလာပြီဆိုတဲ့ အချိန်အခါမှာ ကသိုဏ်းဝန်းကို ပိုင်းခြားပြီးတော့ ဖြန့်ရတယ်။ မိမိရဲ့ဉာဏ်စွမ်း အားနှင့် နှိုင်းချိန်ပြီး ဖြန့်ရတယ်။ ပတ်ပတ်လည် အဝန်းအဝိုင်းကို အာရုံယူပြီး ဖြည်းဖြည်းချင်း ပိုင်းခြားဖြန့်ရတယ်။ ဥပမာ - သုံးလက်မ အဝိုင်းပတ်လည် ပြန့်ပါစေလို့ ပိုင်းခြားအဓိဋ္ဌာန်ပြုပြီး ဖြန့်ရတယ်။ အကယ်၍ မပြန့်ခဲ့လျှင် နှစ်လက်မ ပြန့်ပါစေ သို့မဟုတ် တစ်လက်မ ပြန့်ပါစေလို့ ဒီလို ပိုင်းခြားပြီး ဖြန့်ရတယ်။

အဲဒီလို ဖြန့်လိုက်တဲ့အခါမှာ ပြန့်သွားလို့ရှိလျှင် နည်းနည်းလှုပ်လာတတ် တယ်။ လှုပ်ပြီဆိုလို့ရှိလျှင် ငြိမ်အောင် ပြန်ပြီးတော့ အညို အညိုလို့ ရှုရ တယ်။ ငြိမ်လာလျှင် နောက်ထပ် အလားတူ ထပ်ဖြန့်ရတယ်။

အဲဒီလိုရှုရာကနေပြီးတော့ နောက်တော့ ဉာဏ်က ထက်လာပြီဆိုလျှင် တစ်ပေပြန့်ပါစေ တစ်တောင်ပြန့်ပါစေ တစ်လံပြန့်ပါစေ စသည်ဖြင့် ပိုင်းခြား ပြီး တဖြည်းဖြည်း ဖြန့်လိုက်လျှင် အရပ်ဆယ်မျက်နှာအားလုံး ပြန့်သွားရမယ်။

ပြန့်သွားပြီဆိုလို့ရှိလျှင် - နံရံတစ်ခုမှာ ဦးထုပ်လေး ချိတ်ဆွဲထားသလို - အဲဒီအညိုရောင်ကသိုဏ်းရဲ့ မိမိကြိုက်တဲ့ တစ်နေရာလောက်မှာ ဘာဝနာ စိတ်ကလေးကို ငြိမ်ဝပ်စွာကပ်ပြီးတော့ အညို အညိုလို့ ရှုနေရတယ်။

အဲဒီအခါမှာ ဘာဝနာစိတ်သည် ဒီအညိုရောင်ကသိုဏ်းဝန်းမှာ ငြိမ်ဝပ် စွာ ကပ်ပြီး တည်နေလိမ့်မယ်။ အဲဒီကသိုဏ်းဝန်းမှာ တစ်နာရီလောက် ဘာဝနာသမာဓိကို ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် ကြိုးစားရတယ်။ အောင်မြင်ပြီ၊ တစ်နာရီခွဲ နှစ်နာရီ စသည်ဖြင့် လေ့ကျင့်တဲ့အတိုင်း အောင်မြင် ပြီဆိုလျှင်တော့ ထိုအချိန်မှာ စျာန်အင်္ဂါငါးပါး ထင်ရှားလာတတ်ပါတယ်။

၁။ ဝိတက် = အညိုရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှူတင်ပေးနေခြင်းသဘော၊

၂။ ဝိစာရ = အညိုရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ်ဆင်ခြင်နေခြင်းသဘော၊

၃။ ပီတိ = အညိုရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို နှစ်သက်နေ ခြင်းသဘော၊

၄။ သုခ = အညိုရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော၊

၅။ ဧကဂ္ဂတာ = အညိုရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်း ပေါ်သို့ စိတ်ကျရောက်တည်ငြိမ်နေခြင်းသဘော --

သဘောတရား ငါးခု စျာန်အင်္ဂါငါးပါး ထင်ရှားလာပါတယ်။ ဒီစျာန်ကို လည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ရတယ်။

  • စျာန်အင်္ဂါတွေကို အချိန်မရွေး ဆင်ခြင်လို့ရအောင် လေ့ကျင့်ရတယ်။
  • စျာန်ကို အချိန်မရွေး ဝင်စားလို့ရအောင် လေ့ကျင့်ရတယ်။
  • စျာန်မှာ နေချင်သလောက် နေနိုင်အောင် လေ့ကျင့်ရတယ်။
  • စျာန်မှ အချိန်မရွေး ထနိုင်အောင် လေ့ကျင့်ရတယ်။

အောင်မြင်မှု ရပြီ၊ အဓိဋ္ဌာန်တဲ့အတိုင်း အောင်မြင်ပြီ ဆိုလို့ရှိလျှင်တော့ ဒုတိယစျာန်ကို ကူးနိုင်တယ်။

ဒီ ကသိုဏ်း ပဋိဘာဂနိမိတ်ကိုပဲ ဝိတက် ဝိစာရ ပြုတ်ချင်တဲ့စိတ်နှင့် စိုက်ကြည့်လိုက်၊ ဝိတက် ဝိစာရ ပြုတ်သွားလိမ့်မယ်။ ပီတိ သုခ ဧကဂ္ဂတာ စျာန်အင်္ဂါ သုံးပါးရှိတဲ့ ဒုတိယစျာန် ဆိုက်မယ်။

အဲဒီဒုတိယစျာန်ကို ဆိုက်ပြီဆိုတဲ့ သူတော်ကောင်းကလည်း တတိယစျာန် ကူးချင်တယ်ဆိုလျှင်တော့ ဒီဒုတိယစျာန်ကို ဝသီဘော်ငါးတန်နိုင်နင်းအောင် ပြန်ပြီးတော့ လေ့ကျင့်ရပါတယ်။

လေ့ကျင့်ပြီးတဲ့အချိန်အခါမှာ ပီတိ နှစ်သက်လျှင်လည်း စိတ်က လှုပ်ရှား နေသေးတဲ့အတွက် ရုန့်ရင်းကြမ်းတမ်းနေသေးတယ်၊ သုခ-ဧကဂ္ဂတာလောက် မငြိမ်သက်ဘူး။ သုခ-ဧကဂ္ဂတာ စျာန်အင်္ဂါ နှစ်ပါးရှိနေတဲ့ တတိယစျာန် ကတော့ ပိုပြီးငြိမ်သက်တယ်ဆိုပြီးတော့ ဒုတိယစျာန်ကို အလိုမရှိတဲ့စိတ်ထား တတိယစျာန်ကို လိုချင်တဲ့စိတ်ထားဖြင့် ဒီကသိုဏ်းပဋိဘာဂနိမိတ်ကို စိုက် ကြည့်နေရတယ်၊ မမှတ်နှင့်တော့။

စိုက်ကြည့်နေလိုက်ပြီဆိုလို့ရှိလျှင်တော့ .. ပီတိ ပြုတ်သွားမယ်၊ သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးပဲ ကျန်မယ်၊ တတိယစျာန်ကို ဆိုက်ပြီ။

အဲဒီတတိယစျာန်ကိုတော့ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီး တဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်က သုခကို အလိုမရှိတဲ့စိတ်ထား၊ ပိုပြီး ငြိမ်သက် နေတဲ့ ဥပေက္ခာကို အလိုရှိတဲ့စိတ်ထား၊ ဥပေက္ခာ ဧကဂ္ဂတာ စျာန်အင်္ဂါ နှစ်ပါး ရှိတဲ့ စတုတ္ထစျာန်ကို လိုချင်တဲ့စိတ်ထားဖြင့် ဒီကသိုဏ်းပဋိဘာဂနိမိတ်ကို စိုက်ပြီးကြည့်နေခဲ့သော် သုခပြုတ်ပြီးတော့ သုခနေရာမှာ ဥပေက္ခာ ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါး ဝင်လာလိမ့်မယ်။

အဲဒီစတုတ္ထစျာန်ကို ရောက်-မရောက် အထူးခြားဆုံး အမှတ်အသား တစ် ခုကတော့ အသက်မရှူခြင်းပဲ ဖြစ်ပါတယ်။ စတုတ္ထစျာန်မှာ တစ်နာရီငြိမ်လျှင် တစ်နာရီလုံး အသက် မရှူဘူး၊ နှစ်နာရီငြိမ်လျှင် နှစ်နာရီလုံးလုံး အသက် မရှူဘူး။ အသက်ရှူနေသေးတယ်ဆိုလျှင်တော့ ထိုပုဂ္ဂိုလ်သည် စတုတ္ထစျာန် ကို မဆိုက်သေးဘူးပဲ။

အဲဒီ စတုတ္ထစျာန်သမာဓိကို ခိုင်ခံ့အောင် လေ့ကျင့်ပြီးတဲ့အချိန်အခါမှာ ထိုပုဂ္ဂိုလ်သည် ကျန်တဲ့အရောင်ကသိုဏ်းတွေ ကူးလို့ ရပါတယ်။


အဝါရောင်ကသိုဏ်း

ဥပမာ - ကျင်ငယ်ဆိုကြပါစို့၊ ရှေ့ကထိုင်နေတဲ့ ပုဂ္ဂိုလ်ရဲ့ ကျင်ငယ်၊ သို့မဟုတ် အဆီခဲပေါ့၊ လှမ်းပြီးစိုက်ရှုလို့ရှိလျှင် ဝါနေတယ်။ အဲဒီအဝါရောင် ကို အာရုံယူပြီးတော့ အဝါ အဝါလို့ရှု၊ အဆီခဲပျောက်ပြီး အဝါရောင် အဝိုင်း အဝန်း ဖြစ်လာလိမ့်မယ်။

အဲဒီ အဝါရောင်ကိုလည်း ခုနကလို အရပ် ဆယ်မျက်နှာ တိုင်အောင် ဖြန့်လိုက်၊ ဖြန့်ပြီးတဲ့အခါ ဒီအဝါရောင်ကသိုဏ်းမှာလည်း ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ရှုလိုက်လျှင် ခုနက အညိုရောင်မှာလိုပဲ ပထမစျာန် ဒုတိယ စျာန် တတိယစျာန် စတုတ္ထစျာန်သမာဓိအထိ ပေါက်နိုင်တယ်။

စဉ်းစားကြည့်စမ်း! ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ...ဒီကျင်ကြီး ကျင်ငယ်ဆိုတာ အင်မတန် ရွံရှာစက်ဆုပ်ဖွယ် မကောင်းဘူးလား? ကောင်း ပါတယ်။ ဒီလောက် ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတဲ့ ဒီကျင်ကြီး ကျင်ငယ် ထဲက ဘာဝနာဆိုတဲ့ အနှစ်ကို ထုတ်ပြီး ယူတတ်မယ်ဆိုလျှင် ဒီစျာန်သမာဓိ တွေကို မရနိုင်ဘူးလား? ရနိုင်တယ်၊ ဒါ ဘာကြောင့် ရသလဲ? စိတ်ကို လေ့ကျင့်တာပဲ၊ စိတ်ရဲ့စွမ်းအင်တွေကို ထုတ်ပြီးတော့ အသုံးချနေတာပဲ။

ဒီစိတ်ကို မီးဖိုချောင်ထဲမှာပဲ ချာလပတ်လည် အသုံးချလျှင်လည်း ဒီစိတ် ဟာ မီးဖိုချောင်ထဲက ထွက်ဦးမလား? မထွက်ပါဘူးနော်။

ဒီစိတ်ကို လေ့ကျင့်ပေးလိုက်လို့ရှိလျှင် တန်ခိုးအာနိသင် ထက်မလာဘူး လား? ထက်လာမယ်၊ စိတ်စွမ်းအင်ပဲ။

ဒါကြောင့် ဒီစိတ်သည် ခု တရားဟောနေတဲ့ပုဂ္ဂိုလ်မှာလည်း ရှိတယ်။ တရားနာနေတဲ့ပုဂ္ဂိုလ်တွေမှာလည်း ဒီစိတ် မရှိဘူးလား? ရှိတယ်။ ဒီစိတ်ကို တန်ခိုးအာနိသင်ထက်မြက်အောင် လေ့ကျင့်လျှင် ကျင့်လို့မရဘူးလား? ရနိုင် ပါတယ်၊ စွမ်းအားတွေ ရှိတယ်။


အနီရောင်ကသိုဏ်း

ကဲအဝါရောင်ကသိုဏ်းပြီးတော့ အနီရောင်။ အနီရောင်ကသိုဏ်းဆိုလျှင် တော့ အဲဒီ ရှေ့တည့်တည့်ထိုင်နေတဲ့ပုဂ္ဂိုလ်ရဲ့သွေး ဆိုကြပါစို့နော်။

အူတွေ အသည်းတွေဘေးမှာ အိုင်နေတဲ့သွေးတွေလည်း ရှိတတ်ပါတယ်။ နှလုံးအိမ်ရဲ့ အတွင်းမှာ ဝပ်နေတဲ့သွေးလည်း ရှိတတ်ပါတယ်၊ လည်ပတ်နေတဲ့ သွေးပဲ။ ကြိုက်တဲ့သွေးကို လှမ်းပြီးစိုက်ရှုလိုက်ပါ။

စိုက်ပြီးတော့ ဒီသွေးရဲ့ အနီရောင်ကို အာရုံယူပြီးတော့ အနီ အနီလို့ ရှုကြည့်။ သွေးပျောက်ပြီးတော့ အနီရောင်အဝန်းအဝိုင်း ပေါ်လာမယ်။

အဲဒီ အနီရောင် အဝန်းအဝိုင်းမှာလည်း ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်လို့ ကြည်လင်တောက်ပလာပြီဆိုလျှင် အရပ်ဆယ်မျက်နှာတိုင်အောင်ဖြန့်လိုက်။ ဖြန့်ပြီးတဲ့အခါ အဲဒီမှာလည်း ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထ စျာန် ပေါက်အောင် ရှုနိုင်တယ်။

အနီရောင်ကသိုဏ်းမှာလည်း စတုတ္ထစျာန် သမာဓိပေါက်အောင် ရှုလို့ အောင်မြင်မှုရပြီဆိုလျှင် အဖြူရောင်ကသိုဏ်းကိုလည်း ရှေးကပြောခဲ့တဲ့ အတိုင်း ရှေ့တည့်တည့်ယောဂီရဲ့ ဦးခေါင်းခွံအရိုးစုရဲ့ အဖြူရောင်ကို အာရုံ ယူကာ အဖြူရောင်ကသိုဏ်းကို ပြန်ရှုကြည့်ပါ။ စတုတ္ထစျာန်သမာဓိ ဆိုက် အောင် ရှုပါ။ အားလုံးပေါင်းလိုက်တော့ --

၁။ နီလကသိုဏ်း = အညိုရောင်ကသိုဏ်း,

၂။ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း,

၃။ လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း,

၄။ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်း --

ဆိုတဲ့ အရောင်ကသိုဏ်း (၄)မျိုး ဖြစ်ပါတယ်။ ကသိုဏ်း (၄)ခုလုံးမှာ စတုတ္ထစျာန်အထိ ပေါက်ရောက်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အဇ္ဈတ္တ ကောဋ္ဌာသတွေကိုလည်း ရှုကြည့်ပါ။ ဗဟိဒ္ဓ ကောဋ္ဌာသတွေကို လည်း ရှုကြည့်ပါ၊ စတုတ္ထစျာန်ကို ဆိုက်နိုင်သည်သာ ဖြစ်ပါတယ်။သည်းခြေ တို့လို အလွန်သေးငယ်တဲ့ ကသိုဏ်းရုပ်တွေကလည်း စတုတ္ထစျာန်သမာဓိသို့ ပေါက်အောင် ရှုလို့ရနိုင်သည်သာ ဖြစ်ပါတယ်။ တန်ခိုးအာနိသင် ထက်မြက် စူးရှလာသော စိတ်ဓာတ်ရဲ့ စွမ်းအင်တွေ ဖြစ်ပါတယ်။ အောင်မြင်မှုရရှိပါက

  • ၁။ အညိုရောင်ပန်းပွင့်, အညိုရောင်ပိတ်စ, အညိုရောင် ကျောက်တုံးစတဲ့ အညိုရောင် အရာဝတ္ထုတစ်ခုကို အာရုံယူပြီး အညိုရောင်ကသိုဏ်းကို ပုံစံတူပဲ ရှုနိုင်ပါတယ်။
  • ၂။ အဝါရောင်ပန်းပွင့်, အဝါရောင်ပိတ်စ, အဝါရောင် ကျောက်တုံးကျောက်ခဲ စတဲ့ အဝါရောင် အရာဝတ္ထုတစ်ခုကို အာရုံယူပြီး အဝါရောင်ကသိုဏ်း ကိုလည်း ပုံစံတူ ရှုနိုင်ပါတယ်။
  • ၃။ အနီရောင်ပန်းပွင့်, အနီရောင်ပိတ်စ, အနီရောင် ကျောက်တုံးကျောက်ခဲ စတဲ့ အနီရောင် အရာဝတ္ထုတစ်ခုကို အာရုံယူပြီး အနီရောင်ကသိုဏ်းကို ပုံစံတူ ရှုနိုင်ပါတယ်။
  • ၄။ အလားတူပဲ အဖြူရောင် ပန်းတစ်ပွင့်ကိုပဲဖြစ်စေ, အဖြူရောင် ပိတ်စ တစ်ခုကိုပဲ ဖြစ်စေ, စကျင်ကျောက်တို့လို အဖြူရောင် ကျောက်တုံးတစ်ခု ကိုပဲဖြစ်စေ အာရုံယူပြီးတော့လည်း အဖြူရောင်ကသိုဏ်းကို ရှုနိုင်ပါ တယ်။

ဘယ်အညိုရောင်ကိုမဆို ဘယ်အဝါရောင်ကိုမဆို ဘယ်အနီရောင်ကိုမဆို ဘယ်အဖြူရောင်ကိုမဆို အာရုံယူပြီးတော့ ကသိုဏ်းပရိကမ်ကို စီးဖြန်းနိုင် ပါတယ်။ စိတ်ဓာတ်ကို နိုင်နင်းအောင် လေ့ကျင့်ထားတဲ့ သူတော်ကောင်းကို တွေ့တွေ့သမျှ မြင်မြင်သမျှ အရောင်အဆင်းတွေက အာရုံအဖြစ် ရပ်တည် ကာ စတုတ္ထစျာန်သမာဓိကဲ့သို့သော အဆင့်မြင့်မားတဲ့ စိတ်ဓာတ်တွေ ဖြစ် ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိနှင့် ကျေးဇူးပြုနေမည်သာ ဖြစ်ပါတယ်။

ဒီလို သူတော်ကောင်းမျိုးကို အတာကူးတဲ့ လတန်ခူးမှာ ပင်လုံးကျွတ် ပွင့်နေတဲ့ ငုရွှေဝါပန်းတွေကလည်း အဝါရောင်ကသိုဏ်းကို စီးဖြန်းဖို့အတွက် ဆီးကြိုနေကြပါလိမ့်မယ်။ ပင်လုံးကျွတ် ပွင့်နေတဲ့ ပန်းပိတောက်တွေကလည်း အလားတူပဲ ဆီးကြိုနေကြပါလိမ့်မယ်။ ရွှေတိဂုံစေတီတော်တို့လို စေတီတော် တစ်ဆူကလည်း အဝါရောင်ကသိုဏ်းကို စီးဖြန်းနေတဲ့ သူတော်ကောင်းကို အဝါရောင်ကသိုဏ်းစျာန်တွေ ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိနှင့် ကျေးဇူးပြုပေးနိုင်သည်သာ ဖြစ်ပါတယ်။

ပထဝီကသိုဏ်း = မြေကသိုဏ်း

ဒီလို အရောင်ကသိုဏ်းလေးမျိုးကို စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် နိုင်နိုင်နင်းနင်း လေ့ကျင့်ထားပြီးတဲ့ သူတော်ကောင်းဟာ ပထဝီကသိုဏ်းကို ပြောင်းရှုချင်တယ်ဆိုလျှင် သိပ်လွယ်ကူသွားပြီ ဖြစ်ပါတယ်။

ပဌမံ စျာနံ ဒုတိယဿ စျာနဿ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၄၅။)

စသည်ဖြင့် ပဋ္ဌာန်းဒေသနာတော် ပဥှာဝါရ ဥပနိဿယပစ္စည်းပိုင်းမှာ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ရှေးရှေးသော စျာန်တွေက နောက်နောက်သော စျာန်တွေ (အထက်အထက်သော စျာန်တွေ) ဖြစ်ပေါ် လာရေးအတွက် အားကြီးသောမှီရာ ဥပနိဿယ (= ပကတူပနိဿယ) ပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးတဲ့အတွက် မိမိရရှိထားပြီးတဲ့ စျာန်တွေကို အရင် ထူထောင်ပြီးမှ ပထဝီကသိုဏ်းကို ကူးမယ်ဆိုလျှင် ပိုလွယ်ကူပါတယ်။

ပထဝီကသိုဏ်းကို ရှုချင်တဲ့ပုဂ္ဂိုလ် ပြုရမှာက ရှေးဦးစွာ ပကတိညီညာတဲ့ အနီရောင် (= အရုဏ်ရောင်) နည်းနည်းသမ်းနေတဲ့ မြေပေါ်မှာ တစ်ပေ ပတ်လည်ခန့် မြေအဝန်းအဝိုင်းတစ်ခုကို တုတ်တစ်ခုနှင့်ဖြစ်စေ အရာဝတ္ထု တစ်ခုခုနှင့် ဖြစ်စေ စက်ဝိုင်းပုံသဏ္ဌာန် ပြုလုပ်ပါ။ အဝန်းအဝိုင်းအတွင်းမှာ မြက်-သစ်ရွက်-ကျောက်ခဲ-အမှိုက်သရိုက်များ မရှိအောင် ဖယ်ရှားလိုက်ပါ။ အဲဒီ အဝန်းအဝိုင်းအတွင်းမှာ ရှိတဲ့ မြေကို အာရုံယူပြီး ပထဝီကသိုဏ်းကို စတင်စီးဖြန်းရမှာ ဖြစ်တယ်။

ရှေးဦးစွာ မိမိရရှိထားပြီးတဲ့ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကို အာရုံယူကာ စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် သမာဓိကို ပြန်ထူထောင်ပါ။ ပထဝီကသိုဏ်းကို မတ်တတ်ရပ်ကာ ကြည့်ရှုလို့ ရရှိနိုင်တဲ့နေရာမှာ ရပ်တည် ပြီးတော့ မျက်စိမှိတ်ကာ အဖြူကသိုဏ်းလျှင် အာရုံရှိတဲ့ စတုတ္ထစျာန်သမာဓိ ကို ထူထောင်ရန် ဖြစ်ပါတယ်။ အဖြူကသိုဏ်း စတုတ္ထစျာန်မှထကာ မိမိ ပြုပြင်ထားတဲ့ ပထဝီကသိုဏ်းဝန်းကို မျက်လုံးကိုဖွင့်ကာ ခေတ္တစိုက်ကြည့်ကာ ပထဝီ ပထဝီ = မြေ မြေဟု ရှုပါ။

မြေကြီးရဲ့ ကြမ်းတမ်းခက်မာတဲ့ သဘောကိုတော့ နှလုံးမသွင်းပါနှင့်။ ကြမ်းတမ်းခက်မာတဲ့ သဘောကို နှလုံးသွင်းလိုက်လျှင်တော့ သမာဓိဖြစ်လာ တဲ့အခါ ယောဂီရဲ့ တစ်ကိုယ်လုံးဟာ တောင့်တင်းခိုင်မာနေတတ်ပါတယ်။ မခံသာတဲ့အဆင့်ထိသော်လည်း ရောက်သွားတတ်ပါတယ်။

ဒါကြောင့် မြေဆိုတဲ့ ပညတ်ကိုပဲ အာရုံယူကာ ပထဝီ ပထဝီလို့ဖြစ်စေ၊ မြေ မြေလို့ပဲဖြစ်စေ ရှုနေပါ၊ နှလုံးသွင်းနေပါ။ အတန်ကြာလျှင် မျက်စိကို တစ်ဖန်ပြန်မှိတ်ကြည့်ပါ။ မျက်စိမှိတ်လိုက်လို့ မူလမြေကသိုဏ်းဝန်းနှင့် ပုံတူ ကသိုဏ်းဝန်းတစ်ခုကို မိမိရဲ့ အာရုံထဲမှာ တွေ့နေပြီ၊ မှိတ်ထားတဲ့မျက်စိနှင့် ထင်ထင်ရှားရှား မြင်နေပြီဆိုလျှင် အဲဒီ ပုံတူ ကသိုဏ်းဝန်းထဲမှာပဲ မိမိရဲ့ ဘာဝနာစိတ်ကို ကပ်ကာ သမာဓိကို ဆက်လက်ထူထောင်ပါ။

အကယ်၍ ပုံတူကသိုဏ်းဝန်းကို မျက်စိမှိတ်လိုက်တဲ့အခါ မမြင်ဘူးဆိုလျှင် မျက်လုံးကိုဖွင့်ကာ တစ်ဖန်ပြန်ပြီးတော့ အာရုံယူကြည့်ပါ။ ဒီလို ဖွင့်တုံမှိတ်တုံ ပြုကာ နိမိတ်ကို ယူခဲ့လျှင်တော့ အောင်မြင်မှုကို ရရှိနိုင်ပါတယ်။ မိမိရဲ့ မှိတ်ထားတဲ့မျက်စိနှင့် မြင်နေရတဲ့ ပထဝီကသိုဏ်းနိမိတ်က ခိုင်ခံ့လာပြီဆိုလျှင် မိမိတရားထိုင်နေကျ နေရာကိုသွားကာ ပထဝီကသိုဏ်းကို ရှုနိုင်ပြီ ဖြစ်ပါ တယ်။

မိမိထိုင်နေကျနေရာမှာ ထိုင်ပြီးတော့ ဩဒါတကသိုဏ်း (= အဖြူရောင် ကသိုဏ်း) ကို အာရုံယူကာ စတုတ္ထစျာန်ပေါက်အောင် ပြန်ပြီး သမာဓိကို ထူထောင်ပါ။ စတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည် အကူအညီနှင့် မူလမြေကသိုဏ်းဝန်းကို ပြန်အာရုံယူကြည့်ပါ။ ပုံတူကသိုဏ်း ဝန်းကို ဉာဏ်ထဲမှာ တွေ့မြင်လာတဲ့အခါ အဲဒီကသိုဏ်းဝန်းမှာ ဘာဝနာ စိတ်ကို ကပ်ထားကာ သမာဓိကို ဆက်လက်ထူထောင်ပါ။

ပထဝီကသိုဏ်းဝန်းက ကြည်လင်တောက်ပလာတဲ့အခါ ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့တိုင်အောင် အဆုံးအစမရှိအောင် အနန္တစကြဝဠာသို့ တိုင်အောင် ဖြန့်ကြက်ပါ။ ကသိုဏ်းဝန်းကို ဖြန့်ကြက်ပြီးတဲ့အခါ ကသိုဏ်းဝန်း ရဲ့ တစ်နေရာမှာ အာရုံစိုက်ပြီး ပထဝီ ပထဝီလို့ ရှုကာ သမာဓိကို ထူထောင် ပါ။ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန် သမာဓိများကို အစဉ်အတိုင်း ပွားများအားထုတ်ပါ။


အာပေါကသိုဏ်း = ရေကသိုဏ်း

ခုလို အခြားကသိုဏ်းတွေမှာ စတုတ္ထစျာန် သမာဓိသို့ဆိုက်အောင် သမာဓိ ထူထောင်ထားနိုင်တဲ့ ယောဂီပုဂ္ဂိုလ်အဖို့ အိုးခွက်အတွင်းမှာ တည်ရှိနေတဲ့ရေ, ချောင်းထဲ မြစ်ထဲ ရေတွင်းထဲမှာ တည်ရှိနေတဲ့ရေ - ဒီရေအားလုံးထဲက တစ်ခုခုကို အာရုံယူကာ အာပေါကသိုဏ်း (= ရေကသိုဏ်း)ကို ပွားများက ရရှိနိုင်ပါတယ်။

ဟတ္ထိပါလဇာတ်တော်မှာ (ဇာတက၊ဋ္ဌ၊၄၊၄၈၃။) ဟတ္ထိပါလသတို့သားဟာ တောထွက်သွားတော်မူခဲ့စဉ်က ဂင်္ဂါမြစ်ကမ်းပါးသို့ ဆိုက်ရောက်တဲ့အခါ ဂင်္ဂါမြစ်ရေကိုကြည့်ပြီး အာပေါကသိုဏ်းကို စီးဖြန်းနိုင်တဲ့အတွက် စျာန်တွေကို ရရှိကြောင်းကို ဖော်ပြထားပါတယ်။

ရေတွင်းထဲမှာရှိတဲ့ရေကို နိမိတ်ယူကာ အာပေါကသိုဏ်းကို ပွားလိုက ပွားပါ။ ဒါမှမဟုတ် သပိတ်ထဲမှာ သို့မဟုတ် သင့်တော်မည့် အနည်းဆုံး တစ်ပေပတ်လည်လောက်ရှိတဲ့ ခွက်ထဲမှာ ရေထည့်ပြီးတော့ အဲဒီရေကို နိမိတ် ယူကာ အာပေါကသိုဏ်းကို စီးဖြန်းပါ။

ဒီလို စီးဖြန်းတဲ့အပိုင်းမှာ ပထဝီကသိုဏ်းတုန်းက ပြောခဲ့သလိုပဲ ရှေးဦးစွာ ဩဒါတကသိုဏ်းဖြင့် စတုတ္ထစျာန်သမာဓိအဆင့်အထိ သမာဓိကို ထူထောင် ပြီးမှ ခုပြောခဲ့တဲ့ ရေကို အာပေါကသိုဏ်းနိမိတ်အဖြစ် ယူကာ ဥဒကံ-ဥဒကံလို့ဖြစ်စေ, ရေ-ရေလို့ဖြစ်စေ စီးဖြန်းပါ။ မျက်စိကို ဖွင့်တုံမှိတ်တုံ ပြုလုပ်ကာ အာပေါကသိုဏ်းနိမိတ်ကို ယူကြည့်ပါ။ နိမိတ်ကို ယူလို့ရရှိခဲ့လျှင် ပထဝီကသိုဏ်းတုန်းက ပြောခဲ့သလိုပဲ မိမိတရားထိုင်နေကျ နေရာကို သွား ပြီးတော့ အာပေါကသိုဏ်းကို စီးဖြန်းနိုင်ပါတယ်။ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ပွားများပါ။ ဒီလို အာပေါကသိုဏ်းကို စီးဖြန်းတဲ့အပိုင်း မှာ ရေရဲ့ အေးမြတဲ့ သဘောလက္ခဏာကို နှလုံးမသွင်းပါနှင့်၊ အကယ်၍ အေးမြတဲ့သဘာဝကို နှလုံးသွင်းကာ ရေကသိုဏ်းကို စီးဖြန်းခဲ့လျှင် သမာဓိက ရင့်ကျက် တိုးတက်လာတဲ့အခါ တစ်ကိုယ်လုံးမှာ အအေးဓာတ်တွေ ဝင်လာ ကာ ချမ်းတုန်လာတတ်ပါတယ်။


တေဇောကသိုဏ်း = မီးကသိုဏ်း

နောက်ကသိုဏ်းတစ်ခုကတော့ တေဇောကသိုဏ်း (= မီးကသိုဏ်း) ဖြစ်ပါ တယ်။ ခုလို သမာဓိအရှိန်အဝါရနေတဲ့ သူတော်ကောင်းအဖို့ မီးတောက်မီးလျှံ တစ်ခုခုကို အာရုံယူကာ တေဇောကသိုဏ်းကို စီးဖြန်းလိုက်ပါကလည်း ရနိုင်တဲ့ သဘော ရှိပါတယ်။ အရင်တုန်းက တောမီးလောင်တာကို မြင်ခဲ့ဖူးလျှင်လည်း သို့မဟုတ် အိမ်တစ်အိမ်ကို သို့မဟုတ် အမှိုက်ပုံတစ်ပုံကို မီးလောင်တာကို မြင်ထားဖူးလျှင်လည်း အဲဒီ မိမိတွေ့ကြုံခဲ့ဖူးတဲ့ မြင်ခဲ့ဖူးတဲ့ မီးတောက်မီးလျှံကို အာရုံယူကာ ရှုလျှင်လည်း ရရှိနိုင်ပါတယ်။ အခက်အခဲရှိပါက ဇလုံပေါက် ကဲ့သို့သော အဝန်းအဝိုင်းရှိတဲ့ အပေါက်တစ်ခုကို ယူဆောင်ပြီး မီးဖိုချောင်မှာ ထမင်းချက်နေတဲ့ မီးပုံရှိရာသို့ သွားပါ။ မီးဘက်ကို အဝန်းအဝိုင်းထားကာ အဲဒီဇလုံပေါက်မှ ထိုးဖောက်ပြီး မြင်ရတဲ့မီးကို အာရုံနိမိတ်ရအောင် ယူပါ။

ရှေ့ပထဝီကသိုဏ်းတုန်းက ပြောခဲ့သလိုပဲ ဘယ်မီးပုံကိုမဆို အာရုံနိမိတ် မယူခင်မှာ သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးတော့မှ နိမိတ်ကို ရအောင် ယူပါ။ မီးကသိုဏ်းနိမိတ်မှာ မျက်စိကို ဖွင့်တုံမှိတ်တုံ ပြုလုပ်ကာ နိမိတ်ကို ယူလို့ရခဲ့လျှင် မိမိတရားထိုင်နေကျ နေရာကိုသွားကာ ပုံစံတူပဲ စီးဖြန်းနိုင် ပါတယ်။ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်အထိ အစဉ်အတိုင်း ပွားများပါ။ ဒီ မီးကသိုဏ်းကို စီးဖြန်းတဲ့နေရာမှာလည်း မီးရဲ့ ပူတဲ့သဘောကို နှလုံးမသွင်း ပါနှင့်။ အကယ်၍ ပူတဲ့သဘောကို နှလုံးသွင်းကာ စီးဖြန်းခဲ့မယ်ဆိုလျှင် သမာဓိ တော်တော်ဖြစ်လာတဲ့အခါမှာ မခံမရပ်နိုင်အောင် ကိုယ်မှာ ပူလာ တတ်ပါတယ်။


ဝါယောကသိုဏ်း = လေကသိုဏ်း

နောက်ကသိုဏ်းတစ်ခုကတော့ ဝါယောကသိုဏ်း (= လေ-ကသိုဏ်း) ဖြစ်ပါတယ်။ လေ-ကသိုဏ်းကို ပွားချင်တဲ့ ပုဂ္ဂိုလ်က တရားထိုင်တဲ့အခါမှာ မိမိရဲ့ ပါးပြင်ကို လာတိုးနေတဲ့ လေ-ကို အာရုံယူကာ လေ-ကသိုဏ်းကို စတင်စီးဖြန်းလည်း ရနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဩဒါတကသိုဏ်းလမ်းမှ စတုတ္ထစျာန်သမာဓိဆိုက်အောင် သမာဓိကို ထူထောင်ပြီးတဲ့အခါ အဲဒီ စတုတ္ထ စျာန်သမာဓိရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ အလင်းရောင် အကူအညီကို ယူကာ သစ်ပင်တွေ သစ်ခက်သစ်ရွက်တွေကို လှုပ်ရှားအောင် တိုက်ခတ်နေတဲ့ လေ-ဆိုတဲ့ ပညတ်ကို အာရုံယူကြည့်ပါ။

ဒီလို အာရုံယူတဲ့အပိုင်းမှာ လေနိမိတ်ကို စတွေ့စမှာ နွားနို့ကို ကျိုချက် လိုက်တဲ့အခါ အိုးဝမှထွက်ပေါ်လာတဲ့ အခိုးအငွေ့ကဲ့သို့သော လေနိမိတ်ကို စတင်တွေ့တတ်ပါတယ်။ အဲဒီလေ-နိမိတ်ကိုပဲ အာရုံယူကာ ဝါယောကသိုဏ်း ကို ဆက်လက်စီးဖြန်းပါ။ ကြည်လင်တောက်ပလာတဲ့အခါ ကသိုဏ်းနိမိတ်ကို ဖြန့်ကြက်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်အထိ ဆက်လက်ပြီး သမာဓိ ကို ထူထောင်ပါ။

ဒီဝါယောကသိုဏ်းကို စီးဖြန်းတဲ့အပိုင်းမှာလည်း လေ-ဆိုတဲ့ပညတ်ကိုသာ အာရုံယူပြီး စီးဖြန်းပါ။ ဒီလေရဲ့ တွန်းကန်-ထောက်ကန်နေတဲ့သဘောကို အာရုံယူပြီး မစီးဖြန်းပါနှင့်။ တွန်းကန်တဲ့သဘောကို အာရုံယူပြီး စီးဖြန်းနေ ခဲ့လျှင် သမာဓိအားကောင်းလာတဲ့အခါ တစ်ကိုယ်လုံးမှာ တုန်လှုပ်နေတတ် ပါတယ်။


အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း

အားလုံးပေါင်းလိုက်လျှင် ပထဝီကသိုဏ်း, အာပေါကသိုဏ်း, တေဇော ကသိုဏ်း, ဝါယောကသိုဏ်း, နီလကသိုဏ်း, ပီတကသိုဏ်း, လောဟိတ ကသိုဏ်း, ဩဒါတကသိုဏ်း - ပေါင်း ကသိုဏ်း (၈)ပါး ပြီးသွားပြီ။ ဒီကသိုဏ်း (၈)ပါးကို ခုပြောခဲ့တဲ့ အစဉ်အတိုင်း ထပ်ကာထပ်ကာ ကသိုဏ်းတိုင်းမှာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် အစဉ်အတိုင်း ပွားများထားပါ။ အောင် မြင်မှု ရရှိပါက အာလောက-ကသိုဏ်းကို ဆက်ပွားပါ။

အာလောကကသိုဏ်းကို မပွားမီ ဩဒါတကသိုဏ်းကို အာရုံယူ၍ဖြစ်စေ, အခြားကသိုဏ်း တစ်ခုခုကို အာရုံယူ၍ဖြစ်စေ စတုတ္ထစျာန် သမာဓိကို ဆိုက် သည်အထိ အစဉ်အတိုင်း သမာဓိကိုထူထောင်ပါ။ အဲဒီစတုတ္ထစျာန်မှ ထတဲ့ အခါ မီးချောင်းတို့လို မီးသီးတို့လို မီးကြောင့်ဖြစ်ပေါ်လာတဲ့ အလင်းရောင်ကို ဖြစ်စေ, နေရောင် လရောင်ကိုပဲဖြစ်စေ မျက်စိဖွင့်ကာ ကြည့်လျက် နိမိတ် ယူနိုင်ပါတယ်။ အားထုတ်စ ပုဂ္ဂိုလ်များအတွက်ကတော့ နံနက် (၇)နာရီ (၈)နာရီဝန်းကျင်လောက်မှာ သစ်ပင်ကြားမှာတွေ့နိုင်တဲ့ နေရောင်ကို လှမ်းပြီး အာရုံယူကာ ရှုနိုင်လျှင် ပိုကောင်းပါတယ်။

အဲဒီ အလင်းရောင်နိမိတ်ကို အာရုံယူလို့ ရပြီဆိုလျှင် မိမိတရားထိုင်နေကျ နေရာမှာ ပြန်ပြီးတရားထိုင်ကာ ခုပြောခဲ့တဲ့ အလင်းရောင်နိမိတ်ကိုပဲ ပြန်ပြီး အာရုံယူကာ အာလောကကသိုဏ်းကို စီးဖြန်းပါ။ ကသိုဏ်းဝန်းက ကြည်လင် တောက်ပလာတဲ့အခါ ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့တိုင်အောင် ဖြန့်ကြက်ကာ အစဉ်အတိုင်း စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများပါ။


အာကာသကသိုဏ်း = ကောင်းကင်ကသိုဏ်း

နောက်ကသိုဏ်းတစ်ခုကတော့ အာကာသကသိုဏ်း ဖြစ်ပါတယ်။ (၁၀) လက်မ ပတ်ဝန်းကျင်လောက်ရှိတဲ့ ဇလုံပေါက်တစ်ခုကိုဖြစ်စေ, သစ်သားပြား တစ်ခုကို ဖောက်ထားတဲ့ အပေါက်တစ်ခုကိုဖြစ်စေ, ကတ်ထူ စက္ကူချပ်ကို ဖောက်ထားတဲ့ အပေါက်တစ်ခုကိုဖြစ်စေ, သပိတ်ခြေခွေကိုပဲဖြစ်စေ မိုးသား တိမ်တိုက်တို့ ကင်းရှင်းတဲ့ သစ်ပင်-သစ်ခက်စတဲ့အရှုပ်အထွေးတွေ ကင်းရှင်း တဲ့ ကြည်လင်တဲ့ကောင်းကင်ဘက်ကို လက်တစ်ဖက်ဖြင့် မြှောက်ချီကာ အဲဒီ အဝန်းအဝိုင်းအတွင်းမှာရှိတဲ့ အာကာသ (= အကြားအပေါက် = ဟင်းလင်း ပြင်) ကို အာရုံနိမိတ် ယူကြည့်ပါ။

မိမိကိုင်ထားတဲ့ သပိတ်ခွေ, သစ်သားပေါက် သို့မဟုတ် ဇလုံပေါက်တို့ကို ထိုးဖောက်ကာ ခပ်ဝေးဝေး ခပ်လှမ်းလှမ်းသို့ လှမ်းမကြည့်ပါနှင့်။ အကယ်၍ ထိုအပေါက်ကနေ ထိုးဖောက်ကြည့်လိုက်ရာ သစ်ရွက်သစ်ခက်စတဲ့ အရာ ဝတ္ထုတစ်ခုခုကို တွေ့နေရလျှင် နိမိတ်ယူတဲ့အခါ ထိုအရိပ်များ လာထင်နေ တတ်ပါတယ်။ ဒါကြောင့် မိမိလက်နှင့် ကိုင်မြှောက်ထားတဲ့ အာကာသအဝန်း အဝိုင်းရဲ့တည့်တည့် လဟာပြင်မှာ ဘာအရာဝတ္ထုမျှ မရှိဘဲ ရှင်းနေတာက တော့ ပိုကောင်းပါတယ်။ အဝန်းအဝိုင်းအတွင်း အာကာသကိုသာ နိမိတ် ယူပါ။

အကယ်၍ နိမိတ်ယူရတာ အခက်အခဲရှိနေလျှင်တော့ ကသိုဏ်းတစ်ခုခု ကို အာရုံယူကာ စတုတ္ထစျာန်သို့ ဆိုက်သည့်တိုင်အောင် သမာဓိကို ပြန် ထူထောင်ပါ။ အဲဒီစျာန်မှထကာ တစ်ဖန် အာကာသနိမိတ်ကို အလားတူပဲ ပြန်ယူကြည့်ပါ။ အောင်မြင်မှုကို ရရှိပါက မိမိတရားထိုင်နေကျ နေရာမှာ ပြန်ပြီးတော့ ရှုပွားနိုင်ပါတယ်။ ဒီအာကာသနိမိတ်ကို ပြန်အာရုံယူလို့ ရရှိလျှင် တော့ ဒီနိမိတ်ကို အရပ် (၁၀)မျက်နှာသို့ ဖြန့်ပါ။ အနန္တစကြဝဠာအထိ ဖြန့်ကြက်ကြည့်ပါ။ ကသိုဏ်းကို ဖြန့်ကြက်ပြီးတဲ့အခါ ကသိုဏ်းရဲ့ တစ်နေရာ မှာ ဘာဝနာစိတ်ကို ကပ်ကာ စတုတ္ထစျာန်သမာဓိသို့ဆိုက်သည်အထိ အစဉ် အတိုင်း စီးဖြန်းပါ။

အားလုံး ကသိုဏ်း (၁၀)ပါး စုံညီသွားပါပြီ။ ဒီကသိုဏ်းတွေ ပွားများတဲ့ အပိုင်းမှာ ဝသီဘော်တွေကို စျာန်တိုင်းမှာ နိုင်နင်းအောင် လေ့ကျင့်ဖို့တော့ လိုပါတယ်။ အဲဒီလို ကသိုဏ်း (၁၀)ပါးကို လေ့ကျင့်လို့ စတုတ္ထစျာန်သမာဓိ ဆိုက်သည်အထိ ကသိုဏ်းတိုင်းမှာ ပေါက်မြောက်ပြီဆိုလျှင်တော့ ဒီယောဂီ ပုဂ္ဂိုလ်ဟာ ဘာကို ဆက်ပြီးပွားများရမလဲ? အရူပစျာန်တွေကို ဆက်ပြီးပွားများ လို့ ရနိုင်ပါပြီ။


အာကာသာနဉ္စာယတနစျာန်

ဒီသုတ္တန်မှာကတော့ .. စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက စျာန် သမာပတ်တွေကို အခြေခံပြီး နိရောဓသမာပတ် ဝင်စားနိုင်တဲ့အဆင့်အထိ ကြိုးပမ်းထားတော့ ဘုန်းကြီး ဒီည အရူပစျာန်အကြောင်းကို နည်းနည်း ဟောပေးမယ်နော်။

အဲဒီတော့ - အဖြူကသိုဏ်းကပဲ ဟောကြရအောင်။ ဒီတော့ ဒီအဖြူ ကသိုဏ်းကို စတုတ္ထစျာန်အထိ သမာဓိဆိုက်အောင် ပွားပြီးပြီဆိုလျှင်တော့ ထိုပုဂ္ဂိုလ်က အရူပစျာန်အထိ တက်မယ်ဆိုလျှင် တက်လို့ရတယ်။ ဘယ်လို တက်မလဲလို့မေးလျှင်တော့ ရုပ်ကို ရွံရှာစက်ဆုပ်တဲ့ စိတ်ထား ရှိဖို့တော့ လိုတယ်။

ဒီနေ့ ကြည့်ပေါ့။ လူတွေ တစ်ယောက်နှင့် တစ်ယောက် သတ်ကြတယ် ဖြတ်ကြတယ်။ ဘာဖြစ်လို့လဲ? ဒီရုပ်တရား ရှိနေကြလို့ပဲ။

တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်ကြတယ် ဆဲကြတယ် ကြိမ်းကြတယ် မောင်းကြတယ်။ ဘာဖြစ်လို့လဲ? ဒီရုပ်တရား ထင်ရှားရှိနေလို့။

မျက်စိရောဂါ ဖြစ်ကြတယ်၊ နားရောဂါ ဖြစ်ကြတယ်၊ နှာခေါင်းရောဂါ ဖြစ်ကြတယ်၊ အနာရောဂါ အမျိုးမျိုးတွေ ဖြစ်ကြတယ်။ ဘာဖြစ်လို့လဲ? ဒီ ရုပ်တရား ထင်ရှားရှိနေလို့ပဲ။

အကယ်၍ ဒီရုပ်တရား ထင်ရှားသာ မရှိခဲ့ဘူးဆိုလျှင် ဒီရောဂါအမျိုးမျိုး တွေ ဖြစ်မလား? မဖြစ်တော့ဘူး။ ဒီလို တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်မှုတွေ ခိုက်ရန်ဒေါသဖြစ်မှုတွေ ရှိဦးမလား? မရှိတော့ဘူး။

ဒီရုပ်တရားကြီး ထင်ရှားရှိနေလို့ အရိုက်ခံနေကြရတာ၊ ဒီရုပ်တရားကြီး သာ ထင်ရှားမရှိခဲ့လျှင် ဒီဒုက္ခတွေက လွတ်မယ်ဆိုပြီးတော့ ဒီရုပ်တရားကို ရွံရှာစက်ဆုပ်တဲ့ စိတ်ထားနှင့် အဖြူကသိုဏ်းဝန်းမှာ အာကာသကို တစ်ဖန် မြင်အောင်ရှုပြီး အဲဒီအာကာသမှာ သမာဓိကို ထူထောင်ရမှာဖြစ်တယ်။

ရုပ်တရားကို ရွံရှာစက်ဆုပ်တဲ့စိတ်ထားနှင့် ရှုတဲ့ဘာဝနာကို ရူပဝိရာဂ ဘာဝနာ - လို့ ခေါ်ပါတယ်။ အဲဒီစိတ်ထားဖြင့် အရူပစျာန်တွေကို ကူးရမှာ ဖြစ်ပါတယ်။

ခုနက အဖြူကသိုဏ်းပဲ ဆိုကြပါစို့။ အရပ်ဆယ်မျက်နှာ ဖြန့်ပြီးတော့ စတုတ္ထစျာန်သမာဓိ ဆိုက်အောင် သမာဓိထူထောင်ရတယ်။ ထူထောင်ပြီးတဲ့ အချိန်အခါမှာ ဒီ အရပ်ဆယ်မျက်နှာ ပြန့်နေတဲ့ အဖြူကသိုဏ်းကိုလည်း အနန္တစကြဝဠာသို့ တိုင်အောင် ထပ်ပြီး ဖြန့်ကြက်ပေးရတယ်။ အဲဒီလို ဖြန့်ကြက်ထားတဲ့ကသိုဏ်းကိုလည်း ရုပ်တရားလို့ပဲ သူက နှလုံးသွင်းထား တယ်။ ရုပ်အစစ်တော့ မဟုတ်ဘူးနော်။

မူလပြည်တည်ထားတဲ့ အရိုးဆိုကြစို့။ အဲဒီအရိုးဦးခေါင်းခွံကို ပြည်တည် ထားတော့ အဲဒီခေါင်းခွံမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို စိုက်ရှုလျှင် ကလာပ် အမှုန်ပဲ တွေ့မယ်။

ဒီကလာပ်အမှုန်တွေကို ဓာတ်ခွဲလျှင် အသက်ရှင်နေတဲ့ခေါင်းခွံ ဖြစ်ခဲ့လျှင် ရုပ်တရား (၄၄)မျိုး ရှိပါတယ်။ အဲဒါကတော့ ဆရာသမားနှင့် ချဉ်းကပ် လေ့လာပေတော့၊ အဲဒါတွေက ပရမတ်တရားအစစ်တွေပဲ။

ဒါပေမဲ့ ဒီခေါင်းခွံကနေပြီးတော့မှတစ်ဆင့် အရပ်ဆယ်မျက်နှာပြန့်အောင် ဖြန့်လိုက်တဲ့ အဖြူကသိုဏ်းဝန်းကျတော့ ရုပ်အစစ်တော့ မဟုတ်ဘူး။

ဒါပေမဲ့ မူလပြည်တည်ထားတဲ့ ခေါင်းခွံက ရုပ်တရားအစစ်ဖြစ်နေတော့ ရုပ်တရားကနေ ပေါက်ဖွားလာနေတဲ့ ကသိုဏ်းဝန်းကိုလည်း ရုပ်လို့ပဲ သူက ယူဆထားတယ်။

အဲဒီလိုယူဆပြီးတော့ ဒီရုပ်တရားကို ရွံရှာစက်ဆုပ်တဲ့စိတ်ထား အလိုမရှိ တဲ့စိတ်ထားဖြင့် (အဲဒီအဖြူကသိုဏ်းဝန်းကို စတုတ္ထစျာန်သမာဓိ ဆိုက်အောင် နှလုံးသွင်းပြီးတဲ့အချိန်အခါမှာ စတုတ္ထစျာန်သမာဓိမှ အထ) ဒီအဖြူကို အာရုံ မယူဘဲ အာကာသကို တစ်ဖက်သတ် အာရုံယူရတယ်။ အာကာသကို တစ် ဖက်သတ် အာရုံယူပြီးတော့ ရှုလိုက်လျှင်လည်း အဲဒီအချိန်အခါမှာ အာကာသ ပေါ်လာတတ်တယ်။

မပေါ်ဘူးဆိုလျှင်တော့ တချို့ယောဂီတွေကို ဘုန်းကြီးသင်ပေးတဲ့စနစ်က တော့ ဒီကသိုဏ်းရဲ့ အလယ်ခေါင်လောက်မှာ အာကာသ ခေါ်တဲ့ အကြား အပေါက် ရှိတယ်လို့ အာရုံယူပြီးတော့ လင်းရောင်ခြည်စွမ်းအင်နှင့် ထိုးပြီး အစိုက်ခိုင်းရတယ်။

ဘာကို မှီးသလဲလို့ မေးလျှင်တော့ ဘုန်းကြီးတို့ ရုပ်ကမ္မဋ္ဌာန်းရှုကွက်မှာ ဘုရားရှင်သည် အာကာသဓာတ်ကို ရှုဖို့ရန်အတွက် မဟာရာဟုလောဝါဒ သုတ္တန်, ဓာတုဝိဘင်္ဂသုတ္တန် စတဲ့သုတ္တန်တွေမှာ ညွှန်ကြားထားပါတယ်။ အဲဒီ နည်းစနစ်ကို မှီးတာပါပဲ။

ခု ပကတိသော ဘုန်းကြီးတို့လက်ကို ကြည့်လိုက်၊ တစ်ဆက်တည်းလို့ ထင်ရတယ်။ ဒါပေမဲ့ သေသေချာချာ ကြည့်လိုက်မယ်ဆိုလျှင် မွေးညင်းပေါက် ကလေးတွေ မရှိဘူးလား? ရှိနေတယ်၊ ဒါ အာကာသပဲ။

အဲဒီပုံစံလိုပဲ ဒီကသိုဏ်းဝန်းရဲ့အလယ်မှာ ဒီအာကာသ ရှိလေရဲ့လို့ အာရုံ ယူပြီးတော့ ထိုးစိုက်လိုက်ခဲ့လျှင် အာကာသ အကြားအပေါက်ကလေးတွေ ပေါ်လာတယ်။

အဲဒီလိုပေါ်လာတဲ့အချိန်အခါမှာ အဖြူကို တစ်ဖက်သတ် နှလုံးမသွင်းဘဲ အာကာသကိုသာ အာကာသ အာကာသ လို့ တစ်ဖက်သတ် နှလုံးသွင်း လိုက်လျှင် တဖြည်းဖြည်း အာကာသက ကျယ်ပြန့်လာတယ်။ တဖြည်းဖြည်း လည်း ချဲ့ပြီးတော့ နှလုံးသွင်းရတယ်။

အဲဒီလို အာကာသကို တစ်ဖက်သတ် နှလုံးသွင်းလိုက်လို့ အာကာသ ကျယ်ပြန့်လာသည်နှင့် တစ်ပြိုင်နက်တည်း အဖြူကသိုဏ်းဝန်းက တဖြည်း ဖြည်း ပျောက်သွားတယ်။ ပျောက်သွားပြီးတဲ့နောက် အရပ်ဆယ်မျက်နှာ အကုန်လုံး အာကာသဖြင့် လွှမ်းခြုံသွားပြီ၊ လွှမ်းခြုံသွားတဲ့အချိန်အခါမှာ အဲဒီ အာကာသကို အနန္တစကြဝဠာသို့တိုင်အောင် အဆုံးအစ မရှိအောင် ထပ်ပြီး ဖြန့်ရတယ်။

အဲဒီလို အနန္တစကြဝဠာသို့တိုင်အောင် ပြန့်နေတဲ့ အဆုံးအစမရှိတဲ့ အာကာသကို အာရုံယူပြီးတော့ အာကာသ အာကာသလို့ဖြစ်စေ အနန္တ အာကာသလို့ပဲဖြစ်စေ နှလုံးသွင်းနေရတယ်။

အဲဒီလို နှလုံးသွင်းလိုက်လို့ရှိလျှင် ဒီအာကာသခေါ်တဲ့ ကောင်းကင်ပညတ် မှာ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားလိမ့်မယ်။ ဒီအာကာသ မှာ ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေတဲ့စိတ်ကိုတော့ အာကာသလျှင် တည်ရာအာရုံ ရှိနေတဲ့အတွက် အာကာသာနဉ္စာယတနစျာန်စိတ်လို့ ခေါ်ပါတယ်။

အဲဒီစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင်တော့ လေ့ကျင့် ရပါတယ်။ လေ့ကျင့်လို့ အောင်မြင်ပြီ ဆိုလို့ရှိလျှင်တော့ ထိုပုဂ္ဂိုလ်က ရှေ့ တစ်ဆင့်တက်ပြီး ဝိညာဏဉ္စာယတနစျာန်ကို ကူးချင်တယ် ဆိုလို့ရှိလျှင် ဘာလုပ်ရမလဲ?


ဝိညာဏဉ္စာယတနစျာန်

အာကာသာနဉ္စာယတနစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ ကျင့်ပြီးတဲ့အချိန်အခါမှာ အာကာသလျှင် တည်ရာအာရုံရှိနေတဲ့ ဒီ အာကာသာနဉ္စာယတနစျာန်စိတ်ကလေးကို အရှုခံအာရုံအဖြစ်နှင့် တစ်ဖန်ပြန်ထား ရတယ်။ ဒီအာကာသာနဉ္စာယတနစျာန်စိတ်ကလေးကို အရှုခံအာရုံအဖြစ်နှင့် တစ်ဖန်ပြန်ထားပြီးတော့ ဝိညာဏံ ဝိညာဏံလို့ဖြစ်စေ သို့မဟုတ် အနန္တံ ဝိညာဏံ, အနန္တံ ဝိညာဏံလို့ပဲဖြစ်စေ ရှုနေရတယ်။

အဆုံးအစမရှိတဲ့ အနန္တအာကာသကို အာရုံယူနေတဲ့ ဝိညာဏ်စိတ်ဖြစ်လို့ ဒီဝိညာဏ်ကို အနန္တံ ဝိညာဏံလို့ ခေါ်ဆိုခြင်း ဖြစ်တယ်။

အရှုခံက ဒီအာကာသာနဉ္စာယတနစျာန်စိတ်ဖြစ်သွားပြီ။ အဲဒီလိုရှုလိုက် လို့ရှိလျှင် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်လို့ခေါ်တဲ့ ဒီဝိညာဏ်လျှင် တည်ရာအာရုံရှိနေတဲ့ အဲဒီအာကာသာနဉ္စာယတနဝိညာဏ်အာရုံမှာ ငြိမ်ဝပ် စွာ ကပ်ပြီးတည်နေတဲ့ ရှုနေတဲ့ နောက်ထပ်စိတ်တစ်မျိုး ပေါ်လာတယ်။ အဲဒီစိတ်ကိုတော့ ဝိညာဏဉ္စာယတနစျာန်စိတ် (= အာကာသာနဉ္စာယတန စျာန်ဝိညာဏ်လျှင် တည်ရာအာရုံရှိနေတဲ့ စျာန်စိတ်) လို့ ခေါ်ပါတယ်။

အဲဒီ အာကာသာနဉ္စာယတနစျာန်ဝိညာဏ်လျှင် တည်ရာအာရုံ ရှိနေတဲ့ ဒီ ဝိညာဏဉ္စာယတနစျာန်စိတ် ပေါ်လာပြီ ဆိုလို့ရှိလျှင်လည်း အဲဒီ ဝိညာဏဉ္စာယတနစျာန်စိတ်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင်တော့ လေ့ကျင့် ရတယ်။ ဒီနေရာမှာ အရှုခံအာရုံတရားကလည်း စိတ်ပဲ၊ ရှုတတ်တဲ့တရားက လည်း စိတ်ပဲ ဖြစ်တယ်။ အရှုခံအာရုံစိတ်က အာကာသာနဉ္စာယတနစျာန် စိတ်, ရှုတတ်တဲ့စိတ်က ဝိညာဏဉ္စာယတနစျာန်စိတ်တို့ ဖြစ်ကြတယ်။


အာကိဉ္စညာယတနစျာန်

လေ့ကျင့်လို့ အောင်မြင်မှုရပြီဆိုလျှင် ထိုပုဂ္ဂိုလ်ဟာ ရှေ့တစ်ဆင့်တက်ကာ အာကိဉ္စညာယတနစျာန်ကို ကူးနိုင်တယ်။

အာကိဉ္စညာယတနစျာန်ကို ဘယ်လိုကူးမလဲလို့မေးတော့ အသိစိတ်တို့ မည်သည် ရုပ်နှင့် မတူဘူး၊ ရုပ်တို့မည်သည်မှာ တစ်ချိန်တည်းမှာ ပြိုင်တူ ဖြစ်နိုင်တဲ့စွမ်းအားတွေ ရှိတယ်။ ဖြစ်တဲ့ရုပ်က ဖြစ်တယ်။ ပျက်တဲ့ရုပ်က ပျက် တယ်။ သက်တမ်းမကုန်လို့ ဆက်လက်ဖြစ်နေတဲ့ ရုပ်တွေလည်း ရှိတယ်၊ ဌီကာလမှာ ရောက်နေဆဲ ရုပ်တွေပဲ။ ဒါပေမဲ့ နာမ်လောကကျတော့ ဒီလို ပုံစံ မဟုတ်ဘူး။

နာမ်တရားတို့မည်သည် စိတ္တက္ခဏတစ်ခုအတွင်းမှာ တစ်မျိုးသာဖြစ်တယ်၊ နှစ်ခု ပြိုင်တူဖြစ်ရိုးဓမ္မတာ မရှိဘူး။ အသိစိတ် တစ်လုံး, ဖဿ တစ်လုံး, ဝေဒနာ တစ်လုံး, သညာ တစ်လုံး စသည်ဖြင့် ဒီလို စိတ်-စေတသိက်တွေဟာ တစ်မျိုး စီသာ ဖြစ်တယ်။ စိတ္တက္ခဏတစ်ခုအတွင်းမှာ အသိစိတ် နှစ်မျိုး, ဖဿ နှစ်မျိုး, ဝေဒနာ နှစ်မျိုး စသည်ဖြင့် နှစ်မျိုးပြိုင်တူ ဖြစ်ရိုးဓမ္မတာ မရှိကြဘူး။

ဒီလိုမရှိတဲ့အတွက် ခုနကပြောခဲ့တဲ့ ဝိညာဏဉ္စာယတနစျာန်စိတ်ရဲ့ အရှုခံ အာရုံက အာကာသာနဉ္စာယတနစျာန်ဝိညာဏ် ဖြစ်တယ်။ အာကာသာနဉ္စာ ယတနစျာန်ဝိညာဏ်ကို အရှုခံအာရုံထားပြီးတော့ ရှုတဲ့အတွက် ဝိညာဏဉ္စာ ယတနစျာန်စိတ်က ပေါ်လာပြီ။

ပေါ်လာတဲ့အချိန်အခါမှာ အာကာသာနဉ္စာယတနစျာန်စိတ်သည် ဥပါဒ်, ဌီ, ဘင်အားဖြင့် ထင်ရှားရှိသေးလား? မရှိတော့ဘူး။ စိတ္တက္ခဏနှစ်ခု ပြိုင်တူ ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး။ တစ်နည်းပြောရလျှင်တော့ စိတ္တက္ခဏတစ်ခု အတွင်းမှာ စိတ်နှစ်မျိုး ပြိုင်တူ ဖြစ်နိုင်တဲ့သဘော မရှိဘူး။

အဲဒီ အာကာသာနဉ္စာယတနစျာန်စိတ်က ဝိညာဏဉ္စာယတနစျာန်စိတ် ဖြစ်တဲ့ အချိန်အခါမှာ ဥပါဒ်, ဌီ, ဘင်အားဖြင့် ထင်ရှားမရှိတော့ဘူး။ အဲဒီ အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ရဲ့ မရှိတဲ့သဘောကလေးကို အာရုံ ယူပြီးတော့နတ္ထိ ကိဉ္စိ = ဘာမျှမရှိလို့ ဒီလို နှလုံးသွင်းရတယ်။

အဲဒီလို နှလုံးသွင်းလိုက်လို့ရှိလျှင် အာကာသာနဉ္စာယတနဝိညာဏ်ရဲ့ မရှိမှုသဘောအပေါ်၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ဘာဝနာစိတ် တစ်မျိုး ပေါ်လာတယ်။ အဲဒီ ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေတဲ့ ဘာဝနာစိတ်ကိုတော့ အာကိဉ္စညာယတနစျာန်စိတ်လို့ခေါ်ပါတယ်။ အာကာသာနဉ္စာယတနစျာန် ဝိညာဏ်ရဲ့ မရှိမှုသဘောအပေါ်၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ စိတ်လို့ ဆိုလိုတယ်။

အဲဒီ အာကိဉ္စညာယတနစျာန်စိတ်ကို ရပြီဆိုလျှင်လည်း ဒီအာကိဉ္စညာ ယတနစျာန်စိတ်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ရတယ်။ လေ့ကျင့်ပြီးတဲ့အချိန်အခါကျတော့မှ နေဝသညာနာသညာယတနစျာန် စိတ်ကို ကူးနိုင်တယ်။


နေဝသညာနာသညာယတနစျာန်

နေဝသညာနာသညာယတနစျာန်စိတ်ဆိုတာက ရုန့်ရင်းကြမ်းတမ်းတဲ့ သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့နေတဲ့ သညာသာရှိတဲ့အတွက် သညာရှိသည်လည်းမဟုတ် မရှိသည်လည်းမဟုတ်တဲ့ စျာန်စိတ်လို့ဆိုလိုတယ်။

အလွန်ကြမ်းတမ်းနေတဲ့ သညာတွေ မရှိတော့ဘူး၊ အလွန့်အလွန် သိမ်မွေ့ တဲ့ သညာပဲ ရှိတယ်၊ ဒါကတော့ သညာကို ဦးတည်ပြီး ပြောတဲ့စကားပါ။ အလွန်နူးညံ့သိမ်မွေ့နေတဲ့ နာမ်တရားလေးတွေပဲရှိတော့တယ်၊ ကြမ်းတမ်းတဲ့ နာမ်တရားတွေ သိပ်ထင်ရှားတဲ့ နာမ်တရားတွေ မရှိတော့ဘူးလို့ ဆိုလိုတယ်။

ဘယ်လောက်ထိ သိမ်မွေ့သလဲလို့မေးလျှင်တော့ ဒီနေဝသညာနာသညာ ယတနစျာန်စိတ်မှာ စိတ်-စေတသိက် (၃၁)လုံး ရှိပါတယ်။ အဲဒါကတော့ နာမ်ကမ္မဋ္ဌာန်းပိုင်းရှုတဲ့ယောဂီများကိုတော့ စနစ်တကျ သင်ပေးနေပါတယ်။ အဲဒီ စိတ်-စေတသိက် (၃၁)လုံးကို သာဝကတွေက တစ်လုံးစီ တစ်လုံးစီ ဘယ်လိုမှ ရှုလို့ မရဘူး။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသော်လည်း နေဝသညာနာသညာယတနစျာန်မှာရှိနေတဲ့ နာမ်တရားတွေကို တစ်လုံးစီ တစ်လုံးစီ ဝိပဿနာရှုလို့ မရဘူး၊ (၃၁)လုံးရှိတာကို (၃၁)လုံးစလုံး ခြုံငုံပြီး တော့သာ ဝိပဿနာ ရှုရတယ်၊ ကလာပသမ္မသနဝိပဿနာရှုနည်းလို့ ခေါ်ပါ တယ်။

အောက်အောက်စျာန်တွေကိုတော့ အနုပဒဓမ္မဝိပဿနာနည်းနှင့် တစ်လုံး စီ တစ်လုံးစီ ခွဲခြားစိတ်ဖြာပြီးတော့ ဝိပဿနာ ရှုနိုင်ပေမဲ့ ဒီနေဝသညာ နာသညာယတနစျာန်ကျတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်က မရှုနိုင် ဖြစ်နေတယ်။ ဒီစျာန်ကို အနုပဒဓမ္မဝိပဿနာနည်းဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာပြီးတော့ ဝိပဿနာ ရှုနိုင်တယ်ဆိုတာ ဘုရားရှင်တို့မှာသာ ဖြစ်ပါတယ်၊ သာဝကတွေမှာ မဖြစ်နိုင်ပါဘူး။

အဲဒီလောက်အထိ ခက်တယ် အလွန်သိမ်မွေ့တယ် အလွန်နူးညံ့တယ်။ သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူသာလျှင် ထိုစျာန်နာမ်တရားတွေကို အနုပဒဓမ္မဝိပဿနာနည်းအားဖြင့် ဝိပဿနာရှုလို့ရတော်မူတယ်လို့ ဒီလို ကျမ်းဂန် များမှာ ဖော်ပြထားပါတယ်။ (မ၊ဋ္ဌ၊၄၊၆၁။)

ဒါကြောင့် - အလွန်သိမ်မွေ့နေတဲ့ နာမ်တရားသာ ရှိတဲ့ စျာန်မျိုးကို နေဝသညာနာသညာယတနစျာန်လို့ ခေါ်တယ်။

ဒီတော့ - ဒီ နေဝသညာနာသညာယတနစျာန်ကို အလိုရှိတဲ့ပုဂ္ဂိုလ်က ဘာလုပ်ရလဲ? အာကိဉ္စညာယတနစျာန်ကို ပြန်ပြီးတော့ ဝင်စားရတယ်။ အဲဒီ အာကိဉ္စညာယတနစျာန်ကို ဝင်စားပြီးတော့ အဲဒီ အာကိဉ္စညာယတနစျာန်ကို ပြန်ပြီးတော့ ဧတံ သန္တံ, ဧတံ ပဏီတံ ဒီလို ချီးမွမ်းရတယ်။ ဘာဖြစ်လို့ ချီးမွမ်းရသလဲ? နေဝသညာနာသညာယတနစျာန်ကို လိုချင်လို့ ချီးမွမ်းတာပဲ။

ဒီ အာကိဉ္စညာယတနစျာန်ကို ဘာဖြစ်လို့ ခုလို ချီးမွမ်းနေတာလဲလို့ မေးလျှင်တော့ စိတ်တို့မည်သည် သိစရာအာရုံရှိမှ ငြိမ်ဝပ်တတ်တဲ့သဘော ရှိတယ်။ ခု ဒီအာကိဉ္စညာယတနစျာန်ကို ကြည့်လိုက်လျှင် ကြည့်စရာအာရုံ ဘာမျှမရှိဘူး။ အာကာသာနဉ္စာယတနစျာန်ရဲ့ မရှိမှုသဘောအပေါ်မှာ ငြိမ်ဝပ်စွာကပ်ပြီး တည်နေတာ ဖြစ်တယ်။

ဒါကြောင့် ဘာမျှမရှိတဲ့ သဘောအပေါ်၌ ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေတဲ့ ဒီစိတ်သည် အလွန်ငြိမ်သက်တဲ့စိတ် အလွန်မွန်မြတ်တဲ့စိတ် ဆိုပြီးတော့ ဒီ စိတ်ကို ချီးမွမ်းရတာ။ ဘာဦးတည်ချက်နှင့် ချီးမွမ်းနေသလဲလို့မေးတော့ နေဝသညာနာသညာယတနစျာန်ကို အလိုရှိတဲ့စိတ်ထားနှင့် ချီးမွမ်းနေတာပဲ။

ဥပမာ - ရှင်ဘုရင်တစ်ဦးဟာ တိုင်းခန်းလှည့်လည်ပြီဆိုကြစို့၊ တစ်နေရာ ရောက်တော့ ဆင်စွယ်ပွတ်သမားကလေးတွေကို တွေ့တယ်။ ဒီဆင်စွယ်ပွတ် သမားလေးတွေကို ကြည့်လိုက်တဲ့အခါ ဆင်စွယ်ရုပ်ကလေးတွေက လက်ရာ သိပ်မြောက်တော့ ရှင်ဘုရင်က ဒီဆင်စွယ်ပွတ်သမားတွေကို အင်မတန် သဘောကျသွားတယ်။

ရှင်ဘုရင်ကြီးက ဆင်စွယ်ရုပ်ကလေးတွေကိုကြည့်ပြီးတော့ ဆင်စွယ်ပွတ် သမားတွေကို သဘောကျတာ သူကိုယ်တိုင်က ဆင်စွယ်ပွတ်သမား ဖြစ်ချင် တာ ဟုတ်သလား? မဟုတ်ဘူးနော်၊ သူ့နန်းတော်ကို သူပြန်မှာပါပဲ။ ဒါပေမဲ့ ဒီလက်ရာကို သိပ်သဘောကျတယ်။

အဲဒီပုံစံလိုပဲ - ဒီ အာကိဉ္စညာယတနစျာန်စိတ်ကို ချီးမွမ်းနေတာက အာကိဉ္စညာယတနစျာန်ကို အလိုရှိလို့ ချီးမွမ်းတာတော့ မဟုတ်ဘူး၊ နေဝ သညာနာသညာယတနစျာန်ကို လိုလားတောင့်တတဲ့စိတ်နှင့် ချီးမွမ်းနေတာ။

ဒီတော့ အရှုခံအာရုံက အာကိဉ္စညာယတနစျာန်စိတ်၊ အဲဒီ အာကိဉ္စညာ ယတနစျာန်စိတ်ကို အရှုခံအာရုံထားပြီးတော့ -ဧတံ သန္တံ, ဧတံ ပဏီတံ ဤဝိညာဏ်သည် ငြိမ်သက်၏၊ ဤဝိညာဏ်သည် မွန်မြတ်၏လို့ ချီးမွမ်း လိုက်လျှင် နောက်တော့ ဒီအာကိဉ္စညာယတနစျာန်စိတ်အပေါ်၌ ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေတဲ့ ဘာဝနာစိတ်တစ်မျိုးပေါ်လာတယ်။ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ဘာဝနာစိတ်က နေဝသညာနာသညာယတနစျာန်စိတ်ဖြစ်တယ်။

ရုန့်ရင်းကြမ်းတမ်းတဲ့ သညာတော့ မရှိဘူး၊ အလွန့်အလွန် သိမ်မွေ့နူးညံ့ နေတဲ့ သညာသာ ရှိတယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ နာမ်တရားတွေ မရှိဘူး၊ အလွန့်အလွန် သိမ်မွေ့ နူးညံ့နေတဲ့ နာမ်တရားတွေပဲ ရှိတယ်။ အဲဒါကို နေဝသညာနာသညာယတနစျာန်စိတ်လို့ ခေါ်တယ်။

ပေါင်းလိုက်မယ်ဆိုလို့ရှိလျှင်တော့ ရူပါဝစရစျာန်တွေက ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် ဆိုပြီး စျာန်သမာပတ် (၄)ပါး၊ အရူပစျာန်တွေက အာကာသာနဉ္စာယတနစျာန်, ဝိညာဏဉ္စာယတနစျာန်, အာကိဉ္စညာယတနစျာန်, နေဝသညာနာသညာယတနစျာန် ဆိုပြီးတော့ စျာန်သမာပတ် (၄)ပါး၊ ပေါင်းလိုက်တော့ အားလုံး စျာန် (၈)ပါး ဖြစ်တယ်။

အဲဒီ စျာန် (၈)ပါးကို သမာပတ် (၈)ပါးလို့ ခေါ်ပါတယ်။ ဒါက လောကီ သမာပတ် (၈)ပါးပဲ။

အဖြူရောင်ကသိုဏ်းကို အခြေခံလျက် .. စျာန်သမာပတ် (၈)ပါးကို ပေါက်အောင် ရှုရသလို ကျန်နေတဲ့ကသိုဏ်းတွေမှာလည်း စျာန်သမာပတ် (၈)ပါး ပေါက်အောင်လို့ လေ့ကျင့်ရတယ်။

လေ့ကျင့်နေတဲ့သူတော်ကောင်းက စိတ္တသူကြွယ်တို့လို တစ်ချိန်မှာပေါ့ မိမိတို့လည်း အကြောင်းညီညွတ်လို့ နိရောဓသမာပတ်ဝင်စားမယ်ဆိုလျှင် တော့ ဒီစျာန်တွေဟာ နိရောဓသမာပတ်ရဲ့ အခြေခံအကြောင်းတရားတွေ ဖြစ်ကြပါတယ်။

ဒါကြောင့် သမထဟူသမျှသည် ဗြဟ္မာ့ပြည်ရောက်ခြင်းရဲ့ အကြောင်း တစ်ခုတည်းသက်သက် ဟုတ်သလား? မဟုတ်ပါဘူး။ မဂ္ဂင်ရှစ်ပါးထဲမှာ ဘုရားရှင်ကိုယ်တော်တိုင်က သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်တစ်ခုကို ထည့်သွင်းပြီး တော့ ဟောထားတဲ့အတွက် မဂ္ဂင်ရှစ်ပါး မစုံညီခဲ့လျှင် ဘုရားဟောတဲ့ ရုပ်နာမ် ကို ဘယ်လိုမှ မသိနိုင်ဘူး။

ဘုရားဟောတဲ့ ရုပ်နာမ်ကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် သမာဓိကို ထူထောင်တယ်ဆိုလျှင် ထိုသမာဓိသည် ဘာအကျိုးအာနိသင် ရှိသလဲလို့ မေး တော့ ဝိပဿနာနိသံသ (= ဝိပဿနာဉာဏ်အကျိုးအာနိသင်) ရှိပါတယ်။

ဒီတော့ ဝိပဿနာနယ်ထဲရောက်ပြီး မိမိက ဗြဟ္မာ့ပြည် မသွားချင်လည်း မသွားဘဲ နေလို့မရဘူးလား? ရပါတယ်၊ ကိုယ်က မသွားချင်လျှင် ဖြစ်ပါတယ်၊ သွားချင်လျှင်လည်း သွားပေါ့။ ကိုယ့်သံသရာခရီး ဆုံးအောင် လုပ်မယ်ဆိုလျှင် လည်း ဆုံးအောင်လုပ်၊ ဆုံးသွားမှာပေါ့။ မဆုံးချင်ဘူးဆိုလျှင်တော့ ရှေ့ဆက် ရမှာပေါ့။

ဆက်မယ်ဆိုလျှင်တော့ ဗြဟ္မာ့ပြည်ရောက်တာနှင့် ငရဲပြည်ရောက်တာ ဘယ်ဒင်းကောင်းမလဲ?ဒါယကာကြီးတို့ ဒါယိကာမကြီးတို့ ...နည်းနည်း လေးတော့ စဉ်းစားဖို့ ကောင်းတာပေါ့၊ သမာဓိကျင့်စဉ်တွေကို သာသနာပ တရားတွေလို့ သွားပြီးတော့ စွပ်စွဲနေလို့ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲ? ဘုရားရှင် ကိုယ်တော်တိုင်က မဂ္ဂင်ရှစ်ပါးကို သာသနာတွင်းတရားအဖြစ်နှင့် အတိအကျ ဟောကြားထားတော်မူတယ်။ ဒီတော့ သမာဓိစခန်းတွေကို သာသနာပတရား လို့ ပြောလိုက်မယ်ဆိုလျှင် မဂ္ဂင်ရှစ်ပါးကျင့်စဉ်ဟာလည်း သာသနာပတရားလို့ ပြောတဲ့အဓိပ္ပါယ် ဖြစ်မနေဘူးလား? ဖြစ်သွားနိုင်တယ်။


ဝိပဿနာ၏ အခြေပါဒကစျာန်

ကဲ ကောင်းပြီ၊ တပည့်တော်တို့က ဒီသမာဓိတွေကို ထူထောင်ပြီးပြီ၊ တပည့် တော်တို့က ဝိပဿနာကူးမယ်၊ ဘယ်လိုလုပ်ရမလဲ?

အဲဒီသမာဓိတွေထဲက ကြိုက်တဲ့သမာဓိကို ဝိပဿနာရဲ့အခြေခံအဖြစ်နှင့် ထူထောင်နိုင်ပါတယ်။ အကောင်းဆုံးအဖြစ်နှင့် ဘုရားရှင်က စတုတ္ထစျာန် သမာဓိကို ပြည်တည်ထားပါတယ်၊ ညွှန်ကြားထားပါတယ်။ (မ၊၁၊၃၄၇-မဟာအဿပုရသုတ္တန်။)

အဲဒီတော့ - ဒီ သမာဓိတစ်ခုကို စတုတ္ထစျာန်ဆိုက်အောင် ဖြစ်စေပေါ့၊ အဲဒီကသိုဏ်းတွေထဲက ကြိုက်တဲ့ကသိုဏ်းနှင့် သမာဓိထူထောင်ပါ။

အထူးသဖြင့် - အဖြူရောင်ကသိုဏ်းကိုတော့ ဘုရားရှင်က အရောင် ကသိုဏ်း လေးမျိုးထဲမှာ အသာဆုံး အမြတ်ဆုံး ထားတဲ့အတွက် (အံ၊၃၊၃၀၆-ပထမကောသလသုတ်။) ယောဂီ အများစုကိုတော့ အဖြူရောင်ကသိုဏ်းကိုပဲ များသောအားဖြင့် သင်ပေးပါတယ်။

အချိန်ရလို့ သို့မဟုတ် ဝိပဿနာပိုင်း ပုံစံကျပြီးလို့ ကသိုဏ်းတွေကို ဆက်သင်ချင်ပါတယ်ဆိုလျှင်တော့ အားလုံးကိုပဲ သင်ပေးပါတယ်။ ကဲ ဒီတော့ အဖြူရောင်ကသိုဏ်းကိုပဲ သွားကြရအောင် ...။

ဓာတ်ကမ္မဋ္ဌာန်း

အဖြူရောင်ကသိုဏ်းကို စတုတ္ထစျာန်သမာဓိ ပေါက်အောင် သမာဓိ ထူထောင်လိုက်လို့ လင်းရောင်ခြည်စွမ်းအင်တွေက သိပ်အားကောင်းလာပြီ ဆိုလျှင် ခုနက ရုပ်ကမ္မဋ္ဌာန်းကနေပြီးတော့ ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ကူးလည်း ရတယ်၊ နာမ်ကမ္မဋ္ဌာန်းကနေပြီးတော့ ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ကူးလည်း ရတယ်။

အဲဒီ နှစ်ခုရှိတဲ့အနက်က ရုပ်ကမ္မဋ္ဌာန်းက စကူးချင်လျှင်တော့ ဘာလုပ်ရ မလဲ? ဓာတ်လေးပါးကို စပြီး ရှုရတယ်၊ ဓာတ်ကြီးလေးပါးကို ပြည်တည်ရပါ တယ်။ ရှေ့ပိုင်းက ပြောခဲ့တဲ့ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတဲ့ ဓာတ်လေးပါးကို ခန္ဓာအိမ်မှာ ပြန်ရှုရတယ်။

အဲဒီဓာတ်လေးပါးကို စိုက်လိုက်ပြီဆိုတာနှင့် တစ်ပြိုင်နက်တည်း ရှေ့က ပြောခဲ့တဲ့အတိုင်း အဖြူပြန်ပေါ်မယ်။ အဖြူပေါ်ပြီးတာနှင့် အဖြူမှာ ဆက်ပြီး ဓာတ်လေးပါး စိုက်လိုက်လျှင်တော့ ကြည်လာမယ်။ အကြည်မှာ ဆက်ပြီး ဓာတ်လေးပါး စိုက်လိုက်လျှင် ခု စိတ္တသူကြွယ်တို့လို အတိတ်က ကြိတ်ခြေ ထားခဲ့တဲ့ ဝိပဿနာဉာဏ်ရှိနေတဲ့ (သင်္ခါရတရားတွေကို ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးတဲ့) သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုလို့ရှိလျှင်လည်း ရုပ်ကလာပ် အမှုန်လေးတွေကို လွယ်လွယ်လေးနှင့် တွေ့ပါတယ်။

မတွေ့ဘူးဆိုလျှင်တော့ အဲဒီအကြည်ပြင်မှာ အာကာသခေါ်တဲ့ အကြား အပေါက်ရှိလေရဲ့လို့ အာရုံယူပြီးတော့ လင်းရောင်ခြည်နှင့် ထိုးစိုက်လိုက်လျှင် အာကာသ အကြားအပေါက် ပေါ်လာတယ်။

အာကာသ အကြားအပေါက် ဆိုတာက ရုပ်ကလာပ်တွေကို ပိုင်းခြားပေး နေတဲ့ နယ်ခြားဒေသပဲဖြစ်ပါတယ်။

ရုပ်ကလာပ်တွေရဲ့ အပိုင်းအခြား နယ်ခြားဒေသကို သွားတွေ့ပြီဆိုတာနှင့် ရုပ်ကလာပ်လေးတွေကို စပြီးတွေ့တော့တာပဲ။ အဲဒီ ရုပ်ကလာပ်လေးတွေက ပေါ်စမှာတော့ သိပ်ပြီးတော့ မြန်တယ်။

လျင်လျင်မြန်မြန်ကြီး ဖြစ်နေတဲ့အတွက် သူတို့ရဲ့ ပေါ်တာ ပျောက်တာ ဖြစ်တာပျက်တာကို အာရုံမယူသေးဘဲ ဓာတ်ကိုသာ ဆက်ပြီးအာရုံယူရတယ်။ အာရုံစိုက်စကတော့ ကလာပ်တစ်ခုမှာ ဓာတ်လေးပါးမြင်ဖို့တော့ နည်းနည်း ခက်တယ်။ ဒါပေမဲ့ လေ့ကျင့်ပေးလိုက်လျှင်တော့ အောင်မြင်တတ်ပါတယ်။ သမာဓိကို ခိုင်ခိုင်ထူထောင်ပြီးတော့ကာ --

တစ်ကိုယ်လုံး ခြုံပြီးတော့ မာတာ စိုက်လိုက်၊ ကလာပ် တစ်ခုမှာ မာတာ စိုက်လိုက်၊

တစ်ကိုယ်လုံး ခြုံပြီးတော့ ယိုစီးတာ စိုက်လိုက်၊ ကလာပ်တစ်ခုမှာ ယိုစီးတာ စိုက်လိုက်၊

တစ်ကိုယ်လုံး ခြုံပြီးတော့ ပူတာ စိုက်လိုက်၊ ကလာပ်တစ်ခုမှာ ပူတာ စိုက်လိုက်၊

တစ်ကိုယ်လုံး ခြုံပြီးတော့ ထောက်ကန်တာ စိုက်လိုက်၊ ကလာပ်တစ်ခုမှာ ထောက်ကန်တာ စိုက်လိုက် --

အဲဒီလို လေ့ကျင့်ပါများလာလျှင်တော့ နောက်တော့ ကလာပ်တစ်ခု အတွင်းမှာ ဓာတ်လေးပါးကို လွယ်လွယ်ကူကူနှင့် သဘောပေါက်တတ်ပါ တယ်။ ကလာပ်တစ်ခုအတွင်းမှာတည်ရှိတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းနိုင်ပြီ သဘောပေါက်ပြီဆိုလို့ရှိလျှင်တော့ ထိုဓာတ်လေးပါးကို မှီတွယ်ပြီး ဖြစ်ပေါ် နေတဲ့ အဆင်း, အနံ့, အရသာ, ဩဇာ ခေါ်တဲ့ ဒီဥပါဒါရုပ်ကလေးတွေကို ဆက်ပြီး ရှုရပါတယ်။

ပဓာနိယင်္ဂတရား ငါးပါး

ဒီနေရာမှာ ပဓာနိယင်္ဂတရား ငါးပါးအကြောင်းကို အနည်းငယ်လောက် တော့ ပြောချင်တယ်။ သာဝကတွေဟာ ရုပ်ကလာပ်တွေကို ရှုလို့ရတယ်ဆိုတဲ့ အချက်, ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ တည်ရှိတဲ့ (၈)မျိုး (၉)မျိုး (၁၀)မျိုးသော ပရမတ်ရုပ်တရားကို ရှုလို့ရတယ်ဆိုတဲ့အချက်, ဘုရားရှင် ဟော ကြားထားတော်မူတဲ့ အာယတနဒွါရအလိုက် ဖြစ်ပေါ်နေတဲ့ နာမ်တရားကို လည်း ရှုလို့ရတယ်ဆိုတဲ့အချက် - ဒီအချက်တွေနှင့် ပတ်သက်လို့ အချို့ သူတော်ကောင်းများက လက်မခံလို ဖြစ်နေကြပါတယ်။ လက်မခံလိုတဲ့ သူ တော်ကောင်းများအတွက် ဒီပဓာနိယင်္ဂတရား ငါးပါးအကြောင်းကို အကျဉ်း ချုပ်ပြီးတော့ နည်းနည်းပြောချင်တယ်။ ဒီပဓာနိယင်္ဂတရား ငါးပါးကို ဘုရားရှင် သည် ဗောဓိမင်းသားကို ဟောကြားတော်မူခဲ့ပါတယ်။ မဇ္ဈိမနိကာယ် မဇ္ဈိမ ပဏ္ဏာသပါဠိတော် ဗောဓိရာဇကုမာရသုတ္တန်မှာ လာရှိပါတယ်။ (မ၊၂၊၂၉၈-၂၉၉။)

၁။ နံပါတ်တစ် အင်္ဂါရပ်ကတော့ သဒ္ဓါတရား ဖြစ်ပါတယ်။ တရားဘာဝနာ ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်ဆိုတာ အရဟံ အစ ဘဂဝါ အဆုံးရှိတဲ့ ဂုဏ်တော်ကိုးပါးလို့ ခေါ်ဆိုအပ်တဲ့ ဘုရားရှင်ရဲ့ ဗောဓိ ဉာဏ်တော်မြတ်အပေါ်မှာလည်း မတုန်မလှုပ် သက်ဝင်ယုံကြည်တဲ့ သဒ္ဓါ တရား ရှိဖို့ လိုတယ်။ ဘုရားရှင် ဟောကြားထားတော်မူတဲ့ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်း အပေါ်မှာလည်း မတုန်မလှုပ် သက်ဝင်ယုံကြည်တဲ့သဒ္ဓါတရားရှိဖို့လည်း လိုပါတယ်။ ဘုရားရှင် ဆိုဆုံးမသည့် အတိုင်း ဒီနိယျာနိကတရားကောင်းတွေကို လက်တွေ့ကျင့်ကြလို့ သံသရာ ဝဋ်မှ ထွက်မြောက်သွားတော်မူကြတဲ့, အရိယာသူတော်ကောင်းလို့ ခေါ်ဆို အပ်တဲ့ သံဃာရတနာ အပေါ်မှာလည်း မတုန်မလှုပ် သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရား ရှိဖို့လိုပါတယ်။ ဒီသဒ္ဓါတရား ချို့တဲ့နေလျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန် ဆိုတဲ့ တရားထူး တရားမြတ်ကို မရနိုင်ဘူးလို့ ဘုရားရှင်က ဟောကြားထား တော်မူပါတယ်။

ဒါကြောင့် ယောဂီပုဂ္ဂိုလ်ဟာ သစ္စာလေးပါးတရားကို ထိုးထွင်းသိပါမှ သံသရာဝဋ်ဆင်းရဲ အဆုံးအပိုင်းအခြားကို ပြုနိုင်မယ်ဆိုပြီး ကူဋာဂါရသုတ္တန် (သံ၊၃၊၃၉၄။) စတဲ့ ထိုထိုသုတ္တန်တွေမှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိက တရားကောင်း များအပေါ်မှာ ယုံကြည်ချက်သဒ္ဓါတရား ရှိဖို့တော့ လိုပါတယ်။ ဒုက္ခသစ္စာ တရားစုထဲမှာ ခုပြောနေတဲ့ ရုပ်တရား နာမ်တရားတွေ ပါဝင်ကြပါတယ်။ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကတော့ သမုဒယ သစ္စာ တရားစုတွင် ပါဝင်ကြပါတယ်။ သာဝကတွေလည်း ဒီ သစ္စာလေးပါးကို သိနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။

၂။ ဒုတိယ ပဓာနိယင်္ဂတရားကတော့ အစာကို အညီအမျှ ကြေကျက်စေ တတ်တဲ့ ပါစကဝမ်းမီး ကောင်းမွန်ခြင်း ကျန်းမာရေးကောင်းခြင်း ဖြစ်ပါတယ်။

၃။ တတိယ ပဓာနိယင်္ဂတရားကတော့ မာယာ-သာဌေယျ အကွေ့ အကောက် အလှည့်အပတ်တွေ ကင်းစင်ပြီး မိမိရဲ့ သီတင်းသုံးဖော်တို့အထံမှာ မိမိရဲ့အပြစ်ကို အပြစ်အားလျော်စွာ ဝန်ခံကာ ကုစားခြင်း ဖြစ်ပါတယ်။

သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ။ အသန္တဂုဏပကာသနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၈၄၊ ၁၂၈။)

မိမိရဲ့ အပြစ်ကို ဖုံးအုပ်ထားခြင်း သဘောလက္ခဏာ ရှိတဲ့ တရားက မာယာ ဖြစ်တယ်၊ ဟန်ဆောင်တဲ့ သဘောပဲ။ မဂ်-ဖိုလ်-နိဗ္ဗာန်ကို မရဘဲနှင့် ရသယောင်, သစ္စာလေးပါးကို မသိသေးဘဲနှင့် သိသယောင် ဟန်ဆောင်တဲ့ သဘောဖြစ်တယ်။ မိမိမှာ ထင်ရှားမရှိတဲ့ဂုဏ်ကို ထင်ရှားဖော်ပြခြင်း သဘော လက္ခဏာရှိတဲ့ တရားက သာဌေယျဖြစ်တယ်၊ ကောက်ကျစ်စဉ်းလဲတယ်လို့ ဆိုလိုတယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို မရသေးဘဲနှင့် ရပါတယ်လို့ ထင်ရှားပြမှု, သစ္စာလေးပါးကို မသိသေးဘဲနှင့် သိပါတယ်လို့ ထင်ရှားပြမှု, ရုပ်နာမ်ကို မသိသေးဘဲနှင့် သိတယ်လို့ ထင်ရှားပြမှုမျိုးတွေ ဖြစ်ပါတယ်။ ဒီလို မာယာ-သာဌေယျဆိုတဲ့ အကွေ့အကောက်တွေ များနေလျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ဘူးလို့ပဲ ဟောကြားနေပါတယ်။

၄။ စတုတ္ထ ပဓာနိယင်္ဂ တရားကတော့ အပြင်းအထန် ကြိုးစားအားထုတ် ခြင်း လုံ့လဝီရိယနှင့် ပြည့်စုံခြင်း ဖြစ်တယ်။ ဘာတွေကို အပြင်းအထန် ကြိုး စားအားထုတ်ရမှာလဲ? အကုသိုလ်တရားတွေကို ပယ်ရှားနိုင်ရေးအတွက်, မဖြစ်ပေါ်သေးတဲ့ သမထကုသိုလ် ဝိပဿနာကုသိုလ် မဂ်ကုသိုလ်တွေ ဖြစ် ပေါ်လာရေးအတွက် သမထဘာဝနာကျင့်စဉ် ဝိပဿနာဘာဝနာကျင့်စဉ် တွေကို --

၁။ အရိုးကြွင်းစေ,

၂။ အရေကြွင်းစေ,

၃။ အကြောကြွင်းစေ,

၄။ အသား-အသွေးတွေ အကုန်ခန်းခြောက်ချင် ခန်းခြောက်ပါစေ --

ယောက်ျားမြတ်တို့ရဲ့ ဇွဲလုံ့လဝီရိယ, မိန်းမမြတ်တို့ရဲ့ ဇွဲလုံ့လဝီရိယနှင့် ရနိုင်တဲ့ အရာဌာနသာ မှန်ပါစေ၊ ထိုအရာဌာနသို့ မရောက်မချင်း ဝီရိယရဲ့ ရပ်တန့်သွားခြင်းမည်သည် ဘယ်တော့မှ မဖြစ်စေရ - ဒီလို အင်္ဂါ လေးပါး ရှိတဲ့ ဝီရိယ ခြံရံပြီးတော့ အပြင်းအထန် ကြိုးစားအားထုတ်ခြင်းဆိုတဲ့ ဇွဲလုံ့လ ဝီရိယနှင့် ပြည့်စုံရမယ်။

သာဝကတွေလည်း ဒုက္ခသစ္စာထဲမှာ အကျုံးဝင်နေတဲ့ ရုပ်နာမ်တွေကို ထိုးထွင်းသိနိုင်ပါတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း မရှိ၊ သိအောင်လည်း ကြိုးစားအားထုတ်မှု လုံ့လဝီရိယက မရှိပြန်ဘူးဆိုလျှင် ဘယ်လိုလုပ်ပြီး ဒီဒုက္ခ သစ္စာတရားတွေကို ထိုးထွင်းသိနိုင်ပါ့မလဲ? ဒါကြောင့် သစ္စာ (၄)ပါးကို ထိုးထွင်းသိဖို့မှာ သဒ္ဓါတရားရှိဖို့နှင့် လုံ့လဝီရိယတွေရှိဖို့ဟာ အလွန်အရေး ကြီးပါတယ်။

၅။ ပဉ္စမ ပဓာနိယင်္ဂတရားကတော့ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားလို့ ခေါ်ဆိုတဲ့ ဒုက္ခသစ္စာတရားစု သမုဒယသစ္စာတရားစုတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း ထိုးထွင်းသိမြင်တတ်တဲ့ ဥဒယဗ္ဗယဉာဏ်နှင့်တကွ ဝိပဿနာဉာဏ်အားလုံးနှင့် ပြည့်စုံရမယ်။

ဒီပဉ္စမ ပဓာနိယင်္ဂတရားနှင့် ပြည့်စုံဖို့ဆိုတာက - ဒုက္ခသစ္စာ အမည်ရတဲ့ အတိတ်, အနာဂတ်, ပစ္စုပ္ပန် စတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး (= ရုပ်တရားနာမ်တရား), သမုဒယသစ္စာ အမည်ရတဲ့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံစတဲ့ အကြောင်းတရား - ဒီနှစ်မျိုးသော သင်္ခါရတရားတွေကို ယောဂီပုဂ္ဂိုလ်က ပထမ သိထားပြီးဖြစ်ရ ပါမယ်။ ဒီလိုသိပြီးမှ ဒီသင်္ခါရတရားတွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘောကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီး အနိစ္စလို့ ရှုရတယ်။ ဖြစ်ခြင်းပျက်ခြင်းဆိုတဲ့ ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့ သဘောကို ဉာဏ် နှင့် မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင် အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမရှိတဲ့သဘောကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီး အနတ္တလို့ ရှုရတယ်။ ဒီလို သင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ရှုပွားသုံးသပ်တဲ့ အပိုင်းကိုသာ ဝိပဿနာလို့ ခေါ်ဆိုပါတယ်။

ရုပ်နာမ်ကို ရှုမရဘူးလို့ လက်လျှော့ကာ မကြိုးစားတဲ့အတွက် ရုပ်နာမ်ကို မသိတဲ့ပုဂ္ဂိုလ်, ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို လည်း သူများအပြောနှင့်သာ လွမ်းနေသဖြင့် ကိုယ်တိုင်မသိသေးတဲ့ပုဂ္ဂိုလ် ဒီလို ယောဂီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဘယ်လိုလုပ်ပြီး ဝိပဿနာဉာဏ်က ဖြစ်နိုင် မလဲ? ဝိပဿနာဉာဏ်နှင့် ပြည့်စုံခြင်းဆိုတဲ့ ဒီပဓာနိယင်္ဂတရားနှင့်လည်း မပြည့်စုံခဲ့လျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ဘူးလို့ပဲ ဘုရားရှင်က ဟောကြား တော်မူနေပါတယ်။

ဒါကြောင့် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းတော့မည့် ပုဂ္ဂိုလ်ဟာ ဘုရားရှင် ဟောကြားထားတော်မူတဲ့ ရုပ်တွေနာမ်တွေကို ရှေးဦးစွာ သိအောင် ကြိုးစားရတော့မယ်ဆိုတဲ့ အချက်ကိုတော့ ယုံကြည်ချက် သဒ္ဓါတရား အပြည့် အဝ ရှိဖို့တော့ လိုအပ်ပါတယ်။ ဒီရုပ်တရားတွေကိုသိအောင် ဘယ်လိုရှုမလဲ? ဟိုရှေ့ပိုင်းတုန်းက ဓာတ်ကမ္မဋ္ဌာန်းအကြောင်းကို ပြောခဲ့တယ်။ ခုလည်း ရုပ် တရားတွေကို သိရှိဖို့အတွက် ဓာတ်ကမ္မဋ္ဌာန်းကို ပြန်ဆက်ကြရအောင် ...။

ဓာတ်ကမ္မဋ္ဌာန်းအဆက်

ဓာတ်ကြီး (၄)ပါးကို အာရုံယူကာ ရှေးကပြောခဲ့တဲ့အတိုင်း သမာဓိကို အဆင့်ဆင့် ထူထောင်လာရာ ခန္ဓာကိုယ်ကို မတွေ့တော့ဘဲ အဖြူအတုံးအခဲ ကိုတွေ့ပြီး ဒီအဖြူအတုံးအခဲမှာလည်း ဓာတ်ကြီး (၄)ပါးကိုပဲ ဆက်လက် သိမ်းဆည်းကာ သမာဓိကို ဆက်လက်ထူထောင်လိုက်လျှင် ရေခဲတုံး ဖန်တုံး မှန်တုံးလို ကြည်နေတဲ့ အကြည်ဓာတ် အတုံးအခဲကြီးကို တွေ့ပြီဆိုလျှင် ဒီ အကြည်ပြင် အတုံးအခဲမှာ အာကာသဓာတ်ကို မြင်အောင် ဆက်ပြီး ရှုလိုက် နိုင်ပါက ရုပ်ကလာပ်များကို စတင်တွေ့ရှိနိုင်ပါတယ်။ ရုပ်ကလာပ်ဆိုတာ ရုပ်တို့ရဲ့ အသေးဆုံး အဖွဲ့အစည်းတစ်ခုရဲ့ အမည်ဖြစ်ပါတယ်။ ပရမတ်တရား တွေဟာ တစ်ခုချင်း တစ်လုံးချင်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘဲ အုပ်စုအလိုက်သာ ဖြစ်နိုင်တဲ့စွမ်းအား ရှိတယ်။ ပြိုင်တူဖြစ်တဲ့ပျက်တဲ့ ရုပ်အုပ်စုတစ်ခုရဲ့ အမည် ဖြစ်ပါတယ်။

ဒီလို ရုပ်ကလာပ်တွေကို တွေ့တဲ့အခါမှာ ရုပ်ကလာပ်တို့ရဲ့ အလွန်လျင် လျင်မြန်မြန် ဖြစ်ပျက်နေတဲ့သဘောကို အာရုံမယူဘဲ ဓာတ်သဘောတရားများ ကိုသာ နှလုံးသွင်းကာ ဓာတ်ကိုသာ ဆက်လက်သိမ်းဆည်းပါ။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ တည်ရှိတဲ့ ဓာတ်ကြီး (၄)ပါးကို မသိမ်းဆည်းနိုင် ဖြစ် နေပါက ဓာတ်သဘောတရား တစ်ခုစီကိုသာ သိမ်းဆည်းကြည့်ပါ။ ဥပမာ- မာတဲ့သဘော ဆိုကြစို့။ ရုပ်ကလာပ်အားလုံးလို့ဆိုတဲ့ တစ်ကိုယ်လုံးကို ခြုံငုံ ပြီးတော့ မာတဲ့သဘောကို ရှုပါ။ ထိုနောင် ရုပ်ကလာပ်တစ်ခုအတွင်းမှာ မာတဲ့ သဘောကို ရှုပါ။ အောင်မြင်မှုရရှိပါက ပုံစံတူပဲ ရုပ်ကလာပ်အားလုံးဆိုတဲ့ တစ်ကိုယ်လုံးကို ခြုံငုံပြီး မာတဲ့သဘော ကြမ်းတဲ့သဘော နှစ်ခုကို ရှုကြည့်ပါ။ ရုပ်ကလာပ် တစ်ခုမှာလည်း မာတဲ့သဘော ကြမ်းတဲ့သဘော နှစ်ခုကို ရှု ကြည့်ပါ။ အောင်မြင်မှုရရှိပါက ထပ်ကာထပ်ကာ ရှုဖို့တော့ လိုအပ်ပါတယ်။ အောင်မြင်မှု ရရှိပါက သဘောတရား သုံးခု, လေးခု, ငါးခု စသည်ဖြင့် တစ်စ တစ်စ တိုးပြီး သဘောတရား (၁၂)မျိုးကို သိမ်းဆည်းပါ။

သတိပြုရန်

ဒီလို ဓာတ်ကြီး (၄)ပါးတို့ရဲ့ သဘောတရား (၁၂)မျိုးကို သိမ်းဆည်းတဲ့ အပိုင်းမှာ - ပထဝီဓာတ် သဘောတရား (၆)မျိုးထဲက မာ-ကြမ်း-လေး ဆိုတဲ့ ဂရုပထဝီဓာတ် သဘောတရားများဟာ ရုပ်ကလာပ်တစ်ခုမှာ ထင်ရှားပါက ပျော့-ချော-ပေါ့ ဆိုတဲ့ လဟုပထဝီဓာတ် သဘောတရားများဟာ မထင်ရှား တတ်ပါ။ အလားတူပဲ ပျော့-ချော-ပေါ့သဘောတရားတွေ ထင်ရှားလျှင်လည်း မာ-ကြမ်း-လေးသဘောတရားတွေက မထင်ရှားတတ်ပါဘူး။ ပရမာဏုမြူခန့် အလွန့်အလွန် သေးငယ်တဲ့ ရုပ်ကလာပ် အမှုန်ကလေး တစ်ခုအတွင်းမှာ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ သဘောတရားအားလုံး ထင်ရှားဖို့ဆိုတာ မဖြစ်နိုင်တဲ့ သဘာဝကြောင့် ဖြစ်ပါတယ်။ မာ-ပျော့, ကြမ်း-ချော, လေး-ပေါ့ဆိုတဲ့ သဘောတရားတွေဟာ စွမ်းအင်ဒီဂရီ ကွာခြားမှုသာ ဖြစ်ပါတယ်။ များများမာတဲ့သဘောကို မာတယ်လို့ သုံးနှုန်းပြီး နည်းနည်းမာတဲ့သဘော ကို ပျော့တယ်လို့ သုံးနှုန်းခြင်း ဖြစ်ပါတယ်။ အလားတူပဲ များများကြမ်းတဲ့ သဘောကို ကြမ်းတယ်၊ နည်းနည်းကြမ်းတဲ့သဘောကို ချောတယ်၊ များများ လေးတဲ့ သဘောကို လေးတယ်၊ နည်းနည်းလေးတဲ့သဘောကို ပေါ့တယ်၊ ဒီလို ခေါ်ဝေါ်သုံးစွဲခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် --

မဟာရာဟုလောဝါဒသုတ္တန် စတဲ့ ထိုထိုသုတ္တန်တွေမှာ ဘုရားရှင်က ပထဝီဓာတ်ကို ကက္ခဠံ ခရိဂတံ (မ၊၂၊၈၄။) - လို့ မာတဲ့သဘော, ကြမ်း-တဲ့သဘောမျှကိုပဲ ဟောကြားထားတော်မူပါတယ်။ ဓမ္မသင်္ဂဏီပါဠိတော်မှာ တော့ တရားနာပရိသတ်ဖြစ်ကြတဲ့ နတ်-ဗြဟ္မာတို့ရဲ့ အဇ္ဈာသယဓာတ်ကို ကြည့်ပြီး (၆)မျိုး ဟောကြားထားတော်မူခြင်း ဖြစ်ပါတယ်။

အာပေါဓာတ်ရဲ့ ယိုစီးမှုသဘောနှင့် ဖွဲ့စည်းမှုသဘောကတော့ ရုပ်က လာပ် တစ်ခုအတွင်းမှာ နှစ်မျိုးလုံးပဲ ထင်ရှားနိုင်ပါတယ်။ ဒါပေမဲ့ ရုပ်ကလာပ် တစ်ခုအတွင်းမှာ တည်ရှိတဲ့ ယိုစီးမှုသဘောဟာ မြစ်ရေတွေ စီးဆင်းနေသလို ယိုစီးတဲ့သဘောတော့ မဟုတ်။ ရုပ်ကလာပ်တစ်ခုလုံးကို ပျံ့နှံ့လျက် စွတ်စို နေတဲ့ သဘောသာ ဖြစ်ပါတယ်။ ဒီစွတ်စိုနေတဲ့ သဘောကပဲ ရုပ်ကလာပ် တစ်ခုမှာရှိတဲ့ ကလာပ်တူရုပ်တရားတွေကို ဖရိုဖရဲ ကြဲမသွားအောင် ဖွဲ့စည်းပြီး တော့လည်း ထားပေးထားပါတယ်။

တေဇောဓာတ်ရဲ့ ပူမှုသဘော အေးမှုသဘောဆိုတဲ့ သဘောတရားနှစ်ခု ဟာလည်း အလွန်သေးငယ်နေတဲ့ ရုပ်ကလာပ်တစ်ခုအတွင်းမှာ နှစ်ခုလုံး ပြိုင်တူ မဖြစ်နိုင်ပါဘူး။ ပူမှု ထင်ရှားပါက အေးမှု မထင်ရှားဘူး၊ အေးမှု ထင်ရှားပါက ပူမှု မထင်ရှားဘူး၊ တစ်ခုစီပဲ ထင်ရှားပါတယ်။

ဝါယောဓာတ်ရဲ့ ထောက်ကန်မှုသဘောနှင့် တွန်းကန်မှုသဘောကတော့ နှစ်မျိုးလုံး ထင်ရှားပါတယ်။ ထောက်ကန်မှုသဘောက သဘာဝလက္ခဏာ ဖြစ်ပါတယ်။ တွန်းကန်မှုသဘောက ဝါယောဓာတ်ရဲ့ ရသ (= လုပ်ငန်းကိစ္စ) ဖြစ်ပါတယ်။

ခြုံပြီးပြောလျှင်တော့ ကလာပ်တစ်ခုတစ်ခုမှာ --

၁။ မာ-ကြမ်း-လေး, ယိုစီး-ဖွဲ့စည်း, ပူ, ထောက်-တွန်း - သို့မဟုတ်

၂။ မာ-ကြမ်း-လေး, ယိုစီး-ဖွဲ့စည်း, အေး, ထောက်-တွန်း - သို့မဟုတ်

၃။ ပျော့-ချော-ပေါ့, ယိုစီး-ဖွဲ့စည်း, ပူ, ထောက်-တွန်း - သို့မဟုတ်

၄။ ပျော့-ချော-ပေါ့, ယိုစီး-ဖွဲ့စည်း, အေး, ထောက်-တွန်း --

ဒီလိုသဘောတရား (၈)ခုစီတော့ ထင်ရှားပါတယ်။ ပေါင်းလိုက်တော့ ဓာတ်ကြီး (၄)ပါး ဖြစ်ပါတယ်။ ဒီဓာတ်ကြီး (၄)ပါးကို ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်းမှာ ပြိုင်တူ သိမ်းဆည်းနိုင်အောင် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။

ရုပ်ကလာပ်တွေကို အကြမ်းစားအားဖြင့် ခွဲတမ်းချလိုက်လျှင် ခုလိုတွေ့စ မှာ ကြည်တဲ့ရုပ်ကလာပ် မကြည်တဲ့ရုပ်ကလာပ် ဆိုပြီး ရုပ်ကလာပ်နှစ်မျိုး ရှိပါတယ်။ မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး ဆိုတဲ့ ဒွါရ (၆)ပါးလုံးမှာပဲ ကြည်တဲ့ရုပ်ကလာပ် မကြည်တဲ့ရုပ်ကလာပ် နှစ်မျိုးစီ ရှိကြပါတယ်။ ဒွါရတိုင်း ဒွါရတိုင်းမှာပဲ ကြည်တဲ့ရုပ်ကလာပ်မှာ ဓာတ် (၄)ပါး, မကြည်တဲ့ရုပ်ကလာပ်မှာ ဓာတ် (၄)ပါးကို မြင်အောင် ရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ဒီလို သိမ်းဆည်းနိုင်တဲ့အဆင့်ကိုပဲ ရည်ရွယ်တော်မူလျက် ဘုရားရှင်က မဟာ သတိပဋ္ဌာနသုတ္တန်မှာ နွားသတ်ယောက်ျားကို ဥပမာထားပြီးတော့ တရား တော်ကို ဒီလို ဆက်လက်ဟောကြားထားတော်မူတယ်။


နွားသတ်ယောက်ျား ဥပမာ

သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စတုမဟာပထေ ဗိလသော ဝိဘဇိတွာ နိသိန္နော အဿ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။(မ၊၁၊၇၃။)

ဘိက္ခဝေ = ရဟန်းတို့ ...။ သေယျထာပိ = ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်း ဖွယ်ရာ လောကဥပမာမည်သည်ကား။ ဒက္ခော = ကျွမ်းကျင်လိမ္မာသော။ ဂေါဃာတကော ဝါ = နွားသတ်ယောက်ျားသည်လည်းကောင်း။ ဂေါဃာတကန္တေဝါသီ ဝါ = နွားသတ်ယောက်ျား၏ တပည့်သည်လည်းကောင်း။ ဂါဝိံ = နွားမကို။ ဝဓိတွာ = သတ်၍။ စတုမဟာပထေ = လမ်းမလေးဖြာ ပေါင်းဆုံရာအရပ်၌။ ဗိလသော ဝိဘဇိတွာ = နွားသား (အမဲသား) ကို အရိုးတခြား အသားတခြား စသည်ဖြင့် တစ်ပုံစီ တစ်ပုံစီ ခွဲခြားဝေဖန်၍။ နိသိန္နော = ရောင်းချရန် ထိုင်နေသည်။ အဿ = ဖြစ်လေရာ၏။

ဘိက္ခဝေ = ရဟန်းတို့ ...။ ဧဝမေဝ ခေါ = ဤဥပမာအတူပင်လျှင်။ ဘိက္ခု = ယောဂါဝစရ ရဟန်းသည်။ ယထာဌိတံ = တည်မြဲတိုင်းသော။ ယထာပဏိဟိတံ = ထားမြဲတိုင်းသော။ ဣမမေဝ ကာယံ = ဤရူပ ကာယကြီးကိုပင်။ ဣမသ္မိံ ကာယေ = ဤရူပကာယ၌။ ပထဝီဓာတု = ပထဝီဓာတ်သည်။ အာပေါဓာတု = အာပေါဓာတ်သည်။ တေဇောဓာတု = တေဇောဓာတ်သည်။ ဝါယောဓာတု = ဝါယောဓာတ်သည်။ အတ္ထိ = ရှိ၏။ ဣတိ = ဤသို့။ ဓာတုသော = ဓာတ်သဘောအစုအပုံအားဖြင့်။ ပစ္စဝေက္ခတိ = အသီးအသီး တစ်လုံးစီတစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ဆင်ခြင် သုံးသပ် ရှုပွား၍ နေလေ၏။

ဒီဥပမာစကားရပ်က ဘာကို ဆိုလိုသလဲ?

အဋ္ဌကထာများက (မ၊ဋ္ဌ၊၁၊၂၇၆။) - ဒီလို ရှင်းပြထားပါတယ်။ --

နွားသတ်ယောက်ျားဟာ နွားကို ကျွေးမွေးနေစဉ်အခါ, နွားကို သတ်မည့် နေရာသို့ ခေါ်ဆောင်သွားတဲ့အခါ, သတ်မည့်နေရာရောက်တော့ ချည်တိုင်မှာ သတ်ဖို့ရန် ကြိုးနှင့်ချည်နှောင်ထားတဲ့အခါ, သတ်တဲ့အခါ, သတ်ပြီး အသေ ကောင်အတိုင်း တွေ့မြင်နေရတဲ့အခါ - ဒီအချိန်အခါအားလုံးမှာ နွားဆိုတဲ့ အမှတ်သညာဟာ သူ့ရဲ့သန္တာန်မှာ ရှိနေတုန်းပဲ ဖြစ်တယ်။ ဒါပေမဲ့ နွားကို ဖျက်ပြီးတော့ အသားတွေကို တစ်ပုံ, အရိုးတွေကို တစ်ပုံ, အူတွေကို တစ်ပုံ, အသည်းတွေကို တစ်ပုံ စသည်ဖြင့် တစ်ပုံစီ တစ်ပုံစီ ပုံပြီး လမ်းမလေးဖြာ ပေါင်းဆုံတဲ့ လမ်းလေးခွမှာ ထိုင်ပြီးတော့ ရောင်းချနေတဲ့အခါမှာ ဒီနွားသတ် ယောက်ျားရဲ့ သန္တာန်မှာ နွားဆိုတဲ့ အမှတ်သညာက ပျောက်သွားတယ်။ နွားသား (အမဲသား) ဆိုတဲ့ အမှတ်သညာသာ ရှိနေတယ်။ သူ့သန္တာန်မှာ ငါက နွား ရောင်းနေတယ်၊ ဝယ်တဲ့သူတွေကလည်း နွား လာဝယ်နေတယ် ဆိုတဲ့ အမှတ်သညာ မရှိတော့ဘူး။ ငါက နွားသား (အမဲသား)ကို ရောင်းနေ တယ်။ ဒီလူတွေကလည်း ငါ့ထံမှာ နွားသား (အမဲသား) လာဝယ်နေကြတယ် ဆိုတဲ့ ဒီလို အမှတ်သညာသာ ရှိနေတယ်။

ဒီပုံစံအတိုင်းပဲ - လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးဟာ ပရမတ်ကို ထိုးထွင်း မသိတတ်တဲ့ ပရမတ်ဉာဏ်ပညာမျက်စိ ကာဏ်းနေတဲ့ ရှေးယခင် ဗာလပုထုဇန်ဖြစ်စဉ်က ငါ-သူတစ်ပါး-ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါဆိုတဲ့ အမှတ်သညာဟာ ရှိနေသေးတယ်။ မကွယ် ပျောက်သေးဘူး။ --

ယာဝ ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ ဓာတုသော န ပစ္စဝေက္ခတိ။ ဓာတုသော ပစ္စဝေက္ခတော ပနဿ သတ္တသညာ အန္တရဓာယတိ၊ ဓာတုဝသေနေဝ စိတ္တံ သန္တိဋ္ဌတိ။ (မ၊ဋ္ဌ၊၁၊၂၇၆။)

ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ ဓာတုသော ပစ္စဝေက္ခတောတိ ဃနဝိနိဗ္ဘောဂကရဏေန ဓာတုံ ဓာတုံ ပထဝီအာဒိဓာတုံ ဝိသုံ ဝိသုံ ကတွာ ပစ္စဝေက္ခန္တဿ။ သတ္တသညာတိ အတ္တာနုဒိဋ္ဌိဝသေန ပဝတ္တာ သညာတိ ဝဒန္တိ၊ ဝေါဟာရဝသေန ပဝတ္တသညာယပိ တဒါ အန္တရဓာနံ ယုတ္တမေဝ ယာထာဝတော ဃနဝိဗ္ဘောဂဿ သမ္ပာဒနတော။ ဧဝံ ဟိ သတိ ယထာဝုတ္တဩပမ္မတ္ထေန ဥပမေယျတ္ထော အညဒတ္ထု သံသန္ဒတိ သမေတိ။ တေနေဝါဟ ဓာတုဝသေနေဝ စိတ္တံ သန္တိဋ္ဌတီတိ။ (မ၊ဋီ၊၁၊၃၆၅-၃၆၆။)

တည်မြဲတိုင်း ထားမြဲတိုင်းဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးကို ရုပ်တုံး-ရုပ်ခဲ-ရုပ်ဃန ခေါ်တဲ့ အတုံးအခဲတွေကို ဉာဏ်နှင့် ဖြိုခွဲဖျက်ဆီးပြီးတော့ ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်းမှာရှိနေတဲ့ ဓာတ်ကြီး (၄)ပါးကို မသိမ်းဆည်းနိုင်သေးသမျှ ကာလပတ်လုံး သတ္တသညာဟာ မကွယ်ပျောက်နိုင်သေးဘူး။ ဒါပေမဲ့ ယောဂီ ရဟန်းက ဓာတ်ကမ္မဋ္ဌာန်းကို အစီအစဉ်တကျ စနစ်တကျ သိမ်းဆည်းလိုက် နိုင်လို့ ဃနခေါ်တဲ့ ရုပ်တုံးရုပ်ခဲတွေကို ဉာဏ်နှင့်ဖြိုခွဲပြီးတော့ ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်းမှာရှိတဲ့ ဓာတ်ကြီး (၄)ပါးကို သိမ်းဆည်းနိုင်ပြီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပြီဆိုလျှင်တော့ ထိုယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ --

၁။ ငါ-သူတစ်ပါး-ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါလို့ လောကလူတို့ ခေါ် ဝေါ်တဲ့အတိုင်း ငါ-သူတစ်ပါး-ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါဆိုတာ တကယ်ထင်ရှား ရှိတယ်လို့ စွဲလမ်းယုံကြည်နေတဲ့ လောကသမညာ အတ္တစွဲ,

၂။ အသက်ကောင်, လိပ်ပြာကောင်, ဝိညာဏ်ကောင်, ဇီဝကောင်, အတ္တ ကောင်ဆိုတာ တကယ်ထင်ရှားရှိတယ်လို့ စွဲလမ်းယုံကြည်နေတဲ့ အတ္တဒိဋ္ဌိစွဲ --

အဲဒီ အတ္တစွဲတွေဟာ ကွယ်ပျောက်သွားပါတယ်။ ဓာတ်ကြီး (၄)ပါးတို့ရဲ့ အစုအပုံအဖြစ်နှင့်သာ ဉာဏ်ထဲမှာ တွေ့နေပါတယ်။ ဒီနေရာမှာ အဋ္ဌကထာ ဋီကာတို့က ရုပ်ဃနခေါ်တဲ့ ရုပ်တုံးရုပ်ခဲကို သုံးမျိုးရှိတယ်လို့ ဖွင့်ပြထားကြ ပါတယ်။ ဒီသုံးမျိုးက ဘာတွေလဲ? --

၁။ သန္တတိဃနဆိုတဲ့ ရုပ်အစဉ်အတန်း အတုံးအခဲ,

၂။ သမူဟဃနဆိုတဲ့ ရုပ်အပေါင်းအစု အတုံးအခဲ,

၃။ ကိစ္စဃနဆိုတဲ့ ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ --

ဒီ ဃန (= အတုံးအခဲ) သုံးမျိုး ဖြစ်ပါတယ်။

၁။ သန္တတိဃန = ရုပ်အစဉ်အတန်းအတုံးအခဲ

ရုပ်အစဉ်အတန်း အတုံးအခဲ ဆိုတာကတော့ ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်းမှာ တေဇောဓာတ်ပါဝင်ပါတယ်။ ဒီတေဇောဓာတ်ကိုပဲ ဥတုလို့လည်း ခေါ်တယ်။ စက္ခုဒသကကလာပ်တို့လို ကမ္မဇရုပ်ကလာပ်တွေမှာရှိတဲ့ တေဇော ဓာတ် (= ဥတု) ဖြစ်ခဲ့မယ်ဆိုလျှင် လေးဆင့် ငါးဆင့်လောက် ရုပ်ကလာပ် အသစ်အသစ်တွေကို ဖြစ်စေတယ်။ အဲဒီဖြစ်လာတဲ့ ရုပ်ကလာပ်တွေဟာ တစ်ဥတု ခေါ်တဲ့ တေဇောဓာတ်တစ်ခုမှ ဆင့်ကဲပေါက်ဖွားလာကြတာတွေ ဖြစ်တယ်။

အဲဒီ ရုပ်ကလာပ်တွေကို ရုပ်ကလာပ်တစ်ခုစီ ခွဲခြားပြီးတော့ မမြင်ဘဲ အစဉ်အတန်းတစ်ခုလို မြင်ခဲ့မယ်ဆိုလျှင် သန္တတိဃန မပြိုသေးဘူး။ သန္တတိ ဃနက ဖုံးအုပ်နေတယ်လို့ ဆိုရတယ်။ ကလာပ်တစ်ခုချင်း ခွဲခြားပြီး မြင်လျှင် တော့ သန္တတိဃန (= ရုပ်အစဉ်အတန်း အတုံးအခဲ) ပြိုသွားပြီ ဖြစ်ပါတယ်။ ကြွင်းကျန်တဲ့ ကမ္မဇကလာပ်, ဥတုဇကလာပ်, စိတ္တဇကလာပ်, အာဟာရဇ ကလာပ်တွေမှာလည်း နည်းတူပဲ သဘောပေါက်ပါ။

၂။ သမူဟဃန = ရုပ်အပေါင်းအစုအတုံးအခဲ

ရုပ်ကလာပ်တွေကို ခွဲခြားပြီးမြင်ပေမဲ့ ရုပ်ကလာပ် တစ်ခုတစ်ခုမှာ တည်ရှိ နေတဲ့ (၈)မျိုး (၉)မျိုး (၁၀)မျိုး စတဲ့ ရုပ်ပရမတ်တရားတွေကို တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာပြီးတော့ - ဤကား ပထဝီ, ဤကား အာပေါ, ဤကား တေဇော, ဤကား ဝါယော စသည်ဖြင့် မသိမ်းဆည်းနိုင်သေးဘူးဆိုလျှင် သမူဟဃန (= ရုပ်အပေါင်းအစု အတုံးအခဲ) မပြိုသေးပါဘူး။

ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်းမှာ ရှိတဲ့ ပရမတ္ထဓာတ်သား ရုပ်တရား တွေကို တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာပြီး - ဤကား ပထဝီ, ဤကား အာပေါ, ဤကား တေဇော, ဤကား ဝါယောစသည်ဖြင့် ခွဲခြားစိတ်ဖြာပြီး ဉာဏ်နှင့် ပိုင်းခြားယူနိုင်မယ် သိမ်းဆည်းနိုင်မယ်ဆိုလျှင် သမူဟဃန (= ရုပ် အပေါင်းအစု အတုံးအခဲ) ပြိုပြီ ဖြစ်ပါတယ်။

၃။ ကိစ္စဃန = ရုပ်လုပ်ငန်းကိစ္စအတုံးအခဲ

ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ တည်ရှိတဲ့ (၈)မျိုး (၉)မျိုး (၁၀)မျိုး စတဲ့ ရုပ်ပရမတ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးတဲ့အခါ အဲဒီ ရုပ်ကလာပ်တစ်ခု အတွင်းမှာရှိတဲ့ ရုပ်တရား အသီးအသီးရဲ့ လုပ်ငန်း ကိစ္စကို သိအောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် တစ်ဖန် ရုပ်တွေကို ထပ်ပြီး သိမ်းဆည်းရပါတယ်။ ဉာဏ်နှင့် ပိုင်းခြားယူရပါတယ်။ ဒီလို ရုပ်လာပ် တစ်ခုတစ်ခု အတွင်းမှာရှိတဲ့ ရုပ်ပရမတ်တရားတိုင်းရဲ့ လုပ်ငန်း ကိစ္စရပ်ကို ခွဲခြားစိတ်ဖြာပြီး ဉာဏ်နှင့် ပိုင်းခြားယူနိုင်လျှင် ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုပြီ ဖြစ်ပါတယ်။

ဒီလိုရုပ်ဃနသုံးမျိုးကို ဉာဏ်နှင့် ခွဲခြားစိတ်ဖြာပြီး ရှုနိုင်ပါမှ ဃနပြိုပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မယ်။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှ အနတ္တ ရောင်ခြည်တော် နေဝန်းကြီးဟာ တင့်တယ်စွာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဃနခေါ်တဲ့ ရုပ်အတုံးအခဲ ပြိုရေးအတွက် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်းမှာ ရှိတဲ့ ဝဏ္ဏ = အဆင်း, ဂန္ဓ = အနံ့, ရသ = အရသာ, ဩဇာ = အဆီအစေး အစရှိတဲ့ ဥပါဒါရုပ်တွေကို ဆက်လက်သိမ်းဆည်းရပါတယ်။

ဥပါဒါရုပ်များကို သိမ်းဆည်းပုံ

ဒွါရ (၆)ပါးမှာရှိတဲ့ ကြည်တဲ့ရုပ်ကလာပ်မှာ ဓာတ် (၄)ပါး, မကြည်တဲ့ ရုပ်ကလာပ်မှာလည်း ဓာတ် (၄)ပါးကို သိမ်းဆည်းနိုင်လျှင် ရှေ့ဆက်ပြီး ဥပါဒါ ရုပ်တွေကို သိမ်းဆည်းရန် ဒီလို ညွှန်ကြားထားပါတယ်။ --

ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ မဟာဘူတံ နာမ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ ယထာ အာတပေါ နာမ ဆာယာယ ပရိစ္ဆိန္နော၊ ဆာယာ အာတပေန၊ ဧဝမေဝ မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန ...

စသည်ဖြင့် သမ္မောဟဝိနောဒနီအဋ္ဌကထာ စာမျက်နှာ (၂၄၁) စသည် တို့မှာ ဖွင့်ဆိုထားပါတယ်။ ဆိုလိုရင်းကို ပြောကြရအောင် ...။

ခုလို ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာရှိတဲ့ ဓာတ်ကြီး (၄)ပါးတို့ကို သိမ်းဆည်းတဲ့ ဉာဏ်ဖြင့် ပိုင်းခြားယူတတ်တဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိ ဉာဏ်မှာ ဒီဓာတ်ကြီး (၄)ပါးကို မှီတွယ်ဖြစ်ပေါ်နေတဲ့ ဥပါဒါရုပ်တွေဟာ ထင်ရှားလာပါတယ်။ အကြောင်းပြချက်ကတော့ ဒီလိုပါ။ --

မဟာဘုတ် = ဓာတ်ကြီး (၄)ပါးကို ဥပါဒါရုပ်ဖြင့် ပိုင်းခြားထားအပ်တယ်။ ဘယ်လို ပိုင်းခြားထားသလဲ? ဥပမာ - ရုပ်ကလာပ်တစ်ခုဟာ အညိုရောင်နှင့် ပေါင်းဆုံမိခဲ့သော် အဲဒီရုပ်ကလာပ်ကို အညိုရောင်ရုပ်ကလာပ်လို့ပဲ ပိုင်းခြား မှတ်သားရတယ်။ ရုပ်ကလာပ်တစ်ခုဟာ အဝါရောင်နှင့် ပေါင်းဆုံမိမယ် ဆိုလျှင်လည်း အဲဒီရုပ်ကလာပ်ကို အဝါရောင်ရုပ်ကလာပ်လို့ပဲ ပိုင်းခြား မှတ်သားရတယ်။ ဒီအညိုရောင် အဝါရောင်ဆိုတဲ့ အရောင်အဆင်းတွေဟာ ကလာပ်တူဓာတ် (၄)ပါးကို မှီတွယ်ဖြစ်ပေါ်လာတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ) - ဥပါဒါရုပ် ဖြစ်ပါတယ်။ ဆိုလိုတာက အညိုရောင် အဝါရောင်ဆိုတာက ဘာတွေရဲ့ အရောင်အဆင်းတွေလဲလို့မေးလျှင် မိမိတို့နှင့် ကလာပ်တူ ဓာတ် (၄)ပါးတို့ရဲ့ အညိုရောင် သို့မဟုတ် အဝါရောင်တွေ ဖြစ်ပါတယ်။

အလားတူပဲ ရုပ်ကလာပ်တစ်ခုဟာ ကောင်းတဲ့အနံ့နှင့် ပေါင်းဆုံမိလျှင် အနံ့ကောင်းတဲ့ ရုပ်ကလာပ်လို့, မကောင်းတဲ့အနံ့နှင့် ပေါင်းဆုံမိလျှင်လည်း အနံ့မကောင်းတဲ့ ရုပ်ကလာပ်လို့ ဒီလို ပိုင်းခြားမှတ်သားရတယ်။ ဒီ ကောင်းတဲ့ အနံ့ မကောင်းတဲ့အနံ့ဆိုတာလည်း မိမိတို့နှင့် ကလာပ်တူ ဓာတ်ကြီး (၄)ပါး တို့ရဲ့ အနံ့သာ ဖြစ်ပါတယ်။ ကျန်နေတဲ့ ဥပါဒါရုပ်တွေကိုလည်း ပုံစံတူပဲ သဘောပေါက်ပါ။ ဥပမာ - အဝတ်ပိတ်စတစ်ခုဟာ အဝါရောင် သို့မဟုတ် အညိုရောင် ရှိတယ်, ကောင်းတဲ့အနံ့ သို့မဟုတ် မကောင်းတဲ့အနံ့ ရှိတယ် ဆိုကြစို့။ အဝတ်ပိတ်စတစ်ခုနှင့် ဓာတ်ကြီး (၄)ပါးဟာ တူညီတယ်၊ ဒီအဝတ် ပိတ်စကို မှီတွယ်ဖြစ်ပေါ်လာတဲ့ အညိုရောင် အဝါရောင် ကောင်းတဲ့အနံ့ မကောင်းတဲ့အနံ့ စတဲ့ သဘောတရားတွေဟာ ဥပါဒါရုပ်နှင့် တူညီတယ်။

ဒါကြောင့် ရုပ်ကလာပ် တစ်ခုအတွင်းမှာ တည်ရှိတဲ့ ဓာတ်ကြီး (၄)ပါးကိုပဲ ညိုတယ်, ဝါတယ်, အနံ့ကောင်းတယ်, အနံ့မကောင်းဘူး စသည်ဖြင့် ယင်း ကလာပ်တူ အဆင်း အနံ့ စတဲ့ ဥပါဒါရုပ်က ပိုင်းခြားမှတ်သားပေးတယ်။ ဒီလို ဥပါဒါရုပ်တွေက ပိုင်းခြား မှတ်သားပေးတဲ့အတွက် ဒီရုပ်ကလာပ်က စက္ခုဒသကကလာပ် ဖြစ်တယ်၊ ဒီရုပ်ကလာပ်က သောတဒသကကလာပ် ဖြစ်တယ် - စသည်ဖြင့် ယောဂီပုဂ္ဂိုလ်က ခွဲခြားနိုင်ခြင်း ဖြစ်တယ်။

အလားတူပဲ ဥပါဒါရုပ်ကို မဟာဘုတ် = ဓာတ်ကြီး (၄)ပါးဖြင့် ပိုင်းခြား မှတ်သားရတယ်။ ဒီမဟာဘုတ် = ဓာတ်ကြီး (၄)ပါးကို မှီတွယ်ဖြစ်ပေါ်နေတဲ့ ဒီ ကလာပ်တူဥပါဒါရုပ်ဟာ အဲဒီ ကလာပ်တူမဟာဘုတ် = ဓာတ်ကြီး (၄)ပါးရဲ့ အပြင်ဘက်မှာ မရှိနိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်။ ဆိုလိုတာကတော့ ရုပ် ကလာပ်တို့ရဲ့ အဆင်း အနံ့ ..စတဲ့ ဥပါဒါရုပ်တွေဟာ အဲဒီ ကလာပ်တူ ရုပ်ကလာပ်မှာရှိတဲ့ ဓာတ်ကြီး (၄)ပါးတို့ရဲ့ အဆင်း အနံ့ စသည်တွေသာ ဖြစ်တယ်။ အဲဒီကလာပ်ထဲက ဓာတ်ကြီး (၄)ပါးကို ပယ်နုတ်လိုက်လျှင် ဒီ အဆင်း အနံ့တွေလည်း မရှိနိုင်တော့ဘူး။ ဒါကြောင့် ဥပါဒါရုပ်တွေကိုလည်း မဟာဘုတ်က ပိုင်းခြားပေးထားတယ်။

ဥပမာ - နေသာနေတဲ့ နေ့တစ်နေ့မှာ ဆိုကြစို့ ..။ နေရောင်ခြည်က မြေကြီးပေါ်မှာ ကျရောက်နေပြီ, သစ်ပင်ရိပ်တွေကလည်း မြေကြီးပေါ်မှာပဲ ကျရောက်နေပြီ ဆိုကြစို့။ နေရောင်ခြည်ကြောင့် မြေကြီးပေါ်မှာ သစ်ပင်ရိပ် စတဲ့ အရိပ်တွေ ဖြစ်ပေါ်လာရတယ်။ နေရောင်ခြည်ကြောင့် အရိပ်ရဲ့ ဖြစ်ပေါ် လာမှုဟာ အရိပ်နှင့်နေရောင်ခြည်တို့ရဲ့ တစ်ခုနှင့်တစ်ခု အချင်းချင်း ပိုင်းခြား မှုကို ပြုခြင်းပင်ဖြစ်တယ်။ မျက်စိအမြင်ရှိတဲ့ ပုဂ္ဂိုလ်က မြေကြီးကို လှမ်းကြည့် လိုက်တဲ့အခါ နေရောင်ခြည်ကြောင့် ဒါက သစ်ပင်ရိပ်, ဒါက နေရောင်ခြည် စသည်ဖြင့် ခွဲခြားပြီး သိနိုင်တယ်။ နေရောင်ခြည်က ဒါဟာ သစ်ပင်ရိပ်ပဲလို့ ပိုင်းခြားပေးတယ်။ အလားတူပဲ သစ်ပင်ရိပ်ကလည်း ဒါဟာ နေရောင်ခြည်ပဲ လို့ ပိုင်းခြားပေးတယ်။

အလားတူပဲ မဟာဘုတ် = ဓာတ်ကြီး (၄)ပါးကို ဥပါဒါရုပ်ဖြင့် ပိုင်းခြား ထားတယ်။ ဥပါဒါရုပ်ကိုလည်း မဟာဘုတ် = ဓာတ်ကြီး (၄)ပါးဖြင့် ပိုင်းခြား ထားတယ်။ နေရောင်ခြည်နှင့် ဓာတ်ကြီး (၄)ပါးဟာ တူတယ်။ နေရောင်ခြည် ကြောင့် ဖြစ်ပေါ်လာရတဲ့ သစ်ပင်ရိပ် စသည်နှင့် ဥပါဒါရုပ်ဟာ တူတယ်။

ဒါကြောင့် ရုပ်ကလာပ်တစ်ခုအတွင်းမှာရှိတဲ့ ဓာတ်ကြီး (၄)ပါးကို ဉာဏ် ဖြင့် ပိုင်းခြားယူလို့ ရှုလို့ ရနိုင်တဲ့ ယောဂီရဲ့အသိဉာဏ်မှာ အဲဒီရုပ်ကလာပ်မှာ ရှိတဲ့ ဓာတ်ကြီး (၄)ပါးတို့ရဲ့ အရောင်အဆင်း, ဓာတ်ကြီး (၄)ပါးတို့ရဲ့ အနံ့, ဓာတ်ကြီး (၄)ပါးတို့ရဲ့ အရသာ, ဓာတ်ကြီး (၄)ပါးတို့ရဲ့ အဆီအစေး စတဲ့ ဥပါဒါရုပ်တွေဟာ ထင်ရှားလာပါတယ်လို့ အဋ္ဌကထာများက ဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်။

ဝဏ္ဏ = ရူပါရုံ -- ရုပ်ကလာပ်တိုင်းမှာ ဝဏ္ဏ = ရူပါရုံ = အရောင်အဆင်း ရှိပါတယ်။ ရုပ်ကလာပ်တွေကို ယောဂီက ဉာဏ်နှင့်တွေ့မြင်နေတာဟာ ဒီ အရောင်အဆင်းရှိနေတဲ့ အကြောင်းလည်း တစ်ခု ပါဝင်ပါတယ်။

ဂန္ဓ = ဂန္ဓာရုံ = အနံ့ -- နောက်တစ်ခုကတော့ ရုပ်ကလာပ်တိုင်းမှာ အနံ့ရှိပါတယ်၊ ကောင်းတဲ့အနံ့ ဖြစ်ချင်ဖြစ်မယ်၊ မကောင်းတဲ့အနံ့ ဖြစ်ချင် လည်းဖြစ်မယ်။ လွယ်လွယ်ကူကူနှင့် မတွေ့နိုင်လျှင်တော့ နှာခေါင်းအကြည် ဓာတ် (= နှာခေါင်းမှာရှိတဲ့ ရုပ်ကလာပ်တွေထဲက ကြည်တဲ့ရုပ်ကလာပ်တို့ရဲ့ အကြည်ဓာတ်)နှင့် ဘဝင်မနောအကြည်ဓာတ် နှစ်ခုကို ပူးတွဲသိမ်းဆည်းကာ ရုပ်ကလာပ်အများစုရဲ့ အနံ့ကို ရှုကြည့်ပါ။

အောင်မြင်ပါက ရုပ်ကလာပ်တစ်ခုရဲ့ အနံ့ကို ဆက်ရှုကြည့်ပါ။ အနံ့ဟာ ဃာနဝိညာဏ်စိတ်ဖြင့်လည်း သိနိုင်တဲ့, မနောဝိညာဏ်စိတ်ဖြင့်လည်း သိနိုင်တဲ့ ဃာနဝိညေယျ မနောဝိညေယျတရား ဖြစ်ပါတယ်။ ဃာနဝိညာဏ်စိတ်က အနံ့ကိုသိတဲ့စိတ် ဖြစ်တယ်။ ဃာနဝိညာဏ်စိတ်က ဃာနပသာဒ (= နှာ အကြည်ဓာတ်)ကို မှီပြီးတော့ဖြစ်တယ်။ မနောဝိညာဏ်စိတ်ကလည်း အနံ့ကို သိနိုင်တယ်။ ဒီမနောဝိညာဏ်စိတ်ကတော့ အာရုံ (၆)ပါးလုံးကို သိနိုင်တဲ့စိတ် ဖြစ်တယ်။ ဒီမနောဝိညာဏ်စိတ်က ဘဝင်မနောအကြည်ဓာတ် မနောဒွါရကို အစွဲပြုပြီးတော့ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်တယ်။

ဒါကြောင့် ရုပ်ကလာပ်တစ်ခုအတွင်းမှာ တည်ရှိတဲ့ အနံ့ကို လွယ်လွယ် ကူကူ ရှုလို့မရခဲ့လျှင် ဃာနအကြည်ဓာတ် ဘဝင်မနောအကြည်ဓာတ် နှစ်ခုကို ပူးတွဲသိမ်းဆည်းကာ ရုပ်ကလာပ်တို့ရဲ့အနံ့ကို သိမ်းဆည်းရန် အကြံပေးခြင်း ဖြစ်ပါတယ်။ နောက်ပိုင်း ရှုတတ်သွားလျှင် မနောဝိညာဏ်ခေါ်တဲ့ ဝိပဿနာ စိတ်သက်သက်ဖြင့်လည်း ရှုလို့ရပါတယ်။

ရသ = ရသာရုံ = အရသာ -- နောက်တစ်ခုကတော့ ရသာရုံ ဖြစ်ပါတယ်။ အနံ့ကိုရှုပြီးပါက အရသာကို ဆက်ရှုကြည့်ပါ။ အခက်အခဲရှိပါက ဇိဝှါအကြည် ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းကာ ရုပ်ကလာပ်တို့ရဲ့ အရသာကို ရှုကြည့်ပါ။ ရသာရုံဟာလည်း ဇိဝှါဝိညာဏ်ဖြင့် သိနိုင်တဲ့ ဇိဝှါဝိညေယျတရားလည်း ဖြစ်တယ်၊ မနောဝိညာဏ်ဖြင့် သိနိုင်တဲ့ မနောဝိညေယျ တရားလည်း ဖြစ်တယ်။ အောင်မြင်မှုကို ရရှိပါက ရုပ်ကလာပ် တစ်ခုရဲ့ အရသာကို ဆက်ရှုကြည့်ပါ။ အကျင့်ရလာပါက ဝိပဿနာစိတ်ဆိုတဲ့ မနောဝိညာဏ်သက်သက်ဖြင့်လည်း အရသာကို ရှုလို့ရပါတယ်။

ဩဇာ = အဆီအစေး -- နောက်တစ်ခုကတော့ ဩဇာခေါ်တဲ့ အဆီ အစေး ဖြစ်ပါတယ်။ ဘာအဆီအစေးလဲလို့ မေးလျှင် ဓာတ်ကြီး (၄)ပါးတို့ရဲ့ အဆီအစေးပဲ ဖြစ်တယ်လို့ အဖြေပေးရမယ်။ ဒီအဆီအစေးကို ကလာပ် တစ်ခုအတွင်းမှာပဲ မြင်အောင်ရှုပါ။ များသောအားဖြင့် အာဟာရဇဩဇာရဲ့ အထောက်အပံ့ကို ရတဲ့အခါ ဒီကလာပ်တစ်ခုအတွင်းမှာရှိတဲ့ အဆီအစေးက ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပါတယ်။

အားလုံး ပေါင်းလိုက်လျှင် - ကြည်တဲ့ရုပ်ကလာပ်မှာ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ ဆိုပြီး သဘောတရား (၈)မျိုး၊ မကြည်တဲ့ရုပ်ကလာပ်မှာလည်း အလားတူ သဘောတရား (၈)မျိုးပဲ။ ဒွါရ (၆)ပါးလုံးမှာ ရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

ဇီဝိတ = ဇီဝိတိန္ဒြေ = ရုပ်အသက်

အောင်မြင်မှု ရရှိပါက ကြည်တဲ့ ရုပ်ကလာပ်မှာ ဇီဝိတကို ဆက်လက် သိမ်းဆည်းပါ။ ကြည်တဲ့ရုပ်ကလာပ်အားလုံးဟာ အတိတ်ကကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေသာ ဖြစ်တဲ့အတွက် ကမ္မဇကလာပ်တိုင်းမှာလည်း ဇီဝိတ အမြဲ တမ်း ပါဝင်တဲ့အတွက် ကြည်တဲ့ရုပ်ကလာပ်မှာ ဇီဝိတကို စတင်ပြီး ရှာဖွေခြင်း ဖြစ်ပါတယ်။ ဇီဝိတဆိုတာက ကလာပ်တူရုပ်တို့ကို စောင့်ရှောက်ပေးနေတဲ့ သဘော အသက်ရှင်သန်နေတဲ့သဘော ဖြစ်ပါတယ်။ ကြည်တဲ့ရုပ်ကလာပ် အတွင်းမှာ ခုပြောခဲ့တဲ့ ရုပ်သဘောတရား (၈)မျိုးကို ပြိုင်တူလိုလို ဉာဏ်ထဲမှာ ထင်လာအောင် မြင်လာအောင် သိမ်းဆည်းပြီးတဲ့အခါ ဒီဇီဝိတကို ဆက် ရှုကြည့်ပါ။ အသက်ရှင်ပြီး လှုပ်ရှားနေတဲ့, လှုပ်လှုပ် လှုပ်လှုပ်နှင့် အသက် ဝင်နေတဲ့ သဘာဝတစ်ခုကို တွေ့နိုင်ပါတယ်။ တွေ့လျှင် ကလာပ်တူ ရုပ်တရား တွေကို စောင့်ရှောက်နေတဲ့သဘောကိုပါ မြင်အောင် ဆက်ကြည့်ပါ။

အောင်မြင်မှုရရှိပါက ကြည်တဲ့ရုပ်ကလာပ်မှာ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-ဇီဝိတ-ကြည်နေတဲ့သဘာဝတစ်ခု - ပေါင်း လိုက်တော့ သဘောတရား (၁၀)ခု ဖြစ်သွားပြီ။ ဒွါရ (၆)ပါးလုံးမှာ ရှိတဲ့ ကြည်တဲ့ရုပ်ကလာပ်တွေမှာ ဆက်ရှုကြည့်ပါ။

ကြည်တဲ့ရုပ်ကလာပ်မှာ ဇီဝိတကို ရှာဖွေတွေ့ရှိပါက မကြည်တဲ့ရုပ်က လာပ်မှာလည်း ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ ဆိုတဲ့ သဘောတရား (၈)မျိုးကို သိမ်းဆည်းပြီးတဲ့အခါ ဇီဝိတကို ဆက် ရှာကြည့်ပါ။ မကြည်တဲ့ရုပ်ကလာပ်တွေအချို့မှာ ဇီဝိတရှိပေမဲ့ မကြည်တဲ့ ရုပ်ကလာပ်တွေအချို့မှာ ဇီဝိတက မရှိပါဘူး။ စိတ္တဇရုပ်ကလာပ် ဥတုဇရုပ် ကလာပ် အာဟာရဇရုပ်ကလာပ်တွေလည်း မကြည်ကြပါဘူး၊ ဒါပေမဲ့ ဇီဝိတ မရှိကြဘူး၊ များသောအားဖြင့် ဩဇာအထိ (၈)ခုစီပဲ ရှိကြတယ်။ မကြည်တဲ့ ရုပ်ကလာပ်မှာ ဇီဝိတကို ရှာဖွေတွေ့ရှိပါက ဘာဝရုပ်ကို ဆက်ပြီး ရှာကြည့်ပါ။

ဒါပေမဲ့ ဇီဝိတနဝကကလာပ်တို့လို တချို့ရုပ်ကလာပ်တွေဟာ ဇီဝိတ ရှိသော်လည်း ဘာဝရုပ် မရှိတတ်ပါဘူး။ ဘာဝဒသက-ကလာပ်တို့လို ရုပ် ကလာပ်တွေမှာသာ ဇီဝိတနှင့် ဘာဝရုပ်တို့ ရှိကြပါတယ်။

ဘာဝရုပ်ဆိုတာက အမျိုးသားလို့သိလောက်တဲ့ အမှတ်အသား သို့မဟုတ် အမျိုးသမီးလို့သိလောက်တဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။ အမျိုးသား ယောဂီမှာ အမျိုးသားဘာဝရုပ်ရှိပြီး အမျိုးသမီးယောဂီမှာ အမျိုးသမီးဘာဝ ရုပ် ရှိတတ်ပါတယ်။ ဒွါရ (၆)ပါးလုံးမှာ ဆက်ရှုကြည့်ပါ။ ဒွါရ (၆)ပါးလုံးမှာ ကြည်တဲ့ရုပ်ကလာပ်မှာ ရုပ်သဘောတရား (၁၀)မျိုး, မကြည်တဲ့ရုပ်ကလာပ်မှာ ရုပ်သဘောတရား (၁၀)မျိုးကို သိမ်းဆည်းပြီးတဲ့အခါ ကြည်တဲ့ရုပ်ကလာပ် တွေကို တစ်ဆင့် ထပ်ခွဲဖို့ လိုလာတယ်။

စက္ခုဒွါရ = မျက်စိ ဆိုပါတော့။ မျက်စိက ရူပါရုံအရောင်ကိုလည်းသိတယ်။ မျက်စိကို သွားပြီး အရာဝတ္ထုတစ်ခုခုနှင့် ထိကြည့်လျှင် ထိမှုကိုလည်းသိတယ်။ အရောင်ကိုသိတဲ့ စက္ခုဝိညာဏ်စိတ်က စက္ခုပသာဒ ခေါ်တဲ့ စက္ခုအကြည် ဓာတ်ကို မှီဖြစ်တယ်။ ထိမှုကိုသိတဲ့ ကာယဝိညာဏ်စိတ်က ကာယပသာဒ ခေါ်တဲ့ ကိုယ်အကြည်ဓာတ်ကို မှီဖြစ်တယ်။ ဒါကြောင့် မျက်စိမှာ စက္ခုပသာဒ (= စက္ခုအကြည်ဓာတ်) ပါဝင်တဲ့ စက္ခုဒသကကလာပ်လည်း ရှိတယ်။ကာယ ပသာဒ (= ကိုယ်အကြည်ဓာတ်) ပါဝင်တဲ့ ကာယဒသကကလာပ်လည်း ရှိတယ်။ ဒီအကြည်ဓာတ် နှစ်ခုကို သို့မဟုတ် ဒီကြည်တဲ့ရုပ်ကလာပ် နှစ်ခုကို ခွဲခြားပြီး သိမ်းဆည်းရမှာ ဖြစ်တယ်။

ဒီလို သိမ်းဆည်းတော့မယ်ဆိုလျှင် စက္ခုဒွါရ စတဲ့ ဒွါရ (၆)ပါးမှာ ဒွါရ တစ်ခုတစ်ခုမှာ ရုပ်ကလာပ် ဘယ်နှစ်မျိုးရှိတယ်ဆိုတာကို ကြိုတင်သိထားဖို့ လိုပါတယ်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၅၉)မှာ ဒွါရ (၆)ပါး မှာရှိတဲ့ ရုပ်တရားတွေကို ဒီလို ရေတွက်ပြထားတယ်။

စက္ခုဒွါရ -- စက္ခုဒွါရမှာ စက္ခုဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌကလာပ်၊ ပေါင်း - ရုပ်ကလာပ် (၆)မျိုး = ရုပ်အမျိုးအစား (၅၄)။

သောတဒွါရ -- သောတဒွါရမှာ သောတဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌကလာပ်၊ ပေါင်း - ရုပ်ကလာပ် (၆) မျိုး = ရုပ်အမျိုးအစား (၅၄)။

ဃာနဒွါရ -- ဃာနဒွါရမှာ ဃာနဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌကလာပ်၊ ပေါင်း - ရုပ်ကလာပ် (၆)မျိုး = ရုပ်အမျိုးအစား (၅၄)။

ဇိဝှါဒွါရ -- ဇိဝှါဒွါရမှာ ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌကလာပ်၊ ပေါင်း - ရုပ်ကလာပ် (၆)မျိုး = ရုပ်အမျိုးအစား (၅၄)။

ကာယဒွါရ -- ကာယဒွါရမှာ ကာယဒသကကလာပ် ဘာဝဒသကကလာပ် စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌကလာပ်၊ ပေါင်း - ရုပ်ကလာပ် (၅)မျိုး = ရုပ်အမျိုးအစား (၄၄)။

မနောဒွါရ -- မနောဒွါရမှာ ဟဒယဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌကလာပ်၊ ပေါင်း - ရုပ်ကလာပ် (၆)မျိုး = ရုပ်အမျိုးအစား (၅၄)။

ဒီလို အသီးအသီး ရေတွက်ပြထားပါတယ်။ ဇီဝိတလျှင် (၉)ခုမြောက်ရှိတဲ့ ဇီဝိတနဝကကလာပ်ဟာလည်း ဒွါရ (၆)ပါးလုံးမှာ အနှံ့အပြားရှိတဲ့ ရုပ်ကလာပ် တစ်မျိုး ဖြစ်တဲ့အတွက် ဇီဝိတနဝကကလာပ်ပါ ထည့်ပေါင်းလိုက်လျှင် ရုပ် ကလာပ် (၇)မျိုး - ရုပ်အမျိုးအစား (၆၃)မျိုး စသည်ဖြင့် သဘောပေါက်ပါ။

စက္ခုအကြည်ဓာတ် (= မျက်စိအကြည်ဓာတ်) လျှင် (၁၀)ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ကို စက္ခုဒသကကလာပ်,

သောတအကြည်ဓာတ် (= နားအကြည်ဓာတ်) လျှင် (၁၀)ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ကို သောတဒသကကလာပ်,

ဃာနအကြည်ဓာတ် (= နှာအကြည်ဓာတ်) လျှင် (၁၀)ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ကို ဃာနဒသကကလာပ်,

ဇိဝှါအကြည်ဓာတ် (= လျှာအကြည်ဓာတ်) လျှင် (၁၀)ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ကို ဇိဝှါဒသကကလာပ်,

ကာယအကြည်ဓာတ် (= ကိုယ်အကြည်ဓာတ်) လျှင် (၁၀)ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ကို ကာယဒသကကလာပ်,

ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ကို ဘာဝဒသကကလာပ်,

ဟဒယဝတ္ထုရုပ်လျှင် (၁၀)ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ကို ဟဒယဒသကကလာပ် --

ဆိုပြီး အသီးအသီး ခေါ်ဆိုပါတယ်။

ဇီဝိတရုပ်လျှင် (၉)ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ကို ဇီဝိတနဝကကလာပ်, စိတ်ကြောင့်ဖြစ်တဲ့ ဩဇာလျှင် (၈)ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ကို စိတ္တဇ ဩဇဋ္ဌမကကလာပ်, ဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့်ဖြစ်တဲ့ ဩဇာလျှင် (၈)ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ကို ဥတုဇဩဇဋ္ဌမကကလာပ်, အာဟာရဩဇာ ကြောင့်ဖြစ်တဲ့ ဩဇာလျှင် (၈)ခုမြောက်ရှိတဲ့ ရုပ်ကလာပ်ကို အာဟာရဇ ဩဇဋ္ဌမကကလာပ် - ဒီလိုလည်း အသီးအသီး ခေါ်ဆိုပါတယ်။

ဒီအဋ္ဌကထာရဲ့ ရှင်းလင်းဖွင့်ဆိုချက်အရ မျက်စိမှာ ကြည်တဲ့ရုပ်ကလာပ် က စက္ခုဒသကကလာပ်နှင့် ကာယဒသကကလာပ် ဆိုပြီး နှစ်မျိုးရှိနေတဲ့ အတွက် ဒီနှစ်မျိုးကို ခွဲရှုတတ်ဖို့ လိုပါတယ်။


စက္ခုဒွါရ

ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ။ ပ ။ စက္ခု၊ (ဝိသုဒ္ဓိ၊၂၊၇၄။)

ရူပါရုံ ရှေးရှူရိုက်ခတ်ခြင်းငှာထိုက်တဲ့ ဘူတရုပ် (= ဓာတ်ကြီးလေးပါး) တို့ကို ကြည်လင်စေခြင်းသဘောလက္ခဏာရှိသောရုပ်က စက္ခုပသာဒ ဖြစ် တယ်။

ဖောဋ္ဌဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော။ ပ ။ ကာယော၊ (ဝိသုဒ္ဓိ၊၂၊၇၄။)

ပထဝီ တေဇော ဝါယောဆိုတဲ့ ဖောဋ္ဌဗ္ဗာရုံ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက် တဲ့ ဘူတရုပ် (= ဓာတ်ကြီးလေးပါး)တို့ကို ကြည်လင်စေခြင်းသဘောလက္ခဏာ ရှိသောရုပ်က ကာယပသာဒ ဖြစ်တယ်။

စက္ခုဒသကကလာပ်ကို သိမ်းဆည်းပုံ

ဒီရှင်းလင်းချက်များနှင့်အညီ ရှေးရှူရိုက်ခတ်နေတဲ့အာရုံဖြင့် စက္ခုပသာဒ နှင့် ကာယပသာဒကို ခွဲခြား ရှုရမှာ ဖြစ်တယ်။ ဒီတော့ ယောဂီပုဂ္ဂိုလ်က မျက်စိမှာတည်ရှိတဲ့ ဓာတ်ကြီးလေးပါးကို စတင်ပြီး သိမ်းဆည်းပါ။ ကြည်တဲ့ ရုပ်ကလာပ်တစ်ခုကို ဓာတ်ခွဲလျက် အဲဒီ ရုပ်ကလာပ်အတွင်းမှာရှိတဲ့ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-ဇီဝိတ-ပသာဒ (= အ ကြည်ဓာတ်) ဆိုတဲ့ ရုပ်သဘောတရား (၁၀)မျိုးကို သိမ်းဆည်းပါ။ နောက်ထပ် အဲဒီ (၁၀)မျိုးထဲက ပသာဒ (= အကြည်ဓာတ်) ကို ထပ်သိမ်းဆည်းပါ။ အဲဒီ အကြည်ဓာတ်နှင့် ခပ်လှမ်းလှမ်းမှာရှိတဲ့ ရုပ်ကလာပ်အများစုရဲ့ ရူပါရုံကို လှမ်း အာရုံယူကြည့်ပါ။

အကယ်၍ ဒီရူပါရုံအရောင်က မိမိသိမ်းဆည်းထားတဲ့ ပသာဒ (= အကြည် ဓာတ်ကို ရှေးရှူရိုက်ခတ်တာကို တွေ့ရှိပါက အဲဒီအကြည်ဓာတ်ဟာ စက္ခု ပသာဒ (= စက္ခုအကြည်ဓာတ်)ဖြစ်တယ်လို့ မှတ်ပါ။ အကယ်၍ အဲဒီရူပါရုံက မိမိသိမ်းဆည်းထားတဲ့ ပသာဒ (= အကြည်ဓာတ်)ကို ရှေးရှူမရိုက်ခတ်ဘူး ဆိုလျှင် အဲဒီ အကြည်ဓာတ်ဟာ စက္ခုအကြည်ဓာတ် မဟုတ်ဘဲ ကာယအကြည်ဓာတ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် - သေချာအောင် ကလာပ်တစ်ခုပြီး တစ်ခု ပြောင်းကာ ထပ်ကာ ထပ်ကာ ရှုဖို့ လိုပါတယ်။ အကယ်၍ စက္ခုအကြည်ဓာတ်ကို သိမ်းဆည်းလို့ အောင်မြင်လျှင် အဲဒီစက္ခုအကြည်ဓာတ် ပါဝင်နေတဲ့ ရုပ်ကလာပ်ဟာ စက္ခုဒသကကလာပ်ဖြစ်ပါတယ်။

ကာယဒသကကလာပ်ကို သိမ်းဆည်းပုံ

စက္ခုဒသကကလာပ်ကို သိမ်းဆည်းတဲ့ လုပ်ငန်းရပ် အောင်မြင်ပါက ကာယဒသကကလာပ်ကို သိမ်းဆည်းပါ။ မျက်စိမှာပဲ ကြည်တဲ့ရုပ်ကလာပ် မှာရှိတဲ့ (၁၀)မျိုးသော ရုပ်သဘောတရားတွေကို ရှေးဦးစွာ သိမ်းဆည်းပါ။ သိမ်းဆည်းပြီးတဲ့အခါ အဲဒီ (၁၀)မျိုးထဲမှ ပသာဒရုပ် (= အကြည်ရုပ်)ကို ဆက်လက် သိမ်းဆည်းထားပါ။ အဲဒီအကြည်ဓာတ်နှင့် နီးကပ်နေတဲ့ ရုပ် ကလာပ်အများစုမှာရှိတဲ့ ပထဝီဓာတ် သို့မဟုတ် တေဇောဓာတ် သို့မဟုတ် ဝါယောဓာတ်တစ်ခုခုကို လှမ်းအာရုံယူကြည့်ပါ။ အဲဒီဖောဋ္ဌဗ္ဗဓာတ် တစ်မျိုး မျိုးက မိမိသိမ်းဆည်းထားတဲ့ အကြည်ဓာတ်ကို ရှေးရှူရိုက်ခတ်နေပါက အဲဒီ အကြည်ဓာတ်ဟာ ကာယအကြည်ဓာတ် ဖြစ်ပါတယ်။ အကယ်၍ ဖောဋ္ဌဗ္ဗ ဓာတ် တစ်ခုခုက မိမိသိမ်းဆည်းထားတဲ့ အကြည်ဓာတ်ကို ရှေးရှူရိုက်ခတ်မှု မရှိဘူးဆိုလျှင်တော့ အဲဒီ မိမိသိမ်းဆည်းထားတဲ့ အကြည်ဓာတ်ဟာ စက္ခု အကြည်ဓာတ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ? - မျက်စိမှာ စက္ခုအကြည်ဓာတ်နှင့် ကာယအကြည်ဓာတ် နှစ်မျိုးသာ ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သေချာအောင်တော့ ထပ်ကာထပ်ကာ ရှုဖို့ ကလာပ် တစ်ခုပြီးတစ်ခု ပြောင်းကာပြောင်းကာ ရှုဖို့တော့ လိုအပ်ပါတယ်။

အောင်မြင်မှု ရပြီဆိုလျှင်တော့ မျက်စိမှာ စက္ခုဒသကကလာပ်, ကာယ ဒသကကလာပ်, ဘာဝဒသကကလာပ် ဆိုတဲ့ ကမ္မဇကလာပ် (၃)စည်းကို သိမ်းဆည်းမိပြီ ဖြစ်ပါတယ်။ ဒီရုပ်ကလာပ်တွေဟာ အတိတ်က ကံကြောင့် ဖြစ်လို့ ကမ္မဇကလာပ်လို့ ခေါ်ပါတယ်။ ယောဂီပုဂ္ဂိုလ်က ခုလို ရုပ်တရား တွေကို သိမ်းဆည်းနေတဲ့အဆင့်မှာ အဲဒီကံကို မသိမ်းဆည်းနိုင်သေးပါဘူး။ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းရောက်မှ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ခုနေမှာ တော့ ယာယီအားဖြင့် ကံကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်တွေ ရုပ်တရားတွေလို့သာ မှတ်သားထားပါဦး။

စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်ကို သိမ်းဆည်းပုံ

ယောဂီပုဂ္ဂိုလ်ရဲ့ နှလုံးအိမ်အတွင်းမှာရှိတဲ့ ဟဒယဝတ္ထုရုပ်ကို မှီဖြစ်နေတဲ့ စိတ်တိုင်း စိတ်တိုင်းဟာ ယေဘုယျအားဖြင့် စိတ္တဇရုပ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါကြောင့် ယောဂီပုဂ္ဂိုလ်က ရှေးဦးစွာ မိမိရရှိထားတဲ့ စျာန်တစ်ခုခုကို ပြန်ဝင်စားကြည့်ပါ။ ဥပမာ - ဩဒါတကသိုဏ်းလျှင် အာရုံ ရှိတဲ့ ပထမစျာန်ကို ဝင်စားတယ်ဆိုကြပါစို့၊ အဲဒီ စျာန်မှထတဲ့အခါ စျာန်အင်္ဂါ တွေကို သိမ်းဆည်းပါ။ စျာန်အင်္ဂါတွေနှင့် ယှဉ်နေတဲ့ စျာန်စိတ်ကိုလည်း ဆက်လက်သိမ်းဆည်းပါ။ ဒီစျာန်စိတ် စျာန်အင်္ဂါဆိုတဲ့ စျာန်နာမ်တရားတွေ ဟာ ဟဒယဝတ္ထုရုပ်ကို မှီဖြစ်နေတဲ့ နာမ်တရားတွေ ဖြစ်ကြပါတယ်။ အဲဒီ စျာန်နာမ်တရားတွေဟာ ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ နာမ်တရားတွေ ဖြစ်ကြ ပါတယ်။ အဲဒီ စျာန်စိတ် စျာန်နာမ်တရားတွေက မိမိတို့ရဲ့ ဥပါဒ်ဆဲကာလ (= ဥပါဒ်ခဏ)မှာပဲ မွန်မြတ်တဲ့ စိတ္တဇရုပ်ကလာပ်တွေကို တစ်ကိုယ်လုံးမှာ အနှံ့အပြား ဖြစ်စေပါတယ်။ ဉာဏ်နှင့် မြင်အောင် ရှုပါ။

အဲဒီရုပ်ကလာပ်တွေက မကြည်ကြပါဘူး။ ရုပ်ကလာပ်တစ်ခုတစ်ခုမှာ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ ဆိုတဲ့ ဩဇာလျှင် (၈)ခုမြောက်ရှိတဲ့ ရုပ်သဘောတရား (၈)မျိုးစီ ရှိကြပါတယ်။ ဉာဏ်နှင့် ခွဲခြား စိတ်ဖြာပြီး ရှုပါ။

ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်ကို သိမ်းဆည်းပုံ

ယေဘုယျအားဖြင့် - ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းလိုလိုမှာ ရှိတဲ့ တေဇောဓာတ် (= ဥတု)က ဩဇာလျှင် (၈)ခုမြောက်ရှိတဲ့ ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပါတယ်။ ဒီတော့ လက်တွေ့ရှုချင်တဲ့ ပုဂ္ဂိုလ်က ရှေးဦးစွာ ရုပ်ကလာပ်တစ်ခုမှာရှိတဲ့ (၁၀)မျိုး (၉)မျိုး (၈)မျိုးဆိုတဲ့ ရုပ်သဘောတရားတွေကို သိမ်းဆည်းရပါတယ်။ သိမ်းဆည်းပြီးတော့မှ တေဇောဓာတ်ကို ထပ်သိမ်းဆည်းရပါတယ်။ ပြီးတော့မှ အဲဒီတေဇောဓာတ်က ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပုံကို တစ်ဆင့်တက်ပြီး သိမ်းဆည်းရပါ တယ်။

ပုံစံတစ်ခု ဆိုကြစို့ ..။ စက္ခုဒသကကလာပ်မှာ ပါဝင်တည်ရှိနေကြတဲ့ ရုပ်သဘောတရား (၁၀)မျိုးကို ရှေးဦးစွာ သိမ်းဆည်းပါ။ သိမ်းဆည်းပြီးတဲ့အခါ တေဇောဓာတ်ကို ထပ်သိမ်းဆည်းပါ။ အဲဒီတေဇောဓာတ်က (၄)ဆင့် (၅)ဆင့် သော ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပုံကို မြင်အောင် ကြည့်ပါ။ - နည်းနည်းထပ်ပြောမယ် - အဲဒီစက္ခုဒသကကလာပ်မှာရှိတဲ့ တေဇောဓာတ်က ရုပ်ကလာပ်အသစ် တစ်ခုကို ဖြစ်စေပြီ။ အဲဒီရုပ်ကလာပ်က စက္ခုဒသက ကလာပ်မှာ ရှိတဲ့ တေဇောဓာတ် (= ဥတု) ကြောင့် ဖြစ်တဲ့အတွက် စက္ခု ဒသကကလာပ် တေဇောရဲ့ သားဦးရတနာ ဖြစ်ပါတယ်။ အဲဒီရုပ်ကလာပ်က မကြည်ဘူး၊ ဓာတ်ခွဲကြည့်လျှင် ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာဆိုတဲ့ ဩဇာလျှင် (၈)ခုမြောက်ရှိတဲ့ ရုပ်သဘောတရား (၈)မျိုး ရှိပါတယ်။ အဲဒီရုပ်တွေကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပါ။

အဲဒီ သားဦးရတနာဖြစ်တဲ့ ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်မှာ တည်ရှိတဲ့ တေဇောဓာတ်ကလည်း နောက်ထပ် ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ စက္ခုဒသကကလာပ် တေဇောရဲ့ မြေးဦးကလေး ဖြစ်ပါတယ်။ အဲဒီ ရုပ် ကလာပ်ကို ဓာတ်ခွဲလျှင်လည်း သဘောတရား (၈)ခုပဲ ရှိတယ်။ ဒီရုပ်ကလာပ် လည်း မကြည်ပြန်ဘူး။

တစ်ခါ ဒီမြေးဦးဖြစ်တဲ့ ဥတုဇရုပ်ကလာပ်မှာရှိတဲ့ တေဇောဓာတ် (= ဥတု) ကလည်း ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်တယ်။ စက္ခုဒသကကလာပ် တေဇောရဲ့ မြစ်ဦးကလေး ဖြစ်ပါတယ်။ အဲဒီမြစ်ဖြစ်တဲ့ ရုပ်ကလာပ်ကလည်း မကြည်ပြန်ဘူး။ ဓာတ်ခွဲကြည့်လည်း ရုပ်သဘောတရား (၈)ခုပဲ ရှိပါတယ်။ ဒီလိုနည်းနှင့် ရုပ်ကလာပ်တွေ အဆင့်ဆင့်ဖြစ်ပုံကို သဘောပေါက်ပါ။ ကြွင်း ကျန်တဲ့ ကမ္မဇရုပ်ကလာပ်တွေမှာရှိတဲ့ တေဇော, စိတ္တဇရုပ်ကလာပ်-ဥတုဇရုပ် ကလာပ်တွေမှာရှိတဲ့ တေဇော, အာဟာရဇရုပ်ကလာပ်တွေမှာရှိတဲ့ တေဇော ဓာတ် (= ဥတု)တွေကလည်း ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပါတယ်။

  1. ကမ္မဇရုပ်ကလာပ်တွေမှာရှိတဲ့ တေဇောဓာတ်က (၄)ဆင့် (၅)ဆင့်သော ရုပ်ကလာပ်တွေကို ဖြစ်စေတယ်။
  2. ရိုးရိုးကာမာဝစရစိတ်တွေကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ကလာပ်တွေမှာရှိတဲ့ တေဇောဓာတ်က (၂)ဆင့် (၃)ဆင့်သော ရုပ်ကလာပ်တွေကို ဖြစ်စေ တယ်။
  3. သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဆိုတဲ့ မွန်မြတ်တဲ့ စိတ်တွေ ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ကလာပ်တွေမှာရှိတဲ့ တေဇောဓာတ် (= ဥတု)က အဆင့်ပေါင်းများစွာသော ရုပ်ကလာပ်တွေကို ဖြစ်စေပါတယ်။ ဒီလို ဖြစ်စေတဲ့အပိုင်းမှာ စိတ္တဇရုပ်ကလာပ်တွေက အဇ္ဈတ္တမှာသာ ပျံ့နှံ့ဖြစ်ကြ သော်လည်း အဲဒီ မွန်မြတ်တဲ့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့ကြောင့် ဖြစ်တဲ့ စိတ္တဇရုပ်ကလာပ်တိုင်းမှာ ပါဝင်တဲ့ တေဇောဓာတ် (= ဥတု)ကြောင့်ဖြစ်တဲ့ ဥတုဇရုပ်ကလာပ်တွေက အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ဉာဏ်အာနုဘော်က ကြီးလျှင်လည်း ကြီးသလို သေးလျှင် လည်း သေးသလို ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာမှာ ပျံ့နှံ့ပြီးတော့ ဖြစ်ကြပါတယ်။ သမထဉာဏ်ရောင် ဝိပဿနာဉာဏ်ရောင်ဆိုတာ အဲဒီ စိတ္တဇနှင့် ဥတုဇရုပ်ကလာပ်တွေမှာပါတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ရဲ့ တောက်ပနေတဲ့ အရောင် ဖြစ်ပါတယ်။
  4. အာဟာရဇရုပ်ကလာပ်တိုင်းမှာရှိတဲ့ တေဇောဓာတ်ဥတုကလည်း (၃)ဆင့် (၄)ဆင့်သော ရုပ်ကလာပ်, ရံခါ (၁၀)ဆင့် (၁၂)ဆင့်တိုင်အောင်သော ရုပ်ကလာပ်တွေကို ဖြစ်စေပါတယ်။
  5. ဥတုပစ္စယဥတုဇရုပ် --

အစာသစ်, အစာဟောင်း, ပြည်, ကျင်ငယ် - ဆိုတဲ့ ဒီကောဋ္ဌာသ (၄)ခု ကတော့ ရှေးရှေးရုပ်ကလာပ်မှာ တည်ရှိတဲ့ တေဇောဓာတ်ကို အကြောင်းခံပြီး ဖြစ်ပေါ်လာကြတဲ့ ဥတုဇရုပ်ကလာပ်တွေ ဖြစ်ကြတယ်။

ဒီဥတုဇရုပ်တွေကတော့ ဩဇာလျှင် ရှစ်ခုမြောက်ရှိတဲ့ ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တွေ ဖြစ်ကြပါတယ်။ အဲဒီရုပ် (၄)မျိုးထဲမှာ အစာသစ်ကောဋ္ဌာသ အကြောင်းကို ထပ်ပြီးတော့ ပြောချင်တယ်။ ဒီအစာသစ်ကောဋ္ဌာသက မစားမီ အတွင်းမှာဖြစ်စေ, စားပြီးသော်လည်း အစာအိမ်စသည်တို့ရဲ့ အတွင်းမှာ အစာသစ်ကောဋ္ဌာသအဖြစ်နှင့် တည်ရှိနေခိုက်မှာဖြစ်စေ - ဥတုဇရုပ်ကလာပ် တို့ရဲ့ အပေါင်းအစုမျှသာဖြစ်ပါတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၅၂။) ကတော့ ဥတုပစ္စယဥတုသမုဋ္ဌာန်ရုပ် ဆိုပြီး နာမည်တပ်ပေးထားပါတယ်။ ဒီရုပ်တို့ရဲ့သဘောကိုလည်း အဋ္ဌကထာ ဆရာတော်က ဒီလို ဖွင့်ဆိုရှင်းလင်း ထားပါတယ်။

ဥတုပစ္စယဥတုသမုဋ္ဌာနံ နာမ ဥတုသမုဋ္ဌာနာ တေဇောဓာတု ဌာနပ္ပတ္တာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဥတု အညန္တိ ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိဏ္ဏပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိယေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

ဒီဃမ္ပိ အဒ္ဓါနန္တိ ဒသ ဒွါဒသ ဝါရေတိ အညဿ ဝုတ္တပရိစ္ဆေဒတော ဒီဃမ္ပိ ကာလံ။ ဥတု ဟိ သဘာဂသန္တတိဝသေန လဒ္ဓပစ္စယံ စိရတရမ္ပိ ကာလံ သဒိသာကာရံ ရူပပ္ပဝတ္တိံ သန္တာနေတိ ဥပါဒိန္နကသန္နိဿယေန ဝိနာ၊ ပဂေဝ ဣတရထာ။ (မဟာဋီ၊၂၊၄၀၄။)

ခုပြောခဲ့တဲ့ အစာသစ်ကောဋ္ဌာသဆိုတာ ဥတုဇရုပ်ကလာပ်တို့ရဲ့ အပေါင်း အစုသာ ဖြစ်တယ်။ ယင်းဥတုဇရုပ်ကလာပ်တိုင်းမှာ တေဇောဓာတ် ပါဝင် တယ်။ ယင်းတေဇောဓာတ်က ဥတုဇရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ ယင်းဥတုဇရုပ်ကလာပ်အသစ်မှာရှိတဲ့ တေဇောဓာတ်ကလည်း အခြား ဥတုဇ ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ ဒီနည်းအားဖြင့် (၁၀)ကြိမ် (၁၂)ကြိမ် ဆိုတဲ့ အတိုင်းအတာပမာဏကို လွန်ပြီးတော့ ရှည်စွာသော အဓွန့်ကာလ ပတ်လုံးလည်း အနုပါဒိဏ္ဏက (= သက်မဲ့အဖို့အစု) ၌ တည်၍ အဓွန့်ရှည်စွာ ဖြစ်စေနိုင်ပါတယ်။ စကြဝတေးမင်းတို့ရဲ့ စကြရတနာ ပတ္တမြားရတနာ စသည် တို့လို ကံ၏ အထောက်အပံ့ကို ရရှိခဲ့မယ်ဆိုလျှင်တော့ ပြောဖွယ်ရာတောင် မလိုတော့ဘူး၊ အဓွန့်ရှည်စွာ ဖြစ်စေနိုင်သည်သာ ဖြစ်ပါတယ်။ ရှေးရှေးဥတု ကြောင့်ဖြစ်တဲ့ ဥတုဇရုပ်တွေကိုအကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ နောက်နောက် ဥတုဇရုပ်တွေ ဖြစ်ကြတယ်။ ဥတုပစ္စယဥတုဇရုပ်လို့ ခေါ်ဆိုတယ်။ ရွှေ, ငွေ စသည်တို့ကိုလည်း နည်းတူ သဘောပေါက်ပါ။ --

အဲဒီလို ဥတုဇရုပ်တွေဖြစ်တဲ့အပိုင်းမှာ နောက်ဆုံးအဆင့်မှာရှိတဲ့ ရုပ် ကလာပ်တွေမှာ ပါဝင်တဲ့ တေဇောဓာတ် (= ဥတု)ကတော့ ရုပ်ကလာပ် အသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအား မရှိဘူးလို့ မှတ်ပါ။ ဒါကြောင့် ယေဘုယျ (= များသော)အားဖြင့် ရုပ်ကလာပ်တိုင်းလိုလိုမှာရှိတဲ့ တေဇောဓာတ်က ရုပ် ကလာပ် အသစ်အသစ်ကို ဖြစ်စေတယ်လို့ ပြောခြင်းဖြစ်ပါတယ်။

အာဟာရဇရုပ်ကလာပ်များကို သိမ်းဆည်းပုံ

အာဟာရဇရုပ်တွေကို သိမ်းဆည်းပုံအပိုင်းကို ပြောကြရအောင် ...။

ဥဒရိယံ, ကရီသံ, ပုဗ္ဗော, မုတ္တန္တိ ဣမေသု စတူသု ဥတုသမုဋ္ဌာနေသု ဥတုသမုဋ္ဌာနေဿဝ ဩဇဋ္ဌမကဿ ဝသေန အဋ္ဌ အဋ္ဌ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

အစာသစ်, အစာဟောင်း, ပြည်, ကျင်ငယ် - ဆိုတဲ့ ဒီကောဋ္ဌာသ (၄)ခု ကတော့ ဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့် ဖြစ်တဲ့ ဥတုဇဩဇဋ္ဌမကရုပ် (= ဩဇာလျှင် ရှစ်ခုမြောက်ရှိတဲ့ ဥတုကြောင့်ဖြစ်တဲ့ရုပ်)တွေ ဖြစ်ကြပါတယ်။

ဒီတော့ - ယောဂီပုဂ္ဂိုလ်က အာဟာရဇရုပ်တွေကို ရှုတော့မယ်ဆိုလျှင် ရှေးဦးစွာ ဒီအစာသစ်ကောဋ္ဌာသမှာရှိတဲ့ ဓာတ်ကြီး (၄)ပါးကို စတင် သိမ်း ဆည်းပါ။ ဒီလို သိမ်းဆည်းလိုက်လျှင် မကြာမီမှာပဲ ရုပ်ကလာပ်အမှုန်တွေကို တွေ့နိုင်ပါတယ်။ ဒါကြောင့် အစာသစ်ကောဋ္ဌာသဆိုတာ ရုပ်ကလာပ်တို့ရဲ့ အပေါင်းအစုဖြစ်တယ်ဆိုတာ မှတ်သားထားပါ။

အဲဒီ ရုပ်ကလာပ်တွေကို ဓာတ်ခွဲကြည့်လိုက်လျှင် ရုပ်ကလာပ် တစ်ခု တစ်ခုမှာ သဘောတရား (၈)ခုစီ ရှိတာကို တွေ့နိုင်ပါတယ်၊ ဆက်လက် သိမ်းဆည်းပါ။ ပြီးတော့ ဒီရုပ်တရားတွေဟာ ရုပ်ကလာပ်တစ်ခုမှာ ရှိတဲ့ တေဇောဓာတ် (= ဥတု) ကြောင့် အသစ်အသစ် ထပ်ကာထပ်ကာ ဆင့်ကာ ဆင့်ကာ ရှည်စွာသော အဓွန့်ကာလပတ်လုံး အဆက်မပြတ် ဖြစ်နေတဲ့ ရုပ် တရားတွေဖြစ်တာကို ဉာဏ်နှင့်မြင်အောင် ဆက်ရှုပါ။ ဒါပေမဲ့ ဒီရုပ်ကလာပ် တွေ ဒီရုပ်တရားတွေဟာ မြဲတဲ့ ရုပ်တရားတွေတော့ မဟုတ်ကြဘူး၊ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားတွေသာ ဖြစ်ကြပါတယ်။ သို့သော်လည်း မပျက်မီ ဖြစ်ပြီးနောက် ဌီကာလသို့အရောက်မှာ အသစ်အသစ် ရုပ်ကလာပ်တွေကို ထပ်ကာထပ်ကာဆင့်ကာဆင့်ကာ အဓွန့်ရှည်စွာ ကျေးဇူးပြုပေးနေကြပါတယ်။

ဒီအစာသစ်ကောဋ္ဌာသဟာ အစာသစ်အိမ်ထဲသို့ မရောက်မီ အိုး-ခွက်-ပုဂံ-သပိတ်-စသည်တို့မှာ တည်ရှိနေစဉ်ကလည်း အလားတူပဲ ဥတုဇရုပ်တွေ သာ ဖြစ်ကြပါတယ်။ ပါးစပ်ထဲဝါးစဉ် အူထဲမှာ အစာအိမ်ထဲမှာ အစာဟောင်း အိမ်ထဲမှာရှိစဉ် ခန္ဓာကိုယ်အတွင်းသို့ မပျံ့နှံ့ခင်အတွင်းမှာလည်း ဥတုဇရုပ်တွေ သာ ဖြစ်ကြတယ်။ ယောဂီပုဂ္ဂိုလ်က အစာစားပြီးမှ တရားထိုင်မှာဖြစ်တော့ ထိုအချိန်မှာ ဒီအစာသစ်ကောဋ္ဌာသက များသောအားဖြင့် အစာသစ်အိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်မှာပဲ ရှိနေပါတယ်။

ယောဂီပုဂ္ဂိုလ်က အဲဒီ အစာသစ်ကောဋ္ဌာသခေါ်တဲ့ ရုပ်ကလာပ်တွေကို မြင်အောင် ရုပ်ပရမတ်သဘောတရားတွေကို မြင်အောင် ရှုနိုင်ပြီဆိုလျှင် အဲဒီ ရုပ်ပရမတ်တရားတွေထဲက အဆီအစေး ဩဇာကို ဉာဏ်နှင့်ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ အဲဒီဩဇာက ဥတုဇရုပ်ကလာပ်တွေမှာ ပါဝင်တဲ့ ဩဇာဖြစ်လို့ ဥတုဇဩဇာသာ ဖြစ်ပါတယ်။ အဲဒီ ဥတုဇဩဇာကို အစာအိမ်ဝန်းကျင် စတဲ့ ထိုထိုနေရာမှာ တည်ရှိနေတဲ့ ဇီဝိတနဝကကလာပ်တွေမှာ ပါဝင်တဲ့ တေဇော ဓာတ် (= ဥတု)ခေါ်တဲ့ အစာကိုကြေကျက်စေတဲ့ ကမ္မဇဝမ်းမီးက အားပေး ထောက်ပံ့လိုက်တဲ့အခါ အဲဒီ ဥတုဇဩဇာက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပါတယ်။ အဲဒီ ရုပ်ကလာပ်အသစ်ကတော့ မူလဥတုဇရုပ်ကလာပ်မှာ ပါဝင်တည်ရှိတဲ့ ဩဇာ (= အာဟာရ)ကြောင့်ဖြစ်လို့ အာဟာရဇရုပ်ကလာပ်လို့ ခေါ်ဆိုပါတယ်။ အဲဒီ ရုပ်ကလာပ်ကလည်း မကြည်ဘူး။ ဓာတ်ခွဲကြည့်လျှင် ရုပ်ကလာပ် တစ်ခုတစ်ခုမှာ ရုပ်သဘောတရား (၈)ခုစီပဲ ရှိပါတယ်။

အဲဒီ အာဟာရဇရုပ်ကလာပ်မှာ ပါဝင်တဲ့ ဩဇာက --

  1. ကမ္မဇရုပ်ကလာပ်တိုင်းမှာ တည်ရှိတဲ့ ဩဇာ,
  2. စိတ္တဇရုပ်ကလာပ်တိုင်းမှာ တည်ရှိတဲ့ ဩဇာ,
  3. ဥတုဇရုပ်ကလာပ်တိုင်းမှာ တည်ရှိတဲ့ ဩဇာ,
  4. မိမိရဲ့ရှေးက ဖြစ်နှင့်တဲ့ ရှေးရှေးသော အာဟာရဇ ရုပ်ကလာပ်တွေမှာ တည်ရှိတဲ့ ဩဇာ --

အဲဒီဩဇာ အသီးအသီးကို ထပ်ပြီး အားပေးထောက်ပံ့လိုက်တဲ့အခါ အဲဒီ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ရှေးရှေးသော အာဟာရဇဩဇာ တို့က ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကိုလည်း ရခဲ့လျှင် ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေပါတယ်။

စက္ခုဒသကကလာပ်ကဲ့သို့သော ကမ္မဇရုပ်ကလာပ်တွေမှာ ပါဝင်တဲ့ ဩဇာ က (၄)ဆင့် (၅)ဆင့်၊

စိတ္တဇရုပ်ကလာပ်တွေမှာပါတဲ့ ဩဇာက (၂)ဆင့် (၃) ဆင့်၊

ဥတုဇရုပ်ကလာပ်တွေမှာပါတဲ့ ဩဇာက (၂)ဆင့် (၃)ဆင့်, ရံခါ (၁၀) ဆင့် (၁၂)ဆင့်၊

ရှေးရှေးသော အာဟာရဇရုပ်ကလာပ်တွေမှာပါတဲ့ ဩဇာက (၁၀)ဆင့် (၁၂)ဆင့်တိုင်အောင်သော ရုပ်ကလာပ်တွေကို ဖြစ်စေပါတယ်။

ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။(ဝိသုဒ္ဓိ၊၂၊၂၅၁။)

တစ်ကြိမ်တစ်ခါ စားလိုက်သော အစာအာဟာရဟာ (၇)ရက်တို့ပတ်လုံး သော်လည်း ဒီလို အာဟာရဇရုပ်တွေကို ဖြစ်စေနိုင်တယ်လို့ ဆိုတယ်။

စတုသမုဋ္ဌာနိကဩဇာ

ရုပ်ကလာပ်တိုင်းလိုလိုမှာရှိတဲ့ .. တစ်နည်းပြောလျှင်တော့ --

  1. ကမ္မဇရုပ်ကလာပ်တိုင်းမှာ ပါဝင်တဲ့ ကမ္မဇဩဇာ,
  2. စိတ္တဇရုပ်ကလာပ်တိုင်းမှာ ပါဝင်တဲ့ စိတ္တဇဩဇာ,
  3. ဥတုဇရုပ်ကလာပ်တိုင်းမှာ ပါဝင်တဲ့ ဥတုဇဩဇာ,
  4. ရှေးရှေးသော အာဟာရဇရုပ်ကလာပ်တိုင်းမှာ ပါဝင်တဲ့ အာဟာရဇဩဇာ

ဒီလေးမျိုးလုံးသော ဩဇာတွေဟာ အာဟာရဇဩဇာရဲ့ အထောက် အပံ့ကို ရရှိတဲ့အခါ ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကိုလည်း ရရှိတဲ့အခါ ဩဇာလျှင် (၈)ခုမြောက်ရှိတဲ့ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ ပါတယ်။ သတိပြုရန်အချက်ကတော့ ဒီလေးမျိုးထဲမှာ ပါဝင်တဲ့ အာဟာရဇ ဩဇာ ဖြစ်တယ်။ နောက်နောက်သော အာဟာရဇရုပ်ကလာပ်တွေမှာ ပါတဲ့ အာဟာရဇဩဇာက အားပေးထောက်ပံ့တဲ့အခါ ရှေးရှေးသော အာဟာရဇ ကလာပ်တွေမှာပါတဲ့ ဩဇာက ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေတယ်ဆိုတဲ့ အချက်ကိုတော့ ခွဲခြားပြီး မှတ်သားထားပါ။ ခုပြောခဲ့တဲ့ ကံ-စိတ်-ဥတု-အာဟာရ ခေါ်တဲ့ အကြောင်းတရား (၄)မျိုးကြောင့်ဖြစ်တဲ့ ဩဇာကိုပဲ ရည်ရွယ်ပြီး --

အာဟာရော နာမ ကဗဠီကာရော အာဟာရော။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

ကဗဠီကာရော အာဟာရောတိ စတုသန္တတိသမုဋ္ဌာနေ ရူပေ ဩဇာ အာဟာရော နာမ။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။) --

စသည်ဖြင့် အဋ္ဌကထာများက ကဗဠီကာရအာဟာရဆိုပြီး ဖွင့်ဆိုထားကြ တယ်။ ကဗဠီကာရအာဟာရဆိုတာကတော့ အပေါ်ကပြောခဲ့တဲ့ ထမင်းစတဲ့ အရာဝတ္ထုမှာ တည်ရှိတဲ့ ဥတုဇဩဇာပါဝင်တဲ့ ရုပ်ကလာပ်တွေ ရှိကြတယ်။ အဲဒီ ဥတုဇဩဇာကို ကမ္မဇဝမ်းမီးက ထောက်ပံ့လိုက်ပါမှ ဒီဩဇာက ဩဇဋ္ဌမကရုပ်ကို ဖြစ်စေမှာဖြစ်တယ်။ အာဟာရဇဩဇဋ္ဌမကရုပ်တွေ ဖြစ်ပါတယ်။ ဒီအာဟာရဇဩဇာက ထောက်ပံ့ပါမှ ကမ္မဇဝမ်းမီးကလည်း ထောက်ပံ့ပါမှ ခုနက ပြောခဲ့တဲ့ (၄)မျိုးသော စတုသမုဋ္ဌာနိကဩဇာတွေဟာ ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်တယ်။ ဒါကြောင့် - (၄)မျိုးသော ကဗဠီကာရ အာဟာရ အမည်ရတဲ့ ဩဇာက အာဟာရဇရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းဆိုတဲ့ လုပ်ငန်းကိစ္စကို ရွက်ဆောင်တဲ့အပိုင်းမှာ ထမင်းစတဲ့အရာ ဝတ္ထုကို အလုတ်အလွေးပြု၍ စားမျိုဝါးမျိုမှသာလျှင် အာဟာရဇရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းဆိုတဲ့ လုပ်ငန်းကိစ္စကို ရွက်ဆောင်နိုင်တယ်။ မစားမျို မဝါးမျိုခဲ့လျှင်တော့ အဲဒီကိစ္စကို မရွက်ဆောင်နိုင်ဘူး။ ဒါကြောင့် အာဟာရလို့မသုံးဘဲ ကဗဠီကာရအာဟာရ (= အလုတ်အလွေး မပြုအပ်သော် လည်း ပြုအပ်သကဲ့သို့သော အာဟာရ) လို့ ခေါ်ဝေါ်သုံးစွဲထားတယ်။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)

အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော

ဒီနေရာမှာ ကဗဠီကာရအာဟာရဆိုတဲ့ စကားလုံးကို သိတော်မူ မြင်တော် မူကြတဲ့ ရှေးရှေးဆရာတော်ဘုရားကြီးများက မြန်မာလို ဘာသာပြန်ဆိုတဲ့ အပိုင်းမှာ - အလုတ်အလွေးကို မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော ဩဇာ (= အာဟာရ) - ဆိုပြီး ဘာသာပြန်ဆိုထားတော်မူကြပါတယ်။ ဘာကို ဆိုလိုသလဲ? --

ခုနက ပြောခဲ့တဲ့အတိုင်းပဲ ထမင်းစတဲ့ စားမျိုဝါးမျိုရမည့် အရာဝတ္ထုတွေ ဟာ - ဥတုဇဩဇဋ္ဌမကရုပ် = တေဇောဓာတ် (ဥတု)ကြောင့်ဖြစ်တဲ့ ဩဇာလျှင် (၈)ခုမြောက်ရှိတဲ့ ရုပ်ကလာပ်တို့ရဲ့ အပေါင်းအစုသာ ဖြစ်ကြတယ်။ အဲဒီ ရုပ်ကလာပ်တွေမှာ ပါဝင်တဲ့ ဩဇာကို ဩဇာတစ်ခုတည်း ကွက်ပြီးတော့ စားမျိုဝါးမျိုခဲ့မယ်ဆိုလျှင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဩဇာနှင့်တကွဖြစ်နေတဲ့ ရုပ်အားလုံးတို့ရဲ့ အပေါင်းအစု (= ရုပ်ကလာပ်တို့ရဲ့ အပေါင်းအစု)ကိုသာ ဩဇာရဲ့တည်ရာ ရုပ်တွေနှင့်အတူတကွသာ စားမျိုဝါးမျိုလို့ ရနိုင်တယ်။ ရုပ် ကလာပ်တို့ရဲ့ အပေါင်းအစုကိုသာ စားမျိုဝါးမျိုလို့ ရနိုင်တယ်။ ဒါကလည်း အကြောင်းတစ်ခုပဲ။

နောက်အကြောင်းတစ်ခုကတော့ ရုပ်ကလာပ်တို့မည်သည် (= ရုပ်ပရမတ် တရားတို့မည်သည်) ဖြစ်ပြီးတာနှင့် ချက်ချင်း ပျက်တဲ့သဘော ရှိတယ်။ ဖြစ်တဲ့ နေရာပဲ ဖြစ်ပြီးလျှင်ပြီးချင်း ပျက်သွားကြတယ်။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ဖြစ်နိုင်လောက်အောင် အချိန်ကြာကြာ မဖြစ်ကြပါဘူး။ ဒါကြောင့် အိုး-ခွက်-ပုဂံ-သပိတ်စသည်တို့ အတွင်းမှာ တည်ရှိတဲ့ ရုပ်ပရမတ်တရား တွေဟာ ပါးစပ်ထဲမှာ စားလို့ဝါးလို့ ရတဲ့အချိန်အထိ အသက်မရှည်ကြပါဘူး။ တစ်ခါ စားတုန်းဝါးတုန်း ပါးစပ်ထဲမှာရှိတဲ့ ရုပ်ပရမတ်တွေဟာလည်း အူ အတွင်း အစာအိမ်အတွင်းသို့ ရောက်သည့်တိုင်အောင် အသက်မရှည်ကြ ပါဘူး။ စားမျိုဝါးမျိုလို့ ရနိုင်အောင် အသက်မရှည်ကြဘူး။ ရုပ်ကလာပ်တစ်ခု မှာရှိတဲ့ တေဇောဓာတ်က နောက်ထပ် ရုပ်ကလာပ် အသစ်အသစ်တွေကို အဓွန့်ရှည်စွာ တည်တံ့နိုင်ရေးအတွက် ဘုတ်အဆက်ဆက် ကျေးဇူးပြုပေးနေ တဲ့အတွက် အဆက်မပြတ် ဆက်စပ်လျက် အထပ်ထပ်ဖြစ်နေတဲ့ ရုပ်သန္တတိ အစဉ်အတန်းတစ်ခုသာ ဖြစ်တယ်။ တကယ် စားမျိုဝါးမျိုလို့ ရနိုင်လောက် အောင် အသက်ရှည်နေတဲ့ သဘာဝတရားတွေ မဟုတ်ကြပါဘူး။ ဒါကလည်း အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် အလုတ်အလွေးကို မပြုအပ်သော် လည်း ပြုအပ်သကဲ့သို့သော အာဟာရဟု ဘာသာပြန်ဆိုတော်မူကြခြင်း ဖြစ်ပါတယ်။

နောက်ထပ် အကြောင်းတစ်ခုကတော့ ခုပြောခဲ့တဲ့ အစာသစ်ကောဋ္ဌာသ ဆိုတဲ့ ဥတုဇရုပ်ကလာပ်တွေမှာပါရှိတဲ့ ဩဇာဟာ ဗဟိဒ္ဓ-ဩဇာသာ ရှိပါသေး တယ်။ ဒီဥတုဇဩဇာ (= ဗဟိဒ္ဓဩဇာ)ကို ကမ္မဇဝမ်းမီးခေါ်တဲ့ ဇီဝိတနဝက ရုပ်ကလာပ်တွေမှာ ပါဝင်တည်ရှိတဲ့ တေဇောဓာတ်က အစာကို ကြေကျက် သွားအောင် အားပေးထောက်ပံ့လိုက်တဲ့အခါ ဩဇာလျှင် (၈)ခုမြောက်ရှိတဲ့ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဒီဩဇာက ဖြစ်စေပြန်တယ်။ ဒီရုပ် ကလာပ်တွေကိုတော့ ဩဇာကြောင့်ဖြစ်လို့ အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ် တွေလို့ ခေါ်ဆိုတယ်။ အဲဒီ အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တွေမှာ ပါဝင် တည်ရှိတဲ့ ဩဇာ, အထက်ကပြောခဲ့တဲ့ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ပေါင်း ဒီ (၄)မျိုးလုံးသော ဩဇာတွေဟာ စားမျိုဝါးမျိုလို့ ရတဲ့ ဩဇာတွေ မဟုတ်ကြပါဘူး။

သို့သော် ဒီဩဇာတွေဟာ ရှေးကပြောခဲ့တဲ့အတိုင်း အာဟာရဇဩဇာရဲ့ အထောက်အပံ့ကိုလည်း ရရှိခဲ့လျှင် ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကိုလည်း ရရှိခဲ့လျှင် အာဟာရကိစ္စကို ဆောင်ရွက်နိုင်တယ်။ အာဟာရကိစ္စကို ဆောင် ရွက်နိုင်တယ်ဆိုတာက အာဟာရဇရုပ်ကလာပ် အသစ်အသစ်တွေကို ဖြစ်စေ နိုင်တယ်လို့ ဆိုပါတယ်။ ဒီ (၄)မျိုးသော ဩဇာတွေက အဇ္ဈတ္တိကဩဇာ ဖြစ်ပါတယ်။ ဒီ (၄)မျိုးသော အဇ္ဈတ္တိကဩဇာတွေကိုလည်း အာဟာရကိစ္စကို ဆောင်ရွက်နိုင်တဲ့အတွက် ကဗဠီကာရအာဟာရ (= အလုတ်အလွေးကို မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရ)ဟု ခေါ်ဆိုခြင်း ဘာသာ ပြန်ဆိုခြင်း ဖြစ်ပါတယ်။

တေဇောဓာတ်နှင့် ဩဇာတို့မှ နှစ်ခွနှစ်ခွ ပွားပုံ

အထက်ပါရှုကွက်နှင့်ပတ်သက်တဲ့ ရှင်းလင်းချက် အရပ်ရပ်ကို နားထောင် ကြည့်လျှင် ရုပ်ကလာပ် တစ်ခုတစ်ခုမှာ ပါဝင်တည်ရှိတဲ့ တေဇောဓာတ် ကလည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်ကို ဖြစ်စေတယ်။ ဩဇာကလည်း အာဟာရဇဩဇာရဲ့ အထောက်အပံ့, ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကို ရရှိခဲ့လျှင် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေတယ်။ ဒီနှစ်ချက်ကိုတော့ သဘောပေါက်ပါ။ (ပရမတ္ထမဉ္ဇူသာ-အမည်ရှိတဲ့ ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာ ဒုတိယတွဲ စာမျက်နှာ - ၄၀၁-မှာ ဒီအကြောင်းကို ဖော်ပြထားပါတယ်။)

ပုံစံတစ်ခုထုတ်ပြီး ပြောကြရအောင်။ စက္ခုဒသကကလာပ် ဆိုကြစို့ ..။ အဲဒီစက္ခုဒသကကလာပ်မှာ ရုပ်သဘောတရား (၁၀)မျိုးရှိရာ အဲဒီ (၁၀)မျိုး ထဲမှာ တေဇောဓာတ် (= ဥတု)လည်း ပါဝင်တယ်၊ ဩဇာလည်း ပါဝင်တယ်။ အဲဒီတေဇောဓာတ်က ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေတယ်။ ဩဇာကလည်း အာဟာရဇဩဇာရဲ့ အထောက်အပံ့နှင့် ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကို ရရှိခဲ့လျှင် ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေတယ်။ ဒီတေဇောဓာတ်ကြောင့် ဖြစ်တဲ့ ရုပ်ကလာပ်ကို ဓာတ်ခွဲလိုက်လျှင် သဘော တရား (၈)မျိုး ရှိတယ်။ ဒီသဘောတရား (၈)မျိုးရှိတဲ့ ရုပ်ကလာပ်ကို ဥတုဇရုပ် ကလာပ် ပထမဆင့်လို့ပဲ သတ်မှတ်ကြစို့။ --

အဲဒီ ပထမဆင့် ဥတုဇရုပ်ကလာပ်မှာ ရုပ်သဘောတရား (၈)မျိုးရှိတဲ့ အနက် တေဇောဓာတ်လည်း ပါဝင်ပြန်တယ်။ ဩဇာလည်း ပါဝင်ပြန်တယ်။ တေဇောဓာတ်ကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန် တယ်။ ဩဇာကလည်း အာဟာရဇဩဇာရဲ့ အထောက်အပံ့နှင့် ကမ္မဇဝမ်းမီး ရဲ့အထောက်အပံ့ကို ရရှိတဲ့အခါ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ ဒုတိယဆင့် ဥတုဇရုပ်ကလာပ်နှင့် ဒုတိယဆင့် အာဟာရဇ ရုပ်ကလာပ်တို့ ဖြစ်ကြတယ်။ ဒီတော့ ပထမဆင့် ဥတုဇရုပ်ကလာပ်မှာတည် ရှိတဲ့ တေဇောဓာတ်ကြောင့် ရုပ်ကလာပ်တစ်မျိုး, ဩဇာကြောင့် ရုပ်ကလာပ် တစ်မျိုး - ရုပ်ကလာပ်နှစ်မျိုး ဖြစ်ပေါ်လာတယ်ဆိုတဲ့အချက်ကို မှတ်သား ထားပါ။

နောက်တစ်ခု ပြောကြရအောင်။ ဒီပထမဆင့် တေဇောဓာတ်ကြောင့် ဖြစ်တဲ့ ဥတုဇရုပ်ကလာပ်ကို ဒုတိယဆင့် ဥတုဇရုပ်ကလာပ်လို့ ပြောခဲ့ပြီးပြီ။ ဒီဒုတိယဆင့် ဥတုဇရုပ်ကလာပ်မှာရှိတဲ့ တေဇောဓာတ်ကလည်း ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်တယ်။ ဩဇာကလည်း အာဟာရဇဩဇာရဲ့ အထောက် အပံ့ ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကို ရရှိတဲ့အခါ ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။

အလားတူပဲ ဒီပထမဆင့် ဥတုဇရုပ်ကလာပ်မှာတည်ရှိတဲ့ ဩဇာကလည်း အာဟာရဇဩဇာရဲ့ အထောက်အပံ့ ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကို ရရှိတဲ့ အခါ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ အဲဒီ ဩဇာကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်ကို ဒုတိယဆင့် အာဟာရဇဩဇဋ္ဌမကရုပ်လို့ ပြောခဲ့ပြီးပြီ။ ဩဇာကြောင့်ဖြစ်တဲ့ ဒုတိယဆင့် ရုပ်ကလာပ်မှာလည်း တေဇော ဓာတ် ပါဝင်ပြန်တယ်။ ဒီတေဇောဓာတ်ကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် ကို ဖြစ်စေပြန်တယ်။ ဩဇာလည်း ပါဝင်ပြန်တယ်။ ဒီဩဇာကလည်း အာဟာရဇဩဇာရဲ့ အထောက်အပံ့ ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကို ရရှိတဲ့အခါ ဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။

ဒီနည်းအတိုင်း တတိယဆင့် ဥတုဇရုပ်ကလာပ် တတိယဆင့် အာဟာရဇ ရုပ်ကလာပ်, စတုတ္ထဆင့် ဥတုဇရုပ်ကလာပ် စတုတ္ထဆင့် အာဟာရဇရုပ် ကလာပ်, ပဉ္စမဆင့် ဥတုဇရုပ်ကလာပ် ပဉ္စမဆင့် အာဟာရဇရုပ်ကလာပ် တွေမှာရှိတဲ့ တေဇောဓာတ်နှင့် ဩဇာတို့ကိုလည်း သဘောပေါက်ပါ။

စက္ခုဒသကကလာပ်မှာရှိတဲ့ တေဇောဓာတ်ကို အခြေခံကာ ဥတုဇရုပ် ကလာပ်နှင့် အာဟာရဇရုပ်ကလာပ်တို့ (၄)ဆင့် (၅)ဆင့်တိုင်အောင် ဖြစ် ပွားကြသလို မျက်စိမှာရှိတဲ့ ကာယဒသကကလာပ်မှာရှိတဲ့ တေဇော, ဘာဝ ဒသကကလာပ်မှာရှိတဲ့ တေဇော, စိတ္တဇရုပ်ကလာပ်မှာရှိတဲ့ တေဇော, ဥတုဇ ရုပ်ကလာပ်မှာရှိတဲ့ တေဇော, အာဟာရဇရုပ်ကလာပ်မှာရှိတဲ့ တေဇော ဓာတ်ကိုအကြောင်းခံကာ ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်တွေ ဖြစ်ပွားပုံကိုလည်း ဆက်လက်ရှုပါ။

နားရှင်းအောင် နည်းနည်းထပ်ပြောဦးမယ် - အဲဒီ ဒုတိယဆင့် ဥတုဇရုပ် ကလာပ်မှာ ရှိတဲ့ တေဇောဓာတ်ကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေ ပြန်တယ်။ ဩဇာကလည်း အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်ကို အလားတူ ဖြစ်စေပြန်တယ်။ တတိယဆင့် ဥတုဇရုပ်ကလာပ်နှင့် တတိယဆင့် အာဟာ ရဇရုပ်ကလာပ်တို့ ဖြစ်ကြတယ်။

ဒီတတိယဆင့် ဥတုဇရုပ်ကလာပ်မှာ ပါဝင်တဲ့ တေဇောဓာတ်နှင့် ဩဇာ, ဒီတတိယဆင့် အာဟာရဇရုပ်ကလာပ်မှာ ပါဝင်တဲ့ တေဇောဓာတ်နှင့် ဩဇာ တို့ကလည်း ရုပ်ကလာပ် အသစ်အသစ်ကို အလားတူပဲ ဖြစ်စေကြပြန်တယ်။ စတုတ္ထဆင့် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်တို့ ဖြစ်ကြတယ်။ ဒီ စတုတ္ထဆင့်မှ ပဉ္စမဆင့်စသည် ဖြစ်ပုံကိုလည်း သဘောပေါက်ပါ။

နောက်တစ်ခု စက္ခုဒသကကလာပ်မှာ တည်ရှိတဲ့ဩဇာဟာ ကမ္မဇဩဇာ ဖြစ်တယ်။ ဒီကမ္မဇဩဇာကလည်း အာဟာရဇဩဇာရဲ့ အထောက်အပံ့နှင့် ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကို ရရှိတဲ့အခါ အာဟာရဇဩဇဋ္ဌမက ရုပ် ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ စက္ခုဒသကကလာပ် ဩဇာရဲ့ သား ဖြစ်တယ်။ ပထမဆင့် အာဟာရဇရုပ်ကလာပ် ဖြစ်တယ်။

ဒီပထမဆင့် အာဟာရဇရုပ်ကလာပ်မှာပါရှိတဲ့ တေဇောဓာတ်ကလည်း ဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ ဩဇာကလည်း အာဟာရဇ ဩဇာရဲ့ အထောက်အပံ့နှင့် ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကို ရရှိတဲ့အခါ ဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ ဒုတိယဆင့် ဥတုဇရုပ် ကလာပ်နှင့် အာဟာရဇရုပ်ကလာပ်တို့ ဖြစ်ကြတယ်။ စက္ခုဒသကကလာပ် ဩဇာရဲ့ မြေးကလေးတွေ ဖြစ်ကြတယ်။

ဒီနည်းအတိုင်း ဒုတိယဆင့် ရုပ်ကလာပ်တွေက တတိယဆင့်, တတိယ ဆင့် ရုပ်ကလာပ်တွေက စတုတ္ထဆင့်, စတုတ္ထဆင့်ရုပ်ကလာပ်တွေက ပဉ္စမ ဆင့် ရုပ်ကလာပ်တွေ ဖြစ်စေပုံတို့ကိုလည်း သဘောပေါက်ပါ။

စက္ခုဒသကကလာပ်မှာရှိတဲ့ တေဇောဓာတ်နှင့် ဩဇာကြောင့် ရုပ်ကလာပ် တွေ အသစ်အသစ် နှစ်ခွ နှစ်ခွ ပွားသလိုပဲ မျက်စိမှာရှိတဲ့ ကာယဒသက ကလာပ် ဘာဝဒသကကလာပ် စိတ္တဇဩဇဋ္ဌမကကလာပ် ဥတုဇဩဇဋ္ဌမက ကလာပ် အာဟာရဇဩဇဋ္ဌမကကလာပ်တွေမှာ တည်ရှိတဲ့ တေဇောဓာတ်နှင့် ဩဇာတို့ကလည်း ရုပ်ကလာပ်အသစ်အသစ်ကို နှစ်ခွ နှစ်ခွ ဖြစ်စေပုံကို နည်းမှီပြီးတော့ ရှုပါ။ အချို့အရာ၌ ရုပ်ကလာပ် အဆင့်ပေါင်းများစွာ အချို့ အရာ၌ ရုပ်ကလာပ် (၂)ဆင့် (၃)ဆင့်စသည် ဖြစ်စေပုံတို့ကိုလည်း သဘော ပေါက်အောင် ရှုကြည့်ပါ။ စက္ခုဒွါရမှာ ရှုရသကဲ့သို့ ကျန်တဲ့ဒွါရတွေမှာရော (၄၂)ကောဋ္ဌာသတွေမှာရော ပုံစံတူ ဆက်လက်ရှုပါ။


သောတဒွါရ

သောတဒွါရမှာ ထူးခြားတဲ့ ရုပ်ကလာပ်ကတော့ သောတဒသကကလာပ် ဖြစ်ပါတယ်။ နားမှာရှိတဲ့ ကြည်တဲ့ရုပ်ကလာပ် တစ်ခုကို ဓာတ်ခွဲကာ ရုပ် သဘောတရား (၁၀)မျိုးထဲမှ အကြည်ဓာတ်ကို သိမ်းဆည်းကာ အသံတစ်ခု ကို အာရုံလှမ်းယူကြည့်ပါ။ ထိုအသံက ထိုအကြည်ဓာတ်ကို ရိုက်ခတ်နေပါက အဲဒီ မိမိသိမ်းဆည်းထားတဲ့ အကြည်ဓာတ်ဟာ သောတအကြည်ဓာတ် ဖြစ်ပါတယ်။ သောတအကြည်ဓာတ် ပါဝင်တဲ့ ရုပ်ကလာပ်က သောတ ဒသကကလာပ် ဖြစ်ပါတယ်။ ကျန်တဲ့ ရုပ်ကလာပ် (၅)မျိုးကို စက္ခုဒွါရကို နည်းမှီပြီး ပုံစံတူ ရှုကြည့်ပါ။


ဃာနဒွါရ စသည်

အနံ့ = ဂန္ဓာရုံ ရှေးရှူရိုက်ခတ်ခြင်းငှာထိုက်တဲ့ အကြည်ဓာတ်က ဃာန အကြည်ဓာတ်ဖြစ်တယ်။ ဒီအကြည်ဓာတ်ပါဝင်တဲ့ ရုပ်ကလာပ်က ဃာနဒသက ကလာပ် ဖြစ်တယ်။ ရသာရုံ ရှေးရှူရိုက်ခတ်ခြင်းငှာထိုက်တဲ့ အကြည်ဓာတ်က ဇိဝှါအကြည်ဓာတ် ဖြစ်တယ်။ ဇိဝှါအကြည်ဓာတ် ပါဝင်တဲ့ ရုပ်ကလာပ်က ဇိဝှါဒသကကလာပ် ဖြစ်တယ်။ ဖောဋ္ဌဗ္ဗာရုံ ရှေးရှူရိုက်ခတ်ခြင်းငှာထိုက်တဲ့ အကြည်ဓာတ်က ကာယအကြည်ဓာတ် ဖြစ်တယ်။ ဒီကာယအကြည်ဓာတ် ပါဝင်တဲ့ ရုပ်ကလာပ်က ကာယဒသကကလာပ် ဖြစ်တယ်။ စက္ခုဒွါရကို နည်းမှီ ပြီး ရှုပါ။


မနောဒွါရ

မနောဒွါရမှာ ဟဒယဒသကကလာပ်စတဲ့ ရုပ်ကလာပ် (၆)မျိုး ရုပ်အမျိုး အစား (၅၄)မျိုးရှိကြောင်းကို ဟိုရှေ့ပိုင်းက ပြောခဲ့ပါတယ်။ နှလုံးအိမ်အတွင်း မှာ တည်ရှိတဲ့ သွေးကောဋ္ဌာသကို အာရုံယူပါ။ အဲဒီသွေးမှာ တည်ရှိတဲ့ ဓာတ်ကြီး (၄)ပါးကို သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို မြင်တဲ့အခါ ဘဝင်မနောအကြည်ဓာတ်နှင့် ဆက်စပ်ဖြစ်နေတဲ့ မကြည်တဲ့ ရုပ်ကလာပ် တစ်ခုကို ဓာတ်ခွဲကြည့်ပါ။ အကယ်၍ အဲဒီ မကြည်တဲ့ရုပ်ကလာပ်မှာ ပထဝီမှ ဇီဝိတအထိ ရုပ် (၉)မျိုးကို သိမ်းဆည်းလို့ ရရှိပါက ဟဒယဝတ္ထုရုပ်ကို ရှာဖွေ ကြည့်ပါ။

မထင်ရှားလျှင် ဘဝင်မနောအကြည်ဓာတ်ကို စိတ်စိုက်ထားပြီး လက်ညှိုး တစ်ချောင်းကို ကွေးလိုက် ဆန့်လိုက် ပြုလုပ်ကြည့်ပါ။ ကွေးချင်တဲ့စိတ် ဆန့်ချင်တဲ့စိတ်ကို မြင်အောင်ကြည့်ပါ။ အဲဒီ စိတ်တွေရဲ့ မှီဖြစ်တဲ့ ရုပ်ကို သိမ်းဆည်းပါ။ မှီဖြစ်နေတဲ့ ဆက်စပ်နေတဲ့ ရုပ်ကလာပ်ကိုတွေ့လျှင် အဲဒီ ရုပ်ကလာပ်ကို ဓာတ်ခွဲကြည့်ပါက ပထဝီမှသည် ဇီဝိတနှင့် ဟဒယသို့တိုင် အောင် (၁၀)မျိုးသောရုပ်ကို တွေ့ရှိနိုင်ပါတယ်။

ဟဒယဆိုတာ မနောဓာတ်-မနောဝိညာဏဓာတ်ခေါ်တဲ့ စိတ်တို့ရဲ့ မှီရာ (= အမှီခံ) ရုပ်သဘောတရားတစ်ခု ဖြစ်ပါတယ်။ ဒီရုပ်ကလာပ်က မကြည်တဲ့ ရုပ်ကလာပ်ဖြစ်တယ်။ ကျန်ရုပ်ကလာပ်တွေကို စက္ခုဒွါရမှာ ပြောဆိုခဲ့တဲ့ နည်းစနစ်တွေကို အမှီပြုပြီးတော့ ဆက်လက်သိမ်းဆည်း ရှုပွားပါ။

ဒီလို ဒွါရ (၆)ပါးနှင့် (၄၂)ကောဋ္ဌာသမှာရှိတဲ့ ရုပ်တရားတွေကို စနစ်တကျ သိမ်းဆည်းနိုင်ပါမှ ရုပ်တရား (၂၈)ပါး စုံညီမှာ ဖြစ်ပါတယ်။

ဒီရုပ် (၂၈)ပါးကို အာယတနဒေသနာတော်အရ အာယတနအားဖြင့် ခွဲခြားဝေဖန်လိုက်လျှင် --

  1. စက္ခုပသာဒက - စက္ခာယတန
  2. သောတပသာဒက - သောတာယတန
  3. ဃာနပသာဒက - ဃာနာယတန
  4. ဇိဝှါပသာဒက - ဇိဝှါယတန
  5. ကာယပသာဒက - ကာယာယတန --

ပေါင်းလိုက်တော့ အတွင်းအာယတန (၅)ပါး ဖြစ်တယ်။

  1. ရူပါရုံက - ရူပါယတန = အရောင်အဆင်း
  2. သဒ္ဒါရုံက - သဒ္ဒါယတန = အသံ
  3. ဂန္ဓာရုံက - ဂန္ဓာယတန = အနံ့
  4. ရသာရုံက - ရသာယတန = အရသာ
  5. ပထဝီ-တေဇော-ဝါယောဓာတ်သုံးပါးက - ဖောဋ္ဌဗ္ဗာယတန = ဖောဋ္ဌဗ္ဗာရုံ
  6. ကျန်ရုပ်တရားတွေက - ဓမ္မာယတန တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။

ပေါင်းလိုက်တော့ အပြင်အာယတန (၆)ပါးနီးနီး ဖြစ်ပါတယ်။

ဒီရုပ်ပိုင်းဆိုင်ရာ ရှုကွက်တွေကတော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ ရူပနိဗ္ဗတ္တိပဿနာကာရပိုင်း (ဝိသုဒ္ဓိ၊၂၊၂၄၉-၂၅၃။ မဟာဋီ၊၂၊၃၉၉-၄၀၅။) - တွင် လာရှိတဲ့ ရှုကွက်တွေ ဖြစ်ပါတယ်။

ခုပြောခဲ့တာတွေကတော့ ရုပ်အစစ် (၁၈)မျိုးတို့နှင့် ဆက်သွယ်နေတဲ့ ရုပ်ကလာပ်ရှုကွက်တွေ ဖြစ်ကြပါတယ်။ ရုပ်အတုတွေနှင့် ရောနှောနေတဲ့ စိတ္တဇ-ဥတုဇ-အာဟာရဇရုပ်ကလာပ် ရှုကွက်တွေလည်း ရှိပါသေးတယ်။ ဆရာသမားနှင့်ပဲ ချဉ်းကပ်လေ့လာပါ။ ရုပ်အစစ် ရုပ်အတု အားလုံးပေါင်း လိုက်လျှင်တော့ ရုပ် (၂၈)ပါး ဖြစ်ပါတယ်။ ဒီရုပ် (၂၈)ပါးကို ဟုတ်တိုင်းမှန်စွာ မသိခဲ့လျှင် နိဗ္ဗာန်ကို ရနိုင်မလားလို့ မေးစရာရှိတယ်။ မရနိုင်ဘူးလားလို့လည်း မေးစရာရှိတယ်။ ဒီလို မေးလျှင်တော့ မြတ်စွာဘုရား ကိုယ်တော်တိုင်က - မဟာဂေါပါလကသုတ္တန်မှာ ဒီလို အတိအကျ ဟောထားတော်မူပါတယ်။

နွားအပေါင်းကို ထိန်းကျောင်းနေတဲ့ နွားကျောင်းသားတစ်ယောက်က မိမိထိန်းကျောင်းနေတဲ့နွား ဘယ်နှစ်ကောင်ရှိတယ်လို့ အရေအတွက်ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိခဲ့လျှင်, နွားပြာ ဘယ်နှစ်ကောင် နွားနီ ဘယ်နှစ်ကောင် နွားကျား ဘယ်နှစ်ကောင် ရှိတယ်လို့ အရောင်အဆင်းကိုလည်း ဟုတ်တိုင်း မှန်စွာ မသိခဲ့လျှင် ထိုနွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်း သော်လည်း နွားအပေါင်းရဲ့ ကြီးပွားမှု တိုးတက်မှု ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဆုတ်ယုတ်မှု ပျက်စီးမှုသာ ဖြစ်နိုင်တယ်။

အဲဒီပုံစံအတိုင်းပဲ ငါဘုရားရှင်ရဲ့သာသနာတော်မှာလည်း ဘူတရုပ်-ဥပါဒါ ရုပ်ခေါ်တဲ့ (၂၈)ပါးသော ရုပ်တရားတွေကို အရေအတွက်အားဖြင့်သော် လည်းကောင်း၊ ဘယ်ရုပ်တွေက ကံကြောင့်ဖြစ်တယ် ဘယ်ရုပ်တွေက စိတ် ကြောင့်ဖြစ်တယ် ဘယ်ရုပ်တွေက ဥတုကြောင့်ဖြစ်တယ် ဘယ်ရုပ်တွေက အာဟာရကြောင့်ဖြစ်တယ် စသည်ဖြင့် အကြောင်းသမုဋ္ဌာန်အားဖြင့်သော် လည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိခဲ့လျှင် ငါဘုရားရှင်ရဲ့ သာသနာတော်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ဘယ်လိုမှမရနိုင်ဘူး လို့ --

ဘုရားရှင်ကိုယ်တော်တိုင်က နွားကျောင်းသားကို ပုံစံထားပြီးတော့ မဟာ ဂေါပါလကသုတ္တန်မှာ (မ၊၁၊၂၈၁-၂၈၆။) အတိအကျ ဟောကြားထားတော်မူ တဲ့အတွက် ဘုရားဆိုလိုတဲ့ မဂ် ဖိုလ် နိဗ္ဗာန် အစစ်အမှန်ကို လိုလားတောင့်တ နေတဲ့ သူတော်ကောင်း မှန်ခဲ့လျှင်တော့ ရုပ် (၂၈)ပါးကို ဟုတ်တိုင်းမှန်စွာ သိအောင်တော့ ကြိုးပမ်းရတော့မယ်။

ရုပ်တွေကို ဟုတ်တိုင်းမှန်စွာ သိပြီးတဲ့အချိန်အခါမှာ ထိုပုဂ္ဂိုလ်က ရှေ့ တစ်ဆင့်တက်ပြီးတော့ ဘာလုပ်ရမလဲ? နာမ်တရားတွေကို တစ်ဆင့်တက် ပြီးတော့ ရှုရတယ်။ ဘာကြောင့်လဲ? - ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်သော်လည်း မဂ်ဉာဏ်ကို ဘယ်လိုမှ မရနိုင်ဘူး၊ နာမ်တရား သက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်သော်လည်း မဂ်ဉာဏ်ကို ဘယ်လိုမှ မဆိုက်နိုင်ဘူး။

ဒါကြောင့် ..

သော ကာလေန ရူပံ သမ္မသတိ၊ ကာလေန အရူပံ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

သော = ထိုယောဂီပုဂ္ဂိုလ်သည်။ ကာလေန = ရံခါ။ ရူပံ = ရုပ်တရားကို။ သမ္မသတိ = သုံးသပ်ရှုပွား၍နေ၏။ ကာလေန = ရံခါ။ အရူပံ = နာမ်တရား ကို။ သမ္မသတိ = သုံးသပ်ရှုပွား၍ နေ၏။

ရံခါ ရုပ်တရားကို, ရံခါ နာမ်တရားကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ပြီး ဝိပဿနာရှုရမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲ? သတ္တဝါတွေသည် ..ရုပ်တရားအပေါ်မှာသာ တွယ်တာတပ်မက်နေသည် မဟုတ်၊ နာမ်တရားအပေါ်မှာလည်း တွယ်တာတပ်မက်မှုတွေ မရှိဘူးလား? ရှိတယ်။

ငါ့ရဲ့သဒ္ဓါတရားက သူများရဲ့ သဒ္ဓါတရားနှင့် မတူဘူး၊ ငါ့စေတနာက သူများ စေတနာနှင့် မတူဘူး၊ ငါ့လောဘက သူများလောဘနှင့် မတူဘူး စသည်ဖြင့် ဒီလို စွဲလမ်းမှုတွေ မရှိဘူးလား? ရှိတယ်။

ရုပ်တရားအပေါ်မှာသာ ငါ, ငါ့ဟာဟု စွဲလမ်းသည် မဟုတ်၊ နာမ်တရား တွေအပေါ်မှာလည်း ငါ, ငါ့ဟာ စသည်ဖြင့် စွဲလမ်းနေတဲ့အတွက် ဒီအစွဲ အလန်းတွေ (= တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲတွေ) ပြုတ်နိုင်ရေးအတွက် နာမ် တရားတွေကိုလည်း ဝိပဿနာရှုပေးရတယ်၊ ရုပ်တရားတွေကိုလည်း ဝိပဿနာ ရှုပေးရတယ်။

နာမ်တရားကို သိမ်းဆည်းပုံ

အဲဒီတော့ ဒီနာမ်တရားတွေကို ဘယ်လို သိမ်းဆည်းမလဲလို့မေးတော့ ခုနက - အာယတနဒွါရဝသေန - ဆိုပြီးတော့ သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၂၄၁။) - စတဲ့ အဋ္ဌကထာကြီးများမှာ ဖော်ပြထားတဲ့အတိုင်း အာယတနဒွါရအလိုက် သိမ်းဆည်းရတယ်။

ဒီတော့ ဥပမာ - အရောင်ကိုသိတဲ့စိတ်ကို သိမ်းဆည်းချင်တယ်ဆိုကြပါစို့၊ အရောင်ကိုသိတဲ့ဝီထိစိတ်ကို စက္ခုဒွါရဝီထိစိတ်လို့ခေါ်တယ်။ ထိုစက္ခုဒွါရ ဝီထိစိတ်ကို သိမ်းဆည်းချင်တဲ့ ယောဂီသူတော်ကောင်းက စက္ခုအကြည် ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ် နှစ်ခုကို ပူးတွဲပြီးတော့ ပထမ သိမ်းဆည်း ရတယ်၊ ပြိုင်တူထင်အောင် လေ့ကျင့်ရတယ်။

ဉာဏ်ထဲမှာ ဒီအကြည်ဓာတ်နှစ်ခု ပြိုင်တူ ထင်လာပြီဆိုတဲ့ အချိန်အခါ ကျတော့မှ ရုပ်ကလာပ်တစ်ခု သို့မဟုတ် ရုပ်ကလာပ်အများစုရဲ့ ရူပါရုံ အရောင်ကို လှမ်းပြီး အာရုံယူရတယ်။

ထိုရူပါရုံအရောင်က စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ် နှစ်ခုမှာ ပြိုင်တူ လာပြီး ရိုက်ခတ်လိုက်တဲ့ အချိန်အခါမှာ - ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံနှစ်ကြိမ် စတဲ့ ဒီဝီထိစိတ်လေးတွေ ပေါ်လာတယ်။

အဲဒီတော့ ဒီဝီထိစိတ်တွေကို မိမိတို့က စနစ်တကျ ရှုချင်လျှင်တော့ ခုနက ဆိုင်ရာဆိုင်ရာ အကြည်ဓာတ်တွေကို စနစ်တကျ သိမ်းဆည်းထားပြီး ဖြစ်ဖို့ တော့ လိုပါတယ်။ အကြည်ဓာတ်ဆိုတာ ဘယ်လိုနေသလဲ? မသိဘူးဆိုလျှင် အဲဒီ ပုဂ္ဂိုလ်ဟာ နာမ်တရားကို သွားရှုလည်း ဘယ်လိုမှ ဟုတ်တိုင်းမှန်စွာ မသိနိုင်ဘူး။

___________

၁။ အသိစိတ် = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို ရယူခြင်း သဘော။

[ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ - (မူလဋီ၊၁၊၈၇။) ဆိုတဲ့ မူလဋီကာနှင့် အညီ အာရုံကိုသိတယ်ဆိုတာ အဲဒီအာရုံကို လှမ်းပြီး အာရုံယူကြည့်တဲ့အခါ အာရုံယူလို့ရလျှင် ဒီအာရုံကို သိတယ်လို့ ခေါ်ဆိုရတယ်။ အကယ်၍ အာရုံ ယူလို့ မရဘူးဆိုလျှင် ဒီအာရုံကို သိတယ်လို့ မခေါ်ဆိုနိုင်ဘူး။]

၂။ ဖဿ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို တွေ့ထိ သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော။

၃။ ဝေဒနာ = (သုခဝေဒနာ) အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံရဲ့ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။

၄။ သညာ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို အဖြူလို့ မှတ်သားခြင်းသဘော။

[မှတ်ချက်။ ။ နောက်စေတသိက်တို့၌ အာရုံဟုဆိုလျှင် အဖြူရောင် ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို ဆိုလိုသည်ဟုမှတ်ပါ။]

၅။ စေတနာ = ...အာရုံပေါ်သို့ ယှဉ်ဖက် စိတ်-စေတသိက် (= သမ္ပယုတ်တရား) တို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း (= နိုးဆော်ပေးခြင်း) သဘော။

၆။ ဧကဂ္ဂတာ = ...အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်း သဘော (= တည်ငြိမ်နေခြင်းသဘော)။

၇။ ဇီဝိတ = ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်း သဘော။

၈။ မနသိကာရ = ...အာရုံဘက်သို့ စိတ်ကို (သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပို့ပေးခြင်းသဘော (= မောင်းနှင်ပေးခြင်း သဘော)။

= ...အာရုံကို နှလုံးသွင်းခြင်းသဘော။

၉။ ဝိတက် = ...အာရုံပေါ်သို့ စိတ်ကို (သမ္ပယုတ်တရားတို့ကို) ရှေးရှူ တင်ပေးခြင်းသဘော။

= ...အာရုံကို ကြံစည်ခြင်းသဘော။

၁၀။ ဝိစာရ = ...အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း သဘော (= ဆုပ်နယ်ခြင်းသဘော)။

= ...အာရုံကို ထပ်၍ထပ်၍ ယူခြင်းသဘော။

၁၁။ အဓိမောက္ခ = ...အာရုံကို အဖြူဟု ဆုံးဖြတ်ချက်ချခြင်းသဘော။

၁၂။ ဝီရိယ = ...အာရုံကိုသိအောင်, ...အာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ခြင်းသဘော။

၁၃။ ပီတိ = ...အာရုံကို နှစ်သက်ခြင်းသဘော။

၁၄။ ဆန္ဒ = ...အာရုံကို သိလိုခြင်းသဘော။

၁၅။ သဒ္ဓါ = စျာန်သမာဓိသိက္ခာ (= သမာဓိကျင့်စဉ်)ကို ယုံကြည်ခြင်း သဘော။

၁၆။ သတိ = ...အာရုံ၌ သမ္ပယုတ်တရားတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော။

= ...အာရုံကို မမေ့ပျောက်ခြင်းသဘော။

= ...အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော။

၁၇။ ဟိရိ = ရှက်ခြင်းသဘော။

၁၈။ ဩတ္တပ္ပ = ကြောက်ခြင်းသဘော။

[အကုသိုလ်တရားတွေမှ ရှက်မှု ကြောက်မှု ရှေးရှူတည် နေမှုသဘောမျှသာ ဖြစ်ပါတယ်။]

၁၉။ အလောဘ = ...အာရုံ၌ စိတ်မကပ်ငြိခြင်း = မတပ်မက်ခြင်းသဘော။

၂၀။ အဒေါသ = ...အာရုံ၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော။

= ...အာရုံကို မဖျက်ဆီးလိုခြင်းသဘော။

၂၁။ တတြမဇ္ဈတ္တတာ = ...အာရုံ၌ စိတ်ကို အလယ်အလတ် ထားခြင်း သဘော။

= ...အာရုံကို လျစ်လျူရှုခြင်းသဘော။

၂၂။ ကာယပဿဒ္ဓိ = ...အာရုံ၌ စေတသိက်တို့၏ ငြိမ်းအေးခြင်း သဘော။

၂၃။ စိတ္တပဿဒ္ဓိ = ...အာရုံ၌ စိတ်၏ ငြိမ်းအေးခြင်းသဘော။

၂၄။ ကာယလဟုတာ = ...အာရုံ၌ စေတသိက်တို့၏ လျင်မြန်ပေါ့ပါးခြင်း သဘော။

၂၅။ စိတ္တလဟုတာ = ...အာရုံ၌ စိတ်၏ လျင်မြန်ပေါ့ပါးခြင်းသဘော။

၂၆။ ကာယမုဒုတာ = ...အာရုံ၌ စေတသိက်တို့၏ နူးညံ့ခြင်းသဘော။

၂၇။ စိတ္တမုဒုတာ = ...အာရုံ၌ စိတ်၏ နူးညံ့ခြင်းသဘော။

၂၈။ ကာယကမ္မညတာ = ...အာရုံ၌ စေတသိက်တို့၏ ခံ့ညားခြင်းသဘော။

၂၉။ စိတ္တကမ္မညတာ = ...အာရုံ၌ စိတ်၏ ခံ့ညားခြင်းသဘော။

၃၀။ ကာယပါဂုညတာ = ...အာရုံ၌ စေတသိက်တို့၏ ပြွမ်းတီးလေ့လာ နိုင်နင်းခြင်းသဘော။

၃၁။ စိတ္တပါဂုညတာ = ...အာရုံ၌ စိတ်၏ ပြွမ်းတီးလေ့လာနိုင်နင်းခြင်း သဘော။

၃၂။ ကာယုဇုကတာ = ...အာရုံ၌ စေတသိက်တို့၏ ဖြောင့်မတ်ခြင်း သဘော။

၃၃။ စိတ္တုဇုကတာ = ...အာရုံ၌ စိတ်၏ ဖြောင့်မတ်ခြင်းသဘော။

၃၄။ ပညာ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို ထွင်း ဖောက်သိခြင်းသဘော။

အားလုံးပေါင်းလိုက်တော့ စျာန်နာမ်တရား (၃၄)လုံး ဖြစ်ပါတယ်။ ဒီ စျာန်နာမ်တရားတွေကို အသိစိတ်က စပြီး တစ်လုံးစီ တစ်လုံးစီ တိုးကာ တစ်စ တစ်စ သိမ်းဆည်းလို့ (၃၄)လုံးကို ပြိုင်တူ သိမ်းဆည်းနိုင်ပြီဆိုလျှင် စျာနသမာပတ္တိဝီထိစဉ်အတိုင်း ပြန်သိမ်းဆည်းပါ။

စျာနသမာပတ္တိဝီထိစိတ်အစဉ်ကတော့ - မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု၊ စျာန်ဇော အကြိမ်များစွာ - ဆိုတဲ့ ဝီထိစဉ် ဖြစ်တယ်။

မနောဒွါရာဝဇ္ဇန်း - ဆိုတာက အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ် အာရုံကို ရှေးဦးစွာ ဆင်ခြင်တဲ့ ဝီထိစိတ် ဖြစ်ပါတယ်။

ပရိကံ - ဆိုတာကတော့ အပ္ပနာစျာန်စိတ် ဖြစ်ပေါ်လာရန် ပြုပြင်စီရင် တတ်တဲ့စိတ် ဖြစ်ပါတယ်။

ဥပစာရ (ဥပစာ)- ဆိုတာကတော့ အပ္ပနာစျာန်စိတ်ရဲ့ အနီးအပါးမှာ ကပ်ပြီး ဖြစ်တတ်တဲ့စိတ် ဖြစ်ပါတယ်။

အနုလောမ (အနုလုံ) -- အပ္ပနာစျာန်သို့မဆိုက်မီ စျာန်ရရှိရေးအတွက် အဖြူရောင် ကသိုဏ်းပဋိဘာဂနိမိတ်ကိုပဲ အာရုံယူကာ စီးဖြန်းနေတဲ့လုပ်ငန်းရပ်ကို ပရိကံ လို့ ခေါ်ဆိုပါတယ်။ အနုလောမ (အနုလုံ) ဆိုတာကတော့ အဲဒီ ပရိကံနှင့် အပ္ပနာစျာန်တို့အား လျော်သောစိတ် ဖြစ်ပါတယ်။

ဂေါတြဘု - ဆိုတာကတော့ ကာမအနွယ်ကို လွှမ်းမိုးဖိစီးတတ် ဖြတ် တောက်တတ်တဲ့စိတ် ဖြစ်ပါတယ်။

စျာန်ဇော - ဆိုတာကတော့ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန်တဲ့စိတ် ဖြစ်ပါတယ်။ စျာန်ဝင်စားတဲ့အခါ ဒီစျာန်စိတ် (စျာန်ဇော) တွေက အကြိမ်များစွာ (၁)နာရီ (၂)နာရီ စသည်ဖြင့် ဆက်တိုက်ဖြစ်ကြပါတယ်။

ခုပြောခဲ့တဲ့ စျာနသမာပတ္တိဝီထိခေါ်တဲ့ စျာန်ဝင်စားတဲ့ ဝီထိစိတ်အစဉ်မှာ ပါဝင်တဲ့ မနောဒွါရာဝဇ္ဇန်းမှာ - အသိစိတ် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရ ဝိတက် ဝိစာရ အဓိမောက္ခ ဝီရိယ - ဆိုတဲ့ နာမ်တရားစု (၁၂)လုံး ရှိပါတယ်။ ဝေဒနာက ဥပေက္ခာဝေဒနာ ဖြစ်တယ်။

ကျန်နေတဲ့ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု၊ စျာန်စိတ် - ဒီစိတ္တက္ခဏ အားလုံးမှာတော့ နာမ်တရား (၃၄)လုံးစီ စိတ္တက္ခဏတိုင်းမှာ ရှိကြပါတယ်။ ဝေဒနာကတော့ သုခ (သောမနဿ) ဝေဒနာ ဖြစ်ပါတယ်။

ဒီနာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ ခုလို အသိစိတ်ကစပြီး သိမ်း ဆည်းလျှင်လည်း နာမ်တရားတွေကို တစ်လုံးစီတိုးကာ တစ်စတစ်စ ကုန်စင် အောင် သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ နာမ်တရားအားလုံးကို သိမ်းဆည်း မိပြီဆိုလျှင် - ဒီ နာမ်တရားအားလုံးက အဖြူရောင်ကသိုဏ်း ပဋိဘာဂ နိမိတ်အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းနေကြတဲ့အတွက် အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို ညွတ်ကိုင်းရှိုင်းခြင်းဆိုတဲ့သဘောကို အာရုံယူကာ နာမ်တရား နာမ်တရား လို့ သိမ်းဆည်းပါ။

ကြွင်းကျန်နေသေးတဲ့ စျာန်နာမ်တရားတွေကို သိမ်းဆည်းပုံ, ကြွင်းကျန် နေသေးတဲ့ ဒွါရ (၆)ပါးမှာဖြစ်တဲ့ ကာမာဝစရနာမ်တရားတွေကို သိမ်းဆည်း ပုံတွေကိုတော့ ဆရာသမားနှင့်ပဲ ချဉ်းကပ်ပြီး လေ့လာပါ။

ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းပါ

ဒီလို ဒွါရ (၆)ပါးလုံးမှာ ဖြစ်ပေါ်သွားတဲ့ နာမ်တရားတွေကို သိမ်းဆည်း ပြီးတဲ့အခါ ရုပ်နှင့်နာမ်ကို ပူးတွဲသိမ်းဆည်းပါ။ ပုံစံတစ်ခုအနေနှင့် ပြောလျှင် တော့ ခုနကပြောခဲ့တဲ့ ပထမစျာန်နာမ်တရားစုပါဝင်တဲ့ စျာနသမာပတ္တိဝီထိ နာမ်တရားစုပဲ ဆိုကြစို့ ..။

၁။ မနောဒွါရာဝဇ္ဇန်း၌ -- မှီရာဝတ္ထုရုပ် (၅၄)က ရုပ်တရား, စိတ်+စေတသိက် (၁၂)လုံးက နာမ်တရား၊

၂။ ပရိကံ၌ -- မှီရာဝတ္ထုရုပ် (၅၄)က ရုပ်တရား, စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား၊

၃။ ဥပစာရ၌ -- မှီရာဝတ္ထုရုပ် (၅၄)က ရုပ်တရား, စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား၊

၄။ အနုလုံ၌ -- မှီရာဝတ္ထုရုပ် (၅၄)က ရုပ်တရား, စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား၊

၅။ ဂေါတြဘု၌ -- မှီရာဝတ္ထုရုပ် (၅၄)က ရုပ်တရား, စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား၊

၆။ စျာန်ဇော၌ -- မှီရာဝတ္ထုရုပ် (၅၄)က ရုပ်တရား, စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား --

ဒီလို ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းပါ။

ဒီနေရာမှာ ခုပြောခဲ့တဲ့ စျာနသမာပတ္တိဝီထိအတွင်းမှာရှိတဲ့ နာမ်တရား အားလုံးတို့ဟာ ဟဒယဝတ္ထုရုပ်ကိုချည်း မှီဖြစ်ကြပါတယ်။ ဒီ ဟဒယဝတ္ထု ဆိုတာကလည်း မိမိတို့ရဲ့ ရှေးရှေးစိတ္တက္ခဏနှင့် ပြိုင်တူဖြစ်တဲ့ ဟဒယဝတ္ထု ဖြစ်ပါတယ်။ ဥပမာ - မနောဒွါရာဝဇ္ဇန်းက မိမိရှေ့ကဖြစ်သွားတဲ့ နောက်ဆုံး ဘဝင်စိတ်နှင့် ဥပါဒ်ချင်းပြိုင်ဖြစ်တဲ့ ဟဒယဝတ္ထုရုပ်ကို မှီဖြစ်တယ်။ ပရိကံက မိမိရှေ့မှာရှိတဲ့ မနောဒွါရာဝဇ္ဇန်းနှင့် ဥပါဒ်ချင်းပြိုင်ဖြစ်တဲ့ ဟဒယဝတ္ထုရုပ်ကို မှီဖြစ်ပါတယ်။ နောက်စိတ္တက္ခဏတွေမှာလည်း နည်းတူ သဘောပေါက်ပါ။

ဟဒယဝတ္ထုရုပ်ကို မှီဖြစ်ကြသော်လည်း ဒီ ဟဒယဝတ္ထုရုပ်ဟာ ဟဒယ ဝတ္ထု တစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိပါဘူး။ ဟဒယဒသကကလာပ် ခေါ်တဲ့ ရုပ်ကလာပ်အနေနှင့် အုပ်စုအလိုက်သာ ဖြစ်နိုင်ပါတယ်။

တစ်ဖန် - ဒီ ဟဒယဒသကကလာပ်ကလည်း နှလုံးအိမ်အတွင်း ကာယ ဒသကကလာပ် ဘာဝဒသကကလာပ် စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌကလာပ်တို့နှင့်သာ အတူတကွ ဖြစ်လေ့ရှိပါတယ်။ နှလုံးအိမ် အတွင်းမှာရှိတဲ့ ရုပ်ကလာပ်တွေကို အမျိုးအစားတူရာ စုပေါင်းလိုက်လျှင် ရုပ်ကလာပ်အမျိုးအစား (၆)မျိုး ရုပ်အမျိုးအစား (၅၄)မျိုးတို့ ဖြစ်ကြပါတယ်။

ရုပ်တရားတွေကို ရှုတဲ့အပိုင်းမှာ ရှေးကပြောခဲ့တဲ့ ရုပ်ဃန (= ရုပ်အတုံး အခဲ) သုံးမျိုးပြိုမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မှာ ဖြစ်တဲ့အတွက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဃနပြိုအောင် နှလုံးအိမ်အတွင်းမှာရှိတဲ့ ရုပ်အား လုံးကိုပဲ ခြုံငုံပြီး သိမ်းဆည်းရပါတယ်။ ဒါကြောင့် အဋ္ဌကထာကြီးများက - အဘိဓမ္မာနည်းအရ စက္ခုဝိညာဏ်စတဲ့ နာမ်တရားတွေဟာ စက္ခုဝတ္ထု ဟဒယဝတ္ထု စတဲ့ ထိုထို ဆိုင်ရာဆိုင်ရာ ဝတ္ထုရုပ်တွေကို မှီဖြစ်ကြသော်လည်း သုတ္တန်နည်းအရ ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုကွက် ကို ညွှန်ပြလိုတဲ့အတွက် --

ဝတ္ထု နာမ ကရဇကာယော။ ပ ။ သော အတ္ထတော ဘူတာနိ စေဝ ဥပါဒါရူပါနိ စ။ (မ၊ဋ္ဌ၊၁၊၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။)

ဒီလို ဖွင့်ဆိုထားကြပါတယ်။ ဒါကြောင့် - သုတ္တန်နည်းအရ စက္ခုဝတ္ထု ဟဒယဝတ္ထု စတဲ့ ဝတ္ထုရုပ်သက်သက်ကိုသာ ယူ၍ မရှုဘဲ ထိုဝတ္ထုရုပ်တို့နှင့် ဆိုင်ရာဒွါရမှာ အတူဖြစ်ကြတဲ့ ဘူတရုပ် ဥပါဒါရုပ် အားလုံးကိုပဲ သိမ်းကျုံးကာ ရုပ်တရားအဖြစ် ရှုရပါတယ်။

ဒွါရ (၆)ပါးလုံးမှာဖြစ်တဲ့ နာမ်တရားတိုင်းမှာ ပုံစံတူပဲ ရုပ်နာမ်ကို ပူးတွဲ သိမ်းဆည်းပါ။ နောက်တစ်ဆင့်က ဘာလုပ်ရမလဲ? --

နာမရူပဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း

နောက်တစ်ဆင့်ကတော့ - နာမ်ရုပ်ကို ပိုင်းခြား မှတ်သားခြင်း ဆိုတဲ့ လုပ်ငန်းရပ် ဖြစ်ပါတယ်။ ဒွါရ (၆)ပါးမှာ ဖြစ်ပေါ်သွားတဲ့ ရုပ်နှင့် နာမ်ကို ပူးတွဲသိမ်းဆည်းပြီးတဲ့အခါ အဲဒီရုပ်နာမ်တွေမှာ ငါ-သူတစ်ပါး-ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ-လူ-နတ်-ဗြဟ္မာ-အသက်ကောင်-လိပ်ပြာကောင်-ဝိညာဏ်ကောင်-အတ္တကောင် မရှိမှုသဘောကို အာရုံပြုပြီးတော့ --

ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ မရှိ၊ ရုပ်-နာမ်မျှသာ ရှိ၏

ဒီလို နာမ်ရုပ်ကို ပိုင်းခြားမှတ်သားပါ။

အာယတန (၁၂) ပါး

ရှေ့ပိုင်းက စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ အတွင်းအာယတန (၅)ပါးနှင့် ရူပါယတန၊ သဒ္ဒါယတန၊ ဂန္ဓာယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာယတနတစ်စိတ်တစ်ဒေသ ဆိုတဲ့ အပြင်အာယတန (၆)ပါး၊ ပေါင်း - ရုပ်အာယတန (၁၀)ပါးခွဲ ပြောခဲ့ပြီး ပြီ။

အခု သိမ်းဆည်းခဲ့တဲ့ နာမ်တရားတွေထဲမှာ - အသိစိတ် အားလုံးက မနာယတန ဖြစ်တယ်။ ဒီမနာယတနထဲမှာ ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ် ဆိုတဲ့ ဝီထိမှအလွတ်ဖြစ်တဲ့ ဝီထိမုတ်စိတ်တွေလည်း ပါပါတယ်။ စိတ္တက္ခဏ အသီးအသီးမှာ ဒီစိတ်တွေနှင့် ထိုက်သလို ယှဉ်တွဲ ဖြစ်နေတဲ့ စေတသိက် (၅၂)လုံးက ဓမ္မာယတန ဖြစ်တယ်။ အားလုံးပေါင်းလိုက်တော့ --

၁။ စက္ခာယတန + ရူပါယတန - တစ်စုံ

၂။ သောတာယတန + သဒ္ဒါယတန - တစ်စုံ

၃။ ဃာနာယတန + ဂန္ဓာယတန - တစ်စုံ

၄။ ဇိဝှါယတန + ရသာယတန - တစ်စုံ

၅။ ကာယာယတန + ဖောဋ္ဌဗ္ဗာယတန - တစ်စုံ

၆။ မနာယတန + ဓမ္မာယတန - တစ်စုံ

ပေါင်းလိုက်တော့ အာယတန (၆)စုံ ဖြစ်ပါတယ်။ ဒီအာယတန (၆)စုံကို ရည်ညွှန်းပြီးတော့ ဘုရားရှင်က စိတ္တသူကြွယ်အား --

သတ္ထာ တဿ အဇ္ဈာသယဝသေန သဠာယတနဝိဘတ္တိမေဝ ကထေသိ။ (အံ၊ဋ္ဌ၊၁၊၂၉၈။)

ဘုရားရှင်သည် ထိုစိတ္တသူကြွယ်ရဲ့ အဇ္ဈာသယဓာတ်ကိုပဲ ကြည့်ရှုတော် မူကာ သူ၏အဇ္ဈာသယ အတွင်းဓာတ်ခံနှင့် လျော်ညီစွာ သဠာယတနဝိဘတ္တိ လို့ ခေါ်ဆိုအပ်တဲ့ အတွင်းအာယတန အပြင်အာယတန (၆)စုံနှင့် ဆက်စပ် နေတဲ့ တရားတော်ကိုပဲ ဝေဖန်ပိုင်းခြားကာ ဟောကြားပြသ ဆိုဆုံးမပေးတော် မူပါတယ်။

ဒါကြောင့် တရားနာပရိသတ်တွေလည်း ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော့မယ်ဆိုလျှင် ဒုက္ခသစ္စာအမည်ရတဲ့ အတွင်းအာယတန (၆)ပါး အပြင်အာယတန (၆)ပါးဆိုတဲ့ အာယတန (၆)စုံဖြစ်တဲ့ ရုပ်တရား နာမ်တရား တွေကို ရှေးဦးစွာ သိမ်းဆည်းထားဖို့ ဉာဏ်ဖြင့် ပိုင်းခြားယူထားဖို့ လိုအပ် ပါတယ်။

ဒီဒုက္ခသစ္စာတရားတွေဟာ လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည့် နံပါတ်တစ် တရားအုပ်စုတွေ ဖြစ်ကြပါတယ်။ နံပါတ်နှစ် တရားအုပ်စုကတော့ သမုဒယသစ္စာတရားတွေ ဖြစ်ကြပါတယ်။

ဒါကြောင့် ရုပ်တရားတွေကို သိမ်းဆည်းပြီးတဲ့ ဉာဏ်နှင့်ပိုင်းခြားယူပြီးတဲ့ ပုဂ္ဂိုလ်ဟာ အာယတနဒွါရအလိုက် ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို ဒွါရ (၆)ပါးလုံးမှာ ဆက်လက်သိမ်းဆည်းပါ။ အသေးစိတ် လေ့ကျင့်ပုံစနစ်တွေကို တော့ ဆရာသမားနှင့်ပဲ ချဉ်းကပ်လေ့လာပေတော့။ အဲဒီလို လေ့ကျင့်လိုက် ပါမှ နာမ်တရားကို ဟုတ်တိုင်းမှန်စွာ သိမှာ၊ ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်း မှန်စွာ သိမှာဖြစ်ပါတယ်။

နာမရူပပရိစ္ဆေဒဉာဏ်

အဲဒီရုပ်တွေကို ဟုတ်တိုင်းမှန်စွာသိပြီ နာမ်တရားတွေကို ဟုတ်တိုင်းမှန်စွာ သိပြီဆိုတော့မှ အဇ္ဈတ္တကြည့်လည်း ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံပဲ ရှိတယ်။ ဗဟိဒ္ဓမှာလည်း ဗဟိဒ္ဓချင်းတူလို့ သာမန်ပေါင်းစုခြုံငုံပြီး လှမ်းကြည့် လိုက်တော့ ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံပဲ ရှိတယ်၊ ရုပ်နာမ်ကလွဲလို့ ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ မရှိဘူးဆိုပြီးတော့ ရုပ်သက်သက် သိမ်းဆည်းခြင်း, နာမ်သက်သက် သိမ်းဆည်းခြင်း, ရုပ်နာမ် ခွဲခြင်း, ရုပ်နာမ် ပိုင်းခြားခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်တွေကို ဆက်ပြီး ပြုလုပ်ရပါတယ်။

ပစ္စယပရိဂ္ဂဟဉာဏ်

အဲဒီလို ပြုလုပ်လို့ အောင်မြင်ပြီဆိုတဲ့ အချိန်အခါကျတော့မှ - အဇ္ဈတ္တ, ဗဟိဒ္ဓ နှစ်ဌာနတို့၌ ဒီရုပ်တွေ နာမ်တွေကို စနစ်တကျ သိမ်းဆည်းတတ်ပြီ ဆိုတော့မှ ဒီရုပ် ဒီနာမ်သည် ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းကို သိချင် တဲ့စိတ်နှင့် အတိတ်ဘက်ကို တာစူပြီး ရုပ်တွေ နာမ်တွေကို တစ်စတစ်စ သိမ်းဆည်းခဲ့သော် တဖြည်းဖြည်းနှင့် ကလေးဘဝမှာတည်ရှိတဲ့ ရုပ်နာမ် ..

ကလေးဘဝ ရုပ်နာမ်ကနေ အမိဝမ်းတွင်း ..

အမိဝမ်းတွင်း ရုပ်နာမ်ကနေ ကလလရေကြည်အခိုက်မှာရှိတဲ့ ရုပ်နာမ် အထိ ဆက်လက်သိမ်းဆည်းရပါတယ်။

ကလလရေကြည်မှာရှိတဲ့ ရုပ်တွေနာမ်တွေကို သိမ်းဆည်းပြီးတဲ့အခါ ဟို ဘက်ကို ဒီရုပ်နာမ်တွေ ဘယ်ကလာသလဲလို့ လှမ်းပြီး သိချင်တဲ့ စိတ်နှင့် ထိုးစိုက်လိုက်သော် ဟိုဘက်က သေခါနီးကာလမှာ အကျိုးပေးမည့် ကံရဲ့ စွမ်းအင်သတ္တိကြောင့် ထင်နေတဲ့ အာရုံနိမိတ်တွေ လာပြီးပေါ်တယ်။

ခု စိတ္တသူကြွယ်ဒါယကာကြီးမှာတော့ အကျိုးပေးနေတာက ဘယ်ကံလဲ? ကဿပမြတ်စွာဘုရား လက်ထက်တော် အချိန်အခါတုန်းက လိုဏ်ဂူတစ်ခု အတွင်း ကျောက်ဖျာထက်၌ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းနေတဲ့ ရဟန်းသူတော် ကောင်း တစ်ပါးကို ဆွမ်းလှူခဲ့တဲ့ကံက လာပြီး အကျိုးပေးနေတယ်။

အဲဒီကံက လွန်ခဲ့တဲ့ အတိတ်ဘဝ သေခါနီးကာလ စိတ္တသူကြွယ်လောင်း ဖြစ်တဲ့ ဒါယကာရဲ့ ဘဝင်မနောအကြည်မှာ လာပြီးတော့ ထင်နေပါတယ်။ အဲဒီဆွမ်းလှူနေတဲ့ ကံအာရုံဟာ သူ့ရဲ့မရဏာသန္နဇောရဲ့အာရုံ ဖြစ်နေတယ်။

အလားတူပဲ ယောဂီပုဂ္ဂိုလ်ကလည်း မိမိရဲ့ ပဋိသန္ဓေခန္ဓာငါးပါး စတဲ့ အကျိုးဝိပါက်တွေကို တိုက်ရိုက်ဖြစ်စေတတ်တဲ့ ကံကို မြင်အောင် လှမ်းရှု ရပါတယ်။ အဲဒီကံကို လှမ်းပြီး မြင်အောင် ကြည့်ပြီးတော့မှ စိတ္တသူကြွယ်တို့လို ဆွမ်းလှူတဲ့အာရုံ ပေါ်လာပြီဆိုတော့မှ ဆွမ်းလှူနေတဲ့ပုံမှာ ပြောင်းပြီးတော့ အဲဒီဆွမ်းလှူခဲ့တဲ့ပုံမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းရတယ်။

ဓာတ်လေးပါးကို စိုက်ရှုလိုက်လျှင် ကလာပ်အမှုန်တွေကို တွေ့မယ်။ ရုပ် တွေ ဓာတ်ခွဲ၊ အထူးသဖြင့် နှလုံးမှာရှိတဲ့ (၅၄)မျိုးသော ရုပ်တွေကို ဓာတ်ခွဲပြီး တော့ ဟဒယဝတ္ထုကို မိအောင်သိမ်းဆည်းလိုက်လျှင် ထိုဟဒယဝတ္ထုကို မှီ တွယ်ပြီးဖြစ်ပေါ်နေတဲ့ ဘဝင်မနောအကြည်ကို လှမ်းရှုလျှင် ရှုလို့ စိုက်လို့ရပြီ။

ဘဝင်မနောအကြည်ဓာတ်ကို ဖမ်းလို့မိပြီဆိုလို့ရှိလျှင် ဒီအိမ်ရှင်ဘဝင် မနောအကြည်ဓာတ်ကို ရှေ့တိုးကြည့် နောက်ဆုတ်ကြည့် ကြည့်လိုက်ခဲ့သော် ခုနက ဆုတောင်းနေတဲ့ စိတ်အစဉ်လေးတွေ ပေါ်လာမယ်။

စိတ္တသူကြွယ်အကြောင်းကို ပြန်ဆက်ကြရအောင် ...။

စိတ္တသူကြွယ် ကျောင်းဒါယကာက ဘာဆုတောင်းခဲ့သလဲ?

ယထာယံ ရသပိဏ္ဍပါတေန သဒ္ဓိံ ပုပ္ဖပူဇာ စိတ္တံ ပရိတောသေတိ၊ ဧဝံ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ မေ ပဏ္ဏာကာရသဟဿာနိ စေဝ အာဂစ္ဆန္တု ပဉ္စဝဏ္ဏကုသုမဝဿဉ္စ ဝဿတု။ (အံ၊ဋ္ဌ၊၁၊၂၉၇။)

ဘန္တေ = အရှင်ဘုရား ...။ ရသပိဏ္ဍပါတေန = မွန်မြတ်လှသော အရသာရှိသော ဆွမ်းခဲဖွယ်ဘောဇဉ်နှင့်။ သဒ္ဓိံ = အတူတကွ။ အယံ ပုပ္ဖပူဇာ = ဤပန်းကို လှူဒါန်းပူဇော်ရခြင်းသည်။ မေ = ဘုရားတပည့်တော်၏။ စိတ္တံ = စိတ်ကို။ ပရိတောသေတိ ယထာ = နှစ်သက်ကျေနပ်စေသကဲ့သို့။ ဧဝံ = ဤအတူ။ အဟံ = ဘုရားတပည့်တော်သည်။ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ = ဖြစ်လေရာဌာန ဖြစ်လေရာ ဘုံဘဝ၌။ မေ = ဘုရားတပည့်တော်အား။ ပဏ္ဏာကာရသဟဿာနိ စေဝ = လက်ဆောင် အထောင်ပေါင်းများစွာတို့ သည်လည်း။ အာဂစ္ဆန္တု = ကျရောက်ဆိုက်ရောက်လာကြပါစေကုန်သတည်း။ ပဉ္စဝဏ္ဏကုသုမဝဿဉ္စ = ငါးပါးသော အဆင်းရှိသော ပန်းမိုးသည်လည်း။ ဝဿတု = ရွာသွန်းပါစေသတည်း။ --

သူတောင်းခဲ့တဲ့ဆုပဲ၊ အဲဒီဆုတောင်းခဲ့တဲ့စိတ်အစဉ်တွေ ပြန်ပေါ်လာလိမ့် မယ်။ ပြန်ပေါ်တဲ့အချိန်အခါမှာ ခုနက လက်ဆောင်အထောင်ပေါင်းများစွာ ဆိုက်ရောက်နိုင်တဲ့ ယောက်ျားဘဝ, ပန်းမိုးရွာသွန်းနိုင်တဲ့ ယောက်ျားဘဝလို့ အသိမှားနေတဲ့ သဘောက အဝိဇ္ဇာ

ထိုဘဝကို တွယ်တာတပ်မက်နေတဲ့သဘောက တဏှာ

စိတ်ကပ်ပြီးစွဲနေတဲ့သဘောက ဥပါဒါန်

အဝိဇ္ဇာ, တဏှာ, ဥပါဒါန်၊ အဲဒီ အဝိဇ္ဇာ တဏှာ ဥပါဒါန်ကလည်း သူ့ သုံးလုံးတည်း ဖြစ်တာတော့ မဟုတ်ဘူး၊ ယေဘုယျအားဖြင့်ပေါ့ ပီတိလည်း ပါမယ်ဆိုလျှင်တော့ စိတ်-စေတသိက် အလုံး (၂၀) ရှိပါတယ်။

အလားတူပဲ ယောဂီပုဂ္ဂိုလ်က မိမိရဲ့အတိတ်ကံကို လှမ်းပြီး ဉာဏ်နှင့် ရှုလို့ရပြီဆိုလျှင်တော့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်အုပ်စု, သင်္ခါရ-ကံအုပ်စုတွေ ကို ကွဲကွဲပြားပြား သိအောင် လေ့ကျင့်ရမှာဖြစ်တယ်။ ယောဂီပုဂ္ဂိုလ်တွေကို စနစ်တကျ သေသေချာချာ ဃနပြိုအောင်, နာမ်တုံး နာမ်ခဲတွေ ပြိုကွဲအောင် တော့ အရှုခိုင်းရပါတယ်။

စိတ္တသူကြွယ်ကို ပြန်ကြည့်ပါ၊ သူရဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်က ကိလေသဝဋ်၊ ဒီကိလေသဝဋ်တွေကို အခြေခံပြီးတော့ ဒီကိုယ်တော်ကို ဆွမ်း လှူခဲ့တယ်၊ သင်္ခါရလို့ ခေါ်တယ်။ ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ အဘိသင်္ခါရတရားတွေကို ပြုစုပျိုးထောင်နေခြင်း ဖြစ်ပါတယ်။ ယေဘုယျ အားဖြင့်တော့ ပီတိလည်း ပါမယ် ကံ-ကံ၏အကျိုးကို တတ်သိနားလည်နေတဲ့ ဉာဏ်လည်းပါမယ်ဆိုလျှင်တော့ စိတ်-စေတသိက် (၃၄)လုံးလောက် ရှိပါ တယ်။ ယောဂီပုဂ္ဂိုလ်က ဒီလို သိမ်းဆည်းတတ်ဖို့ လိုပါတယ်။

အဲဒီနာမ်တရားတွေ (= အဲဒီ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်အုပ်စု, သင်္ခါရ အုပ်စု - စိတ်စေတသိက်တရားတွေ) က ပရမတ်တရားတွေဖြစ်ခြင်းကြောင့် ပရမတ်တို့ရဲ့ ဓမ္မတာအတိုင်း ဖြစ်ပြီးတာနှင့် ပျက်သွားတယ်။

ပျက်ပေမဲ့လို့ နောင်တစ်ချိန်မှာ သူမျှော်လင့်တောင့်တနေတဲ့ ယောက်ျား ဘဝတစ်ခုကို ရစေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်၊ အဲဒီ စွမ်းအင်ကမ္မသတ္တိက ကံ-ဖြစ်တယ်။ အလားတူပဲ ယောဂီပုဂ္ဂိုလ်ကလည်း မိမိထူထောင်ခဲ့တဲ့ အဲဒီကံကို မြင်အောင်တော့ လှမ်းရှာရတယ်၊ ဘယ်လိုရှာမလဲလို့မေးတော့ ဒီသင်္ခါရတရားနှင့် ကပ်ပြီး ရှာရတာပဲ။

ဒီ စိတ်-စေတသိက် (၃၄)လုံး ချုပ်ပျက်သွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ စွမ်းအင်ကို မြင်အောင် ဒီစိတ်-စေတသိက်တွေနှင့် ကပ်ပြီး ကြည့်ရပါတယ်။

ကြည့်လိုက်တဲ့အချိန်အခါမှာ ဒီကမ္မသတ္တိကို တွေ့ပြီဆိုတော့မှ မိမိရဲ့ ပဋိသန္ဓေကလလရေကြည်တည်ခိုက်မှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါး (ရုပ်တရား နာမ်တရားတွေ)နှင့် ကြောင်းကျိုးဆက်နွယ်မှု ရှိ-မရှိကို တစ်ဖန်ပြန်ပြီးတော့ ကြည့်ရတယ်။

ကြည့်လိုက်တဲ့အခါမှာ ဟိုဘက်ဘဝက ကမ္မသတ္တိကို ကြည့်လိုက်၊ ဒီဘက် ဘဝက ရုပ်တွေကို ကြည့်လိုက်၊ ကမ္မသတ္တိကို ကြည့်လိုက် ဒီဘက်ဘဝက ရုပ်တွေကို ကြည့်လိုက်၊ အဲဒီလို ထပ်ကာထပ်ကာ ကြည့်လိုက်လျှင် ဒီကံ ကြောင့် ဒီရုပ်တရားတွေက ထင်ရှားဖြစ်ခဲ့တာ မှန်လျှင်ပေါ့၊ ဒီကံကြောင့် ဒီ ရုပ်တရားတွေ ထင်ရှားဖြစ်နေတာကို ယောဂီသူတော်ကောင်းက ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်ပြီး ဒီအခါမှာ သိနိုင်ပါတယ်။ သို့သော် သိနိုင်ရေး အတွက် သဘောပေါက်အောင်တော့ ကြိုတင်ပြီး သင်ပေးရတဲ့ အချက် အလက်ကလေး တစ်ခုတော့ ရှိတယ်။

ရုပ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကို ယောဂီပုဂ္ဂိုလ်က ဒီအခါမှာ သိမ်းဆည်းထားပြီး ဖြစ်ပါတယ်။

ဘဝင်မနောအကြည်ကို စိတ်စိုက်ပြီးတော့ လက်ညိုးလေးတစ်ချောင်းကို ကွေးလိုက် ဆန့်လိုက် ပြုလုပ်ခိုင်းတယ်။ ကွေးချင် ဆန့်ချင်နေတဲ့ စိတ်ကို မြင်အောင်ကြည့်ရတယ်။ အဲဒီ စိတ်ကြောင့် စိတ္တဇရုပ်လို့ ခေါ်ဆိုအပ်တဲ့ ကလာပ်အမှုန်လေးတွေ တဖွားဖွား ဖြစ်နေတာ မြင်အောင် ကြည့်ရတယ်။ ကလာပ်ကလေးတွေ ဓာတ်ခွဲကြည့်လျှင် တစ်မှုန် တစ်မှုန်မှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ ဆိုပြီး သဘောတရား ရှစ်ခု ရှိပါတယ်။ အဲဒီရုပ်ကလာပ်တွေက မကြည်ကြဘူး။

အဲဒီရုပ်သဘောတရားတွေနှင့် စိတ်တို့ရဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောလိုပဲ စိတ်ကြောင့် စိတ္တဇရုပ်တွေ တဖွားဖွား ဖြစ်နေတာကို သဘော ပေါက်နေတဲ့ ယောဂီသူတော်ကောင်းက အတိတ်ကံကို လှမ်းကြည့်လိုက်လို့ မြင်ပြီဆိုလျှင် ထိုကံကြောင့် ကမ္မဇရုပ်တွေ တဖွားဖွားဖြစ်နေတာကို မြင်အောင် ရှုလို့ရမယ်။

အဲဒီလိုမြင်တဲ့အချိန်အခါကျတော့မှ - အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာက အကြောင်းတရား ရူပက္ခန္ဓာက အကျိုးတရား - စသည်ဖြင့် အဲဒီမှာ အကြောင်း အကျိုး သိမ်းဆည်းရပါတယ်။ အဲဒီလို အကြောင်းတရား အကျိုး တရား သိမ်းဆည်းနေတဲ့ဉာဏ်ကိုတော့ ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်ပါတယ်။ ပစ္စယပရိဂ္ဂဟဉာဏ် ရပြီးပြီဆိုလျှင် လုံလောက်ပြီလား? မလုံလောက်သေးဘူး။

ဉာတပရိညာစခန်း

အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုဉ္ဇော ဧဝါတိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာသင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။ --

သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၂၄၂။) စသည်တို့မှာ ဖွင့်ဆိုထား ပါတယ်။

အတီတေပိ = အတိတ်၌လည်းပဲ။ ပစ္စယာ စေဝ = အကြောင်းတရားတို့ သည်သာလည်းကောင်း။ ပစ္စယသမုပ္ပန္နဓမ္မာ စ = အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာသော အကျိုးတရားတို့သည်သာလည်းကောင်း။ သန္တိ = ရှိကြလေကုန်၏။ အနာဂတေပိ = အနာဂတ်၌လည်းပဲ။ ပစ္စယာ စေဝ = အကြောင်းတရားတို့သည်သာလည်းကောင်း။ ပစ္စယသမုပ္ပန္နဓမ္မာ စ = အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာသော အကျိုးတရားတို့သည်သာ လည်းကောင်း။ သန္တိ = ရှိကြလေကုန်၏။ ဧတရဟိပိ = ယခုပစ္စုပ္ပန်၌လည်းပဲ။ ပစ္စယာ စေဝ = အကြောင်းတရားတို့သည်သာလည်းကောင်း။ ပစ္စယသမုပ္ပန္နဓမ္မာ စ = အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာသော အကျိုးတရားတို့ သည်သာလည်းကောင်း။ သန္တိ = ရှိကြလေကုန်၏။

တတော = ထိုအကြောင်းတရား အကျိုးတရား အစုအပုံထက်။ ဥဒ္ဓံ = အပိုအလွန်ဖြစ်သော။ သတ္တော ဝါ = သတ္တဝါသည်လည်းကောင်း။ ပုဂ္ဂလော ဝါ = ပုဂ္ဂိုလ်သည်လည်းကောင်း။ နတ္ထိ = မရှိပေ။ သုဒ္ဓသင်္ခါရပုဉ္ဇော ဧဝ = အကြောင်းတရား အကျိုးတရား အစုအပုံသက်သက်, သင်္ခါရတရား အစုအပုံ သက်သက်သာလျှင်။ သန္တိ = ရှိပေ၏။ ဣတိ = ဤသို့လျှင်။ တီသု အဒ္ဓါသု = အတိတ် အနာဂတ် ပစ္စုပ္ပန်ဟု ခေါ်ဆိုအပ်သည့် ကာလသုံးပါးတို့၌။ ကင်္ခံ = သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာတရားကို။ ဝိတရတိ = ကျော်လွှားလွန်မြောက်၍ သွားနိုင်ပေ၏။ အယံ ပန = ဤဉာဏ်သည်ကား။ ဝိပဿနာသင်္ခါရသလ္လက္ခဏာ = ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သည့် သင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းပိုင်းခြားခြား သိတတ်သော။ ဉာတပရိညာ = ဉာတပရိညာ မည်၏။

အတိတ်ကြည့်လည်း အကြောင်းတရားနှင့် အကျိုးတရားပဲ ရှိတယ်၊ ပစ္စုပ္ပန် ကြည့်လည်း အကြောင်းတရားနှင့် အကျိုးတရားပဲ ရှိတယ်၊ အနာဂတ်ကြည့် လည်း အကြောင်းတရားနှင့် အကျိုးတရားပဲ ရှိတယ်။ ဒီလိုအသိဉာဏ်မျိုး ရရှိအောင် အကြောင်းတရား အဆက်ဆက်, အကျိုးတရား အဆက်ဆက်ကို မြင်အောင် လှမ်းပြီးတော့ ဆက်ပြီးရှုဖို့ လိုပါတယ်။ ဒုတိယအတိတ် တတိယ အတိတ် စသည်ဖြင့် ဆက်ပြီးရှုဖို့ လိုပါတယ်။ အနာဂတ်မှာတော့ ဆုံးသည့် တိုင်အောင်ရှုဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ? --

ဟို ဝိပဿနာပိုင်း ရောက်လာပြီဆိုလျှင် ဘုရားရှင်ကိုယ်တော်တိုင်က - အဝိဇ္ဇာနိရောဓာ ရူပနိရောဓော, တဏှာနိရောဓာ ရူပနိရောဓော ... = အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ ... စသည်ဖြင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အစရှိတဲ့ အကြောင်း တရားတွေ လုံးလုံးချုပ်သွားတဲ့အခါမှာ ရုပ်တွေ နာမ်တွေ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို မြင်အောင်ရှုဖို့ ဥဒယဗ္ဗယဉာဏ်ပိုင်းမှာ ဘုရားရှင်က ညွှန်ကြားထားပါတယ်။

အဲဒီ ညွှန်ကြားချက်အရ ဒီပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းမှာလည်း အနာဂတ် ကို လှမ်းရှုဖို့ လိုနေပါတယ်၊ အနာဂတ်ဆုံးသည့်တိုင်အောင်တော့ ရှုဖို့ လိုနေ တယ်။

အနုပ္ပါဒနိရောဓ

ဘယ်အခါမှ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေက ကုန်မလဲလို့ မေးလျှင်တော့ နောင်တစ်ချိန် အရဟတ္တမဂ်ကို ရတဲ့အချိန်အခါမှာ ကုန်မယ်။ ဒီတော့ မိမိတို့ကလည်း အရဟတ္တမဂ်ကို မရသေးဘူးဆိုလျှင်ပေါ့၊ ထိုအရဟတ္တ မဂ် ရမည့်အချိန်သည် နောင်အနာဂတ်လို့ မပြောသင့်ဘူးလား? ပြောသင့် နေပြီ။

အဲဒီအနာဂတ်ကာလမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်းတရားတွေဟာ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားလို့ ရုပ်တွေနာမ်တွေဟာလည်း ပရိနိဗ္ဗာနစုတိစိတ်ရဲ့ နောက်ကွယ်၌ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကိုလည်း ယောဂီပုဂ္ဂိုလ်သည် မြင်အောင် လှမ်းပြီး ရှုရမယ်။

ဒီတော့ ခေတ်ကတော့ နည်းနည်းပြောတဲ့ အချက်ကလေးတော့ရှိတယ်။ အတိတ်က မရှိတော့ဘူး ဘယ်လိုလုပ် ရှုမလဲ? အနာဂတ်က မရှိသေးဘူး မဖြစ်သေးဘူး၊ ဘယ်လိုလုပ် ရှုမလဲလို့ ပြောကြတယ်။ ဉာဏ်ရဲ့ စွမ်းအင် အာနုဘော်ကို သဘောမပေါက်လို့ ပြောတဲ့စကားပါ။

အကယ်၍ ရှုမရဘူးဆိုလျှင် ဘုရားရှင်သည် ဘာ့ကြောင့် ကြောင်းကျိုး ဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဝိပဿနာရှုဖို့ရန် ညွှန်ကြားနေမှာလဲ? ရှုမရလျှင် ရှုလို့မရနိုင်တဲ့ တရားတွေကို သာဝကတွေကို အပင်ပန်းခံပြီးတော့ ဝိပဿနာရှုဖို့ ဘုရားရှင်သည် ဘာကြောင့်ဟောတော်မူမှာလဲ? အဓိပ္ပါယ် ရှိတယ်။

ဒီ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ပရိညာပညာ သုံးချက်ဖြင့် ဟုတ်တိုင်းမှန်စွာ ပိုင်းခြားပြီး မသိခဲ့လျှင် မဂ်-ဖိုလ်-နိဗ္ဗာန်ကို ဘယ်လိုမှ မရဘူးလို့ မဟာနိဒါနသုတ္တန်မှာ (ဒီ၊၂၊၄၇။) ဘုရားရှင်ကိုယ်တော် တိုင်က အတိအကျ ဟောကြားထားတော်မူပါတယ်။

အဋ္ဌကထာများကလည်း ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရား ကို ဟုတ်တိုင်းမှန်စွာ ဉာဏ်တည်းဟူသော သန်လျက်ဖြင့် မဖောက်ထွင်းနိုင်ဘဲ မဖောက်ခွဲနိုင်ဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်သွားတဲ့ ပုဂ္ဂိုလ်ဆိုတာ အိပ်မက်ထဲတောင်မှ တစ်ယောက်မျှ မရှိဖူးဘူးလို့ - ဒီလို အတိအကျ ဖွင့်ဆိုထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၂၁။ အဘိ၊ဋ္ဌ၊၂၊၁၈၉။)

ဒါကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို လိုလား တောင့်တနေတဲ့ သူတော်ကောင်း မှန်ခဲ့လျှင်တော့ ဒီကြောင်းကျိုးဆက် ပဋိစ္စ သမုပ္ပါဒ်သဘောတရားတွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ရှုရတော့မယ်။

ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားဆိုတာက ကံ-ကံ၏အကျိုး ကို ပဓာနထားပြီး သံသရာလည်ပတ်ပုံကိုရော သံသရာချုပ်ငြိမ်းပုံကိုရော ညွှန်ပြတော်မူတဲ့ ဒေသနာတော်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ယောဂီပုဂ္ဂိုလ်သည် ကံ-ကံ၏အကျိုးကို ဟုတ်တိုင်းမှန်စွာ သိရေးမှာ အတိတ် အနာဂတ်နှင့် ရှောင်လွှဲလို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ ...

စတဲ့ ကျမ်းဂန်အဆိုအမိန့်တွေနှင့် အညီ - အတိတ်ဘဝက ပြုစုပျိုးထောင် ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေကြောင့် ဒီဘဝမှာ ဝိညာဏ် နာမ်-ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးတရားတွေ လာဖြစ်ကြ တယ်။ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေကြောင့် နောင်အနာဂတ်မှာ ဝိညာဏ် နာမ်-ရုပ် သဠာယတန ဖဿ ဝေဒနာတွေ ဖြစ်ကြမယ်လို့ သိမှလည်း ကံ-ကံရဲ့အကျိုးကို သိမှာဖြစ်ပါတယ်။ ကံ-ကံရဲ့အကျိုးကို ခုလိုသိမှလည်း ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ကိုယ်တိုင် သိမှာဖြစ်ပါတယ်။

ကဲ ဒီလို ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိပြီ, အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးမှာ ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိပြီ, အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိပြီ ဆိုတဲ့အခါကျ တော့မှ ထိုယောဂီသူတော်ကောင်းက ဘာလုပ်ရသလဲ? အကြောင်းတရားနှင့် တကွ ဒီရုပ်နာမ်တွေကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် လည်း လှည့်ပြီး သိမ်းဆည်းရပါသေးတယ်။

အဲဒီသိမ်းဆည်းပုံအပိုင်းတွေကိုလည်း ဆရာသမားနှင့်ပဲ ချဉ်းကပ်ပြီး လေ့လာပေတော့။ သိမ်းဆည်းပြီးလျှင် ဘာလုပ်ရမလဲ? --

အဲဒီ ရုပ်တရားတွေ, အဲဒီနာမ်တရားတွေရဲ့ ဖြစ်ပြီးပျက်နေတဲ့သဘောကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီး အနိစ္စလို့ တွင်တွင်ရှုရတယ်၊ ဖြစ်ခြင်း ပျက်ခြင်း ဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီး ဒုက္ခလို့ တွင်တွင်ရှုရတယ်၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ် သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့သဘောတွေကို ဉာဏ်နှင့် မြင် အောင်ကြည့်ပြီးတော့ အနတ္တလို့ တွင်တွင်ရှုရတယ်။

အဲဒီလို အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ တွင်တွင်ရှုနေတဲ့အပိုင်းကိုသာလျှင် ဝိပဿနာလို့ ခေါ်ပါတယ်။ အဲဒီဝိပဿနာဉာဏ် ရရှိရေးအတွက်က ဘုရား ဆိုလိုတဲ့ ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိဖို့ အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိထားပြီးဖြစ်ဖို့တော့ လိုနေတယ်။

နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါး ရရှိပြီးမှသာလျှင် ထိုသူတော်ကောင်းရဲ့ သန္တာန်၌ ဝိပဿနာဉာဏ်ဆိုတာ ဖြစ်ပေါ်နိုင်တယ်။ ထို ဝိပဿနာဉာဏ် ရရှိရေးအတွက် သမာဓိကို ကြိုတင်ပြီး ထူထောင်ခြင်း ဖြစ်ပါတယ်။

ဝိပဿနာဆိုတာ ဘာလဲ?

အခုပြောခဲ့တဲ့စကားတွေကို ခိုင်ခံ့သွားအောင် ဝိပဿနာအကြောင်းကို ထပ်ပြီး ရှင်းပြဦးမယ်။

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ၊ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် သိမ်းဆည်းထားအပ်တဲ့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္စျတ္တ, ဗဟိဒ္ဓ, ရုန့်ရင်းကြမ်းတမ်းတဲ့ ဩဠာရိက, သိမ်မွေ့နူးညံ့တဲ့ သုခုမ, ယုတ်ညံ့တဲ့ ဟီန, မွန်မြတ်တဲ့ ပဏီတ, ဝေးတဲ့ ဒူရ, နီးတဲ့ သန္တိကလို့ ခေါ်ဆိုတဲ့ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာ ငါးပါး = ဒုက္ခသစ္စာတရား,

ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းထားအပ်တဲ့ ယင်းဒုက္ခသစ္စာတရား၏ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဆိုတဲ့ သမုဒယ သစ္စာတရား --

ဒီဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ စတဲ့အခြင်းအရာအားဖြင့် လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်နေတဲ့ ဉာဏ် ကို ဝိပဿနာ - လို့ ခေါ်ဆိုပါတယ်။ ဒီတော့ ဝိပဿနာဉာဏ်နှင့် ရှုရမည့် ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံတရားတွေဟာ ဒုက္ခသစ္စာတရားနှင့် သမုဒယ သစ္စာတရားတွေ ဖြစ်ကြတယ် ဆိုတာကိုတော့ စွဲစွဲမြဲမြဲ မှတ်သားထားပါ။ ဘာဖြစ်လို့လဲ? သမထ ဝိပဿနာ ဘာဝနာတွေကို ပွားများအားထုတ်နေ တာက သစ္စာလေးပါးကို ထိုးထွင်းသိမြင်ရေးအတွက်, အထူးသဖြင့် နိဗ္ဗာန်ကို အဆင့်ဆင့်သော အရိယမဂ်ဉာဏ်-ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုနိုင်ရေး အတွက်, သံသရာဝဋ်ဆင်းရဲဒုက္ခ မီးပုံကြီး အပြီးတိုင် အငြိမ်းကြီး ငြိမ်းရန် အတွက် ကြိုးစားအားထုတ်နေခြင်း ဖြစ်ပါတယ်။

ပထမကောဋိဂါမသုတ္တန်

သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရေးအတွက် သစ္စာလေးပါးကို ထိုးထွင်း သိဖို့ရန် အရေးကြီးပုံနှင့် ဆက်စပ်ပြီး ဘုရားရှင်ဟောကြားထားတော်မူတဲ့ သုတ္တန်တစ်ခုကတော့ ကောဋိဂါမသုတ္တန် ဖြစ်ပါတယ်။ ဘုရားရှင်က ဘယ်လို ဟောကြားထားတော်မူသလဲ? --

စတုန္နံ ဘိက္ခဝေ အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ။ (သံ၊၃၊၃၇၇။)

ဘိက္ခဝေ = ရဟန်းတို့ ...။ စတုန္နံ အရိယသစ္စာနံ = အရိယသစ္စာတရား လေးပါးတို့ကို။ အနနုဗောဓာ = အနုဗောဓဉာဏ်ဖြင့် ပဋိဝေဓဉာဏ်အား လျော်စွာ ထိုးထွင်း၍ မသိခြင်းကြောင့်။ အပ္ပဋိဝေဓာ = ပဋိဝေဓဉာဏ်ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည့်တိုင်အောင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိခြင်းကြောင့်။ မမဉ္စေဝ = ငါဘုရားသည်လည်းကောင်း။ တုမှာကဉ္စ = သင်ချစ်သားတို့သည်လည်းကောင်း။ ဧဝံ = ဤသို့ကလောက်။ ဣဒံ ဒီဃမဒ္ဓါနံ = ဤရှည်လျားလှစွာသော သံသရာခရီးကာလပတ်လုံး။ သန္ဓာဝိတံ = ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ရလေပြီ။ သံသရိတံ = တစ်ခုသောဘဝ၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွားခဲ့ရလေပြီ။

အနနုဗောဓာတိ ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ။

အပ္ပဋိဝေဓာတိ တီရဏပ္ပဟာနပရိညာဝသေန အပ္ပဋိဝိဇ္ဈနာ။ (ဒီ၊ဋ္ဌ၊၂၊၈၅။)

ဒီအဋ္ဌကထာရဲ့ ဖွင့်ဆိုချက်အရ သစ္စာလေးပါးကို အနုဗောဓဉာဏ် ပဋိ ဝေဓဉာဏ်တို့ဖြင့်, တစ်နည်းပြောရလျှင်တော့ ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဆိုတဲ့ ပရိညာဉာဏ် (၃)မျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိခြင်း ကြောင့် သတ္တဝါတွေဟာ သံသရာခရီးမှာ ရှည်မြင့်စွာသော အချိန်အခါကာလ ပတ်လုံး တပြောင်းပြောင်း တပြန်ပြန် ကျင်လည်ကျက်စားပြေးသွားနေခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုလိုပါတယ်။

ဒီတော့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ချင်တဲ့ ယောဂါဝစရပုဂ္ဂိုလ်ဟာ ဝိပဿနာပိုင်းမှာလည်း သစ္စာလေးပါးကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိအောင် ကျင့်ရမယ်။ အရိယမဂ်ဉာဏ်ပိုင်းမှာလည်း အရိယသစ္စာလေးပါး ကို ထိုးထွင်း သိအောင် ကျင့်ရမယ်။ ဝိပဿနာပိုင်းမှာ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိရတဲ့ သစ္စာလေးပါးက လောကီ သစ္စာလေးပါး ဖြစ်ပါတယ်။ လောကုတ္တရာ အရိယမဂ်ဉာဏ်ဖြင့် ထိုးထွင်းသိတဲ့ အရိယသစ္စာလေးပါးထဲက ဒုက္ခသစ္စာနှင့် သမုဒယသစ္စာတို့က လောကီ ဝဋ္ဋသစ္စာ ဖြစ်ကြပြီး နိရောဓ သစ္စာနှင့် မဂ္ဂသစ္စာတို့က လောကုတ္တရာ အရိယသစ္စာတို့ ဖြစ်ကြပါတယ်၊ ဝိဝဋ္ဋသစ္စာလို့လည်း ခေါ်ပါတယ်။

လောကီအရိယသစ္စာလေးပါး

လောကုတ္တရာဖြစ်တဲ့ ဝိဝဋ္ဋသစ္စာ (၂)ပါးကို လောကုတ္တရာဖြစ်တဲ့ အရိယ မဂ်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ရေးအတွက်, တစ်နည်းပြောရလျှင်တော့ လော ကုတ္တရာ အရိယမဂ်ဉာဏ်ဖြင့် အရိယသစ္စာလေးပါးကို ထိုးထွင်းသိမြင်ရေး အတွက် ဘာလုပ်ရမလဲ?

ဘုရားရှင်က - မူလပဏ္ဏာသပါဠိတော် မဟာဂေါပါလက သုတ္တန်မှာ -- န ဝီထိံ ဇာနာတိ (မ၊၁၊၂၈၂-၂၈၃။) - နိဗ္ဗာန်သို့သွားရာ မဂ္ဂင်လမ်းကို ဟုတ် တိုင်းမှန်စွာ မသိလျှင် သာသနာတော်၌ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိ သည့်တိုင်အောင် တိုးတက်စည်ကား ကြီးပွားခြင်းငှာ မထိုက်တန်ကြောင်းကို ဟောကြားထားတော်မူပါတယ်။

ဒီအချက်နှင့် ပတ်သက်ပြီး အဋ္ဌကထာကလည်း ဖွင့်ဆိုထားပါတယ်။ ဒီ အဋ္ဌကထာရဲ့အဖွင့်က တရားဘာဝနာကို ပွားများနေတဲ့ သူတော်ကောင်းတို့ အတွက် အလွန်တန်ဖိုးရှိတဲ့ အဖွင့်တစ်ခု ဖြစ်နေပါတယ်။ အဋ္ဌကထာက ဘယ်လိုဖွင့်သလဲ? --

န ဝီထိံ ဇာနာတီတိ သော ဂေါပါလကော မဂ္ဂါမဂ္ဂံ ဝိယ - အယံ လောကိယော အယံ လောကုတ္တရောတိ အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ယထာဘူတံ န ပဇာနာတိ၊ အဇာနန္တော လောကိယမဂ္ဂေ အဘိနိဝိသိတွာ လောကုတ္တရံ နိဗ္ဗတ္တေတုံ န သက္ကောတိ။ (မ၊ဋ္ဌ၊၂၊၁၆၅။)

န ဝီထိံ ဇာနာတီတိ = လမ်းခရီးကို မသိဟူသည်။ သော ဂေါပါလကော = ထို နွားအပေါင်းကို ထိန်းကျောင်းနေသည့် နွားကျောင်းသားသည်။ မဂ္ဂါမဂ္ဂံ = နွားတို့သွားသင့်သည့်လမ်း-နွားတို့မသွားသင့်သည့်လမ်းဟု ခေါ်ဆိုအပ်တဲ့ လမ်းမှန်-လမ်းမှားကို။ န ဇာနာတိ ဝိယ = မသိသကဲ့သို့။ ဘိက္ခု = ယောဂါ ဝစရရဟန်းတော်သည်။ အယံ = ဤသည်ကား။ လောကိယော = လောကိယ မဂ္ဂင်လမ်းတည်း။ အယံ = ဤသည်ကား။ လောကုတ္တရော = လောကုတ္တရာ မဂ္ဂင်လမ်းတည်း။ ဣတိ = ဤသို့လျှင်။ အရိယံ = ဖြူစင်မြင့်မြတ်သော။ အဋ္ဌင်္ဂိကံ = အင်္ဂါ (၈)ပါးနှင့် ပြည့်စုံသော။ မဂ္ဂံ = မဂ္ဂင်လမ်းကို။ ယထာဘူတံ = ဟုတ်တိုင်းမှန်စွာ။ န ပဇာနာတိ = ကွဲကွဲပြားပြား မသိ။ အဇာနန္တော = မသိခဲ့သည်ရှိသော်။ လောကိယမဂ္ဂေ = လောကိယမဂ္ဂင် (၈)ပါး ကျင့်စဉ် တရား၌။ အဘိနိဝိသိတွာ = နှလုံးသွင်းရှုပွား၍။ လောကုတ္တရံ = လောကုတ္တရာ မဂ္ဂင်ကို။ နိဗ္ဗတ္တေတုံ = ဖြစ်စေအံ့သောငှာ။ န သက္ကောတိ = မစွမ်းနိုင်။ (မ၊ဋ္ဌ၊၂၊၁၆၅။)

နွားအပေါင်းကို ထိန်းကျောင်းနေတဲ့ နွားကျောင်းသားဟာ နွားတွေ သွား သင့်တဲ့လမ်း မသွားသင့်တဲ့လမ်းဆိုတဲ့ လမ်းမှန်လမ်းမှားကို မသိသလိုပဲ - ယောဂါဝစရ ရဟန်းတော်ဟာလည်း - ဒါက လောကီမဂ္ဂင်လမ်း ဖြစ်တယ်၊ ဒါက လောကုတ္တရာမဂ္ဂင်လမ်း ဖြစ်တယ်လို့ ကွဲကွဲပြားပြား မသိခဲ့ဘူးဆိုလျှင် ဒီလို မသိတဲ့အတွက် လောကီမဂ္ဂင်လမ်းကို နှလုံးသွင်းပွားများလျက် လောကုတ္တရာလမ်းကို ဖြစ်စေဖို့ရန် ဘယ်လိုမှ မစွမ်းနိုင်ဘူးလို့ ဒီလိုဖွင့်ဆိုထားတယ်။

ဒါကြောင့် ယောဂါဝစရပုဂ္ဂိုလ်ဟာ လောကီမဂ္ဂင်လမ်းနှင့် လောကုတ္တရာ မဂ္ဂင်လမ်းကို ခွဲခြားတတ်ဖို့, ခွဲခြားသိပြီးတဲ့အခါမှာလည်း လောကီမဂ္ဂင်လမ်းကို ရှေးဦးစွာ သိအောင် ကျင့်ဖို့ လိုအပ်ပါတယ်။ ဦးတည်ချက်က လောကုတ္တရာ မဂ္ဂင်ကို ဖြစ်ပေါ်လာစေလိုတဲ့ ဦးတည်ချက်ဖြစ်ပါတယ်။

လောကီမဂ္ဂင် (၈) ပါး = လောကီမဂ္ဂသစ္စာ

လောကီမဂ္ဂင်လည်း (၈)ပါး, လောကုတ္တရာမဂ္ဂင်လည်း (၈)ပါးဆိုပြီး အသီး အသီး (၈)ပါးစီ ရှိကြပါတယ်။ ယောဂါဝစရ ရဟန်းတော်ဟာ ရှေးဦးစွာ --

၁။ သမ္မာဝါစာ = မှန်သောစကားကို ပြောဆိုခြင်း

၂။ သမ္မာကမ္မန္တ = မှန်ကန်သော ကာယကံမှုကို ပြုကျင့်ခြင်း

၃။ သမ္မာအာဇီဝ = မှန်ကန်သော အသက်မွေးမှု ရှိခြင်း --

ဆိုတဲ့ သီလမဂ္ဂင် (၃)ပါးကို တရားမထိုင်မီ ကြိုတင်ပြီး ဆောက်တည်ကာ ဖြူစင်အောင် ဖြည့်ကျင့်ရပါတယ်။

၁။ သမ္မာဝါစာ ဆိုတာကတော့ --

(က) မုသာဝါဒ = မုသားစကား ပြောကြားခြင်း

( ခ ) ပိသုဏဝါစာ = ကုန်းတိုက်စကား ပြောကြားခြင်း

( ဂ ) ဖရုသဝါစာ = ကြမ်းတမ်းတဲ့စကား ပြောကြားခြင်း

(ဃ) သမ္ဖပ္ပလာပါ = ပြိန်ဖျင်းတဲ့စကား ပြောကြားခြင်း --

ဆိုတဲ့ ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်ပြီး မှန်ကန်တဲ့ ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာတဲ့ ကုသိုလ်ရေးနှင့် ဆက်စပ်နေတဲ့ စကားတွေကိုသာ ပြောကြားခြင်းကို ဆိုလိုပါတယ်။

၂။ သမ္မာကမ္မန္တ ဆိုတာကတော့ --

(က) ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း

( ခ ) အဒိန္နာဒါန = သူ့ပစ္စည်းကို မတရားယူခြင်း

( ဂ ) ကာမေသုမိစ္ဆာစာရ = ကာမတို့၌ မှားယွင်းဖောက်ပြန် မမှန်မကန် ပြုကျင့်ခြင်း --

ဆိုတဲ့ ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်ပြီး ဝတ်ကြီးဝတ်ငယ် ဖြည့်ကျင့် ခြင်း သမထ ဝိပဿနာ ပွားများခြင်း စတဲ့ စင်ကြယ်တဲ့ ကာယကံမှုတွေကို ဖြည့်ကျင့်ခြင်းကို ဆိုလိုပါတယ်။

၃။ သမ္မာအာဇီဝ ဆိုတာကတော့ --

မိစ္ဆာအာဇီဝလို့ ခေါ်ဆိုတဲ့ မှားယွင်းတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်း ရပ် အမျိုးမျိုးတွေကို ရှောင်ကြဉ်လျက် - ရဟန်းဖြစ်လျှင် ဆွမ်းခံကျင့်ဝတ်ကို ဖြည့်ကျင့်ခြင်း စသည်ဖြင့် ရရှိတဲ့ပစ္စည်းလေးပါးကို, လူယောဂီဖြစ်လျှင်လည်း မှန်ကန်တဲ့ ကုန်သွယ်ခြင်း လယ်လုပ်ခြင်းစတဲ့ မှန်ကန်တဲ့ အသက်မွေးဝမ်း ကြောင်းလုပ်ငန်းရပ်တွေကို ပြုကျင့်လို့ ရရှိတဲ့ ပစ္စည်းကို သုံးစွဲမယ်ဆိုလျှင် သမ္မာအာဇီဝ ဖြစ်ပါတယ်။

ဒီလောက်နှင့်တော့ နားလည်ချင်မှနားလည်မယ်။ နည်းနည်းတော့ ထပ် ပြောဦးမယ်။ ရဟန်းဖြစ်လျှင်လည်း သစ်သီးပေးခြင်း ပန်းပေးခြင်း ဆေးကုခြင်း ဗေဒင်ဟောခြင်း စတဲ့ ဒါယကာ ဒါယိကာမတို့ရဲ့ စစ်မှန်တဲ့ သဒ္ဓါတရားကို ပျက်ပြားစေတတ်တဲ့ ကုလဒူသက အနေသနမှုတွေကြောင့် ရရှိတဲ့ ပစ္စည်းကို မသုံးစွဲဘဲ ဆွမ်းခံကျင့်ဝတ်ဖြင့် ရရှိခြင်း စတဲ့ တရားသော နည်းလမ်းဖြင့် ရရှိတဲ့ ပစ္စည်းလေးပါးကို သုံးစွဲခြင်းကို သမ္မာအာဇီဝလို့ ခေါ်ပါတယ်။

လူယောဂီ ဖြစ်လျှင်လည်း ခုပြောခဲ့တဲ့ ဝစီဒုစရိုက် (၄)ပါး ကာယဒုစရိုက် (၃)ပါးကြောင့် ရရှိတဲ့ပစ္စည်းတွေကို မသုံးစွဲဘဲ ကုန်သွယ်ခြင်း လယ်လုပ်ခြင်း စတဲ့ မှန်ကန်တဲ့ လုပ်ငန်းရပ်တွေနှင့် ရှာဖွေလို့ရရှိတဲ့ ပစ္စည်းကို သုံးစွဲခဲ့လျှင် သမ္မာအာဇီဝလို့ ခေါ်ပါတယ်။

ဒါကြောင့် ယောဂီပုဂ္ဂိုလ်တွေဟာ မုသားပြောလို့ရရှိတဲ့ပစ္စည်း, ကုန်းစကား ပြောလို့ရရှိတဲ့ပစ္စည်း, ကြမ်းတမ်းတဲ့စကားတွေပြောလို့ရရှိတဲ့ပစ္စည်း, ပြိန်ဖျင်းတဲ့ စကားတွေကိုပြောလို့ ရရှိတဲ့ပစ္စည်းတွေကို မသုံးစွဲမိဖို့ သတိပြုရမယ်။ သူ့ အသက်ကိုသတ်လို့ရရှိတဲ့ပစ္စည်း, အဒိန္နာဒါနကံတွေကြောင့် မတရားရတဲ့ ပစ္စည်း, တရားဥပဒေအရ တားမြစ်ထားတဲ့ လာဘ်ပေးလာဘူစနစ်တွေ ကြောင့် ရရှိတဲ့ပစ္စည်း, ကာမေသုမိစ္ဆာစာရအမှုတွေကြောင့် ရရှိတဲ့ပစ္စည်းတွေ ကို မသုံးစွဲမိဖို့လည်း သတိပြုရမယ်။ နောက်ထပ် မိစ္ဆာအာဇီဝနှင့်ပတ်သက်လို့ မြတ်စွာဘုရား ဟောကြားထားတော်မူတဲ့ ကုန်သွယ်မှု ငါးမျိုး ဆိုတာလည်း ရှိသေးတယ်။ အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ်မှာ ဝဏိဇ္ဇာသုတ္တန် - ဆိုတဲ့ သုတ္တန်တစ်ခု ရှိပါတယ်၊ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားရှင်က ရတနာသုံးပါး ကို ကိုးကွယ်ဆည်းကပ်နေတဲ့ ဥပါသကာတွေ ရှောင်ကြဉ်ရမည့် ကုန်သွယ်မှု ငါးမျိုးကို ဟောကြားထားတော်မူပါတယ်။ --

ကုန်သွယ်မှု ငါးမျိုး

ပဉ္စိမာ ဘိက္ခဝေ ဝဏိဇ္ဇာ ဥပါသကေန အကရဏီယာ။ ကတမာ ပဉ္စ? သတ္ထဝဏိဇ္ဇာ သတ္တဝဏိဇ္ဇာ မံသဝဏိဇ္ဇာ မဇ္ဇဝဏိဇ္ဇာ ဝိသဝဏိဇ္ဇာ။ ဣမာ ခေါ ဘိက္ခဝေ ပဉ္စ ဝဏိဇ္ဇာ ဥပါသကေန အကရဏီယာ။(အံ၊၂၊၁၈၃။)

ဘိက္ခဝေ = ရဟန်းတို့ ...။ ဥပါသကေန = ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်ခြင်းသို့ရောက်သော ဥပါသကာ ဒါယကာ ဒါယိကာမသည်။ ပဉ္စ = ငါးပါးကုန်သော။ ဣမာ ဝဏိဇ္ဇာ = ဤကုန်သွယ်ခြင်းတို့ကို။ အကရဏီယာ = မပြုသင့် မပြုထိုက် မပြုအပ်ပေ။ ကတမာ ပဉ္စ = အဘယ်ငါးမျိုးတို့နည်းဟူမူ ကား။ --

၁။ သတ္ထဝဏိဇ္ဇာ = လက်နက်ကို ကုန်သွယ်ခြင်းလည်းကောင်း။

၂။ သတ္တဝဏိဇ္ဇာ = လူကို ကုန်သွယ်ခြင်းလည်းကောင်း။

၃။ မံသဝဏိဇ္ဇာ = အသားကို ကုန်သွယ်ခြင်းလည်းကောင်း။

ဒီအသားကို ကုန်သွယ်ခြင်းနှင့် ပတ်သက်လို့ အဋ္ဌကထာက --

မံသဝဏိဇ္ဇာတိ သူကရမိဂါဒယော ပေါသေတွာ တေသံ ဝိက္ကယော။ (အံ၊ဋ္ဌ၊၃၊၆၂။)

ဝက်တွေ သားကောင်တွေ စတဲ့ တိရစ္ဆာန်တွေကို မွေးမြူရေးလုပ်ငန်း ပြုလုပ်ပြီးတော့ ဒီသားကောင်တွေကို ရောင်းချကုန်သွယ်ခြင်းကို ဆိုလိုတယ် ဆိုပြီးတော့ ရှင်းလင်းတင်ပြထားပါတယ်။ နောက်ကုန်သွယ်ခြင်းတွေကတော့

၄။ မဇ္ဇဝဏိဇ္ဇာ = မူးယစ်ဆေးဝါးကို ကုန်သွယ်ခြင်းလည်းကောင်း။

၅။ ဝိသဝဏိဇ္ဇာ = အဆိပ်ကို ကုန်သွယ်ခြင်းလည်းကောင်းတည်း။

ဘိက္ခဝေ = ရဟန်းတို့ ...။ ဥပါသကေန = ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်ခြင်းသို့ရောက်သော ဥပါသကာ ဒါယကာ ဒါယိကာမသည်။ ဣမာ ပဉ္စ ဝဏိဇ္ဇာ = ဤကုန်သွယ်မှု ငါးမျိုးတို့ကို။ အကရဏီယာ = မပြုသင့် မပြုထိုက် မပြုအပ်ပေ။

လက်နက်ကို ကုန်သွယ်ခြင်း, လူကို ကုန်သွယ်ခြင်း, မွေးမြူရေးလုပ်ပြီး သားကောင်တွေကို ကုန်သွယ်ခြင်း, မူးယစ်ဆေးဝါးကို ကုန်သွယ်ခြင်း, အဆိပ် ကို ကုန်သွယ်ခြင်းဆိုပြီး ကုန်သွယ်မှု ငါးမျိုးရှိပါတယ်။ ဒီကုန်သွယ်မှုငါးမျိုးကို ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ သူတော်ကောင်းဟာ --

ဣတိ သဗ္ဗမ္ပိ ဣမံ ဝဏိဇ္ဇံ နေဝ အတ္တနာ ကာတုံ၊ န ပရေ သမာဒပေတွာ ကာရေတုံ ဝဋ္ဋတိ။ (အံ၊ဋ္ဌ၊၃၊၆၂။)

မိမိကိုယ်တိုင်လည်း မပြုလုပ်ကောင်းဘူး၊ သားမယားစတဲ့ သူတစ်ပါးတို့ကို လည်း မပြုလုပ်စေရပါဘူး။ အကယ်၍ ထိုကုန်သွယ်မှု ငါးမျိုးတို့ဖြင့် ရရှိတဲ့ ပစ္စည်းကို သုံးစွဲခဲ့လျှင်လည်း မိစ္ဆာအာဇီဝဖြစ်ပါတယ်။ ဒီလိုရရှိတဲ့ ပစ္စည်းမျိုးကို မသုံးစွဲဘဲ မှန်ကန်တဲ့ ကုန်သွယ်မှု လယ်လုပ်မှုစတဲ့ လုပ်ငန်းရပ်တွေကြောင့် ရရှိတဲ့ပစ္စည်းကို သုံးစွဲခဲ့လျှင် သမ္မာအာဇီဝ ဖြစ်ပါတယ်။

ယောဂါဝစရပုဂ္ဂိုလ်ဟာ ဒီသီလမဂ္ဂင် သုံးပါးကို ဖြူစင်အောင် ဖြည့်ကျင့် ပြီးတဲ့အခါမှာ --

၁။ သမ္မာဝါယာမ = မှန်ကန်စွာ အားထုတ်ခြင်း

၂။ သမ္မာသတိ = မှန်ကန်စွာ အမှတ်ရခြင်း

၃။ သမ္မာသမာဓိ = မှန်ကန်စွာ စိတ်တည်ကြည်ခြင်း --

ဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါးကို ဆက်လက်ပြီး ထူထောင်ရပါတယ်။ ကာမာ ဝစရသမာဓိ, ရူပါဝစရသမာဓိ, အရူပါဝစရသမာဓိဆိုတဲ့ သမာဓိသုံးမျိုးထဲက သမာဓိတစ်မျိုးကိုဖြစ်စေနှစ်မျိုးကိုဖြစ်စေ သုံးမျိုးလုံးကိုဖြစ်စေ ရရှိအောင် ထူထောင်ရပါတယ်။

ဒီ သီလမဂ္ဂင်သုံးပါးသမာဓိမဂ္ဂင်သုံးပါးနှင့် ပြည့်စုံနေတဲ့ ယောဂီသူတော် ကောင်းက ပညာမဂ္ဂင်နှစ်ပါးနှင့် ပြည့်စုံအောင် တစ်ဆင့်တက်ပြီး ကြိုးစား ရတယ်။ ပညာမဂ္ဂင်နှစ်ပါးက ဘာတွေလဲ? --

၁။ သမ္မာဒိဋ္ဌိ = မှန်ကန်စွာ သိမြင်ခြင်း

၂။ သမ္မာသင်္ကပ္ပ = မှန်ကန်စွာ ကြံစည်ခြင်း --

ဆိုပြီး ပညာမဂ္ဂင် (၂)ပါး ရှိပါတယ်။

ဘာကို သမ္မာဒိဋ္ဌိလို့ ခေါ်ဆိုသလဲ? မြတ်စွာဘုရားက မဟာသတိပဋ္ဌာန သုတ္တန်မှာ သမ္မာဒိဋ္ဌိကို (၄)မျိုး ခွဲခြားပြီး ဟောကြားထားတော်မူခဲ့ပါတယ်။

ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ (မ၊၁၊၈၈။)

ဒီဒေသနာတော်အရ --

၁။ ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊

၂။ သမုဒယသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊

၃။ နိရောဓသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊

၄။ နိရောဓသစ္စာသို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာ၌ သိသော ဉာဏ်သည် သမ္မာဒိဋ္ဌိ --

ဒီလို သမ္မာဒိဋ္ဌိကို လေးမျိုးခွဲခြားပြီး ဟောကြားထားတော်မူခဲ့ပါတယ်။ ဟို ပဋိသမ္ဘိဒါဉာဏ်ပိုင်းတုန်းက ဒီသစ္စာလေးပါးကို ရှင်းပြခဲ့ပြီးပါပြီ။ လောကီ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်းသိရမည့် လောကီသစ္စာလေးပါးကို ယောဂီပုဂ္ဂိုလ် က ရှေးဦးစွာ သိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

သမ္မာဒိဋ္ဌိက သစ္စာလေးပါးအာရုံကိုထိုးထွင်းသိလျှင် သမ္မာသင်္ကပ္ပက ထို သစ္စာလေးပါးအာရုံပေါ်သို့ စိတ်ကို ရှေးရှူတင်ပေးခြင်းသဘော ဖြစ်ပါတယ်။

---

ဝိပဿနာပိုင်း မဂ္ဂင် (၈) ပါး

ဒါကြောင့် ဝိပဿနာပိုင်း ရောက်လာတဲ့အခါ မဂ္ဂင် (၈)ပါး ဖြစ်ပေါ်လာ ပုံကို အကျဉ်းချုပ်ပြီး ထပ်ပြောရဦးမယ်။

၁။ လောကီသစ္စာလေးပါးကို ထိုးထွင်းသိခြင်းသဘောက သမ္မာဒိဋ္ဌိ၊

၂။ အဲဒီ သစ္စာလေးပါးအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘောက သမ္မာသင်္ကပ္ပ၊

၃။ သစ္စာလေးပါးအာရုံကို သိအောင် ကြိုးစားအားထုတ်ခြင်း သဘောက သမ္မာဝါယာမ၊

၄။ သစ္စာလေးပါးအာရုံကို အောက်မေ့ခြင်း အမှတ်ရနေခြင်း သဘောက သမ္မာသတိ၊

၅။ သစ္စာလေးပါးအာရုံ၌ စိတ်တည်ငြိမ်နေခြင်းသဘောက သမ္မာသမာဓိ ဖြစ်ပါတယ်။

ကြိုတင်ပြီး ဖြူစင်အောင် ဆောက်တည် ကျင့်သုံးထားတဲ့ သီလမဂ္ဂင် (၃)ပါးနှင့် ပေါင်းလိုက်လျှင် လောကီမဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်ပါတယ်။ ဒီလောကီမဂ္ဂင် (၈)ပါးကို လောကုတ္တရာမဂ္ဂင် (၈)ပါး ဖြစ်ပေါ်လာရေးအတွက် ပွားများရမှာ ဖြစ်ပါတယ်။

---

သစ္စာလေးပါး ထင်ရှားလာပုံ

ဝိပဿနာပိုင်းမှာ သစ္စာလေးပါးက ဘယ်အခါမှာ ထင်ရှားလာပါသလဲလို့ မေးစရာရှိတယ်။

တေဿဝံ ပစ္စယတော စေဝ ခဏတော စ ဒွေဓာ ဥဒယဗ္ဗယံ ပဿတော သစ္စ-ပဋိစ္စသမုပ္ပါဒ-နယ-လက္ခဏဘေဒါ ပါကဋာ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ဧဝံ = ဤသို့လျှင်။ ပစ္စယတော စေဝ = အကြောင်းတရားအားဖြင့် လည်းကောင်း။ ခဏတော စ = ခဏအားဖြင့် လည်းကောင်း။ ဒွေဓာ = နှစ်မျိုးသော အခြင်းအရာအားဖြင့်။ ဥဒယဗ္ဗယံ = ဒုက္ခသစ္စာတရား သမုဒယ သစ္စာတရားဟူသည့် သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း (= ဥဒယ-ဝယ)ကို။ ပဿတော = ရှုမြင်၍နေသော။ တဿ = ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိ ဉာဏ်၌။ သစ္စ-ပဋိစ္စသမုပ္ပါဒ-နယ-လက္ခဏဘေဒါ =

၁။ လောကီသစ္စာလေးပါး

၂။ ပဋိစ္စသမုပ္ပါဒ်သဘောတရား

၃။ နည်းလေးပါး

၄။ လက္ခဏာငါးပါးဟူသော အပြားတို့သည်။

ပါကဋာ = ထင်ရှားကုန်သည်။ ဟောန္တိ = ဖြစ်ကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ဝိပဿနာပိုင်းမှာ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရတဲ့ သင်္ခါရတရား တွေကို လက္ခဏာယာဉ်သုံးတန် တစ်လှည့်စီတင်ပြီး နည်းအမျိုးမျိုးတို့ဖြင့် ဝိပဿနာရှုလာရာ ဥဒယဗ္ဗယဉာဏ်ပိုင်း ရောက်ပြီဆိုကြစို့။ ယောဂီပုဂ္ဂိုလ်က ဒီသင်္ခါရတရားတွေရဲ့ ဖြစ်မှုပျက်မှုကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း နှင့် ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဉာဏ်အမြင်သန့်ရှင်းအောင် ကြိုးစားအား ထုတ်ရပါတယ်။ အဲဒီလို ကြိုးစားအားထုတ်တဲ့နေရာမှာ ဥဒယဗ္ဗယက နှစ်မျိုး ရှိပါတယ်။

၁။ ပစ္စယတော ဥဒယဗ္ဗယ = အကြောင်းတရားအားဖြင့် ဖြစ်ပျက်ကို ရှုခြင်း

၂။ ခဏတော ဥဒယဗ္ဗယ = ခဏအားဖြင့် ဖြစ်ပျက်ကို ရှုခြင်း --

ဆိုပြီး ဥဒယဗ္ဗယ နှစ်မျိုးရှိပါတယ်။

၁။ ပစ္စယတော ဥဒယဗ္ဗယ = အကြောင်းတရားအားဖြင့် ဖြစ်ပျက်ကို ရှုခြင်း ဆိုတာကိုလည်း အဖြစ်တစ်မျိုး အပျက်တစ်မျိုး ဆိုပြီး နှစ်မျိုးခွဲပြီး ရှုရ ပါတယ်။

(က) ပစ္စယတော ဥဒယ = အကြောင်းတရားအားဖြင့် အဖြစ်ကိုရှုခြင်း

( ခ ) ပစ္စယတော ဝယ = အကြောင်းတရားအားဖြင့် အပျက်ကို ရှုခြင်း သို့မဟုတ် အချုပ်ကို ရှုခြင်း --

ဆိုပြီး နှစ်မျိုးခွဲပြီး ရှုရပါတယ်။ အလားတူပဲ ..

၂။ ခဏတော ဥဒယဗ္ဗယကိုလည်း--

(က) ခဏတော ဥဒယ = ခဏအားဖြင့် အဖြစ်ကို ရှုခြင်း

( ခ ) ခဏတော ဝယ = ခဏအားဖြင့် အပျက်ကို ရှုခြင်း --

ဆိုပြီး နှစ်မျိုးပဲ ခွဲရှုရပါတယ်။ ဘယ်လို ရှုရမလဲ? ခန္ဓာငါးပါးထဲက ရူပက္ခန္ဓာကိုပဲ ပုံစံထုတ်ပြကြစို့ ...။

---

ရူပက္ခန္ဓာ၌ ဥဒယကို အကျယ်ရှုပွားနည်း

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ဒီရှုကွက်ကို ဘယ်လို ညွှန်ကြားပေးထား သလဲ?

၁။ အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။

၂။ တဏှာသမုဒယာ။ ပ ။

၃။ ကမ္မသမုဒယာ။ ပ ။

၄။ အာဟာရသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။

၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။

ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ (ပဋိသံ-၅၃။)

ဒီပါဠိတော်ရဲ့ ဆိုလိုရင်းကို ဋီကာဆရာတော်များက ရှင်းလင်းတင်ပြထား တာက ရူပက္ခန္ဓာကို ဖြစ်ပေါ်စေတတ်တဲ့ အတိတ်အကြောင်းတရားငါးပါးထဲ က အဝိဇ္ဇာနှင့်တဏှာကို တိုက်ရိုက်ထုတ်ဆောင် ဟောကြားတော်မူလိုက်တဲ့ အတွက် ဒီအဝိဇ္ဇာ-တဏှာတို့နှင့် ကိလေသဝဋ်ချင်း တူညီနေတဲ့ ဥပါဒါန်ကို လည်း ထည့်သွင်းယူရပါတယ်။ ကမ္မကို တိုက်ရိုက်ထုတ်ဆောင် ဟောကြား တော်မူလိုက်တဲ့အတွက် ကမ္မနှင့် ကမ္မဝဋ်ချင်း တူညီနေတဲ့ သင်္ခါရကိုလည်း ထည့်သွင်းယူရပါတယ်။ ပေါင်းလိုက်တော့ - ရူပက္ခန္ဓာကို အထူးသဖြင့် ကမ္မဇ ရုပ်တွေကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေဟာ - အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုပြီး ငါးပါး ရှိပါတယ်။

၁။ အဝိဇ္ဇာ-ဆိုတာက ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည်ဖြင့် အသိ မှားမှုသဘော ဖြစ်ပါတယ်။ လူသားတို့ရဲ့ ခန္ဓာအိမ်ကို ပရမတ္ထသစ္စာ နယ်ဘက်ကနေပြီး ပညာမျက်စိနှင့် လှမ်းမြော်ကြည့်လိုက်လျှင် ရုပ်တရား အစုအပုံ နာမ်တရားအစုအပုံသာ ရှိတယ်၊အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံသာ ရှိတယ်။ ဒီထက် အပိုအလွန်ဖြစ်တဲ့ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါဆိုတာ မရှိပါဘူး။ ဒီရုပ်တရား နာမ်တရားတွေ ဟာလည်း ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံတွေသာ ဖြစ်တယ်။ သူပဲ ငါပဲ ယောက်ျားပဲ မိန်းမပဲ စသည်ဖြင့် ခေါ်ဝေါ်ပြောဆိုနိုင်လောက်အောင် အချိန်ကြာကြာ ရပ်တည် နေမှု မရှိပါဘူး။ အကြောင်းတရားတွေက မကုန်သေးသမျှကာလပတ်လုံး, အကြောင်းတရားတွေရဲ့ ကျေးဇူးပြုပေးမှု ရှိနေသမျှကာလပတ်လုံး ဒီလိုပဲ ဖြစ်-ပျက် ရုပ်နာမ်အစဉ်အတန်း အနေအားဖြင့် ဆက်လက် ဖြစ်ပေါ်နေ အောင် အကြောင်းတရားတွေက ဆက်လက်ကျေးဇူးပြုပေးနေမှာပဲ ဖြစ်ပါ တယ်။ ဒီလို ဖြစ်ပျက်နေတဲ့ ရုပ်နာမ်အစဉ်အတန်း အစုအပုံကို ရုပ်နာမ် အစုအပုံလို့ မမြင်ဘဲ, အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တ တရားအစုအပုံလို့ မမြင်ဘဲ မသိဘဲ - ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည်ဖြင့် မြင်နေ သိနေခဲ့လျှင် ဒီအသိမျိုးကို အသိမှားမှု အဝိဇ္ဇာလို့ ခေါ်ပါတယ်။ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးရဲ့ အလောင်းအလျာ အမျိုးကောင်းသားအနေနှင့်အဆင်းငါးမျိုးရှိတဲ့ ပန်းမိုးကြီး ရွာသွန်းနိုင်တဲ့ အမျိုးသားဘဝလို့ အသိမှားနေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

၂။ တဏှာ-ဆိုတာကတော့ အဲဒီယောက်ျားဘဝ သို့မဟုတ် မိန်းမဘဝကို တွယ်တာတပ်မက်ခြင်းသဘော ဖြစ်ပါတယ်။ စိတ္တသူကြွယ် ကျောင်း ဒါယကာအလောင်းအနေနှင့် မွေးဖွားတဲ့အခါ အဆင်းငါးမျိုး ရှိတဲ့ ပန်းမိုးကြီး ရွာသွန်းချနိုင်တဲ့, ဘဝတစ်လျှောက်မှာလည်း လက်ဆောင် ပဏ္ဏာ ထောင်ပေါင်းများစွာ ဆိုက်ရောက်လာနိုင်တဲ့ အမျိုးသားဘဝကို တွယ်တာမက်မောတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

၃။ ဥပါဒါန်-ဆိုတာကတော့ အဲဒီလို ယောက်ျားဘဝ သို့မဟုတ် မိန်းမဘဝ တွေကို စိတ်ကပ်ရောက် စွဲလမ်းနေတဲ့သဘော ဖြစ်ပါတယ်။

၄။ သင်္ခါရ-ဆိုတာကတော့ ထိုထို လိုလားတောင့်တနေတဲ့ ဘဝမျိုးတွေကို တစ်နည်းပြောရလျှင်တော့ ခန္ဓာငါးပါးကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေး နေတဲ့ ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာ ဦးဆောင်နေတဲ့ နာမ်တရားအုပ်စု ဖြစ်ပါတယ်။ စိတ္တသူကြွယ်ကျောင်းဒါယကာအလောင်း က တောထဲမှာ လိုဏ်ဂူတစ်ခုအတွင်း ကျောက်ဖျာထက်ဝယ် တရား ဘာဝနာ၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ရဟန်းတော်တစ်ပါးအား အရသာရှိပြီး မွန်မြတ်တဲ့ ဆွမ်းတွေနှင့် ပန်းတွေကို လှူဒါန်းပူဇော်ခဲ့တဲ့ ကုသိုလ်စေတနာ ဦးဆောင်တဲ့ နာမ်တရားအုပ်စုမျိုး ဖြစ်ပါတယ်။

၅။ ကံ-ဆိုတာကတော့ အဲဒီ ကုသိုလ်သင်္ခါရ သို့မဟုတ် အကုသိုလ်သင်္ခါရ တရားစုတွေဟာ ပရမတ်တရားတို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအတိုင်း ချုပ်ပျက်သွားတဲ့အခါ ရုပ်နာမ်အစဉ်မှာ မြှုပ်နှံထားခဲ့တဲ့, အဲဒီ ကုသိုလ် သင်္ခါရ သို့မဟုတ် အကုသိုလ်သင်္ခါရတို့ရဲ့ နောင်တစ်ချိန် မိမိတို့ မျှော်လင့် တောင့်တထားတဲ့ ဘဝဆိုတဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအင် ကမ္မသတ္တိ ဖြစ်ပါတယ်။

ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုပြီး လက်ရှိ ကမ္မဇရုပ်တွေကို ဖြစ်စေတတ်တဲ့ အတိတ်အကြောင်းတရားငါးပါး ဖြစ်ပါ တယ်။

ရုပ်တရားတွေကို ဖြစ်စေတတ်တဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေထဲမှာ အာဟာရဆိုတဲ့ အားကောင်းတဲ့ ပဓာနအကြောင်းတရားကို တိုက်ရိုက်ထုတ် ဆောင် ဟောကြားတော်မူလိုက်သဖြင့် ရုပ်တရားတို့ကို ဖြစ်စေတတ်တဲ့ ပဝတ္တိ အကြောင်းတရား (=ပစ္စုပ္ပန်အကြောင်းတရား)ချင်းတူညီနေတဲ့ အပဓာနဖြစ်တဲ့ စိတ်နှင့်ဥတုတို့ကိုလည်း ထည့်သွင်း၍ယူရပါတယ်။ (မဟာဋီ၊၂၊၄၂၁-ကြည့်ပါ။)

ဒါကြောင့် ရုပ်တရားတို့ရဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေက စိတ်-ဥတု-အာဟာရ - ဆိုပြီး (၃)မျိုး ဖြစ်သွားပါတယ်။ ခုပြောခဲ့တဲ့ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကြောင့် ဆိုင်ရာဆိုင်ရာ အကျိုးရုပ်တရားတွေ ဖြစ်ပုံကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီးတော့ --

၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် (ကမ္မဇရုပ်) ရူပက္ခန္ဓာ ဖြစ်၏။

၂။ တဏှာဖြစ်ခြင်းကြောင့် (ကမ္မဇရုပ်) ရူပက္ခန္ဓာ ဖြစ်၏။

၃။ ဥပါဒါန်ဖြစ်ခြင်းကြောင့် (ကမ္မဇရုပ်) ရူပက္ခန္ဓာ ဖြစ်၏။

၄။ သင်္ခါရဖြစ်ခြင်းကြောင့် (ကမ္မဇရုပ်) ရူပက္ခန္ဓာ ဖြစ်၏။

၅။ ကံဖြစ်ခြင်းကြောင့် (ကမ္မဇရုပ်) ရူပက္ခန္ဓာ ဖြစ်၏။

(ကမ္မဇရုပ်) ရူပက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။

၆။ စိတ်ဖြစ်ခြင်းကြောင့် (စိတ္တဇရုပ်) ရူပက္ခန္ဓာ ဖြစ်၏။

(စိတ္တဇရုပ်) ရူပက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။

၇။ ဥတုဖြစ်ခြင်းကြောင့် (ဥတုဇရုပ်) ရူပက္ခန္ဓာ ဖြစ်၏။

(ဥတုဇရုပ်) ရူပက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။

၈။ အာဟာရဖြစ်ခြင်းကြောင့် (အာဟာရဇရုပ်) ရူပက္ခန္ဓာ ဖြစ်၏။

(အာဟာရဇရုပ်) ရူပက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။ --

ဒီလို ရှုရပါတယ်။ အဲဒီလိုရှုတဲ့အပိုင်းမှာ - အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကြောင့် ကမ္မဇရုပ်ဖြစ်ပုံ, စိတ်ကြောင့် စိတ္တဇရုပ်ဖြစ်ပုံ, ဥတုကြောင့် ဥတုဇရုပ်ဖြစ်ပုံ, အာဟာရကြောင့် အာဟာရဇရုပ် ဖြစ်ပုံတို့ကို ရှုတဲ့အပိုင်း ကိုတော့ --ပစ္စယတော ဥဒယဒဿန = အကြောင်းတရားအားဖြင့် အဖြစ် (= ဥဒယ) ကို မြင်အောင်ရှုခြင်း - လို့ ခေါ်ဆိုပါတယ်။

တစ်ဖန် ကမ္မဇရုပ်၏ ဖြစ်ခြင်း ဥဒယသဘော, စိတ္တဇရုပ်၏ ဖြစ်ခြင်း ဥဒယသဘော, ဥတုဇရုပ်၏ ဖြစ်ခြင်း ဥဒယသဘော, အာဟာရဇရုပ်၏ ဖြစ်ခြင်း ဥဒယသဘောကို မြင်အောင် ရှုတဲ့အပိုင်းကိုတော့ --ခဏတော ဥဒယဒဿန = ခဏအားဖြင့် အဖြစ်ကို မြင်အောင် ရှုခြင်းလို့ ခေါ်ဆိုပါ တယ်၊ ဖြစ်ခြင်း = နိဗ္ဗတ္တိလက္ခဏာကို ရှုခြင်း ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ .. ဝယ-ရှုနည်း ဖြစ်ပါတယ်။ ဝယ-ရှုကွက်ကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးမှာ ဘယ်လိုဟောထားသလဲ? နားထောင်ကြည့်ပါ။

---

ရူပက္ခန္ဓာ၌ ဝယကို အကျယ်ရှုပွားနည်း

၁။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။

၂။ တဏှာနိရောဓာ။ ပ ။

၃။ ကမ္မနိရောဓာ။ ပ ။

၄။ အာဟာရနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။

၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။

ရူပက္ခန္ဓဿ ဝယံ ပဿန္တောပိ ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ (ပဋိသံ-၅၃။)

ဒီပါဠိတော်ကတော့ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးမှာ လာရှိတဲ့ စကားရပ်များ ဖြစ်ကြပါတယ်။ ဒီနေရာမှာ ဝယ = အတ္ထင်္ဂမ = နိရောဓ-ဆိုတဲ့ စကားလုံး တွေဟာ ပျက်ခြင်းနှင့် ချုပ်ခြင်းကိုပဲ ရည်ညွှန်းထားတဲ့ ပရိယာယ်တူ စကားလုံး များ ဖြစ်ကြပါတယ်။ ဒီနေရာမှာ နိရောဓက ဥပ္ပါဒနိရောဓနှင့် အနုပ္ပါဒနိရောဓ ဆိုပြီး နိရောဓနှစ်မျိုး ရှိပါတယ်။

၁။ ဥပ္ပါဒနိရောဓ-ဆိုတာကတော့ နောင်တစ်ဖန် ဖြစ်ခွင့်ရှိတဲ့ ချုပ်နည်းလို့ ဆိုလိုပါတယ်။ သင်္ခတပရမတ်တရားတွေဟာ သင်္ခတပရမတ်တရားတို့ရဲ့ ထုံးတမ်းစဉ်လာအတိုင်း ဖြစ်ပြီးက ချက်ချင်းပဲ ပျက်သွားကြတယ် ချုပ် သွားကြတယ်။ ဒီလို ဥပါဒ်-ဌီ-ဘင်ဆိုတဲ့ သက်တမ်းစေ့လို့ ချုပ်ပျက် သွားတဲ့အခါ ဒီရုပ်တွေ နာမ်တွေကို အဆက်မပြတ် ဖြစ်ပေါ်နေအောင် ကျေးဇူးပြုပေးနေတဲ့ အကြောင်းတရားတွေက မကုန်သေးလို့ ဆက်လက် ကျေးဇူးပြုပေးနေဦးမယ်ဆိုလျှင် ဒီဖြစ်ပျက်ရုပ်နာမ်အစဉ်အတန်းတွေဟာ ဆက်လက်ပြီး ဖြစ်နေဦးမှာ ဖြစ်ကြပါတယ်။ ဒီလို ဖြစ်ပြီးက ပျက်နေမှု ချုပ်နေမှုမှာ ကျေးဇူးပြုနေတဲ့ အကြောင်းတရားတွေက မကုန်သေးလို့ ဆက်လက်ကျေးဇူးပြုနေဦးမယ်ဆိုလျှင် နောင်တစ်ဖန် ဖြစ်ခွင့်ရှိနေသေးတဲ့ အတွက် ဒီချုပ်နည်းကိုတော့ ဥပ္ပါဒနိရောဓ = နောင်တစ်ဖန် ဖြစ်ခွင့်ရှိသော ချုပ်နည်းလို့ ခေါ်ဆိုပါတယ်။ ဒီဥပ္ပါဒနိရောဓသဘောကို မြင်အောင် ရှုခြင်းကိုတော့ ခဏတော ဝယဒဿန = ခဏအားဖြင့် အပျက်ကို (အချုပ်ကို) မြင်အောင် ရှုခြင်းလို့ ခေါ်ဆိုပါတယ်၊ ဖောက်ပြန်ပျက်စီး တတ်တဲ့ ဝိပရိဏာမလက္ခဏာကို ရှုခြင်းပဲ ဖြစ်ပါတယ်။

၂။ နောက်တစ်ခုကတော့ အနုပ္ပါဒနိရောဓ ဖြစ်ပါတယ်။ အနုပ္ပါဒနိရောဓ ဆိုတာကတော့ နောင်တစ်ဖန်ဖြစ်ခွင့်မရှိတဲ့ ချုပ်ခြင်း ဖြစ်ပါတယ်။ အဝိဇ္ဇာ တဏှာ-ဥပါဒါန်-ကံ-စိတ်-ဥတု-အာဟာရ စတဲ့ အကြောင်းတရားတွေက နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတဲ့အခါ အကျိုးခန္ဓာ ငါးပါးတို့လည်း နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြ တယ်။ ဒီလို ချုပ်ငြိမ်းမှုကိုတော့ အနုပ္ပါဒနိရောဓ = နောင်တစ်ဖန် မဖြစ် သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆိုပါတယ်။ ဒီလိုဆိုလျှင် ဘယ် အခါမှာ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေဟာ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှာလဲ ..? ဒီအချက်ကို ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာဆရာတော်က ဒီလို ဖွင့်ဆိုထားပါတယ်။ --

အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။)

အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ = အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ ဟူသည်ကား။ အဂ္ဂမဂ္ဂဉာဏေန = အရဟတ္တမဂ်ဉာဏ်ကြောင့်။ အဝိဇ္ဇာယ = အဝိဇ္ဇာ၏။ အနုပ္ပါဒနိရောဓတော = နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းကြောင့်။ အနာဂတဿ ရူပဿ = ပရိနိဗ္ဗာနစုတိ၌ ဖြစ်ပေါ်ခွင့်ရှိ သော အနာဂတ်ဖြစ်သောရုပ်၏။ အနုပ္ပါဒနိရောဓော = နောင်တစ်ဖန် မဖြစ် သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ် ကြောင့်နည်းဟူမူကား။ ပစ္စယာဘာဝေ = အကြောင်းတရား၏ မရှိခြင်းသည်။ သတိ = ရှိလတ်သော်။ အဘာဝတော = အကျိုးတရား၏ မဖြစ်ခြင်း မရှိခြင်း ကြောင့်တည်း။ (မဟာဋီ၊၂၊၄၂၁။)

ဆိုလိုတာကတော့ ခုလို စိတ္တသူကြွယ်တို့လို ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ သူတော်ကောင်းဟာ တစ်နေ့မှာ အရဟတ္တမဂ် အရဟတ္တဖိုလ် ရနိုင်လောက်အောင် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဆိုတဲ့ ဣန္ဒြေငါးပါး တို့က ရင့်ကျက်လာပြီဆိုလျှင် အရဟတ္တမဂ်ကို ကျိန်းသေ ရရှိကြမှာဖြစ်တယ်။ အဲဒီလို အရဟတ္တမဂ် ရရှိတဲ့အခါမှာ ဒီအရဟတ္တမဂ်က အဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသာတွေကို နောက်ထပ်တစ်ဖန် ဖြစ်ခွင့် မရှိအောင် အကြွင်းမဲ့ ပယ်သတ်မှာ ဖြစ်ပါတယ်။

ဒီလို အရဟတ္တမဂ်ကြောင့် ကိလေသာတွေ အကြွင်းအကျန်မရှိ ကုန်စင် အောင် ချုပ်ငြိမ်းသွားကြတဲ့အခါ ကိလေသာဆိုတဲ့ အပေါင်းအဖော်ကို ရရှိမှ အကျိုးပေးနိုင်တဲ့ ကံတွေလည်း ကိလေသာဆိုတဲ့ အပေါင်းအဖော်ကို မရရှိတဲ့ အတွက်, ဘဝအပေါ်၌ တွယ်တာမှုမှန်သမျှ အားလုံးချုပ်ငြိမ်းသွားတဲ့အတွက် အကျိုးမပေးနိုင်တော့ဘဲ အကျိုးပေးနိုင်တဲ့ စွမ်းအင်တွေ ကုန်ခန်းသွားကြပါ တယ်။

ဒီလို အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေက နောင်တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ခြင်းလို့ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အခါ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ဟာ လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး နောင်တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြတယ်။ ဒီလို ချုပ်ငြိမ်းမှုကို အနုပ္ပါဒနိရောဓလို့ ခေါ်ပါတယ်။

ယောဂီပုဂ္ဂိုလ်ဟာ ဥဒယဗ္ဗယဉာဏ်ပိုင်း ရောက်တဲ့အခါ အဲဒီ အနုပ္ပါဒနိရောဓလို့ ခေါ်ဆိုအပ်တဲ့ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့ရဲ့ ချုပ်ငြိမ်းမှုကို ဥဒယဗ္ဗယာနုပဿနာခေါ်တဲ့ ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမှာဖြစ်ပါ တယ်။ အဲဒီလို အကြောင်းတရားတို့ရဲ့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရားတို့ရဲ့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို မြင်အောင်ရှုခြင်းကို - ပစ္စယတော ဝယဒဿန = အကြောင်း တရားအားဖြင့် အပျက်ကို (အချုပ်)ကို ရှုခြင်း - လို့ ခေါ်ပါတယ်။

ဒါတွင် မကသေးဘူး၊ ဒီအပိုင်းမှာ ဝိပရိဏာမလက္ခဏာ-ခေါ်တဲ့ ခန္ဓာ ငါးပါးတို့ရဲ့ ခဏမစဲ တသဲသဲ ချုပ်ပျက်နေမှုလို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရတရား တို့ရဲ့ ဘင်ကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုဖို့လည်း ညွှန်ကြား ထားပါတယ်။ ဒါကြောင့် ယောဂီပုဂ္ဂိုလ်ဟာ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့ရဲ့ ခဏအားဖြင့် ပျက်မှု ဘင်ကိုလည်း မြင်အောင် ရှုရပါ တယ်။ ကျန်နာမ်ခန္ဓာတွေမှာလည်း နည်းတူပဲ ရှုရပါတယ်။ ဒီလို သင်္ခါရတရား တို့ရဲ့ အပျက် ဘင်ကို ရှုမြင်ခြင်းကိုခဏတော ဝယဒဿန = ခဏအားဖြင့် အပျက်ကို ရှုခြင်းလို့ ခေါ်ပါတယ်။ အားလုံးပေါင်းလိုက်တော့ --

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရားအားဖြင့် အဖြစ်ကို ရှုခြင်း

၂။ ပစ္စယတော ဝယဒဿန = အကြောင်းတရားအားဖြင့် အချုပ်ကို ရှုခြင်း

၃။ ခဏတော ဥဒယဒဿန = ခဏအားဖြင့် အဖြစ်ကို ရှုခြင်း

၄။ ခဏတော ဝယဒဿန = ခဏအားဖြင့် အပျက်(အချုပ်)ကို ရှုခြင်း -

ဆိုပြီး ရှုကွက် (၄)မျိုး ဖြစ်လာတယ်။

တစ်ဖန် - ပစ္စယတော ဥဒယဒဿန နှင့် ပစ္စယတော ဝယဒဿန နှစ်ခုကို ပေါင်းလိုက်တော့ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရား အားဖြင့် ဖြစ်+ပျက်ကို ရှုခြင်းဆိုတဲ့ ဥဒယဗ္ဗယဉာဏ်က တစ်ခု၊

ခဏတော ဥဒယဒဿန နှင့် ခဏတော ဝယဒဿန နှစ်ခုကို ပေါင်း လိုက်တော့ ခဏတော ဥဒယဗ္ဗယဒဿန = ခဏအားဖြင့် ဖြစ်+ပျက်ကို ရှုခြင်းဆိုတဲ့ ဥဒယဗ္ဗယဉာဏ်က တစ်ခု --

ပေါင်းလိုက်တော့ ဥဒယဗ္ဗယဉာဏ် နှစ်မျိုး ဖြစ်လာတယ်။ နှစ်မျိုးသော အခြင်းအရာအားဖြင့် ဥဒယဗ္ဗယ-ရှုနည်းလို့ ခေါ်ဆိုပါတယ်။ ဒီရှုကွက်ကို ခန္ဓာငါးပါးလုံးမှာ ပုံစံတူ ရှုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆွေးနွေးစရာအချက် တွေ များစွာ ရှိနေပါတယ်။ တချို့အချက်အလက်တွေကို ထပ်မံပြီး ရှင်းပြ လိုပါတယ်။

---

အရဟတ္တမဂ်ရမည့်အချိန်

ယောဂီပုဂ္ဂိုလ်ဟာ ခုအချိန်မှာ ဝိပဿနာပိုင်းမှာ ဥဒယဗ္ဗယဉာဏ်အဆင့် သို့သာ ရောက်ရှိပါသေးတယ်။ မည်သည့်အရိယာအဆင့်သို့မျှ မရောက်ရှိသေး ပါဘူး။ ပုထုဇန်ဘဝနှင့် ဥဒယဗ္ဗယဉာဏ်အဆင့်လောက်ကိုသာ ရောက်ရှိပါ သေးတယ်။ ထိုအဆင့်မှာ ယောဂီပုဂ္ဂိုလ်က အကြောင်းအကျိုး နှစ်ရပ်လုံးတို့ရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို မြင်အောင် ရှုဖို့ရန် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးနှင့် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာတို့က ညွှန်ကြားထားပါတယ်။

ဒါကြောင့် အဲဒီအရဟတ္တမဂ်ကို ရမည့်အချိန်သည် ဥဒယဗ္ဗယဉာဏ်ကို အားသစ်ဆဲ ဖြစ်နေတဲ့ ပုထုဇန်သူတော်ကောင်းအတွက် .. ဒီဘဝမှာပဲ အရဟတ္တမဂ်ကို ရမယ်ဆိုလျှင် ဒီဘဝအနာဂတ်၊ နောင်လာမည့် အနာဂတ် ဘဝတစ်ခုခုကျမှ အရဟတ္တမဂ်ကို ရရှိမယ်ဆိုလျှင်လည်း နောင်ဘဝတစ်ခုခု ဆိုတဲ့ အနာဂတ်ပဲ ဖြစ်ပါတယ်။

ယောဂီပုဂ္ဂိုလ်က အဲဒီအနာဂတ်မှာ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကိုလည်း ဥဒယဗ္ဗယာနုပဿနာဉာဏ် ဖြင့် မြင်အောင် ရှုရမှာ ဖြစ်တယ်။ ထိုအကြောင်းတရားတို့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အတွက် အကျိုး ခန္ဓာငါးပါးတို့လည်း နောင် တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘော အားဖြင့် ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး ချုပ်ငြိမ်းမှုကိုလည်း ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် မြင်အောင် လှမ်းရှုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မဟာဋီကာဆရာတော်က --

အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။)

စသည်ဖြင့် ဖွင့်ဆိုထားတော်မူခြင်း ဖြစ်ပါတယ်။

---

ဝိပဿနာကုသိုလ်ဇော နှင့် အရဟတ္တမဂ်

ဒီနေရာမှာ ပုထုဇန်သူတော်ကောင်းရဲ့ ဥဒယဗ္ဗယာနုပဿနာဉာဏ်ဆိုတာ မနောဒွါရမှာ ဖြစ်နေတဲ့ မဟာကုသိုလ် ဉာဏသမ္ပယုတ် (= ဉာဏ်နှင့်ယှဉ်တွဲ နေတဲ့) ဇောစိတ္တုပ္ပါဒ်အစဉ် ဖြစ်ပါတယ်။ အဲဒီ မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇောစိတ်စေတသိက်တရားကို တရားကိုယ်ကောက်ယူရတဲ့ ပုထုဇန်သူတော် ကောင်းရဲ့ ဥဒယဗ္ဗယာနုပဿနာဉာဏ်ဟာ အရဟတ္တမဂ်ကိုတော့ အာရုံမပြု နိုင်ပါဘူး။ ဒါပေမဲ့ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ရဲ့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းမှုကိုရော အကျိုးခန္ဓာငါးပါးတို့ရဲ့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောကိုရော ဒီ နှစ်မျိုးလုံးကိုတော့ ရှုလို့ရပါတယ်။ အရဟတ္တမဂ်ကို လှမ်းရှုတာ လှမ်းအာရုံ ယူတာတော့ မဟုတ်ပါဘူး။ အကြောင်းတရား အကျိုးတရားတို့ရဲ့ အနုပ္ပါဒ နိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကိုသာ လှမ်းရှုတာ ဖြစ်ပါတယ်။

---

လောကီသစ္စာလေးပါး ထင်ရှားလာပုံ

သမုဒယသစ္စာ ထင်ရှားလာပုံ

ဣစ္စေဿဝံ ပစ္စယတော စေဝ ခဏတော စ ဒွေဓာ ဥဒယဗ္ဗယံ ပဿတော ပစ္စယတော ဥဒယဒဿနေန သမုဒယသစ္စံ ပါကဋံ ဟောတိ ဇနကာဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ဣတိ တသ္မာ = ထိုသို့ အကြောင်းတရားအားဖြင့် ခန္ဓာတို့၏ ဥဒယဗ္ဗယ ကို ရှုခြင်း, ခဏအားဖြင့် ခန္ဓာတို့၏ ဥဒယဗ္ဗယကို ရှုခြင်းကြောင့်။ ဧဝံ ဝုတ္တပကာရေန = ဤ ဖွင့်ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်။ ပစ္စယတော စေဝ = အကြောင်းတရားအားဖြင့်လည်းကောင်း။ ခဏတော စ = ခဏအား ဖြင့်လည်းကောင်း။ ဒွေဓာ = နှစ်မျိုးနှစ်စားအားဖြင့်။ ဥဒယဗ္ဗယံ = ခန္ဓာငါးပါး တို့၏ ဥဒယဗ္ဗယကို။ ပဿတော = ရှုမြင်၍နေသော။ အဿ = ထိုယောဂါ ဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌။ ပစ္စယတော = အကြောင်းတရားအားဖြင့်။ ဥဒယဒဿနေန = ခန္ဓာငါးပါးတို့၏ ဖြစ်မှုကို ရှုမြင်ခြင်းဖြင့်။ ဇနကာဝဗောဓတော = ခန္ဓာငါးပါးတို့ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကအကြောင်း တရားဖြစ်သည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ စသော အကြောင်း တရားကို ထိုးထွင်း၍ သိခြင်းကြောင့်။ သမုဒယသစ္စံ = သမုဒယသစ္စာသည်။ ပါကဋံ = ထင်ရှားသည်။ ဟောတိ = ဖြစ်၏။

အကြောင်းတရားအားဖြင့် ဖြစ်ပျက်ကိုရှုခြင်း, ခဏအားဖြင့် ဖြစ်ပျက်ကို ရှုခြင်းဆိုတဲ့ နှစ်မျိုးနှစ်စားအားဖြင့် ခန္ဓာငါးပါးတို့ရဲ့ ဖြစ်ခြင်းပျက်ခြင်း ဥဒယဗ္ဗယကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ရှုမြင်နေသော ယောဂါဝစရ ရဟန်း တော်ရဲ့ အသိဉာဏ်မှာ - အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် ပစ္စုပ္ပန်တွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ အကျိုးခန္ဓာငါးပါးတို့ရဲ့ ထင်ရှား ဖြစ်ပုံ, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်တွင် ဝိညာဏ် နာမ် ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးခန္ဓာငါးပါးတို့ရဲ့ ထင်ရှားဖြစ်ပုံ တွေကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နေတဲ့အတွက် ခန္ဓာငါးပါးကို တိုက်ရိုက်ဖြစ် ပေါ်စေတတ်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်းတရား တွေကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်ခြင်းကြောင့် သမုဒယသစ္စာဟာ ထင်ရှားလာပါတယ်။

ဒါကတော့ ဥဒယဗ္ဗယာနုပဿနာဉာဏ်ဆိုတဲ့ ဝိပဿနာဉာဏ်ဖြင့် သမုဒယသစ္စာကို ထိုးထွင်းသိပုံ ဖြစ်ပါတယ်။ နောက်ထပ် ဒီဝိပဿနာဉာဏ်က ဒုက္ခသစ္စာကို ထိုးထွင်းသိပုံကိုလည်း အဋ္ဌကထာက ဆက်ပြီး ရှင်းပြထားပြန် တယ်။ ဘယ်လို ရှင်းပြထားသလဲ? --

ဒုက္ခသစ္စာ ထင်ရှားလာပုံ

ခဏတော ဥဒယဒဿနေန ဒုက္ခသစ္စံ ပါကဋံ ဟောတိ ဇာတိဒုက္ခာဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ခဏတော = ခဏအားဖြင့်။ ဥဒယဒဿနေန = ခန္ဓာငါးပါးတို့၏ ဖြစ်မှု ဥဒယကို ရှုမြင်ခြင်းဖြင့်။ ဇာတိဒုက္ခာဝဗောဓတော = ဇာတိဝဋ်ဒုက္ခကို ထိုး ထွင်း၍သိခြင်းကြောင့်။ ဒုက္ခသစ္စံ = ဒုက္ခသစ္စာတရားသည်။ ပါကဋံ = ထင်ရှား လာသည်။ ဟောတိ = ဖြစ်၏။

ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါးတို့ရဲ့ ဖြစ်မှုကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်းကို ဥဒယဒဿနလို့ ခေါ်ဆိုပါတယ်။ ယောဂါ ဝစရပုဂ္ဂိုလ်က ခဏအားဖြင့် ဒီခန္ဓာငါးပါးတို့ရဲ့ ဖြစ်မှု ဥဒယကို ဝိပဿနာ ဉာဏ်ဖြင့် ရှုမြင်တဲ့အတွက် ခန္ဓာငါးပါးတို့ရဲ့ ဇာတိဒုက္ခကို အဲဒီ ဝိပဿနာ ဉာဏ်က ထိုးထွင်းသိသွားပါတယ်။ ဇာတိပိ ဒုက္ခာ - လို့ ဘုရားရှင် ဟောကြား ထားတော်မူတဲ့အတိုင်း ခန္ဓာငါးပါးကိုလည်း သိတယ်, ခန္ဓာငါးပါးတို့ရဲ့ ဖြစ်မှု ဇာတိဒုက္ခကိုလည်း ထိုးထွင်းသိတဲ့အတွက် ထိုယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိ ဉာဏ်မှာ ဒုက္ခသစ္စာတရားဟာ ထင်ရှားလာပါတယ်။

ဒီနေရာမှာ မဟာဋီကာဆရာတော်ကလည်း - ဧကဒေသဒဿနေန ပဗ္ဗတသမုဒ္ဒါဒိဒဿနကာနံ ဝိယ - ဆိုပြီး ဥပမာ ထုတ်ဆောင်ပြီး ရှင်းပြထား ပါတယ်။ ဥပမာ - ပုဂ္ဂိုလ်တစ်ယောက်က တောင်ညိုတောင်တန်းတို့လို တောင် တစ်တောင်ကို ခပ်လှမ်းလှမ်းမှ မြင်တယ်ဆိုကြပါစို့။ တောင်ကို မြင်တယ် ဆိုသော်လည်း တောင်ရဲ့ တစ်စိတ်တစ်ဒေသ တချို့တစ်ဝက်လောက်ကိုသာ သူက မြင်နိုင်ပါတယ်။ တောင်တစ်တောင်လုံးကို အဘက်ဘက်က ကုန်စင် အောင်တော့ သူက မမြင်နိုင်ပါဘူး။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်က ငါက တောင်ကို မြင်ပါတယ်လို့တော့ ပြောနေတယ်။

နောက်ဥပမာတစ်မျိုးကတော့ - ကျိုက္ခမီကဲ့သို့သော တစ်နေရာက နေပြီး တော့ ယောက်ျားတစ်ယောက်က ပင်လယ်သမုဒ္ဒရာကို လှမ်းကြည့်တော့ မြင် တယ် ဆိုကြစို့။ ဒီယောက်ျားက ငါဟာ ပင်လယ်သမုဒ္ဒရာကို မြင်ဖူးပါတယ် လို့တော့ သူက ပြောမယ်။ ဒါပေမဲ့ ပင်လယ်သမုဒ္ဒရာကို သူမြင်တယ်ဆိုပေမဲ့ သမုဒ္ဒရာလေးစင်းဆိုတဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပင်လယ်အကုန်လုံးကိုတော့ သူမမြင်ပါဘူး။ ပင်လယ်သမုဒ္ဒရာရဲ့ အစိတ်အပိုင်း တချို့တစ်ဝက်လောက်ကို သာ သူက မြင်လိုက်တာ ဖြစ်ပါတယ်။

အလားတူပဲ - ဒီနေရာမှာ ဒုက္ခသစ္စာကို ဝိပဿနာဉာဏ်က ထိုးထွင်း သိတယ်ဆိုပေမဲ့ (၃၁)ဘုံလုံးမှာရှိတဲ့ ဒုက္ခသစ္စာအားလုံးကို ကုန်စင်အောင် သိတာတော့ မဟုတ်ပါဘူး။ တချို့တစ်ဝက် တစ်စိတ်တစ်ဒေသလောက်ကိုသာ သူက သိတာဖြစ်ပါတယ်။ နမူနာပုံစံ ထုတ်ပြရလျှင်တော့ - လူသားတစ်ဦးရဲ့ ခန္ဓာအိမ်မှာတည်ရှိတဲ့ ပြိုင်တူဖြစ်ပျက်နေတဲ့ ပရမာဏုမြူခန့် အလွန့်အလွန် သေးငယ်နေတဲ့ ရုပ်ကလာပ်အမှုန်ပေါင်းတွေဟာ ဉာဏ်နှင့် ချင်တွယ်ရ ကောင်းလို့သာ အကယ်၍ ချင်တွယ်ကြည့်မယ်ဆိုလျှင် - ဒေါဏမတ္တာ သိယာ (ဝိသုဒ္ဓိ၊၁၊၃၆၁။) - တစ်စိတ်သားခန့်လောက် ရှိမယ်လို့ ဆိုပါတယ်။ သာဝက တွေဟာ အဲဒီ ရုပ်ကလာပ်တွေကို အကြွင်းအကျန်မရှိ တစ်ခုမကျန် ပရမတ်သို့ ဆိုက်အောင် - ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ စသည်ဖြင့် ခွဲခြားစိတ်ဖြာပြီး မရှုနိုင်ပါဘူး။ မိမိတို့ ဆည်းပူးထားတဲ့ ပါရမီအားလျော်စွာ ဖြစ်ပေါ်လာတဲ့ ဉာဏ်ရဲ့ အာနုဘော်က ကြီးမားလျှင် ခပ်များများ တချို့တစ်ဝက် တစ်စိတ်တစ်ဒေသကို, ဉာဏ်အာနုဘော်က သေး လျှင်လည်း ခပ်နည်းနည်း တချို့တစ်ဝက် တစ်စိတ်တစ်ဒေသလောက်ကိုသာ သိမ်းဆည်းနိုင် ရှုပွားနိုင်ကြပါတယ်။ အပြင် ဗဟိဒ္ဓကို ရှုရာမှာလည်း အလား တူပါပဲ။ တချို့တစ်ဝက် တစ်စိတ်တစ်ဒေသလောက်ကိုသာ ရှုနိုင်ကြပါတယ်။ ခန္ဓာငါးပါးလုံးကို ပုံစံတူပဲ သဘောပေါက်ပါ။


နိရောဓသစ္စာ ထင်ရှားလာပုံ

နောက်ထပ် နိရောဓသစ္စာကို ဝိပဿနာဉာဏ်က ထိုးထွင်းသိမြင်ပုံကို လည်း အဋ္ဌကထာက ဆက်လက်ပြီး ရှင်းပြထားပါတယ်။

ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ပစ္စယတော = အကြောင်းတရားအားဖြင့်။ ဝယဒဿနေန = အပျက်ကို ရှုမြင်ခြင်းဖြင့်၊ တစ်နည်း - အချုပ်ကို ရှုမြင်ခြင်းဖြင့်။ နိရောဓသစ္စံ = နိရောဓ သစ္စာသည်။ ပါကဋံ = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့်နည်းဟူမူကား။ ပစ္စယာနုပ္ပါဒေန = အကြောင်းတရားတို့၏ မဖြစ်ခြင်းဖြင့်၊ တစ်နည်း - ပစ္စယာနုပ္ပါဒေန = အကြောင်းတရားတို့၏ နောင် တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟူသည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ် ငြိမ်းခြင်းကြောင့်။ ပစ္စယဝတံ = အကြောင်းတရားရှိကုန်သော အကျိုးတရား တို့၏၊ ဝါ - အကြောင်းတရားကြောင့် ဖြစ်ကုန်သောအကျိုးတရားတို့၏။ အနုပ္ပါဒါဝဗောဓတော = နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်း ခြင်းကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း။

ယောဂါဝစရပုဂ္ဂိုလ်က အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - ဆိုတဲ့ အကြောင်းတရားတွေရဲ့ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ခေါ်ဆိုတဲ့ အနုပ္ပါဒနိရောဓသဘောဖြင့် ချုပ်ငြိမ်းသွားတဲ့အတွက် အကျိုးခန္ဓာငါးပါးတို့ရဲ့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး ချုပ် သွားပုံကို ဥဒယဗ္ဗယာနုပဿနာဉာဏ်လို့ ခေါ်ဆိုတဲ့ ဝိပဿနာဉာဏ်နှင့် မြင် အောင်ရှုခြင်းကို ပစ္စယတော ဝယဒဿနလို့ ခေါ်ဆိုပါတယ်။ ဒီပစ္စယတော ဝယဒဿန ဉာဏ်အမြင်ကို ရရှိနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်က အကြောင်းတရားတို့ရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်း ကြောင့် အကြောင်းတရားကြောင့် ဖြစ်နေကြတဲ့ အကျိုးခန္ဓာငါးပါးတို့ဟာ လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး အနုပ္ပါဒနိရောဓသဘောအားဖြင့် အမြစ်ပြတ်ချုပ်ငြိမ်းမှုကို ထိုးထွင်းသိနေပါတယ်။ ဒီလို သိနေတဲ့အတွက် ဒီ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ နိရောဓသစ္စာတရားသည် ထင်ရှား လာပါတယ်။

ဒီနိရောဓသစ္စာတရားကတော့ လောကီ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိအပ်တဲ့ နိရောဓသစ္စာတရား ဖြစ်ပါတယ်။ လောကုတ္တရာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိအပ်တဲ့ အသင်္ခတနိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ နိရောဓသစ္စာတရားတော့ မဟုတ်ပါဘူး။ ဒီ လောကီ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာတရားကို ပိုပြီး အသိဉာဏ် သန့်ရှင်းသွား အောင် အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန်မှာ - ဘုရားရှင် ဟော ကြားထားတော်မူတဲ့ နိရောဓသစ္စာအကြောင်းကို ဆက်လက်ပြီး နာကြား ကြည့်ပါ။ အဲဒီ တိတ္ထာယတနသုတ္တန်မှာ မြတ်စွာဘုရားက နိရောဓသစ္စာကို ဘယ်လို ဟောကြားထားတော်မူသလဲ? --

ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ? အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။ (အံ၊၁၊၁၇၈။)

ရဟန်းတို့ ... ဒုက္ခနိရောဓ အရိယသစ္စာ - ဟူသည် အဘယ်နည်း? အဝိဇ္ဇာ၏ အရဟတ္တမဂ်ကြောင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏၊ သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏၊ ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတနချုပ်၏၊ သဠာယတနချုပ်ခြင်း ကြောင့် ဖဿချုပ်၏၊ ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏၊ ဝေဒနာချုပ်ခြင်း ကြောင့် တဏှာချုပ်၏၊ တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ (= ကမ္မဘဝ+ဥပပတ္တိဘဝ) ချုပ်၏၊ ဘဝ (= ကမ္မဘဝ) ချုပ်ခြင်းကြောင့် ဇာတိချုပ်၏၊ ဇာတိချုပ်ခြင်းကြောင့် ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ချုပ်ကုန်၏။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ချုပ်ငြိမ်းခြင်းသည် ဖြစ်၏။ ရဟန်းတို့ ...ဤသည်ကို ဒုက္ခနိရောဓအရိယသစ္စာဟူ၍ ဆိုအပ်၏။ (အံ၊၁၊၁၇၈။)


နိရောဓ (၃) မျိုး

ဒီနေရာမှာ နိရောဓ (၃)မျိုးကို ခွဲခြားပြီး မှတ်သားထားဖို့ လိုပါတယ်။

၁။ အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ် သို့မဟုတ် မဂ်ဉာဏ် ဖိုလ်ဉာဏ် အားလုံး တို့ရဲ့ အာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကိုလည်း နိရောဓ (= နိရောဓသစ္စာ)လို့ ခေါ်ပါတယ်။ လောကုတ္တရာ မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့ဖြင့် သိအပ်တဲ့ လောကုတ္တရာ နိရောဓသစ္စာတရား ဖြစ်ပါတယ်။ - အသင်္ခတ - ဆိုတာက မည်သည့်အကြောင်းတရားမျှ မပြုပြင်အပ်တဲ့ တရားပဲ၊ မည်သည့်အကြောင်းတရားကြောင့်မျှ ဖြစ်ပေါ်လာတဲ့တရား မဟုတ်ဘူးလို့ ဆိုလိုပါတယ်။ ဒါကြောင့် အဲဒီနိဗ္ဗာန်ကို အသင်္ခတဓာတ် လို့လည်း ခေါ်ဆိုပါတယ်။

၂။ နံပါတ်နှစ် နိရောဓကတော့ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် တို့ရဲ့ အကြွင်းအကျန်မရှိ အကုန်အစင် နောင်တစ်ဖန်မဖြစ်သောချုပ်ခြင်း ဖြင့် ချုပ်ငြိမ်းမှု နိရောဓဖြစ်ပါတယ်။ ဒီကိလေသာတို့ရဲ့ ချုပ်ငြိမ်းမှုကိုတော့ သဥပါဒိသေသနိဗ္ဗာန်လို့လည်း ခေါ်ဆိုပါတယ်။ သဥပါဒိသေသနိဗ္ဗာန် ဆိုတာက ကိလေသာတွေကတော့ ချုပ်ငြိမ်းသွားပြီး အတိတ်ဘဝက ထူထောင်ခဲ့တဲ့ကံကိလေသာတွေကြောင့် ထင်ရှားဖြစ်နေတဲ့ခန္ဓာငါးပါးက ထင်ရှားရှိနေသေးတဲ့ ချုပ်ငြိမ်းမှုလို့ ဆိုလိုပါတယ်။ ဒီသဥပါဒိသေသနိဗ္ဗာန် ကိုပဲ ကိလေသပရိနိဗ္ဗာန်လို့လည်း ခေါ်ဆိုပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၁၃။)

တတ္ထ ကိလေသပရိနိဗ္ဗာနံ ဗောဓိပလ္လင်္ကေ အဟောသိ၊ (အဘိ၊ဋ္ဌ၊၂၊၄၁၃။)

မြတ်စွာဘုရားရှင်အတွက် ကွက်ပြီးပြောမယ်ဆိုလျှင် ဘုရားရှင်ဟာ မဟာ သက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့်နေ့မှာ ဗောဓိပင်ခြေ မြတ်သောပလ္လင်ဗွေ ထက်မှာ, အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိခိုက်မှာ ကိလေသပရိနိဗ္ဗာန်ကို စံတော်မူခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားရှင်ရဲ့ သန္တာန်မှာ ကိလေသာတွေ ပရိနိဗ္ဗာန်စံသွားပေမဲ့လို့ အတိတ်က ထူထောင်ခဲ့တဲ့ ကံ ကိလေသာတွေကြောင့် ထင်ရှားဖြစ်နေတဲ့ ခန္ဓာငါးပါးကတော့ ဆက်လက် ပြီး (၄၅)ဝါတို့ကာလပတ်လုံး တည်ရှိနေပါသေးတယ်။ ဒါပေမဲ့ ကိလေသာတွေ ချုပ်ငြိမ်းသွားတဲ့အခါ ကိလေသာအဖော်ကို ရရှိမှ အကျိုးပေးနိုင်တဲ့ ကံတွေ ဟာလည်း ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်မှာ အကျိုးမပေးနိုင်တော့ဘဲ ချုပ်ငြိမ်း သွားကြပါတယ်။ ပရိနိဗ္ဗာနစုတိ မတိုင်မီ အတွင်းမှာသာ ကိလေသာမရှိတဲ့ ခန္ဓာငါးပါးကို ဆက်လက်တည်တံ့စေမှာ ဖြစ်ပါတယ်။

၃။ နောက်တစ်ခု နံပါတ်သုံး နိရောဓကတော့ ခန္ဓာငါးပါးတို့ရဲ့ အနုပ္ပါဒ နိရောဓလို့ ခေါ်ဆိုတဲ့ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု ဖြစ်ပါတယ်။ ခုပြောခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဆိုတဲ့ အကြောင်းတရားတွေက အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွား တဲ့အခါ အကြောင်းတရား ထင်ရှားရှိမှ ဖြစ်နိုင်တဲ့ စွမ်းအားရှိတဲ့ အကျိုး ခန္ဓာငါးပါးတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားကြပါတယ်။ ဒီချုပ်ငြိမ်းမှုကို တိတ္ထာယတန သုတ္တန်မှာ ဘုရားရှင်က နိရောဓသစ္စာဆိုတဲ့ နာမည်ကို တပ်ကာ ဟော ကြားတော်မူခဲ့ပါတယ်။ ဒီခန္ဓာငါးပါးတို့ရဲ့ အနုပ္ပါဒနိရောဓသဘောအား ဖြင့် ချုပ်ငြိမ်းမှုကို အနုပါဒိသေသနိဗ္ဗာန်လို့လည်း ခေါ်ဆိုပါတယ်။ ဝိပါက် ခန္ဓာတို့ရဲ့ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းသဘောကို အနုပါဒိသေသ နိဗ္ဗာန်လို့ ခေါ်ဆိုပါတယ်။ နောက်တစ်မျိုးအားဖြင့် ခန္ဓပရိနိဗ္ဗာန်လို့လည်း ခေါ်ဆိုပါတယ်။

ခန္ဓပရိနိဗ္ဗာနံ ကုသိနာရာယံ၊ (အဘိ၊ဋ္ဌ၊၂၊၄၁၃။)

မြတ်စွာဘုရားသည် ခန္ဓပရိနိဗ္ဗာန်ကို ကုသိနာရုံမြို့မှာ ဝင်စံတော်မူတယ် လို့ သမ္မောဟဝိနောဒနီ အစရှိတဲ့ ပါဠိတော် အဋ္ဌကထာများက ဖော်ပြထား ကြပါတယ်။

မြတ်စွာဘုရားရှင်ကို ကွက်ပြီး ပုံစံထား၍ပြောမယ်ဆိုလျှင် ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့်နေ့ဝယ် ဗောဓိမဏ္ဍိုင်မှာ ကိလေသ ပရိနိဗ္ဗာန်စံဝင်တော်မူပါတယ်။ တစ်နည်းပြောလျှင်တော့ သဥပါဒိသေသနိဗ္ဗာန် ဓာတ်သို့ ဆိုက်ရောက်တော်မူပါတယ်။ (၄၅)ဝါ ပြည့်တဲ့အခါ ကဆုန်လပြည့် နေ့မှာပဲ ကုသိနာရုံမြို့ မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်အတွင်းမှာ ခန္ဓပရိ နိဗ္ဗာန် ဝင်စံတော်မူပါတယ်။ တစ်နည်းပြောရလျှင်တော့ အနုပါဒိသေသနိဗ္ဗာန် ဝင်စံတော်မူပါတယ်။ ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓပရိနိဗ္ဗာန်, တစ်နည်းဆိုလျှင် တော့ သဥပါဒိသေသနိဗ္ဗာန်နှင့် အနုပါဒိသေသနိဗ္ဗာန် ဝင်စံတော်မူရာ အချိန် ကာလနှင့် အရပ်ဒေသ ထင်ရှားရှိနေပါတယ်။ ဒါပေမဲ့ အရိယမဂ်ဖိုလ်တို့ရဲ့ အာရုံဖြစ်တဲ့ အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကတော့ ဘယ်အချိန် အခါမှာ ဖြစ်တယ် ဘယ်နေရာမှာ ဖြစ်တယ်ဆိုတာ မရှိပါဘူး။ နိစ္စထာဝရ တရားသဘော တစ်မျိုးသာ ဖြစ်ပါတယ်။

ဒီနေရာမှာ - ရာဂ ဒေါသ မောဟ စတဲ့ ကိလေသာတို့ရဲ့ ကုန်ခြင်း သဥပါဒိသေသနိဗ္ဗာန် သို့မဟုတ် ကိလေသပရိနိဗ္ဗာန်ဆိုတာက တစ်ခု၊ ဝိပါက် ခန္ဓာတို့ရဲ့ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းဆိုတဲ့ အနုပါဒိသေသနိဗ္ဗာန် သို့မဟုတ် ခန္ဓပရိနိဗ္ဗာန်က တစ်ခု၊ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ရဲ့ အာရုံ ဖြစ်တဲ့ အသင်္ခတဓာတ်နိဗ္ဗာန်က တစ်ခု - ဒီ (၃)မျိုးကို ခွဲခြားပြီး နားလည် ထားဖို့ လိုပါတယ်။


သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်

ဒီနေရာမှာ သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးက ဒီလို ဖွင့်ဆိုထားပါ တယ်။ --

အသင်္ခတာ ဓာတူတိ အသင်္ခတသဘာဝံ နိဗ္ဗာနံ။ ယသ္မာ ပနေတံ အာဂမ္မ ရာဂါဒယော ခီယန္တိ၊ တသ္မာ ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယောတိ ဝုတ္တံ။ အယမေတ္ထ အာစရိယာနံ သမာနတ္ထကထာ။ (အဘိ၊ဋ္ဌ၊၂၊၄၈။)

ဒီအဋ္ဌကထာရဲ့ ဆိုလိုရင်းကတော့ အသင်္ခတဓာတ်ဆိုတာ ကံ စိတ် ဥတု အာဟာရစတဲ့ မည်သည့်တစ်စုံတစ်ခုသော အကြောင်းတရားကမျှ ပြုပြင်လို့ ဖြစ်ပေါ်လာရတဲ့ သဘော မရှိတဲ့ နိဗ္ဗာန်ကို ဆိုလိုပါတယ်။ ဒါကြောင့် - ဒီ အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အစွဲပြု၍ အာရုံပြု၍ ကိလေသာ များ ကုန်ခန်းသွားရတဲ့အတွက် ဒီအသင်္ခတဓာတ် နိဗ္ဗာန်ကို ရာဂ၏ကုန်ရာ ကုန်ကြောင်း ဒေါသ၏ကုန်ရာကုန်ကြောင်း မောဟ၏ကုန်ရာကုန်ကြောင်း တရားလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒါကတော့ ဆရာမြတ်အားလုံးတို့ရဲ့ သဘောတူညီမှု ရရှိထားတဲ့ အဆုံးအဖြတ် တစ်ခု ဖြစ်ပါတယ် - ဆိုပြီး သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးက ရှင်းပြထားပါတယ်။

သင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူပြီး တော့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေဟာ ဖြစ်ပေါ်လာကြပါတယ်။ အရိယ မဂ်ဖိုလ်တို့ရဲ့ အာရုံဖြစ်တဲ့ ဒီအသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးက အာရုံအဖြစ်နှင့် ရပ်တည်ကာ အာရမ္မဏပစ္စယသတ္တိနှင့် ကျေးဇူးပြုပေးလိုက် တဲ့အတွက် အရိယမဂ်ဉာဏ်နှင့် နိဗ္ဗာန်တို့ ပေါင်းဆုံမိတဲ့အခါမှာ အရိယ မဂ်ဉာဏ်က အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးရဲ့ အေးချမ်းတဲ့ ဓာတ်ငွေ့အရှိန်အဝါသတ္တိထူးကြီးရဲ့ အကူအညီကို ရယူလျက် ကိလေသာအပူမီးတွေကို အဆင့်ဆင့် ငြှိမ်းသတ်လိုက်ပါတယ်။ ထိုအခါမှာ အထူးသဖြင့် အရဟတ္တမဂ်ဆိုက်ရောက်တဲ့အခါမှာ ကိလေသာအပူမီးဟူသမျှ အကုန်လုံး ငြိမ်းအေးသွားကြပါတယ်။

ဒီကိလေသာအပူမီးတို့ရဲ့ ငြိမ်းအေးမှုကိုပဲ သဥပါဒိသေသနိဗ္ဗာန်လို့လည်း ခေါ်တယ်၊ ကိလေသပရိနိဗ္ဗာန်လို့လည်း ခေါ်ဆိုပါတယ်။ ဒါကြောင့် ဒီ သဥပါ ဒိသေသနိဗ္ဗာန် ကိလေသပရိနိဗ္ဗာန်တို့မှာ အရိယမဂ်ဉာဏ်ဆိုတဲ့ အကြောင်း တရား, အသင်္ခတနိဗ္ဗာန်ဆိုတဲ့ အကြောင်းတရားတွေ ရှိနေပါတယ်။ အဆင့် ဆင့်သော အရိယမဂ်တရားတွေက အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံယူ၍ မဖြစ်ပေါ်လာခဲ့လျှင် ဒီကိလေသာ အပူမီးတို့ရဲ့ ငြိမ်းအေးမှုဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် - သဥပါဒိသေသနိဗ္ဗာန် သို့မဟုတ် ကိလေသ ပရိနိဗ္ဗာန်ဟာ အကြောင်းတရား ထင်ရှားရှိတဲ့ တရားမျိုးသာ ဖြစ်ပါတယ်။

အလားတူပဲ အနုပါဒိသေသနိဗ္ဗာန် သို့မဟုတ် ခန္ဓပရိနိဗ္ဗာန်ဆိုတာလည်း အကြောင်းတရား ထင်ရှားရှိတဲ့ တရားမျိုးသာ ဖြစ်ပါတယ်။ ဘာအကြောင်း တရားလဲ? အရိယမဂ်နှင့် အသင်္ခတနိဗ္ဗာန်တို့ ပေါင်းဆုံမိတဲ့အခါ အရိယမဂ် ကြောင့် ကိလေသာတွေက နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ် တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်သွားတယ်၊ ကိလေသပရိနိဗ္ဗာန် သို့မဟုတ် သဥပါဒိသေသနိဗ္ဗာန်သို့ ဆိုက်ရောက်သွားတယ်။ ကိလေသာဆိုတဲ့ အပေါင်းအဖော်ကို ရရှိပါမှ, အထူးသဖြင့် ဘဝတစ်ခုအပေါ်မှာ တွယ်တာ တပ်မက်မှုဆိုတဲ့ တဏှာအစိုဓာတ် အစေးဓာတ် ရှိပါမှ ကံတွေက အကျိုးပေး နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒီလို ကိလေသာတွေက ချုပ်ငြိမ်းသွားတဲ့အတွက်, ဘဝအပေါ်မှာ တွယ်တာတပ်မက်မှုဆိုတဲ့ တဏှာ အစိုဓာတ် အစေးဓာတ် မရှိတဲ့အတွက် ကံတွေမှာ ဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင်တွေ ကုန်ခန်းသွား ကြတယ်။ ဒါကြောင့် အထူးသဖြင့် အရဟတ္တမဂ်ကို ကုသလာကုသလံ ဇဟံ = ကုသိုလ်တရား အကုသိုလ်တရားအားလုံးကို ပယ်စွန့်တယ် ဆိုပြီး ဂုဏ်တင် ကာ ချီးမွမ်းကြခြင်း ဖြစ်တယ်။ ကံ-ကိလေသာတွေ ကုန်ခန်းသွားတဲ့အတွက်, ဘဝသစ်ဆိုတဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်တွေ ကုန်ခန်းသွားတဲ့ အတွက် ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး ခန္ဓာငါးပါးတို့လည်း အနုပ္ပါဒ နိရောဓသဘောအားဖြင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွား ကြတယ်။ ခန္ဓပရိနိဗ္ဗာန် သို့မဟုတ် အနုပါဒိသေသနိဗ္ဗာန်သို့ ဆိုက်ရောက် သွားကြတယ်။

ဒါကြောင့် - ဒီခန္ဓပရိနိဗ္ဗာန် သို့မဟုတ် အနုပါဒိသေသနိဗ္ဗာန်မှာ အရိယ မဂ်နှင့် အထူးသဖြင့် အရဟတ္တမဂ်နှင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် ဆိုတဲ့ အကြောင်းတရားတွေ ထင်ရှားရှိနေပါတယ်။

ဒါပေမဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်မှာတော့ ဘာအကြောင်း တရားမျှ မရှိပါဘူး။ ဘယ်လို အကြောင်းတရားတွေကမှ ပြုပြင်လို့ ဖြစ်ပေါ် လာရတဲ့ တရားလည်း မဟုတ်တဲ့အတွက် အသင်္ခတနိဗ္ဗာန်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီ အသင်္ခတအငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးက အရိယ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့်သာ ထိုးထွင်းသိအပ်တဲ့ မျက်မှောက်ပြုအပ်တဲ့ တရားဖြစ်ပါတယ်။ သို့သော် - ကိလေသပရိနိဗ္ဗာန် (= သဥပါဒိသေသနိဗ္ဗာန်) နှင့် ခန္ဓပရိနိဗ္ဗာန် (= အနုပါဒိသေသနိဗ္ဗာန်)ကတော့ ခုလို ဥဒယဗ္ဗယဉာဏ်ပိုင်း ရောက်တဲ့အခါ ဥဒယဗ္ဗယာနုပဿနာဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်တို့ဖြင့် ထိုးထွင်းသိအပ်တဲ့ တရားမျိုးသာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလို အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အကြောင်း တရားတွေရဲ့ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာငါးပါးတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ် ငြိမ်းမှုကို ရှုမြင်တတ်တဲ့ ဝိပဿနာဉာဏ်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော် က ပစ္စယတော ဝယဒဿနဉာဏ်ဆိုပြီး ခေါ်ဝေါ်သုံးစွဲထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ဒါကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက --

ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

အကြောင်းတရားအားဖြင့် အပျက်ကို (= အချုပ်)ကို ရှုမြင်ခြင်းဖြင့် နိရောဓ သစ္စာတရားသည် ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ထင်ရှားလာပါတယ်။ ဘာကြောင့်လဲ? အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - ဆိုတဲ့ အကြောင်း တရားတွေရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကြောင်းတရားရှိပါမှ ဖြစ်ပေါ်လာနိုင်စွမ်းရှိကြတဲ့ အကျိုးခန္ဓာငါးပါးတို့ရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို ပစ္စယတော ဝယဒဿနဉာဏ် ဖြင့် ထိုးထွင်းသိမြင်ခြင်းကြောင့် အဲဒီယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ နိရောဓသစ္စာဟာ ထင်ရှားလာပါတယ်လို့ ဖွင့်ဆိုထားတယ်။ အင်္ဂုတ္တိုရ် တိက နိပါတ် တိတ္ထာယတနသုတ္တန်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့ နိရောဓ သစ္စာမျိုး ဖြစ်ပါတယ်။ လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာတရား ဖြစ်ပါတယ်။


တစ်ဖန် ဒုက္ခသစ္စာ ထင်ရှားလာပုံ

နောက်တစ်ခု - ခဏတော ဝယဒဿနဉာဏ်အကြောင်းကို ပြောကြ ရအောင်။ ခန္ဓာငါးပါးတို့ရဲ့ ခဏမစဲ တသဲသဲ ပြိုပြိုပျက်ပျက်နေတဲ့သဘောကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တဲ့အတွက် ယောဂါဝစရပုဂ္ဂိုလ်ဟာ မရဏဒုက္ခကို ထိုးထွင်းသိပြီး ဖြစ်သွားတယ်။ ဒီလို ခန္ဓာတို့ရဲ့ ခဏမစဲ တသဲသဲ သေကျေ ပျက်စီးနေတဲ့ မရဏဒုက္ခကို ထိုးထွင်းသိမြင်တဲ့အတွက် ဒီလိုသိနေတဲ့အခါမှာ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ဒုက္ခသစ္စာတရားသည်ပင် ထပ်ပြီး ထင်ရှားလာပြန်တယ်။ ခန္ဓာတို့ရဲ့ဇာတိဒုက္ခကို သိမြင်တုန်းကလည်း ယောဂါ ဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ဒုက္ခသစ္စာတရားဟာ ထင်ရှားနေပါတယ်။ ခု တစ်ခါ ဒီခန္ဓာတွေရဲ့ သေကျေပျက်စီးခြင်း မရဏဒုက္ခကို ထိုးထွင်းသိပြန်တဲ့ အခါမှာလည်း မရဏဒုက္ခကို ထိုးထွင်းသိတဲ့အတွက် - မရဏမ္ပိ ဒုက္ခံ - ဆိုတဲ့အတိုင်း ဒုက္ခသစ္စာတရားပဲ ထပ်ပြီး ထင်ရှားလာပါတယ်။


လောကီမဂ္ဂသစ္စာတရား ထင်ရှားလာပုံ

နောက်တစ်ခု - မဂ္ဂသစ္စာအကြောင်းကိုလည်း အဋ္ဌကထာက ဆက်လက် ပြီး ရှင်းပြထားပြန်တယ်။ ဘယ်လိုရှင်းပြထားသလဲ? --

ယဉ္စဿ ဥဒယဗ္ဗယဒဿနံ၊ မဂ္ဂေါဝါယံ လောကိကောတိ မဂ္ဂသစ္စံ ပါကဋံ ဟောတိ တတြ သမ္မောဟဝိဃာတတော။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

အဿ = ထိုယောဂါဝစရပုဂ္ဂိုလ်၏။ ပစ္စယတော စ = အကြောင်းတရား အားဖြင့်လည်းကောင်း။ ခဏတော စ = ခဏအားဖြင့်လည်းကောင်း။ ယံ ဥဒယဗ္ဗယဒဿနံ = အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါးတို့၏ ဖြစ် ခြင်း ပျက်ခြင်း ဥဒယဗ္ဗယတို့ကို ရှုမြင်ခြင်းသည်။ အတ္ထိ = ရှိ၏။ အယံ = ဤရှုမြင်တတ်သော မတွေမဝေ သိတတ်သည့် အသမ္မောဟ ပြဓာန်းသော မနောဒွါရိက ဝိပဿနာဇောဝီထိ နာမ်တရားစု၌ တည်ရှိသော မဂ္ဂင်တရား ကိုယ် ငါးပါးသည်။ လောကိကော = လောကီဖြစ်သော။ မဂ္ဂေါဝ = မဂ္ဂင် တရားသည်သာလျှင်။ ဟောတိ = ဖြစ်၏။ ဣတိ တသ္မာ = ထို့ကြောင့်။ မဂ္ဂသစ္စံ = မဂ္ဂသစ္စာသည်။ ပါကဋံ = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့်နည်းဟူမူကား။ တတြ = ထိုအကြောင်းတရားနှင့် တကွသော ခန္ဓာငါးပါးတို့၏ ဥဒယဗ္ဗယ၌။ သမ္မောဟဝိဃာတတော = တွေ ဝေခြင်း မသိခြင်း သမ္မောဟတရားကို တဒင်္ဂအားဖြင့် ပယ်သတ်တတ်သော ကြောင့်တည်း။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

အကြောင်းတရားအားဖြင့်လည်းကောင်း, ခဏအားဖြင့်လည်းကောင်း ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း - ပျက်ခြင်း(= ချုပ်ခြင်း)ကို ရှုမြင်တတ်သော ဥဒယဗ္ဗယာနုပဿနာဉာဏ်ဆိုတာ ပုထုဇန် သေက္ခ သူတော်ကောင်းတို့၏ သန္တာန် မှာ မဟာကုသိုလ်မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ် နာမ်တရားစုတို့ သာ ဖြစ်ကြပါတယ်။

ယေဘုယျအားဖြင့် --

အသိစိတ် - ၁-လုံး

အညသမာန်းစေတသိက် - ၁၃-လုံး

သောဘဏသာဓာရဏစေတသိက် - ၁၉-လုံး

ပညိန္ဒြေစေတသိက် - ၁-လုံး

အားလုံးပေါင်းသော် ဇောအသီးအသီး၌ (၃၄)လုံးသော နာမ်တရားတို့ ပါဝင်ကြတယ်။ ယင်းနာမ်တရားစုတို့မှာ ယင်းခန္ဓာတို့ရဲ့ နှစ်မျိုးသော ဥဒယဗ္ဗယကို မတွေမဝေ သိတတ်တဲ့ အသမ္မောဟခေါ်တဲ့ ပညိန္ဒြေစေတသိက်က ပြဓာန်းလျက် ဦးဆောင်လျက်ရှိတယ်။ အဲဒီနာမ်တရားစုထဲမှာ --

၁။ သမ္မာဒိဋ္ဌိ = အဲဒီခန္ဓာတို့ရဲ့ ဥဒယဗ္ဗယကို နှစ်မျိုးသော အခြင်းအရာ အားဖြင့် (အကြောင်းတရားအားဖြင့် + ခဏအားဖြင့်) ထိုးထွင်းသိမြင်ခြင်းသဘော၊

၂။ သမ္မာသင်္ကပ္ပ = ယင်းခန္ဓာတို့ရဲ့ ဥဒယဗ္ဗယအာရုံပေါ်သို့ ဝိပဿနာစိတ် ကို ရှေးရှူတင်ပေးခြင်းသဘော၊

၃။ သမ္မာဝါယာမ = ယင်းခန္ဓာတို့ရဲ့ ဥဒယဗ္ဗယကို မတွေမဝေ သိအောင် ကြိုးစားအားထုတ်ခြင်းသဘော၊

၄။ သမ္မာသတိ = ယင်းခန္ဓာတို့ရဲ့ ဥဒယဗ္ဗယကို အောက်မေ့ခြင်း အမှတ် ရနေခြင်းသဘော၊

၅။ သမ္မာသမာဓိ = ယင်းခန္ဓာတို့ရဲ့ ဥဒယဗ္ဗယအာရုံ၌ ဘာဝနာစိတ်ရဲ့ ငြိမ် ဝပ်စွာ ကပ်ပြီး တည်နေခြင်းသဘော --

ပေါင်းလိုက်တော့ လောကီမဂ္ဂင်တရားကိုယ် ငါးပါး ဖြစ်ပါတယ်။ ဘာဝနာ ကို မပွားမီ ပွားများဆဲအခါတို့၌ လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သီလမဂ္ဂင် (၃)ပါးကိုပါ ထည့်သွင်းရေတွက်လျှင်တော့ လောကီမဂ္ဂင် (၈)ပါး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသီလမဂ္ဂင် (၃)ပါးက ဝိပဿနာဉာဏ်နှင့် စိတ္တက္ခဏ တစ်ခု အတွင်းမှာ အတူယှဉ်တွဲပြီး မဖြစ်ပါဘူး။ ဒါကြောင့် ဝိပဿနာအခိုက် မှာတော့ လောကီမဂ္ဂင်တရားကိုယ် ငါးပါးပဲ ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲပြီး ဖြစ်ကြပါတယ်။

ယောဂီပုဂ္ဂိုလ်က အဲဒီဝိပဿနာဇောဝီထိစိတ်အစဉ် နာမ်တရားစုကိုလည်း တစ်ဖန်ပြန်ပြီးတော့ ဝိပဿနာ ရှုရပါတယ်။ အဲဒီလို ရှုနိုင်တဲ့အခါမှာ ဒီမဂ္ဂင် တရားကိုယ် ငါးပါးဆိုတဲ့ လောကီမဂ္ဂသစ္စာတရားဟာ ထိုယောဂီပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ထင်ရှားလာပါတယ်။ ဘာကြောင့် ဒီမဂ္ဂင်တရားကိုယ် ငါးပါးကို မဂ္ဂသစ္စာလို့ ခေါ်ဝေါ်သုံးစွဲရသလဲလို့မေးလျှင် အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါးတို့ရဲ့ ဥဒယဗ္ဗယကို မသိအောင်ဖုံးလွှမ်းထားတဲ့ သမ္မောဟတရားကို ဒီဝိပဿနာဉာဏ် ပြဓာန်းတဲ့ မဂ္ဂင်တရားကိုယ်ငါးပါးက တဒင်္ဂအားဖြင့် ပယ် ရှားနိုင်တဲ့အတွက်ကြောင့် မဂ်လို့ပဲ ခေါ်ပါတယ်။ တဒင်္ဂအားဖြင့် ကိလေသာ တွေကို ပယ်သတ်တတ်လို့ ဒီလောကီမဂ္ဂင်တရားကိုယ် ငါးပါးကို လောကီမဂ္ဂ သစ္စာတရားလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ လောကီမဂ္ဂင်တွေဟာလည်း ကိလေ သာတွေကို တဒင်္ဂအားဖြင့် ပယ်သတ်ပြီး နိဗ္ဗာန်ဘက်ကို လှမ်းမြော်ပြေးသွား နေတဲ့ (နိဗ္ဗာန်သို့ မရောက်သေးတဲ့) တရားစုတွေသာဖြစ်လို့ လောကီမဂ္ဂသစ္စာ တရားလို့ နာမည်တပ်ထားပါတယ်။

ဝိပဿနာဉာဏ်အခိုက်မှာ သစ္စာလေးပါး ထင်ရှားလာပုံကို ပြောပြီးတဲ့ အခါ ပဋိစ္စသမုပ္ပါဒ်သဘောတရားများ ဝိပဿနာဉာဏ်အခိုက် ထင်ရှားလာပုံ ကိုလည်း ဆက်လက်ပြီး နာကြားကြရအောင် ...။


ပဋိစ္စသမုပ္ပါဒ်သဘောတရားများ ထင်ရှားလာပုံ

အနုလောမပဋိစ္စသမုပ္ပါဒ်သဘောတရား ထင်ရှားလာပုံ

ပစ္စယတော စဿ ဥဒယဒဿနေန အနုလောမော ပဋိစ္စသမုပ္ပါဒေါ ပါကဋော ဟောတိ၊ ဣမသ္မိံ သတိ ဣဒံ ဟောတီတိ အဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ပစ္စယတော ဥဒယဒဿနေန = အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်း ကြောင့် အကျိုးတရားတို့၏ ထင်ရှားဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်း ကြောင့်။ အဿ = ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌။ အနုလောမော ပဋိစ္စသမုပ္ပါဒေါ = အနုလောမပဋိစ္စသမုပ္ပါဒ် သဘောတရားသည်။ ပါကဋော = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့်နည်း ဟူမူကား။ ဣမသ္မိံ = ဤအဝိဇ္ဇာ စသော အကြောင်းတရားသည်။ သတိ = ရှိလတ်သော်။ ဣဒံ = ဤသင်္ခါရစသော အကျိုးတရားသည်။ ဟောတိ = ဖြစ်၏။ ဣတိ = ဤသို့။ အဝဗောဓတော = ထိုးထွင်း၍ သိမြင်ခြင်းကြောင့်။ အနုလောမော ပဋိစ္စသမုပ္ပါဒေါ = အနုလောမပဋိစ္စသမုပ္ပါဒ်သဘောတရား သည်။ ပါကဋော = ထင်ရှားသည်။ ဟောတိ = ဖြစ်၏။

အဝိဇ္ဇာဖြစ်ခြင်းကြောင့် (ကမ္မဇရုပ်) ရူပက္ခန္ဓာ ဖြစ်၏ ...

စသည်ဖြင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စတဲ့ အကြောင်းတရား တွေ ထင်ရှား ဖြစ်ခြင်းကြောင့် ခန္ဓာငါးပါးတို့ ထင်ရှား ဖြစ်ပေါ်လာပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်မယ်ဆိုလျှင် ထိုယောဂါဝစရပုဂ္ဂိုလ်ရဲ့အသိဉာဏ်မှာ အနုလောမပဋိစ္စသမုပ္ပါဒ်သဘောတရားဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်တဲ့။ ဘာကြောင့်လဲ? --

ဤအကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဤအကျိုးတရားသည် ထင်ရှားဖြစ်၏ --

ဒီလို - နည်းမှန်လမ်းမှန် ဝိပဿနာဉာဏ်နှင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေတဲ့အတွက်ကြောင့် အနုလောမပဋိစ္စသမုပ္ပါဒ် သဘော တရားဟာ ထိုယောဂါဝစရပုဂ္ဂိုလ်ရဲ့အသိဉာဏ်မှာ ထင်ရှားလာခြင်းဖြစ်တယ်။ ဒီနေရာမှာ - အဝဗောဓတော = ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကြောင့်လို့ အကြောင်းပြထားတဲ့အတွက် သူများ အပြောနှင့် လွမ်းပြီးသိရတဲ့ အသိမျိုး (= သင်သိမျိုး) ကိုတော့ မဆိုလိုဘူးလို့ မှတ်ပါ။ အနုလောမပဋိစ္စသမုပ္ပါဒ် သဘောတရားဆိုတာက ဘာလဲ? --

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံစသည်ဖြင့် ဟောကြား ထားတော်မူအပ်တဲ့, သံသရာဝဋ် လည်ပတ်ပုံ ဖြစ်စဉ်ကို ညွှန်ပြတဲ့ အဝိဇ္ဇာ ကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ စသည်ဖြင့် ဟောကြား ထားတော်မူတဲ့ ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်ဒေသနာတော် ဖြစ်ပါတယ်။ အင်္ဂုတ္တိုရ် ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန်မှာ (အံ၊၁၊၁၇၈။) ဘုရားရှင် ဟော ကြားထားတော်မူတဲ့ သမုဒယသစ္စာအမည်ရတဲ့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် နည်း ဖြစ်ပါတယ်။

ပဋိလောမပဋိစ္စသမုပ္ပါဒ်သဘောတရား ထင်ရှားလာပုံ

နောက်တစ်ခုကတော့ ပဋိလောမပဋိစ္စသမုပ္ပါဒ် သဘောတရား ထင်ရှား လာပုံအပိုင်း ဖြစ်ပါတယ်။ ဒီအပိုင်းကို - အဋ္ဌကထာဆရာတော်က ဒီလို ရှင်းလင်းတင်ပြထားပါတယ်။ --

ပစ္စယတော ဝယဒဿနေန ပဋိလောမော ပဋိစ္စသမုပ္ပါဒေါ ပါကဋော ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတီတိ အဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ပစ္စယတော ဝယဒဿနေန = အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း ခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ် ငြိမ်းပုံကို ပစ္စယတော ဝယဒဿနဉာဏ်ဖြင့် ရှုမြင်ခြင်းကြောင့်။ အဿ = ထိုယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်၌။ ပဋိလောမော ပဋိစ္စသမုပ္ပါဒေါ = ပဋိလောမ ပဋိစ္စသမုပ္ပါဒ်တရားသည်။ ပါကဋော = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့်နည်းဟူမူကား။ ဣမဿ = ဤအဝိဇ္ဇာစသောအကြောင်းတရား၏။ နိရောဓာ = အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ခြင်းကြောင့်။ ဣဒံ = ဤသင်္ခါရစသော အကျိုးတရားသည်။ နိရုဇ္ဈတိ = အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်၏။ ဣတိ = ဤသို့။ အဝဗောဓတော = ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းကြောင့်။ ပဋိလောမော ပဋိစ္စသမုပ္ပါဒေါ = ပဋိလောမပဋိစ္စသမုပ္ပါဒ် တရားသည်။ ပါကဋော = ထင်ရှားသည်။ ဟောတိ = ဖြစ်၏။

ယောဂီပုဂ္ဂိုလ်က အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စတဲ့အကြောင်း တရားတွေက နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒ နိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အတွက် အကျိုးခန္ဓာငါးပါးတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားကြပုံကို ပစ္စယတော ဝယဒဿန-ဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ်နှင့် ကိုယ် တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တဲ့အတွက် အဲဒီယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ပဋိလောမပဋိစ္စသမုပ္ပါဒ် သဘောတရားဟာ ထင်ရှားလာပါ တယ်တဲ့။ ဘာကြောင့်လဲ?

ဤအကြောင်းတရား၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ခြင်း ကြောင့် ဤအကျိုးတရားသည် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်၏

ဒီလို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်နှင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။

ဒီလို သိနေတဲ့နေရာမှာလည်း သူများအပြောနှင့် အလွမ်းကြီး လွမ်း, အဆွေးကြီး ဆွေး, အငေးကြီး ငေး, အတွေးကြီး တွေးပြီး သိနေရတဲ့ သင်သိ မျိုးတော့ မဟုတ်ဘူးနော်။ ဝိပဿနာသမ္မာဒိဋ္ဌိလို့ ခေါ်ဆိုအပ်တဲ့ သမ္မာဒိဋ္ဌိ ဉာဏ်ပညာနှင့်,ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တဲ့ အတ္တပစ္စက္ခဉာဏ် နှင့် သိမြင်မှုမျိုးကိုသာ ဆိုလိုပါတယ်။ ကစ္စာနဂေါတ္တသုတ္တန်မှာ ဒီအချက်နှင့် ပတ်သက်လို့ မြတ်စွာဘုရားရှင်က ဘယ်လိုဟောကြားထားတော်မူသလဲ?

အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ။ (သံ၊၁၊၂၅၈။)

ဒီလို ဟောကြားထားတော်မူပါတယ်။ အဋ္ဌကထာကလည်း --

အပရပ္ပစ္စယာတိ န ပရပ္ပစ္စယေန၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၃၂။)

ဒီလို ဖွင့်ဆိုထားပါတယ်။ ဋီကာဆရာတော်ကလည်း --

န ပရပ္ပစ္စယေနာတိ ပရဿ အသဒ္ဒဟနေန။ (သံ၊ဋီ၊၂၊၃၈။)

ဒီလိုဖွင့်ဆိုထားပါတယ်။ ဒီအဋ္ဌကထာ-ဋီကာအဖွင့်တွေနှင့်အညီ အထက် က ရွတ်ဖတ်ခဲ့တဲ့ ပါဠိတော်ကို ဘာသာပြန်ဆိုမယ်ဆိုလျှင် ဒီလို ဖြစ်ပါတယ်။

ဧတ္ထ = ဤခန္ဓာငါးပါးဟုဆိုအပ်တဲ့ ဒုက္ခ၏ဖြစ်ခြင်း ဒုက္ခ၏ချုပ်ခြင်း၌။ အဿ = ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌။ အပရပစ္စယာ = သူတစ်ပါး တို့အား ကိုးစားယုံကြည်မှု မရှိသဖြင့်။ ဉာဏမေဝ = ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သော အတ္တပစ္စက္ခဉာဏ်ဟု ခေါ်ဆိုအပ်တဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်သည်သာလျှင်။ ဟောတိ = ဖြစ်ပေါ်၍နေပေ၏။

ဒီဒေသနာတော်အရ ယောဂါဝစရရဟန်းတော်က အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားရဲ့ ဖြစ်ပုံ, အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - စတဲ့ အကြောင်းတရားတွေရဲ့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်း (အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်း) ကြောင့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ရဲ့ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်း (အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံ) ကို သိတဲ့အပိုင်းမှာ သူတစ်ပါးတို့ကို ကိုးစား ယုံကြည်ပြီးသိတဲ့ အသိမျိုး မဟုတ်ဘူး။ ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်တဲ့ အတ္တပစ္စက္ခ ဉာဏ်နှင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းသာ ဖြစ်တယ်လို့ မှတ်ပါ။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပတ်တကုတ် ကြိုးစားအားထုတ် နေတဲ့ပုဂ္ဂိုလ်ဟာ ဝိပဿနာဉာဏ်နှင့် ငါ ထိုးထွင်းသိမြင်အောင် ရှုရမည့် တရားတွေဟာ ဘယ်တရားတွေဖြစ်တယ် ဆိုတာကိုတော့ နားလည်ထား သင့်ပါတယ်။ ဒါမှလည်း သိအောင် ကျင့်နိုင်မှာ ဖြစ်တယ်။

ဒီနေရာမှာ သံသရာရဲ့ချုပ်စဉ်ကို ဖော်ပြတဲ့ အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော စသည်ဖြင့် ဟောကြားထားတော်မူတဲ့ ဒေသနာတော်ကို ပဋိလောမပဋိစ္စသမုပ္ပါဒ်ဆိုပြီး ခေါ်ဝေါ်သုံးစွဲထားပါတယ်။ အဝိဇ္ဇာရဲ့ အရဟတ္တမဂ်ကြောင့် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းသွားခြင်းကြောင့် သင်္ခါရချုပ်၏၊ သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏ စသည်ဖြင့် လည်ပတ် နေတဲ့ သံသရာစက်ရဟတ်ကြီး မလည်ပတ်နိုင်တော့ဘဲ သံသရာစက်ရဟတ်ရဲ့ အမြစ်ပြတ်ချုပ်ငြိမ်းပုံကို ညွှန်ပြတဲ့ဒေသနာတော် ဖြစ်ပါတယ်။ ဒီချုပ်ငြိမ်းပုံ အစဉ်ကိုပဲ နိရောဓသစ္စာအမည်နှင့် ခုနက သစ္စာလေးပါးအပိုင်းမှာ ရှင်းပြ ခဲ့တာ ဖြစ်ပါတယ်။ (အံ၊၁၊၁၇၈ - တိတ္ထာယတနသုတ္တန်။)

နောက်ထပ် ပဋိလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော် တစ်မျိုး ရှိပါသေး တယ်။ ဇရာမရဏသည် ဘာကြောင့်ဖြစ်သလဲ? ဇာတိကြောင့် ဖြစ်တယ်။ ဇာတိသည် ဘာကြောင့်ဖြစ်သလဲ? ဘဝကြောင့် ဖြစ်တယ်။ ဘဝသည် ဘာ ကြောင့် ဖြစ်သလဲ? ဥပါဒါန်ကြောင့် ဖြစ်တယ် စသည်ဖြင့် အဝိဇ္ဇာသို့တိုင် အောင် ပြောင်းပြန်အားဖြင့် သံသရာစက်ရဟတ် လည်ပတ်ပုံကို ဟောကြား ထားတော်မူတဲ့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကိုလည်း ပဋိလောမပဋိစ္စသမုပ္ပါဒ် လို့ပဲ ခေါ်ပါတယ်။ ဒီသံသရာဖြစ်စဉ်ကို ပြောင်းပြန်ဟောတဲ့ ပဋိစ္စသမုပ္ပါဒ် ကိုတော့ ဒီအပိုင်းမှာ နိရောဓသစ္စာလို့ မဆိုလိုပါဘူး။


ပဋိစ္စသမုပ္ပန္နတရားများ ထင်ရှားလာပုံ

နောက်တစ်ခုကတော့ ပဋိစ္စသမုပ္ပန္နတရားများ ထင်ရှားလာပုံအပိုင်း ဖြစ်ပါ တယ်။ အဋ္ဌကထာက ဘယ်လို ရှင်းလင်းဖွင့်ဆိုထားသလဲ? --

ခဏတော ပန ဥဒယဗ္ဗယဒဿနေန ပဋိစ္စသမုပ္ပန္နာ ဓမ္မာ ပါကဋာ ဟောန္တိ သင်္ခတလက္ခဏာဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ခဏတော = ခဏအားဖြင့်။ ဥဒယဗ္ဗယဒဿနေန = ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်း ဥဒယဗ္ဗယကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်းဖြင့်။ ပဋိစ္စသမုပ္ပန္နာ ဓမ္မာ = အကြောင်းတရားကို အစွဲပြု၍ ဖြစ်ပေါ်လာကြကုန်သော အကျိုးတရားဟူသည့် ပဋိစ္စသမုပ္ပန္နတရားတို့သည်။ ပါကဋာ = ထင်ရှားလာ ကုန်သည်။ ဟောန္တိ = ဖြစ်ကုန်၏။ ကသ္မာ = အဘယ်ကြောင့်နည်းဟူမူကား။ သင်္ခတလက္ခဏာဝဗောဓတော = သင်္ခတလက္ခဏာကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်းကြောင့်တည်း။

အင်္ဂုတ္တိုရ် တိကနိပါတ် သင်္ခတလက္ခဏသုတ္တန်မှာ သင်္ခတတရားတိုင်းမှာ သင်္ခတတရားလို့ သိလောက်တဲ့အမှတ်အသား သုံးခုရှိကြောင်းကို ဟောကြား ထားတော်မူပါတယ်။ သင်္ခတတရားဆိုတာကတော့ အကြောင်းတရားတွေက ပြုပြင်ပေးလို့ ဖြစ်ပေါ်လာရတဲ့ တရားလို့ ဆိုလိုပါတယ်။ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ရဲ့ ဆန့်ကျင်ဘက် စိတ်+စေတသိက်+ရုပ်-ဆိုတဲ့ ပရမတ် တရားတွေကို သင်္ခတတရားတွေလို့ ခေါ်ဆိုပါတယ်။ လက္ခဏာသုံးပါးက -

၁။ ဥပ္ပါဒေါ ပညာယတိ

၂။ ဝယော ပညာယတိ

၃။ ဌိတဿ အညထတ္တံ ပညာယတိ။ (အံ၊၁၊၁၅၀။)

၁။ ဥပါဒ် = ဖြစ်မှု

၂။ ဝယ = ပျက်မှု

၃။ ဌိတဿ အညထတ္တ = တည်နေသောတရားရဲ့ ပျက်ခြင်းဘင်ဘက်သို့ ယိုင်လဲနေခြင်းဆိုတဲ့ အခြင်းအရာတစ်မျိုးဖြစ်မှု = တည်မှု --

အားလုံးပေါင်းလိုက်တော့ သင်္ခတတရားတိုင်းမှာ ဒီ ဖြစ်မှု-တည်မှု-ပျက်မှု ဆိုတဲ့ အမှတ်အသားလက္ခဏာ သုံးပါးစီ ရှိပါတယ်။

ယောဂါဝစရပုဂ္ဂိုလ်က ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို, တစ်နည်းပြောရ လျှင်တော့ --

သပ္ပစ္စယနာမရူပဝသေန တိလက္ခဏံ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ အနိစ္စ ဒုက္ခံ အနတ္တာတိ သမ္မသန္တော ဝိစရတိ။ (မ၊ဋ္ဌ၊၁၊၂၈၁။)

ဆိုတဲ့ အဋ္ဌကထာတို့ရဲ့ ညွှန်ကြားချက်နှင့်အညီ အကြောင်းတရားနှင့် တကွသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့အခါ ယင်းအကြောင်း တရားနှင့်တကွသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ရဲ့ ခဏမစဲ တသဲသဲ ဖြစ် နေမှု ပျက်နေမှု (= ဖြစ်မှုပျက်မှု = အဖြစ်နှင့်အပျက်) ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် စေ့စေ့ငုငု ရှုပွားသုံးသပ်ရပါတယ်။

အဲဒီလို ဝိပဿနာရှုလိုက်တဲ့အခါ အကြောင်းတရားနှင့်တကွသော ခန္ဓာ ငါးပါး (= ရုပ်နာမ်တရား)လို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရတရားတို့ရဲ့ ဖြစ်မှုပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာဉာဏ်က မြင်တွေ့ပြီဆိုလျှင် ထိုအခါမှာ ထိုယောဂါဝစရပုဂ္ဂိုလ်ဟာ အင်္ဂုတ္တိုရ် တိကနိပါတ် သင်္ခတလက္ခဏသုတ္တန်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့ သင်္ခတတရား (= သင်္ခါရတရား)တို့ရဲ့ ဖြစ်-တည်-ပျက်ဆိုတဲ့ သင်္ခတလက္ခဏာကို ထိုးထွင်းသိပြီးဖြစ်ပါတယ်။ သင်္ခတ လက္ခဏာဟာ အဲဒီယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ထင်ရှားလာပါတယ်။ ဒီလို သင်္ခါရတရားတို့ရဲ့ သင်္ခတလက္ခဏာကို ထိုးထွင်းသိတဲ့အတွက် ဖြစ်-တည်-ပျက်ဆိုတဲ့ သင်္ခတလက္ခဏာရှိတဲ့ သင်္ခတတရား (= သင်္ခါရတရား) တွေကိုလည်း ထိုးထွင်းသိမြင်ပြီးသာ ဖြစ်ပါတယ်။

သင်္ခတတရား (= သင်္ခါရတရား) ဆိုတာက ဆိုင်ရာ ဆိုင်ရာ အကြောင်း တရားတွေက ပေါင်းစုပြုပြင်ပေးပါမှ ဖြစ်ပေါ်လာရတဲ့ အကြောင်းတရားနှင့် တကွသော ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ ဖြစ်ကြပါတယ်။ သစ္စာဒေသနာ တော်နည်းအရ ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားများ ဖြစ်ကြပါ တယ်။ သမုဒယသစ္စာတရားတွေမှာလည်း ဖြစ်ပေါ်လာအောင် ပြုပြင်ပေး နေတဲ့ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေ ရှိကြပါတယ်။

ဥပမာ - ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ ဘုရားရှင်က - ဝေဒနာပစ္စယာ တဏှာ = ဝေဒနာကြောင့် တဏှာဆိုတဲ့ သမုဒယသစ္စာတရား ဖြစ်ပေါ်လာ ကြောင်းကို ဟောကြားထားတော်မူပါတယ်။ ဒါကြောင့် - ဒီသင်္ခတတရား (= သင်္ခါရတရား)တွေဟာ အကြောင်းတရား ထင်ရှားရှိနေတဲ့ အကျိုးတရား တွေသာ ဖြစ်ကြပါတယ်။ ဒီလို အကြောင်းတရား ထင်ရှားရှိနေတဲ့ အကျိုး တရားတွေကို ပဋိစ္စသမုပ္ပန္နဓမ္မ = ပဋိစ္စသမုပ္ပန္နတရားလို့ ခေါ်ဆိုပါတယ်။ ယောဂါဝစရပုဂ္ဂိုလ်က ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဥဒယဗ္ဗယာနုပဿနာဉာဏ်နှင့် သင်္ခတတရား (= သင်္ခါရတရား)တို့ရဲ့ ဖြစ်မှု-ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသုံးသပ်နိုင်တဲ့အခါ ဖြစ်-တည်-ပျက်ဆိုတဲ့ သင်္ခတတို့ရဲ့ လက္ခဏာကို ထိုးထွင်းသိနေတဲ့အတွက် ကြောင့် အဲဒီယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ပဋိစ္စသမုပ္ပန္နတရားတွေဟာ ထင်ရှားလာကြပါတယ်။ ဒါကြောင့် - အဋ္ဌကထာဆရာတော်က ဆက်ပြီး ရှင်းပြထားပြန်တယ်။ --

ဥဒယဗ္ဗယဝန္တော ဟိ သင်္ခတာ၊ တေ စ ပဋိစ္စသမုပ္ပန္နာ။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ဟိ = မှန်၏။ သင်္ခတာ = သင်္ခတ ပရမတ်တရားတို့သည်။ ဥဒယဗ္ဗယဝန္တော = ဖြစ်ခြင်း (ဥဒယ) သဘော, ပျက်ခြင်း (ဝယ) သဘော ရှိကြကုန်၏။ တေ စ သင်္ခတာ = ထိုသင်္ခတတရားတို့သည်လည်း။ ဇရာမရဏံ ဘိက္ခဝေ အနိစ္စံ သင်္ခတံ ပဋိစ္စသမုပ္ပန္နန္တိအာဒိဝစနတော = ရဟန်းတို့ ... ဇရာ မရဏသည် (ဇာတိ-ဘဝ-ဥပါဒါန-တဏှာ-ဝေဒနာ-ဖဿ-သဠာယတန-နာမရူပ-ဝိညာဏ-သင်္ခါရသည်) အနိစ္စတရားတည်း၊ အကြောင်းတရား တို့သည် ပေါင်းစု၍ ပြုပြင်ပေးပါမှ ဖြစ်ပေါ်လာရသည့် သင်္ခတတရားတည်း၊ အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာရသည့် ပဋိစ္စသမုပ္ပန္နတရားတည်း၊ ဤသို့စသည်ဖြင့် နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ပစ္စယသုတ္တန် (သံ၊၁၊၂၆၄-၂၆၅။) ၌ ဘုရားရှင် ဟောကြားထားတော်မူခြင်းကြောင့်။ ပဋိစ္စသမုပ္ပန္နာ = ပဋိစ္စ သမုပ္ပန္နတရားတို့သည်။ ဟောန္တိ = ဖြစ်ကြကုန်၏။ ဣတိ တသ္မာ = ထို့ကြောင့်။ ခဏတော = ဥပါဒ်-ဌီ-ဘင်-ဟူသော ခဏအားဖြင့်။ ဥဒယဗ္ဗယဒဿနေန = သင်္ခါရတရားတို့၏ ဖြစ်မှု-ပျက်မှု ဥဒယ-ဝယကို ဥဒယဗ္ဗယာနုပဿနာ ဉာဏ်ဖြင့် ရှုမြင်ခြင်းဖြင့်။ ပဋိစ္စသမုပ္ပန္နာ ဓမ္မာ = ပဋိစ္စသမုပ္ပန္နတရားတို့သည်။ အဿ = ထိုရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌။ ပါကဋာ = ထင်ရှားလာကုန်သည်။ ဟောန္တိ = ဖြစ်ကုန်၏။

ဆိုလိုတာကတော့ - ဘုရားရှင်သည် နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ပစ္စယ သုတ္တန်မှာ ဇရာ-မရဏ (= အိုခြင်း-သေခြင်း)ဟာ ဇာတိခေါ်တဲ့ ပဋိသန္ဓေ တည်နေရခြင်းကို အစွဲပြု၍ ဖြစ်ပေါ်လာရတယ်။ ဒါကြောင့် ပဋိစ္စသမုပ္ပန္န တရားဖြစ်တယ်။ တစ်ဖန် ဇာတိဟာလည်း ကမ္မဘဝခေါ်တဲ့ ကံကို အစွဲပြု၍ ဖြစ်ပေါ်လာရတဲ့ တရားဖြစ်တဲ့အတွက် ပဋိစ္စသမုပ္ပန္နတရားဖြစ်တယ် စသည် ဖြင့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် အသီးအသီးကို သင်္ခါရသို့တိုင်အောင် ပဋိစ္စသမုပ္ပန္န တရားများအဖြစ် ဟောကြားထားတော်မူပါတယ်။

ဒါကြောင့် ယောဂီပုဂ္ဂိုလ်က သင်္ခါရတရားတွေရဲ့ ဥပါဒ်-ဌီ-ဘင်ကိုမြင် အောင် ခဏအားဖြင့် ဖြစ်မှုပျက်မှုကို မြင်အောင် ဥဒယဗ္ဗယာနုပဿနာဉာဏ် ဖြင့် ရှုပွားသုံးသပ်လို့ မြင်ပြီဆိုလျှင် အဲဒီယောဂီပုဂ္ဂိုလ်ဟာ သင်္ခတလက္ခဏာကို ထိုးထွင်းသိမြင်ပြီး ဖြစ်ပါတယ်။ အဲဒီလို သင်္ခတလက္ခဏာကို ထိုးထွင်းသိမြင်တဲ့ အတွက် အဲဒီယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်ထဲမှာ ပဋိစ္စသမုပ္ပန္နတရား တွေဟာ ထင်ရှားလာပါတယ်လို့ ဆိုလိုပါတယ်။

---

နည်းလေးပါး ထင်ရှားလာပုံ

၁။ ဧကတ္တနည်း

နောက်ထပ် အဋ္ဌကထာဆရာတော်က နည်းလေးပါး ထင်ရှားလာပုံကို လည်း ဆက်လက်ပြီး ရှင်းလင်းတင်ပြထားပါတယ်။ ဒီနည်းလေးပါးဟာလည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်တိုင်း သိရှိ ထားရမည့် သိအောင်ကျင့်ရမည့်နည်းတွေပဲ ဖြစ်ကြပါတယ်။ ရှေးဦးစွာ ဧကတ္တ နည်းအကြောင်းကို နာကြည့်ကြရအောင် ...။

ပစ္စယတော စဿ ဥဒယဒဿနေန ဧကတ္တနယော ပါကဋော ဟောတိ ဟေတုဖလသမ္ဗန္ဓေန သန္တာနဿ အနုပစ္ဆေဒါဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ပစ္စယတော = အကြောင်းတရားအားဖြင့်။ ဥဒယဒဿနေန = ဖြစ်ခြင်း (= ဥဒယ)ကို ရှုမြင်ခြင်းဖြင့်။ အဿ = ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌။ ဧကတ္တနယော = ဧကတ္တနည်းသည်။ ပါကဋော = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့်နည်းဟူမူကား။ ဟေတုဖလသမ္ဗန္ဓေန = အကြောင်းနှင့်အကျိုး ဆက်စပ်သဖြင့်။ သန္တာနဿ = ရုပ်နာမ်သန္တာန်အစဉ် ၏၊ တစ်နည်း - အကြောင်းတရား အကျိုးတရားဟူသည့် ရုပ်နာမ်သန္တာန်အစဉ် ၏။ အနုပစ္ဆေဒါဝဗောဓတော = အစဉ်အဆက် မပြတ်သည်ကို ထိုးထွင်း၍ သိခြင်းကြောင့်။ ဧကတ္တနယော = ဧကတ္တနည်းသည်။ ပါကဋော = ထင်ရှား လာသည်။ ဟောတိ = ဖြစ်၏။

ယောဂီပုဂ္ဂိုလ်က အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်လိုက်တဲ့အတွက် ဒီလိုသိမြင်နေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ဧကတ္တနည်းဟာ ထင်ရှားလာတယ်။ ဘာကြောင့် ထင်ရှားလာရသလဲဆိုလျှင် - အကြောင်းတရားနှင့် အကျိုးတရား တို့ဟာ ကြောင်း-ကျိုးဆက်စပ်လျက် အထပ်ထပ်ဖြစ်နေတဲ့ ရုပ်နာမ်သန္တာန် အစဉ်အတန်းကြီးရဲ့ အစဉ်အဆက်မပြတ် အထပ်ထပ်ဖြစ်နေပုံကို ယောဂီ ပုဂ္ဂိုလ်က ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နေတဲ့ အတွက်ကြောင့် ဧကတ္တနည်းဟာ ထင်ရှားလာခြင်း ဖြစ်တယ်။ ဒီလိုထင်ရှားလာတဲ့အတွက် --

အထ သုဋ္ဌုတရံ ဥစ္ဆေဒဒိဋ္ဌိံ ပဇဟတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

အထ = ထိုသို့ ရုပ်နာမ်သန္တာန်အစဉ်၏ အကြောင်းနှင့်အကျိုး ဆက်စပ် လျက် အစဉ်အဆက်မပြတ် အထပ်ထပ် ဖြစ်နေသည်ကို ဝိပဿနာဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်လတ်သော်။ သုဋ္ဌုတရံ = အလွန့်အလွန် ကောင်းမွန်စွာ။ ဥစ္ဆေဒဒိဋ္ဌိံ = အတ္တသည်သေလျှင်ပြတ်၏ဟု စွဲယူတတ်သော ဥစ္ဆေဒဒိဋ္ဌိကို။ ပဇဟတိ = ပယ်စွန့်နိုင်၏။

ယောဂါဝစရပုဂ္ဂိုလ်က ခုပြောခဲ့တဲ့အတိုင်း ရုပ်နာမ်သန္တာန် အစဉ်အတန်း ရဲ့ အကြောင်းနှင့် အကျိုးဆက်စပ်လျက် အစဉ်အဆက်မပြတ် အထပ်ထပ် ဖြစ်နေတာကို ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် လိုက်တဲ့အခါ ဒီအသိဉာဏ်က ဒီဝိပဿနာဉာဏ်က အတ္တသည် (= ငါသည်) သေလျှင် ပြတ်၏၊ ခေါင်းဟိုဘက် ဘာမျှမရှိလို့ ဒီလိုစွဲယူတတ်တဲ့ ဥစ္ဆေဒ ဒိဋ္ဌိကြီးကို ပယ်စွန့်နိုင်တယ်တဲ့။ ဒီနေရာမှာ မဟာဋီကာဆရာတော်ကလည်း ဆိုလိုရင်း အနက်အဓိပ္ပါယ်ကို ရှင်းသထက် ရှင်း လင်းသထက် လင်းသွား အောင် ထပ်ပြီး ဖွင့်ဆိုထားပြန်တယ်။ ဘယ်လို ဖွင့်ဆိုထားသလဲ?

ပုရိမပုရိမာနံ နိရောဓော ဥတ္တရုတ္တရာနံ ဥပ္ပါဒါနုဗန္ဓောတိ အယမတ္ထော ပစ္စယတော ဥဒယဒဿနေန သိဇ္ဈမာနော ဧကတ္တနယာဓိဂမာယ ဟောတိ။ ယတော အညော ကရောတိ၊ အညော ပဋိသံဝေဒယတီတိအာဒိဝေါဟာရသိဒ္ဓိယာ ဥစ္ဆေဒဒိဋ္ဌိယာ အနောကာသတာ။ တေနာဟ ဟေတုဖလသမ္ဗန္ဓေနာတိအာဒိ။ (မဟာဋီ၊၂၊၄၂၄။)

ဒီမဟာဋီကာစကားရပ်ရဲ့ ဆိုလိုရင်းကတော့ --

ရှေးရှေးခန္ဓာငါးပါး ရုပ်နာမ်တရားတို့ရဲ့ ချုပ်ခြင်း (= နိရောဓ)ကို နောက် နောက် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ရဲ့ ဖြစ်ခြင်း (= ဥပါဒ်)က အစဉ်လိုက်ပါ နေပါတယ်-တဲ့။ ဘာကြောင့်လဲ? ရှေးတရားတွေ ချုပ်ပျက်သွားတဲ့အခါ နောက်နောက်တရားတွေက ထပ်ပြီးဖြစ်လာတယ်။ ဘာကြောင့်ဖြစ်ရသလဲ? နောက်နောက်တရားတွေကို အစဉ်မပြတ် ဆက်စပ်လျက် အထပ်ထပ်ဖြစ်နေ အောင် အကြောင်းတရားတွေက ကျေးဇူးပြုနေလို့ပဲ။ ဒီလို ကျေးဇူးပြုပေး နေပုံကို, ယောဂီပုဂ္ဂိုလ်က အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံကို ပစ္စယတော ဥဒယဒဿန ခေါ်တဲ့ ဝိပဿနာ ဉာဏ်ဖြင့် ရှုကြည့်လိုက်တဲ့အခါ ကောင်းစွာ တွေ့မြင်နေပါတယ်၊ ကောင်းစွာ သိမြင်နေပါတယ်။ ဒီလို သိခြင်း မြင်ခြင်းကိစ္စ ပြီးစီးသွားတဲ့အတွက် ဒီယောဂီ ပုဂ္ဂိုလ်က ဧကတ္တနည်းကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သွားတယ်။

ဧကတ္တနည်း ဆိုတာက ကံကိုပြုစုပျိုးထောင်စဉ် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဖြစ်ခဲ့စဉ်က ခန္ဓာငါးပါးဆိုတဲ့ အဆက်မပြတ်ဖြစ်နေတဲ့ ရုပ်နာမ် သန္တာန် အစဉ်အတန်းနှင့် အဲဒီ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးခန္ဓာငါးပါး ရုပ်နာမ်တရားတို့ရဲ့ အဆက်မပြတ် ဖြစ်နေ တဲ့ ရုပ်နာမ်သန္တာန် အစဉ်အတန်းတို့ဟာ အစဉ်အတန်းတစ်ခုတည်း (= ဖြစ်- ပျက်အစဉ်အတန်း တစ်ခုတည်း) ဖြစ်နေတာကို ယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာ ဉာဏ်က သိရှိနေပါတယ် မြင်နေပါတယ်။

ဒီလို ဧကတ္တနည်းကို သိမြင်နေတဲ့အတွက်ကြောင့် အညော ကရောတိ၊ အညော ပဋိသံဝေဒယတိ (သံ၊၁၊၂၆၀။) = အခြားတစ်ယောက်သောသူသည် ကံကို ပြုစုပျိုးထောင်၏၊ အခြားတစ်ယောက်သောသူသည် ထိုကံ၏အကျိုးကို ခံစား၏ = ပြုသူက တခြား၊ ခံစားသူက တခြား = ဒီဘဝ ဒီကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ် ခံလိမ့်မယ် စတဲ့ အယူဝါဒရဲ့ ပြီးစီးကြောင်းဖြစ်တဲ့ ဥစ္ဆေဒဒိဋ္ဌိဟာ ထောက်ရာတည်ရာကို မရရှိနိုင် ဖြစ်သွားပါတယ်။ ဥစ္ဆေဒဒိဋ္ဌိကို ဖြိုခွဲတဲ့ နေရာ မှာ အကောင်းဆုံး လက်နက်တစ်ခု ဖြစ်ပါတယ်။ ဒါက ပစ္စယတော ဥဒယဒဿန ခေါ်တဲ့ အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံကို ရှုမြင်တတ်တဲ့ ဝိပဿနာဉာဏ်ရဲ့ စွမ်းအင်သတ္တိတစ်မျိုး ဖြစ်ပါ တယ်။

ဒါကြောင့် အကြောင်းတရားနှင့် အကျိုးတရားတို့ ဆက်စပ်လျက် အထပ်ထပ်ဖြစ်နေတဲ့ ရုပ်နာမ်သန္တာန် အစဉ်အတန်းရဲ့ အစဉ်အဆက်မပြတ် အထပ်ထပ်ဖြစ်နေပုံကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်နှင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တဲ့အတွက် ဧကတ္တနည်းဟာ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိ ဉာဏ်မှာ ထင်ရှားလာပါတယ်လို့ အဋ္ဌကထာက ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပါ တယ်။ -- ယခုရှင်းလင်းတင်ပြခဲ့တာကတော့ ခုနကရွတ်ပြခဲ့တဲ့ မဟာဋီကာ စကားရပ်ရဲ့ ဆိုလိုရင်း သဘောတရားများ ဖြစ်ကြပါတယ်။

---

နာနတ္တနည်း ထင်ရှားလာပုံ

နောက်တစ်မျိုးကတော့ နာနတ္တနည်း ထင်ရှားလာပုံအပိုင်း ဖြစ်ပါတယ်။

ခဏတော ဥဒယဒဿနေန နာနတ္တနယော ပါကဋော ဟောတိ နဝနဝါနံ ဥပ္ပါဒါဝဗောဓတော။ အထ သုဋ္ဌုတရံ သဿတဒိဋ္ဌိံ ပဇဟတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ခဏတော = ခဏအားဖြင့်။ ဥဒယဒဿနေန = ဖြစ်ခြင်းဥဒယကို ရှုမြင် ခြင်းဖြင့်။ နာနတ္တနယော = နာနတ္တနည်းသည်။ ပါကဋော = ထင်ရှားလာ သည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့်နည်းဟူမူကား။ နဝနဝါနံ = အသစ်အသစ်သော သင်္ခါရတရားတို့၏။ ဥပ္ပါဒါဝဗောဓတော = အစဉ်အဆက်မပြတ် အထပ်ထပ် အသစ်အသစ်ဖြစ်ခြင်း ဥပါဒ်ကို ထိုးထွင်း ၍ သိမြင်ခြင်းကြောင့်။ နာနတ္တနယော = နာနတ္တနည်းသည်။ ပါကဋော = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ အထ = ထိုသို့ အသစ်အသစ်သော သင်္ခါရတရားတို့၏ အစဉ်အဆက်မပြတ် အထပ်ထပ် အသစ်အသစ်ဖြစ်ခြင်း ဥပါဒ်ကို ထိုးထွင်းသိလတ်သော်။ သုဋ္ဌုတရံ = လွန်မင်းစွာလျှင်။ သဿတဒိဋ္ဌိံ = အတ္တသည် မြဲ၏ဟုစွဲယူသော သဿတဒိဋ္ဌိကို။ ပဇဟတိ = ပယ်စွန့်နိုင်၏။

ဒီအဋ္ဌကထာစကားရပ်ရဲ့ ဆိုလိုရင်းကို မဟာဋီကာဆရာတော်ရဲ့ ဖွင့်ဆို ချက်နှင့် ပူးတွဲပြီး ရှင်းပြပါမှ ပြည့်ပြည့်စုံစုံ ပိုပြီး သဘောပေါက် နားလည်မှာ ဖြစ်တဲ့အတွက် မဟာဋီကာဆရာတော်ရဲ့ ရှင်းလင်းချက်ကိုပါ ဆက်လက် နာယူကြည့်ပါ။ --

သင်္ခါရာ ခဏေ ခဏေ ဥပ္ပဇ္ဇန္တီတိ အယမတ္ထော ခဏတော ဥဒယဒဿနေန သိဇ္ဈမာနော နာနတ္တနယာဓိဂမာယ ဟောတိ။ ယတော ပစ္စယပစ္စယုပ္ပန္နာနံ သဘာဝဘေဒါဝဗောဓတော သော ကရောတိ၊ သော ပဋိသံဝေဒယတီတိအာဒိနယပ္ပဝတ္တာယ သဿတဒိဋ္ဌိယာ အနောကာသတာ။ တေနာဟ ခဏတော ဥဒယဒဿနေနာတိအာဒိ။ (မဟာဋီ၊၂၊၄၂၄။)

သင်္ခါရာ = သင်္ခါရတရားတို့သည်။ ခဏေ ခဏေ = ဥပါဒ်-ဌီ-ဘင်ဟူ သော ခဏသုံးပါးတို့၏ အပေါင်းဖြစ်သော ခဏတိုင်း ခဏတိုင်း၌။ ဥပ္ပဇ္ဇန္တိ = ဖြစ်ပေါ်နေကြကုန်၏။ ဣတိ အယံ အတ္ထော = ဤကဲ့သို့သော အနက်သ ဘောတရားသည်။ ခဏတော ဥဒယဒဿနေန = ခဏအားဖြင့် သင်္ခါရတရား တို့၏ အဖြစ်သက်သက်ကို ရှုမြင်ခြင်းဖြင့်။ သိဇ္ဈမာနော = ပြီးစီးလတ်သော်။ နာနတ္တနယာဓိဂမာယ = နာနတ္တနည်းကို သိခြင်း ရရှိခြင်းငှာ။ ဟောတိ = ဖြစ်ပေ၏။ ယတော = ယင်းသို့ နာနတ္တနည်းကိုသိသဖြင့်။ ပစ္စယပစ္စယုပ္ပန္နာနံ = အကြောင်း (ပစ္စည်း)တရား အကျိုး (ပစ္စယုပ္ပန်)တရားတို့၏။ သဘာဝဘေဒါဝဗောဓတော = အသီးအသီးသော ကိုယ်ပိုင် သဘာဝလက္ခဏာ၏ တစ်ခုစီ တစ်ခုစီ ကွဲပြားမှုကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်းကြောင့်။ သော = ထိုသူသည်ပင်။ ကရောတိ = ကံကိုပြုစုပျိုးထောင်၏။ သော = ထို ကံကို ပြုစုပျိုးထောင်သောသူသည်ပင်။ ပဋိသံဝေဒယတိ = ထိုကံ၏အကျိုးကို ခံစား၏။ ဣတိအာဒိနယပဝတ္တာယ = ဤသို့စသောနည်းဖြင့် ဖြစ်ပေါ်လာ သော။ သဿတဒိဋ္ဌိယာ = သဿတဒိဋ္ဌိ၏။ အနောကာသတာ = ထောက် ရာ တည်ရာ မရှိသည်၏အဖြစ် (ဖြစ်ခွင့်မရှိသည်၏ အဖြစ်)သည်။ ဟောတိ = ဖြစ်ပေါ်လာ၏။

သင်္ခါရတရားတိုင်းမှာ ဥပါဒ်-ဌီ-ဘင် (= ဖြစ်-တည်-ပျက်) ဆိုတဲ့ သင်္ခတ လက္ခဏာ သုံးပါး ရှိကြပါတယ်။ ဥပါဒ်-ဌီ-ဘင် ဆိုတဲ့ ခဏသုံးပါး သက်တမ်း စေ့သွားပါက ပျက်သွားကြပါတယ်။ ဘာကြောင့်လဲ? --

ရူပံ ဘိက္ခဝေ အနိစ္စံ၊ ယောပိ ဟေတု ယောပိ ပစ္စယော ရူပဿ ဥပ္ပါဒါယ၊ သောပိ အနိစ္စော၊ အနိစ္စသမ္ဘူတံ ဘိက္ခဝေ ရူပံ၊ ကုတော နိစ္စံ ဘဝိဿတိ။ (သံ၊၂၊၂၀။)

ဘိက္ခဝေ = ရဟန်းတို့ ...။ ရူပဿ = ရုပ်တရားကို။ ဥပ္ပါဒါယ = ဖြစ်ပေါ်စေခြင်းငှာ။ ယောပိ ဟေတု = အကြင် ဟေတုအကြောင်းတရားသည် လည်း။ အတ္ထိ = ရှိ၏။ ယောပိ ပစ္စယော = အကြင် ပစ္စယအကြောင်းတရား သည်လည်း။ အတ္ထိ = ရှိ၏။ သောပိ ဟေတု = ထို ဟေတုအကြောင်းတရား သည်လည်း။ သောပိ ပစ္စယော = ထိုပစ္စယအကြောင်းတရားသည်လည်း။ အနိစ္စော = အနိစ္စသာတည်း။ ဘိက္ခဝေ = ရဟန်းတို့ ...။ အနိစ္စသမ္ဘူတံ = အနိစ္စအကြောင်းတရားကြောင့် ထင်ရှားဖြစ်ပေါ်၍လာရသော။ ရူပံ = ရုပ်တရားသည်။ ကုတော = အဘယ်မှာလျှင်။ နိစ္စံ = နိစ္စသည်။ ဘဝိဿတိ = ဖြစ်နိုင်ပါအံ့နည်း။

ကျန်နာမ်ခန္ဓာ (၄)ပါးကိုလည်း ပုံစံတူပဲ ဆက်လက်ပြီး ဟောကြားထား တော်မူပါတယ်။ ဒီဒေသနာတော်များနှင့်အညီ အကြောင်းတရားနှင့်တကွ သော ခန္ဓာငါးပါး ရုပ်နာမ် သင်္ခါရတရားတွေကို တိုက်ရိုက်ဖြစ်စေတတ်တဲ့ ဟေတုအကြောင်းတရား (= ဇနကအကြောင်းတရား), အားပေးထောက်ပံ့ တတ်တဲ့ ပစ္စယအကြောင်းတရား (= ဥပတ္ထမ္ဘကအကြောင်းတရား)တွေ ရှိကြ ပါတယ်။ ဒီအကြောင်းတရားတွေကိုယ်တိုင်က ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရား တွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီအနိစ္စ အကြောင်းတရားတွေကြောင့် ထင်ရှားဖြစ်ပေါ်လာရတဲ့ ဒီသင်္ခါရတရားတွေဟာ ဘယ်မှာ မြဲတဲ့ နိစ္စတရား ဖြစ်နိုင်ပါ့မလဲ၊ အနိစ္စတရားသာ ဖြစ်ကြရတယ်။

ဒီနေရာမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်းတရား တွေက ခန္ဓာငါးပါးကို တိုက်ရိုက်ဖြစ်စေတတ်တဲ့ ဇနကအကြောင်းတရားတွေ ဖြစ်ကြပါတယ်။ စိတ် ဥတု အာဟာရဆိုတဲ့ အကြောင်းတရား, ဝတ္ထု အာရုံ ဖဿစတဲ့ အကြောင်းတရားတွေက အားပေးထောက်ပံ့တတ်တဲ့ ဥပတ္ထမ္ဘက အကြောင်းတရား (= ပစ္စယအကြောင်းတရား)တွေ ဖြစ်ကြပါတယ်။

ဒီတော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရား တို့ကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေကိုယ်တိုင်က အနိစ္စဖြစ်နေတဲ့ အတွက် အကျိုးခန္ဓာငါးပါး ရုပ်နာမ်တရားတွေဟာလည်း အနိစ္စသာ ဖြစ်နေ ကြရတယ်။

ဒါကြောင့် ဒီသင်္ခါရတရားတွေဟာ ဥပါဒ်-ဌီ-ဘင် ဆိုတဲ့ ခဏတိုင်း ခဏ တိုင်းမှာ အသစ်အသစ် ဆင့်ကာဆင့်ကာ အထပ်ထပ် ဖြစ်နေကြရတယ်။ ဘာကြောင့်လဲ? အကြောင်းတရားတွေက ဒီလို အထပ်ထပ် ဖြစ်အောင် ကျေးဇူးပြုပေးနေလို့ပဲ။ အကယ်၍ အကြောင်းတရားတွေက ထပ်ကာထပ်ကာ အသစ်အသစ် ဖြစ်ပေါ်လာအောင် ကျေးဇူးမပြုနိုင်တော့ဘူးဆိုလျှင် ဘဝ တစ်ခု အဆုံးသတ်ရတော့တာပဲ။ ဒါပေမဲ့ နောက်ထပ် အကြောင်းကံတွေက မကုန်သေးလို့ သံသရာခရီးကလည်း မဆုံးသေးဘူးဆိုလျှင် နောက်ထပ် ကံသစ်တစ်ခုကလည်း ပုံစံတူပဲ အသစ်အသစ်တွေ ဖြစ်ပေါ်လာအောင် ထပ်ကာထပ်ကာ ကျေးဇူးပြုပေးနေမှာ ဖြစ်ပါတယ်။

ယောဂီပုဂ္ဂိုလ်က အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဆိုတဲ့ အတိတ် အကြောင်းတရားတွေကို ပြုစုပျိုးထောင်ခဲ့စဉ် အတိတ်ဘဝက ဖြစ်ခဲ့တဲ့ ခန္ဓာ ငါးပါးတွေကိုရော, ယခုဘဝတွင် အဆက်မပြတ် အထပ်ထပ် အသစ်သစ် ဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါးတွေကိုရော, ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - ဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမည့် အနာဂတ် ခန္ဓာငါးပါးတွေကိုရော, အားလုံးကိုပဲ ခဏမစဲ တသဲသဲ အသစ်အသစ် ထပ်ကာထပ်ကာ ဖြစ်နေပုံကို ခဏတော ဥဒယဒဿနဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရပါတယ်။ ဒီလို ရှုမြင်နိုင်တဲ့အတွက် ဒီယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ နာနတ္တနည်းဟာ ထင်ရှားလာပါတယ်။

နာနတ္တနည်းဆိုတာက အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့အကြောင်း တရားတွေနှင့် အကျိုးခန္ဓာငါးပါး ရုပ်နာမ်တရားတွေမှာ မတူကွဲပြားခြားနား နေတဲ့ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးရှိကြတယ်ဆိုတာကို ခွဲခြားပြီး သိတဲ့နည်းလို့ ဆိုလိုပါတယ်။ ဒီလိုနာနတ္တနည်းကို သိသဖြင့် ယောဂီပုဂ္ဂိုလ်က အကြောင်းတရားနှင့် အကျိုးတရားတို့ရဲ့ မတူကွဲပြားခြားနားနေတဲ့ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိမြင်တဲ့ အတွက် - သော ကရောတိ၊ သော ပဋိသံဝေဒယတိ = ထိုသူသည်ပင် ပြု၏၊ ထိုသူသည်ပင် ခံစား၏ - စသည်ဖြင့် စွဲယူတတ်တဲ့ (= အတ္တသည်မြဲပါတယ်လို့ စွဲယူတတ်တဲ့) သဿတဒိဋ္ဌိဟာ ထောက်ရာတည်ရာကို မရနိုင် ဖြစ်ခွင့်မရှိနိုင် ဖြစ်သွားတယ်။ ဘာကြောင့်လဲ? အကြောင်းသင်္ခါရတရားတွေလည်း ဖြစ်ပြီး တာနှင့် ဖြစ်တဲ့နေရာမှာပဲ ပျက်သွားကြတယ်။ အကျိုးသင်္ခါရတရားတွေလည်း ဖြစ်ပြီးတာနှင့် ဖြစ်တဲ့နေရာမှာ ပျက်သွားကြတယ်။ အသစ်အသစ် ထပ်ကာ ထပ်ကာ ပျက်သွားတဲ့အခါ အသစ်အသစ် ထပ်ကာထပ်ကာ ဖြစ်နေတာကို ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်နေတဲ့အတွက် မြဲတဲ့သဿတတရား အတ္တတရား ကို ရှာဖွေလို့ မတွေ့နိုင် ဖြစ်နေတယ်။ ဒါကြောင့် သင်္ခါရတရားတို့ရဲ့ အသစ် အသစ် ခဏတိုင်း ခဏတိုင်း၌ ဖြစ်မှုကို မြင်နေတဲ့ သူတော်ကောင်းရဲ့ အသိ ဉာဏ်မှာ သဿတဒိဋ္ဌိရဲ့ တည်ရှိခွင့်ကို မရခြင်းဖြစ်ပါတယ်။ သဿတဒိဋ္ဌိကို ဖြိုခွဲဖို့ရန်အတွက် အကောင်းဆုံးသော လက်နက်တစ်ခု ဖြစ်ပါတယ်။

---

အဗျာပါရနည်း ထင်ရှားလာပုံ

ပစ္စယတော စဿ ဥဒယဗ္ဗယဒဿနေန အဗျာပါရနယော ပါကဋော ဟောတိ ဓမ္မာနံ အဝသဝတ္တိဘာဝါဝဗောဓတော။ အထ သုဋ္ဌုတရံ အတ္တဒိဋ္ဌိံ ပဇဟတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ပစ္စယတော = အကြောင်းတရားအားဖြင့်။ ဥဒယဗ္ဗယဒဿနေန = ဖြစ် ခြင်း-ပျက်ခြင်း (= ဖြစ်ခြင်း-ချုပ်ခြင်း = ဥဒယ-ဝယ)ကို ရှုမြင်ခြင်းဖြင့်။ အဿ = ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌။ အဗျာပါရနယော = အဗျာပါရ နည်းသည်။ ပါကဋော = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့်နည်းဟူမူကား။ ဓမ္မာနံ = ပရမတ္ထဓမ္မတို့၏။ အဝသဝတ္တိဘာဝါဝဗောဓတော = အလိုအကြိုက်သို့ မလိုက်ပါခြင်း သဘောရှိသည်၏ အဖြစ်ကို ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက်သိမြင်ခြင်းကြောင့်တည်း။ အထ = ထိုသို့သိမြင်လတ်သော်။ သုဋ္ဌုတရံ = လွန်မင်းစွာလျှင်။ အတ္တဒိဋ္ဌိံ = ဖန်ဆင်းရှင်အတ္တ အဖန်ဆင်းခံရသောအတ္တ ရှိ၏ဟု စွဲလမ်းသော အတ္တဒိဋ္ဌိကို။ ပဇဟတိ = ပယ်စွန့်နိုင်၏။

ပစ္စယတော ဥဒယဗ္ဗယဒဿန = အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားဆို တဲ့အကျိုးတရားတို့ရဲ့ ထင်ရှားဖြစ်ပုံဆိုတဲ့ ပစ္စယတော ဥဒယသဘောကိုရော, အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်းတရားတို့ရဲ့ အနုပ္ပါဒ နိရောဓသဘောအားဖြင့် အရဟတ္တမဂ်ကြောင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံဆိုတဲ့ ပစ္စယတော ဝယသဘောကိုရော - ယောဂါဝစရပုဂ္ဂိုလ်က ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် လိုက်တဲ့အခါ .. ဒီလို သိနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်ထဲမှာ အဗျာပါရ-နည်းဟာ ထင်ရှားလာပါတယ်။ ဘာကြောင့်လဲ? ပရမတ္ထဓမ္မ သဘာဝတရားတွေဟာ ဖန်ဆင်းရှင်တို့လို မည်သည့်ပုဂ္ဂိုလ်သတ္တဝါ တစ်စုံ တစ်ယောက်ရဲ့ အလိုအကြိုက်သို့မျှ မလိုက်ပါတတ်တဲ့သဘောကို ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။ ဒီလို သိလိုက်တဲ့အတွက် အတ္တဒိဋ္ဌိကိုလည်း ဒီဝိပဿနာ ဉာဏ်က ကောင်းကောင်းကြီး ပယ်စွန့်နိုင်သွားတယ်။

ဆိုလိုတာကတော့ -- အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားတွေ ထင်ရှားဖြစ်ပုံကို သိမြင်တဲ့အခါ ဖန်ဆင်းရှင်ကဲ့သို့သော ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်ရဲ့ အလိုဆန္ဒအတိုင်း ဖြစ်နေရပါတယ်ဆိုတဲ့ အယူအဆ, အကြောင်းတရားတွေ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း သွားတဲ့အခါ အကျိုးတရားတွေလည်း အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ် ငြိမ်းပုံကို သိမြင်လိုက်တဲ့အခါမှာလည်း ဖန်ဆင်းရှင်ကဲ့သို့သော ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်ရဲ့ ဒဏ်ခတ်မှုကြောင့် သူရဲ့အလိုဆန္ဒအတိုင်း ပျက်စီးသွား ရတယ်ဆိုတဲ့ အယူအဆ, ဘုရားသခင်၏ ရင်ခွင်တော်မှာ အိပ်ပျော်တော် မူခြင်း (= အတ္တဟာ မြဲတယ်)ဆိုတဲ့ အယူအဆ, ဘဝဆိုတာ ပုခက်နှင့် ခေါင်းအကြားမှာပဲ ရှိပါတယ်၊ ခေါင်းဟိုဘက် ဘာမျှမရှိပါဘူးဆိုတဲ့ အယူ အဆ - ဒီလိုအတ္တနှင့် ဆက်စပ်နေတဲ့ အယူဝါဒ (= အတ္တဝါဒ) အမျိုးမျိုးကို ဒီဝိပဿနာဉာဏ်က ပယ်စွန့်နိုင်တယ်လို့ ဆိုလိုပါတယ်။

ဒီနေရာမှာ မဟာဋီကာဆရာတော်ကလည်း ထပ်ပြီး ရှင်းလင်းတင်ပြထား ပြန်တယ်။ --

ပစ္စယတော ဥဒယဗ္ဗယဒဿနေန ပစ္စယေ သတိ ဖလဿ ဘာဝေါ၊ အသတိ အဘာဝေါတိ ဣမဿ အတ္ထဿ သိဒ္ဓိယာ အတ္တိတာမတ္တေနေဝ တေ ဓမ္မာ ကာရဏန္တိ အဗျာပါရနယော ပါကဋော ဟောတိ။ ယတော အတ္တဒိဋ္ဌိယာ အနောကာသတာ ဝသဝတ္တိတာယ အလဗ္ဘနေယျတော။ တေန ဝုတ္တံ ဓမ္မာနန္တိအာဒိ။ အဝသသတ္တိဘာဝေါ ပရာယတ္တတာ၊ သာ စ သပ္ပစ္စယတာယ ဝေဒိတဗ္ဗာ။ (မဟာဋီ၊၂၊၄၂၅။)

ဒီဋီကာဆရာတော်ရဲ့ ဆိုလိုရင်းကတော့ ဒီလိုပါ ..။

ဣတိ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ၊ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ။ (ဥဒါန-၇၉။)

ဤအကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဤအကျိုးတရားသည် ဖြစ်ပေါ်လာ၏၊ ဤအကြောင်းတရား၏ ဖြစ်ခြင်းကြောင့် ဤအကျိုးတရား သည် ဖြစ်ပေါ်လာ၏။ ဤအကြောင်းတရားသည် ထင်ရှားမရှိလတ်သော် ဤအကျိုးတရားသည် မဖြစ်၊ ဤအကြောင်းတရား၏ ချုပ်ခြင်းကြောင့် ဤ အကျိုးတရားသည် ချုပ်၏ - ဒီလို မြတ်စွာဘုရား ဟောကြားထားတော်မူတဲ့ အတိုင်း --

ယောဂါဝစရပုဂ္ဂိုလ်က ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်ဖြင့် လှမ်းရှု လိုက်တဲ့အခါ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရားကြောင့် (သံသရာခရီး မဆုံးသေးတဲ့သူတွေအတွက်) အနာဂတ်အကျိုးတရား ဖြစ်ပုံဆိုတဲ့ သဘောကိုလည်း မြင်တယ်၊ အကြောင်း တရားတွေက အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ် ငြိမ်းသွားတဲ့အခါ အကျိုးတရားတွေလည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားပုံကိုလည်း မြင်တယ်။

ဒီလိုသိမြင်နေတဲ့အတွက် အဲဒီ ယောဂါဝစရပုဂ္ဂိုလ်ရဲ့အသိဉာဏ်မှာ -- အကြောင်းတရားသည် ထင်ရှားရှိလတ်သော် အကျိုးတရား၏ ထင်ရှားဖြစ် ခြင်းသည် ဖြစ်ပေါ်လာ၏။ အကြောင်းတရားသည် ထင်ရှား မရှိလတ်သော် အကျိုးတရား၏ ထင်ရှား မဖြစ်ခြင်းသည် ဖြစ်ပေါ်လာ၏။ -- ဆိုတဲ့ အနက် သဘောတရားဟာ ပြီးစီးသွားတယ်။ ဒီလိုပြီးစီးသွားတဲ့အတွက် ထင်ရှားရှိ နေရုံမျှဖြင့်လျှင် ဒီအဝိဇ္ဇာစတဲ့တရားတွေဟာ အကြောင်းတရား ဖြစ်ကြရတယ် ဆိုတဲ့အချက်ကိုလည်း ယောဂီပုဂ္ဂိုလ်က သိမြင်နေတယ်။ ဒီလို သိမြင်နေတဲ့ အတွက် အကြောင်းတရားတွေမှာ အကျိုးတရားတွေကို ဖြစ်ပေါ်လာအောင် တို့-ပြုလုပ်ကြမယ် ဆိုတဲ့ ကြောင့်ကြ ဗျာပါရသဘောတရား မရှိပုံကိုလည်း နားလည်သဘောပေါက်သွားတယ်။ ဒါကြောင့် ဒီလို သိနေ မြင်နေတဲ့ ယောဂီ ပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ အဗျာပါရနည်းဟာ ထင်ရှားလာခြင်း ဖြစ်တယ်။

ဒီလို အဗျာပါရနည်း ထင်ရှားလာတဲ့အတွက် ဖန်ဆင်းရှင်ဆိုတဲ့ အတ္တ ဆိုတာ ရှိတယ်၊ အဖန်ဆင်းခံရတဲ့ အတ္တဆိုတာ ရှိတယ် စသည်ဖြင့် စွဲလမ်း ယုံကြည်နေတဲ့ အတ္တဒိဋ္ဌိဟာ ထောက်ရာတည်ရာကို မရရှိ ဖြစ်သွားတယ်။ ဘာကြောင့်လဲ? အကြောင်းတရားဘက်မှာလည်း ပြုလုပ်တတ်တဲ့ ဖန်ဆင်း တတ်တဲ့ အတ္တကို ရှာမတွေ့ဘူး၊ အကျိုးတရားဘက်မှာလည်း အဖန်ဆင်းခံရ တဲ့ အပြုလုပ်ခံရတဲ့ အတ္တကို ရှာမတွေ့ဘူး။ အကြောင်းအကျိုး နှစ်မျိုးလုံး ဘက်မှာ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ ဖြစ်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရား အစုအပုံကိုသာ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က သိမြင်နေတယ်။ ဒီအကြောင်းတရားအစုအပုံ အကျိုး တရားအစုအပုံထက် အပိုအလွန်ဖြစ်တဲ့ အတ္တကို ရှာမတွေ့ ဖြစ်နေတယ်။ အဲဒီ အကြာင်းတရားအစုအပုံ အကျိုးတရားအစုအပုံဆိုတဲ့ ဒီသင်္ခါရတရား အစုအပုံထဲမှာလည်း တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါရဲ့ သို့မဟုတ် ဖန်ဆင်းရှင်ကဲ့သို့သော ပရမအတ္တရဲ့ အလိုအတိုင်းဖြစ်နေတဲ့ သဘာဝတရား ကို ဝိပဿနာဉာဏ်နှင့် ရှာဖွေကြည့်သော်လည်း မရအပ် မရနိုင် ဖြစ်နေတယ်။

ဒါကြောင့် ပရမတ္ထဓမ္မတွေဟာ ဘယ်ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်ရဲ့ အလိုသို့မျှ မလိုက်ပါတတ်တဲ့ (= အဝသဝတ္တနတ္ထ)သဘာဝကို ယောဂါဝစရ ပုဂ္ဂိုလ်က ပစ္စယတော ဥဒယဗ္ဗယဒဿနလို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာ သမ္မာ ဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေတဲ့အတွက် ဒီဝိပဿနာဉာဏ်က အတ္တ ရှိ၏ ဟု စွဲလမ်းယုံကြည်နေတဲ့ အတ္တဒိဋ္ဌိကို ပယ်စွန့်နိုင်ကြောင်းကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်တယ်။ အကြောင်းတရားတည်းဟူသော သူတစ်ပါးနှင့် ဆက်စပ်မှုရှိနေတဲ့ သဘာဝဟာ ပရမတ္ထဓမ္မတို့ရဲ့ အဝသဝတ္တိဘာဝ (= တစ်စုံတစ်ယောက် ပုဂ္ဂိုလ် သတ္တဝါရဲ့ သို့မဟုတ် ဖန်ဆင်းရှင်ကဲ့သို့သော အတ္တရဲ့ အလိုအတိုင်းဖြစ်ခြင်းကို မရအပ်မရနိုင်တဲ့သဘော)မည်တယ်။ သင်္ခတပရမတ်တရားတိုင်းမှာ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရား ထင်ရှားရှိနေခြင်းကိုပဲ သူတစ်ပါးနှင့် ဆက်စပ်မှုရှိတဲ့ သဘောလို့ ဆိုလိုတယ်လို့ သိရှိပါ။ ဒါကတော့ မဟာဋီကာဆရာတော်ရဲ့ ရှင်းလင်းချက် ဖြစ်ပါတယ်။

---

ဧဝံဓမ္မတာနည်း ထင်ရှားလာပုံ

နောက်ထပ် နံပါတ် (၄)ခုမြောက်နည်းကတော့ ဧဝံဓမ္မတာနည်း ဖြစ်ပါ တယ်။

ပစ္စယတော ပန ဥဒယဒဿနေန ဧဝံဓမ္မတာနယော ပါကဋော ဟောတိ ပစ္စယာနုရူပေန ဖလဿ ဥပ္ပါဒါဝဗောဓတော။ အထ သုဋ္ဌုတရံ အကိရိယဒိဋ္ဌိံ ပဇဟတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ပစ္စယတော = အကြောင်းတရားအားဖြင့်။ ဥဒယဒဿနေန = ဖြစ်ခြင်း (= ဥဒယ)ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်းဖြင့်။ ဧဝံဓမ္မတာနယော = ဧဝံ ဓမ္မတာနည်းသည်။ ပါကဋော = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့်နည်းဟူမူကား။ ပစ္စယာနုရူပေန = အကြောင်း အားလျော်သဖြင့် = အကြောင်းနှင့်လျော်ညီစွာ။ ဖလဿ = အကျိုးတရား၏။ ဥပ္ပါဒါဝဗောဓတော = ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင် ခြင်းကြောင့်တည်း။ အထ = ထိုသို့ ထိုးထွင်းသိလတ်သော်။ သုဋ္ဌုတရံ = မြဲမြံစွာ (အလွန့်အလွန်ကောင်းမွန်စွာ) သာလျှင်။ အကိရိယဒိဋ္ဌိံ = အကိရိယ ဒိဋ္ဌိကို။ ပဇဟတိ = ပယ်စွန့်နိုင်၏။

အကြောင်းတရား ထင်ရှားဖြစ်ခြင်း (= အကြောင်းတရား ထင်ရှားရှိခြင်း) ကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံကို ပစ္စယတော ဥဒယဒဿန-ဟု ခေါ်ဆို အပ်တဲ့ ဝိပဿနာဉာဏ်ဖြင့် ရှုမြင်လိုက်တဲ့အတွက် ဒီလိုသိမြင်နေတဲ့ ယောဂါ ဝစရပုဂ္ဂိုလ်ရဲ့ဉာဏ်မှာ ဧဝံဓမ္မတာနည်းဟာ ထင်ရှားလာပါတယ်။ ဘာကြောင့် လဲ? အကြောင်းတရားနှင့် လျော်ညီတဲ့ အကျိုးတရားရဲ့ဖြစ်မှုကို ယောဂါဝစရ ပုဂ္ဂိုလ်က ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တဲ့အတွက်ကြောင့် ဖြစ်တယ်။

ဆိုလိုတာကတော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း တရားတွေကြောင့် အကျိုးတရားတွေ ဖြစ်မယ်ဆိုလျှင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးခန္ဓာငါးပါး ရုပ်တရား နာမ်တရား တွေသာ ဖြစ်ကြတယ်။ အခြားအကျိုးတစ်စုံတစ်ရာ မဖြစ်ဘူး။ ဥပမာ - နွားနို့ စသည်ကြောင့် ဒိန်ခဲစတဲ့ အကျိုးတရားသာ ဖြစ်ကြသလို မှတ်ပါ။

ဒီလိုဖြစ်မှုမျိုးကို အကြောင်းနှင့်လျော်ညီတဲ့ အကျိုးတရားတို့ရဲ့ ဖြစ်မှုလို့ ဆိုလိုပါတယ်။ ဒီလိုအကြောင်းတရားနှင့် လျော်ညီတဲ့ အကျိုးတရားဖြစ်မှုကို ဧဝံဓမ္မတာနည်းလို့ ခေါ်ဆိုပါတယ်။ ဒီ ဧဝံဓမ္မတာနည်းကို ဝိပဿနာ သမ္မာ ဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခဲ့မယ်ဆိုလျှင် ဒီ ဝိပဿနာဉာဏ်က ကံ-ကံ၏အကျိုးကို ပစ်ပယ်နေတဲ့, ကုသိုလ် အကုသိုလ်ကို ပြုသော်လည်း ပြုသည်မမည်ပါဘူးလို့ စွဲလမ်းယုံကြည်တဲ့ အကိရိယဒိဋ္ဌိကို ကောင်းကောင်းကြီး ပယ်စွန့်နိုင်တယ်။

နည်းနည်းထပ်ရှင်းပြဦးမယ် - ဘဝကိုဖြစ်စေတတ်တဲ့ ကုသိုလ်သင်္ခါရကံ တွေ သို့မဟုတ် အကုသိုလ်သင်္ခါရကံတွေဆိုတာ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ အပေါ်မှာ အခြေစိုက်ပြီး ဖြစ်ပေါ်လာကြရပါတယ်။ အဝိဇ္ဇာ တဏှာ ဥပါဒါန် တို့ ခြံရံလျက် ပြုစုပျိုးထောင်ထားတဲ့ ကုသိုလ်သင်္ခါရကံတွေက ကုသလဝိပါက် ခေါ်တဲ့ ကောင်းတဲ့အကျိုးတရား ခန္ဓာငါးပါးတွေကိုသာ ဖြစ်ပေါ်စေပါတယ်။ အလားတူပဲ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ထားတဲ့ အကုသိုလ်သင်္ခါရကံတွေကလည်း အကျိုးပေးလျှင် အကုသလဝိပါက်ခေါ်တဲ့ မကောင်းတဲ့ အကျိုးခန္ဓာငါးပါးတွေကိုသာ ဖြစ်ပေါ်စေပါတယ်။ ကုသိုလ်ကံ က မကောင်းတဲ့ အကျိုးတရားတွေကို, အကုသိုလ်ကံကလည်း ကောင်းတဲ့ အကျိုးတရားတွေကို ပရမ်းပတာ ပေးချင်သလို ပေးကြတာမျိုး မဟုတ်ပါဘူး။ အကြောင်းကံနှင့် လျော်ညီတဲ့ အကျိုးတရားတွေသာ ဖြစ်လာကြရပါတယ်။ ဒီလိုအကြောင်းတရားနှင့် လျော်ညီတဲ့ အကျိုးတရားဖြစ်မှုကို ဝိပဿနာသမ္မာ ဒိဋ္ဌိဉာဏ်ဖြင့် ရှင်းရှင်းကြီး ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လိုက်တဲ့ အခါ ကုသိုလ်-အကုသိုလ်ကံတွေဟာ ပြုသော်လည်း ပြုသည်မမည် အကျိုး မပေးဆိုတဲ့ အယူမှား အကိရိယဒိဋ္ဌိဟာ ထောက်ရာတည်ရာကို မရနိုင် ဖြစ်ခွင့်မရနိုင် ဖြစ်သွားတယ်။

ကာရဏ (= အကြောင်းတရား)ဆိုတာ အကျိုးတရားကို ဖြစ်ပေါ်လာ အောင် ပြုလုပ်ပေးတတ်တဲ့အတွက်ကြောင့်သာ အကြောင်းတရားလို့ ခေါ်ဆို ခြင်း ဖြစ်တယ်။ ဒါကြောင့် အကြောင်းတရားတွေမှာ အကျိုးတရားကို ဖြစ်ပေါ် လာအောင်ပြုလုပ်ပေးနိုင်တဲ့ စွမ်းအင်သတ္တိရှိနေတာကို သိမြင်လိုက်တဲ့ ဒီအသိ ဉာဏ်က ကုသိုလ် အကုသိုလ်တွေကို ပြုသော်လည်း ပြုသည်မမည် အကျိုး မပေးဆိုတဲ့ အယူမှား အကိရိယဒိဋ္ဌိကို ပယ်စွန့်နိုင်ခြင်း ဖြစ်တယ်။ ဒါကြောင့် ဒီဝိပဿနာဉာဏ်တွေဟာ မိစ္ဆာဒိဋ္ဌိ အယူမှား အမျိုးမျိုးကို တိုက်ဖျက်ရာမှာ အကောင်းဆုံး လက်နက်တွေပဲ ဖြစ်ကြပါတယ်။

---

လက္ခဏာငါးပါး ထင်ရှားလာပုံ

အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာ သဘာဝလက္ခဏာ သင်္ခတလက္ခဏာဆိုတဲ့ လက္ခဏာငါးပါး ထင်ရှားပုံအပိုင်းကို ဆက်လက်ပြီး နာကြားကြရအောင် ...။

---

အနတ္တလက္ခဏာ ထင်ရှားလာပုံ

ပစ္စယတော စဿ ဥဒယဒဿနေန အနတ္တလက္ခဏံ ပါကဋံ ဟောတိ ဓမ္မာနံ နိရီဟကတ္တပစ္စယပဋိဗဒ္ဓဝုတ္တိတာဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ပစ္စယတော ဥဒယဒဿနေန = အကြောင်းတရား ထင်ရှားဖြစ်ခြင်း ကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံကို ရှုမြင်ခြင်းဖြင့်။ အဿ = ထိုယောဂါ ဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌။ အနတ္တလက္ခဏံ = အနတ္တလက္ခဏာသည်။ ပါကဋံ = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့် နည်းဟူမူကား။ ဓမ္မာနံ = ပရမတ္ထဓမ္မတို့၏။ နိရီဟကတ္တပစ္စယပဋိဗဒ္ဓဝုတ္တိတာဝဗောဓတော = အားထုတ်ခြင်း ဗျာပါရ ကင်းသည်၏ အဖြစ်, အကြောင်းတရားနှင့် စပ်၍ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကို ထိုးထွင်း၍ သိခြင်း ကြောင့်တည်း။

အကြောင်းတရား ထင်ရှားဖြစ်ခြင်း (= ထင်ရှားရှိခြင်း)ကြောင့် အကျိုး တရား ထင်ရှားဖြစ်ပုံကို ရှုမြင်နေသော ပစ္စယတော ဥဒယဒဿနဉာဏ်အမြင် နှင့်ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အနတ္တလက္ခဏာ (= အနတ္တ ဉာဏ်အမြင်)ဟာ ထင်ရှားလာတယ်။ ဘာကြောင့်လဲ? သင်္ခတပရမတ်တရား တွေမှာ အကျိုးတရားကို ဖြစ်ပေါ်လာအောင် အားထုတ်ခြင်း ဗျာပါရ ကင်းတဲ့ သဘောကိုရော, အကြောင်းတရားနှင့်စပ်၍သာ ဖြစ်ခြင်းရှိတဲ့သဘောကိုရော ယောဂါဝစရပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က (= ပစ္စယတော ဥဒယဒဿနဉာဏ် က) ထိုးထွင်းသိနေတဲ့အတွက်ကြောင့် ဖြစ်တယ်။

သင်္ခတပရမတ်တရားတွေမှာ အကျိုးတရားကို ဖြစ်ပေါ်လာအောင် အား ထုတ်ခြင်းဗျာပါရ ကင်းတယ်ဆိုတာကတော့ ဒီလိုပါ -- ဒီနေရာမှာ အကြောင်း တရား ထင်ရှားရှိတယ်ဆိုတာက အကြောင်းတရားတွေမှာ အကျိုးကို ဖြစ်စေ နိုင်တဲ့ သဘာဝသတ္တိစွမ်းအင် ထင်ရှားရှိနေတာကို ဆိုလိုပါတယ်။ အထူးသဖြင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေမှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးတရားတွေကို ဖြစ်စေနိုင်တဲ့ သဘာဝသတ္တိစွမ်းအင် တည်ရှိနေမှုမျိုးကို ဆိုလိုပါတယ်။ ဒီလို အကြောင်း တရားတွေမှာ အကျိုးတရားတွေကို ဖြစ်စေနိုင်တဲ့ သဘာဝသတ္တိစွမ်းအင် ထင် ရှား ရှိရုံမျှဖြင့် အကြောင်းတရားတွေက အကျိုးတရားတွေကို ဖြစ်ပေါ်လာ အောင် တို့-ပြုလုပ်ကြမယ် ဆိုတဲ့ ကြောင့်ကြ ဗျာပါရ မရှိကြပါဘူး။ အကျိုးတရားတွေကို ဖြစ်ပေါ်လာစေနိုင်တဲ့ သဘာဝ သတ္တိစွမ်းအင် ထင်ရှားရှိနေရုံမျှဖြင့်သာ အကျိုးတရားတွေကို ကျေးဇူးပြုပေး ကြခြင်းဖြစ်တယ်။ နောက်တစ်ခုက - အကြောင်းတရား ထင်ရှားမရှိပြန်လျှင် လည်း အကျိုးတရားကလည်း ထင်ရှားမဖြစ်လာပြန်ဘူး။ ဒါကြောင့် အကျိုး တရားတွေဟာ အကြောင်းတရားနှင့်သာ အမြဲတမ်း ဆက်စပ်ပြီး ဖြစ်နေကြ ရပါတယ်။

ဒီလို အကြောင်းတရားတွေမှာ အကျိုးတရားကို ဖြစ်ပေါ်လာအောင် အား ထုတ်ခြင်းဗျာပါရ ကင်းနေခြင်းဆိုတဲ့ အကြောင်းတစ်ခု, အကျိုးတရားတွေဟာ အကြောင်းတရားနှင့်သာ အမြဲတမ်း ဆက်စပ်၍ ဖြစ်ခြင်းသဘောရှိခြင်းဆိုတဲ့ အကြောင်းတစ်ခု - ဒီအကြောင်း နှစ်ခုကြောင့် ပစ္စယတော ဥဒယဒဿန ဉာဏ်ဆိုတဲ့ ဝိပဿနာဉာဏ်နှင့်ပြည့်စုံနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ ဝိပဿနာ ဉာဏ်က - အကြောင်းတရားတွေမှာလည်း အကျိုးတရားကို ဖြစ်ပေါ်လာ အောင် ဖန်ဆင်းပြုလုပ်နေတဲ့အတ္တမှ ဆိတ်သုဉ်းနေတဲ့သဘော, အကျိုးတရား တွေမှာလည်း အဖန်ဆင်းခံရ အပြုလုပ်ခံနေရတဲ့အတ္တမှ ဆိတ်သုဉ်းနေတဲ့ သဘောကို တွေ့မြင်နေတဲ့အတွက် သိမြင်နေတဲ့အတွက် ယောဂါဝစရပုဂ္ဂိုလ် ရဲ့ အသိဉာဏ်မှာ အနတ္တလက္ခဏာဟာ ထင်ရှားလာခြင်းဖြစ်တယ်လို့ ဆိုလို ပါတယ်။

---

အနိစ္စလက္ခဏာ ထင်ရှားလာပုံ

နောက်တစ်ခု အနိစ္စလက္ခဏာအကြောင်းကို ပြောကြရအောင် ...။

ခဏတော ဥဒယဗ္ဗယဒဿနေန အနိစ္စလက္ခဏံ ပါကဋံ ဟောတိ ဟုတွာ အဘာဝါဝဗောဓတော, ပုဗ္ဗန္တာပရန္တဝိဝေကာဝဗောဓတော စ။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ခဏတော = ခဏအားဖြင့်။ ဥဒယဗ္ဗယဒဿနေန = အကြောင်းတရား နှင့်တကွသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း (= ဥဒယ- ဝယ)ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်းဖြင့်။ အနိစ္စလက္ခဏံ = အနိစ္စ လက္ခဏာသည်။ ပါကဋံ = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့်နည်းဟူမူကား။ ဟုတွာ = ရှေးကမရှိ ယခုမှရုတ်ခြည်းဖြစ်၍။ အဘာဝါဝဗောဓတော = အရှည်မတည် ချက်တစ်ဖြုတ် ပျက်စီးချုပ်ပျောက် ခြင်း (= မရှိခြင်း = အဘာဝ)ကို ထိုးထွင်း၍ သိမြင်ခြင်းကြောင့်လည်းကောင်း။ ပုဗ္ဗန္တာပရန္တဝိဝေကာဝဗောဓတော စ = ရှေးအဖို့ နောက်အဖို့၌ ကင်းဆိတ် သည်၏အဖြစ် (= မရှိသည်၏အဖြစ်)ကို ထိုးထွင်း၍ သိခြင်းကြောင့်လည်း ကောင်း။ အနိစ္စလက္ခဏံ = အနိစ္စလက္ခဏာသည်။ ပါကဋံ = ထင်ရှားလာ သည်။ ဟောတိ = ဖြစ်၏။

သင်္ခါရတရားတွေရဲ့ ခဏမစဲ တသဲသဲ ဖြစ်နေမှု ပျက်နေမှုကို ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်ဆိုတဲ့ ဝိပဿနာဉာဏ်ဖြင့် ယောဂီပုဂ္ဂိုလ်က ရှုမြင် လိုက်တဲ့အခါ ဒီသင်္ခါရတရားတွေမှာ ဖြစ်ခြင်း-ပျက်ခြင်းဆိုတဲ့ သဘောနှစ်မျိုး ဖြင့် ပိုင်းခြားထားအပ်တဲ့ သဘောကိုလည်း ဒီဝိပဿနာဉာဏ်က သိပြီးဖြစ်နေ တယ်။ ဒါကြောင့် - သင်္ခါရတရားတွေရဲ့ ရှေးကမရှိ၊ ယခုမှရုတ်ခြည်း ဖြစ်ပေါ် လာ၍ အရှည်မတည် ချက်တစ်ဖြုတ် ပျက်စီးချုပ်ပျောက်ခြင်းကို ဝိပဿနာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တဲ့ အတွက် ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ အနိစ္စလက္ခဏာ အနိစ္စဉာဏ် အမြင်ဟာ ထင်ရှားလာကြောင်းကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွား တော်မူခြင်း ဖြစ်တယ်။

ဒီနေရာမှာ - ဖြစ်ပြီးတာနှင့် ချုပ်ပျက်သွားခြင်းဆိုတာ ဖြစ်ပြီးရှိပြီးတဲ့ နောက် မရှိခြင်းသဘောပဲ။ သင်္ခါရတရားတွေဟာ ဖြစ်ပြီးတဲ့နောက်မှာသာ မရှိတာလားလို့တော့ မေးစရာ ရှိတယ်။ ဖြစ်ပြီးတဲ့နောက်မှာသာ မရှိတာ မဟုတ်ဘူး၊ မဖြစ်ခင်ရှေးမဆွကလည်း မရှိပါဘူး။ မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီး တဲ့နောက်လည်း မရှိခြင်း ဆိုတဲ့ မရှိခြင်းနှစ်မျိုးတို့ရဲ့ အလယ်မှာသာ ဥပါဒ်-ဌီ-ဘင် (= ဖြစ်-တည်-ပျက်) သဘာဝအနေအထားနှင့် ခဏခေတ္တ အခိုက် အတန့်ကလေးသာ ထင်ရှားဖြစ်လာတဲ့ သဘာဝတရားတွေသာ ဖြစ်ကြတယ်။

ဒီနေရာမှာ ခဏခေတ္တ အခိုက်အတန့်ကလေးဆိုတာက - ရုပ်တရားတွေ ဟာ လက်ဖျစ်တစ်တွက် (= တစ်စက္ကန့်)လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလကို အပုံပေါင်း ကုဋေ ၅၀၀၀-ကျော်လောက်ပုံလျှင် တစ်ပုံလောက်သာ သက်တမ်း ရှိကြတယ်။ နာမ်တရားတွေဟာလည်း လက်ဖျစ်တစ်တွက် တစ်စက္ကန့်ဆိုတဲ့ အချိန်ကာလကို ကုဋေ တစ်သိန်းခန့် ပုံလျှင် တစ်ပုံလောက်သာ သက်တမ်း ရှိကြတယ်။ သင်္ခါရတရားတွေဟာ ဒီလောက်တိုတောင်းတဲ့ အချိန်ကာလ သက်တမ်းအတွင်းမှာပဲ ဥပါဒ်-ဌီ-ဘင်ဆိုတဲ့ အခိုက်အတန့်ကလေး အနေ အားဖြင့်သာ ထင်ရှားလာတဲ့ သဘာဝတရားတွေ ဖြစ်ကြတယ်။

သင်္ခါရတရားတွေဟာ မဖြစ်မီ ရှေးအဖို့ကလည်း ကင်းဆိတ်ခြင်း, ဖြစ်ပြီး နောက်အဖို့လည်း ကင်းဆိတ်ခြင်းဆိုတာ မဖြစ်မီရှေးအဖို့၌လည်း မရှိခြင်း ဖြစ်ပြီးနောက်အဖို့၌လည်း မရှိခြင်းကိုပဲ ဆိုလိုပါတယ်။ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ ဥဒယဗ္ဗယာနုပဿနာဉာဏ်က - ဒီသင်္ခါရတရားတွေရဲ့ မဖြစ်မီရှေးအဖို့ဟူ သော အတိတ်, ချုပ်ပြီးနောက်အဖို့ဟူသော အနာဂတ် - ဒီအတိတ် အနာဂတ် အဖို့အစု နှစ်မျိုးလုံးတို့မှာ ကင်းဆိတ်နေတဲ့သဘော-မရှိတဲ့သဘော-သုည ဖြစ်နေတဲ့သဘောကို မြင်အောင် ရှုရပါတယ်။

ရှုလို့မြင်ခဲ့လျှင် ဒီသင်္ခါရတရားတွေမှာ ဥပါဒ်-ဌီ-ဘင်ဆိုတဲ့ ခဏသုံးပါး အပေါင်းရဲ့ ရှေ့မှာရော နောက်မှာရော မရှိခြင်း-ကင်းဆိတ်ခြင်း-သုညဖြစ်နေ ခြင်းဆိုတဲ့ သဘာဝကို ထိုးထွင်း သိမြင်နေတဲ့အတွက်ကြောင့် ဒီ သင်္ခါရတရား တွေရဲ့ အစနှင့် အဆုံးကိုလည်း ထိုးထွင်းသိပြီး ဖြစ်သွားတယ်။ ဒါကြောင့် ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ အနိစ္စလက္ခဏာဟာ ထင်ရှားလာခြင်း ဖြစ်တယ်။

---

ဒုက္ခလက္ခဏာ ထင်ရှားလာပုံ

ဒုက္ခလက္ခဏာ ထင်ရှားလာပုံအပိုင်းကိုလည်း ဆက်လက်ပြီး နာကြား ကြည့်ကြရအောင် ...။

ဒုက္ခလက္ခဏမ္ပိ ပါကဋံ ဟောတိ ဥဒယဗ္ဗယေဟိ ပဋိပီဠနာဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ခဏတော = ခဏအားဖြင့်။ ဥဒယဗ္ဗယဒဿနေန = အကြောင်းတရား နှင့် တကွသော ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း-ပျက်ခြင်း ဥဒယဗ္ဗယကို ဝိပဿနာ ဉာဏ်ဖြင့် ရှုမြင်ခြင်းဖြင့်။ ဒုက္ခလက္ခဏမ္ပိ = ဒုက္ခလက္ခဏာသည်လည်း။ ပါကဋံ = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့် နည်းဟူမူကား။ ဥဒယဗ္ဗယေဟိ = ဖြစ်ခြင်း-ပျက်ခြင်း ဥဒယဗ္ဗယသဘော တို့သည်။ ပဋိပီဠနာဝဗောဓတော = အဖန်တလဲလဲ နှိပ်စက်အပ်သည်၏ အဖြစ်ကို ထိုးထွင်း၍ သိမြင်ခြင်းကြောင့်တည်း။

ဒီသင်္ခါရတရားတွေဟာ ဖြစ်လာကြပြီဆိုလျှင် ဖြစ်ပြီးတာနှင့် အိုခြင်း ဇရာ တရားက နှိပ်စက်ပြန်တယ်။ပျက်ခြင်း (= သေခြင်း = မရဏ)တရားကလည်း နှိပ်စက်ပြန်တယ်။ သင်္ခါရတရားတွေရဲ့ ဖြစ်ခြင်း-ပျက်ခြင်း ဥဒယဗ္ဗယကို ရှုနေ တဲ့ ဝိပဿနာဉာဏ်က ဒီလို ဒီသင်္ခါရတရားတွေမှာ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့ ပဋိပီဠနဋ္ဌ ဒုက္ခ သဘာဝကို ကောင်းကောင်းကြီး သိနေတယ် မြင်နေတယ်၊ ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်းကြီး သိမြင်နေတယ်။ ဒီလို ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့ ဒုက္ခသဘာဝကို ထိုးထွင်းသိမြင် နေတဲ့အတွက် ဒီယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ဒုက္ခလက္ခဏာဟာ ထင်ရှားလာခြင်း ဖြစ်ပါတယ်။

---

သဘာဝလက္ခဏာ ထင်ရှားလာပုံ

နောက်တစ်ခုကတော့ သဘာဝလက္ခဏာ ထင်ရှားလာပုံအပိုင်း ဖြစ်ပါ တယ်။ အဋ္ဌကထာက ဒီအပိုင်းကို ဘယ်လို ဖွင့်ဆိုထားသလဲ? --

သဘာဝလက္ခဏမ္ပိ ပါကဋံ ဟောတိ ဥဒယဗ္ဗယပရိစ္ဆိန္နာဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ခဏတော ဥဒယဗ္ဗယဒဿနေန = ခဏအားဖြင့် ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်း ဥဒယဗ္ဗယကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်းဖြင့်။ သဘာဝလက္ခဏမ္ပိ = ပရမတ္ထဓမ္မတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာသည်လည်း။ ပါကဋံ = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့် နည်းဟူမူကား။ ဥဒယဗ္ဗယပရိစ္ဆိန္နာဝဗောဓတော = သင်္ခါရတရားတို့၌ ဖြစ်ခြင်း-ပျက်ခြင်း (= ဥဒယဗ္ဗယ)ဖြင့် ပိုင်းခြားအပ်သည်၏အဖြစ်ကို ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကြောင့် တည်း။

သင်္ခါရတရားတွေရဲ့ ခဏအားဖြင့် ဖြစ်မှုပျက်မှု ဥဒယ-ဝယသဘောကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လိုက် တဲ့အတွက် သင်္ခါရတရားတွေရဲ့ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာသာ ယောဂီ ပုဂ္ဂိုလ်ရဲ့ ဉာဏ်ထဲမှာ ထင်ရှားတာ မဟုတ်သေးဘူး။ ပရမတ္ထဓမ္မ အသီးအသီး ရဲ့ ကိုယ်ပိုင်သဘာဝလက္ခဏာဟာလည်း ထင်ရှားလာပါတယ်။ ဘာကြောင့် လဲ? သင်္ခါရတရားတွေမှာ ဖြစ်ခြင်း-ပျက်ခြင်း (= ဥဒယ-ဝယ)ဖြင့် ပိုင်းခြား ထားအပ်တဲ့သဘောကို ဝိပဿနာဉာဏ်က ထွင်းဖောက်သိမြင်နေတဲ့အတွက် ကြောင့် ဖြစ်တယ်။

ဒီနေရာမှာ မဟာဋီကာဆရာတော်က - ပါဂဘာဝဝိဒ္ဓံသာဘာဝါဝစ္ဆိန္နံ -ဆိုတဲ့ စကားလုံးနှင့် ရှင်းပြထားပါတယ်။ ပါဂဘာဝ-ဆိုတာက မဖြစ်ခင်က မရှိခြင်းကို ဆိုလိုတယ်။ ဝိဒ္ဓံသာဘာဝ-က ချုပ်ပြီးနောက် (= ဖြစ်ပြီးနောက်) မရှိခြင်းကို ဆိုလိုတယ်။ သင်္ခါရတရားတွေမှာ မဖြစ်မီ ရှေးမဆွက မရှိသေးခြင်း, ဖြစ်ပြီးနောက် (= ပျက်ခြင်း ဘင်ကာလ၏နောက်) ၌ မရှိခြင်း-ဆိုတဲ့ ဒီမရှိခြင်း နှစ်မျိုးတို့ဖြင့် ပိုင်းခြားထားအပ်တဲ့အတွက် ဒီရှေ့နောက်နှစ်ရပ်မရှိခြင်း နှစ်မျိုး တို့ရဲ့ အကြားမှာပဲ ဥပါဒ်-ဌီ-ဘင်အားဖြင့် ယာယီခေတ္တခဏအားဖြင့် ထင်ရှား လာကြတယ်။ အဲဒီလို ထင်ရှားနေတဲ့ အခိုက်အတန့်ကလေးမှာပဲ - ဒါက ပထဝီဓာတ်, ဒါက အာပေါဓာတ်, ဒါက ဖဿ, ဒါက ဝေဒနာ စသည်ဖြင့် ယောဂီပုဂ္ဂိုလ်က ခွဲခြားပြီး ကွဲကွဲပြားပြား သိနိုင်တယ်။ ဘာကြောင့်လဲ? အဲဒီ မရှိခြင်းနှစ်မျိုးတို့ရဲ့ အလယ်ဆိုတဲ့ အချိန်ကာလအတွင်းမှာပဲ ပထဝီဓာတ်ရဲ့ မာမှုသဘော, အာပေါဓာတ်ရဲ့ ယိုစီးမှုသဘော, ဖဿရဲ့ အာရုံကို တွေ့ထိမှု သဘော, ဝေဒနာရဲ့ အာရုံရဲ့အရသာကို ခံစားမှုသဘော စတဲ့ ပရမတ္ထဓမ္မ တို့ရဲ့ ကိုယ်ပိုင်သဘာဝလက္ခဏာက ထင်ရှားနေတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒီလို ကိုယ်ပိုင်သဘာဝလက္ခဏာတွေက ထင်ရှားနေတဲ့အတွက်ကြောင့်လည်း ယောဂီပုဂ္ဂိုလ်က - ဒါက ပထဝီဓာတ်, ဒါက အာပေါဓာတ်, ဒါက ဖဿ, ဒါက ဝေဒနာ - စသည်ဖြင့် ဒီလို ကွဲကွဲပြားပြား သိရှိခွင့်ကို ရရှိခြင်း ဖြစ်ပါ တယ်။

---

သင်္ခတလက္ခဏာ ထင်ရှားလာပုံ

နောက်တစ်ခုကတော့ သင်္ခတလက္ခဏာ ထင်ရှားလာပုံအပိုင်းဖြစ်ပါတယ်။

သဘာဝလက္ခဏေ သင်္ခတလက္ခဏဿ တာဝကာလိကတ္တမ္ပိ ပါကဋံ ဟောတိ ဥဒယက္ခဏေ ဝယဿ, ဝယက္ခဏေ စ ဥဒယဿ အဘာဝါဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

သဘာဝလက္ခဏေ = သင်္ခါရတရားတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ သည်။ ပါကဋေ = ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာလတ် သော်။ သင်္ခတလက္ခဏဿ = သင်္ခတလက္ခဏာ၏။ တာဝကာလိကတ္တမ္ပိ = တာဝကာလိက (= အခိုက်အတန့်မျှ = တိုတောင်းသောကာလ)ရှိသည်၏ အဖြစ်သည်လည်း။ ပါကဋံ = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏။ ကသ္မာ = အဘယ်ကြောင့်နည်း ဟူမူကား။ ဥဒယက္ခဏေ = ဖြစ်ဆဲ ဥဒယခဏ၌။ ဝယဿ = ပျက်ခြင်း ဝယ၏။ ဝယက္ခဏေ စ = ပျက်ခြင်း ဝယခဏ၌လည်း။ ဥဒယဿ = ဖြစ်ခြင်း ဥဒယ၏။ အဘာဝါဝဗောဓတော = မရှိသည်၏ အဖြစ်ကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း။

ပရမတ္ထဓမ္မတို့ရဲ့ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာဟာ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်မှာ ထင်ရှားလာတဲ့အခါ သင်္ခတလက္ခဏာရဲ့ ဥပါဒ်-ဌီ-ဘင်ဆိုတဲ့ အလွန်တိုတောင်းတဲ့ ကာလရှိနေတဲ့ တာဝကာလိက သဘောကလည်း ယောဂီရဲ့ ဝိပဿနာဉာဏ်မှာ ထင်ရှားလာတယ်။ ဘာကြောင့်လဲ? ဖြစ်ဆဲ (= ဥဒယ = ဥပါဒ်)ခဏမှာ ပျက်ခြင်း (= ဝယ)ဆိုတဲ့ ဘင်သဘောတရားဟာလည်း ထင်ရှားမရှိဘူး၊ ပျက်ဆဲ (= ဝယ = ဘင်)ခဏမှာလည်း ဖြစ်ခြင်း (= ဥဒယ)ဆိုတဲ့ သဘောတရားဟာလည်း ထင်ရှားမရှိဘူး၊ ဒီလို ဥဒယအခိုက်၌ ဝယမရှိမှုသဘော, ဝယအခိုက်၌လည်း ဥဒယမရှိမှုသဘောကို ယောဂီပုဂ္ဂိုလ်က ဝိပဿနာဉာဏ်နှင့် ထိုးထွင်းသိမြင်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

သင်္ခတတရားတိုင်းမှာ ဥပါဒ်-ဌီ-ဘင်ဆိုတဲ့ ခဏငယ်သုံးပါးစီ အသီးအသီး ရှိပါတယ်။ ဒါကြောင့် ဥပါဒ်-ဌီ-ဘင်ဆိုတဲ့ ခဏသုံးပါးရှိတဲ့ တရားမှန်သမျှဟာ သင်္ခတတရားချည်းဖြစ်ပါတယ်။ ဒီ ဥပါဒ်-ဌီ-ဘင်ဆိုတဲ့ ခဏသုံးပါးအပေါင်းဟာ သင်္ခတတရားလို့ သိလောက်တဲ့ အမှတ်အသားလက္ခဏာ ဖြစ်ပါတယ်။ သင်္ခတလက္ခဏာလို့ခေါ်ပါတယ်။

ဒီသင်္ခတတရား (= သင်္ခါရတရား)တို့ရဲ့ ခဏအားဖြင့် ဖြစ်မှု-ပျက်မှုကို ယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က ရှုမြင်လိုက်တဲ့အခါ ဥပါဒ်-ဌီ-ဘင်ဆိုတဲ့ သင်္ခတလက္ခဏာရဲ့ ဥပါဒ်ခဏ-ဌီခဏ-ဘင်ခဏဆိုတဲ့ အလွန်တိုတောင်းတဲ့ ကာလရှိတဲ့ သဘောဟာ ယောဂီရဲ့ ဝိပဿနာဉာဏ်မှာ ထင်ရှားလာပါတယ်။ ဘာကြောင့်လဲ? ဥပါဒ်-ဌီ-ဘင် - ဆိုတဲ့ သင်္ခတတရားတို့ရဲ့ အမှတ်အသားလက္ခဏာ (၃)ခုဟာ -- ဥပါဒ်ခဏကလည်း ဌီခဏသို့တိုင်အောင်, ဌီခဏကလည်း ဘင်ခဏသို့တိုင်အောင်, ဘင်ခဏကလည်း အသစ်အသစ် ဖြစ်လာတဲ့ အခြားသင်္ခတတရားရဲ့ ဥပါဒ်ခဏသို့တိုင်အောင် - မတည်တံ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဖြစ်ခြင်း (= ဥပါဒ် = ဥဒယ)ခဏမှာ ပျက်ခြင်း ဘင်သဘော (= ဝယသဘော)ရဲ့ မရှိမှုသဘောနှင့် ပျက်ခြင်း (= ဘင် = ဝယ)ခဏ၌လည်း ဖြစ်ခြင်း (= ဥပါဒ် = ဥဒယ)ခဏရဲ့ မရှိမှုသဘောတို့ကို ယောဂီရဲ့ ဝိပဿနာဉာဏ်က ထိုးထွင်းသိနေတဲ့အတွက်ကြောင့် အဲဒီယောဂီရဲ့ ဝိပဿနာဉာဏ်မှာ သင်္ခတတရားတို့ရဲ့ သင်္ခတလက္ခဏာဟာ အလွန်တိုတောင်းသော သက်တမ်းကာလ ရှိတဲ့အကြောင်းကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားခြင်း ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ -- ဒီ ဥဒယဗ္ဗယဉာဏ်ပိုင်းမှာ ဥဒယနှင့် ဝယ (=ဖြစ်မှုနှင့် ပျက်မှု)ကိုသာ ဖော်ပြထားခြင်း ဖွင့်ဆိုထားခြင်းဟာ သင်္ခါရတရားတို့မှာ ဌီခဏ မရှိလို့လားလို့ - ဒီလို မေးစရာ ရှိတယ်။သင်္ခတတရား = သင်္ခါရတရားတွေမှာ ဌီခဏ မရှိလို့တော့ မဟုတ်ပါဘူး၊ ဌီခဏ ရှိပါတယ်။ ဒါပေမဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ ဥဒယဗ္ဗယာနုပဿနာဉာဏ်က သင်္ခါရတရားတို့ရဲ့ ဖြစ်မှုနှင့် ပျက်မှုကိုသာ အာရုံပြုနေတဲ့အတွက် ဥဒယဗ္ဗယဉာဏ်ဟာလည်း ဒီယောဂီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သင်္ခတတရားတို့ရဲ့ ဖြစ်မှု-ပျက်မှုကို ရှုမြင်တတ်တဲ့ ဉာဏ်အဖြစ်ဖြင့်သာ ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ဌီကာလကို မပြောဆိုခြင်း ဖြစ်ပါတယ်။ ဥပါဒ်ခဏနှင့် ဘင်ခဏကိုသာ ယူပြီး ဥဒယဗ္ဗယဉာဏ်ဟု ဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်။

ခုပြောခဲ့တာတွေကတော့ ယောဂါဝစရပုဂ္ဂိုလ်က ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ရောက်တဲ့အခါမှာ --

၁။ ခဏတော ဥဒယဗ္ဗယဒဿန = ခဏအားဖြင့် ခန္ဓာငါးပါးတို့ရဲ့ ဖြစ်မှု-ပျက်မှုကို ရှုခြင်း၊

၂။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ခန္ဓာငါးပါးတို့ရဲ့ ဖြစ်မှု-ပျက်မှုကို ရှုခြင်း --

ဆိုတဲ့ နှစ်မျိုးသော အခြင်းအရာအားဖြင့် သင်္ခါရတရားတို့ရဲ့ ဥဒယနှင့် ဝယ (= ဖြစ်မှုနှင့် ပျက်မှု) ကို ရှုနိုင်တဲ့အတွက် ဒီ ဥဒယဗ္ဗယဉာဏ်ပိုင်းမှာ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ --

၁။ သစ္စာလေးပါး ထင်ရှားလာပုံ

၂။ ပဋိစ္စသမုပ္ပါဒ်သဘောတရား ထင်ရှားလာပုံ

၃။ နည်းလေးပါး ထင်ရှားလာပုံ

၄။ လက္ခဏာငါးပါး ထင်ရှားလာပုံ --

ဆိုတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ခုပြောခဲ့တဲ့ သစ္စာလေးပါးစတဲ့ တရားတွေဟာ - သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ-ဆိုတဲ့ သမ္မာဒိဋ္ဌိဦးဆောင်တဲ့ လောကီမဂ္ဂင်တရားတွေနှင့် ထိုးထွင်းသိမြင်လိုက်တဲ့ လောကီသစ္စာတရားတွေသာ ဖြစ်ကြပါတယ်။ ဒီဥဒယဗ္ဗယဉာဏ်ကို တရုဏဝိပဿနာဉာဏ်လို့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက (ဝိသုဒ္ဓိ၊၂၊၂၆၉။) ခေါ်ဝေါ်သုံးစွဲထားပါတယ်။ ဒီတရုဏဝိပဿနာဉာဏ်ကို ရရှိတဲ့ သူတော်ကောင်းကိုလည်း အာရဒ္ဓဝိပဿကပုဂ္ဂိုလ် (အားထုတ်အပ်သော ဝိပဿနာရှိတဲ့ ပုဂ္ဂိုလ်) လို့ ခေါ်ဝေါ်သုံးစွဲထားပါတယ်။

ဒီအပိုင်းမှာ အနတ္တလက္ခဏသုတ္တန်မှာ လာရှိတဲ့ ဝိပဿနာရှုကွက်ကို ထည့်သွင်းပြီး ပြောကြားလိုပါတယ်။

အနတ္တလက္ခဏသုတ္တန်မှာလာရှိတဲ့ ဝိပဿနာရှုကွက်


ပဉ္စဝဂ္ဂီ-ရဟန်းတော်တို့ကို ဘုရားရှင်က ဓမ္မစကြာ ဒေသနာတော်ဖြင့် အရိယသစ္စာလေးပါးကို သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်တဲ့ အဆင့်အထိ ချေချွတ်တော်မူပြီးတဲ့နောက် ဝါဆိုလပြည့်ကျော် ငါးရက်နေ့ အရောက်မှာ အနတ္တလက္ခဏသုတ္တန် ဒေသနာတော်ကို ဟောကြားပေးတော်မူလျက် အရဟတ္တဖိုလ်ပေါက် ချေချွတ်ပေးတော်မူပါတယ်။ အဲဒီအနတ္တလက္ခဏသုတ္တန်ကို နာကြားနေတဲ့ ပဉ္စဝဂ္ဂီ ရဟန်းတော်တွေဟာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီးကြပြီဆိုတဲ့ အချက်ကိုတော့ အထူးဂရုပြုပြီး မှတ်သားထားပါ။ နည်းနည်းထပ်ရှင်းဦးမယ် --

၁။ ဒီပဉ္စဝဂ္ဂီရဟန်းတော်တို့ဟာ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက(အကြမ်း) သုခုမ(အနု) ဟီန(အယုတ်) ပဏီတ(အမြတ်) ဒူရ (အဝေး) သန္တိက(အနီး) - ဆိုတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကိုလည်း ဝိပဿနာဉာဏ် သောတာပတ္တိမဂ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိပြီး ဖြစ်ကြတယ်။

၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - ဆိုတဲ့ ဒုက္ခသစ္စာတရားစု၏ အကြောင်းရင်းဖြစ်တဲ့ သမုဒယသစ္စာတရားကိုလည်း ဝိပဿနာဉာဏ် သောတာပတ္တိမဂ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိပြီး ဖြစ်ကြတယ်။

၃။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ထင်ရှားဖြစ်ပုံဆိုတဲ့ အနုလောမ ပဋိစ္စသမုပ္ပါဒ်တရားကိုလည်း ဝိပဿနာဉာဏ် သောတာပတ္တိမဂ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိပြီး ဖြစ်ကြတယ်။

၄။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - ဆိုတဲ့ အကြောင်းတရားတွေဟာ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓသဘောလို့ခေါ်တဲ့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတဲ့အတွက် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး အနုပ္ပါဒနိရောဓသဘောလို့ခေါ်တဲ့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဆိုတဲ့ နိရောဓသစ္စာတရား (= ပဋိလောမ ပဋိစ္စသမုပ္ပါဒ်သဘောတရား)ကိုလည်း ဝိပဿနာဉာဏ် သောတာပတ္တိမဂ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိပြီး ဖြစ်ကြတယ်။

၅။ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ နိရောဓသစ္စာတရားကိုလည်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိပြီး ဖြစ်ကြတယ်။

၆။ သမ္မာဒိဋ္ဌိ အစ သမ္မာသမာဓိ အဆုံးရှိတဲ့ လောကီမဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားကိုလည်း လောကီဝိပဿနာဉာဏ်နှင့် ထိုးထွင်းသိပြီး ဖြစ်ကြတယ်။

၇။ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို ထိုးထွင်းသိနေတဲ့ သမ္မာဒိဋ္ဌိ အစ သမ္မာသမာဓိ အဆုံးရှိတဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကိုလည်း သောတာပတ္တိမဂ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်တို့ဖြင့် ထိုးထွင်းသိပြီး ဖြစ်ကြတယ်။

ဒီအချက် (၇)ချက်ကိုတော့ အထူးဂရုပြုပြီး မှတ်သားထားပါ။ ဒီနေရာမှာ သောတာပတ္တိမဂ်ဉာဏ်က သစ္စာလေးပါးကို သိတယ်ဆိုတဲ့အချက်နှင့် ပတ်သက်လို့ သိပုံကို ထပ်ပြီး ရှင်းပြဦးမယ်။ --

သောတာပတ္တိမဂ်ဉာဏ်က အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန် ဆိုတဲ့ လောကုတ္တရာ နိရောဓသစ္စာ တရားတော်မြတ်ကြီးကို အာရမ္မဏပဋိဝေဓ-သဘောအားဖြင့် တိုက်ရိုက်အာရုံမျက်မှောက်ပြုပြီး ထိုးထွင်းသိပါတယ်။ ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာဆိုတဲ့ ကျန်သစ္စာ (၃)ပါးကိုတော့ အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ထိုးထွင်းသိပါတယ်။ အသမ္မောဟပဋိဝေဓဆိုတာက -- အဲဒီသစ္စာသုံးပါးကို တစ်နည်းပြောရလျှင်တော့ သစ္စာလေးပါးလုံးကို မသိအောင်ဖုံးလွှမ်းထားတဲ့ မောဟကို သောတာပတ္တိမဂ်ဉာဏ်က အသင်္ခတဓာတ် နိဗ္ဗာန်ကို အာရုံပြုတဲ့အခါမှာ အကြွင်းမဲ့ ပယ်သတ်လိုက်ပါတယ်။ သစ္စာလေးပါးကို မသိမှု (= မောဟ)ကင်းပျောက်သွားတဲ့အတွက် သိမှုဟာ အလိုလို ကိစ္စပြီးသွားတယ်။ ဒီလိုကိစ္စပြီးခြင်းကို ကိစ္စသိဒ္ဓိအားဖြင့် သစ္စာလေးပါးကို ထိုးထွင်းသိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သောတာပတ္တိမဂ်ဉာဏ်က ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာတို့ကို အသမ္မောဟပဋိဝေဓ သဘောအားဖြင့် သိတယ်။ လောကုတ္တရာ နိရောဓသစ္စာ တရားတော်မြတ်ကြီးကို အာရမ္မဏပဋိဝေဓ သဘောအားဖြင့် တိုက်ရိုက်မျက်မှောက် အာရုံပြုပြီး သိတယ်လို့ မှတ်ပါ။

ပဉ္စဝဂ္ဂီ ငါးဦးတို့အကြောင်းကို ဆက်ပြောကြရအောင်။ ဝါဆိုလပြည့်ကျော် ငါးရက်နေ့ ရောက်တဲ့အခါ အရဟတ္တဖိုလ် ရနိုင်လောက်အောင် ပါရမီမျိုးစေ့တွေက ရင့်ကျက်လာပြီလို့ ဘုရားရှင်က သိတော်မူတဲ့အတွက် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်ကို ဟောကြားပေးတော်မူပါတယ်။ အဲဒီအနတ္တလက္ခဏသုတ္တန်မှာလာရှိတဲ့ ဝိပဿနာရှုကွက်ကို ကွက်ပြီးတော့ နာကြားကြည့်ကြရအောင် ...။

ဘုရားရှင်က ပဉ္စဝဂ္ဂီရဟန်းတော်တို့ကို ခန္ဓာငါးပါးဟာ အနတ္တဖြစ်ကြောင်း သဘောပေါက်အောင် ရှင်းပြပြီးတဲ့အခါ ဘုရားရှင်က ဆက်လက်ပြီး မေးခွန်းတွေကို မေးမြန်းတော်မူပါတယ်။ ပဉ္စဝဂ္ဂီရဟန်းတော်တို့ကလည်း အဖြေပေးတော်မူကြပါတယ်။

ဘုရားရှင်က - ရုပ်သည် နိစ္စလား အနိစ္စလားလို့ မေးတော်မူပါတယ်။ ပဉ္စဝဂ္ဂီရဟန်းတော်တို့ကလည်း အနိစ္စဖြစ်ကြောင်းကို တင်ပြလျှောက်ထားကြတယ်။

နောက်ထပ် ဘုရားရှင်က အနိစ္စဖြစ်တဲ့ အဲဒီရုပ်ဟာ ဒုက္ခလား သုခလားလို့ မေးတော်မူပါတယ်။ ပဉ္စဝဂ္ဂီရဟန်းတော်တို့ကလည်း ဒုက္ခဖြစ်ကြောင်းကို တင်ပြလျှောက်ထားကြတယ်။

နောက်ထပ် ဘုရားရှင်က - အနိစ္စဖြစ်တဲ့ ဒုက္ခဖြစ်တဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မဖြစ်တဲ့ အဲဒီရုပ်ကို ငါပဲ, ငါ့ဟာပဲ, ငါရဲ့အတ္တပဲလို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ဖို့ သင့်ပါ့မလားလို့ မေးတော်မူပြန်တယ်။ ပဉ္စဝဂ္ဂီရဟန်းတော်တို့ကလည်း ဒီလိုစွဲလမ်းထင်မြင် ရှုဆင်ခြင်ဖို့ မသင့်ပါကြောင်းကို တင်ပြလျှောက်ထားကြတယ်။ ကျန်နာမ်ခန္ဓာလေးပါးကိုလည်း တစ်ပါးစီခွဲပြီး အသီးအသီး ပုံစံတူပဲ ဘုရားရှင်က မေးတော်မူပါတယ်။ ပဉ္စဝဂ္ဂီရဟန်းတော်တို့ကလည်း ပုံစံတူပဲ အဖြေပေးတော်မူကြပါတယ်။ အဲဒီလို အမေး-အဖြေ ပြုလုပ်ပြီးတဲ့အခါမှာ ဘုရားရှင်က ဝိပဿနာရှုကွက်ကို ဒီလို သင်ပေးတော်မူပါတယ်။

တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၅၆။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တသ္မာ = ထိုသို့ ခန္ဓာငါးပါးတို့၏ အနိစ္စ ဒုက္ခ အနတ္တသာ ဖြစ်ခြင်းကြောင့်။ ဣဟ = ဤသာသနာတော်မြတ်အတွင်း၌။ တုမှေ = သင်တို့သည်။ အတီတာနာဂတပစ္စုပ္ပန္နံ = အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသောရုပ်သည်လည်းကောင်း။ အဇ္ဈတ္တံ ဝါ = မိမိ၏ကိုယ်တွင်း အဇ္ဈတ္တမူလည်းဖြစ်သော။ ဗဟိဒ္ဓါ ဝါ = ပြင်ပ ဗဟိဒ္ဓမူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသောရုပ်သည်လည်းကောင်း။ ဩဠာရိကံ ဝါ = ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကမူလည်း ဖြစ်သော။ သုခုမံ ဝါ = သိမ်မွေ့နူးညံ့သော သုခုမမူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသောရုပ်သည်လည်းကောင်း။ ဟီနံ ဝါ = ယုတ်ညံ့သည်မူလည်း ဖြစ်သော။ ပဏီတံ ဝါ = မွန်မြတ်သည်မူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသောရုပ်သည်လည်းကောင်း။ ဒူရေ ဝါ = ဝေးသည်မူလည်းဖြစ်သော။ သန္တိကေ ဝါ = နီးသည်မူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသောရုပ်သည်လည်းကောင်း။ အတ္ထိ = ရှိ၏။ ဧတံ သဗ္ဗံ ရူပံ = ဤအလုံးစုံသောရုပ်တရားကို --

၁။ ဧတံ = ဤရုပ်တရားသည်ကား။ န မမ = ငါ၏ရုပ်တရား မဟုတ်။

၂။ ဧသော = ဤရုပ်တရားသည်ကား။ န အဟမသ္မိ = ငါ မဟုတ်။

၃။ ဧသော = ဤရုပ်တရားသည်ကား။ မေ = ငါ၏။ န အတ္တာ = အတ္တ မဟုတ်။

ဣတိ ဧဝံ = ဤသို့လျှင်။ ယထာဘူတံ = မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။ သမ္မပ္ပညာယ = ကောင်းမွန်မှန်ကန်စွာ သိသော ဝိပဿနာပညာ မဂ်ပညာဖြင့်။ ဒဋ္ဌဗ္ဗံ = ရှုပွားသုံးသပ်အပ်၏။

နာမ်ခန္ဓာ (၄)ပါးကိုလည်း ပုံစံတူပဲ ဆက်လက် ဟောကြားထားတော်မူပါတယ်။

ဒီနေရာမှာ ဘုရားရှင်က ပဉ္စဝဂ္ဂီရဟန်းတော်တို့ကို --

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက - ခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရားအားလုံးကို

၂။ (၁၁)မျိုးသောအခြင်းအရာအားဖြင့် တည်နေတဲ့ ဝေဒနာတရားအားလုံးကို

၃။ အလားတူ သညာတရားအားလုံးကို

၄။ စေတသိက်သင်္ခါရတရားအားလုံးကို

၅။ အသိစိတ်ဝိညာဏ်တရားအားလုံးကို --

နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ = ငါ့ဟာ မဟုတ်, ငါ မဟုတ်, ငါရဲ့အတ္တ မဟုတ်လို့ ရှုပါဟု ဝိပဿနာရှုကွက်ကို သင်ပေးတော်မူပါတယ်။

နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ သမနုပဿာမီတိ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမနုပဿာမိ။ (မ၊ဋ္ဌ၊၄၊၂၃၂။)

ငါ့ဟာ မဟုတ်၊ ငါ မဟုတ်၊ ငါရဲ့အတ္တ မဟုတ်လို့ ရှုပါဆိုတာ အနိစ္စလို့ ရှုပါ၊ ဒုက္ခလို့ ရှုပါ၊ အနတ္တလို့ ရှုပါ ဆိုတာနှင့် အတူတူ ဖြစ်ကြောင်းကို ဆန္နောဝါဒသုတ္တန်အဋ္ဌကထာက ရှင်းလင်းတင်ပြထားပါတယ်။

နာမ်ခန္ဓာ (၄)ပါးကိုလည်း ပုံစံတူပဲ ဝိပဿနာ ရှုပွားရန် ဘုရားရှင်က ဆက်လက်ပြီး ညွှန်ကြားပေးတော်မူပါတယ်။ ပဉ္စဝဂ္ဂီရဟန်းတော်တို့ကလည်း ဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း တရားနာယူရင်းနှင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူနိုင်ကြတဲ့အတွက် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်နိဂုံး ပြီးဆုံးလတ်သောအခါ အရဟတ္တဖိုလ်၌ တည်သွားတော်မူကြပါတယ်။

သို့သော် ဒီနေရာမှာ တရားနာပရိသတ်တွေဘက်က ထင်မြင်ယူဆကောင်း ထင်မြင်ယူဆနိုင်တဲ့ အချက်တစ်ခုတော့ ရှိပါတယ်။ ပဉ္စဝဂ္ဂီရဟန်းတော်တို့ဟာ သောတာပန်ဖြစ်တော်မူပြီးပါမှ အတိတ် အနာဂတ် ပစ္စုပ္ပန်စတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တော်မူကြတယ်လို့ ထင်မြင်ယူဆကောင်း ယူဆပေလိမ့်မယ်။ ခပ်စောစောက သစ္စာလေးပါးအကြောင်းကို ရှင်းပြခဲ့ပြီးပါပြီ။ ပဉ္စဝဂ္ဂီငါးဦးတို့ဟာ ဓမ္မစကြာဒေသနာတော်နည်းအရ ဒုက္ခသစ္စာ သမုဒယသစ္စာတရားတို့ကို ဝိပဿနာရှုပွားသုံးသပ်တော်မူနိုင်တဲ့အတွက် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူနိုင်ကြခြင်း သစ္စာလေးပါးကို ထိုးထွင်းသိမြင်တော်မူကြခြင်း ဖြစ်ကြပါတယ်။

ဒုက္ခသစ္စာတရားဆိုတာကလည်း ရှေ့ပိုင်းက ရှင်းပြခဲ့တဲ့အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကဆိုတဲ့ (၁၁)မျိုးသောအခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးတို့သာ ဖြစ်ကြပါတယ်။ ပဉ္စဝဂ္ဂီငါးဦးတို့ဟာ ဒီဒုက္ခသစ္စာ အဝင်အပါ ဖြစ်တဲ့ သစ္စာလေးပါးလုံးကို ဝိပဿနာပညာ မဂ်ပညာတို့ဖြင့် ထိုးထွင်းသိမြင်တော်မူကြပြီး ဖြစ်ပါတယ်။ သို့သော် အရဟတ္တဖိုလ်သို့ ရောက်နိုင်လောက်အောင် အသိဉာဏ်တွေက မရင့်ကျက်သေးတဲ့အတွက် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်ကြသေးခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဝိပဿနာဉာဏ်တွေက သို့မဟုတ် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဆိုတဲ့ ဣန္ဒြေငါးပါးတို့က အရဟတ္တဖိုလ်ကို ရနိုင်လောက်အောင် ရင့်ကျက်လာတဲ့အခါ ဘုရားရှင်က အနတ္တလက္ခဏသုတ္တန်ဒေသနာတော် ရှုကွက်တို့ဖြင့် အရဟတ္တဖိုလ်ပေါက် ချေချွတ်ပေးတော်မူခြင်း ဖြစ်ပါတယ်။ ဒီအချက်နှင့် ပတ်သက်ပြီး သံသယ ပိုပြီး ရှင်းသွားအောင် နာမည်ကျော် သစ္စကပရိဗိုဇ်ကြီးနှင့် ဘုရားရှင်တို့ရဲ့ အမေး-အဖြေများကို ဆက်လက်ပြီး နာယူကြည့်ပါ။

တစ်ချိန်မှာ နာမည်ကျော် သစ္စကပရိဗိုဇ်ကြီးက ဘုရားရှင်အား မေးခွန်းတစ်ခုကို မေးမြန်းပါတယ်။ သူ့မေးခွန်းကတော့ ဒီလိုပါ။ --

ကိတ္တာဝတာ စ နု ခေါ ဘောတော ဂေါတမဿ သာဝကော သာသနကရော ဟောတိ ဩဝါဒပတိကရော၊ တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဝိဟရတိ။

အဘယ်မျှလောက်သော အတိုင်းအရှည်ပမာဏအားဖြင့် အသျှင်ဂေါတမရဲ့ တပည့်သာဝက တစ်ဦးဟာ အဆုံးအမကို လိုက်နာသူ ညွှန်ကြားချက်ကို လိုက်နာသူ ဖြစ်ပါသလဲ? ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အပါ်၌ ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်လျက်, သို့လော သို့လော တွေးတောခြင်း ကင်းလျက်, ရဲရင့်ခြင်းဉာဏ်သို့ ရောက်လျက်, သစ္စာလေးပါးကို သိမှုမှာ သူတစ်ပါးတို့အား ကိုးစားယုံကြည်ရန် မလိုတော့ဘဲ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ နေထိုင်နိုင်သူဖြစ်ပါသလဲ? ဒီလို သူက မေးမြန်းလျှောက်ထားတယ်။ ဘယ်လိုသိလို့ မြင်လို့ သောတာပန်ဖြစ်ပါသလဲလို့ မေးလိုရင်းဖြစ်ပါတယ်။ ဒီအခါမှာ ဘုရားရှင်က ဒီလို အဖြေပေးတော်မူလိုက်ပါတယ်။

ဣဓ အဂ္ဂိဝေဿန မမ သာဝကော ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတိ။ (မ၊၁၊၂၉၇။)

အဂ္ဂိဝေဿနအနွယ်၌ဖြစ်သော ဒါယကာတော်ပရိဗိုဇ် ...ဤသာသနာတော်၌ ငါဘုရားရှင်ရဲ့ တပည့်သာဝကဟာ အဇ္ဈတ္တပင်ဖြစ်စေ ဗဟိဒ္ဓပင်ဖြစ်စေ ဩဠာရိကပင်ဖြစ်စေ သုခုမပင်ဖြစ်စေ ဟီနပင်ဖြစ်စေ ပဏီတပင်ဖြစ်စေ ဒူရပင်ဖြစ်စေ သန္တိကပင်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်တဲ့ ရုပ်အားလုံးကို နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ = ဤရုပ်သည် ငါ့ဟာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါရဲ့အတ္တ မဟုတ် = အနိစ္စပဲ ဒုက္ခပဲ အနတ္တပဲလို့ ဒီလို ဟုတ်မှန်တဲ့အတိုင်း ကောင်းမွန်မှန်ကန်စွာ သိတဲ့ ဝိပဿနာပညာ မဂ်ပညာနှင့် ရှုတယ်။ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကိုလည်း ပုံစံတူပဲ ဆက်လက်ဟောကြားထားတော်မူပါတယ်။

ဧတ္တာဝတာ ခေါ အဂ္ဂိဝေဿန မမ သာဝကော သာသနကရော ဟောတိ ဩဝါဒပတိကရော၊ တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဝိဟရတိ။ (မ၊၁၊၂၉၇။)

ဒါယကာတော် အဂ္ဂိဝေဿန ...ဤမျှလောက်သော အတိုင်းအရှည်ပမာဏဖြင့် ငါဘုရားရှင်ရဲ့ တပည့်သာဝကတစ်ဦးဟာ အဆုံးအမကို လိုက်နာသူ ညွှန်ကြားချက်ကို လိုက်နာသူတစ်ဦး ဖြစ်တယ်၊ ယုံမှားခြင်း ဝိစိကိစ္ဆာကို ကျော်လွှားလွန်မြောက်လျက်, သို့လောသို့လော တွေးတောယုံမှားခြင်း ကင်းလျက်, ရဲရင့်ခြင်းဉာဏ်သို့ ရောက်လျက်, သစ္စာလေးပါးကို သိမှုမှာ သူတစ်ပါးတို့အား ကိုးစားယုံကြည်ရန် မလိုတော့ဘဲ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ နေထိုင်နိုင်သူဖြစ်ပါတယ်၊ ဒီလို ဘုရားရှင်က အဖြေပေးတော်မူလိုက်ပါတယ်။ တစ်ခါ သစ္စကပရိဗိုဇ်က ထပ်ပြီး မေးပြန်တယ်။ --

ကိတ္တာဝတာ ပန ဘော ဂေါတမ ဘိက္ခု အရဟံ ဟောတိ ခီဏာသဝေါ ဝုသိတဝါ ကတကရဏီယော ဩဟိတဘာရော အနုပ္ပတ္တသဒတ္ထော ပရိက္ခီဏဘဝသံယောဇနော သမ္မဒညာ ဝိမုတ္တော။ (မ၊၁၊၂၉၇။)

အသျှင်ဂေါတမ ...အဘယ်မျှလောက်သော အတိုင်းအရှည်ပမာဏဖြင့် ရဟန်းတော်တစ်ပါးဟာ အာသဝေါကုန်ပြီးတဲ့, မဂ်အကျင့်ကို ကျင့်သုံးပြီးတဲ့, ပြုဖွယ်မဂ်ကိစ္စကို ပြုကျင့်ပြီးတဲ့, ကိလေသာဝန်ထုပ်ဝန်ပိုးကို ချထားပြီးတဲ့, မိမိရဲ့ အရဟတ္တဖိုလ်အကျိုးစီးပွားသို့ ဆိုက်ရောက်ပြီးတဲ့, ဘဝကို နှောင်ဖွဲ့တတ်တဲ့ သံယောဇဉ်ကုန်ခန်းပြီးတဲ့, အမှန်တရားကို ကောင်းစွာသိ၍ လွတ်မြောက်ပြီးတဲ့ ရဟန္တာ ဖြစ်ပါသလဲ? - ဒီလို ထပ်ပြီး မေးပြန်တယ်။ ဒီအခါမှာလည်း ဘုရားရှင်က ပုံစံတူပဲ အဖြေပေးတော်မူပါတယ်။ --

ဣဓ အဂ္ဂိဝေဿန ဘိက္ခု ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အနုပါဒါ ဝိမုတ္တော ဟောတိ။ (မ၊၁၊၂၉၇-၂၉၈။)

အဂ္ဂိဝေဿနအနွယ်၌ဖြစ်သော ဒါယကာတော်ပရိဗိုဇ် ...ဤသာသနာတော်၌ ရဟန်းတော်တစ်ပါးဟာ အဇ္ဈတ္တပင်ဖြစ်စေ ဗဟိဒ္ဓပင်ဖြစ်စေ ဩဠာရိကပင်ဖြစ်စေ သုခုမပင်ဖြစ်စေ ဟီနပင်ဖြစ်စေ ပဏီတပင်ဖြစ်စေ ဒူရပင်ဖြစ်စေ သန္တိကပင်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်တဲ့ ရုပ်အားလုံးကို ဤရုပ်သည် ငါ့ဟာ မဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါရဲ့အတ္တ မဟုတ် = အနိစ္စပဲ ဒုက္ခပဲ အနတ္တပဲလို့ ဒီလို ဒီရုပ်တရားကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ကောင်းမွန်မှန်ကန်စွာသိတဲ့ ဝိပဿနာပညာ မဂ်ပညာနှင့် ရှုမြင်တဲ့အတွက် ဥပါဒါန်အစွဲအလမ်းမှ လွတ်မြောက်သွားတယ်။ ။ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကိုလည်း ပုံစံတူပဲ ဆက်လက်ပြီး ဟောကြားတော်မူပါတယ်။

ဧတ္တာဝတာ ခေါ အဂ္ဂိဝေဿန ဘိက္ခု အရဟံ ဟောတိ ခီဏာသဝေါ ဝုသိတဝါ ကတကရဏီယော ဩဟိတဘာရော အနုပ္ပတ္တသဒတ္ထော ပရိက္ခီဏဘဝသံယောဇနော သမ္မဒညာ ဝိမုတ္တော။ (မ၊၁၊၂၉၈။)

အဂ္ဂိဝေဿနအနွယ်၌ဖြစ်သော ဒါယကာတော်ပရိဗိုဇ် ...ဤမျှလောက်သော အတိုင်းအရှည်ပမာဏဖြင့် ရဟန်းတော်တစ်ပါးဟာ အာသဝေါကုန်ပြီးတဲ့, မဂ်အကျင့်ကို ကျင့်သုံးပြီးတဲ့, ပြုဖွယ်မဂ်ကိစ္စကို ပြုကျင့်ပြီးတဲ့, ကိလေသာ ဝန်ထုပ်ဝန်ပိုးကို ချထားပြီးတဲ့, မိမိရဲ့ အရဟတ္တဖိုလ် အကျိုးစီးပွားသို့ ဆိုက်ရောက်ပြီးတဲ့, ဘဝကို နှောင်ဖွဲ့တတ်တဲ့ သံယောဇဉ် ကုန်ခန်းပြီးတဲ့, အမှန်တရားကို ကောင်းစွာသိလျက် လွတ်မြောက်ပြီးတဲ့ ရဟန္တာ ဖြစ်တယ်။ ဒီလို ဘုရားရှင်က အဖြေပေးတော်မူလိုက်ပါတယ်။

ဒီအဖြေကို ကြည့်လျှင် သောတာပန်ဖြစ်အောင် ကျင့်ရမည့် ကျင့်စဉ်နှင့် ရဟန္တာဖြစ်အောင် ကျင့်ရမည့် ကျင့်စဉ်တွေဟာ တစ်ထပ်တည်း တူညီနေတာကို တွေ့နိုင်ပါတယ်။

ဒီနေရာမှာ တရားနာပရိသတ်တွေဘက်က ထပ်ပြီး မေးချင်မေးကြလိမ့်မယ်။ ဒီသစ္စကပရိဗိုဇ်ကို ဘုရားရှင်ညွှန်ကြားတော်မူတဲ့အပိုင်းမှာ သမုဒယသစ္စာ မပါဝင်ပါ့လား - လို့ ဒီလိုတော့ မေးချင်မေးကြမယ်။ ဒီနေရာမှာ နေတ္တိပါဠိတော်မှာ လာရှိတဲ့ လက္ခဏာဟာရ နေတ္တိနည်းကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားတို့ဟာ သင်္ခတတရား (= သင်္ခါရတရား)တွေသာ ဖြစ်ကြတဲ့အတွက် သင်္ခတလက္ခဏာချင်းတူညီနေတဲ့အတွက် ဒုက္ခသစ္စာ၌ သမုဒယသစ္စာကိုပါ ထည့်သွင်းစုပေါင်းကာ ဟောကြားသွားတော်မူတယ်လို့ မှတ်ပါ။

ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို ဖြစ်စေတတ်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေဟာလည်း အတိတ်ခန္ဓာငါးပါးထဲမှာ အကျုံးဝင်နေတဲ့ အတိတ်ခန္ဓာငါးပါးတို့ရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်။ အတိတ်အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပစ္စုပ္ပန်အကျိုးခန္ဓာငါးပါးနှင့် နောင်အနာဂတ်ဘဝတစ်ခုခုကို မျှော်လင့်တောင့်တပြီး ပစ္စုပ္ပန်မှာ ထူထောင်ထားတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရား ငါးပါးတို့ဟာလည်း ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ရဲ့ အစိတ်အပိုင်းတွေသာ ဖြစ်ကြပါတယ်။ ပစ္စုပ္ပန်အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ်အကျိုး ခန္ဓာငါးပါးဆိုတာလည်း အနာဂတ်ခန္ဓာငါးပါးတို့ရဲ့ အစိတ်အပိုင်းတွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် အတိတ်ခန္ဓာငါးပါး ပစ္စုပ္ပန်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားနိုင်လျှင်တော့ အဲဒီခန္ဓာတွေထဲမှာ အကျုံးဝင်နေတဲ့ အကြောင်းသမုဒယသစ္စာတရားတွေကိုလည်း သိမ်းဆည်းကာ ဝိပဿနာရှုမယ်ဆိုလျှင် လွယ်ကူနေမည်သာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က သင်္ခတလက္ခဏာချင်းတူညီနေတဲ့အတွက် လက္ခဏာတူရာတရားများကို စုပေါင်းပြီး ဟောကြားသွားတော်မူတယ်လို့ပဲ မှတ်သားပါ။

အထက်ပိုင်း ဝိပဿနာဉာဏ်များ


ခုလို - အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စတဲ့ ခန္ဓာငါးပါးတွေကို ဝိပဿနာရှုတဲ့အပိုင်းမှာ --

သော ကာလေန အဇ္ဈတ္တံ သမ္မသတိ ကာလေန ဗဟိဒ္ဓါ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။)

သော ကာလေန ရူပံ သမ္မသတိ ကာလေန အရူပံ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

သော = ထိုယောဂီပုဂ္ဂိုလ်သည်။ ကာလေန = ရံခါ။ အဇ္ဈတ္တံ = အဇ္ဈတ္တ ခန္ဓာငါးပါးကို။ သမ္မသတိ = လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၍ နေပေ၏။ ကာလေန = ရံခါ။ ဗဟိဒ္ဓါ = ဗဟိဒ္ဓ ခန္ဓာငါးပါးကို။ သမ္မသတိ = လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၍ နေပေ၏။

ဒီလို အဋ္ဌကထာကြီးများက ညွှန်ကြားထားတဲ့အတွက် ရံခါ အဇ္ဈတ္တခန္ဓာငါးပါးကို ရံခါ ဗဟိဒ္ဓခန္ဓာငါးပါးကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာရှုပွားသုံးသပ်၍ နေရပါတယ်။ ဒီခန္ဓာငါးပါးမှာလည်း --

သော = ထိုယောဂီပုဂ္ဂိုလ်သည်။ ကာလေန = ရံခါ။ ရူပံ = ရုပ်တရားကို။ သမ္မသတိ = လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၍ နေပေ၏။ ကာလေန = ရံခါ။ အရူပံ = နာမ်တရားကို။ သမ္မသတိ = လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၍ နေပေ၏။

ဒီလိုအဋ္ဌကထာကြီးများက ညွှန်ကြားထားတဲ့အတွက် ရံခါ ရုပ်တရားကို ရံခါ နာမ်တရား (= နာမ်ခန္ဓာ) တို့ကို လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွား သုံးသပ်ရပါတယ်။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံးမှာ ပုံစံတူပဲ ရှုရပါတယ်။

အဲဒီလို အတိတ် အနာဂတ် ပစ္စုပ္ပန်ဆိုတဲ့ ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဆိုတဲ့ သန္တာန်နှစ်ပါးအတွင်းမှာ တည်ရှိတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာရှုပွားသုံးသပ်လိုက်လို့ သင်္ခါရတရားတို့ရဲ့ ဖြစ်မှု-ပျက်မှုတွေကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ခဏတိုင်း ခဏတိုင်းမှာ ရှင်းရှင်းလင်းလင်းကြီး မြင်ပြီဆိုလျှင် အဲဒီအခါမှာ ယောဂီပုဂ္ဂိုလ်က အဖြစ်ကို နှလုံးမသွင်းတော့ဘဲ အပျက်သက်သက်ကိုပဲ တစ်ဖက်သတ် နှလုံးသွင်းကာ လက္ခဏာရေး သုံးတန်တင်ကာ ဆက်လက်ပြီး ဝိပဿနာ ရှုရပါတယ်။ အဲဒီလိုရှုလိုက်လို့ ဝိပဿနာဉာဏ်တွေက ထက်လာပြီဆိုလျှင် သင်္ခါရတရားတို့ရဲ့အဖြစ်ကို မမြင်တော့ဘဲ အပျက်သက်သက်ကိုသာ မြင်လာပါလိမ့်မယ်။ အဲဒီအခါမှာ သဝိဂ္ဂဟ-ခေါ်တဲ့ သဏ္ဌာန်ဒြပ်တွေ အကုန်ပျောက်ပြီး ပရမတ်သက်သက်ကိုသာ မြင်နေပါလိမ့်မယ်။ ရုပ်ကလာပ်ကိုတောင် မမြင်တော့ဘဲ ရုပ်ပရမတ်သက်သက်ကိုသာ မြင်လာပါလိမ့်မယ်။ အဲဒီအခါမှာ -

ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)

ဆိုတဲ့ အဋ္ဌကထာကြီးတို့ရဲ့ ညွှန်ကြားချက်အတိုင်း - ဉာတအမည်ရတဲ့ ဝိပဿနာဉာဏ်နှင့် ထိုးထွင်းသိအပ်တဲ့ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကိုရော, ရှုနေတဲ့ ဝိပဿနာဉာဏ် ပြဓာန်းတဲ့ မဟာကုသိုလ်ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားစုတွေကိုရော ဉာတ+ဉာဏ နှစ်မျိုးလုံးကိုပဲ ဝိပဿနာ ရှုပေးရပါတယ်။ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံးကတော့ သင်္ခါရတရားတို့ရဲ့ အပျက်သက်သက်ကိုပဲ အာရုံပြုနေကြပါတယ်။ အဲဒီ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာတဲ့အချိန်မှာ ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ပေါ်လာပြီး ထိုမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့က အသင်္ခတဓာတ် အငြိမ်းဓာတ် (= နိဗ္ဗာန်) ဆိုတဲ့ လောကုတ္တရာ နိရောဓသစ္စာ တရားတော်ကြီးကို မျက်မှောက်ပြုနေကြပါလိမ့်မယ်။

စိတ္တသူကြွယ်ရဲ့ ဝိပဿနာ


စိတ္တသူကြွယ် ကျောင်းဒါယကာကြီးရဲ့ ဝိပဿနာအကြောင်းကို ပြန်ဆက်ကြရအောင် ...။

စိတ္တော ဂဟပတိ ပုရိမဘဝေ မဒ္ဒိတသင်္ခါရတာယ နစိရေဿဝ အနာဂါမိဖလံ သမ္ပာပုဏိ။ (အံ၊ဋ္ဌ၊၁၊၂၉၇။)

စိတ္တော ဂဟပတိ = စိတ္တသူကြွယ် ကျောင်းဒါယကာကြီးသည်။ ပုရိမဘဝေ = ရှေးရှေးဘဝ၌။ မဒ္ဒိတသင်္ခါရတာယ = ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေအပ်ပြီးတဲ့ သင်္ခါရတရားရှိသည့်အတွက်ကြောင့်။ နစိရေဿဝ = မကြာမီအချိန်ကာလ အတွင်းမှာပင်လျှင် ..။ အနာဂါမိဖလံ = အနာဂါမိဖိုလ်သို့။ သမ္ပာပုဏိ = ကောင်းစွာ ဆိုက်ရောက်ခဲ့လေပြီ။

စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက ဘယ်လို ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အတွက် အနာဂါမိမဂ်ဖိုလ်သို့ ဆိုက်ရောက်သွားပါသလဲ? ဒီလိုတော့ မေးစရာ ရှိတယ်။

ရှေးဦးစွာ သူက - အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကလို့ ခေါ်ဆိုအပ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားဆိုတဲ့ ဒုက္ခသစ္စာတရားနှင့် ယင်းဒုက္ခသစ္စာတရားတို့ရဲ့ အကြောင်းရင်း သမုဒယသစ္စာတရားဖြစ်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေကို ကာလသုံးပါးလုံးမှာပဲ သိမ်းဆည်းပါတယ်။ ဒီဒုက္ခသစ္စာ သမုဒယသစ္စာဆိုတဲ့ သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါတယ်။ ဒီလို ဝိပဿနာစီးဖြန်းတဲ့အပိုင်းမှာ သူက အာယတနဒေသနာတော်နည်းအတိုင်း ဦးစားပေးကာ ဝိပဿနာရှုပွားသုံးသပ်ပါတယ်။ အာယတနဆိုတာက --

စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတနဆိုတဲ့ အတွင်းအာယတနတရားက (၆)ပါး၊

ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, ဓမ္မာယတနဆိုတဲ့ အပြင်အာယတနတရားက (၆)ပါး --

ပေါင်းလိုက်တော့ အာယတန (၁၂)ပါးတို့ ဖြစ်ကြပါတယ်။

ဒီ အာယတန ဒေသနာတော်နည်းအရ ဝိပဿနာ လက်တွေ့ရှုကွက်ကို မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာစသည်တို့က အရိပ်အမြွက် ပုံစံတစ်ခုကို ဒီလို ဖော်ပြထားကြပါတယ်။ --

၁။ စက္ခု စက္ခာယတနံ

၂။ ရူပံ ရူပါယတနံ

၃။ ဒဿနံ မနာယတနံ

၄။ ဝေဒနာဒယော သမ္ပယုတ္တဓမ္မာ ဓမ္မာယတနံ

ဧဝမေတေသံ စတုန္နံ အာယတနာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ (ဒီ၊ဋ္ဌ၊၁၊၁၇၅ - သာမညဖလသုတ္တ။ မ၊ဋ္ဌ၊၁၊၂၆၈ - မဟာသတိပဋ္ဌာနသုတ္တ။ အဘိ၊ဋ္ဌ၊၂၊၃၄၂ - စျာနဝိဘင်း။)

၁။ စက္ခု = စက္ခုပသာဒသည်။ စက္ခာယတနံ = စက္ခာယတနတည်း။

၂။ ရူပံ = ရူပါရုံသည်။ ရူပါယတနံ = ရူပါယတနတည်း။

၃။ ဒဿနံ = မြင်တတ်သော စက္ခုဝိညာဏ်သည်။ မနာယတနံ = မနာယတနတည်း။

၄။ ဝေဒနာဒယော = ဝေဒနာ အစရှိကုန်သော။ သမ္ပယုတ္တဓမ္မာ = သမ္ပယုတ်တရားတို့သည်။ ဓမ္မာယတနံ = ဓမ္မာယတနတည်း။

ဧဝံ = ဤသို့လျှင်။ ဧတေသံ စတုန္နံ အာယတနာနံ = ဤအာယတန (၄)ပါးတို့၏။ သမဝါယေ = ပေါင်းဆုံမိခြင်းသည်။ သတိ = ရှိလတ်သော်။ အာလောကနဝိလောကနံ = တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည်။ ပညာယတိ = ထင်ရှား၏။ တတ္ထ = ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌။ ကော ဧကော = အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည်။ အာလောကေတိ = တည့်တည့်ကြည့်သနည်း။ ကော ဧကော = အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည်။ ဝိလောကေတိ = စောင်းငဲ့ကြည့်သနည်း။

ရူပါရုံကို တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာဝယ် စက္ခုဒွါရိကဇောဝီထိ စိတ်အစဉ်နှင့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့ ထိုက်သလို ဖြစ်သွားကြပါတယ်။ အဲဒီဝီထိစိတ္တက္ခဏပေါင်းများစွာထဲက စက္ခုဝိညာဏ်စိတ္တက္ခဏ အခိုက်ကို ပုံစံထုတ်ပြီး ထိုစက္ခုဝိညာဏ်စိတ္တက္ခဏအခိုက်မှာ အာယတန (၄)ပါး ဖြစ်ပုံကို ဖွင့်ဆိုပြတဲ့စကားများ ဖြစ်ကြပါတယ်။

၁။ စက္ခုဝိညာဏ်နှင့်တကွသော နာမ်တရားစုတို့ရဲ့ မှီရာအာယတနက စက္ခာယတန၊

၂။ စက္ခုဝိညာဏ်နာမ်တရားစုတို့ရဲ့ အာရုံဖြစ်တဲ့ ရူပါရုံက ရူပါယတန၊

၃။ ရူပါရုံကိုမြင်တတ်တဲ့ စက္ခုဝိညာဏ်စိတ်က မနာယတန၊

၄။ စက္ခုဝိညာဏ်နှင့် စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲ ဖြစ်ကြတဲ့ ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရ ဆိုတဲ့ စေတသိက် (၇)လုံးက ဓမ္မာယတန --

ပေါင်းလိုက်တော့ စက္ခုဝိညာဏ်ဖြစ်ခိုက်မှာ အာယတနလေးပါးတို့ ဖြစ်ပေါ်လာကြပါတယ်။ အလားတူပဲ ကြွင်းကျန်နေတဲ့ စိတ္တက္ခဏတိုင်းမှာလည်း အာယတန လေးပါးစီ ဖြစ်ပါတယ်။ ဒီလို စိတ္တက္ခဏတိုင်းမှာ - အာယတန (၄)ပါးစီ ခွဲ၍ ဝိပဿနာ ရှုတဲ့နည်းကို အာယတနဒေသနာတော်နည်းလို့ ခေါ်ပါတယ်။ အဋ္ဌကထာကြီးများက (အံ၊ဋ္ဌ၊၁၊၂၉၈။) သဠာယတနဝိဘတ္တိဒေသနာနည်းလို့ ခေါ်ဝေါ်သုံးစွဲထားပါတယ်။ ဒွါရ (၆)ပါးမှာ အာရုံ (၆)ပါးတို့ ထိခိုက်လာတိုင်း ထင်လာတိုင်း စက္ခုဒွါရဝီထိစတဲ့ ဝီထိ (၆)မျိုးတို့ ဖြစ်လာကြတယ်။ ဝီထိစိတ္တက္ခဏတိုင်းမှာ ပုံစံတူ ရှုရမှာ ဖြစ်ပါတယ်။

စိတ္တသူကြွယ် ကျောင်းဒါယကာကြီးဟာ ပဒုမုတ္တရ ဘုရားရှင် အစရှိတဲ့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာလည်း ဒီသင်္ခါရတရားတွေကို ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးပါတယ်။ ဒီလို ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတွေကလည်း အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် မဂ်ဖိုလ် နိဗ္ဗာန်သို့ ရောက်ရှိနိုင်အောင် ကျေးဇူးပြုပေးလျက် ရှိကြပါတယ်။ ဒီဘဝမှာလည်း ပဉ္စဝဂ္ဂီရဟန်းတော် ငါးဦးတို့တွင် တစ်ပါးအပါအဝင် ဖြစ်တော်မူတဲ့ အရှင်မဟာနာမ မထေရ်မြတ်တို့ကဲ့သို့သော သူတော်ကောင်းများကို ဆည်းကပ်ခွင့် ရရှိခြင်း, မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေတတ်တဲ့ တရားဓမ္မများကို နာကြားခွင့် ရရှိခြင်း, တရားနှင့်လျော်စွာ သမထ ဝိပဿနာဘာဝနာတို့ကို လက်တွေ့ကျကျ စနစ်တကျ နည်းမှန်လမ်းမှန် ကျင့်သုံးနိုင်ခြင်း စတဲ့ ပါရမီ အကြောင်းတရားတို့ကြောင့် အထူးသဖြင့် အာယတနဒေသနာတော်နည်းအရ ဝိပဿနာဘာဝနာကို ကျင့်သုံးနိုင်တဲ့အတွက်ကြောင့် မကြာမီအချိန်ကာလအတွင်းမှာပဲ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်သွားခဲ့ပါတယ်။

___________

အခန်း (၅)

စိတ္တသူကြွယ် ဘုရားဖူးထွက်ခြင်း

မကြာမီ အချိန်ကာလအတွင်းမှာ စိတ္တသူကြွယ် ကျောင်းဒါယကာကြီး အနာဂါမိမဂ်ဖိုလ် ဆိုက်သွားပြီ။ ဆိုက်သွားတဲ့အချိန်အခါကျတော့ သူက စဉ်းစားပြီ။ အနာဂါမိမဂ်ဖိုလ်ဆိုက်ပြီးတဲ့အချိန်အခါမှာ သူစဉ်းစားမိပုံက ..

မြတ်စွာဘုရားကိုလည်း ငါတစ်ခါမှ မဖူးရသေးဘူး၊ ငါလည်း အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ရောက်ပြီ။ မြတ်စွာဘုရားကို ငါမဖူးရလျှင်တော့ ငါ့အတွက် မသင့်တော်ဘူးလို့ - ဒီလို သူက စဉ်းစားတယ်။ စဉ်းစားတဲ့ အတွက် --

အဟံ ဒသဗလံ အဒိသွာဝ စိရံ ဝီတိနာမေသိံ၊ သတ္ထု သန္တိကံ ဂစ္ဆန္တေန ပန အယုတ္တံ တုစ္ဆဟတ္ထေန ဂန္တုံ။ (အံ၊ဋ္ဌ၊၁၊၂၉၈။)

မြတ်စွာဘုရားကို မဖူးတွေ့ရဘဲနှင့် ငါနေခဲ့တာ အလွန်ကြာသွားပြီ ဖြစ်တယ်၊ မြတ်စွာဘုရားထံ ငါသွားမယ်ဆိုလို့ရှိရင်လည်း လက်ထဲမှာ ဘာမျှ မပါဘဲနှင့်တော့ သွားလို့မတော်ဘူး - ဒီလို သူက စဉ်းစားတယ်။ စဉ်းစားပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? --

မြို့ထဲမှာ သူ့လှည်းတွေအားလုံးဆင်၊ လှည်းအစီးငါးရာ အားလုံး ပစ္စည်း တွေတင်၊ စိတ္တသူကြွယ်နှင့် ဘုရားဖူးလိုက်ချင်တဲ့ပုဂ္ဂိုလ်အားလုံး လိုက်နိုင်တယ် ဆိုပြီး ကြွေးကြော်လိုက်တယ်။ ရဟန်း ငါးရာ, ဘိက္ခုနီမ ငါးရာ, ဥပါသကာ ငါးရာ, ဥပါသိကာမ ငါးရာ, သူ့ရဲ့အလုပ်အကျွေးဒါယကာက တစ်ထောင်၊ ပေါင်းလိုက်တော့ ပရိသတ် သုံးထောင် လှည်းအစီး ငါးရာဖြင့် ဘုရားဖူး ထွက်ကြပြီ။

ဒီလို ဘုရားဖူးထွက်လိုက်ပြီဆိုတာနှင့် တစ်ပြိုင်နက်တည်း နတ်တွေက ဆီးပြီး ကြိုကြတယ်။

မစ္ဆိကာသဏ္ဍကနေပြီးတော့ သာဝတ္ထိကို ယူဇနာသုံးဆယ် ရှိတယ်။ အဲဒီ ယူဇနာ သုံးဆယ်ရှိတဲ့ ခရီးကို ထွက်တဲ့ အချိန်အခါမှာ တစ်ယူဇနာလျှင် တဲကျောင်းတစ်ခု ယာယီတဲမဏ္ဍပ်တွေ ထိုးပြီးတော့ နတ်တွေက ဆီးပြီး ကြိုကြတယ်။ စားဖွယ်သောက်ဖွယ်တွေ လိုလေသေး မရှိအောင် အားလုံး နတ်တွေက စောင့်ပြီးတော့ ပြုစုလုပ်ကျွေးကြတယ်။

အဲဒီနည်းစနစ်ဖြင့် သာဝတ္ထိရောက်သွားပြီ။ လှည်းပေါ်မှာပါလာတဲ့ လှည်း အစီး ငါးရာ တင်ထားတဲ့ ပစ္စည်းတွေ တစ်ခုမှ မသုံးရဘူး။ ဇေတဝန် ကျောင်းတိုက် ရောက်မည့်နေ့ကျတော့ ထိုညနေမှာ မြတ်စွာဘုရားက အရှင် အာနန္ဒာကိုယ်တော်မြတ်ကို ကြိုတင်ပြီးတော့ အမိန့်ရှိတော်မူတယ်။

အာနန္ဒာ ... ဒီနေ့ ညနေခင်းအချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာ ကတော့ ငါဘုရားထံ ရောက်ရှိလာလိမ့်မယ်လို့ အမိန့်ရှိတော်မူတယ်။

ထူးကဲသော တန်ခိုးပြာဋိဟာ

အဲဒီအခါမှာ ထူးကဲသော တန်ခိုးပြာဋိဟာများ ဖြစ်ကောင်းဖြစ်ပါမလား မြတ်စွာဘုရားလို့ လျှောက်ထားတော့ ...

ဖြစ်လိမ့်မယ် အာနန္ဒာ ... ဘယ်လို တန်ခိုးပြာဋိဟာများ ဖြစ်မလဲ ဆိုတော့ -- စိတ္တသူကြွယ်က ငါဘုရားရဲ့ ခြေတော်ရင်းကို ဝပ်စင်း ရှိခိုး ဦးချ လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ငါးမျိုးသောအဆင်းရှိတဲ့ နတ်ပန်းမိုးကြီး ရွာသွန်းပြီး ချလိမ့်မယ် - ဒီလို မြတ်စွာဘုရားက အမိန့်ရှိတယ်။

ဒီစကားက ဇေတဝန်ကျောင်းတိုက်ကနေ သာဝတ္ထိမြို့ထဲအထိ ပြန့်နှံ့ သွားတော့ သာဝတ္ထိမြို့သူမြို့သားတွေကလည်း ဒီလောက်ဘုန်းကံကြီးမားတဲ့ ဒါယကာတစ်ဦးကို တို့သွားပြီးတော့ တွေ့ဆုံကြမယ် ဆိုပြီးတော့ လက်ဆောင် ပဏ္ဏာတွေ ပန်းဆီမီးတွေ ယူဆောင်ပြီးတော့ ဇေတဝန်ကျောင်းတိုက် ရောက် ရှိလာကြတယ်။

အဲဒီလို ရောက်ရှိလာတဲ့အချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကလည်း ဇေတဝန်ကျောင်းတိုက် ဆိုက်ရောက်လိုက်တော့ -- မြတ်စွာဘုရားကို ဖူးမြော် ဖို့ရန်အတွက် ရဟန်းသံဃာတွေကို ရှေးဦးစွာ ကြွတော်မူရန် လျှောက်ထား ပါတယ်။ ထို့နောက် ဘိက္ခုနီတွေကို လျှောက်ထားပါတယ်။

အဲဒီနောက်မှ ဥပါသကာတွေကို ခေါ်ပြီးတော့ စိတ္တသူကြွယ်က ဦးဆောင် ပြီး မြတ်စွာဘုရားထံသို့ ဖူးမြော်ရန် ဝင်ကြတယ်။ အမျိုးသမီးတွေကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

မြတ်စွာဘုရားထံ ဝင်လာပြီ။ ပရိသတ်တွေကလည်း မြတ်စွာဘုရားရှေ့မှာ ခုလိုပေါ့ လမ်းကလေး ချန်ပြီးတော့ ထိုင်နေကြတယ်၊ စိတ္တသူကြွယ် လာလိမ့် မယ်ဆိုပြီးတော့ မြော်နေကြတယ်။ ဝင်လည်းလာရော အားလုံးဝိုင်းပြီးတော့ ကြည့်ကြတယ် စိတ္တသူကြွယ်ဆိုတာ ဒီလိုပုဂ္ဂိုလ်ပဲ၊ စိတ္တသူကြွယ်ဆိုတာ ဒီလို ပုဂ္ဂိုလ်ပဲ ဆိုပြီး ဝိုင်းပြီး ကြည့်ကြပြီ။

ကြည့်လိုက်တဲ့အချိန်အခါမှာ မြတ်စွာဘုရားရှင်ရဲ့ခြေတော်ရင်း ဝပ်စင်း ချလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဘာဖြစ်သလဲ? --

သော သတ္ထု သန္တိကံ ဂန္တွာ ပဉ္စပတိဋ္ဌိတေန သတ္ထာရံ ဝန္ဒိ၊ တသ္မိံ ခဏေ အာကာသာ ပဉ္စဝဏ္ဏာနံ ပုပ္ဖာနံ ဝဿံ ဝဿိ။ (အံ၊ဋ္ဌ၊၁၊၂၉၈။)

သော = ထိုစိတ္တသူကြွယ်သည်။ သတ္ထု သန္တိကံ = ဘုရားရှင်၏ ထံတော် မှောက်သို့။ ဂန္တွာ = သွား၍။ ပဉ္စပတိဋ္ဌိတေန = ငါးပါးသော ထိခြင်းဖြင့်။ သတ္ထာရံ = မြတ်စွာဘုရားကို။ ဝန္ဒိ = ရှိခိုးလေပြီ။

တသ္မိံ ခဏေ = ထိုခဏ၌။ အာကာသာ = ကောင်းကင်မှ။ ပဉ္စဝဏ္ဏာနံ ပုပ္ဖာနံ = ငါးမျိုးသော အဆင်းရှိသော ပန်းတို့၏။ ဝဿံ = ပန်းမိုးသည်။ ဝဿိ = ရွာသွန်းခဲ့လေပြီ။

မြတ်စွာဘုရား ခြေတော်ရင်းကို ဝပ်စင်းပြီး ရှိခိုး ဦးတိုက်လိုက်တယ်။ ငါးပါးသော ထိခြင်းဖြင့် ရှိခိုး ဦးတိုက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ငါးမျိုးသော အဆင်းရှိတဲ့ နတ်ပန်းမိုးကြီးသည် ရှစ်မင်းပယ်ခန့်ရှိတဲ့ အရပ် ဒေသတိုင်အောင် ရွာသွန်းတယ်။ နတ်တွေ လူတွေ ဝမ်းမြောက်ဝမ်းသာဖြင့် အုတ်အုတ်ကျက်ကျက် အားလုံး ဖြစ်သွားကြတယ်။

အဲဒီလို ရှိခိုးပြီးတဲ့အချိန်အခါမှာ မြတ်စွာဘုရားကလည်း ဒီစိတ္တသူကြွယ် ကို ဘယ်လို ဆိုဆုံးမပေးတော်မူသလဲ?

အာယတနဒေသနာ

သတ္ထာ တဿ အဇ္ဈာသယဝသေန သဠာယတနဝိဘတ္တိမေဝ ကထေသိ။ (အံ၊ဋ္ဌ၊၁၊၂၉၈။)

အာယတန တစ်ဆယ့်နှစ်ပါးနည်းနှင့် ဝိပဿနာရှုကွက်ကို မြတ်စွာဘုရား က ဒီစိတ္တသူကြွယ်ကို ထပ်ဆင့်ပြီးတော့ ဟောကြားပြသ ဆိုဆုံးမပေးတော် မူပြန်တယ်တဲ့။ စိတ်-စေတသိက်-ရုပ်တရားတွေကို တစ်ဆယ့်နှစ်ပုံ ပုံပြီးတော့ ဝိပဿနာရှုဖို့ မြတ်စွာဘုရားက သင်ပေးပြီ။

ဇေတဝန်ကျောင်းတိုက်မှာရှိတဲ့ ရဟန်းသံဃာတွေ, နောက်က ပါလာတဲ့ ရဟန်းသံဃာတွေနှင့် လူပရိသတ်တွေ အားလုံးကိုလည်း စိတ္တသူကြွယ်ကပဲ ဒိုင်ခံပြီးတော့ ကျွေးမွေးပြုစု စောင့်ရှောက်ပေးပါတယ်။

စိတ္တသူကြွယ် တစ်လတိတိ ဇေတဝန်ကျောင်းတိုက်မှာနေပါတယ်။ ရဟန်း သံဃာတွေနှင့်တကွ နောက်ကပါလာတဲ့ ပရိသတ်အားလုံးကို ကျွေးမွေးပြီ။ ဒိုင်ခံကျွေးမွေးသော်လည်း သူ့လှည်းပေါ်မှာ ပါလာတဲ့ ပစ္စည်းတွေ တစ်ခုမှ မကုန်ဘူး။ လူတွေနတ်တွေက ပို့ဆောင်ပေးတဲ့ လက်ဆောင်ပဏ္ဏာဖြင့်ပင်လျှင် မြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတော်တွေကိုလည်း ပြုစုလုပ်ကျွေးတယ်၊ နောက်ကပါလာတဲ့ ပရိသတ်တွေကိုလည်း ပြုစုလုပ်ကျွေးပါတယ်။ တစ်လ တိတိ ကြာသွားတယ်။

တစ်လတိတိကြာသော်လည်း ကုန်နိုင်တဲ့စွမ်းအား မရှိဘူး။ မရှိတဲ့အချိန် အခါကျတော့ မြတ်စွာဘုရားထံ ချဉ်းကပ်၊ ချဉ်းကပ်ပြီးတော့ --

မြတ်စွာဘုရား ...တပည့်တော်မှာပါလာတဲ့ ပစ္စည်းတွေဟာ တစ်လ တိတိ ကြာသော်လည်း လှူဒါန်းခွင့် မရပါဘူး။ နောက်ထပ် တစ်နှစ်တိုင်တိုင် တပည့်တော် ဆက်ပြီး နေသော်လည်း ဒီပုံစံအတိုင်းပဲ ဖြစ်နေပါလိမ့်မယ် မြတ်စွာဘုရား။ ဒါကြောင့် တပည့်တော်မှာ ပါလာတဲ့ ပစ္စည်းတွေကို ဘုရား အမှူးရှိတဲ့ သံဃာအတွက် တပည့်တော် လှူဒါန်းလိုပါတယ်။ ပစ္စည်းတွေ လှူဒါန်းဖို့ရန်အတွက် နေရာကို ညွှန်ကြားပြသပေးတော်မူပါ - ဆိုပြီးတော့ မြတ်စွာဘုရားကို လျှောက်ထားတော့ ..

ဘုရားရှင်က အရှင်အာနန္ဒာကိုအမိန့်ရှိလိုက်တဲ့အတွက် သင့်တင့်လျောက် ပတ်တဲ့ တစ်နေရာမှာ ဒီပစ္စည်းတွေကို ချကြတယ်။ လှည်းပေါ်မှာရှိတဲ့ ပစ္စည်း တွေ ချန်မထားဘူး၊ အကုန်လုံး လှူလိုက်တယ်။

အကုန်လှူပြီးတော့ ပြန်မယ်လုပ်တော့ မြို့သူမြို့သားတွေကရော နတ် တွေကရော --

စိတ္တသူကြွယ် ...သင်ဟာ အချည်းနှီးသော လှည်းတွေဖြင့် လမ်းခရီး ပြန်ဖို့ရန်အတွက် ကံတွေကို ပြုစုပျိုးထောင်ထားတဲ့ ပုဂ္ဂိုလ် မဟုတ်ပါဘူး ဆိုပြီးတော့ နတ်တွေက သူ့ရဲ့လှည်းပေါ်မှာ ရတနာတွေကို လှည်းအပြည့် တင်ပေးလိုက်တယ်။

တင်ပေးပြီးတဲ့အချိန်အခါကျတော့ ရတနာအပြည့် တင်ဆောင်ပြီးတော့ ပြန်ကြတယ်။ လမ်းခရီးတစ်လျှောက်မှာလည်း မိမိနောက်ကပါလာတဲ့ ပရိသတ် တွေကို ကျွေးမွေးပြီးတော့ သွားပါတယ်။ မစ္ဆိကာသဏ္ဍမြို့ကို ဆိုက်ရောက် သွားတဲ့အထိ ကျွေးမွေးသွားတယ်။

အဲဒီအချိန်အခါမှာ အရှင်အာနန္ဒာကိုယ်တော်မြတ်နှင့် ပရိသတ်တွေက- ဩော်...အလွန်အံ့ဩဖွယ်ကောင်းတဲ့ ဒါယကာတစ်ဦးဖြစ်တယ်၊ ဘယ်နေ ရာမျိုးမဆို ရောက်ရောက်ချင်း ပူဇော်မှု မြတ်နိုးမှုတွေက ဖြစ်နေပါလား။ ဒီ ပူဇော်မှု မြတ်နိုးမှုတွေသည် ဘုရားကို လာဖူးတဲ့အချိန်အခါမှသာလျှင် ဒီလို ပူဇော်မှု မြတ်နိုးမှုတွေ ဖြစ်တယ်၊ တခြားတခြား နေရာကို သွားခဲ့မယ်ဆိုလို့ ရှိလျှင် ဒီစိတ္တသူကြွယ်ဒါယကာမှာ ဒီလိုပူဇော်သက္ကာရမှုတွေ ဒီလိုအံ့ဩဖွယ်ရာ တန်ခိုးပြာဋိဟာတွေ ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလား ဆိုတာကို - အရှင် အာနန္ဒာက မြတ်စွာဘုရားကို တင်ပြလျှောက်ထားတော့ မြတ်စွာဘုရားက ဂါထာကလေးတစ်ခုကို ဟောကြားပေးတော်မူပါတယ်။

သဒ္ဓါ-သီလပြည့်စုံသူဆိုတာ

သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂသမပ္ပိတော။

ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော။ (အံ၊ဋ္ဌ၊၁၊၂၉၈။ ဓမ္မပဒ-စာပိုဒ်-၃၀၃။)

အာနန္ဒ = ညီဘွား အာနန္ဒာ ...။ သဒ္ဓေါ = လောကီ လောကုတ္တရာ သဒ္ဓါနှစ်ပုံဖြင့် ကုံလုံပြည့်ဝလျက်ရှိသော။ သီလေန သမ္ပန္နော = လူတို့ကျင့်ရာ သီလသိက္ခာနှင့် လောက်ငှကုံလုံ ပြည့်စုံကြွယ်ဝလျက် ရှိသော။ ယသော ဘောဂသမပ္ပိတော = အရိယာ သာဝက ဥပါသကာ ငါးရာ များစွာသော အခြံအရံနှင့်တကွ လောကီဥစ္စာ သူတော်ကောင်းဥစ္စာ ဤနှစ်ဖြာတို့နှင့် လွန်စွာ ပြည့်ဝ စုံညီလျက်ရှိသော အရိယာသာဝကသည်။ ယံ ယံ ပဒေသံ = အရှေ့ အနောက် တောင် မြောက် မည်တွင် အမှတ်မထင် အကြင်အကြင်သို့သော အရပ်သို့။ ဘဇတိ = သွားရောက်ပေ၏။ သော = ထို ဘုရားရှင်၏ တပည့် အရိယာသာဝကကို။ တတ္ထ တတ္ထေဝ = ရောက်လေရာရာ ထိုထိုအရပ်၌သာ လျှင်။ ပူဇိတော = မေတ္တာ သဒ္ဓါ စေတနာလွှမ်းပတ် လူနှင့်နတ်တို့ လေးမြတ် ကော်ရော် ပူဇော်အပ်ပေသတည်း။ (သာဓု သာဓု သာဓု)

လောကီဓနဥစ္စာ အရိယာသူတော်ကောင်းဥစ္စာဆိုတဲ့ ဥစ္စာနှစ်ဖြာတို့ဖြင့် ပြည့်ဝစုံညီလျက်ရှိတဲ့ ဒီ ငါဘုရားရှင်၏တပည့် အရိယာသာဝကဖြစ်တဲ့ စိတ္တ သူကြွယ် ဒါယကာသည် ဘယ်နေရာကိုပဲသွားသွား လူနှင့်နတ်တို့က မေတ္တာ စေတနာ သဒ္ဓါဓာတ်တွေနှင့် ပြည့်ဝစုံညီစွာဖြင့် ပူဇော်နေသည်သာ ဖြစ်ပါ တယ် - ဆိုပြီးတော့ မြတ်စွာဘုရားက အမိန့်ရှိတော်မူပါတယ်။

ဒီအချိန်အခါကနေ စပြီးတော့ စိတ္တသူကြွယ် ဒါယကာကြီးသည် ဘယ်လို အဆင့် ရောက်သွားသလဲ?

သော တတော ပဋ္ဌာယ အရိယသာဝကာနံယေဝ ဥပါသကာနံ ပဉ္စဟိ သတေဟိ ပရိဝုတော ဝိစရတိ။ (အံ၊ဋ္ဌ၊၁၊၂၉၈။)

သော = ထို စိတ္တသူကြွယ် ဒါယကာသည်။ တတော ပဋ္ဌာယ = ထိုအချိန် အခါမှ စ၍။ အရိယသာဝကာနံယေဝ ဥပါသကာနံ = အရိယာသူတော် ကောင်းသာလျှင် ဖြစ်ကြတဲ့ ဥပါသကာတို့၏။ ပဉ္စဟိ သတေဟိ = ငါးရာ အတိုင်းအရှည်တို့ဖြင့်။ ပရိဝုတော = အမြဲမပြတ် ခြံရံလျက်။ ဝိစရတိ = လှည့်လည်ကျက်စား၍ နေရပေ၏။

ထိုအချိန်အခါကစပြီး စိတ္တသူကြွယ်ဒါယကာကြီးရဲ့ သွားလေရာ လာလေ ရာ ဘယ်နေရာမှာမဆို သောတာပန် အရိယာသူတော်ကောင်း ဥပါသကာ ငါးရာ ခြံရံပြီးတော့ အမြဲတမ်း လှည့်လည်ကျက်စား သွားလာပြီး နေရတယ်၊ အခြံအရံ များတယ်။

ဘာဖြစ်လို့ ဒီလို အခြံအရံအကျော်အစောတွေ များရသလဲ? ချမ်းသာ စည်းစိမ်တွေ ကြွယ်ဝရသလဲ? ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တော့ ...

အမြတ်ဆုံးတရားနှင့် ပြည့်စုံသူဆိုတာ

အဂ္ဂဿ ဒါတာ မေဓာဝီ၊ အဂ္ဂဓမ္မသမာဟိတော။

ဒေဝဘူတော မနုေဿာ ဝါ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။ (အံ၊၁၊၃၄၄။)

အဂ္ဂဓမ္မသမာဟိတော = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ လောကီ လောကုတ္တရာ တရားထူး တရားမြတ်တွေနှင့် ပြည့်စုံသည်ဖြစ်၍။ အဂ္ဂဿ = အသာ ဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာ သုံးပါးအား။ ဒါတာ = ပေးလှူလေ့ရှိတဲ့။ မေဓာဝီ = ပညာရှိတဲ့ပုဂ္ဂိုလ်သည်။ ဒေဝဘူတော ဝါ = နတ်ဖြစ်သော်လည်း ကောင်း။ မနုေဿာ ဝါ = မနုဿဘူတော ဝါ = လူဖြစ်သော်လည်းကောင်း။ အဂ္ဂပတ္တော = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ အကျိုးတရား ရရှိတဲ့ ဘဝသို့ ရောက်ရှိရသည် ဖြစ်၍။ ပမောဒတိ = နှစ်သက်ရွှင်ပျ ဝမ်းမြောက်ရပေ သတည်း။ (သာဓု သာဓု သာဓု)

စိတ္တသူကြွယ် ဒါယကာကြီးကိုယ်တိုင်က အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ လောကီ လောကုတ္တရာ တရားထူး တရားမြတ်တွေနှင့် ပြည့်စုံတယ်၊ အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်အထိ ဆိုက်ခဲ့တယ်။ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာ သုံးပါးကိုလည်း လှူဒါန်းပူဇော်လေ့ရှိတယ်။ ဒါနာဘိရတ ဓမ္မာဘိရတ - ဒါနနှင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ သူတော်ကောင်းကြီးလည်းဖြစ်တယ်၊ တရားနှင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ သူတော်ကောင်းကြီးလည်း ဖြစ်ပါတယ်။

ဒီအင်္ဂါနှစ်ချက် စုံညီတဲ့အတွက် အာယု = အသက်ရှည်တယ်။ ဝဏ္ဏ = အဆင်းလှတယ်။ ယသ = အရိယာသူတော်ကောင်းလို့ ခေါ်ဆိုအပ်တဲ့ ဥပါသကာ ငါးရာ အမြဲတမ်း အခြံအရံ ရှိတယ်။ ကိတ္တိ = နာမည်သတင်း ကျော် ကြားတယ်။ သုခ = ကိုယ်၏ ချမ်းသာခြင်း, စိတ်၏ ချမ်းသာခြင်းနှင့်လည်း ပြည့်စုံတယ်။ ဗလ = ကာယဗလ ဉာဏဗလ စွမ်းအားတွေနှင့်လည်း ပြည့်စုံ တယ်။

ကိုယ်၏ချမ်းသာခြင်းရှိတဲ့ ကျောင်းဒါယကာကြီး ဖြစ်ခဲ့တယ်။ အမ္ဗာဋကာရာမ အမည်ရတဲ့ ကျောင်းတိုက်ကြီးတစ်ခု တည်ထောင်ပြီးတော့ ဘုရားအမှူး ရှိတဲ့ သံဃာတော်တွေကို ပင့်ဖိတ်ပြီး လှူဒါန်း ပူဇော်ထားတယ်။ နေ့စဉ် နိစ္စဘတ် အနေအားဖြင့်လည်း သံဃာတော်တွေကို ဆွမ်းဖြင့် ပြုစုလုပ်ကျွေး ပါတယ်။

လောကီစည်းစိမ်ဥစ္စာဘက်က ချမ်းသာကြွယ်ဝတယ်။ ရောက်လေရာ ဘယ်ဌာနမှာမဆို နတ်တွေ လူတွေက လက်ဆောင်ပဏ္ဏာပေါင်း များစွာ ဆက်သပူဇော်ကြတယ်။

လောကီဥစ္စာတွင်သာ ချမ်းသာသလားလို့မေးတော့ လောကုတ္တရာဥစ္စာ ဘက်က ကြည့်လျှင်လည်း အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင် စျာန် ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ ဝိပဿနာချမ်းသာဆိုတဲ့ အဆင့်အတန်း အလွန်မြင့်နေတဲ့ ချမ်းသာသုခကြီးတွေနှင့်လည်း ပြည့်စုံနေတယ်။ ကာယဗလ ဉာဏဗလဆိုတဲ့ စွမ်းအားတွေနှင့်လည်း ပြည့်စုံနေတယ်။

အသာဆုံးအမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးကို အသာဆုံးအမြတ်ဆုံးဖြစ်တဲ့ ပူဇော်ခြင်းဖြင့် ပူဇော်ခဲ့တဲ့ ဒါယကာကြီး ဖြစ်ခြင်းကြောင့် အသာဆုံး အမြတ် ဆုံးဆိုတဲ့ အကျိုးတရားတွေကို ရရှိနေခြင်း ဖြစ်တယ်။

ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ကလည်း စိတ္တသူကြွယ် ဒါယကာကြီးကို အတုယူပြီး အသာဆုံးအမြတ်ဆုံးဖြစ်တဲ့ တရား ထူး တရားမြတ်တွေနှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် နိုင်ကြပါစေ၊ စိတ္တသူကြွယ် ဒါယကာကြီးလို အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့ ရတနာသုံးပါးအား အသာဆုံး အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့်လည်း ပူဇော် နိုင်ကြပါစေလို့ ဒီလို အတုယူပြီး ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်နိုင်ပါ စေခြင်းအလို့ငှာ ရည်ရွယ်ပြီးတော့ ဒီစိတ္တသူကြွယ် ဒါယကာကြီးအကြောင်းကို ဟောကြားနေခြင်းလည်း ဖြစ်ပါတယ်။

တစ်ချိန် - ဘုရားရှင်က တပည့် ဥပါသကာ ဒါယကာတွေကို အစဉ် အတိုင်း ဧတဒဂ်ထားတဲ့အခါမှာ - ဒီ စိတ္တသူကြွယ် ဒါယကာကြီးကိုလည်း ဘုရားရှင်က ဧတဒဂ်ဘွဲ့ထူးတစ်ခုကို ချီးမြှင့်တော်မူပါတယ်။

ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ဓမ္မကထိကာနံ ယဒိဒံ စိတ္တော ဂဟပတိ မစ္ဆိကာသဏ္ဍိကော။ (အံ၊၁၊၂၇။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဓမ္မကထိကာနံ = တရားစကားကို ဟောကြားပြသ ဆိုဆုံးမတတ်သည့် ဓမ္မကထိက ဖြစ်ကြကုန်သော။ မမ = ငါဘုရားရှင်၏။ သာဝကာနံ ဥပါသကာနံ = တပည့်ဥပါသကာ ဒါယကာ တို့တွင်။ မစ္ဆိကာသဏ္ဍိကော = မစ္ဆိကာသဏ္ဍမြို့သားဖြစ်သော။ ယဒိဒံ စိတ္တော ဂဟပတိ = အကြင် စိတ္တသူကြွယ်သည်။ အတ္ထိ = ရှိပေ၏။ ဧတံ = ဤစိတ္တသူကြွယ်သည်။ အဂ္ဂံ = အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏။

ငါဘုရားရှင်၏ ဥပါသကာ တပည့်ဒါယကာတွေထဲမှာ ဓမ္မကထိက တရား ဟောကောင်းတဲ့အရာမှာ အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရတဲ့ပုဂ္ဂိုလ်ကတော့ စိတ္တသူကြွယ်ဖြစ်တယ်ဆိုပြီးတော့ မြတ်စွာဘုရားက စိတ္တသူကြွယ် ဒါယကာ ကြီးကို ဧတဒဂ် ထားတော်မူပါတယ်။

ဘာကို အကြောင်းအထောက်အပံ့ ပြုပြီးတော့ ဒီ စိတ္တသူကြွယ် ဒါယကာ ကြီးကို ဧတဒဂ်ရာထူးဖြင့် ဘုရားရှင်က ချီးမြှင့်တော်မူရသလဲ?

စိတ္တသံယုတ်ကို အကြောင်းခံပြီးတော့ ဘုရားရှင်က ချီးမြှင့်တော်မူတယ်လို့ ဒီလို အဋ္ဌကထာများက ဖွင့်ဆိုထားကြပါတယ်။ (အံ၊ဋ္ဌ၊၁၊၂၉၉။)

စိတ္တသူကြွယ်ဒါယကာကြီးရဲ့ တရားအဆင့်အတန်း မြင့်မားပုံတွေကိုလည်း ထိုစိတ္တသံယုတ်သုတ္တန်တွေမှာ လာရှိပါတယ်။

နောက်တစ်ခု - စိတ္တသူကြွယ် ဒါယကာကြီးရဲ့ ဓမ္မာဘိရတ - တရားနှင့် မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ပုံတွေလည်း ထိုသုတ္တန်များမှာ ဖော်ပြထား ပါတယ်။

ဒါကြောင့် ဒီနေ့ည အဲဒီ စိတ္တသူကြွယ် ဒါယကာကြီးရဲ့အကြောင်းအရာနှင့် ဆက်စပ်နေတဲ့ ဒီသုတ္တန်တွေကို အတိုချုပ်ပြီးတော့ ဘုန်းကြီးဟောဖို့ ရည်ရွယ် ထားပါတယ်။ စိတ္တသံယုတ်မှာ သုတ္တန်ပေါင်း (၁၀)သုတ် ရှိပါတယ်။

နံပါတ် (၁) သုတ္တန်ကတော့ သံယောဇနသုတ္တန် (သံ၊၂၊၄၇၄-၄၇၅။) ဖြစ်ပါ တယ်။


အခန်း (၆)

သံယောဇနသုတ္တန်

ဒီသုတ္တန်က ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြစ်ပေါ်လာရ သလဲလို့ မေးတော့ ရဟန်းတော်တွေရဲ့ တရားဆွေးနွေးပွဲကို အကြောင်းပြုပြီး တော့ ဖြစ်ပေါ်လာရပါတယ်လို့ပဲ အဖြေပေးရမယ်။

စိတ္တသူကြွယ် ကျောင်းဒါယကာကြီး ကိုးကွယ်ဆည်းကပ်နေတဲ့ အမ္ဗာဋကာရာမ ကျောင်းတိုက်အတွင်းမှာ ရဟန်းသံဃာတော်တွေ တော်တော် ခပ်များများ ရှိတော်မူကြပါတယ်၊ သီတင်းသုံးနေထိုင်တော်မူကြတယ်၊ ရာနှင့် ထောင်နှင့် ချီပြီး သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်ကြီး ဖြစ်ပါတယ်။

ထိုကျောင်းတိုက်ကြီးအတွင်းမှာ ဆွမ်းစားပြီးတဲ့တစ်နေ့ ရဟန်းသံဃာတွေ စုဝေးမိတဲ့ အချိန်အခါမှာ အချင်းချင်း ဆွေးနွေးကြတယ်။

ဆွေးနွေးတဲ့အထဲမှာ သံယောဇဉ်နှင့် သံယောဇနိယဓမ္မ (= သံယောဇန ဓမ္မနှင့် သံယောဇနိယဓမ္မ) ဒီတရားနှစ်ခုသည် အဓိပ္ပါယ် တူညီမှု ရှိ-မရှိ၊ သဒ္ဒါသာကွဲ၍ အနက်တူတယ် သို့မဟုတ် သဒ္ဒါလည်းကွဲပြီး အနက်လည်း ထူးခြားမှု ရှိတယ်။ ဒီအချက်နှင့် ဆက်စပ်ပြီး ဆွေးနွေးပွဲတွေ ကျင်းပကြတယ်။

အဲဒီလို အချေအတင် ဆွေးနွေးပွဲတွေ ကျင်းပတဲ့အကြောင်းကို တစ်နေ့ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက ကြားတော့ ဒါယကာကြီးကလည်း မထေရ်ကြီးတွေထံ ချဉ်းကပ်ပြီးတော့ သူရဲ့အယူအဆကို တင်ပြပြီး လျှောက် ထားပါတယ်။

ဒီလို တင်ပြလျှောက်ထားချက်ပေးတာကို ကြည့်လျှင် သူဟာ တရား၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်မှု ဘယ်လောက်ရှိတယ်ဆိုတာကို သိနိုင်တယ်။ တရား၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ပုံကို ဖော်ပြတဲ့ သုတ္တန်တစ်ခု ဖြစ်ပါ တယ်နော်။ သူက ဥပမာလေးနှင့် ဒီနေရာမှာ လျှောက်ထားတယ်။

အရှင်ဘုရားတို့ ...သံယောဇဉ်ဆိုတာကတော့ ရာဂ ဒေါသ မောဟ စတဲ့ ကိလေသာတွေကို သံယောဇဉ်လို့ ခေါ်ပါတယ်။ သံယောဇနိယဓမ္မ ဆိုတာက သံယောဇဉ်ဖြစ်စရာဖြစ်တဲ့ သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုတွေကို သံယောဇနိယဓမ္မလို့ ခေါ်ပါတယ်။

ပရမတ္ထသစ္စာနယ်ကပြောတော့ ရှေ့ကပြောခဲ့တဲ့ စိတ်, စေတသိက်, ရုပ် တရားတွေကို ဒီဒါယကာကြီးက အာယတနဆယ့်နှစ်ပါးနည်းဖြင့် သူက ကျွတ် တမ်းဝင်အောင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခဲ့တဲ့ သူတော်ကောင်း ကြီး ဖြစ်ခြင်းကြောင့် အာယတနဒေသနာတော်နည်းအားဖြင့် ဒီသံယောဇဉ် ဖြစ်ပုံတွေကို သူက ရှင်းလင်းတင်ပြပြီးတော့ လျှောက်ထားတယ်။

မလျှောက်ထားမီမှာ သူက ဥပမာစကားရပ်နှင့် ရှေးဦးစွာ ရှင်းလင်း တင်ပြပါတယ်။

သူ့ရဲ့ ဥပမာ စကားနည်းလမ်းကတော့ နွားဖြူတစ်ကောင်နှင့် နွားနက် တစ်ကောင် - နှစ်ကောင်ရှိတယ် ဆိုကြစို့တဲ့နော်။

အဲဒီနွားနှစ်ကောင်ရှိတဲ့ အနက်က နွားဖြူဟာလည်း နွားနက်ရဲ့ သံယောဇဉ် မဟုတ်ပါဘူး၊ နွားနက်ကလည်း နွားဖြူရဲ့ သံယောဇဉ် မဟုတ်ပါဘူး။

နွားဖြူနှင့် နွားနက် - နှစ်ကောင် ခွဲလို့မရအောင် ထမ်းပိုးတစ်ချောင်းနှင့် ဖြစ်စေ သို့မဟုတ် ကြိုးတစ်ချောင်းနှင့်ဖြစ်စေ ယှဉ်တွဲပြီးတော့ ဖွဲ့ချည်လိုက်တဲ့ အခါ ထိုယှဉ်တွဲဖွဲ့ချည်ထားတဲ့ ထမ်းပိုး သို့မဟုတ် ကြိုးကိုသာလျှင် သံယောဇဉ် လို့ ခေါ်တယ်။

အဲဒီပုံစံအတိုင်းပဲ စက္ခုအကြည်ဓာတ် ရှိတယ်၊ ရူပါရုံ ရှိတယ်။

စက္ခုအကြည်ဓာတ်ဟာလည်း ရူပါရုံရဲ့ သံယောဇဉ် မဟုတ်ပါဘူး၊ ရူပါရုံ ဟာလည်း စက္ခုအကြည်ဓာတ်ရဲ့ သံယောဇဉ် မဟုတ်ပါဘူး။

စက္ခုအကြည်ဓာတ်နှင့် ရူပါရုံ နှစ်ခုတို့ ပေါင်းဆုံမှုကို အစွဲပြုပြီးတော့ ရူပါရုံကို တွယ်တာတပ်မက်နေတဲ့ ဆန္ဒရာဂတစ်ခု ဖြစ်ပေါ်လာတယ်။ အဲဒီ ဆန္ဒရာဂသည်သာလျှင် သံယောဇဉ် ဖြစ်တယ်။

စက္ခုအကြည်ဓာတ်ကလည်း ရူပါရုံရဲ့သံယောဇဉ် မဟုတ်၊ ရူပါရုံသည် လည်း စက္ခုအကြည်ဓာတ်ရဲ့သံယောဇဉ် မဟုတ်ပါဘူး။ စက္ခုအကြည်ဓာတ်နှင့် ရူပါရုံ နှစ်ခုပေါင်းဆုံလိုက်တဲ့အချိန်အခါမှာ ရူပါရုံအပေါ်မှာ လိုလားတပ်မက် နေတဲ့ ဆန္ဒရာဂဓာတ်ကိုသာလျှင် သံယောဇဉ်လို့ ခေါ်တယ်။ ဒီလို သူက ရှင်းတယ်။

အလားတူပဲ - နားအကြည်ဓာတ်နှင့် အသံ၊ နှာခေါင်းအကြည်ဓာတ်နှင့် အနံ့၊ လျှာအကြည်ဓာတ်နှင့် အရသာ၊ ကိုယ်အကြည်ဓာတ်နှင့် အတွေ့အထိ၊ မနောအကြည်ဓာတ်နှင့် ဓမ္မသဘောတွေကိုလည်း ပုံစံတူပဲ ရှင်းထားတယ်။

ပေါင်းလိုက်တော့ - အတွင်းအာယတနခြောက်ပါး, အပြင်အာယတန ခြောက်ပါး။

အတွင်း အာယတနခြောက်ပါးကလည်း အပြင် အာယတနခြောက်ပါးရဲ့ သံယောဇဉ် မဟုတ်၊ အပြင် အာယတနခြောက်ပါးကလည်း အတွင်း အာယတနခြောက်ပါးရဲ့ သံယောဇဉ် မဟုတ်။

အတွင်းအာယတန အပြင်အာယတန ခြောက်ပါး ခြောက်စုံကို အစွဲပြုပြီး တော့ လိုလားတပ်မက်နေတဲ့ ဆန္ဒရာဂတစ်ခု ပေါ်လာတယ်။ ထို လိုလား တပ်မက်နေတဲ့ ဆန္ဒရာဂဓာတ်သည်သာလျှင် သံယောဇဉ်ဖြစ်တယ် ဆိုပြီး တော့ သူက ရှင်းလင်းတင်ပြလျှောက်ထားတယ်။

ဒါကြောင့် သံယောဇဉ်ဆိုတာနှင့် သံယောဇနိယဓမ္မဟာ တခြားစီဖြစ်တဲ့ အကြောင်း လျှောက်ထားတယ်။ အတွင်းအာယတန အပြင်အာယတန ခြောက်စုံကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ လိုလား တပ်မက်နေတဲ့ ဆန္ဒရာဂ တရားက သံယောဇဉ်၊ အတွင်းအာယတနခြောက်ပါး အပြင်အာယတန ခြောက်ပါးက သံယောဇနိယဓမ္မ ဖြစ်တယ်လို့ ဒီလို သူက လျှောက်ထားတယ်။ ဒါက ပရမတ္ထသစ္စာနယ်ပေါ့။

သမုတိသစ္စာနယ်က ပြောတော့ အာယတန ခြောက်စုံ ဆိုတာကတော့ စိတ်-စေတသိက်-ရုပ်တရားတွေရဲ့ တည်ရာဖြစ်တဲ့ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုတွေပဲ ဖြစ်ပါတယ်။

ဒါက နံပါတ် (၁) သံယောဇနသုတ္တန်ပဲ။

နံပါတ် (၂) သုတ္တန်ကတော့ ပထမဣသိဒတ္တသုတ္တန် (သံ၊၂၊၄၇၅-၄၇၇။) ဖြစ်ပါတယ်။


အခန်း (၇)

ပထမဣသိဒတ္တသုတ္တန်

အလားတူပဲ - တစ်ချိန်မှာ မထေရ်ကြီးတွေကို စိတ္တသူကြွယ် ကျောင်း ဒါယကာကြီးက ဆွမ်းဖြင့် ပင့်ဖိတ်ပြီး ပြုစုလုပ်ကျွေးပါတယ်။ ပြုစုလုပ်ကျွေး တဲ့ အချိန်အခါမှာလည်း တခြားစကားတွေ မပြောဘဲနှင့် တရားစကားပဲ လျှောက်ထားတယ်။

သူ့ရဲ့ဝါသနာတစ်ခုက မထေရ်ကြီးတွေကို သူသိလိုတဲ့ အချက်တွေကို လျှောက်ထားလို့ မထေရ်ကြီးတွေက သူ့ကို ကျကျနန ဟောကြားပြသ ဆို ဆုံးမပေးလျှင် သူက ရိုသေစွာ လိုက်နာတယ်။ မထေရ်ကြီးတွေက တရား မဟောခဲ့လျှင်လည်း သူက စွမ်းနိုင်သမျှ တရားတွေ ဟောကြားပြသပေးတယ်။ ဒီအပြုအမူကတော့ သူက တရားနှင့် မွေ့လျော်တဲ့ပုဂ္ဂိုလ် ဖြစ်လို့ပါ။

ပထမဣသိဒတ္တသုတ္တန် (သံ၊၂၊၄၇၅။) ဆိုကြစို့ ...။

တစ်ချိန်မှာ မထေရ်ကြီးတွေကို အိမ်မှာ ဆွမ်းဖြင့် ပြုစုလုပ်ကျွေးပါတယ်။ ပြုစုလုပ်ကျွေးပြီးတဲ့အချိန်အခါမှာ မထေရ်ကြီးတွေကို သူက တင်ပြလျှောက် ထားတယ်။

အရှင်ဘုရား ...ဓာတုနာနတ္တ ဓာတုနာနတ္တ = ဓာတ်တို့ရဲ့ထူးထွေ ကွဲပြားမှု ဓာတ်တို့ရဲ့ထူးထွေကွဲပြားမှု ဆိုပြီးတော့ ဘုရားရှင်က ဟောကြား တော်မူပါတယ်။ ဓာတ်တို့ရဲ့ထူးထွေကွဲပြားမှု = ဓာတုနာနတ္တဆိုတာ ဘာလဲ ဘုရားလို့ မေးမြန်းလျှောက်ထားတယ်။

အဲဒီအချိန်မှာ ဣသိဒတ္တအမည်ရတဲ့ ရဟန်းတော်တစ်ပါးကနေ မထေရ် ကြီးထံ ခွင့်ပန်ကြားပြီးတော့ ဖြေကြားပေးပါတယ်။

ဓာတ် (၁၈)ပါး ရှိပါတယ်။ စိတ်, စေတသိက်, ရုပ်တရားတွေကို (၁၈)ပုံ ပုံပြီးတော့ ဝိပဿနာရှုတဲ့နည်းကို ဓာတ် (၁၈)ပါးနည်းလို့ ခေါ်ပါတယ်။

စက္ခုအကြည်ဓာတ်က အခံဓာတ်။ ရူပါရုံက အတိုက်ဓာတ်။ စက္ခုအကြည် ဓာတ်နှင့် ရူပါရုံ တိုက်ခိုက်မိတဲ့အခါ ရူပါရုံကို လှမ်းပြီးသိနေတဲ့ စက္ခုဝိညာဏ ဓာတ် ပေါ်လာတယ်၊ ဒါက အပွင့်ဓာတ်။

အခံဓာတ်၊ အတိုက်ဓာတ်၊ အပွင့်ဓာတ်ဆိုတဲ့

စက္ခုဓာတ်၊ ရူပဓာတ်၊ စက္ခုဝိညာဏဓာတ် - သုံးခု။

အလားတူပဲ နားအကြည်ဓာတ် = သောတဓာတ်၊ အသံ = သဒ္ဒဓာတ်၊ နားအကြည်ဓာတ်နှင့် သဒ္ဒဓာတ် (= အသံဓာတ်)တို့ ရိုက်ခတ်လိုက်တဲ့ အချိန် အခါမှာ အသံကိုသိတဲ့ သောတဝိညာဏဓာတ်တစ်ခုပေါ်လာတယ်။ ဓာတ် သုံးခုပဲနော်။

အဲဒီပုံစံအတိုင်းပဲ အတွင်းအာယတန ခြောက်ခုနှင့် အပြင်အာယတန ခြောက်ခုတို့ တိုက်ခတ်လိုက်တဲ့အချိန်အခါမှာ အပွင့်ဓာတ်လို့ခေါ်ဆိုအပ်တဲ့ ဝိညာဏဓာတ် (= သိတဲ့ဓာတ်) ခြောက်မျိုး ပေါ်လာတယ်။

စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာ ယတန မနာယတနဆိုတဲ့ အတွင်းအာယတန (= အတွင်းအဇ္ဈတ္တိက)ဓာတ်က ခြောက်ခု၊ ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတနဆိုတဲ့ အပြင်အာယတန (= အပြင်ဗဟိဒ္ဓ) ဓာတ်က ခြောက်ခု၊ စက္ခုဝိညာဏဓာတ် သောတဝိညာဏဓာတ် ဃာနဝိညာဏဓာတ် ဇိဝှါဝိညာဏဓာတ် ကာယဝိညာဏဓာတ် မနောဝိညာဏဓာတ်ဆိုတဲ့ အပွင့်ဓာတ် အသိဓာတ် ဝိညာဏဓာတ်က ခြောက်ခု --

ပေါင်းလိုက်တော့ ဓာတ် တစ်ဆယ့်ရှစ်ပါး။

အဲဒီ ဓာတ် တစ်ဆယ့်ရှစ်ပါး ရှိတဲ့အကြောင်းကို ဣသိဒတ္တမထေရ်က ရှင်းပြသွားတော့ သူ သိပ်ဝမ်းသာသွားတယ်၊ ဘာဖြစ်လို့ ဝမ်းသာသလဲ? ဓမ္မာဘိရတ - တရားနှင့် မွေ့လျော်ပျော်ပိုက်နှစ်ခြိုက်နေတဲ့ သူတော်ကောင်း ဖြစ်ခြင်းကြောင့် သူကိုယ်တိုင်က ဒီရှုကွက်တွေကို စနစ်တကျ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနိုင်တဲ့အတွက် သူကိုးကွယ်ဆည်းကပ်နေတဲ့ မထေရ် ကြီးတွေကလည်း (သူ ကိုးကွယ်ဆည်းကပ်နေတဲ့ ရဟန်းတွေဟာလည်း) ဒီ အတွင်းဓာတ်, အပြင်ဓာတ်, အပွင့်ဓာတ် (အခံဓာတ်, အတိုက်ဓာတ်, အပွင့် ဓာတ်) လို့ ခေါ်ဆိုအပ်တဲ့ ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သူတော်ကောင်းကြီးတွေ ဖြစ်တယ် ဆိုတာ သိရတော့ သိပ်ပြီးတော့ သူ အားရတယ် ကျေနပ်တယ် သိပ်ဝမ်းသာ သွားတယ်။

ဒါက ပထမဣသိဒတ္တသုတ္တန် ဆိုကြစို့နော်။

နံပါတ် (၃) သုတ္တန်ကတော့ ဒုတိယဣသိဒတ္တသုတ္တန် (သံ၊၂၊၄၇၇-၄၇၉။) ဖြစ်ပါတယ်။


အခန်း (၈)

ဒုတိယဣသိဒတ္တသုတ္တန်

ဒုတိယဣသိဒတ္တသုတ္တန် (သံ၊၂၊၄၇၇။) ကျတော့ အလားတူပဲ မထေရ်ကြီး တွေကို စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက အိမ်မှာ ဆွမ်းဖြင့် ပင့်ဖိတ်ပြီး ပြုစုလုပ်ကျွေးပါတယ်။ ဆွမ်းစားခြင်းကိစ္စ ပြီးတဲ့အချိန်အခါ အလကားမနေဘဲ သူက တရားစကားတွေကို လျှောက်ထားပါတယ်။

သဿတော လောကော = လောကသည် မြဲတယ်၊ အတ္တက မြဲတယ်။

အသဿတော လောကော = လောကသည် မမြဲဘူး၊ အတ္တသည် မမြဲဘူး။

အတ္တသည် သေပြီးနောက်ဖြစ်တယ်၊ အတ္တသည် သေပြီးနောက် မဖြစ်ဘူး။

အတ္တသည် အဆုံးအပိုင်းအခြား ရှိတယ်၊ အတ္တသည် အဆုံးအပိုင်းအခြား မရှိဘူး ...

စသည်ဖြင့် ဒီလိုမှားယွင်းနေတဲ့ မိစ္ဆာဒိဋ္ဌိဝါဒအမျိုးမျိုး ဖြစ်ပေါ်လာတယ်။ ထိုမိစ္ဆာဒိဋ္ဌိအယူဝါဒအမျိုးမျိုးသည် ဘာကိုအကြောင်းခံပြီး ဖြစ်ပေါ်လာရ ပါသလဲ? သူက ဆွေးနွေးမေးမြန်းလျှောက်ထားတယ်။

အဲဒီအချိန်အခါမှာလည်း ဣသိဒတ္တမထေရ်မြတ်ကပဲ မထေရ်ကြီးထံ ခွင့်ပန်ပြီးတော့ သက္ကာယဒိဋ္ဌိသည် ခပ်သိမ်းသောမိစ္ဆာဒိဋ္ဌိတို့ ဖြစ်ပေါ်လာဖို့ရန် အခြေခံအကြောင်းအရင်း ဖြစ်ပါတယ် ဆိုပြီးတော့ ရှင်းလင်းတင်ပြပေးပါ တယ်နော်။

သက္ကာယဒိဋ္ဌိဆိုတာ ဘာလဲ?

သန္တော ကာယော သက္ကာယော = ထင်ရှား ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို သက္ကာယလို့ ခေါ်တယ်။

သက္ကာယေ ဒိဋ္ဌိ သက္ကာယဒိဋ္ဌိ = ထင်ရှားရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေအပေါ်၌ မှားယွင်းနေတဲ့ ခံယူချက်ကို သက္ကာယဒိဋ္ဌိ - လို့ ခေါ်တယ်။

ဘယ်လို မှားယွင်းနေတဲ့ ခံယူချက်လဲလို့ မေးတော့ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ဆိုပြီးတော့ ဒီလို ခံယူချက်မှားတာ။ ဒါကတော့ လောကသမညာအတ္တစွဲလို့ ခေါ်တယ်။

အဲဒီထက် အဆင့်မြင့်နေတဲ့ သာသနာပအယူအဆရှိတဲ့ မိစ္ဆာဒိဋ္ဌိတို့ ယူဆ ထားတဲ့ အတ္တစွဲကတော့ ဒီခန္ဓာအိမ်ထဲမှာ မသေမပျက်ဘဲ အကျိတ်အခဲ အမြဲတမ်း တည်နေတဲ့ အတ္တ-ကလေး ရှိတယ်၊ ဘဝတစ်ခုပြီး တစ်ခု ပြောင်း နေတယ်၊ သို့မဟုတ် သေလျှင် ပြတ်သွားတယ်။ ဒီလို စွဲလမ်းယုံကြည်နေတဲ့ အတ္တ-ကလေး ရှိတယ်။ အဲဒီ အတ္တဝါဒဟာ ခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့ မသိဘဲ ခန္ဓာတစ်ပါးပါးကိုဖြစ်စေ, အများစုကိုဖြစ်စေ, ခန္ဓာငါးပါးလုံးကိုဖြစ်စေ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်လို့ စွဲလမ်း ယုံကြည်နေတဲ့ ခံယူချက်ဖြစ်တယ်။ အဲဒီလို စွဲလမ်းယုံကြည်နေတဲ့ ဒီခံယူချက် ကို သက္ကာယဒိဋ္ဌိလို့ ခေါ်တယ်။

အဲဒီ သက္ကာယဒိဋ္ဌိခေါ်တဲ့ ခံယူချက်မှားနေတဲ့ အတွက်ကြောင့် မိစ္ဆာဒိဋ္ဌိ ဝါဒမှန်သမျှသည် ပေါက်ဖွားပြီး လာရပါတယ်ဆိုပြီးတော့ သူက ရှင်းလင်း တင်ပြထားပါတယ်။

ဒီရှင်းလင်းချက်တွေကိုလည်း ဒီ စိတ္တသူကြွယ် ဒါယကာကြီး ကြားနာရတဲ့ အချိန်အခါမှာ သိပ်ဝမ်းသာသွားတယ်။ ဘာ့ကြောင့်လဲ? သူကိုယ်တိုင်က ဒီ အချက်တွေကို ကျွမ်းကျင်ပြီးသား လိမ္မာပြီးသား ဖြစ်တယ်။

လိမ္မာပြီးသားဖြစ်ပါလျက်နှင့် ဘာ့ကြောင့် ဒါတွေကို ထပ်ပြီး မေးမြန်း လျှောက်ထားနေရသလဲလို့ မေးလျှင်လည်း - သူတော်ချင်းချင်း သတင်း လွေ့လွေ့ ပေါင်းဖက်တွေ့ - ဆိုတဲ့အတိုင်း ဓာတ်တူရာတူရာ ပုဂ္ဂိုလ်တွေ အချင်းချင်း ပေါင်းဖော်မိတဲ့အချိန်အခါမှာ တရားနှင့်ပတ်သက်တဲ့ စကားကို သာ သူက ပြောကြားလိုတဲ့ အာသာဆန္ဒ သူ့မှာ ရှိတယ်။

ဒါကြောင့် - တရားနှင့် မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေတဲ့အတွက် တရားနှင့်ပတ်သက်တဲ့ မေးခွန်းတွေကိုသာ မေးနေခြင်း ဖြစ်ပါတယ်။

သာသနာပ အယူအဆ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကတော့ သုံးဆယ့်တစ်ဘုံ အတွင်းမှာ တည်ရှိနေတဲ့ သက်ရှိသက်မဲ့ အရာဝတ္ထုမှန်သမျှကို အတ္တဆိုတဲ့ မျက်လုံး တပ်ပြီး ကြည့်ကြတယ်၊ မြင်ကြတယ်။ ဒီသုံးဆယ့်တစ်ဘုံအတွင်းမှာ တည်ရှိတဲ့ သက်ရှိသက်မဲ့ အရာဝတ္ထုမှန်သမျှကို ပရမတ္ထသစ္စာနယ်က ပရမတ္ထ သစ္စာမျက်လုံးနှင့် လှမ်းကြည့်လိုက်လျှင် --

၁။ ရုပ်တရားအစုအပုံသက်သက်

၂။ နာမ်တရားအစုအပုံသက်သက်

၃။ ရုပ်နာမ်အစုအပုံသက်သက်သာ ရှိတယ်။

သုံးဆယ့်တစ်ဘုံကို ပရမတ္ထသစ္စာနယ်ဘက်က ခွဲတမ်းချကြည့်လိုက်လျှင်

၁။ အသညသတ်တို့လို ရုပ်တရားအစုအပုံသက်သက်ရှိတဲ့ ဘုံတွေလည်း ရှိ ကြတယ်။

၂။ အရူပဗြဟ္မာ့ပြည်တို့လို နာမ်တရားအစုအပုံသက်သက်သာရှိတဲ့ ဘုံတွေ လည်း ရှိကြတယ်။

၃။ ခန္ဓာငါးပါး ရှိကြတဲ့ ပဉ္စဝေါကာရဘုံတို့လို ရုပ်နာမ်အစုအပုံသာ ရှိတဲ့ ဘုံတွေလည်း ရှိကြတယ်။

ပဉ္စဝေါကာရဘုံတွေ ဆိုတာကတော့ ခန္ဓာငါးပါးရှိတဲ့ ဘုံတွေကို ဆိုလို ပါတယ်။ ကာမ (၁၁)ဘုံနှင့် ခန္ဓာငါးပါးရှိတဲ့ ရူပါဝစရဗြဟ္မာဘုံ (၁၅)ဘုံ၊ ပေါင်း (၂၆)ဘုံကို ဆိုလိုပါတယ်။

ဒါကြောင့် သုံးဆယ့်တစ်ဘုံကို ပရမတ္ထသစ္စာမျက်လုံးနှင့် ကြည့်လိုက်တော့ ရုပ်တရားအစုအပုံသက်သက်, နာမ်တရားအစုအပုံသက်သက်, ရုပ်နာမ် အစုအပုံသက်သက်သာ ရှိတယ်။ အဲဒီလို ရုပ်တရားအစုအပုံသက်သက်, နာမ်တရားအစုအပုံသက်သက်, ရုပ်နာမ်အစုအပုံသက်သက်သာ ရှိတယ်လို့ မသိဘဲ အတ္တဝါဒသမားတွေက အသက်ကောင် လိပ်ပြာကောင် ဝိညာဏ် ကောင်အဖြစ်နှင့် သုံးဆယ့်တစ်ဘုံမှာရှိတဲ့ သတ္တဝါတွေကို သိကြတယ် မြင်ကြ တယ်။ ဖန်ဆင်းရှင်အတ္တနှင့် အဖန်ဆင်းခံရတဲ့အတ္တဆိုတာ ရှိတယ်လို့ တချို့ က လက်ခံယုံကြည်ကြတယ်။

ဒီလို အတ္တလို့စွဲတဲ့အပိုင်းမှာ တချို့က ရုပ်ကို အတ္တလို့စွဲတယ်။ တချို့က ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ နာမ်ခန္ဓာတစ်ခုခုကိုသော်လည်း ကောင်း, နာမ်ခန္ဓာအားလုံးကိုသော်လည်းကောင်း အတ္တလို့ စွဲလမ်းယုံကြည် နေကြတယ်။

တချို့က - ခန္ဓာ တစ်ခုခုကိုသော်လည်းကောင်း, ခန္ဓာ အားလုံးကိုသော် လည်းကောင်း အတ္တလို့ စွဲလမ်းယုံကြည်နေကြတယ်။

အဲဒီအတ္တလို့ စွဲလမ်းယုံကြည်နေတဲ့ ဒီသက္ကာယဒိဋ္ဌိသည် မိစ္ဆာဝါဒ မိစ္ဆာဒိဋ္ဌိ မှန်သမျှတို့ရဲ့အခြေခံအကြောင်းအရင်း ဖြစ်ပါတယ်ဆိုပြီး ရှင်းလင်းတင်ပြ တော့ သူ သိပ်ပြီးဝမ်းသာသွားတယ်နော်။

ဒါက - သူ့ရဲ့ တရားနှင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပုံလေး တစ်မျိုးပဲ။ သို့သော် ဒီသက္ကာယဒိဋ္ဌိကို ဖြိုခွင်းနိုင်ရေးအတွက်က ဘာလိုသလဲ? --

ဒီနေ့ တရားနာပရိသတ်တွေဘက် လိုအပ်တဲ့ အချက်ကတော့ မိမိတို့ သန္တာန်မှာ တည်ရှိနေတဲ့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ခေါ်တဲ့ ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို စနစ်တကျ ထွင်းဖောက်သိဖို့ လိုပါတယ်။

ရုပ်တို့မည်သည် ရှေ့ကပြောခဲ့တဲ့အတိုင်း ကလာပ်လို့ခေါ်တဲ့ အမှုန်လေး တွေအနေနှင့် ဖြစ်တော့ ဒီကလာပ်အမှုန်လေးတွေကို မြင်လို့ ဓာတ်ခွဲနိုင်မှ ရုပ်ပရမတ်ကို သိမယ်။

ထိုရုပ်ပရမတ်တရားတို့ရဲ့သဘောက မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်းဆိုတဲ့ မရှိခြင်း နှစ်ခုရဲ့အလယ်ခေါင်မှာသာလျှင် ယာယီအခိုက်အတန့် အားဖြင့် ဖြစ်ပေါ်လာတဲ့ သဘောတရားမျိုး ဖြစ်တယ်။

ယာယီဆိုတာက ဘယ်လောက်ယာယီလဲလို့ မေးလျှင် တစ်စက္ကန့်ကို အကြိမ် ကုဋေငါးထောင်ကျော်ခန့်လောက် ပုံလျှင် တစ်ပုံလောက်သာရှိတဲ့ ယာယီ။ ဘာကြောင့် ဒီလိုပြောရသလဲ ..?

ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ၊ဋ္ဌ၊၂၊၂၉၅။)

စသည်ဖြင့် ဖေဏပိဏ္ဍူပမသုတ္တန်အဋ္ဌကထာများမှာ ဖွင့်ဆိုထားပါတယ်။

ဝေဒနာနှင့်တကွသော နာမ်တရားတို့ကို ဆိုကြစို့။ စိတ် စေတသိက်တရား တွေဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလအတွင်းမှာ ကုဋေတစ်သိန်းခန့် ဖြစ်ပြီးတော့ ပျက်သွားတယ်။ ဒါလောက်အထိ နာမ်လောကက လျင်မြန်တယ်။

ရုပ်တရားတို့ကို သက်တမ်းကာလ အချိန် တိုင်းတာလိုက်တဲ့ အခါမှာ စိတ္တက္ခဏ (၁၇)ချက် ပျက်သွားလျှင် ရုပ် (၁)လုံး ဖြစ်ပြီး ပျက်တာနှင့် ညီမျှ တယ်၊ အချိန်ကာလတူတယ်လို့ သတ်မှတ်ထားတယ်။ အဲဒီ သတ်မှတ်ချက် အရ အကြိမ်ကုဋေတစ်သိန်းကို (၁၇)နှင့် စားလိုက်လို့ရှိလျှင် အကြိမ်ကုဋေ ငါးထောင်ကျော် ထွက်လာတယ်။ တစ်စက္ကန့်လို့ခေါ်ဆိုအပ်တဲ့ အချိန်ကာလ ကို ကုဋေငါးထောင်ကျော်ခန့်လောက်ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်း ရှိတဲ့ ယာယီ ဖြစ်ပါတယ်။

အဲဒီယာယီကို မြင်မှ ရုပ်တရားတွေသည် ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရား သာ မှန်တယ်၊ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားသာ မှန်တယ်၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည် နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားတွေသာ မှန်တယ်လို့ ဒီလို အနတ္တဉာဏ် အမြင် ပေါ်လာမယ်။ နာမ်တရားတွေမှာလည်း ထိုနည်းလည်းကောင်းပဲ။

အဲဒီလို အနတ္တဉာဏ်အမြင်ဆိုက်ပါမှ ဒီ သက္ကာယဒိဋ္ဌိခေါ်တဲ့ အတ္တဒိဋ္ဌိ ကြီးကို ဖြိုခွဲလို့ ရမယ်။ အနတ္တဉာဏ်အမြင် ဆိုက်ရေးအတွက် ဒီရုပ်တွေ နာမ်တွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးက --

နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။) --

ဒီလို ဖွင့်ဆိုထားပါတယ်။

နာနာဓာတုယော = အသီးအသီးသော ရုပ်ဓာတ်နာမ်ဓာတ်တို့ကို။ ဝိနိဗ္ဘုဇိတွာ = တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍။ ဃနဝိနိဗ္ဘောဂေ = ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲကို ဖြိုခွဲဖျက်ဆီးခြင်းကို။ ကတေ = ပြုလုပ်နိုင် ခဲ့သည်ရှိသော်။ အနတ္တလက္ခဏံ = အနတ္တလက္ခဏာသည်။ ယာထာဝသရသတော = ဟုတ်မှန်တိုင်းသော မိမိရဲ့ သဘောလက္ခဏာအားဖြင့်။ ဥပဋ္ဌာတိ = ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်၌ ထင်လာ၏။

ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲလို့ ခေါ်ဆိုအပ်တဲ့ အတုံးအခဲတွေကို ဉာဏ်နှင့် ဖြိုခွဲဖျက်ဆီးနိုင်ပါမှ ရုပ်နာမ်ပရမတ်နယ်မြေကို ဆိုက်မယ်။ ပရမတ်ကို ဉာဏ် အမြင်ဆိုက်ပါမှ အနတ္တဉာဏ်အမြင် ပေါ်မယ်၊ အနတ္တရောင်ခြည်တော် ထွက်ပေါ်လာမှာဖြစ်တယ်။ အနတ္တရောင်ခြည်တော်ထွက်ပေါ်လာမှသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိနိုင်မယ်။

ဒါကြောင့် - အနတ္တရောင်ခြည်တော် တင့်တယ်စမ္ပယ်စွာ ကွန့်မြူးပြီး ထွက်ပေါ်လာနိုင်ရေးအတွက် သက္ကာယဒိဋ္ဌိငရဲမီးကြီးကို ဖြိုခွင်းနိုင်ဖို့သည် အခြေခံအကြောင်းရင်း ဖြစ်တယ်။

ဒီနေ့ တရားနာပရိသတ်တွေ သက္ကာယဒိဋ္ဌိငရဲမီးကြီးကို ဖြိုခွင်းနိုင်ရေး အတွက် ဘာလုပ်ရမလဲလို့မေးလျှင် ရုပ်တွေ နာမ်တွေကို ပရမတ်သို့ ဉာဏ် အမြင်ဆိုက်အောင် ရှုပွားသုံးသပ်ရမယ်။ ဒါသည် အဖြေပဲ။

ကဲ ဒုတိယဣသိဒတ္တသုတ္တန်ပြီးတော့ နောက်တစ်ခု နံပါတ် (၄) သုတ္တန်ဖြစ်တဲ့ မဟကပါဋိဟာရိယသုတ္တန်တစ်ခု (သံ၊၂၊၄၈၀-၄၈၁။) လာရှိပါတယ်။


အခန်း (၉)

မဟကပါဋိဟာရိယသုတ္တန်

စိတ္တသူကြွယ် ကျောင်းဒါယကာကြီး လယ်လုပ်တဲ့နေရာမှာ နွားတင်းကုပ် တစ်ခု ရှိတယ်။ အဲဒီ နွားတင်းကုပ်ကလည်း တော်တော် ကြီးကျယ်ခမ်းနားတဲ့ နွားတင်းကုပ် ဖြစ်ပါလိမ့်မယ်။

တစ်ချိန်မှာ ဒါယကာကြီးက ရဟန်းသံဃာတွေကို ထိုနွားတင်းကုပ်မှာ ပင့်ဖိတ်ပြီးတော့ ဆွမ်းဖြင့် ပြုစုလုပ်ကျွေးပါတယ်။ ရေမရောတဲ့ ထောပတ် နွားနို့တို့ဖြင့် စီမံပြီးတော့ ချက်ပြုတ်ထားတဲ့ သပ္ပိပါယာသလို့ ခေါ်ဆိုအပ်တဲ့ ထောပတ် နို့ဃနာဆွမ်းဖြင့် သံဃာတော်တွေကို ပြုစုလုပ်ကျွေးပါတယ်။

သူ ကိုးကွယ်ဆည်းကပ်နေတဲ့ သူ့ရဲ့ကျောင်းတိုက်ဖြစ်တဲ့ အမ္ဗာဋကာရာမ ကျောင်းတိုက်နှင့် ဒီလယ်တောက တော်တော်လေး ဝေးပုံရတယ်။ သံဃာ တော်တွေကို ပြုစုလုပ်ကျွေးပြီးတဲ့ အချိန်အခါမှာ မထေရ်ကြီးတွေလည်း ဆွမ်း ဘုဉ်းပေးခြင်းကိစ္စ ပြီးလို့ ပြန်ကြွရတော့မယ်။

ပြန်ကြွတဲ့အခါ သူလည်း နောက်ကလိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိနေ တော့ မထေရ်ကြီးတွေကို ဆွမ်းဖြင့် ပြုစုလုပ်ကျွေးနေတဲ့ အချိန်အခါမှာ သူကိုယ်တိုင်လည်း စားလိုက်ပါတယ်။ မထေရ်ကြီးတွေ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးတော့ သူလည်း စားခြင်းကိစ္စ ပြီးသွားပြီ။

ပြီးသွားတဲ့ အချိန်အခါမှာ ကျန်နေတဲ့ စားဖွယ်သောက်ဖွယ်တွေကို အ လုပ်သမားတွေကို သင့်တော်သလို စီမံခန့်ခွဲဖို့ရန်အတွက် အမိန့်ပေးပြီးတော့ မထေရ်ကြီးတွေနောက်က သူလည်း လိုက်ပါလာတယ်။

ထိုနေ့ထိုအချိန်အခါက ပြန်လာတာ တော်တော်လေး နေမြင့်နေပြီနှင့် တူတယ်။ လယ်တောကလည်းဝေးတော့ နေကလည်း ကျိုက်ကျိုက်ဆူလောက် အောင် ပူနေပြီ။

အဲဒီလိုပူနေတဲ့ နေပူကြီးထဲကို ရဟန်းသံဃာတွေ ပြန်ပြီး ကြွနေရတဲ့ ဆင်းရဲဒုက္ခကို မြင်တော့ အဲဒီသံဃာတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ မဟကလို့ အမည်ရနေတဲ့ ရဟန်းငယ်လေးတစ်ပါးက သံဃာ့ထေရ်ကြီးထံ ချဉ်းကပ်ပြီး တော့ သူက လျှောက်ထားတယ်။

ဒီ မဟကလို့ခေါ်တဲ့ မထေရ်လေးက သံဃာထေရ်ကြီးထံ ချဉ်းကပ်ပြီး တော့ သူက ဘာလျှောက်ထားလဲ? သူလျှောက်ထားပုံလေးက ...

သာဓု ခွဿ ဘန္တေ ထေရ သီတကော စ ဝါတော ဝါယေယျ၊ အဗ္ဘသမ္ပိလာပေါ စ အဿ၊ ဒေဝေါ စ ဧကမေကံ ဖုသာယေယျာတိ။ (သံ၊၂၊၄၈၀။)

အရှင်မထေရ်မြတ်ကြီးဘုရား ... ခုနေအချိန်အခါမျိုးမှာ လေပြည် လေညင်းလေးကလည်း ဖြည်းဖြည်းလေး တိုက်ခတ်နေမယ်ဆိုလျှင်၊ မိုးတိမ် တိုက်တွေကလည်း ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံပြီး ထားခဲ့မယ်ဆိုလျှင်၊ မိုးပေါက်ကလည်း တစ်ပေါက်ချင်း တစ်ပေါက်ချင်းဖြင့် ဖြည်းဖြည်းသာသာ လေး ရွာသွန်းနေမယ်ဆိုလျှင် မကောင်းပါလားအရှင်ဘုရား --

ဆိုပြီးတော့ ချဉ်းကပ်ပြီး သူက လျှောက်ထားတယ်။

ဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ မထေရ်ကြီးကလည်း ကောင်း တဲ့အကြောင်း ပြန်ပြီးတော့ မိန့်ကြားပါတယ်။ အဲဒီလို အမိန့်ရှိလိုက်တဲ့အချိန် အခါ - ဒီ မဟက အမည်ရတဲ့ မထေရ်လေးက ဘာလုပ်သလဲ? --

တထာရူပံ ဣဒ္ဓါဘိသင်္ခါရံ အဘိသင်္ခရိ ယထာ သီတကော စ ဝါတော ဝါယိ၊ အဗ္ဘသမ္ပိလာပေါ စ အဿ၊ ဒေဝေါ စ ဧကမေကံ ဖုသိ။ (သံ၊၂၊၄၈၀။)

ထိုကဲ့သို့ သဘောရှိတဲ့ တန်ခိုးကို အဓိဋ္ဌာန်ဖန်ဆင်းတော်မူတယ်။ ထိုကဲ့သို့ သဘောရှိတဲ့တန်ခိုးဆိုတာက ဘာပြောတာလဲ? --

လေပြည်လေညင်းကလေး ဖြည်းဖြည်းလေး တိုက်ခတ်ဖို့ရန်, မိုးသား တိမ်တိုက်တို့ဖြင့် လွှမ်းခြုံထားဖို့ရန်, မိုးပေါက်ကလေးတွေကလည်း တစ်ပေါက် ချင်း တစ်ပေါက်ချင်း ရွာသွန်းချဖို့ရန်အတွက် အဘိညာဏ်ရဲ့အခြေခံဖြစ်တဲ့ စတုတ္ထစျာန်ကို ဝင်စားပြီးတော့ အဓိဋ္ဌာန်တော်မူလိုက်ပါတယ်။

အဲဒီလို အဓိဋ္ဌာန်တဲ့ တန်ခိုးမျိုးကိုတော့ အဋ္ဌကထာက အဓိဋ္ဌာနိဒ္ဓိ-လို့ ဒီလို ဖွင့်ဆိုထားပါတယ်။

မြတ်စွာဘုရားလည်း ရဟန်းတော်တွေကို တန်ခိုးမပြရလို့ တားမြစ်ထား သော်လည်း ဒီအဓိဋ္ဌာနိဒ္ဓိကိုတော့ မြတ်စွာဘုရားက ခွင့်ပြုထားတော်မူပါ တယ်။

အဲဒီခွင့်ပြုချက်အရ ဝါအငယ်ဆုံးဖြစ်နေတဲ့ ဒီ မဟက အမည်ရနေတဲ့ မထေရ်မြတ်လေးတစ်ပါးက ဒီလိုတန်ခိုးမျိုးကို ဖန်ဆင်းခြင်းဖြစ်ပါတယ်။

မထေရ်ကြီးတွေ ချမ်းချမ်းသာသာဖြင့် ကျောင်းပြန်ကြွရတယ်။ နေလည်း မပူဘူး၊ လေပြည်လေညင်းလေးကလည်း တသုန်သုန် တိုက်ခတ်နေတယ်၊ မိုးပေါက်ကလေးတွေကလည်း ဖြည်းညင်းစွာဖြင့် တစ်ပေါက်ချင်း တစ်ပေါက် ချင်း ရွာသွန်းနေတော့ အလွန်ကျိုက်ကျိုက်ဆူပြီးနေတဲ့ အပူဒဏ်တွေအားလုံး ငြိမ်းသွားတယ်။

ငြိမ်းသွားတဲ့အချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကြီး သိပ်ဝမ်းသာသွား တယ်။ ဒီလောက် တန်ခိုးကြီးနေတဲ့ စိတ်ရဲ့စွမ်းအားတွေနှင့် ပြည့်ဝစုံလင်နေတဲ့ သံဃာတော်တွေကို ဆွမ်းဖြင့် ပြုစုလုပ်ကျွေးခွင့် ကိုးကွယ် ဆည်းကပ်ခွင့် ရနေတဲ့ မိမိရဲ့ အခွင့်အလမ်းကြီးကိုလည်း သိပ်ပြီးတော့ ဝမ်းသာသွားတယ်။

ဒီလိုတန်ခိုးမျိုးနှင့် ပတ်သက်လို့ နည်းနည်းစပ်မိတော့ ဗဟုသုတကလေး တစ်ခုတော့ ထပ်ပြောမယ်။

ဘုန်းကြီးတို့ ဗိမ္ဗိသာရမင်းရဲ့ ဆရာဖြစ်တဲ့ အရှင်ပိလိန္ဒဝစ္ဆ မထေရ်ကြီး လည်း ဒီလိုတန်ခိုးမျိုးကို ဖန်ဆင်းခဲ့ဖူးပါတယ်။ ဘုရားရှင်လည်း ခွင့်ပြုထား တော်မူပါတယ်။

ဆွမ်းခံရွာတစ်ရွာ ဆိုကြပါစို့။ မထေရ်ကြီးက သူ့ရဲ့ အဲဒီဆွမ်းခံရွာလေး တစ်ရွာသို့ ကြွသွားရင်းနှင့် -- ဆွမ်းဖြင့်ပြုစုလုပ်ကျွေးနေတဲ့ ဆွမ်းဒါယိကာမ ကြီးရဲ့ သမီးငယ်ကလေးတစ်ဦးက တောင်ထိပ်ပွဲ သွားချင်လို့ တောင်ထိပ် ပွဲနှင့် ထိုက်တန်နေတဲ့ ဝတ်စားတန်ဆာတွေ ဝတ်ချင်တဲ့အတွက် မိခင်ကို ပူဆာနေတာကို -- ကြားလိုက်မိတယ်။

အဲဒီအချိန်အခါမှာ မထေရ်မြတ်ကြီးက ကရွတ်ခွေလေးတစ်ခု ကောက် ကိုင်ပြီးတော့ အဓိဋ္ဌာန်လိုက်တယ်။ အင်မတန် လှပတဲ့ ရတနာပန်းကုံးကြီး တစ်ခု ဖြစ်သွားတယ်။

ဒီရတနာပန်းကုံး ဆင်မြန်းပြီးတော့ ဒီကလေးမလေးကလည်း ဒီတောင်ထိပ်ပွဲသွားတော့ မင်းမှုထမ်းတွေကနေပြီးတော့ ဒီလောက်တောင် ဆင်းရဲ နွမ်းပါးနေတဲ့ ဒီကလေးသူငယ်မက ဒီလောက်တောင်လှတဲ့ ရတနာပန်းကုံး ကြီးကို ဆင်မြန်းတာဟာ ဧကန္တ ဒီရတနာပန်းကုံးသည် နန်းတော်တွင်းတောင် မရှိတဲ့အတွက် သူတို့ ခိုးလို့ရတာ ဖြစ်မယ်၊ သူတို့ပိုင်ပစ္စည်းတော့ မဖြစ်နိုင်ဘူး ဆိုပြီးတော့ ဖမ်းပါလေရော။

အိမ်ရှင်ယောက်ျားလည်း အဖမ်းခံရတော့ နောက်တစ်နေ့ မထေရ်ကြီး ဆွမ်းခံကြွတဲ့အခါ အိမ်ရှင်မကနေ အကျိုးအကြောင်း တင်ပြလျှောက်ထား တော့ အရှင်ပိလိန္ဒဝစ္ဆမထေရ်ကြီးလည်း နန်းတော်သို့ ကြွသွားတော်မူပါတယ်။

နန်းတော်သို့ လိုက်သွားပြီးတဲ့ အချိန်အခါကျတော့ ဗိမ္ဗိသာရမင်းကို အကျိုးအကြောင်း မေးမြန်းတယ်။ မေးမြန်းတဲ့ အချိန်အခါကျတော့ --

အရှင်ဘုရား ...ဒီလို ရတနာပန်းကုံး ဆိုတာက တပည့်တော်တို့ရဲ့ နန်းတွင်းတောင် မရှိပါဘူး။ ဒီလောက်ဆင်းရဲနွမ်းပါးနေတဲ့အိမ်မှာ ဒီလို ရတနာ ပန်းကုံးကြီးရှိတယ်ဆိုတာ ဧကန္တ မတရားသော နည်းလမ်းဖြင့် ခိုးယူလို့သာ ရရှိတဲ့ပစ္စည်း ဖြစ်နိုင်ပါတယ် - ဆိုပြီး ဗိမ္ဗိသာရမင်းက တင်ပြလျှောက်ထား တော့ အဲဒီအချိန်မှာ မထေရ်ကြီးက ဘာလုပ်သလဲ? --

ဗိမ္ဗိသာရမင်းကြီးရဲ့ နန်းတော်တစ်ခုလုံး ရွှေအတိ ပြီးစေ - ဆိုပြီးတော့ အဘိညာဏ်ရဲ့ အခြေခံဖြစ်တဲ့ စတုတ္ထစျာန်သမာပတ်ကို ဝင်စားပြီး အဓိဋ္ဌာန် တော်မူလိုက်ပါတယ်။

ကဲ ဒါယကာတော် ...ဒါယကာတော်ရဲ့ နန်းတော်ကြီးတစ်ခုလုံးကို ကြည့်လိုက်စမ်း၊ ဘာတွေဖြစ်နေသလဲ လို့ မေးလိုက်တော့ အဲဒီမှာ အားလုံး ရွှေနန်းတော်ကြီး ဖြစ်သွားတယ်။

အဲဒီအခါကျတော့မှ ဗိမ္ဗိသာရမင်းကြီးက ဦးချကန်တော့ပြီးတော့ ခုနက ဖမ်းဆီးချုပ်နှောင်ထားတဲ့ ပုဂ္ဂိုလ်တွေကို ပြန်ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။

ဒီလိုတန်ခိုးမျိုးကို အဓိဋ္ဌာနိဒ္ဓိတန်ခိုးလို့ ခေါ်ပါတယ်။ အဲဒီလို အဓိဋ္ဌာနိဒ္ဓိ တန်ခိုးလို့ခေါ်တဲ့ တန်ခိုးမျိုးကိုတော့ ဘုရားရှင်လည်း ရဟန်းသံဃာတော်များ အတွက် ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

တစ်ယောက်တည်းဖြစ်လျက် အများဖြစ်ခြင်း၊ အများဖြစ်လျက် တစ် ယောက်တည်း ဖြစ်ခြင်း စတဲ့ ဒီလို အံ့ဖွယ်သရဲ ဖြစ်စေတဲ့ တန်ခိုးဣဒ္ဓိပါဒ် များကိုတော့ မပြဖို့ရန်အတွက် ရဟန်းတွေကို ဘုရားရှင်က သိက္ခာပုဒ်နှင့် ပညတ်ပြီး ထားပါတယ်။

ဒီနေရာမှာလည်း မဟက အမည်ရှိတဲ့ မထေရ်လေးက အင်မတန် ပူပြင်း နေတဲ့ ကျိုက်ကျိုက်ဆူနေတဲ့ နေပူထဲမှာ သွားနေရတဲ့ ရဟန်းသံဃာတွေကို ချမ်းသာသုခရရှိပါစေခြင်းအကျိုးငှာ ရည်ရွယ်ပြီးတော့ ဒီအဓိဋ္ဌာနိဒ္ဓိတန်ခိုးလို့ ခေါ်ဆိုအပ်တဲ့ တန်ခိုးကို ဖန်ဆင်းတော်မူခြင်းပဲ ဖြစ်ပါတယ်။

ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ... မကောင်းဘူးလား? သိပ် ကောင်းတယ်။ ဒါ ဘာကြောင့်ရသလဲ? စိတ်ရဲ့ စွမ်းအင်ပဲ။

ဒီလိုကျင့်စဉ်တွေ ကျင့်လို့ရနိုင်တယ်ဆိုလျှင် ဘုရားရှင်ရဲ့သာသနာတော် သည် အလွန်အားရဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။

ဒါ စိတ်ကိုအသုံးချတာ။ စိတ်မှာရှိနေတဲ့တန်ခိုးအာနိသင်တွေကို ထုတ်ပြီး အသုံးချတော့ စိတ္တသူကြွယ် ဒါယကာကြီး ဝမ်းသာလွန်းလို့ - မဟကအမည် ရှိတဲ့ မထေရ်လေး ကျောင်းရောက်တဲ့ အချိန်အခါမှာ - မအောင့်နိုင်တဲ့ အတွက် ထိုမထေရ်လေးရဲ့အထံကို သွားပြီးတော့ ...

အရှင်ဘုရား ...တပည့်တော်ကို တန်ခိုးတစ်ခုလောက် ထပ်ပြတော် မူပါ --

လို့ ထပ်ပြီး လျှောက်ထားတောင်းပန်တယ်။

ကဲ ဒါယကာကြီး ...ဒီလိုဆိုလို့ရှိလျှင်တော့ ဒါယကာကြီးရဲ့ အပေါ်ရုံ စုလျားတဘက်ကလေးကို ခွေးကတက်လို့ ခေါ်ဆိုအပ်တဲ့ ကျောင်းဖိနပ်ချွတ် တဲ့ နေရာလေးမှာ ဒါယကာကြီး ခင်းလိုက်ပေတော့။ ခင်းပြီးတော့ အဲဒီ အပေါ်မှာ မြက်တွေကို ကြဲဖြန့်လိုက်ပါဆိုပြီးတော့ ပြောလိုက်တယ်။

မဟကမထေရ်က တံခါးပိတ်ပြီးတော့ ကျောင်းတွင်းကို ဝင်သွားလိုက် တယ်။ တေဇောကသိုဏ်းကို ဝင်စားပြီးတော့ အဓိဋ္ဌာန်တော်မူလိုက်ပါတယ်။

ကျောင်းတံခါးကြားထဲကရော သံကောက်ပေါက်ကလေးကရော မီးတွေ တစ်စတစ်စ ထွက်လာတယ်၊ မီးခိုးတွေ ထွက်လာတယ်၊ မီးညွန့်တွေ ထွက် လာတယ်။

အဲဒီမီးတွေက တံခါးကို မလောင်ဘူး၊ တံခါးကြားကနေ ထွက်လာတယ်၊ တံခါးကို သော့ခပ်တဲ့ သံကောက်ပေါက်ကလေးကနေ ထွက်လာတယ်။ ထွက် လာပြီးတော့ ဒီမီးတွေက စိတ္တသူကြွယ်ဒါယကာကြီး ဖြန့်ခင်းထားတဲ့ အပေါ်ရုံ စုလျားတဘက်ပေါ်မှာ တည်ရှိနေတဲ့ မြက်တွေကို လောင်သွားတယ်၊ တဘက် ကို နည်းနည်းလေးမှ မလောင်ဘူး။

အဲဒီလိုတန်ခိုးကလည်း အဓိဋ္ဌာနိဒ္ဓိတန်ခိုးပါပဲ၊ စိတ်ရဲ့ စွမ်းအားပဲ။ တဘက် ပေါ်မှာရှိနေတဲ့ မြက်တွေကို တစ်စမကျန် လောင်ကျွမ်းနိုင်တယ်ဆိုလျှင် ဒီ တဘက်ကလေး လောင်ကျွမ်းသွားဖို့ မကောင်းဘူးလား? ကောင်းတယ်။ ဒါပေမဲ့ နည်းနည်းလေးမှ မလောင်ဘူးနော်။

ဣဒ္ဓိဝိပါကော အစိန္တိယော = တန်ခိုးအရာသည် မကြံစည်သင့် မကြံစည် ထိုက်ဘူးတဲ့။

စိတ်တို့ရဲ့စွမ်းအင်လေးပဲနော်။ အဲဒီတန်ခိုးကို မြင်လိုက်တဲ့အချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကြီးက အလွန့်အလွန် ဝမ်းသာသွားတယ်။

ဝမ်းသာသွားတဲ့အတွက် ခုနက တရားဟောတဲ့ အရှင်ဣသိဒတ္တမထေရ်, ခု အရှင်မဟကမထေရ် အဲဒီမထေရ် နှစ်ပါးလုံးကို သူဘာလျှောက်ထားသလဲ?

အရှင်ဘုရား ... တပည့်တော်ရဲ့ ဒီ အမ္ဗာဋကာရာမ အမည်ရတဲ့ ဒီကျောင်းတိုက်ကြီးသည် အလွန်မွေ့လျော်ဖွယ်ကောင်းတဲ့ ကျောင်းတိုက်ကြီး တစ်ခုဖြစ်ပါတယ်။ ဒီကျောင်းတိုက်ကြီးမှာ အရှင်ဘုရားတို့ အသက်ထက်ဆုံး သီတင်းသုံးတော်မူပါ။ အရှင်ဘုရားတို့အတွက် လိုအပ်တဲ့ ပစ္စည်းလေးပါးကို တပည့်တော် ကြောင့်ကြစိုက်ပါ့မယ် ဆိုပြီးတော့ ရိုသေစွာ လျှောက်ထား တောင်းပန်တယ်။

အဲဒီလို တောင်းပန်တဲ့ အချိန်အခါမှာ မထေရ်မြတ်ကြီးတွေက သူ့ရဲ့ ကုသိုလ်စေတနာကို ဝမ်းသာတဲ့အနေနှင့် သာဓုအနုမောဒနာတော့ ခေါ်ပါ တယ်။ သို့သော် နှစ်ပါးလုံးပေါ့ အမ္ဗာဋကာရာမကျောင်းတိုက်မှ နောက် တစ်ဖန် မပြန်သော ထွက်ခွာခြင်းဖြင့် ထွက်ခွာကြွသွားတော်မူကြတယ်။ ဘာ့ကြောင့်လဲ ..?

ဒီလို တရားဟောလို့ရတဲ့ပစ္စည်း တန်ခိုးပြလို့ရတဲ့ပစ္စည်းမျိုးကို ရှေးရှေး မထေရ်ကြီးတွေက အလွန်စက်ဆုပ်ရွံရှာတော်မူကြပါတယ်၊ ရတနာ သုံးတန် ကံ-ကံ၏အကျိုးတရားကို ယုံကြည်တဲ့ မှန်ကန်တဲ့ သဒ္ဓါတရားဖြင့် လှူဒါန်း နေတဲ့ ပစ္စည်းလေးပါးကိုသာ အလိုရှိတော်မူကြတယ်။

ဒါကြောင့် တရားဟောလို့ရတဲ့ပစ္စည်း တန်ခိုးပြလို့ရတဲ့ပစ္စည်းတွေတော့ နောက်နောင်တစ်ချိန်မှာ ဖြစ်တော့မယ်ဆိုတာ သဘောပေါက်ပြီးတော့ ထို အမ္ဗာဋကာရာမ ကျောင်းတိုက်ကြီးမှ ထွက်သွားတော်မူကြခြင်းဖြစ်တယ်။

ဒါက မဟကပါဋိဟာရိယသုတ္တန် ဖြစ်ပါတယ်။ စိတ္တသူကြွယ် ဒါယကာကြီး တရားနှင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပုံနှင့် ပတ်သက်ပြီး ဖော်ပြထားတဲ့ သုတ္တန်တစ်ခုပဲ။

နောက်သုတ္တန်တစ်ခုကတော့ စိတ္တသံယုတ်ရဲ့ နံပါတ် (၅) သုတ္တန် ဖြစ်တဲ့ ပထမကာမဘူသုတ္တန် (သံ၊၂၊၄၈၁-၄၈၃။) ဖြစ်ပါတယ်။


အခန်း (၁၀)

ပထမကာမဘူသုတ္တန်

ဒီသုတ္တန်ကတော့ စိတ္တသူကြွယ် ကျောင်းဒါယကာကြီး ပိဋကတ်သုံးပုံမှာ ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာကို ဖော်ပြတဲ့ သုတ္တန်ဖြစ်တယ်။

တစ်ချိန်မှာ စိတ္တသူကြွယ် ဒါယကာကြီးက ကျောင်းကို သွားတယ်။ သူ ကိုးကွယ်ဆည်းကပ်နေတဲ့ အမ္ဗာဋကာရာမ ကျောင်းသွားပြီးတဲ့ အချိန်အခါမှာ အရှင်ကာမဘူ မထေရ်ထံ ချဉ်းကပ်ပြီးတော့ ရိုသေစွာ ရှိခိုးပြီး သင့်တင့် လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်လိုက်တယ်။

အဲဒီလို ထိုင်လိုက်တဲ့အချိန်အခါမှာ အရှင်ကာမဘူ မထေရ်မြတ်ကနေ ပြီးတော့ သူ့ကို မေးခွန်းလေးတစ်ခု မေးတယ်။

အဲဒီမေးခွန်းက မြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမထားတဲ့ ဂါထာ လေး တစ်ခု ဖြစ်ပါတယ်။ ဒီဂါထာသည် ခေတ်အပြောနှင့် ပြောလျှင်တော့ စကားထာဝှက်တဲ့ ဂါထာလေး တစ်ခု အသွင်တော့ ဆောင်နေတယ်။ ဒီ ဂါထာလေးက ဘာပြောသလဲ? --

နေလင်္ဂေါ သေတပစ္ဆာဒေါ၊ ဧကာရော ဝတ္တတီ ရထော။

အနီဃံ ပဿ အာယန္တံ၊ ဆိန္နသောတံ အဗန္ဓနံ။ (သံ၊၂၊၄၈၂။)

နေလင်္ဂေါ = အပြစ်ကင်းစင်သော အင်္ဂါအစိတ်အပိုင်းရှိသော။ သေတပစ္ဆာဒေါ = အဖြူရောင်ဖြင့် လွှမ်းခြုံလျက်ရှိသော။ ဧကာရော = တစ်ခုတည်း သော ထောင့်အကန့်ရှိသော။ ရထော = ရထားကြီး တစ်စင်းသည်။ ဝတ္တတိ = လာ၍နေပါ၏။ အနီဃံ = ဆင်းရဲခြင်းကင်းသည်ဖြစ်၍။ ဆိန္နသောတံ = ရေအယဉ်ကို ဖြတ်တောက်၍ပြီးသော။ အဗန္ဓနံ = အနှောင်အဖွဲ့ကင်းလျက် ရှိသော။ အာယန္တံ = ကြွလာတော်မူတဲ့ပုဂ္ဂိုလ်ကို။ ပဿ = ဖူးမြော်လိုက်စမ်းပါ။

ဒါက စကားထာဝှက်တဲ့ ဂါထာလေးပဲ။ အဲဒီဂါထာလေးရဲ့ အဓိပ္ပါယ်က ဘာကိုဟောသလဲ ဘာကိုဆိုလိုပါသလဲဒါယကာကြီးဆိုပြီးတော့ စိတ္တသူကြွယ် ဒါယကာကြီးကို မေးကြည့်တယ်။

စိတ္တသူကြွယ် ဒါယကာကြီးကို အဲဒီလို မေးလိုက်တဲ့ အချိန်အခါကျတော့ စိတ္တသူကြွယ် ဒါယကာကြီးက - အရှင်ဘုရား ... ခေတ္တခဏလောက် ဆိုင်းပါဦးဘုရားဆိုပြီး သူက လျှောက်ထားတယ်။

ခေတ္တခဏလောက် အဆိုင်းခိုင်းပြီးတဲ့အခါ သူက ခေတ္တခဏလောက် ဆိတ်ဆိတ်နေပြီးတော့ သူ ဘာလုပ်သလဲ ..?

မုဟုတ္တံ တုဏှီ ဟုတွာတိ တဿ အတ္ထပေက္ခနတ္ထံ တီဏိ ပိဋကာနိ ကဏ္ဏေ ကုဏ္ဍလံ ဝိယ သဉ္စာလေန္တော အယံ ဣမဿ အတ္ထော၊ အယံ ဣမဿ အတ္ထောတိ ဥပပရိက္ခဏတ္ထံ မုဟုတ္တံ တုဏှီ ဟုတွာ။ (သံ၊ဋ္ဌ၊၃၊၁၃၁။)

ခဏလောက် ဆိတ်ဆိတ်နေတယ်ဆိုတာက ဘာသဘောလဲလို့မေးတော့ ဒီဂါထာလေးရဲ့ ဆိုလိုရင်း အနက်အဓိပ္ပါယ်တွေကို ဉာဏ်နှင့် စူးစမ်းဆင်ခြင် ဖို့ရန်အတွက် ...

တီဏိ ပိဋကာနိ = ပိဋကတ်သုံးပုံတို့ကို။ ကဏ္ဏေ = နား၌။ ကုဏ္ဍလံ ဝိယ = ပန်ဆင်ထားအပ်တဲ့နားတောင်းကဲ့သို့။ သဉ္စာလေန္တော = ကောင်းစွာ လှုပ်ချောက်ချားလျက် ...

ပိဋကတ်သုံးပုံကို နားမှာ ပန်ဆင်ထားတဲ့ နားတန်ဆာလေးကို လှမ်းပြီး လှုပ်လိုက်သလိုပဲ။ ပိဋကတ်သုံးပုံကို အကုန်လုံး လှုပ်ချောက်ချားပြီး ဘာလုပ် သလဲ? --

အယံ ဣမဿ အတ္ထော၊ အယံ ဣမဿ အတ္ထောတိ ဥပပရိက္ခဏတ္ထံ-

ဒီစကားလုံးက ဒီလိုအနက်အဓိပ္ပါယ်ရှိတယ်၊ ဒီစကားလုံးကျတော့ ဒီလို အနက်အဓိပ္ပါယ်ရှိတယ်လို့ စူးစမ်းဆင်ခြင်ဖို့ရန်အတွက် ခေတ္တခဏ ဆိုင်းငံ့ ပြီးတဲ့အချိန်အခါကျတော့ သူက ပြန်ပြီးတော့ အဖြေပေးပါတယ်။

အဖြေပေးတဲ့ အချိန်အခါကျတော့ ဘာပြောသလဲ? --

နေလင်္ဂ - အပြစ်ကင်းစင်တဲ့အင်္ဂါရှိတယ် ဆိုတာကတော့ ကိုယ်ကျင့်သီလ ပြည့်စုံတာကို မြတ်စွာဘုရား ဆိုလိုရင်းဖြစ်ပါတယ်ဆိုပြီး သူက ဒီလို ရှင်းပြ တယ်။ အဲဒီရှင်းလင်းချက်ကို ဘယ်လိုရှင်းပြသလဲလို့ မေးလျှင်တော့ --

တီဏိ ပိဋကာနိ ကဏ္ဏေ ကုဏ္ဍလံ ဝိယ --

ပိဋကတ်သုံးပုံကို ဉာဏ်စေလွှတ်လိုက်တယ်။ စေလွှတ်ပြီးတဲ့အခါကျတော့ နားမှာပန်ထားတဲ့ နားတောင်းလေးတစ်ခုကို ဆွဲလှုပ်လိုက်သလိုပဲ ပိဋကတ် တွေထဲကို ဉာဏ်စေလွှတ်ပြီးတော့ လှုပ်ကြည့်လိုက်တယ်။ ပိဋကတ်သုံးပုံမှာ လာနေတဲ့ ဘုရားဟောဒေသနာတွေကို ဉာဏ်နှင့်စူးစမ်းပြီးတော့မှ ဒီအဖြေကို သူက ပေးတာ။

အရှင်ဘုရား ...အပြစ်မရှိတဲ့ အင်္ဂါဆိုတာက သီလကို ခေါ်ဆိုပါတယ်။

သေတပစ္ဆာဒ - အဖြူရောင်ဖြင့် လွှမ်းခြုံထားတယ် ဆိုတာကတော့ ကိလေသာကင်းစင်နေတဲ့ အရဟတ္တဖိုလ် ဝိမုတ္တိသမာပတ်ကို ဆိုလိုတယ်၊ အရဟတ္တဖိုလ်စိတ်ကို ဆိုလိုပါတယ်လို့ သူက ရှင်းပြထားတယ်။

ဧကာရ - တစ်ခုတည်းသော ထောင့်အကန့် ရှိတယ် ဆိုတာကတော့ သတိကို ဆိုလိုပါတယ် အရှင်ဘုရားတဲ့။

ဝတ္တတိ - သွားနေတယ် သွားနေတယ်ဆိုတာကတော့ ရှေ့သို့ သွားတာကို ပြောတာပါတဲ့။

ရထော - ရထားကြီး ဆိုတာကတော့ စတုမဟာဘူတိက - မဟာဘုတ် ဓာတ်ကြီးလေးပါး ရှိနေတဲ့ ဒီ ရူပကာယကြီးကို ပြောနေတာ ဖြစ်ပါတယ် အရှင်ဘုရား။

နောက်တစ်ခု - အနီဃာ - ဆင်းရဲခြင်း ကင်းတယ် ဆိုတာကတော့ ကိလေသာအာသဝေါ ကင်းကွာနေတဲ့ ရဟန္တာအရှင်မြတ်တွေဟာ လောကမှာ ဆင်းရဲခြင်း အကင်းဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ ဒါကြောင့် ကိလေသာ အာသဝေါ ကင်းကွာနေတဲ့ ရဟန္တာအရှင်မြတ်ကို အနီဃာလို့ ခေါ်ပါတယ်။

ဆိန္နသောတ - တဏှာရေယဉ်ကြောကို ဖြတ်ပြီးတယ် ဆိုတာကတော့ ရဟန္တာ အရှင်မြတ်သည် (၃၁)ဘုံ အတွင်းရှိ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစု ဘဝထိုထိုကို တွယ်တာတပ်မက်နေတဲ့ တဏှာရေယဉ်ကြောကို ဖြတ်တောက်ပြီး နိဗ္ဗာန်ဆိုတဲ့ ဟိုမှာဘက်ကမ်းသို့ ရောက်အောင် ကူးခတ်ပြီးတဲ့ သူတော်ကောင်းကြီး ဖြစ်ပါတယ်။

ဒါကြောင့် ဆိန္နသောတ - ရေယဉ်ကို ဖြတ်တောက်ပြီးတယ် ဆိုတာက တဏှာရေယဉ်ကြောကို ဖြတ်တောက်ပြီးမှုကို ဆိုလိုရင်း ဖြစ်ပါတယ်။

အဗန္ဓန - အနှောင်အဖွဲ့ကင်းတယ် ဆိုတာကတော့ ရဟန္တာအရှင်မြတ် တွေမှာ ရာဂဆိုတဲ့အနှောင်အဖွဲ့ မရှိဘူး၊ ဒေါသဆိုတဲ့အနှောင်အဖွဲ့လည်း မရှိဘူး၊ မောဟဆိုတဲ့အနှောင်အဖွဲ့လည်း မရှိဘူး။ ဒီနှောင်ဖွဲ့မှုတွေကို ဆိုလို ပါတယ်ဆိုပြီး သူက အဓိပ္ပါယ်ကို ပြန်ပြီးတော့ ရှင်းလင်းတယ်။

အဲဒီအဓိပ္ပါယ်တွေ ရှင်းလင်းထားချက်အရ ဒီဂါထာလေးရဲ့ အနက် အဓိပ္ပါယ်ကို ဘာသာပြန်မယ်ဆိုလို့ရှိလျှင် ဘယ်လို ဘာသာပြန်မလဲ? --

နေလင်္ဂေါ သေတပစ္ဆာဒေါ၊ ဧကာရော ဝတ္တတီ ရထော။

အနီဃံ ပဿ အာယန္တံ၊ ဆိန္နသောတံ အဗန္ဓနံ။

နေလင်္ဂေါ = အပြစ်ကင်းသော ကိုယ်ကျင့်သီလနှင့်ပြည့်စုံသော။ သေတပစ္ဆာဒေါ = ကိလေသာတို့မှ လွတ်မြောက်လျက်ရှိသော ဖြူစင်သောစိတ်ထား ဖြင့် ဖုံးလွှမ်း၍ ထားအပ်သော။ ဧကာရော = သတိတည်းဟူသော တစ်ခု တည်းသော ထောင့်အကန့်ရှိတော်မူသော။ ရထော = လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်ဟူသော ရထားကြီးသည်။ ဝတ္တတိ = ရှေ့သို့သွား၍ နေပေ ၏။

အနီဃံ = ဆင်းရဲခြင်းကင်းသော။ ဝါ၊ အနီဃံ = ရာဂ ဒေါသ မောဟ တည်းဟူသော အပြစ် ကင်းစင်လျက်ရှိသော။ ဆိန္နသောတံ = ဖြတ်တောက် ပြီးသော တဏှာရေအယဉ် ရှိတော်မူသော။ အဗန္ဓနံ = ရာဂ ဒေါသ မောဟ တည်းဟူသော အနှောင်အဖွဲ့ ရှိတော်မမူသော။ အာယန္တံ = ကြွလာတော် မူသော ရဟန္တာအရှင်မြတ်ကို။ ပဿ = မေတ္တာလွှမ်းပတ် ကြည်လင်သော သဒ္ဓါဓာတ်ဖြင့် ဖူးမြော်ကန်တော့လိုက်စမ်းပါ။ --

ဒီလို သူက ဆိုလိုပါတယ်။

ဒီလိုဆိုလိုတဲ့အကြောင်း သူက ရှင်းပြလိုက်တော့ အရှင်ကာမဘူ မထေရ် မြတ်ကြီးက သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ ဝမ်းသာသွားလိုက်တော့ ဘာပြောသလဲ? --

လာဘာ တေ ဂဟပတိ၊ သုလဒ္ဓံ တေ ဂဟပတိ၊ ယဿ တေ ဂမ္ဘီရေ ဗုဒ္ဓဝစနေ ပညာစက္ခု ကမတိ။

ဒါယကာကြီး ...သိပ်အရတော်တယ်၊ ဒါယကာကြီးရဲ့ လူ့ဘဝကို ရရှိခြင်းသည် ကောင်းသောရခြင်းပဲ ဖြစ်တယ်။ အလွန် နက်နဲခက်ခဲနေတဲ့ ဘုရားရှင်ရဲ့ တရားတွေ၌ ဒါယကာကြီးရဲ့ ပညာစက္ခုခေါ်တဲ့ ဉာဏ်ပညာ မျက်စိသည် သက်ဝင်ပြီး တည်နေပါတယ်ဆိုပြီးတော့ သာဓုခေါ်ပါတယ်။

ဣမံ ပန ပဥှံ ကထေန္တော ဥပါသကော ဒုက္ကရံ အကာသိ။ (သံ၊ဋ္ဌ၊၃၊၁၃၁။)

ဣမံ ပန ပဥှံ = ဤပြဿနာကို။ ကထေန္တော = ဖြေဆိုနေတဲ့။ ဥပါသကော = စိတ္တသူကြွယ်ဥပါသကာ ဒါယကာသည်။ ဒုက္ကရံ = အလွန်ခဲယဉ်း တဲ့အမှုကို။ အကာသိ = ပြုခဲ့လေပြီ။

ဤဂါထာလေးရဲ့အနက်အဓိပ္ပါယ်ကို ဖြေဆိုနေတာက အလွန်ခက်ခဲတဲ့ လုပ်ငန်းတစ်ခုကို စိတ္တသူကြွယ် ဒါယကာကြီး ပြုလုပ်လိုက်တာပဲ။

ဒီအချက်ကို ဘုန်းကြီးပြောတာ ရည်ရွယ်ချက်ရှိတယ်။ လူဝတ်ကြောင် ဥပါသကာ ဒါယကာတစ်ဦး ဖြစ်ပေမဲ့လို့ ပိဋကတ်သုံးပုံကို နားမှာ ပန်ဆင် ထားတဲ့ နားတောင်းကဲ့သို့ ဆွဲလှုပ်လို့ ရနိုင်တဲ့စွမ်းအားတွေ တည်ရှိလာအောင် လေ့ကျင့်ထားတယ်။ မကောင်းဘူးလား ဒါယကာကြီးတွေ ဒါယိကာမကြီး တွေ? သိပ်ကောင်းတယ်။

ပိဋကတ်တော်မှာ လာရှိတဲ့ တရားတော်တွဟာ နိဗ္ဗာန်ကို ဘယ်လမ်းက သွားရမယ်လို့ နိဗ္ဗာန်ကို သွားတဲ့လမ်းကို ညွှန်ကြားပြသပေးနေတဲ့ ရေးဆွဲ ထားတဲ့ အညွှန်းသိုက်စာမြေပုံတွေ ဖြစ်ကြပါတယ်။

နိဗ္ဗာန်ကို လိုချင်လျှင် မိမိတို့သွားရမည့်လမ်းလေးကို မှန်မှန်ကန်ကန် သိ ထားဖို့တော့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ပိုပြီး သဘောပေါက် အောင် ရှေ့ကဟောခဲ့တဲ့ ရတနသုတ္တန်ဂါထာကလေးကို ပြန်နာကြည့်ပါလား။

ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊

ဂိမှာနမာသေ ပဌမသ္မိံ ဂိမှေ။

တထူပမံ ဓမ္မဝရံ အဒေသယိ၊

နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ဂိမှာနံ = နွေလတို့၏။

ပဌမသ္မိံ ဂိမှေ = ရှေးဦးအစ နွေလဖြစ်သော။

မာသေ = စိတြမာသ တန်ခူးလ၌။

ဖုဿိတဂ္ဂေ = ပင်လုံးကျွတ်ပွင့်သော ခက်ဖျားစုံရှိသော။

ဝနပ္ပဂုမ္ဗေ = တောအုပ်သည်။

သသိရီကော ယထာ = အသရေ ရှိလှဘိသကဲ့သို့။

တထူပမံ = အနက်သဒ္ဒါ ပန်းစုံစွာဖြင့် ဝေဆာပြန့်ပြော ထိုတော အုပ်လျှင် ပုံပမာရှိသော။

နိဗ္ဗာနဂါမိံ = အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းဖြစ်သော။

ဓမ္မဝရံ = သုံးပုံပိဋကတ် တရားမြတ်ဒေသနာတော်ကို။

ပရမံ ဟိတာယ = လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်း ဟူသော အမြတ်ဆုံး အကျိုးစီးပွားချမ်းသာအလို့ငှာ။

အဒေသယိ = ကရုဏာ ရှေ့သွား မေတ္တာထား၍ ဟောကြားတော် မူအပ်ခဲ့လေပြီ။

ဗုဒ္ဓေ = သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား၌။

ဣဒမ္ပိ ရတနံ = ဤ မြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အ- ကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည် လည်း။

ပဏီတံ = ထူးမြတ်တော်မူလှပါပေ၏။

ဧတေန သစ္စေန = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။

တုမှာကံ = သင် တရားနာပရိသတ်အပေါင်း သူတော်ကောင်း တို့အား။ ဝါ၊

ပါဏီနံ = အပေါင်းများစွာ သတ္တဝါတို့အား။

သုဝတ္ထိ = ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။

ဟောတု = မုချမသွေဖြစ်ပါစေသတည်း။ ။ (သာဓု သာဓု သာဓု)

ဟော .. သစ္စာအဓိဋ္ဌာန် ပြုတာ။ ဘုရားရှင်သည် ပိဋကတ် သုံးပုံကို ဟောတာ ဘာဦးတည်ချက်နှင့် ဟောတော်မူသလဲ? --

လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်းဟူသော အမြတ်ဆုံး အကျိုးစီးပွားချမ်းသာတွေ ရရှိပါစေခြင်းအကျိုးငှာ ဦးတည်ချက်နှင့် ဘုရား ဟောထားတော်မူတယ်။

ဒီ မှန်ကန်တဲ့သစ္စာစကားကြောင့် ဝေသာလီပြည်သူပြည်သား အမှူး ရှိနေတဲ့ သတ္တဝါအပေါင်း ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေ သတည်း ဆိုပြီး သစ္စာအဓိဋ္ဌာန်ပြုတဲ့ ဂါထာပဲ။

ထိုသစ္စာအဓိဋ္ဌာန်ချက်သည် မှားသလား မှန်သလားလို့မေးလျှင် ဒါယကာ ကြီးတွေ ဒါယိကာမကြီးတွေ ဘယ်လိုဖြေကြမလဲ? မှန်နေတယ်။ မှန်နေတဲ့ အတွက် ဝေသာလီပြည်သူပြည်သား သတ္တဝါအများတို့ ချမ်းသာသုခ ဖြစ် မသွားကြဘူးလား? ဖြစ်သွားကြတယ်။

ဘုရားရှင် ဟောတော်မူတဲ့တရားတွေက နိဗ္ဗာန်ကို အားလုံးတာစူထားတဲ့ တရားတွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ပိဋကတ်သုံးပုံကို အကုန်လုံး အာဂုံ မဆောင်နိုင်တောင် နိဗ္ဗာန်ကို ဘယ်လမ်းက သွားရမယ်ဆိုတဲ့ ပိဋကတ် ကျမ်းဂန်မှာလာတဲ့ ကျင့်စဉ်တွေကိုတော့ စနစ်တကျ လေ့လာထားကြဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါယကာကြီးတွေ ဒါယိကာမကြီး တွေ အတုယူဖို့ပဲနော်။

နောက်သုတ္တန်တစ်ခုကတော့ - နံပါတ် (၆) သုတ္တန်ဖြစ်တဲ့ ဒုတိယ ကာမဘူသုတ္တန် (သံ၊၂၊၄၈၃-၄၈၅။) ဖြစ်ပါတယ်။


အခန်း (၁၁)

ဒုတိယကာမဘူသုတ္တန်

ဒုတိယကာမဘူသုတ္တန်ကတော့ စိတ္တသူကြွယ် ဒါယကာကြီးက အရှင် ကာမဘူ မထေရ်ကို ပြန်ပြီးတော့မေးတဲ့ သုတ္တန်တစ်ခုပဲ။

ဒုတိယအကြိမ် အရှင်ကာမဘူ မထေရ်နှင့် စိတ္တသူကြွယ် ဒါယကာကြီးတို့ ဒီအမ္ဗာဋကာရာမကျောင်းတိုက်မှာ တစ်ခါ ပြန်ပြီးတော့ ဆုံကြပြန်တယ်။ ဆုံတဲ့ အချိန်အခါကျတော့ စိတ္တသူကြွယ် ဒါယကာကြီးက အရှင်ဘုရား ...သင်္ခါရ ဘယ်နှစ်မျိုး ရှိပါသလဲဘုရားလို့ မေးတယ်။ ဘာရည်ရွယ်ချက်နှင့် သူက မေးသလဲ? --

အယံ ကိရ ဂဟပတိ နိရောဓံ ဝလေဉ္ဇတိ၊ တသ္မာ နိရောဓပါဒကေ သင်္ခါရေ ပုစ္ဆိဿာမီတိ စိန္တေတွာ ဧဝမာဟ။ (သံ၊ဋ္ဌ၊၃၊၁၃၂။)

အယံ ဂဟပတိ = ဤ စိတ္တသူကြွယ် ဒါယကာကြီးသည်ကား။ နိရောဓံ = နိရောဓသမာပတ်ကို။ ဝလေဉ္ဇတိ = သုံးဆောင်ခံစားနိုင်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပေ၏။

သူကိုယ်တိုင်က နိရောဓသမာပတ် ဝင်စားနိုင်တယ်။ နိရောဓသမာပတ် ဝင်စားတယ်ဆိုတာက ရှေ့ကပြောခဲ့သလို လောကီစျာန်သမာပတ် ရှစ်ပါးကို လည်း ရရမယ်၊ အနာဂါမ်ပုဂ္ဂိုလ်သော်လည်း ဖြစ်ရမယ် သို့မဟုတ် ရဟန္တာ ပုဂ္ဂိုလ်သော်လည်း ဖြစ်ရမယ်။ အဲဒီ အနာဂါမ် ရဟန္တာ ပုဂ္ဂိုလ်နှစ်ဦးက လောကီစျာန်သမာပတ် ရှစ်ပါးကို ရရှိခဲ့မယ်ဆိုလျှင် နိရောဓသမာပတ်ကို ဝင်စားလို့ရတယ်။

စိတ္တသူကြွယ် ဒါယကာကြီးက နိရောဓသမာပတ်ကို ဝင်စားလို့ရတဲ့အဆင့် မှာ ရှိနေတယ်ဆိုတော့ သူကိုယ်တိုင်က အနာဂါမ်သူတော်ကောင်းကြီးလည်း ဖြစ်တယ်၊ လောကီစျာန်သမာပတ် ရှစ်ပါးကိုလည်း ရရှိထားပြီး ဖြစ်တယ်လို့ သိနိုင်ပါတယ်။ ဒါကြောင့် သူကိုးကွယ်ဆည်းကပ်နေတဲ့ အမ္ဗာဋကာရာမ ကျောင်းတိုက်မှာ သီတင်းသုံးတော်မူတဲ့ အရှင်ကာမဘူမထေရ်မြတ်ကြီးဟာ လည်း ဒီနိရောဓသမာပတ်ကို ဝင်စားသုံးဆောင်မှု ရှိ-မရှိ သိချင်တဲ့စိတ်ထား ဖြင့် သူက ဒီလိုမေးတာ ဖြစ်တယ်။

အယံ ဂဟပတိ = ဤ စိတ္တသူကြွယ် ဒါယကာကြီးသည်ကား။ နိရောဓံ = နိရောဓသမာပတ်ကို။ ဝလေဉ္ဇတိ = သုံးဆောင်ခံစားနိုင်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပေ၏။ တသ္မာ = ထိုကြောင့်။နိရောဓပါဒကေ = နိရောဓသမာပတ်၏ အခြေခံအကြောင်းရင်းဖြစ်ကြကုန်သော။ သင်္ခါရေ = သင်္ခါရတရားတို့ကို။ ပုစ္ဆိဿာမိ = ငါမေးမြန်းလျှောက်ထားပေအံ့။ ဣတိ = ဤသို့။ စိန္တေတွာ = ကြံစည်စိတ်ကူး၍။ ဧဝံ = ဤသို့။ အာဟ = မေးမြန်းလျှောက်ထားခြင်း ဖြစ်ပေ၏။

နိရောဓသမာပတ်၏ အခြေခံအကြောင်းရင်းဖြစ်နေတဲ့ သင်္ခါရတရား တွေကို ငါ မေးမြန်းလျှောက်ထားမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် သူက ...

ကတိ နု ခေါ ဘန္တေ သင်္ခါရာ

သင်္ခါရတရားတွေဟာ ဘယ်လောက်ရှိပါသလဲဘုရား ဆိုပြီးတော့ သူက ဒီလို မေးတာ။ ဒီလိုမေးတဲ့အချိန်အခါမှာလည်း အရှင်ကာမဘူ မထေရ်က ဒီစိတ္တသူကြွယ်ဒါယကာကြီးရဲ့ စိတ်အစဉ်ကို ဉာဏ်နှင့်လှမ်းကြည့်လိုက်တော့ မြင်နေပြီ။ ဘာရည်ရွယ်ချက်နှင့် သူက မေးနေတယ်ဆိုတာ သိတယ်။

ဒီနေရာမှာ စိတ္တသူကြွယ်ဒါယကာကြီးက နိရောဓသမာပတ်နှင့် ဆက်စပ် ပြီး ဘာကို မေးချင်နေတာလဲ? ဒီအချက်ကို အဋ္ဌကထာက (သံ၊ဋ္ဌ၊၃၊၁၃၂။) ဒီလို ရှင်းပြထားပါတယ်။ --

ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရဆိုတဲ့ ဒီသင်္ခါရတွေဟာ အချင်းချင်း ရောထွေးနေကြတယ်၊ လှုပ်ချောက်ချားလို့ ရနိုင်တဲ့တရားတွေ ဖြစ်ကြတယ်၊ မကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဉာဏ်မှာ မထင်ရှားတဲ့ တရားမျိုးတွေ ဖြစ်ကြ တယ်။ နားလည်အောင် ထင်ထင်ရှားရှား ပြောပြဖို့ရန် ခက်ခဲတဲ့တရားတွေ ဖြစ်ကြတယ်။ ဘာကြောင့်လဲဆိုလျှင် အရာဝတ္ထုတစ်ခုကို လှမ်းဆွဲယူလိုက်တဲ့ အခါ, အရာဝတ္ထုတစ်ခုကို လွှင့်ပစ်လိုက်တဲ့အခါ, အရာဝတ္ထုတစ်ခုကို လှုပ် ရှားအောင် ရွေ့လျားအောင် ပြုလုပ်လိုက်တဲ့အခါ ကာယဒွါရမှာ ကာမာဝစရ ကုသိုလ်စေတနာ (၈)မျိုး, အကုသိုလ်စေတနာ (၁၂)မျိုး - ပေါင်း (၂၀)သော ကုသိုလ်စေတနာ အကုသိုလ်စေတနာတွေ ထိုက်သလို ဖြစ်ကြတယ်။ အဲဒီ ကုသိုလ်-အကုသိုလ် စေတနာတွေကိုလည်း ကာယသင်္ခါရလို့ ခေါ်တယ်။ ဝင်လေ-ထွက်လေဆိုတဲ့ အဿာသ-ပဿာသကိုလည်း ကာယသင်္ခါရလို့ပဲ ခေါ်ဆိုကြတယ်။

မေးကို လှုပ်ရှားအောင် ပြုလုပ်တဲ့အခါ, အသံကိုထွက်ပေါ်လာအောင် ပြုလုပ်တဲ့အခါ ဝစီဒွါရမှာ ဖြစ်ပေါ်လာတဲ့ ပြောခဲ့ပြီးတဲ့ ကုသိုလ်စေတနာ အကုသိုလ်စေတနာ (၂၀)ကိုလည်း ဝစီသင်္ခါရလို့ ခေါ်ဆိုကြတယ်။ စကားသံ ဖြစ်အောင် ကြံစည်မှု (= ဝိတက်), ဆင်ခြင်မှု (= ဝိစာရ)ကိုလည်း ဝစီသင်္ခါရလို့ ခေါ်ဆိုကြတယ်။

တစ်ဖန် ကာယဒွါရ ဝစီဒွါရတွေမှာ လှုပ်ရှားမှု မရှိဘဲ ဆိတ်ကွယ်ရာ တစ်နေရာမှာ ထိုင်ပြီး စဉ်းစားခန်းဝင်နေတဲ့အခါ မနောဒွါရမှာ ဖြစ်ပေါ်လာတဲ့ အကုသိုလ်စေတနာ (၁၂), ကာမာဝစရကုသိုလ်စေတနာ (၈), ရူပါဝစရ+ အရူပါဝစရကုသိုလ်စေတနာ (၉) - ပေါင်း (၂၉)မျိုးသော ကုသိုလ်စေတနာ တွေကိုလည်း စိတ္တသင်္ခါရလို့ ခေါ်ဆိုကြတယ်။ သညာနှင့် ဝေဒနာ တရားနှစ်မျိုး ကိုလည်း စိတ္တသင်္ခါရလို့ ခေါ်ဆိုကြတယ်။ ဒါကြောင့် ဒီကာယသင်္ခါရ ဝစီ သင်္ခါရ စိတ္တသင်္ခါရတွေဟာ အချင်းချင်း ရောထွေးနေကြတယ်၊ လှုပ်ချောက် ချားလို့ ရနိုင်တဲ့တရားတွေ ဖြစ်ကြတယ်၊ မကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေရဲ့ ဉာဏ်မှာ မထင်ရှားတဲ့ တရားမျိုးတွေ ဖြစ်ကြတယ်၊ နားလည်အောင် ထင်ထင်ရှားရှား ပြဖို့ရန် ခက်ခဲတဲ့တရားတွေ ဖြစ်ကြတယ်။ ဒီတရားတွေကို ထင်ထင်ရှားရှား သိရှိလာအောင် အဖြေတွေကို သူက နာယူချင်တယ်၊ ဒါကြောင့် သူက ဒီမေးခွန်းကို မေးတာ ဖြစ်တယ်။ အရှင်ကာမဘူ မထေရ်မြတ်ကလည်း သူ့ရဲ့ရည်ရွယ်ချက် ဦးတည်ချက်ကို သိနေပါတယ်။

ဒီသင်္ခါရအသုံးအနှုန်းက ဘုန်းကြီးတို့စာပေနယ်မှာ ဗုဒ္ဓအဘိဓမ္မာနယ်ပယ် မှာ အသုံးအနှုန်းတွေ တော်တော်များတယ်။

ပုညာဘိသင်္ခါရော အပုညာဘိသင်္ခါရော အာနဉ္စာဘိသင်္ခါရော - ဆိုပြီး တော့ ဟို ..အဝိဇ္ဇာပစ္စယာ သင်္ခါရာ - မှာလည်း သင်္ခါရတစ်မျိုး လာတယ်။

သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ ...စသည်ဖြင့် အဲဒီမှာလည်း ဒုက္ခသစ္စာ အမည်ရနေတဲ့ တစ်ဆယ့်တစ်မျိုးသော အခြင်း အရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး, သမုဒယသစ္စာ အမည်ရတဲ့ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကိုလည်း သင်္ခါရဆိုပြီး ဟောထားတော်မူတာတွေ ရှိတယ်။

ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဆိုပြီး အဲဒီ ခန္ဓာငါးပါးမှာလည်း ဝေဒနာ သညာမှ လွဲလျှင် ကျန်စေတသိက် အလုံး (၅၀)တို့ကို သင်္ခါရက္ခန္ဓာဆိုပြီး ဟောထားတော်မူတာလည်း ရှိတယ်။

အဲဒီလို သင်္ခါရအမျိုးမျိုးတွေရှိနေတဲ့အထဲက စိတ္တသူကြွယ်ဒါယကာကြီးက နိရောဓသမာပတ်ကို ရည်ရွယ်ပြီးတော့ မေးနေတယ်ဆိုတာ သိတဲ့အတွက် ဒါယကာကြီး ...ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရဆိုပြီး သင်္ခါရသုံးမျိုး ရှိတယ်လို့ ပြန်ပြီးတော့ အဖြေပေးလိုက်တယ်။

ကာယသင်္ခါရ

အဲဒီအချိန်မှာ - အရှင်ဘုရား ...ကာယသင်္ခါရဆိုတာ ဘာလဲ? ဟော သူက ထပ်ဆင့်လာပြီ။ ဝစီသင်္ခါရဆိုတာ ဘာလဲ? စိတ္တသင်္ခါရဆိုတာ ဘာကို ခေါ်ပါသလဲ? ထပ်ပြီးတော့ မေးမြန်းပြန်တယ်။

တရားမှာ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ပုဂ္ဂိုလ်များ တစ်နည်း အားဖြင့်ပြောလျှင်တော့ နိရောဓသမာပတ်ကို ဝင်စားနိုင်တဲ့စွမ်းအား ရှိနေတဲ့ အရိယာသူတော်ကောင်းကြီးတွေ အချင်းချင်း ခေါင်းချင်းရိုက်ပြီးတော့ ဆွေး နွေးနေတဲ့ တရားပွဲလေးတစ်ခုပဲနော်။

အဲဒီလို မေးလိုက်တဲ့အချိန်အခါကျတော့ အရှင်ကာမဘူ မထေရ်မြတ် ကြီးက ဘာပြန်ပြီးတော့ အဖြေပေးသလဲ? --

အဿာသပဿာသာ ခေါ ဂဟပတိ ကာယသင်္ခါရော၊ ဝိတက္ကဝိစာရာ ဝစီသင်္ခါရော၊ သညာ စ ဝေဒနာ စ စိတ္တသင်္ခါရော။

အဿာသ-ပဿာသ ဝင်သက်လေ-ထွက်သက်လေကို ကာယသင်္ခါရ လို့ ခေါ်တယ်။

ဝိတက်နှင့် ဝိစာရ တရားနှစ်ပါးကို ဝစီသင်္ခါရလို့ ခေါ်တယ်။

သညာနှင့် ဝေဒနာ - ဒီတရား နှစ်ပါးကျတော့ စိတ္တသင်္ခါရလို့ ခေါ်တယ် ဒါယကာကြီး --

ဆိုပြီးတော့ ပြန်ဖြေတယ်။

အဲဒီလို ဖြေလိုက်တဲ့ အချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကြီးဘက်က လည်း အရှင်ဘုရား ... ဘယ်လို အကြောင်းကြောင့် ဝင်သက်လေ- ထွက်သက်လေ အဿာသ-ပဿာသကို ကာယသင်္ခါရလို့ ခေါ်ပါသလဲ? ဝိတက်နှင့် ဝိစာရ တရားနှစ်ပါးကို ဝစီသင်္ခါရလို့ ခေါ်ပါသလဲ? သညာနှင့် ဝေဒနာ တရားနှစ်ပါးကို စိတ္တသင်္ခါရလို့ ခေါ်ပါသလဲလို့ - ပြန်ပြီးတော့ မေးတယ်။ အဲဒီလို ပြန်မေးလိုက်တဲ့ အချိန်အခါကျတော့မှ ...

အဿာသပဿာသာ ခေါ ဂဟပတိ ကာယိကာ ဧတေ ဓမ္မာ ကာယပ္ပဋိဗဒ္ဓါ၊ တသ္မာ အဿာသပဿာသာ ကာယသင်္ခါရော။

ဂဟပတိ = ဒါယကာကြီး ...။ အဿာသပဿာသာ = ဝင်လေ-ထွက် လေဟု ခေါ်ဆိုအပ်တဲ့ အဿာသ-ပဿာသတရားတို့သည်ကား။ ကာယိကာ = ကာရဇကာယကို မှီ၍ ဖြစ်နေကြကုန်၏။ ဧတေ ဓမ္မာ = ထို အဿာသ- ပဿာသတရားတို့သည်ကား။ ကာယပ္ပဋိဗဒ္ဓါ = ကာရဇကာယနှင့် ဆက်စပ် ၍ ဖြစ်နေကြကုန်၏။ တသ္မာ = ထိုကြောင့်။ အဿာသပဿာသာ = အဿာသ-ပဿာသတို့သည်။ ကာယသင်္ခါရော = ကာယသင်္ခါရ မည်၏။

ဒါယကာကြီး ... ဝင်လေ-ထွက်လေဆိုတာ ကာရဇကာယနှင့် ဆက်စပ် နေတယ်။ ကာရဇကာယဆိုတာကတော့ ဒီခန္ဓာအိမ်မှာ တည်ရှိနေတဲ့ ကံ စိတ် ဥတု အာဟာရ အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်နေတဲ့ ရုပ်တရားအပေါင်းကို ကာရဇကာယလို့ ခေါ်တယ်။

အဲဒီကာရဇကာယနှင့် ဒီအဿာသ-ပဿာသ ခေါ်တဲ့ ဝင်လေ-ထွက်လေ တွေဟာ ဆက်စပ်ပြီးတော့ ဖြစ်နေတယ်၊ ဒီကာရဇကာယကို မှီပြီး ဖြစ်နေ တယ်။ ဒါကြောင့် ဝင်သက်လေ-ထွက်သက်လေ (= အဿာသ-ပဿာသ)ကို ကာယသင်္ခါရလို့ ခေါ်ပါတယ်။

နည်းနည်း နားလည်လွယ်အောင် ထပ်ပြောမယ်နော်။ ဒီခန္ဓာအိမ်ကြီး မရှိတော့ဘူးဆိုလျှင် အသက်ရှူတာ ရှိဦးမလား? မရှိတော့ဘူး။ ခန္ဓာအိမ်ကို ဓာတ်ခွဲလိုက်တော့ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် ဆိုပြီး ရုပ်လေးမျိုး ထွက်လာတယ်။ ဒါကြောင့် အဲဒီရုပ်လေးမျိုးကို ကာရဇကာယလို့ ခေါ်တယ်။ ဒီလို ရှင်းပြလိုက်တယ်။

ဝစီသင်္ခါရ

ပုဗ္ဗေ ခေါ ဂဟပတိ ဝိတက္ကေတွာ ဝိစာရေတွာ ပစ္ဆာ ဝါစံ ဘိန္ဒတိ၊ တသ္မာ ဝိတက္ကဝိစာရာ ဝစီသင်္ခါရော။

ပုဗ္ဗေ ခေါ ဂဟပတိ ဝိတက္ကေတွာ ဝိစာရေတွာ = ဒါယကာကြီး ... ရှေးဦးစွာ ကြံစည်စိတ်ကူး စဉ်းစားဆင်ခြင်ပြီးမှ။

ပစ္ဆာ ဝါစံ ဘိန္ဒတိ = နောက်ကာလကျမှ စကားပြောတယ်။

ဒါကြောင့် ဝိတက်နှင့် ဝိစာရ နှစ်ပါးကို ဝစီသင်္ခါရလို့ခေါ်ဆိုအပ်တဲ့ ဝစီ စကားသံကလေး ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတဲ့ တရားတွေလို့ ဒီလို ခေါ်တယ်။

စဉ်းစားကြည့်စမ်း! က လို့ ပြောချင်နေတဲ့ ကြံစည်စိတ်ကူးမှု သုံးသပ် ဆင်ခြင်မှု ဝိတက် ဝိစာရ ရှိတယ်၊ အဲဒီလိုရှိလာတဲ့အခါ က ဆိုတဲ့ အသံလေး တစ်ခု ပေါ်မလာဘူးလား? ပေါ်လာတယ်။

ခ လို့ ပြောချင်နေတဲ့ ကြံစည်စိတ်ကူးမှု သုံးသပ်ဆင်ခြင်မှု ဝိတက် ဝိစာရ ရှိတယ်။ ရှိလာလို့ရှိလျှင် ခ လို့ပြောနေတဲ့ အသံတစ်ခု ပေါ်မလာဘူးလား? ပေါ်လာတယ်။

က ခ စသည်ဖြင့် ဒီလိုအသံလေးတွေကို ပြုပြင်ပေးတာ၊ မပြောခင်မှာ ကြိုတင်ပြီးတော့ ဘာလုပ်သလဲ? ငါ က လို့ ပြောမယ်၊ ငါ ခ လို့ ပြောမယ် ဆိုတဲ့ ကြိုတင်စိတ်ကူးမှု ကြံစည်တွေးတောမှု ကြံစည်စဉ်းစားဆင်ခြင်မှု မရှိဘူးလား? ရှိတယ်။ ရှိနေတဲ့အတွက်ကြောင့် ဒီဝိတက် ဝိစာရ တရားနှစ်ပါး ကို ဝစီသင်္ခါရ = ဝစီစကားသံ ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတဲ့တရားလို့ ဒီလိုခေါ်တယ် ဆိုပြီး အရှင်ကာမဘူမထေရ်မြတ်က ရှင်းပြလိုက်တယ်။

စိတ္တသင်္ခါရ

သညာ စ ဝေဒနာ စ စေတသိကာ ဧတေ ဓမ္မာ စိတ္တပ္ပဋိဗဒ္ဓါ၊ တသ္မာ သညာ စ ဝေဒနာ စ စိတ္တသင်္ခါရော။

မှတ်သားတတ်တဲ့ သဘောကလေးက သညာ၊ အဖြူ အနီ အဝါစသည် ဖြင့် အာရုံကို မှတ်သားတတ်တဲ့သဘောပဲ။ ဟုတ်တာလည်း မှတ်တယ်၊ မဟုတ်တာလည်း မှတ်တယ်။ သား သမီး ဇနီး မြေး မြစ် ဒီလိုလည်း မမှတ် ဘူးလား? မှတ်တယ်။ ရွှေ ငွေ လယ် ယာ ဒီလိုလည်း မှတ်မထားဘူးလား? မှတ်ထားတယ်။ ရုပ်တရား နာမ်တရားလို့လည်း မမှတ်ဘူးလား? မှတ်တယ်။ ဖဿ ဝေဒနာ သညာ စသည်ဖြင့် မမှတ်ဘူးလား? မှတ်တယ်။ မှန်တာတွေ လည်း မှတ်တယ်၊ မှားတာတွေလည်း မှတ်တယ်။

ဝေဒနာက ခံစားမှု၊ ချမ်းသာတဲ့ ခံစားမှု, ဆင်းရဲတဲ့ ခံစားမှု, အလယ် အလတ် ခံစားမှု - အားလုံးပဲ။

အဲဒီ သညာ ဝေဒနာ တရားနှစ်ပါးက စိတ္တပ္ပဋိဗဒ္ဓ = စိတ်နှင့်ဆက်စပ်ပြီး ဖြစ်နေတယ်။ စေတသိက = စိတ်မှာ မှီပြီး ဖြစ်နေတယ်။

ဒါကြောင့် သူတို့ကို စိတ္တသင်္ခါရ = စိတ်ကိုဖြစ်ပေါ်လာအောင် ပြုပြင် ပေးနေတဲ့ တရားတွေလို့ ဒီလို ဆိုလိုပါတယ်။

သားနှင့်ပတ်သက်လို့ စိတ်ကူးကြံစည်မှုတွေ ပေါ်လာတယ်၊ သားဆိုတဲ့ မှတ်သားမှုကို အခြေခံတယ်၊ သားနှင့်ပတ်သက်တဲ့ ခံစားချက်ကလေးတွေကို အခြေခံတယ်။

သမီးနှင့်ပတ်သက်တဲ့ ကြံစည်စိတ်ကူးမှုတွေ စိတ်တွေ ပေါ်လာတယ်၊ သမီးဆိုတဲ့ မှတ်သားမှုနှင့် သမီးနှင့်ပတ်သက်တဲ့ ခံစားချက်ကလေးတွေကို အခြေခံတယ်။

ဒါကြောင့် ဒီ သညာ ဝေဒနာ တရားနှစ်ပါးက စိတ်နှင့်ဆက်စပ်ပြီးတော့ စိတ်ကို မှီဖြစ်နေတဲ့အတွက် စိတ္တသင်္ခါရ = စိတ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတယ်လို့ ဒီလို ဆိုလိုပါတယ်။

အဲဒီလို ရှင်းပြလိုက်တဲ့အချိန်အခါကျတော့ နောက်ထပ်တစ်ဆင့် သူက တစ်ခါထပ်ပြီး မေးတယ်နော်။ --

သညာဝေဒယိတနိရောဓသမာပတ်

ကထံ ပန ဘန္တေ သညာဝေဒယိတနိရောဓသမာပတ္တိ ဟောတိ။

အရှင်ဘုရား ...သညာဝေဒယိတနိရောဓသမာပတ်လို့ ခေါ်ဆိုအပ်တဲ့ သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်ကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဝင်စားရပါသလဲ? ဝင်စားလျှင် ဘယ်လိုဝင်စားသလဲ ဘယ်လိုဖြစ်ပေါ်လာသလဲလို့ ဒီလိုမေးတယ်။

ဘာရည်ရွယ်ချက်နှင့် သူက မေးသလဲလို့ဆိုတော့ အရှင်ကာမဘူမထေရ် သည် နိရောဓသမာပတ်ကို ဝင်စားသလား မဝင်စားဘူးလား သူက သိချင် နေတယ်။

သိချင်နေတဲ့ ဒီရည်ရွယ်ချက်နှင့် သူက ဒီနိရောဓသမာပတ်ကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဝင်စားရပါသလဲလို့ ဒီမေးခွန်းကို သူက မေးတာ။ အဲဒီလိုမေးလိုက်တဲ့အချိန်အခါမှာ အရှင်ကာမဘူမထေရ်မြတ်က ဘယ်လို ပြန်ဖြေသလဲ? --

န ခေါ ဂဟပတိ သညာဝေဒယိတနိရောဓံ သမာပဇ္ဇန္တဿ ဘိက္ခုနော ဧဝံ ဟောတိ အဟံ သညာဝေဒယိတနိရောဓံ သမာပဇ္ဇိဿန္တိ ဝါ၊ အဟံ သညာဝေဒယိတနိရောဓံ သမာပဇ္ဇာမီတိ ဝါ၊ အဟံ သညာဝေဒယိတနိရောဓံ သမာပန္နောတိ ဝါ။ အထ ခွဿ ပုဗ္ဗေဝ တထာ စိတ္တံ ဘာဝိတံ ဟောတိ၊ ယံ တံ တထတ္တာယ ဥပနေတိ။

ဂဟပတိ = ကျောင်းဒါယကာကြီး ...။ သညာဝေဒယိတနိရောဓံ = သညာဝေဒယိတနိရောဓ အမည်ရတဲ့ နိရောဓသမာပတ်ကို။ သမာပဇ္ဇန္တဿ = ဝင်စားနေတဲ့။ ဘိက္ခုနော = ရဟန်းတော်အဖို့။ ဧဝံ = ဤသို့သော စိတ် အကြံအစည်သည်။ န ခေါ ဟောတိ = မဖြစ်သည်သာတည်း။

သညာ ဝေဒနာတို့ရဲ့ ချုပ်ရာ..ဆိုတာကတော့ သညာနှင့် ဝေဒနာကို ဦးတည်ဖြေတာပါပဲ။ စိတ်-စေတသိက်အားလုံး ချုပ်တဲ့ သမာပတ်ပါ။

သညာ ဝေဒနာဆိုတာက သဗ္ဗစိတ္တသာဓာရဏစေတသိက်တွေ ဖြစ်တော့ စိတ်အားလုံးနှင့် ဆက်ဆံနေတယ်။ သညာ ဝေဒနာ မပါတဲ့ စိတ်ဆိုတာ မရှိကောင်းဘူး။ မရှိကောင်းတဲ့အတွက် သညာ ဝေဒနာ ချုပ်လျှင် သညာ ဝေဒနာနှင့် ယှဉ်တွဲနေတဲ့ စိတ်-စေတသိက်တွေလည်း အကုန်လုံး ချုပ်တယ်လို့ ဆိုလိုပါတယ်။ စိတ်-စေတသိက်တွေ ချုပ်သွားတဲ့အတွက် စိတ်-စေတသိက် တွေကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေလည်း ချုပ်သွားကြပါတယ်။

အဲဒီ စိတ်-စေတသိက်တွေ အားလုံးချုပ်နေတဲ့ သမာပတ်ကို နိရောဓ သမာပတ်လို့ခေါ်တယ်။ ထိုနိရောဓသမာပတ်ကိုဝင်စားနေတဲ့ ရဟန်းတော်ရဲ့ သန္တာန်မှာ ဒီလို စိတ်အကြံအစည် မဖြစ်ဘူး။ ဘယ်လို မဖြစ်သလဲ?

အဟံ = ငါသည်။ သညာဝေဒယိတနိရောဓံ = သညာဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်ကို။ သမာပဇ္ဇိဿန္တိ ဝါ = ဝင်စားအံ့ဟူ၍ လည်းကောင်း။ အဟံ = ငါသည်။ သညာဝေဒယိတနိရောဓံ = သညာဝေဒနာ တို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်ကို။ သမာပဇ္ဇာမီတိ ဝါ = ဝင်စား၍ နေ၏ဟူ၍လည်းကောင်း။ အဟံ = ငါသည်။ သညာဝေဒယိတနိရောဓံ = သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်ကို။ သမာပန္နောတိ ဝါ = ဝင်စားပြီးပြီဟူ၍လည်းကောင်း။ ဧဝံ = ဤသို့သော စိတ်အကြံအစည် သည်။ န ခေါ ဟောတိ = မဖြစ်သည်သာတည်း။

သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်ကို ဝင်စားမည့် ပုဂ္ဂိုလ်သည် ငါသည် သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ် ကို ဝင်စားတော့မယ် ဒီလိုစိတ်ထားလည်း မဖြစ်ဘူး။

ငါသည် သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်ကို ဝင်စားနေမယ် ဒီလို စိတ်ထားလည်း မဖြစ်ပါဘူး။

ဘယ်အခိုက် ပြောနေသလဲဆိုတော့ ငါသည် သညာ ဝေဒနာတို့ရဲ့ ချုပ်ရာ ဖြစ်တဲ့ နိရောဓသမာပတ်ကို ဝင်စားတော့မယ်ဆိုတဲ့အပိုင်း, ငါသည် သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်ကို ဝင်စားနေတယ်ဆိုတဲ့အပိုင်း၊ ဒီအပိုင်းတွေကို ပြောနေတယ်။

အဲဒီစိတ်ထားလေးတွေ မရှိဘူး ဆိုတာကတော့ နေဝသညာနာသညာ ယတနစျာန်သမာပတ်ကို ဝင်စားနေတဲ့ အချိန်အခါကို ရည်ညွှန်းထားတယ် ဆိုပြီး အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ (သံ၊ဋ္ဌ၊၃၊၁၃၃။)

ငါသည် သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်ကို ဝင်စား ပြီးပြီဆိုတဲ့အပိုင်းကတော့ နိရောဓသမာပတ်ကို ဆိုက်နေတဲ့အပိုင်းလေးကို ရည်ညွှန်းထားတယ်။ (သံ၊ဋ္ဌ၊၃၊၁၃၃။)

ဝင်စားတော့မယ်၊ ဝင်စားနေပြီ - ဒီလိုစိတ်ထားမျိုး မဖြစ်ဘူးဆိုတာ ကတော့ စိတ်ရှိနေသေးတဲ့ သစိတ္တက-ကာလလို့ ခေါ်ဆိုအပ်တဲ့ နေဝသညာ နာသညာယတနစျာန်ကို ဝင်စားနေတဲ့ အချိန်ကာလလေးကို ရည်ရွယ်တယ်။ဝင်စားပြီးပြီဆိုတဲ့ စိတ်ထား မရှိဘူးဆိုတာကတော့ နိရောဓသမာပတ် ဆိုက်သွားတဲ့ အစိတ္တက-ကာလ စိတ်မရှိတဲ့အချိန်အခါကာလကို ရည်ညွှန်း ထားတယ်ဆိုပြီး အဋ္ဌကထာက ဖွင့်ဆိုထားတယ်။ (သံ၊ဋ္ဌ၊၃၊၁၃၃။)

ဒီစကားကို ဗြုန်းကနဲ နားလည်ချင်မှ နားလည်မယ်နော်။ နားလည်နိုင် အောင် ဘုန်းကြီး ထပ်ပြီးတော့ ကြိုးစားပြီး ပြောပါမယ်။ ရှေ့ကပြောခဲ့တဲ့ သမာပတ်ရှစ်ပါးက ဒီမေးခွန်းတွေကို နည်းနည်းလေး အခြေခံထားတယ်။

ဘုန်းကြီးရဲ့ ရည်ရွယ်ချက်ကတော့ ဒီ ပရိသတ်ထဲမှာပေါ့ .. ဒီလို သမာပတ်တွေကို ဝင်စားနိုင်တဲ့ စွမ်းအားရှိတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တွေ သာသနာတော်မှာ ပေါ်လာမယ်ဆိုလျှင်ပေါ့ .. ဘုန်းကြီး သိပ်ဝမ်းသာမယ်၊ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေလည်း ဝမ်းမသာဘူးလား? ဝမ်းသာ ကြမယ်။ ကိုယ့်သာသနာတော်ကြီးဟာ ဒီလို အားကိုးရာ ထောက်တည်ရာ ရနိုင်တဲ့ တရားထူး တရားမြတ်တွေ အဆင့်မြင့်မြင့် ရှိနေတယ်ဆိုတာလေးကို သိစေချင်လို့ပါနော်။

အဲဒီတော့ ဒီနေရာမှာ ဖလသမာပတ်နှင့် နိရောဓသမာပတ်ရဲ့ ခြားနားချက် ကလေးကိုတော့ နည်းနည်းပြောချင်တယ်။ ဖလသမာပတ်ဆိုတာက ဘာလဲ?

ဖလသမာပတ်

တတ္ထ ကာ ဖလသမာပတ္တီတိ ယာ အရိယဖလဿ နိရောဓေ အပ္ပနာ။

ဒါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၃၄၁) မှာ ဖွင့်ဆိုထားတဲ့ အဖွင့်ပဲ။ ဖလသမာပတ်ဆိုတာက ဘာလဲလို့မေးတော့ --

အရိယဖလဿ နိရောဓေ အပ္ပနာ = အရိယဖိုလ်စိတ်တွေက နိရောဓ အမည်ရနေတဲ့ နိဗ္ဗာန်တရားတော်မြတ်၌ အပ္ပနာစျာန်ရဲ့စွမ်းအားဖြင့် ဖြစ်ပေါ် နေမှု။ ပွင့်ပွင့်လင်းလင်း ထပ်ပြီးတော့ နည်းနည်းနားလည်အောင် ထပ်ပြော ရလျှင် အသစ်တစ်ခါ နိဗ္ဗာန်ကို အာရုံယူပြီး အရိယဖိုလ်စိတ်တွေ ဆက်တိုက် ဖြစ်နေမှုကို ဖလသမာပတ်လို့ ခေါ်တယ်။

ဖိုလ်စိတ်ဆိုတာ ရှိသလား မရှိဘူးလား? ရှိတယ်။ နိဗ္ဗာန်ဆိုတာလည်း ရှိသလား မရှိဘူးလား? ရှိတယ်။ ထိုနိဗ္ဗာန်က အသင်္ခတဓာတ်နိဗ္ဗာန်၊ ရုပ်တွေ နာမ်တွေ ထိုနိဗ္ဗာန်မှာ လုံးလုံး မရှိဘူး။

အရှုခံအာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်မှာ ရုပ်တရား နာမ်တရား လုံးလုံး မရှိဘူး။ ရုပ်နာမ်တို့ရဲ့ ချုပ်ဆုံးရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူနေတဲ့ ဖိုလ်စိတ်တွေကတော့ ရှိနေ ပါတယ်။

အဲဒီ ဖိုလ်စိတ်တွေမှာ စိတ်-စေတသိက် ဘယ်နှစ်လုံး ရှိတယ်ဆိုတာက ယောဂီပုဂ္ဂိုလ်တွေ တကယ် ဖလသမာပတ် ဝင်စားနိုင်တဲ့အခါ ဖလသမာပတ် မှ အထ ပစ္စဝေက္ခဏာဇောဝီထိစိတ်အစဉ်ဖြင့် တစ်နည်းပြောလျှင် ဝိပဿနာဉာဏ်နှင့် ရှုကြည့်လျှင် ရေတွက်ကြည့်လျှင် ဟုတ်တိုင်းမှန်စွာ သိနိုင်တယ်။

အကယ်၍ ပထမစျာန်သမာဓိကို အခြေခံပြီးတော့ ဒီပထမစျာန် နာမ် တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး ဝိပဿနာ ရှုလို့ အရိယမဂ်ဆိုက်ခဲ့လျှင်တော့ အဲဒီပုဂ္ဂိုလ်ရဲ့ ဖလသမာပတ်မှာ စိတ်-စေတသိက် (၃၇)လုံး ရှိပါတယ်။

ယောဂီပုဂ္ဂိုလ်က မိမိလည်း ဝင်စားနိုင်တဲ့စွမ်းရည် ရှိလျှင်တော့ ဖလသမာ ပတ်မှ အထ ဝိပဿနာဉာဏ်နှင့် ပြန်ပြီး ရေတွက်ကြည့်၊ သိနိုင်တယ်။ အဲဒီ စိတ်-စေတသိက် (၃၇)လုံးကို သိချင်လျှင်တော့ ဘာလုပ်ရမလဲ? လက်တွေ့ပဲ ကျင့်ပေတော့။

ဒီတော့ ပြောလိုရင်းကတော့ ဘာလဲ? ဖိုလ်ဝင်စားနေတယ်ဆိုတဲ့လုပ်ငန်း ဟာ စိတ်-စေတသိက်ချုပ်တဲ့ သမာပတ် ဟုတ်သလား? မဟုတ်ဘူး။

အရှုခံအာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဘက်မှာ စိတ်-စေတသိက် ရုပ်တရားတွေ မရှိဘူး၊ ရုပ်နာမ် မရှိတာ မှန်တယ်။ ရုပ်နာမ်တို့ရဲ့ ချုပ်ဆုံးရာဖြစ်တဲ့ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းပြီး အာရုံ ယူနေတဲ့ ဖိုလ်စိတ်တွေကတော့ ထိုယောဂါဝစရပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်သ လား မဖြစ်ဘူးလား? ဖြစ်နေတယ်။

အရှုခံအာရုံဘက်မှာ ရုပ်နာမ် မရှိဘူး။ ရုပ်နာမ်မရှိရာဖြစ်တဲ့ အသင်္ခတ ဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီးသိနေတဲ့ မဂ်စိတ် ဖိုလ်စိတ် ဆိုတာတော့ မရှိဘူးလား? ရှိနေတယ်။ စိတ်-စေတသိက်ချုပ်တဲ့ သမာပတ် ဟုတ်သလား? မဟုတ်ဘူးနော်။ အဲဒီတော့ ဒီနေရာမှာ ...

အရိယဖလဿ နိရောဓေ အပ္ပနာတိ အရိယဿ ဖလစျာနဿ နိဗ္ဗာနေ အာရမ္မဏဘူတေ အပ္ပနာကာရေန ပဝတ္တိ။

ဆိုပြီးတော့ .. မဟာဋီကာဆရာတော်ကလည်း ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ ဒုတိယတွဲ စာမျက်နှာ (၅၁၅) မှာ ဖွင့်ဆိုထားပါတယ်။

အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် အာရုံမှာ အပ္ပနာစျာန်စွမ်းအား အခြင်းအရာအားဖြင့် အရိယဖိုလ်စိတ်တွေ အဆက်မပြတ်ဖြစ်နေမှုကိုပဲ ဖလ သမာပတ်လို့ ခေါ်ဆိုတယ်။

ဒါကြောင့် ဖလသမာပတ်ဟူသည် စိတ်-စေတသိက်ချုပ်နေတဲ့ သမာပတ် ဟုတ်သလား? မဟုတ်ဘူး။ ဒါကိုတော့ ကွဲကွဲပြားပြား မှတ်ထားနော်။

နောက်တစ်ခု - ဒီဖလသမာပတ်ကို ဘာ့ကြောင့် ဝင်စားကြသလဲလို့ မေးလျှင် ဒိဋ္ဌဓမ္မသုခဝိဟာရ - မျက်မှောက်ဘဝမှာ နိဗ္ဗာနသုခချမ်းသာကြီးကို (သန္တိသုခအငြိမ်းဓာတ်ချမ်းသာအရသာကို) သုံးဆောင်ခံစားချင်တဲ့အတွက် ကြောင့် အရိယာသူတော်ကောင်းများသည် ဒီဖလသမာပတ်ကို ဝင်စားကြ တယ်။

သောတာပန်ပုဂ္ဂိုလ်က သောတာပတ္တိဖလသမာပတ်ကို ဝင်စားနိုင်တယ်။ သကဒါဂါမ်ပုဂ္ဂိုလ်က သကဒါဂါမိဖလသမာပတ်အနာဂါမ်ပုဂ္ဂိုလ်က အနာ ဂါမိဖလသမာပတ်ရဟန္တာပုဂ္ဂိုလ်က အရဟတ္တဖလသမာပတ်ကို အသီး အသီး ဝင်စားလို့ရပါတယ်။ နိရောဓသမာပတ်ကျတော့ ဘယ်လိုလဲ?

နိရောဓသမာပတ်

ကာ နိရောဓသမာပတ္တီတိ ယာ အနုပုဗ္ဗနိရောဓဝသေန စိတ္တစေတသိကာနံ ဓမ္မာနံ အပ္ပဝတ္တိ။ (ဝိသုဒ္ဓိ၊၂၊၃၄၄။)

နိရောဓသမာပတ်ဆိုတာ အစဉ်အတိုင်း ချုပ်သည်၏ အစွမ်းအားဖြင့် စိတ်-စေတသိက်တို့ရဲ့ မဖြစ်ခြင်းသဘောကို နိရောဓသမာပတ်လို့ ခေါ်တယ်။

ဒီတော့ နိရောဓသမာပတ်ဆိုတာကတော့ စိတ်-စေတသိက်တွေ ချုပ်တဲ့ သမာပတ်။ အဲဒီသမာပတ်ကို ဘယ်လိုပုဂ္ဂိုလ်က ဝင်စားနိုင်သလဲလို့မေးလျှင် လောကီစျာန်သမာပတ် (၈)ပါးကိုရတဲ့ အနာဂါမ် သို့မဟုတ် ရဟန္တာ တစ်ဦးဦး သော်လည်း ဖြစ်ရမယ်။

လောကီစျာန်သမာပတ် (၈)ပါးကို ရရှိခြင်း, အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ခြင်း သို့မဟုတ် ရဟန္တာပုဂ္ဂိုလ်ဖြစ်ခြင်း - ဆိုတဲ့ ဒီအင်္ဂါနှစ်ချက်စုံညီမှသာလျှင် ဒီ နိရောဓသမာပတ်ကို ဝင်စားလို့ရတယ်။ အဲဒီ နိရောဓသမာပတ်ကတော့ စိတ်-စေတသိက် လုံးလုံး ချုပ်နေတယ်။

ဘာကြောင့် ဒီ အနာဂါမ် ရဟန္တာ အရိယာသူတော်ကောင်းကြီးတွေက ဒီနိရောဓသမာပတ်ကို ဝင်စားကြသလဲလို့မေးလျှင် --

ကသ္မာ သမာပဇ္ဇန္တီတိ သင်္ခါရာနံ ပဝတ္တိဘေဒေ ဥက္ကဏိ္ဌတွာ ဒိဋ္ဌေဝ ဓမ္မေ အစိတ္တကာ ဟုတွာ နိရောဓံ နိဗ္ဗာနံ ပတွာ သုခံ ဝိဟရိဿာမာတိ သမာပဇ္ဇန္တိ။ (ဝိသုဒ္ဓိ၊၂၊၃၄၇။)

ကသ္မာ သမာပဇ္ဇန္တီတိ = အဘယ်ကြောင့် ဝင်စားကြသနည်းဟူမူကား။ သင်္ခါရာနံ = ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏။ ပဝတ္တိဘေဒေ = ဖြစ်ခြင်း ပျက်ခြင်း အထူး၌။ ဥက္ကဏိ္ဌတွာ = ငြီးငွေ့တော်မူကြကုန်သည်ဖြစ်၍။ ဒိဋ္ဌေဝ ဓမ္မေ = မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင်။ အစိတ္တကာ ဟုတွာ = စိတ်မရှိကြကုန်သည် ဖြစ်၍။နိရောဓံ နိဗ္ဗာနံ = စိတ်-စေတသိက်တို့ရဲ့ ချုပ်ငြိမ်းမှုလို့ခေါ်ဆိုအပ်တဲ့ အနုပါဒိသေသနိဗ္ဗာနဓာတ်သို့။ ပတွာ = ရောက် ရှိ၍ နေကြကုန်သကဲ့သို့။ သုခံ = ချမ်းချမ်းသာသာ။ ဝိဟရိဿာမ = နေထိုင် ကြပါကုန်အံ့။ ဣတိ = ဤသို့ နှလုံးပိုက်၍။ သမာပဇ္ဇန္တိ = ဝင်စားတော်မူ ကြလေကုန်၏။

သင်္ခါရတွေရဲ့ ဖြစ်မှု ပျက်မှု အထူးကို လှမ်းပြီးကြည့်နေရတော့ သိပ်ပြီး ငြီးငွေ့သွားတယ်နော်။ အထူးသဖြင့် ရဟန္တာအရှင်မြတ်များရဲ့ သတတဝိဟာရ- အမြဲမပြတ် နေထိုင်ရာ နယ်မြေ ဆိုတာကတော့ - ခန္ဓာငါးပါး, အာယတန (၁၂)ပါး, ဓာတ် (၁၈)ပါး, ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရား ဆိုတဲ့ ဒီနယ်မှာ ရဟန္တာအရှင်မြတ်တွေက အမြဲတမ်း နေထိုင်ပါတယ်။

ခန္ဓာငါးပါးတို့ရဲ့ ဖြစ်မှု ပျက်မှု၊ အာယတန (၁၂)ပါး, ဓာတ် (၁၈)ပါး, ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေရဲ့ ဖြစ်မှု ပျက်မှု - အဲဒီ နယ်မှာ ရဟန္တာအရှင်မြတ်တွေ အမြဲတမ်း နေထိုင်ကြတယ်။ သတတဝိဟာရ လို့ ခေါ်တယ်။ (သံ၊၂၊၅၃-၅၄ , သံ၊ဋ္ဌ၊၂၊၂၅၅ - သတ္တဋ္ဌာနကုသလသုတ္တန်။)

အဲဒီလို အမြဲတမ်း နေထိုင်လိုက်တဲ့အချိန်အခါကျတော့ အိပ်တဲ့အချိန် စားတဲ့အချိန် ကျင်ကြီးစွန့်ချိန် ကျင်ငယ်စွန့်ချိန် စတဲ့ အချို့အချိန်တွေကို နုတ်လိုက်လျှင် ကျန်တဲ့ အချိန်တွေမှာ ဒီ စိတ်-စေတသိက်-ရုပ်တရားတို့ရဲ့ ဖြစ်ခြင်းပျက်ခြင်းသဘောတွေကိုသာ အမြဲတမ်း မြင်နေရတယ်။

မြင်နေရတဲ့ အချိန်အခါကျတော့ ဖြစ်နေ ပျက်နေတဲ့ တရားတွေကိုသာ အမြဲမပြတ် တရစပ် မြင်တွေ့ရတဲ့အတွက် ငြီးငွေ့လာတယ် ရွံမုန်းလာတယ် စက်ဆုပ်လာတယ်၊ မမြင်ချင်တော့ဘူး။

အပျက်တွေကိုသိနေတဲ့ စိတ်-စေတသိက်တွေ ရှိကြတယ်၊ ဒီ စိတ်-စေတ သိက်တွေ ချုပ်ငြိမ်းတဲ့နေရာကို အနုပါဒိသေသ နိဗ္ဗာနဓာတ်လို့ ခေါ်ပါတယ်။

ထို အနုပါဒိသေသနိဗ္ဗာနဓာတ်ကလည်း ပရိနိဗ္ဗာန်စံမှ ဝင်စံလို့ရတယ်။ ပရိနိဗ္ဗာန်ကလည်း မစံနိုင်သေး ဖြစ်နေတယ်။ သက်တော်ကို ပရိနိဗ္ဗာန်မစံမီ တည်တံ့အောင် ထိန်းသိမ်းပြုပြင်ပေးနေတဲ့ အာယုသင်္ခါရက မကုန် ဖြစ်နေ တယ်။

ဒါကြောင့် ပရိနိဗ္ဗာန်မစံမီ စပ်ကြားမှာ ဒီအနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ရောက်ရှိနေတဲ့ပုံစံအတိုင်း စိတ်-စေတသိက်တွေ ချုပ်ငြိမ်းပြီးတော့ ဒီအပျက် တွေကို မသိတဲ့ နယ်ပယ်ထဲကို ရောက်နေရလျှင် သိပ်ကောင်းမယ်လို့ ဒီလို နှလုံးပိုက်တော်မူကြတယ်။

ဒီ ရုပ်တရား နာမ်တရားတို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့ သဘောတရားတွေကို ကြည့်နေရတာကိုက ငြီးငွေ့လာတယ် ရွံမုန်းလာတယ် စက်ဆုပ်လာတယ်၊ မကြည့်ချင်ဖြစ်နေတယ်။ မကြည့်ချင်တဲ့အတွက် ဒီအပျက်တွေ ဖြစ်ပျက်နေတဲ့ သဘာဝတွေကို သိနေတဲ့ စိတ်-စေတသိက်တွေ ချုပ်သွားကြလျှင် သိပ်ကောင်း မယ်လို့ ဒီလို နှလုံးပိုက်ပြီးတော့ .. အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံနေ သကဲ့သို့ ချမ်းချမ်းသာသာ နေထိုင်ချင်တဲ့ ရည်ရွယ်ချက် ဦးတည်ချက်ဖြင့် ဒီနိရောဓသမာပတ်ကို ဝင်စားကြတယ်။

ဒီတော့ ဒီနိရောဓသမာပတ်ကို ဝင်စားနေတဲ့အချိန်အခါကို နည်းနည်း လေး သဘောပေါက်အောင် ထပ်ပြီး ပြောမယ်။

ဘုန်းကြီးတို့ငယ်စဉ်အခါက အောက်စဖို့ (Oxford) ဖတ်စာအုပ်ကလေး ထဲမှာ ပုံပြင်ကလေးတစ်ပုဒ် ဖတ်ဖူးတယ်။ ကျောက်မီးသွေးတွင်း တစ်တွင်း ထဲမှာ အလုပ်သမားတစ်ဦး ရှိပါတယ်။ ခုကာလ အမှိုက်ကျုံးနေတဲ့ သုံးဘီး လှည်းကလေးပေါ့၊ အဲဒီလှည်းကလေးနှင့် သူတို့ရဲ့ ကျောက်မီးသွေးတွင်း တွေမှာ ကျောက်မီးသွေးတွေကို သယ်ယူပို့ဆောင်ရေး လုပ်ရတဲ့ အလုပ်သမား တစ်ဦးပဲ။

အလုပ်သမားတွေက ဓမ္မတာအလျောက် ဒီလှည်းကလေးထဲကို ကျောက် မီးသွေးတွေ ထည့်ပြီးတော့ ဒီလှည်းကို မျက်နှာပေးပြီး မျက်နှာချင်းဆိုင်ပြီး တော့ တွန်းကြတယ်။

အလုပ်သမားတစ်ဦးကျတော့ သူက လှည်းထဲကို ကျောက်မီးသွေး ထည့် ပြီးတော့ မျက်နှာချင်းဆိုင် မတွန်းဘဲ နောက်ပြန်ဆွဲတယ်။ ဘေးက ရပ်ကြည့် နေတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဒီအလုပ်သမားကို သွားပြီးတော့ မေးတယ် --

မိတ်ဆွေ ... ကျောက်မီးသွေးလှည်းကို မျက်နှာမူပြီး တွန်းရတဲ့ လုပ်ငန်းက ပိုပြီးတော့ ပင်ပန်းလို့လား? နောက်ပြန်ဆွဲတဲ့ လုပ်ငန်းက ပိုပြီး သက်သာလို့ ဒီလို နောက်ပြန်ဆွဲတာလားလို့ မေးကြည့်လိုက်တော့ ...

မဟုတ်ပါဘူးတဲ့။ သူဟာ ဒီကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတာ (၁၅)နှစ် ရှိသွားပြီ။ (၁၅)နှစ်လုံးလုံး နေ့စဉ်လိုလို ဒီကျောက်မီးသွေးတွေကို အမြဲတမ်း ကြည့်နေရတဲ့အတွက် ကြာတော့ သူ မကြည့်ချင်တော့ဘူး။ မကြည့် ချင်တဲ့အတွက် ကျောက်မီးသွေးတွေကို မမြင်ချင်လို့ နောက်ပြန်ဆွဲနေတာ ဖြစ်တယ်လို့ ပြန်အဖြေပေးတယ်။

အဲဒီပုံစံအတိုင်းပဲ ဒီအနာဂါမ် ရဟန္တာအရှင်မြတ်တွေကလည်းပဲ ဒီသင်္ခါရ တရားတွေရဲ့ ဖြစ်ပြီးပျက်နေတဲ့သဘောတွေကို သူက နိစ္စဘတ် အမြဲလိုလို မြင်နေရတယ်။

မြင်နေရတဲ့အတွက် ဒီ ဖြစ်ပျက်နေတဲ့ ဒီ သင်္ခါရတရားတွေကိုပဲ အမြဲတမ်း ထိုင်ပြီး ကြည့်နေလိုက်ရတော့ စိတ်ထဲမှာ ငြီးငွေ့လာတယ်။ အဇ္ဈတ္တ ကြည့် လိုက်တော့လည်း သင်္ခါရတရားတွေက ဖြစ်ပြီး ပျက်နေတယ်။ ဗဟိဒ္ဓ ကြည့် လို့ ရှိလျှင်လည်း ဖြစ်ပြီး ပျက်နေတယ်။ အတိတ် ကြည့်လိုက်လည်း ဖြစ်ပြီး ပျက်နေတယ်။ အနာဂတ် ကြည့်လိုက်လည်း ဖြစ်ပြီး ပျက်နေတယ်။ ရုပ် ကြည့်လည်း ဖြစ်ပြီး ပျက်နေတယ်။ နာမ် ကြည့်လည်း ဖြစ်ပြီး ပျက်နေတယ်။ ဘယ်သင်္ခါရတရားကိုမဆို ကြည့်လိုက်တိုင်း ဖြစ်ပြီး ပျက်နေတာ အမြဲတမ်း မြင်နေရတော့ ကြာတော့ ငြီးငွေ့လာတယ်။

ငြီးငွေ့ရွံမုန်းတဲ့အတွက်ကြောင့် ဒီ ဖြစ်ပျက်မှုတွေကို သိနေတဲ့ စိတ်- စေတသိက်တွေ မရှိဘဲ အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ရောက်နေသလို ချမ်းချမ်းသာသာ ဒီလောကမှာ နေထိုင်ရလျှင် ကောင်းမယ် ဆိုတဲ့ ဒီဦးတည် ချက်ဖြင့် နိရောဓသမာပတ်ကို ဝင်စားတော်မူကြခြင်း ဖြစ်ပါတယ်။

အဲဒီလို နိရောဓသမာပတ် ဝင်စားတဲ့အပိုင်းမှာ ဘယ်ပုံ ဘယ်ပန်း ဘယ် နည်းလမ်းအားဖြင့် ဝင်စားရမလဲလို့ မေးလျှင်တော့ ဝိပဿနာမှာ သုံးမျိုး ရှိတယ်။

ဝိပဿနာ သုံးမျိုး

သင်္ခါရပရိဂဏှနကဝိပဿနာ - သင်္ခါရတရားတွေကို သိမ်းဆည်းပြီး ဒီသင်္ခါရတရားတွေကို လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ ရှုပွား သုံးသပ်တဲ့ ဝိပဿနာက တစ်မျိုး။

သင်္ခါရတရားဆိုတာက ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေပဲ။

အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက = အတိတ် ခန္ဓာငါးပါး, ပစ္စုပ္ပန် ခန္ဓာငါးပါး, အနာဂတ် ခန္ဓာငါးပါး, အဇ္ဈတ္တ ခန္ဓာငါးပါး, ဗဟိဒ္ဓ ခန္ဓာငါးပါး, ဩဠာရိက ခေါ်တဲ့ ရုန့်ရင်း ကြမ်းတမ်းတဲ့ ခန္ဓာငါးပါး, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ခန္ဓာငါးပါး, ဟီန ခေါ်တဲ့ ယုတ်ညံ့တဲ့ ခန္ဓာငါးပါး, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ခန္ဓာငါးပါး, ဒူရ ခေါ်တဲ့ ဝေးနေတဲ့ ခန္ဓာငါးပါး, သန္တိကခေါ်တဲ့ နီးနေတဲ့ ခန္ဓာငါးပါး - အဲဒီ (၁၁) မျိုးသောအခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာငါးပါးတွေက ဒုက္ခသစ္စာ တရား။ ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေက သမုဒယ သစ္စာတရား။

ထို ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား နှစ်ပါးကို သင်္ခါရတရားလို့ ခေါ်တယ်။ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက ပေါင်းစုပြုပြင်ပေးမှ ဖြစ်ပေါ်လာရတဲ့တရားတွေ ဖြစ်ခြင်းကြောင့် သင်္ခါရတရားလို့ ခေါ်ပါတယ်။

ထိုသင်္ခါရတရားတွေကို ဉာဏ်နှင့် ပိုင်းခြားယူပြီးတော့ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုတဲ့အပိုင်းကို သင်္ခါရပရိဂဏှနကဝိပဿနာလို့ ခေါ်ပါတယ်။

အဲဒီသင်္ခါရတရားတွေရဲ့ ဖြစ်ပြီး ပျက်နေတာကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီး အနိစ္စလို့ရှုတယ်၊ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့သဘော တွေကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုတယ်၊ မပျက်စီးဘဲ အကျိတ် အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘော တွေကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီး အနတ္တလို့ ရှုတယ်။ အဲဒီလိုရှုနေတဲ့ ဝိပဿနာကို သင်္ခါရပရိဂဏှနကဝိပဿနာလို့ ခေါ်ပါတယ်။

တတ္ထ သင်္ခါရပရိဂဏှနကဝိပဿနာ မန္ဒာ ဝါ ဟောတု တိက္ခာ ဝါ၊ မဂ္ဂဿ ပဒဋ္ဌာနံ ဟောတိယေဝ။ (ဝိသုဒ္ဓိ၊၂၊၃၄၇။)

အဲဒီဝိပဿနာက ထက်မြက်တဲ့ဝိပဿနာလည်း ရှိတယ်၊ နုံ့တဲ့ဝိပဿနာ လည်း ရှိတယ်။ ထက်မြက်ချင်လည်း ထက်မြက်ပါစေ, နုံ့ချင်လည်း နုံ့ပါစေ မဂ် ဖိုလ် နိဗ္ဗာန်ကတော့ ရနိုင်တယ်။ အဲဒီ ဝိပဿနာက တစ်မျိုး။

နောက်တစ်ခု ဖလသမာပတ္တိဝိပဿနာ - ဖလသမာပတ်ကိုဝင်စားချင်တဲ့ အရိယာသူတော်ကောင်းတွေကလည်း ဒီသင်္ခါရတရားတွေကိုပဲ သိမ်းဆည်းပြီး တော့ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ဝိပဿနာ ရှုရပါ တယ်။

အဲဒီရှုတဲ့ ဝိပဿနာစိတ်က ထက်မြက်မှ ဖလသမာပတ်ကို ဝင်စားလို့ ရတယ်၊ နုံ့နေလို့ရှိလျှင် ဖလသမာပတ်ကို ဝင်စားလို့ မရနိုင်ဘူး။ အဲဒီ ဝိပဿနာက တစ်မျိုး။ (ဝိသုဒ္ဓိ၊၂၊၃၄၈။)

နောက်ဝိပဿနာကတော့ - နိရောဓသမာပတ္တိဝိပဿနာ - နိရောဓ သမာပတ်ကို ဝင်စားလိုတဲ့ ရည်ရွယ်ချက် ရှိလျှင်လည်း ဝိပဿနာရှုရတယ်။

အဲဒီရှုနည်းကျတော့နာတိမန္ဒ နာတိတိက္ခာ - သိပ်လည်း မထက်ရဘူး သိပ်လည်း မနုံ့ရဘူး၊ မထက်လွန်း မနုံ့လွန်းတဲ့ ဝိပဿနာဉာဏ်ဖြစ်ပါမှ ဒီ နိရောဓသမာပတ်က ဝင်စားလို့ရတယ်။

ဒီတော့ နိရောဓသမာပတ်ကို ဝင်စားချင်တဲ့ပုဂ္ဂိုလ်က အနုပုဗ္ဗနိရောဓလို့ ခေါ်တဲ့ အစဉ်အတိုင်းသော သမာပတ်တွေကို ဝင်စားပြီးတော့ ဝိပဿနာ ရှုရတယ်။ အစဉ်အတိုင်းသော သမာပတ်တွေကို ချုပ်အောင် ကျင့်ရတယ်။

ဒီတော့ ရှေ့ကဟောခဲ့တဲ့ အဖြူကသိုဏ်းပဲ ဆိုကြပါစို့။ အဖြူကသိုဏ်း မှာ ပထမစျာန်ကနေ စပြီးတော့ နေဝသညာနာသညာယတနစျာန် အထိ သမာပတ် (၈)ပါး ရှိပါတယ်။

အဲဒီသမာပတ် (၈)ပါးမှာ နိရောဓသမာပတ် ဝင်စားမယ်ဆိုတဲ့ပုဂ္ဂိုလ်က ဒီသမာပတ် (၈)ပါးကို အစဉ်အတိုင်း ဝင်စားလိုက်မယ် ဝိပဿနာမရှုဘူး သမထသက်သက်နှင့် သွားခဲ့မယ်ဆိုလျှင် နေဝသညာနာသညာယတနစျာန် ဆိုက်ပြီးတော့ အဲဒီစျာန်မှာပဲ သွားပြီး ဆုံးနေလိမ့်မယ်၊ နိရောဓသမာပတ်ကို မကူးနိုင်ဘူး။

တစ်ခါ ဝိပဿနာသက်သက်နှင့် သွားမယ်ဆိုလို့ရှိလျှင်လည်း ဖလသမာပတ်ကို သွားပြီးဆိုက်သွားလိမ့်မယ်၊ အနာဂါမ်ပုဂ္ဂိုလ်က အနာဂါမိ ဖလသမာပတ်, ရဟန္တာပုဂ္ဂိုလ်က အရဟတ္တဖလသမာပတ်ကို သွားဆိုက်မယ်၊ နိရောဓသမာပတ်ကို မကူးနိုင်ဘူး။ ယုဂနဒ္ဓ - သမထနှင့် ဝိပဿနာကို ဒီနေရာမှာ စုံတွဲပြီးတော့ ရှုရပါတယ်။ (ဝိသုဒ္ဓိ၊၂၊၃၄၇။)

ဒီတော့ အဖြူကသိုဏ်းပဲ ဆိုကြပါစို့။ အဖြူကသိုဏ်းကို အာရုံယူပြီးတော့ ပထမစျာန်ကို ဝင်စားလိုက်၊ ပထမစျာန်မှ ထကာ ပထမစျာန်နာမ်တရားတွေ ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်ပြီးတော့ ဝိပဿနာရှုရတယ်။

တစ်ခါ ဒုတိယစျာန်ကို ဝင်စားပြီးတော့ ဒုတိယစျာန်မှ ထကာ ဒုတိယစျာန် နာမ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာရှုရတယ်။

တတိယစျာန်ကို ဝင်စားလိုက်၊ တတိယစျာန်မှထကာ တတိယစျာန်နာမ် တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာရှုရတယ်။

စတုတ္ထစျာန်ကို ဝင်စားလိုက်၊ စတုတ္ထစျာန်မှထကာ စတုတ္ထစျာန်နာမ် တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုရပြန်တယ်။

အာကာသာနဉ္စာယတနစျာန်ကို ဝင်စားလိုက်၊ အာကာသာနဉ္စာယတန စျာန်ကို ဝင်စားပြီးတဲ့အချိန်အခါမှာ စျာန်မှထလျက် အာကာသာနဉ္စာယတန စျာန်နာမ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီး တော့ ဝိပဿနာရှုရတယ်။

ပြီးတဲ့အချိန်အခါမှာ ဝိညာဏဉ္စာယတနစျာန်ကို ဝင်စား၊ ဝိညာဏဉ္စာ ယတနစျာန်ကို ဝင်စားပြီးတော့ စျာန်မှထကာ ဝိညာဏဉ္စာယတနစျာန်နာမ် တရားတွေကိုလည်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ပဲ ဝိပဿနာရှုရပါတယ်။

အဲဒီလို ရှုပြီးတဲ့ အချိန်အခါကျတော့မှ အာကိဉ္စညာယတနစျာန်ကို တစ်ဆင့်တက်ပြီးတော့ ဝင်စားရတယ်။ အဲဒီလို အာကိဉ္စညာယတနစျာန်ကို ဝင်စားပြီးတဲ့ အချိန်အခါမှာတော့ စျာန်မှထပြီး ဝိပဿနာ မကူးနဲ့တော့။

အဲဒီအပိုင်းမှာတော့ အာကိဉ္စညာယတနစျာန်ကို ဝင်စားပြီးတဲ့ အချိန်အခါ မှာ အဓိဋ္ဌာန်လေးချက် ပြုလုပ်ရပါတယ်။ အာကိဉ္စညာယတနစျာန်နာမ်တရား တွေကို ဝိပဿနာ မရှုတော့ဘူး။

ပုဗ္ဗကိစ္စ (၄) ပါး

နံပါတ် (၁) အဓိဋ္ဌာန်ကတော့ နာနာဗဒ္ဓအဝိကောပန - မိမိသုံးနေတဲ့ ပရိက္ခရာတွေ ကျောင်းတွေနှင့် ပတ်သက်လို့ မပျက်စီးအောင် အဓိဋ္ဌာန်ရတယ်။

ရေကြောင့် မပျက်စီးပါစေသတည်း၊ မီးကြောင့် မပျက်စီးပါစေသတည်း၊ ခိုးသားဓားပြတွေ ဘေးရန်ကြောင့် မပျက်စီးပါစေသတည်း ...စသည်ဖြင့် အဓိဋ္ဌာန်ရပါတယ်။

အဲဒီလိုအဓိဋ္ဌာန်ဖို့ မဖြစ်ခဲ့ဖူးဆိုလို့ရှိလျှင်တော့ ဘာဖြစ်သလဲ? မိမိကိုယ် အင်္ဂါနှင့် ဆက်စပ်နေတဲ့ ပရိက္ခရာများကတော့ ပျက်စီးမှု မရှိပါဘူး၊ ဘယ်လိုမှ ဖျက်ဆီးလို့ မရဘူး။ ကိုယ်အင်္ဂါနှင့် ဆက်စပ်မှုမရှိတဲ့ ပရိက္ခရာတွေ ဖြစ်ခဲ့မယ် ဆိုလျှင်တော့ ပျက်စီးတတ်တဲ့သဘော ရှိတယ်။

နမူနာလေး - ဒီနေရာမှာ ထုံးတစ်ခု ထောက်ပြထားတယ်။ မဟာနာဂ မထေရ်ကြီးရဲ့ ထုံးပဲ။

မဟာနာဂ မထေရ်ကြီးက မိခင်ဥပါသိကာမကြီးရှိတဲ့ ရွာထဲကို ဆွမ်းခံကြွ ပါတယ်။ မိခင်ဖြစ်တဲ့ ဒါယိကာမကြီးကလည်း ယာဂုဆက်ကပ်ပြီးတဲ့အခါ -

အရှင်ဘုရား ...ဆွမ်းအတွက် ဒီဆွမ်းစားဇရပ်မှာပဲ ခေတ္တဆိုင်းငံ့ပြီး သီတင်းသုံးတော်မူပါဆိုပြီး လျှောက်ထားတဲ့အတွက် ဆွမ်းစားဇရပ်ထဲမှာ ဝင်ပြီးတော့ နိရောဓသမာပတ်ကို ဝင်စားတော်မူပါတယ်။

ရှေးခေတ် အချိန်အခါတုန်းကတော့ - ရွာတွင်း ဆွမ်းစားဇရပ်တွေမှာ [ခုခေတ်လည်း သီဟိုဠ်ကျွန်းမှာတော့ ဒီလိုဇရပ်မျိုးတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။] တရားထိုင်ပြီး နှလုံးသွင်းဖို့ရန်အတွက် အခန်းကလေးတွေ ရှိကြပါတယ်။

အဲဒီအခန်းကလေးတွေအတွင်းမှာ တစ်ပါး တစ်ခန်းစီပေါ့။ အခန်းကလေး တွေထဲ ဝင်ပြီးတော့ အချိန်ရတဲ့ ရဟန်းတော်များက မိမိတို့ ဆိုင်ရာဆိုင်ရာ သမထ ဝိပဿနာ ဘာဝနာတွေကို ရှုပွားကြတယ်၊ သမာပတ်တွေကို ဝင်စား ကြတယ်။

အဲဒီထုံးတမ်းအစဉ်အလာအတိုင်း မဟာနာဂ မထေရ်ကြီးက ဒီဆွမ်းစား ဇရပ်ထဲ ဝင်ပြီးတော့ နိရောဓသမာပတ်ကို ဝင်စားတော်မူပါတယ်။ ဒါပေမဲ့ နိရောဓသမာပတ်ကိုဝင်စားတဲ့အချိန်မှာ ခုနက နာနာဗဒ္ဓအဝိကောပန ခေါ်တဲ့ မိမိနှင့်ဆက်စပ်နေတဲ့ ကျောင်းတွေ ပရိက္ခရာတွေကို မီးမလောင်စေဖို့ စတဲ့ အဓိဋ္ဌာန်ချက်တွေကို မပြုဘဲနှင့် နိရောဓသမာပတ်ကို ဝင်စားလိုက်တယ်။

ဝင်စားလိုက်တော့ နိရောဓသမာပတ်လည်းဆိုက်ရော ဘာဖြစ်လာသလဲ? အဲဒီဆွမ်းစားဇရပ်ကလေး မီးလောင်ပါလေရော။ မီးလောင်တဲ့ အချိန်အခါ ကျတော့ ဘေးက ကိုယ်တော်တွေက အားလုံး ထပြီးတော့ ပြေးကြတယ်၊ မိမိတို့ရဲ့ ပရိက္ခရာလေးတွေ ယူပြီးတော့ ပြေးကြတယ်။

အဲဒီ မဟာနာဂ မထေရ်ကြီးကတော့ နိရောဓသမာပတ်ဝင်စားနေတဲ့ အတွက် ထပြီး မပြေးဘူး။ မပြေးတဲ့အချိန်အခါကျတော့ ရွာသူရွာသားတွေက ဝိုင်းလာပြီ။ ဝိုင်းလာပြီးတဲ့အချိန်အခါ ကြည့်လိုက်တော့ ဆွမ်းစားဇရပ်က မီးလောင်တာ တော်တော်လေး ကုန်သွားပြီ။ မထေရ်ကြီးတစ်ပါးတည်း ဒီထဲမှာ ငုတ်တုတ်ကြီး ထိုင်နေတာတွေ့တော့ ဒီကိုယ်တော်ကြီးနှယ် ပျင်းလိုက်တာ၊ မီးလောင်တာတောင် ထပြီး ပြေးဖော်မရဘူးလို့ ဘေးမှာရှိတဲ့ လူတွေက ကဲ့ရဲ့ကြတယ်။

အဲဒီလို ကဲ့ရဲ့နေတုန်း ဝိုင်းပြီး ရေအိုးတွေနှင့် မီးတွေ ငြှိမ်းလိုက်ကြတယ်။ မထေရ်ကြီးကို နည်းနည်းလေးမှ မီးမလောင်ဘူး၊ ဝတ်ရုံ ဆင်မြန်းထားတဲ့ သင်္ကန်းကိုလည်း အမွေးအမျှင်ကလေး တစ်ပင်တောင်မှ မီးလောင်တာ မရှိဘူး။ ရေတွေနှင့် ဝိုင်းငြှိမ်းကြတယ်။

ပိုင်းခြားထားတဲ့အချိန် စေ့တဲ့အချိန်အခါကျတော့ မထေရ်ကြီးက နိရောဓ သမာပတ်မှ ထတယ်။ ဒါယကာ ဒါယိကာမတွေကလည်း မထေရ်ကြီးကို မီးနည်းနည်းလေးမှ မလောင်တာကို ကြည့်ပြီးတော့ အလွန်အံ့ဩသွားပြီး သိပ်ကြည်ညိုကြတယ်။ ကြည်ညိုတဲ့အတွက် ပန်းတွေနှင့် ဝိုင်းပြီးတော့ ပူဇော် ကြတယ်။

အဲဒီလို ပူဇော်နေတဲ့ အခြင်းအရာတွေကို နိရောဓသမာပတ်မှအထ မဟာ နာဂ မထေရ်ကြီးက မြင်လိုက်တော့ ဘာလုပ်သလဲ? တစ်ဖန်ပြန်ပြီးတော့ အဘိညာဏ်တွေ ဝင်စားပြီးတဲ့အခါ ပိယင်္ဂုဒီပ ဆိုတဲ့ လိုဏ်ဂူတစ်ခုထဲကို ပြန်ပြီး ကြွသွားတော်မူတယ်တဲ့။ (ဝိသုဒ္ဓိ၊၂၊၃၄၈။)

အဲဒီမှာက နာနာဗဒ္ဓအဝိကောပန - မိမိနှင့် ဆက်စပ်နေတဲ့ ပရိက္ခရာတွေ ကို မပျက်စီးဖို့ရန်အတွက် သူက အဓိဋ္ဌာန်တော်မမူတဲ့အတွက် အကြောင်း အားလျော်စွာ မီးလောင်လာတဲ့အခါ မိမိကိုယ်ကို မီးမလောင်သော်လည်း မိမိ နိရောဓသမာပတ်ကို ထိုင်ပြီး ဝင်စားရာ နေရာဖြစ်တဲ့ ဆွမ်းစားဇရပ် ကလေးကိုတော့ မီးက ကူးစက်ပြီး လောင်သွားခြင်း ဖြစ်တယ်။

အကယ်၍များ အဓိဋ္ဌာန်တော်မူခဲ့မယ်ဆိုလျှင် အဲဒီဆွမ်းစားဇရပ်ကို ဒီ နိရောဓသမာပတ်ဝင်စားနေတဲ့အချိန်အခါမှာ ဘယ်တော့မှ မီးမလောင်ဘူး။ စိတ်ရဲ့ စွမ်းအင်တွေပဲနော်။ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ... ဘယ်လောက် အားကျဖို့ ကောင်းသလဲ၊ ကြည့်စမ်း၊ အားကျဖို့ သိပ်ကောင်း တယ်။

နောက်တစ်ခု အရှင်သဉ္ဇီဝ မထေရ်ရဲ့ ထုံးကို ထောက်ပြထားပါတယ်။

ဒီ သဉ္ဇီဝ မထေရ်ရဲ့ထုံးကတော့ ဘယ်မှာလာသလဲလို့ မေးလျှင်တော့ - အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးက မာရ်နတ်ကြီးကို ဟောပြတဲ့ မာရတဇ္ဇနီယသုတ္တန်မှာ လာရှိပါတယ်။

အရှင်သဉ္ဇီဝ မထေရ်ဆိုတာကတော့ - ဒီကမ္ဘာမှာ ခေါင်ဆုံး ပွင့်ထွန်းတော် မူတဲ့ ကကုသန္ဓမြတ်စွာဘုရားဆိုတာ ရှိခဲ့ပါတယ်၊ အဲဒီ ကကုသန္ဓမြတ်စွာ ဘုရားရဲ့ လက်ဝဲရံ အဂ္ဂသာဝက တပည့်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။

ဒီ လက်ဝဲရံ အဂ္ဂသာဝက တပည့်ကြီးတစ်ဦးဖြစ်တဲ့ အရှင်သဉ္ဇီဝ မထေရ် က နိရောဓသမာပတ်ကို ဝင်စားတဲ့နေရာမှာ သူက အလွန်ကျွမ်းကျင်လိမ္မာ တော်မူတယ်။ အချိန်ရတိုင်းရတိုင်းလည်း နိရောဓသမာပတ်ကို ဝင်စားတော် မူလေ့ ရှိပါတယ်။ တစ်နေ့မှာ - သစ်ပင် တစ်ပင်အောက် သစ်ပင်ရင်းမှာ နိရောဓသမာပတ်ကို ဝင်စားတော်မူပါတယ်။

အဲဒီလို နိရောဓသမာပတ်ဝင်စားနေတဲ့အချိန်အခါမှာ မသိ နားမလည်ကြ တဲ့ နွားကျောင်းသားတွေ ဆိတ်ကျောင်းသားတွေ လယ်ထွန်သမားတွေ စတဲ့ ပုဂ္ဂိုလ်တွေက မြင်တော့ - ဩော် ..ဒီကိုယ်တော်ကြီးတစ်ပါး ထိုင်လျက်နှင့် ပျံလွန်တော်မူနေတယ်၊ အင်မတန်အံ့ဩဖို့ ကောင်းပါလား အဲဒီလို သဘော ပေါက်ပြီးတော့ တောထဲမှာ ထင်းတွေ မြက်တွေ စုရုံးပြီးတဲ့ အချိန်အခါမှာ မထေရ်ကြီးအပေါ်မှာ အုံထားကြတယ်။ အုံပြီးတဲ့အခါမှာ မီးရှို့ကြတယ်။ မီးရှို့ပြီး သူတို့ ပြန်သွားကြတယ်။

ပြန်သွားတဲ့ အချိန်အခါမှာ နိရောဓသမာပတ် အချိန်စေ့တော့ အရှင် သဉ္ဇီဝ မထေရ်က နိရောဓသမာပတ်မှ ထတယ်။ ထလိုက်တဲ့အချိန်အခါမှာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ပေါက်ပန်းပွင့်အဆင်းလို အင်မတန် ရဲရဲညီးနေတဲ့ မီးကျီးမီးခဲတွေကို တွေ့တယ်။

အဲဒီ မီးကျီးမီးခဲတွေအပေါ်မှာ အရှင်သဉ္ဇီဝ မထေရ် လမ်းလျှောက်ပြီး ကြွသွားလိုက်တာ နည်းနည်းလေးမှ ပူလောင်တဲ့ အခြင်းအရာ မရှိဘူး၊ အရှင် သဉ္ဇီဝ မထေရ်ရဲ့ ခန္ဓာကိုယ်မှာ ဝတ်ရုံ ဆင်မြန်းထားတဲ့ သင်္ကန်းကိုလည်း အမွေးအမျှင်ကလေး တစ်ပင်လောက်တောင်မှ မီးလောင်ကျွမ်းမှု မရှိဘူး။ အံ့ဩဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ (မ၊၁၊၄၀၉။ ဝိသုဒ္ဓိ၊၂၊၈။)

အဲဒီအံ့ဩဖွယ်ရာတွေက ဘာကိုအခြေခံပြီး ဖြစ်သလဲလို့မေးလျှင် စိတ်ရဲ့ စွမ်းအင်သတ္တိတွေပဲ .. နော်။ အဲဒီ စိတ်ရဲ့ စွမ်းအင်သတ္တိကို တန်ခိုး ထက်မြက်အောင် ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ လေ့ကျင့်မယ်ဆိုလို့ ရှိလျှင် လေ့ကျင့်လို့ မရဘူးလား? ရနိုင်တဲ့စွမ်းအားတွေ ရှိပါတယ်။ ဘုရားရှင်ရဲ့ သာသနာတော်က သိပ်အားရဖို့ကောင်းတယ်။

အဲဒီသဉ္ဇီဝ မထေရ်ကြီးကလည်း မဟာနာဂ မထေရ်ကြီးလိုပဲ မဓိဋ္ဌာန်ဘူး၊ နာနာဗဒ္ဓအဝိကောပန - မိမိတို့နှင့်ဆက်စပ်နေတဲ့ ပရိက္ခရာတွေကို မီး လောင်ကျွမ်းမှု မရှိအောင် အဓိဋ္ဌာန်တော်မမူတဲ့အတွက် ဒီလိုဖြစ်ရတယ်။

သို့သော် မဓိဋ္ဌာန်ပေမဲ့လို့ မိမိနှင့် ဆက်စပ်နေတဲ့ ဝတ်ရုံ သုံးဆောင်ထားတဲ့ ဒီပရိက္ခရာတွေကိုတော့ မီးလောင်နိုင်တဲ့စွမ်းအားမျိုး ရှိသလား? မရှိဘူး။ ဒါကို သမာပတ်ရဲ့စွမ်းအား သမာဓိဝိပ္ဖာရလို့ ဒီလိုခေါ်ထားပါတယ်။ သမာဓိရဲ့ စွမ်းအင် တစ်ခုပဲ။

ဒါ နာနာဗဒ္ဓအဝိကောပန၊ ဒါကို အဓိဋ္ဌာန်ထားရတယ်။ နောက်တစ်ခု နံပါတ် (၂) ကတော့ သံဃပဋိမာနန - သံဃာတော်က ခေါ်ခဲ့လျှင် နိရောဓ သမာပတ်မှ ထပါစေလို့ အဓိဋ္ဌာန်ထားရတယ်။

နံပါတ် (၃) ကတော့ သတ္ထုပက္ကောသန - ဘုရားရှင်ခေါ်တော်မူလို့ရှိလျှင် နိရောဓသမာပတ်မှ ထပါစေ ဒီလို အဓိဋ္ဌာန်ရပါတယ်။

အဲဒီလို မဓိဋ္ဌာန်ခဲ့ဘူးဆိုလို့ရှိလျှင် ဘာဖြစ်သလဲ? သံဃာတွေက ကိစ္စ တစ်ခုရှိလို့, သိမ်ထဲမှာ ကံကြီးကံငယ်တစ်ခု ရွက်ဆောင်စရာရှိလို့ သံဃာ စုလိုက်တဲ့အချိန်အခါမှာ ဒီကိုယ်တော်တစ်ပါး ပျောက်နေပြီ၊ ပျောက်နေမယ် ဆိုလို့ရှိလျှင် - ကဲ သံဃာတော်က ခေါ်တော်မူမယ် [ဒီကိုယ်တော် နိရောဓ သမာပတ်ဝင်စားနေပြီဆိုတဲ့ သတင်းကို ကြားတော့ သံဃာက ခေါ်တယ်] သွားခေါ်ချေလို့ ခိုင်းလိုက်လျှင် - ထိုသွားတဲ့မထေရ်က (၁၂)တောင် ဥပစာ အတွင်းလောက် ရောက်တဲ့အချိန်အခါကျလျှင် ဒီသမာပတ် (= နိရောဓ သမာပတ်)မှ အလိုလိုထတယ်။ ဘာဖြစ်လို့လဲ? သံဃာရဲ့အမိန့်အာဏာတော် ဆိုတာ အင်မတန် ပြင်းထန်တယ်။ (ဝိသုဒ္ဓိ၊၂၊၃၄၉။)

အလားတူပဲ ဘုရားရှင်က ခေါ်တော်မူပြီဆိုလို့ရှိလျှင်လည်း ဘုရားရှင်က ခေါ်တော်မူလိုက်လို့ ခိုင်းစေလိုက်တဲ့ ရဟန်းတစ်ပါးက (၁၂)တောင် ဥပစာ အတွင်း ရောက်တာနှင့် နိရောဓသမာပတ်မှ ထတယ်။

အကယ်၍ ဒီလို အဓိဋ္ဌာန်ထားခဲ့မယ်ဆိုလို့ရှိလျှင်တော့ သံဃာ သို့မဟုတ် ဘုရားရှင်က အလိုရှိတယ် ဆိုတာနဲ့ လာပြီး ခေါ်နေဖို့ မလိုဘူး၊ နိရောဓ သမာပတ်မှ ထလို့ရတယ်။ ဒါကြောင့် အဓိဋ္ဌာန်ပေးရတယ်။

နောက်တစ်ခု နံပါတ် (၄)၊ အဒ္ဓါနပရိစ္ဆေဒ - အချိန်ကာလကို ပိုင်းခြား ပြီးတော့ အဓိဋ္ဌာန်ပြီး ဒီသမာပတ်ကို ဝင်စားရတယ်။

အထူးသဖြင့်ကတော့ မိမိရဲ့အာယုသင်္ခါရ ဘယ်အချိန်အခါမှာ သက်တမ်း ကုန်ဆုံးမလဲ? ဒါကို လှမ်းတော့ ကြည့်ရတယ်။ သက်တမ်းကုန်ဆုံးမည့်အချိန် အခါကာလကို မှန်းမျှော်ပြီးတော့ ရက်ကို ပိုင်းခြားပြီးတော့ အဓိဋ္ဌာန်ရပါတယ်။ (၇)ရက်ထက်တော့ များသောအားဖြင့် မပိုကြပါဘူး။ အစာအာဟာရတွေရဲ့ စွမ်းအင်သတ္တိက (၇)ရက်လောက်ပဲ တည်တံ့အောင် စောင့်ထိန်းထားနိုင်တဲ့ စွမ်းအားရှိလို့ (၇)ရက်ထက် များသောအားဖြင့် မပိုဘူးလို့ ဒီလို သတ်မှတ် ချက်တော့ ရှိတယ်။ တစ်မိနစ်, နှစ်မိနှစ်, တစ်နာရီ, နှစ်နာရီ, တစ်ရက်, နှစ်ရက် စသည်ဖြင့် မိမိကြိုက်နှစ်သက်သလို ကာလကို ပိုင်းခြားပြီးတော့ အဓိဋ္ဌာန် ရပါတယ်။

အဲဒီ အဓိဋ္ဌာန်ချက် လေးခုကို အာကိဉ္စညာယတနစျာန်ကို ဝင်စားပြီးလို့ ထိုစျာန်မှ ထတဲ့အချိန်အခါမှ အဓိဋ္ဌာန်ရတယ်။

အဲဒီလို အဓိဋ္ဌာန်ပြီးတဲ့ အချိန်အခါကျတော့ အာကိဉ္စညာယတနစျာန်ကို ပြန်ပြီးတော့ ဝိပဿနာရှုဖို့ မလိုတော့ဘူး။ အဓိဋ္ဌာန်ပြီးသည်နှင့် တစ်ပြိုင်နက် တည်း နေဝသညာနာသညာယတနစျာန်ကို ဆက်ပြီးဝင်စားလိုက်လျှင် စျာန် ဇောလေး တစ်ကြိမ်နှစ်ကြိမ်လောက် (= တစ်ကြိမ်လောက် သို့မဟုတ် နှစ်ကြိမ် လောက်) ကျလိုက်တာနဲ့ နိရောဓသမာပတ်ကို ဆိုက်သွားတယ်၊ စိတ်-စေတသိက်တွေ ချုပ်သွားတယ်။ ဒီနေရာမှာ မဟာဋီကာဆရာတော်ကတော့ (မဟာဋီ၊၂၊၅၂၈။) ဆရာမြတ်တို့က နှစ်ကြိမ်ပဲ နေဝသညာနာသညာယတနစျာန် ဇော ဖြစ်ကြောင်း ဖွင့်ဆိုကြတယ်လို့ အာစရိယဝါဒကို တင်ပြထားပါတယ်။

စိတ်-စေတသိက် ချုပ်လိုက်တဲ့အတွက် စိတ်-စေတသိက်ရှိမှ ထင်ရှား ဖြစ်နိုင်တဲ့ စိတ္တဇရုပ်တွေလည်း ဖြစ်ခွင့်မရှိတော့ဘူး၊ ချုပ်သွားတယ်။ ဘာကျန် သလဲ? ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ ကျန်တယ်၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေ ကျန်တယ်၊ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်တွေ ကျန်တယ်။

ဒါကြောင့် - ဒီသာသနာတော်မှာ အဆင့်အမြင့်ဆုံး ဖြစ်နေတဲ့ ဒီနိရောဓ သမာပတ်သည်ပင် စိတ် စေတသိက် ရုပ်တရားတွေ အားလုံး ချုပ်သလား? မချုပ်ပါဘူး၊ ရုပ်တွေ နာမ်တွေ အကုန်လုံး ချုပ်သလား? မချုပ်ပါဘူး။ ဒါ အဆင့်အမြင့်ဆုံး သမာပတ်တစ်ခုပဲနော်။

ဒါကြောင့် - ဖလသမာပတ်သည် ရုပ်တွေ နာမ်တွေ အကုန်လုံး ချုပ်တဲ့ သမာပတ်လို့ လာပြောနေပြီဆိုလျှင် မှန်ပါ့မလား? မမှန်ဘူး။

ဖလသမာပတ်ရဲ့ အာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်မှာ တော့ ရုပ်နာမ်မရှိတာ မှန်တယ်။ ရုပ်နာမ်မရှိတဲ့ ဒီအသင်္ခတဓာတ် အငြိမ်း ဓာတ်နိဗ္ဗာန်ကို လှမ်းသိနေတဲ့ မဂ်စိတ် ဖိုလ်စိတ်ဆိုတာကတော့ မရှိဘူးလား? ရှိနေတယ်။ ဒီသမာပတ်တွေကို နည်းနည်းလေး ပြောပြဖို့ လိုနေတယ်။ ဒုတိယ ကာမဘူသုတ္တန်ကို ပြန်ဆက်ကြရအောင် ...။

အဲဒီနိရောဓသမာပတ်ကို ဝင်စားတော့မည့် အချိန်အခါမှာ ပုဂ္ဂိုလ်က ဘာဖြစ်သလဲ? ခုနက ပြောခဲ့ပြီးပြီ။ ဒီ နိရောဓသမာပတ်ဝင်စားတော့မယ် ဆိုတဲ့ စိတ်ထားလည်း မဖြစ်ဘူး၊ ဝင်စားနေပြီဆိုတဲ့စိတ်ထားလည်း မဖြစ်ဘူး၊ ဝင်စားပြီးပြီဆိုတဲ့စိတ်ထားလည်း မဖြစ်ဘူး။ ဒါပေမဲ့ နိရောဓသမာပတ်ကို ဘယ်လိုဆိုက်သွားသလဲလို့ မေးတော့ ...

အထ ခွဿ ပုဗ္ဗေဝ တထာ စိတ္တံ ဘာဝိတံ ဟောတိ ယံ တံ တထတ္တာယ ဥပနေတိ။

အဲဒီ ခုနက အဓိဋ္ဌာန်တဲ့ လေးချက်ပဲ။ မိမိက အချိန်ကာလကို် ပိုင်းခြား အဓိဋ္ဌာန်ထားလျှင် အဲဒီအဓိဋ္ဌာန်တဲ့ စိတ်ကလေးက နိရောဓသမာပတ်ကို ဆိုက်သွားအောင် စွမ်းဆောင်ပေးတယ်။

(၇)ရက်အဓိဋ္ဌာန်ထားလျှင် (၇)ရက်လုံးလုံး နိရောဓသမာပတ်ကို ဆိုက် နေမယ်။

(၁)နာရီအဓိဋ္ဌာန်ထားလျှင် (၁)နာရီလုံးလုံး ဆိုက်နေမယ်။

(၂)နာရီအဓိဋ္ဌာန်ထားလျှင် (၂)နာရီလုံးလုံး ဆိုက်နေမယ်။

(၁)ရက်အဓိဋ္ဌာန်လျှင်လည်း (၁)ရက်၊ (၁)မိနစ်အဓိဋ္ဌာန်လျှင်လည်း (၁)မိနစ်ပေါ့နော်။

အဲဒီအဓိဋ္ဌာန်လိုက်တဲ့စိတ်ကလေးကပဲ နိရောဓသမာပတ်ကို ဆိုက်သွား အောင် စွမ်းဆောင်ပေးတယ်တဲ့။ ကဲ နောက်တစ်ခု စိတ္တသူကြွယ် ဒါယကာ ကြီးက ဆက်ပြီးတော့ မေးပြန်တယ်။ --

ယင်းသင်္ခါရတို့ရဲ့ချုပ်စဉ်

သညာဝေဒယိတနိရောဓံ သမာပဇ္ဇန္တဿ ပန ဘန္တေ ဘိက္ခုနော ကတမေ ဓမ္မာ ပဌမံ နိရုဇ္ဈန္တိ၊ ယဒိ ဝါ ကာယသင်္ခါရော ယဒိ ဝါ ဝစီသင်္ခါရော ယဒိ ဝါ စိတ္တသင်္ခါရော။

သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ ဒီ နိရောဓသမာပတ်ကို ဝင်စားတော် မူတဲ့ ရဟန်းတော်အဖို့ ဘယ်တရားတွေက ခေါင်ဆုံး စချုပ်သလဲ? ကာယ သင်္ခါရက အရင်ချုပ်သလား၊ ဝစီသင်္ခါရက အရင်ချုပ်သလား၊ စိတ္တသင်္ခါရက အရင်ချုပ်သလားတဲ့ - ဒီလို မေးမြန်းလျှောက်ထားတယ်။

ကာယသင်္ခါရဆိုတာက ဘာလဲ ..? ဝင်သက်လေ ထွက်သက်လေပဲ။ အသက်ရှူတာကပဲ အရင်ချုပ်သလား၊ ဝစီသင်္ခါရခေါ်တဲ့ ဝိတက် ဝိစာရကပဲ အရင်ချုပ်သလား၊ သို့မဟုတ် စိတ္တသင်္ခါရခေါ်တဲ့ သညာဝေဒနာတွေကပဲ အရင်ချုပ်သလားလို့ ဒီလိုမေးတယ်။ အဲဒီလို မေးလိုက်တဲ့အချိန်အခါမှာ ကာမဘူ မထေရ်မြတ်က ဘယ်လိုပြန်ပြီးတော့ အဖြေပေးသလဲ? --

သညာဝေဒယိတနိရောဓံ သမာပဇ္ဇန္တဿ ခေါ ဂဟပတိ ဘိက္ခုနော ဝစီသင်္ခါရော ပဌမံ နိရုဇ္ဈတိ၊ တတော ကာယသင်္ခါရော၊ တတော စိတ္တသင်္ခါရော။

သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်ကို ဝင်စားတဲ့ ပုဂ္ဂိုလ် ရဲ့သန္တာန်မှာ ခေါင်ဆုံး ဝစီသင်္ခါရက အရင်ချုပ်တယ်။ ဒုတိယ - ကာယသင်္ခါရ ချုပ်တယ်။ တတိယ - စိတ္တသင်္ခါရ ချုပ်တယ်လို့ ဒီလို အဖြေပေးတယ်။

အဲဒီအဖြေကတော့ ခုနက သမာပတ်ရှစ်ပါးကို အတော်အသင့် ဝင်စား တတ်တဲ့ ပုဂ္ဂိုလ်များ၊ သို့မဟုတ် နားလည်တဲ့ ပုဂ္ဂိုလ်များ သဘော ပိုပေါက် ပါလိမ့်မယ်။

ခုနက ပြောခဲ့ပြီးပြီ။ နိရောဓသမာပတ်ကို ဝင်စားချင်တယ် ဆိုလို့ရှိလျှင် ခေါင်ဆုံး ကသိုဏ်းတစ်ခုခုပေါ့နော်၊ အဖြူဆိုလည်း အဖြူပေါ့။ ဒီကသိုဏ်း ပထမစျာန်ကို ဝင်စားရတယ်။ ပထမစျာန်ဝင်စားပြီးတဲ့ အချိန်အခါမှာ ဒီပထမစျာန်မှ ထပြီး ဒီပထမစျာန်နာမ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာရှုရပါတယ်။

တစ်ခါ ဒုတိယစျာန်ကို ဝင်စားရတယ်။ ဒုတိယစျာန်မှ ထပြီးတဲ့အခါ ဒီ ဒုတိယစျာန်နာမ်တရားတွေကိုလည်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုရပါတယ်။ အဲဒီလို အစဉ်အတိုင်း ခုနက ပြောခဲ့ပြီးပြီ ဘယ်အထိ ရှုရသလဲ? ဝိညာဏဉ္စာယတနစျာန်တိုင်အောင် ဝိပဿနာ ရှုရပါတယ်။

အဲဒီလို ရှုလာတဲ့အချိန်အခါမှာ ဒုတိယစျာန်ကို ကူးပြီဆိုတာနှင့် ဝိတက် ဝိစာရ ပြုတ်ပြီးတော့ ကျမသွားဘူးလား? ကျသွားပြီ၊ ဝိတက်ဝိစာရ ချုပ်တယ်၊ ဒါ စတုက္ကနည်းပေါ့၊ စတုက္ကနည်းမှာ ဝိတက် ဝိစာရ ချုပ်သွားတဲ့အချိန်အခါ ပြုတ်သွားတဲ့အချိန်အခါမှာ ဒုတိယစျာန်ကို ကူးတယ်။ ဒုတိယစျာန်မှာ ပီတိ သုခ ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါ သုံးပါးပဲ ရှိတယ်။ ဒီတော့ ဝိတက်နှင့် ဝိစာရကို ဝစီသင်္ခါရလို့ ခေါ်တော့ ဝိတက် ဝိစာရ ချုပ်သွားပြီဆိုလို့ရှိလျှင် ဒီဝစီသင်္ခါရကော ရှိဦးမလား? မရှိတော့ဘူး။

ကြံစည်စိတ်ကူးမှုက အရင်ဖြစ်ရတယ်၊ စကားလုံးအသံလေးက နောက်မှ ပေါ်တယ်။ ကြံစည်စိတ်ကူးမှုတွေ မရှိတော့ဘူးဆိုလျှင် စကားလုံးအသံကော ဖြစ်ဦးမလား? မဖြစ်တော့ဘူး။

ဒါကြောင့် ဒုတိယစျာန်ကို ဝင်စားလိုက်တဲ့ အချိန်အခါကတည်းက ဒီ ဝိတက် ဝိစာရ ချုပ်သွားတဲ့အတွက် ဝစီသင်္ခါရဟာလည်း ဒုတိယစျာန် အခိုက်မှာ ချုပ်သွားပြီ၊ နိရောဓသမာပတ်ကို ရောက်ပြီလား? မရောက်သေး ဘူး။ ဒါ ဝစီသင်္ခါရက ခေါင်ဆုံး ချုပ်တယ်။ ဒုတိယ - ဘာချုပ်သလဲလို့ မေးလျှင်တော့ ကာယသင်္ခါရ ချုပ်တယ်။

ဘယ်အချိန်အခါမှာ ကာယသင်္ခါရ-လို့ ခေါ်တဲ့အဿာသ-ပဿာသ (= ဝင်သက်လေ-ထွက်သက်လေ) က ချုပ်သလဲ? စတုတ္ထစျာန်ဆိုက်ပြီဆိုတာ နှင့် အသက် မရှူတော့ဘူး။ ဒါကြောင့် စတုတ္ထစျာန်အခိုက်မှာ ကာယသင်္ခါရ တွေ မချုပ်ဘူးလား? ချုပ်သွားပြီ။

စိတ္တသင်္ခါရက ဘယ်အချိန်အခါမှာ ချုပ်သလဲလို့ မေးလျှင်တော့ နေဝသညာနာသညာယတနစျာန်ဇော တစ်ကြိမ် နှစ်ကြိမ် ကျပြီးတာနှင့် စိတ္တ သင်္ခါရလို့ ခေါ်တဲ့ စိတ်-စေတသိက်တွေလည်း အကုန်ချုပ်တယ်။ ဒါကြောင့် တတိယ - စိတ္တသင်္ခါရ ချုပ်တယ်လို့ ဒီလို ပြန်ပြီးအဖြေပေးတယ်။

သေသူ နှင့် နိရောဓသမာပတ်ဝင်စားသူတို့ ထူးခြားချက်

ယွာယံ ဘန္တေ မတော ကာလင်္ကတော၊ ယော စာယံ ဘိက္ခု သညာဝေဒယိတနိရောဓံ သမာပန္နော၊ ဣမေသံ ကိံ နာနာကရဏံ။

အရှင်ဘုရား ...သေတဲ့ပုဂ္ဂိုလ်နှင့် နိရောဓသမာပတ်ဝင်စားတဲ့ ရဟန်း တော်ဟာ ဘယ်လိုကွာခြားချက်ရှိသလဲလို့ ဒီမေးခွန်းတစ်ခု မေးပြန်တယ်။

ယွာယံ ဂဟပတိ မတော ကာလင်္ကတော၊ တဿ ကာယသင်္ခါရော နိရုဒ္ဓေါ ပဋိပ္ပဿဒ္ဓေါ၊ ဝစီသင်္ခါရော နိရုဒ္ဓေါ ပဋိပ္ပဿဒ္ဓေါ၊ စိတ္တသင်္ခါရော နိရုဒ္ဓေါ ပဋိပ္ပဿဒ္ဓေါ၊ အာယု ပရိက္ခီဏော၊ ဥသ္မာ ဝူပသန္တာ၊ ဣန္ဒြိယာနိ ဝိပရိဘိန္နာနိ။

ဒါယကာကြီး ... သေတဲ့ပုဂ္ဂိုလ်က --

နံပါတ် (၁) -- ကာယသင်္ခါရ ခေါ်တဲ့ ဝင်သက်လေ ထွက်သက်လေ ချုပ်တယ်။

နံပါတ် (၂) -- ဝစီသင်္ခါရ - ဝိတက်နှင့် ဝိစာရလည်း ချုပ်တယ်။

နံပါတ် (၃) -- စိတ္တသင်္ခါရ - စိတ်-စေတသိက်တွေလည်း ချုပ်တယ်။

နံပါတ် (၄) -- အာယု ပရိက္ခီဏ - ရုပ်ဇီဝိတလို့ခေါ်ဆိုအပ်တဲ့ ဇီဝိတိန္ဒြေ ချုပ်တယ်။

နံပါတ် (၅) -- ဥသ္မာလို့ ခေါ်တဲ့ ကိုယ်ငွေ့ဓာတ်ချုပ်တယ်။

နံပါတ် (၆) -- ဣန္ဒြိယာနိ ဝိပရိဘိန္နာနိ - မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည်စတဲ့ အကြည်ဓာတ် တွေလည်း ပျက်စီးသွားတယ်၊ ချုပ်သွားတယ်။

ဒါက သေတဲ့ပုဂ္ဂိုလ်ပဲ။

နိရောဓသမာပတ်ဝင်စားတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်လိုရှိသလဲ? --

ယော စ ခွါယံ ဂဟပတိ ဘိက္ခု သညာဝေဒယိတနိရောဓံ သမာပန္နော၊ တဿပိ ကာယသင်္ခါရော နိရုဒ္ဓေါ ပဋိပ္ပဿဒ္ဓေါ၊ ဝစီသင်္ခါရော နိရုဒ္ဓေါ ပဋိပ္ပဿဒ္ဓေါ၊ စိတ္တသင်္ခါရော နိရုဒ္ဓေါ ပဋိပ္ပဿဒ္ဓေါ၊ အာယု အပရိက္ခီဏော၊ ဥသ္မာ အဝူပသန္တာ၊ ဣန္ဒြိယာနိ ဝိပ္ပသန္နာနိ။ ယွာယံ ဂဟပတိ မတော ကာလင်္ကတော၊ ယော စာယံ ဘိက္ခု သညာဝေဒယိတနိရောဓံ သမာပန္နော၊ ဣဒံ နေသံ နာနာကရဏံ။

နိရောဓသမာပတ်ဝင်စားတဲ့ ရဟန်းတော်ရဲ့ သန္တာန်မှာလည်း --

နံပါတ် (၁) -- အသက် မရှူတဲ့အတွက် ကာယသင်္ခါရ ချုပ်တယ်။

နံပါတ် (၂) -- ဝိတက် ဝိစာရ မရှိတဲ့အတွက် ဝစီသင်္ခါရလည်း ချုပ်တယ်။

နံပါတ် (၃) -- စိတ္တသင်္ခါရ - စိတ်-စေတသိက်တွေ မရှိတော့တဲ့အတွက် စိတ္တသင်္ခါရလည်း ချုပ်တယ်။

နံပါတ် (၄) -- အာယု အပရိက္ခီဏ - ရုပ်ဇီဝိတလို့ခေါ်ဆိုအပ်တဲ့ ဇီဝိတိန္ဒြေ မချုပ်ဘူး။ ဘာဖြစ်လို့လဲ? ကမ္မဇရုပ်တွေ ဆက်လက်ပြီးတော့ တည်ရှိနေ တယ်။ နောက်တစ်ခု --

နံပါတ် (၅) -- ဥသ္မာလို့ ခေါ်တဲ့ ကိုယ်ငွေ့ မချုပ်ဘူး ရှိနေတယ်။

နံပါတ် (၆) -- ဣန္ဒြိယာနိ ဝိပ္ပသန္နာနိ - ဣန္ဒြေတွေ အလွန်ကြည်လင် သန့်ရှင်းနေတယ်။ ဘာဖြစ်လို့လဲ?

ဣန္ဒြေဆိုတာက မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာ အကြည် ကိုယ်အကြည်ပဲနော်။ အဲဒီအကြည်ဓာတ်တွေမှာ ဆိုင်ရာဆိုင်ရာ အာရုံတွေကလာပြီး ရိုက်ခတ်လိုက်တဲ့အချိန်အခါမှာ ဒီအကြည်ဓာတ်တွေ မှာကိုက ဘာဖြစ်လာသလဲ? ရာဂ ဒေါသ မောဟ စတဲ့ အညစ်အကြေး တွေက လာပြီး လူးလဲပေကျံသွားတယ်။

နိရောဓသမာပတ်ဝင်စားနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီဆိုင်ရာအာရုံတွေက အကြည်ဓာတ်တွေကို လာပြီးတော့ ရိုက်ခတ်မှုရှိသေးသလား? မရှိတော့ဘူး။

ရိုက်ခတ်မှု မရှိတော့တဲ့အတွက် ဒီအာရုံတွေကို အကြောင်းခံပြီးတော့ သို့မဟုတ် ဒီအကြည်ဓာတ်တွေနှင့် အာရုံတွေရဲ့ ရိုက်ခတ်မှုကို အခြေခံပြီး တော့ စိတ်-စေတသိက်တွေ ဖြစ်မှုလည်း ရှိသေးသလား? မရှိတော့ဘူး။ မရှိတဲ့အတွက်ကြောင့် နိရောဓသမာပတ်အတွင်းမှာ စိတ်-စေတသိက်တွေ ချုပ်ငြိမ်းနေတဲ့အတွက် အာရုံတွေရဲ့ရိုက်ခတ်မှုတွေက မရှိတဲ့အတွက် ဒီဣန္ဒြေ ခေါ်တဲ့ ဒီအကြည်ဓာတ်တွေသည် အလွန်ကြည်လင်သန့်ရှင်းနေတယ်။

ဘာနှင့်ဥပမာတူသလဲလို့ မေးတော့ နေပူတဲ့အချိန်အခါ ဖုန်ထနေတဲ့ အချိန်အခါ လမ်းဆုံလမ်းခွမှာ မှန်တစ်ချပ်ထောင်ထားလျှင် ဒီမှန်မှာ အညစ် အကြေးတွေ အမျိုးမျိုး လိမ်းကပ်နေတယ်။

အဲဒီပုံစံနှင့် နိရောဓသမာပတ် မဝင်စားတဲ့ အချိန်အခါမှာ အာရုံအမျိုးမျိုး တိုက်ခတ်တဲ့အတွက် ကိလေသာမြူအညစ်အကြေးတွေ လိမ်းကပ်နေတာနှင့် တူတယ်။

ဒီမှန်ကို ကျကျနနသုတ်ပြီးတော့ ကတ္တီပါ စတဲ့ အိတ်တစ်ခုခုမှာ သေသေ ချာချာ လုံလုံခြုံခြုံထည့်ပြီးတော့ သေတ္တာထဲ သိုမှီးသိမ်းဆည်းထားမယ်ဆိုလျှင် ဒီမှန်သည် အလွန်ကြည်လင်ပြီးတော့ မနေဘူးလား? ကြည်လင်နေတယ်။

အဲဒီပုံစံအတိုင်းပဲ နိရောဓသမာပတ်အခိုက်မှာ ဆိုင်ရာအာရုံတွေဖြစ်တဲ့ အညစ်အကြေးတွေရဲ့ ရိုက်ခတ်မှု မရှိတဲ့အတွက်ကြောင့် ဣန္ဒြေတွေသည် အလွန်ကြည်လင်သန့်ရှင်းနေတယ်လို့ ဆိုတယ်။

ဥသ္မာခေါ်တဲ့ ကိုယ်ငွေ့ ရှိတယ်၊ သွားစမ်းကြည့်၊ အပူငွေ့ ရှိတယ်။

ရုပ်ဇီဝိတ ရှိတယ်။ ရုပ်ဇီဝိတ ဘာဖြစ်လို့ ရှိသလဲလို့မေးလျှင် ကမ္မဇရုပ်တွေ မချုပ်ကြဘူး။ ဒါကြောင့် အဆင့်အလွန်မြင့်နေတဲ့ ဒီနိရောဓသမာပတ်သည်ပင် ရုပ်တွေ အကုန်လုံးချုပ်တဲ့ သမာပတ် ဟုတ်သလား? မဟုတ်ဘူး။

ဒီဗဟုသုတကလေးတွေ ရှိထားဖို့တော့ လိုတယ်။ အဲဒီဗဟုသုတ မရှိ ခဲ့လျှင် မဟုတ်တာတွေ သာသနာတော်မှာ လျှောက်ပြီးပြောတာ ယုံချင်လည်း ယုံသွားလိမ့်မယ်။

ရုပ်တွေ နာမ်တွေ အကုန်လုံး ချုပ်သွားပြီလို့ ပြောပြီ။ ဟာ ..မဟုတ် ပါဘူး၊ ဒီဖလသမာပတ်ဆိုတာ ရုပ်တွေ နာမ်တွေ မချုပ်ပါဘူးလို့ပြောလျှင် လက်မခံဘူး၊ အရှင်ဘုရား ...တကယ်ချုပ်တယ်၊ တကယ်ချုပ်တယ်ဆို တာကို တချို့က ဘယ်လိုပြောသလဲလို့မေးတော့ သူမှ လက်တွေ့ မကျင့်သေး တာကိုလို့ သူတို့က ပြောတယ်၊ လက်တွေ့နှင့် သူတို့က ကိုင်ပေါက်တယ်။

အဲဒီ လက်တွေ့နှင့် ကိုင်ပေါက်တဲ့ ပုဂ္ဂိုလ်တွေကို ကဲ ဒါယကာကြီး ...ဒီ ရုပ်တွေ နာမ်တွေ အကုန်လုံးချုပ်တယ်ဆိုလို့ရှိလျှင် [မိမိတို့ရဲ့နည်းလမ်းအရ ပေါ့လေ..] သမာပတ် ထိုင်ပြီး ဝင်စားနေတဲ့ ပုဂ္ဂိုလ်ကို ဘေးက ပုဂ္ဂိုလ်က ကြည့်လျှင် မြင်သလား မမြင်ဘူးလားလို့မေးတော့ မြင်နေတယ်လို့ပြောတယ်။

ရုပ်တွေ နာမ်တွေ အကုန်ချုပ်လို့ ဟုတ်သလား? မဟုတ်ဘူး၊ အကုန် မချုပ်ဘူးနော်။ အရှုခံအာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်မှာ ဘာရုပ်နာမ်မှမရှိတာ မှန်တယ်၊ ရုပ်နာမ်မရှိတဲ့ ဒီအငြိမ်းဓာတ်နိဗ္ဗာန်ကြီးကို အာရုံယူနေတဲ့ ဒီ စိတ်-စေတသိက်ကတော့ မဖြစ်ဘူးလား? ဖြစ်တယ်။ ဘာ စိတ်-စေတသိက်တွေလဲ? မဂ်စိတ် ဖိုလ်စိတ်နှင့် ယှဉ်ဖက်စေတသိက်တွေပဲ။

မဂ်စိတ် ဖိုလ်စိတ် ဖြစ်တယ်ဆိုလျှင်တော့ ဒီပဉ္စဝေါကာရခေါ်တဲ့ ခန္ဓာ ငါးပါးရှိတဲ့နယ်ပယ်မှာ စိတ်-စေတသိက်တို့မည်သည် ဆိုင်ရာဝတ္ထုရုပ်တွေကို မှီတွယ်ခွင့်ရမှ ဖြစ်နိုင်တဲ့စွမ်းအားရှိတယ်။ အနည်းဆုံး ဟဒယဝတ္ထု ရှိရမယ်။

ဒီ မဂ်စိတ် ဖိုလ်စိတ်တွေ ဒီဟဒယဝတ္ထုကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ အတွက် ဟဒယဝတ္ထုရုပ်တရားရှိမှ ဖြစ်နိုင်တဲ့စွမ်းအား ရှိပါတယ်။

ဟဒယဝတ္ထုကလည်း ဟဒယဝတ္ထုတစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး၊ ကျန်နေတဲ့ ရုပ်တရားတွေနှင့် ပေါင်းစပ်မှသာ ဖြစ်နိုင်တယ်၊ ဘာဖြစ်လို့လဲ? ရုပ်တို့မည်သည် တစ်ဦးချင်းဖြစ်နိုင်တဲ့ စွမ်းအား မရှိဘူး၊ ကလာပ်ခေါ်တဲ့ အမှုန်အနေနှင့်သာ ဖြစ်တယ်၊ တစ်ခုချင်းဖြစ်နိုင်တဲ့စွမ်းအား မရှိကြဘူး။

ဒါကြောင့် ဖလသမာပတ်ဟူသည် ရုပ်တွေ နာမ်တွေ အကုန်လုံး ချုပ်တာ တော့ မဟုတ်ဘူး။

ဒီတော့ နောက်တစ်ခု တစ်ခါဆက်ပြီးတော့ မေးပြန်တယ်။ သေတဲ့ပုဂ္ဂိုလ် နှင့် ဒီနိရောဓသမာပတ်ကို ဝင်စားတဲ့ပုဂ္ဂိုလ်ရဲ့ ထူးခြားချက်ကို မေးပြီးတဲ့ အချိန်အခါမှာ နောက်တစ်ခု - စိတ္တသူကြွယ် ဒါယကာကြီးက ဘာဆက်ပြီး လျှောက်ထားသလဲ? --

နိရောဓသမာပတ်မှ ထပုံ

ကထံ ပန ဘန္တေ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌာနံ ဟောတိ။

သညာ-ဝေဒနာတို့ရဲ့ချုပ်ရာဖြစ်တဲ့ ဒီနိရောဓသမာပတ်မှ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ထပါသလဲလို့ ထပုံစနစ်ကို မေးကြည့်တယ်။

န ခေါ ဂဟပတိ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟန္တဿ ဘိက္ခုနော ဧဝံ ဟောတိ အဟံ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟိဿန္တိ ဝါ၊ အဟံ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟာမီတိ ဝါ၊ အဟံ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတော တိ ဝါ။

ဒါယကာကြီး ... နိရောဓသမာပတ်မှ ထမည့်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ငါသည် နိရောဓသမာပတ်မှ ထတော့မယ်ဆိုတဲ့ စိတ်ထားလည်း မဖြစ်ဘူး။ ငါသည် နိရောဓသမာပတ်မှ ထနေပြီဆိုတဲ့ ဒီစိတ်ထားလည်း မဖြစ်ဘူး။ ငါသည် နိရောဓသမာပတ်မှ ထပြီးပြီဆိုတဲ့ ဒီစိတ်ထားလည်း မဖြစ်ဘူး။ တကယ်စင်စစ်အားဖြင့် ဘာဖြစ်သလဲ?

အထ ခွဿ ပုဗ္ဗေဝ တထာ စိတ္တံ ဘာဝိတံ ဟောတိ၊ ယံ တံ တထတ္တာယ ဥပနေတိ။

အထ ခေါ = တကယ်စင်စစ်အားဖြင့်သော်ကား။ အဿ = ထိုရဟန်း တော်ရဲ့သန္တာန်၌။ ပုဗ္ဗေဝ = ရှေးမဆွကပင်လျှင်။ တထာ = ထိုကဲ့သို့သော အခြင်းအရာအားဖြင့်။ စိတ္တံ = စိတ်ကို။ ဘာဝိတံ = ပွားများထားအပ်သည်။ ဟောတိ = ဖြစ်၏။ ယံ တံ တထတ္တာယ = ထိုပွားများချက်သည် ထိုနိရောဓ သမာပတ်မှ ထဖို့ရန်အလို့ငှာ။ ဥပနေတိ = ရှေးရှုကပ်၍ ဆောင်ပေး၏။

ထိုနိရောဓသမာပတ်ကို မဝင်စားမီ ရှေးမဆွကတည်းက အဓိဋ္ဌာန်ထား တယ်။ ဘယ်လိုလဲ? --

ပုဗ္ဗေဝ တထာ စိတ္တံ ဘာဝိတံ ဟောတိ ...

ခုနက ပြောခဲ့ပြီးပြီ၊ အာကိဉ္စညာယတနစျာန်မှအထ ဒီနေ့ကနေ နောက် (၇)ရက် သို့မဟုတ် (၁)ရက် (၂)ရက် စသည်ဖြင့် မိမိကြိုက်သလို အချိန်ကို ပိုင်းခြားပြီးတော့ အဓိဋ္ဌာန်ထားတယ်။

အဲဒီ အဓိဋ္ဌာန်ထားတဲ့စိတ်ကလေးကပဲ အဓိဋ္ဌာန်ထားတဲ့အချိန် စေ့တဲ့ အခါမှာ နိရောဓသမာပတ်မှ ထအောင် စွမ်းဆောင်ပေးပါတယ်။

ဒီတော့ - ထတော့မယ်ဆိုတဲ့ စိတ်လည်း မဖြစ်ဘူး၊ ထနေပြီဆိုတဲ့ ဒီ စိတ်ထားလည်း မဖြစ်ဘူး၊ ထပြီးပြီဆိုတဲ့ စိတ်လည်း မဖြစ်ပါဘူးလို့ ဒီလိုပြန်ပြီး အဖြေပေးပါတယ်။ အဲဒီအချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကြီးက ရှေ့ဆက်ပြီး မေးပြန်တယ်။

နိရောဓသမာပတ်မှအထ ရှေးဦးစွာဖြစ်သောသင်္ခါရ

သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟန္တဿ ပန ဘန္တေ ဘိက္ခုနော ကတမေ ဓမ္မာ ပဌမံ ဥပ္ပဇ္ဇန္တိ၊ ယဒိ ဝါ ကာယသင်္ခါရော ယဒိ ဝါ ဝစီသင်္ခါရော ယဒိ ဝါ စိတ္တသင်္ခါရော။

ခုနတုန်းက ပြောခဲ့တဲ့ ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရတွေဟာ နိရောဓသမာပတ်အခိုက်မှာ ချုပ်သွားတော့ နိရောဓသမာပတ်မှ ထတဲ့အချိန် အခါမှာ ကာယသင်္ခါရက အရင်စပြီး ဖြစ်သလား? ဝစီသင်္ခါရက စပြီး ဖြစ် သလား? စိတ္တသင်္ခါရက အရင်စပြီး ဖြစ်သလား? ဒီလို မေးပြန်တယ်။

သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟန္တဿ ဂဟပတိ ဘိက္ခုနော စိတ္တသင်္ခါရော ပဌမံ ဥပ္ပဇ္ဇတိ၊ တတော ကာယသင်္ခါရော၊ တတော ဝစီသင်္ခါရော။

ဒါယကာကြီး ...သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ် မှ ထတဲ့ ရဟန်းတော်ရဲ့သန္တာန်မှာ ခေါင်ဆုံး စိတ္တသင်္ခါရတရား စဖြစ်တယ်။ ဒုတိယ - ကာယသင်္ခါရတရား ဖြစ်တယ်။ တတိယ - ဝစီသင်္ခါရတရား ဖြစ်ပါ တယ်ဆိုပြီးတော့ ပြန်ဖြေတယ်။

ဘာကို ဆိုလိုသလဲလို့မေးတော့ ဒီ သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်မှ ထတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ နိရောဓသမာပတ်ဝင်စားတဲ့ ပုဂ္ဂိုလ်က အနာဂါမ်ဖြစ်ခဲ့လျှင် အနာဂါမိဖိုလ်စိတ်တစ်ကြိမ် ခေါင်ဆုံး စဖြစ် ရတယ်၊ ရဟန္တာဖြစ်ခဲ့လျှင်လည်း အရဟတ္တဖိုလ်စိတ် ခေါင်ဆုံး စပြီးဖြစ်တယ်။

အဲဒီ ခေါင်ဆုံး စဖြစ်တဲ့ ဒီ အနာဂါမိဖိုလ်စိတ် သို့မဟုတ် အရဟတ္တဖိုလ် စိတ်တို့ရဲ့သဘောက စိတ်တစ်လုံးတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး၊ ယှဉ်ဖက် စေတသိက်တွေနှင့် တွဲမှသာ ဖြစ်ခွင့်ရှိတဲ့အတွက် ယှဉ်ဖက်စေတသိက်တွေ နှင့် ယှဉ်တွဲပြီးတော့ ဒီ အနာဂါမိဖိုလ်စိတ် သို့မဟုတ် အရဟတ္တဖိုလ်စိတ် တစ်ကြိမ် ခေါင်ဆုံး စဖြစ်ပါတယ်။ ဒီစေတသိက်တွေထဲမှာ ဝေဒနာ သညာ တို့လည်း ပါဝင်ကြပါတယ်။

အဲဒီ စိတ်-စေတသိက်တွေကို ဘာသင်္ခါရလို့ ခေါ်သလဲ? စိတ္တသင်္ခါရလို့ ခေါ်တယ်။ နိရောဓသမာပတ်မှ ထလျှင်ထချင်း ခေါင်ဆုံး စိတ္တသင်္ခါရတရား စပြီးဖြစ်တယ်။

အဲဒီတော့ စိတ္တသင်္ခါရတရား ခေါင်ဆုံး စပြီးဖြစ်ပြီးတော့ ဒုတိယ - ဘာဖြစ် သလဲလို့ မေးတော့ အဲဒီ အနာဂါမိဖိုလ်စိတ် သို့မဟုတ် အရဟတ္တဖိုလ်စိတ် တစ်ကြိမ် ဖြစ်ပြီးတာနှင့် ဘဝင်ကျတယ်။ အဲဒီ ဘဝင်ကျတဲ့ အချိန်အခါ ကာလမှာ ကာယသင်္ခါရ ခေါ်တဲ့ အသက်ရှူမှု စပြီးပေါ်တယ်။

ဒီလိုဆိုလျှင် မေးစရာတော့ ရှိတယ်။ ဖလသမာပတ်ဝင်စားနေတဲ့ပုဂ္ဂိုလ်က အသက်မရှူလို့လားလို့ ဒီလိုတော့ မေးစရာရှိတယ်။ [ခုနက အနာဂါမိဖိုလ်စိတ် သို့မဟုတ် အရဟတ္တဖိုလ်စိတ် တစ်ကြိမ် ဖြစ်ခြင်းကိုလည်း ဖလသမာပတ် ဝင်စားတယ်လို့ ခေါ်ပါတယ်။]

အဲဒီ ဖလသမာပတ်ဖြစ်နေတဲ့ အချိန်အခါမှာ အသက်မရှူလို့လားလို့ မေးစရာရှိတယ်။ စိတ္တက္ခဏက တစ်ကြိမ်ပဲ ဖြစ်ပါတယ်၊ တစ်ကြိမ်ဆိုတော့ အချိန်ကာလက အလွန်တိုတောင်းတော့ ထိုအချိန်အခါမှာ အသက်ရှူမှုသည် အဗ္ဗောဟာရိက = မပြောပလောက်ပါဘူး၊ စိတ္တက္ခဏကလေး တစ်ချက်ပါပဲ။ ဒါက အကြောင်းပြချက် တစ်ခု။

နောက်အကြောင်းပြချက်တစ်ခုကတော့ ဒီနိရောဓသမာပတ် ဝင်စားတာ က စတုတ္ထစျာန်သမာပတ်ကို အခြေခံတယ်။ စတုတ္ထစျာန်သမာပတ်ဆိုတာက ခုနက ရူပါဝစရ စတုတ္ထစျာန်ကနေပြီးတော့ အထက်ပိုင်း အရူပစျာန်တွေ အားလုံးကိုလည်း ဥပေက္ခာ ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါး ရှိနေတဲ့ အတွက်ကြောင့် စျာန်အင်္ဂါချင်း တူလို့ စတုတ္ထစျာန်လို့ ဒီလို ခေါ်ဝေါ်သုံးစွဲတဲ့ အသုံးအနှုန်းလည်း ရှိပါတယ်။

အဲဒီစတုတ္ထစျာန်ကို အခြေခံပြီးတော့မှ ဒီနိရောဓသမာပတ်ကို ဝင်စားတဲ့ အတွက် နိရောဓသမာပတ်မှ ထတဲ့အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ အနာဂါမိ ဖိုလ်စိတ် သို့မဟုတ် အရဟတ္တဖိုလ်စိတ်ဟာလည်း စတုတ္ထစျာန်နှင့် ယှဉ်တွဲ နေလို့ ဝင်သက်လေ ထွက်သက်လေကို မဖြစ်စေနိုင်တဲ့အတွက် အသက် မရှူဘူးလို့ ဒီလို အကြောင်းပြတယ်။

အဲဒီအကြောင်းပြချက်ကိုတော့ အဋ္ဌကထာဆရာတော်က သိပ်နှစ်ခြိုက်ပုံ မပေါ်ဘူး။ ဒါကြောင့် အဋ္ဌကထာဆရာတော်က ဘယ်လို ဆက်ဖွင့်ဆိုတော်မူ သလဲ? -- ဖလသမာပတ်ဟာ ပထမစျာန်နှင့် ယှဉ်တဲ့ ဖလသမာပတ်ပင် ဖြစ်ချင်ဖြစ်ပါစေ, ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်နှင့် ယှဉ်တဲ့ ဖလ သမာပတ်ပင် ဖြစ်ချင်ဖြစ်ပါစေ ငြိမ်သက်အေးချမ်းနေတဲ့ သမာပတ် ဖြစ် ခြင်းကြောင့် သန္တသမာပတ် အမည်ရှိတဲ့ ဖလသမာပတ်မှထတဲ့ ရဟန်းတော် ရဲ့သန္တာန်မှာ ဝင်သက်လေ-ထွက်သက်လေ ဆိုတဲ့ အဿာသ-ပဿာသတွေ ဟာ အဗ္ဗောဟာရိက = မပြောပလောက်တဲ့သဘောသာ ရှိပါတယ် - လို့ ဆက်လက်ဖွင့်ဆိုထားပါတယ်။

ဒါကြောင့် အဗ္ဗောဟာရိကဆိုတဲ့သဘောကို သူက ပိုပြီး သဘောကျပုံရ တယ်။ ဘာကို ထုံးထောက်ပြထားသလဲလို့မေးတော့ ခုနက သဉ္ဇီဝ မထေရ်ရဲ့ ထုံးကို ထောက်ပြထားပါတယ်။ ဒီလို အသက် မရှူခြင်းသည် သမာဓိဝိပ္ဖာရ (ဝိသုဒ္ဓိ၊၂၊၈။) , သမာပတ္တိဗလ (သံ၊ဋ္ဌ၊၃၊၁၃၅။) -- သမာဓိရဲ့ စွမ်းအားပဲလို့ သူက ဖော်ပြချင်တယ်။ အရှင်သဉ္ဇီဝ မထေရ်မှာ ခုနက ပေါက်ပွင့်အဆင်းလို ရဲရဲညီးနေတဲ့ မီးကျီးခဲပေါ်လျှောက်သွားတာ နည်းနည်းမှပူလောင်တဲ့ အခြင်း အရာ မဖြစ်ဘူး၊ ဝတ်ရုံထားတဲ့သင်္ကန်းတွေမှာလည်း သင်္ကန်းအမွေးစကလေး တစ်ပင်ကိုသော်လည်းပဲ မီးလောင်ကျွမ်းခြင်းဆိုတာ မဖြစ်ဘူး။ ဒါ သမာဓိရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ တန်ခိုးအာနိသင် တစ်ခုပဲလို့ ဆိုတယ်။

အဲဒီအတိုင်းပဲ ခုလည်း ဒီနေရာမှာ သမာဓိရဲ့စွမ်းအင်ကြောင့် ဖြစ်ပေါ် လာတဲ့ တန်ခိုးအာနိသင် ဖြစ်နေခြင်းကြောင့် ဖိုလ်စိတ်ကလေးတစ်ကြိမ် ဖြစ်တဲ့ အချိန်အခါလေးမှာ အသက်ရှူတာ မရှူတာဟာ ပြောပလောက်တဲ့ အခြေ အနေမျိုး မဟုတ်ပါဘူးဆိုပြီး ဖော်ပြထားတယ်။ ဘာဖြစ်လို့လဲ? သမာပတ်က အလွန်ငြိမ်သက်အေးချမ်းတဲ့သမာပတ် ဖြစ်နေတယ်။

ဒါကြောင့် ဖိုလ်စိတ် တစ်ကြိမ် ကျပြီးတဲ့နောက်ကျတော့မှ ဘဝင်စိတ် ပေါ်လာတဲ့အချိန်အခါမှာ ခေါင်ဆုံး စပြီးတော့ အသက်ရှူတယ်၊ ကာယ သင်္ခါရ ဖြစ်တယ်လို့ မိန့်ဆိုခြင်း ဖြစ်တယ်။ (သံ၊ဋ္ဌ၊၃၊၁၃၄-၁၃၅။)

ကဲ နောက်တစ်ခု --

ဖဿဘယ်နှစ်မျိုးက တွေ့ထိပါသလဲ?

သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတံ ပန ဘန္တေ ဘိက္ခုံ ကတိ ဖဿာ ဖုသန္တိ။

သညာ ဝေဒနာတို့ရဲ့ချုပ်ရာဖြစ်တဲ့ ဒီနိရောဓသမာပတ်မှထတဲ့ ရဟန်း တော်ရဲ့ သန္တာန်ကို ဖဿဘယ်နှစ်မျိုးက စပြီးတော့ တွေ့ထိပါသလဲ?

သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတံ ခေါ ဂဟပတိ ဘိက္ခုံ တယော ဖဿာ ဖုသန္တိ သုညတော ဖေဿာ အနိမိတ္တော ဖေဿာ အပ္ပဏိဟိတော ဖေဿာ။

သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်မှ ထတဲ့ ရဟန်း တော်ရဲ့သန္တာန်ကို ဖဿ သုံးမျိုး စပြီး တွေ့ထိတယ်။ ဖဿဆိုတာက စေတ သိက်တရားပါ။ ခုနကပြောခဲ့တဲ့ အနာဂါမိဖိုလ်စိတ် သို့မဟုတ် အရဟတ္တဖိုလ် စိတ်နှင့် ယှဉ်တဲ့ စေတသိက်ပဲ။

အနာဂါမ်ပုဂ္ဂိုလ်မှာ အနာဂါမိဖိုလ်စိတ် ခေါင်ဆုံး စပြီး ဖြစ်တယ်။ ရဟန္တာ ပုဂ္ဂိုလ်မှာ အရဟတ္တဖိုလ်စိတ် ခေါင်ဆုံး စဖြစ်တယ်၊ အဲဒီဖိုလ်စိတ်နှင့် ယှဉ်တွဲ ပြီးတော့ ဖဿ သုံးမျိုး စပြီးဖြစ်တယ်။ အဲဒီ ဖဿ သုံးမျိုးက သုညတဖဿ အနိမိတ္တဖဿ အပ္ပဏိဟိတဖဿတို့ ဖြစ်ကြတယ်။

သုညတဖဿ ဆိုတာကတော့ ရာဂ ဒေါသ မောဟတွေမှ ဒီဖိုလ်စိတ် တွေမှာလည်း ကင်းဆိတ်နေတယ်၊ ဖိုလ်စိတ်တို့ရဲ့ အာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်မှာလည်း ကင်းဆိတ်နေတယ်။ ကင်းဆိတ်နေတဲ့အတွက် ရာဂ ဒေါသ မောဟတို့ရဲ့ ကင်းဆိတ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံယူနေတဲ့ ဒီ ဖိုလ်စိတ်နှင့် ယှဉ်တွဲနေတဲ့ ဖဿကို သုညတဖဿလို့လည်း ခေါ်တယ်။

ဒီ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်မှာလည်း ရာဂ ဒေါသ မောဟ ဆိုတဲ့ တောင့်တချက်တွေ မရှိဘူး။ ဒီဖိုလ်စိတ်တွေမှာလည်း ရာဂ ဒေါသ မောဟဆိုတဲ့ တောင့်တချက်တွေ မရှိဘူး။ မရှိတဲ့အတွက်ကြောင့် သူ့ကို အပ္ပဏိဟိတဖဿလို့လည်း ခေါ်တယ်။

နောက်တစ်ခု - ဒီဖိုလ်စိတ်တို့ရဲ့ အာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်မှာလည်း ရာဂ ဒေါသ မောဟ ဆိုတဲ့ အမှတ်နိမိတ်လည်း မရှိဘူး၊ ရုပ်နာမ်ဓမ္မသင်္ခါရဆိုတဲ့ အမှတ်နိမိတ်တွေလည်း မရှိဘူး၊ ရုပ်တွေ နာမ်တွေ လုံးလုံး မရှိလို့ပဲ။ အဲဒီတော့ ရုပ်နာမ်တို့ရဲ့ ချုပ်ရာချုပ်ကြောင်းဖြစ်တဲ့ ဒီ အသင်္ခတဓာတ် နိဗ္ဗာန်ကို လှမ်းအာရုံယူနေတဲ့ အနာဂါမိဖိုလ်စိတ် သို့မဟုတ် အရဟတ္တဖိုလ်စိတ်မှာလည်း ရာဂ ဒေါသ မောဟဆိုတဲ့ အမှတ်နိမိတ်တွေ မရှိဘူး။

အဲဒီလို အမှတ်နိမိတ် မရှိခြင်းကြောင့်လည်း ဒီနိဗ္ဗာန်ကို အနိမိတ္တလို့ ခေါ်တယ်။ ဒီနိဗ္ဗာန်ကို အာရုံယူနေတဲ့ တွေ့ထိနေတဲ့ အနာဂါမိဖိုလ်စိတ် အရဟတ္တဖိုလ်စိတ်တွေနှင့် ယှဉ်တွဲနေတဲ့ ဖဿကိုလည်း အနိမိတ္တဖဿဆိုပြီး ဒီလို ခေါ်ဝေါ်သုံးစွဲထားတယ်။

ဒါကြောင့် သုညတဖဿ အနိမိတ္တဖဿ အပ္ပဏိဟိတဖဿဆိုတဲ့ ဒီ ဖဿ သုံးမျိုးက စပြီး ခေါင်ဆုံးတွေ့ထိပါတယ်ဆိုပြီး ပြန်ပြီးအဖြေပေးတယ်။ ဖဿ သုံးမျိုး ဆိုသော်လည်း ဖဿအမျိုးအစား သုံးမျိုးလို့တော့ မဆိုလိုပါဘူး၊ ဒီ ဖိုလ်စိတ်နှင့် ယှဉ်တွဲဖြစ်တဲ့ ဖဿက တစ်မျိုးသာ ဖြစ်ပါတယ်။ ဒီတစ်မျိုး တည်းသော ဖဿက အမည်သုံးမျိုး ရရှိခြင်းသာ ဖြစ်ပါတယ်။

ဒါက ခုနက နိရောဓသမာပတ်မှ ထစ အနာဂါမ်ပုဂ္ဂိုလ်မှာ အနာဂါမိ ဖိုလ်စိတ်ဖြစ်ခိုက် ရဟန္တာပုဂ္ဂိုလ်မှာ အရဟတ္တဖိုလ်စိတ်ဖြစ်ခိုက်ကို ရည်ရွယ် ထားတယ်။ ကဲ နောက်တစ်ခု --

စိတ်ဓာတ်က ဘယ်ဘက်ကို ညွတ်ကိုင်းရှိုင်းနေပါသလဲ?

သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတဿ ပန ဘန္တေ ဘိက္ခုနော ကိံ နိန္နံ စိတ္တံ ဟောတိ ကိံ ပေါဏံ ကိံ ပဗ္ဘာရံ။

သညာ ဝေဒနာတို့ရဲ့ချုပ်ရာ ဖြစ်တဲ့ ဒီနိရောဓသမာပတ်မှ ထတဲ့ပုဂ္ဂိုလ် သန္တာန်မှာ စိတ်တွေက ဘယ်ဘက်ကို ညွတ်ကိုင်းရှိုင်းနေပါသလဲ?

ဒီမေးခွန်းတစ်ခုကို ထပ်ပြီး မေးပြန်တယ်။ တရားနှင့် ဘယ်လောက် မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သလဲဆိုတာ ကြည့်ပေတော့။ မေးခွန်းတွေ ကလည်း ဘယ်လောက် အကွက်စေ့တယ်ဆိုတာ ကြည့်ပေတော့။ စိတ်က ဘယ်ဘက်ကို ညွတ်ကိုင်းရှိုင်းနေသလဲလို့ မေးတဲ့အခါ --

သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတဿ ခေါ ဂဟပတိ ဘိက္ခုနော ဝိဝေကနိန္နံ စိတ္တံ ဟောတိ ဝိဝေကပေါဏံ ဝိဝေကပဗ္ဘာရံ။

သညာ ဝေဒနာတို့ရဲ့ချုပ်ရာ ဖြစ်တဲ့ နိရောဓသမာပတ်မှ ထတဲ့ ရဟန်း တော်ရဲ့သန္တာန်မှာ ဝိဝေကလို့ ခေါ်ဆိုအပ်တဲ့ နိဗ္ဗာန်ဘက်သို့ စိတ်တွေ ညွတ်နေ ကိုင်းနေ ရှိုင်းနေပါတယ်။

အနာဂါမ်ဖြစ်လျှင် ခေါင်ဆုံး အနာဂါမိဖိုလ်စိတ် စဖြစ်ပါတယ်။ ရဟန္တာ ဖြစ်လျှင် အရဟတ္တဖိုလ်စိတ် ခေါင်ဆုံး စဖြစ်ပါတယ်။ အဲဒီ ဖိုလ်စိတ်တို့ရဲ့ သဘောက နိဗ္ဗာန်ကိုသာ ဧကန်အာရုံပြုတဲ့အတွက် နိဗ္ဗာန်ကို ခေါင်ဆုံး စပြီး တော့ ညွတ်ကိုင်းရှိုင်းနေတဲ့ စိတ်ဓာတ်တွေ ပေါ်တယ်လို့ ဒီလိုပြန်ပြီးတော့ အဖြေပေးထားတယ်။

ဗဟူပကာရတရား

သညာဝေဒယိတနိရောဓသမာပတ္တိယာ ပန ဘန္တေ ကတိ ဓမ္မာ ဗဟူပကာရာ။

မေးခွန်းတစ်ခုကို ထပ်ပြီး မေးပြန်တယ်။ သညာ ဝေဒနာတို့ရဲ့ချုပ်ရာ ဖြစ်တဲ့ နိရောဓသမာပတ်အတွက် ကျေးဇူးပြုပေးနေတဲ့ တရားတွေက ဘယ် လောက် ရှိပါသလဲလို့ ပြန်ပြီးမေးတယ်။ အဲဒီအခါကျတော့ အရှင်ကာမဘူ မထေရ်မြတ်က ဘာပြန်ပြီး ဖြေသလဲ?

အဒ္ဓါ ခေါ တွံ ဂဟပတိ ယံ ပဌမံ ပုစ္ဆိတဗ္ဗံ တံ ပုစ္ဆသိ၊ အပိ စ တျာဟံ ဗျာကရိဿာမိ။

ဒါယကာကြီး ...တကယ်စင်စစ်ပြောမယ်ဆိုလျှင်တော့ ဒီမေးခွန်းက ဒါယကာကြီး ခေါင်ဆုံး စပြီးတော့ မေးသင့်တဲ့ မေးခွန်းပဲ။ ခေါင်ဆုံး စမေး သင့်တဲ့ မေးခွန်းကို ခေါင်ဆုံး စမမေးဘဲ ဒါယကာကြီးက နောက်ဆုံးကျမှ လာပြီး မေးနေတယ်။ တကယ်တော့ ဒါယကာကြီးကို ဘုန်းကြီး အဖြေပေး ပါမယ် ဆိုပြီးတော့ အဖြေပြန်ပေးတယ်။

သညာဝေဒယိတနိရောဓသမာပတ္တိယာ ခေါ ဂဟပတိ ဒွေ ဓမ္မာ ဗဟူပကာရာ သမထော စ ဝိပဿနာ စာတိ။

ဒါယကာကြီး ...သညာ ဝေဒနာတို့ရဲ့ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ် ကို ကျေးဇူးပြုနေတဲ့တရား နှစ်ခုရှိပါတယ်။ ဘာတွေလဲ?

သမထော စ ဝိပဿနာ စ = သမထနှင့် ဝိပဿနာပဲ။

ဒီလိုဆိုလျှင် သမထတွေကို ခြေထောက်နှင့် ကန်ပစ်ဖို့ ကောင်းမလား? မကောင်းဘူး။ သာသနာတော်မှာ အလွန် အဆင့်အမြင့်ဆုံးဖြစ်တဲ့ သမာပတ် တစ်ခုကို ကျေးဇူးပြုပေးနေတဲ့တရားသည် သမထနှင့် ဝိပဿနာပဲ။

သမထဆိုတာ ခုနက ပြောခဲ့တဲ့ ပထမစျာန်ကို ဝင်စားတယ်၊ ဒါက သမထ။ ပထမစျာန်နာမ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာရှုတယ်၊ ဒါက ဝိပဿနာ။ အဲဒီလို သမထနှင့် ဝိပဿနာ စုံတွဲပြီးသွားပါမှ နိရောဓသမာပတ်က ဝင်စားလို့ ရပါတယ်။

ဒါကြောင့် သမထနှင့် ဝိပဿနာတရားသည် နိရောဓသမာပတ် ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေးနေတဲ့တရားတွေ ဖြစ်ပါတယ်ဆိုပြီးတော့ ပြန်ပြီး အဖြေပေးတယ်။

ကဲ ဒါကတော့ အရှင်ကာမဘူ မထေရ်နှင့် စိတ္တသူကြွယ် ဒါယကာကြီးတို့ အရိယာသူတော်ကောင်းအချင်းချင်း ခေါင်းချင်းရိုက်ပြီး ဆွေးနွေးတဲ့ပွဲတစ်ခု ပဲ။

နံပါတ် (၇) သုတ္တန် ဖြစ်တဲ့ ဂေါဒတ္တသုတ္တန် (သံ၊၂၊၄၈၅-၄၈၇။) မှာလည်း နောက်ထပ် ဆွေးနွေးပွဲကလေးတစ်ခု လာပြန်တယ်။


အခန်း (၁၂)

ဂေါဒတ္တသုတ္တန်

ဂေါဒတ္တသုတ္တန်က အရှင်ဂေါဒတ္တ မထေရ်နှင့် စိတ္တသူကြွယ် ဒါယကာကြီး တို့ တရားဆွေးနွေးတဲ့ သုတ္တန်တစ်ခု ဖြစ်ပါတယ်။

တစ်နေ့ ဒါယကာကြီးက ကျောင်းသွားပြီးတော့ အရှင်ဂေါဒတ္တ မထေရ်ထံ ချဉ်းကပ်ပါတယ်။ ချဉ်းကပ်တဲ့ အချိန်အခါကျတော့ အရှင်ဂေါဒတ္တ မထေရ် က စိတ္တသူကြွယ် ဒါယကာကြီးကို မေးပြန်တယ်။

ဒါယကာကြီး ...အပ္ပမာဏာ စေတောဝိမုတ္တိ, အာကိဉ္စညာ စေတောဝိမုတ္တိ, သုညတာ စေတောဝိမုတ္တိ, အနိမိတ္တာ စေတောဝိမုတ္တိဆိုပြီးတော့ စေတောဝိမုတ္တိတရား လေးပါးတို့ကို ဘုရားရှင် ဟောကြားထားတော်မူတယ်။ အဲဒီစေတောဝိမုတ္တိတရား လေးပါးတို့ဟာ တစ်ခုနှင့်တစ်ခု သဒ္ဒါလည်း ကွဲပြီး အနက်လည်း ကွဲပါသလား? သို့မဟုတ် သဒ္ဒါသာ ကွဲပြီးတော့ အနက်က တူညီပါသလား? ဆိုပြီးတော့ ဒီမေးခွန်းကို မေးတယ်။

ဘယ့်နှယ်တုန်း ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ... ဘယ်လို ဖြေကြမလဲ? အဲဒါပဲ၊ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေဟာ သာသနာ တော်နှင့် ပတ်သက်ပြီးတော့ လေ့လာလိုက်စားမှု စွမ်းအင်လေးတွေ လျော့ နည်းနေတယ်။ လျော့နည်းလိုက်တဲ့ အချိန်အခါကျတော့ သူများပြောတာ ဟုတ်၏-မဟုတ်၏ ကိုယ့်မှာ ဆန်းစစ်နိုင်တဲ့ စွမ်းအား ရှိသလား? မရှိကြ တော့ဘူး။ မရှိတော့ သူများပြောတာ ဝိုင်းပြီးယုံခဲ့တော့ ပြောတဲ့စကားက မှန်နေလျှင်တော့ မိမိအတွက် အကျိုးရှိမယ်၊ အမှားကြီးကို သွားပြီးစွဲလာခဲ့ လျှင် မိမိမှာ သာသနာနှင့် တွေ့ရတာ ကိုယ်ကျိုးနည်းပြီး မသွားနိုင်ဘူးလား? သွားနိုင်တယ်။ ဒါကြောင့် သာသနာတော်ကြီးရဲ့ အနှစ်သာရလေးတွေကို ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ လေ့လာဖို့ သိပ်ကောင်းတယ်။

အဲဒီအခါမှာ စိတ္တသူကြွယ် ဒါယကာကြီးက ဘာပြန်ပြီးတော့ ဖြေသလဲ?

အရှင်ဘုရား ...အနက်လည်း ကွဲတယ် သဒ္ဒါလည်း ကွဲတယ်၊ ဒီလို အကြောင်းလည်းရှိပါတယ်။ အနက်ကတော့ တူတယ် သဒ္ဒါတော့ ကွဲတယ်၊ ဒီလိုအကြောင်းပြချက်လည်း ရှိပါတယ်ဆိုပြီး သူက ပြန်ပြီးတော့ ဖြေပါတယ်။

အနက်လည်းကွဲတယ် (ဆိုလိုရင်းရဲ့အနက်သဘောတွေလည်း ကွဲတယ်) သဒ္ဒါလည်း ကွဲတယ်ဆိုတာက ဘယ်လို ကွဲသလဲ? --

ဒီတော့ အပ္ပမာဏာ စေတောဝိမုတ္တိမှာ အပ္ပမာဏဆိုတာကတော့ ...

  • အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ မေတ္တာ စျာန်တွေကို ဝင်စားတယ်။
  • အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ ကရုဏာ စျာန်တွေကို ဝင်စားတယ်။
  • အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ မုဒိတာ စျာန်တွေကို ဝင်စားတယ်။
  • အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ ဥပေက္ခာ စျာန်တွေကို ဝင်စားတယ်။

မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ခေါ်တဲ့ ဗြဟ္မစိုရ်တရားလေးပါးကို ပွားများအားထုတ်နေတယ်။ အတိုင်းအတာပမာဏ မရှိဘူးဆိုတာက ဘာ ပြောတာလဲ? ဒီပုဂ္ဂိုလ်က ငါချစ်ခင်လေးစားတဲ့ပုဂ္ဂိုလ်, ဒီပုဂ္ဂိုလ်ကျတော့ ငါ မုန်းတဲ့ပုဂ္ဂိုလ် စသည်ဖြင့် ဒီလိုခွဲခြားမှုရှိလျှင် အတိုင်းအတာ ပမာဏ ရှိနေ သေးတယ်။ မုန်းတဲ့ပုဂ္ဂိုလ် ချစ်တဲ့ပုဂ္ဂိုလ်မဟူ သတ္တဝါအားလုံးကို တန်းတူထား ပြီးတော့ မေတ္တာစျာန်တွေကို ဝင်စားလို့ရတယ်၊ ကရုဏာစျာန်တွေ မုဒိတာ စျာန်တွေ ဥပေက္ခာစျာန်တွေကို ဝင်စားလို့ရတယ်၊ အဲဒီလို ဝင်စားလို့ရလျှင် ဒီလိုဝင်စားနေတဲ့ စေတောဝိမုတ္တိတရားတစ်ခုကိုတော့ အပ္ပမာဏာ စေတော ဝိမုတ္တိလို့ ခေါ်ပါတယ်။

အဲဒီ မေတ္တာစျာန်တွေကို ပွားများအားထုတ်ပုံ, ကရုဏာစျာန် မုဒိတာစျာန် ဥပေက္ခာစျာန်တွေကို ပွားများအားထုတ်ပုံတွေကို ဟောဖို့တော့ သိပ်ကောင်း တယ်၊ သို့သော် အချိန်မရတော့ဘူး။ အဲဒီနည်းအရ ပြောရလျှင်တော့ ဗြဟ္မဝိဟာရစျာန်တွေကို အပ္ပမာဏာ စေတောဝိမုတ္တိလို့ ခေါ်တယ်။

ဒါက တစ်နည်း။ နောက်တစ်ခု - အာကိဉ္စညာ စေတောဝိမုတ္တိ

ရှေ့က ပြောခဲ့ပြီးပြီ၊ ပထမာရုပ္ပဝိညာဏ်လို့ ခေါ်ဆိုအပ်တဲ့ အာကာသာ နဉ္စာယတနဝိညာဏ်ရဲ့ မရှိမှုသဘောကို အာရုံယူပြီးတော့ စျာန်ကို ဝင်စား တယ်။ အာကာသာနဉ္စာယတနဝိညာဏ်ရဲ့ မရှိမှုသဘောအပေါ်၌ ဘာဝနာ စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတယ်။ အဲဒီ တည်နေတဲ့ စေတောဝိမုတ္တိ ကိုတော့ အာကိဉ္စညာ စေတောဝိမုတ္တိလို့ ခေါ်တယ်။

ခုနက အပ္ပမာဏာ စေတောဝိမုတ္တိဆိုတဲ့ ဗြဟ္မစိုရ်တရား လေးပါးကလည်း ဆန့်ကျင်ဖက် ကိလေသာတွေမှ လွတ်မြောက်တဲ့စိတ်တွေ ဖြစ်ခြင်းကြောင့် အဲဒီ ဗြဟ္မစိုရ်တရားတွေကို စေတောဝိမုတ္တိလို့ ခေါ်တယ်။

မေတ္တာက ဒေါသမှ လွတ်နေတယ်။ ကရုဏာကျတော့ ဝိဟိံသမှ လွတ် သွားတယ်၊ သတ္တဝါတွေကို ညှဉ်းပန်းလိုတဲ့စိတ်မှ လွတ်သွားတယ်။ မုဒိတာ ကျတော့ သူတစ်ပါးတို့ရဲ့စည်းစိမ်၌ မမွေ့လျော် မပျော်ပိုက်ခြင်းဆိုတဲ့ အရတိ တရားမှ လွတ်မြောက်သွားတယ်။ ဥပေက္ခာဗြဟ္မဝိဟာရကတော့ စိတ်ဓာတ် ကြမ်းကြုတ်ခက်ထန်ခြင်း ပဋိဃတရားမှ လွတ်တယ်။ (မ၊၂၊၈၇-၈၈။)

အဲဒီလို ဆိုင်ရာဆိုင်ရာ ကိလေသာတွေမှ လွတ်မြောက်သွားတဲ့အတွက် အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို အာရုံယူနေတဲ့အတွက် ဒီ ဗြဟ္မစိုရ်တရား (၄)ပါးကိုတော့ အပ္ပမာဏာ စေတောဝိမုတ္တိလို့ ခေါ်တယ်။

ခု - ဒီ အာကိဉ္စညာ စေတောဝိမုတ္တိကျတော့ အာကာသာနဉ္စာယတန ဝိညာဏ်ရဲ့ မရှိမှုသဘောအပေါ်မှာ အာရုံယူနေတဲ့အတွက် အာကာသာနဉ္စာ ယတနဝိညာဏ်ကနေ လွတ်မြောက်ပြီး မသွားဘူးလား? လွတ်မြောက်သွား တယ်၊ သူ့ကို အာကိဉ္စညာ စေတောဝိမုတ္တိလို့ ခေါ်တယ်။

နောက်တစ်ခု - သုညတာ စေတောဝိမုတ္တိပဲ၊ အဲဒီ သုညတာ စေတော ဝိမုတ္တိဆိုတာကတော့ သုညာမိဒံ အတ္တေန ဝါ အတ္တနိယေန ဝါ ... စတဲ့ ဝိပဿနာရှုကွက်ပဲ။

ခုနက ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရတဲ့ ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုလိုက်တဲ့ အချိန်အခါမှာ နောက်ဆုံး ဒီ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေရဲ့ မပျက်စီးဘဲ အကျိတ် အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တသဘောကို ရှာလို့ မတွေ့ဘူး။ မတွေ့တဲ့အချိန်အခါမှာ အတ္တဆိုတဲ့ အစွဲအလမ်းကနေ လွတ် မြောက်ပြီးတော့ အနတ္တဆိုတဲ့ ဉာဏ်ရောင်ခြည် ပေါ်မလာဘူးလား? ပေါ် လာပြီ။

အဲဒီ အနတ္တဉာဏ်ရောင်ခြည် ပေါ်လာတဲ့အတွက် သင်္ခါရတရားတို့၌ ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တမှ ဆိတ်သုဉ်းနေတဲ့ ထိုဝိပဿနာဉာဏ်အမြင်ကို သုညတာ စေတောဝိမုတ္တိလို့ ခေါ်တယ်။ အဲဒါ အနက်လည်း ကွဲတယ် သဒ္ဒါ လည်း ကွဲတယ်။

နောက်တစ်ခုက - အနိမိတ္တာ စေတောဝိမုတ္တိပဲ၊ အနိမိတ္တာ စေတော ဝိမုတ္တိဆိုတာက --

အနိမိတ္တာ ဘူမန္တရတော လောကုတ္တရာ၊ အာရမ္မဏတော နိဗ္ဗာနာရမ္မဏာ။ (သံ၊ဋ္ဌ၊၃၊၁၃၆။)

ဘုံအနေနှင့် ပြောလျှင်တော့ လောကုတ္တရာ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို အနိမိတ္တာ စေတောဝိမုတ္တိလို့ ပြောရတယ်။

အာရုံအနေနှင့် ပြောလျှင်တော့ - အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အနိမိတ္တာ စေတောဝိမုတ္တိလို့ ပြောရတယ်။

ဒီတော့ နိရောဓသစ္စာအမည်ရတဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်မှာ ရုပ်တွေ နာမ်တွေ မရှိဘူး။ ရုပ်နာမ်ဓမ္မသင်္ခါရတွေမရှိတဲ့အတွက် ရုပ်နာမ်ဆိုတဲ့ အမှတ်နိမိတ်တွေ မရှိတဲ့အတွက် အနိမိတ္တလို့ခေါ်တယ်။ ဒီအနိမိတ္တအမည် ရနေတဲ့ ရုပ်နာမ်တို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ ဒီအငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်း အာရုံယူနေတဲ့ မဂ်စိတ် ဖိုလ်စိတ်တွေကိုလည်း အနိမိတ္တာ စေတောဝိမုတ္တိလို့ပဲ ခေါ်ရပါတယ်။ ဒါက အနက်လည်း ကွဲတယ် သဒ္ဒါလည်း ကွဲတယ်။

နောက်တစ်နည်းအားဖြင့် - သဒ္ဒါသာ ကွဲတယ် အနက်က တူပါတယ်။ ဘယ်လို တူသလဲ ...?

ရာဂ ဒေါသ မောဟဆိုတာက သတ္တဝါတွေကို တိုင်းတာလို့ရတဲ့တရား တွေ။ ပုဂ္ဂိုလ်တစ်ယောက်ကို သာမန်အားဖြင့် ကြည့်မယ်ဆိုလို့ရှိလျှင် ဒီပုဂ္ဂိုလ် က ပုထုဇန်လား? ဒီပုဂ္ဂိုလ်က အရိယာလား? ခွဲခြားပြီး မသိနိုင်ဘူး။

အကယ်၍ ဒီပုဂ္ဂိုလ်သည် ရာဂ ဒေါသ မောဟတွေ သိပ်ပြီး ပြင်းထန်လာ ပြီး ဒေါသတွေ ထွက်နေတာ မြင်ရတယ်၊ လောဘတွေ သိပ်အားကောင်း နေတာ မြင်ရပြီဆိုလျှင်တော့ ဩော် ..ဒီပုဂ္ဂိုလ်ဟာ ပုထုဇန်ပဲ ရှိနေသေးတယ်၊ အရိယာသူတော်ကောင်း မဟုတ်သေးဘူးလို့ ခွဲခြားလို့ မရနိုင်ဘူးလား? ရနိုင်တယ်။

ရာဂ ဒေါသ မောဟတွေဟာ ဒီပုဂ္ဂိုလ်သည် အရိယာပဲ ဒီပုဂ္ဂိုလ်သည် ပုထုဇန်ပဲလို့ မှတ်သားကြောင်း ပိုင်းခြားကြောင်း တိုင်းတာကြောင်းတွေ ဖြစ်တဲ့ အတွက် သူ့ကို ပမာဏလို့ ခေါ်ရတယ်။

ရဟန္တာပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အဲဒီလို တိုင်းတာကြောင်းဖြစ်တဲ့ ရာဂ ဒေါသ မောဟတွေ ရှိသလား? မရှိတော့ဘူး၊ အကြွင်းမဲ့ပယ်ထားပြီး ဖြစ်တဲ့အတွက် ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ အကုပ္ပါလို့ ခေါ်ဆိုအပ်တဲ့ အရဟတ္တဖိုလ်သမာပတ်ကို အပ္ပမာဏာ စေတောဝိမုတ္တိလို့ ခေါ်တယ်။ ရာဂ ဒေါသ မောဟတို့ဖြင့် တိုင်းတာလို့ မရနိုင်တဲ့ စေတောဝိမုတ္တိပဲ။

ဒီတော့ ခုနကပြောခဲ့တဲ့ ဗြဟ္မဝိဟာရတရားလေးပါးကိုလည်း အပ္ပမာဏာ စေတောဝိမုတ္တိလို့ ခေါ်တယ်၊ ဖိုလ်စိတ်လေးပါး မဂ်စိတ်လေးပါးကိုလည်း အပ္ပမာဏာ စေတောဝိမုတ္တိလို့ပဲ ခေါ်ပါတယ်၊ ခေါ်ပေမဲ့လို့ အဲဒီ အားလုံး ထဲမှာ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ စေတောဝိမုတ္တိသည် ဘာလဲလို့ မေးလိုက် တော့ အရဟတ္တဖိုလ်စေတောဝိမုတ္တိပဲ ဖြစ်တယ်။ ဘာကြောင့်လဲ? --

အရဟတ္တဖိုလ်စေတောဝိမုတ္တိသည် ရာဂ ဒေါသ မောဟ ဆိုတဲ့ တိုင်းတာ ကြောင်းဖြစ်တဲ့ တရားတွေဖြင့် တိုင်းတာလို့ မရတဲ့တရား ဖြစ်ခြင်းကြောင့် အပ္ပမာဏာ = အတိုင်းအတာ မရှိတဲ့, စေတောဝိမုတ္တိ = ဆန့်ကျင်ဖက် ကိလေသာတို့မှ လွတ်မြောက်နေတဲ့စိတ်လို့ ခေါ်ပါတယ်။

နောက်တစ်ခု အာကိဉ္စညာ စေတောဝိမုတ္တိ ...။

သတ္တဝါတွေကို ကြိတ်ခြေပြီး တုန်လှုပ်ချောက်ချားအောင် ပြုလုပ်နေတာ က ဘာလဲ? ရာဂ ဒေါသ မောဟတွေပဲ။

စပါးကို နွားတွေနှင့် နယ်ကြပြီ ဆိုကြစို့။ တလင်းထဲမှာ စပါးနယ်ပြီဆိုလို့ ရှိလျှင် နွားတွေရဲ့ ခြေထောက်တွေက စပါးတွေကို ကြိတ်ခြေပြီး မနေဘူး လား? ကြိတ်ခြေတယ်။ အဲဒီပုံစံအတိုင်းပဲ သတ္တဝါတွေကို သံသရာခရီးခဲမှ မလွတ်မြောက်အောင် ကြိတ်ခြေနေတဲ့ တရားတွေဆိုတာက ဘာတွေလဲ? ရာဂ ဒေါသ မောဟတွေပဲ။

ဒီ ရာဂ ဒေါသ မောဟတွေက သတ္တဝါတွေကို သံသရာခရီးခဲမှ မလွတ် မြောက်အောင် ကြိတ်ခြေနေတဲ့ တရားတွေ ဖြစ်ခြင်းကြောင့် သူတို့ကို ကိဉ္စနလို့ ခေါ်တယ်။ အဲဒီ ကိဉ္စန အမည်ရှိတဲ့တရားတွေသည် ရဟန္တာအရှင်မြတ်တို့ရဲ့ သန္တာန်မှာ ရှိသေးသလား? မရှိတော့ဘူး။ မရှိခြင်းကြောင့် ရဟန္တာအရှင်မြတ် တို့ရဲ့ အရဟတ္တဖိုလ်သမာပတ်ကို အကိဉ္စန လို့ခေါ်တယ်။ အဲဒီ သမာပတ်ကို အာကိဉ္စညာ စေတောဝိမုတ္တိလို့ပဲ ခေါ်ပါတယ်။

နောက်တစ်ခု - အပ္ပမာဏာ စေတောဝိမုတ္တိ အာကိဉ္စညာ စေတော ဝိမုတ္တိ အမည်ရတဲ့ ဒီအရဟတ္တဖိုလ်မှာ ရာဂ ဒေါသ မောဟတွေမှ ဆိတ်သုဉ်း ပြီးတော့ မနေဘူးလား? ဆိတ်သုဉ်းနေတယ်၊ ဆိတ်သုဉ်းနေခြင်းကြောင့် သူ့ကို သုညတာ စေတောဝိမုတ္တိလို့ ခေါ်မယ်ဆိုလျှင် ခေါ်လို့ရတယ်။

ဒီအဆိုအရ ဆိုတော့ အပ္ပမာဏာ စေတောဝိမုတ္တိရယ် အာကိဉ္စညာ စေတောဝိမုတ္တိရယ် သုညတာ စေတောဝိမုတ္တိရယ် - ဒီစေတောဝိမုတ္တိ (၃)ခု သည် ဘာကိုသာ ပြောနေသလဲ? အရဟတ္တဖိုလ်တစ်ခုတည်းကိုပဲ ပြောနေ တယ်။

နောက်တစ်ခု - အနိမိတ္တာ စေတောဝိမုတ္တိ ...။

အနိမိတ္တာ စေတောဝိမုတ္တိဆိုတာကတော့ ပုဂ္ဂိုလ်တစ်ယောက်ကို ခုနက မှတ်သားကြောင်းဖြစ်တဲ့ တရားလေးတွေပဲ။ ဒါက ပုထုဇန်ပဲ, ဒါက အရိယာ သူတော်ကောင်းပဲလို့ မှတ်သားတာက ဘယ်အချက်တွေကို ကြည့်ပြီး မှတ် သားရသလဲလို့မေးလျှင် ရာဂ ဒေါသ မောဟတွေကို ကြည့်ပြီး မှတ်သားရ တယ်။

ပုဂ္ဂိုလ်တစ်ယောက်မှာ ရာဂတွေက သိပ်အားကောင်းလာပြီ၊ ဒေါသတွေ က သိပ်အားကောင်းလာပြီ၊ မောဟတွေက သိပ်အားကောင်းလာပြီဆိုလို့ ရှိလျှင် ဒီပုဂ္ဂိုလ်ကို ပုထုဇန်ပဲလို့ သတ်မှတ်လို့ရတယ်။ ဒီပုဂ္ဂိုလ်မှာ ရာဂ ဒေါသ မောဟဆိုတဲ့ နိမိတ်တွေ လုံးလုံး မရှိတော့ဘူးဆိုလျှင် ဒီပုဂ္ဂိုလ်ကို ရဟန္တာလို့ သတ်မှတ်ရပါတယ်။

ဒါကြောင့် နွားတစ်ကောင်ရှိတယ် ဆိုကြစို့။ နွားတွေမှာ တံဆိပ်ခတ်ပြီးပြီ ဆိုလို့ရှိလျှင် ဒီနွားက ဘယ်သူ့နွားလို့ သတ်မှတ်လို့ မရဘူးလား? ရတယ်။ တံဆိပ်မခတ်သေးဘူးဆိုလျှင် ပုံစံတူနေလို့ရှိလျှင်တော့ ဒီနွားက ဘယ်သူ့နွား ဆိုတာကို ခွဲလို့ရသေးလား? မရနိုင်ဘူး။

အဲဒီ ပုံစံအတိုင်းပဲ သတ္တဝါတွေမှာ ရာဂ ဒေါသ မောဟတွေကနေပြီး တော့ ဒီပုဂ္ဂိုလ်က ပုထုဇန်ပဲ၊ ဒီပုဂ္ဂိုလ်က အရိယာသူတော်ကောင်းပဲလို့ ခွဲခြားကြောင်းဖြစ်တဲ့ အမှတ်နိမိတ်တွေရှိလို့ သူတို့ကို နိမိတ္တလို့ ခေါ်ရတယ်။

အဲဒီ ရာဂ ဒေါသ မောဟ အမှတ်နိမိတ်တွေသည် ရဟန္တာအရှင်မြတ်တို့ရဲ့ သန္တာန်မှာ ရှိသေးသလား? မရှိတော့ဘူး၊ မရှိတဲ့အတွက်ကြောင့် ရဟန္တာ အရှင်မြတ်တွေရဲ့ အရဟတ္တဖိုလ်သမာပတ်ကို အနိမိတ္တာ စေတောဝိမုတ္တိလို့ ဒီလို ခေါ်နိုင်တယ်။

အဲဒီအခေါ်အရ ကြည့်မယ်ဆိုလျှင် ... အပ္ပမာဏာ စေတောဝိမုတ္တိ, အာကိဉ္စညာ စေတောဝိမုတ္တိ, သုညတာ စေတောဝိမုတ္တိ, အနိမိတ္တာ စေတော ဝိမုတ္တိဆိုတဲ့ ဒီ စေတောဝိမုတ္တိတရား လေးပါးသည် အရဟတ္တဖိုလ် တစ်ခု တည်းကိုသာ ခေါ်ဝေါ်သုံးစွဲနေတဲ့ အခေါ်အဝေါ် ဖြစ်တယ်။

အဲဒီအသုံးအနှုန်းအရဆိုလျှင် သဒ္ဒါသာ ကွဲတယ် အနက်အဓိပ္ပါယ်ဆိုလို ရင်းက အတူတူပဲ မဖြစ်ဘူးလား? ဖြစ်ပါတယ် ဆိုပြီးတော့ ပြန်ပြီးတော့ အဖြေပေးပါတယ်။ အဲဒီအခါကျတော့မှ အရှင်ဂေါဒတ္တ မထေရ်က စိတ္တ သူကြွယ် ဒါယကာကြီးကို ဘာပြောသလဲ? --

လာဘာ တေ ဂဟပတိ၊ သုလဒ္ဓံ တေ ဂဟပတိ၊ ယဿ တေ ဂမ္ဘီရေ ဗုဒ္ဓဝစနေ ပညာစက္ခု ကမတိ။

ဒါယကာကြီး ...သိပ်အရတော်တယ်၊ ဒါယကာကြီးရဲ့ လူ့ဘဝကို ရရှိခြင်းသည် ကောင်းသောရခြင်းပဲ ဖြစ်တယ်။ အလွန် နက်နဲခက်ခဲနေတဲ့ ဘုရားရှင်ရဲ့ တရားတွေ၌ ဒါကာယကြီးရဲ့ ပညာစက္ခုခေါ်တဲ့ ဉာဏ်ပညာ မျက်စိသည် သက်ဝင်ပြီး တည်နေပါတယ် ဆိုပြီးတော့ သာဓုခေါ်ပါတယ်။

ဒီနေ့ တရားနာနေတဲ့ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေလည်း အလွန် နက်နဲ ခက်ခဲနေတဲ့ ဘုရားရှင်ရဲ့ တရားတော်မှာ သက်ဝင်ပြီး တည်နေတဲ့ ဒီလို ပညာစက္ခု ဉာဏ်အမြင်တွေ ရှိကြမယ်ဆိုလျှင် မကောင်းဘူးလား? သိပ်ကောင်းမယ်၊ ရအောင်ကြိုးစားကြပါလို့ ဘုန်းကြီးက တိုက်တွန်းပါတယ်။

စိတ္တသံယုတ်ရဲ့ နံပါတ် (၈) သုတ္တန် ဖြစ်တဲ့ .. နိဂဏ္ဌနာဋပုတ္တသုတ္တန် (သံ၊၂၊၄၈၇-၄၈၉။) ကိုလည်း ဆက်လက်နာကြားကြရအောင် ...။


အခန်း (၁၃)

နိဂဏ္ဌနာဋပုတ္တသုတ္တန်

နိဂဏ္ဌနာဋပုတ္တသုတ္တန်က နိဂဏ္ဌနာဋပုတ္တကြီးနှင့် စိတ္တသူကြွယ်တို့ တွေ့ ဆုံတဲ့ ပွဲကလေးပဲ။ နိဂဏ္ဌနာဋပုတ္တ ဆိုတာကတော့ နာမည်ကျော် ဖြစ်တဲ့ ဂျိန်း(Jain) ဂိုဏ်းကို စတင်ထူထောင်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။

တစ်နေ့မှာ .. အဲဒီပုဂ္ဂိုလ်ကြီးက စိတ္တသူကြွယ်တို့ နေထိုင်ရာဖြစ်တဲ့ မစ္ဆိကာသဏ္ဍမြို့ကို ဆိုက်ရောက်လာပြီ။ ဆိုက်ရောက်လာတဲ့ အချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကြီးကလည်း သွားပြီးတော့ တွေ့ဆုံပါတယ်။

ဘာကြောင့် ဒီလို အဝတ်မဝတ်တဲ့ နိဂဏ္ဌတွေနှင့် စိတ္တသူကြွယ် အနာဂါမ် သူတော်ကောင်းကြီးက သွားပြီးတွေ့ဆုံရသလဲ? သူတို့ရဲ့ စွပ်စွဲတဲ့ဘေးတွေက လွတ်မြောက်ချင်တာက အကြောင်းတစ်ခု, ဝါဒတင်ချင်တာက အကြောင်း တစ်ခု ဒီအကြောင်းနှစ်ခုဖြင့် စိတ္တသူကြွယ် ဒါယကာကြီးက နိဂဏ္ဌနာဋပုတ္တ ကြီးနှင့် သွားပြီးတွေ့ဆုံခြင်း ဖြစ်တယ်။

ဘယ်လို စွပ်စွဲချက်တွေမှ လွတ်ချင်သလဲလို့ မေးတော့ နိဂဏ္ဌတွေက ရဟန်းဂေါတမရဲ့တပည့်သာဝကတွေဟာ အလွန်ခက်ထန်တင်းမာပြီး မာန် မာနကြီးတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ ဒီလိုစွပ်စွဲကြတယ်။ တို့ကိုတောင် လာပြီး ချဉ်းကပ်ဖော် နှုတ်ဆက်ဖော် မရဘူးလို့ ဆိုပြီး ဒီလို စွပ်စွဲတတ်တဲ့အတွက် အဲဒီလို စွပ်စွဲတဲ့ဘေးရန်က လွတ်မြောက်ချင်တာကလည်း အကြောင်းတစ်ခု၊ နိဂဏ္ဌနာဋပုတ္တကြီးနှင့် ဝါဒပြိုင်ပွဲတစ်ခု ပြုလုပ်ချင်တော့ ဝါဒတင်ချင်တာက လည်း အကြောင်းတစ်ခု - ဒီအကြောင်းနှစ်ခုကြောင့် နိဂဏ္ဌနာဋပုတ္တထံ ချဉ်းကပ်ပြီး အလ္လာပသလ္လာပစကားတွေ ပြောဆိုပြီးတော့ နှုတ်ဆက်တယ်။

နှုတ်ဆက်လိုက်တဲ့ အချိန်အခါမှာ ... နိဂဏ္ဌနာဋပုတ္တကြီးဘက်က ဘာမေးခွန်းတစ်ခု မေးသလဲ? --

သဒ္ဒဟသိ တွံ ဂဟပတိ သမဏဿ ဂေါတမဿ အတ္ထိ အဝိတက္ကော အဝိစာရော သမာဓိ၊ အတ္ထိ ဝိတက္ကဝိစာရာနံ နိရောဓောတိ။

ကဲ စိတ္တသူကြွယ် ဒါယကာကြီး ...သင့်ကို မေးခွန်းတစ်ခု မေးမယ်။ ရဟန်းဂေါတမအပေါ်မှာ သင်ဟာ အဝိတက္က အဝိစာရ (= ဝိတက် ဝိစာရ မရှိတဲ့) သမာဓိတစ်မျိုးရှိတယ်၊ ဝိတက် ဝိစာရတို့ ချုပ်ငြိမ်းတဲ့ သမာဓိတစ်မျိုး ရှိတယ်လို့ ယုံကြည်ချက်မျိုး ရှိပါသလား ဒီလို မေးခွန်းတစ်ခု မေးတယ်။

အဲဒီလို မေးလိုက်တဲ့အချိန်မှာ စိတ္တသူကြွယ် ဒါယကာကြီးက ဘာပြန် ဖြေသလဲ? --

န ခွါဟံ ဧတ္ထ ဘန္တေ ဘဂဝတော သဒ္ဓါယ ဂစ္ဆာမိ အတ္ထိ အဝိတက္ကော အဝိစာရော သမာဓိ၊ အတ္ထိ ဝိတက္ကဝိစာရာနံ နိရောဓောတိ။

အရှင်ဘုရား ... တပည့်တော်ဟာ မြတ်စွာဘုရားအပေါ်၌ (ရဟန်း ဂေါတမအပေါ်၌) ယုံကြည်ချက် သဒ္ဓါတရားဖြင့် ကိုးကွယ်ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူးတဲ့။ ဘယ်လိုယုံကြည်ချက်လဲလို့မေးတော့ ဝိတက် ဝိစာရ မရှိတဲ့ သမာဓိ, ဝိတက် ဝိစာရ ချုပ်ငြိမ်းနေတဲ့ သမာဓိတစ်ခု ရှိပါတယ်ဆိုတဲ့ ဒီယုံကြည်ချက် ဦးတည်ချက်ဖြင့် ဘုရားရှင်ကို တပည့်တော် ကိုးကွယ်ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်စား မဟုတ်ပါဘူး ဆိုပြီးတော့ ပြန်ပြီးတော့ အဖြေပေးတယ်။

အဲဒီလိုအဖြေပေးလိုက်တဲ့အချိန်မှာ နိဂဏ္ဌနာဋပုတ္တကြီးက မစဉ်းစားဘဲ ဘာပြန်ပြီးတော့ ပြောသလဲ။ ဩော် စိတ္တသူကြွယ် ဒါယကာ ...ဒါယကာ ဟာ အလွန်ဖြောင့်မတ်ရိုးသားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်၊ လှည့်ပတ်တဲ့ မာယာ ကောက်ကျစ်စဉ်းလဲတဲ့ သာဌေယျတွေ ကင်းစင်နေတဲ့ သူတော် ကောင်းကြီးတစ်ဦး ဖြစ်တယ်ဆိုပြီး ချီးမွမ်းတယ်။

အဲဒီလို ချီးမွမ်းလိုက်တဲ့ အချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကြီးက ဘာပြန်ပြီးတော့ မေးသလဲ? --

တံ ကိံ မညသိ ဘန္တေ၊ ကတမံ နု ခေါ ပဏီတတရံ ဉာဏံ ဝါ သဒ္ဓါ ဝါ။

အရှင်ဘုရား ...ဉာဏ်နှင့် သဒ္ဓါ ဘယ်ဒင်းက ပိုပြီးတော့ သာလွန်မြင့် မြတ်ပါသလဲလို့ မေးတယ်။

သဒ္ဓါယ ခေါ ဂဟပတိ ဉာဏံယေဝ ပဏီတတရံ။

ဒါယကာကြီး ... သဒ္ဓါထက် ဉာဏ်က ပိုပြီးတော့ ကြီးကျယ်မြင့်မြတ်ပါ တယ် သာလွန်မြင့်မြတ်ပါတယ်လို့ ဒီလို အဖြေပေးတယ်။ အဲဒီအခါမှာ --

အဟံ ခေါ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။

ဘန္တေ = အရှင်ဘုရား ...။ အဟံ ခေါ = တပည့်တော်သည်ကား။ ယာဝဒေဝ = အကြင်မျှလောက်သော ကာလပတ်လုံးပင်လျှင်။ အာကင်္ခါမိ = အလိုရှိ၏။ တာဝဒေဝ = ထိုအလိုရှိသမျှ ကာလပတ်လုံးပင်လျှင်။ ကာမေဟိ = ဝတ္ထုကာမ ကိလေသာကာမတို့မှ။ ဝိဝိစ္စေဝ = ကင်းဆိတ်သည်ဖြစ်၍ သာလျှင်။ အကုသလေဟိ ဓမ္မေဟိ = အကုသိုလ်တရားတို့မှ။ ဝိဝိစ္စ = ကင်း ဆိတ်သည်ဖြစ်၍သာလျှင်။ သဝိတက္ကံ = ဝိတက်နှင့်လည်း တကွဖြစ်သော။ သဝိစာရံ = ဝိစာရနှင့်လည်း တကွဖြစ်သော။ ဝိဝေကဇံ = နီဝရဏတရား ကင်းဆိတ်ခြင်းကြောင့် ထင်ရှားဖြစ်ပေါ်၍လာရသော။ ပီတိသုခံ = နှစ်သက် ခြင်း ပီတိ, ချမ်းသာခြင်း သုခရှိသော။ ပဌမံ စျာနံ = ပထမစျာန်ကို။ ဥပသမ္ပဇ္ဇ = ပြည့်စုံစေ၍။ ဝိဟရာမိ = နေထိုင်နိုင်ပါ၏။

အရှင်ဘုရား ... တပည့်တော်ဟာလေ ဘယ်လောက်များ အလိုရှိ သလဲ၊ အလိုရှိသမျှ ကာလပတ်လုံး ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါ ငါးပါးရှိနေတဲ့, ဝတ္ထုကာမ ကိလေသာကာမတို့မှ ကင်း ဆိတ်နေတဲ့ ဒီပထမစျာန်ကို တပည့်တော် ဝင်စားပြီး နေထိုင်နိုင်ပါတယ်။

မပြီးသေးဘူး၊ နောက်ထပ် သူက ဆက်ပြီး လျှောက်ထားသေးတယ်။

အဟံ ခေါ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။

ဘန္တေ = အရှင်ဘုရား ...။ အဟံ ခေါ = တပည့်တော်သည်ကား။ ယာဝဒေဝ = အကြင်မျှလောက်သော ကာလပတ်လုံးပင်လျှင်။ အာကင်္ခါမိ = အလိုရှိ၏။ တာဝဒေဝ = ထိုမျှလောက်သော ကာလပတ်လုံးပင်လျှင်။ ဝိတက္က ဝိစာရာနံ = ဝိတက်ဝိစာရတို့၏။ ဝူပသမာ = ငြိမ်းခြင်းကြောင့်။ အဇ္ဈတ္တံ = မိမိရဲ့ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌။ စေတသော = စိတ်ကိ်ု။ သမ္ပသာဒနံ = ကြည်လင်စေတတ်သော။ ဧကောဒိဘာဝံ = မြတ်သော တည်ကြည်မှု သမာဓိ ကို ဖြစ်စေတတ်သော။ အဝိတက္ကံ = ဝိတက်လည်း မရှိသော။ အဝိစာရံ = ဝိစာရလည်း မရှိသော။ သမာဓိဇံ = ပထမစျာန်သမာဓိကြောင့် ဖြစ်သော (ဝါ) သမ္ပယုတ်သမာဓိကြောင့် ဖြစ်သော။ ပီတိသုခံ = နှစ်သက်ခြင်း ပီတိ, ချမ်းသာခြင်း သုခ ရှိသော။ ဒုတိယဇ္ဈာနံ = ဒုတိယစျာန်ကို။ ဥပသမ္ပဇ္ဇ = ပြည့်စုံစေ၍။ ဝိဟရာမိ = နေထိုင်နိုင်ပါ၏။

အရှင်ဘုရား ... တပည့်တော်ဟာ ဘယ်လောက်ပဲ အလိုရှိရှိ၊ အလို ရှိသမျှ ကာလပတ်လုံး စိတ်အစဉ်ကို လှုပ်ချောက်ချားတတ်တဲ့ ဝိတက် ဝိစာရ တို့ရဲ့ ချုပ်ငြိမ်းသွားခြင်းကြောင့် မိမိရဲ့ကိုယ်တွင်း အဇ္ဈတ္တသန္တာန်မှာ စိတ်ကို ကြည်လင်စေတတ်တဲ့, မြတ်သော တည်ကြည်မှု သမာဓိကို ဖြစ်စေတတ်တဲ့, ရုန့်ရင်းကြမ်းတမ်းလို့ ကျိုးပဲ့ပျက်စီးလွယ်တဲ့သဘော ရှိတဲ့ ဝိတက်လည်း မရှိ ဝိစာရလည်း မရှိတဲ့, ပထမစျာန်သမာဓိကို အခြေခံလျက် ဖြစ်ပေါ်လာတဲ့ သို့မဟုတ် ဒုတိယစျာန်သမာဓိလို့ ခေါ်ဆိုတဲ့ သမ္ပယုတ် (= ယှဉ်ဖက်) သမာဓိ ကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်သက်ခြင်း ပီတိ ချမ်းသာခြင်း သုခရှိတဲ့ ဒုတိယ စျာန်ကို ပြည့်စုံစေလျက် နေထိုင်နိုင်ပါတယ်။ --

ဒီလို ဝိတက် ဝိစာရ မရှိတဲ့ အဝိတက္ကအဝိစာရသမာဓိမှာ ကောင်းကောင်း ကြီး သူကိုယ်တိုင် အလိုရှိသလောက် နေနိုင်ကြောင်း (= ဒုတိယစျာန်ကို ဝင်စားပြီး နေနိုင်ကြောင်း) ကို ရဲရဲဝံ့ဝံ့ တင်ပြလျှောက်ထားလိုက်တယ်။ သူများ အပြောနှင့် လွမ်းနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်သိနေပါတယ်လို့ ဆိုလို ပါတယ်။

တရားနာပရိတ်သတ်ဖြစ်တဲ့ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေလည်း စိတ္တသူကြွယ် ကျောင်းဒါယကာကြီးတို့လို ဘုရားရှင်ရဲ့ တရားတော်တွေနှင့် ပတ်သက်လာလျှင် ဒီလို မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ ကိုယ်တိုင်သိရှိထားတဲ့ အသိ ဉာဏ်တွေကို တင်ပြနိုင်တဲ့ အမျိုးကောင်းသားတွေ အမျိုးကောင်းသမီးတွေ ဖြစ်အောင် လက်တွေ့ကျင့်ထားကြစေချင်ပါတယ်။

ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေသူတစ်ဦး ဖြစ်ပါလျက် ဘုရားရှင် ရဲ့ တရားတော်တွေနှင့် ပတ်သက်လို့ ဘုရားရှင်ရဲ့ ဘက်တော်ကနေပြီး ဒီလို ရဲရဲဝံ့ဝံ့ မတင်ပြနိုင်ဘူးဆိုလျှင် ဘုရားရှင်ရဲ့တရားတော်တွေနှင့် ပတ်သက်လို့ ဖြန့်ဖြူးတဲ့နေရာမှာ များစွာ ဟာကွက်တွေ ရှိနေပါလိမ့်မယ်။ သာသနာတော် နှင့် ကြုံကြိုက်ပါလျက် သာသနာတော်ကို အမှီပြုပြီး ကြိုးစားက ရရှိနိုင်မည့် စျာန်-မဂ်-ဖိုလ်-နိဗ္ဗာန်ဆိုတဲ့ အမြတ်ဆုံး အကျိုးစီးပွားတွေမှလည်း ဆုတ်ယုတ် သွားတတ်ပါတယ်။

နောက်ထပ် သူက ဆက်ပြီး လျှောက်ထားပြန်သေးတယ်။ --

အဟံ ခေါ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရာမိ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေမိ၊ ယံ တံ အရိယာ အာစိက္ခန္တိ - ဥပေက္ခကော သတိမာ သုခဝိဟာရီတိ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။

ဘန္တေ = အရှင်ဘုရား ...။ အဟံ ခေါ = တပည့်တော်သည်ကား။ ယာဝဒေဝ = အကြင်မျှလောက်သော ကာလပတ်လုံးပင်လျှင်။ အာကင်္ခါမိ = အလိုရှိ၏။ တာဝဒေဝ = ထိုမျှလောက်သော ကာလပတ်လုံးပင်လျှင်။ ပီတိယာ = ပီတိကို။ ဝိရာဂါ စ = စက်ဆုပ်ခြင်းကြောင့်လည်းကောင်း။ ဥပေက္ခကော စ = တတိယစျာန် ချမ်းသာကိုပင် လျစ်လျူရှုသည် ဖြစ်၍လည်းကောင်း။ သတော စ = တတိယစျာန်၏ အာရုံကို အမှတ်ရခြင်း သတိ ရှိသည်ဖြစ်၍ လည်းကောင်း။ သမ္ပဇာနော စ = တတိယစျာန်၏ အာရုံကို ကောင်းစွာ ကွဲကွဲပြားပြားသိတတ်သော သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍လည်းကောင်း။ ဝိဟရာမိ = နေထိုင်နိုင်ပါ၏။ သုခဉ္စ = ကာယိကသုခ+စေတသိကသုခဟု ခေါ်ဆို အပ်တဲ့ နှစ်မျိုးသော သုခဝေဒနာကိုလည်း။ ကာယေန = နာမကာယဖြင့်။ ပဋိသံဝေဒေမိ = ခံစား၏။ ယံ = အကြင်တတိယစျာန်ဟူသော အကြောင်း ကြောင့်။ တံ = ထိုတတိယစျာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။ အရိယာ = ဘုရားအစရှိကုန်သော အရိယာ သူတော်ကောင်းတို့သည်။ဥပေက္ခကော = တတိယစျာန်ချမ်းသာကိုပင် လျစ်လျူရှုနိုင်ပေသူဟူ၍။ သတိမာ = သတိ နှင့် ပြည့်စုံသူဟူ၍။ သုခဝိဟာရီ = ချမ်းသာစွာနေလေ့ရှိသူဟူ၍။ အာစိက္ခန္တိ = ချီးမွမ်းစကား ပြောကြားတော်မူကြကုန်၏။ တံ တတိယံ စျာနံ = ထို တတိယစျာန်ကို။ ဥပသမ္ပဇ္ဇ = ပြည့်စုံစေ၍။ ဝိဟရာမိ = နေထိုင်နိုင်ပါ၏။

အရှင်ဘုရား ...တပည့်တော်ဟာ အလိုရှိသလောက် ကာလပတ်လုံး ဝိတက် ဝိစာရ ပီတိဆိုတဲ့ စျာန်အင်္ဂါတွေ မရှိတဲ့ တတိယစျာန်ချမ်းသာကိုပင် ကြောင့်ကြမှု တောင့်တမှု မရှိဘဲ စိတ်ကို အညီအမျှ အလယ်အလတ် လျစ်လျူ ရှုထားနိုင်ပါတယ်။ တတိယစျာန်ရဲ့အာရုံမှာ ခိုင်မြဲနေတဲ့ အမှတ်ရခြင်း သတိ, ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိတတ်တဲ့ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံပြီး နေထိုင်နိုင်ပါတယ်။ ဒီတတိယစျာန်ချမ်းသာကိုလည်း တပည့်တော်ရဲ့ နာမ ကာယ (= နာမ်တရားအပေါင်း)က ကောင်းကောင်းကြီး ခံစားနိုင်ပါတယ်။ ဒါကြောင့် ဒီလိုတတိယစျာန်ကို ရရှိနေတဲ့ သူတော်ကောင်းကို ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့က - တတိယစျာန်ချမ်းသာကိုပင် လျစ်လျူ ရှုနိုင်သူ, သတိနှင့် ပြည့်စုံသူ, ချမ်းသာစွာ နေလေ့ရှိသူ - ဆိုပြီး ချီးမွမ်း စကား မြှောက်စားတော်မူကြပါတယ်။ ဒီတတိယစျာန်ကို တပည့်တော်ဟာ ပြည့်ပြည့်စုံစုံ ကပ်ရောက်ပြီး နေထိုင်နိုင်ပါတယ် - လို့ သူက ဆက်လက်ပြီး လျှောက်ထားတယ်။

ဒီနေရာမှာ ဗဟုသုတအနည်းငယ်ကို ပြောကြရအောင် ...။

ပထမစျာန်အခိုက်မှာ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဆိုတဲ့ စျာန် အင်္ဂါ ငါးပါး ရှိပါတယ်။ ဥပမာ - ယောဂီပုဂ္ဂိုလ်က အဖြူရောင်ကသိုဏ်းကို လေ့ကျင့်ထားတယ်ဆိုလျှင် ဒီစျာန်အင်္ဂါတွေက အဖြူရောင်ကသိုဏ်းပဋိဘာဂ နိမိတ်ကိုပဲ အာရုံပြုကြပါတယ်။

ဒါပေမဲ့ ယောဂီပုဂ္ဂိုလ်က ဝိတက်-ဝိစာရဆိုတဲ့ ရုန့်ရင်းတဲ့စျာန်အင်္ဂါတွေကို ပယ်ရှားနိုင်လို့ ဒုတိယစျာန်သို့ ဆိုက်သွားပြီဆိုလျှင် ဒုတိယစျာန်အခိုက်မှာ ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါသုံးပါးပဲ ရှိပါတော့တယ်။

တစ်ခါ - ယောဂီပုဂ္ဂိုလ်က ပီတိကိုလည်း ရွံရှာစက်ဆုပ်တဲ့ စိတ်ထားနှင့် အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်တို့လို သမထနိမိတ်ကိုပဲ ဆက်လက် အာရုံယူပြီးတော့ သမာဓိကို ဆက်လက်ထူထောင်လိုက်လျှင် ပီတိ ပြုတ်သွား ပြီးတော့ သုခ-ဧကဂ္ဂတာ ဆိုတဲ့ စျာန်အင်္ဂါနှစ်ပါးပဲ ရှိတဲ့ တတိယစျာန်ကို ဆိုက်သွားမယ်။

ဒီတတိယစျာန်မှာ စိတ်ကိုလှုပ်ချောက်ချားစေတဲ့ ဝိတက်-ဝိစာရ-ပီတိတို့ မရှိတဲ့အတွက် ထိုထိုအာရုံတွေမှာ စိတ်ကို အညီအမျှ ကောင်းစွာထားနိုင်တဲ့ တတြမဇ္ဈတ္တတာစေတသိက်လို့ ခေါ်တဲ့ ဥပေက္ခာက အလွန်အားကောင်းနေ တယ်။ ဒီလို အားကောင်းတဲ့အတွက် လောကီချမ်းသာဟူသမျှတို့တွင် အသာ ဆုံး အမြတ်ဆုံး ချမ်းသာဖြစ်တဲ့ ဒီတတိယစျာန်ချမ်းသာကိုပင် ကြောင့်ကြမှု တောင့်တမှု မရှိတော့ဘဲ စိတ်ကို သမထအာရုံမှာ အညီအမျှ ကောင်းစွာ အလယ်အလတ်၌ တည်နေအောင် ထားနိုင်တယ်။

ဒီလိုထားနိုင်တဲ့အတွက် ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့က ဒီလို တတိယစျာန်နှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းကို - တတိယစျာန် ချမ်းသာကိုပင် လျစ်လျူရှုနိုင်သူ သတိနှင့် ပြည့်စုံသူ ချမ်းသာစွာနေလေ့ရှိသူ လို့ ဒီလို ချီးမွမ်းစကား မြှောက်စားတော်မူကြတယ်။ ဒီတတိယစျာန်ချမ်းသာ ကိုလည်း စိတ္တသူကြွယ်က ကောင်းကောင်းကြီး ခံစားလို့ ရနေတယ်။ သိပ် အားရဖို့ကောင်းတဲ့ ကျောင်းဒါယကာကြီးပဲ။

ဒီတတိယစျာန်ချမ်းသာကို တတိယစျာန်ကို ရနေတဲ့ သူတော်ကောင်း တွေက နာမကာယဖြင့် ခံစားတယ်ဆိုတဲ့အပိုင်းမှာ အဋ္ဌကထာများကသုခ (= ချမ်းသာ)ကို ကာယိကသုခ+စေတသိကသုခဆိုပြီး နှစ်မျိုး ဖွင့်ဆိုထားကြ ပါတယ်။ (ဝိသုဒ္ဓိ၊၁၊၁၅၈။)

တတိယစျာန်ကို ဝင်စားဆဲခဏမှာ စေတသိကသုခ ခေါ်တဲ့ စျာန်ချမ်းသာ ကိုသာ ယောဂီပုဂ္ဂိုလ်က ခံစားနေပါတယ်။ ဒါပေမဲ့ အဲဒီတတိယစျာန်စိတ်က မွန်မြတ်တဲ့ ပဏီတစိတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီ မွန်မြတ်တဲ့ တတိယစျာန်စိတ် ကြောင့် မွန်မြတ်တဲ့ စိတ္တဇရုပ်ကလာပ်တွေက တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်နေကြပါတယ်။

အဲဒီ စိတ္တဇရုပ်ကလာပ်တွေမှာပါတဲ့ ပထဝီ-တေဇော-ဝါယော ဆိုတဲ့ ဖောဋ္ဌဗ္ဗဓာတ်တွေက ယောဂီရဲ့ တစ်ကိုယ်လုံး အနှံ့အပြားမှာ ရှိနေတဲ့ကာယ ပသာဒ (= ကာယအကြည်ဓာတ်)တွေကို ထိခိုက်နေတဲ့အတွက် ယောဂီပုဂ္ဂိုလ် ရဲ့သန္တာန်မှာ စျာန်မှ ထလျှင်ထချင်း ကာယိကသုခဝေဒနာကိုလည်း ယောဂီ ပုဂ္ဂိုလ်က ခံစားနေရပါတယ်။ ဒီလို စျာန်မှ ထလျှင်ထချင်း ခံစားနေရတဲ့ ကာယိကသုခဝေဒနာနှင့် စျာန်ဝင်စားဆဲ ခံစားနေရတဲ့ စေတသိကသုခ ဝေဒနာတွေကို စုပေါင်းပြီးတော့သုခဉ္စ ကာယေန ပဋိသံဝေဒေတိ = ကာယိကသုခ စေတသိကသုခကို နာမကာယဖြင့် ခံစားနေကြောင်း - ကို ဘုရားရှင်က ဟောကြားတော်မူခြင်း ဖြစ်ပါတယ်လို့ အဋ္ဌကထာများက ရှင်းပြ ထားကြပါတယ်။

နောက်ထပ် စိတ္တသူကြွယ် ဒါယကာကြီးက ဘာကို ဆက်ပြီး လျှောက်ထား သေးသလဲ? နာကြည့်ကြရအောင် ...။

အဟံ ခေါ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။

ဘန္တေ = အရှင်ဘုရား ...။ အဟံ ခေါ = တပည့်တော်သည်ကား။ ယာဝဒေဝ = အကြင်မျှလောက်သော ကာလပတ်လုံးပင်လျှင်။ အာကင်္ခါမိ = အလိုရှိ၏။ တာဝဒေဝ = ထိုမျှလောက်သော ကာလပတ်လုံးပင်လျှင်။ သုခဿ စ = ကာယိကသုခကိုလည်း။ ပဟာနာ = ပယ်ခြင်းကြောင့်။ ဒုက္ခဿ စ = ကာယိကဒုက္ခကိုလည်း။ ပဟာနာ = ပယ်ခြင်းကြောင့်။ ပုဗ္ဗေဝ = စတုတ္ထ စျာန်သို့ မဆိုက်ရောက်မီ ဥပစာရသမာဓိအခိုက်၌ပင်လျှင်။ သောမနဿ ဒေါမနဿာနံ = သောမနဿဝေဒနာဟူသော စေတသိကသုခ, ဒေါမနဿ ဝေဒနာဟူသော စေတသိကဒုက္ခတို့၏။ အတ္ထင်္ဂမာ = ချုပ်ခြင်းကြောင့်။ အဒုက္ခမသုခံ = အဒုက္ခမသုခ အမည်ရတဲ့ ဥပေက္ခာဝေဒနာနှင့်ယှဉ်သော။ ဥပေက္ခာသတိပါရိသုဒ္ဓိံ = တတြမဇ္ဈတ္တုပေက္ခာဟူသော ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ ထက်ဝန်းကျင်စင်ကြယ်ခြင်းရှိသော။ စတုတ္ထံ စျာနံ = စတုတ္ထစျာန်ကို။ ဥပသမ္ပဇ္ဇ = ပြည့်စုံစေ၍။ ဝိဟရာမိ = နေထိုင်နိုင်ပါ၏။

အရှင်ဘုရား ...တပည့်တော်ဟာ ဘယ်လောက် အလိုရှိသလဲ၊ အလို ရှိသလောက် တစ်ချိန်လုံး စတုတ္ထစျာန်ကို ဝင်စားပြီး နေနိုင်ပါတယ်- လို့ သူက ဆက်လက်ပြီး လျှောက်ထားတယ်။

၁။ ကာယိက-ဒုက္ခဝေဒနာက ပထမစျာန်ရဲ့ ဥပစာရသမာဓိ အခိုက်မှာ ချုပ်တယ်။

၂။ ဒေါမနဿ-ဝေဒနာက ဒုတိယစျာန်ရဲ့ ဥပစာရသမာဓိ အခိုက်မှာ ချုပ်တယ်။

၃။ ကာယိက-သုခဝေဒနာက တတိယစျာန်ရဲ့ ဥပစာရသမာဓိ အခိုက်မှာ ချုပ်တယ်။

၄။ သောမနဿ-ဝေဒနာက စတုတ္ထစျာန်ရဲ့ ဥပစာရသမာဓိ အခိုက်မှာ ချုပ်တယ်။ (ဝိသုဒ္ဓိ၊၁၊၁၆၀။)

သို့သော် သံယုတ်ပါဠိတော် ဥပ္ပဋိပါဋိကသုတ္တန် (သံ၊၃၊၁၈၈-၁၉၀။) မှာတော့ ဒီဝေဒနာလေးမျိုးတို့ဟာ စျာန်လေးပါးတို့၌ အစဉ်အတိုင်းချုပ်ပုံကို ဟော ကြားထားတော်မူပါတယ်။ ဒီဟောကြားတော်မူချက်ကတော့ လွန်လွန်ကဲကဲ ချုပ်ငြိမ်းမှုကို ရည်ရွယ်တော်မူပြီး ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။

ခုနက ပြောခဲ့တဲ့ စျာန်လေးပါးတို့ရဲ့ ဥပစာရသမာဓိအခိုက်မှာ ဝေဒနာ လေးမျိုးတို့ရဲ့ အစဉ်အတိုင်း ချုပ်ငြိမ်းပုံကတော့ လွန်လွန်ကဲကဲ ချုပ်ငြိမ်းမှု မျိုးတော့ မဟုတ်ဘူး။

ဒီနေရာမှာ တရားနာပရိသတ်တွေ နည်းနည်းလေး စဉ်းစားကြည့်ကြစမ်း! ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုတွေ မရှိကြတော့ အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်တို့လို သမထအာရုံနိမိတ်တစ်ခုတည်း ပေါ်မှာ ယောဂီပုဂ္ဂိုလ်ရဲ့ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေမယ် ကြောင့်ကြမှု တောင့်တမှုတွေ ဘာမျှမရှိတော့ဘဲ စိတ်တွေ အေးချမ်းနေမယ် ဆိုလျှင် ဘယ်လောက်ကောင်းမလဲ? စဉ်းစားကြည့်စမ်း၊ သာသနာတော်ကို အမှီပြုပြီး ရရှိတဲ့ ချမ်းသာထူးကြီးတွေ ဖြစ်ကြပါတယ်။

သို့သော် ဒါက လောကီစျာန်ချမ်းသာမျှသာ ရှိပါသေးတယ်။ စျာန်ချမ်းသာ ထက် ဝိပဿနာချမ်းသာက ပိုပြီး အဆင့်မြင့်ပါတယ်။ ဝိပဿနာချမ်းသာထက် မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတွေကတော့ ပို၍ ပို၍ အဆင့်မြင့်တဲ့ ချမ်းသာထူးကြီးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဘုရားရှင်က --

နိဗ္ဗာနံ ပရမံ သုခံ။ (ဓမ္မပဒ)

နိဗ္ဗာန်သည် အသာဆုံးအမြတ်ဆုံးဖြစ်တဲ့ ချမ်းသာလို့ ဒီလို ဟောကြား တော်မူခြင်း ဖြစ်ပါတယ်။

စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက ဒီလို စျာန်ချမ်းသာ ဝိပဿနာ ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာထူး ချမ်းသာမြတ်ကြီးတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်တဲ့ သူတော်ကောင်းကြီး တစ်ဦး ဖြစ်ပါတယ်။

ခုပြောနေတဲ့ နိဂဏ္ဌနာဋပုတ္တသုတ္တန်မှာ သုခ ဒုက္ခ သောမနဿ ဒေါမနဿတို့မှ ကင်းဝေးနေတဲ့ အဒုက္ခမသုခ အမည်ရတဲ့ ဥပေက္ခာဝေဒနာ နှင့် ယှဉ်နေတဲ့, တတြမဇ္ဈတ္တုပေက္ခာဆိုတဲ့ သမထအာရုံနိမိတ်ပေါ်မှာ ဘာဝနာ စိတ်ကို ကြောင့်ကြမှု တောင့်တမှု မရှိဘဲ အညီအမျှ ကောင်းစွာ ထားနိုင်တဲ့ ဥပေက္ခာကြောင့် ဖြစ်ပေါ်လာတဲ့ အဘက်ဘက်မှစင်ကြယ်နေတဲ့ သတိ ရှိနေ တဲ့ စတုတ္ထစျာန်ကို သူဟာ အလိုရှိသလောက် ကောင်းကောင်း ဝင်စားပြီး နေနိုင်ကြောင်းကို တင်ပြလိုက်တယ်။

ဒီလို စျာန်တွေကို အလိုရှိသလောက် အချိန်ကာလပတ်လုံး ဝင်စားနိုင်တဲ့ အတွက်ကြောင့် သူက ရဲရဲဝံ့ဝံ့နှင့် နိဂဏ္ဌနာဋပုတ္တကြီးကို ဆက်ပြီး လျှောက် ထားတယ်။

န သော ခွါဟံ ဘန္တေ ဧဝံ ဇာနန္တော ဧဝံ ပဿန္တော ကဿ အညဿ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ သဒ္ဓါယ ဂမိဿာမိ အတ္ထိ အဝိတက္ကော အဝိစာရော သမာဓိ၊ အတ္ထိ ဝိတက္ကဝိစာရာနံ နိရောဓောတိ။

အဲဒီလို ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တွေကို အလို ရှိသလို ဝင်စားနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတဲ့အတွက်ကြောင့် တပည့် တော်ဟာ ဝိတက် ဝိစာရ မရှိတဲ့ သမာဓိတစ်မျိုး ရှိပါတယ်၊ ဝိတက် ဝိစာရ ချုပ်နေတဲ့ သမာဓိတစ်မျိုးရှိပါတယ်ဆိုတဲ့ ဒီလို ယုံကြည်ချက် သဒ္ဓါတရားဖြင့် ဘယ်လို သမဏ ဗြာဟ္မဏတွေကို တပည့်တော် သွားပြီး ချဉ်းကပ်နေဖို့ လိုသေးသလဲ? --

မိမိကိုယ်တိုင်က ဝိတက် ဝိစာရ ချုပ်ရာဖြစ်တဲ့ ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဆိုတဲ့ ဒီစျာန်တွေကို အချိန်မရွေး ဝင်စားလို့ ရနိုင်တယ်။ အဲဒီလို ဝင်စားလို့ရနိုင်တဲ့ အသိထူး ဉာဏ်ထူးရှိနေတဲ့ တပည့်တော်က ဝိတက် ဝိစာရ မရှိတဲ့ ဝိတက် ဝိစာရ ချုပ်တဲ့ စျာန်သမာဓိတစ်မျိုးရှိပါတယ်ဆိုတဲ့ ယုံကြည် ချက်လေးတစ်ခုကို ဦးတည်ပြီးတော့ ဘယ်လို သမဏ ဗြာဟ္မဏတွေကို သွား ပြီးတော့ ကိုးကွယ်ဆည်းကပ်နေဖို့ လိုသေးသလဲ ...

အဲဒီလို ပြန်ပြီးဖြေတာ။ ဒီတော့ ကိုယ်ကိုယ်တိုင်သိနေတဲ့အတွက် ဒီလို ယုံကြည်ချက်နှင့် ဆည်းကပ်နေတာ မဟုတ်ပါဘူးလို့ သူက ပြန်ပြီးတော့ ဖြေ လိုက်တယ်။ အဲဒီလို ဖြေလိုက်တဲ့အချိန်အခါကျတော့မှ နိဂဏ္ဌကြီးက ဘာ ပြန်ပြောသလဲ? --

ဣဒံ ဘဝန္တော ပဿန္တု၊ ယာဝ အနုဇုကော စာယံ စိတ္တော ဂဟပတိ၊ ယာဝ သဌော စာယံ စိတ္တော ဂဟပတိ၊ ယာဝ မာယာဝီ စာယံ စိတ္တော ဂဟပတိ။

အချင်းတို့ ...ဒီစိတ္တသူကြွယ်ကို ကြည့်ကြစမ်း! ဒီစိတ္တသူကြွယ်ကြီးဟာ တယ်မဖြောင့်မတ်တဲ့ အကောင်ကြီးပဲ! တယ်ကောက်ကျစ်စဉ်းလဲတဲ့ အကောင်ကြီးပဲ! တယ်လှည့်ပတ်တတ်တဲ့ အကောင်ကြီးပဲ! --

ဒီလို ပြောပြန်ပြီ။ ဒီလို ပြောတော့ စိတ္တသူကြွယ် ဒါယကာကြီးကလည်း မညံ့ပါဘူး။

အရှင်ဘုရား ... ခုနကပဲ တပည့်တော်ကို အရှင်ဘုရားက အလွန် ဖြောင့်မတ်တယ် ရိုးသားတယ်လို့ ပြောတယ်။ ခုတစ်ခါ ကောက်ကျစ်တယ် စဉ်းလဲတယ်လို့ ပြန်ပြောပြန်တယ်။ အရှင်ဘုရားရဲ့ ရှေ့စကားသည် မှန်လျှင် နောက်စကားက မှားရမယ်၊ နောက်စကားက မှန်လျှင်လည်း ရှေ့စကားက မှားရမယ်၊ ဒါပေမဲ့ အရှင်ဘုရားကို ပြဿနာတွေ မေးခဲ့မယ်။

ဧကော ပေဥှာ၊ ဧကော ဥဒ္ဒေသော၊ ဧကံ ဝေယျာကရဏံ ...

စသည်ဖြင့် ဆယ်ခုအထိ မေးပါတယ်။

ပြဿနာက တစ်ခု၊ အကျဉ်းချုပ် ညွှန်ကြားချက်က တစ်ခု၊ အဖြေက တစ်ခု။ အဲဒါက ဘာလဲ? မေးကြည့်တယ်။

နှစ်ခု သုံးခု လေးခု ငါးခု ခြောက်ခု ခုနစ်ခု ရှစ်ခု ကိုးခု ဆယ်ခု စသည်ဖြင့် အကုန်လုံး အစဉ်အတိုင်း မေးလိုက်တယ်။ နိဂဏ္ဌကြီး တစ်ခုမှ ဖြေဆိုနိုင်တဲ့ စွမ်းအား မရှိဘူး။

တရားနှင့် ပတ်သက်လာလို့ရှိလျှင် သူက တခြားတခြား ဝါဒသမားတွေ နှင့် ယှဉ်ပြိုင်မယ်ဆိုလို့ရှိလျှင် ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအားတွေ သူ့မှာ ရှိနေတယ်။ ဘာကြောင့်လဲ?

သူကိုယ်တိုင်က ပိဋကတ်သုံးပုံကို တုန်လှုပ်ချောက်ချားနိုင်တဲ့ စွမ်းအား တွေ ရှိတယ်၊ ဒါက သင်သိဘက်က။ ကျင့်သိဘက်က ကြည့်လို့ရှိလျှင်လည်း အနာဂါမိမဂ်ဉာဏ်-ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စီးဖြန်းထားနိုင်တယ်၊ နိရောဓသမာပတ်ဆိုက်သည့်တိုင် အောင် ဝင်စားနိုင်တဲ့စွမ်းအား ဉာဏ်အမြင်တွေ ရှိနေတယ်။

နောက်တစ်ခု - (၉)ခုမြောက် သုတ္တန်လေးတစ်ခု (သံ၊၂၊၄၈၉-၄၉၀။) ..

အစေလကဿပသုတ္တန်လို့ ခေါ်ပါတယ်။


အခန်း (၁၄)

အစေလကဿပသုတ္တန်

အစေလ ကဿပဆိုတာကတော့ အဝတ်မဝတ်တဲ့ တက္ကတွန်းကြီးတစ်ဦး ဖြစ်တယ်။ အဲဒီ အစေလ ကဿပကြီးကတော့ ဟို .. လူ့ဘဝ လူဖြစ်စဉ် အချိန်အခါတုန်းက စိတ္တသူကြွယ်ရဲ့ ငယ်ပေါင်းတွေ ဖြစ်ကြတယ်၊ မိတ်ဆွေ ဟောင်းတွေပဲ။

အဲဒီ မိတ်ဆွေဟောင်း ဖြစ်တဲ့ အစေလ ကဿပကြီးက မစ္ဆိကာသဏ္ဍမြို့ ကို တစ်ချိန်မှာ ပြန်ပြီး ဆိုက်ရောက်လာတယ်။

ဆိုက်ရောက်လာတဲ့ အချိန်အခါမှာ သူ့မိတ်ဆွေဟောင်းကြီး လာပြီဆို တာနှင့် ဒီတက္ကတွန်းကြီးနှင့် သွားတွေ့ဆုံပြီး ပြောဆိုနှုတ်ဆက်ပြီးတဲ့အခါမှာ စိတ္တသူကြွယ် ဒါယကာကြီးက ဘာမေးသလဲ? --

အရှင်ဘုရား ...ဒီတက္ကတွန်းအဝတ်ဖြင့် သာသနာတော်မှာ ဝင်ရောက် ပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတာ နှစ်ပေါင်း ဘယ်လောက် ကြာပြီလဲလို့ မေးလိုက်တော့ - နှစ်ပေါင်း သုံးဆယ်ရှိပြီကွဲ့လို့ ပြန်ပြီးတော့ အဖြေပေးတယ်။ အဲဒီအခါမှာ စိတ္တသူကြွယ်က ထပ်ပြီး မေးပြန်တယ်။ --

ဣမေဟိ ပန တေ ဘန္တေ တိံသမတ္တေဟိ ဝေဿဟိ အတ္ထိ ကောစိ ဥတ္တရိ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော။ (သံ၊၂၊၄၈၉။)

အရှင်ဘုရား ... နှစ်ပေါင်းသုံးဆယ်အတွင်းမှာ ဥတ္တရိမနုဿဓမ္မလို့ ခေါ်ဆိုအပ်တဲ့ လူတို့ရဲ့ သာမန် ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်ကဲမြင့်မြတ်နေတဲ့ အရိယာအဖြစ်ကို ပြုလုပ်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ဉာဏ်အမြင်ထူးတွေ ရရှိပြီး ချမ်းချမ်းသာသာ နေထိုင်ရပါသလား ဆိုပြီး တော့ ဒီမေးခွန်းကို မေးကြည့်တယ်။

မေးလိုက်တဲ့ အချိန်အခါကျတော့ ခုနက အစေလ ကဿပကြီးက ဘာပြန်ဖြေသလဲ? --

ဣမေဟိ ခေါ မေ ဂဟပတိ တိံသမတ္တေဟိ ဝေဿဟိ ပဗ္ဗဇိတဿ နတ္ထိ ကောစိ ဥတ္တရိ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော၊

ဂဟပတိ = ဒါယကာကြီး ...။ ဣမေဟိ ခေါ တိံသမတ္တေဟိ ဝေဿဟိ = ဤ အနှစ်သုံးဆယ်တို့ ကာလပတ်လုံး။ ပဗ္ဗဇိတဿ = ရှင်ရဟန်း ပြုလျက် ရှိသော။ မေ = ငါ့အား။ ကောစိ = တစ်စုံတစ်ခုသော။ ဥတ္တရိ မနုဿဓမ္မာ = လူတို့ရဲ့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် သာလွန်မြင့်မြတ်သော။ အလမရိယဉာဏဒဿနဝိသေသော = အရိယာပုဂ္ဂိုလ်တို့ရဲ့ ဉာဏ်အမြင်ထူး ကို။ အဓိဂတော = ရရှိသည်ဖြစ်၍။ ဖာသုဝိဟာရော = ချမ်းချမ်းသာသာ နေထိုင်ရခြင်း သဘောတရားမည်သည်။ နတ္ထိ = မရှိခဲ့ပါ။ --

အညတြ နဂ္ဂေယျာ စ မုဏ္ဍေယျာ စ ပါဝဠနိပ္ဖေါဋနာယ စ။

အဝတ် မဝတ်ခြင်း, ခေါင်းတုံး တုံးခြင်း, ထိုင်လိုက်တဲ့အခါမှာ မတ်တပ် ထလို့ရှိလျှင် ဖင်မှာ ကပ်နေတဲ့ ဖုန်လေးကို ခါဖို့ရန်အတွက် ဒေါင်းမြီးလေးကို ကိုင်ဆောင်ရခြင်းဆိုတဲ့ အဲဒီလို ရရှိတဲ့ အကျိုးသုံးခုက လွဲပြီး နှစ်ပေါင်း သုံးဆယ်အတွင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ လူတို့ရဲ့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် သာလွန်မြင့်မြတ်နေတဲ့ အရိယာ အဖြစ်ကို ပြုလုပ်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ဉာဏ်အမြင်ထူးတွေ တစ်ခုမှ မရရှိခဲ့ပါဘူး၊ ချမ်းသာကြောင်း ချမ်းသာစွာ နေထိုင်ရခြင်းရဲ့ အကြောင်းဖြစ်တဲ့ တရားထူး တရားမြတ်ကိုလည်း တစ်ခုမှ မရရှိခဲ့ပါဘူး ဆိုပြီးတော့ ပြန်အဖြေ ပေးတယ်။

ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ... စဉ်းစားကြည့်စမ်းနော်။ အဝတ်မဝတ်ဘဲနှင့် အပြင်းအထန် နှစ်ပေါင်း သုံးဆယ်လောက် ကျင့်တာ။ အဲဒီကျင့်လိုက်တာမှာ သူရတဲ့ အကျိုးတရားကလေးက အဝတ်မဝတ်တာ တစ်ခု၊ ခေါင်းတုံး တုံးနေတာ တစ်ခု၊ ထလိုက်တဲ့အခါမှာ ဖင်မှာကပ်နေတဲ့ ဖုန်လေးကို သုတ်ဖို့ရန် ခါဖို့ရန်အတွက် ဒေါင်းမြီးကလေးတစ်ခုကို ကိုင်တွယ် ရခြင်းက တစ်ခု - ဒီသုံးခုဆိုတဲ့ အကျိုးလောက်ပဲ ရတယ်။

ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ဒီအထဲ ရှိချင်လည်းရှိမယ်၊ အနှစ် သုံးဆယ်လောက် တရားအားထုတ်လို့ အဲဒီအကျိုးသုံးခုပဲ ရမယ်ဆိုလို့ရှိလျှင် တော့ တွက်ပုံကိုက်ပါ့မလား? မကိုက်ဘူး။

ဒီတော့ ဖင်မှာ ပေနေတဲ့ ဖုန်လေးကို ခါထုတ်လို့ရရုံလောက် အကျိုးပဲ ရှိတယ် ဆိုလို့ရှိလျှင်တော့ ဒီအကျိုးမျိုး ဒီလုပ်ငန်းမျိုးကို ဆက်ပြီး လုပ်ဖို့ ကောင်းပါ့မလား? မကောင်းတော့ဘူးနော်။

ကဲ ဒါယကာကြီးကိုလည်း ပြန်မေးဦးမယ်၊ ဒါယကာကြီးလည်း ဘုရား ရှင်ဂေါတမရဲ့သာသနာတော်မှာ ဝင်ရောက်ပြီး တရားဓမ္မတွေ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်တာ နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲလို့ မေးတော့ သူကလည်း အနှစ်သုံးဆယ်ရှိပြီ ဖြစ်ကြောင်းကို အဖြေပေးတယ်။ ကဲ အဲဒီအနှစ်သုံးဆယ် အတွင်းမှာနော် ..၊ သူက ဆက်ပြီးတော့ မေးတယ်။

ဣမေဟိ ပန တေ ဂဟပတိ တိံသမတ္တေဟိ ဝေဿဟိ အတ္ထိ ကောစိ ဥတ္တရိ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော။

ဒီအနှစ်သုံးဆယ် သာသနာတော်မှာ ဝင်ရောက်ပြီး တရားဓမ္မတွေ ကျင့် လိုက်လို့ ကျင့်လိုက်တဲ့အတွက်ကြောင့် လူတို့ရဲ့ သာမန် ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် သာလွန် မြင့်မြတ်နေတဲ့ အရိယာတို့ရဲ့ ဉာဏ်အမြင် တို့ကို ရရှိပြီးတဲ့အခါ ချမ်းချမ်းသာသာ နေထိုင်နိုင်ခြင်းရဲ့ အကြောင်းတရား ကလေးတွေကို ရရှိပါသလား၊ ချမ်းချမ်းသာသာ နေထိုင်နိုင်ရဲ့လားလို့ မေး ကြည့်တယ်။ မေးကြည့်လိုက်တဲ့ အခါကျတော့မှ ဘာပြန်ဖြေသလဲ။ --

ဂိဟိနောပိ သိယာ ဘန္တေ၊ အဟဥှိ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။ အဟဥှိ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ ဝိတက္ကဝိစာရာနံ ဝူပသမာ။ ပ ။ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။ အဟဥှိ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ ပီတိယာ စ ဝိရာဂါ။ ပ ။ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။ အဟဥှိ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ သုခဿ စ ပဟာနာ။ ပ ။ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။

တပည့်တော်ဟာ လူသာမန် ဒါယကာတစ်ဦး ဖြစ်ပါတယ်။ တပည့်တော် ဘယ်လောက် အလိုရှိသလဲ၊ အလိုရှိသလောက် ပထမစျာန်ကို ဝင်စားပြီး နေထိုင်နိုင်တယ်၊ အလိုရှိသလောက် ဒုတိယစျာန်ကို ဝင်စားပြီး နေထိုင်နိုင် တယ်၊ အလိုရှိသလောက် တတိယစျာန်ကို ဝင်စားပြီး နေထိုင်နိုင်တယ်၊ အလို ရှိသလောက် စတုတ္ထစျာန်ကို ဝင်စားပြီး နေထိုင်နိုင်ပါတယ်တဲ့။ နောက် တစ်ခု သူက ဘာဆက်လျှောက်ထားသလဲ?

သစေ ခေါ ပနာဟံ ဘန္တေ ဘဂဝတော ပဌမတရံ ကာလံ ကရေယျံ၊ အနစ္ဆရိယံ ခေါ ပနေတံ ယံ မံ ဘဂဝါ ဧဝံ ဗျာကရေယျ နတ္ထိ တံ သံယောဇနံ ယေန သံယောဇနေန သံယုတ္တော စိတ္တော ဂဟပတိ ပုန ဣမံ လောကံ အာဂစ္ဆေယျ။

ဘန္တေ = အရှင်ဘုရား ...။ အဟံ = တပည့်တော်သည်။ ဘဂဝတော = ဘုရားရှင်ထက်။ ပဌမတရံ = ရှေးဦးစွာ။ သစေ = အကယ်၍။ ကာလံ ကရေယျံ = ကွယ်လွန်ခဲ့သည်ဖြစ်အံ့။ --

[ဘုရားရှင်နှင့် တပည့်တော် နှစ်ဦး၊ တပည့်တော်က ဘုရားရှင်ထက် စောပြီးတော့ ဘဝတစ်ခု အဆုံးသတ်ပြီး အရင် ကွယ်လွန်သွားခဲ့မယ်ဆိုလို့ ရှိလျှင်နော်။]

ယေန သံယောဇနေန = အကြင် သံယောဇဉ်ကြောင့်။ သံယုတ္တော = ယှဉ်တွဲ၍ နေသည်ဖြစ်၍။ စိတ္တော ဂဟပတိ = စိတ္တသူကြွယ်သည်။ ပုန = နောက်ထပ်တစ်ဖန်။ ဣမံ လောကံ = ဤ ကာမ (၁၁)ဘုံဟု ခေါ်ဆိုအပ်သော လောကသို့။ အာဂစ္ဆေယျ = ပြန်လာလေရာ၏။ တံ သံယောဇနံ = ထိုကဲ့သို့ ကာမဘုံသို့ ပြန်လာကြောင်းဖြစ်တဲ့ သံယောဇဉ်တရားမျိုးသည်။ နတ္ထိ = မရှိ သည်သာလျှင်တည်း။ ဧဝံ = ဤသို့လျှင်။ ယံ မံ = အကြင် စကားကို။ဘဂဝါ = မြတ်စွာဘုရားသည်။ ဗျာကရေယျ = ပြောဆိုလေရာ၏။ ဧတံ = ဤကဲ့သို့ ပြောဆိုတဲ့ စကားမျိုးသည်။ အနစ္ဆရိယံ = မအံ့ဩလောက်သည် သာလျှင် ဖြစ်ပေ၏။

အရှင်ဘုရား ...တပည့်တော်နှင့် ဘုရားရှင် နှစ်ဦးရှိတယ်။ တပည့်တော် က အရင် ကွယ်လွန်သွားခဲ့မယ်ဆိုလို့ရှိလျှင် ဘုရားရှင်ကနေ တပည့်တော် အကြောင်းကို ပြောတော်မူလိမ့်မယ် - စိတ္တသူကြွယ်ဒါယကာကြီးရဲ့ သန္တာန်မှာ ဒီကာမဘုံသို့ နောက်တစ်ဖန် ပြန်လာစေတတ်တဲ့ သံယောဇဉ် ကြိုးတွေ မရှိတော့ဘူး - ဆိုပြီးတော့ ဒီလို ပြောတော်မူလိမ့်မယ်။ အဲဒီ ပြောကြားတော်မူချက်သည် အံ့ဩလောက်တဲ့ အကြောင်းအရာမျိုး မဟုတ် ပါဘူး။ ဘာကို ဆိုလိုတာလဲ? --

ဘုရားရှင်ရဲ့ ဒီလို ပြောကြားတော်မူချက်က မအံ့ဩလောက်ပါဘူး။ တပည့်တော်က အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ် ရသည့်တိုင်အောင် ကာမဘုံ သို့ လာကြောင်းဖြစ်တဲ့ သံယောဇဉ်တွေကို ကုန်ခန်းအောင်ကျင့်တဲ့ ကျင့်စဉ် ကသာလျှင် သာလွန်ပြီးတော့ အံ့ဩလောက်ပါတယ်လို့ ဒီလို ပြန်ပြီးတော့ ဖြေတယ်။ အဲဒီအခါကျတော့မှ ...

အစ္ဆရိယံ ဝတ ဘော၊ အဗ္ဘုတံ ဝတ ဘော၊ ဓမ္မဿ သွာက္ခာတတာ၊ ယတြ ဟိ နာမ ဂိဟီ ဩဒါတဝသနော ဧဝရူပံ ဥတ္တရိ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ အဓိဂမိဿတိ ဖာသုဝိဟာရံ။

ဩော် .. သိပ်အံ့ဩဖို့ ကောင်းပါလား၊ အင်မတန် အံ့ဩဖွယ် ကောင်း တယ်၊ မဖြစ်စဖူး အဦးအသစ် ဖြစ်ပါပေတယ်။ လူသာမန် ဒါယကာတစ်ဦး ဖြစ်ပေမဲ့လို့ ဒီလောက်တောင် ကိုးကွယ်အားထားရာဖြစ်တဲ့ လူတို့ရဲ့ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် သာလွန် မြင့်မြတ်နေတဲ့ အရိယာဖြစ်ဖို့ရန် ဉာဏ်အမြင်ထူးတွေကို ရရှိစေနိုင်တဲ့ ချမ်းချမ်းသာသာ နေထိုင်ခြင်းရဲ့ အကြောင်းဖြစ်တဲ့ တရားထူး တရားမြတ်တွေကို ရရှိနိုင်ပါပေတယ်။ ဒီလို ရရှိနိုင်ခြင်းဟာ အလွန့်အလွန် အံ့ဩဖွယ်ကောင်းပါပေတယ် ဆိုပြီးတော့ အစေလ ကဿပကြီးက ချီးမွမ်းစကား ပြောကြားတယ်။ ပြောကြားပြီးတော့ ဘာလုပ်သလဲ? --

လဘေယျာဟံ ဂဟပတိ ဣမသ္မိံ ဓမ္မဝိနယေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒံ။

ဒါယကာကြီး ... ဤဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ကျွန်ုပ် ရှင်ရဟန်း ပြုချင်တယ်၊ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါတယ် ဆိုပြီးတော့ တောင်းပန်တယ်။

အဲဒီအခါကျတော့မှ သူ့ရဲ့မိတ်ဆွေ ဖြစ်တဲ့ ဒီ အစေလ ကဿပကြီးကို အမ္ဗာဋကာရာမ ကျောင်းတိုက်ကို ခေါ်ဆောင်၊ ခေါ်ဆောင်ပြီးတဲ့ အချိန် အခါကျတော့မှ မထေရ်ကြီးတွေထံ အပ်နှံပြီးတော့ ရှင်ရဟန်း ပြုပေးပါရန် လျှောက်ထားတောင်းပန်တယ်။ မထေရ်ကြီးတွေကလည်း ရှင်ရဟန်း ပြုပေး တော်မူကြပါတယ်။

ရှင်ရဟန်းပြု၍မကြာမီ တစ်ပါးတည်း ဆိပ်ငြိမ်ရာအရပ် ချဉ်းကပ်ပြီးတော့ နိဗ္ဗာန်ကို စေလွှတ်တဲ့ စိတ်ထားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် လိုက်တာ အရှင် (အစေလ) ကဿပ မထေရ်ကြီးသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်သွားတယ်။ အားရစရာ မကောင်းဘူးလား? သိပ် ကောင်းပါတယ်။

ဒါက စိတ္တသူကြွယ်ဒါယကာကြီး ဓမ္မကထိကအရာမှာ ဧတဒဂ် ရဖို့ရန် အကြောင်း, ဓမ္မာဘိရတ - တရားတော်၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက် နေတဲ့ သူတော်ကောင်းဖြစ်ဖို့ရန် အကြောင်းဖြစ်တဲ့ သုတ္တန်ကလေးတွေ ဖြစ် ကြပါတယ်။

ကဲ စိတ္တသံယုတ်ရဲ့ (၁၀)ခုမြောက် သုတ္တန် (သံ၊၂၊၄၉၁-၄၉၂။) ဖြစ်တဲ့ ခေါင်ဆုံး ပြည်တည်ခဲ့တဲ့ သုတ္တန်ကို ပြန်ပြီး ဆက်စပ်ကြည့်ရအောင် ..။ ဂိလာနဒဿနသုတ္တန်နော် ...။


အခန်း (၁၅)

ဂိလာနဒဿနသုတ္တန်နောက်ပိုင်း

ရှေ့မှာ ဟောကြားခဲ့ပြီးတာတွေကတော့ စိတ္တသူကြွယ် ဒါယကာကြီးမှာ ကိုယ်ကျင့်သီလလည်း ပြည့်စုံပုံ, ကလျာဏဓမ္မ ခေါ်တဲ့ ကောင်းသော တရား ဓမ္မတွေနှင့်လည်း ပြည့်စုံပုံတွေပဲ။ အဲဒီလို ပြည့်စုံနေတဲ့အတွက် ...,

တစ်နေ့ ... ဒီ စိတ္တသူကြွယ် ဒါယကာကြီး သေရာညောင်စောင်း လျောင်းစက်ရပြီ။ စိတ္တသူကြွယ် ဒါယကာကြီး သေရာညောင်စောင်း လျောင်း စက်တဲ့ အချိန်အခါမှာ အဲဒီလို ပြည့်စုံနေတာကို တွေ့တဲ့အတွက် နတ်တွေက စုပေါင်းပြီးတော့ နောင်အနာဂတ်ကာလမှာ စကြဝတေးမင်း ဖြစ်ရပါလို၏ ဆိုတဲ့ ဒီစိတ်ထားလေးတစ်ခု တောင့်တစမ်းပါ ဆိုပြီးတော့ ဝိုင်းတိုက်တွန်း ကြတယ်။ ဘာဖြစ်လို့ ဘယ်အကျိုးထူးကို မြင်လို့ တောင့်တခိုင်းသလဲ? --

အယံ ခေါ စိတ္တော ဂဟပတိ သီလဝါ ကလျာဏဓမ္မော၊ သစေ ပဏိဒဟိဿတိ အနာဂတမဒ္ဓါနံ ရာဇာ အဿံ စက္ကဝတ္တီ တိ၊ တဿ ခေါ အယံ ဣဇ္ဈိဿတိ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ ဓမ္မိကော ဓမ္မိကံ ဖလံ အနုပဿတိ။

အယံ ခေါ စိတ္တော ဂဟပတိ = ဤစိတ္တသူကြွယ် ကျောင်းဒါယကာ ကြီးသည်ကား။ သီလဝါ = ကိုယ်ကျင့်သီလနှင့် ပြည့်စုံ၏။ ကလျာဏဓမ္မော = ကောင်းသော တရားဓမ္မနှင့် ပြည့်စုံ၏။

ဘယ်လောက်တောင် ကောင်းတဲ့ တရားဓမ္မတွေနှင့် သူ့မှာ ပြည့်စုံနေ သလဲ? ဒါကို နာကြားကြပြီးပြီ။

အဟံ = ငါသည်။ အနာဂတမဒ္ဓါနံ = နောင်အနာဂတ်ကာလ၌။ ရာဇာ စက္ကဝတ္တိ = စကြဝတေးမင်းကြီးသည်။ အဿံ = ဖြစ်ရလို၏။ ဣတိ = ဤသို့လျှင်။ သစေ ပဏိဒဟိဿတိ = အကယ်၍ တောင့်တခဲ့သည် ဖြစ်အံ့။ သီလဝတော = သီလရှိ၍နေသော။ တဿ = ထိုစိတ္တသူကြွယ် ဒါယကာကြီး၏။ အယံ စေတောပဏိဓိ = ဤ စိတ်ရဲ့ တောင့်တချက်သည်။ ဝိသုဒ္ဓတ္တာ = သီလစင်ကြယ်နေသည့် အတွက်ကြောင့်။ ဣဇ္ဈိဿတိ = မချွတ်ဧကန် ပြည့်စုံပေလိမ့်မည်။

စိတ္တသူကြွယ် ဒါယကာကြီးက ကိုယ်ကျင့်သီလပြည့်စုံတဲ့ သူတော်ကောင်း ကြီးလည်းဖြစ်တယ်။ ကလျာဏဓမ္မ ခေါ်တဲ့ အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ် တိုင်အောင် ကောင်းသော တရားဓမ္မတွေနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်း ကြီးလည်း ဖြစ်တယ်။

ဒါကြောင့် နောင်အနာဂတ်ကာလ၌ အကယ်၍ စကြဝတေးမင်းကြီး ဖြစ် ချင်တယ်ဆိုတဲ့ ဒီစိတ်ကလေးကိုသာ တစ်ချက်လောက် တောင့်တလိုက်ပါ။

တောင့်တလို့ရှိလျှင် သီလစင်ကြယ်နေတဲ့ စိတ္တသူကြွယ် ဒါယကာကြီးအဖို့ သီလစင်ကြယ်နေတဲ့ အတွက်ကြောင့် စိတ်ရဲ့ တောင့်တချက် ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံပါလိမ့်မယ်။ ဒီလို နတ်တွေက မြင်တဲ့အတွက် ဒီအကျိုး ထူးကို မြင်ပြီးတော့ နတ်တွေက လာတိုက်တွန်းနေတယ်။

ဓမ္မိကော = တရားရှိတဲ့ ပုဂ္ဂိုလ်သည်။ ဓမ္မိကံ ဖလံ = တရားနှင့် လျော်ညီ နေတဲ့ အကျိုးတရားကို။ အနုပဿတိ = အဖန်ဖန် အထပ်ထပ် တွေ့မြင်ရ တတ်ပေ၏။

တရားရှိနေတဲ့ ပုဂ္ဂိုလ် တရားစောင့်တဲ့ ပုဂ္ဂိုလ်ဆိုတာ တရားနှင့် လျော်ညီ နေတဲ့ အကျိုးတရားတွေကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ တွေ့ရမယ်။

ဒီသဘောတရားတွေကို မြင်တဲ့အတွက် နတ်တွေက ဝိုင်းပြီးတော့ တိုက် တွန်းကြတာ။ စကြဝတေးမင်း ဖြစ်ဖို့ရန်အတွက် သူ့အတွက် ရင်းနှီးရမည့် ဥစ္စာက ဘာလဲ? စကြဝတေးမင်း ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကလေးတစ်ခုသာ ဖြစ်တယ်။ တောင့်တလိုက်ရုံနှင့် ကိစ္စပြီးနိုင်တယ်လို့ နတ်တွေက ယူဆကြ တယ်။

ခုခေတ်မှာတော့ ဆရာမလေးဖြစ်ဖို့တောင် သိပ်မလွယ်ဘူး၊ တော်တော် ကြိုးစားရတယ် တော်တော်ကြိုးစားရတယ်၊ မူလတန်းကနေ ဘွဲ့ရသည်အထိ နှစ်ပေါင်းများစွာ မကြိုးစားရဘူးလား? ကြိုးစားရတယ်။

ခု ဒီမှာ စကြဝတေးမင်းကြီး ဖြစ်ဖို့ရန်အတွက် သူရင်းနှီးမြှုပ်နှံရမည့် လုပ် ငန်းရပ်တွေက ဘာလဲ? စိတ်ကလေးတစ်ခုပဲ။ စိတ်ကသာ စကြဝတေးမင်းကြီး ဖြစ်ချင်တယ်ဆိုလျှင် ကျိန်းသေဧကန် ဖြစ်ကိုဖြစ်တော့မယ်။ ဘာ့ကြောင့်လဲ?

သီလဝါ = ကိုယ်ကျင့်သီလ ရှိတယ်။ ကလျာဏဓမ္မ = ကောင်းသော တရားဓမ္မတွေနှင့် ပြည့်စုံနေတယ်။

ဒါကြောင့် - ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ တစ်တွေလည်းပဲ ကိုယ်ကျင့်သီလတွေနှင့် ပြည့်စုံမယ်ဆိုလျှင် ကလျာဏဓမ္မ ခေါ်တဲ့ ကောင်းသော တရားဓမ္မတွေနှင့်သာ ပြည့်စုံကြမယ်ဆိုလျှင် စိတ်ရဲ့ တောင့်တချက် ဟူသမျှသည် မချွတ်ဧကန် မပြည့်စုံနိုင်ဘူးလား? ပြည့်စုံ နိုင်ပါတယ်။

ဒီနေရာမှာ ခုလို လာတိုက်တွန်းတဲ့ နတ်တွေက စိတ္တသူကြွယ် ဒါယကာ ကြီးဟာ သီလရှိတယ်၊ ကောင်းတဲ့ တရားဓမ္မတွေနှင့် ပြည့်စုံတယ်ဆိုတာ လောက်ကိုတော့ သိကြပါတယ်။ စိတ္တသူကြွယ် ဒါယကာကြီးဟာ အနာဂါမ် သူတော်ကောင်းကြီး ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ဒီနတ်တွေက သဘော ပေါက်ပုံတော့ မရဘူး။ စိတ္တသူကြွယ် ဒါယကာကြီးကသာ သူ့ကိုယ်သူ သိ နေခြင်း ဖြစ်တယ်။

ဒီလို အနာဂါမ် ဖြစ်နေမှန်း မသိကြလို့သာ စကြဝတေးမင်းကြီး ဖြစ်ဖို့ရန် စိတ်ကို ဆောက်တည်ခိုင်းနေကြခြင်း ဖြစ်တယ်။

နောက်တစ်ခုက အနာဂါမ်ပုဂ္ဂိုလ်တွေဟာ ကွယ်လွန်ပြီးနောက် ကာမ ဘုံကို နောက်ထပ် ပဋိသန္ဓေအားဖြင့် ပြန်လာမှု လူပြန်ဖြစ်မှု လူ့ပြည်မှာ စကြဝတေးမင်းဆိုတဲ့ လူသားဖြစ်မှုတွေဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကိုလည်း ဒီနတ်တွေက သဘောပေါက်ကြပုံ မပေါ်ဘူး။

ဒါကြောင့် ဒီလို စကြဝတေးမင်းကြီးဖြစ်ဖို့ရန် စိတ်ကို ဆောက်တည် ခိုင်းကြခြင်း ဖြစ်တယ်။

ဒီလို နတ်တွေက တိုက်တွန်းနေတဲ့ စကားသံကို ဘေးမှာ ပြုစုနေကြတဲ့ ဆွေမျိုးသားချင်းတွေက မကြားကြရဘူး။ စိတ္တသူကြွယ်ကြီး တစ်ဦးကသာ ကြားနေရပါတယ်။ ဒါကြောင့် စိတ္တသူကြွယ်ကို ဘေးမှာ ပြုစုနေကြတဲ့ ဆွေမျိုး သားချင်းတွေက ရှေးကပြောခဲ့တဲ့ မေးခွန်းတွေကို မေးနေကြခြင်း ဖြစ်တယ်၊ စိတ္တသူကြွယ်ကလည်း အဖြေတွေ ပေးနေခြင်း ဖြစ်ပါတယ်။ သူရဲ့ နောက်ဆုံး အဖြေကတော့ ...

ဒီ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးဟာ ကိုယ်ကျင့်သီလနှင့် ပြည့်စုံတဲ့ သူတော်ကောင်းကြီး ဖြစ်တယ်။ တရားဓမ္မကို လက်တွေ့ ကျင့်သုံးနေပြီး ကောင်းသော တရားဓမ္မနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းကြီး ဖြစ်တယ်။ အကယ်၍သာ ဒီစိတ္တသူကြွယ်ဟာ နောင်အနာဂတ်ကာလ၌ စကြဝတေး မင်းကြီး ဖြစ်ရပါလို၏ လို့ ဒီလိုသာ စိတ်က တောင့်တလိုက်မယ်ဆိုလျှင် သူ့ရဲ့ တောင့်တချက်ဟူသမျှဟာ မချွတ်ဧကန် ပြီးစီး ပြည့်စုံပေလိမ့်မယ်။ ဘာကြောင့်လဲ? -- သီလတွေ စင်ကြယ်နေတဲ့ အတွက်ကြောင့် သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ရဲ့တောင့်တချက်ဟူသမျှဟာ မချွတ်ဧကန် ပြီးစီး ပြည့်စုံလိမ့် မယ်။ တရားရှိတဲ့ပုဂ္ဂိုလ် တရားကျင့်တဲ့ပုဂ္ဂိုလ်ဆိုတာ တရားနှင့် လျော်ညီ နေတဲ့ အကျိုးတရားတွေကို အဖန်ဖန် တွေ့မြင်နေရတတ်ပါတယ် - လို့

ဒီလို သိနေတဲ့အတွက် နတ်တွေက စကြဝတေးမင်းကြီး ဖြစ်ဖို့ရန် စိတ်ဓာတ်ကို ဆောက်တည်လိုက်ဖို့ တိုက်တွန်းနေကြခြင်း ဖြစ်တဲ့အကြောင်း ကို သေရာညောင်စောင်း လျောင်းစက်နေတဲ့ စိတ္တသူကြွယ် ကျောင်းဒါယကာ ကြီးက ဆွေမျိုးသားချင်းတွေကို ရှင်းပြလိုက်ပါတယ်။

အဲဒီအခါကျတော့မှ သေခါနီး ဘေးဝိုင်းထိုင်နေတဲ့ ဆွေမျိုးသားချင်း တွေက ဘာလုပ်သလဲ? ကဲ ဒီလိုဆိုလို့ရှိလျှင် ကျွန်တော်တို့ကိုလည်း အဆုံး အမ ဩဝါဒ ပေးသွားပါဦးဆိုပြီးတော့ ဝိုင်းပြီးတောင်းပန်ကြတယ်။ အဲဒီ အခါကျတော့မှ ...

တသ္မာ ဟိ ဝေါ ဧဝံ သိက္ခိတဗ္ဗံ --

တသ္မာ = ထိုကြောင့်။ ဝေါ = သင်ဆွေမျိုးသားချင်းအပေါင်းတို့သည်။ ဧဝံ = ဤသို့။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။

ဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြစမ်းပါ - ဆိုပြီးတော့ နောက်ဆုံး သူက တရားဟောသွားတယ်။ --

ဗုဒ္ဓေ အဝေစ္စပ္ပသာဒေန သမန္နာဂတာ ဘဝိဿာမ ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါတိ။

ဗုဒ္ဓေ = ဘုရားရှင်အပေါ်၌။ အဝေစ္စပ္ပသာဒေန = မတုန်မလှုပ် သက်ဝင် ယုံကြည်နေတဲ့ သဒ္ဓါတရားနှင့်။ သမန္နာဂတာ = ပြည့်စုံကြကုန်သည်။ ဘဝိဿာမ = ဖြစ်ကြပါကုန်အံ့။ ဣတိ = ဤသို့လျှင်။ ဝေါ = သင်ဆွေမျိုးသားချင်း အပေါင်းတို့သည်။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။

ဘုရားရှင်အပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရား တို့သန္တာန်၌ ဖြစ်စေရမည်ဆိုပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ကြပါ။ ဘယ်လို ယုံကြည်ရမလဲ? --

သော ဘဂဝါ = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ ဣတိပိ ဣမိနာ စ ကာရဏေန = ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ မြတ်သော အလှူ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်းတည်းဟူသော အကြောင်း ကြောင့်လည်း။ အရဟံ = အရဟံ မည်တော်မူပါပေ၏။

သော ဘဂဝါ = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ ဣတိပိ ဣမိနာ စ ကာရဏေန = ဤသို့ သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗာန် ပညတ် တည်းဟူသော သိသင့်သိထိုက်သည့် ဉေယျဓမ်တရားငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူတတ်ခြင်း တည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ။ သမ္မာသမ္ဗုဒ္ဓေါ = သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။

သော ဘဂဝါ = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ ဣတိပိ ဣမိနာ စ ကာရဏေန = ဤသို့ ဝိဇ္ဇာ (၃)ပါး ဝိဇ္ဇာ (၈)ပါး, စရဏတရား (၁၅)ပါးနှင့် ပြည့်စုံတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ။ ဝိဇ္ဇာစရဏသမ္ပန္နော = ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။

သော ဘဂဝါ = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ ဣတိပိ ဣမိနာ စ ကာရဏေန = ဤသို့ ကောင်းသော စကားကို ဆိုတော်မူတတ် ခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ (ဝါ) ကောင်းသော နိဗ္ဗာန် သို့ ကြွသွားတော်မူတတ်ခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ။ သုဂတော = သုဂတ မည်တော်မူပါပေ၏။

သော ဘဂဝါ = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ ဣတိပိ ဣမိနာ စ ကာရဏေန = ဤသို့ သတ္တလောက သင်္ခါရလောက ဩကာသ လောကတည်းဟူသော လောကသုံးပါးကို ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက်သိမြင်တော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ။ လောကဝိဒူ = လောကဝိဒူ မည်တော်မူပါပေ၏။

သော ဘဂဝါ = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ ဣတိပိ ဣမိနာ စ ကာရဏေန = ဤသို့ မယဉ်ကျေးသည့် လူယောက်ျား နတ် ယောက်ျား တိရစ္ဆာန်ယောက်ျားတို့ကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ။ အနုတ္တရော ပုရိသဒမ္မသာရထိ = အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော် မူပါပေ၏။

သော ဘဂဝါ = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ ဣတိပိ ဣမိနာ စ ကာရဏေန = ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ။ သတ္ထာ ဒေဝမနုဿာနံ = သတ္ထာ ဒေဝမနုဿာန မည်တော်မူပါပေ၏။

သော ဘဂဝါ = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ ဣတိပိ ဣမိနာ စ ကာရဏေန = ဤသို့ မိမိကိုယ်တိုင် သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်ပြီးဖြစ်၍ သတ္တဝါတို့ကိုလည်းပဲ သစ္စာလေးရပ် တရားမြတ် ကို ထွင်းဖောက်သိမြင်စေတတ်သော ဤအကြောင်းကြောင့်လည်းပဲ။ ဗုဒ္ဓေါ = ဗုဒ္ဓ မည်တော်မူပါပေ၏။

သော ဘဂဝါ = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ ဣတိပိ ဣမိနာ စ ကာရဏေန = ဤသို့ ဣဿရိယ ဓမ္မ ယသ သိရီ ကာမ ပယတ္တမည် ဘုန်းခြောက်လီနှင့် ပြည့်စုံတော်မူခြင်းတည်းဟူသော ဤ အကြောင်းကြောင့်လည်းပဲ။ ဘဂဝါ = ဘဂဝါ မည်တော်မူပါပေ၏။

ဣတိ = ဤသို့လျှင်။ ဗုဒ္ဓေ = ဘုရားရှင်အပေါ်၌။ အဝေစ္စပ္ပသာဒေန = မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရားနှင့်။ သမန္နာဂတာ = ပြည့်စုံကြကုန်သည်။ ဘဝိဿာမ = ဖြစ်ကြပါကုန်အံ့။ ဣတိ = ဤသို့လျှင်။ ဝေါ = သင်တို့သည်။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ကြပါ။

ဘုရားရှင်ရဲ့ဂုဏ်တော်ကိုးပါးကို ယုံကြည်ရမလား မယုံကြည်ရဘူးလား? ယုံကြည်ရမယ်။ ဘယ်လို ယုံကြည်ရမလဲလို့မေးတော့ အဝေစ္စပ္ပသာဒေန - သူတစ်ပါးတို့ ဆွဲလှုပ်လို့ရှိလျှင် ဆွဲလှုပ်လို့မရတဲ့ ယုံကြည်ချက်နှင့် ယုံကြည်ပါ။

အဲဒီအထဲမှာ ဘုန်းကြီး ဗုဒ္ဓဂုဏ်တော်လေးတစ်ခုကို နည်းနည်း ထပ်ပြော မယ်။

မိမိကိုယ်တိုင် သစ္စာလေးပါးကိုလည်း သိတယ်၊ ကျွတ်ထိုက်တဲ့ သတ္တဝါ တွေကိုလည်းပဲ သစ္စာလေးရပ်တရားမြတ်ကို ထွင်းဖောက်သိစေတတ်တယ်။ဤအကြောင်းကြောင့် ဗုဒ္ဓမည်တယ်လို့ ယုံကြည်ရမယ်။

သစ္စာလေးပါးက ဘာလဲ? ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂ သစ္စာ။ ဘာက ဒုက္ခသစ္စာလဲ? ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ အနီးစပ် ဆုံးဖြစ်တဲ့ ဓမ္မစကြာသုတ် ကြည့်ပေါ့။

သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ - အကျဉ်းအချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာတရား။

ဒီဥပါဒါနက္ခန္ဓာငါးပါးက ဘာတွေလဲ? ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာ - ပေါင်းလိုက် တော့ ဘယ်နှစ်ပါးလဲ? (၅)ပါး။

စိတ်-စေတသိက်-ရုပ်တရားတွေကို ဘယ်နှစ်ပုံ ပုံထားသလဲ? ငါးပုံ ပုံထား တယ်၊ ခန္ဓာငါးပါးပဲ။ ဘာကို ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တယ်ဆိုတာ ဘုရားရှင် ကိုယ်တော်တိုင်က ခန္ဓ္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ ခန္ဓသုတ္တန် ဆိုတဲ့ အမည်နှင့် ဟောကြားထားတော်မူပါတယ်။

ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။)

အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဇ္ဈတ္တရုပ် တရား, ဗဟိဒ္ဓရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ရုပ်တရား, သုခုမ ခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ရုပ်တရား, ဒူရခေါ်တဲ့ ဝေးတဲ့ ရုပ်တရား, သန္တိက ခေါ်တဲ့ နီးတဲ့ ရုပ်တရား --

အဲဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရားသည် သာသဝ = အာသဝေါတရားတို့ရဲ့ အာရုံယူရာ (၃၁)ဘုံနယ်မြေအတွင်းမှာ တည်ရှိနေမယ်ဆိုလျှင်, ဥပါဒါနိယ = တဏှာ-ဒိဋ္ဌိတို့ဖြင့် ငါ ငါ့ဟာလို့ လှမ်းပြီး စွဲယူရာဖြစ်တဲ့ (၃၁)ဘုံအတွင်းမှာ တည်ရှိခဲ့မယ်ဆိုလျှင် - အဲဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရားအစုအပုံကို ဘာခန္ဓာလို့ ခေါ် သလဲ? ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တယ်။

အဲဒီ ရူပုပါဒါနက္ခန္ဓာသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာတရား။ ကျန် နာမ်ခန္ဓာလေးပါးတို့ကို နည်းတူသဘောပေါက်ပါ။ အဲဒီဒုက္ခသစ္စာကို မိမိကိုယ်တိုင်လည်း ထွင်းဖောက် သိတယ်၊ သတ္တဝါတွေ ကိုလည်း ထွင်းဖောက် သိစေတယ်။ အဲဒီလို သိစေတတ်တဲ့ ဂုဏ်တော်ကို ဘာဂုဏ်တော်လို့ ခေါ်သလဲ? ဗုဒ္ဓဂုဏ်တော်။

အဲဒီ ဗုဒ္ဓဂုဏ်တော်ကို ယုံကြည်ရမလား မယုံကြည်ရဘူးလား? ယုံကြည် ပါ။ နည်းနည်းလေး ပြန်စဉ်းစားကြည့်စမ်း! အဲဒီ ဒုက္ခသစ္စာတရားထဲမှာ အတိတ်ခန္ဓာငါးပါးဟာ ပါသလား မပါဘူးလား? ပါတယ်၊ အနာဂတ်ခန္ဓာ ငါးပါးကော ပါသလား မပါဘူးလား? ပါတယ်။

အဲဒီ အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးကို မိမိကိုယ်တိုင်လည်း သိတယ်၊ ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တဝါတွေကိုလည်း သိစေတယ်ဆိုတဲ့ ဒီအချက်ကို ယုံကြည်ရမယ်။ တရားနာပရိသတ်တွေ ယုံလား မယုံဘူးလား? ယုံတယ်၊ ဟုတ်ရဲ့လား? ဘုန်းကြီးကတော့ သိပ်မထင်ပါဘူး၊ ဒါကြောင့် - ဘုန်းကြီးတို့ ဒီဇာစ်မြစ်ကလေးကိုတော့ နည်းနည်းနားလည်ဖို့ လိုတယ်။

ဘုရားရှင်အပေါ်မှာ တုန်လှုပ်မှု မရှိတဲ့ ယုံကြည်ချက်ပဲ။ ဘယ်အခါမှာ ဒီလို တုန်လှုပ်မှု မရှိတဲ့ ယုံကြည်ချက် ပေါ်လာမလဲ? မိမိကိုယ်တိုင်က အတိတ် ခန္ဓာငါးပါးကို လက်တွေ့ ရှုလို့ရတယ်၊ အနာဂတ် ခန္ဓာငါးပါးကို လက်တွေ့ ရှုလို့ ရတယ်၊ ပစ္စုပ္ပန် ခန္ဓာငါးပါးကို လက်တွေ့ ရှုလို့ ရပြီး ဒုက္ခသစ္စာတရား တွေကို ဟုတ်တိုင်းမှန်စွာ သိပြီ၊ ကိုယ်ကိုယ်တိုင် သိပြီ ဆိုလို့ရှိလျှင် ခုနက စိတ္တသူကြွယ်ကြီးလိုပေါ့ - ယုံကြည်ချက် သဒ္ဓါတရားသက်သက်ဖြင့် ဘုရားကို ကိုးကွယ်ဆည်းကပ်နေတဲ့အဆင့် ဟုတ်သေးလား? မဟုတ်တော့ဘူး။ အသိ ဉာဏ်နှင့် ကိုးကွယ်ဆည်းကပ်တဲ့အဆင့်ကို ကူးမသွားဘူးလား? ကူးသွားပြီ။

ယုံကြည်ချက် သဒ္ဓါတရားနှင့် အသိဉာဏ် ဘယ်ဒင်းက ပိုပြီး မြင့်မြတ် သလဲ? အသိဉာဏ်က ပိုမြင့်မြတ်တယ်နော်။

အသိဉာဏ်က သာလွန်မြင့်မြတ်တယ်ဆိုလျှင် (ခုနက ဆွေးနွေးထား တယ်။ ဒါကြောင့် -) သစ္စာလေးပါးကို မိမိကိုယ်တိုင်က ထွင်းဖောက်သိပြီး တော့မှ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်မယ် ယုံကြည်မယ်ဆိုလျှင် ထို ယုံကြည်ချက် သဒ္ဓါတရားသည် အဝေစ္စပ္ပသာဒ - သူတစ်ပါးတို့ လှုပ်ချောက် ချားလည်း လှုပ်ချောက်လို့ ရသေးလား? လှုပ်ချောက်လို့ မရတော့ဘူး။

အဲဒီအဆင့်ထိ ရောက်အောင် သင်ဆွေမျိုးသားချင်း မိတ်ဆွေအပေါင်းတို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါဆိုပြီး တိုက်တွန်းတယ်။ သမုဒယ သစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာတို့ကိုလည်း နည်းတူပဲ သဘောပေါက်ပါ။

ဓမ္မေ အဝေစ္စပ္ပသာဒေန သမန္နာဂတာ ဘဝိဿာမ သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။

သွာက္ခာတ အစ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ အဆုံးရှိတဲ့ တရားဂုဏ် တော် ခြောက်ပါး၌လည်း မတုန်မလှုပ်တဲ့ သဒ္ဓါဖြင့် ယုံကြည်နေတဲ့ သဒ္ဓါ တရားနှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။

သံဃေ အဝေစ္စပ္ပသာဒေန သမန္နာဂတာ ဘဝိဿာမ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော ပါဟုနေယျော ဒက္ခိဏေယျော အဉ္ဇလိကရဏီယော အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။

သုပ္ပဋိပန္န အစ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ အဆုံးရှိတဲ့ သံဃာ့ ဂုဏ်တော် ကိုးပါးအပေါ်၌လည်း မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါ တရားနှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါလို့ - ဒီလို တိုက်တွန်းတယ်။ ဘယ်နှစ်ချက်ရှိပြီလဲ သုံးချက်။ နောက်ဆုံး လေးချက် မြောက် သူက တိုက်တွန်းတယ်။ --

ယံ ခေါ ပန ကိဉ္စိ ကုလေ ဒေယျဓမ္မံ၊ သဗ္ဗံ တံ အပ္ပဋိဝိဘတ္တံ ဘဝိဿတိ သီလဝန္တေဟိ ကလျာဏဓမ္မေဟီတိ။ ဧဝံ ဟိ ဝေါ သိက္ခိတဗ္ဗံ။

ကိဉ္စိ = တစ်စုံတစ်ခုသော။ ကုလေ = အိမ်၌။ ယံ ခေါ ပန ဒေယျဓမ္မံ= အကြင်လှူဖွယ်ဝတ္ထုသည်။ အတ္ထိ = ရှိ၏။ သဗ္ဗံ တံ = ထိုလှူဖွယ်ဝတ္ထုအားလုံး ကို။ သီလဝန္တေဟိ = သီလရှိတော်မူကြကုန်သော။ ကလျာဏဓမ္မေဟိ = ကောင်းသော တရားဓမ္မနှင့် ပြည့်စုံတော်မူကြကုန်သော အရှင်ကောင်း အရှင်မြတ်တို့နှင့်။ အပ္ပဋိဝိဘတ္တံ = ခွဲခြားဝေဖန်မှု မရှိသည်။ ဘဝိဿတိ = ဖြစ်လတ္တံ့။ ဧဝံ = ဤသို့လျှင်။ ဝေါ = သင်တို့တစ်တွေသည်။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏။

အိမ်မှာရှိနေတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေ ရှိတယ်။ အဲဒီ လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကိုလည်းပဲ သီလရှိတဲ့ အရှင်ကောင်း အရှင်မြတ်တွေနှင့် ခွဲခြား ဝေဖန်မှု မပြုဘဲနှင့် သုံးစွဲမယ်လို့ ဒီလို ကျင့်ဝတ်ကို ဆောက်တည်ပါ။

ခွဲခြားဝေဖန်တယ်ဆိုတာ ဒီပစ္စည်းကတော့ လှူမယ်၊ ဒီပစ္စည်းကတော့ မလှူဘူး ချန်ထားမယ်၊ ဒါ ခွဲခြားဝေဖန်မှု ရှိတာ။ ဒီပစ္စည်းက သားအတွက်၊ ဒီပစ္စည်းက သမီးအတွက်၊ ဒီပစ္စည်းကတော့ လှူမယ်၊ ဒီလိုဆိုလျှင် ခွဲခြား ဝေဖန်မှု ရှိတယ်။

အဲဒီလို ခွဲခြားဝေဖန်မှု မလုပ်ဘဲနှင့် အိမ်မှာ ရှိနေတဲ့ ပစ္စည်းတွေကို သံဃိကပစ္စည်းလို့ သဘောထားပြီး သီလရှိနေတဲ့ အရှင်ကောင်း အရှင်မြတ် တွေနှင့် ညီတူညီမျှ သုံးစွဲမယ်ဆိုတဲ့ စိတ်ထားကို မွေးမြူပါ ဆိုပြီးတော့ တိုက်တွန်းထားတယ်။

အထ ခေါ စိတ္တော ဂဟပတိ မိတ္တာမစ္စေ ဉာတိသာလောဟိတေ ဗုဒ္ဓေ စ ဓမ္မေ စ သံဃေ စ စာဂေ စ သမာဒပေတွာ ကာလမကာသိ။

အထ ခေါ = ထိုအခါ၌။ စိတ္တော ဂဟပတိ = စိတ္တသူကြွယ် ကျောင်း ဒါယကာကြီးသည်။ မိတ္တာမစ္စေ = မိတ်ဆွေတို့ကိုလည်းကောင်း။ ဉာတိသာလောဟိတေ = ဆွေမျိုးသားချင်းတို့ကိုလည်းကောင်း။ ဗုဒ္ဓေ စ = ဘုရားရှင်အပေါ်၌လည်းကောင်း။ ဓမ္မေ စ = တရားတော်မြတ်၌လည်း ကောင်း။ သံဃေ စ = သံဃာတော်မြတ်၌လည်းကောင်း။ စာဂေ စ = ပေးကမ်း စွန့်ကြဲခြင်း စာဂတရား၌လည်းကောင်း။ သမာဒပေတွာ = ဆောက်တည်စေပြီး၍။ ကာလမကာသိ = ကွယ်လွန်ခဲ့လေပြီ။

ဘုရားမှာ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်း, တရားတော်၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်း, သံဃာမှာ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်း, ပေးကမ်းစွန့်ကြဲခြင်း စာဂတရား - အဲဒီလေးချက်မှာ ဆောက်တည်စေပြီးတဲ့ အချိန်အခါ .. တရားလည်းဟောပြီးရော စိတ္တသူကြွယ် ဒါယကာကြီးလည်း ကွယ်လွန်သွားပြီ။

ကွယ်လွန်တော့ ဘယ်ဘုံဘဝ ရောက်သလဲ? ဗြဟ္မာ့ပြည် ရောက်တယ်။ ဘယ်ဗြဟ္မာ့ပြည် ရောက်တယ်ဆိုတာ အတိအကျ မရှိသော်လည်း ယေဘုယျ သတ်မှတ်ချက်အရ ဘုရားရှင်သာသနာတော်မှာ ကွယ်လွန်သွားတဲ့ အနာဂါမ် ပုဂ္ဂိုလ်အများစုကတော့ သုဒ္ဓါဝါသဗြဟ္မာ့ပြည်ပဲ ရောက်ရှိကြပါတယ်။

ဘာ့ကြောင့် စိတ္တသူကြွယ် ဒါယကာကြီးသည် ဒီလို အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့ အကျိုးတရားတွေကို ရရှိရသလဲ? --

အဂ္ဂဿ ဒါတာ မေဓာဝီ၊ အဂ္ဂဓမ္မသမာဟိတော။

ဒေဝဘူတော မနုေဿာ ဝါ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။ (အံ၊၁၊၃၄၄။)

အဂ္ဂဓမ္မသမာဟိတော = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ တရားထူး တရား မြတ်နှင့် ပြည့်စုံသည်ဖြစ်၍။ အဂ္ဂဿ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာ သုံးပါးအား။ ဒါတာ = ပေးလှူလေ့ရှိသော။ မေဓာဝီ = ပညာရှိတဲ့ သူတော် ကောင်းသည်။ ဒေဝါဘူတော ဝါ = နတ်ဖြစ်သော်လည်းကောင်း။ မနုေဿာ ဝါ = မနုဿဘူတော ဝါ = လူဖြစ်သော်လည်းကောင်း။ အဂ္ဂပတ္တော = အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့ အကျိုးတရားသို့ ရောက်ရှိရသည် ဖြစ်၍။ ပမောဒတိ = နှစ်သက်ရွှင်ပျ ဝမ်းမြောက်ရပေသတည်း။ (သာဓု-သာဓု-သာဓု)

အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ တရားထူး တရားမြတ်တွေနှင့်လည်း ပြည့်စုံ တယ်။ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးမှာလည်း လှူဒါန်းလေ့ရှိတဲ့ ပညာရှိသူတော်ကောင်း ဖြစ်တယ်။ ဒီအကြောင်း နှစ်ချက်ကြောင့် လူဖြစ်ချင် လည်း ဖြစ်ပါစေ, နတ်ဖြစ်ချင်လည်း ဖြစ်ပါစေ အသာဆုံး အမြတ်ဆုံး အကျိုး တရားတွေကို ရနိုင်တယ်၊ ရပြီးတော့ ဝမ်းမြောက်ဝမ်းသာ နေထိုင်ရတယ်။

ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ...

စိတ္တသူကြွယ် ဒါယကာကြီးကို အတုယူပြီးတော့ အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့ တရားထူး တရားမြတ်တွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်သည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ကြပါစေ...၊ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါး အားလည်း ပေးကမ်းလှူဒါန်း စွန့်ကြဲနိုင်ကြပါစေ...လို့ တိုက်တွန်းရင်းဖြင့် ကဲ တရားနိဂုံး ချုပ်ကြစို့။


တရားဒေသနာတော်နိဂုံး

ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။

တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။

သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို.. တို့ရှေ့ကသူတော်ကောင်းတို့သည်။

ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။

ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။

ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။

ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။

တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။

ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။

သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။

တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။

အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။

သာဓု သာဓု သာဓု ...

___________

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)...

နိဿယ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရေး ပြဿနာပေါင်းခ...